Skip to main content

နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ

နိဗ္ဗာနဂါမိနိပဋိပဒါ - ပထမတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

အကြောင်းပြစာတမ်းလွှာ

ယံ ပဿတိ န တံ ဒိဋ္ဌံ၊ ယံ ဒိဋ္ဌံ တံ န ပဿတိ။

အပဿံ ဗဇ္ဈတေ မူဠှော၊ ဗဇ္ဈမာနော န မုစ္စတိ။ (အဘိ၊ဋ္ဌ၊၂၊၂၀၇။ ဒီ၊ဋ္ဌ၊၂၊၃၄၇။ မ၊ဋ္ဌ၊၁၊၂၄၇။)

လောကော = ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသော လူသားအပေါင်းသည်။ ယံ = အကြင် ယောက်ျား မိန်းမကို။ ပဿတိ = မိစ္ဆာဒဿနအားဖြင့် မှားမှားယွင်းယွင်း (ယောက်ျား မိန်းမဟု) သိမြင်၍ နေ၏။

တံ = ထို ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသည့် လူသားအပေါင်းတို့ မှားမှားယွင်းယွင်း သိမြင်အပ်သော ယောက်ျား မိန်းမသည်။ ဒိဋ္ဌံ = ပရမတ်ဉာဏ်ပညာမျက်စိဖြင့် တကယ် မြင်သင့် မြင်ထိုက်သော တရားသည်ကား။ န = မဟုတ်ပါပေ။

ယံ = (က) အကြင် ရူပါရုံကို, (ခ) အကြင် ဆံပင်စသော ကောဋ္ဌာသအပေါင်းကို, (ဂ) အကြင် ဘူတရုပ် ဥပါဒါရုပ်အပေါင်းကိုကား။ ဒိဋ္ဌံ = ပညာရှိသူတော်ကောင်းအပေါင်းတို့သည် ပရမတ်ဉာဏ်ပညာမျက်စိဖြင့် တကယ် မြင်သင့် မြင်ထိုက်၏။

တံ = ပညာရှိသူတော်ကောင်းအပေါင်းတို့သည် ပရမတ်ဉာဏ်ပညာမျက်စိဖြင့် တကယ် မြင်သင့် မြင်ထိုက်သော (က) ထို ရူပါရုံကို, (ခ) ထို ဆံပင်စသော ကောဋ္ဌာသအပေါင်းကို, (ဂ) ထို ဘူတရုပ် ဥပါဒါရုပ်အပေါင်းကို။ လောကော = ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသော လူသားအပေါင်းသည်။ ပညာစက္ခုနာ = ပရမတ် ဉာဏ်ပညာစက္ခုဖြင့်။ ဘူတတော = ဟုတ်မှန်သောအားဖြင့်။ န ပဿတိ = မသိ မမြင်။

အပဿံ = ပရမတ်ဉာဏ်ပညာစက္ခုဖြင့် ဟုတ်တိုင်းမှန်စွာ မသိ မမြင်သော။ မူဠှော = အသိမှားလျက် တွေဝေသောသူကို။ ဗဇ္ဈတေ = ရာဂဖြင့် နှောင်ဖွဲ့အပ်၏။ ဗဇ္ဈမာနော = ရာဂဖြင့် အနှောင်အဖွဲ့ ခံရသောသူသည်။ န မုစ္စတိ = ကိလေသဝဋ်ဒုက္ခ သံသရာဝဋ်ဒုက္ခမှ မလွတ်မြောက်နိုင်ပေ။ (အဘိ၊ဋ္ဌ၊၂၊၂၀၇။ ဒီ၊ဋ္ဌ၊၂၊၃၄၇။ မ၊ဋ္ဌ၊၁၊၂၄၇။ မူလဋီ၊၂၊၁၄၈။)

ပရမတ်ဉာဏ်ပညာမျက်စိ ကာဏ်း၍နေသော လူသားတစ်ဦးသည် ရူပါရုံကို ရူပါရုံဟု လည်းကောင်း, ဆံပင်အစရှိသော ကောဋ္ဌာသအပေါင်းကို ဆံပင် အစရှိသော ကောဋ္ဌာသ အပေါင်းအစုဟု လည်းကောင်း, ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစုဟုလည်းကောင်း, နာမကာယ = နာမ်တရားတို့၏ အစုအပုံကိုလည်း နာမ်တရားတို့၏ အစုအပုံ ဟုလည်းကောင်း, အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံကိုလည်း အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံဟုလည်းကောင်း, အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရား အစုအပုံကိုလည်း အနိစ္စတရား အစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံဟုလည်းကောင်း ပရမတ်ဉာဏ်ပညာစက္ခုဖြင့် ဟုတ်တိုင်းမှန်စွာ မသိဘဲ ယောက်ျား မိန်းမစသည်ဖြင့် မှားမှားယွင်းယွင်း တွေတွေဝေဝေ သိမြင်နေ၏။ ထိုကဲ့သို့ မှားမှားယွင်းယွင်း တွေတွေဝေဝေ အသိမှားနေသော လူသားကို ယောက်ျား မိန်းမ စသည့် ထိုထိုအာရုံပေါ်၌ တွယ်တာတပ်မက်မှု ရာဂတရားက ရစ်ပတ်နှောင်ဖွဲ့၍ ထား၏။ ရာဂ၏ ရစ်ပတ်နှောင်ဖွဲ့မှုကို ခံယူနေရသော ထိုလူသားသည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် တည်းဟူသော ဝဋ်သုံးပါးတို့ အဆက်မပြတ် လည်ပတ်နေရာ ဤသံသရာမှ မလွတ်မြောက်နိုင်။

ပရမတ်ဉာဏ်ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာနှင့် ပြည့်စုံသော သူတော်ကောင်းသည်ကား

၁။ ရူပါရုံကို ရူပါရုံဟုလည်းကောင်း,

၂။ ဆံပင်အစရှိသော ကောဋ္ဌာသအပေါင်းအစုကို ဆံပင်အစရှိသော ကောဋ္ဌာသအပေါင်းအစုဟုလည်းကောင်း,

၃။ ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစု ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းအစုဟုလည်းကောင်း,

၄။ နာမကာယ = နာမ်တရားတို့၏ အပေါင်းအစုကိုလည်း နာမကာယ = နာမ်တရားတို့၏ အပေါင်းအစု ဟုလည်းကောင်း,

၅။ အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံကိုလည်း အကြောင်းတရား အကျိုးတရားတို့၏ အစုအပုံ ဟုလည်းကောင်း,

၆။ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံကိုလည်း အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံဟုလည်းကောင်း

ပရမတ်ဉာဏ်ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏။ ထိုသို့ မတွေမဝေ ထွင်းဖောက်သိမြင်နေသော သူတော်ကောင်းကို ရာဂသည် မနှောင်ဖွဲ့အပ် မနှောင်ဖွဲ့နိုင်။ ရာဂ၏ ရစ်ပတ်နှောင်ဖွဲ့မှုကို မခံရသော ထိုသူတော်ကောင်းသည် ကိလေသာတို့မှ လွတ်မြောက်နိုင်၏ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏။

ဤကား အထက်ပါ ဂါထာ၏ ဆိုလိုရင်းတည်း။

ပရမတ်သို့ ဉာဏ်အမြင်မဆိုက်သော ပညာမျက်စိ ကာဏ်းနေသော လူသားတစ်ဦး၏ အမြင်နှင့် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသော ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံသော သူတော်ကောင်း တစ်ဦး၏ အမြင်ကား အမြင်ချင်း မတူပေ။ ပညာစက္ခု ကာဏ်းနေသော လူသားကား ပရမတ်သို့ ဆိုက်အောင် မမြင်၊ ပညာစက္ခုနှင့် ပြည့်စုံသော သူတော်ကောင်းသည်ကား ပရမတ်သို့ ဆိုက်အောင် မြင်၏။

ဤ ဂါထာကို အကြောင်းပြု၍ ရှေးသူတော်ကောင်းတို့ကလည်း ---

၁။ မြင်သာ မြင်တယ် မမြင်ဘူး,

၂။ ကြားသာ ကြားတယ် မကြားဘူး,

၃။ နံသာ နံတယ် မနံဘူး,

၄။ အရသာကို သာယာသာ သာယာတယ် အရသာမသိဘူး,

၅။ ထိသာ ထိတယ် မသိဘူး,

၆။ သိသာ သိတယ် မသိဘူး ---

ဤသို့ အာရုံ (၆)ပါးလုံး၌ အမှားတွေ့နေပုံကို မိန့်တော်မူကြသည်။ (သမ္မောဟဝိနောဒနီဘာသာဋီကာ၊ဒုတိယတွဲ၊၂၈၆။)

ပရမတ်သို့ ဆိုက်အောင် မသိမမြင်သော ပညာစက္ခု ကာဏ်းနေသော လူသားတစ်ဦးကို ရည်ညွှန်း၍ ရှေးသူဟောင်းတို့၏ မိန့်ကြားတော်မူချက်များပင် ဖြစ်ကြ၏။

အကယ်၍ အသင်သူတော်ကောင်းသည်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ လှလှကြီး ကျွတ်လွတ်ထွက်မြောက်လိုခဲ့ပါမူ ပရမတ်သို့ ဆိုက်အောင် ထွင်းဖောက်သိမြင်တတ်သော ပညာစက္ခုတည်းဟူသော သမ္မာဒိဋ္ဌိ ဦးဆောင်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားတို့ကို ဘုရားဟော ပါဠိတော်ကြီးနှင့် အဋ္ဌကထာ ဋီကာတို့၌ ညွှန်ကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည် ဖြစ်၏။

ဘုရားဟော ပါဠိတော်နှင့် အညီ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို အစီအစဉ်တကျ ပြည့်ပြည့်စုံစုံ ဖွင့်ဆို ရေးသားထားသော ကျမ်းမှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းပင် ဖြစ်၏။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ပဋိညာဉ် ခံဝန်ချက်

သုဒုလ္လဘံ လဘိတွာန၊ ပဗ္ဗဇ္ဇံ ဇိနသာသနေ။

သီလာဒိသင်္ဂဟံ ခေမံ၊ ဥဇုံ မဂ္ဂံ ဝိသုဒ္ဓိယာ။

ယထာဘူတံ အဇာနန္တာ၊ သုဒ္ဓိကာမာပိ ယေ ဣဓ။

ဝိသုဒ္ဓိံ နာဓိဂစ္ဆန္တိ ၊ ဝါယမန္တာပိ ယောဂိနော။

တေသံ ပါမောဇ္ဇကရဏံ၊ သုဝိသုဒ္ဓဝိနိစ္ဆယံ။

မဟာဝိဟာရဝါသီနံ၊ ဒေသနာနယနိဿိတံ။

ဝိသုဒ္ဓိမဂ္ဂံ ဘာသိဿံ၊ တံ မေ သက္ကစ္စ ဘာသတော။

ဝိသုဒ္ဓိကာမာ သဗ္ဗေပိ၊ နိသာမယထ သာဓဝေါ။ (ဝိသုဒ္ဓိ၊၁၊၂။)

မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ အလွန်လျှင် ရခဲစွာသော ရှင်ရဟန်းအဖြစ်ကို ရရှိကြ ပါကုန်လျက် သီလ သမာဓိ ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော, ကိလေသာခိုးသားဓားပြတို့၏ ပိတ်ဆို့နှောင့်ယှက်မှုဟူသော ဘေးရန်ကင်းသော, အတ္တကိလမထာနုယောဂ ကာမသုခလ္လိကာနုယောဂ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ မာယာ သာဌေယျစသော အကွေ့အကောက်အမျိုးမျိုးကို ကြဉ်ရှောင် ပယ်လွှဲသဖြင့် လမ်းကွဲမရှိ တစ်ရိုးတည်း (= တစ်ကြောင်းတည်း) ဖြောင့်မတ်စွာသော, အရဟတ္တဖိုလ် နိဗ္ဗာန်၏ ရရာရကြောင်း ရောက်ရာရောက်ကြောင်းဖြစ်သော ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို --

ဟုတ်တိုင်းမှန်စွာ မသိကုန်သောကြောင့် ဤ ဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ပင်လျှင် အရဟတ္တဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တသည် ဖြစ်ကုန်လျက်လည်း, သမထ ဝိပဿနာ နှစ်ဖြာသော ဘာဝနာ၌ မပြတ်ယှဉ်သော လုံ့လဝီရိယရှိသောကြောင့် ယောဂီသူမွန်ဟု ခေါ်တွင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ရောက်စိမ့်ရည်မှန်း၍ ရဟန်းတရားကို ပွားများအားထုတ်ကြပါကုန်လျက်လည်း ရည်ရွယ်ရင်းရှိ စိတ်မှန်းထားသည့် အရဟတ္တဖိုလ် နိဗ္ဗာန်နန်းသို့ ဝင်ရောက်၍ မစံမြန်းနိုင် မရောက်နိုင် ရှိကြကုန်၏။

ထို ယောဂီသူတော်စင်အပေါင်းတို့၏ ဝမ်းမြောက်ခြင်းကို ပြုတတ်သော, ဂိုဏ်းတစ်ပါးတို့၏ အယူဝါဒနှင့် မရောယှက်သည်ဖြစ်၍ ကောင်းစွာ အထူးသဖြင့် စင်ကြယ်သော အဆုံးအဖြတ်ရှိသော, မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူလေ့ရှိကြကုန်သော မဟာဝိဟာရဝါသီ အရှင်မြတ်တို့၏ တရားတော်ကို ဖွင့်ဆိုပုံ ဓမ္မသံဝဏ္ဏနာ အစရှိသော ဒေသနာနည်းကို မှီသော ---

ဝိသုဒ္ဓိမဂ္ဂကျမ်းကို ရေးသားတင်ပြပေအံ့။ အရိုအသေ အလေးအမြတ်ပြု၍ ဖွင့်ဆိုရေးသားထားအပ်သော တပည့်တော်၏ ထိုဝိသုဒ္ဓိမဂ္ဂကျမ်းကို အရဟတ္တဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်းဖြစ်တော်မူကြကုန်သော အရှင်ကောင်း အရှင်မြတ် အားလုံးတို့သည် ရိုရိုသေသေ လေးလေးမြတ်မြတ် ပြု၍ နာယူကြပါကုန်လော။ (ဝိသုဒ္ဓိ၊၁၊၂ ။)

ဤအထက်ပါ ပဋိညာဉ်ခံဝန်ချက်နှင့် လျော်ညီစွာ တစ်လောကလုံး၏ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သာသနာတော်နှစ် (၉၇၃) ခုနှစ်ခန့်တွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံ အနုရာဓမြို့ မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်လျက် မဟာဝိဟာရဝါသီ အရှင်မြတ်တို့၏ ပါဠိတော်ကို ဖွင့်ဆိုပုံ ဓမ္မသံဝဏ္ဏနာ အမည်ရသော မဟာအဋ္ဌကထာကို အမှီပြု၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို ရေးသားစီရင်တော် မူခဲ့လေသည်။

မြောက်ပိုင်း သာသနာဂိုဏ်းဝင် ဖြစ်ကြကုန်သော အရှင်အဿဃောသ, အရှင်နာဂဇ္ဇုန, အရှင်ဝသုဗန္ဓု အစရှိသော ရဟန်းတော်တို့၏ကျမ်းတို့၌ကဲ့သို့ အရှင်မဟာဗုဒ္ဓဃောသ၏ကျမ်းတို့၌ ပါဠိတော်ကြီးများနှင့် ရှေးရှေး အဋ္ဌကထာကျမ်းဂန်တို့ကို မမှီမူ၍ မိမိ၏ဉာဏ်ဖြင့်သာလျှင် ကြံဆ၍ပြဆိုရေးသားထားသော တရားစကား အထူး အဆန်းကို မတွေ့ရှိနိုင်ပေ။ ပါဠိတော်များနှင့် မဟာအဋ္ဌကထာ အစရှိသော ရှေးရှေးသော အဋ္ဌကထာတို့၌ လာရှိသော လမ်းရိုးလမ်းဟောင်း စနစ်ဟောင်း ကျင့်စဉ်များကိုသာ မိမိကျမ်းတို့၌ ရေးသားတင်ပြထား၍ နည်းသစ် စနစ်သစ် လမ်းသစ်များကို တီထွင်လျက် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပေ။ ဤ အဆိုကို ထင်ရှားစေရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ၌ တင်ပြထားသော ကျင့်စဉ်အချို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။

၁။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌ သမာဓိထူထောင်ပုံအပိုင်းတွင် အာနာပါနဿတိသမာဓိ ပိုင်းကို ရေးသားတင်ပြထား၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ယင်း အာနာပါနဿတိသမာဓိနိဒ္ဒေသပိုင်း ကို သမန္တ ပါသာဒိကာအဋ္ဌကထာဟု အမည်တပ်လျက် မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားတော်မူသော ဝိနည်းအဋ္ဌကထာမှ ယူ၍ ဖွင့်ဆိုရေးသားထားပေသည်။

၂။ ပဋိကူလမနသိကာရ အမည်ရသော ကာယဂတာသတိကမ္မဋ္ဌာန်း, စတုဓာတုဝဝတ္ထာနဘာဝနာ အမည် ရသော ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်း အကျယ်ရှုပွားနည်းတို့ကို သမ္မောဟဝိနောဒနီအဋ္ဌကထာဟု နာမည် တပ်လျက် မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားသော အဘိဓမ္မာအဋ္ဌကထာမှ ထုတ်ဆောင်၍ ရေးသားထားပေသည်။

၃။ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိနှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းအစရှိသည့် အထက်ပိုင်း ဝိသုဒ္ဓိစခန်းများသို့ တက်လှမ်းလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်တို့သည် ရှေးဦးစွာ ရုပ်-နာမ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်ကြသည်။ ယင်း ရုပ်-နာမ်ပရမတ် သဘောတရားတို့ကို ဓမ္မသင်္ဂဏီပါဠိတော် ဝိဘင်းပါဠိတော်စသော ပါဠိတော် ကြီးများ၌ ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင်း ရေးသားတင်ပြထား၏။ ထိုသို့ ရေးသားတင်ပြဖွင့်ဆိုရာ၌ ခန္ဓနိဒ္ဒေသပိုင်း ကို အဋ္ဌသာလိနီအဋ္ဌကထာဟု နာမည်တပ်လျက် မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားတော်မူသော အဘိဓမ္မာအဋ္ဌကထာမှလည်းကောင်း, သမ္မောဟဝိနောဒနီအဋ္ဌကထာဟု အမည်တပ်ထားသော မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားတော်မူသော ဝိဘင်းအဋ္ဌကထာမှလည်းကောင်း ထုတ်ဆောင်၍ ရေးသားထားပေသည်။

၄။ ယင်း ရုပ်နာမ်ပရမတ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်တို့ကို အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိဘင်းအဋ္ဌကထာတို့မှ ထုတ်ဆောင်၍ ရေးသားတင်ပြထားပေသည်။

၅။ အလားတူပင် အာယတနနိဒ္ဒေသပိုင်း ကို အာယတနဝိဘင်းအဋ္ဌကထာ မှ,

၆။ ဓာတုနိဒ္ဒေသပိုင်း ကို ဓာတုဝိဘင်းအဋ္ဌကထာ မှ,

၇။ ဣန္ဒြိယနိဒ္ဒေသပိုင်း ကို ဣန္ဒြိယဝိဘင်းအဋ္ဌကထာ မှ,

၈။ သစ္စနိဒ္ဒေသပိုင်း ကို သစ္စဝိဘင်းအဋ္ဌကထာ မှ အသီးအသီး ထုတ်နုတ်၍ ရေးသားတင်ပြထားပေသည်။

၉။ အထူးသဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့ကိုယ်တိုင် ပစ္စယပရိဂ္ဂဟဉာဏ်ကိုရရှိအောင် ကျင့်ရမည့် ကျင့်စဉ်ပိုင်းကို ပြဆိုရာဖြစ်သော ပဋိစ္စသမုပ္ပါဒကထာပိုင်းကို ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဋ္ဌကထာမှ ထုတ်ဆောင်၍ ရေးသား တင်ပြထားပေသည်။ ပဋ္ဌာနပစ္စယကထာပိုင်းကိုလည်း အဘိဓမ္မပဋ္ဌာနအဋ္ဌကထာမှ ထုတ်ဆောင်၍ ရေးသား တင်ပြထားလေသည်။

၁၀။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၃၀၀-၃၀၁) တို့တွင် ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးတို့ကို ရေးသားတင်ပြထား၏။

(က) အဇ္ဈတ္တ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,

( ခ ) ဗဟိဒ္ဓ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,

( ဂ ) ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်တရား သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,

(ဃ) နာမ်ခန္ဓာလေးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် ---

ဝုဋ္ဌာနဂါမိနိဝိပဿနာ မဖြစ်နိုင်ကြောင်း = အရိယမဂ်သို့ မဆိုက်နိုင်ကြောင်းကို ဆုံးဖြတ်ထား၏။ ထိုတွင် ဝုဋ္ဌာနဂါမိနိဝိပဿနာ (၉) မျိုးနှင့် ပတ်သက်သော အဆုံးအဖြတ်များကို အဋ္ဌသာလိနီအဋ္ဌကထာဟု အမည်တပ်၍ မိမိကိုယ်တိုင် ဘာသာပြန်ဆိုထားသော အဘိဓမ္မာအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။) မှ ထုတ်နုတ်၍ ဖော်ပြထားပေသည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိကြကုန်သော တရားစစ် တရားမှန်ကို ချစ်မြတ်နိုးတော်မူကြကုန်သော, သိတော်မူ မြင်တော်မူသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ကြွသွားတော်မူသည့် ချမှတ်သွားတော်မူသည့် တစ်ကြောင်းတည်းသော လမ်းဖြစ်သည့် နိဗ္ဗာန်သို့သွားရာ လမ်းရိုး လမ်းဟောင်းကြီး အတိုင်း စနစ်ဟောင်းကြီးအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုကြကုန်သော သူတော်ကောင်းအပေါင်းတို့ ရိုသေသမှု အလေးဂရုပြု၍ နာယူမှတ်သားရမည့် ရှေးထုံးဟောင်း ဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။

အရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ်သည် အဋ္ဌကထာများစွာတို့ကို စီရင် ရေးသားတော် မူခဲ့သည်မှာ မှန်သော်လည်း မိမိ၏ ဉာဏ်စွမ်း ဉာဏ်စဖြင့် တီထွင်ကြံဆ၍ ရေးသားခဲ့သည်ကား မဟုတ်၊ သီဟိုဠ်ဘာသာဖြင့် တည်ရှိခဲ့သော အဋ္ဌကထာတို့ကို ပါဠိဘာသာသို့ ဘာသာပြန်ဆိုတော်မူခဲ့ခြင်းသာလျှင် ဖြစ်ပေသည်။ ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

အရှင်မဟာဗုဒ္ဓဃောသဆရာတော်ဘုရားကြီးသည် သမန္တပါသာဒိကာ မည်သော ဝိနည်းအဋ္ဌကထာကို အရှင်ဗုဒ္ဓသိရိမထေရ်မြတ်က လျှောက်ထား တောင်းပန်အပ်သောကြောင့် မဟာဝိဟာရကျောင်းတိုက်၏ တောင်ဘက် ပဓာနဃရပရိဝုဏ်တွင် မဟာနိဂမသာမိ အမည်ရသော ဒါယကာ၏ ပြာသာဒ်၌ သီတင်းသုံး နေထိုင်လျက် စီရင်တော်မူသည်။ ထို ဝိနည်းအဋ္ဌကထာကို ရေးသားစီရင်တော်မူသော အရှင်မဟာဗုဒ္ဓဃောသ ဆရာတော်အရှင်သူမြတ်သည် အရှင်မဟာမဟိန္ဒ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် သီဟိုဠ်သို့ ဆောင်ယူတော်မူခဲ့သော သီဟိုဠ်ဘာသာဖြင့် စီရင်ထားသော မဟာအဋ္ဌကထာကို ထို အဋ္ဌကထာသစ်၏ ကိုယ်ထည်ပြု၍ မဟာပစ္စရီ, ကုရုန္ဒီ, သင်္ခေပ, အန္ဓက အဋ္ဌကထာတို့မှလည်း ယူသင့်ယူထိုက်သည်ကို ယူ၍ သီဟိုဠ်ကျွန်း၌ ဝသဘမင်းလက်ထက်တိုင်အောင် ထင်ရှားကုန်သော ရှေးရှေးဝိနည်းဓိုရ်မထေရ်မြတ်တို့၏ အဆုံးအဖြတ်ဖြစ်သော ထေရဝါဒကိုလည်း ထည့်သွင်း၍ ရေးသားစီရင်တော်မူလေသည်။ ထိုကြောင့် ဝိနည်းအဋ္ဌကထာ၌ အောက်ပါ စကားတို့ကို မိန့်ဆိုထားပေသည်။ ---

ထို အဋ္ဌကထာသစ်ကို စီရင်ရန်အားထုတ်သော ငါ (= ဗုဒ္ဓဃောသမထေရ်)သည် မဟာအဋ္ဌကထာကြီးကို ထိုအဋ္ဌကထာသစ်၏ အထည်ကိုယ် အရင်းခံပြု၍ မဟာပစ္စရီအဋ္ဌကထာ၌လည်းကောင်း, ကျော်စောထင်ရှားကုန်သော ကုရုန္ဒီအဋ္ဌကထာ အစရှိကုန်သော အဋ္ဌကထာဟောင်းတို့၌လည်းကောင်း အကြင် အဆုံးအဖြတ်ကို ဆိုထား၏။ ထို အဆုံးအဖြတ်မှလည်း သင့်လျော်သောအနက်ကို မစွန့်မူ၍ ထိုပြင် အရှင် တိပိဋက စူဠနာဂ အစရှိသော မထေရ်မြတ်ကြီးတို့၏ အဆုံးအဖြတ်ဟူသော ထေရဝါဒများပါ ပါဝင်သော အဋ္ဌကထာသစ်ကို ကောင်းစွာ အားထုတ် စီရင်ပေအံ့။ (ဝိ၊ဋ္ဌ၊၁၊၂။)

၁။ သုမင်္ဂလဝိလာသိနီ မည်သော ဒီဃနိကာယ်အဋ္ဌကထာ,

၂။ ပပဉ္စသူဒနီ မည်သော မဇ္ဈိမနိကာယ်အဋ္ဌကထာ,

၃။ သာရတ္ထပ္ပကာသနီ မည်သော သံယုတ္တနိကာယ်အဋ္ဌကထာ,

၄။ မနောရထပူရဏီ မည်သော အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ,

၅။ အဋ္ဌသာလိနီ, သမ္မောဟဝိနောဒနီ, ပဉ္စပကရဏ မည်သော အဘိဓမ္မာအဋ္ဌကထာ ---

ဤ အဋ္ဌကထာ အရပ်ရပ်တို့ကိုလည်း ပြုစီရင်တော်မူသည်။ ပြုစီရင်ပုံ အခြင်းအရာမှာမူ အရှင်မဟာမဟိန္ဒ မထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ နှုတ်တက်အာဂုံအနေဖြင့် ဆောင်ယူခဲ့၍ သီဟိုဠ်ဘာသာဖြင့် ပေထက်အက္ခရာ တင်ထားသော သီဟိုဠ်ဘာသာသို့ ဘာသာပြန်ဆိုထားသော မူလအဋ္ဌကထာ ခေါ် မဟာအဋ္ဌကထာကိုသာလျှင် ပါဠိဘာသာသို့ ပြန်ဆိုသောအားဖြင့်လည်းကောင်း, အထပ်ထပ်ဆိုထားသော စကားတို့ကို ချုံးသောအားဖြင့် လည်းကောင်း ရေးသားစီရင်တော်မူပေသည်။ ထိုကြောင့် ထိုအဋ္ဌကထာတို့၏ ကျမ်းဦးစကားရပ်၌ အောက်ပါ အတိုင်း မိန့်ဆိုထားတော်မူ၏။ ---

ထိုသို့ တတိယသံဂါယနာ တင်ခဲ့ပြီးသည်မှ နောက်ကာလ၌ ထို မူလအဋ္ဌကထာကို အရှင်မဟာမဟိန္ဒ မည်သော ရဟန္တာမထေရ်မြတ်သည် သီဟိုဠ်ကျွန်းသို့ နှုတ်တက်အာဂုံအနေအားဖြင့် ဆောင်ယူခဲ့၍ သီဟိုဠ်ကျွန်းသားတို့ အကျိုးငှာ သီဟိုဠ်ဘာသာဖြင့် တင်ထားလေသည်။

ထို အဋ္ဌကထာဟောင်းမှ သီဟိုဠ်ဘာသာကို ပယ်ရှား၍ ပါဠိတော်နည်းအားလျော်သော အပြစ်ကင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော ပါဠိဘာသာသို့တင်လျက်။ ပ ။ အထပ်ထပ်ဆိုထားသော အနက်ကို ပယ်၍ ပါဠိတော်၏ အနက် (= အဋ္ဌကထာ)ကို ဖွင့်ပြပေအံ့။ (ဒီ၊ဋ္ဌ၊၁၊၁-၂။ အဘိ၊ဋ္ဌ၊၁၊၂။)

တစ်ဖန် အရှင်မဟာဗုဒ္ဓဃောသဆရာတော်ဘုရားကြီးသည် အောက်ပါအတိုင်းလည်း အဋ္ဌကထာတို့၏ ကျမ်းဦးအစ၌ မိန့်မှာထားတော်မူ၏။ ---

၁။ သီလအကြောင်းကို ဖွင့်ပြသော စကားကိုလည်းကောင်း,

၂။ ဓုတင်အကျင့်တရားတို့ကိုလည်းကောင်း,

၃။ အလုံးစုံသော ကမ္မဋ္ဌာန်းတို့ကိုလည်းကောင်း,

၄။ စရိုက် အစီအရင်ကိုလည်းကောင်း,

၅။ စျာန်သမာပတ်အကျယ်ကိုလည်းကောင်း,

၆။ အဘိညာဏ်အားလုံးတို့ကိုလည်းကောင်း,

၇။ ပညာကို ပေါင်း၍ ဆုံးဖြတ်ခြင်းကိုလည်းကောင်း,

၈။ ခန္ဓာ အာယတန ဓာတ် ဣန္ဒြေ အရိယသစ္စာတို့ကိုလည်းကောင်း,

၉။ ကောင်းစွာ ထက်ဝန်းကျင် စင်ကြယ်၍ သိမ်မွေ့သော နည်းရှိသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လည်းကောင်း,

၁၀။ မလွတ်မကင်းသော ပါဠိအစဉ်ရှိသော ဝိပဿနာဘာဝနာကိုလည်းကောင်း ---

ဤဆိုခဲ့သော အလုံးစုံကို ငါသည် ဝိသုဒ္ဓိမဂ်ကျမ်း၌ အပြည့်အစုံ စင်ကြယ်စွာ ဆိုအပ်ခဲ့ပြီ၊ ထိုကြောင့် ထို အလုံးစုံကို ဤ အဋ္ဌကထာ၌ အပိုအလွန် ထပ်၍ မစိစစ်ကုန်တော့အံ့။ (ဒီ၊ဋ္ဌ၊၁၊၂။ အဘိ၊ဋ္ဌ၊၁၊၂။)

ဤ ပဋိညာဉ် ခံဝန်ချက်များနှင့် အညီ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသော သီလ သမာဓိ ပညာ သိက္ခာ သုံးရပ်ဖြင့် သိမ်းကျုံးရေတွက် တင်ပြထားသော သမထ ဝိပဿနာ ကျင့်စဉ်အရပ်ရပ်တို့သည် ပါဠိတော် အစဉ် အတိုင်း ဖွင့်ဆိုရေးသားထားအပ်သော ရှေးရှေးအဋ္ဌကထာတို့၌ လာရှိသော ဖွင့်ဆိုချက်များသာ ဖြစ်ကြသည်။ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားပြီးသဖြင့် ထိုထို အဋ္ဌကထာများ၌ အချို့အချို့သော အချက်အလက်များကို ထပ်မံ၍ မဖွင့်ဆိုတော့ဘဲ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားသည့်အတိုင်း မှတ်သားရန် ပြန်လည်၍ ညွှန်ကြားထားတော်မူခြင်းဖြင့် အဖွင့် သံဝဏ္ဏနာ (= အဋ္ဌကထာ) ကို အကျဉ်းချုံးထားတော်မူပေသည်။

တဖန် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် ဝိနည်းအဋ္ဌကထာ၏ ကျမ်းဦးအစ၌ အောက်ပါစကား တို့ကိုလည်း မိန့်ဆိုထားတော်မူ၏။ ---

မြတ်စွာဘုရားသည် အကြင်တရားတော်ကိုလည်းကောင်း, အကြင်ဝိနည်းတော်ကိုလည်းကောင်း ဟောတော်မူအပ်၏။ ထိုတရားတော်နှင့် ထိုဝိနည်းတော်ကို မြတ်စွာဘုရား၏ သားတော်စစ်ဖြစ်သော အရှင်သာရိ ပုတြာ အစရှိသော မထေရ်တို့သည် ထိုဘုရားရှင် ဟောကြားထားတော်မူသော အခြင်းအရာအားဖြင့်သာလျှင် သိနားလည်တော်မူကုန်၏။ ထိုသို့ သိနားလည်တော်မူကြသော အရှင်သာရိပုတြာ အစရှိသော မထေရ်မြတ် တို့၏ အလိုအယူကို မစွန့်ကုန်မူ၍ သီဟိုဠ်ဆရာတော်တို့သည် ရှေးကာလ၌ အဋ္ဌကထာတို့ကို ပြုစီရင်တော် မူကြလေကုန်ပြီ။

ထိုကြောင့် အဋ္ဌကထာတို့၌ ဆိုထားသော စကားဟူသမျှသည် မေ့လျော့၍ ရေးကူးမိသော ပမာဒလေခမှ တစ်ပါး အလုံးစုံပင် ဤသာသနာတော်တွင် သိက္ခာသုံးပါးတို့၌ ရိုသေခြင်းရှိကုန်သော ပညာရှိတို့၏ စံချိန်သဖွယ်ဖြစ်သော ပမာဏပေတည်း။

ထိုအဋ္ဌကထာဟောင်းမှ သီဟိုဠ်ဘာသာစကားကိုသာလျှင် ပယ်၍ ကျယ်ဝန်းသော စကားအစဉ်ကိုလည်း ချုံး၍။ ပ ။ ဤအဋ္ဌကထာသစ်သည်လည်း ဖြစ်ပေလတ္တံ့၊ ထိုကြောင့် ဤအဋ္ဌကထာသစ်ကို်လည်း ရိုသေစွာ သင်ယူအပ်ပေသတည်း။ (ဝိ၊ဋ္ဌ၊၁၊၃။)

ထိုကြောင့်ပင်လျှင် အရှင်မဟာဗုဒ္ဓဃောသ ဆရာတော်သည် မြတ်စွာဘုရား၏ သုတ္တန်တရားတော်ကိုဖြစ်စေ အဘိဓမ္မာတရားတော်ကိုဖြစ်စေ ဝိနည်းတရားတော်ကိုဖြစ်စေ ရှေးဟောင်းအဋ္ဌကထာကိုဖြစ်စေ မမှီမူ၍ မိမိဉာဏ်ဖြင့် ကြံဆတီထွင်၍သော်လည်းကောင်း, လောကီကျမ်းတို့မှ ယူ၍သော်လည်းကောင်း တစ်စုံတစ်ခုသော ကျမ်းကိုမျှ ရေးသားပြုစုတော် မမူခဲ့ပေ။

ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ရေးသားတင်ပြထားသော ကျင့်စဉ်တို့မှာ ဘုရားဟောပါဠိတော်တို့၌ လာရှိသော ကျင့်စဉ်တို့သာဖြစ်ကြသည်ဟုလည်းကောင်း, ထိုကျင့်စဉ်တို့ကို ကျင့်လိုသူတို့ နားလည်နိုင်ရန် ကျင့် တတ်နိုင်ရန်အတွက် ရှေးရှေးအဋ္ဌကထာတို့၌ လာရှိသည့်အတိုင်း ဘုရားဟောပါဠိတော်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆို ရေးသားထားသည့် ကျင့်ဝတ်ပဋိပတ်တို့သာ ဖြစ်ကြသည်ဟုလည်းကောင်း ရိုသေစွာ မှတ်သားနာယူလေ ရာသည်။

ဤမျှဆိုလျှင် ယနေ့မျက်မှောက်ခေတ် ပဋိပတ်လောကဝယ် မျက်နှာငယ်နေရှာသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ကျမ်းသည် မည်ကဲ့သို့သော ကျမ်းမျိုးဖြစ်သည်ကိုလည်းကောင်း, ထိုကျမ်း၌လာရှိသော ကျင့်စဉ်တို့သည် မည်ကဲ့သို့သော ကျင့်စဉ်တို့ ဖြစ်သည်ကိုလည်းကောင်း အသင်သူတော်ကောင်းသည် သဘောပေါက်နိုင်လောက်ပေပြီ။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ရေးသားတင်ပြထားသော သမထပိုင်းဆိုင်ရာ, ဝိပဿနာပိုင်းဆိုင်ရာ အလွန် အရေးပါသော ကျင့်စဉ်များကို အခြားအခြားသော အဋ္ဌကထာများ၌ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့သော ကျင့်စဉ်ပိုင်းဆိုင်ရာ အဖွင့်တို့မှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌သာ တွေ့ရှိရ၍ အခြားအခြားသော အဋ္ဌကထာတို့၌ မတွေ့ရှိနိုင်ခြင်းမှာ --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုပြီး အဖွင့်များကို ထိုထိုအဋ္ဌကထာ၌ ထပ်မံ၍ မဖွင့်ဆိုခြင်းကြောင့်ဟု မှတ်ပါ။ ဝိသုဒ္ဓိမဂ်ကျမ်း၌ ဖွင့်ဆိုပြီးကြောင်း မှာကြားထားသည့် စကားရပ်မှန်သမျှတို့ သည် ထိုထို အဋ္ဌကထာတို့၌ ဖွင့်ဆိုထားပြီး အဖွင့်စကားရပ်များသာ ဖြစ်ကြပေသည်။ ထိုအဖွင့်များကို အထပ်ထပ် လာရှိသော အဖွင့်များဟုဆိုသည်။ ထိုသို့ အထပ်ထပ်လာသော အဖွင့်များကို ဝိသုဒ္ဓိမဂ္ဂကျမ်း၌ ကြည့်ရန် ညွှန်း လျက် ကျမ်းစာကို အကျဉ်းချုံးထားတော်မူပေသည်။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ နိဂုံး၌ အောက်ပါ စကားရပ်တို့ကို အဋ္ဌကထာဆရာတော်သည် မိန့်မှာသွားတော်မူခဲ့ပေသည်။ ---

တေသံ သီလာဒိဘေဒါနံ၊ အတ္ထာနံ ယော ဝိနိစ္ဆယော။

ပဉ္စန္နမ္ပိ နိကာယာနံ၊ ဝုတ္တော အဋ္ဌကထာနယေ။

သမာဟရိတွာ တံ သဗ္ဗံ၊ ယေဘုယျေန သနိစ္ဆယော။

သဗ္ဗသင်္ကရဒေါသေဟိ၊ မုတ္တော ယသ္မာ ပကာသိတော။ (ဝိသုဒ္ဓိ၊၂၊၃၅၄။)

သီလအမျိုးအစား, သမာဓိအမျိုးအစား, ပညာအမျိုးအစားတို့၏ အနက် အဓိပ္ပါယ် အဆုံးအဖြတ်ကို နိကာယ်ငါးရပ်တို့၏ အနက်ကို ဖွင့်ပြရာ အဋ္ဌကထာနည်း၌ မိန့်ဆိုထားလေသည်။ ထို မိန့်ဆိုထားသော ဖွင့်ဆိုထားသော အဋ္ဌကထာအဆုံးအဖြတ် အလုံးစုံကို ယေဘုယျအားဖြင့် စုရုံးဆောင်ယူ၍ ဝါဒချင်း ရောယှက်မှုဟူသော အပြစ်ဒေါသတို့မှ ကင်းလွတ်သော အနက်ကို အဆုံးအဖြတ်နှင့်တကွ ပြထားအပ်ပေ၏။ (ဝိသုဒ္ဓိ၊၂၊၃၅၄။)

အထက်ပါ စကားဖြင့် --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို ပြုစုတော်မူသော အရှင်မဟာဗုဒ္ဓဃောသဆရာတော်ဘုရားကြီးသည် မဟာဝိဟာရဝါသီ မထေရ်မြတ်တို့၏ ဟောပြောသင်ကြားနည်းဟု ဆိုအပ်သော နိကာယ်ငါးရပ်တို့၏ ရှေးအဋ္ဌကထာဟောင်းတို့ကို အမှီပြု၍ ထိုအဋ္ဌကထာဟောင်းတို့၌ မိန့်ဆိုထားသော သီလသမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားနှင့် သက်ဆိုင်သည့် ယူသင့်ယူထိုက်သော အဆုံးအဖြတ် အလုံးစုံကို စုပေါင်းဆောင်ယူ၍ ပြုစီရင်တော်မူလေသည် ဤ သဘောတရားသည် ထင်ရှားပေါ်လွင်လျက်ပင် ရှိပေသည်။

ထိုကြောင့် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌လည်း နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်အရပ်ရပ်တို့ကို ရေးသားတင်ပြရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသည့် ဝိသုဒ္ဓိ (၇) ပါး ကျင့်စဉ်အတိုင်း ရေးသား တင်ပြထားပါသည်။

မဂ္ဂင် (၈) ပါး ကျင့်စဉ်တရားတို့ကို အစီအစဉ်တကျ ဖွင့်ဆိုရေးသားထားသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် ထိုခေတ်၌ ပေါက်ဖွားခဲ့ကြသော စာသင်သား သူတော်ကောင်းများအတွက် ပြည့်စုံခဲ့ဟန်ရှိသော်လည်း ခေတ်တွေ ပြောင်း၍ နှောင်းလာသောအခါ မသိနိုင်စရာ ခက်ခဲနက်နဲသည့် အချက်အလက်များ ပေါ်ထွက်လာရုံမျှသာမက ကျင့်စဉ်ကို နားမလည်နိုင်သည့် အလွန်ကျဉ်းမြောင်းသည့် အချက်အလက်များလည်း ပေါ်ထွက်လာသဖြင့် အာစရိယဓမ္မပါလ အမည်ရတော်မူသော အရှင်ဓမ္မပါလဆရာတော် က မဟာဋီကာ (= ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ) ကျမ်းစာ တစ်စောင်ကို ထပ်မံ၍ ပြုစုတော်မူရပြန်သည်။

ထိုကျမ်းစာများမှာ ပါဠိစာပေကို ကျွမ်းကျင်သူ သူတော်ကောင်းများအတွက် အားထားဖွယ်ရာ ကျမ်းစာ ဖြစ်သော်လည်း ပါဠိစာပေကို မကျွမ်းကျင်သူ သူတော်ကောင်းများ အတွက် အခက်အခဲများ များစွာပင် ရှိလာရပြန်ပေသည်။ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာသည် ထိုသည့်အခက်အခဲကို ဖြေရှင်းပေးသော ကျမ်းစာတစ်စောင်မျှသာ ဖြစ်ပါသည်။ တစ်ဖန် ---

၁။ ပရိယတ် တရားတော်၌ သော်လည်းကောင်း,

၂။ ပဋိပတ် တရားတော်၌ သော်လည်းကောင်း,

၃။ ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌ သော်လည်းကောင်း ---

ကျွမ်းကျင်လိမ္မာတော်မူကြသော သူတော်ကောင်းများအဖို့ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာကျမ်း၌ လာရှိသော ကျင့်စဉ်များမှာ လွယ်ကူနေမည်ဖြစ်သော်လည်း ပရိယတ်တရားတော်၌သော်လည်းကောင်း, ပဋိပတ်တရားတော် ၌ သော်လည်းကောင်း, ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌သော်လည်းကောင်း ကျွမ်းကျင်လိမ္မာမှု မရှိကြသော သူတော် ကောင်းများ အဖို့ကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသော ကျင့်စဉ်များကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ဖို့ရန်မှာမူ များစွာပင် အခက်အခဲ ရှိကောင်း ရှိနိုင်ပေသည်။

ထိုကဲ့သို့ အခက်အခဲရှိနေသော သူတော်ကောင်းများသည် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းစာ၌ လာရှိသော ကျင့်စဉ်များကို မပင်မပန်း ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရန် ရည် သန် တောင့်တ၍ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာကို ယောဂီသူတော်စင်များတို့၏ လျှောက် ထားတောင်းပန်ချက်အရ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာသည် ပရိယတ်တရားတော်၌ သော်လည်းကောင်း, ပဋိပတ်တရားတော်၌ သော်လည်းကောင်း, ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌ သော်လည်းကောင်း မကျွမ်းကျင် မလိမ္မာကြကုန်သော သူတော်ကောင်းတို့နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်း၌ လာရှိသော ကျင့်စဉ်တို့၏ အကြားတွင် တည်ဆောက်ထားသော ပေါင်းကူးတံတား တစ်ခုမျှသာ ဖြစ်သည်။ နည်းသစ် စနစ်သစ် တီထွင်ထားသော ကျမ်းစာအသစ်အဆန်း တစ်စောင်ကား မဟုတ်ပေ။

သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ လာရှိသော ကျင့်စဉ်တို့ကား ကျယ်ပြန့်၏၊ နက်ရှိုင်း၏၊ ခက်ခဲ၏၊ ပရိယတ် တရားတော်၌သော်လည်းကောင်း, ပဋိပတ်တရားတော်၌သော်လည်းကောင်း, ပရိယတ် ပဋိပတ် နှစ်မျိုးလုံး၌ သော်လည်းကောင်း မကျွမ်းကျင် မလိမ္မာသူ သူတော်ကောင်းအပေါင်းတို့ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ် တတ်ဖို့ရန်မှာ မလွယ်ကူလှပေ။ ထိုကဲ့သို့သော အခက်အခဲများစွာနှင့် ရင်ဆိုင်ရသော သူတော်ကောင်းအပေါင်းတို့သည် အခက်အခဲမရှိ အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သထက်မြင့်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေခြင်း အကျိုးငှာ ရည်သန်တောင့်တ၍ ဤကျမ်းစာတွင် အောက်ပါအတိုင်း အပိုင်းကြီး (၉)ပိုင်း ခွဲ၍ ရေးသားတင်ပြထားပါသည်။

၁။ ကောင်းသော ည တစ်ည (ဘဒ္ဒေကရတ္တသုတ္တန်) ပိုင်း,

၂။ သမာဓိထူထောင်သင့်ပုံပိုင်း,

၃။ အာနာပါနဿတိသမာဓိပိုင်း,

၄။ ရုပ်ကမ္မဋ္ဌာန်းပိုင်း,

၅။ နာမ်ကမ္မဋ္ဌာန်းပိုင်း,

၆။ ပဋိစ္စသမုပ္ပါဒ်ပိုင်း,

၇။ လက္ခဏာဒိစတုက္ကပိုင်း,

၈။ ဝိပဿနာပိုင်း,

၉။ သမထကမ္မဋ္ဌာန်းပိုင်း ---

ဤသို့ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရှိသော ဤကျမ်း၌ ဤ အပိုင်းကြီး (၉)ပိုင်း ခွဲ၍ ရေးသားတင်ပြထားပါသည်။ ဤကျမ်း၌ တစ်စိုးတစ်စိ မှားယွင်းသည့် အချက်ကို တွေ့ရှိပါက မိမိကျမ်းအသွင် ပြင်ဆင်၍ ဖတ်ရှုတော်မူကြပါရန် တောင်းပန်အပ်ပါသည်။

ဤကျမ်းစာ ပထမတွဲ၌ ---

၁။ သီလဝိသုဒ္ဓိပိုင်း၌ သီလကို ဖြူစင်အောင် ဖြည့်ကျင့်ရန် အစီအရင် အကျဉ်းချုပ်မျှကိုလည်းကောင်း,

၂။ စိတ္တဝိသုဒ္ဓိပိုင်း၌ အာနာပါနဿတိသမာဓိပိုင်းကိုလည်းကောင်း,

၃။ ဒိဋ္ဌိဝိသုဒ္ဓိပိုင်း၌ ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်းပိုင်းဟု နှစ်မျိုးရှိရာ ရုပ်ကမ္မဋ္ဌာန်းပိုင်းကိုလည်းကောင်း--

ရေးသားတင်ပြထားပါသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် ဘုရားဟောပါဠိတော်ကြီးများနှင့် ရှေးရှေး အဋ္ဌကထာကြီးတို့၌ လာရှိသည့်အတိုင်း သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို အဆင့်ဆင့် ရေးသား တင်ပြထားသကဲ့သို့ အလားတူပင် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌လည်း ---

၁။ ဘုရားဟောပါဠိတော်,

၂။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ,

၃။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော် ဘာသာပြန်ဆိုထားသော ရှေးရှေးအဋ္ဌကထာများ,

၄။ အဋ္ဌကထာ၌လာရှိသော ထေရဝါဒဖြတ်ထုံးများ,

၅။ အဋ္ဌကထာအဖွင့် ဋီကာများ,

၆။ နိဿယကျမ်းများ,

၇။ မြန်မာပြန်ကျမ်းများ,

၈။ ရှေးရှေးဆရာမြတ်တို့၏ ဖြတ်ထုံးများ ----

ဤသို့စသည့် ကျမ်းဂန်အရပ်ရပ်တို့၌ လာရှိသည့်အတိုင်း သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ရေးသားတင်ပြ ထားပါသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်က တည်ထောင် ဖန်ဆင်းလိုက်သော နည်းသစ် စနစ်သစ် ကျင့်စဉ်သစ် မဟုတ်သကဲ့သို့ ဘုရားရှင်လက်ထက်တော်မှ ဆင်းသက်လာသည့် နည်းဟောင်း စနစ်ဟောင်း ကျင့်စဉ်ဟောင်းသာ ဖြစ်သကဲ့သို့ ဘုရားဟောပါဠိတော်ကြီးများနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကို အထူး အလေးဂရုပြု၍ ရေးသားပြုစုထားအပ်သော ဤ နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌ ရေးသား တင်ပြထားအပ်သော ကျင့်စဉ်အရပ်ရပ်တို့သည်လည်း နည်းသစ် စနစ်သစ် ကျင့်စဉ်သစ် မဟုတ်ဘဲ နည်းဟောင်း စနစ်ဟောင်း ကျင့်စဉ်ဟောင်းတို့သာ ဖြစ်ကြသည်။

ဘုရားရှင်၏ လက်ထက်တော်မှသည် ယနေ့သို့တိုင်အောင် ဆင်းသက်လာသည့် နိဗ္ဗာန်သို့ရောက်ကြောင်း ရှေးထုံးဟောင်း ကျင့်စဉ် ဥပဒေသကြီးကို နှစ်သက်မြတ်နိုးတော်မူကြသော သူတော်ကောင်းအပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

သာသနာတော်သက္ကရာဇ် - ၂၅၃၇ - ခု၊

ကောဇာသက္ကရာဇ် - ၁၃၅၅ - ခု၊

သီတင်းကျွတ်လဆန်း (၁) ရက်။

_________

မဟာနမက္ကာရ - ဗုဒ္ဓပဏာမ

နိဗ္ဗာနဂါမိနိပဋိပဒါ

နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် - ပထမတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မဟာနမက္ကာရ - ဗုဒ္ဓပဏာမ

မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊

ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသိဝရေဟိ။

သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ၊

တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ။

ဒယုဒယရုဏော = မဟာကရုဏာတော်သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ ဧကော = သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော။ ယော မုနိန္ဒက္ကော = အကြင် ဘုရားတည်းဟူသော နေမင်းသည်။ သုဒ္ဓေ = သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။ တိဘဝကုဟရေ = ကာမ-ရူပ-အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်ကြာအိုင်၌။ နိဗ္ဗတ္တံ = ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ်ထွန်း ပေါ်ပေါက်၍ နေပေသော။ ကမလကထိတံ = ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ ဝိနေယျပ္ပါဏောဃံ = ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ ဓမ္မရံသိဝရေဟိ = မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရားတည်းဟူသော မြတ်သော ဒေသနာ ရောင်ခြည်တော်တို့ဖြင့်။ သုဗောဓေသိ = သစ္စာ လေးရပ် တရားမြတ်ကို ထွင်းဖောက် သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။

ဗျာပိတက္ကိတ္တိနဉ္စ = သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ တိလောကေကစ္စက္ခုံ = ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေထသော။ ဒုခမသဟနံ = မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံတော်မူတတ်ထသော။ မဟေသိံ = သီလက္ခန္ဓ သမာဓိက္ခန္ဓ ပညာက္ခန္ဓ ဝိမုတ္တိက္ခန္ဓ ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော် မူပြီးသော။ တံ မုနိန္ဒက္ကံ = ထို ဘုရားတည်းဟူသော နေမင်းကို။ အဟံ = တပည့်တော်သည်။ နမာမိ = ကာယ ဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် သဒ္ဓါရိုကျိုး မာန်စွယ်ချိုးလျက် ရှိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရား။

_________

ကောင်းသော ည တစ်ည (ဘဒ္ဒေကရတ္တသုတ္တန်) ပိုင်း

ကောင်းသော ည တစ်ည (ဘဒ္ဒေကရတ္တသုတ္တန်) ပိုင်း

ဘဒ္ဒေကရတ္တသုတ္တန်ပိုင်းကို မတင်ပြမီ အတိတ် အနာဂတ်ရှုကွက်နှင့် ဆက်စပ်၍ ယောဂါဝစရပုဂ္ဂိုလ်တို့ ကြိုတင်ကာ သိထားသင့်သော ပစ္စက္ခဉာဏ်နှင့် အနွယဉာဏ်အကြောင်းကို ေ့ရှဦးစွာ တင်ပြပေအံ့။

ပစ္စက္ခဉာဏ်နှင့် အနွယဉာဏ်အကြောင်း

အနိစ္စတော မနသိကရောတော အဓိမောက္ခဗဟုလဿ သဒ္ဓိန္ဒြိယံ အာဓိပတေယျံ ဟောတိ၊ ဘာဝနာယ စတ္တာရိန္ဒြိယာနိ တဒနွယာ ဟောန္တိ ၊... (ပဋိသံ၊၂၄၅။)

တဒနွယာ ဟောန္တီတိ တံ အနုဂါမိနီ တံ အနုဝတ္တိနီ ဟောန္တိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၆၁။)

ပညဝတော ဘိက္ခဝေ အရိယသာဝကဿ တဒနွယာ သဒ္ဓါ သဏ္ဌာတိ၊... (သံ၊၃၊၁၉၅။)

တဒနွယာတိ တံ အနုဂစ္ဆမာနာ၊ အနုဝတ္တမာနာတိ အတ္ထော။ (သံ၊ဋ္ဌ၊၃၊၂၇၉။)

အနွယေ ဉာဏန္တိ စတ္တာရိ သစ္စာနိ ပစ္စက္ခတော ဒိသွာ ယထာ ဣဒါနိ၊ ဧဝံ အတီတေပိ အနာဂတေပိ ဣမေဝ ပဉ္စက္ခန္ဓာ ဒုက္ခသစ္စံ၊ အယမေဝ တဏှာ သမုဒယသစ္စံ၊ အယမေဝ နိရောဓော နိရောဓသစ္စံ၊ အယမေဝ မဂ္ဂေါ မဂ္ဂသစ္စန္တိ ဧဝံ တဿ ဉာဏဿ အနုဂတိယံ ဉာဏံ။ (ဒီ၊ဋ္ဌ၊၃၊၂၀၂။)

အနွယေ ဉာဏန္တိ အနုဂမနဉာဏံ။ ပစ္စက္ခတော ဒိသွာတိ စတ္တာရိ သစ္စာနိ မဂ္ဂဉာဏေန ပစ္စက္ခတော ပဋိဝိဇ္ဈိတွာ။ (ဒီ၊ဋီ၊၃၊၂၃၄။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် အညီ အနွယသည် တဒနွယတရားနှင့် အနွယဉာဏ်ဟု နှစ်မျိုး ရှိ၏။ ထိုတွင် အနွယဉာဏ်သည်လည်း ---

၁။ ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်,

၂။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ် ဟု ---

ဤသို့လျှင် အနွယဉာဏ် နှစ်မျိုး ရှိပေသည်။ ထိုတွင် ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်ကို ေ့ရှဦးစွာ တင်ပြပေအံ့။ ---

ဥပနိသသုတ္တန် ကောက်နုတ်ချက်

ဥပနိသသုတ္တန် ကောက်နုတ်ချက်

ဇာနတော အဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော နော အပဿတော။ ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယော ဟောတိ။

၁။ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။

၂။ ဣတိ ဝေဒနာ။ ပ ။

၃။ ဣတိ သညာ။

၄။ ဣတိ သင်္ခါရာ။

၅။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမောတိ။ (သံ၊၁၊၂၆၇။)

ရဟန်းတို့ ...သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိသသူအားသာလျှင်, သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ငါဘုရား ဟောတော်မူ၏။ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိသသူအား, သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ငါဘုရား ဟောတော်မမူ။

ရဟန်းတို့ ...အဘယ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိသသူအား, အဘယ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် မြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်သည် ဖြစ်လေသနည်း။ ---

၁။ (က) ဤကား ရုပ်တည်း၊

( ခ ) ဤကား ရုပ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား ရုပ်၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၂။ (က) ဤကား ဝေဒနာတည်း၊

( ခ ) ဤကား ဝေဒနာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား ဝေဒနာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၃။ (က) ဤကား သညာတည်း၊

( ခ ) ဤကား သညာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား သညာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၄။ (က) ဤသည်တို့ကား စေတသိက် သင်္ခါရတို့တည်း၊

( ခ ) ဤကား စေတသိက် သင်္ခါရတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား စေတသိက် သင်္ခါရတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၅။ (က) ဤကား ဝိညာဏ်တည်း၊

( ခ ) ဤကား ဝိညာဏ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊

( ဂ ) ဤကား ဝိညာဏ်၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း ဟု ---

ဤသို့ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိသသူအား, သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် မြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်သည် ဖြစ်ပေါ်လာ၏။ (သံ၊၁၊၂၆၇။)

ဤဒေသနာတော်မြတ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ---

၁။ ခန္ဓာငါးပါးကိုလည်းကောင်း,

၂။ ယင်းခန္ဓာငါးပါးတို့၏ ဖြစ်ကြောင်း = သမုဒယနှင့် ဖြစ်ခြင်း = သမုဒယ = ဥဒယသဘောကိုလည်းကောင်း,

၃။ ယင်းခန္ဓာငါးပါးတို့၏ ချုပ်ကြောင်း = အတ္ထင်္ဂမနှင့် ချုပ်ခြင်း = အတ္ထင်္ဂမ = ဝယသဘောကိုလည်းကောင်း,

သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိပါမှ မြင်ပါမှသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိပါမူကား မမြင်ပါမူကား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် မဖြစ်ပေါ်လာနိုင်ကုန်ဟု ဆိုလို၏။

အဋ္ဌကထာ ဋီကာတို့ကလည်း ယင်းပါဠိတော်၏ အနက်အဓိပ္ပါယ်ကို အောက်ပါအတိုင်း ရှင်းလင်း ဖွင့်ဆို ထားတော်မူကြ၏။

ဇာနတောတိ ဇာနန္တဿ။ ပဿတောတိ ပဿန္တဿ။ ဒွေပိ ပဒါနိ ဧကတ္ထာနိ၊ ဗျဉ္ဇနမေဝ နာနံ။ ဧဝံ သန္တေပိ ဇာနတောတိ ဉာဏလက္ခဏံ ဥပါဒါယ ပုဂ္ဂလံ နိဒ္ဒိသတိ။ ဇာနနလက္ခဏံ ဟိ ဉာဏံ။ ပဿတောတိ ဉာဏပ္ပဘာဝံ ဥပါဒါယ။ ပဿနပ္ပဘာဝံ ဟိ ဉာဏံ၊ ဉာဏသမင်္ဂီပုဂ္ဂလော စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ ။ ပ ။

နော အဇာနတော နော အပဿတောတိ ယော ပန န ဇာနာတိ န ပဿတိ၊ တဿ နော ဝဒါမီတိ အတ္ထော။ ဧတေန ယေ အဇာနတော အပဿတောပိ သံသာရာဒီဟိယေဝ သုဒ္ဓိံ ဝဒန္တိ၊ တေ ပဋိက္ခိတ္တာ ဟောန္တိ။ ပုရိမေန ပဒဒွယေန ဥပါယော ဝုတ္တော၊ ဣမိနာ အနုပါယံ ပဋိသေဓေတိ။ (သံ၊ဋ္ဌ၊၂၊၄၉။)

၁။ ဇာနတော ပဿတောတိ ဧတ္ထ ဒဿနံ ပညာစက္ခုနာဝ ဒဿနံ အဓိပ္ပေတံ, န မံသစက္ခုနာတိ အာဟ ဒွေပိ ပဒါနိ ဧကတ္ထာနီတိ။ ဧဝံ သန္တေပီတိ ပဒဒွယဿ ဧကတ္ထတ္တေပိ ဉာဏလက္ခဏ ဉာဏပ္ပဘာဝဝိသယဿ တထာဒဿနဘာဝါဝိရောဓနာတိ အတ္ထော။ တေနာဟ ဇာနနလက္ခဏံ ဟိ ဉာဏန္တိအာဒိ။ ဉာဏပ္ပဘာဝန္တိ ဉာဏာနုဘာဝေန ဉာဏကိစ္စဝိသယောဘာသန္တိ အတ္ထော။ တေနာဟ ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတီတိ။ ဇာနတော ပဿတောတိ စ ဇာနနဒဿနမုခေန ပုဂ္ဂလာဓိဋ္ဌာနာ ဒေသနာ ပဝတ္တာတိ အာဟ ဉာဏလက္ခဏံ ဥပါဒါယာတိအာဒိ။ (သံ၊ဋီ၊၂၊၆၃။)

ဉာဏလက္ခဏန္တိ ဉာဏဿ သဘာဝံ၊ ဝိသယဿ ယထာသဘာဝါဝဗောဓနန္တိ အတ္ထော။(မ၊ဋီ၊၁၊၁၄၆။)

ဉာဏပ္ပဘာဝန္တိ ဉာဏာနုဘာဝံ၊ ဉာဏကိစ္စံ ဝိသယောဘာသနန္တိ အတ္ထော။ (မ၊ဋီ၊၁၊၁၄၆-၁၄၇။)

၂။ ဇာနတောတိ ဝါ ပုဗ္ဗဘာဂဉာဏေန ဇာနတော၊ အပရဘာဂေန ဉာဏေန ပဿတော။ (သံ၊ဋီ၊၂၊၆၃။)

၃။ ဇာနတောတိ ဝါ ဝတွာ န ဇာနနံ အနုဿဝါကာရပရိဝိတက္ကမတ္တဝသေန ဣဓာဓိပ္ပေတံ၊ အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ပဿတောတိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ၊ဋီ၊၂၊၆၃။)

ဇာနတော ဧဝ ပဿတော ဧဝါတိ ဧဝမေတ္ထ နိယမော ဣစ္ဆိတော၊ န အညထာ ဝိသေသာဘာဝတော အနိဋ္ဌာပန္နောဝါတိ တဿ နိယမဿ ဖလံ ဒေဿတုံ နော အဇာနတော နော အပဿတောတိ ဝုတ္တန္တိ အာဟ ယော ပန န ဇာနာတိ, န ပဿတိ၊ တဿ နော ဝဒါမီတိ အတ္ထောတိ။ ဣမိနာ ခန္ဓာနံ ပရိညာ အာသဝက္ခယဿ ဧကန္တိကကာရဏန္တိ ဒေဿတိ။ (သံ၊ဋီ၊၂၊၆၄။)

ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ။ (သံ၊ဋီ၊၂၊၆၅။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာ အဖွင့်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ဇာနတော = သိသသူအား, ပဿတော = မြင်သသူအား - ဤနှစ်ပုဒ်တို့ကား တူသောအနက် ရှိကြကုန်၏။ ပုဒ် ဗျည်းသည်သာလျှင် = စကားလုံးသည်သာလျှင် ထူးထွေကွဲပြား၏။ ဤသို့လျှင် စကားလုံးသာ ကွဲပြား၍ တူသောအနက်ရှိသော်လည်း - ဇာနတော - ဟူသော စကားလုံးက အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း သဘောလက္ခဏာကို အစွဲပြု၍ သိတတ်သော ပုဂ္ဂိုလ်ကို ညွှန်ပြ၏။ မှန်ပေသည် --- ဉာဏ်သည် (= သမ္မာဒိဋ္ဌိဉာဏ်သည်) အာရုံ၏သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်းသဘော လက္ခဏာ ရှိ၏။

ပဿတော - ဟူသော စကားလုံးက အာရုံ၏ သဘောမှန်ကို မြင်တတ်သော ဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်ကို အစွဲပြု၍ မြင်တတ်သော ပုဂ္ဂိုလ်ကို ညွှန်ပြ၏။ မှန်ပေသည် --- ဉာဏ်သည် (= သမ္မာဒိဋ္ဌိဉာဏ်သည်) အာရုံ၏ သဘောမှန်ကို မြင်ခြင်း စွမ်းအားရှိန်စော် အာနုဘော် ရှိ၏။ ပသာဒစက္ခုတည်းဟူသော မျက်စိအမြင် ရှိသောသူသည် ရူပါရုံတို့ကို ပသာဒစက္ခုဖြင့် (စက္ခုဝိညာဏ်ဖြင့်) မြင်သကဲ့သို့ သမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အာရုံ၏ သဘောမှန်ကို မြင်အောင် အရောင်အလင်းကို ထွန်းပြခြင်းကိစ္စရှိသော ဉာဏ်က ဖွင့်ပြ အပ်သော တရားတို့ကို မြင်တတ်၏။ (သံ၊ဋ္ဌ၊၂၊၄၉။)

နော အဇာနတော နော အပဿတော - ဟူသည် --- အကြင်သူသည်ကား (ဥပါဒါနက္ခန္ဓာ ငါးပါး တို့ကိုလည်းကောင်း, ယင်းတို့၏ သမုဒယသဘောကိုလည်းကောင်း, အထ္ထင်္ဂမသဘောကိုလည်းကောင်း) မသိ မမြင်၊ ထိုပုဂ္ဂိုလ်အား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ငါဘုရား ဟောတော်မမူ --- ဤကား ဆိုလိုရင်း အနက်သဘောတည်း။ နော အဇာနတော နော အပဿတော - ဟူသော ဤ စကားရပ်ဖြင့် အကြင် ပုဂ္ဂိုလ်တို့သည် (ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း, ယင်းတို့၏ သမုဒယသဘောကိုလည်းကောင်း, အထ္ထင်္ဂမသဘောကိုလည်းကောင်း) မသိပါဘဲလျက်လည်း မမြင်ပါဘဲလျက်လည်း သံသရာစသည်တို့မှပင်လျှင် စင်ကြယ်ခြင်းကို ပြောဟောကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့ကို ပယ်မြစ်အပ်ကုန်၏။ (သံ၊ဋ္ဌ၊၂၊၄၉။)

ဇာနတော ပဿတော = သိသသူအား မြင်သသူအား - ဟူသော ရှေးနှစ်ပုဒ်ဖြင့် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း နည်းလမ်းကောင်းကို ဟောကြားတော်မူအပ်၏။ နော အဇာနတော နော အပဿတော = မသိသသူအား မမြင်သသူအား - ဟူသော ဤနှစ်ပုဒ်ဖြင့် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း နည်းလမ်းကောင်း မဟုတ်သည်ကို ပယ်မြစ်တော်မူအပ်၏။ (သံ၊ဋ္ဌ၊၂၊၄၉။)

တစ်ဖန် ဋီကာဆရာတော် အရှင်မြတ်က ယင်း အဋ္ဌကထာ၏ ဆိုလိုရင်း အနက်သဘောတရားကို အောက်ပါအတိုင်း သုံးမျိုးခွဲ၍ ရှင်းလင်း ဖွင့်ဆိုထားတော်မူ၏။ ---

၁။ ဇာနတော ပဿတော = သိသသူအား မြင်သသူအား - ဟူသော ဤနှစ်ပုဒ်၌ ဒဿန = မြင်ခြင်း ဟူသည် ပညာစက္ခုဖြင့် မြင်ခြင်းကိုသာလျှင် အလိုရှိအပ်၏၊ မံသစက္ခု = ပသာဒစက္ခုဖြင့် = (ပကတိမျက်စိဖြင့်) မြင်ခြင်းကို အလိုမရှိအပ်ပေ။ ထိုကြောင့် ဇာနတော = သိသသူအား, ပဿတော = မြင်သသူအား ဟူသော ဤ နှစ်ပုဒ်တို့ကား တူသောအနက် ရှိကုန်၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏။

ဧဝံ သန္တေပိ = ဤသို့လျှင် စကားလုံးသာ ကွဲပြား၍ တူသော အနက် ရှိသော်လည်း --- ဟူသည် ဇာနတော = သိသသူအား, ပဿတော = မြင်သသူအား - ဟူသော ပုဒ်နှစ်ခု၏ တူညီသော အနက်ရှိသည် ဖြစ်သော်လည်း ---

၁။ အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း သဘောရှိသော ဉာဏလက္ခဏ၏ အာရုံ,

၂။ အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမြင်အောင် အရောင်အလင်းကို ထွန်းပြခြင်းသဘော ရှိသော ဉာဏပ္ပဘာဝ၏ အာရုံ ---

ဤအာရုံကို ထိုဖော်ပြထားသည့်အတိုင်း သိမြင်တတ်သော သဘောအားဖြင့် ပုဒ်တစ်ခုနှင့် ပုဒ်တစ်ခု မဆန့်ကျင်ခြင်း သဘောရှိ၏ဟု ဆိုလို၏။ ထိုကြောင့် - ဇာနနလက္ခဏံ ဟိ ဉာဏံ = ဉာဏ်သည် အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း သဘောလက္ခဏာရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို တော်မူခြင်း ဖြစ်၏။

ဉာဏပ္ပဘာဝ - ကား ဉာဏ်၏ စွမ်းအားရှိန်စော်အာနုဘော်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင် အလင်းဖြင့် အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ မြင်အောင် အရောင်အလင်းကို ထွန်းပြခြင်း ဉာဏကိစ္စရှိ၏။ (ဝိသယောဘာသရသာ ပဒီပေါ ဝိယ - ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာနှင့် အညီပင်တည်း။ အဘိ၊ဋ္ဌ၊၁၊၁၆၆။) ထိုကြောင့် အဋ္ဌကထာဆရာတော်က - ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ = သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသော ပုဂ္ဂိုလ်သည် အာရုံ၏ သဘောမှန်ကို မြင်အောင် အရောင်အလင်းကို ထွန်းပြခြင်း ကိစ္စရှိသော ဉာဏ်က ဖွင့်ပြအပ်သော တရားတို့ကို မြင်တတ်၏ - ဟု ဖွင့်ဆိုသွားတော်မူ၏။ (သံ၊ဋီ၊၂၊၆၃။)

[မှတ်ချက် --- ဉာဏ်ရောင်အကြောင်းကို ဤကျမ်း - စာမျက်နှာ - ၅၁၀-၅၃၄-တို့တွင် ကြည့်ပါ။]

၂။ တစ်နည်း --- ဇာနတော - ဟူသည် ေ့ရှအဖို့၌ ဖြစ်သော ဉာဏ်ဖြင့် သိသသူအား ဟု ဆိုလို၏။ ပဿတော - ဟူသည် နောက်အဖို့၌ ဖြစ်သော ဉာဏ်ဖြင့် မြင်သသူအား ဟု ဆိုလို၏။

၃။ တစ်နည်း --- ဇာနတော = သိသသူအား - ဟု ဟောတော်မူပြီးလျက်လည်း ပဿတော = မြင်သသူအား - ဟု ထပ်မံ၍ ဟောတော်မူခြင်းမှာ ---

က ။ အနုဿဝ = ဆရာ မိဘ စသူတို့ထံမှ တစ်ဆင့်ကြားနာရ၍ သင်သိ၏ အစွမ်းဖြင့် သိခြင်း,

ခ ။ အာကာရပရိဝိတက္က = အကြောင်း အသင့်ယုတ္တိကို ကြံစည် စိစစ် ဆင်ခြင်ခြင်း၏အစွမ်းဖြင့် သိခြင်း

ဟူသော --- ဤနှစ်မျိုးသော သိခြင်းမျှ၏ အစွမ်းဖြင့် သိခြင်းမျိုးကို ဤအရာ၌ အလိုမရှိအပ်။ တကယ် စင်စစ်မှာမူကား စက္ခုဝိညာဏ်ဖြင့် ရူပါရုံတို့ကို မြင်သကဲ့သို့,

က ။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း,

ခ ။ ယင်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဖြစ်ကြောင်း သမုဒယနှင့် ဖြစ်ခြင်း သမုဒယ = ဥဒယ သဘောကို လည်းကောင်း,

ဂ ။ ယင်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ချုပ်ကြောင်း အတ္ထင်္ဂမနှင့် ချုပ်ခြင်း အတ္ထင်္ဂမ = ဝယ သဘောကို လည်းကောင်း,

ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြု၍ သိမြင်ခြင်းတည်းဟု ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြခြင်းငှာ ပဿတော = မြင်သသူအား ဟု ဘုရားရှင်သည် ဟောကြားတော်မူအပ်၏ - ဟု ဤသို့လည်း ဤအရာ၌ အနက်အဓိပ္ပါယ်ကို မှတ်သားပါ။ (သံ၊ဋီ၊၂၊၆၃။)

အနုဿဝ နှင့် အာကာရပရိဝိတက္က

အနုဿဝ နှင့် အာကာရပရိဝိတက္က

ဤတွင် အနုဿဝ နှင့် အာကာရပရိဝိတက္က အကြောင်းကို ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။

အနု အနု သဝနံ အနုဿဝေါ။ (အံ၊ဋီ၊၂၊၁၆၆။)

ပရမ္ပရာဂတဿ အတ္ထဿ ဧဝံ ကိရဿာတိ အနုဿဝနံ။ (သံ၊ဋီ၊၂၊၃၁၇။)

မိဘ ဘိုးဘွား ဆရာသမား စသူတို့ထံမှ တစ်ဆင့်ကြား၍ အဆင့်ဆင့် ကြားနာရ၍ ရရှိလာသော အသိ သည် = သင်သိ သည် အနုဿဝ မည်၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း, ယင်းတို့၏ သမုဒယသဘော အတ္ထင်္ဂမသဘောတို့ကိုလည်းကောင်း မိဘ ဘိုးဘွား ဆရာသမား စသူတို့ထံမှ တစ်ဆင့်ကြား၍ အဆင့်ဆင့် ကြားနာရ၍ ရရှိလာသော သင်သိမျှဖြင့် သိမှုမျိုးကို ဤ ဥပနိသသုတ္တန်၌ - ဇာနတော = သိသသူ, ပဿတော = မြင်သသူ ဟု မဆိုလို။ ဤကဲ့သို့သော သင်သိမျိုးကို အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အသိမျိုး ဟု ဤ၌ မဆိုလိုပေ။

အာကာရပရိဝိတက္ကောတိ ယုတ္တိပရိကပ္ပနာ။ (သံ၊ဋီ၊၂၊၃၁၇။)

အကြောင်း အသင့်ယုတ္တိကို ကြံစည်-ဆင်ခြင်-စိစစ်ခြင်းကို အာကာရပရိဝိတက္ကဟု ဆိုသည်။ ယင်း အာကာရပရိဝိတက္ကမျှ၏ အစွမ်းဖြင့် သိမှုမျိုးကိုလည်း ဤ ဥပနိသသုတ္တန်၌ ဇာနတော = သိသသူ, ပဿတော = မြင်သသူ ဟု မဆိုလိုပေ။ (ဘုရားရှင်၏ တရားတော်တို့ကား အတက္ကာဝစရ = လက်တွေ့မကျင့်ဘဲ ကြံစည် စိတ်ကူးမှု သက်သက်မျှကိုသာ ပြုလုပ်လေ့ရှိသူ အတွေးအခေါ်သမား = တက္ကီသမားတို့၏ ကျက်စားရာ နယ်မြေ မဟုတ်ပေ။ မ၊၂၊၂၉၁။)

ပစ္စက္ခဉာဏ်

ပစ္စက္ခဉာဏ်

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ၊ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)

ရဟန်းတို့ ...သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း၊

ရဟန်းတို့ ...

၁။ ဒုက္ခသစ္စာ၌ သိတတ်သော ဉာဏ်,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိတတ်သော ဉာဏ်,

၃။ ဒုက္ခချုပ်ကြောင်း နိရောဓသစ္စာ၌ သိတတ်သော ဉာဏ်,

၄။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂသစ္စာ၌ သိတတ်သော ဉာဏ် - ဟူသော

အကြင် ဉာဏ်သည် ရှိ၏။ ရဟန်းတို့ ...ယင်းဉာဏ်ကို သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၈။ မဟာ သတိပဋ္ဌာနသုတ္တန်။)

ဤ အထက်ပါ ဒေသနာတော်များနှင့် အညီ စတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသော လေးမျိုးသော သမ္မာဒိဋ္ဌိဉာဏ်ကို ပစ္စက္ခဉာဏ် ဟု ခေါ်ဆို၏။ ယင်း ပစ္စက္ခဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိမြင်သော သူကိုသာလျှင် ဇာနတော = သိသသူ, ပဿတော = မြင်သသူ ဟု ဤ သုတ္တန်၌ ဆိုလိုပေသည်။

၁။ ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း,

၂။ ယင်းတို့၏ သမုဒယသဘောကိုလည်းကောင်း,

၃။ ယင်းတို့၏ အတ္ထင်္ဂမသဘောကိုလည်းကောင်း,

ယင်း ပစ္စက္ခဉာဏ်ဖြင့် သိသောသူအားသာလျှင် မြင်သောသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်တို့ကို ရရှိနိုင်ကြောင်း ဟောကြားထားတော်မူ၏။ ယင်း ပစ္စက္ခဉာဏ်ဖြင့် အထက်ပါ သုံးမျိုးကုန်သော တရားတို့ကို မသိသောသူအား မမြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်တို့ကို ရရှိနိုင်၏ ဟု မြတ်စွာဘုရားရှှင်က ဟောကြားတော်မမူပေ။

ထိုကြောင့် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်းဖြစ်သည့် အရိယမဂ်ဖိုလ်တို့ကို အလိုရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့သည် ---

၁။ ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း,

၂။ ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ သမုဒယသဘောကိုလည်းကောင်း,

၃။ ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အတ္ထင်္ဂမသဘောကိုလည်းကောင်း,

အထက်ပါ သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ေ့ရှဦးစွာ ကြိုးပမ်းရတော့မည်ဟု မှတ်သားပါလေ။ (အနွယဉာဏ်နှင့် ရှုပုံအပိုင်းကို နောက်တွင် တင်ပြ ပါမည်။)

ယခုတစ်ဖန် - ဥပါဒါနက္ခန္ဓာတို့ကိုလည်းကောင်း, ယင်းတို့၏ သမုဒယသဘောကိုလည်းကောင်း, ယင်းတို့၏ အတ္ထင်္ဂမသဘောကိုလည်းကောင်း တစ်ခုစီ ဆက်လက်၍ ရှင်းလင်းတင်ပြပေအံ့။

ဥပါဒါနက္ခန္ဓာ ဟူသည်

ဥပါဒါနက္ခန္ဓာ ဟူသည်

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။ခန္ဓသုတ္တန်။)

= အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော (၃၁-ဘုံ အတွင်း၌ တည်ရှိသော) တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ - ငါ့ဟာဟု စွဲယူရာဖြစ်သော ---

၁။ အတိတ်ရုပ်တရား အားလုံး,

၂။ အနာဂတ်ရုပ်တရား အားလုံး,

၃။ ပစ္စုပ္ပန်ရုပ်တရား အားလုံး,

၄။ အဇ္ဈတ္တရုပ်တရား အားလုံး,

၅။ ဗဟိဒ္ဓရုပ်တရား အားလုံး,

၆။ ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ်တရား အားလုံး,

၇။ သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံး,

၈။ ယုတ်ညံ့သော ဟီနရုပ်တရား အားလုံး,

၉။ မွန်မြတ်သော ပဏီတရုပ်တရား အားလုံး,

၁၀။ ( ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်နှင့် ဝေးသော) ဒူရရုပ်တရား အားလုံး,

၁၁။ ( ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်နှင့် နီးကပ်သော) သန္တိကရုပ်တရား အားလုံး ---

ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား အားလုံးကို ရူပုပါဒါနက္ခန္ဓာ ဟု ခေါ်ဆို၏။ (သံ၊၂၊၃၉။)

အလားတူပင် ---

(၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဝေဒနာတရား အားလုံးကို ဝေဒနုပါဒါနက္ခန္ဓာ ဟု လည်းကောင်း,

(၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော သညာတရား အားလုံးကို သညုပါဒါနက္ခန္ဓာ ဟု လည်းကောင်း,

(၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော စေတသိက် သင်္ခါရတရား အားလုံးကို သင်္ခါရုပါဒါနက္ခန္ဓာ ဟု လည်းကောင်း,

(၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အသိစိတ် ဝိညာဏ်တရား အားလုံးကို ဝိညာဏုပါဒါနက္ခန္ဓာ ဟု လည်းကောင်း,

ဤသို့လည်း အသီးအသီး ဆက်လက်၍ ဟောကြားထားတော်မူပေသည်။ (သံ၊၂၊၃၉။)

သို့အတွက် အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော, တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ - ငါ့ဟာဟု စွဲယူရာ ဖြစ်သော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို - အထက်ပါ ဥပနိသ သုတ္တန် ဒေသနာတော်မြတ်၌ ဘုရားရှင်က ---

၁။ ဣတိ ရူပံ = ဤကား ရုပ်တည်း၊

၂။ ဣတိ ဝေဒနာ = ဤကား ဝေဒနာတည်း၊

၃။ ဣတိ သညာ = ဤကား သညာတည်း၊

၄။ ဣတိ သင်္ခါရာ = ဤသည်တို့ကား စေတသိက် သင်္ခါရတို့တည်း၊

၅။ ဣတိ ဝိညာဏံ = ဤကား ဝိညာဏ်တည်း --- ဟု

အသီးအသီး ဟောကြားထားတော်မူပေသည်။ ယင်းသို့ ဟောကြားထားတော်မူရာဝယ် မည်ကဲ့သို့သော သိပုံသိနည်းမျိုးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်က --- ဤကား ရုပ်, ဤကား ဝေဒနာ, ဤကား သညာ, ဤသည်တို့ကား စေတသိက် သင်္ခါရ, ဤကား ဝိညာဏ် --- ဟု ဤသို့ ဟောကြားထားတော်မူပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

ဣတိ ရူပံ - ဣတိ ဝေဒနာ . . .

ဣတိ ရူပံ - ဣတိ ဝေဒနာ . . .

တတ္ထ ဣတိ ရူပန္တိ ဣဒံ ရူပံ, ဧတ္တကံ ရူပံ, ဣတော ဥဒ္ဓံ ရူပံ နတ္ထီတိ ရုပ္ပနသဘာဝဉ္စေဝ ဘူတုပါဒါယဘေဒဉ္စ အာဒိံ ကတွာ လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ ။

ဣတိ ဝေဒနာတိအာဒီသုပိ အယံ ဝေဒနာ, ဧတ္တကာ ဝေဒနာ, ဣတော ဥဒ္ဓံ ဝေဒနာ နတ္ထိ၊ အယံ သညာ။ ဣမေ သင်္ခါရာ။ ဣဒံ ဝိညာဏံ, ဧတ္တကံ ဝိညာဏံ, ဣတော ဥဒ္ဓံ ဝိညာဏံ နတ္ထီတိ ဝေဒယိတ-သဉ္ဇာနန-အဘိသင်္ခါရဏ-ဝိဇာနနသဘာဝဉ္စေဝ သုခါဒိ-ရူပသညာဒိ-ဖဿာဒိ-စက္ခုဝိညာဏာဒိဘေဒဉ္စ အာဒိံ ကတွာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန အနဝသေသ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ ပရိဂ္ဂဟော ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၅၃။ ဒီ၊ဋ္ဌ၊၂၊၃၇၃။)

ဣတိ ရူပန္တိ ဧတ္ထ ဣတိ-သဒ္ဒေါ ဣဒံ-သဒ္ဒေန သမာနတ္ထောတိ အဓိပ္ပါယေနာဟ - ဣဒံ ရူပန္တိ။ တယိဒံ သရူပဂ္ဂဟဏဘာဝတော အနဝသေသပရိယာဒါနံ ဟောတီတိ အာဟ ဧတ္တကံ ရူပံ၊ န ဣတော ပရံ ရူပံ အတ္ထီတိ။ ဣတီတိ ဝါ ပကာရတ္ထေ နိပါတော၊ တသ္မာ ဣတိ ရူပန္တိ ဣမိနာ ဘူတုပါဒါဒိဝသေန ယတ္တကော ရူပဿ ပဘေဒေါ၊ တေန သဒ္ဓိံ ရူပံ အနဝသေသတော ပရိယာဒိယိတွာ ဒေဿတိ။ သဘာဝတောတိ ရုပ္ပနသဘာဝတော, စက္ခာဒိ ဝဏ္ဏာဒိ သဘာဝတော စ။ ဝေဒနာဒီသုပီတိ ဧတ္ထ --- အယံ ဝေဒနာ၊ ဧတ္တကာ ဝေဒနာ၊ န ဣတော ပရံ ဝေဒနာ အတ္ထီတိ သဘာဝတော ဝေဒနံ ပဇာနာတီတိ အာဒိနာ, သဘာဝတောတိ စ အနုဘဝနသဘာဝတော, သာတာဒိသဘာဝတော စာတိ ဧဝမာဒိနာ ယောဇေတဗ္ဗံ။ (ဒီ၊ဋီ၊၂၊၃၂၀။)

အမေး --- ဘုရားရှင်သည် - ဤကား ရုပ်တည်း၊ ဤကား ဝေဒနာတည်း၊ ဤကား သညာတည်း၊ ဤသည်တို့ကား စေတသိက် သင်္ခါရတို့တည်း၊ ဤကား ဝိညာဏ်တည်း - ဟု ဤ ဥပါဒါနက္ခန္ဓာငါးပါး ဓမ္မသဘောတရားတို့၌ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုပွား သုံးသပ်၍ နေထိုင်ရန် ယောဂါဝစရ ရဟန်းတော်အား ညွှန်ကြားထားတော်မူ၏။ ဤသို့ ညွှန်ကြားတော်မူရာဝယ် ယောဂါဝစရ ရဟန်းတော်သည် ယင်းဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို မည်သို့ မည်ပုံ သိရှိရမည်နည်း၊ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် မည်သို့ မည်ပုံ ရှုရမည်နည်း ဟု မေးရန် ရှိ၏။

အဖြေ --- အဖြေမှာ ဤသို့ ဖြစ်၏၊

၁။ ဤကား ရုပ်တည်း၊ ရုပ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန်မရှိဟု အအေး အပူ စသော အကြောင်းတရားတို့ကြောင့် ရှေးရှေး ဖြစ်ပေါ်သွားသော ရုပ်သန္တတိ = ဖြစ်စဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိ = ဖြစ်စဉ်၏ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုဟူသော ရုပ္ပနသဘာဝ = ဖောက်ပြန်ခြင်း သဘောကိုလည်းကောင်း, (ရုပ်အားလုံးနှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာတည်း။) ဘူတရုပ် ဥပါဒါရုပ်တည်းဟူသော ထူးထွေကွဲပြားသော (၂၈) မျိုးသော ရုပ်ကိုလည်းကောင်း အစပြု၍ လက္ခဏ-ရသ- ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ရုပ်အားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိရမည် = သိအောင်ရှုရမည်ဟု ဆိုလိုသည်။

ဤကား ဝေဒနာတည်း စသည်တို့၌လည်း ---

၂။ ဤကား ဝေဒနာတည်း၊ ဝေဒနာကား ဤမျှသာတည်း၊ ဤထက်အပိုအလွန် ဝေဒနာမည်သည် မရှိ။

၃။ ဤကား သညာတည်း ။ ပ ။

၄။ ဤသည်တို့ကား စေတသိက် သင်္ခါရတို့တည်း ။ ပ ။

၅။ ဤကား ဝိညာဏ်တည်း၊ ဝိညာဏ်ကား ဤမျှသာတည်း၊ ဤထက်အပိုအလွန် ဝိညာဏ်မည်သည် မရှိဟု-

၂။ ဝေဒနာက္ခန္ဓာ၏ အာရုံ၏ အရသာကို ခံစားမှုသဘော,

၃။ သညာက္ခန္ဓာ၏ အာရုံကို အမှတ်ပြု၍ သိမှုသဘော,

၄။ သင်္ခါရက္ခန္ဓာ၏ မိမိအကြောင်းတရားတို့သည် အညီအညွတ် ပြီးစေအပ်သော အကျိုးတရားကို ဖြစ်ပေါ် လာအောင် ပြုပြင်တတ် ပြီးစေတတ်သော သဘော,

၅။ ဝိညာဏက္ခန္ဓာ၏ အာရုံကို ပိုင်းခြားယူတတ်မှု = သိမှုသဘောကိုလည်းကောင်း,

၂။ ဝေဒနာက္ခန္ဓာ၏ သုခဝေဒနာ စသည်ဖြင့် ကွဲပြားမှု,

၃။ သညာက္ခန္ဓာ၏ ရူပသညာ စသည်ဖြင့် ကွဲပြားမှု,

၄။ သင်္ခါရက္ခန္ဓာ၏ ဖဿ စေတနာ စသည်ဖြင့် ကွဲပြားမှု,

၅။ ဝိညာဏက္ခန္ဓာ၏ စက္ခုဝိညာဏ် စသည်ဖြင့် ကွဲပြားမှုကိုလည်းကောင်း ---

အစပြု၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်းဖြစ်သည်။ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အားဖြင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိရမည် = သိအောင်ရှုရမည်ဟု ဆိုလို်သည်။ (ဒီ၊ဋ္ဌ၊၂၊၅၃။)

အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်းဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ---

၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကိုလည်းကောင်း,

၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာဟူသော ဝေဒနာ အပြားကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကိုလည်းကောင်း,

၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာ ဟူသော သညာအပြားကိုလည်းကောင်း, ယင်း သညာ အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကိုလည်းကောင်း,

၄။ ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ စသော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ဟူသော သင်္ခါရအပြားကိုလည်းကောင်း, ယင်း စေတသိက် အသီးအသီး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်ကိုလည်းကောင်း,

၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ် ဟူသော ဝိညာဏ်အပြားကိုလည်းကောင်း, ယင်း အသီးအသီးသော ဝိညာဏ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ကိုလည်းကောင်း,

အကြွင်းအကျန်မရှိ ကုန်စင်အောင် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် သိမ်းဆည်း ရှုပွားရတော့မည် ဖြစ်ပေသည်။ ယင်းသို့ သိပါမှ ယင်းသို့ မြင်ပါမှ ---

၁။ ဤကား ရုပ်,

၂။ ဤကား ဝေဒနာ,

၃။ ဤကား သညာ,

၄။ ဤသည်တို့ကား သင်္ခါရ,

၅။ ဤကား ဝိညာဏ် --- ဟု

သိသည် မြင်သည် မည်ပေသည်။ ယင်းသို့ သိအောင် မြင်အောင် ရှုရာ၌ ---

စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ၊ (သံ၊ဋ္ဌ၊၂၊၄၉။)

ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနံ၊

(သံ၊ဋီ၊၂၊၆၃။)

ဤသို့ ဖွင့်ဆိုထားကြသော အဋ္ဌကထာ ဋီကာတို့နှင့်အညီ - မျက်စိအမြင်ရှိသော ယောက်ျားက ရူပါရုံတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်သကဲ့သို့, အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းတရားတို့ကို သိမ်းဆည်းရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏အကူအညီဖြင့် ယင်းတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်တည်း ဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။

ယင်းသို့ သိပါမှ မြင်ပါမှသာလျှင် ယင်းသို့ သိသောသူအား မြင်သောသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ရရှိနိုင်သည်ဟု ဘုရားရှင်က ဟောကြားတော်မူလျက် ရှိပေသည်။ ယင်းသို့ မသိသသူအား မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ရရှိနိုင်သည်ဟု ဘုရားရှင်က ဟောတော်မမူပေ။

ဤကဲ့သို့သော ဒေသနာတော်များကို ဦးထိပ်ရွက် ပန်ဆင်လျက် နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်းစာ၌ ---

၁။ ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အကျုံးဝင်သော ရူပုပါဒါနက္ခန္ဓာအမည်ရသော ရုပ်(၂၈)ပါးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းရှုပွားပုံ အပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ (ပထမတွဲတွင် ကြည့်ပါ။)

၂။ တစ်ဖန် ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အကျုံးဝင်သော ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာ အမည်ရသော စိတ်စေတသိက် နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းရှုပွားပုံ အပိုင်းကို နာမ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ (ဒုတိယတွဲတွင် ကြည့်ပါ။)

၃။ ယင်းဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် အကျုံးဝင်သော ရုပ်တရား နာမ်တရား ပရမတ္ထဓါတ်သား အသီးအသီး ကို တစ်လုံးစီ တစ်လုံးစီ ခွဲခြား စိတ်ဖြာ၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းရှုပွားပုံ အပိုင်းကို လက္ခဏာဒိစတုက္ကပိုင်း ဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ (စတုတ္ထတွဲတွင် ကြည့်ပါ။)

ယခုတစ်ဖန် ဆက်လက်၍ ယင်းအထက်ပါ ဥပနိသသုတ္တန်၌လာရှိသော ဒုတိယဖြစ်သော --- ဣတိ ရူပဿ သမုဒယော ။ ပ ။ ဣတိ ဝိညာဏဿ သမုဒယော --- ဟူသော ဒေသနာတော်၏ ဆိုလိုရင်းသဘောတရားကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

ဣတိ ရူပဿ သမုဒယော ။ ပ ။ ဣတိ ဝိညာဏဿ သမုဒယော . . .

ဣတိ ရူပဿ သမုဒယော ။ ပ ။ ဣတိ ဝိညာဏဿ သမုဒယော . . .

ဣတိ ရူပဿ သမုဒယောတိ ဧဝံ အဝိဇ္ဇာသမုဒယာဒိဝသေန ပဉ္စဟာကာရေဟိ ရူပဿ သမုဒယော။ (ဒီ၊ဋ္ဌ၊၂၊၃၇၃။)

တဿ ဝိတ္ထာရော အဝိဇ္ဇာသမုဒယာ ရူပသမုဒယော, တဏှာသမုဒယာ ရူပသမုဒယော, ကမ္မသမုဒယာ ရူပသမုဒယော, အာဟာရသမုဒယာ ရူပသမုဒယောတိ, နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတီတိ (ပဋိသံ၊၅၃။) ဧဝံ ဝေဒိတဗ္ဗော။ (ဒီ၊ဋ္ဌ၊၂၊၅၃။)

အဝိဇ္ဇာသမုဒယာတိ အဝိဇ္ဇာယ ဥပ္ပါဒါ ၊ အတ္ထိဘာဝါတိ အတ္ထော။ နိရောဓနိရောဓီ ဟိ ဥပ္ပါဒေါ အတ္ထိဘာဝဝါစကောပိ ဟောတိ၊ တသ္မာ ပုရိမဘဝသိဒ္ဓါယ အဝိဇ္ဇာယ သတိ ဣမသ္မိံ ဘဝေ ရူပသမုဒယော၊ ရူပဿ ဥပ္ပါဒေါ ဟောတီတိ အတ္ထော။ တဏှာသမုဒယာတိ အာဒီသုပိ ဧသေဝ နယော။ အာဟာရသမုဒယာ-တိ ဧတ္ထ ပန ပဝတ္တိပစ္စယေသု ကဗဠီကာရာဟာရဿ ဗလဝတာယ သော ဧဝ ဂဟိတော။ တသ္မိံ ပန ဂဟိတေ ပဝတ္တိပစ္စယတာသာမညေန ဥတုစိတ္တာနိ ဂဟိတာနေဝ ဟောန္တီတိ စတုသမုဋ္ဌာနိကရူပဿ ပစ္စယတော ဥဒယဒဿနံ ဝိဘာဝိတမေဝါတိ ဒဋ္ဌဗ္ဗံ။ နိဗ္ဗတ္တိလက္ခဏန္တိအာဒိနာ ကာလဝသေန ဥဒယဒဿနမာဟ။ တတ္ထ နိဗ္ဗတ္တိလက္ခဏန္တိ ရူပဿ ဥပ္ပါဒသင်္ခါတံ သင်္ခတလက္ခဏံ။ ပဿန္တောပီတိ န ကေဝလံ ပစ္စယသမုဒယမေဝ၊ အထ ခေါ ခဏတော ဥဒယံ ပဿန္တောပိ။ အဒ္ဓါနဝသေန ဟိ ပဌမံ ဥဒယံ ပဿိတွာ ဌိတော ပုန သန္တတိဝသေန ဒိသွာ အနုက္ကမေန ခဏဝသေန ပဿတိ။ (ဒီ၊ဋီ၊၂၊၅၃-၅၄။)

နိဗ္ဗတ္တိလက္ခဏန္တိ အဒ္ဓါ-သန္တတိ-ခဏဝသေန ရူပဿ ဥပ္ပါဒံ၊ ဥပ္ပါဒေါယေဝ သင်္ခတလက္ခဏတ္တာ လက္ခဏ-န္တိ စ ဝုတ္တော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၅။)

ဤအထက်ပါ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးကို ကိုးကား၍ ဖွင့်ဆိုထားတော်မူကြသော အဋ္ဌကထာ ဋီကာ အဖွင့်တို့နှင့် အညီ - ဣတိ ရူပဿ သမုဒယော စသော ဒေသနာတော်၏ ရှုကွက်မှာ အောက်ပါအတိုင်းပင် ဖြစ်၏။ ---

ရူပက္ခန္ဓာ၏ သမုဒယကို ရှုပုံ

ရူပက္ခန္ဓာ၏ သမုဒယကို ရှုပုံ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏။

၂။ တဏှာ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏။

၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏။

၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏။

၅။ ကံ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏။

Ġ ကမ္မဇရုပ်၏ ဖြစ်ခြင်းသဘော၊

၆။ စိတ် ဖြစ်ခြင်းကြောင့် (စိတ္တဇ) ရုပ် ဖြစ်၏။

Ġ စိတ္တဇရုပ်၏ ဖြစ်ခြင်းသဘော၊

၇။ ဥတု ဖြစ်ခြင်းကြောင့် (ဥတုဇ) ရုပ် ဖြစ်၏။

Ġ ဥတုဇရုပ်၏ ဖြစ်ခြင်းသဘော၊

၈။ အာဟာရ ဖြစ်ခြင်းကြောင့် (အာဟာရဇ) ရုပ် ဖြစ်၏။

အာဟာရဇရုပ်၏ ဖြစ်ခြင်းသဘော၊

ဤသို့စသည်ဖြင့် ရှုရမည့်ရှုကွက် ဖြစ်သည်။ ရှုကွက် အကျယ်ကို ဝိပဿနာပိုင်း (ပဉ္စမတွဲ) ဥဒယဗ္ဗယ အကျယ်ရှုပွားနည်း သမုဒယဓမ္မာနုပဿီပိုင်းတွင် ကြည့်ပါ။

ထိုရှုကွက်တွင် --- အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ဖြစ်၏ --- ဤသို့စသည့် အကြောင်းတရား ထင်ရှားဖြစ်ခြင်း = ထင်ရှားရှိခြင်းကြောင့် အကျိုးတရား၏ ထင်ရှားဖြစ်ပုံကို သိအောင် မြင်အောင် ရှုရသော ဤရှုကွက်ပိုင်းကား ပစ္စယတော ဥဒယဒဿန = အကြောင်းတရားအားဖြင့် သမုဒယသဘောကိုရှုခြင်း = အကြောင်းတရားအားဖြင့် ဖြစ်မှုကို ရှုခြင်းဖြစ်၏။ ကမ္မဇရုပ်၏ ဖြစ်ခြင်းသဘော, စိတ္တဇရုပ်၏ ဖြစ်ခြင်းသဘော စသည့် ထိုထိုအကြောင်းနှင့် လျော်ညီသော အကျိုးတရားစု၏ ဖြစ်ပုံကို သိအောင် မြင်အောင် ရှုရသော ရှုကွက်ကား ခဏတော ဥဒယဒဿန = ခဏအားဖြင့် သမုဒယသဘောကို ရှုခြင်း = ခဏအားဖြင့် ဖြစ်မှုကို ရှုခြင်း ဖြစ်၏။ ဤရှုကွက်ကို ရှုရာ၌လည်း ---

စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ ...(သံ၊ဋ္ဌ၊၂၊၄၉။)

ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနံ ... (သံ၊ဋီ၊၂၊၆၃။)

ဤသို့ ဖွင့်ဆိုထားတော်မူကြသော အဋ္ဌကထာ ဋီကာတို့နှင့် အညီ --- မျက်စိအမြင်ရှိသော ယောက်ျားက ရူပါရုံတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်သကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းတရားတို့ကို သိမ်းဆည်း ရှုပွားနေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ယင်းတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။

ယင်းသို့ ရှုနိုင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ---

၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ရ၏။

၂။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တည်းဟူသော ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့ကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ရ၏။

၃။ ယင်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့၏ ထင်ရှားဖြစ်ပုံတည်းဟူသော ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ရ၏။

(နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့၏ အရာတည်း။)

ယင်းသို့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့၏ ကမ်းတစ်ဘက်သို့ ရောက်ရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် သမုဒယဓမ္မာနုပဿီ -- ဟူသော ဤ ရှုကွက်ကို ရှုနိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဆရာတော်ကလည်း ဤ ရှုကွက်ကို ဥဒယဗ္ဗ ယဉာဏ်ပိုင်းတွင် ထည့်သွင်း၍ ဖွင့်ဆိုထားတော်မူလေသည်။ (ဝိသုဒ္ဓိ၊၂၊၂၆၆-တွင် ကြည့်ပါ။)

ဤရှုကွက်တွင် ဝိပါကဝဋ်တွင် အကျုံးဝင်သော ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့၏ အကြောင်းရင်းစစ်ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကား မည်သည့် အချိန်ကာလက ဖြစ်ပေါ်ခဲ့ကြသော တရားတို့ ဖြစ်ကြပါသနည်းဟူမူ --- အဖြေကို သိလိုပါက အောက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ကောက်နုတ်ချက်

အတိတ်အကြောင်းတရား ငါးပါး

အတိတ်အကြောင်းတရား ငါးပါး

ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ၊၅၀။)

တတ္ထ ပုရိမကမ္မဘဝသ္မိန္တိ ပုရိမေ ကမ္မဘဝေ၊ အတီတဇာတိယံ ကမ္မဘဝေ ကရိယမာနေတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

အတိတ်ဘဝ၌ ကမ္မဘဝအမည်ရသော ကံကို ပြုစု ပျိုးထောင်ခဲ့စဉ်က ---

၁။ သစ္စာလေးပါး အမှန်တရားကို မသိမှုသဘော, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။

၂။ လူ့ဘဝ = လူ့ခန္ဓာ, နတ်ဘဝ = နတ်ခန္ဓာ စသည့် ခန္ဓာငါးပါးတို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ကြောင်း ကုသိုလ်တရား အကုသိုလ်တရားတို့ကား သင်္ခါရတို့တည်း။

၃။ လူ့ဘဝ နတ်ဘဝ စသည့် ထိုထိုဘဝ ထိုထိုကာမဝတ္ထုကို တွယ်တာတပ်မက်တတ်သော သဘောကား တဏှာတည်း။

၄။ ထိုထိုဘဝ ထိုထိုကာမဝတ္ထုအပေါ်၌ စိတ်ကပ်ရောက် စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။

၅။ ထိုထို ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာသည် ဘဝမည်၏။

(ကမ္မဘဝတည်း = ကံတည်း။ ဝိပဿနာရှုရာ၌ စေတနာကို ပဓာနထားပါ။ ကြောင်း - ကျိုး ဆက်စပ်ပုံကို ရှုရာ၌ ကမ္မသတ္တိ = ကံကို ပဓာနထားပါ။)

ဤသို့လျှင် ရှေးဘဝ၌ ဖြစ်သော ကမ္မဘဝ = ကံသည် ထင်ရှားရှိလတ်သော် ပြီးကုန်သော = ထင်ရှား ဖြစ်ပေါ်လာကြကုန်သော ဤတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ခန္ဓာငါးပါး၏ အကြောင်းတရားတို့သည် ဖြစ်ကြကုန်၏။ (ပဋိသံ၊၅၀။)

ဤအကြောင်းတရား ငါးပါးတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကံတို့ကား ကမ္မဝဋ်တည်း။ အတိတ်အကြောင်းတရား ငါးပါးတို့တည်း။ ယင်းအတိတ်အကြောင်းတရား ငါးပါးကြောင့် အောက်ပါ ပစ္စုပ္ပန်အကျိုးတရား ငါးပါးတို့သည် ဖြစ်ပေါ်လာကုန်၏။ ယင်းအကျိုးတရားတို့ကား ဝိပါကဝဋ်တရားတို့တည်း။

ပစ္စုပ္ပန်အကျိုးတရား ငါးပါး

ပစ္စုပ္ပန်အကျိုးတရား ငါးပါး

ဣဓ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓူပပတ္တိဘဝသ္မိံ ပုရေကတဿ ကမ္မဿ ပစ္စယာ။ (ပဋိသံ၊၅၀။)

ဤပစ္စုပ္ပန်ဘဝဝယ် ---

၁။ အတိတ်ဖြစ်သော ဘဝတစ်ပါးကို ပစ္စုပ္ပန်ဘဝနှင့် တစ်ဖန် စပ်ခြင်းသဘော စပ်တပ်သောသဘော ဟု ဆိုအပ်သော ပဋိသန္ဓေစိတ်သည် တစ်နည်း ဝိပါက်စိတ်သည် ဝိညာဏ်တည်း။

၂။ အမိဝမ်းသို့ သက်ဝင်သကဲ့သို့ ဖြစ်ခြင်းသဘောသည် နာမ်ရုပ်တည်း။

၃။ စက္ခုစသော ပသာဒသည် သဠာယတနတည်း။

၄။ အာရုံကို တွေ့ခြင်းသဘော တွေ့ထိတတ်သော သဘောသည် ဖဿတည်း။

၅။ အာရုံကို ခံစားခြင်းသဘော ခံစားတတ်သော အခြင်းအရာအားဖြင့် ဖြစ်တတ်သော သဘောသည် ဝေဒနာတည်း။

ဤသို့လျှင် ဤပစ္စုပ္ပန်ဘဝ၌ ဥပပတ္တိဘဝဟူသော ဇာတိသည် ထင်ရှားရှိလတ်သော် ဖြစ်ပေါ်လာကုန်သော ပြီးစီးကုန်သော ဤတရားငါးပါးတို့သည် ရှေးဘဝ၌ ပြုစုပျိုးထောင်ခဲ့သော ကံ၏ ကျေးဇူးပြုသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာရကုန်၏။ (ပဋိသံ၊၅၀။)

ပစ္စုပ္ပန်အကြောင်းတရား ငါးပါး

ပစ္စုပ္ပန်အကြောင်းတရား ငါးပါး

ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မိံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ၊၅၀-၅၁။)

ဤပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ကျက်သည်၏ အဖြစ်ကြောင့် ---

၁။ သစ္စာလေးပါး အမှန်တရားကို မသိမှုသဘော, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။

၂။ လူ့ဘဝ = လူ့ခန္ဓာ, နတ်ဘဝ = နတ်ခန္ဓာ စသည့် ခန္ဓာငါးပါးတို့ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ကြောင်း ကုသိုလ်တရား အကုသိုလ်တရားတို့ကား သင်္ခါရတို့တည်း။

၃။ လူ့ဘဝ နတ်ဘဝ စသည့် ထိုထိုဘဝ ထိုထိုကာမဝတ္ထုကို တွယ်တာတပ်မက်တပ်သော သဘောကား တဏှာတည်း။

၄။ ထိုထိုဘဝ ထိုထိုကာမဝတ္ထု အပေါ်၌ စိတ် ကပ်ရောက် စွဲနေခြင်းသဘောကား ဥပါဒါန်တည်း။

၅။ ထိုထို ကုသိုလ်စေတနာ သို့မဟုတ် ထိုထို အကုသိုလ်စေတနာသည် ဘဝမည်၏။ (ကမ္မဘဝတည်း = ကံတည်း။)

ဤသို့လျှင် ဤတရား ငါးမျိုးတို့သည် ဤပစ္စုပ္ပန်ဘဝ၌ ကမ္မဘဝသည် ရှိလတ်သော် နောင်အနာဂတ်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းတရားတို့သည် ဖြစ်ကုန်၏။ (ပဋိသံ၊၅၀-၅၁။)

[မှတ်ချက် ---- ဤပစ္စုပ္ပန်ဘဝ၌ မရင့်ကျက်သေးသော အာယတနရှိသော သူငယ်၏ စိတ်ဖြစ်ခြင်းသည် ဘဝင် အကျများသည် ဖြစ်၍ များသောအားဖြင့် ဘဝတစ်ခုကို ဖြစ်စေတတ်သော စွမ်းအားရှိသော ဘဝန္တရ ဇနကကံကို အားထုတ်ခြင်းငှာ မစွမ်းနိုင်ခဲ့ရကား -- ဤပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ကျက်သည်၏ အဖြစ်ကြောင့် ဟု ဟောကြားတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၃၃၉။)]

အနာဂတ်အကျိုးတရား ငါးပါး

အနာဂတ်အကျိုးတရား ငါးပါး

အာယတိံ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ အာယတိံ ဥပပတ္တိဘဝသ္မိံ ဣဓကတဿ ကမ္မဿ ပစ္စယာ။ (ပဋိသံ၊၅၁။)

၁။ ပစ္စုပ္ပန် ဖြစ်သော ဘဝတစ်ပါးကို အနာဂတ်ဘဝနှင့် တစ်ဖန်စပ်ခြင်းသဘော စပ်တတ်သောသဘောဟု ဆိုအပ်သော ပဋိသန္ဓေစိတ်သည် တစ်နည်း ဝိပါက်စိတ်သည် ဝိညာဏ်တည်း။

၂။ အမိဝမ်းသို့ သက်ဝင်သကဲ့ ဖြစ်ခြင်းသဘောသည် နာမ်ရုပ်တည်း။

၃။ စက္ခုစသော ပသာဒသည် သဠာယတနတည်း။

၄။ အာရုံကို တွေ့ခြင်းသဘော တွေ့ထိတတ်သော သဘောသည် ဖဿတည်း။

၅။ အာရုံကို ခံစားခြင်းသဘော ခံစားတတ်သော အခြင်းအရာအားဖြင့် ဖြစ်တတ်သော သဘောသည် ဝေဒနာ တည်း။

ဤတရား ငါးမျိုးတို့သည် နောင်အနာဂတ်ဘဝ၌ ဥပပတ္တိဘဝဟူသော ဇာတိသည် ထင်ရှားရှိလတ်သော် ဤပစ္စုပ္ပန်ဘဝ၌ ပြုစုပျိုးထောင်ထားအပ်သော ကံ၏ ကျေးဇူးပြုပေးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြရကုန်၏။ (ပဋိသံ၊၅၁။)

အဓွန့်ကာလ သတ်မှတ်ပုံ

အဓွန့်ကာလ သတ်မှတ်ပုံ

ဤ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဝယ် အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ --- ဟု အင်္ဂါ (၁၂)ရပ် ရှိ၏။ ယင်း အင်္ဂါ (၁၂)ရပ်တို့ကို အထက်ပါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၏ အဆိုအမိန့်နှင့် အညီ အဓွန့်ကာလကို အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ အောက်ပါအတိုင်း သတ်မှတ်ထားတော်မူ၏။

အဝိဇ္ဇာ သင်္ခါရာ အတီတော အဒ္ဓါ, ဇာတိ ဇရာမရဏံ အနာဂတော အဒ္ဓါ, မဇ္ဈေ အဋ္ဌ ပစ္စုပ္ပန္နော အဒ္ဓါ။ (အဘိဓမ္မတ္ထသင်္ဂဟ၊၁၃၂။)

အဝိဇ္ဇာ နှင့် သင်္ခါရတို့ကား အတိတ်အဓွန့်ကာလ တရားစုတို့ ဖြစ်ကြ၏။ ဇာတိ နှင့် ဇရာမရဏတို့ကား အနာဂတ်အဓွန့်ကာလ တရားစုတို့ဖြစ်၏။ အလယ်၌ တည်ရှိကြကုန်သော --- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ (= ကမ္မဘဝ) တည်းဟူသော (၈)မျိုးသော တရားတို့ကား ပစ္စုပ္ပန်အဓွန့် ကာလ တရားစုတို့ ဖြစ်ကြ၏။ (အဘိဓမ္မတ္ထသင်္ဂဟ-၁၃၂။)

ဤကား ပစ္စုပ္ပန်ဘဝကို ဗဟိုအလယ်ထား၍ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့ကို ကာလအားဖြင့် ဝေဖန် ပိုင်းခြားပုံတည်း။ အတိတ် ပစ္စုပ္ပန် အနာဂတ် တည်းဟူသော ဘဝသုံးခုတို့၏ အတွင်း၌ တည်ရှိကြကုန်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း တစ်ခုနှင့်တစ်ခု ကြောင်းကျိုး ဆက်နွယ်လျက် အထပ်ထပ်ဖြစ်ပုံကို ဟောကြားထားတော်မူသော ဒေသနာတော်ပင်ဖြစ်၏။ အလားတူပင် စွမ်းအားရှိသလောက် အတိတ်အနာဂတ် ဘက်သို့ ဉာဏ်ကိုစေလွှတ်လျက် ဘဝသုံးခုသုံးခုတို့၏ အတွင်း၌ တည်ရှိကြကုန်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း အင်္ဂါရပ် တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်နွယ်လျက် အထပ်ထပ် ဖြစ်ပုံကိုလည်း ရှုနိုင်သည်သာ ဖြစ်ပေသည်။

အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္န- ဓမ္မာ စ၊ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

၁။ အတိတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ တည်ရှိကြကုန်၏။

၂။ အနာဂတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ တည်ရှိကြကုန်၏။

၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ တည်ရှိကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ အတိတ်၌လည်း အကြောင်းတရား တို့နှင့် အကျိုးတရားတို့သာ တည်ရှိကြကုန်၏ဟု သိရှိနိုင်ရန် နှစ်ဘဝ သုံးဘဝ စသည့် အတိတ်ဘဝ အနည်းငယ်၌လည်း အကြောင်းတရားတို့ကို သိမ်းဆည်းသင့်ပေသည်။

ဧကဒေသတော ဇာနိတဗ္ဗံ

ဧကဒေသတော ဇာနိတဗ္ဗံ

ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)

ဧကဒေသတော ဇာနိတဗ္ဗံ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတိ။ (မဟာဋီ၊၂၊၃၈၀။)

ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ အကျိုးပေးသောကံ, ဥပပဇ္ဇဝေဒနီယကံ = ဒုတိယဘဝ၌ အကျိုးပေးတော့မည့်ကံ, အပရာပရိယဝေဒနီယကံ = တတိယဘဝ မှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးလတ္တံ့သောကံ စသည်ဖြင့် ကံတို့ကား အမျိုးမျိုး ရှိကြ၏။ ယင်းကံတို့တွင် ----

ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကံတို့၏ အားရှိသည်၏ အဖြစ် အားမရှိသည်၏အဖြစ်ဟု ဆိုအပ်သော ကံတို့၏ ထူးထွေကွဲပြားမှု ကမ္မန္တရကိုလည်းကောင်း, အကျိုးဝိပါက် တရားတို့၏ ယုတ်ညံ့သည်၏အဖြစ် မြင့်မြတ်သည်၏အဖြစ်, မည်းညစ်သည်၏အဖြစ် ဖြူစင်သည်၏အဖြစ်စသော ဝိပါက်တရားတို့၏ ထူးထွေကွဲပြားမှု ဝိပါကန္တရကိုလည်းကောင်း ဧကဒေသ = တစ်စိတ်တစ်ဒေသ အားဖြင့် သိသင့် သိထိုက်ပေသည်။ ယင်း ကမ္မန္တရ ဝိပါကန္တရတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိခြင်းငှာကား သာဝကတို့သည် မစွမ်းနိုင်ကုန်။ သာဝကတို့၏အရာ မဟုတ်သောကြောင့် (သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာသာ ဖြစ်သောကြောင့်) ဖြစ်၏။ ထို ကမ္မန္တရ ဝိပါကန္တရကို = (ထို ကံ ကံ၏ အကျိုးတရားကို) အချင်းခပ်သိမ်း လုံးလုံး မသိခဲ့သော်တမူကား အကြောင်းတရားတို့ကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်သည် မပြီးစီး မပြည့်စုံနိုင်။ (ဝိသုဒ္ဓိ၊၂၊၂၃၇။ မဟာဋီ၊၂၊၃၈၀။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့ ကံ-ကံ၏အကျိုးတရားကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိအောင် မြင်အောင် သိမ်းဆည်း ရှုပွားရာ၌ အထူးသဖြင့် အတိတ်ဘဝက အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားအပ်သော သင်္ခါရ ကံ တို့ကြောင့် ဤ ပစ္စုပ္ပန် ဘဝဝယ် ပဋိသန္ဓေ နာမ်ရုပ် စသည့် အကျိုးဝိပါက်တရားတို့ ထင်ရှားဖြစ်ပေါ်လာပုံကို သိအောင် မြင်အောင် သိမ်းဆည်းရှုပွားရာ၌ ဆရာ့အပြောနှင့်သာ လွမ်းနေရမည်လော ဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်းဖြစ်၏။

ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (သံ၊ဋ္ဌ၊၂၊၄၉။)

ဇာနတောတိ ဝါ ဝတွာ န ဇာနနံ အနုဿဝါကာရပရိဝိတက္ကမတ္တဝသေန ဣဓာဓိပ္ပေတံ၊ အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ပဿတောတိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ၊ဋီ၊၂၊၆၃။)

ဆရာ့အပြောနှင့်သာ လွမ်းနေရသည့် ဆရာ့ထံမှ တစ်ဆင့် ကြားနာရ၍ ဆရာသင်ပေးလို့ သိရသည့် သင်သိ = အနုဿဝ သိမျိုးကိုလည်း ဤအရာ၌အလိုမရှိအပ်။ဤသို့ကား ဖြစ်လေရာ၏၊ဤသို့ကား ဖြစ်လေရာ၏ ဟု အခြင်းအရာ အာကာရကို ထက်ဝန်းကျင် ကြံဆတွေးခေါ်၍ သိရှိလာသော အတွေးအခေါ် သိမျှကိုလည်း ဤနေရာ၌ အလိုမရှိအပ်။ စင်စစ် အလိုရှိအပ်သည်မှာ --- မျက်စိအမြင်ရှိသောသူသည် ရူပါရုံတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်သကဲ့သို့ ပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိ၍ ဟင်းလင်းပွင့်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ သမုဒယသဘောကိုလည်းကောင်း, အတ္ထင်္ဂမသဘောကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းကိုသာလျှင် ဤအရာ၌ ဒဿန = သိခြင်း မြင်ခြင်း --- ဟု အလိုရှိအပ်ပေ၏။ (သံ၊ဋ္ဌ၊၂၊၄၉။ သံ၊ဋီ၊၂၊၆၃။)

ယင်းသို့ သိနိုင် မြင်နိုင်ပါ့မလား?

ယင်းသို့ သိနိုင် မြင်နိုင်ပါ့မလား?

ယောဂါဝစရပုဂ္ဂိုလ်ဖြစ်သည့် သာဝကတစ်ဦး အနေဖြင့် အတိတ်ဘဝက အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားအပ်သော သင်္ခါရ ကံတို့ကြောင့် ဤဘဝဝယ် ပဋိသန္ဓေနာမ်ရုပ် စသည့် အကျိုးဝိပါက် တရားတို့ ထင်ရှားဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိအောင်မြင်အောင် ရှုနိုင်ပါမည်လောဟုလည်း သူတော်ကောင်းအချို့က မေးမြန်းကြပြန်၏။ အသင်သူတော်ကောင်းသည်လည်း ရင်တမမနှင့် ဘဝင်မကျ ဖြစ်နေသေးပါက အောက်ပါဖွင့်ဆိုချက်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

နိဗ္ဗတ္တိ ပဿိတဗ္ဗာ

နိဗ္ဗတ္တိ ပဿိတဗ္ဗာ

နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားနှင့်တကွသော ယင်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွား သုံးသပ်ရ၏။ ယင်းသို့ ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ နိဗ္ဗတ္တိလက္ခဏာကိုလည်း မြင်အောင်ရှုရန် ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်ကြီးက ညွှန်ကြားတော်မူလျက် ရှိ၏။ (ပဋိသံ၊၅၃-၅၄။) ယင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာက အောက်ပါအတိုင်း သုံးမျိုး ရှိကြောင်းကို ဖွင့်ဆိုထားတော်မူ၏။

နိဗ္ဗတ္တိလက္ခဏန္တိ အဒ္ဓါ -သန္တတိ- ခဏဝသေန ရူပဿ ဥပ္ပါဒံ ၊ ဥပ္ပါဒေါယေဝ သင်္ခတလက္ခဏတ္တာ လက္ခဏန္တိ စ ဝုတ္တော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၅။)

နိဗ္ဗတ္တိသည် အဒ္ဓါနိဗ္ဗတ္တိ သန္တတိနိဗ္ဗတ္တိ ခဏနိဗ္ဗတ္တိဟု သုံးမျိုးရှိ၏။

၁။ ဘဝတစ်ခုဝယ် ပဋိသန္ဓေမှ စုတိတိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကား အဒ္ဓါပစ္စုပ္ပန်တရားစုတို့ ဖြစ်ကြ၏။ ယင်း အဒ္ဓါပစ္စုပ္ပန်တရားတို့၏ ဖြစ်မှု ဥပ္ပါဒသဘောကား အဒ္ဓါနိဗ္ဗတ္တိတည်း။

၂။ ရုပ်သန္တတိအစဉ်အတန်းတစ်ခု နာမ်သန္တတိအစဉ်အတန်းတစ်ခု အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကား သန္တတိပစ္စုပ္ပန်တရားစုတို့ ဖြစ်ကြ၏။ ယင်း သန္တတိပစ္စုပ္ပန်တရားတို့၏ ဖြစ်မှု ဥပ္ပါဒသဘောကား သန္တတိနိဗ္ဗတ္တိတည်း။

၃။ ဥပါဒ်-ဌီ-ဘင်-ဟူသော ခဏသုံးပါးတို့၏ အပေါင်း၌ အကျုံးဝင်ကြကုန်သော ရုပ်တရား နာမ်တရားတို့ကား ခဏပစ္စုပ္ပန်တရားတို့တည်း။ ယင်း ခဏပစ္စုပ္ပန်တရားတို့၏ ဖြစ်မှု ဥပ္ပါဒသဘောကား ခဏနိဗ္ဗတ္တိတည်း။

၄။ တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၄၈။)ကလည်း ပဋိသန္ဓေခဏမှ စ၍ ခဏတိုင်း ခဏတိုင်း၌ ကံကြောင့် ကမ္မဇရုပ်တို့ ဖြစ်ပုံကိုလည်း မြင်အောင်ရှုရန် ညွှန်ကြားထားတော်မူပြန်၏။ ကမ္မတော နိဗ္ဗတ္တိတည်း။ အလားတူပင် စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံ၊ ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ၊ အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် သိအောင် မြင်အောင်ရှုရန် ညွှန်ကြားထားတော်မူ၏။ ရုပ်တို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း, ခဏမစဲ တသဲသဲ ဖြစ်ပျက် နေသော ယင်း ရုပ်တရားတို့၏ ဖြစ်ပုံအခြင်းအရာနှင့် ဖြစ်မှု ဥပ္ပါဒတည်းဟူသော နိဗ္ဗတ္တိလက္ခဏာကို လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုခြင်းတည်း။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၂။)

၅။ တစ်ဖန် ရှေးအတိတ်ဘဝ၌ ဆည်းပူးအပ်ခဲ့ပြီးသော ကံ၏ စွမ်းအင်ကြောင့် ပဋိသန္ဓေနာမ်တရားမှစ၍ နာမ်တရားတို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း, ပဝတ္တိအခါ ဒွါရ အာရုံ တိုက်ဆိုင်ခြင်း စသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှုရန် ညွှန်ကြားထားတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂-၂၅၃။)

ရှုကွက်အတိုချုပ် ညွှန်ကြားချက်

ရှုကွက်အတိုချုပ် ညွှန်ကြားချက်

...ကာလေန ရူပံ သမ္မသိတဗ္ဗံ၊ ကာလေန အရူပံ။ ရူပံ သမ္မသန္တေန ရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ သေယျထိဒံ --- ဣဒံ ရူပံ နာမ ကမ္မာဒိဝသေန စတူဟိ ကာရဏေဟိ နိဗ္ဗတ္တတိ။ တတ္ထ သဗ္ဗေသံ သတ္တာနံ ရူပံ နိဗ္ဗတ္တမာနံ ပဌမံ ကမ္မတော နိဗ္ဗတ္တတိ။ ပဋိသန္ဓိက္ခဏေယေဝ ဟိ ဂဗ္ဘသေယျကာနံ တာဝ တိသန္တတိဝသေန ဝတ္ထု-ကာယ-ဘာဝဒသကသင်္ခါတာနိ တိံသရူပါနိ နိဗ္ဗတ္တန္တိ၊ တာနိ စ ခေါ ပဋိသန္ဓိစိတ္တဿ ဥပ္ပါဒက္ခဏေယေဝ။ ယထာ စ ဥပ္ပါဒက္ခဏေ၊ တထာ ဌိတိက္ခဏေပိ ဘင်္ဂက္ခဏေပိ။...(ဝိသုဒ္ဓိ၊၂၊၂၄၈-၂၄၉...)

ယထာ စ ရူပံ သမ္မသန္တေန ရူပဿ၊ ဧဝံ အရူပံ သမ္မသန္တေနပိ အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ သာ စ ခေါ ဧကာသီတိ လောကိယစိတ္တုပ္ပါဒဝသေန။ သေယျထိဒံ --- ဣဒဥှိ အရူပံ နာမ ပုရိမဘဝေ အာယူဟိတကမ္မဝသေန ပဋိသန္ဓိယံ တာဝ ဧကူနဝီသတိ စိတ္တုပ္ပါဒပ္ပဘေဒံ နိဗ္ဗတ္တတိ။ ... (ဝိသုဒ္ဓိ၊၂၊၂၅၂။)

နိဗ္ဗတ္တိ ပဿိတဗ္ဗာတိ ပဌမံ တာဝ အာဂမာနုသာရတော အနုမာနဝသေန ဒဋ္ဌဗ္ဗာ။ တတော ပရံ အနုက္ကမေန ဗလပ္ပတ္တေ ဘာဝနာဉာဏေ ပစ္စက္ခတောပိ ဒိဿတီတိ။ (မဟာဋီ၊၂၊၃၉၉။)

ပဋိသန္ဓေအခိုက်ဝယ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဟဒယဒသကကလာပ်တည်းဟူသော ရုပ်တရားတို့၏ ကံကြောင့် စ၍ဖြစ်ပေါ်လာပုံ နိဗ္ဗတ္တိသဘောကိုလည်းကောင်း, ခဏတိုင်း ခဏတိုင်း၌ ရုပ်တရား တို့၏ ဖြစ်ခြင်း ဥပ္ပါဒတည်းဟူသော နိဗ္ဗတ္တိသဘောကိုလည်းကောင်း, စိတ် ဥတု အာဟာရတည်းဟူသော အကြောင်းတရားတို့ကြောင့် စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိသဘောကိုလည်းကောင်း, ယင်းရုပ်တို့၏ ဘဝတစ်လျှောက် အဆက်မပြတ် အထပ်ထပ်ဖြစ်မှု ဥပ္ပါဒတည်းဟူသော နိဗ္ဗတ္တိသဘောကို လည်းကောင်း, အလားတူပင် ပဋိသန္ဓေအခိုက်မှစ၍ နာမ်တရားတို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိသဘောကိုလည်းကောင်း, ဘဝတစ်လျှောက်၌ ယင်းနာမ်တရားတို့၏ ဒွါရ အာရုံ တိုက်ဆိုင်ခြင်း စသောအကြောင်းတရားတို့ကြောင့် အထပ် ထပ်ဖြစ်မှု ဥပ္ပါဒတည်းဟူသော နိဗ္ဗတ္တိသဘောကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၈-၂၅၂။)

နိဗ္ဗတ္တိ ပဿိတဗ္ဗာ --- ပဋိသန္ဓေအခိုက်မှစ၍ ဘဝတစ်လျှောက်ဝယ် ရုပ်နာမ်တို့၏ဖြစ်မှု ဥပ္ပါဒတည်း ဟူသော နိဗ္ဗတ္တိသဘောကို ရှုပါ - ဟူသည် ေ့ရှဦးစွာ အာဂမတည်းဟူသော ကျမ်းဂန်ဒေသနာတော်၏ နောက်သို့ ဉာဏ်ဖြင့် အစဉ်လျှောက်သောအားဖြင့် အနုမာန = မှန်းဆသည်၏ အစွမ်းဖြင့် ရှုအပ်၏။ ထိုသို့ ရှုသည်မှ နောက်ကာလ၌ အစဉ်သဖြင့် ဆက်လက်၍ ရှုပွားလတ်သောအခါ ဘာဝနာဉာဏ်သည် စွမ်းအားရှိသည်၏ အဖြစ်သို့ ရောက်ရှိလတ်သော် ပစ္စက္ခတောပိ ဒိဿတိ = ပစ္စက္ခအားဖြင့်လည်း ဉာဏ်၌ ထင်လာပေလတ္တံ့ = ပစ္စက္ခဉာဏ်ဖြင့်လည်း ရှု၍ ရရှိပေလတ္တံ့။ (မဟာဋီ၊၂၊၃၉၉။)

ဤ အနုမာနဉာဏ်ကား ပစ္စက္ခဉာဏ်၏ ရှေးကဖြစ်သော အနုမာနဉာဏ်တည်း။ သာဝကတစ်ဦးသည် ယင်းအနုမာနဉာဏ်တွင်သာ ရပ်တန့်၍ နေရသည်မဟုတ်၊ ယင်း အနုမာနဉာဏ်မှ တစ်ဆင့် ပစ္စက္ခဉာဏ်သို့ ဆိုက်အောင် ပွားများ အားထုတ်ရ၏။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ --- ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သမာဓိကို အောင်မြင်စွာ ထူထောင်ပြီးသောအခါ ရုပ်ကမ္မဋ္ဌာန်းကို စတင်၍ ကြိုးစားအားထုတ်သည်ဖြစ်အံ့၊ ထိုအခါ ဓါတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို စတင်၍ နှလုံးသွင်းရ၏။

၁။ ပထဝီဓါတ်၏ မာမှုသဘော၊

၂။ အာပေါဓါတ်၏ ယိုစီးမှုသဘော၊

၃။ တေဇောဓါတ်၏ ပူမှုသဘော၊

၄။ ဝါယောဓါတ်၏ ထောက်ကန်မှုသဘော ---

ဤဓါတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို စတင်၍ နှလုံးသွင်းသည် ဖြစ်အံ့၊ နှလုံးသွင်းလျှင် သွင်းချင်း ချက်ချင်း ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ရန်, ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဓါတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးတည်းဟူသော ပရမတ္ထဓမ္မသဘာဝသို့ ဉာဏ်အမြင် ဆိုက်ဖို့ရန် ထိုးထွင်းသိမြင်ဖို့ရန် သိမ်းဆည်းနိုင်ဖို့ရန် အချက်မှာ (အရှင် သာရိပုတ္တ အရှင်ဗာဟိယဒါရုစိရိယ မထေရ်မြတ်ကြီးတို့ကဲ့သို့ အလွန့်အလွန် ပါရမီရင့်ညောင်းသည့် သူတော်ကောင်း မဟုတ်ခဲ့လျှင်) အလွန်ခက်ခဲဖွယ်ရာ ရှိ၏။

ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓါတ်ကြီးလေးပါးတို့၏ ကိုယ်ပို်င် သဘာဝလက္ခဏာသည် ရှိလေ၏ --- ဟု ဘုရားဟော ကျမ်းဂန်ဒေသနာတော်၏ နောက်သို့ အစဉ်လိုက်လျက် ဓါတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ ဟူသော မာမှု, ယိုစီးမှု, ပူမှု, ထောက်ကန်မှု သဘောတို့ကို ဉာဏ်ဖြင့် သိမ်းဆည်းလျက် ရှုပွားရ၏။ ယင်းသို့ သိမ်းဆည်းရှုပွားရာ၌ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓါတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာဟူသော ပရမတ်သို့ ဉာဏ်အမြင် မဆိုက်မီ ယောဂါဝစရပုဂ္ဂိုလ်သည် (သန္တတိဃန သမူဟဃန ကိစ္စဃန ဟူသည့်) ရုပ်အတုံးအခဲကြီးများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် သန္တတိပညတ် သမူဟပညတ် ဟူသည့် ပညတ်နယ်မှာပင် ဘာဝနာဉာဏ်သည် ကျက်စားခွင့် ရရှိနေသေး၏။

သို့သော် ယင်းပညတ်တို့ကား, ယင်းပညတ်တို့မှ ပရမတ်ဟူသည့် ဓါတ်အနှစ်ကို ထုတ်ယူ၍ ရရှိနိုိင်သည့် ပညတ်တို့သာ ဖြစ်ကြ၏။ ပထဝီကသိဏဘာဝနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရပ်ဆယ်မျက်နှာ၌ ပျံ့နှံ့လျက်တည်ရှိနေသော ပထဝီကသိုဏ်းပညတ်ကဲ့သို့သော ပရမတ္ထဓါတ်သား ထုတ်ယူ၍မရနိုင်သော ပညတ်မျိုးကား မဟုတ်ပေ။ အာကာသကသိုဏ်းကဲ့သို့ ပရမတ္ထဓါတ်သား ထုတ်ယူ၍မရနိုင်သော ပညတ်မျိုးလည်း မဟုတ်ပေ။

ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိပညတ်စသည့် ပညတ်အတုံးအခဲများ မကင်းစင်သေးသည့် - မာမှု, ယိုစီးမှု, ပူမှု, ထောက်ကန်မှု - ဟူသည့် ဓါတ်ကြီးလေးပါးတို့၏ သဘာဝကိုပင် ဆက်လက်၍ သိမ်းဆည်း ရှုပွား နေရ၏။ ယင်းသို့ သိမ်းဆည်းရှုပွားနေသဖြင့် ဘာဝနာဉာဏ်သည် စွမ်းအင်ပြည့်ဝခြင်းသို့ ရောက်ရှိလာလတ်သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ဓါတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတည်းဟူသော ပရမတ္ထဓါတ်သားတို့ကိုလည်း သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့်လည်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်သည်သာ ဖြစ်၏။ (ရှုပုံအကျယ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)

အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဤနိဗ္ဗတ္တိလက္ခဏာကို ရှုသည့်အပိုင်းတွင်လည်း အတိတ်က ကံကြောင့် ပဋိသန္ဓေ ရုပ်တရားနာမ်တရားတို့ ဖြစ်ပေါ်လာရပုံကိုလည်းကောင်း, ယင်းအတိတ်ကံကြောင့်ပင် ဘဝတစ်လျှောက် ဝိပါကဝဋ်တွင် အကျုံးဝင်သော ရုပ်နာမ်တို့၏ ဖြစ်ပေါ်လာရပုံကိုလည်းကောင်း, ပဋိသန္ဓေနာမ်ရုပ် စသည့် ရုပ်နာမ်တို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိသဘောကိုလည်းကောင်း ဘာဝနာဉာဏ်ဖြင့် လှမ်း၍ရှုလိုက်ရာ၌ ဘာဝနာဉာဏ် မရင့်ကျက်သေးမီ၌ ချက်ချင်း သိမြင်နိုင်သည်ကား မဟုတ်သေး။ အာဂမတည်းဟူသော ဘုရား ဟော ဒေသနာတော် ကျမ်းဂန်များ၌ လာရှိသည့်အတိုင်း --- ပဋိသန္ဓေအခိုက်၌ ရုပ်အမျိုးအစား (၃၀) ရှိ၏။ တိဟိတ်သောမနဿ ပဋိသန္ဓေ ဖြစ်လျှင် နာမ်တရား (၃၄) ရှိ၏ --- ဤသို့ စသည်ဖြင့် ကျမ်းဂန် အဆိုအမိန့်များ၏ နောက်သို့ အစဉ်လိုက်သော အနုမာနဉာဏ်၏ အစွမ်းဖြင့် မျက်ရမ်းမှန်းဆ၍သာ ရှုရ၏။ သို့သော် ယောဂါဝစရပုဂ္ဂိုလ်သည် မျက်ရမ်းမှန်းဆ၍ ရှုရသည့် အနုမာနဉာဏ်အဆင့်မျှတွင်သာ ရပ်တန့်၍ မနေဘဲ အစဉ်သဖြင့် ပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် ဆက်လက်၍ သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်၏။

ယင်းသို့ အနုမာနအားဖြင့် မျက်ရမ်းမှန်းဆ၍ ရှုရာ၌ ဘာဝနာဉာဏ်၏ မရင့်ကျက်သေးမီ အချိန်ကာလ အတွင်းဝယ် ပဋိသန္ဓေဘက်သို့ တာစူ၍ ရုပ်နာမ်တို့ကို အစဉ်အတိုင်း သိမ်းဆည်း၍ သွားလေရာ, သံသရာ တစ်လျှောက် ပညတ်နယ်၌ ကျက်စားမှု များပြားခဲ့သော စိတ်၏အလေ့အကျင့်ကြောင့်, ယင်းစိတ်တို့တွင် အကျုံးဝင်သော မနောဒွါရာဝဇ္ဇန်း ခေါ် မနသိကာရက ပညတ်ကို နှလုံးသွင်းမိခြင်းကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ပညတ်ပုံရိပ်များကိုလည်း တွေ့နေရတတ်သေး၏။ သန္တတိပညတ် သမူဟပညတ် သဏ္ဌာနပညတ်စသည့် ပညတ်အတုံးအခဲများ မကင်းစင်သေးသည့် ရုပ်တုံးရုပ်ခဲများတည်း။ သို့သော် ယင်းပညတ်တို့ကား, ယင်းတို့မှ ပရမတ်ဟူသည့်ဓါတ်အနှစ်ကို ထုတ်ယူ၍ရရှိနိုင်သော ပညတ်တို့သာ ဖြစ်ကြသည်။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ပညတ်မကင်းစင်သေးသည့် ယင်းရုပ်တုံးရုပ်ခဲ၌ တည်ရှိသော ဓါတ်ကြီးလေးပါးကစတင်၍ တစ်ဖန် ပြန်၍ သိမ်းဆည်းရ၏။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ရုပ်ကလာပ် တစ်ခုတစ်ခု၌ တည်ရှိသော ဓါတ်ကြီး လေးပါးတို့ကို ဆက်လက်၍ သိမ်းဆည်းရ၏။ အောင်မြင်မှုရခဲ့သော် ကြွင်းကျန်သော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းရ၏။ ပညတ်ပုံရိပ်များ ထင်လာတိုင်း ဤနည်းစနစ်ကိုပင် အသုံးပြုရ၏။ ဤသို့ အစဉ်အတိုင်း ကျင့်ခဲ့သော် ဘာဝနာဉာဏ်သည်လည်း စွမ်းအားရှိန်စော် အာနုဘော် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် ပဋိသန္ဓေ နာမ်ရုပ်တို့၏ စ၍ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာကိုလည်း သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်နိုင်ပေသည်။

အလားတူပင် အစဉ်အတိုင်း ဆက်လက်၍ ကျင့်ခဲ့သော် ဘာဝနာဉာဏ်သည်လည်း စွမ်းအားကြီးမား၍ ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရ ကံတို့ကိုလည်း ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။ ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ပဋိသန္ဓေ နာမ်ရုပ်စသည့် ဆိုင်ရာ ဆိုင်ရာ အကျိုးရုပ်နာမ်တို့၏ ဖြစ်ပုံ အခြင်းအရာ နိဗ္ဗတ္တိသဘောကိုလည်း တွေ့မြင်နိုင်မည် ဖြစ်ပေသည်။ (သိမ်းဆည်း ရှုပွားပုံ အကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ကြည့်ပါ။)

ယင်းရှုကွက်တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော ဆိုင်ရာ ဆိုင်ရာ အကြာင်းတရားတို့ကြောင့် ပဋိသန္ဓေ နာမ်ရုပ်စသည့် ဆိုင်ရာ ဆိုင်ရာ အကျိုးတရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကို ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်အောင် ရှုသည့်အပိုင်းကား ပစ္စယတော ဥဒယဒဿန = အကြောင်းတရားအားဖြင့် အဖြစ်ကို ရှုနည်းတည်း။ အကျိုးရုပ်နာမ်တို့၏ ဖြစ်မှု ဥပ္ပါဒသဘောကို ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက် သိမြင်အောင် ရှုသည့်အပိုင်းကား ခဏတော ဥဒယဒဿန = ခဏအားဖြင့် အဖြစ်ကို ရှုနည်းတည်း။ (ရှုပွားပုံ အကျယ်ကို ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ခန်းတွင် ကြည့်ပါ။)

မည်ကဲ့သို့သော ကံပါနည်း

မည်ကဲ့သို့သော ကံပါနည်း

ယင်းသို့ ရှုရာ၌ ဥပနိသသုတ္တန်ကို ဖွင့်ဆိုထားကြကုန်သော သံယုတ် အဋ္ဌကထာ ဋီကာတို့က (သံ၊ဋ္ဌ၊၂၊၄၉။ သံ၊ဋီ၊၂၊၆၃။) -- မျက်စိအမြင်ရှိသော ယောက်ျားသည် ရူပါရုံအမျိုးမျိုးတို့ကို စက္ခုဝိညာဏ်ဖြင့် တွေ့မြင်ရသကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပဋိသန္ဓေနာမ်ရုပ် စသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာတို့၏ စ၍ ဖြစ်ခြင်း နိဗ္ဗတ္တိသဘောလက္ခဏာကိုလည်းကောင်း, ဆိုင်ရာ ဆိုင်ရာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြာင်းတရားတို့ကြောင့် ပဋိသန္ဓေနာမ်ရုပ်စသော ဆိုင်ရာ ဆိုင်ရာ အကျိုးရုပ်နာမ်တို့၏ ထင်ရှားဖြစ်ခြင်း သမုဒယသဘောကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခ ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရမည်ဟု ဖွင့်ဆိုထားတော်မူကြ၏။

ယင်းသို့ သိပါမှသာလျှင် ယင်းသို့ မြင်ပါမှသာလျှင် ယင်းသို့ သိသောသူအားသာလျှင် ယင်းသို့ မြင်သော သူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ရရှိနိုင်သည်ဟု ဘုရားရှင်ကလည်း ဤ ဥပနိသသုတ္တန်၌ ဟောကြားတော်မူလျက် ရှိ၏။

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း (ဝိသုဒ္ဓိ၊၂၊၂၃၇။) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကံတို့၏ ထူးထွေကွဲပြားမှု ဝိပါက်အကျိုးတရားတို့၏ ထူးထွေကွဲပြားမှုကို တစ်စိတ်တစ်ဒေသအားဖြင့် ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်းသိအောင် ရှုရန် ညွှန်ကြားထားတော်မူ၏။

ထိုကြောင့် အသင်သူတော်ကောင်းသည်လည်း အတိတ်အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌ စက္ခုဝိညာဏ်ဖြင့် ရူပါရုံအမျိုးမျိုးကို မြင်တွေ့နေရသကဲ့သို့, ရှုနေသော ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော အလင်းရောင်အကူအညီဖြင့် ယင်းအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ပစ္စက္ခဉာဏ်ဖြင့် သိမြင်အောင် ရှုပါ။

သတ္တဝါတို့ဝယ် တစ်ဦးနှင့် တစ်ဦး အဝိဇ္ဇာချင်း တဏှာချင်း ဥပါဒါန်ချင်းလည်း မတူညီကြပေ။ သင်္ခါရ ကံချင်းလည်း မတူညီကြပေ။

အချို့ကား အမျိုးသားဘဝကို ရရှိရန် ဦးတည်ချက်ဖြင့် ကံကို ထူထောင်ခဲ့ကြ၏။ ယင်းကံဝယ် အမျိုးသား ဟု အသိမှားမှု အဝိဇ္ဇာ, အမျိုးသားဘဝကို တွယ်တာတပ်မက်မှု တဏှာ, အမျိုးသားဘဝကို စိတ်ကပ်ရောက်စွဲနေမှု ဥပါဒါန်တို့ ခြံရံလျက် ရှိကြ၏။ အချို့ကား အမျိုးသမီးဘဝကို ရရှိရန် ဦးတည်ချက်ဖြင့် ကံကိုထူထောင်ခဲ့ကြ၏။ ယင်းကံဝယ် အမျိုးသမီးဟု အသိမှားမှု အဝိဇ္ဇာ, အမျိုးသမီးဘဝကို တွယ်တာတပ်မက်မှု တဏှာ, အမျိုးသမီး ဘဝကို စိတ်ကပ်ရောက်စွဲနေမှု ဥပါဒါန်တို့ ခြံရံလျက် ရှိကြ၏။

အလားတူပင် သင်္ခါရ ကံချင်းလည်း တစ်ဦးနှင့် တစ်ဦး မတူထူးခြားကွဲပြားလျက်ပင် များသောအားဖြင့် ရှိတတ်၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ဒါနကံက အကျိုးပေးနေ၏။ အချို့၌ သီလကံက အကျိုးပေးနေ၏။ အချို့၌ ဘာဝနာကံက အကျိုးပေးနေ၏။ တစ်ဖန် ဒါနကံ၌လည်း အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ဆွမ်းလှူခဲ့သည့်ကံက အကျိုးပေးနေ၏။ အချို့၌ ပန်းလှူခဲ့သည့်ကံက အကျိုးပေးနေ၏။ အချို့၌ သင်္ကန်းလှူခဲ့သည့်ကံက အကျိုးပေးနေတတ်ပြန်၏။ အလားတူပင် သီလကံ၌လည်း အချို့၌ ငါးပါးသီလကုသိုလ်ကံက, အချို့၌ (၈)ပါးသီလကုသိုလ်ကံက, အချို့၌ (၁၀)ပါးသီလကုသိုလ်ကံက အကျိုးပေးနေတတ်၏။ အလားတူပင် ဘာဝနာကံအရာ၌လည်း အချို့ယောဂါဝစရပုဂ္ဂိုလ်တို့၌ အာနာပါနဘာဝနာကံက, အချို့၌ မေတ္တာဘာဝနာကံက, အချို့၌ ကသိုဏ်းဘာဝနာကံက အကျိုးပေးနေတတ်၏။ (ဥပစာရ ကာမာဝစရ သမာဓိဇောများကို အထူး ရည်ညွှန်းထားပါသည်။)

ဤသို့ စသည်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်တို့ဝယ် တစ်ဦးနှင့် တစ်ဦး ကံချင်းလည်း မတူကွဲပြားခြားနားလျက် ရှိတတ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ ထူးထွေကွဲပြားမှုကိုလည်းကောင်း, အကျိုးပေးနေသော ယင်း သင်္ခါရ ကံတို့၏ ထူးထွေ ကွဲပြားမှုကိုလည်းကောင်း, ယင်းထူးထွေ ကွဲပြားနေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဖြစ်ပေါ်လာရသော အမျိုးသားဘဝ ခန္ဓာငါးပါး, အမျိုးသမီးဘဝ ခန္ဓာငါးပါး, နတ်ဘဝ ခန္ဓာငါးပါး, ဗြဟ္မာဘဝ ခန္ဓာငါးပါး ဤသို့စသည့် အကျိုးဝိပါက်ခန္ဓာတို့၏ ထူးထွေကွဲပြားမှုကို လည်းကောင်း မျက်စိဖြင့်မြင်နေရသကဲ့သို့ သမ္မာဒိဋ္ဌိဉာဏစက္ခုတည်းဟူသော ပစ္စက္ခဉာဏ်မျက်လုံးဖြင့် ကိုယ်တိုင် မျက်မှောက် သိအောင် မြင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ယင်းသို့ သိပါမှ မြင်ပါမှသာလျှင် --

ဣတိ ရူပဿ သမုဒယော။ ပ ။ ဣတိ ဝိညာဏဿ သမုဒယော ----

ဟူသော ဤ ဥပနိသသုတ္တန်၌ လာရှိသော သမုဒယသဘောရှုကွက်ကို သိသည် မြင်သည် မည်ပေသည်။

ခေတ္တရပ်နား၍ စဉ်းစားကြည့်ပါ

ခေတ္တရပ်နား၍ စဉ်းစားကြည့်ပါ

အကယ်၍ အသင်သူတော်ကောင်းသည် အသက်(၆၀) အရွယ်သို့ ရောက်ရှိနေသည်ဖြစ်အံ့၊ အသင်သူတော်ကောင်း၏ ပဋိသန္ဓေနာမ်ရုပ်တို့သည် လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကျော်ခန့်က အမိဝမ်းတွင်းဝယ် ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်က ဖြစ်ပေါ်ခဲ့ကြသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သာ ဖြစ်ကြ၏။ ယင်း ပဋိသန္ဓေရုပ်နာမ်တို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိသဘော = သမုဒယသဘောကိုလည်း ပစ္စက္ခဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရန် ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ညွှန်ကြားတော်မူလျက် ရှိကြ၏။

တစ်ဖန် ယင်း ပဋိသန္ဓေနာမ်ရုပ် အစရှိသော ဥပါဒါနက္ခန္ဓာငါးပါး ဝိပါကဝဋ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့မှာလည်း ----

ပုရိမကမ္မဘဝသ္မိံ ...(ပဋိသံ၊၅၀။)

ပုရိမကမ္မဘဝသ္မိန္တိ ပုရိမေ ကမ္မဘဝေ၊ အတီတဇာတိယံ ကမ္မဘဝေ ကရိယမာနေတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

ဤသို့ စသည်ဖြင့် ပါဠိတော် အဋ္ဌကထာတို့က အတိတ်ဘဝဝယ် ကမ္မဘဝကို ထူထောင်ခဲ့စဉ်က ဖြစ်ပေါ် ခဲ့ကြသော တရားစုတို့သာ ဖြစ်ကြောင်းကို မိန့်ဆိုထားတော်မူကြ၏။

ဘုရားရှင်ကလည်း --- ဤ ဥပနိသသုတ္တန်တွင် ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် ပဋိသန္ဓေနာမ်ရုပ် အစရှိသော အကျိုးဝိပါက် ခန္ဓာငါးပါးတို့၏ ဖြစ်မှု သမုဒယသဘောကိုလည်းကောင်း, ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော ယင်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာ = နိဗ္ဗတ္တိသဘောကိုလည်းကောင်း ပစ္စက္ခဉာဏ်ဖြင့် သိပါမှ မြင်ပါမှသာလျှင် သိသသူအား မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ရရှိနိုင်ကြောင်းကို ဟောကြားထားတော်မူ၏။ ပစ္စက္ခဉာဏ်ဖြင့် မသိသသူအား မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို မရရှိနိုင်ကြောင်းကိုလည်း ဟောကြားထားတော်မူ၏။ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံ သမုဒယသဘော, အနာဂတ်အကျိုးတရားတို့၏ စ၍ ဖြစ်ခြင်း နိဗ္ဗတ္တိသဘောဟူသော သမုဒယသဘော --- ဟူသော ဤရှုကွက်တို့၌လည်း နည်းတူပင် မှတ်သားပါ။ (ရှုကွက် အကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း, ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ခန်းတွင်လည်းကောင်း ကြည့်ပါလေ။)

ထိုကြောင့် အသင်သူတော်ကောင်းသည် အတိတ် အနာဂတ်ကို သို့မဟုတ် အတိတ် အနာဂတ် ဘဝတို့၌ အကျုံးဝင်သော အကြောင်းတရား အကျိုးတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကို်ယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုသင့် မရှုသင့်ကို စဉ်းစားပါလေလော။

အနွယဉာဏ်ဖြင့် အတိတ် အနာဂတ်၌ ရှုပုံ

အနွယဉာဏ်ဖြင့် အတိတ် အနာဂတ်၌ ရှုပုံ

အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ... (သံ၊၂၊၁၂၁။)

ဤသို့စသော ဒေသနာတော်များနှင့်အညီ သတ္တဝါတစ်ဦး၏ အတိတ်သံသရာခရီးသည်ကား ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော်လည်း သံသရာ၏ ရှေ့အစွန်းကို မသိနိုင်လောက်အောင် ရှည်လျားလှ၏။ ယင်းသို့ ရှည်လျားလှသော သံသရာတစ်ခွင်၌ ဖြစ်ပျက်ခဲ့ကြကုန်သော ရုပ်နာမ်တို့ကိုလည်းကောင်း, အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း သာဝကတစ်ဦး အနေဖြင့် ကုန်စင်အောင်ကား မရှုနိုင်၊ မသိမ်းဆည်းနိုင်၊ ဉာဏ်ဖြင့် ပိုင်းခြား၍ကား မယူနိုင်။

ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။ (ခု၊၁၊၂၂ - ဓမ္မပဒ။)

သစ္စာလေးပါးတည်းဟူသော သူတော်ကောင်းတရားကို မသိကြကုန်သေးသော ပုထုဇန်ငမိုက်သားတို့ အဖို့လည်း အနာဂတ် သံသရာခရီးသည် ရှည်လျားလှသည်သာ ဖြစ်၏။ ယင်းအနာဂတ် သံသရာခရီး တစ်လျှောက်၌ ဖြစ်ပေါ်လတ္တံ့ ဖြစ်ကြကုန်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကိုလည်းကောင်း, အကြောင်းတရား အကျိုး တရားတို့ကိုလည်းကောင်း သာဝကတစ်ဦးအနေဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင်ကား မရှုနိုင်၊ မသိမ်း ဆည်းနိုင်၊ ဉာဏ်ဖြင့် ပိုင်းခြား၍ကား မယူနိုင်။

တစ်ဖန် အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပေါ်သွားကြကုန်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း, အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း သာဝကတစ်ဦးအနေဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင်ကား မရှုနိုင်၊ မသိမ်းဆည်းနိုင်၊ ဉာဏ်ဖြင့် ပိုင်းခြား၍ကား မယူနိုင်။ သာဝကတို့သည် ဧကဒေသ = အချို့အဝက် တစ်စိတ်တစ်ဒေသမျှကိုသာ ရှုပွားနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောကြောင့် ဖြစ်၏။

ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြပါရစေ --- ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဘဝတစ်လျှောက် အတွင်း ဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်လတ္တံ့ ရုပ်ကလာပ်တို့ကား သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် အလွန့်အလွန် များပြားလှကုန်၏။ ဘဝတစ်လျှောက်လုံး၌ ဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲ ဖြစ်ပေါ်လတ္တံ့ ရုပ်တို့ကို ထားလိုက်ဘိဦး၊ ဤခန္ဓာကိုယ်ဝယ် ရုပ်သန္တတိအစဉ်တစ်ခုအခိုက်ဝယ် ဥပါဒ်အနေအားဖြင့်သော်လည်းကောင်း, ဌီအနေအားဖြင့် သော်လည်းကောင်း, ဘင်အနေအားဖြင့်သော်လည်းကောင်း တည်ရှိခွင့်ရှိကြကုန်သော ရုပ်တရားတို့ကို အလုံး အရပ် အားဖြင့် အလယ်အလတ်ဖြစ်သော လူသားတစ်ဦး၏ ခန္ဓာကိုယ်၌ ရသင့်သော အလယ်အလတ် ပမာဏ အားဖြင့် ပညာဖြင့် ကြံဆ၍ ယူအပ်သည်ရှိသော် ပရမာဏုမြူခန့် အလွန်သေးငယ်သော ရုပ်ကလာပ်မု့န်ပေါင်း ဒေါဏမတ္တာ = တစ်စိတ်သားခန့် ရှိမည်ဟု ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၆၁။) ၌ ဖွင့်ဆိုထား၏။ ယင်း ရုပ်ကလာပ်တိုင်း၌ ဓာတ်ကြီးလေးပါး ရှိကြသည်ချည်း ဖြစ်၏။ သို့သော် ယင်းရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်။ ရုပ်ကလာပ် အချို့အဝက်၌ တည်ရှိကြသော ဓာတ်ကြီးလေးပါး အချို့အဝက်မျှကိုသာ ရှုနိုင်ကြ၏။ ရှုလိုက်နိုင်သော ပထဝီဓာတ်လည်း အချို့အဝက်မျှသာ ရှိလေရာ၏၊ မရှုလိုက်နိုင်သော ပထဝီဓာတ်လည်း အချို့အဝက် ရှိလေရာ၏။ အာပေါဓာတ် စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ဥပါဒါရုပ်တို့၌လည်း နည်းတူပင် မှတ်ပါ။

အလားတူပင် ဘဝတစ်ခု အတွင်းဝယ် ဖြစ်ပေါ်သွားကြသော စက္ခုဝိညာဏ်ပေါင်း = စက္ခုဝိညာဏဝီထိ ပေါင်းလည်း များစွာပင် ရှိလေရာ၏။ ၎င်းင်းတို့တွင် သာဝကတစ်ဦးအနေဖြင့် ရှုလိုက်နိုင်သော စက္ခုဝိညာဏ်ပေါင်း = စက္ခုဝိညာဏဝီထိပေါင်းလည်း များစွာပင် ရှိလေရာ၏၊ မရှုလိုက်နိုင်သော စက္ခုဝိညာဏ်ပေါင်း = စက္ခုဝိညာဏဝီထိပေါင်းလည်း များစွာပင် ရှိလေရာ၏။ သောတဝိညာဏ် = သောတဝိညာဏဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။

အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပစ္စုပ္ပန် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ ဝိပဿနာရှုရာ၌ အချို့အဝက်မျှကိုသာ သိမ်းဆည်းနိုင် ဝိပဿနာရှုနိုင်သကဲ့သို့, အချို့အဝက်သော ရုပ်နာမ်တို့ကို မသိမ်းဆည်းနိုင် ဝိပဿနာမရှုနိုင်သကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး အနေဖြင့် အတိတ် အနာဂတ် တရားတို့ကို သိမ်းဆည်းရာ ဝိပဿနာရှုရာ၌လည်း သိမ်းဆည်းလိုက်နိုင်သော ဝိပဿနာရှုပွားလိုက်နိုင်သော ရုပ်တရား နာမ်တရားတို့ကား အချို့အဝက် အနည်းငယ်မျှသာဖြစ်၏။ မသိမ်းဆည်းလိုက်နိုင် ဝိပဿနာမရှုပွားလိုက်နိုင်သော ရုပ်နာမ်တို့ကသာ သာ၍ သာ၍ များလှပေသည်။

အလားတူပင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ ဝိပဿနာရှုရာ၌လည်း သိမ်းဆည်းလိုက်နိုင် ဝိပဿနာရှုပွားလိုက်နိုင်သော အကြောင်းတရား အကျိုးတရားတို့ကား အချို့အဝက် အနည်းငယ်သာ ရှိ၍ မသိမ်းဆည်းလိုက်နိုင် ဝိပဿနာမရှုလိုက်နိုင်သော အကြောင်းတရား အကျိုးတရားတို့ကား အလွန့်အလွန် သာ၍ သာ၍ များလှသည်သာ ဖြစ်ပေသည်။ သာဝကတို့သည် ကံ-ကံ၏အကျိုးတရားများကို တစ်စိတ်တစ်ဒေသ အချို့အဝက်သာ သိရှိနိုင်သောကြောင့် ဖြစ်၏။

ဘုရားရှင်၌ ဝိပါက်တော် (၁၂)ပါးရှိ၏။ ဝိပါက်တော် (၁)ပါး (၁)ပါး၌ ယင်းဝိပါက်တော်ကို ဖြစ်စေတတ်သော ကံမှာ သီးသန့် တစ်ခုစီ ဖြစ်၏။ အလားတူပင် သာဝကတစ်ဦးသည်လည်း ဘဝတစ်ခုဝယ် ဣဋ္ဌာရုံ အမျိုးမျိုး အနိဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာပင် ဖြစ်၏။ ဣဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရသည်မှာ အတိတ် ကုသိုလ်ကံ အမျိုးမျိုးကြောင့် ဖြစ်၏။ အနိဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရသည်မှာလည်း အတိတ် အကုသိုလ်ကံ အမျိုးမျိုးကြောင့်ပင် ဖြစ်၏။ ယင်း ကံ-ကံ၏အကျိုးတရားများကို သာဝကတစ်ဦးသည် အကြွင်းအကျန်မရှိ ကုန်စင်အောင်ကား မသိမ်းဆည်းနိုင် ဝိပဿနာမရှုနိုင်။ သာဝကတို့၏ အရာမဟုတ်သောကြောင့် ဖြစ်၏။ သိမ်းဆည်းလိုက်နိုင် ဝိပဿနာရှုပွားလိုက်နိုင်သော ကံ-ကံ၏အကျိုးတရားမှာ အနည်းငယ်သာ ဖြစ်၏။ မသိမ်းဆည်းလိုက်နိုင် ဝိပဿနာမရှုပွားလိုက်နိုင်သော ကံ-ကံ၏အကျိုးတရားမှာ အလွန့်အလွန် သာ၍ သာ၍ များလှသည်သာ ဖြစ်ပေ သည်။

ယင်း ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို သင်္ခါရတရားဟု ခေါ်ဆို၏။ ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းလိုက်နိုင်သော ဝိပဿနာရှုပွားလိုက်နိုင်သော သင်္ခါရတရားတို့ကို ဒိဋ္ဌတရားဟု လည်းကောင်း, ဝိပဿနာဉာဏ်ဖြင့် မသိမ်းဆည်းလိုက်နိုင် ဝိပဿနာမရှုပွားလိုက်နိုင်သော ဝိပဿနာမရှုပွားလိုက်မိသော သင်္ခါရတရားတို့ကို အဒိဋ္ဌတရားဟုလည်းကောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ခေါ်ဝေါ်သုံးစွဲထား၏။

ပစ္စက္ခတော ဒိဋ္ဌဿ အာရမ္မဏဿ ...(ဝိသုဒ္ဓိ၊၂၊၂၈၀။)

ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်လိုက်သော သင်္ခါရအာရုံ ...

ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏။

ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်ကလည်း -- ယင်းဒိဋ္ဌတရားကို သမ္ပတိ ဒိဋ္ဌ = သမ္ပတိ ဥပဋ္ဌိတ သင်္ခါရတရားဟုလည်းကောင်း, အဒိဋ္ဌ တရားကို သမ္ပတိ အဒိဋ္ဌ = သမ္ပတိ အနုပဋ္ဌိတ သင်္ခါရတရားဟုလည်းကောင်း ဖွင့်ဆိုထားတော်မူ၏။ (မဟာဋီ၊၂၊၄၄၂။)

သမ္ပတိ ဒိဋ္ဌ = သမ္ပတိ ဥပဋ္ဌိတ သင်္ခါရတရားကား ပစ္စက္ခဉာဏ်တည်းဟူသော ဝိပဿနာဉာဏ်ဖြင့် လက်ငင်းထင်ထင် ရှုမြင်လိုက်မိသော သင်္ခါရတရားတည်း။ သမ္ပတိ အဒိဋ္ဌ = သမ္ပတိ အနုပဋ္ဌိတ သင်္ခါရတရားကား ပစ္စက္ခဉာဏ်တည်းဟူသော ဝိပဿနာဉာဏ်ဖြင့် လက်ငင်းထင်ထင် မရှုမြင်လိုက်မိသော မရှုမြင်လိုက်နိုင်သော, ဝိပဿနာဉာဏ်၌ ပစ္စက္ခအားဖြင့် မထင်လာသော သင်္ခါရတရားစုတည်း။ ယင်းသမ္ပတိ အဒိဋ္ဌ = သမ္ပတိ အနုပဋ္ဌိတ သင်္ခါရတရားတို့ကို အနွယဉာဏ်ဖြင့် ရှုရ၏။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် ပစ္စယပရိဂ္ဂဟ ဉာဏ်ပိုင်းတွင် အနွယဉာဏ်ဖြင့် သိမ်းဆည်းရှုပွားပုံကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။

သော ဧဝံ ပစ္စယတော နာမရူပဿ ပဝတ္တိံ ဒိသွာ ယထာ ဣဒံ ဧတရဟိ၊ ဧဝံ အတီတေပိ အဒ္ဓါနေ ပစ္စယတော ပဝတ္တိတ္ထ၊ အနာဂတေပိ ပစ္စယတော ပဝတ္တိဿတီတိ သမနုပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၃၄။၂၃၅။)

ပဝတ္တိံ ဒိသွာတိ ဧတရဟိ ပဝတ္တိံ ဒိသွာ။ ဧဝန္တိ ဣမိနာ န ကေဝလံ သပ္ပစ္စယဘာဝမတ္တမေဝ ပစ္စာမဋ္ဌံ၊ အထ ခေါ ယာဒိသေဟိ ပစ္စယေဟိ ဧတရဟိ ပဝတ္တတိ၊ တာဒိသေဟိ အဝိဇ္ဇာဒိပစ္စယေဟေဝ အတီတေပိ ပဝတ္တိတ္ထာတိ ပစ္စယသဒိသတာပိ ပစ္စာမဋ္ဌာတိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၂၊၃၇၃။)

= ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားကြောင့် ယခုမျက်မှောက်၌ နာမ်ရုပ်၏ ဖြစ်ခြင်းကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသောအခါ ----

ဤ နာမ်ရုပ်သည် ယခုမျက်မှောက်၌ အဝိဇ္ဇာ စသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရသကဲ့သို့ အလားတူပင် --- အတိတ်ဖြစ်သော အဓွန့်ကာလ၌လည်း ဤနာမ်ရုပ်သည် အဝိဇ္ဇာ စသော အကြောင်းတရားကြောင့် ဖြစ်ခဲ့လေပြီ။ နောင် အနာဂတ် အဓွန့်ကာလ၌လည်း အဝိဇ္ဇာ စသော အကြောင်းတရားကြောင့် ဖြစ်ပေါ်ရပေလတ္တံ့ --- ဟု

ဤသို့လျှင် အနွယဉာဏ်ဖြင့် အဖန်တလဲလဲ ရှု၏။ (ဝိသုဒ္ဓိ၊၂၊၂၃၄။ မဟာဋီ၊၂၊၃၇၃။)

ဤ အနွယဉာဏ်ကား ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်တည်း။ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရား ဖြစ်ပုံ ဟူသော ကြောင်းကျိုးဆက်နွယ်မှု သဘောတရားကို ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်ပြီးသောအခါမှ မရှုလိုက်မိ မရှုလိုက်နိုင်သော အတိတ် အနာဂတ်တရားတို့၌လည်း နည်းကိုဆောင်၍ အနွယဉာဏ်ဖြင့် ရှုပွားသုံးသပ်ခြင်း ဖြစ်ပေသည်။ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် လုံးလုံးမသိရသေးဘဲ လုံးလုံးမမြင်ရသေးဘဲ လုံးလုံးမရှုရသေးဘဲ, အတိတ် အနာဂတ်၌လည်း ထိုနည်းလည်းကောင်း ဟု အနုမာန မျက်ရမ်း မှန်းဆ၍ ရှုရသည့် ရှုကွက်မျိုး မဟုတ်သည်ကိုကား သတိပြု၍ မှတ်သားလေရာသည်။ (ပိုမို၍ သဘောပေါက်ရန် ဝိသုဒ္ဓိ၊၂၊၂၃၃-၂၃၅-တို့၌ ကြည့်ပါ။)

တိုက်တွန်းချက်

တိုက်တွန်းချက်

အသင် သူတော်ကောင်းသည်လည်း --- ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပုံကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော ဉာဏ်ကို ရရှိပြီးသောအခါ အထက်ပါအတိုင်း အနွယဉာဏ်ဖြင့်လည်း အဒိဋ္ဌ ဖြစ်သော အတိတ် အနာဂတ်တရားတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ (အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ပြည့်ပြည့်စုံစုံ ရေးသားတင်ပြ ထားပါသည်။ အလိုရှိက ထိုအပိုင်းတွင် ကြည့်ပါ။)

တစ်ဖန် ဝိပဿနာပိုင်း၌ အနွယဉာဏ်ဖြင့် ဝိပဿနာရှုပုံကိုလည်း ဆက်လက်၍ တင်ပြမည် ဖြစ်သည်။ထိုသို့ မတင်ပြမီ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ လာရှိသော ပစ္စုပ္ပန် အယူအဆကို ရှေးဦးစွာ တင်ပြပေအံ့။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ကောက်နုတ်ချက်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ကောက်နုတ်ချက်

ဇာတံ ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။ ဝိသုဒ္ဓိ၊၂၊၂၆၅။)

ပစ္စုပ္ပန္နရူပံ နာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော။ တံ ပန အာဒိတော ဒုပ္ပရိဂ္ဂဟန္တိ သန္တတိပစ္စုပ္ပန္နဝသေန ဝိပဿနာဘိနိဝေသော ကာတဗ္ဗော။ (မဟာဋီ၊၂၊၄၁၉။)

= ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင် အားဖြင့် သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်ခြင်းဟူသော ပရမတ္ထဓမ္မသဘာဝဟူသော ရအပ်သော အတ္တဘောရှိသော = ပရမတ္ထဓမ္မသဘာဝဟူသော အတ္တဘောကို ရဆဲဖြစ်သော ရုပ်သည် ပစ္စုပ္ပန် မည်၏။ (ပစ္စုပ္ပန်ဖြစ်သော ရုပ်မည်သည် ဖြစ်ဆဲဖြစ်၍ ဥပါဒ် ဌီ ဘင် ဟူသော ခဏသုံးပါး အပေါင်း၌ အကျုံးဝင်သော ရုပ်ပင်တည်း ဟူလိုသည်။) ထိုပစ္စုပ္ပန်ဖြစ်သော ရုပ်၏ စ၍ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဥဒယ = ဖြစ်ခြင်း မည်၏။ ဖောက်ပြန် ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဝယ = ပျက်ခြင်း မည်၏။ ယင်း ဥဒယ-ဝယ ကို အဖန်တလဲလဲ ရှုသော ပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ ပ ။

ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင်အားဖြင့် သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်ခြင်းဟူသော ပရမတ္ထဓမ္မသဘာဝဟူသော ရအပ်သောအတ္တဘောရှိသော = ပရမတ္ထဓမ္မသဘာဝဟူသော အတ္တဘောကို ရဆဲဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန်မည်၏။ (ပစ္စုပ္ပန်ဖြစ်သော အဝိဇ္ဇာမည်သည် ဖြစ်ဆဲဖြစ်၍ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါး အပေါင်း၌ အကျုံးဝင်သော အဝိဇ္ဇာပင်တည်း ဟူလိုသည်။) ထိုပစ္စုပ္ပန်ဖြစ်သော အဝိဇ္ဇာ၏ စ၍ ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဥဒယ = ဖြစ်ခြင်း မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဝယ = ပျက်ခြင်း မည်၏။ ယင်း ဥဒယ-ဝယ ကို အဖန်တလဲလဲ ရှုသော ပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ ပ ။

ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင်အားဖြင့် သရုပ်အထည်ကိုယ် ထင်ထင်ရှားရှား ဖြစ်ခြင်းဟူသော ပရမတ္ထဓမ္မသဘာဝဟူသော ရအပ်သောအတ္တဘောရှိသော = ပရမတ္ထဓမ္မသဘာဝဟူသော အတ္တဘောကို ရဆဲဖြစ်သော ဘဝသည် ပစ္စုပ္ပန်မည်၏။ (ပစ္စုပ္ပန် ဖြစ်သော ဘဝမည်သည် ဖြစ်ဆဲဖြစ်၍ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါး အပေါင်း၌ အကျုံးဝင်သော ဘဝပင်တည်း ဟူလိုသည်။) ထိုပစ္စုပ္ပန်ဖြစ်သော ဘဝ၏ စ၍ ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဥဒယ = ဖြစ်ခြင်း မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဝယ = ပျက်ခြင်း မည်၏။ ယင်း ဥဒယ-ဝယ ကို အဖန် တလဲလဲ ရှုသော ပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ (ပဋိသံ၊၅၂။)

ဤဒေသနာတော်၌ အဝိဇ္ဇာမှသည် ဇာတိအမည်ရသော ဥပပတ္တိဘဝသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်အားလုံးကို ပစ္စုပ္ပန်ဟူ၍ပင် တစ်ပြေးညီတည်း ဟောကြားထားတော်မူ၏။

ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဤပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ အဓွန့်ကာလအားဖြင့် ခွဲခြားဝေဖန်လိုက်သော် အဝိဇ္ဇာ သင်္ခါရတို့ကား အတိတ်အဓွန့်ကာလတရားစုတို့ ဖြစ်ကြ၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ (ကမ္မဘဝ) တို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့ ဖြစ်ကြ၏။ ဇာတိအမည်ရသော ဥပပတ္တိဘဝကား အနာဂတ်တရားစု ဖြစ်၏။ ယင်းတရားအားလုံးကိုပင် ပစ္စုပ္ပန်ဟု တစ်ပြေးညီတည်း ဟောကြားထားတော်မူ၏။

အထက်တွင် တင်ပြထားသော - ပစ္စုပ္ပန္နရူပံ နာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော (မဟာဋီ၊၂၊၄၁၉) ဟူသော မဟာဋီကာအဖွင့်နှင့် အညီ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်နေခိုက် တည်ရှိ နေခိုက်ကို ရည်ညွှန်းထားသည်ဟု မှတ်ပါ။

ဆိုလိုသည်မှာ ယင်းအဝိဇ္ဇာသည် အတိတ်အဓွန့်ကာလက ဖြစ်ခဲ့သော အတိတ်အဓွန့်ကာလတရား ဖြစ်သည်ကားမှန်၏။ (ဤပစ္စုပ္ပန်ဘဝ ဝိပါကဝဋ်တရားစု၏အကြောင်းရင်း အဝိဇ္ဇာကိုသာ ရည်ညွှန်းထားပါသည်။) သို့သော်လည်း ယင်းအဝိဇ္ဇာသည် အတိတ်ဘဝ အတိတ်ကာလ၌ ဖြစ်ခဲ့စဉ်က ဥပါဒ်-ဌီ-ဘင် အနေအားဖြင့်သာ ထင်ရှားဖြစ်ခဲ့၏။ ယင်းဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအခိုက် ထင်ရှားတည်ရှိနေခိုက်ဝယ် ယင်းအဝိဇ္ဇာမှာ ပစ္စုပ္ပန်တရားသာဖြစ်၏။ ယင်းပစ္စုပ္ပန်အဝိဇ္ဇာ၏ ဖြစ်မှု ပျက်မှုကို ဤဥဒယဗ္ဗယာနုပဿနာဉာဏ်က မြင်အောင် ရှုရမည် ဖြစ်၏။ ပစ္စက္ခဉာဏ်ပင်တည်း။

အလားတူပင် ဤပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားကြောင့် (သို့မဟုတ် အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံကြောင့်) ထင်ရှား ဖြစ်ပေါ်လာမည့် ဇာတိအမည်ရသော ဥပပတ္တိဘဝမှာလည်း အနာဂတ်အဓွန့်ကာလတရားပင် ဖြစ်၏။ ယင်း ဥပပတ္တိဘဝသည်လည်း နောင်အနာဂတ်တွင် ဖြစ်ပေါ်လာသောအခါ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့်သာ ထင်ရှားဖြစ်ပေါ်လာပေလတ္တံ့။ ယင်းသို့ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ပေါ်နေခိုက် တည်ရှိနေခိုက် ယင်းဘဝမှာလည်း ပစ္စုပ္ပန်သာတည်း။ ယင်းပစ္စုပ္ပန်ဘဝ၏ ဖြစ်မှု ပျက်မှုကို ဤဥဒယဗ္ဗယာနုပဿနာ ဉာဏ်က မြင်အောင် ရှုရမည် ဖြစ်၏။ ပစ္စက္ခဉာဏ်ပင်တည်း။

အလားတူပင် ကြွင်းကျန်နေသေးသော သင်္ခါရမှသည် ဥပါဒါန်သို့ တိုင်အောင်သော တရားတို့ကို ပစ္စုပ္ပန်ဟု ဟောတော်မူရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

လိုရင်းမှတ်သားရန်

လိုရင်းမှတ်သားရန်

အတိတ် အနာဂတ် ပစ္စုပ္ပန် မည်သည့်အဓွန့်ကာလ၌မဆို တည်ရှိပြီး တည်ရှိဆဲ တည်ရှိလတ္တံ့ ဖြစ်သော တရားတို့ကို ဝိပဿနာရှုရာ၌ ထို မိမိ ဝိပဿနာရှုလိုက်သော တရား၏ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ယင်းတရား၏ ဖြစ်ဆဲဆဲ ဥပါဒ်ကိုလည်းကောင်း, ပျက်ဆဲဆဲ ဘင်ကိုလည်းကောင်း ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာရှုပါဟု ဆိုလိုပေသည်။

တတ္ထ အဒ္ဓါနဝသေန ပဂေဝ ဥဒယံ ပဿိတွာ ဌိတော ဣဓ သန္တတိဝသေန ဒိသွာ အနုက္ကမေန ခဏဝသေန ပဿတိ။ (မဟာဋီ၊၂၊၄၂၁။)

ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ ခယဋ္ဌေန။ (ပဋိသံ၊၅၁။)

တသ္မာ ဧသ ယံ အတီတံ ရူပံ၊ တံ ယသ္မာ အတီတေယေဝ ခီဏံ၊ နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန။ (ဝိသုဒ္ဓိ၊၂၊၂၄၅။ သမ္မသနဉာဏ်ပိုင်း။)

ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာဆရာတော်က အထက်တွင် တင်ပြထားသော ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စံ ခယဋ္ဌေန = အတိတ် အနာဂတ် ပစ္စုပ္ပန် ရုပ်သည် ကုန်တတ် ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စဟု ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကား၍ ----

အတိတ်ရုပ်သည် အတိတ်၌သာလျှင် ကုန်ဆုံးခဲ့ပြီး ဖြစ်၏၊ ဤပစ္စုပ္ပန်ဘဝသို့တိုင်အောင် မဆိုက်ရောက်လာ၊ ယင်းသို့ ကုန်တတ် ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စ

ဤသို့ စသည်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် တရားတို့ကို အဒ္ဓါအဓွန့်ကာလ၏ အစွမ်းဖြင့် ပိုင်းခြား၍ နယဝိပဿနာ အမည်ရသော ကလာပသမ္မသနဉာဏ်ဖြင့် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၅ ၌ ကြည့်ပါ။)

ဤသို့ ညွှန်ကြားထားသည့်အတိုင်း ဥပါဒါနက္ခန္ဓာ ငါးပါး = အာယတန (၁၂)ပါး = ဓါတ် (၁၈)ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ပါး - ဤသို့ စသည့် ပရမတ္ထဓာတ်သားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော အဓွန့် ကာလ အဒ္ဓါ၏ အစွမ်းဖြင့် ပိုင်းခြား၍ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မသနဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ် နိုင်သဖြင့် အဓွန့်ကာလ အဒ္ဓါ၏ အစွမ်းဖြင့် ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ဥဒယ (ပျက်မှု ဝယ) ကို သမ္မသနဉာဏ်ဖြင့် မြင်ပြီး ဖြစ်နေ၏။

ယင်းသို့ မြင်ပြီး၍ သမ္မသနဉာဏ်၏ ကမ်းတစ်ဘက်သို့ ရောက်ရှိလာသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤဥဒယဗ္ဗယဉာဏ်ပိုင်းသိ့ု ရောက်ရှိလာသောအခါ ရုပ်သန္တတိ အစဉ်အတန်း နာမ်သန္တတိ အစဉ်အတန်းတည်းဟူသော သန္တတိ အစဉ်အတန်း၏ အစွမ်းဖြင့် ယင်းရုပ်နာမ်တို့၏ ဖြစ်မှု (ပျက်မှု) ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မြင်အောင် ဝိပဿနာရှုပြီး၍ အစဉ်သဖြင့် ခဏ၏ အစွမ်းဖြင့်လည်း = ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာ ရှု၏။ ယင်းသို့ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် လက်ငင်း ရှုမြင်လိုက်နိုင်သော သင်္ခါရတရားတို့ကား သမ္ပတိဒိဋ္ဌ သင်္ခါရ တို့တည်း။ ယင်းသို့ ဝိပဿနာဉာဏ်ဖြင့် လက်ငင်း မရှုမြင်လိုက်နိုင်သော အတိတ် အနာဂတ်တရားတို့ကား သမ္ပတိအဒိဋ္ဌ သင်္ခါရ တို့တည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၀။ မဟာဋီ၊၂၊၄၄၂။)

ယောဂါဝစရပုဂ္ဂိုလ်သည် သမ္ပတိဒိဋ္ဌသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှု ဥဒယ ဝယကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟူသော ပစ္စက္ခဉာဏ်ဖြင့် ဝိပဿနာရှုပြီးသောအခါ သမ္ပတိအဒိဋ္ဌသင်္ခါရဟူသည့် အတိတ် အနာဂတ်တရားတို့ကိုလည်း အနွယဉာဏ်ဖြင့် ဆက်လက်၍ ဝိပဿနာရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ညွှန်ကြား ထားတော်မူ၏။ ---

ဧဝံ ဧကေကဿ ခန္ဓဿ ဥဒယဗ္ဗယဒဿနေ ဒသ ဒသ ကတွာ ပညာသလက္ခဏာနိ ဝုတ္တာနိ။ တေသံ ဝသေန ဧဝမ္ပိ ရူပဿ ဥဒယော ဧဝမ္ပိ ရူပဿ ဝယော၊ ဧဝမ္ပိ ရူပံ ဥဒေတိ၊ ဧဝမ္ပိ ရူပံ ဝေတီတိ ပစ္စယတော စေဝ ခဏတော စ ဝိတ္ထာရေန မနသိကာရံ ကရောတိ။

တေဿဝံ မနသိကရောတော ဣတိ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ ဉာဏံ ဝိသဒတရံ ဟောတိ။ တေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော သစ္စပဋိစ္စသမုပ္ပါဒနယလက္ခဏဘေဒါ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ဧဝံ မနသိ ကရောတော န ယာဝ ဥဒယဗ္ဗယဉာဏံ ဥပ္ပဇ္ဇတိ, တာဝ ဥဒယဗ္ဗယာ သုဋ္ဌု ပါကဋာ န ဟောန္တီတိ ကတွာ ဝုတ္တံ ဣတိ ကိရိမေ ဓမ္မာ။ ပ ။ ပဋိဝေန္တီတိ၊ နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ၊၂၊၄၂၃။)

အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရူပက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ရူပက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယော၊

၂။ တဏှာသမုဒယာ ရူပသမုဒယော၊

၃။ ကမ္မသမုဒယာ ရူပသမုဒယော၊

၄။ အာဟာရသမုဒယာ ရူပသမုဒယော၊

၅။ နိဗ္ဗတ္တိလက္ခဏံ... (ပဋိသံ၊၅၃-၅၄။) (ဝိသုဒ္ဓိ၊၂၊၂၆၆။)

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏၊

၂။ တဏှာ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏၊

၃။ ကံ ဖြစ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ဖြစ်၏၊

၄။ အာဟာရ ဖြစ်ခြင်းကြောင့် (အာဟာရဇ) ရုပ် ဖြစ်၏၊

၅။ ရုပ်၏ ဖြစ်ခြင်းသဘော ...

ရူပက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ရူပက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓော၊

၂။ တဏှာနိရောဓာ ရူပနိရောဓော၊

၃။ ကမ္မနိရောဓာ ရူပနိရောဓော၊

၄။ အာဟာရနိရောဓာ ရူပနိရောဓော၊

၅။ ဝိပရိဏာမလက္ခဏံ... (ပဋိသံ၊၅၃-၅၄။ ဝိသုဒ္ဓိ၊၂၊၂၆၆။)

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ချုပ်၏၊

၂။ တဏှာ ချုပ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ချုပ်၏၊

၃။ ကံ ချုပ်ခြင်းကြောင့် (ကမ္မဇ) ရုပ် ချုပ်၏၊

၄။ အာဟာရ ချုပ်ခြင်းကြောင့် (အာဟာရဇ) ရုပ် ချုပ်၏၊

၅။ ရုပ်၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော ...

ဤသို့လျှင် ခန္ဓာ တစ်ပါးတစ်ပါး၌ ဥဒယဉာဏ် (၅)ပါး, ဝယဉာဏ် (၅)ပါး --- နှစ်ရပ်ပေါင်းသော် ဥဒယဗ္ဗယဉာဏ် (၁၀)ပါးဖြစ်၏။ ခန္ဓာ (၅)ပါးလုံး၌ကား ဥဒယဗ္ဗယဉာဏ် (၅၀)ဖြစ်၏။ (အကျယ်ကို ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ခန်းတွင် ကြည့်ပါ။)

ဤဆိုအပ်ပြီးသောနည်းဖြင့် တစ်ခုတစ်ခုသော ခန္ဓာ၏ ဥဒယသဘော ဝယသဘောကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ရှုမြင်သဖြင့် ခန္ဓာ တစ်ပါး တစ်ပါး၌ ဆယ်ပါး ဆယ်ပါးတို့ကို ပြု၍ အကြင် (၅၀)သော လက္ခဏာတို့ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူအပ်ကုန်၏၊ ထို (၅၀)သော လက္ခဏာတို့၏ အစွမ်းဖြင့် အထက်တွင် ဖော်ပြထားသော ဥဒယဗ္ဗယ အကျယ်ရှုပွားနည်းအတိုင်း ---

ဤအကြောင်းကြောင့်လည်း ရုပ်သည် ဖြစ်၏၊

ဤအကြောင်းကြောင့်လည်း ရုပ်သည် ချုပ်၏၊

ဤသို့လည်း ရုပ်သည် ဖြစ်၏၊

ဤသို့လည်း ရုပ်သည် ပျက်၏၊ ဟု ---

ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံ သဘောကို မြင်အောင်ရှုခြင်း, ခဏတော ဥဒယဗ္ဗယဒဿန = ယင်း ရုပ်နာမ်တို့၏ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏပစ္စုပ္ပန် သဘောအားဖြင့် ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုခြင်း ဟူသော နှစ်မျိုးသော ဥဒယဗ္ဗယ သဘောကို အကျယ်အားဖြင့် နှလုံးသွင်းရှုပွား၏။

ဤသို့ ရှုပွားနေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ---

ဤသို့လျှင် ဤတရားတို့သည် ရှေးကမရှိမူ၍ ယခုမှ ရုတ်ချည်း ဖြစ်ပေါ်လာကြကုန်သတတ်၊ ဖြစ်ပြီး၍လည်း ချုပ်ပျက်ပျောက်ကင်း၍ သွားကြကုန်သတတ်--- ဟု

ဤသို့လျှင် ဥဒယဗ္ဗယာနုပဿနာဉာဏ်သည် အထူးသဖြင့် သန့်ရှင်းစင်ကြယ်လာ၏။ ဤသို့ ပစ္စယတော ဥဒယဗ္ဗယဒဿန, ခဏတော ဥဒယဗ္ဗယဒဿန ဟူသော နှစ်မျိုးသော အခြင်းအရာအားဖြင့် ခန္ဓာငါးပါးတို့၏ ဥဒယဗ္ဗယကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ---

၁။ သစ္စာလေးပါး,

၂။ ပဋိစ္စသမုပ္ပါဒတရား ပဋိစ္စသမုပ္ပန္နတရား,

၃။ ဧကတ္တနည်း စသော နည်းလေးပါး,

၄။ အနိစ္စလက္ခဏာ စသော လက္ခဏာငါးပါး ---

ဤ သဘောတရားတို့သည် ထင်ရှားလာကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

ဤသို့ နှလုံးသွင်းသော ထိုယောဂီအား အကြင်ရွေ့လောက် ဥဒယဗ္ဗယဉာဏ် မဖြစ်သေး၊ ထိုရွေ့လောက် ဥဒယဗ္ဗယတို့သည် လွန်စွာထင်သည် မဖြစ်ကုန်ရကား ဝိုးဝါးသာမျှ အနုမာန ဆ၍ အလျော်ရမ်းလိုက်ရသည်ကို အကြောင်းပြု၍ --- ဣတိ ကိရိမေ ဓမ္မာ ။ ပ ။ ပဋိဝေန္တိ --- ဟု ပစ္စက္ခမဟုတ် အနုမာနပြ ကိရ-သဒ္ဒါနှင့် ယှဉ်၍ ဆိုသတည်း။ ။ တစ်နည်း --- နယဒဿန အားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့်ပြီး၍ ထိုနောင်မှ အတိတ်အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကိုဆောင်သည် ဖြစ်ဘိသော်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊ပဉ္စမတွဲ၊၁၆၅။)

ဤအထက်ပါ ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်မှာ အထက်တွင် ရေးသားတင်ပြထားသော မဟာဋီကာ ဒုတိယတွဲ (မဟာဋီ၊၂၊၄၂၃။) ၌ လာရှိသော စကားရပ်ကို ဘာသာပြန်ဆိုထားတော်မူခြင်း ဖြစ်၏။

ယင်းစကားရပ်တွင် --- အကြင်ရွေ့လောက် ဥဒယဗ္ဗယဉာဏ် မဖြစ်သေး၊ ထိုရွေ့လောက် ဥဒယဗ္ဗယတို့သည် လွန်စွာထင်သည် မဖြစ်ကုန်ရကား ဝိုးဝါးသာမျှ အနုမာန ဆ၍ အလျော်ရမ်းလိုက်ရသည် --- ဟူသော စကားရပ်ဖြင့် ပစ္စက္ခဉာဏ်ဖြင့် သင်္ခါရတို့၏ ဥဒယဗ္ဗယကို မမြင်မီသာ အနုမာနဉာဏ်ဖြင့် မျက်ရမ်းဆ၍ ရှုရသည်။ ပစ္စက္ခဉာဏ်ဖြင့် သင်္ခါရတို့၏ ဥဒယဗ္ဗယကို မြင်ပြီးသော အခါ၌ကား အနုမာနဉာဏ်ဖြင့် မျက်ရမ်းဆ၍ ယင်းသင်္ခါရတို့ကို ထပ်မံ၍ ရှုဖွယ်မလိုဟု စကားကျ၏။ ထိုကြောင့် ဤနည်းကို အားရတော် မမူလှသဖြင့် ဋီကာ ဆရာတော်က ဒုတိယတစ်နည်း ထပ်မံ ဖွင့်ဆို ထားတော်မူ၏။ ယင်း ဒုတိယတစ်နည်း အဖွင့်ကို ပြည်ဆရာတော် ဘုရားကြီးက ---

တစ်နည်း --- နယဒဿနအားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့် ပြီး၍ ထိုနောင်မှ အတိတ်အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကို ဆောင်သည် ဖြစ်ဘိသော်။ ---

ဤသို့ အဓိပ္ပါယ် ရှင်းလင်း ဖွင့်ဆိုထားတော်မူ၏။ ဤ ရှင်းလင်းဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ---

၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ထင်ရှားရှိခြင်းကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါးတို့၏ ထင်ရှား ဖြစ်ပေါ်လာရပုံကိုလည်းကောင်း,

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ (အရဟတ္တမဂ် အခိုက်၌) နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် ခန္ဓာငါးပါးတို့၏လည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောကိုလည်းကောင်း,

၃။ ယင်း ပစ္စုပ္ပန် ခန္ဓာငါးပါးတို့၏ ဖြစ်မှု ပျက်မှု ဥဒယဗ္ဗယ = နိဗ္ဗတ္တိလက္ခဏာ ဝိပရိဏာမလက္ခဏာကို လည်းကောင်း ---

ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟူသော ပစ္စက္ခဉာဏ်ဖြင့် ဝိပဿနာရှုထားပြီး ဖြစ်ရမည်။ ထိုသို့ ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်ပြီးသောအခါမှ အတိတ် အနာဂတ် တရားတို့၌ အနွယဉာဏ်ဖြင့် ၎င်းင်းနည်းဟု နည်းကို ဆောင်၍ ရှုရမည် ဖြစ်ပေသည်။ ယင်း အနွယဉာဏ်ကား ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်ပင်တည်း။

သတိပြု၍ မှတ်သားရန်

သတိပြု၍ မှတ်သားရန်

အထက်ပါ မဟာဋီကာ၏ အဖွင့်တွင် ---

ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ ... (မဟာဋီ၊၂၊၄၂၃။ )

ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို မြင်ပြီး၍ ဟူသော စကားရပ်၌ ---

၁။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှား ဖြစ်ခြင်းကြောင့် ထင်ရှားရှိခြင်းကြောင့် ပစ္စုပ္ပန္နဓမ္မတို့၏ ထင်ရှားဖြစ်ပုံ၊

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံ၊

(ဤ နှစ်မျိုးကား ပစ္စယတော ဥဒယဗ္ဗယတည်း။)

၃။ ယင်း ပစ္စုပ္ပန္နဓမ္မတို့၏ ဖြစ်မှု = နိဗ္ဗတ္တိလက္ခဏာ, ပျက်မှု = ဝိပရိဏာမလက္ခဏာ,

(ဤ နှစ်မျိုးကား ခဏတော ဥဒယဗ္ဗယတည်း။ )

ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ - (မဟာဋီ၊၂၊၄၂၃။) ဟူသော အထက်ပါ မဟာဋီကာ စကားရပ်၌ကား ပစ္စယတော ဥဒယဗ္ဗယ, ခဏတော ဥဒယဗ္ဗယ ဟူသော ဥဒယဗ္ဗယ နှစ်မျိုးလုံး ပါဝင်သည်ဟု မှတ်ပါ။ တစ်ဖန် ယင်းနှစ်မျိုးလုံးသောဥဒယဗ္ဗယကို ဥဒယဗ္ဗယာနုပဿနာဟူသော ပစ္စက္ခဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုပြီးပါမှ အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၍ ထိုနည်းလည်းကောင်းဟု အနွယဉာဏ်ဖြင့် ရှုရသည်ဟူသော ရှေးထုံးဟောင်း ဥပဒေသတစ်ရပ်ကိုလည်း ရိုသေစွာ မှတ်သားထားပါ။

တစ်ဖန် --- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၄၉။) ရူပနိဗ္ဗတ္တိပဿနာကာရပိုင်း တွင် အတိတ်ဘဝက အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော သင်္ခါရ ကံကြောင့် ပဋိသန္ဓေအခိုက် ကမ္မဇရုပ်များ ဖြစ်ပေါ်လာပုံ နိဗ္ဗတ္တိသဘောမှ စ၍ ဘဝတစ်လျှောက်ဝယ် ကံ စိတ် ဥတု အာဟာရတည်းဟူသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဆိုင်ရာ ဆိုင်ရာ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ဖြစ်ပေါ်လာပုံကို မြင်အောင် ရှုရန်လည်း ညွှန်ကြားထားတော်မူ၏။

တစ်ဖန် အရူပနိဗ္ဗတ္တိပဿနာကာရပိုင်း (ဝိသုဒ္ဓိ၊၂၊၂၅၂။) တွင်လည်း အလားတူပင် အတိတ်ဘဝက အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားအပ်သော သင်္ခါရ ကံကြောင့် ပဋိသန္ဓေ နာမ်တရားစု ဖြစ်ပုံကိုလည်းကောင်း, ဘဝတစ်လျှောက်ဝယ် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများကြောင့် ထိုက်သလို ဖြစ်နေကြသော ဘဝင်နာမ်တရားစုတို့နှင့်တကွ ဒွါရ (၆)ပါး၌ ဖြစ်နေကြသော နာမ်တရားတို့ကိုလည်းကောင်း ဝိပဿနာ ရှုရန် ညွှန်ကြားထားတော်မူ၏။

ထိုကြောင့် ပစ္စုပ္ပန္နဓမ္မအရတွင် ပဋိသန္ဓေခန္ဓာငါးပါးကစ၍ ဘဝတစ်လျှောက် ထိုက်သလို ဖြစ်နေကြသော ခန္ဓာငါးပါးတို့ ပါဝင်ကြသည်ကိုလည်း မှတ်သားပါလေ။

ထိုကြောင့် ပစ္စယတော ဥဒယဗ္ဗယဒဿန, ခဏတော ဥဒယဗ္ဗယဒဿန ဟူသော နှစ်မျိုးသော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ပစ္စုပ္ပန္နဓမ္မတို့ကို ဝိပဿနာ ရှုပွား သုံးသပ်သောအခါ ပဋိသန္ဓေခန္ဓာငါးပါးမှ စတင်၍ ရှုပွားသုံးသပ်ပါ ။ (ရှုပွားပုံကို ဝိပဿနာပိုင်း ဥဒယဗ္ဗယဉာဏ်ခန်းတွင် ကြည့်ပါ။)

ယခုတစ်ဖန် ဘင်္ဂါနုပဿနာဉာဏ်ပိုင်း၌ အနွယဉာဏ်ဖြင့် ရှုပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

ဘင်္ဂါနုပဿနာဉာဏ်ပိုင်း၌ အနွယဉာဏ်ဖြင့် ရှုပုံ

ဘင်္ဂါနုပဿနာဉာဏ်ပိုင်း၌ အနွယဉာဏ်ဖြင့် ရှုပုံ

အထ ဝါ သော ဧဝံ ဝိရတ္တော ယထာဒိဋ္ဌံ သင်္ခါရဂတံ၊ တထာ အဒိဋ္ဌမ္ပိ အနွယဉာဏဝသေန နိရောဓေတိ၊ နော သမုဒေတိ။ နိရောဓတောဝ မနသိကရောတိ။ နိရောဓမေဝဿ ပဿတိ၊ နော သမုဒယန္တိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)

ဧဝံ ဝိရတ္တောတိ ဧဝံ ဘင်္ဂါနုပဿနာနုသာရေန ဝိရတ္တော။ ယထာ ဒိဋ္ဌံ သမ္ပတိ ဥပဋ္ဌိတံ သင်္ခါရဂတံ နိရောဓေတိ နိရောဓံ မနသိကရောတိ။ အဒိဋ္ဌမ္ပိ အတီတာနာဂတံ အနွယဉာဏဝသေန ယထာ ဣဒံ ဧတရဟိ၊ ဧဝံ ဣတရေပီတိ အနုမိနန္တော နိရောဓေတိ မနသိကတဿာပိ နိရောဓံ ကရောတိ၊ နော သမုဒေတီတိ ဧတ္ထာပိ ဧသေဝ နယော၊ နော သမုဒယံ မနသိကရောတီတိ အတ္ထော။ (မဟာဋီ၊၂၊၄၄၂။)

အထ ဝါ = တစ်နည်းသော်ကား။ ဧဝံ = ဤဘင်္ဂါနုပဿနာကို လျှောက်သဖြင့် (= ဤဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လျှောက်သဖြင့် )။ ဝိရတ္တော = တပ်ခြင်းကင်းသော။ သော ယောဂါဝစရော = ထိုယောဂါဝစရသည်။ ဒိဋ္ဌံ = မျက်မှောက်မြင်အပ်သော၊ဝါ၊ ရှေးရှူထင်လာသော။ သင်္ခင်္ါရဂတံ = သင်္ခါရတရားကို။ နိရောဓေတိ နိရောဓံ မနသိကရောတိ ယထာ = ချုပ်ခြင်းကို နှလုံးသွင်းသကဲ့သို့။ တထာ = ထို့အတူ။ အဒိဋ္ဌမ္ပိ = မမြင်အပ်သော အတိတ် အနာဂတ် သင်္ခါရတရားကိုလည်း။ အနွယဉာဏဝသေန = အလျော်ဆသော ဉာဏ်၏ အစွမ်းဖြင့်။ (ဧတရဟိ = ယခုမျက်မှောက်၌။ ဣဒံ ယထာ = ဤပစ္စုပ္ပန် ဒိဋ္ဌသင်္ခါရကဲ့သို့။ ဧဝံ တထာ = ထို့အတူ။ တမ္ပိ = ထိုအဒိဋ္ဌဖြစ်သော အတိတ် အနာဂတ် သင်္ခါရတရားသည်လည်း။ ဧဝံ သဘာဝမေဝ = ဤသို့ ချုပ်ပျက်ခြင်း သဘော ရှိသည်သာတည်း။ ဣတိ = ဤသို့။ အနုမိနန္တော = နှိုင်းရှည့်လျက်။) နိရောဓေတိ = နိရောဓံ မနသိကရောတိ = နိရောဓကို နှလုံးသွင်း၏။ နော သမုဒေတိ = နော သမုဒယံ မနသိကရောတိ = သမုဒယကို နှလုံးမသွင်း။ နိရောဓတောဝ = ချုပ်သောအားဖြင့် သာလျှင်။ မနသိကရောတိ = နှလုံးသွင်း၏။ အဿ သင်္ခါရဂတဿ = ထို သင်္ခါရတရား၏။ နိရောဓမေဝ = နိရောဓကို သာလျှင်။ ပဿတိ = ရှု၏။ သမုဒယံ = သမုဒယကို။ နော ပဿတိ = မရှု။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၅၊၂၀၇-၂၀၈။)

= တစ်နည်း --- ဤ ဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လျှောက်သဖြင့် သင်္ခါရတရားတို့ အပေါ်၌ (ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ခပ်ကြာကြာ ခွာထားနိုင်သောအားဖြင့်) တပ်မက်ခြင်း ရာဂကင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ်ဖြင့် မျက်မှောက်သိမြင်အပ်သော, ဘင်္ဂါနုပဿနာဉာဏ်ဝ၌ ရှေးရှူ ထင်လာသော သင်္ခါရတရား အပေါင်းကို ယင်း သင်္ခါရတရား အပေါင်း၏ ချုပ်ခြင်းကို နှလုံးသွင်းသကဲ့သို့ ထို့အတူ ဘင်္ဂါနုပဿနာဉာဏ်ဖြင့် မတွေ့ မမြင် အပ်သေးသော အတိတ် အနာဂတ် သင်္ခါရတရား အပေါင်းကိုလည်း အလျော်ဆ၍ ယူတတ်သော အနွယဉာဏ်၏ အစွမ်းဖြင့် ---- ယခုမျက်မှောက် ဘင်္ဂါနုပဿနာဉာဏ်တည်း ဟူသော လက်ငင်း ပစ္စက္ခဉာဏ်ဖြင့် မြင်အပ်သော ဤသင်္ခါရတရားကဲ့သို့ ထို့အတူ ဘင်္ဂါနုပဿနာဉာဏ်တည်း ဟူသော ဝိပဿနာဉာဏ်ဖြင့် မမြင်အပ်သေးသော အတိတ် အနာဂတ် သင်္ခါရတရားသည်လည်း ဤသို့ချုပ်ခြင်း သဘောရှိသည်သာတည်း ---- ဟု ဤသို့ နှိုင်းရှည့်လျက် ချုပ်ခြင်း နိရောဓသဘောကို နှလုံးသွင်း၏၊ ဖြစ်ခြင်း သမုဒယကို နှလုံးမသွင်း။ ချုပ်သောအားဖြင့်သာလျှင် = အချုပ်ကိုသာလျှင် နှလုံးသွင်း၏၊ ထို သင်္ခါရတရားအပေါင်း၏ ချုပ်ခြင်း နိရောဓကိုသာလျှင် ရှု၏၊ ဖြစ်ခြင်း သမုဒယကို မရှု။ ဤကား အထက်ပါ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၏ ဆိုလိုရင်းတည်း။ (ဝိသုဒ္ဓိ၊၂၊၂၇၉။ မဟာဋီ၊၂၊၄၄၂။)

အာရမ္မဏအနွယေန၊ ဥဘော ဧကဝဝတ္ထနာ။

နိရောဓေ အဓိမုတ္တတာ၊ ဝယလက္ခဏဝိပဿနာ။ (ပဋိသံ၊၅၆။)

အာရမ္မဏအနွယေန = လက်ငင်းမျက်မှောက် သိမြင်အပ်သော ဒိဋ္ဌဖြစ်သော အာရုံကို အစဉ်လျှောက်သဖြင့်။ ဥဘော = ဒိဋ္ဌ-အဒိဋ္ဌ အာရုံ နှစ်မျိုးတို့ကို။ ဧကဝဝတ္ထနာ = ခဏဘင်ဟူသော တစ်ခုတည်းသော သဘော အားဖြင့် ပိုင်းခြားမှတ်သားခြင်းလည်းကောင်း။ နိရောဓေ = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ချုပ်ပျက်ခြင်း ခဏိကနိရောဓ၌။ အဓိမုတ္တတာ = ညွတ်ကိုင်းရှိုင်းသော အဖြစ်လည်းကောင်း။ ဧသာ = ဤသည်ကား။ ဝယလက္ခဏဝိပဿနာ = သင်္ခါရတရားတို့၏ ပျက်ခြင်း ဝယလက္ခဏာကို ရှုသော ဝိပဿနာ မည်၏။

အာရမ္မဏအနွယေန ဥဘော ဧကဝဝတ္ထနာတိ ပစ္စက္ခတော ဒိဋ္ဌဿ အာရမ္မဏဿ အနွယေန အနုဂမနေန ယထာ ဣဒံ၊ တထာ အတီတေပိ သင်္ခါရဂတံ ဘိဇ္ဇိတ္ထ၊ အနာဂတေပိ ဘိဇ္ဇိဿတီတိ ဧဝံ ဥဘိန္နံ ဧကသဘာဝေနေဝ ဝဝတ္ထာပနန္တိ အတ္ထော။

ဝုတ္တမ္ပိ စေတံ ပေါရာဏေဟိ ---

သံဝိဇ္ဇမာနမှိ ဝိသုဒ္ဓဒဿနော၊

တဒနွယံ နေတိ အတီတနာဂတေ။

သဗ္ဗေပိ သင်္ခါရဂတာ ပလောကိနော၊

ဥဿာဝဗိန္ဒူ သူရိယေဝ ဥဂ္ဂတေတိ။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)

ဥဘောတိ ဒိဋ္ဌာဒိဋ္ဌဘာဝေန ဒွေပိ အာရမ္မဏာနိ။ ဧကဝဝတ္ထနာတိ ခဏဘင်္ဂုရတာယ သမာနာတိ ဝဝတ္ထာပနာ။ ။ သံဝိဇ္ဇမာနမှီတိ ပစ္စက္ခတော ဥပလဗ္ဘမာနေ ပစ္စုပ္ပန္နေ။ ဝိသုဒ္ဓဒဿနောတိ ဘင်္ဂဒဿနဿ ပရိဗန္ဓဝိဓမနေန ဝိသုဒ္ဓဉာဏော၊ သုဝိသုဒ္ဓဘင်္ဂဒဿနောတိ အတ္ထော။ တဒနွယံ နေတီတိ တဿ ပစ္စုပ္ပန္နသင်္ခါရဘင်္ဂဒဿိနော ဉာဏဿ အနွယံ အနုဂတဘူတံ ဉာဏံ ပဝတ္တေတိ။ ကတ္ထ ပန ပဝတ္တေတီတိ အာဟ အတီတနာဂတေတိ။ အတီတေ, အနာဂတေ စ သင်္ခါရဂတေ။ သဗ္ဗေပီတိအာဒိ တဿ ပဝတ္တနာကာရဒဿနံ။ (မဟာဋီ၊၂၊၄၄၃။)

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

အာရမ္မဏအနွယေန ဥဘော ဧကဝဝတ္ထနာ --- ပစ္စက္ခအားဖြင့် (= ပစ္စက္ခဉာဏ်ဖြင့်) ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အပ်ပြီးသော ရှုမြင်အပ်ပြီးသော ဉာတအမည်ရသော ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရား, ဉာဏအမည်ရသော (လောကီမဂ္ဂသစ္စာတရားတည်းဟူသော) ဝိပဿနာဉာဏ် --- ဤ ဉာတဉာဏအမည်ရသော သင်္ခါရအာရုံကို အစဉ်လျှောက်သဖြင့်, ဘင်္ဂါနုပဿနာဉာဏ်ဖြင့် လက်ငင်းဒိဋ္ဌ သိမြင်အပ်သော ဤပစ္စုပ္ပန္နဓမ္မ သင်္ခါရတရားသည် ပျက်သကဲ့သို့ ထို့အတူ အတိတ်၌လည်း သင်္ခါရတရားအပေါင်းသည် ပျက်ခဲ့ပြီ၊ နောင်အနာဂတ်၌လည်း ပျက်လတ္တံ့ဟု --- ဝိပဿနာဉာဏ်ဖြင့် ရှုမြင်အပ်ပြီးသော ဒိဋ္ဌအာရုံ, ဝိပဿနာဉာဏ်ဖြင့် မရှုမြင်အပ်သေးသော အဒိဋ္ဌအာရုံဟူသော နှစ်ပါးကုန်သော အာရုံတို့ကို ဤခဏဘင်အားဖြင့် ခဏမစဲ တသဲသဲ ပျက်ခြင်းဟူသော တူသောသဘောအားဖြင့်သာလျှင် ကောင်းစွာ မှတ်သားခြင်းကို ပြုလုပ်အပ်ပေသည်။ ဤကား ဆိုလိုရင်း အနက်သဘောတည်း။ မှန်ပေသည် --- ရှေးရှေးအဋ္ဌကထာဆရာတော်တို့သည် ဤစကားကို မိန့်ဆိုတော်မူကြကုန်၏။ ---

သံဝိဇ္ဇမာနမှိ ။ ပ ။ ဥဂ္ဂတေ ။ (အထက်တွင် ကြည့်ပါ။)

သံဝိဇ္ဇမာနမှိ = ပစ္စက္ခအားဖြင့်, ရအပ်သော ပစ္စက္ခဉာဏ်ဖြင့် သိမြင်အပ်သော ပစ္စုပ္ပန္နဓမ္မ သင်္ခါရတရားအပေါင်း၌ (= ဒိဋ္ဌတရားဟူလိုသည်)။ ဝိသုဒ္ဓဒဿနော = အထူးသဖြင့် စင်ကြယ်သော, သင်္ခါရတရားတို့၏ ဘင်ကို ရှုသော ဘင်္ဂါနုပဿနာဉာဏ်အမြင်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်။ တဒနွယံ = ထိုပစ္စုပ္ပန္နဓမ္မ သင်္ခါရတရား၏ ပျက်ခြင်းဘင်ကို ရှုသော ဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်သော ဝိပဿနာဉာဏ်ကို။ အတီတေ = အတိတ် ဖြစ်သော သင်္ခါရတရား၌ လည်းကောင်း။ အနာဂတေ = အနာဂတ် ဖြစ်သော သင်္ခါရတရား၌လည်းကောင်း။ နေတိ = ဆောင်၏ = ဖြစ်စေ၏။ သဗ္ဗေပိ = ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။ သင်္ခါရဂတာ = အတိတ်သင်္ခါရ အနာဂတ်သင်္ခါရ ပစ္စုပ္ပန်သင်္ခါရ တရားအပေါင်းတို့သည်။ ပလောကိနော = ပျက်ခြင်းသဘော ရှိကုန်၏။ ကိမိဝ = အဘယ်ကဲ့သို့နည်းဟူမူကား --- သူရိယေ = နေသည်။ ဥဂ္ဂတေ = တက်လတ်သည် ရှိသော်။ ဥဿာဝဗိန္ဒု = ဆီးနှင်းပေါက်သည်။ ပလောကတိဣဝ = ပျောက်ပျက်သကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)

= ပစ္စက္ခအားဖြင့် ရအပ်သော ပစ္စက္ခဉာဏ်ဖြင့် သိမြင်အပ်သော ဒိဋ္ဌအမည်ရသော ပစ္စုပ္ပန္နဓမ္မ သင်္ခါရတရားအပေါင်း၌ ပျက်ခြင်းဘင်ကို ရှုသော အထူးသဖြင့် စင်ကြယ်သော ဘင်္ဂါနုပဿနာဉာဏ်အမြင်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုပစ္စုပ္ပန္နဓမ္မ သင်္ခါရတရား၏ ဘင်ကို ရှုသော ဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လိုက်၍ ဖြစ်သော ဝိပဿနာဉာဏ်ကို အတိတ်သင်္ခါရတရား အနာဂတ်သင်္ခါရတရား၌ နည်းကို ဆောင်၏၊ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏။ ကြွင်းမဲ့ဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော အတိတ် အနာဂတ် ပစ္စုပ္ပန် သင်္ခါရတရား မှန်သမျှတို့သည် ပျက်ခြင်းသဘော ရှိကုန်၏။ အဘယ်ကဲ့သို့နည်းဟူမူကား ---- နေခြည်ထိပျောက် ဆီးနှင်းပေါက် ကဲ့သို့တည်း။ (ဝိသုဒ္ဓိ၊၂၊၂၈၀။ မဟာဋီ၊၂၊၄၄၃။)

နိရောဓေ အဓိမုတ္တတာ = ခဏနိရောဓ၌ ညွတ်ကိုင်းရှိုင်းမှု

နိရောဓေ အဓိမုတ္တတာ = ခဏနိရောဓ၌ ညွတ်ကိုင်းရှိုင်းမှု

နိရောဓေ အဓိမုတ္တတာတိ ဧဝံ ဥဘိန္နံ ဘင်္ဂဝသေန ဧကဝဝတ္ထာနံ ကတွာ တသ္မိညေဝ ဘင်္ဂသင်္ခါတေ နိရောဓေ အဓိမုတ္တတာ တဂ္ဂရုတာ တန္နိန္နတာ တပ္ပေါဏတာ တပ္ပဗ္ဘာရတာတိ အတ္ထော။ ဝယလက္ခဏဝိပဿနာတိ ဧသာ ဝယလက္ခဏဝိပဿနာ နာမာတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၈၀။)

ဘင်္ဂသင်္ခါတေ နိရောဓေ၊ န နိဗ္ဗာနသင်္ခါတေတိ အဓိပ္ပါယော။ ဧသာတိ ယာ အာရမ္မဏနွယေန ဥဘော ဒိဋ္ဌာဒိဋ္ဌေ ခဏဘင်္ဂုရတာယ ဧကဘာဝေန ဝဝတ္ထာပနာ၊ ဧသာ ဝယလက္ခဏေ ဝိပရိဏာမလက္ခဏေ ဝိပဿနာ ဘင်္ဂါနုပဿနာတိ အတ္ထော။ (မဟာဋီ၊၂၊၄၄၃။)

= နိရောဓေ အဓိမုတ္တတာ = ခဏနိရောဓ၌ ညွတ်ကိုင်းရှိုင်းမှု ဟူသည်ကား --- ဤသို့လျှင် ဒိဋ္ဌသင်္ခါရ အဒိဋ္ဌသင်္ခါရအားဖြင့် နှစ်မျိုးကုန်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့၏ ခဏမစဲ တသဲသဲ ပျက်နေသော ခဏဘင်၏ အစွမ်းအားဖြင့် တူမျှကုန်၏ - ဟု ပိုင်းခြားမှတ်သားခြင်းကို ပြု၍ သင်္ခါရတရားတို့၏ ဘင် ဟု ဆိုအပ်သော ထိုချုပ်ခြင်း ခဏနိရောဓ၌သာလျှင် နှလုံးသွင်းသည်၏အဖြစ်သည် ထိုခဏနိရောဓ၌သာလျှင် အလေးပြုသည်၏အဖြစ်သည် ထိုခဏနိရောဓ၌သာလျှင် ညွတ်သည်၏အဖြစ်သည် ထိုခဏနိရောဓသို့သာလျှင် ရှိုင်းသည်၏အဖြစ်သည် နိရောဓေ အဓိမုတ္တတာ = နိရောဓ၌ နှလုံးသွင်းမှု မည်၏။ ဤသို့ ပစ္စက္ခအားဖြင့် ရှုမြင်အပ်သည့် = ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်အပ်သည့် သင်္ခါရအာရုံသို့ အစဉ်လျှောက်သဖြင့် နှစ်ပါးကုန်သော ဒိဋ္ဌအာရုံ အဒိဋ္ဌအာရုံတို့ကို ခဏဘင်အားဖြင့် တူသည်၏အဖြစ်ဖြင့် ပိုင်းခြားမှတ်သားခြင်းသည် ပျက်ခြင်းဟု ဆိုအပ်သော ဝယလက္ခဏာကို ရှုသော ဝယလက္ခဏာနုပဿနာ = ဘင်္ဂါနုပဿနာ မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၈၀။ မဟာဋီ၊၂၊၄၄၃။)

ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံအာရုံတရားများ

ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံအာရုံတရားများ

ယင်းဘင်္ဂါနုပဿနာဉာဏ်ဖြင့် ပစ္စက္ခအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် တရားများကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးတွင် ဤသို့ ဟောကြားထားတော်မူ၏။

ကထံ အာရမ္မဏံ ပဋိသင်္ခါ ဘင်္ဂါနုပဿနေ ပညာ ဝိပဿနေ ဉာဏံ --- ရူပါရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ၊ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။ ပ ။

ဝေဒနာရမ္မဏတာ။ ပ ။ သညာရမ္မဏတာ။ သင်္ခါရာရမ္မဏတာ။ ဝိညာဏာရမ္မဏတာ။ ။ စက္ခု။ ပ ။ဇရာမရဏာရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ၊ တံ အာရမ္မဏံ ပဋိသင်္ခါ တဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ။ (ပဋိသံ၊၅၅။)

= ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် စသော သင်္ခါရအာရုံကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့်သာလျှင် ဆင်ခြင်၍ = ဝိပဿနာ ရှုပွားသုံးသပ်၍, ထိုသို့ ရှုနေသော ဝိပဿနာစိတ်၏ ပျက်ခြင်း ဘင်ကို တစ်ဖန်ပြန်၍ အဖန်တလဲလဲ ရှုတတ်သော အပြားအားဖြင့် သိတတ်သော ပညာသည် ရှိ၏။ ဤပညာကို ဝိပဿနာဉာဏ် = ဘင်္ဂါနုပဿနာဉာဏ် ဟူ၍ ဆိုအပ်၏။ ထိုဉာဏ်သည် အဘယ်သို့ ဖြစ်သနည်း။

ရုပ်တရားလျှင် အာရုံရှိသော ဝိပဿနာစိတ်သည် ဖြစ်ပြီးလျှင် ပျက်၏။ ထိုရုပ်တရားတည်းဟူသော အာရုံကို ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် မြင်၍, ထို ခယ-ဝယ သဘောအားဖြင့် သိသော ဝိပဿနာစိတ်၏ ပျက်ခြင်း ဘင်ကို နောက်ဝိပဿနာစိတ်ဖြင့် အဖန်တလဲလဲ ဝိပဿနာရှု၏။ ပ ။ (ပဋိသံ၊၅၅။)

ဉာတ တရား နှင့် ဉာဏ တရား

ဉာတ တရား နှင့် ဉာဏ တရား

ဤ ဘင်္ဂါနုပဿနာဉာဏ်ပိုင်းဝယ် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ တရားများကို -- ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် တရားဖြစ်၍ ဉာတ တရားဟု ဆိုအပ်၏။ ယင်း ဉာတတရားတို့မှာ ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, အဝိဇ္ဇာမှသည် ဇရာမရဏသို့တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ပါးတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုတတ်သော ဝိပဿနာဉာဏ် = ဝိပဿနာစိတ်- မှာ ဉာဏ တရားတည်း။

ယင်း ဉာတတရားတို့၏ အပျက် ဘင်ကို အာရုံယူ၍လည်း လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုရ၏။ ယင်းသို့ ဝိပဿနာရှုနေသော ဉာဏ် = ဝိပဿနာရှုနေသော စိတ်ကိုလည်း, ယင်း စိတ်၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ နောက်ဝိပဿနာစိတ်ဖြင့် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုရ၏။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာဆရာတော်တို့က ---

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။ ပဋိသံ၊ဋ္ဌ၊၁၊၂၃၉။)

ဉာတတရား ဉာဏတရား - ဤ နှစ်မျိုးလုံးကိုပင် ဝိပဿနာ ရှုပါ - ဟု ညွှန်ကြားထားတော်မူကြ၏။ ယင်းသို့ ညွှန်ကြားထားတော်မူသော ဉာတတရား ဉာဏတရား နှစ်မျိုးလုံးကား ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံ သင်္ခါရတရားတို့ ဖြစ်ကြ၏။ ဘင်္ဂါနုပဿနာဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်အပ်သော ဒိဋ္ဌသင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်း ဒိဋ္ဌတရားတို့တွင် - အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့လည်း ပါဝင်ကြသည်ကိုလည်း သတိပြုပါလေ။

ဤ၌ ဇာတိ ဇရာမရဏ - တို့အရ --- ဇာတိဇရာမရဏဝန္တာနံ ခန္ဓာနံ ဝသေန ပရိယာယေန ဝုတ္တာနိ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၂။) ဇရာမရဏသီသေန စေတ္ထ ဇရာမရဏဝန္တောဝ ဓမ္မာ ဂဟိတာ။ (သံ၊ဋီ၊၂၊၇၈။) ဟူသော အဋ္ဌကထာ ဋီကာအဖွင့်များနှင့် အညီ ဇာတိ ဇရာမရဏ သဘောတရား ထင်ရှားရှိကြကုန်သော ခန္ဓာတို့ကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

စိတ္တန္တိ စေတ္ထ သသမ္ပယုတ္တစိတ္တံ အဓိပ္ပေတံ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၉။)

ဤအရာဝယ် ေ့ရှဝိပဿနာစိတ်၏ ဘင်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ ထိုသို့ ညွှန်ကြားထားတော်မူရာ၌ စိတ်-အရ ယှဉ်ဖက် သမ္ပယုတ်စေတသိက်တရားများနှင့်တကွသော ဝိပဿနာစိတ်ကို အလိုရှိအပ်ပေသည်။ ယှဉ်ဖက် သမ္ပယုတ် စေတသိက်များနှင့် အတူတကွသော ဝိပဿနာစိတ်ဟူသည် သေက္ခအရိယာ သူတော်ကောင်းများနှင့် ပုထုဇန် သူတော်ကောင်းတို့၏ သန္တာန်၌ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြသည်။

ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ဝိပဿနာ ရှုလိုပါက ဉာတ - ဉာဏ တရားနှစ်မျိုးလုံးကိုပင် ဝိပဿနာ ရှုရမည် ဖြစ်သည်။

အဓွန့်ကာလသုံးပါးဖြင့် ပိုင်းခြားထားအပ်သော အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကား ဉာတ တရားစုတို့ပင်တည်း။ ယင်း ဉာတတရားတို့၏ ပျက်ခြင်း ဘင်ကို အာရုံပြု၍ လက္ခဏာယာဉ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ် (= ဘင်္ဂါနုပဿနာဉာဏ်) ကား (= ပုထုဇန်နှင့် သေက္ခများအတွက် မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်ကား ) ဉာဏတရားတည်း။ ယင်း ဉာဏ တရားကို, ယင်း ဉာဏ တရား၏ အပျက်ကိုပင် အာရုံပြု၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုတတ်သော ဉာဏ်ကား ဘင်္ဂါနုပဿနာ ဉာဏ်ပင်တည်း။ ယင်း ဉာတ တရား ဉာဏ တရား နှစ်မျိုးလုံးကား ဘင်္ဂါနုပဿနာဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော ဒိဋ္ဌသင်္ခါရတရားစုတည်း။ ယင်း ဒိဋ္ဌသင်္ခါရတရားစုကို ဘင်္ဂါနုပဿနာဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ထွင်းဖောက်သိမြင်ပြီးသောအခါမှ ထို ဘင်္ဂါနုပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်ဖြင့် အဒိဋ္ဌဖြစ်သည့် အတိတ် အနာဂတ် သင်္ခါရတရားစုကိုလည်း ၎င်းင်းနည်းဟု နည်းကိုဆောင်၍ ဝိပဿနာရှုရမည် ဖြစ်ပေသည်။ ယင်း အနွယဉာဏ်ကား ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်ပင်တည်း။

ယခုတစ်ဖန် ဆက်လက်၍ အထက်တွင် ဦးတည်၍ ရှင်းလင်းတင်ပြနေသော ဥပနိသသုတ္တန်၌ ဟောကြားထားတော်မူအပ်သော ဣတိ ရူပဿ အတ္ထင်္ဂမော - စသော ရှုကွက်ကို တင်ပြပေအံ့။

ဣတိ ရူပဿ အတ္ထင်္ဂမော ။ ပ ။ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော

ဣတိ ရူပဿ အတ္ထင်္ဂမော ။ ပ ။ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော

ဣတိ ရူပဿ အတ္ထင်္ဂမောတိ ဧဝံ အဝိဇ္ဇာနိရောဓာဒိဝသေန ပဉ္စဟာကာရေဟိ ရူပဿ အတ္ထင်္ဂမော။ ဝေဒနာဒီသုပိ ဧသေဝ နယော။ အယမေတ္ထ သင်္ခေပေါ ၊ ဝိတ္ထာရော ပန ဝိသုဒ္ဓိမဂ္ဂေ ဥဒယဗ္ဗယဉာဏကထာယ ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၃၇၃။)

၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ၊

၂။ တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ၊

၃။ ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ၊

၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ၊

၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။

ရူပက္ခန္ဓဿ ဝယံ ပဿန္တောပိ ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၃။) (ဝိသုဒ္ဓိ၊၂၊၂၆၆။)

ဤဒေသနာတော်များနှင့် အညီ ရှုကွက်အတိုချုပ်မှာ ဤသို့ ဖြစ်၏။ ----

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ် ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)

၂။ တဏှာ ချုပ်ခြင်းကြောင့် ရုပ် ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)

၃။ ကံ ချုပ်ခြင်းကြောင့် ရုပ် ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)

၄။ အာဟာရ ချုပ်ခြင်းကြောင့် ရုပ် ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)

၅။ ရုပ်၏ ချုပ်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)

အနုပ္ပါဒနိရောဓ

အနုပ္ပါဒနိရောဓ

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အနာဂတဘဝဿ ပစ္စယဘူတာယ ဣမသ္မိံ ဘဝေ အဝိဇ္ဇာယ အရဟတ္တမဂ္ဂဉာဏေန နိရောဓေ ကတေ ပစ္စယာဘာဝါ အနာဂတဿ ရူပဿ အနုပ္ပါဒေါ နိရောဓော ဟောတီတိ အတ္ထော။ ပစ္စယနိရောဓဋ္ဌေနာတိ ပစ္စယဿ နိရုဒ္ဓဘာဝေနာတိ အတ္ထော။ နိရောဓော စေတ္ထ အနာဂတပဋိသန္ဓိပစ္စယာနံ ဣဓ အဝိဇ္ဇာတဏှာကမ္မာနံယေဝ နိရောဓော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ ပစ္စယနိရောဓဋ္ဌေနာတိ အဝိဇ္ဇာသင်္ခါတဿ အနာဂတေ ဥပ္ပဇ္ဇနကရူပပစ္စယဿ နိရုဒ္ဓဘာဝေန။ တဏှာနိရောဓာ ကမ္မနိရောဓာတိ ဧတ္ထာပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၄၂၁။)

သံသရာတစ်လျှောက်ဝယ် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင်- ဟူသော သက်တမ်းစေ့သဖြင့် ဘင်ကာလသို့ ရောက်ခိုက် ချုပ်ပျက်၍ သွားခြင်းကား အကြောင်းမကုန်သေးက နောင်တစ်ဖန် ဖြစ်ခွင့် ရှိနေသေးသော ချုပ်ခြင်း ဖြစ်သောကြောင့် ယင်း သင်္ခါရတို့၏ ဘင်ကာလ၌ ချုပ်ပျက်ခြင်းကို ဥပ္ပါဒနိရောဓဟု ခေါ်ဆို၏။

အရဟတ္တမဂ်သို့ ဆိုက်ရောက်သောအခါ ယင်းအရဟတ္တမဂ်ကြောင့်, အရဟတ္တမဂ်က သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်သဖြင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏။ အနုပ္ပါဒနိရောဓတည်း။ အကယ်၍ အရဟတ္တမဂ်ဉာဏ်က မပေါ်ပေါက်ခဲ့၍ ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့သည် မချုပ်ငြိမ်းခဲ့လျှင် ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့သည် နောင်တစ်ဖန် ဘဝသစ်ဟူသော အနာဂတ် ပဋိသန္ဓေ၏ အကြောင်းရင်းတရားတို့ ဖြစ်ကြ၏။

သို့သော် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တစ်ဦးသည် အရဟတ္တမဂ်သို့ဆိုက်အောင် ကြိုးပမ်းလိုက်သောအခါ အရဟတ္တမဂ်ကြောင့် ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့သည် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏။ အနုပ္ပါဒနိရောဓတည်း။ ယင်းသို့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသောအခါ နောင်အနာဂတ်ပဋိသန္ဓေဟူသော ရုပ်နာမ်တို့သည်လည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွားကြ၏။ အနုပ္ပါဒနိရောဓပင်တည်း။

အလားတူပင် ပဝတ္တိပစ္စယ အမည်ရသော စိတ်-ဥတု-အာဟာရ စသော အကြောင်းတရားတို့၏လည်း နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းတည်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသောအခါ နောင်အနာဂတ်တွင် (ဆိုင်ရာ အကြောင်းတရားများ မချုပ်သေးပါက ဖြစ်ခွင့်ရှိကြသော)စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် စသည်တို့သည်လည်း ချုပ်ငြိမ်းသွားကြကုန်၏။ အနုပ္ပါဒနိရောဓပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် နောင်အနာဂတ် ပဋိသန္ဓေ စသော အကျိုးခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် မြင်အောင်ရှုရမည် ဖြစ်သည်။ ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ခဏမစဲ တသဲသဲ ပျက်နေသည့် ခဏဘင်တည်း ဟူသော ဥပ္ပါဒနိရောဓကိုလည်း အလားတူပင် သိအောင် မြင်အောင် ရှုရမည် ဖြစ်သည်။

အကယ်၍ ဤဥဒယဗ္ဗယာနုပဿနာဉာဏ်ကို ရရှိအောင်အားသစ်နေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ပုထုဇန် အဆင့်တွင်သာ တည်ရှိနေသေးသည် ဖြစ်ပါက ယင်း အရဟတ္တမဂ်ကို ရမည့်အချိန်မှာ ဤဘဝ အနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မည်။ ဃဋိကာရဗြဟ္မာကြီးတို့ကဲ့သို့ အနာဂတ်ဘဝသော်လည်း ဖြစ်ချင်ဖြစ်မည်။ ဤဘဝ၌ အရဟတ္တမဂ်ကို ဧကန်ရမည့် ပစ္ဆိမဘဝိကအစစ် ဖြစ်အံ့၊ ယင်း အရဟတ္တမဂ်ကို ရမည့်အချိန်မှာ ဤဘဝ အနာဂတ်ပင်ဖြစ်၏။ အနာဂတ်ဘဝတစ်ခုခုတွင်မှ အရဟတ္တမဂ်ကို ရမည်ဧကန် မှန်ပါက ယင်း အရဟတ္တမဂ်ကို ရရှိမည့်အချိန်မှာ နောင်အနာဂတ်ဘဝတစ်ခုခုပင် ဖြစ်သည်။

ယင်းသို့ အနာဂတ်ဝယ် အရဟတ္တမဂ်ကို ရမည့်အချိန်၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသောအခါ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်ဝယ် အနာဂတ် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ရှုရာ၌ ပစ္စက္ခဉာဏ်ဖြင့် ရှုရမည်လော၊ အနွယဉာဏ်ဖြင့် ရှုရမည်လောဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။ ---

ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (သံ၊ဋ္ဌ၊၂၊၄၉။)

ဇာနတောတိ ဝါ ဝတွာ န ဇာနနံ အနုဿဝါကာရပရိဝိတက္ကမတ္တဝသေန ဣဓာဓိပ္ပေတံ၊ အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ပဿတောတိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ၊ဋီ၊၂၊၆၃။)

မျက်စိအမြင်ရှိသော ယောက်ျားသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံအမျိုးမျိုးတို့ကို တွေ့မြင်ရသကဲ့သို့, ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်းဟူသော ဝိပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရှုနေသော ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်လင်းရောင်ခြည်ကြောင့် ဟင်းလင်းပွင့်နေ သော ---

၁။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တည်းဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း,

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပုံ သမုဒယသဘောကိုလည်းကောင်း, ယင်း ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း နိဗ္ဗတ္တိ လက္ခဏာကိုလည်းကောင်း,

၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် အနာဂတ် ဥပါဒါနက္ခန္ဓာတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံ အတ္ထင်္ဂမသဘောကိုလည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ပျက်ခြင်း ဘင်ဟူသော ဝိပရိဏာမလက္ခဏာကို်လည်းကောင်း,

ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိမြင်အောင်ရှု၏။ ယင်းကဲ့ သို့သော သိမြင်ခြင်းမျိုးကို သာလျှင် ထင်ရှားပြတော်မူခြင်းငှာ ဘုရားရှင်က --- ဇာနတော - ဟု ဟောတော် မူပြီးလျက်လည်း --- ပဿတော - ဟု ထပ်မံ၍ ဟောတော်မူရပြန်ပေသည်။ (သံ၊ဋ္ဌ၊၂၊၄၉။ သံ၊ဋီ၊၂၊၆၃။)

ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။ (သံ၊၂၊၂၆၇။ ဥပနိသသုတ္တန်)

= ရဟန်းတို့ ...ဤသို့ သိသသူအားသာလျှင် ဤသို့ မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်သည် ဖြစ်ပေါ်လာ၏။ (သံ၊၂၊၂၆၇။)

ဤ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် အညီ - ဣတိ ရူပဿ အတ္ထင်္ဂမော။ ပ ။ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော - ဟူသော ရှုကွက်များမှာ ရှေးဦးစွာ ပစ္စက္ခဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရမည့် ရှုကွက်များပင် ဖြစ်ကြသည်။ သို့သော် ---

န ဇာနနံ အနုဿဝါကာရပရိဝိတက္ကမတ္တဝသေန ဣဓာဓိပ္ပေတံ။ (သံ၊ဋီ၊၂၊၆၃။)

ဆရာ့အပြောနှင့် အလွမ်းကြီး လွမ်းနေရသည့် အနုဿဝ အသိမျိုးကိုလည်းကောင်း, ဤသို့ကား ဖြစ်လေ တန်ရာ၏ ဤသို့ကား ဖြစ်လေတန်ရာ၏ဟု အခြင်းအရာ အာကာရကို ထက်ဝန်းကျင်ကြံဆခြင်း = အာကာရ ပရိဝိတက္က = အတွေးအခေါ်မျှ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အသိမျိုးကိုလည်းကောင်း ဤအရာ၌ကား အလို မရှိအပ်ပေ။ (သံ၊ဋီ၊၂၊၆၃။)

သို့သော် --- ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ၊၂၊၄၂၃) ဟူသော မဟာဋီကာနှင့် အညီ ပစ္စုပ္ပန္နဓမ္မ ဖြစ်သည့် ဥပါဒါနက္ခန္ဓာတို့ကို လည်းကောင်း, ယင်းတို့၏ သမုဒယ သဘော, အတ္ထင်္ဂမသဘောတို့ကိုလည်းကောင်း ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်ပြီးသော အခါ၌မူကား အတိတ်အနာဂတ် သင်္ခါရတရား၌လည်း ၎င်းင်းနည်းဟု နည်းကိုဆောင်၍ အနွယဉာဏ် ဖြင့်လည်း ရှုနိုင်ပေသည်။ သို့သော် ---

၁။ ပစ္စုပ္ပန္နဓမ္မဖြစ်သည့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်းကောင်း,

၂။ ယင်းတို့၏ သမုဒယသဘောကိုလည်းကောင်း,

၃။ ယင်းတို့၏ အတ္ထင်္ဂမသဘောကိုလည်းကောင်း,

ဥဒယဗ္ဗယာနုပဿနာဉာဏ်တည်း ဟူသော ပစ္စက္ခဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရာ၌ကား အတိတ် အနာဂတ်နှင့် မကင်းနိုင်သည်ကိုကား သတိပြုလေရာသည်။

ဤတွင် ဥပနိသသုတ္တန် ကောက်နုတ်ချက် ပြီး၏။

ယခုတစ်ဖန် ဆက်လက်၍ (ခုဒ္ဒကနိကာယ ဣတိဝုတ္တကပါဠိတော်၌ လာရှိသော) အာသဝက္ခယသုတ္တန် စသည့် ထိုထိုသုတ္တန်တို့မှ ကောက်နုတ်ချက်များကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

အာသဝက္ခယသုတ္တန် ကောက်နုတ်ချက်

အာသဝက္ခယသုတ္တန် ကောက်နုတ်ချက်

ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော နော အပဿတော။ ကိဉ္စ ဘိက္ခဝေ ဇာနတော ကိံ ပဿတော အာသဝါနံ ခယော ဟောတိ? --- ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။ (ခု၊၁၊၂၆၅။ ဣတိဝုတ္တက။)

= ရဟန်းတို့ ...သိသသူအားသာလျှင် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းကို ငါဘုရားရှင်သည် ဟောကြားတော်မူ၏။ မသိသသူအား မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းကို ငါဘုရားရှင်သည် ဟောကြားတော်မမူ။ (အဟံ အရိယမဂ္ဂါဓိဂမံ ဝဒါမီတိ ဝုတ္တံ ဟောတိ။ ဣတိဝုတ္တက၊ဋ္ဌ၊၃၁၁။)

ရဟန်းတို့ ...အဘယ်တရားကို သိသသူအားသာလျှင် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းသည် ဖြစ်လေသနည်း။ ---

၁။ ရဟန်းတို့ ...ဤကား ဒုက္ခအရိယသစ္စာတည်း ဟု သိသသူအားသာလျှင် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းသည် ဖြစ်၏။

၂။ ရဟန်းတို့ ...ဤကား ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတည်း ဟု သိသသူအားသာလျှင် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းသည် ဖြစ်၏။

၃။ ရဟန်းတို့ ...ဤကား ဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတည်း ဟု သိသသူအားသာလျှင် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းသည် ဖြစ်၏။

၄။ ရဟန်းတို့ ...ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် = မဂ္ဂအရိယသစ္စာတည်း ဟု သိသသူအားသာလျှင် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းသည် ဖြစ်၏။

ရဟန်းတို့ ...ဤသို့ သိသသူအားသာလျှင် ဤသို့ မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းသည် ဖြစ်၏။ (ခု၊၁၊၂၆၅။ ဣတိဝုတ္တက။)

အဋ္ဌကထာအဖွင့်များ - ပထမအဖွင့်

အဋ္ဌကထာအဖွင့်များ - ပထမအဖွင့်

ဇာနတောတိ ဇာနန္တဿ။ ပဿတောတိ ပဿန္တဿ။ ယဒိပိ ဣမာနိ ဒွေပိ ပဒါနိ ဧကတ္ထာနိ၊ ဗျဉ္ဇနမေဝ နာနံ၊ ဧဝံ သန္တေပိ ဇာနတောတိ ဉာဏလက္ခဏံ ဥပါဒါယ ပုဂ္ဂလံ နိဒ္ဒိသတိ။ ဇာနနလက္ခဏံ ဟိ ဉာဏံ။ ပဿတောတိ ဉာဏပ္ပဘာဝံ ဥပါဒါယ။ ဒဿနပ္ပဘာဝံ ဟိ ဥပါဒါယ ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ ပုဂ္ဂလော စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

ဇာနတော = သိသသူအားသာလျှင်, ပဿတော = မြင်သသူအားသာလျှင်။ (ဇာနတော ဧဝ ပဿတော ဧဝါတိ ဧဝမေတ္ထ နိယမော ဣစ္ဆိတော။ သံ၊ဋီ၊၂၊၆၄။)

ဤ နှစ်ပုဒ်တို့ကား သဒ္ဒါသာ ကွဲပြား၍ တူသောအနက် ရှိကြသော်လည်း --- ဇာနတော - ဟူသော ပုဒ်က အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း သဘောလက္ခဏာကို အစွဲပြု၍ သိတတ်သော ပုဂ္ဂိုလ်ကို ညွှန်ပြ၏။ မှန်ပေသည် --- သမ္မာဒိဋ္ဌိဉာဏ်သည် အာရုံ၏ သဘောမှန်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိခြင်း သဘောလက္ခဏာ ရှိ၏။

ပဿတော - ဟူသော ပုဒ်က အာရုံ၏ သဘောမှန်ကို မြင်တတ်သော ဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်ကို အစွဲပြု၍ မြင်တတ်သော ပုဂ္ဂိုလ်ကို ညွှန်ပြ၏။ မှန်ပေသည် --- သမ္မာဒိဋ္ဌိဉာဏ်သည် အာရုံ၏ သဘောမှန်ကို မြင်ခြင်း စွမ်းအားရှိန်စော် အာနုဘော် ရှိ၏။ မျက်စိအမြင် ရှိသော ပုဂ္ဂိုလ်သည် ရူပါရုံတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်သကဲ့သို့ သမ္မာဒိဋ္ဌိဉာဏ်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံ၏ သဘောမှန်ကို မြင်အောင် အရောင်အလင်းကို ထွန်းပြခြင်းကိစ္စရှိသော ဉာဏ်က ဖွင့်ပြအပ်သော သစ္စာလေးရပ်တရားမြတ်တို့ကို မြင်တတ်၏။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

အဋ္ဌကထာ - ဒုတိယအဖွင့်

အဋ္ဌကထာ - ဒုတိယအဖွင့်

အထ ဝါ ဇာနတောတိ အနုဗောဓဉာဏေန ဇာနတော။ ပဿတောတိ ပဋိဝေဓဉာဏေန ပဿတော။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

တစ်နည်း --- ဇာနတော - ဟူသည် အနုဗောဓဉာဏ်ဖြင့် သိသသူအားသာလျှင် ဟု ဆိုလို၏။ ပဿတော ဟူသည် ပဋိဝေဓဉာဏ်ဖြင့် သိသသူအားသာလျှင် ဟု ဆိုလို၏။

ဒုဝိဓံ ဟိ သစ္စဉာဏံ အနုဗောဓဉာဏံ ပဋိဝေဓဉာဏဉ္စ။ တတ္ထ အနုဗောဓဉာဏံ လောကိယံ အနုဿဝါဒိဝသေန နိရောဓေ မဂ္ဂေ စ ပဝတ္တတိ။ ပဋိဝေဓဉာဏံ လောကုတ္တရံ နိရောဓမာရမ္မဏံ ကတွာ ကိစ္စတော စတ္တာရိ သစ္စာနိ ပဋိဝိဇ္ဈတိ။ (ဝိသုဒ္ဓိ၊၂၊၁၄၂။)

ဒုဝိဓံ ဟိ သစ္စဉာဏံ လောကိယံ လောကုတ္တရဉ္စ။ လောကိကံ ဒုဝိဓံ အနုဗောဓဉာဏံ ပစ္စဝေက္ခဏဉာဏဉ္စ။ အနုဗောဓဉာဏံ အာဒိကမ္မိကဿ အနုဿဝါဒိဝသေန နိရောဓေ မဂ္ဂေ စ ပဝတ္တတိ၊ ဒုက္ခေ သမုဒယေ စ အာရမ္မဏကရဏဝသေန။ ပစ္စဝေက္ခဏဉာဏံ ပဋိဝိဒ္ဓသစ္စဿ စတူသုပိ သစ္စေသု အာရမ္မဏကရဏဝသေန။လောကုတ္တရံ ပဋိဝေဓဉာဏံ နိရောဓမာရမ္မဏံ ကတွာ စတ္တာရိ သစ္စာနိ ပဋိဝိဇ္ဈတိ။ (ပဋိသံ၊ဋ္ဌ၊၁၊၃၄၂။)

= သစ္စာလေးပါးကို ထိုးထွင်းသိတတ်သော သစ္စဉာဏ်သည် လောကီသစ္စဉာဏ် လောကုတ္တရာသစ္စဉာဏ်ဟု သစ္စဉာဏ် နှစ်မျိုးရှိ၏။ ထိုတွင် လောကီဖြစ်သော သစ္စဉာဏ်သည်လည်း အနုဗောဓဉာဏ် ပစ္စဝေက္ခဏဉာဏ်ဟု နှစ်မျိုးရှိ၏။ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အားသစ်စသာ ဖြစ်သော ပုထုဇန် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် လောကုတ္တရာသစ္စာ ဖြစ်ကြကုန်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်တည်းဟူသော နိရောဓ သစ္စာတရား၌လည်းကောင်း, ယင်းနိရောဓသစ္စာကို အာရုံယူတတ်သော အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော မဂ္ဂင် တရားကိုယ် (၈)ပါးတည်းဟူသော မဂ္ဂသစ္စာတရား၌လည်းကောင်း ---

၁။ အနုဿဝ = ဆရာသမားစသူတို့ထံမှ တစ်ဆင့်ကြား၍ သိခြင်း,

၂။ အာကာရပရိဝိတက္က = သေခြင်းတရားသည် ထင်ရှားရှိပါမူ မသေရာ အမြိုက်နိဗ္ဗာန်တရားသည် ထင်ရှား ရှိလေရာ၏ ဤသို့ စသည်ဖြင့် အခြင်းအရာ အာကာရကို ကြံဆခြင်းဖြင့် သိခြင်း,

၃။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိအနုဂတ = စူးစိုက်ကြည့်ရှု၍ နှစ်သက်ကျေနပ်၍ ယူအပ်သောအယူ = စဉ်းစားတွေးကြံ လက်ခံနှစ်သိမ့်သောအယူနောက်သို့ အစဉ်လိုက်သော သိခြင်း - ဟူသော

ဤသုံးမျိုးသော သိခြင်းမျိုးဖြင့်သာ ဖြစ်ပေါ်လာ၏ သိ၏။ ယင်း အသိမျိုးကိုလည်း အနုဗောဓဉာဏ် အနုဗောဓသိဟု ခေါ်ဆို၏။ (အနုမာနဉာဏ်တည်း။) သို့သော် ယင်းအနုဗောဓဉာဏ်သည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ကား အာရုံမျက်မှောက်ပြုသောအားဖြင့် ဖြစ်ပေါ်လာ၏ သိ၏။ (ပစ္စက္ခဉာဏ်တည်း။) ပစ္စဝေက္ခဏဉာဏ်သည်ကား သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီးသော အရိယာသူတော်ကောင်း၏ သန္တာန်၌ သစ္စာလေးပါးလုံးတို့၌ပင် အာရုံမျက်မှောက်ပြုသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ လောကုတ္တရာသစ္စဉာဏ် ဖြစ်သော ပဋိဝေဓဉာဏ်သည်ကား အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသည့် နိရောဓသစ္စာတရားကို အာရုံ ပြု၍ ကိစ္စအားဖြင့် သစ္စာလေးပါးတို့ကို ထိုးထွင်းသိ၏။ (ဝိသုဒ္ဓိ၊၂၊၁၄၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၂။)

ဧဝမဿ ပုဗ္ဗဘာဂေ ဒွီသု သစ္စေသု ဥဂ္ဂဟပရိပုစ္ဆာသဝနဓာရဏသမ္မသနပဋိဝေဓော ဟောတိ၊ ဒွီသု သဝနပဋိဝေဓောယေဝ။ အပရဘာဂေ တီသု ကိစ္စတော ပဋိဝေဓော ဟောတိ၊ နိရောဓေ အာရမ္မဏပဋိဝေဓော။ တတ္ထ သဗ္ဗမ္ပိ ပဋိဝေဓဉာဏံ လောကုတ္တရံ။ သဝနဓာရဏသမ္မသနဉာဏံ လောကိယံ ကာမာဝစရံ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

= ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အားသစ်စဖြစ်သော ပုထုဇန် ယောဂါဝစရရဟန်းတော်၏ သန္တာန်၌ အရိယမဂ်သို့ မဆိုက်မီ အရိယမဂ်၏ ေ့ရှအဖို့၌ ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့၌ ---

၁။ ဥဂ္ဂဟပဋိဝေဓ = ဒုက္ခသစ္စာ သမုဒယသစ္စာနှင့် ဆက်စပ်သော ပါဠိကို သင်ယူခြင်းအားဖြင့် ထိုးထွင်း၍ သိခြင်း,

၂။ ပရိပုစ္ဆာပဋိဝေဓ = ဒုက္ခသစ္စာ သမုဒယသစ္စာနှင့် ဆက်စပ်သော ပါဠိ၏ အဋ္ဌကထာအနက်ကို အဖန်ဖန် မေးမြန်းခြင်းအားဖြင့် ထိုးထွင်း၍ သိခြင်း,

၃။ သဝနပဋိဝေဓ = ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ကို ရိုသေစွာ နာယူခြင်းအားဖြင့် ထိုးထွင်း၍သိခြင်း,

၄။ ဓာရဏပဋိဝေဓ = ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို နှုတ်ငုံဆောင်ရွက် မှတ်သားခြင်းအားဖြင့် ထိုးထွင်း၍ သိခြင်း,

(ဤလေးမျိုးကား သင်သိ = ကြားသိတည်း။)

၅။ သမ္မသနပဋိဝေဓ = ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းအားဖြင့် ထိုးထွင်း၍ သိခြင်း, (ဝိပဿနာဉာဏ်အားလုံးတည်း။)

ဤပဋိဝေဓ ငါးမျိုးသည် ဖြစ်၏။ ယင်း ပဋိဝေဓကား လောကီ မဟာကုသိုလ် ကာမာဝစရတရားတည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်မျိုးတို့၌ကား ---

နိရောဓသစ္စံ ဣဋ္ဌံ ကန္တံ မနာပံ၊ မဂ္ဂသစ္စံ ဣဋ္ဌံ ကန္တံ မနာပံ။ (သံ၊ဋ္ဌ၊၃၊၁၆၀။)

=နိရောဓသစ္စာသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော တရားတည်း၊ မဂ္ဂသစ္စာသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်သော တရားတည်း ---

ဤသို့လျှင် သူတော်ကောင်းတို့ထံမှ နာယူရခြင်းအားဖြင့် ထိုးထွင်း၍ သိခြင်း = သဝနပဋိဝေဓ = သင်သိမျှသာလျှင် ဖြစ်၏။ (အရိယမဂ်သို့မဆိုက်မီ ေ့ရှပိုင်း = ပုဗ္ဗဘာဂပဋိပဒါပိုင်းတည်း။)

အရိယမဂ်၏ ဥပစာရခဏမှ နောက်အဖို့ဖြစ်သော အရိယမဂ်ခဏ၌ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ သုံးမျိုးတို့၌ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း ပရိညာကိစ္စ, သမုဒယသစ္စာကို ပယ်စွန့်ခြင်း ပဟာနကိစ္စ, မဂ္ဂသစ္စာကို ပွားများခြင်း ဘာဝနာကိစ္စဟူသော ကိစ္စအားဖြင့် ပရိညာပဋိဝေဓ, ပဟာနပဋိဝေဓ, ဘာဝနာပဋိဝေဓ ဟူသော ထိုးထွင်း၍ သိခြင်း ပဋိဝေဓသည် ဖြစ်၏။ အသင်္ခတဓာတ် နိဗ္ဗာန်ဟူသော နိရောဓသစ္စာ၌ အာရမ္မဏပဋိဝေဓ = အာရုံပြုသောအားဖြင့် ထိုးထွင်း၍ သိခြင်း = (သစ္ဆိကိရိယပဋိဝေဓ = မျက်မှောက်ပြုသောအားဖြင့် ထိုးထွင်း၍ သိခြင်း) သည် ဖြစ်၏။ ဤပဋိဝေဓဉာဏ် အားလုံးသည် လောကုတ္တရာတည်း။

ပဋိဝေဓဉာဏံ - အရ လောကုတ္တရာ အရိယမဂ်ကို အရကောက်ယူရာ၌ ယင်းပဋိဝေဓဉာဏံ - အရ ဥဂ္ဂဟပဋိဝေဓ, ပရိပုစ္ဆာပဋိဝေဓ, သဝနပဋိဝေဓ, ဓာရဏပဋိဝေဓ, သမ္မသနပဋိဝေဓဟူသော ပဋိဝေဓ ငါးမျိုးကို မကောက်ယူရ၊ လောကုတ္တရာ သက်သက်ဖြစ်သော ပရိညာပဋိဝေဓ, ပဟာနပဋိဝေဓ, ဘာဝနာပဋိဝေဓ, အာရမ္မဏပဋိဝေဓတို့ကိုသာ အရကောက်ယူရသည်။ ထိုကြောင့် ---- သဗ္ဗမ္ပိ ပဋိဝေဓဉာဏံ လောကုတ္တရံ = ပဋိဝေဓဉာဏ်အားလုံးသည် လောကုတ္တရာတည်းဟု ဆိုသည်။ (မူလဋီ၊၂၊၇၂။)

တစ်နည်း --- ဥဂ္ဂဟပဋိဝေဓ စသော (၅)မျိုးသော ပဋိဝေဓဉာဏ်သည် လောကုတ္တရာ ပဋိဝေဓဉာဏ်၏ အကြောင်းရင်း အခြေခံ ဖြစ်သောကြောင့် ဥဂ္ဂဟပဋိဝေဓ စသည်ကိုလည်း ဖလူပစာရအားဖြင့် ပဋိဝေဓဉာဏ်ဟုပင် ခေါ်နိုင်၏။ ဤအလို - သဗ္ဗမ္ပိ ပဋိဝေဓဉာဏံ - အရ ဥဂ္ဂဟပဋိဝေဓစသော ဉာဏ်တို့ကိုပါ ကောက်ယူနိုင်၏။ (မူလဋီ၊၂၊၇၂။)

အရိယသစ္စာလေးပါးတို့ကို အနုဗောဓဉာဏ်ဖြင့် သိသသူအားသာလျှင် ပဋိဝေဓဉာဏ်ဖြင့် မြင်သသူအား သာလျှင် အာသဝေါတရားတို့၏ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းကို ဘုရားရှင်ကဟောကြားထားတော်မူ၏။ အနုဗောဓဉာဏ်ဖြင့် မသိသသူအား ပဋိဝေဓဉာဏ်ဖြင့် မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းကို ဘုရားရှင်သည် ဟောကြားတော်မမူပေ။ ဤကား အထက်ပါ အဋ္ဌကထာအဖွင့်၏ ဆိုလိုရင်းတည်း။ တစ်ဖန် အဋ္ဌကထာဆရာတော်က နောက်တစ်နည်း ထပ်မံ၍ ဖွင့်ဆိုထားတော်မူပြန်သည်။

အဋ္ဌကထာ - တတိယအဖွင့်

အဋ္ဌကထာ - တတိယအဖွင့်

ပဋိလောမတော ဝါ ဒဿနမဂ္ဂေန ပဿတော၊ ဘာဝနာမဂ္ဂေန ဇာနတော။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

တစ်နည်း --- ပြောင်းပြန် ပဋိလောမအားဖြင့် - သောတာပတ္တိမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို မြင်သသူအားသာလျှင်, အထက်မဂ်သုံးပါးဖြင့် သစ္စာလေးပါးကို သိသသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း ကို ငါဘုရားရှင်သည် ဟောကြားတော်မူ၏၊ ယင်းသို့ မသိသသူအား မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကို ငါဘုရားရှင်သည် ဟောကြားတော်မမူ --- ဟု ဆိုလိုသည်။

အဋ္ဌကထာ စတုတ္ထအဖွင့် - ကေစိဝါဒ

အဋ္ဌကထာ စတုတ္ထအဖွင့် - ကေစိဝါဒ

ကေစိ ပန ဉာတတီရဏပဟာနပရိညာဟိ ဇာနတော၊ သိခါပတ္တဝိပဿနာယ ပဿတောတိ ဝဒန္တိ။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

ကေစိဆရာတို့ကား - ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာ ဟူသော ပရိညာသုံးမျိုးတို့ဖြင့် (လောကီသစ္စာလေးပါးကို) သိသသူအား, အထွတ်အထိပ်သို့ ရောက်ရှိသွားသော သိခါပတ္တဝိပဿနာဉာဏ်ဖြင့် (လောကီသစ္စာလေးပါးကို) မြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ဖိုလ်ကို ရရှိနိုင် ကြောင်းကို ဘုရားရှင် ဟောကြားတော်မူ၏ဟု ဖွင့်ဆိုတော်မူကြ၏။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

[မှတ်ချက် --- ပရိညာသုံးပါးအကြောင်းကို နောက်တွင် ဆက်လက်၍ တင်ပြပါမည်။ လောကီသစ္စာ လေးပါးကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ပုံကို ပဉ္စမတွဲ - ဝိပဿနာပိုင်း - ဥဒယဗ္ဗယဉာဏ်ခန်းတွင် ကြည့်ပါ။]

အဋ္ဌကထာ - ပဉ္စမအဖွင့်

အဋ္ဌကထာ - ပဉ္စမအဖွင့်

အထ ဝါ ဒုက္ခံ ပရိညာဘိသမယေန ဇာနတော၊ နိရောဓံ သစ္ဆိကိရိယာဘိသမယေန ပဿတော။ တဒုဘယေ စ သတိ ပဟာနဘာဝနာဘိသမယာ သိဒ္ဓါ ဧဝ ဟောန္တီတိ စတုသစ္စာဘိသမယော ဝုတ္တော ဟောတိ။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

တစ်နည်း --- ဒုက္ခသစ္စာကို ပရိညာဘိသမယဖြင့် သိသသူအားသာလျှင်, သမုဒယသစ္စာကို ပဟာနာဘိသမယဖြင့် သိသသူအားသာလျှင်, နိရောဓသစ္စာကို သစ္ဆိကိရိယာဘိသမယဖြင့် မြင်သသူအားသာလျှင်, မဂ္ဂသစ္စာကို ဘာဝနာဘိသမယဖြင့် မြင်သသူအားသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိခြင်းကို ငါဘုရားရှင်သည် ဟောကြားတော်မူ၏၊ ယင်းသို့ မသိသသူအား မမြင်သသူအား အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိနိုင်ကြောင်းကို ငါဘုရားရှင်သည် ဟောကြားတော်မမူဟု ဆိုလိုသည်။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

ခဒိရပတ္တသုတ္တန် နှင့် ကူဋာဂါရသုတ္တန် တရားတော် ကောက်နုတ်ချက်

ခဒိရပတ္တသုတ္တန် နှင့် ကူဋာဂါရသုတ္တန် တရားတော် ကောက်နုတ်ချက်

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။ သံ၊၃၊၃၈၃။)

အနဘိသမေစ္စာတိ ဉာဏေန အနဘိသမာဂန္တွာ။ အပ္ပဋိဝိဇ္ဈိတွာတိ အတ္ထော။ (သံ၊ဋ္ဌ၊၃၊၃၃၀။)

= ရဟန်းတို့ ...တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်က --- ငါသည် ဒုက္ခအရိယသစ္စာတရားကို မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ, ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ကောင်းမွန်စွာ ပြုလုပ်ပေအံ့ --- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းအရာမျိုးသည် မရှိသည်သာလျှင်တည်း။ (သံ၊၃၊၃၉၄။ သံ၊၃၊၃၈၃။)

ထိုသို့ မဖြစ်နိုင်ပုံကို ဘုရားရှင်က အောက်ဖော်ပြပါ ဥပမာနှင့် နှိုင်းယှဉ်၍ အောက်ပါအတိုင်း ဆက်လက် ဟောကြားထားတော်မူခဲ့၏။ ဆို်လိုရင်းမှာ ဤသို့ဖြစ်၏။

ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်က --- ငါသည် အိမ်၏ အောက်ပိုင်းအဆောက်အဦကို မပြုလုပ်ဘဲ အထက်ပိုင်း အဆောက်အဦကို တင်ပေအံ့ --- ဟု ပြောဆိုလာသည်ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်၏ ထိုပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်း မရှိသည်သာလျှင်တည်း။ ဤ ဥပမာ အတူပင် --- ငါသည် အရိယသစ္စာလေးပါးကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခကို ကောင်းကောင်းကြီး ကုန်ဆုံးသွားအောင် ပြုလုပ်ပြလိုက်မည် - ဟု ပုဂ္ဂိုလ်တစ်ယောက်က ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းသည် မရှိသည်သာတည်း။ (သံ၊၃၊၃၉၄။)

တစ်ဖန် သစ္စသံယုတ် ခဒိရပတ္တသုတ္တန် (သံ၊၃၊၃၈၃-၃၈၄။) ၌လည်း ဤသို့ ဟောကြားထားတော်မူ၏။

ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်က - ငါသည် ရှားရွက်တို့ကိုလည်းကောင်း, ထင်းရှူးရွက်တို့ကိုလည်း ကောင်း, ဇီးဖြူရွက်တို့ကိုလည်းကောင်း ဖက်ခွက် ပြုလုပ်၍ ရေကိုမူလည်း သယ်ဆောင်လာပေအံ့၊ နားဍောင်း ပြုလုပ်၍မူလည်း ပန်ဆင်ပြပေအံ့ --- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုပြောဆိုချက်သည် ပြောဆိုသည့် အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းသည် မရှိသကဲ့သို့ ဤဥပမာ အတူပင် ပုဂ္ဂိုလ်တစ်ယောက်က ငါသည် အရိယသစ္စာလေးပါးကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခကို ကောင်းကောင်းကြီး ကုန်ဆုံးသွားအောင် ပြုလုပ်ပြလိုက်မည်- ဟု ပုဂ္ဂိုလ်တစ်ယောက်က ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာ သော ထိုအကြောင်းသည် မရှိသည်သာတည်း။ (သံ၊၃၊၃၈၃-၃၈၄။)

တစ်ဖန် ဆက်လက်၍ ဟောကြားထားတော်မူပြန်သည်မှာ ဤသို့ ဖြစ်၏။ ---

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ၊ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ၊ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ ဌာနမေတံ ဝိဇ္ဇတိ။ (သံ၊၃၊၃၈၄။ သံ၊၃၊၃၉၄။)

= ရဟန်းတို့ ...တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်သည် ---ငါသည် ဒုက္ခအရိယသစ္စာတရားကို မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍, ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ကောင်းမွန်စွာ ပြုလုပ်ပေအံ့ --- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းသည် ရှိသည်သာတည်း။ (သံ၊၃၊၃၈၄။ သံ၊၃၊၃၉၄။)

တစ်ဖန် ဥပမာထုတ်ဆောင်၍ ဤသို့လည်း ဟောကြားထားတော်မူပြန်၏။ ---

ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ဦးက --- ငါသည် အိမ်၏ အောက်ပိုင်း အဆောက်အဦကို ပြုလုပ်ပြီးမှ အထက်ပိုင်း အဆောက်အဦကို တင်ပေအံ့ --- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ပြောဆိုချက်သည် ပြောဆို သည့်အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းသည် ရှိသကဲ့သို့ --- (သံ၊၃၊၃၉၄။)

ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ဦးက --- ငါသည် ပဒုမ္မာကြာရွက်တို့ကိုလည်းကောင်း, ပေါက်ရွက်တို့ကိုလည်းကောင်း, ဂွေးတောက်ရွက်တို့ကိုလည်းကောင်း ဖက်ခွက်ပြုလုပ်၍ ရေကိုမူလည်း သယ်ဆောင်လာပေအံ့၊ နားဍောင်းပြုလုပ်၍မူလည်း ပန်ဆင်ပြပေအံ့ --- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းသည် ရှိသကဲ့သို့ --- (သံ၊၃၊၃၈၄။)

ဤဥပမာ အတူပင် --- ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်က --- ငါသည် အရိယသစ္စာလေးပါးကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ကောင်းမွန်စွာ ပြုလုပ်ပေအံ့ --- ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော ထိုအကြောင်းသည် ရှိသည်သာတည်း။ (သံ၊၃၊၃၈၃။ သံ၊၃၊၃၉၄။)

တစ်ဖန် ဘုရားရှင်က ဆက်လက်၍ အောက်ပါအတိုင်း တိုက်တွန်းထားတော်မူ၏။ ---

တသ္မာ တိဟ ဘိက္ခဝေ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော၊ အယံ ဒုက္ခသမုဒယောတိ ယောဂေါ ကရဏီယော၊ အယံ ဒုက္ခနိရောဓောတိ ယောဂေါ ကရဏီယော၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယောဂေါ ကရဏီယော။ (သံ၊၃၊၃၈၄။ သံ၊၃၊၃၉၄။)

ရဟန်းတို့ ...ထို့ကြောင့် ဤသာသနာတော်၌ သင်တို့သည် ---

၁။ ဤကား ဒုက္ခအရိယသစ္စာတည်း ဟု သိအောင် ကြိုးစားအားထုတ်ပါ။

၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်း ဟု သိအောင် ကြိုးစားအားထုတ်ပါ။

၃။ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတည်း ဟု သိအောင် ကြိုးစားအားထုတ်ပါ။

၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတည်း ဟု သိအောင် ကြိုးစား အားထုတ်ပါ။ (သံ၊၃၊၃၈၄။ သံ၊၃၊၃၉၄။)

ဤ သုတ္တန်များ၌ ဘုရားရှင်က သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရေးအတွက် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ဖို့ရန် တိုက်တွန်းထားတော်မူသဖြင့် သံသရာဝဋ်ဆင်းရဲ ဘေးဒုက္ခဆိုးကြီးမှ ကျွတ်လွတ် ထွက်မြောက်လိုသူ သူတော်ကောင်းမှန်သမျှတို့သည် သစ္စာလေးပါးကို သိအောင် အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်သာ ဧကန်ဖြစ်သည်ဟု သန္နိဋ္ဌာန်ကျ မုချပုံသေ မှတ်သားနာယူလေရာသည်။

သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် မည်သို့ မည်ပုံ ကြိုးပမ်းရမည်နည်းဟူမူ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

ဝဋ္ဋသစ္စာ - ဝိဝဋ္ဋသစ္စာ

ဝဋ္ဋသစ္စာ - ဝိဝဋ္ဋသစ္စာ

တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၃၉၁။ သံ၊ဋ္ဌ၊၃၊၁၆၀။)

ထိုသစ္စာလေးပါးတို့တွင် ရှေးဖြစ်ကြကုန်သော ဒုက္ခအရိယသစ္စာ သမုဒယအရိယသစ္စာ နှစ်ပါးတို့သည် ဝဋ္ဋသစ္စာတို့တည်း။ နောက်ဖြစ်ကြကုန်သော နိရောဓအရိယသစ္စာ မဂ္ဂအရိယသစ္စာ နှစ်ပါးတို့သည်ကား ဝိဝဋ္ဋသစ္စာတို့တည်း။ ထို ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာတို့တွင် ယောဂါဝစရ ရဟန်းတော်အဖို့ ဝဋ္ဋသစ္စာ၌သာ ကမ္မဋ္ဌာန်း (ဝိပဿနာကမ္မဋ္ဌာန်း) နှလုံးသွင်းခြင်း = ရှုပွားခြင်းသည် ဖြစ်၏။ ဝိဝဋ္ဋသစ္စာ၌ကား (ဝိပဿနာ) ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း = ရှုပွားခြင်းသည် မရှိသည်သာတည်း။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။ ဒီ၊ဋ္ဌ၊၂၊၃၉၁။ သံ၊ဋ္ဌ၊၃၊၁၆၀။)

ဤအထက်ပါ အဋ္ဌကထာများ၏ သတ်မှတ် ညွှန်ကြားချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် သစ္စာ လေးပါးတို့တွင် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်ကြကုန်သော ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့ကို ဥဂ္ဂဟပဋိဝေဓ, ပရိပုစ္ဆာပဋိဝေဓ, သဝနပဋိဝေဓ, ဓာရဏပဋိဝေဓတည်းဟူသော သင်သိဖြင့် ထိုးထွင်းသိရန် လည်းကောင်း, သမ္မသနပဋိဝေဓတည်း ဟူသော ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိရန် = ကျင့်သိ သိရန် လည်းကောင်း ကြိုးပမ်းရတော့မည် ဖြစ်၏။ သင်သိဖြင့် အောင်မြင်မှုကို ရရှိပြီးသောအခါ ဝိပဿနာဉာဏ်ဖြင့် ကျင့်သိ သိအောင် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို စတင် သိမ်းဆည်းရမည် နှလုံးသွင်းရမည် ဖြစ်ပေသည်။ ဤတွင် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။

ဒုက္ခအရိယသစ္စာတရား

ဒုက္ခအရိယသစ္စာတရား

ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။ ပဉ္စုပါဒါနက္ခန္ဓာတိဿ ဝစနီယံ။ သေယျထိဒံ။ ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။ (သံ၊၃၊၃၇၃။ ခန္ဓသုတ္တန်။)

ရဟန်းတို့ ...ဒုက္ခအရိယသစ္စာတရား ဟူသည် အဘယ်နည်း? ဥပါဒါနက္ခန္ဓာငါးပါးတို့ဟူ၍ ဆိုအပ်၏။ ဤဥပါဒါနက္ခန္ဓာဟူသည် အဘယ်နည်း? --- ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတည်း။ ရဟန်းတို့ ...ဤဥပါဒါနက္ခန္ဓာငါးပါးကို ဒုက္ခအရိယသစ္စာတရား ဟူ၍ ဆိုအပ်၏။ (သံ၊၃၊၃၇၃။)

ဤခန္ဓဒေသနာတော်နှင့်အညီ ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတည်း ဟူသော ဥပါဒါနက္ခန္ဓာငါးပါးကို ဒုက္ခအရိယသစ္စာတရားဟု ခေါ်ဆိုသည် မှတ်ပါ။ တစ်ဖန် ဘုရားရှင်သည် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်၌ မည်သည့်တရားများကို ရူပုပါဒါနက္ခန္ဓာ စသည့် ဥပါဒါနက္ခန္ဓာ ဟု ခေါ်ဆိုကြောင်းကို ဤသို့ ဟောကြားထားတော်မူခဲ့၏။

ဥပါဒါနက္ခန္ဓာဟူသည်

ဥပါဒါနက္ခန္ဓာဟူသည်

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။ခန္ဓသုတ္တန်)

ရဟန်းတို့ ...အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော (၃၁-ဘုံ အတွင်း၌ တည်ရှိသော) တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ - ငါ့ဟာဟု စွဲယူရာဖြစ်သော ---

၁။ အတိတ်ရုပ်တရား အားလုံး,

၂။ အနာဂတ်ရုပ်တရား အားလုံး,

၃။ ပစ္စုပ္ပန်ရုပ်တရား အားလုံး,

၄။ အဇ္ဈတ္တရုပ်တရား အားလုံး,

၅။ ဗဟိဒ္ဓရုပ်တရား အားလုံး,

၆။ ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကရုပ်တရား အားလုံး,

၇။ သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံး,

၈။ ယုတ်ညံ့သော ဟီနရုပ်တရား အားလုံး,

၉။ မွန်မြတ်သော ပဏီတရုပ်တရား အားလုံး,

၁၀။ ( ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်နှင့် ဝေးသော) ဒူရရုပ်တရား အားလုံး,

၁၁။ ( ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်နှင့် နီးကပ်သော) သန္တိကရုပ်တရား အားလုံး, ---

ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား အားလုံးကို ရူပုပါဒါနက္ခန္ဓာ ဟု ခေါ်ဆိုအပ်ပေသည်။ (သံ၊၂၊၃၉။)

ဝေဒနုပါဒါနက္ခန္ဓာ စသည်တို့ကိုလည်း ပုံစံတူပင် ဆက်လက်၍ ဟောကြားထားတော်မူ၏။ ထိုကြောင့် အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် ငါ - ငါ့ဟာဟု စွဲယူရာဖြစ်သော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဒုက္ခအရိယသစ္စာတရားဟု ဘုရားရှင် ဟောကြားထားတော်မူကြောင်းကို ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ မှတ်သားနာယူလေရာသည်။

ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် အတိတ် ဥပါဒါနက္ခန္ဓာငါးပါး, အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။ ယင်း အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ပစ္စက္ခဉာဏ်ဖြင့် ရှုလေသလော အနွယဉာဏ်ဖြင့် ရှုလေသလောဟူမူ အောက်ပါ အာသဝက္ခယသုတ္တန်အဋ္ဌကထာအဖွင့်ကို ကြည့်ပါ။ ---

ဒဿနပ္ပဘာဝံ ဟိ ဥပါဒါယ ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ ပုဂ္ဂလော စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။)

ဇာနတောတိ ဝါ ဝတွာ န ဇာနနံ အနုဿဝါကာရပရိဝိတက္ကမတ္တဝသေန ဣဓာဓိပ္ပေတံ၊ အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ပဿတောတိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ၊ဋီ၊၂၊၆၃။)

မျက်စိအမြင်ရှိသော ယောက်ျားသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ရသကဲ့သို့, ဝိပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်, ပရမတ္ထဓမ္မသဘာဝအာရုံကို ဟုတ်တိုင်း မှန်စွာမြင်တတ်သော ဉာဏ်၏ စွမ်းအားရှိန်စော်အာနုဘော်ကို အစွဲပြု၍ ယင်း ရှုနေသောဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိသဖြင့် ဟင်းလင်းပွင့်နေသော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ဝိပဿနာသမ္မာဒိဋ္ဌိတည်း ဟူသော ပစ္စက္ခဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိမြင်၏ ဟူပေ။ ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြတော်မူခြင်းငှာ ဇာနတော ဟု ဟောပြီးလျက်လည်း ပဿတော ဟု ထပ်မံ ဟောကြားတော်မူအပ်၏ ဟူပေ။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။ သံ၊ဋီ၊၂၊၆၃။)

[မှတ်ချက် ---- ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော ပစ္စုပ္ပန် ဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယ သစ္စာတရားတို့မှာ အတိတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို စွဲမှီ၍ ဖြစ်ပေါ်ခဲ့ကြကုန်သော အတိတ်ခန္ဓာတို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြသည်။ သမုဒယသစ္စာပိုင်းတွင် ထင်ရှားလတ္တံ့။]

ယင်းသို့ ဖြစ်လျှင် အတိတ်အနာဂတ်တရားတို့ကို အနွယဉာဏ်ဖြင့် မရှုရတော့ပြီလောဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ ---

နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ၊၂၊၄၂၃။)

တစ်နည်း ------ နယဒဿနအားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့် ပြီး၍ ထိုနောင်မှ အတိတ် အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကို ဆောင်သည် ဖြစ်ဘိသော်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၅၊၁၆၅။)

သတိပြုရန် ------ ဤ၌ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယ ဟူရာ၌ ---

၁။ ပစ္စယတော ဥဒယဗ္ဗယ = အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ ထင်ရှား ဖြစ်ခြင်းကြောင့် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ခြင်း, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် အကျိုး ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းဟူသော ဥဒယဗ္ဗယ၊

၂။ ခဏတော ဥဒယဗ္ဗယ = အကျိုးခန္ဓာငါးပါးတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှု။ ။ တစ်နည်း --- [သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ --- မ၊ဋ္ဌ၊၁၊၂၈၁။] အကြောင်း အကျိုး နှစ်ရပ်လုံး တို့၏ ဖြစ်မှု - ပျက်မှု ဟူသော ဥဒယဗ္ဗယ၊

ဤ ဥဒယဗ္ဗယ နှစ်မျိုးလုံးပင် ပါဝင်ပေသည်။ ထိုတွင် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့ကား ဒုက္ခသစ္စာတရားတို့ ဖြစ်ကြ၏။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့ကား သမုဒယသစ္စာတရားတို့ ဖြစ်ကြ၏။ ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ပစ္စယတော ဥဒယဗ္ဗယ, ခဏတော ဥဒယဗ္ဗယ ဟူသော နှစ်မျိုးသော ဥဒယဗ္ဗယကို ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်းသိမြင်ပြီးသော အခါ အတိတ်အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကိုဆောင်၍ အနွယဉာဏ်ဖြင့် ရှုပါလေ။ ဤကား အဖြေတည်း။

အဘိညာဏ်နှင့် ဝိပဿနာ

အဘိညာဏ်နှင့် ဝိပဿနာ

၁။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အတိတ်ကို ရှု၍ရသည် ဟူသော စကားရပ်,

၂။ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အနာဂတံသဉာဏ်ဖြင့်လည်း အနာဂတ်ကို ရှု၍ရသည် ဟူသော စကားရပ် ---

ဤစကားရပ် အကြောင်းအရာ အချက်အလက်နှင့်ပတ်သက်၍ အလွယ်တကူ လက်ခံနိုင်ငြားသော်လည်း ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ် (ဥပါဒါနက္ခန္ဓာ)တို့ကို ရှု၍ ရရှိနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ကား သိပ်ပြီး အားရပါးရ လက်မခံလိုကြပေ။ ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာတို့ကို ရှု၍ ရရှိနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူသော ပါဠိတော်နှင့် ယင်းပါဠိတော်၏ အဋ္ဌကထာအဖွင့်တို့မှာ အောက်ပါ အတိုင်း ဖြစ်ကြ၏။ ---

ယေဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရ န္တိ၊ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရ န္တိ၊ ဧတေသံ ဝါ အညတရံ။ (သံ၊၂၊၇၁။ ခဇ္ဇနိယသုတ္တန်။)

ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ၊ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရ န္တိ ဧတေသံ ဝါ အညတရန္တိ။ အဘိညာဝသေန ဟိ သမနုဿရ န္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ ဟိ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၂၊၂၆၆။)

ဝိပဿနာဝသေနာတိ ဧတရဟိ ရူပဝေဒနာဒယော အနုဿရိတွာ ပုဗ္ဗေပါဟံ ဧဝံ ဝေဒနော အဟောသိန္တိ အတီတာနံ ရူပဝေဒနာဒီနံ ပစ္စုပ္ပန္နေဟိ ဝိသေသာဘာဝဒဿနာ ဝိပဿနာ၊ တဿာ ဝိပဿနာယ ဝသေန။ (သံ၊ဋီ၊၂၊၂၃၅။)

= ရဟန်းတို့ ...အချို့သော သမဏတို့သည်လည်းကောင်း, အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှစွာသော ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သည်ရှိသော် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။ ထိုအလုံးစုံကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုသော်လည်းကောင်း, ထို ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။ (သံ၊၂၊၇၁။ ခဇ္ဇနိယသုတ္တန်။)

ဤပါဠိတော်ဝယ် ပုဗ္ဗေနိဝါသဟူသော ဤ စကားရပ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင် သည် ဟောကြားထားတော်မူအပ်သည်ကား မဟုတ်၊ အဟုတ်သော်ကား ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အတိတ်၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော သမဏ ဗြာဟ္မဏတို့ကို ရည်ရွယ်တော်မူ၍ ဤ ပုဗ္ဗေနိဝါသံ ဟူသော စကားရပ်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထိုကြောင့်ပင်လျှင် ---

သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရ န္တိ ဧတေသံ ဝါ အညတရံ။

=ထိုအလုံးစုံကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို သော်လည်းကောင်း, ထို ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏ ဟု ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ အကြောင်းကား ဤသို့တည်း။

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော သမဏ ဗြာဟ္မဏအား ---

၁။ လောကုတ္တရာတရားများပါဝင်သည့် ခန္ဓာငါးပါးတို့သည်လည်းကောင်း,

၂။ လောကုတ္တရာတရားများမပါဝင်သည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်လည်းကောင်း,

၃။ ခန္ဓာနှင့်ဆက်စပ်နေသည့် အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ သုခဒုက္ခ စသည်သည်လည်းကောင်း,

၄။ အမည်နာမပညတ်အမျိုးမျိုးသည်လည်းကောင်း ---

ဤ လေးမျိုးသော အခြင်းအရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အာရုံဖြစ်သည်သာတည်း။ ယခုမူ ဘုရားရှင်ကား ဤ (၄) မျိုးသော အခြင်းအရာကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကို မဟောဘဲ ရှေး၌နေခဲ့ဖူးသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုသော်လည်းကောင်း, ထို ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကိုသာ ဟောကြားထားတော်မူသဖြင့် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့မှုကို မဆိုလိုဘဲ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မှုကိုသာ ရည်ရွယ်တော်မူကြောင်းကို သိရှိနိုင်ပေသည်။ ---- ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တကို အစဉ်လျှောက်၍ အောက်မေ့သည်ကား မဟုတ်၊ ပရမတ္ထဓမ္မသဘာဝတို့ကို သာလျှင် ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ဟော ကြားတော်မူအပ်သည်၏ အဖြစ်ကြောင့် အတိတ်၌ ချုပ်ခဲ့ပြီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုသာ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သည် ဟူလိုသည်။ (သံ၊၂၊၇၁။ သံ၊ဋ္ဌ၊၂၊၂၆၆။)

ဝိပဿနာဝသေန = ဝိပဿနာစွမ်းအားဟူသည် - ဤ ယခုပစ္စုပ္ပန်၌ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ပြီးသောအခါ = ရှုပွားသုံးသပ်ပြီးသောအခါ -ရှေးအတိတ်ဘဝ၌လည်း ငါသည် ဤသို့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ရှိခဲ့ဖူးလေပြီ - ဟု အတိတ်ဖြစ်ကုန်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၏ ပစ္စုပ္ပန်ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နှင့် ထူးခြားမှု မရှိသည့်သဘောကို ရှုမြင်တတ်သော ဝိပဿနာဉာဏ်သည် ရှိ၏။ ထို ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အတိတ်၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မှုကို ဆိုလိုပေသည်။ (သံ၊ဋီ၊၂၊၂၃၅။)

ဤကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် ဝိပဿနာဉာဏ်တို့၏ စွမ်းအင်ကွဲပြားပုံနှင့် ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ်ကို ရှုရပုံ ရှုနိုင်ပုံ ရှု၍လည်းရရှိနိုင်ပုံ ကျမ်းဂန်အထောက်အထားများတည်း။ ယခုတစ်ဖန် အတိတ်အနာဂတ်တရားတို့ကို ဝိပဿနာ ရှုပွားသုံးသပ်သွားတော်မူကြသည့် ရှေးထုံးဟောင်းများကို ဆက်လက်၍ တင်ပြပေအံ့။

အနုသယသုတ္တန် ကောက်နုတ်ချက်

အနုသယသုတ္တန် ကောက်နုတ်ချက်

ထိုအခါ အရှင်ရာဟုလာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏။မြတ်စွာဘုရား ...အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဝိညာဏ်နှင့်တကွဖြစ်သော ဤကိုယ်၌လည်းကောင်း, ပြင်ပဖြစ်သော အလုံးစုံသော သက်ရှိ သက်မဲ့ သင်္ခါရနိမိတ်တို့၌လည်းကောင်း ငါဟု စွဲယူမှု = ဒိဋ္ဌိ, ငါ့ဥစ္စာဟု တပ်မက်မှု = တဏှာ, ကိန်းဝပ်နေသော ထောင်လွှားမှု = မာနတို့သည် မဖြစ်ပါကုန်သနည်း - ဟု လျှောက်ထား၏။ ထိုအခါ ဘုရားရှင်က အောက်ပါအတို်င်း ညွှန်ကြားတော်မူ၏။

ယံ ကိဉ္စိ ရာဟုလ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ ယာ ကာစိ ဝေဒနာ။ ပ ။ ယာ ကာစိ သညာ။ ယေ ကေစိ သင်္ခါရာ။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ ဧဝံ ခေါ ရာဟုလ ဇာနတော ဧဝံ ပဿတော ဣမသ္မိံ စ သဝိညာဏကေ ကာယေ ဗဟိဒ္ဓါ စ သဗ္ဗနိမိတ္တေသု အဟင်္ကာရ မမင်္ကာရ မာနာနုသယာ န ဟောန္တီတိ။ (သံ၊၁၊၄၄၄။)

၁။ ရာဟုလာ...အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ကြမ်းတမ်းသည့် = ဩဠာရိက, သိမ်မွေ့သည့် = သုခုမလည်းဖြစ်သော ယုတ်ညံ့သည့် = ဟီန, မွန်မြတ်သည့် = ပဏီတလည်းဖြစ်သော ဝေးသည့် = ဒူရ, နီးသည့် = သန္တိကလည်းဖြစ်သော ရုပ်အားလုံးကို ---

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ

= ဤရုပ်သည် ငါ့ဟာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏အတ္တ မဟုတ် ဟူ၍ ---

ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်၏။

၂။ ခံစားမှု = ဝေဒနာအားလုံးသည်။ ပ ။

၃။ မှတ်သားမှု = သညာအားလုံးသည်။ ပ ။

၄။ ပြုစီရင်မှု = စေတသိက်သင်္ခါရအားလုံးတို့သည်။ ပ ။

၅။ အသိစိတ် = ဝိညာဏ်အားလုံးသည်။ ပ ။

ရာဟုလာ...ဤသို့ သိသူ ဤသို့ မြင်သူအား ဝိညာဏ်နှင့်တကွဖြစ်သော ဤကိုယ်၌လည်းကောင်း ပြင်ပဖြစ်သော အလုံးစုံသော သက်ရှိသက်မဲ့ သင်္ခါရနိမိတ်တို့၌လည်းကောင်း ငါဟု စွဲယူမှု = ဒိဋ္ဌိ, ငါ့ဥစ္စာဟု တပ်မက်မှု = တဏှာ, ကိန်းဝပ်နေသော ထောင်လွှားမှု = မာနတို့သည် မဖြစ်ကုန်ဟု ဟောတော်မူ၏။ (သံ၊၁၊၄၄၄။ အနုသယသုတ်။)

နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာ။)

ဤအဋ္ဌကထာအဖွင့်နှင့်အညီ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို - နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု ရှုခြင်းနှင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်တင်ကာ ရှုခြင်း တို့မှာ အတူတူပင်ဟု မှတ်ပါ။ ယင်းသို့ ဝိပဿနာရှုရာ၌ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့ဝယ် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ သာမက အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့လည်း ပါဝင်ကြ၏။ ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရာ၌ ပစ္စက္ခဉာဏ်လေလော အနွယဉာဏ်လေလော ဟု မေးရန်ရှိ၏။ အဖြေကို သိရှိလိုပါက အောက်ပါ အဋ္ဌကထာ ဋီကာ အဖွင့်များကို ကြည့်ပါ။

သမ္မပ္ပညာယ ပဿတီတိ သဟ ဝိပဿနာယ မဂ္ဂပညာယ သုဋ္ဌု ပဿတိ။ (သံ၊ဋ္ဌ၊၂၊၁၉၇။ အနုသယသုတ္တအဋ္ဌကထာ။)

သမ္မ။ ပ။ပဿတီတိ ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန, မဂ္ဂက္ခဏေ အဘိသမယဝသေန သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။ (သံ၊ဋီ၊၂၊၁၈၁။)

သမ္မပ္ပညာယ ပဿတိ = မှန်ကန်သော ပညာဖြင့် မြင်၏ ဟူသည် --- ဝိပဿနာပညာနှင့်တကွသော အရိယမဂ်ပညာဖြင့် ကောင်းစွာမြင်၏ဟု ဆိုလို၏။ (သံ၊ဋ္ဌ၊၂၊၁၉၇။)

အရိယမဂ်၏ ရှေးအဖို့ဖြစ်သော ဝိပဿနာပိုင်း၌ - ဝိပဿနာဉာဏ်ဖြင့် ယင်း (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း၏ အစွမ်းဖြင့် ယင်း ဥပါဒါနက္ခန္ဓာတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ကောင်းမွန်မှန်ကန်စွာ ဝိပဿနာသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မြင်၏။ အရိယမဂ်ခဏ၌ကား ယင်း (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားတို့ကို (ကိစ္စသိဒ္ဓိအားဖြင့်) ထိုးထွင်း၍သိခြင်း ပရိညာဘိသမယ၏ အစွမ်းဖြင့် ကောင်းမွန် မှန်ကန်စွာ အရိယမဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မြင်၏။(အသမ္မောဟပဋိဝေဓတည်း။ ဒုက္ခသစ္စာကို မသိအောင်ဖုံးလွှမ်းထားသည့် မောဟကိုပယ်သောအားဖြင့် သိခြင်း မြင်ခြင်းတည်း။) (သံ၊ဋီ၊၂၊၁၈၁။)

သတိပြုပါ ------ ဤ၌ အတိတ် အနာဂတ်စသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွား သုံးသပ်တတ်သော ဝိပဿနာဉာဏ်ကို အတ္တပစ္စက္ခဉာဏ် - ဟု ဖွင့်ဆိုထားသည်ကို သတိပြုပါ။ သို့သော် ဝိပဿနာဉာဏ်ဖြင့် လက်ငင်းဒိဋ္ဌ ရှုမြင်အပ်ပြီးသော ဒိဋ္ဌတရားတို့၌ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသောအခါ အဒိဋ္ဌဖြစ်သည့် အတိတ်အနာဂတ် တရားတို့၌လည်း ၎င်းင်းနည်းဟု အနွယဉာဏ်ဖြင့်လည်း ရှုနိုင်သည်။

မဟာရာဟုလောဝါဒသုတ္တန် ကောက်နုတ်ချက်

မဟာရာဟုလောဝါဒသုတ္တန် ကောက်နုတ်ချက်

တစ်ချိန် အရှင်ရာဟုလာသည် ဘုရားရှင်၏ နောက်တော်ပါးမှ လိုက်၍ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံ ကြွဝင်တော်မူ၏။ စက္ကဝတ်မင်းဖျား၏ သားကြီးရတနာဖြစ်ရန် ကြံစည်မိသော အရှင်ရာဟုလာအား ဘုရားရှင်က ဤသို့ ဆိုဆုံးမတော်မူ၏။

ယံ ကိဉ္စိ ရာဟုလ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (မ၊၂၊၈၄။)

= ရာဟုလာ ...အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ကြမ်းတမ်းသည့် = ဩဠာရိက, သိမ်မွေ့သည့် = သုခုမလည်းဖြစ်သော ယုတ်ညံ့သည့် = ဟီန, မွန်မြတ်သည့် = ပဏီတလည်းဖြစ်သော ဝေးသည့် = ဒူရ, နီးသည့် = သန္တိကလည်းဖြစ်သော ရုပ်အားလုံးကို ---နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ= ဤရုပ်သည် ငါ့ဟာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏အတ္တ မဟုတ်--- ဟူ၍ (= အနိစ္စဟု ဒုက္ခဟု အနတ္တဟု) --- ဤသို့ ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ဝိပဿနာပညာ (မဂ်ပညာ)ဖြင့် ရှုပါ။ (မ၊၂၊၈၄။)

ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသည့် နာမ်ခန္ဓာလေးပါးတို့ကိုလည်း ပုံစံတူပင် ဝိပဿနာရှုရန် ညွှန်ကြားတော်မူလေသည်။ (မ၊၂၊၈၄။)

ဤ၌လည်း သမ္မပ္ပညာယ - အရ ဝိပဿနာသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်, အရိယမဂ္ဂသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်ကိုပင် အရကောက်ယူပါ။ ဤ မဟာရာဟုလောဝါဒသုတ်ကို ဟောကြားနေတော်မူသော အချိန်ဝယ် အရှင်ရာဟုလာသည် (၁၈) နှစ်သားအရွယ် ပုထုဇန်ဘဝ၌သာ တည်ရှိနေသေးသဖြင့် - အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို မဂ္ဂသမ္မာဒိဋ္ဌိ အမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် ဝိပဿနာသမ္မာဒိဋ္ဌိ တည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ရှေးဦးစွာ ဝိပဿနာရှုရန် ညွှန်ကြားနေတော်မူသည်ဟု မှတ်သားပါ။

အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်

အနတ္တလက္ခဏသုတ္တန် ကောက်နုတ်ချက်

ပိဋကပါဠိတော်များ၌ အတိတ် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာ ရှုရန် ညွှန်ကြားထားသည့် ဒေသနာတော်များသည် များစွာပင် ရှိကြပေသည်။ ထိုဒေသနာတော်များထဲမှ အသင်သူတော်ကောင်းနှင့် အနီးစပ်ဆုံးဖြစ်နိုင်သည့် အနတ္တလက္ခဏသုတ္တန်မှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဘုရားရှင်သည် သောတာပန်ဖြစ်တော်မူကြပြီးကုန်သော ပဉ္စဝဂ္ဂီဟူသော အမည်တော်ကို ရရှိကြသည့် ရဟန်းတော်တို့အား ခန္ဓာ ငါးပါးတို့၏ မိမိတို့၏ အလိုအကြိုက်သို့ မလိုက်ပါနိုင်သည့် အဝသဝတ္တနဋ္ဌ = အနတ္တသဘောကို ရှင်းလင်းတင်ပြပြီးသောအခါ ယင်း ခန္ဓာငါးပါးတို့ကို အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ အမေးအဖြေများ ပြုလုပ်တော်မူ၏။ ပဉ္စဝဂ္ဂီရဟန်းတော်တို့က ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်ကြောင်းကို ပြန်လည်တင်ပြ လျှောက်ထားကြသောအခါ ဘုရားရှင်က ဝိပဿနာ ရှုကွက်ကို အောက်ပါအတိုင်း ညွှန်ကြားပြသတော်မူ၏။ ---

တသ္မာ တိဟ ဘိက္ခဝေ ...ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)

ရဟန်းတို့ ...ထိုသို့ ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ အနတ္တ တရားတို့သာ ဖြစ်နေကြခြင်းကြောင့် ဤ သာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် ---

အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော ရုပ်တရားအားလုံးကိုလည်းကောင်း, မိမိသန္တာန်၌ ဖြစ်သော အဇ္ဈတ္တ ရုပ်တရား ပြင်ပဖြစ်သော ဗဟိဒ္ဓရုပ်တရား အားလုံးကိုလည်းကောင်း, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိက ရုပ်တရား သိမ်မွေ့နူးညံ့သော သုခုမရုပ်တရား အားလုံးကိုလည်းကောင်း, ယုတ်ညံ့သော ဟီနရုပ်တရား မွန်မြတ်သော ပဏီတရုပ်တရားအားလုံးကိုလည်းကောင်း, ဝေးသော ဒူရရုပ်တရား နီးသော သန္တိကရုပ်တရား အားလုံးကိုလည်းကောင်း ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ရုပ်တရားအားလုံးကို -----

နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ

၁။ ဤ ရုပ်တရားသည် ငါ့ဟာ မဟုတ် (= ဒုက္ခ ဟု)

၂။ ဤ ရုပ်တရားသည် ငါ မဟုတ် (= အနိစ္စ ဟု)

၃။ ဤ ရုပ်တရားသည် ငါ၏အတ္တ မဟုတ် (= အနတ္တ ဟု) ---

ဤသို့လျှင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုပါ။ (သံ၊၂၊၅၆။)

ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာလေးပါးတို့၌လည်း ပုံစံတူပင်ရှုရန် ဘုရားရှင်က ညွှန်ကြားတော်မူပေသည်။ ဤသို့လျှင် ဤအနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူလိုက်၏။ ထိုညွှန်ကြားချက်များကို ဦးထိပ်ရွက်ပန်ဆင်လျက် မဂ္ဂသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် (ပဉ္စဝဂ္ဂီရဟန်းတော်များအတွက် အထက်မဂ်သုံးပါးကို ဆိုလိုပါသည်။) ဝိပဿနာသမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ဖြင့် ယင်း (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို (ဒေသနာဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်လျက်) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြသဖြင့် ပဉ္စဝဂ္ဂီဟူသော အမည်ကို ရရှိတော်မူကြသည့် ရဟန်းတော်တို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၏ အဆုံး၌ အရဟတ္တဖိုလ်၌ တည်တော်မူကြလေကုန်သည်။

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသု။ (သံ၊၂၊၅၆။)

ဤ ဂါထာမဖက် စကားပြေသက်သက် ဖြစ်သော အနတ္တလက္ခဏသုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတို့၏ စိတ်တို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ တဏှာဒိဋ္ဌိတို့ဖြင့် ငါ - ငါ့ဟာ ဟု မစွဲယူမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်တော်မူကြကုန်ပြီ။ (သံ၊၂၊၅၆။)

ဤကဲ့သို့ အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ အမေးအဖြေပြုလုပ်ပြီးမှ ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသပေးသော ဒေသနာတော်မျိုးကို တေပရိဝဋ္ဋဓမ္မဒေသနာတော်ဟုခေါ်ဆို၏။ ထိုကဲ့သို့သော ပုံစံတူ တေပရိဝဋ္ဋဓမ္မဒေသနာများကား ပိဋကတော်၌ ရာနှင့်ချီ၍ များစွာပင် ရှိနေပေသည်။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်တစ်လျှောက်လုံး၌ အများဆုံး တွေ့ရှိနိုင်ပေသည်။ ထိုမျှ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ညွှန်ကြား နေတော်မူသော မဟာကရုဏာတော်ရှင် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ စကားတော်များကို နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တလျက်ရှိနေသော အသင်ယောဂီသူတော်ကောင်းသည် ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်သင့်လှပေသည်။

ဤတွင် အာသဝက္ခယသုတ္တန်၌ လာရှိသော သစ္စာလေးပါးတို့အနက် ဒုက္ခအရိယသစ္စာ အကြောင်းကို ရှင်းလင်းတင်ပြ၍ ပြီးလေပြီ။ ယခုတစ်ဖန် သမုဒယအရိယသစ္စာတရားအကြောင်းကို ဆက်လက်၍ ရေးသား တင်ပြပေအံ့။

သမုဒယအရိယသစ္စာတရား

သမုဒယအရိယသစ္စာတရား

ဘုရားရှင်သည် အဘိဓမ္မာ (အဘိ၊၂၊၁၁၂-၁၁၅။) ဝိဘင်းပါဠိတော် သစ္စဝိဘင်း၌ ---

၁။ တဏှာကို သမုဒယသစ္စာဟုလည်းကောင်း,

၂။ တဏှာနှင့် တကွသော ကိလေသာအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း,

၃။ တဏှာ, ကိလေသာနှင့်တကွ အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း,

၄။ အကုသိုလ်တရား အားလုံးနှင့် အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော သံသရာဝဋ်ကို လည်စေတတ်သော အလောဘ အဒေါသ အမောဟ = ကုသလမူလတရား သုံးပါးကို သမုဒယသစ္စာဟု လည်းကောင်း,

၅။ အကုသိုလ်ကံမှန်သမျှနှင့် သံသရာဝဋ်ကို လည်စေတတ်သော အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော ကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာဟုလည်းကောင်း,

ဤသို့လျှင် သမုဒယသစ္စာကို (၅)နည်း ခွဲခြား၍ ဟောကြားထားတော်မူ၏။ ဤ ဒေသနာတော်ကို ရည်ညွှန်း၍ သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီးတို့က ဤသို့ ဖွင့်ဆိုထားတော်မူ၏။

တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

= ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို စေတနာ, စေတနာသမ္ပယုတ္တဓမ္မဟု အထူးမမ သာမညအားဖြင့် သမုဒယသစ္စာဟု သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)

အထက်ပါ ဝိဘင်းပါဠိတော်နှင့် ဓမ္မစကြာဒေသနာစသော ထိုထို ဒေသနာတော်တို့၌ တဏှာကို သမုဒယ သစ္စာဟု ဟောကြားတော်မူခြင်းမှာ ပဓာနနည်းအားဖြင့် ပြဓာန်းသော အကြောင်းတစ်ခုကို ရွေးထုတ် ဦးတည်၍ ဟောကြားတော်မူခြင်းဖြစ်၏။ ရင့်ကျက်နေသော အစိုဓာတ် အစေးဓာတ် မခန်းခြောက်သေးသော သစ်စေ့သည် ရေ-မြေ-ဥတု-လင်းရောင်ခြည်စသော အကြောင်းညီညွတ်သည့် မြေနေရာ၌ ကြဲချစိုက်ပျိုးအပ်ခဲ့သော် မျိုးစေ့နှင့် တူသည့်အပင်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသကဲ့သို့ အလားတူပင် တဏှာအစိုဓာတ် အစေးဓာတ်၏ အကူ အညီကိုရရှိသော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည် ကံနှင့်လျော်ညီသည့် ဘဝတစ်ခုခုကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသည်သာ ဖြစ်ပေသည်။ မီးရှို့မြှိုက်ခံရသဖြင့် အစိုဓာတ် အစေးဓာတ် ခန်းခြောက်သွားသော မျိုးစေ့ သည် အပင်ကို ဖြစ်စေနိုင်သည့် စွမ်းအားမရှိတော့သကဲ့သို့ အလားတူပင် တဏှာအစိုဓာတ် အစေးဓာတ် ခန်းခြောက်ပြီးသော ရဟန္တာအရှင်မြတ်တို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ ကိန်းဝပ်ခဲ့ဖူးသော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည်လည်း တဏှာတည်းဟူသော ကိလေသာအပေါင်းအဖော်ကို မရရှိသဖြင့် ဘဝတစ်ခုကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိတော့ပေ။ သို့အတွက် ဒုက္ခသစ္စာအမည်ရသည့် ဘဝတစ်ခုကို ဖြစ်စေရာ၌ ထိုထိုဘဝ ထိုထိုအာရုံကို တွယ်တာတပ်မက်တတ်သည့် တဏှာ အစိုဓာတ် အစေးဓာတ်ရှိမှုသည် ပဓာနပြဓာန်းသော အကြောင်း တစ်ရပ် ဖြစ်ပေသည်။ ထိုကြောင့် ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာ ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ နံပါတ် (၂၊၃၊၄-) တို့၌လည်း နည်းတူပင် မှတ်ပါ။

ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာ ဟု ဟောတော်မူသော ပဉ္စမနည်းသည်ကား သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူသည့် နိပ္ပဒေသနည်း ဖြစ်ပေသည်။ တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်၌ ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏။

တိတ္ထာယတနသုတ္တန် ကောက်နုတ်ချက်

တိတ္ထာယတနသုတ္တန် ကောက်နုတ်ချက်

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)

= ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာဟူသည် အဘယ်နည်း?--- အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏၊ ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏၊ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏၊ သဠာယတနဖြစ်ခြင်းကြောင့် ဖဿဖြစ်၏၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်၏၊ တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်၏၊ ဥပါဒါန်ဖြစ်ခြင်းကြောင့် ဘဝ ဖြစ်၏၊ ဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏၊ ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရားတို့သည် ဖြစ်ပေါ်ကြကုန်၏။ ဤသို့လျှင် သုခမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘော ဖြစ်ခြင်းသဘောသည် ဖြစ်ပေါ်လာပေ၏။ ရဟန်းတို့ ...ဤ ကြောင်း-ကျိုး - ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အံ၊၁၊၁၇၈။)

သံသရာဝဋ်ဆင်းရဲဒုက္ခကို ကုန်ခန်းစေလိုသော အသင်ယောဂီ သူတော်ကောင်းသည် အရိယသစ္စာ လေးပါးလုံးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်ဖြစ်ရာ ထိုသစ္စာလေးပါးတို့တွင် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတည်းဟူသော သမုဒယသစ္စာ သည်လည်း ပါဝင်လျက်ရှိနေသည်ကိုကား မမေ့သင့်ပေ။ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို သစ္စာဖွဲ့ပုံကိုလည်း သိထားသင့်သဖြင့် ဆက်လက်၍ တင်ပြအပ်ပါသည်။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ သစ္စာဖွဲ့ပုံ

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ သစ္စာဖွဲ့ပုံ

တထ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ၊ တသ္မာ အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ အဝိဇ္ဇာယ သင်္ခါရာ ဒုတိယသစ္စပ္ပဘဝံ ဒုတိယသစ္စံ၊ သင်္ခါရေဟိ ဝိညာဏံ ဒုတိယသစ္စပ္ပဘဝံ ပဌမသစ္စံ။ ဝိညာဏာဒီဟိ နာမရူပါဒီနိ ဝိပါကဝေဒနာပရိယောသာနာနိ ပဌမသစ္စပ္ပဘဝံ ပဌမသစ္စံ၊ ဝေဒနာယ တဏှာ ပဌမသစ္စပ္ပဘဝံ ဒုတိယသစ္စံ၊ တဏှာယ ဥပါဒါနံ ဒုတိယသစ္စပ္ပဘဝံ ဒုတိယသစ္စံ၊ ဥပါဒါနတော ဘဝေါ ဒုတိယသစ္စပ္ပဘဝံ ပဌမဒုတိယသစ္စဒွယံ။ ဘဝတော ဇာတိ ဒုတိယသစ္စပ္ပဘဝံ ပဌမသစ္စံ၊ ဇာတိယာ ဇရာမရဏံ ပဌမသစ္စပ္ပဘဝံ ပဌမသစ္စန္တိ ဧဝံ တာဝိဒံ သစ္စပ္ပဘဝတော ဝိညာတဗ္ဗံ ယထာရဟံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆-၂၁၇။)

သစ္စဝိဘင်းပါဠိတော်၌ သာသဝဖြစ်သည့် ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို (စေတနာ, စေတနာနှင့် ယှဉ်သော စေတနာသမ္ပယုတ္တဓမ္မဟု အထူးအထွေ ခွဲခြားမှု မပြုတော့ဘဲ) သာမညအားဖြင့် သမုဒယသစ္စာဟုပင် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထိုကြောင့် - ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ရပ်ကို သစ္စာအားဖြင့် ခွဲတမ်းချလိုက်သော် ---

အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကမ္မဘဝတို့ကား သမုဒယသစ္စာတရားစုတို့တည်း။ ဒုတိယသစ္စာတည်း။

ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝတည်းဟူသော ဇာတိ၊ ဇရာမရဏ - ဤ ဝိပါကဝဋ်တရားတို့ကား ဒုက္ခသစ္စာတရားစုတို့တည်း။ ပထမသစ္စာတည်း။ ဤသို့ အကျဉ်းအားဖြင့် မှတ်သား ထားပါ။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ ဝယ် အဝိဇ္ဇာလည်း သမုဒယသစ္စာတရားတည်း၊ သင်္ခါရလည်း သမုဒယသစ္စာ တရားတည်း။ ထိုကြောင့် အဝိဇ္ဇာကြောင့် ဖြစ်ကုန်သော သင်္ခါရတို့သည်ကား အဝိဇ္ဇာဟူသော သမုဒယသစ္စာလျှင် အမွန်အစရှိသော သင်္ခါရဟူသော သမုဒယသစ္စာတို့တည်း။ ဤသည်ကိုပင် ဒုတိယသစ္စာလျှင် အမွန်အစရှိသော ဒုတိယသစ္စာဟု ဆိုသည်။

သင်္ခါရပစ္စယာ ဝိညာဏံ - ဝယ် သင်္ခါရကား သမုဒယသစ္စာတည်း ၊ ဝိညာဏံကား ဒုက္ခသစ္စာတည်း။ ထိုကြောင့် သင်္ခါရတို့ကြောင့်ဖြစ်သော ဝိညာဏ်သည်ကား ဒုတိယသစ္စာ (= သမုဒယသစ္စာ)လျှင် အမွန်အစ ရှိသော ပထမသစ္စာ (= ဒုက္ခသစ္စာ)တည်း။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ရာ, နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ရာ, သဠာယတနကြောင့် ဖဿဖြစ်ရာ, ဖဿကြောင့် ဝိပါက်ဝေဒနာဖြစ်ရာ - ဤအရာတို့၌ အကြောင်းအကျိုး နှစ်ဘက်လုံးတို့ကား အကျိုးဝိပါကဝဋ် ဒုက္ခသစ္စာတရားတို့ချည်း ဖြစ်ကြ၏။ ထိုကြောင့် ဝိညာဏ်စသည်ကြောင့် ဖြစ်ပေါ်လာကြကုန်သော နာမ်ရုပ် စသည်တို့သည် ပထမသစ္စာ (= ဒုက္ခသစ္စာ)လျှင် အမွန်အစရှိသော ပထမသစ္စာ (= ဒုက္ခသစ္စာ)တည်း။

ဝေဒနာပစ္စယာ တဏှာ ၌ ဝေဒနာကား ဒုက္ခသစ္စာတရားတည်း၊ တဏှာကား သမုဒယသစ္စာတရားတည်း။ ဝေဒနာကြောင့် ဖြစ်ပေါ်လာသော တဏှာသည်ကား ပထမသစ္စာ (= ဒုက္ခသစ္စာ)လျှင် အမွန်အစ ရှိသော ဒုတိယသစ္စာ (= သမုဒယသစ္စာ)တည်း။

တဏှာပစ္စယာ ဥပါဒါနံ - ၌ တဏှာလည်း သမုဒယသစ္စာ ဥပါဒါန်လည်း သမုဒယသစ္စာတည်း။ ထိုကြောင့် တဏှာကြောင့် ဖြစ်ပေါ်လာသော ဥပါဒါန်သည်ကား ဒုတိယသစ္စာ (= သမုဒယသစ္စာ)လျှင် အမွန်အစရှိသော ဒုတိယသစ္စာ (= သမုဒယသစ္စာ)တည်း။

ဥပါဒါနပစ္စယာ ဘဝေါ - ဝယ် ဥပါဒါန်ကား သမုဒယသစ္စာတည်း၊ ကမ္မဘဝကား သမုဒယသစ္စာတည်း။ ဥပပတ္တိဘဝကား ဒုက္ခသစ္စာတည်း။ ထိုကြောင့် ဥပါဒါန်ကြောင့် ဖြစ်ပေါ်လာသော ဘဝသည် ဒုတိယသစ္စာ (= သမုဒယသစ္စာ)လျှင် အမွန်အစရှိသော ပထမသစ္စာ ဒုတိယသစ္စာတည်း။

ဘဝပစ္စယာ ဇာတိ - ဝယ် ဘဝ = ကမ္မဘဝကား သမုဒယသစ္စာတည်း။ ဇာတိကား ဒုက္ခသစ္စာတည်း။ ထိုကြောင့် ကမ္မဘဝကြောင့် ဖြစ်သော ဇာတိကား ဒုတိယသစ္စာ (= သမုဒယသစ္စာ)လျှင် အမွန်အစ ရှိသော ပထမသစ္စာတည်း။

ဇာတိပစ္စယာ ဇရာမရဏံ - ဝယ် ဇာတိလည်း ဒုက္ခသစ္စာတရား, ဇရာမရဏလည်း ဒုက္ခသစ္စာတရား ပင်တည်း။ ထိုကြောင့် ဇာတိကြောင့် ဖြစ်ပေါ်လာသော ဇရာမရဏသည် ပထမသစ္စာ (= ဒုက္ခသစ္စာ)လျှင် အမွန် အစရှိသော ပထမသစ္စာ (= ဒုက္ခသစ္စာ)တည်း။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆-၂၁၇။)

ဤ ဖွင့်ဆိုချက်များနှင့်အညီ - အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကား သမုဒယသစ္စာတရားတို့တည်း။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကား ဒုက္ခသစ္စာတရားစုတို့တည်း။ ဤသို့ မှတ်သားပါ။

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။

ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကား၍ ဖွင့်ဆိုထားတော်မူကြသော အထက်ပါ အဋ္ဌကထာအဖွင့်များနှင့်အညီ ---

၁။ ကမ္မဘဝကို ထူထောင်ခဲ့စဉ် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တည်းဟူသော အတိတ်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဤ ပစ္စုပ္ပန်ဘဝ၌ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော ပစ္စုပ္ပန် အကျိုးတရားငါးပါး ဒုက္ခသစ္စာတရားသည် ထင်ရှားဖြစ်ပေါ်လာရ၏။

၂။ ဤပစ္စုပ္ပန်ဘဝ၌ ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တည်းဟူသော ပစ္စုပ္ပန် အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အနာဂတ်အကျိုးတရားငါးပါး ဒုက္ခသစ္စာတရားသည် ထင်ရှားဖြစ်ပေါ်လာပေလတ္တံ့။ ---

ဤသို့လည်း မှတ်သားထားပါ။

မျက်စိအမြင်ရှိသော ယောက်ျားသည် ရူပါရုံ အမျိုးမျိုးတို့ကို စက္ခုဝိညာဏ်ဖြင့် မြင်တွေ့ရသကဲ့သို့ အလား တူပင် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အတိတ်အကြောင်း တရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံဟူသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဝိပဿနာ သမ္မာဒိဋ္ဌိတည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိမြင်နိုင်ကြောင်းကို အထက်တွင် တင်ပြထားသော ဥပနိသသုတ္တန်အဋ္ဌကထာဋီကာ အာသဝက္ခယသုတ္တန်အဋ္ဌကထာတို့က ဖွင့်ဆိုထားပေသည်။

ဘုရားရှင်ကလည်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မသိပါက မမြင် ပါက အာသဝေါတရားတို့၏ကုန်ခန်းကြောင်း အရိယမဂ်ကို မရရှိနိုင်ကြောင်းကို ဤအာသဝက္ခယသုတ္တန်တွင် ဟောကြားတော်မူလျက် ရှိ၏။ ထိုကြောင့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြု၍ သိမြင်အပ်သော နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလိုရှိကုန်သော သူတော်ကောင်းအပေါင်းတို့သည် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို, တစ်နည်း ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ ဟု ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းလေရာသည်။ ယင်းသို့လျှင် ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသောအခါ အဒိဋ္ဌဖြစ်သော အတိတ်အနာဂတ်တရားတို့၌ အနွယဉာဏ်ဖြင့် ရှုပါလေ။

နာနာက္ခဏိကကမ္မ၏ စွမ်းအင်

နာနာက္ခဏိကကမ္မ၏ စွမ်းအင်

ယခုလက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာငါးပါးစသည့် ဝိပါကဝဋ်တရားတို့၏ အကြောင်းရင်းဖြစ်ကြကုန်သော အတိတ်အကြောင်းတရား ငါးပါးတို့တွင် ကမ္မဘဝ = ကံလည်း တစ်ခုအပါအဝင် ဖြစ်၏။ ယင်း ကံမှာ နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့် ဝိပါက်ခန္ဓာတို့အား ကျေးဇူးပြုပေးနိုင်သော ကံအကြောင်းတရားပင် ဖြစ်သည်။ အကျိုးဝိပါက်တရားတို့နှင့် အကြောင်းကံတရားတို့မှာ ဖြစ်ပေါ်ခဲ့သော အချိန်ကာလ မတူညီကြသဖြင့် နာနာက္ခဏိကကမ္မပစ္စယ = ပစ္စုပ္ပန် အကျိုးတရား၏ ဖြစ်ရာခဏမှ မတူကွဲပြားသောခဏ၌ ဖြစ်သော ကံပစ္စည်း အကြောင်းတရားဟု ဆိုသည်။ ယင်း ကံအကြောင်းတရားမှာ မည်သည့်ကာလက ဖြစ်ခဲ့ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။ ---

ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မိံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။ ပဋ္ဌာနအဋ္ဌကထာ။)

= ကမ္မပစ္စည်းဟူသည် --- တစ်ကမ္ဘာမက များပြားလှစွာကုန်သော ကမ္ဘာပေါင်းကုဋေတို့၏သော်လည်း အထက်၌ ပြုစုပျိုးထောင်အပ်ခဲ့ပြီးသော မိမိ၏ အကျိုးကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော နာနာက္ခဏိကကမ္မပစ္စယ သတ္တိဖြင့် ကျေးဇူးပြုတတ်သော အကြောင်းပစ္စည်းတရားတည်း - ဟု ဆိုလို၏။ ---

အကြောင်းပြချက် --- ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပေါ်နေဆဲ ခဏ၌ အကျိုးဝိပါက်ကို ပေးနိုင်သည့် စွမ်းအားမရှိသေးပေ။ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပေါ်နေဆဲ ခဏ၌ အကယ်၍ အကျိုးပေးငြားအံ့။ လူသားတစ်ဦးသည် နတ်ပြည်သို့ ကပ်ရောက်ကြောင်း ဖြစ်သော အကြင်ကုသိုလ်ကံကို ပြုစုပျိုးထောင်၏၊ ထိုကုသိုလ်ကံ၏ အာနုဘော်ကြောင့် ထိုကံကို ပြုစုပျိုးထောင်ဆဲခဏ၌ပင် နတ်သားသည် ဖြစ်လေရာ၏၊ သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။ အလျော်အားဖြင့် ဆိုရမူ --- အကြင်ခဏ၌ ထိုကံကို ပြုစုပျိုးထောင်ပြီး ဖြစ်၏။ ထိုကံကို ပြုစုပျိုးထောင်ဆဲခဏမှ အခြားတစ်ပါးသော ခဏ၌ ယင်းကံသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိပါသော်လည်း သက်သက် ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ---

၁။ ထိုကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်အံ့ --- မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်ဘဝ၌သော် လည်းကောင်း,

၂။ ထိုကံသည် ဥပပဇ္ဇဝေဒနီယကံ ဖြစ်အံ့ --- ကပ်၍ဖြစ်ရာ ဒုတိယဘဝ၌သော်လည်းကောင်း,

၃။ ထိုကံသည် အပရာပရိယဝေဒနီယကံ ဖြစ်အံ့ --- ဒိဋ္ဌဓမ္မဘဝ ဥပပဇ္ဇဘဝမှ အခြားသော တတိယဘဝမှ စ၍ အဆက်ဆက် ရောက်ထိုက်သော ဘဝ၌သော်လည်းကောင်း, ---

ကုသိုလ်ကံ ဖြစ်အံ့ - ဂတိသမ္ပတ္တိ ဥပဓိသမ္ပတ္တိ ကာလသမ္ပတ္တိ ပယောဂသမ္ပတ္တိ, အကုသိုလ်ကံ ဖြစ်အံ့ - ဂတိဝိပတ္တိ ဥပဓိဝိပတ္တိ ကာလဝိပတ္တိ ပယောဂဝိပတ္တိတည်းဟူသော ကြွင်းသော အကြောင်းတရားတို့နှင့် ပေါင်းဆုံ ခြင်းသည် ထင်ရှားရှိလတ်သော် အကျိုးဝိပါက်ကို ဖြစ်စေနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၄၂၁ - ကြည့်ပါ။)

အဘယ်ကဲ့သို့နည်းဟူမူ ------ ရှေးရှေး သင်ယူအပ်သော အတတ်သင်ယူမှုသည် နောက်နောက် အတတ် သင်ယူမှုအား အခြေခံအကြောင်း အထောက်အပံ့အဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလချင်းမတူဘဲ ကာလတစ်ပါးသို့ ဆိုက်ရောက်မှ ကာလတစ်ပါး၌ ကျေးဇူးပြုသကဲ့သို့ ကံဟူသော စေတနာသည်လည်း ကံကိုပြုစုပျိုးထောင်ရာ ခဏ၌ အကျိုးတရားကို ဖြစ်ပေါ်လာအောင် ကျေးဇူးမပြုဘဲ နောက်နောက်ခဏသို့ ရောက်ရှိပါမှသာလျှင် ကျေးဇူး ပြု၏။ ထိုကြောင့် နာနာက္ခဏိက = အကျိုးပေးရာခဏမှ အသီးအသီးဖြစ်သော (ကွဲပြားသော)ခဏ၌ ဖြစ်သော စေတနာဟု ခေါ်ဆိုရသည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။ ပဋ္ဌာနအဋ္ဌကထာ။)

ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ

ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ

အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခအရိယသစ္စာမည်ကြောင်းကို အထက်တွင် ရှင်းလင်းပြခဲ့ပြီးဖြစ်၏။ ယခုတစ်ဖန် သမုဒယသစ္စာ အကြောင်းကို ထပ်မံ၍ ရှင်းလင်းတင်ပြလိုပေသည်။

လက်ရှိပစ္စုပ္ပန်ဘဝ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၏ အကြောင်းရင်းစစ်ဖြစ်သော သမုဒယသစ္စာ အရ တဏှာကို သမုဒယသစ္စာဟု ပဓာနနည်းအားဖြင့် ကောက်ယူခဲ့သော် ယင်း တဏှာသည် ဘယ်တုန်းက ဖြစ်ခဲ့သည့် တဏှာနည်းဟု ဆန်းစစ်ရန် ရှိ၏။

ရူပါရူပံ ပဉ္စက္ခန္ဓာ၊ တံ ဟောတိ ဒုက္ခသစ္စံ၊ တံ သမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ။ (အဘိ၊ဋ္ဌ၊၂၊၆၈-၆၉။)

= ရုပ်နာမ်နှစ်ပါးသည် ခန္ဓာငါးပါးတည်း။ ထိုခန္ဓာငါးပါးသည် ဒုက္ခသစ္စာတည်း။ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးရှေးဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် သမုဒယသစ္စာတည်း။ (အဘိ၊ဋ္ဌ၊၂၊၆၈-၆၉။)

အကယ်၍ သမုဒယသစ္စာအရ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့ကို, တစ်နည်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ထားအပ်သော သင်္ခါရ ကံတို့ကို သမုဒယသစ္စာအရ ကောက်ယူခဲ့သော် - ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကို ကိုးကား၍ ဖွင့်ဆိုထားတော်မူကြသော - အတီတေ ဟေတဝေါ ပဉ္စ - စသော အဋ္ဌကထာအဖွင့်များနှင့် အညီ - ယင်း သမုဒယသစ္စာတရားမှာလည်း အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော တရားပင် ဖြစ်ပေသည်။

သဘာဝယုတ္တိဘက်က နှိုင်းချိန်နိုင်ရန် ဆက်လက်၍ တင်ပြအပ်ပါသည်။ အကြောင်းသမုဒယသစ္စာတရား ထင်ရှားရှိနေခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပွားလာရသည် ဖြစ်ရာ - ထိုအကြောင်းတရားနှင့် အကျိုးတရားနှစ်မျိုးတို့တွင် အကြောင်းတရားက အလျင်ဖြစ်မည်လော၊ အကျိုးတရားက အလျင်ဖြစ်မည်လော ဟူသော အချက်ကို ရှေးဦးစွာ စဉ်းစားပါ။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အကြောင်း သမုဒယ သစ္စာတရားနှင့် အကျိုး ဒုက္ခသစ္စာတရား နှစ်မျိုးတို့တွင် အကြောင်း သမုဒယသစ္စာတရားသည် အကျိုး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ရာ အကျိုးပေးရာခဏမှ မတူထူးခြား ကွဲပြားသော အသီးအသီးသော ခဏ၌ ဖြစ်သော နာနာက္ခဏိကကမ္မသတ္တိ ဖြစ်ခြင်းကြောင့် အကြောင်း သမုဒယသစ္စာတရားသည် အကျိုး ဒုက္ခသစ္စာတရားကို ဖြစ်စေနိုင်သော နာနာက္ခဏိကကမ္မသတ္တိစွမ်းအင် အနေဖြင့် ထင်ရှားတည်ရှိနေခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရသဖြင့် -- အကြောင်း သမုဒယသစ္စာတရားကသာ အလျင် ဖြစ်ပေါ်ရမည်, အကျိုး ဒုက္ခသစ္စာတရားက နောက်မှဖြစ်ပေါ်ရမည်ဟု လက်ခံနိုင်ငြားအံ့၊ အသင်သူတော်ကောင်းအတွက် နိဗ္ဗာန်သို့သွားရာ လမ်းကြောင်းပေါ်၌တည်ရှိနေသော ပိတ်ဆို့နေသည့် တံခါးပေါက်ကြီးတစ်ခု ပွင့်ထွက်သွားပြီဟုသာ မှတ်သားပါ။

ထိုသို့ စဉ်းစားရာ၌ အတိတ်အကြောင်းတရားငါးပါးတို့တွင် နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးနိုင်သည့် ကံကို ပဓာနထား၍ စဉ်းစားပါ။ ထိုကံမှာ နာနာက္ခဏိကကံမျိုးဖြစ်သဖြင့် အကြောင်း သမုဒယသစ္စာတရားက အလျင်ဖြစ်၍ အကျိုးဒုက္ခသစ္စာတရားက နောက်မှဖြစ်သည်ဟူသော အယူကို လက်ခံနိုင်ပါလျှင် ဤဘဝတွင် ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတို့တွင် မည်သည့်တရားက အလျင်စ၍ဖြစ်သည်ကို ထပ်မံ စဉ်းစားကြည့်ပါ။

ဤဘဝတွင် လူသားတစ်ဦးကို ဦးတည်၍ ပြောဆိုရမူ အမိဝမ်းတွင်းဝယ် ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်၌ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဟဒယဒသကကလာပ်ဟူသော ရုပ်ကလာပ် အမျိုး အစားသုံးမျိုး ရုပ်အမျိုးအစား (၃၀)တို့နှင့် တိဟိတ်ပုဂ္ဂိုလ်လည်း ဖြစ်၍ သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေနေသူဖြစ်မူ စိတ်စေတသိက်နာမ်တရား (၃၄)လုံးရှိမည် ဖြစ်ပေသည်။ ယင်း နာမ်တရား (၃၄)လုံးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။ ---

၁။ အသိစိတ် = ဝိညာဏ် = သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက်စိတ် (၁)လုံး,

၂။ အညသမာန်း အမည်ရသည့် (အကောင်း အဆိုး နှစ်ဘက်ရ ) စေတသိက် (၁၃)လုံး,

၃။ သောဘဏစိတ်အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏ စေတသိက် (၁၉)လုံး,

၄။ ပညိန္ဒြေ စေတသိက် (၁)လုံး,

အားလုံးပေါင်းသော် (၃၄)လုံး ဖြစ်သည်။

ယင်း (၃၄)မျိုးတို့တွင် ပါဝင်သော ---

၁။ ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။

၂။ သညာကား သညာက္ခန္ဓာတည်း။

၃။ ကျန်စေတသိက် (၃၁)လုံးတို့ကား သင်္ခါရက္ခန္ဓာတည်း။

၄။ အသိစိတ် = ဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။

ရုပ်အမျိုးအစား (၃၀)က ရူပက္ခန္ဓာ, နာမ်တရား (၃၄)မျိုးက နာမ်ခန္ဓာ (၄)ပါး - နှစ်ရပ်ပေါင်းသော် ခန္ဓာ ငါးပါးတည်း။ ဥပါဒါနက္ခန္ဓာတို့ပင်တည်း။ ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့ကား - သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ (သံ၊၃၊၃၆၉။) ဟူသော ဓမ္မစကြာဒေသနာတော်မြတ်၏ အဆိုအမိန့်နှင့် အညီ ဒုက္ခသစ္စာတရားစုတို့သာ ဖြစ်ကြသည်။ ထိုကြောင့် လူသားတစ်ဦးအတွက် ဤဘဝတွင် ဒုက္ခသစ္စာတရားကသာ ဦးစွာ စ၍ ဖြစ်ပွားလာရပေသည်။

ထိုဒုက္ခသစ္စာတရားသည် သမုဒယသစ္စာကြောင့်ဖြစ်သည်ဟူသော ဒေသနာအဆိုအမိန့်နှင့် ဒုက္ခသစ္စာ သမုဒယသစ္စာ ဟူသော အကြောင်းတရား အကျိုးတရားနှစ်မျိုးတို့တွင် နာနာက္ခဏိကကမ္မသဘောအရ အကြောင်း သမုဒယသစ္စာကသာ အလျင်ဖြစ်ရသည်, အကျိုး ဒုက္ခသစ္စာက နောက်မှ ဖြစ်ရသည်ဟူသော အဆိုအမိန့်တို့ကို လက်ခံနိုင်ပါမူ ယခုဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်း သမုဒယသစ္စာတရားမှာ ဤ ပစ္စုပ္ပန်ဘဝတွင် ဖြစ်နေသော သမုဒယသစ္စာ မဟုတ်ကြောင်းကိုလည်းကောင်း, အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့်သာ ဤ ဘဝတွင် ဒုက္ခသစ္စာဖြစ်ပေါ်လာရကြောင်းကိုလည်းကောင်း အသင်သူတော်ကောင်းသည် လွယ်ကူစွာပင် လက်ခံနိုင်ဖွယ်ရာ ရှိပါလိမ့်မည်။

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ထားအပ်သော သမုဒယသစ္စာသည် အတိတ်ဘဝက ဖြစ်ခဲ့လျှင် မည်သည့် အတိတ်ဘဝက ဖြစ်ခဲ့ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ---

၁။ ဥပပဇ္ဇဝေဒနီယကံ,

၂။ အပရာပရိယဝေဒနီယကံ ---

ဤ ကံနှစ်မျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်နိုင်၏။

ထိုကံသည် အကယ်၍ ဥပပဇ္ဇဝေဒနီယကံ ဖြစ်အံ့၊ ပထမအတိတ်ဘဝ၌ ပြုစုပျိုးထောင်ခဲ့သော ကံပင် ဖြစ်၏။ ထိုကံသည် အကယ်၍ အပရာပရိယဝေဒနီယကံမျိုး ဖြစ်ငြားအံ့၊ ထိုကံမှာ လွန်ခဲ့သော ဒုတိယအတိတ်ဘဝ၌သော်လည်းကောင်း, လွန်ခဲ့သော တတိယအတိတ်ဘဝ စသည့် ဘဝတစ်ခုခု၌သော်လည်းကောင်း ပြုစု ပျိုးထောင်ခဲ့သော ကံသာလျှင် ဖြစ်ပေသည်။ ဥပပဇ္ဇဝေဒနီယကံပင် ဖြစ်ချင်ဖြစ်ပါစေ, အပရာပရိယဝေဒနီယကံမျိုးပင် ဖြစ်ချင်လည်း ဖြစ်ပါစေ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ထို သမုဒယသစ္စာ အမည်ရသော ကံကို တစ်နည်း ထို သမုဒယသစ္စာ အမည်ရသော ကံကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ပဋိသန္ဓေ ဥပါဒါနက္ခန္ဓာငါးပါး အစရှိသည့် ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကို သိအောင် မြင်အောင်သာ ရှုရမည် ဖြစ်ပေသည်။ ယင်းသို့ သိပါမှ ယင်းသို့ မြင်ပါမှသာလျှင် အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိနိုင်ကြောင်းကို ဥပနိသသုတ္တန် အာသဝက္ခယသုတ္တန်တို့တွင် ဘုရားရှင်က ဟောကြားတော်မူလျက် ရှိပေသည်။

အကယ်၍ ထိုသမုဒယသစ္စာအမည်ရသော ကံတရားမှာ အပရာပရိယဝေဒနီယကံမျိုး ဖြစ်နေအံ့၊ ထို ကံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ထိုကံကို ထူထောင်ခဲ့ရာ ဒုတိယ အတိတ်ဘဝစသည့် ဘဝသို့တိုင်အောင် ယင်းကံကို သမ္မာဒိဋ္ဌိဉာဏ်ဟူသော ပစ္စက္ခဉာဏ်ဖြင့် မြင်အောင် ရှုရ မည်သာ ဖြစ်သည်။ ရှုကွက် အကျယ်ကို နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း တတိယတွဲ ပဋိစ္စသမုပ္ပါဒ်ပိုင်း အာဟာရ သုတ္တန်ကို ရှင်းလင်းတင်ပြသည့်အပိုင်း စာမျက်နှာ (၄၅) စသည်တို့၌ ကြည့်ပါ။

အကယ်၍ အတိတ်ဘဝတစ်ခုခုက ဖြည့်ကျင့် ဆည်းပူးခဲ့သော ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာ အမည်ရသည့် ကံကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေခန္ဓာငါးပါးအစရှိသော ဒုက္ခသစ္စာတရားစု၏ ထင်ရှားဖြစ်ပေါ် လာမှုကို အသင်သူတော်ကောင်းသည် အာဒါနဂ္ဂါဟီဟူသော မိမိ၏ အယူဝါဒကို လက်မလွှတ်နိုင် မစွန့်လွှတ် နိုင်၍ စွဲမြဲစွာ ဆုပ်ကိုင်ထားခြင်းကြောင့် လက်မခံနိုင်သည် ဖြစ်ငြားအံ့၊ ယင်းသို့ လက်မခံနိုင်ခဲ့သော် ---

၁။ သမ္မာသမ္ဗောဓိ အလောင်းလျာကြီးများအဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း,

၂။ ပစ္စေကဗောဓိ အလောင်းလျာကြီးများအဖို့ နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း,

၃။ အဂ္ဂသာဝကဗောဓိ အလောင်းလျာကြီးများအဖို့ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း,

၄။ မဟာသာဝကဗောဓိ အလောင်းလျာကြီးများအဖို့ ကမ္ဘာတစ်သိန်း ---

ဤကဲ့သို့သော ကာလ အသီးအသီးတို့ပတ်လုံး မိမိတို့ လိုလားတောင့်တနေသည့် ဗောဓိဉာဏ်ဘက်သို့ ရှေးရှူသယ်ဆောင်ပေးနေသည့် အဘိနိဟာရ အမည်ရသော ပါရမီအပေါင်း တရားကောင်းတို့ကို ဖြည့်ကျင့် ဆည်းပူးနေဖွယ်ရာ လို-မလိုကိုပါ ထပ်မံစဉ်းစားရပေတော့မည်။ အဘယ်ကြောင့်နည်းဟူမူ --- အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် သမုဒယသစ္စာအမည်ရသော ကံကြောင့် ပစ္စုပ္ပန်တွင် ဒုက္ခသစ္စာအမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ဖြစ်မှုကို လက်မခံနိုင်သောကြောင့်ပင် ဖြစ်၏။ ထိုသို့ လက်မခံနိုင်ခြင်းမှာ ကံ-ကံ၏အကျိုးတရားကို လက်မခံနိုင်ခြင်းပင် ဖြစ်၏။ ကံ-ကံ၏အကျိုးတရားကို လက်မခံဘဲ ပစ်ပယ်လိုက်မိပါက အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ ဟူသည့် ဒိဋ္ဌိဘေးဆိုးကြီး တွင်းကြီးထဲသို့ ကျွံကျသွားခြင်းပင် ဖြစ်၏။ နိယတမိစ္ဆာဒိဋ္ဌိ တည်းဟူသော ချောက်ကမ္ဘားကြီးထဲသို့ ဣန္ဒြေရရနှင့် သက်ဆင်းသွားခြင်းပင် ဖြစ်၏။

တဏှာသည် သမုဒယသစ္စာဖြစ်သည်ကား မှန်၏၊ သို့သော် ပစ္စုပ္ပန်တဏှာဟူသည့် သမုဒယသစ္စာသည် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ပစ္စုပ္ပန်ဒုက္ခသစ္စာ၏ အကြောင်းရင်းကား မဟုတ်ပေ။ (ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။) ဟူသည်နှင့် အညီ အနာဂတ် ဒုက္ခသစ္စာ၏ အကြောင်းရင်းသာ ဖြစ်၏။ အလားတူပင် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန်ကံသည်လည်း ပစ္စုပ္ပန် ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသည့် ပစ္စုပ္ပန် ဒုက္ခသစ္စာ၏ အကြောင်းရင်းကား မဟုတ်ပေ။ နောင်အနာဂတ် ခန္ဓာငါးပါး၏ အကြောင်းရင်းသာ ဖြစ်ပေသည်။

အကယ်၍ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် ပစ္စုပ္ပန် ဒုက္ခသစ္စာဖြစ်မှုကို လက်ခံပါမူ, အထက်တွင် တင်ပြခဲ့သော ပဋ္ဌာန်းအဋ္ဌကထာ၌ ဖွင့်ဆိုထားသည့် အတိုင်း အသင်သူတော်ကောင်းသည် နတ်ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ်တစ်ခုကို ပြုလုပ်၍ နတ်ဘဝကို ဆုတောင်းကြည့်ပါ။ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် ပစ္စုပ္ပန် ဒုက္ခသစ္စာ ဖြစ်ရိုးမှန်ပါက ချက်ချင်း နတ်သား ဖြစ်သွားရမည်။ သို့သော် ဖြစ်ကား မဖြစ်ပေ။ အလားတူပင် ကောင်းမှုကုသိုလ် တစ်ခုကို ပြုလုပ်၍ မအိုရအောင် မနာရအောင် မသေရအောင် ဆုတောင်းပန်ထွာကြည့်ပါ။ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာ ဖြစ်ရိုးမှန်ပါက မအို မနာ မသေသည့်ဘဝကို ချက်ချင်း လက်ငင်း ရရှိရမည် ဖြစ်၏။ သို့သော် ရကား မရဖြစ်ခဲ့၏။ အလားတူပင် အသက် (၆၀)အရွယ်တွင် တည်နေသော အသင် သူတော်ကောင်းသည် အချောဆုံး အလှဆုံး (၁၆)နှစ်အရွယ်ဖြစ်အောင် ဆုတောင်းပန်ထွာကြည့်ပါ။ ပစ္စုပ္ပန် သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာ ဖြစ်ရိုးမှန်ပါက အချောဆုံး အလှဆုံး (၁၆)နှစ်အရွယ် ချက်ချင်း ဖြစ်သွားရမည် ဖြစ်၏။ သို့သော် မည်သို့ပင် ကောင်းမှုကုသိုလ် ပြု၍ ဆုတောင်း ပန်ထွာသော်လည်း ချက်ချင်း လက်ငင်း အချောဆုံးလည်း ဖြစ်မလာ၊ အလှဆုံးလည်း ဖြစ်မလာ၊ (၁၆)နှစ်အရွယ်လည်း ဖြစ်မလာ၊ အရုပ်ဆိုးမြဲသာ အရုပ်ဆိုးနေရ၏၊ အကျည်းတန်မြဲသာ အကျည်းတန်နေရ၏၊ နောက်ဆုတ်၍ ပြန်မပျိုဘဲ အိုမြဲသာ အိုနေရ၏။ အကယ်၍ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာ ဖြစ်ရိုးမှန်ပါက = ကောင်းမှုကုသိုလ် ပြု၍ ဆုတောင်း ပန်ထွာသည့်အတိုင်း ပစ္စုပ္ပန်တွင်ပင် ချက်ချင်းဖြစ်နေပါက လောကဝယ် အကျည်းတန်အရုပ်ဆိုးသူ အိုသူ နာသူ အသက်တိုသူသည်ပင် မရှိနိုင်တော့လေရာ။

ဆိုလိုသည့် သဘောမှာ ဤသို့ ဖြစ်၏၊ --- ပစ္စုပ္ပန် သမုဒယသစ္စာသက်သက်ကို သိရုံမျှဖြင့်, ပစ္စုပ္ပန် ဒုက္ခသစ္စာသက်သက်ကို သိရုံမျှဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို မသိနိုင် ပေ။ အဘယ်ကြောင့်နည်းဟူမူ - အတိတ်က ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့်သာလျှင် ပစ္စုပ္ပန်တွင် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော ဒုက္ခသစ္စာတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့်လည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်တွင် ပဋိသန္ဓေ္ဓခန္ဓာငါးပါး အစရှိသော ဒုက္ခသစ္စာတရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း --- ဖြစ်ပေသည်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါကလည်း အရိယမဂ်ဉာဏ်ကို မရရှိနိုင်ကြောင်းကို အထက်တွင် ရေးသားတင်ပြထားသော ဥပနိသသုတ္တန် အာသဝက္ခယ သုတ္တန်တို့တွင် ဘုရားရှင်က ဟောကြားတော်မူလျက်ရှိပေသည်။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ကို ပစ္စက္ခဉာဏ်ဖြင့် လှမ်း၍ မရှုပါက အတိတ်ဘဝတစ်ခုခုတွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော သင်္ခါရ ကံတည်းဟူသော သမုဒယသစ္စာကို မည်သည့်နည်းနှင့်မျှ ပစ္စက္ခဉာဏ်ဖြင့် သိရှိခွင့်ရရှိနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း -- မရှုသောကြောင့်ပင် ဖြစ်၏။ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါက ယင်းအတိတ်သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာဖြစ်ပုံကိုလည်း ယောဂါဝစရပုဂ္ဂိုလ် သည် ပစ္စက္ခဉာဏ်ဖြင့် သိရှိခွင့် ရရှိနိုင်တော့မည်မဟုတ်ပေ။ အတိတ်က သမုဒယသစ္စာကြောင့် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ပစ္စုပ္ပန် ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါကလည်း အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိနိုင်၏ဟု ဘုရားရှင်က ဟောတော် မမူပေ။

အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် နောင်အနာဂတ်ကို မရှုပါကလည်း ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် အနာဂတ်ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိနိုင်ပေ။ အဘယ်ကြောင့်နည်းဟူမူ -- အနာဂတ်ကို မရှုသောကြောင့်ပင်ဖြစ်၏။ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် အနာဂတ်ဒုက္ခသစ္စာဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိပါကလည်း အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို ရရှိနိုင်၏ဟု ဘုရားရှင်က ဟောတော်မမူပေ။

ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အတိတ်သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာဖြစ်ပုံကို လည်းကောင်း, ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် အနာဂတ်ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် အတိတ်ခန္ဓာ အနာဂတ်ခန္ဓာ တို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှေးဦးစွာ သိမ်းဆည်း ရှုပွားရတော့မည် ဖြစ်ပေသည်။

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာဟူသည်မှာလည်း အတိတ်ခန္ဓာတို့၏ အစိတ်အပိုင်း တို့သာ ဖြစ်၏။ အတိတ်သမုဒယသစ္စာကြောင့် ဖြစ်ပေါ်လာကြသည့် ပစ္စုပ္ပန်ဒုက္ခသစ္စာတို့ဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာတို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏။ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ပစ္စုပ္ပန်သမုဒယသစ္စာ ဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာတို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏။ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် ဖြစ်ပေါ်လာမည့် အနာဂတ်ဒုက္ခသစ္စာဟူသည်မှာလည်း အနာဂတ်ခန္ဓာတို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏။

ဤ စကားရပ်များ နားရှင်းသွားအောင် ထပ်မံ၍ ရှင်းလင်း တင်ပြပါရစေ --- အတိတ်အကြောင်းတရားတို့တွင် တစ်နည်း အတိတ်ကပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာတရားတို့တွင် - အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ သင်္ခါရ-ကံတို့ကား ကမ္မဝဋ်တည်း။ လူသားတို့၏ပဋိသန္ဓေခန္ဓာငါးပါးစသည့် ကုသလဝိပါကဝဋ် တရားနှင့် ကမ္မဇရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော သင်္ခါရ ကံတို့မှာ ကုသိုလ်သင်္ခါရ ကံတို့သာ ဖြစ်ကြသည်။

ထိုတွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အဝိဇ္ဇာချည်းသက်သက် တဏှာချည်းသက်သက် ဥပါဒါန်ချည်း သက်သက် ဖြစ်နိုင်သည့် တရားတို့ကား မဟုတ်ကြပေ။ ယှဉ်ဖက် စိတ်စေတသိက်တို့နှင့် အတူယှဉ်တွဲ၍သာ ဖြစ်ကြရ၏။ ပုထုဇန်များအတွက် ယေဘုယျအားဖြင့် လောဘဒိဋ္ဌိဦးဆောင်သည့် လောဘမူ စိတ္တုပ္ပါဒ်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ အကယ်၍ လောဘမူ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်ပါမူ ယင်း အကုသိုလ်ဇော အသီးအသီး၌ စိတ်စေတသိက် နာမ်တရားစု အလုံး (၂၀) ရှိမည် ဖြစ်သည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် လောဘမူ အသင်္ခါရိကစိတ် -- ၁

အညသမာန်းစေတသိက် -- ၁၃

မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ဟူသော အကုသလသာဓာရဏစေတသိက် -- ၄

လောဘ + ဒိဋ္ဌိ -- ၂

အားလုံးပေါင်းသော် -- ၂၀

ဇောစိတ္တက္ခဏ အသီးအသီး၌ စိတ်-စေတသိက် အလုံး (၂၀)စီ အသီးအသီး ရှိမည်ဖြစ်သည်။ ပဋိသန္ဓေကျိုးကို ပေးနိုင်သော အားပေးထောက်ပံ့နိုင်သော စွမ်းအားရှိသော တရားများ ဖြစ်ခြင်းကြောင့် မနောဒွါရိက ဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြ၏။ ယင်း စိတ်+စေတသိက် = နာမ်တရားတို့တွင် ---

၁။ ဝေဒနာကား ဝေဒနာက္ခန္ဓာ,

၂။ သညာကား သညာက္ခန္ဓာ,

၃။ ကျန်စေတသိက် (၁၇)လုံးကား သင်္ခါရက္ခန္ဓာ,

၄။ (လောဘမူ) အသိစိတ် ဝိညာဏ်ကား ဝိညာဏက္ခန္ဓာ,

အားလုံးပေါင်းသော် နာမ်ခန္ဓာ (၄)ပါးတည်း။

၅။ ယင်းနာမ်တရားတို့၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော သသမ္ဘာရဟဒယအမည်ရသည့် (၅၄)မျိုးသော ရုပ်တရားတို့ကား ရူပက္ခန္ဓာ - အားလုံးပေါင်းသော် ခန္ဓာငါးပါးတည်း။ (၅၄-မျိုးသော ရုပ်ရေတွက်ပုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)

ကိလေသဝဋ်အမည်ရသည့် ယင်းအတိတ်နာမ်ခန္ဓာ(၄)ပါးတို့မှာ ယင်းအတိတ်ဘဝက တည်ရှိခဲ့သော မနောဒွါရဟူသော ဘဝင်ခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ်အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အစွဲပြု ၍သာ ဖြစ်ပေါ်လာကြရသော အတိတ်ခန္ဓာတို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏။

တစ်ဖန် သင်္ခါရ-ကံတို့မှာလည်း လူသားတစ်ဦးအတွက် ကွက်၍ ဆိုရမူ -- တိဟိတ်သောမနဿပဋိသန္ဓေ တည်နေခဲ့သော သူတော်ကောင်းတစ်ဦး၏ တိဟိတ်သောမနဿပဋိသန္ဓေ ခန္ဓာငါးပါးတို့၏ အကြောင်းရင်းစစ်ဖြစ်သော သင်္ခါရ-ကံတို့မှာလည်း အတိတ်ဘဝ တစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော တိဟိတ် သောမနဿကာမာဝစရ မဟာကုသိုလ် သင်္ခါရ-ကံတို့သာ ဖြစ်ကြသည်။ ယင်းကံတို့မှာ ဥပပဇ္ဇဝေဒနီယကံသော်လည်း ဖြစ်ချင် ဖြစ်မည်၊ အပရာပရိယဝေဒနီယကံသော်လည်း ဖြစ်ချင် ဖြစ်မည်။

စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ။ (အံ၊၂၊၃၆၃။ အဘိ၊၄၊၂၉၀။)

ဤသို့သော ဒေသနာတော်တို့၌ စေတနာကို ပဓာနထား၍ ကံ ဟု ဘုရားရှင်က ဟောကြားထားတော် မူခဲ့၏။ ထိုကြောင့် သင်္ခါရ-ကံတို့အရ စေတနာကို ပဓာနထား၍ ပဓာနနည်းအားဖြင့် အရကောက်ယူရ၏။

စေတနာသမ္ပယုတ္တဓမ္မာနံ ပန ကမ္မဘာဝေါ ကမ္မစတုက္ကေန ဒီပိတော။ (အဘိ၊ဋ္ဌ၊၁၊၁၃၁။)

ဤ အဋ္ဌသာလိနီအဋ္ဌကထာအဖွင့်နှင့် အညီ စေတနာသမ္ပယုတ္တဓမ္မဖြစ်သည့် စေတနာနှင့် ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုတို့ကိုလည်း အင်္ဂုတ္တိုရ် စတုက္ကနိပါတ် ဗောဇ္ဈင်္ဂသုတ္တန် (အံ၊၁၊၅၅၉။)တွင် ကံ ဟု ဘုရားရှင် ဟောကြားထားတော်မူပေသည်။ ယင်းသုတ္တန်တွင် ဘုရားရှင်သည် - ကမ္မံ ကဏှံ ကဏှဝိပါကံ စသည်ဖြင့် ကံလေးမျိုးကို ဟောကြားထားတော်မူပေသည်။ (အကျယ်ကို ယင်းသုတ္တန်တွင် ကြည့်ပါ။)

သို့အတွက် သင်္ခါရ-ကံအရ စေတနာကိုလည်းကောင်း, စေတနာနှင့် ယှဉ်ဖက် စေတနာသမ္ပယုတ္တဓမ္မတို့ကို လည်းကောင်း ကောက်ယူရ၏။ တိဟိတ်သောမနဿပဋိသန္ဓေ တည်နေသူ သူတော်ကောင်းတစ်ဦး၏ တိဟိတ် သောမနဿပဋိသန္ဓေ ခန္ဓာငါးပါးတို့၏ အကြောင်းရင်းစစ်ဖြစ်သော ယင်း သင်္ခါရကံတို့မှာလည်း သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စေတနာနှင့် စေတနာသမ္ပယုတ္တဓမ္မတို့သာ ဖြစ်ကြ၏။ ကုသိုလ်စေတနာနှင့် တကွ စိတ်စေတသိက် (၃၄)လုံး ရှိကြ၏။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် -- ၁

အညသမာန်းစေတသိက် -- ၁၃

သောဘဏသာဓာရဏစေတသိက် -- ၁၉

ပညိန္ဒြေစေတသိက် -- ၁

အားလုံးပေါင်းသော် -- ၃၄

ယင်း (၃၄)မျိုးသော နာမ်တရားတို့တွင် ---

၁။ ဝေဒနာကား ဝေဒနာက္ခန္ဓာ,

၂။ သညာကား သညာက္ခန္ဓာ,

၃။ ကျန်စေတသိက် (၃၁)လုံးတို့ကား သင်္ခါရက္ခန္ဓာ,

၄။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်ကား ဝိညာဏက္ခန္ဓာ,

၅။ ယင်း နာမ်တရားစုတို့၏ မှီရာဝတ္ထုရုပ်တို့ကား ရူပက္ခန္ဓာ,

အားလုံးပေါင်းသော် ခန္ဓာငါးပါးတည်း။

ယင်း သင်္ခါရ-ကံတို့ကား ပစ္စုပ္ပန်ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ်တရားတို့ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော တရားတို့ ဖြစ်ခြင်းကြောင့် မနောဒွါရိက ဇောဝီထိ စိတ်အစဉ်တို့သာ ဖြစ်ကြ၏။ ဇောစိတ္တက္ခဏ အသီးအသီး၌ နာမ်တရား (၃၄)လုံးစီ ရှိ၏။

ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ... (အဘိ၊၁၊၁၀၄။)

ဤသို့စသော ဒေသနာတော်များနှင့် အညီ ယင်းမနောဒွါရိက ဇောဝီထိမှာလည်း တစ်ကြိမ်တစ်ခါသာ ဖြစ်ခဲ့သည် မဟုတ်ဘဲ ဇောဝီထိပေါင်းများစွာ ဖြစ်ခဲ့သည်သာ ဖြစ်ပေသည်။ ကမ္မဝဋ်တရားစုတို့ပင်တည်း။ ယင်း ကမ္မဝဋ်တရားတို့သည်လည်း အတိတ်ဘဝတွင် ဖြစ်ခဲ့ကြသော ဝိပါကဝဋ် အမည်ရသည့် ဘဝင်ခန္ဓာငါးပါး အစရှိသည့် ဥပါဒါနက္ခန္ဓာတို့ကို စွဲမှီ၍သာ အစွဲပြု၍သာ ဖြစ်ပေါ်လာကြရသော အတိတ်ခန္ဓာတို့၏ အစိတ် အပိုင်းတို့သာ ဖြစ်ကြ၏။

အထက်ပါ ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ဖြစ်သည့် အတိတ်ခန္ဓာငါးပါးတို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းထားပြီး ဖြစ်ရမည်။ ပစ္စက္ခဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ တစ်ဖန် ယင်း ကိလေသဝဋ် ကမ္မဝဋ်တို့ကြောင့် ဖြစ်ပေါ်လာသည့် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ်တရားတို့ကိုလည်း ပစ္စက္ခဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး သိမ်းဆည်းထားပြီး ဖြစ်ရမည်။

ယင်းသို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါမှ အတိတ်ကိလေသဝဋ်ကြောင့် အတိတ် ကမ္မဝဋ်ဖြစ်ပုံကိုလည်းကောင်း, ယင်း အတိတ်ကမ္မဝဋ်ကြောင့် ပစ္စုပ္ပန်ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော ဝိပါကဝဋ် ဖြစ်ပုံကိုလည်းကောင်း တစ်ဆင့်တက်၍ ပစ္စက္ခဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။

သို့သော် ပစ္စုပ္ပန်ဝိပါကဝဋ်၏ အကြောင်းရင်းစစ်ဖြစ်သော အတိတ်ကိလေသဝဋ်ခန္ဓာ , အတိတ်ကမ္မဝဋ် ခန္ဓာ, ယင်းတို့၏စွဲမှီရာ အတိတ်ဝိပါကဝဋ်ခန္ဓာတို့ကို လုံးလုံးမသိမ်းဆည်းခဲ့သော် လုံးလုံးမရှုခဲ့သော် ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ခဲ့သော် ယင်းသို့ မသိမှုတွေ တစ်ပုံကြီးထမ်းထားသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ကိလေသဝဋ်ကြောင့် အတိတ်ကမ္မဝဋ် ဖြစ်ပုံကိုလည်းကောင်း, အတိတ်ကမ္မဝဋ်ကြောင့် ပစ္စုပ္ပန်ဝိပါကဝဋ် ဖြစ်ပုံကိုလည်းကောင်း ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခွင့်ကို လုံးလုံး ရရှိတော့မည်ကား မဟုတ်ပေ။ ယင်းသို့ အတိတ်က ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့် ပစ္စုပ္ပန်ပဋိသန္ဓေ ခန္ဓာငါးပါးအစရှိသည့် ဝိပါကဝဋ် ဒုက္ခသစ္စာတရား၏ ထင်ရှားဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါကလည်း အာသဝေါတရားတို့၏ ကုန်ခန်းကြောင်း အရိယမဂ်ကို မရရှိနိုင်ကြောင်းကို ဘုရားရှင်ကလည်း ဟောကြားတော်မူလျက်ပင် ရှိပေသည်။

တစ်ဖန် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လျက်ရှိကြသော ကိလေသဝဋ် ကမ္မဝဋ် အမည်ရကြသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ တို့လည်း ရှိကြ၏၊ ယင်း ကိလေသဝဋ် ကမ္မဝဋ်တို့မှာ အနာဂတ်ဝိပါကဝဋ်တရားစု၏ အကြောင်းတရားတို့သာ ဖြစ်ကြ၏။ အသင်သူတော်ကောင်းသည် အနာဂတ်ဘဝဝယ် ရဟန်းဘဝကို ရည်ရွယ် တောင့်တ၍ ကာမာဝစရ မဟာကုသိုလ် သင်္ခါရ-ကံတို့ကို ပြုစုပျိုးထောင်နေသည် ဖြစ်အံ့။

၁။ ရဟန်းဟု အသိမှားမှုသဘောကား အဝိဇ္ဇာ,

၂။ ယင်း ရဟန်းဘဝကို တွယ်တာတပ်မက်မှုသဘောကား တဏှာ,

၃။ ယင်း ရဟန်းဘဝသို့ စိတ် ကပ်ရောက် စွဲနေမှုသဘောကား ဥပါဒါန်,

ဤကား ကိလေသဝဋ် သုံးပါးတည်း။ အကယ်၍ အသင်သူတော်ကောင်းသည်လည်း တိဟိတ်ပုထုဇန် အဆင့်တွင်သာ တည်ရှိနေသေးသည် ဖြစ်အံ့ - ယင်းကိလေသဝဋ်တို့မှာ ယေဘုယျအားဖြင့် လောဘဒိဋ္ဌိအုပ်စုတို့ ဖြစ်ကြ၏။ ဝမ်းမြောက်ဝမ်းသာဖြင့် ဆုတောင်းပန်ထွာခဲ့သော် သောမနဿဝေဒနာနှင့် ယှဉ်သဖြင့် စိတ်စေတသိက် အလုံး(၂၀) ရှိမည် ဖြစ်၏။ နာမ်ခန္ဓာလေးပါးတို့ပင်တည်း။ ယင်းနာမ်ခန္ဓာတို့၏ မှီရာဝတ္ထုရုပ်တို့ကား ရူပက္ခန္ဓာတည်း။ အားလုံးပေါင်းသော် ခန္ဓာငါးပါးတည်း။

တစ်ဖန် ကမ္မဝဋ် အမည်ရသည့် သင်္ခါရ ကံတို့မှာလည်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် တိဟိတ် ကာမာဝစရကုသိုလ်မျိုးဖြစ်လျှင် စိတ်စေတသိက် (၃၄)လုံး ရှိမည်ဖြစ်၏။ နာမ်ခန္ဓာလေးပါးတို့ပင်တည်း။ ယင်းတို့၏ မှီရာ ဝတ္ထုရုပ်တို့ကား ရူပက္ခန္ဓာတည်း။ အားလုံးပေါင်းသော် ခန္ဓာငါးပါးတို့ပင်တည်း။

ဣဓ ပရိပက္ကတ္တာ အာယတနာနံ။ (ပဋိသံ၊၅၀။) ဟူသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် အညီ ယင်းကိလေသ ဝဋ်နှင့် ကမ္မဝဋ်တို့မှာ ဣန္ဒြေရင့်ကျက်သည့် အချိန်က စ၍ ဖြစ်ခွင့်ရှိကြသော တရားစုတို့ ဖြစ်ကြ၏။ အနာဂတ် ပဋိသန္ဓေကျိုးကို ပေးနိုင်သော စွမ်းအားရှိကြသော ယင်း ကိလေသဝဋ် ကမ္မဝဋ် ဇောစိတ်တို့မှာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ် အတွင်း၌ တည်ရှိကြသော ဇောနာမ်တရားစုတို့သာ ဖြစ်ကြသည်။

အကယ်၍ အသင်သူတော်ကောင်းသည် အသက် (၆၀) အရွယ်တွင် တည်ရှိနေသည် ဆိုပါစို့။ ဘဝတစ်လျှောက်၌လည်း ကြိမ်ဖန်များစွာ ကောင်းမှုကုသိုလ်ပြုကာ ယင်း ရဟန်းဘဝကို ဆုတောင်းပန်ထွာနေသည်လည်း ဆိုပါစို့။ ယင်းသို့ ဖြစ်သော် ယင်း ကိလေသဝဋ် ကမ္မဝဋ်တို့မှာ အသက် (၆၀) သို့ မတိုင်မီကလည်း ဖြစ်ခဲ့ကြ၍ အသက် (၆၀) ၏ နောက်ပိုင်းတွင် ဆက်လက်၍ ဆုတောင်း ပန်ထွာနေသည်လည်း ဖြစ်ခဲ့ပါမူ အသက် (၆၀)၏ နောက်ပိုင်းတွင်လည်း ဖြစ်ခွင့်ရှိသော တရားတို့သာ ဖြစ်ကြ၏။ ယင်းတရားတို့မှာလည်း မနောဒွါရ အမည်ရသော ဘဝင်ခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ်တို့ကို စွဲမှီခွင့် ရရှိပါမှသာလျှင် ဖြစ်နိုင်ခွင့် ရှိကြပေသည်။

ယင်း ကိလေသဝဋ် ကမ္မဝဋ်တို့မှာ နောင်အနာဂတ် ဝိပါကဝဋ်၏ အကြောင်းတရားဖြစ်ရာ ယင်း ကံမှာ အာစိဏ္ဏကံသော်လည်း ဖြစ်နိုင်၏။ အာသန္နကံသော်လည်း ဖြစ်နိုင်၏။ အကယ်၍ အသင်သူတော်ကောင်းသည် စျာနလာဘီပုဂ္ဂိုလ်ဖြစ်၍ နောင်အနာဂတ်တွင် ရဟန်းဘဝကို ဆုမတောင်းဘဲ ဗြဟ္မာဘဝကိုသာ လိုလားတောင့်တနေသည် ဖြစ်အံ့၊ သို့မဟုတ် ဆုတောင်းပန်ထွာနေသည် ဖြစ်အံ့၊ အသင်သူတော်ကောင်း ရရှိထားသော စျာန်သည်လည်း သေသည့်တိုင်အောင် မလျှောကျခဲ့သည် ဖြစ်အံ့၊ အနာဂတ် ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာ၏ အကြောင်းရင်း ကံမှာ ဂရုကကံသော်လည်း ဖြစ်နိုင်၏။

အကယ်၍ အာစိဏ္ဏကံ ဖြစ်အံ့၊ ယင်း အာစိဏ္ဏကံမှာ အသက် (၆၀) မတိုင်မီက လေ့ကျက်ထားအပ်သော အာစိဏ္ဏကံသော်လည်း ဖြစ်နိုင်၏၊ အသက် (၆၀) ၏ နောက်ပိုင်း မသေမီ အချိန်ကာလအတွင်း ပြုစုပျိုးထောင်မည့် အာစိဏ္ဏကံသော်လည်း ဖြစ်နိုင်၏။ ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော နာမရူပပရိစ္ဆေဒဉာဏ်, အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပုံ ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးဖြစ်ပုံ စသည့် ကြောင်းကျိုး ဆက်နွယ်မှုသဘောကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်, အကြောင်းတရားနှင့် တကွသော ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ် -- ဤ ဉာဏ်တို့နှင့် ယှဉ်တွဲနေသော စေတနာကို ဝိပဿနာစေတနာဟု ဆို၏။ ယင်း ဝိပဿနာစေတနာတည်းဟူသော ဝိပဿနာကံ = အာစိဏ္ဏကံသော်လည်း ဖြစ်နိုင်၏။

ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ နော စ ပကပ္ပေတိ၊ အထ ခေါ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တက ကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတိ ...(သံ၊ဋီ၊၂၊၈၃။)

စေတနာသုတ္တန်ကို ကိုးကား၍ ဖွင့်ဆိုထားသော ဤ သံယုတ်ဋီကာအဖွင့်နှင့် အညီ ဝိပဿနာစေတနာ = ဝိပဿနာကံတို့ကလည်း ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအား ရှိပေသည်။

အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတီတိ သင်္ခါရုပေက္ခာသမ္ပယုတ္တကမ္မဿ ဗလဝတ္တာ တေနေဝ သုဂတိပဋိသန္ဓိယာ ဒီယမာနာယ အဘိနန္ဒနသင်္ခါတော လောဘကိလေသော အနာဂတေ ကာမာဝစရသုဂတိပဋိသန္ဓိယာ ပစ္စယော ဟောတိ။ ယသ္မာ ကိလေသသဟာယံ ကမ္မံ ဝိပါကံ ဇနေတိ၊ တသ္မာ ကမ္မံ ဇနကပစ္စယော ဟောတိ၊ ကိလေသော ဥပတ္ထမ္ဘကပစ္စယော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

အာယတိံ ပဋိသန္ဓိယာ ပစ္စယော ဟောတိ = ပုထုဇန်ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော စိတ်သည် နောင်အနာဂတ်၌ ပဋိသန္ဓေ၏ အကြောင်းတရားဖြစ်၏ ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊၆၀။) ၌ ဟောကြားထားတော်မူသော စကား၏အဓိပ္ပါယ်မှာ ဤသို့ဖြစ်၏။ --- သင်္ခါရုပေက္ခာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိပဿနာစေတနာကံသည် အားကောင်းသောကြောင့် ထို ဝိပဿနာစေတနာကံကပင် သုဂတိပဋိသန္ဓေကျိုးကို ပေးလတ်သော် သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်သော အဘိနန္ဒနတရားဟုခေါ်ဆိုအပ်သော လောဘကိလေသာသည် နောင်အနာဂတ်၌ ကာမာဝစရ သုဂတိ ပဋိသန္ဓေ၏ အကြောင်းတရား ဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်တတ်သော လောဘကိလေသာ အပေါင်းဖော်ကို ရရှိသော ဝိပဿနာကံသည် အကျိုးဝိပါက်ကို တိုက်ရိုက် ဖြစ်စေ၏။ ထိုကြောင့် ဝိပဿနာကံသည် အကျိုးကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်၏။ ကိလေသာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

ထိုကြောင့် ယင်း အကျိုးပေးတော့မည့် အာစိဏ္ဏကံမှာ ဣန္ဒြေများ ရင့်ကျက်သည့် အချိန်မှစ၍ မသေမီ စပ်ကြား ဘဝတစ်လျှောက်၌ အလေ့အကျက်များသော ကံမျိုးဖြစ်သဖြင့် ပစ္စုပ္ပန်သုံးမျိုးတို့တွင် အဒ္ဓါပစ္စုပ္ပန် အမည်ရသော တရားမျိုးဖြစ်သည်။ ယင်းအာစိဏ္ဏကံက အနာဂတ်တွင် အကျိုးပေးမည်မှန်လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ကံကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် သိအောင် မြင်အောင် ရှေးဦးစွာ သိမ်းဆည်းရမည် ဖြစ်သည်။ ဣန္ဒြေရင့်ကျက်သည့် အချိန်မှစ၍ ဘဝတစ်လျှောက် မည်သည့်အချိန်၌မဆို ဖြစ်ပေါ်သွားသော ကံမျိုး ဖြစ်သည်ကိုကား သတိပြုပါလေ။

တစ်ဖန် သေခါနီးကာလတွင် ကပ်၍ ပြုစုပျိုးထောင်အပ်သော အာသန္နကံက အကျိုးပေးဖို့ရန် အခါအခွင့် သင့်၍ အနာဂတ်ပဋိသန္ဓေအစရှိသော ဝိပါကဝဋ်ကို ဖြစ်စေမည်ဧကန်မှန်ပါက ယင်းကံကိုလည်း သမ္မာဒိဋ္ဌိဉာဏ် တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တို်င်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်သာ ဖြစ်သည်။ သို့သော် ယင်းအာသန္နကံမှာ သေခါနီးကာလတွင်မှ ကပ်၍ ပြုစုပျိုးထောင်အပ်သော ကံမျိုး ဖြစ်သဖြင့် ယခု လောလောဆယ် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနေသည့် အချိန်ကာလ၌ ဖြစ်ပေါ်နေသော ပစ္စုပ္ပန်ဆတ်ဆတ် ကံမျိုး မဟုတ်သည်ကိုကား သတိပြုပါလေ။

တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် စျာနလာဘီပုဂ္ဂိုလ်ဖြစ်၍ မဟဂ္ဂုတ်ကုသိုလ်ကံတည်းဟူသော ဂရုကကံက အကျိုးပေးတော့မည် မှန်လျှင်လည်း ယင်းကံကို သမ္မာဒိဋ္ဌိ ဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တို်င် မျက်မှောက် ထွင်းဖောက်သိမြင်အောင် သိမ်းဆည်းရမည် ဖြစ်ပေသည်။

ယင်းသို့ အကျိုးပေးမည့်ကံကို သိမ်းဆည်းပြီးသောအခါ အနာဂတ်ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ်တရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် သိမ်းဆည်းရ၏။ ထိုသို့ သိမ်းဆည်းပြီးသောအခါမှ ---

ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သည့် သမုဒယသစ္စာ အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ခြံရံလျက် ပြုစုပျိုးထောင်ထားအပ်သော သင်္ခါရ ကံကြောင့် အနာဂတ်ပဋိသန္ဓေခန္ဓာငါးပါး ဝိပါကဝဋ်တရားတည်းဟူသော ဒုက္ခသစ္စာတရားစု၏ ထင်ရှားဖြစ်ပေါ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် သိမ်းဆည်းရမည် ဖြစ်ပေသည်။ (သိမ်းဆည်းပုံ အကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ကြည့်ပါ။)

ထိုသို့ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် အနာဂတ်ဒုက္ခသစ္စာ ဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်း၍ ရနိုင်သည်ဟူသော အဆိုကို အသင်သူတော်ကောင်း အနေဖြင့် ရင်တမမနှင့် ဘဝင်မကျ ဖြစ်နေသေးပါလျှင် အောက်ပါ အဋ္ဌကထာ ဋီကာ အဖွင့်တို့ကို ဖတ်ရှုကြည့်ပါ။ ---

ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (သံ၊ဋ္ဌ၊၂၊၄၉။ ဥပနိသသုတ္တန်။)

ဒဿနပ္ပဘာဝံ ဟိ ဥပါဒါယ ဉာဏသမင်္ဂီ ပုဂ္ဂလော စက္ခုမာ ဝိယ ပုဂ္ဂလော စက္ခုနာ ရူပါနိ, ဉာဏေန ဝိဝဋေ ဓမ္မေ ပဿတိ။ (ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။ အာသဝက္ခယသုတ္တန်။)

ဇာနတောတိ ဝါ ဝတွာ န ဇာနနံ အနုဿဝါကာရပရိဝိတက္ကမတ္တဝသေန ဣဓာဓိပ္ပေတံ၊ အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနန္တိ ဝိဘာဝေတုံ ပဿတောတိ ဝုတ္တန္တိ ဧဝံ ဝါ ဧတ္ထ အတ္ထော။ (သံ၊ဋီ၊၂၊၆၃။)

= မျက်စိအမြင်ရှိသော ယောက်ျားသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ရသကဲ့သို့, ဝိပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်, ပရမတ္ထဓမ္မသဘာဝအာရုံကို ဟုတ်တိုင်း မှန်စွာ မြင်တတ်သော ဉာဏ်၏ စွမ်းအားရှိန်စော်အာနုဘော်ကို အစွဲပြု၍ ယင်း ရှုနေသော ဝိပဿနာကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် တွေ့ထိမိသဖြင့် ဟင်းလင်းပွင့်နေသော ---

၁။ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း,

၂။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း = ထင်ရှားရှိခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ခြင်း သမုဒယသဘောကိုလည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ဥပါဒ် အနေအားဖြင့် ထင်ရှားဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာ ဟူသော သမုဒယသဘောကိုလည်းကောင်း,

၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်အခိုက်၌ အနုပ္ပါဒနိရောဓ သဘောအားဖြင့် = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း၍သွားခြင်းကြောင့် အကျိုး ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း အနုပ္ပါဒနိရောဓ သဘောကိုလည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ပျက်ခြင်း ဘင်ဟူသော ဝိပရိဏာမလက္ခဏာဟူသော နိရောဓသဘောကို်လည်းကောင်း (= ဥပ္ပါဒနိရောဓဟူလို။)

ဝိပဿနာသမ္မာဒိဋ္ဌိတည်း ဟူသော ပစ္စက္ခဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိမြင်ပါ၏ ဟူပေ။ ဆရာ့အပြောနှင့်သာ မျက်ရမ်းမှန်းဆ၍ အလွမ်းကြီးလွမ်းနေရသည့် အနုဿဝအသိ = တစ်ဆင့်ကြားသိမျိုးလည်း မဟုတ်။ ဤကဲ့သို့ ဖြစ်လေရဲ့ ဟု အခြင်းအရာ အာကာရကို ကြံဆ၍သိလာသော အတွေးအခေါ်သိ = အာကာရပရိဝိတက္ကအသိမျိုးလည်းမဟုတ် ဟူလိုသည်။ (သံ၊ဋ္ဌ၊၂၊၄၉။ ဣတိဝုတ္တက၊ဋ္ဌ၊၃၁၀။ သံ၊ဋီ၊၂၊၆၃။)

တစ်ဖန် အတိတ်အကြောင်းတရား ငါးပါးဟု သတ်မှတ်ထားအပ်သော ကိလေသဝဋ် ခန္ဓာငါးပါး, ကမ္မဝဋ် ခန္ဓာငါးပါးတို့သည်လည်းကောင်း, ယင်း ကိလေသဝဋ် ကမ္မဝဋ်တို့၏ စွဲမှီ၍ဖြစ်ရာ ဘဝင်ခန္ဓာငါးပါး အစရှိသော အတိတ်ခန္ဓာငါးပါးတို့သည်လည်းကောင်း,

ယင်း အတိတ်အကြောင်းတရားငါးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာကြကုန်သော ပစ္စုပ္ပန်ပဋိသန္ဓေ ခန္ဓာ ငါးပါး ဘဝင်ခန္ဓာငါးပါးအစရှိသော ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်လည်းကောင်း, ယင်း ဥပါဒါနက္ခန္ဓာတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြကုန်သော ပစ္စုပ္ပန်အကြောင်းတရားငါးပါးဟု သတ်မှတ်ထားအပ်သော ကိလေသဝဋ် ခန္ဓာငါးပါး ကမ္မဝဋ် ခန္ဓာငါးပါးတို့သည်လည်းကောင်း,

ယင်းပစ္စုပ္ပန် ကိလေသဝဋ် ကမ္မဝဋ်တည်းဟူသော အကြောင်းတရားကြောင့် နောင်အနာဂတ်တွင် ထင်ရှား ဖြစ်ပေါ်လာလတ္တံ့ ဖြစ်ကြကုန်သော အနာဂတ်ပဋိသန္ဓေ ခန္ဓာငါးပါးအစရှိသော အနာဂတ်ဥပါဒါနက္ခန္ဓာတို့သည် လည်းကောင်း,

ယင်း အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြကုန်သော အကျိုးခန္ဓာ အကြောင်းခန္ဓာဟု သတ်မှတ်ထားအပ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့မှာလည်း ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော ပစ္စက္ခဉာဏ်ဖြင့် လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့သာ ဖြစ်ကြသည်။ (အတိတ်သံသရာတစ်လျှောက်ရှိ အတိတ်တရားအားလုံး, အနာဂတ်သံသရာတစ်လျှောက်ရှိ အနာဂတ်တရားအားလုံးကို မဆိုလိုပေ။)

ဤအဆိုကိုလည်း အသင်သူတော်ကောင်းသည် ရင်တမမဖြင့် ဘဝင်မကျဖြစ်နေပါသေးလျှင် အောက်ပါ ကျမ်းဂန်အဆိုအမိန့်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ယံ ကိဉ္စိ ရာဟုလ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ ။ ပ ။ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ (သံ၊၁၊၄၄၄။)

ယံ ကိဉ္စိ ရာဟုလ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ ။ ပ ။ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (မ၊၂၊၈၄။)

တသ္မာ တိဟ ဘိက္ခဝေ ...ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ ။ ပ ။ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၅၆။)

သမ္မပ္ပညာယ ပဿတီတိ သဟ ဝိပဿနာယ မဂ္ဂပညာယ သုဋ္ဌု ပဿတိ။ (သံ၊ဋ္ဌ၊၂၊၁၉၇။)

သမ္မ။ ပ။ ပဿတီတိ ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန, မဂ္ဂက္ခဏေ အဘိသမယဝသေန သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။ (သံ၊ဋီ၊၂၊၁၈၁။)

ဘုရားရှင်သည် အရှင်ရာဟုလာနှင့် ပဉ္စဝဂ္ဂီရဟန်းတော်များ အစရှိသည့် သူတော်ကောင်းတို့အား အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း သမ္မပ္ပညာ အမည်ရသော ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏။ ဤတွင် ဝိပဿနာဉာဏ်ဖြင့် ရှုပုံအပိုင်းကိုသာ ကွက်၍ ပြောလိုပေသည်။ယင်းအဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ---

သမ္မပ္ပညာယ ပဿတိ --- အရိယမဂ်၏ ရှေးအဖို့ဖြစ်သော ဝိပဿနာပိုင်း၌ ယင်း အတိတ်အနာဂတ် ပစ္စုပ္ပန် စသည့် ဥပါဒါနက္ခန္ဓာတို့ကို ဝိပဿနာဉာဏ်ဖြင့် လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ခြင်း၏ အစွမ်းဖြင့် ယင်းဥပါဒါနက္ခန္ဓာတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ကောင်းမွန်မှန်ကန်စွာ သိသော ဝိပဿနာ သမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် သိ၏ မြင်၏ --- ဟူပေ။ (သံ၊ဋ္ဌ၊၂၊၁၉၇။ သံ၊ဋီ၊၂၊၁၈၁။)

ဤတွင် သမုဒယသစ္စာပိုင်းကို ရှင်းလင်းတင်ပြ၍ ပြီးလေပြီ။ အသင်သူတော်ကောင်းသည် ဤ ရှင်းလင်းချက်မျှဖြင့် ကျေနပ်မှုကို မရရှိသေးပါက အောက်ပါ ဒေသနာတော် ကောက်နုတ်ချက်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

မဟာနိဒါနသုတ္တန် ကောက်နုတ်ချက်

မဟာနိဒါနသုတ္တန် ကောက်နုတ်ချက်

ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ။ ဧတဿ စာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)

အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။

အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅။ သံ၊ဋ္ဌ၊၂၊၈၈။)

= အာနန္ဒာ ...ဤကြောင်းကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် နက်လည်း နက်နဲ၏၊ နက်နဲသည့်အတွက်ကြောင့် နက်နဲယောင်လည်း ထင်၏။ အာနန္ဒာ ...ဤကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို ဉာတပရိညာဟူသော အနုဗောဓဉာဏ်ဖြင့် လျော်စွာထိုးထွင်း၍ မသိခြင်းကြောင့်, တီရဏ ပရိညာ ပဟာနပရိညာဟူသော ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက်မသိခြင်းကြောင့် ဤသတ္တဝါ အပေါင်းသည် ဤသို့ကလောက် ရက်ကန်းသည်တို့၏ ရှုပ်ထွေး ပွေလီလှသော ချည်ခင် ချည်ထွေးကဲ့သို့ ဖြစ်၍ နေကြရ၏။ စာပေါင်းသောင်းငှက်မ၏ အသိုက်သဖွယ်ဖြစ်၍ နေကြရ၏။ ဖြူဆံမြက် ပြိတ်မြက်ဖြင့် ပြုလုပ်ထားအပ်သော ခြေသုတ်ကြိုးဝန်း၏ အရင်း အဖျား ရှာမရအောင် ရှုပ်ထွေး၍ နေသကဲ့သို့ သံသရာကြီးထဲ၌ ရှုပ်ထွေးပွေလီ၍ နေကြရ၏။ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာဖြစ်သော အပါယ်ဒုဂ္ဂတိ သံသရာကိုလည်းကောင်း, အပါယ်မှကြွင်းသော သုဂတိသံသရာကိုလည်းကောင်း မကျော်လွှား မလွန်မြောက်နိုင်ပေ။ (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)

ဤအထက်ပါ မဟာနိဒါနသုတ္တန် ဒေသနာတော်ကိုပင် ကိုးကား၍ အဋ္ဌကထာကြီးများကလည်း အောက်ပါ အတိုင်း ဆုံးဖြတ်ချက် ချထားတော်မူကြပြန်၏။ ---

ဣဒဥှိ ဂမ္ဘီရတော အဂါဓံ၊ နာနာနယဂ္ဂဟဏတော ဒုရဘိယာနံ၊ ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန ---

ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။

သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)

= ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်ကား နက်နဲသည့် အတွက်ကြောင့် ထောက်ရာတည်ရာကို မရနိုင်။ အထူးထူးသော နည်းနာနယတည်းဟူသော ချုံပုတ်တို့ဖြင့် ထူထပ်သည့် အတွက်ကြောင့် ကျော်လွှား လွန်မြောက်နိုင်ခဲ၏။ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာ သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ်သော ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတည်းဟူသော ပဋိစ္စသမုပ္ပါဒ် = သံသရာဘဝစက်ကို မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီးကို ကျော်လွှား လွန်မြောက်သွားသော တစ်စုံတစ်ယောက်သောသူမည်သည် အိပ်မက်၏ အတွင်း၌သော်မျှလည်း မရှိခဲ့စဖူးပေ။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)

ဤအထက်ပါ ဘုရားဟောပါဠိတော်ဒေသနာနှင့် အဋ္ဌကထာကြီးတို့၏ ဖြတ်ထုံးများနှင့် အညီ အသင်္ခတဓာတ် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ဖြူစင်ဖြောင့်စင်းသော သမ္မာဆန္ဒဓာတ်ဖြင့် လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်စင်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် အမည်ရသော ဉာတပရိညာနှင့် ပဋိဝေဓဉာဏ် အမည်ရသော တီရဏပရိညာ ပဟာနပရိညာ ဟူသော ပရိညာဉာဏ်ပညာသုံးချက်တို့ဖြင့် ပိုင်းပိုင်းခြားခြား ဂဃနဏ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစား အားထုတ်ရမည်သာ ဖြစ်ပေသည်။ အနနုဗောဓာ အပ္ပဋိဝေဓာ = အနုဗောဓဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မသိခြင်းကြောင့် ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိခြင်းကြောင့် အပါယ်ဘေးဆိုးကြီးနှင့် သံသရာဝဋ်ဆင်းရဲဒုက္ခဘေးဆိုးကြီးမှ မကျော်လွှား မလွန်မြောက်နိုင်ဟု ဘုရားရှင် ကိုယ်တော်တိုင်က သတ္တဝါတို့၏ အကျိုးစီးပွားကို အလွန်လိုလားတောင့်တတော်မူသော မဟာကရုဏာတော် ေ့ရှသွားရှိသော ဒေသနာဉာဏ်တော်မြတ်ဖြင့် ဟောကြားပြသ ဆိုဆုံးမထားတော်မူခြင်းကြောင့် အနုဗောဓသိ ပဋိဝေဓသိဟူသော ပရိညာပညာသုံးချက်တို့ဖြင့် ပိုင်းခြားသိအောင် သံသရာဝဋ်ဒုက္ခမှ ထွက်မြောက်လိုသူတိုင်းသည် ကြိုးစား အားထုတ်ရမည်သာ ဖြစ်ပေသည်။ အနုမာန မျက်ရမ်း မှန်းဆ၍ သိအောင် ကြိုးစားအားထုတ်ရမည်လည်း မဟုတ်၊ ဆရာ့အပြောနှင့်သာ ပါးစပ်ဟလျက် အလွမ်းကြီး လွမ်းနေရမည့် လုပ်ငန်းခွင်လည်းမဟုတ်ဟု သဘောပေါက်ပါလေ။

ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းခြားသိပါမှ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်မည် ဖြစ်သဖြင့် ယင်း ပရိညာ သုံးမျိုးတို့ကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့် ဆက်စပ်နေသော ပရိညာသည် လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုးရှိ၏။ လောကီ ပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု သုံးမျိုးရှိ၏။ လောကုတ္တရာပရိညာသည်လည်း ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟု သုံးမျိုးပင်ရှိ၏။ ယင်းပရိညာတို့ကို ဆက်လက်၍ တင်ပြပေအံ့။

လောကီပရိညာ သုံးပါး

လောကီပရိညာ သုံးပါး

ဉာတပရိညာ --- အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ စသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေနိုင် ရှုပွားနိုင်လျှင် ထိုဉာဏ်မှာ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။ (သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် ကြည့်ပါ။)

တစ်ဖန် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည့် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ကိုယ်တိုင်မျက်မှောက် ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်လျှင် ထိုဉာဏ်မှာ ပစ္စယပရိဂ္ဂဟဉာဏ်ပင်တည်း။

ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟ ဉာဏ်နှစ်မျိုးတို့သည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော သိသင့်သိထိုက်သော သင်္ခါရတရားတို့ကို ကောင်းစွာပိုင်းခြားလျက် သိတတ်သော ဉာဏ်များ ဖြစ်သောကြောင့် ဉာတပရိညာမည်၏။

တီရဏပရိညာ --- အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်-ရုပ် အစရှိသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏---

က။ ဖြစ်ပြီးလျှင် ပျက်သွားသော အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း,

ခ။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရတတ်သည့် ဒုက္ခအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟု လည်းကောင်း,

ဂ။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မဟုတ်သည့် အနတ္တအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း, --- ဤသို့ အနိစ္စဟု ဒုက္ခဟု အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်သော သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်,

ဃ။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, စသော အကျိုးဝိပါကဝဋ်ခန္ဓာတို့၏ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်သော ပစ္စယတော ဥဒယဒဿနဉာဏ်, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း တရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် ဝိညာဏ်, နာမ်-ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, စသော အကျိုးဝိပါကဝဋ်ခန္ဓာတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းမှုကို ရှုမြင်တတ်သော ပစ္စယတော ဝယဒဿနဉာဏ်, ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ ဖြစ်မှု နိဗ္ဗတ္တိလက္ခဏာကို ရှုမြင်တတ်သော ခဏတော ဥဒယဒဿနဉာဏ်, ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ပျက်မှု ဝယသဘောတည်းဟူသော ဝိပရိဏာမလက္ခဏာကို ရှုမြင်တတ်သော ခဏတော ဝယဒဿနဉာဏ် ---

[မှတ်ချက် --- ဤ ပစ္စယတော ဥဒယဒဿနဉာဏ်, ပစ္စယတော ဝယဒဿနဉာဏ် ဟူသော ဤဉာဏ်နှစ်ပါးကား ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်တည်း။ ခဏတော ဥဒယဒဿနဉာဏ်, ခဏတော ဝယဒဿနဉာဏ် ဟူသော ဤဉာဏ်နှစ်ပါးကား ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်ပင်တည်း။]

ဤအထက်ပါ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်ပါးသည် တီရဏပရိညာ မည်၏။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိသော ပညာပင်ဖြစ်သည်။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ ညွှန်ကြားချက်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ ညွှန်ကြားချက်

ဤ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဤသို့ ညွှန်ကြားထားတော်မူ၏။

ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

၁။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော အဝိဇ္ဇာသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော အဝိဇ္ဇာ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

၂။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော သင်္ခါရသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော သင်္ခါရ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

[မှတ်ချက် --- ယင်းအဝိဇ္ဇာနှင့် သင်္ခါရတို့မှာ ပစ္စုပ္ပန်ပဋိသန္ဓေ ခန္ဓာငါးပါးအစရှိသော ဝိပါကဝဋ်တို့၏ အကြောင်းရင်းဖြစ်သည့် အဝိဇ္ဇာ သင်္ခါရတို့ ဖြစ်ခဲ့သော် ယင်းအဝိဇ္ဇာ သင်္ခါရတို့မှာ - အဝိဇ္ဇာ သင်္ခါရာ အတီတော အဒ္ဓါ - ဟူသည်နှင့် အညီ အတိတ်အဓွန့်ကာလတရားစုတို့သာ ဖြစ်ကြသည်။ ယင်းတို့၏ ဖြစ်ဆဲဆဲ ဥပါဒ်, ပျက်ဆဲဆဲ ဘင်ကို ရှုတတ်သော ဝိပဿနာဉာဏ်ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟု ဟောကြားထားတော်မူ၏။ ယင်းတရားတို့သည် အတိတ်အဓွန့်ကာလဝယ် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခဲ့ကြ၏။ယင်း ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအတွင်း၌ တည်ရှိခိုက်ဝယ် ယင်းတရားတို့ကို ပစ္စုပ္ပန္နဓမ္မတို့ဟူ၍ပင် ခေါ်ဆိုရ၏။ ဤသဘောတရားကို အောက်ပါ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း နည်းတူပင် မှတ်ပါ။]

၃။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော ဝိညာဏ်သည် ပစ္စုပ္ပန္နဓမ္မတည်း။ထို ပစ္စုပ္ပန်ဖြစ်သော ဝိညာဏ်၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

[မှတ်ချက် --- ယေ တာဝ အာစရိယာ မဟာဝိဟာရဝါသိနောဝ ယထာ ဝိညာဏံ၊ ဧဝံ နာမရူပံ, သဠာယတနံ, ဖဿံ, ဝေဒနဉ္စ ပစ္စယံ, ပစ္စယုပ္ပန္နဉ္စ သသန္တတိပရိယာပန္နံ ဒီပေန္တာ ဝိပါကမေဝ ဣစ္ဆ န္တိ။ (မဟာဋီ၊၂၊၃၂၃။)

သုတ္တန်နည်းအရ --- ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကို အရကောက်ယူရာဝယ် အကြောင်းဖြစ်ခိုက် အကျိုးဖြစ်ခိုက် နှစ်ဘက်လုံးတို့၌ ဝိပါကဝဋ်တရားတို့ကိုသာလျှင် မဟာဝိဟာရဝါသီ ဆရာ အရှင်မြတ်ကြီးတို့က အလိုရှိတော်မူကြပေသည်။ (မဟာဋီ၊၂၊၃၂၃။)

ဤအဖွင့်နှင့် အညီ ဝိညာဏ်အရ, လာမည့် နာမ်ရုပ်အရ ဝိပါက်ဝိညာဏ်နှင့် ဝိပါကဝဋ် နာမ်ရုပ်တို့ကို ကောက်ယူပါ။ ယင်း ဝိညာဏ်-နာမ်ရုပ်တို့တွင် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဖြစ်ထိုက်သော ဝိပါကဝဋ် ဝိညာဏ် နာမ်ရုပ်အားလုံးတို့ ပါဝင်ကြ၏။ ပစ္စုပ္ပန်သုံးမျိုးတို့တွင် အဒ္ဓါပစ္စုပ္ပန်တရားတို့တည်း။ ဤတွင် အသင် သူတော်ကောင်းကို သတိပေးလိုသော အချက်တစ်ရပ် ရှိနေ၏။ အသင်သူတော်ကောင်းသည် နှစ်ပေါင်း (၁၀၀) အသက်ရှည်မည့်သူ ဖြစ်အံ့၊ ယခုလည်း အသက်(၆၀) ရှိနေသည် ဖြစ်အံ့၊ အသင်သူတော်ကောင်း၏ ပဋိသန္ဓေ ဝိညာဏ်-နာမ်ရုပ်တို့မှာ လွန်ခဲ့သော နှစ်ပေါင်း (၆၀)ခန့်က ဖြစ်ခဲ့၍ စုတိ ဝိညာဏ်-နာမ်ရုပ်တို့မှာ နောင်လာမည့် နှစ်ပေါင်း (၄၀)ခန့် အချိန်သို့ ရောက်ရှိပါမှ ဖြစ်ခွင့်ရှိသော တရားတို့ ဖြစ်ကြသည်။ ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင် ဖြစ်ခွင့်ရှိကြသော ယင်း ဝိပါကဝဋ်တရား အားလုံးကိုလည်း ပစ္စုပ္ပန္နဓမ္မဟုပင် ဟောကြားထားတော်မူ၏။ အဒ္ဓါသဘောအရ ယင်းတရားတို့မှာ အဒ္ဓါပစ္စုပ္ပန်တရားများ ဖြစ်ကြသော်လည်း ခဏပစ္စုပ္ပန်ဘက်က ကြည့်၍ ဆိုရမူ ယင်းတရားတို့မှာ အတိတ် အနာဂတ် ပစ္စုပ္ပန် သုံးမျိုးလုံး ထိုက်သလို ဖြစ်သင့်သော တရားတို့ ပင်တည်း။ မည်သည့်အချိန်ကာလ၌ ဖြစ်ခဲ့သောတရားပင် ဖြစ်ချင် ဖြစ်ပါစေ၊ ဖြစ်ဆဲတရား ဖြစ်လတ္တံ့တရားပင် ဖြစ်ချင် ဖြစ်ပါစေ၊ ယင်းတရားတို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့တရားတို့သာ ဖြစ်ကြသည်။ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ယင်းတရားတို့ကို ရှုသောအခါ မိမိ ရှုလိုက်သော တရား၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင် ကြည့်၍ ဝိပဿနာရှုပါ။]

၄။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော နာမ်ရုပ်သည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သောနာမ်ရုပ်၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

၅။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော --- စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန --- ဟူသော သဠာယတနသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော သဠာယတန၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ (ဤ သဠာယတနမှာလည်း လူသားများအတွက် အမိဝမ်းတွင်းမှ စ၍ ဘဝတစ်လျှောက်ဝယ် ထိုက်သလိုဖြစ်ခွင့်ရှိသော တရားပင် ဖြစ်သည်။)

၆။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော --- စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ --- ဟူသော ဖဿသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော ဖဿ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

[သတိပြုရန် --- ဤ ဖဿမှာလည်း ဘဝတစ်လျှောက်ဝယ် ဒွါရ အာရုံ ဝိညာဏ်တို့ တိုက်ဆိုင်မှုရှိတိုင်း ယင်းဒွါရ အာရုံ ဝိညာဏ်တို့ကို အစွဲပြု၍ ဖြစ်ခွင့်ရှိသော တရားမျိုးပင် ဖြစ်သည်။ ယင်းဖဿတို့တွင် အသင်သူတော်ကောင်းသည် စက္ခုသမ္ဖဿကို အာရုံယူ၍ ယင်း စက္ခသမ္ဖဿ၏ ဖြစ်မှု ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ်တင်ကာ ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်သည် ဖြစ်အံ့၊ ယင်း စက္ခုသမ္ဖဿမှာ စက္ခုဝိညာဏ်နှင့် ယှဉ်တွဲဖြစ်သည့် တရားတစ်မျိုးသာ ဖြစ်၏။ စက္ခုဒွါရဝီထိ၌ အကျုံးဝင်၏။အဟိတ်ဝိပါက်နာမ်တရား ဖြစ်၏။ ယင်း ဖဿကို ဝိပဿနာ ရှုနေသော ဥဒယဗ္ဗယာနုပဿနာဉာဏ်ကား မဟာကုသိုလ်မနောဒွါရိကဇောဝီထိ စိတ်အစဉ် ဖြစ်၏။ (ဤစကားမှာ ဥဒယဗ္ဗယဉာဏ်ကို အားသစ်ဆဲဖြစ်သော တိဟိတ်ပုထုဇန် ယောဂီသူတော်ကောင်းကိုသာ ရည်ညွှန်း၍ ပြောဆိုနေခြင်း ဖြစ်၏။) စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိတို့ကား ပြိုင်တူဖြစ်နိုင်သော ဝီထိတို့လည်းမဟုတ်ကြ။ ဝီထိတစ်ခုပြီးမှ ဝီထိတစ်ခုသာ ဖြစ်နိုင်ခွင့် ရှိကြ၏။ အလားတူပင် စက္ခုသမ္ဖဿနှင့် ဥဒယဗ္ဗယာနုပဿနာဉာဏ်တို့မှာလည်း စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲလျက် ဖြစ်နိုင်သည့် တရားမျိုးတို့ မဟုတ်ကြပေ။ စိတ္တက္ခဏတစ်ခုကို ထားလိုက်ဘိဦး၊ ဝီထိစဉ်တစ်ခု၏ အတွင်း၌သော်လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သော တရားမျိုးတို့ မဟုတ်ကြပေ။

ဒွေ ပန ဖဿာ ဝါ ဝေဒနာ ဝါ သညာ ဝါ စေတနာ ဝါ စိတ္တာနိ ဝါ ဧကတော ဥပ္ပဇ္ဇနကာနိ နာမ နတ္ထိ၊ ဧကေကမေဝ ဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၆၀။)

စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖဿနှစ်မျိုး ဝေဒနာနှစ်မျိုး သညာနှစ်မျိုး စေတနာနှစ်မျိုး စိတ်နှစ်မျိုးတို့ ပြိုင်တူဖြစ်ရိုး ဓမ္မတာကား မရှိ၊ တစ်မျိုးစီသာလျှင် ဖြစ်ရိုး ဓမ္မတာ ရှိ၏။ (မ၊ဋ္ဌ၊၄၊၆၀။)

ထိုကြောင့် စက္ခုသမ္ဖဿသည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိ၌ အကျုံးဝင်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်သည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားမဖြစ် သေးပေ။ စက္ခုသမ္ဖဿကို ဝိပဿနာရှုနေသော ယင်း ဥဒယဗ္ဗယာနုပဿနာဉာဏ်သည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားတည်ရှိနေချိန်၌လည်း ယင်းစက္ခုသမ္ဖဿမှာလည်း ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားရှိဆဲတရား မဟုတ်ပေ။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ စိတ်နှစ်မျိုးတို့ ပြိုင်တူ မဖြစ်နိုင်သောကြောင့် ဖြစ်၏။ သို့သော် ယင်း ဥဒယဗ္ဗယာနုပဿနာဉာဏ်ကား ယင်း စက္ခုသမ္ဖဿ၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင်ကား ရှုနိုင်သည်သာ ဖြစ်သည်။ ထိုကြောင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်က အောက်ပါအတိုင်း ဟောကြားထားတော်မူခြင်း ဖြစ်၏။

ဇာတော ဖေဿာ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

(ဘာသာပြန်ကို အထက်နံပါတ်-၆-၌ ရေးသားထားသည့်အတိုင်း မှတ်ပါ။)

ဤဥဒယဗ္ဗယာနုပဿနာဉာဏ်နှင့် အရှုခံစက္ခုသမ္ဖဿတို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နိုင်သော တရားမျိုးများ မဟုတ်ကြသဖြင့် ဥဒယဗ္ဗယာနုပဿနာဉာဏ်သည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ထင်ရှားတည်ရှိနေချိန်ဝယ် စက္ခုသမ္ဖဿမှာ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေသော တရားမျိုး မဟုတ်ရကား မျက်မှောက်ခေတ်ဝယ် ရေပန်းစားနေသော ပစ္စုပ္ပန်မျိုး မဟုတ်သည်ကိုကား သတိပြုလေရာသည်။]

၇။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါး အပေါင်း၌ အတွင်းဝင်သော --- စက္ခုသမ္ဖဿဇာ ဝေဒနာ သောတသမ္ဖဿဇာ ဝေဒနာ ဃာနသမ္ဖဿဇာ ဝေဒနာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ကာယသမ္ဖဿဇာ ဝေဒနာ မနောသမ္ဖဿဇာ ဝေဒနာ -- ဟူသော ဝေဒနာသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထိုပစ္စုပ္ပန်ဖြစ်သော ဝေဒနာ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

၈။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော --- ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ --- ဟူသော တဏှာသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော တဏှာ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

[မှတ်ချက် --- ဤ၌ ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ အရှုခံ အာရုံမှာ တဏှာ ဖြစ်၏။ အကုသိုလ်တရား တည်း။ ပုထုဇန်ယောဂီများ၏ သန္တာန်၌ ဖြစ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်ကား ကုသိုလ်တရားတည်း။ ကုသိုလ်တရားနှင့် အကုသိုလ်တရားတို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌သော်လည်းကောင်း ဝီထိစဉ်တစ်ခု၏ အတွင်း၌သော်လည်းကောင်း အတူယှဉ်တွဲ၍ ဖြစ်နိုင်သည့် တရားမျိုးတို့ကား မဟုတ်ကြပေ။ ဥဒယဗ္ဗယာနုပဿနာဉာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ယင်းတဏှာမှာ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားရှိနိုင်သော တရားမျိုး မဟုတ်သည်ကိုကား သတိပြုပါလေ။ သို့သော် ယင်းတဏှာမှာ အဒ္ဓါပစ္စုပ္ပန် အမည်ရသော ဘဝတစ်လျှောက်ဝယ် အကြောင်းတရားတို့၏ ညီညွတ်မှုကို အစွဲပြု၍ ဖြစ်ခွင့်ရှိသော တရားမျိုးသာ ဖြစ်သည်။ သို့သော် ဥဒယဗ္ဗယာနုပဿနာဉာဏ်က ယင်း တဏှာ၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင်ကြည့်၍ ဝိပဿနာ ရှုနိုင်သည်သာ ဖြစ်ပေသည်။]

၉။ ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါး အပေါင်း၌ အတွင်းဝင်သော --- (ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်လေးမျိုးတို့တွင် ထိုက်သင့်ရာ) ဥပါဒါန်သည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော ဥပါဒါန်၏ စ၍ ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ ဥပပတ္တိဟေတုဘူတံ ကမ္မံ ကမ္မဘဝေါ ။ ကမ္မာဘိနိဗ္ဗတ္တာ ခန္ဓာ ဥပပတ္တိဘဝေါ။ (ဝိသုဒ္ဓိ၊၂၊၂၀၈။ အဘိ၊ဋ္ဌ၊၂၊၁၇၇။)

ဥပပတ္တိဘဝုပ္ပတ္တိယေဝ ဇာတိ။ (မဟာဋီ၊၂၊၃၃၄။)

ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုး ရှိပေသည်။ ဥပပတ္တိဘဝ၏ အကြောင်းရင်းဖြစ်သော ကံသည် ကမ္မဘဝမည်၏၊ ယင်းကံကြောင့် ထင်ရှား ဖြစ်ပေါ်လာကြကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏။ ယင်း ဥပပတ္တိဘဝ၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည်ပင်လျှင် ဇာတိ ဖြစ်သည်။ ဤပစ္စုပ္ပန်အဓွန့်ကာလကို ဗဟိုထား၍ယူခဲ့သော် ကမ္မဘဝကား အဒ္ဓါပစ္စုပ္ပန်တရားတည်း၊ ဇာတိအမည်ရသော ဥပပတ္တိဘဝကား အနာဂတ် အဓွန့်ကာလတရား တည်း။ ယင်း ဘဝကိုလည်း နှစ်မျိုးခွဲ၍ပင် ရေးသားတင်ပြပေအံ့။ ---

ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

၁၀။ (က) ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော ကမ္မဘဝသည် ပစ္စုပ္ပန္နဓမ္မတည်း။ ထို ပစ္စုပ္ပန်ဖြစ်သော ကမ္မဘဝ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။

( ခ ) ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အတွင်းဝင်သော ဥပပတ္တိဘဝသည် ပစ္စုပ္ပန္နဓမ္မ တည်း။ ထို ပစ္စုပ္ပန်ဖြစ်သော ဥပပတ္တိဘဝ၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန် ပျက်စီးခြင်း ဝိပရိဏာမလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော အနုပဿနာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ (ပဋိသံ၊၅၂။)

ဤ အထက်ပါ ပဋိသမိ႓ဒါမဂ္ဂပါဠိတော်ဝယ် အဝိဇ္ဇာမှသည် ဇာတိဟူသည့် ဥပပတ္တိဘဝသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်အားလုံးတို့ကို ပစ္စုပ္ပန္နဓမ္မဟုချည်း တစ်ပြေးညီတည်း ဟောကြားထားတော်မူသည်ကိုကား သတိပြုပါ။ သို့သော် အဓွန့်ကာလအားဖြင့် ခွဲတမ်းချလိုက်သော် -- ဤပစ္စုပ္ပန်ဘဝကိုလည်း ဗဟိုထား၍ ယူခဲ့သော်-

၁။ အဝိဇ္ဇာ သင်္ခါရတို့ကား ပထမအတိတ်အဓွန့်ကာလ တရားစုတို့တည်း။

၂။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကမ္မဘဝတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။

၃။ ဇာတိအမည်ရသော ဥပပတ္တိဘဝကား အနာဂတ်အဓွန့်ကာလ တရားစုတည်း။

ဤတရားအားလုံးကိုပင် ပစ္စုပ္ပန္နဓမ္မဟု တစ်ပြေးညီတည်း ဟောကြားထားတော်မူပေသည်။ ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်း၌ ဆိုလိုသော ပစ္စုပ္ပန္နဓမ္မကို သတိပြုသင့်ပေသည်။

ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရာ၌ ယင်းတရားတို့၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာ ဖြစ်၏။ ယင်းတရားတို့သည် ဖြစ်ဆဲဆဲ ဥပါဒ်အခိုက် ပျက်ဆဲဆဲ ဘင်အခိုက်တို့၌ တည်ရှိခိုက်ဝယ် ယင်းတရားတို့မှာ ပစ္စုပ္ပန္နဓမ္မတို့သာ ဖြစ်ကြသည် ဟူ၏။ အောက်ပါ မဟာဋီကာ၏ ဖွင့်ဆိုချက်ကို ဖတ်ရှုကြည့်ပါ။

ဇာတန္တိ နိဗ္ဗတ္တံ ပဋိလဒ္ဓတ္တဘာဝံ။ အယံ ဟိ ဇာတသဒ္ဒေါ ခဏတ္တယသမင်္ဂိတံ သန္ဓာယ ဝုတ္တော -- ယေ ဓမ္မာ ဇာတာ ဘူတာတိအာဒီသု ဝိယ၊ န အတီတံ ---

ယေ တေ ဇာတာ, န တေ သန္တိ၊ ယေ န ဇာတာ, တတ္ထေဝ တေ။

လဒ္ဓတ္တဘာဝါ နော ဘဂ္ဂါ၊ တေဝ သန္တိ သဘာဝတောတိ ---

အာဒီသု ဝိယ။ နာပိ ဇာတတာမတ္တံ ယံ တံ ဇာတံ ဘူတံ သင်္ခတန္တိအာဒီသု ဝိယ။ တေနာဟ ဇာတံ ရူပံ ပစ္စုပ္ပန္နန္တိ။ ပစ္စုပ္ပန္နရူပံ နာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော။ (မဟာဋီ၊၂၊၄၁၉။)

= ဇာတ-ဟူသည် ဖြစ်ပေါ်လာသော ရအပ်သော အတ္တဘောတည်း။ (ရုပ်နာမ် ပရမတ္ထဓာတ်သားတို့၏ ဥပါဒ်- ဌီ-ဘင် အားဖြင့် သရုပ်အထည်ကိုယ်ဒြပ် ထင်ထင်ရှားရှားဖြစ်သည်ကိုပင် အတ္တဘောကိုရသည်ဟု ဆိုသည်။) ဤ ဇာတ-သဒ္ဒါကို ---

ယေ ဓမ္မာ ဇာတာ ဘူတာ --- (အဘိ၊၁၊၂၁၃။) = အကြင်တရားတို့သည် ဖြစ်ကုန်၏ ထင်ရှားဖြစ်ကုန်၏-ဤသို့စသော ပါဠိရပ်တို့၌ကဲ့သို့ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယသမင်္ဂီ = ခဏသုံးပါးအပေါင်းနှင့် ပြည့်စုံ သည်၏အဖြစ်ကို ရည်ရွယ်၍ ဇာတံ ရူပံ ပစ္စုပ္ပန္နံ (ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ) စသည်ဖြင့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဟောကြားထားတော်မူပေသည်။

ယေ တေ ဇာတာ န တေ သန္တိ။ ပ ။ တေဝ သန္တိ သဘာဝတော = အကြင်တရားတို့သည် ဖြစ်ပြီးကုန်ပြီ၊ ထိုဖြစ်ပြီးကုန်သော အတိတ်တရားတို့သည် ရှိဆဲမဟုတ်ကြကုန်။ အကြင်တရားတို့သည် မဖြစ်ကြကုန်သေး၊ ထိုမဖြစ်ကြကုန်သေးသော အနာဂတ်တရားတို့သည် ထို့အတူပင် ရှိဆဲမဟုတ်ကြကုန်။ အကြင်တရားတို့သည် ဥပါဒ်-ဌီ-ဘင် အားဖြင့် ပရမတ္ထသရုပ်အထည်ကိုယ်ဒြပ် ထင်ထင်ရှားရှားဖြစ်ခြင်းဟူသော ရအပ်သော အတ္တဘော ရှိကြကုန်၏၊ မပျက်ကြကုန်သေး။ ထိုတရားတို့သည်သာလျှင် သင်္ခတ ပရမတ္ထ သဘာဝအားဖြင့် ထင်ရှားရှိဆဲ ဖြစ်ကြကုန်၏။ ---

ဤသို့စသော အရာဌာနတို့၌ ဇာတသဒ္ဒါကို အတိတ်တရားကို ရည်ရွယ်၍ ဟောကြားထား၏။ ဤ ဇာတံ ရူပံ ပစ္စုပ္ပန္နံ - စသော ပါဠိတော်၌ကား ထိုကဲ့သို့ အတိတ်တရားကို ရည်ရွယ်၍ ဟောကြားထားသည်ကား မဟုတ်ပေ။ တစ်ဖန် ---

ယံ တံ ဇာတံ ဘူတံ သင်္ခတံ - (ဒီ၊၂၊၁၁၉။ သံ၊၃၊၁၄၁။) = အကြင်တရားသည် ဖြစ်ပေါ်လာ၏ ထင်ရှား ဖြစ်လာ၏၊ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်အပ်၏။ ထိုတရားသည် စင်စစ် မပျက်စီးပါစေသတည်းဟု ဤသို့ တောင့်တ၍ ရနိုင်ခြင်း၏ အခွင့်အလမ်းသည် မရှိနိုင်။ ---

ဤသို့ စသော ပါဠိတော်တို့၌ ဇာတသဒ္ဒါသည် ဖြစ်ခြင်းမျှ = ဇာတမတ္တကိုသာ ဟော၏။ ဤ ဇာတံ ရူပံ ပစ္စုပ္ပန္နံ။ ပ ။ ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ --- စသည်၌ ဇာတသဒ္ဒါသည် ထိုကဲ့သို့ ဇာတမတ္တ = ဖြစ်ခြင်းမျှ သဘောကိုလည်း မဟောပေ။ ဟောသည်မှာကား ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယသမင်္ဂီ = ခဏသုံးပါးအပေါင်း နှင့် ပြည့်စုံသည်၏အဖြစ်ကိုသာ ဟောပေသည်။ ထိုကြောင့် - ဇာတံ ရူပံ ပစ္စုပ္ပန္နံ = ပစ္စုပ္ပန်ရုပ်ဟူသည်၊ ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ = ပစ္စုပ္ပန်အဝိဇ္ဇာဟူသည် ထင်ရှားဖြစ်ပေါ်လာသော ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်သော တရားပင်တည်းဟု ဆိုလိုသည်။ (မဟာဋီ၊၂၊၄၁၉။)

ဤမျှဆိုလျှင် ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်း၌ ဆိုလိုသော ပစ္စုပ္ပန္နဓမ္မကို သဘောပေါက်သင့်ပေပြီ။ ဤမျှသာမကသေး၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် အာဟာရသုတ္တန်ဒေသနာတော်၌ အတိတ်ဘက်သို့ ရှေးရှု မျက်နှာ မူလျက် ဒေသနာတော်ကို ဟောကြားထားတော်မူသည့်အတွက်ကြောင့် စွမ်းနိုင်သမျှ အတိတ် အဆက်ဆက်သို့လည်း ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ရှုပွားနိုင်သည်သာ ဖြစ်ပေသည်။ ပုံစံထုတ်၍ ဆိုရသော် ဤသို့ ဖြစ်၏။

၁။ အဝိဇ္ဇာ, သင်္ခါရ - (ဒုတိယအတိတ်အဓွန့်ကာလတရားစု။)

၂။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကမ္မဘဝ - (ပထမအတိတ် အဓွန့်ကာလတရားစု။)

၃။ ဇာတိ, ဇရာမရဏ - (ပစ္စုပ္ပန်အဓွန့်ကာလတရားစု။)

ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ (ရှုကွက်အကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း, ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်းတွင်လည်းကောင်း ကြည့်ပါ။ )

ဤအထက်ပါ ဥဒယဗ္ဗယာနုပဿနာဉာဏ်မှာလည်း တီရဏပရိညာပင် ဖြစ်ပေသည်။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့နှင့် ဆက်စပ်၍ ယခု ရေးသားတင်ပြခဲ့သော ---

၁။ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဟူသော ဉာတပရိညာ,

၂။ သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်ဟူသော တီရဏပရိညာ,

ဤ ပရိညာဉာဏ်တို့သည် ပစ္စက္ခဉာဏ်လေလော အနွယဉာဏ်လေလောဟု အသင်သူတော်ကောင်းသည် ဆန်းစစ်လိုသည်ဖြစ်အံ့၊ အောက်ပါ သံယုတ်ပါဠိတော် အဋ္ဌကထာ ဋီကာကောက်နုတ်ချက်တို့ကို ဖတ်ရှုကြည့်ပါ။

ဝိရာဂမ္ပာဟံ ဘိက္ခဝေ သဥပနိသံ ဝဒါမိ၊ နော အနုပနိသံ။ ကာ စ ဘိက္ခဝေ ဝိရာဂဿ ဥပနိသာ။ နိဗ္ဗိဒါတိဿ ဝစနီယံ။ နိဗ္ဗိဒမ္ပာဟံ ဘိက္ခဝေ သဥပနိသံ ဝဒါမိ၊ နော အနုပနိသံ။ ကာ စ ဘိက္ခဝေ နိဗ္ဗိဒါယ ဥပနိသာ၊ ယထာဘူတဉာဏဒဿနန္တိဿ ဝစနီယံ။ (သံ၊၁၊၂၆၈။ ဥပနိသသုတ္တန်။)

နိဗ္ဗိဒါတိ နိဗ္ဗိဒါဉာဏံ။ ဧတေန ဗလဝဝိပဿနံ ဒေဿတိ။ ဗလဝဝိပဿနာတိ ဘယတူပဋ္ဌာနေ ဉာဏံ အာဒီနဝါနုပဿနေ ဉာဏံ မုဉ္စိတုကမျတာဉာဏံ သင်္ခါရုပေက္ခာဉာဏန္တိ စတုန္နံ ဉာဏာနံ အဓိဝစနံ။ ယထာဘူတဉာဏဒဿနန္တိ ယထာသဘာဝဇာနနသင်္ခါတံ ဒဿနံ။ ဧတေန တရုဏဝိပဿနံ ဒေဿတိ။ တရုဏဝိပဿနာ ဟိ ဗလဝဝိပဿနာယ ပစ္စယော ဟောတိ။ တရုဏဝိပဿနာတိ သင်္ခါရပရိစ္ဆေဒေ ဉာဏံ ကင်္ခါဝိတရဏေ ဉာဏံ သမ္မသနေ ဉာဏံ မဂ္ဂါမဂ္ဂေ ဉာဏန္တိ စတုန္နံ ဉာဏာနံ အဓိဝစနံ။ (သံ၊ဋ္ဌ၊၂၊၅၀။)

ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ။ (သံ၊ဋီ၊၂၊၆၅။)

= ရဟန်းတို့ ... ရာဂကင်းကြောင်း အရဟတ္တမဂ်ကိုလည်း အကြောင်းနှင့်တကွ ဖြစ်၏ဟု ငါဘုရား ဟောတော်မူ၏။ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါဘုရား ဟောတော်မမူ။ ရဟန်းတို့ ...ရာဂကင်းကြောင်း အရဟတ္တ မဂ်၏ အကြောင်းကား အဘယ်နည်း။ သင်္ခါရတို့၌ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်တည်း။ ရဟန်းတို့ ...သင်္ခါရတို့၌ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကိုလည်း အကြောင်းနှင့်တကွဖြစ်၏ဟု ငါဘုရား ဟောတော်မူ၏။ အကြောင်းမရှိဘဲ ဖြစ်၏ဟု ငါဘုရား ဟောတော်မမူ။ ရဟန်းတို့ ...သင်္ခါရတို့၌ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်၏ အကြောင်းကား အဘယ်နည်း။ သင်္ခါရတို့၏ သဘာဝကို ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ယထာဘူတဉာဏဒဿန ဉာဏ်အမြင်တည်း။ (သံ၊၁၊၂၆၈။ ဥပနိသသုတ္တန်။)

နိဗ္ဗိဒါဉာဏ် --- ဘယတူပဋ္ဌာနဉာဏ် အာဒီနဝါနုပဿနာဉာဏ် မုဉ္စိတုကမျတာဉာဏ် သင်္ခါရုပေက္ခာဉာဏ်ဟူသော ဤလေးမျိုးသော ဉာဏ်တို့ကို အားကောင်းသော ဗလဝဝိပဿနာဟု ခေါ်ဆို၏။ ယင်း ဗလဝဝိပဿနာဉာဏ်ကိုပင် နိဗ္ဗိဒါဉာဏ်ဟုဆိုသည်။ ယင်းနိဗ္ဗိဒါဉာဏ်သည် အရဟတ္တမဂ်ကို ရခြင်း၏အကြောင်းရင်းပင် ဖြစ်သည်။

ယထာဘူတဉာဏဒဿန --- ဟုတ်မှန်သည့် အတိုင်း သင်္ခါရတို့၏ သဘာဝကို သိတတ် မြင်တတ်သော ဉာဏ်သည် ယထာဘူတဉာဏဒဿန မည်၏။ တရုဏဝိပဿနာ ဟူသော နုသော ဝိပဿနာဉာဏ်တည်း။ (၁) သင်္ခါရပရိစ္ဆေဒဉာဏ်ဟူသော နာမရူပပရိစ္ဆေဒဉာဏ်, (၂) ကင်္ခါဝိတရဏဉာဏ်ဟူသော ပစ္စယပရိဂ္ဂဟဉာဏ်, (၃) သမ္မသနဉာဏ်, (၄) မဂ္ဂါမဂ္ဂဉာဏ်ဟူသော ဥဒယဗ္ဗယာနုပဿနာဉာဏ် --- ဤ ဉာဏ်လေးမျိုးသည် တရုဏဝိပဿနာ = နုနယ်သော ဝိပဿနာ မည်၏။ ယင်း တရုဏဝိပဿနာသည် ဗလဝဝိပဿနာ၏ အကြောင်းရင်းပင် ဖြစ်သည်။ (သံ၊ဋ္ဌ၊၂၊၅၀။)

ယထာဘူတဉာဏဒဿန --- တွင် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဟူသော ဉာတပရိညာ, သမ္မသနဉာဏ် ဥဒယဗ္ဗယာနုပဿနာဉာဏ်ဟူသော တီရဏပရိညာတို့ကို ယူ၍ အဋ္ဌကထာက ဖွင့်ဆိုထား၏။ ဒုက္ခသစ္စာ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့၏ သဘာဝကို ပစ္စက္ခအားဖြင့် မျက်မှောက်ပြုလျက် သိတတ်သော အနက်သဘောကြောင့် ဉာတပရိညာ တီရဏပရိညာ နှစ်ပါးကို ယထာဘူတဉာဏဒဿန အရတွင် ယူ၍ ဖွင့်ဆိုထားပေသည်။ (သံ၊ဋီ၊၂၊၆၅။)

ဤ အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့် အညီ ---

၁။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ သဘာဝလက္ခဏာမှန်ကို ပိုင်းခြားယူတတ်သော နာမရူပပရိစ္ဆေဒဉာဏ်,

၂။ ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ်ဖြစ်ပုံဟူသော ကြောင်း- ကျိုး-ဆက်နွယ်မှုသဘောကို ပိုင်းခြားယူတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်,

၃။ ယင်း ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ (၁) ပစ္စယတော ဥဒယဝယ, (၂) ခဏတော ဥဒယဝယ - ဟူသော နှစ်မျိုးသောအခြင်းအရာအားဖြင့် ဖြစ်မှုပျက်မှု ဥဒယဝယကိုလည်းကောင်း, ယင်းတို့၏ အနိစ္စသဘာဝမှန် ဒုက္ခသဘာဝမှန် အနတ္တသဘာဝမှန်ကိုလည်းကောင်း ရှုမြင်တတ်သော သမ္မသနဉာဏ် ဥဒယဗ္ဗယာနုပဿနာဉာဏ် ---

ဤဉာဏ်တို့ကား ပစ္စက္ခဉာဏ်တို့ပင် ဖြစ်ကြသည်ဟု မှတ်သားပါ။

ယင်းသို့ ဖြစ်လျှင် ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို အနွယဉာဏ်ဖြင့် မရှုကောင်းတော့ပြီလောဟု မေးရန် ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ၊၂၊၄၂၃။)

တစ်နည်း --- နယဒဿနအားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့်ပြီး၍ ထိုနောင်မှ အတိတ်အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကိုဆောင်သည် ဖြစ်ဘိသော်။ (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၅၊၁၆၅။)

သတိပြုပါ --- ဤ ဥဒယဗ္ဗယဉာဏ်ပိုင်း၌ ဆိုလိုသော ပစ္စုပ္ပန္နဓမ္မကိုလည်းကောင်း, ယင်း ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဉာဏ်ဖြင့် မြင်ပြီးပါမှ အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၍ ၎င်းင်းနည်းဟု ရှုရသည်ကိုလည်းကောင်း သတိပြုပါလေ။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့နှင့် ဆက်စပ်လျက်ရှိသော ဉာတပရိညာနှင့် တီရဏပရိညာတို့ကို တင်ပြပြီးနောက် ယခုတစ်ဖန် ပဟာနပရိညာအကြောင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ပဟာနပရိညာ --- ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ကြိတ်ခြေနေသော ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်တို့သည်ကား ပယ်သင့် ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် သိသင့် သိထိုက်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာကို ပိုင်းခြားသိသောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။ ဤကား လောကီပရိညာသုံးပါးတည်း။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ၊၅၅။) ၌ ဘင်္ဂါနုပဿနာဉာဏ်၏ အရှုခံ အာရုံစာရင်းတို့ကို ရေတွက်ပြရာတွင် အဝိဇ္ဇာမှသည် ဇရာမရဏသို့တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့လည်း ပါဝင်ကြ၏။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုပွားရမည်သာဖြစ်သည်။ ယင်းသို့ ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုရာဝယ် ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ရှုလိုက်နိုင်သော အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကား သမ္ပတိဒိဋ္ဌ သင်္ခါရတရားတို့တည်း။ ဘင်္ဂါနုပဿနာဉာဏ်ဖြင့် မရှုလိုက်နိုင်သော မမြင်လိုက်နိုင်သော အဝိဇ္ဇာ။ ပ ။ ဇရာမရဏတို့ကား သမ္ပတိအဒိဋ္ဌ သင်္ခါရတရားတို့တည်း။ ယင်း သမ္ပတိအဒိဋ္ဌ သင်္ခါရတရားတို့ကို - အဒိဋ္ဌမ္ပိ အတီတာနာဂတံ - (မဟာဋီ၊၂၊ ၄၄၂။) စသည်ဖြင့် ဖွင့်ဆိုထားပေသည်။ ယင်း အတိတ် အနာဂတ်ဖြစ်သည့် သမ္ပတိအဒိဋ္ဌ သင်္ခါရတရားတို့ကို အနွယဉာဏ်ဖြင့် ဝိပဿနာရှုရန် အောက်ပါအတိုင်း ညွှန်ကြားထားတော်မူ၏။

အထ ဝါ သော ဧဝံ ဝိရတ္တော ယထာဒိဋ္ဌံ သင်္ခါရဂတံ၊ တထာ အဒိဋ္ဌမ္ပိ အနွယဉာဏဝသေန နိရောဓေတိ၊ နော သမုဒေတိ။ နိရောဓတောဝ မနသိကရောတိ။ နိရောဓမေဝဿ ပဿတိ၊ နော သမုဒယန္တိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၇၉။)

ဧဝံ ဝိရတ္တောတိ ဧဝံ ဘင်္ဂါနုပဿနာနုသာရေန ဝိရတ္တော။ ယထာ ဒိဋ္ဌံ သမ္ပတိ ဥပဋ္ဌိတံ သင်္ခါရဂတံ နိရောဓေတိ နိရောဓံ မနသိကရောတိ၊ အဒိဋ္ဌမ္ပိ အတီတာနာဂတံ အနွယဉာဏဝသေန ယထာ ဣဒံ ဧတရဟိ၊ ဧဝံ ဣတရေပီတိ အနုမိနန္တော နိရောဓေတိ မနသိကတဿာပိ နိရောဓံ ကရောတိ။ နော သမုဒေတီတိ ဧတ္ထာပိ ဧသေဝ နယော၊ နော သမုဒယံ မနသိကရောတီတိ အတ္ထော။ (မဟာဋီ၊၂၊၄၄၂။)

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

ဤ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော တရားတို့ကား ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ဝိပဿနာရှုပွားသုံးသပ်ရမည့် တရားတို့ ဖြစ်ခြင်းကြောင့် ဉာတမည်၏။ ယင်း ဉာတတရားတို့ကို ဝိပဿနာရှုနေသော ဘင်္ဂါနုပဿနာဉာဏ်ကား ဉာဏမည်၏။ ဤ ဘင်္ဂါနုပဿနာဉာဏ်ပိုင်းတွင် ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း ဉာတတရားတို့၏ အပျက်ကို အာရုံယူ၍လည်း လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုရ၏။ ယင်း ဝိပဿနာဉာဏ်ဟူသော ဉာဏတရား၏ အပျက်ကိုလည်း အာရုံယူ၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုရ၏။ ပဋိဝိပဿနာတည်း။ ဉာတ ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုရသော ဉာဏ်မျိုး ဖြစ်၏။ ယင်း ဉာတ ဉာဏ တရားနှစ်မျိုးလုံးကိုပင် သင်္ခါရတရားဟု ခေါ်ဆို၏။

ဤ ဘင်္ဂါနုပဿနာဉာဏ်သို့ အစဉ်လျှောက်သဖြင့် သင်္ခါရတရားတို့ အပေါ်၌ (ခပ်ကြာကြာ ခွာထားနိုင်သောအားဖြင့် ) တပ်မက်ခြင်း ရာဂကင်းသော ထို ယောဂါဝစရပုဂ္ဂိုလ်သည် မျက်မှောက်သိမြင်အပ်သော ဉာဏ်ဝ၌ ရှေးရှုထင်လာသော ---

၁။ အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ဉာတတရား,

၂။ ယင်း ဉာတတရား၏ အပျက်ကို ရှုနေသော ဝိပဿနာဉာဏ်ဟူသော ဉာဏတရား ---

ဤ ဉာတ - ဉာဏဟူသော သင်္ခါရတရားအပေါင်းကို ချုပ်ခြင်းကိုနှလုံးသွင်းသကဲ့သို့ ထို့အတူ ဝိပဿနာဉာဏ်ဖြင့် မတွေ့မမြင်အပ်သေးသော မရှုရသေးသော ဝိပဿနာဉာဏ်ဝ၌ မထင်လာသေးသော သမ္ပတိ အဒိဋ္ဌ = သမ္ပတိ အနုပဋ္ဌိတ ဖြစ်သည့် (အဝိဇ္ဇာမှသည် ဇရာမရဏသို့တိုင်အောင်သော) သင်္ခါရတရားအပေါင်းကိုလည်း အလျော်ဆ၍ ယူတတ်သော အနွယဉာဏ်၏ အစွမ်းဖြင့်, ယခုမျက်မှောက် လက်ငင်း ပစ္စက္ခဉာဏ်ဖြင့် မမြင်အပ်သေးသော မရှုရသေးသော အတိတ် အနာဂတ် သင်္ခါရတရားသည်လည်း ဤသို့ ချုပ်ခြင်းသဘော ရှိသည်သာတည်း --- ဟု ဤသို့ နှိုင်းရှည့်လျက် ချုပ်ခြင်း နိရောဓသဘောကို နှလုံးသွင်း၏၊ ဖြစ်ခြင်း သမုဒယကို နှလုံးမသွင်း။ ချုပ်သောအားဖြင့်သာလျှင် = အချုပ်ကိုသာလျှင်နှလုံးသွင်း၏၊ ထိုသင်္ခါရတရားအပေါင်း၏ ချုပ်ခြင်း နိရောဓကိုသာလျှင် ရှု၏၊ ဖြစ်ခြင်း သမုဒယကို မရှု။ (ဝိသုဒ္ဓိ၊၂၊၂၇၉။ မဟာဋီ၊၂၊၄၄၂။)

လောကုတ္တရာ ပရိညာ သုံးပါး

လောကုတ္တရာ ပရိညာ သုံးပါး

ဤ လောကီပရိညာပညာဟူသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံယူ၍ ထင်ရှား ဖြစ်ပေါ်လာ၏။ ယင်း အရိယမဂ်တရားသည် ပယ်သင့် ပယ်ထို်က်သော ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်လျက် သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ထွင်းဖောက်သိ၏။ ထိုကြောင့် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာ ဟူသော အမည်ကို ရရှိပေသည်။

အရိယမဂ်တရားသည် အာရုံမျက်မှောက်ထွင်းဖောက်သိမြင်ခြင်း = အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကို မျက်မှောက်ပြုလျက် သိ၏။ ထိုသို့ သိရာ၌ ယင်း အရိယမဂ်တရားက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှု အကူအညီကို ရရှိသဖြင့် သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သတ်နိုင်သည့်အတွက် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ယင်းသို့ ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးကို သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုတွင် အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓအားဖြင့် နိရောဓသစ္စာကို သိ၏။ အသမ္မောဟပဋိဝေဓ အားဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို သိ၏။ ထိုသို့သိခြင်းကြောင့် အရိယမဂ်တရားသည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား အမည်ရသည့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့နှင့် ယင်း အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတို့ကို သိခြင်းကိစ္စသည်လည်း ကိစ္စသိဒ္ဓိအားဖြင့် တစ်ပါတည်း ပြီးစီးသွား၏။ ထိုကြောင့် အရိယမဂ်တရားသည် ဤ အကြောင်း ပရိယာယ်အားဖြင့် ဉာတပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။

တစ်ဖန် အရိယမဂ်တရားသည် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ယင်းသို့ ပယ်သတ်လိုက်သဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တည်းဟူသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို စူးစမ်း ဆင်ခြင် ဆုံးဖြတ်ခြင်း လုပ်ငန်းကိစ္စသည်လည်း ကိစ္စသိဒ္ဓိအားဖြင့် တစ်ပါတည်း ပြီးစီးပြီး ဖြစ်သွား၏။ ထိုကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။ ဤကား လောကုတ္တရာပရိညာ သုံးပါးတည်း။

ဤသို့ လောကီပရိညာ သုံးပါး လောကုတ္တရာပရိညာ သုံးပါးတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် အကြောင်း တရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိရှိပါမှသာလျှင် အနုဗောဓသိ ပဋိဝေဓသိဟု ခေါ်ဆိုနိုင်ပေသည်။ ထို အနုဗောဓသိ ပဋိဝေဓသိ တည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိရှိ ပါမှလည်း အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခမှလည်းကောင်း, အပါယ်မှကြွင်းသော သံသရာဝဋ်ဆင်းရဲဒုက္ခမှ လည်းကောင်း ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ထို အနုဗောဓသိ ပဋိဝေဓသိတည်းဟူသော အတ္တ ပစ္စက္ခဉာဏ်ဖြင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါမူကား ယင်းသို့ မသိဘဲလျက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်သွားသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ မည်သည် အိပ်မက်၏ အတွင်း၌သော်မှလည်း မရှိခဲ့စဖူးပေ။ ဤကား အထက်ပါ မဟာနိဒါနသုတ္တန် ကောက်နုတ်ချက်၏ ဆိုလိုရင်းတည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရာ၌ --- အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ , သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ - စသည့် သင်္ခါရလောက၏ ဖြစ်စဉ်ကိုသာ ရှုရသည် မဟုတ်သေး၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံ, သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်ပုံ - ဤသို့ စသည့် သင်္ခါရလောက၏ ချုပ်စဉ်ကိုလည်း ရှုရမည်သာ ဖြစ်သည်။ ထိုသို့ ရှုရန် ကစ္စာနဂေါတ္တသုတ္တန် စသော ထိုထိုသုတ္တန်တို့၌ ဘုရားရှင်ကိုယ်တော်တိုင်က ညွှန်ကြားထားတော်မူ၏။ (သံ၊၁၊၂၅၇ - စသည်၌ ကြည့်ပါ။)

သင်္ခါရတို့၏ ဖြစ်မှု ဥဒယကို လောကသမုဒယ - ဟု လည်းကောင်း, သင်္ခါရတို့၏ ပျက်ခြင်း ဝယကို လောကနိရောဓဟုလည်းကောင်း ခေါ်ဆို၏။ တစ်နည်း အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ် ဖြစ်ပုံ စသည့် သင်္ခါရလောက၏ ဖြစ်စဉ်ကိုလည်း လောကသမုဒယ ဟု ခေါ်ဆို၏၊ အနုလောမပစ္စယာကာရ ဟုလည်း ခေါ်ဆို၏။ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာစသော အကြောင်းတရားတို့၏ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်း = အသေသဝိရာဂသဘော, နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရစသော အကျိုးတရားတို့၏ အသေသဝိရာဂ = အကြွင်းအကျန် မရှိ ချုပ်ငြိမ်းခြင်း, အနုပ္ပါဒနိရောဓ = နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း - ဟူသည့် သင်္ခါရလောက၏ ချုပ်စဉ်ကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။ ပဋိလောမပစ္စယာကာရ ဟုလည်း ခေါ်ဆို၏။

ယင်း လောကသမုဒယ, လောကနိရောဓဟု ခေါ်ဆိုသည့် သင်္ခါရတို့၏ ဖြစ်မှု ပျက်မှုနှင့် အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ်, ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ရှုခြင်းကြောင့် မည်သို့ အကျိုးရှိပါသနည်း, ထိုသို့ ရှုရာ၌ ဆရာ့အပြောနှင့်သာ အလွမ်းကြီး လွမ်းနေရမည်လော, အနွယဉာဏ်သက်သက်မျှဖြင့်သာ မျက်ရမ်းမှန်းဆ၍ ရှုရမည်လော ဟု မေးရန် ရှိ၏။ အဖြေကို သိလိုပါက အောက်ပါ ကစ္စာနဂေါတ္တသုတ္တန် ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ။

ကစ္စာနဂေါတ္တသုတ္တန် ကောက်နုတ်ချက်

ကစ္စာနဂေါတ္တသုတ္တန် ကောက်နုတ်ချက်

တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏။ ထိုအခါ အရှင်ကစ္စာန ဂေါတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား --- အရှင်ဘုရား ...မှန်သောအမြင် = သမ္မာဒိဋ္ဌိ, မှန်သောအမြင် = သမ္မာဒိဋ္ဌိ ဟူ၍ဆိုပါ၏၊ အရှင်ဘုရား ...အဘယ်မျှဖြင့် မှန်သောအမြင် = သမ္မာဒိဋ္ဌိ ဖြစ်ပါသနည်း --- ဟု ဤစကားကို လျှောက်ထား၏။ ထိုအခါ ဘုရားရှင်က ကစ္စာနဂေါတ္တသုတ္တန် ဟု အမည်တပ်ထားသော တရားဒေသနာတော်ကို ဟောကြားပေးတော်မူ၏။ ယင်း သုတ္တန်မှ အချို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။

ဒွယနိဿိတော ခွာယံ ကစ္စာန လောကော ယေဘုယျေန အတ္ထိတဉ္စေဝ နတ္ထိတဉ္စ။ လောကသမုဒယံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ နတ္ထိတာ၊ သာ န ဟောတိ။ လောကနိရောဓံ ခေါ ကစ္စာန ယထာဘူတံ သမ္မပ္ပညာယ ပဿတော ယာ လောကေ အတ္ထိတာ၊ သာ န ဟောတိ။ ဥပယုပါဒါနာဘိနိဝေသဝိနိဗန္ဓော ခွာယံ ကစ္စာန လောကော ယေဘုယျေန၊ တဉ္စာယံ ဥပယုပါဒါနံ စေတသော အဓိဋ္ဌာနံ အဘိနိဝေသာနုသယံ န ဥပေတိ န ဥပါဒိယတိ နာဓိဋ္ဌာတိ အတ္တာ မေတိ။ ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတီတိ န ကင်္ခတိ န ဝိစိကိစ္ဆတိ၊ အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတိ။ (သံ၊၁၊၂၅၇-၂၅၈။)

သမ္မပ္ပညာယ ပဿတောတိ သမ္မာပညာ နာမ သဝိပဿနာ မဂ္ဂပညာ၊ တာယ ပဿန္တဿာတိ အတ္ထော။ (သံ၊ဋ္ဌ၊၂၊၃၁။)

အပိစ လောကသမုဒယန္တိ အနုလောမပစ္စယာကာရံ။ လောကနိရောဓန္တိ ပဋိလောမပစ္စယာကာရံ။ လောကနိဿယေ ပဿန္တဿာပိ ဟိ ပစ္စယာနံ အနုစ္ဆေဒေန ပစ္စယုပ္ပန္နဿ အနုစ္ဆေဒံ ပဿတော ယာ နတ္ထီတိ ဥစ္ဆေဒဒိဋ္ဌိ ဥပ္ပဇ္ဇေယျ၊ သာ န ဟောတိ။ ပစ္စယနိရောဓံ ပဿန္တဿာပိ ပစ္စယနိရောဓေန ပစ္စယုပ္ပန္နနိရောဓံ ပဿတော ယာ အတ္ထီတိ သဿတဒိဋ္ဌိ ဥပ္ပဇ္ဇေယျ၊ သာ န ဟောတီတိ အယမ္ပေတ္ထ အတ္ထော။ (သံ၊ဋ္ဌ၊၂၊၃၁။)

အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန ၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ ဧတ္တာဝတာ ခေါ ကစ္စာန သမ္မာဒိဋ္ဌိ ဟောတီတိ ဧဝံ သတ္တသညာယ ပဟီနတ္တာ ဧတ္တကေန သမ္မာဒဿနံ နာမ ဟောတီတိ မိဿကသမ္မာဒိဋ္ဌိံ အာဟ။ (သံ၊ဋ္ဌ၊၂၊၃၂။)

အယမ္ပီတိ န ကေဝလံ ခဏတော ဥဒယဝယနီဟရဏနယော ၊ အထ ခေါ ပစ္စယတော ဥဒယဝယနီဟရဏနယောပိ။ (သံ၊ဋီ၊၂၊၃၇။)

န ပရပ္ပစ္စယေနာတိ ပရဿ အသဒ္ဒဟနေန။ မိဿကသမ္မာဒိဋ္ဌိံ အာဟာတိ နာမရူပပရိစ္ဆေဒတော ပဋ္ဌာယ သမ္မာဒိဋ္ဌိယာ ဝုတ္တတ္တာ လောကိယလောကုတ္တရမိဿကံ သမ္မာဒိဋ္ဌိံ အဝေါစ။ (သံ၊ဋီ၊၂၊၃၈။)

ကစ္စာန ...ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် (အတ္တသည် အမြဲရှိ၏ ဟုယူသော အတ္တ) ရှိသည်၏ အဖြစ်ကိုလည်းကောင်း, (အတ္တသည် ပြတ်၏ ဟုယူသော အတ္တ) မရှိသည်၏ အဖြစ်ကိုလည်းကောင်း, (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟူသော) နှစ်ပါးကို မှီ၍ နေ၏။

ကစ္စာန ...သင်္ခါရလောက၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို ဟုတ်မှန်သော အတိုင်း ကောင်းမွန် မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်သောသူအား (အတ္တသည် သေလျှင်ပြတ်၏ဟု စွဲယူသော) မရှိဟူသော အယူသည် မဖြစ်။

ကစ္စာန ...သင်္ခါရလောက၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို ဟုတ်မှန်သော အတိုင်း ကောင်းမွန် မှန်ကန်သော ဝိပဿနာပညာ မဂ်ပညာဖြင့် မြင်သောသူအား သင်္ခါရလောက၌ (အတ္တသည် မသေ မပျောက် အမြဲတည်၏ဟု စွဲယူသော အတ္တ) ရှိ၏ဟူသော အယူသည် မဖြစ်။

ကစ္စာန ...သင်္ခါရတရားတို့၌ ငါ့ဟာ ငါ့ဟာဟု တဏှာဖြင့် ကပ်ရောက်မှု = တဏှုပယ, ငါ၏ အတ္တဟု ဒိဋ္ဌိဖြင့် ကပ်ရောက်မှု = ဒိဋ္ဌုပယ, ပြင်းစွာစွဲလမ်းမှု = ဥပါဒါန်, နစ်မြုပ်စူးဝင်မှု = အဘိနိဝေသတို့သည် ဤ သတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့၍ ထားအပ်၏။

ဤ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု = ဥပယ, ပြင်းစွာစွဲလမ်းမှု = ဥပါဒါန်ကို ငါ၏ အတ္တတည်းဟု မကပ်ရောက် မစွဲလမ်း မဆောက်တည်။

ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ = ဖြစ်ခဲ့သော် ဒုက္ခသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဒုက္ခသာ ချုပ်၏ --- ဟု ယုံမှားမှု မရှိ၊ တွေးတောမှု မရှိ။

အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ = ဤအရာ၌ ထိုတပည့်သာဝကအား သူတစ်ပါးကို အားထား၍ ယုံကြည်သည် မဟုတ်၊ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် သိခြင်းသည်သာလျှင် ဖြစ်၏။ ကစ္စာန ...ဤမျှဖြင့် မှန်သောအမြင် = သမ္မာဒိဋ္ဌိသည် ဖြစ်ပေ၏။ (သံ၊၁၊၂၅၇-၂၅၈။)

လောကသမုဒယ - လောကနိရောဓ

လောကသမုဒယ - လောကနိရောဓ

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပုံ ဟူသည့် သင်္ခါရလောက၏ ဖြစ်စဉ် = အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။ အဝိဇ္ဇာ, သင်္ခါရ - စသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်မှု ဥပါဒ် သဘောကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။

အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ၏ (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့်) အကြွင်း အကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် သင်္ခါရ စသော အကျိုးတရား၏ (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် )အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော သင်္ခါရလောက၏ ချုပ်စဉ် = ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။ အဝိဇ္ဇာ, သင်္ခါရ စသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ဝိပရိဏာမလက္ခဏာဟူသော ပျက်ခြင်း ဘင်ကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နည်းအရ ဆိုရမူ ----- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အကြောင်း သမုဒယသစ္စာတရားတို့၏ ထင်ရှားဖြစ်ခြင်း = ထင်ရှားရှိနေခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်မှု သဘောတရားကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။ ယင်း ဥပါဒါနက္ခန္ဓာတို့၏ (တစ်နည်း - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏) နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်မှု ဥပါဒ် သဘောကိုလည်း လောကသမုဒယဟု ခေါ်ဆို၏။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အကြောင်းသမုဒယသစ္စာတရားတို့၏ အရဟတ္တမဂ်ကြောင့် (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် ) အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း၍သွားခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ (အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့်) အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု သဘောတရားကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။ ယင်း ဥပါဒါနက္ခန္ဓာတို့၏ (တစ်နည်း - အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏) ဝိပရိဏာမလက္ခဏာဟူသော ချုပ်ခြင်း ဘင်ကိုလည်း လောကနိရောဓဟု ခေါ်ဆို၏။

ဤ အထက်ပါ သင်္ခါရလောက၏ ဖြစ်စဉ်နှင့် ဖြစ်မှုဟူသော လောကသမုဒယ, ချုပ်စဉ်နှင့် ချုပ်မှုဟူသော လောကနိရောဓကို အရိယာဖြစ်တော်မူသော ဘုရားရှင်၏ တပည့်သာဝကသည် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်တို့နှင့် လှမ်းရှုလိုက်သောအခါ ---

ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ၊ ဒုက္ခံ နိရုဇ္ဈမာနံ နိရုဇ္ဈတိ = ဖြစ်ခဲ့သော် ဒုက္ခသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဒုက္ခသာ ချုပ်၏ --- ဟု သိ၏။ ယုံမှားမှု မရှိ၊ တွေးတောမှု မရှိ။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်တရားတို့မှာလည်း ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏၊ သင်္ခါရ - ကံဟူသော ကမ္မဝဋ်တရားတို့မှာလည်း ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော ဝိပါကဝဋ်တရားတို့မှာလည်း ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏။ ယင်း ဥပါဒါနက္ခန္ဓာတို့မှာ --- သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ (ဒီ၊၂၊၂၄၃။ မ၊၁၊၈၂။ မ၊၃၊၂၉၂။ အဘိ၊၂၊၁၀၅။) ဟူသော ဒေသနာတော်များနှင့် အညီ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသော တရားတို့သာ ဖြစ်ကြခြင်းကြောင့် ဒုက္ခတရားတို့သာ ဖြစ်ကြ၏။

ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်က သင်္ခါရလောက၏ ဖြစ်စဉ်နှင့် ဖြစ်ပုံ, ချုပ်စဉ်နှင့် ချုပ်ပုံကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ရှုလိုက်သောအခါ ဖြစ်ခဲ့သော် ဒုက္ခသာဖြစ်၏၊ ချုပ်ခဲ့သော် ဒုက္ခသာ ချုပ်၏ - ဟု သိ၏ဟူ၍ ဟောတော်မူခြင်း ဖြစ်၏။ ယင်း လောကသမုဒယ, လောကနိရောဓ ဟူသည့် ဒုက္ခ၏ ဖြစ်စဉ်ဖြစ်မှု ချုပ်စဉ်ချုပ်မှုကို သိရာ၌ ပစ္စက္ခဉာဏ်ဖြင့် သိလေသလော အနွယဉာဏ်ဖြင့် သိလေသလောဟူမူ -

အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊၁၊၂၅၈။)

အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန ၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)

ဤ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ဆရာ့အပြောနှင့် အလွမ်းကြီးလွမ်း, အဆွေးကြီးဆွေး, အတွေးကြီး တွေး, အငေးကြီးငေးနေရသည့် သူများ၏ ပါးစပ်တွင်သာ လမ်းဆုံးနေရသည့် အသိမျိုးကား မဟုတ်ပေ။ အဟုတ်သော်ကား --- ဤအရာ၌ ထိုတပည့်သာဝကအား သူတစ်ပါးကို အားထား၍ ယုံကြည်သည်မဟုတ်၊ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် သိခြင်းသည်သာလျှင် ဖြစ်၏။ --- ဟု ဘုရားရှင် ဟောကြားထားတော်မူသည့် အတ္တပစ္စက္ခဉာဏ်အသိပင် ဖြစ်ပေသည်။

ဤသုတ္တန်၌ ဘုရားရှင်သည် ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော လောကီသမ္မာဒိဋ္ဌိ လောကုတ္တရာသမ္မာဒိဋ္ဌိ တည်းဟူသော မဂ္ဂသမ္မာဒိဋ္ဌိ - ဤ လောကီ လောကုတ္တရာ သမ္မာဒိဋ္ဌိနှစ်မျိုးလုံးကိုပင် ရည်ညွှန်း၍ ရောနှောကာ ဟောကြားထားတော်မူသည်။

နာမရူပပရိစ္ဆေဒတော ပဋ္ဌာယ သမ္မာဒိဋ္ဌိယာ ဝုတ္တတ္တာ လောကိယလောကုတ္တရမိဿကံ သမ္မာဒိဋ္ဌိံ အဝေါစ။ (သံ၊ဋီ၊၂၊၃၈။)

နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သမ္မာဒိဋ္ဌိဉာဏ်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် လောကီလောကုတ္တရာ ရောပြွမ်းသော သမ္မာဒိဋ္ဌိကို ဤသုတ္တန်၌ ဘုရားရှင်သည် ဟောကြားတော်မူအပ်၏ ဟူပေ။ (သံ၊ဋီ၊၂၊၃၈။)

ဤ သမ္မာဒိဋ္ဌိမှာ စတုသစ္စသမ္မာဒိဋ္ဌိပင် ဖြစ်သည်။ ဒုက္ခသစ္စာကို သိသော သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို သိသော သမ္မာဒိဋ္ဌိ, နိရောဓသစ္စာကို သိသော သမ္မာဒိဋ္ဌိ, မဂ္ဂသစ္စာကို သိသော သမ္မာဒိဋ္ဌိပင်တည်း။ ယင်း သမ္မာဒိဋ္ဌိဉာဏ်ကို အတ္တပစ္စက္ခဉာဏ်-ဟု ဤ ကစ္စာနဂေါတ္တသုတ္တန်၌ ဘုရားရှင်ကလည်း ဟောကြားထားတော်မူ၏၊ အဋ္ဌကထာကလည်း ဖွင့်ဆိုထားတော်မူ၏။ တစ်ဖန် နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ စတုသစ္စသမ္မာဒိဋ္ဌိဟူသည့် အတ္တပစ္စက္ခဉာဏ်ကို ဟောကြားထားတော်မူကြောင်းကို ဋီကာဆရာတော်ကလည်း ထပ်ဆင့်၍ ဖွင့်ဆိုထားတော်မူ၏။

ဤကဲ့သို့သော ဘုရားဟောပါဠိတော်ကြီးများနှင့် အဋ္ဌကထာ ဋီကာအဖွင့်တို့ကို ဦးထိပ်ရွက်ပန်ဆင်လျက် နိဗ္ဗာနဂါမိနိပဋိပဒါ - အမည်ရသော ဤကျမ်း၌လည်း ---

၁။ ရူပက္ခန္ဓာ အမည်ရသည့် ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားပုံအပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ရေးသား တင်ပြထားပါသည်။ (ပထမတွဲ)

၂။ နာမက္ခန္ဓာ အမည်ရသည့် နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားပုံအပိုင်းကို နာမ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ရေးသား တင်ပြထားပါသည်။ (ဒုတိယတွဲ)

၃။ လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဉ်ဟူသော အနုလောမပစ္စယာကာရ = အနုလောမ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ပရမတ်သို့ဆိုက်အောင် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားပုံအပိုင်းကို ပဋိစ္စသမုပ္ပါဒ်ပိုင်းဟူသော အမည်ဖြင့် ရေးသား တင်ပြ ထားပါသည်။ (တတိယတွဲ)

၄။ ယင်း သင်္ခါရတရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် အတ္တပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်း ရှုပွားပုံကို လက္ခဏာဒိစတုက္ကပိုင်းဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ (စတုတ္ထတွဲ)

၅။ ယင်း လောကသမုဒယ, လောကနိရောဓဟူသော သင်္ခါရလောက၏ ဖြစ်စဉ်နှင့် ဖြစ်မှု, ချုပ်စဉ်နှင့် ချုပ်မှု တို့ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိအောင် မြင်အောင် ဝိပဿနာ ရှုပွားပုံ အပိုင်းကို ဝိပဿနာပိုင်း ဟူသော အမည်ဖြင့် ရေးသားတင်ပြထားပါသည်။ အထူးသဖြင့် ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်းတွင် -- သမုဒယဓမ္မာနုပဿီပိုင်း, ဝယဓမ္မာနုပဿီပိုင်း, သမုဒယဝယဓမ္မာနုပဿီပိုင်း ဟူသော အမည်တို့ဖြင့် ရေးသားတင်ပြထားပါသည်။ (ပဉ္စမတွဲ)

၆။ အဒိဋ္ဌဖြစ်သော အတိတ် အနာဂတ် သင်္ခါရတရားတို့၌ အနွယဉာဏ်ဖြင့် ဝိပဿနာရှုပွားပုံ အပိုင်းကို ဥဒယဗ္ဗယာနုပဿနာပိုင်း ဘင်္ဂါနုပဿနာပိုင်းတို့တွင် ရေးသားတင်ပြထားပါသည်။ (ပဉ္စမတွဲ)

အနွယဉာဏ်ဟူသည်

အနွယဉာဏ်ဟူသည်

စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တို့တွင် အကျုံးဝင်သော ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိသော သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို ထိုးထွင်းသိသော = သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်းသိသော သမ္မာဒိဋ္ဌိ, ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ခဏိကနိရောဓသို့ ဆိုက်အောင် ထိုးထွင်းသိသော ဝိပဿနာသမ္မာဒိဋ္ဌိ, သမုဒယသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကို ထိုးထွင်းသိသော ဝိပဿနာသမ္မာဒိဋ္ဌိ, ရှုနေသော ဝိပဿနာဉာဏ်ဟူသော လောကီမဂ္ဂသစ္စာတရား, ယင်း လောကီမဂ္ဂသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိသော ဝိပဿနာသမ္မာဒိဋ္ဌိ, အသင်္ခတဓာတ် နိဗ္ဗာနဓာတ် ဟူသော နိရောဓသစ္စာကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိသော မဂ္ဂသမ္မာဒိဋ္ဌိ, ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ တရားတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိသော မဂ္ဂသမ္မာဒိဋ္ဌိ --- ဤ သမ္မာဒိဋ္ဌိဉာဏ်အားလုံးကိုပင် အပရပ္ပစ္စယဉာဏ = အတ္တပစ္စက္ခဉာဏ - ဟု ဤ ကစ္စာနဂေါတ္တသုတ္တန်တွင် ဘုရားရှင်ကလည်း ဟောကြားထားတော်မူ၏။ အဋ္ဌကထာ ဋီကာတို့ကလည်း ဖွင့်ဆိုထားတော်မူ၏။ ယင်းသို့ဖြစ်လျှင် အနွယဉာဏ်သည် ယင်း စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တို့တွင် အကျုံးဝင်လေသလော အကျုံး မဝင်လေသလောဟု မေးရန်ရှိ၏။ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။ ---

ဓမ္မေ ဉာဏန္တိ ဧကပဋိဝေဓဝသေန စတုသစ္စဓမ္မေ ဉာဏံ စတုသစ္စဗ္ဘန္တရေ နိရောဓသစ္စေ ဓမ္မေ ဉာဏဉ္စ၊ ယထာဟ တတ္ထ ကတမံ ဓမ္မေ ဉာဏံ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ဉာဏန္တိ။ (အဘိ၊၂၊၃၄၁။ ဒီ၊ဋ္ဌ၊၃၊၂၀၂။)

အနွယေ ဉာဏန္တိ စတ္တာရိ သစ္စာနိ ပစ္စက္ခတော ဒိသွာ ယထာ ဣဒါနိ၊ ဧဝံ အတီတေပိ အနာဂတေပိ ဣမေဝ ပဉ္စက္ခန္ဓာ ဒုက္ခသစ္စံ၊ အယမေဝ တဏှာ သမုဒယသစ္စံ၊ အယမေဝ နိရောဓော နိရောဓသစ္စံ၊ အယမေဝ မဂ္ဂေါ မဂ္ဂသစ္စန္တိ ဧဝံ တဿ ဉာဏဿ အနုဂတိယံ ဉာဏံ။ (ဒီ၊ဋ္ဌ၊၃၊၂၀၂။)

အနွယေ ဉာဏန္တိ အနုအယေ ဉာဏံ၊ ဓမ္မဉာဏဿ အနုဂမနေ ဉာဏံ၊ ပစ္စဝေက္ခဏဉာဏေဿတံ နာမံ။ (သံ၊ဋ္ဌ၊၂၊၆၂။)

ဓမ္မဉာဏ် --- အရိယမဂ်ဉာဏ်သည် နိရောဓသစ္စာ နိဗ္ဗာန် တရားတော်မြတ်ကြီးကို အာရုံပြုသောအားဖြင့် ထွင်းဖောက် သိမြင်ခြင်းဟူသော အာရမ္မဏပဋိဝေဓ သဘောအားဖြင့် သိ၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂ သစ္စာတို့ကို, ယင်း သစ္စာတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို အကြွင်းမဲ့ပယ်သတ်သောအားဖြင့် ထိုးထွင်းသိခြင်းဟူသော အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိ၏။ အရိယဖိုလ်ဉာဏ်သည် နိရောဓ သစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုသောအားဖြင့် ထွင်းဖောက်သိမြင်ခြင်း အာရမ္မဏပဋိဝေဓသဘော အားဖြင့် သိ၏။ ဤသို့ သိသော ဤသို့ မြင်သော အရိယမဂ်လေးပါးတို့၌ တည်ရှိသော အရိယမဂ်ဉာဏ်, အရိယ ဖိုလ် လေးပါးတို့၌ တည်ရှိသော အရိယဖိုလ်ဉာဏ်တို့ကို ဓမ္မဉာဏ်ဟု ခေါ်ဆို၏။

အနွယဉာဏ် --- အနွယဉာဏ်ဟူသည် သစ္စာလေးပါးတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ - ဤယခု ပစ္စက္ခဉာဏ်ဖြင့် မြင်သိရာ ဤယခုအခါ၌ကဲ့သို့ပင် ---

အလားတူပင် အတိတ်၌လည်းကောင်း, အနာဂတ်၌လည်းကောင်း ဤ ခန္ဓာငါးပါးတို့သည်သာလျှင် ဒုက္ခသစ္စာတည်း၊ ဤ တဏှာသည်သာလျှင် သမုဒယသစ္စာတည်း၊ ဤ နိရောဓနိဗ္ဗာန်တရားတော်မြတ်သည်သာ လျှင် နိရောဓသစ္စာတည်း၊ ဤ မဂ္ဂင် (၈)ပါးသည်သာလျှင် မဂ္ဂသစ္စာတည်း ---

ဤသို့လျှင် ထိုဓမ္မဉာဏ်၏ နောက်သို့ အစဉ်လိုက်သော ဉာဏ်တည်း။ (ဒီ၊ဋ္ဌ၊၃၊၂၀၂။)

အနွယဉာဏ်ဟူသည် ဓမ္မဉာဏ်အား လျော်လျောက်ပတ်သောအားဖြင့် သိခြင်း၌ ဖြစ်သော ဉာဏ်တည်း။ဓမ္မဉာဏ်၏ နောက်သို့ အစဉ်လိုက်၍ သိခြင်း၌ဖြစ်သော ဉာဏ်တည်း။ ဤ အနွယဉာဏ်ဟူသော အမည်သည် ပစ္စဝေက္ခဏဉာဏ်၏ အမည်ပင် ဖြစ်ပေသည်။ (သံ၊ဋ္ဌ၊၂၊၆၂။)

ထိုကြောင့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ဓမ္မဉာဏ်၏ နောက်သို့ အစဉ်လိုက်၍ ဖြစ်သော ပစ္စ ဝေက္ခဏဉာဏ်ကိုပင် = ဆင်ခြင်တတ်သောဉာဏ်ကိုပင် အနွယဉာဏ်ဟုခေါ်ဆိုသည် မှတ်ပါ။ လောကုတ္တရာ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် ပစ္စဝေက္ခဏာဉာဏ် ဟူသော ယင်း အနွယဉာဏ် မပါဝင်သည်ကိုကား သတိပြုပါ။ ဤကား လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်တည်း။

ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်

ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်

နာမရူပပရိစ္ဆေဒတော ပဋ္ဌာယ သမ္မာဒိဋ္ဌိယာ ဝုတ္တတ္တာ လောကိယလောကုတ္တရမိဿကံ သမ္မာဒိဋ္ဌိံ အဝေါစ။ (သံ၊ဋီ၊၂၊၃၈။)

ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းဖွင့်ဆိုချက်နှင့်အညီ ဘုရားရှင်သည် နာမရူပပရိစ္ဆေဒဉာဏ်မှ စ၍ သမ္မာဒိဋ္ဌိဉာဏ်ကို ဟောကြားထားတော်မူသောကြောင့် လောကီစတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသည့် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်လည်းရှိပေသည်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်မှာ ဆင်ခြင်တတ်သော ပစ္စဝေက္ခဏဉာဏ်မျှသာဖြစ်သကဲ့သို့, လောကုတ္တရာ စတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်သကဲ့သို့ အလားတူပင် လောကီစတုသစ္စသမ္မာဒိဋ္ဌိ အမည်ရသည့် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏ နောက်သို့ အစဉ်လိုက်၍ဖြစ်သော အနွယဉာဏ်မှာလည်း ပစ္စဝေက္ခဏဉာဏ် တစ်မျိုးသာဖြစ်၏။ လောကီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်ပေ။ အကြောင်းမူ လောကီစတုသစ္စသမ္မာဒိဋ္ဌိဉာဏ်ကို အပရပ္ပစ္စယဉာဏ ဟု အထက်ပါ ကစ္စာနဂေါတ္တသုတ္တန်တွင် ဘုရားရှင်က ဟောကြားထားတော်မူ၍ အဋ္ဌကထာကလည်း ယင်း အပရပ္ပစ္စယဉာဏကို အတ္တပစ္စက္ခဉာဏဟု ဖွင့်ဆိုထားတော်မူသောကြောင့် ဖြစ်၏။

လောကီဝိပဿနာအခိုက်၌ သစ္စာလေးပါး ထင်ရှားပုံကို ဤ နိဗ္ဗာနဂါမိနိပဋိပဒါကျမ်း - ပဉ္စမတွဲ - ဝိပဿနာပိုင်း - ဥဒယဗ္ဗယာနုပဿနာပိုင်းတွင် ကြည့်ပါ။ အလားတူပင် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်ဖြင့် အတိတ်အနာဂတ်သင်္ခါရတို့၌ ရှုပုံအပိုင်းကို ဝိပဿနာပိုင်း - ဥဒယဗ္ဗယာ နုပဿနာပိုင်း, ဘင်္ဂါနုပဿနာပိုင်းတို့တွင် ကြည့်ပါ။

လောကီစတုသစ္စသမ္မာဒိဋ္ဌိ

လောကီစတုသစ္စသမ္မာဒိဋ္ဌိ

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မာနုပဿနာပိုင်း သစ္စပဗ္ဗ - မဂ္ဂသစ္စာပိုင်းတွင် မဂ္ဂင်တရားကိုယ် (၈)ပါးတို့ကို ဝေဖန်ပိုင်းခြား၍ ဟောကြားထားတော်မူ၏။ ယင်း မဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိကို ဤသို့ (၄)မျိုး ခွဲ၍ ဟောကြားထားတော်မူ၏။ ---

ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (မ၊၁၊၈၈။)

ရဟန်းတို့ ...သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း။ ရဟန်းတို့ ...

၁။ ဒုက္ခသစ္စာ၌ သိမြင်တတ်သောဉာဏ်,

၂။ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်တတ်သောဉာဏ်,

၃။ ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိမြင်တတ်သောဉာဏ်,

၄။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂသစ္စာ၌ သိမြင်တတ်သောဉာဏ် ---

ဤလေးမျိုးသော ဉာဏ်သည် ရှိ၏။ ရဟန်းတို့ ...ယင်းလေးမျိုးသော ဉာဏ်ကို သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။ (မ၊၁၊၈၈။)

ရှေးမထေရ်မြတ်ကြီးတို့၏ ဆွေးနွေးပွဲ

ရှေးမထေရ်မြတ်ကြီးတို့၏ ဆွေးနွေးပွဲ

ဤ သတိပဋ္ဌာန်ဒေသနာတော်၌ မဂ္ဂသစ္စာပိုင်းဝယ် မဂ္ဂင် (၈)ပါးတို့ကို ခွဲခြား ဝေဖန်၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ဤအရာဝယ် ရှေးရှေး မထေရ်မြတ်ကြီးတို့၏ အတွင်း၌ ဓမ္မသာကစ္ဆာခေါ်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ခဲ့ဖူး၏။ ဤ မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော မဂ္ဂင် (၈)ပါး သတိပဋ္ဌာန် ကျင့်စဉ်တရား သည် ---

၁။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော လောကီသတိပဋ္ဌာနမဂ်လေလော,

၂။ လောကီလောကုတ္တရာ နှစ်မျိုးရောပြွမ်း၍ ဟောကြားထားတော်မူအပ်သော မိဿကမဂ်လေလောဟု ---

ဆွေးနွေးခဲ့ကြဖူး၏။ တိပိဋကစူဠနာဂမထေရ်မြတ်က -- ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်သို့ မဆိုက်မီ အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော လောကီသတိပဋ္ဌာနမဂ် ဟု ဆို၏။ တိပိဋကစူဠနာဂမထေရ်၏ ဆရာဖြစ်တော်မူသော တိပိဋကစူဠသုမမထေရ်မြတ်ကြီးက ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ဟူသော လောကီသတိပဋ္ဌာနမဂ်နှင့် လောကုတ္တရာသတိပဋ္ဌာနမဂ် နှစ်မျိုးတို့ကို ရောပြွမ်း၍ ဟောကြားထားတော်မူအပ်သော မိဿကမဂ် ဟု ဆိုတော်မူ၏။ တပည့်ကလည်း ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ဖြစ်ကြောင်း တင်ပြလျှောက်ထား၏။ ဆရာကလည်း မိဿကမဂ် ဖြစ်ကြောင်းကို ထပ်ကာထပ်ကာ မိန့်ဆိုတော်မူ၏။ ဆရာက ထပ်ကာထပ်ကာ မိန့်ဆိုသော် တပည့်ကလည်း မတားမြစ်တော့ဘဲ ဆိတ်ဆိတ်သာ နေတော်မူလိုက်၏။

နောက်ပိုင်းတွင် ဆရာဖြစ်တော်မူသော စူဠသုမမထေရ်မြတ်ကြီးသည် - အဖြေမှန်ကို သိရှိရန် မဟာသတိပဋ္ဌာနသုတ္တန် ပါဠိတော်ကို ရွတ်ဆိုတော်မူလေရာ မဟာသတိပဋ္ဌာနသုတ္တန်နိဂုံးတွင် ဘုရားရှင်၏ ဝန်ခံ ကြေငြာချက်သို့ ရောက်ရှိသောအခါ အဖြေမှန်ကို ရရှိသွားတော်မူ၏။

ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တ ဝဿာနိ ... (မ၊၁၊၉၀။)

= ရဟန်းတို့ ...တစ်စုံတစ်ယောက်သော ယောဂါဝစရရဟန်းတော်သည် ဤသတိပဋ္ဌာန်တရား လေးပါး တို့ကို ဤသို့ ငါဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ခုနစ်နှစ်တို့ကာလပတ်လုံး ပွားများအားထုတ် ငြားအံ့ ...(အရဟတ္တမဂ်ကိုသော်လည်းကောင်း ကိလေသာအကြွင်း ရှိနေသေးပါက အနာဂါမိမဂ်ကိုသော် လည်းကောင်း ရရှိနိုင်၏။) ---

ဤ စာပိုဒ်သို့ ရောက်ရှိသွားသောအခါ ကောင်းစွာ အမှတ်ရရှိသွားတော်မူ၏။

လောကုတ္တရမဂ္ဂေါ ဥပ္ပဇ္ဇိတွာ သတ္တ ဝဿာနိ တိဋ္ဌမာနော နာမ နတ္ထိ။ (မ၊ဋ္ဌ၊၁၊၂၃၅။)

လောကုတ္တရာမဂ်သည် ဖြစ်ပြီးနောက်ခုနစ်နှစ်တို့ကာလပတ်လုံး တည်နေသောမည်သည် မရှိစကောင်းပေ။ (မ၊ဋ္ဌ၊၁၊၂၃၅။)

ငါပြောဆိုအပ်သော မိဿကမဂ်ကို ဤ မဟာသတိပဋ္ဌာနသုတ္တန်၌ မရနိုင်၊ စူဠနာဂသိမြင်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကိုသာလျှင် ရနိုင်၏ --- ဟု ဆုံးဖြတ်ချက် ချတော်မူနိုင်လေသည်။ (မ၊ဋ္ဌ၊၁၊၂၃၅။)

ယင်းပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်တွင် အထက်ပါ သမ္မာဒိဋ္ဌိဉာဏ်လေးမျိုးလည်း ပါဝင်ပေသည်။ ယောဂါဝစရ ပုဂ္ဂိုလ်သည် အရိယမဂ်သို့ မဆိုက်ရောက်မီ ရရှိအောင် ကြိုးပမ်းထားရမည့် သမ္မာဒိဋ္ဌိဉာဏ်လေးမျိုးတို့ ဖြစ်ကြ၏။

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားတည်း။ ယင်း ဒုက္ခသစ္စာ တရားကို ကိုယ်တိုင်မျက်မှောက်ထွင်းဖောက် သိမြင်တတ်သော အတ္တပစ္စက္ခဉာဏ်သည် ဒုက္ခေ ဉာဏံ အရ ဒုက္ခသစ္စာ၌ သိမြင်တတ်သော သမ္မာဒိဋ္ဌိတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အရိယမဂ်သို့မဆိုက်မီ အရိယမဂ်၏ ရှေးအဖို့၌ ယင်းသမ္မာဒိဋ္ဌိဉာဏ်ကိုလည်း ရရှိအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။ ယင်းသို့ ကြိုးပမ်းသဖြင့် ဒုက္ခသစ္စာတရားတို့ကို အတ္တပစ္စက္ခဉာဏ် တည်းဟူသော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်သောအခါ နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်လမ်းမကြီးပေါ်သို့ စတင်ရောက်ရှိပြီ ဖြစ်ပေသည်။ ယင်းသို့ ထိုးထွင်းသိရမည့် ဒုက္ခသစ္စာ တရားစုတွင် အတိတ်ဥပါဒါနက္ခန္ဓာငါးပါး အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း ပါဝင်နေကြသည်ကို သတိပြုပါ။

၂။ ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အကြောင်းရင်းစစ် ဖြစ်ကြသော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ, သင်္ခါရ-ကံဟူသော ကမ္မဝဋ် ဥပါဒါနက္ခန္ဓာ တို့ကား -- အတီတေ ဟေတဝေါ ပဉ္စ - စသော ဒေသနာတော်များနှင့်အညီ အတိတ်အဓွန့်ကာလ ဥပါဒါနက္ခန္ဓာ တို့သာ ဖြစ်ကြ၏။ တစ်ဖန် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ ကမ္မဝဋ် ဥပါဒါနက္ခန္ဓာတို့ကြောင့် ဖြစ်ပေါ်လာမည့် ဇာတိ (ဇရာမရဏ) အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကား --- ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ --- ဟူသော ဒေသနာတော်များနှင့် အညီ အနာဂတ်အဓွန့်ကာလ ဥပါဒါနက္ခန္ဓာတို့သာ ဖြစ်ကြ၏။

အတိတ်ကိလေသဝဋ် ကမ္မဝဋ် အမည်ရသည့် ဥပါဒါနက္ခန္ဓာတို့ကြောင့် ပစ္စုပ္ပန်ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာ ငါးပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကိလေသဝဋ် ကမ္မဝဋ် ဥပါဒါနက္ခန္ဓာတို့ကြောင့် အနာဂတ်ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာငါးပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော အတ္တပစ္စက္ခဉာဏ်သည် ဒုက္ခသမုဒယေ ဉာဏံ - အရ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ၌ သိမြင်တတ်သော သမ္မာဒိဋ္ဌိတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အရိယမဂ်သို့မဆိုက်မီ အရိယမဂ်၏ရှေးအဖို့၌ ဤ သမ္မာဒိဋ္ဌိဉာဏ်အမြင်ကိုလည်း ရရှိအောင် ကြိုးပမ်းထားပြီး ဖြစ်ရ၏။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ဖြစ်သောကြောင့် တည်း။

ယင်းသို့ ကြိုးပမ်းရာ၌ အနွယဉာဏ်ဖြင့် အနုမာနမျက်ရမ်းဆ၍ သိမြင်အောင် ကြိုးပမ်းရမည်လော၊ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည်လောဟူမူ ---

အပရပစ္စယာ ဉာဏမေဝဿ ဧတ္ထ ဟောတိ။ (သံ၊၁၊၂၅၈။)

အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)

ဤ ပါဠိတော်အဋ္ဌကထာတို့နှင့် အညီ အနွယဉာဏ်ဖြင့် အနုမာနမျက်ရမ်းဆ၍ သိမြင်အောင် ကြိုးပမ်း ရမည်လည်းမဟုတ်။ ဆရာ့အပြောနှင့် လွမ်းနေရသည့် အသိမျိုး, သူတစ်ပါးတို့အား ကိုးစားယုံကြည်သည့် အသိမျိုးဖြင့် သိအောင် ကြိုးပမ်းရမည်လည်းမဟုတ်။ အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင်သာ ကြိုးပမ်းရမည် ဖြစ်ပေသည်။

ယင်းသို့ ဖြစ်လျှင် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော ပစ္စုပ္ပန်ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာတို့၏ အကြောင်း ရင်း ဖြစ်သော အတိတ်အဓွန့်ကာလ၌ အကျုံးဝင်သော ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ ကမ္မဝဋ် ဥပါဒါနက္ခန္ဓာတို့ကို လည်းကောင်း, ပစ္စုပ္ပန်ကိလေသဝဋ် ကမ္မဝဋ်တို့ကြောင့် ဖြစ်ပေါ်လာမည့် ဇာတိ (ဇရာမရဏ) အမည်ရသည့် အနာဂတ်အဓွန့်ကာလ ဝိပါကဝဋ်ဥပါဒါနက္ခန္ဓာတို့ကိုလည်းကောင်း အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားရမည်သာဟု မုချပုံသေ နာယူမှတ်သားလေရာသည်။

ဤမျှသာမကသေး အာဟာရသုတ္တန် (သံ၊၁၊၂၅၃။) ဒေသနာတော်နည်းအရ အတိတ်ဘက်သို့ ဉာဏ်ကို ရှေးရှုဆောင်ယူ၍လည်း ပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားတို့ကို သိမ်းဆည်းရှုပွားနိုင်သည်သာဖြစ်ပေသည်။ (ရှုပုံအကျယ်ကို ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ကြည့်ပါ။) (အတိတ်သံသရာတစ်လျှောက် အားလုံးကို ရှုရမည်ဟု မဆိုလိုပါ။)

၃။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ဝိပါက ဝဋ် ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်သော အတ္တပစ္စက္ခဉာဏ်ကား ပစ္စယတော ဥဒယဒဿန ဉာဏ်တည်း။ ယင်း ပစ္စယတော ဥဒယဒဿနဉာဏ်ဖြင့် ဥပါဒါနက္ခန္ဓာတို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရားကို ထိုးထွင်းသိခြင်းကြောင့် သမုဒယသစ္စာသည် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

၄။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အသေသဝိရာဂ သဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း ဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် ခန္ဓပရိနိဗ္ဗာန် စံပြီးသောအခါ အနာဂတ်ခန္ဓာတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို ရှုမြင်တတ်သော အတ္တပစ္စက္ခဉာဏ်ကား - ပစ္စယတော ဝယဒဿနဉာဏ်တည်း။ ပစ္စယတော ဥဒယဒဿနဉာဏ်နှင့် ပစ္စယတော ဝယဒဿနဉာဏ် နှစ်မျိုးကို ပေါင်းလိုက်သော် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ်တည်း။

ဤအရာ၌လည်း ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲဖြစ်သော ပုထုဇန်အဆင့်တွင်သာ ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အရဟတ္တမဂ်ကို ရမည့်အချိန်သည်လည်းကောင်း ခန္ဓပရိနိဗ္ဗာန် စံယူရမည့် အချိန်သည် လည်းကောင်း အနာဂတ်သာလျှင် ဖြစ်၏။ ယင်းအနာဂတ်မှာ ဤဘဝအနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မည်၊ နောင်လာမည့်ဘဝတစ်ခုခုဟူသော အနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မည်။ ယင်းအနာဂတ်ဝယ် အကြာင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းပုံကို ယောဂါဝစရပုဂ္ဂိုလ်သည် အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ ယင်း အနုပ္ပါဒနိရောဓသဘောကား လောကီနိရောဓသစ္စာတရားတည်း။ အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း၍ သွားခြင်းကြောင့် အကြောင်းတရား ရှိကြကုန်သော အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို ထိုးထွင်း သိမြင်သောကြောင့်, ယင်း ပစ္စယတော ဝယဒဿနဉာဏ်ကြောင့် နိရောဓသစ္စာတရားသည် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

အကြောင်း ဥပါဒါနက္ခန္ဓာ, အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်မှု ဥပါဒ်ကို ရှုမြင်တတ်သော ဉာဏ်ကား ခဏတော ဥဒယဒဿနဉာဏ်တည်း။ ယင်း ခဏတော ဥဒယဒဿနဉာဏ်ဖြင့် ဥပါဒါနက္ခန္ဓာတို့၏ ဖြစ်မှု ဇာတိဒုက္ခကို ထိုးထွင်းသိမြင်ခြင်းကြောင့် ဒုက္ခသစ္စာသည် ထင်ရှားလာ၏။ ။ ယင်းဥပါဒါနက္ခန္ဓာတို့၏ ပျက်မှု ဘင်ကို ရှုမြင်တတ်သော ဉာဏ်ကား ခဏတော ဝယဒဿနဉာဏ်တည်း။ ယင်း ခဏတော ဝယဒဿနဉာဏ်ဖြင့် ဥပါဒါနက္ခန္ဓာတို့၏ ခဏမစဲ တသဲသဲ သေကျေပျက်စီးရခြင်း မရဏဒုက္ခကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ဒုက္ခသစ္စာ သည်ပင် ထင်ရှားလာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၇။) ဒုက္ခသစ္စာအမည်ရသော ဥပါဒါနက္ခန္ဓာတို့၏ ဒုက္ခဖြစ်ပုံကို သိသော ဉာဏ်တို့ပင်တည်း။ ခဏတော ဥဒယဒဿနဉာဏ်နှင့် ခဏတော ဝယဒဿနဉာဏ် နှစ်ခုကို ပေါင်းလိုက်သော် ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်တည်း။

အထက်ပါ ပစ္စယတော ဥဒယဗ္ဗယဒဿန, ခဏတော ဥဒယဗ္ဗယဒဿန ဟူသော ဤနှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင်ကား ဝိပဿနာသမ္မာဒိဋ္ဌိတည်း။ ယင်း ဝိပဿနာသမ္မာဒိဋ္ဌိသည် - ပစ္စယတော ဥဒယဗ္ဗယ, ခဏတော ဥဒယဗ္ဗယ ဟူသော သင်္ခါရတို့၏ နှစ်မျိုးသော ဥဒယဗ္ဗယကို မမြင်အောင် ဖုံးလွှမ်းထားတတ်သည့် သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်သောကြောင့် လောကီမဂ္ဂသစ္စာတည်း။ ယင်းနှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင်ကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လောကီမဂ္ဂသစ္စာတရားသည် ထင်ရှား လာ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)

အရူပသတ္တကဝိပဿနာရှုနည်းဖြင့် - ေ့ရှစိတ်ဟု ခေါ်ဆိုအပ်သော ရှေး မနောဒွါရိက ဝိပဿနာဇောဝီထိ နာမ်တရားစုကို, နောက်စိတ်ဟု ခေါ်ဆိုအပ်သော နောက်ဝိပဿနာ မနောဒွါရိကဇောဝီထိ နာမ်တရားစုဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သောအခါ၌လည်းကောင်း, ဉာဏအမည်ရသော ဝိပဿနာဉာဏ် = ဝိပဿနာ မနောဒွါရိကဇောဝီထိနာမ်တရားစုကို ဘင်္ဂါနုပဿနာဉာဏ်ဖြင့် တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သော အခါ၌ လည်းကောင်း - ဤသို့ စသည့် ဝိပဿနာ ဇောဝီထိနာမ်တရားစုကို တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သော အခါတို့၌လည်း လောကီမဂ္ဂသစ္စာတရားသည် ထင်ရှားလာသည်သာ ဖြစ်ပေသည်။ (ရှုပွားပုံကို ဝိပဿနာပိုင်းတွင် ကြည့်ပါ။)

ဤကား လောကီဝိပဿနာအခိုက်၌ ဝိပဿနာသမ္မာဒိဋ္ဌိက လောကီသစ္စာလေးပါးကို သိပုံတည်း။ အတ္တပစ္စက္ခဉာဏ်ဟူသော ယင်းဝိပဿနာသမ္မာဒိဋ္ဌိသည် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟူသော လောကီမဂ္ဂင်တရားကိုယ် (၈)ပါးတို့တွင် တစ်ပါး အပါအဝင် ဖြစ်၏။ ယင်း ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကို အရိယမဂ်သို့ မတိုင်မီ ရှေးအဖို့၌ ပြည့်စုံအောင် ဖြည့်ကျင့်ရန် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရှားရှင်က ညွှန်ကြားထားတော်မူပေသည်။

ဤကဲ့သို့သော ညွှန်ကြားချက်များကို ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာပြုကျင့်သဖြင့် အတ္တပစ္စက္ခဉာဏ် ဟူသော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် လောကသမုဒယ လောကနိရောဓသဘောတရားတို့ကို ထိုးထွင်းသိမြင်သွားကြသော တပည့်သာဝကများ ရှိကြပါလေရဲ့လားဟု အသင်သူတော်ကောင်းသည် တွေးထင်မိကောင်း တွေးထင်မိလေရာ၏။ ထိုသို့ဖြစ်လျှင် အောက်ပါ မဟာတဏှာသင်္ခယသုတ္တန်မှ ထုတ်နုတ်၍ ရေးသားတင်ပြထားအပ်သော ကောက်နုတ်ချက်တို့ကို ဖတ်ရှုကြည့်ပါ။

မဟာတဏှာသင်္ခယသုတ္တန် ကောက်နုတ်ချက်

မဟာတဏှာသင်္ခယသုတ္တန် ကောက်နုတ်ချက်

ဘူတမိဒန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ တဒါဟာရသမ္ဘဝန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ တဒါဟာရနိရောဓာ ယံ ဘူတံ၊ တံ နိရောဓဓမ္မန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ (မ၊၁၊၃၂၆။)

သမ္မပ္ပညာယ ပဿတောတိ ဣဒံ ခန္ဓပဉ္စကံ ဇာတံ ဘူတံ နိဗ္ဗတ္တန္တိ ယာထာဝသရသလက္ခဏတော ဝိပဿနာပညာယ သမ္မာ ပဿန္တဿ။ ပညာယ သုဒိဋ္ဌန္တိ ဝုတ္တနယေနေဝ ဝိပဿနာပညာယ သုဋ္ဌု ဒိဋ္ဌံ။ (မ၊ဋ္ဌ၊၂၊၂၀၇။)

= ရဟန်းတို့ ...ဤ ခန္ဓာငါးပါးသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ရှုမြင် ကြကုန်၏လော - ဟု (ဘုရားရှင်က) မေးတော်မူ၏။

မြတ်စွာဘုရား ...ရှုမြင်ကြပါကုန်၏ - ဟု (ရဟန်းတော်တို့က) ပြန်လည်လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ထိုခန္ဓာသည် အကြောင်းတရား ထင်ရှားဖြစ်ခြင်း အကြောင်းတရား ထင်ရှားရှိခြင်းကြောင့် ဖြစ်ပေါ်လာ၏ ဟု ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ရှုမြင်ကြကုန်၏လော ဟု မေးတော်မူ၏။

မြတ်စွာဘုရား ...ရှုမြင်ကြပါကုန်၏ ဟု ပြန်လည်လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ထင်ရှားဖြစ်ပေါ်လာသော ထိုခန္ဓာသည်, ထိုအကြောင်းတရား၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ခြင်းကြောင့်, အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းသဘောရှိ၏ ဟု ရှုမြင်ကြကုန်၏လောဟု မေးတော်မူ၏။

မြတ်စွာဘုရား ...ရှုမြင်ကြပါကုန်၏ ဟု ပြန်လည်လျှောက်ထားကြကုန်၏။ (မ၊၁၊၃၂၆။)

ထိုရဟန်းတော်တို့ကား အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပုံ - စသည့် သင်္ခါရလောက၏ ဖြစ်စဉ်ဟူသော အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ် ဟူသည့် လောကသမုဒယသဘောကိုလည်းကောင်း, အဝိဇ္ဇာ၏ အရဟတ္တမဂ်ကြောင့် အသေသဝိရာဂသဘော = အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရစသော အကျိုးတရားစု၏ အသေသဝိရာဂသဘော = အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံ လောကနိရောဓသဘောကို လည်းကောင်း ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးကြသော ရဟန်းတော်တို့ ဖြစ်တော်မူကြ၏။ (အကျယ်ကို --- မ၊၁၊၃၂၇ - စသည်တို့၌ ကြည့်ပါ။)

ဤကဲ့သို့သော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်အမြင် ရရှိမှုနှင့် ဆက်စပ်၍ ဘုရားရှင်က ထိုရဟန်းတော်တို့အား မေးခွန်းပေါင်းများစွာ မေးမြန်းတော်မူ၏။ ရဟန်းတော်တို့ကလည်း ဘုရားရှင် နှစ်သက်ကျေနပ်တော်မူသဖြင့် သာဓုခေါ်တော်မူသည့်တိုင်အောင် ဖြေကြားလျှောက်ထားတော်မူကြ၏။ ထိုအမေးအဖြေများထဲမှ ဤ၌လိုအပ်သော အချို့အမေးအဖြေများကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။

အမေး နှင့် အဖြေများ

အမေး နှင့် အဖြေများ

ရဟန်းတို့ ...စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် --- ဆရာမြတ်စွာဘုရားသည် ငါတို့ အလေးပြုသင့်သူတည်း၊ ဆရာမြတ်စွာဘုရားအား ရိုသေခြင်းဖြင့် ငါတို့သည် ဤအတိုင်း ဆိုကုန်၏ ဟု ဤသို့ ဆိုရာကုန်သလောဟု မေးတော်မူ၏။

မြတ်စွာဘုရား ... ဤသို့ ပြောဆိုခြင်း မဟုတ်ပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် - သမဏ ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ ဟောကြားတော်မူ၏၊ သမဏမည်သော ငါတို့သည်လည်း ဤအတိုင်းပင် ဆိုရကုန်၏ - ဟု ဤသို့ ဆိုရာကုန်သလောဟု မေးတော်မူ၏။

မြတ်စွာဘုရား ... ဤသို့ ပြောဆိုခြင်း မဟုတ်ပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...စင်စစ်အားဖြင့် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် တစ်ပါးသော ဆရာကို ညွှန်ပြကုန်ရာသလောဟု မေးတော်မူ၏။

မြတ်စွာဘုရား ... ဤသို့ ညွှန်ပြခြင်း မဟုတ်ပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...စင်စစ် သင်တို့သည် ဤသို့ သိကုန်သော် ဤသို့ မြင်ကုန်သော် များစွာသော သမဏ ဗြာဟ္မဏ တို့၏ ဝတ်အကျင့်နှင့် ကောတုဟလမင်္ဂလာတို့ကို အနှစ်သာရအားဖြင့် တစ်ဖန် ယူကုန်ရာသလောဟု မေးတော်မူ၏။

မြတ်စွာဘုရား ... ဤသို့ တစ်ဖန်ယူခြင်းသည် မဖြစ်ရာပါ ဟု ပြန်လည်လျှောက်ထားကြကုန်၏။

နနု ဘိက္ခဝေ ယဒေဝ တုမှာကံ သာမံ ဉာတံ သာမံ ဒိဋ္ဌံ သာမံ ဝိဒိတံ၊ တဒေဝ တုမှေ ဝဒေထာတိ။ ဧဝံ ဘန္တေ။ (မ၊၁၊၃၃၂။)

သာမံ ဉာတန္တိ သယံ ဉာဏေန ဉာတံ။ သာမံ ဒိဋ္ဌန္တိ သယံ ပညာစက္ခုနာ ဒိဋ္ဌံ။ သာမံ ဝိဒိတန္တိ သယံ ဝိဘာဝိတံ ပါကဋံ ကတံ။ (မ၊ဋ္ဌ၊၂၊၂၀၉။)

သယံ ဉာဏေန ဉာတန္တိ ပရနေယျတံ မုဉ္စိတွာ အတ္တနော ဧဝ ဉာဏေန ယာထာဝတော ဉာဏံ။ ဧဝံ ဘူတဉ္စ သယံ ပစ္စက္ခတော ဒိဋ္ဌံ နာမ ဟောတီတိ အာဟ သယံ ပညာစက္ခုနာ ဒိဋ္ဌန္တိ။ သယံ ဝိဘာဝိတန္တိ တေဟိ ဘိက္ခူဟိ တဿ အတ္ထဿ ပစ္စတ္တံ ဝိဘူတဘာဝံ အာပါဒိတံ။ (မ၊ဋီ၊၂၊၂၂၇။)

ရဟန်းတို့ ...သင်တို့သည် အတ္တပစ္စက္ခဉာဏ်ဟူသော သမ္မာဒိဋ္ဌိပညာစက္ခုဖြင့် ကိုယ်တိုင် သိသည်ကို သာလျှင် ကိုယ်တိုင်မြင်သည်ကိုသာလျှင် ကိုယ်တိုင် ထင်ထင်ရှားရှား သိသည်ကိုသာလျှင် ဆိုကုန်သည် မဟုတ်ကုန်လောဟု မေးတော်မူ၏။

မြတ်စွာဘုရား ...မှန်ပါ၏ဟု ပြန်လည်လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...သာဓု = ကောင်းလှပေ၏၊ ရဟန်းတို့ ...ငါဘုရားသည် သင်ချစ်သားတို့ ကိုယ်တိုင် သိမြင်နိုင်သော, အခါမလင့် အကျိုးပေးတတ်သော, လာလှည့်စမ်းပါ ရှုလှည့်စမ်းပါဟု ပြဆိုထိုက်သော, မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော, ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိနိုင်ခံစားနိုင်သော ဤတရားဖြင့် သင်တို့ကို နိဗ္ဗာန်သို့ ရှေးရှု ဆောင်ယူအပ်ခဲ့ပြီ = (ရောက်စေအပ်ခဲ့ပြီ)။ ရဟန်းတို့ ...ဤတရားသည် ကိုယ်တိုင် ရှုမြင် ထိုက်သော တရားတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတည်း၊ လာလှည့်စမ်းပါ ရှုလှည့်စမ်းပါ ဟု ပြဆိုထိုက်သော တရားတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတည်း၊ ပညာရှိတို့သာ ကိုယ်စီကိုယ်ငှ သိနိုင်ခံစားနိုင်သော တရားတည်း။ --- ဟု ယင်းစကားကို ငါဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ဤ ကိုယ်တိုင်မြင်သိ ထင်ထင်ရှားရှား သိသည့်အဖြစ်ကို အစွဲပြု၍ ဤစကားကို ငါဘုရားရှင်သည် ဟောကြားထားတော်မူပေ၏။ (မ၊၁၊၃၃၂။)

သမ္ပတိ ဒိဋ္ဌ သင်္ခါရ , သမ္ပတိ အဒိဋ္ဌ သင်္ခါရ

သမ္ပတိ ဒိဋ္ဌ သင်္ခါရ , သမ္ပတိ အဒိဋ္ဌ သင်္ခါရ

ဤ အထက်ပါ အရပ်ရပ်သော ရှင်းလင်းချက်တို့ကို ဖတ်ရှုပြီးသောအခါ အသင်သူတော်ကောင်းသည် နားလည် သဘောကျခဲ့ပါမူ အတိတ်အနာဂတ် သင်္ခါရတရားတို့၌ နှစ်မျိုး နှစ်စား ခွဲခြားသင့်သည် ဟူသော အောက်ပါ ရှင်းလင်းချက်ကိုလည်း သဘောကျ လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။ ---

အဝိဇ္ဇာမှသည် ဇရာမရဏသို့ တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင် - အတိတ်အဓွန့်ကာလ တရားစုတို့လည်း ပါဝင်ကြ၏၊ အနာဂတ်အဓွန့်ကာလတရားစုတို့လည်း ပါဝင်ကြ၏၊ ပစ္စုပ္ပန်အဓွန့်ကာလ တရား စုတို့လည်း ပါဝင်ကြ၏။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်းကောင်း, ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်း ချင်း ကြောင်း-ကျိုး- ဆက်နွယ်မှု သဘောတရားကိုလည်းကောင်း သာဝကတစ်ဦးသည် သာဝကပါရမီဉာဏ်နှင့် လျော်ညီစွာ တစ်စိတ်တစ်ဒေသအားဖြင့် အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိမြင်အောင် ကြိုးစားအားထုတ်ရမည်သာ ဖြစ်၏။

တစ်ဖန် သစ္စာဒေသနာတော်နည်းအရ -- ဒုက္ခသစ္စာတရားစုတို့တွင်လည်း အတိတ်အကျိုးတရား အနာဂတ် အကျိုးတရား ပစ္စုပ္ပန်အကျိုးတရား ဟူသော အတိတ်အဓွန့်ကာလတရား အနာဂတ်အဓွန့်ကာလတရား ပစ္စုပ္ပန် အဓွန့်ကာလတရားတို့ ပါဝင်ကြ၏။ အလားတူပင် သမုဒယသစ္စာတရားစုတို့တွင်လည်း အတိတ်အကြောင်းတရား ဟူသည့် အတိတ်အဓွန့်ကာလတရား, ပစ္စုပ္ပန်အကြောင်းတရားဟူသည့် ပစ္စုပ္ပန်အဓွန့်ကာလတရား, အနာဂတ် သံသရာခရီး မဆုံးသေးသူတို့အတွက် အနာဂတ်အကြောင်းတရားဟူသည့် အနာဂတ်အဓွန့်ကာလတရားတို့ ပါဝင်ကြ၏။

တစ်ဖန် လောကီနိရောဓသစ္စာစာရင်းတွင် ဤဘဝ ပရိနိဗ္ဗာန်စံမည့်သူအတွက် ဤဘဝ အနာဂတ်တရားစု, နောက်နောင် ဘဝတစ်ခုခုတွင်မှ ပရိနိဗ္ဗာန်စံမည့်သူအတွက် နောက်နောင် အနာဂတ်တရားစုတို့လည်း ပါဝင်ကြ၏။ လောကီမဂ္ဂသစ္စာတရားကား ရှုနေသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းသော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ် ဖြစ်သဖြင့် ပစ္စုပ္ပန်အဓွန့်ကာလတရားစုပင် ဖြစ်ပေသည်။ ယင်း လောကီသစ္စာလေးပါးတို့ကိုလည်း သာဝကတို့သည် သာဝကပါရမီဉာဏ်အားလျော်စွာ တစ်စိတ်တစ်ဒေသအားဖြင့် အရိယမဂ်သို့ မဆိုက်မီ အရိယမဂ်၏ ရှေးအဖို့၌ အတ္တပစ္စက္ခဉာဏ်တည်းဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းထားရမည်သာ ဖြစ်ပေသည်။

အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် လက်ငင်းရှုမြင်လိုက်သော အထက်ပါ အတိတ်အနာဂတ် (ပစ္စုပ္ပန်) သင်္ခါရတရားတို့ကား သမ္ပတိ ဒိဋ္ဌ သင်္ခါရတရားတို့တည်း။ သံသရာခရီးကား အလွန်ရှည်လျားလှသဖြင့် သာဝကတစ်ဦးအနေဖြင့် ကုန်စင်အောင်ကား မရှုနိုင်။ ယင်းသို့ အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် လက်ငင်းမရှုမြင်လိုက်နိုင်သော အတိတ် အနာဂတ် သင်္ခါရတရားတို့ကား သမ္ပတိ အဒိဋ္ဌ သင်္ခါရတရားတို့တည်း။ သမ္ပတိ ဒိဋ္ဌ သင်္ခါရတရားတို့ကို ဝိပဿနာရှုပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် သမ္ပတိ အဒိဋ္ဌ သင်္ခါရတရား ဟူသည့် အတိတ် အနာဂတ်တို့၌လည်း ၎င်းင်းနည်းဟု နည်းကိုဆောင်၍ အနွယဉာဏ်ဖြင့် ရှုနိုင်ပေသည်။ ယင်း အနွယဉာဏ်မှာ အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်သော ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သော ပစ္စဝေက္ခဏဉာဏ်တစ်မျိုးသာ ဖြစ်သည်ဟု မှတ်သားပါလေ။

ဤသို့လျှင် အတိတ် အနာဂတ် သင်္ခါရတို့၌ သမ္ပတိ ဒိဋ္ဌ သင်္ခါရ, သမ္ပတိ အဒိဋ္ဌ သင်္ခါရ ဟု နှစ်မျိုးနှစ်စား ခွဲခြားယူပါမှ ကိစ္စပြီးပြေလေရာသည်။ အတိတ် အနာဂတ် သင်္ခါရတရားမှန်သမျှ အနွယဉာဏ်ဖြင့်သာ အနုမာန မျက်ရမ်းဆ၍ ရှုရသည်ဟု ပုံသေယူခဲ့သော် --- အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာသမ္မာဒိဋ္ဌိဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ထိုးထွင်းသိမှု လောကီသစ္စာလေးပါးတို့ကို ထိုးထွင်းသိမှုတို့နှင့် ဆက်စပ်လျက် ဟောကြားထားတော်မူသော ပါဠိတော်, ဖွင့်ဆိုထားကြသော အဋ္ဌကထာ ဋီကာတို့မှာ အဓိပ္ပါယ်ကင်းမဲ့နေသော ကျမ်းဂန်တို့သာ ဖြစ်ဖွယ်ရာရှိပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲ၏။

အကယ်၍ အတိတ်အနာဂတ်သင်္ခါရတို့ကို သမ္ပတိ ဒိဋ္ဌ အတိတ်အနာဂတ်သင်္ခါရ, သမ္ပတိ အဒိဋ္ဌ အတိတ် အနာဂတ်သင်္ခါရဟု နှစ်မျိုးခွဲ၍ ယူဆမှုကို လက်မခံနိုင်ပါလျှင် အောက်ပါ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၏ အဆိုအမိန့်ကိုကား လက်ခံသင့်လှပေသည်။

ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ၊ တဿာ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ ။ ပ ။ ဇာတော ဘဝေါ ပစ္စုပ္ပန္နော၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။ (ပဋိသံ၊၅၂။)

[ဥပါဒ်-ဌီ-ဘင် အားဖြင့် ပရမတ္ထဓမ္မသဘာဝလက္ခဏာဟူသော သရုပ်အထည်ကိုယ်ဒြပ် ထင်ထင်ရှှှှှားရှား ဖြစ်သည်ကိုပင် ပဋိလဒ္ဓတ္တဘာဝ = အတ္တဘောကို ရသည်ဟု ဆိုသည်။]

ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော အတ္တဘောကို ရဆဲ ဖြစ်သော အဝိဇ္ဇာသည် ပစ္စုပ္ပန္နဓမ္မ မည်၏။ ထို အဝိဇ္ဇာ၏ စ၍ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယမည်၏။ ယင်းဥဒယ နှင့် ဝယကို အဖန်တလဲလဲ ရှုတတ်သော အနုပဿနာပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်၏။ ပ ။

ဖြစ်ဆဲဆဲ ဖြစ်သော ပရမတ္ထဓမ္မသဘာဝလက္ခဏာ ဟူသော အတ္တဘောကို ရဆဲ ဖြစ်သော (ကမ္မဘဝ+ ဥပပတ္တိဘဝဟူသော) ဘဝသည် ပစ္စုပ္ပန္နဓမ္မ မည်၏။ ထိုဘဝ၏ စ၍ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ဖြစ်ခြင်း = ဥဒယ မည်၏။ ဖောက်ပြန်ပျက်စီးခြင်း ဟူ၍ မှတ်အပ်သော သင်္ခတလက္ခဏာသည် ပျက်ခြင်း = ဝယ မည်၏။ ယင်း ဥဒယနှင့် ဝယကို အဖန်တလဲလဲ ရှုတတ်သော အနုပဿနာပညာသည် ဥဒယဗ္ဗယာနုပဿနာဉာဏ် မည်၏။ (ပဋိသံ၊၅၂။)

ဤပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ခွဲတမ်းချလိုက်သော် - အဝိဇ္ဇာ သင်္ခါရ တို့ကား အတိတ်အဓွန့်ကာလတရားစုတို့တည်း။ ဇာတိဟူသော ဥပပတ္တိဘဝကား အနာဂတ်အဓွန့်ကာလတရား စုတည်း။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ကမ္မဘဝတို့ကား ပစ္စုပ္ပန်အဓွန့် ကာလတရားစုတို့တည်း။

သို့သော် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် အားလုံးတို့မှာ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ တရားတို့သာ ဖြစ်ကြ၏။ ယင်း တရားတို့သည် ဥပါဒ်-ဌီ-ဘင် ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ခိုက် ဥပါဒ် ဌီ ဘင် ဟူသော ခဏသုံးပါးအတွင်း၌ တည်ရှိခိုက် ယင်း အခိုက်အတန့်ကာလအတွင်းဝယ် ပရမတ္ထဓမ္မသဘာဝလက္ခဏာဟူသော ပရမတ္ထ အထည်ကိုယ် အတ္တဘောကို ရဆဲ ဖြစ်သောကြောင့် ပစ္စုပ္ပန္နဓမ္မ ဟူသော အမည်ကို ရရှိကြသည်သာ ဖြစ်ကြ၏။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ အဝိဇ္ဇာသည် အတိတ်အဓွန့်ကာလတရား ဖြစ်သည်ကား မှန်၏။ သို့သော် ယင်း အဝိဇ္ဇာသည် အတိတ်အဓွန့်ကာလဝယ် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခဲ့သည်သာဖြစ်၏။ ယင်း ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်ခိုက် ယင်းအဝိဇ္ဇာကို ပစ္စုပ္ပန္နဓမ္မဟုပင် ဆိုရ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အဝိဇ္ဇာကို ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် လှမ်းရှုလိုက်သောအခါ ယင်း အဝိဇ္ဇာ၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင် ရှုရ၏။ ယင်း အဝိဇ္ဇာ၏ ဖြစ်ဆဲဆဲ ဥပါဒ် ပျက်ဆဲဆဲ ဘင်ကို မြင်အောင် ရှုနိုင်လျှင် ယင်း ဥဒယဗ္ဗယာနုပဿနာဉာဏ်က ပစ္စုပ္ပန္နဓမ္မ အဝိဇ္ဇာကို ရှုသည်ဟုပင် ဆိုရ၏။ ကြွင်းကျန်သော အဓွန့်ကာလ သုံးပါးလုံးတို့၌ အကျုံးဝင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဤ ပစ္စုပ္ပန္နဓမ္မသဘောတရားကိုပင် ရည်ရွယ်တော်မူ၍ မဟာဋီကာဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူ၏၊ ပြည်ဆရာတော်ဘုရားကြီးကလည်း အောက်ပါအတိုင်း ဘာသာပြန်ဆိုထားတော်မူ၏။ ---

နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ၊၂၊၄၂၃။)

တစ်နည်း --- နယဒဿနအားဖြင့် ဤသို့ ဆိုသတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မတို့၏ ဥဒယဗ္ဗယကို ပစ္စက္ခဖြင့် ပြီး၍ ထိုနောင်မှ အတိတ် အနာဂတ်တို့၌ ၎င်းင်းနည်းဟု နည်းကိုဆောင်သည် ဖြစ်ဘိသော်။ (ပြည် - ဝိသုဒ္ဓိမဂ် နိဿယ၊၅၊၁၆၅။)

ပဋိစ္စသမုပ္ပါဒ် တရားတော် ဟူသည်

ပဋိစ္စသမုပ္ပါဒ် တရားတော် ဟူသည်

ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တရားသဘောကို ဂေါတမမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက တည်ထောင် ဖန်တီးထားခဲ့သည်ကား မဟုတ်ပေ။ တထာဂတအမည်ရတော်မူသော ဘုရားရှင်တို့သည် လောက၌ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာကြသည်ပင်ဖြစ်စေ, မပွင့်ထွန်း မပေါ်ပေါက်တော်မူကြသည်ပင်ဖြစ်စေ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်ကား လောက၌ တည်ရှိနေသည်သာ ဖြစ်၏။ သို့သော် တထာဂတအမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်၍ လာတော်မူကြသော အခါမှသာလျှင် ထိုဘုရားရှင်တို့၏ ဖော်ထုတ်ဟောကြားတော်မူခြင်းကြောင့် ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သတ္တဝါတို့ သိရှိခွင့် ရကြသည်။ (သံ၊၁၊၂၆၄။ ပစ္စယသုတ်ကြည့်။)

အကယ်၍ လောက၌ ဘုရားပွင့်တော်မမူသော်လည်းကောင်း, ဘုရားပွင့်တော်မူသော်လည်း ဘုရားရှင်၏ တရားတော်ကို သတ္တဝါတို့အနေဖြင့် နာယူခွင့် နာကြားခွင့်ကို မရရှိကြသော်လည်းကောင်း, တရားတော်ကို နာယူခွင့်ရကြသော်လည်း သတ္တဝါတို့အနေဖြင့် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟူသော အစွန်းနှစ်ဖက်သို့ရောက်နေသော ဝါဒဆိုးကြီးများကို စွဲလမ်းဆုပ်ကိုင်ထားကြသော်လည်းကောင်း ဤပဋိစ္စသမုပ္ပါဒ်သဘောတရားကို သတ္တဝါတို့သည် သိရှိနားလည်နိုင်ကြမည်ကား မဟုတ်ကြပေ။

ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တရားတော်သည်ကား နက်ယောင်နဲ့ နက်၏၊ ခက်ယောင်နဲ့ ခက်၏။ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို လွယ်သည် တိမ်သည် ဟု ပြောဆိုလျှောက်ထားလာသော အရှင်အာနန္ဒာကိုယ်တော်မြတ်အား --- မာဟေဝံ အာနန္ဒ မာဟေဝံ အာနန္ဒ ...= ညီဘွား အာနန္ဒာ သင် ဤလို မပြောနှင့်, ညီဘွား အာနန္ဒာ သင် ဤလို မပြောနှင့် --- ဟု တားမြစ်တော် မူခဲ့ဖူးလေသည်။ (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)

မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ဤ ပဋိစ္စသမုပ္ပါဒ် သဘောတရားကို အတ္တပစ္စက္ခဉာဏ် သမ္မာဒိဋ္ဌိဉာဏ်ဟူသည့် ပရိညာပညာသုံးမျိုးတို့ဖြင့် ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြား ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ သံသရာဝဋ်ဆင်းရဲ ဘေးဆိုးကြီးမှ အိုဘေးဆိုးကြီးမှ နာဘေးဆိုးကြီးမှ သေဘေးဆိုးကြီးမှ ပဋိသန္ဓေ အဖန်ဖန် အထပ်ထပ် တည်နေရသည့် ဘေးဆိုးကြီးမှ ကျော်လွှားလွန်မြောက်နိုင်မည်ကား မဟုတ်ချေ။ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မသိဘဲ သမဏဗြာဟ္မဏ ဟု အခေါ်မခံထိုက်ချေ။ (သံ၊၁၊၂၅၅-၂၅၆ - ကြည့်။)

ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ သိတော်မူကြခြင်းကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ရောက်တော်မူဆဲ ရောက်တော်မူလတ္တံ့ ဖြစ်ကြသည်။ သတ္တဝါအပေါင်းသည် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ မသိသေးသမျှ ကာလပတ်လုံး သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ချောက်ကမ္ဘားကြီး တစ်ခုခုအတွင်းသို့ ကျရောက်ကာ ဆင်းရဲဒုက္ခအပေါင်းကို ခံစားနေကြရဦးမည်သာ ဖြစ်၏။ ထိုကြောင့် သံသရာဝဋ်ဒုက္ခ အဝဝမှ အပြီးတိုင် ကျွတ်လွတ် ထွက်မြောက် လိုကြသူ သူတော်ကောင်းမှန်သမျှတို့သည် ဤ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အတ္တပစ္စက္ခဉာဏ်တည်း ဟူသော သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရန် ကြိုးပမ်းကြရမည်သာ ဖြစ်ကြောင်းကို နိဒါနဝဂ္ဂသံယုတ် ဒေသနာတော်တို့၌ အကြိမ်များစွာ ဟောကြား သတိပေးတော်မူခဲ့ပေသည်။ (သံ၊၁၊၂၅၇- ကစ္စာနဂေါတ္တသုတ် စသည်၌ ကြည့်ပါ။)

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော တဒနွယတရားများ

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော တဒနွယတရားများ

အနိစ္စတော မနသိကရောတော အဓိမောက္ခဗဟုလဿ သဒ္ဓိန္ဒြိယံ အာဓိပတေယျံ ဟောတိ၊ ဘာဝနာယ စတ္တာရိန္ဒြိယာနိ တဒနွယာ ဟောန္တိ၊ သဟဇာတပစ္စယာ ဟောန္တိ၊ အညမညပစ္စယာ ဟောန္တိ၊ နိဿယပစ္စယာ ဟောန္တိ၊ သမ္ပယုတ္တပစ္စယာ ဟောန္တိ၊ ဧကရသာ ဟောန္တိ၊ ဧကရသဋ္ဌေန ဘာဝနာ၊ ယော သမ္မာပဋိပန္နော, သော ဘာဝေတိ၊ နတ္ထိ မိစ္ဆာပဋိပန္နဿ ဣန္ဒြိယဘာဝနာ။ ။ ဒုက္ခတော မနသိကရောတော ပဿဒ္ဓိဗဟုလဿ သမာဓိန္ဒြိယံ အာဓိပတေယျံ ဟောတိ။ ပ ။ အနတ္တတော မနသိကရောတော ဝေဒဗဟုလဿ ပညိန္ဒြိယံ အာဓိပတေယျံ ဟောတိ။ ပ ။ (ပဋိသံ၊၂၄၅-၂၄၆။)

တဒနွယာ ဟောန္တီတိ တံ အနုဂါမိနီ တံ အနုဝတ္တိနီ ဟောန္တိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၆၁။)

= သင်္ခါရတရားတို့ကို အနိစ္စဟု နှလုံးသွင်းသော အနိစ္စဟု ဆုံးဖြတ်ခြင်း = အဓိမောက္ခ (သဒ္ဓါဓိမောက္ခ) များသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ဝိပဿနာ ဘာဝနာ၌ (ဝီရိယ သတိ သမာဓိ ပညာ ဟူသော) ဣန္ဒြေ လေးပါးတို့သည် ထိုသဒ္ဓိန္ဒြေသို့ အစဉ်လိုက်ကုန်၏။ ပ ။

သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းသော ငြိမ်းအေးခြင်း = ပဿဒ္ဓိများသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ (သဒ္ဓါ ဝီရိယ သတိ ပညာ ဟူသော) ဣန္ဒြေလေးပါးတို့သည် ထို သမာဓိန္ဒြေသို့ အစဉ်လိုက်ကုန်၏။ ပ ။

သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းသော အသိဉာဏ်များပြားသော ပုဂ္ဂိုလ်အား ပညိန္ဒြေသည် အကြီး အကဲ ဖြစ်၏။ ဝိပဿနာဘာဝနာ၌ (သဒ္ဓါ ဝီရိယ သတိ သမာဓိဟူသော) ဣန္ဒြေလေးပါးတို့သည် ထို ပညိန္ဒြေသို့ အစဉ်လိုက်ကုန်၏။ သဟဇာတပစ္စည်း ဖြစ်ကုန်၏။ အညမညပစ္စည်း ဖြစ်ကုန်၏။ နိဿယပစ္စည်း ဖြစ်ကုန်၏။ သမ္ပယုတ္တပစ္စည်း ဖြစ်ကုန်၏။ တူသောကိစ္စ ရှိကုန်၏။ တူသော ကိစ္စရှိသော အနက်သဘောအားဖြင့် ဘာဝနာ မည်၏။ အကြင် ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာပဋိပန္န အမည်ရသည့် ကောင်းမွန် မှန်ကန်သော ကျင့်စဉ်ကို ကျင့်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဣန္ဒြေတို့ကို ရင့်ကျက်အောင် ပွားများခြင်းဟူသော ဣန္ဒြိယဘာဝနာကို ပွားများသည်မည်၏။ အကြင်ပုဂ္ဂိုလ်သည်ကား မှားယွင်းဖောက်ပြန် မမှန်ကန်သည့် မိစ္ဆာပဋိပတ်ကျင့်စဉ်ကို ကျင့်၏၊ ထိုပုဂ္ဂိုလ်အား ဣန္ဒြေတို့ကို ရင့်ကျက်အောင် ပွားများခြင်း ဣန္ဒြိယဘာဝနာမည်သည် မရှိနိုင်။ (ပဋိသံ၊၂၄၅-၂၄၆။)

သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ - ဟု ဣန္ဒြေငါးပါး ရှိ၏။ ထိုတွင် သင်္ခါရတရားတို့ကို အနိစ္စဟု နှလုံး သွင်းရှုပွားမှုများသော ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ ယင်းသဒ္ဓိန္ဒြေ၏ နောက်သို့ ဝီရိယ သတိ သမာဓိ ပညာဟူသည့် ဣန္ဒြေလေးပါးတို့က အစဉ်လိုက်ကြရ၏။ သို့သော် ယင်းသဒ္ဓါနှင့် ယင်းဣန္ဒြေလေးပါးတို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြ၏၊ သဒ္ဓါက ယင်းဣန္ဒြေလေးပါးတို့အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ထိုကြောင့် ယင်း ဣန္ဒြေလေးပါးတို့ကို ထို သဒ္ဓိန္ဒြေ၏နောက်သို့ အစဉ်လိုက်သော တဒနွယတရားတို့ဟူ၍ ဟောကြားထားတော်မူ၏။

သင်္ခါရတရားတို့ကို ဒုက္ခဟု နှလုံးသွင်းရှုပွားမှုများသော ပုဂ္ဂိုလ်အား သမာဓိန္ဒြေသည် အကြီးအကဲ ဖြစ်၏။ယင်း သမာဓိန္ဒြေ၏ နောက်သို့ သဒ္ဓါ ဝီရိယ သတိ ပညာဟူသော ဣန္ဒြေလေးပါးတို့က အစဉ်လိုက်၍ ဖြစ်ကြရ၏။ သမာဓိက ယင်း ဣန္ဒြေလေးပါးတို့အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု ပေး၏။ ထိုကြောင့် ယင်း ဣန္ဒြေလေးပါးတို့ကို သမာဓိန္ဒြေ၏ နောက်သို့ အစဉ်လိုက်သော တဒနွယတရားတို့ဟူ၍ ဟောကြားထားတော်မူ၏။

သင်္ခါရတရားတို့ကို အနတ္တဟု နှလုံးသွင်းရှုပွားမှုများသော ပုဂ္ဂိုလ်အား ပညိန္ဒြေသည် အကြီးအကဲဖြစ်၏။ ယင်းပညိန္ဒြေ၏နောက်သို့ သဒ္ဓါ ဝီရိယ သတိ သမာဓိဟူသော ဣန္ဒြေတို့က အစဉ်လိုက်၍ ဖြစ်ကြရ၏။ ပညိန္ဒြေက ယင်း ဣန္ဒြေလေးပါးတို့အား သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ထိုကြောင့် ယင်း ဣန္ဒြေလေးပါးတို့ကို ပညိန္ဒြေ၏ နောက်သို့ အစဉ်လိုက်သော တဒနွယတရား တို့ဟူ၍ ဟောကြားထားတော်မူ၏။

ဤ တဒနွယတရား - တို့ကား ဝိပဿနာဇော စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသော အချင်းချင်း အပြန်အလှန် သဟဇာတ အညမည နိဿယ သမ္ပယုတ္တပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနေကြသော တရားတို့ ဖြစ်ကြသည်။ အထက်တွင် ရှင်းလင်းတင်ပြထားသော အတ္တပစ္စက္ခဉာဏ်ဟူသည့် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်၏နောက်သို့ အစဉ်လိုက်၍ဖြစ်သော, ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်တွင် အကျုံးမဝင်သော, ဆင်ခြင်တတ်သော ပစ္စဝေက္ခဏဉာဏ်ဟူသော အနွယဉာဏ်မျိုးလည်း မဟုတ်ပေ။ လောကုတ္တရာမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ နောက်သို့ အစဉ်လိုက်၍ ဖြစ်သော, အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၌ အကျုံးမဝင်သော ပစ္စဝေက္ခဏဉာဏ် ဟူသော အနွယဉာဏ်မျိုးလည်း မဟုတ်ပေ။

အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်

အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်

နိဒါနဝဂ္ဂသံယုတ်ပါဠိတော် ဉာဏဝတ္ထုသုတ္တန်တွင် ဘုရားရှင်သည် (၄၄)မျိုးသော ဉာဏဝတ္ထု အမည် ရှိသော သမ္ပတ္တိတို့၏ တည်နေကြောင်း ဉာဏ်တို့ကို ဟောကြားထားတော်မူ၏။ ဇရာမရဏမှသည် သင်္ခါရသို့ တိုင်အောင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၁)မျိုးတို့၌ အင်္ဂါရပ်တစ်မျိုးတစ်မျိုးလျှင် (၄)မျိုးစီ (၄)မျိုးစီသော ဉာဏ်တို့ကို ဟောကြားထားတော်မူ၏။ အားလုံးပေါင်းသော် (၁၁_၄=၄၄)မျိုးသော ဉာဏဝတ္ထုတို့တည်း။ ဤတွင် ပုံစံအချို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။ ---

၁။ ဇရာမရဏေ ဉာဏံ = ဇရာမဏ၌ သိသောဉာဏ်,

၂။ ဇရာမရဏသမုဒယေ ဉာဏံ = ဇရာမရဏဖြစ်ကြောင်း သမုဒယ၌ သိသောဉာဏ်,

၃။ ဇရာမရဏနိရောဓေ ဉာဏံ = ဇရာမရဏချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်,

၄။ ဇရာမရဏနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ = ဇရာမရဏချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်၌ သိသောဉာဏ် ။ ပ ။

၁။ သင်္ခါရေသု ဉာဏံ = သင်္ခါရတို့၌ သိသောဉာဏ်,

၂။ သင်္ခါရသမုဒယေ ဉာဏံ = သင်္ခါရတို့၏ ဖြစ်ကြောင်း သမုဒယ၌ သိသောဉာဏ်,

၃။ သင်္ခါရနိရောဓေ ဉာဏံ = သင်္ခါရတို့၏ ချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်,

၄။ သင်္ခါရနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ = သင်္ခါရတို့၏ ချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်၌ သိသောဉာဏ် ---

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁)ခု (၁)ခု၌ သစ္စာ (၄)ပါးစီ ဖြစ်သဖြင့် အားလုံးပေါင်းသော် ပဋိစ္စ သမုပ္ပါဒ်အင်္ဂါရပ် (၁၁)ပါးတို့၌ (၄၄)မျိုးသော ဉာဏဝတ္ထုတို့ ဖြစ်ကြ၏။

၁။ ဇရာမရဏ ဟူသည် ဇရာမရဏသဘောရှိသော ခန္ဓာတို့ကိုပင် ဆိုလိုသည်။ ဇရာမရဏ၌ သိသော ဉာဏ် ဟူသည် ဇရာမရဏ သဘောရှိသော ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားတို့၌ သိသော ဉာဏ်တည်း။

၂။ ဇရာမရဏဖြစ်ကြောင်း သမုဒယကား ဇာတိတည်း။ ဇာတိဟူသည် ဇာတိသဘောရှိသော ခန္ဓာတို့၏ ဘဝ တစ်ခု၌ စ၍ဖြစ်မှု သို့မဟုတ် ဥပါဒ်မှုသဘောတည်း။ ယင်း ဇာတိကို သိသော ဉာဏ်ကား ဇရာမရဏ ဖြစ်ကြောင်း သမုဒယကို သိသော ဉာဏ်တည်း။

၃။ ဇရာမရဏနိရောဓ တရားကား နိဗ္ဗာန်တည်း။ ယင်းနိဗ္ဗာန် = နိရောဓသစ္စာကို သိသော ဉာဏ်ကား ဇရာမရဏနိရောဓ၌ သိသော ဉာဏ်တည်း။

၄။ ဇရာမရဏနိရောဓဂါမိနိပဋိပဒါ ဟူသည် အရိယမဂ်နှင့် ယှဉ်သော အရိယမဂ္ဂင် (၈)ပါးတည်း။ ယင်း မဂ္ဂင် (၈)ပါးကိုသိသော ဉာဏ်ကား ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်၌ သိသော ဉာဏ်ပင်တည်း။

ဇာတိ၏ သမုဒယကား ကမ္မဘဝ, ဘဝ၏ သမုဒယကား ဥပါဒါန, ဥပါဒါန၏ သမုဒယကား တဏှာ, တဏှာ၏ သမုဒယကား ဝေဒနာ, ဝေဒနာ၏ သမုဒယကား ဖဿ, ဖဿ၏ သမုဒယကား သဠာယတန, သဠာယတန၏ သမုဒယကား နာမရူပ, နာမရူပ၏ သမုဒယကား ဝိညာဏ, ဝိညာဏ၏ သမုဒယကား သင်္ခါရ, သင်္ခါရ၏ သမုဒယကား အဝိဇ္ဇာတည်း။ ဤမျှသာ ထူး၏။ ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တစ်မျိုးတစ်မျိုး၌ (၄) ချက်စီဖြစ်ရကား ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၁) ရပ်တို့၌ (၄၄) မျိုးသော ဉာဏဝတ္ထုတို့တည်း။ (အကျယ်ကို သံ၊၁၊၂၈၈-၂၈၉-၂၉၀-တို့၌ ကြည့်ပါ။)

တစ်ဖန် ဘုရားရှင်က ယင်းသုတ္တန်တွင် အနွယဉာဏ် ဖြစ်ပုံ အပိုင်းကို ဤသို့ ဆက်လက် ဟောကြားထားတော်မူ၏။ ---

ယတော ခေါ ဘိက္ခဝေ အရိယသာဝကော ဧဝံ ဇရာမရဏံ ပဇာနာတိ၊ ဧဝံ ဇရာမရဏသမုဒယံ ပဇာနာတိ၊ ဧဝံ ဇရာမရဏနိရောဓံ ပဇာနာတိ၊ ဧဝံ ဇရာမရဏနိရောဓဂါမိနိံ ပဋိပဒံ ပဇာနာတိ။ ဣဒမဿ ဓမ္မေ ဉာဏံ၊ သော ဣမိနာ ဓမ္မေန ဒိဋ္ဌေန ဝိဒိတေန အကာလိကေန ပတ္တေန ပရိယောဂါဠှေန အတီတာနာဂတေ နယံ နေတိ။ (သံ၊၁၊၂၈၉။)

ဧတ္ထ စ န စတုသစ္စဓမ္မေန ဝါ မဂ္ဂဉာဏဓမ္မေန ဝါ သက္ကာ အတီတာနာဂတေ နယံ နေတုံ၊ စတုသစ္စေ ပန မဂ္ဂဉာဏေန ပဋိဝိဒ္ဓေ ပရတော ပစ္စဝေက္ခဏဉာဏံ နာမ ဟောတိ၊ တေန နယံ နေတီတိ ဝေဒိတဗ္ဗာ။ (သံ၊ဋ္ဌ၊၂၊၆၂။)

= ရဟန်းတို့ ...အကြင် အရိယသာဝကသည် ဤသို့လျှင် ---

၁။ ဇရာမရဏကို သိ၏၊

၂။ ဇရာမရဏ၏ ဖြစ်ကြောင်း သမုဒယကို သိ၏၊

၃။ ဇရာမရဏ၏ ချုပ်ရာ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကို သိ၏၊

၄။ ဇရာမရဏ ချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂသစ္စာကို သိ၏။

ဤသည်ကား ထိုအရိယသာဝက၏ ဓမ္မဉာဏ် = စတုသစ္စဓမ္မ၌ သိသော အရိယမဂ်ဉာဏ်တည်း။ ထိုအရိယသာဝကသည် ဓမ္မစက္ခုဟူသော အရိယမဂ်ဉာဏ်စက္ခုဖြင့် (အသမ္မောဟပဋိဝေဓ သဘောအားဖြင့်) ပစ္စက္ခအားဖြင့် မြင်အပ်သော, အရိယမဂ်ပညာဖြင့် သိအပ်သော, အခါမလင့် အကျိုးပေးသော (= မိမိ အရိယမဂ်၏ အခြားမဲ့၌ အရိယဖိုလ်ဟူသော အကျိုးကို အခါမလင့် အကျိုးပေးသော) , သစ္စာလေးပါးတို့သို့ ဆိုက်ရောက်၍ တည်နေသောကြောင့် စတုသစ္စဓမ္မသို့ ရောက်အပ်ရအပ်သော, စတုသစ္စဓမ္မ၌ အရိယမဂ်ဉာဏ်ဖြင့် သက်ဝင်၍ တည်နေသော ဤစတုသစ္စဓမ္မဖြင့်, တစ်နည်း စတုသစ္စဓမ္မကို ထိုးထွင်းသိသော မဂ္ဂဉာဏဓမ္မဖြင့် အတိတ် အနာဂတ်၌ နည်းကိုဆောင်၏။ တစ်နည်း --- အတိတ် အနာဂတ် သစ္စာလေးပါးတရားတို့သို့ သိကြောင်းဖြစ်သော ပစ္စဝေက္ခဏာဉာဏ်ကို ပို့ဆောင်၏။ (သံ၊၁၊၂၈၉။)

ယေ ခေါ ကေစိ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဇရာမရဏံ အဗ္ဘညံသု၊ ဇရာမရဏသမုဒယံ အဗ္ဘညံသု၊ ဇရာမရဏနိရောဓံ အဗ္ဘညံသု၊ ဇရာမရဏနိရောဓဂါမိနိံ ပဋိပဒံ အဗ္ဘညံသု၊ သဗ္ဗေတေ ဧဝမေဝ အဗ္ဘညံသု၊ သေယျထာပါဟံ ဧတရဟိ။

ယေပိ ဟိ ကေစိ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဇရာမရဏံ အဘိဇာနိဿန္တိ၊ ဇရာမရဏသမုဒယံ အဘိဇာနိဿန္တိ၊ ဇရာမရဏနိရောဓံ အဘိဇာနိဿန္တိ၊ ဇရာမရဏနိရောဓဂါမိနိံ ပဋိပဒံ အဘိဇာနိဿန္တိ၊ သဗ္ဗေတေ ဧဝမေဝ အဘိဇာနိဿန္တိ၊ သေယျထာပါဟံ ဧတရဟီတိ။ ဣဒမဿ အနွယေ ဉာဏံ။

ယတော ခေါ ဘိက္ခဝေ အရိယသာဝကဿ ဣမာနိ ဒွေ ဉာဏာနိ ပရိသုဒ္ဓါနိ ဟောန္တိ ပရိယောဒါတာနိ ဓမ္မေ ဉာဏဉ္စ အနွယေ ဉာဏဉ္စ။ အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ၊ ဒဿနသမ္ပန္နော ဣတိပိ၊ အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ၊ ပဿတိ ဣမံ သဒ္ဓမ္မံ ဣတိပိ၊ သေက္ခေန ဉာဏေန သမန္နာဂတော ဣတိပိ၊ သေက္ခာယ ဝိဇ္ဇာယ သမန္နာဂတော ဣတိပိ၊ ဓမ္မသောတံ သမာပန္နော ဣတိပိ၊ အရိယော နိဗ္ဗေဓိကပညော ဣတိပိ၊ အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပီတိ။ (သံ၊၁၊၂၈၉။)

လွန်လေပြီးသော အတိတ်ကာလ၌ အကြင် သမဏဗြာဟ္မဏတို့သည် ဇရာမရဏကို သိကုန်၏၊ ဇရာမရဏသမုဒယကို သိကုန်၏၊ ဇရာမရဏနိရောဓကို သိကုန်၏၊ ဇရာမရဏနိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ကို သိကုန်၏။ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ယခုအခါ၌ ငါသိသကဲ့သို့ ဤအတူသာလျှင် သိကုန်၏။

နောင်အနာဂတ်ကာလ၌ အကြင် သမဏဗြာဟ္မဏတို့သည် ဇရာမရဏကို သိကုန်လတ္တံ့၊ ဇရာမရဏသမုဒယကို သိကုန်လတ္တံ့၊ ဇရာမရဏနိရောဓကို သိကုန်လတ္တံ့၊ ဇရာမရဏနိရောဓသို့ရောက်ကြောင်း ကျင့်စဉ်ကို သိကုန်လတ္တံ့၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ယခုအခါ၌ ငါသိသကဲ့သို့ ဤအတူသာလျှင် သိကြကုန်လတ္တံ့ဟု အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၏။ ဤသည်ကား ထိုအရိယသာဝက၏ မဂ်ဉာဏ်သို့ အစဉ်လိုက်ခြင်း၌ ဖြစ်သော အနွယဉာဏ်တည်း။

ရဟန်းတို့ ... အကြင်အခါ၌ အရိယသာဝကအား သစ္စာလေးပါးတရား၌ အသမ္မောဟပဋိဝေဓ သဘော အားဖြင့် သိသော အရိယမဂ်ဉာဏ်ဟူသော ဓမ္မဉာဏ်လည်းကောင်း, အရိယမဂ်ဉာဏ်သို့အစဉ်လိုက်ခြင်း၌ သိသော ပစ္စဝေက္ခဏဉာဏ်ဟူသော အနွယဉာဏ်လည်းကောင်း ဤနှစ်ပါးသော ဉာဏ်တို့သည် စင်ကြယ်ကုန်၏၊ ဖြူစင်ကုန်၏။ ရဟန်းတို့ ...ထိုအခါ ဤအရိယသာဝကကို မှန်ကန်သောအယူဝါဒနှင့် ပြည့်စုံသူဟူ၍လည်းကောင်း, မှန်ကန်သော ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း, ဤသူတော်ကောင်းတရားသို့ ရောက်လာသူဟူ၍ လည်းကောင်း, ဤသူတော်ကောင်းတရားကို မြင်သူဟူ၍လည်းကောင်း, ကျင့်ဆဲသေက္ခ ဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း, ကျင့်ဆဲသေက္ခ ဝိဇ္ဇာဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း, တရားအယဉ်သို့ ကောင်းစွာ ဆိုက်ရောက်လာသူဟူ၍လည်းကောင်း, ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲသော အရိယာပညာရှိသူ ဟူ၍လည်းကောင်း, အမြိုက်နိဗ္ဗာန် တံခါးဝသို့ ရောက်ရှိ၍ တည်နေသူဟူ၍လည်းကောင်း ဆိုအပ်၏။ (သံ၊၁၊၂၈၉။)

ဤ အနွယဉာဏ်ကား အရိယမဂ်ဉာဏ်၏ နောက်သို့ သို့မဟုတ် အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော ပစ္စဝေက္ခဏဉာဏ်ဟူသော အနွယဉာဏ်တည်း။ အသင်သူတော်ကောင်းသည်လည်း သစ္စာ လေးပါးကို ထိုးထွင်းသိမြင်ပြီးသောအခါ ဤရှုကွက်ကို ရှုနိုင်ပေသည်။

ဝိဘင်းပါဠိတော်မှ ကောက်နုတ်ချက်

ဝိဘင်းပါဠိတော်မှ ကောက်နုတ်ချက်

တတ္ထ ကတမံ ဓမ္မေ ဉာဏံ၊ စတူသု မဂ္ဂေသု စတူသု ဖလေသု ပညာ ဓမ္မေ ဉာဏံ၊ သော ဣမိနာ ဓမ္မေန ဉာတေန ဒိဋ္ဌေန ပတ္တေန ဝိဒိတေန ပရိယောဂါဠှေန အတီတာနာဂတေ နယံ နေတိ။

ယေဟိ ကေစိ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဒုက္ခံ အဗ္ဘညံသု၊ ဒုက္ခသမုဒယံ အဗ္ဘညံသု၊ ဒုက္ခနိရောဓံ အဗ္ဘညံသု၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခသမုဒယံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခနိရောဓံ အဗ္ဘညံသု၊ ဣမညေဝ တေ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အဗ္ဘညံသု။

ယေဟိ ကေစိ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ဒုက္ခံ အဘိဇာနိဿန္တိ၊ ဒုက္ခသမုဒယံ အဘိဇာနိဿန္တိ၊ ဒုက္ခနိရောဓံ အဘိဇာနိဿန္တိ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခသမုဒယံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခနိရောဓံ အဘိဇာနိဿန္တိ၊ ဣမညေဝ တေ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အဘိဇာနိဿန္တီတိ ယာ တတ္ထ ပညာ ပဇာနနာ ။ ပ ။ အမောဟော ဓမ္မဝိစယော သမ္မာဒိဋ္ဌိ၊ ဣဒံ ဝုစ္စတိ အနွယေ ဉာဏံ။ (အဘိ၊၂၊၃၄၁-၃၄၂။)

= ထိုဉာဏ်တို့တွင် ဓမ္မဉာဏ်ဟူသည် အဘယ်နည်း၊ အရိယမဂ်လေးပါးတို့၌ အရိယဖိုလ်လေးပါးတို့၌ ပညာ သည် ဓမ္မဉာဏ်တည်း။ ထိုအရိယသာဝကသည် ဓမ္မစက္ခုဟူသော အရိယမဂ်ဉာဏ်စက္ခုဖြင့် အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ပစ္စက္ခအားဖြင့် မြင်အပ်သော သိအပ်သော အခါမလင့် အကျိုးပေးသော, သစ္စာလေးပါးတို့သို့ ဆိုက်ရောက်၍ တည်နေသောကြောင့် စတုသစ္စဓမ္မသို့ ရောက်အပ်ရအပ်သော စတုသစ္စဓမ္မ၌ အရိယမဂ်ဉာဏ်ဖြင့် သက်ဝင်၍ တည်နေသော ဤစတုသစ္စဓမ္မ = စတုသစ္စဓမ္မကို ထိုးထွင်း၍သိသော မဂ္ဂဉာဏဓမ္မဖြင့် အတိတ် အနာဂတ်၌ နည်းကိုဆောင်၏ = အတိတ်အနာဂတ် သစ္စာလေးပါးတရားတို့သို့ သိကြောင်းဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်ကို ပို့ဆောင်၏။

လွန်လေပြီးသော အတိတ်ကာလ၌ အကြင် သမဏ ဗြာဟ္မဏတို့သည် ဒုက္ခကို ထိုးထွင်းသိခဲ့ကြကုန်၏၊ ဒုက္ခသမုဒယကို ထိုးထွင်းသိခဲ့ကြကုန်၏၊ ဒုက္ခနိရောဓကို ထိုးထွင်းသိခဲ့ကြကုန်၏၊ ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ကို ထိုးထွင်းသိခဲ့ကြကုန်၏။ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် တဏှာမှတစ်ပါးသော ဤ တေဘူမကဓမ္မကိုသာလျှင် ဒုက္ခ ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤတဏှာကိုသာလျှင် ဒုက္ခသမုဒယ ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို သာလျှင် ဒုက္ခနိရောဓ ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားကိုသာလျှင် ဒုက္ခနိရောဓသို့ရောက်ကြောင်း ကျင့်စဉ်ဟု ထိုးထွင်းသိခဲ့ကြကုန်၏၊

နောင် အနာဂတ်ကာလ၌ အကြင် သမဏဗြာဟ္မဏတို့သည် ဒုက္ခကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ဒုက္ခသမုဒယကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ဒုက္ခနိရောဓကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ကို ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် တဏှာမှတစ်ပါးသော ဤတေဘူမက ဓမ္မကိုသာလျှင် ဒုက္ခ ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤတဏှာကိုသာလျှင် ဒုက္ခသမုဒယ ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ဤအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုသာလျှင် ဒုက္ခနိရောဓ ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ထို သမဏဗြာဟ္မဏ အားလုံး တို့သည် ဤ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုသာလျှင် ဒုက္ခနိရောဓသို့ရောက်ကြောင်း ကျင့်စဉ်ဟု ထိုးထွင်းသိကြကုန်လတ္တံ့၊ ဤသို့လျှင် ထိုအရာ၌ ပညာ ပဇာနနာ ။ ပ ။ အမောဟ ဓမ္မဝိစယ သမ္မာဒိဋ္ဌိဟူသော ဉာဏ်သည် ဖြစ်ပေါ်လာ၏၊ ဤဉာဏ်ကို အနွယဉာဏ်ဟူ၍ ဆိုအပ်၏။ (အဘိ၊၂၊၃၄၁-၃၄၂။)

ယဒေတံ ဣမိနာ စတုသစ္စဂေါစရံ မဂ္ဂဉာဏံ အဓိဂတံ၊ တေန ဉာဏေန ကာရဏဘူတေန အတီတာနာဂတေ ပစ္စဝေက္ခဏဉာဏသင်္ခါတံ နယံ နေတိ။ (အဘိ၊ဋ္ဌ၊၂၊၃၉၈။)

အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓသဘောအားဖြင့် နိရောဓသစ္စာနိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံတိုက်ရိုက်မျက်မှောက်ပြုလျက် ထိုးထွင်းသိ၏။ ကျန်သစ္စာသုံးပါးတို့ကို သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟကို ပယ်သတ်သောအားဖြင့် အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်းသိ၏။ထိုကြောင့် အရိယမဂ်ဉာဏ်သည် အာရုံမျက်မှောက်ပြုသောအားဖြင့် နိရောဓသစ္စာကို, ကိစ္စသိဒ္ဓိအားဖြင့် ကျန်သစ္စာသုံးပါးကို သိသဖြင့် သစ္စာလေးပါးလုံးကို မဂ်ဉာဏ်က သာလျှင် သိ၏။ အရိယဖိုလ်ဉာဏ်သည်ကား နိရောဓသစ္စာတစ်ခုကိုသာလျှင် အာရုံမျက်မှောက်ပြုခြင်း အာရမ္မဏပဋိဝေဓ သဘောအားဖြင့် သိ၏။ ယင်းကဲ့သို့ သိမှုကိုပင် ရည်ရွယ်တော်မူ၍ အရိယမဂ်ဉာဏ်လေးပါး အရိယဖိုလ်ဉာဏ်လေးပါးတို့၌ တည်သောဉာဏ်ကို ဓမ္မဉာဏ်ဟု ဆိုသည်။ (အဘိ၊ဋ္ဌ၊၂၊၃၉၈။)

ဤ ယောဂါဝစရပုဂ္ဂိုလ်သည်ကား သစ္စာလေးပါးလျှင် ကျက်စားရာ အာရုံရှိသော ယင်း အရိယမဂ်ဉာဏ်ကို ရရှိ၏။ ထိုအရိယမဂ်ဉာဏ်ကြောင့် အတိတ်အနာဂတ်၌ နည်းကိုဆောင်၍ ရှုတတ်သော ပစ္စဝေက္ခဏာဉာဏ်ဟု ခေါ်ဆိုသော အနွယဉာဏ်သည် ဖြစ်ပေါ်လာ၏။ ယင်း အနွယဉာဏ်ဖြင့် အတိတ်အနာဂတ်၌ နည်းကိုဆောင်၍ ရှု၏။ (အဘိ၊ဋ္ဌ၊၂၊၃၉၈။)

ဤ အနွယဉာဏ်ကား အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ နောက်သို့ အစဉ်လိုက်၍ဖြစ်သော ပစ္စဝေက္ခဏဉာဏ်တစ်မျိုးသာ ဖြစ်သည်။ ယင်းအနွယဉာဏ်သည် အရိယမဂ္ဂသမ္မာဒိဋ္ဌိ အမည်ရသည့် စတုသစ္စသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်တွင် အကျုံးမဝင်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော ပစ္စဝေက္ခဏဉာဏ်သာတည်း။

ဤသို့လျှင် အနွယဉာဏ်သည် ဝိပဿနာဉာဏ်၏ နောက်သို့ အစဉ်လိုက်သောအနွယဉာဏ်, လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ နောက်သို့ အစဉ်လိုက်သော အနွယဉာဏ်ဟု နှစ်မျိုး နှစ်စား ရှိပေသည်။ ယင်းအနွယဉာဏ်ကား ဝိပဿနာဉာဏ်နှင့်သော်လည်းကောင်း အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်သော်လည်းကောင်း စိတ္တက္ခဏတစ်ခု၏အတွင်း၌သော်လည်းကောင်း ဇောဝီထိတစ်ခု၏ အတွင်း၌သော်လည်းကောင်း အတူယှဉ်တွဲ ဖြစ်သည့် တရားမျိုးကား မဟုတ်ပေ။ ဝိပဿနာဇော မဂ်ဇော ဖိုလ်ဇောတို့ ဥပါဒ်ပြီးနောက် ဇောဝီထိပေါင်းများစွာ ခြားလျက် ဖြစ်ပေါ်လာသော ပစ္စဝေက္ခဏဉာဏ်တစ်မျိုးသာ ဖြစ်ပေသည်။

အထက်တွင် ဖော်ပြထားခဲ့သော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော -- တဒနွယ တရားတို့ကား ဤ အနွယဉာဏ်နှစ်မျိုးတွင် မပါဝင်ကြပေ။ အနွယဉာဏ်ဟု ဟောတော်မမူဘဲ တဒနွယတရားတို့ဟူ၍သာ ဟောကြားထားတော်မူပေသည်။ ယင်း တဒနွယတရားတို့ကား ဝိပဿနာဇောစိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသည့် သဟဇာတ အညမည နိဿယ သမ္ပယုတ္တ ပစ္စယသတ္တိတို့ဖြင့် အချင်းချင်း အပြန်အလှန် ကျေးဇူး ပြုပေးနေကြသော ဣန္ဒြေထိုက်သော ဣန္ဒြိယဘာဝနာတရားတို့သာ ဖြစ်ကြသည်။

ယခုတစ်ဖန် အပရိဇာနနသုတ္တန်စသော ထိုထိုသုတ္တန်တို့မှ ကောက်နုတ်ချက်တို့ကို ဆက်လက်၍ တင်ပြ အပ်ပါသည်။

အပရိဇာနနသုတ္တန် ကောက်နုတ်ချက်

အပရိဇာနနသုတ္တန် ကောက်နုတ်ချက်

သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ပ ။

သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၀။)

ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ အဘိဇာနန္တိ ဟိ ဝစနေန ဉာတပရိညာ ကထိတာ၊ ပရိဇာနန္တိ ဝစနေန တီရဏပရိညာ၊ ဝိရာဇယံ ပဇဟန္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ၊ဋ္ဌ၊၃၊၆။)

ရဟန်းတို့ ...အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတန တစ်ဆယ့်နှစ်ပါး =) ရုပ်နာမ်တရားကို ဉာတပရိညာဖြင့် ထိုးထွင်းမသိခဲ့သော်, တီရဏပရိညာဖြင့် ပိုင်းခြားမသိခဲ့သော်, ပဟာနပရိညာဖြင့် ထိုအလုံးစုံ သော ရုပ်နာမ်တရားပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ခဲ့သော် မပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ မထိုက်။ ပ ။

ရဟန်းတို့ ...အမှန်စင်စစ်အားဖြင့်သော်ကား အလုံးစုံသော (ဥပါဒါနက္ခန္ဓာငါးပါး = အာယတန တစ်ဆယ့် နှစ်ပါး =) ရုပ်နာမ်တရားကို ဉာတပရိညာဖြင့် ထိုးထွင်းသိခဲ့သော်, တီရဏပရိညာဖြင့် ပိုင်းခြားသိခဲ့သော်, ပဟာန ပရိညာဖြင့် ထိုအလုံးစုံသော ရုပ်နာမ်တရားအပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို ကင်းပြတ် ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သော် ပယ်စွန့်နိုင်ခဲ့သော် ဒုက္ခကုန်ခြင်းငှာ ထိုက်၏။ (သံ၊၂၊၂၄၉-၂၅၀။)

ပစ္စက္ခကရဏတ္ထေန ဉာတပရိညာ တီရဏပရိညာ စ ဂဟိတာ ဟောတိ --- (သံ၊ဋီ၊၂၊၆၅။)

ဤသို့စသော အဖွင့် သံဝဏ္ဏနာတို့နှင့် အညီ ပရိညာ ပညာတို့ကား အတ္တပစ္စက္ခဉာဏ်တို့သာ ဖြစ်ကြ၏။ယင်း ပရိညာတို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြပေအံ့။ --- ဤအပိုင်းတွင်လည်း ပရိညာသည် လောကီ ပရိညာ လောကုတ္တရာ ပရိညာဟု နှစ်မျိုးပင်ရှိ၏။ လောကီပရိညာသည်လည်း ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာဟု သုံးမျိုး ရှိ၏။ လောကုတ္တရာပရိညာသည်လည်း ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာဟု သုံးမျိုးပင် ရှိပေသည်။ ထိုတွင် လောကီပရိညာ သုံးမျိုးတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။

လောကီ ဉာတပရိညာ

လောကီ ဉာတပရိညာ

တတ္ထ ရုပ္ပနလက္ခဏံ ရူပံ, ဝေဒယိတလက္ခဏာ ဝေဒနာတိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန ပဝတ္တာ ပညာ ဉာတပရိညာ နာမ။ ပ ။ တတ္ထ သင်္ခါရပရိစ္ဆေဒတော ပဋ္ဌာယ ယာဝ ပစ္စယပရိဂ္ဂဟာ ဉာတပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

= ထိုပရိညာ သုံးမျိုးတို့တွင် ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်တည်း၊ ခံစား တတ်သော သဘောလက္ခဏာရှိသော တရားကား ဝေဒနာတည်း။ --- ဤသို့စသည်ဖြင့် ထိုထို ခန္ဓာငါးပါး ပရမတ္ထဓာတ်သားတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြား မှတ်သားသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော နာမရူပပရိစ္ဆေဒဉာဏ်ပညာနှင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ပညာသည် ဉာတပရိညာ မည်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

သော ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယောတိ ဥပပရိက္ခန္တော အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာတိ တဿ ပစ္စယံ ဝဝတ္ထပေတွာ အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါတိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

= ဥပါဒါနက္ခန္ဓာငါးပါး = အာယတနတစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် - ဤနာမ်ရုပ်သည်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားမရှိဘဲ, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရား ထင်ရှားမရှိဘဲ ဖြစ်ပေါ်လာသည်ကား မဟုတ်။ အဟုတ်သော်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်း တရား ထင်ရှားရှိသည် ဖြစ်၍သာလျှင် ဖြစ်ပေါ်လာ၏။ ထိုနာမ်ရုပ်၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတု အကြောင်းတရား = ဇနကအကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း တရား = ဥပတ္ထမ္ဘကအကြောင်းတရားကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် ---

၁။ အဝိဇ္ဇာဟူသော အကြောင်းကြောင့်,

၂။ တဏှာဟူသော အကြောင်းကြောင့်,

၃။ ကံဟူသော အကြောင်းကြောင့်,

၄။ အာဟာရဟူသော အကြောင်းကြောင့် -

ဖြစ်ပေါ်လာရ၏ဟု ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ ---

အဝိဇ္ဇာဖြစ်ခြင်းကြောင့် ကမ္မဇရုပ်ဖြစ်၏၊

အဝိဇ္ဇာက အကြောင်းတရား၊ ကမ္မဇရုပ်က အကျိုးတရား၊ ...

ဤသို့ စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို ပိုင်းခြားမှတ်သား၍ ---

၁။ အတိတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။

၂။ အနာဂတ်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။

၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားနှင့် အကျိုးတရားသာ ရှိ၏။

ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် ဖန်ဆင်းတတ်သော ပုဂ္ဂိုလ်သတ္တဝါသည် လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း မရှိ၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံသက်သက်သာလျှင် ရှိ၏ -- ဟု ပစ္စက္ခဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်သဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်၍ သွားပေ၏။ ဤသည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် ---

၁။ ရုပ်တရား

၂။ နာမ်တရား

၃။ အကြောင်းတရား

၄။ အကျိုးတရားတည်းဟူသော ---

သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားတတ်သော ဉာတပရိညာ မည်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

ဤ အထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုချက်နှင့် အညီ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌ အကြောင်းတရား အကျိုးတရားတို့ကို ပစ္စက္ခဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်ပါမှ ဉာတပရိညာစခန်းသို့ ဆို်က်ရောက်နိုင်မည်ဟူသော အချက်ကို ရိုသေကျိုးနွွံစွာ ဦးထိပ်ရွက် ပန်ဆင်လျက် နာယူမှတ်သားလေရာသည်။

လောကီ တီရဏပရိညာ

လောကီ တီရဏပရိညာ

ရူပံ အနိစ္စံ, ဝေဒနာ အနိစ္စာတိအာဒိနာ နယေန တေသံယေဝ ဓမ္မာနံ သာမညလက္ခဏံ အာရောပေတွာ ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ တီရဏပရိညာ နာမ။ ပ ။ ကလာပသမ္မသနတော ပန ပဋ္ဌာယ ယာဝ ဥဒယဗ္ဗယာနုပဿနာ တီရဏပရိညာယ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

= ရုပ်တရား၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာ သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟု လည်းကောင်း, ဝေဒနာ၏ ဖြစ်ခြင်း ပျက်ခြင်း အခြင်းအရာ သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်၍ အနိစ္စဟု လည်းကောင်း--- ဤသို့စသော နည်းအားဖြင့် ထိုဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတည်းဟူသော လက္ခဏာရေး သုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းဖြင့် ဖြစ်ပေါ်၍လာသော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာအာရုံရှိသော လက္ခဏာရမ္မဏိကဝိပဿနာပညာသည် တီရဏပရိညာ မည်၏။ ပ ။ ရုပ်တရား နာမ်တရားတို့ကို ---

၁။ ရုပ်တရားကို တစ်ပုံ နာမ်တရားကို တစ်ပုံ - ဤသို့ (၂ )ပုံ ပုံ၍ ဖြစ်စေ,

၂။ ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံ၍ ဖြစ်စေ,

၃။ အာယတန (၁၂ )ပါးနည်းဖြင့် (၁၂ )ပုံ ပုံ၍ ဖြစ်စေ,

၄။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ ဖြစ်စေ, ---

ဤသို့ စသည်ဖြင့် အစုလိုက် အပုံလိုက် အပေါင်းအစုအလိုက် ခြုံငုံ၍ လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်သော နည်းစနစ်ကို ကလာပသမ္မသနနည်းဟု ခေါ်ဆို၏။ ထို ကလာပသမ္မသနဉာဏ်မှစ၍ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ဖြစ်ပျက်ကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်၏ ကျက်စား ရာနယ်ကား တီရဏပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၄၁။)

လောကီ ပဟာနပရိညာ

လောကီ ပဟာနပရိညာ

တေသုယေဝ ပန ဓမ္မေသု နိစ္စသညာဒိပဇဟနဝသေန ပဝတ္တာ လက္ခဏာရမ္မဏိကဝိပဿနာ ပညာ ပဟာနပရိညာ နာမ။ ပ ။ ဘင်္ဂါနုပဿနံ အာဒိံ ကတွာ ဥပရိ ပဟာနပရိညာယ ဘူမိ။(ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)

= ထို ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၌ပင်လျှင် မြဲ၏ဟု = နိစ္စဟု အမှတ်မှားမှု နိစ္စသညာစသည်ကို ပယ်နိုင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်၍လာသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာလျှင် တည်ရာအာရုံရှိသော လက္ခဏာရမ္မဏိက ဝိပဿနာပညာသည် ပဟာနပရိညာ မည်၏။ ပ ။ ယင်း သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်တတ်သော ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးသည် ပဟာနပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်သည်။ ဤကား လောကီပရိညာ သုံးပါး တည်း။ (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)

လောကုတ္တရာ ပရိညာ သုံးပါး

လောကုတ္တရာ ပရိညာ သုံးပါး

ယသ္မာ ဝါ ဉာတတီရဏပရိညာယောပိ တဒတ္ထာယေဝ၊ ယသ္မာ စ ယေ ဓမ္မေ ပဇဟတိ၊ တေ နိယမတော ဉာတာ စေဝ တီရိတာ စ ဟောန္တိ၊ တသ္မာ ပရိညာတ္တယမ္ပိ ဣမိနာ ပရိယာယေန မဂ္ဂဉာဏဿ ကိစ္စန္တိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၃၃၅။)

တဿာ ဘင်္ဂါနုပဿနတော ပဋ္ဌာယ ယာဝ မဂ္ဂဉာဏာ ဘူမိ။ (ဝိသုဒ္ဓိ၊၂၊၃၃၅။) ဘင်္ဂါနုပဿနာဉာဏ်မှ စ၍ အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော နယ်မြေကား ထိုပဟာနပရိညာ၏ တည်ရာ ဘုံဌာန ဖြစ်ပေသည်။

နိပ္ပရိယာယေန ပဟာနပရိညာ နာမ မဂ္ဂဉာဏန္တိ ယာဝ မဂ္ဂဉာဏာ ဘူမီတိ ဝုတ္တံ။ (မဟာဋီ၊၂၊၅၀၈။) မုချအားဖြင့် ပဟာနပရိညာဟူသည် အရိယမဂ်ဉာဏ်သာတည်း။ ထိုကြောင့် အရိယမဂ်ဉာဏ်သို့ တိုင်အောင်သော ဝိပဿနာနယ်မြေကို ပဟာနပရိညာ၏ တည်ရာဘုံဖြစ်ကြောင်းကို အဋ္ဌကထာဆရာတော်က မိန့်ဆိုခြင်းဖြစ်သည်။

ထိုကြောင့် တစ်နည်းဆိုရသော် --- ဉာတပရိညာနှင့် တီရဏပရိညာတို့သည် ပဟာနပရိညာ အကျိုးငှာသာ ဖြစ်ကြသည်။ ဉာတပရိညာနှင့် တီရဏပရိညာတို့သည် အရိယမဂ်ဉာဏ် အကျိုးငှာသာ ဖြစ်ပေါ်နေကြသော ပရိညာတို့ ဖြစ်ကြသည်။ အကြင်ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ ဖြစ်ပေါ်နေသော ကိလေသာကို အရိယမဂ် တရားသည် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်စွန့်၏။ ထိုအရိယမဂ်တရားသည် ထိုတရားတို့ကို ကိန်းသေမြဲသော နိယာမ သဘောအားဖြင့် ပိုင်းခြားသိပြီးသာ ဖြစ်ကုန်၏၊ အနိစ္စ ဒုက္ခ အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီးသာ ဖြစ်ကုန်၏။ ထိုကြောင့် ပရိညာသုံးပါးလုံးသည် ဤအကြောင်း ပရိယာယ်အားဖြင့် အရိယမဂ်ဉာဏ်၏ ကိစ္စသာ ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၃၃၅။)

အထက်ပါ အဋ္ဌကထာအဖွင့်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ --- အရိယမဂ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့်စွမ်းအား ရှိခြင်းကြောင့် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ ဝိပဿနာဉာဏ်တို့ကား တဒင်္ဂအားဖြင့်သာ ကိလေသာတို့ကို ပယ်စွန့်နိုင်သည့်စွမ်းအားရှိခြင်းကြောင့်, ကိလေသာ တို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်နိုင်သည့် ဤအကြောင်း ပရိယာယ်အားဖြင့်သာ ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ တစ်ဖန် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကိုရရှိ၍ ပရိယာယ် အားဖြင့် ဉာတပရိညာ တီရဏပရိညာဟူသောအမည်ကိုလည်း ရရှိပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။

အရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့်တတ် ပယ်သတ်တတ် သောကြောင့် ပဟာန ဟူသော အမည်ကို ရရှိပေသည်။ သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမျက်မှောက် ထွင်းဖောက်သိမြင်သောကြောင့် ပိုင်းပိုင်းခြားခြားသိသောကြောင့် ပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာ ဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်။

အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓ အသမ္မောဟပဋိဝေဓ ဟူသော ပဋိဝေဓ နှစ်မျိုးတို့ဖြင့် သစ္စာ လေးပါးကို ထွင်းဖောက်သိမြင်၏။ ထိုပဋိဝေဓနှစ်မျိုးတို့တွင် အာရမ္မဏပဋိဝေဓဟူသည် အာရုံမျက်မှောက် ထွင်းဖောက်သိမြင်ခြင်းတည်း။ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟူသော နိရောဓသစ္စာ တရားကို အာရုံမျက်မှောက်ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်၏။ ထိုသို့ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံမျက်မှောက်ဆိုက်ရောက်လျက် ထွင်းဖောက်သိမြင်ရာ၌ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ အဝိဇ္ဇာအမှောင်ထုကိုလည်း အကြွင်းမဲ့ ဖျက်ဆီးလိုက်၏၊ အကြွင်းမဲ့ ပယ်သတ်လိုက်၏။ သို့အတွက် ကိစ္စသိဒ္ဓိအားဖြင့် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုသို့ သစ္စာ လေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟ = အဝိဇ္ဇာအမှောင်ထုကို အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် ကိစ္စသိဒ္ဓိ အားဖြင့် သစ္စာလေးပါးကို သိမှုကို အသမ္မောဟပဋိဝေဓ ဟု ခေါ်ဆို၏။ ထိုကြောင့် အရိယမဂ်တရားသည် အသမ္မောဟပဋိဝေဓသဘောအားဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ---

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားနှင့်,

၂။ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတည်း ဟူသော သမုဒယသစ္စာတရား ---

ဤ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကိုလည်း ကိစ္စသိဒ္ဓိအားဖြင့် ပိုင်းခြားသိခြင်းကိစ္စ တစ်ပါတည်း ပြီးစီးသွားရကား ဤအကြောင်းပရိယာယ်အားဖြင့် ဉာတပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။

တစ်ဖန် အရိယမဂ်တရားသည် ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို မသိအောင်ဖုံးလွှမ်းထားသည့် မောဟ = အဝိဇ္ဇာကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏။ ထိုကြောင့် ကိစ္စသိဒ္ဓိအားဖြင့် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်း ဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်း လုပ်ငန်းကိစ္စသည်လည်း တစ်ပါတည်း ပြီးစီးသွား၏။ ထိုကြောင့် အရိယမဂ် တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။

တစ်ဖန် အရိယမဂ်တရားကို မရမီအတွင်း၌ အရိယမဂ်၏ ရှေးအဖို့၌ ကျင့်ရသော ပုဗ္ဗဘာဂပဋိပဒါကျင့်စဉ် ပိုင်းတွင် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ပိုင်းခြားသိခြင်း ဉာတပရိညာနှင့် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းခြားသိခြင်း ဟူသော တီရဏပရိညာ - ဤပရိညာနှစ်ပါးတို့ကို ရရှိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရ၏။ ယင်းပရိညာနှစ်ပါးတို့ကား ပဟာနပရိညာအမည်ရသည့် အရိယမဂ်တရားကို ရရှိရေးအတွက်သာ ဖြစ်ခြင်းကြောင့် ဤအကြောင်းပရိယာယ်အားဖြင့်လည်း အရိယမဂ်တရားသည် ဉာတပရိညာ တီရဏပရိညာဟူသော အမည် ကိုလည်း ရရှိပေသည်။

ဤအထက်ပါ လောကီပရိညာသုံးမျိုး လောကုတ္တရာပရိညာသုံးမျိုးတို့ဖြင့် အလုံးစုံသောဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပိုင်းပိုင်းခြားခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင်၊ ပိုင်းပိုင်းခြားခြား သိပါမှ သာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဟု အထက်ပါ အပရိဇာနနသုတ္တန်တွင် ဘုရားရှင်က ဟောညွှန် လျက်ရှိပေသည်။ ထိုပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည့် တရားစုတွင် အတိတ်ဥပါဒါနက္ခန္ဓာငါးပါး အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း အကျုံးဝင်လျက်ရှိသည်ကိုကား ဖြူစင်ဖြောင့်စင်းသော စိတ်ထား မမေ့ ပျောက်တတ်သော သတိတရားဖြင့် ရိုသေစွာ မှတ်သားထားလေရာသည်။

ယခုတစ်ဖန် ဆက်လက်၍ ဘုရားအလောင်းတော်၏ မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ် အကြောင်း ကို မဟာဗုဒ္ဓဝင် ဒုတိယတွဲမှ ထုတ်နုတ်၍ ရေးသားတင်ပြအပ်ပါသည်။

မဟာဝဇိရဝိပဿနာတရား ပွားတော်မူခြင်း

အလောင်းတော်သည် ကုဋေသုံးသန်းခြောက်သိန်းသော

မဟာဝဇိရဝိပဿနာတရား ပွားတော်မူခြင်း

ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း ဒါနစသော ပါရမီကောင်းမှုကုသိုလ်စုဖြင့် လောဘ ဒေါသစသော ထိုထို ကိလေသာအင်္ဂါကို ပယ်ခွာသုတ်သင်အပ်ပြီးရကား နိဗ္ဗာန်ခရီးကို ကာဆီးဖုံးကွယ်မှု ပြုလုပ်တတ်သည့် မောဟ ကိလေသာဗိုလ်ချုပ်ကိုလည်း အခြံအရံနှင့် တကွ သုတ်သင်ရှင်းလင်းပြီး ဖြစ်သော ဘုရားအလောင်းတော်သည် ထိုသည့် ကဆုန်လပြည့်နေ့ မိုးသောက်ယာမ် (ညဉ့်၏နောက်ပိုင်း) အချိန်၌ မဟာဝဇိရဝိပဿနာတရား ပွားများ အားထုတ်တော်မူလေသည်။ အားထုတ်တော်မူပုံ အမြွက်မှာ ---

အာဏာခေတ်ဟုခေါ်သော စကြဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းတို့ရှိရာ စကြဝဠာ တစ်တိုက်တစ်တိုက် အတွင်း၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ်ဖြစ်ပွားသော တရားအနှစ်ကို ဆင်ခြင်တော်မူသောအခါ စကြဝဠာ တစ်တိုက်တစ်တိုက်၌ လူတွေ နတ်တွေ ဗြဟ္မာတွေ မည်မျှပင် များနေစေကာမူ ပရမတ္ထသဘာဝဓမ္မအစစ်အနေဖြင့် အဝိဇ္ဇာ, သင်္ခါရ (ဟူသော အတိတ်အဓွန့်ကာလအကြောင်းတရား) ၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ (ဟူသော ပစ္စုပ္ပန်အဓွန့်ကာလအကျိုးတရား)၊ တဏှာ, ဥပါဒါန်, ကမ္မဘဝ (ဟူသော ပစ္စုပ္ပန်အဓွန့်ကာလအကြောင်းတရား) တို့နှင့် (ဥပပတ္တိဘဝဖြစ်သော) ဇာတိ, ဇရာ+မရဏ (ဟူသော အနာဂတ်အကျိုးတရား) ဤ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါးတည်းဟူသော ပရမတ္ထသဘာဝဓမ္မတရားကိုယ်ကို ကောင်းစွာ သိမြင်တော်မူလေသည်။

ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ်ဖြစ်နေသော ပရမတ္ထသဘာဝဓမ္မ တရားသားကို ဆင်ခြင်တော်မူသောအခါ, အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏဟူ၍ ပဋိစ္စသမုပ္ပါဒ်အင်္ဂါတစ်ဆယ့်နှစ်ပါး တရားသား (ဝိပဿနာတင်ရမည့် တရားအစု)ကို ကောင်းစွာ သိမြင်တော်မူသကဲ့သို့ ကျန်သော စကြဝဠာတိုက်တို့၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝဓမ္မ တရားသားကိုလည်း ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူသောအခါ ဤစကြဝဠာတိုက်၌ ရှိနေကြသော လူနတ်ဗြဟ္မာ သတ္တဝါတို့ နည်းတူပင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါးစီတည်းဟူသော ဝိပဿနာတင်ရမည့် တရားအစုတို့ကို ကောင်းစွာ သိမြင်တော်မူလေသည်။

ဤသို့ စကြဝဠာတိုက်ပေါင်း ကုဋေတစ်သိန်းတည်း ဟူသော အာဏာခေတ်အတွင်း တည်ရှိနေကြသည့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ခန္ဓာအစဉ်ဝယ် ကာလသုံးပါး၌ တကယ်စင်စစ် ဖြစ်နေသော ပရမတ္ထသဘာဝဓမ္မ တရားသားကို စဉ်းစားဆင်ခြင်တော်မူသော, အလောင်းတော်သူမြတ်၏ဉာဏ်တော်ဖြင့် သိမြင်အပ်သော ဝိပဿနာ တင်ရမည့် တရားအစုတို့ကား -- အဝိဇ္ဇာပေါင်း ကုဋေတစ်သိန်း, သင်္ခါရပေါင်း ကုဋေတစ်သိန်း, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ+မရဏပေါင်းလည်း ကုဋေတစ်သိန်းစီဖြစ်ရကား (၁၂-ရပ်ပေါင်းလျှင်) အလောင်းတော်သူမြတ်၏ ဝိပဿနာစာရခေါ်သော (ဝိပဿနာတင်ရမည့် ) တရားသားတို့မှာ ကုဋေတစ်သန်းနှစ်သိန်းတို့ ဖြစ်လေကုန်သည်။

အလွန်ထွေးရှုပ်၍ အခုတ်အထွင် ခဲယဉ်းလှသည့် တောအုပ်ကြီးကို ရှင်းလင်းခုတ်ထွင် သုတ်သင်သော ယောက်ျားသည် မိမိစွဲကိုင်သောဓားကို ကျောက်ပေါ်တင်၍ သွေးကာ သွေးကာ ထက်လှစွာသော မိမိဓားဖြင့် အလွန်ထွေးရှုပ်သည့် တောအုပ် ချုံ ပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်သကဲ့သို့ မြတ်စွာဘုရားအလောင်းတော်သည်လည်း တစ်ထောင့်ငါးရာ ကိလေသာ တောအုပ် ချုံ ပိပ္ပေါင်းအစုကို ရှင်းလင်းသုတ်သင်ရန်အတွက် ကိုယ်တော်၏ လက်သုံးဖြစ်သော မဟာဝဇိရဝိပဿနာ ဉာဏ်ပညာဓားအသွား ထက်မြက်စေရန် အာနာပါနစတုတ္ထစျာန် သမာပတ်တည်းဟူသော ဓားသွေးကျောက်၌ သွေးသွေးပြီးလျှင် (= အာနာပါန စတုတ္ထစျာန်သမာပတ်ကို ဝင်စား ဝင်စားပြီးလျှင်) ဖော်ပြရာပါ ကုဋေတစ်သန်းနှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတရားအစုတို့ကို တစ်ခုစီ တစ်ခုစီ အနိစ္စလက္ခဏာယာဉ် တင်၍လည်းကောင်း, ဒုက္ခလက္ခဏာယာဉ် တင်၍လည်းကောင်း, အနတ္တလက္ခဏာယာဉ် တင်၍လည်းကောင်း ဆင်ခြင်သုံးသပ်တော်မူလေသည်။

သို့ရကား ကုဋေတစ်သန်းနှစ်သိန်းသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရားအစုတို့၌ တစ်ခု တစ်ခုလျှင် အနိစ္စ ဝိပဿနာဉာဏ်, ဒုက္ခဝိပဿနာဉာဏ်, အနတ္တဝိပဿနာဉာဏ် ဟူ၍ ဝိပဿနာဉာဏ် သုံးပါးစီ သုံးပါးစီ ဖြစ်သော ကြောင့် ကုဋေတစ်သန်းနှစ်သိန်းကိုတည်, သုံးဖြင့် မြှောက်ပွား၍ မဟာဝဇိရဝိပဿနာဉာဏ်တော်ပေါင်း ကုဋေ သုံးသန်းခြောက်သိန်း ဖြစ်လေသည်။

(ဤ မဟာဝဇိရဝိပဿနာဉာဏ် အကြောင်းအရာအမြွက်သည် ဥပရိပဏ္ဏာသဋီကာ အနုပဒသုတ်အဖွင့် စာမျက်နှာ - ၂၇၅ - ၌လည်းကောင်း, ဝိနည်းသာရတ္ထဒီပနီဋီကာ တတိယအုပ် မဟာခန္ဓက သာရိပုတ္တမောဂ္ဂလ္လာန ပဗ္ဗဇ္ဇာကထာအဖွင့် စာမျက်နှာ -၂၂၉ - ၌လည်းကောင်း လာရှိသည်။)

ဘုရားအလောင်းတော်တိုင်းပင်လျှင် ဘုရားဖြစ်ခါနီး၌ ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံအားဖြင့် သုံးသပ် ဆင်ခြင်တော်မူကြမြဲ ဓမ္မတာ ဖြစ်သည်။ ငါတို့ မြတ်စွာဘုရားအလောင်းတော်သည်လည်း ရှေးဘုရားအလောင်း တော်တို့ နည်းတူပင် (ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) ပဋိစ္စသမုပ္ပါဒ်တရားကို အနုလုံပဋိလုံ သုံးသပ်ဆင်ခြင်တော် မူသည်။ ထိုအခါ ဇာတိခေတ် စကြဝဠာတိုက်ပေါင်း လောကဓာတ် တစ်သောင်းလုံး ရေဆုံးအောင် တုန်လှုပ်လေ သည်။

မြတ်စွာဘုရားအလောင်းတော်သည် ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဘုရားရှင်တိုင်း၏ = (ဘုရားအလောင်းတော်တိုင်း၏) ဓမ္မတာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါး တရားအစု၌ ကုဋေသုံးသန်းခြောက်သိန်းသော မဟာဝဇိရဝိပဿနာ သမ္မသနဉာဏ်ကို ဖြစ်စေတော်မူပြီးသောအခါ အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စားတော်မူပြန်လေသည်။ (ထိုသို့ ဝင်စားတော်မူခြင်းမှာ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက်ဝိပဿနာဉာဏ်ပညာ ဓားအသွား ထက်စိမ့်သောငှာ အာနာပါနစတုတ္ထစျာန်သမာပတ်တည်းဟူသော ဓားသွေးသည့် ကျောက်ကောင်း၌ တစ်ဖန် သွေးတော်မူပြန်ခြင်း ဖြစ်သည်။) ထိုသို့ အာနာပါနစတုတ္ထစျာန်ကို တစ်ဖန် ဝင်စားတော်မူပြီးလျှင် (= အထက်ဝိပဿနာဉာဏ်ပညာ ဓားအသွား ထက်အောင် သွေးတော်မူပြီးလျှင်) ထိုစျာန်မှ ထ၍ ခန္ဓာငါးပါး တရားအစုတို့၌ ဥဒယဗ္ဗယဉာဏ် အစရှိသော အထက်အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ဖြစ်ပွားစေတော်မူလေသည်။

(ဤ၌ ။ ။ အလောင်းတော်သူမြတ်သည် ရှေးရှေးသော ဘုရားရှင်တို့၏အထံ၌ ရဟန်းပြု၍ ပိဋက သုံးပုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဝိပဿနာအလုပ် အားထုတ်တော်မူခဲ့ရာ ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်တိုင်ရောက်အောင် လေ့လာပွားများ အားထုတ်တော်မူခဲ့ဖူးသောကြောင့်လည်းကောင်း, ရှေးဖော်ပြရာပါ မဟာဝဇိရဝိပဿနာ သမ္မသနဉာဏ်တော်ပေါင်း ကုဋေသုံးသန်းခြောက်သိန်းတို့ဖြင့် လေ့လာပွားများ ဉာဏ်ပညာအား အလွန်တရာ ကြီးမားလှသောကြောင့်လည်းကောင်း --- အထက်အထက် ဝိပဿနာဉာဏ်ပညာများကို အလွယ်တကူ ရရှိတော်မူသည်ဟု ယုံကြည်စွာ မှတ်သားရာ၏။ ။ ဇိနာလင်္ကာရဋီကာနှင့် သုတ်မဟာဝါဋီကာ စာမျက်နှာ-၅၅-ကို မှီးငြမ်းပြုသည်။)

ဤကား မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ (၃၃၄-၃၃၈)တို့၌ လာရှိသော မဟာဝဇိရဝိပဿနာ ဉာဏ်တော်မြတ် အကြောင်း ဖြစ်သည်။

ဗောဓိကထာ ကောက်နုတ်ချက်

ဗောဓိကထာ ကောက်နုတ်ချက်

ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့ နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်မြင်တော်မူပြီးနောက် ထိုညဉ့်၏ညဉ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်, မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်, ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရရှိတော်မူလျက် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့လေသည်။

ထိုအခါ ဘုရားရှင်သည် ဗောဓိပင်ရင်း အပရာဇိတပလ္လင်ထက်၌ပင် ခုနစ်ရက်ပတ်လုံး တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် အရဟတ္တဖိုလ် ဝိမုတ္တိချမ်းသာထူးကြီးကို ခံစားတော်မူလျက် သီတင်းသုံးစံနေတော်မူ၏။ ကဆုန်လပြည့်ကျော်တစ်ရက်နေ့ ညဉ့်ဦးယာမ်၌လည်းကောင်း, မဇ္ဈိမယာမ်၌လည်းကောင်း, ပစ္ဆိမယာမ်၌လည်းကောင်း ---

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။ ပ ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယတွေဝအသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော။ ပ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ (ဝိ၊၃၊၁။)

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရတို့ဖြစ်ကုန်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏။ ပ ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤ ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောသည် ထင်ရှား ဖြစ်ပေါ်လာပေ၏။ အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရ၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏၊ သင်္ခါရ၏ ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ်၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏။ ပ ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤ ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောသည် ထင်ရှား ဖြစ်ပေါ်လာ၏။ (ဝိ၊၃၊၁။) ---

ဤသို့လျှင် သံသရာဝဋ်ဒုက္ခ၏ ဖြစ်စဉ်တည်းဟူသော အနုလောမအားဖြင့်လည်းကောင်း, သံသရာဝဋ်ဒုက္ခ၏ချုပ်စဉ်ဟူသော ပဋိလောမအားဖြင့်လည်းကောင်း ပဋိစ္စသမုပ္ပါဒ်သဘောတရားကို နှလုံးသွင်းတော်မူ၏။

ပထမယာမ်၌ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အထက်ပါအတိုင်း အနုလုံပဋိလုံ နှလုံးသွင်းတော်မူပြီးသောအခါ ပထမဥဒါန်းဂါထာကိုလည်းကောင်း, မဇ္ဈိမယာမ်၌ နှလုံးသွင်းတော်မူပြီးသောအခါ ဒုတိယဥဒါန်း ဂါထာကိုလည်းကောင်း, ပစ္ဆိမယာမ်၌ နှလုံးသွင်းတော်မူပြီးသောအခါ တတိယဥဒါန်းဂါထာကိုလည်းကောင်း ကျူးရင့်တော်မူလေသည်။ ဤအရာတွင် ဝိနယမဟာဝဂ္ဂအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထားတော်မူ၏။ ---

ဘဂဝါ ဟိ ဝိသာခပုဏ္ဏမာယ ရတ္တိယာ ပဌမယာမေ ပုဗ္ဗေနိဝါသံ အနုဿရိ၊ မဇ္ဈိမယာမေ ဒိဗ္ဗစက္ခုံ ဝိသောဓေသိ၊ ပစ္ဆိမယာမေ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသိ ကတွာ ဣဒါနိ အရုဏော ဥဂ္ဂမိဿတီတိ သဗ္ဗညုတံ ပါပုဏိ။ သဗ္ဗညုတပ္ပတ္တိသမနန္တရမေဝ စ အရုဏော ဥဂ္ဂစ္ဆိ၊ တတော တံ ဒိဝသံ တေနေဝ ပလ္လင်္ကေန ဝီတိနာမေတွာ သမ္ပတ္တာယ ပါဋိပဒရတ္တိယာ တီသု ယာမေသု ဧဝံ မနသိ ကတွာ ဣမာနိ ဥဒါနာနိ ဥဒါနေသိ။ (ဝိ၊ဋ္ဌ၊၃၊၂၃၇။)

= ဘုရားရှင်သည် (= ဘုရားအလောင်းတော်သည် ) မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ ညဉ့်၏ ပထမယာမ်၌ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့တော်မူခဲ့၏။ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်ကို စင်ကြယ်စေတော်မူခဲ့၏၊ ပစ္ဆိမယာမ်၌ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းရှုပွားတော်မူလတ်သော် ---ဤယခုအခါ၌ နေအရုဏ်သည် တက်ပေတော့လတ္တံ့ ဟု ပြောဆိုသင့်သော အချိန်၌ သဗ္ဗညုတဉာဏ်တော်မြတ်သို့ဆိုက်ရောက်တော်မူခဲ့၏။ သဗ္ဗညုတဉာဏ်တော်မြတ်သို့ ဆိုက်ရောက်တော်မူသည်၏ အခြားမဲ့မှာပင်လျှင် နေအရုဏ်သည်လည်း တက်ခဲ့လေ၏။ ထိုနောင် ထိုနေ့ပတ်လုံး ထိုထက်ဝယ်ဖွဲ့ခွေ ထိုင်နေခြင်းဖြင့်ပင်လျှင် အချိန်ကို ကုန်လွန်စေ၍ ဆိုက်ရောက်လာသော အထွက်တစ်ရက် = ကဆုန်လပြည့်ကျော်တစ်ရက်နေ့ ညဉ့်၌ ညဉ့်သုံးယာမ်တို့၌ ဤအတူ ပဋိစ္စသမုပ္ပါဒ် သဘောတရားကို အနုလုံ ပဋိလုံ နှလုံးသွင်းတော်မူပြီးသောအခါ ဤဥဒါန်းဂါထာတို့ကို ကျူးရင့်တော်မူလေသည်။ ---

၁။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြာဟ္မဏဿ။

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ပဇာနာတိ သဟေတုဓမ္မံ။ (ဝိ၊၃၊၂။)

အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန် လုံ့လဝီရိယလည်း ရှိပေထသော။ စျာယတော = အာနာပါနစသည်ဖုံဖုံ သမထအာရုံနှင့် အစုံအစုံသော ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာလက္ခဏာကို အပ္ပနာခိုက် စျာန်မဂ်သို့ဆိုက်အောင် စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။ ဗြာဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသောကြောင့် ဝိသုဒ္ဓိဗြာဟ္မဏ အမည်ရသည့် ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ = အကြင် အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့သည်။ ဟဝေ = စင်စစ်။ ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာကြကုန်၏။ ယတော = ယင်းသို့ ဗောဓိပက္ခိယဓမ္မအပြား သုံးဆယ် ခုနစ်ပါးကုန်သော တရားတို့၏ ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာခြင်းကြောင့်။ သဟေတုဓမ္မံ = အဝိဇ္ဇာ အစရှိသော အကြောင်းတရားနှင့်တကွ သင်္ခါရ အစရှိသော အကျိုးတရားစု ဒုက္ခထုကို။ ပဇာနာတိ = ဝိပဿနာပညာ မဂ်ပညာဖြင့် ပိုင်းခြားထင်ထင် ထိုးထွင်းသိမြင်လေ၏။ အထ = ထိုသို့ ပဋိစ္စဓာတ် သမုပ္ပါဒ်ကို တပ်အပ် ထင်ထင် လင်းလင်း သိမြင်သော ထိုအခါ၌။ အဿ = ထိုရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ = ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း, ထိုပဋိစ္စသမုပ္ပါဒ်တရားကို မသိမြင် ခြင်းကြောင့် ကာလသုံးပါးဝယ် ဖြစ်ပွားသည့် ရုပ်နာမ်တရားတို့၌ ယုံမှားခြင်းတရား (၁၆)ပါးတို့သည်။ ဝပယန္တိ = ဝိအပယန္တိ = နေလျှံရှိန်ကျောက် ဆီးနှင်းပေါက်သို့ ကင်းပျောက် ချုပ်ငြိမ်းကြလေကုန်၏။

၂။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြာဟ္မဏဿ။

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊ ယတော ခယံ ပစ္စယာနံ အဝေဒိ။ (ဝိ၊၃၊၂။)

အာတာပိနော = တစ်ထောင့်ငါးရာ ကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန် လုံ့လဝီရိယလည်း ရှိပေထသော။ စျာယတော = အာနာပါနစသည်ဖုံဖုံ သမထအာရုံနှင့် အစုံအစုံသော ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တခြင်းရာ လက္ခဏာကို အပ္ပနာခိုက် စျာန်မဂ်သို့ ဆိုက်အောင် စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။ ဗြာဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသောကြောင့် ဝိသုဒ္ဓိဗြာဟ္မဏ အမည်ရသည့် ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ = အကြင် အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့သည်။ ဟဝေ = စင်စစ်။ ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာကြကုန်၏။ ယတော = ယင်းသို့ ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ် ခုနစ်ပါးကုန်သော တရားတို့၏ ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာခြင်းကြောင့်။ ပစ္စယာနံ = အဝိဇ္ဇာ အစရှိသော အကြောင်းတရားတို့၏။ ခယံ = ကုန်ခန်းရာမှန် အသင်္ခတနိဗ္ဗာန်တရားတော်မြတ်ကို။ အဝေဒိ = ထိုးထွင်းထင်ထင် လင်းလင်း သိမြင်တော်မူလေပြီ။ အထ = ထိုသို့ အကြောင်းတရားတို့၏ ကုန်ရာ = ပစ္စယက္ခယ အမည်ရသည့် အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို တပ်အပ်ထင်ထင် လင်းလင်း သိမြင်သောအခါ၌။အဿ = ထိုရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ သဗ္ဗာ = တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော။ ကင်္ခါ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် မသိမြင်ခြင်းကြောင့် ကိုယ်တွင်း၌မှာ ဖြစ်ပေါ်လာမည့် ကင်္ခါယုံမှား တရားအစုတို့သည်။ ဝပယန္တိ = ဝိအပယန္တိ = နေလျှံရှိန်ကျောက် ဆီးနှင်းပေါက်သို့ ကင်းပျောက် ချုပ်ငြိမ်းကြလေကုန်၏။

၃။ ယဒါ ဟဝေ ပါတုဘဝန္တိ ဓမ္မာ၊ အာတာပိနော စျာယတော ဗြာဟ္မဏဿ။

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊ သူရိယောဝ ဩဘာသယမန္တလိက္ခံ။ (ဝိ၊၃၊၂။)

အာတာပိနော = တစ်ထောင့် ငါးရာကိလေသာတို့ကို လွန်စွာနှိပ်ကွပ် ပူပန်စေတတ်သည့် သမ္မပ္ပဓာန် လုံ့လဝီရိယလည်း ရှိပေထသော။ စျာယတော = အာနာပါနစသည်ဖုံဖုံ သမထအာရုံနှင့် အစုံအစုံသော ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တခြင်းရာ လက္ခဏာကို အပ္ပနာခိုက် စျာန်မဂ်သို့ ဆိုက်အောင် စိုက်စိုက်စူးစူး အထူး မြဲမြံ ရှုအားသန်ပေထသော။ (ဝါ) ရှုအားသန်သောကြောင့်။ ဗြာဟ္မဏဿ = မကောင်းမှုဟူသမျှကို အပပြုအပ်ပြီးသောကြောင့် ဝိသုဒ္ဓိဗြာဟ္မဏ အမည်ရသည့် ရဟန္တာသခင် အရှင်မြတ်၏ သန္တာန်၌။ ယဒါ = အကြင် အခါ၌။ ဓမ္မာ = ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့သည်။ ဟဝေ = စင်စစ်။ ပါတုဘဝန္တိ = ဥပါဒ်ထင်ရှား ဖြစ်ပွားကာ လာကြကုန်၏။ (တဒါ = ထိုအခါ၌။) သူရိယော = ယုဂန္ဓိုရ်တောင်စွန်းမှ ပေါ်ထွန်းထွက်ပြူ ဥဒည်မူသော ရှင်နေမင်းသည်။ အန္တလိက္ခံ = အဇဋာပြင် မိုးကောင်းကင်ကို။ ဩဘာသယံ = ဩဘာသယန္တော = မိမိအရောင် ခြည်တစ်ထောင်ဖြင့် မိုက်မှောင် ပယ်ရှင်း ထွန်းလင်း တောက်ပလျက်။ တိဋ္ဌတိ ဣဝ = တည်နေသကဲ့သို့။ (သော ဗြာဟ္မဏော = ထိုရဟန္တာသခင် အရှင်သူမြတ်သည်။ တေဟိ ဓမ္မေဟိ = ထို ဗောဓိပက္ခိယ ဓမ္မအပြား သုံးဆယ်ခုနစ်ပါးကုန်သော တရားတို့ဖြင့်။ ) မာရသေနံ = ကာမရာဂ စသည်ဆယ်ထပ် မာရ်စစ်တပ်ကို။ ဝိဓူပယံ = ဝိဓူပယန္တော = မုန့်မုန့်ညက်ညက် တိုက်ဖျက်ပယ်ဖျောက်လျက်။ တိဋ္ဌတိ = ပညာတန်ဆောင် ဉာဏ်တော်ရောင်ဖြင့် ထွန်းပြောင်ထိန်လက် ပြိုးပြိုးပြက်လျှင် နေစက်နှုန်းတူ တည်နေတော်မူပါပေ၏။ (ဝိ၊၃၊၂။) (မဟာဗုဒ္ဓဝင်၊ ဒု၊ ၃၅၇-၃၆၁။)

ဤတွင် - ဘုရားရှင်သည် ဘုရားမဖြစ်မီ ဘုရားအလောင်းတော်ဘဝကလည်း ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူသောအခါ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံပဋိလုံ အပြန်အလှန် ဝိပဿနာ ရှုပွား သုံးသပ်တော်မူ၏။ ဘုရားဖြစ်တော်မူပြီးနောက်လည်း အလားတူပင် ယင်းပဋိစ္စသမုပ္ပါဒ်သဘောတရားကို အနုလုံ ပဋိလုံ အပြန်ပြန် အလှန်လှန် ရှုပွားသုံးသပ်တော်မူ၏- ဟူသော ဤအချက်ကိုကား မှတ်သားထားလေရာသည်။

ဂေါတမကစေတိယသုတ္တန် ကောက်နုတ်ချက်

ဂေါတမကစေတိယသုတ္တန် ကောက်နုတ်ချက်

ဗေဒင်သုံးပုံ၌ တစ်ဘက်ကမ်းခပ်အောင် တတ်မြောက်ကြသည့် ဗြာဟ္မဏဘဝမှ သာသနာ့ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသော ရဟန်း (၅၀၀) တို့သည် ဘုရားရှင်၏ ပရိယတ္တိတရားတော်ကို အလွယ်တကူ မပင်မပန်း သင်ယူတတ်မြောက်မှုကို အကြောင်းပြု၍ ထိုရဟန်းတို့၏ သန္တာန်၌ မာန်မာနတရားများ ထင်ရှားစွာ ဖြစ်ပေါ်လာကြ၏။ ထို မာန်မာနတရားသည် ထို ရဟန်းတို့၏ အရဟတ္တဖိုလ်၏အန္တရာယ် ဖြစ်နိုင်ကြောင်းကို သိရှိတော်မူသဖြင့် ဘုရားရှင်သည် ထိုရဟန်း (၅၀၀)တို့အား မူလပရိယာယသုတ္တန် (မ၊၁၊၁။) မူလပရိယာယဇာတ်တော် (ဇာတက၊ဋ္ဌ၊၂၊၂၃၇။) တို့ကို ဟောကြားတော်မူလျက် ထိုရဟန်းတို့၏ မာနတရားကို နှိမ်ချိုးပေးတော်မူ၏။ မာနကို နှိမ်ချိုးပြီးနောက် ထိုရဟန်းတို့၏ သန္တာန်ဝယ် သမထ ဝိပဿနာ ဘာဝနာတို့ကို ပွားများ အားထုတ်ကြသဖြင့် ဣန္ဒြေများ ရင့်ကျက်လာသောအခါ ဝေသာလီပြည် ဂေါတမကစေတီတွင် ဤ ဂေါတမကစေတိယသုတ္တန်ကို ဘုရားရှင်သည် ဟောကြားတော်မူလေသည်။

အဘိညာယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ နော အနဘိညာယ၊ သနိဒါနာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ နော အနိဒါနံ၊ သပ္ပါဋိဟာရိယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ နော အပ္ပါဋိဟာရိယံ။ တဿ မယှံ ဘိက္ခဝေ အဘိညာယ ဓမ္မံ ဒေသယတော နော အနဘိညာယ သနိဒါနံ ဓမ္မံ ဒေသယတော နော အနိဒါနံ သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသယတော နော အပ္ပါဋိဟာရိယံ ကရဏီယော ဩဝါဒေါ ကရဏီယာ အနုသာသနီ၊ အလဉ္စ ပန ဝေါ ဘိက္ခဝေ တုဋ္ဌိယာ အလံ အတ္တမနတာယ အလံ သောမနဿာယ သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွာက္ခာတော ဓမ္မော၊ သုပ္ပဋိပန္နော သံဃောတိ။ (အံ၊၁၊၂၈၀။)

= ရဟန်းတို့ ...ငါဘုရားသည် တရားတော်ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ပြီးမှသာလျှင် ဟောကြားတော်မူ၏။ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ဘဲ ဟောကြား တော် မမူ။ ရဟန်းတို့ ...ငါဘုရားသည် အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြား တော်မူ၏၊ အကြောင်းနိဒါန်းမပါသော တရားမျိုးကို ဟောကြားတော်မမူ။ ရဟန်းတို့ ...ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူ၏၊ ဆန့်ကျင်ဘက် တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူ။

= ရဟန်းတို့ ...တရားတော်ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်ပြီးမှသာလျှင် တရားတော်ကို ဟောကြားတော်မူသော, ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ တရားတော်ကို ဟောကြားတော်မမူသော, အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြားတော်မူသော, အကြောင်းနိဒါန်းမပါသော တရားမျိုးကို ဟောကြားတော်မမူသော, ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော် အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူသော, ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော် အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူသော ထိုငါဘုရားသည် တစ်ကြိမ်တစ်ခါ ဆိုဆုံးမခြင်း ဩဝါဒတရားစကားကိုလည်း ပြုအပ်ပြီးလေပြီ၊ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမခြင်း အနုသာသနီကိုလည်း ပြုအပ်ပြီးလေပြီ။

ရဟန်းတို့ ...သင်တို့သည် ---

၁။ မြတ်စွာဘုရားသည် သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်ဟူသည့် သိသင့် သိထိုက်သော ဉေယျဓမ္မတရားငါးပါးတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်း သိမြင် တတ်သည့် သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။

၂။ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်သည် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားထားအပ်သည့် သွာက္ခာတဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။

၃။ ရှစ်ယောက်ထင်ပေါ် အရိယာထေရ်သံဃာတော်မြတ်အပေါင်းသည် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို ကောင်းမွန် ရိုသေစွာ ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်တတ်သည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။ ---

ဤသို့လျှင် နှစ်သက်ကျေနပ်စွာ လက်ခံဖို့ရန် သင့်လှသည်သာတည်း၊ နှစ်လို့သော စိတ်ထားရှိဖို့ရန် သင့်လှ သည်သာတည်း၊ ရွှင်လန်းဝမ်းမြောက်ခြင်း သောမနဿတရား ထင်ရှားဖြစ်ဖို့ရန် သင့်လှသည်သာတည်းဟု မိန့်ကြားတော်မူ၏။ (အံ၊၁၊၂၈၀။)

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မံ ဘညမာနေ သဟဿီ လောကဓာတု အကမ္ပိတ္ထ။ (အံ၊၁၊၂၈၀။)

ဤ ဂါထာမဖက် စကားပြေသက်သက် ဖြစ်သော ဂေါတမကစေတိယသုတ္တန်တရားဒေသနာတော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော် တစ်ထောင်သော လောကဓာတ်၌ တည်ရှိသော မဟာပထဝီ မြေကြီးသည် ပြင်းစွာ တုန်လှုပ်ခဲ့လေပြီ။ (အံ၊၁၊၂၈၀။)

ဣဒဉ္စ သုတ္တံ သုတွာ ပဉ္စသတာ ဘိက္ခူ တသ္မိံယေဝါသနေ သဟ ပဋိသမ္ဘိဒါဟိ အရဟတ္တံ ပါပုဏိံသု။ (မ၊ဋ္ဌ၊၁၊၆၁။)

ဤဂေါတမကစေတိယသုတ္တန်ကို ကြားနာရပြီး၍ (၅၀၀)ကုန်သော ရဟန်းတော်တို့သည် ထိုနေရာ၌ပင်လျှင် ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြလေကုန်ပြီ။ (မ၊ဋ္ဌ၊၁၊၆၁။)

သက်မဲ့ဖြစ်သော လောကဓာတ်တိုက်ပေါင်း တစ်ထောင်၌ တည်ရှိသော မဟာပထဝီမြေကြီးကပင်လျှင် မှန်ကန်ကြောင်းကို သက်သေအရာ၌ တည်လာ တန့်လာ ရပ်တည်လာရသော သုတ္တန်ဒေသနာတော်ပင် ဖြစ်ပေသည်။ အကယ်၍ သက်ရှိသဝိညာဏကဖြစ်၍ အသိအလိမ္မာဉာဏ်ပညာနှင့် ပြည့်စုံသော အသင်သူတော်ကောင်းသည်လည်း မဟာပထဝီမြေကြီးကဲ့သို့ သက်သေအရာ၌ တည်လာ တန့်လာ ရပ်တည်လာနိုင်ပါမူကား အသင် သူတော်ကောင်းသည်လည်း နိဗ္ဗာန်သို့သွားရာ မဂ္ဂင်လမ်းမကြီးပေါ်သို့ ရောက်ရှိစပြုလာပြီ ဖြစ်ပေသည်။

ဤ၌ အထူးအလေးဂရုပြု၍ ရှင်းလင်းတင်ပြလိုသော အချက်ကား လောကသမုဒယဟု ခေါ်ဆိုသော သင်္ခါရလောက၏ ဖြစ်စဉ် = အနုလောမပစ္စယာကာရ = အနုလောမပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် လောကနိရောဓ ဟု ခေါ်ဆိုသော သင်္ခါရလောက၏ ချုပ်စဉ် = ပဋိလောမပစ္စယာကာရ = ပဋိလောမပဋိစ္စသမုပ္ပါဒ်တရားတော်ပင် ဖြစ်သည်။ ဘုရားရှင်သည် ဘုရားဖြစ်တော်မူမည့် ထိုညဝယ် ဘုရားအလောင်းတော်အဖြစ်နှင့်လည်း ထိုပဋိစ္စသမုပ္ပါဒ် သဘောတရားကို အနုလုံပဋိလုံအားဖြင့် ပစ္စက္ခဉာဏ်တည်းဟူသော ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်တော်မူခဲ့၏။(ဝိ၊ဋ္ဌ၊၃၊၂၃၇။) ဘုရားဖြစ်တော်မူပြီးနောက်လည်း ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားကို အနုလုံပဋိလုံအားဖြင့် အပြန်ပြန် အလှန်လှန် ရှုပွားသုံးသပ်တော်မူပြန်၏။ ဤ အကြောင်းအရာနှင့် ပတ်သက်၍ မဟာဗုဒ္ဓဝင်တွင် ဤသို့ မှတ်ချက်ချထားတော်မူ၏။ ---

[ဤ၌။ ။ မြတ်စွာဘုရား၏ ရွှေဉာဏ်တော်ဝယ် ခပ်သိမ်းသော တရားတို့သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထင်လင်းပြီးဖြစ်သော်လည်း မြတ်စွာဘုရားကိုယ်တော်မြတ်သည် (ဘုရားဖြစ်မည့် ထိုညဝယ် အလောင်းတော်ဘဝဖြင့် ) ဝိပဿနာနှလုံး ကျင့်သုံးတော်မူခဲ့စဉ်က ပဋိစ္စသမုပ္ပါဒ်တရားကို အဦးမူသဖြင့် ဝိပဿနာနှလုံး ကျင့်သုံးတော်မူခဲ့သောကြောင့်လည်းကောင်း, ထိုပဋိစ္စသမုပ္ပါဒ်တရားတော်က လွန်စွာသိမ်မွေ့ နက်နဲ မြင်နိုင်ခဲသောကြောင့်လည်းကောင်း ပဋိစ္စသမုပ္ပါဒ်ကိုသာ သံသရာဝဋ်ဒုက္ခ ဖြစ်စဉ် ချုပ်စဉ်ဟူသော အနုလုံပဋိလုံအားဖြင့် ဆင်ခြင်တော်မူသည်ဟု အထူးမှတ်သားရာ၏။] (မဟာဗုဒ္ဓဝင်၊ဒုတိယတွဲ၊၃၅၆။)

မြတ်စွာဘုရားသည် မိမိကိုယ်တော်တိုင် ထိုးထွင်းသိမြင်ပြီးမှသာလျှင် သံသရာဝဋ်ဒုက္ခ = သင်္ခါရလောက၏ ဖြစ်စဉ် ချုပ်စဉ်ဟူသော အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သာဝကတို့အားသိရှိအောင် ဟောကြားပြသ ဆိုဆုံးမပေးတော်မူ၏။ ဆိုဆုံးမသည့်အတိုင်း သာဝကတို့သည်လည်း ပစ္စက္ခဉာဏ်ဖြင့် သိရှိနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် သုတ္တန်တို့မှ ဒုတိယအရိယသာဝကသုတ္တန်ကို ဆက်လက် တင်ပြအပ်ပါသည်။

ဒုတိယအရိယသာဝကသုတ္တန်

ဒုတိယအရိယသာဝကသုတ္တန်

န ဘိက္ခဝေ သုတဝတော အရိယသာဝကဿ ဧဝံ ဟောတိ ကိံ နု ခေါ --- ကိသ္မိံ သတိ ကိံ ဟောတိ၊ ကိဿုပ္ပါဒါ ကိံ ဥပ္ပဇ္ဇတိ၊ ကိသ္မိံ သတိ သင်္ခါရာ ဟောန္တိ၊ ကိသ္မိံ သတိ ဝိညာဏံ ဟောတိ၊ ကိသ္မိံ သတိ နာမရူပံ ဟောတိ၊ ကိသ္မိံ သတိ သဠာယတနံ ဟောတိ၊ ကိသ္မိံ သတိ ဖေဿာ ဟောတိ၊ ကိသ္မိံ သတိ ဝေဒနာ ဟောတိ၊ ကိသ္မိံ သတိ တဏှာ ဟောတိ၊ ကိသ္မိံ သတိ ဥပါဒါနံ ဟောတိ၊ ကိသ္မိံ သတိ ဘဝေါ ဟောတိ၊ ကိသ္မိံ သတိ ဇာတိ ဟောတိ၊ ကိသ္မိံ သတိ ဇရာမရဏံ ဟောတီတိ။

အထ ခေါ ဘိက္ခဝေ သုတဝတော အရိယသာဝကဿ အပရပ္ပစ္စယာ ဉာဏမေဝေတ္ထ ဟောတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ အဝိဇ္ဇာယ သတိ သင်္ခါရာ ဟောန္တိ၊ သင်္ခါရေသု သတိ ဝိညာဏံ ဟောတိ၊ ဝိညာဏေ သတိ နာမရူပံ ဟောတိ၊ နာမရူပေ သတိ သဠာယတနံ ဟောတိ၊ သဠာယတနေ သတိ ဖေဿာ ဟောတိ၊ ဖေဿ သတိ ဝေဒနာ ဟောတိ၊ ဝေဒနာယ သတိ တဏှာ ဟောတိ၊ တဏှာယ သတိ ဥပါဒါနံ ဟောတိ၊ ဥပါဒါနေ သတိ ဘဝေါ ဟောတိ၊ ဘဝေ သတိ ဇာတိ ဟောတိ၊ ဇာတိယာ သတိ ဇရာမရဏံ ဟောတီတိ။ သော ဧဝံ ပဇာနာတိ ဧဝမယံ လောကော သမုဒယတီတိ။

န ဘိက္ခဝေ သုတဝတော အရိယသာဝကဿ ဧဝံ ဟောတိ ကိံ နု ခေါ --- ကိသ္မိံ အသတိ ကိံ န ဟောတိ၊ ကိဿ နိရောဓာ ကိံ နိရုဇ္ဈတိ၊ ကိသ္မိံ အသတိ သင်္ခါရာ န ဟောန္တိ၊ ကိသ္မိံ အသတိ ဝိညာဏံ န ဟောတိ၊ ကိသ္မိံ အသတိ နာမရူပံ န ဟောတိ၊ ကိသ္မိံ အသတိ သဠာယတနံ န ဟောတိ၊ ကိသ္မိံ အသတိ ဖေဿာ န ဟောတိ၊ ကိသ္မိံ အသတိ ဝေဒနာ န ဟောတိ၊ ကိသ္မိံ အသတိ တဏှာ န ဟောတိ။ ပ ။ ဥပါဒါနံ ။ ဘဝေါ။ ဇာတိ။ ကိသ္မိံ အသတိ ဇရာမရဏံ န ဟောတီတိ။

အထ ခေါ ဘိက္ခဝေ သုတဝတော အရိယသာဝကဿ အပရပ္ပစ္စယာ ဉာဏမေဝေတ္ထ ဟောတိ ဣမသ္မိံ အသတိ ဣဒံ နဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ အဝိဇ္ဇာယ အသတိ သင်္ခါရာ န ဟောန္တိ၊ သင်္ခါရေသု အသတိ ဝိညာဏံ န ဟောတိ၊ ဝိညာဏေ အသတိ နာမရူပံ န ဟောတိ၊ နာမရူပေ အသတိ သဠာယတနံ န ဟောတိ။ ပ ။ ဇာတိယာ အသတိ ဇရာမရဏံ န ဟောတီတိ။ သော ဧဝံ ပဇာနာတိ ဧဝမယံ လောကော နိရုဇ္ဈတီတိ။

ယတော ခေါ ဘိက္ခဝေ အရိယသာဝကော ဧဝံ လောကဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ ယထာဘူတံ ပဇာနာတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ အရိယသာဝကော ဒိဋ္ဌိသမ္ပန္နော ဣတိပိ၊ ဒဿနသမ္ပန္နော ဣတိပိ၊ အာဂတော ဣမံ သဒ္ဓမ္မံ ဣတိပိ၊ ပဿတိ ဣမံ သဒ္ဓမ္မံ ဣတိပိ၊ သေက္ခေန ဉာဏေန သမန္နာဂတော ဣတိပိ၊ သေက္ခာယ ဝိဇ္ဇာယ သမန္နာဂတော ဣတိပိ၊ ဓမ္မသောတံ သမာပန္နော ဣတိပိ၊ အရိယော နိဗ္ဗေဓိကပညော ဣတိပိ၊ အမတဒွါရံ အာဟစ္စ တိဋ္ဌတိ ဣတိပီတိ။ (သံ၊၁၊၃၀၆-၃၀၈။)

အပရပ္ပစ္စယာတိ န ပရပ္ပစ္စယေန၊ အညဿ အပတ္တိယာယေတွာ အတ္တပစ္စက္ခဉာဏမေဝဿ ဧတ္ထ ဟောတီတိ။ (သံ၊ဋ္ဌ၊၂၊၃၂။)

န ပရပ္ပစ္စယေနာတိ ပရဿ အသဒ္ဒဟနေန။ (သံ၊ဋီ၊၂၊၃၈။)

= ရဟန်းတို့ ... အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ - ဤ အသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏သန္တာန်၌ ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်မလာပေ -အသို့ပါနည်း အဘယ်တရားသည် ထင်ရှားရှိလတ်သော် အဘယ်တရားသည် ဖြစ်ပေါ်လာသနည်း၊ အဘယ်တရား၏ ထင်ရှားဖြစ်ခြင်းကြောင့် အဘယ်တရားသည် ဖြစ်ပေါ်လာသနည်း။

အဘယ်တရားသည် ထင်ရှားရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်သနည်း၊ အဘယ် တရားသည် ထင်ရှားရှိလတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှား ရှိလတ်သော် နာမ်ရုပ်သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် သဠာယတနသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဖဿသည် ထင်ရှားဖြစ်ပေါ် လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရား သည် ထင်ရှားရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဘဝသည် ထင်ရှား ဖြစ်ပေါ် လာသနည်း၊ အဘယ်တရားသည် ထင်ရှားရှိလတ်သော် ဇာတိသည် ထင်ရှားဖြစ်ပေါ်လာသနည်း၊ အဘယ် တရားသည် ထင်ရှားရှိလတ်သော် ဇရာမရဏသည် ထင်ရှားဖြစ်ပေါ်လာသနည်း --- ဟု

ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ် မလာပေ။ ရဟန်းတို့ ...တကယ်စင်စစ်အားဖြင့်သော်ကား အာဂမ သုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ - ဤ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏ သန္တာန်၌ --- မိမိမှတစ်ပါးသော အားထားယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်တတ်သော အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ် သည်သာလျှင် ဖြစ်ပေါ် လာ၏။

ဤ အကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤ အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဤ အကြောင်းတရား၏ ထင်ရှားဖြစ်ခြင်းကြောင့် ဤ အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏။ --- အဝိဇ္ဇာသည် ထင်ရှားရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏၊ သင်္ခါရတို့သည် ထင်ရှားရှိကုန်လတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဝိညာဏ်သည် ထင်ရှားရှိလတ်သော် နာမ်ရုပ်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ နာမ်ရုပ်သည် ထင်ရှားရှိလတ်သော် သဠာယတနသည် ထင်ရှားဖြစ်ပေါ်လာ၏၊ သဠာယတနသည် ထင်ရှား ရှိလတ်သော် ဖဿသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဖဿသည် ထင်ရှားရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ် လာ၏၊ ဝေဒနာသည် ထင်ရှားရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်လာ၏၊ တဏှာသည် ထင်ရှားရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဥပါဒါန်သည် ထင်ရှားရှိလတ်သော် ဘဝသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဘဝသည် ထင်ရှားရှိလတ်သော် ဇာတိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဇာတိသည် ထင်ရှားရှိလတ်သော် ဇရာ+ မရဏသည် ထင်ရှားဖြစ်ပေါ်လာ၏ --- ဟု

ဤသို့သော အသိဉာဏ်သည်သာလျှင် ဖြစ်၏၊ ထိုအရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် -ဤသင်္ခါရလောကသည် ဤသို့ ဖြစ်ပေါ်လာ၏ဟု အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် ကွဲကွဲပြားပြား သိ၏။

ရဟန်းတို့ ...အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ - ဤအသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏သန္တာန်၌ ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်မလာပေ --- အသို့နည်း အဘယ်တရားသည် ထင်ရှားမရှိလတ်သော် အဘယ်တရားသည် ထင်ရှားမဖြစ်ပေါ်လာလေသနည်း၊ အဘယ်တရား၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် အဘယ်တရားသည် ချုပ်လေသနည်း။ ---

အဘယ်တရားသည် ထင်ရှားမရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ်မလာကြကုန်သနည်း၊ အဘယ် တရားသည် ထင်ရှားမရှိလတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှား မရှိလတ်သော် နာမ်ရုပ်သည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် သဠာယတနသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဖဿသည် ထင်ရှား ဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဘဝသည် ထင်ရှားဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဇာတိသည် ထင်ရှား ဖြစ်ပေါ်မလာသနည်း၊ အဘယ်တရားသည် ထင်ရှားမရှိလတ်သော် ဇရာ+မရဏသည် ထင်ရှားဖြစ်ပေါ်မလာ သနည်း --- ဟု

ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်မလာပေ။ ရဟန်းတို့ ...တကယ်စင်စစ်အားဖြင့်သော်ကား အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ - ဤ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိသော အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝက၏ သန္တာန်၌ --- မိမိမှတစ်ပါးသော အားထား ယုံကြည်အပ်သူ မရှိမူ၍ ဤအရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု၏ ပြတ်စဲချုပ်ငြိမ်းမှု ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တတ်သော အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ် သည်သာလျှင် ဖြစ်ပေါ်လာ၏။

ဤ အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤ အကျိုးတရားသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဤ အကြောင်းတရား၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် ဤ အကျိုးတရားသည် (အနုပ္ပါဒ နိရောဓသဘောအားဖြင့်) ချုပ်၏။ ---

အဝိဇ္ဇာသည် ထင်ရှားမရှိလတ်သော် သင်္ခါရတို့သည် ထင်ရှားဖြစ်ပေါ် မလာကြကုန်၊ သင်္ခါရတို့သည် ထင်ရှားမရှိကုန်လတ်သော် ဝိညာဏ်သည် ထင်ရှားဖြစ်ပေါ်မလာ၊ ဝိညာဏ်သည် ထင်ရှားမရှိလတ်သော် နာမ်ရုပ် သည် ထင်ရှားဖြစ်ပေါ်မလာ၊ နာမ်ရုပ်သည် ထင်ရှားမရှိလတ်သော် သဠာယတနသည် ထင်ရှားဖြစ်ပေါ်မလာ၊ သဠာယတနသည် ထင်ရှားမရှိလတ်သော် ဖဿသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဖဿသည် ထင်ရှားမရှိလတ်သော် ဝေဒနာသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဝေဒနာသည် ထင်ရှားမရှိလတ်သော် တဏှာသည် ထင်ရှားဖြစ်ပေါ်မလာ၊ တဏှာသည် ထင်ရှားမရှိလတ်သော် ဥပါဒါန်သည် ထင်ရှားဖြစ်ပေါ်မလာ၊ ဥပါဒါန်သည် ထင်ရှားမရှိလတ်သော် ဘဝသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဘဝသည် ထင်ရှားမရှိလတ်သော် ဇာတိသည် ထင်ရှားဖြစ်ပေါ်မလာ၊ ဇာတိသည် ထင်ရှားမရှိလတ်သော် ဇရာ+မရဏသည် ထင်ရှားဖြစ်ပေါ်မလာ --- ဟု

ဤသို့သော အသိဉာဏ်သည်သာလျှင် ဖြစ်၏၊ ထိုအရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် --- ဤသင်္ခါရလောကသည် (အနုပ္ပါဒနိရောဓသဘောအားဖြင့် ) ဤသို့ ချုပ်ငြိမ်း၏ ဟု အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် ကွဲကွဲပြားပြား သိ၏။

ရဟန်းတို့ ...အကြင်အခါ၌ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ဤသို့လျှင် သင်္ခါရလောက၏ ဖြစ်စဉ်ကိုလည်းကောင်း, ချုပ်စဉ်ကိုလည်းကောင်း မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် ကွဲကွဲပြားပြား သိ၏၊ ရဟန်းတို့ ...ထိုအခါ ဤအရိယာဖြစ်တော် မူသော ငါဘုရားရှင်၏ တပည့်သာဝကကို မှန်ကန်သော သမ္မာဒိဋ္ဌိအယူနှင့် ပြည့်စုံသူဟူ၍လည်းကောင်း, မှန်ကန်သော ဒဿနဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း, ဤ သဒ္ဓမ္မ အမည်ရသည့် သူတော်ကောင်း တရားသို့ ဆိုက်ရောက်လာသူဟူ၍လည်းကောင်း, သဒ္ဓမ္မအမည်ရသည့် ဤသူတော်ကောင်းတရားကို မြင်သူဟူ၍ လည်းကောင်း, ကျင့်ဆဲဖြစ်သည့် သေက္ခဉာဏ်အမြင်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း, ကျင့်ဆဲဖြစ်သည့် သေက္ခ ဝိဇ္ဇာဉာဏ်နှင့် ပြည့်စုံသူဟူ၍လည်းကောင်း, ဓမ္မသောတ အမည်ရသည့် တရားအယဉ်သို့ ကောင်းစွာ ဆိုက်ရောက်လာသူဟူ၍လည်းကောင်း, ကိလေသာထုအစိုင်အခဲကို ဖောက်ခွဲဖျက်ဆီးနိုင်သော ဖြူစင်မြင့်မြတ်သော (ဝိပဿနာပညာ မဂ်ပညာဟူသော) နိဗ္ဗေဓိကပညာနှင့် ပြည့်စုံသူဟူ၍လည်းကောင်း, အမြိုက်နိဗ္ဗာန်တံခါးဝသို့ ဆိုက်ရောက်၍ တည်နေသူဟူ၍လည်းကောင်း ဆိုအပ်၏။ (သံ၊၁၊၃၀၆-၃၀၈။)

နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သမ္မာဒိဋ္ဌိကို ဘုရားရှင်က ဟောကြားထားတော်မူအပ်သည်၏ အဖြစ်ကြောင့် လောကိယဝိပဿနာသမ္မာဒိဋ္ဌိနှင့် လောကုတ္တရာမဂ္ဂသမ္မာဒိဋ္ဌိ နှစ်မျိုးလုံးကိုရောနှောလျက် သမ္မာဒိဋ္ဌိဟု ဘုရားရှင် က ဟောကြားထားတော်မူပေသည်။ (သံ၊ဋ္ဌ၊၂၊၃၂။ သံ၊ဋီ၊၂၊၃၈။)

ထိုကြောင့် ဤသုတ္တန်၌ သေက္ခ အရ - သေက္ခောတိ ပုထုဇ္ဇနကလျာဏကေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီတိ သေက္ခာ။ (အဘိ၊ဋ္ဌ၊၂၊၃၁၅။) -- ဤအဋ္ဌကထာအဖွင့်နှင့်အညီ ကလျာဏပုထုဇန်နှင့် တကွ အောက်အရိယာပုဂ္ဂိုလ် ခုနစ်ဦးတို့ကို သီလ သမာဓိ ပညာဟူသည့် သိက္ခာသုံးရပ်အကျင့်မြတ်ကို ကျင့်ဆဲ ဖြစ်ကြသောကြောင့် သေက္ခပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆိုအပ်ရကား ဤသေက္ခပုဂ္ဂိုလ်စာရင်းတွင် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံသော ကလျာဏပုထုဇန်ပုဂ္ဂိုလ်လည်း ပါဝင်သည်ဟု မှတ်သားပါလေ။

ဤသုတ္တန်တွင် ဘုရားရှင်ကိုယ်တော်တိုင်က ကလျာဏပုထုဇန်နှင့်တကွသော သေက္ခအရိယာသူတော်ကောင်းတို့သည် ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာဒိဋ္ဌိ ဟူသော အပရပ္ပစ္စယဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဉ်ကိုလည်းကောင်း, လောကနိရောဓ ခေါ်သည့် သင်္ခါရလောက၏ ချုပ်စဉ်ကိုလည်းကောင်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါကြောင်းကို ဝန်ခံဟောကြားထားတော်မူပေသည်။ အလားတူပင် သာဝကတို့သည်လည်း လောကသမုဒယနှင့် လောကနိရောဓအကြောင်းကို မိမိတို့သာဝကအချင်းချင်း ဆွေးနွေးရင်းဖြင့် တစ်ပါးနှင့် တစ်ပါးဝန်ခံဟောပြောချက်များလည်း ပိဋကတော်၌ ထင်ရှားရှိသည်သာ ဖြစ်ပေသည်။ ဤတွင် ကောသမ္ဗိသုတ္တန်မှ ကောက်နုတ်ချက်အချို့ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ကောသမ္ဗိသုတ္တန် ကောက်နုတ်ချက်

ကောသမ္ဗိသုတ္တန် ကောက်နုတ်ချက်

တစ်ချိန်ဝယ် အရှင်မုသိလ, အရှင်ပဝိဋ္ဌ, အရှင်နာရဒ, အရှင်အာနန္ဒာ မထေရ် မြတ်ကြီးတို့သည် ကောသမ္ဗိပြည် ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ကြ၏။ ထိုအခါ အရှင်ပဝိဋ္ဌက အရှင်မုသိလ ကို စတင်၍ မေးခွန်းများ မေးတော်မူ၏။ အရှင်မုသိလကလည်း ဖြေကြားတော်မူ၏။ ယင်း အမေးအဖြေတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။ ---

အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အတ္ထာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ဇာတိပစ္စယာ ဇရာမရဏန္တိ။

အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အဟမေတံ ဇာနာမိ အဟမေတံ ပဿာမိ ဇာတိပစ္စယာ ဇရာမရဏန္တိ။ (သံ၊၁၊၃၃၆။)

ထေရော ပန ပဉ္စပိ ဧတာနိ ကာရဏာနိ ပဋိက္ခိပိတွာ ပစ္စက္ခဉာဏေန ပဋိဝိဒ္ဓဘာဝံ ပုစ္ဆန္တော အညတြေဝ အာဝုသော မုသိလ သဒ္ဓါယာတိအာဒိမာဟ။ (သံ၊ဋ္ဌ၊၂၊၁၁၃။)

အမေး --- ငါ့ရှင် မုသိလ ...

၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု,

၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်,

၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု,

၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု,

၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ေ့ရှသွားပြုလျက် စူးစူးစိုက်စိုက် ကြံစည် ၍ နှစ်သက်မှု ---

ဤငါးမျိုးမှ တစ်ပါး အရှင်မုသိလအား ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူ၍ သိသော ပစ္စက္ခဉာဏ်သည် ရှိပါသလောဟု မေးမြန်းလျှောက်ထား၏။

အဖြေ --- ငါ့ရှင် ပဝိဋ္ဌ ...

၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု,

၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်,

၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု,

၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု,

၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ေ့ရှသွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ နှစ်သက်မှု ---

ဤငါးမျိုးမှတစ်ပါးသော ပစ္စက္ခဉာဏ်ဖြင့် --- ဇာတိ အကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူသော ဤအကြောင်းကို တပည့်တော် သိပါ၏၊ တပည့်တော် မြင်ပါ၏ --- ဟု ပြန်လည်လျှောက်ထားတော်မူ၏။ (သံ၊၁၊၃၃၆-၃၃၇။)

အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ပုံသို့တိုင်အောင် အလားတူပင် မေးတော်မူ၏၊ အလားတူပင် ဖြေဆိုတော်မူ၏။တစ်ဖန် သင်္ခါရလောက၏ ချုပ်စဉ်ကိုလည်း ဆက်လက်မေးမြန်းတော်မူပြန်၏။

အညတြေဝ အာဝုသော မုသိလ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အတ္ထာယသ္မတော မုသိလဿ ပစ္စတ္တမေဝ ဉာဏံ ဇာတိနိရောဓာ ဇရာမရဏနိရောဓောတိ။ အညတြေဝ အာဝုသော ပဝိဋ္ဌ သဒ္ဓါယ အညတြ ရုစိယာ အညတြ အနုဿဝါ အညတြ အာကာရပရိဝိတက္ကာ အညတြ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ အဟမေတံ ဇာနာမိ အဟမေတံ ပဿာမိ ဇာတိနိရောဓာ ဇရာမရဏနိရောဓောတိ။ (သံ၊၁၊၃၃၇။)

အမေး --- ငါ့ရှင် မုသိလ ...

၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု,

၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်,

၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု,

၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု,

၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ေ့ရှသွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ နှစ်သက်မှု ---

ဤငါးမျိုးမှ တစ်ပါး အရှင်မုသိလအား ဇာတိ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် ဇရာမရဏ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းသည် ထင်ရှားဖြစ်၏ဟူ၍ သိသော ပစ္စက္ခဉာဏ်သည် ရှိပါသလောဟု မေးမြန်းတော်မူ၏။

အဖြေ --- ငါ့ရှင် ပဝိဋ္ဌ ...

၁။ သဒ္ဓါ = သူတစ်ပါးကို ကိုးစားယုံကြည်မှု,

၂။ ရုစိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် မိမိ၏ အလိုအကြိုက်,

၃။ အနုဿဝ = သူတစ်ပါးထံမှ တစ်ဆင့်ကြားနာရမှု,

၄။ အာကာရပရိဝိတက္က = အခြင်းအရာ အာကာရကို ကြံစည်တွေးခေါ်မှု,

၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ = အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ေ့ရှသွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ နှစ်သက်မှု ---

ဤငါးမျိုးမှတစ်ပါးသော ပစ္စက္ခဉာဏ်ဖြင့် ဇာတိ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းကြောင့် ဇရာမရဏ၏ (အနုပ္ပါဒနိရောဓသဘောအားဖြင့်) ချုပ်ခြင်းသည် ထင်ရှားဖြစ်၏ ဟူသော ဤအကြောင်းကို တပည့်တော် သိပါ၏၊ တပည့်တော် မြင်ပါ၏ဟု ပြန်လည်လျှောက်ထား၏။ (သံ၊၁၊၃၃၇။)

အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောသို့ တိုင်အောင် ပုံစံတူပင် မေးတော်မူ၏၊ ပုံစံတူပင် အဖြေပေးတော် မူ၏။ ဤတွင် အဋ္ဌကထာ ဋီကာတို့၏ ရှင်းလင်းချက်များကို ဆက်လက်၍ တင်ပြအပ်ပါသည်။

၁။ သဒ္ဓါ --- အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါး၏ စကားကို ယုံကြည်၍ ဤသူသည် အကြင် စကားကို ပြောဆို၏၊ ထိုစကားသည် အမှန်သာဖြစ်၏ဟု စွဲယူ၏၊ ဤပုဂ္ဂိုလ်မျိုးကား သူတစ်ပါးကိုသာ ကိုးစားယုံကြည်သော သူတစ်ပါးအသိဖြင့်သာ သိနေသော သူတစ်ပါး၏ပါးစပ်တွင်သာ လမ်းဆုံးနေသော ပုဂ္ဂိုလ်မျိုးတည်း။ အမှားအမှန် ဝေဖန်ဆန်းစစ်မှု မရှိသောသူပင်တည်း။

၂။ ရုစိ --- အခြားပုဂ္ဂိုလ်တစ်ဦးကား ထိုင်လျက် အကြောင်းအရာတစ်ခုကို မိမိကိုယ်တိုင် တွေးခေါ်၏၊ ထို ပုဂ္ဂိုလ်သည် - ဤအကြောင်းအရာသည် ဤအတိုင်းပင် ဖြစ်လိမ့်မည်၊ အခြားတစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်တန်ရာဟု မိမိအလိုအကြိုက်အတိုင်း စဉ်းစားတွေးခေါ်လျက် ထိုအကြောင်းအရာကို နှစ်သက်၏၊ သူတစ်ပါး တို့အား ကိုးစားယုံကြည်မှုမရှိဘဲ မိမိကိုယ်တိုင်ပင်လျှင် မိမိအလိုအကြိုက်အတိုင်း တွေးခေါ်ထားသည့်အတိုင်း နှစ်သက်လျက် ထိုအကြောင်းအရာကို အမှန်ဟု စွဲယူ၏။

၃။ အနုဿဝ --- တစ်ယောက်သောပုဂ္ဂိုလ်ကား ဤအကြောင်းအရာသည် အဘယ်သို့ ဖြစ်ပေါ်လာသလဲ၊ ဤအကြောင်းအရာသည် အဘယ်ကြောင့် ထင်ရှားဖြစ်ပေါ်လာရသလဲ၊ ဤအကြောင်းအရာသည် ဤကဲ့သို့ ဖြစ်ပေါ်လာ၏၊ ဤအကြောင်းအရာသည် ဤအကြောင်းကြောင့် ထင်ရှားဖြစ်ပေါ်လာ၏၊ --- ဤသို့စသည်ဖြင့် အဆင့်ဆင့် ကြားထားဖူး၏။ ကြာမြင့်စွာသော အချိန်ကာလမှစ၍ ဤသို့ အဆင့်ဆင့် ကြားထားဖူးသော စကားသည် ရှိ၏၊ ဤစကားသည် အမှန်သာဖြစ်၏၊ ဤအကြောင်းအရာသည် အမှန်သာ ဖြစ်၏ ဟု သူတစ်ပါးထံမှ တစ်ဆင့် ကြားနာရမှုဖြင့် အကြောင်းအရာတစ်ခုကို အမှန်ဟု စွဲယူ၏။ သူတစ်ပါး၏ ပါးစပ်တွင်သာ လမ်းဆုံးနေရသော ပုဂ္ဂိုလ်တစ်မျိုးပင် ဖြစ်သည်။

၄။ အာကာရပရိဝိတက္က --- အခြားတစ်ယောက်သော ပုဂ္ဂိုလ်ကား - ဤအကြောင်းအရာသည် ဤသို့ကား ဖြစ်လေရာ၏ဟု စဉ်းစားတွေးခေါ်နေစဉ် မိမိကြံစည်စိတ်ကူးတွေးခေါ်လိုက်သော အကြောင်းအရာတစ်ခုသည် တွေးခေါ်ထားသည့် ဝတ္ထုအတိုင်း စိတ်ဝယ် ထင်လာ၏၊ ထိုပုဂ္ဂိုလ်သည် - ဤထင်လာသော အကြောင်းအရာသည် ရှိ၏ဟု မိမိကိုယ်တိုင်ကြံစည်စိတ်ကူးထားသော အခြင်းအရာအားဖြင့် ထိုအကြောင်းအရာကို အမှန်ဟု စွဲယူ၏။ လက်တွေ့မကျင့်ဘဲ အတွေးအခေါ်သက်သက်ဖြင့် လမ်းဆုံးနေသူသာဖြစ်၏။

၅။ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ --- အခြားတစ်ယောက်သောပုဂ္ဂိုလ်ကား အကြောင်းအရာတစ်ခုကို ကြံစည်တွေးခေါ်စဉ် ဤအကြောင်းအရာသည် ဤသို့ကြံစည်တွေးခေါ်ထားသည့်အတိုင်း တစ်စုံတစ်ခုသော အကျိုးသည်ကား ရှိသည် သာတည်း။ အခြားတစ်မျိုးသော အကျိုးမရှိဟူသော အခြင်းအရာအားဖြင့် မဖြစ်ဟု စွဲစွဲမြဲမြဲ သက်ဝင်နှလုံးသွင်း၏၊ ယင်းသို့ စွဲစွဲမြဲမြဲ သက်ဝင်နှလုံးသွင်းသောသူအား တစ်မျိုးသော အဘိနိဝေသ ခေါ်သည့် စွဲစွဲမြဲမြဲ သက်ဝင် ဆုံးဖြတ်ထားအပ်သော အယူအဆတစ်မျိုးသည် ဖြစ်ပေါ်လာ၏၊ ယင်းအယူအဆဖြင့် ထိုအကြောင်းအရာကို စူးစူးစိုက်စိုက် မျက်မှောက်ပြုနေသကဲ့သို့ စဉ်းစားတွေးခေါ်နေသော ထိုပုဂ္ဂိုလ်၏ ထိုအတွေးအခေါ်အပေါ်၌ နှစ်သက်ကျေနပ်လက်ခံမှုသည် ဖြစ်ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် - ဤအကြောင်းအရာသည် ရှိသည်သာတည်း ဟု အတွေးအခေါ်မျှဖြင့် ရရှိလာသည့် အယူအဆကို ရှေးသွားပြုလျက် စူးစူးစိုက်စိုက် ကြံစည်၍ ထိုအကြောင်း အရာကို နှစ်သက်ကျေနပ် လက်ခံထား၏။ ဤကား ဒိဋ္ဌိနိဇ္ဈာနက္ခန္တိတည်း။ (သံ၊ဋ္ဌ၊၂၊၁၁၃။ သံ၊ဋီ၊၂၊၁၂၂ - တို့၌ ကြည့်ပါ။)

အမေးရှင်ကလည်း -- လောကသမုဒယခေါ်သည့် သင်္ခါရလောက၏ ဖြစ်စဉ် = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်းကောင်း, လောကနိရောဓခေါ်သည့် သင်္ခါရလောက၏ ချုပ်စဉ် = ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်းကောင်း -- အထက်ပါ သဒ္ဓါ, ရုစိ, အနုဿဝ, အာကာရပရိဝိတက္က, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ ဟူသော ဤအကြောင်းငါးမျိုးတို့ကို ပယ်ရှားလျက် ပစ္စက္ခဉာဏ်ဖြင့် သိပါသလား မြင်ပါသလားဟု မေးမြန်းခဲ့၏။

အဖြေရှင်ကလည်း ဤငါးမျိုးသော အကြောင်းအရာတို့မှ အခြားတစ်ပါးသော ပစ္စက္ခဉာဏ်ဖြင့်သာလျှင် သင်္ခါရလောက၏ ဖြစ်စဉ်နှင့် ချုပ်စဉ်ကို သိပါကြောင်း မြင်ပါကြောင်းကို ပြန်လည်တင်ပြလျှောက်ထားခဲ့၏။ ထိုအရှင်မုသိလမထေရ်မြတ်ကြီးကိုယ်တိုင်က ပစ္စက္ခဉာဏ်ဖြင့် သိပါ၏ မြင်ပါ၏ဟု ဝန်ခံဖြေကြားထားသော အဖြေတွင်ပါဝင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့၌ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ(၅၀) စသည်၌ ဟော ကြားထားတော်မူအပ်သော - ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ - ဤသို့စသော ဒေသနာတော်နှင့်အညီ --

၁။ အဝိဇ္ဇာ သင်္ခါရ ဟူသော အတိတ်အဓွန့်ကာလတရားစု,

၂။ ဝိညာဏ်မှသည် (ကမ္မ)ဘဝသို့ တိုင်အောင်သော ပစ္စုပ္ပန်အဓွန့်ကာလတရားစု,

၃။ ဇာတိ, ဇရာမရဏဟူသော အနာဂတ်အဓွန့်ကာလတရားစု,

ဤအဓွန့်ကာလတရားသုံးမျိုး ပါဝင်နေသဖြင့် အသင်သူတော်ကောင်းသည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် တို့ကို အတိတ်အဓွန့်ကာလတရား ပစ္စုပ္ပန်အဓွန့်ကာလတရား အနာဂတ်အဓွန့်ကာလတရားဟု ခေါ်ဆိုလိုက လည်း ခေါ်ဆိုပါ၊ သို့မဟုတ် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၂) ဥဒယဗ္ဗယဉာဏ်ခန်း၌ လာရှိသော --- ဇာတာ အဝိဇ္ဇာ ပစ္စုပ္ပန္နာ - စသော ဒေသနာတော်နှင့် အညီ ပစ္စုပ္ပန္နဓမ္မဟုချည်း ခေါ်ဆိုလိုကလည်း ခေါ်ဆိုပါ။ မည်သို့ပင် ခေါ်ဆိုသည် ဖြစ်ပါစေ ---

၁။ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟုခေါ်ဆိုအပ်သော အရိယမဂ်၏ ရှေ့ အဖို့ ဝိပဿနာပိုင်း၌လည်းကောင်း,

၂။ အရိယမဂ်ခဏ၌လည်းကောင်း,

ယင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့ကို - အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်, ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာ, ဝိပဿနာသမ္မာဒိဋ္ဌိ, မဂ္ဂသမ္မာဒိဋ္ဌိ, အပရပစ္စယဉာဏ်, အတ္တပစ္စက္ခဉာဏ် - ဤသို့စသည်ဖြင့် အမည်အမျိုးမျိုးတို့ဖြင့် ဟောကြားထားတော်မူအပ်သော ပစ္စက္ခဉာဏ်ဖြင့်ကား မျက်စိအမြင်ရှိသော ယောက်ျားသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံ အမျိုးမျိုးတို့ကို တွေ့မြင်ရသကဲ့သို့ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးစားအားထုတ်ရမည်သာ ဖြစ်ပေသည်။ ယင်းသို့ သိပါမှ ယင်းသို့ မြင်ပါမှသာလျှင် အာသဝေါ တရားတို့၏ ကုန်ကြောင်း အရိယမဂ်ကို ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း ဘုရားရှင်ကဟောကြားတော်မူလျက်ရှိ၏။ (သံ၊၁၊၂၆၇) ထိုသို့ ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသောအခါမှသာလျှင် အဒိဋ္ဌဖြစ်သော အတိတ် အနာဂတ်တို့၌ နည်းကိုဆောင်၍ အနွယဉာဏ်ဖြင့် ရှုရမည် ဖြစ်ပေသတည်း။

စဉ်းစားနှိုင်းချိန်တော်မူပါ

စဉ်းစားနှိုင်းချိန်တော်မူပါ

ယံ ကိဉ္စိ ရာဟုလ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတိ။ (သံ၊၁၊၄၄၄။ အနုသယသုတ္တ။)

သမ္မပ္ပညာယ ပဿတီတိ သဟ ဝိပဿနာယ မဂ္ဂပညာယ သုဋ္ဌု ပဿတိ။ (သံ၊ဋ္ဌ၊၂၊၁၉၇။)

ဤသုတ္တန်တွင် ဘုရားရှင်က အရှင်ရာဟုလာအား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသည့် ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသည့် သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို -နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ ဟု = အနိစ္စဟု ဒုက္ခဟု အနတ္တဟု မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း သမ္မပ္ပညာဖြင့် ရှုပါဟု ညွှန်ကြားထားတော်မူ၏။ အဋ္ဌကထာကလည်း သမ္မပ္ပညာဖြင့် ရှုပါဟူသည် ဝိပဿနာပညာနှင့်တကွ အရိယမဂ်ပညာဖြင့် ကောင်းမွန်စွာ မြင်အောင် ရှုပါဟု ဆိုလိုကြောင်း ရှင်းပြထား၏။

ဤရှင်းလင်းချက်အရ သမ္မပ္ပညာ = ကောင်းမွန်မှန်ကန်သောပညာ ဟူသည် ဝိပဿနာပညာနှင့် မဂ် ပညာကို ဆိုလိုသည်ဟု မှတ်ပါ။ အတိတ်အနာဂတ်ပစ္စုပ္ပန်စသည့် ဥပါဒါနက္ခန္ဓာတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ဝိပဿနာပညာနှင့်လည်း ရှုပါ၊ အရိယမဂ်ပညာနှင့်လည်း ရှုပါဟု ဆိုလိုသည်။ ထိုသို့ ရှုရာ၌ ယင်းဝိပဿနာပညာ မဂ်ပညာသည် အနွယဉာဏ်လေလော, ပစ္စက္ခဉာဏ်လေလောဟူမူ - ဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထား၏။

သမ္မ။ ပ ။ ပဿတီတိ ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန, မဂ္ဂက္ခဏေ အဘိသမယဝသေန သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။ (သံ၊ဋီ၊၂၊၁၈၁။)

အရိယမဂ်၏ ရှေးအဖို့ ဝိပဿနာပိုင်း၌ အတိတ်ဥပါဒါနက္ခန္ဓာငါးပါး, အနာဂတ်ဥပါဒါနက္ခန္ဓာငါးပါးစသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်တည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကောင်းစွာရှုမြင်၏။ အရိယမဂ်အခိုက်၌ကား ယင်းအတိတ် ဥပါဒါနက္ခန္ဓာ အနာဂတ်ဥပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သတ်ခြင်း အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ယင်းဥပါဒါနက္ခန္ဓာတို့ကို ထိုးထွင်းသိသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကောင်းစွာ ရှုမြင်၏ ---- ဟု ရှင်းလင်း တင်ပြထား၏။

အတိတ် ဥပါဒါနက္ခန္ဓာ အနာဂတ် ဥပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဉ် တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ကို အတ္တပစ္စက္ခဉာဏ်ဟု ဖွင့်ဆိုထားတော်မူ၏။ အလားတူပင် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်ကိုလည်း အတ္တပစ္စက္ခဉာဏ်ဟုပင် ဖွင့်ဆိုထားတော်မူ၏။ ယင်းသို့ ဖွင့်ဆိုနေသော ဋီကာဆရာတော်မှာ အာစရိယဓမ္မပါလ အမည်ရှိတော်မူသော ဆရာတော် အရှင်ဓမ္မပါလ မထေရ်မြတ် ပင် ဖြစ်သည်။ တစ်ဖန် ---

အထ ခေါ ရူပါနိ ဝိယ စက္ခုဝိညာဏေန ရူပါဒီနိ တေသံ စ သမုဒယာဒိကေ ပစ္စက္ခေ ကတွာ ဒဿနံ ...(သံ၊ဋီ၊၂၊၆၃။)

အဝိဇ္ဇာသမုဒယာတိ အဝိဇ္ဇာယ ဥပ္ပါဒါ၊ အတ္ထိဘာဝါတိ အတ္ထော။ နိရောဓဝိရောဓီ ဟိ အတ္ထိဘာဝေါ ဟောတိ၊ တသ္မာ နိရောဓေ အသတိ အတ္ထိဘာဝေါ ဟောတိ၊ တသ္မာ ပုရိမဘဝသိဒ္ဓါယ အဝိဇ္ဇာယ သတိ ဣမသ္မိံ ဘဝေ ရူပဿ သမုဒယော ရူပဿ ဥပ္ပါဒေါ ဟောတီတိ အတ္ထော။ တဏှာသမုဒယာ ကမ္မသမုဒယာတိ ဧတ္ထာပိ ဧသေဝ နယော။ (သံ၊ဋီ၊၂၊၅၈။)

အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (သံ၊ဋီ၊၂၊၅၉။ မဟာဋီ၊၂၊၄၂၁။)

မျက်စိအမြင်ရှိသော ယောက်ျားသည် စက္ခုဝိညာဏ်ဖြင့် ရူပါရုံတို့ကို တွေ့မြင်ရသကဲ့သို့ အလားတူပင်-

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုလည်းကောင်း,

၂။ (က) ကမ္မဘဝကို ထူထောင်ခဲ့စဉ် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိနေခြင်းကြောင့် ပဋိသန္ဓေခန္ဓာငါးပါး အစ ရှိသော ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း သမုဒယသဘောကိုလည်းကောင်း, (ခ) ပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှား ဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါး အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော သမုဒယသဘောကိုလည်းကောင်း, (ဂ) ယင်းဥပါဒါနက္ခန္ဓာတို့၏ စ၍ဖြစ်ခြင်း နိဗ္ဗတ္တိလက္ခဏာဟူသော သမုဒယသဘောကိုလည်းကောင်း,

၃။ (က) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် နောက်ထပ် တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း ခြင်းကြောင့် အနာဂတ်အကျိုး ဥပါဒါနက္ခန္ဓာတို့၏လည်း ခန္ဓပရိနိဗ္ဗာန်စံသောအခါ၌ နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း = နိရောဓသဘော = အတ္ထင်္ဂမသဘောကိုလည်းကောင်း, (ခ) ယင်း ဥပါဒါနက္ခန္ဓာတို့၏ ဝိပရိဏာမလက္ခဏာ ဟူသော ပျက်ခြင်း ဘင် = နိရောဓသဘော အတ္ထင်္ဂမ သဘောကိုလည်းကောင်း ---

ဤ သမုဒယသဘော နိရောဓသဘော = (အတ္ထင်္ဂမသဘော) ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စက္ခဉာဏ် ဖြင့် သိပါ၏ မြင်ပါ၏ ဟု ဖွင့်ဆိုရေးသားထားတော်မူသော သံယုတ်ဋီကာဆရာတော်မှာလည်း အာစရိယဓမ္မပါလ အမည်ရှိတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်ပင် ဖြစ်သည်။ တစ်ဖန် ---

နယဒဿနဝသေန ဝါ ဧဝံ ဝုတ္တံ။ ပဌမဥှိ ပစ္စုပ္ပန္နဓမ္မာနံ ဥဒယဗ္ဗယံ ဒိသွာ အထ အတီတာနာဂတေ နယံ နေတိ။ (မဟာဋီ၊၂၊၄၂၃။)

တစ်နည်း ---- နယဒဿန = နည်းကိုပြသည်၏ အစွမ်းဖြင့် ဤသို့ ဖွင့်ဆိုခြင်းတည်း။ ရှေးဦးစွာ ပစ္စုပ္ပန္နဓမ္မ တို့၏ ----

၁။ (က) ကမ္မဘဝကို ထူထောင်ခဲ့စဉ် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိနေခြင်းကြောင့် ပစ္စုပ္ပန်ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသည့် အကျိုးဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း ဥဒယကိုလည်းကောင်း, (ခ) ပစ္စုပ္ပန်တွင် ပြုစု ပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း တရားတို့၏ ထင်ရှားဖြစ်ခြင်း ထင်ရှားရှိနေခြင်းကြောင့် အနာဂတ်အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း ဥဒယကိုလည်းကောင်း, (ဂ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အနာဂတ်အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ခန္ဓပရိနိဗ္ဗာန်စံသော အခါ၌ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်း ဝယသဘောကိုလည်းကောင်း ရှုမြင်တတ်သော ပစ္စယတော ဥဒယဗ္ဗယဒဿန ---

၂။ (အကြောင်း) အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ခဏအားဖြင့် ဖြစ်မှု ပျက်မှုကို ရှုမြင်တတ်သော ခဏတော ဥဒယဗ္ဗယဒဿန ---

ဤနှစ်မျိုးသော ဥဒယဗ္ဗယကို ပစ္စက္ခဉာဏ်ဖြင့် ရှုမြင်ပြီးပါမှ အဒိဋ္ဌဖြစ်သော အတိတ်အနာဂတ်တို့၌ နည်းကိုဆောင်၍ ၎င်းင်းနည်းဟု ရှုပါ - ဟု ဤသို့ ဖွင့်ဆိုထားတော်မူသော မဟာဋီကာဆရာတော်မှာလည်း အာစရိယဓမ္မပါလ အမည်ရှိတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်ပင် ဖြစ်ပေသည်။

ထိုကြောင့် အတိတ်အနာဂတ်မှန်သမျှကို ပစ္စက္ခဉာဏ်လုံးဝမပါဘဲ အနွယဉာဏ်သက်သက်ဖြင့်သာလျှင် အနုမာန မျက်ရမ်းဆ၍ မှန်းဆရှုရမည်ဟု ဋီကာဆရာတော်က ဖွင့်ဆိုမထားသည်ကိုကား နိဗ္ဗာန်ကို လိုလား တောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည် သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် စဉ်းစားနှိုင်းချိန်လေရာသည်။

အမြတ်ဆုံးစကားတော်

အမြတ်ဆုံးစကားတော်

ယံ ဗုဒ္ဓေါ ဘာသတေ ဝါစံ၊ ခေမံ နိဗ္ဗာနပတ္တိယာ။

ဒုက္ခဿန္တကိရိယာယ၊ သာ ဝေ ဝါစာနမုတ္တမာ။ (သံ၊၁၊၁၉၁။)

ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူပြီးသည်ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကိုလည်း ယင်း သစ္စာလေးရပ် တရားမြတ်ကို ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်း သိမြင်စေတော်မူတတ်သောကြောင့် ဗုဒ္ဓဟူသော အမည်တော်ကို ရရှိတော်မူသည့် ဘုရားရှင်သည်။ နိဗ္ဗာနပတ္တိယာ = ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းရာ မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်သို့ ပစ္စက္ခဉာဏ်ဖြင့် အာရုံမျက်မှောက် ဆိုက်ရောက်ခြင်းငှာလည်းကောင်း။ ဒုက္ခဿ = ကာမ ရူပ အရူပဟု ခေါ်ဆိုသမုတ်အပ်သည့် ဘဝသုံးထပ် ဘုံသုံးရပ် တည်းဟူသော တေဘူမက ဝဋ်ဒုက္ခ၏။ အန္တကိရိယာယ = ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းခြင်းဖြင့် အဆုံးအပိုင်းအခြားကို ပြုခြင်းငှာလည်းကောင်း။ ခေမံ = ဘေးဒုက္ခ အဝဝတို့၏ ကုန်ရာကုန်ကြောင်း ငြိမ်းအေးရာ ငြိမ်းအေးကြောင်းဖြစ်သော။ ယံ ဝါစံ = သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဟု ခေါ်ဆို သမုတ်အပ်သည့် အကြင်တရားစကားတော်ကို။ ဘာသတေ = ကရုဏာေ့ရှသွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ။ သာ ဝါစာ = သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဟု ခေါ်ဆို သမုတ်အပ်သည့် ထိုတရားစကားတော်သည်ကား။ ဝါစာနံ = စကားဟူသမျှတို့တွင်။ ဥတ္တမာ = အသာဆုံး အမြတ်ဆုံး စကားတော် ဖြစ်တော်မူပါပေသတည်း။ (သံ၊၁၊၁၉၁။ သံ၊ဋ္ဌ၊၁၊၂၅၂။)

ဤမျှသော စကားအစဉ် တရားအယင်ဖြင့် ပစ္စက္ခဉာဏ်နှင့် အနွယဉာဏ် အကြောင်းကို နိဂုံးခါးပတ် အဆုံးသတ်လိုက်ပါသည်။ အသင်သူတော်ကောင်းသည် ဤရှင်းလင်းချက်များကို ကျေကျေနပ်နပ်ကြီး လက်ခံ နိုင်ပါက ဘဒ္ဒေကရတ္တသုတ္တန်နှင့် ဆက်စပ်လျက် ရှင်းလင်းတင်ပြထားသော ရှင်းလင်းချက်များကိုလည်း လက်ခံ နိုင်လိမ့်မည်ဟု မျှော်လင့်အပ်ပါသတည်း။

ဘဒ္ဒေကရတ္တ (ကောင်းသော ည တစ်ည) သုတ္တန် - ရှင်းလင်းချက်

ဘဒ္ဒေကရတ္တ (ကောင်းသော ည တစ်ည) သုတ္တန် - ရှင်းလင်းချက်

နိကာယ်ငါးရပ်တို့တွင် မဇ္ဈိမနိကာယ်၌ အဝင်အပါ ဖြစ်သော ဥပရိပဏ္ဏာသပါဠိတော် ဝိဘင်္ဂဝဂ် တွင် -ဘဒ္ဒေကရတ္တ = ကောင်းသော ည တစ်ည ဟူသော အမည်ဖြင့် သုတ္တန်လေးခု လာရှိပေသည်။ ထိုတွင် ပထမ ဘဒ္ဒေကရတ္တသုတ္တန်ကား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော် မူအပ်သော သမ္မာသမ္ဗုဒ္ဓဘာသိတသုတ္တန် ဖြစ်၏။

ဒုတိယသုတ္တန်ကား အသျှင်အာနန္ဒာကိုယ်တော်မြတ် ဟောကြားတော်မူအပ်သော သုတ္တန် ဖြစ်၏။

တတိယသုတ္တန်ကား အသျှင်မဟာကစ္စည်းမထေရ်မြတ် ဟောကြားတော်မူအပ်သော သုတ္တန် ဖြစ်၏။

စတုတ္ထသုတ္တန်မှာ အသျှင်လောမသကင်္ဂိယမထေရ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သမ္မာသမ္ဗုဒ္ဓဘာသိတ သုတ္တန်ပင် ဖြစ်၏။

ပထမ - ဒုတိယ - စတုတ္ထသုတ္တန်တို့တွင် ခန္ဓာငါးပါးနည်းဖြင့် တတိယသုတ္တန်တွင် အာယတန တစ်ဆယ့်နှစ်ပါးနည်းဖြင့် ဘဒ္ဒေကရတ္တ = ကောင်းသော ည တစ်ည - အဓိပ္ပါယ်ကို ရှင်းလင်း ဟောကြားထားတော် မူပေသည်။

ထို သုတ္တန်တို့တွင် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိနေသော အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး သို့မဟုတ် အာယတန တစ်ဆယ့်နှစ်ပါးတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာတို့ဖြင့် နေ့ညဉ့်တို့ ပတ်လုံး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ရဟန်းတော်ကို ကောင်းသော ည တစ်ည ရှိသော ရဟန်း ထိုညကို ကောင်းသော ည တစ်ညဟု ဟောကြားထားတော်မူပေသည်။

အသင်ယောဂီသူတော်ကောင်းသည်လည်း ကောင်းသော ည တစ်ည ရှိသော ယောဂါဝစရပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန် ဖြစ်လိုသော် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော အကြောင်းတရားနှင့်တကွ ခန္ဓာငါးပါး အာယတနတစ်ဆယ့်နှစ်ပါးတို့ကို နေ့ညဉ့်တို့ပတ်လုံး အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာ တို့ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမည် ဖြစ်ပေသည်။ ဤကျမ်းစာတွင်ကား ကောင်းသော ည တစ်ည ရှိသော ရဟန်း ဖြစ်ရေးအတွက် ခန္ဓာ ငါးပါး = အာယတန တစ်ဆယ့်နှစ်ပါး = ရုပ်နာမ်တရားတို့ကို ပရိညာ ဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ထိုးထွင်း သိမြင်ရေးကို ဦးတည်လျက် အာနာပါနလမ်းစဉ်မှ အရဟတ္တဖိုလ်ပေါက် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို အဆင့်ဆင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသတည်း။

_________

ဘဒ္ဒေကရတ္တသုတ္တန်

ဘဒ္ဒေကရတ္တသုတ္တန်

ဘဒ္ဒေကရတ္တသုတ္တန်များတွင် အကျဉ်းဥဒ္ဒေသ ဂါထာ လေးဂါထာတို့ကို ဟောကြားတော်မူပြီးနောက် ယင်း ဂါထာတို့၏ ဆိုလိုရင်းအဓိပ္ပါယ်ကို ဆက်လက်၍ ရှင်းလင်း ဟောကြားထားတော်မူပေသည်။ ယင်းလေးဂါထာ တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။

၁။ အတီတံ နာနွာဂမေယျ၊ နပ္ပဋိကင်္ခေ အနာဂတံ။

ယဒတီတံ ပဟီနံ တံ၊ အပ္ပတ္တဉ္စ အနာဂတံ။

၂။ ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။

အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။

၃။ အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကော ဇညာ မရဏံ သုဝေ။

န ဟိ နော သင်္ဂရံ တေန၊ မဟာသေနေန မစ္စုနာ။

၄။ ဧဝံ ဝိဟာရိံ အာတာပိံ၊ အဟောရတ္တမတန္ဒိတံ။

တံ ဝေ ဘဒ္ဒေကရတ္တောတိ၊ သန္တော အာစိက္ခတေ မုနိ။ (မ၊၃၊၂၂၆။ ...)

ဤအထက်ပါ ဂါထာတို့၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

၁။ (က) အတိတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)သည် ချုပ်ပျက်ခဲ့ပြီး ဖြစ်သောကြောင့် အတိတ် ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာဟူ၍ အစဉ် မလိုက်လေရာ။

( ခ ) အနာဂတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး) သည်လည်း မရောက်ရှိလာသေး မဖြစ်ပေါ် လာ သေးသောကြောင့် အနာဂတ်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ကိုလည်း တဏှာ-ဒိဋ္ဌိတို့ဖြင့် မမျှော်လင့် မတောင့်တလေရာ။

၂။ အကြင်ပညာရှိသူတော်ကောင်းသည် ပစ္စုပ္ပန်ဖြစ်သော ခန္ဓာငါးပါး (= အာယတန-၁၂-ပါး)ဟူသော တရား ကိုလည်း ----

(က) ထိုထို ဖြစ်ဆဲခဏ၌

( ခ ) ထိုထို တရားအစုအပုံ၌

( ဂ ) တောအရပ် အစရှိသော ထိုထို နေရာ၌ - အနိစ္စာနုပဿနာစသော ခုနစ်မျိုးသော အနုပဿနာတို့ဖြင့် ဝိပဿနာရှုပွားသုံးသပ်၍ နေ၏။ ထိုပညာရှိသူတော်ကောင်းသည် တဏှာ-ဒိဋ္ဌိတို့သည် ငါ-ငါ့ဟာ ဟု မဆွဲငင်အပ် မဆွဲငင်နိုင်သော တဏှာ ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော ထိုဝိပဿနာဉာဏ်ကို အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်ရာ၏။ တစ်နည်း ---- တဏှာ ဒိဋ္ဌိတို့သည် ငါ-ငါ့ဟာဟု မဆွဲငင်အပ် မဆွဲငင်နိုင်သော တဏှာ ဒိဋ္ဌိတို့ကြောင့် ပျက်စီးမှု မရှိသော ထိုအသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်ကို ဖလသမာပတ်ကို ဝင်စားသောအားဖြင့် အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ် ရာ၏။

၃။ ထို ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ အဖန်ဖန် အထပ်ထပ် ဝိပဿနာ ရှုပွား အားထုတ်ရန် အလို့ငှာ, တစ်နည်း ----- ထိုဖလသမာပတ်ကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်ရန်အလို့ငှာ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော အာတပ္ပအမည်ရသည့် သမထ ဝိပဿနာဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော သမ္မပ္ပဓာန်လုံ့လဝီရိယကို ယနေ့ပင်လျှင် လုံ့လကြိုးကုတ်အားထုတ်ရာ၏။ နက်ဖြန်သန်ဘက်၌ သေမည် ရှင်မည် ဤ နှစ်လီကို အဘယ်မည်သော ပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်သည် သိရှိနိုင်ပါအံ့နည်း။ မှန်ပေသည် ----- ငါတို့အား စစ်သည် ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့၍ လည်းကောင်း, လက်ဆောင်တံစိုး ထိုး၍လည်းကောင်း, စစ်သည်ဗိုလ်ထုဖြင့် တားမြစ်ခုခံ၍လည်းကောင်း ဤနေ့ခါမူ ဤရက်ခါမူ ဤလခါမူ ဤနှစ်ခါမူ သေအံ့ဟူ၍ သဘောတူချိန်းချက်ထားခြင်းမည်သည် မရှိ သည်သာလျှင်တည်း။

၄။ ဤသို့လျှင် ပျင်းရိမှု မရှိဘဲ နေ့ညဉ့်ပတ်လုံး ကိလေသာကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော သမထ ဝိပဿနာဘာဝနာဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော အာတပ္ပအမည်ရသော သမ္မပ္ပဓာန် လုံ့လ ဝီရိယကို ဖြစ်ပေါ်လာအောင် လုံ့လကြိုးကုတ်အားထုတ်လျက် နေထိုင်လေ့ရှိသော ထိုရဟန်းကို စင်စစ် ဧကန် အမှန်အားဖြင့် ကောင်းသော ည တစ်ည ရှိသော ရဟန်း ဟူ၍ ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီး ငြိမ်းအေးတော်မူပြီးသော ဗုဒ္ဓမုနိ အမည်ရသည့် မုနိထွတ်ထား သဗ္ဗညု သမ္မာသမ္ဗုဒ္ဓ ဘုရား ရှင်သည် ဟောကြားတော်မူအပ်ပါပေ၏။ (မ၊၃၊၂၂၆။)

_________

အတိတ်ကို လိုက်ပုံ

အတိတ်ကို လိုက်ပုံ

အထက်ပါ အမှတ် (၁) ဂါထာစကားရပ်တွင် အတီတံ နာနွာဂမေယျ = အတိတ်ကို မလိုက်ရာဟူသော ညွှန်ကြားတော်မူချက်နှင့် ပတ်သက်၍ အတိတ်ကိုလိုက်ပုံ - မလိုက်ပုံများကို ဘုရားရှင်ကိုယ်တော်တိုင် အောက်ပါ အတိုင်း အဓိပ္ပါယ်ရှင်းလင်းလျက် ဟောကြားထားတော်မူခဲ့လေသည်။

ကထဉ္စ ဘိက္ခဝေ အတီတံ အနွာဂမေတိ၊ ဧဝံ ရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ။ ဧဝံ ဝေဒနော။ ပ ။ ဧဝံ သညော။ ဧဝံ သင်္ခါရော။ ဧဝံ ဝိညာဏော အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အတီတံ အနွာဂမေတိ။ (မ၊၃၊၂၂၆။)

တတ္ထ နန္ဒိံ သမနွာနေတီတိ တေသု ရူပါဒီသု တဏှံ သမနွာနေတိ အနုပဝတ္တေတိ။ (မ၊ဋ္ဌ၊၄၊၁၇၁။)

= ရဟန်းတို့ ...အဘယ်သို့လျှင် အတိတ်ကို အစဉ်လိုက်လေသနည်း?

၁။ အတိတ်ကာလက ဤကဲ့သို့သော ရုပ်တရားသည် ဖြစ်ခဲ့လေပြီဟု ထိုအတိတ်ရုပ်တရား၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏။

၂။ အတိတ်ကာလက ဤကဲ့သို့သော ခံစားမှု = ဝေဒနာတရားသည်,

၃။ ဤကဲ့သို့သော မှတ်သားမှု = သညာတရားသည်,

၄။ ဤကဲ့သို့သော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုသည်,

၅။ ဤကဲ့သို့သော သိမှု = ဝိညာဏ်တရားသည် ဖြစ်ခဲ့လေပြီဟု ထိုအတိတ် (ဝေဒနာ-သညာ-သင်္ခါရ) ဝိညာဏ်တရား၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏၊ ရဟန်းတို့ ...ဤသို့လျှင် အတိတ်ကို အစဉ်လိုက်နေ၏။ (မ၊၃၊၂၂၆။)

ဤအထက်ပါ ဘုရားရှင်၏ ဟောကြားတော်မူချက်တွင် အတိတ်ကာလက ဖြစ်ခဲ့သော ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်တို့၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေလျှင် အတိတ်ကို အစဉ်လိုက်နေ၏ - ဟူသော လိုရင်း စကားရပ်ကို စွဲစွဲမြဲမြဲ မှတ်သားထားပါ။ တစ်ဖန် အရှင်မဟာကစ္စည်းမထေရ်မြတ်ကလည်း အတိတ်လိုက်ပုံကို ဤသို့ ရှင်းလင်းဟောကြားထားတော်မူခဲ့ပြန်၏။

ကထဉ္စ အာဝုသော အတီတံ အနွာဂမေတိ? ဣတိ မေ စက္ခု အဟောသိ အတီတမဒ္ဓါနံ၊ ဣတိ ရူပါတိ၊ တတ္ထ ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော အတီတံ အနွာဂမေတိ။ (မ၊၃၊၂၃၆။)

သီတင်းသုံးဖော် ငါ့ရှင်တို့ ...အဘယ်သို့လျှင် အတိတ်ကို အစဉ်လိုက်လေသနည်း?

အတိတ်ကာလက ငါ၏စက္ခုအကြည်ဓာတ်သည် ဤသို့ ဖြစ်ခဲ့လေပြီ၊ ငါ၏ရူပါရုံတို့သည် ဤသို့ ဖြစ်ခဲ့လေကုန်ပြီ ဟု ထိုအတိတ်စက္ခုအကြည်ဓာတ်နှင့် ရူပါရုံတို့၌ လိုလားတပ်မက်ခြင်း ဆန္ဒရာဂနှင့် ဆက်စပ်လျက်ရှိသော နိကန္တိ ဝိညာဏ်သည် ဖြစ်ပေါ်လာ၏။ သိတတ်သော ( နိကန္တိ ) ဝိညာဏ်တရား၏ လိုလားတပ်မက်ခြင်း ဆန္ဒရာဂနှင့် ဆက်စပ်နေသောကြောင့် ထိုအတိတ်စက္ခုအကြည်ဓာတ် ရူပါရုံကို အလွန်နှစ်သက်နေ၏။ ထိုအတိတ် စက္ခုအကြည်ဓာတ် ရူပါရုံကို နှစ်သက်သော် အတိတ်ကို လိုက်နေပေ၏။ (ကျန်အာယတနများကို လည်း ပုံစံတူပင် ဟောကြားတော်မူပါသည်။)

ဤအထက်ပါ ဟောကြားတော်မူချက်တွင်လည်း အတိတ်ကာလက ဖြစ်ခဲ့သော အာယတန (၁၂)ပါးတို့ အပေါ်၌ အလွန်နှစ်သက်နေသော် အတိတ်ကို လိုက်နေပေ၏ - ဟူသော စကားရပ်ကိုလည်း သံမှိုနှင့်နှက်သကဲ့သို့ စွဲသထက်စွဲအောင် တစ်ဖန် ထပ်၍ မှတ်သားထားပါဦး။

အတိတ်ကို မလိုက်ပုံ

အတိတ်ကို မလိုက်ပုံ

ကထဉ္စ ဘိက္ခဝေ အတီတံ နာနွာဂမေတိ၊ ဧဝံ ရူပေါ အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ န သမနွာနေတိ။ ဧဝံ ဝေဒနော။ ပ ။ ဧဝံ သညော။ ဧဝံ သင်္ခါရော။ ဧဝံ ဝိညာဏော အဟောသိံ အတီတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ န သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အတီတံ နာနွာဂမေတိ။ (မ၊၃၊၂၂၆-၂၂၇။)

= ရဟန်းတို့ ...အဘယ်သို့လျှင် အတိတ်ကို အစဉ်မလိုက်လေသနည်း?

၁။ အတိတ်ကာလက ဤကဲ့သို့သော ရုပ်တရားသည် ဖြစ်ခဲ့လေပြီ ဟု ထိုအတိတ်ရုပ်တရား၌ နှစ်သက်မှု နန္ဒီ တရားကို မဖြစ်စေ။

၂။ အတိတ်ကာလက ဤကဲ့သို့သော ခံစားမှု ဝေဒနာတရားသည်,

၃။ ဤကဲ့သို့သော မှတ်သားမှု သညာတရားသည်,

၄။ ဤကဲ့သို့သော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုသည်,

၅။ ဤကဲ့သို့သော သိမှု ဝိညာဏ်တရားသည် ဖြစ်ခဲ့လေပြီဟု ထိုအတိတ် ( ဝေဒနာ-သညာ-သင်္ခါရ ) ဝိညာဏ် ၌ နှစ်သက်မှု နန္ဒီတရားကို မဖြစ်စေ။ ရဟန်းတို့ ...ဤသို့လျှင် အတိတ်ကို အစဉ်မလိုက်ပေ။ (မ၊၃၊၂၂၆-၂၂၇။)

တစ်ဖန် အရှင်မဟာကစ္စည်းမထေရ်မြတ်ကလည်း အတိတ်မလိုက်ပုံကို အောက်ပါအတိုင်းရှင်းလင်း တင်ပြထားပြန်၏။

ကထဉ္စ အာဝုသော အတီတံ နာနွာဂမေတိ။ ဣတိ မေ စက္ခု အဟောသိ အတီတမဒ္ဓါနံ၊ ဣတိ ရူပါတိ၊ တတ္ထ န ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ န ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ န တဒဘိနန္ဒတိ၊ န တဒဘိနန္ဒန္တော အတီတံ နာနွာဂမေတိ။ (မ၊၃၊၂၃၆။)

သီတင်းသုံးဖော် ငါ့ရှင်တို့ ...အဘယ်သို့လျှင် အတိတ်ကို အစဉ်မလိုက်လေသနည်း?

အတိတ်ကာလက ငါ့အား ဤသို့သော စက္ခုအကြည်ဓာတ်သည် ဖြစ်ခဲ့ဖူးလေပြီ၊ ဤသို့သော ရူပါရုံတို့သည် ဖြစ်ခဲ့ဖူးလေကုန်ပြီ ဟု ထိုအတိတ်ဖြစ်သော စက္ခုအကြည်ဓာတ် ရူပါရုံတို့၌ လိုလားတပ်မက်ခြင်း ဆန္ဒရာဂနှင့် ဆက်စပ် လျက်ရှိသော သိမှု (နိကန္တိ) ဝိညာဏ်သည် မဖြစ်။ သိမှု ဝိညာဏ်၏ ဆန္ဒရာဂနှင့် ဆက်စပ်မှု မရှိသည့် အတွက်ကြောင့် ထိုအတိတ်စက္ခုအကြည်ဓာတ်နှင့် ရူပါရုံကို မနှစ်သက်၊ ထိုအတိတ်စက္ခုအကြည်ဓာတ်နှင့် ရူပါရုံ ကို မနှစ်သက်သော် အတိတ်ကို အစဉ်မလိုက်ပေ။ (မ၊၃၊၂၃၆။)

ကျန်အာယတနတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။ ဤဟောကြားချက်၌လည်း - အတိတ်အာယတန (၁၂)ပါးတို့၌ နှစ်သက်နေသော် အတိတ်ကို အစဉ်လိုက်သည်မည်၍၊ အတိတ်အာယတန (၁၂) ပါးတို့၌ မနှစ်သက်သော် အတိတ်ကို အစဉ်မလိုက်ဟူသော အဆိုအမိန့်ကိုလည်း ထပ်မံ မှတ်သားထားပါ။

ဤအထက်ပါ ဘုရားရှင်၏ ရှင်းလင်းချက်နှင့် အရှင်မဟာကစ္စည်းမထေရ်မြတ်တို့၏ ရှင်းလင်းချက်မှာ အတိတ်ဖြစ်သော ခန္ဓာ (၅) ပါး အာယတန (၁၂) ပါးဟူသော ရုပ်တရား နာမ်တရားတို့၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေလျှင် အတိတ်ကို လိုက်သည်မည်၍ နှစ်သက်မှု နန္ဒီတရားကို မဖြစ်စေလျှင် အတိတ်ကို မလိုက်သည်မည် ကြောင်းသာ ရှင်းလင်းထား၏။ အတိတ်ခန္ဓာအာယတနတို့၌ နှစ်သက်မှု နန္ဒီတရားမဖြစ်အောင် ကျင့်ရန်သာ ညွှန်ကြားထားသော ဒေသနာတော်တို့ ဖြစ်ကြ၏။ အတိတ်ခန္ဓာအာယတနတို့၌ နှစ်သက်မှု နန္ဒီတရား မဖြစ်ရန် သို့မဟုတ် တဏှာ ဒိဋ္ဌိ မဖြစ်အောင် ကျင့်ရန်သာ ညွှန်ကြားထားသော ဒေသနာတော်များသာ ဖြစ်သည့်အတွက် အတိတ် ခန္ဓာ-အာယတန-ရုပ်-နာမ်တို့ကို ဝိပဿနာမရှုရန် ညွှန်ကြားထားသော ဒေသနာတော်များ မဟုတ်ကြ သည်ကိုကား အထူးသတိပြု၍ မှတ်သားလေရာ၏။

အနာဂတ်ကို မျှော်ပုံ

အနာဂတ်ကို မျှော်ပုံ

ကထဉ္စ ဘိက္ခဝေ အနာဂတံ ပဋိကင်္ခတိ? ဧဝံ ရူပေါ သိယံ အနာဂတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ။ ဧဝံ ဝေဒနော သိယံ။ ပ ။ ဧဝံ သညော သိယံ။ ဧဝံ သင်္ခါရော သိယံ။ ဧဝံ ဝိညာဏော သိယံ အနာဂတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အနာဂတံ ပဋိကင်္ခတိ။ (မ၊၃၊၂၂၇။)

= ရဟန်းတို့ ...အဘယ်သို့လျှင် အနာဂတ်ကို မျှော်လင့်တောင့်တလေသနည်း?

၁။ နောင်အနာဂတ်ကာလ၌ ဤကဲ့သို့သော ရုပ်တရားသည် ဖြစ်ရလို၏ဟု ထိုအနာဂတ်ဖြစ်သော ရုပ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏။

၂။ နောင်အနာဂတ်ကာလ၌ ဤကဲ့သို့သော ခံစားမှု = ဝေဒနာတရားသည်။ ပ ။

၃။ ဤကဲ့သို့သော မှတ်သားမှု = သညာတရားသည်။

၄။ ဤကဲ့သို့သော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုသည်။

၅။ ဤကဲ့သို့သော သိမှု = ဝိညာဏ်တရားသည် ဖြစ်ရလို၏ဟု ထိုအနာဂတ်ဖြစ်သော ( ဝေဒနာ-သညာ- သင်္ခါရ ) ဝိညာဏ်တရားအပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေ၏။

ရဟန်းတို့ ...ဤသို့လျှင် အနာဂတ်ကို မျှော်လင့်တောင့်တ၍ နေပေ၏။ (မ၊၃၊၂၂၇။)

ဤကား အနာဂတ်ကိုမျှော်ပုံနှင့် ပတ်သက်၍ ဘုရားရှင်၏ ရှင်းလင်းဟောကြားထားတော်မူချက်ပင် ဖြစ်သည်။ တစ်ဖန် အရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကြီးကလည်း အနာဂတ်ကို မျှော်နေပုံကို အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့ပေသည်။ ----

ကထဉ္စ အာဝုသော အနာဂတံ ပဋိကင်္ခတိ။ ဣတိ မေ စက္ခု သိယာ အနာဂတမဒ္ဓါနံ၊ ဣတိ ရူပါတိ အပ္ပဋိလဒ္ဓဿ ပဋိလာဘာယ စိတ္တံ ပဏိဒဟတိ၊ စေတသော ပဏိဓာနပစ္စယာ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော အနာဂတံ ပဋိကင်္ခတိ။ (မ၊၃၊၂၃၇။)

= သီတင်းသုံးဖော် ငါ့ရှင်တို့ ... အဘယ်သို့လျှင် အနာဂတ်ကို မျှော်လင့်တောင့်တလေသနည်း? နောင်အနာဂတ်ကာလ၌ ငါ၏ စက္ခုအကြည်ဓာတ်သည် ဤသို့ ဖြစ်ရလို၏၊ ငါ၏ အဆင်းရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟု ဤသို့လျှင် မရအပ်သေးသော စက္ခုအကြည်ဓာတ် ရူပါရုံကို ရရှိရန်အလို့ငှာ စိတ်ကို ဆောက်တည်ထား၏၊ စိတ်၏ ဆောက်တည်ထားခြင်းတည်း ဟူသော အကြောင်းကြောင့် ထို စက္ခုအကြည်ဓာတ် ရူပါရုံကို နှစ်သက်နေပေ၏၊ ထိုစက္ခုအကြည်ဓာတ် ရူပါရုံကို နှစ်သက်နေသော် အနာဂတ်ကို မျှော်လင့်တောင့်တနေပေ၏။ ( ကြွင်းအာယတန ငါးစုံတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) (မ၊၃၊၂၃၇။)

ဤ ဟောကြားထားတော်မူသည့် ဒေသနာတော် အရ ----

နောင်အနာဂတ်ကာလ အနာဂတ်ဘဝဝယ် လူဖြစ်လျှင်လည်း လူတော်လူကောင်း နတ်ဖြစ်လျှင်လည်း နတ်ကောင်းနတ်မြတ် ဖြစ်ရန် စိတ်က တောင့်တခဲ့သော် စိတ်က ဆောက်တည်ထားခဲ့သော် ကောင်းမှုကုသိုလ်ပြုလျက် ဆုတောင်းပန်ထွာခဲ့သော် အနာဂတ် လူ့ဘဝ နတ်ဘဝစသည့် ဘဝထိုထို၌ ရရှိမည့် ခန္ဓာ (၅) ပါး အာယတန (၁၂) ပါးတည်းဟူသော ရုပ်တရား နာမ်တရားတို့အပေါ်၌ နှစ်သက်နေသည် မည်ပေသည်၊ နှစ်သက်မှုဖြစ်နေသော် အနာဂတ်ကို မျှော်လင့်တောင့်တနေသည် မည်၏ဟု မှတ်ပါ။

အနာဂတ်ကို မမျှော်ပုံ

အနာဂတ်ကို မမျှော်ပုံ

ကထဉ္စ ဘိက္ခဝေ အနာဂတံ နပ္ပဋိကင်္ခတိ။ ဧဝံ ရူပေါ သိယံ အနာဂတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ န သမနွာနေတိ။ ဧဝံ ဝေဒနော သိယံ။ ပ ။ ဧဝံ သညော သိယံ။ ဧဝံ သင်္ခါရော သိယံ။ ဧဝံ ဝိညာဏော သိယံ အနာဂတမဒ္ဓါနန္တိ တတ္ထ နန္ဒိံ န သမနွာနေတိ။ ဧဝံ ခေါ ဘိက္ခဝေ အနာဂတံ နပ္ပဋိကင်္ခတိ။ (မ၊၃၊၂၂၇။)

= ရဟန်းတို့ ...အဘယ်သို့လျှင် အနာဂတ်ကို မမျှော်လင့် မတောင့်တလေသနည်း?

နောင်အနာဂတ်ကာလ၌ ဤသို့နှစ်သက်ဖွယ်ကောင်းသော ရုပ်တရားရှိသူ ဖြစ်ရလို၏ဟု ထိုအနာဂတ် ရုပ်တရား၌ နှစ်သက်မှု နန္ဒီတရားကို အဖန်ဖန် မဖြစ်စေ။

ဤသို့ နှစ်သက်ဖွယ်ကောင်းသော ခံစားမှု = ဝေဒနာရှိသူ ဖြစ်ရလို၏။

ဤသို့ နှစ်သက်ဖွယ်ကောင်းသော မှတ်သားမှု = သညာရှိသူ ဖြစ်ရလို၏။

ဤသို့ နှစ်သက်ဖွယ်ကောင်းသော ပြုပြင်တတ်သော စေတသိက်သင်္ခါရတရားစုရှိသူ ဖြစ်ရလို၏။

နောင်အနာဂတ်ကာလ၌ ဤသို့ နှစ်သက်ဖွယ်ကောင်းသော သိမှု = ဝိညာဏ်ရှိသူ ဖြစ်ရလို၏ဟု ထိုအနာဂတ် ( ဝေဒနာ-သညာ-သင်္ခါရ ) ဝိညာဏ်တရားစု၌ နှစ်သက်မှု နန္ဒီတရားကို အဖန်ဖန် မဖြစ်စေ။

ရဟန်းတို့...ဤသို့လျှင် အနာဂတ်ကို မမျှော်လင့်မတောင့်တပေ။ (မ၊၃၊၂၂၇။)

ဤကား အနာဂတ်ကို မမျှော်ပုံနှင့် ပတ်သက်၍ ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်တော်မူလာသော ရှင်းလင်းချက် ဒေသနာတော်ပင် ဖြစ်ပေသည်။ တစ်ဖန် အရှင်မဟာကစ္စည်း မထေရ်မြတ်ကလည်း အနာဂတ်ကို မမျှော်ပုံကို အောက်ပါအတိုင်း ရှင်းလင်းမိန့်ကြားထားတော်မူပြန်၏။

ကထဉ္စ အာဝုသော အနာဂတံ နပ္ပဋိကင်္ခတိ။ ဣတိ မေ စက္ခု သိယာ အနာဂတမဒ္ဓါနံ၊ ဣတိ ရူပါတိ အပ္ပဋိလဒ္ဓဿ ပဋိလာဘာယ စိတ္တံ နပ္ပဏိဒဟတိ။ စေတသော အပ္ပဏိဓာနပစ္စယာ န တဒဘိနန္ဒတိ၊ န တဒဘိနန္ဒန္တော အနာဂတံ နပ္ပဋိကင်္ခတိ။ (မ၊၃၊၂၃၇။)

= သီတင်းသုံးဖော် ငါ့ရှင်တို့ ...အဘယ်သို့လျှင် အနာဂတ်ကို မမျှော်လင့် မတောင့်တလေသနည်း? နောင်အနာဂတ်ကာလ၌ ငါ၏ စက္ခုအကြည်ဓာတ်သည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလိုကုန်၏ ဟူ၍ မရသေးသော စက္ခုအကြည်ဓာတ်ရူပါရုံကို ရရှိခြင်းငှာ စိတ်ကို ဆောက်တည်မထားပေ။ စိတ်ကို ဆောက်တည်မထားခြင်းဟူသော အကြောင်းကြောင့် ထို အနာဂတ်စက္ခုအကြည်ဓာတ် ရူပါရုံကို မနှစ်သက်၊ ထို အနာဂတ် စက္ခုအကြည်ဓာတ် ရူပါရုံကို မနှစ်သက်သော် အနာဂတ်ကို မမျှော်လင့် မတောင့်တပေ။ ( ကြွင်းကျန်သော အာယတန (၅) စုံတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။) (မ၊၃၊၂၃၇။)

ဤအထက်ပါ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ဟောကြားတော်မူသည့် ဒေသနာတော်နှင့် အရှင်မဟာကစ္စည်းမထေရ်မြတ်ကြီး၏ ရှင်းလင်းထားတော်မူချက်များအရ အနာဂတ်ခန္ဓာ (၅) ပါး အာယတန (၁၂) ပါး ဟူသော ရုပ်-နာမ်တို့အပေါ်၌ ဤသို့ ဤပုံ ဖြစ်ရလို၏ဟူသော တောင့်တမှု မရှိသော် နှစ်သက်မှု မဖြစ်သော် အနာဂတ်ကို မမျှော်သည် မည်ပေသည် - ဟူသော ဆိုလိုရင်းကိုလည်း တစ်ဖန် ထပ်မံ၍ မှတ်သားထားပါဦး။

ဤအထက်ပါ ပါဠိတော်များ၏ ရှင်းလင်းထားတော်မူချက် ညွှန်ကြားထားတော်မူချက်များကို မျှော်ခေါ် ထောက်ရှု၍ အဋ္ဌကထာဆရာတော်ကလည်း အတိတ်မလိုက်ရ အနာဂတ်မမျှော်ရဟူသော စကားရပ်များကို အောက်ပါအတိုင်း ဖွင့်ဆို ရှင်းလင်းထားပေသည်။

အတီတန္တိ အတီတေ ပဉ္စက္ခန္ဓေ။ နာနွာဂမေယျာတိ တဏှာဒိဋ္ဌီဟိ နာနုဂစ္ဆေယျ။ နပ္ပဋိကင်္ခေတိ တဏှာဒိဋ္ဌီဟိ န ပတ္ထေယျ။ (မ၊ဋ္ဌ၊၄၊၁၇၀။)

= အတိတ်ဟူသည် အတိတ်၌ ဖြစ်ခဲ့သော ခန္ဓာ (၅) ပါး (= အာယတန - ၁၂-ပါး) တည်း၊ အတိတ်ကို မလိုက်ရဟူသည် အတိတ်ခန္ဓာ (၅) ပါး (= အာယတန - ၁၂-ပါး)တို့ကို တဏှာ-ဒိဋ္ဌိတို့ဖြင့်ငါ - ငါ့ဟာ = ငါ ဒီလို ဖြစ်ခဲ့၏၊ ငါ့ဟာ ဒီလို ဖြစ်ခဲ့၏ဟု အစဉ်မလိုက်ရဟု ဆိုလိုသည်။

အနာဂတ်ကို မမျှော်ရဟူသည် အနာဂတ်ခန္ဓာ (၅) ပါး (= အာယတန - ၁၂-ပါး)တို့ကို ငါ ဒီလို ဖြစ်ရလို၏၊ ငါ့ဟာ ဒီလို ဖြစ်ရလို၏ဟု တဏှာ-ဒိဋ္ဌိတို့ဖြင့် မမျှော်ရဟု ဆိုလိုသည်။

ဟောတော်မူလိုရင်း

ဟောတော်မူလိုရင်း

ဤ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းကား ဤသို့တည်း ----

၁။ အတိတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိဖြစ်နေသော် အတိတ်ကို လိုက်သည် မည်၏။

၂။ အတိတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်သော် အတိတ်ကို မလိုက်သည် မည်၏။

၃။ အနာဂတ် ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိဖြစ်နေသော် အနာဂတ်ကို မျှော်သည် မည်၏။

၄။ အနာဂတ် ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်သော် အနာဂတ်ကို မမျှော်သည် မည်၏။

ဤကား ဆိုလိုရင်းတည်း။

ဤရှင်းလင်းချက်များအရ ----

၁။ အတိတ်ကို မလိုက်ရဆိုသည်မှာ အတိတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်စေရ၊ မဖြစ်အောင် ကျင့် ပါ။

၂။ အနာဂတ်ကို မမျှော်ရ ဆိုသည်မှာ အနာဂတ်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်စေရ၊ မဖြစ်အောင် ကျင့်ပါ။ ----

ဤသို့သာ ဒေသနာတော်က ဆိုလိုရင်းဖြစ်သည်ကို သံသယကင်းရှင်းစွာ မှတ်သားထားလေရာသည်။

ပစ္စုပ္ပန်၌ တဏှာ-ဒိဋ္ဌိ တို့က ဆွဲငင်ပုံ

ပစ္စုပ္ပန်၌ တဏှာ-ဒိဋ္ဌိ တို့က ဆွဲငင်ပုံ

ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ အပေါ်၌ ဖြစ်စေ ခန္ဓာတစ်ပါးပါးအပေါ်၌ ဖြစ်စေ အတ္တဒိဋ္ဌိဟူသော သက္ကာယဒိဋ္ဌိ ဖြစ်နေလျှင် = အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု စွဲယူနေလျှင်, ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာဟု စွဲယူနေလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိ တို့၏ ဆွဲငင်မှုကို ခံနေရသည်မည်ကြောင်းကို (မ၊၃၊၂၂၇။) ၌ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူခဲ့၏။

ရဟန်းတို့ ...အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲငင်သနည်း?

ရဟန်းတို့ ... ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိသော, အရိယာတရား၌ မကျွမ်းကျင်သော အရိယာတရား၌ မယဉ်ကျေးသော, သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိသော, သူတော်ကောင်းတရား၌ မကျွမ်းကျင်သော, သူတော်ကောင်းတရား၌ မယဉ်ကျေးသော အကြားအမြင် မရှိသော ပုထုဇန်သည် --

၁။ ရုပ်-ကို အတ္တဟု ရှု၏၊

၂။ ( ကြွင်းခန္ဓာကို ) ရုပ်ရှိသော အတ္တဟုလည်းကောင်း,

၃။ အတ္တ၌ ရုပ်ဟုလည်းကောင်း,

၄။ ရုပ်၌ အတ္တဟုလည်းကောင်း ရှု၏။

ခံစားမှုဝေဒနာကို ။ ပ ။

မှတ်သားမှုသညာကို ။ ပ ။

ပြုပြင်စီရင်တတ်သော စေတသိက်သင်္ခါရတရားစုတို့ကို ။ ပ ။

၁။ သိမှု = ဝိညာဏ်ကို အတ္တဟု ရှု၏။

၂။ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟုလည်းကောင်း ရှု၏။

၃။ အတ္တ၌ ဝိညာဏ်ဟုလည်းကောင်း,

၄။ ဝိညာဏ်၌ အတ္တဟုလည်းကောင်း ရှု၏။

ရဟန်းတို့ ...ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲငင်နေ၏။ (မ၊၃၊၂၂၇။)

တစ်ဖန် အရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကြီးကလည်း ဤသို့ ဟောကြားထားတော်မူပြန်၏။ ----

ကထဉ္စ အာဝုသော ပစ္စုပ္ပန္နေသု ဓမ္မေသု သံဟီရတိ။

ယဉ္စာဝုသော စက္ခု၊ ယေ စ ရူပါ။ ဥဘယမေတံ ပစ္စုပ္ပန္နံ၊ တသ္မိံ စေ ပစ္စုပ္ပန္နေ ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော ပစ္စုပ္ပန္နေသု ဓမ္မေသု သံဟီရတိ။

(မ၊၃၊၂၃၇။)

= သီတင်းသုံးဖော် ငါ့ရှင်တို့ ...အဘယ်သို့လျှင် မျက်မှောက် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ငါ-ငါ့ဟာဟု ဆွဲငင်အပ်ပါသနည်း?

သီတင်းသုံးဖော် ငါ့ရှင်တို့ ...မျက်စိအကြည်ဓာတ် (= စက္ခုပသာဒ) ရူပါရုံ ထိုနှစ်ပါးစုံသည် မျက်မှောက် ပစ္စုပ္ပန်သာတည်း။ မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ထိုမျက်စိအကြည်ဓာတ် ရူပါရုံ နှစ်ပါးစုံ၌ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်လျက်ရှိသော သိမှု = ဝိညာဏ်သည် အကယ်၍ ဖြစ်ငြားအံ့၊ သိမှု = ဝိညာဏ်၏ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်လျက်ရှိသည်၏ အဖြစ်ကြောင့် ထိုမျက်စိအကြည်ဓာတ် ရူပါရုံကို နှစ်သက်၏၊ ထိုမျက်စိအကြည်ဓာတ် ရူပါရုံကို နှစ်သက်သည်ရှိသော် မျက်မှောက်ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲငင်အပ်သည်မည်၏။ (ကြွင်းအာယတန ငါးစုံတို့၌လည်း ပုံစံတူပင် ဆက်လက်၍ဟောကြားထားတော်မူပေသည်။)

ပစ္စုပ္ပန်၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်ပုံ

ပစ္စုပ္ပန်၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်ပုံ

ရဟန်းတို့ ...အဘယ်သို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ်လေသနည်း?

ရဟန်းတို့...ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ ကျွမ်းကျင်သော, အရိယာ တရား၌ ယဉ်ကျေးသော, သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ ကျွမ်းကျင်သော, သူတော်ကောင်းတရား၌ ယဉ်ကျေးသော, အကြားအမြင် ဗဟုသုတ ရှိသော မြတ်စွာဘုရားရှင်၏ တပည့်သာဝကသည် ----

၁။ ရုပ်-ကို အတ္တဟု မရှု။

၂။ ( ကြွင်းခန္ဓာကိုလည်း ) ရုပ်ရှိသော အတ္တဟု မရှု။

၃။ အတ္တ၌ ရုပ်ဟု မရှု။

၄။ ရုပ်၌ အတ္တဟု မရှု။

ခံစားမှု = ဝေဒနာကို ။ ပ ။

မှတ်သားမှု = သညာကို ။ ပ ။

ပြုပြင်စီရင်တတ်သော စေတသိက်သင်္ခါရတရားစုတို့ကို ။ ပ ။

၁။ သိမှု = ဝိညာဏ်ကို အတ္တဟု မရှု။

၂။ ( ကြွင်းခန္ဓာကို ) ဝိညာဏ်ရှိသော အတ္တဟု မရှု။

၃။ အတ္တ၌ ဝိညာဏ်ဟု မရှု။

၄။ ဝိညာဏ်၌ အတ္တဟု မရှု။

ရဟန်းတို့ ...ဤသို့လျှင် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ်ပေ။ (မ၊၃၊၂၂၇။)

ကထဉ္စ အာဝုသော ပစ္စုပ္ပန္နေသု ဓမ္မေသု န သံဟီရတိ။

ယဉ္စာဝုသော စက္ခု၊ ယေ စ ရူပါ၊ ဥဘယမေတံ ပစ္စုပ္ပန္နံ၊ တသ္မိံ စေ ပစ္စုပ္ပန္နေ န ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ န ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ဝိညာဏဿ န တဒဘိနန္ဒတိ၊ န တဒဘိနန္ဒန္တော ပစ္စုပ္ပန္နေသု ဓမ္မေသု န သံဟီရတိ။ (မ၊၃၊၂၃၈။)

= သီတင်းသုံးဖော် ငါ့ရှင်တို့ ...အဘယ်သို့လျှင် မျက်မှောက် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင် အပ်ပါသနည်း?

သီတင်းသုံးဖော် ငါ့ရှင်တို့ ...မျက်စိအကြည်ဓာတ် ရူပါရုံ ထိုနှစ်ပါးစုံသည် မျက်မှောက် ပစ္စုပ္ပန်သာတည်း၊ မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော ထိုမျက်စိအကြည်ဓာတ်ရူပါရုံ၌ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်လျက် ရှိသော သိမှု = ဝိညာဏ်သည် အကယ်၍ မဖြစ်ငြားအံ့၊ သိမှု = ဝိညာဏ်၏ လိုလားတပ်မက်ခြင်း = ဆန္ဒရာဂနှင့် ဆက်စပ်မှု မရှိသည်၏ အဖြစ်ကြောင့် ထို မျက်စိအကြည်ဓာတ် ရူပါရုံကို မနှစ်သက်၊ ထို မျက်စိအကြည်ဓာတ် ရူပါရုံကို မနှစ်သက်သည်ရှိသော် မျက်မှောက် ပစ္စုပ္ပန်တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ်သည် မည်၏။ (ကြွင်း အာယတနငါးစုံတို့၌လည်း ပုံစံတူပင် ဆက်လက်၍ ဟောကြားထားတော်မူပေသည်။) (မ၊၃၊၂၃၈။)

ဤဒေသနာတော်၏ ဆိုလိုရင်း

ဤဒေသနာတော်၏ ဆိုလိုရင်း

ဤဒေသနာတော်၏ ဆိုလိုရင်း အဓိပ္ပါယ်ကို အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြ ထားတော်မူ၏။

တတ္ထ သံဟီရတီတိ ဝိပဿနာယ အဘာဝတော တဏှာဒိဋ္ဌီဟိ အာကဍ္ဎိယတိ။ န သံဟီရတီတိ ဝိပဿနာယ ဘာဝေန တဏှာဒိဋ္ဌီဟိ နာကဍ္ဎိယတိ။ (မ၊ဋ္ဌ၊၄၊၁၇၁-၁၇၂။)

= ပစ္စုပ္ပန်တရားတို့၌ ဝိပဿနာဉာဏ် မဖြစ်သည့် အတွက်ကြောင့် = ဝိပဿနာဉာဏ်၏ ထင်ရှား မရှိခြင်း ကြောင့် တဏှာဒိဋ္ဌိတို့က ဆွဲငင်အပ်၏။ ပစ္စုပ္ပန်တရားတို့၌ ဝိပဿနာဉာဏ် ဖြစ်နေသည့် အတွက်ကြောင့် ဝိပဿနာဉာဏ်၏ ထင်ရှားရှိနေခြင်းကြောင့် တဏှာဒိဋ္ဌိတို့က မဆွဲငင်အပ် မဆွဲငင်နိုင်ခြင်း ဖြစ်၏။ (မ၊ဋ္ဌ၊၄၊၁၇၁-၁၇၂။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ရှင်းလင်းချက်အရ ပစ္စုပ္ပန်တရားတို့ အပေါ်၌ ဝိပဿနာဉာဏ်တွေ ဖြစ်နေပါက တဏှာ-ဒိဋ္ဌိတို့က မဆွဲငင်အပ် မဆွဲငင်နိုင် = တဏှာ-ဒိဋ္ဌိ မဖြစ်နိုင်၊ ပစ္စုပ္ပန်တရားတို့ အပေါ်၌ ဝိပဿနာဉာဏ်များ မဖြစ်ခဲ့သော် တဏှာ-ဒိဋ္ဌိတို့၏ ဆွဲငင်မှုကို ခံရမည် = တဏှာ-ဒိဋ္ဌိတို့ ဖြစ်နေမည်သာ ဖြစ်ပေသည်။ သို့အတွက် ပစ္စုပ္ပန်ခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် ပစ္စုပ္ပန် တရားတို့ကို အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ်, နိဗ္ဗိဒါနုပဿနာဉာဏ်, ဝိရာဂါနုပဿနာဉာဏ်, နိရောဓာနုပဿနာဉာဏ်, ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ဟူသော (၇)မျိုးသော အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ကြိတ်ခြေရမည် ဝိပဿနာ ရှုရမည် ဖြစ်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင် ဒုတိယဂါထာဖြင့် ဤသို့ ညွှန်ကြားထားတော်မူ၏။ ----

ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ၊ တတ္ထ တတ္ထ ဝိပဿတိ။

အသံဟီရံ အသံကုပ္ပံ၊ တံ ဝိဒွါ မနုဗြူဟယေ။

(ဤဂါထာအဓိပ္ပါယ် စာမျက်နှာ-၁၃၃-၌ ကြည့်ပါ။)

အဋ္ဌကထာ-ဋီကာတို့ကလည်း အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားတော်မူကြ၏။

တတ္ထ တတ္ထာတိ ပစ္စုပ္ပန္နမ္ပိ ဓမ္မံ ယတ္ထ ယတ္ထေဝ ဥပ္ပန္နော၊ တတ္ထ တတ္ထေဝ စ နံ အနိစ္စာနုပဿနာဒီဟိ သတ္တဟိ အနုပဿနာဟိ ယော ဝိပဿတိ၊ အရညာဒီသု ဝါ တတ္ထ တတ္ထေဝ ဝိပဿတိ။ (မ၊ဋ္ဌ၊၄၊၁၇၀။) ယတ္ထ ယတ္ထာတိ ယသ္မိံ ယသ္မိံ ခဏေ, ယသ္မိံ ယသ္မိံ ဝါ ဓမ္မပုေဉ္ဇ ဥပ္ပန္နံ၊ တံ သဗ္ဗမ္ပိ အသေသေတွာ။ (မ၊ဋီ၊၃၊၃၆၆။)

ဤအထက်ပါ အဋ္ဌကထာ-ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။

ပစ္စုပ္ပန်ခန္ဓာငါးပါး ရုပ်နာမ်တရားကိုလည်း ----

၁။ ထိုထို ဖြစ်ဆဲခဏ၌,

၂။ တောအရပ်စသည့် ထိုထိုနေရာ၌,

၃။ ထိုထိုတရား အစုအပုံ၌ ထိုထိုတရား အစုအပုံအတိုင်း တရားအားလုံး ကုန်စင်အောင် အနိစ္စာနုပဿနာ စသော (၇)မျိုးသော အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ပါ။ ထိုသို့ ရှုပွားသုံးသပ် နေသော ဝိပဿနာဉာဏ်ကို တဏှာ-ဒိဋ္ဌိ စသည့် ကိလေသာတို့သည် မဆွဲငင်အပ် မဆွဲငင်နိုင်၊ ထို ဝိပဿနာဉာဏ်သည် တဏှာ-ဒိဋ္ဌိ စသည့် ကိလေသာတို့ကြောင့် ပျက်စီးမှု မရှိနိုင်။ ထိုဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ = ထိုဝိပဿနာဉာဏ်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုသို့ ရှုခြင်းကား ခန္ဓာ ငါးပါးကိုလည်း ဝိပဿနာရှုခြင်း = ဝိပဿနာဉာဏ်ဦးဆောင်သည့် မနောဒွါရိက မဟာကုသိုလ်ဇောဝီထိ စိတ်အစဉ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုနေခြင်း ဖြစ်သဖြင့် အရှုခံအာရုံနှင့် ရှုနေသည့်ဉာဏ် နှစ်မျိုးလုံးကို အစုံလိုက် အစုံလိုက် ဝိပဿနာရှုနေခြင်းပင် ဖြစ်၏။

ထိုကဲ့သို့ ရှုသည်ရှိသော် ထို့သို့ရှုခြင်းဖြင့် ဝိပဿနာဉာဏ်သည် တိုးပွားလာသည်ရှိသော် ရာဂစသော ဆန့်ကျင်ဘက် ကိလေသာတို့သည် ထိုဝိပဿနာဉာဏ်ကို ပျက်စီးအောင် မဖျက်ဆီးနိုင်တော့ပေ။ ပညာရှိ သူတော်ကောင်းသည် တဏှာ-ဒိဋ္ဌိ စသည့် ဆန့်ကျင်ဘက် ကိလေသာတို့ကြောင့် မပျက်စီးနိုင်သော ထိုဝိပဿနာဉာဏ်ကို တိုးပွားအောင် အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်လေရာ၏။

ဤစကားကား ပရိယာယ်စကားမျှသာ ဖြစ်၏။ အကြောင်းမူ ဝိပဿနာဉာဏ်သည် ဆန့်ကျင်ဘက် ကိလေသာတို့ကို တဒင်္ဂအားဖြင့်သာ ပယ်နိုင်သည့် စွမ်းအားရှိသဖြင့် ဝိပဿနာဉာဏ်သည် တဒင်္ဂအားဖြင့်သာလျှင် ဆန့်ကျင်ဘက် ကိလေသာတို့ကြောင့် မပျက်စီးနိုင်ပေ။

မုချအားဖြင့်ကား အသင်္ခတဓာတ်အမည်ရသည့် နိဗ္ဗာန်တရားတော်မြတ်သည်သာလျှင် ရာဂစသည့် ဆန့်ကျင်ဘက် ကိလေသာတို့ကြောင့် မပျက်စီးနိုင်ပေ။ သို့အတွက် ပညာရှိသူတော်ကောင်းသည် ဝိပဿနာဉာဏ် တို့၏ အဆုံး၌ ပေါ်လာသော မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိအောင် ဝိပဿနာဘာဝနာကို ပွားများပြီးလျှင် မိမိရရှိထားသော ဖိုလ်ဉာဏ်ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် အာရုံပြုပြီး နေနိုင်အောင် ဖလသမာပတ်ကို ကြိမ်ဖန်များစွာ ဝင်စားနေပါ။ ဤကား နံပါတ် (၂) ဂါထာ၏ ဆိုလိုရင်းတည်း။

ရရှိလာသည့် ဥပဒေသ

ရရှိလာသည့် ဥပဒေသ

အထက်ပါ ဂါထာနှစ်ဂါထာတို့ကို ခြုံကြည့်ပါက - ဘုရားရှင်သည် ----

၁။ အတိတ်ခန္ဓာ (၅) ပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန်,

၂။ အနာဂတ်ခန္ဓာ (၅) ပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန်,

၃။ ပစ္စုပ္ပန်ခန္ဓာ (၅) ပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန် --

ညွှန်ကြားနေတော်မူကြောင်း ထင်ရှားနေပေသည်။

ထိုတွင် ပစ္စုပ္ပန်ခန္ဓာ (၅) ပါးတို့ အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာ (၅) ပါးတို့ကို အနိစ္စာနုပဿနာ စသော (၇) မျိုးသော အနုပဿနာဉာဏ်တို့ဖြင့် အဖန်ဖန် အထပ်ထပ် ဝိပဿနာရှုရန်ကိုပါ ပူးတွဲညွှန်ကြားထားတော်မူ၏။

ယင်းသို့ဖြစ်လျှင် အတိတ်ခန္ဓာငါးပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန်, အနာဂတ်ခန္ဓာငါးပါး အပေါ်၌လည်း တဏှာ-ဒိဋ္ဌိ မဖြစ်ရန်, မည်သို့ပြုကျင့်ရမည်နည်းဟု မေးရန်ရှိ၏ -- အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ကောက်နုတ်ချက်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် ကောက်နုတ်ချက်

ကထံ အတီတာနာဂတပစ္စုပ္ပန္နာနံ ဓမ္မာနံ သင်္ခိပိတွာ ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ ----

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊သဗ္ဗံ ရူပံ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။

ယာ ကာစိ ဝေဒနာ။ ပ ။ ယာ ကာစိ သညာ။ ယေ ကေစိ သင်္ခါရာ။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ (ပဋိသံ၊၅၁။)

= အတိတ် အနာဂတ် ပစ္စုပ္ပန်တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြားဆုံးဖြတ်နိုင်သော ပညာသည် အဘယ်သို့လျှင် သမ္မသနဉာဏ် မည်သနည်း။

အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဖြစ်သော ရုပ်အားလုံးကို အနိစ္စဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသောသုံးသပ်ဆင်ခြင်ခြင်း = သမ္မသန မည်၏။ ဒုက္ခဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသောသုံးသပ်ဆင်ခြင်ခြင်း = သမ္မသန မည်၏။ အနတ္တဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသောသုံးသပ်ဆင်ခြင်ခြင်း = သမ္မသန မည်၏။

အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဖြစ်သော ဝေဒနာ ။ ပ ။ သညာ။ သင်္ခါရ။ ဝိညာဏ်အားလုံးကို အနိစ္စဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း = သမ္မသန မည်၏။ ဒုက္ခဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသောသုံးသပ်ဆင်ခြင်ခြင်း = သမ္မသန မည်၏။ အနတ္တဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသောသုံးသပ်ဆင်ခြင်ခြင်း = သမ္မသန မည်၏။ (ပဋိသံ၊၅၁။)

တသ္မာ ဧသ ယံ အတီတံ ရူပံ၊ တံ ယသ္မာ အတီတေယေဝ ခီဏံ၊ နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန။ ယံ အနာဂတံ ရူပံ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ၊ တမ္ပိ တတ္ထေဝ ခီယိဿတိ၊ န တတော ပရံ ဘဝံ ဂမိဿတီတိ အနိစ္စံ ခယဋ္ဌေန။ ယံ ပစ္စုပ္ပန္နံ ရူပံ၊ တမ္ပိ ဣဓေဝ ခီယတိ၊ န ဣတော ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန။ (ဝိသုဒ္ဓိ၊၂၊၂၄၅။ ပဋိသံ၊ဋ္ဌ၊၁၊၂၂၉။)

ထိုကြောင့် ဤယောဂါဝစရရဟန်းတော်သည် ဤသို့ရှု၏။ ----

၁။ အကြင် အတိတ်ရုပ်တရားသည် ရှိ၏၊ ထိုအတိတ်ရုပ်တရားသည် အတိတ်၌သာလျှင် ကုန်ဆုံးပျက်ပြုန်းခဲ့၏၊ ဤပစ္စုပ္ပန်ဘဝသို့ မဆိုက်ရောက်လာ၊ ဤသို့ ကုန်တတ် ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စဟု ရှု၏။

၂။ အကြင် အနာဂတ်ရုပ်တရားသည် အနာဂတ်ဘဝ၌ ဖြစ်ပေါ်လာလတ္တံ့၊ ထိုအနာဂတ်ရုပ်သည်လည်း ထိုအနာဂတ်ဘဝ၌သာလျှင် ကုန်ဆုံးပျက်ပြုန်း၍ သွားပေလတ္တံ့၊ ထိုအနာဂတ်ဘဝမှ နောက်ထပ် အခြား အနာဂတ်ဘဝသို့ မသွားရောက်ပေလတ္တံ့၊ ဤသို့ ကုန်တတ် ပျက်တတ်သော အနက်သဘောကြောင့် အနိစ္စဟု ရှု၏။

၃။ အကြင် ပစ္စုပ္ပန်ရုပ်တရားသည် ရှိ၏၊ ထိုပစ္စုပ္ပန်ရုပ်တရားသည်လည်း ဤ ပစ္စုပ္ပန်ဘဝ၌သာလျှင် ကုန်ဆုံး ပျက်ပြုန်း၏။ ဤပစ္စုပ္ပန်ဘဝမှ အခြားတစ်ပါးသော ဘဝသို့ မသွားပေ။ ဤသို့ ကုန်တတ် ပျက်တတ်သော အနက် သဘောကြောင့် အနိစ္စဟု ရှု၏။ (ဝိသုဒ္ဓိ၊၂၊၂၄၅။ ပဋိသံ၊ဋ္ဌ၊၁၊၂၂၉။)

[မှတ်ချက် ---- ဤ ရူပက္ခန္ဓာနည်းတူ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာ လေးပါးတို့ကို လည်းကောင်း အာယတနတစ်ဆယ့်နှစ်ပါး ဓာတ်တစ်ဆယ့်ရှစ်ပါး ပဋိစ္စသမုပ္ပါဒ်အင်္ဂါတစ်ဆယ့်နှစ်ရပ် စသည် တို့ကိုလည်းကောင်း ပုံစံတူပင် ဆက်လက်ဟောကြားထားတော်မူပေသည်။ ပဋိသံ၊၅၁-၅၂ - ကြည့်ပါ။]

ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ ဣတိ အယံ ဝိပဿနာ အတ္တနော အတ္တနော ဌာနေယေဝ တိဋ္ဌတီတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

= ဤသို့လျှင် သင်္ခါရတရားတို့ကို အနတ္တဟု သိမြင်သူ၏ သန္တာန်၌ ဒိဋ္ဌိသမုဂ္ဃါဋန = ဒိဋ္ဌိကို ပယ်ခွာခြင်း မည်သည်ဖြစ်ပေါ်လာ၏။ အနိစ္စဟု သိမြင်သူ၏ သန္တာန်၌ မာနသမုဂ္ဃါဋန = မာနကို ပယ်ခွာခြင်း မည်သည် ဖြစ်ပေါ်လာ၏။ ဒုက္ခဟု သိမြင်သူ၏ သန္တာန်၌ နိကန္တိပရိယာဒါန = တဏှာနိကန္တိကို ကုန်ခန်းစေခြင်း မည်သည် ဖြစ်ပေါ်လာ၏။ ဤသို့လျှင် ဤဝိပဿနာသည် မိမိ မိမိ၏ အရာဌာန၌သာလျှင် တည်နေပေသည်ဟု မှတ်သားပါ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ဤတွင် မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်ကို လိုရင်းကောက်နုတ်၍ တင်ပြအပ်ပါသည်။ (အကျယ် ကို မဟာဋီကာ ဒုတိယတွဲ၊ စာမျက်နှာ - ၄၁၅-၄၁၆-တို့၌လည်းကောင်း, ဤနိဗ္ဗာနဂါမိနိပဋိပဒါကျမ်း ပဉ္စမတွဲ သမ္မသနဉာဏ်ခန်း၊ စာမျက်နှာ - ၁၅၂-၁၅၃-တို့၌လည်းကောင်း ကြည့်ပါ။)

အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်သည်ဆိုသော်လည်း အနတ္တာနုပဿနာဉာဏ် သက်သက် ဖြင့် ပယ်ခွာနိုင်သည်ကား မဟုတ်၊ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်နှစ်မျိုးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် စွမ်းအင်ပြည့်ဝလာသော သန့်ရှင်း ထက်မြက် စူးရှ လာသော အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်ပေသည်။

အလားတူပင် အနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ပယ်ခွာနိုင်သည်ဆိုသော်လည်း အနတ္တာနုပဿနာ ဉာဏ် ဒုက္ခာနုပဿနာဉာဏ်နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ သာလျှင် စွမ်းအင် ပြည့်ဝလာသော သန့်ရှင်း ထက်မြက် စူးရှလာသော အနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ပယ်ခွာနိုင်ပေသည်။

အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္မိမာနသမုဂ္ဃါဋာယ = အသ္မိမာနကို ပယ်ခွာခြင်းငှာ အနိစ္စသညာကို ပွားများပါဟု ဘုရားရှင်ဟောကြားထားတော်မူ၏။ (မဟာဋီ၊၂၊၄၁၆။)

တစ်ဖန် ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲ နိကန္တိကို ကုန်ခန်းစေနိုင်သည်ဆိုသော်လည်း အနိစ္စာနုပဿနာ ဉာဏ် အနတ္တာနုပဿနာဉာဏ်နှစ်မျိုးတို့က အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ သာလျှင် စွမ်းအင် ပြည့်ဝလာသော သန့်ရှင်း ထက်မြက် စူးရှလာသော ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ပယ်ခွာနိုင်ပေသည်။

ထိုကြောင့် အနိစ္စာနုပဿနာ သက်သက်ဖြင့် ဒုက္ခာနုပဿနာ သက်သက်ဖြင့် အနတ္တာနုပဿနာ သက်သက်ဖြင့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ တို့ကို မဖြိုခွဲနိုင်သဖြင့် လက္ခဏာရေးသုံးတန်လုံး တစ်လှည့်စီတင်၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုရမည်ဖြစ်သည်။ ထိုသို့ ဝိပဿနာရှုရာ၌ ရံခါ အနိစ္စလက္ခဏာကို ဦးစားပေး၍ ရှုလိုက ရှုနိုင်၏၊ ရံခါ ဒုက္ခလက္ခဏာကို ဦးစားပေး၍ ရှုလိုက ရှုနိုင်၏၊ ရံခါ အနတ္တလက္ခဏာကို ဦးစားပေး၍ ရှုလိုက ရှုနိုင်၏။

ထိုသို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာရှုသဖြင့် အကြင်အခါ၌ အနတ္တာနုပဿနာဉာဏ်သည် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့၏ အားပေးထောက်ပံ့မှုကြောင့် ထက်မြက်လာ၏ သန့်ရှင်းလာ၏ စူးရှလာ၏ ရဲရင့်လာ၏၊ အတ္တစွဲကို ဖြိုခွဲနိုင်လောက်အောင် စွမ်းအင် ပြည့်ဝလာ၏ တိုးပွားလာ၏။ ထိုအခါ၌ ယင်း အနတ္တာနုပဿနာဉာဏ်က အတ္တဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်၏။

အကြင်အခါ၌ကား အနိစ္စာနုပဿနာဉာဏ်သည် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားပေးထောက်ပံ့မှုကြောင့် ထက်မြက်လာ၏ သန့်ရှင်းလာ၏ စူးရှလာ၏ ရဲရင့်လာ၏၊ မာနစွဲကို ဖြိုခွဲနိုင်လောက်အောင် စွမ်းအင် ပြည့်ဝလာ၏ တိုးပွားလာ၏။ ထိုအခါ၌ ယင်းအနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ဖြိုခွဲနိုင်၏။

အကြင်အခါ၌ကား ဒုက္ခာနုပဿနာဉာဏ်သည် အနိစ္စာနုပဿနာဉာဏ်အနတ္တာနုပဿနာဉာဏ်တို့၏ အား ပေးထောက်ပံ့မှုကြောင့် ထက်မြက်လာ၏ သန့်ရှင်းလာ၏ စူးရှလာ၏ ရဲရင့်လာ၏၊ တဏှာစွဲကို ဖြိုခွဲနိုင်လောက်အောင် စွမ်းအင် ပြည့်ဝလာ၏ တိုးပွားလာ၏။ ထိုအခါ၌ ယင်းဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ဖြိုခွဲနိုင်၏။ (မဟာဋီ၊၂၊၄၁၅-၄၁၆-ကြည့်။)

လောကိယဘာဝနာ၏ စွမ်းအား

လောကိယဘာဝနာ၏ စွမ်းအား

လောကိယဘာဝနာယ ဟိ ကာယေ ပဟီနံ န ဝေဒနာဒီသု ပဟီနံ ဟောတိ။ ယဒိပိ န ပဝတ္တေယျ၊ န ပဋိပက္ခဘာဝနာယ တတ္ထ သာ အဘိဇ္ဈာ ဒေါမနဿဿ အပ္ပဝတ္တိ ဟောတီတိ ပုန တပ္ပဟာနံ ဝတ္တဗ္ဗမေဝါတိ။ ဧကတ္ထ ပဟီနံ သေသေသုပိ ပဟီနံ ဟောတီတိ မဂ္ဂသတိပဋ္ဌာနဘာဝနံ, လောကိယဘာဝနာယ ဝါ သဗ္ဗတ္ထ အပ္ပဝတ္တိမတ္တံ သန္ဓာယ ဝုတ္တံ။ (မ၊ဋီ၊၁၊၃၄၇။)

လောကုတ္တရာမဂ္ဂသတိပဋ္ဌာနဘာဝနာ၏ စွမ်းအားနှင့် လောကိယသတိပဋ္ဌာနဘာဝနာ၏ စွမ်းအားကား မတူညီပေ။ ယောဂါဝစရပုဂ္ဂိုလ်သည် ကာယ ဝေဒနာ စိတ္တ ဓမ္မဟူသည့် ဝိပဿနာဉာဏ်၏ အရှုခံ ပရမတ္ထ ဓာတ်သားတို့ကို အကြောင်းတရားနှင့်တကွ သိမ်းဆည်းလျက် ဝိပဿနာအစဉ်အတိုင်း လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်လာရာ အရိယမဂ်သို့ ဆိုက်လုခါနီး အချိန်၌ ယင်း ကာယ ဝေဒနာ စိတ္တ ဓမ္မတို့တွင် မည်သည့်တရားကိုမဆို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်နိုင်သည်သာဖြစ်၏။ အကယ်၍ ကာယအမည်ရသည့် ရုပ်တရားကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ဆိုက်ခဲ့လျှင် ယင်း အရိယမဂ်ဉာဏ်က ကာယအမည်ရသည့် ရုပ် တရားအပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကိုသာမက ဝေဒနာ စိတ္တ ဓမ္မတို့အပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ကိုပါ ဖြိုခွဲနိုင်၏ ပယ်သတ်နိုင်၏။ ဝေဒနာ စိတ္တ ဓမ္မတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက် ရာ၌လည်း နည်းတူပင် မှတ်ပါ။ သို့သော် လောကုတ္တရာ အရိယမဂ်တရားဟူသည် ဝိပဿနာဉာဏ်တို့က အဆင့်ဆင့် အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော တရား ဖြစ်ပေသည်။

သို့သော် လောကိယသတိပဋ္ဌာနဘာဝနာကား ထိုမျှ အစွမ်းမထက်ပေ။ ကာယ အမည်ရသည့် ရုပ်တရား ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုခဲ့သော် ကာယအမည်ရသော ရုပ်တရားအပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကိုသာ တဒင်္ဂအားဖြင့် ဖြိုခွဲနိုင်၏။ ယင်းကာယာနုပဿနာသတိပဋ္ဌာနဘာဝနာက ဝေဒနာ စိတ္တ ဓမ္မတို့အပေါ်၌ စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို မဖြိုခွဲနိုင်ပေ။ အလားတူပင် ဝေဒနာ စိတ္တ ဓမ္မတို့ကို ဝိပဿနာရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ထိုကြောင့် လောကိယသတိပဋ္ဌာနဘာဝနာအရာ၌ --- ကာယအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ကာယကို ဝိပဿနာရှုရ၏။ ဝေဒနာအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ဝေဒနာကို ဝိပဿနာရှုရ၏။ စိတ္တအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် စိတ္တကို ဝိပဿနာရှုရ၏။ ဓမ္မအပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ဓမ္မကို ဝိပဿနာရှုရ၏။

ကာယ ဝေဒနာ စိတ္တ ဓမ္မတို့ဟူသည် ဥပါဒါနက္ခန္ဓာငါးပါးတို့ပင်တည်း။ ထိုကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရ၏။ အတိတ် ခန္ဓာငါးပါးတို့အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် အတိတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရ၏။ အနာဂတ်ခန္ဓာငါးပါးတို့အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲကို ဖြိုခွဲနိုင်ရန် အနာဂတ်ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရ၏။ ---- ဤကား အတိတ် အနာဂတ် ပစ္စုပ္ပန် ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်အောင် ကျင့်ရမည့် ကျင့်စဉ်တည်း။

ထိုကြောင့် ---- ရရှိလာသော ဥပဒေသမှာ ဤသို့ ဖြစ်၏။

၁။ ပစ္စုပ္ပန်ခန္ဓာငါးပါးအပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်ရန် ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဝိပဿနာရှုပါ။

၂။ အတိတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်ရန် အတိတ်ခန္ဓာငါးပါးကိုလည်း ဝိပဿနာရှုပါ။

၃။ အနာဂတ်ခန္ဓာငါးပါးအပေါ်၌ တဏှာ-ဒိဋ္ဌိမဖြစ်ရန် အနာဂတ်ခန္ဓာငါးပါးကိုလည်း ဝိပဿနာရှုပါ။

ဤကား ရရှိလာသည့် ဥပဒေသဖြစ်သည်။

ထိုသို့ အတိတ်အနာဂတ်တို့ကို ဝိပဿနာရှုရာ၌ ပစ္စက္ခဉာဏ်ဖြင့် ရှုလေသလော အနွယဉာဏ်ဖြင့် ရှုလေသလောဟူမူ ရှေး ပစ္စက္ခဉာဏ်နှင့် အနွယဉာဏ်ပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ သမ္မာဒိဋ္ဌိအမည်ရသည့် အတ္တပစ္စက္ခဉာဏ်ကို ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် ----

ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန ။ ပ ။ သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။ (သံ၊ဋီ၊၂၊၁၈၁။)

= အရိယမဂ်၏ ရှေးအဖို့ဖြစ်သော ဝိပဿနာပိုင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ခြင်း သမ္မသန၏ အစွမ်းဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကောင်းစွာရှု၏ ကောင်းစွာသိ၏ ကောင်းစွာမြင်၏ဟူပေ။(အနွယဉာဏ်ဖြင့်ရှုပုံကို ဝိပဿနာပိုင်း၊ စာမျက်နှာ-၂၃၆-၂၉၇-စသည်တွင် ကြည့်ပါ။)

ယင်းသို့ အတိတ် အနာဂတ်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ်အနာဂတ်ခန္ဓာတို့ကို ဝိပဿနာရှုရမည် မှန်လျှင် ဤ ဘဒ္ဒေကရတ္တသုတ္တန်၌ မည်သည့်စကားရပ်များက အတိတ်အနာဂတ်ကို ဝိပဿနာရှုရန် ညွှန်ပြနေပါသနည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ အတီတံ နာနွာဂမေယျ = အတိတ်ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် မလိုက်ရ၊

၂။ နပ္ပဋိကင်္ခေ အနာဂတံ = အနာဂတ်ကို တဏှာ-ဒိဋ္ဌိတို့ဖြင့် မမျှော်ရ။ ----

ဤစကားတော်တို့ကား အတိတ်အနာဂတ်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် အတိတ် အနာဂတ်ခန္ဓာတို့ကို ဝိပဿနာရှုရန် ညွှန်ပြနေသော စကားတော်တို့ပင် ဖြစ်ကြသည်ဟု မှတ်သားပါလေ။ ကိလေသာထု အစိုင်အခဲကို ဖြိုခွဲ ဖျက်ဆီးနိုင်သည့် နိဗ္ဗေဓိကပညာဟူသည့် ဝိပဿနာပညာ (မဂ်ပညာ) ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ကိလေသာထု အစိုင်အခဲ ပြိုကွဲပျက်စီးနိုင်သည်။ အတိတ်အနာဂတ်ကို မရှုရုံသက်သက်မျှဖြင့်ကား ကိလေသာထု အစိုင်အခဲ မပြိုကွဲနိုင်သည်ကို သတိပြုသင့်လှပေသည်။

အတိတ် အနာဂတ်ကို မရှုရုံသက်သက်မျှဖြင့် အတိတ်အနာဂတ်တို့အပေါ်၌ စွဲနေသည့် တဏှာ-ဒိဋ္ဌိ တို့ကား မကုန်နိုင်။ ပစ္စုပ္ပန်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက် ပစ္စုပ္ပန်ခန္ဓာတို့ကို ဝိပဿနာရှုရသကဲ့သို့ အတိတ် အနာဂတ်ခန္ဓာတို့အပေါ်၌ တဏှာ-ဒိဋ္ဌိ မဖြစ်ရေးအတွက်လည်း အတိတ်အနာဂတ်ခန္ဓာတို့ကို ဝိပဿနာ ရှုရမည်သာ ဖြစ်ပေသည်။ အောက်ပါ သုတ္တန်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ကာလတ္တယအနိစ္စ (ဒုက္ခ - အနတ္တ) သုတ္တန်

ကာလတ္တယအနိစ္စ (ဒုက္ခ - အနတ္တ) သုတ္တန်

ရူပံ ဘိက္ခဝေ အနိစ္စံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော အတီတသ္မိံ ရူပသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ ရူပံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ ရူပဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ ပ ။

ရူပံ ဘိက္ခဝေ ဒုက္ခံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော အတီတသ္မိံ ရူပသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ ရူပံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ ရူပဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ ပ ။

ရူပံ ဘိက္ခဝေ အနတ္တာ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော အတီတသ္မိံ ရူပသ္မိံ အနပေက္ခော ဟောတိ၊ အနာဂတံ ရူပံ နာဘိနန္ဒတိ၊ ပစ္စုပ္ပန္နဿ ရူပဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။

ဝေဒနာ အနိစ္စာ ။ ပ။ ဒုက္ခာ ။ ပ။ အနတ္တာ ။ ပ ။

သညာ အနိစ္စာ ။ ပ။ ဒုက္ခာ ။ ပ။ အနတ္တာ ။ ပ ။

သင်္ခါရာ အနိစ္စာ ။ ပ။ ဒုက္ခာ ။ ပ။ အနတ္တာ ။ ပ ။

ဝိညာဏံ အနိစ္စံ ။ ပ။ ဒုက္ခံ ။ ပ။ အနတ္တာ ။ ပ ။

(သံ၊၂၊၁၇-၁၈။)

နဝမေ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿာတိ ပစ္စုပ္ပန္နမှိ ကထာဝ ကာ အနိစ္စမေဝ တံ။ တေ ကိရ ဘိက္ခူ အတီတာနာဂတံ အနိစ္စန္တိ သလ္လက္ခေတွာ ပစ္စုပ္ပန္နေ ကိလမိံသု၊ အထ နေသံ ဣတော အတီတာနာဂတေပိ ပစ္စုပ္ပန္နံ အနိစ္စန္တိ ဝုစ္စမာနေ ဗုဇ္ဈိဿန္တီတိ အဇ္ဈာသယံ ဝိဒိတွာ သတ္ထာ ပုဂ္ဂလဇ္ဈာသယေန ဣမံ ဒေသနံ ဒေသေသိ။ (သံ၊ဋ္ဌ၊၂၊၂၄၂။)

ဒသမေကာဒသမာနိ ဒုက္ခံ အနတ္တာတိ ပဒေဟိ ဝိသေသေတွာ တထာရူပေနေဝ ပုဂ္ဂလဇ္ဈာသယေန ကထိတာနိ။ (သံ၊ဋ္ဌ၊၂၊၂၄၂။)

ယဒိ အတီတာနာဂတံ ဧတရဟိ နတ္ထိဘာဝတော အနိစ္စံ၊ ပစ္စုပ္ပန္နမ္ပိ တဒါ နတ္ထီတိ ကော ပန ဝါဒေါ တဿ အနိစ္စတာယ၊ ပစ္စုပ္ပန္နမှိ ကထာဝ ကာ ဥဒယဗ္ဗယပရိစ္ဆိန္နတ္တာ တဿ။ ဝုတ္တံ ဟေတံ နိဗ္ဗတ္တာ ယေ စ တိဋ္ဌန္တိ၊ အာရဂ္ဂေ သာသပူပမာတိ။ (သံ၊ဋီ၊၂၊၂၁၃။)

ရဟန်းတို့ ...အတိတ် အနာဂတ်ဖြစ်သော ရုပ်သည် အနိစ္စတည်း။ (ဒုက္ခတည်း။ အနတ္တတည်း။) ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ အဘယ်မှာ ဆိုဖွယ်ရာ ရှိအံ့နည်း။ ရဟန်းတို့ ...ဤသို့ ရုပ်၏ အနိစ္စသဘော (ဒုက္ခသဘော အနတ္တသဘော)ကို ရှုမြင်သော အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ ---- ဤအသိ နှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတရှိသော အရိယဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် (တစ်နည်း ---- အရိယသာဝကသည်) အတိတ်ဖြစ်သော ရုပ်၌ ငဲ့ကွက်တွယ်တာခြင်း မရှိ။ အနာဂတ်ဖြစ်သော ရုပ်ကို မနှစ်သက် မတောင့်တ။ ပစ္စုပ္ပန်ဖြစ်သော ရုပ်၌ ငြီးငွေ့ခြင်းငှာ တပ်မက်ခြင်း ကင်းခြင်းငှာ ချုပ်ခြင်းငှာ ကျင့်သည် ဖြစ်ပေ၏။ (ဝေဒနာစသည်တို့၌လည်း နည်းတူ မှတ်ပါ။) (သံ၊၂၊၁၇-၁၈။)

ထိုရဟန်းတော်တို့သည်ကား အတိတ်-အနာဂတ် ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်) ကို အနိစ္စဟု (ဒုက္ခဟု အနတ္တဟု) ကောင်းစွာ ပိုင်းခြား မှတ်သားပြီး၍ ပစ္စုပ္ပန် ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်) ၌ ပင်ပန်းနေကြကုန်၏။ ထိုအခါ၌ ထိုရဟန်းတို့အား ဤပစ္စုပ္ပန်မှ အတိတ် အနာဂတ်၌လည်း အနိစ္စ (ဒုက္ခ အနတ္တ) ဟု ဟောကြားတော်မူပြီးနောက် ပစ္စုပ္ပန် ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်) သည် အနိစ္စ (ဒုက္ခ အနတ္တ)တည်း ဟု ဟောပြတော်မူသည်ရှိသော် ထိုရဟန်းတို့သည် ထိုးထွင်းသိကြကုန်လတ္တံ့ဟု ထိုရဟန်းတို့၏အဇ္ဈာသယဓာတ်ကို သိရှိပြီး၍ ဘုရားရှင်သည် တရားနာခံသူ ပုဂ္ဂိုလ်တို့၏ အလိုအဇ္ဈာသယဓာတ်ခံနှင့် လျော်ညီစွာ ဤဒေသနာတော် ကို ဟောကြားပြသပေးတော်မူလေသည်။ (သံ၊ဋ္ဌ၊၂၊၂၄၂။)

အတိတ်-အနာဂတ် ခန္ဓာသည် ယခုပစ္စုပ္ပန်၌ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့် အနိစ္စ (ဒုက္ခ အနတ္တ) ဖြစ်ငြားအံ့၊ ပစ္စုပ္ပန်ခန္ဓာသည်လည်း ထိုအတိတ်-အနာဂတ် အချိန်ကာလ၌ မရှိသည်သာ ဖြစ်သောကြောင့် ထို ပစ္စုပ္ပန်ခန္ဓာ၏ အနိစ္စ (ဒုက္ခ အနတ္တ) ဖြစ်မှုမှာ အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ အဘယ်ကြောင့်နည်းဟူမူ ---- ထိုပစ္စုပ္ပန်ခန္ဓာ၏ ပစ္စုပ္ပန်ဖြစ်မှုကို ဥဒယဗ္ဗယ = ဖြစ်မှု ပျက်မှုဖြင့် ပိုင်းခြားထားသည်၏ အဖြစ်ကြောင့် တည်း။ ---- နိဗ္ဗတ္တာ ယေ စ တိဋ္ဌန္တိ၊ အာရဂ္ဂေ သာသပူပမာ = ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့ပမာ ထင်ရှား ဖြစ်ပေါ်လာကုန်သော အကြင်ခန္ဓာတို့သည် တည်နေကြကုန်၏။ ---- (ခု၊၇၊၃၂။)ဟု ဤစကားတော်ကို ဟောကြားထားတော်မူအပ်ပေသည်။ ---- ဤသို့ မှတ်သားပါလေ။ (သံ၊ဋီ၊၂၊၂၁၃။)

ထိုကြောင့် အတိတ်-အနာဂတ် ခန္ဓာတို့ အပေါ်၌ ငဲ့ကွက်တွယ်တာမှု မရှိရေးအတွက် နှစ်သက်မှု မဖြစ်ရေး အတွက်လည်း အတိတ်-အနာဂတ် ခန္ဓာတို့ကို ဝိပဿနာ ရှုရမည်သာ ဖြစ်ပေသည်။

ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်

ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်

ဤတွင် ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်နှင့် ကျမ်းဂန်များ၌ ခန္ဓာ (၅)ပါးတို့ကို အတိတ်-အနာ ဂတ်-ပစ္စုပ္ပန်အားဖြင့် ခွဲခြားသတ်မှတ်ပုံများကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ရှေးဦးစွာ အဋ္ဌသာလိနီ အဋ္ဌကထာ၏ အဖွင့်ကို တင်ပြပေအံ့။

ပစ္စုပ္ပန္နဉ္စ နာမေတံ တိဝိဓံ ခဏပစ္စုပ္ပန္နံ, သန္တတိပစ္စုပ္ပန္နံ, အဒ္ဓါပစ္စုပ္ပန္နဉ္စ။ တတ္ထ ဥပ္ပါဒဋ္ဌိတိဘင်္ဂပ္ပတ္တံ ခဏပစ္စုပ္ပန္နံ။ ဧကဒွိသန္တတိဝါရပရိယာပန္နံ သန္တတိပစ္စုပ္ပန္နံ။ ။ ပ ။ ဧကဘဝပရိစ္ဆိန္နံ ပန အဒ္ဓါပစ္စုပ္ပန္နံ နာမ။ ယံ သန္ဓာယ ဘဒ္ဒေကရတ္တသုတ္တေ --- ယော စာဝုသော မနော၊ ယေ စ ဓမ္မာ၊ ဥဘယမေတံ ပစ္စုပ္ပန္နံ၊ တသ္မိံ စေ ပစ္စုပ္ပန္နေ ဆန္ဒရာဂပဋိဗဒ္ဓံ ဟောတိ ဝိညာဏံ၊ ဆန္ဒရာဂပဋိဗဒ္ဓတ္တာ ဝိညာဏဿ တဒဘိနန္ဒတိ၊ တဒဘိနန္ဒန္တော ပစ္စုပ္ပန္နေသု ဓမ္မေသု သံဟီရတီတိ ဝုတ္တံ။ သန္တတိပစ္စုပ္ပန္နေဉ္စတ္ထ အဋ္ဌကထာသု အာဂတံ၊ အဒ္ဓါပစ္စုပ္ပန္နံ သုတ္တေ။ (အဘိ၊ဋ္ဌ၊၁၊၄၄၅။)

= ဤ ပစ္စုပ္ပန်အာရုံ မည်သည် ----

၁။ ခဏ ပစ္စုပ္ပန်

၂။ သန္တတိ ပစ္စုပ္ပန်

၃။ အဒ္ဓါ ပစ္စုပ္ပန် - ဟု သုံးမျိုးပြား၏။

၁။ ထိုသုံးမျိုးတို့တွင် ထိုထို အကြောင်းတရားကို အစွဲပြု၍ ဖြစ်ဆဲဖြစ်သော ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်- ပျက် ခဏသုံးပါးသို့ ရောက်ဆဲဖြစ်နေသော စိတ်-စေတသိက်-ရုပ်တရားစုသည် ခဏပစ္စုပ္ပန် မည်၏။

၂။ ရုပ်အစဉ် နာမ်အစဉ်ကို သန္တတိဟု ခေါ်၏။ တစ်ဥတု တစ်ဟာရ နှစ်ဥတု နှစ်ဟာရကြောင့် ဖြစ်သော ရုပ်သန္တတိအစဉ်၌ အကျုံးဝင်သော တစ်ကြိမ် နှစ်ကြိမ်သော ရုပ်သန္တတိအစဉ်သည်လည်းကောင်း, တစ်ဝီထိ နှစ်ဝီထိဟူသော တစ်ခုသော နှစ်ခုသော စိတ်အစဉ်၏ အလှည့်အကြိမ်၌ အကျုံးဝင်သော စိတ်စေတသိက် နာမ်တရားစုသည်လည်းကောင်း သန္တတိပစ္စုပ္ပန်မည်၏။

၃။ တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ရုပ်-နာမ်သည် အဒ္ဓါပစ္စုပ္ပန် မည်၏၊ ယင်း အဒ္ဓါပစ္စုပ္ပန်ကိုပင် ရည်ရွယ်တော်မူ၍ အရှင်မဟာကစ္စည်း ကိုယ်တော်မြတ်ကြီးသည် မဟာကစ္စာန - ဘဒ္ဒေကရတ္တသုတ္တန်၌ ဤသို့ ဟောကြားထားတော်မူ၏။

သီတင်းသုံးဖော် ဖြစ်တော်မူကြကုန်သော အရှင်ဘုရားတို့ ...အကြင် ဘဝင်မနောအကြည်ဓာတ်ဟူသော စိတ်သည်လည်းကောင်း, အကြင်ဓမ္မာရုံတရားစုတို့သည်လည်းကောင်း ရှိကြကုန်၏။ ဤ မန-ဓမ္မာရုံ နှစ်ပါးစုံ သည် အဒ္ဓါပစ္စုပ္ပန် မည်၏။ ထိုအဒ္ဓါပစ္စုပ္ပန်ဖြစ်သော တစ်ခုသောဘဝ၌ အကျုံးဝင်သော မန-ဓမ္မာရုံ နှစ်ပါးစုံ၌ လိုလားတပ်မက်မှု ဆန္ဒရာဂနှင့် စပ်သော တပ်မက်တတ်သော ဝိညာဏ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယင်း အသိစိတ်ဝိညာဏ်၏ လိုလားတပ်မက်မှု ဆန္ဒရာဂနှင့် စပ်သွယ်နေသည်၏ အဖြစ်ကြောင့် (ထိုပုဂ္ဂိုလ်သည်) ထို မန-ဓမ္မာရုံ နှစ်ပါးစုံကို လွန်စွာ နှစ်သက်နေ၏။ ထို မန-ဓမ္မာရုံ နှစ်ပါးစုံကို လွန်စွာ နှစ်သက်သော ပုဂ္ဂိုလ်ကို ပစ္စုပ္ပန်ဖြစ်ကုန်သော တရားတို့၌ တဏှာ-ဒိဋ္ဌိတို့က ဆွဲဆောင်အပ် ဆွဲငင်ထားအပ်ကုန်၏။ (မ၊၃၊၂၃၇။)

ဤ ပစ္စုပ္ပန်သုံးမျိုးတို့တွင် - သန္တတိပစ္စုပ္ပန်ကား အဋ္ဌကထာတို့၌ လာရှိ၏၊ အဒ္ဓါပစ္စုပ္ပန်ကား ဘဒ္ဒေကရတ္တ သုတ္တန် စသော သုတ္တန်ဒေသနာတော်တို့၌ လာရှိ၏။ (အဘိ၊ဋ္ဌ၊၁၊၄၄၅။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ဤ ဘဒ္ဒေကရတ္တသုတ္တန်၌ ဆိုလိုသော ပစ္စုပ္ပန်မှာ ပဋိသန္ဓေခန္ဓာငါးပါးမှသည် စုတိခန္ဓာငါးပါးသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပေါ်နေကြသော ခန္ဓာငါးပါး (အာယတနတစ်ဆယ့်နှစ်ပါး) အားလုံးကိုပင် ဆိုလိုသည် ရည်ညွှန်းထားသည်ဟု မှတ်ပါ။ ထိုကြောင့် ယင်း အဒ္ဓါပစ္စုပ္ပန်တရားတို့တွင် ယနေ့ဖြစ်ပြီးခန္ဓာငါးပါးတွင်သာမက မနေ့က ခန္ဓာငါးပါး, တစ်နေ့က ခန္ဓာငါးပါး စသည်ဖြင့် ပဋိသန္ဓေ ခန္ဓာငါးပါးသို့တိုင်အောင် ဘဝတစ်လျှောက်ဝယ် ဖြစ်ပြီး ခန္ဓာတို့လည်း ပါဝင်ကြ၏။ အလားတူပင် ယနေ့ဖြစ်လတ္တံ့ ခန္ဓာငါးပါးတွင်သာမက နက်ဖြန်၌ ဖြစ်လတ္တံ့သော ခန္ဓာငါးပါး, တစ်မြန်နေ့၌ ဖြစ်လတ္တံ့သော ခန္ဓာငါးပါး, နောက်လ၌ နောက်နှစ်၌ ဖြစ်မည့် ခန္ဓာငါးပါး စသည်ဖြင့် စုတိတိုင်အောင် ဖြစ်လတ္တံ့သော ခန္ဓာငါးပါး တို့လည်းပါဝင်ကြ၏။ မျက်မှောက်ခေတ်တွင် ရေပန်းစားနေသော ပစ္စုပ္ပန်နှင့်ကား တူညီမှု မရှိသည်ကို သတိပြုလေရာသည်။

အာရုံ (၆) ပါး သို့မဟုတ် ခန္ဓာ (၅) ပါးတို့ အပေါ်၌ လိုလား တပ်မက်မှု ဆန္ဒရာဂနှင့် ဆက်စပ်လျက် တွယ်တာ မက်မောတတ်သည့် အသိစိတ် ဝိညာဏ် = မန ဖြစ်ရေးမှာ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယသို့ ဆိုက်အောင် အသိဉာဏ်ပေါက်နေသော ပရမတ်သို့ဆိုက်အောင် မြင်သိနေသော ခဏပစ္စုပ္ပန်တရားတို့ အပေါ်၌ အလွန်ဖြစ်ခဲဖွယ်ရာရှိ၏။ ဘဝတစ်ခုဖြင့် ပိုင်းခြားထားအပ်သော အဒ္ဓါပစ္စုပ္ပန် အမည်ရသော ခန္ဓာ (၅)ပါး ရုပ်-နာမ်တရားတို့ အပေါ်၌သာ တဏှာ-ဒိဋ္ဌိတို့ အဖြစ်များဖွယ် ရှိပေသည်။ သို့အတွက် ဘဒ္ဒေကရတ္တသုတ္တန်များ၌ ဆိုလိုသော ပစ္စုပ္ပန်မှာ ဘဝတစ်ခုဖြင့် ပိုင်းခြားထားအပ်သော ဘဝတစ်ခု၌ အကျုံးဝင်သော ခန္ဓာ (၅) ပါး ရုပ်-နာမ်တရားတို့သာ ဖြစ်ကြောင်း အဋ္ဌကထာဆရာတော်များက ဖွင့်ဆိုတော်မူကြခြင်း ဖြစ်ပေသည်။ သို့သော် ဤသို့သောဖွင့်ဆိုချက်တို့ကား - သုတ္တန္တပရိယာယနည်းသာ ဖြစ်၏။ အဘိဓမ္မနိဒ္ဒေသနည်းကား မဟုတ်ပေ။ သို့အတွက် သုတ္တန္တပရိယာယနည်း နှင့် အဘိဓမ္မနိဒ္ဒေသနည်းတို့အတိုင်း ပစ္စုပ္ပန်ယူဆပုံကိုလည်း ဆက်လက် တင်ပြအပ်ပါသည်။

အတိတ် အနာဂတ် ပစ္စုပ္ပန် သတ်မှတ်ပုံ

အတိတ် အနာဂတ် ပစ္စုပ္ပန် သတ်မှတ်ပုံ

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ တဒေကဇ္ဈံ အဘိသံယူဟိတွာ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ ရူပက္ခန္ဓော။ ယာ ကာစိ ဝေဒနာ။ ယာ ကာစိ သညာ။ ယေ ကေစိ သင်္ခါရာ။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ။ ပ ။ အဘိသင်္ခိပိတွာ အယံ ဝုစ္စတိ ဝိညာဏက္ခန္ဓော။ (အဘိ၊၂၊၁-၁၀။)

ဣဒံ ပန အတီတာနာဂတပစ္စုပ္ပန္နံ နာမ သုတ္တန္တပရိယာယတော အဘိဓမ္မနိဒ္ဒေသတောတိ ဒုဝိဓံ။ တံ သုတ္တန္တပရိယာယေ ဘဝေန ပရိစ္ဆိန္နံ။ ပဋိသန္ဓိတော ဟိ ပဋ္ဌာယ အတီတဘဝေသု နိဗ္ဗတ္တံ ရူပံ အနန္တရဘဝေ ဝါ နိဗ္ဗတ္တံ ဟောတု ကပ္ပကောဋိသတသဟဿမတ္ထကေ ဝါ၊ သဗ္ဗံ အတီတမေဝ နာမ။ စုတိတော ပဋ္ဌာယ အနာဂတဘဝေသု နိဗ္ဗတ္တနကရူပံ အနန္တရဘဝေ ဝါ နိဗ္ဗတ္တံ ဟောတု ကပ္ပကောဋိသတသဟဿမတ္ထကေ ဝါ။ သဗ္ဗံ အနာဂတမေဝ နာမ။ စုတိပဋိသန္ဓိအန္တရေ ပဝတ္တရူပံ ပစ္စုပ္ပန္နံ နာမ။ (အဘိ၊ဋ္ဌ၊၂၊၇။)

ပါဠိတော်ဘာသာပြန်

ပါဠိတော်ဘာသာပြန်

အတိတ်-အနာဂတ်-ပစ္စုပ္ပန်ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ အဇ္ဈတ္တသန္တာန်၌ မူလည်းဖြစ်သော, ဗဟိဒ္ဓသန္တာန်၌မူလည်း ဖြစ်သော, ရုန့်ရင်းကြမ်းတမ်းသော ဩဠာရိကသည်မူလည်း ဖြစ်သော, သိမ်မွေ့နူးညံ့သော သုခုမသည်မူလည်း ဖြစ်သော, ယုတ်ညံ့သည်မူလည်း ဖြစ်သော, မွန်မြတ်သည်မူလည်း ဖြစ်သော အလုံးစုံသော ရုပ်တရားသည်လည်းကောင်း၊ (အသိဉာဏ်နှင့်) ဝေးသော အကြင်ဒူရရုပ်သည်လည်းကောင်း, (အသိဉာဏ်နှင့်) နီးသော အကြင်သန္တိကရုပ်သည်လည်းကောင်း ရှိ၏။ ထုိ (၁၁) မျိုးသော ဩကာသ = တည်ရာ၌ ပြအပ်သော အလုံးစုံသော ရုပ်ကို ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာ တစ်ခု၌ တစ်ပေါင်းတည်းပြု၍ ရုံးစု၍ ချုံး၍ ဤ (၁၁) မျိုးသောအပြားအားဖြင့် ကွဲပြားသော, ဖောက်ပြန်တတ်သော, ရုပ္ပနလက္ခဏာအားဖြင့် တစ်ပေါင်း တစ်စုတည်း ပေါင်းစုရုံးချဉ်းအပ်သော ရုပ်သဘောတရား အလုံးစုံကို ရုပ်အစု = ရူပက္ခန္ဓာဟူ၍ ခေါ်ဆိုအပ်၏။(နာမ်ခန္ဓာတို့၌လည်း နည်းတူပင် မှတ်ပါ။) (အဘိ၊၂၊၁-၁၀။)

ဤပါဠိတော်အရ (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားအားလုံးကို ရူပက္ခန္ဓာဟု ခေါ်ဆိုသည်ဟု မှတ်သားထားပါ။

သုတ္တန္တပရိယာယနည်း

သုတ္တန္တပရိယာယနည်း

ပရမတ္ထသဘာဝဓမ္မမှ ပြောင်းလွှဲ၍ ဖြစ်ခြင်းသည် ပရိယာယမည်၏။ သုတ္တန်ဒေသနာတော်ကား ပရိယာယ ဒေသနာတော် ဖြစ်ခြင်းကြောင့် သုတ္တန္တပရိယာယနည်းဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ အဘိဓမ္မာ၌ ဖဿ-ဝေဒနာ စသည်ဖြင့် ဆုံးဖြတ်ချက်ချသောအားဖြင့် ဟောတော်မူခြင်းကို အဘိဓမ္မနိဒ္ဒေသဟု ခေါ်ဆိုသည်။

ဤ အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ် မည်သည် ---

၁။ ပရမတ္ထသဘာဝဓမ္မမှ ပြောင်းလွှဲ၍ ဖြစ်သော သုတ္တန္တပရိယာယ = သုတ္တန်ဒေသနာတော်နည်း,

၂။ အဘိဓမ္မာ၌ ဆုံးဖြတ်ချက်ချ၍ ဟောတော်မူအပ်သော အဘိဓမ္မနိဒ္ဒေသ = အဘိဓမ္မာဒေသနာတော်နည်း-

ဤသို့အားဖြင့် နှစ်မျိုးအပြား ရှိ၏။

ထိုအတိတ်-အနာဂတ်-ပစ္စုပ္ပန်ရုပ်ကို ပရမတ္ထသဘာဝဓမ္မမှ ပြောင်းလွှဲ၍ဖြစ်သော သုတ္တန်ဒေသနာတော်၌ ဘဝဖြင့်ပိုင်းခြား ထားအပ်၏။ ပိုင်းခြားပုံမှာ ဤသို့ဖြစ်၏။ ---

၁။ ပဋိသန္ဓေမှ စ၍ အတိတ်ဘဝတို့၌ ဖြစ်ခဲ့ပြီးသော ရုပ်ဟူသမျှသည် - အခြားမဲ့ လွန်ခဲ့ပြီးသော ဒုတိယ ဘဝ၌မူလည်း ဖြစ်ခဲ့ပြီးသည် ဖြစ်ချင်ဖြစ်ပါစေ၊ လွန်ခဲ့သော ကမ္ဘာကုဋေတစ်သိန်းထက်၌မူလည်း ဖြစ်ခဲ့ ပြီးသည် ဖြစ်ချင် ဖြစ်ပါစေ - ဤအလုံးစုံသောရုပ်သည် အတိတ်ရုပ်သာ မည်၏။

၂။ ဤဘဝစုတိမှ စ၍ အနာဂတ်ဘဝတို့၌ ဖြစ်လတ္တံ့သော ရုပ်ဟူသမျှသည် အခြားမဲ့လာလတ္တံ့သော ဒုတိယ ဘဝ၌မူလည်း ဖြစ်လတ္တံ့သည် ဖြစ်ချင်ဖြစ်ပါစေ၊ နောင်လာလတ္တံ့သော အနာဂတ် ကမ္ဘာကုဋေတစ်သိန်း ထက်၌မူလည်း ဖြစ်လတ္တံ့သည် ဖြစ်ချင်ဖြစ်ပါစေ - ဤရုပ်အားလုံးသည် အနာဂတ်ရုပ်သာလျှင် မည်၏။

၃။ ဤဘဝ စုတိ - ဤဘဝ ပဋိသန္ဓေ - ဤနှစ်ခုတို့၏ အကြား၌ ဖြစ်သော ရုပ်သည် ပစ္စုပ္ပန်ရုပ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၇။)

အဘိဓမ္မနိဒ္ဒေသနည်း

အဘိဓမ္မနိဒ္ဒေသနည်း

အဘိဓမ္မနိဒ္ဒေသေ ပန ခဏေန ပရိစ္ဆိန္နံ။ တယော ဟိ ရူပဿ ခဏာ ဥပ္ပါဒေါ ဌိတိ ဘင်္ဂေါတိ။ ဣမေ တယော ခဏေ ပတွာ နိရုဒ္ဓံ ရူပံ သမနန္တရနိရုဒ္ဓံ ဝါ ဟောတု အတီတေ ကပ္ပကောဋိသတသဟဿမတ္ထကေ ဝါ၊ သဗ္ဗံ အတီတမေဝ နာမ။ တယော ခဏေ အသမ္ပတ္တံ ရူပံ ဧကစိတ္တက္ခဏမတ္တေန ဝါ အသမ္ပတ္တံ ဟောတု အနာဂတေ ကပ္ပကောဋိသတသဟဿ မတ္ထကေ ဝါ ၊ သဗ္ဗံ အနာဂတမေဝ နာမ။ ဣမေ တယော ခဏေ သမ္ပတ္တံ ရူပံ ပန ပစ္စုပ္ပန္နံ နာမ။ တတ္ထ ကိဉ္စာပိ ဣဒံ သုတ္တန္တဘာဇနီယံ၊ ဧဝံ သန္တေပိ အဘိဓမ္မနိဒ္ဒေသေနေဝ အတီတာနာဂတပစ္စုပ္ပန္နရူပံ နိဒ္ဒိဋ္ဌန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၇။)

အဘိဓမ္မနိဒ္ဒေသ = အဘိဓမ္မဒေသနာ၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ခဏအားဖြင့် ပိုင်းခြားထားအပ်၏။ပိုင်းခြားထားပုံမှာ ဤသို့ ဖြစ်၏။ ---

ရုပ်တရား၏ အခိုက်အတန့် ခဏတို့သည် ---

၁။ ဖြစ်ခြင်း ဥပါဒ်ခဏ,

၂။ တည်ခြင်း ဌီခဏ,

၃။ ပျက်ခြင်း ဘင်ခဏ --- ဤသို့ ခဏ သုံးမျိုး ရှိကုန်၏။

၁။ ဤခဏသုံးပါးတို့သို့ ရောက်ရှိ ပြီး၍ ချုပ်လေပြီးသော ရုပ်သည် ကောင်းစွာ အခြားမဲ့ ဖြစ်၍ (= အခြား မရှိမူ၍) ချုပ်နှင့်လေပြီးသော ရုပ်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ အတိတ် ကမ္ဘာကုဋေတစ်သိန်းထက်၌ ချုပ်နှင့် လေပြီးသော ရုပ်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ အလုံးစုံသော ချုပ်လေပြီးသော ရုပ်ဟူသမျှသည် အတိတ် ရုပ်သာလျှင် မည်၏။

၂။ သုံးပါးကုန်သော ခဏတို့သို့ မရောက်ရှိသေးသောရုပ်သည် တစ်ခုသော စိတ္တက္ခဏမျှဖြင့်မူလည်း မရောက်ရှိသေးသော ရုပ်သည် ဖြစ်ချင်ဖြစ်ပါစေ၊ နောင်အနာဂတ်ဝယ် ကမ္ဘာကုဋေတစ်သိန်းထက်၌မူလည်း ဖြစ်လတ္တံ့သော ရုပ် ဖြစ်ချင်ဖြစ်ပါစေ၊ ခဏသုံးပါးသို့ မဆိုက်ရောက်သေးသော ရုပ်မှန်သမျှ အားလုံးသည် အနာဂတ်ရုပ်သာလျှင် မည်၏။

၃။ ဤ ခဏသုံးပါးတို့သို့ ဆိုက်ရောက်လာသော ဆိုက်ရောက်နေဆဲဖြစ်သော ရုပ်မှန်သမျှသည် ပစ္စုပ္ပန်ရုပ် မည်၏။ ဤသို့ သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၇။)

သိသင့်သောအချက် တစ်ရပ်

သိသင့်သောအချက် တစ်ရပ်

တတ္ထ ကိဉ္စာပိ ဣဒံ သုတ္တန္တဘာဇနီယံ၊ ဧဝံ သန္တေပိ အဘိဓမ္မနိဒ္ဒေသေနေဝ အတီတာနာဂတပစ္စုပ္ပန္နရူပံ နိဒ္ဒိဋ္ဌန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၇။)

ကိဉ္စာပီတိအာဒီသု အယမဓိပ္ပါယော --- သုတ္တန္တဘာဇနီယတ္တာ ယထာ အတီတံ နာနွာဂမေယျာတိအာဒီသု (မ၊၃၊၂၂၆၊ ဘဒ္ဒေကရတ္တသုတ္တ။) အဒ္ဓါနဝသေန အတီတာဒိဘာဝေါဝ ဝုတ္တော၊ တထာ ဣဓာပိ နိဒ္ဒိသိတဗ္ဗော သိယာ။ ဧဝံ သန္တေပိ သုတ္တန္တဘာဇနီယမ္ပိ အဘိဓမ္မဒေသနာယေဝ သုတ္တန္တေ ဝုတ္တဓမ္မေ ဝိစိနိတွာ ဝိဘဇနဝသေန ပဝတ္တာတိ အဘိဓမ္မနိဒ္ဒေသေနေဝ အတီတာဒိဘာဝေါ နိဒ္ဒိဋ္ဌောတိ။ (မူလဋီ၊၂၊၆။)

ဘဒ္ဒေကရတ္တသုတ္တာဒီသု ဝိယ အတီတာဒိဘာဝေါ အတီတာနာဂတပစ္စုပ္ပန္နဘာဝေါ အဒ္ဓါဝသေန ဣဓာပိ ခန္ဓဝိဘင်္ဂေ သုတ္တန္တဘာဇနီယတ္တာ နိဒ္ဒိသိတဗ္ဗော သိယာတိ ယောဇနာ။ (အနုဋီ၊၂၊၁၂။)

အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။

ထို သုတ္တန္တပရိယာယ, အဘိဓမ္မနိဒ္ဒေသဟူသော နည်းနှစ်မျိုးတို့တွင် ယခု ဖွင့်ဆိုရေးသားနေဆဲဖြစ်သော ခန္ဓဝိဘင်းဘာဇနီယသည် သုတ္တန္တဘာဇနီယနည်းပင် ဖြစ်၏။ ဘဒ္ဒေကရတ္တသုတ္တန် စသည်တို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန် သဘောကို အဒ္ဓါ၏ အစွမ်းဖြင့် ဘဝဖြင့် ပိုင်းခြား၍ ညွှန်ပြတော်မူသကဲ့သို့ ဤခန္ဓဝိဘင်း - သုတ္တန္တဘာဇနီယ နည်း၌လည်း သုတ္တန္တဘာဇနီယနည်း ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်၏အဖြစ်ကို အဒ္ဓါ၏ အစွမ်း ဖြင့်သာ ဘဝဖြင့် ပိုင်းခြား၍ ညွှန်ပြသင့်ပေ၏။ ဤသို့ ညွှန်ပြသင့်သည် ဖြစ်ပါသော်လည်း သုတ္တန္တဘာဇနီယ တရားတော်သည်လည်း ဘဒ္ဒေကရတ္တသုတ္တန်တို့ကဲ့သို့သော သုတ္တန်၌ ဟောကြားထားတော်မူအပ်သော ပရမတ္ထ ဓာတ်သား ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ရွေးချယ် စိစစ်၍ အကျယ် ဝေဖန် တော်မူခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အဘိဓမ္မာဒေသနာတော် တစ်မျိုးသာ ဖြစ်ပေသည်။ ထိုကြောင့် အဘိဓမ္မာနိဒ္ဒေသနည်းအားဖြင့်သာလျှင် အတိတ် အနာဂတ် ပစ္စုပ္ပန်၏ အဖြစ်ကို ဘုရားရှင်သည် ညွှန်ပြအပ် ပေ၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၂၊၇။ မူလဋီ၊၂၊၆။ အနုဋီ၊၂၊၁၂။)

[မှတ်ချက် --- ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ - ဘဒ္ဒေကရတ္တသုတ္တန်၌ အတိတ်ခန္ဓာငါးပါး၊ အနာဂတ်ခန္ဓာငါးပါး၊ ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ကို အဒ္ဓါ၏အစွမ်းဖြင့် ဘဝဖြင့် ပိုင်းခြား၍ ညွှန်ပြ ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ သုတ္တန္တဘာဇနီယနည်းဟု ဆိုလိုသည်။ သို့သော် သုတ္တန္တဘာဇနီယပင်ဖြစ်ပါသော်လည်း သုတ္တန္တဘာဇနီယနည်းဟူသည် အဘိဓမ္မာ၌ ဟောကြားတော်မူအပ်သော တရားတို့ကို စိစစ်သောအားဖြင့် ခွဲခြားဝေဖန်၍ ဟောကြားတော်မူအပ်သော အဘိဓမ္မာ ဒေသနာတော် တစ်မျိုးပင် ဖြစ်သောကြောင့် အဘိဓမ္မနိဒ္ဒေသနည်းအားဖြင့်သာ အတိတ် အနာဂတ် ပစ္စုပ္ပန်ခန္ဓာငါးပါးကို ဘုရားရှင် ညွှန်ပြထားတော်မူအပ်သည်ဟု သိရှိပါလေ။]

နောက်တစ်နည်းဖွင့်ဆိုပုံ

နောက်တစ်နည်းဖွင့်ဆိုပုံ

အပရော နယော --- ဣဒဥှိ ရူပံ အဒ္ဓါ-သန္တတိ-သမယ-ခဏဝသေန စတုဓာ အတီတံ နာမ ဟောတိ။ တထာ အနာဂတပစ္စုပ္ပန္နံ။ အဒ္ဓါဝသေန တာဝ ဧကဿ ဧကသ္မိံ ဘဝေ ပဋိသန္ဓိတော ပုဗ္ဗေ အတီတံ၊ စုတိတော ဥဒ္ဓံ အနာဂတံ၊ ဥဘိန္နမန္တရေ ပစ္စုပ္ပန္နံ။

သန္တတိဝသေန သဘာဂဧကဥတုသမုဋ္ဌာနံ ဧကာဟာရသမုဋ္ဌာနဉ္စ ပုဗ္ဗာပရိယဝသေန ပဝတ္တမာနမ္ပိ ပစ္စုပ္ပန္နံ၊ တတော ပုဗ္ဗေ ဝိသဘာဂဥတုအာဟာရသမုဋ္ဌာနံ အတီတံ၊ ပစ္ဆာ အနာဂတံ။ စိတ္တဇံ ဧကဝီထိ-ဧကဇဝန- ဧကသမာပတ္တိသမုဋ္ဌာနံ ပစ္စုပ္ပန္နံ၊ တတော ပုဗ္ဗေ အတီတံ၊ ပစ္ဆာ အနာဂတံ။ ကမ္မသမုဋ္ဌာနဿ ပါဋိယေက္ကံ သန္တတိဝသေန အတီတာဒိဘေဒေါ နတ္ထိ၊ တေသညေဝ ပန ဥတုအာဟာရစိတ္တသမုဋ္ဌာနာနံ ဥပတ္ထမ္ဘကဝသေန တဿ အတီတာဒိဘေဒေါ (= အတီတာဒိဘာဝေါ) ဝေဒိတဗ္ဗော။

သမယဝသေန ဧကမုဟုတ္တပုဗ္ဗဏှသာယနရတ္တိဒိဝါဒီသု သမယေသု သန္တာနဝသေန ပဝတ္တမာနံ တံ တံ သမယံ ပစ္စုပ္ပန္နံ နာမ၊ တတော ပုဗ္ဗေ အတီတံ၊ ပစ္ဆာ အနာဂတံ။

ခဏဝသေန ဥပ္ပါဒါဒိခဏတ္တယပရိယာပန္နံ ပစ္စုပ္ပန္နံ နာမ။ တတော ပုဗ္ဗေ အတီတံ ပစ္ဆာ အနာဂတံ။

အပိစ အတိက္ကန္တဟေတုပစ္စယကိစ္စံ အတီတံ၊ နိဋ္ဌိတဟေတုကိစ္စံ အနိဋ္ဌိတပစ္စယကိစ္စံ ပစ္စုပ္ပန္နံ့၊ ဥဘယကိစ္စံ အသမ္ပတ္တံ အနာဂတံ။ သကိစ္စက္ခဏေ ဝါ ပစ္စုပ္ပန္နံ့၊ တတော ပုဗ္ဗေ အတီတံ၊ ပစ္ဆာ အနာဂတံ။

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ ၊ သေသာ သပရိယာယာ။ တာသု နိပ္ပရိယာယကထာ ဣဓ အဓိပ္ပေတာ။ (အဘိ၊ဋ္ဌ၊၂၊၇-၈။ ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤ အထက်ပါ အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။ ---

ဤ ရုပ်တရားဟူသည် ---

၁။ အဒ္ဓါ = ဘဝဟူသော အဓွန့်ကာလ,

၂။ သန္တတိ = အစဉ်အတန်း,

၃။ သမယ = အခါ (အချိန်အခါ),

၄။ ခဏ = ဥပါဒ်-ဌီ-ဘင်ဟူသော ခဏတို့၏ အစွမ်းအားဖြင့် လေးမျိုးအပြားအားဖြင့် အတိတ်မည်၏။

ထို့အတူ လေးမျိုးအပြားအားဖြင့် အနာဂတ်ရုပ် မည်၏၊ ပစ္စုပ္ပန်ရုပ် မည်၏။

အဒ္ဓါ (= ဘဝ) ဟူသော အဓွန့်

အဒ္ဓါ (= ဘဝ) ဟူသော အဓွန့်

ထို အဒ္ဓါ-သန္တတိ-သမယ-ခဏ လေးမျိုးတို့တွင် အဒ္ဓါ-သဒ္ဒါကား စုတိ ပဋိသန္ဓေဖြင့် ပိုင်းခြားအပ် ပိုင်းဖြတ်အပ်သော တစ်ဘဝဟူသော အဓွန့်ကာလ၌ ဖြစ်၏။

အဟောသိံ နု ခေါ အတီတမဒ္ဓါနံ။ (မ၊၁၊၁၀။ သံ၊၁၊၂၅၆။)

= ငါသည် လွန်လေပြီးသော အတိတ်ဘဝ အဓွန့်၌ ဖြစ်ခဲ့လေပြီလော ---

ဤသို့ စသည်ဖြင့် နိဒါနဝဂ္ဂသံယုတ် အာဟာရဝဂ် ပစ္စယသုတ္တန် စသည်တို့၌ ဟောကြားထားတော်မူအပ်သော သုတ္တန်ဒေသနာတော်နည်း၏ အစွမ်းဖြင့် အဒ္ဓါ သဒ္ဒါကား စုတိ ပဋိသန္ဓေဖြင့် ပိုင်းခြားအပ် ပိုင်းဖြတ် အပ်သော တစ်ဘဝဟူသော အဓွန့်ကာလ၌ ဖြစ်၏ဟု သိရှိနိုင်ပေ၏။

နောက်တစ်မျိုးကား ---

တယောမေ ဘိက္ခဝေ အဒ္ဓါ၊ ကတမေ တယော? အတီတော အဒ္ဓါ၊ အနာဂတော အဒ္ဓါ၊ ပစ္စုပ္ပန္နောအဒ္ဓါ။ (ခု၊၁၊၂၃၂။ ဒီ၊၃၊၁၈၁။)

ရဟန်းတို့ ...အဓွန့်ကာလတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်းဟူမူ အတိတ် ဖြစ်သော အဓွန့်ကာလလည်းကောင်း, အနာဂတ် ဖြစ်သော အဓွန့်ကာလလည်းကောင်း, ပစ္စုပ္ပန် ဖြစ်သော အဓွန့်ကာလ လည်းကောင်း - ဤသုံးပါးတို့တည်း။

ဤပါဠိတော်ဝယ် ခန္ဓဝဂ္ဂသံယုတ် ဥပယဝဂ် နိရုတ္တိပထသုတ်၏ အစွမ်းဖြင့် အဒ္ဓါ-သဒ္ဒါ၏ အနက်သည် ပရမတ္ထအားဖြင့် ပိုင်းဖြတ်အပ်သော ပရမတ်တို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏဖြင့် ပိုင်းခြား သတ်မှတ်အပ်သော အနက်သည် သင့်တင့်ပေ၏။

အကြောင်းမှာ ဤသို့ဖြစ်၏။ ---

ထို နိရုတ္တိပထသုတ္တန်၌ ---

ယံ ဘိက္ခဝေ ရူပံ ဇာတံ ပါတုဘူတံ၊ အတ္ထီတိ တဿ သင်္ခါ။ (သံ၊၂၊၆၀။)

= ရဟန်းတို့ ...အကြင် ရုပ်သည် ဖြစ်ဆဲဖြစ်၏၊ ထင်ရှားဖြစ်နေ၏။ ထို ရုပ်သည်ရှိ၏ဟူသော ထိုရုပ်၏ အမည်သည် ဖြစ်ပေါ်လာ၏။ (သံ၊၂၊၆၀။)

ဤဖော်ပြပါ နိရုတ္တိပထသုတ္တန်ဝယ် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေဆဲဖြစ်သော ရုပ်တရား၏ ပစ္စုပ္ပန်ရုပ်၏ အဖြစ်ကိုလည်းကောင်း၊ ထို ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားရှိနေဆဲဖြစ်သော ရုပ်တရားမှ ရှေး၌ ဖြစ်ပြီးသော ရုပ်တရား၏ အတိတ်ရုပ်၏ အဖြစ်ကိုလည်းကောင်း နောက်၌ ဖြစ်လတ္တံ့သော ရုပ်တရား၏ အနာဂတ်ရုပ်၏ အဖြစ်ကိုလည်းကောင်း ဟောကြားထားတော်မူအပ်ခဲ့လေပြီ။

သို့အတွက် သုတ္တန်ဒေသနာတော်တို့၌ ---

၁။ စုတိ ပဋိသန္ဓေဖြင့် ပိုင်းခြားအပ်သော တစ်ဘဝဟူသော အဓွန့်ကာလ အဒ္ဓါတစ်မျိုး (= ဘဝဟူသော အဓွန့်ကာလ၊)

၂။ ပရမတ်တို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ထင်ရှားရှိနေဆဲ ခဏဖြင့် ပိုင်းခြားသတ်မှတ် အပ်သော (ခဏ) အဒ္ဓါတစ်မျိုး (= ခဏဟူသော အဓွန့်ကာလ၊) ဤသို့ နှစ်မျိုးရှိပေသည်။

သုတ္တန်ဒေသနာတော်တို့၌ ထိုသို့ပင် အဒ္ဓါနှစ်မျိုးရှိပါသော်လည်း များသောအားဖြင့် သုတ္တန်ပါဠိတော်တို့၌ စုတိ ပဋိသန္ဓေအားဖြင့် ပိုင်းဖြတ်အပ်သော ပိုင်းခြားသတ်မှတ်အပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ဘဝဟူသော အဓွန့် အဒ္ဓါကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ခဲ့လေပြီ။ ထိုကြောင့် ထိုယေဘုယျ ဟောကြားထားတော်မူချက်သို့ လိုက်၍ အဋ္ဌကထာဆရာတော်က အတိတ် အနာဂတ် ပစ္စုပ္ပန် အယူအဆကို အောက်ပါအတိုင်း သတ်မှတ်လျက် တစ်နည်း ဖွင့်ဆိုထားတော်မူပြန်သည်။

၁။ အဒ္ဓါ --- တစ်ဦးသော သတ္တဝါ၏ တစ်ခုသောဘဝ၌ ယခုလက်ရှိဘဝ ပဋိသန္ဓေမှ ရှေးဖြစ်သော အတိတ်၌ ဖြစ်သော ရုပ်မှန်သမျှသည် အတိတ်ရုပ် မည်၏။ ဤဘဝ စုတိမှ အထက်ဖြစ်သော နောင်အနာဂတ်၌ ဖြစ်လတ္တံ့သော ရုပ်မှန်သမျှသည် အနာဂတ်ရုပ် မည်၏။ အတိတ်ရုပ် အနာဂတ်ရုပ် နှစ်မျိုးတို့၏ အလယ် ဖြစ်သော ရုပ်မှန်သမျှသည် ပစ္စုပ္ပန်ရုပ် မည်၏။

၂။ သန္တတိ --- သန္တတိအစဉ်အတန်း၏ အစွမ်းဖြင့် ဆိုရမူ ဤသို့ ဖြစ်၏။ ----

သဘောတူသော အဖို့ရှိသော တစ်ခုသော ဥတုဟူသော ဖြစ်ကြောင်းရှိသော ရုပ်သည်လည်းကောင်း, သဘောတူသော အဖို့ရှိသော တစ်ခုသော အာဟာရဟူသော ဖြစ်ကြောင်းရှိသော ရုပ်သည်လည်းကောင်း ရှေး၌ ဖြစ်သည် နောက်၌ ဖြစ်သည်၏ အစွမ်းဖြင့် ဖြစ်ပါသော်လည်း ပစ္စုပ္ပန်မည်၏။ (သဘာဂဧကဥတုသမုဋ္ဌာန်ရုပ်, သဘာဂဧကာဟာရသမုဋ္ဌာန်ရုပ်သည် ပစ္စုပ္ပန်ရုပ် မည်၏ ဟူလိုသည်။)

ထို သဘာဂဧကဥတုသမုဋ္ဌာန်ရုပ်, သဘာဂဧကာဟာရသမုဋ္ဌာန်ရုပ်မှ ရှေး၌ ဝိသဘာဂဥတုသမုဋ္ဌာန်ရုပ်, = သဘောမတူသော ဥတုလျှင်ဖြစ်ကြောင်းရှိသောရုပ်, ဝိသဘာဂအာဟာရသမုဋ္ဌာန်ရုပ် = သဘောမတူသော အာဟာရဟူသော ဖြစ်ကြောင်းရှိသော ရုပ်သည် အတိတ်ရုပ် မည်၏။

ထိုသဘာဂဧကဥတုသမုဋ္ဌာန်ရုပ်, သဘာဂဧကာဟာရသမုဋ္ဌာန်ရုပ်မှ နောက်ကာလ၌ဖြစ်သော ဝိသဘာဂ ဥတုသမုဋ္ဌာန်ရုပ် = သဘောမတူသော ဥတုလျှင် ဖြစ်ကြောင်းရှိသောရုပ်, ဝိသဘာဂအာဟာရသမုဋ္ဌာန်ရုပ် = သဘောမတူသော အာဟာရဟူသော ဖြစ်ကြောင်းရှိသော ရုပ်သည် အနာဂတ်ရုပ် မည်၏။

သဘာဂဥတု-အာဟာရ ဧကဥတု-အာဟာရ

သဘာဂဥတု-အာဟာရ ဧကဥတု-အာဟာရ

သီတံ သီတဿ သဘာဂေါ ၊ တထာ ဥဏှံ ဥဏှဿ။ ယံ ပန သီတံ ဥဏှံ ဝါ သရီရေ သန္နိပတိတံ သန္တာနဝသေန ပဝတ္တမာနံ အနူနံ အနဓိကံ ဧကာကာရံ ၊ တံ ဧကော ဥတူတိ ဝုစ္စတိ။ သဘာဂဥတုနော အနေကန္တသဘာဝတော ဧကဂဟဏံ ကတံ ၊ ဧဝံ အာဟာရေပိ။ (မူလဋီ၊၂၊၇။)

သန္တာနဝသေနာတိ ပုဗ္ဗာပရဝသေန။ ပုဗ္ဗေနာပရဿ သမပ္ပမာဏတာယ အနူနံ အနဓိကံ၊ တတော ဧဝ ဧကာကာရံ။ တေန ဝိသဘာဂဥတုနာ အနန္တရိတတံ ဒေဿတိ။ (အနုဋီ၊၂၊၁၂။)

သဘာဂဥတု --- အေးသော သီတဥတုသည် သီတဥတု၏ တူသော အဖို့ရှိသော သဘာဂတရားတည်း။ ထို့အတူ ပူသော ဥဏှဥတုသည် ဥဏှဥတု၏ သဘာဂတရားတည်း။

ဧကဥတု --- အအေးမူလည်း ဖြစ်သော, အပူမူလည်းဖြစ်သော ခန္ဓာကိုယ်၌ ပေါင်းဆုံကျရောက်လျက် ရှိသော အကြင် သီတဥတု သို့မဟုတ် အကြင် ဥဏှဥတုသည် ရှေးရုပ်အစဉ်နှင့် နောက်ရုပ်အစဉ်တို့ ဆက်စပ်လျက် သန္တတိအစဉ်အတန်း၏ အစွမ်းဖြင့် အဆက်မပြတ် ဖြစ်လတ်သော် ပင်ကိုယ်သဘောမှ လျော့လည်း မလျော့သည် ဖြစ်၍, ပင်ကိုယ်သဘောထက် လွန်လည်း မလွန်သည် ဖြစ်၍ တူမျှသော ပမာဏရှိသည်၏ အဖြစ်ကြောင့်ပင် တစ်မျိုးတည်းသော အခြင်းအရာ ရှိ၏။ ထိုဥတုကို ဧကဥတု = တစ်မျိုးသော ဥတုဟု ခေါ်ဆို၏။ (ခန္ဓာကိုယ်၌ ကျရောက်သော ဥတုသည် ရှေးရုပ်အစဉ်နှင့် နောက်ရုပ်အစဉ်တို့ ဆက်စပ်လျက် အဆက်မပြတ် အစဉ်အတန်း အားဖြင့် ဖြစ်၍ နေရာဝယ် ပြဒါးတိုင်ဖြင့် တိုင်းကြည့်သောအခါ လျော့လည်း မလျော့, ပိုလည်းမပိုဘဲ တစ်သမတ်တည်း နေသော ဥတုကို ဧကဥတု = တစ်ခုသော တစ်မျိုးသော ဥတု = ဥတုတစ်ခုဟု ခေါ်ဆို၏။ ဥပမာ- အေးသည့် သီတရုပ် အစဉ်အတန်း တစ်နာရီလောက် ဆက်တိုက်ဖြစ်နေလျှင် ထိုကာလ အတွင်း၌ အေးရုပ် အစဉ် သန္တတိသည် လျော့လည်း လျော့မသွားဘဲ, ပိုလည်း မပိုလွန်လာဘဲ တစ်သမတ်တည်း တည်နေသော အခြင်းအရာရှိမှု, ပူသည့် ဥဏှရုပ် အစဉ်အတန်း တစ်နာရီလောက် ဆက်တိုက်ဖြစ်နေလျှင်လည်း ထိုကာလ အတွင်း၌ ပူရုပ်အစဉ်သန္တတိသည် လျော့လည်း လျော့မသွားဘဲ, ပိုလည်း မပိုလွန်လာဘဲ တစ်သမတ်တည်း တည်နေသော အခြင်းအရာရှိမှုမျိုးတည်း။) ယင်းသဘာဝတရားမျိုးကို တူညီသော သဘာဝရှိသည်၏ အဖြစ် ကြောင့် တစ်ခုတည်းသော အခြင်းအရာရှိ၏ဟု ဆိုအပ်၏။ ဤ ဧကာကာရံ = တစ်ခုတည်းသော အခြင်းအရာရှိ၏ ဟူသော စကားရပ်ဖြင့် သဘောမတူသော ဝိသဘာဂဥတုသည် မခြားကွယ်အပ်သည်၏ အဖြစ်ကို ထင်ရှားပြ၏။

သို့သော် သဘာဂဖြစ်သော ဥတုတစ်ခု၏ အတွင်း၌ ပရမတ္ထဓမ္မသဘာဝ ဖြစ်သော ဥတုတွေကား များစွာ ဖြစ်ပျက်နေကြ၏၊ ဥတုဇရုပ်တွေကား များစွာ ဖြစ်ပျက်နေကြ၏။ ယင်းသို့ သဘာဂဥတု၏ တစ်ခုအတွင်း၌ တစ်ပါးမက များပြားလှစွာသော ပရမတ္ထဓမ္မသဘာဝများ ထင်ရှားရှိနေသည့် အတွက်ကြောင့် သဘာဂဥတုကို အနေကဥတုဟု ထင်မှားမည်စိုး၍ သန္တတိအစဉ်အတန်းအားဖြင့် ဥတုတစ်ခုသာဟု သိစေလိုရကား သဘာဂဧကဥတုသမုဋ္ဌာနံဟု ဧက-သဒ္ဒါကို ထည့်၍ အဋ္ဌကထာဆရာတော်သည် ဖွင့်ဆိုတော်မူအပ်ပါပေသည်။

ဧဝံ အာဟာရေပီတိ ဧတ္ထ ဝိသဘာဂါဟာရေန အနန္တရိတော အနေကဝါရံ အနေကဒိဝသမ္ပိ ဘုတ္တော သဘာဂေကာဟာရံ နာမ။ တတော ပုဗ္ဗေ ဝိသဘာဂဥတုအာဟာရသမုဋ္ဌာနံ အတီတံ၊ ပစ္ဆာ အနာဂတန္တိ ဟိ ဝုတ္တန္တိ။ ဧကာဟာရသမုဋ္ဌာနန္တိ ပန ဝုတ္တတ္တာ ဧကေဿဝ အာဟာရဿ ယောဇနာ ယုတ္တရူပါတိ အပရေ။ (အနုဋီ၊၂၊၁၂။)

ဤ အာဟာရသမုဋ္ဌာန်ရုပ်ပိုင်း၌လည်း ဧကာဟာရယူဆပုံကို နည်းတူမှတ်ယူရန် မူလဋီကာဆရာတော်က ဖွင့်ဆိုထားတော်မူသည်။ သဘောမတူသော ဝိသဘာဂအာဟာရသည် မခြားကွယ်အပ်သော အကြိမ်ပေါင်းများစွာ နေ့ပေါင်းများစွာလည်း စားမျိုအပ်သော အစာအာဟာရသည် သဘောတူသော တစ်ခုသော အာဟာရမည်၏။

ထိုကြောင့် အဋ္ဌကထာ၌ --- ထိုသဘာဂဧကဥတုသမုဋ္ဌာနရုပ် သဘာဂဧကာဟာရသမုဋ္ဌာနရုပ်မှ ရှေး၌ ဝိသဘာဂအာဟာရကြောင့် ဖြစ်သော ရုပ်သည် အတိတ်မည်၏၊ နောက်၌ဖြစ်သော ရုပ်သည် အနာဂတ်မည်၏ဟု ဖွင့်ဆိုထား၏ဟု မှတ်ပါ။

သို့သော် --- ဧကာဟာရသမုဋ္ဌာနံ တစ်ခုသော အာဟာရကြောင့် ဖြစ်သော ရုပ်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထား သောကြောင့် ရုပ်ကလာပ်တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော တစ်ခုတည်းသာလျှင်ဖြစ်သော အာဟာရကြောင့် ဖြစ်သော ရုပ်ကို ဧကာဟာရသမုဋ္ဌာနရုပ် = တစ်ခုသော အာဟာရကြောင့် ဖြစ်သောရုပ်ဟု ယှဉ်စပ်ပြခြင်း သည်သာလျှင် သင့်တင့် လျောက်ပတ်သော သဘောရှိ၏ဟု အပရေဆရာတို့ မိန့်ဆိုတော်မူကြသည်။

(အနုဋီ၊၂၊၁၂။)

[မှတ်ချက် ---- အာစရိယဓမ္မပါလ အမည်ရှိတော်မူသော အနုဋီကာဆရာတော်မြတ်သည် ဤ - အပရေ ဆရာမြတ်တို့၏ ဝါဒကို နောက်ဆုံးထား၍ ဖွင့်ဆိုထားတော်မူသဖြင့် ဤ အပရေဝါဒကို ပို၍ နှစ်ခြိုက်တော် မူကြောင်းကို အနှစ်သာရအားဖြင့် မှတ်သားစေလိုသော ဆန္ဒဓာတ်ရှိတော်မူကြောင်း သိရှိနိုင်၏။ ဤကျမ်း တွင်လည်း ဤအနုဋီကာဆရာတော်၏ အပရေဝါဒအတိုင်း ရုပ်ဃန နာမ်ဃနတို့ကို ရှင်းလင်း တင်ပြရာတွင် သန္တတိဃနပိုင်းဝယ် ---- တစ်ဥတု တစ်ဟာရကြောင့်ဖြစ်သော ရုပ်တို့ကို ဖော်ပြထားပါသည်။ စက္ခုဒသက ကလာပ်တို့ကဲ့သို့သော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်သွားကြသော ဥတုဇရုပ်များကို တစ်ဥတုကြောင့် ဖြစ်သော ရုပ်တရားတို့ဟူ၍လည်းကောင်း, အလား တူပင် စက္ခုဒသကကလာပ်တို့ကဲ့သို့သော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ဩဇာက အာဟာရဇ ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဆင့်ကဲ ဆင့်ကဲ ဖြစ်စေသော အာဟာရဇရုပ်များကိုလည်း တစ်ဟာရကြောင့်ဖြစ်သော ရုပ်တရားတို့ဟူ၍လည်းကောင်း အသီးအသီး ဖော်ပြထားပါသည်။ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, ဝိပဿနာရှုရာ၌လည်းကောင်း ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် သိမ်းဆည်းနိုင် ပါမှ ဝိပဿနာ ရှုပွားနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နိုင်၍, ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တရောင်ခြည်တော်နေဝန်းသည် ထွန်းလင်း တင့်တယ်စွာ ထွက်ပေါ်လာမည် ဖြစ်သောကြောင့်တည်း။]

ဤကား သန္တတိ၏ အစွမ်းဖြင့် ဥတုဇရုပ် အာဟာရဇရုပ်တို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ် သတ်မှတ်ပုံတည်း။ တစ်ဖန် စိတ္တဇရုပ်တို့၌ သန္တတိ၏ အစွမ်းဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်သတ်မှတ်ပုံမှာ ဤသို့ဖြစ်၏။

စိတ္တသမုဋ္ဌာန်ရုပ်၏ သန္တတိ

စိတ္တသမုဋ္ဌာန်ရုပ်၏ သန္တတိ

စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်သည် ---

၁။ တစ်ခုသော ပဉ္စဒွါရဝီထိကြောင့် ဖြစ်သော ရုပ်,

၂။ တစ်ခုသော မနောဒွါရဇောဝီထိကြောင့် ဖြစ်သော ရုပ်,

၃။ တစ်ခုသော သမာပတ် = သမာပတ္တိဝီထိလျှင် ဖြစ်ကြောင်းရှိသော ရုပ်သည် - ပစ္စုပ္ပန်ရုပ် မည်၏။

ထိုတစ်ခုသော ပဉ္စဒွါရဝီထိကြောင့် ဖြစ်သော ရုပ်, တစ်ခုသော မနောဒွါရဇောဝီထိကြောင့် ဖြစ်သော ရုပ်, တစ်ခုသော သမာပတ္တိဝီထိကြောင့် ဖြစ်သောရုပ်မှ ရှေး၌ ဖြစ်သော စိတ္တဇရုပ်သည် အတိတ်ရုပ် မည်၏။ နောက်၌ဖြစ်သော စိတ္တဇရုပ်သည် အနာဂတ်ရုပ် မည်၏။

ကမ္မသမုဋ္ဌာန်ရုပ်၏ သန္တတိ

ကမ္မသမုဋ္ဌာန်ရုပ်၏ သန္တတိ

ကံကြောင့် ဖြစ်သော ကမ္မသမုဋ္ဌာန်ရုပ်၏ အသီးအသီးသော သန္တတိ အစဉ်အတန်း၏ အစွမ်းဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အပြားသည် မရှိပေ။ (ကမ္မဇရုပ်သည် ရှေးကံကြောင့် ဖြစ်ရကား သန္တတိ အပြောင်းအလွှဲ မရှိခြင်း ဖြစ်၏။) အလျော်အားဖြင့် ဆိုရမူ ---

၁။ ဥတုသမုဋ္ဌာန်ရုပ် (= ဥတုဇရုပ်),

၂။ အာဟာရသမုဋ္ဌာန်ရုပ် (= အာဟာရဇရုပ်),

၃။ စိတ္တသမုဋ္ဌာန်ရုပ် (= စိတ္တဇရုပ်) - တို့ကိုပင် ထောက်ပံ့တတ်သည်၏ အစွမ်းဖြင့် ထိုကမ္မဇရုပ်၏ အတိတ် အနာဂတ် ပစ္စုပ္ပန် အပြားကို သိသင့် သိထိုက်ပေ၏။

သန္တတိ၏ အစွမ်းဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ်တို့ကို ပြပြီး၍ သမယ၏ အစွမ်းဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ရုပ်တို့ကို အဋ္ဌကထာ၌ အောက်ပါအတိုင်း ဆက်လက် ဖော်ပြထား၏။ ---

သမယ၏ အစွမ်းဖြင့် အတိတ်-အနာဂတ်-ပစ္စုပ္ပန်ရုပ် ယူဆပုံ

သမယ၏ အစွမ်းဖြင့် အတိတ်-အနာဂတ်-ပစ္စုပ္ပန်ရုပ် ယူဆပုံ

၁။ တစ်မုဟုတ် အခါ,

၂။ နံနက် အခါ,

၃။ ညနေချမ်း အခါ,

၄။ ညဉ့် အခါ,

၅။ နေ့ အခါ ---

အစရှိကုန်သော သမယ = အခါတို့၌ သန္တတိအစဉ်၏ အစွမ်းဖြင့် ဖြစ်သော ထိုထို အခါ၌ ဖြစ်သော ရုပ် အစဉ်သည် ပစ္စုပ္ပန် မည်၏။ ထိုထို သန္တတိအစဉ်၏ အစွမ်းဖြင့်ဖြစ်သော ထိုထို သမယရုပ်မှ ရှေး၌ ဖြစ်ပြီးသော ရုပ်သည် အတိတ် မည်၏၊ နောက်၌ ဖြစ်လတ္တံ့သော ရုပ်သည် အနာဂတ် မည်၏။

ဤ၌ သန္တတိနှင့် ဆက်စပ်နေသော စကားအရပ်ရပ်, သမယနှင့် ဆက်စပ်နေသော စကားအရပ်ရပ်တို့ကို ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းကြကုန်သော ယောဂါဝစရပုဂ္ဂိုလ်တို့အား လျော်လျောက်ပတ်သော ကျေးဇူးကို ပြုခြင်းငှာ ကျေးဇူးများစိမ့်သောငှာ ရှေးအဋ္ဌကထာတို့၌ ဖွင့်ဆိုတော်မူကြကုန်၏။ ဤအရာ၌ ---

၁။ သမယ = အချိန်အခါကို မသုံးသပ်မူ၍သာလျှင် သန္တတိ၏ အစွမ်းဖြင့် ---

၂။ သန္တတိကိုလည်း မသုံးသပ်မူ၍သာလျှင် သမယ၏ အစွမ်းဖြင့် အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ်ကို ခွဲခြား ဝေဖန်ခြင်းကို ယူသင့် ယူထိုက်ပေသည်။ (မူလဋီ၊၂၊၇။ အနုဋီ၊၂၊၁၂။)

ပစ္စုပ္ပန္နရူပံ နာမ ဇာတံ ခဏတ္တယပရိယာပန္နန္တိ အတ္ထော။ တံ ပန အာဒိတော ဒုပ္ပရိဂ္ဂဟန္တိ သန္တတိပစ္စုပ္ပန္နဝသေန ဝိပဿနာဘိနိဝေသော ကာတဗ္ဗော။ (မဟာဋီ၊၂၊၄၁၉။)

ဤဋီကာ၏ ဖွင့်ဆိုတော်မူချက်အတိုင်း ဥပါဒ်-ဌီ-ဘင်ဟူသော ခဏငယ်သုံးပါးနှင့် ပြည့်စုံသော ဖြစ်ဆဲ ဖြစ်သော ရုပ်ကို ဥဒယဗ္ဗယဉာဏ်ပိုင်းတွင် ပစ္စုပ္ပန်ရုပ်ဟု ခေါ်၏။ ယင်းပစ္စုပ္ပန်ရုပ်ကိုကား အားထုတ်စ အာဒိကမ္မိက ပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ဖို့ရန် ခက်ခဲလှဘိ၏။ သို့အတွက် သန္တတိပစ္စုပ္ပန်၏ အစွမ်းဖြင့် ရှေးဦးစွာ ဝိပဿနာနှလုံးသွင်းခြင်းကို ပြုလုပ်ရမည် ဖြစ်သည်။

တဿ ယဒါ ဉာဏံ တိက္ခံ ဝိသဒံ ဟုတွာ ပဝတ္တတိ၊ တဒါ ရူပါရူပဓမ္မာ ခဏေ ခဏေ ဥပ္ပဇ္ဇန္တာ, ဘိဇ္ဇန္တာ စ ဟုတွာ ဥပဋ္ဌဟန္တိ။ (မဟာဋီ၊၂၊၄၂၂။)

အကြင် အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်သည် ထက်မြက်သန့်ရှင်းလာ၏။ ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ရုပ်တရား နာမ်တရားတို့သည် ခဏတိုင်း ခဏတိုင်း၌ ဖြစ်ကုန်သည်ဖြစ်၍ လည်းကောင်း ပျက်ကုန်သည်ဖြစ်၍ လည်းကောင်း ထင်လာကုန်၏။ (မဟာဋီ၊၂၊၄၂၂။)

သို့အတွက် ရုပ်-နာမ်ပရမတ်တို့၏ ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် သန္တတိပစ္စုပ္ပန် သမယပစ္စုပ္ပန်တို့ကား အလွန်ကျေးဇူးများလျက်ပင် ရှိရကား သန္တတိကထာ, သမယကထာ စကားရပ်တို့ကိုလည်း ရှေးရှေး အဋ္ဌကထာဆရာတော်တို့က ဖွင့်ဆိုတော်မူခဲ့ကြခြင်း ဖြစ်ပေသည်။ ပါဠိတော်၌ကား အဒ္ဓါနှင့် ခဏ နှစ်မျိုးသာ တိုက်ရိုက်လာ၏။

ခဏအားဖြင့် အတိတ်-အနာဂတ်-ပစ္စုပ္ပန် ခွဲပုံ

ခဏအားဖြင့် အတိတ်-အနာဂတ်-ပစ္စုပ္ပန် ခွဲပုံ

ဥပါဒ်-ဌီ-ဘင်ဟူသော ခဏငယ်သုံးပါးအပေါင်း၌ အကျုံးဝင်သော ရုပ်သည် ပစ္စုပ္ပန် မည်၏။ ယင်း ရုပ်မှ ရှေး၌ဖြစ်သော ရုပ်မှန်သမျှသည် အတိတ် မည်၏။ ယင်းပစ္စုပ္ပန်ရုပ်မှ နောက်ကာလ၌ ဖြစ်သော ရုပ်မှန်သမျှသည် အနာဂတ် မည်၏။ (အဘိ၊ဋ္ဌ၊၂၊၇-၈။) (ဝိသုဒ္ဓိ၊၂၊၁၀၃။)

တစ်နည်းဖွင့်ဆိုပုံ

တစ်နည်း --- လွန်လေပြီးသော ဟေတုကိစ္စ ပစ္စယကိစ္စရှိသော ရုပ်သည် အတိတ် မည်၏။ ပြီးပြီးသော ဟေတုကိစ္စရှိသော မပြီးသေးသော ပစ္စယကိစ္စရှိသော ရုပ်သည် ပစ္စုပ္ပန်ရုပ် မည်၏။ နှစ်ပါးစုံသော ဟေတုကိစ္စ ပစ္စယကိစ္စသို့ မရောက်သေးသော ရုပ်သည် အနာဂတ်ရုပ် မည်၏။

တစ်နည်း --- မိမိကိစ္စကို ပြုဆဲခဏ၌ ဖြစ်နေဆဲရုပ်သည် ပစ္စုပ္ပန်ရုပ် မည်၏။ ထိုရုပ်မှ ရှေး၌ဖြစ်သော ရုပ်သည် အတိတ်ရုပ် မည်၏၊ နောက်၌ ဖြစ်သောရုပ်သည် အနာဂတ်ရုပ် မည်၏။

ရုပ်တရားတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဇနက အကြောင်းတရားသည် ဟေတု အကြောင်း မည်၏။ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားသည် ပစ္စယအကြောင်း မည်၏။

ဇနက (= ဟေတု) အကြောင်းတရားက ရုပ်ကို တိုက်ရိုက်ဖြစ်စေခြင်းသည် ဟေတုကိစ္စတည်း။ အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်း (= ပစ္စယအကြောင်း) တရားက အားပေးထောက်ပံ့ခြင်းသည် ပစ္စယကိစ္စတည်း။

ဥပမာ --- မျိုးစေ့၏ အညွန့်ကို ဖြစ်စေခြင်းသည် မျိုးစေ့၏ လုပ်ငန်းကိစ္စတည်း။ ရေ-မြေ-ဥတု (= ပထဝီရသ-အာပေါရသ-နေရောင်ခြည်) စသည်တို့၏ ထိုအညွန့်ကို ဖြစ်စေရာဝယ် အားပေးထောက်ပံ့ခြင်းသည် ရေ-မြေ-ဥတု စသည်တို့၏ လုပ်ငန်းကိစ္စပင် ဖြစ်၏။ (ဤကား လောကဥပမာတည်း။)

ကံ၏ ကဋတ္တာရုပ် = ကမ္မဇရုပ်နှင့် ဝိပါက် နာမ်တရားတို့ကို ဖြစ်စေခြင်းသည် ယင်းကံ၏ လုပ်ငန်းကိစ္စပင် ဖြစ်၏။ အာဟာရစသည်တို့၏ ထို ကဋတ္တာရုပ်နှင့် ဝိပါက်နာမ်တရားတို့ကို အားပေးထောက်ပံ့ခြင်းသည် ယင်းအာဟာရစသည်တို့၏ လုပ်ငန်းကိစ္စပင်တည်း။ (ဤကား သာသနာတော် ဥပမာတည်း။)

ဤ ဥပမာအတူပင် --- တစ်ခုတစ်ခုသော ရုပ်ကလာပ်ကိုလည်းကောင်း, စိတ်စေတသိက်ဟူသော စိတ္တုပ္ပါဒ် = ဝိပါက်နာမ်တရားကိုလည်းကောင်း ကံသည် တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိဖြစ်၍ နာနာက္ခဏိကကမ္မသတ္တိ ဥပနိဿယသတ္တိ, အာဟာရသတ္တိစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏။ ယင်း ဝိပါက် ရုပ်နာမ် တရားတို့တွင်လည်း နာမ်ခန္ဓာလေးပါး ပရမတ်တရားတို့သည် အချင်းချင်း သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် အားပေးထောက်ပံ့လျက်ရှိကြ၏။ ဘူတရုပ် ဓာတ်ကြီးလေးပါးတို့သည်လည်း အချင်းချင်းအား, ဘူတရုပ်သည် ဥပါဒါရုပ်အား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုလျက် ရှိကြ၏။

ဤသို့လျှင် ဟေတုကိစ္စ (= ဇနကကိစ္စ), ဥပတ္ထမ္ဘကကိစ္စ (= ပစ္စယကိစ္စ) ဟူသော မိမိ ကိစ္စကို ပြုဆဲခဏ၌ ဖြစ်နေဆဲ ရုပ်သည် ပစ္စုပ္ပန်ရုပ် မည်၏။ ထို ရုပ်မှ ရှေး၌ဖြစ်ပြီးသော ရုပ်သည် အတိတ်ရုပ် မည်၏။ နောက်၌ ဖြစ်လတ္တံ့သော ရုပ်သည် အနာဂတ်ရုပ် မည်၏။ --- ဟု ဆိုလိုပေသည်။ (မူလဋီ၊၂၊၇။ အနုဋီ၊၂၊၁၂-၁၃။)

မုချ နှင့် ပရိယာယ်

မုချ နှင့် ပရိယာယ်

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ၊ သေသာ သပရိယာယာ။ (အဘိ၊ဋ္ဌ၊၂၊၈။) (ဝိသုဒ္ဓိ၊၂၊၁၀၃။)

ဤဖော်ပြပါ အတိတ် အနာဂတ် ပစ္စုပ္ပန် ခွဲခြားသတ်မှတ်မှု၌ ခဏကထာ စကား ကိစ္စကထာ စကားသည် သာလျှင် ပရိယာယ်မဟုတ် မုချကထာ စကားမည်၏။ ကြွင်းကျန်ကုန်သော ---

၁။ အဒ္ဓါကထာ = ဘဝဟူသော အဓွန့်ကာလနှင့် စပ်သော စကား,

၂။ သန္တတိကထာ = အစဉ်အတန်းနှင့် စပ်သော စကား,

၃။ သမယကထာ = အချိန်အခါနှင့် စပ်သော စကား --- တို့သည်ကား ပရိယာယ်နှင့် တကွဖြစ်သော စကား တို့တည်း။ ထိုကထာ အမျိုးမျိုးတို့တွင် ဤ ဝိဘင်းပါဠိတော်၌ ပရိယာယ်မဟုတ် မုချကထာကိုသာလျှင် အလိုရှိအပ်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၈။)

နာမ်ပိုင်း၌ အတိတ်-အနာဂတ်-ပစ္စုပ္ပန် ခွဲပုံ

နာမ်ပိုင်း၌ အတိတ်-အနာဂတ်-ပစ္စုပ္ပန် ခွဲပုံ

အတီတာဒိဝိဘာဂေ ပနေတ္ထ သန္တတိဝသေန ခဏာဒိဝသေန စ ဝေဒနာယ အတီတာနာဂတပစ္စုပ္ပန္နဘာဝေါ ဝေဒိတဗ္ဗော။ တတ္ထ သန္တတိဝသေန ဧကဝီထိဧကဇဝနဧကသမာပတ္တိပရိယာပန္နာ ဧကဝီထိဝိသယသမာယောဂပ္ပဝတ္တာ စ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ ခဏာဒိဝသေန ခဏတ္တယပရိယာပန္နာ ပုဗ္ဗန္တာပရန္တမဇ္ဈတ္တဂတာ သကိစ္စဉ္စ ကုရုမာနာ ဝေဒနာ ပစ္စုပ္ပန္နာ၊ တတော ပုဗ္ဗေ အတီတာ၊ ပစ္ဆာ အနာဂတာ။ (ဝိသုဒ္ဓိ၊၂၊၁၀၄။) (အဘိ၊ဋ္ဌ၊၂၊၁၃။)

ဤအရာဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန်ကို ဝေဖန်ရာ၌ သန္တတိ = အစဉ်အတန်း၏ အစွမ်းဖြင့်လည်း ကောင်း, ခဏ - ကိစ္စ၏ အစွမ်းဖြင့်လည်းကောင်း ဝေဒနာ၏ (နာမ်ခန္ဓာလေးပါး၏) အတိတ် အနာဂတ် ပစ္စုပ္ပန် အဖြစ်ကို သိသင့်ပေသည်။

ထိုတွင် သန္တတိနှင့် စပ်သဖြင့် ဆိုရမူ ဤသို့ ဖြစ်၏။ ---

၁။ တစ်ခုသော ပဉ္စဒွါရဝီထိ၌ အကျုံးဝင်သော ဝေဒနာ,

၂။ တစ်ခုသော မနောဒွါရဝီထိ၌ အကျုံးဝင်သော ဝေဒနာ,

၃။ တစ်ခုသော သမာပတ်၌ အကျုံးဝင်သော ဝေဒနာတို့သည်လည်းကောင်း,

၄။ ဘုရားရှင်၏ အဆင်းတော် စသော တစ်ခုတည်းသော အဖို့ရှိသော ရူပါရုံ, တရားအသံတော် စသော တစ်ခုတည်းသော အဖို့ရှိသော သဒ္ဒါရုံ စသည့် ပဉ္စဒွါရဝီထိများယူသည့် အာရုံကိုပင် ဆက်လက်အာရုံ ပြုကြကုန်သော တဒနုဝတ္တိက မနောဒွါရဝီထိ စသော မနောဒွါရဝီထိ၌ ပါဝင်သော ဝေဒနာတို့သည် လည်းကောင်း ပစ္စုပ္ပန်ဝေဒနာတို့တည်း။ ။ ထိုဝေဒနာတို့မှ ရှေး၌ ဖြစ်ပြီးကုန်သော ဝေဒနာတို့သည် အတိတ် ဝေဒနာတို့တည်း။ ထိုဝေဒနာတို့မှ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ် ဝေဒနာတို့တည်း။

ခဏ - ကိစ္စတို့နှင့် စပ်သဖြင့် ဆိုရမူ ဤသို့ ဖြစ်၏။ ---

ဥပါဒ်-ဌီ-ဘင်ဟူသော ခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့သည် ပစ္စုပ္ပန်ဝေဒနာတို့တည်း၊ ထိုခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ ရှေး၌ ဖြစ်ခဲ့ပြီးကုန်သော ဝေဒနာတို့သည် အတိတ် ဝေဒနာတို့တည်း။ ထိုခဏသုံးပါးအပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့တည်း။

ရှေးအစွန်းဖြစ်သော ဥပါဒ်, နောက်အစွန်းဖြစ်သော ဘင် --- ထို နှစ်မျိုးတို့၏ အလယ်၌ ဖြစ်ကုန်သော, တစ်နည်း --- ခဏသုံးပါး အပေါင်း၌ အကျုံးဝင်ကုန်သော ဝေဒနာတို့မှ ရှေးအဖို့ နောက်အဖို့ ဖြစ်သော အတိတ် အနာဂတ်၏ အလယ်၌ မူလည်း ဖြစ်ကုန်သော, မိမိကိစ္စကို ပြုဆဲလည်း ဖြစ်ကုန်သော ဝေဒနာတို့သည် ပစ္စုပ္ပန် ဝေဒနာတို့ မည်ကုန်၏၊ ထိုဝေဒနာမှ ရှေး၌ ဖြစ်ပြီးကုန်သော ဝေဒနာတို့သည် အတိတ်ဝေဒနာတို့ မည်ကုန်၏။ နောက်၌ ဖြစ်လတ္တံ့ကုန်သော ဝေဒနာတို့သည် အနာဂတ်ဝေဒနာတို့ မည်ကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၁၃။) (ဝိသုဒ္ဓိ၊၂၊၁၀၄။)

ကျန်နာမ်ခန္ဓာသုံးပါးတို့၌ ဝေဒနာက္ခန္ဓာနည်းတူ မှတ်ပါ။ ဤကား ခန္ဓာ (၅)ပါးတို့၌ အတိတ် အနာဂတ် ပစ္စုပ္ပန် ယူဆပုံတည်း။

ဘူတံ ဘူတတော ပဿတိ

ဘူတံ ဘူတတော ပဿတိ

ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း မြင်၏ --- ဟူသော ဤဒေသနာတော်ကို ကိုးကား၍ ပစ္စုပ္ပန်ဆတ်ဆတ်ကိုသာ ဝိပဿနာရှုရမည်ဟုလည်း အယူအဆရှိတော်မူကြ၏။ ထိုကြောင့် ယင်းဒေသနာတော်၏ ဆိုလိုရင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ကထဉ္စ ဘိက္ခဝေ စက္ခုမန္တော ပဿန္တိ? ဣဓ ဘိက္ခု ဘူတံ ဘူတတော ပဿတိ၊ ဘူတံ ဘူတတော ဒိသွာ ဘူတဿ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ စက္ခုမန္တော ပဿန္တိ။

(ခု၊၁၊၂၂၄။ ဣတိဝုတ္တက။)

ဘူတန္တိ ခန္ဓပဉ္စကံ။ တံ ဟိ ပစ္စယသမ္ဘူတတ္တာ ပရမတ္ထတော ဝိဇ္ဇမာနတ္တာ စ ဘူတန္တိ ဝုစ္စတိ။ တေနာဟ ဘူတမိဒံ ဘိက္ခဝေ သမနုပဿထာတိ။ ဘူတတော အဝိပရီတသဘာဝတော သလက္ခဏတော သာမညလက္ခဏတော စ ပဿတိ။ ဣဒံ ဟိ ခန္ဓပဉ္စကံ နာမရူပမတ္တံ။ တတ္ထ ဣမေ ပထဝီအာဒယော ဓမ္မာ ရူပံ၊ ဣမေ ဖဿာဒယော ဓမ္မာ နာမံ၊ ဣမာနိ နေသံ လက္ခဏာဒီနိ၊ ဣမေ နေသံ အဝိဇ္ဇာဒယော ပစ္စယာတိ ဧဝံ သပစ္စယနာမရူပဒဿနဝသေန စေဝ, သဗ္ဗေပိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တိ၊ တသ္မာ အနိစ္စာ၊ အနိစ္စတ္တာ ဒုက္ခာ၊ ဒုက္ခတ္တာ အနတ္တာတိ ဧဝံ အနိစ္စာနုပဿနာဒိဝသေန စ ပဿတီတိ အတ္ထော။ ဧတ္တာဝတာ တရုဏဝိပဿနာပရိယောသာနာ ဝိပဿနာဘူမိ ဒဿိတာ။ နိဗ္ဗိဒါယာတိ ဘူတသင်္ခါတဿ တေဘူမကဓမ္မဇာတဿ နိဗ္ဗိန္ဒနတ္ထာယ၊ ဧတေန ဗလဝဝိပဿနံ ဒေဿတိ။ ဝိရာဂါယာတိ ဝိရာဂတ္ထံ ဝိရဇ္ဇနတ္ထံ၊ ဣမိနာ မဂ္ဂံ ဒေဿတိ။ နိရောဓာယာတိ နိရုဇ္ဈနတ္ထံ၊ ဣမိနာပိ မဂ္ဂမေဝ ဒေဿတိ။ နိရောဓာယာတိ ဝါ ပဋိပ္ပဿဒ္ဓိနိရောဓေန သဒ္ဓိံ အနုပါဒိသေသနိဗ္ဗာနံ ဒေဿတိ။ ဧဝံ ခေါ ဘိက္ခဝေ စက္ခုမန္တော ပဿန္တီတိ ဧဝံ ပညာစက္ခုမန္တော သပုဗ္ဗဘာဂေန မဂ္ဂပညာစက္ခုနာ စတုသစ္စဓမ္မံ ပဿန္တိ။ (ဣတိဝုတ္တကဋ္ဌကထာ၊၁၇၀-၁၇၁။)

ဘူတန္တိ ခန္ဓပဉ္စကံ။ တဥှိ ယထာသကံ ပစ္စယေဟိ ဇာတတ္တာ, ပရမတ္ထတော ဝိဇ္ဇမာနတ္တာ စ ဘူတန္တိ ဝုစ္စတိ။ ဘူတတောတိ ယထာဘူတသဘာဝတော, သလက္ခဏတော, သာမညလက္ခဏတော စ။ (မဟာဋီ၊၂၊၃၆၄)

= ရဟန်းတို့ ...ဟုတ်တိုင်းမှန်စွာ သိတတ်သော = ယထာဘူတဉာဏဒဿနဟူသော ဉာဏစက္ခုနှင့် ပြည့်စုံကုန်သော သူတို့သည် အဘယ်သို့လျှင် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း မြင်ကုန်သနည်း?----

ရဟန်းတို့ ... ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် အကြင်အကြင် မိမိ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာ ဟု ခေါ်ဆိုအပ်သော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်းကို ဟုတ်မှန်တိုင်းသော သဘောအားဖြင့် = ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် သဘာဝလက္ခဏာ အားဖြင့်လည်းကောင်း, ပရမတ္ထဓာတ်သား အားလုံးတို့နှင့် သက်ဆိုင်သော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော သာမညလက္ခဏာအားဖြင့်လည်းကောင်း (ဝိပဿနာသမ္မာဒိဋ္ဌိ မဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော) ဉာဏစက္ခုဖြင့် သိမြင်၏။ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်းကို ဟုတ်မှန်တိုင်းသော သဘောဟုဆိုအပ်သော ကိုယ်ပိုင်သဘာဝလက္ခဏာ အားဖြင့်လည်းကောင်း အများဆိုင် သာမညလက္ခဏာအားဖြင့်လည်းကောင်း ဉာဏစက္ခုဖြင့် သိမြင်သည်ဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်းကို ငြီးငွေ့ခြင်းငှာ တွယ်တာတပ်မက်ခြင်း ကင်းခြင်းငှာ တွယ်တာ တပ်မက်မှု ရာဂ ချုပ်ငြိမ်း စေခြင်းငှာ ကျင့်၏။ ရဟန်းတို့ ...ဤသို့လျှင် ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ယထာဘူတဉာဏဒဿန ဟူသော ဉာဏစက္ခုနှင့် ပြည့်စုံကုန်သော သူတို့သည် မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း သိမြင်ကြကုန်၏။ (ခု၊၁၊၂၂၄။ ဣတိဝုတ္တက-ဒိဋ္ဌိဂတသုတ်။)

ဤ ခန္ဓာငါးပါးအပေါင်းသည် နာမ်ရုပ်မျှသာတည်း။ ထို ခန္ဓာငါးပါးအပေါင်း၌ ဤ ပထဝီ အစရှိကုန်သော ဓမ္မတို့ကား ရုပ်တည်း၊ ဤ ဖဿ အစရှိကုန်သော ဓမ္မတို့ကား နာမ်တည်း။ ဤသည်တို့ကား ထိုရုပ်နာမ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့တည်း။ ဤသည်တို့ကား ထိုရုပ်နာမ်တို့၏ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့တည်းဟု ဤသို့လျှင်အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို သိမြင်သည်၏ အစွမ်းဖြင့်လည်းကောင်း,

အကြောင်းတရားနှင့်တကွသော ဤ ရုပ်နာမ်ဓမ္မ သင်္ခါရတရား အားလုံးတို့သည် မဖြစ်မီ ရှေးက မရှိကုန်မူ၍ ယခုမှ ရုတ်ချည်း ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပေါ်ပြီးနောက် ရုတ်ချည်း ချုပ်ပျက်၍သွားကြကုန်၏၊ ထိုကြောင့် အနိစ္စတို့တည်း၊ အနိစ္စဖြစ်သောကြောင့် ဒုက္ခတို့တည်း၊ ဒုက္ခဖြစ်သောကြောင့် အနတ္တတို့တည်း - ဟု ဤသို့လျှင် အနိစ္စာနုပဿနာ စသည်တို့၏ အစွမ်းဖြင့်လည်းကောင်း သိမြင်၏။ ဤကား - ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း မြင်၏ ဟူရာ၌ ဆိုလိုရင်းအနက်သဘောတည်း။ ဤမျှသော စကားအစဉ်ဖြင့် တရုဏဝိပဿနာလျှင် အဆုံးအပိုင်းအခြားရှိသော ဝိပဿနာဘူမိ = ဝိပဿနာဉာဏ်၏ တည်ရာဘုံကို ညွှန်ပြတော် မူအပ်ပေသည်။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၇၀-၁၇၁။)

[မှတ်ချက် ---- တရုဏဝိပဿနာ = နုသောဝိပဿနာဟူသည် သင်္ခါရပရိစ္ဆေဒဉာဏ် (= နာမရူပပရိစ္ဆေဒဉာဏ်), ကင်္ခါဝိတရဏဉာဏ် (= ပစ္စယပရိဂ္ဂဟဉာဏ်), သမ္မသနဉာဏ်, မဂ္ဂါမဂ္ဂဉာဏ် (= ဥဒယဗ္ဗယဉာဏ်) ဤ ဉာဏ်လေးမျိုးတို့၏ အမည်ဖြစ်သည်။ (သံ၊ဋ္ဌ၊၂၊၅၀။)]

နိဗ္ဗိဒါယ = ငြီးငွေ့ခြင်းငှာဟူသည် ဘူတဟုခေါ်ဆိုအပ်သော ဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမက တရားအပေါင်းကို ငြီးငွေ့ခြင်းငှာ - ဟုဆိုလိုသည်။ ဤ နိဗ္ဗိဒါယ - ဟူသော စကားရပ်ဖြင့် ဗလဝဝိပဿနာ = အားကောင်းသော ဝိပဿနာကို ညွှန်ပြတော်မူ၏။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၇၁။)

[မှတ်ချက် ---- ဗလဝဝိပဿနာဟူသည် ဘယတူပဋ္ဌာနဉာဏ်, အာဒီနဝါနုပဿနာဉာဏ်, မုဉ္စိတုကမျတာဉာဏ်, သင်္ခါရုပေက္ခာဉာဏ်ဟူသော ဉာဏ်လေးမျိုးတို့၏ အမည်ဖြစ်သည်။ သံ၊ဋ္ဌ၊၂၊၅၀။]

ဝိရာဂါယ = ဟူသည် တွယ်တာတပ်မက်ခြင်း ကင်းခြင်းငှာ ကျင့်၏ဟု ဆိုလို၏။ ဤ ဝိရာဂဟူသော စကားရပ်ဖြင့် အရိယမဂ်ကို ညွှန်ပြတော်မူ၏။ နိရောဓာယ = ဟူသည် တွယ်တာတပ်မက်မှု ရာဂကို ချုပ်ငြိမ်းစေခြင်းငှာ ကျင့်၏ဟု ဆိုလို၏။ ဤ နိရောဓာယ ဟူသော စကားရပ်ဖြင့်လည်း အရိယမဂ်ကိုပင် ညွှန်ပြတော်မူ၏။ တစ်နည်း - နိရောဓာယဟူသော ဤစကားရပ်ဖြင့် ကိလေသာအပူမီးကို အငြိမ်းကြီးငြိမ်းအောင် ထပ်ဆင့်၍ ငြှိမ်းတတ်သော (= ငြိမ်းအေးစေတတ်သော) ပဋိပဿဒ္ဓိနိရောဓ အမည်ရသော အရိယဖိုလ်နှင့် အနုပါဒိသေသ နိဗ္ဗာန် အမည်ရသော ခန္ဓပရိနိဗ္ဗာန်ကို ညွှန်ပြတော်မူ၏။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၇၁။)

ဧဝံ ခေါ ဘိက္ခဝေ စက္ခုမန္တော ပဿန္တိ = ရဟန်းတို့ ...ဤသို့လျှင် ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သော ယထာဘူတဉာဏဒဿနဟူသော ဉာဏစက္ခုနှင့် ပြည့်စုံကုန်သော သူတို့သည် မဖောက်မပြန် ဟုတ်မှန်သည့် အတိုင်း သိမြင်ကြကုန်၏ -- ဟူသည် ----- ဤသို့လျှင် ပညာစက္ခုအမြင် ရှိကြကုန်သော သူတော်ကောင်းတို့သည် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်တည်းဟူသော ဝိပဿနာပညာစက္ခုနှင့်တကွ မဂ္ဂပညာစက္ခုဖြင့် စတုသစ္စဓမ္မအမည်ရသည့် သစ္စာလေးရပ် တရားမြတ်ကို သိမြင်ကြကုန်၏ဟု ဆိုလိုသည်။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၇၁။)

ဤအဋ္ဌကထာအဖွင့်နှင့်အညီ ----- ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း သိမြင်၏ ---- ဟူသည် ဝိပဿနာပညာစက္ခု အရိယမဂ္ဂပညာစက္ခုဖြင့် စတုသစ္စဓမ္မအမည်ရသည့် သစ္စာလေးရပ်တရားမြတ်ကို သိမြင်မှုကို ဆိုလိုသည်ဟု မှတ်ပါ။ ဤကဲ့သို့သော အဓိပ္ပါယ်ကို ရှင်းလင်းတင်ပြရာ၌ အဋ္ဌကထာဆရာတော်က မူလပဏ္ဏာသပါဠိတော် မဟာတဏှာသင်္ခယသုတ္တန်၌ လာရှိသော ----- ဘူတမိဒံ ဘိက္ခဝေ သမနုပဿထ - စသော စကားရပ်များကို ကိုးကားလျက် ဖွင့်ဆိုသွားတော်မူ၏။ ထိုကြောင့် ယင်းစကားရပ်တို့ကို ကောက်နုတ်၍ တင်ပြအပ်ပါသည်။

မဟာတဏှာသင်္ခယသုတ္တန် ကောက်နုတ်ချက်

မဟာတဏှာသင်္ခယသုတ္တန် ကောက်နုတ်ချက်

ဘူတမိဒန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ တဒါဟာရသမ္ဘဝန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ တဒါဟာရနိရောဓာ ယံ ဘူတံ၊ တံ နိရောဓဓမ္မန္တိ ဘိက္ခဝေ ပဿထာတိ။ ဧဝံ ဘန္တေ။ (မ၊၁၊၃၂၆။)

ဘူတမိဒန္တိ ဣဒံ ခန္ဓပဉ္စကံ ဇာတံ ဘူတံ နိဗ္ဗတ္တံ၊ တုမှေပိ တံ ဘူတမိဒန္တိ ဘိက္ခဝေ ပဿထာတိ။ တဒါဟာရသမ္ဘဝန္တိ တံ ပနေတံ ခန္ဓပဉ္စကံ အာဟာရသမ္ဘဝံ ပစ္စယသမ္ဘဝံ၊ သတိ ပစ္စယေ ဥပ္ပဇ္ဇတိ ဧဝံ ပဿထာတိ ပုစ္ဆတိ။ တဒါဟာရနိရောဓာတိ တဿ ပစ္စယဿ နိရောဓာ။ (မ၊ဋ္ဌ၊၂၊၂၀၇။)

ဟေတုပစ္စယေဟိ ဇာတံ နိဗ္ဗတ္တံ ဘူတန္တိ ဣဓာဓိပ္ပေတံ၊ တံ အတ္ထတော ပဉ္စက္ခန္ဓာ တဗ္ဗိနိမုတ္တဿ သပ္ပစ္စယဿ အဘာဝတော၊ ယဉ္စ ခန္ဓပဉ္စကံ အတ္တနော တေသဉ္စ ဘိက္ခူနံ၊ တံ ဘူတမိဒ န္တိ ဘဂဝါ အဝေါစာတိ အာဟ ဣဒံ ခန္ဓပဉ္စကန္တိ ။ အတ္တနော ဖလံ အာဟရတီတိ အာဟာရော၊ ပစ္စယော။ သမ္ဘဝတိ ဧတသ္မာတိ သမ္ဘဝေါ၊ အာဟာရော သမ္ဘဝေါ ဧတဿာတိ အာဟာရသမ္ဘဝံ။ တေနာဟ ပစ္စယသမ္ဘဝန္တိ။ တဿ ပစ္စယဿ နိရောဓာတိ ယေန အဝိဇ္ဇာဒိနာ ပစ္စယေန ခန္ဓပဉ္စကံ သမ္ဘဝတိ၊ တဿ ပစ္စယဿ အနုပ္ပါဒနိရောဓာ။ ခဏနိရောဓော ပန ကာရဏနိရပေက္ခော။ (မ၊ဋီ၊၂၊၂၂၅။)

= ရဟန်းတို့ ...သင်တို့သည် ဤ ခန္ဓာငါးပါးအပေါင်းသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု သိမြင်ကြကုန်၏ လောဟု မေးတော်မူ၏။

အရှင်ဘုရား ...သိမြင်ကြပါကုန်၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ထိုခန္ဓာငါးပါးအပေါင်းသည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း တရား ထင်ရှားရှိခြင်းကြောင့် ဖြစ်ပေါ်လာရ၏ဟု သိမြင်ကြကုန်၏လောဟု မေးတော်မူ၏။

အရှင်ဘုရား ...သိမြင်ကြပါကုန်၏ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ထို အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရား၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာသော ခန္ဓာငါးပါးအပေါင်းသည် ခန္ဓပရိနိဗ္ဗာန်စံသော အခါ၌ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းသဘောရှိ၏ဟု သိမြင်ကြကုန်၏လောဟု မေးတော်မူ၏။

အရှင်ဘုရား ...သိမြင်ကြပါကုန်၏ဟု လျှောက်ထားကြကုန်၏။ (မ၊၁၊၃၂၆။)

ဤသုတ္တန်တွင် သံသရာ၏ ဖြစ်စဉ်ဟူသော အနုလောမပစ္စယာကာရခေါ်သည့် အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကိုလည်းကောင်း, သံသရာ၏ ချုပ်စဉ် ဟူသော ပဋိလောမပစ္စယာကာရခေါ်သည့် ပဋိလောမ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကိုလည်းကောင်း ဘုရားရှင်သည် ဆက်လက်ဟောကြားထားတော်မူပေသည်။

ဤဒေသနာတော်များနှင့် အညီ ----- ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း သိမြင်၏ဟူသည်-

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံယူရာ တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာ-ဟု စွဲယူရာဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားကိုလည်း အတ္တပစ္စက္ခဉာဏ်ဟူသည့် ဝိပဿနာပညာနှင့်လည်း သိမြင်၏။ အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိမြင်တတ်သော အရိယမဂ္ဂပညာနှင့်လည်း သိမြင်၏။

၂။ ရှေးကမ္မဘဝကို ထူထောင်ခဲ့စဉ် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာ အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကိုလည်းကောင်း, ယင်းအကြောင်းတရားတို့ကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေ ခန္ဓာငါးပါးအစရှိသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံ သမုဒယ သဘောကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော သမုဒယသစ္စာအမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကိုလည်းကောင်း, ယင်းအကြောင်းတရားတို့ကြောင့် အနာဂတ် ပဋိသန္ဓေ ခန္ဓာငါးပါးအစရှိသော အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံ သမုဒယသဘောကိုလည်းကောင်း အတ္တပစ္စက္ခဉာဏ်ဟူသည့် ဝိပဿနာပညာနှင့်လည်း သိမြင်၏။ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်း သိမြင်တတ်သော အရိယမဂ္ဂပညာနှင့်လည်း သိမြင်၏။ (ပစ္စယတော ဥဒယဒဿနတည်း။ ဝိသုဒ္ဓိ၊၂၊၂၆၇-ကြည့်ပါ။)

၃။ အကြောင်း သမုဒယသစ္စာနှင့်တကွသော အကျိုး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွား သုံးသပ်လိုက်သောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာ တရားတည်းဟူသော သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကိုလည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စ သဘော ဒုက္ခသဘော အနတ္တသဘောတို့ကိုလည်းကောင်း အတ္တပစ္စက္ခဉာဏ်ဟူသည့် ဝိပဿနာပညာ နှင့်လည်း သိမြင်၏။ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်း သိမြင်တတ်သော အရိယမဂ္ဂပညာနှင့်လည်း သိမြင်၏။ (သင်္ခါရတို့၏ ဖြစ်မှု ဇာတိဒုက္ခနှင့် ပျက်မှု မရဏဒုက္ခကို ထိုးထွင်း သိမြင်ခြင်း ကြောင့် ဒုက္ခသစ္စာကို သိမြင်ခြင်းပင်တည်း။ ဝိသုဒ္ဓိ၊၂၊၂၆၇။)

၄။ အကြောင်း သမုဒယသစ္စာတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသောအခါ အကျိုးဥပါဒါနက္ခန္ဓာတို့၏် ခန္ဓပရိနိဗ္ဗာန်စံသော အခါ၌နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း ဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း အတ္တပစ္စက္ခဉာဏ်ဟူသည့် ဝိပဿနာပညာနှင့်လည်း သိမြင်၏။ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ထိုးထွင်း သိမြင်တတ်သော အရိယမဂ္ဂပညာနှင့်လည်း သိမြင်၏။ (ပစ္စယတော ဝယဒဿနဉာဏ်တည်း။ လောကီနိရောဓသစ္စာကို သိသောဉာဏ်တည်း။ ဝိသုဒ္ဓိ၊၂၊၂၆၇။)

၅။ ပဋိဝိပဿနာဟူသည့် ရှုတတ်သော ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သောအခါ ယင်းရှု နေသော ဝိပဿနာဇောတွင် အကျုံးဝင်သော ဝိပဿနာဉာဏ်ဦးဆောင်သည့် - သမ္မာဒိဋ္ဌိ (= ဝိပဿနာ ဉာဏ်), သမ္မာသင်္ကပ္ပ (= ဝိတက်), သမ္မာဝါယာမ (= ဝီရိယ), သမ္မာသတိ, သမ္မာသမာဓိ (= ဧကဂ္ဂတာ) ဟူသည့် လောကီမဂ္ဂသစ္စာတရားတို့ကိုလည်း အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာဉာဏ်ဖြင့်လည်း သိမြင်၏။ အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိမြင်တတ်သော အရိယမဂ်ပညာဖြင့်လည်း သိမြင်၏။ (သင်္ခါရတို့၏ ဥဒယဝယသဘောကို မသိအောင်ဖုံးလွှမ်းထားသည့် မောဟကို ယင်းလောကီမဂ္ဂင် တရားတို့က တဒင်္ဂအားဖြင့် ပယ်ရှားနိုင်သောကြောင့် မဂ္ဂသစ္စာ ဟူသော အမည်ကို ရရှိသည်။ လောကီ မဂ္ဂသစ္စာတည်း။ ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)

၆။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ်သည် ထင်ရှားဖြစ်ပေါ်လာသောအခါ အတ္တပစ္စက္ခဉာဏ် အမည်ရသော ယင်းအရိယမဂ်ပညာဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာ တရားတော်မြတ်ကိုလည်း သိမြင်၏။ (လောကုတ္တရာ နိရောဓသစ္စာတည်း။ အာရမ္မဏပဋိဝေဓတည်း။)

၇။ ယင်း အရိယမဂ်နှင့်ယှဉ်သော မဂ္ဂင်တရားကိုယ် (၈)ပါးကား မဂ္ဂသစ္စာတည်း။ အရိယမဂ်ပညာသည် အသမ္မောဟပဋိဝေဓသဘောအားဖြင့် ယင်းမဂ္ဂသစ္စာတရားကိုလည်းသိမြင်၏။ (လောကုတ္တရာ မဂ္ဂသစ္စာ တည်း။ အသမ္မောဟပဋိဝေဓတည်း။)

ဤသို့လျှင် အတ္တပစ္စက္ခဉာဏ်ဟူသော ဝိပဿနာပညာ အရိယမဂ်ပညာဟူသော ပညာစက္ခုရှိကြကုန်သော သူတို့သည် အရိယမဂ်၏ရှေးအဖို့၌ ဝိပဿနာပညာစက္ခုဖြင့် အရိယမဂ်ခဏ၌ အရိယမဂ္ဂပညာစက္ခုဖြင့် လောကီ လောကုတ္တရာဖြစ်သော စတုသစ္စဓမ္မကို သိမြင်ကြကုန်၏။ ယင်းသို့ သိမြင်ခြင်းကိုပင် --- ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း မြင်၏ - ဟု ဆိုလိုသည်။

ဤ ရှင်းလင်းချက်များနှင့်အညီ ဘူတ အရ၌ ----- ပစ္စုပ္ပန်ဥပါဒါနက္ခန္ဓာတို့၏ အကြောင်းရင်းဖြစ်ကုန်သော ကမ္မဘဝကို ထူထောင်စဉ် ရှေးအတိတ်ဘဝ၌ ဖြစ်ခဲ့ကြကုန်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ, သင်္ခါရ ကံဟူသော ကမ္မဝဋ် ဥပါဒါနက္ခန္ဓာ, ယင်းကိလေသဝဋ် ကမ္မဝဋ်တို့၏ စွဲမှီရာ ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာ တို့လည်း ပါဝင်ကြ၏။ ယင်းအတိတ်အကြောင်းတရားများကြောင့် ထင်ရှားဖြစ်ပေါ်လာ ကြကုန်သော ပစ္စုပ္ပန် ဝိပါကဝဋ် အကျိုး ဥပါဒါနက္ခန္ဓာတို့လည်း ပါဝင်ကြ၏။ နောင်အနာဂတ်အတွက် ပစ္စုပ္ပန် တွင် ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် ဥပါဒါနက္ခန္ဓာ, သင်္ခါရ ကံတည်းဟူသော ကမ္မဝဋ် ဥပါဒါနက္ခန္ဓာတို့လည်း ပါဝင်ကြ၏။ ယင်း ပစ္စုပ္ပန် ကိလေသဝဋ် ကမ္မဝဋ်တို့ကြောင့် နောင်အနာဂတ်တွင် ထင်ရှားဖြစ်ပေါ်လာမည့် အနာဂတ်ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသော ဝိပါကဝဋ် ဥပါဒါနက္ခန္ဓာတို့လည်း ပါဝင်ကြ၏။

ထိုကြောင့် ယင်း အတိတ်အနာဂတ်ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ တည်ရှိကြကုန်သော အကြောင်း ဥပါဒါနက္ခန္ဓာ အကျိုးဥပါဒါနက္ခန္ဓာတို့ကို သဘာဝလက္ခဏာသို့ဆိုက်အောင်လည်းကောင်း, ယင်းခန္ဓာငါးပါးတွင် အကျုံးဝင်သော ပရမတ္ထဓာတ်သား အသီးအသီး၏ သဘာဝလက္ခဏာနှင့်တကွ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို လည်းကောင်း ဝိပဿနာပညာစက္ခု အရိယမဂ္ဂပညာစက္ခုဖြင့် သိမြင်ခြင်းကိုလည်း - အရှိကို အရှိအတိုင်း သိမြင်၏ ဟု ဆိုရ၏။

တစ်ဖန် ယင်းကိလေသဝဋ်ကမ္မဝဋ်တည်းဟူသော အကြောင်း ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားရှိနေခြင်းကြောင့် အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, ယင်း အကြောင်း ဥပါဒါနက္ခန္ဓာတို့၏ အရဟတ္တမဂ်ကြောင့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ဥပါဒါနက္ခန္ဓာတို့၏ ခန္ဓပရိနိဗ္ဗာန် စံသောအခါ၌ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း ဝိပဿနာပညာ စက္ခု အရိယမဂ္ဂပညာစက္ခုဖြင့် သိမြင်ခြင်းကိုလည်း - အရှိကို အရှိအတိုင်း သိမြင်၏ - ဟု ဆိုရ၏။

တစ်ဖန် ယင်း အကြောင်းဥပါဒါနက္ခန္ဓာ အကျိုးဥပါဒါနက္ခန္ဓာတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဝိပဿနာပညာစက္ခု အရိယမဂ္ဂပညာစက္ခုဖြင့် သိမြင်ခြင်းကိုလည်း - အရှိကို အရှိအတိုင်း သိမြင်၏ - ဟု ဆိုရ၏။

တစ်ဖန် ရှုတတ်သော ဝိပဿနာဉာဏ်ဟူသည့် ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်နာမ်တရားစုကို လည်းကောင်း, ယင်း ဝိပဿနာဉာဏ်ဟူသော ဝိပဿနာမနောဒွါရိကဇောဝီထိ စိတ်အစဉ်နာမ်တရားစု၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကိုလည်းကောင်း ဝိပဿနာပညာစက္ခု အရိယမဂ္ဂပညာစက္ခုဖြင့် သိမြင်ခြင်းကိုလည်း - အရှိကို အရှိအတိုင်း သိမြင်၏ - ဟု ဆိုရ၏။

တစ်ဖန် ---- လောကုတ္တရာ နိရောဓသစ္စာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အရိယမဂ္ဂပညာစက္ခုဖြင့် သိမြင်ခြင်းကိုလည်း - အရှိကို အရှိအတိုင်း သိမြင်၏ - ဟု ဆိုရ၏။ အလားတူပင် လောကုတ္တရာ အရိယမဂ္ဂသစ္စာကို အရိယမဂ္ဂပညာစက္ခုဖြင့် အသမ္မောဟပဋိဝေဓသဘောအားဖြင့် ဩိမင်ခြင်းကိုလည်း ---- အရှိကို အရှိအတိုင်း သိမြင်၏ ဟု ဆိုရ၏။

ထိုကြောင့် -- ဘူတံ ဘူတတော ပဿတိ = အရှိကို အရှိအတိုင်း သိမြင်၏ -- ဟူသော ဤ ဒေသနာတော်သည် ပညတ်ပရမတ် မခွဲဘဲ ပညတ်ပရမတ် မကွဲဘဲ အကြောင်းဥပါဒါနက္ခန္ဓာ အကျိုးဥပါဒါနက္ခန္ဓာဟူသော ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ဘဲ ပစ္စုပ္ပန် သက်သက်ကိုသာ ရှုချင်သလို ရှုရန် ညွှန်ကြားနေသော ဒေသနာတော်ကား မဟုတ်။ ကာလသုံးပါး အတွင်း၌ တည်ရှိသော အကြောင်း ဥပါဒါနက္ခန္ဓာ အကျိုး ဥပါဒါနက္ခန္ဓာ အပေါင်းကိုသာ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာသို့ ဆိုက်အောင် နိရောဓသစ္စာ နိဗ္ဗာန်တရားတော် မြတ်ကြီးကို မျက်မှောက်ပြုနိုင်သည်တိုင်အောင် ဝိပဿနာပညာစက္ခု အရိယမဂ္ဂပညာစက္ခုဖြင့် မြင်အောင် ရှုရန် ညွှန်ကြားတော်မူသော ဒေသနာတော်သာ ဖြစ်သည်ဟု မှတ်သားနာယူလေရာသည်။

_________

သာသနာ့မဏ္ဍိုင်ကြီးများ

သာသနာ့မဏ္ဍိုင်ကြီးများ

အသင် ယောဂီသူတော်ကောင်းသည် ဘုရား အစရှိသော အရိယာတကာ သူတော်စွာတို့ ကိန်းအောင်း မွေ့လျော် စံပျော်ရာဖြစ်သော အငြိမ်းကြီးငြိမ်း၍ အအေးကြီးအေးတော်မူသည့် မဟာအသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို မြင်လိုသည်ဖြစ်အံ့၊ ရောက်လိုသည်ဖြစ်အံ့၊ သိလိုသည်ဖြစ်အံ့၊ ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လိုသည် ဖြစ်အံ့၊ မျက်မှောက်ပြုလိုသည် ဖြစ်အံ့၊ ထိုနိဗ္ဗာန်တရားတော်မြတ်ကို မြင်ရေး ရောက်ရေး သိရေး ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်နိုင်ရေး မျက်မှောက်ပြုနိုင်ရေးအတွက် နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် စွမ်းအင် အပြည့်အဝရှိသော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လမ်းကြောင်းအတိုင်း မတိမ်းမစောင်းစေဘဲ ဖြောင့်ဖြောင့်တန်းတန်း လျှောက်သွားရမည် ဖြစ်သည်။ ထိုသို့ လျှောက်သွားရာ၌ အသင် ယောဂီသူတော်ကောင်း၏ သွားနေသည့် လမ်းကြောင်းကို တိမ်းစောင်း၍ မသွားစေရန် မားမားမတ်မတ် ရပ်တည်၍ လမ်းညွှန်ပေးနေသည့် အသင် ယောဂီသူတော်ကောင်းကိုယ်တိုင် ရိုသေကျိုးနွံစွာ ဦးထိပ်ရွက် ပန်ဆင်လျက် ကျောက်ထီးတန္တုကဲ့သို့ အလေးဂရု ပြုရမည့် ဝိနယလေးပါး အမည်ရသည့် သာသနာ့မဏ္ဍိုင်ကြီး လေးမျိုး ရှိပေသည်။ ယင်းလေးမျိုးတို့ကား ----

၁။ သုတ္တ,

၂။ သုတ္တာနုလောမ,

၃။ အာစရိယဝါဒ,

၄။ အတ္တနောမတိတို့ ဖြစ်ကြ၏။

၁။ သုတ္တ

၁။ သုတ္တ

သုတ္တံ နာမ တိဿော သင်္ဂီတိယော အာရုဠှာနိ တီဏိ ပိဋကာနိ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

သုတ္တ ---- အရှင်မဟာကဿပ မထေရ်မြတ်ကြီး ဦးစီး၍ ရဟန္တာအရှင်မြတ် ငါးရာတို့ ပထမအကြိမ် တင်အပ်သော ပဉ္စသတိကသင်္ဂါယနာ, အရှင်မဟာယသ မထေရ်မြတ်ကြီး အကျိုးဆောင်လျက် ရဟန္တာ အရှင်မြတ် (ရဝဝ)တို့ ဒုတိယအကြိမ် တင်အပ်သော သတ္တသတိကသင်္ဂါယနာ, အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီး ဦးစီး၍ ရဟန္တာအရှင်မြတ် (၁၀၀၀)တို့ တတိယအကြိမ် တင်အပ်သော သဟဿိကသင်္ဂါယနာဟု တရားဝင် သင်္ဂါယနာသုံးတန်သို့ တင်ထားအပ်သော သုတ်-ဝိနည်း-အဘိဓမ္မာ ဟူသော ပိဋကသုံးပုံသည် သုတ္တ မည်ပေသည်။ သုတ္တ အမည် ရရှိခြင်း၏ အကြောင်းကား ဤသို့တည်း။

ဘုရားရှင်သည် သုတ္တန်ပိဋက အဝင်အပါ ဖြစ်သော ထိုပိဋကသုံးပုံ၌ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ လူ-နတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာဟူသော အကျိုးစီးပွား အမျိုးမျိုးကို ရစေနိုင် ရောက်စေနိုင်သော ကျင့်စဉ် အမျိုးမျိုး လုပ်ငန်းစဉ် အရပ်ရပ်တို့ကို ကောင်းစွာ ချမှတ်ထားတော်မူ၏၊ ဟောကြားထားတော်မူ၏။ ကျွတ်ထိုက် သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အဇ္ဈာသယဓာတ် အလိုအကြိုက် စရိုက်နှင့် လျော်စွာ နည်း အမျိုးမျိုးဖြင့် ဟောကြားထားတော်မူ၏။ သို့အတွက် ပိဋကသုံးပုံသည် သတ္တဝါတို့၏ အကျိုးစီးပွား အမျိုးမျိုးကို ထင်ရှားပြတတ်သောကြောင့် သုတ္တ အမည်ရပေသည်။

ကောက်ပင်သည် စပါးတည်း ဟူသော အသီးကို သီးစေတတ်သကဲ့သို့ ထို့အတူ ပိဋက သုံးပုံတည်းဟူသော ဘုရားစကားတော်သည် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာတည်းဟူသော အသီး အမျိုးမျိုးကို သီးစေတတ် ဖြစ်စေတတ်သောကြောင့်လည်း သုတ္တ အမည်ရပေသည်။

နွားမသည် နို့ရည်ကို သွန်ချသကဲ့သို့ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်သည် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာ နိဗ္ဗာန်ချမ်းသာတည်းဟူသော အကျိုးစီးပွား အမျိုးမျိုးတို့ကို သွန်ချတတ်သောကြောင့်လည်း သုတ္တ အမည်ရပေသည်။

ဤပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်း ဟူသော အကျိုးစီးပွား အမျိုးမျိုးတို့ကို ကောင်းစွာ စောင့်ရှောက်တတ်သောကြောင့်, ထိုအကျိုးစီးပွား အမျိုးမျိုး တို့ကို ရရာရကြောင်း ကောင်းမြတ်မှန်ကန်သည့် ကျင့်စဉ် အရပ်ရပ်တို့ကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်တတ်သောကြောင့်လည်း သုတ္တ ဟူသော အမည်ကို ရရှိပြန်ပေသည်။

လက်သ္မားတို့သည် သစ်ကို ရွေရာ၌ လွှတိုက်ရာ၌ အသုံးပြုသော ထိုထို သစ်တို့ကို တိုင်းတာကြောင်း ဖြစ်သော တမျဉ်းကြိုး (= တာမျဉ်းကြိုး) သည် သုတ္တ မည်၏။ သစ်တုံးတစ်ခုကို အလိုရှိသည့် ပုံစံအမျိုးမျိုးကို ရရှိအောင် ရုပ်လုံးဖော်ရာ၌ ထို တမျဉ်းကြိုးသည် သို့မဟုတ် ထိုတမျဉ်းကြိုးဖြင့် တိုင်းတာထားအပ်သော မျဉ်းကြောင်းသည် လိုရင်းပမာဏ ဖြစ်၏။ ထိုမျဉ်းကြောင်းအတိုင်း သစ်ကို ခွဲစိတ် ဖြတ်တောက်ခဲ့သော် အလိုရှိရာ ပုံစံအတိုင်း အလိုရှိရာ သစ်ကို ရနိုင်သောကြောင့် ဖြစ်၏။ ဤ ဥပမာအတူပင် ဤ ပိဋကသုံးပုံတည်းဟူသော ဘုရားစကားတော်သည်လည်း နိဗ္ဗာန်သို့ ဤလမ်းက သွားရသည် ---- ဟု နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းကို ညွှန်ကြားပြသပေးနေသော တရားတော်များ ဖြစ်သဖြင့် လက်သမားတို့ အသုံးပြုသည့် တမျဉ်းကြိုးနှင့် တူသောကြောင့်လည်း သုတ္တ ဟူသော အမည်ကို ရရှိပြန်ပေသည်။ နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းနှင့် ဆက်စပ်၍ ဓမ္မ အဓမ္မ စသည်ဖြင့် ဝိဝါဒဖြစ်ခဲ့သော် တရားဆုံးဖြတ်သော ပညာရှိ သူတော်ကောင်းတို့ လိုရင်းပမာဏ အလေးထား ရမည့် အမှားအမှန်ကို တိုင်းတာကြည့်ရမည့် ပေကြိုးကား ထိုသုတ္တ အမည်ရသော ပိဋက သုံးပုံပင် ဖြစ်သည်။

ချည်ကြိုးဖြင့် သီကုံးထားအပ်ကုန်သော ပန်းတို့ကို လေသည် အရပ်တစ်ပါးသို့ ရောက်အောင် ဖရိုဖရဲ ပြန့်ကျဲသွားအောင် မဖြန့်ကြဲနိုင်သကဲ့သို့ အလားတူပင် ဤပိဋကသုံးပုံတည်းဟူသော တရားတော်မြတ်ဖြင့် သီကုံး ထားအပ်ကုန်သော လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာတည်းဟူသော အကျိုးစီးပွား အမျိုးမျိုးကို ရစေ ရောက်စေနိုင်သည့် စွမ်းအင်သတ္တိ စုံညီပြည့်ဝလျက်ရှိသော ကျင့်စဉ်အမျိုးမျိုး လုပ်ငန်းရပ် အဖုံဖုံတို့ကို မိစ္ဆာ ဝါဒတည်းဟူသော လေပြင်းမုန်တိုင်းသည် ဖရိုဖရဲ ပြန့်ကျဲသွားအောင် မဖြန့်ကြဲအပ် မဖြန့်ကြဲနိုင် မဖျက်ဆီးအပ် မဖျက်ဆီးနိုင်ရကား ပန်းကို သီကုံးထားအပ်သော ချည်ကြိုးနှင့် တူသော အဖို့ရှိသည်၏ အဖြစ်ကြောင့်လည်း သုတ္တ ဟူသော အမည်ကို ရရှိပြန်လေသည်။ (ဒီ၊ဋ္ဌ၊၁၊၁၈။)

ဘုရားကို ပယ်နေသူ

ဘုရားကို ပယ်နေသူ

တတ္ထ သုတ္တံ အပ္ပဋိဗာဟိယံ၊ တံ ပဋိဗာဟန္တေန ဗုဒ္ဓေါဝ ပဋိဗာဟိတော ဟောတိ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

ဤအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့တည်း။ ထိုသုတ္တစသော ဝိနယ (၄)ပါးတို့အနက် တစ်ဘက်ပုဂ္ဂိုလ်က တင်ပြကိုးကားလာသော စကားသည် တရားဝင် သင်္ဂါယနာကြီး သုံးတန်၌ သင်္ဂါယနာတင်ထားအပ်သည့် ပိဋက သုံးပုံတည်းဟူသော သုတ္တစကား ဖြစ်ခဲ့လျှင် ထိုစကားကို မပယ်မြစ်အပ်၊ ထို သုတ္တစကားတော် = ပိဋကတော်ကို ပယ်လျှင် ပယ်မြစ်လျှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကိုပင် ပယ်သည် ပယ်မြစ်အပ်သည် မည်လေတော့၏။ ဤကား ဆိုလိုရင်းတည်း။

ဤအထက်ပါ မဟာပရိနိဗ္ဗာနသုတ္တန်ကို ဖွင့်ဆိုနေသော သုတ်မဟာဝါ အဋ္ဌကထာ၏ စကားတော်မှာ နိဗ္ဗာန်သို့သွားရာ လမ်းမှန်ကို ရှာဖွေနေသော သို့မဟုတ် နိဗ္ဗာန်သို့သွားရာ မဂ္ဂင်လမ်းမကြီးပေါ်၌ လျှောက်သွား နေသော အသင် ယောဂီသူတော်ကောင်းအဖို့ အလေးဂရု ပြု၍ ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲနေအောင် ရိုသေလေးမြတ်စွာ မှတ်သားနာယူရမည့် စကားတော်ပင် ဖြစ်သည်။ နိဗ္ဗာန်သွားရာ လမ်းမှန်ကို ရှာဖွေရာ၌ လည်းကောင်း နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်လမ်းမကြီးပေါ်သို့ တက်၍ လျှောက်သွားရာ၌လည်းကောင်း မဂ္ဂက္ခာယီ အမည်ရတော်မူသော အကောင်းဆုံးသော ခရီးညွှန်ဖြစ်တော်မူသော ဘုရားရှင်အား မပယ်မိဖို့ရန် အထူး သတိ ပြုရမည် ဖြစ်ပေသည်။

ဘုရားရှင်တို့၏ စကားတော်ဟူသည်

ဘုရားရှင်တို့၏ စကားတော်ဟူသည်

ယဉ္စ ဘိက္ခဝေ ရတ္တိံတထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံအဘိသမ္ဗုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံအန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ နော အညထာ။ တသ္မာ တထာဂတောတိ ဝုစ္စတိ။ (အံ၊၁၊၃၃၂ - လောကသုတ္တန်။)

= ရဟန်းတို့ အကြင် ညဥ့်၌လည်း တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အတု မရှိသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ဟု ခေါ်ဆိုအပ်သော သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူ၏။ အကြင် ညဉ့်၌်လည်း ခန္ဓာ (၅)ပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဟု ခေါ်ဆိုအပ်သော အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ ထိုနှစ်ညဉ့်တို့၏ အတွင်း၌ အကြင်တရား စကားတော်ကို ပြောဆိုတော်မူ၏ မိန့်မြွက်တော်မူ၏၊ ညွှန်ကြားတော်မူ၏။ ထိုအလုံးစုံသော တရားစကားတော် သည် ပြောဆိုသည့်အတိုင်း မိန့်မြွက်သည့်အတိုင်း ညွှန်ကြားသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်ပေ၏။ မမှန် ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း မည်သည် မရှိသည်သာတည်း။ ထိုကြောင့် သင်တို့ ဆရာ ငါဘုရားကို တထာဂတဟူ၍ ခေါ်ဆိုအပ်ပေသည်။ (အံ၊၁၊၃၃၂။)

အထက်ပါ ပါဠိတော်အရ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရတော်မူသည့် ညဉ့်မှစ၍ ပရိနိဗ္ဗာန် ဝင်စံတော် မူသည့် ညဉ့်အထိ (၄၅)ဝါအတွင်း၌ ဘုရားရှင်၏ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားစကားဟူသမျှ သည်ကား ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း အမှန်ချည်းသာ ဖြစ်သောကြောင့် မမှန်ဟူသော အခြား တစ်မျိုးသော အခြင်းအရာအားဖြင့်လည်း ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် ဘုရားရှင်၏ သုတ္တအမည်ရတော် မူသည့် တရားတော်များကို အသင် ယောဂီသူတော်ကောင်း အနေဖြင့် လက်မခံလိုဘဲ ပယ်လှန်လိုသည် ဖြစ်အံ့၊ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီ (၁၀)ပါး အပြား (၃၀)တို့ကို ဖြည့်ကျင့်ဆည်းပူးတော် မူပြီးမှ ရရှိလာသည့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ဟောကြားထားတော်မူသည့် တရားတော် များကို ပယ်ရှားလိုသော အသင် ယောဂီသူတော်ကောင်း၏ သန္တာန်၌ သဗ္ဗညုတဉာဏ်တော်မြတ်နှင့် တူညီနေသော ဉာဏ်မျိုးသော်လည်းကောင်း, သဗ္ဗညုတဉာဏ်တော်ထက် သာလွန်သည့် ဉာဏ်မျိုးသော်လည်းကောင်း ရရှိထားပြီးဖြစ်ဖို့ လိုအပ်ပေလိမ့်မည်။ သို့မှသာလျှင် သဗ္ဗညုတဉာဏ်တော်မြတ်နှင့် ယှဉ်ပြိုင်၍ စင်ပြိုင်သာသနာ တစ်ရပ်ကို ထူထောင်နိုင်မည် ဖြစ်ပေသည်။

သို့သော် သဗ္ဗညုတဉာဏ်တော်မြတ်ထက် သာလွန်သော ဉာဏ်မျိုးသည်လည်းကောင်း, သဗ္ဗညုတဉာဏ် နှင့် တူညီသော ဉာဏ်မျိုးသည်လည်းကောင်း ဤသာသနာတော်တွင်း၌ကား ရှိနိုင်သည့်အရာ မဟုတ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က နာမည်ကျော် ဥပကကြီးအား ဟောကြားထားတော်မူပြီးပင် ဖြစ်ပေသည်။

န မေ အာစရိယော အတ္ထိ၊ သဒိသော မေ န ဝိဇ္ဇတိ။

သဒေဝကသ္မိံ လောကသ္မိံ၊ နတ္ထိ မေ ပဋိပုဂ္ဂလော။

အဟံ ဟိ အရဟာ လောကေ၊ အဟံ သတ္ထာ အနုတ္တရော။

ဧကောမှိ သမ္မာသမ္ဗုဒ္ဓေါ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။ (မ၊၁၊၂၂၇။)

= ဥပက ...ငါအား သဗ္ဗညုတဉာဏ် ရရှိရေးအတွက် သွန်သင်ပြသ ဆိုဆုံးမသည့် ဆရာဟူ၍ မရှိ၊ ငါနှင့် တူသောသူ မရှိ။ နတ်နှင့်တကွသော တစ်လောကလုံး၌ ငါ့အား ဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်း မရှိ။

ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသောသူတည်း၊ နတ်လူတို့၏ ဆရာတည်း။ ငါ တစ်ယောက်တည်းသာလျှင် အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော တစ်ဆူတည်းသော ဘုရား တည်း။ ကိလေသာမီး ငြိမ်းသည်ဖြစ်၍ ချမ်းမြေ့စွာ နေရပေ၏။ (မ၊၁၊၂၂၇။)

တစ်ဖန် အောက်ပါ ဗုဒ္ဓဝင်ပါဠိတော်ကို ဖတ်ရှုကြည့်ပါဦး။

အဒွေဇ္ဈဝစနာ ဗုဒ္ဓါ၊ အမောဃဝစနာ ဇိနာ။

ဝိတထံ နတ္ထိ ဗုဒ္ဓါနံ၊ ဓုဝံ ဗုဒ္ဓေါ ဘဝါမဟံ။

ယထာ ခိတ္တံ နဘေ လေဍ္ဍု၊ ဓုဝံ ပတတိ ဘူမိယံ။

တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။

ယထာပိ သဗ္ဗသတ္တာနံ၊ မရဏံ ဓုဝသဿတံ။

တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။

ယထာ ရတ္တိက္ခယေ ပတ္တေ၊ သူရိယုဂ္ဂမနံ ဓုဝံ။

တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။

ယထာ နိက္ခန္တသယနဿ၊ သီဟဿ နဒနံ ဓုဝံ။

တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။

ယထာ အာပန္နသတ္တာနံ၊ ဘာရမာရောပနံ ဓုဝံ။

တထေဝ ဗုဒ္ဓသေဋ္ဌာနံ၊ ဝစနံ ဓုဝသဿတံ။ (ဗုဒ္ဓဝံသ၊၃၁၅ - စသည်)

= ဘုရားရှင်တို့ မည်သည် စကားနှစ်ခွ ဆိုတော်မူရိုး မရှိကြကုန်။ ငါးမာရ်အောင်မြင် ဘုရားရှင်တို့သည် အနက်မမှီး အချည်းနှီးသော စကားရှိတော် မမူကြကုန်။ ဘုရားရှင်တို့၏ ချွတ်ယွင်းသော စကားဟူသည် မရှိနိုင် သည်သာတည်း။ ထို့ကြောင့် ငါသည် မချွတ်ဧကန် ဘုရားဖြစ်ရပေတော့အံ့။

ကောင်းကင်၌ ပစ်လွှင့်အပ်သော ခဲသည် မချွတ်ဧကန် မြေ၌ ကျရသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ် တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။

ဥပမာတစ်မျိုးသော်ကား ---- အလုံးစုံသော သတ္တဝါတို့၏ သေရခြင်းသည် မလွဲဧကန် အမြဲ မှန်သည် ဖြစ်သကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။

ညဉ့်၏ ကုန်ဆုံးခြင်းသည် ရောက်ရှိလာလတ်သော် နေ၏ ထွက်ပေါ်လာခြင်းသည် မြဲသကဲ့သို့ ထို့အတူ သာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။

ညအခါ အိပ်စက်ရာ ရွှေဂူမှ ထွက်ခဲ့ပြီးသော ကေသရာခြင်္သေ့၏ မြည်ဟောက်ခြင်း = ဟိန်းဟောက်ခြင်း သည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။

မိမိ၏ ဝမ်းကြာတိုက်ဝယ် ရောက်ရှိပြီးသော ကိုယ်ဝန်သားငယ်ရှိသော ကိုယ်ဝန်ဆောင် အမျိုးသ္မီးတို့၏ ကိုယ်ဝန်ကို ချရခြင်း = မွေးဖွားရခြင်းသည် မြဲသကဲ့သို့ ထို့အတူသာလျှင် ဘုရားမြတ်တို့၏ စကားတော်ဟူသည် မလွဲဧကန် အမြဲ မှန်၏။

ဤစကားတော်တို့ကား သုမေဓာရှင်ရသေ့၏ နိယတဗျာဒိတ်ခန်းဝယ် လာရှိသော ဘုရားရှင်၏ ဟောကြား ထားတော်မူချက်များပင် ဖြစ်ကြ၏။

၂။ သုတ္တာနုလောမ

၂။ သုတ္တာနုလောမ

သုတ္တာနုလောမံ နာမ အနုလောမကပ္ပိယံ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

သုတ္တာနုလောမ ဟူသည် ဝိနည်းဒေသနာတော်၌ လာရှိသော ဝိနည်း မဟာပဒေသ (၄)ပါးနှင့် သုတ္တန် ဒေသနာတော်၌ လာရှိသော သုတ္တန်မဟာပဒေသ (၄)ပါးတို့ပင် ဖြစ်သည်။ ဝိနည်း မဟာပဒေသ (၄)ပါးကား ဝိနည်းမဟာဝါပါဠိတော် ဘေသဇ္ဇက္ခန္ဓက (၃၄၈-၃၄၉။)၌ လာရှိ၏။ သုတ္တန်မဟာပဒေသ (၄)ပါးကား သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၁၀၂-၁၀၃-၁၀၄။)တို့၌ လာရှိ၏။

ဝိနည်းမဟာပဒေသတရား လေးပါး

ဝိနည်းမဟာပဒေသတရား လေးပါး

၁။ ရဟန်းတို့ ...အကြင် အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် မအပ်ဟု မပယ်မြစ်အပ်၊ ထို အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် မအပ်စပ်သည့်ဘက်သို့ ညီလျော်လျက် အပ်စပ် သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။

၂။ ရဟန်းတို့ ...အကြင် အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် မအပ်ဟု မပယ်မြစ်အပ်၊ ထို အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် အပ်စပ်သည့်ဘက်သို့ ညီလျော်လျက် မအပ်စပ် သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏။

၃။ ရဟန်းတို့ ...အကြင် အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် အပ်စပ်၏ဟု ခွင့်မပြုအပ်၊ ထို ခွင့်မပြုအပ်သော အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် မအပ်စပ်သည့်ဘက်သို့ ညီလျော်လျက် အပ်စပ်သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ မအပ်စပ်။

၄။ ရဟန်းတို့ ...အကြင် အရာဝတ္ထုကို ငါဘုရားသည် ဤအရာဝတ္ထုသည် အပ်စပ်၏ဟု ခွင့်မပြုအပ်၊ ထို ခွင့်မပြုအပ်သော အရာဝတ္ထုသည် ဝိနည်းဒေသနာတော်နှင့် ညှိနှိုင်း၍ ကြည့်သော် အပ်စပ်သည့်ဘက်သို့ ညီလျော်လျက် မအပ်စပ်သည့်ဘက်ကို တားမြစ်ခဲ့လျှင် ထိုအရာဝတ္ထုသည် သင်ချစ်သားတို့အဖို့ရာ အပ်စပ်၏။ (ဝိ၊၃၊၃၄၈-၃၄၉။)

ဤကား ဝိနည်းဒေသနာတော်၌ ဟောကြားထားတော်မူအပ်သော မဟာပဒေသ အမည်ရသည့် ဥပဒေသ ကြီး လေးချက်ပင် ဖြစ်သည်။ ဤအမှုသည် ရဟန်းတို့အား အပ်စပ်၏၊ ဤအမှုသည် ရဟန်းတို့အား မအပ်စပ် ဟူ၍ အပ်မှု မအပ်မှုနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ဖွယ် အခွင့်ကြုံကြိုက်လာလျှင် အထက်ပါ ဝိနည်းဒေသနာတော်၌ လာရှိသော ဝိနည်းမဟာပဒေသတည်းဟူသော ဝိနည်းဥပဒေသကြီး (၄)မျိုးတို့ဖြင့် နှိုင်းချိန်၍ ဆုံးဖြတ်ရမည်။ ထို ဝိနည်းမဟာပဒေသ (၄)ပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်ရှုခဲ့သော် အပ်စပ်သည့်ဘက်သို့ ညီလျော်သော အမှုကိုမှ ဤအမှုသည် အပ်စပ်၏ဟူ၍ ဆုံးဖြတ်ရ၏။ ထိုသို့ ဝိနည်းမဟာပဒေသ (၄)ပါးတို့ဖြင့် နှိုင်းချိန်ဆင်ခြင် ကြည့်ရှုခဲ့သော် မအပ်စပ်သည့်ဘက်သို့ ညီလျော်နေသော အမှုမျိုး ဖြစ်ခဲ့လျှင် ဤအမှုသည် မအပ်စပ်ဟူ၍ ဆုံးဖြတ်ရ၏။

ဤအရာ၌ ဓမ္မသင်္ဂါဟကမထေရ် အမည်ရတော်မူကြကုန်သော သင်္ဂါယနာမထေရ်မြတ်ကြီးတို့၏ ဝိနည်း မဟာပဒေသတရား (၄)ပါးတို့နှင့်အညီ နည်းယူ၍ ဆုံးဖြတ်ထားအပ်ကုန်သော ဖြတ်ထုံးတို့တွင် ဖြတ်ထုံး အနည်းငယ်ကို သဘောပေါက်စေရန် ကောက်နုတ်ဖော်ပြအပ်ပါသည်။

အနုဇာနာမိ ဘိက္ခဝေ သဗ္ဗံ ဖလရသံ ဌပေတွာ ဓညဖလရသံ။ (ဝိ၊၃၊၃၄၄။)

= ရဟန်းတို့ ...စပါးသီးအရည်ကို (= စပါးသီးဖြင့် ပြုလုပ်စီမံထားအပ်သော ဖျော်ရည်ကို) ထား၍ အလုံး စုံသော အသီးအရည်ကို (= အလုံးစုံသော သစ်သီးဖြင့် ပြုလုပ်စီမံထားသော ဖျော်ရည်ကို) ငါဘုရား ခွင့်ပြုတော် မူ၏။

ဤအထက်ပါ ပါဠိတော်တွင် ဘုရားရှင်သည် စပါး (၇)မျိုးဖြင့် ပြုလုပ်စီမံထားသော ဖျော်ရည်ကို မွန်းလွဲ ပိုင်းတွင် ရဟန်းတို့အား မအပ်ဟု သောက်သုံးမှုကို ပယ်မြစ်ထားတော်မူ၏။

ထန်းသီး အုန်းသီး အိမ်ပိန္နဲသီး တောင်ပိန္နဲသီး ဗူးသီး ဖရုံသီး သခွားငပြုတ် သခွားငကြောင် သခွားငဆစ် ဟူသော သီးကြီး (၉)မျိုးနှင့် ပဲအမျိုးမျိုးတို့သည် စပါးနှင့် အလားတူ၏။ ယင်းသီးကြီး (၉)မျိုးနှင့် ပဲအမျိုးမျိုးကို ဝိနည်းပါဠိတော်၌ ရဟန်းတို့အား ဖျော်ရည်ပြုလုပ်စီမံ၍ မွန်းလွဲပိုင်း၌ သုံးစွဲရန် မအပ်ဟု တိုက်ရိုက် မပယ်မြစ် အပ်သော်လည်း မအပ်ဟု တိုက်ရိုက်ပယ်မြစ်ထားအပ်သော စပါး (၇)မျိုးနှင့် ဆီလျော်နေ၏၊ သို့အတွက် မွန်းလွဲ ပိုင်း၌ ယင်းသီးကြီး (၉)မျိုးနှင့် ပဲအမျိုးမျိုးကိုလည်း ဖျော်ရည်ပြုလုပ်စီမံ၍ ရဟန်းတို့ သုံးဆောင်ရန် မအပ်။ (ဝိ၊ဋ္ဌ၊၃၊၃၈၄-၃၈၅။)

အနုဇာနာမိ ဘိက္ခဝေ အဋ္ဌ ပါနာနိ အမ္ဗပါနံ ဇမ္ဗုပါနံ စောစပါနံ မောစပါနံ မဓူကပါနံ မုဒ္ဒိကပါနံ သာလူကပါနံ ဖာရုသကပါနံ။ (ဝိ၊၃၊၃၄၄။)

= ရဟန်းတို့ ...သရက်သီးအဖျော် သပြေသီးအဖျော် တောငှက်ပျောသီးအဖျော် အိမ်ငှက်ပျောသီးအဖျော် သစ်မည်စည်သီးအဖျော် သပြက်သီးအဖျော် ကြာစွယ်အဖျော် ဖက်သက်တရော်သီးအဖျော် ဤ (၈)မျိုးသော အဖျော်တို့ကို (မွန်းလွဲပိုင်း၌ ဆာလောင်မွတ်သိပ်ခြင်းဟူသော အကြောင်းထင်ရှားရှိခဲ့သော် ရဟန်းတို့သောက်သုံးရန် ငါဘုရား) ခွင့်ပြုတော်မူ၏။ (ဝိ၊၃၊၃၄၄။)

ဤအထက်ပါ အဖျော် (၈)မျိုးကား ဘုရားရှင် တိုက်ရိုက်ခွင့်ပြုထားတော်မူသော အဖျော်များ ဖြစ်ကြ၏။ သီးကြီး (၉)မျိုး, စပါး (၇)မျိုး, ပဲအမျိုးမျိုးတို့မှ ကြွင်းသော ကြိမ်သီး, ရှောက်သီး (ကျွဲကောသီး), သီးသီး, ကြို့သီး စသော သစ်သီးကြီးငယ် အသွယ်သွယ်တို့ဖြင့် ပြုလုပ်စီမံထားအပ်သော (ရေအေးနှင့် ဖျော်စပ်ထားသော) အဖျော် အမျိုးမျိုးတို့သည်လည်း အဖျော် (၈)မျိုးနှင့် အလားတူကြ၏။ ထိုအဖျော်အမျိုးမျိုးတို့ကို ဘုရားရှင်သည် တိုက်ရိုက် ခွင့်ပြုထားတော် မမူအပ်သော်လည်း စင်စစ်အားဖြင့် အဖျော်အမျိုးမျိုးတို့သည် ဘုရားရှင် တိုက်ရိုက် ခွင့်ပြု ထားတော်မူအပ်သည့် အပ်စပ်သည့် အဖျော် (၈)မျိုးတို့နှင့် ဆီလျော်နေကြကုန်၏။ ထို့ကြောင့် ရဟန်းတို့အား မွန်းလွဲပိုင်း၌ ဆာလောင်မွတ်သိပ်ခြင်းဟူသော ပိပါသ အကြောင်းတရား ထင်ရှားရှိခဲ့သော် သောက်သုံးခြင်းငှာ အပ်ကုန်၏။ (ဝိ၊ဋ္ဌ၊၃၊၃၈၅။)

ဤကား ဝိနည်းအရာ၌ မဟာပဒေသတရား (၄)ပါးနှင့် နှိုင်းညှိ၍ အပ်သည်နှင့်ဆီလျော်ပါက အပ်၏ဟု, မအပ်သည်နှင့်ဆီလျော်ပါက မအပ်ဟု သင်္ဂါယနာမဟာထေရ်မြတ်တို့ ဆုံးဖြတ်ထားအပ်သော သုတ္တာနုလောမ အမည်ရသော တရားပုံစံအချို့ ဖြစ်သည်။

သုတ္တန်မဟာပဒေသတရား လေးပါး

သုတ္တန်မဟာပဒေသတရား လေးပါး

ခပ်သိမ်းဥဿုံ အလုံးစုံသော တရားဟူသမျှကို အကြွင်းအကျန် မရှိ ကုန်စင်အောင် ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထွင်းဖောက်သိမြင်တော်မူသည့် သဗ္ဗညုဘုရားရှင်အဖြစ် ဝန်ခံ တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူမည့်နှစ် တပို့တွဲလပြည့်နေ့၌ ဝေသာလီပြည် စာပါလ စေတီဝယ် သတိသမ္ပဇဉ် ဉာဏ်ယှဉ်တော်မူလျက် အသက်ရှည်ရန် သက်တော်ကို ထိန်းသိမ်းစောင့်ရှောက် ပြုပြင်မှု တည်းဟူသော အာယုသင်္ခါရ, အာယုပါလက, ဇီဝိတသင်္ခါရ အမည်သုံးမျိုးရရှိသော အရဟတ္တဖိုလ် ဖလသမာပတ် ဝင်စားမှု လုပ်ငန်းရပ်ကို ဤနေ့မှ နောင် ကဆုန်လပြည့်နေ့ တိုင်အောင်သာ ဝင်စားတော့မည်ဟု ဆုံးဖြတ်ချက် ချခြင်းကို ပြုတော်မူ၏။ ယင်းသို့ ဆုံးဖြတ်ချက် ချတော်မူခြင်းသည်ကား အာယုသင်္ခါရကို လွှတ်တော်မူခြင်းပင် ဖြစ်၏။ ထို့နောင် အစဉ်အတိုင်း ဆက်လက်၍ ခရီးဒေသစာရီ ကြွချီတော်မူလာရာ ဘောဂမြို့သို့ ဆိုက်ရောက် တော်မူ၏။ ထိုဘောဂမြို့ အာနန္ဒစေတီ၌ သီတင်းသုံးတော်မူခိုက် ဘုရားရှင်သည် ရဟန်းတို့ကို သုတ္တန်မဟာ ပဒေသတရား (၄) ပါးတို့ကို ဟောကြားတော်မူလေသည်။ ယင်း (၄)ပါးတို့မှာ ဤသို့တည်း။

ပထမ - မဟာပဒေသတရား

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာငြားအံ့၊ ငါ့ရှင်တို့ ...ငါသည် ဤတရားကို မြတ်စွာဘုရားမျက်မှောက်တော်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်း - ဟု ပြောဆိုလာငြားအံ့။

ရဟန်းတို့ ...ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို ကောင်းစွာမှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြ ရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော စကား၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကြ လျှင် ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ဤရဟန်း၏ ပြောဆိုလာသောစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားအပ်သော စကားသာ ဖြစ်ချေသည်ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ...ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုလာသော စကား၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင် ခဲ့လျှင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ဤရဟန်း၏ ပြောဆိုလာသောစကားသည် ထိုမြတ်စွာဘုရား ၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း၏ ကောင်းစွာ သင်ယူထားအပ်သော စကားလည်း ဖြစ်ပေသည် ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ရှေးဦးစွာသော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော။

ဒုတိယ မဟာပဒေသတရား

ဒုတိယ မဟာပဒေသတရား

ရဟန်းတို့ ...ထိုပြင် ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာငြားအံ့၊

ဤမည်သော ကျောင်းတိုက်၌ အကြီးအမှူးမထေရ်နှင့်တကွသော သံဃာသည် သီတင်းသုံးနေထိုင်လျက် ရှိ၏၊ ငါသည် ထိုသံဃာ၏ မျက်မှောက်မှ ကြားနာခဲ့ရပါ၏၊ ခံယူခဲ့ရပါ၏၊ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်းဟု ပြောဆိုလာငြားအံ့။

ရဟန်းတို့ ...ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး။ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို သုတ်တရားတော်၌ သွင်း၍ ကြည့်ကြရမည်၊ ဝိနည်းတရား တော်၌ နှီးနှောကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကြလျှင်, ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ဤရဟန်း၏ ပြောဆိုလာသောစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုသံဃာ၏ မှားယွင်းစွာ သင်ယူထားအပ်သော စကားသာ ဖြစ်ချေသည်ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ...ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ခဲ့လျှင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ဤရဟန်း၏ ပြောဆိုလာသော စကားသည် မြတ်စွာ ဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်။ ထိုသံဃာ၏ ကောင်းစွာ သင်ယူထားအပ်သော စကားလည်း ဖြစ်ပေ သည်ဟု ဤအရာ၌ ဆုံးဖြတ်ရမည်။ ရဟန်းတို့ ...နှစ်ခုမြောက်သော ဤမဟာပဒေသကို မှတ်သားထားကြ ကုန်လော။

တတိယ မဟာပဒေသတရား

တတိယ မဟာပဒေသတရား

ရဟန်းတို့ ...ထိုပြင် ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာ ငြားအံ့၊

ဤမည်သော ကျောင်းတိုက်၌ အာဂမသုတ = သင်သိ, အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတလည်း များကုန်သော, ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်ထားကုန်သော, သုတ်အဘိဓမ္မာတရားတော် ကိုလည်း နှုတ်ငုံဆောင်ထားကုန်သော, ဝိနည်းတော်ကိုလည်း နှုတ်ငုံဆောင်ထားကုန်သော, မာတိကာကိုလည်း နှုတ်ငုံဆောင်ထားကုန်သော များစွာကုန်သော မထေရ်ရဟန်းတို့သည် သီတင်းသုံးနေထိုင်လျက် ရှိကြပါကုန်၏၊ ငါသည် ထိုမထေရ်တို့၏ မျက်မှောက်မှ ကြားနာခဲ့ရ, ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်းဟု ပြောဆိုလာငြားအံ့။

ရဟန်းတို့ ...ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ်အပ်သေး၊ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြ ရမည်၊ ဝိနည်းတရားတော်၌ နှီးနှောကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်ကြလျှင် ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ဤရဟန်း၏ ပြောဆိုလာသော စကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ထိုမထေရ်တို့၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည် ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ...ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ခဲ့လျှင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ဤစကားတော်သည် မြတ်စွာဘုရား၏ စကားတော် စင်စစ် ဖြစ်ပေသည်။ ထိုမထေရ်တို့၏ ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ...သုံးခုမြောက်သော ဤမဟာပဒေသကို မှတ်သားထားကြကုန်လော။

စတုတ္ထ မဟာပဒေသတရား

စတုတ္ထ မဟာပဒေသတရား

ရဟန်းတို့ ...ထို့ပြင် ဤသာသနာတော်၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ ပြောဆိုလာ ငြားအံ့၊

ဤမည်သော ကျောင်းတိုက်၌ အာဂမသုတ = သင်သိ, အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတလည်း များသော ပါဠိတော်ကိုလည်း နှုတ်ငုံဆောင်ထားသော, သုတ် အဘိဓမ္မာ တရားတော်ကိုလည်း နှုတ်ငုံဆောင်ထားသော, ဝိနည်းတရားတော်ကိုလည်း နှုတ်ငုံဆောင်ထားသော, မာတိကာကိုလည်း နှုတ်ငုံဆောင် ထားသော တစ်ဦးသော မထေရ်သည် နေထိုင်လျက် ရှိပါ၏။ ငါသည် ထိုမထေရ်၏ မျက်မှောက်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏အဆုံးအမ တော်ပါတည်းဟု ပြောဆိုလာငြားအံ့။

ရဟန်းတို့ ...ထိုရဟန်း၏ စကားကို အလွယ်တကူနှင့် လက်လည်း မခံအပ်သေး၊ ပယ်လည်း မပယ် အပ်သေး။ အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌ သွင်း၍ ကြည့်ကြ ရမည်။ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်ကြရမည်။

ယင်းသို့ သုတ်တရားတော်၌ သွင်း၍ ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက် ဝင်ကြလျှင် ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ဤရဟန်း ပြောဆိုလာသော စကားသည် မြတ်စွာ ဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ၊ ထိုမထေရ်၏ မှားယွင်းစွာ သင်ယူထားသောစကားသာ ဖြစ်ချေသည် ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ...ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ။

သို့မဟုတ် သုတ်တရားတော်၌ သွင်း၍ကြည့်လတ်သော်, ဝိနည်းတရားတော်၌ နှီးနှော၍ကြည့်လတ်သော် ထိုရဟန်း ပြောဆိုလာသော စကားရပ်၌ အကျုံးဝင်ကုန်သော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်ခဲ့လျှင်, ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ဤရဟန်း ပြောဆိုလာသော စကားသည် မြတ်စွာ ဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ထိုမထေရ်၏ ကောင်းစွာသင်ယူထားသော စကားလည်း ဖြစ်ပေသည် ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ...(၄)ခုမြောက် ဖြစ်သော ဤမဟာပဒေသကို မှတ်သားထား ကြကုန်လော။ ရဟန်းတို့ ...ဤမဟာပဒေသတရား (၄)ပါးတို့ကို မှတ်သားထားကြကုန်လော့ဟု မိန့်တော်မူ၏။

ဤကား (ဒီ၊၂၊၁၀၂-၁၀၄။) မဟာပရိနိဗ္ဗာနသုတ္တန်၌ လာရှိသော သုတ္တန်မဟာပဒေသ အမည်ရတော် မူသော ဥပဒေသကြီး (၄)ပါး ဖြစ်သည်။

အနုလောမကပ္ပိယ = သုတ္တာနုလောမ

အနုလောမကပ္ပိယ = သုတ္တာနုလောမ

အနုလောမကပ္ပိယံ ပန သုတ္တေန သမေန္တမေဝ ဂဟေတဗ္ဗံ၊ န ဣတရံ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

ဤကား တရားတော်ပါတည်း၊ ဤကား ဝိနည်းတော်ပါတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ တော်ပါတည်းဟု တစ်ဦးတစ်ယောက်သော ရဟန်းက ---

၁။ မြတ်စွာဘုရားကို ဖြစ်စေ,

၂။ သံဃာကို ဖြစ်စေ,

၃။ မထေရ် အများကို ဖြစ်စေ,

၄။ မထေရ် တစ်ပါးကို ဖြစ်စေ - ကိုးကား၍ ပြောဆိုလာသဖြင့် ဓမ္မ-ဝိနယ ဟုတ်-မဟုတ် ဆုံးဖြတ်ရန် အခွင့် ကြုံလာလျှင် သုတ္တန်ကျမ်းလာ မဟာပဒေသ (၄)ပါးတို့ဖြင့် နှိုင်းချိန်၍ ဖြေရှင်းဆုံးဖြတ်ရမည်။ ဤမဟာ ပဒေသ (၄)ပါးတို့၌ ညီညွတ်သော စကားကိုသာ အမှန်ဟူ၍ မှတ်ယူရာ၏၊ မညီညွတ်သော စကား ဖြစ်ခဲ့ လျှင် စကားရှင်ရဟန်းက မည်မျှပင် နှုတ်သရမ်း၍ မြည်တမ်းပြောဆိုစေကာမူ အမှန်ဟူ၍ မမှတ်ယူရ။

တစ်ဘက်ပုဂ္ဂိုလ်က တင်ပြပြောဆိုလာသော စကားသည် မဟာပဒေသ (၄)ပါးနှင့် ညှိနှိုင်း၍ ပြောဆို လာသော သုတ္တာနုလောမ စကားဖြစ်ခဲ့လျှင် ထိုစကားကို သုတ္တခေါ်သော ပိဋကပါဠိတော်နှင့် ညီညွတ်မှသာ လက်ခံမှတ်ယူရာ၏။ မညီညွတ်လျှင် မမှတ်ယူရ။

တစ်ဖန် တစ်ဘက်ပုဂ္ဂိုလ်က ကိုးကား တင်ပြလာသော ပါဠိသည် သင်္ဂါယနာတင် ပါဠိ ဖြစ်ပါသည်ဟု ပြောဆိုစေကာမူ ရှေးဖော်ပြပါ တရားဝင် သင်္ဂါယနာကြီး သုံးရပ်၌ တင်ထားအပ်သည့် အတည်ပြုထားအပ်သည့် ပါဠိတော်ဖြစ်ပါမှသာ ပမာဏဂရုအလေးပြု၍ မှတ်ယူရာ၏။ ဤသင်္ဂါယနာသုံးတန်၌ မတင်အပ်သည့် သုတ္တန်မျိုး ဖြစ်က ကဲ့ရဲ့အပ်သည့် သုတ္တသာ ဖြစ်၍ အမှန်ဟု မမှတ်ယူရ။ (ဒီ၊ဋ္ဌ၊၂၊၁၅၇။)

၃။ အာစရိယဝါဒ

၃။ အာစရိယဝါဒ

အာစရိယဝါဒေါ နာမ အဋ္ဌကထာ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

ယဒိပိ တတ္ထ တတ္ထ ဘဂဝတာ ပဝတ္တိတပကိဏ္ဏကဒေသနာဝ အဋ္ဌကထာ၊ သာ ပန ဓမ္မသင်္ဂါဟကေဟိ ပဌမံ တီဏိ ပိဋကာနိ သင်္ဂါယိတွာ တဿ အတ္ထဝဏ္ဏနာနုရူပေနေဝ ဝါစနာမဂ္ဂံ အာရောပိတတ္တာ အာစရိယဝါဒေါတိ ဝုစ္စတိ၊ အာစရိယာ ဝဒန္တိ သံဝဏ္ဏေန္တိ ပါဠိ ဧတေနာတိ။ တေနာဟ - အာစရိယဝါဒေါ နာမ အဋ္ဌကထာတိ။ တိဿော သင်္ဂီတိယော အာရုဠှော ဧဝ စ ဗုဒ္ဓဝစနဿ အတ္ထသံဝဏ္ဏနာဘူတော ကထာမဂ္ဂေါ မဟိန္ဒတ္ထေရေန တမ္ဗပဏ္ဏိဒီပံ အာဘတော ပစ္ဆာ တမ္ဗပဏ္ဏိယေဟိ မဟာထေရေဟိ သီဟဠဘာသာယ ဌပိတော နိကာယန္တရလဒ္ဓိသင်္ကရပရိဟရဏတ္ထံ။ (ဒီ၊ဋီ၊၂၊၁၆၈-၁၆၉။)

အာစရိယဝါဒ ဟူသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ် အခါက ထိုထို အရပ်ဒေသ၌ ထိုထို ဒေသနာတော် = ပါဠိတော်၏ အနက်အဓိပ္ပါယ်သဘော အနေအားဖြင့် ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူအပ်သော ပကိဏ္ဏက ဒေသနာတော်ကို ဆရာမြတ်တို့ ပါဠိပိဋကကို ဖွင့်ပြ ဟောဆိုကြောင်း ဖြစ်သောကြောင့် အဋ္ဌကထာဟု ခေါ်ဆိုတော်မူကြသည်။ ထို အဋ္ဌကထာကို သင်္ဂါယနာ မထေရ်မြတ်တို့သည် ရှေးဦးစွာ ပိဋကသုံးပုံကို သင်္ဂါယနာတင်ပြီးနောက် ထိုပိဋကတော်၏အနက်အဖွင့်အားလျော်စွာ ချပို့သင်ကြားရိုး = ဝါစနာမဂ္ဂသို့ တင်ထားအပ်လေသည်။ ထိုအဋ္ဌကထာ ပကိဏ္ဏကဒေသနာတော်ကိုပင် သင်္ဂါယနာထေရ်ဆရာ စသော ဆရာအဆက်ဆက်တို့ ပါဠိပိဋကကို ဖွင့်ပြပြောဆိုကြောင်း ဖြစ်သောကြောင့် အာစရိယဝါဒဟု ခေါ်သည်။ ယင်း အာစရိယဝါဒ, အဋ္ဌကထာ, ပကိဏ္ဏကဒေသနာဟု သုံးမည်ရသော စကားအစဉ်ကို အရှင်မဟာမဟိန္ဒ မထေရ်သည် သီဟိုဠ်ကျွန်းသို့ ဆောင်ယူအပ်ခဲ့လေသည်။ ယင်းသုံးမည်ရသော စကားအစဉ်ကို နောက်တစ်ချိန်၌ သီဟိုဠ်ကျွန်းသား မထေရ်များသည် ဂိုဏ်းတစ်ပါး အယူဝါဒနှင့် ရောယှက်ရှုပ်ထွေးမှု မရှိစေရန် သီဟိုဠ်ဘာသာ ဖြင့် အက္ခရာ တင်ထားကြလေသည်။

အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် ယင်းသီဟိုဠ်ဘာသာဖြင့် တည်ရှိနေသော မဟာအဋ္ဌကထာ = မူလပကိဏ္ဏကဒေသနာတော်ကိုပင် အထည်ကိုယ်ဝတ္ထုထား၍ အထပ်ထပ်လာသော အဖွင့်များကို ချုံးလျက် လည်းကောင်း, သူ့ပိဋက သူ့နေရာနှင့်သူ ဖွင့်ဆိုရမည့် သံဝဏ္ဏေတဗ္ဗပါဠိတော်နှင့် အဖွင့်သံဝဏ္ဏနာ အဋ္ဌကထာတို့ကို တွဲဖက်သန့်လျက်လည်းကောင်း, အချို့အချို့ အရာတို့၌ ထိုခေတ် ထိုအချိန်အခါတွင် သီဟိုဠ်ကျွန်း၌ ထင်ရှားရှိကြကုန်သော ကုရုန္ဒီအဋ္ဌကထာ, မဟာပစ္စရိအဋ္ဌကထာစသော ထိုထို အဋ္ဌကထာတို့မှ ထည့်သွင်းသင့်ရာ အချက်များကို ထည့်သွင်းလျက်လည်းကောင်း, အချို့အချို့ အရာတို့၌ သင့်လျော်ရာ မဟာပဒုမထေရ် မဟာ သိဝထေရ် စသော ရဟန္တာ မထေရ်မြတ်ကြီးတို့၏ ဖြတ်ထုံးများ ဖြစ်သည့် ထေရဝါဒခေါ် အတ္တနောမတိများကို ဖော်ပြလျက်လည်းကောင်း သီဟိုဠ်အဋ္ဌကထာကို မာဂဓိဘာသာ = ပါဠိဘာသာသို့ ပြန်ဆိုလျက် သင်္ဂဟအဋ္ဌကထာ ဟူသော အမည်ဖြင့် အဋ္ဌကထာသစ်ကို ပြုစီရင်တော်မူသည်။ ထို့ကြောင့် ဤယခု ဝိနယ (၄)ပါး၌ သုံးခုမြောက် ဖြစ်သော အာစရိယဝါဒ ဟူသည်မှာ ယနေ့ မျက်မြင် ညွှန်ပြရလျှင် ယနေ့ တည်ရှိနေသော အဋ္ဌကထာများကိုပင် ညွှန်ပြရပေမည်။

အာစရိယဝါဒေါပိ သုတ္တေန သမေန္တောယေဝ ဂဟေတဗ္ဗော၊ န ဣတရော။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

ပမာဒပါဌဝသေန အာစရိယဝါဒဿ ကဒါစိ ပါဠိယာ အသံသန္ဒနာပိ သိယာ၊ သော န ဂဟေတဗ္ဗောတိ ဒေဿန္တော အာဟ အာစရိယဝါဒေါပိ သုတ္တေန သမေန္တောယေဝ ဂဟေတဗ္ဗောတိ။ (ဒီ၊ဋီ၊၂၊၁၆၉။)

= ယင်း အာစရိယဝါဒ (= ပကိဏ္ဏကဒေသနာ = အဋ္ဌကထာ) မှာလည်း ပမာဒပါဌ (= အဋ္ဌကထာကို အစဉ် အဆက် ဆောင်လာကြကုန်သော မထေရ်တို့၏ သတိမေ့လျော့၍ ရွတ်ဆိုမှု), ပမာဒလေခ (= သတိမေ့လျော့၍ ရေးသားမှု ကူးယူမှု) အနေအားဖြင့် တစ်ရံတစ်ခါ ပိဋကပါဠိတော်နှင့် မနှီးနှောမိသော အရာလည်း ရှိနိုင်၏။ ထိုကြောင့် ထိုအာစရိယဝါဒကိုလည်း သုတ္တခေါ်သော ပိဋကပါဠိတော်နှင့် ညီညွတ်မှသာ အမှန်ဟု မှတ်ယူရာ၏၊ ပမာဒပါဌ-ပမာဒလေခ ဖြစ်၍ သုတ္တခေါ်သော ပိဋကပါဠိတော်နှင့် မညီညွတ်လျှင် အမှန်ဟု မမှတ်ယူလေရာ။

၄။ အတ္တနောမတိ

၄။ အတ္တနောမတိ

အတ္တနောမတိ နာမ နယဂ္ဂါဟေန အနုဗုဒ္ဓိယာ အတ္တနော ပဋိဘာနံ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

အတ္တနောမတိ နာမ ထေရဝါဒေါ။ နယဂ္ဂါဟေနာတိ သုတ္တာဒိတော လဗ္ဘမာနနယဂ္ဂဟဏေန။ အနုဗုဒ္ဓိယာတိ သုတ္တာဒီနိယေဝ အနုဂတဗုဒ္ဓိယာ။ အတ္တနော ပဋိဘာနန္တိ အတ္တနော ဧဝ တဿ အတ္ထဿ ဝုတ္တနယေန ဥပဋ္ဌာနံ၊ ယထာ ဥပဋ္ဌိတာ အတ္ထာ ဧဝ တထာ ဝုတ္တာ။ (ဒီ၊ဋီ၊၂၊၁၆၉။)

= အတ္တနောမတိ ဟူသည် သုတ္တ သုတ္တာနုလောမ အာစရိယဝါဒတည်း ဟူသော ရှေးသုံးပါးမှ ရရှိသော နည်းကို ယူလျက် ထိုေ့ရှ သုံးပါးသို့ အစဉ်လျှောက်၍ ဖြစ်ပေါ်လာသော ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ဆင်ခြင်၍ သိရှိအပ်သော အနက်သဘောတရားတည်းဟူသော ထေရဝါဒများကို ခေါ်သည်။ အထူးသဖြင့် လက်ရှိ အဋ္ဌကထာများ၌ ဖော်ပြထားသော မဟာပဒုမထေရ်ဝါဒ မဟာသုမထေရ်ဝါဒ မဟာသိဝထေရ်ဝါဒ စသော မထေရ်ကြီး မထေရ်ကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော်တို့၏ အဆိုအမိန့်များသည် အတ္တနောမတိ အမည်ရသော ဤစတုတ္ထဝိနယ၌ အကျုံးဝင်ပေသည်။

အတ္တနောမတိ ပန သဗ္ဗဒုဗ္ဗလာ၊ သာပိ သုတ္တေန သမေန္တာယေဝ ဂဟေတဗ္ဗာ၊ န ဣတရာ။ (ဒီ၊ဋ္ဌ၊၂၊၁၅၈။)

သဗ္ဗဒုဗ္ဗလာ ပုဂ္ဂလဿ သယံ ပဋိဘာနဘာဝတော။ တထာ စ သာပိ ဂဟေတဗ္ဗာ၊ ကီဒိသီ? သုတ္တေန သမေန္တာယေဝါတိ ယောဇနာ။ (ဒီ၊ဋီ၊၂၊၁၆၉။)

= အတ္တနောမတိ ဟူသော ထိုထို မထေရ်တို့၏ အယူအဆဝါဒစကားသည်ကား အလုံးစုံတို့အောက် အားနည်းလှ၏။ ထိုအတ္တနောမတိကိုလည်း သုတ္တခေါ် ပိဋကပါဠိတော်နှင့် ညီညွတ်မှသာ အမှန်ဟု မှတ်ယူရာ၏။ မညီညွတ်လျှင် အမှန်ဟု မမှတ်ယူရာ။

သုတ္တ, သုတ္တာနုလောမ, အာစရိယဝါဒတည်းဟူသော ရှေးသုံးပါးမှ ရရှိသော နည်းကို ယူလျက် ထိုေ့ရှ သုံးပါးသို့ အစဉ်လျှောက်၍ ဖြစ်ပေါ်လာသော ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ဆင်ခြင်၍ သိရှိအပ်သော အနက် သဘောတရား ဖြစ်ခြင်းကြောင့် ယင်း အတ္တနောမတိ အမည်ရသော ထေရဝါဒများမှာ အလုံးစုံတို့အောက် အားနည်းခြင်း ဖြစ်၏။ မည်သို့ပင် အားနည်းစေကာမူ သုတ္တခေါ်သော ပိဋကပါဠိတော်နှင့် ညီညွတ်နေလျှင်ကား လက်ခံရမည်သာ ဖြစ်ပေသည်။

ဤကား နိဗ္ဗာန်ကို လိုလားတောင့်တကြကုန်သော အမျိုးကောင်းသား အမျိုးကောင်းသမီး အပေါင်းတို့သည် ကျောက်ထီးတန္တု အလေးဂရု ပြုအပ်သော ဝိနယ (၄)ပါး အမည်ရသော သာသနာ့မဏ္ဍိုင်ကြီး (၄) ရပ် နှင့် ဆက်စပ်၍ သိမှတ်ဖွယ်ရာ အချက်များ ဖြစ်ပေသည်။

သာသနာကို ဖျက်ဆီးနေသူ

သာသနာကို ဖျက်ဆီးနေသူ

ဒုပ္ပဋိပန္နော ဟိ သာသနံ ဘိန္ဒန္တော သတ္ထုဓမ္မသရီရေ ပဟာရံ ဒေတိ နာမ။ (ဥဒါနအဋ္ဌကထာ၊၈၇။)

ဤအထက်ပါ သာသနာ့မဏ္ဍိုင်ကြီး (၄)ရပ်ဟူသော ဝိနယ (၄)ပါးနှင့် မညီညွတ်သော ကျင့်စဉ် ပဋိပတ်ကို ကျင့်နေသောသူကား ဒုပ္ပဋိပန္နပုဂ္ဂိုလ် မည်၏။ တစ်နည်းဆိုသော် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ခြင်း၏ အကြောင်းရင်းစစ်ဖြစ်သော သုတ္တအမည်ရသော ပိဋကပါဠိတော်နှင့် ညီညွတ်နေသော သာသနဓမ္မ အမည်ရသော ဘုရားရှင်၏အဆုံးအမကို ကောင်းမွန်ရိုသေစွာ မကျင့်သောသူသည် ဒုပ္ပဋိပန္နပုဂ္ဂိုလ် မည်၏။ ယင်းဒုပ္ပဋိပန္န ပုဂ္ဂိုလ်သည်ကား ဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီးနေသူ မည်၏၊ ဘုရားရှင်၏ သာသနာတော်ကို ဖျက်ဆီး လျက် ဘုရားရှင်၏ တရားတည်းဟူသော ခန္ဓာအိမ်၌ စော်ကား ပုတ်ခတ်မှုကို ပေးနေသည် မည်၏။ ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။

သမ္မာသမ္ဗုဒ္ဓ ဘာသိတ တရားတော်

သမ္မာသမ္ဗုဒ္ဓ ဘာသိတ တရားတော်

အဓမ္မကို ဓမ္မ, ဓမ္မကို အဓမ္မ ပြုလုပ်၍ ကျင့်နေခြင်းသည် ကျင့်စဉ်လွဲချော်နေသည့် ဒုပ္ပဋိပန္နပုဂ္ဂိုလ် ဖြစ်၍ သာသနာတော်ကို ဖျက်ဆီးနေသူ ဖြစ်သည်ဟူသော အထက်ပါ ဥဒါန်းအဋ္ဌကထာ၏ စကားတော်ကို အသင် ယောဂီသူတော်ကောင်းသည် အကယ်၍ ဘဝင်မကျ ဖြစ်နေပါသေးလျှင် အောက်ပါ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် စကားတော်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါဦး။

ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ (အံ၊၁၊၁၈။)

ယေ တေ ဘိက္ခဝေ ဘိက္ခူ ဓမ္မံ အဓမ္မောတိ ဒီပေန္တိ။ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ၊ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ (အံ၊၁၊၁၈-၁၉။)

= ရဟန်းတို့ ...အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကုန်၏၊ ရဟန်းတို့ ...ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ...ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက် စေသည် မည်ကုန်၏။ (အံ၊၁၊၁၈။)

= ရဟန်းတို့ ...အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကုန်၏၊ ရဟန်းတို့ ...ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ...ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက် စေသည် မည်ကုန်၏။ (အံ၊၁၊၁၈-၁၉။)

ဓမ္မ - အဓမ္မ

ဓမ္မ - အဓမ္မ

သုတ္တန်ပရိယာယ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁၀)ပါးသည် ဓမ္မ မည်၏၊ အကုသိုလ်ကမ္မပထတရား (၁၀)ပါးသည် အဓမ္မ မည်၏။ အလားတူပင် ---

၁။ သတိပဋ္ဌာန် (၄) ပါး,

၂။ သမ္မပ္ပဓာန် (၄) ပါး,

၃။ ဣဒ္ဓိပါဒ် (၄) ပါး,

၄။ ဣန္ဒြေ (၅) ပါး,

၅။ ဗိုလ် (၅) ပါး,

၆။ ဗောဇ္ဈင် (၇) ပါး,

၇။ အရိယမဂ္ဂင် (၈) ပါး ---

ဤဗောဓိပက္ခိယတရား (၃၇)ပါးတို့သည် ဓမ္မ မည်ကုန်၏။

၁။ သတိပဋ္ဌာန် (၃) ပါး,

၂။ သမ္မပ္ပဓာန် (၃) ပါး,

၃။ ဣဒ္ဓိပါဒ် (၃) ပါး,

၄။ ဣန္ဒြေ (၆) ပါး,

၅။ ဗိုလ် (၆) ပါး,

၆။ ဗောဇ္ဈင် (၈) ပါး,

၇။ မဂ္ဂင် (၉) ပါး - တို့သည်ကား အဓမ္မ မည်ကုန်၏။

ဥပါဒါန် (၄)ပါး, နီဝရဏတရား (၅)ပါး, အနုသယဓာတ် (၇)ပါး, မိစ္ဆတ္တတရား (၈)ပါးတို့သည်လည်း အဓမ္မ မည်ကုန်၏။ (အံ၊ဋ္ဌ၊၁၊၆၅-၆၆။)

ဆန်းစစ်ပါ

ဆန်းစစ်ပါ

နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင် ယောဂါဝစရ ပုဂ္ဂိုလ်မြတ်သည် အထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့ကို ထပ်မံ၍ ဆန်းစစ်ကြည့်ပါ။ အနည်းငယ် ထပ်မံ၍ ကောက်နုတ်လျက် ရှင်းလင်းတင်ပြ အပ်ပါသည်။

သတိပဋ္ဌာန် (၄)ပါးတို့၌ ဘုရားရှင်သည် အာနာပါနဿတိသမာဓိ စသည့် သမာဓိများကို အဆင့်ဆင့် ထူထောင်လျက် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ရုပ်တရား နာမ်တရားတို့ကို အရဟတ္တဖိုလ် ဆိုက်သည် တိုင်အောင် အဆင့်ဆင့် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ရန် ညွှန်ကြားထားတော်မူ၏။ (အကျယ်ကို နောက်ပိုင်းတွင် အဆင့်ဆင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါသည်။) ဤသည့် ညွှန်ကြားထားတော် မူချက်ကား ဓမ္မပင် ဖြစ်၏။

တစ်ဖန် ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ် (၂၈)ပါး, စိတ်စေတသိက် နာမ်တရားတို့ကို် သာဝက များသည် ရှု၍ မရနိုင်ဟု အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ပြောဆိုလာသည် ဖြစ်အံ့၊ ထိုစကားကား ဘုရားရှင်၏ ဓမ္မကို အဓမ္မဟု ထင်ရှားပြသခြင်းပင် ဖြစ်၏။

ရုပ်တို့မည်သည် ကလာပ်ခေါ်သည့် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းရုပ် ကလာပ်အမှုန်များကို ဓာတ်ခွဲနိုင်ပါမှ ရုပ်ပရမတ်သို့ အသိဉာဏ်ဆိုက်မည် ဖြစ်၏။ ထိုရုပ်တရားများကို သာဝက တို့သည် ရှု၍ မရနိုင်ဟု အယူရှိကြခြင်း ဖြစ်၏။

တစ်ဖန် နာမ်တရားတို့သည် ဝီထိမုတ်နှင့် ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်းအတိုင်းသာ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ ယင်းစိတ္တနိယာမ ဓမ္မတာလမ်းရိုးအတိုင်း ဖြစ်သွားကြသော နာမ်တရားတို့သည် စိတ္တက္ခဏ တိုင်းဝယ် စိတ်နှင့်စေတသိက်တို့သည် ထိုက်သလို အတူယှဉ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အချိန်ကာလ တစ်ခုအတွင်း၌ စိတ္တက္ခဏအကြိမ်ပေါင်း ကုဋေတစ် သိန်းမက ဖြစ်ပြီး ပျက်နိုင်၏။ ယင်းနိယာမလမ်းကြောင်းအတိုင်း အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီး ပျက်နေသော ဘဝင်စိတ်နှင့် တကွသော ဝီထိစိတ်တို့ကိုလည်း သာဝကတို့သည် ရှု၍ မရနိုင်ဟု အယူရှိကြပြန်၏။

ယင်းသို့ အယူရှိကြသော ဆရာတို့၏ စကားမှာ ---

ဘုရားရှင်သည် သာဝကများ ရှု၍ မရနိုင်သည့် ရုပ်နာမ်တို့ကို ဟောကြားသွားတော်မူသည်ဟု မဆို သော်လည်း ဆိုရာရောက်နေ၏။ ယင်းဆရာတို့သည် ထိုသို့ မပြောသော်လည်း ပြောရာရောက်နေ၏။ ဓမ္မကို အဓမ္မဟု ပြခြင်းတစ်မျိုးပင် ဖြစ်၏။

တစ်ဖန် ဘုရားဟောသည့် ရုပ်-နာမ်များကို သာဝကတို့သည် ရှု၍ မရနိုင်ဟု တစ်ဖက်က လက်ခံ၍ ဒီရုပ်-ဒီနာမ်ကို ဒီလို ရှုပါဟု ဘုရားမဟောသည့် ရုပ်နာမ်များကို ရှုဖို့ရန် အစားထိုး၍ ညွှန်ကြားလာပြန်၏။ ဤညွှန်ကြားချက်များကား အဓမ္မကို ဓမ္မလုပ်၍ ထင်ရှားပြခြင်း တစ်မျိုးပင် ဖြစ်သည်။

တစ်ဖန် ဘုရားရှင်သည် အထက်ပါ ဗောဓိပက္ခိယတရား (၃၇)ပါးတို့တွင် မဂ္ဂင် (၈)ပါးကို ထည့်သွင်း၍ ဟောကြားထားတော်မူခဲ့၏။ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဟု သတ်မှတ်လျက် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရား များကို ညွှန်ကြားတော်မူခဲ့၏။ ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာသမာဓိမဂ္ဂင်လည်း ပါဝင်လျက် ရှိ၏။ ဤဟောကြားတော်မူချက် ညွှန်ကြားတော်မူချက်တို့ကား ဓမ္မပင် ဖြစ်၏။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သမာဓိ ထူထောင်ဖို့ မလိုပါဟု ပြောဆိုလာသည် ဖြစ်အံ့၊ ထိုပြောဆိုချက်ကား ဓမ္မကို အဓမ္မ လုပ်၍ ပြခြင်းပင် ဖြစ်၏။

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၅၀-၂၅၁။)တွင် ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတို့ကို သမ္မာသမာဓိ ခေါ်ဆိုကြောင်း ဟောကြားထားတော် မူခဲ့၏။ (အကျယ်ကို သမာဓိထူထောင်သင့်ပုံအပိုင်းတွင် ဖော်ပြထားပါသည်။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင်လည်း ----- စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၂၂၂။) = ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိမည်ကြောင်း ဖွင့်ဆိုထားတော်မူခဲ့၏။ ဤဟောကြားတော်မူချက် မိန့်မြွက်တော်မူချက်တို့ကား ဓမ္မပင်ဖြစ်၏။ သမာဓိထူထောင်ဖို့ မလိုပါဟု အသင် ယောဂီသူတော်ကောင်းသည် ပြောဆိုလာငြားအံ့ ၊ ထိုပြောဆိုချက်သည်ကား ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်၏။

တစ်ဖန် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၃၉။)၌ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ခန္ဓပဗ္ဗဟူသော အမည်ဖြင့် ခန္ဓာ (၅)ပါးနည်းအားဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ရန် အရဟတ္တဖိုလ်ပေါက် ဟောကြားထားတော်မူ၏။ ဤသည်မှာလည်း သတိပဋ္ဌာန် (၄)ပါးတွင် အကျုံးဝင်လျက်ရှိသော ဓမ္မပင် ဖြစ်၏။ ဘုရားရှင်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ (၁၀)ပါး အပြား (၃၀)တို့ကို ဖြည့်ဆည်းပူးတော်မူပြီးမှ ရရှိလာသည့် သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြား ထားတော်မူအပ်သော ယင်းခန္ဓာငါးပါး (= ရုပ်နာမ်) တရားတို့ကို သာဝကများသည် ရှု၍ မရနိုင်ဟု အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ပြောဆိုလာသည် ဖြစ်ငြားအံ့၊ ဒါတွေဟာ စာတရားတွေပါဟု ပြောဆိုလာ သည် ဖြစ်ငြားအံ့၊ ထိုပြောဆိုချက်သည်လည်း ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်၏။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ခန္ဓာ (၅)ပါး ရှုကွက်သည် စာတရားတွေသာ ဖြစ်သည်၊ အလုပ်စခန်း၌ကား ဤသို့သာ ရှုရပါသည် - ဟု ပြောဆိုလာငြားအံ့၊ ထိုပြောဆိုချက်မှာလည်း အဓမ္မကို ဓမ္မဟု ထင်ရှားပြလာခြင်း တစ်မျိုးသာ ဖြစ်၏။ အကြောင်းမူ အလုံးစုံသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို ပရိညာပညာ (၃)ချက်ဖြင့် ပိုင်းခြား မသိပါက သံသရာဝဋ်ဆင်းရဲဒုက္ခကြီး မကုန်ဆုံးနိုင်ကြောင်းကို အပရိဇာနန သုတ္တန် (သံ၊၂၊၂၄၉-၂၅၀။) တို့တွင် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။

တစ်ဖန် အနတ္တလက္ခဏသုတ္တန် စသည့် ထိုထို တေပရိဝဋ္ဋဓမ္မ ဒေသနာတော်တို့၌ အတိတ်ခန္ဓာ (၅)ပါး အနာဂတ်ခန္ဓာ (၅)ပါးတို့ကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူခဲ့၏။ ခန္ဓဝဂ္ဂ သံယုတ်ပါဠိတော် တစ်လျှောက်တွင်လည်းကောင်း ထိုထို နိကာယ်တို့တွင်လည်းကောင်း အခွင့်သင့်သလို အကြိမ် ပေါင်း ရာပေါင်းများစွာ ဟောကြားထားတော်မူခဲ့၏၊ ဤသည်မှာလည်း ဓမ္မပင် ဖြစ်၏။ အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် အတိတ် အနာဂတ်ကို ဝိပဿနာ မရှုရ မရှုကောင်းဟု ပြောဆိုလာသည် ဖြစ်အံ့၊ ထိုပြောဆိုချက်မှာလည်း ဓမ္မကို အဓမ္မဟု ထင်ရှားပြခြင်း တစ်မျိုးပင် ဖြစ်၏။

ဝိပဿနာဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန် နှစ်ပါး အတွင်း၌ တည်ရှိသော ခန္ဓာ (၅)ပါး = ရုပ်တရား နာမ်တရားတို့ကို -----

သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါ၊ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ဟူသော အဋ္ဌကထာများ၏ ညွှန်ကြားထားတော်မူချက်အတိုင်း -----

၁။ ရံခါ အဇ္ဈတ္တ ခန္ဓာ (၅)ပါး,

၂။ ရံခါ ဗဟိဒ္ဓ ခန္ဓာ (၅)ပါး,

၃။ ရံခါ ရုပ်တရား,

၄။ ရံခါ နာမ်တရားတို့ကို --- ကာလ (၃)ပါးတို့၌ ---

လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင်သာ ဖြစ်၏။ ပညတ် ပရမတ် မခွဲဘဲ, ပညတ် ပရမတ် မကွဲဘဲ ပညတ်အတုံးအခဲများကို ရှုချင်သလို ရှုနေသည့် လုပ်ငန်းခွင်မျိုးကား မဟုတ်ပေ။

တစ်ဖန် မဟာနိဒါနသုတ္တန် (ဒီ၊၂၊၄၇-၆၀။) ၌ ဘုရားရှင်ကိုယ်တော်တိုင်က ကြောင်း-ကျိုးဆက် ပဋိစ္စ သမုပ္ပါဒ် သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် နှစ်မျိုးတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်ကြောင်း ဟောကြားထားတော်မူခဲ့၏။

အဋ္ဌကထာကြီးများကလည်း (ဝိသုဒ္ဓိ၊၂၊၂၂၁။ အဘိ၊ဋ္ဌ၊၂၊၁၈၉။) မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် သံသရာဝဋ်ဒုက္ခ၌ မွှေနှောက်လျက် ညှဉ်းပန်းနှိပ်စက်တတ်သော ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် တည်းဟူသော သံသရာဘဝစက်ကို သမာဓိတည်း ဟူသော မြတ်သော ကျောက်ဖြာထက်၌ မြမြထက်အောင် သွေးထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဘေးဒုက္ခဆိုးကြီးမှ လှလှကြီး ကျော်လွှား လွန်မြောက်သွားသော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်မည်သည် အိပ်မက်၏ အတွင်း၌ သော်မှလည်းဘဲ တစ်ရံတစ်ဆစ်မျှ မရှိခဲ့စဖူးပေဟု အတိအကျ ဖွင့်ဆိုလျက်ရှိ၏။ ဤဟောကြားချက် ဖွင့်ဆိုချက် တို့သည်ကား ဓမ္မပင် ဖြစ်ကြ၏။

တစ်ဖန် အတိတ်ဘဝတစ်ခုတွင် ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ,တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော အတိတ်အကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန်တွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးကြောင့် နောင်အနာဂတ်တွင် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသော အနာဂတ်အကျိုးတရား (၅)ပါး ထင်ရှားဖြစ်ပုံကိုလည်းကောင်း ဟုတ်တိုင်း မှန်စွာ အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှသာလျှင် ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင် သိသည် မည်ပေသည်။

ထိုတွင် အတိတ်အကြောင်းတရား (၅)ပါးတို့ဟူသည် အတိတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏၊ ပစ္စုပ္ပန်အကျိုးတရား (၅)ပါး, ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့ဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏။ အနာဂတ်အကျိုးတရား (၅)ပါးတို့ဟူသည်မှာလည်း အနာဂတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏။ သို့အတွက် ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားဟူသည် အတိတ်- အနာဂတ် ခန္ဓာတို့နှင့် ကင်း၍ ဖြစ်စကောင်းသော သဘာဝတစ်ခုကား မဟုတ်ပေ။ အတိတ်-အနာဂတ် ခန္ဓာ (၅)ပါးတို့နှင့်လည်း ကင်း၍ ရှု၍ ရနိုင်သောအရာ မဟုတ်ပေ။

သို့အတွက် အသင် ယောဂီသူတော်ကောင်းသည် အကယ်၍ အတိတ်-အနာဂတ်ကို မရှုကောင်းပါဟု လက်ခံထားသူ ဖြစ်ငြားအံ့၊ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးမှာ အသင် ယောဂီသူတော်ကောင်းအတွက် အဓိပ္ပါယ်ကင်းမဲ့သည့် လုပ်ငန်းခွင် တစ်မျိုးသာ ဖြစ်နေပေမည်။ အသင်ယောဂီ၏ ထိုလက်ခံထားချက်သည်လည်း ဓမ္မကို အဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်ပေသည်။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် အတိတ်-အနာဂတ် ခန္ဓာ (၅)ပါးတို့ကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိနိုင်၊ အနုမာနဉာဏ်ဖြင့်သာ မှန်းဆ၍ သိနိုင်သည်ဟု ပြောဆိုလာငြားအံ့၊ ထိုပြောဆိုချက်မှာလည်း အဓမ္မကို ဓမ္မဟု ထင်ရှားပြနေခြင်းပင် ဖြစ်ပေသည်။ အကြောင်းမူ - အရိယာ သူတော်ကောင်းတို့သည် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ် နှစ်ပါး တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသောကြောင့်ပင် ဖြစ်သည်။

သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)

အထက်တွင်ဖော်ပြခဲ့သော အင်္ဂုတ္တိုရ်ပါဠိတော်၌ (အံ၊၁၊၁၈-၁၉။) ဘုရားရှင် ဟောကြားထားတော်မူသည့် အတိုင်း ဓမ္မကို အဓမ္မဟု ထင်ရှားပြခြင်းသည် သတ္တဝါအပေါင်း၏ ဆင်းရဲဒုက္ခရောက်ဖို့ရန် အစီးအပွားမဲ့ အချမ်းသာမဲ့ဖို့ရန် အကြောင်းလည်း ဖြစ်၍ ဘုရားရှင်၏ အဆုံးအမ သာသနာတော်ကို ကွယ်ပျောက်စေသည်လည်း မည်ရကား အသင် ယောဂီသူတော်ကောင်းသည်လည်း သာသနာတော်ကို ဖျက်ဆီးသူ မဖြစ်လိုပါက မှန်ကန်သော ဓမ္မများကို မှန်ကန်သောဓမ္မဟုသာ ထင်ရှားပြရန် မှန်ကန်သောဓမ္မအတိုင်းသာ ကျင့်ရန် အထူးလိုအပ်ပေသည်။

ဓမ္မကို အဓမ္မ, အဓမ္မကို ဓမ္မ ပြုလုပ်၍ ထင်ရှားပြမိသော ကျင့်မိသော ကဿပဘုရားရှင်၏ သာသနာတော်က ကပိလရဟန်း၏ ထုံးဟောင်းကို နှလုံးမူ၍ အသင်ယောဂီသူတော်ကောင်းသည်လည်း မိမိ ကျင့်နေသော ပဋိပတ်ကျင့်စဉ်သည်, မိမိ ထင်ရှားပြနေသော ပဋိပတ်ကျင့်စဉ်သည် ဝိနယ (၄)ပါးနှင့် ညီညွတ်သော ကျင့်စဉ် ဟုတ်၏ မဟုတ်၏ ဟူသော အချက်ကို အထူးသဖြင့် သုတ္တအမည်ရသော ပိဋကပါဠိတော်နှင့် ညီညွတ်သော ကျင့်စဉ် တစ်ရပ် ဟုတ်၏ မဟုတ်၏ ဟူသော အချက်ကိုကား အထူး အလေးဂရု ပြု၍ စိစစ်ရမည် ဖြစ်သည်။ အကယ်၍ မညီညွတ်ဟု အခိုင်အမာ သိခဲ့လျှင်ကား ဘုရားဟော ပိဋကတ်တော်နှင့် မညီညွတ်သည့် ထိုပဋိပတ် ကျင့်စဉ်ကို အလွယ်တကူ စွန့်လွှတ်နိုင်သည့် စွမ်းအား ရှိဖို့ကား အထူး လိုအပ်လျက်သာ ရှိနေမည် ဖြစ်သည်။ ပိဋကတ်တော်နှင့် မညီညွတ်သည့် မှားယွင်းနေသည့် ပဋိပတ်ကျင့်စဉ်ကို မစွန့်လွှတ်နိုင်ဘဲ ဖားမြွေခဲသို့ ဇွတ် အတင်း စွဲထားလျှင်ကား ဘုရားရှင်၏ မှန်ကန်သည့် ကျင့်စဉ်တည်းဟူသော အဆုံးအမ သာသနာတော်ကို ဖျက်ဆီးနေသူ ပုဂ္ဂိုလ်များစာရင်းတွင် အသင်ယောဂီသူတော်ကောင်းသည်လည်း တစ်ဦးအဖြစ် ပါဝင်နေမည်သာ ဖြစ်ပေသတည်း။

ဘိက္ခုသုတ္တန်

ဘိက္ခုသုတ္တန်

တသ္မာ တိဟ တွံ ဘိက္ခု အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ ကော စာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ။ ယတော ခေါ တေ ဘိက္ခု သီလဉ္စ သုဝိသုဒ္ဓံ ဘဝိဿတိ၊ ဒိဋ္ဌိ စ ဥဇုကာ။တတော တွံ ဘိက္ခု သီလံ နိဿာယ သီလေ ပတိဋ္ဌာယ စတ္တာရော သတိပဋ္ဌာနေ တိဝိဓေန ဘာဝေယျာသိ။ (သံ၊၃၊၁၂၄။)

ဒိဋ္ဌီတိ ကမ္မဿကတာဒိဋ္ဌိ။ (သံ၊ဋ္ဌ၊၃၊၂၃၄။)

ချစ်သားရဟန်း ...ထိုကြောင့် သင်သည် ဤသာသနာတော်မြတ်အတွင်း၌ ကုသိုလ်တရားတို့၌ အစကို သာလျှင် စင်ကြယ်အောင် သုတ်သင် ရှင်းလင်းပါ။ ကုသိုလ်တရားတို့၏ အစကား အဘယ်နည်း၊ ကောင်းမွန် စင်ကြယ်သော သီလသည်လည်းကောင်း, ကံ-ကံ၏ အကျိုးတရားကို တတ်သိနားလည်သော ဖြောင့်မတ်သော အယူဟူသော ကမ္မဿကတာ သမ္မာဒိဋ္ဌိသည်လည်းကောင်း ကုသိုလ်တရားတို့၏ အစတည်း။

ချစ်သားရဟန်း ...အကြင်အခါ၌ကား သင်ချစ်သား၏ သန္တာန်၌ ကောင်းမွန်စင်ကြယ်သော သီလသည် လည်း ဖြစ်ပေါ်လာလတ္တံ့၊ ဖြောင့်မတ်သောအယူ ဟူသော ကမ္မဿကတာ သမ္မာဒိဋ္ဌိသည်လည်း ဖြစ်ပေါ်လာ လတ္တံ့၊ ထိုသို့ ဖြစ်ပေါ်လာသော အခါ၌ သင်ချစ်သားသည် သီလကို အမှီပြု၍ သီလ၌ ရပ်တည်၍ သတိပဋ္ဌာန် တရား (၄)ပါးတို့ကို ---

၁။ အဇ္ဈတ္တ,

၂။ ဗဟိဒ္ဓ,

၃။ အဇ္ဈတ္တ ဗဟိဒ္ဓ ---

ဟူသော (၃)မျိုးသော အခြင်းအရာအားဖြင့် ပွားများအားထုတ်ပါလေ။ (သံ၊၃၊၁၂၄။)

ဤဒေသနာတော်များနှင့် အညီ ကောင်းသော-ည-တစ်ည ရှိသော ရဟန်းတော် တစ်ပါး ဖြစ်ရေးအတွက် ရှေးဦးစွာ လိုအပ်ချက်ကား သီလပင် ဖြစ်၏။ ဒုတိယလိုအပ်ချက်ကား သမာဓိပင် ဖြစ်ပေသည်။ တတိယလိုအပ် ချက်ကား သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း အာနာပါနဿတိသမာဓိ စသော သမာဓိတစ်ခုခုကို အခြေခံ၍ ပွားများအားထုတ်သဖြင့် ရရှိလာသောပညာပင် ဖြစ်ပေသည်။ သို့အတွက် သီလပြည့်စုံပြီးသော အသင် ယောဂီသူတော်ကောင်းအတွက် သမာဓိနှင့် ပြည့်စုံအောင် သမာဓိထူထောင်ပုံ အပိုင်းကို မတင်ပြမီ သမာဓိထူထောင်သင့်ပုံပိုင်းကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့။

_________

သမာဓိထူထောင်သင့်ပုံပိုင်း

သမာဓိထူထောင်သင့်ပုံပိုင်း

သမာဓိကို ထူထောင်ပါ

အရိယသစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးနိုင်မည်ဖြစ်သဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးလိုသော အမျိုးကောင်းသား အမျိုး ကောင်းသမီး မှန်သမျှသည် သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ အရိယသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ရှေးဦးစွာ မည်သို့ ပြုကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ အသင် ယောဂီသူတော်ကောင်းသည် ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်ကို လက်ခံနိုင်ရမည် ဖြစ်ပေသည်။ သို့ လက်ခံနိုင်ပါမှ အဖြေများကိုလည်း လက်ခံနိုင်မည် ဖြစ်ပေသည်။

၁။ ရှေးဦးစွာ သီလကို စင်ကြယ်အောင် သုတ်သင်ပါ၊ ဖြည့်ကျင့်ပါ။

၂။ သမာဓိကို ထူထောင်ပါ။

၃။ ထိုနောင် အရိယသစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပါ။

ဤကား အဖြေတည်း။

ဣတိ သီလံ ဣတိ သမာဓိ ဣတိ ပညာ။ သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော။ သမာဓိပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။ ပညာပရိဘာဝိတံ စိတ္တံ သမ္မဒေဝ အာသဝေဟိ ဝိမုစ္စတိ။ သေယျထိဒံ၊ ကာမာသဝါ ဘဝါသဝါ အဝိဇ္ဇာသဝါတိ။ (ဒီ၊၂၊၇၇ - မဟာပရိနိဗ္ဗာနသုတ္တန်။)

= ဤကား သီလတည်း၊ ဤကား သမာဓိတည်း၊ ဤကား ပညာတည်း။ သီလဖြင့် ထုံမွမ်းထားအပ်သော သမာဓိသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အာနိသင်ရှိ၏၊ သမာဓိ ဖြင့် ထုံမွမ်းထားအပ်သော ပညာသည် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အာနိသင်ရှိ၏။ ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် ကောင်းစွာသာလျှင် အာသဝေါတရားတို့မှ လွတ်မြောက်၏။

အဘယ်အာသဝေါတရားတို့နည်းဟူမူ - ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝတို့ပင်တည်း။ (ဒီ၊၂၊၇၇။)

အာသဝေါတရားတို့မှ လွတ်မြောက်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခမှလည်း လွတ်မြောက်တော့မည်သာ ဖြစ်သည်။ သို့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခန်းရေးအတွက် ----

၁။ သီလဖြင့် ထုံမွမ်းထားအပ်သော သမာဓိကို ရအောင် ထူထောင်ရမည်။

၂။ သမာဓိဖြင့် ထုံမွမ်းထားအပ်သော ပညာကို ရအောင် ပွားများရမည်။

သို့မှသာလျှင် ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် အာသဝေါတရားတို့မှ ကောင်းစွာ လွတ်မြောက် မည် ဖြစ်သည်။ တန်ခိုးအာနိသင် ထက်မြက်သော စိတ်တစ်ခုကို ရရှိရေးအတွက် ထိုစိတ်ဓာတ်ကို သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးရမည် ဖြစ်သည်။ စံချိန်မီ သီလ-သမာဓိ-ပညာ ဖြစ်မူ ထိုသီလ-သမာဓိ-ပညာတို့ဖြင့် ထုံမွမ်းထားသော စိတ်သည် သိကြားမင်း၏ ဝရဇိန်လက်နက် မိုးကြိုးစက်ထက် အဆပေါင်းများစွာ စွမ်းအင်များ ထက်မြက်လာ၏။ ကိလေသာကို ကုန်ခန်းစေနိုင်သော စွမ်းအားများ ပေါ်လာတတ်၏။ တန်ခိုး အကြီးမားဆုံး စွမ်းအင် အထက်မြက်ဆုံး ဖြစ်သော ထိုစိတ်ဓာတ်မျိုးကို အလိုရှိခဲ့ပါမူ သီလ-သမာဓိ-ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ကို ရိုသေစွာ ဖြည့်ကျင့်ရမည်သာ ဖြစ်ပေသည်။ သီလကို စင်ကြယ်အောင် သုတ်သင်ပြီးသောအခါ ဒုတိယ ဖြည့်ကျင့်ရမည့် သိက္ခာမှာ သမာဓိသိက္ခာပင် ဖြစ်သည်။

သမာဓိသုတ္တန်များ

သမာဓိသုတ္တန်များ

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

တသ္မာ တိဟ ဘိက္ခဝေ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော၊ အယံ ဒုက္ခသမုဒယောတိ ယောဂေါ ကရဏီယော၊ အယံ ဒုက္ခနိရောဓောတိ ယောဂေါ ကရဏီယော၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယောဂေါ ကရဏီယော။ (သံ၊၃၊၃၆၃။)

= ရဟန်းတို့ ...သမာဓိကို ပွားများကြပါကုန်လော၊ သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း၊ ဤကား ဒုက္ခအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခ ဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတည်းဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိ၏။

ရဟန်းတို့ ...သမာဓိကို ပွားများကြကုန်လော၊ သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိ၏။

ထို့ကြောင့် ရဟန်းတို့ ...ဤသာသနာတော်တွင်း၌ သင်တို့သည် ဤကား ဒုက္ခအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာ တည်းဟု သိအောင် ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်ပါ။ (သံ၊၃၊၃၆၃။)

တစ်ဖန် အောက်ပါ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သမာဓိသုတ္တန်၌ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ကိုလည်း ထပ်မံ၍ ဆက်လက် ဖတ်ရှုကြည့်ပါ။

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ၊ ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ ရူပဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သညာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သင်္ခါရာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝိညာဏဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ။ (သံ၊၂၊၁၂။ သမာဓိသုတ္တန်။)

= ရဟန်းတို့ ...သမာဓိကို ပွားများကြပါကုန်လော။

ရဟန်းတို့ ...သမာဓိရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ အဘယ် တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလေသနည်း?

၁။ ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကိုလည်းကောင်း,

၂။ ဝေဒနာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကို လည်းကောင်း,

၃။ သညာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကိုလည်းကောင်း,

၄။ စေတသိက် သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း, ချုပ်ကြောင်း သဘောနှင့် ချုပ်ခြင်းသဘောကိုလည်းကောင်း,

၅။ ဝိညာဏ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကိုလည်းကောင်း, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကိုလည်းကောင်း - မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၂၊၁၂။)

ဤအထက်ပါ သမာဓိသုတ္တန် နှစ်မျိုးတို့၌ ---- သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သမာဓိ ထူထောင်ရန် ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွန်းညွှန်ကြားထားတော်မူ၏။ တစ်ဖန် သစ္စာလေးပါးတွင် အကျုံး ဝင်လျက်ရှိသော ----

၁။ ဥပါဒါနက္ခန္ဓာ (၅)ပါးကိုလည်းကောင်း,

၂။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ကြောင့် ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၏ ထင်ရှား ဖြစ်ပုံကိုလည်းကောင်း,

၃။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း,

၄။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်မှု-ပျက်မှုကိုလည်းကောင်း ---- ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက် မှောက် ထွင်းဖောက် သိမြင်ရေးအတွက်လည်း သမာဓိထူထောင်ရန် ညွှန်ကြားထားတော်မူ၏။

နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် မိမိ အလွန်ချစ်မြတ်နိုးနေ သော နိဗ္ဗာန်ချမ်းသာထူးကြီးကို ဧကန်ရရှိရေးအတွက် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ ခံယူရမည့် ညွှန်ကြားတော် မူချက်များပင် ဖြစ်ကြသည်။ အကြောင်းကား ဘုရားရှင် ဟောကြားထားတော်မူသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားနှင့် ယင်း ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကား သမာဓိရှိပါမှသာလျှင် သိနိုင်သော အရာများ ဖြစ်ကြသောကြောင့် ပင်တည်း။

ရုပ်တရား ---- ဘုရားဟော ရုပ်တို့ကား ကလာပ်ဟု ခေါ်သည့် အမှုန်အနေအားဖြင့် ဖြစ်ကြ၏။ ရုပ်တို့ မည်သည် တစ်ခုတည်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြ။ ကလာပ်ဟူသည် ရုပ်လောက၌ အသေးဆုံး အဖွဲ့အစည်း တစ်ခု ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကား ပရမာဏုမြူခန့် သေးငယ်သော အမှုန်များ ဖြစ်ကြ၏။ ခန့်ဟူ၍သာ ဆိုသည်၊ ပရမာဏုမြူဟု အတိအကျ မဆိုပါ။ ယင်းကလာပ်အမှုန် တစ်ခုတစ်ခု၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဟု ရုပ်သဘောတရား (၈)မျိုး အနည်းဆုံး ပါဝင်၏။

အချို့ရုပ်ကလာပ်၌ (၉)မျိုး အချို့ရုပ်ကလာပ်၌ (၁၀)မျိုး စသည့် ရုပ်သဘောတရားများ ပါဝင်ကြ၏။ယင်းရုပ်သဘောတရားများကား ပရမတ်အစစ် ရုပ်တို့တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပရမတ္ထရုပ်အစစ် တို့ကို မြင်အောင် ရှုရမည် ဖြစ်သည်။ ထိုသို့ မြင်အောင် ရှုနိုင်ရေးအတွက် ----

၁။ ရှေးဦးစွာ ရုပ်ကလာပ်ကို မြင်အောင် ရှုရမည်။

၂။ ယင်းရုပ်ကလာပ်များကို (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲ နိုင်ရမည်၊ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ရမည်။

ထိုသို့ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုနိုင်ပါမှ ရုပ် (၂၈)ပါးကို ကုန်စင်အောင် သိရှိနိုင်မည် ဖြစ်သည်။

မဟာဂေါပါလကသုတ္တန် - အဆိုတစ်ရပ်

မဟာဂေါပါလကသုတ္တန် - အဆိုတစ်ရပ်

မူလပဏ္ဏာသပါဠိတော် မဟာဂေါပါလကသုတ္တန် (မ၊၁၊၂၈၁-၂၈၆။) တွင် --- ဘူတရုပ် ဓာတ်ကြီးလေးပါး နှင့် ထိုဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ဥပါဒါရုပ်ဟူသော ရုပ်တရားအားလုံးကို ကွဲကွဲပြားပြား မသိက ရုပ်တရားကို မသိသည် မည်၏။ နွားအပေါင်းကို ထိန်းကျောင်းနေသော နွားကျောင်းသားသည် မိမိ ထိန်းကျောင်းနေသော နွားအပေါင်းကို ဘယ်နှစ်ကောင်ရှိသည်ဟု အရေအတွက်အားဖြင့်လည်းကောင်း, နွားဖြူ ဘယ်နှစ်ကောင် နွားနီ ဘယ်နှစ်ကောင် စသည်ဖြင့် အရောင်အဆင်းအားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိပါက ထိုနွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းခြင်းငှာ မထိုက်တန်သကဲ့သို့ ထိန်းကျောင်း သော်လည်း နွားအပေါင်း၏ ကြီးပွားတိုးတက်မှုကို ပြုလုပ်ရန် မစွမ်းနိုင်သကဲ့သို့ - ဤဥပမာအတူ ဤသာသနာ တော်၌ ယောဂါဝစရ ရဟန်းတော်သည် ဘူတရုပ် ဥပါဒါရုပ် အပြားရှိသော အလုံးစုံသော ရုပ်တရားကို ----

၁။ အရေအတွက်အားဖြင့်လည်းကောင်း,

၂။ အကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ---- ကွဲကွဲပြားပြား မသိရှိပါက မဂ်ဉာဏ် ဖိုလ်ဉာဏ် ရသည့် တိုင်အောင် တိုးတက်စည်ကားကြီးပွားခြင်း မဖြစ်နိုင် - ဟု ဘုရားရှင် ဟောကြားထားတော်မူခဲ့၏။ ယင်း မဟာဂေါပါလကသုတ္တန် အဋ္ဌကထာကလည်း ----

သော ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလ္လက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၃။)

= ထိုယောဂါဝစရ ရဟန်းသည် ----

(၁) အရေအတွက်အားဖြင့်လည်းကောင်း,

(၂) အကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ----

ရုပ်တရားကို မသိခဲ့သည်ရှိသော် ----

၁။ ရုပ်တရားကို သိမ်းဆည်း၍

၂။ နာမ်တရားကို ပိုင်းခြား မှတ်သား၍

၃။ ရုပ် + နာမ် ကို သိမ်းဆည်း၍

၄။ အကြောင်းတရားတို့ကိုကောင်းစွာ ပိုင်းခြားမှတ်သား၍

၅။ အကြောင်းတရားနှင့်တကွသော ထို ရုပ်-နာမ် = သင်္ခါရ တရားတို့ကို လက္ခဏာယာဉ်သုံးချက်သို့ တင်၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်လျက် ဝိပဿနာဉာဏ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော အထွတ်အထိပ်သို့ ရောက်စေအံ့သောငှာ မစွမ်းနိုင် - ဟု ဖွင့်ဆိုရေးသားထားပေသည်။

အသင်ယောဂီသူတော်ကောင်းသည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လိုလားတောင့်တလျှင်ကား ဤဘုရား ဟော ဒေသနာတော်များကို ဦးထိပ်ရွက် ပန်ဆင်ရမည်သာ ဖြစ်သည်။

ထိုသို့ ရုပ်တရားများကို ----

၁။ ရုပ် (၂၈)ပါး ဟူသော အရေအတွက်အားဖြင့်လည်းကောင်း,

၂။ (က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်၊

( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်၊

( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်၊

(ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်၊

( င ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ် ----

ဟူသော ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်ရေးမှာ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၈) မျိုး, (၉) မျိုး, (၁၀) မျိုး စသော ရုပ်သဘောတရားများကို တစ်လုံးစီ တစ်လုံး စီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှသာလျှင် သိနိုင်သောအရာ ဖြစ်သည်။ ရုပ်ကလာပ်များကို မမြင်လျှင်သော် လည်းကောင်း, မြင်သော်လည်း ရုပ်ကလာပ်များကို ပရမတ်သို့ဆိုက်အောင် ဓာတ်မခွဲတတ်သေးလျှင် = ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုတတ်သေးလျှင်သော်လည်းကောင်း ----

(က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်၊

( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်၊

( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်၊

(ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်၊

( င ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ် - ဟု

ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်ရေးမှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။

ရုပ်ကလာပ်များကို ဓာတ်မခွဲနိုင်သေးပါက = ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုတတ်သေးပါကလည်း ရုပ်ပရမတ် နယ်မြေသို့လည်း မည်သည့်နည်းနှင့်မျှ မဆိုက်ရောက်နိုင်သေးပေ။ သို့အတွက် ရုပ်ကလာပ်ကို မြင်ရေး ရုပ်ကလာပ် များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်နယ်မြေသို့ဆိုက်အောင် ရှုပွားနိုင်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ကား သမာဓိပင် ဖြစ်သည်။

တစ်ဖန် နာမ်တရားများကိုလည်း အာယတနဒွါရအလိုက် သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊ ၂၊၂၂၃။)နှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)တို့၌ ညွှန်ကြားထားတော်မူ၏။ ဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်းသည် အနာကုလ = ရောယှက်ရှုပ်ထွေးခြင်း ကင်းသည်ဟု နှလုံးပိုက်၍ အဋ္ဌကထာ ဆရာတော်များ မိန့်ဆိုတော်မူကြောင်းကိုလည်း မဟာဋီကာ (မဟာဋီ၊၂၊၃၅၂။)၌ ဖွင့်ဆိုထားပေသည်။

ဗုဒ္ဓအဘိဓမ္မာ၌ ဒွါရအသုံး နှစ်မျိုး ရှိ၏။ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ ဟူသော ဒွါရ (၃)ပါးကို ကမ္မဒွါရဟု ခေါ်၏။ စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရ ဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆို၏။ (မဟာဋီ၊၂၊၄၁၀။)

နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရဟု ခေါ်ဆိုသော စက္ခုဒွါရဝီထိ သောတဒွါရဝီထိ ဃာန ဒွါရဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိ မနောဒွါရဝီထိဟူသော ဝီထိစိတ်အစဉ်အတိုင်း သိမ်းဆည်းရမည် ဖြစ်သည်။ အကြောင်းမူ စိတ်တို့၏ ကိန်းသေမြဲသော ဖြစ်ရိုးဓမ္မတာ နိယာမလမ်းကြောင်းကား ယင်း ဝီထိခေါ်သည့် စိတ် အစဉ်များပင် ဖြစ်သည်။

ဝီထိစိတ်တို့မည်သည် ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိ၏။ ယင်း ဓမ္မတာ လမ်းကြောင်းမှ လွဲ၍ ပုံစံပြောင်း၍ ဖြစ်ရိုးဓမ္မတာ မရှိပေ။ ယင်းတို့ဖြစ်နေကျ ဓမ္မတာလမ်းကြောင်း အတိုင်းပင် လိုက်၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရပေသည်။ တစ်ဖန် ယင်း ဓမ္မတာလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားသော စိတ်တို့တွင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ စိတ်စေတသိက်တို့သည် ယှဉ်တွဲ၍ အုပ်စု အလိုက် ဖြစ်ကြရ၏။ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။

အနည်းဆုံး ပမာဏအားဖြင့် အသိစိတ်-ဖဿ-ဝေဒနာ-သညာ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ ဟူသော (၈)လုံး ပေါင်းစပ်မှ ဖြစ်နိုင်သည့် စွမ်းအား ရှိပေသည်။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်းဟု ခေါ်ဆို အပ်သော ဝီထိစိတ်အစဉ်အတိုင်း ဖြစ်ပေါ်သွားသော နာမ်တရားတို့ကို စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ နာမ်ပရမတ်နယ်မြေသို့ ဆိုက်မည် ဖြစ်ပေသည်။ ထိုသို့ နာမ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် ရှုပွားတတ်ရေး ရှုပွားနိုင်ရေးအတွက် အရေးအကြီးဆုံးသော လိုအပ်ချက်ကား သမာဓိပင် ဖြစ်သည်။

[မှတ်ချက် ---- ဤ၌ ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့ကို မဆိုလိုပါ၊ ဝီထိစိတ်တို့ကိုသာ အထူး ရည်ညွှန်း၍ စိတ္တနိယာမကို ဖော်ပြခြင်း ဖြစ်ပါသည်။]

တစ်ဖန် ယင်း ရုပ်-နာမ်တရားတို့၏ အကြောင်းတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရေးမှာလည်း သမာဓိရှိပါမှ သိနိုင်သော အရာဖြစ်သည်။ အကြောင်းတရားနှင့်တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အထွတ်အထိပ်သို့ ရောက်အောင် စီးဖြန်းတတ်ရေး စီးဖြန်းနိုင်ရေးမှာလည်း သမာဓိရှိသော သူတော်ကောင်းတို့၏ အရာသာ ဖြစ်ပေသည်။

စိတ္တဝိသုဒ္ဓိမှ ဒိဋ္ဌိဝိသုဒ္ဓိသို့

စိတ္တဝိသုဒ္ဓိမှ ဒိဋ္ဌိဝိသုဒ္ဓိသို့

တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (အဘိဓမ္မတ္ထသင်္ဂဟ၊၁၅၈၊၊)

= နာမ်ရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိမြင်ခြင်းသည်, လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်- ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်တရား ရုပ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့်ပိုင်းခြားယူခြင်းသည်ပင် ဒိဋ္ဌိဝိသုဒ္ဓိ မည်ပေသည်။ ယင်း ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= ဥပစာရသမာဓိနှင့် တကွသော လောကီစျာန်သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိမည်၏ဟု ဖွင့်ဆိုထား သဖြင့် စိတ္တဝိသုဒ္ဓိနှင့် ပြည့်စုံရေးအတွက် ဥပစာရသမာဓိကိုသော်လည်းကောင်း, အပ္ပနာသမာဓိ အမည်ရသော စျာန်သမာပတ် (၈)မျိုးတို့တွင် တစ်မျိုးမျိုးကိုသော်လည်းကောင်း, (၈)မျိုးလုံးကိုသော်လည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။

ဤသည်တို့ကား သမာဓိထူထောင်သင့်သည် (= ထူထောင်ရမည်) ဟူသော ဘုရားဟော ဒေသနာတော် များနှင့် အဋ္ဌကထာအဆိုအမိန့်တို့တည်း။

ခဏိကသမာဓိ

ခဏိကသမာဓိ

အချို့သော ယောဂါဝစရပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန် ဖြစ်တော်မူကြကုန်သော ဆရာမြတ်တို့ကား သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သည် သမာဓိထူထောင်ဖို့ မလို၊ ဝိပဿနာသို့ ခဏိကသမာဓိနှင့် သွား၍လည်း ရနိုင်သည်ဟု အယူ ရှိတော်မူကြ၏။ ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာတော်၏ စကားကို ကိုးကား၍ မိန့်ဆိုတော်မူကြခြင်း ဖြစ်၏။ သို့အတွက် ----

၁။ ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာတော်၏ ဆိုလိုရင်း ခဏိကသမာဓိ,

၂။ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်၏ ခဏိကသမာဓိ,

၃။ ဝိပဿနာအခိုက်၌ ရှိသော ခဏိကသမာဓိ ----

ဤသုံးမျိုးသော ခဏိကသမာဓိတို့၏ အကြောင်းကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။

မဟာဋီကာဆရာတော်၏ အဆို

မဟာဋီကာဆရာတော်၏ အဆို

သမထယာနိကဿ ဟိ ဥပစာရပ္ပနာပ္ပဘေဒံ သမာဓိံ, ဣတရဿ ခဏိကသမာဓိံ, ဥဘယေသမ္ပိ ဝိမောက္ခမုခတ္တယံ ဝိနာ န ကဒါစိပိ လောကုတ္တရာဓိဂမော သမ္ဘဝတိ။ (မဟာဋီ၊၁၊၁၅။)

ဤမဟာဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ သမထယာနိကပုဂ္ဂိုလ်အား ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိနှင့် ကင်း၍ လောကုတ္တရာတရားထူးကို ရရှိခြင်းသည် တစ်ရံတစ်ဆစ်မျှလည်း မဖြစ်သင့်ပေ။

၂။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ခဏိကသမာဓိနှင့် ကင်း၍ တစ်ရံတစ်ဆစ်မျှလည်း လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိခြင်းသည် မဖြစ်သင့်ပေ။

၃။ သမထယာနိကပုဂ္ဂိုလ် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အားလည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်သည့် ဝိမောက္ခမုခ အမည်ရသည့် အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ် သုံးမျိုးနှင့်ကင်း၍ တစ်ရံတစ်ဆစ်မျှလည်း လောကုတ္တရာ တရားထူး တရားမြတ် ကို ရရှိခြင်းသည် မဖြစ်သင့်ပေ။ ဤကား ဆိုလိုရင်းတည်း။

မဟာဋီကာဆရာတော်သည် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အခြေတည်ထားသော - သီလေ ပတိဋ္ဌာယ နရော သပညော - စသော ဂါထာ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုသည့်အပိုင်းတွင် အထက်ပါ စကားရပ်ကို မိန့်ဆိုခြင်း ဖြစ်၏။ ထိုဂါထာ၏ ဆိုလိုရင်းနှင့် အဓိပ္ပါယ် ဆက်စပ်ယူပါမှ ပို၍ သဘောပေါက်နိုင်မည် ဖြစ်သည်။ ယင်းဂါထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ တိဟိတ်ပဋိသန္ဓေ ဉာဏ်ပညာမျိုးစေ့ရှိသော လူသားတစ်ဦးသည် သို့မဟုတ် ယောဂါဝစရပုဂ္ဂိုလ်သည် -

၂။ သီလတည်းဟူသော မြေ၌ ရပ်တည်၍

၃။ စိတ္တ အမည်ရသော သမာဓိကိုလည်းကောင်း,

၄။ ပညာ အမည်ရသော ဝိပဿနာဉာဏ်ကိုလည်းကောင်း ပွားများ အားထုတ်ရာ၏။

၅။ ကိလေသာတို့ကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်သော သမ္မပ္ပဓာန် လုံ့လဝီရိယရှိသော

၆။ သင်္ခါရတရားတို့ကို သိမ်းဆည်းတတ်သော သတိ, ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် ဟူသော ရင့်ကျက်သော နိပကပညာရှိသော ထိုပုဂ္ဂိုလ်သည် တဏှာတည်းဟူသော ချုံပုတ်ကို ဖြေရှင်းနိုင်လေရာ၏။

ဤကား ဆိုလိုရင်းတည်း။

ဤအထက်ပါ အင်္ဂါရပ် (၆)ချက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် တဏှာကို အရိယမဂ်အခိုက်၌ သမုစ္ဆေဒ ပဟာန်ဖြင့် အကြွင်းမဲ့ ဖြတ်တောက်နိုင်မည် ဖြစ်သည်။ တဏှာကို အကြွင်းမဲ့ ပယ်သတ်နိုင်ရေးအတွက် တဏှာ အရှုပ်အထွေး ဟူသမျှကို အကြွင်းမဲ့ ဖြေရှင်းဖြတ်တောက်နိုင်ရေးအတွက် သီလတည်းဟူသော မြေ၌ ရပ်တည်၍ စိတ္တအမည်ရသော သမာဓိနှင့် ပညာအမည်ရသော ဝိပဿနာဉာဏ်တို့ကို ပွားများရမည် သို့မဟုတ် ဖြစ်စေရမည်။ထိုစိတ္တနှင့် ပညာတို့ကား လောကီလော လောကုတ္တရာလော? ဟု မေးရန်ရှိ၏။ ဤမေးခွန်းကို မဟာဋီကာ ဆရာတော်က အောက်ပါအတိုင်း ဖြေရှင်းထားပေသည်။

လောကုတ္တရန္တိ ဒဋ္ဌဗ္ဗံ ဥက္ကဋ္ဌနိဒ္ဒေသတော။ တံ ဟိ ဘာဝယမာနော အရိယမဂ္ဂက္ခဏေ တဏှာဇဋံ သမုစ္ဆေဒဝသေန ဝိဇဋေတီတိ ဝုစ္စတိ၊ န လောကိယံ။ နာနန္တရိယဘာဝေန ပနေတ္ထ လောကိယာပိ ဂဟိတာဝ ဟောန္တိ လောကိယသမထဝိပဿနာယ ဝိနာ တဒဘာဝတော။ သမထယာနိကဿ ဟိ ဥပစာရပ္ပနာပ္ပဘေဒံ သမာဓိံ, ဣတရဿ ခဏိကသမာဓိံ, ဥဘယေသမ္ပိ ဝိမောက္ခမုခတ္တယံ ဝိနာ န ကဒါစိပိ လောကုတ္တရာဓိဂမော သမ္ဘဝတိ။ တေနာဟ သမာဓိဉ္စေဝ ဝိပဿနဉ္စ ဘာဝယမာနောတိ။ (မဟာဋီ၊၁၊၁၅။)

ဤအထက်ပါ ဋီကာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်သည်။

အကောင်းဆုံးကို ညွှန်ပြသော ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် လောကုတ္တရာ ဖြစ်သော စိတ္တ (= သမာဓိ)နှင့် ပညာကို ဖြစ်စေရမည်ဟု မှတ်သားပါ။ မှန်ပေသည် ---- ထို လောကုတ္တရာ စိတ္တ (= သမာဓိ)နှင့် ပညာကို ဖြစ်စေ သည်ရှိသော် အရိယမဂ်ဉာဏ်အခိုက်၌ တဏှာဟူသော အရှုပ်အထွေးကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒ၏ အစွမ်းဖြင့် ဖြေရှင်း၏ဟု ဆိုအပ်ပေသည်။ လောကီစိတ္တ (= သမာဓိ)နှင့် ပညာကား သမုစ္ဆေဒ၏ အစွမ်းဖြင့် တဏှာ အရှုပ်အထွေးကို မဖြေရှင်းနိုင်သည့်အတွက် လောကီဖြစ်သော စိတ္တ (= သမာဓိ)နှင့် ပညာကို မဆိုလိုဟု မှတ်ပါ။

သို့သော် ဤအရာ၌ လောကီဖြစ်သော သမထ ဝိပဿနာနှင့် ကင်း၍ လောကုတ္တရာ စိတ္တ (= သမာဓိ)နှင့် ပညာတို့၏ မဖြစ်သင့် မဖြစ်နိုင်သောကြောင့် မကင်းစကောင်းသော နာနန္တရိကနည်း သဘောအားဖြင့် လောကီ ဖြစ်သော စိတ္တ (= သမာဓိ)နှင့် ပညာတို့ကိုလည်း ယူအပ် ယူနိုင်သည်သာ ဖြစ်ပေသည်။ မှန်ပေသည် ---- သမထ ယာနိကပုဂ္ဂိုလ်အား ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိကို, သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် အား ခဏိကသမာဓိကို, သမထယာနိက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အားလည်း ဝိမောက္ခမုခ အမည်ရသည့် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူသော အနုပဿနာ ဉာဏ် သုံးမျိုးအပေါင်းကို ကြဉ်ဖယ်ထား၍ တစ်ရံတစ်ဆစ်မျှသော်လည်း လောကုတ္တရာဖြစ်သောစိတ္တ (= သမာဓိ) နှင့် ပညာကို ရခြင်းမည်သည် မဖြစ်သင့်ပေ။

ထို့ကြောင့် အဋ္ဌကထာဆရာတော်က - သမာဓိကိုလည်းကောင်း, ဝိပဿနာဉာဏ်ကိုလည်းကောင်း ပွားများလျက် (= ပွားများရာ၏)ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၅။)

ဤဝိသုဒ္ဓိမဂ်မဟာဋီကာဆရာတော်၏ ရည်ညွှန်းချက်စကားကို စေ့ငသေချာစွာ ကြည့်ရှုဆင်ခြင် သုံးသပ် ပါက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ခဏိကသမာဓိဟူသည် သမထပိုင်းကို ဦးတည်ရည်ညွှန်းထားခြင်း ဖြစ်သည်ကို သဘောပေါက်သင့်ပေသည်။ သို့အတွက် သမထပိုင်း ခဏိကသမာဓိနှင့် ဝိပဿနာပိုင်း ခဏိကသမာဓိ နှစ်မျိုးကို ကွဲပြားသွားအောင် ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။ သို့သော် သမထယာနိကလမ်းကို ကြိုတင် ၍ ရှင်းလင်းပါမှ သုဒ္ဓဝိပဿနာယာနိကလမ်းကို ပို၍ သဘောပေါက်နိုင်မည် ဖြစ်သဖြင့် သမထယာနိကလမ်းမှ ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိတို့ကို အခြေခံ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးပုံကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

သမထယာနိကလမ်း

သမထယာနိကလမ်း

တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။

တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= ထို ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော သမထယာနိကပုဂ္ဂိုလ်သည် ရှေးဦးစွာ နေဝသညာနာသညာယတန စျာန်ကို ထား၍ ကြွင်းသော ရူပါဝစရစျာန် အရူပါဝစရစျာန်တို့တွင် စျာန်တစ်ပါးပါးကို ဝင်စား၍ ထိုစျာန်မှ ထပြီးလျှင် ဝိတက်စသော စျာန်အင်္ဂါတို့ကိုလည်းကောင်း, ထိုစျာန်နှင့် ယှဉ်သော ယှဉ်ဖက် စိတ်+စေတသိက် သမ္ပယုတ်တရားစုတို့ကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြား ယူအပ် သိမ်းဆည်းအပ်၏။ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော် ထိုနာမ်တရားအားလုံးကို ကသိုဏ်း ပဋိဘာဂနိမိတ်စသော သမထပဋိဘာဂနိမိတ်အာရုံဘက်သို့ ရှေးရှုညွတ်တတ်သောကြောင့် အာရုံသို့ ညွတ်တတ် သော အနက်သဘောအားဖြင့် နာမ် ဟု ပိုင်းခြားမှတ်သားပါ။ ထို့နောင် လောကဥပမာအားဖြင့် - ယောက်ျား တစ်ဦးသည် အိမ်ထဲ၌ မြွေကို တွေ့သော် ထိုမြွေနောက်သို့ အစဉ်လိုက်ကြည့်လတ်သော် ထိုမြွေ၏ ကိန်းအောင်းရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူ ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို ဉာဏ်ပညာ ဖြင့် စူးစမ်းဆင်ခြင်လျက် ဤနာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေပါသနည်းဟု ရှာဖွေလတ်သော် ထိုနာမ် တရား၏ မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့မြင်၏။ ထို့နောင် ဟဒယဝတ္ထုရုပ်၏ မှီရာ ဘူတရုပ် (= ဓာတ်ကြီးလေးပါး) တို့ကိုလည်းကောင်း, ဘူတရုပ် (= ဓာတ်ကြီးလေးပါး)ကို မှီတွယ်၍ ဖြစ်နေကြကုန်သော ဟဒယဝတ္ထုမှ ကြွင်းသော ဥပါဒါရုပ်တို့ကိုလည်းကောင်း - ဤသို့လျှင် ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဘူတရုပ် ဥပါဒါရုပ်ဟူသော ဤအလုံးစုံသော ရုပ်တရားကို ဖောက် ပြန်တတ်သော သဘောလက္ခဏာအားဖြင့် ရုပ်-ဟု ပိုင်းခြား မှတ်သား၏။ ထိုနောင် အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာရှိသော တရားကား နာမ်, ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ်-ဟု အကျဉ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[ဤ၌ နှလုံး၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့မှာ - (၅၄) မျိုး ရှိ၏။ (၆)ဒွါရ, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည် ဖြစ်ပါသည်။ တစ်ဖန် ပထမစျာန် နာမ်တရားတို့မှာ စိတ်စေတသိက် (၃၄)လုံး များသောအားဖြင့် ရှိ၏။ ကရုဏာစျာန် မုဒိတာစျာန်တို့တွင် ကရုဏာ ပထမစျာန် မုဒိတာပထမစျာန် ဖြစ်မူ စိတ်စေတသိက် နာမ်တရားစု (၃၅) ရှိမည် ဖြစ်၏။ ယင်း ပထမစျာန် နာမ် တရားစုတို့နှင့် တကွ ကျန်စျာန်နာမ်တရားစုတို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည် ဖြစ်ပါသည်။]

ထိုသို့ စျာန်နာမ်တရားစုတို့နှင့် တကွ ယင်းစျာန် နာမ်တရားတို့၏ မှီရာ ဖြစ်သော ဘူတရုပ် ဥပါဒါရုပ်တို့ကို သိမ်းဆည်းပြီးသောအခါ ပကိဏ္ဏကသင်္ခါရ အမည်ရသော ကြွင်းကျန်သော ရုပ်တရား နာမ်တရားတို့ကိုလည်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် ဆက်လက်၍ သိမ်းဆည်းအပ်၏ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏။ အကြောင်းမူ အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက ဒုက္ခ မကုန်နိုင်ဟု ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ (သံ၊၂၊၂၄၉-၂၅၀ - ကြည့်။) ဤအကြောင်းကို အာနာပါနဿတိသမာဓိပိုင်းတွင် ထပ်မံ၍ ရှင်းလင်းတင်ပြဦးမည် ဖြစ်ပါသည်။

အကယ်၍ သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ နာမ်ကမ္မဋ္ဌာန်းက စ၍ မသိမ်းဆည်းလို ဘဲ ရုပ်ကမ္မဋ္ဌာန်းကပင် စ၍ သိမ်းဆည်းလိုခဲ့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ကဲ့သို့ပင် ရုပ်တရားက စ၍လည်း သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ပုံကို အောက်တွင် ဆက်လက် ဖော်ပြအပ်ပါသည်။

သုဒ္ဓဝိပဿနာယာနိကလမ်း

သုဒ္ဓဝိပဿနာယာနိကလမ်း

QQQသုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= သမထမဖက် ဝိပဿနာယာဉ် သက်သက်ရှိသော (= သုဒ္ဓဝိပဿနာယာနိက) ပုဂ္ဂိုလ်သည်လည်းကောင်း, နာမ်ကမ္မဋ္ဌာန်းက စ၍ အားမထုတ်လိုဘဲ (= နာမ်တရားကစ၍ မသိမ်းဆည်းလိုဘဲ) ရုပ်ကမ္မဋ္ဌာန်းက စ၍ အားထုတ် လိုသော (= ရုပ်တရားက စ၍ သိမ်းဆည်းလိုသော) စျာန်သမထယာဉ် ရှိသော (= သမထယာနိက) ပုဂ္ဂိုလ်သည် လည်းကောင်း ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်အမြင်ကို ပြည့်စုံစေလိုခဲ့သော် စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း၌ ဖွင့်ဆို ရေးသားခဲ့ ကုန်ပြီးသော ထိုထို ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကြောင်း နည်းလမ်းတို့တွင် တစ်နည်းနည်း၏ အစွမ်းဖြင့် အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့်သော်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရ၏။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ သတ်မှတ်ချက် ညွှန်ကြားချက်အရ သမထကို အခြေမခံဘဲ ဝိပဿနာကို တိုက်ရိုက်သွားလိုသော ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း, ရုပ်ကမ္မဋ္ဌာန်းက စ၍ အားထုတ်လိုသော ရုပ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထ ယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို ----

၁။ အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း,

၂။ အကျယ်နည်းအားဖြင့်သော်လည်းကောင်း,

၃။ အကျဉ်းနည်း အကျယ်နည်း နှစ်နည်းလုံးအားဖြင့်သော်လည်းကောင်း စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။

ယေဘုယျဟု မှတ်ပါ

ယေဘုယျဟု မှတ်ပါ

အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ (မ၊ဋီ၊၁၊၃၆၉။)

= နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို စ၍ နှလုံးသွင်းခြင်းသည်ကား ယေဘုယျ အားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်၏။ (မ၊ဋီ၊၁၊၃၆၉။)

ဤဋီကာဆရာတော်၏ မိန့်ဆိုချက်အတိုင်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဒုက္ခသစ္စာ သမုဒယ သစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို စ၍နှလုံးသွင်းရာဝယ် နာမ်တရားကို အဦးမူ၍ (= နာမ်တရားက စ၍) သိမ်းဆည်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိက ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်ဟု မှတ်ပါ။ အနည်းစု အပ္ပကနည်းအားဖြင့် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်း နာမ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းသည်လည်း ရှိကောင်း ရှိနိုင်သည်။ အလားတူပင် ရုပ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သည့် သင်္ခါရတရားတို့ကို စတင် သိမ်းဆည်းခြင်းသည်လည်း ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်အတွက် သတ်မှတ်ချက်ပင် ဖြစ်သည်။ သို့သော် သမထယာနိက ပုဂ္ဂိုလ်သည်လည်း ရုပ်ကမ္မဋ္ဌာန်းကစ၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်သည်သာ ဖြစ်ပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်နှင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထယာနိကပုဂ္ဂိုလ်တို့သည် ရုပ်တရားကို သိမ်းဆည်းလိုလတ်သော် ဓာတ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်း ရှုပွားရ၏။ ထိုသို့ သိမ်းဆည်းရှုပွားရန်လည်း ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ညွှန်ကြားထား၏။ အကြောင်းပြချက်ကား ဤသို့ ဖြစ်၏။

အကြောင်းပြချက်

အကြောင်းပြချက်

သမာဓိထူထောင်ပုံ နည်းစနစ်များကို ညွှန်ကြားပြသရာ သမထပိုင်း၌ကား သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏။ သို့သော် ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိကြောင်းကို အဋ္ဌကထာ များ၌ ဖွင့်ဆိုလျက် ရှိ၏။

ဒုဝိဓဥှိ ကမ္မဋ္ဌာနံ ရူပကမ္မဋ္ဌာနဉ္စ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

= ဝိပဿနာပိုင်း၌ ကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရုပ်ကို သိမ်းဆည်းခြင်း = ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = ရူပပရိဂ္ဂဟ, နာမ်ကို သိမ်းဆည်းခြင်း= နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = အရူပပရိဂ္ဂဟ ဟူ၍လည်း ခေါ်ဆို၏။ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို သို့မဟုတ် ရုပ်တရားကို သိမ်းဆည်းပုံကို ဟောကြားပြသတော်မူသည်ရှိသော် အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတုဝဝတ္ထာန် အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားပြသတော်မူရိုး ဓမ္မတာ ဖြစ်၏။ (မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

ဤအထက်ပါ အဋ္ဌကထာများ၏သတ်မှတ်ချက်အရ ရုပ်တရားကို သိမ်းဆည်းပုံ ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံနှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းနှင့် ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဟု နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရားက စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလိုသော သမထ ယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, သမထကို အခြေမခံသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီး (၄)ပါးကိုသာလျှင် စတင်၍ သိမ်းဆည်းရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။ ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် ထွင်းဖောက်သိမြင်တော်မူသည့် သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ကျင့်ခြင်းသည်သာလျှင် အသင် ယောဂီသူတော်ကောင်းအတွက် ပို၍ အကျိုးရှိသော ကျင့်စဉ် ဖြစ်ပေမည်၊ အကောင်းဆုံးသော ကျင့်စဉ်လည်း ဖြစ်ပေမည်။ ရုပ်တရားကိုကား ရှု၏၊ သို့သော် ဓာတ်ကမ္မဋ္ဌာန်းကို စတင်၍ မရှုပါက ဘုရားရှင် ဆိုလိုသော ရုပ် ပရမတ် နယ်မြေသို့ ဆိုက်ရောက်ဖို့အရေးကား မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာလျက်ပင် ရှိနေဦးမည် ဖြစ်သည်။

ဤစတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကား ကမ္မဋ္ဌာန်း (၄၀)တို့တွင် ဥပစာရသမာဓိကို ရွက်ဆောင်ပေးတတ်သော ဥပစာရကမ္မဋ္ဌာန်းအမျိုးအစားတွင် ပါဝင်ကြောင်းကို (ဝိသုဒ္ဓိ၊၁၊၁၀၇။)တွင် ဆုံးဖြတ် ထားပေသည်။ ဥပစာရကမ္မဋ္ဌာန်းဟူသည် ဥပစာရသမာဓိသို့ ဆိုက်အောင် ပွားများအားထုတ်ရမည့် ကမ္မဋ္ဌာန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ သို့အတွက် ဤ ဓာတ်ကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကို ရွက်ဆောင်ပေးသည့် စွမ်းအား ရှိခြင်းကြောင့် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ဥပစာရသမာဓိသို့ ဆိုက်အောင် သမာဓိထူထောင်ခိုက် သမထပိုင်းတွင် အကျုံးဝင်၏။ တစ်ဖန် ရုပ်ကမ္မဋ္ဌာန်းက စ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်နှင့် သမထယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးသည်လည်း ဓာတ်ကြီးလေးပါးကိုပင် စတင်၍ သိမ်းဆည်း ရှုပွားရ၏။ သို့အတွက် သမထပိုင်း ဝိပဿနာပိုင်း နှစ်ဘက်ရ ကမ္မဋ္ဌာန်းအမျိုးအစား တစ်ခု ဖြစ်ပေသည်။ သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တိုက်ရိုက်သွားလိုခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်ရသဖြင့် ထိုဓာတ်ကမ္မဋ္ဌာန်းလမ်းမှ အထွတ်အထိပ်သို့ ရောက်အောင် ထူထောင်ထားသော သမာဓိကို မည်သည့်သမာဓိ ခေါ်ဆိုပုံကို ဆက်လက်၍ ရှင်းပြအပ်ပေသည်။ ထိုသို့ ရှင်းလင်းတင်ပြရာ၌ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းဖြင့် သမာဓိထူထောင်ပုံက စ၍ အကျဉ်းချုပ်ကာ ဖော်ပြအပ်ပါသည်။ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ပွားများအားထုတ် ပုံကို ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏။

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (မ၊၁၊၇၃။)

= ရဟန်းတို့ နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပ ကာယကိုပင် ဤရူပကာယ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်သည် ရှိ၏ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ပညာ မျက်စိဖြင့် စေ့စေ့ငုငု မြင်အောင် ကြည့်ရှုလျက် ဆင်ခြင်သုံးသပ် ရှုပွား၍ နေ၏၊ နှလုံးသွင်း၍ နေ၏။ (မ၊၁၊၇၃။)

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ခန္ဓာကိုယ်၏ အရိုးကြား-အကြောကြား-အသားကြား-အရေကြားသို့ ဉာဏ်တည်းဟူသော လက်ဖြင့် တစ်လုံးစီ တစ်လုံးစီ အသီးအသီး ခွဲခြားစိတ်ဖြာ၍ ဓာတ်ကြီးလေးပါးတို့ကို သိမ်း ဆည်း၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလ အသိန်း မက ကြိမ်ဖန်များစွာ အဖန်ဖန် အထပ်အထပ် ဆင်ခြင်သုံးသပ် ရှုပွားရမည်ဟု ထပ်ဆင့် ညွှန်ကြားထား တော်မူ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၇ - ကြည့်။)

တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)

= ဤသို့ ကြိုးစားအားထုတ်လျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ မကြာမီ အချိန်ကာလအတွင်း မှာပင် ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏အရောင်ဖြင့် ထွန်းပြခြင်း ကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ပိုင်းခြားယူထားအပ်သော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝသတ္တိ သဘာဝလက္ခဏာဟူသော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် နက်နဲရကား အပ္ပနာ စျာန်သို့ မရောက်နိုင်သော (အပ္ပနာစျာန်၏အနီး၌ တည်ရှိသော ဥပစာရသမာဓိအစစ်နှင့် တူညီသော သဘော လက္ခဏာ ရှိသောကြောင့် သဒိသူပစာရအားဖြင့်) ဥပစာရမျှသာဖြစ်သော သမာဓိသည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ အထွတ်အထိပ်သို့ ရောက်အောင် ထူထောင်ထားသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိ - ဟု ခေါ်ဆိုထားသည်ကို ရှေးဦးစွာ မှတ်သားထားပါ။ တစ်ဖန် ဝိသုဒ္ဓိမဂ်မဟာဋီကာတွင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

၁။ သမထယာနိကပုဂ္ဂိုလ်အား ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိကို,

၂။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ခဏိကသမာဓိကို,

၃။ သမထယာနိက, သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အားလည်း ဝိမောက္ခမုခ = ကိလေသာတို့မှ လွတ်မြောက်ကြောင်းလမ်းဟု အမည်ရသော အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် သုံးမျိုးအပေါင်းကို --- ကြဉ်ဖယ်ထား၍ တစ်ရံတစ်ဆစ်မျှသော်လည်း လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန် တရားကို ရခြင်းသည် မဖြစ်သင့်ပေ။ (မဟာဋီ၊၁၊၁၅။)

ဤအထက်ပါ မဟာဋီကာက သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ထူထောင်ထားသော သမာဓိကို ခဏိကသမာဓိဟု ခေါ်ဝေါ်သုံးစွဲထား၏။ အထက်ပါ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဥပစာရသမာဓိဟု ခေါ်ဝေါ်သုံးစွဲထား၏။

အထူးသတိပြု၍ မှတ်သားရန်

အထူးသတိပြု၍ မှတ်သားရန်

သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော် ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းရ၏။ ထိုဓာတ်ကြီးလေးပါးကို အာရုံပြု၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်လာသော ကာမာဝစရသမာဓိကို အဋ္ဌကထာက ဥပစာရသမာဓိဟုလည်းကောင်း, မဟာဋီကာက ခဏိကသမာဓိဟုလည်းကောင်း အသီးအသီး ခေါ်ဝေါ်သုံးစွဲထားသည်ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မှတ်သားထားပါ။ ထိုသို့ ခေါ်ဝေါ် သုံးစွဲပုံနှင့် ပတ်သက်၍ မဟာဋီကာတွင် ဤသို့ ရှင်းပြထား၏။

ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ၊ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ (မဟာဋီ၊၁၊၄၃၆။)

ဤဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော အထွတ် အထိပ်သို့ ရောက်ရှိလာသော ကာမာဝစရသမာဓိကို ဥပစာရသမာဓိဟူ၍ အဋ္ဌကထာဆရာတော် မိန့်ဆိုခြင်း မှာလည်း မုချအားဖြင့် မိန့်ဆိုခြင်းကား မဟုတ်၊ အတင် ရုဠှီ၏ အစွမ်းဖြင့်သာလျှင် မိန့်ဆိုသောစကား ဖြစ်သည်ဟု အသိအမှတ် ပြုပါလေ။ မှန်ပေသည် ---- အပ္ပနာစျာန်သမာဓိ၏ အနီးအပါးသို့ ကပ်ရောက်၍ ဖြစ်လေ့ရှိသော အထွတ်အထိပ်သို့ ရောက်ရှိနေသော ရောက်ရှိလာသော ကာမာဝစရသမာဓိသည်သာလျှင် ဥပစာရသမာဓိ အစစ် မည်ပေသည်။ ဤစတုဓာတုဝဝတ္ထာန် အမည်ရသည့် ဓာတ်ကမ္မဋ္ဌာန်း၌လည်း နက်နဲသော ပရမတ္ထဓမ္မသဘာဝ ကို အာရုံပြုနေရသောကြောင့် အပ္ပနာစျာန်သမာဓိသည် မရှိဖြစ်ခဲ့၏။ သို့သော် အပ္ပနာစျာန်သမာဓိ၏ အနီးဝယ် ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီ စံချိန်ချင်း တူညီသော သဘောလက္ခဏာရှိသောကြောင့် ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော အထွတ်အထိပ်သို့ ရောက်ရှိနေသော ရောက်ရှိလာသော ကာမာဝစရသမာဓိကိုလည်း သဒိသူပစာရအားဖြင့် တင်စား၍ ဥပစာရသမာဓိဟု အဋ္ဌကထာဆရာတော်က မိန့်ဆို တော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၁၊၄၃၆။)

[သဒိသူပစာရ ---- သဒိသ = တူညီသော + ဥပစာရ = တင်စားထားသောစကား။ တူညီမှုရှိ၍ တင်စား ခေါ်ဝေါ်ထားသော စကားကို သဒိသူပစာရစကားဟု ခေါ်သည်။]

ဤအထက်ပါ ဋီကာဆရာတော်၏ ရှင်းလင်းချက်အရ အပ္ပနာစျာန်သမာဓိ တစ်ခု တစ်ခု၏ အနီး၌ ကပ် ရောက်၍ ဖြစ်နေသော ထိုစျာန်၏ အာရုံဖြစ်သော သမထနိမိတ်ကို သို့မဟုတ် ပဋိဘာဂနိမိတ်ကိုပင် အာရုံပြု၍ နေသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိသည်သာလျှင် မုချအားဖြင့် ဥပစာရသမာဓိ ဟူသော အမည်ကို ရရှိပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ထူထောင် ထားသော အထွတ်အထိပ်သို့ ရောက်ရှိနေသော ကာမာဝစရသမာဓိမှာ ဥပစာရသမာဓိအစစ်နှင့် သမာဓိ အဆင့် အတန်းချင်း တူညီ၍သာလျှင် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူသော အမည်ကို ရရှိခြင်း ဖြစ်သည်ဟု မှတ်ပါ။ ယင်းသမာဓိကိုပင် ဋီကာဆရာတော်က မုချအားဖြင့် ခဏိကသမာဓိဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။

ထိုသို့ ခေါ်ဝေါ်သုံးစွဲရာ၌ အကြောင်းကား ဤသို့တည်း။

သမထပိုင်း - ခဏိကသမာဓိ

သမထပိုင်း - ခဏိကသမာဓိ

သာ ပနေသာ ပဉ္စ ဝိဓာ ပီတိ ဂဗံ႓ ဂဏှန္တီ ပရိပါကံ ဂစ္ဆန္တီ ဒုဝိဓံ ပဿဒ္ဓိံပရိပူရေတိ ကာယပဿဒ္ဓိဉ္စ စိတ္တပဿဒ္ဓိဉ္စ။ ပဿဒ္ဓိ ဂဗံ႓ ဂဏှန္တီ ပရိပါကံ ဂစ္ဆန္တီ ဒုဝိဓမ္ပိ သုခံ ပရိပူရေတိ ကာယိကဉ္စ စေတသိကဉ္စ။ သုခံ ဂဗံ႓ ဂဏှန္တံ ပရိပါကံ ဂစ္ဆန္တံ တိဝိဓံ သမာဓိံ ပရိပူရေတိ ခဏိကသမာဓိံဥပစာရသမာဓိံအပ္ပနာသမာဓိန္တိ။ (ဝိသုဒ္ဓိ၊၁၊၁၄၀။ အဘိ၊ဋ္ဌ၊၁၊၁၆၀။)

= အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

စျာန်အင်္ဂါ ငါးမျိုးတို့တွင် ပါဝင်သော ပီတိမှာ ငါးမျိုး ရှိ၏။

၁။ ခုဒ္ဒိကာပီတိ = ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထရုံမျှကိုသာလျှင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သော စွမ်း အင်သေးငယ်သောပီတိ။

၂။ ခဏိကာပီတိ = ခဏတိုင်း ခဏတိုင်း၌ လျှပ်စစ်လက်သကဲ့သို့ ဖြစ်ပေါ်နေသော ပီတိ။

၃။ ဩက္ကန္တိကာပီတိ = သမုဒ္ဒရာ ဒီရေလှိုင်းကဲ့သို့ ရင်ထဲတွင် အလိပ်လိုက် အလိပ်လိုက် တက်၍ တက်၍ ပျက်သွားသော ပီတိ။

၄။ ဥဗ္ဗေဂါပီတိ = ခန္ဓာကိုယ်ကို အထက်သို့ တက်အောင်ပြု၍ ကောင်းကင်၌ တွဲလျားဆွဲထားသကဲ့သို့ တည်နေနိုင်သော ပမာဏရှိသော အလွန်အားကောင်းသော ပီတိ။

၅။ ဖရဏာပီတိ = လေဖြင့် ပြည့်နေသော သားရေအိတ်ကဲ့သို့, ကြီးစွာသော ရေအလျဉ်ဖြင့် စီးဆင်းနေ သော တောင်ဝှမ်းကဲ့သို့ တစ်ကိုယ်လုံးသို့ ပြန့်နှံ့စိမ့်ဝင်၍ တည်နေသော ပီတိ။ (ပီတိနှင့် တကွသော စိတ်ကြောင့်ဖြစ်သော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့၏ တစ်ကိုယ် လုံးသို့ ပြန့်နှံ့၍ တည်နေမှု ဖြစ်နေမှုကို ဆိုလိုသည်။)

စျာန်အင်္ဂါ ငါးပါးတို့တွင် ပါဝင်သော ထို ငါးမျိုးသော ပီတိသည် စိတ် စေတသိက်တို့၏ ငြိမ်းအေးခြင်း = ပဿဒ္ဓိ၏ တည်ရာ နေရာဟူသော ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတည်းဟူသော စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု (= ပဿဒ္ဓိ) နှစ်မျိုးကို ပြည့်စုံစေနိုင်၏။ ပဿဒ္ဓိ သည် သုခ၏ တည်ရာ နေရာဟူသော ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယိကသုခ စေတသိကသုခဟူသော နှစ်မျိုးသော သုခကို ပြည့်စုံစေနိုင်၏။ သုခသည် သမာဓိ၏ တည်ရာ နေရာဟူသော ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိ သုံးမျိုးကို ပြည့်စုံစေနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၀။ အဘိ၊ဋ္ဌ၊၁၊၁၆၀။)

သမထနယ်တွင် ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူ၍ သမာဓိသုံးမျိုးရှိရာ ဥပစာရသမာဓိ၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ အထက်ပါ အဋ္ဌကထာက ခေါ်ဝေါ် သုံးစွဲထားပေသည်။ ဤကား သမထနယ်တွင် သုံးနှုန်းထားသော ခဏိကသမာဓိ ဖြစ်သည်။

ဤအဋ္ဌကထာ၏ အသုံးအနှုန်းသို့ လိုက်၍ ဋီကာဆရာတော်ကလည်း သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိ ကိုလည်း မုချအားဖြင့် ခဏိကသမာဓိဟူ၍ပင် ခေါ်ဝေါ်သုံးစွဲထားပေသည်။ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ထူထောင် ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိဖြစ်သော ယင်းသမာဓိကိုပင် အဋ္ဌကထာက ဥပစာရသမာဓိအစစ်နှင့် အဆင့်အတန်းချင်း တူညီသော သဘောလက္ခဏာ ရှိသောကြောင့် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။ အဋ္ဌကထာစကားကား ဥပစာ, ဋီကာစကားကား မုချ - ဤသို့ မုချနှင့် ဥပစာသာ ကွာဟသည်၊ ဆန့်ကျင်မှုကား မရှိဟု မှတ်ပါ။ ဤကား သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်၏ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိကို ဥပစာရ သမာဓိ ခဏိကသမာဓိဟု အမည် နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးစွဲပုံနှင့် ဆက်စပ်၍ ရှင်းလင်းတင်ပြချက်တည်း။

အလားတူပင် ဗုဒ္ဓါနုဿတိ အစရှိသော, ကြွင်းကျန်သော, ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သော ကမ္မဋ္ဌာန်းတို့တွင် တစ်မျိုးမျိုးသော ကမ္မဋ္ဌာန်းဖြင့် အထွတ်အထိပ်သို့ ရောက်အောင် ထူထောင်ထားသော ကာမာဝစရသမာဓိကိုလည်း မုချ-ဥပစာ နှစ်မျိုး ခွဲ၍ ခဏိကသမာဓိ ဥပစာရသမာဓိဟု အမည်နှစ်မျိုးဖြင့် ခေါ်ဝေါ် သုံးစွဲနိုင်ကြောင်းကိုလည်း သဘောပေါက်လေရာသည်။ တစ်ဖန် ဆက်လက်၍ ဝိပဿနာပိုင်း၌ ခေါ်ဝေါ်သုံးစွဲ ထားသော ခဏိကသမာဓိအကြောင်းကို ရှင်းလင်းတင်ပြအပ်ပါသည်။

ဝိပဿနာပိုင်း - ခဏိကသမာဓိ

ဝိပဿနာပိုင်း - ခဏိကသမာဓိ

၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း),

၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း),

၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း),

၄။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန်၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်း),

၅။ အဒ္ဓါနပရိဂ္ဂဟ = အတိတ် အနာဂတ်၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း (= ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း) ----

ဤကား ပရိဂ္ဂဟ ငါးမျိုးတည်း။ ပရိဂ္ဂဟ-ဟူသည် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းတည်း။ ဤ ပရိဂ္ဂဟငါးမျိုး တစ်ဖက်ကမ်းခပ်အောင် ပေါက်ရောက်ပြည့်စုံနေသော ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် သမ္မသန ဉာဏ် စသော ဝိပဿနာဉာဏ်များကို ပြည့်စုံအောင် ကြိုးစားအားထုတ်ရန် (ဝိသုဒ္ဓိ၊၂၊၂၄၄။) စသည်၌ ညွှန်ကြား ထားပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏။

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိ ကြကုန်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကား ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ပရမတ္ထတရားတို့ ဖြစ်ကြ၏။ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က အညီအညွတ် ပေါင်းစုပြုပြင်၍ ပေးပါမှ ဖြစ်ပေါ်လာကြရသော တရားများ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့ဟူ၍လည်း ခေါ်ဆို၏။ ယင်း သင်္ခါရတရား တို့ကား သစ္စာဒေသနာတော်နည်းအရ ဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားစုတို့သာ ဖြစ်ကြ၏။

ယင်းသင်္ခါရတရားစုတို့၏ ----

၁။ ဖြစ်ခြင်း-ပျက်ခြင်းသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း,

၂။ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရမှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဒုက္ခဟုလည်းကောင်း,

၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအနေဖြင့် တည်နေသည့် အတ္တမဟုတ်သည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း ----

ဤသို့ စသည်တို့၏ အစွမ်းဖြင့် အထူးထူးသော အခြင်းအရာတို့ဖြင့် သင်္ခါရတရားတို့ကို ရှုတတ်သော ဉာဏ်ပညာသည်သာလျှင် ဝိပဿနာဟူသော အမည်ထူးကို ခံယူထိုက်သောကြောင့် ဖြစ်၏။

သို့အတွက် ဝိပဿနာစခန်းဟူသော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိစသော ဝိသုဒ္ဓိစခန်းများသို့ တက်လှမ်းလို သော ယောဂါဝစရပုဂ္ဂိုလ်သည် ----

၁။ နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဒိဋ္ဌိဝိသုဒ္ဓိ,

၂။ ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ကင်္ခါဝိတရဏဝိသုဒ္ဓိတို့ကို ပြည့်စုံပြီး ဖြစ်ရမည်။ ဉာဏ်အမြင် သန့်ရှင်းပြီး ဖြစ်ရမည်။ အကြောင်းမူကား ယင်းဝိသုဒ္ဓိနှစ်ပါးတွင် အကျုံးဝင်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကိုပင် လက္ခဏာယာဉ်သုံးချက် တင်၍ ဝိပဿနာရှုရမည် ဖြစ်သောကြောင့်တည်း။

ထိုသို့ ဝိပဿနာရှုရာ၌ ----

၁။ ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို,

၂။ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကို - ထိုတွင်လည်း ----

၃။ ရံခါ ရုပ်တရားတို့ကို,

၄။ ရံခါ နာမ်တရားတို့ကို ---- လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

အတိတ်၌လည်း နည်းတူ အနာဂတ်၌လည်း နည်းတူ ရှုရမည် ဖြစ်သည်။ တစ်ဖန် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် တို့ကိုလည်း ဝိပဿနာရှုရန် သမ္မသနဉာဏ်ပိုင်း (ဝိသုဒ္ဓိ၊၂၊၂၄၄။), ဥဒယဗ္ဗယဉာဏ်ပိုင်း (ဝိသုဒ္ဓိ၊၂၊၂၆၅။) စသည်တို့၌လည်း ညွှန်ကြားထား၏။

သို့အတွက် ဝိပဿနာဟူသည် ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်း တစ်လှည့် အကျိုးတစ်လှည့် လှည့်လည်၍ လက္ခဏာရေးသုံးတန်တွင်လည်း အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် တစ်လှည့်စီတင်၍ ရှုပွားနေရသော လုပ်ငန်းရပ် ဖြစ်သဖြင့် ထိုဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော သမာဓိကိုလည်း (သမထပိုင်း၌ကဲ့သို့ သမထနိမိတ်အာရုံတစ်ခုတည်းပေါ်၌ စူးစူးစိုက်စိုက် တည်နေသော သမာဓိမျိုး မဟုတ်သဖြင့်) ခဏိကသမာဓိဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။

သို့သော် ယင်းသို့ စနစ်တကျ ဝိပဿနာရှုနိုင်ရေးမှာ မုချအားဖြင့်လည်းကောင်း ဥပစာရအားဖြင့်လည်းကောင်း ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိကိုလည်းကောင်း, အပ္ပနာသမာဓိ အမည်ရသော ရူပါဝစရသမာဓိ အရူပါဝစရသမာဓိ တစ်မျိုးမျိုးကိုသော်လည်းကောင်း ဝိပဿနာ၏ အခြေပါဒကပြု၍ ကာလ သုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏ -ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် နေရာတကျ သိမ်းဆည်းထားနိုင်သော သိမ်းဆည်းထားပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးသော အချိန်မရွေး လွယ်ကူစွာ သိမ်းဆည်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်ပေ သည်။ ယင်းတရားတို့ကို မသိမ်းဆည်းနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာကား မဟုတ်ပေ။

သို့အတွက် ဥပစာရသမာဓိ အပ္ပနာသမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဝိပဿနာ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကိုသာလျှင် ဝိပဿနာအခိုက်၌ ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည် မှတ်ပါ။

ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း မမြင်သေး၊ ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း ပရမတ်သို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုတတ်သေး မရှုနိုင်သေး ဓာတ်မခွဲတတ်သေး၊ ကာလသုံးပါး၌ အကြောင်းတရားအဆက်ဆက် အကျိုးတရားအဆက်ဆက်ကို မသိမ်းဆည်းတတ်သေး မရှုတတ်သေးသဖြင့် ပရမတ်အစစ် ဖြစ်သော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို လက္ခဏာရေးသုံးတန်တင်၍ ဝိပဿနာ မရှုနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်၌ ဖြစ်ပေါ်နေသော သမာဓိမျိုးကို ဝိပဿနာနယ်ပယ်၌ ခဏိကသမာဓိဟူ၍ မခေါ်ဆိုထိုက်သေးသည်ကိုကား စွဲမြဲစွာ သတိပြု၍ မှတ်သားလေရာသည်။

ဤ အထက်ပါ ခဏိကသမာဓိ အယူအဆနှင့် ပတ်သက်၍ ဘဝင် မကျနိုင်သေး ဖြစ်ခဲ့ပါလျှင် အောက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာ အဆိုအမိန့်တို့ကို ဆက်လက်၍ ဖတ်ရှုပါ။

ခဏိကစိတ္တေကဂ္ဂတာ-သမာဓိ

ခဏိကစိတ္တေကဂ္ဂတာ-သမာဓိ

သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊ သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၉။ မ၊၃၊၁၂၅။)

သမာဒဟံ စိတ္တန္တိ ပဌမဇ္ဈာနာဒိဝသေန အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ (မဟာဋီ၊၁၊၃၄၂။)

ဤ အထက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ဘုရားရှင်သည် အာနာပါနကမ္မဋ္ဌာန်း ရှုပွားပုံကို စတုက္ကလေးမျိုးတို့ဖြင့် ပိုင်းခြား၍ (၁၆)မျိုးသော အခြင်း အရာတို့ဖြင့် ပွားများအားထုတ်ပုံ နည်းစနစ်များကို ဥပရိပဏ္ဏာသပါဠိတော် အာနာပါနဿတိသုတ္တန်စသော ထိုထို သုတ္တန်တို့၌ အရဟတ္တဖိုလ်ပေါက် ဟောကြားထားတော်မူခဲ့၏။ ထိုတွင် ----

၁။ ပထမစတုက္ကကို ကာယာနုပဿနာ၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏။

တစ်ဖန် အာနာပါနစျာန်ကို ရရှိပြီးသော ယောဂါဝစရသူတော်စင် ပုဂ္ဂိုလ်အတွက် ----

၂။ ဒုတိယစတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်,

၃။ တတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့်,

၄။ စတုတ္ထစတုက္ကကို ဓမ္မာနုပဿနာ၏ အစွမ်းဖြင့် ----

အသီးအသီး ခွဲခြမ်းဝေဖန်၍ ဟောကြားထားတော်မူ၏။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

(အကျယ်ကား ဤကျမ်းစာ၏ နောက်ပိုင်းတွင် ထင်ရှားလတ္တံ့။)

ထိုတွင် စိတ္တာနုပဿနာ၏အစွမ်းဖြင့် ဟောကြားထားတော်မူအပ်သော တတိယစတုက္ကတွင် အကျုံးဝင်သော တတိယမြောက် ညွှန်ကြားချက်မှာ ဤသို့ ဖြစ်၏။

သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊

သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၃၊၁၂၅။)

= အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (ကျင့်ပါ။)

အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှု ထားလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (ကျင့်ပါ။) (မ၊၃၊၁၂၅။)

ဤ အထက်ပါ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ဝယ် အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှု ထားပုံနှင့် ပတ်သက်၍ အဋ္ဌကထာဆရာတော်က ----

၁။ သမာဓိ၏ အစွမ်းဖြင့် စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံ,

၂။ ဝိပဿနာ၏ အစွမ်းဖြင့် စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံဟု နှစ်မျိုးခွဲခြား၍ ဖွင့်ဆိုထားတော် မူ၏။ (ဝိသုဒ္ဓိ၊၁၊၂၈၁ - ကြည့်။)

၁။ ထိုတွင်သမာဓိ၏ အစွမ်းဖြင့် စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံမှာ ဤသို့ ဖြစ်၏။ အထူးသဖြင့် ကြည်လင်သန့်ရှင်း တောက်ပလျက်ရှိသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပထမစျာန်သမာဓိ ဒုတိယစျာန် သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို အသီးအသီး တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်စေလျက် ပထမစျာန် သမာပတ် ဒုတိယစျာန်သမာပတ် တတိယစျာန်သမာပတ် စတုတ္ထစျာန်သမာပတ်တို့ကို အစဉ်အတိုင်း တစ်ဆင့်ပြီး တဆင့် ဝင်စားလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ခဲ့သော် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ သမထဘာဝနာစိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားသည် မည်၏။ ဤကား သမာဓိ၏ အစွမ်းဖြင့် အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံတည်း။

၂။ ဝိပဿနာ၏ အစွမ်းဖြင့် အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားပုံမှာ ဤသို့ ဖြစ်၏။

(က) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပထမစျာန်ကို ဝင်စား၏။ ယင်းပထမစျာန်မှ ထ၍ ယင်းပထမ စျာန်နှင့် ယှဉ်သောစိတ်ကို [စျာန်စိတ်ကို အဦးမူ၍ (၃၄)လုံးသော စျာန်နှင့်ယှဉ်သော စျာနသမ္ပယုတ် တရားစုကို] ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာ ရေး သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။

( ခ ) အလားတူပင် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဒုတိယစျာန်ကို ဝင်စား၏။ ယင်း ဒုတိယစျာန် မှ ထ၍ ယင်းဒုတိယစျာန်နှင့်ယှဉ်သော စိတ်ကို [စျာန်စိတ်ကို အဦးမူ၍ (၃၂)လုံးသော စျာန်နှင့်ယှဉ်သော စျာနသမ္ပယုတ်တရားစုကို] ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။

( ဂ ) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ တတိယစျာန်ကို ဝင်စား၏။ ယင်းတတိယစျာန်မှ ထ၍ စျာန်နှင့် ယှဉ်သော စျာနသမ္ပယုတ်စိတ်ကို [စျာန်စိတ်ကို အဦးမူ၍ (၃၁)လုံးသော စျာန်နှင့်ယှဉ်သော စျာန သမ္ပယုတ်တရားစုကို] ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။

(ဃ) အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ စတုတ္ထစျာန်ကို ဝင်စား၏။ ယင်းစတုတ္ထစျာန်မှ ထ၍ စတုတ္ထ စျာန်နှင့်ယှဉ်သော စျာနသမ္ပယုတ်စိတ်ကို [စျာန်စိတ်ကို အဦးမူ၍ (၃၁)လုံးသော စျာန်နှင့်ယှဉ်သော စျာနသမ္ပယုတ်တရားစုကို] ကုန်တတ် ပျက်တတ်သော ခယ-ဝယသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်၍ ဝိပဿနာရှု၏။

[မှတ်ချက် ---- (၃၄) (၃၂) (၃၁) (၃၁) ဟူသော စျာနသမ္ပယုတ် စိတ်+စေတသိက်တို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်း တွင် အကျယ်ဖော်ပြမည် ဖြစ်ပါသည်။ ထိုအပိုင်းတွင် ကြည့်ပါ။]

ထိုသို့ ဝိပဿနာရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာခဏ၌ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတို့ကို ယင်းစျာန်နာမ်တရားတို့၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အဖန်ဖန် အထပ်ထပ် ထိုးထွင်း၍ သိမြင်နေခြင်းဖြင့် ခဏိကစိတ္တေကဂ္ဂတာ အမည်ရသော ခဏမျှ တည်ခြင်းသဘောရှိသော ကာမာဝစရ ခဏိကသမာဓိသည် ဖြစ်ပေါ်လာ၏။ ယင်းသို့ ဖြစ်ပေါ်လာသော ခဏိကစိတ္တေကဂ္ဂတာ အမည်ရသော ကာမာဝစရ ခဏိကသမာဓိ၏ အစွမ်းဖြင့်လည်း သင်္ခါရနိမိတ်အာရုံ၌ (= အာနာပါနစျာန်စိတ်ဟူသော သင်္ခါရနိမိတ် အာရုံ၌) ဝိပဿနာဘာဝနာစိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားသော ယောဂါဝစရ ရဟန်းကို အာရုံ၌ စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်နေ၏ဟူ၍ ခေါ်ဆိုအပ်ပေသည်။

ခဏိကစိတ္တေကဂ္ဂတာ - ဟူသည် ခဏမျှ တည်ခြင်းသဘောရှိသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော ကာမာဝစရသမာဓိတည်း။

သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ အဆိုအမိန့်အရ ဝိပဿနာဉာဏ်ဟူသည်မှာလည်း ပုထုဇန် သေက္ခတို့အဖို့ မဟာကုသိုလ် ကာမာဝစရ မနောဒွါရိကဇောဝီထိ စိတ်အစဉ်သာ ဖြစ်သဖြင့် ယင်း ဝိပဿနာ ဉာဏ်နှင့်ယှဉ်သော သမာဓိမှာလည်း ကာမာဝစရသမာဓိပင် ဖြစ်၏။ ထိုသမာဓိသည်လည်း သင်္ခါရအာရုံ၌ အခြား မရှိ ရှေးသမာဓိနှင့် နောက်သမာဓိ ဆက်စပ်လျက် အနိစ္စအခြင်းအရာအားဖြင့် ဖြစ်စေ, ဒုက္ခအခြင်းအရာအားဖြင့် ဖြစ်စေ, အနတ္တအခြင်းအရာအားဖြင့် ဖြစ်စေ တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် အဆက်မပြတ် ဆက်တိုက် ဖြစ်နေလတ်သော် ဆန့်ကျင်ဘက် နီဝရဏတရားတို့က မလွှမ်းမိုးနိုင်၊ မဖိစီးနိုင်၊ မလွှမ်းမိုးအပ် မဖိစီးအပ်သည် ဖြစ်၍ သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဟူသော အာရုံ၌ ရှေးရှုတင်ထားဘိသကဲ့သို့ ဝိပဿနာဘာဝနာစိတ်သည် တုန်လှုပ်မှု မရှိဘဲ စွဲမြဲစွာ တည်နေပေသည်။ ထို့ကြောင့် ယင်းသမာဓိမျိုးကို ခဏိကစိတ္တေကဂ္ဂတာသမာဓိ သို့မဟုတ် ခဏိကသမာဓိဟူ၍ ခေါ်ဆိုခြင်း ဖြစ်ပေ သည်။ ဤကား အထက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ ဆိုလိုရင်းတည်း။

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၌ ဝိပဿနာ၏ အခြေပါဒကဖြစ်သော စျာန်ကို ဝင်စား၍ ထိုစျာန်မှထ၍ ထိုစျာန်အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ရှုပွားသုံးသပ် နေသော ဝိပဿနာအခိုက်၌ တည်ရှိသော သမာဓိကိုသာလျှင် ခဏိကစိတ္တေကဂ္ဂတာသမာဓိ (= ခဏိကသမာဓိ) ဟု ခေါ်ဆိုထားသည်ကို သတိပြု၍ မှတ်သားထားပါ။ အပ္ပနာစျာန်စိတ် ဖြစ်ခိုက်ကိုသာ အပ္ပနာသမာဓိဟု ခေါ်ဆို နိုင်၏။ အပ္ပနာစျာန်နှင့် ကပ်လျက်ရှိသော သမာဓိကိုသာ ဥပစာရသမာဓိဟု မုချအားဖြင့် ခေါ်ဆိုနိုင်၏။ စျာန်မှ ထ၍ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက်၌ကား မူလ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုသည် မဟုတ်၊ အာနာပါနစျာန် နာမ်တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာ တစ်မျိုးမျိုးကိုသာ အာရုံပြုနေသဖြင့် အပ္ပနာ သမာဓိ ဥပစာရသမာဓိဟု မခေါ်ဆိုနိုင်ဘဲ ခဏိကသမာဓိဟူ၍ ခေါ်ဆိုခြင်း ဖြစ်ပေသည်။ တစ်ဖန် ဘုရားရှင်သည် အာနာပါနစတုတ္ထစတုက္က၌ ----

အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊ အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။ (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၉။ မ၊၂၊၈၉။ မ၊၃၊၁၂၅။)

အနိစ္စဟု အဖန်ဖန် ရှု၍ ဝင်လေ-ထွက်လေကို ဖြစ်အောင် ကျင့်ရန် ညွှန်ကြားထားတော်မူ၏။ ထိုတွင် အနိစ္စဟု ရှုရမည့်တရားများကို ဤသို့ ဖွင့်ဆိုထားတော်မူ၏။ ----

အနိစ္စန္တိ ပဉ္စက္ခန္ဓာ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၄၇။)

တတ္ထ အနိစ္စဿ, အနိစ္စန္တိ ဝါ အနုပဿနာ အနိစ္စာနုပဿနာ။ တေဘူမကဓမ္မာနံ အနိစ္စတံ ဂဟေတွာ ပဝတ္တာယ ဝိပဿနာယ ဧတံ နာမံ။ (မဟာဋီ၊၁၊၃၄၃။)

အနိစ္စဟူသည် ကာမ-ရူပ-အရူပ ဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော ဥပါဒါနက္ခန္ဓာငါးပါးတို့ ဖြစ် ကြောင်းကို ဖွင့်ဆိုထားတော်မူ၏။ သို့အတွက် ပကိဏ္ဏကသင်္ခါရ အမည်ရသော ဘုံသုံးပါးအတွင်းရှိ သင်္ခါရ တရားတို့ကို ဝိပဿနာ ရှုခိုက်၌ ထိုသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်း အရာ၌ ကောင်းစွာ တည်နေသော သမာဓိကိုလည်း ခဏိကသမာဓိဟူ၍ပင် ခေါ်ဆိုနိုင်ပေသည်။ အပ္ပနာစျာန် ကို ဝင်စားနေသည် မဟုတ်ခြင်းကြောင့် ဥပစာရသမာဓိ အပ္ပနာသမာဓိဟူ၍ကား မခေါ်ဆိုနိုင်ပေ။

[ပကိဏ္ဏကသင်္ခါရေတိ ပါဒကဇ္ဈာနတော အညသင်္ခါရေ။ တေန ပါဒကဇ္ဈာနသင်္ခါရေသု သမ္မသိတေသု ဝတ္တဗ္ဗမေဝ နတ္ထီတိ ဒေဿတိ။ (မူလဋီ၊၁၊၁၁၆။)

ပကိဏ္ဏကသင်္ခါရ (= ပြိုးပြွမ်းသော သင်္ခါရ) ဟူသည် ဝိပဿနာ၏ အခြေပါဒက ဖြစ်သော (အာနာပါန စျာန်ကဲ့သို့သော) စျာန်မှတစ်ပါးသော အခြားသင်္ခါရတရားတို့တည်း။ ဝိပဿနာ၏ အခြေပါဒက ဖြစ်သော (အာနာပါနစျာန်ကဲ့သို့သော) စျာန်သင်္ခါရတရားတို့၌ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းတို့၌ ဆိုဖွယ်ရာပင် မရှိဟု ပြ၏။ (မူလဋီ၊၁၊၁၁၆။)]

အလားတူပင် မုချအားဖြင့် ဖြစ်စေ, သဒိသူပစာရအားဖြင့် ဖြစ်စေ ဥပစာရသမာဓိ အမည်ရသော အထွတ် အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိသည်လည်း စိတ္တဝိသုဒ္ဓိမည်ကြောင်း (ဝိသုဒ္ဓိ၊၂၊၂၂၂)တွင် ဖွင့်ဆို ထားသဖြင့် ယင်း ဥပစာရသမာဓိကို ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်၍ ထိုသမာဓိမှ ထလျက် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းပြီးလျှင် ယင်းသင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခိုက် ယင်းဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကိုလည်း ခဏိကစိတ္တေကဂ္ဂတာသမာဓိ = ခဏိကသမာဓိဟူ၍ပင် ခေါ်ဆိုနိုင်ပေသည်။ အထက်တွင် ဖော်ပြခဲ့သော (မဟာဋီ၊ ၁၊၁၅။) အဆိုအမိန့်ကို ထောက်ပါ။ ဤကား ဝိပဿနာအခိုက်၌ မည်သည့်သမာဓိကို ခဏိကသမာဓိဟု ခေါ်ဆိုကြောင်း ရှင်းလင်းချက်များတည်း။

လိုရင်းအချုပ် မှတ်သားရန်

လိုရင်းအချုပ် မှတ်သားရန်

၁။ သမထပိုင်း၌ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်၏ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ မုချအားဖြင့် ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၄၀ - အဆိုအမိန့်ကို ထောက်ပါ၊၊)

အလားတူပင် ဗုဒ္ဓါနုဿတိ အစရှိသော ဥပစာရကမ္မဋ္ဌာန်း တစ်ခုခုကို အခြေခံ၍ ထူထောင်ထားသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ, မုချအားဖြင့် ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည်ဟု မှတ်ပါ။

၂။ ဝိပဿနာပိုင်း၌ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်၏ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ထိုသမာဓိကို သို့မဟုတ် ထိုဥပစာရစျာန်ကို ဝင်စား၍ ထိုသမာဓိ မှ သို့မဟုတ် ထိုဥပစာရစျာန်မှ ထ၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ထိုသင်္ခါရအာရုံပေါ်၌ ကျရောက် လျက်ရှိသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကိုလည်း ခဏိကသမာဓိဟူ၍ခေါ်ဆိုသည် မှတ်ပါ။

၃။ တစ်ဖန် သမထပိုင်း၌ သမထယာနိကပုဂ္ဂိုလ်၏ ဥပစာရသမာဓိနှင့် နီးကပ်လျက်ရှိသော ရင့်ကျက်နေသော ပရိကမ္မသမာဓိကိုလည်း ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည် မှတ်ပါ။

၄။ တစ်ဖန် ဝိပဿနာပိုင်း၌ သမထယာနိကပုဂ္ဂိုလ်၏ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ထိုဥပစာရစျာန် သို့မဟုတ် အပ္ပနာစျာန်ကို ဝင်စား၍ ထိုစျာန်မှ ထ၍ သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ထိုသင်္ခါရအာရုံပေါ်၌ ကျရောက်လျက်ရှိသော ထိုသင်္ခါရတရား တို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ကောင်းစွာ တည် နေသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိကိုလည်း ခဏိကသမာဓိဟူ၍ ခေါ်ဆိုသည်ဟု မှတ်ပါ။

ဤအထက်ပါ အရပ်ရပ်သော သတ်မှတ်ချက်များအရ ----

၁။ ဝိပဿနာ၏ အခြေပါဒက ဖြစ်နိုင်သော သဒိသူပစာရအားဖြင့် ဖြစ်စေ မုချအားဖြင့် ဖြစ်စေ ဥပစာရသမာဓိ အမည်ရသော သမာဓိကိုလည်းကောင်း, အပ္ပနာသမာဓိ အမည်ရသော စျာန်သမာဓိ တစ်မျိုးမျိုးကိုသော် လည်းကောင်း - ဤ ဥပစာရသမာဓိ အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုလည်း မထူထောင်ဘဲ မရရှိသေးဘဲ ----

၂။ ရုပ်ကလာပ် နာမ်ကလာပ်ကိုလည်း မမြင်သေးဘဲ မြင်သော်လည်း ရုပ်ကလာပ် နာမ်ကလာပ်ကို ဓာတ်မခွဲနိုင် သေးသဖြင့် ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကိုလည်း မသိသေးဘဲ ----

၃။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးလုံး၌ အကြောင်းတရား-အကျိုးတရားတို့ကို မသိမ်းဆည်း နိုင်သေးဘဲ = ရုပ်-နာမ် ပရမတ်တရားတို့၏ ကာလသုံးပါးအတွင်း၌ ကြောင်း-ကျိုးဆက်နွယ်လျက် ဖြစ်နေမှု ကြောင်း-ကျိုး-ဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်း ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် အောင် မရှုတတ်သေးဘဲ မရှုနိုင်သေးဘဲ ----

မသိမှုတွေ တစ်ပုံကြီး ထမ်း၍ ကမ္မဋ္ဌာန်းကျောင်းအတွင်းသို့ ဝင်ရောက်လျက် ထိုင်နေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌ ထိုင်လျှင်ထိုင်ချင်း ချက်ချင်း ခဏိကသမာဓိ မဖြစ်နိုင်သေးသည်ကိုကား နိဗ္ဗာန်ကို အစစ်အမှန် လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် သဘောပေါက်လေရာသည်၊ လက်ခံလေရာ သည်။ အကြောင်းမူ သမထပိုင်းတွင်လည်း ခဏိကသမာဓိ ဖြစ်နိုင်လောက်သည့် သမထနိမိတ်တစ်ခုခုကို နည်းမှန် လမ်းမှန် ဒေသနာတော်မျဉ်းကြောင်းအတိုင်း မတိမ်းမစောင်းဘဲ နှလုံးသွင်းရှုပွားနိုင်ပါမှ, ဝိပဿနာပိုင်းတွင်လည်း ပရမတ်အစစ် ဖြစ်သော ဃန အသီးအသီး ပြိုနေသော သင်္ခါရနိမိတ် အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး-သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး နှလုံးသွင်းနိုင် ဝိပဿနာရှုပွားသုံး သပ်နိုင်ပါမှ ခဏိကသမာဓိ ဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်း သည် သမာဓိထူထောင်မှုကို စက်ဆုပ်နေသေးလျှင် အောက်ပါ လက္ခဏာရေးသုံးတန် အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

လက္ခဏာရေး သုံးတန်

လက္ခဏာရေး သုံးတန်

ဧကော အာဒိတောဝ အနိစ္စတော သင်္ခါရေ သမ္မသတိ။ ယသ္မာ ပန န အနိစ္စတော သမ္မသနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ ဒုက္ခတောပိ အနတ္တတောပိ သမ္မသိတဗ္ဗမေဝ၊ တသ္မာ ဒုက္ခတောပိ အနတ္တတောပိ သမ္မသတိ။ တေဿဝံ ပဋိပန္နဿ အနိစ္စတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ အနိစ္စတော ဝုဋ္ဌာတိ နာမ။

သစေ ပနဿ ဒုက္ခတော အနတ္တတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ ဒုက္ခတော အနတ္တတော ဝုဋ္ဌာတိ နာမ။ ဧသ နယော ဒုက္ခတော အနတ္တတော အဘိနိဝိသိတွာသေသဝုဋ္ဌာနေသုပိ။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)

= တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာကို ရှေးဦးစွာ အားထုတ်ခါစ၌မှာပင် ဒုက္ခသစ္စာ သမုဒယ သစ္စာ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှု ဥဒယ ဝယ သဘောကိုလည်းကောင်း, ယင်းသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက်နေသည့် ခယ-ဝယ သဘောကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု သုံးသပ်ရှုပွား၏။ သို့သော် အနိစ္စဟု သုံးသပ် ရှုပွားနေရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် သို့မဟုတ် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် မဖြစ် ပေါ်နိုင်။ ထိုသင်္ခါရတရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရမှုသဘောကို လည်းကောင်း, ထိုသင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း သုံးသပ်ရှုပွား၏။ ဤသို့ ကျင့်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အနိစ္စဟု ရှုပွား သုံးသပ်ခိုက်၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် သို့မဟုတ် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ ငြားအံ့၊ ဤယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စဟု သင်္ခါရတရားတို့ကို စတင်နှလုံးသွင်းရှုပွား၍ အနိစ္စအားဖြင့် သင်္ခါရ တရားတို့မှ ထသည် မည်၏။

နောက်တစ်မျိုးကား ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် အကယ်၍ ဒုက္ခဟု သို့မဟုတ် အနတ္တဟု သုံးသပ် ရှုပွားခိုက်၌် ဝုဋ္ဌာနဂါမိနိဝိပဿနာသည် သို့မဟုတ် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာငြားအံ့၊ ဤယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စဟု သင်္ခါရတရားတို့ကို စတင် နှလုံးသွင်းရှုပွား၍ ဒုက္ခအားဖြင့် သို့မဟုတ် အနတ္တအားဖြင့် သင်္ခါရတို့မှ ထသည် မည်၏။ ဒုက္ခဟု သို့မဟုတ် အနတ္တဟု သင်္ခါရတရားတို့ကို စတင် နှလုံးသွင်း၍ ကြွင်းသော သင်္ခါရတို့မှ ထခြင်းတို့၌လည်း ဤနည်းတူပင် သိရှိပါလေ။ (ဝိသုဒ္ဓိ၊၂၊၃၀၁။)

[မှတ်ချက် ---- ဝုဋ္ဌာနဂါမိနိဝိပဿနာဟူသည် သင်္ခါရတရားတို့မှ လွတ်ရာ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် ယင်းမဂ္ဂဝီထိ၏ ရှေး၌ ကပ်လျက်ရှိသော မနောဒွါရိက ဝိပဿနာဇော ဝီထိ အနည်းငယ် တစ်ခု နှစ်ခုကို ဆိုလိုပေသည်။]

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအရ သင်္ခါရတရားတို့ကို အနိစ္စသက်သက်ရှုရုံဖြင့် ဒုက္ခသက်သက်ရှုရုံဖြင့် အနတ္တသက်သက်ရှုရုံဖြင့်ကား အရိယမဂ်သို့ မဆိုက်နိုင်၊ လက္ခဏာရေးသုံးတန်လုံးစုံအောင် လှည့်လည်၍ သုံးသပ် ရှုပွားနိုင်မှသာလျှင် အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည်ဟု မှတ်သားပါ။ အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတို့၌ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်များနှင့် ဂင်္ဂါရေနှင့် ယမုနာရေ ရောလိုက်က တစ်သားတည်း ဖြစ်သွားသကဲ့သို့ ညီညွတ်နေသော အဆုံးအဖြတ်များပင် ဖြစ်ကြသည်။ ဘုရားရှင်ကလည်း သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်၍ ဝိပဿနာရှုပွားရန် ညွှန်ကြားတော်မူ၏။ (အနတ္တလက္ခဏသုတ္တန် စသည်ကို ထောက်ရှုပါ။) အဋ္ဌကထာများကလည်း လက္ခဏာရေးသုံးတန် စုံအောင် ရှုပွား သုံးသပ်ပါမှ အရိယမဂ် သို့ ဆိုက်နိုင်မည်။ လက္ခဏာတစ်မျိုးတည်း တင်၍ သုံးသပ်ရှုပွားနေရုံမျှဖြင့်ကား အရိယမဂ်သို့ မဆိုက်နိုင်ဟု ဆုံးဖြတ်တော်မူ၏။ မြဲရာ၌ သံပတ်, တင်းရာ၌ သပ်ပင်းဟူ၏သို့ ဘုရားဟောဒေသနာတော်ကို ပို၍ ခိုင်ခံ့အောင် ချည်နှောင် တုတ်နှောင်ထားသော အဆုံးအဖြတ်များပင် ဖြစ်ကြသည်။ အကြောင်းကား ဤသို့ ဖြစ်၏။

ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

ဆိုလိုရင်း ----

၁။ အနိစ္စာနုပဿနာဉာဏ်က မာနစွဲကို ပယ်ခွာနိုင်၏။

၂။ ဒုက္ခာနုပဿနာဉာဏ်က နိကန္တိခေါ် တဏှာစွဲကို ပယ်ခွာနိုင်၏။

၃။ အနတ္တာနုပဿနာဉာဏ်က အတ္တစွဲကို ပယ်ခွာနိုင်၏။

ထိုသို့ ပယ်ရာ၌ အနုပဿနာဉာဏ်တစ်ပါးကို ကျန်အနုပဿနာဉာဏ် နှစ်ပါးက အားကြီးသော မှီရာ ဥပ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ = အနုပဿနာဉာဏ်တစ်ပါးသည် ကျန်အနုပဿနာဉာဏ် နှစ်ပါးတို့၏ အားပေးထောက်ပံ့မှုဟူသော အားကြီးသော မှီရာကို ရရှိပါမှ ထိုအနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏၊ ရဲရင့်လာ၏၊ သန့်ရှင်းလာ၏၊ တိုးတက်ကြီးပွားလာ၏၊ ဘာဝနာအရှိန် အားကောင်းလာ၏။ ထိုသို့ ထက်မြက်စူးရှ လာသော ရဲရင့်လာသော သန့်ရှင်းလာသော တိုးတက်ကြီးပွားလာသော ဘာဝနာအရှိန် အားကောင်းလာသော အနုပဿနာဉာဏ်ကသာလျှင် ဆိုင်ရာ ဆိုင်ရာ ကိလေသာအစွဲကို ဖြိုခွဲဖျက်ဆီးနိုင်ပေသည်။ (မဟာဋီ၊၂၊၄၁၅-၄၁၆ - ကြည့်ပါ။)

သို့သော် အနုပဿနာဉာဏ်တို့က ဆိုင်ရာ ဆိုင်ရာ ကိလေသာအစွဲတို့ကို ဖြိုခွဲဖျက်ဆီးရာ၌ တဒင်္ဂအားဖြင့်သာ ဖြိုခွဲဖျက်ဆီးနိုင်၏။ အရိယမဂ်ဉာဏ်ကသာလျှင် ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ဖြိုခွဲဖျက်ဆီးနိုင်ပေသည်။ သို့သော် အရိယမဂ်တရားတို့မည်သည် အနုပဿနာဉာဏ် အမည်ရသော ဝိပဿနာ ဉာဏ်တို့က အဆင့်ဆင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာနိုင်သော ဉာဏ်မျိုးဖြစ်၏။ သို့အတွက် ဘုရားရှင်သည် သုသိမသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူ၏။

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

= ချစ်သား သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာ တည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏။ နိဗ္ဗာန်တရားတော်မြတ်၌ အာရုံပြုသောအားဖြင့် သိသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)

သုသိမ ပရိဗိုဇ်ဘဝမှ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော သုသိမ ရဟန်းတော်က အရိယမဂ်ဉာဏ်သည် အဘိညာဏ်၏ အကျိုးဆက်ဟု ယူဆ၍ မေးမြန်းလျှောက်ထားလာသဖြင့် အရိယမဂ်ဉာဏ် သည် အဘိညာဏ်၏ အကျိုးဆက် မဟုတ်၊ သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်၏ အကျိုးဆက်သာ ဖြစ်သည်။ ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ပေါ်လာသော ဉာဏ်ဖြစ်သည်ဟု ပြန်လည်၍ မိန့်ကြားတော်မူသော စကားများ ဖြစ်ကြ၏။ (သုသိမသုတ္တန်အဋ္ဌကထာ၌ ကြည့်ပါ။)

သို့အတွက် အရိယမဂ်ဉာဏ်ကို လိုလား တောင့်တလျက် ရှိသော အသင် ယောဂီသူတော်ကောင်းသည် အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်ဟူသော အနုပဿနာဉာဏ်တို့ကို ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။

အနတ္တရောင်ခြည်တော်

အနတ္တရောင်ခြည်တော်

ထို လက္ခဏာရေး သုံးတန်တို့တွင် အနတ္တလက္ခဏာကား ဘုရားရှင်တို့ ပွင့်ထွန်းရာ သာသနာတွင်း၌သာ သတ္တဝါတို့ သိရှိခွင့် ရနိုင်သော လက္ခဏာတစ်မျိုး ဖြစ်၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အနတ္တလက္ခဏာကို ထင်ရှား ပြတော်မူလိုသည်ရှိသော် ----

၁။ အနိစ္စလက္ခဏာဖြင့်သော်လည်း ထင်ရှားပြတော်မူ၏။

၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်း ထင်ရှားပြတော်မူ၏။

၃။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ နှစ်မျိုးတို့ဖြင့်သော်လည်း ထင်ရှားပြတော်မူ၏။

ထိုသုံးမျိုးတို့တွင် အနိစ္စလက္ခဏာဖြင့် အနတ္တလက္ခဏာကို ထင်ရှားပြ၍ ဟောတော်မူပုံမှာ ဤသို့ ဖြစ်၏။

စက္ခု အတ္တာတိ ယော ဝဒေယျ၊ တံ န ဥပပဇ္ဇတိ။ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ။ ယဿ ခေါ ပန ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ၊ အတ္တာ မေ ဥပ္ပဇ္ဇတိ စ ဝေတိ စာတိ ဣစ္စဿ ဧဝမာဂတံ ဟောတိ၊ တသ္မာ တံ န ဥပပဇ္ဇတိ၊ စက္ခု အတ္တာတိ ယော ဝဒေယျ။ ဣတိ စက္ခု အနတ္တာ။ (မ၊၃၊၃၂၉ - ဆဆက္ကသုတ္တန်။)

= စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ) သည် အတ္တတည်းဟု တစ်ဦးတစ်ယောက်သော သူသည် ပြောဆိုလာ ငြားအံ့၊ ထိုပြောဆိုခြင်းသည် မဖြစ်သင့်၊ စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ )၏ ဖြစ်ခြင်းသည်လည်းကောင်း, ပျက်ခြင်း သည်လည်းကောင်း ထင်ရှား၏။ အကြင်တရားအား ဖြစ်ခြင်းသည်လည်းကောင်း ပျက်ခြင်းသည်လည်းကောင်း ထင်ရှား၏။ ထိုတရားကို (အတ္တဟုဆိုခဲ့လျှင်) ငါ၏အတ္တသည် ဖြစ်လည်း ဖြစ်၏၊ ပျက်လည်း ပျက်၏ဟု ဆိုရာ ရောက်၏၊ ထိုကြောင့်စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ ) သည် အတ္တတည်းဟု တစ်ဦးတစ်ယောက်သောသူသည် ပြောဆိုလာငြားအံ့၊ ထိုပြောဆိုခြင်းသည် မသင့်၊ ထိုကြောင့် စက္ခုအကြည်ဓာတ် (= စက္ခုဒွါရ ) သည် အနတ္တတည်း။ (မ၊၃၊၃၂၉။)

ဤဖော်ပြပါ ဆဆက္ကသုတ္တန်၌ အနိစ္စဖြင့် အနတ္တလက္ခဏာကို ထင်ရှားပြတော်မူ၏။

ရူပံ ဘိက္ခဝေ အနတ္တာ၊ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီတိ။ (သံ၊၂၊၅၅။ ဝိ၊၃၊၁၈။)

= ရဟန်းတို့ ...ရုပ်သည် အတ္တမဟုတ် = အနတ္တတည်း၊ ရဟန်းတို့ ...ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ဤ ရုပ်သည် နာကျင်ခြင်းငှာ မဖြစ်လေရာ၊ ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍ လည်း ရုပ်၌် (စီရင်၍) ရလေရာ၏။ ရဟန်းတို့ ...ရုပ်သည် အတ္တ မဟုတ်သောကြောင့် (= အနတ္တသာ ဖြစ် သောကြောင့်) နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟူ၍ လည်း ရုပ်၌ (စီရင်၍) မရအပ်။ (သံ၊၂၊၅၅။ ဝိ၊၃၊၁၈။)

ဤဖော်ပြပါ အနတ္တလက္ခဏသုတ္တန်၌ ဒုက္ခဖြင့် အနတ္တလက္ခဏာကို ထင်ရှားအောင် ညွှန်ကြားပြသတော် မူ၏။

ရူပံ ဘိက္ခဝေ အနိစ္စံ၊ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တဒနတ္တာ၊ ယဒနတ္တာ တံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။ (သံ၊၂၊၁၉။)

= ရဟန်းတို့ ...ရုပ်သည် အနိစ္စတည်း၊ အနိစ္စဖြစ်သော ထိုရုပ်သည် ဒုက္ခတည်း၊ ဒုက္ခဖြစ်သော ထိုရုပ်သည် အနတ္တတည်း။အနတ္တဖြစ်သော ထိုရုပ်ကို ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏အတ္တ မဟုတ်ဟု ဤသို့လျှင် မဖောက် မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဓာတ်ဖြင့် ရှုပါ။ (သံ၊၂၊၁၉။)

ဤအထက်ပါ ယဒနိစ္စသုတ္တန် စသည်တို့၌ အနိစ္စ-ဒုက္ခ နှစ်မျိုးတို့ဖြင့် အနတ္တလက္ခဏာကို ပေါ်လွင်ထင်ရှား အောင် ညွှန်ကြားပြသတော်မူသည်။ အဘယ်အကြောင်းကြောင့် ထိုကဲ့သို့ ညွှန်ကြားပြသနေရသနည်းဟူမူ အနိစ္စ ဒုက္ခ လက္ခဏာ နှစ်ပါးတို့၏ လောက၌ ပေါ်လွင်ထင်ရှားသောကြောင့် ဖြစ်၏။

လက်ထဲမှ အိုးခွက် ပန်းကန် စသော တစ်စုံ တစ်ခုသော ပစ္စည်းဝတ္ထု လွတ်ကျ၍ ကွဲသွားခဲ့သော် အဟော အနိစ္စံ = ဩော် ...အနိစ္စဟု လောက၌ ပြောဆိုကြ၏။ ဤသို့လျှင် အနိစ္စလက္ခဏာသည် လောက၌ ထင်ရှားသည် မည်၏။ တစ်ဖန် မိမိ ခန္ဓာကိုယ်အတ္တဘော၌ ထွတ်မြင်း အိုင်းအမာနာစသည့် အနာများဖြစ်ပေါ်လာသော်လည်းကောင်း, သစ်ငုတ်ဆူးငြှောင့်စသည် အစူးခံရ အတိုက်ခံရကုန်သော်လည်းကောင်း အဟော ဒုက္ခံ = ဩော်... ဒုက္ခဟု လောက၌ ပြောဆိုကြ၏။ ဤသို့လျှင် လောက၌ ဒုက္ခလက္ခဏာသည် ထင်ရှားသည် မည်၏။

အနတ္တလက္ခဏာကား မထင်ရှားပေ။ ပညာမျက်စိ မရှိသူတို့အဖို့ အမိုက်တိုက်ကြီးအတိသာ ဖြစ်၏၊ ဉာဏ်၌ မထင်လွယ်သော လက္ခဏာ ဖြစ်၏၊ ထိုးထွင်းသိနိုင်ခဲ၏၊ ထင်ရှားပြသရန် ခဲယဉ်း၏၊ ပညတ်တင်၍ ဟောကြား ပြသခြင်း အသိပေးခြင်းငှာ ခက်ခဲလှ၏။

အနိစ္စဒုက္ခလက္ခဏာနိ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ပညာယန္တိ၊ အနတ္တလက္ခဏံ ဝိနာ ဗုဒ္ဓုပ္ပါဒါ န ပညာယတိ၊ ဗုဒ္ဓုပ္ပါဒေယေဝ ပညာယတိ။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

= အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ နှစ်မျိုးတို့ကား ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာ အခါ၌လည်းကောင်း၊ ဘုရားရှင်တို့ မပွင့်ထွန်းရာအခါ၌သော်လည်းကောင်း လောက၌ ထင်ရှားကြကုန်၏။ အနတ္တလက္ခဏာသည်ကား ဘုရားရှင်တို့ ပွင့်ထွန်းတော်မူရာအခါနှင့် ကင်း၍ (= ဘုရားရှင်တို့ မပွင့်ထွန်းရာအခါ၌) မထင်ရှားပေ။ ဘုရားရှင် တို့ ပွင့်ထွန်းတော်မူရာအခါ၌သာလျှင် ထင်ရှားပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

သာသနာပအခါ တန်ခိုးအာနုဘော် ကြီးမားကြသည့် ရသေ့ပရိဗိုဇ် ဖြစ်ကြကုန်သော အလောင်းတော် သရဘင်္ဂ ဆရာရသေ့ စသည့် သူတော်ကောင်းတို့သော်မှလည်း အနိစ္စ-ဒုက္ခဟု ပညတ်တင်၍ ဟောကြားခြင်းငှာ စွမ်းနိုင်ကုန်ကြ၏။ အနတ္တဟု ပညတ်တင်၍ ဟောကြားခြင်းငှာ မစွမ်းနိုင်ခဲ့ကြကုန်။ အကယ်၍ ထိုသူတော်ကောင်း တို့သည်လည်း မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာကြကုန်သော ပရိသတ်တို့အား အနတ္တဟု ပညတ်တင်၍ ဟောကြားခြင်းငှာ စွမ်းနိုင်ကြကုန်ငြားအံ့။ မိမိထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်၏ မဂ်ဖိုလ်ကို ထိုးထွင်း သိမြင်ခြင်းသည် ဖြစ်ခဲ့ပေရာသည်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

အနတ္တလက္ခဏပညာပနဥှိ အညဿ ကဿစိ အဝိသယော၊ သဗ္ဗညုဗုဒ္ဓါနမေဝ ဝိသယော။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

= သို့သော် သာဝကတို့အား အနတ္တလက္ခဏာကို ပညတ်တင်၍ ဟောကြားပြသခြင်းသည်ကား အခြားတစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်၏အရာကား မဟုတ်၊ ခပ်သိမ်းဥဿုံ အလုံးစုံသော သိသင့်သိထိုက်သည့် ညေယျတရား မှန်သမျှကို အကုန်အစင် ကမ်းကုန်အောင် လမ်းဆုံးအောင် ထိုးထွင်း သိမြင်တော်မူသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏ အရာသာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၆။)

ဤသို့လျှင် အနတ္တလက္ခဏာသည် မထင်ရှားသော လက္ခဏာတစ်ခု ဖြစ်၏။ ထိုးထွင်း၍ သိနိုင်ခဲသော လက္ခဏာ တစ်ခု ဖြစ်၏။ ထင်ရှားပြနိုင်ခဲသော ပညတ်တင်၍ ဟောကြားပြသရန် ခက်ခဲသော လက္ခဏာတစ်ခု ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် အနတ္တလက္ခဏာကို ဟောကြားပြသတော်မူသည်ရှိသော် ----

၁။ အနိစ္စလက္ခဏာဖြင့်သော်လည်း ထင်ရှားပြ၍ ဟောတော်မူရ၏။

၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်း ထင်ရှားပြ၍ ဟောတော်မူရ၏။

၃။ အနိစ္စ ဒုက္ခ လက္ခဏာ နှစ်မျိုးဖြင့်သော်လည်း ထင်ရှားပြ၍ ဟောတော်မူရ၏။ (အဘိ၊ဋ္ဌ၊၂၊၄၆-၄၇။)

ထိုမျှ ခက်ခဲသော အနတ္တလက္ခဏာ မထင်ရှားပုံ ထင်ရှားပုံကိုလည်း ဤသို့ ရှင်းပြထား၏။

အနတ္တလက္ခဏံ နာနာဓာတုဝိနိဗ္ဘောဂဿ အမနသိကာရာ အပ္ပဋိဝေဓာ ဃနေန ပဋိစ္ဆန္နတ္တာ န ဥပဋ္ဌာတိ။ ပ ။ နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)

= အနတ္တလက္ခဏာသည် အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြု၍ နှလုံးမသွင်းခြင်းကြောင့် ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကို ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာသို့ဆိုက်အောင် ဉာဏ်ဖြင့် ထိုးထွင်းမသိခြင်းကြောင့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ် ဃန နာမ်ဃနသည် ဖုံးလွှမ်းထားအပ်သည် ဖြစ်သောကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏အသိဉာဏ်၌ မထင်ရှားလာခြင်း ဖြစ်သည်။

အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ အသီးအသီး ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ ခြင်းကို ပြု၍ (လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်ပရမတ် နာမ်ပရမတ် တစ်လုံးစီကို သိမ်းဆည်းခြင်း ဟူသော) ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ = ရုပ်ဃန နာမ်ဃန အတုံးအခဲတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်း လုပ်ငန်းရပ်ကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ အနတ္တဉာဏ်အမြင် အနတ္တရောင်ခြည်တော်သည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်တည်လာပေသည်။ ဤကား အထက်ပါ အဋ္ဌကထာများ၏ ဆိုလိုရင်းတည်း။

အကြောင်းပြချက်

အကြောင်းပြချက်

ရုပ်တရား နာမ်တရားတို့သည် ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ (ရူပါရူပကလာပုပ္ပါဒနံ - မဟာဋီ၊၂၊၂၃၅ - ဟူသော မဟာဋီကာ အသုံးအနှုန်းသို့ လိုက်၍ စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော အတူယှဉ်တွဲ ဖြစ်ကြသည့် နာမ်တရားစုကို နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။) ထိုရုပ်ကလာပ် နာမ်ကလာပ်တို့ကား ပရမတ်နယ်မြေ၌ အသေးဆုံး အဖွဲ့အစည်းများ ဖြစ်ကြ၏။ အသေးဆုံး အတုံးအခဲ ဖြစ်ကြ၏။ ထိုရုပ်ကလာပ် နာမ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သား အသီးအသီးတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းနိုင်ပါမှ ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများ ပြိုမည်၊ ဃနပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တလက္ခဏာသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာမည် ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။

ရုပ်ကလာပ် နာမ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ရှုနိုင်ခဲ့သော် ထိုရုပ်ကလာပ် နာမ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏတ္တယ = ခဏသုံးပါးအပေါင်းကိုလည်း မြင်တော့မည် ဖြစ်သည်။ ထိုရုပ်နာမ်ပရမတ်တရားတို့သည်ကား မဖြစ်မီ ရှေးအဖို့ကလည်း မရှိ၊ ဖြစ်ပြီးနောက်၌လည်း (အလောင်းကောင်များ စုပုံထပ်နေသလို) တစ်နေရာ၌ စုပုံနေသည် မရှိ၊ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုး၏ အလယ်၌သာလျှင် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအားဖြင့် အခိုက်အတန့် ထင်ရှားစွာ ပေါ်လာ ဖြစ်လာသော တရားစုများသာ ဖြစ်ကြသည်ကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် မြင်နေတော့မည် ဖြစ်၏။ ထိုတွင် နာမ်တရားတို့ကား ----

ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)

လက်ဖျစ်တစ်တွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အချိန်ကာလ အတော အတွင်း၌ အကြိမ်ပေါင်း သို့မဟုတ် စိတ္တက္ခဏပေါင်း သို့မဟုတ် နာမ်ကလာပ်ပေါင်း အကြိမ်ကုဋေတစ်သိန်းမျှ ဖြစ်၍ ချုပ်၏ဟု ဆို၏။ ဤအဆိုမှာ နာမ်တရားတို့၏ အလွန်လျင်မြန်စွာ ဖြစ်မှုကို ဦးတည်၍ မိန့်ဆိုသော စကားမျှသာ ဖြစ်သည်။ ဤအဆိုအမိန့်အရ နာမ်ကလာပ်တစ်ခုဟု ခေါ်ဆိုအပ်သော စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားစုတို့သည် တစ်စက္ကန့်ဟူသော အချိန်ကာလကို အကြိမ်ပေါင်း ကုဋေတစ်သိန်းခန့် ပုံခဲ့သော် တစ်ပုံခန့်မျှသာ အသက်ရှည်ကြရ၏။

တစ်ဖန် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့သည်လည်း စိတ္တက္ခဏပေါင်း = နာမ်ကလာပ်ပေါင်း (၁၇)ချက်ခန့်မျှသာ သက်တမ်းရှိကြ၏။ တစ်စက္ကန့်ဟူသော အချိန်ကာလကို ကုဋေ (၅၀၀၀) ကျော်ခန့် ပုံသော် တစ်ပုံခန့်မျှသာ အသက်ရှည်၏ဟု ဆိုလိုပေသည်။

ထိုမျှ သက်တမ်း အချိန်ကာလ တိုတောင်းကြကုန်သော ရုပ်ကလာပ် နာမ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရားစုတို့တွင် ဖြစ်ပြီးပါက မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အနေအားဖြင့် တည်နေသောအတ္တကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ပညာမျက်စိဖြင့် ရှာဖွေကြည့်သော်လည်း မတွေ့မမြင် ဖြစ်နေ၏။ (၃၁)ဘုံအတွင်း၌လည်း ရုပ်နာမ်က လွဲ၍လည်း ဘာမျှ ရှာမတွေ့ ဖြစ်နေ၏။ ထိုအခါတွင်မှ အနတ္တရောင်ခြည်တော်သည် ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့်ဖြင့် တင့်တယ်စမ္ပယ်စွာ ပေါ်ထွန်း ထွက်ပေါ် လာမည် ဖြစ်ပေသည်။

ဤသို့ အနတ္တဉာဏ်အမြင် ဆိုက်ရေးအတွက် ရုပ်ကလာပ် နာမ်ကလာပ်များကို ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုရတော့မည်သာ ဖြစ်ပေသည်ဟု ယုံကြည်စွာ မှတ်သားလေရာ၏။ ထိုသို့ ရုပ်ကလာပ် နာမ်ကလာပ်များကို ဃနအသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲနိုင်ရေး ရှုပွားနိုင်ရေးအတွက် လိုအပ်သောအရာကား စိတ္တဝိသုဒ္ဓိ ခေါ်သော ဥပစာရသမာဓိ အပ္ပနာသမာဓိပင် ဖြစ်ပေသတည်း။ သမာဓိရှိပါမှ သိနိုင်မြင်နိုင်သော တရားများ ဖြစ်သည်ဟု ဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင် သမာဓိသုတ္တန်များတွင် ဟောကြား ထားတော်မူပြီး ဖြစ်ပေသည်။

ဤတွင် ဃန - အတုံးအခဲ အကြောင်းကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။

ရုပ်ဃန = ရုပ်တုံးရုပ်ခဲ သုံးမျိုး

ရုပ်ဃန = ရုပ်တုံးရုပ်ခဲ သုံးမျိုး

ရုပ်တရားများကို ရုပ်ပရမတ် နယ်မြေသို့ ဉာဏ်အမြင် ဆိုက်အောင် ရှုရာ၌ ရုပ်ဃန ခေါ် ရုပ်အတုံးအခဲ သုံးမျိုး ပြိုဖို့ လိုပေသည်။ ရုပ်ပိုင်းဆိုင်ရာ၌ ရုပ်ဃန ခေါ် ရုပ်တုံးရုပ်ခဲ သုံးမျိုးရှိကြောင်းကို ဋီကာတို့၌ ဖွင့်ပြလျက် ရှိ၏။

ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅။ ဒီ၊ဋီ၊၂၊၃၀၈။ မဟာဋီ၊၁၊၄၂၈။)

= ရုပ်ဃန ခေါ် ရုပ်တုံးရုပ်ခဲတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဖြိုခွဲဖျက်ဆီးခြင်းဟူသည် သန္တတိဃန-သမူဟဃန-ကိစ္စဃနဟူသော ရုပ်တုံး ရုပ်ခဲတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်း တည်း။ (မ၊ဋီ၊၁၊၃၆၅။)

ဤ ဋီကာဆရာတော်တို့၏ သတ်မှတ်ချက်အရ ရုပ်တရားများ၌ ---- (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃနဟု ရုပ်အတုံးအခဲ သုံးမျိုးသာ ရှိသည်။ ရုပ်တရားများ၌ အာရမ္မဏဃန မရှိပေ။ အကြောင်းကား ဤသို့ ဖြစ်၏။

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ပရမတ္ထတရားတို့ကို သာရမ္မဏဓမ္မ, အနာရမ္မဏဓမ္မဟု နှစ်ဖို့ နှစ်စု ပြု၍ အောက်ပါအတိုင်း ခွဲခြား၍ ဟောကြားထားတော်မူခဲ့၏။

ကတမေ ဓမ္မာ သာရမ္မဏာ။

ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။

ကတမေ ဓမ္မာ အနာရမ္မဏာ။

သဗ္ဗဉ္စ ရူပံ အသင်္ခတာ စ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ၊၁၊၂၃၈။)

ဤအထက်ပါ ဓမ္မသင်္ဂဏီပါဠိတော်တွင် ဘုရားရှင်သည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော နာမ်ခန္ဓာ လေးပါး = နာမ်တရားအားလုံးတို့ကို အာရုံယူတတ်သော သာရမ္မဏတရားတို့ ဟူ၍ ဟောကြားထားတော်မူခဲ့၏။ တစ်ဖန် ရုပ်တရားအားလုံးနှင့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံ မယူတတ်သည့် အနာရမ္မဏတရားတို့ဟူ၍လည်း ဟောကြားထားတော်မူခဲ့၏။ ထိုတွင် အာရုံယူတတ်သည့် သာရမ္မဏတရားတို့၌သာလျှင် အာရမ္မဏဃန ရှိကြောင်းကို ဝိသုဒ္ဓိမဂ်မဟာဋီကာတွင် ဤသို့ ဖွင့်ဆိုထားပေသည်။

တထာ သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ။ (မဟာဋီ၊၂၊၄၃၇။)

= အာရုံယူတတ်သော သာရမ္မဏတရားတို့၏ အာရုံပြုမှု ကွဲပြားသော်လည်း တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် အာရမ္မဏဃန ဖြစ်သည်ဟု ဖွင့်ဆိုထားပေသည်။ သို့အတွက် အာရုံယူတတ်သော နာမ်တရားတို့၌ သာလျှင် အာရမ္မဏဃန ရှိပေသည်။ ရုပ်တရားတို့ကား အာရုံမယူတတ်သော အနာရမ္မဏတရားများ ဖြစ်ကြ၏။ သို့အတွက် ရုပ်တရားတို့၌ အာရမ္မဏဃနဟူသော အတုံးအခဲ မရှိသဖြင့် အထက်ပါ မူလပဏ္ဏာသဋီကာ စသော ဋီကာတို့၌ ရုပ်ပိုင်းတွင် ဃနသုံးမျိုးသာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ တစ်ဖန် [သာရမ္မဏာတိ ဟိ ဝစနံ စိတ္တစေတသိကာနံ အာရမ္မဏေန ဝိနာ အပ္ပဝတ္တိညေဝ ဒီပေတိ။ (မူလဋီ၊၁၊၁၈၁) = သာရမ္မဏဟူသော စကားသည် စိတ်-စေတသိက် တို့၏ အာရုံနှင့် ကင်း၍ မဖြစ်ခြင်းသဘောကိုသာလျှင် ပြ၏။] ဤဋီကာအဖွင့်အရလည်း သာရမ္မဏတရား ဟူသည့်စကားမှာ နာမ်တရားတို့ကိုသာ ရည်ညွှန်းထားသော စကားဖြစ်၏။ သို့အတွက် ရုပ်၌လည်း ဃနလေးမျိုးဟု ပြောရိုးဆိုစဉ် ရှိသော်လည်း ရုပ်တို့သည် သာရမ္မဏတရား မဟုတ်ခြင်းကြောင့် ရုပ်၌ အာရမ္မဏဃနမရှိဟု မှတ်ပါ။

၁။ သန္တတိဃန = ရုပ်အစဉ်အတန်းအတုံးအခဲ

၁။ သန္တတိဃန = ရုပ်အစဉ်အတန်းအတုံးအခဲ

ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာ သော ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် ပါဝင်လျက်ရှိ၏၊ ယင်းတေဇောဓာတ်ကို ဥတုဟုလည်း ခေါ်ဆိုသည်။ ယင်းတေဇောဓာတ် ဥတုသည် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် များကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏။ နမူနာအားဖြင့် စက္ခုဒသကကလာပ် = စက္ခုအကြည်ဓာတ်လျှင် (၁၀) ခုမြောက် ရှိသော ရုပ်ကလာပ်အမှုန်တစ်ခု ဆိုကြပါစို့။ ယင်းစက္ခုဒသကကလာပ်ကို ဓာတ်ခွဲသော် ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဇီဝိတ, စက္ခုပသာဒဟု ရုပ်သဘောတရား (၁၀)မျိုးကို တွေ့ရှိမည် ဖြစ်သည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ထပ်မံဖော်ပြမည် ဖြစ်ပါသည်။) ယင်း (၁၀)မျိုးသော ရုပ်တရားတို့တွင် တေဇောဓာတ် ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ်သည် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ (စက္ခုဒသကကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတု၏ သားတည်း။)

တစ်ဖန် ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင်လည်း သို့မဟုတ် ရုပ်ကလာပ်တွင်လည်း တေဇောဓာတ် ပါဝင် လျက် ရှိပြန်၏၊ ယင်းတေဇောဓာတ်သည်လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (မူလ စက္ခုဒသကကလာပ်၏ အတွင်း၌ တည်ရှိသောတေဇောဓာတ် = ဥတု၏ မြေးတည်း။)

ဤနည်းအတိုင်း ရုပ်၏ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ထိုထိုစက္ခုဒသကကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုသည် (၄) (၅)ဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ [ထို (၄) (၅)ဆင့် သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့တွင် နောက်ဆုံးအဆင့် နောက်ဆုံးအကြိမ်၌ ဖြစ်သော ရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကား ရုပ်ကလာပ် အသစ်အသစ်ကို မဖြစ်စေနိုင်တော့ပေ။] ဤနည်းကို နည်းမှီ၍ ကျန်ရုပ်ကလာပ်တို့၌လည်း သဘောပေါက်ပါလေ။ အသေးစိတ်ဖြစ်ပုံကိုလည်းကောင်း ရှုကွက်ကိုလည်းကောင်း ရုပ်ကမ္မဋ္ဌာန်းပိုင်းရှုကွက်တွင် ထပ်မံ၍ ဖော်ပြမည် ဖြစ်ပါသည်။ ထိုရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။

အချို့သော ရုပ်ကလာပ်၌ တည်ရှိသောတေဇောဓာတ်က (၃) (၄)ဆင့် (၄) (၅) ဆင့်သော ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ကျေးဇူးပြုလျက် ဖြစ်ပေါ်စေ၏။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ သော စိတ်ကြောင့်ဖြစ်သော စိတ္တဇကလာပ်များတွင် ပါဝင်သော တေဇောဓာတ်ဖြစ်မူ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် အဆင့်ပေါင်းများစွာကို ဆင့်ကဲဆင့်ကဲ ကျေးဇူးပြုလျက် ရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေ၏။ ယင်းဥတုဇဩဇဋ္ဌမကရုပ်များကို သဘောတူ = သဘာဂဖြစ်သော တစ်ဥတုကြောင့် ဖြစ်သောရုပ်တရားဟု ခေါ်၏။

တစ်ဖန် စားမျိုအပ်သော အစာအာဟာရဟူသည် မစားမီအခိုက်၌ ဖြစ်စေ, စားမျိုပြီး၍ အစာသစ်အိမ် အတွင်း၌ ခန္ဓာအိမ်အတွင်းသို့ မပြန့်နှံ့မီ အစာသစ်ကောဋ္ဌာသအဖြစ်၌ တည်ခိုက်၌ ဖြစ်စေ ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်သည့် ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ (၃၂) ကောဋ္ဌာသတို့တွင် အစာသစ်ကောဋ္ဌာသပင် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့ကား ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ်ကြောင့် နောက်ထပ် ကလာပ် အသစ်အသစ်များ ဆက်ကာ ဆက်ကာ ဖြစ်နေပုံကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမည် ဖြစ်သည်။ ယင်းဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသီးအသီး၌ ဩဇာ ပါဝင်လျက် ရှိ၏။ ယင်းဥတုဇဩဇာသည် အစာသစ်အဖြစ်၌ တည်ရှိခိုက် ခန္ဓာကိုယ်တွင်း သို့ မပြန့်နှံ့ခင် ဥတုဇရုပ် ဥတုဇဩဇာ အဆင့်တွင်သာ တည်ရှိနေသေးသည်။ ယင်းဥတုဇဩဇာသည် အစာသစ် အိမ်၏ ဝန်းကျင်တွင် တည်ရှိနေသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝကကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ဟူသော ပါစကတေဇောဓာတ် ခေါ် အစာကို ကြေကျက်စေတတ်သော ကမ္မဇဝမ်းမီး၏ အားပေး ထောက်ပံ့မှုကို ရရှိ၍ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့၍ သွားခဲ့သည်ရှိသော် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇ ဋ္ဌမက ရုပ်ကလာပ်အနေဖြင့်သာ ပြန့်နှံ့၍ သွား၏၊ ယင်း ဩဇဋ္ဌမကရုပ်များကို အာဟာရဇဩဇဋ္ဌမကရုပ်များဟု ခေါ်၏။ ယခင် အစာသစ် အမည်ရသော ဥတုဇ-ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် ဖြစ်ပေါ် လာသော ရုပ်များဖြစ်၍ အာဟာရဇဩဇဋ္ဌမကရုပ်ဟု ခေါ်ခြင်းဖြစ်သည်။ (ဥတုဇဩဇာ၏ သားတည်း။) ယင်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကို အာဟာရဇဩဇာဟု ခေါ်၏။

ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်, စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်, ဥတုကြောင့် ဖြစ်သော ဥတုဇရုပ်ကလာပ်တိုင်း၌လည်း ဩဇာပါဝင်လျက် ရှိ၏။ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာဟု အသီးအသီး ခေါ်ဆိုပေသည်။ ယင်းကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ အသီးအသီးသည် အထက်ပါ အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိခဲ့သော် ဩဇာလျှင် (၈)ခုမြောက် ရှိသော အခြားအခြားသော ဩဇဋ္ဌမက ရုပ်များကို အချို့အရာ၌ (၄) (၅) ဆင့်, အချို့နေရာ၌ အဆင့်များစွာ ဖြစ်စေနိုင်ပြန်၏။ တစ်ဖန် ရှေးရှေးသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာသည်လည်း နောက်နောက် အသစ်အသစ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော တည်ရှိသော ဩဇာ၏ အထောက်အပံ့ကို ရခဲ့သော် စားမျိုလိုက်သော အစာအာဟာရ၏ အဆီအနှစ် ဩဇာဓာတ် အားကောင်းလျှင် အားကောင်းသလို (၁၀)ဆင့် (၁၂)ဆင့် စသည်သို့ တိုင်အောင် အဆင့်ဆင့်သော ဩဇဋ္ဌမကရုပ် အသစ်အသစ်တို့ကို ဆက်ကာဆက်ကာ ဖြစ်စေနိုင်ပြန်၏။ (ယခင် အစာသစ် အမည်ရသော ဥတုဇဩဇာ၏ မြေးမြစ် အဆက်ဆက်ပင်တည်း။) ဤနည်းဖြင့် တစ်ကြိမ် စားမျို လိုက်သော အစာအာဟာရသည် (၇)ရက်သို့တိုင်အောင်ပင် ခန္ဓာအိမ်၏ အတွင်း၌ ပြန့်နှံ့၍ ဖြစ်နေသော ဟူ၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၂ - ကြည့်ပါ။)

ယင်းသို့ ဖြစ်နေမှုကို သဘောတူ = သဘာဂ ဖြစ်သော တစ်အာဟာရ တစ်ဩဇာကြောင့် ဖြစ်သော ရုပ်များဟု ခေါ်သည်။

ယင်း တစ်ဥတု တစ်အာဟာရကြောင့် ဖြစ်သော ရုပ်များကို = တစ်ဥတု တစ်အာဟာရအတွင်း၌ တည်ရှိသော ရုပ်များကို အစဉ်အတန်းတစ်ခုတည်း တစ်ဆက်တည်းအဖြစ် မမြင်ဘဲ ရုပ်ကလာပ်တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်လျှင် သန္တတိဃန = အစဉ်အတန်းအတုံးအခဲ ပြိုသွားပြီ ဖြစ်၏။ အကယ်၍ မီးပန်းအတန်း တစ်ခုကဲ့သို့ အပ်ချည်ကြိုးတန်း တစ်ခုကဲ့သို့ အစဉ်အတန်း တစ်ခုအဖြစ် တစ်ဆက်တည်း တစ်ခုတည်းအဖြစ် မြင်ခဲ့သော် (ကလာပ်တစ်ခုချင်း အနေဖြင့် ပြတ်၍ မမြင်ခဲ့သော်) သန္တတိဃန = အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။ ထိုသို့ သန္တတိဃနဟူသော အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေပါက ကလာပ်ကို မမြင်နိုင်သေး သဖြင့် ကလာပ်တစ်ခု တစ်ခု အတွင်း၌ ရှိသော ရုပ်သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်အောင် ရှုပွားခြင်းဖြင့် ရုပ်ပရမတ်နယ်မြေအစစ်သို့ ဆိုက်အောင် ရှုပွားရေးမှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါကလည်း အနတ္တဉာဏ်အမြင်သို့ ဆိုက်ရေးမှာ ပို၍ ပို၍ပင် ဝေးလျက် ရှိနေဦးမည် ဖြစ်ပေသည်။

၂။ သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ

၂။ သမူဟဃန = ရုပ်အပေါင်းအစုအတုံးအခဲ

ယင်းရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုးသောရုပ်, (၉)မျိုးသောရုပ်, (၁၀)မျိုးသောရုပ် စသော ရုပ်ပရမတ်သဘောတရားများကို မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင် ပရမတ္ထဓမ္မသဘာဝသတ္တိဟူသော ကိုယ်ပိုင်သဘာဝလက္ခဏာသို့ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါက မြင်နိုင်ပါက သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ ပြိုပြီ ဖြစ်၏။ ထိုသို့ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်ကလာပ် တစ်ခု တစ်ခုကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မှုကို ဤစာမူတွင် ရုပ်ကလာပ်ကို ဓာတ်ခွဲသည်ဟုပင် ခေါ်ဝေါ် သုံးစွဲထားပါသည်။ ယင်းသို့ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁၀)မျိုးစသော ရုပ်သဘော တရားများကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်သေးပါက သမူဟဃနဟူသော အပေါင်းအစု အတုံးအခဲ မပြို၊ ဃနမပြိုက ပရမတ်သို့ ဉာဏ်အမြင် မဆိုက်၊ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါက အနတ္တရောင်ခြည် တော်သည်လည်း တင့်တယ်စမ္ပယ်စွာ ကွန့်မြူးထွက်ပေါ်၍ မလာနိုင်ဟု မှတ်ပါ။

၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ

၃။ ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စအတုံးအခဲ

ယင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုး စသော ပရမတ္ထဓာတ်သား ဖြစ်သည့် ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၌ ဆိုင်ရာ ဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်း ကိစ္စရပ် အသီးအသီး ရှိကြ၏။ ပထဝီဓာတ်သည် ကလာပ်တူရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ကိစ္စရှိ၏ (ပတိဋ္ဌာနရသ)။ အာပေါဓာတ်သည် ရုပ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စရှိ၏ (ဗြူဟနရသ)။ တေဇောဓာတ်သည်ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ဆွေးမြည့်စေခြင်း ကိစ္စရှိ၏ (ပရိပါစနရသ)။ ဝါယောဓာတ်သည်တွန်းကန်ခြင်း ကိစ္စရှိ၏(သမုဒီရဏရသ) - ဤသို့ စသည့် လုပ်ငန်းကိစ္စ အသီးအသီး ကိုယ်စီရှိ၏။ ယင်း ရုပ်ပရမတ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်းကိစ္စအထူးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်ပါက ကိစ္စဃန = ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုပြီ ဖြစ်၏။ ပရမတ္ထဓာတ်သား ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်မြင်နိုင်သဖြင့် ကိစ္စတစ်ခုတည်းအဖြစ် ထင်နေမှု ကိစ္စအတုံးအခဲ ပြိုသွားခြင်း ဖြစ်၏။ ထိုသို့ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သား ရုပ်တရား အသီးအသီး၏ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် မြင်နေပါက ကိစ္စဃန အတုံးအခဲ မပြိုနိုင်။ ကိစ္စဃန မပြိုဘဲ ကိစ္စဃန အတုံးအခဲ ဖုံးအုပ်နေပါက အနတ္တ ရောင်ခြည်တော်သည်လည်း ကွန့်မြူးထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။

လိုက်နာရမည့်တာဝန်

ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ရုပ်ဃနဟူသော ရုပ်တုံးရုပ်ခဲ သုံးမျိုး ပြိုရေးအတွက် ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ရုပ်ပရမတ်တရား အသီးအသီးကို = ရုပ်ပရမတ် တရားတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် စနစ်တကျ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ ရုပ်တရားတို့ကို ရှုရာသိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ပရမတ်နယ်မြေ အစစ်သို့ ဉာဏ်အမြင် ဆိုက်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ရုပ် တရားတိုင်း၌ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဥပစာရသမာဓိ, အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ထူထောင်ရမည် ဖြစ်ပေသည်။ သမာဓိရှိပါမှ သိနိုင်သောအရာ သိကောင်းသောအရာများ ဖြစ်သောကြောင့်တည်း။

နာမ်ဃန (၄) မျိုး

နာမ်ဃန (၄) မျိုး

တစ်ဖန် နာမ်တရားတို့တွင်လည်း ----

၁။ သန္တတိဃန,

၂။ သမူဟဃန,

၃။ ကိစ္စဃန,

၄။ အာရမ္မဏဃန - ဟူ၍

ဃန (= အတုံးအခဲ) လေးမျိုး ရှိပြန်၏။ မူလဋီကာတွင် ဤသို့ ဖွင့်ဆိုထားတော်မူ၏။

သန္တတိဃနာဒီနံ အယံ ဝိသေသော -- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ၊၁၊၆၀။)

ဤအထက်ပါ မူလဋီကာတွင် ဖွင့်ဆိုထားတော်မူသော ယင်း နာမ်ပိုင်းဃနဟူသော နာမ်တုံးနာမ်ခဲ လေးမျိုး တို့၏ အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

၁။ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲ

၁။ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲ

နာမ်တရားတို့၌ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏။ ထိုတွင် ဝီထိမုတ်စိတ်တို့မှာ - ဘဝတစ်ခုတွင် အစဆုံးဖြစ်သည့် ပဋိသန္ဓေစိတ်, နောက်ဆုံးဖြစ်သည့် စုတိစိတ်, အလယ် ဘဝတစ်လျှောက်လုံး၌ ဝီထိစိတ်များ မဖြစ်က ဘဝတွင် စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝ၏အကြောင်းတရားအဖြစ် ဖြစ်ပေါ်နေသော ဘဝင်စိတ်ဟု သုံးမျိုး ရှိ၏။ ပဋိသန္ဓေစိတ်နှင့် စုတိစိတ်တို့မှာ ဘဝတစ်ခုအတွင်း၌ တစ်ကြိမ်စီသာ ဖြစ်သော်လည်း ဘဝင်စိတ်မှာ ဝီထိစိတ်များ မဖြစ်သည့်အချိန်၌ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ အကြိမ်များစွာ ဘဝတစ်လျှောက်လုံး ထိုက်သလို ဖြစ်နေ၏။ ထိုပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့ကို စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ တစ်ဆက်တည်း တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ စိတ္တက္ခဏ တစ်ခုချင်း တစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် သန္တတိဃန = နာမ်အစဉ် အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏။

တစ်ဖန် ဝီထိစိတ်တို့သည်လည်း စိတ္တနိယာမဟူသော စိတ်တို့၏ ကိန်းသေမြဲသော နိယာမ ဓမ္မတာလမ်းကြောင်းအတိုင်းသာလျှင် ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းဓမ္မတာလမ်းကြောင်းက ပြောင်းလဲ၍ ဖြစ်ရိုးဓမ္မတာ မရှိကြပေ။ ဥပမာ - ရူပါရုံကို သိမြင်သည့် စက္ခုဒွါရဝီထိ စိတ်စေတသိက်များ ဆိုကြပါစို့။ ယင်း စက္ခုဒွါရဝီထိ စိတ်စေတသိက်တို့သည် ရူပါရုံက အလွန်ထင်ရှား၍ စိတ္တက္ခဏ အပြည့်အဝ ဖြစ်ခဲ့သော် ---- ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် ဟူသော နိယာမ လမ်းကြောင်း အတိုင်းသာ ဖြစ်၏။ မြန်မာလိုဆိုသော် ---- ဆင်ခြင်, မြင်သိ, လက်ခံ, စုံစမ်း, ဆုံးဖြတ်, ဇော (၇)ကြိမ်, တဒါရုံ (၂)ကြိမ် ဟူသော နိယာမလမ်းကြောင်းအတိုင်း ဖြစ်၏၊ စိတ္တနိယာမဟု ခေါ်၏။ ယင်းသို့ စိတ္တနိယာမလမ်းကြောင်း အတိုင်း ဖြစ်သွားသော စိတ်အစဉ်တစ်ခုကို ဝီထိဟု ခေါ်၏။ ယင်း တစ်ဝီထိ အတွင်း၌ တည်ရှိသော နာမ်တရား တို့ကို စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာ၍ စိတ်တစ်လုံးစီ တစ်လုံးစီကို မမြင်ဘဲ စိတ်တစ်ခုတည်းအဖြစ် မြင်ခဲ့သော် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေသည် မည်ပေသည်။ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ်, ဤကား သမ္ပဋိစ္ဆိုင်း, ဤကား သန္တီရဏ, ဤကား ဝုဋ္ဌော, ဤကား ပထမဇော, ဤကား ဒုတိယဇော စသည်ဖြင့် စိတ္တက္ခဏတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ မြင်ခဲ့သော် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ သန္တတိဃန = နာမ်အစဉ်အတန်းအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏။

၂။ သမူဟဃန = နာမ်အပေါင်းအစုအတုံးအခဲ

၂။ သမူဟဃန = နာမ်အပေါင်းအစုအတုံးအခဲ

တစ်ဖန် နာမ်တရားတို့သည် တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအား မရှိကြ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်ကြ၏။ ဝီထိမုတ်စိတ် အမည်ရသော ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့၌လည်းကောင်း, ဝီထိစိတ်တို့၌လည်းကောင်း, စိတ်စေတသိက်တို့သည် ပေါင်းစု၍ အုပ်စု အလိုက်သာ ဖြစ်ကြ၏။ ပုံစံဆိုရသော် တိဟိတ်ပဋိသန္ဓေ တည်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိသန္ဓေအခါ နာမ်တရားတို့မှာ သောမနဿဝေဒနာနှင့် ယှဉ်ခဲ့သည် ဖြစ်အံ့။

၁။ အသိစိတ် = ဝိညာဏ် (၁)လုံး၊

၂။ အညသမာန်း အမည်ရသည့် နှစ်ဘက်ရစေတသိက် (၁၃)လုံး၊

၃။ အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသည့် သောဘဏသာဓာရဏစေတသိက် (၁၉)လုံး၊

၄။ ပညိန္ဒြေ စေတသိက် (၁)လုံး၊

အားလုံးပေါင်းသော် (၃၄)လုံး ရှိ၏။ ပဋိသန္ဓေ၌ နာမ်တရား (၃၄)လုံးရှိခဲ့သော် ထိုပုဂ္ဂိုလ်၏ ဘဝင်နှင့် စုတိစိတ်တို့မှာလည်း အလားတူပင် (၃၄)စီပင် ရှိ၏။

တစ်ဖန် အထက်တွင် ဖော်ပြထားသော စက္ခုဒွါရဝီထိစိတ်အစဉ်ဝယ် ----

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၁)လုံး,

၂။ စက္ခုဝိညာဏ်၌ စိတ်စေတသိက် (၈)လုံး,

၃။ သမ္ပဋိစ္ဆိုင်း၌ စိတ်စေတသိက် (၁၁)လုံး,

၄။ သန္တီရဏ၌ စိတ်စေတသိက် (သောမနဿဖြစ်သော်) (၁၂)လုံး,

၅။ ဝုဋ္ဌော၌ စိတ်စေတသိက် (၁၂)လုံး,

၆။ ဇော၌ (ဉာဏ်-ပီတိ ယှဉ်သော မဟာကုသိုလ်ဇော ဖြစ်သော်) စိတ်စေတသိက် (၃၄)လုံးစီ ----

အသီးအသီး ရှိ၏။

၇။ တဒါရုံ၌လည်း အလားတူ (၃၄)လုံးစီ ရှိနိုင်၏။

(အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)

ဤသို့လျှင် နာမ်တရားတို့သည် စိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ ထိုက်သလို ယှဉ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ ယင်းစိတ္တက္ခဏ တစ်ခု တစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော နာမ်တရားတို့ကို - ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြား စိတ်ဖြာ၍ မမြင်ဘဲ တစ်ခုတည်း တစ်စိတ်တည်းအဖြစ် မြင်ခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ဖုံးအုပ်ထားသည် ဖုံးအုပ်နေသည် မည်၏။

ယင်းနာမ်အပေါင်းအစု အတုံးအခဲကို - ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် (၈)လုံးရှိက (၈)လုံး, (၃၄)လုံးရှိက (၃၄)လုံးသော နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် မြင်နိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်လျှင် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးနိုင်သည် မည်၏။

၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စအတုံးအခဲ

၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စအတုံးအခဲ

ယင်းစိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော နာမ်တရားစုကို နာမ်ကလာပ်ဟု ခေါ်၏။ယင်း နာမ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ အသိစိတ်ဝိညာဏ်သည် အာရုံကို ရယူရာ၌ ပြဓာန်းသော ပဓာန ေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း လုပ်ငန်းကိစ္စ (ပုဗ္ဗင်္ဂမရသ) ရှိ၏။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ဆက်စပ် ပေးခြင်း အာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း (သင်္ဃဋ္ဋနရသ) လုပ်ငန်းကိစ္စ ရှိ၏။ ဝေဒနာသည် အာရုံ၏ အရသာကို အစဉ်ခံစားခြင်း (အနုဘဝနရသ) လုပ်ငန်းကိစ္စ ရှိ၏။ သညာသည် အာရုံကို နောက်ထပ်တစ်ဖန် သိဖို့ရန် အမှတ် နိမိတ်ကို ပြုခြင်း (ပုနသဉ္ဇာနနနိမိတ္တကရဏရသ) လုပ်ငန်းကိစ္စ ရှိ၏။ စေတနာသည် ကြောင့်ကြဗျာပါရပြုခြင်း (အာယူဟနရသ) လုပ်ငန်းကိစ္စရှိ၏။ ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခု အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားတိုင်း နာမ်တရားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏။ ယင်းလုပ်ငန်းကိစ္စ အသီးအသီး ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ခဲ့သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ဤကား ဖဿ၏လုပ်ငန်းကိစ္စ၊ ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ စသည်ဖြင့် ကိစ္စလုပ်ငန်းရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ နာမ်လုပ်ငန်းကိစ္စအတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏၊ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်၏။

၄။ အာရမ္မဏဃန = အာရုံယူမှုအတုံးအခဲ

၄။ အာရမ္မဏဃန = အာရုံယူမှုအတုံးအခဲ

နာမ်တရားအားလုံးတို့သည် အာရုံယူတတ်သော သာရမ္မဏတရားချည်းသာ ဖြစ်ကြ၏။ သို့သော် ဝိပဿနာ နယ်၌ အရှုခံ နာမ်တရားနှင့် ရှုတတ်သော အာရုံယူတတ်သော နာမ်တရားဟု နှစ်မျိုး ရှိ၏။ (ဝိသုဒ္ဓိ၊၂၊၂၆၂။) အရူပသတ္တကရှုနည်း၌ ရှုနေသော ဝိပဿနာစိတ်ကို နောက်စိတ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် တစ်နည်း ဆိုသော် ရှေးဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကို နောက် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ် အစဉ်ဖြင့် တစ်ဖန် ပြန်၍ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏။ တစ်ဖန် ဘင်္ဂဉာဏ်ပိုင်းတွင်လည်း ----

ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

= ဉာတ အမည်ရသော ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား ဟူသော သင်္ခါရတရားတို့ကိုလည်းကောင်း, ဉာဏအမည်ရသော ရှုနေသော ဉာဏ်ပြဓာန်းသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကိုလည်းကောင်း - ဤ ဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုရန် ညွှန်ကြား ထားတော်မူ၏။

ထိုတွင် အရှုခံ နာမ်တရားဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိသလို ရှုနေသည့် ဝိပဿနာဉာဏ်ဘက်၌လည်း တစ်နည်း ရှုနေသည့် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဘက်၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃနဟု နာမ်တုံးနာမ်ခဲ သုံးမျိုးရှိသည်သာ ဖြစ်ပေသည်။ ရှုနေသည့် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဘက်၌ရှိသော နာမ်တုံးနာမ်ခဲသုံးမျိုးကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုရမည်သာ ဖြစ်သည်၊ တစ်ဖန် ပြန်၍ ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုရှုနေသော ဝိပဿနာဉာဏ်ကား တစ်နည်း ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကား ဝိပဿနာနယ်၌ အထူးသဖြင့် အာရုံယူတတ်သော တရားပင် ဖြစ်သည်။ သာရမ္မဏတရားပင် ဖြစ်သည်။ ထို ဝိပဿနာဉာဏ် ပြဓာန်းလျက် ရှိသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကို ----

၁။ ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော - ဤသို့စသည်ဖြင့် စိတ္တက္ခဏတစ် ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာစိတ်တစ်ခု အဖြစ်ဖြင့်သာ မြင်ခဲ့သော် သန္တတိဃနဟူသော နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးနေသည် မည်၏။ ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇော - ဤသို့ စသည်ဖြင့် စိတ္တက္ခဏ တစ်ခုစီ တစ်ခုစီကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်ခဲ့သော် ရှုနိုင်ခဲ့သော် သန္တတိဃနဟူသော နာမ်အစဉ်အတန်း အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး နိုင်သည် မည်ပေသည်၊ သန္တတိဃန ပြိုပြီ ဖြစ်ပေသည်။

၂။ တစ်ဖန် စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော [မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး, ဇော အသီးအသီး၌ နာမ်တရား (၃၄)လုံး စသော] နာမ်တရားစုတို့ကို ဝိပဿနာဉာဏ် ဝိပဿနာစိတ် တစ်ခု အဖြစ်ဖြင့်သာ မြင်ခဲ့သော် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲ ဖုံးနေသည် မည်၏။ စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌တည်ရှိသော နာမ်တရားစုကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့် မြင်ခဲ့သော် တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်ခဲ့သော် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်၊ သမူဟဃနပြိုပြီ ဖြစ်၏။

၃။ တစ်ဖန် ယင်းစိတ္တက္ခဏတစ်ခုတစ်ခု အတွင်းရှိ နာမ်တရားစုတို့၏ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိခဲ့သော် မရှုနိုင်ခဲ့သော် ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ဖုံးအုပ်နေသည် မည်၏။ ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ - စသည်ဖြင့် လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ခဲ့သော် သိခဲ့သော် ဉာဏ်ဖြင့်မြင်ခဲ့သော် ကိစ္စဃနဟူသော နာမ်တုံးနာမ်ခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်သည် မည်ပေသည်၊ ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စအတုံးအခဲ ပြိုပြီး ဖြစ်၏။

ထိုရှုနေသည့် ဝိပဿနာဉာဏ်ဘက်၌ တည်ရှိသော သို့မဟုတ် ရှုနေသည့် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဘက်၌ တည်ရှိသော သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ဃနသုံးမျိုးကိုကားအာရမ္မဏဃနဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်ပါ။ ဝိပဿနာအရာ၌ အထူးသဖြင့် အာရုံယူတတ်သော သာရမ္မဏတရားကား ဝိပဿနာဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်ပင် ဖြစ်သောကြောင့်တည်း။ ဝိပဿနာဉာဏ်၏ အရှုခံ နာမ်တရားတို့ဘက်၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုး ရှိ၍ ရှုတတ်သော ဝိပဿနာဉာဏ် ပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဘက်၌ အာရမ္မဏဃန တစ်မျိုးသာ ရှိ၏။ ဤသို့ ခွဲခြားယူမှသာလျှင် နာမ်တရား၌ ဃနလေးမျိုး အဓိပ္ပါယ် ရှင်းသွားမည်။

ဤသို့လျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားဟူသော ဉာတတရားနှင့် ရှုနေသည့် ဝိပဿနာဉာဏ်ဟူသော ဉာဏတရား - ဤ နှစ်မျိုးလုံး၌ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ထိုသင်္ခါရတရားတို့၌ ဖန်ဆင်းရှင် ပရမအတ္တနှင့် အဖန်ဆင်း ခံရသော ဇီဝအတ္တ မရှိမှုကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း မဖြစ်မှု အနတ္တသဘောကိုလည်းကောင်း, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေ သည့် အတ္တမဟုတ်သည့် အနတ္တသဘောကိုလည်းကောင်း, ထိုသင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ပြိုပျက်နေသည့် သဘောကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်နေရမည် ဖြစ်၏၊ ထိုသို့ ဉာဏ်ဖြင့် တွေ့မြင်နေရသောအခါ ----

၁။ ဤဖြစ်ပေါ်နေသောသင်္ခါရတရားသည် တည်မှု ဌီကာလသို့ မရောက်ပါစေသတည်း။

၂။ တည်မှု ဌီကာလသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် မဆွေးမြည့် မရင့်ရော်ပါစေသတည်း = မအိုပါစေသတည်း။

၃။ ဆွေးမြည့် ရင့်ရော် အိုမင်းခြင်းသို့ ရောက်ရှိနေသော ဤသင်္ခါရတရားသည် ပျက်ခြင်း ဘင်ကာလဖြင့် မပျက်စီးပါစေသတည်း - ဟု ဤသုံးမျိုးသော အရာဌာနတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တ၏ အလိုအတိုင်း ဖြစ်မှုသဘောကား မရှိသည်သာတည်း၊ ထိုသင်္ခါရတရားတို့၌ ထိုတစ်စုံတစ်ယောက် သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏ အလိုအတိုင်း ဖြစ်သော အခြင်းအရာမှ ဆိတ်သုဉ်းနေ၏၊ ထိုကြောင့် ထိုသင်္ခါရတရားတို့သည် ----

၁။ အတ္တမှ ဆိတ်သုဉ်းခြင်း သုညတသဘောကြောင့်လည်း အနတ္တ မည်ပေသည်။

၂။ ထိုသင်္ခါရတရားတို့၌ အစိုးတရ ပိုင်ဆိုင်သည့် သာမိပိုင်ရှင် အတ္တ မရှိခြင်း အနက်သဘောကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တ မည်ပေသည်။

၃။ ထိုသင်္ခါရတရားတို့၌ တစ်စုံတစ်ယောက်သော အတ္တ၏ အလိုအတိုင်း ပြုလုပ်၍ ရနိုင်သောသဘော မရှိ ခြင်းကြောင့်လည်း ထိုသင်္ခါရတရားတို့သည် အနတ္တ မည်ပေသည်။

၄။ သာသနာပ အယူအဆ ရှိကြကုန်သောပုဂ္ဂိုလ်တို့ ကြံဆထားအပ်သည့် ဖန်ဆင်းရှင် ပရမတ္တ (= ပရမအတ္တ)၊ အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု ယူသော အတ္တဝါဒနှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သောကြောင့် လည်း ထိုသင်္ခါရတရားတို့သည် အနတ္တ မည်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၄၅။)

ဤကဲ့သို့သော အနတ္တဉာဏ်အမြင် ပေါ်ထွန်းပေါ်ပေါက်လာရေးအတွက် ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ် လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဃနအတုံးအခဲများကို ပြိုကွဲသွားအောင်ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုပွားနိုင်သောအခါတွင်မှ ထိုသင်္ခါရတရားတို့၏ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာ လျှင် အလွန့်အလွန် တိုတောင်းလှသော ယာယီအခိုက်အတန့်အားဖြင့်သာ အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် ဖြစ်ပေါ်လာသော တရားများသာ ဖြစ်သည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်မည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်သည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် တင့်တယ်စွာ ထွက်ပေါ်လာမည် ဖြစ်ပေသတည်း။

သို့သော် အချို့သော ဆရာမြတ်တို့ကား အထက်ပါ ကျမ်းဂန်အဆိုအမိန့်များကို လက်မခံနိုင်ဘဲ မူလ ပဏ္ဏာသ အဋ္ဌကထာကို ကိုးကား၍ ----

၁။ ရုပ်ဓာတ် တစ်လုံးကို ဝိပဿနာရှုရုံဖြင့်လည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏၊ နိဗ္ဗာန်ကို ရယူနိုင်၏။

၂။ နာမ်ဓာတ် တစ်လုံးကို ဝိပဿနာရှုရုံဖြင့်လည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏၊ နိဗ္ဗာန်ကို ရယူနိုင်၏။

၃။ ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးမျှကို နာမ်ဓာတ်ဘက်ကလည်း တစ်လုံးမျှကို ဝိပဿနာရှုရုံမျှဖြင့်လည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏၊ နိဗ္ဗာန်ကို ရယူနိုင်၏ - ဟု အယူရှိတော်မူကြပြန်၏။

အကယ်၍ ဓာတ်တစ်လုံးကို ဝိပဿနာရှုရုံဖြင့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်၏ဟူသော အယူဝါဒကို လက်ခံခဲ့ပါမူ အထက်တွင် ရှင်းပြခဲ့သောရုပ်ဃန နာမ်ဃနဟူသော အတုံးအခဲများနှင့် ပတ်သက်သော အကြောင်းအရာဟူသမျှ သည် အဓိပ္ပါယ်ကင်းမဲ့လျက်ပင် ရှိနေမည် ဖြစ်သည်။

ထိုအယူအဆ မှန်-မမှန်ကို အသင် ယောဂီသူတော်ကောင်း ကိုယ်တိုင် နှိုင်းချိန် ဝေဖန်နိုင်ရန် အတွက် သမ္မသနစာရခေတ် သုံးမျိုးနှင့် ဧကဒေသ = တစ်စိတ်တစ်ဒေသ အကြောင်းကို ဆက်လက်တင်ပြအပ်ပါသည်။

သမ္မသနစာရခေတ် သုံးမျိုး

သမ္မသနစာရခေတ် သုံးမျိုး

ဤအရာ၌ ----

(၁) ဘုရားအလောင်းလျာများ,

(၂) ပစ္စေကဗုဒ္ဓါအလောင်းလျာများ,

(၃) သာဝကဗောဓိအလောင်းလျာများ၏ ----

ဝိပဿနာရှုရာ ဝိပဿနာဉာဏ်၏ ကျက်စားရာနယ်မြေဖြစ်သော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားစုကို သမ္မသန စာရခေတ် ဟူ၍လည်း ခေါ်၏။ အနိစ္စ-ဒုက္ခ-အနတ္တဟု ဆင်ခြင်သုံးသပ်တတ်သော ဝိပဿနာဉာဏ်၏ ကျက်စား ရာ တရားအစုဟု ဆိုလိုသည်။ ဝိပဿနာဘူမိဟူ၍လည်း ခေါ်၏။ ဝိပဿနာဉာဏ်၏ ဖြစ်ရာ တည်ရာ တရား အစုဟု ဆိုလိုသည်။ ထိုအလောင်းလျာသုံးမျိုးတို့၏ သမ္မသနစာရခေတ် သုံးမျိုးကို အနုပဒသုတ္တန်ဋီကာတွင် ဤသို့ ဖွင့်ဆိုထား၏။

ဗုဒ္ဓါနံ သမ္မသနစာရော ဒသသဟဿိလောကဓာတုယံ သတ္တသန္တာနဂတာ၊ အနိန္ဒြိယဗဒ္ဓါ စ သင်္ခါရာတိ ဝဒန္တိ၊ ကောဋိသတသဟဿစက္ကဝါဠေသူတိ အပရေ။ တထာ ဟိ အဒ္ဓတ္တယဝသေန ပဋိစ္စသမုပ္ပါဒနယံ ဩသရိတွာ ဆတ္တိံသကောဋိသတသဟဿမုခေန ဗုဒ္ဓါနံ မဟာဝဇိရဉာဏံ ပဝတ္တံ။ ပစ္စေကဗုဒ္ဓါနံ သသန္တာနဂတေဟိ သဒ္ဓိံ မဇ္ဈိမဒေသဝါသိ သတ္တသန္တာနဂတာ အနိန္ဒြိယဗဒ္ဓါ စ သမ္မသနစာရာတိ ဝဒန္တိ၊ ဇမ္ဗုဒီပဝါသိ သတ္တသန္တာနဂတာတိ ကေစိ။ ဓမ္မသေနာပတိနောပိ ယထာဝုတ္တသာဝကာနံ ဝိပဿနာဘူမိယေဝ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၅။)

အထက်ပါ ဋီကာ၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

၁။ သမ္မာသမ္ဗောဓိ အလောင်းအလျာ = ဘုရားအလောင်းတော်တို့သည် စကြဝဠာတိုက်ပေါင်း တိုက်တစ်သောင်းအတွင်း၌ တည်ရှိကြသော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပွားတည်ရှိကြသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လည်းကောင်း အနိန္ဒြိယဗဒ္ဓမျိုး ဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓသင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဉ် သုံးချက် တင်၍ ဆင်ခြင်သုံးသပ်ရှုပွားတော်မူကြကုန်၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြသည်။

စကြဝဠာပေါင်း ကုဋေတစ်သိန်းအတွင်း၌ တည်ရှိကြသော သတ္တဝါတို့၏ သန္တာန်၌ ဖြစ်ပွားတည်ရှိကြ သည့် ရုပ်-နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း, အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓသင်္ခါရတရားတို့ကို လည်းကောင်း အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်သုံးသပ် ရှုပွားတော်မူကြကုန်၏ဟု အပရေဆရာမြတ်တို့က မိန့်ဆိုတော်မူကြပေသည်။

ထိုကြောင့်ပင်လျှင် အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါး၏ အစွမ်းဖြင့် ပဋိစ္စသမုပ္ပါဒ်နည်းသို့ ဉာဏ်တော်ဖြင့် သက်ဆင်း၍ ဘုရားရှင်တို့အား သို့မဟုတ် ဘုရားလောင်းလျာတို့ သန္တာန်၌ ကုဋေပေါင်း သုံးသန်း ခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာဉာဏ်တော်များ ဖြစ်ပွားတော်မူသော ဟူ၏။ စကြဝဠာ တစ်ခု တစ်ခု၌ သတ္တဝါ မည်မျှများစေကာမူ ထိုစကြဝဠာ တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော သတ္တဝါအားလုံးတို့၏ သန္တာန်၌ တည်ရှိသော အဝိဇ္ဇာကို တစ်စု သင်္ခါရကို တစ်စု ဤသို့စသည်ဖြင့် စကြဝဠာ တစ်ခု တစ်ခု၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ခုရှိသဖြင့် (၁၂)စုပြု၍ ထိုပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့ကို လက္ခဏာရေးသုံးတန်စီတင်ကာ အသီးအသီး ရှုပွားသုံးသပ်တော်မူသဖြင့် စကြဝဠာကုဋေတစ်သိန်းအတွင်း၌ ကုဋေပေါင်း သုံးသန်းခြောက်သိန်းသော မဟာဝဇိရ ဝိပဿနာဉာဏ်တော် အမျိုးအစားများ ဘုရားအလောင်းလျာတို့ သန္တာန်၌ ဖြစ်ပွားတော်မူရိုး ဓမ္မတာ ဟူ၏။

၂။ ပစ္စေကဗောဓိအလောင်းအလျာ = ပစ္စေကဗုဒ္ဓါအလောင်းတော်တို့သည် မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိသော ရုပ်-နာမ်ဓမ္မ သင်္ခါရတရားအားလုံးနှင့် မဇ္ဈိမတိုက်သား သို့မဟုတ် ဇမ္ဗုဒိပ်ကျွန်းသား သတ္တဝါ အသီးအသီး သန္တာန်၌ တည်ရှိသော သင်္ခါရတရားတို့ကိုလည်းကောင်း အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓ သင်္ခါရတရားစုတို့ကို လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်သုံးသပ် ရှုပွားတော်မူကြကုန်၏။

၃။ သာဝကဗောဓိအလောင်းအလျာများ ဖြစ်ကြကုန်သော အဂ္ဂသာဝကအလောင်းတော်, မဟာသာဝက အလောင်းတော်, ပကတိသာဝကအလောင်းတော်တို့သည်ကား မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိသော သင်္ခါရ တရားစုအားလုံးတို့ကိုလည်းကောင်း, အပြင်ဗဟိဒ္ဓ သူတစ်ပါးသန္တာန်၌ ဖြစ်ပွားတည်ရှိသော သင်္ခါရတရားစုတို့ကို လည်း ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည်ဖြင့် ပုဂ္ဂိုလ်သန္တာန် ခွဲခြားဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓ၏ အဖြစ်ဖြင့် တူသောကြောင့် တစ်ပေါင်းတစ်စုတည်းပြု၍ ခြုံငုံ၍ ယင်းဗဟိဒ္ဓ သူတစ်ပါးသန္တာန်၌ ဖြစ်ပွားတည်ရှိသော သင်္ခါရ တရားစုတို့ကိုလည်းကောင်း, အနိန္ဒြိယဗဒ္ဓမျိုးဖြစ်သည့် သက်မဲ့ ဗဟိဒ္ဓ သင်္ခါရတရားစုတို့ကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင်သုံးသပ် ရှုပွားတော်မူကြကုန်၏။ ဤကား သမ္မသနစာရ ခေတ် သုံးမျိုးတည်း။ (မ၊ဋီ၊၃၊၂၇၅ - ကြည့်ပါ။)

ဧကဒေသ = တစ်စိတ်တစ်ဒေသ

ဧကဒေသ = တစ်စိတ်တစ်ဒေသ

အထက်ပါ သမ္မသနစာရခေတ် သုံးမျိုးတို့တွင် သာဝကတို့၏ သမ္မသနစာရခေတ်ဟူသော သာဝကတို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် တရားတို့ကား မည်သည့်သင်္ခါရတရားစုတို့ ဖြစ်ကြသည်ဟု သာဝကတို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို အတိအကျ သတ်မှတ်ချက်ပေးထား၏။ အဂ္ဂသာဝက, မဟာသာဝက, ပကတိ သာဝက - ဟု သာဝက သုံးမျိုး ကွဲပြားသော်လည်း ထိုသာဝက သုံးမျိုးလုံးတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေဟူသော သမ္မသနစာရခေတ်ကား ညီတူလျက်ပင် ရှိပါသည်။

ထိုသို့ သာဝကတို့၏ သမ္မသနစာရခေတ်နှင့် ပတ်သက်၍ သတ်မှတ်ချက်များ အတိအကျ အထင်အရှား ရှိနေသည် ဖြစ်ပါလျက် မူလပဏ္ဏာသအဋ္ဌကထာတွင် လာရှိသော ဧကဒေသ ဟူသော စကားတစ်လုံး အပေါ်၌ အဓိပ္ပါယ် အကောက် အယူအဆ လွဲမှားသဖြင့် (၁) ရုပ်ဓာတ်တစ်လုံး, (၂) နာမ်ဓာတ်တစ်လုံး, (၃) ရုပ်ဓာတ် တစ်လုံးနှင့် နာမ်ဓာတ်တစ်လုံးမျှကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပွား သုံးသပ်လျှင်လည်း နိဗ္ဗာန်သို့ ရောက်နိုင် သည်ဟု ယူဆတော်မူကြပြန်သည်။ ထိုပြဿနာကို ပြေလည်စွာ ဖြေရှင်း တင်ပြနိုင်ရန် အတွက် ဧကဒေသ အကြောင်းကို အတိုချုပ်၍ ဖော်ပြအပ်ပါသည်။

မာနဘဉ္ဇနတ္ထံ သဗ္ဗဓမ္မမူလပရိယာယန္တိ ဒေသနံ အာရဘိ။ (မ၊ဋ္ဌ၊၁၊၁၈။)

ဗေဒင်သုံးပုံတို့၌ ကမ်းတစ်ဘက်သို့ ရောက်အောင် တတ်မြောက်ကြသည့် ပုဏ္ဏားလုလင် (၅၀၀)တို့သည် ဝေဒကျမ်းတို့၌ အနှစ်သာရကို ရှာဖွေ၍ မတွေ့ရှိကြသဖြင့် ဘုရားရှင်၏ သာသနာတော်၌ အနှစ်သာရကို ရှာဖွေရန် ဟူသော ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြ၏။ နောက်ဆုံးဘဝရှိသည့် = ပစ္ဆိမဘဝိကသားများ ဖြစ်ခြင်းကြောင့် ဉာဏ်ပညာများ အလွန် ထက်မြက်စူးရှသူများ ဖြစ်ကြ၏။ ဘုရားရှင်၏ ပိဋကတ်တရားဒေသနာတော်တို့ကို သင်ယူလိုက်သည့် အခါ အလွယ်တကူပင် တတ်မြောက်သွားတော်မူကြ၏။ ထိုသို့ ပရိယတ်တရားတော်၌ အလွယ်တကူသင်ယူ၍ အောင်မြင်မှုရခြင်းကို အကြောင်းခံ၍ ပရိယတ်မာန်စွယ်များ ထောင်လာသဖြင့်ဘုရားရှင်အပေါ်၌ ရှေးယခင်ကကဲ့သို့ ရိုသေကိုင်းရှိုင်း ဝပ်တွားမှုများ မရှိကြတော့ပေ။ ရှင်ဂေါတမ ဟောသည့် တရားတို့ကို သင်ယူလိုက်ပါက လွယ်လွယ်နှင့်ပင် တတ်သည်၊ သိပ် အထင်ကြီးစရာ မရှိပါဟု စိတ်ကြီး ဝင်လာကြ၏။ ထိုရဟန်းတို့၏ ထိုပရိယတ်မာန်သည် အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယများကို ပျက်စီး စေနိုင်သည်ဟု သိတော်မူ မြင်တော်မူသော ဘုရားရှင်သည် ပရိယတ္တိမာန်တက်နေကြကုန်သော ရဟန်း (၅၀၀) တို့၏ ပရိယတ္တိမာန်စွယ်ကို နှိမ်နင်းချိုးဖျက်ရန် ရည်ရွယ်တော်မူ၍ မူလပရိယာယသုတ္တန်ကို ဟောကြားတော် မူပေသည်။ (ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ကို ဟောကြားပြသနေသည် မဟုတ်သည်ကို သတိပြုပါ။) ထိုသို့ ဟောကြားတော်မူရာဝယ် ဓမ္မာဓိဋ္ဌာနပိုင်းတွင် ဓာတ်ကြီးလေးပါးတို့ကို ----

၁။ ပုထုဇန်တို့က တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုးဖြင့် သိပုံ,

၂။ သေက္ခပုဂ္ဂိုလ်တို့က ဒိဋ္ဌိစွဲပြုတ်၍ တဏှာစွဲ မာနစွဲ အချို့အဝက်ဖြင့် သိပုံ,

၃။ အသေက္ခ (= ရဟန္တာ) ပုဂ္ဂိုလ်တို့က တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုး ပြုတ်၍ သိပုံ,

၄။ တထာဂတ ဘုရားရှင်တို့ကလည်း တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုးလုံးပင် ပြုတ်၍ သိပုံတို့ကို ----

လေးမျိုးလေးပိုင်း ပိုင်း၍ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ဟောကြားတော်မူ၏။ ထိုနောက် ဓမ္မာဓိဋ္ဌာနပိုင်းမှ ပုဂ္ဂလာဓိဋ္ဌာနပိုင်းဘက်သို့ ဒေသနာတော်အစဉ်ကို ပြောင်းရွှေ့ ဟောကြားတော်မူလိုက်၏။ (အကျယ်ကို မူလပရိယာယသုတ်တွင် ကြည့်ပါ။)

ထိုသို့ ဟောကြားတော်မူလိုက်သဖြင့် အထက်ပါ ပုဂ္ဂိုလ်လေးမျိုးတို့သည် ဓာတ်ကြီးလေးပါးတို့၌သာလျှင် သိပုံချင်း ကွာဟချက် ရှိသည်၊ ကျန်ပရမတ္ထဓာတ်သား သင်္ခါရတရားတို့၌ သိပုံချင်း ကွာဟချက် မရှိနိုင်တော့ပြီ လောဟု ပြဿနာတစ်ရပ် ပေါ်လာ၏။ ထိုပြဿနာကို ဖြေရှင်းရန်အတွက် အဋ္ဌကထာဆရာတော်က (မ၊ဋ္ဌ၊၁၊၃၂။) တွင် နေတ္တိပါဠိတော်၌ လာရှိသော လက္ခဏာဟာရနေတ္တိနည်းကို ထုတ်ဆောင်၍ လက္ခဏာဟာရနေတ္တိနည်း အရ လက္ခဏာချင်း တူညီရာကို စုပေါင်း၍ ဘုရားရှင် ဟောကြားသွားတော်မူခြင်း ဖြစ်ကြောင်းကို ရှင်းပြထား၏။ (မ၊ဋ္ဌ၊၁၊၃၂။)

ထိုရှင်းလင်းချက်အရ ဓာတ်ကြီးလေးပါးကို ကောက်ယူခဲ့သော် ဓာတ်ကြီးလေးပါးနှင့် ရုပ္ပနလက္ခဏာ = ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တူညီသော ဥပါဒါရုပ် (၂၄)မျိုးကိုလည်း ကောက်ယူရ၏။ ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာချင်း တူညီနေသောကြောင့် ဥပါဒါရုပ် (၂၄)ပါးကို ဓာတ်ကြီးလေးပါး၌ ပေါင်းစု ဟောကြားထားတော်မူသောကြောင့် ဖြစ်၏။ တစ်ဖန် ရူပက္ခန္ဓာကို ကောက်ယူခဲ့သော် ရူပက္ခန္ဓာနှင့် ဝဓကလက္ခဏာ = လူသတ်သမားလက္ခဏာချင်း တူညီနေသော ကျန် နာမ်ခန္ဓာလေးပါးကိုလည်း ကောက်ယူရ၏။

ဧဝံ ရူပမုခေန သင်္ခါရဝတ္ထုကံ မညနံ ဝတွာ (မ၊ဋ္ဌ၊၁၊၃၃။) စသော အဋ္ဌကထာစကားကို ထောက်ရှုပါ။

သို့အတွက် အထက်ပါ ပုဂ္ဂိုလ်လေးမျိုးတို့သည် သင်္ခါရတရားအားလုံးတို့ အပေါ်၌ပင် အထက်ဖော်ပြပါ အတိုင်း ဓာတ်ကြီးလေးပါးတို့အပေါ်၌ သိပုံချင်း ကွာဟချက်ရှိသကဲ့သို့ အလားတူပင် သိပုံချင်း မတူညီဘဲ ကွာဟ ချက် ရှိကြသည်ဟု မှတ်ပါ။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။

၁။ ပုထုဇန်ပုဂ္ဂိုလ်တို့သည် သင်္ခါရတရား အားလုံးတို့အပေါ်၌ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုးဖြင့် သိ၏။

၂။ သေက္ခပုဂ္ဂိုလ်တို့သည် ဒိဋ္ဌိစွဲပြုတ်၍ တဏှာစွဲ မာနစွဲ အချို့အဝက်ဖြင့် သင်္ခါရတရားတို့ အပေါ်၌ သိ၏။

၃။ အသေက္ခ ရဟန္တာပုဂ္ဂိုလ်တို့သည် သင်္ခါရတရား အားလုံးတို့အပေါ်၌ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲသုံးမျိုး ပြုတ်၍ သိ၏။

၄။ တထာဂတ = ဘုရားရှင်တို့သည်လည်း သင်္ခါရတရား အားလုံးတို့အပေါ်၌ တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ အစွဲ သုံးမျိုးလုံးပင် ပြုတ်၍ သိတော်မူ၏။ ဤသို့လျှင် သိပုံ ကွာဟချက် ရှိသည်ဟု ဆိုလိုပေသည်။

ဓာတ်ကြီး (၄)ပါးကိုပင် တိုက်ရိုက်ဟောတော်မူသော်လည်း လက္ခဏာဟာရနေတ္တိနည်းအရ သင်္ခါရတရား အားလုံးကိုပင် ကောက်ယူရပုံကို ရှေးဦးစွာ သတိပြု၍ မှတ်သားထားပါ။

ပရိညာနယ် ကွာဟချက်ရှိပုံ

ပရိညာနယ် ကွာဟချက်ရှိပုံ

တစ်ဖန် အသေက္ခ ရဟန္တာအရှင်မြတ်တို့သည်လည်း သင်္ခါရတရားတို့အပေါ်၌ အစွဲသုံးမျိုး ပြုတ်၍ သိတော် မူကြ၏။ တထာဂတဘုရားရှင်တို့သည်လည်း သင်္ခါရတရားတို့အပေါ်၌ အစွဲသုံးမျိုး ပြုတ်၍ပင် သိတော်မူကြ၏။ ထိုသို့ သိတော်မူကြရာ၌ ပရိညာနယ်ချင်း ကွာဟချက်ရှိပုံကို အဋ္ဌကထာက ဤသို့ ရှင်းပြထား၏။

ပရိညာတန္တံ နာမ ပရိညာတပါရံ ပရိညာတာဝသာနံ အနဝသေသတော ပရိညာတန္တိ ဝုတ္တံ ဟောတိ။ ဗုဒ္ဓါနဥှိ သာဝကေဟိ သဒ္ဓိံ ကိဉ္စာပိ တေန တေန မဂ္ဂေန ကိလေသပ္ပဟာနေ ဝိသေသော နတ္ထိ။ ပရိညာယ ပန အတ္ထိ။ သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ၊ ဗုဒ္ဓါနံ ပန အဏုပမာဏမ္ပိ သင်္ခါရဂတံ ဉာဏေန အဒိဋ္ဌမတုလိတမတီရိတမသစ္ဆိကတံ နတ္ထိ။ (မ၊ဋ္ဌ၊၁၊၅၄။)

= တထာဂတဘုရားရှင်သည် သိသင့်သိထိုက်သော ပရိညေယျတရားစုကို ပရိညာတန္တ = ဆုံးအောင် ပိုင်းပိုင်း ခြားခြား သိတော်မူ၏ --- ဟူရာဝယ် ပရိညာတန္တ မည်သည်ကား သိသင့်သိထိုက်သော ပရိညေယျတရားစုကို ကမ်းတစ်ဘက်သို့ရောက်အောင် ပိုင်းပိုင်းခြားခြား သိတော်မူ၏၊ အဆုံးသို့တိုင်အောင် ပိုင်းပိုင်းခြားခြား သိတော်မူ၏၊ အကြွင်းအကျန် မရှိ ကုန်စင်အောင် ပိုင်းပိုင်းခြားခြား သိတော်မူ၏ဟု ဆိုလိုပေသည်။ မှန်ပေသည် --- ဘုရားရှင် တို့၏ ထိုထိုအရိယမဂ်ဖြင့် ကိလေသာကို ပယ်ခြင်း၌ သာဝကတို့နှင့် အတူသာ ဖြစ်၏၊ ထူးခြားမှုကား မရှိပေ။ သို့သော် သိသင့်သိထိုက်သော ပရိညေယျတရားစုတို့ကို ပိုင်းပိုင်းခြားခြား သိရာ ပရိညာနယ်၌ကား ထူးခြားမှု ကွာဟမှု ရှိနေ၏။ ထင်ရှားစေအံ့ --- သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသမျှကိုသာလျှင် လက္ခဏာယာဉ်တင်ကာ ရှုပွား သုံးသပ်ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏။ သို့သော် ဘုရားရှင်တို့ကား စကြဝဠာ ကုဋေတစ်သိန်းအတွင်း၌ တည်ရှိကြသော သင်္ခါရတရားဟူသမျှတို့တွင် ဝိပဿနာဉာဏ်တော်မြတ်ဖြင့် မမြင်လိုက် မိသော မချိန်ထိုးလိုက်မိသော လက္ခဏာယာဉ်သုံးချက် တင်ကာ မစူးစမ်း မဆင်ခြင် မဆုံးဖြတ်လိုက်မိသော မျက်မှောက် မပြုလိုက်မိသော ပရမာဏုမြူ ပမာဏခန့် သင်္ခါရတရားအပေါင်းသော်လည်း မရှိပေ။ (ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်ဝယ် --- သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ = သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသမျှကိုသာလျှင် လက္ခဏာယာဉ် တင်ကာ ရှုပွားသုံးသပ်ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏ --- ဟူသော စကားရပ်၌ ဧကဒေသ = တစ်စိတ်တစ်ဒေသနှင့် ပတ်သက်၍ အယူအဆ လွဲမှားကြခြင်း ဖြစ်၏။

ထိုဧကဒေသကို ဓာတ်တစ်လုံးဟု ဘာသာပြန်၍ အဓိပ္ပါယ်အယူအဆ လွဲမှားခြင်း ဖြစ်သည်။ ပါဠိစာပေ၌ ဧက-သည် တစ်ခုကို ဟောသည်ကား မှန်၏။ သို့သော် ဧက-နောင်၌ ဒေသ-ဟူသော စကားတစ်လုံး တိုး၍ ဧကဒေသ-ဟု ဖြစ်လာသောအခါ တစ်ခုကို မဟောဘဲ တစ်ခုကိုသာ မဆိုလိုဘဲ တစ်စိတ်တစ်ဒေသကိုသာ ဟော၏၊ တစ်စိတ်တစ်ဒေသကိုသာ ဆိုလို၏။ တစ်ခုနှင့် တစ်စိတ်တစ်ဒေသမှာ များစွာ အဓိပ္ပါယ် ကွာဟလျက် ရှိ၏။ သတိပြုပါလေ။ တစ်စိတ်တစ်ဒေသနှင့် တစ်ချို့တစ်ဝက် ဟူသည် အဓိပ္ပါယ် တူညီလျက်ပင် ရှိ၏။

ဥပမာ --- အုန်းသီး အလုံးတစ်ရာ စုပုံထားသည် ဆိုကြပါစို့။ ထိုအုန်းသီးပုံထဲမှ ---

၁။ အုန်းသီးတစ်လုံးကို ယူခဲ့ပါဟူသော စကား

၂။ အုန်းသီးတစ်ချို့ကို ယူခဲ့ပါဟူသော စကား ---

ဤစကားနှစ်မျိုးတို့ အဓိပ္ပါယ် မတူညီကြသလိုဟု မှတ်ပါ။

ဤ ဧကဒေသ = တစ်စိတ်တစ်ဒေသ၏ အဓိပ္ပါယ်ကို ကောက်ယူပုံနှင့် ပတ်သက်၍ အထက်တွင် ရှင်းလင်း တင်ပြထားခဲ့သော လက္ခဏာဟာရနေတ္တိနည်းကို မမေ့ပါနှင့်၊ သတိပြုထားပါ။ မူလပရိယာယသုတ် ပါဠိတော်တွင် ဓမ္မာဓိဋ္ဌာနပိုင်း၌ ဓာတ်ကြီးလေးပါးကိုသာလျှင် ဘုရားရှင်သည် သရုပ်ထုတ်၍ တိုက်ရိုက် ဟောကြားထားတော် မူ၏။ လက္ခဏာဟာရနေတ္တိနည်း အရ လက္ခဏာချင်း တူညီ၍ ဓာတ်ကြီးလေးပါး၌ သင်္ခါရတရား အားလုံးကို စုပေါင်း၍ ဘုရားရှင်ဟောကြားတော်မူခြင်း ဖြစ်၏။ ထိုပါဠိတော်ကို ဖွင့်ဆိုသော အဋ္ဌကထာကလည်း ထိုပါဠိတော် သွားပုံ ပါဠိတော်ဂတိသို့ လိုက်၍ - သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသ = တစ်ချို့ တစ်ဝက်ကိုသာလျှင် လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏ - ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ထိုဖွင့်ဆိုချက်ကိုလည်း လက္ခဏာဟာရနေတ္တိနည်းနှင့် ညှိ၍ ---

၁။ ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသကို,

၂။ ဓာတ်ကြီးလေးပါးနှင့် ဖောက်ပြန်တတ်သော ရုပ္ပနလက္ခဏာချင်း တူသော ဥပါဒါရုပ်တို့၏ တစ်စိတ် တစ်ဒေသကို,

၃။ ထို ရူပက္ခန္ဓာနှင့် ဝဓကလက္ခဏာ (= လူသတ်သမားလက္ခဏာ) ချင်း တူညီသော ကျန် နာမ်ခန္ဓာလေးပါး တို့၏ တစ်စိတ်တစ်ဒေသကို ---

ဤသုံးမျိုးသော သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသကိုသာလျှင် လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ် ကြ၍ နိဗ္ဗာန်သို့ ရောက်ရှိကုန်၏ဟု ဤသို့ အဓိပ္ပါယ်ကို ကောက်ယူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက်ကိုသာလျှင် လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ကြ၍ သာဝကတို့သည် နိဗ္ဗာန်သို့ ရောက်ရှိကြကုန်၏ - ဟူ၍သာ ဆိုလိုရင်း ဖြစ်သည်။

[မှတ်ချက် --- ဘုရားရှင်တို့၏ ထိုထိုအရိယမဂ်တရားဖြင့် ကိလေသာကို ပယ်ခြင်း၌ သာဝကတို့နှင့် အတူသာ ဖြစ်၏၊ ထူးခြားမှုကား မရှိပေ --- ဟူသော စကားရပ်နှင့် ပတ်သက်၍ နားမရှုပ်ထွေးစေရန် ထပ်မံ၍ တင်ပြအပ်ပါသည်။ ဘုရားရှင်၏ အရိယမဂ်ဉာဏ်သည် ဝါသနာအငွေ့ဓာတ်နှင့် တကွ ကိလေသာတို့ကို ပယ်၏၊ သာဝကတို့၏ အရိယမဂ်ဉာဏ်သည်ကား ဝါသနာအငွေ့ဓာတ်ကို မပယ်နိုင်၊ ဤသို့ကား ထူးခြားမှု ရှိသည်သာ ဖြစ်၏၊ ထိုထူးခြားမှုကိုကား အဋ္ဌကထာက မပယ်မြစ်ပါ၊ အဋ္ဌကထာက ဆိုလိုသည်မှာ ဘုရားရှင်၏ သောတာပတ္တိ မဂ်ဉာဏ်သည်လည်း သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်၏၊ သာဝကတို့၏ သောတာပတ္တိမဂ်ဉာဏ် သည်လည်း သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိုပင် ပယ်၏၊ ဤသို့ စသည်ဖြင့် ထိုထိုအရိယမဂ်တရားက ဆိုင်ရာ ဆိုင်ရာ ထိုထိုကိလေသာကို ပယ်ခြင်း၌ ကိလေသာအမျိုးအစား အရေအတွက် ထူးခြားမှု မရှိသည်ကိုသာလျှင် ရည်ရွယ်၍ အဋ္ဌကထာက ဖွင့်ဆိုနေခြင်း ဖြစ်သည်ဟု မှတ်ပါ။]

ဋီကာ အဖွင့်များ

ဋီကာ အဖွင့်များ

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဧကဒေသ = တစ်စိတ်တစ်ဒေသအရ သင်္ခါရတရားအားလုံးတို့၏ တစ်စိတ်တစ်ဒေသ=တစ်ချို့တစ်ဝက်ကိုသာ လက္ခဏာဟာရနေတ္တိနည်းနှင့် ညှိ၍ ကောက်ယူပါမှသာလျှင် အောက်ပါ ဋီကာအဖွင့်တို့နှင့်လည်း တစ်သားတည်း ညီညွတ်မည် ဖြစ်ပေသည်။

ဧကဒေသမေဝါတိ အတ္တနော သန္တာနဂတမေဝ။ သသန္တတိပရိယာပန္နဓမ္မပရိညာမတ္တေနပိ ဟိ စတုသစ္စကမ္မဋ္ဌာနဘာဝနာ သမိဇ္ဈတိ။ တေနေဝါဟ ဣမသ္မိံယေဝ ဗျာမမတ္တေ ကဠေဝရေ သသညိမှိ သမနကေ လောကဉ္စ ပညပေမိ၊ လောကသမုဒယဉ္စ ပညပေမီတိအာဒိ။ (မ၊ဋီ၊၁၊၁၁၁။)

= ဧကဒေသမေဝ (= တစ်စိတ်တစ်ဒေသကိုသာလျှင်) ဟူသည်မှာ မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိနေသော တရား (အမျိုးအစားများ) ကိုသာလျှင်ဟု ဆိုလိုပေသည်။ မှန်ပေသည် မိမိ၏ ရုပ်-နာမ်သန္တာန်အစဉ်၌ အကျုံး ဝင်သော သင်္ခါရတရားအမျိုးအစားကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိကာမျှဖြင့်လည်း သစ္စာလေးပါး ကို သိမြင်ခြင်းတည်းဟူသော စတုသစ္စကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်သည် ပြည့်စုံသည်သာ ဖြစ်၏။ ထိုကြောင့် ဘုရားရှင်သည် သညာရှိသော စိတ်ရှိသော တစ်လံမျှလောက်သော ဤကိုယ်၏ အတွင်း၌ပင်လျှင် လောက အမည်ရသော ဒုက္ခသစ္စာတရားကိုလည်း ငါဘုရား ပညတ်တော်မူ၏၊ လောကသမုဒယ အမည်ရသော ဒုက္ခ ဖြစ်ကြောင်း သမုဒယသစ္စာကိုလည်း ငါဘုရား ပညတ်တော်မူ၏- ဤသို့ စသည်ကို (သံ၊၁၊၆၁။ အံ၊၁၊၃၅၇ -ရောဟိတဿသုတ္တန်၌) ဟောကြားတော်မူခဲ့ပေသည်။ (မ၊ဋီ၊၁၊၁၁၁။)

ဤအထက်ပါ ဋီကာ၏ ရှင်းလင်းချက်အတိုင်း ဧကဒေသ-အရ မိမိသန္တာန်၌ ဖြစ်ပွားကျရောက်လျက် ရှိသော တရားအမျိုးအစားများကို ကောက်ယူရ၏။ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပွားကျရောက်လျက်ရှိသော တရားအမျိုးအစားအားလုံးကို ဧကဒေသဟု ဆိုလိုပေသည်။ မိမိရုပ်-နာမ်သန္တာန် အစဉ်၌ ဖြစ်ပွားကျရောက် လျက်ရှိသော တရားများကား ဓာတ်ကြီးလေးပါးသာမက ခန္ဓာငါးပါးလုံးပင် ရှိနေ၏။ ယင်းခန္ဓာငါးပါးလုံးကိုပင် သို့မဟုတ် အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါးလုံးကိုပင် ဧကဒေသ-အရ ကောက်ယူရ၏။ ဧကဒေသ = တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်ဟူသည် အကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါးတို့၏ တစ်စိတ် တစ်ဒေသ တစ်ချို့တစ်ဝက်ကို ဆိုလိုသည် ဟူလိုသည်။

သို့သော် အထက်ပါ ဋီကာ၌ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပွားကျရောက်လျက်ရှိသော တရားများဟု ဆိုသဖြင့် ဗဟိဒ္ဓတရားများ မပါဟု အယူအဆ မမှားစေလိုပါ။ ဆိုလိုသည်မှာ မိမိသန္တာန်၌ ဖြစ်ပွားတည်ရှိနေသော တရားအမျိုးအစားအတိုင်းသာ ဗဟိဒ္ဓ၌လည်း ရှု၍ ရနိုင်သောကြောင့် အဇ္ဈတ္တ ရုပ်နာမ်သန္တာန်အစဉ်၌ တည်ရှိ သော တရားအမျိုးအစားကိုသာ ပဓာနထား၍ ဖွင့်ဆိုခြင်း ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်မရသူဖြစ်ပါက အဇ္ဈတ္တရုပ်နာမ်သန္တာန်အစဉ်၌ စျာန်တရားများ ဖြစ်ပွားကျရောက်မှု မရှိဟု ဆိုရ၏။ အဇ္ဈတ္တ၌ မဖြစ်သော စျာန်တရားများကို အဇ္ဈတ္တ၌လည်း ရှု၍ မရနိုင်၊ တစ်ဖန် ဗဟိဒ္ဓ၌လည်း စျာန်ရသူ လူ-နတ်-ဗြဟ္မာ သတ္တဝါများ ရှိလင့်ကစား မိမိက စျာန်မရထားသဖြင့် ဗဟိဒ္ဓ ရှုသည့်အခါ စျာန်တရားများကို သို့မဟုတ် စျာန်နာမ် တရားစုတို့ကို ထည့်သွင်း၍ မရှုသော်လည်း သစ္စာလေးပါးကို သိနိုင်သည်ဟု ဆိုလိုရင်းသာ ဖြစ်သည်။ ဗဟိဒ္ဓကို မရှုလည်း သစ္စာလေးပါးကို သိနိုင်သည်ဟု ဆိုလိုသည်ကား မဟုတ်ပေ။ ထိုသို့ မဆိုလိုကြောင်းကို အထက်ပါ မူလပဏ္ဏာသဋီကာဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ် ကိုယ်တော်တိုင် ဧကဒေသကို ပြည့်ပြည့်စုံစုံ ဖွင့်ဆို ထားသော အောက်ပါ အနုပဒသုတ္တန်ဋီကာ အဖွင့်ကို ဖတ်ရှုကြည့်ပါ။

ဧကဒေသမေဝါတိ သကအတ္တဘာဝေ သင်္ခါရေ အနဝသေသတော ပရိဂ္ဂဟေတုဉ္စ သမ္မသိတုဉ္စ အသက္ကောန္တံ အတ္တနော အဘိနီဟာရသမုဒါဂတဉာဏဗလာနုရူပံ ဧကဒေသမေဝ ပရိဂ္ဂဟေတွာ သမ္မသန္တော။ နနု စ သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယတိ ဝစနတော ဝဋ္ဋဒုက္ခတော မုစ္စိတုကာမေန သဗ္ဗံ ပရိညေယျံ ပရိဇာနိတဗ္ဗမေဝ။ သစ္စမေတံ တဉ္စ ခေါ သမ္မသနုပဂဓမ္မဝသေန ဝုတ္တံ။ တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝ သာမညတော သမ္မသနံ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၅။)

= ဧကဒေသ (= တစ်စိတ်တစ်ဒေသကိုသာလျှင်) ဟူသည်မှာ မိမိခန္ဓာကိုယ် အတ္တဘော၌ တည်ရှိကြ ကုန်သော သင်္ခါရတရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း = သိမ်းဆည်း ခြင်းငှာလည်းကောင်း, လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုပွား သုံးသပ်ခြင်းငှာလည်းကောင်း မစွမ်းနိုင် သည် ဖြစ်၍ မိမိ၏ ပါရမီ (= အဘိနီဟာရ) အားလျော်စွာ ကောင်းစွာ ပေါင်းစု၍ ဖြစ်ပေါ်လာသော ဝိပဿနာ ဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်အားလျော်စွာ တစ်စိတ်တစ်ဒေသ (= တစ်ချို့တစ်ဝက်) သော သင်္ခါရ တရားတို့ကိုသာလျှင် သိမ်းဆည်း၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။ (စကား မဆုံးသေးပါ။)

[အဘိနီဟာရ = မိမိ၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဘက်သို့ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်ကို ရှေးရှု သယ်ဆောင် ပေးနေသော အတိတ်ဘဝထိုထိုက ဖြည့်ဆည်းပူးခဲ့သော ဝိဇ္ဇာမျိုးစေ့ စရဏမျိုးစေ့ဟူသော ပါရမီအဆောက်အဦ များနှင့်တကွ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ စသောတရားကောင်းများကို အဘိနီဟာရဟု ဆိုလိုပေသည်။ ထိုအဆက်ဆက်သော အဘိနီဟာရတရားစုတို့က ဥပနိဿယသတ္တိ အာသေဝနသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးလိုက်သော အခါ ပုထုဇန်နှင့် သေက္ခများအတွက် မဟာကုသိုလ် ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဟူသော နာမ်တရားအစုတို့သည်လည်း ဝိပဿနာဉာဏ်နှင့် အတူတကွ ကောင်းစွာ ပေါင်းစုလျက် ဖြစ်ပေါ်လာကြ၏။ ယင်းသို့ ဖြစ်ပေါ်လာသော ဇောစိတ္တက္ခဏတိုင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံးယှဉ်ခဲ့သော် စိတ်+စေတသိက် နာမ်တရားစု (၃၄) လုံးစီ အသီးအသီး ရှိ၏။ ယင်းသို့ အညီအညွတ် ကောင်းစွာ ပေါင်းစုဖြစ်ပေါ်နေသော နာမ်တရားစုတို့တွင် ဝိပဿနာဉာဏ်၏ အစွမ်းအာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို သင်္ခါရတရားတို့ကို သိမ်းဆည်း နိုင် ဝိပဿနာ ရှုနိုင်ကြပေသည်။ ယင်းသို့ရှုရာ၌ ဝိပဿနာဉာဏ်၏ အာနုဘော်ကြီးမားမှုမှာ အဘိနီဟာရတရား အပေါ်၌ အခြေတည်လျက်ရှိ၏။ အဘိနီဟာရတရား ကြီးမားလျှင် ဝိပဿနာဉာဏ်၏ အာနုဘော် ကြီးမား၏။ အဘိနီဟာရတရားက အားသေးလျှင် ဝိပဿနာဉာဏ်၏ အာနုဘော်လည်း သေးသိမ်သွား၏။ သို့အတွက် သင်္ခါရ တရားတို့ကို သိမ်းဆည်း၍ ဝိပဿနာရှုရာ၌ ဝိပဿနာဉာဏ်က အာနုဘော်ကြီးမားလျှင် သင်္ခါရတရားတို့၏ ခပ်များများ တစ်ချို့တစ်ဝက်ကို ရှုနိုင်ကြ၏။ ဝိပဿနာဉာဏ်က စွမ်းအင်အာနုဘော် သေးလျှင်လည်း သင်္ခါရ တရား ခပ်နည်းနည်း တစ်ချို့တစ်ဝက် တစ်စိတ်တစ်ဒေသကိုသာလျှင် ဝိပဿနာ ရှုနိုင်ကြ၏။ ဤကား အထက်ပါ စကားရပ်၏ ဆိုလိုရင်း ဖြစ်သည်။] (ဆက်ဖတ်ပါ။)

စောဒနာချက် --- အလုံးစုံသော ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ရုပ်တရား နာမ်တရားတို့ကို ဉာတ ပရိညာပညာဖြင့် ထိုးထွင်းမသိသော်, တီရဏပရိညာပညာဖြင့် ပိုင်းခြားမသိသော်, ပဟာနပရိညာပညာဖြင့် ထိုအလုံးစုံသော ဥပါဒါနက္ခန္ဓာ ငါးပါးတည်းဟူသော ရုပ်တရား နာမ်တရားအပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရားကို မကင်းပြတ်စေနိုင်သော် မပယ်စွန့်နိုင်သော် ဒုက္ခကုန်ခြင်းငှာ မထိုက်ဟု ဘုရားရှင်သည် အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)၌ ဟောကြားထားတော်မူခြင်းကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ် လွတ် ထွက်မြောက်လိုသော အမျိုးကောင်းသား အမျိုးကောင်းသမီး မှန်သမျှသည် ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည့် အလုံးစုံသော ရုပ်တရား နာမ်တရားကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည် မဟုတ်ပါလားဟု မေးရန်ရှိ၏။ အဖြေကား ဤသို့ ဖြစ်၏။

အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိရမည်ဟူသော ထိုစကားကား မှန်ပေသည်။ သို့သော် ထိုစကားရပ်ကို ဘုရားရှင်သည် လက္ခဏာရေး သုံးတန်တင်၍ ရှုပွားသုံးသပ် ခြင်းငှာ ထိုက်သော ပရမတ္ထဓာတ်သား တရားလုံး အမျိုးအစားဟူသော သမ္မသနုပဂဓမ္မ၏ အစွမ်းဖြင့် ဟောကြား တော်မူခြင်း ဖြစ်ပေသည်။

၁။ ထိုကြောင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်ပွားတည်ရှိသော အလုံးစုံသော ရုပ်တရား နာမ်တရား တို့ကို လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ခြင်းသည်လည်းကောင်း,

၂။ ဗဟိဒ္ဓဖြစ်သော သူတစ်ပါးသန္တာန်၌ ဖြစ်ပွားတည်ရှိသော အလုံးစုံသောရုပ်တရား နာမ်တရားတို့ကိုလည်း ထိုထိုသတ္တဝါတို့ကို ယောက်ျား မိန်းမစသည်ဖြင့် ပုဂ္ဂိုလ်သန္တာန် ခွဲခြားဝေဖန်ခြင်းကို မပြုမူ၍ ဗဟိဒ္ဓအဖြစ်ဖြင့် တူသောကြောင့် တစ်ပေါင်းတည်းပြု၍ ခြုံငုံ၍ လက္ခဏာယာဉ် သုံးချက်တင်ကာ ဝိပဿနာဉာဏ်ဖြင့် ရှုပွား သုံးသပ်ခြင်းသည်လည်းကောင်း - ဤ နှစ်မျိုးသော ရှုပွားသုံးသပ်ခြင်းသည် သာဝကတို့၏ သမ္မသနစာရခေတ်ပင် ဖြစ်ပေသည်။ (ဤကား အထက်ပါ အနုပဒသုတ္တန်ဋီကာ၏ ဆိုလိုရင်းတည်း။)

ဤအထက်ပါ ဋီကာ၏ ရှင်းလင်းချက်အရ မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သော ရုပ်တရား နာမ် တရား အားလုံးနှင့် သက်မဲ့ ဗဟိဒ္ဓ သင်္ခါရတရားများ အဝင်အပါ ဗဟိဒ္ဓ အပသန္တာန်၌ တည်ရှိသော ရုပ်တရား နာမ်တရားအားလုံးသည် ဧကဒေသ = တစ်စိတ်တစ်ဒေသ - မည်ပေသည်ဟု မှတ်ပါ။

တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက် ယူဆပုံ

တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက် ယူဆပုံ

ယင်းသို့ဖြစ်လျှင် သာဝကတို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ အဇ္ဈတ္တ ခန္ဓာငါးပါး ဗဟိဒ္ဓ ခန္ဓာငါးပါး ဟုပင် ပြောသင့်ပါလျက် အဘယ်ကြောင့် ဧကဒေသ = တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက် ဟု ပြောနေရ ပါသနည်းဟု မေးရန်ရှိ၏။ အဖြေကား ဤသို့ ဖြစ်၏။

နှစ်မျိုးလုံးပင် အဋ္ဌကထာတို့၌ ဖွင့်ဆိုလျက် ပြောဆိုလျက်ပင် ရှိပေသည်။ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့တွင် ဝုဋ္ဌာနဂါမိနီဝိပဿနာ အမျိုးမျိုးတို့ကို ရှင်းပြထား၏။ ထိုရှင်းလင်းချက်များမှ ဤ၌ တိုက်ရိုက်သက်ဆိုင်နေသော အပိုင်းအချို့ကို ကောက်နုတ်၍ အဋ္ဌသာလိနီအဆိုကို မူတည်၍ ဖော်ပြအပ်ပါသည်။

ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ အနိစ္စံ ဒုက္ခမနတ္တာတိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊ သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

= ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော သင်္ခါရတရားတို့ကို နှလုံးသွင်းရာဝယ် ရှေးဦးစွာ အစပထမ၌ အဇ္ဈတ္တခန္ဓာငါးပါးတို့၌ စ၍ နှလုံးသွင်း ရှုပွား၏ = သိမ်းဆည်း၏ = ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ နှလုံးသွင်းရှုပွားပြီး၍ သိမ်းဆည်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ ထိုအဇ္ဈတ္တခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှု၏။ အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် ဝုဋ္ဌာနအမည်ရသော အရိယမဂ်ဉာဏ်သည် သို့မဟုတ် ဝုဋ္ဌာန ဂါမိနီ ဝိပဿနာသည် မဖြစ်ပေါ်လာနိုင်သောကြောင့် ဗဟိဒ္ဓတရားတို့ကိုလည်း ဝိပဿနာ ရှုရမည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော ခန္ဓာငါးပါးတို့ကိုလည်းကောင်း, သက်မဲ့ အနုပါဒိန္န သင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ-ဒုက္ခ-အနတ္တဟု (လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ) ဝိပဿနာ ရှု၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)

အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် (အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်နှင့် နာမ် နှစ်မျိုးရှိရာ ဝယ်) ရုပ်တရား၌ စ၍ နှလုံးသွင်းရှုပွား၏ = သိမ်းဆည်း၏ = ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ နှလုံးသွင်းပြီး၍ သိမ်း ဆည်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ ဘူတရုပ်ဓာတ်ကြီးလေးပါးကိုလည်းကောင်း, ထိုဓာတ်ကြီးလေးပါးကို မှီ တွယ်၍ ဖြစ်ပေါ်နေသော ဥပါဒါရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ ပိုင်းခြား၍ အနိစ္စ-ဒုက္ခ-အနတ္တဟု လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှု၏၊ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာရှုနေရုံမျှ ဖြင့်ကား ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် သို့မဟုတ် ဝုဋ္ဌာနဂါမိနီဝိပဿနာသည် မည်သည့်နည်းနှင့်မျှ မဖြစ်ပေါ်လာနိုင်သောကြောင့် နာမ်တရားကိုလည်း ဝိပဿနာ ရှုရမည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် ထို ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ကိုလည်း ဤကား နာမ်တရားဟု တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား၍ အနိစ္စ-ဒုက္ခ-အနတ္တဟု လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှု၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နေ၏၊ ရံခါ နာမ်တရားကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွား သုံးသပ်နေ၏။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ-ဒုတိယတွဲ-စာမျက်နှာ (၃၀၀-၃၀၁)တို့၌လည်း အဓိပ္ပါယ်တူပင် ဖွင့်ဆိုလျက် ရှိပေ သည်။ ထိုအဋ္ဌကထာများ၏ ဆုံးဖြတ်ချက်အရ အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်၊ အနုပါဒိန္နသင်္ခါရအမည်ရသည့် သက်မဲ့ရုပ်တရားများပါ ပါဝင်သည့် ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်သဖြင့် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါးကို ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရ၏။

ထိုသို့ ရှုရာ၌ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ပင်လျှင် ရုပ်တရားသက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သည် မဖြစ်ပေါ်နိုင်သဖြင့် ရံခါ ရုပ်တရားကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်ရ၏၊ ရံခါ နာမ်တရားကို လက္ခဏာ ယာဉ် တင်ကာ ရှုပွားသုံးသပ်ရ၏။ ထိုသို့ ရှုရာ၌ ရုပ်တရားကို ဝိပဿနာရှုရာဝယ် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုပါ၊ နာမ်ကို ရှုရာ၌ ရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်ခန္ဓာ လေးပါးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဝိပဿနာရှုပါဟု မိန့်ဆိုထားပေသည်။ (အကျယ်ကို - အဘိ၊ဋ္ဌ၊၁၊၂၇၀- ၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀-၃၀၁-တို့၌ ကြည့်ပါ။)

ဤအထက်ပါ အဋ္ဌကထာတို့၏ မိန့်ဆိုချက်များသည် အောက်ပါ သတိပဋ္ဌာနကျင့်စဉ်ဒေသနာတော်များနှင့် တစ်သားတည်း ညီညွတ်နေသော အဆိုအမိန့်များပင် ဖြစ်ကြပေသည်။

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၂။)

ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၇။)

ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၇။)

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (ဒီ၊၂၊၂၃၉။)

ဤ အထက်ပါ သတိပဋ္ဌာန်ဒေသနာတော်မြတ်၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ခန္ဓာငါးပါး တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ဝိပဿနာ ရှုပွားသုံးသပ်ရန် ဘုရားရှင်ကိုယ်တော်တိုင် ညွှန်ကြားထားတော် မူပေသည်။

ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ခန္ဓာငါးပါးတို့ကို ရှုပွားသုံးသပ်ရန် ညွှန် ကြားတော်မူ၏၊ အဋ္ဌကထာများကလည်း အဇ္ဈတ္တ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ် သို့ မဆိုက်နိုင်၊ ဗဟိဒ္ဓ ခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ဟု ဆုံးဖြတ် တော်မူကြ၏။ မြဲရာ၌ သံပတ်, တင်းရာ၌ သပ်ပင်းဟူ၏သို့ အဋ္ဌကထာများ၏ ဆုံးဖြတ်ချက်သည် ဘုရားဟော ပါဠိတော်ကို ခိုင်ခံ့အောင် တုတ်နှောင်ထားသော စကားများပင် ဖြစ်ပေသည်။

ထိုသို့အဇ္ဈတ္တ ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရာ၌ တစ်ချို့တစ်ဝက်လောက်ကိုသာ ရှုနိုင်သဖြင့် ဧကဒေသဟုလည်း ဖွင့်ဆိုရခြင်း ဖြစ်ပေသည်။ ဆိုလိုသည်မှာ အဇ္ဈတ္တ ခန္ဓာငါးပါး ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကို ဝိပဿနာ ရှုရန် ညွှန်ကြားခြင်းမှာ ပရမတ္ထဓာတ်သား တရားလုံးအမျိုးအစားအနေဖြင့်သာ ညွှန်ကြားခြင်း ဖြစ်သည်။ ပရမတ္ထ တရား တစ်မျိုး တစ်မျိုး၌ အရေအတွက်ကား များစွာ ရှိနေ၏။ ထိုအရေအတွက်ကိုကား ကုန်စင်အောင် မရှုနိုင် သဖြင့် ဧကဒေသ = တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက်ကိုသာ ရှုပွားသုံးသပ်ကြသည်ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။

တစ်စိတ်သားခန့်

တစ်စိတ်သားခန့်

အထက်ပါ သတ်မှတ်ချက်ကို နားရှင်းစေရန် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။ ဤ ခန္ဓာအိမ်၌ တစ်ခု သော ရုပ်ခဏတ္တယအတွင်း၌ ပြိုင်တူ ဖြစ်ပျက်နေကြသော ပရမာဏုမြူခန့် ပမာဏ ရှိကြကုန်သော ရုပ်ကလာပ် အမှုန်တို့ကို ဉာဏ်ဖြင့် မှန်းဆခြင်တွယ်ကြည့်ခဲ့သော် ဒေါဏမတ္တာ = တစ်စိတ်သားခန့်လောက် ရှိမည်ဟု (ဝိသုဒ္ဓိ၊ ၁၊၃၆၁။)၌ ဖော်ပြထား၏။ ထိုရုပ်ကလာပ်အမှုန်တိုင်း အမှုန်တိုင်း၌ ဓာတ်ကြီးလေးပါး ပါဝင်လျက် ရှိ၏၊ ထိုရုပ် ကလာပ်တိုင်း၌ ရှိသော ဓာတ်ကြီးလေးပါးတိုင်းကို သာဝကတို့သည် ကုန်စင်အောင် ရှုနိုင်ပါသလားဟု မေးသော် တစ်စိတ်တစ်ဒေသ တစ်ချို့တစ်ဝက်လောက်သာ ရှုနိုင်သည်ဟု ဆိုလိုသည်။ ထိုတစ်စိတ်တစ်ဒေသမှာလည်း ဝိပဿနာဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားလျှင် ခပ်များများ တစ်စိတ်တစ်ဒေသကို ရှုနိုင်၍ ဝိပဿနာဉာဏ်၏ စွမ်းအားရှိန်စော် အာနုဘော်က သေးလျှင် ခပ်နည်းနည်း တစ်စိတ်တစ်ဒေသကိုသာ ရှုနိုင်သည်။ဓာတ်ကြီးလေးပါးတို့ကို မှီ၍ဖြစ်ကြကုန်သော ဥပါဒါရုပ်တို့၌လည်း အလားတူပင် တစ်စိတ်တစ်ဒေသကိုသာ ရှုနိုင် ၏ဟု မှတ်ပါ။

နာမ်လောက

နာမ်လောက

ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)

= လက်ဖျစ်တစ်တွက် = မျက်စိတစ်မှိတ် = လျှပ်တစ်ပြက် = တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သော အလွန်တိုတောင်း သော အချိန်ကာလအတွင်း၌ နာမ်တရားတို့သည် အကြိမ်ပေါင်း ကုဋေတစ်သိန်းခန့်မျှ ဖြစ်-ပျက်ကြသည်ဟု အဆိုရှိရာ ထိုစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဖဿ-ဝေဒနာ-သညာ-စေတနာ-ဝိညာဏ်ဟူသော ဖဿပဉ္စမက တရားငါးပါး ဦးဆောင်သည့် နာမ်တရားတို့ ပါဝင်ကြရာ ရှုလိုက်နိုင်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကား အချို့အဝက်သာဖြစ်၏။ မရှုလိုက်နိုင်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားစု တို့လည်း အချို့အဝက် ရှိကြ၏။ ဗဟိဒ္ဓ ရုပ်တရား နာမ်တရားတို့၌လည်း အဇ္ဈတ္တနည်းတူ သဘောပေါက်ပါ။

သို့အတွက် တရားလုံးအမျိုးအစားအနေအားဖြင့် အဇ္ဈတ္တ၌လည်း ခန္ဓာငါးပါး, ဗဟိဒ္ဓ၌လည်း ခန္ဓာငါးပါး အားလုံးကို ရှုရမည် ဖြစ်သည်။ ထိုသို့ ရှုပါမှ မဂ်-ဖိုလ်-နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် ရုပ်နာမ်အားလုံး ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ရှုရန် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။

ထိုသို့ ရှုရာ၌ ပရမတ္ထဓာတ်သားတိုင်း ဓာတ်သားတိုင်း တရားလုံးတိုင်း တရားလုံးတိုင်း၌ အရေအတွက် များစွာ ရှိနေသဖြင့် ထိုထို ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးတိုင်း ဥပါဒါ ရုပ်တိုင်းကိုလည်းကောင်း, ထိုထိုနာမ်ကလာပ်တိုင်း နာမ်ကလာပ်တိုင်း၌ ဖြစ်ပွားတည်ရှိနေသော ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတိုင်းကိုလည်းကောင်း - ဤသို့ ရုပ်ကလာပ်တိုင်း နာမ်ကလာပ်တိုင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတိုင်းဟူသော အရေအတွက်ကိုကား သာဝကတို့သည် ကုန်စင်အောင် ဝိပဿနာမရှုနိုင်သဖြင့် (စကြဝဠာ ကုဋေတစ်သိန်းဖြင့် ပိုင်းခြားထားအပ်သော နယ်မြေအတွင်း၌ ဘုရားရှင်သည်သာလျှင် သင်္ခါရတရား တို့ကို ကုန်စင်အောင် ဝိပဿနာရှုပွား သုံးသပ်နိုင်သဖြင့်) သာဝကတို့သည် ဧကဒေသ = သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသ = တစ်ချို့တစ်ဝက်ကို ဝိပဿနာရှုပွားသုံးသပ်နိုင်ပါကလည်း နိဗ္ဗာန်သို့ ရောက်ရှိနိုင်ကြောင်း မိန့်ဆိုရခြင်း ဖြစ်ပေသည်။

ဤမျှဆိုလျှင် မည်သည့်တရားများကို မည်မျှလောက် မည်သို့ မည်ပုံ သာဝကတို့သည် ဝိပဿနာ ရှုပွား သုံးသပ်နိုင်ပါမှ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြမည်ကို သဘောပေါက်လောက်ပြီ ဖြစ်ပေသည်။ သို့သော် စဉ်းစားရန် အချက်တစ်ရပ်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။

ထပ်မံစဉ်းစားရန် အချက်တစ်ရပ်

ထပ်မံစဉ်းစားရန် အချက်တစ်ရပ်

အထက်ပါ ဧကဒေသအကြောင်းကို ဖွင့်ဆိုသော အဋ္ဌကထာမှာ မူလပရိယာယသုတ်အဋ္ဌကထာ ဖြစ်သည်။ ထိုမူလပရိယာယသုတ်သည် မူလပဏ္ဏာသပါဠိတော်ဝယ် သုတ္တန်ပေါင်း (၅၀)တို့အနက် နံပါတ် (၁) သုတ္တန် ဖြစ်သည်။ ထိုမူလပဏ္ဏာသပါဠိတော်တွင် (၃၃)ခုမြောက် သုတ္တန်ကား မဟာဂေါပါလကသုတ္တန်ပင် ဖြစ်သည်။ထို မဟာဂေါပါလကသုတ္တန်အဋ္ဌကထာတွင် အထက် (နှာ-၁၈၉-၁၉၀) တွင် ဖော်ပြခဲ့သည့်အတိုင်း အဋ္ဌကထာ ဆရာတော်က ရုပ်တရားကို ---

၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း,

၂။ ရုပ်တရားကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း ---

ဤနှစ်မျိုးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ မသိခဲ့သော် ---

၁။ ရုပ်တရားကို သိမ်းဆည်း၍,

၂။ နာမ်တရားကို ပိုင်းခြားမှတ်သား၍,

၃။ ရုပ်-နာမ်ကို သိမ်းဆည်း၍,

၄။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားကို ပိုင်းခြားမှတ်သား၍,

၅။ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်၍ --- ဝိပဿနာဉာဏ်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အထွတ်အထိပ်သို့ ရောက်စေအံ့သောငှာ မည်သည့် နည်းနှင့်မျှ မစွမ်းနိုင် (မ၊ဋ္ဌ၊၂၊၁၆၃။) ဟု အတိအကျ ဆုံးဖြတ်ထား၏။ ထိုသို့သော အလွန်တိကျသော ဆုံးဖြတ်ချက်ကို ရေးသားထားသော အဋ္ဌကထာ ဆရာတော်သည် ထိုမူလပဏ္ဏာသအဋ္ဌကထာဟူသော ကျမ်းစာတစ်ခုတည်းမှာပင် သာဝကတို့သည် ဓာတ်တစ်လုံး ကို ဝိပဿနာရှုပါက နိဗ္ဗာန်သို့ ရောက်နိုင်ကြသည်ဟု ရေးသားမည် မရေးသားမည် ဟူသော အချက်ကို အသင် ယောဂီသူတော်ကောင်း ကိုယ်တိုင်ပင် ဝေဖန်ဆုံးဖြတ်လေရာသည်။

မဂ္ဂင်ရှစ်ပါး ပြည့်ပါရဲ့လား

မဂ္ဂင်ရှစ်ပါး ပြည့်ပါရဲ့လား

နိဗ္ဗာန်ကို အလိုရှိသော အသင်ယောဂီသူတော်ကောင်းသည် ဤအချက်တစ်ရပ်ကိုလည်း ထပ်မံ၍ စဉ်းစား ပါဦး။ ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သော မဂ္ဂအရိယသစ္စာကို သမ္မာဒိဋ္ဌိအစ သမ္မာသမာဓိအဆုံးရှိသော မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်ကြောင်းကို ဓမ္မစကြာဒေသနာတော် (သံ၊၃၊၃၆၉။), မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော် (မ၊၁၊၈၈။) စသည့် ထိုထိုသုတ္တန်တို့၌ ဟောကြားထားတော် မူ၏။ ယင်း မဂ္ဂင် (၈)ပါး စုံညီပါမှ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ ထိုမဂ္ဂင် (၈)ပါးတို့တွင် အကျုံးဝင်သော သမ္မာသမာဓိဟူသည် မည်ကဲ့သို့သော သမာဓိမျိုးကို ခေါ်ဆိုသည်ဟု ဘုရားရှင်သည် မဟာ သတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူ၏။

ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ။

၁။ ဣဓ ဘိက္ခဝေ ဘိက္ခု ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

၂။ ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

၃။ ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

၄။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။ (ဒီ၊၂၊၂၅၀-၂၅၁။)

= ရဟန်းတို့ ...သမ္မာသမာဓိဟူသည် အဘယ်နည်း?

၁။ ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍သာလျှင် ကြံစည်ခြင်း = ဝိတက်နှင့်လည်း တကွဖြစ်သော, သုံးသပ်ခြင်း = ဝိစာရနှင့်လည်း တကွ ဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသည့် နှစ်သက်ခြင်း = ပီတိ, ချမ်းသာခြင်း = သုခရှိသော ပထမစျာန်သို့ ရောက်၍ နေ၏။

၂။ ကြံစည်ခြင်း = ဝိတက်, သုံးသပ်ခြင်း = ဝိစာရတို့၏ ငြိမ်း၍ သွားခြင်းကြောင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တ သန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ မြတ်သောတည်ကြည်မှု သမာဓိကို ပွားစေတတ်သော ကြံစည်မှု ဝိတက်လည်း မရှိသော သုံးသပ်မှု ဝိစာရလည်း မရှိသော စိတ်တည်ကြည်မှု သမာဓိကြောင့် ဖြစ်သည့် နှစ်သက်ခြင်း = ပီတိ, ချမ်းသာခြင်း = သုခရှိသော ဒုတိယစျာန်သို့ ရောက်၍နေ၏။

၃။ နှစ်သက်ခြင်း = ပီတိ၏လည်း ကင်း၍ သွားခြင်းကြောင့် အာရုံကို (အာနာပါနပဋိဘာဂနိမိတ်, ကသိုဏ်း ပဋိဘာဂနိမိတ်စသော စျာန်၏ အာရုံကို) အညီအမျှရှုလျက် အာရုံကို သိမ်းဆည်းတတ်သော သတိရှိလျက် အာရုံကို ဆင်ခြင်တတ်သော သမ္ပဇဉ်ဉာဏ် ရှိလျက် နေ၏၊ ချမ်းသာခြင်း = သုခကိုလည်း (ရူပကာယ) နာမကာယဖြင့် ခံစား၍ နေ၏။ အကြင် တတိယစျာန်ကြောင့် ထိုတတိယစျာန်နှင့် ပြည့်စုံသူကို အာရုံကို အညီအမျှ ရှုသူ အာရုံကိုသိမ်းဆည်းတတ်သော သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့သည် ချီးမွမ်းစကား ပြောကြားကြကုန်၏၊ ထိုတတိယစျာန်သို့ ရောက်ရှိ၍ နေ၏။

၄။ ကာယိကသုခ ကာယိကဒုက္ခကို ပယ်ထားပြီးခြင်းကြောင့်လည်းကောင်း, ရှေးအဖို့ကပင်လျှင် ဝမ်းသာခြင်း = သောမနဿ, စိတ်မချမ်းသာခြင်း = ဒေါမနဿ တရားတို့၏ ချုပ်ငြိမ်းပြီးခြင်းကြောင့်လည်းကောင်း ဆင်းရဲမှု ချမ်းသာမှု ကင်းသော ဥပေက္ခာကြောင့် ဖြစ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေ၏။

ရဟန်းတို့ ...ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ (ဒီ၊၂၊၂၅၀-၂၅၁။)

ဤ အထက်ပါ မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မြတ်၌ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို သမ္မာသမာဓိ ခေါ်ဆိုကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ရှင်းပြ ထားတော်မူ၏။ ဝိပဿနာဉာဏ်၏ အခြေပါဒက အကြောင်းရင်းမူလဖြစ်သော သမာဓိတို့တွင် အကောင်းဆုံးသော သမာဓိကို ညွှန်ကြားပြသတော်မူခြင်းဟူသော ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ထိုသို့ ဟောကြားတော်မူခြင်း ဖြစ်ပေ သည်။ တစ်နည်းဆိုရသော် အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိဟူသော ဥပစာရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိဟု သမာဓိသုံးမျိုးရှိရာ အလယ်ဖြစ်သော ရူပါဝစရသမာဓိကို တိုက်ရိုက်ယူ၍ ဟောတော်မူလိုက်ခြင်းဖြင့် အစဖြစ်သော ဥပစာရသမာဓိဟူသော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရ သမာဓိနှင့် အဆုံးဖြစ်သော အရူပါဝစရသမာဓိတို့ကိုလည်း သိမ်းကျုံး၍ ယူရသော မဇ္ဈေဒီပကနည်းအားဖြင့် ထိုသို့ ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ---

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= ဥပစာရသမာဓိနှင့် တကွ သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏ - ဟု ဖွင့်ဆိုထားပေသည်။ ဝိသုဒ္ဓိ (၇)ပါးကျင့်စဉ်၌ ဥပစာရသမာဓိနှင့် တကွ သမာပတ် (၈)ပါးတို့ကို စိတ္တဝိသုဒ္ဓိဟု ခေါ်ဆို၍ မဂ္ဂင် (၈) ပါး ကျင့်စဉ်၌ ဥပစာရသမာဓိနှင့် တကွ သမာပတ် (၈)ပါးတို့ကို သမ္မာသမာဓိမဂ္ဂင် ဟု ခေါ်ဆိုထားပေသည်။ ဝေါဟာရကား ကွဲ၏၊ တရားကိုယ်ကား တူ၏။

စိတ္တဝိသုဒ္ဓိ အမည်ရသော သမ္မာသမာဓိမဂ္ဂင်နှင့် ပြည့်စုံအောင် ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်အချိန် အခါက စ၍ ဖြည့်ကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ မဟာသတိပဋ္ဌာနသုတ္တန် နိဂုံး၌ အလယ်အလတ်ဖြစ်သော မဇ္ဈိမနေယျပုဂ္ဂိုလ်၏ အစွမ်းဖြင့် သတိပဋ္ဌာနကျင့်စဉ်ကို ဘုရားရှင်ဟောကြားတော်မူသည့်အတိုင်း ကျင့်ခဲ့သော် အစောဆုံး (၇)ရက်အတွင်း, အလွန်ဆုံး (၇)နှစ်အတွင်း၌ အနာဂါမိဖိုလ် သို့မဟုတ် အရဟတ္တဖိုလ်သို့ ရောက်ရှိ နိုင်ကြောင်း ဘုရားရှင်၏ ကြေညာချက်ကို အကိုးသာဓကပြု၍ ဤမဟာသတိပဋ္ဌာနသုတ္တန်၌ အရိယမဂ်၏ ရှေး အဖို့၌ ကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ကိုသာလျှင် ရည်ရွယ်၍ ဘုရားရှင် ဟောကြားထားတော်မူကြောင်းကို (မ၊ဋ္ဌ၊၁၊၂၃၅-၂၃၆။) ၌ ဆုံးဖြတ်ထား၏။

တစ်ဖန် အောက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ အဖွင့်ကိုလည်း ဖတ်ရှုကြည့်ပါဦး။

အယံ ဝုစ္စတိ သမ္မာသမာဓီတိ ယာ ဣမေသု စတူသု စျာနေသု ဧကဂ္ဂတာ၊ အယံ ပုဗ္ဗဘာဂေ လောကီယော၊ အပရဘာဂေ လောကုတ္တရော သမ္မာသမာဓိ နာမ ဝုစ္စတီတိ။ ဧဝံ လောကိယ-လောကုတ္တရဝသေန ဘဂဝါ မဂ္ဂသစ္စံ ဒေသေသိ။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။)

အယံ ဝုစ္စတိ သမ္မာသမာဓိ = ဤသည်ကို သမ္မာသမာဓိဟု ခေါ်ဆို၏ - ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်လေးပါးတို့၌ သမ္ပယုတ်တရားအဖြစ် အတူယှဉ်တွဲ၍ ဖြစ်သော ဧကဂ္ဂတာ စေတသိက်သည် ရှိ၏၊ ဤဧကဂ္ဂတာ စေတသိက်ကား အရိယမဂ်၏ ရှေးအဖို့ လောကီသတိပဋ္ဌာန်ပိုင်း၌ လောကီ သမ္မာသမာဓိ မည်၏။ နောက်ပိုင်း အရိယမဂ်ဉာဏ်အခိုက်၌ကား လောကုတ္တရာသမ္မာသမာဓိမည်၏ဟု ဆိုအပ်၏။ဤသို့လျှင် ဘုရားရှင်သည် အဘိဓမ္မာဝိဘင်းပါဠိတော် သစ္စဝိဘင်း၌ မဂ္ဂသစ္စာကို ဟောကြားတော်မူပေသည်။ (အဘိ၊ဋ္ဌ၊၂၊၁၁၃။)

မဟာသတိပဋ္ဌာနသုတ္တန်၌ လောကီသမ္မာသမာဓိမဂ္ဂင်ကို, သစ္စဝိဘင်း၌ လောကီသမ္မာသမာဓိ လောကုတ္တရာ သမ္မာသမာဓိမဂ္ဂင် နှစ်မျိုးလုံးကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။

သို့အတွက်အရိယမဂ်၏ေ့ရှအဖို့ဖြစ်သောသမထပိုင်း ဝိပဿနာပိုင်းတို့၌လည်း သမ္မာသမာဓိဟူသော မဂ္ဂင်နှင့် ပြည့်စုံရမည်သာ ဖြစ်သည်။ အကယ်၍ သမာဓိထူထောင်ဖို့ မလိုပါဟု အစွဲသန်နေလျှင်ကား မဂ္ဂင် (၈) ပါး မပြည့်တော့ဘဲ မဂ္ဂင် (၇) ပါးသာ ရှိနေမည် ဖြစ်သည်။ ဒုတိယစျာန်စသော အထက်ပိုင်း စျာန်နာမ်တရားများကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ထိုအရိယမဂ်၌ သမ္မာသင်္ကပ္ပမဂ္ဂင် တစ်ခု လျော့သွားသဖြင့် မဂ္ဂင် (၇)ပါးကား ရံခါ ရှိတတ်ပါ၏။ သမ္မာသင်္ကပ္ပမဂ္ဂင် မပါသည့် မဂ္ဂင် (၇)ပါးဖြင့် အရိယမဂ်သို့ ဆိုက်သည့်ထုံးများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည့် ထုံးများ ထင်ရှားရှိသော်လည်း သမ္မာသမာဓိ မဂ္ဂင် မပါသည့် မဂ္ဂင် (၇)ပါးတည်းဖြင့် နိဗ္ဗာန်သို့ သွား၍ ရောက်နိုင်သည့် ထုံးဟောင်းကား သာသနာတော်၌ ထင်ရှား မရှိခဲ့စဖူးပေ။ သို့အတွက် သမ္မာသမာဓိမဂ္ဂင် မပါသည့် မဂ္ဂင် (၇)ပါးတည်းဖြင့် နိဗ္ဗာန်သို့ သွား၍ ရောက်နိုင် မရောက်နိုင်ကိုလည်း အသင်ယောဂီသူတော်ကောင်းကိုယ်တိုင်ပင် စဉ်းစားဝေဖန် ဆုံးဖြတ်လေရာသည်။ လောကုတ္တရာအရိယမဂ်အခိုက်၌ မဂ္ဂင် (၇)ပါးရှိကောင်းသော်လည်း အရိယမဂ်၏ ရှေးအဖို့ဖြစ်သော သတိပဋ္ဌာနကျင့်စဉ် ဟူသော ပုဗ္ဗဘာဂသတိပဋ္ဌာနပိုင်း၌ကား မဂ္ဂင် (၈)ပါးကိုပင် ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၈) ၌ ဟောကြားတော်မူခဲ့၏။

သမာဓိသည် အနှစ်သာရလော?

သမာဓိသည် အနှစ်သာရလော?

သမာဓိကို ထူထောင်သင့်သည်ဟူသော အချက်နှင့် ပတ်သက်၍ သမာဓိသည် သာသနာတော်၏ အနှစ် သာရလားဟု အချို့က မေးကြပြန်သည်။ ဤမေးခွန်းကို မေးသူတို့ကား အဿဇိသုတ္တန် (သံ၊၂၊၁၀၁-၁၀၂-၁၀၃။)ကို ကိုးကားကြ၏။

အရှင်အဿဇိမထေရ်သည် ကဿပသူဌေး ဆောက်လုပ်လှူဒါန်းထားအပ်သော ကဿပကာရာမ ကျောင်း အရာမ်၌ သီတင်းသုံးတော်မူခိုက် ဖျားနာသဖြင့် မိမိရရှိပြီး ဖြစ်သည့် (အာနာပါန)စတုတ္ထစျာန်ကို ဝင်စား၍ မရ ဖြစ်နေ၏။ ရှေးယခင် ဖျားနာသောအခါတို့၌ ဝင်သက် ထွက်သက်တို့ကို ချုပ်ငြိမ်းစေလျက် (အာနာပါန) စတုတ္ထစျာန်ကို အကြိမ်ကြိမ် ဝင်စားနိုင်ခဲ့၏။ ယခု နောက်ဆုံးအကြိမ်တွင်ကား ထိုသို့ ဝင်စား၍ မရသဖြင့် စိတ် မချမ်းသာမှု ဝိပ္ပဋိသာရ ဖြစ်နေကြောင်းကို ဘုရားရှင်အား တင်ပြလျှောက်ထားခဲ့၏။ ထိုအခါတွင် ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူခဲ့၏။

ယေ တေ အဿဇိ သမဏဗြဟ္မဏာ သမာဓိသာရကာ သမာဓိသာမညာ၊ တေသံ တံ သမာဓိံ အပ္ပဋိလဘတံ ဧဝံ ဟောတိ နော စဿု မယံ ပရိဟာယာမာတိ။ (သံ၊၂၊၁၀၂။)

သမာဓိသာရကာ သမာဓိသာမညာတိ သမာဓိံယေဝ သာရဉ္စ သာမညဉ္စ မညန္တိ။ မယှံ ပန သာသနေ န ဧတံ သာရံ၊ ဝိပဿနာမဂ္ဂဖလာနိ သာရံ။ သော တွံ သမာဓိတော ပရိဟာယန္တော ကသ္မာ စိန္တေသိ သာသနတော ပရိဟာယာမီတိ ဧဝံ ထေရံ အဿာသေတွာ ဣဒါနိဿ တိပရိဝဋ္ဋံ ဓမ္မဒေသနံ အာရဘန္တော တံ ကိံ မညသီတိအာဒိမာဟ။ (သံ၊ဋ္ဌ၊၂၊၂၈၉။)

= ချစ်သား အဿဇိ ...အကြင် သမဏ ဗြာဟ္မဏဟု ခေါ်ဆိုကြသော ရဟန်းပုဏ္ဏားတို့သည် သမာဓိ သာလျှင် အနှစ်ဟု အောက်မေ့မှတ်ထင်ကြကုန်၏၊ သမာဓိသာလျှင် ရဟန်းအဖြစ်ဟု အောက်မေ့ မှတ်ထင် ကြကုန်၏၊ ထိုရဟန်းပုဏ္ဏားတို့၏ စိတ်အစဉ်ဝယ် ထိုသမာဓိကို မရရှိကြကုန်သည် ဖြစ်၍ ငါတို့သည် သာသနာ တော်မှ မဆုတ်ယုတ်ဘဲ ရှိကြပါကုန်၏လောဟူသော ဤသို့သော စိတ်အကြံအစည်သည် ဖြစ်ပေါ်လာတတ်၏ ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။ (သံ၊၂၊၁၀၂။)

သို့သော် ငါဘုရားရှင်၏ သာသနာတော်တွင်း၌ကား ဤသမာဓိသည် အနှစ်သာရမဟုတ်ပါ၊ ဝိပဿနာ- မဂ်-ဖိုလ်တို့သည်သာ သာသနာတော်၌ အနှစ်သာရ ဖြစ်ကြကုန်၏။ ထိုသင်အဿဇိသည် (အာနာပါန) စတုတ္ထစျာန် သမာဓိမှ ဆုတ်ယုတ်သွားသောအခါ (ဆုတ်ယုတ်သွားရုံမျှဖြင့်) အဘယ်ကြောင့် ငါသည် သာသနာတော်မှ ဆုတ်ယုတ်လေပေါ့ ဟု ကြံစည်စိတ်ကူးရလေသနည်း --- ဤသို့ အရှင်အဿဇိမထေရ်ကို သက်သာရာရစေ၍ ယခုအခါ၌ ထိုအဿဇိမထေရ်မြတ်အား တိပရိဝဋ္ဋဓမ္မ ဒေသနာကို ဟောကြားတော်မူလျက် အရဟတ္တဖိုလ်၌ တည်အောင် ကြိုးစားအားထုတ်တော်မူလိုသည် ဖြစ်၍ - တံ ကိံ မညသိ - စသော တိပရိဝဋ္ဋဓမ္မ ဒေသနာကို ဆက်လက်၍ အားသစ်တော်မူသည်။ (သံ၊ဋ္ဌ၊၂၊၂၈၉။)

တိပရိဝဋ္ဋ ဓမ္မဒေသနာ

တိပရိဝဋ္ဋ ဓမ္မဒေသနာ

ဥပါဒါနက္ခန္ဓာငါးပါးတို့ကို တစ်ပါး တစ်ပါး၌ ---

၁။ နိစ္စလော၊ အနိစ္စလော၊

၂။ ဒုက္ခလော၊ သုခလော၊

၃။ အတ္တလော၊ အနတ္တလော ---

ဤသို့ အနိစ္စတစ်ကျော့, ဒုက္ခတစ်ကျော့, အနတ္တတစ်ကျော့ - သုံးကျော့သုံးပြန် အမေး-အဖြေ ပြုလုပ်ပြီးမှ

၁။ အတိတ် ဥပါဒါနက္ခန္ဓာငါးပါး,

၂။ အနာဂတ် ဥပါဒါနက္ခန္ဓာငါးပါး,

၃။ ပစ္စုပ္ပန် ဥပါဒါနက္ခန္ဓာငါးပါး,

၄။ အဇ္ဈတ္တ (= မိမိသန္တာန်) ၌ ဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး,

၅။ ဗဟိဒ္ဓ (= အပြင် ဗဟိဒ္ဓ) ၌ သက်ရှိသက်မဲ့ ဥပါဒါနက္ခန္ဓာငါးပါး,

၆။ ဩဠာရိက (= ရုန့်ရင်းကြမ်းတမ်းသော) ဥပါဒါနက္ခန္ဓာငါးပါး,

၇။ သုခုမ (= သိမ်မွေ့နူးညံ့သော) ဥပါဒါနက္ခန္ဓာငါးပါး,

၈။ ဟီန (= ယုတ်ညံ့သော) ဥပါဒါနက္ခန္ဓာငါးပါး,

၉။ ပဏီတ (= မွန်မြတ်သော) ဥပါဒါနက္ခန္ဓာငါးပါး,

၁၀။ ဒူရ (= ဝေးသော) ဥပါဒါနက္ခန္ဓာငါးပါး,

၁၁။ သန္တိက (= နီးသော) ဥပါဒါနက္ခန္ဓာငါးပါး ---

ဤသို့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရန် ညွှန်ကြားတော်မူသောဒေသနာတော်ကို တိပရိဝဋ္ဋ ဓမ္မဒေသနာဟု ခေါ်ဆို၏။ ဘုရားရှင်သည် အရှင်အဿဇိမထေရ်မြတ်အား ယင်းတိပရိဝဋ္ဋဓမ္မဒေသနာတော်ကို ဆက်လက်၍ ဟောကြားပေးတော်မူ၏။ အရှင်အဿဇိမထေရ်မြတ်သည်လည်း ဘုရားရှင်ဟောကြားတော်မူသည့် ထိုတိပရိဝဋ္ဋဓမ္မဒေသနာတော်နောက်သို့ ဉာဏ်ကို စေလွှတ်၍ အတိတ်-အနာဂတ်-ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူသဖြင့် ---

အထဿ တိပရိဝဋ္ဋဒေသနာဝသာနေ အရဟတ္တံ ပတ္တဿ ... (သံ၊ဋ္ဌ၊၂၊၂၈၉။)

ယင်း တိပရိဝဋ္ဋဓမ္မဒေသနာတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူလေသည်။

ဤ အရှင်အဿဇိ၏ အကြောင်း အတ္ထုပ္ပတ်ကို အခြေခံ၍ သမာဓိသည် သာသနာတော်၏ အနှစ်သာရ မဟုတ်၊ သို့အတွက် သမာဓိထူထောင်ဖို့ မလိုဟု ဆိုကြ၏။

ဤကျမ်းကလည်း သမာဓိကို သာသနာတော်၏ အနှစ်သာရဟူ၍ကား မဆိုပါ။ ဝိပဿနာ-မဂ်-ဖိုလ်တို့ကို သာလျှင် သာသနာတော်၏ အနှစ်သာရဟုပင် ဆိုပါ၏။

သို့သော် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေး အတွက် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကိုကား မဂ်-ဖိုလ်-နိဗ္ဗာန်ကို လိုလားသူတိုင်း ကျင့်ရမည်သာ ဖြစ်၏။ ယင်းမဂ္ဂင် (၈)ပါးတို့တွင် သမ္မာသမာဓိလည်း ပါဝင် လျက် ရှိ၏။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ပရမတ္ထဓာတ်သား သင်္ခါရတရားတို့ကို လက္ခဏာယာဉ် သုံးတန်တင်၍ တွင်တွင်ကြီး ရှုနိုင်ပါမှ ဝိပဿနာဉာဏ်များ ဖြစ်ပေါ်လာနိုင်ကြမည် ဖြစ်သည်။ ဝိပဿနာဉာဏ် များက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ပရမတ္ထသစ္စာအစစ် အဖြစ်ကြီး ဖြစ်ကြသော ယင်းဒုက္ခသစ္စာတရား သမုဒယ သစ္စာတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိရေး, ယင်းတရားတို့ကို ဝိပဿနာရှုနိုင်ရေးအတွက် လိုအပ်သော တရား ကား သမ္မာသမာဓိပင် ဖြစ်ပေသည်။ ထိုကြောင့် ဤမဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဘုရားရှင်ကိုယ်တော်တိုင် က ဓမ္မစကြာဒေသနာတော်မှ အစပြု၍ ထိုထို ဒေသနာတော်များစွာတို့၌ ---

၁။ မဇ္ဈိမပဋိပဒါ = (မိမိကိုယ်ကို ပူပန်အောင် ဆင်းရဲအောင် ကြိုးစားအားထုတ်သော အတ္တကိလမထာနုယောဂ, ကာမဂုဏ်ချမ်းသာ၌ ငြိကပ်တွယ်တာလျက် ကာမသုခကို လေ့လာလိုက်စားသော ကာမသုခလ္လိကာနုယောဂ ဟူသော အစွန်းနှစ်ဖက်တို့မှ လွတ်သော) အလယ်အလတ်ကျင့်စဉ်လမ်းဟုလည်းကောင်း,

၂။ ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဟုလည်းကောင်း ---

ကြိမ်ဖန်များစွာ ဟောကြားတော်မူခဲ့၏။ သို့အတွက် ဝိပဿနာ-မဂ်-ဖိုလ်ကို လိုလားသူတိုင်းသည် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ကျင့်ရမည်သာဖြစ်သည်။

သမာဓိသည် သာသနာတွင်းတရား မဟုတ်

သမာဓိသည် သာသနာတွင်းတရား မဟုတ်

အချို့အချို့သော ဆရာမြတ်တို့ကလည်း သမာဓိသည် (= သမထသည်) သာသနာတွင်းတရား မဟုတ်၊ သာသနာပတရားသာ ဖြစ်သည်။ သာသနာတွင်း၌ သမာဓိထူထောင်နေဖို့ မလိုဟုလည်း ဆိုကြပြန်၏။

သာသနာပ၌ စျာန်အဘိညာဏ်ကို ရရှိတော်မူကြသော ရသေ့သူတော်စင်တို့ ရှိခဲ့ကြသည်ကား မှန်၏၊ သာသနာပ၌ စျာန်အဘိညာဏ်များ ရှိရုံမျှဖြင့် သမာဓိသည် (= သမထသည်) သာသနာတွင်းတရား မဟုတ်ဟု မစွပ်စွဲသင့်ပေ။

သာသနာပအခါကာလ၌လည်း ငါးပါးသီလကို ကျင့်ကြသူ ငါးပါးသီလ မြဲကြသူ သူတော်ကောင်းများ ရှိခဲ့ကြသည်သာ ဖြစ်၏။ သာသနာပ၌ သီလကျင့်စဉ် ရှိခဲ့သည့်အတွက် ယင်းသီလကျင့်စဉ်ကိုလည်း သာသနာပ တရားဟုပင် ဆိုမည်လော၊ မဆိုသင့်သည်သာ ဖြစ်၏။

တသ္မာ တိဟ တွံ ဘိက္ခု အာဒိမေဝ ဝိသောဓေဟိ ကုသလေသု ဓမ္မေသု။ ကော စာဒိ ကုသလာနံ ဓမ္မာနံ၊ သီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိ စ ဥဇုကာ။ (သံ၊၃၊၁၂၄။)

ဤအထက်ပါ ဘိက္ခုသုတ္တန်၌ ဘုရားရှင်သည် ကုသိုလ်တရားအားလုံးတို့၏ ရှေးဦးအစ ဖြစ်သော ---

၁။ သီလ,

၂။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည် တတ်သိနားလည်သော သမ္မာဒိဋ္ဌိ ---

ဤနှစ်ပါးကို သာသနာတော်၌ ရှေးဦးစွာ ဖြည့်ကျင့်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။

အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို သာသနာတွင်း တရားအစစ် ဖြစ်သည်ဟု လက်ခံနိုင်ပါလျှင် မဂ္ဂင် (၈)ပါးတွင် အကျုံးဝင်သော မဂ္ဂင် (၈)ပါး၏ အင်္ဂါ အစိတ် အပိုင်း တစ်ခုဖြစ်သော သမ္မာသမာဓိကို အဘယ်ကြောင့် သာသနာတွင်းတရားအဖြစ် လက်မခံနိုင်ရပါသနည်း?

ဘုရားရှင်နှင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မဟုတ် မတရား မစွပ်စွဲမိဖို့ရန်ကား သူတော်ကောင်း မှန်သမျှ အထူးဂရုပြုရမည့် အရာပင် ဖြစ်ပေသတည်း။

အကယ်၍ အသင်သူတော်ကောင်းသည် သမာဓိထူထောင်မှုကို အလွန့်အလွန် ရွံရှာစက်ဆုပ်နေသေးသူ ဖြစ်လျှင်, သမာဓိထူထောင်ဖို့ မလိုပါဟူသော အယူဝါဒကိုပင် ဖားမြွေခဲသို့ ဇွတ်အတင်းခဲထားလျှင် ငါသည် အရှင်အဿဇိ မထေရ်မြတ်ကဲ့သို့ အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာ ရှုနိုင်ပြီလားဟူသော ဤမေးခွန်းကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မိမိကိုယ်ကို မိမိ ရိုးသားစွာ အဖြေပေးနိုင်သူ ဖြစ်သဖြင့် - မရှုနိုင်သေးဟု အဖြေထွက်ခဲ့လျှင် အရိယမဂ်၏ ရှေးအဖို့၌် ကျင့်ရသော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီသတိပဋ္ဌာနကျင့်စဉ်ပိုင်း၌ သမ္မာသမာဓိ အဝင်အပါ ဖြစ်သော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို လောကုတ္တရာမဂ်ဉာဏ် ရရှိရေးအတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ရမည်ဟူသော ဘုရားရှင်၏ အဆုံးအမတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင် သင့်လှပေသတည်း။

_________

အာနာပါနဿတိသမာဓိပိုင်း

အာနာပါနဿတိသမာဓိပိုင်း

ကာယာနုပဿနာ အာနာပါနပဗ္ဗ ပါဠိတော်

၁။ ကထဉ္စ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။

၂။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။

ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။

ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။

သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

၃။ သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရော ဝါ ဘမကာရန္တေဝါသီ ဝါ ဒီဃံ ဝါ အဉ္ဆန္တော ဒီဃံ အဉ္ဆာမီတိ ပဇာနာတိ၊ ရဿံ ဝါ အဉ္ဆန္တော ရဿံ အဉ္ဆာမီတိ ပဇာနာတိ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

၄။ ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

၅။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

၆။ အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊ရဝ-၇၁။)

_________

ကာယာနုပဿနာ အာနာပါနပဗ္ဗ ပါဠိတော်အနက်

ကာယာနုပဿနာ အာနာပါနပဗ္ဗ ပါဠိတော်အနက်

၁။ ဘိက္ခဝေ = ရဟန်းတို့။ ကထဉ္စ = အဘယ်သို့သော အပြားအားဖြင့်။ ဘိက္ခု = ယောဂါဝစရ ရဟန်းသည်။ ကာယေ = ကာယ၌။ ကာယာနုပဿီ = ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတိ = နေလေသနည်း။

ဘိက္ခဝေ = ရဟန်းတို့။ ဣဓ = ဤသာသနာတော်၌။ ဘိက္ခု = ယောဂါဝစရရဟန်းသည်။ အရညဂတော ဝါ = တောအရပ်သို့ ကပ်ရောက်၍သော်လည်းကောင်း။ ရုက္ခမူလဂတော ဝါ = သစ်ပင်ရင်းသို့ ကပ်ရောက်၍သော်လည်းကောင်း။ သုညာဂါရဂတော ဝါ = ဆိတ်ငြိမ်ရာကျောင်းသို့ ကပ်ရောက်၍သော်လည်းကောင်း။ ပလ္လင်္ကံ = ထက်ဝယ်ကို။ အာဘုဇိတွာ = ခွေ၍။ ဥဇုံ = ဖြောင့်စွာ။ ကာယံ = အထက်ပိုင်းကိုယ်ကို။ ပဏိဓာယ = ထား၍။ ပရိမုခံ = ကမ္မဋ္ဌာန်းသို့ ရှေးရှု။ သတိံ = သတိကို။ ဥပဋ္ဌပေတွာ = ရှေးရှု ဖြစ်စေ၍ တည်စေ၍။ နိသီဒတိ = ထိုင်၏။ သော = ထိုယောဂါဝစရရဟန်းသည်။ သတောဝ = သတိရှိသည်ဖြစ်၍သာလျှင်။ အဿသတိ = ဝင်သက်လေကို ဖြစ်စေ၏။ သတောဝ = သတိရှိသည်ဖြစ်၍သာလျှင်။ ပဿသတိ = ထွက်သက်လေကို ဖြစ်စေ၏။

၂။ ဒီဃံ ဝါ = ရှည်သည်မူလည်းဖြစ်သော။ အဿသန္တော = ဝင်သက်လေကို ဖြစ်စေသည်ရှိသော်။ ဒီဃံ = ရှည်သော။ အဿသာမီတိ = ဝင်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဒီဃံ ဝါ = ရှည်သည်မူလည်းဖြစ်သော။ ပဿသန္တော = ထွက်သက်လေကို ဖြစ်စေသည်ရှိသော်။ ဒီဃံ = ရှည်သော။ ပဿသာမီတိ = ထွက်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

ရဿံ ဝါ = တိုသည်မူလည်းဖြစ်သော။ အဿသန္တော = ဝင်သက်လေကို ဖြစ်စေသည် ရှိသော်။ ရဿံ = တိုသော။ အဿသာမီတိ = ဝင်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ရဿံ ဝါ = တိုသည်မူလည်းဖြစ်သော။ ပဿသန္တော = ထွက်သက်လေကို ဖြစ်စေသည် ရှိသော်။ ရဿံ = တိုသော။ ပဿသာမီတိ = ထွက်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေ၏ အစအလယ်အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ သဗ္ဗကာယပဋိသံဝေဒီ = ထွက်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ကာယသင်္ခါရံ = ရုန့်ရင်းသော အဿာသပဿာသ ကာယသင်္ခါရကို။ ပဿမ္ဘယံ = ငြိမ်းစေလျက်။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ကာယသင်္ခါရံ = ရုန့်ရင်းသော အဿာသပဿာသ ကာယသင်္ခါရကို။ ပဿမ္ဘယံ = ငြိမ်းစေလျက်။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။

၃။ ဘိက္ခဝေ = ရဟန်းတို့။ သေယျထာပိ = ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား။ ဒက္ခော = ကျွမ်းကျင်လိမ္မာသော။ ဘမကာရော ဝါ = ပန်းပွတ်သမားသည်သော်လည်းကောင်း။ ဘမကာရန္တေဝါသီ ဝါ = ပန်းပွတ်သမား၏ တပည့်သည်သော်လည်းကောင်း။ ဒီဃံ ဝါ = ရှည်စွာမူလည်း။ အဉ္ဆန္တော = ဆွဲငင်လတ်သော်။ ဒီဃံ = ရှည်စွာ။ အဉ္ဆာမီတိ = ဆွဲငင်၏ဟူ၍။ ပဇာနာတိ = သိ၏။ ရဿံ ဝါ = တိုစွာမူလည်း။ အဉ္ဆန္တော = ဆွဲငင်လတ်သော်။ ရဿံ = တိုစွာ။ အဉ္ဆာမီတိ = ဆွဲငင်၏ဟူ၍။ ပဇာနာတိ = သိ၏။ ဘိက္ခဝေ = ရဟန်းတို့။ ဧဝမေဝ ခေါ = ဤဥပမာအတူသာလျှင်။ ဘိက္ခု = ယောဂါဝစရရဟန်းသည်။ ဒီဃံ ဝါ = ရှည်သည်မူလည်းဖြစ်သော။ အဿသန္တော = ထွက်သက်လေကို ဖြစ်စေသည်ရှိသော်။ ပ ။ သိက္ခတိ = ကျင့်၏။

[မှတ်ချက် ---- ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။ ။ ကတမော ရူပကာယော။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။ (ပဋိသံ၊၁၈၁။) ---- အနုပဿနာ ဉာဏန္တိ သမထဝသေန နိမိတ္တဿ အနုပဿနာ, ဝိပဿနာဝသေန အဿာသပဿာသေ, တန္နိဿယဉ္စ ကာယံ ရူပန္တိ, စိတ္တံ တံသမ္ပယုတ္တဓမ္မေ စ အရူပန္တိ ဝဝတ္ထပေတွာ နာမရူပဿ အနုပဿနာ စ ဉာဏံ၊ တတ္ထ ယထာဘူတာဝဗောဓော။ (မဟာဋီ၊၁၊၃၂၀။) ဤ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်, မဟာဋီကာတို့နှင့်အညီ - ကာယကို အဿာသပဿာသကာယ, ရူပကာယ, နာမကာယ ---- ဟု ဤနေရာမှစ၍ ဘာသာပြန်ဆိုထားပါသည်။]

၄။ ဣတိ = ဤသို့။ အဇ္ဈတ္တံ ဝါ ကာယေ = အဇ္ဈတ္တဖြစ်သော ကာယ၌မူလည်း ၊ ဝါ ၊ အဇ္ဈတ္တဖြစ်သော အဿာသပဿာသကာယ, ရူပကာယ, နာမကာယ၌မူလည်း။ ကာယာနုပဿီ = ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတိ = နေလေ၏။ ဗဟိဒ္ဓါ ဝါ ကာယေ = ဗဟိဒ္ဓဖြစ်သော ကာယ၌မူလည်း၊ ဝါ၊ ဗဟိဒ္ဓဖြစ်သော အဿာသပဿာသကာယ, ရူပကာယ, နာမကာယ၌မူလည်း။ ကာယာနုပဿီ = ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတိ = နေလေ၏။ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ = အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော ကာယ၌မူလည်း ၊ ဝါ ၊ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော အဿာသပဿာသကာယ, ရူပကာယ, နာမကာယ၌မူလည်း။ ကာယာနုပဿီ = ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတိ = နေလေ၏။

၅။ ကာယသ္မိံ = ကာယ၌ ၊ ဝါ ၊ အဿာသပဿာသကာယ, ရူပကာယ, နာမကာယ၌။ သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ကာယသ္မိံ = ကာယ၌ ၊ ဝါ ၊အဿာသပဿာသကာယ, ရူပကာယ, နာမကာယ၌။ ဝယဓမ္မာနုပဿီ ဝါ = ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ကာယသ္မိံ = ကာယ၌ ၊ဝါ၊ အဿာသပဿာသကာယ, ရူပကာယ, နာမကာယ၌။ သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။

၆။ ပန = နောက်တစ်မျိုးသော်ကား။ ကာယောဝ = ကာယသည်သာလျှင် ၊ ဝါ ၊ အဿာသပဿာသကာယ, ရူပကာယ, နာမကာယသည်သာလျှင်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့လျှင်။ အဿ = ထိုယောဂါဝစရ ရဟန်း၏ သန္တာန်၌။ သတိ = သတိသည်။ ပစ္စုပဋ္ဌိတာ = ရှေးရှုတည်သည် = ထင်လှာသည်။ ဟောတိ = ဖြစ်၏။ သာ သတိ = ထိုသတိသည်။ ယာဝဒေဝ ဉာဏမတ္တာယ = ဝိပဿနာဉာဏ်၏ အဆင့်ဆင့် တိုးပွားရန် အလို့ငှာသာလျှင်။ ယာဝဒေဝ ပဋိဿတိမတ္တာယ = ဝိပဿနာသတိ၏ အဆင့်ဆင့် တိုးပွားရန် အလို့ငှာသာလျှင်။ ဟောတိ = ဖြစ်၏။ အနိဿိတော စ = တဏှာဒိဋ္ဌိတို့ဖြင့် မမှီတွယ်မူ၍လည်း။ ဝိဟရတိ = နေလေ၏။ လောကေ = ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော လောက၌။ ကိဉ္စိ = တစ်စုံတစ်ခုကိုမျှလည်း။ န ဥပါဒိယတိ = တဏှာဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာဟု မစွဲယူတော့ပေ။ ဘိက္ခဝေ = ရဟန်းတို့။ ဧဝမ္ပိ ခေါ = ဤသို့လည်း။ ဘိက္ခု = ယောဂါဝစရ ရဟန်းသည်။ ကာယေ = ကာယ၌။ ကာယာနုပဿီ = ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍။ ဝိဟရတိ = နေလေ၏။ (မ၊၁၊ရဝ-၇၁။)

ဤ အထက်ပါ ဘုရားဟောဒေသနာတော်နှင့်အညီ - နိဗ္ဗာနဂါမိနိပဋိပဒါ အမည်ရသော ဤကျမ်း၌ အာနာပါနကျင့်စဉ်ကို ----

၁။ အာနာပါနဿတိသမာဓိပိုင်း,

၂။ ရုပ်ကမ္မဋ္ဌာန်းပိုင်း,

၃။ နာမ်ကမ္မဋ္ဌာန်းပိုင်း,

၄။ ပဋိစ္စသမုပ္ပါဒ်ပိုင်း,

၅။ လက္ခဏာဒိစတုက္ကပိုင်း,

၆။ ဝိပဿနာပိုင်း ----

ဤသို့ အပိုင်းကြီးများ (၆)ပိုင်းခွဲလျက် အဆင့်ဆင့် တစ်ဆင့်ပြီး တစ်ဆင့် ရေးသားတင်ပြသွားမည် ဖြစ်ပေသတည်း။

_________

အာနာပါနကမ္မဋ္ဌာန်း

အာနာပါနကမ္မဋ္ဌာန်း

မဂ္ဂင် (၈)ပါးတွင် အကျုံးဝင်လျက်ရှိသော သမ္မာသမာဓိဟူသော မဂ္ဂင်နှင့် ပြည့်စုံရေးအတွက် သမထ ကမ္မဋ္ဌာန်း (၄၀)တို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်းဖြင့် သမာဓိ ထူထောင်ရတော့မည် ဖြစ်ပေသည်။ ဤကျမ်းတွင်ကား အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်ပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့။

ဣဒံ ပန အာနာပါနဿတိကမ္မဋ္ဌာနံ ဂရုကံ ဂရုကဘာဝနံ ဗုဒ္ဓ-ပစ္စေကဗုဒ္ဓ-ဗုဒ္ဓပုတ္တာနံ မဟာပုရိသာနံယေဝ မနသိကာရဘူမိဘူတံ၊ န စေဝ ဣတ္တရံ၊ န စ ဣတ္တရသတ္တသမာသေဝိတံ။ ယထာ ယထာ မနသိကရီယတိ၊ တထာ တထာ သန္တဉ္စေဝ ဟောတိ သုခုမဉ္စ။ တသ္မာ ဧတ္ထ ဗလဝတီ သတိ စ ပညာ စ ဣစ္ဆိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

= ဤ အာနာပါနဿတိကမ္မဋ္ဌာန်းသည်ကား ခဲယဉ်း၏၊ ခဲယဉ်းသော ဘာဝနာလုပ်ငန်းရပ်လည်း ဖြစ်၏။ (၁) ဗုဒ္ဓ, (၂) ပစ္စေကဗုဒ္ဓ, (၃) ဗုဒ္ဓပုတ္တ = ဘုရားသားတော် ဗုဒ္ဓသာဝက ဖြစ်ကြကုန်သော မဟာပုရိသ အမည် ရသည့် ယောက်ျားမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနဖြစ်၏၊ သိမ်သိမ်ငယ်ငယ်ကား မဟုတ်ပေ။ သိမ်သိမ် ငယ်ငယ် ပုဂ္ဂိုလ်သတ္တဝါသည် မှီဝဲပွားများနိုင်သော ဘာဝနာလုပ်ငန်းရပ်လည်း မဟုတ်ပေ။ အကြင် အကြင် သို့သော အခြင်းအရာအားဖြင့် နှလုံးသွင်းရှုပွား၏၊ ထိုထိုအခြင်းအရာအားဖြင့် ငြိမ်လည်း ငြိမ်သက်၏၊ နူးညံ့လည်း နူးညံ့သိမ်မွေ့၏။ ထိုကြောင့် ဤ အာနာပါနဿတိကမ္မဋ္ဌာန်း၌ အလွန် အားကောင်း အားသန်သော သတိကို လည်းကောင်း, ပညာကိုလည်းကောင်း အလိုရှိအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

ဤ အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားရပ်၌ မဟာပုရိသာနံယေဝ-အရ မဟာပုရိသ အမည်ရသည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနဖြစ်ကြောင်း မိန့်ဆိုထားသည့်အတွက် ယောဂါဝစရ ပုဂ္ဂိုလ်တိုင်းနှင့် မသင့်သည်ကိုကား ဤကျမ်းကလည်း လက်ခံလျက်ပင် ရှိပါသည်။ သို့သော် အချို့အချို့သော အရာဌာနတို့၌ သမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်ကြီးများကိုသာလျှင် မဟာပုရိသဟု ခေါ်ဝေါ်သုံးစွဲထား သော်လည်း ဤ အာနာပါနကမ္မဋ္ဌာန်းပိုင်း၌ကား မဟာပုရိသအရ ----

၁။ ဗုဒ္ဓ = သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်,

၂။ ပစ္စေကဗုဒ္ဓ = ပစ္စေကဗုဒ္ဓဘုရားရှင်,

၃။ ဗုဒ္ဓပုတ္တ = သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သားတော် ဗုဒ္ဓသာဝက - ဟု

သုံးမျိုးဖော်ပြထားသဖြင့် နံပါတ် (၃)ဖြစ်သည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သားဖြစ်သော ဗုဒ္ဓသာဝက စာရင်းတွင် အသင်ယောဂီသူတော်ကောင်းသည်လည်း ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။ သို့အတွက် ဤအာနာ ပါန ကမ္မဋ္ဌာန်းကို လက်တွေ့ ပွားများ အားထုတ်ကြည့်သင့်လှပေသည်။ (အကယ်၍ အသင်ယောဂီသူတော် ကောင်းသည်လည်း ဗုဒ္ဓပုတ္တ အမည်ရသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သား သာဝက စာရင်းတွင် မပါဝင် လျှင်ကား အသင် ယောဂီသူတော်ကောင်း၏ ကံတရားပင် ဖြစ်ပေသည်။) သို့သော် အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိကို ထူထောင်ရာဝယ် အောင်မြင်မှုကို မရရှိခဲ့ပါလျှင် ကမ္မဋ္ဌာန်း (၄၀)တို့တွင် အခြားသင့်တော်ရာ ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် ပြောင်း၍ သမာဓိထူထောင်သင့်ပေသည်။ အခြားကမ္မဋ္ဌာန်းတို့ဖြင့် သမာဓိထူထောင်ပုံကို ပဉ္စမတွဲ သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။

အာနာပါနချီးမွမ်းခန်း

အာနာပါနချီးမွမ်းခန်း

အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။ (သံ၊၃၊၂၇၉။)

= ရဟန်းတို့ ...ဤ အာနာပါနဿတိသမာဓိသည် ပွားများအပ်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့ အလာ ပြုလုပ်အပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်းဖြည့်စွက်စရာလည်း မရှိ၊ ချမ်းသာစွာနေရာလည်း ဖြစ်၏၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းသော အကုသိုလ် အယုတ်တရားတို့ကို လည်း တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။

ရဟန်းတို့ ...နွေလတို့၏ နောက်ဆုံးလ၌ အထက်သို့ လွင့်တက်သော မြူမှုန်ကို အခါမဲ့ သည်းထန်စွာ ရွာသွန်းသော မိုးကြီးသည် တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သကဲ့သို့ ဤဥပမာအတူပင် ရဟန်းတို့ အာနာပါနဿတိသမာဓိသည် ပွားများအပ်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ထပ်လောင်းဖြည့်စွက်စရာလည်း မရှိ၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော အကုသိုလ် အယုတ်တရားတို့ကိုလည်း တစ်ခဏချင်း ငြိမ်းအေး ကွယ်ပျောက်စေနိုင်၏။ (သံ၊၃၊၂၇၉-၂၈၀။)

ရဟန်းတော်များ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ချင်လာအောင် ဘုရားရှင်ကိုယ်တော်တိုင်က အာနာပါနကမ္မဋ္ဌာန်း၏ ငြိမ်သက်မွန်မြတ်ပုံ အကျိုးအာနိသင် ကြီးမားပုံကို ချီးမွမ်းထားတော်မူသော စကား တော်များ ဖြစ်ကြ၏။

သန္တ - ပဏီတ = ငြိမ်သက် မွန်မြတ်ပုံ ---- အသုဘအလောင်းကောင်လျှင် အာရုံရှိသော အသုဘ ကမ္မဋ္ဌာန်းစျာန်သည် ပဋိဝေဓ မည်၏။ အသုဘဘာဝနာထူးကြောင့် ပြီးစီးပြည့်စုံလာသော အသုဘစျာန်သည် မိမိ၏ အသုဘအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအာရုံကို ထိုးထွင်းသိလျက်သာလျှင် ဖြစ်ပေါ် လာ၏၊ ထိုအသုဘအလောင်းကောင်၏ ဟုတ်မှန်တိုင်းသော ရွံရှာစက်ဆုပ်ဖွယ် အသုဘအခြင်းအရာ သဘာဝ အတိုင်း ထိုးထွင်းသိလျက်သာလျှင် ဖြစ်ပေါ်လာရကား ယင်းအသုဘစျာန်ကို ပဋိဝေဓဟု ခေါ်ဆိုပေသည်။ ယင်း ပဋိဝေဓ အမည်ရသော အသုဘစျာန်သည် အသုဘအလောင်းကောင်အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအား သန်နေသော စျာန်သက်သက်၏ စွမ်းအားကြောင့်သာလျှင် ငြိမ်သက် မွန်မြတ်ခြင်း ဖြစ်၏။ သို့သော်လည်း ထို အသုဘစျာန်သည် အသုဘအလောင်းကောင်ဟူသော ရုန့်ရင်းကြမ်းတမ်းသော အာရုံရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း, စက်ဆုပ်ရွံရှာဖွယ် အသုဘအလောင်းကောင်ဟူသော အာရုံ ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း အာရုံ၏ အစွမ်းဖြင့် ငြိမ်သက် မွန်မြတ်သည်ကား မဟုတ်ပေ။

ဤအာနာပါနဿတိသမာဓိကား ထိုအသုဘစျာန်ကဲ့သို့ မဟုတ်ပေ။ ဤအာနာပါနဿတိသမာဓိသည် တစ်စုံတစ်ခုသော အကြောင်းပရိယာယ်ဖြင့် မငြိမ်သက်မှု မမွန်မြတ်မှု မဖြစ်၊ စင်စစ်သော်ကား အာနာပါနဿတိ သမာဓိ၏ တည်ရာအာရုံဖြစ်သော ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ဟူသော အာရုံ၏ ငြိမ်သက်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ပဋိဝေဓအမည်ရသည့် စျာန်ဟုခေါ်ဆိုအပ်သော စျာန်အင်္ဂါတို့၏ ငြိမ်သက်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအာနာပါနဿတိသမာဓိသည်ကား ငြိမ်သက်၏၊ အထူးသဖြင့် ငြိမ်သက်၏၊ ငြိမ်းအေး၏။ ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ဟူသော အာရုံ၏ မွန်မြတ် သည်၏ အဖြစ်ကြောင့်လည်းကောင်း, အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေသော စျာန်အင်္ဂါတို့၏ မွန်မြတ် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအာနာပါနဿတိသမာဓိသည် မွန်မြတ်၏၊ မရောင့်ရဲခြင်းကို ပြုတတ်၏၊ ထိုကြောင့် ဤအာနာပါနဿတိသမာဓိကို သန္တ - ပဏီတ = ငြိမ်သက် မွန်မြတ်၏ဟု ဘုရားရှင် ချီးမွမ်းမြှောက် စားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၅၉။)

အသေစနက - သုခဝိဟာရ

အသေစနက - သုခဝိဟာရ

ကသိုဏ်းစျာန်များကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း စသည့် ထိုထိုကသိုဏ်းဝန်းများကို ပြုလုပ်ရ၏။ ထိုသို့ ကသိုဏ်းဝန်း ပြုလုပ်ရခြင်းကို ပရိကံ တစ်မျိုးဟု ခေါ်၏၊ ဤအာနာပါနဿတိသမာဓိကား ငြိမ်သက်မွန်မြတ်မှုကို ရွက်ဆောင်ပေးနိုင်သည့် တစ်စုံတစ်ခုသော သွန်းလောင်း ထည့်စွက်အပ်သော ဖြည့်စွက်ပေးရမည့် ကသိုဏ်းဝန်း ပြုလုပ်ခြင်းကဲ့သို့သော ပရိကံ ပြုလုပ်ခြင်းစသော အကြောင်း တစ်ပါး ထင်ရှားမရှိခြင်းကြောင့် အသေစနက မည်၏။ ဤအာနာပါနကမ္မဋ္ဌာန်း၌ ငြိမ်သက်မှု၏ အကြောင်း ဖြစ်သော သွန်းလောင်းထည့်စွက်အပ်သော အကြောင်းတစ်ပါး မရှိ၊ ဤအာနာပါနဿတိသမာဓိကား ပရိကံ ပြုလုပ်ခြင်းစသော အကြောင်းတစ်ပါးနှင့် ရောယှက်မှု မရှိသောကြောင့် သီးသန့်ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏၊ အကြောင်း တစ်ပါးနှင့် ဆက်ဆံမှု မရှိပေ။ ဤအာနာပါနဿတိသမာဓိ၌ ငြိမ်သက်မှု၏ အကြောင်းရင်းဖြစ်သော ပရိကံလည်း မရှိ။ ဤ အာနာပါနဿတိသမာဓိ၌ ဥပစာရသမာဓိဖြင့်မူလည်း ငြိမ်သက်မှု ရှိသည်ကား မဟုတ်။ အခြားအခြား ကမ္မဋ္ဌာန်းများ၌ ဥပစာရစျာန် ဥပစာရသမာဓိအခိုက်၌ နီဝရဏတရားများ ကင်းရှင်း၍သွားခြင်း စျာန်အင်္ဂါများ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းဟူသော အကြောင်းနှစ်ရပ်ကြောင့် ငြိမ်သက်မှု ဖြစ်ပေါ်လာရ၏။ ဤအာနာပါန ကမ္မဋ္ဌာန်းကား ထိုကဲ့သို့ မဟုတ်ပေ။ ဤအာနာပါနဿတိသမာဓိသည်ကား ဝင်လေ ထွက်လေဟူသော အာနာ ပါနကို စ၍ နှလုံးသွင်းသည့် အချိန်မှစ၍ မိမိ၏ သဘောအားဖြင့်သာလျှင် ငြိမ်လည်းငြိမ်သက် မွန်လည်း မွန်မြတ်သော ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏။

အဘယဂိရိဝါသီ ခေါ် မြောက်ကျောင်းနေ ဆရာတော်တို့ကား ဤအာနာပါနဿတိသမာဓိကား ကောင်း သထက် ကောင်းအောင် နောက်ထပ် ထပ်ထည့်အပ် သွန်းထည့်အပ်သော အဆီဩဇာ မလို၊ ပင်ကိုယ်က အဆီ ဩဇာ ရှိပြီးသား ပြည့်ဝပြီးသား ကမ္မဋ္ဌာန်းဖြစ်၏၊ သဘာဝအားဖြင့်ပင်လျှင် ချိုမြိန်ကောင်းမြတ်သော ကမ္မဋ္ဌာန်း ဖြစ်၏ဟု ဆိုကြကုန်၏။

ဤအထက်တွင် ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း နောက်ထပ် သွန်းလောင်း ထည့်စွက်အပ်သော ပရိကံ ပြုလုပ်ခြင်း စသော အကြောင်းတစ်ပါး မရှိသည်လည်းဖြစ်သော ဤအာနာပါနဿတိသမာဓိကို ဝင်စားတိုင်း ဝင်စားတိုင်းသော ခဏ၌ ကိုယ်၏ချမ်းသာခြင်း ကာယိကသုခ, စိတ်၏ချမ်းသာခြင်း စေတသိကသုခ ဟူသော နှစ်မျိုးသော သုခကို ရခြင်းငှာ ဖြစ်သောကြောင့် ချမ်းသာသောနေရာ ချမ်းသာသောနေခြင်း ဟူ၍လည်း သိရှိ ပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၅၉-၂၆၀။)

ဤ၌ ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်စိတ်များကြောင့် ဖြစ်ကြသော စိတ္တဇရုပ်တို့ကား မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့တည်း။ ယင်းစိတ္တဇရုပ်တို့ကား ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယတစ်ခုလုံး၌ အနှံ့အပြား ပျံ့နှံ့၍ ဖြစ်နေကြ၏။ ယင်းရုပ်တို့ကား ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်တို့တည်း။ ယင်းမွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့ဖြင့် တွေ့ထိအပ်သော ခန္ဓာအိမ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်၏ ချမ်းသာခြင်း ကာယိကသုခကို ထိုအချိန်၌ ရရှိနေ၏။ သို့အတွက် ယင်းအာနာပါနစျာန်စိတ်များကြောင့် ဖြစ်ပေါ် လာသော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့ဖြင့် တွေ့ထိအပ်သော ခန္ဓာအိမ်ရှိသည်၏ အစွမ်းဖြင့် ယင်းအာနာ ပါန စျာန်စိတ်များက ကိုယ်၏ ချမ်းသာခြင်း ကာယိကသုခကို ရရှိဖို့ရန် ဖြစ်စေသည်ဟု မှတ်ပါ။ ထိုသို့ ကိုယ်၏ ချမ်းသာခြင်း ကာယိကသုခကို ရရှိအောင် စျာန်စိတ်က ဖြစ်စေမှုကို ယောဂါဝစရပုဂ္ဂိုလ် သိရှိခွင့်ရခြင်းမှာ သို့မဟုတ် ကိုယ်၏ချမ်းသာခြင်း ကာယိကသုခကို ယောဂါဝစရပုဂ္ဂိုလ်ရရှိခြင်းမှာ အာနာပါနစျာန်မှ ထလာသော အချိန် ကာလ၌သာ ရရှိသည်ဟု မှတ်ပါ။ အကြောင်းမူ စျာန်ဝင်စားဆဲ ခဏ၌ စေတသိကသုခ အမည်ရသည့် စိတ် ချမ်းသာမှုကိုသာ ယောဂါဝစရပုဂ္ဂိုလ်က ခံစားနေသောကြောင့် ဖြစ်၏။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် တို့ကား သုခဝေဒနာနှင့်ယှဉ်၍ ထိုအချိန်၌ စေတသိကသုခဟူသည့် စိတ်ချမ်းသာမှု ရှိသည်ကား မှန်၏၊ စတုတ္ထ စျာန်ကား ဥပေက္ခာဝေဒနာနှင့် ယှဉ်နေသဖြင့် မည်သို့လျှင် ထိုစတုတ္ထစျာန် ဝင်စားဆဲခဏ၌ စေတသိကသုခ ဟူသည့် စိတ်ချမ်းသာမှုကို ထိုစတုတ္ထစျာန်က ဖြစ်စေနိုင်ပြန်ပါသနည်းဟု မေးရန် ရှိ၏။ ဥပေက္ခာယ ဝါ သန္တဘာဝေန သုခဂတိကတ္တာ = ဥပေက္ခာဝေဒနာသည်လည်း ငြိမ်သက်သည့် သဘာဝစွမ်းအားရှိခြင်းကြောင့် သုခဝေဒနာနှင့် အလားတူရကား ထိုစတုတ္ထစျာန်ကို ဝင်စားဆဲခဏ၌လည်း စိတ်ချမ်းသာမှု စေတသိကသုခ ရှိသည်သာဟု သိရှိပါလေ။ (မဟာဋီ၊၁၊၃၁၃။)

တစ်ဖန် အာနာပါနဿတိသမာဓိသည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ စျာန်ဖြင့် မပယ်ခွာအပ် မနှုတ်ပယ် အပ်ကုန်သေးသော မိုက်မဲသည့် အဝိဇ္ဇာအကြောင်းခံကြောင့် ဖြစ်ပေါ်လာကြကုန်သော ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော အကုသိုလ်အယုတ်တရားတို့ကို မိမိ (= စျာန်စိတ်) ဖြစ်သော ခဏ၌ပင်လျှင် ပယ်ခွာ ထားနိုင်၏၊ ကောင်းစွာ (ဝိက္ခမ္ဘနပဟာန်ဖြင့်) ငြိမ်းအေးစေနိုင်၏။ တစ်နည်းဆိုသော် လောဘ ဒေါသ မောဟ စသော ကိလေသာထု အစိုင်အခဲကို ဖောက်ခွဲလျက် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခြင်းအဖို့ ရှိသည်၏အဖြစ် ကြောင့် အာနာပါနစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာဉာဏ်တို့ကို အစဉ်အတိုင်း ရရှိအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် အရိယမဂ်ဉာဏ်တည်းဟူသော ကြီးပွားခြင်းသို့ ရောက်ရှိ လတ်သော် ကိလေသာထု အစိုင်အခဲကို အရိယမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်၏၊ အရိယဖိုလ်ဉာဏ်ဖြင့် ကိလေသာအပူမီး ဟူသမျှကို ငြိမ်းအောင် ငြှိမ်းနိုင်၏၊ ငြိမ်းအေးစေနိုင်၏။ ဤကား အထက်ပါ ပါဠိတော်၏ ဆိုလိုရင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၅၉-၂၆၀။)

အာနာပါန - ပြည်တည်ခန်း

အာနာပါန - ပြည်တည်ခန်း

ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ (သံ၊၃၊၂၈၀။ မ၊၁၊ရဝ။ ဝိ၊၁၊၈၈။)

ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ, သစ်ပင်ရင်းသို့ သွား ရောက်၍ဖြစ်စေ, ဆိတ်ငြိမ်ရာအရပ်သို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် အထက်ပိုင်း ဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှု ဖြစ်စေလျက် ထိုင်နေ၏၊ ထိုရဟန်း သည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူသွင်း၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ်၏။ (သံ၊၃၊၂၈၀။ မ၊၁၊ရဝ။ ဝိ၊၁၊၈၈။)

တောသို့ သွားရောက်၍ ဖြစ်စေ, သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ, ဆိတ်ငြိမ်ရာအရပ်သို့ သွားရောက်၍ ဖြစ်စေဟူသော ဤစကားသည်ကား အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော အားထုတ်လိုသော ယောဂါ ဝစရ ရဟန်းတော်၏ အာနာပါနဿတိသမာဓိဘာဝနာအား လျော်လျောက်ပတ် ကောင်းမြတ်သော ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းဖို့ရန် မှီဝဲဖို့ရန် ညွှန်ပြသော စကားတော်ဖြစ်သည်။ နေ့ညဉ့်သံသရာ ရှည်မြင့်စွာ သော ကာလပတ်လုံး အဆင်း အသံ စသည်ဖုံဖုံ ထိုထိုအာရုံမျိုးစုံတို့၌ အစဉ်မပြတ် ပြေးသွား စူးဝင်နေသော ဤယောဂါဝစရ ရဟန်းတော်၏ စိတ်သည် အာနာပါနဿတိသမာဓိ၏ တည်ရာအာရုံဖြစ်သော အာနာပါန အာရုံသို့ တက်ရောက်ခြင်းငှာ အလိုမရှိ ဖြစ်နေ၏၊ ကောက်ကျစ်စဉ်းလဲ အခိုင်းရခက်ခဲသောနွား တပ်ထားသော လှည်းသည် ခရီးမဟုတ်ရာ လှည်းလမ်းမဟုတ်ရာ အရပ်သို့သာလျှင် ပြေးသွားသကဲ့သို့ အလားတူပင် ဤယောဂါ ဝစရ ရဟန်းတော်၏ စိတ်သည် အာနာပါနအာရုံတည်းဟူသော အာနာပါနဘာဝနာ ခရီးမှန်လမ်းကြောင်းမှ တိမ်းစောင်းနေသည့် ငါးဖြာအာရုံ ကာမဂုဏ်ချုံပုတ်တို့ရှိရာ ဘာဝနာခရီးမှန် မဟုတ်ရာ အရပ်သို့သာလျှင် ပြေးသွား၍ နေတတ်၏၊ ထိုကြောင့် နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား -- နွားထိန်းယောက်ျားသည် ကောက်ကျစ်သော, မိခင်နွားမ၏ နို့ရည်ကို သောက်သုံးရ၍ ကြီးပြင်းလာရသော နွားသားငယ်ကို ဆိုဆုံးမလိုသည် ရှိသော် ထိုနွားသားငယ်ကို မိခင်နွားမကြီးမှ ဖယ်ရှား၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ခိုင်ခံ့သည့် တိုင်ကြီးတစ်တိုင်ကို စိုက်၍ ထိုတိုင်၌ ထိုနွားသားငယ်ကို ခိုင်ခံ့သော ကြိုးဖြင့် ဖွဲ့ချည်ထားလေရာ၏။ ထိုသို့ ဖွဲ့ချည်ထားသည်ရှိသော် ထိုနွားထိန်းယောက်ျား၏ ထိုကောက်ကျစ်သော နွားသားငယ်သည် ဤမှ ထိုမှလည်း တုန်လှုပ်၍ ပြေးခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထိုချည်တိုင်ကိုပင်လျှင် မှီ၍ ထိုင်မူလည်း ထိုင်လေရာသကဲ့သို့ မှီ၍ အိပ်မူလည်း အိပ်လေရာသကဲ့သို့ - ဤဥပမာအတူပင်လျှင် နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါ ကာလပတ်လုံး ရူပါရုံစသည့် ထိုထိုအာရုံကို အစွဲပြု၍ ဖြစ်ပေါ်လာသော သာယာအပ်သော ချမ်းသာသည့်ခံစားမှု သုခဝေဒနာဟူသော အာရုံ၏ ရသာရည်ကို သောက်သုံးရသဖြင့် ကြီးပြင်း၍လာရသော ရာဂ ဒေါသ မောဟ စသည့် အယုတ်တရားတို့က ဖျက်ဆီးထားသဖြင့် ပျက်စီး၍နေသော မိမိ၏စိတ်ကို ယဉ်ကျေးအောင် ဆိုဆုံးမ လိုသော ဤယောဂါဝစရ ရဟန်းတော်သည်လည်း ရူပါရုံစသည့် ထိုထိုအာရုံမှ မိမိ၏စိတ်ကို ဖယ်ရှားလျက် တောအရပ်သို့ ဖြစ်စေ, သစ်ပင်ရင်းသို့ဖြစ်စေ, ဆိတ်ငြိမ်ရာ အရပ်သို့ဖြစ်စေ ဝင်ရောက်လျက် ထိုအရပ်၌ ဝင်လေ ထွက်လေဟူသော ချည်တိုင်၌ မိမိ၏ စိတ်ကို သတိတည်းဟူသော ကြိုးဖြင့် ဖွဲ့ချည်ထားအပ်ပေသည်။ ဤသို့ ဖွဲ့ချည်ထားသည်ရှိသော် ထိုယောဂါဝစရရဟန်း၏ ထိုစိတ်သည် ရှေး၌ လေ့လာကျက်စားဖူးသော အာရုံကို မရရှိသည်ဖြစ်၍ ဤမှ ထိုမှလည်း တုန်လှုပ်ချောက်ချားသည် ဖြစ်၍လည်း သတိတည်းဟူသော ကြိုးကို ဖြတ် တောက်၍ ပြေးခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထိုအာနာပါနအာရုံကိုသာလျှင် ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိ၏ အစွမ်းဖြင့် မှီ၍မူလည်း ထိုင်နေ၏၊ မှီ၍မူလည်း အိပ်နေ၏။ ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာတော်တို့သည် အောက်ပါ ဂါထာကို မိန့်ဆိုတော်မူကြလေသည်။

ယထာ ထမ္ဘေ နိဗန္ဓေယျ၊ ဝစ္ဆံ ဒမံ နရော ဣဓ။

ဗန္ဓေယျေဝံ သကံ စိတ္တံ၊ သတိယာရမ္မဏေ ဒဠှံ။

(ဝိသုဒ္ဓိ၊၁၊၂၆၁။ ဝိ၊ဋ္ဌ၊၂၊၁၂။ ဒီ၊ဋ္ဌ၊၂၊၃၅၃။ မ၊ဋ္ဌ၊၁၊၂၅၂။)

= စဉ်းလဲကောက်ကျစ်သော နွားသားငယ်ကို ဆုံးမလိုသော လူသားတစ်ဦးသည် ခိုင်ခံ့သော ချည်တိုင်၌ ဖွဲ့ချည်၍ ထားလေရာသကဲ့သို့ ဤဥပမာအတူ ဤသာသနာတော်၌ ပြက်ချော်ချော်နိုင်လှသော မိမိ၏ စိတ်ဓာတ် ကို ယဉ်ကျေးအောင် ဆုံးမလိုသော ရဟန်းတော်သည် ထိုစိတ်ကို သတိတည်းဟူသော ကြိုးဖြင့် ကမ္မဋ္ဌာန်းအာရုံ၌ မြဲမြံစွာ တုတ်နှောင် ဖွဲ့ချည်ထားလေရာ၏။

တစ်နည်းဆိုရသော်

တစ်နည်းဆိုရသော်

တစ်နည်းဆိုရသော် ကမ္မဋ္ဌာန်း အမျိုးမျိုးတွင် ဦးထိပ်သဖွယ် ဖြစ်သော ကမ္မဋ္ဌာန်းကား ဤ အာနာပါန ကမ္မဋ္ဌာန်းပင် ဖြစ်၏။ ဤ အာနာပါနကမ္မဋ္ဌာန်းကား ဂင်္ဂါဝါဠု သဲစုမက ပွင့်ပေါ်တော်မူကြပြီးကုန်သော ခပ်သိမ်း ဥဿုံ အလုံးစုံသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်, အချို့သော ပစ္စေကဗုဒ္ဓဘုရားရှင်, အချို့သော သမ္မာသမ္ဗုဒ္ဓဘုရား ရှင်၏ တပည့်သာဝကတို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ရခြင်း၏ အနီးကပ်ဆုံး အကြောင်းတစ်ရပ်လည်း ဖြစ်၏။ အာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြားအခြားသော ကမ္မဋ္ဌာန်းတစ်မျိုးမျိုး ဖြင့် ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိထူထောင်၍ သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများအားထုတ်တော်မူကြသဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရား မြတ်ကို ရရှိပြီးသော အရိယာသူတော်ကောင်းတို့အဖို့ ဤ အာနာပါနကမ္မဋ္ဌာန်းသည် မျက်မှောက်သော ကိုယ်၏ အဖြစ်ဟူသော ဤပစ္စုပ္ပန်ဘဝ၌ စျာန်ချမ်းသာဖြင့် ချမ်းသာစွာနေရခြင်း၏ အနီးကပ်ဆုံး အကြောင်းတစ်ရပ်လည်း ဖြစ်၏။ ဤကဲ့သို့သော ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံနေသော ဤအာနာပါနကမ္မဋ္ဌာန်းကို အမျိုးသ္မီးသံ အမျိုးသားသံ ဆင်သံ မြင်းသံစသော အသံမျိုးစုံတို့ဖြင့် ရောပြွမ်းလျက် ရှိသော ရွာနီးကျောင်းကို မစွန့်လွှတ်မူ၍ ပွားများ အား ထုတ်ခြင်းငှာ မလွယ်ကူလှပေ။ အကြောင်းမူ ---- သဒ္ဒကဏ္ဋကတ္တာ စျာနဿ = စျာန်၏ အသံဟူသော ဆူးငြောင့် ရှိသည်၏ အဖြစ်ကြောင့်တည်း။

အကယ်စင်စစ်အားဖြင့်မူ ရွာနှင့်မနီးသော တောအရပ်၌ ယောဂါဝစရ ရဟန်းတော်သည် ဤ အာနာပါန ကမ္မဋ္ဌာန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ အာနာပါန (= ဝင်သက်လေ ထွက်သက်လေ)လျှင် အာရုံရှိသော စတုတ္ထစျာန် ကို ဖြစ်စေ၍ (၃၁)ဘုံအတွင်း၌ တည်ရှိသော တေဘူမကသင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ အမြတ်ဆုံးဖိုလ်ဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ရောက်ရှိအံ့သောငှာ ပြုလွယ် ၏။ ထိုကြောင့် ထိုအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ရဟန်းတော်အား လျော် လျောက်ပတ် ကောင်းမြတ်သော ကျောင်းအိပ်ရာ နေရာကို ညွှန်ကြား ပြသတော်မူလိုသော ဘုရားရှင်သည် တောအရပ်သို့ ကပ်ရောက်၍ ဖြစ်စေ စသော စကားတော်များကို မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၁။)

မှန်ပေသည် ---- မြတ်စွာဘုရားသည် မြေကြန်အတတ်ကို တတ်သော ဆရာနှင့် တူတော်မူ၏။ မြေကြန် အတတ်ကို တတ်သော ဆရာသည် မြို့တည်ရန် သင့်တင့်လျောက်ပတ်ကောင်းမြတ်သော နေရာမြေကို မြင်တွေ့ သည်ရှိသော် ကောင်းမွန်စွာ ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လျက် ဤအရပ်၌် မြို့ကို တည်ထောင် ဖန်ဆင်းကြ ကုန်လောဟု ညွှန်ပြ၏။ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ ချောချောမောမောဖြင့် မြို့ကို တည်ထောင်ဖန်ဆင်း ပြီးလတ်သော် မင်းမျိုးမှ ကြီးစွာသော ပူဇော်သက္ကာရကို ရရှိသကဲ့သို့ ဤ ဥပမာအတူပင်လျှင် ထိုဘုရားရှင်သည် ယောဂါဝစရ ရဟန်းတော်အား လျော်ကန်လျောက်ပတ် ကောင်းမြတ်သော ကျောင်းအိပ်ရာ နေရာကို ဉာဏ်တော် မြတ်ဖြင့် စူးစမ်းဆင်ခြင်တော်မူလျက် ဤတောအရပ် စသည်၌ ကမ္မဋ္ဌာန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပါဟု ညွှန်ကြား ပြသတော်မူ၏။ ထိုနောင် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ကို ဦးထိပ်ရွက် ပန်ဆင် လျက် ထိုတောအရပ်စသည်၌ ကမ္မဋ္ဌာန်းတရားကို ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်သော ယောဂါဝစရ ရဟန်းတော်သည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့သည်ရှိသော် ထိုမြတ်စွာဘုရားသည် စင်စစ်ဧကန် အမှန် အားဖြင့် သိသင့်သိထိုက်သည့် သစ္စာညေယျ တရားမှန်သမျှကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ် တော်တိုင်သာလျှင် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကုန်စင်အောင် သိတော်မူပါပေ၏ဟု ဘုရားရှင်အပေါ်၌ အလွန်အမင်း ရိုသေတုပ်ဝပ်ခြင်းကို ပြုတော်မူ၏။ ဤသို့လျှင် ဘုရားရှင်သည် လွန်မြတ်သော ပူဇော်ခြင်းကို ရရှိတော်မူ၏။ (ဝိသုဒ္ဓိ၊၁၊၂၆၁။)

အမြတ်ဆုံး ပူဇော်မှု

အမြတ်ဆုံး ပူဇော်မှု

ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော့မည့် ကဆုန်လပြည့်နေ့ ညဉ့်အခါ၌ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ် အတွင်းဝယ် အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌ ခင်းထားအပ်သော ညောင်စောင်းထက်၌ လက်ျာနံတောင်းဖြင့် စောင်းလျက် လက်ျာခြေတော်ပေါ်၌ လက်ဝဲခြေတော်ကို အနည်းငယ်လွန်အောင် တင်ထားတော်မူလျက် သတိ သမ္ပဇဉ် ဉာဏ်ယှဉ်တော်မူလျက် မြတ်သောအိပ်ခြင်း လျောင်းစက်ခြင်း ဣရိယာပုထ်ကို ပြုတော်မူ၏။

ထိုအချိန်အခါ၌ အင်ကြင်းပင်ပျိုအစုံတို့သည် အရင်းမှသည် အဖျားသို့တိုင်အောင် အခါမဲ့ ပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်၍ နေကြကုန်၏။ အစုံအစုံသော အင်ကြင်းပင်ပျိုတို့သာမက သစ်ပင်အားလုံးတို့သည်လည်း ပင်လုံးကျွတ် ပွင့်လျက် ရှိကြလေကုန်၏။ ထိုမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်း၌ သာမက အလုံးစုံသော စကြဝဠာ လောကဓာတ်ပေါင်း တိုက်တစ်သောင်းအတွင်း၌ အပွင့်ပွင့်သော အပင်မှန်သမျှ ပွင့်ကြကုန်၏၊ အသီး သီးသော အပင်မှန်သမျှ သီးကြကုန်၏၊ အလုံးစုံသောသစ်ပင်တို့၏ ပင်စည်တို့၌ ပင်စည် ပဒုမ္မာကြာပန်းတို့သည်, အခက်တို့၌ အခက်ပဒုမ္မာကြာပန်းတို့သည်, နွယ်တို့၌ နွယ်ပဒုမ္မာကြာပန်းတို့သည်, ကောင်းကင်တို့၌ ကောင်း ကင် အာကာသပဒုမ္မာကြာပန်းတို့သည်, မြေပြင်၌ မြေပြင်ကို ဖောက်ခွဲလျက် တုတ်ကဲ့သို့ သန်မာသော အရိုး ရှိသော ပဒုမ္မာကြာပန်းတို့သည် ပွင့်၍ လာကြကုန်၏။ အလုံးစုံသော မဟာသမုဒ္ဒရာသည် အရောင် (၅)မျိုးရှိသော ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးအုပ်လျက်ရှိ၏။ ယူဇနာ သုံးထောင် အပြောကျယ်သော ဟိမဝန္တာ တောတောင်သည် လည်း တစ်ခဲနက်ထူထပ်စွာ ဖွဲ့ချည်ထားအပ်သော ဥဒေါင်းမြီးစည်းကဲ့သို့, တစ်ခုနှင့်တစ်ခု အကြားအပြတ် မရှိ အောင် ဆက်စပ်နေသော ပန်းဆိုင်းချုံပုတ်ကဲ့သို့, ကောင်းစွာ စည်းလျက် ဖွဲ့ချည်ထားအပ်သော ပန်းဆိုင်းကဲ့သို့, ကောင်းစွာ အပြည့်ထည့်ထားသော ပန်းစကောကဲ့သို့ အလွန် မွေ့လျော်ဖွယ် ဖြစ်နေ၏။

ဘုမ္မစိုးနတ်တို့က ကောင်းစွာ လှုပ်အပ်သော ပင်စည် အခက်အခွ ရှိကြကုန်သော ထိုအင်ကြင်းပင် အစုံ တို့သည် ဘုရားရှင်အား ပူဇော်ရန် အလို့ငှာ ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ထို အခါမဲ့ပွင့်သော ပန်းတို့ကို ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့် ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ ဖြစ်ကုန်သော မန္ဒာရဝနတ်ပန်းစသည့် နတ်ပန်း မျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ထိုနတ်ပန်းမျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော် တစ်ခုလုံးကို လွှမ်းခြုံ ထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ဖြစ်ကုန်သော စန္ဒကူးနံ့သာမှုန့် မျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ထိုစန္ဒကူးနံ့သာမှုန့် မျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပ ကာယတော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့် ကြကုန်၏။ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ နတ်၌ ဖြစ်ကြကုန်သော တူရိယာမျိုးစုံတို့ကိုလည်း ကောင်းကင်၌ တီးမှုတ်နေကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ဘုရားရှင်၏ ဉာဏ်တော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နတ်၌ ဖြစ်ကုန်သော နတ်သီချင်းသံတို့သည်လည်း ကောင်းကင်၌ ဖြစ်ပေါ်နေကြကုန်၏။

ထိုအခါ၌ ဘုရားရှင်သည် အရှင်အာနန္ဒာမထေရ်မြတ်ကို ဤသို့ မိန့်ကြားတော်မူ၏။ ----

အာနန္ဒာ ...အင်ကြင်းပင်ပျိုအစုံတို့သည် အရင်းမှသည် အဖျားသို့တိုင်အောင် အခါမဲ့ပန်းတို့ဖြင့် ပင်လုံး ကျွတ် ပွင့်၍ နေကြကုန်၏။ ဘုမ္မစိုးနတ်တို့က ကောင်းစွာလှုပ်အပ်သော ပင်စည် အခက်အခွ ရှိကြကုန်သော ထိုအင်ကြင်းပင်အစုံတို့သည် ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ထိုအခါမဲ့ပွင့်သော ပန်းတို့ကို ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ်ရူပကာယတော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ဖြစ်ကုန်သော မန္ဒာရဝနတ်ပန်းစသည့် နတ်ပန်းမျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ထိုနတ်ပန်း မျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့်ကြကုန်၏။ နတ်၌ ဖြစ်ကုန် သော စန္ဒကူးနံ့သာမှုန့် မျိုးစုံတို့သည်လည်း ကောင်းကင်မှ ကျဆင်းလာကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန် အလို့ငှာ ထိုစန္ဒကူးနံ့သာမှုန့် မျိုးစုံတို့ကို ဘုရားရှင်၏ ခန္ဓာကိုယ်ထက်သို့ ကြဲဖြန့်ကြကုန်၏၊ ဘုရားရှင်၏ ခန္ဓာအိမ် ရူပကာယတော်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ဘိသကဲ့သို့ ကြဲဖြန့်ကြကုန်၏၊ အဖန်ဖန် အထပ်ထပ် မပြတ် ကြဲဖြန့် ကြကုန်၏။ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ နတ်၌ ဖြစ်ကုန်သော တူရိယာမျိုးစုံတို့ကိုလည်း ကောင်းကင်၌ တီးမှုတ်နေကြကုန်၏၊ ဘုရားရှင်အား ပူဇော်ရန်အလို့ငှာ ဘုရားရှင်၏ ဉာဏ်တော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ် လာကြကုန်သော နတ်သီချင်းသံတို့သည်လည်း ကောင်းကင်၌ ဖြစ်ပေါ်နေကြကုန်၏။ ---- ထိုနောင် ဆက်လက် ၍ မိန့်တော်မူသည်မှာ ဤသို့ ဖြစ်၏။ ----

န ခေါ အာနန္ဒ ဧတ္တာဝတာ တထာဂတော သက္ကတော ဝါ ဟောတိ ဂရုကတော ဝါ မာနိတော ဝါ ပူဇိတော ဝါ အပစိတော ဝါ။ ယော ခေါ အာနန္ဒ ဘိက္ခု ဝါ ဘိက္ခုနီ ဝါ ဥပါသကော ဝါ ဥပါသိကာ ဝါ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဝိဟရတိ သာမီစိပ္ပဋိပန္နော အနုဓမ္မစာရီ၊ သော တထာဂတံ သက္ကရောတိ ဂရုံ ကရောတိ မာနေတိ ပူဇေတိ အပစိယတိ ပရမာယ ပူဇာယ။ တသ္မာ တိဟာနန္ဒ ဓမ္မာနုဓမ္မပ္ပဋိပန္နာ ဝိဟရိဿာမ သာမီစိပ္ပဋိပန္နာ အနုဓမ္မစာရိနောတိ။ ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗန္တိ။ (ဒီ၊၂၊၁၁၄။)

= အာနန္ဒာ ...ဤမျှလောက်သော ပူဇော်ရုံမျှဖြင့် တထာဂတ အမည်ရတော်မူသည့် သင်တို့ဆရာ ငါ ဘုရားကို ရိုသေသည်လည်း မမည်သေး၊ လေးစားသည်လည်း မမည်သေး၊ မြတ်နိုးသည်လည်း မမည်သေး၊ ပူဇော်သည်လည်း မမည်သေး၊ ပသသည်လည်း မမည်သေး။

အာနန္ဒာ ...ရဟန်းယောက်ျားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ လူဥပါသကာယောက်ျားဖြစ်စေ လူဥပါသိ ကာမဖြစ်စေ မည်သူမဆို အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည်ရသည့် လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေထိုင် သည် ဖြစ်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သောကြောင့် သာမီစိ အမည်ရသော လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေဖြည့်ကျင့်လျက် နေထိုင်သည် ဖြစ်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော ထိုကျင့်ဝတ်ပဋိပတ်ကိုပင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နေထိုင်သည် ဖြစ်အံ့၊ ထိုသူမျိုးသည်ကား တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို ရိုသေသည် မည်၏ လေးစားသည် မည်၏ မြတ်နိုးသည် မည်၏ ပူဇော်သည် မည်၏ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေသည် မည်၏။ အာနန္ဒာ ...ထိုကြောင့် ဤသာသနာတော်၌ ငါတို့သည် အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည်ရသည့် လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုး ကုတ် ပွားများအားထုတ်လျက် နေထိုင်ကြပါကုန်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သော ကြောင့် သာမီစိအမည်ရသော လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကြပါကုန်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော ထိုကျင့်ဝတ်ပဋိပတ်ကိုပင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လျက် နေထိုင်ကြပါကုန်အံ့ဟု ဤသို့လျှင် အာနန္ဒာ ...သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြရမည် - ဟု မိန့်ကြားတော်မူလေသည်။ (ဒီ၊၂၊၁၁၃-၁၁၄။ ဒီ၊ဋ္ဌ၊၂၊၁၆၅-၁၆၈။)

ဆိုလိုရင်းနှင့် အကြောင်းပြချက်

ဆိုလိုရင်းနှင့် အကြောင်းပြချက်

ဘုရားရှင်သည်ကား အစီအစဉ်တကျ အတန်းလိုက် အတန်းလိုက် တန်းစီ၍ စိုက်ပျိုးထားအပ်သော အင်ကြင်းပင်ပျိုအစုံတို့၏ အကြား၌ လက်ျာနံတောင်းဖြင့် လျောင်းစက်တော်မူလျက်ပင် မြေပြင်မှ စကြဝဠာ နှုတ်ခမ်းရစ်တိုင်အောင်, စကြဝဠာနှုတ်ခမ်းရစ်မှ ဗြဟ္မာ့ပြည်တိုင်အောင် စုဝေးနေသော နတ်ဗြဟ္မာ ပရိသတ်၏ ကြီးကျယ်လှစွာသော ပန်းမျိုးစုံ နံ့သာမျိုးစုံ တူရိယာမျိုးစုံ ဘုန်းတော်ဘွဲ့မျိုးစုံတို့ဖြင့် ပူဇော်ခြင်းတည်းဟူသော အားထုတ်ခြင်းကို မြင်တော်မူ၍ အရှင်အာနန္ဒာကိုယ်တော်မြတ်အား အထက်ပါ စကားတော်များကို မိန့်ကြား တော်မူခြင်း ဖြစ်သည်။

ဤမျှလောက် ကြီးကျယ်လှစွာသော ပူဇော်မှုကို ဖော်ပြတော်မူပြီးမှ ထိုမျှလောက် ကြီးကျယ်လှစွာသော ပူဇော်မှုဖြင့်လည်း ကိုယ်တော်မြတ်အား ပူဇော်သည် မမည်သည်၏ အဖြစ်ကို ဆက်လက် မိန့်ကြားတော်မူပြန်၏။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ---- အာနန္ဒာ ...ငါဘုရားသည် ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်အနီး၌ လျောင်းလျက် လူသားစင်စစ်ဖြစ်ခြင်း, ယောက်ျားစင်စစ်ဖြစ်ခြင်း စသော နိယတဗျာဒိတ်ရကြောင်း ရှစ်ပါးကုန်သော ဂုဏ်တော်အပေါင်းတို့ကို ရရှိအောင် ပေါင်းစုပြီးမှ သဗ္ဗညုတဉာဏ်သို့ စိတ်ကို ရှေးရှုဆောင်ကြောင်း ဘုရား ဖြစ်ရန် ဆုထူးပန်ထွာမှုကို ပြုတော်မူသော ငါသည် ပန်း နံ့သာ တူရိယာ ဘုန်းတော်ဘွဲ့ သီချင်းတို့၏ အကျိုးငှာ သဗ္ဗညုတဉာဏ်သို့ စိတ်ကို ရှေးရှုဆောင်ကြောင်း ဘုရားဖြစ်ရန် ဆုထူးပန်ထွာမှုကို ပြုတော်မူအပ်သည် မဟုတ်၊ ဤ ပန်း နံ့သာ တူရိယာ ဘုန်းတော်ဘွဲ့သီချင်းသံတို့၏ အကျိုးငှာ ပါရမီတော်မြတ် အပေါင်းတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူအပ်ကုန်သည်ကား မဟုတ်၊ ထိုကြောင့် ငါဘုရားကို ဤကဲ့သို့သော ပူဇော်ခြင်းဖြင့် ပူဇော်ခြင်း သည် အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သည် မမည်ပါဟု မိန့်ဆိုလိုရင်း ဖြစ်သည်။

ဘုရားရှင်သည် အခြားအခြားသော ပါဠိတော်များ၌ နှမ်းကြပ်ပွင့် တစ်ပွင့်မျှကိုသော်လည်း ယူ၍ ဘုရားရှင် ၏ ဂုဏ်တော်တို့ကို ဆင်ခြင်လျက် ပြုလုပ်အပ်သော ပူဇော်မှု၏ ဗုဒ္ဓဉာဏ်တော်ဖြင့်သော်မှလည်း မပိုင်းဖြတ်အပ် မပိုင်းဖြတ်နိုင်သော အကျိုးတရားကို ချီးမွမ်းတော်မူပြီး ဖြစ်ပါလျက် ဤမဟာပရိနိဗ္ဗာနသုတ္တန်၌ ဤသို့ကလောက် ကြီးစွာသော ပူဇော်မှုကို အဘယ်ကြောင့် ပယ်မြစ်တော်မူရပါသနည်းဟု မေးရန်ရှိ၏။ အဖြေကား ဤသို့တည်း။

ပရိသာနုဂ္ဂဟေနစေဝ သာသနဿ စ စိရဋ္ဌိတိကာမတာယ။ သစေ ဟိ ဘဂဝါ ဧဝံ န ပဋိက္ခိပေယျ၊ အနာဂတေ သီလဿ အာဂတဋ္ဌာနေ သီလံ န ပရိပူရေဿန္တိ၊ သမာဓိဿ အာဂတဋ္ဌာနေ သမာဓိံန ပရိပူရေဿန္တိ၊ ဝိပဿနာယ အာဂတဋ္ဌာနေ ဝိပဿနာဂဗ္ဘံ န ဂါဟာပေဿန္တိ။ ဥပဋ္ဌာကေ သမာဒပေတွာ ပူဇံယေဝ ကာရေန္တာ ဝိဟရိဿန္တိ။ အာမိသပူဇာ စ နာမေသာ သာသနံ ဧကဒိဝသမ္ပိ ဧကယာဂုပါနကာလမတ္တမ္ပိ သန္ဓာရေတုံ န သက္ကောတိ။ မဟာဝိဟာရသဒိသဥှိ ဝိဟာရသဟဿံ မဟာစေတိယသဒိသဉ္စ စေတိယသဟဿမ္ပိ သာသနံ ဓာရေတုံ န သက္ကောန္တိ။ ယေန ကမ္မံ ကတံ၊ တေဿဝ ဟောတိ။ သမ္မာပဋိပတ္တိ ပန တထာဂတဿ အနုစ္ဆဝိကာ ပူဇာ။ သာ ဟိ တေန ပတ္ထိတာ စေဝ, သက္ကောတိ သာသနဉ္စ သန္ဓာရေတုံ၊ တသ္မာ တံ ဒေဿန္တော ယော ခေါ အာနန္ဒာတိအာဒိမာဟ။ (ဒီ၊ဋ္ဌ၊၂၊၁၆၉။)

၁။ ပရိသတ်ကို ချီးမြှောက်တော်မူလိုသောကြောင့်လည်းကောင်း,

၂။ သာသနာတော်၏ အဓွန့်ရှည်စွာ တည်တံ့ခြင်းကို အလိုရှိတော်မူသောကြောင့်လည်းကောင်း ----

ဤအကြောင်းနှစ်ရပ်ကြောင့် ဤ မဟာပရိနိဗ္ဗာနသုတ္တန်၌ ဤမျှ ကြီးကျယ်သော ပူဇော်မှုကို ပယ်မြစ် တော်မူခြင်း ဖြစ်ပေသည်။

အကယ်၍ကား ဘုရားရှင်သည် ဤသို့ ပယ်တော်မမူငြားအံ့၊ ဤသို့ ပယ်တော် မမူသည်ရှိသော် နောင် အနာဂတ်ကာလ၌ သီလ၏ဖြည့်ကျင့်ဖို့ရာ လာရာဌာန၌ သီလကို မဖြည့်ကျင့်ကြကုန်တော့လတ္တံ့၊ သမာဓိ၏ ဖြည့်ကျင့်ဖို့ရာ လာရာဌာန၌ သမာဓိကို မဖြည့်ကျင့်ကြကုန်တော့လတ္တံ့၊ ဝိပဿနာ၏ ဖြည့်ကျင့်ဖို့ရာ လာရာ ဌာန၌ ဝိပဿနာတည်းဟူသော ကိုယ်ဝန်ကို မလွယ်ယူကြစေကုန်တော့လတ္တံ့။ မိမိတို့ကို ပစ္စည်းလေးပါးဖြင့် ပြုစုလုပ်ကျွေးနေကြကုန်သော အလုပ်အကျွေး ဒါယကာတို့ကို ပူဇော်မှုလုပ်ငန်းရပ်၌ ဆောက်တည်စေလျက် ပူဇော်မှုကိုသာလျှင် ပြုစေကုန်လျက် နေထိုင်ကြကုန်လတ္တံ့။ ဤမျှသာမကသေး - ဤပစ္စည်းလေးပါးဖြင့် ပူဇော် ခြင်း အာမိသပူဇာမည်သည် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက် အပ်သော ဘုရားရှင်၏ အဆုံးအမတော်တည်းဟူသော သာသနာတော်ကို တစ်နေ့တာမျှသော်လည်း, ယာဂု တစ်ကျိုက်သောက်ရာ အချိန်ကာလမျှ တိုင်ရုံသော်လည်း ကောင်းစွာ ဆောင်ထားခြင်းငှာ မစွမ်းနိုင်ပေ။

ထင်ရှားအောင် ဆိုရသော် --- မဟာဝိဟာရကျောင်းတိုက်နှင့် တူသော ကျောင်းတိုက်ကြီးပေါင်း တစ်ထောင် သည်သော်လည်းကောင်း, မဟာစေတီတော်ကြီးနှင့် တူသော စေတီတော်ကြီးပေါင်း တစ်ထောင်သည်သော် လည်းကောင်း သာသနာတော်ကို တည်တံ့အောင် ဆောင်ထားခြင်းငှာ မစွမ်းနိုင်ကြလေကုန်၊ အကြင်ပုဂ္ဂိုလ်သည် ကျောင်းဆောက်ခြင်း စေတီတော်ကို တည်ထားကိုးကွယ်ခြင်းစသော ကောင်းမှုကုသိုလ်ကံကို ပြုလုပ်၏၊ ထို ကောင်းမှုကုသိုလ်ကို ပြုလုပ်သူအတွက်သာလျှင် ဖြစ်ပေသည်။ သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို ကောင်းမွန် မှန်ကန်စွာ ကျင့်ခြင်းတည်းဟူသော သမ္မာပဋိပတ္တိကျင့်စဉ်သည်ကား ဘုရားရှင်အား လျောက်ပတ်သော ပူဇော်ခြင်းတည်း။ မှန်ပေသည် ---- ထိုသမ္မာပဋိပတ်ကျင့်စဉ်သည်ကား ထိုဘုရားရှင်သည် လိုလားတောင့်တတော်မူအပ်သော အရာလည်း ဖြစ်၏၊ သာသနာတော်ကို အရှည်ခိုင်ခံ့ တည်တံ့အောင် ဆောင် ထားခြင်းငှာ စွမ်းလည်း စွမ်းနိုင်ပေသည်။ ထိုကြောင့် ထိုသမ္မာပဋိပတ်ကျင့်စဉ်ကို ညွှန်ကြားပြသတော်မူလိုသည် ဖြစ်၍ လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် လျက် နေထိုင်သောသူသည် ငါဘုရားရှင်အား အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပူဇော်နေသည် မည်ကြောင်း မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၁၆၉။)

ဘုရားရှင်အား တရားဖြင့် ပူဇော်ခြင်းဟူသော ဓမ္မပူဇာဟူသမျှတို့တွင်လည်း အရဟတ္တဖိုလ်ဖြင့် ပူဇော် ခြင်းကား အမြတ်ဆုံး ပူဇော်ခြင်းပင် ဖြစ်ပေ၏။ ထိုကြောင့် သာဝကတစ်ဦးသည် ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း တောအရပ်စသည့် အရပ်တစ်ခုခု၌ ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ အစဉ်သဖြင့် ဆိုက်ရောက်သွား၏၊ ထိုအရဟတ္တဖိုလ်ဖြင့် ဘုရားရှင်အား ပူဇော်လျှင် ဘုရားရှင်သည် တပည့်သာဝကထံမှ လွန်မြတ်သော ပူဇော်သက္ကာရကို ရရှိသည်မည်ကြောင်း အထက် တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်ပေသည်။

တောမင်းသစ်နှင့် တူသူ

တောမင်းသစ်နှင့် တူသူ

တစ်နည်းဆိုသော် ဤ ယောဂါဝစရ ရဟန်းတော်ကို တောမင်းသစ်နှင့် တူသူဟူ၍လည်း ဆိုနိုင်၏။ ယောဂါဝစရ ရဟန်းသည် တောအရပ်၌ တစ်ပါးထီးတည်း နေထိုင်၍ ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လျက် ဆန့်ကျင်ဘက် ကိလေသာတို့ကို နှိမ်နင်း ဖျက်ဆီးနိုင်သဖြင့် အလိုရှိအပ်သော အရဟတ္တဖိုလ် ဟူသော အကျိုးကို ပြီးစီးစေနိုင်သောကြောင့် တောမင်းသစ်နှင့် တူခြင်း ဖြစ်၏။ တောမင်းသစ်ကြီးသည် တောထဲ ၌ မြက်တောရှုပ်ကိုလည်းကောင်း, သစ်တောရှုပ်ကိုလည်းကောင်း, တောင်အထပ်ထပ်တည်းဟူသော တောင်ရှုပ်ကို လည်းကောင်း အမှီပြု၍ ပုန်းအောင်းလျက် တောကျွဲ, စိုင်, ဝက် အစရှိသော သားကောင်တို့ကို အရဖမ်းယူ သကဲ့သို့ ဤဥပမာအတူပင် တောအရပ်စသည်တို့၌ သမထဝိပဿနာ နှစ်ဖြာသော ဘာဝနာကမ္မဋ္ဌာန်းကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်လျက် ရှိသော ဤယောဂါဝစရ ရဟန်းတော်သည် အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့ကိုလည်းကောင်း, မြတ်သော အရိယဖိုလ်ကိုလည်းကောင်း ရယူနိုင်ပေသည်။ ထိုကြောင့် ထိုယောဂါဝစရ ရဟန်းတော်၏ ဘာဝနာကို အားထုတ်နေသော ပရက္ကမစွမ်းအားနှင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော မြေနေရာဖြစ်သော အရည သေနာသန ဟူသော တောကျောင်း တောင်ကျောင်းကို ညွှန်ကြားပြသတော်မူလိုသော ဘုရားရှင်သည် ----

ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ, သစ်ပင်ရင်းသို့ သွား ရောက်၍ ဖြစ်စေ, ဆိတ်ငြိမ်ရာ အရပ်သို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှု ဖြစ်စေလျက် ထိုင်နေ၏၊ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူသွင်း၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ်၏ ---- ဤသို့ စသော စကား တော်ကို မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၁-၂၆၂။)

အရည - ရုက္ခမူလ - သုညာဂါရ

အရည - ရုက္ခမူလ - သုညာဂါရ

အဘိဓမ္မာနည်းအားဖြင့် ရွာတံခါးခုံ၏ ပြင်ဘက်၌ တည်ရှိသော အရပ်အားလုံးသည် အရည မည်၏။ (အဘိ၊၂၊၂၆၀။) သုတ္တန်နည်းအားဖြင့် ရွာ၏ အစွန်အဖျားကျသော အိမ်၏ ခြံဝမှ အောက်ထစ်ဆုံးအားဖြင့် ကုလလေးတာ အပြန် (၅၀၀) ကွာဝေးသောအရပ်သည် အာရညက သေနာသန မည်၏။ (ဝိ၊၁၊၃၇၇။) ဤသို့ ဟောကြားထားတော်မူအပ်ကုန်သော အမှတ်လက္ခဏာ ရှိကုန်သော တောအရပ်တို့တွင် အမှတ်မရှိ အလုံးစုံသော ဆိတ်ငြိမ်မှု တိတ်ဆိတ်မှု ချမ်းသာသုခကို ပေးစွမ်းနိုင်သော အရပ်သည် အရည မည်၏။ ထိုအရည အမည် ရသော တောအရပ်သို့ ကပ်ရောက်၍ ဖြစ်စေ အရဟတ္တဖိုလ် အထွတ်တပ်ထားသော ဤ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ရှေးဦးစွာ ဘုရားရှင်သည် ညွှန်ကြားတော်မူပေသည်။

နေမွန်းတည့် အချိန်အခါ၌ သစ်ပင်၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာလုံး၌ သစ်ပင်ရိပ်သည် ပြန့်နှံ့ လျက် တည်နေ၏၊ လေမတိုက်သောအခါ၌ သစ်ရွက်တို့သည် ကြွေကျကုန်၏၊ ဤမျှသော အတိုင်းအတာဖြင့် ရုက္ခမူလ (= သစ်ပင်ရင်း) ဟု ခေါ်ဆိုပေသည်။ ဤသို့သော ရုက္ခမူလဟု ခေါ်ဆိုအပ်သော သစ်ပင်အနီးသို့ ချဉ်းကပ်၍ဖြစ်စေ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ဒုတိယ ညွှန်ကြားတော်မူသည်။

တောင်, ချောက်ကမ်းပါး, တောင်ခေါင်း, သုသာန်, တောအုပ်, လွင်တီးခေါင်, ကောက်ရိုးပုံ ဟူသော အရည-ရုက္ခမူလမှ ကြွင်းသော (၇)မျိုးသော ဆိတ်ငြိမ်ရာအရပ်သည် သုညာဂါရ မည်၏။ ထို သုညာဂါရ အမည် ရသော တိတ်ဆိတ်ငြိမ်သက်မှု ချမ်းသာသုခကို ပေးစွမ်းနိုင်သောအရပ်သို့ ချဉ်းကပ်၍ဖြစ်စေ အာနာပါနဿတိ ဘာဝနာကို ပွားများအားထုတ်ရန် ဘုရားရှင်သည် တတိယမြောက် ညွှန်ကြားတော်မူသည်။

နွေဥတုကာလ၌ အရည အမည်ရသော တောအရပ်သည်, ဆောင်းဥတုကာလ၌ ရုက္ခမူလအမည်ရသော သစ်ပင်ရင်းအရပ်သည်, မိုးဥတုကာလ၌ သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်သော အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများအားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။

တစ်ဖန် သလိပ်ဓာတ် ထူပြောသော ပင်ကိုယ်ပကတိအားဖြင့် သလိပ်ဓာတ်အားကောင်းသော ယောဂါ ဝစရ ပုဂ္ဂိုလ်အား အရည မည်သော တောအရပ်သည်, သည်းခြေဓာတ် ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား ရုက္ခမူလအမည်ရသော သစ်ပင်ရင်းအရပ်သည်, လေဓာတ်ထူပြောသော ယောဂါဝစရပုဂ္ဂိုလ်အား သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်ရာ အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများ အားထုတ်ရန်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။

တစ်ဖန် မောဟစရိုက် ထူပြောသော ပုဂ္ဂိုလ်အား အရည အမည်ရသော တောအရပ်သည်, ဒေါသစရိုက် ထူပြောသော ပုဂ္ဂိုလ်အား ရုက္ခမူလအမည်ရသော သစ်ပင်ရင်းအရပ်သည်, ရာဂစရိုက် ထူပြောသော ပုဂ္ဂိုလ်အား သုညာဂါရ အမည်ရသော တိတ်ဆိတ်ငြိမ်သက်ရာ အရပ်သည် အာနာပါနဿတိဘာဝနာကို ပွားများအားထုတ် ရန်အတွက် သင့်လျော်လျောက်ပတ် ကောင်းမြတ်၏။ (မဟာဋီ၊၁၊၃၁၅-၃၁၆။)

ဣရိယာပုထ် ရွေးချယ်မှု

ဣရိယာပုထ် ရွေးချယ်မှု

ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ထိုယောဂါဝစရရဟန်းတော်အား ဥတုသုံးပါး ဓာတ်သုံးပါး စရိုက်သုံးပါးအား လျော်လျောက်ပတ် ကောင်းမြတ်သော အာနာပါနဿတိဘာဝနာနှင့် လျော်သော ကျောင်းအိပ်ရာ နေရာကို ညွှန်ကြားတော်မူပြီး၍ အာနာပါနအာရုံမှ စိတ်မတွန့်ဆုတ်သွားခြင်း စိတ်မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက် သော ဣရိယာပုထ်ကို ညွှန်ကြားပြသတော်မူလိုသော ဘုရားရှင်သည် ထိုင်၍ အားထုတ်ရန် မိန့်ကြားတော် မူပြန်သည်။ အိပ်ခြင်း ဣရိယာပုထ်ကား ပျင်းရိခြင်း ကောသဇ္ဇအဖို့ ရှိ၏၊ အာနာပါနဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ် တွန့်ဆုတ်သွားတတ်၏။ ရပ်ခြင်း, စင်္ကြံလျှောက်ခြင်း ဣရိယာပုထ်တို့ကား စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့ ရှိကုန်၏။ အာနာပါနအာရုံမှ စိတ်ပျံ့လွင့်နေတတ်၏။ ထိုင်ခြင်း ဣရိယာပုထ်ကား ထိုကဲ့သို့ ပျင်းရိခြင်း, ဘာဝနာ လုပ်ငန်းမှ စိတ်ဓာတ်ကျဆင်းခြင်း, တွန့်ဆုတ်ခြင်း, စိတ်ပျံ့လွင့်ခြင်းများ မဖြစ်တတ်ပေ။ သို့အတွက် ထိုင်၍ အားထုတ်ရန် ဘုရားရှင် ညွှန်ကြားတော်မူပေသည်။ (မဟာဋီ၊၁၊၃၁၆။)

တစ်ဖန် ထိုသို့ ထိုင်၍ အားထုတ်ရာ၌ တင်ပလ္လင်ခွေ၍ ထိုင်ခြင်းဖြင့် ထိုယောဂါဝစရ ရဟန်းတော်၏ ထိုင်ခြင်းဣရိယာပုထ်၏ မြဲမြံမှုရှိသည်၏ အဖြစ်ကိုလည်းကောင်း, အထက်ပိုင်းဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့် ဖြောင့်ထားခြင်းဖြင့် ဝင်သက်လေ ထွက်သက်လေတို့ကို ဖြစ်စေခြင်း၌ ချမ်းသာလွယ်ကူမှု ရှိသည်၏အဖြစ်ကို လည်းကောင်း, ဝင်သက်လေ ထွက်သက်လေဟူသော ကမ္မဋ္ဌာန်းအာရုံသို့ သတိကို ရှေးရှု ကပ်ထားခြင်းဖြင့် ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနကမ္မဋ္ဌာန်းအာရုံကို သိမ်းဆည်းခြင်း၏ အကြောင်းတရားကို လည်းကောင်း ညွှန်ကြားပြသတော်မူလိုသော ဘုရားရှင်သည် - တင်ပလ္လင်ခွေပြီးလျှင် အထက်ပိုင်းဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှု ဖြစ်စေလျက် ထိုင်နေပါဟု မိန့်မှာ တော်မူလေသည်။

အထက်ပိုင်းဖြစ်သော ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ ထိုင်ခဲ့သော် (၁၈)ခုသော ကျောက်ကုန်းဆစ် အရိုးတို့ကို တစ်ခုသောအစွန်းဖြင့် တစ်ခုသော အစွန်းကို တည့်တည့်မတ်မတ် ထိစပ်စေ၍ ထိုင်နေသည် မည်၏။ ထိုသို့ ကျောက်ကုန်းအဆစ်အရိုးတို့ကို တစ်ခုသောအစွန်းဖြင့် တစ်ခုသောအစွန်းကို တည့်တည့်မတ်မတ် ထိစပ် စေ၍ ထိုင်နေသော ယောဂါဝစရရဟန်းတော်၏ သန္တာန်၌ အရေ-အသား-အကြောတို့သည် ညွတ်၍ တွန့်လိပ်၍ မနေကြကုန်၊ ထိုသို့ ညွတ်၍ တွန့်လိပ်၍ မနေကြကုန်သည်ရှိသော် ထိုယောဂါဝစရ ရဟန်းတော်အား ထိုအရေ-အသား-အကြောတို့၏ ညွတ်ခြင်း တွန့်လိပ်၍နေခြင်းဟူသော အကြောင်းကြောင့် ခဏတိုင်း ခဏတိုင်း၌ အကြင် နာကျင်ကိုက်ခဲမှု စသည့် ဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည် ဖြစ်ပေါ်ကြလေကုန်ရာ၏၊ ထိုဝေဒနာတို့သည် အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ ထိုင်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မဖြစ်ပေါ် နိုင်ကြကုန်၊ ထိုဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည် မဖြစ်ပေါ်ကြကုန်သည်ရှိသော် ထိုယောဂါဝစရ ရဟန်းတော်၏ စိတ်သည် ဝင်သက်လေ ထွက်သက်လေဟူသော တစ်ခုတည်းသော အာနာပါနအာရုံ၌ တည်ကြည်လာ၏၊ အာနာပါနကမ္မဋ္ဌာန်းသည် မလျှောကျတော့ဘဲ, မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရသည်တိုင်အောင် တိုးတက်စည်ကား ကြီးပွားခြင်းသို့ ရောက်ရှိနိုင်၏။ ထိုကြောင့် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့်ထားကာ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားတော်မူခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၂၆၂။)

ထိုသို့ အားထုတ်ရာ၌ ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနအာရုံမှ အခြားတစ်ပါးသော အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်သွားမှုကို တားမြစ်လျက် အာနာပါနကမ္မဋ္ဌာန်းအာရုံသို့သာလျှင် သတိကို ရှေးရှု တည်စေလျက် အားထုတ်ရမည် ဖြစ်သည်။

သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ

သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ

ထို ယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တင်ပလ္လင်ခွေ၍ အထက်ပိုင်းကိုယ်ကို ဖြောင့်ဖြောင့် ထားပြီးသော် ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနကမ္မဋ္ဌာန်းအာရုံ၌ သတိကို ရှေးရှုတည်စေလျက် ထိုသတိကို မစွန့်လွှတ်ဘဲ သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေကို ရှူသွင်း၏၊ သတိရှိသည်ဖြစ်၍သာလျှင် ထွက်သက်လေကို ရှူထုတ်၏၊ သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေ ထွက် သက်လေကို ပြုကျင့်လေ့ ရှိ၏၊ ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ သတိမှ ကင်းလွတ်နေသော ဝင်သက် လေ ထွက်သက်လေ၏ ဖြစ်ခြင်းသည် မရှိဟု ဆိုလိုပေသည်။

ယခုအခါ၌ အကြင်အခြင်းအရာတို့ဖြင့် သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေ ထွက်သက်လေကို ပြုကျင့်လေ့ ရှိ၏၊ ထိုအခြင်းအရာတို့ကို ညွှန်ကြားပြသတော်မူလိုသည်ဖြစ်၍ ဘုရားရှင်သည် စတုက္ကလေးမျိုး တို့ဖြင့် ပိုင်းခြားလျက်, (၁၆)မျိုးသော အခြင်းအရာတို့ဖြင့် အာနာပါနဿတိသမာဓိဘာဝနာကို ပွားများအားထုတ် ပုံကို ညွှန်ကြားပြသတော်မူလေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၃။) သို့အတွက် ယင်းစတုက္ကလေးမျိုးတို့ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

ပထမ စတုက္က

ပထမ စတုက္က

၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။

ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။

ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

၃။ သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။

သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၂၊၈၈။)

၁။ ရှည်စွာ ဝင်သက်လေကို ဖြစ်စေမူ ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။

ရှည်စွာ ထွက်သက်လေကို ဖြစ်စေမူ ရှည်စွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။

၂။ တိုစွာ ဝင်သက်လေကို ဖြစ်စေမူ တိုစွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။

တိုစွာ ထွက်သက်လေကို ဖြစ်စေမူ တိုစွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။

၃။ ဝင်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ကိုပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ထွက်သက်လေ၏ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ထွက်သက် လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၄။ ဝင်သက်လေဟု ဆိုအပ်သော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ် ၍ ကျင့်၏။

ထွက်သက်လေဟု ဆိုအပ်သော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ဒုတိယ စတုက္က

ဒုတိယ စတုက္က

၁။ ပီတိပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

ပီတိပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ သုခပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

သုခပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၃။ စိတ္တသင်္ခါရပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

စိတ္တသင်္ခါရပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊

ပဿမ္ဘယံ စိတ္တသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၂၊၈၈။)

၁။ ပထမစျာန် ဒုတိယစျာန်နှင့် ယှဉ်သော နှစ်သိမ့်ခြင်း (= ပီတိ) ကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပထမစျာန် ဒုတိယစျာန်နှင့် ယှဉ်သော နှစ်သိမ့်ခြင်း (= ပီတိ) ကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၂။ ပထမစျာန်ဒုတိယစျာန် တတိယစျာန်နှင့် ယှဉ်သော ချမ်းသာခြင်း (= သုခ) ကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပထမစျာန် ဒုတိယစျာန် တတိယစျာန်နှင့် ယှဉ်သော ချမ်းသာခြင်း (= သုခ) ကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၃။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့နှင့် ယှဉ်သော ဝေဒနာ သညာဟူသော စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိသည်ကို ပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့နှင့်ယှဉ်သော ဝေဒနာ သညာဟူသော စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိသည်ကို ပြုလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၄။ ရုန့်ရင်းရုန့်ရင်းသော ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့နှင့် ယှဉ်သော ဝေဒနာ သညာ ဟူသော စိတ္တသင်္ခါရကို ချုပ်ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ကျင့်၏။

ရုန့်ရင်းရုန့်ရင်းသော ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့နှင့် ယှဉ်သော ဝေဒနာ သညာ ဟူသော စိတ္တသင်္ခါရကို ချုပ်ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

တတိယ စတုက္က

တတိယ စတုက္က

၁။ စိတ္တပ္ပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

စိတ္တပ္ပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ အဘိပ္ပမောဒယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊

အဘိပ္ပမောဒယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။

၃။ သမာဒဟံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊

သမာဒဟံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။

၄။ ဝိမောစယံ စိတ္တံ အဿသိဿာမီတိ သိက္ခတိ၊

ဝိမောစယံ စိတ္တံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၂၊၈၈။)

၁။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့နှင့် ယှဉ်သော စျာန်စိတ်ကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့နှင့် ယှဉ်သော စျာန်စိတ်ကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၂။ ပီတိနှင့် ယှဉ်သော ပထမစျာန်စိတ် ဒုတိယစျာန်စိတ်ကို လွန်စွာ ဝမ်းမြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပီတိနှင့် ယှဉ်သော ပထမစျာန်စိတ် ဒုတိယစျာန်စိတ်ကို လွန်စွာ ဝမ်းမြောက်စေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၃။ ပထမစျာန်စိတ် ဒုတိယစျာန်စိတ် တတိယစျာန်စိတ် စတုတ္ထစျာန်စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပထမစျာန်စိတ် ဒုတိယစျာန်စိတ် တတိယစျာန်စိတ် စတုတ္ထစျာန်စိတ်ကို အာရုံ၌ ကောင်းစွာ ထားလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၄။ ပထမစျာန်စိတ် ဒုတိယစျာန်စိတ် တတိယစျာန်စိတ် စတုတ္ထစျာန်စိတ်ကို နီဝရဏကိလေသာ စသည့် ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ပထမစျာန်စိတ် ဒုတိယစျာန်စိတ် တတိယစျာန်စိတ် စတုတ္ထစျာန်စိတ်ကို နီဝရဏကိလေသာစသည့် ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်စေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

စတုတ္ထ စတုက္က

စတုတ္ထ စတုက္က

၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊

အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၂။ ဝိရာဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ၊

ဝိရာဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၃။ နိရောဓာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊

နိရောဓာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၄။ ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ၊

ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၂၊၈၉။)

၁။ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၂။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂကင်းရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်နှင့် ကိလေသာတို့ကို သမုစ္ဆေဒ အားဖြင့် အကြွင်းမဲ့ စွန့်လွှတ်ရာ နိဗ္ဗာန်, စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်နှင့် ကိလေသာတို့ကို သမုစ္ဆေဒ အားဖြင့် အကြွင်းမဲ့ စွန့်လွှတ်ရာ နိဗ္ဗာန်, စွန့်လွှတ်တတ်သော အရိယမဂ်ဉာဏ်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

(သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။ မ၊၂၊၈၉။)

ဤအထက်ပါ စတုက္ကလေးမျိုးတို့တွင် ဝင်သက်လေ၌ (၁၆)မျိုးသော အခြင်းအရာ, ထွက်သက်လေ၌ (၁၆) မျိုးသော အခြင်းအရာတို့ကို ဘုရားရှင် ဟောကြားထားတော်မူပေသည်။ နှစ်ရပ်ပေါင်းသော် (၃၂)မျိုးသော အခြင်းအရာတို့ ဖြစ်ကြ၏။ ယင်း (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ဝင်သက်လေ ထွက်သက်လေအာရုံ၌ သတိ မြဲအောင် ပြုလေ့ရှိသူကို သတောကာရီ ပုဂ္ဂိုလ်ဟု ခေါ်ဆိုပေသည်။ သတောဝ အဿသတိ = သတိရှိလျက် သာလျှင် ဝင်သက်လေကို ရှူသွင်းသူ, သတောဝ ပဿသတိ = သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှူထုတ် သူ ဟူ၍လည်း ခေါ်ဆိုပေသည်။ (ပဋိသံ၊၁၇၄။ ဝိသုဒ္ဓိ၊၁၊၂၆၃။)

အထူးသတိပြုရမည့် အချက်များ

ဤနာမည်ကျော် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော အသင်ယောဂီသူတော်ကောင်းသည် အောက်တွင် ဆက်လက်၍ ဖော်ပြလတ္တံ့သော အချက်အလက်များကို ကြိုတင် မှတ်သားထားပါ။

(က) သတိပဋ္ဌာန် လေးပါး ခွဲပုံ

(က) သတိပဋ္ဌာန် လေးပါး ခွဲပုံ

ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာစိတ္တဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ မိန့်ဆိုတော်မူချက်အရ ဤအထက်ပါ စတုက္က (၄)မျိုးတို့တွင် ပထမ စတုက္ကကို အာနာပါနကမ္မဋ္ဌာန်းကို စတင်ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်အတွက် ဦးစွာ အားထုတ် ရမည့် ကမ္မဋ္ဌာန်းအဖြစ် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ အခြားသော စတုက္က သုံးခုတို့ကို ကား ဤပထမစတုက္က၌ အာနာပါနကမ္မဋ္ဌာန်းဖြင့် ရူပါဝစရစျာန် (၄)ပါးတို့ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ် အတွက် ----

၁။ ဝေဒနာနုပဿနာ၏ အစွမ်းဖြင့် ဒုတိယစတုက္ကကို,

၂။ စိတ္တာနုပဿနာ၏ အစွမ်းဖြင့် တတိယစတုက္ကကို,

၃။ ဓမ္မာနုပဿနာ၏ အစွမ်းဖြင့် စတုတ္ထစတုက္ကကို ----

အသီးအသီး ဟောကြားထားတော်မူအပ်သည်ဟု မှတ်ပါ။ ပထမစတုက္ကကို ကာယာနုပဿနာ သတိပဋ္ဌာန် ပိုင်းတွင် ထည့်သွင်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူသဖြင့် ကာယာနုပဿနာ၏ အစွမ်းဖြင့် ပထမ စတုက္ကကို ဟောကြားထားတော်မူသည်ဟု မှတ်ပါ။

(ခ) စျာန်လမ်းသာ ဖြစ်သည်

(ခ) စျာန်လမ်းသာ ဖြစ်သည်

တေသု အာနာပါနံ ဒွိတ္တိံသာကာရော နဝသိဝထိကာတိ ဧကာဒသ အပ္ပနာကမ္မဋ္ဌာနာနိ ဟောန္တိ။ (မ၊ဋ္ဌ၊၁၊၃၀၅။)

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် အာနာပါန ပဗ္ဗကို ဟောကြားတော်မူရာဝယ် အပ္ပနာကမ္မဋ္ဌာန်းအဖြစ်နှင့် ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ အပ္ပနာ ကမ္မဋ္ဌာန်းဟူသည် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဥပစာရသမာဓိ ခေါ် ဥပစာရစျာန်ကိုလည်းကောင်း, သို့မဟုတ် အပ္ပနာသမာဓိ ခေါ် အပ္ပနာစျာန်ကိုလည်းကောင်း ရှေးဦးစွာ ရအောင် အားထုတ်ပြီးပါမှ ထိုဥပစာရသမာဓိ သို့မဟုတ် ထိုအပ္ပနာစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးရန် ဟောကြားထားတော်မူသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ဤသတ်မှတ်ချက် အဆိုအမိန့်အရ ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာသို့ မကူးမီ သို့မဟုတ် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ မကူးမီ ရှေးဦးစွာ ဥပစာရသမာဓိစျာန် သို့မဟုတ် အပ္ပနာသမာဓိစျာန်ကို ရအောင် အားထုတ်ရမည်ဟု ကြိုတင်မှတ်သားထားပါ။

(ဂ) အဿာသ-ပဿာသ (၂) မျိုး

(ဂ) အဿာသ-ပဿာသ (၂) မျိုး

အာနာပါန ခေါ် အဿာသ-ပဿာသ (= ဝင်သက်လေ ထွက်သက်လေ) ကို ရှုပွားပုံနှင့် ပတ်သက်၍ ဘုရားရှင်သည် ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ရှုပွားပုံနည်းနှင့် အပ္ပနာစျာန်လမ်းမှ ရှုပွားပုံနည်းဟု နှစ်နည်း ခွဲခြား၍ ဟောကြားထားတော်မူခဲ့ပေသည်။

မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂-၂၄၉။) မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃-၈၉။) ဓာတု ဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁-၂၉၀။) အဘိဓမ္မာ ဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၄-၈၆။) စသည်တို့၌ ဓာတ် ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းများ လာရှိ၏။ ထိုဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း (၄၂)ကောဋ္ဌာသတို့တွင် ဝါယောကောဋ္ဌာသ (၆)ပါး လာရှိရာ ထိုဝါယောကောဋ္ဌာသ (၆)ပါးတို့တွင် အဿာသ-ပဿာသ ဝါယော ကောဋ္ဌာသလည်း ပါဝင်၏။

ထိုအဿာသ-ပဿာသ ဝါယောကောဋ္ဌာသ = ဝင်သက်လေ ထွက်သက်လေဟူသော ဝါယောကောဋ္ဌာသ ဟူသည် စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တရားတို့၏ သို့မဟုတ် စိတ္တဇရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ထိုအဋ္ဌကထာအရ အဿာသပဿာသ = ဝင်သက်လေ ထွက်သက်လေဟူသည် စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ယင်း ဝင်သက်လေ ထွက်သက်လေဟူသော ရုပ်ကလာပ်တို့ တွင် ရုပ်ကလာပ် အသီးအသီး၌ ပရမတ္ထသစ္စာနယ်မှ ဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်သော် ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-သဒ္ဒ (= အသံ) ဟု ရုပ်သဘောတရား (၉)မျိုးစီ အသီး အသီး ရှိ၏။ ယင်း ရုပ်ပရမတ်သဘောတရားတို့ကို ဉာဏ်ပညာမျက်စိဖြင့် ခွဲခြားစိတ်ဖြာ၍ မြင်အောင် ရှုရမည် ဖြစ်သည်။ ယင်း အဿာသ-ပဿာသဟူသော ဝင်သက်လေ ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက (၆-ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်း တတ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့) ရုပ်ကလာပ်အမှုန်များကိုသာ လွယ်လွယ်ကူကူ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်းရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၉)မျိုးသော ရုပ်တရားတို့ကို ဓာတ်ခွဲနိုင်ပါက ပရမတ် သို့ ဉာဏ်အမြင် ဆိုက်သွားမည် ဖြစ်သည်။ (ရှုပုံနည်းစနစ်များကို ဓာတ်ကမ္မဋ္ဌာန်းပိုင်း အကျယ်ရှုပွားနည်းတွင် ကြည့်ပါ။)

ဤသို့လျှင် ရုပ်ကလာပ်များကိုလည်းကောင်း, ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော ဓာတ်ကြီးလေးပါး တို့၏ သဘာဝသတ္တိ အသီးအသီးကိုလည်းကောင်း, ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်နေကြကုန်သော ဥပါဒါရုပ် အသီးအသီးကိုလည်းကောင်း ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုရသဖြင့် ဤရှုပွားနည်းမှာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ရှုပွားနည်း ဖြစ်သည်။ အကြောင်းမူ ဓာတ်ကြီးလေးပါးကို ပြည်တည်၍ ရှုပါမှ ထိုသို့ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် ရှုနိုင် မြင်နိုင်သောကြောင့် ဖြစ်သည်။

တစ်ဖန် အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေ၏ ----

၁။ အရှည်ကို,

၂။ အတိုကို,

၃။ အစ-အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုရမည်။

၄။ ဝင်သက်လေ ထွက်သက်လေကို ငြိမ်းအောင် ကျင့်ရမည် ---- ဟူသော

ဤညွှန်ကြားချက်များကား စျာန်ရအောင် ရှုပွားနည်း ညွှန်ကြားချက်များ ဖြစ်ကြသည်။ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား နိမိတ်၌ ဝင်သက်လေ ထွက် သက်လေ ဟူသော ပရိကမ္မနိမိတ်, ထိုမှတစ်ဆင့် ထိုဝင်သက်လေ ထွက်သက်လေကို မှီ၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ် (၃)မျိုးကို အာရုံယူ၍ အစဉ်အတိုင်း ရှုပွားရသော ကျင့်စဉ် ဖြစ်သည်။ ဤကျင့်စဉ်ကား စျာန်ရအောင် အားထုတ်သည့် ကျင့်စဉ်ဖြစ်သဖြင့် စျာန်လမ်းဖြစ်သည်။ ဤသို့လျှင် အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေ၌ ---- ဓာတ်ကမ္မဋ္ဌာန်းလမ်းနှင့် စျာန်လမ်းဟု နှစ်မျိုးရှိကြောင်းကို ကြိုတင်၍ ခွဲခြားမှတ်သားထားပါ။

(ဃ) အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းရ

(ဃ) အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းရ

အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)

ဝဏ္ဏတောတိ ပိစုပိဏ္ဍတာရကရူပါဒီသု ဝိယ ဥပဋ္ဌိတဝဏ္ဏတော။ လက္ခဏတောတိ ခရဘာဝါဒိသဘာဝတော, အနိစ္စာဒိလက္ခဏတော ဝါ။ (မဟာဋီ၊၁၊၃၃၇။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ မှာကြားချက်အရ အာနာပါနကမ္မဋ္ဌာန်းကို စျာန်လမ်းမှ စီးဖြန်း အားထုတ်လိုသော အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာသို့ မကူးမီ သမာဓိ စတင်ထူထောင်သည့် အပိုင်း၌ ဝါဂွမ်းစိုင် ကြယ်တာရာ စသည်တို့ကဲ့သို့သော အာနာပါနနိမိတ်ပေါ်ခဲ့သော် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် ကြယ်တာရာ စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသည့် အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။

အကယ်၍ အရောင်အဆင်းအားဖြင့် နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) ဘက်သို့ ရောက်ရှိသွားမည် ဖြစ်သည်၊ အာနာပါနကမ္မဋ္ဌာန်း မဟုတ်တော့ပေ။

တစ်ဖန် ဝင်လေ ထွက်လေ၌ တည်ရှိသော ----

၁။ ပထဝီဓာတ်၏ ခက်မာကြမ်းတမ်းမှုသဘော (= မာမှုသဘော = ကြမ်းမှုသဘော),

၂။ အာပေါဓာတ်၏ ယိုစီးမှုသဘော ဖွဲ့စည်းမှုသဘော,

၃။ တေဇောဓာတ်၏ ပူမှုသဘော အေးမှုသဘော,

၄။ ဝါယောဓာတ်၏ ထောက်ကန်မှုသဘော ----

ဟူသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ဓာတ်ကြီး လေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို နှလုံးသွင်း ရှုပွားခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်၊ အာနာပါနကမ္မဋ္ဌာန်း မဟုတ်တော့ပေ။

သို့အတွက် အသင်ယောဂီသူတော်ကောင်းသည် ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း)ကို ပွားများအား ထုတ်လိုပါက ဝဏ္ဏကသိုဏ်း စည်းကမ်းနည်းလမ်းအတိုင်း တသွေမတိမ်း လိုက်နာ၍ အားထုတ်ရမည် ဖြစ်သည်။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုပါက ဓာတ် ကမ္မဋ္ဌာန်း စည်းကမ်းနည်းလမ်းအတိုင်းသာလျှင် လိုက်နာ၍ ရိုသေစွာ အားထုတ်ရမည် ဖြစ်သည်။

အကယ်၍ စျာန်လမ်း အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုပါက အာနာပါနကမ္မဋ္ဌာန်း စည်းကမ်း နည်းလမ်းအတိုင်းသာ လိုက်နာ၍ ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ သို့မှသာလျှင် အသင်ယောဂီသူတော် ကောင်း လိုလားတောင့်တနေသော လိုအပ်သော အကျိုးတရားများသည် ပြီးစီး ပြည့်စုံလာမည် ဖြစ်သည်။

အကယ်၍ အာနာပါနကမ္မဋ္ဌာန်းကို ဓာတ်ကမ္မဋ္ဌာန်းပြုလုပ်၍ အားထုတ်ခဲ့သော် ကျီးလည်း မမည် ကြက်လည်း မဟုတ်သဖြင့် - သပိတ်ကွဲ ကိုယ်ကြေ - ပွားများအားထုတ်ရကျိုး မနပ် ရှိချေမည်၊ သတိပြုပါလေ။

အကြောင်းကား ဤသို့ ဖြစ်

အကြောင်းကား ဤသို့ ဖြစ်

အာနာပါနပထမစတုက္ကတွင် ဝင်သက်လေ ထွက်သက်လေ၌ အရှည်အတို ရှုရန် ဘုရားရှင်က ညွှန်ကြား ထားတော်မူလျက် ရှိ၏။ ရှည်မှု တိုမှုနှင့် ပတ်သက်၍ အဋ္ဌကထာ-ဋီကာတို့က ဤသို့ ရှင်းပြထား၏။

ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ ပ ။ တသ္မာ တေသံ ကာလဝသေန ဒီဃမဒ္ဓါနံ နိက္ခမန္တာ စ ပဝိသန္တာ စ တေ ဒီဃာ, ဣတ္တရမဒ္ဓါနံ နိက္ခမန္တာ စ ပဝိသန္တာ စ ရဿာတိ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃-၂၆၄။)

အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။ (မဟာဋီ၊၁၊၃၁၈။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့၏ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းချက်အရ ဝင်သက်လေ ထွက်သက်လေတို့၏ ရှည်မှု တိုမှု ဟူသည်မှာ ---- အချိန်ကာလ ခပ်ရှည်ရှည် ခပ်ကြာကြာဖြစ်သော ဝင်သက်လေ ထွက်သက်လေကို ဒီဃ (= အရှည်) ဟူ၍လည်းကောင်း, အချိန်ကာလ ခပ်တိုတို ခပ်မြန်မြန်ဖြစ်သော ဝင်သက်လေ ထွက်သက်လေကို ရဿ (= အတို) ဟူ၍လည်းကောင်း ဘုရားရှင် ခေါ်ဆိုတော်မူလိုကြောင်း သိရှိရပေသည်။

အကယ်၍ ဤအာနာပါနပဗ္ဗကို ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ် ပြုလုပ်၍ အားထုတ်ခဲ့သော် ဝါယောလေဓာတ် ပရမတ်တရား၌ သို့မဟုတ် ဓာတ်ကြီးလေးပါးတို့၌လည်း အရှည် အတို ရှိသည်ဟုပင် လက်ခံရတော့မည် ဖြစ်သည်။ ကာလဒ္ဓါန = အချိန်ကာလ ရှည်မှု တိုမှု, ဩကာသဒ္ဓါန = အရပ်ဒေသ (= အရာဝတ္ထု) ၏ ရှည်မှု တိုမှုဟု အဒ္ဓါန = အရှည် အတို နှစ်မျိုးရှိရာတွင် ဤအာနာပါနပဗ္ဗပိုင်း၌ ကာလဒ္ဓါနဟူသော အချိန်ကာလ၏ ရှည်မှု တိုမှုကိုသာ အလိုရှိအပ်သဖြင့် ----

၁။ ဝါယောလေဓာတ် ပရမတ်တရား၌ အချိန်ကာလ ခပ်ရှည်ရှည် ခပ်ကြာကြာဖြစ်သော ဝါယောလေဓာတ် ပရမတ်တရားက တစ်မျိုး,

၂။ အချိန်ကာလ ခပ်တိုတို ခပ်မြန်မြန် ဖြစ်သော ဝါယောလေဓာတ် ပရမတ်တရားက တစ်မျိုး ----

ဤသို့ နှစ်မျိုးရှိသည်ဟု လက်ခံရတော့မည် ဖြစ်သည်။

အလားတူပင် ဓာတ်ကြီးလေးပါးလုံးကို ခြုံငုံ၍ဆိုရသော် ဓာတ်ကြီးလေးပါးတို့၌လည်း အချိန်ကာလ ခပ်ရှည်ရှည် ခပ်ကြာကြာဖြစ်သော ဓာတ်ကြီးလေးပါးက တစ်မျိုး, အချိန်ကာလ ခပ်တိုတို ခပ်မြန်မြန်ဖြစ်သော ဓာတ်ကြီးလေးပါးက တစ်မျိုး ---- ဤသို့ နှစ်မျိုးရှိသည်ဟုပင် လက်ခံရတော့မည် ဖြစ်သည်။ သို့သော် ပရမတ္ထ သစ္စာနယ်၌ကား အရှည်အတို မရှိပေ။

ပရမတ္ထသစ္စာနယ်၌ အရှည် အတို မရှိ

ပရမတ္ထသစ္စာနယ်၌ အရှည် အတို မရှိ

တာနိ ပန သတ္တရသ စိတ္တက္ခဏာနိ ရူပဓမ္မာနမာယူ။ (အဘိဓမ္မတ္ထသင်္ဂဟ ဝီထိပိုင်း။)

အထက်ပါ သင်္ဂြိုဟ်ကျမ်းလာ စကားနှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ စာမျက်နှာ (၂၆), ပဉ္စပကရဏ အဋ္ဌကထာ စာမျက်နှာ (၃၁၆), ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၄၉)တို့၌ လာရှိသော ဖွင့်ဆိုရှင်း လင်းချက်များအရ ဝိညတ်ရုပ် (၂)ခု, လက္ခဏရုပ် (၄)ခုမှ တစ်ပါးသော (၂၂)မျိုးသော ရုပ်တရားတို့၏ သက် တမ်းကို သို့မဟုတ် ရုပ်အစစ်တို့၏ သက်တမ်း အချိန်ကာလကို စိတ္တက္ခဏ (၁၇)ချက်ဖြင့် ပုံသေတိုင်းတာ၍ ပြ ထားပေ၏။ ထိုစိတ္တက္ခဏ (၁၇)ချက် သက်တမ်းကာလထက် အချိန်ကာလ ရှည်ရှည်ကြာကြာ ပို၍ အသက်ရှည် သော ရုပ်တရားလည်း မရှိ၊ ထိုစိတ္တက္ခဏ (၁၇)ချက်အောက် သက်တမ်းအချိန်ကာလ ယုတ်လျော့၍ အချိန်ကာလ တိုတို အသက်ရှည်သော ရုပ်တရားလည်း မရှိပေ၊ သို့အတွက် ပရမတ္ထသစ္စာနယ်၌ကား အရှည် အတို မရှိပေ။

အရှည် အတို မရှိသော ဝါယောလေဓာတ် ပရမတ်တရားကို တစ်နည်း ဓာတ်ကြီးလေးပါးကို ယင်း ပရမတ် တရားတို့၏ အရှည် အတိုကို သိအောင် ကြိုးစားအားထုတ်နေပါလျှင် အသင် ယောဂီသူတော်ကောင်း၏ ဘာဝနာ လုပ်ငန်းသည် ခုတ်ရာ တခြား, ရှရာ တခြားသာ ဖြစ်နေပေလိမ့်မည်။

တစ်ဖန် ဤပထမစတုက္ကတွင် အကျုံးဝင်သော နံပါတ် (၄) ညွှန်ကြားချက် ဖြစ်သည့် ပဿမ္ဘယံ ကာယ သင်္ခါရံ ---- အရ ဝင်သက်လေ ထွက်သက်လေကို အလွန့်အလွန် သိမ်မွေ့နူးညံ့အောင် ကျင့်ရမည် ဖြစ်သည်။ ထိုသို့ ကျင့်ရာ၌ ----

စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားသောအခါ ဝင်သက်လေ ထွက်သက်လေတို့၏ အလွန့်အလွန် နူးညံ့သဖြင့် ဝင်သက်လေ ထွက်သက်လေ၏ မရှိခြင်းသဘောသို့ပင် ဆိုက်ရောက်သွားပေသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၂၇၅)၌ အသက်မရှူသော, ဝင်သက်လေ ထွက်သက်လေ ချုပ်ငြိမ်းနေသော ပုဂ္ဂိုလ်များ၏ စာရင်းကို ထုတ်ဖော်ရေတွက်၍ ပြရာဝယ် စတုတ္ထဇ္ဈာနသမာပန္နာနံ - ဟု ဖော်ပြထားသဖြင့် စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေကြသော ပုဂ္ဂိုလ်များလည်း ပါဝင်ကြ၏။

သို့အတွက် ဤအာနာပါနပထမစတုက္ကကို ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ် ပြုလုပ်၍ အသင်ယောဂီသူတော် ကောင်းသည် ကျင့်နေပါက အာနာပါန ဝင်သက်လေ ထွက်သက်လေများ လုံးဝမရှိ ချုပ်ငြိမ်းသွားသောအခါ အဘယ်တရားကို လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုတော့မည်နည်း။ ဝင်သက်လေ ထွက်သက်လေ၌ တည်ရှိသော ရုပ်တရားများကို အာနာပါန လုံးဝချုပ်နေသောအခါ မည်သို့ သိမ်းဆည်းတော့မည်နည်း။

ဤအချက်များကား အသင်ယောဂီသူတော်ကောင်းသည် အလေးအနက်ထား၍ စဉ်းစားရမည့် အချက် များပင် ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့က အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်း သော ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနနိမိတ်ပေါ်လာသောအခါ ထိုနိမိတ်ကို ခက်မာခြင်း စသော သဘာဝ လက္ခဏာနှင့် သာမညလက္ခဏာအားဖြင့် နှလုံးမသွင်းရန် မိန့်မှာထားသော်လည်း နိမိတ်မပေါ်မီ အာနာပါနကို စတင်အားထုတ်စ၌လည်း ထိုစည်းကမ်းသတ်မှတ်ချက်ကို လိုက်နာရမည်သာ ဖြစ်ပေသည်။ နိမိတ်မပေါ်မီ ဝင်သက်လေ ထွက်သက်လေ၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို သွား၍ နှလုံးသွင်းပါက အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဓာတ်ကမ္မဋ္ဌာန်းလမ်းသာ ဖြစ်သွားတော့မည် ဖြစ်ပေသည်။

သို့အတွက် အပ္ပနာကမ္မဋ္ဌာန်းစျာန်လမ်းမှ ဟောကြားထားသော အာနာပါနကမ္မဋ္ဌာန်းကို စျာန်လမ်း စည်း ကမ်းအတိုင်း အားထုတ်ခြင်းကသာလျှင် အသင်ယောဂီ သူတော်ကောင်းအတွက် ဘုရားရှင်၏ အလိုတော်ကျ သာဝကတစ်ဦး ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ စျာန်လမ်းမှ အားထုတ်ပုံကို အောက်တွင် ဆက်လက်ဖော်ပြမည် ဖြစ်ပါသည်။ မဖော်ပြမီ သာမညလက္ခဏာကိုလည်း နှလုံးမသွင်းသင့်ပုံကို ဆက်လက်ဖော်ပြအပ်ပါသည်။

သာမညလက္ခဏာကို နှလုံးမသွင်းသင့်ပုံ

သာမညလက္ခဏာကို နှလုံးမသွင်းသင့်ပုံ

အာနာပါနနိမိတ် ပေါ်လာသောအခါ ထိုနိမိတ်ကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းရန် အထက်တွင် ဖော်ပြခဲ့သော အဋ္ဌကထာဋီကာတို့က မိန့်မှာထားတော်မူပေသည်။ ထိုတွင် သာမညလက္ခဏာ ဟူသည် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားအားလုံးနှင့် သက်ဆိုင်သော အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော အများဆိုင် လက္ခဏာများပင် ဖြစ်သည်။ သာမညလက္ခဏာကို နှလုံးမသွင်းရဟူသည် မှာ ထိုအာနာပါနနိမိတ်ကို လက္ခဏာရေးသုံးတန်တင်၍ ဝိပဿနာမရှုရဟု ဆိုလိုသည်။ ထိုအာနာပါနနိမိတ် မပေါ်မီ ပကတိသော ဝင်သက်လေ ထွက်သက်လေကား အသံလျှင် ကိုးခုမြောက်ရှိသော ရုပ်ကလာပ်တို့၏ (စိတ္တဇသဒ္ဒနဝကကလာပ်တို့၏) အပေါင်းအစု ဖြစ်သော်လည်း ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် မရှုနိုင်သေးပါက ပညတ်နယ်တွင်သာ တည်ရှိ နေသေးသည်။ တစ်ဖန် အာနာပါနနိမိတ်မှာလည်း ----

သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

အာနာပါနဘာဝနာသညာကြောင့်သာ ဖြစ်ပေါ်လာရသော သညဇတရားဖြစ်သဖြင့် ပညတ်နယ်တွင်သာ တည်ရှိနေသေးသည်။ ပညတ်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သဖြင့် ဝိပဿနာ မရှုကောင်းခြင်း ဖြစ်၏။ တစ်ဖန် အာနာပါန ပထမစတုက္ကကို စတင်၍ အာနာပါန ဘာဝနာလုပ်ငန်းခွင်၌ အားသစ် ကြိုးပမ်းလျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဃနမပြိုသေးသော ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံပြု၍ ----

၁။ ဝင်လေ-ထွက်လေ ဖြစ်-ပျက် - အနိစ္စဟုလည်းကောင်း,

၂။ ဝင်လေ-ဖြစ်, ထွက်လေ-ပျက် - အနိစ္စဟုလည်းကောင်း ----

ဤသို့ စသည်ဖြင့် ဃနမပြိုသေးသော ပကတိသော ဝင်သက်လေ ထွက်သက်လေ ပညတ် အတုံးအခဲ၌ အနိစ္စ-ဒုက္ခ-အနတ္တဟူသော သာမညလက္ခဏာကိုလည်း နှလုံးမသွင်းသင့်ပေ။ အကြောင်းကား ဤသို့ ဖြစ်၏။

သိထားသင့်သော အကြောင်းပြချက်

သိထားသင့်သော အကြောင်းပြချက်

တတ္ထ အနိစ္စန္တိ ပဉ္စက္ခန္ဓာ။ ကသ္မာ ဥပ္ပါဒဝယညထတ္တဘာဝါ။ အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယညထတ္တံ၊ ဟုတွာ အဘာဝေါ ဝါ၊ နိဗ္ဗတ္တာနံ တေနေဝါကာရေန အဋ္ဌတွာ ခဏဘင်္ဂေန ဘေဒေါတိ အတ္ထော။ အနိစ္စာနုပဿနာတိ တဿာ အနိစ္စတာယ ဝသေန ရူပါဒီသု အနိစ္စန္တိ အနုပဿနာ။ အနိစ္စာနုပဿီတိ တာယ အနုပဿနာယ သမန္နာဂတော။ တသ္မာ ဧဝံဘူတော အဿသန္တော ပဿသန္တော စ ဣဓ အနိစ္စာနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝေဒိတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၈၁-၂၈၂။)

အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

၁။ အနိစ္စ ---- ဟူသည်ကား ခန္ဓာငါးပါးတည်း။ အဘယ်ကြောင့်နည်း?

(က) ဖြစ်ခြင်းသဘော,

( ခ ) ပျက်ခြင်းသဘော,

( ဂ ) ဖြစ်ခြင်း ဖြစ်စမှ ထူးခြားသော အခြင်းအရာ (= ဇရာ) ဟူသော တည်ခြင်း (= ဌီ) သဘော ----

ဤ သဘောတရားသုံးမျိုးသည် ထင်ရှားရှိနေသည်၏ အဖြစ်ကြောင့် ခန္ဓာငါးပါးသည် အနိစ္စ မည်၏။

[မှတ်ချက် ---- က။ ဥပ္ပါဒ = ဖြစ်ခြင်းသဘော,

ခ။ ဝယ = ပျက်ခြင်းသဘော,

ဂ။ အညထတ္တ = ဇရာဟူသော တည်ခြင်း ဌီသဘော ----

ဤသဘောတရားသုံးမျိုးတို့သည် ခန္ဓာငါးပါးတို့၌သာလျှင် ထင်ရှားရှိသည်ဟူသော ဤအချက်ကို အသင် ယောဂါဝစရပုဂ္ဂိုလ်သည် သတိကြီးစွာဖြင့် မှတ်သားထားပါ။]

၂။ အနိစ္စတာ ---- ဟူသည်ကား ထိုခန္ဓာငါးပါးတို့၏သာလျှင် (က) ဖြစ်ခြင်းသဘော, (ခ) ပျက်ခြင်းသဘော, (ဂ) တည်ခြင်းသဘော ဟူသော ဥပါဒ်-ဌီ-ဘင်တည်း။ တစ်နည်းအားဖြင့်ကား ---- ရှေးကမရှိ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာ၍ ရုတ်တရက်အားဖြင့် ပျက်ခြင်း (= မရှိခြင်း) သည် အနိစ္စတာ မည်၏။ ဖြစ်ပေါ်လာကြကုန်သော ခန္ဓာငါးပါးတို့၏ ထိုဖြစ်တိုင်းသော ဖြစ်စသော ဓမ္မတို့၏ အခြင်းအရာအားဖြင့်သာလျှင် မတည်မူ၍ ခဏဘင် အားဖြင့် ပျက်ခြင်းသည် အနိစ္စတာ မည်၏။ ဤကား အနိစ္စတာ၏ ဆိုလိုရင်း အနက်သဘောတည်း။

၃။ အနိစ္စာနုပဿနာ ---- ဟူသည်ကား ခန္ဓာငါးပါးတို့၏ ခဏမစဲ တသဲသဲ ပျက်ခြင်း ခဏိကဘင်ဟု ဆိုအပ် သော အနိစ္စတာ၏အစွမ်းဖြင့် ခန္ဓာငါးပါးတို့၌ အနိစ္စဟူ၍ အဖန်တလဲလဲ ရှုခြင်းသည် အနိစ္စာနုပဿနာ မည်၏။ (ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကိုလည်းကောင်း, အပျက်သက်သက်ကိုလည်းကောင်း ဝိပဿနာ ဉာဏ်စက္ခုဖြင့် မြင်အောင်ကြည့်၍ အနိစ္စ အနိစ္စဟု အဖန်ဖန် ရှုနေမှုကို အနိစ္စာနုပဿနာဟု ဆိုလိုသည်။)

၄။ အနိစ္စာနုပဿီ ---- ဟူသည်ကား ယင်းဆိုအပ်ခဲ့ပြီးသော အနိစ္စာနုပဿနာ ဉာဏ်အမြင်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တည်း။

ထိုကြောင့် ဤသို့လျှင် ခန္ဓာငါးပါးတို့ကို အနိစ္စဟု တလုံလဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ်ကိုလည်းကောင်း, ထွက်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဤစတုတ္ထစတုက္က၌ အနိစ္စဟု တလုံလဲလဲရှုသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်သော ယောဂါဝစရ ပုဂ္ဂိုလ်ဟူ၍ အသိအမှတ်ပြုပါလေ။ ဤကား အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဆိုလိုရင်းတည်း။ (ဝိသုဒ္ဓိ၊၁၊၂၈၁-၂၈၂။)

ဤအထက်ပါ အဋ္ဌကထာ၏ မိန့်ဆိုချက်ကို ကြည့်ရှုပါက ဝင်သက်လေ ထွက်သက်လေ အခိုက်၌ ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် စနစ်တကျ ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ် ရှုပွားတတ် သိမြင်တတ်သော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည် သာလျှင် အနိစ္စ-ဒုက္ခ-အနတ္တဟူသော သာမညလက္ခဏာကို နှလုံးသွင်း ရှုပွားရမည် ရှုပွားနိုင်သည်ဟု မှတ်ပါ။ သို့သော် ခန္ဓာငါးပါးဟူသည် ရုပ်ကလာပ် နာမ်ကလာပ်ကို မြင်၍ ယင်း ရုပ်ကလာပ် နာမ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ် ရှုပွားတတ် ဓာတ်ခွဲတတ် ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ ၍ ပိုင်းခြားယူတတ်သော ယောဂါဝစရပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့သာ သိရှိနိုင်သော တရားများ ဖြစ်ကြသည်။ ရုပ် ကလာပ် နာမ်ကလာပ်ကို မမြင်ဖူးသေးသော မြင်ဖူးသော်လည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်မခွဲ တတ်သေးသော ပုဂ္ဂိုလ်တို့ သိရှိနိုင်သော တရားမျိုးကား မဟုတ်ပေ။ သို့အတွက် ----

၁။ ရုပ်ဟူသည် ဘာလဲ မသိ၊

၂။ နာမ်ဟူသည် ဘာလဲ မသိ၊

၃။ ခန္ဓာငါးပါးဟူသည် ဘာလဲ မသိ ----

ဤသို့ မသိမှုများကို တစ်ပုံကြီးထမ်း၍ ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်ရောက်စဖြစ်သော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဃန အသီးအသီး မပြိုသေးသဖြင့် ပညတ်နယ်မှာသာ ရှိနေသေးသော အတုံးလိုက် အခဲလိုက် ဖြစ် သော ဝင်သက်လေ ထွက်သက်လေကို ဖြစ်-ပျက်ရှုနေပါက အနိစ္စ-ဒုက္ခ-အနတ္တဟု ရှုနေပါက ထိုသို့ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားဟော ဒေသနာတော်ကို ကျောခိုင်း၍ ထိုင်နေသော ပုဂ္ဂိုလ်သာ ဖြစ်သည်ဟု မှတ်သားပါလေ။ ဤအချက်သည်လည်း နိဗ္ဗာန်ကို လိုလားတောင့်တကြကုန်သော သူတော်ကောင်း သူမြတ် လောင်းတို့သည် အထူးအလေးဂရုပြုကာ နာယူမှတ်သားထားရမည့် အချက်တစ်ရပ်ပင် ဖြစ်ပေသည်။

ခန္ဓာငါးပါးဟူသည် ဘာလဲ?

ခန္ဓာငါးပါးဟူသည် ဘာလဲ?

တဿ ပန ဣမေသံ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ပ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတီတိ ဧဝံ ဝုတ္တာနံ အဿာသပဿာသာနံ ဝသေန သိက္ခတော အဿာသပဿာသနိမိတ္တေ စတ္တာရိ စျာနာနိ ဥပ္ပဇ္ဇန္တိ။ သော စျာနာ ဝုဋ္ဌဟိတွာ ----

၁။ အဿာသပဿာသေ ဝါ ပရိဂ္ဂဏှတိ

၂။ စျာနင်္ဂါနိ ဝါ။

၁။ တတ္ထ အဿာသပဿာသကမ္မိကော ဣမေ အဿာသပဿာသာ ကိံနိဿိတာ၊ ဝတ္ထုံ နိဿိတာ၊ ဝတ္ထု နာမ ကရဇကာယော၊ ကရဇကာယော နာမ စတ္တာရိ မဟာဘူတာနိ ဥပါဒါရူပဉ္စာတိ ဧဝံ ရူပံ ပရိဂ္ဂဏှတိ။ တတော တဒါရမ္မဏေ ဖဿပဉ္စမကေ နာမန္တိ ဧဝံ နာမရူပံ ပရိဂ္ဂဟေတွာ တဿ ပစ္စယံ ပရိယေသန္တော အဝိဇ္ဇာဒိပဋိစ္စသမုပ္ပါဒံ ဒိသွာ ပစ္စယပစ္စယုပ္ပန္နဓမ္မမတ္တမေဝေတံ၊ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထီတိ ဝိတိဏ္ဏကင်္ခေါ သပစ္စယနာမရူပေ တိလက္ခဏံ အာရောပေတွာ ဝိပဿနံ ဝဍ္ဎေန္တော အနုက္ကမေန အရဟတ္တံ ပါပုဏာတိ။ ဣဒံ ဧကဿ ဘိက္ခုနော ယာဝ အရဟတ္တာ နိယျာနမုခံ။

၂။ စျာနကမ္မိကောပိ ဣမာနိ စျာနင်္ဂါနိ ကိံနိဿိတာနိ, ဝတ္ထုံ နိဿိတာနိ။ ဝတ္ထု နာမ ကရဇကာယောတိ စျာနင်္ဂါနိ နာမံ, ကရဇကာယော ရူပန္တိ နာမရူပံ ဝဝတ္ထပေတွာ တဿ ပစ္စယံ ပရိယေသန္တော အဝိဇ္ဇာဒိပစ္စယာကာရံ ဒိသွာ ပစ္စယပစ္စယုပ္ပန္နဓမ္မမတ္တမေဝေတံ၊ အညော သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထီတိ ဝိတိဏ္ဏကင်္ခေါ သပစ္စယနာမရူပေ တိလက္ခဏံ အာရောပေတွာ ဝိပဿနံ ဝဍ္ဎေန္တော အနုက္ကမေန အရဟတ္တံ ပါပုဏာတိ, ဣဒံ ဧကဿ ဘိက္ခုနော ယာဝ အရဟတ္တာ နိယျာနမုခံ။ (မ၊ဋ္ဌ၊၁၊၂၅၄။)

ဤအထက်ပါ အဋ္ဌကထာ၌ အာနာပါနစျာန်လမ်းမှ ဝိပဿနာသို့ ကူးရာ၌ ----

၁။ ရုပ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းသောနည်း,

၂။ နာမ်ကမ္မဋ္ဌာန်းက စ၍ သိမ်းဆည်းသောနည်း ---- ဟု

နည်းလမ်း နှစ်သွယ်ရှိရာ ထိုနှစ်မျိုးသော နည်းတို့ကို အရဟတ္တဖိုလ်ပေါက် အကျဉ်းချုပ်၍ ဖော်ပြထားပေ သည်။ ထိုနှစ်နည်းတို့တွင် ရုပ်တရားကို အဦးမူ၍ ပဓာနပြုသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာကို နှလုံးသွင်းသူကို အဿာသ ပဿာသ ကမ္မိကပုဂ္ဂိုလ်ဟုလည်းကောင်း, စျာန်အင်္ဂါ တည်းဟူသော နာမ်တရားတို့ကို အဦးမူ၍ ပဓာနပြုသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာကို နှလုံးသွင်းသော ပုဂ္ဂိုလ်ကို စျာနကမ္မိကပုဂ္ဂိုလ်ဟုလည်းကောင်း အသီးအသီး ခေါ်ဆိုသည်ဟု မှတ်ပါ။ ထိုနည်း နှစ်နည်းတို့၏ ဆိုလိုရင်းကား ဤသို့တည်း။ ----

၁။ ဝင်သက်လေ ထွက်သက်လေ၏ အရှည်ကို သိအောင်,

၂။ ဝင်သက်လေ ထွက်သက်လေ၏ အတိုကို သိအောင်,

၃။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင်,

၄။ ဝင်သက်လေ ထွက်သက်လေကို အလွန့်အလွန် နူးညံ့အောင် ငြိမ်းအောင် ---- ဟု

ဤသို့ အဆင့်ဆင့် စနစ်တကျ အာနာပါန စည်းကမ်းနည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဿာသပဿာသနိမိတ်ဟု ခေါ်ဆိုအပ်သော ပကတိ သော ဝင်သက်လေ ထွက်သက်လေကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော အလွန်ကြည်လင်တောက်ပလျက် ရှိသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဟူသော စျာန်လေးပါးတို့သည် အစဉ်အတိုင်း ဖြစ်ပေါ်၍ လာကြပေကုန်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ----

၁။ အဿာသ ပဿာသတို့ကိုသော်လည်းကောင်း, သို့မဟုတ်

၂။ စျာန်အင်္ဂါတို့ကိုသော်လည်းကောင်း သိမ်းဆည်း၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။

အဿာသ-ပဿာသ

အဿာသ-ပဿာသ

စုဏ္ဏဝိစုဏ္ဏာပိ အဿာသပဿာသာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)

စုဏ္ဏဝိစုဏ္ဏာပိ အနေကကလာပဘာဝေန။ (မဟာဋီ၊၁၊၃၁၈။)

အဿာသ-ပဿာသ = ဝင်သက်လေ-ထွက်သက်လေဟူသည် စိတ်ကြောင့် ဖြစ်သော အသံလျှင် (၉)ခု မြောက် ရှိသော စိတ္တဇသဒ္ဒနဝကကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ထို ဝင်သက်လေ ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များ ကိုသာ တွေ့ရှိမည် ဖြစ်သည်။ ထိုရုပ်ကလာပ်တစ်မှုန် တစ်မှုန်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်ပါက အသံလျှင် (၉)ခုမြောက် ရှိသော ရုပ်တရားတို့၏ အပေါင်းအစုမျှသာ ဖြစ်သည်ကို တွေ့ရှိမည် ဖြစ်ပေသည်။ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇသဒ္ဒနဝကကလာပ်ပင် ဖြစ်သည်။ မှုန့်မှုန့်ညက်ညက် ကြေနေသော များစွာသော ထိုရုပ်ကလာပ်တို့၏ အပေါင်းအစုကို အဿာသ-ပဿာသ (= ဝင်သက်လေ ထွက်သက်လေ) ဟု သမုတိသစ္စာ နယ်မှ ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်သည်။ ထိုဝင်သက်လေ ထွက်သက်လေ အတွင်း၌ တည်ရှိသော ရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဓာတ်ခွဲလျက် ယင်းရုပ်တရားတို့ကို စတင်၍ သိမ်းဆည်းသော ပုဂ္ဂိုလ်ကို အဿာသ-ပဿာသတို့ကို သိမ်းဆည်းသော ပုဂ္ဂိုလ်ဟု ဆိုလိုသည် မှတ်ပါ၊ အဿာသ-ပဿာသ ကမ္မိကပုဂ္ဂိုလ် ဟု ခေါ်ဆိုပေသည်။ ယင်း အဿာသ-ပဿာသ ကမ္မိကပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ပေါက် သွားလိုခဲ့သော် ေ့ရှသို့ မည်သို့ ဆက်လက်၍ ကျင့်ရမည်နည်း? အကျဉ်းချုပ် အဖြေမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။

အဿာသ-ပဿာသ ကမ္မိကပုဂ္ဂိုလ်

အဿာသ-ပဿာသ ကမ္မိကပုဂ္ဂိုလ်

ထို အဿာသပဿာသ ကမ္မိကပုဂ္ဂိုလ်, စျာနကမ္မိကပုဂ္ဂိုလ် - နှစ်မျိုးတို့တွင် အဿာသပဿာသ ကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် -- ဤ အဿာသပဿာသ = ဝင်သက်လေ ထွက်သက်လေတို့သည် အဘယ်ကို မှီ၍ ဖြစ်ကြကုန်သနည်းဟု စူးစမ်းဆင်ခြင်လတ်သော် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏။ ဝတ္ထု မည်သည်ကား ကရဇကာယတည်း။ (စိတ်စေတသိက်တို့၏ မှီ၍ဖြစ်ရာ ဌာန ဖြစ်သောကြောင့် ကရဇကာယသည် ဝတ္ထု မည်ပေသည်။ ---- မ၊ဋီ၊၁၊၃၄၉။) ကရဇကာယ မည်သည်ကား မဟာဘုတ် = ဓာတ်ကြီးလေးပါးနှင့် ထိုဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ကြကုန်သော ဥပါဒါရုပ် (၂၄)မျိုးတို့တည်းဟု ဤသို့လျှင် ရုပ်တရားကို သိမ်းဆည်း၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ ထိုမှ နောက်၌ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ဖဿလျှင် (၅)ခုမြောက်ရှိကြကုန်သော ဖဿပဉ္စမကတရား ဦးဆောင်သည့် စိတ်စေတသိက်တို့ကို နာမ်တရား ဟု သိမ်းဆည်း၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ ဤသို့လျှင် နာမ်-ရုပ်ကို သိမ်းဆည်းပြီး၍ ဉာဏ်ဖြင့် ပိုင်းခြားယူပြီး၍ ထိုနာမ်ရုပ်၏ အကြောင်းတရားကို ရှာမှီးလတ်သော် အဝိဇ္ဇာအစရှိသော ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သိမြင်၍ ဤနာမ်ရုပ်သည်ကား အကြောင်းတရားနှင့် အကျိုးတရားမျှသာတည်း၊ အကြောင်း တရား အကျိုးတရားမှ အခြားတစ်ပါးသော သတ္တဝါသည်လည်းကောင်း ပုဂ္ဂိုလ်သည်လည်းကောင်း မရှိ၊ (ဤ နာမ်-ရုပ်ဟူသည် ပရမတ္ထဓမ္မသဘာဝ သက်သက်မျှသာတည်း၊ အကြောင်းတရား ထင်ရှားမရှိဘဲ ဖြစ်ပေါ်လာသည် လည်း မဟုတ်၊ ဖန်ဆင်းတတ်သော ဖန်ဆင်းရှင်စသော မဟုတ်မမှန် မညီမညွတ်သော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်၊ တကယ်စင်စစ်မှာမူ အဝိဇ္ဇာစသော အကြောင်းတရားကြောင့်သာ ထင်ရှား ဖြစ်ပေါ်လာရသော အဝိဇ္ဇာစသော အကြောင်းတရား ထင်ရှားရှိသော ဓမ္မသဘောတရားမျှသာ ဖြစ်၏ဟု) အတိတ် အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ ယုံမှားခြင်း ကင်္ခါတရားကို ဖျက်ဆီးနိုင် ဖျောက်ဖျက်နိုင်သဖြင့် ကာလ သုံးပါး၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်နိုင်သည်ဖြစ်၍ အကြောင်းတရားနှင့် တကွသော နာမ်ရုပ်၌် [အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ် တရား နာမ်တရား၌] အပေါင်းအစုအလိုက် အုပ်စုအလိုက် ခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနနည်း စသည်တို့၏ အစွမ်းဖြင့် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ဉာဏ်ကို ဉာဏ်စဉ်အတိုင်း တိုးပွားစေလတ်သော် မဂ်အစဉ်အားဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ ဤသည်ကား တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ အရဟတ္တဖိုလ်တိုင်အောင်သော သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း၏ အကြောင်းရင်း ကျင့်စဉ်လမ်းပင်တည်း။ (မ၊ဋ္ဌ၊၁၊၂၅၄။)

[မှတ်ချက် ---- အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက = အကြမ်း, သုခုမ = အနု, ဟီန = အယုတ်, ပဏီတ = အမြတ်, ဒူရ = အဝေး, သန္တိက = အနီး - ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်-နာမ်ပရမတ္ထဓာတ်သားတို့ကို ရုပ်-နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဖြစ်စေ, ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ဖြစ်စေ, အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍ဖြစ်စေ, ဓာတ် (၁၈) ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍ဖြစ်စေ - ဤသို့ စသည်ဖြင့် အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုသော လုပ်ငန်းခွင်ကို ကလာပသမ္မသန ရှုပွားသုံးသပ်နည်းဟု ခေါ်ဆိုပေ သည်။ ပထဝီစသော ရုပ်ဓာတ် တစ်လုံးစီကိုဖြစ်စေ, ဖဿစသော နာမ်ဓာတ် တစ်လုံးစီကိုဖြစ်စေ, ပရမတ္ထ ဓာတ်သားတစ်လုံးစီ တစ်လုံးစီကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာရှုသော လုပ်ငန်းခွင်ကို အနုပဒဓမ္မဝိပဿနာဟု ခေါ်ဆို၏။ ဝိပဿနာသို့ကူးစ ပုဂ္ဂိုလ်သည်ကား ကလာပသမ္မသနနည်းက စ၍ အား ထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်း၌ ညွှန်ကြားလျက် ရှိပေသည်။ သို့အတွက် အထက်ပါ အဋ္ဌ ကထာ၌ ကလာပသမ္မသနနည်းက စ၍ ဖော်ပြခြင်း ဖြစ်သည်ဟု မှတ်ပါ။] (မူလဋီ၊၁၊၁၀၉-၌လည်း ကြည့်ပါ၊၊)

စျာနကမ္မိကပုဂ္ဂိုလ်

စျာနကမ္မိကပုဂ္ဂိုလ်

စျာနကမ္မိကပုဂ္ဂိုလ်သည်လည်း ဤစျာန်အင်္ဂါတို့သည် အဘယ်ကို မှီ၍ ဖြစ်ကြကုန်သနည်းဟု စူးစမ်း ဆင်ခြင်လတ်သော် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြကုန်၏ဟု ကွဲကွဲပြားပြား သိ၏၊ ဝတ္ထုမည်သည်ကား ကရဇကာယ တည်း၊ ဤသို့လျှင် ---- စျာန်အင်္ဂါတို့ကား နာမ်တရားတည်း၊ ကရဇကာယကား ရုပ်တရားတည်း ---- ဤသို့ နာမ်ရုပ်ကို အသီးအသီး ပိုင်းခြား၍ ထိုနာမ်ရုပ်၏ အကြောင်းတရားကို ရှာဖွေလတ်သော် အဝိဇ္ဇာစသော ကျေးဇူး ပြုပုံ အခြင်းအရာရှိသော ကြောင်း-ကျိုး-ဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သိမြင်၍ ဤနာမ်ရုပ်သည်ကား အကြောင်းတရားနှင့် အကျိုးတရားမျှသာတည်း၊ အကြောင်း အကျိုးမှ တစ်ပါး အခြားသော ပုဂ္ဂိုလ် သတ္တဝါ မည်သည် မရှိဟု ဤသို့ ကာလသုံးပါး၌ ကျော်လွှားလွန်မြောက်ပြီးသော ယုံမှားခြင်း ဝိစိကိစ္ဆာတရား ရှိသည် ဖြစ်၍ အကြောင်းတရားနှင့် တကွသော နာမ်-ရုပ်၌ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ကလာပသမ္မသန စသော အစီအရင်ဖြင့် ဝိပဿနာဉာဏ်ကို အစဉ်အတိုင်း တိုးပွားစေလတ်သော် မဂ်အစဉ်အားဖြင့် အရဟတ္တဖိုလ် သို့ ဆိုက်ရောက်နိုင်ပေ၏။ (မ၊ဋ္ဌ၊၁၊၂၅၄။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်ကို ကြည့်ပါက အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဥပစာရသမာဓိ, အပ္ပနာစျာန်သမာဓိဟု နှစ်မျိုးပြားသော အာနာပါနသမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ထိုဝိပဿနာပိုင်း၌ ဝိပဿနာဉာဏ်ဖြင့် အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွား သုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ တရားတို့မှာ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟူသော ပရမတ်အစစ်သာဖြစ်သော ပညတ် နှင့် မရောသော သင်္ခါရတရားစုတို့သာ ဖြစ်ကြသဖြင့် ----

၁။ အဿာသ ပဿာသကာယ အမည်ရသော ရုပ်တရားစုတို့ကိုလည်းကောင်း,

၂။ ယင်းအဿာသပဿာသကာယ၏ မှီရာ ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုလည်းကောင်း,

၃။ ထိုရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားစုတို့ကိုလည်းကောင်း ----

ရှေးဦးစွာ သိရှိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ်တရားတို့မည်သည် တစ်ခုချင်း တစ်လုံးချင်း ဖြစ်နိုင်သည့်စွမ်းအား မရှိကြသဖြင့် ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ အာနာပါနသမာဓိ၏ အကူ အညီဖြင့် ရုပ်ကလာပ်များကို မြင်အောင် ရှုရမည်၊ ထိုနောင် ထိုရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ စသော ပရမတ်အစစ်ဖြစ်သော ရုပ်တရားများကို တစ်လုံးစီ တစ်လုံးစီ အသီးအသီး ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်ပရမတ်နယ်မြေသို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားရမည်၊ ယင်းသို့ ရှုပွားခြင်းကို ရုပ်ကလာပ်များကို ဓာတ်ခွဲသည်ဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ ယင်းသို့ ရှုပွားနိုင် ဓာတ်ခွဲနိုင်ပါမှ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်အစစ်ကို စတင် သိရှိမည် ဖြစ်သည်။ (ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် ထင်ရှားသောကြောင့် ဘူတရုပ်ဟုလည်းကောင်း, ယင်း ဓာတ်ကြီး လေးပါးဟူသော ဘူတရုပ်ကို မှီတွယ် ဖြစ်ပေါ်နေသော ကလာပ်တူ ဝဏ္ဏ = အဆင်း, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေး စသော ရုပ်တရားများကို ကလာပ်တူ ဘူတရုပ် ဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်လာရသောကြောင့် ဥပါဒါရုပ်ဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။) ယင်းဘူတရုပ် ဥပါဒါရုပ် တို့သည်သာလျှင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့်, ဝိပဿနာဉာဏ်ဖြင့် လက္ခဏာရေးသုံးတန်တင်ကာ ကြိတ်ချေရမည့် ရှုပွားသုံးသပ်ရမည့် ရုပ်အစစ်များ ဖြစ်ကြပေသည်။

တစ်ဖန် ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့တွင် ဖဿလျှင် ငါးခုမြောက် ရှိသော ဖဿပဉ္စမကတရားတို့ကို ပဓာနထား၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတော်မူပေ၏။ ထိုဖဿ ပဉ္စမကတရားတို့တွင်လည်း ဖဿနှင့် စေတနာကို တိုက်ရိုက်ယူ၍ ဖွင့်ဆိုလိုက်သဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက်သင်္ခါရတရားစုများပါ အားလုံးယူပြီးဖြစ်ကြောင်း အကျုံးဝင်ကြောင်းကိုလည်း ဤသို့ ရှင်းပြထား၏။

ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏဘာဝတော၊ တတ္ထ စ ဖဿစေတနာဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ စက္ခုသမ္ဖဿဇာ စေတနာတိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။ (မ၊ဋီ၊၁၊၃၇၀။)

= ဖဿ-ဝေဒနာ-သညာ-စေတနာ-ဝိညာဏ်ဟူသော ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရား တို့ကိုသာ ယူ၍ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုတော်မူခြင်းသည် ထိုဖဿပဉ္စမကတရားစု၏ စိတ္တုပ္ပါဒ်အားလုံး နှင့် ဆက်ဆံသော သဗ္ဗစိတ္တုပ္ပါဒ သာဓာရဏတရား ဖြစ်သောကြောင့် ထိုသို့ ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ထို ဖဿပဉ္စမကတရားတို့တွင်လည်း ဖဿနှင့် စေတနာကို တိုက်ရိုက်ယူ၍ ဖွင့်ဆိုလိုက်ခြင်းဖြင့် သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက်တရားစု အားလုံးကို သိမ်းယူရေတွက်ခြင်း လုပ်ငန်းရပ်လည်း ပြီးစီးပြီး ဖြစ်သွား၏၊ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက်တရားစုတို့တွင် (သင်္ခါရက္ခန္ဓာစာရင်းဝင် စေတသိက် အလုံး (၅၀) ရှိ၏၊ ယင်းတို့တွင်) စေတနာက ပြဓာန်းသော ပဓာနတရား ဖြစ်သောကြောင့်တည်း။ ထိုကြောင့်ပင်လျှင် သင်္ခါရက္ခန္ဓာဝိဘင်း သုတ္တန္တဘာဇနီယနည်း၌ --- စက္ခုသမ္ဖဿဇာ စေတနာ - စသည်ဖြင့် သင်္ခါရက္ခန္ဓာကို ဝေဖန် ဟောကြားတော်မူရာဝယ် ဘုရားရှင်ကိုယ်တော်တိုင်က စေတနာကိုသာလျှင် ပဓာနထား၍ ဝေဖန်ဟောကြား ထားတော်မူသော ရှေးဟောင်းထုံးတစ်ရပ်လည်း အထင်အရှား ရှိပေသည်။ ကျန် ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, ဝိညာဏက္ခန္ဓာတို့ကိုကား သရုပ်ထုတ်လျက် ရေတွက်ပိုင်းခြားကာ ဟောကြားထားတော်မူပေသည်။ (မ၊ဋီ၊၁၊၃၇၀။)

မဟာဋီကာ၏ အဆိုအမိန့်

မဟာဋီကာ၏ အဆိုအမိန့်

အနုပဿနာ ဉာဏန္တိ သမထဝသေန နိမိတ္တဿ အနုပဿနာ, ဝိပဿနာဝသေန အဿာသပဿာသေ, တန္နိဿယဉ္စ ကာယံ ရူပန္တိ, စိတ္တံ တံသမ္ပယုတ္တဓမ္မေ စ အရူပန္တိ ဝဝတ္ထပေတွာ နာမရူပဿ အနုပဿနာ စ ဉာဏံ၊ တတ္ထ ယထာဘူတာဝဗောဓော။ (မဟာဋီ၊၁၊၃၂၀။)

ဤမဟာဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဤအာနာပါနလုပ်ငန်းခွင်ကို ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ထည့်သွင်း၍ ဟောကြားထားတော်မူခဲ့၏။ ကာယာနုပဿနာ၌ အနုပဿနာ ဉာဏ်ဟူသည်မှာ သမထပိုင်း၌ အာနာပါနနိမိတ်ကို အဖန်တလဲလဲရှုနေသော ဉာဏ်တည်း။ ဝိပဿနာပိုင်း၌ကား

၁။ အဿာသ ပဿာသ ကာယ-ဟူသော စိတ်ကြောင့်ဖြစ်သော အသံလျှင် ကိုးခုမြောက် ရှိသော (= စိတ္တဇ သဒ္ဒနဝက) ကလာပ်တိုင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားများ,

၂။ ထို အဿာသပဿာသကာယ အမည်ရသော ပရမတ္ထရုပ်တရားတို့၏ မှီရာ ကရဇကာယ အမည်ရသော တစ်ကိုယ်လုံး၌ တည်ရှိသော ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား လေးပါးကြောင့် ထင်ရှား ဖြစ်နေကြကုန်သော ဘူတရုပ်, ဥပါဒါရုပ်များ -- ဤနှစ်မျိုးသော ရုပ်တရားများကို ရုပ်ဟုလည်းကောင်း,

၃။ အသိစိတ်ကိုလည်းကောင်း, ထိုအသိစိတ်နှင့် ယှဉ်ဖက် စေတသိက်တရားစုကိုလည်းကောင်း နာမ်ဟု ပိုင်းခြားမှတ်သား၍ နာမ်ရုပ်ကို အဖန်ဖန် အထပ်ထပ် ရှုခြင်းသည် ကာယာနုပဿနာဉာဏ်တည်း။ ထို နာမ်ရုပ်၌် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်မှုတည်း။ (မဟာဋီ၊၁၊၃၂၀။)

ဤကား အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် သမထပိုင်း ဝိပဿနာပိုင်း နှစ်ပိုင်းလုံးတို့၌ မည်သည့်တရားများကို ရှုပွားသုံးသပ်နေပါမှ ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေသည် မည်ကြောင်း ဖွင့်ဆိုချက်များပင်တည်း။

သို့အတွက် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်နေသောပုဂ္ဂိုလ်သည် ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော အာနာပါနသမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ----

၁။ အဿာသပဿာသ ကာယ အမည်ရသော ပရမတ္ထ ရုပ်တရားများ,

၂။ ထိုအဿာသ ပဿာသ ရုပ်တရားတို့၏ မှီရာ ကရဇကာယ အမည်ရသော တစ်ကိုယ်လုံး၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်များ,

၃။ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားများ ----

ဤ ရုပ်တရား, နာမ်တရားတို့ကို ဉာဏ်ဖြင့် ကောင်းစွာ ရှုနိုင်ပြီးပါမှ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးပါမှ ထိုရုပ်-နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်-နာမ်တို့ကိုသာလျှင် လက္ခဏာယာဉ်သုံးချက် တင်၍ ဝိပဿနာရှုရမည် ဝိပဿနာရှုကောင်းသည်ဟု ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့ အပေါ်၌ ယုံကြည်မြတ်နိုး ကိုးစားသော စိတ်ထားဖြင့် ရိုသေစွာ နာယူမှတ်သားထားလေ ရာသည်။ (ထိုရုပ်-နာမ်တို့ကိုလည်းကောင်း, ရှုပွားပုံစနစ်များကိုလည်းကောင်း ရုပ်ကမ္မဋ္ဌာန်းပိုင်း နာမ်ကမ္မဋ္ဌာန်း ပိုင်းတို့တွင် အသေးစိတ် ဖော်ပြမည် ဖြစ်ပေသည်။)

ဤကား အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနနိမိတ် ပေါ်လာသော် ထို အာနာပါနနိမိတ်ကို ----

၁။ အရောင်အားဖြင့် နှလုံးမသွင်းသင့်ပုံ,

၂။ ခက်မာခြင်းစသော သဘာဝလက္ခဏာအားဖြင့် နှလုံးမသွင်းသင့်ပုံ,

၃။ အနိစ္စ-ဒုက္ခ-အနတ္တဟူသော သာမညလက္ခဏာကိုလည်း နှလုံးမသွင်းသင့်ပုံနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များပင်တည်း။

သို့သော် အာနာပါနကို ပွားများအားထုတ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနနိမိတ် မပေါ်မီ အတွင်း၌လည်း အာနာပါနအမည်ရသော ဝင်သက်လေ ထွက်သက်လေကို အာရုံယူ၍ သမာဓိ စတင်ထူထောင် ခိုက်၌လည်း သဘာဝလက္ခဏာနှင့် သာမညလက္ခဏာတို့ကို နှလုံးမသွင်းသင့်သည်သာ ဖြစ်ပေသည်။ ခက်မာခြင်း စသော သဘာဝလက္ခဏာကို နှလုံးသွင်းနေပါက အာနာပါနကမ္မဋ္ဌာန်းကို ပွားသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်း ကို ပွားနေသည်သာ မည်ပေလိမ့်မည်။

တစ်ဖန် အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝင်သက်လေ ထွက်သက်လေ၌ ရုပ်ကလာပ်များ ကိုလည်း မမြင်သေးပါဘဲလျက်, မြင်သော်လည်း ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်မခွဲနိုင် သေးသဖြင့် အဿာသပဿာသကာယ အမည်ရသော ရုပ်ပရမတ်အစစ်ကိုလည်း ဉာဏ်ဖြင့် မမြင်သေးပါဘဲလျက် ယင်း ဝင်သက်လေ ထွက်သက်လေကို ဖြစ်-ပျက် ရှုနေပါက အနိစ္စ-ဒုက္ခ-အနတ္တဟု သာမညလက္ခဏာကို နှလုံး သွင်းနေပါက ပညတ်ကိုသာလျှင် ဖြစ်-ပျက်ရှုနေသည်၊ ပညတ်ကိုသာလျှင် အနိစ္စ-ဒုက္ခ-အနတ္တဟု လက္ခဏာ ရေးတင်ကာ ဝိပဿနာ ရှုနေသည် မည်ပေသည်။

ဒသ ကသိဏာ, ဒသ အသုဘာ, အာနာပါနဿတိ, ကာယဂတာသတီတိ ဣမာနိ ဒွါဝီသတိ နိမိတ္တာရမ္မဏာနိ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ အာနာပါနဿတိကမ္မဋ္ဌာန်းကား နိမိတ်ကို အာရုံ ပြုသော ကမ္မဋ္ဌာန်းတည်း။

သေသာနိ မဟဂ္ဂတစိတ္တာနိ သဗ္ဗာနိပိ ပညတ္တာရမ္မဏာနိ။ (အဘိဓမ္မတ္ထသင်္ဂဟ၊ ပကိဏ်းပိုင်း၊ အာရမ္မဏသင်္ဂဟ။)

ဤ အထက်ပါ သင်္ဂြိုဟ်ကျမ်း၏ ဖွင့်ဆိုချက်အရ ပညတ်ကို အာရုံပြုသော မဟဂ္ဂုတ်စိတ် အမျိုးအစားတွင် ဤအာနာပါနကမ္မဋ္ဌာန်းလည်း ပါဝင်ပေသည်။ ဤ၌ ဝင်သက်လေ ထွက်သက်လေကို သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ပရမတ် အစစ်သို့ ဉာဏ်အမြင်ဆိုက်အောင် မရှုပွားနိုင်သေးသဖြင့် ဝင်သက်လေ ထွက်သက်လေဟူသော အတုံးအခဲကိုလည်း ပညတ်ဟုပင် ခေါ်ဆိုသည်။ ယင်း ပကတိ ဝင်သက်လေ ထွက်သက်လေကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေသော အာနာပါနဥဂ္ဂဟနိမိတ်, ကြယ်တာရာ စသည်တို့ကဲ့သို့ ကြည်လင်တောက်ပနေသော အာနာပါန ပဋိဘာဂနိမိတ်တို့ကိုလည်း ရုပ်ဃနဟူသော အတုံးအခဲ မပြိုသေးသဖြင့် ပညတ်ဟုပင် ခေါ်ဆိုခြင်း ဖြစ်သည်။ သို့အတွက် အာနာပါနဿတိသမာဓိ၏ အာရုံမှာ ပညတ်ဖြစ်သည်ဟု မှတ်ပါ။ ပညတ်ကား ဖြစ်-ပျက် မရှုကောင်း ဝိပဿနာ မရှုကောင်း၊ ပရမတ်ကိုသာ ဖြစ်-ပျက် ရှုကောင်းသည် ဝိပဿနာ ရှုကောင်းသည်။

ပညတ်-ပရမတ်

ပညတ်-ပရမတ်

ဤ၌ အာနာပါန = ဝင်သက်လေ ထွက်သက်လေ၌ ပညတ်-ပရမတ် အယူအဆနှင့် ပတ်သက်၍ သံသယ ကင်းရှင်းသွားအောင် အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့်များကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စုဏ္ဏဝိစုဏ္ဏဝိသဋေ အဿာသကာယေ ပဿာသကာယေ ဝါ ... (ဝိသုဒ္ဓိ၊၁၊၂၆၅။)

စုဏ္ဏဝိစုဏ္ဏဝိသဋေတိ အနေကကလာပတာယ စုဏ္ဏဝိစုဏ္ဏဘာဝေန ဝိသဋေ။ (မဟာဋီ၊၁၊၃၂၁။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့်များအရ ဝင်သက်လေ ထွက်သက်လေဟူသည် မှုန့်မှုန့် ညက်ညက် ပြန့်ကျဲနေသော ရုပ်ကလာပ်ပေါင်းများစွာတို့ဖြင့် ပေါင်းစုတည်ဆောက်ထားသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ထိုအပေါင်းအစုသည်ကား ဝင်သက်လေ ထွက်သက်လေအတွင်း၌ တည်ရှိသော ရုပ်ကလာပ်များကို မမြင်သေးပါက, ထိုကလာပ်များကိုလည်း ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်ကလာပ်တစ်ခုစီ တစ်ခုစီ အတွင်း၌ တည်ရှိသော ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-အသံ ဟူသော ရုပ် ပရမတ် အစစ်များကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်း (၉)မျိုးသော ရုပ်တရားတို့၏ ကိုယ်ပိုင်သဘာဝ သတ္တိ သဘာဝလက္ခဏာသို့ ဉာဏ်အမြင်ဆိုက်အောင် မရှုနိုင်သေး ဓာတ်မခွဲနိုင်သေးပါက သန္တတိပညတ် သမူဟ ပညတ် မကွာသေးသဖြင့် ပညတ်နယ်မှာသာ ရှိနေသေးသည်။ သန္တတိပညတ် သမူဟပညတ် မကွာသေးသော ပညတ်နယ်မှာသာ ရှိနေသေးသော ဃနအတုံးအခဲ မပြိုသေးသော ဝင်သက်လေ ထွက်သက်လေကား ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ မဟုတ်ပေ။ ဝင်သက်လေ ထွက်သက်လေအတွင်း၌ တည်ရှိသော ရုပ်ကလာပ်တိုင်း ရုပ် ကလာပ်တိုင်း၌ ပါဝင်သော (၉)မျိုးသော ပရမတ္ထ ရုပ်သဘောတရားတို့သည်သာလျှင် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ပေသည်။ ထိုကြောင့် ပညတ်ကိုကား ဝိပဿနာ မရှုကောင်း ပရမတ်ကိုသာ ဝိပဿနာ ရှုကောင်းသည် ဟု အထက်၌ ပြောဆိုခြင်း ဖြစ်ပေသည်။

သို့သော် အာနာပါနလမ်းစဉ်မှ ဥပစာရသမာဓိဟူသော ဥပစာရစျာန်, အပ္ပနာသမာဓိဟူသော အပ္ပနာ စျာန်ကို အလိုရှိခဲ့ပါမူ ဝင်သက်လေ ထွက်သက်လေ အတွင်း၌ တည်ရှိသော ရုပ်ကလာပ်တိုင်း၌ တည်ရှိသော (၉)မျိုးသော ပရမတ္ထရုပ်တရားတို့ကို အာရုံယူ၍ သမာဓိထူထောင်ခဲ့သော် ဥပစာရစျာန် အပ္ပနာစျာန်တို့ကို မရနိုင်။ အကြောင်းမူ အာနာပါနစျာန်လမ်းကား နိမိတ္တ အမည်ရသော အာနာပါနပညတ်ကိုသာ အာရုံယူ၍ သမာဓိ ထူထောင်ရသောကြောင့် ဖြစ်သည်။ သို့အတွက် လိုရင်း အချုပ်မှတ်သားရန်ကား ----

၁။ အာနာပါနစျာန်ကို အလိုရှိခဲ့သော် နိမိတ္တအမည်ရသော အာနာပါနပညတ်ကို အာရုံယူ၍ ရှုပါ။

၂။ ဝိပဿနာဉာဏ်ကို အလိုရှိခဲ့သော် ပရမတ်ကို အာရုံယူ၍ ရှုပါ ဟူ၏။ ယင်း ပရမတ်တရားတို့ကား ----

(က) အဿာသ ပဿာသကာယ (ခ) ကရဇကာယ ခေါ် ရူပကာယ, (ဂ) နာမကာယတို့ပင် ဖြစ်ကြသည်။

(င) နိမိတ် (၃) မျိုး

(င) နိမိတ် (၃) မျိုး

ဤတွင် နိမိတ္တ အမည်ရသော အာနာပါနနိမိတ်အကြောင်းကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ဤအာနာ ပါနကမ္မဋ္ဌာန်း၌ နိမိတ်သုံးမျိုး ရှိ၏။

၁။ ပရိကမ္မနိမိတ်,

၂။ ဥဂ္ဂဟနိမိတ်,

၃။ ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။

ထိုသုံးမျိုးတို့တွင် ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်အကြောင်းကား နောက်ပိုင်းတွင် ထင်ရှားလာပါလိမ့်မည်။ ပရိကမ္မနိမိတ် အကြောင်းကို ဤတွင် အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ပရိကမ္မနိမိတ်

ပရိကမ္မနိမိတ်

ဣမေ ဟိ ဒီဃနာသိကဿ နာသာပုဋံ ဃဋ္ဋေန္တာ ပဝတ္တန္တိ၊ ရဿနာသိကဿ ဥတ္တရောဋ္ဌံ။ တသ္မာနေန ဣမံ နာမ ဌာနံ ဃဋ္ဋေန္တီတိ နိမိတ္တံ ဌပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

= ဤ ဝင်သက်လေ ထွက်သက်လေတို့သည် နှာခေါင်းရှည်သောသူအား နှာခေါင်းဖုကို (= နှာသီးဖျားကို) ထိခိုက်လျက် ဖြစ်ကြကုန်၏။ နှာခေါင်းတိုသော သူအား အထက်နှုတ်ခမ်းကို ထိခိုက်ကုန်လျက် ဖြစ်ကြကုန်၏။ ထိုကြောင့် ဤ ယောဂါဝစရရဟန်းတော်သည် ဤဝင်သက်လေ ထွက်သက်လေတို့သည် ဤမည်သော နေရာကို ထိခိုက်ကုန်၏ဟု နိမိတ်ကို ထားအပ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

ဤ၌ နိမိတ်ဟူသော အယူအဆနှင့် ပတ်သက်၍ ပို၍ အသိဉာဏ် ရှင်းလင်းသွားရန် ပဋိသမိ႓ဒါမဂ္ဂ အဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဤတွင် ဆက်လက်၍ ဖော်ပြအပ်ပါသည်။

၁။ နိမိတ္တန္တိ အဿာသပဿာသာနံ ဖုသနဋ္ဌာနံ။ အဿာသပဿာသာ ဟိ ဒီဃနာသိကဿ နာသာပုဋံ ဃဋ္ဋေန္တော ပဝတ္တန္တိ၊ ရဿနာသိကဿ ဥတ္တရောဋ္ဌံ။

၂။ ယဒိ ဟိ အယံ ယောဂီ တံ နိမိတ္တမေဝ အာဝဇ္ဇတိ၊ တဿ နိမိတ္တမေဝ အာဝဇ္ဇမာနဿ အဿာသေ စိတ္တံ ဝိကမ္ပတိ၊ န ပတိဋ္ဌာတီတိ အတ္ထော။ တဿ တသ္မိံ စိတ္တေ အပ္ပတိဋ္ဌိတေ သမာဓိဿ အဘာဝတော တံ ဝိကမ္ပနံ သမာဓိဿ ပရိပန္ထော။ ယဒိ အဿာသမေဝ အာဝဇ္ဇတိ၊ တဿ စိတ္တံ အဗ္ဘန္တရပဝေသနဝသေန ဝိက္ခေပံ အာဝဟတိ၊ နိမိတ္တေ န ပတိဋ္ဌာတိ၊ တသ္မာ နိမိတ္တေ ဝိကမ္ပတိ။ ဣမိနာ နယေန သေသေသုပိ ယောဇနာ ကာတဗ္ဗာ။ (ပဋိသံ၊ဋ္ဌ၊၂၊၇၃။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်၌ အမှတ် (၁) စကားရပ်သည်ကား နိမိတ်ကို ရှင်းပြသော စကားရပ် တည်း။ အမှတ် (၂) စကားရပ်မှာမူ အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသကို ဖော်ပြသော စကားရပ်တည်း။

၁။ အမှတ် (၁) စကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ နိမိတ်ဟူသည် အဿာသ ပဿာသ ဝင်သက်လေ ထွက်သက်လေတို့၏ ထိရာဌာနတည်း။ မှန်ပေသည် ဝင်သက်လေ ထွက်သက်လေတို့သည် နှာတံရှည်သူအား နှာခေါင်းဖု (= နှာသီးဖျား)ကို ထိခိုက်လျက် ဖြစ်ကြကုန်၏။ နှာတံတိုသူအား အထက်နှုတ်ခမ်းဖျားကို ထိခိုက်လျက် ဖြစ်ကြကုန်၏။ (ပဋိသံ၊ဋ္ဌ၊၂၊၇၃။)

ဤအထက်ပါ အဋ္ဌကထာများ၏ စကားအရ နှာတံရှည်သူအတွက် နှာခေါင်းဖု (= နှာသီးဖျား) သည် နိမိတ်တည်း။ နှာတံတိုသူအတွက် အထက်နှုတ်ခမ်းဖျားသည် နိမိတ်တည်းဟု မှတ်ပါ။ လိုရင်းမှာ ဝင်သက်လေ ထွက်သက်လေ၏ ထိရာဌာနသည် နိမိတ်မည်သည်ဟု မှတ်သားထားပါ။

ယင်းသို့ဖြစ်လျှင် အာနာပါနကမ္မဋ္ဌာန်းကို စတင်အားသစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် နှာတံ ရှည်ခဲ့ လျှင် နှာသီးဖျားကို ရှုရတော့မည်လော၊ နှာတံ တိုခဲ့လျှင် အထက်နှုတ်ခမ်းဖျားကို ရှုရတော့မည်လောဟု မေးမြန်း ဖွယ်ရှိ၏။ ထိုအမေးကို အမှတ် (၂) ပြ အဋ္ဌကထာစကားရပ်က တစ်စိတ်တစ်ဒေသအားဖြင့် ရှင်းပြထားပါသည်။

၂။ အမှတ် (၂)ပြ စကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ အကယ်၍ ဤယောဂါဝစရပုဂ္ဂိုလ်သည် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားတည်းဟူသော ထိုနိမိတ်ကိုသာလျှင် တစ်ဖက်သတ် ဆင်ခြင်ငြားအံ့၊ နိမိတ်ကို သာလျှင် တစ်ဖက်သတ် ဆင်ခြင်၍နေသော ထိုယောဂီပုဂ္ဂိုလ်အား ဝင်သက်လေ၌ စိတ်သည် တုန်လှုပ်၏၊ ကောင်းစွာ မတည်ဟု ဆိုလိုသည်။ ထိုဝင်သက်လေ၌ ကောင်းစွာ ငြိမ်ဝပ်စွာ စိတ်တည်မနေသော ထိုယောဂါဝစရ ပုဂ္ဂိုလ်အား ဝင်သက်လေအာရုံ၌ စိတ်တည်ကြည်မှု သမာဓိ၏ မရှိသည်၏ အဖြစ်ကြောင့် ထိုစိတ်တုန်လှုပ်မှု သည် သမာဓိကို တားမြစ်တတ်၏၊ သမာဓိ၏ ဘေးရန် အနှောင့်အယှက် ဖြစ်၏။

အကယ်၍ ယောဂီပုဂ္ဂိုလ်သည် ဝင်သက်လေကိုသာလျှင် တစ်ဖက်သတ် ဆင်ခြင်မိငြားအံ့၊ ထို ယောဂီ ပုဂ္ဂိုလ်၏ စိတ်သည် အတွင်းဘက်သို့ ဝင်သွားခြင်း၏အစွမ်းဖြင့် (ဝင်သက်လေ၏ သွားရာလမ်းကြောင်းနောက်သို့ အစဉ်တောက်လျှောက် စိတ်လိုက်သွားမှုကို ဆိုလိုသည်၊) စိတ်၏ ပျံ့လွင့်မှုကို ရွက်ဆောင်တတ်၏၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားတည်းဟူသော နိမိတ်၌ စိတ်မတည် ဖြစ်တတ်၏။ ထိုကြောင့် နိမိတ်၌ တုန်လှုပ် နေတတ်၏။ ဤနည်းအတိုင်း ကြွင်းသောစကားရပ်တို့၌လည်း အနက်အဓိပ္ပါယ် ယှဉ်စပ်မှုကို ပြုပါလေ။ (ပဋိသံ၊ ဋ္ဌ၊၂၊၇၃။) ထိုကြောင့် ထွက်သက်လေ၌လည်း နည်းတူ သဘောပေါက်ပါလေ။

(စ) အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသ (၁၈) ပါး

(စ) အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသ (၁၈) ပါး

အထက်ပါ အဋ္ဌကထာစကားရပ်၌ ကြွင်းသောစကားရပ်တို့၌လည်း နည်းတူ အနက်အဓိပ္ပါယ် ယှဉ်စပ် မှုကို ပြုလုပ်ရန် ညွှန်ကြားထားသဖြင့် ပဋိသမိ႓ဒါမဂ်ပါဠိတော်၌ လာရှိသော အာနာပါနဿတိသမာဓိ၏ ညစ်နွမ်း ကြောင်း ဥပက္ကိလေသ (၁၈)မျိုးကို ဤတွင် ဆက်လက် ဖော်ပြအပ်ပါသည်။

ပထမ ဆက္က - အပြစ် (၆) ပါး

ပထမ ဆက္က - အပြစ် (၆) ပါး

အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသတရား (၁၈)ပါးတို့ဟူသည် အဘယ်သည် တို့နည်း? ----

၁။ ဝင်သက်လေ၏ အစ-အလယ်-အဆုံးသို့ သတိဖြင့် အစဉ်လျှောက်သောပုဂ္ဂိုလ်၏ မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တ သန္တာန်၌ ဖြစ်သော ပျံ့လွင့်ခြင်းသို့ ရောက်သော စိတ်သည် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

၂။ ထွက်သက်လေ၏ အစ-အလယ်-အဆုံးသို့ သတိဖြင့် အစဉ်လျှောက်သောပုဂ္ဂိုလ်၏ အပ၌ ဖြစ်သော ပျံ့လွင့်ခြင်းသို့ ရောက်သော စိတ်သည် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

၃။ ဝင်သက်လေကို တောင့်တစွဲလမ်းသော တဏှာဖြစ်ခြင်းသည် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

၄။ ဝင်သက်လေ ရှေးရှိသော ထွက်သက်လေကို တောင့်တစွဲလမ်းသော တဏှာဖြစ်ခြင်းသည် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

၅။ ဝင်သက်လေဖြင့် နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား ထွက်သက်လေကို ရခြင်း၌ တပ်မက်ခြင်းသည် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

၆။ ထွက်သက်လေဖြင့် နှိပ်စက်အပ်သော ပုဂ္ဂိုလ်အား ဝင်သက်လေကို ရခြင်း၌ တပ်မက်ခြင်းသည် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

ဤ (၆)ပါးတို့သည် အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း ဥပက္ကိလေသတို့တည်း။ (ပဋိသံ၊၁၆၃-၁၆၄။)

အဿာသ-ပဿာသ အယူအဆ

အဿာသ-ပဿာသ အယူအဆ

အဿာသောတိ ဗဟိ နိက္ခမနဝါတော။ ပဿာသောတိ အန္တော ပဝိသနဝါတောတိ ဝိနယဋ္ဌကထာယံ ဝုတ္တံ။ သုတ္တန္တဋ္ဌကထာသု ပန ဥပ္ပဋိပါဋိယာ အာဂတံ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ မိန့်ဆိုတော်မူချက် အရ ဝိနည်းအဋ္ဌကထာ အလိုအားဖြင့် ---- အဿာသ = ထွက်လေ = ထွက်သက်, ပဿာသ = ဝင်လေ = ဝင်သက်ဟု ဆိုလိုသည်။ မိခင်၏ ဝမ်းတွင်းမှ မွေးဖွားခါစ ကလေးသူငယ်သည် ရှေးဦးစွာ အတွင်းမှ လေသည် အပြင်သို့ ထွက်၏။ နောက်မှ အပြင်က လေသည် အတွင်းသို့ ဝင်၏။ ဤဖြစ်စဉ်ကို ကြည့်၍ ဝိနည်းအဋ္ဌကထာက မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ သုတ္တန်အဋ္ဌကထာ များ၌ကား ဘာဝနာလုပ်ငန်းခွင်ကို ဘာဝနာလုပ်ငန်းစဉ်ကို ကြည့်၍ ----

အဿာသ = ဝင်သက်လေ

ပဿာသ = ထွက်သက်လေ ဟု ----

ဖွင့်ဆိုချက်များ လာရှိ၏။ အောက်ပါ ပဋိသမိ႓ဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ကြည့်ပါ။

အဿာသာဒိမဇ္ဈပရိယောသာနန္တိ အဗ္ဘန္တရပဝိသနဝါတဿ နာသိကဂ္ဂံ ဝါ မုခနိမိတ္တံ ဝါ အာဒိ၊ ဟဒယံ မဇ္ဈံ၊ နာဘိ ပရိယောသာနံ။ တံ တဿ အာဒိမဇ္ဈပရိယောသာနံ သတိယာ အနုဂစ္ဆတော ယောဂိဿ ဌာနနာနတ္တာနုဂမနေန စိတ္တံ အဇ္ဈတ္တံ ဝိက္ခေပံ ဂစ္ဆတိ၊ တံ အဇ္ဈတ္တဝိက္ခေပဂတံ စိတ္တံ ဧကတ္တေ အသဏ္ဌဟနတော သမာဓိဿ ပရိပန္ထော။ ပဿာသာဒိမဇ္ဈပရိယောသာနန္တိ ဗဟိနိက္ခမနဝါတဿ နာဘိ အာဒိ၊ ဟဒယံ မဇ္ဈံ၊ နာသိကဂ္ဂံ ဝါ မုခနိမိတ္တံ ဝါ ဗဟိအာကာသော ဝါ ပရိယောသာနံ။ ယောဇနာ ပနေတ္ထ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗာ။ (ပဋိသံ၊ဋ္ဌ၊၂၊၇၂။)

= ဝင်သက်လေ၏ အစ-အလယ်-အဆုံးဟူသည်ကား အတွင်းသို့ဝင်သော လေ၏ နှာသီးဖျားသည်လည်းကောင်း သို့မဟုတ် အထက်နှုတ်ခမ်းနိမိတ်သည်လည်းကောင်း အစတည်း၊ နှလုံးသည် အလယ်တည်း၊ ချက်ကား အဆုံးတည်း။ ထိုဝင်သက်လေ၏ အစ-အလယ်-အဆုံးဟု ခေါ်ဆိုအပ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း နိမိတ်မှသည် ချက်သို့တိုင်အောင် ဝင်သက်လေ၏ နောက်သို့ သတိဖြင့် အစဉ်တစိုက် လိုက်၍နေသော ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နေရာဌာန အမျိုးမျိုးသို့ အစဉ်လျှောက်၍ လိုက်နေခြင်းဖြင့် စိတ်သည် အတွင်း အဇ္ဈတ္တဘက်သို့ ပျံ့လွင့်သွား၏။ ထို အတွင်းအဇ္ဈတ္တဘက်သို့ ပျံ့လွင့််သွားသော စိတ်သည် တစ်ခုတည်း၏ အဖြစ်၌ (= အာရုံတစ်ခုတည်း ရှိမှု၌) မတည်တံ့သောကြောင့် သမာဓိ၏ အနှောင့်အယှက် ဘေးရန်တည်း။

ထွက်သက်လေ၏ အစ-အလယ်-အဆုံးဟူသည်ကား အပြင်သို့ ထွက်လာသော လေ၏ ချက်ကား အစ တည်း၊ နှလုံးကား အလယ်တည်း၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းနိမိတ် သို့မဟုတ် အပြင်အာကာသသည် အဆုံးတည်း။ ထိုထွက်သက်လေ၏ အစ-အလယ်-အဆုံးဟု ခေါ်ဆိုအပ်သော ချက်မှသည် နှာသီးဖျား, သို့မဟုတ် အထက်နှုတ်ခမ်း, သို့မဟုတ် အပြင်အာကာသသို့ တိုင်အောင် ထွက်သက်လေ၏ နောက်သို့ သတိဖြင့် အစဉ်တစိုက် လိုက်၍နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နေရာဌာန အမျိုးမျိုးသို့ အစဉ်လျှောက်၍ လိုက်နေခြင်းဖြင့် စိတ်သည် အပြင်ဗဟိဒ္ဓဘက်သို့ ပျံ့လွင့်သွား၏။ ထိုအပြင် ဗဟိဒ္ဓဘက်သို့ ပျံ့လွင့်သွားသော စိတ်သည် တစ်ခု တည်း၏ အဖြစ်၌ (= အာရုံတစ်ခုတည်း ရှိမှု၌ ) မတည်တံ့သောကြောင့် သမာဓိ၏ အနှောင့်အယှက် ဘေးရန် တည်း။ (ပဋိသံ၊ဋ္ဌ၊၂၊၇၂။)

ဤအထက်ပါ ပဋိသမိ႓ဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက် အရ ----

၁။ အဿာသမှာ ဝင်သက်လေ ဖြစ်၍

၂။ ပဿာသမှာ ထွက်သက်လေ ဖြစ်သည်ဟု မှတ်ပါ။

တစ်ဖန် ဤပဋိသမိ႓ဒါမဂ်ပါဠိတော်နှင့် ပဋိသမိ႓ဒါမဂ်အဋ္ဌကထာတို့၏ မိန့်မှာတော်မူချက်အရ ---- အာနာ ပါန ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည် - နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှသည် နှလုံး, တစ်ဖန် နှလုံးမှသည် ချက်သို့တိုင်အောင် ဝင်သက်လေ၏ နောက်သို့ သတိဖြင့် အစဉ်လိုက်၍ မရှုပါနှင့်။ ချက်မှသည် နှလုံး, တစ်ဖန် ---- နှလုံးမှသည် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း သို့မဟုတ် အပြင်အာကာသသို့ တိုင်အောင် ထွက်သက်လေ၏ နောက်သို့လည်း သတိဖြင့် အစဉ်လိုက်၍ မရှုပါနှင့်။ ထိုသို့ ဝင်သက်လေ ထွက်သက်လေ သွားရာလမ်းကြောင်း တစ်လျှောက်သို့ အစဉ်တစိုက် လိုက်၍ ရှုနေသော် စိတ်သည် အာရုံတစ်ခုတည်း တစ်နေရာတည်း၌ ငြိမ်ဝပ်စွာ ကပ်၍ မတည်တော့ဘဲ အတွင်းအပြင် နှစ်ဘက်လုံး သို့ ပျံ့လွင့်နေသဖြင့် သမာဓိမဖြစ်နိုင် စျာန်မရနိုင်ဟု မှတ်ပါ။

သို့အတွက် အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားနေသော, အာနာပါနကို အာရုံပြု၍ သမာဓိထူထောင်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် သမာဓိထူထောင်ခိုက်၌ နှာသီးဖျား နှုတ်ခမ်းဖျားမှသည် ချက်ဝမ်းဗိုက်သို့တိုင်အောင် သတိဖြင့် လိုက်၍ မရှုမိရန် အထူးသတိပြုပါ။ ထို့ပြင် နှာသီးဖျား သို့မဟုတ် နှုတ်ခမ်းဖျား၏ ပြင်ဘက် အာကာသ သို့လည်း သတိဖြင့် လိုက်၍ မရှုမိရန်လည်း အထူးသတိပြုပါ။

ဒုတိယ ဆက္က - အပြစ် (၆) ပါး

ဒုတိယ ဆက္က - အပြစ် (၆) ပါး

၁။ နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ဝင်သက်လေ၌ တုန်လှုပ်၏၊ သမာဓိကို တားမြစ်တတ်၏။

၂။ ဝင်သက်လေကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် နိမိတ်၌ တုန်လှုပ်၏၊ သမာဓိကို တားမြစ်တတ်၏။

၃။ နိမိတ်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် ထွက်သက်လေ၌ တုန်လှုပ်၏၊ သမာဓိကို တားမြစ်တတ်၏။

၄။ ထွက်သက်လေကို ဆင်ခြင်သောပုဂ္ဂိုလ်၏ စိတ်သည် နိမိတ်၌ တုန်လှုပ်၏၊ သမာဓိကို တားမြစ်တတ်၏။

၅။ ဝင်သက်လေကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ထွက်သက်လေ၌ တုန်လှုပ်၏၊ သမာဓိကို တားမြစ် တတ်၏။

၆။ ထွက်သက်လေကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ စိတ်သည် ဝင်သက်လေ၌ တုန်လှုပ်၏၊ သမာဓိကို တားမြစ် တတ်၏။ -- ထိုကြောင့် ----

၁။ နိမိတ်ကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ ဝင်သက်လေ၌ ပျံ့လွင့်သောစိတ်,

၂။ ဝင်သက်လေကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ နိမိတ်၌ တုန်လှုပ်သောစိတ်,

၃။ နိမိတ်ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ ထွက်သက်လေ၌ ပျံ့လွင့်သောစိတ်,

၄။ ထွက်သက်လေကို ဆင်ခြင်သောပုဂ္ဂိုလ်၏ နိမိတ်၌ တုန်လှုပ်သောစိတ်,

၅။ ဝင်သက်လေကို ဆင်ခြင်သောပုဂ္ဂိုလ်၏ ထွက်သက်လေ၌ ပျံ့လွင့်သောစိတ်,

၆။ ထွက်သက်လေကို ဆင်ခြင်သောပုဂ္ဂိုလ်၏ ဝင်သက်လေ၌ တုန်လှုပ်သောစိတ် ----

ဤ (၆)ပါးတို့သည် အာနာပါနဿတိသမာဓိ၏ ညစ်နွမ်းကြောင်း = ဥပက္ကိလေသတရားတို့တည်း။ (ပဋိသံ၊၁၆၄။)

[မှတ်ချက် ---- ဤ၌ နိမိတ်ဟူသည် ဝင်သက်လေ-ထွက်သက်လေတို့၏ ထိရာဌာနဖြစ်သော နှာခေါင်းဖု (= နှာသီးဖျား), သို့မဟုတ် အထက်နှုတ်ခမ်းဖျားဟူသော ဌာနအရပ်ကို ဆိုလိုသည်။]

တတိယ ဆက္က - အပြစ် (၆) ပါး

တတိယ ဆက္က - အပြစ် (၆) ပါး

၁။ ဝင်သက်လေ-ထွက်သက်လေ၏ ထိရာဌာနကို ကျော်လွန်၍ ဝင်သက်လေ-ထွက်သက်လေ နောက်သို့ အစဉ်လိုက်သော စိတ်သည် ပျံ့လွင့်ခြင်းဖြင့် အစဉ်လိုက်၍ (= ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်၍) သမာဓိ၏ အနှောင့်အယှက် ဘေးရန် ဖြစ်၏။

၂။ ဝင်သက်လေ-ထွက်သက်လေ၏ ထိရာဌာနသို့ မရောက်ရှိလာသေးသော ဝင်သက်လေ-ထွက်သက်လေကို တောင့်တသော စိတ်သည် တုန်လှုပ်၍ သမာဓိ၏ အနှောင့်အယှက် ဘေးရန် ဖြစ်၏။

၃။ ဝီရိယလျော့လွန်းသဖြင့် ဘာဝနာမှု၌ တွန့်ဆုတ်သော စိတ်သည် ပျင်းရိသည်၏ အဖြစ်သို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက် ဘေးရန် ဖြစ်၏။

၄။ အလွန်ချီးမြှင့် အားထုတ်ထားအပ်သော စိတ်သည် (= အလွန်တက်ကြွလွန်းသော စိတ်သည်) ပျံ့လွင့်ခြင်းသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက် ဘေးရန် ဖြစ်၏။

၅။ သာယာဖွယ် ဝတ္ထုတို့၌ အလွန်ညွတ်သော စိတ်သည် ရာဂသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့်အယှက် ဘေးရန် ဖြစ်၏။

[ဤအရာ၌ ဝင်သက်လေ-ထွက်သက်လေ နိမိတ်ကို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်၏ သန္တာန်ဝယ် ဖြစ်ပေါ်လာသော ပီတိ သုခ၌လည်းကောင်း, ရှေးက ပျော်ရွှင်မြူးထူး ပြောင်လှောင် ပြောဆိုဖူး ကစားဖူးသော ဝတ္ထုတို့၌လည်းကောင်း ရာဂအစဉ်လိုက်ခြင်းကို ဆိုလိုသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၇၃။)]

၆။ သာယာဖွယ်ဝတ္ထုတို့၌ ညွတ်ခြင်းကင်းသော စိတ်သည် ဗျာပါဒသို့ အစဉ်လိုက်၍ သမာဓိ၏ အနှောင့် အယှက် ဘေးရန် ဖြစ်၏။

[ဤအရာ၌ ဝင်သက်လေ ထွက်သက်လေ နိမိတ်ကို နှလုံးသွင်းရာ၌ သာယာဖွယ်ကင်းခြင်းသို့ ရောက်သော စိတ်ဓာတ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိတ်နှလုံး မသာယာခြင်း = ဒေါမနဿ၏ အစွမ်းဖြင့်သော်လည်းကောင်း, ရှေး၌ လေ့ကျက်ဖူးကုန်သော ရန်ငြိုးဖွဲ့ခြင်း အာဃာတထားခြင်း အာဃာတ ဝတ္ထုတို့၌လည်းကောင်း ဗျာပါဒ (= ဒေါသ) အစဉ်လိုက်၍ ဖြစ်ခြင်းကို ဆိုလိုသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၇၃။)]

ဤကား အာနာပါနဿတိသမာဓိ၏ ညစ်ညူးကြောင်းတရား = ဥပက္ကိလေသ (၁၈)ပါးတည်း။

(ဆ) သိအောင် အားထုတ်ရမည့် အချက်

(ဆ) သိအောင် အားထုတ်ရမည့် အချက်

ဤ အထက်ပါ စည်းကမ်းသတ်မှတ်ချက်များကို အဖန်ဖန် အထပ်ထပ် ဖတ်ရှုပါ၊ ဆိုလိုရင်းကို သဘော မိအောင် ကြံပါ။ အထက်ပါ အရပ်ရပ်သော စကားတို့၏ ဆိုလိုရင်းကား ဤသို့ ဖြစ်၏။

၁။ ဝင်သက်လေ ထွက်သက်လေ သက်သက်ကိုသာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှသည် ချက်သို့ တိုင်အောင်, တစ်ဖန် ချက်မှသည် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းသို့ တိုင်အောင် တစ်ဖက်သတ် အစဉ်တစိုက် လိုက်၍ သိအောင် မရှုရ။

၂။ ဝင်သက်လေ ထွက်သက်လေ၏ ထိရာဌာနဟူသော နိမိတ်သက်သက်ကိုလည်း ကြည့်၍ မနေရ။

ဤ ဆိုလိုရင်း အချက် နှစ်ချက်ကို မှတ်သားထားပါ။ သို့ဖြစ်လျှင် မည်သို့ ကျင့်ရမည်နည်းဟု မေးရန် ရှိ၏။ အဖြေကား ဤသို့ ဖြစ်၏။

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

= ဝင်သက်လေ ထွက်သက်လေ၏ ထိရာထိရာ အရပ်၌သာလျှင် သတိကိုထား၍ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြည့်စုံနိုင်ပေ၏။

ဤအဋ္ဌကထာ၏ မိန့်ဆိုမှာကြားတော်မူချက်အရ ဘာဝနာစိတ်ကိုကား ဝင်သက်လေ-ထွက်သက်လေ၏ ထိရာ ထိရာ ဌာန၌သာလျှင် ထားရမည် ဖြစ်သည်။

ထိုသို့ ထိရာ ထိရာ ဌာန၌သာလျှင် ဘာဝနာစိတ်ကိုထား၍ ကြိုးစားအားထုတ်ရာ၌ အဘယ်အရာကို သိနေရမည်နည်း၊ ထိရာဌာနကိုပင် သို့မဟုတ် ထိမှုကိုပင် သိနေရမည်လောဟု မေးမြန်းဖွယ် ရှိပြန်၏။

ဒီဃံ ဝါ အဿဿန္တော ဒီဃံ အဿဿာမီတိ ပဇာနာတိ။ (မ၊၁၊ရဝ။)

= ရှည်စွာ ဝင်သက်လေကို ဖြစ်စေမူ ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏ ---- ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ---- ထိရာဌာန၌ ထိနေသော ဝင်သက်လေ ထွက်သက်လေကို သာလျှင် သိရှိအောင် ကွဲကွဲပြားပြား သိအောင် ရှုရမည် ဖြစ်သည်၊ ထိရာဌာနကို သို့မဟုတ် ထိမှုကို သိအောင် ရှုရမည်ကား မဟုတ်ပေ။ သို့သော် ထိရာဌာနကို လွှတ်၍ ဝင်သက်လေ ထွက်သက်လေ၏ နောက်သို့ကား အစဉ်လျှောက်၍ မလိုက်ပါနှင့်ဟု ဆိုလိုပေသည်။

ဤတွင် (က)မှ (ဆ)သို့တိုင်အောင် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်မွန်များအတွက် အာနာပါနကမ္မဋ္ဌာန်းနှင့် ဆက်စပ်၍ ကြိုတင်လျက် သိသင့်သိထိုက်သော သိထားသင့် သော အချက်အလက်များကို စုဆောင်းတင်ပြပြီး ဖြစ်ပါသည်။ ယခုတစ်ဖန် အာနာပါနအားထုတ်ပုံ စနစ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

_________

အာနာပါနလုပ်ငန်းခွင်သို့ ချဉ်းကပ်ပုံ နှစ်မျိုး

အာနာပါနလုပ်ငန်းခွင်သို့ ချဉ်းကပ်ပုံ နှစ်မျိုး

အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သူတို့မှာ ယေဘုယျအားဖြင့် နှစ်မျိုးနှစ်စား ရှိ၏။ ဓာတ်ကမ္မဋ္ဌာန်း, ကသိုဏ်းစသော ကမ္မဋ္ဌာန်းတစ်မျိုးမျိုးဖြင့် သမာဓိထူထောင်၍ ယင်းသမာဓိကို ဝိပဿနာ၏ အခြေ ပါဒကပြု၍ ဝိပဿနာသို့ ကူးပြီးလျှင် ဝိပဿနာပိုင်းတွင် အားရကျေနပ်မှုကို အထိုက်အလျောက် အတော်အသင့် ရရှိလာသောအခါ ကသိုဏ်း (၁၀)ပါး, သမာပတ် (၈)ပါး, အာနာပါန, ဗြဟ္မစိုရ်တရား (၄)ပါးစသည့် ထိုထို ကမ္မဋ္ဌာန်းတို့ကို ဆက်လက်၍ အားထုတ်သော သူတော်ကောင်းများလည်း ရှိကြ၏။ ဤပုဂ္ဂိုလ်တို့ကား ဝိပဿနာ ပိုင်းတွင် အားရကျေနပ်မှုရှိမှ အာနာပါနကို တစ်ဖန်ပြောင်း၍ အားထုတ်သည့် ပထမပုဂ္ဂိုလ် အမျိုးအစားများ ဖြစ်ကြ၏။

ဤကဲ့သို့ အခြားကမ္မဋ္ဌာန်းတစ်ခုခုဖြင့် ဝိပဿနာ၏ အခြေပါဒကဖြစ်လောက်အောင် သမာဓိကို ခိုင်ခိုင်ခံ့ခံ့ ထူထောင်နိုင်သော စွမ်းအားရှိနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသမာဓိ၏ အကူအညီကို ရယူ၍ အာနာပါန သို့ ကူးပါက အချိန်အနည်းငယ် အတွင်းမှာပင် အာနာပါနကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် အားထုတ် နိုင်သည်ကို တွေ့ရ၏။

အလားတူပင် ဓာတ်ကမ္မဋ္ဌာန်းမှ (၃၂)ကောဋ္ဌာသ, (၃၂)ကောဋ္ဌာသမှ အရိုးစုကမ္မဋ္ဌာန်း, အရိုးစုကမ္မဋ္ဌာန်း မှ ဩဒါတကသိုဏ်းသို့ ကူးလျက် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပြီးမှ ဝိပဿနာသို့ မကူးမီ အာနာပါနကမ္မဋ္ဌာန်းသို့ ကူးလျှင်လည်း ထိုသူတော်ကောင်းတို့သည် လွယ်လွယ်ကူကူပင် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ကြပေသည်။ ဤကား အခြားကမ္မဋ္ဌာန်းမှ အာနာပါနသို့ ကူးလာသူ ပထမ အမျိုးအစားတည်း။

ဒုတိယအမျိုးအစား ယောဂါဝစရပုဂ္ဂိုလ်တို့ကား အာနာပါနဖြင့် စတင်၍ သမာဓိထူထောင်သော, အာနာ ပါနကိုပင် တိုက်ရိုက်စတင်၍ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ပထမအမျိုးအစားပုဂ္ဂိုလ်တို့၏ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပုံကို အကျဉ်းချုပ်၍ ရှေးဦးစွာ ဖော်ပြ အပ်ပါသည်။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းဖြင့်ဖြစ်စေ, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဖြင့်ဖြစ်စေ သမာဓိထူထောင်လျက် ယင်း သမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးသွားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာပိုင်း၌ အတော်အသင့် အားရကျေနပ်မှု ရှိ၍ အာနာပါနဿတိသမာဓိဘာဝနာကို တစ်ဖန် ပြောင်း၍ အားထုတ်လိုသော် ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်ထားသော ဓာတ်ကြီးလေးပါးကို အာရုံပြု၍ ထူထောင်ထားသော ယင်းသမာဓိကိုပင် တစ်ဖန်ပြန်၍ သမာဓိထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအားများ ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် သမာဓိထူထောင်ပါ။

[မှတ်ချက် ---- အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးတို့၌ လင်း ရောင်ခြည် ရှိကြောင်း ရှင်းလင်းချက်များကို ဤ အာနာပါနဿတိသမာဓိပိုင်းအဆုံး - စာမျက်နှာ - ၅၂၈ စသည်တွင် ကြည့်ပါ။]

ယင်းသို့ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ သမာဓိထူထောင်လိုက်သဖြင့် လင်းရောင်ခြည်စွမ်းအင်များ အားကောင်း လာသောအခါ အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ်လိုပါက အားထုတ်နိုင်ပါသည်။ ထိုသို့ အားထုတ်ရာ ၌ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ အောင်မြင်စွာ သမာဓိကို ထူထောင်ပြီးသောအခါ ဝိပဿနာသို့ မကူးမီ၌လည်း ပုံစံ တူပင် အာနာပါနသို့ ပြောင်း၍ အားထုတ်နိုင်ပေသည်။

ထိုသို့ အာနာပါနကမ္မဋ္ဌာန်းဘက်သို့ မပြောင်းလိုသေးဘဲ ကသိုဏ်းဘက်သို့ ကူးလိုကလည်း ကူးနိုင်ပါသည်။ ကူးပုံအကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏။ ယင်းသို့ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိထူထောင်လိုက်ရာ လင်း ရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်း လင်းရောင်ခြည် အကူ အညီဖြင့် ခန္ဓာအိမ် အတွင်းသို့ စိုက်ရှုလိုက်သောအခါ (၃၂)ကောဋ္ဌာသများ တစ်စ တစ်စ ထင်ရှားလာမည် ဖြစ်သည်။ ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော အခါ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့တွင် ပို၍ ရှုကောင်းရာ ကြိုက်နှစ်သက်ရာက စ၍ အရိုးစု ကောဋ္ဌာသတစ်ခုကို ရွေးချယ်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရကိုလည်း ရှုပွား တတ်အောင် အရိုးစုလည်း ခိုင်ခံ့အောင် လေ့ကျင့်ပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး၌ အရိုးစု၏ ရွံရှာစက်ဆုပ်ဖွယ် ရာ ပဋိကူလသဘောကို အာရုံယူ၍ သမာဓိထူထောင်ပါ။ အရပ် (၁၀)မျက်နှာ၌ ကြည့်လိုက်တိုင်း အရိုးစုချည်း မြင်နေအောင် လေ့ကျင့်ပါ။ အောင်မြင်မှုရသော် ဗဟိဒ္ဓအရိုးစု တစ်ခု၏ အဖြူဆုံးတစ်နေရာကို အာရုံ စူးစိုက်၍ အဖြူ-အဖြူဟု နှလုံးသွင်းပါ။ အရိုးစုပျောက်၍ အဖြူကသိုဏ်း အဝန်းအဝိုင်းချည်းသာ ကြွင်းကျန်သောအခါ ထိုအဖြူကသိုဏ်းဝန်းကို အာရုံယူ၍ တစ်ဖန် သမာဓိဆက်လက်ထူထောင်ပါ။ ထိုအဖြူကသိုဏ်းဝန်းက အလွန် ကြည်လင်တောက်ပလာသောအခါ၌ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားပြီ ဖြစ်၏။ ယင်းပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ။ သမာဓိ ခိုင်ခံ့လာသောအခါ ယင်းအဖြူကသိုဏ်း ဝန်းကို တစ်လက်မ နှစ်လက်မ စသည်ဖြင့် ပိုင်းခြား၍ ပြန့်အောင် ဖြန့်ပါ။ တဖြည်းဖြည်း အရပ် (၁၀)မျက်နှာသို့ တိုင်အောင် ဖြန့်ပါ။ ယင်း ဖြန့်ကြက်ပြီးသော ကသိုဏ်းဝန်းကား ဘာဝနာသမာဓိကို အရှည်ခိုင်ခံ့တည်တံ့အောင် ကျေးဇူးပြုပေးနိုင်၏။ ယင်း ကသိုဏ်းဝန်းကို အာရုံယူ၍ ဆက်လက်၍ သမာဓိကို တစ်ဆင့်ပြီး တစ်ဆင့် ထူထောင် ခဲ့သော် သမာပတ်ရှစ်ပါးလုံး ပေါက်နိုင်သည်သာ ဖြစ်ပေသည်။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင်လည်းကောင်း, သမာပတ်ရှစ်ပါးလုံး ပေါက်အောင်လည်းကောင်း မိမိကြိုက်နှစ်သက်ရာ ရွေးချယ်၍ သမာဓိကို အရှည်ခိုင်ခံ့ တည်တံ့အောင် ထူထောင်ပါ။

ယင်း (၃၂)ကောဋ္ဌာသတို့ကို အာရုံပြု၍ ဝဏ္ဏကသိုဏ်း (= အရောင်ကသိုဏ်း) လေးမျိုး ရှုပွားပုံကို အဘိဘာယတနစျာန်ဟူသော အမည်ဖြင့် ဘုရားရှင်သည် မဟာပရိနိဗ္ဗာနသုတ္တန် စသည်တို့၌ ဟောကြားထားတော် မူခဲ့ပေသည်။

အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏဏာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဧဝံ သညီ ဟောတိ၊ ဣဒံ ပဌမံ အဘိဘာယတနံ။ (အံ၊၃၊၁၂၅။)

= တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိသန္တာန်၌ (၃၂-ကောဋ္ဌာသတို့၏) အဆင်းရုပ်တို့ကို ရှု၍ အပြင် အပ ဗဟိဒ္ဓ သန္တာန်၌လည်း ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ် တို့ကို ရှု၏။ ထိုရုပ်တို့ကို လွှမ်းမိုး၍ ငါသိ၏ ငါမြင်၏ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား ပထမ အဘိဘာယတန စျာန်တည်း။ (အံ၊၃၊၁၂၅။)

[ရှုပွားပုံ အကျယ်ကို ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၁၅၁-၁၅၃။), သမ္မောဟဝိနောဒနီ အဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၁၂-၂၄၈။)တို့၌ ကြည့်ပါ။ တစ်ဖန် ဓာတ်ကြီးလေးပါးကို အာရုံယူ၍ လင်းရောင်ခြည် စွမ်းအား အားကောင်းသည်အထိ သမာဓိထူထောင်ပုံကို ဤကျမ်းစာ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။ ကသိုဏ်း ကူးပုံကို သမထကမ္မဋ္ဌာန်းပိုင်းတွင် အကျယ်တွေ့ရလတ္တံ့။]

ထိုသို့ အဖြူကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်အောင်ဖြစ်စေ, သမာပတ်ရှစ်ပါးတို့တွင် တစ်ပါးပါးသို့ ဆိုက်အောင်ဖြစ်စေ, သမာပတ်ရှစ်ပါးလုံးကို ပေါက်ရောက်အောင်ဖြစ်စေ သမာဓိထူထောင်ပြီးသောအခါ ယင်းသမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးပြီးလျှင် ဝိပဿနာပိုင်း၌ အတော်အသင့် အားရကျေနပ်မှု ရှိသောအခါ ဤအာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ် လိုကလည်း အားထုတ်နိုင်သည်သာ ဖြစ်ပေသည်။ အကယ်၍ ဩဒါတကသိုဏ်းစသည့် ကသိုဏ်းတစ်ခုခုကို ပေါက်ရောက်အောင် သမာဓိထူထောင်ပြီးရာအခါ၌ ဝိပဿနာသို့ မကူးသေးဘဲ အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ်လိုကလည်း အားထုတ်နိုင်သည်သာ ဖြစ်ပါသည်။

အသင်ယောဂီသူတော်ကောင်းသည် အာနာပါနဿတိသမာဓိဘာဝနာသို့ ကူးလိုသော် မိမိရရှိထားပြီးသည့် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ သမာဓိ၏ အရှိန်အဝါ အလွန်အားကောင်း၍ ယင်းသမာဓိမှ အရောင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ ----

၁။ နှာသီးဖျား၌ဖြစ်စေ, သို့မဟုတ်

၂။ အထက်နှုတ်ခမ်း၌ဖြစ်စေ ----

ထိမှုထင်ရှားရာ တစ်နေရာ၌ ထိနေသော ဝင်သက်လေ ထွက်သက်လေဟူသော ကမ္မဋ္ဌာန်းအာရုံသို့ သတိကို ရှေးရှုတည်စေ၍ ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ထိမှုထင်ရှားရာ နေရာကသာ စောင့်၍ ဝင်သက်လေ ထွက်သက်လေကိုသာ စိုက်၍ ရှုနေပါ။

ထိုသို့ရှုရာ၌ အသင်ယောဂီသူတော်ကောင်းသည် မိမိ၏ ဝင်သက်လေ ထွက်သက်လေ၏ ထိမှု ထင်ရှားရာ တစ်နေရာကိုသာ ရွေးချယ်ရမည် ဖြစ်သည်။ နှာသီးဖျား၌ စိတ်ထားလိုက် အထက်နှုတ်ခမ်းဖျား၌ စိတ်ထားလိုက်ဖြင့် ဟိုရွှေ့ ဒီရွှေ့ နေရာပြောင်းရွှေ့မှုပြု၍ ဝင်သက်လေ ထွက်သက်လေကို ရှုခြင်း လုပ်ငန်းရပ်ကို မပြုလုပ်မိရန် သတိပြုပါလေ။

မေးမြန်းဖွယ်ရာ အချက်များ

မေးမြန်းဖွယ်ရာ အချက်များ

အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အဘယ်ကြောင့် ဓာတ်ကြီးလေးပါးမှ စ၍ ဩဒါတကသိုဏ်း စသည်တို့ဖြင့် အဆင့်ဆင့် သမာဓိထူထောင်နေရပါသနည်း၊ ထိုသို့ သမာဓိထူထောင်ပြီးမှ သာလျှင် အာနာပါနကမ္မဋ္ဌာန်းကို ရှုကောင်းပါသလောဟုလည်း မေးမြန်းဖွယ် ရှိ၏။

ဤသို့ကား မယူဆစေလိုပါ။ အာနာပါနစည်းကမ်းနည်းလမ်းအတိုင်း ဝင်သက်လေ ထွက်သက်လေကိုသာ စတင်၍ ရှုပွားလိုပါက ရှုပွားနိုင်သည်သာ ဖြစ်သည်။ ထိုကဲ့သို့ သမာဓိထူထောင်ခိုင်းခြင်းမှာ မိမိရရှိထားပြီးသော ရှေးရှေးဘာဝနာသမာဓိ ကုသိုလ်တို့၏ အရှိန်အဝါသတ္တိကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိ သည် အလွန်အားရှိ၍ လျင်လျင်မြန်မြန်ကြီး မိမိလိုလားတောင့်တအပ်သော သမာဓိအဆင့်ကို ရရှိနိုင်သော ကြောင့် မိမိရရှိထားပြီးသော သမာဓိများကို တစ်ဖန် ပြန်လည်၍ ထူထောင်ခိုင်းခြင်းသာ ဖြစ်ပါသည်။ မိမိ ရရှိထားပြီးဖြစ်သော သမာဓိကို တစ်ဖန်ပြန်၍ သမာဓိထူထောင်ခြင်းသည် မိမိသွားနေကျ လမ်းရိုးကြီး ဖြစ်နေ သဖြင့် အလွန် လွယ်ကူနေမည်သာ ဖြစ်၏။ တစ်ဖန် ထိုသမာဓိကို အခြေခံ၍ နောက်ထပ် သမာဓိကို တစ်ဆင့် ပြောင်း၍ ထူထောင်သော် အစိမ်းသက်သက်ထက်ကား ပို၍လွယ်ကူသည်ကို ယောဂီ တော်တော် ခပ်များများ၌ တွေ့ရှိရပေသည်။

အကယ်၍ ဩဒါတကသိုဏ်း အာလောကကသိုဏ်းစသော ကသိုဏ်းတို့ဖြင့် သမာဓိ မထူထောင်ရသေး သော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်လျှင် အာနာပါနစည်းကမ်း နည်းလမ်းအတိုင်း အစဉ်အတိုင်း အဆင့်ဆင့် အား ထုတ်ရန် ဖြစ်ပါသည်။

ကသိုဏ်းတစ်ခုခုဖြင့် သမာဓိထူထောင်ပြီးသော ပုဂ္ဂိုလ်ဖြစ်လျှင် ထိုသမာဓိကို ထူထောင်ပြီးမှ ထိုသမာဓိမှ ထသောအခါ အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခဲ့ပါလျှင် ဉာဏ်ထက်မြက်သော ယောဂါဝစရပုဂ္ဂိုလ်လည်းဖြစ်ပါ မူ တစ်ထိုင် နှစ်ထိုင် အတွင်းမှာပင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်လာတတ်၍ စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ပေါက်ရောက်သွားသော ယောဂါဝစရပုဂ္ဂိုလ်များလည်း ရှိတတ်၏။ ဉာဏ်အလယ်အလတ် ရှိသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်မူ နှစ်ရက် သုံးရက် အတွင်းမှာပင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်လာတတ်၍ အစဉ်အတိုင်း စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ပေါက်ရောက်သွားသော ယောဂါဝစရပုဂ္ဂိုလ်များလည်း ရှိ တတ်ပေသည်။ သို့အတွက် ရှေးရှေးဘာဝနာသမာဓိတို့၏ အရှိန်အဝါကို ဆက်ခံလို၍, ရှေးရှေး ဘာဝနာသမာဓိ တို့၏ နောက်နောက်သော ဘာဝနာသမာဓိအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု စွမ်းအင်သတ္တိထူးကြီး ကို အလိုရှိ၍သာလျှင် အာနာပါနကို အားမသစ်မီ ရရှိပြီး သမာဓိကို ရှေးဦးစွာ ထူထောင်ခြင်းပင် ဖြစ်ပါသည်။

ထိုသို့ အားထုတ်ကောင်းပါသလား

ထိုသို့ အားထုတ်ကောင်းပါသလား

ကမ္မဋ္ဌာန်းများကို ဤသို့ အားထုတ်ကောင်းပါသလားဟုလည်း မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အဖြေကား အားထုတ်ကောင်းသည်ဟူ၍ပင် ဖြစ်ပေသည်။

မဇ္ဈိမပဏ္ဏာသပါဠိတော် ဘိက္ခုဝဂ် (မ၊၂၊၈၃။) မဟာရာဟုလောဝါဒသုတ္တန်၌ ဘုရားရှင်သည် အရှင် ရာဟုလာအား ရုပ်တရားအပေါ်၌ တွယ်တာတပ်မက်နေသော ဆန္ဒရာဂကို ပယ်ဖျောက်ရန်အတွက် ရည်ရွယ် တော်မူ၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ်ရှုပွားနည်းကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူ၏။ တစ်ဖန် အရှင်ရာဟုလာ ၏ မူလမေးမြန်းလျှောက်ထားချက်အရ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပုံများကိုလည်း အရဟတ္တ ဖိုလ်ပေါက် ဟောကြားပေးတော်မူသည်သာ ဖြစ်၏။ (အကျယ်ကို သိလိုပါက မဟာရာဟုလောဝါဒသုတ္တန်တွင် ကြည့်ပါ။) သို့အတွက် ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ပြီးလျှင် အာနာပါနကမ္မဋ္ဌာန်းကို ဆက်လက်အားထုတ်လိုပါက အားထုတ်နိုင်သည်သာ ဖြစ်ပေသည်။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်ထားသော ပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍ အားထုတ်လိုပါက အားထုတ်နိုင်သည့် အခွင့်အလမ်း ပွင့်လန်းလျက် ရှိပါလျှင် ကျန်ကမ္မဋ္ဌာန်းများကို အားထုတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အာနာပါနကမ္မဋ္ဌာန်းကို ပြောင်း၍အားထုတ်လိုပါက အား ထုတ်နိုင်သည်သာ ဖြစ်ပေသည်။ သို့သော် ကမ္မဋ္ဌာန်းချင်း မရောယှက်မိဖို့ကား သတိပြုရမည်သာ ဖြစ်ပေသည်။ အချိန်ကန့်သတ်၍ တစ်ခုပြီးမှ တစ်ခု အားထုတ်နိုင်သည်သာ ဖြစ်သည်။

ရွှေလက်ထက်တော် အချိန်ကာလက ထင်ရှားကျော်ကြားတော်မူကြသည့် အသျှင်သာရိပုတ္တရာ အသျှင် မဟာမောဂ္ဂလ္လာန်စသော အဘိညာဏ်အရာ၌ ကျွမ်းကျင်တော်မူကြသည့် မထေရ်မြတ်ကြီးတို့ကား ကသိုဏ်း (၁၀)ပါးစသည့် ထိုထိုကမ္မဋ္ဌာန်းတို့၌ အလွန်ကျွမ်းကျင်လိမ္မာတော်မူကြသော မထေရ်မြတ်ကြီးများပင် ဖြစ်ကြ၏။ အကြောင်းမူ အဘိညာဏ်ဟူသည် ကသိုဏ်းကို အခြေခံရသောကြောင့် ဖြစ်၏။ ထိုမထေရ်မြတ်ကြီးတို့သည် လည်း အာနာပါနကို အားထုတ်တော်မူကြသေး၏။ ယင်း မဟာရာဟုလောဝါဒသုတ္တန်၌ပင်လျှင် အသျှင် သာရိ ပုတ္တရာ မထေရ်မြတ်ကြီးက အသျှင်ရာဟုလာအား အသျှင်ရာဟုလာ၏ တရားထိုင်နေပုံ ဣရိယာပုထ်ကို ကြည့်၍ ထိုင်နေပုံ ဣရိယာပုထ်မှာ အာနာပါနကမ္မဋ္ဌာန်းနှင့် သင့်လျော်သော ဣရိယာပုထ် ဖြစ်နေသဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရန် ညွှန်ကြားတော်မူကြောင်း လာရှိပေ၏။ တစ်ဖန် ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီး၌ လည်း အသျှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် အာနာပါနကမ္မဋ္ဌာန်းကျင့်စဉ်ကို အပြည့်စုံဆုံး အကျယ် ပြန့်ဆုံး ဟောကြားသွားတော်မူပေ၏။ ယင်းဟောကြားတော်မူချက်များကား အသျှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးသည် ကမ္မဋ္ဌာန်းကျင့်စဉ်အားလုံး၌ ကျွမ်းကျင်တော်မူကြောင်း ခိုင်လုံသော အထောက်အထားများပင် ဖြစ်ပေသည်။

သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးဖြစ်သော ရှေးရှေး ဘာဝနာသမာဓိတို့၏ အကူအညီ ကို ယူ၍ နောက်နောက်သော ဘာဝနာသမာဓိကို ထူထောင်ခြင်းသည် အပြစ်မရှိသည်သာ ဖြစ်သည်ဟု ယုံကြည် စိတ်ချစွာ မှတ်သားနာယူလေရာသည်။

ထပ်မံ မေးမြန်းဖွယ် အချက်တစ်ရပ်

ထပ်မံ မေးမြန်းဖွယ် အချက်တစ်ရပ်

ထိုသို့ ဓာတ်ကြီးလေးပါးမှ စ၍ ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စသည်တို့ဖြင့် စတုတ္ထ စျာန်သမာဓိသို့ ဆိုက်အောင် သမာဓိထူထောင်ပြီးသောအခါ ထိုသမာဓိမှ ထ၍ ဝင်သက်လေ ထွက်သက်လေ ထိမှုထင်ရှားရာဌာန၌ သတိဖြင့် ကပ်၍ ဝင်သက်လေ ထွက်သက်လေကိုသာ ရှုနေပါဟု ဆိုသဖြင့် အဋ္ဌကထာ ကြီးများ၌ (ဝိသုဒ္ဓိ၊၁၊၂၇၀။) ရေတွက်ခြင်း ဂဏနာနည်းမှ စ၍ အားထုတ်ရန် ညွှန်ကြားထားရကား ဤ၌ ရေတွက် ခြင်း ဂဏနာနည်းကို မရှုရတော့ပြီလောဟု မေးမြန်းဖွယ်ရာလည်း ရှိလာပြန်၏။

ကီဝစိရံ ပနေတံ ဂဏေတဗ္ဗန္တိ? ယာဝ ဝိနာ ဂဏနာယ အဿာသပဿာသာရမ္မဏေ သတိ သန္တိဋ္ဌတိ။ ဗဟိဝိသဋဝိတက္ကဝိစ္ဆေဒံ ကတွာ အဿာသပဿာသာရမ္မဏေ သတိ သဏ္ဌာပနတ္ထံယေဝ ဟိ ဂဏနာတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။ ပဋိသံ၊ဋ္ဌ၊၂၊၉၅။)

= အဘယ်မျှလောက် ကြာမြင့်အောင် ဤဝင်သက်လေ ထွက်သက်လေအပေါင်းကို ရေတွက်အပ်ပါသနည်း ဟူမူ ---- ရေတွက်ခြင်း ဂဏနာနည်းနှင့် ကင်း၍ = မရေတွက်ရတော့ဘဲ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိကောင်းစွာ တည်သည်တိုင်အောင် ရေတွက်ပါ။ အကြောင်းမူ ---- ဝင်သက်လေ ထွက်သက်လေ အာရုံမှ အပြင်အပအာရုံ၌ ပျံ့လွင့်နေသော ကြံစည်စိတ်ကူးမှု ဝိတက်ကို ဖြတ်တောက်ခြင်း ပယ်ဖျက်ခြင်းကို ပြု၍ ဝင်သက် လေ ထွက်သက်လေ အာရုံ၌ သတိကို ကောင်းစွာ တည်စေခြင်း အကျိုးငှာသာလျှင် ရေတွက်ခြင်း ဂဏနာ လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း ဖြစ်ပေသည်။ ထိုကြောင့် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိကောင်းစွာ တည်သည့်တိုင်အောင်သာ ရေတွက်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။ ပဋိသံ၊ဋ္ဌ၊၂၊၉၅။)

ဤအထက်ပါ အဋ္ဌကထာများ၏ မိန့်ဆိုတော်မူချက်အရ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိ ကောင်းစွာ တည်နေလျှင်ကား ရေတွက်ခြင်း ဂဏနာလုပ်ငန်းရပ်ကို ပြုလုပ်နေဖို့ရန် မလိုတော့ပေဟု မှတ်ပါ။

ဩဒါတကသိုဏ်း အာလောကကသိုဏ်း စသည်တို့ဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိ ထူ ထောင်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသမာဓိမှ ထ၍ ဝင်သက်လေ ထွက်သက်လေကို ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဌာနမှ စောင့်လျက် သတိဖြင့် ကပ်၍ရှုခဲ့သော် ဝင်သက်လေ ထွက်သက်လေ အာရုံပေါ်၌ သတိသည် လွယ်လွယ်ကူကူပင် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပါသည်။ ဉာဏ်ထက်မြက်သော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါမူ တစ်ထိုင်တည်းအတွင်းမှာပင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်လာတတ်ပါသည်။ နိမိတ်များအကြောင်းကို နောက်ပိုင်းတွင် ဆက်လက်၍ တင်ပြမည် ဖြစ်ပါသည်။ ဤ၌ကား ဝင်သက်လေ ထွက် သက်လေ အာရုံ၌ သတိမြဲနေကြောင်းကိုသာ ပြောဆိုလိုရင်း ဖြစ်ပါသည်။ ထိုသို့ သတိမြဲရခြင်း၏ အကြောင်း ရင်းနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ အချက်တစ်ရပ်ကို ထပ်မံ၍ တင်ပြအပ်ပါသည်။

သမာပတ်နှင့် ဝိပဿနာ

သမာပတ်နှင့် ဝိပဿနာ

ယဿ ဟိ သမာဓိပိ တရုဏော၊ ဝိပဿနာပိ။ တဿ ဝိပဿနံ ပဋ္ဌပေတွာ အတိစိရံ နိသိန္နဿ ကာယော ကိလမတိ၊ အန္တော အဂ္ဂိ ဝိယ ဥဋ္ဌဟတိ၊ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ မတ္ထကတော ဥသုမဝဋ္ဋိ ဝိယ ဥဋ္ဌဟတိ၊ စိတ္တံ ဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တံ ပရိဒမေတွာ မုဒုကံ ကတွာ သမဿာသေတွာ ပုန ဝိပဿနံ ပဋ္ဌပေတိ။ တဿ ပုန အတိစိရံ နိသိန္နဿ တထေဝ ဟောတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တထေဝ ကရောတိ။ ဝိပဿနာယ ဟိ ဗဟူပကာရာ သမာပတ္တိ။ ပ။

ကိဉ္စာပိ ဟိ သမာပတ္တိံ နိဿာယ ဝိပဿနံ ပဋ္ဌပေတိ၊ ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ။ ထာမဇာတံ ကရောတိ။ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)

= အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သမာဓိသည်လည်း နုနယ်နေသေး၏။ ဝိပဿနာဉာဏ်က လည်း နုနယ်နေသေး၏။ ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရ ပုဂ္ဂိုလ်၏ ကိုယ်သည် ပင်ပန်းနွမ်းနယ်လာ၏၊ ခန္ဓာကိုယ်အတွင်း၌ မီးကဲ့သို့ အပူဓာတ်များ ထတောက်နေ၏၊ လက်ကတီးကြားတို့မှ ချွေးသီးချွေးပေါက်တို့သည်လည်း ယိုထွက်လာကြကုန်၏၊ ဦးထိပ်ထက်မှ အပူခိုးလိပ်ကဲ့သို့ သော အပူဓာတ်ငွေ့များ ထလာ၏၊ စိတ်သည် ပင်ပန်းနေ၏၊ နွမ်းနယ်နေ၏၊ တုန်လှုပ်နေ၏။

ထိုယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် သမာပတ်ကို ဝင်စား၏။ ထိုကိုယ်ပင်ပန်းနွမ်းနယ်မှု စိတ်ပင်ပန်း နွမ်းနယ်မှုကို ငြိမ်းအောင် ဆုံးမပြုပြင်၍ နူးညံ့အောင် ပြုလုပ်လျက် သက်သာရာ ရစေ၍ တစ်ဖန် ဝိပဿနာ ဉာဏ်ကို ဖြစ်စေပြန်၏။ နောက်တစ်ကြိမ် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှု ရှေးနည်းတူ ဖြစ်လာပြန်၏။ နောက်ထပ်တစ်ဖန်လည်း ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် သမာပတ်ကို ဝင်စား၍ ရှေးနည်းတူပင်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအောင် ပြုလုပ်လျက် ဝိပဿနာဉာဏ်ကို ဖြစ်ပေါ်လာအောင် ပြုလုပ်၏။ ဤသို့လျှင် သမာပတ်သည် ဝိပဿနာအား လွန်စွာကျေးဇူးများလှပေသည်။ ပ ။ (မ၊ဋ္ဌ၊၁၊၃၈၇။)

လောကူပမာ ---- သစ်သားခံတပ်မည်သည်ကား စစ်သည်တော်အား လွန်စွာ ကျေးဇူးများလှ၏။ ထိုစစ် သည်တော်သည် ထိုသစ်သားခံတပ်ကို အမှီပြု၍ စစ်မြေပြင်သို့ ဝင်ရောက်သွား၏။ ထိုစစ်မြေပြင်၌ ဆင်တပ် မြင်းတပ် ခြေလျင်စစ်တပ်တို့နှင့် အတူတကွ စစ်ထိုးခြင်း အမှုကို ပြုလုပ်သည်ရှိသော် ရံခါ လက်နက်ခဲယမ်း မီးကျောက်များ ကုန်ဆုံးသွား၏၊ ရံခါ ဆာလောင်မွတ်သိပ်လာ၏။ ---- ဤသို့ စသော အကြောင်းတစ်ခုခု ပေါ်လာသော် စစ်မြေပြင်မှ နောက်သို့ ပြန်ဆုတ်ခဲ့၍ သစ်သားခံတပ်အတွင်းသို့ ဝင်ရောက်၍ လက်နက်တို့ကို လည်း ထပ်ယူ၏၊ အပန်းလည်း ဖြေ၏၊ စားလည်း စား၏၊ သောက်လည်း သောက်၏၊ ချပ်ဝတ်တန်ဆာကိုလည်း ထပ်မံဝတ်ဆင်၏၊ ပြုသင့်ပြုထိုက်ရာ ထိုထိုအမှုကို ပြုလုပ်ပြီးသော် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏။ ထို စစ်မြေပြင်၌ စစ်ထိုးခြင်းအမှုကို ပြုလုပ်ပြန်သော် ကျင်ကြီး ကျင်ငယ် နှိပ်စက်ခြင်းစသော အကြောင်းတစ်စုံ တစ်ရာ ရှိပြန်သော် သစ်သားခံတပ်အတွင်းသို့ တစ်ဖန်ပြန်၍ ဝင်ရောက်ပြန်၏။ ထိုခံတပ်အတွင်း၌ မိမိကိုယ် ကို ထောက်ပံ့ ခိုင်ခံ့စေပြီးနောက် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏။ ဤသို့လျှင် စစ်သည်တော်အား သစ် သားခံတပ်သည် အလွန် ကျေးဇူးများသကဲ့သို့ အလားတူပင် စျာန်သမာပတ်သည်လည်း ဝိပဿနာအား လွန်စွာ

သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ (မ၊၁၊ရဝ။)

= ထိုရဟန်းသည် သတိရှိသည်ဖြစ်၍သာလျှင် ဝင်သက်လေကို ဖြစ်စေ၏။ သတိရှိသည်ဖြစ်၍သာလျှင် ထွက်သက်လေကို ဖြစ်စေ၏ -- ဟူသော အာနာပါနကမ္မဋ္ဌာန်း ပြည်တည်ခန်း ပြီးစီးပြီး ဖြစ်ပေသည်။ အဋ္ဌကထာ ကြီးများ၏ သတ်မှတ်ချက်အရ ရေတွက်ခြင်း ဂဏနာနည်း အလုပ်စခန်း ပြီးစီးပြီ ဖြစ်သည်။ ဝင်သက်လေ ထွက် သက်လေ အာရုံ၌ သတိသည် ကပ်၍ တည်နေခဲ့သော် သတိမြဲခဲ့သော် ရေတွက်ခြင်း ဂဏနာလုပ်ငန်းရပ်လည်း ပြီးစီးပြီ ဖြစ်သောကြောင့်တည်း။ (ဝိသုဒ္ဓိ၊၁၊၂၇၂ - ကြည့်ပါ။)

ဤ၌ အာနာပါနကမ္မဋ္ဌာန်းပြည်တည်ခန်း ပြီးစီးပြီဟူ၍သာ ပြောဆိုခြင်း ဖြစ်သည်။ သတောကာရီ ဖြစ်ပြီ ဟူ၍ကား မဆိုလိုပါ။ သတောကာရီ အပြည့်အစုံ ဖြစ်ရေးမှာ အထက်တွင် ဖော်ပြခဲ့သော အာနာပါနစတုက္က (၄)မျိုးတို့တွင် ဝင်သက်လေ၌ (၄ _ ၄ = ၁၆)မျိုးသော အခြင်းအရာ, ထွက်သက်လေ၌ (၄ _ ၄ = ၁၆)မျိုးသော အခြင်းအရာဟူသော (၃၂)မျိုးသော အခြင်းအရာတို့ကို ပြည့်ပြည့်စုံစုံ အလုံးစုံ ရှုပွားနိုင်ပါမှ သတောကာရီ အပြည့်အစုံ ဖြစ်ပြီဟု မှတ်ပါ။ (ပဋိသံ၊၁၇၄ - ကြည့်ပါ။)

ထိုသို့ ဝင်သက်လေ ထွက်သက်လေ၌ သတိမြဲသောပုဂ္ဂိုလ်သည် အာနာပါနပထမစတုက္က လုပ်ငန်းခွင်ကို စတင်၍ အားသစ်နိုင်ပြီ ဖြစ်သည်။ အားထုတ်ပုံအပိုင်းကို နောက်တွင် ဖော်ပြပါမည်။ မဖော်ပြမီ အခြားအခြား သော ကမ္မဋ္ဌာန်းများဖြင့် ခိုင်ခံ့သော သမာဓိကို မထူထောင်ဖူးသော အာနာပါနကမ္မဋ္ဌာန်းကိုသာ စတင် အားထုတ် လိုသော ယောဂါဝစရပုဂ္ဂိုလ်များအတွက် သတိမြဲအောင် ရှုပွားပုံအပိုင်းကို ရှေးဦးစွာ ဆက်လက်၍ တင်ပြ အပ်ပါသည်။

စမ်းသပ်ကြည့်ပါ

စမ်းသပ်ကြည့်ပါ

အခြားအခြားသော ကမ္မဋ္ဌာန်းတို့ဖြင့် ထိထိမိမိ သမာဓိ မထူထောင်ထားဖူးသော စွမ်းအင်ပြည့်ဝစုံညီသော ဝိပဿနာဉာဏ်ကို မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုပါက ရှေးဦးစွာ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား၌ဖြစ်စေ သို့မဟုတ် အထက်နှုတ်ခမ်း၌ ဖြစ်စေ ထိနေသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာသတိကို ရှေးရှုတည်စေ၍ ဝင်သက်လေ ထွက်သက်လေကိုသာ စိုက်၍ ရှုနေပါ။ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲအောင် ဦးစွာ ကြိုးစား အားထုတ်ကြည့်ပါ။ အတိတ်ဘဝ ထိုထိုက အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးသော ပါရမီအရှိန်အဝါ ရှိသော သူတော်ကောင်းဖြစ်ခဲ့ပါမူ တစ်ထိုင် နှစ်ထိုင်ခန့် အတွင်းမှာပင် ဝင်သက်လေ ထွက်သက်လေအာရုံ၌ ဘာဝနာစိတ် သည် ငြိမ်ဝပ်စွာကပ်၍ တည်နေတတ်ပါသည်။ အကယ်၍ ဘာဝနာစိတ်သည် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ နာရီဝက် တစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော်, တစ်နည်း သတိသည် အာနာပါန ကမ္မဋ္ဌာန်းအာရုံ၌ ရှေးရှု ကပ်၍ တည်နေသော် အရှည်အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမစတုက္က၌ လာရှိသော နည်းလမ်း ကျင့်စဉ် အတိုင်း ဆက်လက်၍ တစ်ဆင့်ပြီး တစ်ဆင့် အားထုတ်ရမည် ဖြစ်ပါသည်။ အကြောင်းမူ ရေတွက်ခြင်း ဂဏနာနည်းကစ၍ အားထုတ်ခြင်းမှာ ဝင်သက်လေ ထွက်သက်လေအာရုံ၌ သတိမမြဲ သူတို့အတွက်သာ ဖြစ်ခြင်းကြောင့်တည်း။ သတိမြဲနေသူတို့ကား ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရန် မလိုကြောင်း ရှေးတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ အကယ်၍ ထိုသို့ ကြိုးစား အားထုတ်ကြည့်ရာ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ နှစ်ရက် သုံးရက် ကြာသော်လည်း ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ မတည်ပါမူ ဂဏနာနည်းကစ၍ အားထုတ်ရမည် ဖြစ်ပေသည်။

ပဉ္စသန္ဓိက = အဆစ်အပိုင်း ငါးရပ်

ပဉ္စသန္ဓိက = အဆစ်အပိုင်း ငါးရပ်

ဘုရားရှင်သည် ဤအာနာပါန ပထမစတုက္ကကို ကာယာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဟောကြား တော်မူခဲ့ပေသည်။ တစ်ဖန် ဤအာနာပါန ပထမစတုက္ကကိုပင် အာနာပါနကမ္မဋ္ဌာန်းကို စတင်အားသစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အတွက် သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်ပေသည်။ ကျန် စတုက္က သုံးမျိုးတို့ကိုကား ဤပထမ စတုက္က၌ ရထားပြီးသော စျာန်ရှိသော, စျာန်ကို ရထားပြီးသော ယောဂါဝစရပုဂ္ဂိုလ် အတွက် ဝေဒနာနုပဿနာ, စိတ္တာနုပဿနာ, ဓမ္မာနုပဿနာတို့၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်ကုန်၏။ ထိုကြောင့် ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်၍ အာနာပါနစတုတ္ထစျာန်လျှင် အနီးကပ်ဆုံးသော အကြောင်းရင်း ပဒဋ္ဌာန်ရှိသော ဝိပဿနာဉာဏ်ဖြင့် ပဋိသမိ႓ဒါလေးပါးတို့နှင့် အတူတကွ အရဟတ္တဖိုလ်သို့ ရောက် ရှိလိုသော အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် သီလကို စင်ကြယ်အောင် သုတ်သင်ခြင်းစသော လုပ်ငန်း ကိစ္စအားလုံးကို ပြီးစီးအောင် ဆောင်ရွက်ပြုလုပ်၍ ဆရာသမား၏အထံ၌ အဆစ်အပိုင်း ငါးရပ်ရှိသော အာနာပါန ကမ္မဋ္ဌာန်းကို သင်ယူအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

၁။ ဥဂ္ဂဟ ---- ကမ္မဋ္ဌာန်းကျမ်းကို ပါဠိသက်သက်အားဖြင့် သင်ယူခြင်းသည် ဥဂ္ဂဟ မည်၏။ တစ်နည်း ကမ္မဋ္ဌာန်း ကို ပါဠိနှင့် အနက်အားဖြင့် သင်ယူခြင်းသည် ဥဂ္ဂဟ မည်၏။

၂။ ပရိပုစ္ဆာ ---- ကမ္မဋ္ဌာန်းကျမ်း၏ အနက်အဓိပ္ပါယ်ကို သင်ယူခြင်း ဆွေးနွေးမေးမြန်းခြင်း ဆေးကြော သုတ်သင်ခြင်းသည် ပရိပုစ္ဆာ မည်၏။ တစ်နည်း ကမ္မဋ္ဌာန်း၌ သံသယမကင်းသော အချက်အလက်များကို ဆေးကြောသုတ်သင်ခြင်း မေးမြန်းခြင်းသည် ပရိပုစ္ဆာ မည်၏။

၃။ ဥပဋ္ဌာန ---- ဤသို့လျှင် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဤအရာ၌ ဤကဲ့သို့သော နိမိတ်သည် ထင်လာတတ်၏ဟု နိမိတ်ထင်ခြင်းကို မှတ်သားခြင်းသည် ဥပဋ္ဌာန မည်၏။

၄။ အပ္ပနာ ---- ဤသို့ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဤသို့သော စျာန်သည် ကျရောက်ဖြစ်ပေါ်လာ၏၊ ဤသို့ အပ္ပနာစျာန်သို့ ဆိုက်သွား၏ဟု အာနာပါနစျာန် ကျရောက်လာပုံ ဖြစ်ပေါ်လာပုံ အခြင်းအရာကို မှတ်သားခြင်းသည် အပ္ပနာ မည်၏။

၅။ လက္ခဏာ ---- ရေတွက်ခြင်း = ဂဏနာနည်း, အစဉ်လိုက်ခြင်း = အနုဗန္ဓနာနည်း, အာနာပါန ထိမှု- ထင်ရှားရာ နေရာ၌ ဝင်သက်လေ ထွက်သက်လေကို ရှုခြင်း = ဖုသနာနည်းတို့၏ အစွမ်းဖြင့် အာနာပါန ဘာဝနာကို လုံ့လကြိုးကုတ် အားထုတ်စေခဲ့သည်ရှိသော် ဝင်သက်လေ ထွက်သက်လေ အာရုံ၌ တစ်နည်း ဝင်သက်လေ ထွက်သက်လေကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ကြည်လင်တောက်ပနေသော အာနာ ပါန ပဋိဘာဂနိမိတ်အာရုံ၌ အာနာပါနဿတိနှင့် ယှဉ်တွဲလျက် ရှိသော အာနာပါနဘာဝနာစိတ်ကို ငြိမ် ဝပ်စွာ ကပ်၍ တည်တံ့အောင် ထားနိုင်ခြင်းကြောင့် ဌပနာ အမည်ရသော အပ္ပနာစျာန်နှင့် ပြည့်စုံခြင်း သဘောလက္ခဏာ, ထိုအာနာပါနစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ တစ်ဖန် ဝိပဿနာသို့ ကူးခဲ့ သော် အကြောင်းတရားနှင့် တကွသော အဿာသ ပဿာသ ကာယ, ရူပကာယ, နာမကာယဟူသော သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ကောင်းစွာ ပိုင်းခြားမှတ်သားတတ် ရှုပွားတတ် သောကြောင့် သလ္လက္ခဏာ အမည်ရသော ဝိပဿနာဉာဏ် စသည်တို့၏ အစွမ်းဖြင့် အရဟတ္တဖိုလ်ဟူသော အထွတ်အထိပ်သို့ ဆိုက်ရောက်ပုံ သဘောလက္ခဏာ ဤသို့စသော အာနာပါနကမ္မဋ္ဌာန်း၏ သဘော လက္ခဏာတို့ကို ကောင်းစွာ ပိုင်းခြား မှတ်သားခြင်းသည် သလ္လက္ခဏာ မည်၏။

ဤကား အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်တို့ ရှေးဦးစွာ ကြိုတင် သင်ယူထားသင့်သော ပဉ္စသန္ဓိက အမည်ရသော အဆစ်အပိုင်းကြီး ငါးရပ် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။ မဟာဋီ၊၁၊၃၂၇။)

ဤဆိုအပ်ခဲ့ပြီးသော ငါးမျိုးသော အဆစ်အပိုင်းရှိသော အာနာပါနကမ္မဋ္ဌာန်းကို သင်ယူသော ယောဂါဝစရ ပုဂ္ဂိုလ်သည် မိမိသည်လည်း မပင်ပန်း, ဆရာသမားကိုလည်း ညှဉ်းဆဲသည် မမည်တော့ပေ။ ထိုကြောင့် ဆရာ သမားထံ၌ ဤအာနာပါနကမ္မဋ္ဌာန်းကို အတန်ငယ် အတန်ငယ် သင်စေ၍ ကျေညက်အောင် ရွတ်ဖတ် သရဇ္ဈာယ် ခြင်းကို ခပ်များများပြု၍ ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ငါးမျိုးသော အဆစ်အပိုင်းရှိသော ဤအာနာပါန ကမ္မဋ္ဌာန်းကို သင်ယူ၍ ဆရာသမား၏အထံ၌လည်းကောင်း အခြားတစ်နေရာ၌လည်းကောင်း ကမ္မဋ္ဌာန်း အား ထုတ်ရန် သင့်တင့်လျောက်ပတ်သော ----

၁။ တောအရပ်,

၂။ သစ်ပင်ရင်း,

၃။ ဆိတ်ငြိမ်ရာနေရာ ----

ဟူသော တစ်မျိုးမျိုးသော ကျောင်းအိပ်ရာနေရာ၌ နေထိုင်လျက် ပလိဗောဓကြောင့်ကြကြီးငယ် အသွယ် သွယ်တို့ကို ဖြတ်တောက်ပြီးလျှင် ဆွမ်းစားခြင်းကိစ္စ ပြီးစီးလတ်သော် ဆွမ်းကြောင့်ဖြစ်ပေါ်လာသော ပင်ပန်း နွမ်းနယ်မှု ဆွမ်းဆီယစ်ခြင်းကို လက်ျာနံတောင်းစောင်းလျက် အတန်ငယ် အိပ်စက်ခြင်းဖြင့် ပယ်ဖျောက်ပြီးလျှင် ချမ်းသာစွာ ထိုင်လျက် ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အဖန်ဖန် အောက်မေ့ခြင်းဖြင့် ဂုဏ် တော်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ခြင်းဖြင့် စိတ်ကို ကောင်းစွာ ရွှင်လန်းတက်ကြွစေလျက် ဆရာသမားအထံမှ သင်ယူအပ်တိုင်းသော သင်ယူခဲ့သော အလုံးစုံသော ကမ္မဋ္ဌာန်းအစီအရင်မှ တစ်ပုဒ်တစ်လေမျှကိုသော်လည်းပဲ မတွေဝေစေဘဲ မမေ့ပျောက်စေဘဲ ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀၊၊)

နှလုံးသွင်းပုံ အစီအစဉ်

နှလုံးသွင်းပုံ အစီအစဉ်

ဂဏနာ အနုဗန္ဓနာ၊ ဖုသနာ ဌပနာ သလ္လက္ခဏာ။

ဝိဝဋ္ဋနာ ပါရိသုဒ္ဓိ၊ တေသဉ္စ ပဋိပဿနာ။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

၁။ ဂဏနာ ---- ဝင်သက်လေ ထွက်သက်လေတို့ကို ရေတွက်ခြင်းသည် ဂဏနာ မည်၏။

၂။ အနုဗန္ဓနာ ---- ထိမှုထင်ရှားရာ နေရာမှ စောင့်၍ ဝင်သက်လေ ထွက်သက်လေတို့ကို အစဉ်လိုက်ခြင်း အားဖြင့် သတိကို ဆောင်ခြင်း, သတိ၏ အကြားအလပ် မရှိအောင် တစ်ဆက်တည်း အဆင့်ဆင့် ဖြစ်နေ ခြင်းသည် အနုဗန္ဓနာ မည်၏။

၃။ ဖုသနာ ---- နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဟူသော ဌာနကို ဝင်သက်လေ ထွက်သက်လေ တို့၏ ထိပါးခြင်းသည် ဖုသနာ မည်၏။

၄။ ဌပနာ ---- အပ္ပနာစျာန်သို့ သက်ဝင်တည်ခြင်းသည် ဌပနာ မည်၏။ အပ္ပနာစျာန်သည် အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ကောင်းစွာ တည်အောင် ထားတတ်သောကြောင့် ဌပနာ မည်ပေသည်။

၅။ သလ္လက္ခဏာ ---- အကြောင်းတရားနှင့် တကွသော အဿာသပဿာသကာယ, ကရဇကာယ, နာမကာယ ဟူသော သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာကို ကောင်းစွာ ပိုင်းခြား မှတ်သားတတ် သောကြောင့် ဝိပဿနာဉာဏ်သည် သလ္လက္ခဏာ မည်၏။

၆။ ဝိဝဋ္ဋနာ ---- အကြောင်းတရားများ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားများ ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒိန္နကပဝတ္တမှလည်းကောင်း, သင်္ခါရတရားတို့မှလည်းကောင်း ထမြောက်လျက် အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်ဘက်သို့ အရိယမဂ်တရားသည် တစ်ဟုန်တည်း ပြေးဝင်သွား၏။ ထိုသို့ ပြေးဝင်သွားသော အခါ အရိယမဂ်ဉာဏ်သည် အဝိဇ္ဇာ-တဏှာ-ဥပါဒါန် စသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားများကို အဆင့်ဆင့် ပယ်သတ်လိုက်၏၊ အရဟတ္တမဂ်ဆိုက်သောအခါ အကြောင်းတရားတို့သည်လည်း နောင် တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားကြ၏။ အကြောင်း တရားများ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကြောင်းတရား ထင်ရှားရှိပါမှ ဖြစ်ပေါ်နိုင်သော စွမ်းအားရှိသော အကျိုးတရားစုတို့သည်လည်း ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် ဖြစ်ခွင့် မရှိတော့သဖြင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟူသော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း၍ သွားကြ၏။ ထိုကြောင့် အရိယမဂ်တရားသည် ဥပါဒိန္နကပဝတ္တနှင့် သင်္ခါရနိမိတ်မှ ရုပ်နာမ်သန္တာန်အစဉ်ကို နစ်မြုပ်စေသောကြောင့် သံသရာစက်ရဟတ် လည်ပတ်မှုကို ရပ်တန့်စေတတ်သောကြောင့် ဝိဝဋ္ဋနာ မည်၏။

၇။ ပါရိသုဒ္ဓိ ---- အလုံးစုံသော ကိလေသာ အညစ်အကြေးဟူသမျှကို အငြိမ်းကြီး ငြိမ်းအောင် ငြိမ်းအေးစေ တတ်သော သဘောသတ္တိ ထင်ရှားရှိခြင်းကြောင့် အခြင်းခပ်သိမ်း စင်ကြယ်ရကား အရိယဖိုလ်သည် ပါရိ သုဒ္ဓိ မည်၏။

၈။ ပဋိပဿနာ ---- မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်, ပယ်ပြီးကိလေသာ, မပယ်ရသေးသော ကိလေသာတို့ကို အသီးအသီး ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်သည် ပဋိပဿနာ မည်၏။ ဤကား အာနာပါနဿတိ ကမ္မဋ္ဌာန်းကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးသွင်းရမည့် အစီအစဉ်ပင် ဖြစ်သည်။

ဂဏနာ = ရေတွက်နည်း

ဂဏနာ = ရေတွက်နည်း

ထိုရှစ်မျိုးသော အာနာပါနဿတိကမ္မဋ္ဌာန်း လုပ်ငန်းခွင် အစီအစဉ်တို့တွင် ဤအာနာပါန ကမ္မဋ္ဌာန်းကို စတင်အားသစ်လိုသော အားထုတ်စ အာဒိကမ္မိက အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် ရေတွက်ခြင်း ဂဏနာနည်းဖြင့် ဤအာနာပါနကမ္မဋ္ဌာန်းကို စတင်၍ နှလုံးသွင်းပါ။

ဂဏေန္တေန စ ပဉ္စန္နံ ဟေဋ္ဌာ န ဌပေတဗ္ဗံ။ ဒသန္နံ ဥပရိ န နေတဗ္ဗံ။ အန္တရာ ခဏ္ဍံ န ဒေဿတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

ဝင်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငါးခုကုန်သော ဝင်သက်လေ-ထွက်သက်လေတို့၏ အောက်၌ မတည်စေအပ်၊ ငါးခုအောက် လျော့၍ မရေတွက်အပ်။ ဆယ်ခုကုန်သော ဝင်သက်လေ-ထွက်သက်လေတို့၏ အထက်၌ မဆောင်အပ်၊ ဆယ်ခုထက်လည်း ပို၍ မရေတွက်အပ်။ တစ်-သုံး-ငါး - ဤသို့ စသည်ဖြင့် အကြားအကြား၌ ရေတွက်ခြင်း ပြတ်သည်ကို မပြအပ်။ တစ်နည်းဆိုသော် နှစ်ရက် သုံးရက်အတွင်း၌ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုသေးဘဲ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိ မြဲအောင် ကြိုးစားကြည့်ပါ။ နှစ်ရက် သုံးရက် အတွင်း၌ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲခဲ့သော် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုတော့ဘဲ အရှည်-အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမ အာနာပါနစတုက္က အစီအရင်အတိုင်း ကြိုးစားပါ။ အကယ်၍ နှစ်ရက် သုံးရက် အတွင်း၌ ဝင်သက်လေ ထွက်သက် လေ အာရုံ၌ သတိက မကပ်ဘဲ ရှေးရှုမတည်ဘဲ ရှိနေခဲ့သော် တစ်ဖန် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုပါ။ ထိုသို့ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရာ နှလုံးသွင်းရာ၌ အကြားအကြား၌ ပြတ်တောက်ခြင်း မရှိစေရ။

အကြောင်းကား ဤသို့တည်း။ ငါးခုကုန်သော ဝင်သက်လေ-ထွက်သက်လေတို့၏ အောက်၌ ရေတွက်ခြင်း ကို တည်စေသော, ငါးခုအောက် ယုတ်လျော့၍ ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကျဉ်းမြောင်း သော ရေတွက်ခြင်း အစီအရင်ဟူသော အရာဌာန၌ စိတ်၏ဖြစ်ခြင်းသည် တုန်လှုပ်၏၊ ကျဉ်းမြောင်းသော နွားခြံ၌ ပိတ်လှောင်ခံရသော နွားအပေါင်းကဲ့သို့ တုန်လှုပ်နေတတ်၏။ တစ်ဖန် ဆယ်ခုကုန်သော ဝင်သက်လေ-ထွက် သက်လေတို့၏ အထက်၌ ရေတွက်ခြင်း ဂဏနာနည်းကို ဆောင်နေသော ဆယ်ခုထက် ပို၍ ရေတွက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဖြစ်ခြင်းသည်လည်း ရေတွက်ခြင်း သင်္ချာကိုသာလျှင် မှီ၍ ဖြစ်နေတတ်၏၊ ဝင်သက် လေ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ် မဖြစ်တော့ဘဲ ရေတွက်ခြင်း သင်္ချာနောက်သို့သာ အစဉ်လိုက်၍ စိတ်ဖြစ်နေတတ်၏။ အကြားအကြား၌ ရေတွက်ခြင်း ကျိုးမှု ပေါက်မှု ပြတ်မှုကို ဖော်ပြနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ---- ငါ၏ ကမ္မဋ္ဌာန်းသည် ဆုံးခန်းတိုင်အောင် အထွတ်အထိပ်သို့ ရောက်သည် ဖြစ်ပါ အံ့လော၊ မဖြစ်ပါအံ့လောဟု စိတ်သည် တုန်လှုပ်နေတတ်၏။ ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော ငါးခုအောက် ယုတ်လျော့၍ ရေတွက်ခြင်း, ဆယ်ခုထက်ပို၍ ရေတွက်ခြင်း, အကြားအကြား၌ ရေတွက်မှု ကျိုးပြတ်ခြင်းတည်း ဟူသော သုံးမျိုးသော အပြစ်တို့ကို ရှောင်ကြဉ်၍ ရေတွက်အပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

စပါးခြင်သမား ရေတွက်နည်း

စပါးခြင်သမား ရေတွက်နည်း

ဝင်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ နှေးနှေးရေတွက်ခြင်း ဟူသော စပါးခြင်သမား၏ ရေတွက်နည်းဖြင့် ရေတွက်အပ်၏။ စပါးခြင်သော သူသည် ရှေးဦးစွာ တင်းကို စပါး ပြည့်အောင် ထည့်၍ တစ်ဟု ဆို၍ လောင်းလိုက်၏။ လောင်းပြီးလျှင် နောက်ထပ် တစ်ဖန် လောင်းအံ့ဟူသော ရည်ရွယ်ချက်ဖြင့် တင်းကို စပါးပြည့်အောင် ထည့်ပြီးသော် ထိုဒုတိယလောင်းမည့် တင်း၌ အမှိုက်ကို မြင်၍ ထို အမှိုက်ကို ရွေးကောက်၍ ပစ်စွန့်သော်လည်း ရေတွက်မှု အလျဉ်မပြတ်စေမူ၍ ထိုပထမတင်းကိုသာ စိတ်က မှတ်၍ ဒုတိယတင်း မလောင်းမီ တစ်-တစ်ဟုသာ နှုတ်မဆိတ်ဆိုကာ ရေတွက်၏။ ထိုနောင်မှ ဒုတိယတင်းကို ရှေးပထမတင်းနှင့် ပေါင်း၍ နှစ်ဟု ဆို၍ လောင်း၏။ ဤ၌လည်း ရှေးနည်းအတူ တတိယတင်း မလောင်းမီ အကြားကာလပတ်လုံး နှစ်-နှစ်ဟု ရေတွက်မှု အလျင်မပြတ်အောင် နှုတ်မဆိတ်ဆိုကာ ရေတွက်၏ ---- ဤသို့ စသော ရေတွက်နည်းကို ဓညမာပက ဂဏန = စပါးခြင်သူ၏ ရေတွက်နည်းဟု ခေါ်၏။

ဤဥပမာ အတူပင်လျှင် ဤယောဂါဝစရ ရဟန်းတော်သည်လည်း - ဝင်သက်လေ ထွက်သက်လေတို့တွင်

၁။ ဝင်သက်လေ ထင်ရှားအံ့၊ ဝင်သက်လေကို ယူ၍

၂။ ထွက်သက်လေ ထင်ရှားအံ့၊ ထွက်သက်လေကို ယူ၍

၃။ ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံး ထင်ရှားအံ့၊ ဝင်သက်လေ-ထွက်သက်လေနှစ်မျိုးလုံးကိုယူ၍ --

တစ်-တစ် ဤသို့စသည်ဖြင့် ရေတွက်ခြင်းကို ပြု၍ ဆယ်ခု ဆယ်ခု တိုင်အောင် ဖြစ်တိုင်း ဖြစ်တိုင်းသော ဝင်သက်လေ သို့မဟုတ် ထွက်သက်လေ သို့မဟုတ် ဝင်သက်လေ ထွက်သက်လေကို မှတ်သား၍သာလျှင် ရေတွက်ပါ။ ဤဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်အား ထွက်သည်လည်း ဖြစ် ကုန်သော ဝင်သည်လည်း ဖြစ်ကုန်သော ဝင်သက်လေ-ထွက်သက်လေတို့သည် ထင်ရှားလာကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုး တို့တွင် ဝင်သက်လေ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ထင်ရှားသော ဝင်သက်လေကို ယူ၍ ထွက်သက်လေ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ထွက်သက်လေကို ယူ၍ ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံး ထင် ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံးကိုယူ၍ - ဒုတိယ ဝင်သက်လေ, သို့မဟုတ် ထွက်သက်လေ, သို့မဟုတ် ဝင်သက်လေ-ထွက်သက်လေ မလာမီ ပထမ ဝင်သက်လေ, သို့မဟုတ် ထွက်သက်လေ, သို့မဟုတ် ဝင်သက်လေ-ထွက်သက်လေကို တစ်-တစ်ဟုသာ ရေတွက်ရမည်။ နှစ်-နှစ် စသည် ရေတွက်ရာ၌လည်း နည်းတူမှတ်ပါ။ ဤတွင် ပုံစံအဖြစ် ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုး ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်၏ (၈)တိုင်အောင် ရေတွက်ပုံ နည်းစနစ်တစ်ခုကို ဖော်ပြအပ်ပါသည်။

၁။ ဝင်သက်လေ-ထွက်သက်လေ ---- တစ်-တစ်-တစ် ...

၂။ ဝင်သက်လေ-ထွက်သက်လေ ---- နှစ်-နှစ်-နှစ် ...

၃။ ဝင်သက်လေ-ထွက်သက်လေ ---- သုံး-သုံး-သုံး ...

၄။ ဝင်သက်လေ-ထွက်သက်လေ ---- လေး-လေး-လေး ...

၅။ ဝင်သက်လေ-ထွက်သက်လေ ---- ငါး-ငါး-ငါး ...

၆။ ဝင်သက်လေ-ထွက်သက်လေ ---- ခြောက်-ခြောက်-ခြောက် ...

၇။ ဝင်သက်လေ-ထွက်သက်လေ ---- ခုနစ်-ခုနစ်-ခုနစ် ...

၈။ ဝင်သက်လေ-ထွက်သက်လေ ---- ရှစ်-ရှစ်-ရှစ် ...

ဤနည်းအတိုင်း ရှစ်-သို့ ရောက်သော် တစ်မှ တစ်ဖန် ပြန်၍ ရေတွက်ပါ။ တစ်ဆယ်အထိ ရေတွက် လိုကလည်း ရေတွက်နိုင်ပါသည်။ ဖြစ်တိုင်း ဖြစ်တိုင်းသော ဝင်သက်လေ-ထွက်သက်လေ၌ အကျိုးအပြတ် မရှိ အောင် ဆက်တိုက် ရေတွက်ရမည် ဖြစ်သည်။

ဤနည်းကိုကား သားငယ် သ္မီးငယ် မြေသို့ လဲကျလျှင် အသည်းကျင်နာသော မိဘသည် ဖွဖွ - ထ ဟု အလျင်အမြန် မန္တန်မန်းသကဲ့သို့ မဟုတ်၊ ငွေမှုတ်သော ပွဲမင်းသည် ဖိုထိုးခြင်း ကြိယာ၌ လိမ္မာ၍ ရှည်စွာသော လေထွက်အောင် သက်သက်သာသာ ရှည်စွာ ဖိုကို ထိုးသကဲ့သို့ အကျိုး၌ လိမ္မာသော ယောဂါဝစရရဟန်းသည် ဖွားစသူငယ်တို့၌ အစစွာဖြစ်သော ထွက်သက်လေဖြစ်စဉ်ကို စ၍ မဆင်ခြင်ဘဲ ပြုပြင်၍ ဖြစ်စေအပ်သော ဝင်သက်လေဖြစ်စဉ်ကို အစစွာ မှတ်သား၍ စပါးခြင်သော တည်သည်နည်း ဖြည်းဖြည်းသက်သက် ဝင်ထွက် စေ၍ စေ့ငုအောင် ဖြည်းဖြည်းရေတွက်သောကြောင့် ဒန္ဓဂဏန ဓညမာပကဂဏန = နှေးနှေးရေတွက်ခြင်း = စပါးခြင်သူ၏ ရေတွက်ခြင်းဟု ခေါ်ဆိုသည် မှတ်ပါ။

အဿာသပဿာသေသု ယော ဥပဋ္ဌာတိ၊ တံ ဂဟေတွာတိ ဣဒံ အဿာသပဿာသေသု ယဿ ဧကောဝ ပဌမံ ဥပဋ္ဌာတိ၊ တံ သန္ဓာယ ဝုတ္တံ၊ ယဿ ပန ဥဘောပိ ဥပဋ္ဌဟန္တိ၊ တေန ဥဘယမ္ပိ ဂဟေတွာ ဂဏေတဗ္ဗံ။ (မဟာဋီ၊၁၊၃၂၈။)

= ဝင်သက်လေ-ထွက်သက်လေတို့တွင် ထင်ရှားရာ လေကိုယူ၍ ရေတွက်ပါဟု အဋ္ဌကထာ မိန့်ဆိုသော စကားကိုလည်း ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးတို့တွင် ရှေးဦးစွာ တစ်မျိုးထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ် ကို ရည်ရွယ်တော်မူ၍ မိန့်ဆိုခြင်းဖြစ်သည်။ အကြင်ယောဂါဝစရပုဂ္ဂိုလ်အား ဝင်သက်လေ-ထွက်သက်လေ နှစ်မျိုးလုံး ထင်ရှားအံ့၊ ထိုသူသည် နှစ်မျိုးလုံးကိုယူ၍ ရေတွက်သင့်၏။ ယော ဥပဋ္ဌာတိ = ထင်ရှားရာလေဟု ဆိုသဖြင့် နှာဝ နှာခေါင်းပေါက် နှစ်ခုမှထွက်သော နှစ်မျိုးသော လေတို့တွင် အကြင် နှာဝ နှာခေါင်းပေါက်မှ ထွက်သော လေသည် အလွန်ထင်ထင်ရှားရှား ထင်လာ၏၊ ထိုလေကို ယူသင့်၏၊ ထိုလေကို ယူ၍ ရေတွက်သင့်၏၊ ထိုလေကိုယူ၍ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သင့်၏ဟူသော အနက်သဘောကိုလည်း ယင်းစကားရပ်က ဖော်ပြအပ်သည်ဟု မှတ်ပါ။ (ပြည်၊၂၊၂၃၉ - ကြည့်။)

ရှေးဦးစွာ ဝင်သက်လေ-ထွက်သက်လေနှစ်မျိုးတို့တွင် တစ်ခုခုသာလျှင် ထင်သော်လည်း ဆိုအပ်ခဲ့ပြီးသော နည်းအားဖြင့် မှတ်သား၍သာလျှင် ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်အား အစဉ်သဖြင့် ဝင်သက်လေ-ထွက် သက်လေ နှစ်မျိုးလုံးတို့သည်လည်း ထင်ရှားလာသည်သာ ဖြစ်ကုန်၏။ ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းကြောင့် ဝင်သက်လေ-ထွက်သက်လေ အာရုံမှ တစ်ပါးသော အပြင်အပ ဗဟိဒ္ဓ အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု မရှိ တော့သောကြောင့်ပင် ဖြစ်၏။ (မဟာဋီ၊၁၊၃၂၈။)

နွားကျောင်းသား ရေတွက်နည်း

နွားကျောင်းသား ရေတွက်နည်း

ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနဿတိကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စ နှလုံးသွင်းစ၌ ရေတွက်ခြင်း ဂဏနာနည်းဖြင့် နှေးနှေးကွေးကွေး ရေတွက်၍ အားထုတ်စ၌ စိတ်၏ သန့်ရှင်းမှု မရှိသေးသည့် အတွက်ကြောင့် သိမ်မွေ့နူးညံ့သော ဝင်သက်လေ-ထွက်သက်လေတို့သည် မထင်မရှား ဖြစ်နေသေး၏။ နောက်ပိုင်းကာလ၌ စိတ် ၏ နီဝရဏအညစ်အကြေးများ သန့်ရှင်းလာသောအခါ ဝင်သက်လေ-ထွက်သက်လေတို့ကား ထင်ရှားလာကြ ကုန်၏။ ထိုသို့ ဝင်သက်လေ-ထွက်သက်လေတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်ရှားလာကြကုန်သော အခါ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဖြေးဖြေးနှေးနှေး ရေတွက်ခြင်းဟူသော စပါးခြင်သမား၏ ရေတွက်နည်းကို ပယ်စွန့်လိုက်၍ လျင်လျင်မြန်မြန် ရေတွက်ခြင်းဟူသော နွားကျောင်းသား ရေတွက်နည်းဖြင့် ရေတွက်အပ်ပေသည်။

လိမ္မာကျွမ်းကျင်သော နွားကျောင်းသားသည် ကျောက်စရစ် စသည်တို့ကို ခါးပိုက်ဖြင့် ယူဆောင်၍ ကြိုးနှင်တံ (= ကြာပွတ်) လက်စွဲလျက် စောစောစီးစီးကပင်လျှင် နွားခြံသို့ သွား၍ နွားတို့ကို ကျောက်ကုန်း၌ ပုတ်ခတ်၍ နွားခြံဝ တံခါးကျည်ကို လျှိုရာလှည့်ရာတိုင်၏ အထက်၌ နေလျက် ခြံတံခါးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော နွားကိုသာလျှင် တစ်-နှစ် ဤသို့ စသည်ဖြင့် ဆို၍ ကျောက်ခဲကို ပစ်၍ ပစ်၍ ရေတွက်၏။ ညဉ့်သုံးယာမ်ပတ်လုံး ကျဉ်းမြောင်းသော နေရာ၌ ဆင်းဆင်းရဲရဲ နေထိုင်ရသော နွားအပေါင်းသည် နွားခြံမှ ထွက်လတ် ထွက်လတ်သော် အချင်းချင်း တိုးဝှေ့ထိပါးလျက် ခပ်မြန်မြန် အစုလိုက် အပြုံလိုက်ဖြစ်၍ ထွက်လာ၏။ ထိုနွားကျောင်းသားသည် ခပ်မြန်မြန်ပင် - ၁-၂-၃-၄-၅။ ပ ။ ၁၀-ဟု ရေတွက်၏။

ဤဥပမာအတူပင်လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေတို့ကို ခပ်မြန်မြန် ရေ တွက်အပ်၏။ ရှေးဖြစ်သော နှေးနှေးရေတွက်သော စပါးခြင်သမား ရေတွက်နည်းဖြင့် သို့မဟုတ် ရှေးဖြစ်သော ခပ်မြန်မြန် ရေတွက်ရသော နွားကျောင်းသား ရေတွက်နည်းဖြင့် ဝင်သက်လေ-ထွက်သက်လေကို ရေတွက်၍ နေသော ဤယောဂါဝစရ ရဟန်းအားလည်း ဝင်သက်လေ-ထွက်သက်လေတို့သည် ထင်ရှားကုန်သည်ဖြစ်၍ လျင်လျင်မြန်မြန် အဖန်တလဲလဲ ဖြစ်ပေါ်၍ လာကြကုန်၏။ ထိုနောင် ဤယောဂါဝစရ ရဟန်းတော်သည် ဤ ဝင်သက်လေ-ထွက်သက်လေတို့သည် လျင်လျင်မြန်မြန် အဖန်တလဲလဲ ဖြစ်ပေါ်နေကြကုန်၏ဟုသိ၍ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၏ အတွင်း၌လည်းကောင်း အပြင်၌လည်းကောင်း ဖြစ်ပေါ်နေသော ဝင်သက်လေ-ထွက်သက်လေကို အာရုံ မယူမူ၍ နှာခေါင်းဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော ဝင်သက်လေ-ထွက် သက်လေကိုသာလျှင် အာရုံယူ၍

တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ဟူ၍လည်းကောင်း,

တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ခုနစ်-ဟူ၍လည်းကောင်း,

တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ခုနစ်-ရှစ်-ဟူ၍လည်းကောင်း,

တစ်-နှစ်-သုံး-လေး-ငါး-ခြောက်-ခုနစ်-ရှစ်-ကိုး-တစ်ဆယ်-ဟူ၍လည်းကောင်း ----

လျင်လျင်မြန်မြန် ရေတွက်ရမည်သာလျှင် ဖြစ်ပေသည်။

မှန်ပေသည် ---- ရေတွက်ခြင်းနှင့် ဆက်စပ်နေသော အာနာပါနကမ္မဋ္ဌာန်း၌ ရေတွက်ခြင်း၏ စွမ်းအား ကြောင့်သာလျှင် စိတ်သည် တည်ကြည်လာ၏။ ထိုးဝါး၏ ထောက်ပံ့ခြင်း၏ စွမ်းအားကြောင့် ရေစီး အလွန် သန်၍ ကြမ်းတမ်းသော ရေအယဉ်၌ လှေကို ရပ်တန့်ထားနိုင်သကဲ့သို့ မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ဘာဝနာပြည့်စုံအောင် ကျင့်နည်း

ဘာဝနာပြည့်စုံအောင် ကျင့်နည်း

ဤသို့လျှင် လျင်လျင်မြန်မြန် ရေတွက်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ဝင်သက်လေ-ထွက်သက်လေ ဟူသော အာနာပါနဿတိကမ္မဋ္ဌာန်းသည် အဆက်မပြတ် ဖြစ်နေသကဲ့သို့ ထင်လာ၏။

[မှတ်ချက် ---- ဤ၌ အဆက်မပြတ် ဖြစ်နေသည်ဟု မဆိုဘဲ အဆက်မပြတ်ဖြစ်နေသကဲ့သို့ဟု ဆိုခြင်းမှာ မုချအားဖြင့် အဆက်မပြတ်ဖြစ်ခြင်းဟူသည် ဌပနာအမည်ရသော အပ္ပနာစျာန်ဝီထိများ အတွင်း၌သာလျှင် ဖြစ်နိုင်သောကြောင့် ဆိုခြင်းဖြစ်သည်။ ဤရေတွက်ခြင်း ဂဏနာနည်းကို ကြိုးစားစဉ် အချိန်အခါ၌ ဝင်သက် လေ-ထွက်သက်လေကို ရှုနေသော ဘာဝနာစိတ်ကား ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအတွက် ကာမာဝစရ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသာ ဖြစ်၏။ ဤ၌ ဝင်သက်လေ-ထွက်သက်လေဟူသော ပညတ်ကို အာရုံယူနေသောကြောင့် ထိုဝီထိမှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော (၇)ကြိမ် အနေဖြင့် ဖြစ်နေ၏။ ယင်းမနောဒွါရဝီထိတို့၏ တစ်ခုနှင့် တစ်ခု အကြား၌ ဘဝင်စိတ်များ ခြားလျက် ရှိ၏။ ယင်းမနောဒွါရိက ဇောဝီထိ စိတ်အစဉ်တို့က ဝင်သက်လေ-ထွက်သက်လေကို အာရုံပြုကြသော်လည်း ယင်းဝီထိစိတ်များ အကြား အကြား၌ ဖြစ်သွားကြသော ဘဝင်စိတ်တို့က ဝင်သက်လေ-ထွက်သက်လေကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါ၌ ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိ နိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးကိုသာ အာရုံပြုနေ၏။ သို့အတွက် ဘဝင်စိတ်တို့က ဝင်သက် လေ-ထွက်သက်လေကို အာရုံ မယူကြသဖြင့် အဆက်မပြတ် ဖြစ်နေသည်ဟု မဆိုဘဲ အဆက်မပြတ် ဖြစ်နေ သကဲ့သို့ ထင်လာ၏ဟု ဆိုခြင်း ဖြစ်သည်။ ဘဝင်စိတ် အဖြစ်နည်း၍ ဝီထိစိတ် အဖြစ်များမှုကို ရည်ညွှန်း ထားသည်ဟု မှတ်ပါ။]

ထိုနောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကမ္မဋ္ဌာန်းသည် အဆက်မပြတ် ဖြစ်နေ၏ဟု သိ၍ နှာသီးဝ၏ အတွင်း၌ လည်းကောင်း, အပြင်၌လည်းကောင်း လေကို မသိမ်းဆည်းမူ၍ အာရုံ မယူမူ၍ ရှေးဆိုအပ်ခဲ့ပြီးသော လျင်လျင် မြန်မြန် ရေတွက်နည်းဖြင့်သာလျှင် လျင်လျင်မြန်မြန် ရေတွက်နေပါ။ မှန်ပေသည် - ထိရာဌာနမှ လွန်၍ အတွင်းသို့ ဝင်သွားသောလေနှင့် အတူတကွ စိတ်ကို ထိရာဌာနကို လွန်၍ သွင်းသွားသော ယောဂါဝစရပုဂ္ဂိုလ်အား အတွင်း ၌ လေတိုက်ခတ်ခံနေရသကဲ့သို့လည်းကောင်း, အဆီဖြင့် ပြည့်နှက်နေသကဲ့သို့လည်းကောင်း ဖြစ်နေတတ်၏။ ထိရာဌာနကို လွန်၍ အပသို့ ထွက်သွားသောလေနှင့် အတူတကွ စိတ်ကို အပြင်အပသို့ ထိရာဌာနကိုလွန်၍ ထုတ်ဆောင်သွားသော ယောဂါဝစရပုဂ္ဂိုလ်အား လေသွားရာနောက်သို့ အစဉ်တစိုက် လိုက်နေခြင်းကို အဦးမူ သဖြင့် အပြင်ဗဟိဒ္ဓအာရုံအမျိုးမျိုး၌ စိတ်သည် ပျံ့လွင့်နေတတ်၏။ ဝင်သက်လေ-ထွက်သက်လေ၏ ထိရာ ထိရာ ဌာန၌သာလျှင် သတိကိုထား၍ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် အာနာပါနဿတိ ဘာဝနာသည် ပြီးစီးပြည့်စုံနိုင်ပေသည်။ သို့အတွက် ဝင်သက်လေ-ထွက်သက်လေ၏ ထိရာဌာန၏ အတွင်း၌ လည်းကောင်း, အပြင်၌လည်းကောင်း လေကို မသိမ်းဆည်းမူ၍ အာရုံမပြုမူ၍ ရှေးနည်းအတိုင်းသာလျှင် လျင်လျင်မြန်မြန် ရေတွက်ပါဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

အဘယ်မျှကြာအောင် ရေတွက်ရမှာလဲ?

အဘယ်မျှကြာအောင် ရေတွက်ရမှာလဲ?

အဘယ်မျှလောက် ကြာမြင့်စွာ ဤဝင်သက်လေ-ထွက်သက်လေ အပေါင်းကို ရေတွက်အပ်ပါသနည်း ဟူမူ ---- အကြင်မျှလောက်သော ကာလပတ်လုံး ရေတွက်ခြင်း ဂဏနာနည်းနှင့် ကင်း၍ ဝင်သက်လေ-ထွက် သက်လေ အာရုံ၌ သတိသည် ကောင်းစွာ တည်နေ၏၊ ထိုမျှလောက်သော ကာလပတ်လုံး ရေတွက်နေပါ။ အကြောင်းကား ---- ဝင်သက်လေ-ထွက်သက်လေမှ တစ်ပါးသော ပြင်ပအာရုံအမျိုးမျိုး၌ ပျံ့လွင့်သော ကြံစည် စိတ်ကူးမှု ဝိတက်ကို ဖြတ်တောက်လျက် ဝင်သက်လေ-ထွက်သက်လေအာရုံ၌ သတိကို ကောင်းစွာ တည်စေ ခြင်း အကျိုးငှာသာလျှင် ရည်ရွယ်၍ ရေတွက်ခြင်း ဂဏနာနည်းကို ပြုလုပ်နေသောကြောင့်ပင် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

ရေတွက်ခြင်း ဂဏနာနည်းဖြင့် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ သတိ ကောင်းစွာ တည်နေသော အခါ သတိမြဲနေသောအခါ ပါဠိတော်၌ လာရှိသော အာနာပါနပထမစတုက္ကတွင် အကျုံးဝင်သော အရှည်-အတို ကျင့်စဉ်ကို ဆက်လက် အားထုတ်ရမည် ဖြစ်သည်။

၁။ အရှည် - ၂။ အတို

၁။ အရှည် - ၂။ အတို

ဤ အရှည်-အတို ရှုကွက်နှင့် ပတ်သက်၍ ပဋိသမိ႓ဒါမဂ်ပါဠိတော် စာမျက်နှာ-၁၇၅ - စာပိုဒ်ရေ-၁၆၆-တွင် ဖော်ပြထားပေသည်။ ထိုပါဠိတော်နှင့် ထိုပါဠိတော်၏ ဘာသာပြန်ကို ဤတွင် ဖော်ပြအပ်ပါသည်။

ပဋိသမိ႓ဒါမဂ်ပါဠိတော်

ပဋိသမိ႓ဒါမဂ်ပါဠိတော်

ကထံ ဒီဃံ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။

၁။ ဒီဃံ အဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိ။

၂။ ဒီဃံ ပဿာသံ အဒ္ဓါနသင်္ခါတေ ပဿသတိ။

၃။ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိပိ ပဿသတိပိ။

၄။ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတောပိ ပဿသတောပိ ဆန္ဒော ဥပ္ပဇ္ဇတိ။

ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ အဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိ။

၅။ ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ ပဿာသံ အဒ္ဓါနသင်္ခါတေ ပဿသတိ။

၆။ ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိပိ ပဿသတိပိ။

၇။ ဆန္ဒဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတောပိ ပဿသတောပိ ပါမောဇ္ဇံ ဥပ္ပဇ္ဇတိ။

ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ အဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိ။

၈။ ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ ပဿာသံ အဒ္ဓါနသင်္ခါတေ ပဿသတိ။

၉။ ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတိပိ ပဿသတိပိ။

ပါမောဇ္ဇဝသေန တတော သုခုမတရံ ဒီဃံ အဿာသပဿာသံ အဒ္ဓါနသင်္ခါတေ အဿသတောပိ ပဿသတောပိ ဒီဃံ အဿာသပဿာသာ စိတ္တံ ဝိဝတ္တတိ၊ ဥပေက္ခာ သဏ္ဌာတိ။

ဣမေဟိ နဝဟိ အာကာရေဟိ ဒီဃံ အဿာသပဿာသာ ကာယော။ ဥပဋ္ဌာနံ သတိ။ အနုပဿနာ ဉာဏံ။ ကာယော ဥပဋ္ဌာနံ၊ နော သတိ။ သတိ ဥပဋ္ဌာနဉ္စေဝ သတိ စ။ တာယ သတိယာ တေန ဉာဏေန တံ ကာယံ အနုပဿတိ။ တေန ဝုစ္စတိ ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာတိ။ (ပဋိသံ၊၁၇၅။)

ရှည်စွာ ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု အဘယ်သို့လျှင် ကွဲကွဲပြားပြား သိသနည်း?

ရှည်စွာ ထွက်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ထွက်သက်လေကို ဖြစ်စေ၏ဟု အဘယ်သို့လျှင် ကွဲကွဲပြားပြား သိသနည်း?

၁။ ရှည်သော ဝင်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်း၏။

၂။ ရှည်သော ထွက်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူထုတ်၏။

၃။ ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။

၄။ ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်းသောသူအားလည်းကောင်း, ရှူထုတ်သောသူအားလည်းကောင်း (အာနာပါနဿတိသမာဓိဘာဝနာ၏ ကြီးပွားတိုးတက်ခြင်းငှာ အလို ရှိသော ကုသိုလ်ဆန္ဒ =) ဘာဝနာဆန္ဒသည် ဖြစ်ပေါ်လာ၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန် သိမ်မွေ့သော ရှည်သော ဝင်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်း၏။

၅။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ထွက်သက်လေကို အဓွန့် ရှည်သော ကာလ၌ ရှူထုတ်၏။

၆။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သော ကာလပတ်လုံး ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။

၇။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ-ထွက်သက်လေ ကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်းသောသူအားလည်းကောင်း, ရှူထုတ်သောသူအားလည်းကောင်း (အာနာပါနဿတိသမာဓိဘာဝနာ၏ ပြည့်စုံလာခြင်းကြောင့်) နှစ်သက် ဝမ်းမြောက်ခြင်း ပီတိသည် ဖြစ် ပေါ်လာ၏။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေကို အဓွန့်ရှည်သော ကာလ၌ ရှူသွင်း၏။

၈။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ထွက်သက် လေကို အဓွန့်ရှည်သောကာလ၌ ရှူထုတ်၏။

၉။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ-ထွက်သက်လေကို အဓွန့်ရှည်သောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။

နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော ရှည်သော ဝင်သက်လေ ထွက်သက်လေကို အဓွန့်ရှည်သောကာလ၌ ရှူသွင်းသောသူအားလည်းကောင်း, ရှူထုတ်သောသူအား လည်းကောင်း (ရှည်သော ဝင်သက်လေ-ထွက်သက်လေတို့ကို အမှီပြု၍ အလွန်ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သည် ရှိသော်) ပကတိသော ဝင်သက်လေ-ထွက်သက် လေမှ ဘာဝနာစိတ်သည် ဆုတ်နစ်၏၊ ဥပေက္ခာသည် (တတြမဇ္ဈတ္တုပေက္ခာသည်) ကောင်းစွာ တည်၏။

ဤ (၉)ပါးကုန်သော အခြင်းအရာတို့ဖြင့် ဖြစ်ကုန်သော ရှည်သော ဝင်သက်လေ ထွက်သက်လေတို့သည် ကာယ မည်၏၊ သတိသည် ထိုဝင်သက်လေ-ထွက်သက်လေ အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာန မည်၏၊ အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဉာဏ် မည်၏။

ကာယသည် (သတိ၏ ကပ်၍တည်ရာ ဖြစ်သောကြောင့်) ဥပဋ္ဌာန မည်၏၊ သတိ မမည်။ သတိသည် (အာရုံသို့ကပ်၍ တည်တတ်သောကြောင့်) ဥပဋ္ဌာနလည်း မည်၏၊ (အာရုံကို အမှတ်ရတတ်သောကြောင့်) သတိ လည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ----

၁။ အဿာသ-ပဿာသ ကာယ,

၂။ ထိုအဿာသ-ပဿာသ ကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော ရူပကာယ (= ရုပ်တရား အပေါင်း),

၃။ ထိုရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမကာယ (= နာမ်တရားအပေါင်း) ဟူသော ----

ထိုသုံးမျိုးသော ကာယကို အဖန်ဖန် ရှု၏။ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာ ဟု ဆိုအပ်၏။ (ပဋိသံ၊၁၇၅။ မဟာဋီ၊၁၊၃၂၀။)

တစ်ဖန် ပဋိသမိ႓ဒါမဂ်ပါဠိတော် စာပိုဒ်ရေ-၁၆၉-တွင် အတိုနှင့် ပတ်သက်၍ ဤသို့ ဟောကြားထား တော်မူပြန်၏။

တိုသော ဝင်သက်လေကို ရှူသွင်းသည်ရှိသော် တိုသော ဝင်သက်လေကို ရှူသွင်း၏ဟု အဘယ်သို့ သိသနည်း? တိုသော ထွက်သက်လေကို ရှူထုတ်သည်ရှိသော် တိုသော ထွက်သက်လေကို ရှူထုတ်၏ဟု အဘယ်သို့ သိသနည်း?

၁။ တိုသော ဝင်သက်လေကို တိုသောကာလ၌ ရှူသွင်း၏၊

၂။ တိုသော ထွက်သက်လေကို တိုသောကာလ၌ ရှူထုတ်၏၊

၃။ တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။

၄။ တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသော ကာလ၌ ရှူသွင်းသော ပုဂ္ဂိုလ်အားလည်းကောင်း ရှူထုတ်သော ပုဂ္ဂိုလ်အားလည်းကောင်း (အာနာပါနဿတိသမာဓိဘာဝနာ၏ ကြီးပွားတိုးတက်ခြင်းငှာ အလိုရှိသော ကုသိုလ်ဆန္ဒ ဟူသော =) ဘာဝနာဆန္ဒသည် ဖြစ်ပေါ်လာ၏။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေကို တိုသောကာလ၌ ရှူသွင်း၏၊

၅။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ထွက်သက်လေကို တိုသော ကာလ၌ ရှူထုတ်၏။

၆။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။

၇။ ဘာဝနာဆန္ဒ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူသွင်းသောပုဂ္ဂိုလ်အားလည်းကောင်း, ရှူထုတ်သောပုဂ္ဂိုလ်အားလည်းကောင်း (အာနာ ပါနဿတိသမာဓိဘာဝနာ၏ ပြည့်စုံလာခြင်းကြောင့်) နှစ်သက်ဝမ်းမြောက်ခြင်း ပီတိသည် ဖြစ်ပေါ်လာ၏။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေကို တိုသောကာလ၌ ရှူသွင်း၏။

၈။ နှစ်သက် ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ထွက်သက်လေ ကို တိုသောကာလ၌ ရှူထုတ်၏။

၉။ နှစ်သက် ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူလည်း ရှူသွင်း၏၊ ထုတ်လည်း ရှူထုတ်၏။

နှစ်သက် ဝမ်းမြောက်ခြင်း ပီတိ၏ အစွမ်းအားဖြင့် ထိုထက် အလွန်သိမ်မွေ့သော တိုသော ဝင်သက်လေ-ထွက်သက်လေကို တိုသောကာလ၌ ရှူသွင်းသော ပုဂ္ဂိုလ်အားလည်းကောင်း, ရှူထုတ်သော ပုဂ္ဂိုလ်အား လည်းကောင်း တိုသော ဝင်သက်လေ-ထွက်သက်လေကို အမှီပြု၍ အလွန်ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ပကတိသော ဝင်သက်လေ ထွက်သက် လေမှ (အာနာပါနဿတိသမာဓိနှင့် ယှဉ်သော) ဘာဝနာစိတ်သည် ဆုတ်နစ်၏၊ ဥပေက္ခာသည် (= တတြမဇ္ဈတ္တုပေက္ခာသည်) ကောင်းစွာ တည်၏။

ဤ (၉)ပါးကုန်သော အခြင်းအရာတို့ဖြင့် ဖြစ်ကုန်သော တိုသော ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယ မည်၏။ သတိသည် ထိုဝင်သက်လေ-ထွက်သက်လေ အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာန မည်၏၊ အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဉာဏ် မည်၏။

ကာယသည် (သတိ၏ကပ်၍ တည်ရာဖြစ်သောကြောင့်) ဥပဋ္ဌာန မည်၏၊ သတိ မမည်။ သတိသည် (အာရုံသို့ကပ်၍ တည်တတ်သောကြောင့်) ဥပဋ္ဌာနလည်း မည်၏၊ (အာရုံကို အမှတ်ရတတ်သောကြောင့်) သတိ လည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ----

၁။ အဿာသ-ပဿာသ ကာယ,

၂။ ထို အဿာသ-ပဿာသ ကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော ရူပကာယ (= ရုပ်တရား အပေါင်း),

၃။ ထိုရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမကာယ (= နာမ်တရားအပေါင်း) ----

ဟူသော ထိုသုံးမျိုးသော ကာယကို အဖန်ဖန် ရှု၏။ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ဆိုအပ်၏။ (ပဋိသံ၊စာပိုဒ်-၁၆၉။ ပဋိသံ၊၁၈၀။)

ပကတိသော ဝင်သက်လေ-ထွက်သက်လေမှ ဘာဝနာစိတ် ဆုတ်နစ်သွားပုံ

ပကတိသော ဝင်သက်လေ-ထွက်သက်လေမှ ဘာဝနာစိတ် ဆုတ်နစ်သွားပုံ

အဿာသပဿာသာပိ စိတ္တံ ဝိဝတ္တတီတိ အဿာသပဿာသေ နိဿာယ ပဋိဘာဂနိမိတ္တေ ဥပ္ပဇ္ဇန္တေ ပကတိအဿာသပဿာသတော စိတ္တံ နိဝတ္တတိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။)

ဘာဝနာဗလေန ပန သုခုမတရဘာဝပ္ပတ္တေသု အဿာသပဿာသေသု တတ္ထ ပဋိဘာဂနိမိတ္တေ ဥပ္ပန္နေ ပကတိအဿာသပဿာသတော စိတ္တံ နိဝတ္တတိ။ (မဟာဋီ၊၁၊၃၁၉။)

= အာနာပါနဿတိသမာဓိဘာဝနာ၏ စွမ်းအားကြောင့် ဝင်သက်လေ-ထွက်သက်လေတို့သည် အလွန့်အ လွန် နူးညံ့သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိလာလတ်သော် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အမှီပြု၍ အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ပကတိသော ဝင်သက်လေ-ထွက်သက်လေ အာရုံမှ ဘာဝနာစိတ်သည် ဆုတ်နစ်သွား၏၊ အလွန် ကြည်လင် တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူသွားသည် အာရုံပြုနေသည်ဟု ဆိုလိုသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။ မဟာဋီ၊၁၊၃၁၉။)

ဥပေက္ခာ ဖြစ်ပုံ-တည်ပုံ

ဥပေက္ခာ ဖြစ်ပုံ-တည်ပုံ

ဥပေက္ခာ သဏ္ဌာတီတိ တသ္မိံ ပဋိဘာဂနိမိတ္တေ ဥပစာရပ္ပနာသမာဓိပတ္တိယာ ပုန သမာဓာနေ ဗျာပါရာဘာဝတော တတြမဇ္ဈတ္တုပေက္ခာ သဏ္ဌာတိ နာမ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။)

ဥပေက္ခာ သဏ္ဌာတီတိ တသ္မိံ ပဋိဘာဂနိမိတ္တေ ဥပစာရပ္ပနာဘေဒေ သမာဓိမှိ ဥပ္ပန္နေ ပုန စျာနနိဗ္ဗတ္တနတ္ထံ ဗျာပါရာဘာဝတော အဇ္ဈုပေက္ခနံ ဟောတီတိ။ သာ ပနာယံ ဥပေက္ခာ တတြမဇ္ဈတ္တုပေက္ခာတိ ဝေဒိတဗ္ဗာ။ (မဟာဋီ၊၁၊၃၁၉။)

= ဥပေက္ခာသည် ကောင်းစွာတည်၏ဟူသည် ထိုအလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ အပ္ပနာသမာဓိဟု နှစ်မျိုးပြားသော သမာဓိသည် ဖြစ်ပေါ်လာလတ်သည် ရှိသော် နောက်ထပ်တစ်ဖန် ထိုအာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ထိုအာနာပါန ပဋိဘာဂနိမိတ်အာရုံ၌ အာနာပါနစျာန်သမာဓိ ဖြစ်ပေါ်လာရန် အလို့ငှာ တစ်ဖန် ကောင်းစွာ ဆောက်တည်ခြင်း (= အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ကောင်းစွာထားခြင်း) ၌ ကြောင့်ကြ ဗျာပါရ မရှိသောကြောင့် အာနာပါနပဋိဘာဂ နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တွန့်ဆုတ်ခြင်း တက်ကြွခြင်းဘက်သို့ မရောက်အောင် အညီအမျှ ထားတတ် လျစ်လျူရှုတတ် (= ဥဒါသိန် မူတတ်) သော တတြမဇ္ဈတ္တတာ စေတသိက်ဟူသော ဥပေက္ခာသည် ကောင်းစွာ တည်လာသည် မည်ပေသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။ မဟာဋီ၊၁၊၃၁၉။)

ဤအထက်ပါ ပါဠိတော်-အဋ္ဌကထာ-ဋီကာတို့၏ အဆိုအမိန့်အရ အာနာပါနပထမစတုက္ကတွင် အကျုံး ဝင်သော အရှည်-အတိုကို ရှုသည့်အပိုင်းတွင် အာနာပါန ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ပေါ်နိုင်သည်၊ ထို အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော ဥပစာရစျာန် အပ္ပနာစျာန် များလည်း ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ပါ။

ဒီဃံ (ရဿံ) အဿာသပဿာသာ ကာယော

ဒီဃံ (ရဿံ) အဿာသပဿာသာ ကာယော

ရှည်သော ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယ မည်၏၊ တိုသော ဝင်သက်လေ ထွက်သက်လေ တို့သည် ကာယမည်၏ဟူသော စကားရပ်၌ ပါရှိသော ကာယကား အဘယ်ကာယနည်းဟု မေးဖွယ်ရာ ရှိ၏၊ အဖြေကား ဤသို့တည်း။

ကာယောတိ စုဏ္ဏဝိစုဏ္ဏာပိ အဿာသပဿာသာ သမူဟဋ္ဌေန ကာယော။ ပကတိအဿာသပကတိပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပိ အဿာသပဿာသာတိ နာမံ လဘတိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။)

ဒီဃံ အဿာသပဿာသာ ကာယောတိ ဒီဃာကာရာ အဿာသပဿာသာ စုဏ္ဏဝိစုဏ္ဏာပိ သမူဟဋ္ဌေန ကာယော။ အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထေ အဿာသပဿာသသမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉။)

ရှည်သော (တိုသော) ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယမည်၏ဟု ဆိုရာ၌ ကာယဟူသည်ကား

၁။ ရှည်သော (တိုသော) အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာကြကုန်သော ဝင်သက်လေ-ထွက်သက်လေတို့ သည် မှုန့်မှုန့်ညက်ညက် ပျံ့ကြဲနေသော ရုပ်ကလာပ်အမှုန်များသာ ဖြစ်ကြသော်လည်း ထိုရုပ်ကလာပ် အမှုန် ပေါင်း များစွာတို့ကို ပေါင်းစုထားခြင်းတည်းဟူသော အပေါင်းအစုဟူသော အနက်သဘောကြောင့် ရှည်သော (တိုသော) ဝင်သက်လေ-ထွက်သက်လေတို့သည် ကာယ မည်ပေသည်။

၂။ ဤအရာ၌ ဝင်သက်လေ-ထွက်သက်လေတို့ကို အမှီပြု၍ အာနာပါနဿတိသမာဓိဘာဝနာ၏ စွမ်းအင် ကြောင့် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်များ ဖြစ်ပေါ်လာကြ၏။ ထိုပကတိ ဝင်သက်လေ-ထွက်သက်လေတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည်လည်း အဿာသပဿာသ (= ဝင်သက်လေ ထွက်သက်လေ) ဟူသော အမည်ကို ရရှိသည်သာလျှင် ဖြစ်ပေသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။ မဟာဋီ၊၁၊၃၁၉။)

ဤအထက်ပါ အဋ္ဌကထာ-ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ အာနာပါနကမ္မဋ္ဌာန်းကို ပွားများ အားထုတ် နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အာနာပါနဘာဝနာ၏ စွမ်းအင်ကြောင့် ဥဂ္ဂဟနိမိတ် ပဋိဘာဂ နိမိတ်များ ဖြစ်ပေါ်လာသောအခါ ပကတိသော ဝင်သက်လေ-ထွက်သက်လေမှ ဘာဝနာစိတ်သည် ဆုတ်နစ် သွား၍ ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အာရုံမပြုတော့ဘဲ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို အာရုံမူသော်လည်း အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေသည်ဟူ၍သာလျှင် ခေါ်ဆို အပ်ပေသည်။ အကြောင်းမူ ပကတိသော ဝင်သက်လေ ထွက်သက်လေကို အမှီပြု၍ ဖြစ်ပေါ်လာကြသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့သည်လည်း အဿာသပဿာသ (= ဝင်သက်လေ-ထွက်သက်လေ)ဟူသော အမည် နာမကို ရရှိကြသောကြောင့်ပင် ဖြစ်သည်။

ဤအချက်ကိုလည်း အသင်ယောဂီသူတော်ကောင်းသည် မမေ့ပျောက်တတ်သော သတိတရားဖြင့် စွဲမြဲစွာ မှတ်သားထားပါလေဦး။

ဥပဋ္ဌာနံ သတိ = သတိထင်မှု

ဥပဋ္ဌာနံ သတိ = သတိထင်မှု

ဥပဋ္ဌာနံ သတီတိ တံ အာရမ္မဏံ ဥပေစ္စ တိဋ္ဌတီတိ သတိ ဥပဋ္ဌာနံ နာမ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။)

ဥပဋ္ဌာနံ သတီတိ အာရမ္မဏံ ဥပဂန္တွာ တိဋ္ဌတီတိ သတိ ဥပဋ္ဌာနံ နာမ။ (မဟာဋီ၊၁၊၃၁၉။)

= သတိသည် ဥပဋ္ဌာနမည်၏ ---- ဟူသည်ကား ထို (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်တည်းဟူသော အာရုံသို့ ကပ်၍ တည်နေတတ်သောကြောင့် သတိသည် ဥပဋ္ဌာန အမည်ရပေသည်။ သတိထင်နေသည် မည်ပေသည်။

[မှတ်ချက် ---- ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့၏ အကြောင်းအရာသည် နောက်တွင် ထင်ရှားလတ္တံ့။]

အနုပဿနာ ဉာဏံ = အဖန်ဖန်ရှုခြင်းသည် ဉာဏ် မည်

အနုပဿနာ ဉာဏံ = အဖန်ဖန်ရှုခြင်းသည် ဉာဏ် မည်

ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ (ပဋိသံ၊၁၈၁။)

အနုပဿနာ ဉာဏန္တိ သမထဝသေန နိမိတ္တကာယာနုပဿနာ, ဝိပဿနာဝသေန နာမကာယရူပကာယာနုပဿနာ ဉာဏန္တိ အတ္ထော။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။)

အနုပဿနာ ဉာဏန္တိ သမထဝသေန နိမိတ္တဿ အနုပဿနာ, ဝိပဿနာဝသေန အဿာသပဿာသေ, တန္နိဿယဉ္စ ကာယံ ရူပန္တိ, စိတ္တံ တံသမ္ပယုတ္တဓမ္မေ စ အရူပန္တိ ဝဝတ္ထပေတွာ နာမရူပဿ အနုပဿနာ စ ဉာဏံ၊ တတ္ထ ယထာဘူတာဝဗောဓော။ (မဟာဋီ၊၁၊၃၂၀။)

= အနုပဿနာဉာဏ်ဟူသည်ကား ---- သမထအလိုအားဖြင့် (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ကို အဖန်ဖန် အထပ်ထပ် ရှုခြင်းသည် အနုပဿနာဉာဏ် မည်၏။ ဝိပဿနာအလိုအားဖြင့် ----

၁။ ဝင်သက်လေ-ထွက်သက်လေအတွင်း၌ တည်ရှိသော ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပါဝင်သော စိတ်ကြောင့်ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော စိတ္တဇသဒ္ဒနဝက ကလာပ်ရုပ်တရားအပေါင်းဟူသော အဿာသပဿာသကာယ,

၂။ ယင်း အဿာသပဿာသကာယ အမည်ရသော ရုပ်တရားအပေါင်း၏ မှီရာဖြစ်သော ခန္ဓာအိမ် တစ်ကိုယ် လုံး၌ တည်ရှိသော ဘူတရုပ်+ဥပါဒါရုပ်ဟူသော ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်း,

၃။ ယင်း အဿာသပဿာသကာယ+ကရဇကာယဟူသော ရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန် သော စိတ်+စေတသိက် သမ္ပယုတ်တရားစုဟူသော နာမကာယ = နာမ်တရားအပေါင်း ----

ဤ ရုပ်တရား နာမ်တရားတို့ကို ပိုင်းခြားမှတ်သား၍ နာမ်+ရုပ်ကို အဖန်ဖန် အထပ်ထပ် ရှုတတ်သော ပညာသည် အနုပဿနာဉာဏ် မည်၏၊ ထိုနာမ်-ရုပ်၌် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်သော ဉာဏ်ပင်တည်း။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၇။ မဟာဋီ၊၁၊၃၂၀။)

ဤ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုရှင်းလင်းချက်များအရ ---- ပြည်တည်ခန်းတွင် အဿာသ ပဿာသကာယကို ပြည်တည်ထားသော်လည်း သမထပိုင်း ဝိပဿနာပိုင်း စုံလင်သွားသောအခါ၌ကား အဿာသ ပဿာသကာယ, ရူပကာယ, နာမကာယဟု ကာယသုံးမျိုးလုံး ပါဝင်လာသည်ကို တွေ့ရှိနိုင်ပေသည်။ သို့အတွက် ကာယာနုပဿနာသတိပဋ္ဌာန်၌ ပါဝင်သော ကာယအရ ရူပကာယ နာမကာယအားလုံးကိုပင် အရကောက်ယူ ရသည်ဟု မှတ်ပါ။ အောက်ပါ အဖွင့်များကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ကာယသည် ဥပဋ္ဌာန မည်၏၊ သတိ မမည်

ကာယသည် ဥပဋ္ဌာန မည်၏၊ သတိ မမည်

ကာယော ဥပဋ္ဌာနန္တိ သော ကာယော အာရမ္မဏကရဏဝသေန ဥပဂန္တွာ သတိ ဧတ္ထ တိဋ္ဌတီတိ ဥပဋ္ဌာနံ နာမ။ ဧတ္ထ စ ကာယော ဥပဋ္ဌာနန္တိ ဣမိနာ ဣတရကာယဿာပိ သင်္ဂဟော ဟောတိ ယထာဝုတ္တသမ္မသနစာရဿာပိ ဣဓ ဣစ္ဆိတတ္တာ။ နော သတီတိ သော ကာယော သတိ နာမ န ဟောတိ။ (မဟာဋီ၊၁၊၃၂၀။)

= အဿာသပဿာသ ကာယနှင့် ယင်းအဿာသပဿာသ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်တို့ကား ရူပကာယတည်း။ ယင်းရူပကာယကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားစုတို့ကား နာမကာယတည်း။ သတိသည် ဤရူပကာယ နာမကာယ၌ အာရုံပြုသည်၏ အစွမ်းဖြင့် ကပ်၍ တည်တတ်သော ကြောင့် ထိုရူပကာယ နာမကာယသည် သတိ၏တည်ရာ ဖြစ်ရကား ဥပဋ္ဌာန မည်ပေသည်။ ဤအရာဝယ် ကာယော ဥပဋ္ဌာနံဟူသော ဤပါဠိတော် စကားရပ်ဖြင့် အဿာသပဿာသကာယ ကရဇကာယဟူသော ရူပ ကာယ သက်သက်ကိုသာ မကောက်ယူဘဲ နာမကာယကိုလည်း သိမ်းကျုံးရေတွက်၍ ကောက်ယူပါ။ အကြောင်းမူ ဖွင့်ဆိုအပ်ခဲ့ပြီးသော ရူပကာယ နာမကာယဟူသော လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ရမည့် သမ္မသနစာရ တရားကိုလည်း ဤအရာ၌ အလိုရှိအပ်သောကြောင့်ပင် ဖြစ်ပေသည်။ သို့သော် ထိုကာယသည် သတိ၏ တည်ရာသာဖြစ်၍ ကာယအမည်ရသော်လည်း သတိကား မမည်ဟု မှတ်ပါ။ အကြောင်းမူ ယင်းနှစ်မျိုး သော ကာယသည် သတိ၏ ကပ်၍တည်ရာသာ ဖြစ်၍ မိမိတို့ကိုယ်တိုင်ကမူ သတိကဲ့သို့ အာရုံ၌ ကပ်၍ မတည် တတ်ရကား သတိ မမည်ဟု ဆိုလိုသည်။ (မဟာဋီ၊၁၊၃၂၀။) (ပဋိသံ၊၁၈၁-၌လည်း ကြည့်ပါ။ ဤကျမ်း -၃၀၄-၃၀၅-၌လည်း ကြည့်ပါ။)

သတိ ဥပဋ္ဌာနဉ္စေဝ သတိ စ သရဏဋ္ဌေန ဥပတိဋ္ဌနဋ္ဌေနစ။ (မဟာဋီ၊၁၊၃၂၀။)

= သတိကား သမထအလိုအားဖြင့် (ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်အာရုံ၌ ကပ်၍ တည်တတ် သောကြောင့်လည်းကောင်း, ဝိပဿနာအလိုအားဖြင့် ရူပကာယ နာမကာယ အာရုံ၌ ကပ်၍ တည်တတ်သော ကြောင့်လည်းကောင်း, ရှေးရှေးသတိသည် နောက်နောက်သော သတိ၏ ကပ်၍တည်ရာ ဖြစ်သောကြောင့် လည်းကောင်း ဥပဋ္ဌာနလည်း မည်၏၊ ယင်းသမထနိမိတ်အာရုံ, ရူပကာယ နာမကာယအာရုံကို အောက်မေ့တတ် အမှတ်ရတတ်သော အနက်သဘောကြောင့် သတိလည်း မည်၏။ (မဟာဋီ၊၁၊၃၂၀။)

တံ ကာယံ အနုပဿတိ

တံ ကာယံ အနုပဿတိ

ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို ရှု၏ဟူသော စကားရပ်၌ ထိုကာယဟူသည် အဘယ်နည်း၊ ယင်း ကာယကို အဘယ်သို့ ရှုသနည်းဟု မေးမြန်းဖွယ်ရာ ရှိ၏။ ပဋိသမိ႓ဒါမဂ္ဂအဋ္ဌကထာ၌ ဤသို့ ရှင်းပြထား၏။

တံ ကာယံ အနုပဿတီတိ သမထဝိပဿနာဝသေန ယထာဝုတ္တံ ကာယံ အနုဂန္တွာ စျာနသမ္ပယုတ္တဉာဏေန ဝါ ဝိပဿနာဉာဏေန ဝါ ပဿတိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၈။)

= သမထအလိုအားဖြင့် သမာဓိထူထောင်စဉ် သမထပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်သည် အဿာသပဿာသ နိမိတ္တကာယဟူသော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို စျာန်နှင့် ယှဉ်တွဲလျက် ရှိသော ဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏။

[စတုက္ကနည်းအားဖြင့် အာနာပါနပထမစျာန်စိတ်၌ စိတ်+စေတသိက် (၃၄)လုံး, ဒုတိယစျာန်စိတ်၌ (၃၂)လုံး, တတိယစျာန်စိတ်, စတုတ္ထစျာန်စိတ်တို့၌ စိတ်စေတသိက် (၃၁)လုံးစီ အသီးအသီး ရှိ၏။ စိတ္တက္ခဏ တစ်ခု အတွင်း၌ ပြိုင်တူ ယှဉ်တွဲ၍ ဖြစ်သော တရားများ ဖြစ်ကြ၏။ ထိုစိတ်စေတသိက်များတွင် ပညိန္ဒြေ စေတသိက် လည်း ပါဝင်၏၊ ထိုပညိန္ဒြေစေတသိက်ကား စျာန်နှင့် ယှဉ်တွဲနေသော စျာနသမ္မာဒိဋ္ဌိ အမည်ရသည့် စျာနသမ္ပယုတ် ဉာဏ်တည်း၊ ထိုဉာဏ်ဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို အဖန်ဖန် အထပ်ထပ် ရှုခြင်းကို သမထပိုင်း၌ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ခေါ်ဆိုသည် မှတ်ပါ။] (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ကြည့်ပါ၊၊)

ဝိပဿနာပိုင်း၌ကား ဝိပဿနာအလိုအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားနှင့် တကွသော အဿာသပဿာသကာယ ကရဇကာယဟု ခေါ်ဆိုသော ရူပကာယ = ရုပ်တရားအပေါင်းနှင့် နာမကာယဟူသော နာမ်တရားအပေါင်းကို အနိစ္စ-ဒုက္ခ-အနတ္တ ဟူသော လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်လျက် ဝိပဿနာ ဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏။ အကြောင်းတရားနှင့် တကွသော ထိုရူပကာယ နာမကာယကို ဝိပဿနာ ဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုခြင်းကို ဝိပဿနာပိုင်း၌ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ခေါ်ဆိုသည် မှတ်ပါ။

အရေးကြီးလှသော အယူအဆတစ်ရပ်

အရေးကြီးလှသော အယူအဆတစ်ရပ်

အချို့အချို့သော ဆရာမြတ်တို့ကား ရုပ်တရားသက်သက်ကို ရှုမှုကိုသာလျှင် ကာယာနုပဿနာ သတိပဋ္ဌာန် ဟု ခေါ်ဆိုသည်ဟု အယူရှိတော်မူကြပြန်၏။ ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည်မှာလည်း ရုပ်တရား သက် သက်ကိုသာ ရှုရသည်ဟု နားလည်ကြ၏။

၁။ ကာယာနုပဿနာမုခေန,

၂။ ဝေဒနာနုပဿနာမုခေန,

၃။ စိတ္တာနုပဿနာမုခေန,

၄။ ဓမ္မာနုပဿနာမုခေန (မ၊ဋ္ဌ၊၁၊၂၄၅။) ----

စသည်တို့၌လာရှိသော မုခေန (= အဦးမူသဖြင့်) ဟူသော အဋ္ဌကထာကြီးများ၏ စကားကို သိပ် လက်မခံ လိုကြပေ။ ဤအချက်နှင့် ပတ်သက်၍ ပဋိသမိ႓ဒါမဂ္ဂ အဋ္ဌကထာကြီး၏ ရှင်းလင်းချက်ကို ဆက်လက်၍ တင်ပြ အပ်ပါသည်။ ယင်းအဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်ကို သဘောပေါက်ရန်အတွက် မူရင်းဖွင့်ရာ သံဝဏ္ဏေတဗ္ဗပုဒ်ဖြစ်သော ပဋိသမိ႓ဒါမဂ်ပါဠိတော်ကို အနည်းငယ် ထပ်မံ၍ ဖော်ပြအပ်ပါသည်။

တာယ သတိယာ တေန ဉာဏေန တံ ကာယံ အနုပဿတိ၊ တေန ဝုစ္စတိ ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာတိ။ (ပဋိသံ၊၁၇၅။)

ဤပါဠိတော်၏ မြန်မာပြန်ကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပေသည်၊ သို့သော် ဆိုလိုသော အဓိပ္ပါယ် စကားရပ်များ ဆက်စပ်မိရန်အတွက် ထပ်မံ၍ ဖော်ပြအပ်ပါသည်။

(ဘာသာပြန်) = ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယကို အဖန်ဖန် အထပ်ထပ် ရှု၏၊ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ဆိုအပ်၏။

ထိုပါဠိတော်ဝယ် တံ ကာယံ - ထိုကာယကို ဟူရာ၌ သမထအလိုအားဖြင့် အလွန်ကြည်လင်တောက် ပနေသော အာနာပါနပဋိဘာဂနိမိတ်ဟူသော အဿာသ-ပဿာသ ကာယကို ကောက်ယူရကြောင်းကို လည်း ကောင်း, ဝိပဿနာအလိုအားဖြင့် ရုပ်တရားအပေါင်းဟူသော ရူပကာယနှင့် နာမ်တရားအပေါင်းဟူသော နာမကာယကို ကောက်ယူရကြောင်းကိုလည်းကောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထိုသို့ ကောက်ယူရာ၌ ဝိပဿနာပိုင်းတွင် ကာယအရ ရူပကာယ နာမကာယကို ကောက်ယူသင့်ပုံနှင့် ပတ်သက်၍ ပဋိသမိ႓ဒါမဂ္ဂ အဋ္ဌကထာက ထပ်မံ၍ ရှင်းလင်းတင်ပြထားပြန်သည်မှာ ဤသို့ ဖြစ်၏။

တံ ကာယန္တိ အနိဒ္ဒိဋ္ဌေပိ နာမရူပကာယေ ကာယသဒ္ဒေန တဿာပိ သင်္ဂဟိတတ္တာ နိဒ္ဒိဋ္ဌံ ဝိယ ကတွာ ဝုတ္တံ။ အနိစ္စာနုပဿနာဒယော ဟိ နာမရူပကာယေ ဧဝ လဗ္ဘန္တိ၊ န နိမိတ္တကာယေ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၀၈။)

[ဆိုလိုရင်း] ---- ပဋိသမိ႓ဒါမဂ်ပါဠိတော်၌ ----

အနုပဿတီတိ ကထံ တံ ကာယံ အနုပဿတိ၊ အနိစ္စတော အနုပဿတိ၊ နော နိစ္စတော ... (ပဋိသံ၊၁၇၅-၁၇၆။)

= အဖန်ဖန် အထပ်ထပ် ရှု၏ဟူသည် အဘယ်သို့လျှင် ထိုကာယကို အဖန်ဖန် အထပ်ထပ် ရှုသနည်း ? -အနိစ္စအားဖြင့် အဖန်ဖန် အထပ်ထပ် ရှု၏၊ နိစ္စအားဖြင့် အဖန်ဖန် အထပ်ထပ် မရှု ...

ဤသို့ စသည်ဖြင့်သာ ဟောကြားထားတော်မူ၏။ အနိစ္စ-ဒုက္ခ-အနတ္တဟူသော လက္ခဏာယာဉ် သုံးချက် တင်၍ ရှုရမည့် ကာယကို သရုပ်ထုတ်၍ ညွှန်ကြားထားမှု မရှိပေ။ ထိုသို့ပင် ရူပကာယ နာမကာယကို သရုပ် ထုတ်၍ ညွှန်ကြားထားမှု မရှိသော်လည်း ကာယသဒ္ဒါဖြင့် ထိုရူပကာယ နာမကာယကိုလည်း သိမ်းကျုံး ရေတွက် အပ်သည်၏ အဖြစ်ကြောင့် သရုပ်ထုတ်ကာ ညွှန်ကြားပြသသကဲ့သို့ ပြု၍ဟောကြားသွားတော်မူခြင်း ဖြစ်ပေ သည်။ မှန်ပေသည် - အနိစ္စအားဖြင့် အဖန်ဖန် အထပ်ထပ် ရှုခြင်းစသည့် အနိစ္စာနုပဿနာဉာဏ် စသည်တို့သည် ရူပကာယ နာမကာယ၌သာလျှင် ရအပ် ရနိုင်ကုန်၏၊ (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ္တကာယ၌ မရအပ် မရနိုင်ကုန်။

ဤကား အထက်ပါ ပဋိသမိ႓ဒါမဂ္ဂအဋ္ဌကထာ စကားရပ်၏ ဆိုလိုရင်း သဘောအဓိပ္ပါယ်တည်း။ ဤ အဋ္ဌကထာစကားရပ်မှာလည်း သဗ္ဗကာယပဋိသံဝေဒီပိုင်းတွင် ဆက်လက်ဖော်ပြမည့် ပဋိသမိ႓ဒါမဂ်ပါဠိတော် အတိုင်းသာ ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။

ဤအဋ္ဌကထာအရ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် သမထပိုင်း၌ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသ နိမိတ္တကာယကို ရှုရ၏၊ ဝိပဿနာပိုင်း၌ကား ရူပကာယ နာမကာယကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ရှုရ၏။ ထိုသို့ ရှုခဲ့သော် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာကို ပွားများ အားထုတ်သည်ဟုပင် ခေါ်ဆိုသည် မှတ်ပါ။ သို့အတွက် ကာယာနုပဿနာ သတိပဋ္ဌာန်ဟူသည် ရုပ်တရားသက်သက်ကိုသာ ရှုပွားရသော သတိပဋ္ဌာန်မဟုတ်၊ ရုပ်တရားကို အဦးမူသဖြင့် သင်္ခါရတရားအားလုံးကိုပင် ရှုပွားရသော သတိပဋ္ဌာန်ဖြစ်သည်ဟု မှတ်ပါ။ အကယ်၍ အသင်သူတော်ကောင်းသည် ဤမျှဖြင့် မကျေနပ်သေးပါလျှင် လက်မခံနိုင်သေးပါလျှင် အောက်ပါ ပဋိသမိ႓ဒါမဂ် ပါဠိတော်ကြီး၏ ဟောကြားတော်မူချက်ကိုလည်း ဆက်လက်၍ မြည်းစမ်းကြည့်ပါဦး၊ ချိုမြိန်သော အရသာ ထူးကြီးကို ခံစားရလိမ့်မည်ဟု မျှော်လင့်ပါသည်။

ပဋိသမိ႓ဒါမဂ်ပါဠိတော်၏ မိန့်ဆိုတော်မူချက်

ပဋိသမိ႓ဒါမဂ်ပါဠိတော်၏ မိန့်ဆိုတော်မူချက်

ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။ ကတမော ရူပကာယော၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။ (ပဋိသံ၊၁၈၁။)

စေတနာဒီဟိ သင်္ခါရက္ခန္ဓော ဝုတ္တော။ ဧဝံ တီသု ခန္ဓေသု ဝုတ္တေသု တံနိဿယော ဝိညာဏက္ခန္ဓော ဝုတ္တောဝ ဟောတိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။)

အနိစ္စန္တိ ကိံ အနိစ္စံ။ ပဉ္စက္ခန္ဓာ အနိစ္စာ။ (ပဋိသံ၊၁၉၁။)

ဤအထက်ပါ ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီးနှင့် အဋ္ဌကထာတို့ကား အာနာပါနပထမစတုက္ကတွင် သုံးခု မြောက်အဖြစ် လာရှိသော သဗ္ဗကာယပဋိသံဝေဒီဟူသော ဒေသနာတော်၌ ကာယအရ တရားကိုယ် ကောက်ယူ ပုံကို ဖော်ပြသော စကားတော်များ ဖြစ်ကြ၏။ ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ကာယအရ မည်ကဲ့သို့ သော ကာယမျိုးကို ဆိုလိုကြောင်းကို ရှင်းပြသော စကားတော်များ ဖြစ်ကြ၏။ ထိုပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ဤကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်း၌ ကာယဟူသည် ----

၁။ နာမကာယ = နာမ်တရားအပေါင်း,

၂။ ရူပကာယ = ရုပ်တရားအပေါင်း ----

ဤနှစ်မျိုးကုန်သော ကာယတို့ပင်တည်း။

နာမကာယ (= နာမ်တရားအပေါင်း) ဟူသည် အဘယ်နည်း ?

ဖဿ, ဝေဒနာ, သညာ, စေတနာ, မနသိကာရ တရားအပေါင်းသည်လည်းကောင်း, နာမ်မည်သော နာမ်တရား အပေါင်းသည်လည်းကောင်း, စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ တရားအပေါင်းသည် လည်းကောင်း နာမကာယ မည်၏။ [ဤစကားရပ်ဖြင့် ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော နာမ်ခန္ဓာ လေးပါးအပေါင်းသည် နာမကာယ မည်၏ဟု ဆိုလိုသည်။ အထက်ပါ အဋ္ဌကထာအဖွင့်ကို ကြည့်ပါ။]

ရူပကာယဟူသည် အဘယ်နည်း? ----

၁။ ကာယသင်္ခါရဟု ဆိုအပ်သော မဟာဘုတ် ဓာတ်ကြီးလေးပါး,

၂။ မဟာဘုတ် = ဓာတ်ကြီးလေးပါးကို စွဲမှီ၍ ဖြစ်သော (၂၄)မျိုးသော ဥပါဒါရုပ် (ပဋိသံ၊ဋ္ဌ၊၂၊၁၁၂-ကြည့်),

၃။ ပကတိသော အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေ,

၄။ ဝင်သက်လေ ထွက်သက်လေဖြင့် ဖွဲ့စပ်အပ်သော (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ် ----

ဤသင်္ခါရတရားအပေါင်းသည် ရူပကာယ မည်၏။ (ပဋိသံ၊၁၈၁။)

တစ်ဖန် ယင်းပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီး၌ပင် အာနာပါနစတုတ္ထစတုက္က၌ အကျုံးဝင်သော အနိစ္စာနုပဿီ ပုဒ်အရ အနိစ္စဟု ဝိပဿနာရှုရမည့် တရားများကိုလည်း ပဉ္စက္ခန္ဓာ အနိစ္စာ = ခန္ဓာငါးပါးတို့သည် အနိစ္စဟု ဟောကြားထားတော်မူပေသည်။

သို့အတွက် အထက်တွင် ဖော်ပြထားခဲ့သော ----

၁။ အဿာသ ပဿာသ ကာယ,

၂။ ရူပကာယ,

၃။ နာမကာယတို့သည် ----

ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းတွင် ကာယမည်ကြောင်း ဖွင့်ဆိုထားသော အဋ္ဌကထာ ဋီကာ စကား တို့မှာ ပဋိသမိ႓ဒါမဂ်ပါဠိတော်ကြီး၌ လာရှိသော ဟောကြားတော်မူချက်များနှင့် ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်နေသော အဆိုအမိန့်များသာ ဖြစ်သည်ဟု ယုံကြည်စိတ်ချစွာ နာယူမှတ်သားလေရာ သည် - နိဗ္ဗာန်ကို အလိုရှိကြသော သူတော်ကောင်းအပေါင်းတို့ ...။

လုပ်ငန်းခွင် ေ့ရှသို့ဆက်ရန်

လုပ်ငန်းခွင် ေ့ရှသို့ဆက်ရန်

ပွားများအားထုတ်ပုံ အပိုင်းကို ထပ်မံ၍ ဆက်လက် ဖော်ပြအပ်ပါသည်။ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲသော် ယင်းဝင်သက်လေ ထွက်သက်လေ၏ ရှည်မှု-တိုမှုကို သိအောင် ဆက်လက်၍ ကြိုးစား အားထုတ်ပါ။

ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)

အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။ (မဟာဋီ၊၁၊၃၁၈။)

ဤအထက်ပါ အဋ္ဌကထာ-ဋီကာတို့နှင့် အထက်တွင် ဖော်ပြခဲ့သော ပဋိသမိ႓ဒါမဂ်ပါဠိတော်တို့၏ မိန့်ဆို တော်မူချက်များအရ ဝင်သက်လေ ထွက်သက်လေတို့၏ ရှည်မှုဟူသည် အချိန်ကြာကြာ ဖြစ်မှုကို ဆိုလိုသည်၊ တိုမှုဟူသည် အချိန်တိုတို ဖြစ်မှုကို ဆိုလိုသည်ဟု မှတ်ပါ။

ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ သတိခိုင်မြဲလာသောအခါ ယင်းဝင်သက်လေ ထွက်သက်လေတို့၏ အချိန်ကြာကြာဖြစ်နေလျှင်လည်း အချိန်ကြာကြာဖြစ်သည့်အတိုင်း, အချိန်တိုတိုဖြစ်နေလျှင်လည်း အချိန်တိုတို ဖြစ်သည့်အတိုင်း သိအောင် ဆက်လက် ကြိုးစားပါ။ ထိုသို့ သိအောင် ကြိုးစားရာ၌ ဝင်သက်လေ ထွက်သက် လေတို့ကို အချိန်ကြာကြာဖြစ်အောင် သို့မဟုတ် အချိန်တိုတိုဖြစ်အောင် ယောဂါဝစရပုဂ္ဂိုလ်ဘက်က မကြိုးစား ပါနှင့်။ အသက်ရှူမြဲတိုင်းသာ ပုံမှန် အသက်ရှူနေပါ။ ထိရာဌာနကို လွှတ်၍လည်း အတွင်းဘက် အပြင်ဘက် နှစ်ဘက်လုံးသို့ ဘာဝနာစိတ် မရောက်အောင်လည်း ကြိုးစားအားထုတ်ပါ။

ဝင်သက်လေ ထွက်သက်လေတို့၏ ရှည်လျှင် ရှည်သည့်အတိုင်း, တိုလျှင်လည်း တိုသည့်အတိုင်း ထိမှု ထင်ရှားရာနေရာမှ စောင့်၍ သိအောင်သာ ကြိုးစားအားထုတ်ခဲ့သော် အထက် ပဋိသမိ႓ဒါမဂ်ပါဠိတော်၌ မိန့်ဆို ထားတော်မူသည့်အတိုင်း အာနာပါနနိမိတ်များ စတင် ပေါ်ပေါက်လာတတ်ပါသည်။ နိမိတ်ပေါ်၍ နိမိတ်ပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်နေလျှင် စိတ်ကို ကပ်မြဲကပ်ထားပါ၊ ခွာမချလိုက်ပါနှင့်။ ထိုအချိန်တွင် ပါဠိတော် ၌ လာရှိသော - သဗ္ဗကာယ ပဋိသံဝေဒီ - ဟူသော ဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင် ဆက်လက်၍ ကြိုးစားပါ။

အကယ်၍ အာနာပါနနိမိတ်မှာ မခိုင်ခံ့ဖြစ်နေလျှင်သော်လည်းကောင်း, အာနာပါနနိမိတ် အာရုံ၌ ဘာဝနာ စိတ်ကို ကပ်၍မရ ဖြစ်နေလျှင်သော်လည်းကောင်း ထိုအခါမျိုး၌လည်း ပကတိသော ဝင်သက်လေ ထွက်သက် လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကိုပင် သိအောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။ ----

အကယ်၍ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတိုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေ အောင် ကပ်ထားနိုင်သော်လည်း အာနာပါနနိမိတ်သည် မပေါ်ဖြစ်နေသေးအံ့၊ ထိုအချိန်အခါမျိုး၌လည်း ဝင် သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။ ထိုဝင်သက်လေ-ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှား ရှား သိအောင် ကြိုးစားအားထုတ်ရသော ပါဠိတော်၌လာရှိသော နည်းသည် အဋ္ဌကထာကြီးများတွင် သတ်မှတ် ထားသော အနုဗန္ဓနာနည်းတွင် အကျုံးဝင်သွားပေသည်။

သဗ္ဗကာယပဋိသံဝေဒီ

သဗ္ဗကာယပဋိသံဝေဒီ

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။

သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

= ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ဝင်သက်လေ ကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ကို ပြုလျက် ထွက်သက် လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ဤသို့လျှင် ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိ သည်ကို ပြုလျက် ထင်ထင်ရှားရှား သိတတ်သော ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (= ဉာဏသမ္ပယုတ်) စိတ်ဖြင့် သာလျှင် ဝင်သက်လေကို ဖြစ်စေ၏၊ ထွက်သက်လေကိုလည်း ဖြစ်စေ၏။ ထိုသို့ ဉာဏသမ္ပယုတ်စိတ်ဖြင့်သာလျှင် ဝင်သက်လေ-ထွက်သက်လေကို ဖြစ်စေသည်၏ အဖြစ်ကြောင့် (= ဉာဏသမ္ပယုတ်စိတ်ဖြင့်သာလျှင် အသက် ရှူနေသည့် အတွက်ကြောင့်) ဤသို့ ဝင်သက်လေ ထွက်သက် လေ၏ အစ-အလယ်-အဆုံးကို ထင်ရှားအောင် ပြုခြင်း အမှုကိစ္စဖြစ်လာသော ယောဂါဝစရ ရဟန်းကို သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်သော ရဟန်းဟူ၍ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည် ချီးမွမ်းတော်မူအပ်ပေသည်။

ဤတွင် - သဗ္ဗကာယ ပဋိသံဝေဒီနှင့် ဆက်စပ်၍ ပိုမို၍ ဉာဏ်အမြင် သန့်ရှင်းလာရန် ပဋိသမိ႓ဒါမဂ်ပါဠိ တော်၏ မိန့်ဆိုတော်မူချက်များကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ပဋိသမိ႓ဒါမဂ်ပါဠိတော်၏ မိန့်ဆိုတော်မူချက်

ပဋိသမိ႓ဒါမဂ်ပါဠိတော်၏ မိန့်ဆိုတော်မူချက်

ကထံ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ၊ ----

ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။

ကတမော ရူပကာယော၊ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။

ကထံ တေ ကာယာ ပဋိဝိဒိတာ ဟောန္တိ၊ ဒီဃံ အဿာသဝသေန စိတ္တဿ ဧကဂ္ဂတံ အဝိက္ခေပံ ပဇာနတော သတိ ဥပဋ္ဌိတာ ဟောတိ၊ တာယ သတိယာ တေန ဉာဏေန တေ ကာယာ ပဋိဝိဒိတာ ဟောန္တိ။

ဒီဃံ ပဿာသဝသေန စိတ္တဿ ဧကဂ္ဂတံ အဝိက္ခေပံ ပဇာနတော သတိ ဥပဋ္ဌိတာ ဟောတိ၊ တာယ သတိယာ တေန ဉာဏေန တေ ကာယာ ပဋိဝိဒိတာ ဟောန္တိ။ (ပဋိသံ၊၁၈၁။)

(ရဿ- အတို့၌လည်း ပုံစံတူပင် လာရှိပေသည်။)

အလုံးစုံသော ဝင်သက်လေ-ထွက်သက်လေဟု ဆိုအပ်သော ကာယ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်စွာ ပြုသည်ဖြစ်၍ ထင်ရှားစွာ သိသည်ဖြစ်၍ အဘယ်သို့လျှင် ဝင်သက်လေကို ရှူသွင်းအံ့ဟု အားထုတ် သနည်း? အလုံးစုံသော ဝင်သက်လေ-ထွက်သက်လေဟု ဆိုအပ်သော ကာယ၏ အစ-အလယ်-အဆုံး အကုန် လုံးကို ထင်စွာ ပြုသည်ဖြစ်၍ ထင်ရှားစွာ သိသည်ဖြစ်၍ အဘယ်သို့လျှင် ထွက်သက်လေကို ရှူထုတ်အံ့ဟု အားထုတ်သနည်း? ----

ကာယော ဟူရာ၌ နာမကာယ ရူပကာယဟု ကာယတို့သည် နှစ်မျိုးတို့တည်း။ နာမကာယ ဟူသည် အဘယ်နည်း၊ စိတ္တသင်္ခါရဟု ဆိုအပ်သော ဝေဒနာ သညာ စေတနာ ဖဿ မနသိကာရ နာမ်မည်သော နာမ်တရားအပေါင်းသည် နာမကာယ မည်၏။

ရူပကာယဟူသည် အဘယ်နည်း၊ ကာယသင်္ခါရဟု ဆိုအပ်သော မဟာဘုတ် (၄)ပါး, မဟာဘုတ် (၄)ပါးကို စွဲမှီ၍ဖြစ်သော ဥပါဒါရုပ်, ဝင်သက်လေ-ထွက်သက်လေ, သတိ၏ ဖွဲ့ချည်ရာ နိမိတ်ဖြစ်သော ဝင်သက်လေ-ထွက်သက်လေတို့၏ ထိရာဌာနဟူသော နိမိတ် (ပရိကမ္မနိမိတ်-ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်) ---- ဤသင်္ခါရ အပေါင်းသည် ရူပကာယ မည်၏။

ထိုကာယတို့သည် အဘယ်သို့လျှင် ထင်ရှားကုန်သနည်း၊ ရှည်သော ဝင်သက်လေ၏ အစွမ်းအားဖြင့် စိတ်၏ တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့ကို ထင်ထင်ရှားရှား သိကုန်၏။

ရှည်သော ထွက်သက်လေ၏ အစွမ်းအားဖြင့် စိတ်၏တည်ကြည်ခြင်း မပျံ့လွင့်ခြင်းကို သိသော ပုဂ္ဂိုလ်အား သတိသည် ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့သည် ထင်ရှားကုန်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုကာယတို့ကို ထင်ထင်ရှားရှား သိကုန်၏။ (တိုသော ဝင်သက်လေ, တိုသော ထွက်သက်လေတို့၌လည်း နည်းတူ မှတ်ပါ။)

ဤပါဠိတော်ဝယ် စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အရ မဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ဥပါဒါရုပ်တရားများကို ပဋိသမိ႓ဒါမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ရေတွက်ပြထား၏။

တံ ပန စက္ခု သောတံ ဃာနံ ဇိဝှါ ကာယော ရူပံ သဒ္ဒေါ ဂန္ဓော ရသော ဣတ္ထိန္ဒြိယံ ပုရိသိန္ဒြိယံ ဇီဝိတိန္ဒြိယံ ဟဒယဝတ္ထု ဩဇာ ကာယဝိညတ္တိ ဝစီဝိညတ္တိ အာကာသဓာတု ရူပဿ-လဟုတာ ရူပဿ-မုဒုတာ ရူပဿ-ကမ္မညတာ ဥပစယော သန္တတိ ဇရတာ အနိစ္စတာတိ စတုဝီသတိဝိဓံ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။)

= စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည်, ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဣတ္ထိန္ဒြေိ, ပုရိသိန္ဒြေိ, ဇီဝိတိန္ဒြေိ, ဟဒယဝတ္ထု, ဩဇာ, ကာယဝိညတ္တိ, ဝစီဝိညတ္တိ, အာကာသဓာတု, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာဟု ဤသို့လျှင် ထိုဥပါဒါရုပ်သည် (၂၄)မျိုး ရှိပေသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။) (ယင်းရုပ်တရားတို့၏ အဓိပ္ပါယ်ကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)

မဟာဘုတ်ဓာတ်ကြီး (၄)ပါးနှင့် ယင်းဥပါဒါရုပ် (၂၄)မျိုးတို့ကို ပေါင်းသော် ရုပ် (၂၈)ပါး ဖြစ်၏။ ထိုရုပ် (၂၈)မျိုးသည် သဗ္ဗကာယပဋိသံဝေဒီ-အရ ယောဂါဝစရပုဂ္ဂိုလ်က သိအောင် ရှုပွားရမည့် ရူပကာယစာရင်းဝင် တရားစုများ ဖြစ်ကြသည်ဟု မှတ်ပါ။ နာမကာယ-အရ၌လည်း နာမ်မည်သော နာမ်တရားအပေါင်းသည် နာမ ကာယ မည်၏ဟု မိန့်ဆိုထားတော်မူသဖြင့် စိတ်စေတသိက်အားလုံးသည် နာမကာယ မည်ပေသည်၊ ယင်းနာမ ကာယကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် သိအောင် ကြိုးစားအားထုတ်ရမည်ဟု မှတ်သားထားပါလေဦး။

ထိုရုပ်တရား နာမ်တရားတို့ကား တစ်လုံးချင်း အနေအားဖြင့် ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိကြပေ။ ရုပ်ကလာပ် နာမ်ကလာပ်ခေါ် အုပ်စုအလိုက်သာ ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ ရှိကြ၏။ ဖြစ်ရိုးဓမ္မတာ ရှိကြ၏။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် နာမ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ် ကလာပ် နာမ်ကလာပ် အသီးအသီးအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ မြင်နိုင်ပါမှ ဓာတ်ခွဲနိုင်ပါမှ ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကို သိမည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားနိုင်ပါမှ ရုပ်-နာမ်များကို ကုန်စင်အောင် ပုံစံမှန် သိရှိနိုင်မည် ဖြစ်ပေသည်။

သို့အတွက် အသင် ယောဂီသူတော်ကောင်းသည် အာနာပါနအလုပ်စခန်းဖြင့် သမာဓိ ထူထောင်ပြီး၍ ဝိပဿနာသို့ ကူးသောအခါ ဤဖော်ပြပါ ရုပ်-နာမ်အားလုံးကို သိအောင် ဆက်လက် ကြိုးစားအားထုတ်ရမည်သာ ဖြစ်ကြောင်းကို မုချပုံသေ မှတ်သားထားပါလေ။ ထိုသို့ နာမကာယ ရူပကာယဟူသော နာမ်တရားအပေါင်း ရုပ် တရားအပေါင်းတို့ကို လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်သော ဘာဝနာကိုလည်း ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟူ၍ ခေါ်ဆိုကြောင်းကိုလည်း ယုံကြည်စိတ်ချစွာ မှတ်သား ထားပါလေ။

သဗ္ဗကာယပဋိသံဝေဒီ-ပုဒ်ကို ဓာတ်ခွဲပုံ

သဗ္ဗကာယပဋိသံဝေဒီ-ပုဒ်ကို ဓာတ်ခွဲပုံ

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ။ ပ ။ ပဿသိဿာမီတိ သိက္ခတီတိ သကလဿ အဿာသကာယဿ အာဒိမဇ္ဈပရိယောသာနံ ဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော အဿသိဿာမီတိ သိက္ခတိ။ သကလဿ ပဿာသကာယဿ အာဒိမဇ္ဈပရိယောသာနံ ဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော ပဿသိဿာမီတိ သိက္ခတိ။ ဧဝံ ဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော ဉာဏသမ္ပယုတ္တစိတ္တေန အဿသတိ စေဝ ပဿသတိ စ။ တသ္မာ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၅။)

သဗ္ဗကာယပဋိသံဝေဒီ-ပုဒ်၌ (၁) သဗ္ဗ-တစ်ပုဒ် (၂) ကာယ-တစ်ပုဒ် (၃) ပဋိ-တစ်ပုဒ် (၄) သံ-တစ်ပုဒ် (၅) ဝေဒီ-တစ်ပုဒ် ပေါင်းသော် စကားလုံးပုဒ်ပေါင်း (၅)ပုဒ် ပါဝင်လျက် ရှိ၏။

၁။ သဗ္ဗ-ပုဒ်က သကလ (= အလုံးစုံ) ဟူသော အနက်ကို ဟော၏။

၂။ ကာယ-ပုဒ်က အဿာသကာယ ပဿာသကာယကို ဟော၏။

၃။ သဗ္ဗ - ကာယ - နှစ်ပုဒ်ဖြင့် အဿာသကာယ ပဿာသကာယ၏ အစ-အလယ်-အဆုံး ဟူသော အလုံးစုံ သော အဿာသကာယ ပဿာသကာယကို ညွှန်ပြပေသည်။

၄။ ပဋိ-ပုဒ်ကား ဝိစ္ဆာအနက်၌ ဖြစ်၏။ ပဋိ ပဋိ ပစ္စေကံ = အသီးအသီးဟု အဓိပ္ပါယ်ထွက်၏။ အဿာသကာယ ပဿာသကာယဟူသော ဝင်သက်လေ-ထွက်သက်လေ အပေါင်းကား ရုပ်ကလာပ်ပေါင်းများစွာတို့ကို ပေါင်းစုထားသော အပေါင်းအစုမျှသာ ဖြစ်သောကြောင့် အလုံးစုံသော အဿာသကာယ ပဿာသကာယ အဖို့ဘာဂကို သိအောင်ကျင့်ရန် ညွှန်ကြားပြသတော်မူလိုသည့်အတွက် ပဋိ-သဒ္ဒါကို ထည့်သွင်း၍ ဟော ကြားထားတော်မူပေသည်။

၅။ သံ-ပုဒ်က သမ္မာ-အနက်ကို ဟော၏။ သက္ကစ္စ ကာရီ = ကောင်းမွန်ရိုသေစွာ အာနာပါနဘာဝနာလုပ်ငန်းကို ပြုလုပ်ရန် ညွှန်ပြခြင်းအကျိုးငှာ သံ-သဒ္ဒါကို ထည့်သွင်း၍ ဟောကြားထားတော်မူပေသည်။

၆။ ဝေဒီ-၌ ဝိဒ-ကား ဉာဏ (= သိခြင်း) အနက် ဟောတည်း။ ဝေဒီ-၌ ဏီ-ပစ္စည်းကား တဿီလ-အတ္ထိအတ္ထ- သုဒ္ဓကတ္တား - သုံးနက်၌ ဖြစ်၏။ (မဟာဋီ၊၁၊၃၂၁ - ကြည့်ပါ။)

သို့အတွက် ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ ပ ။ ပဿသိဿာမီတိ သိက္ခတိ --ဟူသော စကားရပ်တစ်ခုလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဤသို့ ဖြစ်၏။

၁။ အဿာသကာယဟူသော ဝင်သက်လေ အပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိလေ့ရှိသည် ဖြစ်၍ ဝင်သက်လေကို ရှူသွင်း အံ့ဟု ကျင့်၏။ ။ ပဿာသကာယဟူသော ထွက်သက်လေ အပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိလေ့ရှိသည် ဖြစ်၍ ထွက်သက် လေကို ရှူထုတ်အံ့ဟု ကျင့်၏။ (တဿီလအနက်။)

၂။ အဿာသကာယဟူသော ဝင်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိခြင်းရှိသည် ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏။ ။ ပဿာသကာယဟူသော ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီး အသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ် စိတ်ဖြင့် သိခြင်းရှိသည် ဖြစ်၍ ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏။ (အတ္ထိအတ္ထ = အဿတ္ထိအနက်။)

၃။ အဿာသကာယဟူသော ဝင်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိတတ်သည်ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့ ဟု ကျင့်၏။ ။ ပဿာသကာယဟူသော ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိတတ်သည်ဖြစ်၍ ထွက်သက်လေ ကို ရှူထုတ်အံ့ဟု ကျင့်၏။ (သုဒ္ဓကတ္တားအနက်)

ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။

မှန်ပေသည် ---- ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ တစ်ဦးနှင့် တစ်ဦး မတူညီတတ်ပေ။ တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား များစွာသော ရုပ်ကလာပ်အမှုန်တို့ဖြင့် ပေါင်းစုတည်ဆောက်ထား သည့် အတွက်ကြောင့် မုန့်မုန့်ညက်ညက်၏ အဖြစ်ဖြင့် ပျံ့ကြဲလျက်ရှိသော အဿာသကာယ = ဝင်သက်လေ အပေါင်း၌သော်လည်းကောင်း, ပဿာသကာယ = ထွက်သက်လေ အပေါင်း၌သော်လည်းကောင်း အစသာ ထင်ရှား၍ အလယ်နှင့် အဆုံးကား မထင်ရှား ဖြစ်တတ်၏။ ထိုယောဂါဝစရ ရဟန်းတော်သည် အစ၌သာလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ စွမ်းနိုင်ပေသည်၊ အလယ်နှင့် အဆုံး၌ကား ပင်ပန်းနေတတ်၏။

တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား အလယ်ထင်ရှား၍ အစနှင့် အဆုံးကား မထင်ရှား ဖြစ်နေ တတ်ပြန်၏။ ထိုပုဂ္ဂိုလ်မျိုးသည် အလယ်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်၍ အစနှင့် အဆုံး၌ ပင်ပန်းနေတတ်ပြန်၏။

တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား အဆုံးသာ ထင်ရှား၍ အစနှင့် အလယ်ကား မထင်ရှား ဖြစ်နေတတ်ပြန်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် အဆုံးကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်၍ အစနှင့် အလယ် ၌ ပင်ပန်းနေတတ်ပြန်၏။

တစ်ဦးသော ယောဂါဝစရ ရဟန်းတော်အား ဝင်သက်လေ-ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးသည် ထင်ရှား၏၊ ထိုပုဂ္ဂိုလ်မျိုးသည် ဝင်သက်လေ-ထွက်သက်လေ အပေါင်း ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ စွမ်းနိုင်၏၊ အစ- အလယ်-အဆုံး မည်သည့် နေရာ၌မဆို ပင်ပန်းမှု မရှိပေ။

ဤစတုတ္ထပုဂ္ဂိုလ်မျိုးနှင့် တူစွာ အဿာသကာယ ပဿာသကာယ = ဝင်သက်လေ-ထွက်သက်လေအပေါင်း ဟူသော ကမ္မဋ္ဌာန်းအာရုံ၌ သတိကိုလည်းကောင်း, ဉာဏ်ကိုလည်းကောင်း ရှေးရှုတည်စေ၍ ဖြစ်စေ၍ ဝင်သက် လေ-ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံး၌ပင် ဉာဏ်နှင့်ယှဉ်သည်သာလျှင် ဖြစ်သော ဉာဏသမ္ပယုတ်စိတ်ကို ဖြစ်စေအပ်၏ဟု ညွှန်ပြတော်မူလိုသော ဘုရားရှင်သည် ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ။ ပ ။ ပဿသိဿာမီတိ သိက္ခတိ ---- ဟု ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၅။)

သိက္ခတိ - ထည့်၍ ဟောရခြင်းအကြောင်း

သိက္ခတိ - ထည့်၍ ဟောရခြင်းအကြောင်း

သဗ္ဗကာယ ပဋိသံဝေဒီ အဿသိဿာမီတိ။ ပ ။ပဿသိဿာမီတိ သိက္ခတိ = ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု ကျင့်၏ (= ကျင့်ပါ)။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏ (= ကျင့်ပါ) --- ဟူသော ထိုပါဠိတော်စကားရပ်၌ သိက္ခတိ (= ကျင့်၏ = ကျင့်ပါ) ဟူသော စကားရပ်ကို ထည့်၍ ဟောကြားထားတော်မူပုံနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အောက်ပါအတိုင်း ရှင်းလင်းတင်ပြ ထား၏။

သိက္ခတိ (= ကျင့်၏ = ကျင့်ပါ) ဟူသည်ကား အထက်၌ ဆိုခဲ့ပြီးသည့်အတိုင်း ဝင်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို, ထွက်သက်လေအပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်နှင့် ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိခြင်း၏ အစွမ်းဖြင့်သာလျှင် အားထုတ်၏ လုံ့လပြု၏ (= အားထုတ်ပါ လုံ့လပြုပါ) ဟု ဆိုလိုသည်။

တစ်နည်းအားဖြင့် ဆိုရသော် ---- ထိုသို့သော အာနာပါနဿတိသမာဓိကို ပွားစေသော ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ = ထိုသို့သော ဝင်သက်လေအပေါင်း ထွက်သက်လေအပေါင်း၏ အစ-အလယ်- အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန်ရိုသေစွာ ဉာဏ်ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် ထင်ထင်ရှားရှား သိမှုကို ပြုကျင့်နေသော ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အာနာပါနအာရုံကို သတိဖြင့် စောင့်စည်းမှုတည်းဟူသော သတိသံဝရ, ဝီရိယဖြင့် စောင့်စည်းမှုတည်းဟူသော ဝီရိယသံဝရသည်ကား အဓိသီလသိက္ခာ မည်၏။ အာနာပါနအာရုံ၌ စိတ်တည်ကြည်မှု စိတ်တည်ငြိမ်မှု သမာဓိ သည်ကား အဓိစိတ္တသိက္ခာ မည်၏။ အာနာပါနအာရုံကို အစ-အလယ်-အဆုံး အကုန်လုံးကို အသီးအသီး ကောင်းမွန် ရိုသေစွာ ကွဲကွဲပြားပြား သိနေသော ပညာကား အဓိပညာသိက္ခာ မည်၏။

ဤသိက္ခာသုံးပါးတို့ကို ထိုအာနာပါနအာရုံ၌ ထိုအာနာပါနကို အာရုံပြု၍ဖြစ်သော သတိနှင့် ထိုသတိ ေ့ရှသွားရှိသော အာနာပါနအာရုံကို ပွားများနှလုံးသွင်းခြင်း ဘာဝနာမနသိကာရနှင့် အတူတကွ လေ့ကျင့်၏ မှီဝဲ၏ ပွားစေ၏ အကြိမ်များစွာပြု၏ (= လေ့ကျင့်ပါ မှီဝဲပါ ပွားများပါ အကြိမ်များစွာ ပြုပါ) ---- ဤသို့လျှင် ဤ သိက္ခတိဟူသော ပုဒ်၌ ဆိုလိုရင်း အနက်သဘောကို မှတ်သားပါ။ (ဝိသုဒ္ဓိ၊၁၊၂၆၆။)

အဿသိဿာမိ ပဿသိဿာမိ-ဟု အနာဂတ်ဝိဘတ်ဖြင့် ဟောတော်မူရခြင်း၏ အကြောင်းရင်း

အဿသိဿာမိ ပဿသိဿာမိ-ဟု အနာဂတ်ဝိဘတ်ဖြင့် ဟောတော်မူရခြင်း၏ အကြောင်းရင်း

ဤအာနာပါန စတုက္ကလေးမျိုးတို့၌ ---- ပထမစတုက္ကတွင် အကျုံးဝင်သော အဿာသ ပဿာသတို့၏ အရှည်ကို သိအောင် ရှုရသည့် ပထမနည်း, အတိုကို သိအောင် ရှုရသည့် ဒုတိယနည်းတို့၌ ဝင်သက်လေ ရှူသွင်းကာမျှ ထွက်သက်လေ ရှူထုတ်ကာမျှ သက်သက်သာလျှင် ဖြစ်ပေသည်။ အခြား တစ်စုံတစ်ရာ ပြုလုပ်ဖွယ် ရာ မရှိပေ။ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင် ကျင့်ရမည့် ဤတတိယနည်းမှ စ၍ အာနာပါန အာရုံပေါ်၌ ဉာဏ်ကို ဖြစ်စေခြင်း, အဿာသ ပဿာသ ကာယသင်္ခါရကို ငြိမ်းစေခြင်း, ပီတိကို အသီးအသီး ကောင်းစွာ ဉာဏသမ္ပယုတ်စိတ်ဖြင့် သိသည်ကို ထင်ရှားသည်ကို ပြုလုပ်ခြင်း စသည်တို့၌ ကြိုးစားအားထုတ်မှု ကို အထူးပြုအပ်ပေသည်။ ထိုကြောင့် ဝင်သက်လေ-ထွက်သက်လေတို့၏ အရှည် အတိုကို သိအောင် အားထုတ် ရသည့် ရှေးနည်း၌ ---- အဿသာမီတိ ပဇာနာတိ၊ ပဿသာမီတိ ပဇာနာတိ = ရှည်သော ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်သော ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏၊ တိုသော ဝင်သက်လေကို ဖြစ်စေသည်ရှိသော် တိုသော ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏ ---- ဟူ၍သာလျှင် ပစ္စုပ္ပန်ကာလ၏ အစွမ်းဖြင့် ပါဠိတော်ကို ဟောကြားထားတော်မူပေသည်။ ထိုသို့ ဟောတော်မူပြီးနောက် ဝင်သက်လေ ထွက်သက်လေ အပေါင်း၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ရမည့် ဤတတိယနည်းမှ စ၍ ပြုသင့်ပြုထိုက် သော ဉာဏ်ကို ဖြစ်စေခြင်း, အဿာသပဿာသ ကာယသင်္ခါရကို ငြိမ်းစေခြင်း, ပီတိကို အသီးအသီး ကောင်းစွာ ဉာဏ်နှင့် ယှဉ်သော ဉာဏသမ္ပယုတ်စိတ်ဖြင့် သိသည်ကို ထင်ရှားသည်ကို ပြုလုပ်ခြင်း စသော အခြင်းအရာကို ညွှန်ပြတော်မူခြင်းငှာ ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ ---- စသည်ဖြင့် အနာဂတ်ဝိဘတ်၏ အစွမ်းဖြင့် ပါဠိတော်ကို တင်ထားတော်မူအပ်ပေသည်ဟု သိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၆၆။)

ဝင်သက်လေ-ထွက်သက်လေတို့၏ ရှည်မှု တိုမှုကို သိအောင် ကြိုးစားအားထုတ်ရသည့် ရှေးဘာဝနာနည်း နှစ်နည်း၌လည်း ဝင်သက်လေ-ထွက်သက်လေတို့၏ ဟုတ်မှန်သော သဘောအတိုင်း ရှည်မှု တိုမှု၏ အဖြစ်ကို ထိုးထွင်းသိမြင်နေခြင်း သဘောရှိသည်၏ အဖြစ်ကြောင့် ဉာဏ်ကို ဖြစ်စေခြင်းကို အကယ်၍ကား ရအပ်သည် သာလျှင် ဖြစ်ပေသည်၊ သို့သော် ထို ရှည်မှု တိုမှုကို သိခြင်းသည် ဖြစ်တိုင်းကုန်သော ဝင်သက်လေ-ထွက်သက်လေ တို့ကို ဖြစ်နေသည့်အတိုင်း အာရုံယူနေခြင်းမျှသာ ဖြစ်သောကြောင့် လွန်စွာ မခဲယဉ်းလှပေ။ ထိုကြောင့် ထိုရှေးနည်း နှစ်မျိုး၌ - ရှည်သော (တိုသော) ဝင်သက်လေ (ထွက်သက်လေ)ကို ဖြစ်စေသည်ရှိသော် ရှည်သော (တိုသော) ဝင်သက်လေ (ထွက်သက်လေ)ကို ဖြစ်စေ၏ဟု သိ၏ - ဟု ပစ္စုပ္ပန်ကာလနှင့် ယှဉ်ခြင်းကို ပြုတော်မူအပ်ပေသည်။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအား ထုတ်ရခြင်း စသော ဤတတိယစသော နည်းသည်ကား ပြုနိုင်ခဲလှ၏၊ တစ်ဦးသော ယောက်ျား၏ သင်ဓုန်းသွား ပေါ်၌ သို့မဟုတ် သင်ဓုန်းသွားရှိသော လမ်းပေါ်၌ သွားနေရခြင်းနှင့် တူလှ၏၊ ထိုကြောင့် ဤတတိယနည်း စသည်တို့၌ ရှေးအဖို့၌ဖြစ်သော ပြုပြင်ခြင်းသည် လွန်လွန်ကဲကဲ ဖြစ်သင့် ဖြစ်ထိုက်လှပေ၏။ ဤသဘောတရားကို ထင်ရှားပြခြင်းငှာ ---- သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတိ = ဝင်သက်လေ (ထွက်သက်လေ ) ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ရှူသွင်းအံ့ ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏ ---- ဤသို့ စသည်ဖြင့် အဿသိဿာမိ ပဿသိဿာမိ - ရှူသွင်းအံ့ ရှူထုတ်အံ့ - ဟု အနာဂတ်ကာလနှင့် ယှဉ်ခြင်းကို ပြုတော်မူအပ်ပေသည်။ ဤသဘောအဓိပ္ပါယ်ကို ထင်ရှား ပြခြင်းငှာ အဋ္ဌကထာဆရာတော်သည် အထက်ပါ စကားရပ်ကို မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၃၂၂။)

ဝင်သက်လေ-ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို သတိဖြင့် အစဉ်ကပ်၍ အဆက် မပြတ် တောက်လျှောက်သိအောင် ကြိုးစားအားထုတ်ရသောနည်းကို အဋ္ဌကထာကြီးများ၌ အနုဗန္ဓနာနည်းဟု အမည်တပ်ထားတော်မူပေသည်။

အနုဗန္ဓနာနည်း

အနုဗန္ဓနာနည်း

အနုဗန္ဓနာ နာမ ဂဏနံ ပဋိသံဟရိတွာ သတိယာ နိရန္တရံ အဿာသပဿာသာနံ အနုဂမနံ။ တဉ္စ ခေါ န အာဒိမဇ္ဈပရိယောသာနာနုဂမနဝသေန။ ဗဟိ နိက္ခမနဝါတဿ ဟိ နာဘိ အာဒိ၊ ဟဒယံ မဇ္ဈံ၊ နာသိကဂ္ဂံ ပရိယောသာနံ။ အဗ္ဘန္တရံ ပဝိသနဝါတဿ နာသိကဂ္ဂံ အာဒိ၊ ဟဒယံ မဇ္ဈံ နာဘိ ပရိယောသာနံ။ တဉ္စဿ အနုဂစ္ဆတော ဝိက္ခေပဂတံ စိတ္တံ သာရဒ္ဓါယ စေဝ ဟောတိ ဣဉ္ဇနာယ စ။ ယထာဟ ----

အဿာသာဒိမဇ္ဈပရိယောသာနံ သတိယာ အနုဂစ္ဆတော အဇ္ဈတ္တံ ဝိက္ခေပဂတေန စိတ္တေန ကာယောပိ စိတ္တမ္ပိ သာရဒ္ဓါ စ ဟောန္တိ ဣဉ္ဇိတာ စ ဖန္ဒိတာ စ။ ပဿာသာဒိမဇ္ဈပရိယောသာနံ သတိယာ အနုဂစ္ဆတော ဗဟိဒ္ဓါ ဝိက္ခေပဂတေန စိတ္တေန ကာယောပိ စိတ္တမ္ပိ သာရဒ္ဓါ စ ဟောန္တိ ဣဉ္ဇိတာ စ ဖန္ဒိတာ စာတိ။ (ပဋိသံ၊၁၆၅။ ဝိသုဒ္ဓိ၊၁၊၂၇၂။)

ဤအထက်ပါ အဋ္ဌကထာနှင့် ပဋိသမိ႓ဒါမဂ်ပါဠိတော်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဂဏနာနည်း (= ရေတွက်နည်း) စသည့်နည်းတို့ဖြင့် အာနာပါနအာရုံ၌ သတိမြဲလာသော် အနုဗန္ဓနာနည်းဖြင့် အာနာပါနအာရုံကို နှလုံးသွင်းအပ်ပေသည်။ အာနာပါနအာရုံ၌ သတိမြဲလာသော် ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေ၏ ရှည်မှု တိုမှုကို သိအောင် ဆက်လက် ကြိုးစားရ၏။ အထက် တွင် ရှင်းပြခဲ့သည့်အတိုင်း ဝင်သက်လေ-ထွက်သက်လေတို့၏ အရှည်အတိုကို သိအောင် ကြိုးစားအားထုတ် သည့် အပိုင်း၌လည်း အာနာပါနနိမိတ်သည် ပေါ်လာတတ်သည်သာ ဖြစ်ပေသည်။ နိမိတ်ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်အတိုအာရုံ၌ သတိမြဲလာသော် ထိုဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ဆက်လက်၍ ကြိုးစား အားထုတ်ရမည် ဖြစ်သည်။ ယင်းသို့ ကြိုးစားအားထုတ်ခြင်းသည် အနုဗန္ဓနာနည်းဖြင့် ဝင်သက်လေ-ထွက်သက် လေ အာရုံကို နှလုံးသွင်းခြင်း မည်ပေသည်။

ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ သတိမြဲလာသောအခါ ရေတွက်ခြင်း ဂဏနာနည်းကို ခေါက်ထား လိုက်၍ ရုပ်သိမ်းလိုက်၍ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ဝင်သက်လေ-ထွက်သက်လေတို့ကို အာရုံပြုသည်၏ အစွမ်းဖြင့် ဝင်သက်လေ-ထွက်သက်လေတို့၏ နောက်သို့ သတိဖြင့် အကြားအလပ် အပြတ် မရှိအောင် အစဉ်လျှောက်၍ လိုက်ခြင်းသည် အနုဗန္ဓနာနည်း မည်၏။

ဝင်သက်လေ-ထွက်သက်လေတို့၏ ထိမှုထင်ရှားရာ (= ဖုဋ္ဌ) ဌာန၌ ဝင်သက်လေ-ထွက်သက်လေကို နှလုံးသွင်းမှုသည်ပင် ဝင်သက်လေ-ထွက်သက်လေတို့သို့ နောက်ထပ်မပြတ် လိုက်သည် မည်၏။ တစ်နည်း ဆိုရသော် ဖြစ်တိုင်းဖြစ်တိုင်းကုန်သော ဝင်သက်လေ-ထွက်သက်လေတို့ကို အာရုံပြုသောအားဖြင့် သတိ၏ ထပ်ကာထပ်ကာ အလျဉ်မစဲ ဖြစ်ခြင်းသည်ပင် ဝင်သက်လေ-ထွက်သက်လေ၏ နောက်သို့ အစဉ်လျှောက်၍ လိုက်ခြင်း အနုဗန္ဓနာနည်း မည်၏၊ အနုဂမန မည်၏။ (မဟာဋီ၊၁၊၃၂၉။ ပြည်၊၂၊၂၄၂။)

ထိုသို့ ဝင်သက်လေ-ထွက်သက်လေတို့၏ နောက်သို့ သတိဖြင့် အစဉ်လျှောက်၍ လိုက်ခြင်းသည်လည်း ဝင်သက်လေ-ထွက်သက်လေတို့၏ သွားတိုင်း သွားတိုင်းသော ထိုထိုအရပ်သို့တိုင်အောင် အစ-အလယ်-အဆုံး သို့ အစဉ်လျှောက်၍ လိုက်ခြင်း၏ အစွမ်းဖြင့် လိုက်ရသည်ကား မဟုတ်ပေ။ အပသို့ ထွက်သောလေ၏ ချက် သည် အစတည်း၊ နှလုံးသည် အလယ်တည်း၊ နှာသီးဖျားသည် အဆုံးတည်း။

အတွင်းသို့ ဝင်သောလေ၏ နှာသီးဖျားသည် အစတည်း၊ နှလုံးသည် အလယ်တည်း၊ ချက်သည် အဆုံး တည်း။

ချက်-နှလုံး-နှာသီးဖျား, နှာသီးဖျား-နှလုံး-ချက် ဟူသော ထိုအစ-အလယ်-အဆုံးကို နောက်မှ အစဉ် လျှောက်၍ လိုက်သော ပျံ့လွင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် ပူပန်ခြင်းနှင့်တကွသော ဖြစ်ခြင်းငှာ လည်းကောင်း, အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၏ လှုပ်ရှားခြင်းငှာလည်းကောင်း ဖြစ်ပေ၏။ ပဋိသမိ႓ဒါ မဂ် ပါဠိတော်၌ ဤသို့ ဟောကြားထားတော်မူ၏။

ဝင်သက်လေ၏ အစ-အလယ်-အဆုံး ဖြစ်သော နှာသီးဖျား-နှလုံး-ချက်ဟူသော ထိုထိုအရပ်သို့ သတိဖြင့် အစဉ်လျှောက်၍ လိုက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တဘက်သို့ ပျံ့လွင့်၍ သွားသော စိတ်ကြောင့် ကိုယ်သည်လည်းကောင်း စိတ်သည်လည်းကောင်း ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်သည် လည်းကောင်း, အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ တုန်လှုပ်ကုန်သည်လည်းကောင်း ဖြစ်နေတတ်ကုန်၏။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး ဖြစ်သော ချက်-နှလုံး-နှာသီးဖျားဟူသော ထိုထိုအရပ်သို့ သတိဖြင့် အစဉ်လျှောက်၍ လိုက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပြင်ပ ဗဟိဒ္ဓ၌ ပျံ့လွင့်၍သွားသော စိတ် ကြောင့် ကိုယ်သည်လည်းကောင်း စိတ်သည်လည်းကောင်း ပူပန်ခြင်းနှင့်တကွ ဖြစ်ကုန်သည်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း၌ တုန်လှုပ်ကုန်သည်လည်းကောင်း ဖြစ်နေတတ်ကုန်၏။(ပဋိသံ၊၁၆၅။)

ထိုကြောင့် အနုဗန္ဓနာနည်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းနှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ် သည် နှာသီးဖျား-နှလုံး-ချက်, ချက်-နှလုံး-နှာသီးဖျား ဟူသော ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး ဖြစ်သည့် ထိုထိုအရပ်သို့ သတိဖြင့် အစဉ်လျှောက်၍ လိုက်သည်၏ အစွမ်းဖြင့် နှလုံးမသွင်းအပ်ပေ။ စင်စစ်သော်ကား ဖုသနာနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း, ဌပနာနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း နှလုံးသွင်းရမည် ဖြစ်သည်။

ဂဏနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ, အနုဗန္ဓနာနည်း၏ အစွမ်းဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံများ အသီးအခြား ထင်ရှားရှိသကဲ့သို့ ဖုသနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ, ဌပနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အသီးအခြားမရှိပေ။ ရေတွက်ခြင်း ဂဏနာနည်းနှင့်လည်းကောင်း, အစဉ်လိုက်ခြင်း အနုဗန္ဓနာနည်းနှင့်လည်းကောင်း ကင်း၍ အစဉ်အတိုင်း ဖုသနာ နည်း သက်သက်အားဖြင့်လည်းကောင်း, ဌပနာနည်း သက်သက်အားဖြင့်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အစီအစဉ်ကား မရှိပေ ဟူလိုသည်။

ယင်းသို့ဖြစ်သော် ထိမှုထင်ရှားရာ ဌာန၌ ဝင်သက်လေ-ထွက်သက်လေတို့ကို ရှုခြင်းဟူသော ဖုသနာ နည်းနှင့် ကင်း၍ အပ္ပနာစျာန်ဟူသော ဌပနာနည်းအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် မရှိ သကဲ့သို့ အလားတူပင် ဖုသနာနည်းနှင့် ကင်း၍ ရေတွက်ခြင်း ဂဏနာနည်းအားဖြင့်လည်း အာနာပါနကမ္မဋ္ဌာန်း ကို နှလုံးသွင်းခြင်းသည် မရှိသည်သာ မဟုတ်လောဟူမူ - မရှိသည်ကား မှန်၏။ သို့သော် ရေတွက်ခြင်း ဂဏနာနည်းကို အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွားခြင်း၏ မူလအခြေခံအကျဆုံး အကြောင်းရင်းတစ်ရပ် ဖြစ်သောကြောင့် ပဓာနအားဖြင့် ရေတွက်ခြင်း ဂဏနာနည်းဟု ရှုပွားနှလုံးသွင်းပုံ နည်းစနစ်တစ်ခုအဖြစ် ယူအပ် သကဲ့သို့ ထို့အတူ အစဉ်လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်းကိုလည်း အပ္ပနာစျာန်ဟူသော ဌပနာနည်း၏ မူလ ဘူတ အခြေခံ အကျဆုံးသော အကြောင်းရင်းတစ်ရပ်ဖြစ်၍ ပဓာနအားဖြင့် အနုဗန္ဓနာနည်းဟု သီးသန့်နည်း တစ်နည်းအဖြစ် ယူထားခြင်း ဖြစ်ပေသည်။ အကြောင်းမူ အစဉ်လိုက်၍ ရှုခြင်းဟူသော ထိုအနုဗန္ဓနာနည်းနှင့် ကင်း၍ အပ္ပနာစျာန်ဟူသော ဌပနာ၏ မဖြစ်သင့် မဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်။

အာနာပါနဿတိဘာဝနာ လုပ်ငန်းခွင်သည် ထိမှုထင်ရှားရာဌာန၌ ဝင်သက်လေ-ထွက်သက်လေကို နှလုံးသွင်းခြင်းဟူသော ဖုသနာနည်းနှင့် ကင်း၍ မဖြစ်နိုင်သည် မကင်းစကောင်းသည် မှန်သော်လည်း ရေတွက်ခြင်း ဂဏနာနည်းနှင့် အစဉ်လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်းတို့ကိုသာ မူလဘူတ အကြောင်းရင်းစစ် ဖြစ်သောကြောင့် ပဓာနအဖြစ်ဖြင့် ယူ၍ ရေတွက်ခြင်း (= ဂဏနာ) နည်း, အစဉ်လိုက်၍ ရှုခြင်း (= အနုဗန္ဓနာ) နည်းမှ တစ်ပါး ဖုသနာနည်း ဌပနာနည်းတို့၏ ပဓာနအဖြစ် မရှိသည်ကို ပြလို၍ ---- ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ, အစဉ် လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံများ အသီးအခြား ထင်ရှားရှိသကဲ့သို့ ဖုသနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ, ဌပနာနည်း၏ အစွမ်းဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အသီးအခြား မရှိပေဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၂။ မဟာဋီ၊၁၊၃၂၉-၃၃၀။)

ဖုသနာနည်း၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ, ဌပနာနည်း၏ အစွမ်းဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ, အသီးအခြား မရှိပါဟူသော စကားရပ်ဖြင့်လည်း ---- ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာဌာန၌ ဝင်သက်လေ ထွက်သက်လေကို ရေတွက်ခြင်းဟူသော ဂဏနာ-ဖုသနာဖြင့် အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ ရှိသကဲ့သို့ ထို့အတူ ဝင်သက်လေ ထွက်သက်လေကို အစဉ်လိုက်၍ ရှုခြင်း = အနုဗန္ဓနာနည်းကို ကြဉ်၍ ဌပနာနည်းသက်သက် ဖုသနာနည်းသက်သက်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းပုံ အစီအရင်သည် ထင်ရှားမရှိဟု ပြတော်မူလိုသော အဋ္ဌကထာဆရာတော်သည် ရေတွက်ခြင်း ဂဏနာနည်းကို ရုပ်သိမ်း၍ အကြင်ရွေ့လောက် အပ္ပနာစျာန်သည် မဖြစ်ပေါ်လာသေး၊ ထိုရွေ့လောက်သော ကာလပတ်လုံး ဝင်သက်လေ ထွက်သက်လေကို အစဉ်လိုက်၍ ရှုခြင်း အနုဗန္ဓနာနည်းဖြင့်လည်းကောင်း, ထိုသို့ ဝင်သက်လေ ထွက်သက်လေကို အစဉ်လိုက်၍ ရှုရာ၌ ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာဌာန၌သာလျှင် တွေ့ထိ နေသော ဝင်သက်လေ ထွက်သက်လေကိုသာ နှလုံးသွင်းခြင်း (= ဖုသနာ) နည်းဖြင့်လည်းကောင်း အာနာပါန ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားခြင်းကို ပြုလုပ်အပ်၏။ အပ္ပနာစျာန်တရားသည် ထင်ရှားစွာ ဖြစ်ပေါ်၍ လာလတ် သော်ကား အနုဗန္ဓနာနည်းဖြင့်လည်းကောင်း, ဌပနာနည်းဖြင့်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်း ခြင်းကို ပြုသည်မည်၏ဟူသော အနက်သဘောကို ပြအပ်ပေသည်။

ယင်းသို့ ဖုသနာနည်း ဌပနာနည်းတို့၏ အစွမ်းဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားပုံ အသီးအခြား မရှိပါဘဲလျက် အဘယ်ကြောင့် အာနာပါနလုပ်ငန်းခွင်ကို အကျဉ်းပြဆိုရာ ဥဒ္ဒေသ စကားစဉ်၌ ဖုသနာနှင့် ဌပနာတို့ကို အသီးအခြားယူထားအပ်ပါသနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏။ အောက်ပါအတိုင်း အဋ္ဌကထာ ဆရာတော်က ဖြေဆိုထားတော်မူပေသည်။

၁။ ဂဏနာ-ဖုသနာ

၂။ အနုဗန္ဓနာ-ဖုသနာ-ဌပနာ

၂။ အနုဗန္ဓနာ-ဖုသနာ-ဌပနာ

ဖုဋ္ဌဖုဋ္ဌဋ္ဌာနေယေဝ ပန ဂဏေန္တော ဂဏနာယ စ ဖုသနာယ စ မနသိ ကရောတိ။ တတ္ထေဝ ဂဏနံ ပဋိသံဟရိတွာ တေ သတိယာ အနုဗန္ဓန္တော အပ္ပနာဝသေန စ စိတ္တံ ဌပေန္တော အနုဗန္ဓနာယ စ ဖုသနာယ စ ဌပနာယ စ မနသိ ကရောတီတိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၂။)

၁။ အမှန်စင်စစ်သော်ကား ဝင်သက်လေ ထွက်သက်လေ၏ ထိရာ ထိရာ အရပ်၌သာလျှင် ရေတွက်သည် ရှိသော် သို့မဟုတ် ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဂဏနာနည်းဖြင့်လည်းကောင်း, ဖုသနာနည်းဖြင့် လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်၏။

၂။ ထိုဝင်သက်လေ ထွက်သက်လေ၏ ထိရာ ထိရာ အရပ်၌သာလျှင် ရေတွက်ခြင်း ဂဏနာနည်းကို ခေါက်ထား လိုက်၍ ရုပ်သိမ်းလိုက်၍ ထိုဝင်သက်လေ ထွက်သက်လေတို့ကို သတိဖြင့် အစဉ်လျှောက်၍ လိုက်လျက် မပြတ် ရှုပွားသုံးသပ်နေသော်လည်းကောင်း, အပ္ပနာစျာန် ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့် ထင်လာ တိုင်းသော အလွန်ကြည်လင်တောက်ပလျက်ရှိသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ် စွာ ကပ်၍ ထားနိုင်သော်လည်းကောင်း အနုဗန္ဓနာနည်းဖြင့်လည်းကောင်း, ဖုသနာနည်းဖြင့်လည်းကောင်း, ဌပနာ နည်းဖြင့်လည်းကောင်း အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းရှုပွားသည် မည်၏ဟု ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၂။ မဟာဋီ၊၁၊၃၃၀။)

ဤအထက်ပါ သတ်မှတ်ချက်များအရ ---- ဝင်သက်လေ ထွက်သက်လေ၏ ထိမှု ထင်ရှားရာနေရာကသာ စောင့်၍ ဝင်သက်လေ ထွက်သက်လေကို အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အစဉ်လိုက်၍ ရှုပွား နှလုံးသွင်းရမည်ဟု လိုရင်းအချက်ကို မှတ်သားထားပါလေ။

သို့သော် ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာဌာန၌ သတိမြဲသောအခါ ဝင်သက်လေ ထွက် သက်လေတို့၏ အရှည် အတို့၌် သတိမြဲအောင် ဆက်လက်၍ ကြိုးစားရမည် ဖြစ်သည်။ အရှည် အတို့၌် သတိ ခိုင်မြဲလာ၍ အာနာပါနနိမိတ်ပေါ်လာခဲ့သော်လည်းကောင်း, အရှည် အတို့၌် သတိခိုင်မြဲနေပါလျက် ကြာမြင့် စွာ အားထုတ်သော်လည်း အာနာပါနနိမိတ်သည် မပေါ်ဖြစ်နေခဲ့သော်လည်းကောင်း အနုဗန္ဓနာနည်းအရ ဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဝင်သက်လေ ထွက်သက်လေ ထိမှုထင်ရှားရာနေရာကသာ စောင့်၍ ဝင်သက်လေ ထွက်သက်လေနောက်သို့ အစဉ်လိုက်၍ နှလုံးသွင်း ရှုပွားပါ။ ဤသို့ ရှုပွားရာ၌ အဋ္ဌကထာများက အောက်ပါ ဥပမာများဖြင့် အဓိပ္ပါယ် ဆိုလိုရင်း အနက် သဘောများ ထင်ရှားအောင် ရှင်းလင်းတင်ပြထားပေသည်။

ပင်္ဂုလောပမာ = သူဆွံ့ ဥပမာ

ပင်္ဂုလောပမာ = သူဆွံ့ ဥပမာ

သူဆွံ့သည် ပုခက်ဖြင့် မြူးထူးပျော်ပါးနေကြကုန်သော သားအမိတို့၏ ပုခက်ကို လွှဲ၍ ထို ပုခက်တိုင်ရင်း၌ သာလျှင် ထိုင်နေလျက် အစဉ်သဖြင့် လာသည်လည်းဖြစ်သော သွားသည်လည်းဖြစ်သော ပုခက်ပျဉ်၏ နှစ်ဖက် ကုန်သော အစွန်းတို့ကိုလည်းကောင်း, အလယ်ကိုလည်းကောင်း မြင်တွေ့နေ၏၊ သို့သော် ပုခက်ပျဉ်၏ နှစ်ဖက် ကုန်သော အစွန်းတို့နှင့် အလယ်တို့ကို မြင်ခြင်းငှာ ကြောင့်ကြစိုက်မှု အားထုတ်မှုကား မရှိပေ။ ဤဥပမာ အတူ ယောဂါဝစရ ရဟန်းတော်သည် (မိခင်နွားမ၏ နို့ကို ခိုးစို့လေ့ရှိသော နွားသားငယ်ကို ချဉ်းကပ်ယှဉ်တွဲ၍ ဖွဲ့ချည် ရာတိုင်နှင့် တူသော) နှာသီးဖျား အထက်နှုတ်ခမ်းဟူသော အဿာသ-ပဿာသ နိမိတ်တိုင်ရင်း၌ သတိ၏ အစွမ်းဖြင့် ရပ်တည်၍, သတိမြဲအောင် ကပ်ထား၍, အဿာသ-ပဿာသ (= ဝင်သက်လေ ထွက်သက်လေ) တည်းဟူသော ပုခက်ကို လွှဲ၍, အဿာသ-ပဿာသကို ရှုသော ဘာဝနာစိတ်ကို ချဉ်းကပ်ယှဉ်တွဲ၍ ဖွဲ့ချည်ရာ တိုင်နှင့်တူသော ထိုနှာသီးဖျား အထက်နှုတ်ခမ်းတည်းဟူသော အဿာသ-ပဿာသနိမိတ်တိုင်ရင်း၌သာလျှင် ဝင်သက်လေ ထွက်သက်လေကို ရှုပွားသုံးသပ်တတ်သော သတိဖြင့် (သတိ၏ အစွမ်းဖြင့်) ထိုင်နေလျက်, အစဉ် သဖြင့် လာသည်လည်း ဖြစ်ကုန်သော သွားသည်လည်း ဖြစ်ကုန်သော ဝင်သက်လေ ထွက်သက်လေတို့၏ ထိမှု ထင်ရှားရာ (= ဖုဋ္ဌဋ္ဌာန)အရပ်၌သာလျှင် ဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးသို့ သတိဖြင့် အစဉ်လိုက်သည် ဖြစ်၍လည်းကောင်း, ထိုဝင်သက်လေ ထွက်သက်လေတို့၏ ထိရာဌာန၌ ဝင်သက်လေ ထွက်သက်လေကို ရှုပွားတတ် နှလုံးသွင်းတတ်သော ဘာဝနာစိတ်ကို ထားသည်ဖြစ်၍လည်းကောင်း ဝင်သက်လေ ထွက်သက်လေကို ရှု၏။ သို့သော် ထိုဝင်သက်လေ ထွက်သက်လေတို့၏ အစ-အလယ်-အဆုံး အကုန်လုံးကို မြင်ခြင်းငှာ ကြောင့်ကြစိုက်မှု အားထုတ်မှုကား မရှိပေ။ ဤကား ပင်္ဂုလောပမာ (= သူဆွံ့ ဥပမာ) တည်း။ (ဝိသုဒ္ဓိ၊၁၊၂၇၂။)

ဒေါဝါရိကူပမာ = တံခါးစောင့် ဥပမာ

ဒေါဝါရိကူပမာ = တံခါးစောင့် ဥပမာ

တံခါးစောင့်သည် မြို့တွင်း၌လည်းကောင်း, မြို့ပြင်၌လည်းကောင်း သင်သည် အဘယ်အမည် ရှိသနည်း၊ အဘယ်အရပ်မှမူလည်း လာသနည်း၊ သင်၏ လက်ထဲ၌မူလည်း အဘယ်အရာဝတ္ထုနည်း- ဤသို့ စသည်ဖြင့် မစုံစမ်း မစစ်ဆေးပေ။ မှန်ပေသည် ---- ထို မြို့တွင်း၌ လှည့်လည်သူ မြို့ပြင် မြို့ပ၌ လှည့်လည်သူ ထိုသူတို့၏ လက်ထဲ၌ ပါရှိသော လက်နက်ဘဏ္ဍာတို့သည် ထိုတံခါးမှူး တံခါးစောင့်၏ တာဝန်ဝတ္တရားများ မဟုတ်ကြပေ။ စင်စစ်သော်ကား -- တံခါးဝသို့ ရောက်လှာ ရောက်လှာသော သူကိုသာလျှင် စုံစမ်းစစ်ဆေးသကဲ့သို့ -- ဤဥပမာ အတူသာလျှင် ဤယောဂါဝစရ ရဟန်း၏ အတွင်းသို့ (= နှာသီးဖျားမှ ချက်သို့တိုင်အောင် အတွင်းဘက်သို့) ဝင်သွားသော လေတို့သည်လည်းကောင်း, နှာသီးဖျား၏ ပြင်ပသို့ ထွက်ခွာသွားသော လေတို့သည်လည်းကောင်း ရှုရန်တာဝန်ကား မဟုတ်ကြလေကုန်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော တံခါးဝသို့ ရောက် လှာ ရောက်လှာသော အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေတို့သည်သာလျှင် ရှုရန် တာဝန် ဝတ္တရားတို့ ဖြစ်ကြကုန်သည် -- ဟု မှတ်သားထားပါလေ။ ဤကား တံခါးစောင့် ဥပမာတည်း။ (ဝိသုဒ္ဓိ၊၁၊၂၇၃။ ပဋိသံ၊ဋ္ဌ၊၂၊၉၆။)

တစ်ဖန် ပဋိသမိ႓ဒါမဂ်ပါဠိတော်၌ အောက်ပါ လွှ-ဥပမာကိုလည်း ဟောကြားထားတော်မူပေသည်။

ကကစူပမာ = လွှ ဥပမာ

ကကစူပမာ = လွှ ဥပမာ

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။

အဇာနတော စ တယော ဓမ္မေ၊ ဘာဝနာနုပလဗ္ဘတိ။

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။

ဇာနတော စ တယော ဓမ္မေ၊ ဘာဝနာ ဥပလဗ္ဘတီတိ။ (ပဋိသံ၊၁၆၉။ ဝိသုဒ္ဓိ၊၁၊၂၇၃။)

နိမိတ္တန္တိ ဥပနိဗန္ဓနနိမိတ္တံ နာသိကဂ္ဂံ မုခနိမိတ္တံ ဝါ။ အနာရမ္မဏမေကစိတ္တဿာတိ အဿာသပဿာသာနံ ဧကက္ခဏေ အပ္ပဝတ္တနတော ဧကဿ စိတ္တဿ တယောပိ အာရမ္မဏံ န ဟောန္တိ၊ နိမိတ္တေန သဟ အဿာသော ပဿာသော ဝါတိ ဒွေယေဝ ဧကက္ခဏေ အာရမ္မဏံ ဟောန္တီတိ အတ္ထော။ အဇာနတော စ တယော ဓမ္မေတိ နိမိတ္တံ အဿာသော ပဿာသောတိ ဣမေ တယော ဓမ္မေ အာရမ္မဏကရဏဝသေန အဝိန္ဒန္တဿ။ (ဝိမတိ၊၁၊၂၁၆-၂၁၇။)

= (၁) အဿာသ-ပဿာသကို ရှုသော ဘာဝနာစိတ်ကို ဖွဲ့ချည်ရာဌာန ဖြစ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်သည်လည်းကောင်း, (၂) ဝင်သက်လေ, (၃) ထွက်သက်လေတို့သည်လည်းကောင်း ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုသော စိတ်၏ အာရုံကား မဟုတ်ကြလေကုန်။ ထိုသို့ပင် မဟုတ်ကြ ကုန်သော်လည်း သုံးပါးကုန်သော တရားတို့ကို အာရုံမူသောအားဖြင့် မသိသသူအား အာနာပါနဿတိသမာဓိ ဘာဝနာကို မရအပ်ပေ။

[မှတ်ချက် ---- ဝင်သက်လေ ထွက်သက်လေတို့သည်ကား တစ်ခုသော စိတ္တက္ခဏ၏ အတွင်း၌ ပြိုင်တူ မဖြစ်ကြသောကြောင့် နိမိတ်-ဝင်သက်လေ-ထွက်သက်လေဟူသော သုံးပါးကုန်သော တရားတို့သည် တစ်ခု သော စိတ်၏ အာရုံကား မဖြစ်နိုင်ကြပေ။ တစ်ခုသောစိတ်က သုံးပါးကုန်သော တရားတို့ကို ပြိုင်တူ မသိ နိုင်ပေ။ နိမိတ်နှင့် အဿာသသည်လည်းကောင်း, နိမိတ်နှင့် ပဿာသသည်လည်းကောင်း တစ်ခုသော စိတ္တက္ခဏအတွင်း၌ တစ်ခုသော စိတ်၏ သိစရာအာရုံ ဖြစ်နိုင်ကြပေသည်။ သို့အတွက် တစ်ခုသော စိတ္တက္ခဏ အတွင်း၌ သုံးပါးကုန်သော တရားတို့သည် ပြိုင်တူ မဖြစ်ကြသောကြောင့် တစ်ခုသော စိတ်၏ သိစရာအာရုံ မဖြစ်နိုင်ကြကုန်သော်လည်း နာနာစိတ္တက္ခဏ (= အသီးအသီးသော စိတ္တက္ခဏ)၏ကား သိစရာအာရုံ ဖြစ်နိုင် ကြသည်ဟု ဆိုလိုသည်။ ဤစကားကို ပဋိဘာဂနိမိတ်သို့ မဆိုက်မီ အချိန်ကို ရည်၍ ဆိုသည်ဟုလည်း မှတ် သားပါ။ စာမျက်နှာ-၃၄၆-၃၄၇ - ကြည့်ပါ။]

(၁) အဿာသ-ပဿာသကို ရှုသော ဘာဝနာစိတ်ကို ဖွဲ့ချည်ရာဌာနဖြစ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်သည်လည်းကောင်း, (၂) ဝင်သက်လေ, (၃) ထွက်သက်လေတို့သည်လည်းကောင်း ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုသော စိတ်၏ သိစရာအာရုံ မဟုတ်ကုန်၊ ထိုသို့ပင် သိစရာ အာရုံ မဟုတ်ကုန်သော်လည်း သုံးပါးကုန်သော တရားတို့ကို သိသသူအားသာလျှင် အာနာပါနဿတိသမာဓိဘာဝနာကို ရအပ်ပေ၏။ (ပဋိသံ၊၁၆၉။)

တစ်ဖန် ပဋိသမိ႓ဒါမဂ်ပါဠိတော်၌ အောက်ပါအတိုင်း အမေးအဖြေများ ပြုလုပ်လျက် အာနာပါနလုပ်ငန်း ခွင်ကို ဆက်လက်၍ ရှင်းလင်းတင်ပြထားအပ်ပေသည်။

၁။ ဤတရားသုံးပါးတို့သည် အဘယ်သို့လျှင် တစ်ခုသော စိတ်၏ သိစရာအာရုံ မဟုတ်ကုန်သနည်း။

၂။ ဤတရားသုံးပါးတို့သည် အဘယ်သို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်သည် မဟုတ်ကုန် သနည်း။

၃။ အဘယ်သို့လျှင် စိတ်ပျံ့လွင့်ခြင်းသို့ မရောက်သနည်း။

၄။ အဘယ်သို့လျှင် အာနာပါနဿတိသမာဓိဘာဝနာကို အားထုတ်သော ဝီရိယသည်လည်း ထင်ရှားသနည်း။

၅။ အဘယ်သို့လျှင် နီဝရဏကို ပယ်ခွာတတ်သော စျာန်ကိုလည်း ပြီးစေသနည်း။

၆။ အဘယ်သို့လျှင် သံယောဇဉ်ကို ပယ်တတ်သော မဂ်ကို ရသနည်း။

ဥပမာအားဖြင့် ညီညွတ်သော မြေပြင်၌ သစ်တုံးကို ချထား၏။ ထိုသစ်တုံးကို ယောက်ျားသည် လွှဖြင့် ဖြတ်လေရာ၏။ (တစ်ဘက်ထိုးလွှဖြင့် တစ်ယောက်တည်း သစ်တုံးကို ဖြတ်နေသည်ကို ရည်ရွယ်ထားသည်ဟု မှတ်ပါ။) သစ်တုံး၌ ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ယောက်ျား၏ သတိသည် ထင်၏၊ မိမိ၏ အနီးသို့ (မိမိဘက်သို့) လာသော လွှသွားတို့ကိုလည်းကောင်း, တစ်ဘက်သို့ သွားသော လွှသွားတို့ကိုလည်းကောင်း နှလုံး မသွင်းပေ။ နှလုံးမသွင်းသော်လည်း မိမိ၏အနီးသို့ (မိမိဘက်သို့) လာသော လွှသွား, တစ်ဘက်သို့ သွားသော လွှသွားတို့သည် မထင်သည်ကား မဟုတ်ကုန် (လွှသွားတို့ကို မသိသည် မဟုတ်ကုန် သိကုန်၏ဟု ဆိုလိုသည်)။ သစ်တုံးကို ဖြတ်သော ဝီရိယသည်လည်း ထင်ရှား၏၊ သစ်တုံးကို ဖြတ်ခြင်း လုံ့လကိုလည်း ပြီးစီးစေ၏။

၁။ ညီညွတ်သော မြေအပြင်၌ ချထားအပ်သော သစ်တုံးကဲ့သို့ ဤအတူ သတိဖြင့် ဖွဲ့ချည်အပ်သော ဝင် သက်လေ ထွက်သက်လေတို့၏ ထိရာဌာန ဖြစ်သော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်ကို မှတ်အပ်၏။ (သစ်တုံးနှင့် နိမိတ် တူသည် ဟူ၏။)

၂။ လွှသွားတို့ကဲ့သို့ ဤအတူ ဝင်သက်လေ ထွက်သက်လေတို့ကို မှတ်အပ်ကုန်၏။ (လွှသွားနှင့် ဝင်သက်လေ ထွက်သက်လေ တူသည် ဟူ၏။)

၃။ (က) သစ်တုံး၌ ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ယောက်ျား၏ သတိသည် ထင်သကဲ့သို့ (လွှသွား ထိရာ သစ်တုံး၌သာ စိတ်ကို စိုက်ထားသကဲ့သို့ဟု ဆိုလိုသည်) ,

( ခ ) ဆွဲလိုက်သဖြင့် မိမိဘက်သို့လာသော လွှသွား, တွန်းလိုက်သဖြင့် တစ်ဘက်သို့သွားသော လွှသွားကို နှလုံးမသွင်းသကဲ့သို့ ,

( ဂ ) ဆွဲလိုက်သဖြင့် မိမိဘက်သို့ လာသော လွှသွား, တွန်းလိုက်သဖြင့် တစ်ဘက်သို့ သွားသော လွှသွား တို့သည် မထင်သည်လည်း မဟုတ်ကုန်သကဲ့သို့ ,

(ဃ) သစ်တုံးကို ဖြတ်သော ဝီရိယသည်လည်း ထင်ရှားသကဲ့သို့ ,

( င ) သစ်တုံးကို ဖြတ်ခြင်း လုံ့လကိုလည်း ပြီးစီးစေသကဲ့သို့ ,

ဤ ဥပမာအတူပင်လျှင် ----

(က) ယောဂါဝစရ ရဟန်းတော်သည် နှာသီးဖျား၌လည်းကောင်း, သို့မဟုတ် အထက်နှုတ်ခမ်းဖျား၌လည်း ကောင်း သတိကို ရှေးရှုထား၍ ထိုင်နေ၏။

( ခ ) အတွင်းသို့ ဝင်လာကုန်သော ဝင်သက်လေ, အပသို့ ထွက်သွားကုန်သော ထွက်သက်လေတို့ကို နှလုံး မသွင်းကုန်။ (ဝင်သက်လေ ထွက်သက်လေ သွားရာလမ်းကြောင်းဟု ခေါ်ဆိုအပ်သော အတွင်း ဘက် အပြင်ဘက်သို့ အစဉ်လျှောက်၍ စိတ်လိုက် မသွားခြင်းကို ဆိုလိုသည်။)

( ဂ ) အတွင်းသို့ ဝင်လာကုန်သော ဝင်သက်လေ, အပသို့ ထွက်သွားကုန်သော ထွက်သက်လေတို့သည် အသိဉာဏ်၌ မထင်သည်ကား မဟုတ်ကုန်၊ ထင်ကုန်သည်သာတည်း။

(ဃ) ဝီရိယသည် ထင်၏၊

( င ) စျာန်ကိုလည်း ပြီးစေ၏၊

( စ ) သံယောဇဉ်ကို ပယ်တတ်သော မဂ်ကိုလည်း ရ၏၊

(ဆ) ပဓာန မည်သော ဝီရိယသည်လည်း ဖြစ်၏။

ပဓာန-ဟူသည် အဘယ်နည်း၊ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်၏ ကိုယ်သည်လည်းကောင်း စိတ်သည်လည်းကောင်း အာနာပါနဿတိသမာဓိ ဘာဝနာကံအား လျော်၏၊ ဤကား ပဓာန မည်၏။

ပယောဂ-ဟူသည် အဘယ်နည်း၊ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်သည် စိတ်ညစ်နွမ်းကြောင်း ဖြစ်သည့် စျာန်မဂ်ဖိုလ်၏ အတားအဆီး အပိတ်အပင် ဖြစ်သည့် ဥပက္ကိလေသ နီဝရဏတို့ကို ပယ်စွန့်အပ်ကုန်၏၊ ဝိတက်တို့သည် ငြိမ်းကုန်၏၊ ဤကား ပယောဂမည်၏။

ဝိသေသ-ဟူသည် အဘယ်နည်း၊ အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်အား သံယောဇဉ်တို့သည် ပျောက်ကုန်၏၊ အနုသယဓာတ်တို့သည် ကင်းကုန်၏၊ ဤကား ဝိသေသ မည်၏။

ဤသို့လျှင် နိမိတ်, အဿာသ, ပဿာသ - ဤတရားသုံးပါးတို့သည် တစ်ခုသော စိတ်၏ အာရုံကား မဟုတ်ကုန်၊ ထိုသို့ တစ်ခုသောစိတ်၏ အာရုံ မဖြစ်လှည့်ငြားလည်း ဤသုံးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မထင်သည်ကား မဟုတ်ကုန်၊ ထင်ပါကုန်၏။

အကယ်၍တည်း မထင်ငြားမူ အာနာပါနကမ္မဋ္ဌာန်းအာရုံမှ အခြားအာရုံသို့ စိတ်ပျံ့လွင့်မှု ဖြစ်ပေတော့ မည်၊ အာနာပါနဿတိ သမာဓိဘာဝနာကို ပြီးစီးစေတတ်သော ဝီရိယသည်လည်း မထင်ဖြစ်တော့မည်၊ နီဝရဏ အညစ်အကြေးကို ပယ်ခွာတတ်သော စွမ်းအားရှိသော သမာဓိကို ဆောင်တတ်သော ဖြစ်စေတတ်သော ဘာဝနာ ကို အားထုတ်ခြင်း ပယောဂကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် မပြီးစီးစေနိုင်ဖြစ်တော့မည်။ ထိုသို့ကားမဟုတ် နိမိတ်, အဿာသ, ပဿာသ ---- ဤတရားသုံးပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်ပါကုန် သောကြောင့်ပင်လျှင် စိတ်သည်လည်း မပျံ့လွင့် တည်ကြည်စွာ ဖြစ်ခဲ့၏၊ အာနာပါနဿတိ သမာဓိဘာဝနာကို ပြီးစီးစေတတ်သော လုံ့လဝီရိယသည်လည်း ထင်ပါခဲ့၏၊ နီဝရဏအညစ်အကြေးကို ပယ်ခွာတတ်သော စွမ်းအင် ရှိသော သမာဓိကို ဆောင်တတ် ဖြစ်စေတတ်သော ဘာဝနာကို အားထုတ်ခြင်း ပယောဂကိုလည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် ပြီးစီးစေနိုင်သည် ဖြစ်ခဲ့၏၊ သံယောဇဉ်ကို ပယ်သတ်တတ်သော အဆင့်ဆင့်သော လောကီ လောကုတ္တရာ ဂုဏ်ကျေးဇူးအထူးကိုလည်း ရရှိနိုင်ပေသည် ဖြစ်ခဲ့၏။ (ပဋိသံ၊၁၆၉-၁၇၀။ ပြည်၊၂၊၂၄၈-၂၄၉-ကြည့်၊၊)

အာနာပါနဿတိ ယဿ၊ ပရိပုဏ္ဏာ သုဘာဝိတာ။

အနုပုဗ္ဗံ ပရိစိတာ၊ ယထာ ဗုဒ္ဓေန ဒေသိတာ။

သော ဣမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။ (ပဋိသံ၊၁၇၀။)

= အာနာပါနဿတိသမာဓိဘာဝနာကို သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားပြသ ဆိုဆုံးမထားတော်မူ သည့်အတိုင်း အရှည်အတို အစရှိသော (၁၆)မျိုးသော အစီအရင်ဖြင့် အစဉ်အတိုင်း ထက်ဝန်းကျင် လေ့လာအပ်၏၊ ကောင်းစွာ ပွားစေအပ်၏၊ ထိုသို့ ပွားများသည့် အတွက်ကြောင့် (၁၆)မျိုးသော ဝတ္ထုတို့၏ ပြည့်စုံခြင်းဖြင့် အချင်း ခပ်သိမ်း ပြည့်စုံအောင်ကျင့်သော ယောဂါဝစရ ရဟန်းတော်သည် ဤခန္ဓာငါးပါးစသော ရုပ်နာမ်ဓမ္မ သင်္ခါရ လောကကို ဆီးနှင်း-မြူတိမ်-သူရိန်-မီးခိုး-ညစ်မျိုး အဝဝမှ ကင်းစင်ပလျက် လွတ်မြောက်လာသော လမင်းကဲ့သို့ ပညာအရောင် ဉာဏ်တန်ဆောင်ဖြင့် ထွန်းပြောင်ထိန်လက် ပြိုးပြိုးပြက်လျှင် လစက်နှုန်းတူ တည်နေနိုင်သော တင့်တယ်စေနိုင်သော ဟူ၏။ (ပဋိသံ၊၁၇၀။)

ပဿမ္ဘယံ = ငြိမ်းအောင်ကျင့်ပုံ

ပဿမ္ဘယံ = ငြိမ်းအောင်ကျင့်ပုံ

အာနာပါန ပထမစတုက္ကတွင် အကျုံးဝင်သော အမှတ် (၄)ကျင့်စဉ်ဖြစ်သည့် ဝင်သက်လေ ထွက်သက်လေကို ငြိမ်းအောင် ကျင့်ပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။

ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။

= ဝင်သက်လေဟု ဆိုအပ်သော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

= ထွက်သက်လေဟု ဆိုအပ်သော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ကာယသင်္ခါရန္တိ အဿာသပဿာသံ။ သော ဟိ စိတ္တသမုဋ္ဌာနောပိ သမာနော ကရဇကာယပ္ပဋိဗဒ္ဓဝုတ္တိတာယ တေန သင်္ခရီယတီတိ ကာယသင်္ခါရောတိ ဝုစ္စတိ။ ယော ပန ကာယသင်္ခါရော ဝစီသင်္ခါရောတိ ဧဝမာဂတော ကာယသင်္ခါရော စေတနာလက္ခဏော သတိပိ ဒွါရန္တရုပ္ပတ္တိယံ ယေဘုယျဝုတ္တိယာ တဗ္ဗဟုလဝုတ္တိယာ စ ကာယဒွါရေန လက္ခိတော၊ သော ဣဓ နာဓိပ္ပေတော။ (မဟာဋီ၊၁၊၃၂၂။)

ကာယသင်္ခါရဟူသည်ကား အဿာသ-ပဿာသ = ဝင်သက်လေ-ထွက်သက်လေကို ဆိုလိုသည်။ မှန်ပေ သည် ---- ဤဝင်သက်လေ-ထွက်သက်လေသည် စိတ်ကြောင့် ဖြစ်ပေါ်လာရသည့် စိတ္တဇရုပ် ဖြစ်သော်လည်း ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်နှင့် ဆက်စပ်၍သာ ဖြစ်ခြင်းသဘော ရှိသောကြောင့် ထိုကရဇ ကာယသည် ပြုပြင်အပ်သောကြောင့် ယင်းဝင်သက်လေ-ထွက်သက်လေကို ကာယသင်္ခါရဟူ၍ ခေါ်ဆိုအပ် လေသည်။

ဤ၌ အလိုမရှိအပ်သော ကာယသင်္ခါရကား ကာယသင်္ခါရော ဝစီသင်္ခါရော (မ၊၁၊၆၇။)ဟူ၍ ဤသို့လျှင် ပါဠိတော်များ၌လာရှိသော စေတနာလျှင် မှတ်ကြောင်း လက္ခဏာရှိသော (= စေတနာပြဓာန်းသော စိတ်စေတသိက်ကို တရားကိုယ်ကောက်ယူရသော) ဝစီဒွါရ မနောဒွါရဟူသော အခြားအခြားသော ဒွါရ၌ ဖြစ်ခြင်းရှိသော် လည်း, ကာယဒွါရ၌ အဖြစ်များသောကြောင့် ကာယဒွါရ၌ အကြိမ်များစွာ ဖြစ်ခြင်းကြောင့် ယေဘုယျနည်းအားဖြင့် ကာယဒွါရဖြင့် မှတ်သားအပ်သော အကြင် ကာယသင်္ခါရသည် ရှိ၏၊ ထို စေတနာကာယသင်္ခါရကိုကား ဤ၌ အလိုမရှိအပ်ပေ။ (မဟာဋီ၊၁၊၃၂၂။)

အဿာသ-ပဿာသ အဆင့်ဆင့် ချုပ်ငြိမ်းပုံနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ဖော်ပြ ထား၏ ---- ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေဟု ဆိုအပ်သော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် ဝင်သက် လေကို ဖြစ်စေအံ့ဟု အားထုတ်၍ ကျင့်၏။

ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေဟု ဆိုအပ်သော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် ထွက်သက် လေကို ဖြစ်စေအံ့ဟု ကျင့်၏ - ဟူသည်ကား ----

ရုန့်ရင်းကြမ်းတမ်းသော ကာယသင်္ခါရဟူသော ဝင်သက်လေ-ထွက်သက်လေကို ငြိမ်းစေလျက် တစ်ဖန် ငြိမ်းစေလျက် ချုပ်စေလျက် ဝင်သက်လေကို ရှူသွင်းအံ့၊ ထွက်သက်လေကို ရှူထုတ်အံ့ဟု ကျင့်၏။ ---- ဤသို့ ဆိုလိုပေသည်။

ဩဠာရိက - သုခုမ - ပဿဒ္ဓိ

ဩဠာရိက - သုခုမ - ပဿဒ္ဓိ

ထိုစကားရပ်၌ ဝင်သက်လေ-ထွက်သက်လေတို့၏ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းမှုဖြစ်ပုံ, သုခုမ = သိမ်မွေ့ နူးညံ့မှု ဖြစ်ပုံကိုလည်းကောင်း, ပဿဒ္ဓိ = ငြိမ်းအေးပုံကိုလည်းကောင်း ဤသို့ သိပါလေ။

ဤ ယောဂါဝစရရဟန်းတော်၏ သန္တာန်ဝယ် ရှေးယခင် အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီကာလ၌ ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းသည်လည်းကောင်း စိတ်သည်လည်းကောင်း ပင်ပန်းခြင်းရှိကုန်၏။= ပူပန်မှုနှင့်တကွ ဖြစ်ကုန်၏၊ ရုန့်ရင်းကြမ်းတမ်းကုန်၏။ ကိုယ်စိတ်နှစ်မျိုးလုံးတို့၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်သည် အထူးသဖြင့် မငြိမ်းအေးလတ်သော် ဝင်သက်လေ-ထွက်သက်လေတို့သည်လည်း ရုန့်ရင်းကြမ်းတမ်း ကြကုန်၏။ အားကြီးကုန် ရုန့်ရင်းကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ ဝင်သက်လေ-ထွက်သက်လေဖြင့် နှာခေါင်းသည် မဆံ့ ဖြစ်နေ၏။ ပါးစပ် ခံတွင်းပေါက်ဖြင့် ဝင်သက်လေကို ရှူသွင်းလျက် ထွက်သက်လေကို ရှူထုတ်လျက် တည်နေရ၏။

နောက်တစ်မျိုးသော်ကား ---- အကြင်အခါ၌ ထိုယောဂါဝစရရဟန်းတော်၏ ကရဇကာယ ခေါ် ရုပ်တရား အပေါင်းသည်လည်းကောင်း (= ကိုယ်သည်လည်းကောင်း) စိတ်သည်လည်းကောင်း သိမ်းဆည်းအပ်ကုန်သည် = ဉာဏ်ဖြင့် ပိုင်းခြားယူထားအပ်ကုန်သည် ဖြစ်ကုန်၏။ ထိုအခါ၌ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းထားအပ် ပိုင်းခြား ယူထားအပ်ကုန်သော ကိုယ်စိတ်နှစ်ပါးတို့သည် ငြိမ်သက်ကုန်သည် အထူးသဖြင့် ငြိမ်သက်ကုန်သည်ဖြစ်လာ ကြကုန်၏။ ထို ကိုယ်စိတ်နှစ်ပါးတို့သည် အထူးသဖြင့် ငြိမ်သက်ကုန်သည်ရှိသော် ဝင်သက်လေ-ထွက်သက်လေ တို့သည် နူးညံ့ကုန်သည်ဖြစ်၍ သိမ်မွေ့ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏၊ ရှိသေးသလော၊ မရှိတော့ပြီ လောဟု ဤသို့ စူးစမ်းရှာဖွေအပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ရှိလာကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၆။)

[ဤအထက်ပါ အဋ္ဌကထာစကားရပ်၏ ဆိုလိုရင်းကား ဤသို့တည်း။ အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီ အချိန်ကာလပိုင်း၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်စိတ်နှစ်ပါးတို့ကို မသိမ်းဆည်းရသေးသည် မည်၏။

နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ = အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်ထား၍ တင်ပလ္လင်ခွေလျက် ထိုင်နေ၏။- ဟူသော ဤပါဠိတော်စကားရပ်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ ကိုယ်ကို သိမ်းဆည်းပုံကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။

ပရိမုခံ သတိံဥပဋ္ဌပေတွာ = အာနာပါနကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှု သတိကို ဖြစ်စေ တည်စေ၍ ---- ဟူသော ဤပါဠိတော်စကားရပ်ဖြင့် စိတ်ကို သိမ်းဆည်းပုံကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏။

အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပိုင်း ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် ထား၍ တင်ပလ္လင်ခွေထိုင်နေခြင်းဖြင့် ကိုယ်ကို သိမ်းဆည်းလျက်, အာနာပါနကမ္မဋ္ဌာန်းအာရုံသို့ ရှေးရှူ သတိကို ဖြစ်စေခြင်း တည်စေခြင်းဖြင့် စိတ်ကို သိမ်းဆည်းလျက် အာနာပါနဿတိသမာဓိဘာဝနာကို ပွားများအား ထုတ်သည်ရှိသော် ကိုယ်စိတ်နှစ်ပါးတို့သည် ငြိမ်သက်လာကြကုန်၏၊ အထူးသဖြင့် ငြိမ်သက်လာကြကုန်၏။

ငြိမ်သက်ကုန်၏ -- ဟူသော စကားရပ်၌ ရှေးဦးစွာ အပြင်ဗဟိဒ္ဓအာရုံ အမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု မရှိခြင်း ကြောင့် ဝင်သက်လေ-ထွက်သက်လေတည်းဟူသော တစ်ခုတည်းသော အာရုံရှိသည် ဖြစ်၍ အာနာပါနကမ္မဋ္ဌာန်း ကို ဉာဏ်ဖြင့် သိမ်းဆည်းပြီး ဖြစ်လတ်သော် ထိုဘာဝနာစိတ်သည် ငြိမ်သက်လာ၏၊ အထူးသဖြင့် ငြိမ်သက်လာ၏၊ ထိုသို့ ဘာဝနာစိတ်သည် ငြိမ်သက် အထူးသဖြင့် ငြိမ်သက်လာသောကြောင့်ပင်လျှင် ထိုငြိမ်သက် အထူးသဖြင့် ငြိမ်သက်သော ဘာဝနာစိတ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော များပြားလှကုန်သော စိတ္တဇရုပ်တရားတို့သည် လည်း ပေါ့ပါးလာကြကုန်၏၊ နူးညံ့လာကြကုန်၏ အာနာပါနဿတိသမာဓိဘာဝနာအမှု၌ ခံ့ညားသည်၏အဖြစ်သို့ ရောက်ရှိလာကြကုန်၏။ ထိုဘာဝနာစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တရားတို့အား လျော်သည်၏ အဖြစ်ကြောင့် ကြွင်းသော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်သည်လည်း ပေါ့ပါးလာပေ၏၊ နူးညံ့လာပေ၏၊ အာနာပါနဿတိ သမာဓိဘာဝနာအမှု၌ ခံ့ညားသည်၏ အဖြစ်သို့ ရောက်ရှိလာပေ၏။ ဤသို့ စိတ်သည်လည်းကောင်း, ကံ စိတ် ဥတု အာဟာရ - အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော အားလုံးသော ရုပ်တရားအပေါင်း ဟူသော ရူပကာယ = ကိုယ်သည်လည်းကောင်း ငြိမ်သက်သည်၊ အထူးသဖြင့် ငြိမ်သက်သည် ဖြစ်လတ်သော် ထိုစိတ်နှင့် ကရဇကာယ အမည်ရသော ရုပ်တရားအပေါင်းကို အမှီပြု၍ ဖြစ်ပေါ်လာကြကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ငြိမ်သက်သော သဘောရှိကုန်၍ အစဉ်သဖြင့် နူးညံ့သည် သာလွန်၍ နူးညံ့သည် အထူး သဖြင့် နူးညံ့သည်ထက် သာလွန်၍ နူးညံ့ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြပေကုန်သည်။ (မဟာဋီ၊၁၊၃၂၃။)]

ဥပမာအားဖြင့်ကား ---- ပြေးပြီး၍ တည်နေသော ယောက်ျားအား, သို့မဟုတ် တောင်မှမူလည်း သက်ဆင်း ၍ တည်နေသော ယောက်ျားအား, သို့မဟုတ် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ဦးခေါင်းထက်မှ ချ၍တည်နေ သော ယောက်ျားအား ရုန့်ရင်းကြမ်းတမ်းကုန်သော ဝင်သက်လေ-ထွက်သက်လေတို့သည် ဖြစ်ပေါ်နေကြကုန်၏၊ နှာခေါင်းမဆံ့ ဖြစ်နေ၏ (= နှာခေါင်းဖြင့် အသက်ရှူ၍ မဝ ဖြစ်နေ၏)၊ ခံတွင်းဖြင့် ဝင်သက်လေကို ရှူနေရ သည်ဖြစ်၍လည်းကောင်း, ထွက်သက်လေကို ထုတ်နေရသည် ဖြစ်၍လည်းကောင်း တည်နေရ၏။

နောက်တစ်မျိုးသော်ကား ---- အကြင်အခါ၌ ဤယောက်ျားသည် ထိုပင်ပန်းခြင်းကို ပယ်ဖျောက်၍ ရေချိုး ၍လည်းကောင်း, ရေသောက်၍လည်းကောင်း စိုနေသော ပုဆိုးကို ရင်ဘတ်ပေါ်၌ တင်ထား၍ အေးမြသော အရိပ်အောက်၌ လျောင်းစက်နေ၏။ ထိုအခါ၌ ထိုယောက်ျားအား ထိုဝင်သက်လေ ထွက်သက်လေတို့သည် နူးညံ့လာကုန်၏။ ရှိလေသလော မရှိလေသလောဟု ဤသို့ စူးစမ်းရှာဖွေအပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ရှိလာကုန်၏။

ဤဥပမာအတူသာလျှင် ဤယောဂါဝစရ ရဟန်းတော်၏ ရှေးယခင် အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီ ကာလ၌ ကိုယ်သည်လည်းကောင်း, စိတ်သည်လည်းကောင်း ပင်ပန်းခြင်း ရှိကုန်၏ = ပူပန်မှုနှင့်တကွ ဖြစ်ကုန်၏၊ ရုန့်ရင်းကြမ်းတမ်းကုန်၏။ ကိုယ်စိတ် နှစ်ပါးတို့၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်သည် အထူးသဖြင့် မငြိမ်း လတ်သော် ဝင်သက်လေ ထွက်သက်လေတို့သည်လည်း ရုန့်ရင်း ကြမ်းတမ်းကြကုန်၏။ အားကြီးကုန် ရုန့်ရင်း ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏၊ နှာခေါင်းမဆံ့ ဖြစ်နေ၏၊ ခံတွင်းဖြင့် ဝင်သက်လေကို ရှူလျက် ထွက် သက်လေကို ထုတ်လျက် တည်နေရ၏။

နောက်တစ်မျိုးသော်ကား ---- အကြင်အခါ ထိုယောဂါဝစရ ရဟန်းတော်၏ ကိုယ်သည်လည်းကောင်း, စိတ်သည်လည်းကောင်း သိမ်းဆည်းအပ်ကုန်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူထားအပ်ကုန်၏။ ထိုအခါ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းထားအပ် ပိုင်းခြားယူထားအပ်ကုန်သော ကိုယ်စိတ်တို့သည် ငြိမ်သက်ကုန်သည် အထူးသဖြင့် ငြိမ် သက်ကုန်သည်ရှိသော် ဝင်သက်လေ ထွက်သက်လေတို့သည် နူးညံ့ကုန်သည် ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏၊ ရှိလေသလော မရှိတော့ပြီလောဟု ဤသို့ စူးစမ်း ရှာဖွေအပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ရှိလာကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၆-၂၆၇။)

အကြောင်းပြချက်

အကြောင်းပြချက်

ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းကား ဤသို့တည်း။ ထိုထို ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ရှေးယခင် ဝင်သက်လေ ထွက်သက်လေတို့ကို မသိမ်းဆည်းမီ အချိန်၌ ရုန့်ရင်း ရုန့်ရင်းကုန်သော ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရတို့ကို ငြိမ်းစေအံ့ဟု ----

၁။ ပထမဦးစွာ ဆင်ခြင်ခြင်း = အာဘောဂ ,

၂။ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရ၏ ငြိမ်းအောင် ကောင်းစွာ အဖန်တလဲလဲ ဆင့်ကာ ဆင့်ကာ ရှေးရှုဆောင်ခြင်း (= ငြိမ်းမှုကို ဖြစ်စေခြင်း) = သမန္နာဟာရ ,

၃။ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရ၏ ငြိမ်းမှုသဘောကို စိတ်နှလုံး၌ ထားခြင်း = မနသိ ကာရ ,

၄။ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရကို ငြိမ်းအောင် စူးစမ်းဆင်ခြင်ခြင်း = ပစ္စဝေက္ခဏာ-

ဤ လေးမျိုးသော သဘောတရားသည်ကား ထင်ရှားမရှိသေးပေ။

သို့သော် ဝင်သက်လေ ထွက်သက်လေကို သိမ်းဆည်းသော ဉာဏ်ဖြင့် ပိုင်းခြားယူသော အချိန်အခါကာလ ၌ကား ဤလေးမျိုးသော သဘောတရားများသည် ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ ထင်ရှားရှိနေပေ၏။ ထိုကြောင့် ထိုယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရတို့ ကို မသိမ်းဆည်းရသေးသော ဉာဏ်ဖြင့် ပိုင်းခြား မယူရသေးသော အချိန်ကာလထက် ဝင်သက်လေ ထွက်သက် လေဟူသော ကာယသင်္ခါရတို့ကို သိမ်းဆည်းနေသော ဉာဏ်ဖြင့် ပိုင်းခြားယူနေသော အချိန်ကာလ၌ ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရသည် ပို၍ သိမ်မွေ့နူးညံ့မှု ရှိနေခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

ထိုသို့ ဝင်လေ ထွက်လေသည် သိမ်မွေ့နူးညံ့လာသောအခါ ဝင်လေ ထွက်လေကို မျှအောင် ရှူပါ။ ဝင်လေ များ၍ ထွက်လေနည်းသော် နောက်သို့ လန်တတ်၏။ ထွက်လေများ၍ ဝင်လေ နည်းသော် ရှေးသို့ ကုန်းတတ်၏။ သတိရှိစေ။

ဩဠာရိက - သုခုမ

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ သမထပိုင်း ဝိပဿနာပိုင်းတို့၌ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းပုံ, သုခုမ = သိမ်မွေ့နူးညံ့ပုံများကိုလည်း အောက်ပါအတိုင်း ဆက်လက်၍ ဖော်ပြထားပေသည်။

ဒီဃဘာဏက-သံယုတ္တဘာဏကတို့၏ အဆို

ဒီဃဘာဏက-သံယုတ္တဘာဏကတို့၏ အဆို

၁။ ဝင်သက်လေ ထွက်သက်လေ၏ အရှည်-အတို, အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်း၌လည်း ဩဠာရိက = ရုန့်ရင်း ကြမ်းတမ်းသေး၏။ ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ သုခုမ = သိမ်မွေ့နူးညံ့၏။

၂။ ထိုပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်း ရုန့်ရင်းကြမ်းတမ်းသေး၏၊ ပထမစျာန် အခိုက်၌ကား ပို၍ နူးညံ့၏။

၃။ ပထမစျာန် အခိုက်၌လည်းကောင်း, ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်းကောင်း ရုန့်ရင်း ကြမ်းတမ်းသေး၏၊ ဒုတိယစျာန် အခိုက်၌ကား ပို၍ နူးညံ့၏။

၄။ ဒုတိယစျာန် အခိုက်၌လည်းကောင်း, တတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်းကောင်း ရုန့်ရင်း ကြမ်းတမ်းသေး၏၊ တတိယစျာန် အခိုက်၌ ပို၍ နူးညံ့၏။

၅။ တတိယစျာန် အခိုက်၌လည်းကောင်း, စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်းကောင်း ရုန့်ရင်း ကြမ်းတမ်းသေး၏၊ စတုတ္ထစျာန် အခိုက်၌ကား အလွန်နူးညံ့ သိမ်မွေ့၏၊ မဖြစ်ခြင်းသဘောသို့သာလျှင် ရောက်ရှိသွားပေ၏။ ဤသို့ မှတ်သားပါလေ။

စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

ဤကား ဒီဃနိကာယ်ကို ဆောင်သော ဒီဃဘာဏက, သံယုတ္တနိကာယ်ကို ဆောင်သော သံယုတ္တဘာဏက မထေရ်မြတ်တို့၏ အလိုတည်း။

မဇ္ဈိမဘာဏကတို့၏ အဆို

မဇ္ဈိမနိကာယ်ကို ဆောင်သော မဇ္ဈိမဘာဏက မထေရ်မြတ်တို့၏ အလိုကား ---- ပထမစျာန် အခိုက်၌ ဝင်သက်လေ ထွက်သက်လေသည် ရုန့်ရင်းကြမ်းတမ်း၏၊ ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ သိမ်မွေ့ နူးညံ့၏ - ဟု ဤသို့လျှင် အောက်အောက်သော စျာန်ထက် အထက်အထက်သော စျာန်၏ ဥပစာရသမာဓိ အခိုက်၌လည်း သာလွန်၍ နူးညံ့မှုကို အလိုရှိတော်မူကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

ခပ်သိမ်းသော မထေရ်မြတ်တို့၏ တူညီသောဝါဒ

ခပ်သိမ်းသော မထေရ်မြတ်တို့၏ တူညီသောဝါဒ

သို့သော်လည်း ခပ်သိမ်းကုန်သော ဒီဃဘာဏက သံယုတ္တဘာဏက မဇ္ဈိမဘာဏကတို့၏ အလိုအားဖြင့် အဿာသ-ပဿာသကို မသိမ်းဆည်းရသေးမီ ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးမီ အချိန်ကာလ၌ ဖြစ်ပေါ်နေသော အဿာသ-ပဿာသဟူသော ကာယသင်္ခါရသည် အဿာသ-ပဿာသကို သိမ်းဆည်းပြီးရာ ဉာဏ်ဖြင့် ပိုင်းခြား ယူပြီးရာအခါ၌ ငြိမ်းသွားသည်သာတည်း။ အဿာသ-ပဿာသကို သိမ်းဆည်းပြီးရာ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးရာ အချိန်ကာလ၌ ဖြစ်ပေါ် နေသော အဿာသ-ပဿာသဟူသော ကာယသင်္ခါရသည် ပထမစျာန်၏ ဥပစာရ သမာဓိအခိုက်၌ ငြိမ်းသွားသည်သာတည်း။

ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် ပထမစျာန်အခိုက်၌ ငြိမ်း သွားသည်သာတည်း။

ပထမစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ငြိမ်းသွားသည်သာတည်း။

ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် ဒုတိယစျာန် အခိုက်၌ ငြိမ်းသွားသည်သာတည်း။

ဒုတိယစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် တတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ငြိမ်းသွားသည်သာတည်း။

တတိယစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် တတိယစျာန် အခိုက်၌ ငြိမ်းသွားသည်သာတည်း။

တတိယစျာန် အခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ငြိမ်းသွားသည်သာတည်း။

စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရသည် စတုတ္ထစျာန် အခိုက်၌ ငြိမ်းသွားသည်သာတည်း။ ဤကား ရှေးဦးစွာ သမထဘာဝနာပိုင်း၌ အဿာသ-ပဿာသ = ကာယသင်္ခါရ၏ အဆင့်ဆင့် ငြိမ်းပုံတည်း။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

ဝိပဿနာပိုင်း၌ အဆင့်ဆင့် ငြိမ်းပုံ

ဝိပဿနာပိုင်း၌ အဆင့်ဆင့် ငြိမ်းပုံ

တစ်ဖန် ဝိပဿနာပိုင်း၌လည်း ဝင်သက်လေ ထွက်သက်လေတို့၏ အဆင့်ဆင့် ရုန့်ရင်းကြမ်းတမ်းရာမှ တစ်ဆင့်ပြီး တစ်ဆင့် သိမ်မွေ့နူးညံ့၍ သွားပုံတို့ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဆက်လက်၍ ဖော်ပြထား၏။ ဤဖော်ပြချက်ကား အာနာပါနအလုပ်စခန်းနှင့် ပတ်သက်၍ သမထမှ ဝိပဿနာသို့ ကူးသွားပုံလည်း ဖြစ်ပေသည်၊ တဖြည်းဖြည်း သုခုမ ဖြစ်သွားပုံလည်း ဖြစ်ပေသည်။

၁။ ဝိပဿနာပိုင်း၌ကား အဿာသပဿာသကမ္မိက = ဝင်သက်လေ ထွက်သက်လေ အတွင်း၌ တည်ရှိသော ရုပ်တရားကစ၍ သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို အဦးမူ၍ သိမ်းဆည်းလိုလတ်သော် မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို မသိမ်းဆည်းရသေးမီ ဉာဏ်ဖြင့် ပိုင်းခြားမယူရသေးမီ အချိန်ကာလ၌ ဖြစ် ပေါ်နေသော အဿာသ-ပဿာသဟူသော ကာယသင်္ခါရသည် ရုန့်ရင်းကြမ်းတမ်း၏၊ မဟာဘုတ် ဓာတ်ကြီး လေးပါးတို့ကို သိမ်းဆည်းနေသော ဉာဏ်ဖြင့် ပိုင်းခြားယူသော အချိန်ကာလ၌ ဖြစ်ပေါ်နေသော အဿာသ ပဿာသ ကာယသင်္ခါရကား သိမ်မွေ့နူးညံ့ပေ၏။ [စတုဓာတုမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ = ဓာတ်ကြီးလေးပါးကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဖြစ်သော ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို နှလုံးသွင်း ရှုပွားခြင်းကို ရည်ရွယ်တော်မူ၍ ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနေ သော ဉာဏ်ဖြင့် ပိုင်းခြားယူနေသော အချိန်အခါကာလ၌ ဖြစ်ပေါ်နေသော အဿာသပဿာသ ကာယသင်္ခါရ ကား သိမ်မွေ့နူးညံ့ပေ၏ - ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၃၂၄။)]

၂။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ဥပါဒါရုပ်တို့ကို သိမ်းဆည်းရာ အချိန်ကာလ၌ ဖြစ်သော ကာယသင်္ခါရသည်ကား ပို၍ နူးညံ့သိမ်မွေ့၏။

၃။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်တရားအားလုံးကို ခြုံငုံ၍ သိမ်းဆည်းရာ အချိန်ကာလ၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။ (ဘာဝနာယ ဥပရူပရိ ပဏီတဘာဝတော = ဘာဝနာ ၏ တစ်ဆင့်ထက် တစ်ဆင့် အဆင့်ဆင့် မြင့်မြတ်သည်၏ အဖြစ်ကြောင့်တည်း။ မဟာဋီ၊၁၊၃၂၄။)

၄။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ နာမ်တရားကို သိမ်းဆည်းရာ အချိန်ကာလ၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။

၅။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်နာမ်ကို သိမ်းဆည်းရာ အချိန်အခါကာလ၌ ဖြစ်ပေါ် နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။

၆။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရာ အချိန် အခါ ကာလ၌ ဖြစ်ပေါ်နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။

၇။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းတရားနှင့် တကွသော နာမ်-ရုပ်တို့ကို သိမ်ဆည်း ရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ အချိန်အခါကာလ၌ ဖြစ်ပေါ်၍နေသော ကာယသင်္ခါရကား ပို၍ နူးညံ့သိမ်မွေ့၏။

၈။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းတရားနှင့် တကွသော ယင်း နာမ်-ရုပ်တို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော သာမညလက္ခဏာကို အာရုံပြု၍ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်နေသော ဝိပဿနာဉာဏ်ပိုင်း၌ ပို၍ နူးညံ့ သိမ်မွေ့၏။ (အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက = အကြမ်း, သုခုမ = အနု, ဟီန = အယုတ်, ပဏီတ = အမြတ်, ဒူရ = အဝေး, သန္တိက = အနီးဟူသော တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ခန္ဓာငါးပါး (= ရုပ်တရား-နာမ်တရား) တို့ကို အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်လျက် ရှုပွားသုံးသပ်နေသော ကလာပသမ္မသနပိုင်းကို ရည်ညွှန်းထားပေသည်။)

၉။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အားနည်းသော ဒုဗ္ဗလ ဝိပဿနာဟု ခေါ်ဆိုအပ်သော ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယဉာဏ် အာဒီနဝဉာဏ်ပိုင်း၌ ပို၍ နူးညံ့သိမ်မွေ့၏။

၁၀။ ထိုကာယသင်္ခါရသည်လည်း ရုန့်ရင်းသေး၏၊ အားကောင်းသော ဗလဝဝိပဿနာဟု ခေါ်ဆိုအပ်သော နိဗ္ဗိဒါနုပဿနာဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်များအခိုက်၌ ပို၍ နူးညံ့သိမ်မွေ့၏။

ထိုဝိပဿနာပိုင်း၌ ရှေးသမထပိုင်း၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် ရှေးရှေးဖြစ်သော ကာယ သင်္ခါရ၏ နောက်နောက်ဖြစ်သော ကာယသင်္ခါရ ဖြစ်ပေါ်လာသောအခါ အဆင့်ဆင့် ငြိမ်းအေးမှုကို သိရှိပါလေ။

ဤဆိုခဲ့ပြီးသည်အတိုင်း သမထပိုင်း ဝိပဿနာပိုင်းတို့၌ ကာယသင်္ခါရ၏ ဩဠာရိက သုခုမ = ရုန့်ရင်းပုံ သိမ်မွေ့နူးညံ့ပုံကိုလည်းကောင်း, ပဿဒ္ဓိ = ငြိမ်းပုံကိုလည်းကောင်း သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၆၆-၂၆၈။ မဟာဋီ၊၁၊၃၂၃-၃၂၄။)

ပဋိသမိ႓ဒါမဂ် ပါဠိတော်၏ ရှင်းလင်းချက်

ပဋိသမိ႓ဒါမဂ် ပါဠိတော်၏ ရှင်းလင်းချက်

ပဋိသမိ႓ဒါမဂ် ပါဠိတော်၌လည်း ပဿမ္ဘယဖြစ်ပုံကို အမေးအဖြေများ ပြုလုပ်လျက် အောက်ပါအတိုင်း ရှင်းလင်း ဟောကြားထားတော်မူပေသည်။ (ပဋိသံ၊၁၈၃။)

ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု အဘယ်သို့လျှင် အားထုတ် သနည်း၊ ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အဘယ်သို့လျှင် အား ထုတ်သနည်း။

ကာယသင်္ခါရတို့ဟူသည် အဘယ်သည်တို့နည်း။

၁။ ရှည်သော ဝင်သက်လေတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ [ကာယိကာတိ ရူပကာယေ ဘဝါ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၃။ မဟာဋီ၊၁၊၃၂၄) = ကရဇကာယဟု ခေါ်ဆိုသော ဘူတရုပ်-ဥပါဒါရုပ် ဟူသော ရူပကာယ = ရုပ်တရား အပေါင်းကို မှီ၍ ဝင်သက်လေ (ထွက်သက်လေ)တို့သည် ဖြစ်ပေါ်လာကြကုန်၏ဟု ဆိုလိုသည်။] ထိုတရားတို့ သည် (= ထိုဝင်သက်လေတို့သည်) ကိုယ်နှင့် (= ကရဇကာယခေါ် ရုပ်တရားအပေါင်းနှင့်) စပ်ကုန်သည်ဖြစ်၍ = ဆက်စပ်လျက် ဖြစ်နေကြကုန်သည်ဖြစ်၍ ထိုကရဇကာယသည် ပြုပြင်အပ်သောကြောင့် ကာယသင်္ခါရတို့ မည်ကုန်၏။ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည် ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည် ဖြစ်၍ အားထုတ်၏။ (ရုန့်ရင်းသော ကာယသင်္ခါရကို အဆင့်ဆင့် နူးညံ့စေမှု ချုပ်စေမှုကို ဆိုလိုသည်။)

၂။ ရှည်သော ထွက်သက်လေတို့သည် ကိုယ်၌ (ကရဇကာယ ခေါ် ရုပ်တရားအပေါင်း၌ မှီ၍) ဖြစ်ကုန်၏၊ ထိုတရားတို့သည် (= ထိုထွက်သက်လေတို့သည်) ကိုယ်နှင့် (= ကရဇကာယ ခေါ် ရုပ်တရားအပေါင်းနှင့်) စပ်ကုန် သည်ဖြစ်၍ = ဆက်စပ်လျက် ဖြစ်နေကြကုန်သည်ဖြစ်၍ ထိုကရဇကာယသည် ပြုပြင်အပ်သောကြောင့် ကာယ သင်္ခါရတို့ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည် ဖြစ်၍ ချုပ်စေသည် ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေ သည် ဖြစ်၍ အားထုတ်၏။

၃။ တိုသော ဝင်သက်လေတို့သည် ။ ပ ။

၄။ တိုသော ထွက်သက်လေတို့သည် ။ ပ ။

၅။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပြုကျင့်၍ ထားအပ် ကုန်သော ဝင်သက်လေတို့သည် ။ ပ ။

၆။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပြုကျင့်၍ ထားအပ် ကုန်သော ထွက်သက်လေတို့သည် ကိုယ်၌ (= ကရဇကာယ ခေါ် ရုပ်တရားအပေါင်း၌ မှီ၍) ဖြစ်ကုန်၏။ ထို တရားတို့သည် (= အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ပြုကျင့်၍ ထားအပ်ကုန် သော ထွက်သက်လေတို့သည်) ကိုယ်နှင့် (= ကရဇကာယ ခေါ် ရုပ်တရား အပေါင်းနှင့်) စပ်ကုန်သည် ဖြစ်၍ = ဆက်စပ်လျက် ဖြစ်နေကြကုန်သည်ဖြစ်၍ ထိုကရဇကာယသည် ပြုပြင်အပ်သောကြောင့် ကာယသင်္ခါရတို့ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေသည်ဖြစ်၍ ချုပ်စေသည်ဖြစ်၍ ငြိမ်းခြင်းသို့ ရောက်စေသည်ဖြစ်၍ အားထုတ်၏။

အကြင်သို့ သဘောရှိကုန်သော ရုန့်ရင်းကုန်သော ကာယသင်္ခါရတို့ဖြင့် ကိုယ်ကို (= ရူပကာယကို) ----

၁။ အာနမနာ = အကြင် နောက်မှ ရှေးရှု (= ေ့ရှသို့) ညွတ်ခြင်းသည်,

၂။ ဝိနမနာ = အကြင် နံပါး နှစ်ဖက်သို့ (= ဘေးနှစ်ဖက်သို့) ညွတ်ခြင်းသည် ,

၃။ သန္နမနာ = အကြင် ကောင်းစွာ ထက်ဝန်းကျင်သို့ ညွတ်ခြင်းသည် တစ်နည်း - လွန်စွာ ညွတ်ခြင်းသည်,

၄။ ပဏမနာ = အကြင် ေ့ရှမှ နောက်သို့ ညွတ်ခြင်းသည်,

၅။ ဣဉ္ဇနာ = အကြင် စဉ်းငယ် ရှေးရှု လှုပ်ခြင်းသည်,

၆။ ဖန္ဒနာ = အကြင် စဉ်းငယ် နံပါးသို့ လှုပ်ခြင်း (= တုန်ခြင်း)သည်,

၇။ စလနာ = အကြင် စဉ်းငယ် ထက်ဝန်းကျင် လှုပ်ခြင်းသည်,

၈။ ပကမ္ပနာ = အကြင် စဉ်းငယ် နောက်သို့ လှုပ်ခြင်းသည် ----

ရှိ၏၊ ထိုသို့ သဘောရှိသော ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု အားထုတ်၏၊ ကျင့်၏။ ထိုသို့ သဘောရှိသော ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အားထုတ်၏၊ ကျင့်၏။

အကြင်သို့ သဘောရှိကုန်သော ကာယသင်္ခါရတို့ဖြင့် ကိုယ်ကို ----

၁။ အကြင် နောက်မှ ရှေးရှု (= ေ့ရှသို့) မညွတ်ခြင်းသည်,

၂။ အကြင် နံပါး နှစ်ဖက်သို့ မညွတ်ခြင်းသည်,

၃။ အကြင် ကောင်းစွာ ထက်ဝန်းကျင်သို့ မညွတ်ခြင်းသည်,

၄။ အကြင် ေ့ရှမှ နောက်သို့ မညွတ်ခြင်းသည်,

၅။ အကြင် စဉ်းငယ် ရှေးရှု မလှုပ်ခြင်းသည်,

၆။ အကြင် စဉ်းငယ် နံပါးသို့ မလှုပ်ခြင်းသည်,

၇။ အကြင် စဉ်းငယ် ထက်ဝန်းကျင် မလှုပ်ခြင်းသည်,

၈။ အကြင် စဉ်းငယ် နောက်သို့ မလှုပ်ခြင်းသည် ----

ရှိ၏၊ ထိုသို့ သဘောရှိသော ငြိမ်သက်သော သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့ဟု အားထုတ်၏၊ ကျင့်၏။ ထိုသို့သဘောရှိသော ငြိမ်သက်သော သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အားထုတ်၏၊ ကျင့်၏။

ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အလွန် နူးညံ့သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင် သက်လေကို ရှူသွင်းအံ့ဟူ၍ အကယ်၍ အားထုတ်သည် ဖြစ်အံ့၊ ကျင့်သည်ဖြစ်အံ့၊ အလွန်နူးညံ့သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟူ၍ အကယ်၍အားထုတ်သည် ဖြစ်အံ့ ကျင့် သည် ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ----

၁။ ဝင်သက်လေ ထွက်သက်လေကို အာရုံမူသောအားဖြင့် ကပ်၍ သိသော ဘာဝနာစိတ်ကို ဖြစ်စေခြင်း ပွားစေခြင်းသည်လည်း မဖြစ်လေရာ။

၂။ ဘာဝနာစွမ်းအားကြောင့် သိမ်မွေ့နူးညံ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့၏ ချုပ်ငြိမ်းသွား ခြင်းကြောင့် သိမ်မွေ့သော ဝင်သက်လေ ထွက်သက်လေတို့ကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း မဖြစ် လေရာ။

၃။ ဝင်သက်လေ ထွက်သက်လေတို့၏ မရှိခြင်းကြောင့်ပင်လျှင် ထိုဝင်သက်လေ ထွက်သက်လေလျှင် အာရုံ ရှိသော ဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနဿတိကိုလည်း ပွားစေခြင်း ဖြစ်စေခြင်းသည် မဖြစ်လေရာ။

၄။ ထိုသို့ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိ၏ မဖြစ်ခြင်းကြောင့်ပင်လျှင် ထိုအာနာပါနဿတိ နှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း မဖြစ်လေရာ။

၅။ ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်ကို ပညာရှိသူတော်ကောင်းတို့သည် ဝင်စားနိုင်သည်လည်း မဖြစ်လေကုန်ရာ။

၆။ ထိုသို့ မဝင်စားနိုင်ခြင်းကြောင့် ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်မှ ထသည်လည်း မဖြစ် လေကုန်ရာ။ ----

ဤကား စောဒနာ စကားရပ်တည်း။

ဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့် ကာယသင်္ခါရကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်း အံ့ဟု အကယ်၍ အားထုတ်သည်ဖြစ်အံ့၊ ကျင့်သည်ဖြစ်အံ့၊ ကာယသင်္ခါရကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့ဟု အကယ်၍ အားထုတ်သည် ဖြစ်အံ့၊ ကျင့်သည်ဖြစ်အံ့၊ ဤသို့ ရုန့်ရင်း ရုန့်ရင်းသော ကာယသင်္ခါရ ကို ငြိမ်းစေသည် ချုပ်စေသည် ဖြစ်လတ်သော် ----

၁။ ဝင်သက်လေ ထွက်သက်လေကို အာရုံမူသောအားဖြင့် ကပ်၍သိသော ဘာဝနာစိတ်ကို ဖြစ်စေခြင်း ပွားစေခြင်းသည်လည်း ဖြစ်ပေရာ၏။

၂။ ဘာဝနာစွမ်းအားကြောင့် သိမ်မွေ့နူးညံ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ငြိမ်းသွား ကုန်သော်လည်း ဝင်သက်လေ ထွက်သက်လေတို့ကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်ပေရာ၏။

၃။ အာနာပါနလျှင် အာရုံရှိသော ဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနဿတိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်ပေရာ၏။

၄။ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိနှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်ပေရာ၏။

၅။ သို့ဖြစ်ရကား ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်ကို ပညာရှိသူတော်ကောင်းတို့သည် ဝင်စား ကြသည်မူလည်း ဖြစ်ပေကုန်ရာ၏။

၆။ ထိုသို့ ဝင်စားနိုင်သောကြောင့် ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်မှ ထနိုင်သည်မူလည်း ဖြစ်ပေကုန်ရာ၏။

ယခင် ဆိုအပ်ခဲ့ပြီးသော ရုန့်ရင်း ရုန့်ရင်းသော ကာယသင်္ခါရကို ချုပ်ငြိမ်းစေလျက် နူးညံ့သိမ်မွေ့သည် ထက် အလွန်နူးညံ့သိမ်မွေ့သော ကာယသင်္ခါရကို ပွားစေသော ဘာဝနာအစီအရင်ကို အဘယ်ကဲ့သို့ မှတ်အပ် ပါသနည်းဟူမူ ----

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာအားဖြင့်ကား -- ကြေးခွက်ကို ခေါက်အပ်သည်ရှိသော် ရှေးဦးစွာ ရုန့်ရင်း ကြမ်းတမ်းကုန်သော အသံတို့သည် ဖြစ်ပေါ်လာကုန်၏၊ ရုန့်ရင်းကြမ်းတမ်းကုန်သော အသံတို့၏ အာရုံနိမိတ်ကို (ဤအသံကား ဤသို့ဟု) ကောင်းစွာ ယူထားအပ်ခြင်းကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားအပ်ပြီးသည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သော အသံတို့သည် ချုပ်ကုန်သော် လည်း ထို့နောက် သိမ်မွေ့သေးငယ်သော အဆင့်ဆင့်မြည်သော အသံတို့သည် ဖြစ်ပေါ်လာကုန်၏။

သိမ်မွေ့သေးငယ်သော အဆင့်ဆင့်မြည်သော အသံတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူထားအပ်ခြင်း ကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားအပ်ပြီးသည်၏ အဖြစ်ကြောင့် သိမ်မွေ့သေးငယ်သော အဆင့်ဆင့်မြည်သော အသံသည် ချုပ်သွားသော်လည်း ထိုနောက် သိမ်မွေ့သော အသံ အာရုံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်သကဲ့သို့ ----

ဤဥပမာအတူသာလျှင် ရှေးဦးစွာ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေတို့သည် ဖြစ် ကုန်၏၊ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက်လေတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူထားအပ်ခြင်း ကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားခြင်းကြောင့် ရုန့်ရင်းကြမ်းတမ်း သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ကုန်သော်လည်း ထိုနောက် သိမ်မွေ့သော ဝင်သက်လေ ထွက် သက်လေတို့သည် ဖြစ်ပေါ်လာကုန်၏။

သိမ်မွေ့သေးငယ်ကုန်သော ဝင်သက်လေ ထွက်သက်လေတို့၏ အာရုံနိမိတ်ကို ကောင်းစွာ ယူထားအပ် ခြင်းကြောင့် ကောင်းစွာ နှလုံးသွင်းမိခြင်းကြောင့် ကောင်းစွာ စိတ်၌ မှတ်သားထားခြင်းကြောင့် သိမ်မွေ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ကုန်သော်လည်း ထိုနောက် သိမ်မွေ့သော ဝင်သက်လေ ထွက်သက် လေ အာရုံနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်နေ၏၊ ပျံ့လွင့်ခြင်းသို့ မရောက်ရှိပေ။ ဤသို့ ဖြစ်လတ်သော် ----

၁။ ဝင်သက်လေ ထွက်သက်လေကို အာရုံမူသောအားဖြင့် ကပ်၍ သိသော ဘာဝနာစိတ်ကို ဖြစ်စေခြင်း ပွားစေခြင်းသည်လည်း ဖြစ်၏။

၂။ ဘာဝနာစွမ်းအားကြောင့် သိမ်မွေ့နူးညံ့ကုန်သော ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ငြိမ်းသွား ကုန်သော်လည်း ဝင်သက်လေ ထွက်သက်လေတို့ကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်၏။

၃။ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်၏။

၄။ အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိနှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိကို ပွားစေခြင်း ဖြစ်စေခြင်းသည်လည်း ဖြစ်၏။

၅။ သို့ဖြစ်သောကြောင့် ထိုအာနာပါနလျှင် အာရုံရှိသောစျာန်သမာပတ်ကို ပညာရှိသူတော်ကောင်းတို့သည် ဝင်စားကြသည်မူလည်း ဖြစ်ကုန်၏။

၆။ ထိုသို့ ဝင်စားနိုင်ကုန်သောကြောင့် ထိုအာနာပါနလျှင် အာရုံရှိသော စျာန်သမာပတ်မှ ထနိုင်သည်မူလည်း ဖြစ်ကုန်၏။

ပဿမ္ဘယံ ကာယသင်္ခါရံ = ကာယသင်္ခါရကို ငြိမ်းစေလျက် - ဟု ဤသို့ စသည်ဖြင့် ဟောကြားတော် မူအပ်သော ပါဠိတော်စကားရပ်၌ ----

ဝင်သက်လေ ထွက်သက်လေတို့သည် (= အဿာသ-ပဿာသကာယ, ရူပကာယ, နာမကာယတို့သည်) ကာယ မည်၏။ သတိသည် ထို အဿာသပဿာသကာယ (ရူပကာယ, နာမကာယ) ဟူသော အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာန မည်၏၊ ထိုကာယကို အဖန်တလဲလဲ ရှုတတ်သော ပညာသည် ဉာဏ် မည်၏။

ကာယသည် သတိ၏ ကပ်၍ တည်ရာဖြစ်သောကြောင့် ဥပဋ္ဌာန မည်၏၊ သတိ မမည်။ သတိသည် (သုံးမျိုးသော ကာယဟူသော) အာရုံသို့ ကပ်၍ တည်တတ်သောကြောင့် ဥပဋ္ဌာနလည်း မည်၏၊ အာရုံကို အမှတ် ရတတ်သောကြောင့် သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုသုံးမျိုးသော ကာယကို အဖန်ဖန် ရှု၏၊ ထိုကြောင့် ကာယေ ကာယာနုပဿနာ သတိပဋ္ဌာနဘာဝနာဟု ဆိုအပ်၏။ (ပဋိသံ၊၁၈၃-၁၈၄။)

ထပ်မံ ရှင်းလင်းချက်များ

ထပ်မံ ရှင်းလင်းချက်များ

ဘာဝနာဝိသုဒ္ဓိယာ ကာယသင်္ခါရေ ပဿမ္ဘမာနေပိ ဩဠာရိကံ ကာယသင်္ခါရံ ပဿမ္ဘေမီတိ ယောဂိနော အာဘောဂေ သတိ တေနာဒရေန အတိဝိယ ပဿမ္ဘတိ။ အနုပဋ္ဌဟန္တမ္ပိ သုခုမံ သုအာနယံ ဟောတိ။ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၅။)

အာနာပါနဘာဝနာလုပ်ငန်းရပ်ကို ရှင်တော်ဘုရား ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ----

၁။ အရှည်ကို သိအောင်,

၂။ အတိုကို သိအောင်,

၃။ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင်,

၄။ အာနာပါန ချုပ်ငြိမ်းအောင် ----

ဤသို့ အဆင့်ဆင့်ကျင့်ခဲ့သော် ဘာဝနာ၏ စင်ကြယ်မှုကြောင့် ဝင်သက်လေ ထွက်သက်လေ ဟူသော ကာယသင်္ခါရသည် ချုပ်ငြိမ်းသွားသော်လည်း ရုန့်ရင်းကြမ်းတမ်းသော ကာယသင်္ခါရကို ငြိမ်းစေအံ့ဟု ယောဂါ ဝစရပုဂ္ဂိုလ်၏ အာဘောဂ = နှလုံးသွင်းမှု ရှိခဲ့သော် ထိုရိုသေလေးစားမှုကြောင့် ကာယသင်္ခါရသည် အလွန်လျှင် ငြိမ်သက်သွား၏၊ ရုန့်ရင်းသော ကာယသင်္ခါရသည် အသိဉာဏ်ဝ၌ မထင်မြင်လာသော်လည်း သိမ်မွေ့နူးညံ့ သော ကာယသင်္ခါရကို ကောင်းစွာ ဆောင်ထားနိုင်၏။ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၅။)

ဘာဝနာဖြစ်ပုံ = ကောင်းစွာ ဆောင်ထားနိုင်ပုံ

ဘာဝနာဖြစ်ပုံ = ကောင်းစွာ ဆောင်ထားနိုင်ပုံ

ပဘာဝနာ ဟောတီတိ ယဒိပိ ဩဠာရိကာ ကာယသင်္ခါရာ ပဋိပ္ပဿမ္ဘန္တိ၊ သုခုမာ ပန အတ္ထေဝါတိ အနုက္ကမေန ပရမသုခုမဘာဝပ္ပတ္တဿ ဝသေန နိမိတ္တုပ္ပတ္တိယာ အာနာပါနဿတိယာ အာနာပါနဿတိသမာဓိဿ စ ပဘာဝနာ ဣဇ္ဈတေဝါတိ အဓိပ္ပါယော။ (မဟာဋီ၊၁၊၃၂၆။)

အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉။)

= ဝင်သက်လေ ထွက်သက်လေတို့သည် ချုပ်ငြိမ်းသွားခဲ့သော် အာနာပါနဘာဝနာကို ပွားများအားထုတ်ခြင်း လုပ်ငန်းရပ်သည် မည်သို့ မည်ပုံ ဖြစ်နိုင်ပါတော့အံ့နည်းဟူမူ ---- ရုန့်ရင်းကြမ်းတမ်းကုန်သော ဝင်သက်လေ ထွက်သက်လေဟူသော ကာယသင်္ခါရတို့သည် အကယ်၍ကား ငြိမ်းသွားကြကုန်၏။ သို့သော်လည်း သိမ်မွေ့ နူးညံ့ကြကုန်သော ကာယသင်္ခါရတို့ကား ရှိကြကုန်သည်သာလျှင် ဖြစ်ပေသည်။ ထိုကြောင့် အစဉ်သဖြင့် နူးညံ့ သိမ်မွေ့သည်ထက် အလွန်နူးညံ့သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသွားသော ဝင်သက်လေ ထွက်သက်လေ ဟူသော ကာယသင်္ခါရ၏ အစွမ်းဖြင့် (ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်) သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာခြင်းကြောင့် ဘာဝနာစိတ်သည် ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံမှ နစ်၍ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်ကို အာရုံ မူသဖြင့် အာရုံပြုနေသဖြင့် အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိ၏လည်းကောင်း, အာနာပါနလျှင် အာရုံရှိသော အာနာပါနဿတိနှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနဿတိသမာဓိ၏လည်းကောင်း ပွားစေခြင်း ဘာဝနာလုပ်ငန်းရပ်သည် ပြည့်စုံသည်သာလျှင် ဖြစ်ပေသည်။ (မဟာဋီ၊၁၊၃၂၆။)

ဤဋီကာဆရာတော်၏ မိန့်ကြားတော်မူသော စကားများအရ ---- အာနာပါနအာရုံသည် အလွန့်အလွန် သိမ်မွေ့နူးညံ့၍ နောက်ဆုံး ချုပ်ငြိမ်းသွားသော်လည်း အာနာပါနဘာဝနာလုပ်ငန်းရပ်မှာ ဆက်လက်၍ တည်ရှိ လျက်သာ ရှိသည်ဟု မှတ်ပါ။ အကြောင်းမူ ဝင်သက်လေ ထွက်သက်လေတို့သည် အလွန့်အလွန် သိမ်မွေ့ နူးညံ့လာချိန်၌ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ ဘာဝနာစိတ်သည် ပကတိသော အဿာသ ပဿာသကို အာရုံမမူတော့ပဲ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်ကို အာရုံမူသွား၏။ ထိုပဋိဘာဂနိမိတ်ကို အာရုံမူ၍ ဘာဝနာသမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန် သမာဓိ စတုတ္ထစျာန်သမာဓိများ အစဉ်အတိုင်း ဖြစ်ပေါ်လာကာ စတုတ္ထစျာန်သမာဓိ အခိုက်သို့ ရောက်ရှိလာ လတ်သော် ပကတိသော ဝင်သက်လေ ထွက်သက်လေတို့သည် လုံးဝ ချုပ်ငြိမ်းသွားကြပေကုန်သည်။ သို့သော် အာနာပါနပဋိဘာဂနိမိတ်ကား ပျောက်ပျက်၍ မသွားဘဲ ထင်ရှားရှိမြဲ ရှိနေသည်သာ ဖြစ်သည်။ ထို အာနာပါန ပဋိဘာဂနိမိတ်ကို ဘာဝနာစိတ်သည် ဆက်လက် အာရုံမူနေရသဖြင့် အာနာပါနဿတိနှင့် အာနာပါနဿတိ သမာဓိဘာဝနာတို့ကို ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်သည် ပြည့်စုံနေသည်သာ ဖြစ်ပေသည်ဟု မှတ်ပါ။ သို့အတွက် အာနာပါနဘာဝနာလုပ်ငန်းရပ်ကို ပွားများအားထုတ်ရာဝယ် ပကတိသော အဿာသပဿာသသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝ၌ မထင်လာ မမြင်လာသော်လည်း ပကတိသော အဿာသပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော ပဋိဘာဂနိမိတ်သည်လည်း အဿာသပဿာသ အမည်ရသည်သာ ဖြစ်သောကြောင့် ထိုပဋိဘာဂနိမိတ်ဟူသော အဿာသပဿာသကား အလွန်နူးညံ့သိမ်မွေ့ရကား သုခုမံ သုအာနယံ ဟောတိ = အလွန် နူးညံ့သိမ်မွေ့သော အဿာသပဿာသကား အာနာပါနဘာဝနာလုပ်ငန်းရပ်ကို တန့်ရပ်မသွားအောင် ဆက်လက်၍ ကောင်းစွာ ဆောင်ထားနိုင်သည်ဟု ပဋိသမိ႓ဒါမဂ်အဋ္ဌကထာက မိန့်ဆိုခြင်း ဖြစ်ပေသည်။ (ပဋိသံ၊ဋ္ဌ၊၂၊၁၁၅။)

ရိုသေလေးစားစွာ လိုက်နာရမည်

အသင်ယောဂီသူတော်ကောင်းသည် အာနာပါနစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးလိုခဲ့သော် ရှေးဦးစွာ အာနာပါနစတုတ္ထစျာန်သမာဓိကို ထူထောင်ရမည် ဖြစ်သည်၊ ထိုသို့ သမာဓိ ထူထောင်ရာ၌ အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာ အဆိုအမိန့်များကား ဦးထိပ်ရွက် ပန်ဆင်လျက် ရိုသေ လေးစားစွာ လိုက်နာရမည့် စည်းကမ်းဥပဒေသများပင် ဖြစ်ကြပေသည်။ ဤစည်းကမ်း ဥပဒေသများအရ ယော ဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ၌ ဝင်သက်လေ ထွက်သက်လေကို အထူး ဂရုပြု၍ နူးညံ့သိမ်မွေ့အောင်ကား ကျင့်ရမည် ဖြစ်၏၊ ရုန့်ရင်းကြမ်းတမ်းအောင်ကား အထူးပြုပြင်၍ မကျင့် ကောင်းဟု ခိုင်မြဲစွာ မှတ်သားပါလေ။

ဘာဝနာလုပ်ငန်းခွင် အဆင့်ဆင့်

ဘာဝနာလုပ်ငန်းခွင် အဆင့်ဆင့်

ဤအာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း ----

၁။ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင်,

၂။ ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင်,

၃။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် = အရှည်၌ ဖြစ်စေ အတို့၌်ဖြစ်စေ အစ-အလယ်-အဆုံး အကုန်လုံး၌ သတိမြဲအောင်,

၄။ ဝင်သက်လေ-ထွက်သက်လေကို အဆင့်ဆင့် သိမ်မွေ့သည်ထက် ပို၍ သိမ်မွေ့အောင် ----

နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရ ရဟန်းအချို့၏ သန္တာန်ဝယ် မကြာမြင့်မီ အချိန်ကာလအတွင်း မှာပင် အာနာပါန (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်သည်လည်း ဖြစ်ပေါ်လာတတ်၏။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါတို့ဖြင့် တန်ဆာဆင်ထားအပ်သော အပ္ပနာစျာန်ဟု ခေါ်ဆိုအပ်သော သမာဓိ သည်လည်း ပြီးစီးပြည့်စုံလာတတ်၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့်သာလျှင် ဝင်သက်လေ-ထွက်သက်လေကို နှလုံးသွင်းရာ အချိန်ကာလမှ စ၍ အစဉ်သဖြင့် ကျင့်လာရာ ရုန့်ရင်းသော ဝင်သက်လေ ထွက်သက်လေတို့၏ ချုပ်ငြိမ်းခြင်း၏ အစွမ်းဖြင့် ကိုယ်၏ ပူပန်မှုသည် ငြိမ်းအေးလတ်သော် ကိုယ်သည်လည်း ကောင်း, စိတ်သည်လည်းကောင်း ပေါ့ပေါ့ပါးပါး ဖြစ်လာ၏၊ ခန္ဓာကိုယ်သည် ကောင်းကင်၌ ခုန်လွှားပျံတက် အံ့သော အခြင်းအရာသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်လာတတ်၏။

လောကဥပမာအားဖြင့်ကား ---- အချို့ပင်ပန်းသော ကိုယ် ရှိသသူသည် ခုတင်ညောင်စောင်းထက်၌ လည်းကောင်း, အင်းပျဉ် ကုလားထိုင်၌လည်းကောင်း ထိုင်နေစဉ် ခုတင်ညောင်စောင်း အင်းပျဉ် ကုလားထိုင်သည် ကြိုးပြားအခင်း ပျဉ်ပြားအခင်း စသည်တို့၏ အောက်သို့ ဆွဲသဖြင့် ညွတ်နေတတ်၏၊ ကြိမ်မျက်ကွက် ကြိမ်ယက် ကြာပွင့် စသည်တို့၏ ထိစပ်နေသော အရာဌာနစသည်တို့၌ ကျိတ်ကျိတ်အသံ မြည်တတ်၏။ အိပ်ရာခင်းသည် ကိုယ် တင်ပါး တတောင်ဆစ် စသည်တို့၏ တွေ့ထိဆက်စပ်မိရာ အရပ်တို့၌ တွန့်လိပ်နေတတ်၏။

အချို့သော မပင်ပန်းသော ကိုယ် ရှိသသူသည် ခုတင်ညောင်စောင်းထက်၌လည်းကောင်း, အင်းပျဉ် ကုလားထိုင်၌လည်းကောင်း ထိုင်နေစဉ် ခုတင်ညောင်စောင်း, ကုလားထိုင်အင်းပျဉ်သည် မညွတ်၊ ကျိတ်ကျိတ် အသံမမြည်၊ အိပ်ရာခင်းသည် ကိုယ်တင်ပါး တတောင်ဆစ် စသည်တို့၏ တွေ့ထိ ဆက်စပ်မိရာ အရပ်တို့၌ တွန့်လိပ်မှု မရှိသကဲ့သို့ ခုတင်ညောင်စောင်း အင်းပျဉ် ကုလားထိုင်သည် လဲဝါဂွမ်းဖြင့် ပြည့်နေသကဲ့သို့ ဖြစ် တတ်၏။ အကြောင်းမူ မပင်ပန်းသော ကိုယ်သည် ပေါ့ပေါ့ပါးပါး ဖြစ်နေတတ်၏၊ ထိုကြောင့် လဲဝါဂွမ်းဖြင့် ပြည့်နေသကဲ့သို့ ဖြစ်နေပေ၏။

ဤဥပမာအတူပင်လျှင် ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် ဝင်သက်လေ ထွက်သက်လေကို နှလုံး သွင်းရာ အချိန်ကာလမှစ၍ အစဉ်သဖြင့် အာနာပါနလုပ်ငန်းခွင်ကို ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်၍ လာရာ ရုန့်ရင်းသော ဝင်သက်လေ ထွက်သက်လေတို့၏ ချုပ်ငြိမ်းခြင်း၏ အစွမ်းဖြင့် ကိုယ်၏ ပူပန်မှုသည် ငြိမ်းအေးလတ်သော် ကိုယ်သည်လည်းကောင်း, စိတ်သည်လည်းကောင်း ပေါ့ပေါ့ပါးပါး ဖြစ်လာ၏၊ ခန္ဓာကိုယ် သည် ကောင်းကင်၌ ခုန်လွှားပျံတက်အံ့သော အခြင်းအရာသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်လာတတ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၄။)

သတိပြုရမည့် အချက်တစ်ရပ်

သတိပြုရမည့် အချက်တစ်ရပ်

ဤအဆင့်သို့ ရောက်ရှိလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် တရားထိုင်နေသော မိမိ ခန္ဓာကိုယ်က ကောင်းကင်သို့ ပျံတက်သလို ဖြစ်နေသဖြင့် စိတ်များ အထူးလှုပ်ရှား လာတတ်ကြကုန်၏။ ထို စိတ်လှုပ်ရှားမှုကား ဝင်သက်လေ ထွက်သက်လေဟူသော မိမိရှုပွားနေသည့် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားမှု ဥဒ္ဓစ္စတစ်မျိုး ဖြစ်သဖြင့် သမာဓိ၏ ဘေးအန္တရာယ်တစ်ခုပင် ဖြစ်၏။ ရရှိပြီး သမာဓိမှ လျှောကျသွားတတ်၏။ အချို့ပုဂ္ဂိုလ်တို့၌ ပုခက်စီးနေရသကဲ့သို့ ဒန်းစီးနေရသကဲ့သို့ ရင်ထဲတွင် ပီတိလှိုင်းများ ထကာ တသိမ့်သိမ့် ဖြစ် နေတတ်ကြပြန်၏။ ထိုအခါမျိုးတွင် ပီတိသမ္ဗောဇ္ဈင်တရားက အားကောင်းနေသဖြင့် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်များကို ပွားများပေးရ၏။ မိမိ မူလရှုပွားနေသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားပါ။ ဤကဲ့သို့သော အချိန်အခါမျိုး၌ ပဿဒ္ဓိ-သမာဓိ- ဥပေက္ခာ သမ္ဗောဇ္ဈင်များ အထူး အားကောင်းဖို့ လိုအပ်ပေသည်။

၁။ စိတ် အေးအေးချမ်းချမ်းဖြင့် ဝင်သက်လေ-ထွက်သက်လေ အာရုံကိုသာ ရှုနေပါက ပဿဒ္ဓိသမ္ဗောဇ္ဈင် အားကောင်းလာမည် ဖြစ်၏။

၂။ ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာလျှင် ဘာဝနာစိတ်သည် ကျောက်ဖျာကြီးတစ်ခုကို ရေထဲ၌ ချထားလိုက်ဘိသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက သမာဓိသမ္ဗောဇ္ဈင် အားကောင်းလာမည် ဖြစ်၏။

၃။ ထိုအခါတွင် ပီတိမှာလည်း ဒီဂရီစံချိန် လျော့တန်သလောက် လျော့လာ၍ ဝင်သက်လေ ထွက်သက်လေ အာရုံ၌ အထူးကြောင့်ကြ မစိုက်ရတော့ဘဲ စိတ်ကို အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သော တတြမဇ္ဈတ္တုပေက္ခာဟူသော ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည်လည်း အားကောင်းလာမည် ဖြစ်၏။

ဤအပိုင်း၌ ခန္ဓာကိုယ်ကြီး အပေါ်သို့ မြောက်တက်နေသဖြင့် ဒန်းစီးနေရသကဲ့သို့ ဒယိမ်းဒယိုင် ဖြစ်နေ သဖြင့် ယောဂီပုဂ္ဂိုလ်ဘက်က ကြောက်စိတ် မဝင်ဖို့ ပို၍အရေးကြီးလှပေသည်။ ကြောက်စိတ်ကား ဆုတ်နစ် သော ဒေါသတစ်မျိုး ဖြစ်သဖြင့် သမာဓိ၏ ဘေးရန်တစ်ခုပင် ဖြစ်ပေသည်။ မိမိ ရှုနေကျ ဝင်သက်လေ ထွက် သက်လေ အာရုံကိုသာ မလွှတ်တမ်း သတိကပ်ထားဖို့ အလွန်အရေးကြီးလှပေသည်။

ကြေးခွက်တီးနှက်သည့် ဥပမာ

ကြေးခွက်တီးနှက်သည့် ဥပမာ

ယောဂါဝစရပုဂ္ဂိုလ်သည် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ----

၁။ ဝင်သက်လေ ထွက်သက်လေ၏ ရှည်လျှင် ရှည်မှုကို သိအောင်,

၂။ ဝင်သက်လေ ထွက်သက်လေ၏ တိုလျှင် တိုမှုကို သိအောင်,

၃။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အစဉ် အတိုင်း ဆက်လက်၍ ကြိုးစား အားထုတ်ရမည် ဖြစ်သည်။

သတိပြုရန် ---- ဝင်သက်လေ ထွက်သက်လေတို့၏ အရှည်, အတို, အစ-အလယ်-အဆုံး = အကုန်လုံးတို့ကို သိအောင် ရှုရာ၌ ----

၁။ အရှည်ကို အရှည်ဟု မမှတ်ပါနှင့်၊

၂။ အတိုကိုလည်း အတိုဟု မမှတ်ပါနှင့်၊

၃။ အစ-အလယ်-အဆုံး အကုန်လုံးကိုလည်း = ဤကား အစ, ဤကား အလယ်, ဤကား အဆုံးဟု လိုက် မမှတ်ပါနှင့်။

ထိုသို့ လိုက်မှတ်နေခဲ့သော် ဘာဝနာသမာဓိမှာ နှောင့်နှေးနေတတ်သည်။ သို့မဟုတ် သမာဓိ ပျက်သွား တတ်ပါသည်။ ရှည်လျှင် ရှည်သည့်အတိုင်း, တိုလျှင် တိုသည့်အတိုင်း, အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိနေဖို့သာ လိုရင်း ဖြစ်သည်။ သို့သော် မမှတ်ဘဲ မနေနိုင်ပါက သုံးဆင့်လုံးမှာပင် ဝင်လေ-ထွက်လေ ဟုသာ မှတ်ပါ။

ထိုသို့ ကြိုးစားအားထုတ်ရာ၌ အသင်ယောဂါဝစရ သူတော်စင်သည် ဝင်သက်လေ-ထွက်သက်လေတို့၏ (၁) ရှည်မှု (၂) တိုမှု (၃) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိနေအောင် အဆက်မပြတ် တရစပ် သိနေအောင်သာ ရှုနေပါ။ ယင်း ဝင်လေ ထွက်လေကို သက်သက်ရှည်အောင် ပြုပြင်မှု, သက်သက် တိုအောင် ပြုပြင်မှု မလုပ်ပါနှင့်၊ အသက်ရှူမြဲ သဘာဝအတိုင်းသာ အသက်ရှူနေပါ။ သက်သက်သာသာဖြင့်သာ အသက်ရှူနေပါ။ ပင်ကိုယ်သဘာဝ ရှူမြဲတိုင်း ဖြစ်ပေါ်နေသော ဝင်သက်လေ ထွက်သက်လေ၏ ရှည်လျှင် ရှည်မှု, တိုလျှင် တိုမှုကိုသာ သိအောင် ရှုနေပါ။ ရှည်လျှင် ရှည်သော ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထိရာဌာနမှသာ စောင့်၍ သတိဖြင့် အစဉ်လိုက်လျက် ထင်ထင်ရှားရှား သိအောင် ကျင့်ပါ။ တိုလျှင် တိုသော ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထိရာဌာနမှသာ စောင့်၍ သတိဖြင့် အစဉ်လိုက်လျက် ထင်ထင်ရှားရှား သိအောင် ကျင့်ပါ။ ထိုသို့ ကျင့်ရာ၌ ဝင်သက်လေ ထွက် သက်လေများကို အဆင့်ဆင့် သိမ်မွေ့အောင်သာ ကျင့်ပါ။ အဆင့်ဆင့် သိမ်မွေ့စေရမည်ဟူသော အာဘောဂ = နှလုံးသွင်းဓာတ်ခံဖြင့်သာ ကျင့်ပါ။ ထိုသို့ ကျင့်ပါမှသာလျှင် ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေ ထွက်သက် လေများ အဆင့်ဆင့် ချုပ်ငြိမ်း၍ သွားမည် ဖြစ်သည်။ ကိုယ်စိတ်တို့ ပေါ့ပါးလာမည် ဖြစ်သည်။ [အရှည် အတို့၌် သတိခိုင်မြဲလာသောအခါ အရှည် အတို၏ အစ-အလယ်-အဆုံး အကုန်လုံးကို သိအောင် ဆက်၍ အားထုတ် နေပါ။]

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရုန့်ရင်းသော ဝင်သက်လေ ထွက်သက်လေသည် ချုပ်ငြိမ်းသွားခဲ့ သော် သိမ်မွေ့သော အဿာသ-ပဿာသနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်လာ၏။ ထို သိမ်မွေ့သော အဿာသ-ပဿာသနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည်လည်း ချုပ်ပျက်၍ သွားခဲ့သော် အဆင့်ဆင့် ထိုထက်သာ၍ သိမ်မွေ့သော သာ၍ သိမ်မွေ့သော အဿာသ-ပဿာသနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်လာသည်သာလျှင် ဖြစ်ပေသည်။ အဘယ်သို့ ဖြစ်ပေါ်လာသနည်းဟူမူ ---

ယောက်ျားသည် သံချောင်းကြီးဖြင့် ကြေးခွက်ကို တီးနှက်လေရာ၏၊ တစ်ချက် တီးလိုက်ရုံမျှဖြင့် ကြီးစွာ သော အသံသည် ဖြစ်ပေါ်လာလေရာ၏၊ ထိုယောက်ျား၏ သန္တာန်ဝယ် ရုန့်ရင်းသော အသံလျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်လာလေရာ၏၊ ရုန့်ရင်းသော အသံသည် ချုပ်ပျက်သွားခဲ့သည်ရှိသော် ထိုနောင်မှ သိမ်မွေ့ သော အသံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်လာလေရာ၏၊ ထိုသိမ်မွေ့သော အသံသည်လည်း ချုပ်ပျက်၍ သွားခဲ့သည်ရှိသော် အဆင့်ဆင့် ထိုထက်သာ၍ သိမ်မွေ့ သာ၍ သိမ်မွေ့သော အသံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ပေါ်လာသည်သာလျှင် ဖြစ်သကဲ့သို့ ဤဥပမာအတူပင် သာ၍ သိမ်မွေ့ သာ၍ သိမ်မွေ့သော အဿာသ-ပဿာသ နိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်သည် ဖြစ်ပေါ်နေသည်သာလျှင် တည်း။ ဤသို့ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

အခြားကမ္မဋ္ဌာန်းများနှင့် မတူသော ထူးခြားချက်

အခြားကမ္မဋ္ဌာန်းများနှင့် မတူသော ထူးခြားချက်

အခြား အခြားကုန်သော ကမ္မဋ္ဌာန်းတို့နှင့် မတူသော ထူးခြားချက်ကား ဤသို့တည်း။

အာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးကုန်သော အခြားအခြားသော ကမ္မဋ္ဌာန်းတို့သည်ကား ဘာဝနာ၏ စွမ်း အားကြောင့် အဆင့်ဆင့် ဘာဝနာရင့်ကျက်လာသည်နှင့် အမျှ တစ်စတစ်စ ထင်ရှားသည်ထက် ထင်ရှား၍သာ လာကြကုန်၏။ သို့သော် ဤအာနာပါနကမ္မဋ္ဌာန်းကား ထိုကဲ့သို့ မဟုတ်ပေ။ အမှန်စင်စစ်မှာမူ ဤအာနာပါန ကမ္မဋ္ဌာန်းသည် အဆင့်ဆင့် တစ်ဆင့်ပြီး တစ်ဆင့် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်အတိုင်း ပွားများအားထုတ် နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သိမ်မွေ့သည်၏ အဖြစ်သို့သာ ရောက်ရှိသွားတတ်၏၊ ယောဂါ ဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ဝင်သက်လေ ထွက်သက်လေသည် ထင်ခြင်းသို့သော်လည်း မရောက်ဘဲ ရှိနေတတ်၏၊ ထိုသို့ပင် ထင်ခြင်းသို့ မရောက်ဘဲ ရှိနေသော်လည်း ဤသို့ အာနာပါနကမ္မဋ္ဌာန်းသည် အသိဉာဏ်၌ ထင်ခြင်းသို့ မရောက်လတ်သော် ထိုရဟန်းသည် တရားထိုင်သည့် နေရာမှထ၍ သားရေနွယ်ပိုင်းကို ခါ၍ မသွားအပ်၊ အဘယ်ကို ငါသည် ပြုလုပ်သင့်သနည်း၊ ဆရာသ္မားကိုသော်လည်း သွား၍ မေးမြန်း လျှောက်ထားရမည်လော ဟု နှလုံးပိုက်၍လည်းကောင်း, ယခုအခါ၌ ငါ၏ကမ္မဋ္ဌာန်းသည် ပျောက်ပျက်၍ သွားလေပြီလောဟု နှလုံး ပိုက်၍လည်းကောင်း တရားထိုင်နေသည့် နေရာမှ မထအပ်။ အပြစ်ကား ဤသို့တည်း။

ဣရိယာပထံ ဝိကောပေတွာ ဂစ္ဆတော ဟိ ကမ္မဋ္ဌာနံ နဝနဝမေဝ ဟောတိ၊ တသ္မာ ယထာနိသိန္နေနေဝ ဒေသတော အာဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

= ဣရိယာပုထ်ကို ဖျက်၍ တရားထိုင်ရာမှ ထ၍ သွားသော ရဟန်းတော်၏ သန္တာန်ဝယ် အာနာပါန ကမ္မဋ္ဌာန်းသည် အသစ်အသစ်သာ ဖြစ်နေတတ်၏။ ထိုကြောင့် ထိုင်နေမြဲတိုင်း ထိုင်နေလျက်သာလျှင် ရှေးက မိမိမှတ်ယူဖူးသော ပကတိသော ဝင်သက်လေ ထွက်သက်လေ၏ ထိရာ အရပ်ဒေသဌာနမှ ဆောင်ယူအပ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

ဤအထက်ပါ စကားရပ်၌ ဣရိယာပုထ်ကို ဖျက်၍ တရားထိုင်ရာမှ ထ၍ သွားသော ရဟန်းတော်၏ သန္တာန်ဝယ် အာနာပါနကမ္မဋ္ဌာန်းသည် အသစ်အသစ်သာ ဖြစ်နေတတ်၏ဟူသော အဋ္ဌကထာဆရာတော်၏ စကားရပ်ကို ကိုးကား၍ အချို့အချို့သော ဆရာမြတ်တို့ကား တရားထိုင်ရာ၌ ဣရိယာပုထ်ကို မပြင်ကောင်းဟု အယူ ရှိတော်မူကြပြန်၏။ ဤစကားရပ်မှာ - အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ပကတိ သော ဝင်သက်လေ-ထွက်သက်လေတို့ ဘာဝနာစွမ်းအားကြောင့် အဆင့်ဆင့် သိမ်မွေ့ရာမှ မထင်မရှား ဖြစ်သွား သောအခါ ဣရိယာပုထ်ဖျက်၍ ထမသွားရန် ရည်ညွှန်းပြောဆိုနေသော စကားမျှသာ ဖြစ်သည်။ တရားထိုင်လျှင် ဣရိယာပုထ် မဖျက်ကောင်းဟု ကမ္မဋ္ဌာန်းအားလုံးအတွက် သိမ်းကျုံး၍ ပြောနေသော စကား မဟုတ်သည်ကို အထူးသတိပြု၍ မှတ်သားရမည် ဖြစ်သည်။ ဣရိယာပုထ် ပြင်သင့် မပြင်သင့် ပြင်ကောင်း မပြင်ကောင်းဟူသော အယူအဆနှင့် ပတ်သက်၍ တွေဝေမှု မရှိစေရန် အောက်ပါအဋ္ဌကထာတို့၏ သတိပေးချက်ကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ဣရိယာပုထ် ပြင်သင့်-မပြင်သင့်

ဣရိယာပုထ် ပြင်သင့်-မပြင်သင့်

သမိဉ္ဇိတေ ပသာရိတေတိ ပဗ္ဗာနံ သမိဉ္ဇနပသာရဏေ။ တတ္ထ စိတ္တဝသေနေဝ သမိဉ္ဇနပသာရဏံ အကတွာ ဟတ္ထပါဒါနံ သမိဉ္ဇနပသာရဏပစ္စယာ အတ္ထာနတ္ထံ ပရိဂ္ဂဟေတွာ အတ္ထပရိဂ္ဂဟဏံ သာတ္ထကသမ္ပဇညံ။ တတ္ထ ဟတ္ထပါဒေ အတိစိရံ သမိဉ္ဇေတွာ ပသာရေတွာ ဧဝ ဝါ ဌိတဿ ခဏေ ခဏေ ဝေဒနာ ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ န လဘတိ၊ ကမ္မဋ္ဌာနံ ပရိပတတိ၊ ဝိသေသံ နာဓိဂစ္ဆတိ။ ကာလေ သမိဉ္ဇေန္တဿ ကာလေ ပသာရေန္တဿ ပန တာ ဝေဒနာ န ဥပ္ပဇ္ဇန္တိ၊ စိတ္တံ ဧကဂ္ဂံ ဟောတိ၊ ကမ္မဋ္ဌာနံ ဖာတိံ ဂစ္ဆတိ၊ ဝိသေသမဓိဂစ္ဆတီတိ ဧဝံ အတ္ထာနတ္ထပရိဂ္ဂဟဏံ ဝေဒိတဗ္ဗံ။ (မ၊ဋ္ဌ၊၁၊၂၆၈။ ဒီ၊ဋ္ဌ၊၁၊၁၇၆။ သံ၊ဋ္ဌ၊၃၊၂၂၈။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

= ကွေးရာ ဆန့်ရာ၌ဟူသည် လက်ဆစ် ခြေဆစ်တို့ကို ကွေးရာ ဆန့်ရာအခါ၌ဟု ဆိုလိုပေသည်။ ထိုသို့ ကွေးရာ ဆန့်ရာ၌ စိတ်၏ အလိုအတိုင်းသာလျှင် ကွေးခြင်း ဆန့်ခြင်းကို မပြုမူ၍ လက်-ခြေတို့ကို ကွေးခြင်း ဆန့်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် အကျိုးရှိမှု အကျိုးမရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ အကျိုး မရှိသော ကွေးခြင်း ဆန့်ခြင်းကို ရှောင်ရှား၍ အကျိုးရှိသော ကွေးမှု ဆန့်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသည် သာတ္ထကသမ္ပဇဉ် မည်၏။

ထိုသို့ ကွေးရာ ဆန့်ရာ၌ လက်ခြေတို့ကို အလွန်ကြာမြင့်စွာ ကွေးလျက်သာလျှင် တည်နေသော ယောဂါ ဝစရ ရဟန်းတော်၏ သန္တာန်၌လည်းကောင်း, လက်ခြေတို့ကို အလွန်ကြာမြင့်စွာ ဆန့်တန်းလျက်သာလျှင် တည်နေသော ယောဂါဝစရရဟန်းတော်၏ သန္တာန်၌လည်းကောင်း ခဏတိုင်း ခဏတိုင်း၌ ဆင်းရဲသည့် ဒုက္ခ ဝေဒနာတို့သည် ဖြစ်ပေါ်လာတတ်ကြကုန်၏၊ စိတ်သည်တည်ကြည်မှု သမာဓိကို မရရှိနိုင်၊ ကမ္မဋ္ဌာန်းသည် လျှော ကျသွားတတ်၏၊ အဆင့်ဆင့်သော လောကီ လောကုတ္တရာ တရားထူး တရားမြတ်ကို မရရှိနိုင်။ ကွေးသင့်သော အချိန်အခါကာလ၌ ကွေးသော ဆန့်သင့်သော အချိန်အခါ ကာလ၌ ဆန့်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ၌ကား ထိုဆင်းရဲသည့် ဒုက္ခဝေဒနာတို့သည် ဖြစ်ပေါ်၍ မလာကြကုန်၊ စိတ်သည် တည်ကြည်လာ၏၊ ကမ္မဋ္ဌာန်း သည် ကြီးပွားတိုးတက်ခြင်းသို့ ရောက်ရှိလာ၏၊ အဆင့်ဆင့်သော လောကီ လောကုတ္တရာ တရားထူး တရားမြတ် ကို ရရှိနိုင်၏ - ဟု ဤသို့လျှင် အကျိုးရှိမှု မရှိမှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းကို သိရှိပါလေ။ (မ၊ဋ္ဌ၊၁၊၂၆၈။ ဒီ၊ဋ္ဌ၊၁၊၁၇၆။ သံ၊ဋ္ဌ၊၃၊၂၂၈။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

ဤအထက်ပါ အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်အရ - ကွေးသင့်သော အချိန်အခါကာလ၌ ကွေးခြင်း, ဆန့်သင့်သော အချိန်အခါကာလ၌ ဆန့်ခြင်းသည် ကမ္မဋ္ဌာန်းတရား ကြီးပွားတိုးတက်ခြင်း၏ အကြောင်းရင်းစစ် တစ်ခုဖြစ်၏၊ အဆင့်ဆင့်သော လောကီ လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိခြင်း၏ အကြောင်းရင်းစစ် တစ်ခု ဖြစ်၏ဟူသော ထုံးဟောင်း ဥပဒေသတစ်ခုကိုကား နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင် ယောဂီသူတော်ကောင်းသည် မေ့မထားသင့်ပေ။

အသစ်အသစ် ဖြစ်ရပုံ

အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်စဉ် ဘာဝနာသမာဓိ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ဝင်သက်လေ ထွက်သက်လေတို့သည် အဆင့်ဆင့်သိမ်မွေ့ရာမှ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မထင်လာ မမြင်လာသဖြင့် နေရာမှ ထ၍ သွားခဲ့သော် ကမ္မဋ္ဌာန်းအသစ်အသစ် ဖြစ်ရခြင်းမှာ ဤသို့ ဖြစ်၏ --- နောက်ထပ်တစ်ဖန် ပြန်၍ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ပြန်လျှင်လည်း ထိုသို့ပင် ဝင်သက်လေ ထွက်သက်လေတို့သည် မထင်မရှား တစ်ဖန်ပြန်၍ ဖြစ်လာကြဦးမည်သာ ဖြစ်သည်။ မထင်ရှားတိုင်း ထ၍ ထ၍သာ သွားနေပါက တစ်ဖန်ပြန်၍ တရားထိုင်တိုင်း ထိုင်တိုင်း မထင်မရှားသာ ပြန်၍ ဖြစ်နေဦးမည် ဖြစ်သည်။ သို့အတွက် ကမ္မဋ္ဌာန်း အသစ် အသစ်သာ ဖြစ်နေမည်ဟု မိန့်ဆိုခြင်း ဖြစ်ပေသည်။

အကြောင်း ဥပါယ်

အကြောင်း ဥပါယ်

ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ဝင်သက်လေ ထွက်သက်လေသည် မထင်မရှား ဖြစ်လတ်သော် ရှေးက မိမိ မှတ်ယူဖူးသော ပကတိသော ဝင်သက်လေ ထွက်သက်လေ၏ ထိရာ အရပ်ဒေသဌာနမှ ဝင်သက်လေ ထွက်သက်လေကို ဉာဏ်ဖြင့် မြင်အောင် ဆောင်ယူရမည် ဖြစ်သည်။ ဆောင်ယူပုံ အကြောင်းဥပါယ်ကား ဤသို့ တည်း။

ထိုယောဂါဝစရ ရဟန်းတော်သည် ဝင်သက်လေ-ထွက်သက်လေဟူသော ကမ္မဋ္ဌာန်း၏ ဉာဏ်ဝ၌ မထင် ရှားသည်၏ အဖြစ်ကို သိသည်ရှိသော် ဤသို့ အဖန်တလဲလဲ စူးစမ်းဆင်ခြင်အပ်၏ --- ဤဝင်သက်လေ ထွက် သက်လေတို့ မည်ကုန်သည် အဘယ်အရပ်၌ ရှိကုန်သနည်း၊ အဘယ်အရပ်၌ မရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌မူလည်း ရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌မူလည်း မရှိကုန်သနည်း - ဤသို့ အဖန်တလဲလဲ စူးစမ်း ဆင်ခြင်အပ်၏။

အဿာသပဿာသ မရှိသော ပုဂ္ဂိုလ်များ

အဿာသပဿာသ မရှိသော ပုဂ္ဂိုလ်များ

၁။ အမိဝမ်းတွင်း၌ တည်နေသော သတ္တဝါ,

၂။ ရေထဲ၌ နစ်မြုပ်နေသော သတ္တဝါ,

[ဤပုဂ္ဂိုလ်နှစ်ဦးတို့ကား အဿာသ-ပဿာသ ဖြစ်ရာဌာန မဟုတ်သောကြောင့် အဿာသ-ပဿာသ မရှိခြင်း ဖြစ်သည်။]

၃။ တွေဝေမိန့်မောနေသော (မေ့မြောနေသော) သတ္တဝါ, တစ်နည်း အသညသတ်ဘုံ၌ ဖြစ်ကုန်သော သတ္တဝါ,

၄။ သေနေကုန်သောသတ္တဝါ (အလောင်းကောင်ကို ဆိုလိုသည်),

၅။ နိရောဓသမာပတ် ဝင်စားနေသော အနာဂါမ် ရဟန္တာ,

[ဤ ၃-၄-၅ အမှတ်ပြ ပုဂ္ဂိုလ်တို့၏ သန္တာန်၌ကား အဿာသ-ပဿာသကို ဖြစ်စေတတ်သော စိတ်၏ မရှိခြင်းကြောင့် အဿာသ-ပဿာသ မရှိခြင်း ဖြစ်သည်။]

၆။ စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေသောပုဂ္ဂိုလ်,

[ဤပုဂ္ဂိုလ်၏ သန္တာန်၌ ဓမ္မတာအားဖြင့် အဿာသ-ပဿာသတို့၏ မဖြစ်ခြင်းပင်တည်း။]

၇။ ရူပဘဝ အရူပဘဝနှင့် ပြည့်စုံသော ဗြဟ္မာပုဂ္ဂိုလ် (ဓမ္မတာပင်တည်း) ----

ဤကား အဿာသ-ပဿာသ မရှိသောပုဂ္ဂိုလ်များတည်း။ ထိုပုဂ္ဂိုလ်များစာရင်းတွင် မိမိ မပါဝင်သည်ကို မိမိကိုယ်ကို မိမိကိုယ်တိုင် စောဒနာ၍ ---

သူတော်ကောင်း ဤဆိုခဲ့ပြီးသော ခုနစ်ဌာနတို့မှလွတ်သော အဿာသ-ပဿာသတို့၏ မဖြစ်ရာ ဌာန၏ မရှိခြင်းကြောင့် သင်၏သန္တာန်၌ အဿာသ-ပဿာသတို့သည် ရှိသည်သာလျှင်တည်း၊ ထိုသို့ပင် ရှိပါသော်လည်း ပညာနုံ့သည့်အတွက် အားနည်းသည့်အတွက်ကြောင့် အဿာသ-ပဿာသကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ သိမ်းဆည်းခြင်းငှာ မစွမ်းနိုင်ခြင်း ဖြစ်၏ - ဟု ဤသို့ တစ်ဖန်ပြန်၍ မိမိကိုယ်ကို မိမိ စောဒနာပါ။

ထိုနောင် ဤယောဂါဝစရ ရဟန်းတော်သည် ပကတိအားဖြင့် ဝင်သက်လေ ထွက်သက်လေတို့၏ ထိမှု ထင်ရှားရာဌာန၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ဝင်သက်လေ ထွက်သက်လေကို နှလုံးသွင်း မှုကို ဖြစ်စေပါ။ ဤ ဝင်သက်လေ ထွက်သက်လေတို့သည် နှာခေါင်းရှည်သောသူအား နှာခေါင်းဖုကို ထိခိုက် ကုန်လျက် ဖြစ်ပေါ်ကြကုန်၏၊ နှာခေါင်းတိုသောသူအား အထက်နှုတ်ခမ်းကို ထိခိုက်ကုန်လျက် ဖြစ်ပေါ်လာ ကြကုန်၏။ ထိုကြောင့် ဤဝင်သက်လေ ထွက်သက်လေ မထင်ရှားသော ယောဂါဝစရ ရဟန်းတော်သည် (ထင် ရှားအောင် သက်သက်ပြုပြင်၍ အသက်ရှူမှု, ကြမ်းကြမ်းရှူမှုကို မပြုဘဲ) ဤမည်သောနေရာကို ဝင်သက်လေ ထွက်သက်လေတို့သည် ထိခိုက်ကုန်၏ဟု နှလုံးပိုက်၍ အဿာသ-ပဿာသကို ရှုပွားနေသော ဘာဝနာစိတ်ကို ဖွဲ့ချည်ရာ ဖွဲ့ချည်ကြောင်းဖြစ်သော နိမိတ်ဟူသော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၌သာ၍ မြဲမြံသော အမှတ်သညာကို ဖြစ်စေအပ်၏။ မှန်ပေသည် -- ဤသို့သော အကြောင်းကိုသာလျှင် အစွဲပြု၍ ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားတော်မူခြင်း ဖြစ်၏။

နာဟံ ဘိက္ခဝေ မုဋ္ဌသတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ ဝဒါမိ။ (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။)

= ရဟန်းတို့ ...ငါဘုရားသည် ပျောက်ပျက်တတ်သော သတိရှိသော (= သတိလက်လွတ်တတ်သော = မေ့လျော့တတ်သော) ဝင်သက်လေ ထွက်သက်လေကို ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ် မရှိသသူအား အာနာပါနဿတိဘာဝနာကို ဟောတော်မမူ။ (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။ ဝိသုဒ္ဓိ၊၁၊၂၇၅။)

ကမ္မဋ္ဌာန်းမှန်သမျှသည် သတိနှင့် ပြည့်စုံသသူအားသာလျှင်, သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသသူအားသာလျှင် ပြီးပြည့်စုံနိုင်သည်ကား မှန်၏။ သို့သော်လည်း ဤအာနာပါနကမ္မဋ္ဌာန်းမှ အခြားတစ်ပါးသော ကမ္မဋ္ဌာန်းကို နှလုံး သွင်း ပွားများအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သန္တာန်၌ မိမိပွားများ အားထုတ်နေသော ကမ္မဋ္ဌာန်း သည် ထင်ရှားလာသည်သာ ဖြစ်၏။ ဤ အာနာပါနကမ္မဋ္ဌာန်းသည်ကား ခဲယဉ်းလှ၏၊ ခဲခဲယဉ်းယဉ်း ပွားများ ရခြင်းလည်း ရှိ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်, ပစ္စေကဗုဒ္ဓဘုရားရှင်နှင့် ဗုဒ္ဓပုတ္တအမည်ရကြကုန်သော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တပည့်သား သာဝက ဖြစ်ကြကုန်သော မဟာပုရိသ အမည်ရသည့် ယောက်ျားမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာနလည်း ဖြစ်၏။ ဤအာနာပါနကမ္မဋ္ဌာန်းကား သိမ်သိမ်ငယ်ငယ် ကမ္မဋ္ဌာန်း မဟုတ်သည်သာ တည်း၊ သိမ်သိမ်ငယ်ငယ် ပုဂ္ဂိုလ်သည် မှီဝဲပွားများနိုင်သော ကမ္မဋ္ဌာန်းလည်း မဟုတ်။ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏၊ ထိုထိုသို့သော အခြင်းအရာအားဖြင့် ငြိမ်သက် သည်လည်း ဖြစ်၏၊ နူးညံ့သိမ်မွေ့၍လည်း လာ၏၊ ထိုကြောင့် ဤအာနာပါနကမ္မဋ္ဌာန်း၌ အားကောင်းမောင်း သန်သော အားအင်ပြည့်ဝ စုံညီလျက်ရှိသော သတိကိုလည်းကောင်း, ပညာကိုလည်းကောင်း အလိုရှိအပ်သည် သာလျှင် ဖြစ်ပေသည်။

နူးညံ့ပြေပြစ်သော ပုဆိုးကို ချုပ်သောကာလ၌ သေးငယ်သိမ်မွေ့သော အပ်ကိုလည်း အလိုရှိအပ်သကဲ့သို့, ထိုအပ်ထက် အလွန် သိမ်မွေ့သော အပ်နဖားထွင်းသော စူးကိုလည်း အလိုရှိအပ်သကဲ့သို့, ဤဥပမာ အတူ သာလျှင် နူးညံ့ပြေပြစ်သော ပုဆိုးနှင့်တူသော ဤအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရာ အခါကာလ၌ အပ်နှင့်တူသော အားကောင်းမောင်းသန်သော အားအင်ပြည့်ဝ စုံညီလျက်ရှိသော သတိကိုလည်းကောင်း, အပ် နဖားထွင်းစူးနှင့် တူသော ထိုသတိနှင့် ယှဉ်သော အားကောင်းမောင်းသန်သော အားအင်ပြည့်ဝ စုံညီလျက်ရှိ သော ပညာကိုလည်းကောင်း အလိုရှိအပ်ပေ၏။ ထို့ပြင် ထိုသတိ ပညာတို့နှင့် ပြည့်စုံသော ရဟန်းသည်လည်း ထိုဝင်သက်လေ ထွက်သက်လေတို့ကို ပြကတေ့အားဖြင့် ထိရာအရပ်မှ တစ်ပါးသော အရပ်၌ မရှာမှီးအပ်ကုန်၊ မရှာဖွေအပ်ကုန်။

အလျော်အားဖြင့် ဆိုရမူ လယ်ထွန်ယောက်ျားသည် လယ်ကို ထွန်ပြီးသောအခါ နွားလားကြီးတို့ကို ထွန်တုံး ထမ်းပိုးမှ ချွတ်၍ စားကျက်သို့ ရှေးရှု မောင်းနှင်ပြီးနောက် အရိပ်ထဲ၌် အိပ်လျက် အပန်းဖြေကာ သက်သက် သာသာ နားနေလေရာ၏။ ထိုအခါ၌ ထိုလယ်လုပ်ယောက်ျား၏ ထိုနွားလားကြီးတို့သည် လျင်မြန်သော အဟုန် ဖြင့် တောအုပ်အတွင်းသို့ ဝင်ရောက်သွားကြကုန်ရာ၏။ ကျွမ်းကျင်လိမ္မာသော လယ်ထွန်ယောက်ျားကား ထို နွားလားကြီးတို့ကို ခေါ်ဆောင်၍ ထမ်းပိုး၌ ယှဉ်စပ်လျက် လယ်ကို တစ်ဖန် ထွန်ပြန်လိုလတ်သော် ထိုနွားတို့၏ ခြေရာအစဉ်အတိုင်း လိုက်၍ တောအုပ်အတွင်းသို့ ဝင်ကာ လှည့်လည်ရှာဖွေမှု မပြုတော့ပေ။ စင်စစ်သော်ကား ကြိုးကိုလည်းကောင်း, နှင်တံကိုလည်းကောင်း ကိုင်ဆောင်၍ ဖြောင့်ဖြောင့်တန်းတန်းပင် ထိုနွားတို့၏ သက် ရောက်မြဲ ရေဆိပ်သို့ သွား၍ ထိုင်၍မူလည်း နေ၏၊ လျောင်းလျက်မူလည်း နေ၏။ ထိုအခါ၌ နေ့အဖို့ပတ်လုံး တောအုပ်အတွင်း၌ လှည့်လည်ကျက်စားပြီး၍ သက်ရောက်မြဲ ရေဆိပ်သို့ သက်ဆင်း၍ ရေချိုး၍လည်းကောင်း, သောက်၍လည်းကောင်း ပြီးသောအခါ ကုန်းပေါ်သို့ တစ်ဖန် ကူးတက်လာ၍ ရပ်တည်နေကြကုန်သော ထိုနွား တို့ကို မြင်၍ ကြိုးဖြင့် ဖွဲ့ချည်၍ နှင်တံဖြင့် မောင်းနှင်လျက် ခေါ်ဆောင်ခဲ့၍ ထမ်းပိုး၌ တပ်၍ တစ်ဖန် လယ်ထွန် ခြင်း လုပ်ငန်းရပ်ကို ပြုလုပ်သကဲ့သို့ ဤဥပမာအတူပင်လျှင် -- ထိုယောဂါဝစရရဟန်းသည် ထိုဝင်သက်လေ ထွက်သက်လေတို့ကို ပြကတေ့အားဖြင့် ထိရာဌာနကို ကြဉ်ဖယ်ထား၍ အခြားတစ်ပါးသော အရပ်၌ မရှာဖွေ အပ်ကုန်။

အလျော်ကို ဆိုရသော် ---- သတိတည်းဟူသော ကြိုးကိုလည်းကောင်း, ပညာတည်းဟူသော နှင်တံကို လည်းကောင်း ကိုင်ဆောင်၍ ပြကတေ့အားဖြင့် ဝင်သက်လေ ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ဝင်သက်လေ ထွက်သက်လေကို နှလုံးသွင်းခြင်းကို ဖြစ်စေအပ်ပေ၏။ အကျိုးကား ---- ဤသို့ နှလုံးသွင်းသော ယောဂါဝစရ ရဟန်းအား သက် ရောက်မြဲ ရေဆိပ်၌ နွားတို့သည် ထင်လာကုန်သကဲ့သို့ မကြာမီ အချိန်ကာလအတွင်းမှာပင် ထိုဝင်သက်လေ ထွက်သက်လေတို့သည် ထင်လာကြကုန်၏။ ထိုနောင်မှ ထိုရဟန်းသည် သတိတည်းဟူသော ကြိုးဖြင့် ထို ဝင် သက်လေ ထွက်သက်လေတည်းဟူသော နွားတို့ကို နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော ဖွဲ့ချည် ရာ ဌာနဖြစ်သည့် ချည်တိုင်၌သာလျှင် ခိုင်ခိုင်ခံ့ခံ့ ဖွဲ့ချည်၍ ဝင်သက်လေ ထွက်သက်လေကိုသာ နှလုံးသွင်းခြင်း မနသိကာရနှင့် ယှဉ်စပ်စေ၍ ပညာတည်းဟူသော နှင်တံဖြင့် စိုင်းနှင်သည်ဖြစ်၍ အဖန်တလဲလဲ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများအားထုတ်အပ်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

ဤသို့ အဖန်ဖန် အထပ်ထပ် လုံ့လကြိုးကုတ် အားထုတ်လျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန် ဝယ် မကြာမီ အချိန်ကာလအတွင်းမှာပင်လျှင် ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သည် ထင်ရှားစွာ တည်လာ ဖြစ်ပေါ်လာပေသည်။ ထိုနိမိတ်သည် ခပ်သိမ်းကုန်သော ယောဂါဝစရပုဂ္ဂိုလ် အားလုံးတို့အား တစ်ထပ်တည်း တူညီသည်ကား မဖြစ်နိုင်။ စင်စစ်သော်ကား အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့အထိ ကို ဖြစ်စေလျက် ----

၁။ လဲဝါဂွမ်းစိုင်ကဲ့သို့လည်းကောင်း,

၂။ ဗိုင်းဝါဂွမ်းစိုင်ကဲ့သို့လည်းကောင်း,

၃။ လေအလျဉ်ကဲ့သို့လည်းကောင်း ထင်လာ၏။

ဤသို့လျှင် အချို့သော ဆရာကြီး ဆရာကျော် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မော် ပုဂ္ဂိုလ်ကျော်တို့ မိန့်ဆိုတော်မူကြ ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

ဤဆိုလတ္တံ့သော စကားရပ်တို့ကား အဋ္ဌကထာတို့၌ လာသော အဆုံးအဖြတ်တည်း။

ဤနိမိတ်သည် အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ----

၄။ တောက်ပသော ကြယ်တာရာအရောင်ကဲ့သို့လည်းကောင်း,

၅။ ပတ္တမြားလုံးကဲ့သို့လည်းကောင်း,

၆။ ပုလဲလုံးကဲ့သို့လည်းကောင်း ထင်လာ၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကြမ်းတမ်းသော အတွေ့အထိ ရှိသည် ဖြစ်၍ ----

၇။ ဝါရိုးကဲ့သို့လည်းကောင်း,

၈။ သစ်သားနှစ်တံကျင်ကဲ့သို့လည်းကောင်း ထင်လာ၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ----

၉။ ရှည်စွာသော ဆောက်လုံးသဏ္ဌာန် ကြိုးမျှင်ကဲ့သို့လည်းကောင်း,

၁၀။ ပန်းဆိုင်းကဲ့သို့လည်းကောင်း,

၁၁။ အခိုးညွန့်ကဲ့သို့လည်းကောင်း (မီးခိုးညွန့် တိမ်ခိုးညွန့်သဖွယ်) ထင်လာ၏။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ----

၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့လည်းကောင်း,

၁၃။ တိမ်တိုက်လွှာကဲ့သို့လည်းကောင်း,

၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့လည်းကောင်း,

၁၅။ ရထားဘီးစက်ဝန်းကဲ့သို့လည်းကောင်း,

၁၆။ လဝန်းကဲ့သို့လည်းကောင်း,

၁၇။ နေဝန်းကဲ့သို့လည်းကောင်း ထင်လာ၏။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

နိမိတ္တန္တိ ဥဂ္ဂဟနိမိတ္တံ၊ ပဋိဘာဂနိမိတ္တံ ဝါ၊ ဥဘယမ္ပိ ဟိ ဣဓ ဧကဇ္ဈံ ဝုတ္တံ။ တထာ ဟိ တူလပိစုအာဒိဥပမတ္တယံ ဥဂ္ဂဟေ ယုဇ္ဇတိ၊ သေသံ ဥဘယတ္ထ။ ပ။ မဏိဂုဠိကာဒိဥပမာ ပဋိဘာဂေ ဝဋ္ဋန္တိ။ (မဟာဋီ၊၁၊၃၃၅။)

ဤအထက်ပါ ဋီကာဆရာတော်၏ ဖွင့်ဆိုတော်မူချက်အရ - လဲမှို့ အစုအပုံကဲ့သို့ ဗိုင်းငင့်ထားသော ဝါဂွမ်းစိုင်အစုအပုံကဲ့သို့ လေအလျဉ်ကဲ့သို့ ထင်လာသော နိမိတ်သုံးမျိုးကား ဥဂ္ဂဟနိမိတ်တည်း။ ပတ္တမြားလုံး ကဲ့သို့ ပုလဲလုံးကဲ့သို့ ထင်လာသော အာနာပါနနိမိတ်နှစ်မျိုးတို့ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းအာနာပါန နိမိတ်တို့ကား ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးလုံး ရနိုင်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်သေး၊ ပဋိဘာဂနိမိတ် ကား အလွန့်အလွန် ကြည်လင်၍ တောက်ပနေ၏။ ဤသို့လျှင် နိမိတ်နှစ်မျိုးတို့၏ ကွဲပြားမှုကို မှတ်သားပါလေ။ (မဟာဋီ၊၁၊၃၃၅။)

ဘာဝနာသညာ ကွဲပြားမှု

ဘာဝနာသညာ ကွဲပြားမှု

တစ်ချိန် များစွာကုန်သော ရဟန်းတော်တို့သည် တစ်ခုသော သုတ္တန်ပါဠိတော်ကို ရွတ်ဖတ် သရဇ္ဈာယ်၍ ထိုင်နေကြကုန်၏။ ထိုသို့ ထိုင်နေကြကုန်စဉ် ရဟန်းတော်တစ်ပါးက - အရှင်ဘုရားတို့အား အဘယ်သို့ သဘော ရှိသည်ဖြစ်၍ ဤသုတ္တန်ပါဠိတော်သည် ထင်လာပါသနည်း - ဟု မေးမြန်းလျှောက်ထား၏။

တပည့်တော်အား တောင်မှ ထွက်စီးလာသော တောင်ကျမြစ်ကြီးကဲ့သို့ ဖြစ်၍ ထင်လာပါသည် - ဟု ရဟန်းတော် တစ်ပါးက ပြန်ကြား လျှောက်ထား၏။

အခြားရဟန်းတော် တစ်ပါးက - တပည့်တော်အား တစ်ခုသော တောရေးကဲ့သို့ (တောတန်းကဲ့သို့) ထင်လာပါသည် - ဟု လျှောက်ထား၏။

အခြားရဟန်းတော် တစ်ပါးကမူ - တပည့်တော်အား တစ်ခုသော အေးမြသော အရိပ်ရှိသော အကိုင်း အခက် အရွက်နှင့် ပြည့်စုံသော အသီးတည်းဟူသော ဝန်ထုပ်ဝန်ပိုးဖြင့် ပြည့်နှက်လျက်ရှိသော သစ်ပင်ကြီးကဲ့သို့ ဖြစ်၍ ထင်လာပါသည် - ဟု လျှောက်ထားပြန်၏။

ထိုသို့ အထူးထူး ထင်လာရခြင်း၏ အကြောင်းမှာ - ထိုရဟန်းတို့အား တစ်ခုတည်းသာလျှင် ဖြစ်သော ထိုသုတ္တန်သည် ထိုရဟန်းတို့၏ သန္တာန်ဝယ် ဖြစ်ပေါ်နေကြကုန်သော သညာတရားတို့၏ တစ်ပါးနှင့် တစ်ပါး မတူညီဘဲ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကြောင့် အထူးထူးအားဖြင့် ထင်လာရခြင်း ဖြစ်ပေသည်။ ဤဥပမာ အတူပင် ----

ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅၊၊)

= တစ်ခုတည်းသာဖြစ်သော အာနာပါနကမ္မဋ္ဌာန်းသည် ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် ထင်သည်မှ (နိမိတ် မထင်မီ) ရှေးမဆွက ယောဂါဝစရပုဂ္ဂိုလ်တို့၏ သန္တာန်ဝယ် ကြိုတင် ဖြစ်ပေါ်နေကြကုန်သော သညာတို့၏ ထူး ထွေကွဲပြားမှုကြောင့် ဤကဲ့သို့ နိမိတ်များ အမျိုးမျိုး ထင်လာရခြင်း ဖြစ်သည်။ မှန်ပေသည် -- ဤအာနာပါန ကမ္မဋ္ဌာန်း၏ အာရုံဖြစ်သော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဘာဝနာသညာကြောင့် ဖြစ်၏ (= ဘာဝနာ သညာဖြင့် မှတ်အပ် ကြံဆအပ်ကာမျှ ဖြစ်၏ = ဘာဝနာသညာဖြင့် မှတ်အပ် ကြံဆအပ်သည့်အတိုင်း ဖြစ်ပေါ် လာ၏။) ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာသာလျှင် အမွန်အစ ရှိ၏။ ထိုသို့ ဘာဝနာ သညာ၏ ထူးထွေကွဲပြားမှုကြောင့် အာနာပါနနိမိတ်များ အမျိုးမျိုး အဖုံဖုံ ထူးထူးထွေထွေ ကွဲကွဲပြားပြား ထင် ရခြင်း ဖြစ်သည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။ မဟာဋီ၊၁၊၃၃၅။)

ဘာဝနာသညာနှင့် ယှဉ်တွဲနေသော သမာဓိစွမ်းအား အထူးထက်မြက် စူးရှလာသောအခါ အာနာပါန အာရုံ၌ ဘာဝနာသမာဓိ အလွန်ခိုင်ခံ့လာသောအခါ အာနာပါနနိမိတ် မပေါ်မီ၌ဖြစ်စေ, ပေါ်ပြီး နောက်ထပ် အလိုရှိသော နိမိတ်တစ်မျိုး မပေါ်မီ၌ ဖြစ်စေ ဖြူစေ ဝါစေ နီစေ ပုလဲလုံး ဖြစ်စေ ရွဲလုံးဖြစ်စေ - ဤသို့ စသည် ဖြင့် ဘာဝနာသညာ ဖြစ်ပေါ်လာခဲ့သော် ထိုဘာဝနာသညာအားလျော်စွာ အဖြူ အဝါ အနီ ပုလဲလုံး ရွဲလုံး စသော နိမိတ်များသည် ပေါ်လာတတ်သည်ဟု ဆိုလိုပေသည်။ သို့သော် ဤကဲ့သို့သော နိမိတ်များ ဖြစ်ပေါ် လာရခြင်းမှာလည်း ဘာဝနာသမာဓိ၏ ရင့်ကျက်လာသော အခါ၌သာ ရရှိနိုင်သည်ဟု သိပါလေ။

ဤအာနာပါနဿတိ သမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့ကား မူလအထည်ကိုယ် ဝတ္ထုဖြစ်သော ပကတိသော အဿာသ-ပဿာသမှ လွတ်၍ ဖြစ်ပေါ်လာသော နိမိတ်များ ဖြစ်ကြရကား ဝတ္ထုဓမ္မဝိမုစ္စိတံဟူသော အဘိဓမ္မတ္ထသင်္ဂဟအရ ပညတ်တရားသာ ဖြစ်ပေသည်ဟု မှတ်သား ပါလေ။ အောက်ပါ အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့်များကိုလည်း ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

နဝတ္တဗ္ဗဓမ္မာရုံ

နဝတ္တဗ္ဗဓမ္မာရုံ

တတ္ထ ဒသဝိဓမ္ပိ ကသိဏဇ္ဈာနံ ကသိဏပဏ္ဏတ္တိံအာရဗ္ဘ ပဝတ္တတ္တာ, ဗြဟ္မဝိဟာရစတုတ္ထံ သတ္တပဏ္ဏတ္တိံ အာရဗ္ဘ ပဝတ္တတ္တာ, အာနာပါနစတုတ္ထံ နိမိတ္တံ အာရဗ္ဘ ပဝတ္တတ္တာ ပရိတ္တာဒိဝသေန နဝတ္တဗ္ဗဓမ္မာရမ္မဏတော နဝတ္တဗ္ဗာရမ္မဏံ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၄၄၀။)

ထိုစတုတ္ထစျာန်တို့တွင် ကသိုဏ်း (၁၀)မျိုးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကသိုဏ်းစျာန်သည် ကသိုဏ်း ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့်လည်းကောင်း, ဗြဟ္မဝိဟာရ စတုတ္ထစျာန်သည် သတ္တဝါ ပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့်လည်းကောင်း, အာနာပါနစတုတ္ထစျာန်သည် သောက် ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာ သောကြောင့်လည်းကောင်း ----

၁။ ပရိတ္တတရား = ကာမတရား,

၂။ မဟဂ္ဂတတရား = မဟဂ္ဂုတ်တရား,

၃။ အပ္ပမာဏတရား = လောကုတ္တရာတရားတို့၏ အဖြစ်ဖြင့် မခေါ်ဆိုထိုက်သော ပညတ်ဓမ္မလျှင် အာရုံရှိ သည်၏ အဖြစ်ကြောင့် နဝတ္တဗ္ဗာရမ္မဏ = နဝတ္တဗ္ဗာရုံ မည်၏။ (အဘိ၊ဋ္ဌ၊၁၊၄၄၀။)

ကာမတရား, ရူပါဝစရ အရူပါဝစရဟူသော မဟဂ္ဂုတ်တရား, လောကုတ္တရာတရားဟု မဆိုထိုက်သော အာရုံဟူသမျှသည် ပညတ်အာရုံချည်း ဖြစ်သည်။

နဝတ္တဗ္ဗာရမ္မဏာတိ ဣဒံ ပန ဝစနံ ယထာဂဟိတာကာရဿ သညာဝိသယဿ နဝတ္တဗ္ဗတံ သန္ဓာယ နဝတ္တဗ္ဗံ အာရမ္မဏံ ဧတေသန္တိ နဝတ္တဗ္ဗာရမ္မဏာ၊ စိတ္တုပ္ပါဒါတိ အညပဒတ္ထသမာသံ ကတွာ အဋ္ဌကထာယံ ဝုတ္တံ။ (မူလဋီ၊၁၊၁၉၁။)

ဆိုလိုရင်း ---- ရုပ်သည် ပထဝီစသော သဘောအားဖြင့် ထင်ရှားရှိ၏၊ အာရုံကို တွေ့ထိခြင်း ဖုသနစသော သဘောအားဖြင့်ကား ထင်ရှား မရှိ (ရုပ်တရားသည် အာရုံမယူတတ်သော အနာရမ္မဏတရား ဖြစ်သောကြောင့် တည်း)။ ဤသို့လျှင် ပရမတ်တရား တစ်မျိုးတည်းကိုပင် အဝိဇ္ဇမာန-ဝိဇ္ဇမာန = ထင်ရှား ရှိ၏, ထင်ရှား မရှိ ဟု အမည်နှစ်မျိုးဖြင့် ခေါ်ဆိုရသကဲ့သို့ အထက်၌ ဖော်ပြအပ်ခဲ့သော ကသိုဏ်းပညတ် အာနာပါနပဋိဘာဂ နိမိတ်စသော ပညတ်များသည်လည်း ပရမတ္ထအားဖြင့် ထင်ရှားမရှိသောကြောင့် အဝိဇ္ဇမာနလည်း ဟုတ်၏။ သမ္မုတိသစ္စာဟူသော လောကအပြောအားဖြင့် ထင်ရှားရှိသောကြောင့် ဝိဇ္ဇမာနလည်း ဟုတ်၏။ ထိုကြောင့် ထိုပညတ်ကို နဝတ္တဗ္ဗအာရုံဟု ခေါ်ဆို၍ ထိုပညတ်ကို အာရုံပြုသော စျာန်စိတ္တုပ္ပါဒ်ကို (= ဥပစာရသမာဓိ စျာန်နှင့်တကွ စျာန်စိတ်စေတသိက်တရားစုကို) ----

နဝတ္တဗ္ဗံ အာရမ္မဏံ ဧတေသန္တိ နဝတ္တဗ္ဗာရမ္မဏာ၊ ----

ဟု ဗဟုဗ္ဗီဟိသမာသ် ပြု၍ နဝတ္တဗ္ဗအာရုံရှိသော တရားဟု ခေါ်ဆိုရလေသည်။

ယင်း နဝတ္တဗ္ဗ အမည်ရသော အာရုံတို့သည် ပရမတ္ထအထည်ကိုယ်အားဖြင့် ထင်ရှားမရှိသော်လည်း လောကအပြော သမ္မုတိသစ္စာနယ်၌ ပြောဆိုကြကုန်သော အနက်သဘောတို့၏ ကသိုဏ်းနိမိတ်စသော စကား၏ တည်ရာဝတ္ထုမျှသာ ဖြစ်သောကြောင့် လောကအပြော စကားအသုံးအနှုန်းအားဖြင့်သာလျှင် ပညတ်ဟူ၍ ဆို အပ်၏။ မှန်ပေသည် ---- ထိုသမ္မုတိသစ္စာကို ဝိဇ္ဇမာနပညတ် အဝိဇ္ဇမာနပညတ်ဟူသော အပြားအားဖြင့် သိစေ ကြောင်း ပညတ်နှစ်မျိုးတွင် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အဝိဇ္ဇမာနပညတ်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုလျက် ရှိ၏။

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အဝိဇ္ဇမာနပညတ်ဖြစ်သော်လည်း ပရမတ္ထအားဖြင့် ထင်ရှားရှိသော (စက္ခုပသာဒစသော) ဝိဇ္ဇမာနပညတ်ကဲ့သို့ စွဲယူ၍ ဖြစ်ပေါ်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာသညာ၏ ကာမတရား စသည်တို့တွင် ဤမည်သော တရားသည် အာရုံတည်းဟု ဤသို့ ပြောဆိုခြင်းငှာ မတတ်ကောင်း ပေ။ ပကတိသော ဝင်သက်လေ ထွက်သက်လေတို့ကား စိတ္တဇသဒ္ဒနဝကကလာပ်ဟူသော စိတ္တဇရုပ်တို့၏ အပေါင်းအစုတည်း။ ယင်းရုပ်တရားတို့ကား ပရိတ္တ အမည်ရသော ကာမတရားတို့ပင်တည်း။ ယောဂါဝစရပုဂ္ဂိုလ် သည် ပရိတ္တတရား = ကာမတရားစသည်တို့ကိုပင် စိတ်ဖြင့် စွဲယူ၍ ဘာဝနာသညာသည် အစပိုင်းတွင် ဖြစ်ပေါ် လာသည် မှန်သော်လည်း ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ၌ကား ယင်းဘာဝနာသညာသည် ပဋိ ဘာဂနိမိတ်ကိုသာ အာရုံမူနေ၏၊ ပရိတ္တတရားစသည်တို့၌ မတည်တော့ပေ။ မူလက ပရိတ္တစသော တရားတို့ကို စွဲ၍ ဖြစ်လာပါသော်လည်း ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ ထိုသညာက ထိုပရိတ္တတရား စသည် အပေါ်၌ မတည်တော့ဘဲ ပဋိဘာဂနိမိတ်အာရုံပေါ်၌သာ တည်နေခြင်းကြောင့် သမ္ပယုတ်တရားစုနှင့် တကွ သော ထိုဘာဝနာသညာကို ပရိတ္တစသော တရားလျှင် အာရုံရှိ၏၊ ပရိတ္တစသော တရားကို အာရုံပြု၏ဟု မဆို ထိုက်သည်၏ အဖြစ်ကို ရည်ရွယ်တော်မူ၍ ယင်းဘာဝနာသညာကို သို့မဟုတ် အာနာပါနစတုတ္ထစျာန်စသည်ကို နဝတ္တဗ္ဗဓမ္မဟူသော ပညတ်ကို အာရုံပြုသော တရားဟူ၍ အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူပေသည်။ (အကျယ်ကို မူလဋီ၊၁၊၁၉၁-၌ ကြည့်ပါ။)

ပြည့်စုံရမည့် တရားသုံးပါး

ပြည့်စုံရမည့် တရားသုံးပါး

ဧတ္ထ စ အညမေဝ အဿာသာရမ္မဏံ စိတ္တံ၊ အညံ ပဿာသာရမ္မဏံ၊ အညံ နိမိတ္တာရမ္မဏံ။ ယဿ ဟိ ဣမေ တယော ဓမ္မာ နတ္ထိ၊ တဿ ကမ္မဋ္ဌာနံ နေဝ အပ္ပနံ န ဥပစာရံ ပါပုဏာတိ။ ယဿ ပန ဣမေ တယော ဓမ္မာ အတ္ထိ၊ တေဿဝ ကမ္မဋ္ဌာနံ ဥပစာရဉ္စ အပ္ပနဉ္စ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

= ဤ အဿာသ, ပဿာသ, နိမိတ်ဟူသော သုံးပါးတို့တွင်လည်း ----

၁။ အဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။

၂။ ပဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။

၃။ (ဥဂ္ဂဟနိမိတ်) ပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။

အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဿာသ, ပဿာသ, နိမိတ်ဟူကုန်သော ဤသုံးပါးကုန်သော တရားတို့သည် မရှိကုန်၊ ထိုပုဂ္ဂိုလ်၏ အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာစျာန်သို့လည်း မရောက်ရှိနိုင်၊ ဥပစာရ စျာန် (= ဥပစာရသမာဓိ) သို့လည်း မရောက်ရှိနိုင်။ အလျော်အားဖြင့် ပြောဆိုရမူ -- အကြင် ယောဂါဝစရပုဂ္ဂိုလ် ၏ သန္တာန်၌ ဤသုံးပါးကုန်သော တရားတို့သည် ရှိကုန်၏၊ ထိုပုဂ္ဂိုလ်၏သာလျှင် အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာစျာန် (= အပ္ပနာသမာဓိ) သို့လည်း ရောက်နိုင်၏၊ ဥပစာရစျာန် ဥပစာရသမာဓိသို့လည်း ရောက်ရှိနိုင်၏ ဟု မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

ဒီဃဘာဏက မဇ္ဈိမဘာဏကတို့၏ ဆိုဆုံးမချက်

ဒီဃဘာဏက မဇ္ဈိမဘာဏကတို့၏ ဆိုဆုံးမချက်

ဒီဃနိကာယ်ကို ဆောင်တော်မူကြကုန်သော ဒီဃဘာဏက မထေရ်မြတ်တို့ကား ဤသို့ မိန့်ဆိုတော်မူကြ ကုန်၏။ ဤဆိုအပ်ခဲ့ပြီးသော စကားအစဉ်အတိုင်း အလွန်ကြည်လင်တောက်ပသော ပဋိဘာဂနိမိတ်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာလတ်သော် ထိုရဟန်းသည် ဆရာသမား၏ အထံသို့ သွား၍ ---- အရှင် ဘုရား ...တပည့်တော်အား ဤမည်သော နိမိတ်သည် ထင်လာပါ၏ - ဟု လျှောက်ထားအပ်၏။ ဆရာ သမားကလည်း ဤသို့သဘောရှိသော ထင်လာသော အာရုံသည် အာနာပါနနိမိတ်ဟုလည်းကောင်း, အာနာပါန နိမိတ်မဟုတ်ဟုလည်းကောင်း ဤသို့ မပြောဆိုသင့်ပေ၊ ငါ့ရှင် ...အာနာပါနဘာဝနာကို ပွားများအားထုတ် သောသူအား ဤသို့သော အခြင်းအရာအားဖြင့် ထင်လာတတ်၏ဟု ပြောဆို၍ အဖန်ဖန် အထပ်ထပ် နှလုံး သွင်းလေလော့ဟု ပြောဆိုရမည်။ မှန်ပေသည် -- အာနာပါနနိမိတ်ဟု ပြောဆိုလိုက်သော် အာနာပါနဘာဝနာ လုပ်ငန်းရပ်ကို အဆုံးသတ်ခြင်း ရပ်နားထားခြင်းသို့ ရောက်ရှိသွားတတ်၏၊ အာနာပါနဘာဝနာလုပ်ငန်းရပ်မှ ဘာဝနာစိတ်သည် တွန့်ဆုတ်ခြင်းသို့ ရောက်ရှိသွားတတ်၏။ အာနာပါနနိမိတ် မဟုတ်ဟု ပြောဆိုမိပြန်သော် အာနာပါန ဘာဝနာလုပ်ငန်းရပ်၌ လိုလားတောင့်တမှု အာသာဆန္ဒဓာတ်များ ကင်းသွားတတ်သည်ဖြစ်၍ ပင် ပန်းခြင်းသို့ ရောက်ရှိသွားတတ်လေရာ၏။ ထိုကြောင့် နိမိတ် ဟုတ်၏ မဟုတ်၏ဟူသော နှစ်မျိုးလုံးကိုပင် မပြော ဆိုမူ၍ အာနာပါနကို နှလုံးသွင်းခြင်း၌သာလျှင် တိုက်တွန်းပေးပါ - ဟု မိန့်ဆိုတော်မူကြကုန်၏။

သို့သော် မဇ္ဈိမနိကာယ်ကို ဆောင်တော်မူကြကုန်သော မဇ္ဈိမဘာဏကမထေရ်မြတ်တို့ကား ငါ့ရှင် ... ဤသို့သဘောရှိသော ထင်ခြင်းသည် အာနာပါနနိမိတ် မည်၏၊ သူတော်ကောင်း ...အာနာပါနကမ္မဋ္ဌာန်းကို အဖန်တလဲလဲ နှလုံးသွင်းလေလော့ဟု ပြောဆိုပါဟု မိန့်ဆိုတော်မူကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

ဣမာယ ပဋိပဒါယ ဇရာမရဏတော မုစ္စိဿာမီတိ ပဋိပန္နဿ နိမိတ္တန္တိ ဝုတ္တေ ကထံ သင်္ကောစာပတ္တိ၊ ဘိယျောသော မတ္တာယ ဥဿာဟမေဝ ကရေယျာတိ ---- နိမိတ္တမိဒံ။ ပ ။ ဝတ္တဗ္ဗောတိ မဇ္ဈိမဘာဏကာ အာဟု။ (မဟာဋီ၊၁၊၃၃၆။)

= အာနာပါနဿတိသမာဓိဘာဝနာကို ဦးတည်ထားသော ဤမွန်မြတ်သော ကျင့်ဝတ်ပဋိပတ်ဖြင့် အိုနာ သေရေး ဒုက္ခဘေးမှ မချွတ်ဧကန် လွတ်မြောက်ရပေလတ္တံ့ဟု နှလုံးပိုက်၍ အာနာပါနဿတိသမာဓိ ဘာဝနာ လုပ်ငန်းရပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ သန္တာန်ဝယ် ဆရာသမားက အာနာပါနနိမိတ်ပါဟု ပြောဆိုလိုက်ရုံမျှဖြင့် အဘယ်သို့လျှင် အာနာပါနဘာဝနာလုပ်ငန်းရပ် မှ ဘာဝနာစိတ်သည် တွန့်ဆုတ်ခြင်းသို့ ရောက်ရှိသွားနိုင်ပါအံ့နည်း၊ တိုင်းထက်အလွန် တိုး၍ တိုး၍သာ အာနာ ပါနဘာဝနာကို ကြိုးစားအားထုတ်ခြင်း လုံ့လဥဿာဟကို ပြုလုပ်မည်သာလျှင် ဖြစ်ပေသည် ---- ဟု နှလုံး ပိုက်တော်မူကြကုန်၍ မဇ္ဈိမနိကာယ်ကို ဆောင်တော်မူကြကုန်သော မဇ္ဈိမဘာဏက မထေရ်မြတ်တို့က ငါ့ရှင် ဤသို့သော သဘောရှိသော ထင်ခြင်းသည် အာနာပါနနိမိတ် မည်၏၊ သူတော်ကောင်း ...အာနာပါန ကမ္မဋ္ဌာန်းကို အဖန်တလဲလဲ နှလုံးသွင်းလေလော့ဟု ပြောဆိုပါဟု မိန့်ဆိုတော်မူကြခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၃၃၆။)

ဌပနာခေတ်သို့ ဆိုက်ပြီ

ဌပနာခေတ်သို့ ဆိုက်ပြီ

အထာနေန နိမိတ္တေယေဝ စိတ္တံ ဌပေတဗ္ဗံ။ ဧဝမဿာယံ ဣတော ပဘုတိ ဌပနာဝသေန ဘာဝနာ ဟောတိ။ ဝုတ္တေဥှတံ ပေါရာဏေဟိ ----

နိမိတ္တေ ဌပယံ စိတ္တံ၊ နာနာကာရံ ဝိဘာဝယံ။

ဓီရော အဿာသပဿာသေ၊ သကံ စိတ္တံ နိဗန္ဓတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၇-၂၇၈။)

ထိုနောင် ဤ ယောဂါဝစရ ရဟန်းတော်သည် ဖြစ်ပေါ်လာသော အာနာပါနနိမိတ် အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါလေ။ ဤသို့ အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကောင်းစွာ ကပ်ထား၍ ရှုပွားခဲ့သော် ----

ဤ အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် ဖြစ်ပေါ်လာသည့် အချိန်အခါမှစ၍ ဤယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဌပနာ၏ အစွမ်းဖြင့် ဤအာနာပါနဿတိသမာဓိ ဘာဝနာသည် ဖြစ်ပေါ်၍ လာပေသည်။ မှန်ပေသည် ရှေးရှေးအဋ္ဌကထာဆရာတော်တို့သည် ဤသို့ မိန့်ဆိုတော်မူကြလေကုန်ပြီ။

သမ္မာဝါယာမ မဂ္ဂင်ဟူသော သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် အဿာသ ပဿာသ အာရုံ၌ ----

၁။ ရှည်သော အဿာသ,

၂။ ရှည်သော ပဿာသ,

၃။ တိုသော အဿာသ,

၄။ တိုသော ပဿာသ - ဟု

လေးမျိုးကုန်သော အခြင်းအရာတို့ဖြင့် ဟောတော်မူအပ်ပြီးသော အထူးအထူးသော အခြင်းအရာကို ကွယ်ပျောက်စေလျက် [ပကတိသော အဿာသ-ပဿာသကို အမှီပြု၍ ဘာဝနာစွမ်းအားကြောင့် အလွန် ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာသောအခါ ထိုလေးမျိုးကုန်သော အခြင်း အရာတို့ကို နှလုံးမသွင်းခြင်းကြောင့် ထိုလေးမျိုးကုန်သော အခြင်းအရာတို့သည် ကွယ်ပျောက်သကဲ့သို့ ဖြစ်နေ ကုန်၏၊ ဤသို့ ကွယ်ပျောက်စေလျက်] ပကတိသော အဿာသ-ပဿာသမှ ဖြစ်ပေါ်၍လာသော အာနာပါန ပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကောင်းစွာ ကပ်ထားနိုင်ဘိမူကား ထိုသို့ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကောင်း စွာ ကပ်ထားနိုင်ခြင်းဖြင့် မိမိ၏ ဘာဝနာစိတ်ကို အာရုံ၌ အပ္ပနာစျာန်သို့ ဆိုက်အောင် မြဲစွာ ဖွဲ့ချည်ထားသည် မည်ပေ၏။ (ယင်းသို့ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အပ္ပနာစျာန် ဆိုက်အောင် မြဲစွာ ဖွဲ့ချည်ထားခြင်းကို ဌပနာဟု ခေါ်ဆိုသည် မှတ်ပါ။) (ဝိသုဒ္ဓိ၊၁၊၂၇၇-၂၇၈။)

ပုဗ္ဗေ ယံ ဝုတ္တံ အနုဗန္ဓနာယ စ ဖုသနာယ စ ဌပနာယ စ မနသိ ကရောတီတိ။ တတ္ထ အနုဗန္ဓနံ, ဖုသနဉ္စ ဝိဿဇ္ဇေတွာ ဌပနာဝသေန ဘာဝနာ ဟောတီတိ ဌပနာဝသေနေဝ ဘာဝေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၃၆။)

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်သည် (ဝိသုဒ္ဓိ၊၁၊၂၇၂။) ရှေးပိုင်းက - ထို ပကတိသော ဝင်သက်လေ ထွက်သက်လေတို့၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နေရာဌာန၌ပင်လျှင် ရေတွက်ခြင်း ဂဏနာနည်းကို ခေါက်ထားလိုက်၍ ထိုဝင်သက်လေ ထွက်သက်လေတို့ကို (အရှည်-အတို အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်) သတိဖြင့် အစဉ်လိုက်လျက်သော်လည်းကောင်း, အပ္ပနာစျာန် ဖြစ်နိုင်ကောင်းသော အခြင်းအရာအားဖြင့် ထင်လာတိုင်းသော အလွန်ကြည်လင်တောက်ပသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့နေအောင် ကပ်ထားလျက်သော်လည်း ကောင်း အနုဗန္ဓနာနည်းဖြင့်လည်းကောင်း, ဖုသနာနည်းဖြင့်လည်းကောင်း, ဌပနာနည်းဖြင့်လည်းကောင်း နှလုံး သွင်းသည် မည်၏ -- ဟူသော စကားရပ်ကို မိန့်ဆိုတော်မူခဲ့၏။ ထိုစကားရပ်၌ ယခုကဲ့သို့ အာနာပါနပဋိဘာဂ နိမိတ်သည် ထင်လာသောအခါ တည်တံ့ ခိုင်ခံ့လာသောအခါ အနုဗန္ဓနာနည်းနှင့် ဖုသနာနည်းတို့ကို လွှတ်၍ ထင်လာတိုင်းသော အာနာပါနပဋိဘာဂနိမိတ်ကိုသာ အာရုံမူလျက် အပ္ပနာစျာန် ဖြစ်ပေါ်လာနိုင်ကောင်းသော ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့်သာလျှင် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်မြဲအောင် ကပ်ထားလျက် ပွားများအားထုတ်ရမည်ဟု ဆိုလိုပေသည်။ (မဟာဋီ၊၁၊၃၃၆။)

ယင်းသို့ ထင်လာတိုင်းသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အပ္ပနာစျာန် ဆိုက်နိုင်လောက်သော အခြင်း အရာအားဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်ခံ့အောင် ကပ်ထားလျက် ဌပနာနည်း၏ အစွမ်းဖြင့် ပွားများနိုင်ခဲ့သော် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံ မမူတော့ဘဲ မျက်နှာလွှဲထားသဖြင့် ပကတိသော အဿာသ-ပဿာသကို မှီ၍ ဖြစ်ပေါ်လာသော ပဋိဘာဂနိမိတ်ကိုသာ မျက်နှာမူထားသဖြင့် ----

၁။ အဿာသ,

၂။ ပဿာသ,

၃။ နိမိတ် ----

ဤသုံးပါးတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံဖြစ်သည် တမုံ့၊ တစ်ခုတည်းသော ဘာဝနာ စိတ်၌ မထင်သည်ကား မဟုတ်၊ ထင်ပါ၏ ဩော် - ဟူလိုသည်။ (ပြည်၊၂၊၂၄၈-၂၄၉ - ကြည့်ပါ။)

တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံ ဖြစ်နိုင်ပုံ

တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံ ဖြစ်နိုင်ပုံ

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။

အဇာနတော တယော ဓမ္မေ၊ ဘာဝနာနုပလဗ္ဘတိ။

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။

ဇာနတောဝ တယော ဓမ္မေ၊ ဘာဝနာ ဥပလဗ္ဘတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

(၁) အာနာပါနနိမိတ် (၂) အဿာသ (၃) ပဿာသ - ဤတရား သုံးပါးတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံကား မဟုတ်ပါပေ။ ထိုသို့ပင် အာရုံမဟုတ်ပါသော်လည်း သုံးပါးကုန်သော တရားတို့ကို အာရုံမူသောအားဖြင့် မသိသသူအား အာနာပါနဿတိသမာဓိဘာဝနာကို မရအပ်ပေ။

နိမိတ်, အဿာသ, ပဿာသ - ဤတရားသုံးပါးတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံကား မဟုတ်ပါပေ။ ထိုသို့ပင် အာရုံမဟုတ်ပါသော်လည်း သုံးပါးကုန်သော တရားတို့ကို အာရုံမူသောအားဖြင့် သိသသူအားသာလျှင် အာနာပါနဿတိသမာဓိဘာဝနာကို ရအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

အဿာသပဿာသာနံ ဧကက္ခဏေ အပ္ပဝတ္တနတော ဧကဿ စိတ္တဿ တယောပိ အာရမ္မဏံ န ဟောန္တိ၊ နိမိတ္တေန သဟ အဿာသော ပဿာသော ဝါတိ ဒွေယေဝ ဧကက္ခဏေ အာရမ္မဏံ ဟောန္တီတိ အတ္ထော။ (ဝိမတိဋီ၊၁၊၂၁၆-၂၁၇။)

= ပကတိသော ဝင်သက်လေ ထွက်သက်လေတို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူ မဖြစ်နိုင်သော ကြောင့် နိမိတ်, အဿာသ, ပဿာသ - သုံးမျိုးလုံးတို့သည်လည်း တစ်ခုသောစိတ်၏ အာရုံကား မဖြစ်နိုင်ကြကုန်။ နိမိတ်နှင့် ဝင်သက်လေ, သို့မဟုတ် နိမိတ်နှင့် ထွက်သက်လေ နှစ်မျိုးတို့သည်သာလျှင် စိတ္တက္ခဏတစ်ခုအတွင်း၌ တစ်ခုသော စိတ်၏ အာရုံဖြစ်နိုင်သည်ဟု ဆိုလိုပေသည်။ (ဝိမတိဋီ၊၁၊၂၁၆-၂၁၇။)

ဤရှင်းလင်းချက်ကား နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားတည်းဟူသော နိမိတ်နှင့် ပကတိသော ဝင်သက်လေ ထွက်သက်လေတို့ကို ရည်ရွယ်၍ ရှင်းလင်းထားသော ရှင်းလင်းချက် ဖြစ်သည်။ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်များ မဖြစ်ပေါ်လာမီ အပိုင်းကို ရည်ရွယ်၍ ရှင်းလင်းထားခြင်း ဖြစ် သည်။

ဘာဝနာသမာဓိစွမ်းအား ရင့်ကျက်လာ၍ ဥဂ္ဂဟနိမိတ်မှ တစ်ဆင့် ပဋိဘာဂနိမိတ်သို့ တိုင်အောင်သော အာနာပါနနိမိတ်များ ဖြစ်ပေါ်လာသောအခါ၌ကား ----

၁။ နိမိတ်ဟူသည် အာနာပါနပဋိဘာဂနိမိတ်ကိုပင် ဆိုလိုသည်။

၂။ အဿာသဟူသည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်ကိုပင် ဆိုလိုသည်။

၃။ ပဿာသဟူသည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်ကိုပင် ဆိုလိုသည်။

အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉။)

အကြောင်းမူ -- ပကတိသော ဝင်သက်လေ ထွက်သက်လေဟူသော အဿာသ-ပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်ကိုလည်း အဿာသ-ပဿာသဟုပင် ခေါ်ဆိုနိုင်သောကြောင့် ဖြစ်သည်။

သို့အတွက် အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်ခံ့နေအောင် ကပ်ထားနိုင်သောအခါ အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ် သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ နိမိတ်, အဿာသ, ပဿာသ - ဤတရားသုံးမျိုးတို့သည် တစ်ခု တည်းသော ဘာဝနာစိတ်၏ အာရုံ ဖြစ်သွားပေသည်။ ယင်းသုံးမျိုးလုံးကို တစ်ခုတည်းသော ဘာဝနာစိတ်က အာရုံမူနိုင်သည့်အတွက် အာနာပါနဘာဝနာကို အပ္ပနာစျာန် ဆိုက်သည့်တိုင်အောင် ပြည့်ပြည့်စုံစုံ ရရှိလာ ပေသည်ဟု မှတ်သားပါလေ။

အခက်အခဲများနှင့် ရင်ဆိုင်ရပုံ

အခက်အခဲများနှင့် ရင်ဆိုင်ရပုံ

ဤအပိုင်းတွင် အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရ၏။ အချို့ပုဂ္ဂိုလ်တို့၌ အာနာပါနနိမိတ် အလျင်စ၍ မပေါ်ဘဲ သမာဓိစွမ်းအား ကောင်းလာသည့်အခါ အလင်းရောင် စ၍ ပေါ်လာတတ်သည်လည်း ရှိ၏။ ယောဂါဝစရပုဂ္ဂိုလ်အချို့တို့၌ အာနာပါနနိမိတ်က အလျင် စ၍ ပေါ်သည်လည်း ရှိတတ်၏။ အကယ်၍ အလင်းရောင်က အလျင်စ၍ ပေါ်ခဲ့သော် ထိုအလင်းရောင်ကို နှလုံးမသွင်းပါနှင့်၊ မူလ ဝင်သက်လေ ထွက်သက်လေကိုသာ နှလုံးသွင်းနေပါ။ ထိရာဌာနကို လွှတ်၍ အလင်း ရောင် နောက်သို့ စိတ်လိုက်နေပါက ကမ္မဋ္ဌာန်းလမ်းကြောင်း လွဲသွားပြီ ဖြစ်၏။ ဝင်လေ ထွက်လေ ထိရာဌာန ၌သာ စိတ်ကို ကပ်ထား၍ ဝင်လေ ထွက်လေကိုသာ ရှုနေပါ။ တဖြည်းဖြည်း မကြာမီ နိမိတ် ပေါ်လာတတ် ပါသည်။ နိမိတ်စ၍ ပေါ်ရာ၌ ရှေးဦးစွာ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အရောင်သည် များသောအားဖြင့် စတင်၍ ပေါ်လာ၏။ ဘာဝနာသမာဓိ၏ စွမ်းအင်အာနုဘော်က တစ်စထက် တစ်စ ရင့်သထက်ရင့် ကြီးမား သထက် ကြီးမားလာသောအခါမှ ဝါဂွမ်းစိုင်ကဲ့သို့ တစ်စတစ်စ ဖြူလာတတ်၏။ အလွန်ဖြူဖွေးသော တိမ်တိုက် စိုင်ကဲ့သို့ ဖြစ်လာတတ်၏။ ယောဂီအများစု၌်ကား မီးချောင်းရောင်ကဲ့သို့ ဖြူဖွေးသော တောက်ပသော အဖြူ ချောင်းနိမိတ် ပေါ်တတ်၏။

သို့သော် ထိုနိမိတ်များမှာ ပေါ်ခါစ၌ ယောဂီအများစုတွင် ခိုင်မြဲမှု မရှိသည်ကို တွေ့ရ၏။ အစပိုင်းတွင် နိမိတ်များမှာ ပေါ်လိုက် ပျောက်လိုက် ရှိနေတတ်၏။ ထိုအခါမျိုးတွင် ယောဂါဝစရပုဂ္ဂိုလ်သည် မူလရှုမြဲဖြစ်သော ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားဖို့ လိုပေသည်။ ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာသမာဓိသည် ခိုင်ခံ့သည်ထက် ခိုင်ခံ့လာသောအခါ တည်တံ့သည်ထက် ပို၍ တည်တံ့လာသောအခါ ထိုအာနာပါနနိမိတ်သည်လည်း ပို၍ ခိုင်ခံ့လာတတ်ပေသည်။ ထိုအခါတွင် ဝင်လေ-ထွက်လေနှင့် နိမိတ်တို့မှာ တစ်သားတည်း ဖြစ်လာတတ်၏။ လေသည်ပင် နိမိတ်, နိမိတ် သည်ပင် လေ ဖြစ်လာသော် ပုံစံမှန်သွားပြီ ဖြစ်၏။

ထိုကဲ့သို့ လေနှင့် နိမိတ် တစ်သားတည်း ဖြစ်လာသောအခါ, ထိုအာနာပါနနိမိတ်သည်လည်း ခိုင်ခံ့လာ သောအခါ ဘာဝနာစိတ်သည် ပကတိသော ဝင်သက်လေ ထွက်သက်လေကို အာရုံမယူတော့ဘဲ ဖြစ်ပေါ် လာသော အာနာပါနနိမိတ်အာရုံ၌ ပြောင်း၍ ငြိမ်ဝပ်စွာ ကပ်နေတတ်၏။ ထိုသို့ ကပ်နေခဲ့သော် ထိုအာနာ ပါနနိမိတ်အာရုံမှ ဘာဝနာစိတ်ကို ခွာမချလိုက်ပါနှင့်။ ထိုအာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ခိုင်ခံ့သည် ထက် ခိုင်ခံ့အောင် တည်တံ့သည်ထက် တည်တံ့အောင်သာ ဆက်လက်၍ ကြိုးစားအားထုတ်ပါ၊ ကပ်မြဲသာ ကပ်ထားပါ။

အကယ်၍ ဘာဝနာစိတ်သည် အာနာပါနနိမိတ် အာရုံက ခိုင်ခံ့နေပါသော်လည်း ထို အာနာပါနနိမိတ် အာရုံ၌ ပြောင်း၍ ကပ်မနေသော် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ထိုအာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားကြည့်ပါ၊ ကြိုးစားကြည့်ပါ။ အောင်မြင်မှုရလျှင်ကား ကောင်းသည်သာ ဖြစ်၏၊ ဘာဝနာသမာဓိစွမ်းအားများ ကြီးမားသထက် ကြီးမားအောင်သာ ဆက်လက်၍ ကြိုးစားပါ။

သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ပကတိသော ဝင်သက်လေ ထွက်သက်လေကို လွှတ်၍ ထိုပေါ်လာသော အာနာပါနနိမိတ်အာရုံပေါ်သို့ ဘာဝနာစိတ်ကို ပြောင်းကပ်ကြည့်လိုက်သောအခါ ထိုအာနာ ပါနနိမိတ်သည် မကြာမီ အချိန်ကာလ အတွင်းမှာပင် ပျောက်ပျက်၍ သွားတတ်သည်လည်း ရှိတတ်ပြန်၏။ ထိုအခါမျိုး၌ ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌ တစ်ဖန်ပြန်၍ ဘာဝနာစိတ်ကို ကပ်ထားရမည် ဖြစ်သည်။ တစ်ဖန် အာနာပါနနိမိတ် ပြန်ပေါ်လာ၍ ခိုင်ခံ့သောအခါမှ, လေနှင့် နိမိတ် တစ်သားတည်း ဖြစ်ပါ မှ ထိုအာနာပါနနိမိတ်၌ ဘာဝနာစိတ်ကို တစ်ဖန် ပြန်၍ ကပ်ကြည့်ပါ။ ဤနည်းအတိုင်း ဆက်လက်၍ ကြိမ်ဖန် များစွာ ကြိုးစားခဲ့သော် အာနာပါန နိမိတ်လည်း ခိုင်ခံ့လာတတ်၍ ဘာဝနာစိတ်သည်လည်း အာနာပါန နိမိတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပေသည်၊ တည်အောင်လည်း ကြိုးစားရမည်သာ ဖြစ်သည်။ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ယင်းနိမိတ်ကိုသာ ရှုနေသောအခါ၌ ပကတိသော ဝင်သက်လေ ထွက်သက်လေကို တစ်ဖန်ပြန်၍ မရှုမိဖို့ကိုကား အထူး သတိပြုပါ။ ပကတိ ဝင်လေ-ထွက်လေကို ရှုလိုက်, နိမိတ်ကို ရှုလိုက် ပြုနေလျှင် ခိုင်မြဲသော သမာဓိကို မရရှိနိုင်ဘဲ အာရုံနှစ်မျိုး၌ စိတ်ပျံ့လွင့်နေတတ်ပေသည်။

နိမိတ်ဝေးကွာနေသော်

နိမိတ်ဝေးကွာနေသော်

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ ထိုအာနာပါနနိမိတ်မှာ နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျား ဟူသော အရပ်ဒေသ၌ စတင်၍ မပေါ်ဘဲ ခပ်ဝေးဝေး ခပ်လှမ်းလှမ်း တစ်နေရာ၌သာ လဝန်းသဏ္ဌာန် စသည် ဖြင့် ပေါ်နေတတ်၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌လည်း မျက်နှာ တစ်ပြင်လုံးကို အဖြူရောင်ဖြင့် လွှမ်းခြုံထားသကဲ့သို့ ပေါ်လာတတ်၏။ ထိုသို့ နိမိတ်ဝေးကွာနေမူ ထိုဝေးကွာသောနိမိတ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်သည်လည်း ရှိ၏၊ မတည်တတ်သည်လည်း ရှိ၏။

အကယ်၍ ထိုဝေးကွာသော အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထိုသမာဓိကိုပင် ခိုင်ခံ့အောင် ဆက်လက်ထူထောင်ပါ၊ သမာဓိစွမ်းအင်များ ပြည့်ဝစုံညီလာသည့်တိုင်အောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။ သို့သော် ဝေးကွာရိုးမှန်လျှင် သမာဓိ တည်တံ့ခဲသည်။

အကယ်၍ ထိုဝေးကွာသော အာနာပါနနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ မတည်ပါမူ, ကြိုးစား၍ ဘာဝနာစိတ်ကို ကပ်ကြည့်သော်လည်း မကပ်ဖြစ်နေပါမူ, သို့မဟုတ် ထိုသို့ ကြိုးစား၍ ကပ်ကြည့် သောအခါ၌ ထိုဝေးကွာသော အာနာပါနနိမိတ်မှာ မခိုင်ခံ့ဘဲ ပျောက်ပျက်သွားတတ်ပါမူ ထိုကဲ့သို့သော အခါ မျိုး၌ ပကတိသော ဝင်သက်လေ ထွက်သက်လေ အာရုံ၌သာ ဘာဝနာစိတ်ကို တစ်ဖန်ပြန်၍ ငြိမ်ဝပ်စွာ ကပ် ထားကြည့်ပါ။ ဝင်သက်လေ ထွက်သက်လေ၏ အရှည်-အတို အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင် ရှားရှား သိအောင် ဝင်သက်လေ ထွက်သက်လေကို သိမ်မွေ့သည်ထက် သိမ်မွေ့အောင်သာ ကြိုးစားအားထုတ်ပါ။ ဘာဝနာသမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်များ ကြီးမားသထက် ကြီးမားလာသောအခါ ထိုအာနာပါန နိမိတ်သည် နှာသီးဖျား အထက်နှုတ်ခမ်းဖျားဌာနကို အခြေခံလျက် မြစ်ဖျားခံလျက် အခြေစိုက်လျက် နီးနီးကပ် ကပ် ပေါ်လာတတ်ပါသည်။ ထိုနိမိတ်မှာ ခိုင်ခံ့တည်တံ့လာသောအခါ, လေနှင့် နိမိတ် တစ်သားတည်း ဖြစ်လာ သောအခါ ထိုနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်တံ့နေအောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။

ပေါ်သစ်စဖြစ်သော အာနာပါနနိမိတ်ကား မခိုင်ခံ့သေးသည်သာ များ၏။ ထိုမခိုင်ခံ့သေးသော အာနာ ပါနနိမိတ်၌ ဘာဝနာစိတ်ကို ပြောင်း၍ ကပ်ခဲ့သော် နိမိတ်က မခိုင်ခံ့သေးသဖြင့် ဘာဝနာစိတ်လည်း မခိုင်ခံ့ သေးပင် ဖြစ်နေတတ်၏။ ထိုသို့ ဖြစ်နေပါမူ နိမိတ်ခိုင်ခံ့သောအခါကျမှသာလျှင် ခိုင်ခံ့သော နိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်အောင် ခိုင်ခံ့အောင် ဆက်လက်၍ ကြိုးစားအားထုတ်ပါ။

အာနာပါနနိမိတ်သည် ခိုင်ခံ့လာ၍ ထိုနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော အခါ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အဖြူမှ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင်ဘက်သို့ တဖြည်းဖြည်း ပြောင်း၍ သွားတတ်ပါသည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူလာသော နိမိတ်ကား ဥဂ္ဂဟနိမိတ် တည်း။ ထိုဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားနိုင်ခဲ့သော် ဘာဝနာသမာဓိ၏ စွမ်းအင်များ ပြည့်ဝစုံညီလာသောအခါ ဆွတ်ဆွတ်ဖြူရာမှ အလွန်ကြည်လင်တောက်ပလာမည် ဖြစ်သည်။ သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင်တောက်ပနေသော သန့်ရှင်းနေသော နိမိတ်ကား အာနာပါနပဋိဘာဂ နိမိတ်ပင် ဖြစ်ပေသည်။ သို့သော် အခြားအရောင်များလည်း ပေါ်တတ်ပါသည်။

အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းရ

အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းရ

တေဿဝံ နိမိတ္တုပဋ္ဌာနတော ပဘုတိ နီဝရဏာနိ ဝိက္ခမ္ဘိတာနေဝ ဟောန္တိ၊ ကိလေသာ သန္နိသိန္နာဝ။ သတိ ဥပဋ္ဌိတာယေဝ။ စိတ္တံ ဥပစာရသမာဓိနာ သမာဟိတမေဝ။ အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ အပိစ ခေါ ခတ္တိယမဟေသိယာ စက္ကဝတ္တိဂဗ္ဘော ဝိယ ကဿကေန သာလိယဝဂဗ္ဘော ဝိယ စ အာဝါသာဒီနိ သတ္တ အသပ္ပါယာနိ ဝဇ္ဇေတွာ တာနေဝ သတ္တ သပ္ပါယာနိ သေဝန္တေန သာဓုကံ ရက္ခိတဗ္ဗံ။ အထ နံ ဧဝံ ရက္ခိတွာ ပုနပ္ပုနံ မနသိကာရဝသေန ဝုဒ္ဓိံ ဝိရူဠှိံဂမယိတွာ ဒသ ဝိဓံ အပ္ပနာကောသလ္လံ သမ္ပာဒေတဗ္ဗံ၊ ဝီရိယသမတာ ယောဇေတဗ္ဗာ။ တေဿဝံ ဃဋေန္တဿ ပထဝီကသိဏေ ဝုတ္တာနုက္ကမေနေဝ တသ္မိံ နိမိတ္တေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တန္တိ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)

ဝဏ္ဏတောတိ ပိစုပိဏ္ဍတာရကရူပါဒီသု ဝိယ ဥပဋ္ဌိတဝဏ္ဏတော။ လက္ခဏတောတိ ခရဘာဝါဒိသဘာဝတော, အနိစ္စာဒိလက္ခဏတော ဝါ။ ရက္ခိတဗ္ဗံ တံ နိမိတ္တန္တိ သမ္ဗန္ဓော။ နိမိတ္တဿ ရက္ခဏံ နာမ တတ္ထ ပဋိလဒ္ဓဿ ဥပစာရစျာနဿ ရက္ခဏေနေဝ ဟောတီတိ အာဟ ပုနပ္ပုနံ မနသိကာရဝသေန ဝုဒ္ဓိံ ဝိရူဠှိံ ဂမယိတွာတိ။ (မဟာဋီ၊၁၊၃၃၇။)

ဤသို့လျှင် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပဋိဘာဂနိမိတ်ထင်လာသည်မှ စ၍ နီဝရဏတို့သည် ခွာထား အပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ကိလေသာတို့သည် ငြိမ်ဝပ်စွာ အနည်ထိုင်၍ သွားကြကုန်သည်သာလျှင် ဖြစ်ကုန်၏။ သတိသည်လည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရှေးရှုကပ်၍ တည်နေသည်သာလျှင် ဖြစ်၏။ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်ကြည်နေသည်သာ လျှင် ဖြစ်၏။

ထိုသို့ ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာသည့်အခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်ကို ဝါဂွမ်း စိုင် ကြယ်တာရာ စသည်တို့၌ ထင်သော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ ကြမ်းတမ်းမှု ခက်မာ မှု စသော ထိုထိုပရမတ်တရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ အနိစ္စ-ဒုက္ခ-အနတ္တ ဟူသော အများဆိုင် သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။

စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားကြီးသည် ဖလ်ကြုတ်အတွင်း၌ ထည့်သွင်းထားသကဲ့သို့ မြင်နေ ရသော စကြဝတေးမင်းလောင်း၏ ကိုယ်ဝန်ကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေးစပါးဖုံးကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း မသင့်တင့်သော အသပ္ပါယ (၇)ပါးကို ရှောင်ကြဉ် ၍ သင့်တင့်လျောက်ပတ်သော သပ္ပါယ (၇)ပါးကို မှီဝဲလျက် ကောင်းမွန်ရိုသေစွာ ထိုပဋိဘာဂနိမိတ် အာရုံကို စောင့်ရှောက်အပ်၏။

[ထိုပဋိဘာဂနိမိတ်အာရုံ၌ ရရှိထားပြီးသော အပ္ပနာစျာန်၏ အနီး၌ ဖြစ်လေ့ရှိသောကြောင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရစျာန်ကို မလျှောကျအောင် စောင့်ရှောက်ခြင်းဖြင့်ပင်လျှင် ထိုပဋိဘာဂနိမိတ်အာရုံကို စောင့်ရှောက်ခြင်းမည်သည် ဖြစ်ပေါ်လာနိုင်၏။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ထိုဥပစာရသမာဓိ အမည် ရသော ဥပစာရစျာန် မလျှောကျအောင် ထိုအာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် အဖန်တလဲလဲ နှလုံးသွင်း ရှုပွားနေရမည် ဖြစ်သည်။ ထိုသို့ နှလုံးသွင်းရှုပွားခြင်း၏ အစွမ်းဖြင့် ဘာဝနာသမာဓိကို ကြီးပွားခြင်းသို့ ပြန့်ပြော ခြင်းသို့ ရောက်ရှိသွားအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ထိုသို့ ကြိုးစားအားထုတ်နေခြင်းသည်ပင် အာနာပါနပဋိဘာဂနိမိတ်အာရုံကို မပျက်စီးအောင် စောင့်ရှောက်နေသည် မည်ပေသည်။]

ထိုနောင် ထိုနိမိတ်ကို ယင်းသို့ စောင့်ရှောက်ပြီး၍ အဖန်တလဲလဲ နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် ဘာဝနာ သမာဓိကို ကြီးပွားခြင်းသို့ ပြန့်ပြောခြင်းသို့ ရောက်စေ၍ အပ္ပနာကောသလ္လတရား (၁၀)ပါးကို ပြီးစီး ပြည့်စုံ စေအပ်၏၊ ဝီရိယနှင့် သမာဓိကို မျှသည်၏ အဖြစ်ကို ယှဉ်စေအပ်၏။

ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် စေ့ဆော်ကြိုးကုတ် အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်မွန်၏ သန္တာန်ဝယ် ပထဝီကသိုဏ်း၌ ဖွင့်ဆိုရေးသားခဲ့ပြီးသော အစီအစဉ်ဖြင့်သာလျှင် ထို အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ပေကုန်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)

ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားဆုံးမတော်မူချက်အရ ဤအပိုင်းကား အလွန်အရေးကြီးလှသော အပိုင်းတစ်ခု ဖြစ်နေ၏။ ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနပဋိဘာဂနိမိတ်ကို ပျောက်ပျက် မသွားအောင်, ထိုပဋိဘာဂနိမိတ်ကို အာရုံမူနေသော ဘာဝနာသမာဓိကို မလျှောကျအောင် အောက်ပါ အချက် (၄)ရပ်တို့၌ ကျွမ်းကျင်လိမ္မာရမည် ဖြစ်ပေသည်။ ယင်းတို့ကား ----

၁။ ရှောင်ကြဉ်ရမည့် အသပ္ပါယ (၇)ပါး,

၂။ မှီဝဲရမည့် သပ္ပါယ (၇)ပါး,

၃။ အပ္ပနာကောသလ္လ (၁၀)ပါး,

၄။ ဝီရိယနှင့် သမာဓိ ညီမျှအောင်ကျင့်ပုံ - တို့ ဖြစ်ကြ၏။

သို့အတွက် ယင်း (၄)မျိုးတို့ကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။

_________

သပ္ပါယ အသပ္ပါယ (၇) ပါး

သပ္ပါယ အသပ္ပါယ (၇) ပါး

အာဝေါသော ဂေါစရော ဘဿံ၊ ပုဂ္ဂလော ဘောဇနံ ဥတု။

ဣရိယာပထောတိ သတ္တေတေ၊ အသပ္ပါယေ ဝိဝဇ္ဇယေ။

သပ္ပါယေ သတ္တ သေဝေထ၊ ဧဝဥှိ ပဋိပဇ္ဇတော။

နစိရေနေဝ ကာလေန၊ ဟောတိ ကဿစိ အပ္ပနာ။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

၁။ အာဝါသ = နေရာ

၁။ အာဝါသ = နေရာ

အကြင် ကျောင်းအိပ်ရာနေရာ၌ သီတင်းသုံးနေထိုင်သော ယောဂါဝစရပုဂ္ဂိုလ်အား မဖြစ်ပေါ်သေးသော နိမိတ်သည်လည်း မဖြစ်ပေါ်လာတတ်၊ ဖြစ်ပေါ်ပြီးသော နိမိတ်သည်လည်း ပျောက်ပျက်သွားတတ်၏။ မထင် လာသေးသော သတိသည်လည်း မထင်လာဘဲ ရှိနေတတ်၏၊ မတည်ကြည်သေးသော စိတ်သည်လည်း မတည် ကြည်ဘဲပင် ရှိနေတတ်၏။ ဤကဲ့သို့သော ကျောင်းအိပ်ရာ နေရာမျိုးကား မလျောက်ပတ်သော အသပ္ပါယ နေရာပင် ဖြစ်ပေသည်။ (သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဣန္ဒြေငါးပါးတို့ မဖြစ်ပေါ်လာနိုင်သော နေရာ, ဖြစ်ပေါ်ပြီးသော ဣန္ဒြေတို့လည်း မရင့်ကျက်နိုင် မကြီးပွား မတိုးတက်နိုင်သော နေရာဟု ဆိုလိုပေသည်၊၊)

အကြင် ကျောင်းအိပ်ရာ နေရာ၌ သီတင်းသုံးနေထိုင်သော ပုဂ္ဂိုလ်အား နာဂပဗ္ဗတ အမည်ရသော တောင် ကျောင်း၌ သီတင်းသုံးတော်မူသော ပဓာနိယတိဿ မထေရ်မြတ်ကြီး သန္တာန်မှာကဲ့သို့ နိမိတ်သည် ဖြစ်လည်း ဖြစ်ပေါ်လာ၏၊ မြဲစွာ တည်တံ့ခိုင်ခံ့ခြင်းသဘောလည်း ရှိ၏၊ သတိသည်လည်း ထိုနိမိတ်အာရုံ၌ ရှေးရှူကပ်၍ စွဲမြဲစွာတည်နေ၏၊ စိတ်သည်လည်း ကောင်းစွာ တည်ကြည်နေ၏။ ဤကဲ့သို့သော ကျောင်းအိပ်ရာ နေရာမျိုး သည်ကား ဘာဝနာလုပ်ငန်းခွင်နှင့် လျော်လျောက်ပတ် ကောင်းမြတ်တော်မှန် သပ္ပါယဧကန် ဖြစ်သော ကျောင်း အိပ်ရာ နေရာမျိုးပင် ဖြစ်ပေသည်။

ထိုကြောင့် အကြင်ကျောင်းတိုက်ကြီး တစ်ခုအတွင်း၌ ကျောင်းဆောင်ပေါင်းများစွာ ရှိနေကုန်ငြားအံ့၊ ထိုကျောင်းဆောင်တို့တွင် ကျောင်းဆောင် တစ်ဆောင် တစ်ဆောင်၌ သုံးရက် သုံးရက်တို့ပတ်လုံး သီတင်းသုံး နေထိုင်ကြည့်၍ အကြင်ကျောင်းဆောင်၌ ကျောင်းအိပ်ရာ နေရာ၌ ထိုရဟန်း၏ စိတ်သည် တည်ကြည်မှု သမာဓိ ကို ရရှိသည် ဖြစ်အံ့၊ ထိုကျောင်းအိပ်ရာ နေရာ၌သာလျှင် နေထိုင်ပါ။ အကျိုးအာနိသင်ကား ဤသို့တည်း။ ---

မိမိတို့နှင့် သပ္ပါယမျှတသည့် ကျောင်းအိပ်ရာနေရာကို ရရှိသဖြင့် အာဝါသသပ္ပါယ ဖြစ်သောကြောင့် သီဟိုဠ်ကျွန်း စူဠနာဂလိုဏ်၌ သီတင်းသုံး နေထိုင်ကြကုန်သည် ဖြစ်၍ ထိုစူဠနာဂလိုဏ်၌ပင်လျှင် ကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်ပေါက် သင်ယူ၍ ကြိုးစားအားထုတ်တော်မူကြရာ ငါးရာကုန်သော ရဟန်းတော်တို့သည် အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့ဖူးကြကုန်၏၊ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်သို့ ဆိုက်ရောက်တော် မူကြကုန်သော သူတော်ကောင်းတို့ကား မရေတွက်နိုင်အောင်ပင် များလှကုန်၏။ အခြားအခြားသော ကျောင်းတိုက် ၌ သောတာပန် သို့မဟုတ် သကဒါဂါမ် သို့မဟုတ် အနာဂါမ်အဖြစ်ဟူသော အရိယဘုံသို့ ရောက်ရှိခဲ့ကြပြီး၍ ထိုစူဠနာဂလိုဏ်၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသွားကြကုန်သော ရဟန်းတော်တို့၏ အရေအတွက် အပိုင်းအခြားသည်လည်း မရှိပေ။ အလားတူပင် စိတ္တလတောင်ကျောင်းတိုက် စသည့် သပ္ပါယဖြစ်သည့် ကျောင်း တိုက်တို့၌လည်း သောတာပန် အစ အရဟတ္တဖိုလ် အဆုံးရှိသည့် အရိယဘူမိသို့ ဆိုက်ရောက်သွားတော်မူကြကုန်သော ရဟန်းတော်တို့၏ အရေအတွက်ကား အပိုင်းအခြား မရှိသည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၃-၁၂၄။)

၂။ ဂေါစရဂါမ = ဆွမ်းခံရွာ

၂။ ဂေါစရဂါမ = ဆွမ်းခံရွာ

နေကို မျက်နှာမူ၍ မသွားရ မပြန်ရသော မိမိ သီတင်းသုံးရာ ကျောင်းတိုက်မှ တောင်ဘက်အရပ်၌ ဖြစ်စေ, မြောက်ဘက်အရပ်၌ ဖြစ်စေ တည်ရှိသော မဝေးလွန်းသော တစ်ကောသခွဲ (= အလံတစ်ထောင်) ခန့် အတွင်း၌ တည်ရှိသော ပြည့်ပြည့်စုံစုံ သပ္ပါယမျှတအောင် ရလွယ်သော ဆွမ်းရှိသော ဆွမ်းခံရွာကား သပ္ပါယဖြစ်သော တော်မှန်ကောင်းမွန်သည့် ဆွမ်းခံရွာပင် ဖြစ်သည်။ ပြောင်းပြန်အားဖြင့် သပ္ပါယ မဖြစ်သည့် ဆွမ်းခံရွာကို သိရှိ ပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၂၄။)

၃။ ဘဿ = စကားပြောမှု

၃။ ဘဿ = စကားပြောမှု

နတ်ရွာ မဂ်-ဖိုလ်-နိဗ္ဗာန်တို့၏ တိုက်ရိုက် ဖီလာကန့်လန့်ဖြစ်သော တိရစ္ဆာနကထာ အမည်ရသော ကထာ အမျိုးမျိုး၌ အကျုံးဝင်သော စကားသည်ကား ယောဂါဝစရပုဂ္ဂိုလ်တို့ မပြောဆိုသင့်သော မလျော် မလျောက် ပတ်သော အသပ္ပါယစကား မည်၏။ နတ်ရွာ မဂ်-ဖိုလ်-နိဗ္ဗာန်တို့၏ တိုက်ရိုက် ဖီလာကန့်လန့် ဖြစ်သော ထို (၃၂)ပါးသော တိရစ္ဆာနကထာစကားသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရရှိပြီးသော နိမိတ်၏ ကွယ်ပျောက်သွား ခြင်းငှာ ဖြစ်တတ်၏။

တရားအားထုတ်သော ပုဂ္ဂိုလ်များ အထူးအလေးဂရုပြု၍ ရှောင်ရှားရမည့် စကားများ ဖြစ်သဖြင့် ဘုရား ရှင်၏ ရှောင်ရှားစေလိုသော ဦးတည်ချက်ကိုပါ ပိုမို၍ နက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန် မဟာဝဂ္ဂ သံယုတ်ပါဠိတော်၌ လာရှိသော တိရစ္ဆာနကထာသုတ္တန် မြန်မာပြန်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

တိရစ္ဆာနကထာသုတ္တန်

တိရစ္ဆာနကထာသုတ္တန်

ရဟန်းတို့ ...များပြားသော စျာန် မဂ်ဖိုလ် နိဗ္ဗာန်၏ တိုက်ရိုက် ဖီလာကန့်လန့်ဖြစ်သော တိရစ္ဆာနကထာ စကားကို မပြောကုန်ရာ။ ယင်း တိရစ္ဆာနကထာစကားကား အဘယ်နည်း? ----

၁။ ရာဇကထာ = မင်းနှင့် စပ်သောစကား,

၂။ စောရကထာ = ခိုးသား ဓားပြနှင့် စပ်သောစကား,

၃။ မဟာမတ္တကထာ = အမတ်ကြီး (ဝန်ကြီးချုပ်)နှင့် စပ်သောစကား,

၄။ သေနာကထာ = စစ်သည် (စစ်တပ်)နှင့် စပ်သောစကား,

၅။ ဘယကထာ = ကြောက်မက်ဖွယ်နှင့် စပ်သောစကား,

၆။ ယုဒ္ဓကထာ = စစ်ထိုးခြင်း (တိုက်ပွဲ)နှင့် စပ်သောစကား,

၇။ အန္နကထာ = စားဖွယ်နှင့် စပ်သောစကား,

၈။ ပါနကထာ = သောက်ဖွယ်နှင့် စပ်သောစကား,

၉။ ဝတ္ထကထာ = အဝတ်နှင့် စပ်သောစကား,

၁၀။ သယနကထာ = အိပ်ရာနေရာနှင့် စပ်သောစကား,

၁၁။ မာလာကထာ = ပန်းနှင့် စပ်သောစကား,

၁၂။ ဂန္ဓကထာ = နံ့သာနှင့် စပ်သောစကား,

၁၃။ ဉာတိကထာ = ဆွေမျိုးနှင့် စပ်သောစကား,

၁၄။ ယာနကထာ = ယာဉ်နှင့် စပ်သောစကား,

၁၅။ ဂါမကထာ = ရွာနှင့် စပ်သောစကား,

၁၆။ နိဂမကထာ = နိဂုံးနှင့် စပ်သောစကား,

၁၇။ နဂရကထာ = မြို့နှင့် စပ်သောစကား,

၁၈။ ဇနပဒကထာ = နယ် (တိုင်းနယ်-ပြည်နယ်)နှင့် စပ်သောစကား,

၁၉။ ဣတ္ထိကထာ = အမျိုးသ္မီးနှင့် စပ်သောစကား,

၂၀။ သူရကထာ = သူရဲကောင်းနှင့် စပ်သောစကား,

၂၁။ ဝိသိခါကထာ = လမ်းနှင့် စပ်သောစကား,

၂၂။ ကုမ္ဘဋ္ဌာနကထာ = ရေခပ်ဆိပ်နှင့် စပ်သောစကား,

၂၃။ ပုဗ္ဗပေတကထာ = သေလွန်ပြီးသူနှင့် စပ်သောစကား,

၂၄။ နာနတ္တကထာ = အထွေထွေနှင့် စပ်သောစကား,

၂၅။ လောကက္ခာယိကကထာ = လောကအကြောင်းနှင့် စပ်သောစကား,

၂၆။ သမုဒ္ဒက္ခာယိကကထာ = သမုဒ္ဒရာအကြောင်းနှင့် စပ်သောစကား,

၂၇။ ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သောစကား,

၂၈။ ပုရိသကထာ = အမျိုးသားနှင့် စပ်သောစကား,

၂၉။ အရညကထာ = တောနှင့် စပ်သောစကား,

၃၀။ ပဗ္ဗတကထာ = တောင်နှင့် စပ်သောစကား,

၃၁။ နဒီကထာ = မြစ်နှင့် စပ်သောစကား,

၃၂။ ဒီပကထာ = ကျွန်းနှင့် စပ်သောစကား ----

ဤသို့သော စကားတို့တည်း။ ထိုသို့ မပြောသင့်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း?

ရဟန်းတို့ ...ဤစကားသည် အကျိုးစီးပွားနှင့် မစပ်၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တပ်မက်ခြင်း ရာဂကင်းရန်, တပ်မက်ခြင်း ရာဂချုပ်ငြိမ်းရန်, ကိလေသာ ဟူသော အပူခပ်သိမ်းမှ ငြိမ်းအေးရန်, သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိရန်, အရိယမဂ်ဉာဏ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် မဖြစ်။

ရဟန်းတို့ ...သင်တို့ ပြောဆိုလိုသည် ရှိသော် ----

၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု ပြောဆိုကုန်ရာ၏၊

၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု ပြောဆိုကုန်ရာ၏၊

၃။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန် (= နိရောဓအရိယသစ္စာ) တရားတည်းဟု ပြောဆိုကုန်ရာ၏၊

၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် (= မဂ္ဂအရိယသစ္စာ) တရားတည်းဟု ပြောဆို ကုန်ရာ၏၊

ထိုသို့ ပြောဆိုသင့်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ ----

ရဟန်းတို့ ...ဤစကားသည် အကျိုးစီးပွားနှင့် စပ်၏၊ မဂ်တည်းဟူသော အကျင့်မြတ်၏ အစ ဖြစ်၏၊ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တပ်မက်ခြင်း ရာဂကင်းရန်, တပ်မက်ခြင်း ရာဂချုပ်ရန်, ကိလေသာအပူ ခပ်သိမ်းမှ ငြိမ်းအေးရန်, သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့် ထိုးထွင်းသိရန်, အရိယမဂ်ဉာဏ်ကို ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် ဖြစ်၏။ ရဟန်းတို့ ...ထိုကြောင့် သင်တို့သည်

၁။ ဤကား ဒုက္ခအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၃။ ဤကား ဒုက္ခချုပ်ရာနိဗ္ဗာန် (= နိရောဓအရိယသစ္စာ) တည်းဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် (= မဂ္ဂအရိယသစ္စာ) တည်းဟု သိအောင် ကြိုးစား အားထုတ်ရမည်ဟု မိန့်တော်မူ၏။ (သံ၊၃၊၃၆၈။)

[မှတ်ချက် ---- ဤအထက်ပါ (၃၂)ပါးသော တိရစ္ဆာနကထာအမည်ရသော စကားတို့တွင် အမှတ် (၂၈) = ပုရိသကထာ = အမျိုးသားနှင့်စပ်သော စကားမှာ အချို့မူတို့၌သာ ပါ၍ အချို့မူများ၌ မပါပေ။ တစ်ဖန် အမှတ် (၂၉), (၃၀), (၃၁), (၃၂) ဖြစ်ကြသည့် တော-တောင်-မြစ်-ကျွန်းနှင့် စပ်သော စကားလေးမျိုးတို့ကား ပါဠိတော်၌ တိုက်ရိုက်ပင် မလာသော်လည်း ပါဠိတော်၌ တိုက်ရိုက်လာသည့် နောက်ဆုံး တိရစ္ဆာနကထာ ဖြစ်သည့် - ဣတိဘဝါဘဝကထာ = ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားရပ်၏နောက်တွင် လာရှိသော ဣတိဘဝါဘဝကထံ ဣတိ ဝါ - ဟူသောပုဒ်ဝယ် ဣတိ ဝါ-၌ တည်ရှိသော ဣတိ-သဒ္ဒါဖြင့် သိမ်းကျုံးရေတွက်၍ ယူထားခြင်း ဖြစ်သည်။ ---- တာ ဟိ ပါဠိယံ သရူပတော အနာဂတာပိ အရည-ပဗ္ဗတ-နဒီ-ဒီပကထာ ဣတိ-သဒ္ဒေန သင်္ဂဟေတွာ သဂ္ဂမောက္ခာနံ တိရစ္ဆာနဘာဝတော ဒွတ္တိံသ တိရစ္ဆာနကထာတိ ဝုတ္တာ။ (မဟာဋီ၊၁၊၁၄၈။)]

ဒသကထာဝတ္ထုနိဿိတံ သပ္ပါယံ၊ တမ္ပိ မတ္တာယ ဘာသိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၂၄။)

= ကထာဝတ္ထုဆယ်ပါးကို မှီနေသော စကားမျိုးကား ယောဂါဝစရပုဂ္ဂိုလ်မွန်သည် ပြောဆိုသင့်သော သပ္ပါယ စကားပင် ဖြစ်၏။ ထိုသပ္ပါယစကားကိုလည်း အတိုင်းအရှည်ဖြင့်သာ ပြောဆိုရမည်။ ကထာဝတ္ထု ဆယ်ပါးမှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ အပ္ပိစ္ဆကထာ = အလိုနည်းခြင်းနှင့် စပ်သောစကား,

၂။ သန္တုဋ္ဌိကထာ = ရောင့်ရဲလွယ်ခြင်းနှင့် စပ်သောစကား,

၃။ ပဝိဝေကကထာ = ကာယဝိဝေက-စိတ္တဝိဝေက-ဥပဓိဝိဝေက ဟူသော ကင်းကင်းရှင်းရှင်း နေမှု ဝိဝေက သုံးမျိုးနှင့် စပ်သောစကား,

[၁။ ကာယဝိဝေက = တစ်ကိုယ်ရေ တစ်ကာယ ကင်းကင်းရှင်းရှင်း နေခြင်း, ၂။ စိတ္တဝိဝေက = ဥပစာရ-အပ္ပနာ နှစ်မျိုးပြားသော သမာဓိ တစ်ခုခုကို ထူထောင်လျက် စိတ်ကို နီဝရဏ အညစ်အကြေးတို့မှ ကင်းရှင်း စေလျက် နေခြင်း, ၃။ ဥပဓိဝိဝေက = ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံ ပြုလျက်နေခြင်း]

၄။ အသံသဂ္ဂကထာ = ရောရောနှောနှော မနေထိုင်ခြင်းနှင့် စပ်သောစကား,

၅။ ဝီရိယာရမ္ဘကထာ = ကြိုးစားအားထုတ်မှု ဝီရိယနှင့် စပ်သောစကား,

၆။ သီလကထာ = သီလနှင့် စပ်သောစကား,

၇။ သမာဓိကထာ = သမာဓိနှင့် စပ်သောစကား,

၈။ ပညာကထာ = ပညာနှင့် စပ်သောစကား,

၉။ ဝိမုတ္တိကထာ = ကိလေသာတို့မှ လွတ်မြောက်သော ဝိမုတ္တိ အရဟတ္တဖိုလ်နှင့်စပ်သောစကား,

၁၀။ ဝိမုတ္တိဉာဏဒဿနကထာ = အရဟတ္တဖိုလ်ဝိမုတ္တိကို ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်နှင့် စပ်သော စကား ----

ဤသည်တို့ကား ကထာဝတ္ထု ဆယ်ပါးတို့တည်း။ ယင်းကထာဝတ္ထု ဆယ်ပါးကို မှီနေသော စကားသည် သပ္ပါယစကား ပြောသင့်သောစကား မည်ပေ၏။ သို့သော် ပြောသင့်သော အတိုင်းအတာနှင့်သာ ပြောရမည် ဖြစ်သည်။ အရဟတ္တဖိုလ် အထွတ်တပ်ထားသော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် လိုလား တောင့်တလျက်ရှိသော သူတော်ကောင်းသည် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ် လုပ်ငန်းခွင်အတွင်း၌ မပြော သင့်သော တိရစ္ဆာနကထာစကားများကို အလွန့်အလွန် ဝေးစွာ ရှောင်ရှားလျက် ဆယ်ပါးသော သပ္ပါယကထာ စကားကိုသာ ဉာဏ်ဖြင့် နှိုင်းစာတိုင်းတာလျက် ပြောသင့်ရုံသာ ပြောဆိုမိရန် ကြိုးစားအားထုတ်ခြင်းဖြင့် ဘုရား ရှင်၏ အဆုံးအမတော်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လေရာသည်။

၄။ သပ္ပါယပုဂ္ဂလ - အသပ္ပါယပုဂ္ဂလ

၄။ သပ္ပါယပုဂ္ဂလ - အသပ္ပါယပုဂ္ဂလ

ပုဂ္ဂိုလ်တစ်ဦးသည် (၃၂)ပါးသော တိရစ္ဆာနကထာစကားကို ပြောဆိုလေ့ ပြောဟောလေ့ မရှိဘဲ ဝေးစွာ ရှောင်လျက် တရားနှင့် လျော်ညီသော ကမ္မဋ္ဌာန်းနှင့် စပ်သော တရားစကားကိုသာ ပြောဆိုလေ့ရှိ၏၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့် ကုံလုံပြည့်စုံ၏၊ ယင်းပုဂ္ဂိုလ်ကို အမှီပြု၍ မတည်ကြည်သေးသော စိတ်သည် တည်ကြည်လာ၏ (= မဖြစ်သေးသော သမာဓိသည် ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်ကြည်လာခြင်း သဘောရှိ၏ (= ဖြစ်ပေါ်ပြီးသော သမာဓိသည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်တံ့ခိုင်ခံ့လာ၏)။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် မှီဝဲသင့်သော လျော်ကန်လျောက်ပတ် ကောင်းမြတ် သော သပ္ပါယပုဂ္ဂိုလ် မည်၏။

အကြင်ပုဂ္ဂိုလ်သည်ကား သမာဓိကမ္မဋ္ဌာနိက ပုဂ္ဂိုလ် ဖြစ်၏။ သမထ (= သမာဓိ) ကမ္မဋ္ဌာန်း၏မူလည်း ကမ်းတစ်ဖက်သို့ ဆိုက်ရောက်ပြီးသော ပုဂ္ဂိုလ်ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား ဤ ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဧကန် မှီဝဲသင့်သော သပ္ပါယပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။

အကြင်ပုဂ္ဂိုလ်သည်ကား ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ငန်း ခန္ဓာကိုယ် ဆူဖြိုးရန် မိမိကိုယ်ကို မွေးမြူရေး လုပ်ငန်း၌ အလေ့အလာများ၏၊ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော (၃၂)ပါးသော တိရစ္ဆာနကထာစကားကို ပြောဆိုလေ့ရှိ၏၊ ဝမ်းဗိုက်ပြည့်အောင် အလိုရှိတိုင်း စားသုံး၍ ပက်လက်အိပ်သည့် ချမ်းသာ, စောင်းအိပ်သည့် ချမ်းသာ, မှိန်းနေတတ်သည့် ချမ်းသာကို အစဉ်တစိုက် ကြိုးစားအားထုတ်လျက် နေထိုင်၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ကား မမှီဝဲသင့်သော သပ္ပါယ မဖြစ်သည့်ပုဂ္ဂိုလ်မျိုးတည်း။

ညွန်ရေသည် ကြည်လင်သော ရေကို နောက်ကျုအောင် ပြုလုပ်သကဲ့သို့ ထိုကဲ့သို့သော ပုဂ္ဂိုလ်သည် ထို ယောဂါဝစရပုဂ္ဂိုလ်ကို စိတ်အစဉ် ညစ်နွမ်းသွားအောင်သာလျှင် ပြုလုပ်၍ ပေးတတ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို အစွဲပြု၍ ကောဋပဗ္ဗတ အမည်ရသော တောင်ကျောင်းတိုက်၌ သီတင်းသုံးသော ရဟန်းငယ်တစ်ပါးအား ရရှိပြီး သော စျာန်သမာပတ်သည် ပျောက်ပျက်၍ သွားတတ်သကဲ့သို့ မိမိရရှိထားပြီးသော သမာပတ်သည်လည်း ပျောက်ပျက်သွားတတ်၏၊ ပဋိဘာဂနိမိတ်သည်ကား အဘယ်မှာလျှင် ပြောဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း၊ ပျောက် ပျက်နိုင်သည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၄။ မဟာဋီ၊၁၊၁၄၉။)

၅။ ဘောဇန = အစာအာဟာရ

၅။ ဘောဇန = အစာအာဟာရ

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချိုသော အရသာရှိသော ဘောဇဉ်သည် လျော်လျောက်ပတ် ကောင်း မြတ်၏၊ သပ္ပါယဖြစ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချဉ်သော အရသာရှိသော ဘောဇဉ်သည် လျော် လျောက်ပတ်ကောင်းမြတ်၏၊ သပ္ပါယဖြစ်၏။ (ဤအချို အချဉ် အရသာနှစ်မျိုးတို့ကား သတ္တဝါတို့အား အများဆုံး ကျေးဇူးပြုမှုကို မြင်တွေ့ရသောကြောင့် အချို အချဉ် အရသာ နှစ်မျိုးကိုသာ အဋ္ဌကထာဆရာတော် မိန့်ဆိုတော် မူခြင်း ဖြစ်သည်။ ခါးစပ်သော အရသာစသည်တို့ကား ထိုအချို အချဉ် အရသာတို့ကို ပြုပြင်ပေးတတ်သော အာဟာရဓာတ်တို့သာ ဖြစ်၍ မဖွင့်ဆိုခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဥပလက္ခဏနည်း နိဒဿနနည်းဟု မှတ်ပါ။)

၆။ ဥတု = ရာသီဥတု

၆။ ဥတု = ရာသီဥတု

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အေးသော ရာသီဥတုသည် သပ္ပါယဖြစ်၏၊ အချို့သော ယောဂါ ဝစရ ပုဂ္ဂိုလ်အား ပူသော ရာသီဥတုသည် သပ္ပါယ ဖြစ်၏။

ထိုကြောင့် အကြင်ဘောဇဉ်ကိုလည်းကောင်း, ဥတုကိုလည်းကောင်း မှီဝဲသော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာမှုသည် ဖြစ်ပေါ်လာ၏၊ မတည်ကြည်သေးသော စိတ်သည် တည်ကြည်လာ၏ (= မဖြစ်ပေါ်သေးသော သမာဓိသည် ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်ကြည်လာခြင်း သဘောရှိ၏ (= ဖြစ်ပေါ်ပြီးသော သမာဓိသည်လည်း အထူးသဖြင့် မြဲမြံခိုင်ခံ့ တည်တံ့လာ၏)။ ဤကဲ့သို့သော ဘောဇဉ်သည်လည်းကောင်း, ဥတုသည်လည်းကောင်း သပ္ပါယဖြစ်၏၊ လျောက်ပတ်၏။ ဤမှ ပြောင်းပြန် ဖြစ် သော အခြားသော ဘောဇဉ် အခြားသော ဥတုသည်ကား မလျော် မလျောက်ပတ်သည့် အသပ္ပါယဘောဇဉ် ဥတု မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၄။ မဟာဋီ၊၁၊၁၄၉။)

၇။ ဣရိယာပုထ်

၇။ ဣရိယာပုထ်

ဣရိယာပုထ်တို့တွင်လည်း အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား စင်္ကြံသွားခြင်း ဣရိယာပုထ်သည် သပ္ပါယ ဖြစ်၏၊ မျှတ၏။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား အိပ်ခြင်း ရပ်ခြင်း ထိုင်ခြင်းတို့တွင် တစ်မျိုးမျိုးသော ဣရိယာပုထ်သည် သပ္ပါယဖြစ်၏၊ မျှတ၏။ ထိုကြောင့် ကျောင်း၌ကဲ့သို့ ဣရိယာပုထ် တစ်ခုကို သုံးရက်တို့ ပတ်လုံး စုံစမ်း၍ အကြင်ဣရိယာပုထ်၌ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းမှု ပြုလုပ်နေသော ယောဂါဝစရပုဂ္ဂိုလ်အား မတည်ကြည်သေးသော စိတ်သည်မူလည်း တည်ကြည်လာ၏ (= မဖြစ်ပေါ်သေးသော သမာဓိသည်မူလည်း ဖြစ်ပေါ်လာ၏)၊ တည်ကြည်ပြီးသော စိတ်သည်မူလည်း အထူးသဖြင့် မြဲမြံစွာ တည်တံ့ခိုင်ခံ့လာ၏ (= ဖြစ်ပေါ် ပြီးသော သမာဓိသည်မူလည်း အထူးသဖြင့် မြဲမြံစွာတည်တံ့ ခိုင်ခံ့လာ၏)။ ထိုဣရိယာပုထ်ကား လျော်လျောက် ပတ် ကောင်းမြတ်သော မှီဝဲသင့်သော သပ္ပါယဖြစ်သည့် ဣရိယာပုထ်တည်း။ အခြားသော ဣရိယာပုထ်ကား မလျော် မလျောက်ပတ်သော မမှီဝဲသင့်သော ဣရိယာပုထ်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၄။)

ဣတိ ဣမံ သတ္တဝိဓံ အသပ္ပါယံ ဝဇ္ဇေတွာ သပ္ပါယံ သေဝိတဗ္ဗံ။ ဧဝံ ပဋိပန္နဿ ဟိ နိမိတ္တာသေဝနဗဟုလဿ နစိရေနေဝ ကာလေန ဟောတိ ကဿစိ အပ္ပနာ။ (ဝိသုဒ္ဓိ၊၁၊၁၂၅။)

ဤဆိုအပ်ခဲ့ပြီးသော နည်းအတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် (၇)မျိုးသော အသပ္ပါယကို ရှောင်ကြဉ်၍ (၇)မျိုးသော သပ္ပါယကို မှီဝဲအပ်ပေသည်။ ဤသို့ မလျောက်ပတ်သည်ကို ကြဉ်၍ လျောက်ပတ်သည်ကိုသာ မှီဝဲသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက်ရှိသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ မှီဝဲခြင်းများသော, အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ နှလုံးသွင်းရှုပွားခြင်း ဘာဝနာမနသိကာရ လုပ်ငန်း ရပ်ကို များစွာ မှီဝဲလျက်ရှိသော, အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဘာဝနာစိတ်၏ ကျက်စားရာ အာရုံအဖြစ် မှီဝဲခြင်း (= ဂေါစရာသေဝန၏ အစွမ်းဖြင့် မှီဝဲခြင်း) အလေ့အလာများသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား မကြာမီ အချိန်ကာလ အတွင်းမှာပင်လျှင် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာတတ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၅။)

အပ္ပနာကောသလ္လ တရား (၁၀) ပါး

အပ္ပနာကောသလ္လ တရား (၁၀) ပါး

ဤသို့ ကျင့်ပါသော်ငြားလည်း အပ္ပနာစျာန်သည် မဖြစ်ခဲ့တုံငြားအံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဆယ်မျိုး သော အပ္ပနာ၌ လိမ္မာသောသူ၏ အဖြစ်တည်းဟူသော အပ္ပနာကောသလ္လဉာဏ်ကို ပြီးစီး ပြည့်စုံစေအပ်ပေသည်။

၁။ ဝတ္ထုဝိသဒကိရိယ = အတွင်းအပဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုခြင်း,

၂။ ဣန္ဒြိယသမတ္တပဋိပါဒန = ဣန္ဒြေညီမျှအောင် ကျင့်ခြင်း ပြီးစေခြင်း,

၃။ နိမိတ္တကုသလ = နိမိတ်၌ ကျွမ်းကျင်လိမ္မာခြင်း,

၄။ စိတ်ကို ချီးမြှောက်သင့်ရာ အခါ၌ စိတ်ကို ချီးမြှောက်ခြင်း,

၅။ စိတ်ကို နှိပ်ကွပ်သင့်ရာ အခါ၌ စိတ်ကို နှိပ်ကွပ်ခြင်း,

၆။ စိတ်ကို ရွှင်လန်းစေသင့်ရာအခါ၌ စိတ်ကို ရွှင်လန်းစေခြင်း,

၇။ စိတ်ကို လျစ်လျူရှုသင့်ရာအခါ၌ စိတ်ကို လျစ်လျူရှုခြင်း,

၈။ သမာဓိ မရှိသော သမာဓိကင်းသော ပုဂ္ဂိုလ်ကို ရှောင်ခြင်း,

၉။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၁၀။ ထိုအပ္ပနာစျာန်သမာဓိကို နှလုံးသွင်း ညွတ်ယိမ်းကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ----

ဤ (၁၀)ပါးကို ပြည့်စုံအောင် ကြိုးစားအားထုတ်ခြင်းဖြင့် အပ္ပနာကောသလ္လဉာဏ်ကို ပြီးစီးပြည့်စုံစေအပ်၏။

၁။ ဝတ္ထုကို သန့်ရှင်းအောင် ပြုခြင်း

၁။ ဝတ္ထုကို သန့်ရှင်းအောင် ပြုခြင်း

အတွင်းအပဖြစ်သော ဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုလုပ်ခြင်းသည် ဝတ္ထုဝိသဒကိရိယ မည်၏။ အကြင် အခါ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဆံပင် ခြေသည်း လက်သည်း မုတ်ဆိတ် ကျင်စွယ် စသည်တို့သည် ရှည်နေကုန်၏၊ ခန္ဓာကိုယ်သည်လည်း ချွေးအညစ်အကြေး စွန်းငြိကပ်လိမ်းလျက် ရှိ၏၊ ထိုအခါ၌ အတွင်းအဇ္ဈတ္တိကဝတ္ထုသည် မသန့်ရှင်း မစင်ကြယ်သည် မည်၏။ အကြင်အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အဝတ်သင်္ကန်းသည် ဆွေးမြည့်နေ၏၊ ညစ်နွမ်းနေ၏၊ မကောင်းသော အနံ့ရှိနေ၏၊ ကျောင်းအိပ်ရာ နေရာသည်မူလည်း အမှိုက်သရိုက် ထူပြောနေ၏၊ ထိုအခါ၌ အပြင်အပဝတ္ထုသည် မသန့်ရှင်း မစင်ကြယ်သည် မည်၏။ အတွင်းအပဖြစ်သော ဝတ္ထုသည် မသန့်ရှင်း မစင်ကြယ်သည် ရှိသော် မသန့်ရှင်း မစင်ကြယ်သော ဝတ္ထုကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတ သိက်တို့၌ အကျုံးဝင်သော ဉာဏ်သည်လည်း မစင်မကြယ် ဖြစ်လာတတ်၏။ မစင်ကြယ်ကုန်သော ဆီမီးခွက်, ဆီမီးစာ, ဆီတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဆီမီးလျှံ၏ အရောင်သည်လည်း မစင်ကြယ်၏သို့ မှတ်ပါ။ မစင်ကြယ်သော ဉာဏ်ဖြင့် သင်္ခါရတရားတို့ကို သုံးသပ်သော ယောဂါဝစရပုဂ္ဂိုလ်အား သင်္ခါရတရားတို့သည် လည်း မထင်မရှား ဖြစ်တတ်ကုန်၏။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါ ဝစရပုဂ္ဂိုလ်အား သမထကမ္မဋ္ဌာန်းသည်လည်း ----

၁။ စျာန်အင်္ဂါများ ထင်ရှားသောအားဖြင့် ကြီးပွားတိုးတက်ခြင်းသို့,

၂။ နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းဖြင့် စည်ပင်ခြင်းသို့,

၃။ အချင်းခပ်သိမ်း ဝသီဘော်ငါးတန်နိုင်နင်းခြင်းသို့ ရောက်ရှိခြင်းဖြင့် ပြန့်ပြောခြင်း ပြန့်ပွားခြင်းသို့ မရောက် ရှိနိုင်ပေ။

ထိုသို့မဟုတ်ဘဲ အတွင်းအပဖြစ်သော ဝတ္ထုသည် သန့်ရှင်းသည်ရှိသော် သန့်ရှင်းသောဝတ္ထု၌ အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတသိက်တို့ကြောင့် ဉာဏ်သည်လည်း သန့်ရှင်းစင်ကြယ်လာ၏။ စင်ကြယ် ကုန်သော ဆီမီးခွက်, ဆီမီးစာ, ဆီတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော ဆီမီးလျှံ၏ အရောင်သည်လည်း စင်ကြယ် ၏သို့ မှတ်ပါ။ စင်ကြယ်သော ဉာဏ်ဖြင့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်သော ရဟန်းအား သင်္ခါရတရားတို့သည်လည်း ထင်ရှားလာကုန်၏။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းကို ပွားများ အားထုတ်သော ယောဂါဝစရ ရဟန်းအား သမထကမ္မဋ္ဌာန်းသည်လည်း ----

၁။ စျာန်အင်္ဂါများ ထင်ရှားသောအားဖြင့် ကြီးပွားတိုးတက်ခြင်းသို့ ,

၂။ နိုင်နိုင်နင်းနင်း လေ့လာနိုင်ခြင်းဖြင့် စည်ပင်ခြင်းသို့ ,

၃။ အချင်းခပ်သိမ်း ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်ရှိခြင်းဖြင့် ပြန့်ပြောခြင်း ပြန့်ပွားခြင်းသို့ ရောက် ရှိနိုင်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၅။)

၂။ ဣန္ဒြေ ညီမျှအောင်ပြုခြင်း

၂။ ဣန္ဒြေ ညီမျှအောင်ပြုခြင်း

သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဣန္ဒြေငါးပါးတို့၏ မိမိ မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စအားဖြင့် မယုတ်မလွန် ညီမျှမှုရှိအောင် ပြုလုပ်ခြင်းသည် ဣန္ဒြိယသမတ္တပဋိပါဒန (= ဣန္ဒြေတို့၏ ညီမျှသည်၏ အဖြစ်ကို ပြီးစေခြင်း) မည်၏။

သဒ္ဓါ = (၁) ဘုရားဂုဏ်, (၂) တရားဂုဏ်, (၃) သံဃာ့ဂုဏ်, (၄) သီလ-သမာဓိ-ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တရား, (၅) ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား, (၆) သံသရာ၏ ေ့ရှအစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ခန္ဓာငါးပါး, (၇)သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ခန္ဓာငါးပါး (၈) သံသရာ၏ ေ့ရှအစွန်း နောက်အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်-အနာဂတ် ခန္ဓာငါးပါး ---- ဤ (၈)ဌာန တို့၌ ယုံမှု ကြည်မှု ယုံကြည်မှု စွမ်းအင်သဘာဝသတ္တိကို သဒ္ဓါဟု ခေါ်ဆိုပေသည်။

ဝီရိယ = မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင်, ဖြစ်ပေါ်ပြီးသော အကုသိုလ်တရား တို့ကို ပယ်နိုင်အောင်, မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင်, ဖြစ်ပေါ်ပြီးသော ကုသိုလ် တရားတို့ကို တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း သမ္မပ္ပဓာန် အမည်ရသည့် လုံ့လဝီရိယကို ဆိုလိုသည်။ ထို သမ္မပ္ပဓာန် လုံ့လဝီရိယနှင့် ပြည့်စုံလာအောင် ယောဂါဝစရပုဂ္ဂိုလ်သည် သစ္စာလေးပါးကို ထွင်းဖောက် သိမြင် စေနိုင်သည့် စွမ်းအင်အပြည့်အဝ ပါရှိသော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကျင့်ရာ၌ -

၁။ အရိုး ကြွင်းစေ,

၂။ အရေ ကြွင်းစေ,

၃။ အကြော ကြွင်းစေ,

၄။ အသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ ----

ယောက်ျားတို့၏ ဇွဲလုံ့လ ဝီရိယဖြင့်ရောက်နိုင်သည့် အရာဌာနသို့ ရနိုင်သည့် အရာဌာနသို့ မရောက် မချင်း မရမချင်း နောက်သို့ မည်သည့်အခါမျှ မဆုတ်ဟု ---- အင်္ဂါလေးပါးရှိသော ဝီရိယဖြင့် ကြိုးပမ်းရမည် ဖြစ်သည်။ ယင်းဝီရိယမျိုးကို ဤ၌ ရည်ညွှန်းထားပါသည်။

သတိ = သမထပိုင်းတွင် သမထအာရုံနိမိတ်၌ စိတ်ခိုင်မြဲမှုသဘော, ဝိပဿနာပိုင်းတွင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်-နာမ်-ကြောင်းကျိုး = သင်္ခါရအာရုံ၌လည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စ အခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ အာရုံ၌လည်းကောင်း စိတ်ခိုင်မြဲမှုသဘော, အာရုံကို မမေ့ ပျောက်သည့်သဘော ဖြစ်သည်။ ရေထဲ၌ ကျောက်ဖျာကြီးသည် ငြိမ်ဝပ်စွာ တည်နေသကဲ့သို့ သမထအာရုံ ဝိပဿနာအာရုံ၌ စိတ်ခိုင်မြဲစွာ တည်နေမှုသဘော အာရုံ၌ နစ်မြုပ်နေမှုသဘောဖြစ်သည်။

အယံ ပန ယသ္မာ သတိယာ အာရမ္မဏံ ပရိဂ္ဂဟေတွာ ပညာယ အနုပဿတိ၊ န ဟိ သတိဝိရဟိတဿ အနုပဿနာ နာမ အတ္ထိ။ တေနေဝါဟ သတိံ စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမီတိ။ (မ၊ဋ္ဌ၊၁၊၂၄၈။)

သတိဖြင့် သမထအာရုံ ဝိပဿနာအာရုံတို့ကို သိမ်းဆည်း၍ ပညာဖြင့် ထိုအာရုံတို့ကို အဖန်ဖန် အထပ် ထပ် ရှုရ၏။ သတိကင်းနေသော ပုဂ္ဂိုလ်၏ သန္တာန်၌ အနုပဿနာဉာဏ် မည်သည် မရှိစကောင်းပေ။ ထိုကြောင့် သတိကို အခါခပ်သိမ်း (စိတ်ကိုချီးမြှောက်ခြင်း, နှိပ်ကွပ်ခြင်းစသော လုပ်ငန်းကိစ္စရပ် အားလုံးတို့၌) အလိုရှိ အပ်၏ - ဟု ဘုရားရှင်သည် ဟောကြားတော်မူပေသည်။

အာနာပါနကမ္မဋ္ဌာန်းကို အားသစ်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်အဖို့လည်း သတိကား လိုအပ် လျက်သာ ရှိနေပေသည်။ သတိက အာနာပါနပဋိဘာဂနိမိတ်အာရုံကို လှမ်း၍ သိမ်းဆည်း၏။ သတိက သိမ်းဆည်း လိုက်သော ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကို ပညာက ထိုးထွင်းသိ၏။

သမာဓိ = မိမိရှုပွားသုံးသပ်နေသော သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်း မပျံ့လွင့်စေခြင်းသဘော ဖြစ်သည်။ မိမိရှုပွားသုံးသပ်နေသော သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ၌ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော ဖြစ်သည်။ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားစုတို့ကို အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်သွားအောင် ဆွဲစုပေးသော စုစည်း ပေးသော စွမ်းအင်တစ်မျိုး ဖြစ်သည်။ သမာဓိက ယှဉ်ဖက် စိတ်စေတသိက်တရားစုကို အာနာပါနပဋိဘာဂ နိမိတ်ကဲ့သို့သော အာရုံတစ်ခုတည်းပေါ်၌ ငြိမ်ဝပ်စွာ တည်နေအောင် စုစည်းပေးလိုက်သောအခါ ထိုသမာဓိနှင့် ယှဉ်နေသော ဘာဝနာစိတ်၌ စွမ်းအင်များ ထက်မြက်စူးရှလျက် တန်ခိုးအာနိသင် ကြီးမားလာပေသည်။ ထိုစိတ် နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်မှာလည်း အလွန်ထက်မြက်စူးရှလာပေသည်။ ထိုကြောင့် သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်သည် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများကို ဖောက်ခွဲနိုင်သည့် စွမ်းအားများ ရှိလာ၏။ ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် ကို ဖောက်ခွဲနိုင်သည့် စွမ်းအားများ ရှိလာ၏။ ယင်း ရုပ်-နာမ် ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို နိဗ္ဗာန်ဟူသည့် ကမ်းတစ်ဖက်သို့ရောက်အောင် ထွင်းဖောက် သိနိုင်သည့် စွမ်းအင်များ ကိန်းဝပ်လာပေသည်။

ပညိန္ဒြေ = သမထပိုင်း၌ ဆိုင်ရာသမထနိမိတ်အာရုံကို ထွင်းဖောက်သိခြင်းသဘော ဖြစ်သည်။ ဝိပဿနာ ပိုင်း၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပရမတ်သို့ ဉာဏ် အမြင်ဆိုက်အောင် ထွင်းဖောက်သိခြင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ထွင်းဖောက် သိမြင်ခြင်းသဘော ဖြစ်သည်။ မဂ်ဉာဏ်အခိုက်၌ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသည့် နိရောဓအရိယသစ္စာ တရားတော် မြတ်ကြီးကို အာရုံမျက်မှောက် ထွင်းဖောက်သိမြင်ခြင်း အာရမ္မဏပဋိဝေဓသဘော, ကျန်သစ္စာသုံးပါးကို မသိ အောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သောအားဖြင့် ထွင်းဖောက်သိခြင်း အသမ္မောဟပဋိဝေဓသဘော ဖြစ်သည်။ (တစ်နည်း ---- သစ္စာလေးပါးလုံးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သောအားဖြင့် ထွင်းဖောက်သိခြင်း အသမ္မောဟပဋိဝေဓသဘော ဖြစ်သည်။) ဖိုလ်ဉာဏ်အခိုက်၌ကား အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထွင်းဖောက် သိမြင်နေခြင်းသဘော ဖြစ်သည်။ ဤသို့လျှင် သမထအာရုံ နိမိတ်နှင့် ပရမတ္ထဓမ္မသဘာဝမှန်သမျှကို ထွင်းဖောက်သိမြင်နေခြင်းသဘောသည် ပညိန္ဒြေ မည်ပေသည်။

ယင်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော တရားငါးပါးတို့သည် သမထလမ်းကြောင်းပေါ်သို့ လျှောက်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို သမထလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွား အောင်, ဝိပဿနာလမ်းကြောင်းပေါ်သို့ လျှောက်သွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကိုလည်း ထို ဝိပဿနာလမ်းကြောင်းပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ် ဖြစ်ကြ၏။ တစ်နည်းဆိုရသော် နိဗ္ဗာန်သို့သွားရာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော လမ်း ကြောင်းပေါ်သို့ ဖြောင့်ဖြောင့်လျှောက်သွားနေသော ယောဂါဝစရပုဂ္ဂိုလ်မွန်၏ စိတ်အစဉ်ကို ထိုလမ်းကြောင်း ပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် နိဗ္ဗာန်သို့ တန်းတန်းမတ်မတ် ရောက်ရှိအောင် ထိန်းချုပ်ပေး နေသည့် ခွန်အားကြီး ငါးရပ်ပင် ဖြစ်ကြပေသည်။ သမထ ဝိပဿနာဘာဝနာကို ကြိုးပမ်းလျက်ရှိသော ယောဂါ ဝစရပုဂ္ဂိုလ်သည် ယင်းဣန္ဒြေ ငါးပါးဟူသော စွမ်းအားကြီး ငါးရပ်ကို ညီမျှအောင် ကျင့်တတ်ပါမှ လိုအပ်သော အကျိုးတရားသည် ပြီးစီးပြည့်စုံလာမည် ဖြစ်သည်။

သဒ္ဓါလွန်နေသော်

သဒ္ဓါလွန်နေသော်

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြောင်းအားလျော်စွာ ယုံကြည်သင့် ယုံကြည်ထိုက်သော ဘုရား ဂုဏ် စသော ရှစ်ရပ်သော သဒ္ဓေယျဝတ္ထု၌ သက်ဝင်ယုံကြည် ဆုံးဖြတ်တတ်သည့် သဒ္ဓါဓိမောက္ခ လုပ်ငန်းကိစ္စ ရပ်၏ လွန်ကဲနေသည့် အတွက်ကြောင့် ဝီရိယ၏ လျော့နည်းပါးမှု, သတိ၏ မခိုင်မြဲမှု, သမာဓိ၏ ကြာရှည်စွာ မတည်တံ့မှု စသော အကြောင်းတရားတို့ကြောင့် သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေသည် ဖြစ်အံ့၊ ကျန်ဣန္ဒြေ လေးပါးတို့ကား နုံ့နေကုန်အံ့၊ ထိုသို့ သဒ္ဓိန္ဒြေက အလွန် အားကောင်းနေ၍ ကျန်ဣန္ဒြေတို့က နုံ့နေသည့် အတွက်ကြောင့် ဝီရိယိန္ဒြေသည် သမ္ပယုတ်တရားတို့ကို မိမိရှုပွားနေသည့် သမထ ဝိပဿနာ ဘာဝနာအာရုံမှ လျှောကျမသွားအောင် ဘာဝနာအာရုံ၌ ပျင်းရိနေခြင်း ကောသဇ္ဇဘက်၌ ကျရောက်ခွင့်ကို မပေးဘဲ သမ္ပယုတ် တရားတို့ကို ချီးပင့်ထားခြင်း ထပ်ဆင့် စွမ်းအားပေးခြင်း အင်အားဖြည့်တင်းပေးခြင်း (= ပဂ္ဂဟ) လုပ်ငန်းကိစ္စရပ် ကို ဆောင်ရွက်ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။

သတိန္ဒြေသည် အာရုံသို့ ကပ်၍တည်ခြင်း အာရုံကို မလွှတ်ခြင်း အာရုံမှ မရွေ့ခြင်း (= ဥပဋ္ဌာန) ကိစ္စကို ဆောင်ရွက်ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။ သမာဓိန္ဒြေသည် အာရုံမှ မပျံ့လွင့်ခြင်း (= အဝိက္ခေပ) ကိစ္စ, သမ္ပယုတ် တရားတို့၏ အာရုံမှ မပျံ့လွင့်ကြောင်း (= အဝိက္ခေပ) ကိစ္စကို၊ ပညိန္ဒြေသည် သမထ ဝိပဿနာ ဘာဝနာ အာရုံ၏ သဘောမှန်ကို မြင်ကြောင်း (= ဒဿန) ကိစ္စကို ဆောင်ရွက် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။ အလွန် အားကောင်းနေသော သဒ္ဓိန္ဒြေက လွှမ်းမိုးဖိစီးထားသောကြောင့် ဖြစ်၏။

စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ပြိုင်တူဖြစ်နေကြကုန်သော သဟဇာတဓမ္မ အမည်ရသည့် စိတ်စေတသိက် တရားစုတို့၌ ချုပ်ကိုင်နိုင်သည့် အစိုးရမှုသဘောကို ပြုလုပ်နေကြကုန်သော အတူဖြစ်နေ ကြကုန်သော သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော ဓမ္မသဘာဝတို့၏ တူမျှသော လုပ်ငန်းကိစ္စရပ် ရှိသည် ၏ အစွမ်းဖြင့်သာလျှင် လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံလာခြင်းသည် ဖြစ်ပေါ်လာနိုင်၏၊ ညီမျှသော တူမျှသော လုပ်ငန်းကိစ္စ မရှိကြသော်ကား အလိုရှိအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံလာခြင်းသည် မဖြစ် ပေါ်နိုင်။ ထိုကြောင့် ထိုသဒ္ဓိန္ဒြေကို ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာဟူသော ဟုတ်မှန် တိုင်းသော သဘောကို စူးစမ်းဆင်ခြင်ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေ အလွန်အားကောင်းလာနိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာကို နှလုံးမသွင်းခြင်းအားဖြင့်လည်းကောင်း ယုတ်လျော့သွားအောင် ပြုလုပ်ရမည်။ အရှင်ဝက္ကလိမထေရ်ဝတ္ထုကား ဤတွင် ညွှန်ပြကြောင်း သက်သေ သာဓက တစ်ခု ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။)

ဓမ္မသဘာဝပစ္စဝေက္ခဏာ ---- ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘောဝတ္ထုကို ဆင်ခြင်ခြင်းဟူသည် ဘုရားဂုဏ်စသော ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၏ ကြီးကျယ်မြင့်မြတ်မှု စသော ဂုဏ်တို့ကို နှလုံးသွင်းလျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် လွန်လွန်ကဲကဲ ဖြစ်ပေါ်လာသော သဒ္ဓိန္ဒြေသည် အလွန်အားကောင်းစွာ ဖြစ်ပေါ်လာ၏၊ ထို ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရား အကျိုးတရား စသည်ကို ခွဲခြမ်းဝေဖန်သော အားဖြင့် ဟုတ်မှန်တိုင်းသောသဘောအားဖြင့် ပရမတ္ထဓမ္မသဘာဝတို့ကို စူးစမ်းဆင်ခြင်ခြင်းဖြင့် သဒ္ဓိန္ဒြေကို ယုတ်လျော့အောင် ပြုလုပ်ရမည်ဟု ဆိုလိုပေသည်။

အထူးသဖြင့် သဒ္ဓါတရားကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရားတို့ကိုလည်းကောင်း, သဒ္ဓါတရား နှင့်အတူ ယှဉ်တွဲ၍ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားစုဟူသော အကျိုးတရားတို့ကို လည်းကောင်း ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လျက် ရှုပွားရမည် ဖြစ်သည်။ ဤသို့လျှင် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရားစု၏ ထင်ရှားဖြစ်ပုံကို ထွင်းဖောက် သိမြင်သော ဧဝံဓမ္မတာနည်းဖြင့် ပရမတ္ထဓမ္မတို့ကို ကိုယ်ပိုင်သဘာဝသတ္တိ သဘောလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော် တန်ခိုး အာနိသင် ထက်မြက်စူးရှ ပြန့်ကားလျက်ရှိသော လွတ်လွတ်သက်ဝင် ယုံကြည် ဆုံးဖြတ်ချက် ချတတ်သော သဒ္ဓါဓိမောက္ခတရားသည် မဖြစ်ပေါ်လာတော့ပေ။ ဤသဒ္ဓါတရားသည် ဤမည်သော အကြောင်းတရားစု တို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ပရမတ္ထဓမ္မသဘာဝမျှသာတည်းဟု ပိုင်းပိုင်းခြားခြား သိသည်၏ အစွမ်း ဖြင့် ပညာတရား၏ ဗျာပါရစွမ်းအားသည် လွန်လွန်ကဲကဲ ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏။ သဒ္ဓါနှင့် ပညာ တရား နှစ်ပါးတို့ကား သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းခွင်တို့၌ လက်ညီတက်ညီ ပြိုင်တူ တာဝန် ထမ်းဆောင် ကြရသော ဓုရတရားများ ဖြစ်ကြ၏။ ထိုဓုရတရားနှစ်ပါးတို့တွင် သဒ္ဓါတရားသည် အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာသောအခါ၌ ပညာနုံ့မှု အားနည်းမှု ဖြစ်ပေါ်လာသကဲ့သို့ အလားတူပင် ပညာတရားသည် အားကောင်း မောင်းသန်စွာ ဖြစ်ပေါ်လာသောအခါ၌ သဒ္ဓါတရား၏ နုံ့မှု အားနည်းမှုသဘောသည် ဖြစ်ပေါ်လာတတ်၏။ ထိုကြောင့် ထိုလွန်ကဲနေသော သဒ္ဓါတရားကို ပရမတ္ထဓမ္မသဘာဝတို့ကို ဆင်ခြင်ခြင်းဖြင့် ယုတ်လျော့သွားအောင် ပြုလုပ်ရမည်ဟု အဋ္ဌကထာ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၁၊၁၅၁။) (ဧဝံဓမ္မတာနည်းအကျယ်ကို တတိယတွဲ၊ ပဋိစ္စသမုပ္ပါဒ်ပိုင်း၊ စာမျက်နှာ-၂၂၂-စသည်တွင် ရှုပါ။)

သဒ္ဓိန္ဒြေ ဖြစ်အောင် နှလုံးမသွင်းရ

သဒ္ဓိန္ဒြေ ဖြစ်အောင် နှလုံးမသွင်းရ

သဒ္ဓိန္ဒြေကို ယုတ်လျော့သွားအောင် ပြုကျင့်ရမည့် ဒုတိယအချက်မှာ သဒ္ဓိန္ဒြေဖြစ်လောက်သော အခြင်း အရာအားဖြင့် ဘာဝနာကို နှလုံးမသွင်းခြင်းပင် ဖြစ်သည်။ ဤအရာ၌ နှစ်မျိုးသော အကြောင်းတရားကြောင့် သဒ္ဓိန္ဒြေ၏ စွမ်းအားကောင်းမှုသည် ဖြစ်ပေါ်လာ၏။ သဒ္ဓိန္ဒြေကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနေသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားစုတို့၏ ထူးထူးကဲကဲ ကျေးဇူးပြုပေးမှုကြောင့် သဒ္ဓိန္ဒြေ၏ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ သက်ဝင်ဆုံးဖြတ်ခြင်း အဓိမောက္ခကိစ္စ၏ ကဲလွန်နေခြင်းကြောင့်လည်းကောင်း, ဝီရိယ သတိ သမာဓိ ပညာတို့၏ နုံ့သော အားနည်းသောကိစ္စ ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း ဤနှစ်မျိုးသော အကြောင်း တရားတို့ကြောင့် သဒ္ဓိန္ဒြေ၏ စွမ်းအားကောင်းမှုသည် ဖြစ်ပေါ်လာ၏။ ထိုတွင် ပရမတ္ထဓမ္မသဘာဝတို့ကို ဆင် ခြင်ခြင်းဖြင့် သဒ္ဓိန္ဒြေကို ယုတ်လျော့အောင် ပြုလုပ်ပုံ အစီအရင်ကို အထက်တွင် ပြောခဲ့ပြီး ဖြစ်၏။

ဒုတိယအချက်၌ ဝီရိယ-သတိ-သမာဓိ-ပညာတို့၏ နုံ့သော အားနည်းသော ကိစ္စ ရှိသည့်အတွက်ကြောင့် သဒ္ဓိန္ဒြေအားကောင်းလာသဖြင့် ဝီရိယ-သတိ-သမာဓိ-ပညာတို့၏ နုံ့သော အားနည်းသော ကိစ္စရှိသည့်အတွက် သဒ္ဓိန္ဒြေ အားကောင်းမောင်းသန်စွာ ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာကို နှလုံး မသွင်းဘဲ ဝီရိယ-သတိ-သမာဓိ-ပညာတို့၏ ထက်မြက်သော စူးရှသော မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စ အသီး အသီးကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးနိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာကို နှလုံးသွင်းခြင်း ဖြင့် သဒ္ဓိန္ဒြေကို ထို ဝီရိယ-သတိ-သမာဓိ-ပညာ ဟူသော အခြားဣန္ဒြေလေးပါးတို့နှင့် ညီမျှသော လုပ်ငန်းကိစ္စ ရှိအောင် ပြုလုပ်ပေးခြင်းဖြင့် ယုတ်လျော့စေရမည်။ (မဟာဋီ၊၁၊၁၅၁။)

ဝီရိယ လွန်နေသော်

ဝီရိယ လွန်နေသော်

အကယ်၍ ဝီရိယိန္ဒြေသည် အလွန်အားကောင်းနေသည် ဖြစ်အံ့၊ ထိုအခါ သဒ္ဓိန္ဒြေသည် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ သက်ဝင်ဆုံးဖြတ်ခြင်း အဓိမောက္ခကိစ္စကို ပြုလုပ်ခြင်းငှာ မစွမ်းနိုင်၊ သတိန္ဒြေသည် သမထ အာရုံ ဝိပဿနာအာရုံတို့၌ သို့မဟုတ် မိမိရှုပွားနေသည့် ဘာဝနာအာရုံ၌ ကပ်၍ တည်ခြင်း ဥပဋ္ဌာနကိစ္စကို, သမာဓိန္ဒြေသည် မိမိရှုပွားနေသည့် ဘာဝနာအာရုံမှ စိတ်စေတသိက် သမ္ပယုတ် တရားစုတို့ ပျံ့လွင့်မသွားအောင် စုစည်းပေးခြင်း အဝိက္ခေပကိစ္စကို, ပညိန္ဒြေသည် အာရုံ၏ သဘောမှန်ကို ထွင်းဖောက်သိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်ခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် ထိုလွန်ကဲနေသော ဝီရိယိန္ဒြေကို ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် ပွားများခြင်းဖြင့် ထင်ရှားဖြစ်ပေါ်ပြီးသော ယင်း ဗောဇ္ဈင်တရား သုံးပါးတို့ကို တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်းဖြင့် ယုတ်လျော့စေရမည်။ ထိုသို့ ပြုလုပ်ရာ၌လည်း အရှင်သောဏမထေရ်ဝတ္ထုကို သက်သေအဖြစ် ညွှန်ပြအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)

သဒ္ဓိန္ဒြေ၏ အားကောင်းနေသည်၏ အဖြစ်သည် ပရမတ္ထဓမ္မသဘာဝတို့၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝ လက္ခဏာနှင့် ယင်းပရမတ္ထဓမ္မတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာဟူသော သာမညလက္ခဏာကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် ယုတ်လျော့သွားသကဲ့သို့ အလားတူပင် ဝီရိယိန္ဒြေ၏ လွန်ကဲနေမှုသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများခြင်းဖြင့် ယုတ်လျော့သွား၏။ ထို ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တို့ကို ပွားများခြင်း ပွားစေခြင်း ဘာဝနာ၏ သမာဓိအဖို့ရှိသည်၏ အဖြစ်ကြောင့် သမာဓိ၏ ဘက် တော်သား အသင်းအပင်းများ ဖြစ်သောကြောင့်ပင်တည်း။ (ထိုဗောဇ္ဈင်တရား သုံးပါးတို့ကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခဲ့သော် သမာဓိ ဖြစ်ပေါ်လာမည်၊ ယင်းသမာဓိက လွန်ကဲနေသော ဝီရိယကို ယုတ်လျော့စေ မည်၊ ထိုအခါ ဝီရိယနှင့် သမာဓိ ညီမျှသွားမည်ဟု ဆိုလိုပေသည်။)

မှန်ပေသည် - ဝီရိယသမ္ဗောဇ္ဈင် ဓမ္မဝိစယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားစေခြင်း ဘာဝနာသည် စိတ်အစဉ်ကို ဘာဝနာလုပ်ငန်းခွင်အတွင်း၌ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ကျရောက်သွားခြင်းမှ စောင့်ရှောက် လျက် သမာဓိန္ဒြေ၏ လွန်ကဲမှုကို ယုတ်လျော့စေသကဲ့သို့ အလားတူပင် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင် တရား သုံးပါးတို့ကို ပွားစေခြင်း ထိုဘာဝနာသည် ဝီရိယိန္ဒြေ၏ လွန်ကဲမှုကို ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွား ခြင်း (= ဥဒ္ဓစ္စ) ဘက်သို့ ကျရောက်ခြင်းမှ ထိန်းသိမ်းစောင့်ရှောက်လျက်, ဧကန်စင်စစ်အားဖြင့် ယုတ်လျော့ စေတတ်၏။ သို့အတွက် ပဿဒ္ဓိ စသော ဗောဇ္ဈင်တရား သုံးပါးကို ပွားများခြင်းဖြင့် လွန်ကဲနေသော ဝီရိယကို ယုတ်လျော့အောင် ကြိုးစားအားထုတ်ပါဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၅၂။)

အရှင်ဝက္ကလိမထေရ်

အရှင်ဝက္ကလိမထေရ်

အရှင်ဝက္ကလိ မထေရ်ကား ဘုရားရှင် အပေါ်၌ အလွန်အကဲ ကြည်ညိုတတ်သည့် သဒ္ဓါဓိမုတ္တ အရာ၌ ဧတဒဂ်ဘွဲ့ထူး ဆင်မြန်းရန် ရည်သန်တောင့်တ၍ ပဒုမုတ္တရ ဘုရားရှင် သာသနာတော်မှသည် ဂေါတမဘုရား သာသနာတော်သို့ တိုင်အောင် စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းဟူသော ပါရမီ အဆောက်အဦ ကောင်းမှု ကုသိုလ်အထူးတို့ကို ဖြည့်ဆည်းပူးတော်မူအပ်ပြီးသော အဓိကာရ ကောင်းမှုကုသိုလ်ထူး ရှိသော သူတော်စင် တစ်ဦး ဖြစ်ပေသည်။ ထိုအရှင်ဝက္ကလိသည်ကား ထိုကဲ့သို့ သဒ္ဓါဓိမုတ္တအရာ၌ ဖြည့်ဆည်းပူးအပ်ပြီးသော အဓိ ကာရကောင်းမှုကုသိုလ်ထူး ထင်ရှားရှိနေသည်ဖြစ်၍ ဘုရားရှင်၏ ရူပကာယတော်ကို ဖူးမြော်ရခြင်း၌ ကြောင့်ကြ ဗျာပါရစိုက်မှုများသည်ဖြစ်၍သာလျှင် နေထိုင်လတ်သော် ဘုရားရှင်က ----

ကိံ တေ (ဝက္ကလိ) ဣမိနာ ပူတိကာယေန ဒိဋ္ဌေန၊ ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ (သံ၊၂၊၉၈။)

= ချစ်သား ဝက္ကလိ ...ဤပုပ်သိုးသော ခန္ဓာကိုယ်ကို ဖူးမြော်နေခြင်းဖြင့် သင့်အား အဘယ်အကျိုး ရှိနိုင်ပါအံ့နည်း၊ ချစ်သားဝက္ကလိ ...အကြင်သူသည် တကယ်စင်စစ် လောကုတ္တရာတရားကိုးပါးကို ဉာဏ်ပညာ မျက်စိဖြင့် သိမြင်၏၊ ထိုသူသည် ငါဘုရားကို ဉာဏ်ပညာမျက်စိဖြင့် သိမြင်ပေ၏ ဤသို့ အစရှိသော တရား ဒေသနာတော်ဖြင့် ဆိုဆုံးမတော်မူ၍ ကမ္မဋ္ဌာန်းဘာဝနာ လုပ်ငန်း၌ ကြိုးစားအားထုတ်ရန် တိုက်တွန်းတော်မူ အပ်ပါသော်လည်း ထိုကမ္မဋ္ဌာန်းကို အားမထုတ်သည်ဖြစ်၍ ဘုရားရှင်က နှင်ထုတ်တော်မူလိုက်လေသည်။ ထိုသို့ ဘုရားရှင်က နှင်ထုတ်အပ်သည်ရှိသော် မိမိကိုယ်ကို ကမ်းပါးပြတ်မှ ပစ်ချခြင်းငှာ (= ကမ်းပါးပြတ်မှ ခုန်ချရန်) တောင်ကမ်းပါးပြတ်အရပ်သို့ တက်တော်မူလေသည်။ ထိုအခါ၌ ထိုဝက္ကလိရဟန်းတော်ကို ဘုရားရှင်က ထိုင်မြဲ ထိုင်တော်မူလျက်သာလျှင် ထိုင်ရာအရပ်မှ ဩဘာသ ရောင်ခြည်တော်အလင်းကို လွှတ်တော်မူလျက် မိမိကိုယ် ကို အရှင်ဝက္ကလိမထေရ် မြင်အောင် ထင်ရှားပြတော်မူ၍ ----

ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။

အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။ (ခု၊၁၊၆၈။)

= သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ သာသနာတော်၌ ကြည်ညိုသည်ဖြစ်၍ နှစ်သိမ့်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇ တရား အဖြစ်များသော ရဟန်းတော်သည် ငြိမ်သက်အေးချမ်းလှသော, ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရ တရားတို့၏ အငြိမ်းကြီး ငြိမ်းရာဖြစ်သော, မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ရောက်အပ် ရအပ်သော နိဗ္ဗာန်ချမ်းသာ ထူးကြီးကို ရရှိနိုင်ပါပေ၏။ ----

ဟူသော ဤတရားဒေသနာ ဂါထာတော်ကို ဟောကြားမူပြီးလျှင် ဧဟိ ဝက္ကလိ = ချစ်သား ဝက္ကလိ ... လာလေလော့ဟု မိန့်ကြားတော်မူလိုက်၏။ ထိုမိန့်ခွန်းတော်စကားဖြင့် အမြိုက်ရေစင်ဖြင့် သွန်းလောင်းခြင်း ခံရဘိသကဲ့သို့ နှစ်သက်ရွှင်လန်း ဝမ်းမြောက်သော စိတ်ထားရှိသည်ဖြစ်၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏ (= ဝိပ ဿနာ ဘာဝနာကို ပွားများအားထုတ်တော်မူ၏)။ သို့သော်လည်း သဒ္ဓါတရား၏ အလွန်အားကောင်းသည့် အတွက်ကြောင့် ဝိပဿနာလမ်းကြောင်းပေါ်သို့ မသက်ရောက်နိုင်ဘဲ ရှိနေ၏။ ထို အကြောင်းခြင်းရာကို သိရှိ တော်မူသည်ဖြစ်၍ ဘုရားရှင်က ဣန္ဒြေတို့၏ ညီမျှသည်၏အဖြစ်ကို ပြီးစီးစေလျက် သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့ကို ညီမျှသွားအောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို သုတ်သင်၍ ပေးတော်မူ၏။ ထို အရှင်ဝက္ကလိ မထေရ်မြတ်သည် ဘုရားရှင်က ညွှန်ကြားပြသ ဆိုဆုံးမပေးတော်မူသည့် နည်းနာနိဿယ အတိုင်း ဝိပဿနာဘာဝနာကို လုံ့လကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် မဂ်အစဉ် ဖိုလ်အစဉ်အားဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေသည်။ (မဟာဋီ၊၁၊၁၅၁-၁၅၂။)

အရှင်သောဏမထေရ်

အရှင်သောဏမထေရ်

ခြေဖဝါးအပြင်၌ နူးညံ့သိမ်မွေ့သော အမွေးများ ပေါက်လျက်ရှိသော အလွန်သိမ်မွေ့နုနယ်သော အရှင် သောဏမထေရ်သည် မြတ်စွာဘုရား၏ထံတော်၌ ကမ္မဋ္ဌာန်းတရားကို ယူပြီး၍ ရာဇဂြိုဟ်မြို့ အနီး၌ တည်ရှိ သော သီတဝနအမည်ရသော တောကျောင်းတိုက် တစ်ခုအတွင်း၌ သီတင်းသုံးတော်မူလျက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်တော်မူ၏။ ထိုသို့ အားထုတ်ရာ၌ ဤသို့ စဉ်းစားတော်မူ၏။

မမ သရီရံ သုခုမာလံ၊ န စ သက္ကာ သုခေနေဝ သုခံ အဓိဂန္တုံ၊ ကာယံ ကိလမေတွာပိ သမဏဓမ္မော ကာတဗ္ဗော ---- (မဟာဋီ၊၁၊၁၅၂။)

= ငါ၏ကိုယ်သည်ကား အလွန် သိမ်မွေ့နူးညံ့၏၊ ချမ်းသာဖြင့်သာလျှင် ချမ်းသာကို ရရှိခြင်းငှာလည်း မတတ် ကောင်းပေ၊ ငါသည် ကိုယ်ကို ပင်ပန်းစေ၍သော်လည်း ရဟန်းတရားကို ကြိုးစားအားထုတ်ထိုက်၏ ----

ဤသို့ နှလုံးသွင်း၍ ရပ်ခြင်း ဣရိယာပုထ်, စင်္ကြံသွားခြင်း ဣရိယာပုထ် နှစ်မျိုးကိုသာ အသုံးပြုလျက် ရဟန်းတရားကို ပွားများအားထုတ်ရန် အဓိဋ္ဌာန်တော်မူ၍ ပဓာနကမ္မဋ္ဌာန်းအလုပ်ကို အပြင်းအထန် ကြိုးစား အားထုတ်လတ်သော် ခြေဖဝါးအပြင်တို့၌ အဖုအလုံးတို့သည် ပေါက်လာကြကုန်၏။ ထိုသို့ ခြေဖဝါးအပြင်တို့၌ အဖုအလုံးတို့ ဖြစ်ပေါ်လာကုန်သော်လည်း ဆင်းရဲသည့် ဒုက္ခဝေဒနာကို လျစ်လျူရှုထား၍ ဝီရိယကို မြဲမြံစွာ ပြုလျက် ပဓာနကမ္မဋ္ဌာန်း အလုပ်ကို ကြိုးစားအားထုတ်လတ်သော် အပြင်းအထန် အလွန်ကြိုးစားအားထုတ် အပ်သော လုံ့လဝီရိယ ရှိသည့်အတွက်ကြောင့် ဝီရိယလွန်နေရကား မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုသည့် တရားထူး တရားမြတ်ကို ဖြစ်ပေါ်လာစေဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏။ ထိုအခါ ဘုရားရှင်သည် ထိုအရှင်သောဏရှိရာ အရပ်သို့ ကြွသွားတော်မူ၍ မလျော့မတင်း စောင်းကြိုးငြင်းဟူသော စောင်းဥပမာ အဆုံးအမတော်ဖြင့် ဆိုဆုံးမတော် မူ၍ ဝီရိယနှင့် သမာဓိ ညီမျှမှုရှိအောင် ယှဉ်စပ်ပြုကျင့်ရမည့် အစီအရင်ကို ညွှန်ကြားပြသ ပေးတော်မူလျက် ကမ္မဋ္ဌာန်းကို သန့်ရှင်းသွားအောင် သုတ်သင် ရှင်းလင်းပေးတော်မူ၏။ ထိုနောင် ဘုရားရှင်သည် ဂိဇ္ဈကုဋ်တောင် သို့ ကြွသွားတော်မူ၏။ အရှင်သောဏမထေရ်မြတ်သည်လည်း ဘုရားရှင် ချီးမြှင့်ပေးသနားတော်မူသည့် နည်းနာနိဿယအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ယှဉ်စပ်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို လုံ့လကြိုးကုတ် အားထုတ်တော်မူသည်ရှိသော် အရဟတ္တဖိုလ်၌ တည်ရှိတော်မူလေသည်။ (မဟာဋီ၊၁၊၁၅၂။)

သူတော်ကောင်းတို့၏ ချီးမွမ်းသံ

သူတော်ကောင်းတို့၏ ချီးမွမ်းသံ

အလားတူပင် သဒ္ဓါ-ဝီရိယတို့မှ ကြွင်းကုန်သော သတိ-သမာဓိ-ပညိန္ဒြေတို့တွင်လည်း ဣန္ဒြေ တစ်ပါးပါး၏ အားကောင်းမောင်းသန်မှု ရှိလတ်သော် နုံ့နေသော ဣန္ဒြေတို့၏ မိမိ မိမိတို့၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်တို့၌ ဆောင်ရွက်ရန် မစွမ်းနိုင်သည်၏အဖြစ်ကို သိရှိပါလေ။

အထူးအားဖြင့် ဤဣန္ဒြေ ငါးပါးတို့တွင် သဒ္ဓါနှင့် ပညာတို့၏လည်းကောင်း, သမာဓိနှင့် ဝီရိယတို့၏ လည်းကောင်း အချင်းချင်း မယုတ်မလွန်သည် ဖြစ်၍ ညီမျှမှု ရှိသည်၏အဖြစ်ကို ဆရာမြတ်တို့သည် ချီးမွမ်းတော် မူကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)

သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းခွင်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရာဝယ် အသီးအသီးသော မိမိ မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သည့် သဒ္ဓါဓုရ ပညာဓုရဟု အမည်ရသော ဝန်ဆောင်ဓုရ တရားနှစ်ပါး ဖြစ်ကြကုန်သော သဒ္ဓါနှင့် ပညာ တရားနှစ်ပါးတို့၏ ကိစ္စအားဖြင့် အချင်းချင်း မလွန်ခြင်းကို အထူးအားဖြင့် အလိုရှိအပ်သည်သာလျှင် ဖြစ်ပေသည်။ ယင်းသို့ အလိုရှိအပ်သောကြောင့် ထိုသဒ္ဓါနှင့် ပညာ တရားနှစ်ပါးတို့၏ ညီမျှသော ဝန်ဆောင်မှုရှိခဲ့သော် အပ္ပနာစျာန်သည် ပြီးစီးပြည့်စုံလာနိုင်သကဲ့သို့ အလားတူပင် ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲသွားတတ်သော အဖို့ရှိသော သမာဓိနှင့် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့် ထွက်သွားခြင်း ဥဒ္ဓစ္စဘက်သို့ ယိုင်လဲသွားတတ်သော အဖို့ရှိသော ဝီရိယတရားတို့၏ ညီမျှသော ကိစ္စရှိမှုသည် ထင်ရှားရှိခဲ့သော် အချင်းချင်း တစ်ပါးကို တစ်ပါးက မယိုင်လဲအောင် ထောက်ပံ့ထားခြင်းကြောင့် ယှဉ်ဖက် စိတ် စေတသိက် သမ္ပယုတ်တရားတို့၏ ဘာဝနာအာရုံ၌ ပျင်းရိခြင်း, ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားခြင်းဟူသော အစွန်းနှစ်ဖက်သို့ ကျရောက်ခြင်း မရှိတော့သဖြင့် ကောင်းစွာသာလျှင် အပ္ပနာစျာန်သည် ပြီးစီးပြည့်စုံလာပေ၏။ (မဟာဋီ၊၁၊၁၅၃။)

သဒ္ဓါလွန်၍ ပညာအားနည်းသော် - ပညာလွန်၍ သဒ္ဓါအားနည်းသော်

သဒ္ဓါလွန်၍ ပညာအားနည်းသော် - ပညာလွန်၍ သဒ္ဓါအားနည်းသော်

ဗလဝသဒ္ဓေါ ဟိ မန္ဒပညော မုဒ္ဓပ္ပသန္နော ဟောတိ၊ အဝတ္ထုသ္မိံ ပသီဒတိ။ ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ။ ဥဘိန္နံ သမတာယ ဝတ္ထုသ္မိံယေဝ ပသီဒတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၅။)

= အကြောင်းပြချက်ကား ဤသို့ ဖြစ်၏။ ပုဂ္ဂိုလ်တစ်ဦးသည်ကား အလွန်အားကြီးသော သဒ္ဓါတရား ယုံကြည် ချက် စွမ်းအားနှင့် ပြည့်စုံ၏၊ နုံ့သောပညာ အားနည်းသောပညာ ရှိ၏၊ မသန့်ရှင်းသော အသိဉာဏ် ရှိ၏။ ထို ပုဂ္ဂိုလ်မျိုးသည် တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ပင် သူတော်ကောင်းတရားတည်းဟူသော အနှစ်သာရ ကင်း မဲ့နေသော အချည်းနှီးသော ပုဂ္ဂိုလ်၌ ကြည်ညိုနေတတ်၏၊ အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏၊ မိုက်မိုက်ကန်းကန်း ဆင်ကန်းတောတိုး ကြည်ညိုနေတတ်၏၊ ဉာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုထိုက်သည့် ရတနာ သုံးတန် ကံ-ကံ၏အကျိုးတရား စသည့် သဒ္ဓေယျဝတ္ထုမှန်၌ မကြည်ညိုတတ်၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် မဟုတ်သည့် ဝတ္ထုတို့၌ ကြည်ညိုနေတတ်၏။ ပညာလွန်၍ သဒ္ဓါ တရား နုံ့သသူကား ကောက်ကျစ်စဉ်းလဲသောအဖို့ဘက်သို့ ယိုင်လဲသွားတတ်၏။ သဒ္ဓါက ယုတ်လျော့လျက် ပညာက လိုအပ်သည်ထက် ပိုနေသဖြင့် ပညာဖြင့် ကျော်လွန်ပြေးသွားနေသော ပုဂ္ဂိုလ်သည် အကြောင်းတရား အတုအပတို့က လှည့်စားထားအပ်သည်ဖြစ်၍ လှူဖွယ်ဝတ္ထုကို ပေးကမ်းစွန့်ကြဲခြင်း စာဂတရားနှင့် ကင်း၍ တကယ် လှူဖွယ်ဝတ္ထုကို မလှူဘဲ စိတ်ဖြစ်ကာမျှဖြင့် (= စိတ်ထဲက လှူရုံမျှဖြင့်)သော်လည်း ဒါနမယ ကောင်းမှု ကုသိုလ်သည် ဖြစ်ပေါ်လာ၏- ဤသို့ စသည်တို့ကို ကြံဆတတ်၏။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် ခြောက် ကပ်သော ကြံစည်စိတ်ကူးမှုဖြင့် လုယက်ဖျက်ဆီးခံရသော စိတ်ဓာတ်ရှိနေသည် ဖြစ်၍ ပညာရှိ သူတော်ကောင်း တို့၏ စကားကို မနာယူတတ်ပေ၊ ပညာရှိသူတော်ကောင်းတို့က နားလည်အောင် အသိဉာဏ် ပေးပါသော်လည်း သိရှိနားလည်ခြင်း အဆင့်သို့ မရောက်ရှိနိုင်ပေ။ ထိုကြောင့် ဆေးကြောင့် ဖြစ်ပေါ်လာသော အနာရောဂါသည် အကုရခက်သကဲ့သို့ ပညာလွန်၍ သဒ္ဓါအားနည်းနေသော ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်လည်း ကုစားဖို့ရန် အလွန်ခက်ခဲလှပေသည်။ သဒ္ဓါ ပညာ တရားနှစ်ပါးတို့သည် ညီမျှမှုရှိပါမှသာလျှင် ကြည်ညိုသင့် ကြည်ညိုထိုက် သော ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန် စသည့် သဒ္ဓေယျဝတ္ထု၌သာလျှင် ကြည်ညိုတတ်ပေသည်။

ဤငါးပါးသော ဣန္ဒြေတို့တွင် သဒ္ဓါနှင့်ပညာ နှစ်ပါးတို့၏ တစ်ခုခုက လွန်ကဲနေသဖြင့် အချင်းချင်း ကင်း ကွာ၍ နေခြင်း (= ကွာဟချက်ရှိနေခြင်း) သည် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ အကျိုးစီးပွားကို မရွက်ဆောင်တော့ဘဲ အကျိုးမဲ့ကိုသာလျှင် ရွက်ဆောင်တတ်သကဲ့သို့ အလားတူပင် သမာဓိနှင့် ဝီရိယတို့၏ တစ်ခုခုက လွန်ကဲနေသဖြင့် အချင်းချင်း ကင်းကွာ၍နေခြင်း (= ကွာဟချက် ရှိနေခြင်း)သည် အဝိက္ခေပ အမည် ရသော ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်၍ မသွားမှု (= သမာဓိ) ကို ရွက်ဆောင်၍ မပေးတော့ဘဲ ဘာဝနာ အာရုံမှ စိတ်ပျံ့လွင့်နေခြင်း (= ဝိက္ခေပ)ကိုသာ ရွက်ဆောင်၍ ပေးတတ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မဟာဋီ၊၁၊၁၅၃။)

သမာဓိ နှင့် ဝီရိယ

သမာဓိ နှင့် ဝီရိယ

ဗလဝသမာဓိံ ပန မန္ဒဝီရိယံ သမာဓိဿ ကောသဇ္ဇပက္ခတ္တာ ကောသဇ္ဇံ အဘိဘဝတိ။ ဗလဝဝီရိယံ မန္ဒသမာဓိံ ဝီရိယဿ ဥဒ္ဓစ္စပက္ခတ္တာ ဥဒ္ဓစ္စံ အဘိဘဝတိ။ သမာဓိ ပန ဝီရိယေန သံယောဇိတော ကောသဇ္ဇေ ပတိတုံ န လဘတိ။ ဝီရိယံ သမာဓိနာ သံယောဇိတံ ဥဒ္ဓစ္စေ ပတိတုံ န လဘတိ၊ တသ္မာ တဒုဘယံ သမံ ကာတဗ္ဗံ။ ဥဘယသမတာယ ဟိ အပ္ပနာ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၅-၂၉၆။)

= အားကြီးသော သမာဓိရှိသော နုံ့သော ဝီရိယရှိသော သူကို (= သမာဓိလွန်၍ ဝီရိယ လျော့နည်းနေသော ယောဂါဝစရပုဂ္ဂိုလ်ကို) သမာဓိ၏ ပျင်းရိခြင်း ကောသဇ္ဇအဖို့ ရှိသည်၏ အဖြစ်ကြောင့် ပျင်းရိခြင်း ကောသဇ္ဇ တရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။ အားကြီးသော ဝီရိယရှိသော နုံ့သော သမာဓိရှိသောသူကို (= ဝီရိယ လွန်၍ သမာဓိလျော့နည်းနေသော ယောဂါဝစရပုဂ္ဂိုလ်ကို) ဝီရိယ၏ စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့ ရှိသည်၏ အဖြစ် ကြောင့် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏။

အလျော်အားဖြင့် ဆိုရမူ ---- ဝီရိယနှင့် ညီမျှမှုရှိအောင် ကောင်းစွာယှဉ်စပ်၍ထားအပ်သော သမာဓိသည် ဘာဝနာလုပ်ငန်းခွင်အာရုံ၌ ပျင်းရိခြင်း ကောသဇ္ဇဘက်၌ ယိုင်လဲကျရောက်သွားခြင်းငှာ အခွင့်ကို မရရှိနိုင်ပေ။ သမာဓိနှင့် ညီမျှမှုရှိအောင် ကောင်းစွာယှဉ်စပ်၍ ထားအပ်သော ဝီရိယသည် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားမှု ဥဒ္ဓစ္စဘက်၌ ယိုင်လဲကျရောက်သွားခြင်းငှာ အခွင့်ကို မရရှိနိုင်ပေ။ ထိုကြောင့် အသင်ယောဂါဝစရပုဂ္ဂိုလ်သည် သဒ္ဓါနှင့် ပညာ နှစ်ပါး, ဝီရိယနှင့် သမာဓိ နှစ်ပါးအပေါင်းကို ညီမျှသော ကိစ္စရှိအောင် ပြုလုပ်အပ်ပေသည်။ အကျိုးကား ---- သဒ္ဓါနှင့် ပညာ နှစ်ပါး, ဝီရိယနှင့် သမာဓိ နှစ်ပါးတို့၏ ညီမျှသော ကိစ္စရှိသည့် အဖြစ်ကြောင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာပေသည်၊ ဤကား အကျိုးပင်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၅-၂၉၆။)

ဤအထက်ပါ အရပ်ရပ်သော ကျမ်းဂန်အထောက်အထားများ အရ ---- ဝီရိယလွန်သော် ဥဒ္ဓစ္စ, သမာဓိ လွန်သော် ကောသဇ္ဇဟု ဆရာ့ဆရာ ဖြစ်တော်မူကြကုန်သော ရှေးသူဟောင်းတို့ ဆိုဆုံးမတော်မူကြပေသည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် ရိုသေစွာ လိုက်နာပြုကျင့်ရမည့် စည်းကမ်းဥပဒေသ တစ်ခုပင် ဖြစ်ပေသည်။

သမာဓိကမ္မိက နှင့် ဝိပဿနာကမ္မိက

သမာဓိကမ္မိက နှင့် ဝိပဿနာကမ္မိက

အပိစ သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ ဧဝံ သဒ္ဒဟန္တော ဩကပ္ပေန္တော အပ္ပနံ ပါပုဏိဿတိ။ သမာဓိပညာသု ပန သမာဓိကမ္မိကဿ ဧကဂ္ဂတာ ဗလဝတီ ဝဋ္ဋတိ။ ဧဝဥှိ သော အပ္ပနံ ပါပုဏာတိ။ ဝိပဿနာကမ္မိကဿ ပညာ ဗလဝတီ ဝဋ္ဋတိ။ ဧဝဥှိ သော လက္ခဏပဋိဝေဓံ ပါပုဏာတိ။ ဥဘိန္နံ ပန သမတာယပိ အပ္ပနာ ဟောတိယေဝ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၆။ သံ၊ဋ္ဌ၊၃၊၁၉၄-၁၉၅။)

သဒ္ဒဟန္တောတိ ပထဝီ-ပထဝီတိ မနသိကရဏမတ္တေန ကထံ စျာနုပ္ပတ္တီတိ အစိန္တေတွာ အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္ဈိဿတီတိ သဒ္ဒဟန္တော သဒ္ဓံ ဇနေန္တော။ (မဟာဋီ၊၁၊၁၅၃။)

စိုးစဉ်း အနည်းငယ် ဆိုဖွယ်အထူးကား ဤသို့ ဖြစ်၏။ သမာဓိထူထောင်နေသည့် သမထကမ္မဋ္ဌာန်း တစ်ခုခု ကို ပွားများအားထုတ်နေဆဲဖြစ်သော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရားက အနည်းငယ် အားကောင်း လွန်ကဲနေသော်လည်း သင့်မြတ်သည်သာ ဖြစ်ပေသည်။ ပထဝီ ကသိုဏ်းဝန်းကို အာရုံပြု၍ အာရုံ ယူ၍ ပထဝီ-ပထဝီ= မြေ-မြေဟု နှလုံးသွင်းနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားများ ဖြစ်ပေါ်လာနိုင် ပါအံ့နည်း၊ ပကတိသော ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေ၊ ထိုပကတိသော ဝင်သက်လေ ထွက်သက်လေ ကို အမှီပြု၍ ဘာဝနာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ကိုပင် ဖြစ်စေ အာရုံပြု၍ ဝင်သက်လေ ထွက်သက်လေဟု နှလုံးသွင်းနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားများ ဖြစ်ပေါ်လာနိုင် ပါအံ့နည်း ---- ဤသို့ စသည်ဖြင့် မကြံစည် မတွေးတောတော့ဘဲ ဘုရားရှင် ဟောကြားထားတော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြည့်စုံပေလတ္တံ့ဟု ယုံကြည်မှု ရှိခဲ့သော် မိမိ ရှုပွားနှလုံးသွင်းနေသော သမထ အာရုံသို့ သက်ဝင်နေသကဲ့သို့ စုပ်စုပ်နစ်နစ်အားဖြင့် ယုံကြည်ခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိနိုင်ပေလတ္တံ့။

နောက်တစ်မျိုးကား သမာဓိနှင့် ပညာ နှစ်ပါးတို့တွင် သမာဓိထူထောင်နေသည့် သမထကမ္မဋ္ဌာန်း တစ်ခုခု ကို ပွားများအားထုတ်နေဆဲဖြစ်သော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ မိမိရှုပွားနေသည့် (ပထဝီကသိုဏ်း သို့မဟုတ် အာနာပါန စသည့် ) သမထအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေမှု သမာဓိသည် အားရှိခဲ့ပါမူ သင့်မြတ်သည်သာ ဖြစ်၏။ အပ္ပနာစျာန်၏ သမာဓိပြဓာန်းသောကြောင့် ဤသို့ သမာဓိ အားကောင်း နေခဲ့သော် ထိုသမာဓိထူထောင်နေဆဲ (= သမာဓိကမ္မိက) ပုဂ္ဂိုလ်သည် အပ္ပနာစျာန်သို့ မချွတ်ဧကန် ရောက်ရှိ နိုင်ပေ၏။ ဤကား သမာဓိ အားရှိမှု၏ အကျိုးတည်း။ (သမာဓိပဓာနတ္တာ စျာနဿ၊ - မဟာဋီ၊၁၊၁၅၃။)

ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာယာဉ်သုံးတန် တစ်လှည့်စီတင်၍ ရှုပွားသုံးသပ် နေသော ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဝိပဿနာကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ ပညာ တရားသည် အားရှိခဲ့ပါမူ သင့်မြတ်သည်သာ ဖြစ်၏။ အကျိုးကား ---- ဤသို့ ပညာတရားသည် အားရှိခဲ့သော် အားကောင်းခဲ့သော် ထိုဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရား တို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာဟူသော သာမညလက္ခဏာကို ထိုးထွင်း သိမြင်ခြင်းသို့ ရောက်ရှိနိုင်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၆။ သံ၊ဋ္ဌ၊၃၊၁၉၄-၁၉၅။)

ဥဘိန္နံ ပန သမတာယပိ အပ္ပနာ ဟောတိယေဝ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၆။)

ဥဘိန္နန္တိ သမာဓိပညာနံ၊ သမာဓိကမ္မိကဿ သမာဓိနော အဓိမတ္တတာပိ ဣစ္ဆိတဗ္ဗာတိ အာဟ သမတာယပီတိ၊ သမဘာဝေနာပီတိ အတ္ထော။ အပ္ပနာတိ ဣဓာဓိပ္ပေတအပ္ပနာ။ တထာ ဟိ ဟောတိယေဝါတိ သာသင်္ကံ ဝဒတိ။ လောကုတ္တရပ္ပနာ ပန တေသံ သမဘာဝေနေဝ ဣစ္ဆိတာ။ ယထာဟ သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတီတိ။ (မဟာဋီ၊၁၊၁၅၃။)

= သမာဓိနှင့် ပညာနှစ်ပါးတို့၏ ညီမျှမှုရှိလျှင်လည်း သမာဓိထူထောင်နေသည့် သမာဓိကမ္မိက ယောဂါဝစရ ပုဂ္ဂိုလ်အဖို့ အာနာပါနစျာန်ကဲ့သို့သော လောကီအပ္ပနာစျာန်သည် ဖြစ်နိုင်သည်သာလျှင်တည်း။ သမာဓိ ထူထောင် နေသည့် သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အား သမာဓိသည် အနည်းငယ် လွန်ကဲနေလျှင်လည်း လောကီ အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သကဲ့သို့ သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှမှုရှိလျှင် လောကီအပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည်သာလျှင်တည်းဟု ဆိုလိုပေသည်။ သို့အတွက် သမာဓိနှင့် ပညာ နှစ်ပါးတို့၏ ညီမျှမှု ရှိလျှင် လည်း လောကီအပ္ပနာစျာန်သည် ဟောတိယေဝ = ဖြစ်ကို ဖြစ်လာနိုင်သည်သာတည်းဟု သံသယ မကင်းဖွယ် စကားကို အဋ္ဌကထာ မိန့်ဆိုခြင်း ဖြစ်ပေသည်။ သို့သော် လောကုတ္တရာ အပ္ပနာဟူသော မဂ်ဉာဏ် ဖိုလ်ဉာဏ် ကိုကား ထို သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှမှုရှိသည်၏ အဖြစ်ဖြင့်သာလျှင် အလိုရှိအပ်ပေသည်။

သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ။ (အံ၊၁၊၄၇၅၊ ပဋိသံ၊၂၈၃-၂၈၈။)

= သမထနှင့် ဝိပဿနာ တရားနှစ်ပါးကို သို့မဟုတ် သမာဓိနှင့် ပညာ တရားနှစ်ပါးကို, နွားနှစ်ကောင်ကို ထမ်းပိုး၌ အညီအမျှ မယုတ်မလွန်စေမူ၍ ယှဉ်စေ ကစေ ဖွဲ့စပ်စေသကဲ့သို့ (= ယှဉ်စပ် ဖွဲ့စပ်၍ တပ်ထား ကထားသကဲ့သို့) အညီအမျှ ယှဉ်စပ်မှု ဖွဲ့စပ်မှုကို ပြု၍ ပွားများအားထုတ်စေအပ်၏ -- ဟု ဟောကြားထားတော် မူသောကြောင့် ဖြစ်သည်။ (မဟာဋီ၊၁၊၁၅၃။ သံ၊ဋီ၊၂၊၄၃၅။)

[မှတ်ချက် ---- ယုဂနဒ္ဓနည်း အကြောင်းအရာသည် ဝိပဿနာပိုင်း-နှာ-၃၆၇-စသည်တွင် ထင်ရှားလတ္တံ့၊၊]

သတိ ?

သတိ ?

သတိ ပန သဗ္ဗတ္ထ ဗလဝတီ ဝဋ္ဋတိ။ သတိ ဟိ စိတ္တံ ဥဒ္ဓစ္စပက္ခိကာနံ သဒ္ဓါဝီရိယပညာနံ ဝသေန ဥဒ္ဓစ္စပါတတော ကောသဇ္ဇပက္ခေန စ သမာဓိနာ ကောသဇ္ဇပါတတော ရက္ခတိ၊ တသ္မာ သာ လောဏဓူပနံ ဝိယ သဗ္ဗဗျဉ္ဇနေသု, သဗ္ဗကမ္မိကအမစ္စော ဝိယ စ သဗ္ဗရာဇကိစ္စေသု သဗ္ဗတ္ထ ဣစ္ဆိတဗ္ဗာ။ တေနာဟ သတိ စ ပန သဗ္ဗတ္ထိကာ ဝုတ္တာ ဘဂဝတာ။ ကိံကာရဏာ၊ စိတ္တဥှိ သတိပဋိသရဏံ၊ အာရက္ခပစ္စုပဋ္ဌာနာ စ သတိ၊ န ဝိနာ သတိယာ စိတ္တဿ ပဂ္ဂဟနိဂ္ဂဟော ဟောတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ သံ၊ဋ္ဌ၊၃၊၁၉၅။)

= ဣန္ဒြေငါးပါးတို့တွင် သဒ္ဓါနှင့် ပညာတို့၏ ညီမျှမှု သမာဓိနှင့် ဝီရိယတို့၏ ညီမျှမှုကို အကယ်၍ အလိုရှိ အပ်သည် ဖြစ်အံ့၊ ဣန္ဒြေငါးပါးတို့တွင် အကျုံးဝင်သော သတိကား အသို့ပါနည်းဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၍ အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ယင်းစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

အထူးသဖြင့် အလုံးစုံသော သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့၌ သမထကမ္မဋ္ဌာန်းအာရုံ ဝိပဿနာ ကမ္မဋ္ဌာန်းအာရုံမှ အလုံးစုံသော စိတ်တွန့်တိုဆုတ်နစ်မှု အဖို့အစုရှိသော လီနပက္ခ, စိတ်ပျံ့လွင့်မှု အဖို့အစုရှိသော ဥဒ္ဓစ္စပက္ခတို့၌ သတိသည် အားကောင်းမောင်းသန်မူ လွန်ကဲ၍နေမူ ကောင်းမွန်သင့်မြတ်သည်သာလျှင် ဖြစ်ပေ သည်။ အကြောင်းကား ဤသို့ ဖြစ်၏။ ဣန္ဒြေငါးပါးတို့တွင် သဒ္ဓါ-ဝီရိယ-ပညာတို့ကား လွန်ကဲ၍ နေခဲ့သော် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ အဖို့အစု ရှိကြကုန်သော တရားများ ဖြစ်ကြကုန်၏။ အလွန်အားကောင်း မောင်းသန်လျက် ရှိသော သတိသည် သမထဘာဝနာစိတ်ကို အာနာပါနစသည့် မိမိရှုပွားနေသည့် သမထနိမိတ်အာရုံမှ, ဝိပဿနာ ဘာဝနာစိတ်ကို ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော သင်္ခါရတရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်း အရာဟူသော သင်္ခါရနိမိတ်အာရုံမှ ပျံ့လွင့်ထွက်သွားမှု ဟူသော ဥဒ္ဓစ္စတရား၏ အသင်းအပင်း ဖြစ်ကြကုန်သော ဥဒ္ဓစ္စအဖို့အစု ရှိကြကုန်သော သဒ္ဓါ-ဝီရိယ-ပညာ တို့၏ လွန်ကဲအားသန်မှု စွမ်းအင်ကြောင့် ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ထွက်သွားမှု (= ဥဒ္ဓစ္စ) ဘက်သို့ ကျရောက်ခြင်းမှ မကျရောက်သွားအောင် စောင့်ရှောက်ပေးတတ်၏။ ဘာဝနာစိတ်၏ ဘာဝနာအာရုံမှ တွန့်တိုဆုတ်နစ်သွားမှု (= လီန) တရား, ပျင်းရိနေမှု (= ကောသဇ္ဇ) တရား အဖို့အစုရှိသော ကောသဇ္ဇတရား၏ အသင်းအပင်း ဖြစ်သော သမာဓိလွန်ကဲမှုကြောင့် (ပဿဒ္ဓိနှင့် ဥပေက္ခာ တို့ကား ဣန္ဒြေငါးပါးတွင် စာရင်းဝင်တရားများ မဟုတ်ကြ၍ သမာဓိလွန်ကဲမှုကြောင့်ဟု သမာဓိတစ်ခုတည်း ကိုသာ ယူ၍ ဖွင့်ဆိုထားသည် မှတ်ပါ။) ဘာဝနာစိတ်ကို ဘာဝနာအာရုံ၌ ပျင်းရိခြင်း = ကောသဇ္ဇတရားဘက်သို့ ကျရောက်ခြင်းမှ မကျရောက်အောင် စောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ထိုသတိကို အလုံးစုံသော သမထ ကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့၌ အလုံးစုံသော ဘာဝနာအာရုံမှ စိတ်တွန့်တို ဆုတ်နစ်မှု အဖို့အစုရှိသော လီနပက္ခ (ပျင်းရိမှု အဖို့အစုရှိသော ကောသဇ္ဇပက္ခ)နှင့် အလုံးစုံသော စိတ်ပျံ့လွင့်မှု အဖို့အစုရှိသော ဥဒ္ဓစ္စပက္ခ တို့၌ အလိုရှိအပ်သည်သာလျှင် ဖြစ်ပေသည်။ အလုံးစုံသော ဟင်းလျာဟူသမျှတို့၌ ဆားခတ်ခြင်းကို သို့မဟုတ် ဆား-ကရဝေး-ဇီယာ-မဆလာစသော အခိုးအထုံကို အလိုရှိအပ်သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စ ဟူသမျှတို့၌ အလုံးစုံသော မင်းမှုကိစ္စအဝဝတို့ကို ပြီးစီးစေတတ် ယှဉ်စေတတ်သော သင့်လျော်သော အမတ်ကြီး ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသော ကမ္မဋ္ဌာန်းဟူသမျှတို့၌ အလုံးစုံသော ဘာဝနာ အာရုံမှ စိတ်တွန့်ဆုတ်နေမှု လီနပက္ခ, စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စပက္ခတို့၌ သတိကို အလိုရှိအပ်သည်သာလျှင် ဖြစ်ပေ သည်။ ထိုကြောင့်ပင်လျှင် -- ဣန္ဒြေငါးပါးတို့တွင် သတိကိုသာလျှင် သဗ္ဗတ္ထိကာ = အလုံးစုံသော သမထ ဝိပဿနာ ဘာဝနာ လုပ်ငန်းမှန်သမျှ၌ ယှဉ်၏၊ အလုံးစုံသော ဘာဝနာအာရုံမှ စိတ်တွန့်ဆုတ်နေခြင်း စိတ်ဓာတ်ကျနေခြင်း လီနပက္ခ အဖို့အစုရှိသော ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တရားများကို ပွားများမှု လုပ်ငန်းရပ်မှန်သမျှ၌လည်းကောင်း, ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ထွက်သွားခြင်း ဥဒ္ဓစ္စပက္ခ အဖို့အစုရှိသော ဓမ္မ ဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တရားများကို ပွားများမှု လုပ်ငန်းရပ် မှန်သမျှ၌လည်းကောင်း ဤအလုံးစုံသော ဘာဝနာလုပ်ငန်းရပ် မှန်သမျှတို့၌ အလိုရှိအပ်၏ဟူ၍ ဘုရားရှင်သည် ဟောကြားထားတော် မူအပ်ပေသည်။ အဘယ်အကြောင်းကြောင့် ဟောကြားတော်မူအပ်ပါသနည်းဟူမူ ----

ကုသိုလ်စိတ် မှန်သမျှသည် အထူးသဖြင့် ဘာဝနာကုသိုလ်စိတ် မှန်သမျှသည် (မရောက်သေးသော တရား ထူး တရားမြတ်သို့ ရောက်ခြင်းငှာ, မရသေး မသိသေးသော တရားထူး တရားမြတ်ကို ရခြင်း သိခြင်းငှာ သတိကို အားပြုမှီခိုရပါမှ ဘာဝနာကုသိုလ်စိတ် ဖြစ်နိုင်၍ မိမိချည်း အစွမ်းမကောင်းသောကြောင့်) သတိလျှင် ကိုးကွယ် လဲလျောင်းရာ ရှိ၏။ သတိသည် ကုသိုလ်စိတ်ကို အထူးသဖြင့် ဘာဝနာစိတ်-စေတသိက် (= သမ္ပယုတ်တရားစု)ကို ဘာဝနာအာရုံမှ ဘာဝနာလမ်းကြောင်းမှ မတိမ်းမစောင်း မလွဲမချော်ရအောင် စိတ်နှင့် အာရုံနှစ်မျိုးလုံးကို ထိန်း သိမ်းစောင့်ရှောက်တတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် (ယင်းသတိကို ရှုလိုက်သော အခါ) ထင်လာ၏။ သတိနှင့် ကင်း၍ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ချီးပင့်ခြင်း (= ပဂ္ဂဟ) လုပ်ငန်းနှင့် နှိပ်ကွပ်ခြင်း (= နိဂ္ဂဟ) လုပ်ငန်းကို ပြုလုပ်၍ မဖြစ်နိုင်ပေ။ ထိုကြောင့် ဘုရားရှင်သည် သတိကို သဗ္ဗတ္ထိကာ = အလုံးစုံသော သမထဘာဝနာ ဝိပဿနာဘာဝနာ လုပ်ငန်းရပ် မှန်သမျှ၌ အလိုရှိအပ်၏ဟု ဟော ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၆။ မ၊ဋ္ဌ၊၁၊၂၉၆။ သံ၊ဋ္ဌ၊၃၊၁၉၅။)

ဤတိုင်အောင် ဣန္ဒြေငါးပါးနှင့် ဆက်စပ်၍ ဖော်ပြထားအပ်သော စကားအရပ်ရပ်တို့ကား အပ္ပနာ ကောသလ္လတရား (၁၀)ပါးတို့တွင် ပါဝင်သော ဣန္ဒြိယသမတ္တပဋိပါဒနာ = ဣန္ဒြေ ညီမျှအောင် ကျင့်ပုံနှင့် ဆက် စပ်၍ ဖော်ပြအပ်သော နှစ်ခုမြောက် အပ္ပနာကောသလ္လတရားပင် ဖြစ်သည်။

ယခု အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ သမာဓိထူထောင်နေခိုက်ဖြစ်သဖြင့် သမာဓိအနည်းငယ် လွန်သော်လည်း သင့်မြတ်သည်သာ ဖြစ်ပေသည်။

အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်စသော သမထနိမိတ်ကို ထွင်းဖောက် သိမြင်ခြင်း ထိုးထွင်းသိမြင်ခြင်း သဘောတရားကား ပညာတည်း။ ယင်းပညာကား ဘာဝနာစိတ်အစဉ်ကို အာ နာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံမှ ချွတ်ချော်တိမ်းစောင်း၍ ဘေးသို့ မကျရောက်အောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားများ ရှိနေခြင်းကြောင့် ပညိန္ဒြေဟူသော အမည်ကိုလည်း ရရှိပေသည်။

ယင်းအာနာပါနပဋိဘာဂနိမိတ်စသော သမထနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ ခြင်း သဘောကား သမာဓိတည်း။ ယင်းသမာဓိသည်လည်း ဘာဝနာစိတ်အစဉ်ကို အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော သမထနိမိတ်အာရုံမှ လွဲချော်၍ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအင်ရှိခြင်းကြောင့် သမာဓိန္ဒြေဟူသော အမည်ကိုလည်း ရရှိပေသည်။ ဤ သမထပိုင်း၌လည်း သမာဓိနှင့် ပညာ တရားနှစ်ပါးကို ယုဂနဒ္ဓနည်းအရ ညီမျှမှုရှိအောင် စုံတွဲ၍ ကျင့်ရမည် ဖြစ်သည်။ ထိုသို့ကျင့်ရာ၌ ပညာကို သဒ္ဓါဖြင့် အားပေး ထောက်ပံ့မှု သမာဓိကို ဝီရိယဖြင့် အားပေးထောက်ပံ့မှုကား အထူးလိုအပ်သည်သာ ဖြစ်ပေသည်။

ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့၌လည်းကောင်း, ကံ-ကံ၏အကျိုးတရားဟူသော ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌လည်းကောင်း, အထူးသဖြင့် သိက္ခာသုံးရပ်တွင် ပါဝင်သော သမာဓိသိက္ခာ = သမာဓိကျင့်စဉ် လုပ်ငန်းခွင်၌လည်းကောင်း သက်ဝင်ယုံကြည်နေသော သဒ္ဓါတရားသည်လည်း ဘာဝနာ စိတ်အစဉ်ကို ဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ မကျ မရောက်အောင် ထိန်းချုပ်ထားနိုင်သော စွမ်းအင်ရှိသောကြောင့် သဒ္ဓိန္ဒြေဟူသော အမည်ကိုလည်း ရရှိပေသည်။ အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေရသော ဘာဝနာလုပ်ငန်းခွင်အတွင်းသို့ သက်ဆင်းကျရောက်နေသော အသင် ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဘုရားရှင်၏ အဆုံးအမဖြစ်သော အာနာပါနဿတိ သမာဓိကျင့်စဉ် သမာဓိ သိက္ခာမြတ်၌ အလွန်အမင်း ယုံကြည်ချက် သဒ္ဓါစွမ်းအားများ ပေါ်ထွက်လာမည်သာ ဖြစ်ပေသည်။ ယင်းယုံကြည် ချက် သဒ္ဓါစွမ်းအင်၏ ကြီးမားသော အထောက်အပံ့ကို ရရှိသော ပညိန္ဒြေကား အထူးသဖြင့် ဤအပိုင်းတွင် အာနာပါနပဋိဘာဂနိမိတ်ကို ထွင်းဖောက်သိနေသော ပညိန္ဒြေကား အားကောင်းမောင်းသန်လာမည် ဖြစ်ပေသည်။

တစ်ဖန် ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကျရောက် တည်ငြိမ်နေခြင်း သဘောဟူသော သမာဓိန္ဒြေကား ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်ငြိမ်နေအောင် ကြိုးစားအားထုတ်ခြင်းဟူသော ဝီရိယိန္ဒြေ၏ အထောက်အပံ့ကို ရခဲ့သော်, ယင်းအာနာပါန ပဋိဘာဂနိမိတ် အာရုံကို ထိုးထွင်းသိနေအောင် ကြိုးစားအားထုတ်ခြင်းဟူသော ဝီရိယိန္ဒြေ၏ အားပေးထောက်ပံ့ မှုကို ရခဲ့သော် အားကောင်းမောင်းသန်လာ၏၊ တည်ငြိမ်မှု စွမ်းအား ကြီးမားလာ၏။ သို့အတွက် ဤအရာမျိုး၌ ဝီရိယသည်လည်း ဘာဝနာစိတ်အစဉ်ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာအာရုံမှ တိမ်းစောင်း၍ ချော်ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားများရှိနေသည့်အတွက် ဝီရိယိန္ဒြေဟူသော အမည်ကို လည်း ရရှိပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်ကြည်နေမှု သဘောတရားဟူသော သမာဓိသည် ထိုတည်ကြည်နေမှု သမာဓိကို ဘာဝနာအာရုံမှ လျှောကျ မသွားအောင် ချီးပင့်ထားတတ်သော ပဂ္ဂဟလုပ်ငန်းကိစ္စရှိသော ဝီရိယိန္ဒြေ၏ အားပေးထောက်ပံ့မှု အကူအညီ ကို ရခဲ့သော် ခွန်အားကြီးမားလာ၏၊ စွမ်းအင်များ ပြည့်ဝလာ၏။ ဘာဝနာစိတ်အစဉ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာအာရုံမှ လျှောကျမသွားအောင် ငြိမ်ဝပ်စွာ ကပ်၍ ဘာဝနာအာရုံ၌ တည်နေအောင် ဘာဝနာ အာရုံမှ မပျံ့လွင့်သွားအောင် ရွက်ဆောင်ပေးနိုင်၏။

ထိုသဒ္ဓါနှင့် ပညာ, သမာဓိနှင့် ဝီရိယတို့ ညီမျှအောင် သတိဖြင့် ထိန်းပေးရမည် ဖြစ်သည်။ ယခုအချိန်တွင် အသင်ယောဂီသူတော်ကောင်းသည် ပွားများနေသော, သတိဖြင့် သိမ်းဆည်းနေသော သတိ၏ တည်ရာ အာရုံမှာ အာနာပါနပဋိဘာဂနိမိတ်အာရုံ ဖြစ်သည်ကိုကား အထူးဂရုပြု၍ မှတ်သားထားပါ။ ထို အလွန်ကြည်လင်တောက် ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို သိမ်းဆည်းနေသော အမှတ်ရနေသောသဘော မမေ့ပျောက်ခြင်း သဘောကား သတိန္ဒြေပင်တည်း။ ဘာဝနာစိတ်အစဉ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံမှ မလျှောကျအောင် တိမ်းစောင်းမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအင်တစ်မျိုးပင် ဖြစ်သည်။

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေသော သဒ္ဓါနှင့် ပညာ, သမာဓိနှင့် ဝီရိယတို့ကို ညီမျှအောင် ယင်း အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံမူနေသော သိမ်းဆည်းနေသော သတိက စောင့်ကြပ်ထိန်းကွပ်ပေးရမည် ဖြစ်ပေသည်။ ထိုကြောင့် သတိကို ကမ္မဋ္ဌာန်းအားလုံးတို့၌ အခါခပ်သိမ်း အလိုရှိအပ်ကြောင်းကို ဘုရားရှင်က မိန့်ကြားတော်မူခြင်း ဖြစ်ပေသည်။ ဤတွင် ဣန္ဒြေညီမျှအောင် ကျင့်ပုံအပိုင်းကို ရပ်ဆိုင်းလိုက်ပါသည်။ ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ကျင့်ရမည့် ကျင့်စဉ်များနှင့် ဆက်စပ်၍ ဖတ်ရှုပါက ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်လာ နိုင်ပေသည်။

၃။ နိမိတ္တကောသလ္လ

၃။ နိမိတ္တကောသလ္လ

နိမိတ္တကောသလ္လံ နာမ ပထဝီကသိဏာဒိကဿ စိတ္တေကဂ္ဂတာနိမိတ္တဿ အကတဿ ကရဏကောသလ္လံ, ကတဿ စ ဘာဝနာကောသလ္လံ, ဘာဝနာယ လဒ္ဓဿ ရက္ခဏကောသလ္လဉ္စ၊ တံ ဣဓ အဓိပ္ပေတံ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)

စိတ္တေကဂ္ဂတာနိမိတ္တဿာတိ စိတ္တေကဂ္ဂတာယ နိမိတ္တဿ, စိတ္တေကဂ္ဂတာသင်္ခါတဿ စ နိမိတ္တဿ။ စိတ္တဿ ဟိ သမာဟိတာကာရံ သလ္လက္ခေတွာ သမထနိမိတ္တံ ရက္ခန္တောယေဝ ကသိဏနိမိတ္တံ ရက္ခတိ။ တသ္မာ ပထဝီကသိဏာဒိကဿာတိ အာဒိ-သဒ္ဒေန နကေဝလံ ပဋိဘာဂနိမိတ္တေဿဝ၊ အထ ခေါ သမထနိမိတ္တဿာပိ ဂဟဏံ ဒဋ္ဌဗ္ဗံ။ တန္တိ ရက္ခဏကောသလ္လံ။ ဣဓ အပ္ပနာကောသလ္လကထာယံ နိမိတ္တကောသလ္လန္တိ အဓိပ္ပေတံ။ ကရဏဘာဝနာကောသလ္လာနံ ပဂေဝ သိဒ္ဓတ္တာတိ အဓိပ္ပါယော။ (မဟာဋီ၊၁၊၁၅၄။)

အထက်ပါ အဋ္ဌကထာ ဋီကာ စကားရပ်တို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ ဤ နိမိတ္တကောသလ္လပိုင်း၌ -ကရဏကောသလ္လ, ဘာဝနာကောသလ္လ, ရက္ခဏကောသလ္လဟု ကောသလ္လတရား သုံးမျိုးရှိ၏။ တစ်ဖန် စိတ္တေကဂ္ဂတာနိမိတ်မှာလည်း ပဋိဘာဂနိမိတ်, သမထနိမိတ်ဟု နှစ်မျိုး ရှိ၏။

စိတ္တေကဂ္ဂတာ နိမိတ် နှစ်မျိုး

စိတ္တေကဂ္ဂတာ နိမိတ် နှစ်မျိုး

၁။ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်, အာနာပါနပဋိဘာဂနိမိတ်စသော ထိုထို သမထဘာဝနာစိတ်တို့၏ အရှုခံ အာရုံ ဖြစ်သော အလွန်ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်သည် ယင်းပဋိဘာဂနိမိတ်ဟူသော အာရုံ တစ်ခုတည်းပေါ်သို့ ဘာဝနာစိတ်ကို ကျရောက်နေအောင် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် အာရမ္မဏပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိ၏။ သို့အတွက် ယင်းပဋိဘာဂနိမိတ်သည် ဘာဝနာစိတ်၏ ပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ ကျရောက်၍ တည်ငြိမ်နေခြင်း (= စိတ္တေကဂ္ဂတာ) ၏ တည်ရာအကြောင်းရင်း နိမိတ် ဖြစ်ခြင်းကြောင့် စိတ္တေကဂ္ဂတာနိမိတ် မည်၏။

၂။ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကဲ့သို့သော ပဋိဘာဂနိမိတ်အာရုံတစ်ခုတည်း ပေါ်သို့ စိတ်ကျရောက်တည်ငြိမ်နေခြင်း (= စိတ္တေကဂ္ဂတာ) အမည်ရသော ရှေးရှေးသော သမာဓိသည် နောက် နောက်သော သမာဓိ (= နောက်နောက်သော သမထ)၏ အကြောင်းရင်း နိမိတ် ဖြစ်သောကြောင့် သမထနိမိတ် မည်၏။ မှန်ပေသည် ---- ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်တို့ကဲ့သို့သော ပဋိဘာဂနိမိတ်ကို အာရုံမူနေသော သမထဘာဝနာစိတ်၏ ယင်းပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပုံဟူသော တည်ကြည်သော အခြင်းအရာကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ယင်းစိတ်တည်ကြည်မှု သမာဓိဟူသော သမထနိမိတ်ကို စောင့်ရှောက်သော သူသည်သာလျှင် ကသိုဏ်းနိမိတ် (သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ်ကို) စောင့်ရှောက်သည် မည်ပေသည်။ ယင်းသမထနိမိတ်ဟူသော သမာဓိသည်လည်း ကသိုဏ်းနိမိတ် အာနာပါန နိမိတ်စသော ပဋိဘာဂနိမိတ်ကိုသာ အာရုံမူနေသဖြင့် ယင်းပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်ကြည် နေမှု သမာဓိကို မလျှောကျ မပျက်စီးအောင် တည်တံ့အောင် စောင့်ရှောက်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ နှလုံးသွင်းနေရ၏။ နည်းမှန်လမ်းမှန် နှလုံးသွင်းမှု ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ရ၏။ သို့အတွက် ရှေးရှေးသော ဘာဝနာသမာဓိဟူသော သမထနိမိတ်ကို စောင့်ရှောက်ခြင်းသည် ကသိုဏ်းပဋိဘာဂနိမိတ် အာနာပါနပဋိဘာဂနိမိတ်စသော ပဋိဘာဂနိမိတ် အာရုံကိုပါ ပူးတွဲ၍ စောင့်စည်းခြင်းကိစ္စ ပြီးစီးသွား၏။ သို့အတွက် ဤအရာ၌ စိတ္တေကဂ္ဂတာနိမိတ်အရ ပဋိဘာဂနိမိတ်နှင့် သမထနိမိတ် နှစ်မျိုးလုံးကိုပင် အရကောက်ယူပါ။

ကောသလ္လတရား သုံးပါး

ကောသလ္လတရား သုံးပါး

၁။ ကရဏကောသလ္လ ---- စိတ်တည်ကြည်မှု ဘာဝနာစိတ်၏ တစ်ခုတည်းသော အာရုံပေါ်သို့ ကျရောက် တည်ငြိမ်နေမှု (= စိတ္တေကဂ္ဂတာ) ၏ အကြောင်းရင်းစစ်ဖြစ်သော မပြုလုပ်ရသေးသော ပထဝီကသိုဏ်းဝန်း စသော ကသိုဏ်းနိမိတ်ကို ပြုလုပ်ရန် ကျွမ်းကျင်လိမ္မာခြင်းသည် ကရဏကောသလ္လ မည်၏။

၂။ ဘာဝနာကောသလ္လ ---- ပြုလုပ်အပ်ပြီးသော ယင်းစိတ္တေကဂ္ဂတာနိမိတ်ကို (ပဋိဘာဂနိမိတ် + သမထ နိမိတ်ကို) ဖြစ်စေခြင်း ပွားစေခြင်း၌ ကျွမ်းကျင်လိမ္မာခြင်းသည် ဘာဝနာကောသလ္လ မည်၏။ ပြုလုပ်အပ်ပြီး သော ပထဝီကသိုဏ်း စသော ကသိုဏ်းနိမိတ်ကို အရပ်ဆယ်မျက်နှာသို့ တိုင်အောင် အနန္တစကြဝဠာသို့ တိုင် အောင် ဖြန့်ကြက်နိုင်မှုသည် ကသိုဏ်းပဋိဘာဂနိမိတ်ဟူသော စိတ္တေကဂ္ဂတာနိမိတ်ကို ပွားစေခြင်း ဘာဝနာ ကောသလ္လပင် ဖြစ်၏။ ကသိုဏ်းနိမိတ်များကား နိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် စိတ္တဘာဝနာ ဝေပုလ္လတ္ထ (ဝိသုဒ္ဓိ၊၁၊၁၄၇) = ဘာဝနာစိတ်သည် အပ္ပနာစျာန်သို့ တိုင်အောင် ပြန့်ပြောစည်ပင်ခြင်းသို့ ရောက်ရှိသွားမည် ဖြစ်ပေသည်။ (သို့သော် အာနာပါနပဋိဘာဂနိမိတ်ကိုကား တိုးပွားအောင် မပြုလုပ်ကောင်းပေ။ နောက်တွင် ထင်ရှားလတ္တံ့။)

ရှေးရှေးသော စိတ္တေကဂ္ဂတာ အမည်ရသော သမာဓိ (= သမထ) နိမိတ်ကိုလည်း တိုးပွားအောင် ပြုလုပ် ခြင်း၌ လိမ္မာကျွမ်းကျင်မှု ရှိခြင်းသည်လည်း ဘာဝနာကောသလ္လပင် မည်ပေသည်။

၃။ ရက္ခဏကောသလ္လ ---- ကသိုဏ်းနိမိတ်ကို အာရုံယူ၍ ပွားနေသော ကသိဏဘာဝနာ, အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံယူ၍ ပွားနေသော အာနာပါနဿတိသမာဓိဘာဝနာ စသော ဘာဝနာ၏ စွမ်းအားကြောင့် ရရှိ လာသော စိတ္တေကဂ္ဂတာနိမိတ် အမည်ရသော ပဋိဘာဂနိမိတ်နှင့် သမထနိမိတ်ကို စောင့်ရှောက်ခြင်း၌ ကျွမ်းကျင် လိမ္မာမှု ရှိခြင်းသည် ရက္ခဏကောသလ္လ မည်၏။ ထို ရက္ခဏကောသလ္လကို ဤအပ္ပနာကောသလ္လပိုင်း၌ နိမိတ္တ ကောသလ္လဟု အလိုရှိအပ်ပေသည်။ ကရဏကောသလ္လ, ဘာဝနာကောသလ္လတို့ကား ရှေးမဆွကပင် ပြီးစီးပြီး ဖြစ်သောကြောင့်တည်း။

ဤ အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ချက်အရ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိထူထောင်နေသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း, အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမူနေသော အာနာပါနဿတိသမာဓိ ဟူသော သမထနိမိတ်ကိုလည်းကောင်း မပျောက်ပျက်အောင် အရှည်ခိုင်ခံ့ တည်တံ့အောင် ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ လိုပေ သည်။ ထိုသို့ စောင့်ရှောက်မှု၌ ကျွမ်းကျင်လိမ္မာမှု ရှိအောင် မည်သို့ ပြုကျင့်ရမည်နည်းဟု မေးမြန်းရန် ရှိ၏။ ဣန္ဒြေငါးပါး ညီမျှအောင် ကျင့်ခြင်းနှင့် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ခြင်းတို့သည်ကား ယင်းအာနာပါန ပဋိဘာဂနိမိတ်နှင့် သမထ နိမိတ်တို့၏ မပျောက်ပျက်ရေး အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် အရေးကြီးဆုံးသော လိုအပ်ချက်များပင် ဖြစ်ကြပေသည်။ ဣန္ဒြေငါးပါး ညီမျှအောင် ကျင့်ပုံကို အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ ယခုတစ်ဖန် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

၄။ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ

၄။ စိတ်ဓာတ်ကို မြှင့်တင်ပေးပါ

ကထဉ္စ ယသ္မိံ သမယေ စိတ္တံ ပဂ္ဂဟေတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ ပဂ္ဂဏှာတိ? ယဒါဿ အတိသိထိလဝီရိယတာဒီဟိ လီနံ စိတ္တံ ဟောတိ၊ တဒါ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂါဒယော တယော အဘာဝေတွာ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂါဒယော ဘာဝေတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၇။)

= အဘယ်သို့ စိတ်ကို ချီးပင့်ပေးသင့်ရာအခါ (= စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်ရာ အခါ) ၌ စိတ်ကို ချီးပင့် ပေးသည်မည်သနည်း? (= စိတ်ဓာတ်ကို မြှင့်တင်ပေးသည် မည်သနည်း?) -- ဗောဇ္ဈင် (၇)ပါးတို့တွင် ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကား တစ်အုပ်စု၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကား တစ်အုပ်စု ဤသို့အားဖြင့် အုပ်စု နှစ်စု ရှိနေပေသည်။ အကြင်အခါ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် ----

၁။ အလွန်လျော့လွန်းသော ဝီရိယရှိခြင်း,

၂။ ဘာဝနာလုပ်ငန်းခွင်၌ နှစ်သက်ဝမ်းမြောက်မှု ပီတိပါမောဇ္ဇတရားများ၏ အလွန်လျော့လွန်းနေခြင်း,

၃။ သံဝေဂဉာဏ်တို့၏ အလွန်အားပျော့နေခြင်း ----

ဤအကြောင်းတရားများကြောင့် ဘာဝနာစိတ်သည် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) ဘာဝနာ အာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲ၍ ကျရောက်နေ၏၊ ထိုသို့ စိတ်ဓာတ်များ အလွန် ကျဆင်းနေသောအခါ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသော ဗောဇ္ဈင်တရား သုံးပါးတို့ကို မပွားများမူ၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါး တို့ကို ပွားများပေးပါ။ (ဝိသုဒ္ဓိ၊၁၊၁၂၇။)

အဂ္ဂိသုတ္တန် ကောက်နုတ်ချက်

အဂ္ဂိသုတ္တန် ကောက်နုတ်ချက်

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ယောက်ျားတစ်ဦးသည် အနည်း ငယ်သော မီးကို တောက်စေလိုသည် ဖြစ်လေရာ၏။ ထိုယောက်ျားသည် ထိုအနည်းငယ်သော မီး၌ မြက်စိုတို့ကို မူလည်း ထည့်ပေးလေရာ၏၊ နွားချေးစိုတို့ကိုမူလည်း ထည့်ပေးလေရာ၏၊ ထင်းစိုတို့ကိုမူလည်း ထည့်ပေးလေ ရာ၏၊ ရေနှင့်ရောသော လေကိုမူလည်း ကပ်၍ မှုတ်ပေးလေရာ၏၊ မြေမှုန့်ဖြင့်မူလည်း ကြဲလောင်းပေးလေရာ၏။ ရဟန်းတို့ ...ထိုယောက်ျားသည် အနည်းငယ်သော မီးကို တောက်စေအံ့သောငှာ ထိုက်တန်ပါအံ့လောဟု မေးတော်မူ၏။

မြတ်စွာဘုရား ...ဤသို့ အနည်းငယ်သော မီးကို တောက်လောင်စေခြင်းသည် မထိုက်သည်သာ ဖြစ်ပါ သည်ဟု လျှောက်ထားကြကုန်၏။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် အကြင်အခါ ထိုယောဂါဝစရရဟန်းတော်၏ ဘာဝနာစိတ်သည် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏ (= ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲ ကျရောက်နေ၏)။ ထိုကဲ့သို့သော အချိန်အခါမျိုး၌ ----

၁။ ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားကို ပွားများဖို့ရန် သင့်သောအခါ မဟုတ်။

၂။ သမာဓိသမ္ဗောဇ္ဈင်တရားကို ပွားများဖို့ရန် သင့်သောအခါ မဟုတ်။

၃။ ဥပေက္ခာသမ္ဗောဇ္ဈင်တရားကို ပွားများဖို့ရန် သင့်သောအခါ မဟုတ်။

ထိုသို့ ပွားသင့်သော အချိန်အခါ မဟုတ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူကား ရဟန်းတို့ ဘာဝနာစိတ်သည် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကော သဇ္ဇဘက်သို့ ယိုင်လဲကျရောက်နေ၏။ ထိုသို့ တွန့်ဆုတ်နေသော ကျဆင်းနေသော စိတ်ဓာတ်ကို ထိုပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားတို့က ထစေခြင်းငှာ မစွမ်းနိုင် ဖြစ်နေ၏။

ရဟန်းတို့ ...စင်စစ်သော်ကား အကြင်အခါ၌ ဘာဝနာစိတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲကျရောက်နေ၏ (စိတ်ဓာတ်ကျဆင်းနေ၏)။ ထိုကဲ့သို့သော အချိန်အခါမျိုး၌

၁။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများဖို့ရန် လျော်လျောက်ပတ် ကောင်းမြတ်သော အခါကာလပေတည်း။

၂။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများဖို့ရန် လျော်လျောက်ပတ် ကောင်းမြတ်သော အခါကာလပေတည်း။

၃။ ပီတိသမ္ဗောဇ္ဈင်ကို ပွားများဖို့ရန် လျော်လျောက်ပတ် ကောင်းမြတ်သော အခါကာလပေတည်း။

ထိုသို့ပွားသင့်သော အချိန်အခါကာလဟုတ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူကား ရဟန်းတို့ ဘာဝနာစိတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏၊ ပျင်းရိခြင်း ကောသဇ္ဇဘက်သို့ ယိုင်လဲ ကျရောက်နေ၏ (စိတ်ဓာတ်ကျဆင်းနေ၏)။ ထိုတွန့်ဆုတ်နေသော ကျဆင်းနေသော စိတ်ဓာတ်ကို ထို ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားတို့က လွယ်လွယ်ကူကူ ထစေနိုင်၏။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ---- ယောကျ်ားတစ်ဦးသည် အနည်းငယ်သော မီးကို တောက်စေလိုသည် ဖြစ်လေရာ၏။ ထိုယောက်ျားသည် ထိုအနည်းငယ်သော မီး၌ မြက်ခြောက်တို့ကိုမူလည်း ထည့်ပေးလေရာ၏၊ နွားချေးခြောက်တို့ကိုမူလည်း ထည့်ပေးလေရာ၏၊ ထင်းခြောက် တို့ကိုမူလည်း ထည့်ပေးလေရာ၏၊ ပါးစပ်ဖြင့် ရေမပါသော လေကိုလည်း မှုတ်ပေးလေရာ၏၊ မြေမှုန့်ဖြင့်လည်း မကြဲလောင်းလေရာ။ ရဟန်းတို့ ...ထိုယောက်ျားသည် အနည်းငယ်သော မီးကို တောက်စေခြင်းငှာ ထိုက်တန် ပါအံ့လောဟု မေးတော်မူ၏။

မြတ်စွာဘုရား ...ဤသို့ ဟောတော်မူတိုင်း အနည်းငယ်သော မီးကို တောက်စေခြင်းငှာ ထိုက်တန် ပါသည်ဘုရားဟု လျှောက်ထားကြကုန်၏။ (သံ၊၃၊၉၉။ အဂ္ဂိသုတ္တန်။)

အာဟာရသုတ္တန် ကောက်နုတ်ချက်

အာဟာရသုတ္တန် ကောက်နုတ်ချက်

ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များကျဆင်းနေသောအခါ ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိ သမ္ဗောဇ္ဈင်တရားသုံးပါးတို့ကို ပွားများရမည် ဖြစ်သဖြင့် ထိုဗောဇ္ဈင်တရားများ ဖြစ်ပွားလာအောင် ထိုဗောဇ္ဈင် တရားတို့၏ တည်ရာအာရုံနှင့် ဆိုင်ရာအကြောင်းတရားတို့ကို ပွားများပေးရမည် ဖြစ်သည်။ သို့အတွက် ဤတွင် အာဟာရသုတ္တန်ကောက်နုတ်ချက်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

အတ္ထိ ဘိက္ခဝေ သတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာ၊ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ၊၃၊၆၀၊၉၁။)

အတ္ထိ ဘိက္ခဝေ ကုသလာကုသလာ ဓမ္မာ သာဝဇ္ဇာနဝဇ္ဇာ ဓမ္မာ ဟီနပ္ပဏီတာ ဓမ္မာ ကဏှသုက္ကသပ္ပဋိဘာဂါ ဓမ္မာ။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ၊၃၊၆၀၊၉၁။)

အတ္ထိ ဘိက္ခဝေ အာရမ္ဘဓာတု နိက္ကမဓာတု ပရက္ကမဓာတု။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ၊၃၊၆၀၊၉၂။)

အတ္ထိ ဘိက္ခဝေ ပီတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာ၊ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရိယာ။ (သံ၊၃၊၆၀၊၉၂။)

သတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာတိ သတိယာ အာရမ္မဏဓမ္မာ သတ္တတိံသ ဗောဓိပက္ခိယာ စ နဝ လောကုတ္တရဓမ္မာ စ။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရောတိ တတ္ထ ဥပါယမနသိကာရဿ ပုနပ္ပုနံ ကရဏံ။ (သံ၊ဋ္ဌ၊၃၊၁၇၈။)

တတ္ထ သဘာဝသာမညလက္ခဏပဋိဝေဓဝသေန ပဝတ္တမနသိကာရော ကုသလာဒီသု ယောနိသော မနသိကာရော နာမ။ အာရမ္ဘဓာတုအာဒီနံ ဥပ္ပါဒနဝသေန ပဝတ္တမနသိကာရော အာရမ္ဘဓာတုအာဒီသု ယောနိသော မနသိကာရော နာမ။ ပ ။ ပီတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာတိ ပန ပီတိယာ ဧဝ ဧတံ နာမံ။ တဿာပိ ဥပ္ပါဒကမနသိကာရောဝ ယောနိသောမနသိကာရော နာမ။ (ဝိသုဒ္ဓိ၊၁၊၁၂၈။)

ပဝတ္တမနသိကာရောတိ ကုသလာဒီနံ တံတံသဘာဝလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နဇဝနစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ယောနိသော မနသိကာရောတိ ဝုတ္တော။ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ။ ရုပ္ပနလက္ခဏာဒိကမ္ပိ ဣဓ သာမညလက္ခဏေနေဝ သင်္ဂဟိတန္တိ ဒဋ္ဌဗ္ဗံ။ (မဟာဋီ၊၁၊၁၅၅-၁၅၆။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

ရဟန်းတို့ ...မဖြစ်ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန်, ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံလာစေရန် အကြောင်းတရား ကား အဘယ်နည်း ----

ရဟန်းတို့ ...သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံဖြစ်ကြကုန်သော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး တို့သည်လည်းကောင်း, လောကုတ္တရာတရားကိုးပါးတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုတရားတို့၌ သင့်လျော် သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု (= ယောနိသောမနသိကာရ)ကို ကြိမ်ဖန်များ စွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန်, ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီး ပြည့်စုံလာစေရန် အကြောင်းတရားတည်း။

ရဟန်းတို့ ...ကုသိုလ် အကုသိုလ်တရား, အပြစ်ရှိ အပြစ်မဲ့တရား, အယုတ်အမြတ်တရား, အကျိုးတူ အဖို့ရှိသည့် အမည်း-အဖြူ ဖြစ်သော တရားတို့သည် ရှိကြကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် ဟုတ် မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန်, ဖြစ်ပေါ်ပြီးသော ဓမ္မ ဝိစယသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီး ပြည့်စုံလာစေရန် အကြောင်း တရားတည်း။

ရဟန်းတို့ ...လက်မွန်အစ ကြိုးစားအားထုတ်မှု အာရမ္ဘဓာတ်, ပျင်းရိခြင်းမှ ထွက်မြောက်သော ကြိုးစား အားထုတ်မှု နိက္ကမဓာတ်, တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်အောင် အဆင့်ဆင့် ကြိုးစားအားထုတ်မှု ပရက္ကမဓာတ်ဟူသော ဝီရိယတို့သည် ရှိကြကုန်၏။ ထိုဓာတ်သုံးပါးတို့၌ သင့်လျော်သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော ဝီရိယသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင် တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီး ပြည့်စုံလာစေရန် အကြောင်းတရားတည်း။

ရဟန်းတို့ ...ပီတိသမ္ဗောဇ္ဈင်တရား၏ တည်ရာအာရုံ ဖြစ်ကြကုန်သော တရားတို့သည် ရှိကြကုန်၏။ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရ ကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်ပြီးသော ပီတိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံလာစေရန် အကြောင်းတရားတည်း။

သတိသမ္ဗောဇ္ဈင်

သတိသမ္ဗောဇ္ဈင်

အထက်ပါ ဘုရားရှင်၏ ညွှန်ကြားတော်မူချက်အရ ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များ ကျဆင်းနေသော အခါ ဓမ္မဝိစယ-ဝီရိယ-ပီတိဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကို ပွားများပေးရမည် ဖြစ်သည်။ ထိုဗောဇ္ဈင်တရား သုံးပါးကို ပွားများရာ၌ သတိသမ္ဗောဇ္ဈင်၏ အကူအညီကိုကား လိုအပ်နေမည်သာ ဖြစ်ပေသည်။ သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံတို့ကို ဗောဓိပက္ခိယတရား (၃၇)ပါးနှင့် လောကုတ္တရာတရား (၉)ပါးတို့ ဖြစ်ကြောင်းကို (သံ၊ဋ္ဌ၊၃၊၁၇၈) တွင် ဖွင့်ဆိုထားပေသည်။

ယခု ရေးသားနေဆဲဖြစ်သော အပိုင်းကား အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိ ထူထောင် နေသည့် သမထပိုင်းနှင့် ဆက်စပ်၍ အပ္ပနာကောသလ္လတရားကို ဖွင့်ဆိုနေရာအပိုင်း ဖြစ်ပေသည်။ သို့အတွက် လောကုတ္တရာတရားတို့ကို သတိ၏ တည်ရာအာရုံစာရင်းမှ ခေတ္တဖယ်ထားပါ။ ဗောဓိပက္ခိယတရား (၃၇)ပါး တို့တွင် သတိပဋ္ဌာန်လေးပါးကို ပြည့်ပြည့်စုံစုံ ပွားများနိုင်ပါက ဗောဓိပက္ခိယတရား (၃၇)ပါးတို့ ပြည့်စုံလာမည် ဖြစ်ကြောင်းကို (မ၊၃၊၁၂၇။) အာနာပါနဿတိသုတ္တန် စသည်တို့၌ ဟောကြားထားတော်မူပေသည်။ သို့အတွက် သတိပဋ္ဌာန်လေးပါးကို ဦးတည်၍ ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည်။

သတိပဋ္ဌာန်လေးပါးတို့တွင် သတိ၏ တည်ရာအာရုံမှာ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟု လေးမျိုးပြား၏။ ယင်း လေးမျိုးတို့အနက် ကာယာနုပဿနာ သတိပဋ္ဌာန်ကျင့်စဉ်ပိုင်းတွင် ယခုရေးသားနေဆဲဖြစ်သော အာနာပါန ကျင့်စဉ်ကိုလည်း သတိ၏ တည်ရာအာရုံ ကမ္မဋ္ဌာန်းတစ်ခုအဖြစ် ထည့်သွင်း၍ ဟောကြားထားတော်မူပေသည်။ ယခုအပိုင်းကား ဝိပဿနာပိုင်း မဟုတ်သေးသဖြင့် သမထပိုင်းသာ ဖြစ်နေသေးသဖြင့် သမာဓိထူထောင်ပုံအပိုင်း ကိုသာ ကွက်၍ တင်ပြအပ်ပါသည်။

အာနာပါနလုပ်ငန်းပိုင်းတွင် ----

၁။ ပကတိသော ဝင်သက်လေ-ထွက်သက်လေသည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံပင် ဖြစ်သည်။

၂။ ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အမှီပြု၍ ဘာဝနာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ်ဟူသော အာနာပါနနိမိတ်သည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံပင် ဖြစ်သည်။

၃။ ပကတိသော ဝင်သက်လေ-ထွက်သက်လေကိုပင် အမှီပြု၍ ဘာဝနာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ်မှ တစ်ဆင့် ကူးပြောင်းလာသော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂ နိမိတ်သည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံပင် ဖြစ်သည်။

[မှတ်ချက် ---- ရုပ်-ဝေဒနာ-စိတ္တ-ဓမ္မ- ဟူသော ပရမတ်တရားတို့သည်လည်း သတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဓမ္မများပင်ဖြစ်ကြသည်။ သို့သော် ယင်းပရမတ်တရားတို့မှာ ဝိပဿနာပိုင်းနှင့် ဆိုင်ပေသည်။]

ဤအပိုင်းတွင်ကား ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကို အမှတ်ရနေခြင်းသဘော, မမေ့ပျောက်ခြင်း သဘော, သိမ်းဆည်းတတ်သော သဘောသည် သတိသမ္ဗောဇ္ဈင် မည်ပေသည်။ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံကို ကြိမ်ဖန်များစွာ အမှတ်ရနေခြင်း ကြိမ်ဖန်များစွာ သိမ်းဆည်းနေခြင်းသည် သတိသမ္ဗောဇ္ဈင်တရားကို ပွားများနေသည်ပင် မည်ပေသည်။ သတိသမ္ဗောဇ္ဈင်၏ တည်ရာအာရုံ၌ သင့်လျော်သောအားဖြင့် ဟုတ်မှန်သော အကြောင်းအားဖြင့် နှလုံးသွင်းမှု ယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းပင် ဖြစ်ပေသည်။

ဓမ္မဝိစယ သမ္ဗောဇ္ဈင်

ဓမ္မဝိစယ သမ္ဗောဇ္ဈင်

၁။ ကုသိုလ် အကုသိုလ်စသော ပရမတ္ထဓမ္မဟူသမျှတို့၌ --- ကုသိုလ်တရားတို့၏ အပြစ်မရှိခြင်း ကောင်းသော အကျိုးကို ပေးခြင်း (= အနဝဇ္ဇသုခဝိပါက) လက္ခဏာ, အကုသိုလ်တရားတို့၏ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်း သော အကျိုးကိုပေးခြင်း (= သာဝဇ္ဇဒုက္ခဝိပါက) လက္ခဏာ, ဖဿ၏ အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ဖုသနလက္ခဏာ, ပထဝီဓာတ်၏ ခက်မာခြင်း ကက္ခဠတ္တလက္ခဏာ -- ဤသို့စသော ပရမတ္ထဓာတ်သား အသီးအသီးတို့၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာကို ထိုးထွင်းသိမြင်သည်၏အစွမ်းဖြင့် ဖြစ်ပေါ် လာသော ယင်းသဘာဝလက္ခဏာကို နှလုံးသွင်းမှု ရှုပွားမှုဟူသော သေက္ခပုထုဇန်ပုဂ္ဂိုလ်များ၏ မနောဒွါရာဝဇ္ဇန်း နှင့် တကွသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်, ရဟန္တာပုဂ္ဂိုလ်များ၏ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော မဟာကြိယာဇောဝီထိ စိတ်အစဉ်များသည် ယောနိသောမနသိကာရ မည်၏။

၂။ ရုပ်တရားအားလုံးတို့၏ ရှေးရှေးရုပ်အစဉ်နှင့် မတူသော နောက်နောက်သော ရုပ်အစဉ်တို့၏ ဖြစ်ခြင်း ဟူသော ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာ, နာမ်တရားအားလုံးတို့၏ ဆိုင်ရာ ဆိုင်ရာ ထိုထိုအာရုံသို့ ညွတ်ကိုင်းရှိုင်းခြင်းဟူသော နမနသဘောလက္ခဏာ ---- ဤသဘောလက္ခဏာတို့ကား ရုပ်တရားအားလုံး နာမ် တရားအားလုံးနှင့် သက်ဆိုင်နေသောကြောင့် အများဆိုင် သာမညလက္ခဏာများပင် ဖြစ်ကြသည်။

တစ်ဖန် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းပရမတ်တရားတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ ဖြစ်နေခြင်းကြောင့် အကျိုး ရုပ်-နာမ်-ပရမတ်တရားတို့သည်လည်း အနိစ္စ- ဒုက္ခ-အနတ္တသာ ဖြစ်နေကြရ၏။ ယင်း ပရမတ်တရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာဟူသော အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ သုံးပါးတို့သည် ကြောင်း-ကျိုး-ရုပ်-နာမ် = သင်္ခါရတရားအားလုံးတို့နှင့် သက် ဆိုင်နေသောကြောင့် အများဆိုင် သာမညလက္ခဏာများပင် ဖြစ်ကြသည်။ ယင်းသာမညလက္ခဏာတို့ကို ထိုးထွင်း သိမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ယင်းသာမညလက္ခဏာတို့ကို နှလုံးသွင်းမှုဟူသော မနောဒွါရာ ဝဇ္ဇန်းနှင့် တကွသော မဟာကုသိုလ် (မဟာကြိယာ) ဇောဝီထိစိတ်အစဉ်သည်လည်း ယောနိသောမနသိကာရပင် မည်၏။

ဤဖော်ပြပါ ပရမတ်တရားတို့၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို နှလုံးသွင်းမှုဟူသော ယောနိသောမနသိကာရကား အထူးသဖြင့် ဝိပဿနာပိုင်းနှင့် ဆိုင်၏။ အထူးသဖြင့်ဟု ဆိုခြင်းမှာ စတုဓာတု ဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းစသည့် အချို့သော သမထကမ္မဋ္ဌာန်းတို့သည်လည်း ပရမတ်ကိုပင် အာရုံယူ၍ သမာဓိထူထောင်ရသော သမထကမ္မဋ္ဌာန်းများ ဖြစ်ကြသဖြင့် အထူးသဖြင့်ဟု ဆိုခြင်းဖြစ်သည်။ ယခု ရေးသားနေဆဲဖြစ်သော အာနာပါနပိုင်း၌ကား ----

၁။ ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသော အာနာပါနနိမိတ်,

၂။ ယင်း ပကတိ ဝင်သက်လေ-ထွက်သက်လေကို အမှီပြု၍ ဖြစ်ပေါ်လာသော (ပရိကမ္မနိမိတ်) ဥဂ္ဂဟနိမိတ်,

၃။ ထိုဥဂ္ဂဟနိမိတ်မှ တစ်ဆင့်မြင့်လာသော ပဋိဘာဂနိမိတ် ----

ဤသုံးမျိုးသော နိမိတ်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် အစီအစဉ်အတိုင်း နှလုံးသွင်းမှုသည်ပင် ယောနိသော မနသိကာရ မည်ပေသည်။ အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိမြင်သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ယင်းအာနာပါနပဋိဘာဂနိမိတ်ကို နှလုံးသွင်းရှုပွားနေသော မနောဒွါရာဝဇ္ဇန်းနှင့် တကွသော မဟာကုသိုလ် (မဟာကြိယာ) ဇောဝီထိ စိတ္တုပ္ပါဒ်အစဉ်သည် ဤအာနာပါနသမထပိုင်း၌ ယောနိသော မနသိ ကာရပင် မည်၏။ ယင်းယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းသည် မဖြစ်ပေါ်လာသေး သော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား၏ ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်လာပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား၏ ဘာဝနာဉာဏ် ပြည့်စုံလုံလောက်သည်တိုင်အောင် ကြီးပွားတိုးတက်ရန် အတွက်ပင် ဖြစ်ပေသည်။ တစ်နည်း ဆိုရသော် ယင်းယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ နေခြင်းပင် ဖြစ်ပေသည်။ [ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာတို့ကို ထိုးထွင်းသိနေသော ဇောစိတ္တုပ္ပါဒ်သည်သာလျှင် ယောနိသောမနသိကာရအစစ်ဖြစ်၏။ သို့သော် ယင်းဇော၏ရှေး၌ ကပ်လျက်ရှိသော မနောဒွါရာဝဇ္ဇန်းသည်လည်း ဇောယူသည့် အာရုံကိုပင် နှလုံးသွင်းတတ်သော သဘောရှိရကား ဇောနှင့် အလားတူ သည်သာ ဖြစ်၏။ ထို့ကြောင့် ယင်းမနောဒွါရာဝဇ္ဇန်းကိုလည်း ယောနိသောမနသိကာရဟုပင် ခေါ်ဆိုသည်။ (မဟာဋီ၊၁၊၁၅၆။)]

ဝီရိယသမ္ဗောဇ္ဈင်

ဝီရိယသမ္ဗောဇ္ဈင်

သတိသမ္ဗောဇ္ဈင် ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားတို့၏ တည်ရာအာရုံဖြစ်ကြသော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရကြသော ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို ထိုးထွင်းသိမြင်အောင် လက်မွန် အစ ကြိုးစားအားထုတ်မှု ဝီရိယကား အာရမ္ဘဓာတ်မည်၏။ ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိနေခြင်း ကောသဇ္ဇ တရားမှ ထွက်မြောက်နိုင်သည်၏ အဖြစ်ကြောင့် ထို အာရမ္ဘဓာတ် ဝီရိယထက် လွန်ကဲထက်သန်သော ကြိုးစား အားထုတ်မှု လုံ့လဝီရိယကား နိက္ကမဓာတ် မည်၏။ လွန်ကဲကုန် အထူးသဖြင့် လွန်ကဲကုန်သော ဆန့်ကျင်ဘက် တရားမှန်သမျှတို့ကို ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်သော ဝီရိယသည် ထက်မြက်သည်ထက် အထူးသဖြင့် ထက်မြက် သည် စသည့်အဖြစ်သို့ ရောက်ရှိလာ၏။ ထိုဝီရိယမျိုးကား ဆန့်ကျင်ဘက်တရားတို့ကို ဆင့်ကာဆင့်ကာ ကျော်လွှား လွန်မြောက်လျက် မိမိ လိုရာ ပန်းတိုင်သို့ရောက်အောင် တက်ရောက်သွားနိုင်သည့် အတွက်ကြောင့် ထိုနိက္ကမဓာတ် ဝီရိယထက်လည်း လွန်ကဲသန်မြန်၏။ ယင်းနိက္ကမဓာတ် ဝီရိယထက် လွန်ကဲသန်မြန်သော ဝီရိယသည် ပရက္ကမ ဓာတ် မည်၏။ အာရမ္ဘဓာတ်-နိက္ကမဓာတ်-ပရက္ကမဓာတ် ဟူသော ထိုသုံးမျိုးသော ဝီရိယဓာတ်တို့ကို ဖြစ်စေ သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော နှလုံးသွင်းမှုသည် ထိုဓာတ်သုံးပါးတို့၌ ယောနိသောမနသိကာရပင် မည်၏။

ဤရှင်းလင်းချက်ကား အထူးသဖြင့် ဝိပဿနာပိုင်းကို ရည်ညွှန်းထားပါသည်။ ယခု အသင်ယောဂီသူ တော်ကောင်းသည် ကြိုးစားအားထုတ်နေဆဲဖြစ်သော သမထပိုင်း၌ကား ----

၁။ ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသော အာနာပါနနိမိတ်,

၂။ (ပရိကမ္မနိမိတ် ) ဥဂ္ဂဟနိမိတ်,

၃။ ပဋိဘာဂနိမိတ်တို့ကို ----

၁။ လက်မွန်အစ သိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား အာရမ္ဘဓာတ်တည်း။

၂။ ပျင်းရိခြင်း ကောသဇ္ဇတရားကို ကျော်လွှားသွားသော ကြိုးစားအားထုတ်ခြင်း ဝီရိယကား နိက္ကမဓာတ်တည်း။

၃။ ပကတိသော အာနာပါနနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော နိမိတ်တို့ကို အဆင့်ဆင့် ထိုးထွင်း သိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား ပရက္ကမဓာတ်တည်း။ ယင်းဝီရိယဓာတ် သုံးမျိုးတို့ ဖြစ်ပေါ် လာအောင် ပကတိသော အာနာပါနနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်တို့ကို ကြိမ်ဖန်များစွာ နှလုံး သွင်းခြင်းသည် ယောနိသောမနသိကာရပင် ဖြစ်၏။ ယင်းယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော် မဖြစ်ပေါ်လာသေးသော ဝီရိယသမ္ဗောဇ္ဈင်တရားသည်လည်း ဖြစ်ပေါ်လာမည်၊ ဖြစ်ပေါ် လာပြီးသော ဝီရိယသမ္ဗောဇ္ဈင်တရားသည်လည်း ဘာဝနာဉာဏ်၏ ပြည့်စုံလုံလောက်ခြင်းသို့ ရောက်ရှိ သွားပေလိမ့်မည်။ (ဝိသုဒ္ဓိ၊၁၊၁၂၈။ မဟာဋီ၊၁၊၁၅၆ - တို့ကို ကြည့်ပါ။)

ပီတိသမ္ဗောဇ္ဈင်

ပီတိသမ္ဗောဇ္ဈင်

ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော သတိ၏ တည်ရာ အာရုံတို့ကို အာရုံပြု၍ သတိသမ္ဗောဇ္ဈင်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် ကြိုးပမ်းနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကိလေသာ အာမိသမှ ကင်းသော နိရာမိသ အမည်ရသော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားသည် ထင်ရှားဖြစ်ပေါ်လာတတ်၏။ ထိုပီတိသည် သတိသမ္ဗောဇ္ဈင် အမည်ရသော သတိတရား, ဓမ္မ ဝိစယသမ္ဗောဇ္ဈင် အမည်ရသော ပညာတရား, ဝီရိယသမ္ဗောဇ္ဈင် အမည်ရသော ဝီရိယတရား စသည့် ယှဉ်ဖက် စိတ်စေတသိက်သမ္ပယုတ်တရားစုတို့နှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်လာရ၏။

၁။ ထိုရှေးရှေးသော ပီတိသည်လည်းကောင်း,

၂။ ထိုပီတိနှင့် ယှဉ်တွဲဖြစ်သည့် သတိ-ပညာ-ဝီရိယ စသော စိတ်စေတသိက် သမ္ပယုတ်တရားစုသည် လည်းကောင်း ----

ပီတိသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယ ဓမ္မ = နောက်နောက်သော ပီတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ရာဖြစ်ကြောင်းတရားတို့ မည်ကုန်၏။ ထိုတွင် ရှေးရှေးသော ပီတိသမ္ဗောဇ္ဈင်တရားသည် နောက်နောက်သော ပီတိသမ္ဗောဇ္ဈင်တရား၏ ထူးကဲသော အကြောင်းတရား တစ်ခုပင် ဖြစ်ပေသည်။ ထိုပီတိကို သို့မဟုတ် ပီတိနှင့် တကွသော သမ္ပယုတ် တရားစုကို ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်းသည်ပင် ယောနိသောမနသိကာရ မည်၏။ ဖြစ်ပေါ်လာအောင် နှလုံးသွင်းမှု ဟူသည်မှာလည်း သတိ- ဓမ္မဝိစယ-ဝီရိယသမ္ဗောဇ္ဈင်တရားတို့၏ တည်ရာအာရုံဖြစ်သော ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရသော ဘာဝနာအာရုံကို အကြင်သို့သော အခြင်းအရာအားဖြင့် နှလုံးသွင်းနေသော အသင်ယောဂီ သူတော်ကောင်းအား မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်တရားသည် ဖြစ်ပေါ်လာ၏၊ ဖြစ်ပေါ်လာပြီးသော ပီတိသမ္ဗောဇ္ဈင်တရားသည်လည်း တိုးပွားလာ၏။ ထိုကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်သော နှလုံးသွင်းခြင်းသည် ပီတိသမ္ဗောဇ္ဈင်တရားကို သို့မဟုတ် ပီတိသမ္ဗောဇ္ဈင်နှင့် တကွသော သမ္ပယုတ် တရားစုကို ဖြစ်ပေါ်လာအောင် နှလုံးသွင်းခြင်း (= ဥပ္ပါဒကမနသိကာရ) မည်၏။ ယင်းဥပ္ပါဒကမနသိကာရ သည်ပင် ယောနိသောမနသိကာရ မည်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၈။ မဟာဋီ၊၁၊၁၅၆။ ပြည်၊၁၊၃၄၄-၃၄၅။)

အထူးသဖြင့် ယခုတင်ပြနေသော အပိုင်းကား အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ပီတိသမ္ဗောဇ္ဈင် ဖြစ်ပုံကို တင်ပြရမည့်အပိုင်း ဖြစ်ပေသည်။ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သတိ-ဓမ္မဝိစယ-ဝီရိယသမ္ဗောဇ္ဈင်တရားတို့ ထင်ရှားဖြစ်ပေါ်လာအောင် ကြိုးစားနေသည်ဖြစ်ရာ ထိုသို့ကြိုးပမ်းရာ၌ မည်သို့ ကြိုးပမ်းပါက ပီတိသမ္ဗောဇ္ဈင်တရား ဖြစ်ပေါ်လာတတ်ပါသနည်းဟု သတိပြုထားပါ။ ထိုပီတိသမ္ဗောဇ္ဈင်တရား ဖြစ်ပေါ်လာနိုင်လောက်သော အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ ကိုပင် ဆက်လက်၍ နှလုံးသွင်းနေပါ။ ယင်းသို့ နှလုံးသွင်းနေခြင်းသည် မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင် တရားကို ဖြစ်ပေါ်လာအောင်, ဖြစ်ပေါ်လာပြီးသော ပီတိသမ္ဗောဇ္ဈင်တရားကို တိုးပွားအောင်နှလုံးသွင်းနေခြင်း ယောနိသောမနသိကာရပင် ဖြစ်သည်။

ယင်းယောနိသောမနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ပါ၊ ကြိမ်ဖန်များစွာ ပွားများပါ။ ကြိမ်ဖန်များစွာ ပွားများထားအပ်သော ယင်းယောနိသောမနသိကာရကား မဖြစ်ပေါ်လာသေးသော ပီတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ပေါ်လာရန်, ဖြစ်ပေါ်လာပြီးသော ပီတိသမ္ဗောဇ္ဈင်တရား၏ တိုင်းထက်အလွန် တိုးပွားရန်, ဘာဝနာဉာဏ် ပြည့်စုံလာရန် အကြောင်းတရားပင် ဖြစ်ပေသည်။

ဤဆိုအပ်ခဲ့ပြီးသည်ကား ဝီရိယလျော့ရဲမှု ပီတိအားပျော့မှု သံဝေဂဉာဏ်နည်းပါးမှု စသော အကြောင်း တရားများကြောင့် ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များ ကျဆင်းလာသောအခါ စိတ်ဓာတ်မြှင့်တင်ရေးအတွက် ဓမ္မဝိစယ-ဝီရိယ-ပီတိဟူသော ဗောဇ္ဈင်တရား သုံးပါးတို့ကို ပွားများရန် ညွှန်ကြားချက်များပင် ဖြစ်သည်။ သို့သော် ယင်းဗောဇ္ဈင်တရား သုံးပါးတို့ကို ပွားများရေးမှာ သတိမပါဘဲ ပွားများမှု မဖြစ်နိုင်သဖြင့် သတိသမ္ဗောဇ္ဈင်ကိုပါ ထည့်သွင်း၍ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဤဗောဇ္ဈင်တရား ပွားများပုံမှာ ပါဠိတော်နည်းသက်သက် ဖြစ်ပါသည်။ အဋ္ဌကထာများ၌ ဗောဇ္ဈင်ဖြစ်ကြောင်းတရားများကိုလည်း တစ်နည်း ဖွင့်ဆိုထားကြပေသည်။ ယင်းအဋ္ဌကထာ နည်းများကို ယခုအခါတွင် ဆက်လက်၍ တင်ပြအပ်ပါသည်။

သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၄) ပါး

သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၄) ပါး

အပိစ စတ္တာရော ဓမ္မာ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ သတိသမ္ပဇညံ မုဋ္ဌဿတိပုဂ္ဂလပရိဝဇ္ဇနတာ ဥပဋ္ဌိတဿတိပုဂ္ဂလသေဝနတာ တဒဓိမုတ္တတာတိ။ (မ၊ဋ္ဌ၊၁၊၂၉၄။ ဒီ၊ဋ္ဌ၊၂၊၃၇၆။ သံ၊ဋ္ဌ၊၃၊၁၉၃။)

၁။ သတိသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံခြင်း,

၂။ သတိလက်လွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း,

၃။ သတိကပ်၍ တည်နေသော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း,

၄။ ထိုသတိသမ္ဗောဇ္ဈင်ဖြစ်ရန်အတွက် နှလုံးသွင်း ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ----

ဤ လေးပါးတို့ကား သတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများပင် ဖြစ်ကြသည်။

၁။ သတိသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံခြင်း ---- မဟာသတိပဋ္ဌာနသုတ္တန် သမ္ပဇဉ်ပိုင်း (မ၊၁၊၇၂။)၌ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ----

က။ ေ့ရှသို့တက်ခြင်း နောက်သို့ဆုတ်ခြင်း,

ခ။ တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း,

ဂ။ ကွေးခြင်း ဆန့်ခြင်း,

ဃ။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ခြင်း,

င။ စားခြင်း သောက်ခြင်း ခဲခြင်း လျက်ခြင်း,

စ။ ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်း,

ဆ။ အနုစား သွားခြင်း-ရပ်ခြင်း-ထိုင်ခြင်း-အိပ်ပျော်ခြင်း-နိုးလာခြင်း-စကားပြောဆိုခြင်း-စကားမပြော ဆိတ်ဆိတ်နေခြင်း ----

ဤ (၇)ဌာနတို့၌ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ပွားများအားထုတ်ခြင်း ရှိရမည်။ သမ္ပဇဉ်ပိုင်း ရှုကွက်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် အစီအစဉ်တကျ ရှုပွားနိုင်ရမည်ဟု ဆိုလိုသည်။

သမ္ပဇဉ် လေးမျိုး

သမ္ပဇဉ် လေးမျိုး

သာတ္ထကသမ္ပဇဉ် သပ္ပါယသမ္ပဇဉ် ဂေါစရသမ္ပဇဉ် အသမ္မောဟသမ္ပဇဉ်ဟု သမ္ပဇဉ် လေးမျိုး ရှိ၏။ (မ၊ဋ္ဌ၊၁၊၂၅၈။)

၁။ သာတ္ထကသမ္ပဇဉ် ----

ေ့ရှသို့တက်ခြင်း စသည့် ထိုထိုသမ္ပဇဉ် ဆိုင်ရာ ရှုကွက်တို့၌ ရှေသို့ တက်ခြင်း စသည်တို့ကို ပြုလုပ်ရာဝယ် စိတ်၏ အလိုအတိုင်း မပြုသေးဘဲ အကျိုးရှိမရှိကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးမှ အကျိုးရှိသည်ကိုသာ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ခြင်းသည် သာတ္ထကသမ္ပဇဉ် မည်၏။ (မ၊ဋ္ဌ၊၁၊၂၅၈။)

၂။ သပ္ပါယသမ္ပဇဉ် ----

အကျိုးရှိ၍ ေ့ရှသို့ တက်ခြင်း စသည်ကို ပြုလုပ်ရာ၌ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာများ ဖြစ်ခွင့်ရှိနေသော်, အသက်၏ အန္တရာယ် သီလ-သမာဓိ-ပညာ ဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၏ အန္တရာယ် ရှိနေခဲ့သော် အသပ္ပါယ ဖြစ်၍ မရှိခဲ့သော် သပ္ပါယ ဖြစ်၏။ ယင်း သပ္ပါယ-အသပ္ပါယ တော်-မတော်ကို စူးစမ်း ဆင်ခြင်လျက် သင့်တော်သည်ကိုသာ ပိုင်းခြားယူတတ်သော ဉာဏ်သည် သပ္ပါယသမ္ပဇဉ် မည်၏။

၃။ ဂေါစရသမ္ပဇဉ် ----

ဧဝံ ပရိဂ္ဂဟိတသာတ္ထသပ္ပါယဿ ပန အဋ္ဌတိံသာယ ကမ္မဋ္ဌာနေသု အတ္တနော စိတ္တရုစိတကမ္မဋ္ဌာနသင်္ခါတံ ဂေါစရံ ဥဂ္ဂဟေတွာ ဘိက္ခာစာရဂေါစရေ တံ ဂဟေတွာ ဂမနံ ဂေါစရသမ္ပဇညံ နာမ။ (မ၊ဋ္ဌ၊၁၊၂၅၉။)

ဤသို့ သိမ်းဆည်းအပ်ပြီးသော ဉာဏ်ဖြင့် ပိုင်းခြားယူအပ်ပြီးသော သာတ္ထကသမ္ပဇဉ် သပ္ပါယသမ္ပဇဉ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် သမထကမ္မဋ္ဌာန်း (၃၈)မျိုးတို့တွင် မိမိ ကြိုက်နှစ်သက်ရာ စိတ်ကြိုက်ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဘာဝနာစိတ်၏ ကျက်စားရာ ဂေါစရကို သင်ယူပြီး၍ ဆွမ်းခံရွာ၌ ထိုကမ္မဋ္ဌာန်းကို ယူ၍ နှလုံးသွင်း၍ သွားခြင်းသည် ဂေါစရသမ္ပဇဉ် မည်၏။ (မ၊ဋ္ဌ၊၁၊၂၅၉။)

အာလောကကသိုဏ်းကို ဩဒါတကသိုဏ်း၌လည်းကောင်း, အာကာသကသိုဏ်းကို အာကာသာနဉ္စာ ယတနစျာန်ပိုင်း အာကာသရှုကွက်၌လည်းကောင်း ထည့်သွင်း၍ (၃၈)မျိုးသော ကမ္မဋ္ဌာန်းဟု ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ဤဖွင့်ဆိုချက်အရ ေ့ရှသို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသော ထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ဌာနတို့၌ ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိစိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုကို ရွေးချယ်၍ ရှုပွားနေလျှင် နှလုံးသွင်းနေလျှင် ဂေါစရ သမ္ပဇဉ် ဖြစ်နေသည်ဟု မှတ်ပါ။ ဤ အပ္ပနာ ကောသလ္လပိုင်း၌ကား အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ ေ့ရှသို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသည်တို့ကို ပြုလုပ်နေပါက ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံနေသည်ပင် မည်ပေ သည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာပိုင်းသို့ ရောက်နေလျှင်ကား အသမ္မောဟ သမ္ပဇဉ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။

၄။ အသမ္မောဟသမ္ပဇဉ် ----

ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန ----

အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။

အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။

ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။)

= ပရမတ္ထသစ္စာအားဖြင့် ပြောဆိုရမူ ---- ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် သွားခြင်း ဖြစ်၏၊ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ရပ်ခြင်း ဖြစ်၏၊ ရုပ်ဓာတ် နာမ်ဓာတ်တို့၏သာလျှင် ထိုင်ခြင်း ဖြစ်၏၊ ရုပ်ဓာတ် နာမ်ဓာတ် တို့၏သာလျှင် အိပ်ခြင်း ဖြစ်၏။ သွားခြင်း-ရပ်ခြင်း-အိပ်ခြင်း-ထိုင်ခြင်းဟူသော ထိုထို ကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ အခြားစိတ်တစ်ခုသည် ချုပ်ပျက်၍ သွား၏၊ အခြားစိတ်တစ်ခုသည် ဖြစ်ပေါ်၍ လာပြန်၏၊ ဤသို့လျှင် မြစ်ရေအလျဉ် တသွင်သွင် စီးဆင်းနေဘိသကဲ့သို့ ရှေးနှင့်နောက် အကြားအလပ် မရှိအောင် အစဉ်မပြတ် ဆက် စပ်လျက် ဖြစ်နေ၏ဟု ေ့ရှသို့တက်ခြင်း စသည်တို့၌ မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဉ် မည်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၆၅။)

ဤအဋ္ဌကထာများ၏ သတ်မှတ်ချက်အရ ေ့ရှသို့တက်ခြင်း စသော ထိုထိုကောဋ္ဌာသတို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိနေလျှင် ယင်းခန္ဓာငါးပါးတို့၏ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့ကို ဟုတ်တိုင်းမှန်စွာ သိနေလျှင် အကြောင်းတရားနှင့် တကွသော ယင်း ခန္ဓာငါးပါးတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ဟုတ်တိုင်းမှန်စွာ သိနေလျှင် အသမ္မောဟသမ္ပဇဉ် ဖြစ်နေပြီဟု မှတ်ပါ။ (မ၊၁၊၇၂-ကြည့်ပါ) ဤကား နံပါတ် (၁) သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားတည်း။

၂။ သတိလက်လွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း ---- ကျီးသည် တစ်ဖက်သော မျက်စိဖြင့် အစာနှင့် ရန်သူ နှစ်မျိုးလုံးကို ကြည့်တတ်၏။ သို့အတွက် ထမင်းခဲကဲ့သို့သော အစာအပေါ်၌ ချထားအပ်သော ကျီးကန်း၏ မျက်စိသည် ထမင်းခဲ၌ စွဲကပ်နေခိုက် နောက်က ရန်သူကို သတိမထားမိ ရှိတတ်၏။ ထင်ရှားပေါ်လွင်သော သတိလွတ်ကင်းသည့် အမူအရာတစ်မျိုး ဖြစ်၏။ သတိသမ္ဗောဇ္ဈင်တရားနှင့် ပြည့်စုံလိုသော သူတော်ကောင်း သည် ထမင်းခဲ၌ ချထားအပ်သော မျက်စိရှိသော ကျီးနှင့် တူကြကုန်သော မတည်ငြိမ်သော စိတ်ဓာတ်ရှိသည့် သတိကင်းလွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။

၃။ သတိကပ်၍ တည်နေသော သူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ခြင်း ---- တိဿဒတ္တမထေရ် အဘယ မထေရ်မြတ်ကြီးတို့နှင့် တူတော်မူကြကုန်သော အချင်းခပ်သိမ်း ထင်သောသတိ ကပ်၍တည်သောသတိ ရှိတော် မူကြကုန်သော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်းသည်လည်း သတိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပွား လာဖို့ရန် အကြောင်းတစ်ရပ်ပင် ဖြစ်ပေသည်။

၄။ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ---- သွားခြင်း-ရပ်ခြင်း-ထိုင်ခြင်း-အိပ်ခြင်းဟူသည့် ထိုထို ဣရိယာ ပုထ်တို့၌ သတိသမ္ဗောဇ္ဈင်တရားထင်ရှား ဖြစ်ပေါ်လာရန်အတွက် ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ် အမြဲရှိရမည်။ သတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ဖြင့် သတိ၏တည်ရာ အာရုံကို အဖန်ဖန် နှလုံး သွင်း ရှုပွားနေရမည်ဟု ဆိုလိုသည်။ ဤ အပ္ပနာကောသလ္လပိုင်း၌ကား အသင်ယောဂီသူတော်ကောင်းသည် အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ----

၁။ မဖြစ်ပေါ်လာသေးသော သတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ပေါ်လာရန်,

၂။ ဖြစ်ပေါ်ပြီးသော သတိသမ္ဗောဇ္ဈင်တရား၏ တိုင်းထက်အလွန် တိုးပွားရန်,

၃။ ဘာဝနာဉာဏ်၏ ပြီးပြည့်စုံလာရန်အတွက် ဦးတည်လျက် နှလုံးသွင်း ရှုပွားနေရမည် ဖြစ်ပေသည်။

ဤကား သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား လေးပါးပင် ဖြစ်သည်။

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇) ပါး

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇) ပါး

အပိစ သတ္တ ဓမ္မာ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ ပရိပုစ္ဆကတာ၊ ဝတ္ထုဝိသဒကိရိယာ၊ ဣန္ဒြိယသမတ္တပဋိပါဒနာ၊ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ၊ ပညဝန္တပုဂ္ဂလသေဝနာ၊ ဂမီ႓ရဉာဏစရိယပစ္စဝေက္ခဏာ၊ တဒဓိမုတ္တတာတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၈။ မ၊ဋ္ဌ၊၁၊၂၉၄။ ဒီ၊ဋ္ဌ၊၂၊၃၇၆။ သံ၊ဋ္ဌ၊၃၊၁၉၃။)

၁။ ပရိပုစ္ဆကတာ = ခန္ဓာအစရှိသည်တို့၌ သက်ဝင်၍ မေးမြန်းတတ်ခြင်း,

၂။ ဝတ္ထုဝိသဒကိရိယာ = အတွင်းအပြင် ဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုခြင်း,

၃။ ဣန္ဒြိယသမတ္တပဋိပါဒနာ = ဣန္ဒြေငါးပါး ညီမျှမှုကို ပြီးစီးစေခြင်း,

၄။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ = ပညာမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း,

၅။ ပညဝန္တပုဂ္ဂလသေဝနာ = ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း,

၆။ ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ = နက်နဲသော ခန္ဓာစသည်တို့၌ ဖြစ်သော ဉာဏ်၏ အထူးအပြားကို ဆင်ခြင် ခြင်း,

၇။ တဒဓိမုတ္တတာ = ထိုဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် စွဲစွဲမြဲမြဲ သက်ဝင်သော စိတ်ထား ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိခြင်း ----

ဤခုနစ်ပါးတို့ကား ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် အကြောင်းတရားတို့ ဖြစ်ကြသည်။

၁။ ပရိပုစ္ဆကတာ ---- ခန္ဓာ-အာယတန-ဓာတ်-ဣန္ဒြေ-ဗိုလ်-ဗောဇ္ဈင်-မဂ္ဂင်-စျာနင်-သမထ-ဝိပဿနာတရား တို့၏ အနက်အဓိပ္ပါယ်ကို မှီသော အကြောင်းအရာကို သက်ဝင်၍ မေးမြန်းခြင်း များသည်၏ အဖြစ်သည် ပရိပုစ္ဆကတာမည်၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟူသည် ခန္ဓာစသော ပရမတ္ထဓမ္မတို့ကို စိစစ်တတ်သော ဉာဏ်ပညာတည်း။ ယင်းဓမ္မဝိစယကား အမောဟအမည်ရသော ပညိန္ဒြေ စေတသိက်ပင်တည်း။ ယင်းဓမ္မ ဝိစယပညာသည် ----

က။ ခန္ဓာစသော ပရမတ္ထဓမ္မတို့၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာကိုလည်း စိစစ်တတ်၏။

ခ။ ယင်းပရမတ္ထဓမ္မတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောကိုလည်း စိစစ်တတ်၏။

ဂ။ အကြောင်းတရားနှင့် တကွသော ယင်းပရမတ္ထဓမ္မတို့၏ အနိစ္စ-ဒုက္ခ-အနတ္တ အခြင်းအရာတို့ကိုလည်း စိစစ်တတ်၏။

ဃ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့ကိုလည်း စိစစ်တတ်၏။

ထိုကြောင့် ခန္ဓာ-အာယတန-ဓာတ်စသည်တို့၏ အနက်အဓိပ္ပါယ်ကို မှီသော အကြောင်းအရာကို သက်ဝင်၍ မေးမြန်းခြင်းသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ တိုးပွားကြောင်းပင် ဖြစ်ပေသည်။ ဤအပ္ပနာကောသလ္လပိုင်း၌ကား သမထပိုင်းသာ ရှိနေသေးသဖြင့် သမထနှင့်ပတ်သက်သော အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်နှင့် ပတ်သက် သော အခြင်းအရာ အကြောင်းအရာနှင့် သမာဓိထူထောင်ပုံ ဣန္ဒြေညီမျှအောင် ကျင်ပုံစသည့် အကြောင်းအရာ များကို မကျွမ်းကျင်ပါက ကျွမ်းကျင်လိမ္မာတော်မူကြသော သူတော်ကောင်းများထံသို့ ချဉ်းကပ်၍ မေးမြန်းရမည် ဖြစ်ပေသည်။

၂။ ဝတ္ထုဝိသဒကိရိယာ = အတွင်းအပြင် ဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုခြင်း,

၃။ ဣန္ဒြိယသမတ္တပဋိပါဒနာ = ဣန္ဒြေငါးပါး ညီမျှမှုကို ပြီးစီးစေခြင်း ----

ဤနှစ်မျိုးကား အမှတ်တစ်နှင့် အမှတ်နှစ် အပ္ပနာကောသလ္လတရားများပင် ဖြစ်သည်။ ပြန်ကြည့်ပါ။

သမာဓိ နှင့် ပညာ

သမာဓိ နှင့် ပညာ

ဝတ္ထုဝိသဒကိရိယာ ဣန္ဒြိယသမတ္တပဋိပါဒနာ သင်္ခေပတော, ဝိတ္ထာရတော စ ပကာသိတာ ဧဝ။ တတ္ထ ပန သမာဓိသံဝတ္တနိယဘာဝေန အာဂတာ၊ ဣဓ ပညာသံဝတ္တနိယဘာဝေန။ ယဒဂ္ဂေန ဟိ သမာဓိသံဝတ္တနိကာ၊ တဒဂ္ဂေန ပညာသံဝတ္တနိကာ သမာဓိဿ ဉာဏပစ္စုပဋ္ဌာနတော။ သမာဟိတော ယထာဘူတံ ပဇာနာတီတိ ဝုတ္တံ။ (မဟာဋီ၊၁၊၁၅၆။)

အတွင်းအပဝတ္ထုတို့ကို သန့်ရှင်းအောင် ပြုခြင်းနှင့် ဣန္ဒြေငါးပါး၏ ညီမျှမှုကို ပြီးစီးစေခြင်းကို အကျဉ်း အားဖြင့်လည်းကောင်း, အကျယ်အားဖြင့်လည်းကောင်း ရှင်းလင်း တင်ပြအပ်ခဲ့ပြီးသည်သာလျှင် ဖြစ်ပေသည်။ အထူးကား ထိုပြခဲ့ပြီးရာဌာန၌ သမာဓိကို ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် လာ၏။ ဤ ဓမ္မဝိစယသမ္ဗောဇ္ဈင် ပိုင်း၌ကား ပညာကို ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် လာရှိပေသည်။ မှန်ပေသည် အကြင်အဖို့အစုအားဖြင့် ထိုတရားနှစ်မျိုးတို့သည် (သန့်ရှင်းမှုနှင့် ဣန္ဒြေညီမျှမှု နှစ်မျိုးတို့သည်) သမာဓိကို ဖြစ်စေတတ်ကုန်၏၊ ထိုအဖို့အစု အားဖြင့် ပညာကိုလည်း ဖြစ်စေတတ်ကုန်၏။ အကြောင်းကား ---- သမာဓိ၏ ဉာဏ်ကို ရှေးရှု ဖြစ်ပေါ်စေတတ် ခြင်းဟူသော ဉာဏ်လျှင် ဖလပစ္စုပဋ္ဌာန် (= အကျိုးပစ္စုပဋ္ဌာန်) ရှိသည်၏ အဖြစ်ကြောင့်တည်း။ တည်ကြည်သော သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏။ (သံ၊၂၊၃၀၂။ သံ၊၃၊၃၆၃) ဟု ဘုရားရှင် ဟောကြားထားတော်မူပေသည်။ (မဟာဋီ၊၁၊၁၅၆။)

၄။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ = ပညာမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း ----

ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ နာမ ခန္ဓာဒိဘေဒေ အနောဂါဠှပညာနံ ဒုမ္မေဓပုဂ္ဂလာနံ အာရကာဝ ပရိဝဇ္ဇနံ။ (မ၊ဋ္ဌ၊၁၊၂၉၆။ ဒီ၊ဋ္ဌ၊၂၊၃၇၈။ သံ၊ဋ္ဌ၊၃၊၁၉၅။)

ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ နာမ ဒုပ္ပညာနံ မန္ဒဗုဒ္ဓီနံ ဘတ္တနိက္ခိတ္တကာက-မံသနိက္ခိတ္တသုနခသဒိသာနံ မောမူဟပုဂ္ဂလာနံ ဒူရတော ပရိစ္စဇနာ။ (မဟာဋီ၊၁၊၁၅၆။)

ထမင်းခဲ၌ ချထားအပ်သောမျက်စိ ရှိသော ကျီးကန်း, အသားတစ်၌ ချထားအပ်သောမျက်စိ ရှိသော ခွေးတို့သည် အစာကိုသာ မြင်၍ တစ်ဘက်က တည်ရှိသော ရန်သူကို သတိမမူမိတတ်ကြပေ။ အစာအပေါ်၌သာ လောဘရမ္မက် စွဲနေတတ်၏၊ ဤသို့ ဖြစ်နေမှုကိုပင် အမှန်ကို မမြင်သည့်အတွက် တွေဝေသည်ဟု ဆိုရ၏။ ဓမ္မ ဝိစယသမ္ဗောဇ္ဈင် ဖြစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ပညာမဲ့ကုန် ပညာနုံ့ကုန်သော ထမင်းခဲ၌ ချထား အပ်သော မျက်စိရှိသော ကျီးကန်း, အသားတစ်၌ ချထားအပ်သော မျက်စိရှိသော ခွေးနှင့် တူကုန်သော အသိ ဉာဏ် နည်းပါး၍ အလွန်တွေဝေနေကုန်သော ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၌ သက်ဝင်တည်နေသောပညာ မရှိကြကုန်သော ပုဂ္ဂိုလ်တို့ကို ဝေးစွာ ရှောင်ကြဉ်ရမည်။

၅။ ပညဝန္တပုဂ္ဂလသေဝနာ = ပညာရှိသူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း,

ပညဝန္တပုဂ္ဂလသေဝနာ နာမ သမပညာသလက္ခဏပရိဂ္ဂါဟိကာယ ဥဒယဗ္ဗယပညာယ သမန္နာဂတပုဂ္ဂလသေဝနာ။ (မ၊ဋ္ဌ၊၁၊၂၉၆။ ဒီ၊ဋ္ဌ၊၂၊၃၇၈။ သံ၊ဋ္ဌ၊၃၊၁၉၅။)

တရုဏဝိပဿနာသမင်္ဂီပိ ဘာဝနာမယဉာဏေ ဌိတတ္တာ ဧကံသတော ပညဝါ ဧဝ နာမ ဟောတီတိ အာဟ သမပညာသ။ ပ ။ ပုဂ္ဂလသေဝနာတိ။ (မ၊ဋီ၊၁၊၃၈၅-၃၈၆။)

ပညဝန္တပုဂ္ဂလသေဝနာ နာမ ပညာယ ကတာဓိကာရာနံ သစ္စပဋိစ္စသမုပ္ပါဒါဒီသု ကုသလာနံ အရိယာနံ, ဝိပဿနာကမ္မိကာနံ ဝါ မဟာပညာနံ ကာလေန ကာလံ ဥပသင်္ကမနံ။ (မဟာဋီ၊၁၊၁၅၆။)

ပဋိသမိ႓ဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၄)နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၊၂၊၂၆၆-၂၆၇-တို့၌ ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းများ လာရှိ၏။ ဥဒယဉာဏ် (၂၅)ပါး, ဝယဉာဏ် (၂၅)ပါး, နှစ်ရပ်ပေါင်းသော် ဥဒယဗ္ဗယ ဉာဏ် (၅၀) ဖြစ်၏။ (အကျယ်ကို ဝိပဿနာပိုင်းတွင် ကြည့်ပါ။) ထိုဥဒယဗ္ဗယဉာဏ်အမြင် (၅၀)နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်ကို တရုဏဝိပဿနာဉာဏ် (= နုနယ်သော ဝိပဿနာဉာဏ်) နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ဟု ခေါ်ဆို၏။ ထိုတရုဏဝိပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသော သူတော်ကောင်းသည်လည်း ဘာဝနာစွမ်းအား ကြောင့် ပြီးစီးလာရသော ဘာဝနာမယဉာဏ်၌ တည်နေသည့်အတွက်ကြောင့် ဧကန်စင်စစ်အားဖြင့် ပညာရှိ မည်သည်သာလျှင် ဖြစ်ပေသည်၊ ဝိပဿနာကမ္မိကပညာရှိ သူတော်ကောင်းစာရင်းတွင် ပါဝင်ပေသည်။ သို့အတွက် ဝိပဿနာပညာ မဂ်ပညာ ဖိုလ်ပညာတို့အတွက် ရည်စူး၍ ဖြည့်ကျင့်ဆည်းပူးအပ်ပြီးသော ဝိဇ္ဇာမျိုးစေ့ကောင်း စရဏမျိုးစေ့ကောင်းဟူသော အဓိကာရ (အထိကရ) ကောင်းမှုကုသိုလ်ထူး ရှိတော်မူကြကုန်သော သစ္စာလေးပါး, ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား စသည်တို့၌ လိမ္မာကျွမ်းကျင်တော်မူကြကုန်သော အရိယာ သူတော်ကောင်းတို့ကိုလည်းကောင်း, ဆိုခဲ့ပြီးသော ဥဒယဗ္ဗယဉာဏ်ပညာစသော ဝိပဿနာဉာဏ်အမြင်နှင့် ပြည့်စုံ တော်မူကြကုန်သော ဝိပဿနာကမ္မိက (= ဝိပဿနာအားထုတ်ဆဲ) ပညာရှိသူတော်ကောင်းတို့ကိုလည်းကောင်း သင့်တင့်လျောက်ပတ်သော အခါကာလ၌ မှီဝဲဆည်းကပ်ပေးပါ။ ဤကား အထက်ပိုင်း ဝိပဿနာပိုင်းအတွက် အထူးရည်ညွှန်း၍ ဖွင့်ဆိုချက် ဖြစ်သည်။

ဤ အပ္ပနာကောသလ္လပိုင်း၌ကား အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူ၍ အာနာပါနစျာန်သမာဓိ ထူထောင်ပုံ လုပ်ငန်းခွင်နှင့် ပတ်သက်၍ ကျွမ်းကျင်လိမ္မာတော်မူကြကုန်သော အရိယာ သူတော်ကောင်းတို့ကို လည်းကောင်း, အာနာပါနလုပ်ငန်းခွင်နှင့် ပတ်သက်၍ အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ ---- ဤ သင်သိ ကျင့်သိ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုသုတ ရှိတော်မူကြကုန်သော သမထကမ္မိက (= သမထအားထုတ်ဆဲ), ဝိပဿနာကမ္မိက (= ဝိပဿနာအားထုတ်ဆဲ) ပညာရှိ သူတော်ကောင်းတို့ကိုလည်းကောင်း သင့်တင့်လျောက်ပတ်သော ချဉ်းကပ်သင့်သော အချိန်အခါကာလ၌ မှီဝဲဆည်းကပ်ပေးပါ။ ဤသည်မှာ လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင် ပြည့်စုံလာရေးအတွက် အထူးလိုအပ်ချက် တစ်ရပ်ပင် ဖြစ်ပေသည်။

ကလျာဏမိတ္တသုတ္တန် ကောက်နုတ်ချက်

ကလျာဏမိတ္တသုတ္တန် ကောက်နုတ်ချက် (သံ၊၁၊၈၈-၈၉။)

တစ်ချိန် ဘုရားရှင်သည် သက္ကတိုင်း သာကီဝင်တို့၏ နဂရက အမည်ရသော ရွာနိဂုံး၌ သီတင်းသုံး စံနေ တော်မူခိုက်ဖြစ်၏။ ထိုအခါ အရှင်အာနန္ဒာမထေရ်မြတ်က ----

မြတ်စွာဘုရား ...ကောင်းသော အဆွေခင်ပွန်း ရှိသောသူ၏အဖြစ်, ကောင်းသော အပေါင်းအဖော် ရှိသောသူ၏အဖြစ်, ပညာရှိသူတော်ကောင်းတို့အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ် ရှိသောသူ၏အဖြစ် သည် ဗြဟ္မစရိယ အမည်ရသော မြတ်သော မဂ်အကျင့်၏ ထက်ဝက်ကို ပြီးစီးစေနိုင်ပါ၏ဟု လျှောက်ထား၏။ ဘုရားရှင်က ----

အာနန္ဒာ ...ဤသို့ မဆိုလင့်၊ အာနန္ဒာ ...ဤသို့ မဆိုလင့်၊ ကောင်းသော အဆွေခင်ပွန်း ရှိသူ၏ အဖြစ်, ကောင်းသော အပေါင်းအဖော်ရှိသော သူ၏အဖြစ်, ပညာရှိသူတော်ကောင်းတို့ အပေါ်၌ ညွတ်ကိုင်းရှိုင်း သော စိတ်ဓာတ်ရှိသော သူ၏အဖြစ်သည် ဗြဟ္မစရိယ အမည်ရသော မြတ်သော မဂ်အကျင့် အားလုံးကိုပင် ပြီး စီးစေနိုင်၏။ အာနန္ဒာ ...ကောင်းသော အဆွေခင်ပွန်းရှိသော ကောင်းသော အပေါင်းအဖော်ရှိသော ပညာရှိ သူတော်ကောင်းတို့အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသောသူအား ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပွားများလတ္တံ့၊ ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကြိမ်ဖန်များစွာ အလေ့အလာပြုလတ္တံ့ဟူသော ဤအကျိုးကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်၏။

အာနန္ဒာ ...အဘယ်သို့လျှင် ကောင်းသော အဆွေခင်ပွန်းရှိသော, ကောင်းသော အပေါင်းအဖော်ရှိသော, ပညာရှိသူတော်ကောင်းတို့အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသော ရဟန်းသည် ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပွားများသနည်း၊ ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကြိမ် ဖန်များစွာ အလေ့အလာပြုသနည်း။

အာနန္ဒာ ...ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်မှု ဝိဝေကကို မှီသော, ရာဂကင်းခြင်းကို မှီသော ရာဂချုပ်ခြင်းကို မှီသော ကိလေသာကို ပယ်စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော ----

၁။ မှန်ကန်သော ဉာဏ်အမြင် သမ္မာဒိဋ္ဌိကို ပွား၏။ ပ ။

၂။ မှန်ကန်သော အကြံ သမ္မာသင်္ကပ္ပကို ပွား၏၊

၃။ မှန်ကန်သော စကား သမ္မာဝါစာကို ပွား၏၊

၄။ မှန်ကန်သော လုပ်ငန်းရပ် သမ္မာကမ္မန္တကို ပွား၏၊

၅။ မှန်ကန်သော အသက်မွေးမှု သမ္မာအာဇီဝကို ပွား၏၊

၆။ မှန်ကန်သော ကြိုးစားအားထုတ်မှု သမ္မာဝါယာမကို ပွား၏၊

၇။ မှန်ကန်သော အောက်မေ့မှု သမ္မာသတိကို ပွား၏၊

၈။ ဆိတ်ငြိမ်မှု ဝိဝေကကို မှီသော ရာဂကင်းခြင်းကို မှီသော ရာဂချုပ်ခြင်းကို မှီသော ကိလေသာကို ပယ်စွန့်ရာ နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု သမ္မာသမာဓိကို ပွား၏။

အာနန္ဒာ ...ဤသို့လျှင် ကောင်းသော အဆွေခင်ပွန်းရှိသော, ကောင်းသော အပေါင်းအဖော် ရှိသော, ပညာရှိသူတော်ကောင်းတို့အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသော ရဟန်းသည် ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ပွားများ၏။ ဖြူစင်မြင့်မြတ်သော မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကြိမ်ဖန်များ စွာ အလေ့အလာပြု၏။ အာနန္ဒာ ...ကောင်းသော အဆွေခင်ပွန်း ရှိသောသူ၏အဖြစ်, ကောင်းသော အပေါင်း အဖော်ရှိသော သူ၏အဖြစ်, ပညာရှိသူတော်ကောင်းတို့ အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ် ရှိသောသူ၏ အဖြစ်သည် ဗြဟ္မစရိယအမည်ရသော မြတ်သော မဂ်အကျင့်အားလုံးကိုပင် ပြီးစီးစေနိုင်၏ဟူသော ထိုစကားကို ဤအကြောင်းဖြင့်ပင် သိအပ်၏။

အာနန္ဒာ ...မှန်၏၊ အဆွေခင်ပွန်းကောင်း ဖြစ်သော ငါဘုရားကို အကြောင်းပြု၍ ပဋိသန္ဓေတည်နေ ရခြင်း ဇာတိသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေတည်နေရခြင်း ဇာတိသဘော တရားမှ လွတ်မြောက်သွားကြရကုန်၏၊ အိုခြင်း ဇရာသဘောတရား ထင်ရှား ရှိကြကုန်သော သတ္တဝါတို့သည် အိုခြင်း ဇရာသဘောတရားမှ လွတ်မြောက်သွားကြရကုန်၏၊ နာခြင်း ဗျာဓိသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် နာခြင်း ဗျာဓိသဘောတရားမှ လွတ်မြောက်သွားကြရကုန်၏၊ သေခြင်း မရဏသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် သေခြင်း မရဏသဘောတရားမှ လွတ်မြောက်သွားကြရကုန်၏၊ ပူဆွေး ရခြင်း သောကတရား, ငိုကြွေးရခြင်း ပရိဒေဝတရား, ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား, စိတ်ဆင်းရဲရခြင်း ဒေါမနဿ တရား, ပြင်းစွာ စိတ်ပင်ပန်းရခြင်း ဥပါယာသတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့သည် ပူဆွေးရခြင်း သောကတရား, ငိုကြွေးရခြင်း ပရိဒေဝတရား, ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား, စိတ်ဆင်းရဲရခြင်း ဒေါမနဿ တရား, ပြင်းစွာ စိတ်ပင်ပန်းရခြင်း ဥပါယာသတရားတို့မှ လွတ်မြောက်သွားကြရကုန်၏။

အာနန္ဒာ ...ကောင်းသော အဆွေခင်ပွန်း ရှိသောသူ၏အဖြစ်, ကောင်းသော အပေါင်းအဖော် ရှိသော သူ၏အဖြစ် ပညာရှိသူတော်ကောင်းတို့ အပေါ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ် ရှိသောသူ၏အဖြစ်သည် ဗြဟ္မစရိယ အမည်ရသော မွန်မြတ်သော မဂ်အကျင့်အားလုံးကိုပင် ပြီးစီးစေနိုင်၏ဟူသော ထိုစကားကို ဤ အကြောင်းဖြင့်ပင် သိအပ်၏။ (သံ၊၁၊၈၈-၈၉။)

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ၊ ယထယိဒံ ဘိက္ခဝေ ကလျာဏမိတ္တတာ။ ကလျာဏမိတ္တဿ ဘိက္ခဝေ အနုပ္ပန္နာ စေဝ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ အကုသလာ ဓမ္မာ ပရိဟာယန္တိ။ (အံ၊၁၊၁၂။)

ရဟန်းတို့ ...ကောင်းသော အဆွေခင်ပွန်း ရှိသောသူ၏အဖြစ်ကဲ့သို့သော အကြင် အကြောင်းတရား ကြောင့် မဖြစ်ပေါ်လာသေးကုန်သော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပေါ်လာပြီးကုန် သော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်၍ သွားကြကုန်၏၊ ကောင်းသော အဆွေခင်ပွန်း ရှိသူ၏ အဖြစ်ဟူသော ထိုကဲ့သို့သော အကြောင်းတရားမှ အခြားတစ်ပါးသော တစ်စုံတစ်ခုသော တရားကိုမျှလည်း ငါ ဘုရားသည် မြင်တော်မမူ။ ရဟန်းတို့ ...ကောင်းသော အဆွေခင်ပွန်းရှိသူအား မဖြစ်လာကုန်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်လာကြကုန်၏၊ ဖြစ်ပေါ်လာပြီးကုန်သော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်၍ သွားကြကုန်၏။ (အံ၊၁၊၁၂။)

သို့အတွက် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားကောင်းကို လိုလားတောင့်တလျက် ရှိသော အသင် ယောဂီသူတော်ကောင်းသည် ပညာရှိသူတော်ကောင်းတည်းဟူသော မိတ်ကောင်း ဆွေကောင်းတို့ကို မှီဝဲဆည်း ကပ်ပါ။

၆။ ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ = နက်နဲသော ခန္ဓာ စသည်တို့၌ ဖြစ်သော ဉာဏ်၏ အထူးအပြားကို ဆင်ခြင်ခြင်း ----

ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ နာမ ဂမီ႓ရေသု ခန္ဓာဒီသု ပဝတ္တာယ ဂမ္ဘီရပညာယ ပဘေဒပစ္စဝေက္ခဏာ။ (မ၊ဋ္ဌ၊၁၊၂၉၆။ ဒီ၊ဋ္ဌ၊၂၊၃၇၈။ သံ၊ဋ္ဌ၊၃၊၁၉၅။)

ဉေယျဓမ္မဿ ဂမ္ဘီရဘာဝဝသေန တပ္ပရိစ္ဆေဒကဉာဏဿ ဂမ္ဘီရဘာဝဂ္ဂဟဏန္တိ အာဟဂမီ႓ရေသု ခန္ဓာဒီသု ပဝတ္တာယ ဂမ္ဘီရပညာယာတိ။ တံ ဟိ ဉေယျံ တာဒိသာယ ပညာယ စရိတဗ္ဗတော ဂမ္ဘီရဉာဏစရိယံ၊ တဿာ ဝါ ပညာယ တတ္ထ ပဘေဒတော ပဝတ္တိ ဂမ္ဘီရဉာဏစရိယာ၊ တဿာ ပစ္စဝေက္ခဏာတိ အာဟ ဂမ္ဘီရပညာယ ပဘေဒပစ္စဝေက္ခဏာတိ။ (မ၊ဋီ၊၁၊၃၈၆။)

ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာတိ ဂမ္ဘီရဉာဏေဟိ စရိတဗ္ဗာနံ ခန္ဓာယတနဓာတာဒီနံ သစ္စပစ္စယာကာရာဒိဒီပနာနံ ဝါ သုညတာပဋိသံယုတ္တာနံ သုတ္တန္တာနံ ပစ္စဝေက္ခဏာ။ (မဟာဋီ၊၁၊၁၅၆။)

ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကား အလွန်နက်နဲသော ဉေယျ တရားများ ဖြစ်ကြ၏။ ယောဂါဝစရပုဂ္ဂိုလ်တို့ ထိုးထွင်းသိမြင်ရမည့် ယင်းနက်နဲသော တရားများကို ဉေယျတရားဟု ခေါ်ဆို ပေသည်။ ယင်း ဉေယျတရားစု၏ နက်နဲသည့်အတွက်ကြောင့် ယင်း ဉေယျ တရားစုကို ပိုင်းခြားသိတတ်သည့် ပိုင်းခြားယူတတ်သည့် ဉာဏ်သည်လည်း နက်နဲသော ဉာဏ်သာ ဖြစ်ရ၏။ ထိုကဲ့သို့ နက်နဲသော တရားများကို ထိုကဲ့သို့ နက်နဲသော ဉာဏ်ပညာဖြင့်သာလျှင် ရောက်အပ် ရအပ် သိအပ်နိုင်ပေသည်။ ထိုကဲ့သို့ နက်နဲသော ဉာဏ်ပညာ၏ ထိုကဲ့သို့ နက်နဲသော ဉေယျတရားစု၌ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းသိမြင်ခြင်း, သာမညလက္ခဏာကို ထိုးထွင်းသိမြင်ခြင်း စသည်ဖြင့် အထူးထူး အပြားပြားအားဖြင့် ဖြစ်ခြင်းသည် ဂမ္ဘီရဉာဏစရိယ မည်၏။ ထိုနက်နဲသော ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်စသည်တို့၌ သဘာဝလက္ခဏာ သာမည လက္ခဏာကို ထိုးထွင်းသိမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော နက်နဲသော ဉာဏ်၏ အထူးအပြားကို ဆင် ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားသည် ဖြစ်ပေါ်လာတတ်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၉၆။ မ၊ဋီ၊၁၊၃၈၆။)

နက်နဲသော ဉာဏ်ပညာတို့ဖြင့် ကျက်စားအပ်ကုန်သော သို့မဟုတ် နက်နဲသော ဉာဏ်ပညာ ရှိကြကုန် သော သူတော်ကောင်းတို့သည် ကျက်စားအပ်ကုန်သော ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ် စသည့် သဘောတရားတို့ကိုလည်းကောင်း, သစ္စာလေးပါး, ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားစသည်တို့ကို ထင်ရှားဖော်ပြတတ်ကုန်သော, ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တမှ ဆိတ်သုဉ်းသည့် သုညတာသဘောတရားနှင့် စပ် ယှဉ်ကုန်သော သုတ္တန်တို့ကိုသော်လည်းကောင်း ဆင်ခြင်ပေးပါ။ ထိုသို့ နက်နဲသော ဉာဏ်ပညာရှိကြကုန်သော သူတော်ကောင်းတို့သည် ကျက်စားအပ်ကုန်သော တရားတော်တို့ကို ဆင်ခြင်ပေးခဲ့သော် မဖြစ်ပေါ်လာသေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်တရားသည်လည်း ဖြစ်ပေါ်လာပေလိမ့်မည်၊ ဖြစ်ပေါ်လာပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား သည်လည်း တိုင်းထက်အလွန် တိုးပွားလာမည် ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၅၆။)

ဤအထက်ပါ ဖွင့်ဆိုချက်များသည်လည်း အထူးသဖြင့် ဝိပဿနာပိုင်းကို ဦးတည်၍ ဖွင့်ဆိုထားသော ဖွင့်ဆိုချက်များပင် ဖြစ်ပေသည်။ ဤအပ္ပနာကောသလ္လပိုင်း၌ကား အထူးသဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို စူးစမ်းဆင်ခြင်မှု သို့မဟုတ် အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိမြင်နေသည့် ဉာဏ်ပညာကို စူးစမ်းဆင်ခြင် မှုကိုသာ အလိုရှိအပ်ပေသည်။

၇။ တဒဓိမုတ္တတာ = ထိုဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် စွဲစွဲမြဲမြဲ သက်ဝင်သော စိတ်ထား ညွတ် ကိုင်းရှိုင်းသော စိတ်ထားရှိခြင်း ----

တဒဓိမုတ္တတာ နာမ ဌာနနိသဇ္ဇာဒီသု ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂသမုဋ္ဌာပနတ္ထံ နိန္နပေါဏပဗ္ဘာရစိတ္တတာ။ (မ၊ဋ္ဌ၊၁၊၂၉၆။ ဒီ၊ဋ္ဌ၊၂၊၃၇၈၊ သံ၊ဋ္ဌ၊၃၊၁၉၅။)

တဒဓိမုတ္တတာတိ ပညာဓိမုတ္တတာ၊ ပညာယ နိန္နပေါဏပဗ္ဘာရတာတိ အတ္ထော။ (မဟာဋီ၊၁၊၁၅၆။)

လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ပညာအမည်ရသော ဓမ္မဝိစယသမ္ဗောဇ္ဈင် တရား၏ ထင်ရှားဖြစ်ပေါ်လာရန်အတွက် စွဲစွဲမြဲမြဲ သက်ဝင်သော စိတ်ထား ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိရမည်။

ဤအပ္ပနာကောသလ္လပိုင်း၌ကား အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိမြင်သည့် ဓမ္မဝိစယသမ္ဗောဇ္ဈင် တရား ထင်ရှားဖြစ်ပေါ်လာရန် ဖြစ်ပေါ်နေရန် စွဲစွဲမြဲမြဲ သက်ဝင်သော စိတ်ထား ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိရမည် ဖြစ်သည်။ အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိမြင်နေသော ဓမ္မဝိစယ အမည်ရသော ဉာဏ် ပညာမှာလည်း စျာနသမ္မာဒိဋ္ဌိ အမည်ရသော ပညာတစ်မျိုးပင် ဖြစ်ပေသည်။

ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၁၁) ပါး

ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၁၁) ပါး

၁။ အပါယ်ဘေး စသည်ကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၂။ ဝီရိယ၏ အကျိုးအာနိသင်ကို ရှုမြင်လေ့ရှိသူ ဖြစ်ခြင်း,

၃။ သွားအပ်သော လမ်းကြောင်းကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၄။ ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်းရှိသူ ဖြစ်ခြင်း,

၅။ အမွေဆက်ခံရမည့် သူတော်ကောင်းဥစ္စာ၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၆။ ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၇။ အမျိုးဇာတ်၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၈။ သီတင်းသုံးဖော်တို့၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၉။ ပျင်းရိသောပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း,

၁၀။ အားထုတ်အပ်သော လုံ့လဝီရိယရှိသူကို မှီဝဲဆည်းကပ်ခြင်းရှိသူ ဖြစ်ခြင်း,

၁၁။ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင်သော ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း

ဤ (၁၁)ပါးတို့သည် ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာရန် အကြောင်းတရားတို့ ဖြစ်ကြ၏။ (မ၊ဋ္ဌ၊၁၊၂၉၇။ ဒီ၊ဋ္ဌ၊၂၊၃၇၈။ သံ၊ဋ္ဌ၊၃၊၁၉၅။)

[မှတ်ချက် ---- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အမျိုးဇာတ်၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်း, သီတင်းသုံးဖော်တို့၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်း - နှစ်မျိုး မပါဘဲ ထိနမိဒ္ဓကို ပယ်ဖျောက်ခြင်း, သမ္မပ္ပဓာန်၏ အာနုဘော်ကို ဆင်ခြင် ခြင်း - နှစ်မျိုးကို ယူ၍ ဖွင့်ဆိုထားပေသည်။ အလွယ်အားဖြင့် ယင်းနှစ်မျိုးကိုပါ ထပ်ပေါင်းသော် ဝီရိယ သမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား (၁၃)မျိုးဟု မှတ်သားပါ။]

၁။ အပါယ်ဘေးစသည်ကို ဆင်ခြင်ခြင်း ရှိသူ ဖြစ်ခြင်း

ငရဲတို့၌ ငါးပါးအပြားရှိသော နှောင်ဖွဲ့မှုဟူသော ညှဉ်းပန်းနှိပ်စက်ရာအခါမှ စ၍ ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစား၍နေရာ အချိန်အခါကာလ၌လည်းကောင်း, တိရစ္ဆာန်တို့၏ အမျိုးဇာတ်၌ ဖြစ်စဉ် ကွန်ပစ်ခြင်း မြှုံးချခြင်း စသည့် အခြားသတ္တဝါတို့၏ လုံ့လပယောဂဖြင့် အဖမ်းခံယူအပ်ရာ အချိန်အခါ ကာလ၌လည်းကောင်း, ထို တိရစ္ဆာန်ဘဝဝယ် နှင်တံ သံဆူး အစရှိသည်တို့ဖြင့် အပုတ်ခတ်ခံအပ် အထိုးဆွခံအပ်လျက် လှည်းဝန်ကို ရုန်း ဆောင်၍နေရာ အစရှိသော အချိန်အခါကာလ၌ လည်းကောင်း, ပြိတ္တာဘုံဘဝဝယ် ပြိတ္တာဖြစ်စဉ် ထောင်ပေါင်း များစွာသော နှစ်တို့ပတ်လုံး, နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလဟု ခေါ်ဆိုအပ်သော ဗုဒ္ဓန္တရ အသင်္ချေယျကပ် ကာလပတ်လုံးလည်း ဆာလောင်ခြင်း မွတ်သိပ်ခြင်းတို့ကြောင့် နာကျင်မှု ဆင်းရဲဒုက္ခဖြစ်၍ နေရာ အချိန်အခါကာလ၌လည်းကောင်း, ကာလကဉ္စိက အသုရာတို့ဘဝ၌ ဖြစ်စဉ် အတောင် ခြောက်ဆယ် အတောင် ရှစ်ဆယ် အတိုင်းအရှည်ရှိသော အရိုးအရေမျှသာရှိသော ခန္ဓာကိုယ်အတ္တဘောဖြင့် လေပူ နေပူ စသည်တို့ကြောင့် ဖြစ်သော ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစား၍ နေရရာ အချိန်အခါမျိုး၌လည်းကောင်း ဝီရိယ သမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာရန် ကြိုးစားအားထုတ်ခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ အမောင်ရဟန်း ...ဤ လူစင်စစ် ၌ ရဟန်းဖြစ်ခိုက် အချိန်အခါသည်သာ အမောင်ရဟန်း၏ ဝီရိယသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာအောင် ပြုလုပ်ခြင်း၏ အချိန်အခါ ကာလကောင်းကြီးပေတည်း ဤသို့လျှင် အပါယ်ဘေးကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ဖြစ်ပေါ်လာပေသည်။ (မ၊ဋ္ဌ၊၁၊၂၉၇။ ဒီ၊ဋ္ဌ၊၂၊၃၇၉။ သံ၊ဋ္ဌ၊၃၊၁၉၅။)

အတိတ်သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှု ဒုက္ခနှင့် အပါယ် ဝဋ်ဆင်းရဲဒုက္ခ, အနာဂတ်ဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ပဋိသန္ဓေနေမှု အိုမှု နာမှု သေမှု ဒုက္ခနှင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခ, ပစ္စုပ္ပန်၌ အာဟာရကို ရှာဖွေရခြင်းလျှင် အကြောင်းရင်းရှိသော ဒုက္ခ -- ဤဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကို ဆင်ခြင်သောပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ဖြစ်ပေါ်လာပေသည်။ (မဟာဋီ၊၁၊၁၅၇။)

၂။ ဝီရိယ၏ အကျိုးအာနိသင်ကို ရှုမြင်လေ့ရှိသူ ဖြစ်ခြင်း ----

စက်ဆုပ်အပ်စွာ အရာရာ၌ တွန့်ဆုတ်နစ်တတ်သော စိတ်ဓာတ်ရှိသော ပျင်းရိသော ပုဂ္ဂိုလ်သည် လောကီ စျာန်သမာပတ်တရားများကိုလည်းကောင်း, ကိုးပါးသော လောကုတ္တရာ တရားထူး တရားမြတ်ကိုလည်းကောင်း ရရှိခြင်းငှာ မတတ်ကောင်းပေ။ အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်သည် သာလျှင် လောကီစျာန်သမာပတ်တရားများနှင့် ကိုးပါးသော လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိခြင်းငှာ တတ်ကောင်းပေ၏၊ ဤ လောကီစျာန်သမာပတ် တရားများနှင့် လောကုတ္တရာတရားကိုးပါးဟူသော တရားထူး တရားမြတ်ကို ရရှိခြင်းသည် ဝီရိယ၏ အကျိုးအာနိသင်ပင်တည်းဟု ဤသို့လျှင် ဝီရိယနှင့် စပ်သော ဝီရိယကြောင့် ရရှိနိုင်သော လောကီ လောကုတ္တရာဟူသော ဝီရိယ၏ အကျိုးကို ရှုမြင်လေ့ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ဖြစ်ပေါ်လာတတ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၈။ မ၊ဋ္ဌ၊၁၊၂၉၇။ မဟာဋီ၊၁၊၁၅၇။)

၃။ သွားအပ်သော လမ်းကြောင်းကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ----

ငါးပါးသီလမှ စ၍ ဂေါတြဘုတိုင်အောင်သော သမထ-ဝိပဿနာ ကျင့်စဉ် အရပ်ရပ်သည် အရိယမဂ်၏ ရှေးအဖို့၌ ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ မည်၏။ ထို ပုဗ္ဗဘာဂပဋိပဒါ အမည်ရသော ကျင့်စဉ်နှင့် တကွ နိဗ္ဗာန်သို့ ရောက်စေတတ်သော နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းဖြစ်သော ဖြူစင်မြင့်မြတ်သော အရိယာတို့၏ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျွတ်လို လွတ်လို ထွက်မြောက်လိုသော ရဟန်း တော်အဖို့ ဧကန်လျှောက်သွားရမည့် ဧကန်ကျင့်ရမည့် ကျင့်စဉ်ပဋိပတ်လမ်းရိုးကြီး ဖြစ်ခြင်းကြောင့် ဂမနဝီထိ မည်၏။ ထိုဂမနဝီထိ အမည်ရသော လမ်းကား အလုံးစုံသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်, အလုံးစုံသော ပစ္စေကဗုဒ္ဓ ဘုရားရှင်, အလုံးစုံသော မဟာသာဝကတို့သည် နိဗ္ဗာန်သို့ ကြွသွားတော်မူကြသော ကျင့်စဉ် လမ်းရိုး ကြီးပင် ဖြစ်သည်။

အမောင်ရဟန်း ...သင်သည်ကား အလုံးစုံသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်, အလုံးစုံသော ပစ္စေကဗုဒ္ဓ ဘုရားရှင်, နောင်တော့် နောင်တော် ဖြစ်တော်မူကြကုန်သော အလုံးစုံသော မဟာသာဝကတို့သည် ကြွသွားတော် မူအပ်ပြီးသော လမ်းကို သွားထိုက်၏၊ ထိုလမ်းကိုလည်း စက်ဆုပ်အပ်စွာ အရာရာ၌ တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိသော ပျင်းရိသူသည် သွားခြင်းငှာ မတတ်ကောင်းပေ - ဤသို့ သွားအပ် သွားထိုက်သော ကျင့်စဉ် လမ်းရိုးဟူသော လောကုတ္တရာလမ်းခရီးကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရား သည် ဖြစ်ပေါ်လာတတ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၈။ မ၊ဋ္ဌ၊၁၊၂၉၇။ မ၊ဋီ၊၁၊၃၈၆။)

၄။ ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်း ရှိသူဖြစ်ခြင်း

အကြင် ဒါယကာ ဒါယိကာမ လူသားတို့သည် သင့်ကို ဆွမ်းစသော ပစ္စည်းဝတ္ထုတို့ဖြင့် ပြုစုလုပ်ကျွေး ကြကုန်၏၊ ဤဒါယကာ ဒါယိကာမ လူသားတို့သည် သင်၏ ဆွေမျိုးသားချင်းတို့လည်း မဟုတ်ကြကုန်၊ ကျေးကျွန် တို့လည်း မဟုတ်ကြကုန်၊ အလုပ်သမားတို့လည်း မဟုတ်ကြကုန်၊ သင့်ကို အမှီပြု၍ အသက်မွေးကြပါကုန်အံ့ဟု ဤသို့ ကြံစည်စိတ်ကူး၍လည်း မွန်မြတ်ကုန်သော သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုတို့ကို ပေးလှူကြကုန် သည်လည်း မဟုတ်ကုန်။ အကယ်စင်စစ်မှာမူကား မိမိပြုလုပ်အပ်ကုန်သော ကောင်းမှုကုသိုလ်တို့၏ ကြီးကျယ် ဖွံ့ဖြိုး များမြတ်သော အကျိုးရှိကုန်သည်၏ အဖြစ်ကိုသာလျှင် လိုလားတောင့်တကြကုန်သည် ဖြစ်၍ ပေးလှူ နေကြကုန်၏။ ဘုရားရှင်ကလည်း ဤငါ၏ သားတော်ဖြစ်သော ရဟန်းသည် ဤပစ္စည်းတို့ကို ဘုဉ်းပေး သုံး ဆောင်ပြီး၍ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း များသည်ဖြစ်၍ ချမ်းသာစွာ နေနိုင်ပေလိမ့်မည်ဟု ဤသို့ ကောင်းစွာ မြော်မြင်တော်မူသည် ဖြစ်၍ သင့်အား ပစ္စည်းလေးပါးတို့ကို ခွင့်ပြုထားတော်မူအပ်သည်လည်း မဟုတ်ကုန်။ အဟုတ်သော်ကား ဤငါ၏ သားတော်ဖြစ်သော ရဟန်းသည် ဤပစ္စည်းတို့ကို ဘုဉ်းပေး သုံးဆောင် လျက် ပရိယတ် - ပဋိပတ် = သမထ-ဝိပဿနာဘာဝနာဟု ခေါ်ဆိုအပ်သော ရဟန်းတရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ သံသရာဝဋ်ဆင်းရဲ ဒုက္ခတွင်းကြီးမှ မချွတ်ဧကန် လွတ်မြောက်ပေလိမ့်မည်ဟု ဤသို့ ကောင်းစွာ မြော်မြင်တော်မူသည်ဖြစ်၍ သင့်အား ပစ္စည်းလေးပါးတို့ကို ခွင့်ပြုတော်မူအပ်ကုန်ပြီ၊ ထိုသင်သည် ယခုအခါ၌ အရာရာ၌ စက်ဆုပ်အပ်စွာ အရာရာ၌ တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိလျက် ပျင်းရိသည် ဖြစ်၍ နေလတ်သော် ထိုဆွမ်းကို သို့မဟုတ် ထိုဆွမ်းကို ဦးတည်၍ သတ်မှတ်ထားအပ်သော ပစ္စည်းလေးပါးကို တုံ့လှည့် တစ်ဖန် ပြန်လည်၍ ပူဇော်နိုင်လိမ့်မည် မဟုတ်။ မှန်ပေသည် အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်၏သာလျှင် ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်းမည်သည် ဖြစ်နိုင်၏။ ---- ဤသို့ ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်းကို ဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း အယျမိတ္တမထေရ်မြတ်ကြီး၏ သန္တာန်၌ကဲ့သို့ ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာတတ်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၉၇။)

ရဟန်းဟူသည် ရဋ္ဌပိဏ္ဍအမည်ရသည့် တိုင်းသူပြည်သားတို့၏ ဆွမ်းကို သုံးဆောင်နေရသူ ဖြစ်၏။ ပစ္စယ ဒါယကာဟူသော အမည်ကို ရရှိကြကုန်သော အလှူရှင်အပေါင်းတို့၏ မိမိအပေါ်၌ ပြုလုပ်အပ်သော ကောင်းမှု ကုသိုလ်၏ မိမိ ရဟန်းတော်၏ ပရိယတ် - ပဋိပတ် = သမထ-ဝိပဿနာဘာဝနာဟု ခေါ်ဆိုအပ်သော ကောင်းမွန် မှန်ကန်သော ကျင့်ဝတ်ပဋိပတ်ဖြင့်သာ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိမှုကို ပြုလုပ်၍ ပေးနိုင်၏။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်းသည် ပိဏ္ဍပါတာပစာယန မည်ပေသည်။ (မ၊ဋီ၊၁၊၃၈၆။)

ဤအဖွင့်များအရ မိမိအား ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ဖြင့် ပြုစုလုပ်ကျွေးနေကြကုန်သော အလှူရှင်အပေါင်းတို့၏ ကောင်းမှုကုသိုလ်တရား၏ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးတရားများကို ဖြစ် ထွန်းပေါ်ပေါက်လာစေလိုသော သမ္မာဆန္ဒဓာတ် ကိန်းဝပ်ခဲ့ပါမူ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သမ္မာပဋိပတ် အမည်ရသည့် ကောင်းမွန် မှန်ကန်သော ကျင့်ဝတ်ပဋိပတ်ကို ရိုသေစွာ ဖြည့်ကျင့်လေရာသည်။

အယျမိတ္တမထေရ်မြတ်ကြီး

အယျမိတ္တမထေရ်မြတ်ကြီး

အယျမိတ္တမထေရ်မြတ်ကြီးကား ကဿကလိုဏ်အမည်ရသော လိုဏ်ဂူ၌ သီတင်းသုံးနေထိုင်တော်မူ၏။ ထိုအယျမိတ္တမထေရ်မြတ်ကြီး၏ ဆွမ်းခံရွာ၌လည်း ဥပါသိကာမကြီးတစ်ဦးသည် မထေရ်မြတ်ကြီးကို သားရင်း ပြု၍ သားဟူသော အမှတ်သညာ သားရင်းဟူသော စိတ်ထားဖြင့် ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုဖြင့် ပြုစု လုပ်ကျွေးနေ၏။ ထိုဥပါသိကာမကြီးသည် တစ်နေ့သ၌ တောသို့ သွားခါနီးလတ်သော် သမီးဖြစ်သူကို - ချစ်သမီး ထိုမည်သော အရပ်၌ နှစ်ချို့ဆန်တို့ ရှိကြကုန်၏၊ ထိုမည်သော အရပ်၌ ထောပတ်ရှိ၏၊ ထိုမည်သော အရပ်၌ နွားနို့ ရှိ၏၊ ထိုမည်သော အရပ်၌ တင်လဲ ရှိ၏၊ သင်ချစ်သမီး၏ အစ်ကိုကြီးဖြစ်သော အယျမိတ္တမထေရ်မြတ်ကြီး ကြွလာတော်မူရာအခါ၌ ဆွမ်းကို ချက်၍ နွားနို့ ထောပတ် တင်လဲတို့နှင့် အတူတကွ ပေးလှူလိုက်ပါ၊ သင် ချစ်သမီးလည်း စားပါ၊ ငါ မိခင်သည်ကား ယမန်နေ့ ညနေက ချက်ထားပြီးလို့ ကျန်နေသည့် ထမင်းကြမ်းကို ပအုံးရည် (ပုံးရည်) နှင့် ရောနှော၍ စားပြီးလေပြီ - ဟု ဤသို့ မှာကြား ပြောဆိုနေ၏။

သမီးဖြစ်သူက မိခင် နေ့အခါ အဘယ်ကို စားမည်နည်းဟု မေးသောအခါ ချစ်သမီး ဟင်းရွက်များ ထည့်၍ ဆန်ကွဲတို့ဖြင့် ချဉ်သော ဗြုံးစပ်ယာဂုကို ကျိုချက်ထားလိုက်ပါဟု မှာကြားပြောဆိုနေ၏။

ထိုအချိန်တွင် အယျမိတ္တ ကိုယ်တော်မြတ်ကြီးသည်ကား ပဏ္ဏသာလ အမည်ရသော သစ်ရွက်မိုး ကျောင်း ငယ်တစ်ခု၏ တံခါးဝ၌ ရပ်တည်လျက် ဆွမ်းခံကြွတော်မူရန်အတွက် သင်္ကန်းများရုံလျက် သပိတ်အိတ်မှ သပိတ်ကို ထုတ်ဆောင်နေခိုက် ဖြစ်၏။ မထေရ်မြတ်ကြီးကား ထိုအချိန်တွင် လောကီအဘိညာဏ်ငါးပါးကို ရရှိထားတော် မူပြီးသည့်အတွက် မထေရ်မြတ်ကြီးသည် ဒိဗ္ဗသောတ အဘိညာဏ်ကို ဝင်စားတော်မူလျက် ရှိ၏၊ ထိုဒိဗ္ဗသောတ အဘိညာဏ်ဖြင့် ထိုဥပါသိကာမကြီးက သမီးဖြစ်သူအား မှာကြားပြောဆိုနေသော စကားသံကို ကြား၍ မိမိ ကိုယ်ကို မိမိ ဤသို့ ဆိုဆုံးမ၏။ ... [စကားမဆုံးသေးပါ။] (မ၊ဋ္ဌ၊၁၊၂၉၈။ မ၊ဋီ၊၁၊၃၈၆။)

အနုဋီကာ၌ လာရှိသော အဖွင့်တစ်မျိုး

[မှတ်ချက် ---- အနုဋီကာ၌ လာရှိသော အဖွင့်တစ်မျိုး

ပဗ္ဗတပဒေသဝနဂဟနန္တရိတောပိ ဂါမော န ဒူရေ၊ ပဗ္ဗတံ ပရိက္ခိပိတွာ ဂန္တဗ္ဗတာယ အာဝါသော အရညလက္ခဏူပေတော၊ တသ္မာ မံသသောတေနေဝ အေဿာသီတိ ဝဒန္တိ။ (အနုဋီ၊၂၊၁၆၀။)

အထက်ပါ အနုဋီကာ၌ကား ---- တောတောင် အရပ်၌ သစ်ပင် ချုံပုတ် တောရှုပ်တို့ ခြားကွယ်၍ နေအပ် ပါသော်လည်း ဆွမ်းခံရွာကား မဝေးလွန်းလှ။ ရွာမှာ မဝေးလှသော်လည်း တောင်ကို ရစ်ပတ်၍ သွားရသော ကြောင့် အယျမိတ္တ မထေရ်မြတ်ကြီး သီတင်းသုံးတော်မူရာ ကဿကလိုဏ်ကျောင်းသည် အာရညကင်ဓုတင် ဆောက်တည်၍ ရလောက်အောင် တောရအင်္ဂါလက္ခဏာနှင့် ပြည့်စုံ၏။ (ရွာနှင့် ကုလလေးတာ အပြန် ငါးရာ ကွာ၏ဟု ဆိုလိုသည်။) ထိုကြောင့် ပကတိသော မံသသောတနားဖြင့်ပင် သားအမိတို့၏ ပြောဆိုသော စကားသံ ကို ကြား၏ဟု ဆိုကြသည်ဟု ဝဒန္တိဝါဒ တစ်မျိုးကို တစ်နည်းပြထားသေး၏။

တောင်မြို့ဆရာတော်၏ အယူအဆ

တောင်မြို့ဆရာတော်၏ အယူအဆ

တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးကား သမ္မောဟဝိနောဒနီဘာသာဋီကာ ဒုတိယတွဲ စာမျက်နှာ (၈၀၆)၌ မိမိ၏ အယူအဆကို အောက်ပါအတိုင်း တင်ပြသွား၏။

မိမိကား ကျောင်းလည်း ထုံးစံအတိုင်း တောရကျောင်းပင် ဖြစ်၏၊ ထိုသားအမိတို့ ပြောဆိုအပ်သော စကားသံကို ကြားရသည်မှာ ရွာအနီးသို့ ရောက်နေသောကြောင့်တည်းဟု စဉ်းစားမိ၏။ ဘာကြောင့်နည်း ---- တောကျောင်းဘုန်းကြီးများသည် ရွာနီးရောက်မှ သင်္ကန်းရုံလေ့ရှိကြ သပိတ်အိတ်မှ သပိတ်ကို ထုတ်လေ့ရှိကြ သောကြောင့်တည်း၊ ထိုကြောင့် ရွာအနီး ရောက်ကြောင်း ထင်ရှားအောင် ---- ထေရော စီဝရံ ပါရုပိတွာ ပတ္တံ နီဟရန္တောဝ တံ သဒ္ဒံ သုတွာ = အယျမိတ္တ မထေရ်မြတ်ကြီးသည် သင်္ကန်းကို ရုံပြီးနောက် သပိတ်ကို သပိတ် အိတ်မှ ထုတ်စဉ်၌ပင်လျှင် ထိုသားအမိတို့ ပြောဆိုသော စကားသံကို ကြား၍ = ကြား၏ ---- ဟု အဋ္ဌကထာ ဆိုသည်။ (သမ္မောဟဝိနောဒနီဘာသာဋီ၊၂၊၈၀၆။)] (ဆက်ဖတ်ပါ။) ----

ဆိုဆုံးမပုံ

ဆိုဆုံးမပုံ

ဥပါသိကာမကြီးသည် ပအုံးရည်ဖြင့် ယမန်နေ့ ညချမ်းက ကျန်နေသည့် ထမင်းကြမ်းကို စားပြီးသတဲ့၊ နေ့အခါ၌လည်း ဆန်ကွဲ ဟင်းရွက်တို့ဖြင့် ကျိုချက်ထားအပ်သော ချဉ်သော ဗြုံးစပ်ယာဂုကို စားလိမ့်မည်တဲ့၊ သင်၏ အကျိုးငှာကား နှစ်ချို့ဆန် စသည်တို့ကို စီမံချက်ပြုတ် လှူဒါန်းရန် ပြောပြနေ၏၊ သင့်ကို အမှီပြု၍ ဤ ဥပါသိကာမကြီးသည် လယ်ကို တောင့်တသည်လည်း မဟုတ်၊ ယာကို တောင့်တသည်လည်း မဟုတ်၊ ထမင်းကို တောင့်တသည်လည်း မဟုတ်၊ အဝတ်ကို တောင့်တနေသည်လည်း မဟုတ်၊ အဟုတ်သော်ကား လူ-နတ်-နိဗ္ဗာန် သုံးတန်သော ချမ်းသာ စည်းစိမ်တို့ကို လိုလားတောင့်တလျက် ပေးလှူရှာ၏၊ သင်သည် ဤဥပါသိကာမကြီး အား ထို လူ-နတ်-နိဗ္ဗာန် သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို ပေးခြင်းငှာ စွမ်းနိုင်လတ္တံ့လော, မစွမ်းနိုင်လတ္တံ့ လောဟု မိမိကိုယ်ကို မိမိ မေးခွန်းထုတ်ကြည့်၏။ (ဆိုလိုသည်မှာ သင့်အပေါ်၌ ပြုလုပ်နေသော ဒါနမယ ကုသိုလ်ကံ, ဝေယျာဝစ္စမယကုသိုလ်ကံ, ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်း သဖွယ် ဖြစ်သော အနုတ္တရပုညခေတ္တ အမည်ရသော သင်ကဲ့သို့သော သံဃာရတနာဟူသော ခေတ်ထူး ခေတ် မြတ်ကြီးကို ဆည်းကပ်ရခြင်း တည်းဟူသော ကုသိုလ်ကံ - ဤကုသိုလ်ကံ အရပ်ရပ်ကြောင့် သံသရာခရီးဝယ် ကျင်လည်ခိုက်၌ လူ့စည်းစိမ် နတ်စည်းစိမ်တို့ကိုလည်းကောင်း, အဆုံး၌ နိဗ္ဗာန်စည်းစိမ် ချမ်းသာမြတ်ကြီးကို လည်းကောင်း ပေးခြင်းငှာ စွမ်းနိုင်လတ္တံ့လောဟု မထေရ်ကြီးသည် မိမိကိုယ်ကို မိမိ မေးမြန်းနေခြင်း ဖြစ်၏။)

တစ်ဖန် --- ဤဆွမ်းကို ရာဂတန်းလန်းနှင့် တကွသော, ဒေါသတန်းလန်းနှင့် တကွသော, မောဟတန်းလန်း နှင့် တကွသော သင်ကဲ့သို့သော ပုဂ္ဂိုလ်သည် မခံယူထိုက်တော့ပေဟု ဤသို့လျှင် မိမိကိုယ်ကို မိမိ ဆိုဆုံးမ လေပြီ။

ဤသို့ ဆုံးမပြီး၍ သပိတ်ကို သပိတ်အိတ်၌ ပြန်ထည့်၍ တပ်အပ်ပြီးသော သင်္ကန်းအနားပတ်သီးကို ဖြေ၍ ထိုပဏ္ဏသာလဒွါရဟူသော သစ်ရွက်မိုးကျောင်းတံခါးဝမှ နောက်ကြောင်းပြန်ဆုတ်ခဲ့၍ ကဿကလိုဏ်သို့ သာလျှင် ကြွသွားတော်မူ၍ သပိတ်ကို ညောင်စောင်းအောက်၌ ထားလျက် သင်္ကန်းကို သင်္ကန်းတန်းဝါးပေါ်၌ တင်လွှားပြီးလျှင် ---- အရဟတ္တံ အပါပုဏိတွာ န နိက္ခမိဿာမိ = အရဟတ္တဖိုလ်သို့ မရောက်မချင်း ကဿက လိုဏ်အတွင်းမှ မထွက်တော့အံ့ - ဤသို့ မြဲမြံစွာ ဝီရိယကို ဆောက်တည်၍ ထိုင်တော်မူလေပြီ။ ရှည်မြင့်စွာ သော အချိန်အခါကာလပတ်လုံး မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားလျက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ နေထိုင်ခဲ့သော ရဟန်းတော်သည် ဝိပဿနာဉာဏ်ကို ရင့်ကျက်အောင် တိုးပွားစေ ခဲ့သည်ရှိသော် ဆွမ်း၏ ရှေးအဖို့ဟု ခေါ်ဆိုအပ်သော နံနက်ပိုင်း အချိန်အခါကာလ၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသည် ဖြစ်၍ တင့်တယ်စမ္ပယ်စွာ ပွင့်လန်းလျက်ရှိသော ပဒုမ္မာကြာပန်းကဲ့သို့ ကိလေသာ အာသဝေါ အလျှောကြီး လျှော အကုန်ကြီး ကုန်တော်မူသော မဟာခီဏာသဝ အမည်ရတော်မူသည့် ရဟန္တာ ပုဂ္ဂိုလ်မြတ် ဖြစ်တော်မူ၍ ငါသည် မငြိုမငြင် မပင်မပန်း ချမ်းချမ်းသာသာဖြင့်ပင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကြီးကို ကောင်းစွာ လှလှကြီး ကျော်လွှားလွန်မြောက်ခဲ့ရလေပြီဟု ဆင်ခြင်သော ပစ္စဝေက္ခဏာဇော၏ အဆုံး၌ ဖြစ်ပေါ်လာသော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား၏ စွမ်းအားဖြင့် ပြုံးမှုကို ပြုတော်မူလျက်သာလျှင် ထိုင်လျက် သီတင်းသုံးနေတော်မူလေပြီ။ ကဿကလိုဏ်တံခါးဝအနီး သစ်ပင်၌ စိုးအုပ်နေထိုင်သော ရုက္ခစိုး နတ်က ဤသို့ လျှောက်ထားလာ၏။ ----

နမော တေ ပုရိသာဇည၊ နမော တေ ပုရိသုတ္တမ။

ယဿ တေ အာသဝါ ခီဏာ၊ ဒက္ခိဏေယျောသိ မာရိသ။ (မ၊ဋ္ဌ၊၁၊၂၉၈။ ...)

= ဆင်းရဲကင်းကွာ စိတ်ချမ်းသာသည့် ရဟန္တာသခင် ဖြစ်တော်မူပါပေသော အရှင်မြတ်ဘုရား ...အကြင် အရှင်ဘုရား၏ သန္တာန်၌ အာသဝေါတရားဟူသမျှတို့သည် အမြစ်အရင်းနှင့်တကွ ကုန်ဆုံးပျက်ပြုန်းခဲ့ပါကုန်ပြီ၊ ထိုအရှင်ဘုရားသည် ကံနှင့် အကျိုး ရည်ကိုးမျှော်သန် အလှူကောင်း အလှူမှန် ဟူသမျှကို စိုးယူပိုင်သ ခံယူ တော်မူခြင်းငှာ ထိုက်တန်သည့် ဒက္ခိဏေယျ ပုဂ္ဂိုလ်အစစ် အဖြစ်ကြီး ဖြစ်တော်မူပါပေ၏။

ယောက်ျားအာဇာနည် ပီသတော်မူပါပေသော အရှင်မြတ်ဘုရား ...အရှင်မြတ်ဘုရားအား ရှိခိုးပါ၏။

ယောက်ျားမြတ်စင်စစ် ဖြစ်တော်မူပါပေသော အရှင်မြတ်ဘုရား ...အရှင်မြတ်ဘုရားအား ရှိခိုးပါ၏။

ဤသို့သော ဝမ်းမြောက်ဖွယ် ဥဒါန်းစကားကို မြွက်ကြား လျှောက်ထားပြီး၍ ----

အရှင်မြတ်ဘုရား ...ဆွမ်းအလို့ငှာ ရွာတွင်းသို့ ကြွဝင်တော်မူကြကုန်သော အရှင်မြတ်တို့ကဲ့သို့သော ရဟန္တာသခင် အရှင်မြတ်တို့အား ဆွမ်းကို ပေးလှူရ၍ အသက်အရွယ် ကြီးရင့်ကြကုန်သော အမျိုးသ္မီးကြီးတို့ သည် သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ မချွတ်ဧကန် လွတ်မြောက်ကြပါကုန်လိမ့်မည်ဘုရားဟု လျှောက်ထား လာလေ၏။

အယျမိတ္တမထေရ်မြတ်ကြီးသည် ထိုင်ရာမှ ထ၍ လိုဏ်တံခါးကို ဖွင့်၍ အချိန်အခါကာလကို ကြည့်လတ် သော် စောသေးသည်တည်းဟု သိရှိ၍ သပိတ် သင်္ကန်းကို ယူဆောင်တော်မူ၍ ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော် မူလေပြီ။

သတို့သမီးငယ်သည်လည်း ဆွမ်းကို ပြီးစီးအောင် စီမံပြီး၍ - ယခုအခါ၌ ငါ၏ အစ်ကိုကြီးသည် လာပေ လိမ့်မည်၊ ယခုအခါ၌ ငါ၏အစ်ကိုကြီးသည် လာပေလိမ့်မည်ဟု ဤသို့ တွေး၍ တံခါးဝကို ကြည့်လျက် ထိုင်နေ လေ၏။

ထိုသတို့သမီးငယ်သည် မထေရ်မြတ်ကြီးသည် အိမ်တံခါးဝသို့ ဆိုက်ရောက်တော်မူလာလတ်သော် သပိတ် ကို လှမ်းယူ၍ ထောပတ် တင်လဲတို့ဖြင့် ရောစပ်ထားအပ်သော နွားနို့ဆွမ်းဖြင့် သပိတ်ကို ပြည့်စေ၍ မထေရ် မြတ်ကြီး၏ လက်တော်၌ ဆက်ကပ် လှူဒါန်း တည်ထားလေ၏။ မထေရ်မြတ်ကြီးသည် - သုခံ ဟောတု = ချမ်းသာပါစေ - ဟူ၍ ဝမ်းမြောက်ဖွယ် အနုမောဒနာတရားစကားကို မြွက်ကြားတော်မူပြီး၍ ဖဲခွာကြွသွားတော် မူလေသည်။ ထိုသတို့သမီးငယ်သည်လည်း ထိုအယျမိတ္တ မထေရ်မြတ်ကြီးကို ဖူးမြော်လျက်သာလျှင် ရပ်တည် နေလေ၏။ ထိုသို့ ဖူးမြော်သင့်ခြင်း၏ အကြောင်းရင်းမှာ ဤသို့ ဖြစ်၏။

ထိုအချိန်အခါ၌ အယျမိတ္တမထေရ်မြတ်ကြီး၏ အသားအရောင် အဆင်းသည် အလွန်အကဲသာလျှင် ထက်ဝန်းကျင် စင်ကြယ်လျက် ရှိ၏၊ မျက်စိစသော ဣန္ဒြေတို့သည်လည်း အထူးသဖြင့် ကြည်လင်၍ နေကြ ကုန်၏၊ မထေရ်မြတ်ကြီး၏ မျက်နှာတော်သည် အညှာမှ ကြွေကျလာသော ထန်းသီးမှည့်ကဲ့သို့ လွန်လွန်ကဲကဲပင် တင့်တယ်စမ္ပယ်တော်မူလျက် ရှိ၏။

ဥပါသိကာမကြီးသည် တောမှ ပြန်ရောက်လာသောအခါ ချစ်သမီး ...သင်၏ မောင်တော်ကြီးကော ကြွလာတော်မူပါရဲ့လားဟု မေး၏၊ ထိုသတို့သမီးငယ်ကလည်း ဖြစ်ပုံအခြင်းအရာ အလုံးစုံကို အကုန်ပြောပြ၏။ ဥပါသိကာမကြီးသည် - ယနေ့ ငါ၏သားတော်၏ ရဟန်းကိစ္စသည် အပြီးအဆုံးသို့ ရောက်ရှိလေပြီ - ဟု သိ၍ ချစ်သမီး ...သင်၏မောင်တော်ကြီးသည် ဘုရားရှင်၏ သာသနာတော်မြတ်ကြီး၌ အပျော်ကြီး ပျော် လေပြီ၊ သာသနာတော်၌ ပျင်းရိငြီးငွေ့မှု မရှိတော့ပါဟု ပြောဆိုလေသည်။

ဤကား ဆွမ်းကို အတုံ့ပြန်၍ ပူဇော်သော အယျမိတ္တ မထေရ်မြတ်ကြီး၏ အကြောင်းအရာ ဖြစ်သည်။

(မ၊ဋ္ဌ၊၁၊၂၉၈-၂၉၉။ မ၊ဋီ၊၁၊၃၈၆-၃၈၇။ ဒီ၊ဋ္ဌ၊၂၊၃၇၉-၃၈၁။ သံ၊ဋ္ဌ၊၃၊၁၉၆-၁၉၇။ အဘိ၊ဋ္ဌ၊၂၊၂၆၆-၂၆၈။)

ဆွမ်းကို အတုံ့ပြန်၍ ပူဇော်မှု ရှိခြင်းကြောင့် ဝီရိယသမ္ဗောဇ္ဈင် အားကောင်းလာ၍ ထိုဝီရိယသမ္ဗောဇ္ဈင်၏ တွန်းအားဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ကြိုးပမ်းတော်မူလေရာ ရဟန်းကိစ္စ အထွတ်အထိပ်သို့ ရောက်ရှိ သွားပုံ ရှေးဟောင်းထုံးတစ်ရပ်ပင် ဖြစ်ပေသည်။ သို့အတွက် အသင် ယောဂီသူတော်ကောင်းသည်လည်း ဝီရိယ သမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာလိုပါက ဆွမ်းကို အတုံ့ပြန်၍ ပူဇော်ခြင်းရှိသူ ဖြစ်ပါစေ။

၅။ အမွေဆက်ခံရမည့် သူတော်ကောင်းဥစ္စာ၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ----

၁။ သဒ္ဓါ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်၌ သက်ဝင်ယုံကြည်မှု,

၂။ သီလ = ကိုယ်ကျင့်သီလ ခိုင်မြဲမှု,

၃။ ဟိရီ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်မှု,

၄။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်မှု,

၅။ ဗာဟုဿစ္စ = သုတ = သစ္စာလေးပါးတရားတို့၌ သင်သိ ကျင့်သိဟူသော အကြားအမြင် ဗဟုဿုတရှိမှု,

၆။ စာဂ = ပေးကမ်း စွန့်ကြဲမှု,

၇။ ပညာ = သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ထိုးထွင်းသိမြင်သော ဥဒယဗ္ဗယဉာဏ်ပညာ သို့မဟုတ် သစ္စာလေးပါးကို ထိုးထွင်းသိမြင်သည့် သမ္မာဒိဋ္ဌိပညာ ----

ဤကား သူတော်ကောင်း ဥစ္စာ ခုနစ်ဖြာတည်း။

ဤအရိယဥစ္စာ ခုနစ်ဖြာတို့မည်သည် သီလ သမာဓိ ပညာ ဂုဏ်သိက္ခာအားဖြင့် ကြီးကျယ် မြင့်မြတ်တော် မူသော အကြီးဆုံး အမြတ်ဆုံးဖြစ်တော်မူသော ဆရာဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်သာဝကတို့အား ဆက်ခံရန် ပေးအပ်လိုက်သော အမွေတော်တည်း။ ထိုအရိယဥစ္စာ ခုနစ်ဖြာ ဟူသော အမွေကို ပျင်းရိသူသည် ရယူခြင်းငှာ မစွမ်းနိုင်ပေ။ လောက၌ ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးနေသော သားကို မိဘတို့က --ဤသူ သည် ငါတို့၏သား မဟုတ်- ဟု သားအဖြစ်မှ စွန့်လွှတ်မှုကို ပြုကြကုန်၏၊ ထိုသားသည် ထိုမိဘတို့ ကွယ်လွန်ရာ အခါ၌ အမွေကို မရနိုင်သကဲ့သို့ ဤ ဥပမာအတူပင် ပျင်းရိသော သူသည်လည်း ထိုပျင်းရိမှုဟူသော အကြောင်း ကြောင့်ပင်လျှင် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်းဟူသော ကောင်းမွန်မှန်ကန်သည့် သမ္မာပဋိပတ်ကျင့်စဉ် ကို မကျင့်ခဲ့သော် ဖခင်ဖြစ်တော်မူသော ဘုရားရှင်ထံမှ ရသင့်ရထိုက်သော အရိယဥစ္စာ ခုနစ်ဖြာဟူသော အမွေ ကို မရရှိနိုင်ပေ။ အပြင်းအထန် ကြိုးစားအားထုတ်အပ်သော သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိသော ပုဂ္ဂိုလ်သည် သာလျှင် ဤ အရိယဥစ္စာ ခုနစ်ဖြာဟူသော အမွေကို ရရှိနိုင်၏ဟု ဤသို့လျှင် မိမိဆက်ခံရမည့် အမွေ၏ မြင့်မြတ် သည်၏ အဖြစ်ကို ဆင်ခြင်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ် လာနိုင်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၇။ မ၊ဋီ၊၁၊၃၈၇။)

၆။ ဆရာဖြစ်တော်မူသော ဘုရားရှင်၏ မြင့်မြတ်မှုကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ----

သင်၏ဆရာ ဖြစ်တော်မူသော ဘုရားရှင်သည်ကား သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်စသည့် ဂုဏ်ကျေး ဇူးတို့ဖြင့် သူမတူအောင် ကြီးကျယ်မြင့်မြတ်တော်မူ၏၊ သင်၏ဆရာ ဖြစ်တော်မူသော ဘုရားရှင်၏ မယ်တော် ဝမ်းတိုက် သက်ဆိုက်စံနေ သန္ဓေစွဲယူတော်မူရာ အခါ၌လည်းကောင်း, မြတ်သော တောထွက်တော်မူရာ အခါ၌ လည်းကောင်း, ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်၌ ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် သစ္စာလေးရပ်တရား မြတ်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူရာ အခါ၌လည်းကောင်း, တရားဓမ္မစက်ကို လည်ပတ် စေတော်မူရာအခါဟု ခေါ်ဆိုအပ်သော ဓမ္မစက္ကပဝတ္တန အမည်တော်ရသော ဓမ္မစကြာဒေသနာတော်ကို ဟော ကြားတော်မူရာအခါ, ရေမီးအစုံ အစုံ စသော တန်ခိုး ပြာဋိဟာကို ပြတော်မူရာအခါ, အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး၍ တာဝတိံသာနတ်ပြည်မှ သက်ဆင်းတော်မူရာအခါ, ဝေသာလီပြည် စာပါလစေတီ၌ သတိ သမ္ပဇဉ် ဉာဏ်ယှဉ်လျက် အာယုသင်္ခါရကို လွှတ်တော်မူရာအခါတို့၌လည်းကောင်း, မဟာပရိနိဗ္ဗာန် ဝင်စံတော် မူရာ အခါ၌လည်းကောင်း တစ်သောင်းသော လောကဓာတ်သည် သွက်သွက်ခါအောင် တုန်လှုပ်ခဲ့ရလေပြီ၊ သင်သည် ဤသို့ သဘောရှိသော ကြီးကျယ်မြင့်မြတ်တော်မူသော ဘုရားရှင်၏ အဆုံးအမ သာသနာတော်တွင်း၌ ရှင်ရဟန်းအဖြစ်သို့ ကပ်ရောက်နေရသူ ဖြစ်ပါလျက် ဘာဝနာလုပ်ငန်းခွင်၌ စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့် တွန့်တိုဆုတ်နစ်သော စိတ်ဓာတ်ရှိသော ပျင်းရိသူတစ်ယောက် ဖြစ်နေခြင်းငှာ သင့်နိုင်ပါအံ့လောဟု ဤသို့လျှင် ဆရာဖြစ်တော်မူသော ဘုရားရှင်၏ ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန် ၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်ပေသည်။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။)

၇။ အမျိုးဇာတ်၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ----

မင်းမျိုး, ပုဏ္ဏားမျိုး, သူဌေးသူကြွယ် ကုန်သည်မျိုး, သူဆင်းရဲမျိုးဟူသော အမျိုးလေးပါးတို့တွင် မည်သည့် အမျိုးအနွယ်မှ မဆို ဘုရားရှင်၏ သာသနာတော်တွင်း၌ ရှင်ရဟန်းပြုလာသောသူ မှန်သမျှသည် ရှင်ရဟန်း အဖြစ်သို့ ကပ်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် သာကီဝင်မင်းသား ဘုရားသားတော်အဖြစ် မွေးဖွားလာရခြင်း ပင် ဖြစ်ပေသည်။ သင်သည် ---- အမျိုးဇာတ်အားဖြင့်လည်း ရဟန်းပြုပြီးရာ ဤယခုအခါ၌ ယုတ်ညံ့သော အမျိုးဇာတ် ရှိသူကား မဟုတ်တော့ပေ။ အခြားအခြားသော အမျိုးဇာတ်တို့နှင့် မရောမစပ်သော အသမိ႓န္န ခတ္တိယဇာတ်ဖြစ်သည့် မဟာသမ္မတ မင်းဆက်မှ ဆင်းသက်လာသော ဥက္ကာကမင်း၏ အနွယ်၌ဖြစ်သော သုဒ္ဓေါဓန မဟာရာဇာနှင့် မဟာမာယာဒေဝီတို့၏ မြေးတော်ဖြစ်သော အရှင်ရာဟုလာ၏ ညီတော်တည်း၊ သင်သည် ဤသို့ သဘောရှိသော ဘုရားသားတော် ဖြစ်ပါလျက် ဘာဝနာလုပ်ငန်းခွင်မှ အဝေးကြီး ဝေးလျက် တွန့်တိုဆုတ်နစ် သော စိတ်ဓာတ်ရှိသည့် ပျင်းရိသူတစ်ယောက် အဖြစ်ဖြင့် သာသနာတော်၌ နေထိုင်ခြင်းငှာ မသင့်တော်လှပေဟု ဤသို့လျှင် အမျိုးဇာတ် မြင့်မြတ်ပုံကို ဆင်ခြင်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရား သည် ထင်ရှားဖြစ်ပေါ်လာနိုင်ပေ၏။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။ မ၊ဋီ၊၁၊၃၈၇။)

၈။ သီတင်းသုံးဖော်တို့၏ မြင့်မြတ်ပုံကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ----

အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အစရှိကုန်သော ရှစ်ကျိပ်သော အသီတိ မဟာသာဝကကြီး တို့သည် ကျောက်တောင်ကြီးပမာ မြဲခိုင်လှစွာသော သမာဓိနှင့်ယှဉ်သော စိတ်ဓာတ်, ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယဖြင့် သာလျှင် လောကုတ္တရာ တရားထူး တရားမြတ်ကို ထိုးထွင်း သိမြင်တော်မူကြကုန်၏၊ သင်သည် ဤ သီတင်းသုံးဖော် အရှင်ကောင်း အရှင်မြတ်တို့၏ နိဗ္ဗာန်သို့ ကြွသွားတော်မူရာလမ်းကို သွားလတ္တံ့လေလော မသွားလတ္တံ့လေလောဟု ဤသို့လျှင် သီတင်းသုံးဖော် ဖြစ်တော်မူကြကုန်သော အရှင်ကောင်း အရှင်မြတ်တို့၏ မြင့်မြတ်ပုံကို ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။)

၉။ ပျင်းရိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း ----

ဝမ်းဗိုက်ကို ပြည့်စေ၍ တည်နေသော စပါးကြီးမြွေနှင့် တူကြကုန်သော, စွန့်လွှတ်ထားအပ်သော ကာယိက ဝီရိယ စေတသိကဝီရိယ ရှိကြကုန်သော, သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်၌ အမည်နာမမျှကိုသော်လည်း မသိကြကုန်သော ကိုယ်လက်ကြံ့ခိုင်ရေးအတွက် ခန္ဓာကိုယ်ကို မွေးမြူရေးလုပ်ငန်းရပ်၌သာလျှင် အလေ့အလာ များကြကုန်သော အလိုရှိတိုင်း စား၍ ချမ်းချမ်းသာသာ အိပ်စက်မှု စသည်ကိုသာလျှင် အဖန်တလဲလဲ ကြောင့်ကြ စိုက်ကာ အားထုတ်နေကြကုန်သော အစားအကြောင်း အဝတ်အကြောင်း ရွာအကြောင်း ရပ်အကြောင်းစသည့် မဂ်ဖိုလ် နိဗ္ဗာန်မှ သို့မဟုတ် မဂ်ဖိုလ် နိဗ္ဗာန်သို့ သွားရာလမ်းကြောင်းမှ ဖီလာကန့်လန့် ဖြစ်ကြကုန်သော (၃၂) ပါးကုန်သော တိရစ္ဆာနကထာ စကားတို့ကိုသာလျှင် အရိုးဆွေးအောင် ပြောကြားလေ့ရှိကြကုန်သော ဘာဝနာ လုပ်ငန်းရပ်မှ အဝေးကြီး ဝေးလျက် အပျင်းကြီး ပျင်းကာ အအိပ်ကြီး အိပ်ပျော်နေကြကုန်သော သူတို့ကို ဝေးစွာ ရှောင်ကြဉ်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။ သံ၊ဋီ၊၂၊၄၃၆။)

၁၀။ အားထုတ်အပ်သော လုံ့လဝီရိယရှိသူကို မှီဝဲဆည်းကပ်ခြင်းရှိသူ ဖြစ်ခြင်း ----

နေ့အခါ၌ စင်္ကြံလျှောက်ခြင်း ထိုင်ခြင်းဖြင့်လည်းကောင်း, ညဉ့်ဦးယာမ်၌ စင်္ကြံလျှောက်ခြင်း ထိုင်ခြင်းဖြင့် လည်းကောင်း, သန်းခေါင်ယာမ်၌ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် အနည်းငယ်မျှသာ ကျိန်းစက်ပြီးလျှင် မိုးသောက် ယာမ်၌ စင်္ကြံလျှောက်ခြင်း ထိုင်ခြင်းဖြင့်လည်းကောင်း ဘာဝနာလုပ်ငန်းရပ်ဖြင့်သာလျှင် အချိန်ကို ကုန်လွန်စေ လျက် နံနက်ပိုင်း၌လည်း စေတီယင်္ဂဏဝတ် ဗောဓိယင်္ဂဏဝတ်တို့ကို ဖြည့်ကျင့်ပြီးလျှင် ရွာတွင်းသို့ ဆွမ်းခံသွားရာ ရွာတွင်းမှ ကျောင်းသို့ ဆွမ်းခံပြန်လာရာ အခါတို့၌ သမထ-ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကိုသာလျှင် နှလုံး သွင်းလျက် သွားခြင်း ပြန်ခြင်းတည်းဟူသော အသွား အပြန် ကမ္မဋ္ဌာန်းဆောင်သည့် ဂတပစ္စာဂတဝတ်ကို ရိုသေစွာ ဖြည့်ကျင့်လျက် ရှိကြကုန်သော သူတော်ကောင်းတို့သည်ကား ဤသာသနာတော်၌ တကယ်တမ်း အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယ ရှိတော်မူကြကုန်သော သူတော်ကောင်းတို့ ဖြစ်ကြ၏။ ဤသို့ စသည့် သဘော ရှိကြကုန်သော ဘာဝနာလုပ်ငန်းရပ်၌ အရိုးကြေကြေ အရေခန်းခန်း နောက်မဆုတ်တမ်း အပြင်းအထန် ကြိုးစားအားထုတ်သော ခိုင်မြဲသော ဝီရိယဓာတ်, မဂ်ဖိုလ် နိဗ္ဗာန်ရသည်တိုင်အောင် တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့် ရင့်သထက်ရင့်အောင် အဆင့်ဆင့် ကြိုးပမ်းမှု (= ပရက္ကမ) ဝီရိယဓာတ် ရှိတော်မူကြကုန်သော နိဗ္ဗာန်သို့ စေလွှတ်ထားအပ်သောစိတ် ရှိတော်မူကြကုန်သော နိဗ္ဗာန်သို့ ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စေလွှတ်ထားအပ်သော ဘာဝနာစိတ် ရှိတော်မူကြကုန်သော သူတော်ကောင်းတို့ကို သင့်တင့်လျောက်ပတ်သော အခါ၌ မှီဝဲဆည်းကပ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ်လာနိုင်၏။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။ သံ၊ဋီ၊၂၊၄၃၆-၄၃၇။)

၁၁။ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင်သော ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း

သွား-ရပ်-ထိုင်-လျောင်း လေးပါးလုံးသော ဣရိယာပုထ်တို့၌ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို ရှေးနှင့်နောက် အစဉ်စပ်လျက် အဆက်မပြတ် ကြိုးစားအားထုတ်မှု ဝီရိယကို ဖြစ်စေခြင်း အကျိုးငှာ ညွတ်ယိမ်း ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ် လာနိုင်၏။

ဤသို့ ဆိုအပ်ခဲ့ပြီးသည်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သဖြင့် ဖြစ်ပေါ်လာသော ဝီရိယ သမ္ဗောဇ္ဈင်တရား၏ အရဟတ္တမဂ်သို့ ဆိုက်သောအခါ အရဟတ္တမဂ်ကြောင့် ဘာဝနာ၏ ပြည့်စုံကြောင်းတရား ဖြစ်လာပေသည်။ (မ၊ဋ္ဌ၊၁၊၂၉၉။ သံ၊ဋ္ဌ၊၃၊၁၉၈။)

ထိနမိဒ္ဓဝိနောဒနတာ = ထိနမိဒ္ဓကို ပယ်ဖျောက်ခြင်းရှိသူ ဖြစ်ခြင်း

ထိနမိဒ္ဓဝိနောဒနတာ = ထိနမိဒ္ဓကို ပယ်ဖျောက်ခြင်းရှိသူ ဖြစ်ခြင်း

အရောင်အလင်း အမှတ်သညာ (အာလောကသညာ) ကို နှလုံးသွင်းခြင်း, ဣရိယာပုထ်ကို ပြောင်းလဲ ပြုပြင်ပေးခြင်း, လွင်တီးခေါင်အရပ်ကို မှီဝဲခြင်း စသည်တို့ဖြင့် အိပ်ချင်ငိုက်မျဉ်းမှု စိတ်စေတသိက်တို့၏ ထိုင်းမှိုင်း မှုတို့ကို ပယ်ဖျောက်ခြင်းရှိသူ၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၉။)

သမ္မပ္ပဓာနပစ္စဝေက္ခဏတာ = သမ္မပ္ပဓာန်၏ အာနုဘော်ကို ဆင်ခြင်ခြင်းရှိသူဖြစ်ခြင်း

သမ္မပ္ပဓာနပစ္စဝေက္ခဏတာ = သမ္မပ္ပဓာန်၏ အာနုဘော်ကို ဆင်ခြင်ခြင်းရှိသူဖြစ်ခြင်း

၁။ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်နိုင်အောင် ကြိုးစားအားထုတ်ခြင်း,

၂။ မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း,

၃။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်အောင် ကြိုးစားအားထုတ်ခြင်း,

၄။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း ----

ဤလေးမျိုးသော သမ္မပ္ပဓာန်လုံ့လဝီရိယ၏ အာနုဘော်ကို ဆင်ခြင်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝီရိယသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၉။ မဟာဋီ၊၁၊၁၅၇။)

သံယုတ်ဋီကာ၏ မှာထားချက်

သံယုတ်ဋီကာ၏ မှာထားချက်

ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားများကို အထက်တွင် ဖော်ပြထားရာဝယ် မူလပဏ္ဏာသအဋ္ဌကထာနှင့် သံယုတ်အဋ္ဌကထာတို့ကား အဆို တူညီကြ၏။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ အချက်နှစ်ရပ်တွင် ကွဲလွဲမှု ရှိနေ၏။ ထို ကွဲလွဲမှုနှင့် ပတ်သက်၍ သံယုတ်ဋီကာက ဤသို့ ရှင်းပြထား၏။

(မူလပဏ္ဏာသအဋ္ဌကထာနှင့်) သံယုတ်အဋ္ဌကထာတို့၌ ဖော်ပြထားသော ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား (၁၁)မျိုးတို့တွင် အမှတ် (၂) ဖြစ်သော ---- အာနိသံသဒဿာဝိတာ = ဝီရိယသမ္ဗောဇ္ဈင်၏ အကျိုးအာနိသင် ကို ရှုမြင်လေ့ရှိသူ ဖြစ်ခြင်း ---- ဟူသော စကားရပ်၌ပင်လျှင် သမ္မပ္ပဓာနပစ္စဝေက္ခဏတာ = သမ္မပ္ပဓာန် လုံ့လဝီရိယ ၏ အာနုဘော်ကို ဆင်ခြင်ခြင်းရှိသူဖြစ်ခြင်းဟူသော စကားကို ထည့်သွင်း ရေတွက်ထားပေသည်။ အကြောင်းမူ လောကီ-လောကုတ္တရာ တရားထူး တရားမြတ်ကို ရရှိခြင်း၏ ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် ဆက်စပ်၍သာ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို တွေ့မြင်နေရသည်၏ အဖြစ်ကြောင့်ပင်တည်း။

တစ်ဖန် ထိနမိဒ္ဓဝိနောဒနတာ (= ထိနမိဒ္ဓပယ်ဖျောက်မှု) ကို တဒဓိမုတ္တတာ (= ဝီရိယသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲသက်ဝင်သော ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူဖြစ်ခြင်း) ဟူသော အင်္ဂါရပ်၌ ထည့်သွင်း ယူထားအပ်ပေသည်။ ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ခြင်း၌ တကယ်တမ်း စွဲစွဲမြဲမြဲ ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယနှင့် ယှဉ်တွဲနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိနမိဒ္ဓကို ပယ်ဖျောက်မှု လုပ်ငန်းရပ်သည် အနက် သဘောအားဖြင့် ပြီးစီးပြီးသာလျှင် ဖြစ်နေ၏။ (သံ၊ဋီ၊၂၊၄၁၈။)

မဟာဋီကာ၏ မှာထားချက်တစ်ရပ်

မဟာဋီကာ၏ မှာထားချက်တစ်ရပ်

ဤ ဖော်ပြပါ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားတို့တွင် ----

၁။ ထိနမိဒ္ဓကို ပယ်ဖျောက်ခြင်း,

၂။ ပျင်းရိသောပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း,

၃။ အားထုတ်အပ်သော လုံ့လဝီရိယရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်း,

၄။ ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင်သော ညွတ်ကိုင်းရှိုင်းသောစိတ်ဓာတ် ရှိခြင်းဟူသော

ဤလေးမျိုးကုန်သော အကြောင်းတရားတို့ကို ဝီရိယသမ္ဗောဇ္ဈင်တရား၏ ထိပ်တိုက် ဆန့်ကျင်ဘက်တရား တို့ကို ဖျောက်ဖျက်ပစ်ခြင်း လုပ်ငန်းရပ်၏ အကြောင်းတရားတို့ကို ရှေးရှုကပ်၍ ဆောင်ပေးသည်၏ အစွမ်း အားဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေတတ်ကုန်သော အကြောင်းတရားတို့ဟူ၍ မှတ်သားပါ။ အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခဘေး စသည်တို့ကို ဆင်ခြင်ခြင်း အစရှိသော ကြွင်းကျန်သော အကြောင်းတရားတို့ကို စိတ်ဓာတ် ကို ထက်မြက်စေသည်၏ အစွမ်းဖြင့် ဝီရိယသမ္ဗောဇ္ဈင်တရားကို ဖြစ်စေတတ်ကုန်သော အကြောင်းတရားတို့ဟူ၍ မှတ်သားပါ။ (မဟာဋီ၊၁၊၁၅၇။)

ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၁၁) ပါး

ပီတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၁၁) ပါး

၁။ ဘုရား၏ ဂုဏ်တော်ကို အဖန်ဖန် အမှတ်ရပွားများခြင်း ဗုဒ္ဓါနုဿတိ,

၂။ တရားတော်၏ ဂုဏ်တော်ကို အဖန်ဖန် အမှတ်ရပွားများခြင်း ဓမ္မာနုဿတိ,

၃။ အရိယာသံဃာတော်၏ ဂုဏ်တော်ကို အဖန်ဖန် အမှတ်ရပွားများခြင်း သံဃာနုဿတိ,

၄။ မိမိသီလ၏ မကျိုးမပေါက်ခြင်း စသော ဂုဏ်ကို အဖန်ဖန် အမှတ်ရပွားများခြင်း သီလာနုဿတိ,

၅။ မိမိစွန့်ကြဲခြင်း၏ ဂုဏ်ကို အဖန်ဖန် အမှတ်ရပွားများခြင်း စာဂါနုဿတိ,

၆။ နတ်တို့၏ သဒ္ဓါတရား အစရှိသည်ကို သက်သေအရာ၌ ထား၍ မိမိ၏ သဒ္ဓါတရား စသည်ကို အဖန်ဖန် အမှတ်ရပွားများခြင်း ဒေဝတာနုဿတိ,

၇။ နိဗ္ဗာန်၏ ငြိမ်းအေးခြင်း ဂုဏ်ကို အဖန်ဖန် အမှတ်ရပွားများခြင်း ဥပသမာနုဿတိ,

၈။ စိတ်နှလုံးကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း,

၉။ စိတ်ထား ပြေပြစ်ညက်ညောသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း,

၁၀။ ကြည်ညိုဖွယ်ကောင်းသော သုတ္တန်တို့ကို ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၁၁။ ပီတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင်သော ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း

ဤ (၁၁)ပါးကုန်သော အကြောင်းတရားတို့သည် ပီတိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၉။ ဒီ၊ဋ္ဌ၊၂၊၃၈၂။ မ၊ဋ္ဌ၊၁၊၃၀၀။ သံ၊ဋ္ဌ၊၃၊၁၉၈။)

၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်ဖန် အမှတ်ရခြင်း ----

ဘုရားရှင်၏ ဂုဏ်တော်တို့ကို အဖန်ဖန် အထပ်ထပ် အမှတ်ရနေသော ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပစာရဘာဝနာတိုင်အောင် ဥပစာရသမာဓိ ဆိုက်အောင် ပွားများအားထုတ်ခဲ့ပါမူ တစ်ကိုယ်လုံးကို ဖြန့်လျက် ပီတိသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ် လာနိုင်၏။ (ဒီ၊ဋ္ဌ၊၂၊၃၈၂။ မ၊ဋ္ဌ၊၁၊၃၀၀။ သံ၊ဋ္ဌ၊၃၊၁၉၈။)

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြု၍ ဥပစာရသမာဓိ ဆိုက်အောင် ပွားများ အားထုတ်အပ်သော ဘာဝနာကုသိုလ်ဇောစိတ် အစဉ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံးသို့ ပျံ့လျက် နှံ့လျက် တဖွားဖွား အဆက်မပြတ် ဖြစ်ပွားနေကြ၏။ ထို မနောဒွါရိက မဟာကုသိုလ်ဇောဝီထိ စိတ်အစဉ်များဟု ခေါ်ဆိုအပ်သော ဘာဝနာကုသိုလ်စိတ်တိုင်း စိတ်တိုင်း တွင် ပီတိပါဝင်လျက် ရှိ၏၊ ပီတိယှဉ်တွဲလျက် ရှိ၏၊ ထို ပီတိသည်လည်း ဘုရားရှင်၏ ဂုဏ်တော်ကိုပင် အာရုံ ယူလျက် ရှိ၏။ ထိုကြောင့် ဘုရားရှင်၏ ဂုဏ်တော်များက ပီတိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိခြင်းကြောင့် ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်ဖန် အထပ်ထပ် အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိဘာဝနာသည် ပီတိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာခြင်း၏ အကြောင်းတစ်ခု ဖြစ်ရပေသည်။ ထိုဘုရားရှင်၏ ဂုဏ်တော်ကို အာရုံပြုနေသော ပီတိနှင့် ယှဉ်တွဲလျက်ရှိသော ဘာဝနာ ကုသိုလ် စိတ်ကြောင့် မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံး အနှံ့အပြား အဆက်မပြတ် ဖြစ်ပွားနေခြင်း ကိုပင် ပီတိသမ္ဗောဇ္ဈင်တရားသည် တစ်ကိုယ်လုံးကို ဖြန့်လျက် ဖြစ်ပေါ်လာ၏ဟု အဋ္ဌကထာများ မိန့်ဆိုတော် မူကြခြင်း ဖြစ်သည်ဟု မှတ်ပါ။ အကြောင်းမူ ထိုဗုဒ္ဓါနုဿတိဘာဝနာစိတ်သည်လည်းကောင်း, ထိုဘာဝနာစိတ် နှင့် ယှဉ်တွဲလျက်ရှိသော ပီတိသည်လည်းကောင်း ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ်၍ ဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်ပေသည်။ [ဗုဒ္ဓါနုဿတိ စသည်တို့သည် အပ္ပနာစျာန်ကို မဆောင်နိုင် မရနိုင်ခြင်းကြောင့် ယာဝ ဥပစာရာ = ဥပစာရသမာဓိတိုင်အောင်ဟု အထက်ပါ အဋ္ဌကထာများ၌ မိန့်ဆိုကြခြင်း ဖြစ်သည်ဟု မှတ်ပါ။]

(သကလသရီရံ ဖရမာနောတိ ပီတိသမုဋ္ဌာနေဟိ ပဏီတရူပေဟိ သကလသရီရံ ဖရမာနော။ မ၊ဋီ၊၁၊၃၈၈။)

၂။ ဓမ္မာနုဿတိ ---- မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ္တိတည်းဟူသော ဆယ်တန်သော တရားတော် မြတ်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အမှတ်ရသော အောက်မေ့သော ဓမ္မာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၃။ သံဃာနုဿတိ ---- အရိယသံဃာတော်၏ မဂ်ဖိုလ် နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်းကို အကွေ့ အကောက် မရှိ ဖြောင့်ဖြောင့် ကျင့်ခြင်း သုပ္ပဋိပန္န - အစရှိသော ဂုဏ်တော်ကို အဖန်တလဲလဲ အမှတ်ရသော အောက်မေ့သော သံဃာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၄။ သီလာနုဿတိ ---- ရှည်မြင့်စွာသော နေ့ညဉ့်တို့ပတ်လုံး မကျိုးမပြတ်သည်ကို ပြု၍ စောင့်ထိန်းအပ်သော

(က) ဝိနည်းသိက္ခာပုဒ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော ပါတိမောက္ခသံဝရသီလ,

( ခ ) မျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ် ဟူသော ဒွါရခြောက်ပါး တံခါးကြီးခြောက်ပေါက်မှ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာတို့ မဝင်အောင် မိမိ၏စိတ်ကို ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုအတွင်း၌ အမြဲတမ်း သွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော ဣန္ဒြိယသံဝရသီလ,

( ဂ ) ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာဆင်ခြင်၍ သုံးဆောင်ခြင်းတည်းဟူသော ပစ္စယသန္နိဿိတသီလ,

(ဃ) အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်၍ ဘုရားရှင် ပညတ်တော်မူအပ်သော သိက္ခာပုဒ်တို့ကို ရိုသေ စွာ လိုက်နာလျက် အသက်မွေးဝမ်းကြောင်း စင်ကြယ်အောင် ဖြည့်ကျင့်ခြင်းဟူသော အာဇီဝပါရိသုဒ္ဓိ သီလ ----

ဤလေးရပ်သော စတုပါရိသုဒ္ဓိသီလကို ဆင်ခြင်သော သီလာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌လည်းကောင်း,

လူဝတ်ကြောင် ယောဂီသူတော်ကောင်း ဖြစ်ခဲ့သော် လူဝတ်ကြောင်ဘဝဖြင့် မကျိုးမပြတ်သည်ကို ပြု၍ စောင့်ထိန်းအပ်သော (၁၀)ပါးသီလကို သို့မဟုတ် ငါးပါးသီလကို ဆင်ခြင်သော သီလာနုဿတိ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရလူပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၅။ စာဂါနုဿတိ ---- အစာရှားပါး ငတ်မွတ်ခေါင်းပါးခြင်း ဒုဗ္ဘိက္ခဘေးဆိုးကြီးဆိုက်ရာ အချိန်အခါကာလ စသည်တို့၌ မွန်မြတ်သော ဘောဇဉ်ကို သီတင်းသုံးဖော်တို့အား ပေးလှူပြီး၍ ---- ဤသို့ မည်သော မွန်မြတ် သော ပဏီတဘောဇဉ်ကို ပေးလှူခဲ့ရကုန်ပြီ - ဟု ဤသို့လျှင် ပေးကမ်းစွန့်ကြဲခြင်း စာဂတရားကို ဆင်ခြင်သော စာဂါနုဿတိဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌လည်းကောင်း,

လူဝတ်ကြောင် ယောဂီသူတော်စင် ဖြစ်ခဲ့သော် လူဝတ်ကြောင်ဘဝဖြင့် ဤသို့ သဘောရှိသော အစာငတ် မွတ်ခေါင်းပါးခြင်း ဒုဗ္ဘိက္ခဘေးဆိုးကြီးစသည်တို့နှင့် တွေ့ကြုံရာ အခါကာလ၌ သီလရှိကုန်သော သူတော်ကောင်း တို့အား လှူဒါန်းအပ်သော အလှူဒါနကို ဆင်ခြင်သော စာဂါနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၆။ ဒေဝတာနုဿတိ ---- အကြင် သဒ္ဓါ သီလ သုတ စာဂ ပညာ စသော သူတော်ကောင်းဥစ္စာတည်းဟူသော ဂုဏ်တို့နှင့် ပြည့်စုံကုန်သော နတ်တို့သည် နတ်၏အဖြစ် နတ်ဘဝသို့ ရောက်ရှိကြကုန်ပြီ၊ ထိုသို့ နတ်ဘဝ နတ် အဖြစ်သို့ ရောက်စေနိုင်သော သဘောရှိကုန်သော သဒ္ဓါ သီလ သုတ စာဂ ပညာ စသော သူတော်ကောင်းဥစ္စာ တည်းဟူသော ဂုဏ်တို့၏ မိမိ၌လည်း ထင်ရှားရှိကုန်သည်၏ အဖြစ်ကို ဆင်ခြင်သော ဒေဝတာနုဿတိ ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၇။ ဥပသမာနုဿတိ ---- စျာန်သမာပတ်ဖြင့် ခွာထားအပ်ပြီးကုန်သော ကိလေသာတို့သည် နှစ်ပေါင်း (၆၀-ရဝ)တို့ ကာလပတ်လုံးသော်လည်း ကောင်းစွာ အထက်အထက်၌ ဖြစ်ပွားပေါ်ပေါက်၍ မလာကုန်ဟု ကိလေသာ တို့၏ ငြိမ်းအေးမှု သဥပါဒိသေသ နိဗ္ဗာန်၏ ဂုဏ်ကို ဆင်ခြင်သော ဥပသမာနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို စီး ဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း ပီတိသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။

သမုဒ္ဒေါ မယာ ဒိဋ္ဌော = ငါသည် သမုဒ္ဒရာကို မြင်အပ်၏ --- ဟူသော စကား၌ သမုဒ္ဒရာ၏ အစိတ်အပိုင်း တစ်ခုကို မြင်မှုကို သမုဒ္ဒရာအားလုံးအပေါ်၌ တင်စား၍ သမုဒ္ဒရာကို ငါမြင်အပ်၏ဟု ပြောဆိုမှုသည် လောက၌ ထင်ရှားရှိသကဲ့သို့ အလားတူပင် သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသ ငြိမ်းအေးမှု၌ သင်္ခါရတရားအားလုံးတို့၏ ငြိမ်းအေးမှု၌ကဲ့သို့ ပြု၍ သင်္ခါရတရားတို့၏ တစ်စိတ်တစ်ဒေသဖြစ်သော ကိလေသာတို့၏ စျာန်သမာပတ်ဖြင့် ဝိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာခွာထားမှု ပယ်ထားမှုကိုပင် အာရုံယူ၍ ဥပသမာနုဿတိ ဘာဝနာကမ္မဋ္ဌာန်း ကို စီးဖြန်းရန် အထက်ပါ အဋ္ဌကထာက ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။ ထိုသို့ သင်္ခါရတရားတို့၏ တစ်စိတ် တစ်ဒေသဖြစ်သော စျာန်သမာပတ်၏ စွမ်းအင်ကြောင့် ဝိက္ခမ္ဘနပဟာန် အနေဖြင့် ကိလေသာတို့၏ ခပ်ကြာကြာ ငြိမ်းအေးမှုကို ထိုးထွင်းသိမြင်နေသော ပညာတရားသည် ဖြစ်စေအပ်သော ကိလေသာတို့၏ ငြိမ်းအေးမှု ဥပသမဂုဏ်ကို အာရုံယူ၍ ပွားများနေသော ဥပသမာနုဿတိဘာဝနာ မနသိကာရသည်လည်း ကိလေသာတို့ကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ခပ်ကြာကြာ ခွာထားနိုင်သော စွမ်းအားရှိသည် ဖြစ်၍ ဥပစာရသမာဓိကို ရွက်ဆောင် ပေးနိုင်၏၊ ဥပစာရသမာဓိကို ရွက်ဆောင်လျက် ထိုသို့ သဘောရှိသော နှစ်သက်ဝမ်းမြောက်ခြင်း ပီတိ သောမနဿ တရားနှင့် ပြည့်စုံသည်ဖြစ်၍ ပီတိသမ္ဗောဇ္ဈင်တရား၏ ထင်ရှားဖြစ်ပေါ်လာရန်အတွက် အကြောင်းတစ်ရပ် ဖြစ်ရပေသည်။ (မ၊ဋီ၊၁၊၃၈၈။)

၈။ လူခပုဂ္ဂလပရိဝဇ္ဇနတာ = စိတ်နှလုံး ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း ----

စေတီတော်ကို ဖူးမြော်ခြင်း, ဗောဓိပင်ကို ဖူးမြော်ခြင်း, သံဃာတော်၏ ဖခင်သဖွယ် ဖြစ်တော်မူကြကုန်သော သံဃာတော်၏ ဦးစီးခေါင်းဆောင် ဖြစ်တော်မူကြကုန်သော သံဃာ့ထေရ်ကြီးတို့ကို ဖူးမြော်ခြင်းတို့၌ မရိုမသေ မလေးမစား ပြုလုပ်ခြင်းဖြင့် ထင်ရှားစွာ ဖော်ပြအပ်သော ဖွဲကြမ်းနှင့်တူသော ကြမ်းတမ်းသော စိတ်နှလုံးထား ရှိကုန်သော, ဘုရားအစရှိသော ရတနာသုံးပါးတို့ အပေါ်၌ ကြည်ညိုခြင်းတည်းဟူသော သဒ္ဓါ အစိုဓာတ် အစေး ဓာတ်၏ မရှိခြင်းကြောင့် မြည်း၏ ကျောက်ကုန်းထက်၌ လိမ်းကပ်လျက်ရှိသော မြူမှုန်နှင့် တူကုန်သော သဒ္ဓါ တရား ခြောက်ကပ် ခေါင်းပါးလျက်ရှိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပီတိသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (မ၊ဋ္ဌ၊၁၊၃၀၀။)

၉။ သိနိဒ္ဓပုဂ္ဂလသေဝနတာ = ပြေပြစ်ညက်ညောသော စိတ်ထားရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း -

ဘုရားအစရှိသော ကြည်ညိုထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ကြည်ညိုမှုများကုန်သော ပျော့ပျောင်း နူးညံ့ သောစိတ်ဓာတ် ရှိကုန်သော ပြေပြစ်ညက်ညောသော စိုစိုဖတ်ဖတ် သဒ္ဓါအစေးကပ်သော ပုဂ္ဂိုလ်တို့ကို မှီဝဲ ဆည်းကပ်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပီတိသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ်လာနိုင်၏။

၁၀။ ပသာဒနီယသုတ္တန္တပစ္စဝေက္ခဏတာ = ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ထင်ရှား ဖော်ပြ တတ်ကုန်သော ကြည်ညိုဖွယ်ကောင်းသော သုတ္တန်တို့ကို ဆင်ခြင်ခြင်းရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၁၁။ တဒဓိမုတ္တတာ = ထိုပီတိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာဖို့ရန်အတွက် စွဲစွဲမြဲမြဲ သက်ဝင်သော စိတ်ဓာတ်, ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ် ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း ----

ပီတိသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (မ၊ဋ္ဌ၊၁၊၃၀၀။ သံ၊ဋ္ဌ၊၃၊၁၉၈-၁၉၉။)

ဤသို့လျှင် ဘာဝနာလုပ်ငန်းခွင်၌ စိတ်ဓာတ်များ ကျဆင်းနေသောအခါ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယ သမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ဖြစ်စေလျက် ဖြစ်ပေါ်လာအောင် ပွားများ အားထုတ်လျက် ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။ ဤကား လေးခုမြောက် အပ္ပနာကောသလ္လ တရားပင် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၁၂၉။)

၅။ စိတ်ဓာတ်ကို နှိပ်ကွပ်ပေးပါ

၅။ စိတ်ဓာတ်ကို နှိပ်ကွပ်ပေးပါ

အကြင်အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် အားထုတ်လွန်းသော ဝီရိယရှိမှု သံဝေဂဉာဏ် လွန်ကဲမှု ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား လွန်ကဲမှု စသည့် အကြောင်းတရားတို့ကြောင့် တက်ကြွ တုန်လှုပ် လျက် မငြိမ်မသက် ဖြစ်နေ၏။ ထိုအချိန်အခါမျိုး၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ကို မပွားများမူ၍ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်တရား သုံးပါးတို့ကို ပွားစေသည် ဖြစ်အံ့၊ ထိုအခါမျိုး၌ တက်ကြွနေသော စိတ်ဓာတ်ကို နှိပ်ကွပ်သည် မည်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၂၉။)

အဂ္ဂိသုတ္တန် ကောက်နုတ်ချက်

အဂ္ဂိသုတ္တန် ကောက်နုတ်ချက်

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ယောက်ျားသည် တောက် လောင်နေသော မီးပုံကြီးကို ငြိမ်းအေးစေလိုသည် ဖြစ်ရာ၏။ ထိုယောက်ျားသည် ထိုမီးပုံကြီးထဲ၌ မြက်ခြောက် တို့ကိုလည်းကောင်း, နွားချေးခြောက်တို့ကိုလည်းကောင်း, ထင်းခြောက်တို့ကိုလည်းကောင်း ထည့်ပေးလေရာ၏ ခံတွင်းလေကိုလည်း မှုတ်ပေးလေရာ၏၊ မြေမှုန်ဖြင့်လည်း မကြဲဖြန့်လေရာ၊ ထိုယောက်ျားသည် မီးပုံကြီးကို ငြိမ်းအေးစေနိုင်ရာအံ့လော?

အရှင်ဘုရား ...မငြိမ်းအေးစေနိုင်ရာပါ။

ရဟန်းတို့ ...ဤဥပမာအတူပင် စိတ်ဓာတ် တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေရာအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများရန် အခါမဟုတ်၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများရန် အခါမဟုတ်၊ ပီတိသမ္ဗောဇ္ဈင်ကို ပွားများရန် အခါမဟုတ်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ...စိတ်ဓာတ်သည် တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေ၏၊ ထိုတက်ကြွတုန်လှုပ် မငြိမ်မသက် ပျံ့လွင့်နေသော စိတ်ကို ဤဗောဇ္ဈင်တရားသုံးပါးတို့သည် ငြိမ်းအေးစေနိုင်ခဲသောကြောင့်တည်း။

ရဟန်းတို့ ...စိတ်ဓာတ် တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေရာအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် ကို ပွားများရန် အခါတည်း၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွားများရန် အခါတည်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများရန် အခါတည်း၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ...စိတ်သည် တက်ကြွတုန်လှုပ် လျက် မငြိမ်မသက် ပျံ့လွင့်နေ၏၊ ထိုတက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေသော စိတ်ကို ဤဗောဇ္ဈင် တရားသုံးပါးတို့သည် ငြိမ်းအေးစေနိုင်သောကြောင့်တည်း။

ရဟန်းတို့ ...ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသော်ကား ယောက်ျားသည် တောက်လောင် နေသော မီးပုံကြီးကို ငြိမ်းအေးစေလိုသည် ဖြစ်ရာ၏။ ထိုယောက်ျားသည် ထိုမီးပုံကြီးထဲ၌ မြက်စိုတို့ကိုလည်းကောင်း, နွားချေးစိုတို့ကိုလည်းကောင်း, ထင်းစိုတို့ကိုလည်းကောင်း ထည့်ပေးလေရာ၏၊ ရေပါသော လေကိုလည်း မှုတ်ပေးလေရာ၏။ မြေမှုန့်ဖြင့်လည်း ကြဲဖြန့်ပေးလေရာ၏၊ ထို ယောက်ျားသည် တောက်လောင်နေသော မီးပုံ ကြီးကို ငြိမ်းအေးစေနိုင်ရာသည် မဟုတ်ပါလော။

အရှင်ဘုရား ...ငြိမ်းအေးစေနိုင်ရာပါ၏။

ရဟန်းတို့ ...ဤဥပမာအတူပင် စိတ်ဓာတ်တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေရာအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများရန်အခါတည်း၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွားများရန်အခါတည်း၊ ဥပေက္ခာသမ္ဗောဇ္ဈင် ကို ပွားများရန်အခါတည်း၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ရဟန်းတို့ ...စိတ်သည် တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေ၏၊ ထိုတက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေသော စိတ်ကို ဤတရားသုံးပါးတို့သည် ငြိမ်းအေးစေနိုင်၏။

သတိံ စ ခွာဟံ ဘိက္ခဝေ သဗ္ဗတ္ထိကံ ဝဒါမိ။

= ရဟန်းတို့ ...သတိကိုကား အလုံးစုံ စိတ်ဆုတ်နစ်ရာအခါ, စိတ် တက်ကြွ တုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်ရာအခါတို့၌ အလိုရှိအပ်ပေ၏ဟု ငါဘုရား ဟောတော်မူ၏ဟု မိန့်တော်မူ၏။ (သံ၊၃၊၁၀၀။)

ဤအရာဝယ် ပဿဒ္ဓိသမ္ဗောဇ္ဈင် စသည်တို့ကို ဖြစ်စေတတ်ကုန်သော ဆိုင်ရာဆိုင်ရာ မိမိတို့၏ ကိုယ်ပိုင် အကြောင်းတရားတို့သည် ရှိကြကုန်၏၊ ထိုအကြောင်းတရားတို့ကို ဖြစ်အောင် ကြိုးစားအားထုတ်ခြင်းဖြင့် ပဿဒ္ဓိ စသော ဗောဇ္ဈင်တရားတို့ကို ဖြစ်စေပုံ ပွားများပုံကို သိရှိပါလေ။ ဤတွင် ပါဠိတော်နည်းကို ရှေးဦးစွာ ဖော်ပြ အပ်ပါသည်။

ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား

ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား

အတ္ထိ ဘိက္ခဝေ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ၊ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ၊ (သံ၊၃၊၉၂။ ဝိသုဒ္ဓိ၊၁၊၁၃၀။)

= ရဟန်းတို့ ...စေတသိက်တို့၏ ငြိမ်းအေးမှု ကာယပဿဒ္ဓိ, စိတ်၏ ငြိမ်းအေးမှု စိတ္တပဿဒ္ဓိတို့သည် ရှိကုန်၏၊ ထိုငြိမ်းအေးမှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို (ယောနိသော မနသိကာရကို) ကြိမ်ဖန် များစွာ ပြုလုပ်ခြင်းပင်တည်း၊ ဤသည်ကား မဖြစ်ပေါ်လာသေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာ စေရန် ဖြစ်ပေါ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံ စေရန် အကြောင်းတရားတည်း။

သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား

သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား

အတ္ထိ ဘိက္ခဝေ သမထနိမိတ္တံ အဗျဂ္ဂနိမိတ္တံ။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ။ (သံ၊၃၊၉၂။ ဝိသုဒ္ဓိ၊၁၊၁၃၀။)

= ရဟန်းတို့ ...ကိလေသာမှ ငြိမ်းကြောင်း သမထ၏ အာရုံ, မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏၊ ထိုအာရုံတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု (= ယောနိသော မနသိကာရ) ကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် ရှိ၏၊ ဤသည်ကား မဖြစ်ပေါ်လာသေးသော သမာဓိသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်လာပြီးသော သမာဓိသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံ လာစေရန် အကြောင်းတရားပင်တည်း။ (သံ၊၃၊၉၂။)

ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား

ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား

အတ္ထိ ဘိက္ခဝေ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာ ဓမ္မာ။ တတ္ထ ယောနိသော မနသိကာရဗဟုလီကာရော၊ အယမာဟာရော အနုပ္ပန္နဿ ဝါ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ ဥပ္ပန္နဿ ဝါ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ။ (သံ၊၃၊၉၂။ ဝိသုဒ္ဓိ၊၁၊၁၃၀။)

= ရဟန်းတို့ ...ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာအာရုံ ဖြစ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ထိုတရား တို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှု (= ယောနိသောမနသိကာရ) ကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် ရှိ၏၊ ဤသည်ကား မဖြစ်ပေါ်လာသေးသော ဥပေက္ခာသမ္ဗောဇ္ဈင်တရားကို ဖြစ်ပေါ်လာစေရန် ဖြစ်ပေါ်လာပြီး သော ဥပေက္ခာသမ္ဗောဇ္ဈင်တရား၏ ပွားများအားထုတ်မှု ဘာဝနာလုပ်ငန်းရပ်၏ ပြီးစီးပြည့်စုံလာစေရန် အကြောင်း တရားပင်တည်း။ (သံ၊၃၊၉၂။)

အဋ္ဌကထာအဖွင့်များ

အဋ္ဌကထာအဖွင့်များ

တတ္ထ ယထာဿ ပဿဒ္ဓိအာဒယော ဥပ္ပန္နပုဗ္ဗာ၊ တံ အာကာရံ သလ္လက္ခေတွာ တေသံ ဥပ္ပါဒနဝသေန ပဝတ္တမနသိကာရောဝ တီသုပိ ပဒေသု ယောနိသော မနသိကာရော နာမ။ သမထနိမိတ္တန္တိ စ သမထေဿဝေတမဓိဝစနံ။ အဝိက္ခေပဋ္ဌေန စ တေဿဝ အဗျဂ္ဂနိမိတ္တန္တိ။ (ဝိသုဒ္ဓိ၊၁၊၁၃၀။)

တံ အာကာရံ သလ္လက္ခေတွာတိ ယေနာကာရေန အဿ ယောဂိနော ပဿဒ္ဓိ သမာဓိ ဥပေက္ခာတိ ဣမေ ပဿဒ္ဓိအာဒယော ဓမ္မာ ပုဗ္ဗေ ယထာရဟံ တသ္မိံ တသ္မိံ ကာလေ ဥပ္ပန္နပုဗ္ဗာ၊ တံ စိတ္တတံသမ္ပယုတ္တဓမ္မာနံ ပဿဒ္ဓါကာရံ, သမာဟိတာကာရံ, အဇ္ဈုပေက္ခိတာကာရဉ္စ ဥပလက္ခေတွာ ဥပဓာရေတွာ။ (မဟာဋီ၊၁၊၁၅၈။)

တထာ သမာဟိတာကာရံ သလ္လက္ခေတွာ ဂယှမာနော သမထောဝ သမထနိမိတ္တံ၊ တဿ အာရမ္မဏဘူတံ ပဋိဘာဂနိမိတ္တမ္ပိ၊ (နာနာရမ္မဏေ ပရိဗ္ဘမနေန) ဝိဝိဓံ အဂ္ဂံ (= အာရမ္မဏံ) ဧတဿာတိ ဗျဂ္ဂေါ၊ ဝိက္ခေပေါ။ တထာ ဟိ သော အနဝဋ္ဌာနရသော ဘန္တတာပစ္စုပဋ္ဌာနော ဝုတ္တော၊ ဧကဂ္ဂဘာဝတော (ဧကဂ္ဂတာဘာဝတော) ဗျဂ္ဂပဋိပက္ခောတိ အဗျဂ္ဂေါ၊ သမာဓိ၊ သော ဧဝ နိမိတ္တန္တိ ပုဗ္ဗေ ဝိယ ဝတ္တဗ္ဗံ။ တေနာဟ တေဿဝ ဝေဝစနန္တိ။ (သံ၊ဋီ၊၂၊၄၁၈။ မဟာဋီ၊၁၊၁၅၈-လည်းကြည့်။)

ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဋ္ဌာနီယာတိ ဥပေက္ခာယ အာရမ္မဏဓမ္မာ၊ အတ္ထတော ပန မဇ္ဈတ္တာကာရော ဥပေက္ခာဋ္ဌာနီယာ ဓမ္မာတိ ဝေဒိတဗ္ဗာ။ ဧဝမေတ္ထ သတိဓမ္မဝိစယဥပေက္ခာသမ္ဗောဇ္ဈင်္ဂါ အာရမ္မဏေန ကထိတာ၊ သေသာ အာရမ္မဏေနပိ ဥပနိဿယေနပိ။ (သံ၊ဋ္ဌ၊၃၊၁၇၉။)

ယော အာရမ္မဏေ ဣဋ္ဌာနိဋ္ဌာကာရံ အနာဒိယိတွာ ဂဟေတဗ္ဗော မဇ္ဈတ္တာကာရော, ယော စ ပုဗ္ဗေ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာဝသေန ဥပ္ပန္နော မဇ္ဈတ္တာကာရော၊ ဒုဝိဓောပိ သော ဥပေက္ခာယ အာရမ္မဏဓမ္မောတိ အဓိပ္ပေတောတိ အာဟ -- အတ္ထတော ပန မဇ္ဈတ္တာကာရော ဥပေက္ခာဋ္ဌာနီယာ ဓမ္မာတိ ဝေဒိတဗ္ဗောတိ။ အာရမ္မဏေန ကထိတာ အာရမ္မဏေဿဝ တေသံ ဝိသေသပစ္စယဘာဝတော။ သေသာတိ ဝီရိယာဒယော စတ္တာရော ဓမ္မာ။ တေသံ ဟိ ဥပနိဿယောဝ သာတိသယော ဣစ္ဆိတဗ္ဗောတိ။ (သံ၊ဋီ၊၂၊၄၁၉။)

ဤအထက်ပါ အဋ္ဌကထာ-ဋီကာတို့၏ ရှင်းလင်းချက်များကို ထပ်ဆင့် ရှင်းလင်းတင်ပြအပ်ပါသည်။

ယောနိသော မနသိကာရ

ယောနိသော မနသိကာရ

ထိုပါဠိတော်စကားရပ်၌ အကြင်သို့သော အကြောင်းအခြင်းအရာအားဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်တရားတို့သည် ရှေးယခင်က ထင်ရှား ဖြစ်ပေါ်ခဲ့ဖူးကုန်၏၊ ထို အကြောင်းအခြင်းအရာ = အာကာရကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ထို ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင် တရားတို့ကို ဖြစ်စေသည်၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော အာရုံကို) နှလုံးသွင်းခြင်းသည်ပင်လျှင် အထက်ပါ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ ဗောဇ္ဈင်တရားသုံးပါးတို့နှင့် ဆက်စပ်၍ ဟောကြားထားတော်မူအပ်သော စကားရပ် သုံးခုလုံးတို့၌ပင် ယောနိသော မနသိကာရ မည်ပေသည်။

ထိုအကြောင်းအခြင်းအရာကို မှတ်သား၍ ဟူရာ၌ ရှေးယခင်က ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြင်သို့သော အကြောင်းအခြင်းအရာ အာကာရဖြင့် ဘာဝနာလုပ်ငန်းရပ်ကို ကြိုးပမ်းခဲ့သော် ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားသုံးပါးတို့သည် ထိုက်သည့်အားလျော်စွာ ထိုထို အချိန်အခါ ကာလ၌ ဖြစ်ပေါ်ခဲ့ဖူး ကုန်၏။ ထိုစိတ် ထိုစိတ်နှင့် ယှဉ်သော စေတသိက်တို့၏ ငြိမ်းအေးဖူးသော အခြင်းအရာ တည်ကြည်ဖူးသော အခြင်းအရာ ဘာဝနာအာရုံ၌ စိတ်ကို အလယ်အလတ်ထားနိုင်သော အခြင်းအရာဟူသော သုံးမျိုးသော အခြင်း အရာကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ထို ပဿဒ္ဓိ-သမာဓိ- ဥပေက္ခာ ဟူသော ဗောဇ္ဈင်တရားများ ထင်ရှား ဖြစ်ပေါ်လာနိုင်အောင် (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) အာရုံကိုပင် ကြိမ်ဖန်များစွာ နှလုံးသွင်းရမည်ဟု ဆိုလိုပေသည်။ (ဤကား အာနာပါနပိုင်း ဖြစ်၍ အာနာပါနကို ကွက်၍ ပြောဆိုခြင်း ဖြစ်ပါသည်။ ကျန် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌လည်း ပုံစံတူပင် မှတ်ပါ။)

သမထနိမိတ်ဟူသည်

သမထနိမိတ်ဟူသည်

အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ်ကို အာရုံယူ၍ စိတ်တည်ကြည်မှု သမာဓိကို ထူထောင် ရာဝယ် ထိုပဋိဘာဂနိမိတ်အာရုံ၌ ထိုထိုအခြင်းအရာအားဖြင့် စိတ်တည်ငြိမ်ပုံ အခြင်းအရာကို ကောင်းစွာ မှတ် သား၍ ယူထားအပ်သော ရှေးရှေးသော သမာဓိဟူသော သမထသည်ပင်လျှင် နောက်နောက်သော သမာဓိ ဟူသော သမထ၏ အကြောင်းဖြစ်သောကြောင့် သမထနိမိတ် မည်၏။ ထိုသမထ (= သမာဓိ) ၏ အာရုံဖြစ်သော အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ်သည်လည်း သမထနိမိတ် မည်၏။

အထူးထူး အပြားပြား အာရုံရှိသော စိတ်ပျံ့လွင့်မှု ဝိက္ခေပ ခေါ် ဥဒ္ဓစ္စသည် ဗျဂ္ဂ မည်၏။ မှန်ပေသည် ယင်းဥဒ္ဓစ္စကို အာရုံတစ်ခုတည်း၌ ငြိမ်ဝပ်စွာ မတည်တံ့ခြင်း ရသကိစ္စရှိ၏ဟုလည်းကောင်း, အာရုံတစ်ခုတည်း၌ စိတ်မရပ်မတည် ချာချာလည်လျက် တုန်လှုပ်တတ်သော သဘောတရားဟု ယောဂီဉာဏ်တွင် ရှေးရှုထင်လာ ခြင်း ပစ္စုပဋ္ဌာန်ရှိ၏ဟုလည်းကောင်း ဖွင့်ဆိုထားပေသည်။

သမထ အမည်ရသော ဥပစာရသမာဓိ အပ္ပနာသမာဓိကား အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပဋိဘာဂ နိမိတ် အာရုံတစ်ခုတည်းပေါ်၌သာ ငြိမ်ဝပ်စွာ ကျရောက်တည်နေသဖြင့် အထူးထူး အပြားပြားသော အာရုံ၌ ပျံ့လွင့်မှု မရှိသောကြောင့် စိတ်မပျံ့လွင့်သော ထိုသမာဓိသည် အဗျဂ္ဂ မည်၏။ ထိုအဗျဂ္ဂ အမည်ရသော သမာဓိ သည်ပင်လျှင် နောက်နောက်သော သမာဓိ၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် အဗျဂ္ဂနိမိတ် မည်၏။ ထိုကြောင့် သမထနိမိတ္တံ အဗျဂ္ဂနိမိတ္တံ အရ သမာဓိချည်းရသောကြောင့် ပရိယာယ်ဟု မှတ်ပါ။ (သံ၊ဋ္ဌ၊၃၊၁၉၉။ သံ၊ဋီ၊၂၊၄၁၈။ မဟာဋီ၊၁၊၁၅၈။)

ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာတရား

ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာတရား

ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာတရားတို့ဟူသည် ထိုထိုအာရုံ၌ အညီအမျှ လျစ်လျူထားတတ်သော တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာ၏ အာရုံဖြစ်သော တရားတို့ပင်တည်း။ တရားကိုယ် အနက်သဘောအားဖြင့်ကား အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ်ဟူသော ဝိပဿနာအာရုံပေါ်၌ ဘာဝနာစိတ်ကို အလယ်အလတ်၌ ထားနိုင်သော အလယ်အလတ်အခြင်းအရာ = မဇ္ဈတ္တာကာရဟူသော တတြမဇ္ဈတ္တတာ စေတသိက်ကို ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာတရားတို့ဟူ၍ သိလေ။ (သံ၊ဋ္ဌ၊၃၊၁၇၉။)

မဇ္ဈတ္တာကာရ = အလယ်အလတ် အခြင်းအရာ

မဇ္ဈတ္တာကာရ = အလယ်အလတ် အခြင်းအရာ

၁။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ်ဟူသော ဝိပဿနာအာရုံပေါ်၌ အလိုရှိအပ်သော ဣဋ္ဌအခြင်းအရာ အလိုမရှိအပ်သော အနိဋ္ဌအခြင်းအရာကို မယူမူ၍ ယူထားအပ်သော အလယ်အလတ် အခြင်းအရာဟူသော မဇ္ဈတ္တာကာရ,

၂။ ရှေး၌ ဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဘာဝနာစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော နောက်နောက်သော အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံ သို့မဟုတ် သင်္ခါရနိမိတ်ဟူသော ဝိပဿနာအာရုံပေါ်၌ ဘာဝနာစိတ်ကို အလယ်အလတ်ထားနိုင်သော အခြင်းအရာဟူသော မဇ္ဈတ္တာကာရဟု ----

နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးကိုပင် ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာအာရုံတရားဟူ၍ အလိုရှိအပ်ပေသည်။ (သံ၊ဋီ၊၂၊၄၁၉။)

အထူးမှာထားချက်

အထူးမှာထားချက်

၁။ သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားများကို သတိ၏တည်ရာ အာရုံတရားများဟူ၍လည်းကောင်း,

၂။ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားများကို ဓမ္မဝိစယ (= ပညာ) ၏တည်ရာ အာရုံတရားများဟူ၍ လည်းကောင်း,

၃။ ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားများကို ဥပေက္ခာ၏ တည်ရာ အာရုံတရားများဟူ၍လည်းကောင်း

ဤ သတိ ဓမ္မဝိစယ ဥပေက္ခာ သမ္ဗောဇ္ဈင်တရား သုံးပါးတို့ကို အာရုံဖြင့် သတ်မှတ်၍ ဘုရားရှင် ဟောကြား ထားတော်မူပေသည်။ ထို သတိ ဓမ္မဝိစယ ဥပေက္ခာ သမ္ဗောဇ္ဈင်တရားတို့အား အထက်၌ ဖော်ပြထားခဲ့သော ဆိုင်ရာ အာရုံဓမ္မတို့ကသာလျှင် အာရမ္မဏပစ္စယသတ္တိဖြင့် ထူးထူးကဲကဲ ကျေးဇူးပြုပေးနေသောကြောင့် ထိုကဲ့သို့ အာရုံဖြင့် သတ်မှတ်၍ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

ကြွင်းကုန်သော ဝီရိယ-ပီတိ-ပဿဒ္ဓိ-သမာဓိ သမ္ဗောဇ္ဈင်တရားတို့အား အထက်၌ ဖော်ပြခဲ့သော ဆိုင်ရာ အကြောင်းတရားတို့က အာရမ္မဏပစ္စယသတ္တိ, ဥပနိဿယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးလျက်ရှိ၏၊ အထူး သဖြင့် ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို လွန်လွန်ကဲကဲ အလိုရှိအပ်ပေသည်။ ထို့ကြောင့် ထိုဝီရိယ-ပီတိ-ပဿဒ္ဓိ-သမာဓိ သမ္ဗောဇ္ဈင်တရားတို့၏ ဖြစ်ကြောင်းတရားတို့ကို အာရမ္မဏ အကြောင်းတရားဖြင့်လည်းကောင်း, ဥပနိဿယအကြောင်းတရားဖြင့်လည်းကောင်း ဘုရားရှင် ဟောကြားတော်မူပေသည်။ ဤကား အထူး မှာထားချက်တည်း။

လိုရင်းမှတ်သားရန်

လိုရင်းမှတ်သားရန်

ဤ အပ္ပနာကောသလ္လပိုင်း၌ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အလွန်ကြည်လင်တောက်ပနေသော အာနာ ပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ အာနာပါနဿတိသမာဓိကို ထူထောင်နေသည်ဖြစ်ရာ ထို အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံပြု၍ ----

၁။ စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိဖြစ်ဖူးသော အခြင်းအရာ,

၂။ ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်၌ စိတ်တည်ကြည်မှု သမာဓိဖြစ်ဖူးသော အခြင်းအရာ,

၃။ ထို အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ်၏ တွန့်ဆုတ်မှု, ဘာဝနာစိတ်၏ ပျံ့လွင့်မှု ဟူသော အစွန်းနှစ်ဖက်သို့ ဘာဝနာစိတ်ကို မကျရောက်စေဘဲ အလယ်အလတ် အခြင်းအရာ၌ ဘာဝနာစိတ်ကို ကောင်းစွာထားနိုင်သော အခြင်းအရာ ----

ဟူသော ဤသုံးမျိုးသော အခြင်းအရာကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ထို အခြင်းအရာအတိုင်း ပဿဒ္ဓိ သမာဓိ ဥပေက္ခာ ဟူသော ဗောဇ္ဈင်တရားသုံးပါးတို့ ထင်ရှားဖြစ်ပေါ်လာအောင် အာနာပါနပဋိဘာဂနိမိတ်အာရုံ ကို နှလုံးသွင်းရမည်။ ယင်းကဲ့သို့ နှလုံးသွင်းခြင်းသည်ပင် ယောနိသော မနသိကာရ မည်ပေသည်ဟု မှတ်သား ထားပါလေ။ ဤကား ပါဠိတော်နည်းအရ တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေသော စိတ်ကို နှိပ်ကွပ်ပုံ အစီအရင်တည်း။ ယခုတစ်ဖန် အဋ္ဌကထာနည်းအရ တက်ကြွတုန်လှုပ်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပုံ အစီ အရင်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇) ပါး

ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၇) ပါး

အပိစ သတ္တ ဓမ္မာ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ ပဏီတဘောဇနသေဝနတာ၊ ဥတုသုခသေဝနတာ၊ ဣရိယာပထသုခသေဝနတာ၊ မဇ္ဈတ္တပယောဂတာ၊ သာရဒ္ဓကာယပုဂ္ဂလပရိဝဇ္ဇနတာ၊ ပဿဒ္ဓကာယပုဂ္ဂလသေဝနတာ၊ တဒဓိမုတ္တတာတိ။ (ဝိသုဒ္ဓိ၊၁၊၁၃၀။ ဒီ၊ဋ္ဌ၊၂၊၃၈၂။ မ၊ဋ္ဌ၊၁၊၃၀၀-၃၀၁။ သံ၊ဋ္ဌ၊၃၊၁၉၉။)

၁။ မွန်မြတ်သော ဘောဇဉ်ကို မှီဝဲရခြင်းရှိသူ ဖြစ်ခြင်း,

၂။ မိမိနှင့် လျောက်ပတ်၍ ချမ်းသာစေတတ်သော ဥတုကို မှီဝဲရခြင်းရှိသူ ဖြစ်ခြင်း,

၃။ မိမိနှင့် လျောက်ပတ်၍ ချမ်းသာစေတတ်သော ဣရိယာပုထ်ကို မှီဝဲခြင်းရှိသူဖြစ်ခြင်း,

၄။ အလယ်အလတ်၌ တည်ခြင်းသဘောရှိသော ပယောဂရှိသူ ဖြစ်ခြင်း,

၅။ ပူပန်သော ကိုယ်စိတ်ရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း,

၆။ ငြိမ်းအေးသော ကိုယ်စိတ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း,

၇။ ထို ပဿဒ္ဓိ သမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင်သော ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း ----

ဤတရားခုနစ်ပါးတို့သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား၏ ထင်ရှားဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများ ဖြစ်ကြပေသည်။

၁။ ပဏီတဘောဇနသေဝနတာ = မွန်မြတ်သော ဘောဇဉ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း ----

မိမိခန္ဓာကိုယ်၏ လက်ရှိ တရားအားထုတ်ချိန်၌ တည်ရှိနေပုံ အခိုက်အတန့်ကို သိ၍ အတိုင်းအရှည် အားဖြင့် သုံးဆောင်အပ်သော အာဟာရဓာတ်ပြည့်ဝသော အဆီဩဇာရှိသော မိမိနှင့်သပ္ပါယမျှသော မွန်မြတ် သော အာဟာရသည် ကိုယ်လက်ပေါ့ပါးခြင်း ကိုယ်လက်နူးညံ့ခြင်း ခန္ဓာအိမ်၏ ဘာဝနာလုပ်ငန်းခွင်နှင့် အချိုး ကျ အဆင်ပြေခြင်း စသည်တို့ကို ဖြစ်စေသဖြင့် စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိ သမ္ဗောဇ္ဈင်တရား၏ ထင်ရှားဖြစ်ပေါ်လာဖို့ရန် အကြောင်းတရား ဖြစ်ရပေသည်။ (မဟာဋီ၊၁၊၁၅၈။)

၂။ ဥတုသုခသေဝနတာ = မိမိနှင့် လျောက်ပတ်၍ ချမ်းသာစေတတ်သော ဥတုကို မှီဝဲရခြင်းရှိသူ ဖြစ်ခြင်း -

သီတဥတု = အအေးဥတု, ဥဏှဥတု = အပူဥတုတို့တွင် မိမိနှင့် သပ္ပါယမျှတသော ဥတုကို မှီဝဲရသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကိုယ်လက်ပေါ့ပါးခြင်း ကိုယ်စိတ်တို့နူးညံ့ခြင်း ကိုယ်စိတ်တို့၏ ဘာဝနာလုပ် ငန်းခွင်နှင့် အချိုးကျ အဆင်ပြေခြင်း စသည်တို့ကို ထိုဥတုက ဖြစ်စေနိုင်၏။ ထိုဥတုက အားကြီးသော မှီရာ ဥပ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ရှိ၏။ သို့အတွက် မိမိနှင့် လျောက်ပတ်၍ ချမ်းသာစေတတ်သော ဥတုကို မှီဝဲရခြင်းရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပွားလာရပေသည်။ (မ၊ဋ္ဌ၊၁၊၃၀၁။ မဟာဋီ၊၁၊၁၅၈။)

၃။ ဣရိယာပထသုခသေဝနတာ = မိမိနှင့်လျောက်ပတ်၍ ချမ်းသာစေတတ်သော ဣရိယာပုထ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း ----

လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့တွင် မျှတသော ဣရိယာပုထ်ကို မှီဝဲခွင့်ရသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် မိမိမှီဝဲအပ်သော မျှတသော ဣရိယာပုထ်က ကိုယ်လက်ပေါ့ပါးခြင်း ကိုယ် စိတ် နူးညံ့ခြင်း ကိုယ်စိတ်တို့၏ ဘာဝနာလုပ်ငန်းခွင်နှင့် အချိုးကျအဆင်ပြေခြင်း စသည်တို့ကို ဖြစ်စေသဖြင့် ထိုမျှတသော ဣရိယာပုထ်သည် စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား၏ ထင်ရှား ဖြစ်ပွား လာဖို့ရန် အကြောင်းတရား ဖြစ်ရပေသည်။ (မဟာဋီ၊၁၊၁၅၈။)

အကြင် ပုဂ္ဂိုလ်သည်ကား မဟာပုရိသ အမည်ရသည့် ယောက်ျားမြတ်ဇာတ် ရှိသူ ဖြစ်၍ အလုံးစုံသော ဥတု အလုံးစုံသော ဣရိယာပုထ်၌ ခံနိုင်ရည်ရှိသည်သာ ဖြစ်၏။ ထိုမဟာပုရိသ အမည်ရသည့် ယောက်ျားမြတ် ဇာတ်ရှိသည့် ပုဂ္ဂိုလ်မျိုးကို ရည်ရွယ်၍ ဤသပ္ပါယဖြစ်သော ချမ်းသာစေတတ်သော ဥတုကို မှီဝဲရမှုရှိခြင်း, သပ္ပါယ မျှသော ချမ်းသာစေတတ်သော ဣရိယာပုထ်ကို မှီဝဲရမှုရှိခြင်းဟူသော စကားရပ်ကို ပြောဆိုနေသည်ကား မဟုတ်ပေ။ အကြင် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ မျှတသော သဘာဂဥတု, မျှတသော သဘာဂဣရိယာပုထ်, မမျှတသော ဝိသဘာဂဥတု, မမျှတသော ဝိသဘာဂဣရိယာပုထ်ဟူ၍ နှစ်မျိုး ရှိနေ၏၊ ထိုပုဂ္ဂိုလ်မျိုးသည်သာလျှင် မမျှတကုန်သော ဝိသဘာဂဖြစ်ကုန်သော ဥတု ဣရိယာပုထ်တို့ကို ရှောင်ကြဉ်၍ မျှတကုန်သော သဘာဂ ဖြစ်ကုန် သော ဥတု ဣရိယာပုထ်တို့ကို မှီဝဲခဲ့သော် ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ် လာနိုင်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၈၃။ မ၊ဋ္ဌ၊၁၊၃၀၁။ သံ၊ဋ္ဌ၊၃၊၁၉၉။)

ဤအထက်ပါ ---- (၁) ဘောဇနသပ္ပါယ = မျှတသောဘောဇဉ်, (၂) ဥတုသပ္ပါယ = မျှတသော ဥတု, (၃) ဣရိယာပထသပ္ပါယ = မျှတသော ဣရိယာပုထ်ဟူသော သုံးမျိုးသော သပ္ပါယ (= မျှတမှု) ကို မှီဝဲရမှုသည် ခန္ဓာကိုယ်၏ သမထ ဝိပဿနာ ဘာဝနာမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုကို ပြီးစီးစေသည်၏ အစွမ်းဖြင့် စိတ်၏ ဘာဝနာမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုကိုပါ ရွက်ဆောင်ပေးလျက် ရှိရကား ကာယပဿဒ္ဓိ = စေတသိက်တို့၏ ငြိမ်းအေးမှု, စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးမှုဟူသော ပဿဒ္ဓိနှစ်မျိုးလုံး၏ အကြောင်းတရား ဖြစ်ရပေသည်။ (သံ၊ဋီ၊၂၊၄၃၇-၄၃၈။)

၄။ မဇ္ဈတ္တပယောဂတာ = အလယ်အလတ်၌ တည်ခြင်းသဘောရှိသော ပယောဂရှိသူ ဖြစ်ခြင်း ----

မိမိ၏လည်းကောင်း သူတစ်ပါး၏လည်းကောင်း ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင် ခြင်းကို မဇ္ဈတ္တပယောဂ = အလယ်အလတ်၌ တည်ခြင်းသဘောရှိသော ပယောဂဟူ၍ ခေါ်ဆိုအပ်ပေသည်။ သတ္တဝါတို့ ရရှိခံစားအပ်သော ချမ်းသာဆင်းရဲ (= သုခ ဒုက္ခ) အဝဝသည် အဟေတုက (= အကြောင်းမရှိ) ဟု စွဲယူသော ဤအယူအဆသည်လည်း အစွန်းတစ်ဖက် ဖြစ်၏။ အစိုးရသူ = ဣဿရ, မဟာဗြဟ္မာ စသည်တို့ ဖန်ဆင်း၍ ဖြစ်ပေါ်လာရသည်ဟု မူမမှန်သော အကြောင်းတရားရှိမှုကို စွဲလမ်းယုံကြည်သော ဤအယူအဆ သည်လည်း အစွန်းတစ်ဖက်ပင် ဖြစ်၏၊ အယုတ်တရားဟူ၍လည်း ခေါ်ဆိုပေသည်။ ဤအစွန်းနှစ်ဖက် အယုတ် တရား နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ သတ္တဝါတို့ ရရှိခံစားအပ်သော ချမ်းသာ ဆင်းရဲ သုခ ဒုက္ခ အဝဝသည် မိမိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော ကံအားလျော်စွာ ကံကြောင့် ဖြစ်ပေါ်လာရ၏ဟု ယူဆသော ဤမှန်ကန်သော သမ္မာဒိဋ္ဌိအယူအဆသည် အလယ်အလတ် မဇ္ဈိမပဋိပဒါကျင့်စဉ် မဇ္ဈိမပဋိပတ်မည်၏။ ထို့ကြောင့် ထိုကံ ကံ၏ အကျိုးကို လက်ခံယုံကြည်မှု ပယောဂရှိသော ပုဂ္ဂိုလ်ကို မဇ္ဈတ္တပယောဂရှိသော ပုဂ္ဂိုလ်ဟု ခေါ်ဆိုအပ်ပေသည်။

[မှတ်ချက် ---- ပယောဂဟူသည် ကြိုးစားအားထုတ်မှုတည်း။ ကံ-ကံ၏အကျိုးတရားကို လက်ခံယုံကြည် သော သမ္မာဒိဋ္ဌိ အယူဝါဒကို မိမိ၌တည်အောင် ကြိုးစားအားထုတ်မှုကို ဆိုလိုသည်။]

မှန်ပေသည် ---- ဤ ကံ-ကံ၏အကျိုးကို လက်ခံယုံကြည်မှု မဇ္ဈတ္တပယောဂသည် ပယ်အပ်ပြီးသော ပူပန် သော ကာယရှိမှုဟု ခေါ်ဆိုအပ်သော ငြိမ်းအေးသော ပဿဒ္ဓကာယ ရှိမှု၏ အကြောင်းတရား ဖြစ်လျက် စိတ် စေတသိက်တို့၏ ငြိမ်းအေးမှု ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှစ်မျိုးကို ရွက်ဆောင်ပေးနိုင်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၈၃။ သံ၊ဋ္ဌ၊၃၊၁၉၉။ သံ၊ဋီ၊၂၊၄၃၈။)

သတ္တဝါတစ်ဦးတစ်ယောက်၏ သုခဝေဒနာ ခံစားနေရသည်ကို မြင်တွေ့ရလျှင် သူ၏ ကုသိုလ်ကံတရား ကြောင့် ဤသုခဝေဒနာမျိုးကို ရရှိခံစားရခြင်းဖြစ်သည်ဟူ၍လည်းကောင်း, သတ္တဝါ တစ်ဦးတစ်ယောက်၏ ဒုက္ခဝေဒနာခံစားနေရသည်ကို မြင်တွေ့ရလျှင် သူ၏အကုသိုလ်ကံကြောင့် ဤဒုက္ခဝေဒနာမျိုးကို ရရှိခံစားရခြင်း ဖြစ်သည်ဟူ၍လည်းကောင်း နှလုံးသွင်းတတ်ပါလျှင် ထိုကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသော မနသိကာရ ဟူ၍လည်း ခေါ်၏၊ မဇ္ဈတ္တပယောဂဟူ၍လည်း ခေါ်၏၊ ထိုသို့ ယောနိသော မနသိကာရ မဇ္ဈတ္တပယောဂရှိသူ၏ သန္တာန်ဝယ် ထိုအချိန်၌ စိတ်စေတသိက်တို့ အေးချမ်းမှုရှိနေသည်ကား လက်တွေ့သတိပြု၍ စူးစမ်းကြည့်လျှင် လိုက်နာကြည့်လျှင် သိနိုင်သောအရာပင် ဖြစ်ပေသည်။ ထိုကြောင့် မဇ္ဈတ္တပယောဂ ရှိသူ၏ သန္တာန်၌ ပဿဒ္ဓိ သမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာနိုင်ခြင်းပင် ဖြစ်ပေသည်။

ဤသို့လျှင် မဇ္ဈတ္တပယောဂ = အလယ်အလတ် ပယောဂရှိမှုသည် စိတ်စေတသိက်တို့၏ ငြိမ်းအေးခြင်း ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိနှစ်မျိုးကို ရွက်ဆောင်ပေးနိုင်ခြင်းကြောင့်ပင်လျှင် ပူပန်ခြင်းနှင့်တကွ ဖြစ်သော ကိုယ် စိတ်ရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း, ငြိမ်းအေးသော ကိုယ်စိတ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်းတို့ကို ထို ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားကို ထင်ရှားဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးတတ်သည်၏ အဖြစ်ဖြင့် အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ (သံ၊ဋီ၊၂၊၄၃၈။)

၅။ သာရဒ္ဓကာယပုဂ္ဂလပရိဝဇ္ဇနတာ = ပူပန်ခြင်းနှင့်တကွဖြစ်သော ကိုယ်စိတ်ရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ် ခြင်းရှိသူ ဖြစ်ခြင်း ---- အကြင်ပုဂ္ဂိုလ်သည် ခဲ တုတ် အစရှိသည်တို့ဖြင့် သူတစ်ပါးကို ညှဉ်းဆဲလျက် လှည့် လည်တတ်၏၊ ဤသို့ သဘောရှိသော ပူပန်ခြင်းနှင့် တကွဖြစ်သော ကိုယ်စိတ်ရှိသော ပုဂ္ဂိုလ်ကို ရှောင် ကြဉ်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၆။ ပဿဒ္ဓကာယပုဂ္ဂလသေဝနတာ = ငြိမ်းအေးသော ကိုယ်စိတ်ရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူဖြစ်ခြင်း ---- စောင့်စည်းအပ်သော ခြေလက်ရှိသော ငြိမ်သက်သော ကိုယ်စိတ်ရှိသောပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,

၇။ တဒဓိမုတ္တတာ = ထိုပဿဒ္ဓိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင် ညွတ်ကိုင်းရှိုင်း သော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း ---- လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်တို့၌ စိတ်စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိကို ဖြစ်စေခြင်း အကျိုးငှာ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော နှလုံးသွင်း ညွတ်ကိုင်းရှိုင်းလျက် ရှိသော စိတ်ဓာတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း ----

ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်ပေသည်။

သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၁၁) ပါး

သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၁၁) ပါး

ဧကာဒသ ဓမ္မာ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ ဝတ္ထုဝိသဒတာ၊ နိမိတ္တကုသလတာ၊ ဣန္ဒြိယသမတ္တပဋိပါဒနတာ၊ သမယေ စိတ္တဿ နိဂ္ဂဟဏတာ၊ သမယေ စိတ္တဿ ပဂ္ဂဟဏတာ၊ နိရဿာဒဿ စိတ္တဿ သဒ္ဓါ-သံဝေဂဝသေန သမ္ပဟံသနတာ၊ သမ္မာပဝတ္တဿ အဇ္ဈုပေက္ခနတာ၊ အသမာဟိတပုဂ္ဂလပရိဝဇ္ဇနတာ၊ သမာဟိတပုဂ္ဂလသေဝနတာ၊ စျာနဝိမောက္ခပစ္စဝေက္ခဏတာ၊ တဒဓိမုတ္တတာတိ။ (ဝိသုဒ္ဓိ၊၁၊၁၃၁။)

၁။ ကိုယ်တွင်းကိုယ်ပ နှစ်ဌာနသော ဝတ္ထုတို့၏ သန့်ရှင်းမှုကို ပြုခြင်းရှိသူ ဖြစ်ခြင်း,

၂။ ဣန္ဒြေငါးပါးတို့၏ ညီမျှကုန်သည်၏ အဖြစ်ကို ပြီးစေခြင်းရှိသူ ဖြစ်ခြင်း,

၃။ နိမိတ်၌ ကျွမ်းကျင်လိမ္မာမှုရှိသူ ဖြစ်ခြင်း,

၄။ စိတ်ကို နှိပ်ကွပ်သင့်ရာအခါ၌ စိတ်ကို နှိပ်ကွပ်မှုရှိသူ ဖြစ်ခြင်း,

၅။ စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်ရာအခါ၌ စိတ်ဓာတ်ကို မြှင့်တင်ပေးတတ်သူ ဖြစ်ခြင်း,

၆။ ဘာဝနာလုပ်ငန်းခွင်၌ သာယာဖွယ် ဥပသမသုခ ကင်းသော စိတ်ကို သဒ္ဓါ သံဝေဂဉာဏ်တို့၏ အစွမ်းဖြင့် ရွှင်လန်းနှစ်သိမ့်စေတတ်သူ ဖြစ်ခြင်း,

၇။ ဘာဝနာအာရုံ၌ အညီအညွတ်ကောင်းစွာ ဖြစ်နေသော ဘာဝနာစိတ်ကို လျစ်လျူရှုတတ်သူ ဖြစ်ခြင်း၊

၈။ သမာဓိ မရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း,

၉။ သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း,

၁၀။ စျာန် ဝိမောက္ခတရားတို့ကို အသီးအသီး သက်ဝင်၍ ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း,

၁၁။ သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာဖို့ရန် စွဲစွဲမြဲမြဲ သက်ဝင်လျက် ညွတ်ကိုင်းရှိုင်းသော စိတ်ထား ရှိသူ ဖြစ်ခြင်း ----

ဤ (၁၁)ပါးကုန်သော တရားတို့သည် သမာဓိသမ္ဗောဇ္ဈင်တရား၏ ထင်ရှား ဖြစ်ပေါ်လာဖို့ရန် အကြောင်း တရားတို့ ဖြစ်ကြကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၁။)

[မှတ်ချက် ----

၁။ ဝတ္ထုဝိသဒတာ = ဝတ္ထုဝိသဒကိရိယတာ = ကိုယ်တွင်းကိုယ်ပ နှစ်ဌာနသော ဝတ္ထုတို့၏ သန့်ရှင်းမှုကို ပြုခြင်းရှိသူ ဖြစ်ခြင်း,

၂။ ဣန္ဒြိယသမတ္တပဋိပါဒနတာ = ဣန္ဒြေငါးပါးတို့၏ ညီမျှကုန်သည်၏ အဖြစ်ကို ပြီးစေခြင်းရှိသူ ဖြစ်ခြင်း---

ဤနှစ်ပါးတို့ကို ရှေး ဓမ္မဝိစယသမ္ဗောဇ္ဈင်ပိုင်း၌ ဖွင့်ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းသာ သိရှိပါလေ။ ဤ တရား နှစ်ပါးတို့သည် ဓမ္မဝိစယ အမည်ရသော ပညာကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးတတ်ကုန်သကဲ့သို့ အလားတူပင် သမာဓိကိုလည်း ထင်ရှားဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးတတ်ကုန်၏။ အကြောင်းမူ --- သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီတိ ဝစနတော သမာဓိ တဿ ပဒဋ္ဌာနံ။ (အဘိ၊ဋ္ဌ၊၁၊၁၆၂။) = သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဘုရားရှင် ဟောကြားတော်မူခြင်း ကြောင့် သမာဓိသည် ပညာ၏ အနီးကပ်ဆုံး အကြောင်းတရားဖြစ်ရကား သမာဓိဖြစ်အောင် ရွက်ဆောင်ပေး နိုင်ပါမှသာလျှင် ပညာဖြစ်အောင် ရွက်ဆောင်ပေးနိုင်သောကြောင့် ဖြစ်သည်။ (သံ၊ဋီ၊၂၊၄၃၈။)။]

၃။ နိမိတ္တကုသလတာ = နိမိတ်၌ ကျွမ်းကျင်လိမ္မာသူဖြစ်ခြင်း ---- နိမိတ်၌ ကျွမ်းကျင်လိမ္မာသူဖြစ်ခြင်းမည်သည် ကသိုဏ်းနိမိတ်ကို သင်ယူခြင်း၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ခြင်းကို ဆိုလိုပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၈၃။ သံ၊ဋ္ဌ၊၃၊၁၉၉။)

ကသိုဏ်းနိမိတ်ကို ပြုလုပ်ခြင်း၌ ကျွမ်းကျင်လိမ္မာမှုနှင့် ကသိုဏ်းဘာဝနာလုပ်ငန်းရပ်၌ ကျွမ်းကျင်လိမ္မာမှု တို့၏ အချင်းချင်း တစ်ခုနှင့် တစ်ခု မကင်းနိုင်သောကြောင့် ကသိုဏ်းနိမိတ်ကို စောင့်ရှောက်ခြင်း၌ လိမ္မာကျွမ်း ကျင်မှု၏လည်း ထိုကသိုဏ်းဘာဝနာ လုပ်ငန်းရပ်၌ ကျွမ်းကျင်လိမ္မာမှုလျှင် အကြောင်းရင်းခံ ရှိသောကြောင့် နိမိတ်၌ ကျွမ်းကျင်လိမ္မာသူဖြစ်ခြင်းမည်သည် ကသိုဏ်းနိမိတ်ကို သင်ယူခြင်း၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ခြင်း ဟူ၍သာလျှင် အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (သံ၊ဋီ၊၂၊၄၃၈။)

နိဒဿနနည်းဟု မှတ်ပါ

နိဒဿနနည်းဟု မှတ်ပါ

ကသိဏနိမိတ္တဿာတိ စ နိဒဿနမတ္တံ ဒဋ္ဌဗ္ဗံ။ အသုဘနိမိတ္တဿာပိ ဟိ ယဿ ကဿစိ စျာနုပ္ပတ္တိနိမိတ္တဿ ဥဂ္ဂဟဏကောသလ္လံ နိမိတ္တကုသလတာ ဧဝါတိ။ (ဒီ၊ဋီ၊၂၊၃၃၃။)

ဤ၌ ကသိုဏ်းနိမိတ်၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ခြင်းဟူသော ဤစကားရပ်ကို နမူနာပုံစံတစ်ခုကို ထုတ်ပြ သည့် နိဒဿနနည်းအားဖြင့် ဖွင့်ဆိုသော စကားရပ်ဟု မှတ်ပါ။ အကြောင်းမူ ဥပစာရစျာန် အပ္ပနာစျာန်ကို ဖြစ်စေနိုင် ရစေနိုင်သော အသုဘနိမိတ်စသော နိမိတ်တစ်ခုခုကို ရနေသော ယောဂါဝစရပုဂ္ဂိုလ်၏လည်း ထိုနိမိတ် ၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်အောင် သင်ယူခြင်း ပွားများအားထုတ်ခြင်း စောင့်ရှောက်ခြင်းသည် နိမိတ္တကုသလတာ = နိမိတ်၌ ကျွမ်းကျင်လိမ္မာမှုရှိသူ ဖြစ်သည်သာလျှင် ဖြစ်သောကြောင့်ပင်တည်း။ (ဒီ၊ဋီ၊၂၊၃၃၃။ မဟာဋီ၊၁၊၁၅၄-လည်းကြည့်။)

အထူးမှာထားချက်

အထူးမှာထားချက်

ဤကျမ်း၌ ယခုရေးသားနေဆဲဖြစ်သော အပိုင်းမှာ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိ ထူထောင်နေသော အပိုင်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုအလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂ နိမိတ်သည်လည်း သမထနိမိတ်များစွာတို့တွင် တစ်ခုအပါအဝင်ပင် ဖြစ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါန သမထနိမိတ်ကို သင်ယူခြင်း ပွားများအားထုတ်ခြင်း စောင့်ရှောက်ခြင်း၌ ကျွမ်းကျင်လိမ္မာမှု ရှိသူ ဖြစ်လျှင် နိမိတ္တကုသလတာ = နိမိတ်၌ ကျွမ်းကျင်လိမ္မာမှု ရှိသူဖြစ်သည်သာဟု မှတ်ပါ။ သို့အတွက် အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ထိုအာနာပါနနိမိတ်ကို သင်ယူခြင်း ပွားများခြင်း စောင့်ရှောက်ခြင်း၌ ကျွမ်းကျင် လိမ္မာမှုရှိသူ ဖြစ်အောင် ကြိုးစားအားထုတ်ပါလေ။

၄။ သမယေ စိတ္တဿ နိဂ္ဂဏှနတာ = နှိပ်ကွပ်သင့်ရာအခါ၌ စိတ်ဓာတ်ကို နှိပ်ကွပ်ခြင်းရှိသူ ဖြစ်ခြင်း ----

က။ အလွန်အကဲ အားထုတ်အပ်သော ဝီရိယရှိသူ ဖြစ်ခြင်း,

ခ။ ပညာလုံ့လ ပယောဂ၏ အားရှိသူ ဖြစ်ခြင်း,

ဂ။ ဝမ်းမြောက်မှုများ ပေါ်လွင်ထင်ရှားလွန်းခြင်း ----

ဤသို့စသော အကြောင်းတရားတို့ကြောင့် ပြာပုံပေါ်သို့ ခဲကျသောအခါ လွင့်တက်လာသော ပြာတို့ကဲ့သို့ ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်လျက်ရှိ၏ စိတ်ပျံ့လွင့်ရာ ထိုအခါ၌ ----

က။ ပဿဒ္ဓိသမ္ဗောဇ္ဈင်,

ခ။ သမာဓိသမ္ဗောဇ္ဈင်,

ဂ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို

ထူထောင်ထကြွစေခြင်း ဖြစ်ပေါ်စေခြင်းအားဖြင့် ထိုတက်ကြွတုန်လှုပ်လျက် မငြိမ်မသက် ပျံ့လွင့်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၈၃။ သံ၊ဋ္ဌ၊၃၊၂၀၀။ သံ၊ဋီ၊၂၊၄၃၉။)

၅။ သမယေ စိတ္တဿ ပဂ္ဂဏှနတာ = စိတ်ဓာတ်ကို ချီးမြှောက်သင့်ရာအခါ၌ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း ရှိသူ ဖြစ်ခြင်း ----

က။ အလွန်လျော့လွန်းသော ဝီရိယရှိသူ ဖြစ်ခြင်း,

ခ။ ပညာလုံ့လ ပယောဂ၏ အားနည်းမှုရှိသူ ဖြစ်ခြင်း,

ဂ။ မိမိပွားများအားထုတ်နေသော သမထအာရုံ သို့မဟုတ် ဝိပဿနာဘာဝနာအာရုံကို မမေ့ပျောက်ခြင်း အပ္ပမာဒ ခေါ် သတိ၏ ချို့တဲ့မှု ရှိနေခြင်း ----

စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် သမထဘာဝနာအာရုံ သို့မဟုတ် ဝိပဿနာ ဘာဝနာအာရုံမှ တွန့်ဆုတ်နေ၏။ ထိုသို့ စိတ်ဓာတ်တွန့်ဆုတ်နေရာအခါ စိတ်ဓာတ်ကျဆင်းနေရာအခါ၌ ----

က။ ဓမ္မဝိစယသမ္ဗောဇ္ဈင်,

ခ။ ဝီရိယသမ္ဗောဇ္ဈင်,

ဂ။ ပီတိသမ္ဗောဇ္ဈင် ----

တရားသုံးပါးတို့ကို ထင်ရှား ဖြစ်ပေါ်စေခြင်းအားဖြင့် ထို ဘာဝနာအာရုံမှ တွန့်ဆုတ်နေသော စိတ်ဓာတ်ကို မြှင့်တင်ပေးရ၏၊ ချီးမြှောက်ပေးရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၈၃။ သံ၊ဋ္ဌ၊၃၊၂၀၀။ သံ၊ဋီ၊၂၊၄၃၈။)

၆။ သမယေ သမ္ပဟံသနတာ = ရွှင်လန်းစေသင့်ရာအခါ၌ ဘာဝနာစိတ်ကို ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းစေခြင်းရှိသူ ဖြစ်ခြင်း ----

ဘာဝနာစိတ်သည် မိမိရှုပွားနေသော သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ၏ သဘောမှန်ကို ထိုးထိုး ထွင်းထွင်း လင်းလင်းထင်ထင် သိမြင်မှု ပညာလုံ့လ ပယောဂ၏ နုံ့သည်၏အဖြစ် အားနည်းသည်၏ အဖြစ်ကြောင့် သော်လည်းကောင်း, ကိလေသာအပူတို့မှ ငြိမ်းအေးခြင်း ဥပသမသုခကို မရရှိခြင်းကြောင့်သော်လည်းကောင်း ဘာဝနာလုပ်ငန်းရပ်၌ သာယာမှုမရှိ ဖြစ်နေ၏။ ဘာဝနာလုပ်ငန်းရပ်သည် သာယာဖွယ် အရသာမှ ကင်းနေ၏။ ထိုအခါမျိုး၌ ရှစ်မျိုးသော သံဝေဂဝတ္ထုကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေရ၏။ (ဒီ၊ဋ္ဌ၊၂၊၃၈၃-၃၈၄။ သံ၊ဋ္ဌ၊၃၊၂၀၀။ ဝိသုဒ္ဓိ၊၁၊၁၃၁။)

မှန်ပေသည် --- ဒါနကား အလောဘပြဓာန်း၏၊ သီလကား အဒေါသ = မေတ္တာပြဓာန်း၏၊ ဘာဝနာကား ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း မိမိရှုပွားနေသော (အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော) သမထအာရုံ (သင်္ခါရ နိမိတ်ဟူသော) ဝိပဿနာအာရုံ၏ သဘောမှန်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်မှု - ပညာ ခေါ် အမောဟ ပြဓာန်း၏။ ထိုသုံးမျိုးတို့တွင် အကြင်အခါ၌ ပညာသည် အားမရှိ ဖြစ်နေ၏၊ ထိုအခါမျိုး၌ (အကယ်၍ သမထဘာဝနာဖြစ်လျှင် ) ထိုသမထဘာဝနာသည် ရှေးရှေး သမထဘာဝနာနှင့် နောက်နောက် သမထဘာဝနာ ကို ဥပစာရစျာန် အပ္ပနာစျာန်ဟူသော တရားထူးကို ရသည့်တိုင်အောင် ရွက်ဆောင် မပေးနိုင်ပေ။ (အကယ်၍ ဝိပဿနာဘာဝနာ ဖြစ်လျှင်) ထိုဝိပဿနာဘာဝနာသည် ရှေးရှေး ဝိပဿနာဘာဝနာနှင့် နောက်နောက် ဝိပဿနာ ဘာဝနာကို မဂ်ဖိုလ်ဟူသော တရားထူး တရားမြတ်ကို ရသည်တိုင်အောင် ရွက်ဆောင်မပေးနိုင်ပေ။ စားချင်စဖွယ် ဖြစ်အောင် အထူးတလည် ပြုစီရင်မှု မရှိသော အာဟာရတစ်ခုသည် ယောက်ျားတစ်ဦး၏ စိတ်ဓာတ် ကို နှစ်သက်မှု မဖြစ်စေနိုင်သကဲ့သို့ အလားတူပင် ပညာဓာတ် အားနည်းနေသော ပညာဓာတ် အားမကောင်းသော ဘာဝနာသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဓာတ်ကို ဘာဝနာလုပ်ငန်းခွင်အပေါ်၌ အလွန်နှစ်သက်မှုကို မဖြစ်စေနိုင်။ ထိုကြောင့် ထိုသို့ နှစ်သက်မှုမျိုးကို မဖြစ်စေနိုင်သော ဘာဝနာမျိုးသည် ထိုယောဂါဝစရပုဂ္ဂိုလ် အဖို့ သာယာဖွယ် အရသာမှ ကင်းနေ၏။ အလားတူပင် သာယာဖွယ်အရသာမှ ကင်းမဲ့နေသော ဘာဝနာ၏ ကောင်းမွန်မှန်ကန်သည်သာလျှင် ဖြစ်သော ဘာဝနာလမ်းရိုး လမ်းဟောင်း ပဋိပတ်ကျင့်စဉ်၏ မရှိခြင်းကြောင့် အခိုက်အတန့် = တဒင်္ဂအားဖြင့်လည်းကောင်း, ခပ်ကြာကြာ ကွာနေမှု ခွာထားမှု = ဝိက္ခမ္ဘနအားဖြင့်လည်းကောင်း, အကြွင်းမဲ့ ပယ်သတ်မှု သမုစ္ဆေဒအားဖြင့်လည်းကောင်း ကိလေသာတို့၏ ငြိမ်းအေးမှု ဥပသမသုခ ချမ်းသာကို မရရှိနိုင်ပေ။ ထိုသို့ ကျင့်စဉ် လွဲချော်မှုကြောင့် ကိလေသာတို့၏ ငြိမ်းအေးမှု ဥပသမသုခ ချမ်းသာကို မရရှိ ခြင်းကြောင့်လည်း စိတ်ဓာတ်သည် ဘာဝနာလုပ်ငန်းရပ်မှ သာယာမှု မရှိ ဖြစ်နေတတ်၏၊ သာယာဖွယ်အရသာမှ ကင်းမဲ့နေတတ်၏။ ထိုအခါမျိုး၌ သံဝေဂဝတ္ထုကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေရ၏။ ထိုသို့ သံဝေဂ ဝတ္ထုကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေခြင်း စိတ်ကြည်လင်စေမှုကို ဖြစ်စေခြင်းသည် စိတ်ကို ဆေး ကုသခြင်းပင် ဖြစ်သည်။ (သံ၊ဋီ၊၂၊၄၃၉။)

မှန်ပေသည် ---- သမထ လမ်းရိုးလမ်းဟောင်းအတိုင်း ဝိပဿနာ လမ်းရိုးလမ်းဟောင်းအတိုင်း သွားနေ သော ဘာဝနာသည် ရှေးသမာဓိနှင့် နောက်သမာဓိ, ရှေးဝိပဿနာပညာနှင့် နောက်ဝိပဿနာပညာ ဆက်စပ် လျက် ဖြစ်ပေါ်လာသော် ရှေးရှေးသော ဘာဝနာသမာဓိက နောက်နောက်သော ဘာဝနာသမာဓိအား ရှေးရှေး သော ဝိပဿနာပညာက နောက်နောက်သော ဝိပဿနာပညာအား အာသေဝန ဥပနိဿယစသော ပစ္စယသတ္တိ တို့ဖြင့် ကျေးဇူးပြုပေးနေသဖြင့် နောက်နောက်သော ဘာဝနာသမာဓိ နောက်နောက်သော ဝိပဿနာပညာသည် ရှေးရှေးသော ဘာဝနာသမာဓိ ရှေးရှေးသော ဝိပဿနာပညာတို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါကို ဆက်ခံရ သဖြင့် ဥပစာရစျာန် အပ္ပနာစျာန်ဟူသော စျာန်တရားထူးနှင့် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ပညာတရားထူးကို ရွက်ဆောင်ပေးနိုင်သော စွမ်းအားရှိလျက် ဖြစ်ပေါ်လာပေသည်။ ထိုသို့ ဖြစ်ပေါ်လာသော် ဘာဝနာစိတ်သည် ဘာဝနာလုပ်ငန်းရပ်၌ စိတ်၏ သာယာမှုကိုလည်းကောင်း ကိလေသာတို့၏ (တဒင်္ဂ ဝိက္ခမ္ဘန သမုစ္ဆေဒအားဖြင့်) ငြိမ်းအေးမှု ဥပသမသုခချမ်းသာကိုလည်းကောင်း ရွက်ဆောင်ပေးတတ်၏။ ထိုသို့ ရွက်ဆောင် နိုင်မှု မရှိ ဖြစ်လတ်သော် စိတ်သည် ဘာဝနာလုပ်ငန်းရပ်၌ သာယာဖွယ် အရသာမှ ကင်းမဲ့နေတတ်ပေသည်။ ထိုသို့ ဘာဝနာလုပ်ငန်းရပ်၌ သာယာဖွယ် အရသာမှ ကင်းမဲ့နေရာအခါ၌ ----

၁။ သဒ္ဓါ၏ အစွမ်းဖြင့်လည်းကောင်း,

၂။ သံဝေဂ၏ အစွမ်းဖြင့်လည်းကောင်း ဘာဝနာစိတ်ကို ရွှင်လန်းတက်ကြွစေရမည် ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၁၃၁။ မဟာဋီ၊၁၊၁၅၈ - ကြည့်ပါ။)

သဒ္ဓါ၏ စွမ်းအင်

သဒ္ဓါ၏ စွမ်းအင်

ရတနတ္တယဂုဏာနုဿရဏေန စ ပသာဒံ ဇနေတိ၊ အယံ ဝုစ္စတိ သမယေ သမ္ပဟံသနတာတိ။ (သံ၊ဋ္ဌ၊၃၊၂၀၀။ ဒီ၊ဋ္ဌ၊၂၊၃၈၄။)

ရတနာသုံးပါးတို့၏ဂုဏ်ကို အမှတ်ရခြင်းဖြင့်လည်း စိတ်ကြည်လင်မှုကို ဖြစ်စေရမည်။

ဤအဆိုအရ ----

၁။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း,

၂။ ဓမ္မာနုဿတိကမ္မဋ္ဌာန်း,

၃။ သံဃာနုဿတိကမ္မဋ္ဌာန်း ----

ဤကမ္မဋ္ဌာန်း သုံးမျိုးတို့ကိုလည်း အခါအားလျော်စွာ စိတ်ကြည်လင်မှု သဒ္ဓါတရားများ ဖြစ်ထွန်း ပေါ် ပေါက်လာရန်အတွက် တိုးပွားလာရန်အတွက် အားထုတ်ပေးရမည် ဖြစ်ပေသည်။

ဤသို့လျှင် သံဝေဂဉာဏ်ကို ဖြစ်စေခြင်း၏ အစွမ်းဖြင့်လည်းကောင်း, စိတ်ကြည်လင်မှု သဒ္ဓါတရားကို ဖြစ်စေခြင်း၏ အစွမ်းဖြင့်လည်းကောင်း သံဝေဂဉာဏ် ေ့ရှသွားရှိသော ကြည်လင်မှု သဒ္ဓါတရားကို ဖြစ်စေခြင်းဖြင့် ဘာဝနာစိတ်ကို နှစ်သက်ရွှင်လန်းစေခြင်းသည် - ဘာဝနာစိတ်ကို ရွှင်လန်းစေသင့်ရာအခါ၌ ကောင်းစွာ အပြား အားဖြင့် ရွှင်လန်းစေခြင်းရှိသူ မည်ပေသည်။ (သံ၊ဋ္ဌ၊၃၊၂၀၀။ သံ၊ဋီ၊၂၊၄၄၀။)

မှတ်ချက် ---- ဤရေးသားနေဆဲ အပိုင်းကား အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိ ထူထောင် ပုံကို ဖော်ပြနေသော အပိုင်းဖြစ်၏။ ယင်းအလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်သည့် ပညာဓာတ် အားမကောင်းလျှင် ထိုဘာဝနာသမာဓိသည် ဥပစာရစျာန်သမာဓိ အပ္ပနာစျာန်သမာဓိဟူသော တရားထူး တရားမြတ်ကို ရွက်ဆောင်ပေးနိုင်မည် မဟုတ် ပေ။ အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံကိုမျှ ပုံစံမှန် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိသည့် ပညာ မရှိဘဲ အာနာပါနကမ္မဋ္ဌာန်းကို ကြိုးပမ်းနေပါလျှင် အသင်ယောဂီ သူတော် ကောင်းအတွက် သာယာဖွယ် အရသာမှ ကင်းမဲ့နေမည်သာ ဖြစ်ပေသည်။ အလွန်ကြည်လင်တောက်ပနေ သော အာနာပါနပဋိဘာဂနိမိတ်အာရုံကိုမျှ ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် မသိမြင်ဘဲ သို့မဟုတ် ပကတိသော ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနနိမိတ်, ထိုပကတိသော ဝင်သက်လေ ထွက်သက် လေကို အမှီပြု၍ ဘာဝနာသမာဓိ၏ စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော အာနာပါန ဥဂ္ဂဟနိမိတ်နှင့် အာနာ ပါန ပဋိဘာဂနိမိတ်ကိုမျှ ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် မသိမြင်ဘဲ အာနာပါနကမ္မဋ္ဌာန်းကို ကြိုးပမ်း အားထုတ်နေလျှင် အာနာပါနဘာဝနာလုပ်ငန်း ကျင့်စဉ်ကား လွဲချော်နေပြီ ဖြစ်၏။ အကြောင်းကား ဤ အာနာပါနဿတိသမာဓိပိုင်းတွင် ပကတိသော ဝင်သက်လေ ထွက်သက်လေဟူသော အာနာပါနနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူသော ဤအာနာပါနနိမိတ်သုံးမျိုးကို သိနေပါမှ ရှုနေပါမှ အာနာပါနကမ္မဋ္ဌာန်း မည်သောကြောင့် ဖြစ်သည်။ ထိုသို့ လမ်းလွဲနေပါက အသင်ယောဂီ သူတော်ကောင်းအတွက် ကိလေသာ တို့မှ အဆင့်ဆင့် ငြိမ်းအေးမှု ဥပသမသုခကို ရရှိနိုင်တော့မည်ကား မဟုတ်တော့ပေ။ ထိုအခါမျိုး၌ သဒ္ဓါ၏ အစွမ်းဖြင့် သံဝေဂဉာဏ်၏ အစွမ်းဖြင့် စိတ်ကို ရွှင်လန်းစေရမည် ဖြစ်ပေသည်။

သံဝေဂဝတ္ထု (၈) ပါး

သံဝေဂဝတ္ထု (၈) ပါး

၁။ ဇာတိဒုက္ခ = ပဋိသန္ဓေ တည်နေရခြင်း ဒုက္ခ,

၂။ ဇရာဒုက္ခ = အိုရခြင်း ဒုက္ခ,

၃။ ဗျာဓိဒုက္ခ = ဖျားနာရခြင်း ဒုက္ခ,

၄။ မရဏဒုက္ခ = သေကျေပျက်စီးရခြင်း ဒုက္ခ,

[ဤလေးပါးကား သုဂတိဘဝ ဒုဂ္ဂတိဘဝ နှစ်မျိုးလုံး၌ ထိုက်သလို ရရှိနိုင်သည်။]

၅။ အပါယဒုက္ခ = အပါယ်ဝဋ်ဆင်းရဲဒုက္ခ ----

က။ ငါးပါးသော နှောင်ဖွဲ့ခြင်းစသော အပါယ်ငရဲ ဒုက္ခ,

ခ။ ငတ်မွတ် ခေါင်းပါးခြင်းစသော အပါယ်ပြိတ္တာ ဒုက္ခ,

ဂ။ အချင်းချင်း သတ်ဖြတ်ခြင်း ညှဉ်းပန်းနှိပ်စက်ခြင်း စသော အပါယ်တိရစ္ဆာန် ဒုက္ခ,

[ဤငါးပါးကား ထိုထိုသတ္တဝါတို့၏ ပစ္စုပ္ပန်ဘဝ၌မှီသော ဆင်းရဲဒုက္ခကို သိမ်းကျုံးရေတွက်ထားခြင်းဖြစ်သည်၊၊]

၆။ အတီတေ ဝဋ္ဋမူလကဒုက္ခ = အတိတ်၌ဖြစ်ခဲ့သော ကိလေသာဝဋ် ကမ္မဝဋ်လျှင် အကြောင်းရင်းခံ ရှိသော ခံစားခဲ့ဖူးသော ဝိပါကဝဋ်ဒုက္ခ,

၇။ အနာဂတေ ဝဋ္ဋမူလကဒုက္ခ = အနာဂတ်၌ ဖြစ်လတ္တံ့သော ပစ္စုပ္ပန် ကိလေသဝဋ် ကမ္မဝဋ်လျှင် အကြောင်း ရင်းခံရှိသော အနာဂတ်၌ ခံစားအပ်လတ္တံ့သော ဝိပါကဝဋ်တည်းဟူသော ဒုက္ခ,

၈။ ပစ္စုပ္ပန္နေ အာဟာရပရိယေဋ္ဌိမူလကဒုက္ခ = ပစ္စုပ္ပန်၌ အာဟာရကို ရှာမှီးရခြင်းလျှင် အကြောင်းရင်းခံ ရှိသော ဒုက္ခ။ (ဝိသုဒ္ဓိ၊၁၊၁၃၁။ ဒီ၊ဋ္ဌ၊၂၊၃၈၄။)

[အာဟာရကို မှီ၍ အသက်ရှင်ကြရကုန်သော အသက်မွေးကြရကုန်သော သတ္တဝါတို့တွင် လူသားတို့ ကဲ့သို့ ဥဋ္ဌာနဖလူပ ဇီဝိနော = ထကြွလုံ့လ ဝီရိယ၏ အကျိုးကိုမှီ၍ အသက်မွေးရသူတို့ကို ရည်ရွယ်၍ မိန့်ဆိုခြင်း ဖြစ်သည်။ ထိုသတ္တဝါတို့၏ အာဟာရကို ရှာမှီးရမှု ဒုက္ခသည် ကမ္မဖလူပဇီဝိ = ကံ၏ အကျိုးကို မှီ၍ အသက်မွေး ကြကုန်သော ငရဲသား သတ္တဝါ, နတ်ပြည်ခြောက်ထပ်ရှိ နတ်သတ္တဝါတို့နှင့် ဆက်ဆံမှုမရှိသော သီးသန့်ဒုက္ခ တစ်ရပ်ဖြစ်၏၊ သို့အတွက် ရှစ်ခုမြောက် သံဝေဂဝတ္ထုအဖြစ် ယူထားသည်ဟု မှတ်ပါ။] ( သံ၊ဋီ၊၂၊၄၄၀။ မဟာဋီ၊၁၊၁၅၉။)

ပါဠိတော်နှင့် အဋ္ဌကထာ

ပါဠိတော်နှင့် အဋ္ဌကထာ

ဓမ္မသင်္ဂဏီပါဠိတော်၌ ---- သံဝေဇနီယံ ဌာနန္တိ ဇာတိ ဇရာ ဗျာဓိ မရဏံ၊ (အဘိ၊၁၊၂၆၄။) ဇာတိ ဇရာ ဗျာဓိ မရဏ ဟု သံဝေဂဝတ္ထု လေးပါး လာရှိလေသည်။

စတ္တာရိမာနိ ဘိက္ခဝေ ဘယာနိ၊ ကတမာနိ စတ္တာရိ၊ ဇာတိဘယံ ဇရာဘယံ ဗျာဓိဘယံ မရဏဘယံ၊ ဣမာနိ ခေါ ဘိက္ခဝေ စတ္တာရိ ဘယာနိ။ (အံ၊၁၊၄၃၆။) ဇာတိဘေး ဇရာဘေး ဗျာဓိဘေး မရဏဘေးဟု အင်္ဂုတ္တိုရ် စတုက္ကနိပါတ်၌ ဘေးဆိုးကြီး လေးပါး လာရှိသည်။

ဤသို့လျှင် ပါဠိတော်၌ လာရင်းဖြစ်သော ဇာတိ ဇရာ ဗျာဓိ မရဏဟု သံဝေဂဝတ္ထု လေးပါး အဋ္ဌကထာ ဆရာမြတ်တို့ ငါးခုမြောက် ပဉ္စမပြု၍ ယူတော်မူအပ်သော အပါယဒုက္ခ - ဤငါးပါးကား ပစ္စုပ္ပန်ဘဝ၌ မှီသော ကြောင့် ပစ္စုပ္ပန္နေ ဝဋ္ဋမူလကဒုက္ခပင် ဖြစ်သည်။

အတီတေ ဝဋ္ဋမူလကဒုက္ခ ဟူသည်လည်း အတိတ်ဘဝ၌ မှီသော ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဒုက္ခ ပင်တည်း။

အနာဂတေ ဝဋ္ဋမူလကဒုက္ခ ဟူသည်လည်း အနာဂတ်ဘဝ၌ မှီသော ဇာတိ ဇရာ ဗျာဓိ မရဏ အပါယ ဒုက္ခပင်တည်း။

အတိတ် အနာဂတ်ဖြစ်သော ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဒုက္ခတို့ကို ဇာတိဿရဉာဏ်ဖြင့် သိ၍ မြင်၍လည်းကောင်း ကြားနာရ၍လည်းကောင်း ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း သံဝေဂဉာဏ်များ ဖြစ် ပွားနိုင်၏။ တေမိမင်းသားသည် အတီတေ ဝဋ္ဋမူလကဒုက္ခဟူသော အတိတ်က ဖြစ်ခဲ့သည် အပါယ်ဒုက္ခကို လည်းကောင်း, မင်းအာဏာကို အလွဲသုံးစား ပြုခဲ့မိ၍ အတိတ်က ရရှိခဲ့သည့် အပါယဒုက္ခကို စံထားဆင်ခြင်၍ အလားတူပင် ပစ္စုပ္ပန်၌ တစ်ဖန် ထပ်မံ၍ မင်းအာဏာကို အလွဲသုံးစား ပြုခဲ့သော် တစ်ဖန် ထပ်မံ၍ နောင်အနာ ဂတ်၌ ရရှိနိုင်သည့် အနာဂတေ ဝဋ္ဋမူလကဒုက္ခကိုလည်းကောင်း ဇာတိဿရဉာဏ်ဖြင့် သိမြင်၍ သံဝေဂဉာဏ် ဖြစ်ပွားခဲ့၏။ ယင်းသံဝေဂဉာဏ်က တေမိမင်းသားအား တောထွက်၍ ရသေ့ရဟန်းတရားများကို ပွားများ အားထုတ်ရန် အကြီးမားဆုံးသော တွန်းအားကို ပေးခဲ့၏။ တစ်ဖန် ကဿပဘုရားရှင် သာသနာတော်တွင်းက ဓမ္မကို အဓမ္မ, ဝိနယကို အဝိနယ ဤသို့စသည်ဖြင့် ငြင်းခုံလျက် သာသနာတော်ကို ဖျက်ဆီးခဲ့သော ကပိလရဟန်း ၏ အကြောင်းအရာကို ကြားနာရသော တရားနာပရိသတ်တို့သည်လည်း ကပိလရဟန်း၏ အတိတ် အပါယ ဒုက္ခ, ပစ္စုပ္ပန် အပါယဒုက္ခ, အနာဂတ် အပါယဒုက္ခတို့ကို ဆင်ခြင်၍ သံဝေဂဉာဏ်များ ဖြစ်ပွားခဲ့ကြ၏။ မဟာဇနော သံဝိဂ္ဂေါ ဟောတိ လောမဟဋ္ဌဇာတော။ (ဓမ္မပဒအဋ္ဌကထာ၊၂၊၃၃၀။)

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် မိမိရှုပွားနေသော သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ၏ သဘောမှန်ကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်မှု ပညာလုံ့လပယောဂ၏ နုံ့သည်၏ အဖြစ် အားနည်းသည်၏ အဖြစ်ကြောင့်သော်လည်းကောင်း, ကိလေသာအပူတို့မှ ငြိမ်းအေးခြင်း ဥပသမသုခကို မရရှိခြင်းကြောင့်သော်လည်းကောင်း ဘာဝနာလုပ်ငန်းရပ်၌ သာယာဖွယ် အရသာမှ ကင်းနေသောအခါ ဤ ရှစ်ပါးကုန်သော သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေရ၏။ ထိုသို့ ထိတ်လန့်စေသော် စိတ် သည် ဘာဝနာလုပ်ငန်းရပ်၌ ရွှင်လန်း တက်ကြွလာမည် ဖြစ်ပေသည်။ တစ်ဖန် ရတနာသုံးပါးတို့၏ ဂုဏ်ကို အမှတ်ရခြင်းဖြင့်လည်း စိတ်ကို ကြည်လင်စေရမည်။ ဤသို့ ကျင့်ခဲ့သော် ဘာဝနာစိတ်ကို တက်ကြွ ရွှင်လန်း စေသင့်ရာအခါ၌ အပြားအားဖြင့် ရွှင်လန်းစေခြင်းရှိသူ မည်ပေသည်။

၇။ သမ္မာပဝတ္တဿ အဇ္ဈုပေက္ခနတာ = အညီအညွတ် ကောင်းစွာ ဖြစ်နေသော ဘာဝနာစိတ်ကို အသင့် အားဖြင့် လျစ်လျူရှုခြင်းရှိသူ ဖြစ်ခြင်း ----

အကြင်အခါ၌ ဘာဝနာလုပ်ငန်းရပ်၌ စိတ်တွန့်တိုဆုတ်နစ်မှု စိတ်ပျံ့လွင့်မှုများ ကင်းသဖြင့် အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ရှုပွားနေသော သမထလမ်းကြောင်း ပဋိပတ်သည် သမ္မာပဋိပတ် အမည်ရသည့် မဖောက်မပြန် မှန်ကန်သော အကျင့်ပဋိပတ် ဖြစ်နေ၏။ ထိုသမ္မာပဋိပတ် ကျင့်စဉ်ကို အစွဲပြု၍ ဘာဝနာစိတ် သည် ----

က။ ပျင်းရိခြင်း ကောသဇ္ဇတရား၏ အသင်းအပင်း ဖြစ်ကြကုန်သော ပဿဒ္ဓိ သမာဓိ ဥပေက္ခာ သမ္ဗောဇ္ဈင် တရားတို့၏ လွန်ကဲမှု မရှိခြင်းကြောင့် ဘာဝနာအာရုံမှ တွန့်ဆုတ်မှုလည်း မရှိ။

ခ။ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဖြစ်ကြကုန်သော ဓမ္မဝိစယ ဝီရိယ ပီတိ သမ္ဗောဇ္ဈင် တရားတို့၏ လွန်ကဲမှု မရှိခြင်းကြောင့် ပျံ့လွင့်မှုလည်း မရှိ။

ဂ။ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်နေသော ပညာလုံ့လ ပယောဂ၏ ပြည့်စုံခြင်းကြောင့် ကိလေသာတို့၏ ငြိမ်းအေးမှု ဥပသမသုခ ချမ်းသာကို ရရှိခြင်းဖြင့်လည်း အာနာပါနဘာဝနာလုပ်ငန်းရပ်၌ သာယာမှု မရှိသည်ကား မဟုတ်၊ သာယာမှုလည်း ရှိနေ၏၊ သာယာ မှုလည်း မကင်းပေ။

ဃ။ အာနာပါန ဘာဝနာလုပ်ငန်းရပ်၌ စိတ် တွန့်တို ဆုတ်နစ်မှု မရှိခြင်းကြောင့် ဘာဝနာစိတ်ကို ချီးမြှောက် ပေးခြင်း (= ပဂ္ဂဟ) လုပ်ငန်းကိစ္စ၌လည်း ကြောင့်ကြဗျာပါရ ပြုခြင်းသို့ မရောက်ရှိတော့ပေ။ အာနာပါန ပဋိဘာဂနိမိတ်ဟူသော ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်သွားမှု မရှိခြင်းကြောင့် ဘာဝနာစိတ်ကို နှိပ်ကွပ် ခြင်း (= နိဂ္ဂဟ) လုပ်ငန်းကိစ္စ၌လည်း ကြောင့်ကြဗျာပါရ ပြုခြင်းသို့ မရောက်ရှိတော့ပေ။ အာနာပါန ဘာဝနာလုပ်ငန်းရပ်၌ သာယာမှု ရှိနေခြင်းကြောင့် ဘာဝနာစိတ်ကို ရွှင်လန်းတက်ကြွစေခြင်း (= သမ္ပဟံ သန) လုပ်ငန်းကိစ္စ၌ ကြောင့်ကြဗျာပါရ ပြုခြင်းသို့လည်း မရောက်ရှိတော့ပေ။ အာနာပါနဘာဝနာ လုပ်ငန်းရပ်၌ စိတ် တွန့်တို ဆုတ်နစ်မှု မရှိခြင်း, အာနာပါနပဋိဘာဂနိမိတ် အာရုံမှ စိတ်ပျံ့လွင့်သွားမှု မရှိခြင်းကြောင့် အာနာပါနပဋိဘာဂနိမိတ်ဟူသော ဘာဝနာအာရုံပေါ်၌ အညီအမျှဖြစ်နေသော, အာနာ ပါနဘာဝနာလုပ်ငန်းရပ်၌ သာယာမှု ရှိနေခြင်းကြောင့် ကိလေသာအပူကို ငြိမ်းအေးစေတတ်သော အာနာ ပါန ပဋိဘာဂနိမိတ်အာရုံ၌ စိတ်တည်ငြိမ်မှု သမာဓိတည်းဟူသော သမထလမ်းကြောင်းပေါ်သို့ သွားနေ သော ဘာဝနာစိတ် ဖြစ်နေ၏။

တစ်နည်းအားဖြင့် ဆိုရသော် အာနာပါနပဋိဘာဂနိမိတ်ဟူသော ဘာဝနာအာရုံပေါ်၌ ဘာဝနာစိတ်သည် အညီအမျှ ဖြစ်နေခြင်းကြောင့် ဘာဝနာအာရုံမှ တွန့်ဆုတ်မှုမရှိသော ပျံ့လွင့်မှုလည်း မရှိသောစိတ် ဖြစ်နေ၏။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမထလမ်းကြောင်းပေါ်သို့ ကောင်းမွန် မှန်ကန်စွာ သွားနေခြင်းတည်းဟူသော ကောင်းမွန် မှန်ကန်သည့် သမ္မာပဋိပတ် ကျင့်ဝတ်လုပ်ငန်းကြောင့် ဘာဝနာလုပ်ငန်းရပ်၌ သာယာဖွယ် အရသာနှင့်တကွ ဖြစ်သော စိတ် ဖြစ်နေ၏။ ထိုအခါမျိုး၌ အာဇာနည် မြင်း ကောင်းများကို ယှဉ်ကထားသော ရထား၌ အညီအမျှ ကနေ သွားနေ ဖြစ်နေသော အာဇာနည်မြင်းတို့ အပေါ်၌ ရထားထိန်းသည် လွန်သောမြင်း၏ ကြိုးကို ဆွဲထားရခြင်း, နောက်ကျသော မြင်းကို ကြိမ်ဖြင့် တို့ပေးရခြင်း ဟူသော ကြောင့်ကြဗျာပါရသို့ မရောက်တော့သကဲ့သို့ အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဘာဝနာ စိတ်ကို ချီးမြှောက်ပေးရခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးရခြင်း = ပဂ္ဂဟလုပ်ငန်း, စိတ်ဓာတ်ကို နှိပ်ကွပ်ပေး ရခြင်း = နိဂ္ဂဟလုပ်ငန်း, စိတ်ဓာတ်ကို ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းတက်ကြွစေရခြင်း = သမ္ပဟံသန လုပ်ငန်းဟူသော ဤသုံးမျိုးကုန်သော လုပ်ငန်းရပ်တို့၌ ကြောင့်ကြဗျာပါရ ပြုခြင်းသို့ မရောက်ရတော့ပေ။ ဤ ပဂ္ဂဟ နိဂ္ဂဟ သမ္ပဟံသန လုပ်ငန်းရပ် သုံးမျိုးတို့၌ ကြောင့်ကြဗျာပါရသို့ မရောက်ခြင်း ကြောင့်ကြဗျာပါရ ဟူ သော ဆန့်ကျင်ဘက်ကို လွှမ်းမိုး၍ လျစ်လျူရှုခြင်း, အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို အညီ အမျှ ကောင်းစွာ ထားခြင်းကို လျစ်လျူရှုသင့်ရာအခါ၌ ဘာဝနာစိတ်ကို အသင့်အားဖြင့် လျစ်လျူရှုခြင်း ရှိသူ ဖြစ်သည်ဟု ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၁။ ဒီ၊ဋ္ဌ၊၂၊၃၈၄။ သံ၊ဋ္ဌ၊၃၊၂၀၀။ မဟာဋီ၊၁၊၁၅၉။ သံ၊ဋီ၊၂၊၄၄၀။)

[မှတ်ချက် ---- အာနာပါနဿတိ သမာဓိပိုင်းကို ရေးသားသောအပိုင်း ဖြစ်သဖြင့် အာနာပါနအကြောင်း ကို ဦးတည်၍ ပြောဆိုနေခြင်းသာ ဖြစ်သည်။ ကျန်သမထ ဝိပဿနာ လုပ်ငန်းရပ်တို့၌လည်း နည်းတူပင် မှတ်ပါ။]

၈။ အသမာဟိတပုဂ္ဂလ ပရိဝဇ္ဇနတာ = သမာဓိမရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း ----

နေက္ခမ္မပဋိပဒါ အမည်ရသော စျာန်ရကြောင်းဖြစ်သော ကျင့်ဝတ်ပဋိပတ်လမ်းကြောင်းပေါ်သို့ မတက် ရောက်ဖူး မသွားဖူးကြကုန်သော, ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်ခုခုသော သမာဓိမျှ မရှိကြကုန် သော, ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော တစ်ခုခုသော သမာဓိသို့ မဆိုက်ရောက်ကြကုန်သော တစ်ပါး မက များပြားလှကုန်သော ကိစ္စတို့၌ လုံ့လကြိုးကုတ် အားထုတ်လျက်ရှိကြကုန်သော, အထူးအထူး အပြားပြား သော အာရုံ၌ ပစ်လွှတ်ထားအပ်သောစိတ် ပျံ့လွင့်သောစိတ် ရှိကြကုန်သော ပုဂ္ဂိုလ်တို့ကို ဝေးစွာ ရှောင်ကြဉ် ခြင်းသည် တည်ကြည်သောစိတ်ဓာတ် မရှိသော (= သမာဓိ မရှိသော) ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၁။ ဒီ၊ဋ္ဌ၊၂၊၃၈၄။ သံ၊ဋ္ဌ၊၃၊၂၀၀။ မဟာဋီ၊၁၊၁၅၉။)

၉။ သမာဟိတပုဂ္ဂလသေဝနတာ = သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း ----

နေက္ခမ္မပဋိပဒါ အမည်ရသော စျာန်ရကြောင်း ကျင့်ဝတ်ပဋိပတ်လမ်းကြောင်းပေါ်သို့ တက်ရောက်ဖူး သွား ဖူး ကျင့်ဖူးကုန်သော, ဥပစာရစျာန်သမာဓိဖြင့်သော်လည်းကောင်း အပ္ပနာစျာန်သမာဓိဖြင့်သော်လည်းကောင်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဥပစာရဘာဝနာ အပ္ပနာဘာဝနာအာရုံ၌ ကောင်းစွာ ထားအပ်သောစိတ် = ကောင်းစွာတည်ကြည်သော စိတ်ဟူသော သမာဓိရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲဆည်းကပ်ခြင်း အနီးသို့ ချဉ်းကပ်ခြင်း သည် သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ မည်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၁။ ဒီ၊ဋ္ဌ၊၂၊၃၈၄။ သံ၊ဋ္ဌ၊၃၊၂၀၀။)

၁၀။ စျာနဝိမောက္ခပစ္စဝေက္ခဏတာ = ပထမစျာန် အစရှိကုန်သော ဝိမောက္ခတို့ကို အသီးအသီး သက်ဝင်၍ ဆင်ခြင်ခြင်းရှိသူ ဖြစ်ခြင်း ----

ပထမစျာန်စသော စျာန်တရားတို့သည် ဆန့်ကျင်ဘက်တရားတို့မှ ကောင်းစွာ လွတ်မြောက်ခြင်း ရှိသည် ၏ အဖြစ်စသော အကြောင်းတရားတို့ကြောင့် ထိုပထမစျာန် စသည်တို့သည်ပင်လျှင် ဝိမောက္ခလည်း အမည် ရကုန်၏။ ထိုစျာန်ဝိမောက္ခတို့ကို ----

၁။ ဤသို့ ပွားများရ၏၊

၂။ ဤသို့ ဝင်စားရ၏၊

၃။ ဤသို့ ဆောက်တည် အဓိဋ္ဌာန်ရ၏၊

၄။ ဤသို့ စျာန်မှ ထရ၏၊

၅။ ဤသို့ ညစ်နွမ်း၏၊

၆။ ဤသို့ ဖြူစင်၏ ----

ဤသို့ အသီးအသီး သက်ဝင်၍ ဆင်ခြင်ခြင်းသည် စျာန်ဝိမောက္ခတို့ကို အသီးအသီး သက်ဝင်၍ ဆင်ခြင် ခြင်း ရှိသည် မည်၏။ (မဟာဋီ၊၁၊၁၅၈။)

၁၁။ တဒဓိမုတ္တတာ = ထို သမာဓိသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း ----

လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်တို့၌ သမာဓိကို ဖြစ်စေခြင်းအကျိုးငှာသာလျှင် သမာဓိ ကို အလေးဂရုပြုသည်၏အဖြစ်, သမာဓိသို့ ညွတ်သည်၏အဖြစ်, သမာဓိသို့ ကိုင်းသည်၏အဖြစ်, သမာဓိသို့ ရှိုင်းသည်၏ အဖြစ်, ညွတ်ယိမ်းသော စိတ်ဓာတ်ရှိသူ၏ အဖြစ်သည် ထိုသမာဓိသမ္ဗောဇ္ဈင်တရားကို ဖြစ်စေခြင်း၌ စွဲစွဲမြဲမြဲ သက်ဝင်သူဖြစ်သည် မည်၏။ စျာန်သမာဓိကို ဖြစ်စေခြင်း၌ အလျဉ်မစဲ အားထုတ်သည် မည်၏။ ဤ ဆိုအပ်ခဲ့ပြီးသော သမာဓိသမ္ဗောဇ္ဈင်တရား ဖြစ်ကြောင်းအင်္ဂါရပ် တစ်ဆယ့်တစ်ပါးအတိုင်း ကျင့်သော ယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဤသမာဓိသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ်လာနိုင်၏။

ဤသို့ ဖြစ်ပေါ်လာသော သမာဓိသမ္ဗောဇ္ဈင်တရားသည် အရဟတ္တမဂ်ကြောင့် (ဝါ) အရဟတ္တမဂ် ရသော အခါ မုချအားဖြင့် သမာဓိပြန့်ပြောခြင်းသို့ အပြည့်အစုံ ရောက်ရှိရကား ယင်း အရဟတ္တမဂ်သည် ဘာဝနာ လုပ်ငန်းရပ်၏ ပြည့်စုံကြောင်းတရား ဖြစ်သွားရပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၂။ ဒီ၊ဋ္ဌ၊၂၊၃၈၄။ သံ၊ဋ္ဌ၊၃၊၂၀၀။)

အထူးသတိပြုရမည့် အချက်တစ်ရပ်

အထူးသတိပြုရမည့် အချက်တစ်ရပ်

ပါဠိတော် (သံ၊၃၊၉၂။)၌ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ် အဗျဂ္ဂနိမိတ်၌ နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = ယောနိသော မနသိကာရကို ကြိမ်ဖန်များစွာ ပြုလုပ်ပါက သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာနိုင်ကြောင်း ဟောကြားထားတော်မူချက်များ လာရှိ၏။

အထက်တွင် ရှင်းပြထားသည့်အတိုင်း အဋ္ဌကထာများ၌လည်း သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရားများ လာရှိ၏။ ယင်းသမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရားများအတိုင်း ကျင့်ပါက သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှား ဖြစ်ပေါ်လာနိုင်ကြောင်းများကိုလည်း ဖွင့်ဆိုထားလျက်ရှိ၏။

ယင်းပါဠိတော် အဋ္ဌကထာ အဆိုအမိန့်တို့အရ အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် နိဗ္ဗာန်ကို အလို ရှိခဲ့ပါမူ သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှားဖြစ်ပေါ်လာအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်၊ သမာဓိသမ္ဗော ဇ္ဈင် အဝင်အပါ ဖြစ်သည့် ဗောဇ္ဈင်ခုနစ်ပါး စုံညီပါမှ, သမ္မာသမာဓိမဂ္ဂင် အဝင်အပါ ဖြစ်သည့် မဂ္ဂင်ရှစ်ပါး စုံညီပါမှ အသင်ယောဂီသူတော်ကောင်းသည် နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ရနိုင်မည် ဖြစ်ပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သမာဓိထူထောင်မှုကို စက်ဆုပ်ရွံရှာလျက် သမာဓိထူထောင်ဖို့ မလိုပါဟု အစွဲသန်နေပါလျှင် အသင်ယောဂီသူတော်ကောင်း၏ သန္တာန်ဝယ် သမာဓိချို့တဲ့နေသဖြင့် ဗောဇ္ဈင်ခြောက်ပါး မဂ္ဂင်ခုနစ်ပါး ရှိကောင်းရှိနေမည် ဖြစ်ပေသည်။ ဗောဇ္ဈင်ခုနစ်ပါး မဂ္ဂင်ရှစ်ပါးကား မပြည့်စုံနိုင်တော့ပေ။ သမာဓိမပါသော ဗောဇ္ဈင်ခြောက်ပါး မဂ္ဂင်ခုနစ်ပါးဖြင့် နိဗ္ဗာန်သို့ သွား၍ ရောက်နိုင် မရောက်နိုင်ကိုကား အသင် ယောဂီ သူတော်ကောင်း အလေးအနက်ထားကာ စဉ်းစားရတော့မည် ဖြစ်ပေသည်။ နိဗ္ဗာန်ကို အလိုရှိခဲ့လျှင်ကား ဘုရားရှင်နှင့် ဘုရားရှင်၏ တရားကို မပယ်မိဖို့ရန် အထူးဂရုပြုရမည် ဖြစ်ပေသည်။

ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ငါးပါး

ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ငါးပါး

ပဉ္စ ဓမ္မာ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ သတ္တမဇ္ဈတ္တတာ၊ သင်္ခါရမဇ္ဈတ္တတာ၊ သတ္တသင်္ခါရကေလာယနပုဂ္ဂလပရိဝဇ္ဇနတာ၊ သတ္တသင်္ခါရမဇ္ဈတ္တပုဂ္ဂလသေဝနတာ၊ တဒဓိမုတ္တတာတိ။ (ဝိသုဒ္ဓိ၊၁၊၁၃၁။ ဒီ၊ဋ္ဌ၊၂၊၃၈၄။ မ၊ဋ္ဌ၊၁၊၃၀၂။ သံ၊ဋ္ဌ၊၃၊၂၀၀။)

၁။ သတ္တဝါတို့ အပေါ်ဝယ် အလယ်အလတ်၌ တည်သောသဘောရှိသူ ဖြစ်ခြင်း = သတ္တဝါတို့၌ လျစ်လျူ ရှုတတ်သူ ဖြစ်ခြင်း,

၂။ သင်္ခါရတရားတို့အပေါ်ဝယ် အလယ်အလတ်၌ တည်သောသဘောရှိသူ ဖြစ်ခြင်း = သင်္ခါရတရားတို့၌ လျစ်လျူရှုတတ်သူဖြစ်ခြင်း,

၃။ သတ္တဝါ သင်္ခါရတို့ကို မက်မောတတ်သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း,

၄။ သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်းရှိသူ ဖြစ်ခြင်း,

၅။ ထို ဥပေက္ခာသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ဖြစ်ခြင်း ----

ဤတရားငါးပါးတို့သည် ဥပေက္ခာသမ္ဗောဇ္ဈင်တရား၏ ထင်ရှား ဖြစ်ပေါ်လာရန် အကြောင်းတရားတို့ ဖြစ်ကြကုန်၏။

၁။ သတ္တမဇ္ဈတ္တတာ = သတ္တဝါတို့အပေါ်ဝယ် အလယ်အလတ်၌ တည်သော သဘောရှိသူ ဖြစ်ခြင်း = သတ္တဝါတို့၌ လျစ်လျူရှုတတ်သူ ဖြစ်ခြင်း,

(က) ကမ္မဿကတာ ပစ္စဝေက္ခဏ = ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာရှိသည်၏အဖြစ်ကို ဆင်ခြင်ခြင်း ----

သင်သည် မိမိ၏ ကံကြောင့် ဤလူ့ဘဝသို့ ရောက်ရှိလာ၍ မိမိ၏ပင်လျှင် ကံကြောင့် နောက်တမလွန် ဘဝသို့ သွားရလတ္တံ့။ ဤပုဂ္ဂိုလ်သည်လည်း မိမိ၏ပင်လျှင် ကံကြောင့် (= သူ့ကံကြောင့်ပင်) ဤလူ့ဘဝသို့ ရောက်ရှိလာ၍ မိမိ၏ပင်လျှင် ကံကြောင့် (= သူ့ကံကြောင့်ပင်) နောက်တမလွန်ဘဝသို့ သွားရလတ္တံ့။ သင်သည် အဘယ်ပုဂ္ဂိုလ်ကို မြတ်နိုးနေသနည်း ----

ဤသို့ ကံသာလျှင် မိမိကိုယ်ပိုင် ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း,

(ခ) နိဿတ္တပစ္စဝေက္ခဏ = သတ္တမဟုတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း ----

ပရမတ္ထအနက်သဘောအားဖြင့် သတ္တဝါသည်ပင်လျှင် မရှိပေ။ (ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံ သက်သက်သာလျှင် ရှိသည်ဟု ဆိုလိုပေသည်။) ထိုသင်သည် အဘယ်သူကို မြတ်နိုးနေသနည်း ---- ဤသို့လျှင် သတ္တမဟုတ်သည်၏ အဖြစ်ကို = အတ္တမှ ဆိတ်သုဉ်းသည်၏ အဖြစ်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း

ဤနှစ်ပါးကုန်သော အကြောင်းတရားတို့ကြောင့် သတ္တဝါတို့၌ လျစ်လျူရှုတတ်သူ၏ အဖြစ်ကို ဖြစ်စေ နိုင်၏။ ( ဒီ၊ဋ္ဌ၊၂၊၃၈၄။ မ၊ဋ္ဌ၊၁၊၃၀၂-၃၀၃။)

၂။ သင်္ခါရမဇ္ဈတ္တတာ = သင်္ခါရတရားတို့အပေါ်ဝယ် အလယ်အလတ်၌ တည်သော သဘောရှိသူ ဖြစ်ခြင်း သင်္ခါရတရားတို့၌ လျစ်လျူရှုသူ ဖြစ်ခြင်း ----

(က) အသာမိကဘာဝပစ္စဝေက္ခဏ = ပိုင်ရှင်မဟုတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်း ----

ဤသင်္ကန်းသည် သုံးစွဲရင်း တဖြည်းဖြည်း အစဉ်အတိုင်း အရောင်အဆင်း ဖောက်ပြန် ပြောင်းလဲသည်၏ အဖြစ်သို့လည်းကောင်း, ဟောင်းနွမ်းသည်၏ အဖြစ်သို့လည်းကောင်း ကပ်ရောက်၍ တဖြည်းဖြည်း ခြေသုတ် အဝတ်ဖြစ်၍ နောက်ဆုံး တောင်ဝှေးစွန်းဖြင့် ကလော်၍ စွန့်ပစ်ထိုက်သော သဘောရှိသည် ဖြစ်လတ္တံ့။ ထို သင်္ကန်း၏ကား ပိုင်ရှင်သည် အကယ်၍ ဖြစ်ငြား ရှိငြားအံ့၊ ဤသို့ ဖြစ်ခဲ့ ရှိခဲ့သော် ထိုသင်္ကန်းအား ဤသို့ ပျက်စီးခြင်းငှာ သို့မဟုတ် ပျက်စီးခွင့်ကို မပေးလေရာ။ ဤသို့လျှင် ပိုင်ရှင်မဟုတ်သည်၏ အဖြစ်ကို ဆင်ခြင် ခြင်းဖြင့်လည်းကောင်း,

(ခ) တာဝကာလိကတာပစ္စဝေက္ခဏ = အခိုက်အတန့်မျှသာ တည်ခြင်းသဘောရှိသည်၏အဖြစ်ကို ဆင်ခြင်ခြင်း

ဤသင်္ကန်းကား အရှည်မခိုင်ခံ့၊ ထိုသုံးဆောင်ရာကာလ အခိုက်အတန့်မျှသာ တည်ခြင်းသဘောရှိ၏ဟု အခိုက်အတန့်မျှသာ တည်ခြင်းသဘောရှိသည့် တာဝကာလိက၏ အဖြစ်ကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း ---

ဤနှစ်မျိုးကုန်သော အကြောင်းတရားတို့ကြောင့်ပင်လျှင် သင်္ခါရတရားတို့၌ လျစ်လျူရှုတတ်သူ၏ အဖြစ် ကို ဖြစ်စေနိုင်၏။ [သပိတ်စသော အသုံးအဆောင် ပရိက္ခရာတို့၌လည်း နည်းတူမှတ်ပါ။ ဤ၌ အသုံးအဆောင် ပရိက္ခရာပစ္စည်း အရပ်ရပ်ကို သင်္ခါရဟု ဆိုလိုသည်ဟုလည်း မှတ်ပါ။] (ဒီ၊ဋ္ဌ၊၂၊၃၈၅။ မ၊ဋ္ဌ၊၁၊၃၀၃။ သံ၊ဋ္ဌ၊၃၊၂၀၀-၂၀၁။)

အထူးသဖြင့် ရာဂသည် ဥပေက္ခာ၏ ဆန့်ကျင်ဘက်တည်း။ ထိုကြောင့် ရာဂထူပြောသော ပုဂ္ဂိုလ်အဖို့ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ရာဂမှ စင်ကြယ်ကြောင်းလမ်း = ဝိသုဒ္ဓိမဂ္ဂဟူ၍ ဆိုအပ်ပေသည်။ (သံ၊ဋီ၊၂၊၄၄၀။)

၃။ သတ္တ သင်္ခါရ ကေလာယနပုဂ္ဂလ ပရိဝဇ္ဇနတာ = သတ္တဝါသင်္ခါရတို့ကို မက်မောတတ်သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း ----

(က) သတ္တကေလာယန = သတ္တဝါကိုမြတ်နိုးသူ ----

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် လူဝတ်ကြောင်ဖြစ်လျှင်လည်း သားသ္မီးအစရှိသူတို့ကို ငါ့သား ငါ့သ္မီးဟု ငါ့ဥစ္စာပြု၍ မြတ်နိုး၏။ ရဟန်းဖြစ်လျှင်လည်း မိမိ၏ အနီးနေတပည့် တူသောဥပဇ္ဈာယ်ရှိသော သီတင်းသုံးဖော် အစရှိသူတို့ကို ငါ့တပည့် ငါ့မိတ်ဆွေ စသည်ပြုလုပ်၍ မြတ်နိုး၏။ မိမိ၏ လက်ဖြင့်သာ ထို အနီးနေတပည့်, တူသော ဥပဇ္ဈာယ်ရှိသော သီတင်းသုံးဖော် စသူတို့၏ ဆံပင်ကို ရိတ်ဖြတ်မှု, သင်္ကန်းကို ဖွပ်လျှော်မှု, သင်္ကန်း ဆိုးမှု, သပိတ်ဖုတ်မှု အစရှိသော အမှုကိစ္စတို့ကို ပြုလုပ်ပေး၏၊ တစ်မုဟုတ်မျှ တစ်ခဏမျှလည်း မမြင်လတ် သော် - ဤမည်သော သာမဏေသည် အဘယ်မှာနည်း၊ ဤမည်သော ရဟန်းသည် အဘယ်မှာနည်း - ဟု တုန်လှုပ်သော သားသမင်သည်ကဲ့သို့ ဤမှ ဤမှလည်း ကြည့်ရှု ရှာဖွေ၏။ အခြားသူတစ်ယောက်က -ထိုမည် သော သာမဏေကို သို့မဟုတ် ထိုမည်သော ရဟန်းငယ်ကို စေလွှတ်ပါကုန် - ဟု တောင်းပန်အပ်ပါသော်လည်း ငါတို့သည်လည်း မိမိ၏ အလုပ်ကိစ္စကိုပင် မပြုရက်စေပါကုန် မခိုင်းရက်ပါကုန်၊ အရှင်တို့သည် ထိုသာမဏေ ကို သို့မဟုတ် ထိုရဟန်းငယ်ကို ခေါ်၍ ပင်ပန်းစေကုန်ကြမှာလား - ဟု ပြောဆို၍ မပေးပေ၊ မစေလွှတ်ပေ။ ဤပုဂ္ဂိုလ်မျိုးသည် သတ္တဝါကို ချစ်မြတ်နိုးသူ မည်၏။

(ခ) သင်္ခါရကေလာယန = သင်္ခါရကို ချစ်မြတ်နိုးသူ ---

ပုဂ္ဂိုလ်တစ်ဦးသည်ကား သင်္ကန်း သပိတ် ခွက် တောင်ဝှေး အစရှိသော ပစ္စည်းဝတ္ထုတို့ကို ငါ့ဥစ္စာပြု၍ မြတ်နိုး၏၊ အခြားသူအား လက်ဖြင့် သုံးသပ်ခြင်းငှာလည်း သုံးသပ်ခွင့်ကိုလည်း မပေးပေ၊ တာဝကာလိက အခိုက်အတန့် တစ်ခဏမျှ တောင်းရမ်းအပ် ငှားရမ်းအပ်သည် ဖြစ်ပါလျက် ငါတို့သော်မှလည်း ဤပစ္စည်းကို မြတ်နိုးကုန်သည် ဖြစ်၍ မသုံးစွဲရက်ပါကုန်၊ သင်တို့အား အဘယ်မှာလျှင် ပေးနိုင်ပါကုန်အံ့နည်းဟု ပြောဆို၏။ ဤပုဂ္ဂိုလ်မျိုးသည် သင်္ခါရကို မြတ်နိုးသူ မည်၏။ ထို သတ္တဝါကို မြတ်နိုးသူ သင်္ခါရကို မြတ်နိုးသူ မက်မော တတ်သူကို ဝေးစွာ ရှောင်ကြဉ်ခြင်းရှိသူ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏။ (ဒီ၊ဋ္ဌ၊၂၊၃၈၅။ သံ၊ဋ္ဌ၊၃၊၂၀၁။)

၄။ သတ္တသင်္ခါရမဇ္ဈတ္တပုဂ္ဂလသေဝနတာ = သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သော ပုဂ္ဂိုလ်ကို မှီဝဲ ဆည်း ကပ်ခြင်းရှိသူ ဖြစ်ခြင်း ---

ပုဂ္ဂိုလ်တစ်ဦးသည် နှစ်မျိုးလည်းဖြစ်ကုန်သော ထို သတ္တဝါ သင်္ခါရဟူသော ဝတ္ထုတို့၌ အလယ်အလတ်၌ တည်သော သဘောရှိ၏၊ လျစ်လျူရှုတတ် = ဥဒါသိန်မူတတ်၏၊ ဤပုဂ္ဂိုလ်မျိုးသည် သတ္တဝါ သင်္ခါရတို့ အပေါ် ဝယ် အလယ်အလတ်၌ တည်သောသဘောရှိသော ပုဂ္ဂိုလ်သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ်သော ပုဂ္ဂိုလ် မည်၏၊ ထို သတ္တဝါ သင်္ခါရတို့၌ လျစ်လျူရှုတတ် = ဥဒါသိန်မူတတ်သော ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည် ထင်ရှား ဖြစ်ပေါ်လာနိုင်၏။ (ဒီ၊ဋ္ဌ၊၂၊၃၈၅။ သံ၊ဋ္ဌ၊၃၊၂၀၁။)

၅။ တဒဓိမုတ္တတာ = ထိုဥပေက္ခာသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ဖြစ်ခြင်း ---

လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်တို့၌ ထိုဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်ပေါ်စေခြင်း အကျိုးငှာ နှလုံးသွင်း ညွတ်ယိမ်းကိုင်းရှိုင်းသော စိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဥပေက္ခာသမ္ဗောဇ္ဈင် တရားသည် ထင်ရှားဖြစ်လာနိုင်၏။ ဤသို့ ဖြစ်ပေါ်လာသော ဥပေက္ခာသမ္ဗောဇ္ဈင်တရားသည် အရဟတ္တမဂ် ကြောင့် တစ်နည်း အရဟတ္တမဂ်ဆိုက်သောအခါ ဘာဝနာပါရိပူရိ = ဘာဝနာပြည့်စုံကြောင်းတရား ထင်ရှား ဖြစ်သွားပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၈၅။ သံ၊ဋ္ဌ၊၃၊၂၀၁။)

ဤဆိုအပ်ခဲ့ပြီးသော အကြောင်းတို့ဖြင့် ဤပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင် တရားတို့ကို ထင်ရှားဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သည် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာ သမ္ဗောဇ္ဈင် တရားသုံးပါးတို့ကို ပွားစေသည် မည်၏။ ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ဤဗောဇ္ဈင်တရားသုံးပါးတို့ကို ဖြစ်စေခြင်း ပွားစေခြင်းဖြင့် စိတ်ကို နှိပ်ကွပ်သင့်ရာအခါ၌ စိတ်ကို နှိပ်ကွပ်ပေးရ၏။ (ဝိသုဒ္ဓိ၊၁၊၁၃၁။)

ဤတွင်ရွေ့ကား အပ္ပနာကောသလ္လတရား (၁၀)ပါးတို့တွင် အမှတ် (၅) ဖြစ်သည့် စိတ်ကို နှိပ်ကွပ်သင့်ရာ အခါ၌ စိတ်ကို နှိပ်ကွပ်ခြင်း အစီအရင်နှင့် ပတ်သက်၍ ဖွင့်ဆိုရေးသားချက်များပင် ဖြစ်ပေသည်။ ယခုတစ်ဖန် ကြွင်းကျန်နေသေးသော အပ္ပနာကောသလ္လတရားများကို ဆက်လက်၍ ရေးသားဖော်ပြအပ်ပါသည်။

၆။ ယသ္မိံ သမယေ စိတ္တံ သမ္ပဟံသိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ သမ္ပဟံသေတိ = စိတ်ကို ရွှင်လန်းစေသင့်ရာ အခါ၌ စိတ်ကို ရွှင်လန်းစေခြင်း ---

ဤ အမှတ် (၆) အပ္ပနာကောသလ္လတရားကို သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား (၁၁)ပါးတို့တွင် အမှတ် (၆) ဖြစ်သည့် - သမယေ သမ္ပဟံသနတာ = ရွှင်လန်းစေသင့်ရာအခါ၌ ဘာဝနာစိတ်ကို ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းစေခြင်းရှိသူ ဖြစ်ခြင်း - ဟူသော အင်္ဂါရပ်၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း မှတ်ပါလေ။

၇။ ယသ္မိံ သမယေ စိတ္တံ အဇ္ဈုပေက္ခိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ အဇ္ဈုပေက္ခတိ = စိတ်ကို လျစ်လျူရှုသင့်ရာ အခါ၌ စိတ်ကို လျစ်လျူရှုခြင်း ---

ဤ အမှတ် (၇) အပ္ပနာကောသလ္လတရားကို သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရား (၁၁)ပါးတို့တွင် အမှတ် (၇) ဖြစ်သည့် သမ္မာပဝတ္တဿ အဇ္ဈုပေက္ခနတာ = အညီအညွတ် ကောင်းစွာ ဖြစ်နေသော ဘာဝနာစိတ် ကို အသင့်အားဖြင့် လျစ်လျူရှုခြင်းရှိသူ ဖြစ်ခြင်းဟူသော အင်္ဂါရပ်၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း မှတ်သား ပါလေ။

၈။ အသမာဟိတပုဂ္ဂလပရိဝဇ္ဇနတာ = သမာဓိ မရှိသော သမာဓိကင်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း,

၉။ သမာဟိတပုဂ္ဂလသေဝနတာ = သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၁၀။ တဒဓိမုတ္တတာ = ထိုအပ္ပနာစျာန် သမာဓိသို့ နှလုံးသွင်း ညွတ်ယိမ်း ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ---

ဤအပ္ပနာကောသလ္လတရားသုံးပါးတို့ကို သမာဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း တရား (၁၁)ပါးတို့တွင် အမှတ် (၈-၉-၁၁) ဖြစ်ကြသည့် ---

အသမာဟိတပုဂ္ဂလပရိဝဇ္ဇနတာ = သမာဓိ မရှိသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ ဖြစ်ခြင်း,

သမာဟိတပုဂ္ဂလသေဝနတာ = သမာဓိရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်းရှိသူ ဖြစ်ခြင်း,

တဒဓိမုတ္တတာ = ထို သမာဓိသမ္ဗောဇ္ဈင်၌ စွဲစွဲမြဲမြဲ သက်ဝင်သူ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိသူ ဖြစ်ခြင်း

ဟူသော အကြောင်းအင်္ဂါရပ်တို့၌ ဖွင့်ဆိုရေးသားခဲ့သည့်အတိုင်း မှတ်သားပါလေ။ ဤ ဖွင့်ဆိုရေးသား အပ်ခဲ့ပြီးသည့်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဆယ်မျိုးသော ဤအပ္ပနာကောသလ္လတရားကို ပြီးစီး ပြည့်စုံ စေရာ၏။

ရရှိနိုင်သော အကျိုးတရား

ရရှိနိုင်သော အကျိုးတရား

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မိမိရရှိထားအပ်ပြီးသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဤ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော နည်းလမ်းအတိုင်း ဤ အပ္ပနာကောသလ္လတရားကို ပြီးစီး ပြည့်စုံစေနိုင်ခဲ့သည် ရှိသော် အသင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အပ္ပနာစျာန်သည် မချွတ်ဧကန် ကောင်းမွန်စွာ ဖြစ်ပေါ် လာတတ်ပေ၏။

ဤသို့ကျင့်သော ယောဂါဝစရပုဂ္ဂိုလ်အား ထိုအပ္ပနာစျာန်သည် အကယ်၍ မဖြစ်နိုင်ခဲ့ငြားအံ့ - ထိုသို့ မဖြစ်သေးသော်လည်း ပညာရှိသူတော်ကောင်းသည် ကြိုးစားအားထုတ်ခြင်း လုံ့လပယောဂကို မပယ်စွန့်လေရာ၊ မလျှော့ချလေရာ၊ ကြိုးစားအားထုတ်မြဲ အားထုတ်ရာသည်သာတည်း။

ကောင်းမွန်မှန်ကန်စွာ ကြိုးစားအားထုတ်ခြင်း သမ္မာဝါယာမ အမည်ရသည့် လုံ့လဝီရိယကို လျှော့ချ၍ အနည်းငယ်လည်းဖြစ်သော တရားထူး တရားမြတ် မည်သည်ကို သတ္တဝါတစ်ဦး တစ်ယောက်သည် ရရှိနိုင်လေ ရာ၏ဟူသော ဤအကြောင်းအရာ ဌာနမျိုးသည် မရှိသည်သာလျှင်တည်း။

ထိုကြောင့် ဘာဝနာစိတ်၏ ဘာဝနာအာရုံမှ တွန့်ဆုတ်ခြင်း ပျံ့လွင့်ခြင်း စသည်တို့၏အဖြစ်ဖြင့် ဖြစ်သော အခြင်းအရာကို ကောင်းစွာ ဉာဏ်ပညာဖြင့် စူးစမ်း၍ ပညာရှိသူတော်ကောင်းသည် ဝီရိယ၏ သမာဓိနှင့် မျှသော ကိစ္စ ရှိသည်၏ အဖြစ်ကိုသာလျှင် အဖန်တလဲလဲ ယှဉ်စေရာ၏။

အနည်းငယ်မျှလည်း ဘာဝနာအာရုံမှ တွန့်ဆုတ်သော အဖြစ်သို့ ရောက်ရှိသွားသော စိတ်ကို ဣန္ဒြေ ဗောဇ္ဈင်တို့၏ မျှတသည်၏အဖြစ်သို့ ရောက်ရှိရန်အလို့ငှာ ချီးပင့်ပေးရာသည်သာလျှင်ကတည်း၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရာသည်သာလျှင်ကတည်း။ အလွန်အားထုတ်လွန်းသော ဝီရိယ လွန်ကဲနေသော စိတ်ကိုလည်း တားမြစ်၍ ဝီရိယနှင့် သမာဓိ ညီမျှမှုကိုသာလျှင် ဖြစ်စေရာ၏။

ဝတ်ပန်း ဝတ်မှုန်၌လည်းကောင်း, ကြာရွက်အပြင်၌လည်းကောင်း, ပင့်ကူမျှင်၌လည်းကောင်း, လှေ၌ လည်းကောင်း, ဆီကျည်၌လည်းကောင်း ပျားအစရှိသော သတ္တဝါတို့၏ ဖြစ်သော အခြင်းအရာကို ရှေးရှေး အဋ္ဌကထာများ၌ ဥပမာအဖြစ် ကောင်းစွာ ဖွင့်ဆိုထားသည့်အတိုင်း ဘာဝနာစိတ်ကို ဘာဝနာအာရုံမှ တွန့် ဆုတ်သည်၏အဖြစ် ပျံ့လွင့်သည်၏ အဖြစ်တို့မှ အချင်းခပ်သိမ်း ဘာဝနာစိတ်ကို လွတ်မြောက်စေ၍ ဝီရိယနှင့် သမာဓိကို ညီမျှမှုရှိအောင် ယှဉ်စေခြင်းဖြင့် အာနာပါနပဋိဘာဂနိမိတ်သို့ ရှေးရှူ ဘာဝနာစိတ်ကို စိုင်းနှင်းရာ၏ ပြီးစီးစေရာ၏။ (ဝိသုဒ္ဓိ၊၁၊၁၃၂။)

နိမိတ္တာဘိမုခပဋိပါဒန

နိမိတ္တာဘိမုခပဋိပါဒန

အာနာပါနပဋိဘာဂနိမိတ်သို့ ရှေးရှူ ဘာဝနာစိတ်ကို စိုင်းနှင်ပါ။

အထက်ပါ စကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဥပမာ ဥပမေယျ အနက်သဘောကို ထင်ရှားစွာ ပြကြောင်း ဖြစ်သော စကားအစဉ်တည်း။ ထင်ရှားစေအံ့ --- ဉာဏ်ဖြင့် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော ပျားကောင်သည် ဤမည်သော သစ်ပင်၌ ပန်းသည် ပွင့်လတ်ပြီဟု သိ၍ ထက်မြက်လျင်မြန်သော အဟုန်ဖြင့် တစ်ဟုန်ထိုး ပျံသန်းပြေးသွားလတ်သော် ထိုအပွင့်ရှိသော သစ်ပင်ကို ကျော်လွှားလွန်မြောက်သွား၍ နောက် ကြောင်းသို့ တစ်ဖန်ပြန်လာရပြန်သော် ပန်းရက်သည် ကုန်ပြီးမှ ဆိုက်ရောက်လာ၏။ (ပန်းရက် ဟူသည် ပန်း ဝတ်ရည်တည်း။)

ဉာဏ်ဖြင့် နှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော အခြားပျားတစ်ကောင်သည်လည်း ဤမည်သော သစ်ပင်၌ ပန်းသည် ပွင့်လတ်သည်ဟု သိ၍ အလွန်လေးကွေး နုံ့နှေးသော အဟုန်ဖြင့် ပျံသန်း သွားလေသော် ပန်းရက်သည် ကုန်ပြီးမှသာလျှင် ဆိုက်ရောက်လာရပြန်၏။

ဉာဏ်ဖြင့် နှိုင်းချိန်သော ဆုံးဖြတ်ခြင်းငှာ စွမ်းနိုင်သော ကျွမ်းကျင်လိမ္မာသော ပျားကောင်သည်ကား ဤမည်သော သစ်ပင်၌ ပန်းသည် ပွင့်လတ်ပြီဟုသိ၍ မမြန်လွန်း မနှေးလွန်းသော အဟုန်ဖြင့် ပျံသန်းသွား လတ်သော် ချမ်းချမ်းသာသာဖြင့် ပန်းပွင့်ရာ ပန်းတော အစုအပုံသို့ ကောင်းစွာ ဆိုက်ရောက်၍ အလိုရှိတိုင်း ပန်းရက် ပန်းဝတ်ရည်ကို ယူ၍ ပျားရည်ကို ပြီးစီးပြည့်စုံအောင် ပြုလုပ်၍ ပျားရည်၏ အရသာကို ခံစားရသကဲ့သို့ လည်းကောင်း,

တစ်ဖန် ခွဲစိတ်ကုသတတ်သော ခွဲစိတ်ဆရာဝန်၏ တပည့်တို့သည် ရေခွက်၌ ထည့်ထားအပ်သော ကြာ ရွက်၌ ဓားငယ်ဖြင့် လှီးဖောက်ခြင်းအတတ် ခွဲစိတ်ခြင်းအတတ်ကို သင်ယူလတ်ကုန်သော် တစ်ယောက်သော ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော တပည့်သည် ခပ်မြန်မြန် လျင်သောအဟုန် ဖြင့် ဓားငယ်ကို ကြာရွက်ပေါ်သို့ ချလတ်သော် ကျစေလတ်သော် ကြာရွက်ကို နှစ်ခြမ်းမူလည်း ဖြတ်မိရက်သား ဖြစ်သွားတတ်၏။ ဓားငယ်ကို ရေထဲ၌မူလည်း နစ်သွားစေတတ်၏။

ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော အခြားတပည့်တစ်ဦးသည်လည်း ကြာရွက်ကို နှစ်ခြမ်း ဖြတ်မိခြင်း ဓားငယ်၏ ကြာရွက်ကို ဖောက်၍ ရေထဲ၌ နစ်သွားခြင်းမှ ကြောက်ခြင်းကြောင့် ဓားငယ်ဖြင့် ကြာရွက်ကို တို့ထိခြင်းငှာလည်း မဝံ့ဖြစ်နေ၏။

ဉာဏ်ဖြင့် နှိုင်းချိန်ဆုံးဖြတ်ခြင်းငှာ စွမ်းနိုင်သော ကျွမ်းကျင်လိမ္မာသော တပည့်သည်ကား မပြင်းလွန်း မနုံ့လွန်းသော ညီမျှသော လုံ့လပယောဂ အဟုန်ဖြင့် ထိုကြာရွက်၌ ဓားငယ်ရာကို ဓားငယ်ဖြင့် ဖောက်ခွဲခြင်းကို ထင်ရှားပြ၍ ကုန်စင်သောအတတ် ဆုံးခန်းတိုင် အပြီးတိုင်အောင်သော အတတ်ပညာ ရှိသည်ဖြစ်၍ ထိုသို့ သဘောရှိကုန်သော ခွဲစိတ်ကုသရမည့် အရာဌာနတို့၌ သွေးကြောဖောက်ခြင်းစသော အမှုကို ပြုလုပ်၍ လာဘ် လာဘကို ရရှိသကဲ့သို့လည်းကောင်း,

တစ်ဖန် အကြင်သူသည် လေးလံ ပမာဏရှိသော ပင့်ကူချည်ကို ဆောင်နိုင်အံ့၊ ထိုသူသည် အသပြာ လေးထောင်တို့ကို ရစေဟု ရှင်ဘုရင်က ကြေညာလတ်သော် ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော ယောက်ျားတစ်ဦးသည် လျင်မြန်သော အဟုန်ဖြင့် ပင့်ကူချည်ကို ငင်လတ်သော် ထိုထိုအရပ်၌ ပင့်ကူချည်သည် ပြတ်၍သာလျှင် သွား၏။

ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်နိုင်သော မကျွမ်းကျင် မလိမ္မာသော အခြားယောက်ျားတစ်ဦးသည်လည်း ပင့်ကူချည်၏ ပြတ်သွားမည်ကို ကြောက်ခြင်းကြောင့် လက်ဖြင့် ပင့်ကူချည်ကို တို့ထိခြင်းငှာသော်လည်း မဝံ့ ဖြစ်နေ၏။

ဉာဏ်ဖြင့် နှိုင်းချိန်ဆုံးဖြတ်နိုင်သော ကျွမ်းကျင်လိမ္မာသော ယောက်ျားသည်ကား အစမှ စ၍ အညီမျှ ဖြစ်သော လုံ့လပယောဂဖြင့် တုတ်တံတစ်ခု၌ ပင့်ကူချည်ကို ရစ်၍ ဆောင်ယူလာသည် ရှိသော် လာဘ်လာဘကို ရရှိသကဲ့သို့လည်းကောင်း,

တစ်ဖန် ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော လှေကို အုပ်ထိန်းသော လှေသူကြီးသည် လေပြင်းမုန်တိုင်းသည် ကျရောက်လာသည် ဖြစ်ပါလျက် ရွက်ကို လေဖြင့် ပြည့်စေလျက် လှေ ကို အရပ်တစ်ပါးသို့ ပြေးသွားစေ၏၊

ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော လှေကို အုပ်ထိန်းသော အခြား လှေသူကြီး တစ်ဦးသည်လည်း ဖြည်းညင်းသာယာသော လေသည် လာနေသည် ဖြစ်ပါလျက် ရွက်ကို ချထား လျက် လှေကို ထိုအရပ်၌ပင်လျှင် ထားထား၏။

ဉာဏ်ဖြင့် နှိုင်းချိန်ဆုံးဖြတ်တတ်သော ကျွမ်းကျင်လိမ္မာသော လှေကို အုပ်ထိန်းသော လှေသူကြီးသည်ကား ဖြည်းညင်းသာယာသော လေသည် လာလတ်သော် ရွက်ကုန်ကို လေဖြင့် ပြည့်စေ၍ လေပြင်းမုန်တိုင်းသည် ကျရောက်လာလတ်သော် ရွက်တစ်ဝက်ကိုသာ ပြု၍ ချမ်းသာသဖြင့် အလိုရှိရာ ဌာနသို့ ရောက်ရှိသကဲ့သို့ လည်းကောင်း,

တစ်ဖန် အကြင်ပုဂ္ဂိုလ်တစ်ဦးသည် ခွက်ငယ်စသည်ဖြင့် ထည့်ထားအပ်သော ခွက်ငယ်စသည်၌ တည် သော ဆီဖြင့် မဖိတ် မလျှံစေမူ၍ သိမ်မွေ့သော အပေါက်ရှိသော ဆီကျည်ကို ပြည့်စေငြားအံ့၊ ထိုသူသည် ဆုလာဘ်ကို ရစေသတည်း - ဟူ၍ ဆရာသမားက တပည့်တို့အား ပြောဆိုလတ်သော် ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော ဆုလာဘ်ကို မက်မောသော တစ်ယောက်သောသူသည် လျင် မြန်သော အဟုန်ဖြင့် ပြည့်စေလတ်သော် (= ခပ်မြန်မြန် လောင်းထည့်လတ်သော်) ဆီကို ဘေးသို့ ဖိတ်စေ၏။

ဉာဏ်ဖြင့် မနှိုင်းချိန် မဆုံးဖြတ်တတ်သော မကျွမ်းကျင် မလိမ္မာသော အခြားတစ်ယောက်သောသူသည် ဆီဖိတ်အံ့သည်မှ ကြောက်သောကြောင့် ဆီကို သိမ်မွေ့သော ဆီကျည်တောက်၏ အပေါက်ထဲသို့ ရဲရဲဝံ့ဝံ့ ရွပ်ရွပ် လောင်းထည့်ခြင်းငှာလည်း မဝံ့မရဲ ဖြစ်နေ၏။

ဉာဏ်ဖြင့် နှိုင်းချိန် ဆုံးဖြတ်တတ်သော ကျွမ်းကျင်လိမ္မာသော တပည့်သည်ကား ဆီကျည်တောက်၏ အပေါက်ဝနှင့် ညီမျှသော လုံ့လပယောဂဖြင့် ဆီဖြင့် သိမ်မွေ့သော အပေါက်ရှိသော ဆီကျည်ကို ပြည့်စေသည် ဖြစ်၍ ဆုလာဘ်ကို ရရှိသကဲ့သို့လည်းကောင်း ---

ဤဥပမာများ အတူပင်လျှင် တစ်ဦးသော ယောဂါဝစရ ရဟန်းတော်သည် အလွန်ကြည်လင် တောက်ပ နေသော အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာလတ်သော် ခပ်မြန်မြန်သာလျှင် အပ္ပနာစျာန်သို့ ရောက် စေအံ့ဟူသော ဦးတည်ချက်ဖြင့် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို ပြုလုပ်မိငြားအံ့၊ ထို ယောဂါဝစရ ရဟန်းတော်၏ စိတ်သည် လွန်လွန်ကဲကဲ အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လ ဝီရိယရှိသည်၏ အဖြစ်ကြောင့် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စအဖို့အစု၌ ကျရောက်သွားတတ်၏။ ထိုရဟန်းသည် အပ္ပနာ စျာန်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်။

တစ်ဦးသော ယောဂါဝစရရဟန်းတော်သည် လွန်လွန်ကဲကဲ အပြင်းအထန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယရှိသည်၏ အဖြစ်၌ အပြစ်ဒေါသကို သိမြင်၍ အာနာပါနပဋိဘာဂနိမိတ်ကို ဖြစ်ပြီးရာ ယခုအခါ၌ ငါ့အား အပ္ပနာစျာန်ဖြင့် အဘယ်မူအံ့နည်း = အဘယ်အကျိုးရှိအံ့နည်း- ဟု နှလုံးပိုက်၍ ဝီရိယကို ယုတ် လျော့စေ၏။ ထိုယောဂါဝစရ ရဟန်းတော်၏ စိတ်သည် အလွန်တွန့်ဆုတ်သော လုံ့လဝီရိယရှိသည်၏ အဖြစ် ကြောင့် ပျင်းရိခြင်း ကောသဇ္ဇ အဖို့အစု၌ ကျရောက်၍ သွားတတ်၏။ ထိုရဟန်းသည်လည်း အပ္ပနာစျာန်သို့ ရောက်ရှိခြင်းငှာ မစွမ်းနိုင်။

အကြင် ယောဂါဝစရရဟန်းတော်သည်ကား ဘာဝနာလုပ်ငန်းခွင်၌ စဉ်းငယ်မျှလည်း တွန့်ဆုတ်နေသော ဘာဝနာစိတ်ကို တွန့်ဆုတ်သည်၏ အဖြစ်မှ လွတ်မြောက်စေလျက်, တုန်လှုပ်တက်ကြွလျက် မငြိမ်မသက် ပျံ့ လွင့်နေသော ဘာဝနာစိတ်ကို စိတ်ပျံ့လွင့်ခြင်း (= ဥဒ္ဓစ္စ) အဖို့အစုမှ လွတ်မြောက်စေလျက် ဝီရိယနှင့် သမာဓိ ညီမျှသော လုံ့လပယောဂဖြင့် မတွန့်မလှုပ်သော ဘာဝနာစိတ်ကို အာနာပါန ပဋိဘာဂနိမိတ်သို့ ရှေးရှုဖြစ်စေ၏။ ထိုရဟန်းတော်သည် အပ္ပနာစျာန်သို့ မချွတ်ဧကန် ရောက်ရှိနိုင်၏။ ထိုကဲ့သို့ အပ္ပနာစျာန်ကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသော ရဟန်းတော်နှင့် တူသူသည်သာလျှင် ဖြစ်သင့်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၃၃-၁၃၄။)

_________

အာနာပါနနိမိတ်ကို ကစားသင့်ပါသလား? တိုးပွားစေသင့်ပါသလား?

အာနာပါနနိမိတ်ကို ကစားသင့်ပါသလား? တိုးပွားစေသင့်ပါသလား?

ဣမေသု စတ္တာလီသာယ ကမ္မဋ္ဌာနေသု ဒသ ကသိဏာနေဝ ဝဍ္ဎေတဗ္ဗာနိ။ (ဝိသုဒ္ဓိ၊၁၊၁၀၈။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ စကားအရ ကမ္မဋ္ဌာန်း (၄၀)တို့တွင် ကသိုဏ်း (၁၀)ပါးတို့ကိုသာလျှင် နိမိတ်တိုးပွားအောင် ပြုလုပ်ထိုက်ပေသည်ဟု မှတ်ပါ။ အဘိညာဏ်စသော အကျိုးထူးများကို ရနိုင်သောကြောင့် ဖြစ်သည်။ အာနာပါနကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ကား ဤသို့ မိန့်မှာထားတော်မူ၏။

တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေန စ ပရိစ္ဆိန္နံ။ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိစ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)

ပိစုပိဏ္ဍာဒိဝသေန ဥပဋ္ဌဟန္တမ္ပိ နိမိတ္တံ ဝါတသင်္ဃာတသန္နိဿယန္တိ ကတွာ ဝုတ္တံ ဝါတရာသိယေဝ ဝဍ္ဎတီတိ။ ဩကာသေန ပရိစ္ဆိန္နန္တိ နာသိကဂ္ဂမုခနိမိတ္တာဒိဩကာသေန သပရိစ္ဆေဒံ။ ဝါယောကသိဏဝဍ္ဎနေ ဝိယ န ဧတ္ထ ကောစိ ဂုဏော၊ ကေဝလံ ဝါတဝဍ္ဎနမေဝါတိ အာဟ သာဒီနဝတ္တာတိ။ (မဟာဋီ၊၁၊၁၃၁။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ နိမိတ်ကို မတိုးပွားစေသင့်သော ထို ကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်ကို တိုးပွားစေသော ယောဂါဝစရရဟန်းတော်အား ဝါဂွမ်းစိုင် သောက်ရှူး ကြယ် စသည်တို့၏ အစွမ်းဖြင့် ထင်လာသည်လည်းဖြစ်သော အာနာပါနပဋိဘာဂနိမိတ်သည် လေအပေါင်း အစုလျှင် မှီရာရှိရကား တိုးပွားစေခဲ့သော် လေအပေါင်းစုသာလျှင် တိုးပွားနိုင်လေရာသည်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၌သာလျှင် ဘာဝနာစိတ်ကို ကောင်းစွာ ထားရမည်၊ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်း ဟူသော နိမိတ်၏ အတွင်းဘက်သို့သော်လည်းကောင်း, အပြင်ဘက်သို့သော်လည်းကောင်း အစဉ်လျှောက်၍ မရှုရဟု နှာသီးဖျား အထက်နှုတ်ခမ်းဖျားတည်းဟူသော တည်ရာအရပ်ဖြင့်လည်း ဘာဝနာအလုပ်စခန်းကို ပိုင်း ခြား သတ်မှတ်၍ ထား၏။ ဝါယောကသိုဏ်းကို တိုးပွားအောင် ပြုလုပ်သကဲ့သို့ ဤအာနာပါန ကမ္မဋ္ဌာန်း၌ နိမိတ်ကို တိုးပွားအောင် ပြုလုပ်ခြင်းဖြင့် တစ်စုံတစ်ခုသော အကျိုးကျေးဇူး မရှိ၊ သက်သက်သော လေအစုအပုံ သာလျှင် တိုးပွားနိုင်ရကား အပြစ်ရှိသောကြောင့်လည်းကောင်း, နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်း ဟူသော ဝင်သက်လေ ထွက်သက်လေ ထိရာဌာန၌သာလျှင် သတိကို ထား၍ ဖြစ်စေ၍ ဝင်သက်လေ ထွက် သက်လေဟူသော အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားရမည်ဟု တည်ရာဌာနဖြင့် ပိုင်းခြားသတ်မှတ်ထားသောကြောင့် လည်းကောင်း အာနာပါနပဋိဘာဂနိမိတ်ကို တိုးပွားအောင် မပြုလုပ်သင့်ပေ = အာနာပါနပဋိဘာဂနိမိတ်ကို မကစားသင့်ပေ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။ မဟာဋီ၊၁၊၁၃၁။)

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

= ဝင်သက်လေ ထွက်သက်လေ၏ ထိသွားရာ ထိသွားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌ ဝင်သက်လေ ထွက်သက်လေဟူသော အာရုံ၌ သတိကိုထား၍ ပွားများအားထုတ်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

_________

ပဌမဇ္ဈာနကထာ

ပဌမဇ္ဈာနကထာ

ဤတွင် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာတွင် ဖော်ပြထားသော ပဌမဇ္ဈာနကထာ စသော စျာန်ပိုင်း အစီအရင်များကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ဤသို့ ဖွင့်ဆိုအပ်ပြီးသော အပြားရှိသော ဝီရိယနှင့် သမာဓိကို ညီမျှမှုရှိသည်၏အဖြစ်ကို ယှဉ်စေသည်၏ အစွမ်းဖြင့် ဘာဝနာလမ်းရိုး လမ်းမှန်ကျအတိုင်း သွားလျက်ရှိသော ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်သို့ ရှေးရှုစိုင်းနှင်လျက်ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ယခုအခါ၌ အပ္ပနာစျာန်သည် ပြည့်စုံလတ္တံ့ ဖြစ်ပေါ်လာ လတ္တံ့ဟု ပြောဆိုသင့် ပြောဆိုထိုက်သော ဇောတို့၏ အလှည့်အကြိမ် ဝါရ၌ ဘဝင်စိတ်အစဉ် ဘဝင်စိတ်အယဉ်ကို ဖြတ်တောက်၍ အဿာသ-ပဿာသ = ဝင်သက်လေ ထွက်သက်လေဟု ပွားများအားထုတ်ခြင်း ဘာဝနာ၏ အစွမ်းဖြင့် ဘာဝနာစိတ်သို့ ကပ်၍ ထင်လာသော ကပ်၍ တည်လာသော ထိုအာပါနပဋိဘာဂနိမိတ်ကိုပင်လျှင် အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်သည် ဖြစ်ပေါ်လာ၏။ ထိုမနောဒွါရာဝဇ္ဇန်း (= အာနာပါနပဋိဘာဂနိမိတ်အာရုံကို ဆင်ခြင် ဆုံးဖြတ်သောစိတ်) မှ နောက်၌ လေးကြိမ်မူလည်း ဖြစ်ကုန်သော ငါးကြိမ်မူလည်း ဖြစ်ကုန်သော ဇော တို့သည် စောကြကုန်၏။ ထိုလေးကြိမ် ငါးကြိမ်သော ဇောတို့တွင် နောက်ဆုံး၌ တစ်ခုသောဇောသည် ရူပါဝစရဇော ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)

ပညာနုံ့သော မန္ဒပညပုဂ္ဂိုလ်၏ အစဆုံးရအပ်သော အာဒိကမ္မိက စျာနဝီထိပုံစံ

ပညာနုံ့သော မန္ဒပညပုဂ္ဂိုလ်၏ အစဆုံးရအပ်သော အာဒိကမ္မိက စျာနဝီထိပုံစံ

ဘ = ဘဝင် = ဘဝင်မနောအကြည်ဓာတ် = ဘဝ၌ စိတ်အစဉ် ပြတ်စဲမသွားအောင် ဘဝ၏ အကြောင်း တရားအဖြစ် ကျေးဇူးပြုပေးနေသော စိတ်၊

န = ဘဝင်္ဂစလန = အာနာပါနပဋိဘာဂနိမိတ် အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ လှုပ်သွားသော ဘဝင်၊

ဒ = ဘဝင်္ဂုပစ္ဆေဒ = အာနာပါနပဋိဘာဂနိမိတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ ဘဝင်လှုပ်ပြီးနောက် အာဒိကမ္မိက စျာနဝီထိ စိတ်အစဉ် ဖြစ်တော့မည် ဖြစ်၍ ရပ်သွားသော ဘဝင် ပြတ်သွားသော ဘဝင်၊

မ = မနောဒွါရာဝဇ္ဇန်း = ဘဝင်မနောဒွါရ မနောအကြည်ဓာတ်၌ ထင်လာသော အာနာပါနပဋိဘာဂနိမိတ် ကို ဆင်ခြင်သောစိတ်၊

ပ = ပရိကံ = အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သော ကာမာဝစရဇော၊

ဥ = ဥပစာ = အပ္ပနာစျာန်ဇော၏ အနီး၌ဖြစ်သော အနီးအပါး၌ ကျင်လည်တတ်သော ကာမာဝစရဇော၊

နု = အနုလုံ = အနုလောမ = ဤ အပ္ပနာဇောဝီထိ မကျမီ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ အာနာပါနဘာဝနာကို စီးဖြန်းနေသော ဇောဝီထိတို့ကို ပရိကမ်ဟု ခေါ်၏။ ယင်း ပရိကမ်တို့အား လည်းကောင်း, အထက်အပ္ပနာစျာန်အားလည်းကောင်း လျော်သော ကာမာဝစရဇော၊

ဂေါ = ဂေါတြဘု = ကာမာဝစရ အနွယ်ကို လွှမ်းမိုးကျော်လွန်လျက် မဟဂ္ဂုတ်အနွယ်ကို ပွားစေတတ်သော ကာမာဝစရဇော၊

စျ = အပ္ပနာစျာန်ဇော၊ (ရူပါဝစရဇော)

ပညာထက်သော တိက္ခပညဝါ ပုဂ္ဂိုလ်၏ အစဆုံးရအပ်သော အာဒိကမ္မိက စျာနဝီထိပုံစံ

ပညာထက်သော တိက္ခပညဝါ ပုဂ္ဂိုလ်၏ အစဆုံးရအပ်သော အာဒိကမ္မိက စျာနဝီထိပုံစံ

အစဆုံးရသော စျာနဝီထိ ဖြစ်ပုံကား ---- အာနာပါနပဋိဘာဂနိမိတ်ကို စီးဖြန်းဖန်များသဖြင့် စျာန်ရ လုလတ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံသည် ဘဝင် = မနောဒွါရ၌ ထင်လာသည်ရှိသော် ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, မန္ဒပညပုဂ္ဂိုလ်၌ ပရိကမ်, ဥပစာ, အနုလုံ, ဂေါတြဘု-ဟု ဥပစာရသမာဓိဇော လေးကြိမ်, တိက္ခပညပုဂ္ဂိုလ်၌ ဥပစာ, အနုလုံ, ဂေါတြဘုဟု သုံးကြိမ် - ထိုနောက် အပ္ပနာသမာဓိဇော တစ်ကြိမ် အကျတွင် ဝီထိစဉ်ပြတ်၍ ဘဝင်ဖြစ်ထိုက်သမျှ ဖြစ်သတည်း။ (ဝီထိလက်ရိုးကို နည်းမှီးထားသည်။ အချို့ကျမ်း များ၌ ဘဝင်ဟုသာ သုံး၍ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု မသုံးပေ။)

ဥပစာရသမာဓိဇော

ဥပစာရသမာဓိဇော

ဤစျာနဝီထိအတွင်း၌ ပရိကမ်, ဥပစာ, အနုလုံ, ဂေါတြဘုဟူသော ဇောများကို ဥပစာရသမာဓိဇောဟု ခေါ်၏။ စျာန် မဂ် ဖိုလ်တို့၏ အနီး ဥပစာ၌ ဖြစ်သော ဇောများဟု ဆိုလိုသည်။ ဥပစာရစျာန်ဇောများဟုလည်း ခေါ်၏။ လေးကြိမ်မြောက် သို့မဟုတ် ငါးကြိမ်မြောက်ဇောကား အပ္ပနာစျာန်ဇော ဖြစ်၏။

စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ်ဟူသော လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမအတိုင်း ယင်းဥပစာရ အပ္ပနာစျာန်တို့သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ် အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ကပ်၍ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန်ဟူသော အမည်ကို ရရှိကြပေသည်။ ယင်း အာဒိကမ္မိက ပထမဇ္ဈာနဝီထိ အတွင်းရှိ စိတ်တို့တွင် မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂)လုံးရှိ၍ ဇောအသီးအသီး၌ စိတ်စေတသိက် (၃၄)လုံးစီ အသီးအသီး ရှိကြပေသည်။ ယင်းစိတ်စေတသိက် နာမ်တရားတို့ကို သိမ်းဆည်းပုံသည် နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ထင်ရှားလတ္တံ့။ ယင်း စျာန်ဇောနာမ်တရား (၃၄)လုံး တို့တွင် ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါငါးပါးတို့လည်း ပါဝင်လျက်ပင်ရှိသည်ဟု မှတ်သားထားပါ။ ယင်း ဝိတက် ဝိစာရ စသည့် တရားတစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟူ၍ ခေါ်ဆိုပြီးလျှင် ယင်း စျာန်အင်္ဂါ ငါးပါးတို့၏ အပေါင်းကို စျာန်ဟု ခေါ်သည်ဟုလည်း မှတ်သားထားပါဦး။ အသင်ယောဂီ သူတော်ကောင်းသည် ဤအခြေခံ ရှင်းလင်းချက်ကို သဘောပေါက်ပါက အထက်တွင် ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာစကားနှင့် အောက်တွင် ဆက်လက်ဖော်ပြမည့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားများကို သဘောပေါက် လွယ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

[မှတ်ချက် ---- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင်ကား ပထဝီကသိုဏ်းလျှင် အာရုံရှိသော စျာန်များကို စံထား၍ ဖော်ပြထားပါသည်၊ ဤကျမ်းတွင်ကား အာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စျာန်များကို ဖော်ပြ ထားသည်ဟု မှတ်ပါ။] အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ စကားကို ဆက်လက်ဖတ်ရှုပါ။

စျာန်ဇောတို့၏ အမည်များ

စျာန်ဇောတို့၏ အမည်များ

ထိုလေးကြိမ် ငါးကြိမ်သော ဇောတို့တွင် နောက်ဆုံး၌ ဖြစ်သော တစ်ခုသော ဇောသည် ရူပါဝစရစျာန်ဇော ဖြစ်၏။ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်ကုန်သော ဇောတို့ကား ကာမာဝစရ ဥပစာရစျာန်ဇောတို့တည်း။

၁။ ယင်း ကာမာဝစရ ဥပစာရစျာန်ဇောတို့ကို အပ္ပနာစျာန်ဇောကို ပြုပြင်ပေးတတ်သည်၏ အဖြစ်ကြောင့် ပရိကံတို့ဟူ၍လည်းကောင်း,

၂။ ရွာစသည်တို့၏ အနီးဖြစ်သော အရပ်ကို ရွာဥပစာ မြို့ဥပစာဟူ၍ ခေါ်ဆိုအပ်သကဲ့သို့ အလားတူပင် အပ္ပနာစျာန်မှ နီးသည်၏ အဖြစ်ကြောင့် အပ္ပနာစျာန်၏ အနီးအပါး၌ ကျင်လည်တတ်သည်၏ အဖြစ် ကြောင့် ဥပစာတို့ဟူ၍လည်းကောင်း,

၃။ ဤ အာဒိကမ္မိက အပ္ပနာစျာနဝီထိမှ ရှေးဖြစ်သော အထူးထူးသော (အာနာပါနပဋိဘာဂနိမိတ်အာရုံကို ဆင်ခြင်တတ်သော) အာဝဇ္ဇန်း ရှိကြကုန်သော အထူးထူးသော ဝီထိတို့၌ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကို စီးဖြန်းနေသော ပရိကံတို့အားလည်းကောင်း, အထက်ဖြစ်သော အပ္ပနာစျာန်ဇောအားလည်းကောင်း လျော်သောကြောင့် အနုလောမတို့ဟူ၍လည်းကောင်း ခေါ်ဆိုအပ်ကုန်၏။

ဤ ပရိကမ္မ ဥပစာရ အနုလောမဟု မှတ်အပ်ကုန်သော စိတ်တို့တွင် အလုံးစုံတို့၏ နောက်၌ ဖြစ်သော အကြင် တတိယစိတ် သို့မဟုတ် စတုတ္ထစိတ်သည် ရှိ၏၊ ထိုစိတ်ကိုကား ကာမာဝစရအနွယ်ကို လွှမ်းမိုး ကျော်လွန် သည်၏ အဖြစ်ကြောင့်လည်းကောင်း, မဟဂ္ဂုတ်အနွယ်ကို ဖြစ်စေတတ် ပွားစေတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း ဂေါတြဘုဟူ၍လည်း ခေါ်ဆိုအပ်၏။

ထိုသို့ သဘောရှိကုန်သော အဆုံးဇော တစ်ခုမှ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်သော ဇောတို့သည် ပြကတေ့သော ကာမာဝစရစိတ်တို့ထက် အထူးအားရှိကုန်သော ဝိတက်+ဝိစာရ+ပီတိ+သုခ+စိတ္တေကဂ္ဂတာ ရှိကုန်သော ကာမာဝစရစိတ်တို့ ဖြစ်ကြကုန်၏။

ဤ သုံးပါးသောစိတ် လေးပါးသောစိတ်တို့တွင် မယူအပ်သေးသည်ကို ယူ၍ ယူအပ်ပြီးသည်ကို မယူ သော နည်းဖြင့် (မန္ဒပည ပုဂ္ဂိုလ်အတွက်) ----

၁။ ရှေးဦးစွာသော ပထမဇောစိတ်သည် ပရိကမ္မ မည်၏။

၂။ ဒုတိယဇောစိတ်သည် ဥပစာရ မည်၏။

၃။ တတိယဇောစိတ်သည် အနုလောမ မည်၏။

၄။ စတုတ္ထဇောစိတ်သည် ဂေါတြဘု မည်၏။

၅။ ငါးကြိမ်မြောက်သော ဇောစိတ်သည်ကား အပ္ပနာစျာန်ဇော၏ အစွမ်းဖြင့် ဖြစ်၏။

(တိက္ခပည ပုဂ္ဂိုလ်အတွက်) တစ်နည်းဆိုရသော် ----

၁။ ရှေးဦးစွာသော ပထမဇောစိတ်သည် ဥပစာရ မည်၏။

၂။ နှစ်ခုမြောက်သော ဒုတိယဇောစိတ်သည် အနုလောမ မည်၏။

၃။ သုံးခုမြောက်သော တတိယဇောစိတ်သည် ဂေါတြဘု မည်၏။

၄။ လေးကြိမ်မြောက်သော စတုတ္ထဇောစိတ်သည်ကား အပ္ပနာစျာန်ဇော၏ အစွမ်းဖြင့် ဖြစ်၏။

ထိုလေးကြိမ်မြောက်မူလည်း သို့မဟုတ် ငါးကြိမ်မြောက်မူလည်း မမြဲသော အနိယမသဘောအားဖြင့် ထိုအပ္ပနာစျာန်ဇော၏ ဖြစ်ခြင်းကိုလည်း လျင်မြန်သော အသိထူး ဉာဏ်ထူးရှိသော ခိပ္ပါဘိညပုဂ္ဂိုလ်, နုံ့နှေးသော အသိထူး ဉာဏ်ထူးရှိသော ဒန္ဓာဘိညပုဂ္ဂိုလ်၏ အစွမ်းဖြင့် မှတ်အပ်၏။

ထိုငါးကြိမ်မြောက်မှ နောက်၌ ဆဋ္ဌဇော သတ္တမဇောသည် အစွမ်းအဟုန် ကုန်သည်၏ အဖြစ်ကြောင့် ကျသကဲ့သို့ ယိုသကဲ့သို့ ဖြစ်၏။ ငါးကြိမ်မြောက် သို့မဟုတ် လေးကြိမ်မြောက်နောက်၌ ဇောမစောတော့ဘဲ ဘဝင် ၏ အလှည့်ဝါရသည် ဆိုက်ရောက်လာပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၃၄။)

စိတ္တက္ခဏတစ်ချက်သာ

စိတ္တက္ခဏတစ်ချက်သာ

ထို အပ္ပနာစျာန်ဇောသည်လည်း တစ်ခုသော စိတ္တက္ခဏရှိသည်သာတည်း။ (အာဒိကမ္မိက အစဆုံး စျာန ဝီထိ၌ စျာန်ဇောတစ်ကြိမ်သာ ကျ၏ဟု ဆိုလိုပေသည်။) မှန်ပေသည် ----

၁။ လက်ဦးရစဖြစ်သော မဟဂ္ဂုတ် အပ္ပနာစျာန်ဇော၌လည်းကောင်း,

၂။ လောကီ အဘိညာဏ်ဇောတို့၌လည်းကောင်း,

၃။ အရိယမဂ္ဂ လေးပါးတို့၌လည်းကောင်း,

၄။ အရိယမဂ်၏ အခြားမဲ့၌ ဖြစ်သော အရိယဖိုလ်၌လည်းကောင်း,

၅။ ရူပဘုံ အရူပဘုံတို့၌ ဘဝင် အရာဌာန၌လည်းကောင်း,

၆။ နိရောဓသမာပတ်အား ကျေးဇူးပြုတတ်သော နေဝသညာနာသညာယတနစျာန်ဇော၌လည်းကောင်း,

၇။ နိရောဓသမာပတ်မှ ထသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်၏ ဖလသမာပတ်၌လည်းကောင်း ----

ဤခုနစ်မျိုးကုန်သော ဌာနတို့၌ ကာလအပိုင်းအခြားမည်သည် မရှိပေ။

ဤခုနစ်ဌာနတို့တွင် အရိယမဂ်၏ အခြားမဲ့၌ဖြစ်သော အရိယဖိုလ်၌ သုံးကြိမ်ထက် အလွန် (နှစ်ကြိမ် အောက်) ဖြစ်ရိုးဓမ္မတာ မရှိ။

နိရောဓသမာပတ်အား ကျေးဇူးပြုတတ်သော နေဝသညာနာသညာယတနစျာန်ဇောသည် နှစ်ကြိမ်ထက် အလွန် ဖြစ်ရိုးဓမ္မတာ မရှိ။

ရူပဘုံ အရူပဘုံတို့၌ ဘဝင်၌ အတိုင်းအတာပမာဏသည် မရှိ။

ဆိုခဲ့ပြီးသော ဤသုံးဌာနတို့မှ ကြွင်းကုန်သော ပထမ အပ္ပနာဇော, လောကီအဘိညာဏ်, အရိယမဂ် လေးခု, နိရောဓသမာပတ်မှ ထသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်၏ အရိယဖိုလ်ဟူသော လေးဌာနတို့၌ တစ်ကြိမ် သော ဇောစိတ်သည်သာ ဖြစ်ပေသည်။

[၁။ အာဒိကမ္မိက အစဦး ပထမ အပ္ပနာဇောသည် တစ်ကြိမ်သာ ဖြစ်၏။

၂။ လောကီ အဘိညာဏ်ဇောသည် တစ်ကြိမ်သာ ဖြစ်၏။

၃။ လောကုတ္တရာ အရိယမဂ်တရားသည် တစ်ကြိမ်သာ ဖြစ်၏။

၄။ နိရောဓ သမာပတ်မှ ထသော အနာဂါမ်ပုဂ္ဂိုလ်၏ အနာဂါမိဖိုလ်, ရဟန္တာပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်သည် တစ်ကြိမ်သာ ဖြစ်၏ဟု ဆိုလိုပေသည်။]

ထိုကြောင့် လက်မွန်ပထမ အပ္ပနာစျာန်ဇောသည် တစ်ခုသော စိတ္တက္ခဏ ရှိသည်သာ ဖြစ်သည်။ (တစ် ကြိမ်သာ စော၏။) ထိုအပ္ပနာဇော တစ်ကြိမ် ဖြစ်သည်မှနောက်၌ ဘဝင်ကျ၏။ ထို ဘဝင်ကျပြီးနောက် ဘဝင် အယဉ်ကို ဖြတ်တောက်၍ စျာန်ကို ဆင်ခြင်ရန် အလို့ငှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ် ဖြစ်၏၊ ထိုနောင် စျာန်ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇော စော၏။ (ဝိသုဒ္ဓိ၊၁၊၁၃၅။)

ပထမစျာန်သမာဓိ

ပထမစျာန်သမာဓိ

ဧတ္တာဝတာ စ ပနေသ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၁၊၄၄။ ဒီ၊၁၊၆၉။)

ဧဝမနေန ပဉ္စင်္ဂဝိပ္ပဟီနံ ပဉ္စင်္ဂသမန္နာဂတံ တိဝိဓကလျာဏံ ဒသလက္ခဏသမ္ပန္နံ ပဌမံ စျာနံ အဓိဂတံ ဟောတိ (အာနာပါနပဋိဘာဂနိမိတ္တာရမ္မဏံ)။ (ဝိသုဒ္ဓိ၊၁၊၁၃၅။)

ဤ ဖွင့်ဆိုရေးသားအပ်ခဲ့ပြီးသော ဘာဝနာအစဉ်ဖြင့် ဤ ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဝတ္ထုကာမ ကိလေသာကာမတို့မှ အသီးအခြားဖြစ်၍သာလျှင် ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ အသီးအခြား ဖြစ်၍သာလျှင် ကင်းဆိတ်၍သာလျှင် ဝိတက်နှင့် တကွဖြစ်သော ဝိစာရနှင့် တကွဖြစ်သော နီဝရဏ ကင်းဆိတ် ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သက်ခြင်း ပီတိ ချမ်းသာခြင်း သုခရှိသော ပထမစျာန်သို့ ကပ်ရောက်၍ ပထမစျာန်ကို ပြည့်စုံစေ၍ နေရ၏။ ဤသို့ ပထမစျာန်ကို ပြည့်စုံစေ၍နေသော ဤယောဂါဝစရပုဂ္ဂိုလ်သည် ပယ်အပ်သော ငါးပါးသော အင်္ဂါရှိသော, ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသော, သုံးပါးသော ကောင်းခြင်း ဂုဏ် ရှိသော, ဆယ်ပါးသော လက္ခဏာနှင့် ပြည့်စုံသော အာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ပထမစျာန်ကို ရရှိအပ်ပြီး ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၅။)

နှစ်သက်မြတ်နိုးဖွယ်ရာသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံငါးပါး ကာမဂုဏ် တရားတို့ကား ကိလေသာကာမ၏ တည်ရာဝတ္ထု ဖြစ်သောကြောင့် ဝတ္ထုကာမ မည်၏။ ထိုဝတ္ထုကာမကို လိုလား တပ်မက်သော ကာမရာဂ တဏှာကား ကိလေသာကာမ မည်၏။ ယင်း ဝတ္ထုကာမ ကိလေသာကာမနှင့် အကုသိုလ်တရားအားလုံးတို့သည် ပထမစျာန် သမာဓိအခိုက်၌ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်၏ နာမ်သန္တတိအစဉ်တွင် ထင်ရှားဖြစ်ပေါ်နေသည် မဟုတ်သော်လည်း ထိုကာမတို့၏ ပထမစျာန်၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်မှုကိုလည်းကောင်း, ကာမတို့ကို စွန့်ခွာရှောင်လွှဲ ဖဲကြဉ်ခြင်းဖြင့်သာလျှင် ထိုပထမ စျာန်ကို ရခြင်းကိုလည်းကောင်း ဝိဝိစ္စေဝ ကာမေဟိ = ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်သည် ဖြစ်၍ သာလျှင်ဟူသော ဤစကားရပ်ဖြင့် ဘုရားရှင်သည် ထင်ရှားပြတော်မူပေ၏။ အမိုက်တိုက်သည် ထင်ရှား တည်ရှိ နေလတ်သော် ဆီမီးရောင်သည် မဖြစ်၏သို့ ယင်းကာမတို့သည် ထင်ရှားတည်ရှိကုန်လတ်သော် ဤစျာန်တရား သည်ကား မဖြစ်ပေါ်လာနိုင်၊ ထိုကာမတို့သည် ဤစျာန်၏ စင်စစ် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်ကြကုန်၏။ ဤမှာဘက်ကမ်းကို စွန့်ခွာခြင်းဖြင့် ထိုမှာဘက်ကမ်းကို ရရှိခြင်းကဲ့သို့ ထိုကာမတို့ကို စွန့်ခွာခြင်းဖြင့်သာလျှင် (တဒင်္ဂ ဝိက္ခမ္ဘနအားဖြင့် ပယ်စွန့်ခြင်းဖြင့်သာလျှင်) ထိုစျာန်ကို ရရှိခြင်းသည် ဖြစ်ပေါ်လာနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၅-၁၃၆။)

ယင်း ဝိဝိစ္စေဝ ကာမေဟိ - ဟူသောပုဒ်ဖြင့် ဝတ္ထုကာမ ကိလေသာကာမ နှစ်မျိုးလုံးကို အရကောက်ယူပါ။

ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ - ဟူသောပုဒ်ဖြင့် ကိလေသာကာမ အဝင်အပါ ဖြစ်သော ကာမစ္ဆန္ဒနီဝရဏ စသော နီဝရဏငါးပါးလုံးကို အရကောက်ယူပါ။ (ဝိသုဒ္ဓိ၊၁၊၁၃၅-၁၃၆-ကို ကြည့်။)

နီဝရဏတရား ငါးပါး

နီဝရဏတရား ငါးပါး

နီဝရဏ ---- စျာန် မဂ် အစရှိသော ကုသိုလ်တရားတို့ကို တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို နီဝရဏ ဟု ခေါ်သည်။ ယင်း နီဝရဏတရားတို့မှာ အောက်ပါအတိုင်း ငါးမျိုး ရှိ၏။

၁။ ကာမစ္ဆန္ဒ = [ကာမ+ဆန္ဒ] ကာမဂုဏ်ကို လိုချင်နှစ်သက်မှု၊ တရားကိုယ်မှာ လောဘကို အရကောက်ယူပါ။

၂။ ဗျာပါဒ = [ဝိ+အာပါဒ] စိတ်၏ ဖောက်ပြန်ပျက်စီးခြင်း စိတ်ဆိုးခြင်းသို့ ရောက်ကြောင်း ဒေါသတည်း။ အကုသလကမ္မပထ၌ကား သူတစ်ပါးကို သေစေလိုသော ဖျက်ဆီးလိုသော ဒေါသကိုသာ အရကောက် ယူရသည်။ ဤ၌ကား ဒေါသတရားအားလုံးကိုပင် အရကောက်ယူပါ။

၃။ ထိန+မိဒ္ဓ = စိတ်+စေတသိက်တို့၏ လေးလံထိုင်းမှိုင်းမှုသဘော၊ ထိန စေတသိက်နှင့် မိဒ္ဓ စေတသိက် နှစ်ပါးကိုပင် အသီးအသီး တရားကိုယ် ကောက်ယူပါ။

၄။ ဥဒ္ဓစ္စ+ကုက္ကုစ္စ = စိတ်ပျံ့လွင့်မှုသဘော + နောင်တတစ်ဖန် ပူပန်မှုသဘော၊ ဥဒ္ဓစ္စ စေတသိက်နှင့် ကုက္ကုစ္စ စေတသိက်နှစ်ပါးကိုပင် အသီးအသီး တရားကိုယ် ကောက်ယူပါ။

၅။ ဝိစိကိစ္ဆာ = ရတနာသုံးတန်, ကံ-ကံ၏အကျိုးတရား သိက္ခာသုံးရပ် အကျင့်မြတ် စသည်တို့ အပေါ်၌ သို့လော သို့လော တွေးတောယုံမှားမှုသဘော၊ ဝိစိကိစ္ဆာစေတသိက်ကိုပင် အရကောက်ယူပါ။

အထူးမှတ်သားရန်

အထူးမှတ်သားရန်

ထိန-မိဒ္ဓနှင့် ဥဒ္ဓစ္စ-ကုက္ကုစ္စ နီဝရဏ၌ တရားကိုယ် နှစ်ပါးစီ ရရှိပါလျက် နီဝရဏတစ်ပါးသာ ဆိုရခြင်း၏ အကြောင်းမှာ ဤသို့ ဖြစ်၏။

ထိနနှင့် မိဒ္ဓ တရား နှစ်ပါးသည် ----

၁။ အာရုံမှ တွန့်ဆုတ်မှု ကိစ္စအားဖြင့်လည်းကောင်း,

၂။ ပျင်းရိခြင်းဟူသော အကြောင်းအားဖြင့်လည်းကောင်း,

၃။ ဝီရိယ၏ဆန့်ကျင်ဘက် ဖြစ်ခြင်းအားဖြင့်လည်းကောင်း ---- တူ၏။

ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတရားနှစ်ပါးသည် ----

၁။ အာရုံ၌ စိတ်မငြိမ်သက်ခြင်း ကိစ္စအားဖြင့်လည်းကောင်း,

၂။ ဆွေမျိုးတို့၏ ပျက်စီးခြင်းစသည်ကို ကြံစည်ခြင်းဟူသော အကြောင်းအားဖြင့်လည်းကောင်း,

၃။ သမထ၏ ဆန့်ကျင်ဘက်အားဖြင့်လည်းကောင်း ---- တူ၏။

ဤသို့ ကိစ္စ, အကြောင်း, ဆန့်ကျင်ဘက် တူသောကြောင့် တစ်ပေါင်းတည်း ဟောတော်မူသည်။ (ဋီကာကျော်)

စျာန်အင်္ဂါ ငါးပါး

စျာန်အင်္ဂါ ငါးပါး

၁။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော,

၂။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော,

၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော,

၄။ သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော,

၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်း = တည်ငြိမ် နေခြင်းသဘော ----

နီဝရဏတရားငါးပါးတို့သည် ဤ စျာန်အင်္ဂါငါးပါးတို့နှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်ပုံကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာတွင် ဤသို့ ဖွင့်ဆိုထား၏။

အညေသမ္ပိ စ ဓမ္မာနံ အကုသလဘာဝေ ဝိဇ္ဇမာနေ တတ္ထ ကတမေ အကုသလာ ဓမ္မာ၊ ကာမစ္ဆန္ဒောတိအာဒိနာ နယေန ဝိဘင်္ဂေ ဥပရိ စျာနင်္ဂါနံ ပစ္စနီကပဋိပက္ခဘာဝဒဿနတော နီဝရဏာနေဝ ဝုတ္တာနိ။ နီဝရဏာနိ ဟိ စျာနင်္ဂပစ္စနီကာနိ၊ တေသံ စျာနင်္ဂါနေဝ ပဋိပက္ခာနိ ဝိဒ္ဓံသကာနိ ဝိဃာတကာနီတိ ဝုတ္တံ ဟောတိ။ တထာ ဟိ သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော၊ ပီတိ ဗျာပါဒဿ၊ ဝိတက္ကော ထိနမိဒ္ဓဿ၊ သုခံ ဥဒ္ဓစ္စကုက္ကုစ္စဿ၊ ဝိစာရော ဝိစိကိစ္ဆာယာတိ ပေဋကေ ဝုတ္တံ။ (ဝိသုဒ္ဓိ၊၁၊၁၃၇။)

သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော ရာဂပ္ပဏိဓိယာ ဥဇုဝိပစ္စနီကဘာဝတော, နာနာရမ္မဏေဟိ ပလောဘိတဿ ပရိဗ္ဘမန္တဿ စိတ္တဿ သမာဓာနတော စ။ ပီတိ ဗျာပါဒဿ ပဋိပက္ခာ ပါမောဇ္ဇေန သမာနယောဂက္ခေမတ္တာ။ ဝိတက္ကော ထိနမိဒ္ဓဿ ပဋိပက္ခော ယောနိသောသင်္ကပ္ပနဝသေန သဝိပ္ဖါရပဝတ္တိတော။ သုခံ အဝူပသမာနုတာပသဘာဝဿ ဥဒ္ဓစ္စကုက္ကုစ္စဿ ပဋိပက္ခံ ဝူပသန္တသီတလသဘာဝတ္တာ။ ဝိစာရော ဝိစိကိစ္ဆာယ ပဋိပက္ခော အာရမ္မဏေ အနုမဇ္ဇနဝသေန ပညာပဋိရူပသဘာဝတ္တာ။ (မဟာဋီ၊၁၊၁၆၅။)

= ကာမစ္ဆန္ဒနီဝရဏစသော နီဝရဏမှ တစ်ပါးကုန်သော ဒိဋ္ဌိ မာန အဟိရိက အနောတ္တပ္ပ အစရှိကုန်သော တရားတို့၏ အကုသိုလ်ဖြစ်မှုသည် ထင်ရှားရှိသော်လည်း ဝိဘင်းပါဠိတော် (၂၆၆)၌ တတ္ထ ကတမေ အကုသလာ ဓမ္မာ၊ ကာမစ္ဆန္ဒော - စသော နည်းဖြင့် အထက်၌ ဖွင့်ဆိုရေးသားလတ္တံ့သော စျာန်အင်္ဂါတို့နှင့် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်မှုကို ထင်ရှားပြခြင်းငှာ စျာန်အင်္ဂါတို့နှင့် ထိပ်တိုက် ဆန့်ကျင်ဘက် နီဝရဏတို့ကိုသာလျှင် အကုသလဓမ္မအဖြစ် ဟောကြားတော်မူအပ်ကုန်၏။ မှန်ပေသည် - နီဝရဏတို့သည်ကား ထိုစျာန်အင်္ဂါတို့၏ ထင်ရှားဖြစ်မှုကို တားမြစ်တတ်သောကြောင့် စျာန်အင်္ဂါတို့၏ ထိပ်တိုက် ဆန့်ကျင်ဘက်တရားတို့ ဖြစ်ကြကုန်၏။ စျာန်အင်္ဂါတို့သည်သာလျှင် ထိုနီဝရဏတရားတို့ကို ပယ်တတ်သော ထိပ်တိုက် ဆန့်ကျင်ဘက်တရားတို့ ဖြစ်ကုန် ၏၊ နီဝရဏတရားတို့ကို ဖျက်ဆီးတတ်ကုန်၏၊ သတ်ဖြတ်ညှဉ်းဆဲတတ်ကုန်၏ဟု ဆိုလိုပေသည်။ ထိုစကား မှန်ပေသည် ----

၁။ ရာဂဟူသော တောင့်တခြင်း၏ ဖြောင့်ဖြောင့် ထိပ်တိုက် ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်လည်းကောင်း, အထူးထူးသော အာရုံတို့ဖြင့် ဖြားယောင်းအပ်သည်ဖြစ်၍ အာရုံအမျိုးမျိုးတို့၌ ထက်ဝန်းကျင် ချာချာ လည်နေသော စိတ်ကို ကောင်းစွာ အညီအညွတ် ထားတတ်သောကြောင့်လည်းကောင်း သမာဓိသည် ကာမစ္ဆန္ဒ၏ ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏။ သမာဓိက ကာမစ္ဆန္ဒကို ပယ်တတ်သည့်အတွက် သမာဓိနှင့် ကာမစ္ဆန္ဒသည် ထိပ်တိုက် ဆန့်ကျင်ဘက် ဖြစ်၏ဟု ဆိုလိုသည်။

၂။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်နေသော အချိန်အခါ၌ ဗျာပါဒ ဒေါသတရားသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပြီ ဖြစ်၏။ အလားတူပင် ဗျာပါဒ ဒေါသတရား ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်ပေါ်နေသော အချိန် အခါ၌လည်း နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားလည်း ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား မရှိတော့ပြီ ဖြစ်၏။ သို့သော် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိ ပါမောဇ္ဇတရား ထင်ရှား ဖြစ်ပေါ်နေသော အချိန်၌ ဗျာပါဒ ဒေါသတရားသည် ပီတိပါမောဇ္ဇတရားနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်မှု စွမ်းအင်သည် ကုန်ခန်းသွားပြီ ဖြစ်၏။ ပီတိက ဗျာပါဒ ဒေါသကို ပယ်တတ်သော ထိပ်တိုက်ဆန့်ကျင်ဘက်တရား ဖြစ်သောကြောင့်ပင်တည်း။ သို့အတွက် ပီတိသည် ဗျာပါဒနီဝရဏ၏ ပယ်တတ်သော ထိပ်တိုက် ဆန့်ကျင်ဘက်တရား ဖြစ်ရပေသည်။

၃။ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို (သမ္ပယုတ်တရားစုကို) နည်းမှန်လမ်းမှန် ဟုတ်မှန်သော အတိုင်း ရှေးရှုတင်ပေးခြင်း၏ အစွမ်းဖြင့် ပြန့်ကားသော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့် ဝိတက်သည် ထိနမိဒ္ဓနီဝရဏ၏ ပယ်တတ်သော ထိပ်တိုက် ဆန့်ကျင်ဘက်တရား ဖြစ်၏။

၄။ သုခသည် ငြိမ်သက်ခြင်း အေးချမ်းခြင်း သဘောရှိသည်၏အဖြစ်ကြောင့် မငြိမ်သက်ခြင်း နောင်တတစ်ဖန် ပူပန်ခြင်း သဘောရှိသော ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ၏ ပယ်တတ်သော ထိပ်တိုက် ဆန့်ကျင်ဘက်တရား ဖြစ်၏။

၅။ ဝိစာရသည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အဖန်ဖန် သုံးသပ် ဆုပ်နယ်သည်၏ အစွမ်းအားဖြင့် ပညာ နှင့် တူသော သဘောရှိသည်၏ အဖြစ်ကြောင့် သို့လော သို့လော တွေးတော ယုံမှားတတ်သော ဝိစိကိစ္ဆာ တရား၏ ပယ်တတ်သော ထိပ်တိုက် ဆန့်ကျင်ဘက်တရား ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၁၃၇။ မဟာဋီ၊၁၊၁၆၅။)

ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိနှစ်မျိုးလုံးသည်ပင် အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံ ပြုကြ၏။ နီဝရဏတရားတို့ကား ဥပစာရသမာဓိနယ်မြေ၌ ကွာကျသွားကြပြီ ဖြစ်၏။ သို့သော် သမာဓိ နှစ်မျိုး တို့၏ ထူးခြားချက်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတွင် ဤသို့ ရှင်းပြထား၏။

သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်

သမာဓိနှစ်မျိုးတို့၏ ထူးခြားချက်

ဒုဝိဓော ဟိ သမာဓိ ဥပစာရသမာဓိ စ အပ္ပနာသမာဓိ စ။ ဒွီဟာကာရေဟိ စိတ္တံ သမာဓိယတိ ဥပစာရဘူမိယံ ဝါ ပဋိလာဘဘူမိယံ ဝါ။ တတ္ထ ဥပစာရဘူမိယံ နီဝရဏပ္ပဟာနေန စိတ္တံ သမာဟိတံ ဟောတိ။ ပဋိလာဘဘူမိယံ အင်္ဂပါတုဘာဝေန။

ဒွိန္နံ ပန သမာဓီနံ ဣဒံ နာနာကာရဏံ၊ ဥပစာရေ အင်္ဂါနိ န ထာမဇာတာနိ ဟောန္တိ၊ အင်္ဂါနံ အထာမဇာတတ္တာ၊ ယထာ နာမ ဒဟရော ကုမာရကော ဥက္ခိပိတွာ ဌပိယမာနော ပုနပ္ပုနံ ဘူမိယံ ပတတိ၊ ဧဝမေဝ ဥပစာရေ ဥပ္ပန္နေ စိတ္တံ ကာလေန နိမိတ္တမာရမ္မဏံ ကရောတိ၊ ကာလေန ဘဝင်္ဂမောတရတိ။ အပ္ပနာယံ ပန အင်္ဂါနိ ထာမဇာတာနိ ဟောန္တိ၊ တေသံ ထာမဇာတတ္တာ၊ ယထာ နာမ ဗလဝါ ပုရိသော အာသနာ ဝုဋ္ဌာယ ဒိဝသမ္ပိ တိဋ္ဌေယျ၊ ဧဝမေဝ အပ္ပနာသမာဓိမှိ ဥပ္ပန္နေ စိတ္တံ သကိံ ဘဝင်္ဂဝါရံ ဆိန္ဒိတွာ ကေဝလမ္ပိ ရတ္တိံ ကေဝလမ္ပိ ဒိဝသံ တိဋ္ဌတိ၊ ကုသလဇဝနပဋိပါဋိဝသေနေဝ ပဝတ္တတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

= အလွန်ကြည်လင်တောက်ပသော ပဋိဘာဂနိမိတ် ဖြစ်ရာကာလမှ စ၍သာလျှင် နီဝရဏတရားတို့သည် ခွာထားအပ်ပြီးသာလျှင် ဖြစ်ကြကုန်၏။ ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာ ရှိကြကုန်သော ကိလေသာ တို့သည်လည်း ငြိမ်ဝပ်စွာ အနည်ထိုင်သွားကြကုန်သည်သာလျှင် ဖြစ်ကြကုန်၏။ ဥပစာရသမာဓိသည် ဘာဝနာ စိတ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ ထားအပ်သည်သာလျှင် ဖြစ်ပေသည်။

မှန်ပေသည် -- သမာဓိသည် ဥပစာရသမာဓိ (= စျာန်၏ အနီးအနား၌ဖြစ်သော သမာဓိ), အပ္ပနာသမာဓိ (= စျာန်သမာဓိ)ဟု နှစ်မျိုး ရှိ၏။

၁။ စျာန်တရားတို့၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့်လည်းကောင်း,

၂။ စျာန်တရားတို့၏ မြဲမြံခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိခြင်းကြောင့်လည်းကောင်း ----

ဤနှစ်ပါးသော အကြောင်းတရားတို့ကြောင့် ဥပစာရဘုံဟု ခေါ်ဆိုအပ်သော = ဥပစာရသမာဓိအခိုက်၌ လည်းကောင်း, ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော = စျာန်ကိုရသည့်အခိုက်၌လည်းကောင်း ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ အညီအညွတ်ကောင်းစွာ ထားအပ်၏။ ထိုနှစ်ပါးတို့တွင် ဥပစာရသမာဓိ အခိုက်၌ (= ဥပစာရဘုံ၌) ဆန့်ကျင်ဘက် နီဝရဏတရားတို့ကို ပယ်ခွာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါန ပဋိဘာဂနိမိတ် အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏၊ စိတ်သည် တည်ကြည်နေ၏။ ပဋိလာဘဘုံဟု ခေါ်ဆိုအပ်သော အပ္ပနာစျာန်ကို ရရှိခိုက်၌ စျာန်အင်္ဂါတို့၏ ထင်ရှားစွာ ဖြစ်ပေါ်လာခြင်းဖြင့် ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အညီအညွတ် ကောင်းစွာ ထားအပ်၏၊ ဘာဝနာစိတ်သည် တည်ကြည်နေ၏။

ဤဆိုလတ္တံ့သည်ကား သမာဓိနှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြား ချက်တည်း။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည်ကား စွမ်းအင် အပြည့်အဝ ရှိကြကုန်သည်ကား မဟုတ် ကုန်သေး။ စျာန်အင်္ဂါတို့၏ စွမ်းအင် အပြည့်အဝ မရှိကြသေးသည့် အဖြစ်ကြောင့် လောကဥပမာမည်သည်ကား မတ်တတ်ရပ်သင်ကာစ ငယ်ရွယ်နုနယ်သော ကလေးသူငယ်သည် ထူမ၍ ချီမ၍ ထားအပ်လတ်သော် အဖန်ဖန် မြေ၌ လဲကျ၏သို့ ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် စိတ်သည် ရံခါ အာနာ ပါန ပဋိဘာဂနိမိတ်ကို အာရုံပြု၏၊ ရံခါ ဘဝင်သို့ သက်ရောက်သွား၏ = ဘဝင်ကျနေတတ်၏။

သို့သော် အပ္ပနာစျာန်သမာဓိ အခိုက်၌ စျာန်အင်္ဂါတို့သည်ကား စွမ်းအင်အပြည့်အဝဖြင့် ဖြစ်ပေါ်လာကြ ကုန်၏၊ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင်အပြည့်အဝဖြင့် ဖြစ်ပေါ်လာသည့်အတွက်ကြောင့် လောကဥပမာမည်သည်ကား အားကောင်းမောင်းသန်သော ခွန်အားရှိသော ယောက်ျားသည် နေရာမှ ထ၍ တစ်နေ့ပတ်လုံးလည်း ရပ်တည်နိုင်၏သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ်သော် စျာန်စိတ်သည် တစ်ကြိမ် ဘဝင်အလှည့်ကို ဖြတ်တောက်၍ တစ်ညပတ်လုံးသော်လည်းကောင်း တည်နိုင်၏၊ တစ်နေ့ပတ်လုံး သော်လည်းကောင်း တည်နိုင်၏၊ စျာန်ကုသိုလ်ဇော စဉ်ကာစဉ်ကာ ဆက်ကာဆက်ကာ၏ အစွမ်းဖြင့်သာလျှင် ဖြစ်ပေါ်နေ၏။ ဤသည်ကား သမာဓိ နှစ်မျိုးတို့၏ အသီးအသီး ကွဲပြားသည်ကို ပြုကြောင်းဖြစ်သော ထူးခြား ချက်တည်း။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

အလုံးစုံသော ညဉ့်ပတ်လုံး အလုံးစုံသော နေ့ပတ်လုံး တည်နေနိုင်၏ဟူသော ဤစကားရပ်ကို စျာန် သမာပတ်ဝင်စားနေသည့် အချိန်ကာလကို ရည်ရွယ်၍ အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၁၊၁၄၈။)

သတိပြုသင့်ပုံ

သတိပြုသင့်ပုံ

ဤအထက်ပါ အဋ္ဌကထာ၏ အဖွင့်ကား နိဗ္ဗာန်ကို လိုလားတောင့်တနေသော အသင်ယောဂီ သူတော်ကောင်းအဖို့ အထူးအလေးဂရုပြု၍ စဉ်းစားရမည့် အချက်တစ်ရပ်ပင် ဖြစ်သည်။ အထူးသဖြင့် ဥပစာရသမာဓိ နယ်မြေ၌ ဘဝင်ကျတတ်ပုံ အကြောင်းအရာပင် ဖြစ်ပါသည်။ ကမ္မဋ္ဌာန်း (၄၀)တို့တွင် မည်သည့် ကမ္မဋ္ဌာန်းကို ဖြစ်စေ အားထုတ်လိုက်ပါက ဥပစာရသမာဓိနယ်မြေသို့ ဆိုက်သောအခါ၌ ရံခါ ဘဝင်ကျနေတတ်ပါသည်။

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိထူထောင်နေခိုက် အပ္ပနာစျာန်သမာဓိသို့ မဆိုက်မီ ဥပစာရသမာဓိ နယ်မြေအတွင်း၌လည်း အလားတူပင် ဘဝင်ကျနေတတ်ပါသေးသည်။

မည်သည့်ကမ္မဋ္ဌာန်းကို မဆို အားထုတ်လိုက်သည့်အခါ သမာဓိ အတော်အတန် ဖြစ်လာသောအခါ ဘဝင်ကျကျနေတတ်ပေသည်။ ဘဝင်စိတ်များ အဆက်မပြတ် အဖြစ်များနေမှုကို အချို့ယောဂီများက ဘာမှ မသိဘဲ ငြိမ်နေတယ်ဟု ပြောတတ်ကြ၏။ အချို့ကလည်း အာရုံရော အသိစိတ်ရော အားလုံး ချုပ်သွားတယ် ဟုလည်း ပြောတတ်ကြပြန်၏။ ထိုယောဂါဝစရပုဂ္ဂိုလ်တို့၏ ဆိုလိုပုံမှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနေသည်ဟု ပြောလိုရိပ် ရှိနေကြ၏။

ဤတွင် ဘဝင်စိတ်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ဘဝင်စိတ်ဟူသည်

ဘဝင်စိတ်ဟူသည်

ဘဝတစ်ခုအတွင်း၌ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်တို့သည် အာရုံတူမြဲ ဓမ္မတာ ရှိကြ၏။ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါဝယ် ယင်းမရဏာသန္နဇောက ယူထားသောအာရုံကိုပင် ဆက်လက်၍ အာရုံ ပြုကြ၏၊ ပစ္စုပ္ပန်အာရုံခြောက်ပါးကို အာရုံပြုကြသည်ကား မဟုတ်ကြပေ။ ထို မရဏာသန္နဇော၏ အာရုံမှာ လည်း ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် ထိုက်သလိုဖြစ်၏။ ထိုဘဝင်စိတ်၏ အာရုံသည် မည်သည့် အာရုံဖြစ်သည်ဟူသော အချက်မှာ ယေဘုယျအားဖြင့် အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံကို ရှုနိုင်သော အချိန်၌ သို့မဟုတ် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ ထင်ရှားလာမည် ဖြစ်သည်။ တစ်နည်းဆိုရသော် အတိတ်ခန္ဓာငါးပါးကို သိမ်းဆည်းနိုင်သောအခါ အတိတ်ခန္ဓာငါးပါးတွင် အကျုံးဝင်သော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံနှင့် ယင်းတရားတို့၏ စွဲယူရာ အာရုံကိုပါ ပုံစံမှန် သိနိုင်မည် ဖြစ်သည်။ ထိုသို့ သိရှိပါမှလည်း ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ရှုပွားနိုင်မည် ဖြစ်သည်။

အတိတ်ခန္ဓာ ငါးပါးကို လည်းကောင်း, အတိတ်ခန္ဓာ ငါးပါးတို့၏ အစိတ်အပိုင်းဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို လည်းကောင်း, ယင်းတရားတို့၏ စွဲယူရာ အာရုံကိုလည်းကောင်း မရှုနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ ထိုဘဝင်စိတ်၏ အာရုံမှန်ကို အတိအကျ သိရှိဖို့ရန် အလွန် ခဲယဉ်းလှပေသည်။ သို့အတွက် ယောဂါဝစရ ပုဂ္ဂိုလ်များအနေဖြင့် ထိုသို့ ဘဝင်စိတ်များ ဆက်တိုက်ကျနေချိန်မျိုးတွင် ဘာမှ မသိဟု ပြောနေခြင်းဖြစ်သည်။ ထိုဘဝင်စိတ်သည် ယခုလောလောဆယ် ရှုနေဆဲ ဖြစ်သော အာနာပါနပဋိဘာဂနိမိတ် စသော ထိုထိုအာရုံကိုလည်း အာရုံ မပြုပေ မသိပေ။ ပစ္စုပ္ပန်အာရုံ (၆)ပါးတို့တွင် မည်သည့်အာရုံကိုမျှ အာရုံ မပြုပေ မသိပေ။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်များ အနေဖြင့် ဘာမျှမသိဟု ထင်မြင်ယူဆနေခြင်း ဖြစ်သည်။ သို့သော် သာသနာတော်ဘက်က ထို ဘာမျှမသိဟူသော စကားကိုကား လက်မခံနိုင်ပေ။

စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ကာမ-ရူပ-အရူပ-လောကုတ္တရာဟူသော ဘုံလေးပါးအတွင်း၌ တည်ရှိသော စိတ်မှန်သမျှသည် အာရုံကို မသိသော စိတ်မည်သည် မရှိစကောင်းပေ၊ စိတ်အားလုံးသည် အာရုံကို ပိုင်းပိုင်းခြားခြား သိခြင်း ဝိဇာနန သဘောလက္ခဏာ ရှိသည်သာလျှင်တည်း။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ အဆိုအမိန့်အရ ဘဝင်စိတ်သည်လည်း ကာမ ရူပ အရူပ ဘုံ အတွင်း၌ တည်ရှိသော စိတ်တစ်မျိုးသာ ဖြစ်ခြင်းကြောင့် ဘာမျှမသိသည့် မသိစိတ် တစ်မျိုးကား မဟုတ်ပါပေ။ ပစ္စုပ္ပန်အာရုံ မှန်သမျှကို မသိငြားသော်လည်း အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော ယူထားသည့် အာရုံကိုကား သိလျက်သာ ရှိပါသည်။

စက္ခုဝိညာဏ်စိတ်သည် အသံ အနံ့ အရသာ အတွေ့အထိ ဓမ္မသဘောဟူသော အာရုံငါးပါးကို မသိငြား သော်လည်း အဆင်း အရောင် = ရူပါရုံကိုကား သိလျက်ပင် ရှိ၏။ ယင်းစက္ခုဝိညာဏ်စိတ်ကို အသံစသည့် အာရုံငါးပါးကို မသိသောကြောင့် မသိစိတ်ဟု ခေါ်ဆို၍ကား မရနိုင်၊ ရူပါရုံကိုကား သိတတ်သောကြောင့် ဖြစ်၏။ အလားတူပင် ဘဝင်စိတ်ကိုလည်း အတိတ်မရဏာသန္နဇော ယူထားသည့် အာရုံကို သိနေသောကြောင့် ပစ္စုပ္ပန် အာရုံဟူသမျှကို မသိငြားသော်လည်း မသိစိတ်ဟူ၍ကား မဆိုနိုင်ပေ။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် သမာဓိ အတော်အသင့် ဖြစ်လာသည့်အခါ စျာန်အင်္ဂါငါးပါးတို့က စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ် မလာနိုင်သေးသည့် အတွက် ဘာဝနာစိတ်အစဉ်ကို ဘဝင်သို့ ကျမနေအောင် ချီမ၍ မထားနိုင်သေးသည် ဖြစ်သောကြောင့် တစ်ခါ တစ်ရံ ဘဝင်ကျကျနေမှုကို ဘာမျှမသိဟု ယူဆနေသော်ငြားလည်း ယင်းဘဝင်စိတ်ကား အသိစိတ်သာလျှင် ဖြစ်ပေသည်။ တစ်ဖန် ဘဝင်ကျနေမှုကို ဖလသမာပတ်နှင့်လည်း ရောထွေးနေတတ်ကြပြန်၏။ ဘဝင်စိတ်များ အကြိမ်များစွာ ဆက်တိုက် ဖြစ်နေမှုကိုပင် ဖလသမာပတ် ဝင်စားနေသယောင် ယူဆပြောဆိုနေကြပြန်၏။ သို့အတွက် ဖလသမာပတ်နှင့် ဘဝင်တို့၏ ခြားနားချက်ကို သဘောပေါက်စေရန်အတွက် ဖလသမာပတ်အကြောင်း ကို နိဗ္ဗာနဂါမိနိပဋိပဒါ ပဉ္စမတွဲ ဝိပဿနာပိုင်း ဖလသမာပတ္တိကထာ (နှာ-၅၂၂-၅၃၀) တွင် ကြည့်ပါ။

တစ်ဖန် ထိုသို့ ဘဝင်စိတ်များ အဆက်မပြတ် ဖြစ်နေရာ၌ ဣရိယာပုထ် ခိုင်ခံ့ရပုံနှင့် စပ်၍ မဟာဋီကာ တွင် အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားပေသည်။

ဣရိယာပုထ် ဘာကြောင့် ခိုင်နေရသလဲ ?

ဣရိယာပုထ် ဘာကြောင့် ခိုင်နေရသလဲ ?

ကာမာဝစရေ ဒသ ဘဝင်္ဂစိတ္တာနိ, ရူပါဝစရေ ပဉ္စ, တိဿော မနောဓာတုယော, ဧကာ ဝိပါကာဟေတုကမနောဝိညာဏဓာတု သောမနဿသဟဂတာတိ ဧကူနဝီသတိ စိတ္တာနိ ရူပမေဝ ဇနယန္တိ၊ န ဣရိယာပထံ၊ န ဝိညတ္တိံ။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ရူပမေဝ ဇနယန္တိ၊ န ဣရိယာပထံ နိရုဿာဟသန္တဘာဝေန ပရိဒုဗ္ဗလဘာဝတော။ ကိရိယာမယစိတ္တေဟိ အဝိမိဿဘဝင်္ဂပ္ပဝတ္တိကာလေ ခန္ဓာဒိသရီရာဝယဝါနံ နိစ္စလဘာဝေနာဝဋ္ဌာနံ။ တထာ ဟိ အဗ္ဗောကိဏ္ဏေ ဘဝင်္ဂေ ပဝတ္တမာနေ အင်္ဂါနိ ဩသီဒန္တိ ပဝိဋ္ဌာနိ ဝိယ ဟောန္တိ။ ဒွတ္တိံသာတိ ပန အာဒိနာ ဝုတ္တေသု ဇာဂရဏစိတ္တေသု ဝတ္တမာနေသု အင်္ဂါနိ ဥပတ္ထဒ္ဓါနိ ယထာပဝတ္တဣရိယာပထဘာဝေနေဝ ပဝတ္တန္တီတိ။ (မဟာဋီ၊၂၊၄၀၂။)

၁။ ကာမာဝစရစိတ်၌ ဘဝင်စိတ် (၁၀)ပါး,

၂။ ရူပါဝစရ ဘဝင်စိတ် (၅)ပါး,

၃။ ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုင်းဒွေးဟူသော မနောဓာတ် (၃)ပါး,

၄။ အဟိတ်ဝိပါက် သောမနဿ မနောဝိညာဏဓာတ်ဟူသော သောမနဿ သန္တီရဏစိတ် (၁)ပါး ----

ဤ (၁၉)ပါးသော စိတ်တို့သည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်ကိုသာလျှင် ဖြစ်စေ နိုင်ကြကုန်၏၊ ဣရိယာပုထ်ကိုလည်း မဖြစ်စေနိုင်ကုန်၊ ကာယဝိညတ် (= ကိုယ်ဖြင့် သိစေတတ်သော ကိုယ် အမူအရာ), ဝစီဝိညတ် (= နှုတ်ဖြင့် သိစေတတ်သော နှုတ်အမူအရာ) ဟူသော ဝိညတ်ရုပ်ကိုလည်း မဖြစ်စေ နိုင်ကုန်။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ဘဝင်စိတ် အဝင်အပါ ဖြစ်သော ဤ (၁၉)မျိုးသော စိတ်တို့သည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်ကိုသာလျှင် ဖြစ်စေတတ်ကုန်၏၊ ဣရိယာပုထ်ကိုကား မဖြစ်စေတတ်ကြကုန်။ အဘယ် အကြောင်းကြောင့်နည်းဟူမူ - ဣရိယာပုထ် ဖြစ်ပေါ်လာအောင် ဝိညတ်ရုပ် ဖြစ်ပေါ်အောင် အားထုတ်ခြင်း မရှိမူ၍ ငြိမ်သက်သည်၏ အဖြစ်ဖြင့် ထက်ဝန်းကျင် အားနည်းသောကြောင့် ဖြစ်သည်။

၁။ ကာမာဝစရ မဟာကုသိုလ်စိတ် (၈)ပါး,

၂။ အကုသိုလ်စိတ် (၁၂)ပါး,

၃။ မနောဒွါရာဝဇ္ဇန်းစိတ်နှင့် ဟသိတုပ္ပါဒ်စိတ်ဟူသော အဟိတ် ကြိယာစိတ် (၂)ပါး,

၄။ မဟာကြိယာစိတ် (၈)ပါး,

၅။ အဘိညာဏ်ထိုက်သော ရူပါဝစရ ကုသိုလ်+ကြိယာ ပဉ္စမစျာန်စိတ် (၂)ပါး ----

ဤ (၃၂)ပါးသော စိတ်တို့သည် ----

၁။ ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်းကောင်း,

၂။ လျောင်း ထိုင် ရပ် သွား လေးပါးသော ဣရိယာပုထ်ကိုလည်းကောင်း,

၃။ ကိုယ်အမူအရာ နှုတ်အမူအရာဟူသော ကာယဝိညတ်ရုပ် ဝစီဝိညတ်ရုပ်ကိုလည်းကောင်း ဖြစ်စေနိုင် ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ယင်း (၃၂)မျိုးသော စိတ်တို့သည် ကိုယ်အမူအရာ နှုတ်အမူအရာ ကြိယာကို ပြီးစီးစေတတ်သောကြောင့် ကြိယာမယစိတ်တို့ မည်ကုန်၏။ ယင်းကြိယာမယစိတ်တို့နှင့် မရောနှောသော သက်သက်သော ဘဝင်စိတ်၏ အဆက်မပြတ် ဆက်တိုက်ဖြစ်နေရာ အချိန်အခါကာလ၌ ပခုံးအစရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၏ လှုပ် ရှားခြင်း မရှိသည်၏ အဖြစ်ဖြင့် ကြံ့ကြံ့ခိုင်ကျည် တည်နေတတ်ကုန်၏။ ထိုကြောင့်ပင်လျှင် ကိုယ်အမူအရာ နှုတ်အမူအရာ ကြိယာကို ပြီးစီးစေတတ်ကုန်သော ကြိယာမယစိတ်တို့နှင့် မရောနှောသော သက်သက်သော ဘဝင်စိတ်သည် အဆက်မပြတ် ဆက်တိုက်ဖြစ်လတ်သော် ကိုယ်အင်္ဂါတို့သည် ဆုတ်နစ်ကုန်၏၊ ဝင်ကုန် ကျုံ့ကုန် သကဲ့သို့ ဖြစ်တတ်ကုန်၏။ ဘဝင်စိတ်မှ တစ်ပါးသော, ဒွေပဉ္စဝိညာဏ် မပါဝင်သော အထက်ဖော်ပြပါ (၃၂)ပါး သောစိတ် စသော နိုးကြားသော = ဇာဂရဏစိတ်တို့သည် ဖြစ်ကုန်လတ်သော် ကိုယ်အင်္ဂါတို့သည် တောင့်တင်း ကုန်သည် ဖြစ်၍ ဖြစ်မြဲတိုင်းသော တည်မြဲတိုင်းသော ဣရိယာပုထ် ရှိသည်၏ အဖြင့်ဖြစ်သာလျှင် ဖြစ်ကုန်၏။ (မဟာဋီ၊၂၊၄၀၂။)

ဤအထက်ပါ မဟာဋီကာ၏ အဆိုအမိန့်အရ ဘဝင်စိတ်များ အဆက်မပြတ် ဆက်တိုက် ဖြစ်နေခိုက်၌ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့သည် လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်စွာ ကြံ့ကြံ့ခိုင်ကျည် တည်နေတတ်ကုန်၏ဟု မှတ်ပါ။

အလွန်ရနိုင်ခဲသောအရာ

အလွန်ရနိုင်ခဲသောအရာ

ထိုဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် ဥပစာရသမာဓိနှင့် အတူ တကွ အကြင်အာနာပါနပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို ဖြစ်စေခြင်း မည်သည်ကား အလွန်ငြိုငြင်သဖြင့် ပြုအပ်၏၊ အလွန်ပြုနိုင်ခဲ၏။ ထိုကြောင့် ထိုထက်ဝယ် ပလ္လင်တစ်ထိုင်တည်းဖြင့်ပင်လျှင် ထိုအာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အပ္ပနာစျာန်ကို ရရှိခြင်းငှာ အကယ်၍ စွမ်းနိုင်ခဲ့သည်ဖြစ်အံ့၊ ဤသို့ စွမ်းနိုင်သည်ဖြစ်ပေမူကား ကောင်းမြတ်လှသည်သာ ဖြစ်ပေသည်။ အကယ်၍ ထိုတစ်ထိုင် အတွင်းမှာပင် အပ္ပနာ စျာန်ကို ရရှိခြင်းငှာ မစွမ်းနိုင်ဖြစ်ခဲ့သော် ဤ ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနပဋိဘာဂနိမိတ်ကို မမေ့ မလျော့သည်ဖြစ်၍ စကြာမင်းလောင်း ဖြစ်သော ကိုယ်ဝန်ကို (ဖလ်ပေါင်းချောင် အတွင်း၌ သွတ်သွင်းထား သကဲ့သို့ ပကတိသော မံသမျက်စိဖြင့် မြင်တွေ့ရသော မိခင်က) မပျက်စီးအောင် သတိကြီးစွာဖြင့် ထိန်းသိမ်း စောင့်ရှောက်သကဲ့သို့ စောင့်ရှောက်အပ်ပေ၏။

အကျိုးကား ဤသို့တည်း။ အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်သော ယောဂါဝစရ ပုဂ္ဂိုလ်အား ရရှိပြီးသော ဥပစာရသမာဓိ = ဥပစာရစျာန်၏ ယုတ်လျော့သွားခြင်း မည်သည် မရှိစကောင်းပေ။ ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှုသည် ထင်ရှား မရှိလတ်ပါမူကား ရတိုင်း ရတိုင်းသော ဥပစာရသမာဓိ = ဥပစာရစျာန်သည် ပျောက်ပျက်၍ သွားတတ်၏။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)

ရရှိထားပြီးသော အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ပျက်မသွားခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ် လျှင် အာရုံရှိသော စျာန်သည်လည်း မလျှောကျခြင်း မဆုတ်ယုတ်ခြင်းသဘော ရှိသည်သာလျှင် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိသဖြင့် အာနာပါနပဋိဘာဂနိမိတ်သည် ပျောက်ကွယ် ၍ သွားလတ်သော်မူကား ရအပ်တိုင်း ရအပ်တိုင်းသော စျာန်သည်လည်း ပျောက်ပျက်၍ သွားတတ်သည်သာ ဖြစ်ပေသည်။ အကြောင်းမူ - အာနာပါနစျာန်ဟူသည်မှာလည်း ထို အာနာပါနပဋိဘာဂနိမိတ်ကိုသာ အာရုံပြု၍ ဖြစ်ပေါ်လာရသော စျာန်ဖြစ်ရကား ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် ဆက်စပ်လျက် ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်တည်း။ (မဟာဋီ၊၁၊၁၄၈။)

ထို အာနာပါနပဋိဘာဂနိမိတ်၏ အာရုံကို ထိန်းသိမ်းစောင့်ရှောက်ရမည့် အစီအရင်ကား အထက်တွင် ဖော်ပြထားခဲ့သော ----

၁။ အသပ္ပါယခုနစ်ပါးကို ရှောင်၍

၂။ သပ္ပါယခုနစ်ပါးကို မှီဝဲလျက်

၃။ အပ္ပနာကောသလ္လတရား ဆယ်ပါးနှင့် အညီ ကြိုးစားအားထုတ်လေရာသည်။

ဤသို့ ကြိုးပမ်းခဲ့သော် ဥပစာရသမာဓိနယ်မြေ၌ ပထမစျာန်၏ ပယ်ရမည့် အင်္ဂါရပ်များ ဖြစ်ကြသော အကုသိုလ်တရား နီဝရဏတရားတို့သည် ကွာကျသွားပြီ ဖြစ်ပေသည်။ ထို အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ သမာဓိကို ခိုင်ခံ့အောင် ထူထောင်နိုင်ခဲ့သော် အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ပထမစျာန်၏ သမ္ပယောဂင်္ဂ တရားဟု ခေါ်ဆို အပ်သော ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါများ ထင်ရှားလာပုံကို ပြတော်မူလိုသော ဘုရားရှင်သည် -- သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ = ဝိတက်နှင့်လည်း တကွဖြစ်သော ဝိစာရနှင့်လည်း တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သက် ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ပထမစျာန်သို့ ကပ်ရောက်၍ ပထမစျာန်ကို ပြည့်စုံစေ၍ နေ၏ - ဟု ဆက်လက် ဟောကြားတော်မူပေသည်။

ဝိတက် - ဝိစာရ

ဝိတက် - ဝိစာရ

တတ္ထ ဝိတက္ကနံ ဝိတက္ကော၊ ဦဟနန္တိ ဝုတ္တံ ဟောတိ။ သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော၊ အာဟနနပရိယာဟနနရသော၊ တထာ ဟိ တေန ယောဂါဝစရော အာရမ္မဏံ ဝိတက္ကာဟတံ ဝိတက္ကပရိယာဟတံ ကရောတီတိ ဝုစ္စတိ။ အာရမ္မဏေ စိတ္တဿ အာနယနပစ္စုပဋ္ဌာနော။

ဝိစရဏံ ဝိစာရော၊ အနုသဉ္စရဏန္တိ ဝုတ္တံ ဟောတိ။ သွာယံ အာရမ္မဏာနုမဇ္ဇနလက္ခဏော၊ တတ္ထ သဟဇာတာနုယောဇနရသော၊ စိတ္တဿ အနုပ္ပဗန္ဓနပစ္စုပဋ္ဌာနော။ (ဝိသုဒ္ဓိ၊၁၊၁၃၈။)

မိမိတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရားကြောင့် ဖြစ်ပေါ်၍ လာကြကုန်သော ပရမတ္ထဓမ္မ သဘာဝတို့ ၏ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့ လိုက်ပါတတ်သည်၏ အဖြစ်သည် မရှိပေ။ ထိုကြောင့် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏ အလိုသို့ လိုက်ပါတတ်သည်၏ အဖြစ်ကို တားမြစ်ခြင်းငှာ ဝိတက္ကနံ ဝိတက္ကော = ကြံစည်ခြင်း သဘောသည် ဝိတက်တည်းဟု အဋ္ဌကထာ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ထို ကြံစည် ခြင်းဟူသည် ဤအာရုံသည် ဤသို့ သဘောရှိ၏ ဟု ဤသို့ အာရုံကို ကြံဆခြင်းတည်းဟု ဆိုလိုပေသည်။

၁။ ထိုဝိတက်သည် အာရုံ၌ စိတ်ကို ရှေးရှုတင်ခြင်း သဘောလက္ခဏာ ရှိ၏။ [စိတ်သည် ဝိတက်၏ အကူအညီ စွမ်းအားဖြင့် အာရုံပေါ်သို့ ရှေးရှုတက်ရောက်သွားသကဲ့သို့ ဖြစ်ခြင်းကြောင့် ထိုဝိတက်ကို အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ခြင်း သဘောလက္ခဏာရှိ၏ဟု အဋ္ဌကထာ ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်၊ ပရမတ္ထဓမ္မသဘာဝတို့ကား အားထုတ်ခြင်း ဗျာပါရ ကင်းကြ၏။ ဥပမာဆောင်၍ ထင်ရှားအောင်ဆိုရသော် ဤသို့တည်း ---- မင်းနန်းတော် တွင်းသို့ ဝင်လိုသော တစ်စုံတစ်ယောက်သော ယောက်ျားသည် မင်းနှင့် အကျွမ်းဝင်သော မင်းနှင့် ဆွေမျိုး တော်စပ်သော ဆွေမျိုးကိုသော်လည်းကောင်း, မိတ်ဆွေကိုသော်လည်းကောင်း အမှီပြု၍ မင်းနန်းတော်သို့ တက်ရောက်ရသကဲ့သို့ နောက်မှလိုက်၍ ဝင်ရောက်ရသကဲ့သို့ ဤဥပမာအတူပင် ဝိတက်ကို အမှီပြု၍ စိတ်သည် အာရုံပေါ်သို့ တက်ရောက်ရ၏။ ယင်းသို့ ဖြစ်သော် ဝိတက် မရှိသော ဝိတက်မှ ကင်းသော စိတ်သည် အာရုံ ပေါ်သို့ မည်သို့လျှင် တက်ရောက်ပါသနည်းဟု မေးငြားအံ့၊ ဝိတက်၏ စွမ်းအားဖြင့်ပင်လျှင် တက်ရောက်၏ - ဟု ဖြေဆိုလေရာသည်။ အထက်ဖော်ပြပါ ထိုယောက်ျားသည် အလေ့အကျင့် ရလာသဖြင့် ထိုမင်းကျွမ်းဝင် သော ဆွေမျိုးမိတ်ဆွေနှင့် ကင်း၍သော်လည်း ရွံရှာခြင်းကင်းသည် ဖြစ်၍ ယုံမှား သံသယ မရှိမူ၍ မင်းနန်း တော်သို့ ဝင်ရောက်နိုင်သကဲ့သို့ ဤဥပမာအတူပင်လျှင် အလေ့အကျင့်ရလာသဖြင့် ဝိတက်နှင့် ကင်း၍လည်း ဝိတက်မရှိသော စိတ်သည် အာရုံသို့ တက်ရောက်နိုင်၏။ ပရိစယ = အလေ့အကျင့်ရခြင်းဟူသည် စိတ်သန္တာန် အစဉ်၌ မပြတ်ဖြစ်သော ဝိတက်ကို ပွားစေခြင်း = ဝိတက္ကဘာဝနာဟု ခေါ်ဆိုအပ်သော အလေ့အကျင့်ဖြင့်ဟု ဆိုလိုသည်။ မှန်ပေသည် --- နာမ်သန္တတိအစဉ် = စိတ်သန္တတိအစဉ်၌ အမြဲမပြတ် ဖြစ်ပေါ်နေသော ဝိတက်၏ အစွမ်းဖြင့် စိတ်၏ အာရုံသို့ ရှေးရှုတက်ရောက်ခြင်းသဘောသည်ကား ရှည်မြင့်စွာသော အချိန်ကာလက လေ့ ကျင့်ခဲ့ပြီး လေ့ကျက်ခဲ့ပြီး ဖြစ်၏၊ ထိုကြောင့် ထိုစိတ်သည် တစ်ရံတစ်ခါ ဝိတက်နှင့် ကင်း၍လည်း ထိုအာရုံ၌ ဖြစ်သည်သာလျှင်တည်း။ ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်သည်ဖြစ်၍ သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ရှုပွားသုံးသပ်သည်၏ အစွမ်းဖြင့် ကြာမြင့်စွာသော အချိန်ကာလက လေ့ကျင့်ခဲ့ပြီး လေ့ကျက်ခဲ့ပြီးသော ထိုစိတ်သည် တစ်ခါတစ်ရံ ဉာဏ်နှင့်ကင်း၍သော်လည်း သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်သည်၏ အစွမ်းဖြင့် ဖြစ်နိုင်သကဲ့သို့လည်းကောင်း, ဥပမာတစ်နည်း ဆိုရသော် - ကိလေသာနှင့် အတူအကွဖြစ်သည်ဖြစ်၍ ဖြစ်သော ထိုစိတ်သည် အချင်းခပ်သိမ်း ကိလေသာမှ ကင်းလွတ်နေသော်လည်း ရှေး၌ လေ့ကျက်ခဲ့ဖူးသော ပရိစယ၏ အစွမ်းအားဖြင့် ကိလေသာ၏ အထုံဝါသနာ၏ အစွမ်းအားဖြင့် ဖြစ်ပေါ်နိုင်သကဲ့သို့လည်းကောင်း - ဤဥပမာအတူ မှတ်သားပါလေ။ (မဟာဋီ၊၁၊၁၆၆။)]

၂။ ထိုဝိတက်သည် (အာဟနနပရိယာဟနနရသော) အာရုံကို အစ၌ ခေါက်ခြင်း, ရှေးရှုခေါက်ခြင်း, ထက်ဝန်း ကျင် ခေါက်ခြင်း, လှည့်လည်၍ ခေါက်ခြင်း, ပြန်လှန်၍ ခေါက်ခြင်း ကိစ္စ ရှိ၏။

ဝင်သက်လေ-ထွက်သက်လေဟုလည်းကောင်း ရုပ်-ရုပ်ဟုလည်းကောင်း ဤသို့ စသည်ဖြင့် မိမိ ရှုပွား နေသည့် အာရုံကို နှလုံးသွင်းလျက် ရိုက်နှက်တီးခေါက်ဘိသကဲ့သို့ စိတ်၏ ဖြစ်ခြင်းကို အာဟနနပရိယာဟနန ဟူ၍ သိအပ်၏။ (မဟာဋီ၊၁၊၁၆၆။)

ထိုသို့သော ကိစ္စရှိသည်၏ အဖြစ်ကြောင့်သာလျှင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော အာရုံကို ထိုသို့ ရှေးရှုတီးခေါက်ခြင်း ထက်ဝန်းကျင်မှ တီးခေါက်ခြင်းကိစ္စရှိသော ဝိတက်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် အာနာ ပါန ပဋိဘာဂနိမိတ်အာရုံကဲ့သို့သော အာရုံကို ဝိတက်ဖြင့် ရှေးရှုတီးခေါက်သည်ကို ဝိတက်ဖြင့် ထက်ဝန်းကျင် တီးခေါက်သည်ကို ပြု၏ဟု ဆိုလိုပေသည်။

၃။ ထိုဝိတက်သည် အာရုံ၌ = အာရုံပေါ်သို့ စိတ်ကို ရှေးရှုဆောင်တတ် ဆွဲငင်တတ်သော တရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်လာ၏။

ဝိစာရ ---- အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော အာရုံ၌ ထိုမှ ဤမှ သွားလာခြင်း ထိုမှ ဤမှ လှည့်လည် ခြင်း ဆင်ခြင်သုံးသပ်ခြင်းသည် ဝိစာရတည်း။ အာရုံ၌ အစဉ်မပြတ် သွားလာခြင်း ထက်ဝန်းကျင်မှ လျှောက်ခြင်း လှည့်ခြင်း နောက်၌ အဖန်တလဲလဲ ကျက်စားခြင်းဟု ဆိုလိုသည်။

၁။ ထိုဝိစာရသည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော အာရုံကို အဖန်တလဲလဲ သုံးသပ်ဆင်ခြင်ခြင်းလျှင် မှတ်ကြောင်း သဘောလက္ခဏာ ရှိ၏။

၂။ စိတ္တက္ခဏတစ်ခုအတွင်းရှိ အတူယှဉ်တွဲ ဖြစ်ကြသည့် စိတ်+စေတသိက် = သဟဇာတ်တရားတို့ကို ထိုအာရုံ ၌ ယှဉ်စေခြင်း ကိစ္စ ရှိ၏။ [အာရုံ၌ အဖန်တလဲလဲ လှည့်လည်ခြင်းဟု ဆိုအပ်သော အဖန်တလဲလဲ သုံးသပ်ခြင်း၏ အစွမ်းဖြင့်သာလျှင် အာရုံ၌ စိတ္တက္ခဏတစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ်ကြသည့် စိတ်စေတသိက် = သဟဇာတ် တရားတို့ကို မပြတ်ယှဉ်စေခြင်းကို သိရှိပါလေ။ (မဟာဋီ၊၁၊၁၆၇။)]

၃။ စိတ်ကို အာရုံ၌ ရှေးနှင့် နောက် ဆက်စပ်လျက် အစဉ်မပြတ် ဖွဲ့စပ်တတ်သော သဘောတရားဟု ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်လာ၏။

ဝိတက်နှင့် ဝိစာရ အထူး

ဝိတက်နှင့် ဝိစာရ အထူး

ထို ဝိတက် ဝိစာရ တရားနှစ်ပါးတို့၏ အချို့ကုန်သော ပထမစျာန်နှင့် ကာမစိတ်တို့၌ မကွေမကွာ ယှဉ်တွဲ ၍ ဖြစ်ခြင်းသည် ထင်ရှားရှိသော်လည်း စိတ်၏ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော အာရုံပေါ်၌ ရှေးဦးစွာ ကျရောက်ခြင်းသဘောဖြစ်သော ဝိတက်သည် ဝိစာရထက် ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့်လည်း ကောင်း, ဝိစာရ၏ ရှေးသွားဖြစ်ခြင်းကြောင့်လည်းကောင်း ခေါင်းလောင်းကို ထိုးလိုက်ခြင်းကြောင့် ဖြစ်ပေါ် လာသော ရှေးဦးစွာ မြည်သော အသံနှင့် တူ၏။ စိတ်ကို အာရုံ၌ ေ့ရှနှင့် နောက် ဆက်စပ်လျက် အစဉ်မပြတ် ဖွဲ့စပ်တတ်သော အာရုံ၌ စိတ်၏ အစဉ်မပြတ်သကဲ့သို့ ဖြစ်ခြင်းဟု ဆိုအပ်သော ဝိစာရသည် ဝိတက်အောက် သိမ်မွေ့သည်၏ အဖြစ်ကြောင့်လည်းကောင်း, အာရုံကို အဖန်တလဲလဲ သုံးသပ်ဆင်ခြင်ခြင်း သဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း ခေါင်းလောင်း၏ နောက်ဆင့်၍ မြည်သော အသံနှင့် တူ၏။ (အဖန်တလဲလဲ မြည်သောအသံ ဟိန်းသောအသံ ညည်းသောအသံနှင့် တူ၏။)

ထို့ပြင် ဤ ဝိတက် ဝိစာရတို့တွင် ဝိတက်သည် တုန်လှုပ်ခြင်း ရှိရကား လက်မွန်အစဖြစ်ရာ ကာလ၌ စိတ်၏ တုန်လှုပ်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သဘောတရားတည်း။ ကောင်းကင်၌ ပျံတက်ခြင်းငှာ အလိုရှိသော ငှက်ကြီး၏ အတောင်ကို ခတ်သည်နှင့်လည်း တူ၏။ အနံ့သို့ အစဉ်လိုက်သော အနံ့ဖြင့် နှောင်ဖွဲ့ အပ်သော စိတ်ရှိသော ပျားပိတုန်း၏ ပဒုမ္မာကြာတောသို့ ရှေးရှုကျခြင်းနှင့်လည်း တူ၏။

ဝိစာရကား ငြိမ်သက်သော ဖြစ်ခြင်း ရှိ၏။ စိတ်၏ မတုန်လှုပ်လွန်းသကဲ့သို့ ဖြစ်ပေါ်လာသော သဘော တရားတည်း။ ကောင်းကင်၌ ပျံတက်ပြီးသော ငှက်၏ အတောင်ကို ဆန့်တန်းခြင်းနှင့်လည်း တူ၏။ ပဒုမ္မာ ကြာတောသို့ ရှေးရှုကျရောက်ပြီးသော ပျားပိတုန်း၏ ပဒုမ္မာကြာတော၏ အထက်အဖို့၌ ဘေးရန်မရှိသည်၏ အဖြစ်ကို စုံစမ်းခြင်းငှာ ရစ်ဝဲသည်နှင့်လည်း တူ၏။

ဒုကနိပါတ် အဋ္ဌကထာ၏ အဆို

ဒုကနိပါတ် အဋ္ဌကထာ၏ အဆို

ကောင်းကင်၌ ပျံသွားသော ငှက်ကြီး၏ အတောင်နှစ်ဖက်တို့ဖြင့် လေကို ယူပြီး၍ အတောင်တို့ကို နစ်စေ, ငြိမ်သက်စွာ နေစေ၍ ပျံသန်းခြင်းကဲ့သို့ အာရုံ၌ စိတ်ကို ရှေးရှုစေတတ်သည်၏ အဖြစ်ဖြင့် ရှေးရှုတင်ပေးသည် ၏ အဖြစ်ဖြင့် ဖြစ်သော ဝိတက်ကို မှတ်အပ်၏။ လေကို ယူခြင်းငှာ အတောင်တို့ကို တုန်လှုပ်စေလျက် ညင်ညင် သာသာ ခတ်လျက် သွားခြင်းကဲ့သို့ အာရုံကို ဆင်ခြင် သုံးသပ်ခြင်းသဘောဖြင့် ဖြစ်ပေါ်လာသော ဝိစာရကို မှတ်အပ်၏ဟု ဒုကနိပါတ်အဋ္ဌကထာ၌ ဖွင့်ဆိုထား၏။ ထိုစကားသည် ဥပစာရသမာဓိအခိုက် အပ္ပနာသမာဓိ အခိုက်၌ ေ့ရှနောက် အစဉ်အားဖြင့် ဆက်စပ်လျက် မပြတ်ဖြစ်ရာ၌ သင့်မြတ်ပေ၏။ ထိုဝိတက် ဝိစာရတို့၏ ထိုထူးခြားချက်သည်ကား ပထမစျာန် ဒုတိယစျာန်တို့၌ ထင်ရှားပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၈။)

ဝိတက်၏ စိတ်ကို အာရုံပေါ်သို့ ရှေးရှုတင်သော အခြင်းအရာဟု ဆိုအပ်သော ထူးခြားမှုသည် ရုန့်ရင်း ကြမ်းတမ်းသော သဘောရှိသည်၏ အဖြစ်ကြောင့် ပထမစျာန်၌ ထင်ရှား၏၊ ထိုဝိတက်၏ မရှိခြင်းကြောင့် ပဉ္စကနည်းဝယ် ဒုတိယစျာန်၌ ဝိစာရ၏ အာရုံကို အဖန်တလဲလဲ သုံးသပ်ခြင်းဟု ဆိုအပ်သော ထူးခြားမှုသည် ထင်ရှား၏။ (မဟာဋီ၊၁၊၁၆၇။)

တစ်နည်းဆိုရသော်

တစ်နည်းဆိုရသော်

အညစ်အကြေးကင်းသော ကြေးခွက်ကို လက်တစ်ဖက်ဖြင့် မြဲစွာကိုင်၍ ကျန်လက်တစ်ဖက်ဖြင့် ဆပ်ပြာ မှုန့်, ဆီဆွတ်တစ်အပ်သော ဆိတ်မွေး စသည်ဖြင့် ပြီးသော သားမြီးတံပွတ်ဖြင့် ပွတ်သသူအား မြဲမြံစွာ စွဲကိုင် ထားသော လက်ကဲ့သို့ ဝိတက်ကို မှတ်အပ်၏၊ မြဲစွာကိုင်ထားသော လက်နှင့် ဝိတက်သည် တူ၏။ ဝိစာရသည် ပွတ်သော လက်နှင့် တူ၏။

တုတ်ဖြင့် ရိုတ်ခတ်သဖြင့် အိုးထိန်းစက်ကို လည်စေ၍ အိုးကို ပြုလုပ်သော အိုးထိန်းသည်၏ အိုးပြုလုပ် မည့် မြေစိုင်ခဲကို နှိပ်သော လက်နှင့် ဝိတက်ကား တူ၏။ ထိုမှ ဤမှလည်း မြေစိုင်ခဲကို လှည့်လည်သုံးသပ်သော လက်နှင့် ဝိစာရကား တူ၏။

တစ်စုံတစ်ခုသော အရေးအဝန်းအဝိုင်းကို ပြုလုပ်သောသူ၏ အဝန်းအဝိုင်း ပြုလုပ်မည့် အရာဝတ္ထု၏ အလယ်၌ စိုက်နှက်၍ တည်သော ငြှောင့်တံသင်း (= သံချောင်း)နှင့် အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတတ် သော ဝိတက်ကား တူ၏။ ပတ်ပတ်လည်သော ငြှောင့်တံသင်း (အဝန်းအဝိုင်း ဖြစ်အောင် အပြင်က လှည့်ပတ် သွားသော သံချောင်း)နှင့် အာရုံပေါ်ကို သုံးသပ်တတ် ဆုပ်နယ်တတ်သော ဝိစာရကား တူ၏။

သစ်ပင်သည် အပွင့်နှင့်လည်းကောင်း အသီးနှင့်လည်းကောင်း အတူတကွ ဖြစ်၏သို့ အကြင်စျာန်သည် ဤဆိုအပ်ပြီးသော ဝိတက်နှင့်လည်းကောင်း, ဤဆိုအပ်ပြီးသော ဝိစာရနှင့်လည်းကောင်း အတူတကွ ဖြစ်တတ် ၏၊ ထိုကြောင့် ဤစျာန်ကို သဝိတက္က သဝိစာရ = ဝိတက်နှင့်လည်း အတူတကွ ဖြစ်၏ဟူ၍ ဝိစာရနှင့်လည်း အတူတကွ ဖြစ်၏ဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၃၈-၁၃၉။)

ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်းစျာန်အင်္ဂါတို့၏ အပေါင်းအစုကိုကား စျာန်ဟု ခေါ်ဆိုပေသည်။

အပွင့် အသီး အကိုင်းအခက် စသည်တို့မှ အလွတ်ဖြစ်သော သစ်ပင်ဟူသည် ထင်ရှား မရှိငြားသော် လည်း အပွင့်ရှိသော သစ်ပင် အသီးရှိသော သစ်ပင်ဟု လူအများက ခေါ်ဆိုအပ်သကဲ့သို့ အလားတူပင် ဝိတက် အစရှိသော စျာန်အင်္ဂါတို့မှ အလွတ်ဖြစ်သော စျာန်ဟူသည် ထင်ရှားမရှိသော်ငြားလည်း ဝိတက်နှင့် အတူတကွ ဖြစ်သော စျာန်, ဝိစာရနှင့် အတူတကွဖြစ်သော စျာန်ဟု ခေါ်ဆိုအပ်၏ဟု ထင်ရှားပြခြင်းငှာ အထက်ပါ အသီး အပွင့်ရှိသော သစ်ပင် ဥပမာကို အဋ္ဌကထာ ဆရာတော် မိန့်ကြားတော်မူခြင်းပင် ဖြစ်ပေသည်။ (မကွဲပြား သော်လည်း ကွဲပြားသကဲ့သို့ တင်စားပြောဆိုသော အဘေဒဘေဒူပစာ စကားဟု ဆိုလိုပေသည်။) (မဟာဋီ၊၁၊၁၆၇။)

ပီတိ - သုခ

ပီတိ - သုခ

ပီတိသုခန္တိ ဧတ္ထ ပီဏယတီတိ ပီတိ။ သာ သမ္ပိယာယနလက္ခဏာ၊ ကာယစိတ္တပီနနရသာ၊ ဖရဏရသာ ဝါ၊ ဩဒဂျပစ္စုပဋ္ဌာနာ။ (ဝိသုဒ္ဓိ၊၁၊၁၃၉။)

ကိုယ်စိတ်ကို အာရုံကို နှစ်သက်စေတတ် ပွားစေတတ်သောကြောင့် ပီတိ မည်၏။ ထိုပီတိသည် ----

၁။ အာရုံကို နှစ်သက်မြတ်နိုးခြင်း သဘောလက္ခဏာ ရှိ၏။ (အာရုံကို ကျေနပ်ရောင့်ရဲခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆိုလိုပေသည်။)

၂။ ကိုယ်စိတ်ကို နှစ်သက်ပြည့်ဖြိုး တိုးပွားစေခြင်း ကိစ္စရှိ၏။ တစ်နည်း မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ် ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း ကိစ္စရှိ၏၊ [ပီတိနှင့် ယှဉ်တွဲလျက်ရှိသော စိတ်သည်လည်း စိတ္တဇရုပ်ကို မိမိ၏ဖြစ်ဆဲ ဥပါဒ်ကာလတိုင်း၌ ဖြစ်စေသည်သာ ဖြစ်၏။ ယင်းစိတ္တဇရုပ်တို့ကား မွန်မြတ်သော စျာန်စိတ်ကြောင့်ဖြစ်ရကား မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့တည်း။ ယင်းမွန်မြတ်သော စိတ္တဇရုပ်တို့ကား တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်၏။ ယင်းသို့ ဖြစ်စေခြင်းသည် ပီတိ၏လုပ်ငန်းကိစ္စတည်းဟု ဆိုလိုပေသည်။]

၃။ ကိုယ်စိတ်နှစ်ပါးကို တက်ကြွရွှင်လန်းစေတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ရှေးရှုထင်လာ၏။

ပီတိ - ငါးမျိုး

ပီတိ - ငါးမျိုး

ထိုပီတိသည် ခုဒ္ဒိကာပီတိ ခဏိကာပီတိ ဩက္ကန္တိကာပီတိ ဥဗ္ဗေဂါပီတိ ဖရဏာပီတိဟု ငါးမျိုး ရှိ၏။

၁။ ခုဒ္ဒိကာပီတိ ---- ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်း ထရုံမျှကိုသာလျှင် ပြုလုပ်ခြင်းငှာ စွမ်းနိုင်သော ပီတိ တည်း။ ဖြစ်ပြီး ပျက်သွားပြီးနောက် တစ်ဖန် ခဏိကပီတိကဲ့သို့ အကြိမ်ကြိမ် မဖြစ်သော ပီတိတည်း။

၂။ ခဏိကာပီတိ ---- ခဏတိုင်း ခဏတိုင်း၌ လျှပ်စစ်ပြက်သည်နှင့် တူသည်ဖြစ်၍ အကြိမ်များစွာ ဖြစ်သော ပီတိတည်း။

၃။ ဩက္ကန္တိကာပီတိ ---- သမုဒ္ဒရာ လှိုင်းတံပိုးသည် သမုဒ္ဒရာကမ်းသို့ သက်၍ သက်၍ ပျက်၏သို့ ကိုယ်သို့ သက်ဝင်၍ သက်ဝင်၍ ပျက်သော ပီတိတည်း။ ဒီရေလှိုင်းကဲ့သို့ ရင်ထဲ၌ အလိပ်လိုက် အလိပ်လိုက် တက်သကဲ့သို့သော ပီတိတည်း။

၄။ ဥဗ္ဗေဂါပီတိ ---- အားကောင်းမောင်းသန်သော စွမ်းအားရှိသော ပီတိတည်း။ ယင်း ဥဗ္ဗေဂါပီတိသည် ခန္ဓာကိုယ်ကို အထက်သို့ ပျံတက်သည်ကို ပြု၍ ကောင်းကင်၌ လေတိုက်ခတ်အပ်သော ဂွမ်းပုံကဲ့သို့ ခုန်လွှားပျံတက်စေခြင်း အတိုင်းအရှည်သို့ ရောက်စေတတ်၏။

၅။ ဖရဏာပီတိ ---- ဖရဏာပီတိသည် ဖြစ်ပေါ်လာသည်ရှိသော် ခန္ဓာကိုယ်တစ်ခုလုံးသည် လေဖြင့် ပြည့်စေ အပ်သော စည်ဖောင်းကဲ့သို့လည်းကောင်း, သည်းထန်စွာသော တောင်ကျချောင်းရေ အယဉ်သည် စီးဝင် အပ်သော တောင်ဝှမ်းကဲ့သို့လည်းကောင်း အစဉ်မပြတ် ထက်ဝန်းကျင်မှ တွေ့နှံ့နေ၏။ (ဖရဏာပီတိ ဦးဆောင်သည့် စိတ်ကြောင့်ဖြစ်သော မွန်မြတ်သော စိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံး၌ စိမ့်ဝင်ပျံ့နှံ့၍ ဖြစ် နေခြင်းကို ဆိုလိုပေသည်။)

ထိုငါးမျိုးသော ပီတိသည် ပဿဒ္ဓိ (= စိတ်+စေတသိက်တို့၏ ငြိမ်းအေးမှု) ၏ တည်ရာ ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် စေတသိက်တို့၏ ငြိမ်းအေးခြင်း = ကာယပဿဒ္ဓိ, စိတ်၏ ငြိမ်းအေး ခြင်း = စိတ္တပဿဒ္ဓိဟူသော နှစ်မျိုးသော ပဿဒ္ဓိကို ပြီးစီးပြည့်စုံစေ၏။ (ပီတိက ပဿဒ္ဓိဟူသော သားကို ဖွား၏ဟု ဆိုလိုသည်။)

ပဿဒ္ဓိသည် ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ကာယိကသုခ = ကိုယ်၌ ဖြစ် သော ချမ်းသာ, စေတသိကသုခ = စိတ်၌ ဖြစ်သော ချမ်းသာဟူသော နှစ်မျိုးသော ချမ်းသာသုခကို ပြီးစီး ပြည့်စုံစေ၏။ (ပဿဒ္ဓိဟူသော မိခင်က သုခဟူသော သားကို ဖွားပြန်သည်ဟူလို။)

သုခသည် ကိုယ်ဝန်ကို ယူလျက် ရင့်ကျက်ခြင်းသို့ ရောက်လတ်သော် ခဏိကသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သုံးမျိုးသော စိတ်တည်ကြည်မှုသမာဓိကို ပြီးစီးပြည့်စုံစေ၏။ (ပီတိ၏သားကား ပဿဒ္ဓိ, ပဿဒ္ဓိ၏ သားကား သုခ, သုခ၏သားကား သမာဓိဖြစ်၍ မြစ်ရပြီ ဟူလို။) ထိုငါးမျိုးသော ပီတိတို့တွင် အကြင် ဖရဏာပီတိသည် အပ္ပနာစျာန်သမာဓိ၏ အရင်းအမြစ် မူလတရား ဖြစ်၍ အပ္ပနာစျာန်သမာဓိ မဖြစ်မီ ရှေး၌ ဖြစ်သော ဥပစာရသမာဓိနှင့် အတူယှဉ်တွဲဖြစ်၍ အစဉ်သဖြင့် ကြီးပွားတိုးတက်ခြင်းသို့ ရောက်ရှိလတ်သော် အပ္ပနာစျာန်သမာဓိနှင့် အတူယှဉ်တွဲ၍ ဖြစ်ခြင်းသို့ ရောက်ရှိလာသော အကြင်ဖရဏာပီတိ (= တစ်ကိုယ်လုံးသို့ စိမ့်ထုံ၍ ပျံ့နှံ့ဖြစ်ပွားနေသော ပီတိ) သည် ရှိ၏၊ ဤအပ္ပနာစျာန်သမာဓိနှင့် ယှဉ်တွဲလျက်ရှိသော ဖရဏာပီတိကို ဤစျာန်အင်္ဂါငါးပါးတွင် ပါဝင်သော ပီတိသုခံဟူသော ဤအရာ၌ ပီတိဟူ၍ အလိုရှိအပ်ပေ၏။ (ဝိသုဒ္ဓိ၊၁၊၁၃၉-၁၄၀။)

သုခ

သုခ

သုခနံ သုခံ၊ သုဋ္ဌု ဝါ ခါဒတိ၊ ခနတိ စ ကာယစိတ္တာဗာဓန္တိ သုခံ၊ တံ သာတလက္ခဏံ၊ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊ အနုဂ္ဂဟပစ္စုပဋ္ဌာနံ။ (ဝိသုဒ္ဓိ၊၁၊၁၄၀။)

ချမ်းသာခြင်းသဘောသည် သုခ မည်၏။ တစ်နည်းဆိုရသော် အကြင်တရားသဘောသည် ကိုယ်၏ ကျင်နာခြင်း စိတ်၏ ကျင်နာခြင်း ကိုယ်နာ စိတ်နာကို ကောင်းစွာ ခဲစားတတ်၏။ ထိုကြောင့် ထိုတရားသဘော သည် သုခ မည်၏။ တစ်နည်းဆိုရသော် အကြင်တရားသဘောသည် ကိုယ်၏ ကျင်နာခြင်း စိတ်၏ ကျင်နာခြင်း ကိုယ်နာ စိတ်နာကို တူးဖြိုတတ်၏၊ ထိုကြောင့် ထိုတရားသဘောသည် သုခ မည်၏။

၁။ ထိုသုခသည် ထိုသုခနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း, စိတ္တက္ခဏတစ်ခုအတွင်း မိမိသုခနှင့် အတူ ယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ် = စိတ်+စေတသိက် တရားစုကိုလည်းကောင်း သာယာစေတတ်သော သဘော လက္ခဏာရှိ၏။ (မိမိနှင့် စိတ္တက္ခဏ တစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ်ကြသည့် သမ္ပယုတ် = စိတ်+စေတသိက် တရားစုတို့ကို ရအပ်သော သာယာဖွယ် ရှိသည်တို့ကို ပြုလုပ်တတ်၏ဟု ဆိုလိုသည်။ သုခကား ကောင်းသော ဣဋ္ဌသဘော ရှိသည်၏ အဖြစ်ကြောင့် ထိုသုခနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း, မိမိနှင့် စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်သည့် စိတ်+စေတသိက် = သမ္ပယုတ်တရားတို့ကိုလည်းကောင်း မိမိ၌ သာယာ စေတတ်သော သဘောလက္ခဏာရှိ၏ ဟူလိုသည်။)

၂။ အတူယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်း ကိစ္စရှိ၏။

၃။ အာရုံကို အဖန်ဖန် ယူတတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ရှေးရှု ထင် လာ၏။ (ဒုက္ခဝေဒနာကား ဒုက္ခဝေဒနာ၏ တည်ရာ အာရုံကို စွန့်လွှတ်တတ်၏။ ဥပေက္ခာဝေဒနာကား ဥပေက္ခာ ဝေဒနာ၏ အာရုံကို လျစ်လျူရှုတတ်၏။ ဤ သုခဝေဒနာကား သုခဝေဒနာ၏ တည်ရာအာရုံကို ဒုက္ခဝေဒနာ ကဲ့သို့လည်း မစွန့်လွှတ်၊ ဥပေက္ခာဝေဒနာကဲ့သို့လည်း လျစ်လျူ မရှုမူ၍ သုခဝေဒနာ၏ တည်ရာအာရုံကို အဖန် တလဲလဲ ထပ်ကာထပ်ကာ ယူတတ်သော သဘောတရားတည်း ဟု ထိုသုခဝေဒနာကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ကြိတ်ချေရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝတွင် ထင်လာ၏ဟု ဆိုလိုပေသည်၊၊)

တစ်နည်း သုခဝေဒနာသည် မိမိနှင့် ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့အား ကျေးဇူးပြုတတ် ချီးမြှောက်တတ်သော သဘောတရားဟု ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ရှေးရှုထင်လာ၏။

ထိုပီတိသုခတို့၏ အချို့သော ပထမစျာန်စသော တရား၌ မကွေမကွာ အတူယှဉ်တွဲ၍ ဖြစ်မှုသည် ထင် ရှား ရှိပါသော်လည်း အလိုရှိအပ် နှစ်သက်အပ်သော ဣဋ္ဌာရုံကို ရခြင်း၏ အစွမ်းဖြင့် ဖြစ်သော နှစ်သက်ခြင်း သည် ပီတိ မည်၏။ ရရှိအပ်ပြီးသော အာရုံ၏ အရသာကို ခံစားခြင်းသည် (ချမ်းချမ်းသာသာ ခံစားခြင်းသည်) သုခ မည်၏။

အကြင် စိတ္တုပ္ပါဒ် (= စိတ္တက္ခဏတစ်ခုအတွင်းရှိ ယှဉ်ဖက် စိတ်+စေတသိက်တရားစု)၌ ပီတိသည် ရှိ၏၊ ထိုပီတိရှိသော စိတ္တုပ္ပါဒ်၌ သုခသည် အမြဲရှိ၏။ အကြင် စိတ္တုပ္ပါဒ်၌ သုခသည် ရှိ၏။ ထိုသုခရှိသော စိတ္တုပ္ပါဒ်၌ မြဲသောအားဖြင့် ပီတိရှိသည်ကား မဟုတ်။ (ရှိသည်လည်း ရှိ၏၊ မရှိသည်လည်းရှိ၏ ဟူလိုသည်၊ စတုက္ကနည်းအရ တတိယစျာန် ပဉ္စကနည်းအရ စတုတ္ထစျာန် စသည်တို့၌ သုခသာယှဉ်၍ ပီတိမယှဉ်မှုကို အထူးရည်ညွှန်းသည်၊၊)

ပီတိကို ခန္ဓာငါးပါးတို့တွင် သင်္ခါရက္ခန္ဓာ၏ အဖြစ်ဖြင့် သိမ်းကျုံးရေတွက်အပ်၏။ သုခကို ဝေဒနာက္ခန္ဓာ၏ အဖြစ်ဖြင့် သိမ်းကျုံးရေတွက်အပ်၏။ နွေကာလဝယ် ရေမရှိသော ကန္တာရ ခရီးခဲသို့ သွားခြင်းကြောင့် ပင်ပန်း သသူအား စိမ်းစို ညိုမှိုင်းသော တောအုပ်ကြီးကို လှမ်းမြင်လိုက်ရသောအခါ ဤခရီးခဲအလွန် စိမ်းစို ညိုမှိုင်း သော တောအုပ်ကြီးအတွင်းဝယ် ဇာတဿရ ရေအိုင် ရှိပါသည်ဟု ခရီးရင်ဆိုင်လာသူ တစ်ဦးထံမှ ပြောစကားကို ကြားရသောအခါတို့၌ နှစ်သက်အားရမ်း ရွှင်လန်းခြင်းကား ပီတိတည်း။ ထိုပီတိကဲ့သို့ အာနာပါနပဋိဘာဂ နိမိတ်ကဲ့သို့သော အလိုရှိအပ် နှစ်သက်အပ်သော ဣဋ္ဌာရုံကို ရရှိသောအခါ၌ လွန်စွာ နှစ်သက်အားရမ်း ရွှင်လန်း ခြင်းသဘောကို ပီတိဟု မှတ်ပါ။ တောအုပ်ကြီးအတွင်းသို့ ဝင်သောအခါ, တောအုပ်အတွင်းရှိ အရိပ်အာဝါသ အောက်သို့ ဝင်သောအခါ, ရေကို သုံးဆောင်သောအခါတို့၌ ချမ်းသာသည့် ခံစားမှုကား သုခတည်း။ ထိုသုခ ကဲ့သို့ မိမိရရှိအပ်သော အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ရရှိအပ်ပြီးသော အာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားသောအခါ၌ ချမ်းသာမှုကို သုခဟု မှတ်သားပါလေ။ ထိုထို အချိန်အခါကာလ သမယ၌ ထင်ရှား သောကြောင့် ဤသို့ အခိုက်အတန့် အချိန်ကာလကို ခွဲခြား၍ အထက်ပါအတိုင်း ဖွင့်ဆိုခြင်းဖြစ်သည်ဟု သိရှိ ပါလေ။ ဤသို့လျှင် ဤပီတိသည်လည်းကောင်း ဤသုခသည်လည်းကောင်း ထိုစျာန်အား (ထိုစျာန်၌) ရှိသော ကြောင့် ဤစျာန်ကို ပီတိ သုခရှိသော စျာန်ဟု ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၀-၁၄၁။)

အလွန် ကြည်လင် တောက်ပသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဤ ဖော်ပြပါ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ငါးပါးရှိသော စျာန်ကား ပထမစျာန်တည်း။ သို့အတွက် ဤပထမစျာန်ကား ပဉ္စင်္ဂသမန္နာဂတ = အင်္ဂါငါးပါးနှင့် ပြည့်စုံသော စျာန်တည်း။

အင်္ဂါ ငါးပါးကို ပယ်

အင်္ဂါ ငါးပါးကို ပယ်

အထက်တွင် ရှင်းပြခဲ့သော ကာမစ္ဆန္ဒ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာ - ဤစျာန်ကို မရအောင် တားမြစ်ပိတ်ဆို့တတ်သော နီဝရဏတရားငါးပါးတို့ကို ပယ်သည်၏ အစွမ်းဖြင့် ပယ်အပ်ပြီးသော အင်္ဂါ ငါးပါး ရှိသည်၏ အဖြစ်ကို သိရှိပါလေ။ ထိုနီဝရဏတရားတို့ကို မပယ်အပ်ကုန်သည်ရှိသော် စျာန်သည် မဖြစ်ပေါ် လာနိုင်၊ ထိုကြောင့် ထိုနီဝရဏတရားတို့ကို ထိုစျာန်၏ ပယ်အပ်သော အင်္ဂါတို့ဟူ၍ ခေါ်ဆိုအပ်ကုန်၏။ စျာန် အခိုက်၌ နီဝရဏမှ တစ်ပါးသော အခြားသော အကုသိုလ်တို့ကိုလည်း ပယ်အပ်သည်ကား မှန်၏၊ နီဝရဏမှ တစ်ပါးသော အကုသိုလ်တရား အားလုံးတို့သည်လည်း ကင်းပျောက်နေသည်ကား မှန်၏။ သို့သော်လည်း ထို နီဝရဏတို့ကသာလျှင် အထူးသဖြင့် စျာန်၏ အန္တရာယ်ကို ပြုလုပ်တတ်ကုန်၏။ ထိုကြောင့် ပဉ္စင်္ဂဝိပ္ပဟီန = နီဝရဏတရား ငါးပါးကို ပယ်ခြင်းကိုသာလျှင် ဖွင့်ဆိုခြင်း ဖြစ်ပေသည်။

သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုဟု ခေါ်ဆိုအပ်သော အထူးထူးသော အာရုံကို လိုလားတပ်မက်ခြင်း သဘောကား ကာမစ္ဆန္ဒတည်း။ ယင်းကာမစ္ဆန္ဒသည် စိတ်ကို အထူးထူးသော အာရုံဖြင့် ဖြားယောင်း သွေးဆောင် တတ်၏။ ကာမစ္ဆန္ဒက အထူးထူးသော အာရုံဖြင့် ဗန်းပြလျက် အဖြားယောင်းခံရသော စိတ်သည် အာနာပါန ပဋိဘာဂနိမိတ်ကဲ့သို့သော တစ်ခုတည်းသော အာရုံ၌ ကောင်းစွာ မတည်တော့ပေ။ ကာမစ္ဆန္ဒ၏ လွှမ်းမိုးဖိစီး မှုကို ခံရသော အထူးထူးသော အာရုံဖြင့် အဖြားယောင်းခံရသော ထိုစိတ်သည် ကာမဓာတ်ကို ကျော်လွှား လွန် မြောက်ခြင်းငှာ ကျင့်ရသည့် ကျင့်ဝတ် ပဋိပတ် ဖြစ်သော စျာန်ကို ရရှိအောင် မကျင့်နိုင်တော့ပေ။

ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသတရားကလည်း မကျေနပ်ဖွယ် အာရုံအမျိုးမျိုး၌ စိတ်ကို ညှဉ်းပန်းနှိပ်စက်တတ်ပြန်၏ = မကျေနပ်အောင် ပြုလုပ်ပေးတတ်ပြန်၏။ ဗျာပါဒ ဒေါသက အာရုံအမျိုး မျိုး၌ မကျေနပ်အောင် နှိပ်စက်လိုက်သဖြင့် အနှိပ်စက်ခံရသော စိတ်သည် မကျေနပ်နိုင်သည့် အာရုံအမျိုးမျိုးသို့ တရစပ် အကြား မလပ်အောင် ပြေးသွားနေသဖြင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော အာရုံတစ်ခုတည်း ပေါ်၌ အကြား မလပ်အောင် ဆက်တိုက် မဖြစ်နိုင်တော့ပေ။

စိတ်-စေတသိက်တို့၏ ထိုင်းမှိုင်း လေးလံမှု = ထိနမိဒ္ဓသည် နှိပ်စက်ထားအပ်သော စိတ်သည်လည်း အာနာပါနပဋိဘာဂနိမိတ်အာရုံကဲ့သို့သော ဘာဝနာအာရုံကို အာရုံပြု၍ ပွားများနေရသော ဘာဝနာမှုအား မလျောက်ပတ်သည်သာ ဖြစ်ပေသည်။

ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်နေမှု = ဥဒ္ဓစ္စ, နောင်တတစ်ဖန် ပူပန်မှု = ကုက္ကုစ္စတရားသည် နှိပ်စက် ထားအပ်သော စိတ်သည်လည်း မငြိမ်မသက်သည်သာလျှင် ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဘာဝနာ အာရုံ၌ အမြဲမတည် ချာချာလည်လျက် ထိုထိုအာရုံ၌ လှည့်လည် လေလွင့်နေတတ်၏။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားတို့အပေါ်၌ ယုံမှားသံသယ ရှိနေသော သဘောတရား, သီလ ကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံးရပ်အကျင့်မြတ်၌ ယုံမှားသံသယ ရှိနေသော သဘောတရားကား ဝိစိကိစ္ဆာတည်း။ အထူးသဖြင့် ဤအပိုင်းဝယ် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထ နိမိတ်ကို အာရုံယူ၍ စျာန်သမာဓိကို ရအောင် သမာဓိထူထောင်နေသည့် သမာဓိကျင့်စဉ်၌ ယုံမှားသံသယ ရှိမှုကား ဝိစိကိစ္ဆာပင်တည်း။ ယင်းဝိစိကိစ္ဆာတရားက နှိပ်စက်ထားအပ်သော ယင်းဝိစိကိစ္ဆာတရား၏ နှိပ်စက်မှု ဒဏ်ချက်ကို လှလှကြီး ဝဝကြီး ခံယူနေရသော စိတ်သည် အာနာပါနစျာန်ကဲ့သို့သော စျာန်ရခြင်းကို ပြီးစီးစေ တတ်သောအကျင့် လမ်းရိုးကြီးပေါ်သို့ မတက်ရောက်လို ဖြစ်နေတတ်၏။ (ယခုခေတ်၌ စျာန်မရနိုင်ဟူသော အယူအဆမျိုးတည်း။)

ဤသို့လျှင် တစ်ပါးသော အကုသိုလ်တရားတို့မှ ထူးသောအားဖြင့် စျာန်တရားနှင့် ထိပ်တိုက်ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ရကား စျာန်ရခြင်း၏ အန္တရာယ်ကို ပြုတတ်သည်၏ အဖြစ်ကြောင့် ထို ကာမစ္ဆန္ဒ စသော ငါးပါးသော နီဝရဏတရားတို့ကိုသာလျှင် ပဟာနင်္ဂ = ပယ်အပ်သော အင်္ဂါရပ်တို့၌ ဖွင့်ဆိုအပ်ကုန်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၁-၁၄၂။)

အင်္ဂါငါးပါးနှင့် ပြည့်စုံ

အင်္ဂါငါးပါးနှင့် ပြည့်စုံ

ဝိတက်သည် အာရုံ၌ (အာရုံပေါ်သို့) စိတ်ကို ရှေးရှုတင်ပေးတတ်၏၊ ဝိစာရသည် အာရုံ၌ စိတ်ကို ေ့ရှနှင့် နောက် အစဉ်မပြတ်အောင် ဖွဲ့စပ်တတ်၏။ ထပ်မံ၍ ရှင်းအောင်ဆိုရသော် ဤသို့ ဖြစ်၏။

ဝိတက်သည် အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးတတ်၏။ ဝိစာရသည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို ရှေးနှင့်နောက် အစဉ်မပြတ်အောင် ဖွဲ့စပ်တတ်၏။ အာနာပါနစျာန်ကို ရခြင်း၏ အကြောင်းဖြစ်ကုန်သော ထိုဝိတက် ဝိစာရတို့ဖြင့် အာနာပါနပဋိဘာဂ နိမိတ်အာရုံမှ ပြင်ပအာရုံ အမျိုး မျိုးသို့ စိတ်မပျံ့လွင့်ခြင်းငှာ ပြီးစီးစေအပ်သော ဘာဝနာပယောဂရှိသော စိတ်၏ (ဤအရာ၌ ဝိတက်က အာနာ ပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှု တင်ပေးခြင်း, ဝိစာရက အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ ဆင်ခြင်သုံးသပ်ခြင်းသည်ပင် ဘာဝနာပယောဂဟု မှတ်ပါ။) ဘာဝနာပယောဂ၏ ပြည့်စုံခြင်းကြောင့် ဖြစ်ပေါ်လာသော ပီတိက အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရောင့်ရဲနှစ်သက်ခြင်းကို, သုခ ကလည်း ယှဉ်ဖက် စိတ်စေတသိက်တရားတို့ကို တိုးပွားခြင်းကို ပြုလုပ်ပေးတတ်၏။ ထိုသို့ ပြုလတ်သော် ဝိတက် ဝိစာရ ပီတိ သုခမှ ကြွင်းသော ဖဿ စသော ယှဉ်ဖက် သမ္ပယုတ်တရားစုနှင့် တကွသော ထိုစိတ်ကို ထိုဝိတက် ဝိစာရ ပီတိ သုခတို့က အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ရှေးရှုတင်ပေးခြင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ရှေးနှင့်နောက်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်ပေးခြင်း, အာနာပါနပဋိဘာဂနိမိတ်အာရုံကို ရောင့်ရဲ နှစ် သက်ခြင်း, သမ္ပယုတ်တရားတို့ကို တိုးပွားစေခြင်းတို့ဖြင့် ချီးပင့်ထား၏။ ထိုသို့ ချီးပင့်ခံရသော စိတ်နှင့် အတူ ယှဉ်တွဲဖြစ်သော အလားတူ အချီးပင့်ခံရသော ဧကဂ္ဂတာသည် အာနာပါနပဋိဘာဂနိမိတ်တည်းဟူသော တစ်ခု တည်းသော သဘောရှိသော အာရုံ၌ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါး ညီမျှသည်၏ အစွမ်းဖြင့် ဘာဝနာစိတ်ကို အညီအညွတ်ထား၏။ ဆန့်ကျင်ဘက် နီဝရဏတရားတို့မှ ဝေးသည်၏ အဖြစ်ကြောင့် အာနာပါနပဋိဘာဂနိမိတ်အာရုံမှ စိတ်တွန့်ဆုတ်မှု စိတ်ပျံ့လွင့်မှုတို့၏ ကင်းခြင်းဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို ကောင်းစွာလည်း ထား၏။ ထိုကြောင့် ဝိတက် ဝိစာရ ပီတိ သုခ စိတ္တေကဂ္ဂတာ ဟူသော ဤငါးပါးသော တရားတို့၏ ထင်ရှားဖြစ်ပေါ်လာသည်၏ အစွမ်းအားဖြင့် ဤပထမစျာန်ကို ငါးပါးသော အင်္ဂါနှင့် ပြည့်စုံသည်၏ အဖြစ်ကို သိရှိပါလေ။

မှန်ပေသည် - ထိုငါးပါးကုန်သောတရားတို့သည် ထင်ရှားဖြစ်ကုန်လတ်သော် စျာန်သည် ဖြစ်ပေါ်လာသည် မည်၏။ ထိုကြောင့် ထိုပထမစျာန်၏ ထိုဝိတက်စသော တရားငါးပါးတို့ကို ပြည့်စုံသော အင်္ဂါရပ်တို့ဟူ၍ ဆိုအပ် ကုန်၏။ ထိုကြောင့် ထိုဝိတက်စသော စျာန်အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော စျာန်မှ အခြားတစ်ပါးသာလျှင်ဖြစ် သော စျာန်မည်သည် ရှိသေး၏ဟူ၍ကား မယူသင့်တော့ပြီ။ ထင်ရှားစေအံ့ -- အစိတ်အပိုင်း အင်္ဂါမျှ၏ အစွမ်း ဖြင့်သာလျှင် အင်္ဂါလေးပါးရှိသော စစ်သည်ဟူ၍လည်းကောင်း, အင်္ဂါငါးပါးရှိသော တူရိယာဟူ၍လည်းကောင်း, အင်္ဂါရှစ်ပါးရှိသော မဂ်ဟူ၍လည်းကောင်း ခေါ်ဆို၏သို့ အလားတူပင် ဤစျာန်ကိုလည်း စျာန်၏ အစိတ်အပိုင်း အင်္ဂါမျှ၏ အစွမ်းဖြင့်သာလျှင် စျာန်အင်္ဂါငါးပါးရှိသော စျာန်ဟူ၍လည်းကောင်း, စျာန်အင်္ဂါငါးပါးနှင့် ပြည့်စုံသော စျာန်ဟူ၍ လည်းကောင်း ခေါ်ဆို၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၄၂။) (တစ်ခုစီကို စျာန်အင်္ဂါဟုခေါ်၍ ငါးပါး အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုလိုသည်ဟု မှတ်ပါ။)

ထိုစျာန်အင်္ဂါ ငါးပါးတို့သည် ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားရှိကြကုန်သည်သာ ဖြစ်၏။ သို့သော် လည်း ဥပစာရသမာဓိအခိုက်၌ ပြကတေ့သော ကာမာဝစရစိတ်ထက်ကား အားကောင်းမောင်းသန်စွာ ဖြစ်ပေါ် လာကြကုန်၏။ အထူးမှာ ဤအပ္ပနာသမာဓိ = အပ္ပနာစျာန်စိတ်အခိုက်၌ကား ဥပစာရသမာဓိ အခိုက်အတန့် ထက်လည်း အလွန်အင်အား ကြီးမားလာကြကုန်၏။ ရူပါဝစရစျာန် လက္ခဏာသို့ ရောက်ရှိလာကြကုန်၏။ မှန်ပေသည် ----

ဤ အပ္ပနာစျာန်သမာဓိအခိုက်၌ ဝိတက်သည် အလွန်သန့်ရှင်း ထင်ရှားသော အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ရှေးရှုတင်လျက် တက်စေလျက် ဖြစ်ပေါ်လာ၏။ ဝိစာရ သည်ကား ပညာနှင့် အလားတူ၍ အလွန်အကဲလျှင် အာနာပါနပဋိဘာဂနိမိတ်အာရုံကို သုံးသပ်ဆင်ခြင်လျက် ဖြစ်ပေါ်လာ၏။ ပီတိနှင့် သုခသည်ကား အလုံးစုံသော အစိတ်အပိုင်းရှိသည်လည်းဖြစ်သော ရူပကာယတစ်ခု လုံးကို ပျံ့နှံ့လျက် ပြည့်စေလျက် ဖြစ်ပေါ်လာ၏။ ထိုကြောင့် ----

နာဿ ကိဉ္စိ သဗ္ဗာဝတော ကာယဿ ဝိဝေကဇေန ပီတိသုခေန အပ္ဖုဋံ ဟောတိ၊ (ဒီ၊၁၊ရဝ။)

= ထိုစျာန်ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်၏ အလုံးစုံသော အစိတ်အပိုင်းရှိသော ရူပကာယ တစ်ခုလုံး၏ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သက်ခြင်း ပီတိ ချမ်းသာခြင်း သုခဖြင့် မတွေ့ထိအပ် သော တစ်စုံတစ်ခုသော အရပ် အစိတ်အပိုင်းသည်ကား မရှိတော့ပေ ---- ဟူ၍ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားတော်မူပြီ။

အောက်ဖြစ်သော အုပ်မ (= ကြုတ်အစ်ကြီး) အပြင်၌ အထက်ဖြစ်သော အုပ်ဖုံး (= ကြုတ်ဖုံး) အပြင်သည် ကောင်းစွာ အစေ့အစပ် မလပ်မလစ် ထိ၏သို့ စိတ္တေကဂ္ဂတာသည်လည်း အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ ထက်ဝန်းကျင်မှ ကောင်းစွာ ထိသည်ဖြစ်၍ ဖြစ်ပေါ်လာ၏။ ဤသည်ပင်လျှင် ထိုရူပဝစရစျာန် လက္ခဏာသို့ ရောက်ရှိနေကြကုန်သော စျာန်အင်္ဂါ ငါးပါးတို့၏ ဥပစာရသမာဓိ အခိုက်၌ ဖြစ်သော စျာန်အင်္ဂါ ငါးပါးတို့မှ ထူးခြားချက်တည်း။

ထိုစျာန်အင်္ဂါတို့တွင် စိတ္တေကဂ္ဂတာကို သဝိတက္ကံ သဝိစာရံ စသော အထက်တွင် ဖော်ပြထားသော ဤ ပါဠိတော်၌ သရုပ်ထုတ်၍ တိုက်ရိုက်မဟောကြားအပ် မညွှန်ပြအပ်သည်ကား မှန်၏။ သို့သော်လည်း အဘိဓမ္မာ ဝိဘင်းပါဠိတော်၌ ----

စျာနန္တိ ဝိတက္ကော ဝိစာရော ပီတိ သုခံ စိတ္တေဿကဂ္ဂတာ။ (အဘိ၊၂၊၂၆၇။)

= စျာန်ဟူသည် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ (= စိတ္တေဿကဂ္ဂတာ) (ဤတရားငါးပါးတို့၏ အပေါင်း) တည်းဟု ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် စိတ္တေကဂ္ဂတာသည်လည်း စျာန်အင်္ဂါ မည်သည် သာ ဖြစ်ပေသည်။ မှန်ပေသည် ---- အကြင် ဝိတက် စသည်တို့နှင့် တကွဖြစ်သော စျာနဓမ္မကို ပြလိုသော ဆန္ဒတော်ဖြင့် သဝိတက္ကံ သဝိစာရံ စသည်ဖြင့် အကျဉ်း ဥဒ္ဒေသကို ဘုရားရှင်သည် ပြုတော်မူအပ်၏။ ထိုဝိတက် စသည်တို့နှင့် အတူတကွဖြစ်သော စျာနဓမ္မကို ပြလိုသော ဆန္ဒတော်ကိုပင်လျှင် ထိုမြတ်စွာဘုရားသည် ဝိဘင်း ပါဠိတော်၌ ပြတော်မူအပ်၏ မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၄၂။)

ကောင်းခြင်းသုံးဖြာ လက္ခဏာဆယ်ပါး

ကောင်းခြင်းသုံးဖြာ လက္ခဏာဆယ်ပါး

၁။ ပဋိပဒါဝိသုဒ္ဓိ = ပထမစျာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်၏ စင်ကြယ်ခြင်းသည် ပထမစျာန်၏ အစ မည်၏။ ယင်းအစ၌ လက္ခဏာသုံးပါး ရှိ၏။

၂။ ဥပေက္ခာဗြူဟနာ = တတြမဇ္ဈတ္တုပေက္ခာ၏ ပွားခြင်းသည် ပထမစျာန်၏ အလယ် မည်၏။ ယင်းအလယ် ၌ လက္ခဏာသုံးပါး ရှိ၏။

၃။ သမ္ပဟံသနာ = ရွှင်ခြင်း ကြည်လင်ခြင်းသည် ပထမစျာန်၏ အဆုံး မည်၏။ ယင်းအဆုံး၌ လက္ခဏာ လေးပါး ရှိ၏။

ဤသို့လျှင် ပထမစျာန်၌ ကောင်းခြင်းသုံးဖြာ လက္ခဏာဆယ်ပါး ရှိပေသည်။ ရှိပုံမှာ ဤသို့ ဖြစ်၏။

ပဋိပဒါဝိသုဒ္ဓိ ---- အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် အာနာပါနဿတိသမာဓိကို ဆက်လက် ထူထောင်လာရာ အကြင်ဇောဝါရ၌ အပ္ပနာစျာန်ဇောသည် ဖြစ်ပေါ်လာ၏။ ထို အပ္ပနာဇောဝါရ၌ အကြင် နီဝရဏဟု ခေါ်ဆိုအပ်သော ကိလေသာတရားအပေါင်းသည် ထိုပထမစျာန်၏ ဘေးရန်တည်း၊ ထို နီဝရဏဟု ခေါ်ဆိုအပ်သော စျာန်၏ ဘေးရန်မှ ပထမစျာန်စိတ်သည် စင်ကြယ်သွား၏။ (၁)

နီဝရဏဟူသော စျာန်၏ ဘေးရန်မှ စင်ကြယ်သောကြောင့် စျာန်ကို မရအောင် ပိတ်ကွယ် ဖုံးလွှမ်း ထားတတ်သော နီဝရဏမှ ကင်းသည်ဖြစ်၍ (နီဝရဏကို ပယ်ခွာ၍) အလယ်အလတ် ဖြစ်သော သမထနိမိတ်ကို ကျင့်၏။

မဇ္ဈိမံ သမထနိမိတ္တံ နာမ သမပ္ပဝတ္တော အပ္ပနာသမာဓိယေဝ။ (ဝိသုဒ္ဓိ၊၁၊၁၄၄။)

အာနာပါနပဋိဘာဂနိမိတ်အာရုံမှ ဘာဝနာစိတ်၏ တွန့်ဆုတ်သွားခြင်း, ပျံ့လွင့်သွားခြင်းသို့ မကပ်ရောက် သဖြင့် အညီအညွတ် ဖြစ်နေသော အပ္ပနာစျာန်သမာဓိသည်ပင်လျှင် ဘာဝနာအာရုံမှ စိတ်၏ တွန့်ဆုတ်ခြင်း, ပျံ့လွင့်ခြင်းဟု ဆိုအပ်သော အစွန်းနှစ်ဖက်တို့ကို မကပ်ရောက်သဖြင့် အလယ်အလတ် လမ်းမှန်ဖြစ်သော မဇ္ဈိမ သမထနိမိတ် မည်၏။ ယင်းပထမစျာန် အပ္ပနာစျာန်သမာဓိသည် အထက်အထက်သော စျာန်စသော တရား ထူး တရားမြတ်တို့၏ အကြောင်းရင်းလည်း ဖြစ်သောကြောင့် သမထနိမိတ်ဟူသော အမည်ကို ရရှိခြင်း ဖြစ်ပေ သည်။

ထိုအပ္ပနာစျာန်အား အခြားမရှိသောအားဖြင့် ကျေးဇူးပြုခြင်းဟု ဆိုအပ်သော အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သော ရှေးဖြစ်သော ဂေါတြဘုစိတ်သည် တစ်ခုတည်းသော နာမ်သန္တတိအစဉ်၌ ညွတ်စေသော ပြောင်းလဲလာသော ဧကတ္တနည်းအားဖြင့် မှန်သောအဖြစ် အပ္ပနာစျာန်သမာဓိ၏ အစွမ်းသတ္တိဖြင့် ကောင်းစွာ တည်ကြည်သည်၏ အဖြစ်သို့ (= ထိုအပ္ပနာစျာန်သမာဓိ၏ အခြင်းအရာအားဖြင့် ဖြစ်ခြင်းသို့) ကပ်ရောက် သည်ဖြစ်၍ အလယ်အလတ်ဖြစ်သော မဇ္ဈိမ သမထနိမိတ်ကို ကျင့်သည် မည်၏၊ အလယ်အလတ် ဖြစ်သော မဇ္ဈိမသမထနိမိတ်သို့ ရောက်ရှိသည် မည်၏။ (၂)

ဤသို့ ကျင့်သောကြောင့် ဤသို့ မဇ္ဈိမသမထနိမိတ်သို့ ဆိုက်ရောက်သည်၏ အဖြစ်ကြောင့် ထိုအပ္ပနာ စျာန်သမာဓိ၏ အခြင်းအရာအားဖြင့် ဖြစ်ခြင်းသို့ ကပ်ရောက်လာသဖြင့် ထို သမထနိမိတ်၌ ပြေးဝင်သည် မည် ၏။ [မဇ္ဈိမသမထနိမိတ်သို့ ဆိုက်ရောက်သော ထိုခဏ၌ပင်လျှင် ထိုသို့ တည်ကြည်သော အခြင်းအရာရှိသော အပ္ပနာစျာန်သမာဓိ၏ အဖြစ်သို့ ကပ်ရောက်ခြင်းဖြင့် အပ္ပနာစျာန်သမာဓိဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်သို့ ရောက်ရှိရကား ထိုမဇ္ဈိမသမထနိမိတ်၌ ပြေးဝင်သည် မည်၏။] (၃)

ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့် ရှေးဦးစွာ ရှေးဖြစ်သော ဂေါတြဘုစိတ်၌ ထင်ရှားရှိသော ----

၁။ နီဝရဏဘေးရန်တို့မှ စင်ကြယ်ခြင်း,

၂။ အလယ်အလတ်ဖြစ်သော မဇ္ဈိမသမထနိမိတ်သို့ ဆိုက်ရောက်ခြင်း,

၃။ ထိုမဇ္ဈိမသမထနိမိတ်၌ ပြေးဝင်ခြင်းတို့ကို ပြီးစီးစေတတ်သော ပထမစျာန်၏ ဖြစ်ဆဲ ဥပ္ပါဒ်ခဏ၌သာလျှင် လာခဲ့ရာလမ်းကြောင်း ကျင့်ဝတ်ပဋိပတ်၏ အစွမ်းဖြင့် ပဋိပဒါ ဝိသုဒ္ဓိကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၄၄။ မဟာဋီ၊၁၊၁၇၃။)

ဥပေက္ခာဗြူဟနာ ---- ဤသို့ နီဝရဏအညစ်အကြေးစသည်မှ စင်ကြယ်ပြီးသော ထိုပထမစျာန်စိတ်၏ နောက်ထပ်တစ်ဖန် စင်ကြယ်အောင် သုတ်သင်အပ်သည်၏ အဖြစ်၏ မရှိခြင်းကြောင့် စင်ကြယ်အောင် သုတ် သင်ခြင်း၌ ကြောင့်ကြဗျာပါရကို မပြုသော ယောဂါဝစရပုဂ္ဂိုလ်သည် နီဝရဏ စသည့် အညစ်အကြေးမှ စင် ကြယ်ပြီးသော ပထမစျာန်စိတ်ကို လျစ်လျူရှုသည် မည်၏။ (၁)

သမထအဖြစ်သို့ ဆိုက်ရောက်သွားသဖြင့် သမထလမ်းရိုး လမ်းမှန်အတိုင်းသွားနေသော ပထမစျာန်စိတ် ကို နောက်ထပ်တစ်ဖန် အညီအညွတ်ကောင်းစွာ ထားခြင်း၌ ကြောင့်ကြဗျာပါရကို မပြုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် သမထလမ်းရိုး လမ်းမှန်အတိုင်း သွားနေသော ပထမစျာန်စိတ်ကို လျစ်လျူရှုသည် မည်၏။ (၂)

တစ်ဖန် သမထလမ်းရိုး လမ်းမှန်အတိုင်း သွားနေသည်၏ အဖြစ်ကြောင့်သာလျှင် ကိလေသာနှင့် ပေါင်း ဖက်ခြင်းကို ပယ်စွန့်၍ ကိလေသာအဖော်မရှိ တစ်ဦးတည်း၏ အဖြစ်ဖြင့် တည်ပြီးသော ထိုအပ္ပနာစျာန်စိတ်၏ နောက်ထပ်တစ်ဖန် ကိလေသာ အဖော်ကင်း၍ တစ်ဦးတည်း၏ အဖြစ်ဖြင့် တည်ခြင်း၌, တစ်နည်း တစ်ခုတည်း သော သဘောရှိသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ မြဲစွာတည်ခြင်း၌ ကြောင့်ကြဗျာပါရကို မပြုသော ယော ဂါဝစရပုဂ္ဂိုလ်သည် ကိလေသာအဖော်ကင်း၍ တစ်ဦးတည်း၏ အဖြစ်ဖြင့် တည်ခြင်းရှိသော အပ္ပနာစျာန်စိတ်ကို လျစ်လျူရှုသည် မည်၏။ ဤသို့လျှင် တတြမဇ္ဈတ္တုပေက္ခာ စေတသိက်၏ ကိစ္စ၏ အစွမ်းဖြင့် ဥပေက္ခာဗြူဟနာ = တတြမဇ္ဈတ္တုပေက္ခာ၏ ပွားစေခြင်းကို သိရှိပါလေ။ (၃)

သမ္ပဟံသနာ ---- တစ်ဖန် ဤသို့ တတြမဇ္ဈတ္တုပေက္ခာသည် ပွားစေအပ်သော ထိုပထမစျာန်စိတ်၌ အတူ ယှဉ်တွဲ၍ ဖြစ်ကြကုန်သော သမာဓိ-ပညာဟု ခေါ်ဆိုအပ်ကုန်သော (အချင်းချင်း တစ်ပါးသည် တစ်ပါးကို မလွန် သည်၏ အစွမ်းဖြင့် မိမိ မိမိ၏ ဆိုင်ရာကိစ္စကို ပြုခြင်းကြောင့် ထမ်းပိုးတစ်ခု၌ အတူယှဉ်တွဲ၍ ဖွဲ့ချည်ထားအပ် ကုန်သော နွားတို့နှင့် တူကုန်၍) ရှဉ်းစုံဖွဲ့အပ်သော အကြင်တရားတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးကို မလွန်ကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ (၁)

တစ်ဖန် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဟူသော ဣန္ဒြေငါးပါးတို့သည် အထူးထူးသော ကိလေသာတို့မှ လွတ်မြောက်သည့် အဖြစ်ကြောင့် ကိလေသာမှ လွတ်ခြင်းဟူသော ကိစ္စအားဖြင့် တူသောကိစ္စ ရှိကုန်သည်ဖြစ်၍ ဖြစ်ပေါ်လာကြကုန်၏။ (၂)

တစ်ဖန် ဤယောဂီသည် - သမာဓိ ပညာ နှစ်ပါးတို့၏ တစ်ပါးကို တစ်ပါး မလွန်ခြင်း, ကိလေသာတို့မှ လွတ်ခြင်းဟူသော ကိစ္စအားဖြင့် တူသောကိစ္စ ရှိခြင်းတည်းဟူသော ထိုအဖြစ်တို့အား လျော်သော အကြင်လုံ့လ ဝီရိယကို ဖြစ်စေ၏၊ ထိုပထမစျာန်စိတ်၏ ထိုပျက်ခြင်း ဘင်ခဏ၌ ဖြစ်ပေါ်လာသော အကြင်မှီဝဲခြင်းသည် လည်း ရှိ၏။ (ဖြစ်ခြင်း ဥပ္ပါဒ်ကာလကို လွန်၍ တည်ခြင်း ဌီကာလမှစ၍ မှီဝဲခြင်း အာသေဝနာ ဖြစ်သည် မည်၏။ မဟာဋီ၊၁၊၁၇၄။) ခပ်သိမ်းဥဿုံ အလုံးစုံလည်း ဖြစ်ကုန်သော တစ်ပါးသည် တစ်ပါးကို မလွန်ခြင်း အစရှိကုန်သော စျာန်စိတ်၌ အတူ ဖြစ်ကြကုန်သော သမာဓိ ပညာစသော တရားတို့၏ ဖြစ်ပေါ်လာသော ထို အခြင်းအရာ အာကာရတို့သည် ညစ်နွမ်းခြင်း သံကိလေသ, ဖြူစင်ခြင်း ဝေါဒါနတို့၌ ညစ်နွမ်းခြင်း သံကိလေသ ကြောင့် ရရှိမည့် ထိုထို အပြစ်ကိုလည်းကောင်း, ဖြူစင်ခြင်း ဝေါဒါနကြောင့် ရရှိမည့် ထိုထို အကျိုးအာနိသံသကို လည်းကောင်း ရှေးမဆွကပင် ပါရိဟာရိယဉာဏ်ပညာဖြင့် (= အရာရာ၌ ကျွမ်းကျင်လိမ္မာသော ဉာဏ်ပညာ ဖြင့်) သိမြင်၍ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် သမာဓိ ပညာတရားတို့၏ တစ်ပါးသည် တစ်ပါးကို မလွန်ခြင်း စသည်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏၊ ထိုထို အခြင်းအရာအားဖြင့် အာနာပါနဿတိသမာဓိ ဘာဝနာ၏ ရွှင်စေအပ်သည်၏ အဖြစ်ကြောင့် ထိုပါရိဟာရိယဉာဏ်ပညာဖြင့်ပင်လျှင် သုတ်သင်အပ်ပြီးသည် ၏ အဖြစ်ကြောင့်, ထက်ဝန်းကျင် ဖြူစင်စေအပ်ပြီးသည်၏ အဖြစ်ကြောင့် ပြီးစီးကုန်ပြီးသည်သာလျှင်တည်း။ ထိုကြောင့် ----

ဓမ္မာနံ အနတိဝတ္တနာဒိဘာဝသာဓနေန ပရိယောဒါပကဿ ဉာဏဿ ကိစ္စနိပ္ဖတ္တိဝသေန သမ္ပဟံသနာ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၁၄၅။)

= သမာဓိ ပညာ ဟု ဆိုအပ်ကုန်သော ဓမ္မတို့၏ တစ်ပါးသည် တစ်ပါးကို အချင်းချင်း မလွန်ခြင်း စသည် တို့၏ အဖြစ်ကို ပြီးစီးစေခြင်းဖြင့် သုတ်သင်တတ် ဖြူစင်စေတတ်သော ဉာဏ်၏ ကိစ္စပြီးစီးခြင်း၏ အစွမ်းဖြင့် သမ္ပဟံသနာ = ရွှင်ခြင်း ကြည်လင်ခြင်းကိုလည်း သိရှိပါလေ - ဟု (ဝိသုဒ္ဓိ၊၁၊၁၄၅။) ၌ မိန့်ဆိုခဲ့ခြင်း ဖြစ်ပေ သည်။ (၃)

ထို အာနာပါနဿတိသမာဓိဘာဝနာစိတ်၌ တတြမဇ္ဈတ္တုပေက္ခာ၏ အစွမ်းဖြင့် ဉာဏ်သည် ထင်ရှား၏။ ပဋိသမိ႓ဒါမဂ္ဂပါဠိတော် (၂၂၁)၌ အောက်ပါအတိုင်း ဟောကြားထားတော်မူ၏။

အကြင် အခြင်းအရာအားဖြင့် ဝီရိယက ချီးမြှောက်၍ ထားအပ်သော (အာနာပါနဿတိသမာဓိ) ဘာဝနာ စိတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိနေခြင်း = ကောသဇ္ဇအဖို့အစု၌ မကျရောက်၊ ထိုကဲ့သို့သော အခြင်း အရာအားဖြင့် ဝီရိယသမ္ဗောဇ္ဈင်၏ တည်ရာ ဖြစ်ကုန်သော အကြောင်းတရားတို့ကို ကြိမ်ဖန်များစွာ အလေ့ အလာ ပြုသည်၏ အစွမ်းဖြင့် ဝီရိယက ချီးပင့်ထားအပ်သော ဘာဝနာစိတ်သည် ဝီရိယက မည်သို့ပင် ချီးပင့် ထားအပ်ပါသော်လည်း သမာဓိ၏ ဝီရိယနှင့် ညီမျှမှုရှိအောင် ယှဉ်စေခြင်း၏ အစွမ်းဖြင့် ချီးပင့်ထားအပ်သည် ဖြစ်သောကြောင့် ကောင်းစွာ (အာနာပါနပဋိဘာဂနိမိတ်အာရုံကို) လျစ်လျူရှုလျက် ရှိ၏။ အာနာပါနပဋိဘာဂ နိမိတ်အာရုံကို လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တုပေက္ခာ၏ အစွမ်းဖြင့်လည်းကောင်း, ရှေး၌ဖြစ်သော အရာရာ ၌ ကျွမ်းကျင်လိမ္မာသော ပါရိဟာရိယပညာ၏ အစွမ်းဖြင့်လည်းကောင်း အပ္ပနာစျာန်နှင့် ယှဉ်တွဲလျက်ရှိသော အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိမြင်နေသော ပညိန္ဒြေသည် လွန်ကဲလျက် ရှိ၏။ ထိုပညိန္ဒြေ၏ လွန်ကဲသည်၏ အဖြစ်ကြောင့်သာလျှင် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အညီအမျှ လျစ်လျူရှုသသူအား သာလျှင် လျစ်လျူရှုတတ်သော တတြမဇ္ဈတ္တုပေက္ခာ၏ အစွမ်းဖြင့် အထူးထူးသော သဘော ရှိကြကုန်သော နီဝရဏ အမှူးရှိသော ကိလေသာတို့မှ ဘာဝနာစိတ်သည် လွတ်မြောက်သွား၏။ ကိလေသာတို့မှ လွတ်မြောက် ခြင်း၏ အစွမ်းဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာ၏ အစွမ်းဖြင့် ပညိန္ဒြေသည် လွန်ကဲလျက်ရှိ၏။ ကိလေသာတို့မှ လွတ်မြောက်သောကြောင့် ထို သဒ္ဓါ ပညာ သမာဓိ ဝီရိယ ရှိသော တရား တို့သည် တူမျှသော = ညီမျှသော ကိစ္စ ရှိကြကုန်၏၊ ဤသို့လျှင် ဣန္ဒြေတို့၏ တူမျှသော = ညီမျှသော ကိစ္စ ရှိသည်၏ အဖြစ်ကြောင့် ပထမစျာန် အာနာပါနဿတိသမာဓိ ဘာဝနာသည် ဖြစ်ပေါ်လာရပေသည်။ (ပဋိသံ၊၂၂၁။)

ထိုသို့ ဥပေက္ခာ၏ အစွမ်းဖြင့် ဉာဏ်ကိစ္စ၏ ထင်ရှားသည်၏ အဖြစ်ကြောင့် အပ္ပနာပညာ၏ ကိစ္စ ဖြစ်၍ ဖြစ်သော ဘာဝနာစိတ်ကို ရွှင်ပျစေခြင်းကို ပထမစျာန်သမာဓိ၏ အဆုံးဟူ၍ ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ (၄) (ဝိသုဒ္ဓိ၊၁၊၁၄၅။)

ဤသို့လျှင် သုံးမျိုးသော ပထမစျာန်သို့ ရောက်ကြောင်း အကျင့်၏ စင်ကြယ်ခြင်း = ပဋိပဒါ ဝိသုဒ္ဓိ၏ အစွမ်းဖြင့်သာလျှင် ရအပ်သော ပထမစျာန်ဟူသော တရားထူး တရားမြတ်ရှိသော, သုံးမျိုးသော (အာနာပါန ပဋိဘာဂနိမိတ်အာရုံကို အညီအမျှ လျစ်လျူရှုတတ်သော) တတြမဇ္ဈတ္တုပေက္ခာကို ပွားစေခြင်းဖြင့် အလွန်အကဲ နှင့် တကွ ပညိန္ဒြေ၏ လွန်ကဲသော အတိုင်းအရှည်ရှိသည်၏ အဖြစ်ဖြင့် လေးမျိုးအပြားရှိသည်လည်း ဖြစ်သော ဘာဝနာစိတ်ကို ရွှင်စေခြင်း ကြည်လင်စေခြင်း သမ္ပဟံသနာသည် ပြီးစီးလာ၏။ ထိုကြောင့် ----

၁။ ပထမစျာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော လာရာလမ်းကြောင်း ပဋိပဒါဝိသုဒ္ဓိ၌ လက္ခဏာ သုံးပါး,

၂။ တတြမဇ္ဈတ္တုပေက္ခာကို ပွားခြင်း ဥပေက္ခာဗြူဟနာ၌ လက္ခဏာသုံးပါး,

၃။ ဉာဏ်၏ ကိစ္စဖြစ်သော ဘာဝနာစိတ်၏ ရွှင်ခြင်း ကြည်လင်ခြင်း သမ္ပဟံသနာ၌ လက္ခဏာ လေးပါး ----

ဤကောင်းခြင်း (၃)ဖြာ လက္ခဏာ (၁၀)ပါးတို့ကို ပထမစျာန်၌သာလျှင် ရနိုင်သော တရားတို့ဟူ၍ သိရှိ ပါလေ။ (မဟာဋီ၊၁၊၁၇၅။)

စျာန်ဟူသည်

စျာန်ဟူသည်

အာရမ္မဏူပနိဇ္ဈာနတော ပစ္စနီကစျာပနတော ဝါ စျာနံ။ (ဝိသုဒ္ဓိ၊၁၊၁၄၅။)

အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော မိမိဘာဝနာစိတ်၏ သမထနိမိတ်အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ ရှုတတ်သောကြောင့်လည်းကောင်း, နီဝရဏ အစရှိသော ဆန့်ကျင်ဘက် ကိလေသာ တရားစုတို့ကို လောင်ကျွမ်းစေတတ်သောကြောင့် (= ခပ်ကြာကြာ ခွာထားခြင်း ဝိက္ခမ္ဘန၏ အစွမ်းဖြင့် ပယ်စွန့်တတ်သော ကြောင့်) လည်းကောင်း စျာန် မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၄၅။)

ဤစကားအရ မြေလျှိုး မိုးပျံမှု စသည်ကို စျာန်ဟု မမှတ်ပါနှင့်။ ယင်းမြေလျှိုး မိုးပျံခြင်း စသည်ကား ဣဒ္ဓိဝိဓ စသော အဘိညာဏ်တို့၏ စွမ်းအားသာ ဖြစ်ပေသည်။

ကြာမြင့်စွာ တည်တံ့ ခိုင်ခံ့ရေး

ကြာမြင့်စွာ တည်တံ့ ခိုင်ခံ့ရေး

ထိုပထမစျာန်ကို ရရှိပြီးသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် သားမြီးဖျားကို မှန်အောင် ပစ်နိုင်သော ဝါလဝေဓိ လေးသမားကဲ့သို့လည်းကောင်း, မင်း၏ စားတော်ကဲ ကဲ့သို့လည်းကောင်း အခြင်းအရာ အာကာရ တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် သိမ်းဆည်း မှတ်သားအပ်ကုန်၏။

အလွန်လိမ္မာသော လေးသမားသည် သားမြီးစွန်း သားမြီးဖျားကို ပစ်ခြင်းငှာ သင့်လျော်သော အမှုကို ပြုသည်ရှိသော် အကြင်အကြိမ်၌ သားမြီးစွန်းကို ထိမှန်၏ ထိုးပစ်မိ၏၊ ထိုမှန်သော အကြိမ် မှန်သော အချက်၌ မြားကို ပစ်လွှတ်သောအခါ နင်းသော ခြေတို့၏လည်းကောင်း, လေးကိုင်း၏လည်းကောင်း, လေးညှို့၏လည်းကောင်း, မြား၏လည်းကောင်း ဤသို့ တည်နေသော ငါသည် ဤသို့ လေးကိုင်းကို ကိုင်၍ ဤသို့ လေးညှို့ကို ကိုင်၍ ဤသို့ မြားကို ကိုင်၍ သားမြီးကို မှန်အောင် ပစ်ပြီ ---- ဤသို့ လေးကိုင်းကြိုး (ညှို့) မြားတို့ကို ယူဟန် ကိုင်ဟန် အခြင်းအရာကို ဉာဏ်ဖြင့် သိမ်းဆည်း မှတ်သားရာ၏သို့ ထိုလေးသမားသည် ထိုမှန်သော အချက်မှ စ၍ ထိုရှေးက မှတ်သားသော အတိုင်းသာလျှင် ထိုလေးကိုင်းညှို့ မြားတို့ကို ယူဟန် ကိုင်ဟန် အခြင်းအရာတို့ကို ပြည့်စုံစေလျက် မချွတ်ယွင်းစေမူ၍ သားမြီးကို မှန်အောင်ပစ်၏သို့ ဤဥပမာအတူပင်လျှင် ----

ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ငါသည် ဤမည်သော ဘောဇဉ်ကို စား၍ ဤသို့သဘောရှိသော ပုဂ္ဂိုလ် ကို မှီဝဲသည်ဖြစ်၍ ဤသို့ သဘောရှိသော ဘုရားရှင်၏ အဆုံးအမစကားတော် ကျင့်စဉ်ဟူသော သာသနာ တော်၌ ဤမည်သော ဣရိယာပုထ်ဖြင့် ဤမည်သော အချိန်အခါကာလ၌ ဤပထမစျာန်ကို ရဖူးပြီ - ဤသို့လျှင် လျောက်ပတ်သော ဘောဇဉ် အစရှိကုန်သော ထိုအခြင်းအရာတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် ဆင်ခြင်မှတ် သားအပ်ကုန်၏။ ဤသို့ ဆင်ခြင်မှတ်သား နှလုံးထားသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုနုနယ်သော ပထမစျာန်သမာဓိသည် ပျောက်ပျက်သွားသော်လည်း ထို ဘောဇနသပ္ပါယစသော အခြင်းအရာ အာကာရတို့ကို ရှေးအတိုင်း ပြည့်စုံစေ၍ နောက်ထပ်တစ်ဖန် ထို ပထမစျာန်သမာဓိကို ဖြစ်စေခြင်းငှာ စွမ်းနိုင်လတ္တံ့၊ ကျေပွန် စွာ မလေ့လာအပ်သေးသော သမာဓိကိုလည်း ကျေပွန်စွာ လေ့လာအပ်သည်ကို ပြုလျက် အဖန်ဖန် အထပ်ထပ် ဝင်စားခြင်းငှာ စွမ်းနိုင်လတ္တံ့။

တစ်ဖန် လိမ္မာကျွမ်းကျင်သော မင်း၏ စားတော်ကဲသည် ထမင်းရိက္ခာ စသည်ဖြင့် မွေးပေတတ်သော အရှင်သခင်ကို ချက်ပြုတ်ကျွေးမွေးသည်ရှိသော် အရှင်သည် အကြင်အကြင် ဘောဇဉ်အာဟာရကို မြိန်မြိန် ရှက်ရှက် နှစ်သက်သဖြင့် သုံးဆောင်၏၊ ထိုထို ဘောဇဉ် အာဟာရကို ကောင်းစွာ မှတ်သား၍ ထိုနေ့မှ စ၍ ထို သခင် မြိန်နိုးထင်သော ဘောဇဉ်ကိုသာလျှင် ပွဲတော်တည်သည်ဖြစ်သော် ဆုလာဘ်၏ ရခြင်းအဖို့ရှိသည် ဖြစ်၏ သို့ - ဤဥပမာအတူပင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ရှေးစျာန်ကို ရသောအခိုက်၌ ဘောဇဉ်စသည်၌ တည်ကုန်သော စျာန်ကို ရခြင်း လုပ်ငန်းကိစ္စကို ပြီးစီးစေတတ်ကုန်သော အခြင်းအရာ အာကာရတို့ကို ဉာဏ်ဖြင့် သိမ်းဆည်းမှတ်သား၍ ထိုအခြင်းအရာတို့ကို ပြီးစီးပြည့်စုံစေသော် ပထမစျာန် သမာဓိသည် ပျောက်ပျက်သွား တိုင်း အဖန်ဖန် အထပ်ထပ် ယင်း အပ္ပနာစျာန်သမာဓိကို ရလေ့ရှိနိုင်၏။ ထိုကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် သားမြီးဖျားကို မှန်အောင် ပစ်နိုင်သော လေးသမားကဲ့သို့လည်းကောင်း, စားတော်ကဲကဲ့သို့လည်းကောင်း ပထမ စျာန်ကို ရကြောင်းဖြစ်သည့် အခြင်းအရာ အာကာရတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူအပ် သိမ်းဆည်းအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၅-၁၄၆။)

ပထမစျာန်ရကြောင်း အခြင်းအရာနိမိတ်ကို မှတ်သားခြင်းကြောင့် တစ်ဖန် ထိုပထမစျာန် ရကြောင်း အခြင်းအရာ အာကာရတို့ကို ပြီးစီးပြည့်စုံစေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အပ္ပနာစျာန်မျှသည်သာလျှင် ပြီးစီးပြည့်စုံနိုင်၏၊ မြင့်ရှည်စွာ တည်တံ့ခိုင်မြဲခြင်းမူကား မပြည့်စုံနိုင်သေး။ အလျော်အားဖြင့် ဆိုရမူ - သမာဓိ၏ ဘေးရန် ဖြစ်ကြကုန်သော ကာမစ္ဆန္ဒအစရှိကုန်သော နီဝရဏတရားတို့၏ စင်ကြယ်အောင် ကောင်းစွာ သုတ်သင် အပ်ပြီးသည်၏ အဖြစ်ကြောင့် မြင့်ရှည်စွာ တည်တံ့ခိုင်မြဲခြင်းသည် ဖြစ်ပေါ်လာ၏။

မှန်ပေသည် ---- (၁) အကြင် ယောဂါဝစရရဟန်းသည် ကာမ၌ အပြစ်ကို ဆင်ခြင်ခြင်း, အသုဘ အခြင်း အရာကို နှလုံးသွင်းခြင်း, ကာမတို့မှ ထွက်မြောက်ခြင်း နေက္ခမ္မဓာတ်၏ အကျိုးအာနိသံသကို ဆင်ခြင်ခြင်း အစရှိသည်တို့ဖြင့် ကာမစ္ဆန္ဒကို ကောင်းစွာ မခွာမူ၍,

(၂) ကိုယ်၏ (စိတ်+စေတသိက်တို့၏) ငြိမ်းအေးခြင်း ကာယပဿဒ္ဓိ၏ အစွမ်းဖြင့် ကိုယ်၏ ပူပန်ခြင်းကို ကောင်းစွာ ငြိမ်းသည်ကို မပြုမူ၍ (ကိုယ်စိတ်တို့၏ ပူပန်ခြင်း၏ အကြောင်း ဖြစ်သော ဗျာပါဒ နီဝရဏကို မခွာမူ၍),

(၃) အပြင်းအထန် ရှေးဦးအစ ကြိုးစားအားထုတ်ခြင်း အာရမ္ဘဓာတ် အစရှိသော ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ကြောင်း တရားတို့ကိုလည်းကောင်း, အလင်းရောင်ကို မှတ်သား ရှုပွားခြင်း အာလောကသညာ စသည်တို့ကိုလည်းကောင်း နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ နီဝရဏကို ကောင်းစွာ မပယ်ဖျောက်မူ၍,

(၄) အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို နှလုံးသွင်းခြင်းစသော သမာဓိသမ္ဗောဇ္ဈင် ဖြစ် ကြောင်းတရားတို့ကို နှလုံးသွင်းခြင်း စသည်တို့၏ အစွမ်းဖြင့် ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်မှု, ကုက္ကုစ္စ = နောင်တတစ်ဖန် ပူပန်မှုဟူသော နီဝရဏ အညစ်အကြေးကို ကောင်းစွာ နှုတ်ပယ်အပ်သည်ကို မပြုမူ၍,

(၅) ကာမစ္ဆန္ဒစသည်မှ တစ်ပါးလည်း ဖြစ်ကုန်သော သမာဓိ၏ ဘေးရန်အန္တရာယ် ဖြစ်ကြကုန်သော ဝိစိကိစ္ဆာ ဖြစ်ကြောင်းတရား, မာန်ယစ်ခြင်း မဒ = ထောင်လွှားခြင်း မာန စသော တရားတို့ကို ကောင်းစွာ မသုတ်သင်မူ၍

စျာန်ကို ဝင်စားအံ့၊ ထိုရဟန်းသည် မသုတ်သင်အပ်သော မိမိတို့ ကိန်းအောင်းရာ ဝါးခေါင်းသို့ ဝင်သော ပျားပိတုန်းကဲ့သို့လည်းကောင်း, ဘေးရန်ကို မသုတ်သင်အပ်သော ဥယျာဉ်တော်သို့ ဝင်ရောက်သွားသော မင်း ကဲ့သို့လည်းကောင်း ရှောင်တခင်သာလျှင် စျာန်မှ ထွက်ရ၏။

အလျော်ကို ဆိုအံ့ ---- အကြင်ရဟန်းသည် သမာဓိ၏ ဘေးရန်ဖြစ်ကြကုန်သော နီဝရဏတရားတို့ကို ကောင်းစွာ စင်ကြယ်အောင် သုတ်သင်ပြီး၍ စျာန်ကို ဝင်စားအံ့၊ ထိုရဟန်းသည် ကောင်းစွာ သုတ်သင်အပ်သော မိမိတို့ကိန်းအောင်းရာ ဝါးခေါင်းသို့ ဝင်ရောက်သွားသော ပျားပိတုန်းကဲ့သို့လည်းကောင်း, ရွံရှာအပ်သော ဘေး ရန် မရှိသဖြင့် ကောင်းစွာ စင်ကြယ်သော ဥယျာဉ်တော်သို့ ဝင်ရောက်သွားသော မင်းကဲ့သို့လည်းကောင်း အလုံးစုံသော နေ့အဖို့ပတ်လုံးသော်လည်း သမာပတ်၏ အတွင်း၌သာလျှင် တည်နေမှုသည် ဖြစ်နိုင်၏။ ထိုသို့ သမာဓိ၏ ဘေးအန္တရာယ် ဖြစ်သော နီဝရဏတရားတို့ကို ကောင်းစွာ သုတ်သင်ပြီးမှသာလျှင် စျာန်သမာဓိ၏ ရှည်မြင့်စွာ တည်နိုင်သည်ဖြစ်သောကြောင့် စျာန်သမာဓိ၏ ရှည်မြင့်စွာ တည်ခြင်းကို အလိုရှိသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စျာန်၏ ဘေးရန်ဖြစ်သော နီဝရဏတရားတို့ကို သုတ်သင်၍ စျာန်ကို ဝင်စားအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၇။)

စောဒနာဖွယ် ---- ဤပထမစျာန်ကို ရရှိသော စျာနလာဘီ ရဟန်းတော်သည် စောစောကပင်လျှင် ကာမတို့၏ အပြစ်ကို ဆင်ခြင်၍ စျာန်သမာဓိသို့ ရောက်ကြောင်းဖြစ်သည့် သမထလမ်းရိုး အကျင့်ကို ကျင့်ခဲ့ပြီး သည် မဟုတ်ပါလော၊ သည်မျှသာမကသေး ဤရဟန်းသည် ဥပစာရသမာဓိ အခိုက်ကပင်လျှင် ဥပစာရစျာန် သမာဓိဖြင့် နီဝရဏတရားတို့ကို ပယ်ခွာအပ်ကုန်ပြီးသည် မဟုတ်ပါလော၊ ထိုသို့ဖြစ်ပါလျက် အဘယ်ကြောင့် တစ်ဖန် ကာမတို့၏ အပြစ်ကို ဆင်ခြင်ခြင်း စသည်ကို ယူအပ်ပြန်ပါသနည်းဟု စောဒနာဖွယ်ရှိ၏။ အဖြေကား ဤသို့တည်း ----

ဤဥပစာရသမာဓိခဏ၌ နီဝရဏကို ပယ်ခွာပြီး ဖြစ်ခြင်းသည် မှန်ပေ၏၊ ထိုသို့ပင် မှန်ပါသော်လည်း ထိုဥပစာရသမာဓိခဏ၌ နီဝရဏတို့ကို ပယ်ခွာခြင်းသည် ပယ်ခွာရုံမျှသာတည်း။ ထိုကြောင့် အပ္ပနာစျာန်၏ ကြာမြင့်စွာ တည်တံ့ခိုင်မြဲခြင်း အကျိုးငှာ အလွန်အကဲအားဖြင့် ပယ်ခြင်းအကျိုးငှာ နောက်ထပ်တစ်ဖန် ကာမ တို့၏ အပြစ်ကို ဆင်ခြင်ခြင်း စသည်ကို ယူအပ်ပြန်ပါသည် ဆိုအပ်ပြန်ပါသည် ဟူပေ။ (မဟာဋီ၊၁၊၁၇၇။)

စျာန်ကို ဝင်စားခိုက်၌ နီဝရဏတို့ကား ကွာနေသည်သာ ဖြစ်၏။ သို့သော် စျာန်မှ ထခိုက်၌ကား အယောနိသော မနသိကာရကို အကြောင်းခံ၍ နီဝရဏတို့ကား တစ်ဖန်ပြန်၍ ဝင်လာတတ်ပြန်၏၊ သို့အတွက် စျာန်ကို အချိန်ရှည်မြင့်စွာ ဝင်စားလိုသော စျာန်သမာပတ်၏ ရှည်မြင့်စွာ တည်တံ့ခိုင်မြဲမှုကို အလိုရှိသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ကာမတို့၏ အပြစ်ကို ဆင်ခြင်ခြင်း စသည်ဖြင့် ဖြစ်ပေါ်လာတိုင်းသော နီဝရဏတို့ကို သန့်ရှင်း အောင် ပယ်ခွာပြီးမှ စျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါဟု ဆိုလိုပေသည်။

အာဒိကမ္မိကပုဂ္ဂိုလ် လိုက်နာရမည့်စည်းကမ်း

အာဒိကမ္မိကပုဂ္ဂိုလ် လိုက်နာရမည့်စည်းကမ်း

ဝင်စားမှု များပါစေ၊ ဆင်ခြင်မှု နည်းပါစေ၊

ဝင်စားမှု များပါစေ၊ ဆင်ခြင်မှု နည်းပါစေ၊

တသ္မိံပန နိမိတ္တေ ပတ္တပဌမဇ္ဈာနေန အာဒိကမ္မိကေန သမာပဇ္ဇနဗဟုလေန ဘဝိတဗ္ဗံ, န ပစ္စဝေက္ခဏဗဟုလေန။ ပစ္စဝေက္ခဏဗဟုလဿ ဟိ စျာနင်္ဂါနိ ထူလာနိ ဒုဗ္ဗလာနိ ဟုတွာ ဥပဋ္ဌဟန္တိ။ အထဿ တာနိ ဧဝံ ဥပဋ္ဌိတတ္တာ ဥပရိ ဥဿုက္ကနာယ ပစ္စယတံ အာပဇ္ဇန္တိ။ သော အပ္ပဂုဏေ စျာနေ ဥဿုက္ကမာနော ပတ္တပဌမဇ္ဈာနာ စ ပရိဟာယတိ၊ န စ သက္ကောတိ ဒုတိယံ ပါပုဏိတုံ။ (ဝိသုဒ္ဓိ၊၁၊၁၄၈။)

= ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ်ရအပ်ပြီးသော ပထမစျာန်ရှိသော စျာန်ကို ဦးစွာ ရစ ဖြစ်သော အာဒိကမ္မိက စျာနလာဘီပုဂ္ဂိုလ်သည် စျာန်ဝင်စားခြင်းများသည် ဖြစ်ရာ၏ (= စျာန်ကို များများ ဝင်စားရာ၏။) စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသည် မဖြစ်ရာ (= စျာန်အင်္ဂါကို ဆင်ခြင်မှု မများရ။) အပြစ်ကို ဆိုအံ့ ---- စျာန်အင်္ဂါကို ဆင်ခြင်ခြင်း များသောသူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်သည်ဖြစ်၍ ထင်လာ ကုန်၏၊ အားမရှိသည်ဖြစ်၍ ထင်လာကုန်၏။ [စျာန်အင်္ဂါများကို ဆင်ခြင်ခြင်း များသည့်အတွက် စျာန်အင်္ဂါ တို့သည် ထင်ရှားကုန်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းကြမ်းတမ်းကုန်သည်ဖြစ်၍ ထင်လာကုန်၏။ စျာန်ဝင်စား မှုကို နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင်ဖြင့် စွမ်းအားကြီးမားသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အသိဉာဏ်၌ ထင်ရှားသော်လည်း အားနည်းသည်ဖြစ်၍ ထင်လာကုန်၏။ (မဟာဋီ၊၁၊၁၇၈။)]

ထိုသို့ အသိဉာဏ်၌ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ဤသို့ ရုန့်ရင်း ကြမ်းတမ်းသော သဘော စွမ်းအင်နည်းပါးသော သဘောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာ ပါနဿတိသမာဓိ ဘာဝနာဖြင့် အထက်အထက် စျာန်သို့ တက်ခြင်းငှာ အကြောင်းတရားဖြစ်မှုသို့ မရောက် နိုင်ကြကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရရှိပြီးသော စျာန်ကို (ဝသီဘော် ငါးတန် နိုင်နင်းအောင်) မပွားများအပ် မလေ့လာအပ်သည်ရှိသော် ဒုတိယစျာန်စသော အထက်စျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရရှိပြီး သော ပထမစျာန်မှလည်း ဆုတ်ယုတ်သွားတတ်၏။ ဒုတိယစျာန်သို့ ရောက်ရှိခြင်းငှာလည်း မစွမ်းနိုင် ဖြစ်တတ် ၏။ ထိုကြောင့် ဘုရားရှင်သည် အောက်ပါ ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆)ကို ဟောကြားထားတော်မူခဲ့ပေသည်။

ဂါဝီဥပမာသုတ္တန် ကောက်နုတ်ချက်

ဂါဝီဥပမာသုတ္တန် ကောက်နုတ်ချက်

ရဟန်းတို့ ...ဥပမာသော်ကား မိုက်မဲသော, မကျွမ်းကျင်သော, ကျက်စားရာ စားကျက် အကြောင်းကို သိရှိနားလည်မှု မရှိသော, မညီညွတ်သော တောင်၌ လှည့်လည်ကျက်စားခြင်းငှာ မလိမ္မာသော, တောင်၌ ကျက် စားသော နွားမသည် ရှိ၏။ (ထိုနွားမသည် တစ်နေ့တွင် တောင်ထိပ်တစ်နေရာမှ လှမ်းမြော် ကြည့်လိုက်သော အခါ စိမ်းလန်းစိုပြည်သည့် မြက်သစ်ရွက်တို့ဖြင့် ဝိုင်းရံလျက်ရှိသော ကြည်လင်သော ရေရှိသော ရေအိုင်ကြီး တစ်ခုကို တွေ့မြင်ရသဖြင့်) ထိုနွားမ၏ စိတ်ဝယ် - ငါသည် မရောက်ဖူးသေးသော အရပ်သို့လည်း ရောက်ရမူ, မစားဖူးသေးသော မြက်တို့ကိုလည်း စားရမူ, မသောက်ဖူးသော ရေတို့ကိုလည်း သောက်ရမူ ကောင်းလေစွဟု ဤသို့ အကြံ ဖြစ်ရာ၏။ ထိုနွားမသည် (တောင်ထိပ်မှ ဆင်းသက်သောအခါ) ေ့ရှခြေကို နင်းကွင်း ကောင်းကောင်း ၌ ကောင်းစွာ ထောက်တည်နိုင်အောင် မထားဘဲ နောက်ခြေကို ကြွမိလေရာ၏၊ ထိုနွားမိုက်မသည် (တောင် ပေါ်မှ ကာပြန်ကျသဖြင့်) မရောက်ဖူးသေးသော အရပ်သို့လည်း မရောက်နိုင်လေရာ၊ မစားဖူးသေးသော မြက် တို့ကိုလည်း မစားရလေရာ၊ မသောက်ဖူးသေးသော ရေတို့ကိုလည်း မသောက်ရလေရာ၊ ငါသည် မရောက်ဖူး သေးသော အရပ်သို့လည်း ရောက်ရမူ, မစားဖူးသေးသော မြက်တို့ကို စားရမူ, မသောက်ဖူးသေးသော ရေတို့ကို လည်း သောက်ရမူ ကောင်းလေစွဟု ကြံစည်ခဲ့ရာဖြစ်သော နေရင်း တောင်ထိပ်အရပ်သို့လည်း ချမ်းသာစွာ ပြန်မရောက်လေရာ။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း - ရဟန်းတို့ ...ထိုနွားမသည် မိုက်မဲ၍ မကျွမ်းကျင်ဘဲ, ကျက်စားရာ စားကျက်အကြောင်းကို သိရှိနားလည်မှု မရှိဘဲ, မညီညွတ်သော မြေအဖို့ရှိသော တောင်အရပ်၌ လှည့်လည်ခြင်းငှာ မလိမ္မာပါဘဲလျက် တောင်၌ ကျက်စားသောကြောင့်တည်း။

ရဟန်းတို့ ...ဤဥပမာအတူပင်လျှင် ဤသာသနာတော်၌ (သမာဓိ၏ဘေးရန်တို့ကို စင်ကြယ်အောင် သုတ်သင်ခြင်းကို မသိသည်၏ အဖြစ်ကြောင့်) မိုက်မဲသော, (စျာန်ကို နိုင်နိုင်နင်းနင်း လေ့လာနိုင်သည်၏ အဖြစ်သို့ ရောက်စေခြင်း၌ တတ်သိနားလည်မှု၏ မရှိခြင်းကြောင့်) မကျွမ်းကျင်သော, (အောက်အောက် စျာန်၌ ဝသီဘော် နိုင်နင်းခြင်းသည် အထက်အထက် စျာန်၏ အနီးကပ်ဆုံး အကြောင်းတရား = ပဒဋ္ဌာန်ဖြစ်မှုကို မသိခြင်းကြောင့်) မိမိကျက်စားရာ စားကျက်အကြောင်းကို မသိသော, (အချင်းခပ်သိမ်းအားဖြင့်လည်း စျာန်သမာပတ်ကို ဝင်စား ခြင်း၌ ကျွမ်းကျင်လိမ္မာမှု စွမ်းအင်၏ မရှိခြင်းကြောင့်) မလိမ္မာသော ရဟန်းသည် - ဝတ္ထုကာမ ကိလေသာကာမ တို့မှ ကင်းဆိတ်သည် ဖြစ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင် ကြံစည်မှု = ဝိတက်, သုံးသပ်ဆင်ခြင်မှု = ဝိစာရနှင့် တကွဖြစ်သော, နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်မှု = ပီတိ, ချမ်းသာမှု = သုခရှိသော ပထမစျာန်သို့ ရောက်လျက် နေ၏။

ထိုရဟန်းသည် ထိုနိမိတ်ကို (ပထမစျာန် သမာဓိနှင့် ထိုပထမစျာန်သမာဓိ ရကြောင်းဖြစ်သော အာနာပါန ပဋိဘာဂနိမိတ်ကို) အထပ်ထပ် မမှီဝဲ မပွားများ ကြိမ်ဖန်များစွာ မပြု၊ ကောင်းစွာ တည်တံ့အောင် မဆောက် တည်။

ထို ရဟန်း၏ စိတ်ဝယ် - ငါသည် ကြံစည်မှု = ဝိတက်, သုံးသပ်မှု = ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေတတ်သော ကြံစည်မှု = ဝိတက်, သုံးသပ်ဆင်ခြင်မှု = ဝိစာရ မရှိသော စိတ်တည်ကြည်မှု = သမာဓိ ကြောင့် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု = ပီတိ, ချမ်းသာမှု = သုခရှိသော ဒုတိယစျာန်သို့ ရောက်၍ နေရမူ ကောင်းလေစွဟု ဤသို့ အကြံ ဖြစ်ပေါ်လာ၏။

ထို ရဟန်းသည် ကြံစည်မှု = ဝိတက်, သုံးသပ်ဆင်ခြင်မှု = ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေတတ်သော ကြံစည်မှု = ဝိတက်, သုံးသပ်ဆင်ခြင်မှု = ဝိစာရ မရှိသော စိတ်တည်ကြည်မှု သမာဓိကြောင့် ဖြစ်ပေါ်လာသော နှစ်သိမ့်မှု = ပီတိ, ချမ်းသာမှု = သုခရှိသော ဒုတိယစျာန်သို့ ရောက်၍ နေရန် မစွမ်းနိုင်။

ထိုရဟန်း၏ စိတ်ဝယ် - ငါသည် ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်သည်ဖြစ်၍သာလျှင် ကြံစည်မှု = ဝိတက်, သုံးသပ်ဆင်ခြင်မှု = ဝိစာရနှင့် တကွဖြစ်သော နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်၍လာသော နှစ်သိမ့်မှု = ပီတိ, ချမ်းသာမှု = သုခရှိသော ပထမစျာန်သို့ ရောက်၍ နေရမူ ကောင်းလေစွဟု ဤသို့ အကြံ ဖြစ်ပြန်လေရာ၏။

ထိုရဟန်းသည် ဝတ္ထုကာမ ကိလေသာကာမတို့မှ ကင်းဆိတ်သည် ဖြစ်၍သာလျှင်။ ပ။ ပထမစျာန်သို့ ရောက်၍နေရန် မစွမ်းနိုင်။

ရဟန်းတို့ ...မိုက်မဲသော မကျွမ်းကျင်သော ကျက်စားရာ စားကျက် အကြောင်းကို သိရှိနားလည်မှု မရှိသော မညီညွတ်သော တောင်၌ လှည့်လည် ကျက်စားခြင်းငှာ မလိမ္မာသော တောင်၌ ကျက်စားသော ထို နွားမိုက်မကဲ့သို့ ဤရဟန်းကို (ပထမစျာန် ဒုတိယစျာန်ဟူသော) နှစ်ပါးစုံမှ လျှောကျ ပျက်စီးသူ နှစ်ပါးစုံမှ ယုတ်လျော့သူဟု ဆိုအပ်ပေ၏။ (အံ၊၃၊၂၁၆။)

ထိုသို့ မိမိရရှိထားပြီး ဖြစ်သည့် ရရင်းစျာန်ကို ဝသီဘော်နိုင်အောင် = ကျေပွန်အောင် မလေ့လာဦးဘဲ အထက်စျာန်သို့ တက်ခြင်းငှာ အားထုတ်သော်လည်း ရရင်းစျာန်မှလည်း ယုတ်လျော့တတ်၍ အထက်စျာန် သို့လည်း တက်ရောက်ခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့် ဤယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ထိုရရင်း လက်ရှိ ပထမစျာန်၌သာလျှင် ငါးပါးကုန်သော အခြင်းအရာတို့ဖြင့် လေ့ကျင့်အပ် မှီဝဲအပ်ပြီးသော နိုင်နိုင်နင်းနင်း လေ့လာခြင်းရှိသည် (= ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ခြင်း ရှိသည်) ဖြစ်လေရာ၏။

ဝသီဘော် ငါးတန်

ဝသီဘော် ငါးတန်

ဝသီ ---- လေ့လာခြင်း, အလိုအားလျော်စွာ ဖြစ်ခြင်း, နိုင်နင်းခြင်း, အလိုအားလျော်စွာ ဖြစ်စေနိုင်သော သတ္တိသည် ဝသီ မည်၏။ ယင်းတို့ကား အာဝဇ္ဇနဝသီ သမာပဇ္ဇနဝသီ အဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ ပစ္စဝေက္ခဏဝသီ ဟု ငါးမျိုး ရှိကုန်၏။

၁။ အာဝဇ္ဇနဝသီ

၁။ အာဝဇ္ဇနဝသီ

ပထမစျာန်ကို အကြင်အကြင် အလိုရှိရာ အရပ်၌ အကြင် အကြင် အလိုရှိတိုင်းသော စျာန်အင်္ဂါကို အကြင် အလိုရှိသမျှ ကာလပတ်လုံး ဆင်ခြင်နိုင်၏၊ ဆင်ခြင်ခြင်း အာဝဇ္ဇန်း ဖြစ်ခြင်း၏ နှေးဖြည်းသည်၏ အဖြစ် သည် မရှိငြားအံ့၊ ဤသို့ တတ်နိုင်လတ်သော် အာဝဇ္ဇနဝသီ မည်၏။

စျာန်အင်္ဂါကို ဆင်ခြင်မှု၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိသည် အာဝဇ္ဇနဝသီ မည်၏။

ပထမစျာန်ကို ဝင်စားပြီးလျှင် ပထမစျာန်မှ ထ၍ ရှေးဦးစွာ ပထမစျာန်၌ ပါဝင်သော ဝိတက် စျာန် အင်္ဂါကို ဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘဝင်္ဂစလန = လှုပ်သော ဘဝင်, ဘဝင်္ဂုပစ္ဆေဒ = ဘဝင်အယဉ်ကို ဖြတ်သောဘဝင် ဖြစ်ပြီး၍ ယင်း ဘဝင်္ဂုပစ္ဆေဒ နောင်တွင် ဝိတက်ကို အာရုံပြု ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း ဖြစ်ပေါ်လာ၏။ ယင်းမနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ ဝိတက်လျှင် အာရုံရှိသည်သာလျှင် ဖြစ် ကြကုန်သော ယင်းဝိတက်ကိုပင် ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဇောတို့သည် ဣန္ဒြေထက်မြက်သူ ယောဂါ ဝစရပုဂ္ဂိုလ်အား လေးကြိမ်, ဣန္ဒြေ မထက်လွန်းသော ယောဂါဝစရပုဂ္ဂိုလ်အား ငါးကြိမ် လျင်မြန်စွာ စောကုန်၏။ (ခုနစ်ကြိမ် မစောတော့ ဟူလို။)

ထိုလေးကြိမ် ငါးကြိမ်သောဇောမှ နောက်၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု ဘဝင်နှစ်ကြိမ် ဖြစ်ပြန်ကုန်၏၊ ထိုဘဝင်္ဂုပစ္ဆေဒ နောင်၌ တစ်ဖန် ဝိစာရလျှင် အာရုံရှိသော ဝိစာရကို ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ်လာ၏။ ထိုနောင် ဝိစာရကိုပင် ဆက်လက်၍ အာရုံပြု ဆင်ခြင်ကုန်သော လေးကြိမ် ငါးကြိမ်သော ပစ္စဝေက္ခဏာဇောတို့သည် စောကုန်၏။ ထိုနောင် ပီတိ သုခ ဧကဂ္ဂတာတို့ကို အသီးအသီး ဆင်ခြင်သော ဝီထိ များ ဆက်ကာ ဆက်ကာ ဖြစ်ကြ၏။

ဤသို့သောနည်းဖြင့် စျာန်အင်္ဂါ ငါးပါးတို့၌ အကြင်အခါ၌ စျာန်အင်္ဂါမှ အခြားတစ်ပါးသော အာရုံတို့ကို အာရုံမပြုဘဲ စျာန်အင်္ဂါတို့ကိုသာ ဆက်ကာ ဆက်ကာ ဆက်တိုက် အာရုံပြုနေခြင်းကြောင့် ဝိသဘာဂအာရုံ တို့ဖြင့် အခြားမရှိသော စိတ်ကို စေလွှတ်ခြင်းငှာ စွမ်းနိုင်၏။ ဤသို့ ဆင်ခြင်ရာဝယ် စျာန်အင်္ဂါ အသီးအသီးကို ဆင်ခြင်သော ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်အပို များစွာ မဖြစ်တော့ဘဲ မဖြစ်လျှင် မပြီးနိုင်သော ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒလောက်သာ ဖြစ်တော့၏။ စျာန်အင်္ဂါကို ဆင်ခြင်မှု၌ ဤမျှလောက် လျင်မြန်ထက်မြက် သော စွမ်းရည်သတ္တိရှိသည့်အခါ ထိုယောဂါဝစရပုဂ္ဂိုလ်အား အာဝဇ္ဇနဝသီသည် ပြီးစီး ပြည့်စုံသည် မည်ပေ သည်။

အထွတ်အထိပ်သို့ ရောက်နေသော ဘဝင်နှစ်ကြိမ် ခြား၍ လေးကြိမ်သော ပစ္စဝေက္ခဏာဇောရှိသော ဤဆိုအပ်ခဲ့ပြီးသော အာဝဇ္ဇနဝသီကိုကား မြတ်စွာဘုရား၏ ရေမီးအစုံ စသော တန်ခိုး ပြာဋိဟာကို ပြတော်မူရာ အခါ၌ ရရှိအပ်ပေသည်။ ဘုရားရှင်မှ တစ်ပါးသော အရှင်သာရိပုတ္တရာ စသည့် သူတော်စင်တို့အားမူလည်း ဤသို့သဘောရှိသော ထထကြွကြွ အလွန်ကြောင့်ကြပြု၍ အာဝဇ္ဇနဝသီကို ဖြစ်စေသော ကာလ၌ ရရှိနိုင်ပေ သည်။ ဘုရားရှင်မှတစ်ပါးသော သာဝကတို့၏ ထိုအာဝဇ္ဇနဝသီသည်လည်း အလွန်တိုတောင်းလှ၏၊ နည်းပါး သော အချိန်ကာလ ရှိ၏၊ ဘုရားရှင်၏ ရေမီး အစုံ အစုံစသော တန်ခိုး ပြာဋိဟာကို ပြတော်မူရာအခါ၌ကဲ့သို့ အလွန်ရှည်ကြာသော အစဉ်ရှိသည်ကား မဟုတ်ပါပေ၊ ထိုကြောင့် ထိုရေမီး အစုံ အစုံ စသော တန်ခိုးပြာဋိဟာ ကို သာဝကတို့နှင့် မဆက်ဆံဟူ၍ မိန့်ဆိုတော်မူအပ်ပေသည်။ ဘဝင် နှစ်ကြိမ် ခြားခြင်းရှိသော လေးကြိမ် သော ဇောရှိသော ဤဆိုအပ်ပြီးသော အာဝဇ္ဇနဝသီထက် အထူးသဖြင့် လျင်မြန်သော အာဝဇ္ဇနဝသီ မည်သည် ကား လောက၌ မရှိကောင်းတော့ပေ။ ထိုမျှလောက် မမြန်ဘဲ ဘဝင်အနည်းငယ် အပိုခြား၍ ဆက်ကာဆက်ကာ ဆင်ခြင်နိုင်လျှင်လည်း အာဝဇ္ဇနဝသီဟုပင် ဆိုထိုက်ပါ၏။ ဆိုလိုရင်းကား စျာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင် နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကိုပင် အာဝဇ္ဇနဝသီဘော်ဟု ဆိုလိုသည်။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၇၉။ သင်္ဂြိုဟ်ဘာသာဋီကာ၊၅၆၅-၅၆၆။)

၂။ သမာပဇ္ဇနဝသီ

၂။ သမာပဇ္ဇနဝသီ

ပထမစျာန်ကို အကြင် အကြင် အလိုရှိရာ အရပ်၌ အကြင် အကြင် အလိုရှိတိုင်း အကြင် အကြင် အလို ရှိသမျှ ကာလပတ်လုံး ဝင်စားနိုင်၏၊ ဝင်စားခြင်း၏ နှေးဖြည်းသည်၏ အဖြစ်သည် မရှိအံ့၊ ဤသို့ တတ်စွမ်း နိုင်လတ်သော် သမာပဇ္ဇနဝသီ မည်၏။

စျာန်ကို ဝင်စားလိုသောဆန္ဒ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပို မကျတော့ဘဲ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု ဖြစ်၍ အလိုရှိသမျှ စျာန်ဇောစိတ်များစွာကို ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသီ မည်၏။

စျာန်ကို ရအပ်သည်နှင့် ထပ်တူထပ်မျှ ယှဉ်ဖက် သမ္ပယုတ်တရားနှင့် တကွသော စျာန်သို့ ကောင်းစွာ ရောက်ရှိနေခြင်းသည် သမာပဇ္ဇန = စျာန်ကို ဝင်စားခြင်း မည်၏၊ စျာန်နှင့် ပြည့်စုံနေသည်၏ အဖြစ်ကို ဆိုလို ပေသည်။

အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး၏ နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမရာအခါ၌ကဲ့သို့ စျာန်ကို ဝင်စားခြင်းငှာ အလိုရှိသောဆန္ဒ ဖြစ်ပေါ်ပြီးသည်၏ အခြားမဲ့၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဟူသော နှစ်ချက်သော ဘဝင်ဖြစ်ကုန်လတ်သော် ဘဝင်အယဉ်ကို ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသော မနောဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌ လျင်မြန်စွာ စျာန်ကို ဝင်စားခြင်းငှာ စွမ်းနိုင်သည်၏အဖြစ်သည် သမာပဇ္ဇနဝသီ မည်၏။ ဤကား တန်ခိုးပြရာ ကာလ စသည်၌ အရေးတကြီး ဝင်စားနိုင်သော အလွန်ထက်မြက်သူ ဉာဏ်ကြီးရှင်တို့၏ စွမ်းအင်သတ္တိထူးကြီး ပေတည်း။ ထိုမျှလောက် မမြန်ဘဲ ဘဝင်အပို အနည်းငယ် ကျသော်လည်း သမာပဇ္ဇနဝသီဟု ဆိုထိုက်သည် သာတည်း။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၉။ သင်္ဂြိုဟ်ဘာသာဋီကာ၊၅၆၆။)

လျင်မြန်မှု စွမ်းအင်

လျင်မြန်မှု စွမ်းအင်

လျင်မြန်မှု စွမ်းအင်ဟူရာဝယ် စျာန်ကို ဝင်စားခြင်းငှာ အလိုရှိသည်၏ အခြားမဲ့၌ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ အမည်ရသော ဘဝင်နှစ်ကြိမ်တို့သည် ဖြစ်ကုန်ပြီးလတ်သော် ဘဝင်ကို ဖြတ်၍ ဖြစ်ပေါ်လာသော မနောဒွါရာ ဝဇ္ဇန်း၏ အခြားမဲ့၌ စျာန်ဇောအစဉ်ကို ဖြစ်စေခြင်း = စျာန်ကို ဝင်စားခြင်းသည် လျင်မြန်စွာ စျာန်ကို ဝင်စားခြင်း ငှာ စွမ်းနိုင်သည်၏အဖြစ် မည်၏။ အထွတ်အထိပ်သို့ ရောက်သော ဤ သမာပဇ္ဇနဝသီကိုလည်း ဘုရားရှင်၏ တရားတော်ကို ဟောတော်မူရာအခါ၌ ရအပ်ပေသည်။ ယင်းဝသီကိုပင် ရည်ရွယ်တော်မူ၍ ဤသို့ ဟောကြား တော်မူ၏။ ----

အဂ္ဂိဝေဿန အနွယ်၌ ဖြစ်သော တကာတော် သစ္စကပရိဗိုဇ် ...ထိုသို့ တရားဟောနေသော ငါဘုရား သည် ထိုတရားစကား၏ အဆုံး၌ပင်လျှင် ငါဘုရားရှင်၏ အခါခပ်သိမ်း နေထိုင်ကြောင်းဖြစ်သော ထို ရှေးဖြစ်သော အရဟတ္တဖိုလ်သမာဓိ၏ အာရုံဖြစ်သော နိဗ္ဗာန်၌သာလျှင် စိတ်ကို ကောင်းစွာ တည်စေ၏၊ ကောင်းစွာ နေစေ၏၊ အာရုံတစ်ခုတည်း ရှိမှုကို ပြု၏၊ ကောင်းစွာ အညီအညွတ်ထား၏၊ ယင်းသို့သော ထားခြင်းဖြင့် အမြဲတမ်းလိုပင် နေထိုင်ပါ၏။ (မ၊၁၊၃၁၆။)

ဤဘုရားရှင်၏ သမာပဇ္ဇနဝသီထက် သာလွန်လျင်မြန်သော သမာပဇ္ဇနဝသီ မည်သည် မရှိပေ။ တစ်ချိန် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် လသာသော ညတစ်ညဝယ် ကပေါတချောက်၌ သီတင်းသုံးတော် မူလျက် သမာပတ်ကို ဝင်စားနေတော်မူ၏။ ထိုအခါဝယ် ခေါင်းရိတ်ပြီးစ ဖြစ်သဖြင့် ခေါင်းပြောင်လျက်ရှိသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်၏ ဦးထိပ်ထက်၌ နန္ဒဘီလူးသည် တောင်ထွတ်ကြီးကိုသော်လည်း ပြိုကွဲ စေခြင်းငှာ စွမ်းနိုင်သော ပုတ်ခတ်ခြင်းကို ပေးခဲ့၏။ သမာပတ်မှ ထသည်နှင့် ညီမျှသောကာလ၌ ထလျှင် ထခြင်း ထိုနန္ဒဘီလူးက ပုတ်ခတ်ခြင်းကို ပေးအပ်၏ဟု သုတ္တန်ဆောင် မထေရ်တို့ကား ဆိုတော်မူကြကုန်၏။ ဤအရှင်သာရိပုတ္တရာ၏ သမာပဇ္ဇနဝသီသည်လည်း ဤအရာ၌ ထုတ်ပြထိုက်သော သာဓကတစ်ရပ်ပင် ဖြစ်ပေ သည်။ (မဟာဋီ၊၁၊၁၇၉။)

၃။ အဓိဋ္ဌာနဝသီ

၃။ အဓိဋ္ဌာနဝသီ

လက်ဖျစ် တစ်တွက် အတိုင်းအရှည်ရှိသော ခဏပတ်လုံးလည်းကောင်း, လက်ဖျစ်ဆယ်တွက် အတိုင်း အရှည်ရှိသော ခဏပတ်လုံးလည်းကောင်း, တစ်နာရီ, တစ်နံနက်, တစ်ရက် စသည်ဖြင့် မိမိ အလိုရှိသမျှ ကာလ ပတ်လုံးလည်းကောင်း ပိုလည်း မပိုရ, လိုလည်း မလိုရအောင် ဝင်စားလိုရာ အချိန်စေ့အောင် ရေကာတာရိုး သည် ရေကို တားထားသကဲ့သို့ ဘဝင်အယဉ်ကို တားဆီး၍ စျာန်ဇောစိတ်အစဉ်ကို တည်တံ့အောင် ထားခြင်းငှာ စွမ်းနိုင်သော သတ္တိသည် အဓိဋ္ဌာနဝသီ မည်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၀။ မဟာဋီ၊၁၊၁၈၀။)

၄။ ဝုဋ္ဌာနဝသီ

၄။ ဝုဋ္ဌာနဝသီ

အလားတူပင် လက်ဖျစ်တစ်တွက် အတိုင်းအရှည်ရှိသော ကာလပတ်လုံးလည်းကောင်း, လက်ဖျစ် ဆယ်တွက် အတိုင်းရှည်ရှိသော ကာလပတ်လုံးလည်းကောင်း တစ်နာရီ, တစ်နံနက်, တစ်ရက် စသည်ဖြင့် မိမိတို့ အလိုရှိသမျှ ကာလပတ်လုံးလည်းကောင်း တစ်ခဏမျှ ခပ်တိုတို ဝင်စားလိုလျှင် ခပ်တိုတို ဝင်စား၍ ကြာရှည် စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍ ရည်မှန်းထားသော အချိန်ကာလကို ပိုလည်း မပိုရ လိုလည်း မလို ရအောင် စျာန်ဇောစိတ်အစဉ်မှ လျင်မြန်စွာ ထခြင်းငှာ စွမ်းနိုင်သော သတ္တိသည် ဝုဋ္ဌာနဝသီ မည်၏။

စျာန်စိတ်ချည်း ဆက်၍ ဖြစ်နေခြင်းကို စျာန်ဝင်စားသည်ဟု ခေါ်၍ စျာန်ဇော စိတ်အစဉ် ပြတ်၍ ဘဝင် စိတ် ဖြစ်ပေါ်လာမှုကို စျာန်မှ ထသည်ဟု ခေါ်၏။ ဤနှစ်ပါးသော ဝသီဘော်တို့တွင် ဤမျှလောက်သော ခဏပတ်လုံးသာလျှင် စျာန်ကို (= စျာန်ဇောစိတ်အစဉ်ကို ) ထားအံ့ တည်စေအံ့ဟု စျာန်မဝင်စားမီ ရှေး၌ ဖြစ်သော ပရိကံ၏ အစွမ်းဖြင့် အဓိဋ္ဌာန် = ပရိကံပြုသည့်အတိုင်း တည်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်သည် အဓိဋ္ဌာနဝသီ မည်သကဲ့သို့ အလားတူပင် ဤမျှလောက်သော ခဏပတ်လုံးသာလျှင် စျာန်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်မှ ထအံ့ဟု စျာန်မဝင်စားမီ ရှေး၌ ဖြစ်သော ပရိကံ၏ အစွမ်းဖြင့် စျာန်မှ ထခြင်း၌ စွမ်းနိုင်သည်၏ အဖြစ် သည် ဝုဋ္ဌာနဝသီ မည်၏ဟု သိရှိပါလေ။ ထိုအဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ နှစ်ပါးကို ထင်ရှားပြခြင်းငှာ အရှင်ဗုဒ္ဓရက္ခိတ မထေရ်၏ ဝတ္ထုကို ဆိုခြင်းငှာ သင့်လှပေ၏။

ထို အရှင်ဗုဒ္ဓရက္ခိတသည် ပဉ္စင်းဖြစ်သည်မှ ရှစ်ဝါအရတွင် အရှင်မဟာမဟိန္ဒမထေရ် ကောင်းကင်မှ သက်ကျရာ သရက်ပင်ရောက်သော ကုန်း၌ မဟာရောဟဏဂုတ္တမထေရ်မြတ်ကြီးအား သူနာပြုစုရန် အလို့ငှာ ကြွရောက်တော်မူလာကြကုန်သော သုံးသောင်းကုန်သော တန်ခိုးရှိသော အရှင်တို့၏ အလယ်၌ နေလျက် ရောဟဏဂုတ္တမထေရ်မြတ်ကြီးအား ယာဂု ဆက်ကပ်လာသော အလုပ်အကျွေး နဂါးမင်းကို သုတ်ယူအံ့ဟူသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်မှ ဆင်းသက်ပျံသန်း ပြေးလာသော ဂဠုန်မင်းကို မြင်၍ ထိုခဏ၌ပင်လျှင် တောင် ကို ဖန်ဆင်း၍ နဂါးမင်းကို မောင်း၌ကိုင်၍ ထို မိမိ ဖန်ဆင်းထားသော တောင်ခေါင်းအတွင်းသို့ ဝင်သွားတော် မူ၏။ ကောင်းကင်မှ ပြေးဆင်းလာသော ဂဠုန်မင်းသည် ထို ဖန်ဆင်းထားသော တောင်၌ ရင်ဘတ်ဖြင့် ပုတ်ခတ်ခြင်းကို ပေးပြီး၍ (ရင်ဘတ်နှင့် တောင်ကြီးကို ဆောင့်မိလျက်) ထွက်ပြေးရလေ၏။ ထိုအခါ မဟာ ရောဟဏဂုတ္တ မထေရ်ကြီးက ငါ့ရှင်တို့ ...ဗုဒ္ဓရက္ခိတသည် အကယ်၍ မရှိအံ့၊ ငါတို့အားလုံးသည် ကဲ့ရဲ့ ထိုက်သူတို့ ဖြစ်ကြရကုန်အံ့- ဟု ဆိုတော်မူ၏။ (ဝိသုဒ္ဓိ၊၁၊၁၅၀။)

အကြင် အဘိညာဏ်စိတ်ဖြင့် တောင်ကို ဖန်ဆင်းလေရာ၏၊ ထို အဘိညာဏ်စိတ်သည်ကား တစ်ကြိမ် သည်သာလျှင် ဖြစ်သည်ကား မှန်၏၊ သို့သော်လည်း အဘိညာဏ်၏ အခြေပါဒက ဖြစ်သော စျာန်ကိုသာ၍ လျင်မြန်စွာ ထားခြင်းကိုလည်းကောင်း, ထိုစျာန်မှ ထခြင်းကိုလည်းကောင်း ဤအရာ၌ သက်သေအဖြစ် ဤ ဝတ္ထုကို ထုတ်ဆောင်ပြခြင်း ဖြစ်၏ဟု မှတ်ပါ။ ထိုကဲ့သို့ စျာန်စိတ်ကို လျင်မြန်စွာ ထားနိုင်သော အဓိဋ္ဌာနဝသီ, စျာန်မှ လျင်မြန်စွာ ထနိုင်သော ဝုဋ္ဌာနဝသီဟူသော ဝသီဘော် နှစ်ပါးကို အထူးနိုင်နင်းတော်မူသော အရှင် ဗုဒ္ဓရက္ခိတသာ မရှိခဲ့ပါမူ သုံးသောင်း အတိုင်းအရှည် ရှိကုန်သော ဤမျှလောက်ကုန်သော တန်ခိုးရှင်တို့သည် အလုပ်အကျွေးတစ်ဦး ဖြစ်သော နဂါးကို ဂဠုန်ဘေးရန်မှ စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်ကုန်ဟု ကဲ့ရဲ့ထိုက်သည် ဖြစ်ကုန်ရာ၏။ (မဟာဋီ၊၁၊၁၈၀။)

၅။ ပစ္စဝေက္ခဏဝသီ

၅။ ပစ္စဝေက္ခဏဝသီ

ပစ္စဝေက္ခဏဝသီ ပန အာဝဇ္ဇနဝသိယာ ဧဝ ဝုတ္တာ။ ပစ္စဝေက္ခဏဇဝနာနေဝ ဟိ တတ္ထ အာဝဇ္ဇနာနန္တရာနီတိ။ (ဝိသုဒ္ဓိ၊၁၊၁၅၀။)

အာဝဇ္ဇနာနန္တရာနီတိ အာဝဇ္ဇနဝသီဘာဝါယ ယထာက္ကမံ ဝိတက္ကာဒီနံ စျာနင်္ဂါနံ အာဝဇ္ဇနာယ ပရတော ယာနိ ဇဝနာနိ ပဝတ္တာနိ၊ တာနိ တေသံ ပစ္စဝေက္ခဏာနိ။ ယဒဂ္ဂေန အာဝဇ္ဇနဝသီသိဒ္ဓိ၊ တဒဂ္ဂေန ပစ္စဝေက္ခဏာဝသီသိဒ္ဓိ ဝေဒိတဗ္ဗာ။ (မဟာဋီ၊၁၊၁၈၀။)

စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏ နောက်၌ ပစ္စဝေက္ခဏာဇောများ ဆက်၍ စော၏။ ယင်း ပစ္စဝေက္ခဏာဇောတို့သည်လည်း စျာန်အင်္ဂါတို့ကိုပင် ဆက်လက်၍ ဆင်ခြင်ကြ၏။ စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော ယင်း ပစ္စဝေက္ခဏာဇောတို့၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုပေသည်။ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိတို့၏ တစ်ဝီထိနှင့် တစ်ဝီထိ အကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်သော သတ္တိတည်း။ ထိုကြောင့် အာဝဇ္ဇနဝသီဘော် ပြီးစီး အောင်မြင်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးအောင်မြင်တော့သည်သာဟု သိရှိပါလေ။ စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင် ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏ စွမ်းအင်သတ္တိကို အာဝဇ္ဇနဝသီဟုလည်းကောင်း, စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဇော၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟုလည်းကောင်း နှစ်မျိုး ခွဲခြား ထားသည်ဟု မှတ်ပါ။ (ဝိသုဒ္ဓိ၊၁၊၁၅၀။ မဟာဋီ၊၁၊၁၈၀။)

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးကား ကမ္မဋ္ဌာန်းကျမ်းကြီးတွင် ----

စျာန်အင်္ဂါတို့ကို ဆင်ခြင်ပြီးလျှင် တစ်ဖန် စျာန်ကို အလျင်အမြန် ဝင်စားဖို့ရန် စျာန်အင်္ဂါတို့ကို ဆင်ခြင် သော ပစ္စဝေက္ခဏာဇောတွေကို ခုနစ်ကြိမ်လောက် များစွာ မဖြစ်စေဘဲ လေးကြိမ် ငါးကြိမ်မျှလောက်သာ ကျစေနိုင်မှုကို ပစ္စဝေက္ခဏာဝသီဟု ခေါ်သည် - ဟု ဤသို့ မိန့်ဆိုထားတော်မူပေသည်။ (ကမ္မဋ္ဌာန်းကျမ်းကြီး - ၄၅။)

_________

ဒုတိယဇ္ဈာနကထာ

ဒုတိယဇ္ဈာနကထာ

ဤဝသီငါးတန်တို့၌ လေ့ကျက်အပ်ပြီး လေ့လာအပ်ပြီး နိုင်နင်းပြီးသော ဝသီရှိသော ယောဂါဝစရပုဂ္ဂိုလ် သည် နိုင်နိုင်နင်းနင်း လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ ----

''အယံ သမာပတ္တိ အာသန္နနီဝရဏပစ္စတ္ထိကာ, ဝိတက္ကဝိစာရာနံ ဩဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ''

(ဝိသုဒ္ဓိ၊၁၊၁၅၀။)

၁။ ဤပထမစျာန် သမာပတ်သည် နီးကပ်သော နီဝရဏ ရန်သူ ရှိ၏၊

၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိ၏ဟု ထိုပထမစျာန်၌ အပြစ်ကို မြင်အောင်ကြည့်၍,

၃။ ဒုတိယစျာန်ကို (ပထမစျာန်ထက် ပို၍) ငြိမ်သက်သော တရားဟု နှလုံးသွင်း၍,

၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်ခန်းစေ၍ ----

ဒုတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်း အာနာပါနဿတိသမာဓိဘာဝနာမှုကို ပြုလုပ်အပ်၏၊

(ဝိသုဒ္ဓိ၊၁၊၁၅၀။)

နီဝရဏရန်သူ ---- နီဝရဏရန်သူတို့ကား ပထမစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဝိက္ခမ္ဘန = ခွာထားသည့် အနေဖြင့် ကွာကျသွားကြ၏၊ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ အာနာပါနဿတိသမာဓိကို ထူထောင် လာရာ ပထမစျာန်သို့ ဆိုက်လုနီးဖြစ်သည့် ဥပစာရသမာဓိနယ်မြေသို့ ရောက်ရှိပါမှ နီဝရဏတရားတို့ ငြိမ်း အေး သွားကြခြင်း ဖြစ်၏၊ ပထမစျာန်နှင့် ပထမစျာန်၏ ဥပစာရသမာဓိကား အလွန်နီးကပ်လျက် ရှိသဖြင့် ဥပစာရသမာဓိသို့ ဆိုက်ပါမှ ကွာကျသွားသော နီဝရဏရန်သူနှင့် နီးကပ်လျက်ပင် ရှိပေသည်။

ဝိတက်-ဝိစာရ ---- ဝိတက်ကား အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှု တင်ပေး ခြင်းသဘော, ဝိစာရကား အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော ဖြစ်သဖြင့် ငြိမ်သက်မှု သမာဓိစွမ်းအင်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှုတင်ပေးရခြင်း ထိုအာရုံကို သုံးသပ်နေရခြင်းတို့မှာ ရုန့်ရင်း ကြမ်းတမ်း သော စိတ်အမူအရာ တစ်မျိုး ဖြစ်နေ၏၊ အကယ်၍ ဘာဝနာစိတ်ကို ထိုကဲ့သို့ တင်မပေးရဘဲ ဘာဝနာအာရုံကို ထိုကဲ့သို့ မသုံးသပ်ရဘဲ ဘာဝနာအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါက ပို၍ ကောင်းမည်ဟု နှလုံးပိုက်၍ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိသော ပထမစျာန်ကို အလိုမရှိသော စိတ်ထား, ပို၍ငြိမ်သက်သော ဒုတိယစျာန်ကို အလိုရှိသော စိတ်ထားဖြင့် အာနာပါနပဋိဘာဂ နိမိတ် အာရုံကိုပင် အာရုံယူ၍ အာနာပါနဿတိသမာဓိဘာဝနာကို ဆက်လက်ပွားများရမည်ဟု ဆိုလိုပေသည်။

ဒုတိယစျာန်သို့ ---- ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ရှေးရှုသက်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခ စိတ္တေကဂ္ဂတာ တို့သည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါကို ပယ်ခြင်း ငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကို ပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် - ''ယခုအခါ၌ ဒုတိယ စျာန်သည် ဖြစ်ပေတော့လတ္တံ့''ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဉ်ကို ဖြတ်၍ ထိုအာနာပါနပဋိဘာဂ နိမိတ် အာရုံကိုပင် အာရုံပြု၍ အာနာပါနပဋိဘာဂနိမိတ်ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်းသည် ဖြစ်ပေါ် လာ၏၊ ထိုနောင် ထို အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူအား လေးကြိမ်မူလည်း ဖြစ်ကုန်သော ဣန္ဒြေ မထက်လွန်းသူအား ငါးကြိမ်မူလည်း ဖြစ်ကုန်သော ဇောတို့သည် စောကုန်၏၊ ယင်း လေးကြိမ် ငါးကြိမ်သော ဇောတို့တွင် နောက်ဆုံး၌ဖြစ်သော တစ်ခုသော လေးကြိမ်မြောက်ဇောသည် သို့မဟုတ် ငါးကြိမ်မြောက်ဇောသည် ဒုတိယစျာန်ရှိသော ရူပါဝစရစျာန်ဇောတည်း။ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်သော ဇောတို့သည်ကား ပထမစျာန်၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော သို့မဟုတ် ဥပစာ အနုလုံ ဂေါတြဘုဟူသော အမည်ထူး ရှိသည်သာလျှင် ဖြစ်ကုန်သော ကာမာဝစရ ဇောတို့ ဖြစ်ကြကုန်၏၊

ဤမျှလောက်သော ဘာဝနာအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်း ကြောင့် မိမိတို့၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်ကို ကြည်လင်စေတတ်သော စိတ်၏ မြတ်သော တည်ကြည်မှု သမာဓိကို ပွားစေတတ်သော ဝိတက် မရှိသော ဝိစာရ မရှိသော ပထမစျာန်သမာဓိကြောင့် ဖြစ် သော (သို့မဟုတ် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်သမာဓိကြောင့် ဖြစ်သော) နှစ်သက်ခြင်း ပီတိ, ချမ်းသာခြင်း သုခရှိသော ဒုတိယစျာန်ကို ပြည့်စုံစေ၍ (ဒုတိယစျာန်သို့ ကပ်ရောက်၍) နေထိုင်ပေ၏၊ ဤသို့လျှင် ဤ ယောဂါ ဝစရပုဂ္ဂိုလ်သည် ဝိတက် ဝိစာရဟူသော ပယ်အပ်သော နှစ်ပါးသော စျာန်အင်္ဂါရှိသော, ပီတိ သုခ ဧကဂ္ဂတာ ဟူသော သုံးပါးသော စျာန်အင်္ဂါနှင့် ပြည့်စုံသော, သုံးပါးအပြားရှိသော ကောင်းခြင်းဂုဏ်ရှိသော, ဆယ်ပါးသော လက္ခဏာနှင့် ပြည့်စုံသော အာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဒုတိယစျာန်ကို ရရှိအပ်သည် ဖြစ်ပေ သတည်း။ (ဝိသုဒ္ဓိ၊၁၊၁၅၀-၁၅၁။)

ဝိတက် ဝိစာရ ချုပ်ငြိမ်းမှု

ဝိတက် ဝိစာရ ချုပ်ငြိမ်းမှု

ပရမတ္ထဓမ္မသဘာဝတို့ကား ဖြစ်ပြီးလျှင် ပျက်ရိုးဓမ္မတာ ရှိသောကြောင့် ပထမစျာန်အတွင်းရှိ ပရမတ္ထဓမ္မ တို့သည် ပထမစျာန်အတွင်း၌ပင် ပျက်သွားကြ၏၊ ဒုတိယစျာန်သို့ တိုင်အောင် ဆက်လက်၍ ဖြစ်နေကြသည် တည်တံ့ခိုင်မြဲနေကြသည်ကား မဟုတ်ကုန်။ သို့အတွက် ထိုဒုတိယစျာန်၌ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံ ယူ၍ ဖြစ်ပေါ်လာကြကုန်သော ပထမစျာန် နာမ်တရား (၃၄) ဟူသော နာမ်တရားအားလုံးတို့သည်ပင် အကယ် ၍ကား မရှိကြလေကုန်။ မှန်ပေသည် ---- ပထမစျာန်အတွင်း၌ တည်ရှိကုန်သော ဖဿ စသော (၃၄)မျိုးသော နာမ်တရားတို့ကား တစ်ပါးတခြားတည်း။ ဒုတိယစျာန်အတွင်း၌ တည်ရှိကုန်သော (၃၂)လုံးသော ဖဿ စသော တရားတို့ကား သီးသန့် တစ်ပါးတခြားသာတည်း၊ စိတ္တက္ခဏချင်း မတူကြသဖြင့် သီးသန့်စီ ဖြစ်ကြကုန်၏၊ ဒုတိယစျာန်ဖြစ်ခိုက်၌ ပထမစျာန်နာမ်တရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောအရ သက်တမ်း စေ့၍ ချုပ်ပျက်သွားကြပြီး ဖြစ်သဖြင့် ထိုသို့ပင် ထင်ရှားမရှိသော်လည်း ရုန့်ရင်း ရုန့်ရင်းသော စျာန်အင်္ဂါကို ကျော်လွှား လွန်မြောက်သွားခြင်းကြောင့် ပထမစျာန်မှ တစ်ပါးကုန်သော ဒုတိယစျာန် စသည်တို့ကို ရရှိခြင်း သည် ဖြစ်ပေါ်လာနိုင်၏ဟူသော ဤကဲ့သို့သော အနက်သဘောကို ထင်ရှားပြခြင်းငှာ --- ဝိတက္ကဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် - ဟူ၍ ဤသို့ ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။ ဝိတက် ဝိစာရနှင့် အတူတကွ ဖြစ်သော တရားတို့၏လည်း ချုပ်ငြိမ်းခြင်းကြောင့်ဟူ၍ ဟောတော် မမူအပ်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)

သဒ္ဓါ နှင့် သမာဓိ

သဒ္ဓါ နှင့် သမာဓိ

ဤဒုတိယစျာန်၌ -- အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ (မ၊၁၊၈၉။) - စသည်ဖြင့် မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားနှင့် မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိ ရှိမှုကို အထူးပြု၍ ဘုရားရှင် ဟောကြားထားတော်မူခဲ့၏၊

ဤအရာ၌ မေးမြန်းဖွယ်ကား ဤသို့ ဖြစ်၏၊ ဤကဲ့သို့သော စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါ တရားနှင့် ဧကောဒိ အမည်ရသော မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိတရားသည် ပထမစျာန်၌လည်း ရှိသည်ပင် မဟုတ်ပါလား၊ အဘယ်ကြောင့် ဤဒုတိယစျာန်ကိုသာလျှင် သမ္ပသာဒန = စိတ်ကို ကြည်လင်စေ တတ်သော သဒ္ဓါတရား ရှိ၏ဟူ၍လည်းကောင်း, စေတသော ဧကောဒိဘာဝ = မွန်မြတ်သော စိတ်တည်ကြည် မှု သမာဓိကို တိုးပွားစေတတ်၏ဟူ၍လည်းကောင်း ဟောကြားတော်မူအပ်ပါသနည်းဟု မေးမြန်းဖွယ် ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏၊

ဤပထမစျာန်သည် ဝိတက် ဝိစာရတို့၏ လှုပ်ချောက်ချားခြင်း လောက်လက်ခတ်ခြင်းကြောင့် လှိုင်းတံပိုး ငယ် လှိုင်းတံပိုးကြီးတို့ဖြင့် ရောပြွမ်းသော ရေကဲ့သို့ ကောင်းစွာ ကြည်လင်သည်ကား မဖြစ်သေး။ ထိုကြောင့် ပထမစျာန်၌ သဒ္ဓါတရား ရှိသော်လည်း သမ္ပသာဒန = စိတ်ကို ကြည်လင်စေတတ်၏ဟူ၍ ဘုရားရှင် ဟော တော် မမူအပ်ပေ။ ဆိုအပ်ပြီးသော စိတ်၏ ကောင်းစွာ မကြည်သည်၏ အဖြစ်ဟူသော အကြောင်းကြောင့် လည်းကောင်း, ဆိုအပ်ပြီးသည်သာဖြစ်သော ဝိတက် ဝိစာရတို့၏ လောက်လက်ခတ်ခြင်း ချောက်ချားခြင်း ဟူ သော အကြောင်းကြောင့်လည်းကောင်း သဒ္ဓါနှင့် ပညာတို့၏ ညီမျှမှု ဝီရိယ၏ သမာဓိနှင့် ညီမျှမှု ရှိခဲ့သော် (ပျစ်ချွဲသော ရေ၌ ငါးကဲ့သို့ ) ဤပထမစျာန်၌ သမာဓိသည်လည်း ကောင်းစွာ ထင်ရှားသည် မဖြစ်၊ ထိုကြောင့် ဧကောဒိဘာဝ = မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်၏ ဟူ၍လည်း ဟောတော်မမူ အပ်ပေ။

အထူးမှာ ဤဒုတိယစျာန်၌ ဝိတက် ဝိစာရတို့၏ ထက်ဝန်းကျင်မှ နှောင့်ယှက်ခြင်း မရှိသည်၏ အဖြစ် ကြောင့် စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားသည် အခွင့်ရလာသည်ဖြစ်၍ အားရှိလာ၏၊ စွမ်းအင် ပြည့်ဝလာ၏၊ အားရှိသော စွမ်းအင်ပြည့်ဝသော သဒ္ဓါဟူသော အဖော်သဟဲကို ရရှိခြင်းကြောင့်ပင်လျှင် သမာဓိ သည်လည်း ထင်ရှားလာ၏၊ ထိုကြောင့် ဤဒုတိယစျာန်ကိုသာလျှင် သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ - ဟု မိမိ၏ ကိုယ်တွင်းအဇ္ဈတ္တသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော သဒ္ဓါတရားနှင့် ဧကောဒိ အမည်ရသော မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိရှိမှုကို အထူးပြု၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည် --- ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၂။)

အဝိတက္က အဝိစာရ ---- ဝိတက် ဝိစာရတို့အပေါ်၌ တွယ်တာတပ်မက်သည့် တဏှာကို စွန့်ပယ်ခြင်းဖြင့် ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့် ဤဒုတိယစျာန်သည် စိတ်ကို ကြည်လင်စေတတ်၏၊ ဥပစာရသမာဓိ အခိုက်၌ကဲ့သို့ နီဝရဏကိလေသာဟူသော နောက်ကျိခြင်းကို ငြိမ်းစေခြင်းကြောင့် စိတ်ကို ကြည်လင်စေတတ် သည်ကား မဟုတ်၊ ထို့ပြင် ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့်ပင်လျှင် ဤဒုတိယစျာန်သည် မွန်မြတ် သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေတတ်ခြင်း ဖြစ်၏၊ ဥပစာရစျာန်၌ကဲ့သို့ နီဝရဏကိလေသာ အညစ်အကြေးကို ပယ်ခွာခြင်းကြောင့်လည်းကောင်း, ပထမစျာန်၌ကဲ့သို့ စျာန်အင်္ဂါ ထင်ရှား ဖြစ်ခြင်းကြောင့် လည်းကောင်း ဤဒုတိယစျာန်သည် မွန်မြတ်သော စိတ်တည်ကြည်မှု = သမာဓိကို တိုးပွားစေသည်ကား မဟုတ်၊ ဤသို့လျှင် ဤ - ဝိတက္ကဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟူသော - ဤစကားသည် စိတ်ကို ကြည်လင်စေမှုနှင့် မွန်မြတ်သော စိတ်တည်ကြည်မှု သမာဓိကို တိုးပွားစေမှုတို့၏ အကြောင်းကို ထင်ရှား ဖော်ပြသော စကားသာ ဖြစ်၏၊

ထိုမှတစ်ပါး ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် ဤဒုတိယစျာန်သည် ဝိတက် မရှိသည် ဝိစာရ မရှိသည် ဖြစ်၏၊ တတိယစျာန် စတုတ္ထစျာန်တို့ကဲ့သို့လည်းကောင်း, စက္ခုဝိညာဏ် စသည်တို့ကဲ့သို့လည်းကောင်း ပင်ကိုယ် သဘောအားဖြင့် မရှိခြင်းကြောင့် ဝိတက် မရှိသည် ဝိစာရလည်း မရှိသည် မဟုတ်၊ ဤသို့လျှင် ဝိတက် မရှိမှု ဝိစာရ မရှိမှု၏ အကြောင်းကို ပြတတ်သည်လည်း ဖြစ်၏၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကို ပြတတ်သည် မဟုတ်။

သို့သော် - အဝိတက္ကံ အဝိစာရံ = ဝိတက် မရှိသော ဝိစာရ မရှိသော - ဟူသော ဤ စကားသည်ကား ဤဒုတိယစျာန်၌ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကိုသာလျှင် ပြတတ်ရှာ၏၊ ထိုကြောင့် ရှေးဖြစ်သော ဝိတက် ဝိစာရာနံ ဝူပသမာ = ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟူသော စကားကို ပြောဆိုပြီး၍လည်း အဝိတက္ကံ အဝိစာရံ = ဝိတက် မရှိသော ဝိစာရ မရှိသောဟူသော နောက်စကားကို ပြောဆိုသင့်သည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်ဟု ဆိုပြီးသော်လည်း ဝိတက် မရှိသော ဝိစာရ မရှိသော ဟူသော စကားကိုလည်း ဤဒုတိယစျာန်၏ ဂုဏ်ကို ဖော်ပြရာဝယ် ထပ်မံ၍ ဆိုရပြန်ပေသည်။

(ဝိသုဒ္ဓိ၊၁၊၁၅၂-၁၅၃။)

သမာဓိဇံ = သမာဓိကြောင့် ဖြစ်သော ----

ဤဒုတိယစျာန်ကား ပထမစျာန်သမာဓိက ဥပနိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် လည်းကောင်း, ဒုတိယစျာန်သမာဓိဟူသော မိမိ ဒုတိယစျာန်နှင့် စိတ္တက္ခဏတစ်ခုအတွင်း အတူယှဉ်တွဲ ဖြစ် သည့် သမ္ပယုတ်သမာဓိကလည်း သဟဇာတ အညမည နိဿယစသော သတ္တိတို့ဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လာရသဖြင့် သမာဓိဇံ = သမာဓိကြောင့်ဖြစ်သောဟု ဟောကြားတော်မူခြင်း ဖြစ်ပေ သည်။ ထိုပထမစျာန် ဒုတိယစျာန် နှစ်ပါးတို့တွင် ပထမစျာန်သည်လည်း မိမိ ပထမစျာန်နှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်သည့် သမ္ပယုတ် သမာဓိကြောင့်ပင် အကယ်၍ကား ဖြစ်ပေါ်လာပေ၏၊ ထိုသို့ ဖြစ်သော်လည်း ဤဒုတိယစျာန်သမာဓိသည်သာလျှင် သမာဓိဟူ၍ ဆိုအပ်သည်၏ အဖြစ်ကို ထိုက်တန်၏၊ အဘယ်ကြောင့်နည်းဟူမူ ---- စိတ်အစဉ်ကို ထိုထို အာရုံသို့ ရောက်အောင် ရှေးရှုတင်ပေးခြင်း ဆုပ်နယ်ပေး ခြင်းဖြင့် ဝိတက် ဝိစာရတို့သည် စိတ်ကို လှုပ်ချောက်ချားစေတတ်၏၊ ဒုတိယစျာန်၌ကား ထိုကဲ့သို့ စိတ်ကို လှုပ် ချောက်ချားစေတတ်သော ဝိတက် ဝိစာရ ကင်းသဖြင့် အလွန်လျှင် တုန်လှုပ်ခြင်း ကင်းသည်၏ အဖြစ်ကြောင့် လည်းကောင်း, ကောင်းစွာ ကြည်လင်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤဒုတိယစျာန်သမာဓိသည်သာလျှင် သမာဓိဟူ၍ ဆိုအပ်သည်၏ အဖြစ်ကို ထိုက်တန်ပေသည်။ ထိုသို့ ဒုတိယစျာန်သမာဓိ၏သာလျှင် သမာဓိဟူ၍ ဆိုခြင်းငှာ ထိုက်သည်၏ အဖြစ်ကြောင့် ဤဒုတိယစျာန်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းငှာ ဤဒုတိယစျာန်ကို သာလျှင် သမာဓိဇံ = သမာဓိကြောင့် ဖြစ်၏ဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။

(ဝိသုဒ္ဓိ၊၁၊၁၅၃။)

အသင် ယောဂီသူတော်ကောင်းသည် ဤအထက်ပါ ရှင်းလင်းချက်များကို ဖတ်ရှုပြီးပါက အောက်ပါ ဘုရားဟောဒေသနာတော်ကို ဖတ်ရှုပါလျှင် လွယ်ကူစွာပင် နားလည်၍ အရသာ ပေါ်လွင်နေမည် ဖြစ်ပေသည်။

ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (မ၊၁၊၈၉။)

= ဝိတက် ဝိစာရတို့၏ ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ ဖြစ်သော စိတ်ကို ကြည်လင် စေတတ်သော, စိတ်၏ မြတ်သော တည်ကြည်မှု = သမာဓိကို ပွားစေတတ်သော ဝိတက် မရှိသော ဝိစာရ မရှိသော, ပထမစျာန်သမာဓိကြောင့် ဖြစ်သော (သို့မဟုတ် မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်သမာ

ဝိတက် ဝိစာရ ပြုတ်ချိန်

ဝိတက် ဝိစာရ ပြုတ်ချိန်

ယထာ စ ပဌမဇ္ဈာနဿ ဥပစာရက္ခဏေ နီဝရဏာနိ ပဟီယန္တိ၊ န တထာ ဣမဿ ဝိတက္ကဝိစာရာ။ အပ္ပနာက္ခဏေယေဝ စ ပနေတံ ဝိနာ တေဟိ ဥပ္ပဇ္ဇတိ။ တေနဿ တေ ''ပဟာနင်္ဂ''န္တိ ဝုစ္စန္တိ။ ပီတိ သုခံ စိတ္တေကဂ္ဂတာတိ ဣမေသံ ပန တိဏ္ဏံ ဥပ္ပတ္တိဝသေန တိဝင်္ဂသမန္နာဂတတာ ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၁၅၃။)

ပထမစျာန်၏ ဥပစာရသမာဓိအခိုက် ခဏ၌ နီဝရဏတို့ကို ပယ်အပ်ကုန်၏သို့ အလားတူ ဤဒုတိယ စျာန်၏ ဥပစာရသမာဓိအခိုက် ခဏ၌ ဝိတက် ဝိစာရတို့ကို ပယ်အပ်သည်ကား မဟုတ်ကုန်၊ အဘယ်ကြောင့် နည်းဟူမူ ဝိတက် ဝိစာရတို့၏ စိတ်အစဉ်ကို ညစ်နွမ်းစေတတ် ပူပန်စေတတ်သော သံကိလိဋ္ဌသဘော မရှိ သည်၏ အဖြစ်ကြောင့်လည်းကောင်း, ဥပစာရဘာဝနာ၏လည်း ထိုဝိတက် ဝိစာရတို့ကို ပယ်ခြင်းငှာ မစွမ်းနိုင် သည်၏ အဖြစ်ကြောင့်လည်းကောင်း ဤအကြောင်း နှစ်ပါးကြောင့် ဖြစ်ပေသည်။ အမှန်စင်စစ်အားဖြင့်မူကား အပ္ပနာစျာန် စောခိုက်၌သာလျှင် ဤဒုတိယစျာန်သည် ထိုဝိတက် ဝိစာရတို့နှင့် ကင်း၍ ဖြစ်ပေါ်လာပေသည်။ ထိုကြောင့် ထို ဝိတက် ဝိစာရတို့ကို ထို ဒုတိယစျာန်၏ ပယ်အပ်သော အင်္ဂါရပ်တို့ဟူ၍ ဆိုအပ်ကုန်သည်။ တစ်ဖန် ပီတိ သုခ စိတ္တေကဂ္ဂတာ ---- ဤတရားသုံးပါးတို့၏ ထင်ရှားဖြစ်ခြင်း၏ အစွမ်းဖြင့် ထိုဒုတိယစျာန်၏ သုံးပါးသော အင်္ဂါနှင့် ပြည့်စုံသည်၏ အဖြစ်ကို သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၃။)

ဤအဋ္ဌကထာ၏ သတ်မှတ်ချက် မိန့်ဆိုတော်မူချက်အရ အထွတ်အထိပ်သို့ ရောက်နေသော ဥပစာရ သမာဓိ အမည်ရသော, ဒုတိယစျာနဝီထိ ဒုတိယစျာနသမာပတ္တိဝီထိ စသည်တို့၌ အကျုံးဝင်သော ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဟူသော ဥပစာရဇောတို့၌ ဝိတက် ဝိစာရ မပြုတ်သေးဘဲ ယှဉ်လျက်ပင် ရှိနေသေးသည်ဟု မှတ်ပါ။ ဤ ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝိတက် ဝိစာရ ပြုတ်-မပြုတ် ကို ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။ ဤ ဒုတိယစျာန်၌လည်း ရစတွင် ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု နည်းပါစေ။

_________

တတိယဇ္ဈာနကထာ

တတိယဇ္ဈာနကထာ

ဧဝမဓိဂတေ ပန တသ္မိမ္ပိ ဝုတ္တနယေနေဝ ပဉ္စဟာကာရေဟိ စိဏ္ဏဝသိနာ ဟုတွာ ပဂုဏဒုတိယဇ္ဈာနတော ဝုဋ္ဌာယ ''အယံ သမာပတ္တိ အာသန္နဝိတက္ကဝိစာရပစ္စတ္ထိကာ၊ 'ယဒေဝ တတ္ထ ပီတိဂတံ စေတသော ဥပ္ပိလာဝိတံ၊ ဧတေနေတံ ဩဠာရိကံ အက္ခာယတီ'တိ ဝုတ္တာယ ပီတိယာ ဩဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ''တိ စ တတ္ထ ဒေါသံ ဒိသွာ တတိယဇ္ဈာနံ သန္တတော မနသိကရိတွာ ဒုတိယဇ္ဈာနေ နိကန္တိံ ပရိယာဒါယ တတိယာဓိဂမာယ ယောဂေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)

ဤသို့သော ဘာဝနာဖြင့် ထိုဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ရှေး၌ ဖွင့်ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းသာလျှင် ငါးပါးကုန်သော အခြင်းအရာတို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျက်အပ် လေ့ကျင့်အပ်ပြီး သော ဝသီရှိသည် ဖြစ်၍ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားအပ်ပြီးသော ဒုတိယစျာန်မှ ထ၍ ----

၁။ ဤ ဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူ ရှိ၏၊

၂။ ထို ဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏ အဖြစ်ဟူသော ပေါ်လွင်သော အခြင်း အရာဖြင့် အကြင် (အာနာပါနပဋိဘာဂနိမိတ်အာရုံကို) နှစ်သက်ခြင်း ပီတိသည် ရှိ၏၊ ဤပီတိကြောင့် သာလျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဟောကြားအပ်၏ ---- (ဒီ၊၁၊၃၄။) ---- ဤသို့ ဟောကြား ထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့် အားနည်းသော အင်္ဂါ ရှိ၏ဟု ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍,

၃။ တတိယစျာန်ကို (ဒုတိယစျာန်ထက် ပို၍) ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,

၄။ ဒုတိယစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်းကို ကုန်ခန်းစေ၍ ----

တတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်အပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)

ထိုသို့ ကြိုးစားအားထုတ်ရာဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ သတိ သမ္ပဇဉ် ဉာဏ်ယှဉ်လျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်လတ်သည်ရှိသော် ပီတိသည် ရုန့်ရင်းကြမ်းတမ်းသော သဘောအားဖြင့် ထင်လာ၏၊ သုခနှင့် ဧကဂ္ဂတာသည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော ပီတိ စျာန်အင်္ဂါကို ပယ်ခြင်းငှာ ငြိမ်သက်သော သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်ကို ရရှိခြင်းငှာ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် နှလုံးသွင်း ရှုပွားလျက် ရှိသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ''ဤ ယခုအခါ၌ တတိယစျာန်သည် ဖြစ်ပေါ်တော့လတ္တံ့''ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဉ်ကို ဖြတ်တောက်၍ (ဘဝင်အယဉ်ကို ဖြတ်သော ဘဝင်္ဂုပစ္ဆေဒစိတ် ဖြစ်ပြီး၍) ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်သည် (= အာနာပါန ပဋိဘာဂနိမိတ် အာရုံကို ဆင်ခြင်သောစိတ်သည်) ဖြစ်ပေါ်လာ၏၊ ထိုနောင် ထို အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူ ယောဂီသူတော်ကောင်းအား လေးကြိမ်မူလည်း ဖြစ်ကုန်သော, ဣန္ဒြေ မထက်မြက်လွန်းသူ ယောဂီသူတော်ကောင်းအား ငါးကြိမ်မူလည်း ဖြစ်ကုန်သော ဇောတို့သည် စောကုန်၏၊ ယင်း လေးကြိမ်သော ဇော, ငါးကြိမ်သော ဇောတို့၏ အဆုံး၌ တစ်ခုသော လေးကြိမ်မြောက်ဇော, သို့မဟုတ် ငါးကြိမ်မြောက်ဇောသည်ကား တတိယစျာန်ရှိသော ရူပါဝစရဇော ဖြစ်၏၊ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ် လေးကြိမ်သော ဇောတို့သည် ပထမစျာန်၌ ဆိုအပ်ခဲ့ပြီးသော နည်းအတိုင်းပင်လျှင် ကာမာဝစရဇောတို့သာ ဖြစ်ကြကုန်၏၊ (ဝိသုဒ္ဓိ၊၁၊၁၅၄။)

တတိယစျာန်ရသူ

တတိယစျာန်ရသူ

(ဧတ္တာဝတာ စ ပနေသ) ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတီတိ။ (ဒီ၊၁၊၇၁။ အဘိ၊၁၊၄၅။ ဝိသုဒ္ဓိ၊၁၊၁၅၄။)

ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို စက်ဆုပ်ခြင်း လွန်ခြင်းကြောင့် လည်းကောင်း, ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်လည်းကောင်း တတိယစျာန် ချမ်းသာကိုပင် လျစ်လျူ ရှုသည်ဖြစ်၍လည်း နေ၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကို အမှတ်ရတတ် သိမ်းဆည်းတတ်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း, အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထွင်းသိတတ်သော သမ္ပဇဉ် ဉာဏ် ပညာနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း ကာယိကသုခ စေတသိကသုခကိုလည်း နာမကာယဖြင့် ခံစား၏၊ အကြင်တတိယစျာန်ဟူသော အကြောင်းကြောင့် ယင်းတတိယစျာန်နှင့် ပြည့်စုံသော စျာနလာဘီ ပုဂ္ဂိုလ်ကို ဘုရားအစရှိသော အရိယာ အရှင်ကောင်း အရှင်မြတ်တို့သည် တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုပေသသူ သတိကောင်းပေသသူ ချမ်းသာစွာ နေပေသသူဟူ၍ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏၊ ထိုတတိယ စျာန်ကို ပြည့်စုံစေ၍ ထိုတတိယစျာန်သို့ ကပ်ရောက်၍ နေထိုင်ပေ၏၊

(ဒီ၊၁၊၇၁။ အဘိ၊၁၊၄၅။ ဝိသုဒ္ဓိ၊၁၊၁၅၄။)

ဥပေက္ခကော စ ဝိဟရတိ

ဥပေက္ခကော စ ဝိဟရတိ

ဤ၌ ဥပေက္ခာအရ အလွန်မွန်မြတ်သော တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုခြင်းသဘော, အလယ် အလတ်၌ ဖြစ်သောသဘော ရှိသော တတြမဇ္ဈတ္တတာ စေတသိက်ကို အရကောက်ယူသော စျာနုပေက္ခာကို အလိုရှိအပ်ပေသည်။ ထို ဥပေက္ခာသည် ----

၁။ တတိယစျာန်ချမ်းသာကို လျစ်လျူရှုခြင်းသဘော အလယ်အလတ်၌ ဖြစ်သောသဘော လက္ခဏာ ရှိ၏၊

၂။ အလွန်မွန်မြတ်သော တတိယစျာန်သုခ၌သော်လည်း နှလုံးမသွင်းခြင်းကိစ္စ ရှိ၏၊ (အလွန်မွန်မြတ်သော သုခ ဖြစ်သော်လည်း ထိုတတိယစျာန်သုခ၌ နှစ်သက်သောအားဖြင့် ညွတ်ကိုင်းရှိုင်းခြင်း၏ ဆန့်ကျင် ဘက် ကိစ္စရှိ၏ဟု ဆိုလိုပေသည်။)

၃။ စျာန်ချမ်းသာသုခ ဟူသမျှတို့တွင် အထွတ်အထိပ်သို့ ရောက်သော တတိယစျာန် ချမ်းသာသုခ၌သော် လည်း ခံစားရန် အားထုတ်ခြင်းကင်းသော သဘောတရားဟု ယောဂီဉာဏ်အား ရှေးရှု ထင်လာ၏၊

တစ်နည်း ---- မိမိနှင့် အတူယှဉ်ဖက် သမ္ပယုတ်တရားတို့၏ ထိုတတိယစျာန် ချမ်းသာသုခ၌ ကြောင့်ကြ ဗျာပါရ ကင်းခြင်းကို ဖြစ်စေတတ်၏၊

၄။ ပီတိကို စက်ဆုပ်ခြင်းလျှင် အနီးကပ်ဆုံးသော အကြောင်းတရား ရှိ၏၊

ဤ၌ မေးမြန်းဖွယ်ကား ဤသို့တည်း ---- ဤ စျာနုပေက္ခာဟူသည် ပရမတ္ထတရားကိုယ် အနက်သဘော အားဖြင့် တတြမဇ္ဈတ္တုပေက္ခာသည်သာလျှင်ဖြစ်သည် မဟုတ်လော၊ ထို တတြမဇ္ဈတ္တုပေက္ခာသည်လည်း ပထမ စျာန် ဒုတိယစျာန်တို့၌လည်း ရှိသည်ပင် မဟုတ်လော၊ ထိုသို့ ရှိသည် ဖြစ်သောကြောင့် ထိုပထမစျာန် ဒုတိယ စျာန်တို့၌လည်း -- ဥပေက္ခော စ ဝိဟရတိ = စျာန်ချမ်းသာ သုခကိုပင် လျစ်လျူရှုသည် ဖြစ်၍လည်းနေ၏ ---ဟူ၍ ဤသို့လျှင် ဤ တတြမဇ္ဈတ္တုပေက္ခာကို ဟောသင့်သည် ဖြစ်ကောင်းရာ၏၊ ထို တတြမဇ္ဈတ္တုပေက္ခာကို အဘယ်ကြောင့် မဟောအပ်ပါသနည်း ---- ဤကား မေးမြန်းဖွယ်တည်း။ [အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူ၍ ဖြစ်ပေါ်လာသော ပထမစျာန် နာမ်တရား (၃၄)လုံး, ဒုတိယစျာန် နာမ်တရား (၃၂)လုံးတို့၌ တတြ မဇ္ဈတ္တတာ စေတသိက် ပါဝင်လျက် ရှိသောကြောင့် ဤမေးခွန်းကို မေးနေခြင်းဖြစ်၏၊ (နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)]

မထင်ရှားသောကိစ္စ ရှိသောကြောင့် မဟောအပ်ပေ။ ဝိတက် ဝိစာရ ပီတိတို့သည် လွှမ်းမိုး ဖိစီးထားအပ် သည်၏ အဖြစ်ကြောင့် ထိုပထမစျာန် ဒုတိယစျာန်တို့၌ ထို တတြမဇ္ဈတ္တတာ စေတသိက်၏ လုပ်ငန်းကိစ္စသည် မထင်ရှား ဖြစ်နေ၏၊ ဤတတိယစျာန်၌ကား ဝိတက် ဝိစာရ ပီတိတို့သည် မလွှမ်းမိုး မဖိစီးအပ်သည်၏ အဖြစ်ကြောင့် ထောင်သော ဦးခေါင်း ရှိသကဲ့သို့ ဖြစ်၍ ထင်ရှားသော ကိစ္စရှိလျက် ဖြစ်ပေါ်လာ၏၊ ထိုကြောင့် ဤတတိယစျာန်၌သာ ဥပေက္ခကော စ ဝိဟရတိ = တတိယစျာန် ချမ်းသာသုခကိုပင် လျစ်လျူရှုသည် ဖြစ်၍ လည်းနေ၏ - ဟု ဘုရားရှင် ဟောကြားတော်မူအပ်ပေသည်။ ဤကား အဖြေတည်း။

(ဝိသုဒ္ဓိ၊၁၊၁၅၇။ မဟာဋီ၊၁၊၁၈၇။)

သတော စ သမ္ပဇာနော

သတော စ သမ္ပဇာနော

အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့တတ် ကြံတတ်သော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကပ်၍တည်တတ်သော သဘောသည် သတိ မည်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ကောင်းစွာ သိတတ် သော သဘောသည် သမ္ပဇဉ်ဉာဏ် မည်၏၊ ပုဂ္ဂလာဓိဋ္ဌာနနည်းအားဖြင့် ပုဂ္ဂိုလ် ဦးတည်၍ သတိနှင့် ပြည့်စုံသူ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသူဟူ၍ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

ထိုနှစ်ပါးတို့တွင် သတိသည် ----

၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့ခြင်း အမှတ်ရခြင်း သဘောလက္ခဏာ ရှိ၏၊

၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မေ့လျော့ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ကိစ္စ ရှိ၏၊

တစ်နည်း ---- အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမေ့ပျောက်ခြင်း ကိစ္စ ရှိ၏၊

၃။ ကိလေသာတို့မှ စောင့်တတ်သော တရားဟု ဉာဏ်အား ရှေးရှုထင်လာ၏၊ တစ်နည်း -- ကိလေသာတို့မှ စောင့်ခြင်းကို ဖြစ်စေတတ်၏၊ (တစ်နည်း ---- အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်နှစ်မျိုးလုံးကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်၏၊)

သမ္ပဇဉ်ဉာဏ်သည် ----

၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မတွေမဝေ ကောင်းစွာသိခြင်း သဘောလက္ခဏာ ရှိ၏၊

တစ်နည်း ---- တွေဝေခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောလက္ခဏာ ရှိ၏၊

၂။ (အာနာပါနကျင့်စဉ်၏ လမ်းဆုံးဟူသော) ထိုမှာဘက်ကမ်းသို့ ရောက်အောင် ကူးခပ်ခြင်း ကိစ္စရှိ၏၊

တစ်နည်း ---- မျက်နှာမူအပ်သော ဦးတည်ထားအပ်သော ကိစ္စ၏ အဆုံးကမ်းသို့ ရောက်အောင် ကူးခပ် နိုင်သော ကိစ္စရှိ၏၊

၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိစစ်စူးစမ်းတတ်သော သဘောတရားဟု ယောဂီဉာဏ်အား ရှေးရှု ထင်လာ၏၊ (ဝိသုဒ္ဓိ၊၁၊၁၅၇။)

ထိုစျာန်တို့တွင် ဤသတိ သမ္ပဇဉ်သည် ရှေးဖြစ်သော ပထမစျာန် ဒုတိယစျာန်တို့၌လည်း အကယ်၍ကား ရှိ၏၊ (ပထမစျာန် နာမ်တရား (၃၄), ဒုတိယစျာန် နာမ်တရား (၃၂)တို့၌ သတိနှင့် သမ္ပဇဉ် အမည်ရသော ပညာစေတသိက်တို့လည်း ပါဝင်လျက်ပင် ရှိ၏ဟု ဆိုလိုပေသည်။) မှန်ပေသည် -- လွတ်သော သတိရှိသော သမ္ပဇဉ်ကင်းသသူအား ဥပစာရစျာန်မျှသည်သော်လည်း မပြည့်စုံသေးချေ၊ အပ္ပနာစျာန်သည်ကား ပြောဖွယ် ရာပင် မရှိ၊ မပြည့်စုံနိုင်သည်သာ ဖြစ်၏၊ သို့သော်လည်း ထိုပထမစျာန် ဒုတိယစျာန်တို့၏ (အထက်အထက် စျာန်ကို ထောက်ရှုသော်) ရုန့်ရင်းသည်၏ အဖြစ်ကြောင့် မြေပေါ်၌ ယောက်ျား၏ သွားခြင်းသည် လွယ်ကူ သကဲ့သို့ ထိုပထမစျာန် ဒုတိယစျာန်တို့၌ စိတ်၏အလားသည် ချမ်းသာလွယ်ကူလျက် ရှိ၏၊ ထို ပထမစျာန် ဒုတိယစျာန်တို့၌ သတိနှင့် သမ္ပဇဉ်၏ ကိစ္စသည် မထင်ရှား ဖြစ်ခဲ့၏၊ စင်စစ်မှာမူ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါကို ပယ်ခြင်းကြောင့် ဤတတိယစျာန်၏ သိမ်မွေ့သည်၏ အဖြစ်ကြောင့် - ယောက်ျား၏ သင်ဓုန်းသွား ပေါ်၌ သတိ သမ္ပဇဉ် ကိစ္စဖြင့် သိမ်းဆည်းအပ်သော သွားခြင်းအလားကို အလိုရှိအပ်သကဲ့သို့ - ဤတတိယ စျာန်၌လည်း သတိ သမ္ပဇည ကိစ္စဖြင့် သိမ်းဆည်းအပ်သည်သာလျှင် ဖြစ်သော စိတ်၏အလားကို အလိုရှိအပ် ပေ၏၊ ထိုကြောင့် ဤတတိယစျာန်၌သာလျှင် ဤ - သတော သမ္ပဇာနော (= အာနာပါနပဋိဘာဂနိမိတ်အာရုံကို သိမ်းဆည်းတတ်သော သတိနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း, အာနာပါနပဋိဘာဂနိမိတ်အာရုံကို ကောင်း စွာ ထိုးထွင်းသိတတ်သော ပညာနှင့် ပြည့်စုံသည် ဖြစ်၍လည်းကောင်း) ဟူသော ပုဒ်နှစ်ခုအပေါင်းကို ဘုရားရှင် ဟောကြားထားတော်မူခြင်း ဖြစ်သည်။ ထိုထက်အလွန် ဆိုဖွယ်အထူး ရှိပြန်သေးသည်မှာ ဤသို့ ဖြစ်၏၊

နို့မကွာသေးသော နွားသားငယ်သည် အမိနွားမမှ ဖဲခွာထားအပ်သည်ရှိသော် (ထိုနွားသားငယ်ကို) မစောင့်ရှောက်အပ်ပါမူ တစ်ဖန်ပင်လျှင် အမိနွားမသို့ ကပ်ရောက်ပြန်၏သို့ ဤဥပမာအတူ ဤတတိယစျာန် ချမ်းသာသုခသည် ပီတိမှ ဖဲခွာစေအပ်သည် ဖြစ်၏၊ ထိုတတိယစျာန် ချမ်းသာသုခသည် သတိ သမ္ပဇဉ်ဟူသော အစောင့်အရှောက်ဖြင့် မစောင့်ရှောက်အပ်ပါမူ တစ်ဖန်ပင်လျှင် ပီတိသို့ ကပ်ရောက်ပြန်လေရာ၏၊ ပီတိနှင့် ယှဉ် သည်သာလျှင် ဖြစ်ရာ၏၊ (ဒုတိယစျာန်သို့ လျှောကျလေရာ၏ ဟူလိုသည်။) နောက်တစ်မျိုးကား ချမ်းသာသုခ ၌လည်း သတ္တဝါတို့သည် လွန်စွာတွယ်တာ တပ်မက်တတ်ကြကုန်၏၊ ဤတတိယစျာန် ချမ်းသာသုခသည်လည်း အလွန်ချိုမြိန် ကောင်းမြတ်သော ချမ်းသာသုခ ဖြစ်၏၊ အကြောင်းမူ လောကီချမ်းသာသုခတို့တွင် ထိုတတိယ စျာန် ချမ်းသာသုခထက် အလွန် ချမ်းသာသုခ၏ မရှိခြင်းကြောင့်ပင်တည်း။ (စတုတ္ထစျာန် စသည့် အထက်ပိုင်း စျာန်တို့၌ သုခဝေဒနာ မယှဉ်သောကြောင့် ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဤသို့ ဆိုခြင်း ဖြစ်သည်။)

အမှန်စင်စစ်မှာမူ သတိ သမ္ပဇဉ်၏ စွမ်းအင်အာနုဘော်ကြောင့် ဤတတိယစျာန် ချမ်းသာသုခ၌ ယောဂါ ဝစရ ပုဂ္ဂိုလ်သည် မတပ်မက်ခြင်း ဖြစ်ပေသည်၊ တစ်ပါးသော အပြားအားဖြင့် တစ်ပါးသော အကြောင်းကြောင့် မတပ်မက်ခြင်း ဖြစ်သည်ကား မဟုတ်ပေ။ ဤသို့သော အနက်အထူးကိုလည်း ထင်ရှား ပြတော်မူခြင်းငှာ ဤ သတော သမ္ပဇာနော - ဟူသော ပုဒ်နှစ်ခုအပေါင်းကို ဤ တတိယစျာန်၌သာလျှင် ဘုရားရှင် ဟောကြားတော် မူအပ်ပေသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၈။)

သုခဉ္စ ကာယေန ပဋိသံဝေဒေတိ

သုခဉ္စ ကာယေန ပဋိသံဝေဒေတိ

တတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် တတိယစျာန်ခဏ၌ တတိယစျာန် ချမ်းသာသုခ ကို ခံစားအံ့ဟု နှလုံးသွင်းခြင်း အာဘောဂသည် အကယ်၍ကား မရှိပေ။ ဤသို့ မရှိသည် ဖြစ်သော်လည်း ထို တတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်၏ နာမကာယ (= နာမ်တရား အပေါင်းအစု) နှင့် တတိယစျာန် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သော အကြင် သုခဝေဒနာသည် ရှိ၏၊ ထိုသုခဝေဒနာကို ထိုတတိယ စျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ခံစားလေရာ၏၊ နောက်တစ်မျိုးကား အကြင် တတိယစျာန် နာမကာယနှင့် အတူယှဉ်တွဲဖြစ်သော သုခဝေဒနာသည် ရှိ၏၊ ထိုသုခဝေဒနာကြောင့် (= ထိုသုခဝေဒနာနှင့် တကွ တတိယစျာန်စိတ်ကြောင့်) ဖြစ်သော အလွန်မွန်မြတ်သော စိတ္တဇရုပ်ဖြင့် ထိုတတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ (= ရုပ်တရားအပေါင်း)သည် ပျံ့နှံ့နေ၏၊ (စိတ္တဇရုပ်များ တစ်ကိုယ်လုံး၌ ပျံ့နှံ့ နေ၏ ဟူလိုသည်။)

အကြင် ရူပကာယ၏ မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် ပျံ့နှံ့အပ်သည်၏ အဖြစ်ကြောင့် တတိယစျာန်မှ ထလာသော်လည်း တတိယစျာန်နှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလွန်မွန်မြတ်သော စိတ္တဇရုပ် တို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့ တွေ့ထိခြင်းကြောင့် ဖြစ်ပေါ်လာသော ကာယိကသုခကိုလည်း ခံစားလေရာ၏၊ ထိုကြောင့် ထိုစေတသိကသုခ = စိတ်၌ ဖြစ်သော စျာန်ချမ်းသာ, ကာယိကသုခ = ကိုယ်၌ ဖြစ်သော ချမ်းသာဟု ဆိုအပ်သော သဘောအနက်အဓိပ္ပါယ်ကို ထင်ရှား ပြတော်မူလိုသည် ဖြစ်၍ - သုခဉ္စ ကာယေန ပဋိသံဝေဒေတိ = တတိယစျာန်ချမ်းသာဟူသော စေတသိကသုခ + ကာယိကသုခကို နာမကာယဖြင့် ခံစား၏ဟု ဘုရားရှင် ဟောကြားတော်မူပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၅၈။)

ဥပေက္ခကော သတိမာ သုခဝိဟာရီ

ဥပေက္ခကော သတိမာ သုခဝိဟာရီ

အဘယ်ကြောင့် ဘုရား အစရှိကုန်သော အရိယာသူတော်ကောင်းတို့က ယင်း တတိယစျာန် ဟူသော အကြောင်းကြောင့် ယင်းတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို တတိယစျာန် ချမ်းသာကိုပင် လျစ်လျူရှုပေ သသူ သတိကောင်းပေသသူ ချမ်းသာစွာ နေပေသသူဟူ၍ ချီးမွမ်းတော်မူကြကုန်သနည်း။ ချီးမွမ်းခြင်းငှာ ထိုက်ပေသည်၏ အဖြစ်ကြောင့် ချီးမွမ်းတော်မူကြကုန်၏၊

ဤတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် အလွန်ချိုမြိန် ကောင်းမြတ်သော ချမ်းသာသုခ ရှိသော ချမ်းသာသုခ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော တတိယစျာန်ချမ်းသာ၌သော်လည်း လျစ်လျူရှုနိုင်ပေ၏၊ ထိုတတိယစျာန်၌ ချမ်းသာသုခနှင့် ကပ်ငြိသော တဏှာသည် မဆွဲငင်အပ် မဆွဲငင်နိုင်ပေ၊ ထို့ပြင် အကြင် အခြင်းအရာအားဖြင့် နှစ်သက်မှု ပီတိသည် မဖြစ်နိုင်၊ ဤပီတိ မဖြစ်နိုင်လောက်သော အခြင်းအရာအားဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ထင်သော သတိ ရှိသည်၏အဖြစ်ကြောင့် သတိနှင့် ပြည့်စုံပေ၏၊ ထို့ပြင် ဘုရား အစရှိကုန်သော အရိယာသူတော်ကောင်းကြီးတို့သည် နှစ်သက်မြတ်နိုးတော်မူအပ်သော အရိယာသူတော် ကောင်းကြီးတို့သာလျှင် မှီဝဲထိုက်သည်လည်း ဖြစ်သော မညစ်နွမ်းသော စိတ်ချမ်းသာမှု = စေတသိကသုခကို နာမကာယ = နာမ်တရားအပေါင်းဖြင့် ခံစား၏၊ ထိုကြောင့် ချီးမွမ်းခြင်းငှာ ထိုက်သည် ဖြစ်ပေ၏၊ ဤသို့ ချီးမွမ်းခြင်းငှာ အထိုက်ကြီး ထိုက်သောကြောင့် ထိုတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ဘုရား အစရှိကုန်သော အရိယာသူတော်ကောင်းကြီးတို့သည် ဤသို့ ချီးမွမ်းခြင်း၏ အကြောင်းဖြစ်၍ ဖြစ်ကုန်သော ထိုဂုဏ်ကျေးဇူး တို့ကို ထင်ရှား ပြစားလိုကုန်သည်ဖြစ်၍ ဥပေက္ခကော သတိမာ သုခဝိဟာရီ = တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုပေသသူ သတိကောင်းပေသသူ ချမ်းသာစွာနေပေသသူ ဟူ၍ ချီးမွမ်းတော်မူကြကုန်၏ဟု သိရှိပါလေ။

(ဝိသုဒ္ဓိ၊၁၊၁၅၈-၁၅၉။)

ဤတတိယစျာန်ကား ပီတိကို ပယ်ခြင်းဟူသော ပယ်အပ်သော အင်္ဂါတစ်ပါး, သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံခြင်းဟူသော ပြည့်စုံသော အင်္ဂါနှစ်ပါး ရှိ၏၊ ယင်းပီတိကိုကား အပ္ပနာစျာန်အခိုက်၌ သာလျှင် ပယ်အပ်၏ဟု သိပါ။ ပရိကံ ဥပစာ အနုလုံဂေါတြဘုဟူသော ဥပစာရစျာန် အခိုက်၌ကား မပယ်အပ် သေးပေ။ သို့အတွက် ယင်း ဥပစာရဇောများ၌ ပီတိယှဉ်လျက်ပင် ရှိနေသေးသည်ဟု မှတ်ပါ။ အလားတူပင် ဝိတက် ဝိစာရတို့လည်း ယှဉ်လျက်ပင် ရှိနေသေးသည်ဟု မှတ်သားပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)

ဤ မှတ်ချက် မိန့်ဆိုချက်များကား နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရာ၌ မည်သည့် စိတ္တက္ခဏ၌ မည့်သည့် စေတသိက်များ ယှဉ်ကြသည် နာမ်တရား မည့်ရွေ့မည်မျှ ရှိသည်ကို အတိအကျ သိရှိရေးအတွက် အလွန် အရေးပါသော မှတ်ချက်များ မိန့်ဆိုချက်များပင် ဖြစ်ကြသည်။ ဤတတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင် နင်းအောင် ဆက်လက်၍ လေ့ကျင့်ပါ။ သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ ပီတိအပေါ်၌ လိုလား ငဲ့ကွက် တသက်သက်ဖြင့် တွယ်တာမက်မောမှု ရှိနေသဖြင့် ဒုတိယစျာန်သို့ တစ်ဖန်ပြန်၍ ခဏ ခဏ လျှောကျ နေတတ်သည်လည်း ရှိပေ၏၊ သို့အတွက် ပီတိ၏ အပြစ်ကို ခပ်များများ ဆင်ခြင်၍ ပီတိ၌ ငဲ့ကွက်မှုကို ပြတ် အောင် ဖြတ်လျက် တတိယစျာန်သို့ ရောက်အောင် ကြိုးပမ်းရာသည်။ ရောက်ရှိပြီးသော တတိယစျာန်မှလည်း မလျှောကျအောင် ဝသီဘော် နိုင်နင်းအောင် ဆက်လက်၍ လေ့ကျင့်ရာသည်။

_________

စတုတ္ထဇ္ဈာနကထာ

စတုတ္ထဇ္ဈာနကထာ

ဧဝမဓိဂတေ ပန တသ္မိံပိ ဝုတ္တနယေနေဝ ပဉ္စဟာကာရေဟိ စိဏ္ဏဝသိနာ ဟုတွာ ပဂုဏတတိယဇ္ဈာနတော ဝုဋ္ဌာယ ''အယံ သမာပတ္တိ အာသန္နပီတိပစ္စတ္ထိကာ၊ 'ယဒေဝ တတ္ထ သုခမိတိ စေတသော အာဘောဂေါ၊ ဧတေနေတံ ဩဠာရိကံ အက္ခာယတီ'တိ ဧဝံ ဝုတ္တဿ သုခဿ ဩဠာရိကတ္တာ အင်္ဂဒုဗ္ဗလာ''တိ စ တတ္ထ ဒေါသံ ဒိသွာ စတုတ္ထံ စျာနံ သန္တတော မနသိကတွာ တတိယဇ္ဈာနေ နိကန္တိံ ပရိယာဒါယ စတုတ္ထာဓိဂမာယ ယောဂေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၁၅၉။)

ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသော နည်း ဖြင့်သာလျှင် ငါးပါးကုန်သော အခြင်းအရာတို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျက်အပ်ပြီးသော ဝသီရှိသည် ဖြစ်၍ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားအပ်ပြီးသော တတိယစျာန်မှ ထ၍ ----

၁။ ဤ တတိယစျာန် သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏၊

၂။ ''ထို တတိယစျာန်၌ အကြင်စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့် ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏၊'' - (ဒီ၊၁၊၃၄။) -- ဤသို့ ဟောကြား ထားတော်မူအပ်သော သုခ၏ ရုန့်ရင်းကြမ်းတမ်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထိုတတိယစျာန်၌ ဖော်ပြပါ နှစ်မျိုးသော အပြစ်ကို မြင်အောင် ရှု၍,

၃။ စတုတ္ထစျာန်ကို (တတိယစျာန်ထက်ပို၍ ) ငြိမ်သက်သောအားဖြင့်နှလုံးသွင်း၍,

၄။ တတိယစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်း နိကန္တိကို ကုန်ခန်းစေ၍ ----

စတုတ္ထစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းကို ပြုအပ်ပေ၏၊ (ဝိသုဒ္ဓိ၊၁၊၁၅၉။)

ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ထိုစျာန်ရပုဂ္ဂိုလ်အား စိတ်၌ဖြစ်သော ဝမ်းမြောက်ခြင်း = စေတသိက သောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းကြမ်း တမ်းသောအားဖြင့် ထင်လာ၏၊ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သော သဘောတရားအနေဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော သုခစျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း ငြိမ်သက်သော ဥပေက္ခာဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်တလဲလဲ နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား ယခုအခါ ၌ စတုတ္ထစျာန်သည် ဖြစ်တော့လတ္တံ့ဟု ပြောဆိုသင့်သော ဇောဝါရ၌ ဘဝင်အယဉ်ကို ဖြတ်၍ ထိုအာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် အာရုံပြု၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုမနောဒွါရာဝဇ္ဇန်းစိတ် ဖြစ်ပြီးသည်မှ နောက်၌ ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ ၌ပင်လျှင် ဣန္ဒြေ ထက်မြက်သူအား လေးကြိမ်မူလည်း ဖြစ်ကုန်သော, ဣန္ဒြေမထက်လွန်းသူအား ငါးကြိမ်မူ လည်း ဖြစ်ကုန်သော ဇောတို့သည် ဖြစ်ပေါ်လာကြကုန်၏၊ ယင်းဇောတို့တွင် အဆုံး၌ ဣန္ဒြေထက်မြက်သူအား တစ်ခုသော စတုတ္ထဇောသည်, ဣန္ဒြေ မထက်လွန်းသူအား တစ်ခုသော ပဉ္စမဇောသည် စတုတ္ထစျာန်ရှိသော စတုတ္ထစျာန်နှင့် ယှဉ်သော ရူပါဝစရစျာန်ဇော ဖြစ်၏၊ အဆုံးဇောမှ ကြွင်းကုန်သော သုံးကြိမ်သော ဇော လေးကြိမ်သော ဇောတို့သည် ပထမစျာန်၌ ဆိုခဲ့သည့်အတိုင်းပင် ကာမာဝစရဇောတို့ ဖြစ်ကြကုန်၏၊

(ဝိသုဒ္ဓိ၊၁၊၁၅၉-၁၆၀။)

ဤဆိုလတ္တံ့သည်ကား အထူးတည်း ---- သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲသည် လည်း မဟုတ် ချမ်းသာသည်လည်း မဟုတ်သော အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝန ပစ္စယသတ္တိဖြင့် ကျေးဇူး မပြုပေ။ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏၊ ထိုသို့ ဥပေက္ခာဝေဒနာသည်သာ ဖြစ်သင့်သောကြောင့် ထိုအပ္ပနာစျာနဝီထိ အတွင်း၌ဖြစ်သော ထို လေးကြိမ်သော ဇောတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်သော ဇောတို့သည်သာ ဖြစ်ကုန်၏၊ ဤလေးကြိမ် ငါး ကြိမ်သော ဇောတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်၏ အဖြစ်ဟူသော အကြောင်းကြောင့်လည်းကောင်း, ရှေး မဆွ တတိယစျာန်ခဏ၌ပင်လျှင် ပယ်ထားအပ်ပြီးသည်၏ အဖြစ်ကြောင့်လည်းကောင်း ပီတိသည်လည်း ယုတ်လျော့သွား၏၊ ဤကား အထူးတည်း။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

ကုသိုလ်တရားက ကုသိုလ်တရားအား အာသေဝန (= အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း) ပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာဝယ် ဝေဒနာခြင်း တူညီမှ ကျေးဇူးပြုပေးနိုင်၏၊ ရှေးဇောက ဥပေက္ခာဝေဒနာ ဖြစ်လျှင် နောက် ဇောလည်း ဥပေက္ခာဝေဒနာ ဖြစ်ရ၏၊ ရှေးဇောက သုခ = သောမနဿဝေဒနာ ဖြစ်လျှင် နောက်ဇောလည်း သုခ = သောမနဿဝေဒနာသာ ဖြစ်ရ၏၊ အကယ်၍ ရှေးဇောသည် သုခဝေဒနာဖြစ်၍ နောက်ဇောက ဥပေက္ခာ ဝေဒနာ ဖြစ်ခဲ့သော် ထိုရှေးဇောက ဥပေက္ခာဝေဒနာနှင့် ယှဉ်သော နောက်ဇောအား အာသေဝနပစ္စယသတ္တိ = အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း အကြောင်းအထောက်အပံ့ စွမ်းအားဖြင့် ကျေးဇူး မပြုပေးနိုင်။ ဤကဲ့သို့ အလိုမရှိအပ်သော အရာဌာန၌ သုခဝေဒနာဟူသော ပုဒ်တစ်ပါးဖြင့် သိမ်းကျုံးရေတွက်ထားအပ်သော ရှေး ဇောဟူသော တရား၏ ဥပေက္ခာ ဝေဒနာနှင့် ယှဉ်သော နောက်ဇောအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးပြု နိုင်သော စွမ်းအား မရှိသောကြောင့်ပင် ဖြစ်သည်။ သို့အတွက် အပ္ပနာစျာနဝီထိများအတွင်း၌ စတုတ္ထစျာန်ဇော ဟူသော အပ္ပနာဇောသာ ဥပေက္ခာဝေဒနာနှင့် ယှဉ်သည် မဟုတ်၊ ယင်းအပ္ပနာစျာန်ဇော၏ ရှေး၌ ကပ်လျက် ရှိသော တစ်ဝီထိအတွင်းရှိ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရစျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့် ယှဉ်သည်ချည်းသာ ဖြစ်ရမည်ဟု ဆိုလိုပေသည်။ (မဟာဋီ၊၁၊၁၈၉ - စသည်ကြည့်။)

စတုတ္ထစျာန်

စတုတ္ထစျာန်

(ဧတ္တာဝတာ စေသ) သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

(ဒီ၊၁၊၇၁။ အဘိ၊၁၊၄၅။ ဝိသုဒ္ဓိ၊၁၊၁၆၀။)

ဤမျှအတိုင်းအရှည်ရှိသော ဘာဝနာအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် သုခိန္ဒြေကိုလည်း ပယ်ခြင်း ကြောင့် ဒုက္ခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့် ရှေးမဆွ ဥပစာရစျာန်ခဏ၌ပင်လျှင် သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေတို့၏ ချုပ်ခြင်းကြောင့် အဒုက္ခမသုခဟု ဆိုအပ်သော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်ကို ပြည့်စုံစေ၍ စတုတ္ထစျာန်သို့ ကပ်ရောက်၍ နေ၏၊ ဤသို့လျှင် ဤ ယောဂါဝစရပုဂ္ဂိုလ်သည် သုခဟူသော ပယ်အပ်ပြီးသော စျာန်အင်္ဂါတစ်ပါးရှိသော, ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံသော, သုံးပါးသော ကောင်းခြင်းရှိသော, လက္ခဏာဆယ်ပါးနှင့် ပြည့်စုံသော အာနာ ပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စတုတ္ထစျာန်သည် ရရှိအပ်ပြီး ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

၁။ ဒုက္ခိန္ဒြေကား (ဒုက္ခဝေဒနာကား) ပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌,

၂။ ဒေါမနဿိန္ဒြေကား (ဒေါမနဿဝေဒနာကား) ဒုတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌,

၃။ သုခိန္ဒြေကား (ကာယိကသုခဝေဒနာကား) တတိယစျာန်၏ ဥပစာရသမာဓိ အခိုက်၌,

၄။ သောမနဿိန္ဒြေကား (သောမနဿဝေဒနာ = စေတသိကသုခကား) စတုတ္ထစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ---

အသီးအသီး ချုပ်ငြိမ်းသွား၏၊ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

စျာန်လေးပါးတို့၌ အထက်ပါ ဝေဒနာလေးမျိုး အစဉ်အတိုင်း ချုပ်ပုံကို (သံ၊၃၊၁၈၈-၁၉၀။) ဥပ္ပဋိပါဋိက သုတ္တန်၌ ဟောကြားတော်မူခြင်း၏ အကြောင်းမှာ ဤသို့ ဖြစ်၏၊

အတိသယနိရောဓတ္တာ။ အတိသယနိရောဓော ဟိ နေသံ ပဌမဇ္ဈာနာဒီသု၊ န နိရောဓောယေဝ။ နိရောဓောယေဝ ပန ဥပစာရက္ခဏေ၊ နာတိသယနိရောဓော။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

အလွန်အကဲအားဖြင့် ချုပ်သည်၏ အဖြစ်ကြောင့် စျာန်လေးပါးတို့၌သာလျှင် ဝေဒနာလေးမျိုးတို့၏ အစဉ်အတိုင်း ချုပ်ခြင်းကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ထို ဒုက္ခ ဒေါမနဿ သုခ သောမနဿ ဟူသော ကာယိကဒုက္ခ, စေတသိကဒုက္ခ ကာယိကသုခ, စေတသိကသုခ ဝေဒနာတို့၏ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တို့၌ အလွန်အကဲအားဖြင့် ချုပ်ခြင်းသည် ဖြစ်၏၊ ချုပ်တတ်ဆန်းကာမျှ သာကား မဟုတ်။ သို့သော် ထိုထိုစျာန်တို့၏ ဥပစာရအခိုက်၌ကား ချုပ်တတ်ဆန်းကာမျှသာ ဖြစ်၏၊ လွန်လွန် ကဲကဲ ချုပ်ငြိမ်းသွားသည်ကား မဟုတ်ပေ။

၁။ မှန်ပေသည် ---- အထူးထူးသော အာဝဇ္ဇန်းရှိသော ပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌ (အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော) ဥပစာရသမာဓိ အမည်ရသော သမာဓိ ပါဝင်သော မနော ဒွါရိက ဇောဝီထိပေါင်းများစွာ ဖြစ်ခိုက်၌ ဒုက္ခိန္ဒြေ အမည်ရသော ကာယိကဒုက္ခဝေဒနာသည် ချုပ်ငြိမ်းသွားပြီ ဖြစ်သော်လည်း မှက်ခြင်စသည်တို့၏ ကိုက်ခဲထိပါးခြင်း အတွေ့အထိကြောင့်လည်းကောင်း, မညီညွတ်သော နေရာ၌ နေခြင်း မညီမညွတ် မမျှမတ ထိုင်မိခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းခြင်း၏ ပြင်းထန်စွာ ပူလောင် လာခြင်းကြောင့်လည်းကောင်း ကာယိကဒုက္ခဝေဒနာ၏ ထပ်မံ ဖြစ်ပေါ်လာခြင်းသည် ဖြစ်နိုင်ရာသေး၏၊ သို့သော် အပ္ပနာစျာန်ဇောဖြစ်ခိုက် အပ္ပနာစျာန်၏ အတွင်း၌ကား ဒုက္ခဝေဒနာ၏ ဖြစ်ပေါ်လာခြင်းသည် မဖြစ်တန်ကောင်း သည်သာ ဖြစ်၏၊ ဥပစာရသမာဓိ အခိုက်၌ ကာယိကဒုက္ခဝေဒနာ = ဒုက္ခိန္ဒြေသည် ချုပ်ငြိမ်းသွားသော်လည်း သုခဝေဒနာဟူသော ဆန့်ကျင်ဘက်တရားက မပယ်ရှားအပ်သေးသည်၏ အဖြစ်ကြောင့် ထို ဒုက္ခိန္ဒြေသည် ကောင်းစွာ ချုပ်သည်ကား မဖြစ်သေး။

အပ္ပနာစျာန်ဇောများ စောခိုက် အပ္ပနာသမာဓိ အတွင်း၌ကား ပီတိကြောင့်ဖြစ်သော (= ပီတိနှင့် ယှဉ် သော စိတ်ကြောင့် ဖြစ်သော) မွန်မြတ်သော စိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ဖြစ်နေခြင်းကြောင့် အလုံး စုံသော ရူပကာယတစ်ခုလုံးသည် ချမ်းသာသုခတည်းဟူသော တွင်းကြီးထဲသို့ သက်ဝင်ကျရောက်လျက် ရှိနေ၏၊ ချမ်းသာသုခတည်းဟူသော တွင်းကြီးထဲသို့ သက်ဝင်ကျရောက်လျက်ရှိသောကိုယ် ရှိသသူအား ကာယိကဒုက္ခ ဝေဒနာဟူသော ဒုက္ခိန္ဒြေသည် ဆန့်ကျင်ဘက် သုခဝေဒနာက ပယ်သတ်ထားအပ်သည့် အတွက်ကြောင့် ကောင်း စွာ ချုပ်ငြိမ်းပြီး ဖြစ်နေ၏၊

၂။ တစ်ဖန် အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော ဒုတိယ အပ္ပနာစျာနဝီထိ မဖြစ်မီ ရှေးအဖို့၌ အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရာဝဇ္ဇန်း အမျိုး မျိုးရှိသော ဥပစာရသမာဓိ အမည်ရသော မနောဒွါရိကဇောဝီထိပေါင်းများစွာ အတွင်း၌ စိတ်ဆင်းရဲမှု ခံစား ချက် ဒေါမနဿဝေဒနာဟူသော ဒေါမနဿိန္ဒြေသည် ပယ်ရှားအပ်ပြီးသော်ငြားလည်း ယင်း ဒေါမနဿိန္ဒြေ သည် ဝိတက် ဝိစာရလျှင် အထောက်အပံ့ အကြောင်းရှိသော ကိုယ်၏ပင်ပန်းခြင်းသည်လည်းကောင်း, စိတ်၏ ပင်ပန်းခြင်းသည်လည်းကောင်း ရှိခဲ့ပါမူ ထပ်မံ၍ ဖြစ်ပေါ်လာနိုင်ပြန်၏၊ ဝိတက် ဝိစာရ မရှိသော်ကား မဖြစ် တော့ပေ။

အကြင်စိတ်၌ကား ဒေါမနဿိန္ဒြေသည် ယှဉ်၍ ဖြစ်၏၊ ထိုစိတ်၌ကား ဝိတက် ဝိစာရလည်း ယှဉ်လျက်ပင်။ ယင်း ဝိတက် ဝိစာရ ရှိခြင်းကြောင့် ဒေါမနဿိန္ဒြေသည် ဖြစ်ပေါ်လာရ၏၊ ဒုတိယစျာန်၏ ဥပစာရသမာဓိ နယ်မြေ၌ကား ဝိတက် ဝိစာရတို့ကို မပယ်ရှားအပ်ကုန်သေးသည်သာ ဖြစ်၏၊ ထိုကြောင့် ထိုဒုတိယစျာန်၏ ဥပစာရသမာဓိနယ်မြေ၌ ထိုဒေါမနဿိန္ဒြေ၏ ဖြစ်ခြင်းသည် ဖြစ်နိုင်ရာ၏၊ ဒုတိယစျာန်သမာဓိ အခိုက်၌ကား ဒေါမနဿိန္ဒြေ၏ အထောက်အပံ့ အကြောင်းဖြစ်သော ဝိတက် ဝိစာရကို ပယ်ရှားထားပြီး ပယ်ရှားအပ်ပြီး ဖြစ်သောကြောင့် ဒေါမနဿိန္ဒြေ၏ ဖြစ်ပေါ်လာခြင်းသည် မဖြစ်တန်ကောင်းသည်သာတည်း။

၃။ တစ်ဖန် တတိယစျာန်၏ ဥပစာရသမာဓိနယ်မြေ၌ ကာယိကသုခဝေဒနာ = ကိုယ်၌ ဖြစ်သော ချမ်းသာ သုခဟူသော သုခိန္ဒြေကို ပယ်ရှားအပ်ပြီးသော်လည်း ပီတိကြောင့် ဖြစ်သော (= ပီတိနှင့် ယှဉ်သော ဥပစာရ စျာန်စိတ်ကြောင့် ဖြစ်သော) မွန်မြတ်သော စိတ္တဇရုပ်ဖြင့် ပျံ့နှံ့တွေ့ထိအပ်သော ကိုယ်ကာယရှိသသူအား ယင်း သုခိန္ဒြေ၏ တစ်ဖန်ဖြစ်ပေါ်လာပြန်ခြင်းသည် ဖြစ်တန်ကောင်းရာ၏၊ တတိယစျာန်အခိုက်၌ကား ယင်းသုခိန္ဒြေ ၏ ဖြစ်ပေါ်လာခြင်းသည် မည်သည့်နည်းနှင့်မျှ မဖြစ်ရာသည်သာတည်း။ မှန်ပေသည် တတိယစျာန်၌ သုခ၏ အထောက်အပံ့ အကြောင်းဖြစ်သော ပီတိသည် အချင်းခပ်သိမ်း ချုပ်ငြိမ်းသွားပြီး ဖြစ်၏၊ ထိုကြောင့် သုခိန္ဒြေ ၏ ဖြစ်ပေါ်လာပြန်ခြင်းသည် မည်သည့်နည်းနှင့်မျှ မဖြစ်ရာသည်သာတည်း။ [သုခိန္ဒြေဟူသည် အဟိတ် ကုသလ ဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့် ယှဉ်တွဲဖြစ်သော သုခဝေဒနာကို ဆိုလိုသည်။ ကာယိကသုခ ဟုလည်း ခေါ်၏၊]

၄။ တစ်ဖန် စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေ၌ သောမနဿိန္ဒြေဟူသော သောမနဿဝေဒနာကို ပယ်ရှားအပ်ပြီးသော်လည်း သောမနဿိန္ဒြေ၏ ပီတိကဲ့သို့ မဝေးဘဲ နီးသေးသည်၏ အဖြစ်ကြောင့်လည်းကောင်း, (ဥပစာရသမာဓိနယ်မြေမှာသာ ရှိနေသေးသဖြင့် စတုတ္ထအပ္ပနာစျာန်သို့လည်း မရောက်သေးရကား) အပ္ပနာ စျာန်သို့ ရောက်သော ဥပေက္ခာဝေဒနာ၏ မရှိခြင်းကြောင့် သောမနဿိန္ဒြေကို ကောင်းကောင်းကြီး မကျော် လွှား မလွန်မြောက်သေးသည်၏ အဖြစ်ကြောင့်လည်းကောင်း သောမနဿိန္ဒြေ၏ ထပ်မံဖြစ်ပေါ်လာခြင်းသည် ဖြစ်ကောင်းဖြစ်နိုင်ရာ၏၊ သို့သော် စတုတ္ထအပ္ပနာစျာန်အခိုက်၌ကား သောမနဿိန္ဒြေ၏ ဖြစ်ခွင့်သည် မည်သည့် နည်းနှင့်မျှ မဖြစ်ရာသည်သာတည်း။

ထို ဆိုအပ်ပြီးသော အကြောင်းများကြောင့်ပင်လျှင် ပထမစျာန်၌ ဒုက္ခိန္ဒြေ၏ ချုပ်ပုံ, ဒုတိယစျာန်၌ ဒေါမနဿိန္ဒြေ၏ ချုပ်ပုံ, တတိယစျာန်၌ (ကာယိကသုခ ဟူသော) သုခိန္ဒြေ၏ ချုပ်ပုံ, စတုတ္ထစျာန်၌ သောမနဿိန္ဒြေ၏ ချုပ်ပုံတို့ကို အသီးအသီး ဟောတော်မူရာဝယ် အပရိသေသံ နိရုဇ္ဈတိ စသည်ဖြင့် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းပုံကို ဖော်ပြသော အပရိသေသ-သဒ္ဒါကို အသုံးပြု၍ ဟောကြားတော်မူပေသည်။ ဤကား အဖြေတည်း။ (ဝိသုဒ္ဓိ၊၁၊၁၆၁။)

မေးမြန်းဖွယ်ရာ အချက်တစ်ရပ်

မေးမြန်းဖွယ်ရာ အချက်တစ်ရပ်

ဤအရာ၌ မေးမြန်းဖွယ် ရှိလာပြန်၏၊ ထိုသို့ဖြစ်လျှင် ထိုထိုစျာန်၏ ဥပစာရသမာဓိနယ်မြေ၌ ပယ်ရှား အပ်ပြီးလည်း ဖြစ်ကုန်သော ထိုဝေဒနာတို့ကို ဤစတုတ္ထစျာန်၌ အဘယ်ကြောင့် တစ်ပေါင်းတည်းဆောင်၍ ဟောကြားထားတော်မူအပ်ပါသနည်းဟူမူ ယူလွယ်စေခြင်း အကျိုးငှာ ထိုသို့ ဟောကြားတော်မူအပ်ပေသည်ဟု ဖြေဆိုလေရာ၏၊

အဒုက္ခမသုခ ဟူသော ပါဠိတော်၌ ဟောကြားထားတော်မူအပ်သော ချမ်းသာလည်း မဟုတ် ဆင်းရဲ လည်း မဟုတ်သော အဒုက္ခမသုခဟူသော အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာကား သိမ်မွေ့စွာ၏၊ သိနိုင်ခဲ၏၊ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူဖြင့် ဉာဏ်ဖြင့် ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပေ။ ထိုကြောင့် လောက ဥပမာ မည်သည်ကား ပျက်စီးနေသော ကြိုးစားအားထုတ်မှု ပယောဂရှိ၍ ဆိုဆုံးမခက်သော ဟုတ်ဟုတ် ညား ညား ချဉ်းကပ်၍ ဖမ်းယူခြင်းငှာ မတတ်နိုင်သော နွားကို လွယ်လွယ်ကူကူ ဖမ်းယူနိုင်ရန်အလို့ငှာ နွားထိန်း သည် တစ်ခုသော နွားခြံ၌ နွားအားလုံးကို စုသွင်းလိုက်၏၊ ထိုနောင်မှ နွားတစ်ကောင်စီ တစ်ကောင်စီကို နွားခြံ မှ ထုတ်ဆောင်လတ်သော် အစဉ်သဖြင့် နွားခြံဝသို့ ဆိုက်ရောက်လာသော ထိုနွားပျက်ကိုလည်း - ''ဤသည့် မားမား လာသော နွားကား ထိုဖမ်းလိုသည့် နွားပျက်တည်း၊ ထိုနွားပျက်ကို ဖမ်းကြကုန်''ဟု ဖမ်းစေ၏သို့ ---- ဤဥပမာအတူပင်လျှင် ဘုရားရှင်သည် ဉာဏ်ဖြင့် လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ရန် ပိုင်းခြားယူနိုင်ရန် အလို့ငှာ ထို ဝေဒနာအားလုံးတို့ကို တစ်ပေါင်းတည်း စု၍ ဆောင်တော်မူ၏၊ ဤစတုတ္ထစျာန်၌ ပေါင်းစု၍ ဟောကြား တော် မူ၏၊

အကျိုးကား ဤသို့တည်း ---- ဤသို့ ပေါင်းစု၍ ဆောင်အပ်ကုန်သော ထိုဝေဒနာတို့ကို ထင်ရှားပြပြီး၍ အကြင်သဘောတရားသည် = အကြင်ခံစားမှုသည် သုခလည်း မဟုတ်၊ ဒုက္ခလည်း မဟုတ်၊ သောမနဿလည်း မဟုတ်၊ ဒေါမနဿလည်း မဟုတ်၊ ဤခံစားမှု သဘောတရားသည် အဒုက္ခမသုခ ဟူသော ဥပေက္ခာဝေဒနာ ပင်တည်းဟု ဤ အဒုက္ခမသုခ = ဥပေက္ခာဝေဒနာကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဖမ်းယူခြင်းငှာ တတ်ကောင်း၏၊

တစ်နည်းလည်း အဒုက္ခမသုခ စေတောဝိမုတ္တိ အမည်ရသော စိတ်၏ ဆန့်ကျင်ဘက်သဘောတရားမှ လွတ်မြောက်ကြောင်းဖြစ်သော စတုတ္ထစျာန်သမာပတ်၏ ရခြင်း၏ အကြောင်းဥပါယ်ကို ပြခြင်းအကျိုးငှာလည်း ထိုဝေဒနာတို့ကို ဤစတုတ္ထစျာန်၌ ပေါင်းစု၍ ဘုရားရှင် ဟောကြားတော်မူအပ်ကုန်၏ဟု သိရှိပါလေ။ ဒုက္ခိန္ဒြေ ကို ပယ်တတ်သော ပထမစျာန် စသည်တို့သည် ထို အဒုက္ခမသုခ စေတောဝိမုတ္တိ၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏၊

''ငါ့ရှင် ကောဋ္ဌိက ...အဒုက္ခမသုခ စေတောဝိမုတ္တိ သမာပတ်၏ အကြောင်းတရားတို့သည် စင်စစ် လေးမျိုးတို့တည်း။ ငါ့ရှင် ကောဋ္ဌိက ...ဤသာသနာတော်၌ ယောဂါဝစရပုဂ္ဂိုလ်သည် သုခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့် ဒုက္ခိန္ဒြေကိုလည်း ပယ်ခြင်းကြောင့် ရှေးမဆွ ဥပစာရစျာန်ခဏ၌ပင်လျှင် သောမနဿိန္ဒြေ ဒေါမနဿိန္ဒြေတို့၏ ချုပ်ခြင်းကြောင့် အဒုက္ခမသုခဟု ဆိုအပ်သော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်ကို ပြည့်စုံစေ၍ စတုတ္ထစျာန်သို့ ကပ်ရောက်၍ နေ၏၊ ငါ့ရှင် ကောဋ္ဌိက အဒုက္ခမသုခ စေတောဝိမုတ္တိ သမာပတ်၏ အကြောင်းတရားတို့သည် စင်စစ် ဤ လေးပါးတို့တည်း။

(မ၊၁၊၃၇၀။ မဟာဝေဒလ္လသုတ္တန်။)

ဤသို့ ဟောကြားထားတော်မူသောကြောင့် ဒုက္ခိန္ဒြေ ဒေါမနဿိန္ဒြေ သုခိန္ဒြေ သောမနဿိန္ဒြေ ဟူသော ဣန္ဒြေအသီးသီးကို ပယ်တတ်သော ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၏ ဥပစာရစျာန်တို့သည် အဒုက္ခမသုခ စေတောဝိမုတ္တိ စတုတ္ထစျာန် သမာပတ်၏ ရခြင်း၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏၊ ထို အကြောင်းတရားတို့ကို ပြခြင်းငှာလည်း ဤစတုတ္ထစျာန်၌ ယင်း ဝေဒနာလေးမျိုးတို့ကို ပေါင်းစု၍ ဟောကြား တော်မူသည်ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၁၆၁-၁၆၂။)

တစ်နည်း ---- သောတာပတ္တိမဂ်စသော တစ်ပါးသော အောက်အရိယမဂ်တို့၌ ပယ်ရှားအပ်ကုန်ပြီးသော် လည်း သက္ကာယဒိဋ္ဌိစသော တရားတို့ကို တတိယ (= အနာဂါမိ)မဂ်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်း အကျိုးငှာ ထို တတိယမဂ်၌ ---- ပဉ္စန္နံ ဩရမ္ဘာဂိယာနံ သံယောဇနာနံ ပရိက္ခယာ = အောက်ပိုင်း သံယောဇဉ် ငါးပါးတို့၏ ကုန်ခြင်းကြောင့် ---- ဤသို့ စသည်ဖြင့် အနာဂါမိမဂ်က ပယ်ရှားအပ်ကုန်၏ဟု ဟောကြားတော်မူသကဲ့သို့ အလားတူပင် ဤစတုတ္ထစျာန်၌ ထိုဝေဒနာတို့ကို ပေါင်းစု၍ ဟောကြားတော်မူအပ်ကုန်၏ဟုလည်း သိရှိပါလေ။

(ဝိသုဒ္ဓိ၊၁၊၁၆၂။)

တစ်နည်း ---- အကြောင်းကို ပယ်သတ်ခြင်းဖြင့် ဤစတုတ္ထစျာန်၌ ရာဂ ဒေါသ မောဟတို့၏ အလွန် ဝေးသည်၏ အဖြစ်ကို ပြခြင်းငှာလည်း ထိုသုခစသော ဝေဒနာတို့ကို ဟောကြားတော်မူအပ်ကုန်၏ဟု သိရှိ ပါလေ။ မှန်ပေသည် ထိုဝေဒနာတို့တွင် ကာယိက သုခဝေဒနာ = ကိုယ်၌ ဖြစ်သော ချမ်းသာမှု သုခဝေဒနာသည် စေတသိကသုခ = စိတ်ချမ်းသာမှု သောမနဿဝေဒနာ၏ အကြောင်းတရား ဖြစ်၏၊ သောမနဿဝေဒနာကား ရာဂ၏ အကြောင်းတစ်ခု ဖြစ်၏၊

ကာယိက ဒုက္ခဝေဒနာ = ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ဒုက္ခဝေဒနာကား စိတ်မချမ်းသာမှု ဒေါမနဿ ဝေဒနာ၏ အကြောင်းတရားဖြစ်၏၊ ဒေါမနဿဝေဒနာကား ဒေါသ၏ အကြောင်းတရား ဖြစ်၏၊ စတုတ္ထစျာန် သည် ထိုသုခ စသည်ကို ပယ်သတ်ခြင်းဖြင့် အကြောင်းတရားနှင့်တကွ ဖြစ်ကုန်သော ရာဂ ဒေါသတို့ကို ပယ် သတ်အပ်ကုန်၏၊ ထိုကြောင့် စတုတ္ထစျာန်သည် ရာဂ ဒေါသတို့နှင့် အလွန်ဝေး၏၊ ဤကား အဖြေတည်း။

သုခါယ ခေါ အာဝုသော ဝိသာခ ဝေဒနာယ ရာဂါနုသယော အနုသေတိ၊ ဒုက္ခာယ ခေါ အာဝုသော ဝိသာခ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ။ (မ၊၁၊၃၇၇။ စူဠဝေဒလ္လသုတ္တန်)

= ဒါယကာ ဝိသာခ ... သုခဝေဒနာ၏ နောက်ဆွယ်၌ ရာဂါနုသယ ကိန်းဝပ်နေ၏၊ ဒါယကာ ဝိသာခ ဒုက္ခဝေဒနာ၏ နောက်ဆွယ်၌ ပဋိဃာနုသယ ကိန်းဝပ်နေ၏၊

ဤသို့ ဟောကြားတော်မူသောကြောင့် သောမနဿဝေဒနာသည် ရာဂ၏ ဒေါမနဿဝေဒနာသည် ဒေါသ၏ အကြောင်းအထောက်အပံ့ ဖြစ်ရပေသည်။ (မဟာဋီ၊၁၊၁၉၁။)

အဒုက္ခမသုခံ

အဒုက္ခမသုခံ

အဒုက္ခမသုခဟူသည်ကား ဒုက္ခ၏အဖြစ် မရှိသည်၏ အဖြစ်ကြောင့် အဒုက္ခ မည်၏၊ သုခ၏အဖြစ် မရှိ သည်၏ အဖြစ်ကြောင့် အသုခ မည်၏၊ ဤ ဒုက္ခ သုခ အဖြစ်ကို ပယ်သောစကားဖြင့် ဤ စတုတ္ထစျာန်၌ ဒုက္ခ သုခ၏ ဆန့်ကျင်ဘက်ဖြစ်သော တတိယဝေဒနာကို ပြတော်မူပေ၏၊ ဒုက္ခ သုခ အဖြစ်၏ မရှိသည်၏ အဖြစ်မျှကို ပြသည်ကား မဟုတ်။ တတိယဝေဒနာဟူသည် အဒုက္ခမသုခဝေဒနာပင်တည်း၊ ဥပေက္ခာဝေဒနာဟူ၍လည်း ခေါ်ဆို၏၊

သာ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ၊ မဇ္ဈတ္တရသာ၊ အဝိဘူတပစ္စုပဋ္ဌာနာ၊ သုခဒုက္ခနိရောဓပဒဋ္ဌာနာ။

(ဝိသုဒ္ဓိ၊၁၊၁၆၂။)

၁။ ထိုဥပေက္ခာဝေဒနာသည် အလိုရှိအပ်သော ဣဋ္ဌာရုံ, အလိုမရှိအပ်သော အနိဋ္ဌာရုံတို့၏ ပြောင်းပြန် ဖြစ် သော အလယ်အလတ် မဇ္ဈတ္တအာရုံကို, တစ်နည်း -- အလွန်အလိုရှိအပ်သော အတိဣဋ္ဌာရုံ, အလွန် အလို မရှိအပ်သော အတိအနိဋ္ဌာရုံတို့၏ ပြောင်းပြန်ဖြစ်သော အလယ်အလတ် မဇ္ဈတ္တအာရုံကို ခံစားခြင်းသဘော လက္ခဏာ ရှိ၏၊

တစ်နည်း -- အလိုရှိအပ်သော ဣဋ္ဌအခြင်းအရာ အလိုမရှိအပ်သော အနိဋ္ဌအခြင်းအရာတို့၏ ပြောင်းပြန် ဖြစ်သော အလယ်အလတ် မဇ္ဈတ္တ အခြင်းအရာအားဖြင့် (အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို) ခံစားခြင်းသဘော လက္ခဏာ ရှိ၏၊

၂။ လျစ်လျူရှုခြင်း ကိစ္စရှိ၏၊ တစ်နည်း အလယ်အလတ်သဘောဟူသော ဂုဏ် ရှိ၏၊

၃။ (သုခဝေဒနာ ဒုက္ခဝေဒနာတို့ကဲ့သို့ မဟုတ်ဘဲ) မထင်ရှားသော အခြင်းအရာ ရှိ၏၊ [သုခဝေဒနာ ဒုက္ခ ဝေဒနာတို့ကား ထင်ရှားသည့် ခံစားမှုဝေဒနာတို့ ဖြစ်ကြ၏၊ ဤဥပေက္ခာဝေဒနာကား ခံစားမှု မထင်ရှားသော အခြင်းအရာရှိ၏၊ ကျောက်ဖျာ၏ ဤမှာဘက်၌ သားကောင်၏ ခြေရာကို, ကျောက်ဖျာ၏ ထိုမှာဘက်၌ သား ကောင်၏ ခြေရာကို တွေ့မြင်ရ၍ - ကျောက်ဖျာ၏ အထက်၌ သားကောင်၏ ခြေရာကို မတွေ့မြင်ရသော်လည်း သားကောင်သည် ဤနေရာမှ ကျောက်ဖျာထက်သို့ တက်၍ ဤနေရာမှ ကျောက်ဖျာမှ ဆင်းသက်သွား၏ဟု မှန်းဆ၍ သိရကဲ့သို့ ဤဥပေက္ခာဝေဒနာသည် မထင်ရှားသော အခြင်းအရာဟူသော ပစ္စုပဋ္ဌာန်ရှိ၏၊ (မဟာဋီ၊၁၊၁၉၁-၁၉၂။) သုခနှင့် ဒုက္ခတို့ ချုပ်ပျက်သွားသောအခါ စိတ်အစဉ်တွင် ယှဉ်တွဲလျက်ရှိသော အလယ်အလတ် ခံစားမှု တစ်မျိုးတည်း၊ ထင်ရှားသော သုခဝေဒနာ ဒုက္ခဝေဒနာတို့နှင့် ကပ်၍ရှုခဲ့သော် ဥပေက္ခာဝေဒနာလည်း ထင်ရှားလာနိုင်သည်ဟု ဆိုလိုသည်။]

၄။ သုခ (သောမနဿ) ဝေဒနာ၏ ချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရသမာဓိနယ်မြေလျှင် နီးစွာသော အကြောင်း ရှိ၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ သုခဒုက္ခနိရောဓပဒဋ္ဌာနာဟု ရှိသော်လည်း မဟာဋီကာ (၁၊၁၉၂၊၊) ၌ကား သုခနိရောဓပဒဋ္ဌာနာဟု ရှိ၏၊)

ဥပေက္ခာ သတိ ပါရိသုဒ္ဓိံ

ဥပေက္ခာ သတိ ပါရိသုဒ္ဓိံ

ဥပေက္ခာသတိပါရိသုဒ္ဓိဟူသည် (ထိုထိုအာရုံ၌ ဤအရာဝယ် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ် တွန့်ဆုတ်ခြင်း တက်ကြွခြင်းဟူသော အစွန်းများသို့ မရောက်စေဘဲ စိတ်ကို ယင်း အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ အညီအမျှ အလယ်အလတ် သဘော၌ တည်စေတတ်သော တတြမဇ္ဈတ္တတာ စေတသိက် ဟူသော) ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော သဘောတည်း။ ဤစတုတ္ထစျာန်၌ သတိသည် ထက်ဝန်းကျင် စင်ကြယ်လျက် ရှိ၏၊ ထိုသတိ၏ ယင်း ထက်ဝန်းကျင် စင်ကြယ်မှုကို ယင်း (တတြ မဇ္ဈတ္တတာ) ဟူသော ဥပေက္ခာက ပြုလုပ်ပေး၏၊ အခြား တစ်ပါးသော တရားက ပြုလုပ်ပေးသည်ကား မဟုတ် ပေ။ ထိုကြောင့် ဤ စတုတ္ထစျာန်ကို ဥပေက္ခာသတိပါရိသုဒ္ဓိဟူ၍ မိန့်ဆိုတော်မူခြင်း ဖြစ်၏၊ ဝိဘင်းပါဠိတော် (အဘိ၊၂၊၂၇၁။) ၌လည်း ----

အယံ သတိ ဣမာယ ဥပေက္ခာယ ဝိသဒါ ဟောတိ ပရိသုဒ္ဓါ ပရိယောဒါတာ။ တေန ဝုစ္စတိ ဥပေက္ခာသတိပါရိသုဒ္ဓိ။ (အဘိ၊၂၊၂၇၁။ ဝိသုဒ္ဓိ၊၁၊၁၆၂။ ...)

= ဤသတိသည် ဤဥပေက္ခာကြောင့် သန့်ရှင်း၏၊ ထက်ဝန်းကျင် စင်ကြယ်၏၊ ထက်ဝန်းကျင် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏၊ ထိုကြောင့် ဥပေက္ခာသတိပါရိသုဒ္ဓိ = ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသောတရား - ဟူ၍ ဆိုအပ်၏ ----

ဟု ဘုရားရှင် ဟောကြားထားတော်မူအပ်ပေသည်။ ယင်းဥပေက္ခာကြောင့် ဤစတုတ္ထစျာန်၌ သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ထိုဥပေက္ခာကို ပရမတ္ထတရားကိုယ် အနက်သဘောအားဖြင့် တတြမဇ္ဈတ္တတာ စေတသိက်ဟူ၍ သိရှိပါလေ။

ဤစတုတ္ထစျာန်၌ ထိုဥပေက္ခာကြောင့် သတိတစ်ခုတည်း သက်သက်သာလျှင် ထက်ဝန်းကျင် စင်ကြယ် သည်ကား မဟုတ်၊ စင်စစ်သော်ကား စတုတ္ထစျာန်နှင့် ယှဉ်ဖက် စိတ်-စေတသိက် သမ္ပယုတ်တရားအားလုံးပင် ထက်ဝန်းကျင် စင်ကြယ်ကြကုန်၏၊ ထိုသို့ ဖြစ်သော်လည်း သတိသီသ = သတိကို အဦးပဓာနပြုသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၆၂။)

အလုံးစုံသော ဆန့်ကျင်ဘက်တရားတို့မှ ထက်ဝန်းကျင် စင်ကြယ်သော ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်း အေးစေခြင်း၌သော်လည်း ကြောင့်ကြ ဗျာပါရကင်းသော (တတြမဇ္ဈတ္တတာ စေတသိက် ဟူသော) ပါရိသုဒ္ဓိ ဥပေက္ခာသည် ဖြစ်ပေါ်လာလတ်သော် စတုတ္ထစျာန်၌ သတိသည် ကောင်းစွာ ရွှင်စေသော ပညာကဲ့သို့ ကောင်း ကောင်းကြီး ထက်ဝန်းကျင် စင်ကြယ်သည်လည်းကောင်း ကောင်းကောင်းကြီး သန့်ရှင်းထက်မြက်သည်လည်း ကောင်း ဖြစ်ပေသည်၊ ထိုကြောင့် ''ထိုသတိ၏ ထက်ဝန်းကျင် စင်ကြယ်မှုကို ထိုဥပေက္ခာကသာ ပြုလုပ်ပေး အပ်၏၊ အခြားတစ်ပါးသော တရားက ပြုလုပ်ပေးသည် မဟုတ်''ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၁၉၂။)

ချီးမွမ်းရခြင်း၏ အကြောင်းရင်း

ချီးမွမ်းရခြင်း၏ အကြောင်းရင်း

ထိုစျာန်လေးပါးတို့တွင် ဤဥပေက္ခာသည် (= တတြမဇ္ဈတ္တတာစေတသိက်သည်) အောက်စျာန် သုံးပါးတို့၌ လည်း အကယ်၍ကား ရှိ၏၊ ထိုသို့ပင် ရှိသော်လည်း ----

၁။ နေ့အခါ၌ နေ၏အရောင်အလင်းသည် နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (= နေရောင် ခြည်၏ လွှမ်းမိုးမှုကို ခံရသောကြောင့်ဟူလို)

၂။ အေးချမ်းသည်၏ အဖြစ်ဖြင့် မိမိအား ကျေးဇူးပြုတတ်သည်၏ အဖြစ်ဖြင့် တူသောအဖို့ ရှိသော ညဉ့် ဟူသော အဖော်သဟဲကို (အဖော်သဟာယ်ကို) မရခြင်းကြောင့်လည်းကောင်း ----

နေ့အခါ၌ ထင်ရှားပင်ရှိပါသော်လည်း လရေးသည် ထက်ဝန်းကျင် မစင်ကြယ်၏သို့ ပြိုးပြိုးပြက် တလက် လက် မတောက်ပ၏သို့ အလားတူပင် ဤတတြမဇ္ဈတ္တုပေက္ခာဟူသော လရေးသည်လည်း ဝိတက် အစရှိသော ဆန့်ကျင်ဘက်တရားတို့၏ အာနုဘော်သည် နှိပ်စက်လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, မိမိနှင့် သဘောတူသော အဖော်သဟဲ (သဟာယ်) ဖြစ်သော ဥပေက္ခာဝေဒနာဟူသော ညဉ့်ကို မရရှိခြင်းကြောင့် လည်းကောင်း ထင်ရှားရှိပင် ရှိပါသော်လည်း ပထမစျာန် စသော အောက်စျာန်သုံးပါးအထူးတို့၌ မစင်မကြယ် ဖြစ်နေ၏၊ နေ့အခါ၌ ထက်ဝန်းကျင် မစင်ကြယ်သော လရေး၏ အရောင်ကဲ့သို့ ထက်ဝန်းကျင် မစင်ကြယ်သော ထိုတတြမဇ္ဈတ္တုပေက္ခာ၏ စိတ္တက္ခဏတစ်ခုအတွင်း၌ မိမိနှင့် အတူယှဉ်တွဲ ဖြစ်ကြကုန်သော သတိ အစရှိသော တရားတို့သည်လည်း ထက်ဝန်းကျင် မစင်ကြယ်ကုန်သည်သာလျှင် ဖြစ်ကြရကုန်၏၊ ထိုကြောင့် ထိုပထမစျာန် စသော စျာန်သုံးပါး အထူးတို့တွင် တစ်ခုသော စျာန်ကိုမျှလည်း - ဥပေက္ခာသတိပါရိသုဒ္ဓိံ = ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော တရားဟု ဟောတော် မမူအပ်ပေ။

စင်စစ်မှာမူ ဤစတုတ္ထစျာန်၌ ဝိတက် အစရှိကုန်သော ဆန့်ကျင်ဘက်တရားတို့၏ အာနုဘော်သည် နှိပ် စက် လွှမ်းမိုးမှု မရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, မိမိနှင့် သဘောတူသော ဥပေက္ခာဝေဒနာဟူသော ညဉ့်ကို ရရှိခြင်းကြောင့်လည်းကောင်း ဤတတြမဇ္ဈတ္တုပေက္ခာဟူသော လရေးသည် အလွန်လျှင် ထက်ဝန်းကျင်မှ စင်ကြယ်လျက်ရှိ၏၊ ထို တတြမဇ္ဈတ္တုပေက္ခာ၏ ထက်ဝန်းကျင် စင်ကြယ်သည့် အတွက်ကြောင့် ထက်ဝန်းကျင် စင်ကြယ်သော လရေး၏ အရောင်ကဲ့သို့ မိမိနှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော သတိ အစရှိကုန်သော တရားတို့သည်လည်း ထက်ဝန်းကျင် စင်ကြယ်ကြကုန်၏၊ ပြိုးပြိုးပြက် တလက်လက် တောက်ပကြကုန်၏၊ ထိုကြောင့် ဤ စတုတ္ထစျာန်ကိုသာလျှင် ''ဥပေက္ခာသတိပါရိသုဒ္ဓိံ = ဥပေက္ခာသည် ဖြစ်စေ အပ်သော သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော တရား''ဟု ဟောကြားတော်မူအပ်ပေ၏ဟု သိရှိပါလေ။

(ဝိသုဒ္ဓိ၊၁၊၁၆၂-၁၆၃။)

တဉ္စ ပန သောမနဿံ ဧကဝီထိယံ ပုရိမဇဝနေသုယေဝ ပဟီယတိ။ (ဝိသုဒ္ဓိ၊၁၊၁၆၃။)

''ဧကဝီထိယ''န္တိ ဣဒံ တတ္ထ သောမနဿဿ ဧကံသေန အဘာဝတော ဝုတ္တံ၊ န တတော ပုရိမတရေသု ဧကံသေန ဘာဝတော။ (မဟာဋီ၊၁၊၁၉၂။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ အဆိုအမိန့်အရ စတုတ္ထစျာန်သမာဓိ၏ ဥပစာရသမာဓိ နယ်မြေ၌ အထူးသဖြင့် စတုတ္ထစျာနဝီထိ စျာနသမာပတ္တိဝီထိတို့၏ ဥပစာရစျာန်ဇောများ အခိုက်၌ သောမနဿဝေဒနာ မယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်တော့သည်ဟု သိရှိပါလေ။ သို့အတွက် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်သဖြင့် ယင်းဥပစာရသမာဓိနယ်မြေ၌ ပီတိလည်း မယှဉ်ဟု သိပါလေ။

ပဉ္စကနည်း

ပဉ္စကနည်း

ဤဖော်ပြခဲ့သော နည်းကား စတုက္ကနည်း ဖြစ်သည်။ ယင်းစတုက္ကနည်း၌ ဝိတက်နှင့် ဝိစာရ စျာန်အင်္ဂါ နှစ်ပါးကို ပြိုင်တူ ဖြုတ်၏၊ တိက္ခပညဝါ = ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်အတွက် ဘုရားရှင် ဟော ကြားတော်မူခြင်း ဖြစ်ပေသည်။ ပဉ္စကနည်း၌ကား စျာန်လေးပါးနေရာ၌ စျာန်ငါးပါး ဖြစ်လာ၏၊ ဝိတက်နှင့် ဝိစာရကို ပြိုင်တူမဖြုတ်ဘဲ တစ်လုံးစီ ဖြုတ်၏၊ မန္ဒပည = နုံ့သော ပညာရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာ အစဉ်တည်း။

၁။ ပုဂ္ဂလဇ္ဈာသယ = တရားနာယူသူ တရားကျင့်သူ ထိုထို သာဝကတို့၏ အလိုအဇ္ဈာသယ ဓာတ်ခံ အား လျော်စွာ အဇ္ဈာသယဓာတ်နှင့် လျော်ညီအောင်လည်း စတုက္ကနည်း ပဉ္စကနည်းဟု နှစ်နည်း ခွဲခြား၍ ဟောကြားတော်မူ၏၊

၂။ ဒေသနာဝိလာသ = ဒေသနာတော်ကို တင့်တယ် စမ္ပယ်အောင် တန်ဆာ ဆင်လိုသော ရည်ရွယ်တော် မူချက်ဖြင့်လည်း ထိုသို့ စတုက္ကနည်း ပဉ္စကနည်း နှစ်နည်းခွဲ၍ ဟောကြားတော်မူပေ၏၊

(မဟာဋီ၊၁၊၁၉၃-၁၉၄-၌ အကျယ်ရှု။)

စတုက္ကနည်း၌

စတုက္ကနည်း၌

၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်,

၂။ ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်,

၃။ သုခ+ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်,

၄။ ဥပေက္ခာ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန် ----

ဤသို့လျှင် ရူပါဝစရ စျာန် လေးမျိုးပြား၏၊

ပဉ္စကနည်း၌

ပဉ္စကနည်း၌

၁။ ဝိတက်+ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ ငါးပါးရှိသော ပထမစျာန်,

၂။ ဝိစာရ+ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ လေးပါးရှိသော ဒုတိယစျာန်,

၃။ ပီတိ+သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော တတိယစျာန်,

၄။ သုခ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်,

၅။ ဥပေက္ခာ+ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော ပဉ္စမစျာန် ----

ဤသို့လျှင် ရူပါဝစရစျာန် ငါးမျိုးပြား၏၊

_________

ဝိပဿနာကူးပုံ အကျဉ်းချုပ်

ဝိပဿနာကူးပုံ အကျဉ်းချုပ်

ဧဝံ နိဗ္ဗတ္တစတုက္ကပဉ္စကဇ္ဈာနော ပနေတ္ထ ဘိက္ခု သလ္လက္ခဏာဝိဝဋ္ဋနာဝသေန ကမ္မဋ္ဌာနံ ဝဍ္ဎေတွာ ပါရိသုဒ္ဓိံ ပတ္တုကာမော တဒေဝ စျာနံ ပဉ္စဟာကာရေဟိ ဝသိပ္ပတ္တံ ပဂုဏံ ကတွာ နာမရူပံ ဝဝတ္ထပေတွာ ဝိပဿနံ ပဋ္ဌပေတိ။ ကထံ? သော ဟိ သမာပတ္တိတော ဝုဋ္ဌာယ အဿာသပဿာသာနံ သမုဒယော ကရဇကာယော စ စိတ္တဉ္စာတိ ပဿတိ။ ယထာဟိ ကမ္မာရဂဂ္ဂရိယာ ဓမမာနာယ ဘသ္တဉ္စ ပုရိသဿ စ တဇ္ဇံ ဝါယာမံ ပဋိစ္စ ဝါတော သဉ္စရတိ၊ ဧဝမေဝ ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသပဿာသာတိ။ တတော အဿာသပဿာသေ စ ကာယဉ္စ ရူပန္တိ စိတ္တဉ္စ တံသမ္ပယုတ္တဓမ္မေ စ အရူပန္တိ ဝဝတ္ထပေတိ။ အယမေတ္ထ သင်္ခေပေါ။ ဝိတ္ထာရတော ပန နာမရူပဝဝတ္ထာနံ ပရတော အာဝိဘဝိဿတိ။

ဧဝံ နာမရူပံ ဝဝတ္ထပေတွာ တဿ ပစ္စယံ ပရိယေသတိ။ ပရိယေသန္တော စ နံ ဒိသွာ တီသုပိ အဒ္ဓါသု နာမရူပဿ ပဝတ္တိံ အာရဗ္ဘ ကင်္ခံ ဝိတရတိ၊ ဝိတိဏ္ဏကင်္ခေါ ကလာပသမ္မသနဝသေန တိလက္ခဏံ အာရောပေတွာ ဥဒယဗ္ဗယာနုပဿနာယ ပုဗ္ဗဘာဂေ ဥပ္ပန္နေ ဩဘာသာဒယော ဒသ ဝိပဿနုပက္ကိလေသေ ပဟာယ ဥပက္ကိလေသဝိမုတ္တံ ပဋိပဒါဉာဏံ မဂ္ဂေါတိ ဝဝတ္ထပေတွာ ဥဒယံ ပဟာယ ဘင်္ဂါနုပဿနံ ပတွာ နိရန္တရံ ဘင်္ဂါနုပဿနေန ဝယတော ဥပဋ္ဌိတေသု သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒန္တော ဝိရဇ္ဇန္တော ဝိမုစ္စန္တော ယထာက္ကမေန စတ္တာရော အရိယမဂ္ဂေ ပါပုဏိတွာ အရဟတ္တဖလေ ပတိဋ္ဌာယ ဧကူနဝီသတိဘေဒဿ ပစ္စဝေက္ခဏာဉာဏဿ ပရိယန္တံ ပတ္တော သဒေဝကဿ လောကဿ အဂ္ဂဒက္ခိဏေယျော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၈-၂၇၉။)

ဤသို့လျှင် ဤကာယာနုပဿနာသတိပဋ္ဌာန်၌ ဖြစ်ပြီးသော ရပြီးရောက်ပြီးသော စတုက္ကစျာန် ပဉ္စကစျာန် ရှိသော ယောဂါဝစရရဟန်းတော်သည် သလ္လက္ခဏာ အမည်ရသော ဝိပဿနာဉာဏ်, ဝိဝဋ္ဋနာ အမည်ရသော အရိယမဂ်ဉာဏ်တို့၏ အစွမ်းဖြင့် ပါရိသုဒ္ဓိ အမည်ရသော အရိယဖိုလ်ကို ရခြင်း ရောက်ခြင်းငှာ အလိုရှိလတ် သော် (= ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့၏ အစွမ်းဖြင့် အရိယဖိုလ်ကို ရရှိခြင်းငှာ, ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အရိယဖိုလ်ကို ဝင်စားခြင်း = ဖလသမာပတ်ဝင်စားခြင်းငှာ အလိုရှိလတ်သော်) ထိုစျာန်ကိုပင် ဝသီဘော်ငါးတန်သို့ ရောက်အောင် ဝသီဘော်ငါးတန် အဝါးဝစွာ နိုင်နင်းခြင်းသို့ ရောက်အောင် ပြု၍ နာမ်နှင့် ရုပ်ကို ပိုင်းခြား မှတ်သား၍ ဝိပဿနာဉာဏ်ကို ဖြစ်စေ၏၊

အဘယ်သို့ ဖြစ်စေသနည်းဟူမူကား --- ထိုစျာန်ကို ရရှိနေသော စျာနလာဘီ ရဟန်းတော်သည် စျာန် သမာပတ်ကို ဝင်စားပြီးလျှင် ယင်းစျာန်သမာပတ်မှ ထ၍ ကရဇကာယ အမည်ရသော ခန္ဓာအိမ် တစ်ခုလုံး၌ ရှိသော ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်းလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဘူတရုပ် = ဓာတ်ကြီးလေးပါးနှင့် တကွ ထိုဓာတ်ကြီးလေးပါးကို မှီတွယ်၍ ဖြစ်ပေါ်နေကြကုန်သော (၂၄)မျိုးသော ဥပါဒါရုပ် အပေါင်းသည်လည်းကောင်း, စိတ်သည်လည်းကောင်း (= စိတ်+စေတသိက်တရားစုသည်ကောင်း) အဿာသ ပဿာသ အမည်ရသော ရုပ်တရားအပေါင်း၏ ဖြစ်ကြောင်း သမုဒယတည်းဟု ရှု၏၊

[ကိဉ္စာပိ အဿာသပဿာသာ စိတ္တသမုဋ္ဌာနာ၊ ကရဇကာယံ ပန ဝိနာ တေသံ အပ္ပဝတ္တနတော ''ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသပဿာသာ''တိ ဝုတ္တံ။ (မဟာဋီ၊၁၊၃၃၇။)

= အဿာသ-ပဿာသဟူသည် အသံလျှင် ကိုးခုမြောက်ရှိသော စိတ်ကြောင့် ဖြစ်သော စိတ္တဇ သဒ္ဒနဝက ကလာပ် ရုပ်တရားတို့၏ အပေါင်းအစုမျှသာတည်း။ အဿာသ-ပဿာသ ရုပ်တရားတို့သည် စိတ်ကြောင့် ဖြစ်ကြသည့် စိတ္တသမုဋ္ဌာန်ရုပ်တို့ကား မှန်၏၊ သို့သော်လည်း ကရဇကာယ အမည်ရသော ဘူတရုပ် ဥပါဒါရုပ်ကို ကြဉ်၍ ထ

ထင်ရှားစေအံ့ --- ပန်းပဲဖိုကို ဆွဲလတ်သော် ပန်းပဲဖိုကိုလည်းကောင်း, ထိုလေ ဖြစ်ခြင်းအားလျော်သော ယောက်ျား၏ လုံ့လဝီရိယကိုလည်းကောင်း အစွဲပြု၍ လေသည်ဖြစ်ပေါ်လာသကဲ့သို့ ဤဥပမာအတူပင်လျှင် ကရဇကာယကိုလည်းကောင်း, စိတ်ကိုလည်းကောင်း အစွဲပြု၍ ဝင်လေ ထွက်လေတို့သည် ဖြစ်ပေါ်လာကြ ကုန်၏ဟု မှတ်သားပါလေ။ ထိုနောင်မှ ----

၁။ (က) အဿာသ-ပဿာသ ရုပ်တရားအပေါင်းကိုလည်းကောင်း,

( ခ ) ကရဇကာယဟူသော ဘူတရုပ် ဥပါဒါရုပ်အပေါင်းကိုလည်းကောင်း ရုပ်ဟူ၍ ---

၂။ (က) စိတ်ကိုလည်းကောင်း,

( ခ ) ထိုစိတ်နှင့် ယှဉ်သော စေတသိက်တရားတို့ကိုလည်းကောင်း နာမ်ဟူ၍ ---

ပိုင်းခြားမှတ်သား၏၊ ဤကား ဤအာနာပါနဿတိကထာ၌ အကျဉ်းတည်း။ အကျယ်အားဖြင့်ကား နာမ်+ရုပ်ကို ပိုင်းခြားမှတ်သားခြင်းသည် နောက်၌ ထင်စွာ ဖြစ်လတ္တံ့။

ဤသို့ နာမ်+ရုပ်ကို ပိုင်းခြားမှတ်သားပြီး၍ ထိုနာမ်ရုပ်၏ အဝိဇ္ဇာ တဏှာ ကံစသော အကြောင်းတရားကို ရှာဖွေရ၏၊ (အဝိဇ္ဇာစသော အကြောင်းတရားကြောင့် အကျိုး နာမ်ရုပ်ဖြစ်ပုံကို စူးစမ်းဆင်ခြင်အပ်၏ ဉာဏ်ဖြင့် ပိုင်းခြားယူအပ်၏ဟု ဆိုလိုသည်။) အဝိဇ္ဇာ စသော အကြောင်းတရားကို ရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ် သည်လည်း ထိုအကြောင်းတရားကို ကိုယ်တိုင် မျက်မှောက် ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်ခဲ့သော် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌လည်း နာမ်ရုပ်၏ ဖြစ်မှုကို အကြောင်းပြု၍ - ''အတိတ်ဘဝကာလက ငါသည် ဖြစ်ခဲ့လေသလော'' - ဤသို့ စသော နည်းဖြင့် ဖြစ်သော (၁၆)မျိုးသော ယုံမှားခြင်းကို ကျော်လွှား လွန်မြောက်၍ သွားနိုင်၏၊

ယင်း ယုံမှားသံသယကို ကျော်လွှား လွန်မြောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဤသို့စသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးအစုအပုံကို ပေါင်းစုခြုံငုံ၍ အနိစ္စစသည်ဖြင့် ရှုပွားသုံးသပ်ခြင်း ကလာပ သမ္မသနနည်း၏ အစွမ်းဖြင့် လက္ခဏာရေးသုံးတန်သို့ တင်၍ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိစခန်းတွင် အကျုံး ဝင်သော ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ ရှေးအဖို့၌ ဖြစ်ကုန်သော ဩဘာသ အရောင်အလင်း အစရှိကုန်သော ဆယ်ပါးကုန်သော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရားတို့ကို ပယ်ရှား၍ ဥပက္ကိလေသမှ လွတ်သော ပဋိပဒါဉာဏ်သည် လမ်းမှန် မဂ္ဂ မည်၏ဟု ပိုင်းခြားမှတ်သား၍ ဥဒယဗ္ဗယဉာဏ်ဖြင့် သိမ်းဆည်း အပ်သော သင်္ခါရတရားတို့၏ ဖြစ်ခြင်းကို လွှတ်၍ ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်း = ဘင်ကိုသာ ရှုတတ်သော ဘင်္ဂါနုပဿနာဉာဏ်သို့ ရောက်ရှိ၍ ဘင်္ဂါနုပဿနာဉာဏ်ဖြင့် မပြတ် တရစပ် ပျက်သော သဘောအားဖြင့် ထင်လာကုန်သော သင်္ခါရတရားအားလုံးတို့၌ ငြီးငွေ့သည်ဖြစ်၍ တပ်မက်ခြင်း ကင်းသည်ဖြစ်၍ ကိလေသာ တို့မှ လွတ်မြောက်ဆဲလည်းဖြစ်၍ အစဉ်သဖြင့် လေးပါးကုန်သော အရိယမဂ်တို့သို့ ရောက်ရှိ၍ အရဟတ္တဖိုလ်၌ တည်၍ (၁၉)မျိုးသော ပစ္စဝေက္ခဏာဉာဏ်၏ အဆုံးအပိုင်းခြားသို့ ရောက်ရှိသည်ဖြစ်၍ နတ်နှင့် တကွသော တစ်လောကလုံး၌ မြတ်သော အလှူကို ခံယူထိုက်သော ရဟန္တာပုဂ္ဂိုလ် ဖြစ်လေသတည်း။

ဤရွေ့သော စကားအစဉ်ဖြင့်လည်း ထိုအာနာပါနကမ္မဋ္ဌာန်းကို လေ့လာစီးဖြန်းသော ရဟန်း၏ ရေတွက် ခြင်း ဂဏနာနည်းကို အစ ပြု၍ ဝိပဿနာ အဆုံးရှိသော အာနာပါနဿတိသမာဓိ ဘာဝနာသည် ပြီးဆုံးလေပြီ။ ဤ ဆိုပြီးသော စကားရပ်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် (အာနာပါန စတုက္က လေးမျိုးတို့တွင်) ပထမစတုက္က၏ အဖွင့်ပေတည်း။ (ဝိသုဒ္ဓိ၊၁၊၂၇၈-၂၇၉။)

အထူးမှာကြားချက်

အထူးမှာကြားချက်

ဤအထက်ပါ အဋ္ဌကထာ၏ မိန့်ဆိုတော်မူချက်များအတိုင်း ဤကျမ်းတွင်လည်း - အဿာသ-ပဿာသ ကာယ, ကရဇကာယဟူသော ရုပ်တရားများကို သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံ အပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့်လည်းကောင်း,

စိတ်+စေတသိက် = နာမ်တရားတို့ကို သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံ အပိုင်းကို နာမ်ကမ္မဋ္ဌာန်းပိုင်း ဟူသော အမည်ဖြင့်လည်းကောင်း,

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါးအတွင်း၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ခန္ဓာငါးပါးတို့ ထင်ရှား ဖြစ်ပေါ်လာပုံ အခြင်းအရာကို ဉာဏ်ဖြင့် ပိုင်းခြားယူပုံ သိမ်းဆည်းပုံအပိုင်းကို ပဋိစ္စသမုပ္ပါဒ်ပိုင်းဟူသော အမည်ဖြင့်လည်းကောင်း,

ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် သဘောအားဖြင့် သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံ အပိုင်းကို လက္ခဏာဒိစတုက္ကပိုင်းဟူသော အမည်ဖြင့်လည်းကောင်း,

ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုပွားပုံအပိုင်းကို ဝိပဿနာပိုင်းဟူသော အမည်ဖြင့်လည်းကောင်း -- ဤသို့ အပိုင်းကဏ္ဍ အသီးအသီး ခွဲခြား၍ ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။

ယခုအခါတွင်ကား ကြွင်းကျန်နေသေးသော အာနာပါန စတုက္က သုံးခုကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ယင်းစတုက္က သုံးခုတို့၌ကား ကမ္မဋ္ဌာန်းအားထုတ်ပုံ ဘာဝနာနည်းမည်သည် အသီးအခြား မရှိပေ။ ပထမစတုက္က ကျင့်စဉ်၏ အစွမ်းဖြင့် ကျင့်ခြင်းကြောင့် စျာန်ရပြီးသော ယောဂါဝစရပုဂ္ဂိုလ်အား ---

၁။ ဝေဒနာနုပဿနာ၏ အစွမ်းဖြင့် ဒုတိယစတုက္ကကို,

၂။ စိတ္တာနုပဿနာ၏ အစွမ်းဖြင့် တတိယစတုက္ကကို,

၃။ ဓမ္မာနုပဿနာ၏အစွမ်းဖြင့် စတုတ္ထစတုက္ကကို ----

အသီးအသီး ဟောကြားထားတော်မူသောကြောင့်ပင် ဖြစ်သည်။

ဒုတိယ စတုက္က

ဒုတိယ စတုက္က

၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ သုခပဋိသံဝေဒီ။ ပ။

၃။ စိတ္တသင်္ခါရပဋိသံဝေဒီ။ ပ။

၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ။ ပ။

(မ၊၂၊၈၈။ ...)

၁။ ပီတိပဋိသံဝေဒီ

၁။ ပီတိပဋိသံဝေဒီ

၁။ ပီတိကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ပီတိကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

ပီတိပဋိသံဝေဒီတိ ပီတိံ ပဋိသံဝိဒိတံ ကရောန္တော ပါကဋံ ကရောန္တော အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတိ။ တတ္ထ ဒွီဟာကာရေဟိ ပီတိပဋိသံဝိဒိတာ ဟောတိ အာရမ္မဏတော စ အသမ္မောဟတော စ။

ကထံ အာရမ္မဏတော ပီတိ ပဋိသံဝိဒိတာ ဟောတိ? သပ္ပီတိကေ ဒွေ စျာနေ သမာပဇ္ဇတိ။ တဿ သမာပတ္တိက္ခဏေ စျာနပဋိလာဘေန အာရမ္မဏတော ပီတိ ပဋိသံဝိဒိတာ ဟောတိ၊ အာရမ္မဏဿ ပဋိသံဝိဒိတတ္တာ။ ကထံ အသမ္မောဟတော? သပ္ပီတိကေ ဒွေ စျာနေ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ ပီတိံ ခယတော ဝယတော သမ္မသတိ။ တဿ ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန အသမ္မောဟတော ပီတိ ပဋိသံဝိဒိတာ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၉။)

ပီတိပဋိသံဝေဒီဟူသည်ကား ပီတိကို အသီးအသီး ကောင်းစွာ သိအပ်သည်ကို ပြုလျက် ပတ္တမြား လက် တင်သို့ ဉာဏ်အားထင်သည်ကို ပြုလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ထို ပီတိပဋိသံဝေဒီဟူသော စကားရပ်၌ ---

၁။ အာရုံသဘောအားဖြင့်လည်းကောင်း,

၂။ မတွေမဝေသိခြင်း အသမ္မောဟ သဘောအားဖြင့်လည်းကောင်း ---

ဤနှစ်မျိုးကုန်သော အခြင်းအရာတို့ဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ် သည် ဖြစ်၏၊

၁။ အဘယ်သို့လျှင် အာရမ္မဏ = အာရုံသဘောအားဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သနည်း?

ပီတိနှင့်တကွဖြစ်သော ပီတိယှဉ်သော စတုက္ကနည်း၌ နှစ်ပါးသော ပထမစျာန် ဒုတိယစျာန်တို့ကို အစဉ် အတိုင်း ဝင်စား၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲ ခဏ၌ စျာန်ကို ရရှိနေခြင်း စျာန် နှင့် ပြည့်စုံနေခြင်းဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေခြင်း အာရုံယူနေခြင်းကို အကြောင်းပြု သဖြင့် ထိုအာနာပါနပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ပထမစျာန် သို့မဟုတ် ဒုတိယစျာန်၌ အကျုံးဝင်သော ပီတိစျာန်အင်္ဂါကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်ပေသည်။ အကြောင်းကား အာနာပါန ပဋိဘာဂနိမိတ်အာရုံ၏ အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည်၏ အဖြစ်ကြောင့်တည်း။

(ဝိသုဒ္ဓိ၊၁၊၂၇၉။)

ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ---- လောကဥပမာအားဖြင့် မြွေရှာဖွေမှုကို ပြုကျင့်သော ယောက်ျားသည် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို ထင်ထင်ရှားရှား သိအပ်ခဲ့သော် ထိုမြွေကိုလည်း ထင်ထင်ရှားရှား သိအပ်၏၊ ထိုမြွေကို ဖမ်းမိပြီးသာ ဖြစ်၏၊ မန္တာန်မန်းမှုတ်ခြင်း၏ စွမ်းအားဖြင့် ထိုမြွေကို ဖမ်းယူခြင်းကို ပြုလွယ် သည်၏ အဖြစ်ကြောင့်တည်း၊ အလားတူပင် ပီတိ၏ ကိန်းဝပ်တည်နေရာ ဖြစ်သော အာနာပါနပဋိဘာဂ နိမိတ်အာရုံကို ကောင်းစွာ ထင်ထင်ရှားရှား ကွဲကွဲပြားပြား သိအပ်သည်ရှိသော် ထိုပီတိကိုလည်း အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိပြီးသာလျှင် ဖြစ်ပေ၏၊ ပီတိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာ (= အာနာပါနပဋိ ဘာဂနိမိတ် အာရုံကို ချစ်မြတ်နိုးခြင်း သဘာဝလက္ခဏာ) အားဖြင့်လည်းကောင်း, ယင်း ပီတိ၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာဟူသော သာမညလက္ခဏာအားဖြင့်လည်းကောင်း ပီတိကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း၏ ပြုလွယ်သည်၏ အဖြစ်ကြောင့်ပင်တည်း။ (မဟာဋီ၊၁၊၃၃၈။)

ဆိုလိုသည်မှာ ပီတိဟူသည် ဤအရာဝယ် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ချစ်မြတ်နိုးခြင်း နှစ်သက် ခြင်းသဘော ဖြစ်သဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထင်ထင်ရှားရှား သိပါက ဘဝင်မနောအကြည် ဓာတ်ကို သိမ်းဆည်း၍ ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ထပ်မံ၍ အာရုံယူကာ ရှုပွားလိုက်ပါက ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ပေါ်သွားသော ယင်းပီတိမှာ ထင်ရှား နေမည်သာ ဖြစ်ပေသည်ဟု ဆိုလို၏၊ ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် နာမ်တရားတို့ကို ရှုပွားခဲ့သော် နာမ်တရားတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်လာမည်သာ ဖြစ်ကြောင်း အနုပဒသုတ္တန် ပါဠိ တော် အဋ္ဌကထာ ဋီကာတို့က နည်းပေးလျက် ရှိ၏၊ (အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှုပါ။)

၂။ အဘယ်သို့လျှင် အသမ္မောဟ = မတွေမဝေသိခြင်း သဘောအားဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်ပါသနည်း?

ပီတိနှင့် တကွ ဖြစ်သော ပီတိယှဉ်သော စတုက္ကနည်း၌ နှစ်ပါးသော ပထမစျာန် ဒုတိယစျာန်တို့ကို အစဉ် အတိုင်း ဝင်စား၍ ယင်းစျာန်မှ ထ၍ စျာန်နှင့် ယှဉ်သော ပီတိကို (ပီတိကို အဦးမူသဖြင့် ပီတိနှင့်တကွသော နာမ်တရားစုတို့ကို) ကုန်တတ်သော သဘောအားဖြင့် ပျက်တတ်သော သဘောအားဖြင့် လက္ခဏာရေး တင်ကာ ရှုပွားသုံးသပ်၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို (ပီတိကို အဦးမူသဖြင့် နာမ်တရားစုကို) ဝိပဿနာရှုသော ခဏ, ဝိပဿနာဉာဏ်ဖြင့် မြင်သောခဏ၌ ပီတိ၏ ကိုယ်ပိုင်သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို ယောဂါ ဝစရ ပုဂ္ဂိုလ်သည် ထိုးထွင်း သိမြင်လျက် ရှိ၏၊ ယင်း သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို ထိုးထွင်း သိခြင်းကို အသမ္မောဟသဘော = မတွေမဝေသိခြင်း သဘောအားဖြင့် ထိုးထွင်းသိမြင်ခြင်းဟု ဆိုအပ်၏၊ ဤသို့လျှင် အသမ္မောဟ = မတွေမဝေသိခြင်းသဘောအားဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သည် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၇၉။)

ယထေဝ ဟိ အာရမ္မဏမုခေန ပီတိ ပဋိသံဝိဒိတာ ဟောတိ၊ ဧဝံ တံသမ္ပယုတ္တဓမ္မာပိ အာရမ္မဏမုခေန ပဋိသံဝိဒိတာ ဧဝ ဟောန္တီတိ။ (မဟာဋီ၊၁၊၃၃၉။)

အာနာပါနပဋိဘာဂနိမိတ်အာရုံကို အဦးမူသဖြင့် အကြောင်းပြုသဖြင့် ပီတိသည် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်သကဲ့သို့ ဤအတူ ထိုပီတိနှင့် စျာန်စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော စိတ်စေတသိက် သမ္ပယုတ်တရားတို့ကိုလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံကို အဦးမူသဖြင့် အကြောင်းပြုသဖြင့် အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်ကုန်သည်သာလျှင် ဖြစ်ကုန်၏ဟု မှတ်ပါ။

(မဟာဋီ၊၁၊၃၃၉။)

ကြွင်းသော သုခပဋိသံဝေဒီ, စိတ္တသင်္ခါရပဋိသံဝေဒီ ဟူသော ပုဒ်တို့ကိုလည်း ပီတိပဋိသံဝေဒီ ဟူသော ပုဒ်၌လာသော ဤနည်းဖြင့်သာလျှင် အနက်သဘောအားဖြင့် သိပါကုန်။ (အာရမ္မဏသဘော, အသမ္မောဟ သဘောအားဖြင့် နှစ်မျိုးခွဲခြား သိပုံကို ရည်ညွှန်းထားသည်။) ထူးခြားချက်မှာ ဤမျှသာတည်း --- စတုက္ကနည်း၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့၏ အစွမ်းဖြင့် သုခပဋိသံဝေဒီ = သုခကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည်၏ အဖြစ်ကိုလည်းကောင်း, စျာန်လေးပါးလုံးတို့၏ အစွမ်းဖြင့် စိတ္တသင်္ခါရပဋိသံဝေဒီ = ဝေဒနာ သညာဟူသော စိတ္တသင်္ခါရတရား နှစ်ပါးကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည်၏ အဖြစ်ကိုလည်းကောင်း သိရှိပါလေ။ ဝေဒနာ သညာ တရားနှစ်ပါးကား စိတ္တသင်္ခါရ မည်၏၊

သုခပဋိသံဝေဒီဟူသောပုဒ်၌ ပကိဏ္ဏကသင်္ခါရ အမည်ရသော အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး၏ အစွမ်းဖြင့် ဖြစ်ပေါ်နေကြကုန်သော (၃၁)ဘုံ အတွင်း၌ တည်ရှိသော ခန္ဓာငါးပါး ရုပ်နာမ် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်၍ ရှုပွားသုံးသပ်ခြင်း၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်၏ တည်ရာဘုံကို ပြခြင်းငှာ - ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ - သုခန္တိ ဒွေ သုခါနိ ကာယိကဉ္စ သုခံ စေတသိကဉ္စ = ကာယိကသုခ စေတသိကသုခ နှစ်ပါးကို သုခအဖြစ် ဟောကြား တော်မူအပ်၏''ဟု မှတ်သားပါလေ။ အကြောင်းမူ စျာန်သမထပိုင်း၌ ကာယိကသုခဝေဒနာ မဖြစ်နိုင်သော ကြောင့်တည်း။ (စျာန်သမာပတ်အတွင်း၌ စျာန်ဇောများနှင့် ယှဉ်တွဲဖြစ်နေသော ဝေဒနာမှာ စေတသိကသုခ အမည်ရသော သောမနဿဝေဒနာမျိုးသာ ဖြစ်နိုင်သောကြောင့် ကာယိကသုခဝေဒနာမှာ အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်စိတ်နှင့်သာ ယှဉ်တွဲဖြစ်နိုင်၍ စျာန်စိတ်များနှင့် စိတ္တက္ခဏတစ်ခုအတွင်း အတူ ယှဉ်တွဲ၍ မဖြစ်နိုင်သောကြောင့်ဟု ဆိုလိုပေသည်။) (ဝိသုဒ္ဓိ၊၁၊၂၈၀။ မဟာဋီ၊၁၊၃၄၀။)

၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ

၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ

ပဿမ္ဘယံ စိတ္တသင်္ခါရံ - ဟူသည် ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ နှစ်ပါးကို ငြိမ်းစေလျက် ချုပ်စေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါဟု ဆိုလိုပေ၏၊ ငြိမ်းစေလျက်ဟူသော ပရိယာယ်စကားဖြင့် ဆိုအပ်သော ချုပ်ငြိမ်းမှုကို ကာယသင်္ခါရ၌ အကျယ်ဖွင့်ဆိုအပ် ခဲ့ပြီးသည့် နည်းအတိုင်း သိရှိပါလေ။

ဝေဒနာနုပဿနာ

ဝေဒနာနုပဿနာ

ဆိုဖွယ် ရှိပြန်သေး၏၊ ဤဒုတိယစတုက္က၌ - ပီတိပဋိသံဝေဒီ = ပီတိကို အသီးအသီး ထင်ထင်ရှားရှား ကောင်းစွာသိလျက် စသည်ဖြင့် ဟောကြားတော်မူအပ်သော ကောဋ္ဌာသ၌ ပီတိကို ပဓာန ဦး ဆောင်ပြု ရည် ညွှန်းသဖြင့် ပီတိနှင့် ယှဉ်သော သမ္ပယုတ်ဝေဒနာကို ဟောကြားတော်မူအပ်ပေသည်။

သုခပဋိသံဝေဒီ = သုခကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိလျက် စသည်ဖြင့် ဟောကြား တော်မူအပ်သော ကောဋ္ဌာသ၌ သုခဝေဒနာကို သရုပ်သဘောအားဖြင့်သာလျှင် သရုပ်ထုတ်၍ ဟောကြားတော် မူအပ်ပေသည်။

စိတ္တသင်္ခါရပဋိသံဝေဒီ, ပဿမ္ဘယံ စိတ္တသင်္ခါရံ စသည်ဖြင့် ဟောကြားတော်မူအပ်ကုန်သော စိတ္တသင်္ခါရ နှင့် စပ်ယှဉ်ကုန်သော နှစ်ကောဋ္ဌာသတို့၌ ''သညာ စ ဝေဒနာ စ စေတသိကာ ဧတေ ဓမ္မာ စိတ္တပဋိဗဒ္ဓါ စိတ္တသင်္ခါရာ''= သညာသည်လည်းကောင်း ဝေဒနာသည်လည်းကောင်း ဤတရားနှစ်ပါးတို့သည် စိတ်၌ မှီကုန် သည်ဖြစ်၍ စိတ်နှင့် စပ်၍ ဖြစ်ကြကုန်၏၊ စိတ်သည် ပြုပြင်အပ်ကုန်၏၊'' (ပဋိသံ၊၁၈၇။ မ၊၁၊၃၇၆။) ---- ဤသို့ ဟောကြားတော်မူခြင်းကြောင့် သညာနှင့် ယှဉ်သော ဝေဒနာကိုပင် ဟောကြားတော်မူအပ်ပေသည်။

[ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏ - ဟု ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်များ၌ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ဝိညာဏ်ကြောင့် စေတသိက်တရားတို့လည်း ဖြစ်လာရကား ဝေဒနာ သညာ တရားနှစ်ပါးတို့သည် စိတ်၌ မှီကုန်သည်ဖြစ်၍ စိတ်နှင့် စပ်၍ ဖြစ်ကြကုန်၏၊ စိတ်သည် ပြုပြင်အပ်ကုန်၏ဟု ဆိုလိုပေသည်။]

ဤသို့လျှင် ဝေဒနာနုပဿနာနည်းဖြင့် ဤဒုတိယစတုက္ကကို ဘုရားရှင် ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၀။ မဟာဋီ၊၁၊၃၄၁။)

တတိယ စတုက္က

တတိယ စတုက္က

၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊

စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ အဘိပ္ပမောဒယံ စိတ္တံ။ ပ။

၃။ သမာဒဟံ စိတ္တံ။ ပ။

၄။ ဝိမောစယံ စိတ္တံ။ ပ။

(မ၊၂၊၈၈။ ...)

၁။ စိတ္တပဋိသံဝေဒီ

၁။ စိတ္တပဋိသံဝေဒီ

၁။ စိတ်ကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ပ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

ဤ တတိယစတုက္က၌လည်း စျာန်လေးပါးတို့၏ အစွမ်းဖြင့် စိတ်ကို အသီးအသီး ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သည်ဟု သိရှိပါလေ။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏၊ အာရမ္မဏသဘော အသမ္မောဟသဘော နှစ်မျိုးသော အခြင်းအရာတို့ဖြင့် သိမှုကို ရည်ညွှန်းထားသည်။ စျာန်လေးပါးတို့ကို အာနာပါနပဋိဘာဂနိမိတ် အာရုံကို အာရုံပြု၍ အစဉ်အတိုင်း ဝင်စား၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စျာန်သမာပတ်ကို ဝင်စား ဆဲ ခဏ၌ စျာန်ကို ရရှိနေခြင်း စျာန်နှင့် ပြည့်စုံနေခြင်းဖြင့် အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူခြင်းကို အကြောင်းပြုသဖြင့် ထိုပဋိဘာဂနိမိတ်လျှင် အာရုံရှိသော စျာန်နှင့် သမ္ပယုတ်ဖြစ်သော စိတ်ကို အသီးအသီး ကောင်းစွာ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ကောင်းစွာ ထင်ထင် ရှားရှား သိအပ်သောကြောင့် ဖြစ်ပေသည်။ ဤကား အာရုံသဘောအားဖြင့် ထင်ထင်ရှားရှား စျာန်စိတ်ကို သိပုံ တည်း။

စျာန်လေးပါးတို့ကို အစဉ်အတိုင်း ဝင်စား၏၊ ဝင်စားပြီးလျှင် စျာန်မှ ထ၍ စျာန်နှင့် ယှဉ်သော စျာန်စိတ်ကို (စျာန်စိတ်နှင့် တကွသော သမ္ပယုတ်တရားစုကို) ကုန်တတ်သောသဘော ပျက်တတ်သောသဘော အားဖြင့် လက္ခဏာရေး သုံးတန်သို့ တင်လျက် ရှုပွားသုံးသပ်၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်စိတ်ကို ဝိပဿနာ ရှုနေသော အခိုက်၌ စျာန်စိတ်၏ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာကို (= အနိစ္စ ဒုက္ခ အနတ္တ အခြင်း အရာကို) ထိုးထွင်းသိမြင်လျက် ရှိ၏၊ ယင်းသို့ သိခြင်းကား အသမ္မောဟသဘောအားဖြင့် စျာန်စိတ်ကို ထင်ထင် ရှားရှား သိခြင်းပင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၀။ မဟာဋီ၊၁၊၃၄၁။)

ဤတတိယစတုက္က၌ ပထမ ညွှန်ကြားချက်ကား စျာန်စိတ်ကို အာရမ္မဏသဘော အသမ္မောဟသဘော အားဖြင့် ထင်ထင်ရှားရှား သိလျက် အသက်ရှူနေရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ပင် ဖြစ်သည်။

၂။ အဘိပ္ပမောဒယံ စိတ္တံ

၂။ အဘိပ္ပမောဒယံ စိတ္တံ

အဘိပ္ပမောဒယံ စိတ္တံ - ဟူသည်ကား (က) စျာန်နှင့်ယှဉ်သော စျာန်စိတ်ကို စျာန်နှင့်ယှဉ်သော ပီတိဖြင့် ဝမ်းမြောက်စေလျက်, (ခ) စျာနပီတိကို (= အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စျာန် အင်္ဂါတို့တွင် ပါဝင်သော ပီတိကို) ယင်းပီတိ၏ ခယ ဝယ = ကုန်တတ် ပျက်တတ်သော သဘောကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝိပဿနာစိတ်ကို ထိုဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော စျာန်ပီတိဖြင့် ဝမ်းမြောက် စေလျက် ရွှင်လန်းတက်ကြွစေလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါဟု ဆိုလို၏၊

၁။ သမာဓိ၏ အစွမ်းဖြင့်လည်းကောင်း,

၂။ ဝိပဿနာ၏ အစွမ်းဖြင့်လည်းကောင်း ----

ဤသို့ နှစ်မျိုးကုန်သော အခြင်းအရာတို့ဖြင့် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်ခြင်းသည် ဖြစ်ပေါ် လာ၏၊

၁။ သမာဓိ၏ အစွမ်းဖြင့် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်ပုံကား -- ပီတိနှင့်ယှဉ်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် စျာန်သမာပတ်ကို ဝင်စားဆဲခဏ၌ စျာန်စိတ်နှင့် ယှဉ်သော စျာန်ပီတိဖြင့် ထိုစျာန်စိတ်ကိုပင်လျှင် လွန်စွာရွှင်လန်းတက်ကြွ ဝမ်းမြောက်စေ၏၊

၂။ ဝိပဿနာ၏ အစွမ်းဖြင့် လွန်စွာ ရွှင်လန်းတက်ကြွဝမ်းမြောက်ပုံမှာ ဤသို့ ဖြစ်၏၊ ပီတိနှင့် ယှဉ်ကုန်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၍ စျာန်မှထ၍ စျာန်နှင့် ယှဉ်သော ပီတိကို ကုန်တတ် ပျက်တတ်သော သဘောကို အာရုံယူ၍ လက္ခဏာယာဉ်တင်လျက် ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်၏၊ ဤသို့ ရှုပွားသုံးသပ် ခဲ့သော် ဝိပဿနာဉာဏ်အခိုက်၌ စျာန်နှင့် ယှဉ်သော ပီတိကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝိပဿနာစိတ်ကို ယင်း ပီတိက လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေ၏၊ ဤသို့ကျင့်သော ယောဂါဝစရပုဂ္ဂိုလ်ကို စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်၏ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၀-၂၈၁။) ---- ဤကား စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်တည်း။ အလွန်ချစ်ခင်သော ဝမ်းမြောက် နေသူ မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသောအခါ တွေ့မြင်ရသူ၌လည်း ဝမ်းမြောက်မှု ဖြစ်နေသကဲ့သို့ မှတ်ပါ။

၃။ သမာဒဟံ စိတ္တံ

၃။ သမာဒဟံ စိတ္တံ

စိတ်ကို ကောင်းစွာ ထားလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်အောင် ကျင့်ရမည်ဟူသည် ပထမ စျာန် စသည့် စျာန်လေးပါးတို့ကို ဖြစ်စေခြင်း ဝင်စားခြင်း၏ အစွမ်းဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ကို အညီအညွတ် ရှေးရှုထားသည် ဖြစ်၍ အညီအညွတ် ကောင်းစွာ ထားသည်ဖြစ်၍ ဝင်သက်လေကို ဖြစ် စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ရမည်ဟု ဆိုလိုပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများနေသော အာနာပါနဿတိသမာဓိ ဘာဝနာစိတ်ကို အာနာပါနပဋိဘာဂနိမိတ် ဘာဝနာအာရုံမှ အနည်းငယ်မျှသော်လည်း တွန့်ဆုတ်ခြင်း = လီနပက္ခ, စိတ်ပျံ့လွင့် သွားခြင်း = ဥဒ္ဓစ္စပက္ခ ဟူသော နှစ်ဖက်စွန်းသို့ မကပ်ရောက်စေဘဲ ဘာဝနာအာရုံ၌ စိတ်ဓာတ် မညွတ်ကိုင်း ခြင်းလည်း မဖြစ်အောင်, စိတ်ဓာတ် တက်ကြွမြင့်မောက်မှုလည်း မဖြစ်အောင်, ဣန္ဒြေငါးပါးတို့ကို ညီမျှအောင် ကျင့်ခြင်းဖြင့် ဣန္ဒြေ မညီညွတ်မှု မရှိအောင်, သမာဓိ၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်းဖြင့် မတုန်လှုပ်ခြင်းသို့ ရောက်လျက် အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာ တည်တံ့အောင် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဘာဝနာ စိတ်ကို ထားလျက် ဝင်သက်လေ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ရမည်ဟု ဆိုလိုပေသည်။

(မဟာဋီ၊၁၊၃၄၂။)

စျာန်ကို ဖြစ်စေလျက် စျာန်ကို ဝင်စားလျက် အသက်ရှူနေသော် သမထပိုင်း၌ စိတ်ကို ကောင်းကောင်း ထားလျက် အသက်ရှူနေသည် မည်ပေသည်။ ဝိပဿနာပိုင်း၌ကား ဤသို့ ဖြစ်ပေ၏၊

စျာန်လေးပါးတို့ကို အစဉ်အတိုင်း ဝင်စား၍ စျာန်မှထပြီးလျှင် စျာန်နှင့်ယှဉ်သော စိတ်ကို (စိတ်ဦးဆောင် သည့် နာမ်တရားစုကို) ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် ဝိပဿနာဉာဏ်ဖြင့် ကောင်းစွာ ရှုမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်အား ဝိပဿနာဉာဏ်အခိုက်၌ ယင်းစျာန်စိတ်၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်း အရာဟူသော လက္ခဏာကို အဖန်ဖန် အထပ်ထပ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ထိုးထွင်း သိမြင်ခြင်းဖြင့် ခဏိကစိတ္တေကဂ္ဂတာ အမည်ရသော သမာဓိသည် ဖြစ်ပေါ်လာ၏၊ ဤသို့ ဖြစ်ပေါ်လာသော ခဏိကစိတ္တေ ကဂ္ဂတာ အမည်ရသော သမာဓိ၏ အစွမ်းဖြင့်လည်း ယင်း စျာန်နာမ်တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခ အခြင်းအရာ အနတ္တအခြင်းအရာဟူသော အာရုံ၌ ဝိပဿနာစိတ်ကို အညီအညွှတ် ကောင်းစွာ ရှေးရှုထားသော ရဟန်းကို ''စိတ်ကို အညီအညွတ် ကောင်းစွာ ရှေးရှုထားလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်နေ၏ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ခဏိကစိတ္တေကဂ္ဂတာ ---- အမည်ရသော သမာဓိဟူသည် ခဏတာမျှ တည်ခြင်းရှိသော သမာဓိတည်း။ ထိုခဏိကစိတ္တေကဂ္ဂတာ အမည်ရသော ခဏိကသမာဓိသည်လည်း စျာန်စိတ် ဦးဆောင်သည့် စျာန်သင်္ခါရ တရားစုတို့၏ ----

၁။ ဖြစ်ပြီးလျှင် ပျက်နေသော အနိစ္စအခြင်းအရာ,

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံနေရသော ဒုက္ခအခြင်းအရာ,

၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တ အခြင်းအရာ ----

ရှိသော သင်္ခါရအာရုံ၌ အမြဲမပြတ် ရှေးနှင့်နောက် ဆက်စပ်လျက် အနိစ္စအခြင်းအရာအားဖြင့်ဖြစ်စေ, ဒုက္ခအခြင်းအရာအားဖြင့်ဖြစ်စေ, အနတ္တအခြင်းအရာအားဖြင့်ဖြစ်စေ တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေလတ်သော် ဆန့်ကျင်ဘက် မောဟစသော တရားဆိုးသည် မလွှမ်းမိုးနိုင် မဖိစီးနိုင်သည်ဖြစ်၍ ယင်း သင်္ခါရအာရုံ၌ စိုက်ထားအပ်သကဲ့သို့ ဝိပဿနာစိတ်သည် တုန်လှုပ်မှု မရှိဘဲ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ၏၊ ထိုကြောင့် အထက်ပါစကားရပ်ကို အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၃၄၂။)

ဤခဏိကသမာဓိမျိုးကား စျာန်သင်္ခါရတရားတို့ကို ဝိပဿနာရှုနိုင်သည့် စျာန်ရသူ သူတော်ကောင်းတို့ သန္တာန်၌သာ ဖြစ်ပေါ်နိုင်သည်ကို သတိပြုသင့်ပေသည်။ (ကျန် ခဏိကသမာဓိများ အကြောင်းကို ရှေးတွင် ရှင်းခဲ့ပြီး ဖြစ်ပေသည်။) ---- ဤကား အာရုံ၌ စိတ်ကို ကောင်းစွာ ထားလျက် အသက်ရှူနေရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက် ဖြစ်ပေသည်။

၄။ ဝိမောစယံ စိတ္တံ

၄။ ဝိမောစယံ စိတ္တံ

၁။ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ,

၂။ ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ,

၃။ တတိယစျာန်ဖြင့် ပီတိမှ,

၄။ စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့မှ ----

ဝိက္ခမ္ဘနဝိမုတ္တိ = ခပ်ကြာကြာ ခွာထားသောအားဖြင့် လွတ်မြောက်ခြင်းဖြင့် စိတ်ကို လွတ်မြောက်စေလျက် အထူးသဖြင့် လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

ဤကား သမာဓိ၏ အစွမ်းဖြင့် စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် အသက်ရှူပုံ ကျင့်စဉ်တည်း။ ဝိပဿနာ၏ အစွမ်းဖြင့် ကျင့်ပုံမှာ ဤသို့ ဖြစ်၏၊

ထိုစျာန်လေးပါးတို့ကိုမူလည်း အစဉ်အတိုင်း ဝင်စား၍ စျာန်မှထ၍ စျာန်နှင့်ယှဉ်သော စိတ်ကို (စျာန် စိတ် ဦးဆောင်သည့် သင်္ခါရတရားစုကို) ကုန်တတ် ပျက်တတ်သော ခယ-ဝယ သဘောအားဖြင့် လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်၏၊ ထိုကဲ့သို့ စျာန်စိတ် ဦးဆောင်သည့် စျာန်သင်္ခါရတရားတို့ကို ပျက်ခြင်းဘင်ကို အာရုံယူ၍ ဝိပဿနာရှုနေသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်အခိုက်၌ ----

၁။ အနိစ္စဟု အဖန်တလဲလဲ ရှုသော အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ,

၂။ ဒုက္ခာနုပဿနာဖြင့် သုခသညာမှ,

၃။ အနတ္တာနုပဿနာဖြင့် အတ္တသညာမှ,

၄။ သင်္ခါရတို့၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗိဒါနုပဿနာဖြင့် သင်္ခါရတို့၌ နှစ်သက် မြတ်နိုးခြင်း ပီတိနှင့် တကွသော တပ်မက်မှု သပ္ပီတိက တဏှာ ဟူသော နန္ဒီမှ,

၅။ သင်္ခါရတို့၌ တပ်မက်ခြင်း ကင်းသော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရတို့၏ ပျက်ခြင်း ဘင်ကို ရှုသော ဝိရာဂါနုပဿနာဖြင့် ရာဂမှ,

၆။ သင်္ခါရတို့၏ ချုပ်ခြင်း ဘင်ကို ရှုသော နိရောဓာနုပဿနာဖြင့် သမုဒယ = ရာဂမှ,

၇။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်ပယ်သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း သောအားဖြင့် နိဗ္ဗာန်ဘက်သို့ ပြေးသွားလျက်ရှိသော သင်္ခါရတို့၏ ပျက်ခြင်း ဘင်ကို ရှုသော ပဋိနိဿဂ္ဂါ နုပဿနာဖြင့် သင်္ခါရတို့၌ နိစ္စစသည်ဖြင့် စွဲယူခြင်းမှ ----

စိတ်ကို လွတ်မြောက်စေသည်ဖြစ်၍ ဝင်သက်လေကိုလည်း ဖြစ်စေ၏၊ ထွက်သက်လေကိုလည်း ဖြစ်စေ၏၊

ထိုကြောင့် ''စိတ်ကို ဆန့်ကျင်ဘက် တရားတို့မှ လွတ်မြောက်စေလျက် ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏''ဟူ၍ ဟောတော်မူအပ်၏၊ -- ဤသို့လျှင် ပထမစတုက္က၏ အစွမ်းဖြင့် ရအပ်သော စျာန်စိတ်ကို အဖန်တလဲလဲ ရှုခြင်း = စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဤ တတိယ စတုက္ကကို ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၁။)

သတိပြုရန်အချက်

သတိပြုရန်အချက်

ဒုတိယစတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်, ဤတတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဟောကြားတော်မူအပ်သည်ဟု ဆိုသော်လည်း ဝေဒနာ တစ်ခုတည်း အသိစိတ် တစ်ခုတည်းကိုသာ ရှုရသည် မဟုတ်၊ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုလည်းကောင်း, မှီရာဝတ္ထုရုပ်တို့ကိုလည်းကောင်း, ယင်း ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်ကြကုန်သော နာမ်တရားတို့ကိုလည်းကောင်း ဆက်လက်၍ ရှုပွားရသည်သာ ဖြစ်ပေသည်။ အကျယ်ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှုပါ။

စတုတ္ထ စတုက္က

စတုတ္ထ စတုက္က

၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ။

အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၂။ ဝိရာဂါနုပဿီ။ ပ။

၃။ နိရောဓာနုပဿီ။ ပ။

၄။ ပဋိနိဿဂ္ဂါနုပဿီ။ ပ။

(မ၊၂၊၈၉။ ...)

၁။ အနိစ္စာနုပဿီ

၁။ အနိစ္စာနုပဿီ

အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်ပါ။

ဤတွင် အဋ္ဌကထာက ----

၁။ အနိစ္စ,

၂။ အနိစ္စတာ,

၃။ အနိစ္စာနုပဿနာ,

၄။ အနိစ္စာနုပဿီ ---- ဤလေးချက်ကို ကွဲကွဲပြားပြား သိရန် ညွှန်ကြားထား၏၊

တတ္ထ အနိစ္စန္တိ ပဉ္စက္ခန္ဓာ။ ကသ္မာ? ဥပ္ပါဒဝယညထတ္တဘာဝါ။ အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယညထတ္တံ၊ ဟုတွာ အဘာဝေါ ဝါ။ နိဗ္ဗတ္တာနံ တေနေဝါကာရေန အဋ္ဌတွာ ခဏဘင်္ဂေန ဘေဒေါတိ အတ္ထော။ အနိစ္စာနုပဿနာတိ တဿာ အနိစ္စတာယ ဝသေန ရူပါဒီသု အနိစ္စန္တိ အနုပဿနာ။ အနိစ္စာနုပဿီတိ တာယ အနုပဿနာယ သမန္နာဂတော။ တသ္မာ ဧဝံ ဘူတော အဿသန္တော ပဿသန္တော စ ဣဓ ''အနိစ္စာနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ''တိ ဝေဒိတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၈၁-၂၈၂။)

တတ္ထ သင်္ခတဓမ္မာနံ ဟေတုပစ္စယေဟိ ဥပ္ပဇ္ဇနံ အဟုတွာ သမ္ဘဝေါ အတ္တလာဘော ဥပ္ပါဒေါ။ ဥပ္ပန္နာနံ တေသံ ခဏနိရောဓော ဝိနာသော ဝယော။ ဇရာယ အညထာဘာဝေါ အညထတ္တံ။ ယထာ ဟိ ဥပ္ပါဒါဝတ္ထာယ ဘိန္နာယ ဘင်္ဂါဝတ္ထာယံ ဝတ္ထုဘေဒေါ နတ္ထိ၊ ဧဝံ ဌိတိသင်္ခါတာယ ဘင်္ဂါဘိမုခါဝတ္ထာယမ္ပိ ဝတ္ထုဘေဒေါ နတ္ထိ၊ ယတ္ထ ဇရာဝေါဟာရော။ တသ္မာ ဧကဿာပိ ဓမ္မဿ ဇရာ ယုဇ္ဇတိ၊ ယာ ခဏိကဇရာတိ ဝုစ္စတိ။ ဧကံသေန စ ဥပ္ပါဒဘင်္ဂါဝတ္ထာသု ဝတ္ထုနော အဘေဒေါ ဣစ္ဆိတဗ္ဗော၊ အညထာ ''အညော ဥပ္ပဇ္ဇတိ၊ အညော ဘိဇ္ဇတီ''တိ အာပဇ္ဇေယျ။ တယိမံ ခဏိကဇရံ သန္ဓာယာဟ ''အညထတ္တ''န္တိ။ (မဟာဋီ၊၁၊၃၄၃-၃၄၄။)

၁။ အနိစ္စ

၁။ အနိစ္စ

၁။ အနိစ္စဟူသည်ကား ခန္ဓာငါးပါးတို့တည်း။ အဘယ်ကြောင့် အနိစ္စ မည်သနည်း? (က) ဖြစ်ခြင်းသဘော (ခ) ပျက်ခြင်းသဘော (ဂ) ဖြစ်စမှထူးသော ပျက်ခြင်း ဘင်ကာလဘက်သို့ ယိုင်လဲနေသော အခြင်းအရာ အာကာရထူးဟူသော တည်မှု = ဌီကာလဖြင့် ဖြစ်ခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့် အနိစ္စ မည်၏၊ (ဥပ္ပါဒ = ဖြစ်မှု, ဝယ = ပျက်မှု, အညထတ္တ = တည်မှု ဟူသော သင်္ခတလက္ခဏာ သုံးပါး ထင်ရှားရှိသောကြောင့် အနိစ္စမည်၏ဟု ဆိုလိုသည်။)

၂။ အနိစ္စတာ - ဟူသည်ကား ထိုခန္ဓာငါးပါးတို့၏သာလျှင် ဖြစ်ခြင်း ပျက်ခြင်း, ဖြစ်စမှ တစ်ပါးသော ပျက်ခြင်း ဘင်ကာလဘက်သို့ ယိမ်းယိုင်လျက်ရှိသော တည်မှု ဌီကာလဟူသော ခန္ဓာတို့၏ အဖြစ်တည်းဟူသော အခြင်း အရာထူးသည် အနိစ္စတာ မည်၏၊ တစ်နည်း ရှေးကမရှိ ယခုမှ ဖြစ်တည်၍ ချက်တစ်ဖြုတ်အားဖြင့် ဖြုတ်ချည်း ပျက်ခြင်းသည် = ဖြစ်ပေါ်ပြီးကုန်သော ထိုပရမတ္ထခန္ဓာတို့၏ ထိုဖြစ်တိုင်းသော အခြင်းအရာအားဖြင့်သာလျှင် မတည်မူ၍ ခဏဘင်သဘောဖြင့် ပျက်ခြင်းသည် အနိစ္စတာ မည်၏ဟု ဆိုလိုပေသည်။

၃။ အနိစ္စာနုပဿနာ ---- အနိစ္စာနုပဿနာဟူသည်ကား ဖြစ်ပြီးနောက် ရုတ်ချည်း ပျက်ခြင်း ခဏိကဘင်ဟု ဆိုအပ်သော မမြဲသော အခြင်းအရာ အနိစ္စတာ၏ အစွမ်းဖြင့် ရုပ် အစရှိကုန်သော ခန္ဓာငါးပါးတို့၌ အနိစ္စဟု အဖန်တလဲလဲ ရှုခြင်းသည် အနိစ္စာနုပဿနာ မည်၏၊ တစ်နည်း ယင်းသို့ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုနေ သော ဝိပဿနာဉာဏ်သည် အနိစ္စာနုပဿနာ မည်၏၊

၄။ အနိစ္စာနုပဿီ ---- အနိစ္စာနုပဿီဟူသည်ကား ယင်းအနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံနေသော ယောဂါဝစရ ပုဂ္ဂိုလ်သည် အနိစ္စာနုပဿီ မည်၏၊ ထိုကြောင့် ဤသို့ ဖြစ်ပေါ်လာသော အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ယင်းခန္ဓာငါးပါးတို့၌ အနိစ္စဟု တလုံလဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ် ကိုလည်းကောင်း, ထွက်သက်လေကို ဖြစ်စေသော ပုဂ္ဂိုလ်ကိုလည်းကောင်း ဤစတုတ္ထစတုက္က၌ အနိစ္စဟု တလုံ လဲလဲ ရှုသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက် လေကို ဖြစ်စေအံ့ဟု ကျင့်နေ၏ဟု သိရှိပါလေ။

(ဝိသုဒ္ဓိ၊၁၊၂၈၁-၂၈၂။)

ဥပ္ပါဒ-ဝယ-အညထတ္တာ

ဥပ္ပါဒ-ဝယ-အညထတ္တာ

ဥပ္ပါဒ ---- ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့သည် အညီအညွတ် ပေါင်းစု ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်၍ လာကြရသော ရုပ်-နာမ် ဓမ္မ သင်္ခါရတရားတို့သည် သင်္ခတဓမ္မ မည်ကုန်၏၊ ယင်းသင်္ခတတရားတို့၏ (က) ယင်းရုပ်နာမ်တို့ကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း ဇနကအကြောင်း, (ခ) ယင်း ရုပ်နာမ်တို့ကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း ပစ္စယအကြောင်းတရားတို့ကြောင့် ထင်ရှား ဖြစ်ပေါ်လာရခြင်းသည်, မဖြစ်ခင် ရှေး၌ မရှိသေးမူ၍ ရှေးက မရှိသေးမူ၍ ယခုမှ ရုတ်ချည်းအသစ် ဖြစ်ပေါ် လာခြင်းသည် ပရမတ္ထအထည်ကိုယ်သဘောကို ရရှိလာခြင်းသည် ဥပ္ပါဒ = ဖြစ်ခြင်း မည်၏၊

ဝယ ---- ဖြစ်ကုန်ပြီးသော ထိုသင်္ခတတရားတို့၏ ခဏိကဘင်သဘောအားဖြင့် ပျက်ခြင်း ဘင်ကာလသို့ ရောက်ခိုက် ချုပ်ပျက်သွားခြင်းသည် ဝယ = ပျက်ခြင်း မည်၏၊

အညထတ္တ ---- ဇရာဟု ခေါ်ဆိုအပ်သော ဖြစ်စမှ တစ်ပါးသော ပျက်ခြင်း ဘင်ကာလဘက်သို့ ယိုင်လဲနေ သော တည်ခြင်း ဌီကာလဟူသော အခြင်းအရာအထူးဖြင့် ပရမတ္ထဓမ္မတို့၏ ဖြစ်ခြင်းသည် အညထတ္တ မည်၏၊

သင်္ခတ ---- ပရမတ္ထဓာတ်သား တရားတိုင်း၌ ဖြစ်မှု-တည်မှု-ပျက်မှုဟု သင်္ခတလက္ခဏာတရား သုံးပါးစီ ရှိကြောင်းကို အင်္ဂုတ္တိုရ် တိကနိပါတ် (အံ၊၁၊၁၅၀။) သင်္ခတလက္ခဏာသုတ်၌ ဘုရားရှင် ဟောကြားထားတော် မူ၏၊ ဖြစ်သောတရားသည်ပင် တည်၏၊ ဖြစ်သောတရားသည်ပင် ပျက်၏၊ ဖြစ်သောတရားက တခြားတစ်ပါး, ပျက်သောတရား တည်သောတရားက တခြားတစ်ပါး မဟုတ်ပေ။ ထင်ရှားစေအံ့ ----

ဖြစ်ခြင်း ဥပါဒ်အခိုက်မှ ကွဲပြားသော ပျက်ခြင်း ဘင်အခိုက်၌ ပရမတ္ထအထည်ကိုယ် ဝတ္ထု၏ ထူးထွေ ကွဲပြားမှုသည် မရှိနိုင်သကဲ့သို့ (ပထဝီဓာတ်ဖြစ်၍ အာပေါဓာတ်က ပျက်ခြင်းမျိုး, ဖဿဖြစ်၍ ဝေဒနာက ပျက် ခြင်းမျိုး မရှိနိုင်သကဲ့သို့ဟု ဆိုလိုသည်) အလားတူပင် တည်ခြင်း ဌီကာလဟု ဆိုအပ်သော ပျက်ခြင်း ဘင်ကာလ သို့ ရှေးရှုယိုင်လဲနေသော အခိုက်၌လည်း ပရမတ္ထအထည်ကိုယ် ဝတ္ထု၏ ထူးထွေ ကွဲပြားမှုသည် မရှိပေ။ ယင်း ပျက်ခြင်း ဘင်ကာလဘက်သို့ ရှေးရှုယိုင်လဲနေသော အခိုက်၌ ဇရာဟု ခေါ်ဝေါ်ခြင်းသည် ဖြစ်ပေါ်လာပေ သည်။ ထိုကြောင့် တစ်ခုတည်းသော ပရမတ္ထတရား၏လည်း ဇရာသည် သင့်သည်သာ ဖြစ်ပေသည်။ ယင်းဇရာကို ခဏိကဇရာဟူ၍ ခေါ်ဆိုအပ်ပေသည်။ မှန်ပေသည် -- ဖြစ်မှု ပျက်မှု = ဥပါဒ် ဘင် အခိုက်အတန့်တို့၌ ပရမတ္ထ အထည်ကိုယ်ဝတ္ထု၏ မကွဲပြားခြင်းကိုသာ အလိုရှိအပ်ပေသည်။ မကွဲပြားသည်မှ တစ်ပါး ကွဲပြားမှုကို လိုအပ် လတ်သော် ''အခြားသော ပရမတ္ထတရားတစ်ပါးသည် ဖြစ်ပေါ်လာ၏၊ အခြားသော ပရမတ္ထတရားတစ်ပါးသည် ပျက်သွား၏''ဟူသော ဤကဲ့သို့သော အပြစ်ဒေါသသည် ကွဲပြားမှုကို အလိုရှိသသူမှာ ရောက်ရှိလာလေရာ၏၊ သို့အတွက် ထိုဇရာအရ ပဗန္ဓဌိတိ ပညတ္တိဇရာ-ဟူသော သမုတိသစ္စာနယ်သုံး အိုမှု ဇရာကို မယူဘဲ ပရမတ္ထ ဓမ္မတို့၏ တည်မှု ဌီကာလဟူသော ခဏိကဇရာကိုသာ ရည်ရွယ်၍ အညထတ္တံဟု မိန့်ဆိုထားတော်မူသည်ဟု မှတ်သားပါလေ။ (မဟာဋီ၊၁၊၃၄၃-၃၄၄။)

အကြင် ဥပါဒ်-ဌီ-ဘင် = ဇာတိ-ဇရာ-မရဏ = ဖြစ်-တည်-ပျက်ဟူသော လက္ခဏာသုံးပါး အပေါင်း၏ ထင်ရှားရှိခြင်းကြောင့် ခန္ဓာငါးပါးတို့၌ အနိစ္စဟု ခေါ်ဝေါ်ပညတ်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ထိုလက္ခဏာ သုံးပါး အပေါင်း၌ အနိစ္စဟူသော အမည်သညာ ဖြစ်သောကြောင့် - ''အနိစ္စတာတိ တေသံယေဝ ဥပ္ပါဒဝယညထတ္တံ = အနိစ္စတာဟူသည် ထိုခန္ဓာငါးပါးတို့၏သာလျှင် ဥပ္ပါဒ-ဝယ-အညထတ္တ = ဖြစ်မှု ပျက်မှု တည်မှု ဇရာကိုပင် ဆိုလိုသည်''ဟု ပြောဆိုပြီး၍ အထူးအားဖြင့် ပရမတ္ထဓမ္မတို့၏ ခဏိကနိရောဓ = ခဏအားဖြင့် ပျက်ခြင်း = ချုပ်ခြင်း = ဘင်၌ အနိစ္စတာဟူသော ဝေါဟာရသည် ဖြစ်၏ဟု ထင်ရှားပြလိုသည် ဖြစ်၍ ''ဟုတွာ အဘာဝေါ ဝါ = ဖြစ်ပြီးနောက် မရှိခြင်းသဘောသည်လည်း အနိစ္စတာ မည်၏'' - ဤသို့ စသော စကားကို အဋ္ဌကထာ ဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ထိုစကားရပ်၌ မရှိခြင်း အဘာဝ သဘော၏ ဖြစ်ခြင်း ဥပ္ပါဒ သဘောလျှင် ရှေးသွားရှိသောကြောင့် ဟုတွာ ဖြစ်ပြီးနောက်ဟူသော စကားကို ကူမ၍ ဆိုရပြန်သည်။ ဟုတွာ = ဖြစ်ပြီးနောက် ဟူသော ထိုစကားရပ်ဖြင့် ပျက်စီးခြင်းဟူသော မရှိခြင်း အဘာဝ၏ မဖြစ်သေးမီ ရှေးအဖို့က မရှိသေးခြင်း ရှေးရှိသည်၏ အဖြစ်ကို ညွှန်ပြလျက်ရှိ၏၊ (မဟာဋီ၊၁၊၃၄၄။)

ဆိုလိုသည်မှာ အဘာဝ မရှိခြင်းဟူသည် ဖြစ်ခြင်း ဥပါဒ်သို့ မရောက်သေးမီ မဖြစ်သေးမီက ရုပ်နာမ် ပရမတ်တို့၏ မရှိသေးခြင်းဟူသော ပါဂဘာဝက တစ်မျိုး, ပျက်ခြင်း ဘင်သို့ရောက်၍ ပျက်စီးကွယ်ပျောက် သွားသဖြင့် ဖြစ်ပြီးသော ရုပ်နာမ် ပရမတ်တို့၏ ဝိဒ္ဓံသာဘာဝကတစ်မျိုးဟူ၍ နှစ်မျိုးရှိရာတွင် ဟုတွာ အဘာဝေါ ဝါ ဟူသော ပါဌ်၌ အဘာဝေါ-ပုဒ်ဖြင့် ဝိဒ္ဓံသာဘာဝဟု ခေါ်သော ဖြစ်ပြီးသော ရုပ်နာမ်ပရမတ်တို့၏ ပျက်ခြင်း ဘင်သို့ ရောက်ရှိသွားသဖြင့် မရှိခြင်းသဘောဟူသော = ဝိနာသအဘာဝကို ပြ၏၊ ဟုတွာ = ဖြစ်ပြီး၍ဟု ဆို သဖြင့် မဖြစ်မီက ရုပ်နာမ် အထည်ကိုယ် မရှိသေးခြင်း အဘာဝအဖို့မှ ဖြစ်ပေါ်လာသည်ဟု သိရသောကြောင့် ယင်းပုဒ်ဖြင့် ရုပ်နာမ် ပရမတ်တို့၏ ဖြစ်ပေါ်ပြီးနောက် ပျက်ခြင်းဟူသော ဝိနာသအဘာဝသည် မဖြစ်မီ ရှေး အဖို့က မရှိသေးခြင်းဟူသော အဘာဝလျှင် ရှေးရှိသည်၏ အဖြစ်ကို ပြသည်ဟု ဆိုလိုပေသည်။

ရုပ်နာမ်တို့ကား မဖြစ်မီ ရှေးအဖို့ကလည်း မရှိကြ၊ ဖြစ်ပြီးနောက်လည်း မရှိကြ။ ယင်းမရှိခြင်း နှစ်မျိုးတို့၏ အလယ်၌သာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် အနေအားဖြင့် ဖြစ်ပေါ် လာကြသော ဓမ္မသဘာဝတို့သာ ဖြစ်ကြသည်။ ယင်းအကြောင်းတရားတို့ကို ရုပ်ပိုင်း နာမ်ပိုင်း ဝိပဿနာပိုင်း တို့တွင် အလျဉ်းသင့်သလို ထပ်မံ၍ တင်ပြဦးမည်သာ ဖြစ်ပေသည်။ ဤတွင် ခန္ဓာငါးပါးတို့ကား အနိစ္စတရားတို့ ဖြစ်ကြသဖြင့် အနိစ္စဟု အဖန်ဖန် အထပ်ထပ် တလုံလဲလဲ ရှု၍ အသက်ရှူနေလိုသော အသင်ယောဂီ သူတော် ကောင်းသည် ----

၁။ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ကာလသုံးပါး သန္တာန်နှစ်ပါး အတွင်းရှိ ခန္ဓာငါးပါးကို သိရမည်။

၂။ ယင်းခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို ကာလသုံးပါးလုံး၌ ဟုတ်တိုင်းမှန်စွာ သိရမည်။

၃။ ယင်းအကြောင်းတရားနှင့် တကွသော ခန္ဓာငါးပါးတို့၏ (က) ဖြစ်ပြီးလျှင် ပျက်နေသော အခြင်းအရာ, (ခ) ပြိုပြို ပျက်ပျက်နေသော အခြင်းအရာဟူသော အနိစ္စအခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရမည်။

၄။ ယင်း အနိစ္စအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုပွား သုံးသပ်လျက် ဝင်သက်လေကို ဖြစ်အောင် ထွက်သက်လေကို ဖြစ်အောင် ကျင့်ရမည်။ ယင်းသို့ ကျင့်ခဲ့ သော် အနိစ္စာနုပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသည် မည်ပေသည်။ ယင်း အနိစ္စာနုပဿနာဉာဏ်နှင့် ပြည့်စုံသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အနိစ္စာနုပဿီပုဂ္ဂိုလ် ဖြစ်လေပြီ ဟူ၏၊

၂။ ဝိရာဂါနုပဿီ

၂။ ဝိရာဂါနုပဿီ

ဝိရာဂါနုပဿီတိ ဧတ္ထ ပန ဒွေ ဝိရာဂါ ခယဝိရာဂေါ စ အစ္စန္တဝိရာဂေါ စ။ တတ္ထ ခယဝိရာဂေါတိ သင်္ခါရာနံ ခဏဘင်္ဂေါ။ အစ္စန္တဝိရာဂေါတိ နိဗ္ဗာနံ။ ဝိရာဂါနုပဿနာတိ တဒုဘယဒဿနဝသေန ပဝတ္တာ ဝိပဿနာ စ မဂ္ဂေါ စ။ တာယ ဒုဝိဓာယပိ အနုပဿနာယ သမန္နာဂတော ဟုတွာ အဿသန္တော ပဿသန္တော စ ''ဝိရာဂါနုပဿီ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ''တိ ဝေဒိတဗ္ဗော။ နိရောဓာနုပဿီပဒေပိ ဧသေဝ နယော။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ဝိရာဂါနုပဿီဟူသော ဤပါဠိတော်ဝယ် ----

၁။ သင်္ခါရတရားတို့၏ ကုန်ခြင်း ပျက်ခြင်းဟူသော ခယဝိရာဂ,

၂။ သင်္ခါရတရားတို့၏ သို့မဟုတ် ရာဂ၏ စင်စစ်ချုပ်ရာ နိဗ္ဗာန်ဟူသော အစ္စန္တဝိရာဂ ----

ဟု ဝိရာဂ နှစ်မျိုး ရှိ၏၊

ထိုနှစ်မျိုးတို့တွင် သင်္ခါရတရားတို့၏ ခဏိကနိရောဓဟု ခေါ်ဆိုအပ်သော ခဏမစဲ တသဲသဲ ချုပ်ပျက်မှု ခဏဘင်သည် ခယဝိရာဂ မည်၏၊ အလုံးစုံသော သင်္ခါရတရားတို့၏ စင်စစ်ငြိမ်းရာ ချုပ်ရာဖြစ်သော အသင်္ခတ ဓာတ် နိဗ္ဗာန်တရားတော်မြတ်သည် အစ္စန္တဝိရာဂ မည်၏၊

သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်သက်သက်ကိုသာ ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်လည်း ဝိရာဂါနုပဿနာ မည်၏၊ အစ္စန္တဝိရာဂ အမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ရှုမြင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည်လည်း ဝိရာဂါနုပဿနာ မည်၏၊ ထိုနှစ်မျိုးသော ဝိရာဂါနုပဿနာဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသည်လည်း ဖြစ် သော ထွက်သက်လေကို ဖြစ်စေသည်လည်းဖြစ်သော ပုဂ္ဂိုလ်ကို ''နှစ်မျိုးသော ဝိရာဂကို တလုံလဲလဲ ရှုသည် ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏ဟူ၍ သိရှိပါလေ။

တစ်နည်း ---- ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို အာရုံပြုသောအားဖြင့် လက္ခဏာ ယာဉ်တင်ကာ ရှုပွားသုံးသပ်နေသောကြောင့် ခယဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်နေ၏၊ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းနေသောကြောင့် အစ္စန္တဝိရာဂါနုပဿနာ၏ အစွမ်းဖြင့်လည်း ဖြစ်နေ၏၊

အရိယမဂ်ဉာဏ်သည် ရာဂ၏ စင်စစ်ငြိမ်းရာ ချုပ်ရာဖြစ်သော, သင်္ခါရတရားတို့၏ စင်စစ်ငြိမ်းရာ ချုပ်ရာ ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မတွေမဝေသောအားဖြင့် အာရုံပြုလျက် ထိုးထွင်းသိမြင်နေ၏၊ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုနေသော ယင်းအရိယမဂ်ဉာဏ်သည် သင်္ခါရတရားတို့၏ ပျက် ခြင်း ဘင်ကို မသိအောင် မမြင်အောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို မသိမှုကို ပယ်သတ်လိုက်သဖြင့် သိမှု ဝိဇ္ဇာဉာဏ်သည် ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးပြီး ဖြစ်သွား၏၊ ယင်း သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ကိစ္စသိဒ္ဓိအားဖြင့် သိမှုကို အသမ္မောဟသဘော အားဖြင့် သိ၏ဟု ဆိုရ၏၊ မသိမှု မောဟကို ပယ်သတ်လိုက်သဖြင့် သင်္ခါရတရားတို့၏ အပျက်ကို တစ်ဖန်ပြန်၍ ရှုကြည့်ပါက အချိန်မရွေး သိနေမည်သာ ဖြစ်ပေသည်။ ထိုသို့ သိခြင်းမျိုးကို အသမ္မောဟ သဘောအားဖြင့် သင်္ခါရတရားတို့၏ အပျက်ကို ရှုနေသော ခယဝိရာဂါနုပဿနာဟု ဆိုရ၏၊

သို့အတွက် အရိယမဂ်တရားသည် အသမ္မောဟ သဘောအားဖြင့် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ရှုသော ခယဝိရာဂါနုပဿနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ အာရုံတိုက်ရိုက် မျက်မှောက်ပြုသောအားဖြင့် ရာဂ ၏ စင်စစ်ချုပ်ရာ သင်္ခါရတရားတို့၏ စင်စစ်ချုပ်ရာ ငြိမ်းရာဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ရှုမြင်နေသောကြောင့် အစ္စန္တဝိရာဂါနုပဿနာ၏ အစွမ်းဖြင့်လည်း ဖြစ်ပေါ်လာ၏ဟု သိရှိပါလေ။

(မဟာဋီ၊၁၊၃၄၄။)

၃။ နိရောဓာနုပဿီ

၃။ နိရောဓာနုပဿီ

အလားတူပင် နိရောဓာနုပဿီဟူသော ပါဠိတော်၌လည်း ခယနိရောဓ အစ္စန္တနိရောဓဟု နိရောဓ နှစ်မျိုး ရှိပုံကို သဘောပေါက်ပါလေ။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကား ခယနိရောဓ, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကား အစ္စန္တနိရောဓ - ဤသို့စသည်ဖြင့် သိပါလေ။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို အဖန်ဖန် အထပ်ထပ် ဝိပဿနာရှု၍လည်း အသက်ရှူနေပါ။ သင်္ခါရတရားတို့၏ ချုပ်ရာ ရာဂ၏ ချုပ်ရာ နိဗ္ဗာန်ကို အာရုံ ပြု၍လည်း အသက်ရှူနေပါဟု ဆိုလိုပေသည်။

၄။ ပဋိနိဿဂ္ဂါနုပဿီ

၄။ ပဋိနိဿဂ္ဂါနုပဿီ

ပဋိနိဿဂ္ဂါနုပဿီ - ဟူသော ဤပါဠိတော်ရပ်၌လည်း - စေလွှတ်ခြင်း = စွန့်လွှတ်ခြင်းတို့သည် ----

(က) ပရိစ္စာဂပဋိနိဿဂ္ဂ,

( ခ ) ပက္ခန္ဒနပဋိနိဿဂ္ဂ ---- ဟု နှစ်မျိုး ရှိ၏၊

ကိလေသာတို့ကို စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်နှင့် အရိယမဂ်ဉာဏ်သည်ပင် ပဋိနိဿဂ္ဂါနုပဿနာ မည်ပေသည်။

ဝိပဿနာ ---- သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို အာရုံပြု၍ ယင်းသင်္ခါရတရားတို့၏ ကုန်ကုန် ပြိုပြို ပျက်ပျက်နေသည့် သဘောကို အာရုံပြု၍ အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုနေသော အနိစ္စာနုပဿနာဉာဏ် သည် ခဏခေတ္တ တဒင်္ဂအားဖြင့် ပယ်သတ်ခြင်း တဒင်္ဂပဟာန်၏ အစွမ်းဖြင့် ယင်းသင်္ခါရတရားတို့ အပေါ်၌ နိစ္စဟု အမှတ်မှားမှု နိစ္စသညာကို ပယ်စွန့်၏၊ စွန့်သောအခါ၌လည်း ယင်းသင်္ခါရတရားတို့၏ ပျက်ခြင်းဘင်ကို အာရုံယူ၍ အနိစ္စဟု ရှုနေသော အခြင်းအရာအားဖြင့် မပြတ်ဖြစ်လတ်သော် နိစ္စ = မြဲ၏ဟု စွဲယူသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးစီးသည့် ကိလေသာတို့သည်လည်းကောင်း, ထိုကိလေသဝဋ်လျှင် အကြောင်းရင်းရှိကြကုန်သော ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်ကုန်သော သင်္ခါရအမည်ရသော ကုသိုလ်ကံ အကုသိုလ်ကံတို့သည်လည်းကောင်း, ထိုကိလေသဝဋ်နှင့် အဘိသင်္ခါရ အမည်ရသော ကမ္မဝဋ်လျှင် အကြောင်းရင်းခံ ရှိကြကုန်သော အကြင်အကျိုး ဝိပါက်ခန္ဓာတို့သည်လည်းကောင်း နောင်အနာဂတ် ကာလ၌ ဖြစ်ပေါ်လာနိုင်ကုန်ရာ၏၊ ခပ်သိမ်းကုန်သော ထိုကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ခန္ဓာတို့ကို နောင်တစ်ဖန် မဖြစ်ခြင်းကို ပြုသည်၏ အစွမ်းဖြင့် ပယ်စွန့်၏၊

ယင်းသင်္ခါရတရားတို့၏ ကုန်ကုန် သွားတတ်သည့်သဘော, ပြိုပြိုပျက်ပျက်နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ကုန်ကုန် ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် ဘယဋ္ဌ ဒုက္ခသဘောကို အာရုံယူ၍ ဒုက္ခဟု အဖန်ဖန် အထပ်ထပ် ရှုနေသော ဒုက္ခာနုပဿနာဉာဏ်က သုခဟု အမှတ်မှားမှု သညာကို လည်းကောင်း, ယင်း ပြိုပြို ပျက်ပျက်နေသော သင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ် သာရအားဖြင့် တည်နေသည့် အတ္တ မရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟု တွင်တွင်ရှုနေသော အနတ္တာနုပဿာနာဉာဏ်က အတ္တဟု အမှတ်မှားမှု အတ္တသညာကိုလည်းကောင်း, ယင်း သုခသညာ အတ္တသညာတို့ကို အခြေခံ၍ ဖြစ်ပွားလာသည့် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ် ခန္ဓာတို့ကိုလည်း ကောင်း တဒင်္ဂအားဖြင့် နောင်တစ်ဖန် မဖြစ်သည်ကို ပြုသည်၏ အစွမ်းဖြင့် ပယ်စွန့်သည်သာ ဖြစ်ပေသည်။ တစ်ဖန် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခတအမည်ရသော သင်္ခါရတရား အပေါင်း၌ အနိစ္စဟူသော ပြစ်ချက်ကြီး, ဒုက္ခဟူသော ပြစ်ချက်ကြီး, အနတ္တဟူသော ပြစ်ချက်ကြီး, အသုဘ ဟူသော ပြစ်ချက်ကြီး - ဤသို့စသော သင်္ခါရတရားတို့၏ ပြစ်ချက်ကြီးများကို ဉာဏ်ဖြင့် တွေ့မြင်နေခြင်းကြောင့် ထိုမှ ပြောင်းပြန်ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်၌ ထိုနိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသည်၏ အဖြစ်ဖြင့် ပြေးဝင်သကဲ့သို့လည်း ဖြစ်တတ်၏၊

ထိုကြောင့် ဝိပဿနာဉာဏ်ကို ဝိပါက်ခန္ဓာ အဘိသင်္ခါရတရားတို့နှင့် တကွ ကိလေသာတို့ကို တဒင်္ဂအား ဖြင့် ပယ်စွန့်တတ်သောကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂဟူ၍လည်း ခေါ်ဆိုအပ်ပေသည်။ နိဗ္ဗာန်တရားတော်မြတ်၌ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးဝင်သကဲ့သို့ ဖြစ်ခြင်းကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂ ဟူ၍လည်း ခေါ်ဆိုအပ် ပေသည်။

အရိယမဂ်ဉာဏ်တရားသည် ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်ခြင်း သမုစ္ဆေဒ၏ အစွမ်းဖြင့် စွန့် အပ်ကုန်သည်ရှိသော် အကျိုးမပေးခြင်း သဘောရှိသည်၏ အဖြစ်သို့ ရောက်စေသဖြင့် ဘဝသစ်ကို ဖြစ်ပေါ် လာအောင် ပြုပြင်ပေးတတ်သည့် အဘိသင်္ခါရ အမည်ရသော ကုသိုလ်ကံ အကုသိုလ်ကံတို့ကိုလည်းကောင်း, ထိုကိလေသာ အဘိသင်္ခါရတရားလျှင် အကြောင်းရင်း ရှိကုန်သော အကျိုး ဝိပါက်ခန္ဓာတို့ကိုလည်းကောင်း နောင်တစ်ဖန် မဖြစ်ထိုက်သည်၏ အဖြစ်ကို ပြုခြင်းဖြင့် ပယ်စွန့်လည်း ပယ်စွန့်၏၊ အာရုံတိုက်ရိုက် မျက်မှောက် ပြုသည်၏ အစွမ်းဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်၌ ပြေးလည်း ပြေးဝင်၏၊ ထိုကြောင့် ယင်းအရိယ မဂ်ဉာဏ်ကို ပရိစ္စာဂပဋိနိဿဂ္ဂ = ခန္ဓာ - အဘိသင်္ခါရတရားတို့နှင့် တကွ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်စွန့် တတ်သောတရားဟူ၍လည်းကောင်း, ပက္ခန္ဒနပဋိနိဿဂ္ဂ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်၌ အာရုံပြုခြင်း ဖြင့် ပြေးဝင်တတ်သော တရားဟူ၍လည်းကောင်း ခေါ်ဆိုအပ်ပေသည်။ ယင်းဝိပဿနာဉာဏ် အရိယမဂ်ဉာဏ် နှစ်ပါးသည်လည်း ရှေးရှေး၌ ဖြစ်ကုန်သော ဉာဏ်တို့၏ နောက်သို့ အစဉ်တစိုက် လိုက်၍ ရှေးရှေးဉာဏ်တို့၏ အရှုခံ အာရုံကိုလည်းကောင်း, ရှေးရှေးဉာဏ်တို့ကိုလည်းကောင်း အဖန်တလဲလဲ ရှုတတ်သောကြောင့် အနုပဿနာ ဟူ၍ ခေါ်ဆိုအပ်ပေသည်။

ဆိုလိုသည်မှာ ---- ဝိပဿနာဉာဏ်သည် ရှေးရှေးဝိပဿနာဉာဏ်တို့၏ အရှုခံအာရုံဖြစ်သော သင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာဟူသော အာရုံကိုပင် အစဉ်တစိုက် လိုက်၍ အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း အဖန်တလဲလဲရှု၏၊ ရှေးရှေး ဝိပဿနာ ဉာဏ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို အာရုံယူ၍လည်း အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း အဖန်တလဲလဲ ရှု၏၊ ထိုကြောင့် အနုပဿနာဟူ၍ ခေါ်ဆို အပ်ပေသည်။ အရိယမဂ်ဉာဏ်သည်ကား ဂေါတြဘုဉာဏ်၏ နောက်သို့ အစဉ်လိုက်၍ ဂေါတြဘုဉာဏ်၏ နောက် ၌ နိဗ္ဗာန်ကို ရှုမြင်တတ်သောကြောင့် အနုပဿနာဟူ၍ ခေါ်ဆိုအပ်ပေသည်။ ထိုနှစ်မျိုးသော ဝိပဿနာဉာဏ် မဂ်ဉာဏ်ဟူသော ပဋိနိဿဂ္ဂါနုပဿနာဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေသော သူသည် လည်းကောင်း, ထွက်သက်လေကို ဖြစ်စေသော သူသည်လည်းကောင်း သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်ကို ဝိပဿနာဉာဏ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍, သင်္ခါရတရားတို့၏ ချုပ်ရာ နိဗ္ဗာန်ကို အရိယ မဂ်ဉာဏ်ဖြင့် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့၊ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏ဟူ၍ သိရှိပါလေ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။ မဟာဋီ၊၁၊၃၄၅ - ကြည့်။)

ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ကို ဖြစ်စေလျက် အသက်ရှူနေရန် ဘုရားရှင် ညွှန်ကြားတော် မူချက်ပင် ဖြစ်သည်။

အနုပဿနာလေးပါး

အနုပဿနာလေးပါး

အယံ တာဝေတ္ထ ကာယာနုပဿနာဝသေန ဝုတ္တဿ ပဌမစတုက္ကဿ အနုပုဗ္ဗပဒဝဏ္ဏနာ။

ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာစိတ္တဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

ဣဒံ စတုတ္ထစတုက္ကံ သုဒ္ဓဝိပဿနာဝသေနေဝ ဝုတ္တံ။ ပုရိမာနိ ပန တီဏိ သမထဝိပဿနာဝသေန။ ဧဝံ စတုန္နံ စတုက္ကာနံ ဝသေန သောဠသဝတ္ထုကာယ အာနာပါနဿတိယာ ဘာဝနာ ဝေဒိတဗ္ဗာ။ ဧဝံ သောဠသဝတ္ထုဝသေန စ ပန အယံ အာနာပါနဿတိ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။ (ဝိသုဒ္ဓိ၊၁၊၂၈၂။)

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဘုရားရှင်သည် ----

၁။ ပထမ စတုက္ကကို ကာယာနုပဿနာ၏ အစွမ်းဖြင့်,

၂။ ဒုတိယ စတုက္ကကို ဝေဒနာနုပဿနာ၏ အစွမ်းဖြင့်,

၃။ တတိယ စတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့်,

၄။ စတုတ္ထ စတုက္ကကို ဓမ္မာနုပဿနာ၏ အစွမ်းဖြင့် ----

အသီးအသီး ဟောကြားထားတော်မူအပ်ပေသည်။ ထိုတွင် ပထမစတုက္ကဖြင့် စျာန်ရပြီးသော စျာနလာဘီ ပုဂ္ဂိုလ်တို့အား ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတို့ကို ဝေဒနာနုပဿနာနည်း စိတ္တာနုပဿနာနည်း ဓမ္မာနုပဿနာနည်း၏ အစွမ်းဖြင့် ရှုပွားရန် ညွှန်ကြားတော်မူထားခြင်း ဖြစ်ပေသည်။

ထိုသို့ ညွှန်ကြားတော်မူရာဝယ် ဤ စတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ (= ဝိပဿနာသက်သက်) ၏ အစွမ်း ဖြင့်သာလျှင် ဟောကြားထားတော်မူအပ်ပေသည်။ ပထမ ဒုတိယ တတိယ စတုက္ကသုံးမျိုးတို့ကိုကား သမထနှင့် ဝိပဿနာ နှစ်မျိုး ရောယှက်လျက် သမထဝိပဿနာ၏ အစွမ်းဖြင့် ဟောကြားတော်မူအပ်ပေသည်။ ဤသို့လျှင် စတုက္ကလေးမျိုးတို့၏ အစွမ်းဖြင့် (၁၆)မျိုးသော တည်ရာဝတ္ထုရှိသော အာနာပါနဿတိ ဘာဝနာကို သိရှိပါလေ။ ဤသို့ (၁၆)မျိုးသော တည်ရာဝတ္ထုတို့၏ အစွမ်းဖြင့် ပွားများထားအပ်သော ဤ အာနာပါနဿတိသည် အရဟတ္တဖိုလ်သို့ တိုင်အောင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးဂုဏ်အင် အာနိသင် ရှိပေသည်။

_________

သမာဓိ၏ အကျိုးဂုဏ်အင် အာနိသင် ငါးပါး

သမာဓိ၏ အကျိုးဂုဏ်အင် အာနိသင် ငါးပါး

၁။ ဒိဋ္ဌဓမ္မ သုခဝိဟာရာနိသံသာ

အာသဝေါကင်းကွာ ရဟန္တာသခင် အရှင်မြတ်ကြီးတို့သည် စျာန်ဝင်စားပြီး တည်ကြည်သော စိတ်ထား ရှိကြကုန်လျက် ချမ်းသာစွာ တစ်နေ့ပတ်လုံး နေထိုင်ကြပါကုန်အံ့ဟု နှလုံးပိုက်တော်မူကြ၍ အပ္ပနာစျာန်သမာဓိ ကို ဖြစ်စေတော်မူကြကုန်၏၊ ပွားများတော်မူကြကုန်၏၊ ထိုရဟန္တာသခင် အရှင်မြတ်ကြီးတို့၏ အပ္ပနာစျာန် သမာဓိကို ပွားစေခြင်း = အပ္ပနာသမာဓိဘာဝနာသည် ဒိဋ္ဌဓမ္မ သုခဝိဟာရာနိသံသာ = မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိ၏၊ ထိုကြောင့် ဘုရားရှင်က ----

''စုန္ဒ ...စင်စစ်သော်ကား သာသနာပရသေ့တို့သည် ပွားစေအပ်သော စိတ်၏ သမထနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ ကျရောက်နေမှု = စိတ်တည်ကြည်မှု သမာဓိမျှကို ပြုတတ်သော ဤစျာန်တရားတို့ကို ငါဘုရားရှင်၏ အဆုံးအမသာသနာတော်၌ ကိလေသာကို ခွာတတ် ခေါင်းပါးစေတတ်သော အကျင့်တို့ဟူ၍ မခေါ်ဆိုအပ်ကုန်။ ယင်းစျာန်တို့ကို အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ အဆုံးအမ သာသနာတော်၌ ဒိဋ္ဌ ဓမ္မ သုခဝိဟာရ = မျက်မှောက် အတ္တဘော၌ ချမ်းသာစွာ နေထိုင်ကြောင်းဖြစ်သော တရားတို့သာဟူ၍ ခေါ်ဆို အပ်ကုန်၏၊'' (မ၊၁၊၄၉။) ဟု ဟောကြားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၃၆၈။)

ရဟန္တာအရှင်မြတ်ကြီးတို့ကား သာသနာတော်၌ ပြုသင့်ပြုထိုက်သည့် မဂ်ကိစ္စ ဖိုလ်ကိစ္စကို ပြုပြီး ဖြစ် တော်မူကြ၏၊ နောက်ထပ် တစ်ဖန် မဂ်ကိစ္စအလို့ငှာ ပြုဖွယ် လုပ်ငန်းကိစ္စ မရှိကြတော့ပြီ ဖြစ်၏၊ သို့အတွက် ရဟန္တာအရှင်မြတ်တို့၏ စျာန်ကိုရအောင် ကြိုးစားအားထုတ်တော်မူခြင်း စျာန်သမာပတ်တို့ကို ဝင်စားတော် မူခြင်းမှာ မျက်မှောက်အတ္တဘော၌ စျာန်ချမ်းသာကို ခံစားလျက် ချမ်းသာစွာ နေရခြင်း အကျိုးအာနိသင် ရှိပေသည်ဟု ဆိုလိုပေသည်။

၂။ ဝိပဿနာနိသံသာ

၂။ ဝိပဿနာနိသံသာ

စျာန်သမာပတ်မှ ထ၍ အာနာပါနပဋိဘာနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ အညီအညွတ် ကောင်း စွာ ထားအပ်သော တည်ကြည်သောစိတ်ဖြင့် ဝိပဿနာရှုကုန်အံ့ဟု နှလုံးပိုက်၍ ပွားများထားအပ်ကုန်သော သေက္ခ ပုထုဇန်ပုဂ္ဂိုလ်တို့၏ အပ္ပနာစျာန်သမာဓိသည်လည်း ဝိပဿနာဉာဏ်၏ အနီးကပ်ဆုံးသော နီးစွာသော အကြောင်းတရားဖြစ်ခြင်းကြောင့် ဝိပဿနာဟူသော အကျိုးအာနိသင် ရှိ၏၊

စိတ်အစဉ်ကို ညစ်နွမ်းစေတတ်ကုန်သော စိတ်၏ ညစ်နွမ်းကြောင်း ဖြစ်ကုန်သော တဏှာ စသော ကိလေသာ အညစ်အကြေးတို့ဖြင့် ညစ်နွမ်းကြရသည်ဖြစ်၍ အလွန်ကျဉ်းမြောင်းသော သံသရာဝဋ်ဆင်းရဲ၌ မဂ် ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးကို ရခြင်းအား သင့်လျော်သော ဘုရားပွင့်ထွန်းတော်မူရာအခါ ဟူသော ဗုဒ္ဓုပ္ပါဒ နဝမခဏဟု ဆိုအပ်သော အခါထူး အခွင့်ထူးကို ရရှိလာသော, နည်းလမ်းအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်းဖြင့် ဖြစ်ပေါ်လာသော ဥပစာရသမာဓိသည်လည်း ဝိပဿနာဟူသော အကျိုးအာနိသင် ရှိ၏၊

ဘုရားပွင့်တော်မူရာအခါဟူသော ဗုဒ္ဓုပ္ပါဒနဝမခဏကား အလွန်ရခဲသော ဒုလ္လဘတစ်ခုပင် ဖြစ်၏၊ ထို နဝမ ခဏ၏ ဒုလ္လဘအဖြစ်ကြောင့် အပ္ပနာစျာန်သမာဓိကို ရရှိခြင်းမျှကိုလည်း ရရှိသည့်တိုင်အောင်လည်း မ ဆိုင်းငံ့မူ၍ သံဝေဂဉာဏ်တို့ အကြိမ်များစွာ ဖြစ်နေရကား ဥပစာရသမာဓိ၌ တည်၍ လျင်မြန်စွာ သံသရာဝဋ် ဆင်းရဲ ဒုက္ခကို ကျော်လွှားလွန်မြောက်စေအံ့ဟု ဝိပဿနာ၌ ဘာဝနာအမှုကို ပြုသသူ၏ ဥပစာရသမာဓိကိုသာ ဆိုလိုပေသည်။ ထိုကြောင့် ဘုရားရှင်သည် ----

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

(သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)

ရဟန်းတို့ ...သမာဓိကို ဖြစ်စေကြကုန်လော၊ ပွားစေကြကုန်လော၊ ရဟန်းတို့ ...(အာနာပါနပဋိဘာဂ နိမိတ်စသော) အာရုံ၌ အညီအညွတ်ကောင်းစွာ ထားအပ်သော တည်ကြည်သော သမာဓိနှင့် ယှဉ်သော စိတ် ရှိသော ရဟန်းသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ (သစ္စာလေးရပ် တရားမြတ်ကို) ကွဲကွဲပြားပြား သိ၏၊ ----

ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူ၏၊ (ဝိသုဒ္ဓိ၊၁၊၃၆၈။ မဟာဋီ၊၁၊၄၅၉-၄၆၀။)

၃။ အဘိညာနိသံသာ

၃။ အဘိညာနိသံသာ

အကြင် သူတော်ကောင်းတို့သည်ကား ကသိုဏ်းဆယ်ပါးတို့တွင် ကသိုဏ်းတစ်ပါး တစ်ပါး၌ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေကြကုန်၍ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း (= ဣဒ္ဓိဝိဓ) စသော အဘိညာဏ်၏ အခြေတည်ရာ အခြေပါဒက ဖြစ်သော စတုတ္ထစျာန်ကို ဝင်စား၍ စျာန်သမာပတ်မှ ထ၍ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်အောင်ဖန်ဆင်း၏ -- ဤသို့ စသည့် အပြားအားဖြင့် ဟောကြားထားတော်မူအပ်သော နည်းရှိကုန်သော အဘိညာဏ်တို့ကို တောင့်တကုန်လျက် စျာန်သမာပတ်တို့ကို ဖြစ်စေကုန်၏၊ ထိုသူတို့၏ ရှေးရှေးဘဝ၌ ပြုစု ပျိုးထောင်ခဲ့ပြီးသော အဘိညာဏ်ရခြင်း၏ အကြောင်းဖြစ်သော အဓိကာရ ကောင်းမှုကုသိုလ်ထူးသည် ထင်ရှား ရှိခဲ့ပါမူ ယင်း ဝင်စားအပ်သော စတုတ္ထစျာန်သည် သို့မဟုတ် သမာပတ်ရှစ်ပါးသည် အဘိညာဏ်၏ အနီးကပ် ဆုံးသော အကြောင်းတရား ဖြစ်ခြင်းကြောင့် အပ္ပနာသမာဓိဘာဝနာသည် အဘိညာဏ်ဟူသော အကျိုးအာနိသင် ရှိ၏၊ ထိုကြောင့် ဘုရားရှင်သည် ----

သော ယဿ ယဿ အဘိညာသစ္ဆိကရဏီယဿ ဓမ္မဿ စိတ္တံ အဘိနိန္နာမေတိ အဘိညာသစ္ဆိကိရိယာယ၊ တတြ တတြေဝ သက္ခိဘဗ္ဗတံ ပါပုဏာတိ သတိ သတိ အာယတနေ။ (မ၊၃၊၁၃၈။)

= ထိုပုဂ္ဂိုလ်သည် ထူးမြတ်သော အဘိညာပညာဖြင့် မျက်မှောက်ပြုအပ်သော အကြင် အကြင် ပွားစေအပ် ထင်စွာပြုအပ်သော တန်ခိုးဖန်ဆင်းခြင်းစသော တရားဓမ္မကို ထူးမြတ်သော အဘိညာပညာဖြင့် မျက်မှောက် ပြုခြင်းငှာ အဓိဋ္ဌာန်စိတ်ကို ရှေးရှု ညွတ်စေ၏၊ ရှေးရှေးဘဝ၌ ပြုစုပျိုးထောင်၍ ပြီးစီးပြီးေ

ဤသို့စသော တရားတော်ကို ဟောကြားထားတော်မူလေသည်။ (ဝိသုဒ္ဓိ၊၁၊၃၆၈။)

၄။ ဘဝဝိသေသာနိသံသာ

၄။ ဘဝဝိသေသာနိသံသာ

အကြင်ပုဂ္ဂိုလ်တို့သည် မယုတ်လျော့သော မလျှောကျသော စျာန်ရှိကုန်သည်ဖြစ်၍ ဗြဟ္မာပြည်၌ ဖြစ်ကြ ပါကုန်အံ့ဟု ဗြဟ္မာပြည်၌ ဖြစ်ခြင်းကို တောင့်တကုန်သည်ဖြစ်၍သော်လည်းကောင်း, မတောင့်တကုန်သည် ဖြစ်၍သော်လည်းကောင်း ပုထုဇန်ပုဂ္ဂိုလ်တို့သည် စျာန်သမာဓိမှ မဆုတ်ယုတ်ကုန်သည် ဖြစ်အံ့၊ ထိုဗြဟ္မာပြည် ကို တောင့်တသောပုဂ္ဂိုလ်, မတောင့်တသော်လည်း စျာန်မှ မလျှောသောပုဂ္ဂိုလ်တို့၏ ဗြဟ္မာပြည်ဟူသော ဘဝ အထူးကို ရွက်ဆောင်တတ်သည်၏ အဖြစ်ကြောင့် အပ္ပနာစျာန်သမာဓိ ဘာဝနာသည် ဘဝဝိသေသာနိသံသ = ဗြဟ္မာပြည်ဟူသော ဘဝထူးကို ရောက်ခြင်း အကျိုးအာနိသင် ရှိ၏၊ ထိုကြောင့် ဘုရားရှင်သည် ----

ပဌမံ စျာနံ ပရိတ္တံ ဘာဝေတွာ ကတ္ထ ဥပပဇ္ဇန္တိ။ ပဌမံ စျာနံ ပရိတ္တံ ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ သဟဗျတံ ဥပပဇ္ဇန္တိ။ (အဘိ၊၂၊၄၃၉။)

ပထမစျာန်ကို နည်းပါးသော အာနုဘော်ရှိသည်ကို ပြု၍ ပွားများထားခြင်းကြောင့် အဘယ်ဘုံ၌ ပဋိ သန္ဓေအားဖြင့် ကပ်ရောက်ကြရကုန်သနည်း။ ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာတို့၏ အပေါင်းအဖော်၏ အဖြစ်သို့ ကပ်ရောက်ကြရကုန်၏၊ ----

ဤသို့စသည်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၃၆၉။)

အပတ္ထယမာနာ ဝါ ---- ထိုထိုဘုံဘဝသို့ ရောက်ကြောင်းဖြစ်သော (= ဘဝဂါမိ) ကံကို အကြောင်းပြု၍ ဘဝကို လိုလားတောင့်တမှု ဆုတောင်း ဆုယူမှုသည် မဖြစ်ငြားသော်လည်း ထိုထို ဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သော ကံကို ပြုအပ်ပြီး ဆည်းပူးအပ်ပြီးသည်၏ အဖြစ်ဖြင့်သာလျှင် ဘဝကို လိုလားတောင့်တမှု ဘဝပတ္ထနာ ကိစ္စသည် ပြီးစီး၏ဟု ပြလိုသည်ဖြစ်၍ အပတ္ထယမာနာ ဝါ = မတောင့်တသော်လည်းကောင်းဟူသော စကားကို အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၄၆၀။)

ဆိုလိုသည်မှာ ---- ထိုထိုဘုံဘဝသို့ ရောက်ကြောင်း ဖြစ်သော ကံကို ပြုစုပျိုးထောင်စဉ်အခါ၌ ထိုကံနှင့် လျော်ညီသည့် ဘုံဘဝတစ်ခုခုကို လိုလားတောင့်တမှု ဆုတောင်းဆုယူမှု မရှိငြားသော်လည်း မိမိ၏ ရုပ်နာမ် သန္တာန်အစဉ်တွင် ကိန်းဝပ်လျက်ရှိသော အနုသယကိလေသာတို့ကို အရိယမဂ်တရားဖြင့် အကြွင်းမဲ့ မပယ်ရှား ရသေးပါက ထိုအနုသယဓာတ် တည်ရှိနေခြင်းသည်ပင် ကမ္မဝိညာဏ်တည်ဖို့ရန် အကြောင်းတစ်ခု ဖြစ်ပေသည်။ အနုသယဓာတ် ရှိနေသူ၏ သန္တာန်၌ ပြုစုပျိုးထောင်ထားသော ကံမှန်သမျှ အခါအခွင့်သင့်က အကျိုးပေးနိုင် သော စွမ်းအင် ရှိသည်သာ ဖြစ်ပေသည်။ သို့အတွက် အနုသယဓာတ် ကိန်းဝပ်လျက် တည်ရှိနေသေးသည့် ပုဂ္ဂိုလ်သန္တာန်ဝယ် ဘဝတစ်ခုခုကို တောင့်တသော်လည်းကောင်း, မတောင့်တသော်လည်းကောင်း ထိုထိုဘုံဘဝ သို့ ရောက်ကြောင်းဖြစ်သည့် ကံကို ပြုစုပျိုးထောင်ပြီးခြင်း ဆည်းပူးအပ်ပြီးခြင်းသာလျှင် လိုရင်းပမာဏ ဖြစ်ပေ သည်။ ထိုကံကို ပြုစုပျိုးထောင်စဉ် ဆည်းပူးစဉ်အခါက ဘဝတစ်ခုခုကို လိုလား တောင့်တချက် မရှိသော်လည်း အနုသယဓာတ်ရှိနေသေးသူအဖို့ သေခါနီးကာလ မရဏာသန္နအခါ အခိုက်ဝယ် ထိုအကျိုးပေးတော့မည့် ကံ၏ စွမ်းအင်သတ္တိကြောင့် နိမိတ်များ ထင်လာ၏၊ ထိုအခိုက်တွင်ကား ထိုကံနှင့် လျော်ညီသည့် ဘုံဘဝတစ်ခုသို့ ညွတ်ကိုင်းရှိုင်းနေသော စိတ်အစဉ်များ ပေါ်လာရိုးဓမ္မတာ ရှိသည်သာလျှင် ဖြစ်ပေသည်။ ယင်းကဲ့သို့ ဘုံဘဝ တစ်ခုသို့ ညွတ်ကိုင်းရှိုင်းနေသော စိတ်အစဉ်များ ဖြစ်ပေါ်လာခြင်းသည်ကား ထိုအကျိုးပေးမည့် ကံကို ပြုစု ပျိုးထောင်ခဲ့စဉ် ဆည်းပူးခဲ့စဉ်က ကိန်းဝပ်တည်နေခဲ့သော အနုသယဓာတ်၏ စွမ်းအင်ကြောင့်ပင် ဖြစ်ပေသည်။ (နိဒါနဝဂ္ဂသံယုတ် စေတနာသုတ္တန်နှင့် နှီးနှောကြည့်ပါ။)

အပ္ပနာစျာန်သမာဓိသည်သာလျှင် ထိုကဲ့သို့ ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးနိုင်သည့် စွမ်းအားရှိသည် မဟုတ်သေး၊ ဥပစာရသမာဓိဘာဝနာသည်လည်း ကာမသုဂတိဟူသော ဘဝထူးကို ရွက်ဆောင် ပေးနိုင်သည်သာလျှင် ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၃၆၉။)

၅။ နိရောဓာနိသံသာ

၅။ နိရောဓာနိသံသာ

အကြင် အနာဂါမ် ရဟန္တာဟူသော အရိယာသူတော်ကောင်းကြီးတို့သည် သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ နိရောဓသမာပတ်ကို ဝင်စား၍ ခုနစ်ရက်တို့ပတ်လုံး စိတ်မရှိကုန်သည်ဖြစ်၍ မျက်မှောက် အတ္တဘော၌ပင်လျှင်

၁။ ဒုက္ခဒုက္ခ (ကာယိကဒုက္ခဝေဒနာ),

၂။ ဝိပရိဏာမဒုက္ခ (သုခဝေဒနာ),

၃။ သင်္ခါရဒုက္ခ (ဥပေက္ခာဝေဒနာနှင့် တကွ ဘုံသုံးပါးအတွင်းရှိ သင်္ခါရတရားအားလုံး) ----

ဤသုံးမျိုးသော ဒုက္ခတို့၏ ချုပ်ခြင်းဟူသော အငြိမ်းဓာတ် နိဗ္ဗာန်သို့ ဆိုက်ရောက်၍ ဆိုက်ရောက်၍ ချမ်းသာစွာ နေထိုင်ကြပါကုန်အံ့ဟူ၍ နှလုံးပိုက်တော်မူကြကုန်လျက် စျာန်သမာဓိကို ပွားများကြကုန်၏၊ ဖြစ်စေကြကုန်၏၊ ထို အရိယာသူတော်ကောင်းကြီးတို့၏ အပ္ပနာသမာဓိဘာဝနာသည် နိရောဓာနိသံသာ = နိရောဓသမာပတ်ဟူသော အကျိုးအာနိသင် ရှိ၏၊ (ဝိသုဒ္ဓိ၊၁၊၃၆၉။)

နိရောဓသမာပတ်ဟူသည် စိတ်စေတသိက် စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေသော သမာပတ်တစ်မျိုး ဖြစ်၏၊ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်များ မချုပ်ငြိမ်းဘဲ ကြွင်းကျန်နေသေး၏၊ ယင်း ရုပ်တရားတို့သည်လည်း ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည်သာ ဖြစ်သောကြောင့် သင်္ခါရဒုက္ခ မည်သည်သာ ဖြစ်၏၊ နိရောဓသမာပတ်အခါ ရုပ်တရား၌ အကျုံးဝင်သော ယင်း သင်္ခါရဒုက္ခတာ သဘော ထင်ရှား ရှိနေသေးငြားသော်လည်း စိတ်၏ မရှိသဖြင့် ဒုက္ခလုံးဝ မရှိသည်နှင့် တူသည်သာဖြစ်ရကား သုခံ ဝိဟရိဿာမ = ချမ်းသာစွာနေထိုင်ကြပါကုန်အံ့ဟု အဋ္ဌကထာ မိန့်ဆိုခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၁၊၄၆၀။)

ဤကား သမာဓိကြောင့် ရရှိနိုင်သည့် အကျိုးအာနိသင် ငါးမျိုး ဖြစ်သည်။ အခြား အကျိုးအာနိသင်များ လည်း များစွာရှိသည်သာ ဖြစ်ပေသည်။ ဤကျမ်း၌ကား နံပါတ် (၂) ဖြစ်သည့် ဝိပဿနာနိသံသာ ဟူသော သစ္စာလေးရပ် တရားမြတ်တို့၌ ဟုတ်တိုင်းမှန်စွာ သိတတ်သည့် ယထာဘူတဉာဏ်အမြင် ရရှိရေးအတွက် သမာဓိ စခန်းကို ဖော်ပြခြင်း ဖြစ်ပေသည်။ သို့သော် အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ----

၁။ မေတ္တာ,

၂။ ဗုဒ္ဓါနုဿတိ,

၃။ မရဏာနုဿတိ,

၄။ အသုဘ ----

ဟူသော စတုရာရက္ခ အမည်ရသော အစောင့်လေးပါး ကမ္မဋ္ဌာန်းတို့ကို ဝိပဿနာသို့ မကူးမီ အားထုတ် လိုသေးပါက ယခုကဲ့သို့ အာနာပါနလမ်းမှ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် ဆိုက်ရောက်ပြီးသောအချိန်သည် အကောင်းဆုံးအချိန်ပင် ဖြစ်ပေသည်။ (အလိုရှိပါက သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။)

အကယ်၍ အသင် ယောဂီသူတော်ကောင်းသည် ဝိပဿနာသို့ ကူးလိုပါက စတုတ္ထစျာန်သမာဓိကို ဂုဏ် အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံအောင် ရှေးဦးစွာ ကြိုးပမ်းရမည် ဖြစ်ပေသည်။

_________

စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါ ရှစ်ပါး

စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါ ရှစ်ပါး

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ သော ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (မ၊၁၊၃၄၇။)

ဤအထက်ပါ ပါဠိတော်ကား စတုတ္ထစျာန်သမာဓိမှ ဝိပဿနာသို့ ကူးပုံကို ဟောကြားထားတော်မူသော မဟာအဿပုရသုတ္တန်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ ဤကဲ့သို့သော ဟောကြားချက်များသည် ပိဋကတော်၌ များစွာပင် လာရှိပေသည်။ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် စတုတ္ထစျာန်သမာဓိကို ဂုဏ်အင်္ဂါ ရှစ်တန်နှင့် ပြည့်ဝစုံလင်အောင် ရှေးဦးစွာ ကြိုးပမ်းရန် ဘုရားရှင်၏ ညွှန်ကြားတော်မူချက်ပင် ဖြစ်ပါသည်။ ယင်းဂုဏ်အင်္ဂါတို့ကို တစ်ခုစီ တစ်ခုစီ ရှေးဦးစွာ ကြိုတင်၍ ရှင်းလင်းတင်ပြအပ်ပါသည်။ (ဝိသုဒ္ဓိ၊၂၊၅။ ဝိ၊ဋ္ဌ၊၁၊၁၂၇။) စသည်တို့၌လာသော အဖွင့်များနှင့် အညီတည်း။

၁။ ပရိသုဒ္ဓ = စင်ကြယ်ခြင်း

၁။ ပရိသုဒ္ဓ = စင်ကြယ်ခြင်း

ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်နေသော စတုတ္ထစျာန်သမာဓိဖြင့် ကောင်းစွာ တည်ကြည်သော ရူပါဝစရစိတ်သည် ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်သန့်ရှင်းသဖြင့် ထက်ဝန်းကျင် စင်ကြယ် လျက် ရှိ၏၊ ဤ၌ ဥပေက္ခာဟူသည် တတြမဇ္ဈတ္တတာစေတသိက်တည်း။ ဤ တတြမဇ္ဈတ္တတာစေတသိက်သည် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တွန့်ဆုတ်ခြင်း ပျင်းရိခြင်း တက်ကြွ လွန်းခြင်း ပျံ့လွင့်ခြင်း စသည့် တစ်ဘက်စွန်းသို့ မရောက်အောင် အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင် သော စွမ်းအားရှိ၏၊ ယင်းစေတသိက်ကိုပင် ယင်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို အလယ်အလတ် လျစ်လျူသဘော၌ ထားနိုင်သောကြောင့် တတြမဇ္ဈတ္တုပေက္ခာဟု ခေါ်ဆို၏၊ ယင်း တတြမဇ္ဈတ္တုပေက္ခာကြောင့် ယင်းပဋိဘာဂနိမိတ်အာရုံကို သိမ်းဆည်းတတ်သော သတိလည်း အထူးစင်ကြယ်လာ၏၊ ယင်းဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်သန့်ရှင်းသဖြင့် စတုတ္ထစျာန်စိတ်သည်လည်း ထက်ဝန်းကျင် စင်ကြယ်လျက် ပင် ရှိ၏၊ သတိသာ စင်ကြယ်သည် မဟုတ်၊ စင်စစ်မှာမူ သမ္ပယုတ်တရားအားလုံးလည်း စင်ကြယ်လျက်ပင် ရှိ၏၊ သတိကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်သည်။ (ဝိသုဒ္ဓိ၊၁၊၁၆၃။)

၂။ ပရိယောဒါတ = ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ရှိခြင်း

၂။ ပရိယောဒါတ = ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ရှိခြင်း

ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅။ ဝိ၊ဋ္ဌ၊၁၊၁၂၇။)

ထိုသို့ ထက်ဝန်းကျင် စင်ကြယ်သောကြောင့်ပင်လျှင် ပွတ်တိုက်ထားအပ်သော လှော်ဦးသစ်စ ရွှေစင်ပမာ ထက်ဝန်းကျင် ဖြူစင်လျက် ရှိ၏၊ ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင်ရှိ၏ဟု ဆိုလိုပေသည်။ (ဤဖွင့်ဆိုချက်များအရ စတုတ္ထစျာန်သမာဓိ၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိသည်ဟု မှတ်သားထားပါ။)

၃။ အနင်္ဂဏ = လောဘ-ဒေါသ အညစ်အကြေး ကင်းခြင်း

၃။ အနင်္ဂဏ = လောဘ-ဒေါသ အညစ်အကြေး ကင်းခြင်း

လောဘ၏ အကြောင်းဖြစ်သော သုခ သောမနဿ ဝေဒနာ ခံစားချက်တို့ကိုလည်းကောင်း, ဒေါသ၏ အကြောင်းဖြစ်သော ဒုက္ခ ဒေါမနဿ ဝေဒနာခံစားချက်တို့ကိုလည်းကောင်း ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ခွာ ထားပြီး ဖြစ်ရကား လောဘ ဒေါသတည်းဟူသော စိတ်၏ အညစ်အကြေးတို့မှလည်း ကင်းဝေးလျက် ရှိ၏၊

၄။ ဝိဂတူပက္ကိလေသ = ဥပက္ကိလေသ အညစ်အကြေး ကင်းခြင်း

၄။ ဝိဂတူပက္ကိလေသ = ဥပက္ကိလေသ အညစ်အကြေး ကင်းခြင်း

ရာဂ ဒေါသကို ဝိက္ခမ္ဘနပဟာန်အားဖြင့် ပယ်ခွာထားပြီးဖြစ်လျှင် ရာဂဒေါသနှင့် ယှဉ်တွဲလျက် ရှိသော ကိလေသာတရားစုကိုလည်း ပယ်ခွာပြီးပင် ဖြစ်၏၊ ရာဂ ဒေါသ စသည်တို့သည် စိတ်၏ အညစ်အကြေးများ မစင်ကြယ်သော တရားများ ဖြစ်ခြင်းကြောင့် ယင်း ရာဂ ဒေါသတို့ကို အင်္ဂဏတို့ဟူ၍ ခေါ်ဆိုအပ်ကုန်သကဲ့သို့ အလားတူပင် စိတ်ကိုကပ်၍ ညစ်နွမ်းစေတတ်သောကြောင့် ဥပက္ကိလေသတို့ဟူ၍လည်း ခေါ်ဆိုအပ်ကုန်၏၊ ထိုသို့ စိတ်၏ အညစ်အကြေး ကြေးညှော် အင်္ဂဏတို့မှ ကင်းဝေးသောကြောင့်ပင် စိတ်ကို ညစ်နွမ်းစေတတ်သော နှိပ်စက်တတ်သော ဥပက္ကိလေသတရားတို့မှလည်း ကင်းစင်လျက်ရှိ၏၊ မှန်ပေသည် ---- ရာဂ ဒေါသ စသော ကိလေသာ အင်္ဂဏသည် စိတ်ကို ပူပန်စေအပ် နှိပ်စက်အပ်၏၊ (ဝိသုဒ္ဓိ၊၂၊၅။ မဟာဋီ၊၂၊၆-၇။)

၅။ မုဒုဘူတ = နူးညံ့ခြင်း

၅။ မုဒုဘူတ = နူးညံ့ခြင်း

စတုတ္ထစျာန်သမာပတ်ကို ဝသီဘော်ငါးတန်တို့ဖြင့် အဝါးဝစွာ လေ့လာနိုင်နင်းသည်၏ အဖြစ်သို့ ရောက် စေခြင်းဖြင့် ကောင်းစွာ ပွားများထားပြီး ဖြစ်ရကား - အလိုအကြိုက်သို့ လိုက်ပါနိုင်လောက်အောင်ပင် ကောင်းစွာ ကြိတ်နယ်ထားပြီးသော သားရေကဲ့သို့လည်းကောင်း, ကောင်းစွာ အပြေအပြစ် ပြုအပ်ပြီးသော ချိပ်တုံးကဲ့သို့ လည်းကောင်း စိတ်အစဉ်သည် နူးညံ့လျက် ရှိ၏၊ ဤ၌ ကောင်းစွာ ပွားစေအပ်၏ဟူသည် စတုတ္ထစျာန်သမာဓိ ကို အထပ်ထပ် ဝင်စားခြင်းပင်တည်း။ အထပ်ထပ် နယ်ထားအပ်သော သားရေသည် နုလာသကဲ့သို့ နူးညံ့ ပျော့ပျောင်းလာသကဲ့သို့ ဤစတုတ္ထစျာန်စိတ်သည်လည်း အထပ်ထပ် စျာန်ဝင်စားမှုဟူသော သုဘာဝိတကြောင့် နူးညံ့လာ၏၊ ထိုသို့နူးညံ့လာသည်ကိုပင် ဝသီဘာဝပတ္တ = ဝသီဘော်သို့ ရောက်ပြီဟု ဆိုလိုသည်။ မှန်ပေသည် မိမိ၏ အလိုအကြိုက်၌ အလိုက်သင့် ဆွဲဆောင်၍ရသော အလိုအတိုင်း ဖြစ်နေသော စိတ်ကို နူးညံ့၏ဟု ဆိုအပ် ပေသည်။ (ဝိသုဒ္ဓိ၊၂၊၅။ မဟာဋီ၊၂၊၇ - ကြည့်။)

၆။ ကမ္မနိယ = ဘာဝနာမှု၌ ခံ့ညားမှု ရှိခြင်း

၆။ ကမ္မနိယ = ဘာဝနာမှု၌ ခံ့ညားမှု ရှိခြင်း

လှော်ပြီး ဦးပြီးဖြစ်၍ နူးညံ့သော ရွှေစင် ရွှေကောင်းသည် ပုတီး နားဍောင်း လက်ကောက် စသော အလို ရှိရာ အဆင်းတန်ဆာကို ပြုလုပ်ဖို့ရန် ဆွဲတိုင်းထင် ငင်တိုင်းရ လွယ်ကူကောင်းမွန်လှသကဲ့သို့ ကိလေသာ အညစ် အကြေး ကင်း၍ သန့်ရှင်းသော စိတ်သည်လည်း နူးညံ့နေသောကြောင့်ပင် အဘိညာဏ်အမှု ဝိပဿနာဘာဝနာ အမှု စသော ထိုထိုဘာဝနာ အမှုကိစ္စ အဝဝတို့ကို လှလှကြီး ပြီးစီးစေနိုင်ဖို့ရန် ကောင်းမွန် လွယ်ကူလျက် ရှိ၏၊

တဉ္စ ဥဘယမ္ပိ သုဘာဝိတတ္တာယေဝါတိ။ (ဝိသုဒ္ဓိ၊၂၊၅။ ဝိ၊ဋ္ဌ၊၁၊၁၂၇။)

ထို မုဒုဘူတ = နူးညံ့မှု, ကမ္မနိယ = ထိုထို ဘာဝနာအမှု၌ ခံ့ညားမှု - ဤနှစ်မျိုးလုံးသည်ကား ယင်းစတုတ္ထ စျာန်သမာဓိစိတ်ကို ဝသီဘော်ငါးတန်တို့ဖြင့် အဝါးဝစွာ လေ့လာနိုင်နင်းသည်၏ အဖြစ်သို့ ရောက်စေခြင်းဖြင့် ကောင်းစွာ ပွားများထားပြီးသောကြောင့်သာလျှင် ဖြစ်ပေါ်လာရသည်ဟု မှတ်ပါ။

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ ဘာဝိတံ ဗဟုလီကတံ မုဒုဉ္စ ဟောတိ ကမ္မနိယဉ္စ၊ ယထယိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၄။)

ရဟန်းတို့ ...ဝသီဘော်သို့ ရောက်အောင် ပွားများထားအပ်ပြီးသော အဖန်ဖန် အထပ်ထပ် အလေ့ အလာ ပြုအပ်ပြီးသော ဤစိတ်သည် နူးညံ့သည်လည်း ဖြစ်သကဲ့သို့, ဘာဝနာအမှု ပြုခြင်းငှာ သင့်လျော်လွယ်ကူ သည်လည်း ဖြစ်သကဲ့သို့ ဤအတူ နူးညံ့သည်လည်းဖြစ်သော ဘာဝနာအမှု ပြုခြင်းငှာ သင့်လျော် လွယ်ကူ သည်လည်းဖြစ်သော အခြားတစ်စုံတစ်ခုသော တရားကိုမျှလည်း ငါဘုရား မြင်တော်မမူ။ (အံ၊၁၊၄။)

၇။ ဌိတ = တည်တံ့မှု ရှိခြင်း

၇။ ဌိတ = တည်တံ့မှု ရှိခြင်း

ဆိုအပ်ခဲ့ပြီးသော ထက်ဝန်းကျင် ဖြူစင်ခြင်း (= ပရိသုဒ္ဓ)စသော ဂုဏ်သတ္တိများ ကင်းကွာ၍ မသွားအောင် ပျက်မသွားအောင် ကောင်းစွာ ပွားများလေ့လာအပ်ပြီး ဖြစ်သောကြောင့် စိတ်အစဉ်သည် ထက်ဝန်းကျင် စင် ကြယ်မှု ရှိခြင်း (= ပရိသုဒ္ဓ) စသော ဂုဏ်တို့၌ လျော့ရဲရဲ မဟုတ်၊ ကြံ့ကြံ့ခိုင်ကျည် တည်တံ့လျက် ရှိပေ၏၊ ထိုတည်တံ့သော စတုတ္ထစျာန်သမာဓိစိတ်ကိုပင် ဌိတဟု ဆိုလိုသည်။

၈။ အာနေဉ္ဇပ္ပတ္တ = မတုန်လှုပ်ခြင်းသို့ ရောက်ရှိခြင်း

၈။ အာနေဉ္ဇပ္ပတ္တ = မတုန်လှုပ်ခြင်းသို့ ရောက်ရှိခြင်း

ထိုသို့ ကြံ့ကြံ့ခိုင်ကျည် တည်တံ့သောကြောင့်ပင်လျှင် တုန်လှုပ်ခြင်း အလျှင်း မရှိပေ။ ထိုသို့ တည်တံ့ နေသည့်အတွက် ပျက်ဖို့ မဆိုထားဘိ လှုပ်လှုပ်ရှားရှားပင် မရှိအောင် ငြိမ်သက်နေသော စိတ်ဟု ဆိုလိုသည်။ မြဲမြံစွာတည်သော စတုတ္ထစျာန်စိတ်ကိုပင် ဌိတဟူ၍လည်းကောင်း အာနေဉ္ဇပ္ပတ္တ ဟူ၍လည်းကောင်း ဤဒေသ နာတော်၌ ဟောကြားတော်မူအပ်၏ ဟူလို။

တစ်နည်းအားဖြင့် ---- ဌိတ, အာနေဉ္ဇပ္ပတ္တ - ပုဒ်တို့၏ အဓိပ္ပါယ်ကို အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၅-၆။) ၌ အောက်ပါအတိုင်း ထပ်မံ ဖွင့်ဆိုထားပြန်၏၊

၇။ ဌိတ = တည်တံ့မှု ရှိခြင်း

၇။ ဌိတ = တည်တံ့မှု ရှိခြင်း

မုဒု = နူးညံ့ခြင်း, ကမ္မနိယ = အလိုရှိရာ အဘိညာဏ် ဝိပဿနာစသော ထိုထို ဘာဝနာအမှု ကိစ္စအဝဝ တို့ကို လှလှကြီး ပြီးစေနိုင်ဖို့ရန် ကောင်းစွာ လွယ်ကူလျက် ရှိခြင်းကြောင့် စိတ်အစဉ်သည် မိမိ၏ အလိုအတိုင်း တည်တံ့နေပေ၏၊ (ဝိသုဒ္ဓိ၊၂၊၅။)

မိမိ၏ အလို၌ တည်သည်ကို = ဝသီဘော်သို့ ရောက်နေသည်ကို ဌိတ = တည်တံ့၏ဟု ဆိုလို၏၊ ရှေးနည်း ၌ ---- ဝသေ ဝတ္တမာနံ ဟိ စိတ္တံ မုဒုန္တိ ဝုစ္စတိ = မိမိ၏ အလိုအကြိုက်၌ အလိုက်သင့် ဆွဲဆောင်၍ ရသော အလိုအတိုင်း ဖြစ်နေသော စိတ်ကို နူးညံ့၏ဟု ခေါ်ဆိုအပ်ပေ၏ - ဟူသော စကားရပ်ဖြင့်လည်း ဝသီဘော်သို့ ရောက်သော စတုတ္ထစျာန်စိတ်ကိုပင် မုဒု = နူးညံ့၏ဟု ပြခဲ့၏၊ မုဒုဖြစ်ခြင်းကြောင့် ထိုထိုဘာဝနာမှု၌ ခံ့ညားမှု = ကမ္မနိယဖြစ်ပုံကိုလည်း ပြခဲ့၏၊ သို့ဖြစ်လျှင် မုဒု ကမ္မည အဖြစ်ကို ဝသီဘော်သို့ ရောက်ခြင်းဖြင့် မှတ်သား အပ်သကဲ့သို့ ဝသီဘော်သို့ ရောက်သဖြင့် ဌိတ = တည်တံ့မှု ဖြစ်နေခြင်းကိုလည်း မုဒုဖြစ်မှု ကမ္မညဖြစ်မှုဖြင့် မှတ်သား၍ ပြ၏၊ အပြန်အလှန် မှတ်သားအပ်၏ဟု ဆိုလိုသည်။ အကြောင်းတရားဖြင့် အကျိုးတရားကို ထုတ် ဆောင်ပြသကဲ့သို့ အလားတူပင် အကျိုးတရားဖြင့်လည်း အကြောင်းတရားကို ထုတ်ဆောင်ပြအပ်၏၊ ထိုကြောင့် တုန်လှုပ်ခြင်း ကင်းသည်၏ အဖြစ်ဖြင့် မြဲမြံစွာ တည်တံ့ခြင်းသည် အာနေဉ္ဇပ္ပတ္တ မည်၏၊ (မဟာဋီ၊၂၊၇။)

၈။ အာနေဉ္ဇပ္ပတ္တ = တုန်လှုပ်မှု မရှိခြင်း

၈။ အာနေဉ္ဇပ္ပတ္တ = တုန်လှုပ်မှု မရှိခြင်း

ယင်းသို့ ကြံ့ကြံ့ခိုင်ကျည် တည်တံ့နေသော အာနေဉ္ဇပ္ပတ္တ အမည်ရသော ထို စတုတ္ထစျာန် သမာဓိနှင့် ယှဉ်သော စိတ်အစဉ်သည်လည်း သမ္ပယုတ်တရားတို့၌ ခိုင်မြဲမှုရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း, ဆန့်ကျင် ဘက်ဖြစ်သော တရားတို့သည် မတုန်လှုပ်စေအပ် မတုန်လှုပ်စေနိုင်သည်၏ အဖြစ်ဖြင့်လည်းကောင်း ဖြစ်လျက် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ ဩဘာသဂတ (= အလင်းဓာတ်) ဟူသော ခွန်အားကြီး ခြောက်ရပ်, ဗလ ခြောက်တန်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ဖြစ်ပေါ်လာရ၏၊ ယင်းခွန်အားကြီး ခြောက်ရပ် ဗလ ခြောက်တန်တို့၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားလှသဖြင့် မသဒ္ဓါခြင်း, ပျင်းရိခြင်း, မေ့လျော့ခြင်း, ပျံ့လွင့်ခြင်း, အမှန်ကို မသိခြင်း = အမှားကို သိခြင်း = အသိမှားခြင်း, ကိလေသာ အမှောင်ကျခြင်း - စသည့် ဆန့်ကျင်ဘက်တရားတို့ကြောင့် တုန်လှုပ်ခြင်းသည် အလျှင်းပင် မရှိပေ၊ မသဒ္ဓါခြင်း စသည်တို့သည် စိတ်အစဉ်၌ အငွေ့အသက်မျှပင် မဝင်ရောက်နိုင်ကြကုန်။ ထင်ရှားစေအံ့ ----

(က) ဤသို့ ဝသီဘော်သို့ ရောက်အောင် ကောင်းစွာပွားများထားအပ်သော ထိုစတုတ္ထစျာန်စိတ်သည် စင်စစ် အားဖြင့် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်ကုန်သော အဘိညာဏ်တရား, သစ္စာလေးပါးတရား စသည် တို့ကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုခြင်းငှာ ဖြစ်ပါပေ၏ဟု ဤသို့ ဖြစ်ပေါ်လာသော ယုံကြည်ချက် သဒ္ဓါ တရားဖြင့် သိမ်းဆည်းထားအပ်သော ဆိုအပ်ခဲ့ပြီးသော သဒ္ဓါခွန်အား သဒ္ဓါဗိုလ်ဖြင့်ထောက်ပံ့ထားအပ်သော စိတ်သည် ထိုသဒ္ဓါတရား၏ ဆန့်ကျင်ဘက်ဖြစ်သော မယုံကြည်ခြင်း အဿဒ္ဓိယ ဟူသော အကြောင်းကြောင့် မတုန်လှုပ်ပေ။ အမှန်စင်စစ်အားဖြင့်မူ အထက်အထက်ဖြစ်သော တရားထူး တရားမြတ်ကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးသည်၏ အဖြစ်ဖြင့်သာလျှင် တည်နေပေ၏၊

(ခ) ဝီရိယသည် သိမ်းဆည်းထားအပ်သော = ဝသီဘော်သို့ ရောက်စေခြင်း, စိတ်ကို ဆုံးမခြင်းတို့ကို ပြီးစီး စေတတ်သော ဝီရိယခွန်အားကြီးသည် ထောက်ပံ့ထားအပ်သော စိတ်သည် ပျင်းရိသူ ဖြစ်ကြောင်း ဖြစ်ရာ အကုသိုလ် စိတ္တုပ္ပါဒ်ဟူသော ကောသဇ္ဇကြောင့် မတုန်လှုပ်ပေ။

(ဂ) သတိသည် သိမ်းဆည်းထားအပ်သော = ဆိုအပ်ခဲ့ပြီးသော စတုတ္ထစျာန်သမာဓိဘာဝနာကို အကြိမ်များစွာ ပြုခြင်း၌ မမေ့ပျောက်ခြင်းကို ပြီးစီးစေတတ်သည်လည်းဖြစ်သော, ကုသိုလ်တရားတို့၏ ဖြစ်ခြင်း အလားတို့ကို ကောင်းစွာ အဖန်တလဲလဲ ရှာမှီးတတ်သည်လည်း ဖြစ်သော, ရှုဆင်ခြင်တတ်သည်လည်းဖြစ်သော သတိခွန်အား ကြီးသည် ထောက်ပံ့ထားအပ်သော စိတ်သည် ဘာဝနာမှုစသည့် ကုသိုလ်တရားတို့၌ မေ့လျော့ခြင်း (= ပမာဒ) ကြောင့် မတုန်လှုပ်ပေ။

(ဃ) သမာဓိသည် သိမ်းဆည်းအပ်သော = ထို အာနာပါနဿတိသမာဓိဘာဝနာကို ကြိမ်ဖန်များစွာ ပွားများ အားထုတ်ခြင်း၌သာလျှင် စိတ်မပျံ့လွင့်ခြင်းကို ပြီးစီးစေတတ်သော ဘာဝနာအာရုံ၌ စိတ်ကို ကောင်းစွာ ထား တတ်သော တည်ကြည်သော သမာဓိသည် ထောက်ပံ့ထားအပ်သော စိတ်သည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စကြောင့် မတုန်လှုပ်ပေ။

(င) ပညာသည် သိမ်းဆည်းအပ်သော = ထို အာနာပါနဿတိသမာဓိဘာဝနာအားသာလျှင် ကျေးဇူးပြု တတ်သော တရား ကျေးဇူးမပြုတတ်သော တရားတို့ကို ကွဲကွဲပြားပြား သိခြင်း လက္ခဏာရှိသော ပညာသည် ထောက်ပံ့ထားအပ်သော စိတ်သည် ဉာဏ်၏ ဆန့်ကျင်ဘက် အဝိဇ္ဇာ (= မောဟ) ကြောင့် မတုန်လှုပ်ပေ။

(စ) ဩဘာသဂတံ ကိလေသန္ဓကာရေန န ဣဉ္ဇတိ။ (ဝိသုဒ္ဓိ၊၂၊၆။)

ဩဘာသဂတန္တိ ဉာဏောဘာသသဟဂတံ။ ဩဘာသဘူတေန ဟိ ယထာဝုတ္တသမာဓာနသံဝဒ္ဓိတေန ဉာဏေန သံကိလေသပက္ခံ ယာထာဝတော ပဿန္တော တတော ဥတြသန္တော ဩတ္တပ္ပန္တော တံ အဓိဘဝတိ၊ န တေန အဘိဘူယတိ။ တေနာဟ ''ကိလေသန္ဓကာရေန န ဣဉ္ဇတီ''တိ။ ဧတေန ဉာဏပရိဂ္ဂဟိတံ ဟိရောတ္တပ္ပဗလံ ဒေဿတိ။ (မဟာဋီ၊၂၊၈။)

(စ) ဉာဏ်အရောင်အလင်းနှင့် အတူတကွသော ဖြစ်ပေါ်လာသော စတုတ္ထစျာန်သမာဓိသည် ကိလေသာ တည်းဟူသော အမိုက်မှောင်ကြောင့် တုန်လှုပ်မှု မရှိပေ။ မှန်ပေသည် -- သစ္စာလေးပါး အမှန်တရားကို ထင်ရှား သိအောင် ထွန်းပြခြင်း ဩဘာသန ကိစ္စရှိသော အရောင်အလင်းနှင့် အတူတကွဖြစ်သော ဆိုအပ်ခဲ့တိုင်းသော စိတ်တည်ကြည်မှု သမာဓိဖြင့် ကောင်းစွာ ပွားစေအပ်သော ဉာဏ်ဖြင့် စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော သံကိလေသတရား အဖို့အစုကို ဟုတ်တိုင်းမှန်စွာ သိမြင်သည်ဖြစ်၍ ထို သံကိလေသတရားအပေါင်းမှ ထိတ် လန့်လျက် ကြောက်ရွံ့လျက် ထိုသံကိလေသ တရားအပေါင်းကို လွှမ်းမိုး၏၊ ထိုသံကိလေသတရားအပေါင်းက အရောင်အလင်းနှင့် အတူတကွ ဖြစ်သော ဉာဏ်နှင့်ယှဉ်သော ထိုစတုတ္ထစျာန်သမာဓိကို မလွှမ်းမိုးအပ်။ ထိုကြောင့် ''ဉာဏ်အရောင်အလင်းနှင့် အတူတကွသော ဖြစ်ပေါ်လာသော စတုတ္ထစျာန်သမာဓိသည် ကိလေသာတည်း ဟူသော အမိုက်မှောင်ကြောင့် တုန်လှုပ်မှု မရှိ''ဟု အဋ္ဌကထာ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ဤစကားရပ်ဖြင့် ဉာဏ်သည် သိမ်းဆည်းထားအပ်သော ထောက်ပံ့ထားအပ်သော ဟိရီ ဩတ္တပ္ပတည်းဟူသော ခွန်အားကို ထင်ရှား ပြတော်မူ၏၊ (ဝိသုဒ္ဓိ၊၂၊၆။ မဟာဋီ၊၂၊၈။)

ဤ (၁) သဒ္ဓါ, (၂) ဝီရိယ, (၃) သတိ, (၄) သမာဓိ, (၅) ပညာ, (၆) ဩဘာသဂတ = အလင်းဓာတ်စွမ်းအား = ဟိရီ ဩတ္တပ္ပဗလ ဟူသော တရားခြောက်ပါးတို့သည် ထက်ဝန်းကျင် ပိုင်းခြားယူအပ် သိမ်းဆည်းအပ် ထောက် ပံ့အပ်သော စိတ်သည် အာနေဉ္ဇပ္ပတ္တ = မတုန်လှုပ်သည်၏ အဖြစ်သို့ ရောက်သည် မည်ပေသည်။

ဤနည်း၌ သမာဟိတ = စတုတ္ထစျာန်သမာဓိ၏ တည်ကြည်မှုကို အင်္ဂါရပ်တစ်ခုအဖြစ် မယူဘဲ ဌိတနှင့် အာနေဉ္ဇပ္ပတ္တတို့ကို အင်္ဂါတစ်ခုစီ ခွဲ၍ အင်္ဂါရှစ်ပါး ရေတွက်ပြထား၏၊ သမာဟိတကို အင်္ဂါတစ်ခုအဖြစ် သတ် မှတ်၍ ဌိတနှင့် အာနေဉ္ဇပ္ပတ္တတို့ကို အင်္ဂါတစ်ခုတည်းအဖြစ် ယူ၍ အင်္ဂါရှစ်ပါး တစ်နည်း ဖွင့်ဆိုထားတော်မူ ပြန်၏၊

တစ်နည်း ဂုဏ်အင်္ဂါ ရှစ်ပါး

တစ်နည်း ဂုဏ်အင်္ဂါ ရှစ်ပါး

၁။ သမာဟိတ ---- စိတ်အစဉ်သည် စတုတ္ထစျာန်သမာဓိဖြင့် ကောင်းစွာ တည်ကြည်လျက် ရှိ၏၊

၂။ ပရိသုဒ္ဓ ---- နီဝရဏ အညစ်အကြေးတို့မှ အဝေးကြီး ဝေးကွာသဖြင့် စိတ်အစဉ်သည် ေ့ရှနောက်ဝန်းကျင် စင်ကြယ်လျက် ရှိ၏၊

၃။ ပရိယောဒါတ ---- စိတ်ကို တုန်လှုပ်ချောက်ချားစေတတ်သော ဝိတက် ဝိစာရ ပီတိ သုခဟူသော ရုန့်ရင်း သော စျာန်အင်္ဂါတရားတို့ကို ကောင်းစွာ ကျော်လွှား လွန်မြောက်လာပြီး ဖြစ်သဖြင့် စိတ်အစဉ်သည် ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် ထွက်လျက် သန့်ရှင်းကြည်လင်နေ၏၊

[မှတ်ချက် ---- ဤနည်း၌ စိတ်ကို ညစ်နွမ်းအောင် ပြုတတ်သော နီဝရဏတို့မှ စင်ကြယ်ခြင်းကို ပရိသုဒ္ဓ ဟုလည်းကောင်း, စိတ်ကို လှုပ်ရှားစေတတ်သော ဝိတက် ဝိစာရနှင့် စိတ်ကို ပေါ်လွင်အောင် ပြုတတ်သော ပီတိ, ချမ်းသာသည့် အာရုံကို နှလုံးသွင်းတတ် ခံစားတတ်သော သုခတို့မှ စင်ကြယ်ခြင်းကို ပရိယောဒါတ ဟုလည်းကောင်း ဆိုသည်။ ပထမစျာန်သည် နီဝရဏတို့မှ ဝေးကွာမှသာလျှင် ရနိုင်သည် မှန်သော်လည်း ပထမစျာန်၏ နီဝရဏတို့မှ ဝေးကွာခြင်းသည် ဤစတုတ္ထစျာန်လောက် မဝေးကွာတတ်ပေ။ ထို့အတူ ဒုတိယ စျာန်သည် ဝိတက် ဝိစာရတို့မှ တတိယစျာန်သည် ပီတိမှ ကင်းသော်လည်း ဤစတုတ္ထစျာန်လောက် မလွတ် ကင်းတတ်ချေ။ ထိုကြောင့် ဤစတုတ္ထစျာန်ကိုသာ ပရိသုဒ္ဓ ပရိယောဒါတဟု ဖွင့်ဆိုခြင်း ဖြစ်သည်။

(မဟာဋီ၊၂၊၈။)]

၄။ အနင်္ဂဏ ---- စျာန်ကို ရခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာတတ်သော ယုတ်မာသော အလိုအားဖြင့် သက်ဝင်ကုန်သော မာန မာယာ သာဌေယျ စသည့် အကုသိုလ် အညစ်အကြေးတို့၏ မရှိခြင်းကြောင့် အကုသိုလ် အညစ်အကြေးတို့မှ ကင်းဝေးလျက် ရှိ၏၊ (ဝိသုဒ္ဓိ၊၂၊၆။)

စျာန်ရမှုကို အကြောင်းပြု၍ မိမိကိုယ်ကို မိမိ အထင်ကြီးတတ်သော မာနတစ်မျိုး ဖြစ်တတ်သေး၏၊ ''မြတ်စွာဘုရားသည် ပရိသတ်အလယ်၌ တရားတော်ကို ဟောကြားတော်မူရာဝယ် -- ရဟန်း ...ဤတရားကို သင်ချစ်သားသည် မည်သို့ ထင်မြင်ယူဆပါသလဲ -- စသည်ဖြင့် ငါ့ကိုသာ မေး၍ မေး၍ တရားတော်ကို ဟော ကြားတော်မူလျှင် ကောင်းလေစွ'' - ဟု မာနပါသော အလိုဆန္ဒတစ်မျိုး ဖြစ်တတ်သေး၏၊ ထင်ရှားရှိနေသော အပြစ်ကို ဖုံးထားလိုသော မာယာလည်း ဖြစ်တတ်၏၊ မရှိသောဂုဏ်ကို ရှိဟန်ဆောင်တတ်သော သာဌေယျ လည်း ဖြစ်တတ်၏၊ ထို မာန မာယာ သာဌေယျတရားအပေါင်းသည် ပါပက ဣစ္ဆာဝစရ မည်၏၊ ယုတ်မာသော အလိုဆိုးများတည်း။ ဤတရားတို့ကား နီဝရဏတို့လောက် မကြမ်းတမ်းသော်လည်း စိတ်အစဉ်ကို ညစ်နွမ်း စေအောင် ပြုလုပ်တတ်၍ အင်္ဂဏ-ဟု ခေါ်ဆိုအပ်သော အနုစား အကုသိုလ်များတည်း။

(မဟာဋီ၊၂၊၈-၉ - ကြည့်။)

၅။ ဝိဂတူပက္ကိလေသ = အဘိဇ္ဈာစသော စိတ်ညစ်ညူးကြောင်း ဥပက္ကိလေသ တရားတို့မှလည်း ကင်းလျက် ရှိ၏၊ (အဘိဇ္ဈာဟူသည် လောဘတည်း၊ လိုလားတပ်မက်မှု တစ်မျိုးတည်း။ ထိုလောဘသည် ကာမစ္ဆန္ဒနီဝရဏ အဖြစ်သို့ မရောက်သော မိမိစျာန်ကို မိမိနှစ်သက်မှု လောဘအနုစားတည်း။ ပထမစျာန်ဖြင့် မပယ်ခွာနိုင်သော လောဘ အနုစားမျိုးတည်း။ အဘိဇ္ဈာစသော ဟူသော စကားဝယ် ''စသော''ဟူသော စကားဖြင့် အနုစား မာန မာယာ သာဌေယျ စသည်တို့ကိုပင် ယူပါ။ မဟာဋီ၊၂၊၈-၉။)

၆။ မုဒုဘူတ ---- ဝသီဘော်ငါးဖြာ လေ့လာနိုင်နင်းပြီး ဖြစ်သောကြောင့် နူးညံ့လျက် ရှိပေ၏၊

၇။ ကမ္မနိယ ---- ဣဒ္ဓိအမျိုးမျိုး၏ အခြေခံအဖြစ်သို့ ရောက်နေသဖြင့် အလိုတော်ရှိရာ တရားနှင့် ဆိုင်သော ဘာဝနာအမှုတို့ကို ပြုလုပ်ရန် ကောင်းမွန် လွယ်ကူလျက် ရှိပေ၏၊

၈။ ဌိတ - အာနေဉ္ဇပ္ပတ္တ ---- အဘိညာဏ်၏ အာရုံ သို့မဟုတ် ဝိပဿနာအာရုံစသော အလိုရှိရာ အာရုံသို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ခြင်းငှာ အခြေခံဖြစ်သော စတုတ္ထစျာန်သမာဓိ ဘာဝနာမှု၏ ပြည့်စုံလုံလောက် နေသဖြင့်, ဤထက်အလွန် စတုတ္ထစျာန်သမာဓိကို ပြုဖွယ်လုပ်ငန်းကိစ္စ၏ မရှိသည်၏အစွမ်းဖြင့် သမ္မာသမ္ဗောဓိ ဉာဏ်, ပစ္စေကဗောဓိဉာဏ်, သာဝကဗောဓိဉာဏ်ဟူသော တစ်ခုခုသော ဗောဓိဉာဏ်သို့ရောက်အောင် ရှေးရှု သယ်ဆောင်တတ်သော ပါရမီတရားအပေါင်းဟူသော အဘိနီဟာရအား အခန့်သင့်ဖြစ်နေသော သမာဓိ ဘာဝနာ၏ ပြည့်စုံပြီး ဖြစ်နေသည့်အတွက် ယင်းစတုတ္ထစျာန်သမာဓိကို ေ့ရှဆက်မည့် ဘာဝနာလုပ်ငန်းခွင်ဝယ် ပဓာန = ပြဓာန်းသည်၏ အဖြစ်သို့ ဆောင်အပ်ပြီးရကား ယင်းသမာဓိသည် မြတ်သော အနက်သဘော မရောင့် ရဲသည်ကို ပြုတတ်သော အနက်သဘောကြောင့် မွန်မြတ်သည်၏အဖြစ်သို့ ကပ်ရောက်နေသဖြင့် တုန်လှုပ်မှု မရှိရကား ကြံ့ကြံ့ခိုင်ကျည် တည်တံ့နေ၏၊ (ဣဒ္ဓိဝိဓစသော ထိုထိုအဘိညာဏ်ဘက်သို့ စိတ်ကို စေလွှတ်ခြင်း ငှာလည်း အခန့်သင့် ဖြစ်နေ၏၊ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဘက်သို့ စိတ်ကို စေလွှတ်ခြင်းငှာလည်း အခန့်သင့် ဖြစ်နေ၏၊ ယင်းသို့ အခန့်သင့် ဖြစ်နေသော စတုတ္ထစျာန်သမာဓိ ဘာဝနာကို အဘိနီဟာရက္ခမ ဘာဝနာဟု ခေါ်ဆို၏၊ ယင်း အဘိနီဟာရက္ခမဘာဝနာ၏ ပြည့်စုံပြီး ဖြစ်နေသည့်အတွက် ယင်း စတုတ္ထစျာန် သမာဓိဘာဝနာသည် ထိုထို သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းခွင်တို့၌ ပြဓာန်းလျက်ရှိ၏၊ ယင်းသမာဓိသည် မြတ်လည်းမြတ်၏၊ မရောင့်ရဲမှုကိုလည်း ပြုတတ်၏၊ မည်မျှဝင်စားစေကာမူ တင်းတိမ်သည် ရောင့်ရဲသည်ဟူ၍ မရှိ။ ထိုကြောင့် မွန်မြတ်သည်၏ အဖြစ်သို့ ကပ်ရောက်လျက် ရှိ၏၊ ယင်းသို့လျှင် ဤစတုတ္ထစျာန်သမာဓိသည် အဘိနီဟာရက္ခမဘာဝနာဖြစ်၍ ထက်ဝန်းကျင် ပြည့်စုံရကား မွန်မြတ်သည်၏ အဖြစ်သို့ ကပ်ရောက်နေသဖြင့် မတုန်လှုပ်သည်၏ အဖြစ်သို့ ရောက်ရှိနေသောကြောင့် ကြံ့ကြံ့ခိုင်ကျည် တည်နေ၏ ဟူလိုသည်။)

(ဝိသုဒ္ဓိ၊၂၊၆။ မဟာဋီ၊၂၊၉။)

ဤအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော စတုတ္ထစျာန်သမာဓိကား ဣဒ္ဓိဝိဓ (= တန်ခိုးဖန်ဆင်းခြင်း) စသော အဘိ ညာဏ် ဘာဝနာမှု, ဝိပဿနာဘာဝနာမှု စသော ထိုထို ဘာဝနာအမှုသို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူခြင်းငှာ ခံ့ညားလျက် အသင့်ဖြစ်လျက် ရှိပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိရမည့်တရားတို့ကို ဝိပဿနာဉာဏ်ဖြင့် မျက်မှောက်ပြု၍ သိဖို့ရန် အသင်ယောဂီသူတော် ကောင်း၏ ဘာဝနာစိတ်အစဉ်ကို ဝိပဿနာဉာဏ်၏ အရှုခံ အာရုံဘက်သို့ ရှေးရှုဆောင်ယူလိုက်ပါက ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရ တရားတို့ကို လွယ်ကူစွာပင် သိရှိလာနိုင်မည် ဖြစ်ပေသည်။ အကြောင်းကား စတုတ္ထစျာန်သမာဓိသည် ထိုထို အဘိနီဟာရအား ခံ့ညားလျက် ရှိသောကြောင့် ဖြစ်၏၊

သမ္မာသမ္ဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သာဝကဗောဓိဉာဏ်ဟူသော မိမိတို့ ရည်ရွယ်တောင့်တသည့် ထိုထိုဗောဓိဉာဏ်သို့ ရောက်ကြောင်း ပါရမီတရားအပေါင်းတို့တွင်လည်း ဤ အဘိညာဏ် ဘာဝနာမှု ဝိပဿနာ ဘာဝနာမှုများလည်း အကျုံးဝင်လျက်ပင် ရှိပေသည်။

ဤကား စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါ ရှစ်ရပ်တို့နှင့် ပတ်သက်၍ ရှင်းလင်းချက်များပင် ဖြစ်ပေသည်။ ဤ ရှင်းလင်းချက်များနှင့် အညီ အထက်စာမျက်နှာ (၅၀၂)တွင် ဖော်ပြထားခဲ့သော ----

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ။ ပ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ ဟူသော ပါဠိတော်ကို အတိုချုပ်၍ ဘာသာပြန်ဆိုခဲ့သော် ဤသို့ ဖြစ်၏၊

ထို စတုတ္ထစျာန်ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ တည်ကြည်သော စတုတ္ထစျာန်စိတ်သည်

၁။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ထိုထိုပဋိဘာဂနိမိတ်အာရုံ၌ စိတ်ကို အညီအမျှ ကောင်းစွာ ထား တတ်သော တတြမဇ္ဈတ္တတာစေတသိက်ဟူသော ဥပေက္ခာသည် ဖြစ်စေအပ်သော သတိ၏ စင်ကြယ်သန့်ရှင်း သဖြင့် ထက်ဝန်းကျင် စင်ကြယ်လတ်ပြီးသော်,

၂။ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့်ပင်လျှင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်ရှိလတ်သော်,

၃။ ရာဂ၏အကြောင်းဖြစ်သော သုခ သောမနဿ ဝေဒနာ, ဒေါသ၏ အကြောင်းဖြစ်သော ဒုက္ခ ဒေါမနဿ ဝေဒနာတို့ကို ခပ်ကြာကြာ ခွာထားသောအားဖြင့် ပယ်သတ်ခြင်းဟူသော ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်သတ်ထား သဖြင့် ဖျောက်အပ် ခွာအပ်ပြီးသော ရာဂ ဒေါသဟူသော အညစ်အကြေးရှိသည်၏ အဖြစ်ကြောင့် ရာဂ ဒေါသ ဟူသော အညစ်အကြေး မရှိလတ်သော်,

၄။ (ရာဂ ဒေါသ စသော ကိလေသာသည် စိတ်ကို ပူပန်စေအပ် နှိပ်စက်အပ်၏ ညစ်နွမ်းစေတတ်၏၊) ရာဂ ဒေါသဟူသော ကိလေသာ အညစ်အကြေး မရှိ ကင်းစင်သည့် အဖြစ်ကြောင့်ပင်လျှင် ပူပန်စေတတ် နှိပ်စက် တတ်သော ကိလေသာ ကင်းပြီးလတ်သော်,

၅။ ကောင်းစွာ ပွားစေအပ် ပွားများ ထားအပ်ပြီးသည်၏ အဖြစ်ကြောင့်ပင်လျှင် နူးညံ့စွာ ဖြစ်၍ ဖြစ်ပြီး လတ်သော် (= ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်ပြီးလတ်သော်ဟု ဆိုလို၏၊),

၆။ နူးညံ့ပြီးသည်၏ အဖြစ်ကြောင့်ပင်လျှင် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ခြင်း စတုသစ္စ ကမ္မဋ္ဌာန်းဘာဝနာ စသော ထိုထိုဘာဝနာအမှု၌ ခံ့ညားပြီးလတ်သော် လျောက်ပတ်လတ်ပြီးသော်,

(လှော်ပြီး ဦးပြီး ကြည်ပြီးသော ရွှေသည် ထိုထို ပုတီး နားဍောင်းစသော အမှု၌ အခန့်သင့် ဖြစ်နေသကဲ့သို့ နူးညံ့သော စိတ်သည် ထိုထို ဘာဝနာအမှု၌ အခန့်သင့် ဖြစ်နေ၏၊ ထို မုဒု = နူးညံ့မှု, ကမ္မနိယံ = ဘာဝနာမှု၌ ခံ့ညားမှု - နှစ်ပါးသည်လည်း ယင်း စတုတ္ထစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းခြင်းသို့ ရောက်အောင် ကောင်းစွာ ပွားများထားအပ်ပြီးသောကြောင့်သာလျှင် ဖြစ်ပေါ်လာရပေသည်။)

၇။ စတုတ္ထစျာန်သမာဓိ၏ နူးညံ့ပျော့ပျောင်းမှု ဘာဝနာမှု၌ ခံ့ညားမှု ဖြစ်နေသဖြင့် မိမိအလို၌ (တစ်မိနစ် နှစ်မိနစ် နေလိုက တစ်မိနစ် နှစ်မိနစ်, တစ်နာရီ နှစ်နာရီ နေလိုက တစ်နာရီ နှစ်နာရီ ဤသို့ စသည်ဖြင့် မိမိ၏ အလို၌) တည်နေသည့်အတွက်ကြောင့် မိမိအလို၌ တည်လတ်ပြီးသော်,

၈။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့သည် ထောက်ပံ့ထားအပ်သည်၏ အဖြစ်ကြောင့် မတုန်မလှုပ်သော အဖြစ်သို့ ရောက်လတ်သော် ----

ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ရာဖြစ်သော အာသဝက္ခယ အမည်ရသော အရဟတ္တမဂ် ဉာဏ် အလို့ငှာ စိတ်ကို ရှေးရှုညွတ်စေ၏ = စိတ်ကို ရှေးရှုပို့ဆောင်၏၊ ထိုရဟန်းသည် ----

၁။ ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊

၂။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊

၃။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊

၄။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် (= မဂ္ဂအရိယသစ္စာ)တရားတည်းဟု ဟုတ်တိုင်း မှန်စွာ သိ၏၊ (မ၊၁၊၃၄၇။) (ဝိသုဒ္ဓိ၊၂၊၅ - အဖွင့်နှင့် အညီ ဘာသာပြန်ဆိုထားသည်။)

ဤစတုတ္ထစျာန်သမာဓိကို အခြေခံ၍ ဝိပဿနာကူးလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိ ထားပြီးသော စတုတ္ထစျာန်သမာဓိကို အထက်ပါ ဂုဏ်အင်္ဂါရှစ်ပါးတို့နှင့် ပြည့်စုံလာအောင် ထုံမွမ်းပေးရမည် ဖြစ်ပေသည်။ ဝသီဘော်ငါးတန်သို့ရောက်အောင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပေးရမည်၊ ဣန္ဒြေ ငါးပါးတို့က ခိုင်ခံ့အောင် ထောက်ပံ့ထားသော စတုတ္ထစျာန်သမာဓိ ဖြစ်အောင် လေ့ကျင့်ပေးရမည်။ ပြိုးပြိုး ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် လေ့ကျင့်ပေးရမည်။ သို့မှသာလျှင် ဒုက္ခသစ္စာအမည်ရသည့် ခန္ဓာငါးပါး, သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်း ခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟူသော ထိုထို ဘာဝနာမှု၌ ခံ့ညားလာမည်၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော သင်္ခါရတရားတို့ကို နှလုံးသွင်းခြင်း ဝိပဿနာ ဘိနိဝေသ လုပ်ငန်းရပ်ကြီး အောင်မြင်လာမည်ဖြစ်သည်။ သို့မှသာလျှင် ယင်းသင်္ခါရတရားတို့ကို ဆက်လက်၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်မည် ဖြစ်ပေသည်။

ယင်းစတုတ္ထစျာန်၏ ဂုဏ်အင်္ဂါတို့တွင် အမှတ် (၂) ဖြစ်သည့် ပရိယောဒါတ = ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော် - ဟူသော အချက်နှင့် ပတ်သက်၍ ဤတွင် ဆက်လက်၍ ဆွေးနွေးတင်ပြအပ်ပါသည်။

_________

''ဉာဏ်ရောင် အကြောင်း ''

''ဉာဏ်ရောင် အကြောင်း ''

ဩဘာသ သုတ္တန်

စတ္တာရောမေ ဘိက္ခဝေ ဩဘာသာ။ ကတမေ စတ္တာရော၊ စန္ဒောဘာသော သူရိယောဘာသော အဂ္ဂေါဘာသော ပညောဘာသော။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော ဩဘာသာ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ စတုန္နံ ဩဘာသာနံ ယဒိဒံ ပညောဘာသော။ (အံ၊၁၊၄၅၇။)

= ရဟန်းတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လ အလင်းရောင်, နေအလင်းရောင်, မီးအလင်းရောင်, ပညာအလင်းရောင်တို့တည်း။ ရဟန်းတို့ ...အလင်းရောင် တို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည

ဘုရားရှင်သည် - အာဘာ = အရောင်, ပဘာ = ရောင်ခြည်, အာလောက = အလင်း, ပဇ္ဇောတ = ရောင်လျှံဟူသော အမည်တို့ဖြင့် ပြောင်းလဲ၍လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။ ယင်းပညာရောင် ဉာဏ်ရောင်နှင့် ပတ်သက်၍ အဋ္ဌသာလိနီအဋ္ဌကထာတွင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏၊

ပညာရောင် = ဉာဏ်ရောင်

ပဇာနာတီတိ ပညာ။ ကိံ ပဇာနာတိ? ''ဣဒံ ဒုက္ခ''န္တိအာဒိနာ နယေန အရိယသစ္စာနိ။ အဋ္ဌကထာယံ ပန ''ပညာပေတီတိ ပညာ''တိ ဝုတ္တံ။ ကိန္တိ ပညာပေတီတိ? ''အနိစ္စံ ဒုက္ခံ အနတ္တာ''တိ ပညာပေတိ။ သာဝ အဝိဇ္ဇာယ အဘိဘဝနတော အဓိပတိယဋ္ဌေန ဣန္ဒြိယံ၊ ဒဿနလက္ခဏေ ဝါ ဣန္ဒဋ္ဌံ ကာရေတီတိ ဣန္ဒြိယံ၊ ပညာဝ ဣန္ဒြိယံ ပညိန္ဒြိယံ။

သာ ပနေသာ ဩဘာသနလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ ယထာ ဟိ စတုဘိတ္တိကေ ဂေဟေ ရတ္တိဘာဂေ ဒီပေ ဇလိတေ အန္ဓကာရော နိရုဇ္ဈတိ၊ အာလောကော ပါတုဘဝတိ၊ ဧဝမေဝ ဩဘာသနလက္ခဏာ ပညာ။ ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ ပညဝတော ဟိ ဧကပလ္လင်္ကေန နိသိန္နဿ ဒသသဟဿိလောကဓာတု ဧကာလောကာ ဟောတိ။ တေနာဟ ထေရော ---

''ယထာ မဟာရာဇ ပုရိသော အန္ဓကာရေ ဂေဟေ ပဒီပံ ပဝေသေယျ၊ ပဝိဋ္ဌော ပဒီပေါ အန္ဓကာရံ ဝိဒ္ဓံသေတိ ဩဘာသံ ဇနေတိ၊ အာလောကံ ဝိဒံသေတိ၊ ပါကဋာနိ စ ရူပါနိ ကရောတိ၊ ဧဝမေဝ ခေါ မဟာရာဇ ပညာ ဥပ္ပဇ္ဇမာနာ အဝိဇ္ဇန္ဓကာရံ ဝိဒ္ဓံသေတိ ဝိဇ္ဇောဘာသံ ဇနေတိ၊ ဉာဏာလောကံ ဝိဒံသေတိ၊ ပါကဋာနိ အရိယသစ္စာနိ ကရောတိ။ ဧဝံ ခေါ မဟာရာဇ ဩဘာသနလက္ခဏာ ပညာ''တိ။ (မိလိန္ဒပဥှာ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။)

= ကွဲကွဲပြားပြား သိတတ်သော သဘောတရားသည် ပညာ မည်၏၊ အဘယ်ကို ကွဲကွဲပြားပြား သိတတ် သနည်းဟူမူ --- အဘိဓမ္မာနည်းအရ တဏှာကြဉ်သော တဏှာမှ တစ်ပါးသော သုံးဆယ့်တစ်ဘုံ အတွင်းရှိ တေဘူမကတရား = ဥပါဒါနက္ခန္ဓာငါးပါးသည်, သုတ္တန်နည်းအရ ဇာတိ အစရှိသော တရားသည် ဒုက္ခသစ္စာ တည်း --- ဤသို့စသေ

ထိုပညာသည်ပင် သစ္စာလေးပါး အမှန်တရားကို မသိမှု အသိမှားမှုဟူသော အဝိဇ္ဇာကို လွှမ်းမိုးနိုင်သည့် အတွက် သစ္စာလေးပါး အမှန်တရားကို ထွင်းဖောက်သိမြင်မှု၌ အကြီးအကဲ၏ အဖြစ်ဟူသော အနက်သဘော ကြောင့် ဣန္ဒြိယ မည်၏၊ တစ်နည်းအားဖြင့်ကား သစ္စာလေးပါးကို သိမြင်မှု၌ အစိုးရသူ၏ အဖြစ်ကို ပြုလုပ်ပေး တတ်သောကြောင့် ဣန္ဒြိယ မည်၏၊ ထိုပညာကား အာရုံ၏ သဘောမှန်ကို ကွဲကွဲပြားပြား သိအောင် ဆီမီး ကဲ့သို့ ထွန်းပြခြင်း သဘောလက္ခဏာလည်း ရှိ၏၊ ကွဲကွဲပြားပြား သိခြင်း သဘောလက္ခဏာလည်း ရှိ၏၊

ဥပမာ --- လေးဘက်နံရံရှိသော လေးဘက်ကာထားသော အိမ်၌ ညဉ့်အခါ ဆီမီးကို ညှိထွန်းအပ်သော် ပကတိမျက်စိကို ကာဏ်းသကဲ့သို့ ပြုတတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ အရောင်အလင်း သည် ထင်ရှားဖြစ်ပေါ်လာသကဲ့သို့ ဤဥပမာအတူသာလျှင် ပညာသည် အာရုံ၏ သဘောမှန်ကို ကွဲကွဲပြားပြား သိအောင် ဆီမီးကဲ့သို့ ထွန်းပြခြင်း သဘောလက္ခဏာ ရှိ၏၊ ပညာအရောင်အလင်းနှင့် တူသော အရောင်အလင်း မည်သည် မရှိပေ။ မှန်ပေသည် --- ဝိပဿနာပညာရှိသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်း ဖြင့် ထိုင်နေလတ်သော် တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်းရှိသည် ဖြစ်နိုင်၏၊ (ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရား ဆယ်ပါး၌ ပါဝင်သော ဩဘာသ အရောင် အလင်းကို ရည်ရွယ်၍ ဆိုခြင်း ဖြစ်သည်။ မူလဋီ၊၁၊၈၉။) ထိုကြောင့် (မိလန္ဒပဥှာပါဠိတော်၊၃၈-၌) အရှင် နာဂသေန မထေရ်မြတ်က ဤသို့ မိန့်ဆိုထားတော်မူ၏၊

''ဒါယကာတော်မင်းကြီး ...ယောက်ျားသည် အမိုက်မှောင် ဖြစ်နေသော အိမ်အတွင်း၌ ဆီမီးကို သွင်း ယူရာ၏၊ သွင်းအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့ အရောင်ကို ဖြစ်စေသကဲ့သို့ အလင်း ကို ထင်ရှားပြသကဲ့သို့ ရူပါရုံတို့ကိုလည်း ထင်ရှားသည်တို့ကို ပြုလုပ်သကဲ့သို့ ဒါယကာတော်မင်းကြီး ဤဥပမာ အတူသာလျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ---

၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးတတ်၏၊

၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊

၃။ ဉာဏ်တည်းဟူသော အလင်းကို ထင်ရှားပြ၏၊

၄။ အရိယသစ္စာတို့ကို ထင်ရှားသည်တို့ကို ပြုတတ်၏၊

ဤသို့လျှင် ဒါယကာတော် မင်းကြီး ...ပညာသည် အာရုံ၏ သဘောမှန်ကို ကွဲကွဲပြားပြား သိအောင် ဆီမီးကဲ့သို့ ထွန်းပြခြင်းသဘော လက္ခဏာရှိ၏ဟု မိန့်တော်မူ၏၊ (အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။)

တစ်ဖန် အင်္ဂုတ္တိုရ် သတ္တကနိပါတ် ပစလာယမာနသုတ္တန် ဋီကာတွင် ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်း ဖွင့်ဆိုထားပေသည်။ အသျှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည် သာသနာဘောင်သို့ ဝင်ရောက် ၍ ရှင်ရဟန်းပြုတော်မူပြီးနောက် မဂဓတိုင်း ကလ္လဝါဠပုတ္တရွာကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ တောအုပ် တစ်ခု အတွင်း၌ ရဟန်းတရားများကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူရာ ခုနစ်ရက်ပတ်လုံး စင်္ကြံသွားခြင်းဖြင့် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယက မွှေနှောက် နှိပ်စက်အပ်သည်ဖြစ်၍ ပင်ပန်းနွမ်းနယ်သော ကိုယ် ရှိရကား စင်္ကြံဦး၌ ငိုက်မျဉ်းလျက် ထိုင်နေတော်မူ၏၊ ထိုအခါ ဘုရားရှင် ကြွလာတော်မူ၍ အိပ်ချင်ငိုက်မျဉ်းမှုကို ပယ်ဖျောက်ကြောင်းတရား ခုနစ်မျိုးကို ဟောကြားပြသပေးတော်မူသည်။ ဤတွင် အလင်းရောင်နှင့် ဆက်စပ် နေသော အမှတ် (၆) မိဒ္ဓပယ်ဖျောက်ကြောင်းတရားကို ကောက်နုတ်၍ ဖော်ပြအပ်ပါသည်။

ပစလာယမာနသုတ္တန် ကောက်နုတ်ချက်

ပစလာယမာနသုတ္တန် ကောက်နုတ်ချက်

နော စေ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ၊ တတော တွံ မောဂ္ဂလ္လာန အာလောကသညံ မနသိ ကရေယျာသိ၊ ဒိဝါသညံ အဓိဋ္ဌဟေယျာသိ၊ ယထာ ဒိဝါ တထာ ရတ္တိံ ယထာ ရတ္တိံ တထာ ဒိဝါ၊ ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ ယံ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ။ (အံ၊၂၊၄၆၃။)

= ချစ်သား မောဂ္ဂလ္လာန် ...ဤသို့ အရပ်မျက်နှာ နက္ခတ်တာရာတို့ကို ကြည့်သော သင့်အား ထိုမိဒ္ဓတရား သည် အကယ်၍ မကင်းပျောက်နိုင်ခဲ့ပါမူ - ချစ်သား မောဂ္ဂလ္လာန် ...ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည် အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်လေလော။ နေ့

အာလောကသညာ

အာလောကသညာ

အာလာကသညာ စသည်တို့ကို အဋ္ဌကထာ ဋီကာတို့က ဤသို့ ဖွင့်ဆိုထား၏၊

အာလောကသညန္တိ မိဒ္ဓဝိနောဒနအာလောကသညံ။ ဒိဝါသညန္တိ ဒိဝါတိသညံ။ ယထာ ဒိဝါ တထာ ရတ္တိန္တိ ယထာ ဒိဝါ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ရတ္တိမ္ပိ အဓိဋ္ဌဟေယျာသိ။ ယထာ ရတ္တိံ တထာ ဒိဝါတိ ယထာ စ တေ ရတ္တိံ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ဒိဝါပိ အဓိဋ္ဌဟေယျာသိ။ သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ၊ဋ္ဌ၊၃၊၁၇၄။)

အာလောကသညံ မနသိ ကရေယျာသီတိ ဒိဝါ ဝါ ရတ္တိံဝါ သူရိယ-ပဇ္ဇောတ-စန္ဒ-မဏိအာဒီနံ အာလောကံ ''အာလောကော''တိ မနသိ ကရေယျာသိ၊ စိတ္တေ ဌပေယျာသိ။ ယထာ တေ သုဘာဝိတာလောကကသိဏဿ ဝိယ ကသိဏာလောကော ယဒိစ္ဆကံ ယာဝဒိစ္ဆကဉ္စ သော အာလောကော ရတ္တိယံ ဥပတိဋ္ဌတိ၊ ယေန တတ္ထ ဒိဝါသညံ ဌပေယျာသိ၊ ဒိဝါ ဝိယ ဝိဂတထိနမိဒ္ဓေါ ဘဝေယျာသီတိ။ ပ။ သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)

ယင်းအဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ဒိဗ္ဗစက္ခုအဘိညာဏ် စသော အဘိညာဏ်တို့ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းမှ ဩဒါတကသိုဏ်း တိုင်အောင်သော ကသိုဏ်းရှစ်ပါးတို့၌ ကသိုဏ်း တစ်ပါးတစ်ပါးလျှင် သမာပတ်ရှစ်ပါးစီ ရအောင် ရှေးဦးစွာ ကြိုးစားအားထုတ်ရာ၏၊ ယင်း ကသိုဏ်း ရှစ်ပါး သမာပတ်ရှစ်ပါးတို့ကို (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိတ်ချေပေးရ၏၊ (ဝိသုဒ္ဓိ၊၂၊၂ - စသည် ကြည့်ပါ။) ထိုသို့ ကြိတ်ချေပြီးသောအခါ ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိသောသူသည် ကသိုဏ်းလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ အကြောင်းရင်း ပါဒကစျာန်ဟူသော စတုတ္ထစျာန်ကို ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရအောင် ရှေးရှု ဆောင်ပို့ ပေးနိုင်လောက်သော အခြင်းအရာအားဖြင့် အခန့်သင့် ဖြစ်အောင် လေ့ကျင့်ရ၏၊ ထိုသို့လေ့ကျင့်ပြီးသော် တေဇောကသိုဏ်း, ဩဒါတကသိုဏ်း, အာလောကကသိုဏ်း ဟူသော ကသိုဏ်းသုံးမျိုးတို့တွင် ကသိုဏ်းတစ်မျိုးမျိုးကို ဥပစာရစျာန် နယ်မြေသို့ ရောက်အောင် ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်၍ ထားအပ်ပေသည်။ ထိုတွင် ---

ဣမေသု စ ပန တီသု အာလောကကသိဏံယေဝ သေဋ္ဌတရံ။ (ဝိသုဒ္ဓိ၊၂၊၅၈။)

= ဤ ကသိုဏ်းသုံးမျိုးတို့တွင် အာလောက ကသိုဏ်းသည်သာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ် ရရှိရေးအတွက် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည် --- ဟု

ဖွင့်ဆိုထားပေသည်။ ထိုအာလောကသညာကို ပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် နေရောင် လရောင် မီးရောင် ပတ္တမြားရောင် စသည်တို့၏ အရောင်အလင်းကို အာရုံယူ၍ --- ''အာလောက အာလောက'' - ဟု နှလုံးသွင်း ရှုပွားရ၏၊ ထိုသို့ နေရောင်စသည့် အရောင်တစ်ခုခုကို အာရုံယူ၍ အာလောကဟု နှလုံးသွင်းရာဝယ် ပကတိနိမိတ်ယူထားသော အရောင်အလင်းမှ ပြောင်းလဲ၍ ကသိုဏ်းဝန်း အသွင်ဖြင့် အလင်းရောင် အဝန်း အဝိုင်း ဖြစ်ပေါ်လာသော် ထိုအလင်းရောင် ကသိုဏ်းဝန်းကို အလိုရှိသလောက် အရပ် (၁၀)မျက်နှာသို့ ပျံ့နှံ့သည် တိုင်အောင် ဖြန့်ကြက်၍ ရှုပွားခဲ့သော် လင်းရောင်ခြည်စွမ်းအားသည် တဖြည်းဖြည်း အစဉ်အတိုင်း တိုးတက်၍ အားကောင်းလာမည် ဖြစ်သည်။ ထိုသို့ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ၌ ---

ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထ အာလောကော တိဋ္ဌတိယေဝ။

(ဝိသုဒ္ဓိ၊၂၊၅၈။)

= ''ဤမျှသော အရပ်အတွင်း၌ အလင်းရောင်သည် ဖြစ်စေသတည်း''ဟု အဓိဋ္ဌာန်၏၊ ဤသို့ အကြင်မျှ လောက်သော အရပ်ကို ပိုင်းခြား၏ (ပိုင်းခြားကန့်သတ်၍ အဓိဋ္ဌာန်ပြု၏)။ ထိုပိုင်းခြားထားသော အရပ်အတွင်း ၌ အလင်းရောင်သည် တည်ရှိနေသည်သာလျှင် ဖြစ်ပေသည်။

ဒိဝသမ္ပိ နိသီဒိတွာ ပဿတော ရူပဒဿနံ ဟောတိ = တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ရှုကြည့် နေသော အဘိညာဏ်ရ ပုဂ္ဂိုလ်အား ရူပါရုံကို မြင်ခြင်းသည် ဖြစ်ပေါ်လာသည်သာ ဖြစ်ပေသည်။

(ဝိသုဒ္ဓိ၊၂၊၅၈။)

အထက်ပါ ပစလာယမာနသုတ္တန်တွင် ဘုရားရှင်က နေ့နှင့်ည တစ်ဆက်တည်း လင်းနေအောင် အာလော က ကသိုဏ်းကိုဝင်စားလျက် = အာလောကသညာကို ပွားလျက် အဓိဋ္ဌာန်ပြုထားရန် အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်အား ညွှန်ကြားထားတော်မူ၏၊ ထိုကဲ့သို့ အာလောကသညာကို နှလုံးသွင်းနေခဲ့သော် ဘာဝနာအာရုံ ၌ စိတ်စေတသိက်တို့၏ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓတရားများ လွင့်စင်သွားမည် ဖြစ်ကြောင်းကိုလည်း မိန့်ကြား တော်မူ၏၊ ထိနမိဒ္ဓဝိနောဒန အာလောကတည်း။ ထိုညွှန်ကြားတော်မူချက်နှင့် ဆက်စပ်၍ အင်္ဂုတ္တရဋီကာ ဆရာတော်က ပညာအရောင် (= ဉာဏ်အရောင်) လေးမျိုးရှိကြောင်း ဖွင့်ဆိုထားပေသည်။

သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၈။)

၁။ ထိနမိဒ္ဓ ဝိနောဒန အာလောက,

၂။ ကသိဏာလောက,

၃။ ပရိကမ္မာလောက,

၄။ ဥပက္ကိလေသာလောက - ဟု

ဉာဏ်အရောင်အလင်း လေးမျိုး ရှိကြောင်းကို ဖွင့်ဆိုထားပေသည်။

ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဥဒယဗ္ဗယဉာဏ်ပိုင်းတွင် လာရှိသော ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အမည်ရသော ဩဘာသ (= အရောင်အလင်း) သည် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာရသကဲ့သို့ ဤအထက်ပါ အရောင်အလင်း အားလုံးသည်လည်း ဉာဏ် ကြောင့်သာလျှင် ဖြစ်ပေါ်လာရသော အရောင်အလင်းများ ဖြစ်ပေသည်ဟု ဖွင့်ဆိုထားပေသည်။

(အံ၊ဋီ၊၃၊၁၇၈။)

၁။ ထိနမိဒ္ဓဝိနောဒန အာလောက

၁။ ထိနမိဒ္ဓဝိနောဒန အာလောက

ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ = ဤသို့ မိဒ္ဓ ကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်း မရှိသော စိတ်ဖြင့် အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်ကို ပွားများလေလော့။

(အံ၊၂၊၄၆၃။)

ဤသို့လျှင် ဘုရားရှင်က အသျှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်အား ညွှန်ကြားတော်မူရာဝယ် --- သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ညွှန်ကြားထားတော်မူ၏၊ ယင်း သပ္ပဘာသံ စိတ္တံကို အဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏၊

သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ၊ဋ္ဌ၊၃၊၁၇၄။)

= ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ အရောင်အလင်းနှင့် တကွသော စိတ်ကို ပွားများပါဟု ဆိုလိုကြောင်း ရှင်းပြထား၏၊ သို့အတွက် ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင် ဟူသည် ဤပစလာယမာနသုတ္တန် အရာဝယ် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားအပ်သော အရောင် အလင်း

ထိနမိဒ္ဓံ ပဟာယ ဝိဂတထိနမိဒ္ဓေါ ဝိဟရတိ အာလောကသညီ သတော သမ္ပဇာနော။ (အဘိ၊၂၊၂၅၃။)

''အာလောကသညီ''တိ တတ္ထ ကတမာ သညာ၊ ယာ သညာ သဉ္ဇာနနာ သဉ္ဇာနိတတ္တံ၊ အယံ ဝုစ္စတိ သညာ။ အယံ သညာ အာလောကာ ဟောတိ ဝိဝဋာ ပရိသုဒ္ဓါ ပရိယောဒါတာ၊ တေန ဝုစ္စတိ ''အာလောကသညီ''တိ။ (အဘိ၊၂၊၂၆၃-၂၆၄။)

အာလောကသညီတိ ရတ္တိမ္ပိ ဒိဝါပိ ဒိဋ္ဌာလောကသဉ္ဇာနနသမတ္ထာယ ဝိဂတနီဝရဏာယ ပရိသုဒ္ဓါယ သညာယ သမန္နာဂတော။ (အဘိ၊ဋ္ဌ၊၂၊၃၅၃။)

အာလောကာ ဟောတီတိ သပ္ပဘာ ဟောတိ။ နိရာဝရဏဋ္ဌေန ဝိဝဋာ။ နိရုပက္ကိလေသဋ္ဌေန ပရိသုဒ္ဓါ။ ပဘဿရဋ္ဌေန ပရိယောဒါတာ။ (အဘိ၊ဋ္ဌ၊၂၊၃၅၄။)

ဤအထက်ပါ စကားရပ်တို့ကား ဉာဏ်ရောင် လေးမျိုးတို့တွင် ထိနမိဒ္ဓဝိနောဒနအာလောက အလင်းရောင် နှင့် ပတ်သက်၍ လာရှိသော ပါဠိတော် အဋ္ဌကထာ စကားရပ်တို့ ဖြစ်ကြသည်။

နေ့အခါ၌ ရနိုင်သော နေရောင်, ညအခါ၌ ရနိုင်သော လရောင်, ပတ္တမြားရောင်, မီးရောင် စသည်ကို ကြည့်၍ ''အာလောက အာလောက = အလင်းရောင်, အလင်းရောင်''ဟု နှလုံးသွင်းရ၏၊ ရရာအရောင်အလင်း ကို ရသည့်အတိုင်း နှလုံးသွင်းရ၏၊ ကောင်းစွာ ပွားများထားအပ်ပြီးသော အာလောကကသိုဏ်း အရောင်ကဲ့သို့ မိမိယခုပွားနေဆဲ အာလောကကသိုဏ်းရောင်သည် အလိုရှိသမျှ အချိန်ပတ်လုံး အလိုရှိသလောက် အရပ်သို့ တိုင်အောင် ညအခါ၌ တည်နေ၏၊ ထိုအခါ၌ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအရောင်အလင်းကို နေ့အခါ၌ ကဲ့သို့သော အမှတ်သညာကို ထားပါ၊ နေ့အခါ၌ကဲ့သို့ ညဉ့်၌လည်း ထိနမိဒ္ဓကင်းစင်အောင် အာလောကသညာ ကို ပွားများနေပါ။ အာလောကသညီ = အလင်းရောင် အမှတ်သညာရှိ၏ဟူသည် ညဉ့်အခါ၌သော်မှလည်း နေ့အခါတုန်းက မြင်အပ်ပြီးသော နေရောင်စသည့် အရောင်အလင်းကို မှတ်ခြင်း၌ စွမ်းနိုင်သော ထိနမိဒ္ဓ နီဝရဏ မှ ကင်းသော ထက်ဝန်းကျင် စင်ကြယ်သော သညာနှင့် ပြည့်စုံ၏ဟု ဆိုလိုသည်။

ဤ သညာကား အရောင် ရှိ၏၊ နီဝရဏတည်းဟူသော အပိတ်အပင် အဆီးအတား မရှိသည်ဖြစ်၍ ''အာလောက = အရောင်အလင်း''ဟူသော အာရုံကို နှလုံးသွင်းတတ်သည်၏ အဖြစ်ကြောင့် ပွင့်လင်းနေ၏၊ ဤအချိန်တွင် သမာဓိမှာ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်လာပြီဖြစ်၍ နီဝရဏ အညစ်အကြေးတို့ ကင်းစင် သွားပြီဖြစ်သဖြင့် နီဝရဏနှင့်တူသော တည်ရာ ရှိကြကုန်သော ကိလေသာ အညစ်အကြေးတို့လည်း ကင်းဝေး သွားကြ၏၊ ယင်းကိလေသာ အညစ်အကြေးတို့ကား ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဓာတ်ကို ညစ်နွမ်းအောင် နှိပ်စက်တတ်သော တရားဆိုးတို့ ဖြစ်ကြ၏၊ ယင်းသို့ ကပ်၍ နှိပ်စက်တတ်သော ကိလေသာအညစ်အကြေး မရှိသည်၏ အဖြစ်ကြောင့် ဘာဝနာစိတ်သည် ထက်ဝန်းကျင် စင်ကြယ်လျက်ရှိ၏၊ ပြိုးပြိုးပြက်ပြက် တလက်လက် တပြောင်ပြောင် ထွက်သော အရောင် ရှိသည်၏ အဖြစ်ကြောင့် ထက်ဝန်းကျင် ဖြူစင်နေပေ၏၊

(အဘိ၊၂၊၂၅၃၊၂၆၃-၂၆၄။ အဘိ၊ဋ္ဌ၊၂၊၃၅၄။)

ဤ ထိနမိဒ္ဓဝိနောဒန အာလောကဟူသော ထိနမိဒ္ဓပယ်ဖျောက်ကြောင်း အလင်းရောင်မှာ အာလောက ကသိုဏ်းကို ပွားများအားထုတ်နေသော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ပထမစျာန်သမာဓိသို့ မဆိုက် မီ ဥပစာရသမာဓိနယ်မြေအခိုက်၌ နီဝရဏအညစ်အကြေးတို့ ကွာကျသွားသဖြင့် ဘာဝနာစိတ်မှ လင်းရောင် ခြည်များ ထွက်ပေါ်လာပုံကို ဟောကြားထားတော်မူသော ဒေသနာတော်ပင် ဖြစ်သည်။ သို့အတွက် ယင်း အာလောကကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန်၏ ဥပစာရသမာဓိ အခိုက်၌ ထွက်ပေါ်လာသော အရောင် အလင်းကိုလည်း ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင်ဟုပင် ခေါ်ဆို ပေသည်။ ဤသို့လည်း မှတ်သားပါလေ။

၂။ ကသိဏာလောက

၂။ ကသိဏာလောက

ဒိဗ္ဗစက္ခုအဘိညာဏ်၏ အနီးကပ်ဆုံး အကြောင်းရင်းတစ်ခု ဖြစ်သည့် အာလောကကသိုဏ်း၌လည်း အလင်းရောင် ရှိ၏၊ အလင်းရောင်ကို နိမိတ်ယူ၍ ပွားများရသော ကသိုဏ်းပင် ဖြစ်ပေသည်။ တစ်ဖန် ဒိဗ္ဗစက္ခု အဘိညာဏ်နှင့် တကွ အဘိညာဏ်အားလုံးတို့၏လည်းကောင်း, ဝိပဿနာဉာဏ်၏လည်းကောင်း အခြေခံ အကြောင်းရင်း ဖြစ်ကြကုန်သော အာလောကကသိုဏ်းမှ ကြွင်းသော ကသိုဏ်းအားလုံးတို့၌လည်း အလင်း ရောင် ရှိသည်သာ ဖြစ်ပေသည်။ ကသိုဏ်းဝန်းအားလုံးတို့သည် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ၌ ကြည်လင်တောက်ပလာမြဲ ဓမ္မတာပင် ဖြစ်သည်။ အထူးသဖြင့် တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောက ကသိုဏ်းတို့ကား လင်းရောင်ခြည်စွမ်းအင် ပိုသော ကသိုဏ်းတို့ ဖြစ်ကြ၏၊ သို့သော် ဤ၌ကား - သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = အလင်းရောင်အားလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်သည်ဟု ဆိုထား သဖြင့် ကသိုဏ်းစျာန်များနှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်ဟု မှတ်သားပါ။ ယင်းသို့ဖြစ်လျှင် ကသိုဏ်း၏ အရောင်အလင်းမှာ ဉာဏ်ကြောင့် မဖြစ်တော့ပြီလောဟု မေးရန်ရှိ၏၊

ကေဝလဥှိ သမာဓိလာဘိနော ဥပဋ္ဌာနာကာရမတ္တံ သညဇမေတံ။ (ဝိသုဒ္ဓိ၊၁၊၁၂၂။)

= ဤကသိုဏ်းပဋိဘာဂနိမိတ်သည် ဥပစာရသမာဓိကို ရရှိသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်၌ ထင်လာ သော အခြင်းအရာမျှဖြစ်၍ သက်သက်သော ဘာဝနာသညာကြောင့် ဖြစ်ပေါ်လာသော နိမိတ်သာ ဖြစ်သည်။

ဤအထက်ပါ အဖွင့်အရ ကသိုဏ်းပဋိဘာဂနိမိတ်ဟူသည်မှာလည်း ဘာဝနာသညာကြောင့်သာ ဖြစ်ပေါ် လာရကား ဘာဝနာသညာဟူသည်လည်း သညာတစ်ခုတည်းသာ ဖြစ်သည်မဟုတ်၊ ယင်း သညာနှင့် ယှဉ်တွဲလျက် ဉာဏ်လည်း ပါဝင်လျက်သာ ရှိပေသည်။ ဥပစာရသမာဓိ အပ္ပနာသမာဓိကို ရရှိသော ယောဂီသူတော်ကောင်း၏ သန္တာန်မှာသာ ဖြစ်နိုင်သဖြင့် ယင်းဥပစာရသမာဓိ အပ္ပနာသမာဓိနှင့် ဉာဏ်သည် စိတ္တက္ခဏတစ်ခု အတွင်း၌ ယှဉ်တွဲလျက်သာ ဖြစ်နေပေသည်။ သညာကို ဦးတည်၍ အဦးမူ၍ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ သို့အတွက် ကသိုဏ်းပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကသိုဏ်း ဥပစာရစျာန် အပ္ပနာစျာန်တို့နှင့် ယှဉ်တွဲ လျက်ရှိသော ဉာဏ်ကြောင့်ဖြစ်သော အရောင်အလင်းကို ကသိဏာလောကဟု ခေါ်ဆိုသည် မှတ်ပါ။

၃။ ပရိကမ္မာလောက

၃။ ပရိကမ္မာလောက

ပရိကမ္မာလောကမှာ နှစ်မျိုး ရှိ၏၊ အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကမ္မ, စျာန်၏ အခြေခံဖြစ်သော ပရိကမ္မဟု ပရိကမ္မ နှစ်မျိုး ရှိ၏၊

တတ္ထ ဥက္ကာလောကော ဝိယ ပရိကမ္မကာလေ ကသိဏာလောကော။ (ဝိသုဒ္ဓိ၊၂၊၅၈။)

= ထို ဥပမာ၌ မြက်မီးရှူးရောင်ကဲ့သို့ အဘိညာဏ်၏ အခြေခံဖြစ်သော ပရိကံကို ပြုသောကာလ၌ ကသိုဏ်းရောင်ကို မှတ်အပ်၏၊

ဤအထက်ပါ စကားရပ်မှာ ဒိဗ္ဗစက္ခုအဘိညာဏ်ခန်း၌ လာရှိသော ဖွင့်ဆိုချက် ဖြစ်ပါသည်။ ဤ၌ ဒိဗ္ဗ စက္ခုအဘိညာဏ်၏ အခြေခံဖြစ်သော ကသိုဏ်းတို့ကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် အပြန်ပြန် အလှန် လှန် ကြိတ်ချေနေခြင်းသည်လည်း ပရိကံတစ်မျိုးပင် ဖြစ်သည်။ တစ်ဖန် အာလောက ကသိုဏ်း သို့မဟုတ် ကသိုဏ်းတစ်ခုခုကို ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအဖြစ် ဥပစာရသမာဓိနယ်မြေ ဆိုက်အောင် ကသိုဏ်းဝန်း ကို ဖြန့်ကြက်လျက် ပွားထား၏၊ အဘိညာဏ်ဇော မစောမီ အခိုက်ကိုလည်း ပရိကမ္မဟုပင် ခေါ်၏၊ ထိုပရိကမ္မ = ပရိကံအခိုက်၌လည်း အလင်းရောင်ရှိသည်သာ ဖြစ်ပေသည်။

နောက်တစ်မျိုးကား စျာန်၏အခြေခံဖြစ်သော ပရိကမ္မ = ပရိကံပင် ဖြစ်သည်။ ပထဝီကသိုဏ်း အာလောက ကသိုဏ်းစသည့် ကသိုဏ်းဝန်း တစ်ခုခုကို အာရုံယူ၍ ဘာဝနာမှုကို ပြု၏၊ ပကတိသော မြေဝန်း, ပကတိသော အလင်းရောင်ဝန်းတို့ကို အာရုံယူ၍ ပွားများနေသော ဘာဝနာကို ပရိကမ္မဘာဝနာဟု ခေါ်၏၊ ထိုပကတိသော မြေဝန်း, ပကတိသော အလင်းရောင်ဝန်းစသည့် ကသိုဏ်းဝန်းနိမိတ်တို့ကား ပရိကမ္မနိမိတ်ပင် ဖြစ်သည်။

ထိုကသိုဏ်းဝန်း တစ်ခုခုကို မျက်စိဖြင့် မှိတ်တုံ ဖွင့်တုံ အဖုံဖုံ အာရုံပြု၍ နိမိတ်ကို အာရုံယူရာ အကြင် အခါ၌ ထိုနိမိတ်သည် စိတ်ဖြင့် ကောင်းစွာ ယူမိ၏၊ ပကတိသော မျက်စိဖြင့် မြင်ရစဉ်ကဲ့သို့ မနောဒွါရ၌ ထင်လာ ၏၊ မျက်စိမှိတ်၍ ထိုနိမိတ်ကို အာရုံယူသောအခါ မျက်စိဖြင့် တိုက်ရိုက် မြင်နေရသကဲ့သို့ စိတ်ထဲ၌ ထင်ထင် ရှားရှား ပေါ်လာ၏၊ ထိုသို့ စိတ်မှာ ထင်ထင်ရှားရှား ပေါ်လာသောအခါ ထိုအာရုံကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ဝေါ် ရလေသည်။ ယခင် ပရိကမ္မနိမိတ်ကိုပင် စိတ်ဖြင့် ကောင်းစွာ ယူသောကြောင့် ကောင်းစွာ ယူအပ်သော နိမိတ် ဖြစ်ခြင်းကြောင့် ဥဂ္ဂဟနိမိတ်ဟု ခေါ်ခြင်း ဖြစ်သည်။ ယင်း ဥဂ္ဂဟနိမိတ်ကို အာရုံယူ၍ ပွားနေသော ဘာဝနာမှာ ပရိကမ္မဘာဝနာပင် ဖြစ်သည်။ ယင်းသမာဓိမှာလည်း ပရိကမ္မသမာဓိမျှသာ ရှိသေးသည်။ သို့သော် ဤဥဂ္ဂဟ နိမိတ်ကို အာရုံပြုနေသော ပရိကမ္မသမာဓိမှာ ယခင် ပရိကမ္မနိမိတ်ကို အာရုံပြုနေသော ပရိကမ္မသမာဓိထက် ပို၍ ပို၍ ငြိမ်သက်လာ၏၊ တည်ကြည်မှု စွမ်းအင် ပို၍ ပို၍ မြင့်မားလာ၏၊

ထို ပရိကမ္မဘာဝနာသမာဓိဖြင့် ဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ စိတ်တည်ကြည်နေသော ယောဂါဝစရပုဂ္ဂိုလ် သည် ထိုဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူ၍ ယင်း ပရိကမ္မဘာဝနာသမာဓိဖြင့် ဆက်လက်၍ အားထုတ်ပြန်သည် ရှိသော် တစ်ချိန် ထိုဥဂ္ဂဟနိမိတ်နှင့် ပုံသဏ္ဌာန် ပမာဏတူသော အာရုံနိမိတ် တစ်မျိုးသည် စိတ်၌ ငြိမ်သက်စွာ တည်နေ၏၊ စိတ်ထဲ၌ ကောင်းစွာ သွင်းထားအပ်သကဲ့သို့ ဖြစ်နေ၏၊ မပျောက်မပျက် ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ထင်လာ၏၊ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့နှင့် အလားတူသော ယင်းကသိုဏ်းနိမိတ် အာရုံကို ပဋိဘာဂနိမိတ်ဟု ခေါ်၏၊ ထို ပဋိဘာဂနိမိတ်ကား ဥဂ္ဂဟနိမိတ်ထက် အဆ အရာ အထောင်မက သာလွန်၍ ကြည်လင်၏၊ ထိုပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပွားများနေသော ဘာဝနာကို ဥပစာရဘာဝနာဟု ခေါ်ဆို၍ ယင်းသမာဓိကိုလည်း ဥပစာရသမာဓိဟု ခေါ်ဆိုပေသည်။

ယင်း ဥပစာရသမာဓိနယ်မြေသို့ မဆိုက်မီ ဥပစာရသမာဓိနှင့် အလွန်နီးကပ်လျက်ရှိသော အလွန် အဆင့် မြင့်နေသော ပရိကမ္မသမာဓိနှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်ကြောင့်လည်း အလင်းရောင်များ ထွက်ပေါ်လာ ပေသည်။ ယင်းအလင်းရောင်များသည်လည်း ပရိကမ္မာလောကဟူသော အမည်ကို ရရှိသည်သာ ဖြစ်ပေသည်။ ဤကသိုဏ်း၏ ပရိကမ္မသမာဓိမှ လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ ကျန်သမထကမ္မဋ္ဌာန်းတို့၏ ပရိ ကမ္မ သမာဓိမှလည်း အလင်းရောင်များ ထွက်ပေါ်လာသည်သာဟု မှတ်ပါ။ ပရိကမ္မသမာဓိထက် အဆင့်မြင့် နေသော ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့၌ကား ဆိုဖွယ်ပင် မရှိတော့ပြီ ဖြစ်၏၊ နောက်တွင် ဆက်လက် ဖော်ပြမည့် အဓိစိတ္တသုတ္တန်ဟု အဋ္ဌကထာ ဋီကာတို့က ခေါ်ဝေါ်သုံးစွဲထားသော နိမိတ္တသုတ္တန်ကို ထောက်ပါ။

အာနာပါနကမ္မဋ္ဌာန်းတွင်လည်း ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိသည်သာ ဖြစ်သည်။ ဥဂ္ဂဟနိမိတ်ကို အာရုံယူနေသော ပရိကမ္မသမာဓိနှင့် ပဋိဘာဂနိမိတ်ကို အာရုံယူနေသော သမာဓိ တို့မှလည်း တစ်နည်း ယင်းသမာဓိတို့နှင့် ယှဉ်နေသော ဉာဏ်ကြောင့်လည်း အရောင်အလင်းများ ထွက်ပေါ် လာနိုင်သည်သာ ဖြစ်သည်။

ကသိုဏ်းပညတ်ပဋိဘာဂနိမိတ်ကို အာရုံယူနေသော အပ္ပနာစျာန်နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံယူနေသော အပ္ပနာစျာန် စသော ထိုထိုစျာန်တို့၏ ရှေး၌ ဖြစ်ကြကုန်သော ပရိကမ္မသမာဓိ ဥပစာရသမာဓိ နယ်မြေ အခိုက်တို့ကိုလည်း ပရိကံဟုပင် ခေါ်ဆိုကြောင်းကို မဟာဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏၊

မဟာဋီကာ၏ အဖွင့်

မဟာဋီကာ၏ အဖွင့်

ဣတော ပုဗ္ဗေ ပရိကမ္မာနန္တိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ။ (မဟာဋီ၊၁၊၁၆၁။)

ပရိကံ --- မဟဂ္ဂုတ် အမည်ရသော အပ္ပနာစျာန်ဇောများ ဖြစ်ပေါ်လာရန် ပြုပြင်စီရင်တတ်သော ကာမာ ဝစရ ဥပစာရသမာဓိ ဇောစိတ်တစ်မျိုးသည် ပရိကံမည်၏၊ ဤရှင်းလင်းချက်ကား အပ္ပနာဇောဝီထိ၏ အတွင်း၌ အကျုံးဝင်သော ပရိကံ အမည်ရသော ကာမာဝစရ ဥပစာရသမာဓိဇောကို ရည်ညွှန်းထားသော ရှင်းလင်းချက် ဖြစ်သည်။

သို့သော် အထက်ပါ မဟာဋီကာ၏ ဆိုလိုရင်းမှာကား ဤသို့ ဖြစ်၏၊

ဣတော ပုဗ္ဗေ ပရိကမ္မာနံ ဥပရိ အပ္ပနာယ စ အနုလောမတော အနုလောမာနီတိပိ ဝုစ္စန္တိ။

(ဝိသုဒ္ဓိ၊၁၊၁၃၄။)

အနုလောမ အမည်ရသော, အပ္ပနာစျာနဝီထိ၏ အတွင်း၌ အကျုံးဝင်သော ကာမာဝစရ ဥပစာရသမာဓိ ဇောသည် ရှေးရှေးပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တတ်၏၊ နောက်နောက်သော အပ္ပနာစျာန် ကိုလည်း ပေါ်လာစေတတ်၏၊ သို့အတွက် ရှေးရှေးပရိကံနှင့် နောက်နောက် အပ္ပနာတို့အား လျော်စွာ ဖြစ် တတ်သောကြောင့် ယင်းကာမဇောတို့ကို အနုလောမတို့ဟူ၍ ခေါ်ဆိုအပ်ကုန်၏၊ (ဝိသုဒ္ဓိ၊၁၊၁၃၄။)

အထက်ပါ အဋ္ဌကထာ စကားရပ်တွင် လာရှိသော --- ဣတော ပုဗ္ဗေ ပရိကမ္မာနံ = ဤအပ္ပနာစျာနဝီထိမှ ရှေးရှေး၌ ဖြစ်ကုန်သော ပရိကံတို့ဟူသော စကားရပ်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်က --- ရှေးရှေး ပရိကံဟူရာ၌ အပ္ပနာဇောဝီထိ၏ အတွင်း၌ တည်ရှိသော ပရိကံကို ဆိုလိုသည် မဟုတ်၊ အပ္ပနာဝီထိ မဆိုက် ရောက်မီ အပ္ပနာဝီထိ မကျမီ အထူးထူးသော အာဝဇ္ဇန်း ရှိကြကုန်သော ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိခဲ့ ကြကုန်သော ဖြစ်ခဲ့သမျှသော ဇောတို့ကိုလည်း အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် စီမံပေးကြသည် ဖြစ်၍ ပရိကံဟုပင် ခေါ်ဆိုရလေသည်ဟု ရှင်းလင်းတင်ပြထား၏၊

ဤ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ အပ္ပနာဝီထိ မရောက်မီ ရှေးရှေးဝီထိတို့၏ အတွင်း၌ တည်ရှိခဲ့ကြကုန်သော ဖြစ်ခဲ့သမျှ ဇောတို့ကိုလည်း ပရိကံဟုပင် ခေါ်ဆိုသည် မှတ်ပါ။

အပ္ပနာဝီထိ မရောက်မီ အပ္ပနာဝီထိ မကျမီ ရှေးရှေးဝီထိတို့ဟူသည် ပရိကမ္မသမာဓိ ဥပစာရသမာဓိ နယ်မြေ၌ တည်ရှိကြကုန်သော ဝီထိတို့ပင် ဖြစ်ကြသည်။ ယင်းဝီထိတို့၏ အားကြီးသော မှီရာ အထောက်အပံ့ကို ရရှိသည် ဖြစ်၍ အပ္ပနာစျာနဝီထိများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။

ဤ၌ အထူးထူးသော အာဝဇ္ဇန်းရှိသော ဝီထိဟူသည် အပ္ပနာဝီထိ မကျမီ ဖြစ်ပေါ်သွားကြကုန်သော ဝီထိပေါင်းများစွာတို့ကို ဆိုလိုသည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို ရှုနေသော ဝီထိတို့မှာ မနောဒွါရဝီထိတို့သာ ဖြစ်ကြ၏၊ ယင်းမနောဒွါရဝီထိ တစ်ခုတစ်ခု၌ မနောဒွါရာဝဇ္ဇန်းစိတ် တစ်မျိုးစီ ပါရမြဲ ဓမ္မတာဖြစ်၏၊ မနောဒွါရာဝဇ္ဇန်းကိုပင် အာဝဇ္ဇန်းဟု ဆိုလို၏၊ ထိုထို အာနာပါနပဋိဘာဂနိမိတ်စသော သမထ နိမိတ်အာရုံကို ဆင်ခြင်တတ်သော စိတ်ပင်တည်း။ အထူးထူးသော အာဝဇ္ဇန်းရှိသော ဝီထိဟု ဆိုသဖြင့် မနောဒွါရ ဝီထိ တစ်ဝီထိတည်းသာ မဟုတ် မနောဒွါရဝီထိပေါင်းများစွာဟု ဆိုလိုပေ၏၊ ယင်းဝီထိပေါင်းများစွာကိုလည်း ပရိကံဟုပင် ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်း ပရိကံ အမည်ရသော ဇောတို့နှင့် ယှဉ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းကိုလည်း ပရိကမ္မာလောကဟုပင် ခေါ်ဆိုသည် မှတ်ပါ။

၄။ ဥပက္ကိလေသာလောက

၄။ ဥပက္ကိလေသာလောက

ဥဒယဗ္ဗယဉာဏ်ခန်းတွင် ဖော်ပြလတ္တံ့ဖြစ်သော ဩဘာသအမည်ရသော အရောင်အလင်း တစ်မျိုးရှိ၏၊ ယင်းအရောင်အလင်းကို ဥပက္ကိလေသာလောကဟု ခေါ်၏၊ (အကျယ်ကို ဥဒယဗ္ဗယဉာဏ်ခန်းတွင် ထပ်မံ၍ ရှင်းလင်းတင်ပြပါဦးမည်။)

ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသအရောင်အလင်းကဲ့သို့ အရောင်အလင်းအားလုံးသည် ဉာဏ်ကြောင့်ချည်းပင် ဖြစ်ပေါ်လာရသည်ဟု (အံ၊ဋီ၊၃၊၁၇၈) ၌ ဖွင့်ဆိုထားသဖြင့် ဥပက္ကိလေသ အရောင်အလင်းကို ထင်ရှားရှိကြောင်း လက်ခံနိုင်ပါလျှင် ကျန်ဉာဏ်အရောင်အလင်း သုံးမျိုးကိုလည်း အသင်ယောဂီသူတော်ကောင်းသည် ထင်ရှား ရှိကြောင်းကို လက်ခံနိုင်ရမည်သာ ဖြစ်ပေသည်၊ အားလုံး ဉာဏ်ကြောင့်သာ ဖြစ်ကြသောကြောင့် ဖြစ်၏၊

ဉာဏ်ရောင်ဆိုတာ ဘာလဲ?

ဉာဏ်ရောင်ဆိုတာ ဘာလဲ?

ပညာအရောင်အလင်း ဉာဏ်အရောင်အလင်းဟူသည်မှာ ဘာလဲ? နာမ်တရားတို့၌ အရောင်အလင်း ရှိပါသလားဟု မေးရန် ရှိ၏၊ ဤမေးခွန်း၏ အဖြေကို ဝိသုဒ္ဓိမဂ်မဟာဋီကာ ဒုတိယတွဲ ဥဒယဗ္ဗယဉာဏ်ခန်း ဥပက္ကိလေသပိုင်းတွင် ရှင်းပြထား၏၊ ထိုရှင်းလင်းချက်မှာ ဥဒယဗ္ဗယဉာဏ်မှ ထွက်သော အရောင်အလင်းကို ရှင်းလင်းတင်ပြထားချက် ဖြစ်၏၊ ကျန်ဉာဏ်အရောင်အလင်းများ၌လည်း ပုံစံတူပင် မှတ်ယူရမည်သာ ဖြစ်ပေ သည်။

ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ, သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ။ ပဿန္တောစ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ၊ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ယုတ္တံ ဝိယ ဒိဿတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)

ဤ အထက်ပါ မဟာဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ဝိပဿနောဘာသ = ဝိပဿနာဉာဏ် အရောင်အလင်း - ဟူသည် ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော အလွန် တောက်ပသော ရူပါရုံ အရောင်အလင်းနှင့် မိမိသန္တာန်၌ ကျရောက်လျက်ရှိသော တေဇောဓာတ် (= ဥတု) ကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ရူပါရုံ၏ အရောင်အလင်းတည်း။ ထင်ရှားစေအံ့ --နှလုံးအိမ် အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်းသည် ဩဇာလျှင် ရှစ်ခုမြောက်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေနိုင်၏၊ စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ် ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ များသောအားဖြင့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ္တက္ခဏ တိုင်း စိတ္တက္ခဏတိုင်းသည် ဥပါဒ်ကာလသို့ ရောက်တိုင်း ရောက်တိုင်း စိတ္တဇရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏၊ ရုပ်တို့မည်သည် တစ်လုံးချင်း ဖြစ်နိုင်သည့်စွမ်းအင် မရှိဘဲ ရုပ်ကလာပ်ခေါ်သည့် အုပ်စုအလိုက် အဖွဲ့ အစည်းအလိုက်သာ ဖြစ်ကြရ၏၊ ကလာပ်ဟူသည် ဗုဒ္ဓအဘိဓမ္မာ၌ အသေးဆုံးသော ရုပ်အဖွဲ့အစည်းတစ်ခု၏ အမည် ဖြစ်သည်။ ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော အမှုန် ကလေး ဖြစ်၏၊ ယင်း ကလာပ်အမှုန် တစ်ခုတစ်ခုကို ပရမတ္ထသစ္စာနယ်မှ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ကြည့်လျှင် (= ဓာတ်ခွဲကြည့်လျှင်) ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု အနည်းဆုံး ရုပ်သဘော တရား (၈)မျိုးစီ အသီးအသီး ရှိ၏၊ ယင်းရုပ်တရားတို့ကို ဩဇာလျှင် (၈)ခုမြောက်ရှိသောကြောင့် ဩဇဋ္ဌမက ရုပ်များဟု ခေါ်၏၊ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇရုပ်များဟု ခေါ်၏၊ (ရံခါ အသံပါသော် ရုပ်သဘော တရား (၉)မျိုး ရှိတတ်၏၊ ဤအပိုင်းကား သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ် တို့ကို ပဓာနထား၍ ပြောဆိုနေသဖြင့် အသံ-အကြောင်း ထည့်၍ မဆိုခြင်း ဖြစ်သည်။)

ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်သော ဝဏ္ဏ ခေါ် ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့် ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံဖြစ်ခဲ့လျှင် ဘာသုရ ရူပ = အလွန် တောက်ပသော ရူပါရုံ ဖြစ်၏၊

[မှတ်ချက် --- ပဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုမှာ တူညီလျက် ရှိ၏၊ စုတိစိတ်တို့တွင် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင် ရှိ၏၊ ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်စေနိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန် များ၌ အချီအချ စကားများလျက်ပင် ရှိ၏၊]

ယင်းဘာသုရ ရူပ = တောက်ပသော ရူပါရုံမှာ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင် များသလို တောက်ပသော ရူပါရုံအရေအတွက်လည်း ပို၍ များသည်သာ ဖြစ်၏၊ ယင်းရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော်အားလျော်စွာ တောက်ပ၏၊ ဉာဏ်အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ပို၍ ပို၍ တောက်ပပြီးလျှင် ဉာဏ်အာနုဘော်က သေးလျှင် သေးသလို လျော့၍ လျော့၍ တောက်ပ၏၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထို (သမထအာရုံ) ဝိပဿနာအာရုံ တို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် စိတ္တက္ခဏ တစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်လာကြသော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏၊ (ပထမစျာန်၌ကား - ၃၄, ဒုတိယစျာန်၌ကား - ၃၂, တတိယစျာန်၌ကား - ၃၁, စတုတ္ထစျာန်၌ကား - ၃၁ --အသီးသီး ရှိကြ၏၊ ကရုဏာစျာန်၌ ကရုဏာတိုး၍ မုဒိတာစျာန်၌ မုဒိတာ ထပ်တိုးသည်။ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။) ယင်းနာမ်တရားစုတို့တွင် ပညိန္ဒြေစေတသိက် ခေါ် ဉာဏ် (= ပညာ) ပါဝင်၏၊ ယင်းဉာဏ်အာနုဘော် မှာ ကြီးမားလျှင် ကြီးမားသလို သေးလျှင် သေးသလို ရူပါရုံအရောင်မှာ တောက်ပသည်ဟု ဆိုလိုပေသည်။[ယင်းအာနုဘော်၏ ကြီးမားမှုမှာလည်း (၁) သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော အရိယာသူတော်ကောင်း တို့ကို မှီဝဲဆည်းကပ်ခြင်း, (၂) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကို နာကြားခြင်း, (၃) ယောနိသောမနသိ ကာရ = နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း, (၄) ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်တို့ကို ရိုသေစွာ ဖြည့်ကျင့်ခြင်းစသော ပစ္စုပ္ပန်အကြောင်းတရားများနှင့် အတိတ်က ဖြည့်ကျင့် ခဲ့သော ပါရမီ အဆောက်အဦကောင်းတို့၏ အပေါ်၌ အခြေစိုက်လျက် ရှိ၏၊]

တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ်ကို ဥတုဟု ခေါ်၏၊ ယင်းတေဇောဓာတ် ဥတုကလည်း ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် = ဥတုကြောင့်ဖြစ်သော ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ရုပ်ကလာပ် အသစ်အသစ်များကို ထပ်မံ ဖြစ်စေပြန်၏၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော် ကြီးလျှင် ကြီးသလို စိတ္တဇကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုသည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ယင်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော ဝဏ္ဏ ခေါ် ရူပါရုံကလည်း ဘာသုရ ရူပ = အလွန်တောက်ပသော ရူပါရုံပင် ဖြစ်၏၊ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်အာနုဘော် ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏၊ ယင်းဥတုဇရုပ်တို့ကို သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်များ (= ဥတုဇရုပ်များ = ဥတုကြောင့် ဖြစ်သော ရုပ်များ) ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။

[မှတ်ချက် --- သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက် ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုသဖြင့် ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ်, အာဟာရဇရုပ် ကလာပ်တို့တွင် ပါဝင်သော အာဟာရဇတေဇောဓာတ်ဟူသော ဥတုတို့ကြောင့်ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်နိုင်သည်ဟုကား မယူဆပါနှင့်။ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ် အာနုဘော်၏ စွမ်းအင်အပေါ်၌ အခြေတည်၍ ဖြစ်ပေါ်လာသော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ပြဆိုရာအပိုင်း ဖြစ်သောကြောင့် စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန် ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ သို့သော် အိမ်တစ်အိမ်ကို မီးလောင်ပါက အလွန်နီးကပ် နေသော အိမ်များလည်း ကူးစက်၍ လောင်ကျွမ်းတတ်မြဲ ဓမ္မတာအတိုင်း ခန္ဓာအိမ်တစ်ခုအတွင်း၌ အလွန် နီးကပ်စွာ ပွတ်ချုပ်ထိခိုက်၍ ဖြစ်ပေါ်နေကြသော ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတရား လေးပါး ကြောင့် ဖြစ်ပေါ်နေသော ဖြစ်ပေါ်လာရသော ရုပ်တရားအပေါင်းတို့တွင် စိတ္တဇရုပ်ကလာပ်တို့နှင့် စိတ္တဇ ရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇရုပ်ကလာပ်တို့တွင် တည်ရှိ သော ရူပါရုံတို့က အလွန်တောက်ပလာပါလျှင် ကျန် ကမ္မဇ ဥတုဇ အာဟာရဇ ရုပ်ကလာပ်တို့၌ တည်ရှိသော ရူပါရုံတို့မှာလည်း ရောနှော၍ တောက်ပလာသည်သာ ဖြစ်ပေသည်။ ကလာပ်တစ်ခု၌ တည်ရှိသော အလင်း ရောင်နှင့် ကလာပ်တစ်ခု၌ တည်ရှိသော အလင်းရောင်တို့မှာ, ကလာပ်တို့က အလွန်နီးကပ်စွာ ပွတ်ချုပ် ထိခိုက်၍ ဖြစ်နေကြသဖြင့်, ရောင်ခြည်တန်းတစ်ဆက်တည်းကဲ့သို့ ဖြစ်နေတတ်ပေသည်။ သို့အတွက် သသန္တတိ ပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုခြင်းမှာ ဗဟိဒ္ဓ ရုပ်သန္တတိ အစဉ်ကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်၏ အရောင်အလင်း မဟုတ်ကြောင်း သိစေလို၍ မိန့်ဆိုခြင်း ဖြစ်သည်ဟု မှတ်သားပါ။]

ထိုစိတ္တသမုဋ္ဌာန်ရုပ် ဥတုသမုဋ္ဌာန်ရုပ် နှစ်မျိုးတို့တွင် (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ = ဝဏ္ဏဓာတ် အရောင်အလင်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယကိုယ်အတွင်း၌သာလျှင် ပျံ့နှံ့၍ တည်၏၊ ဥတုသမုဋ္ဌာန် အမည်ရသည့် ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ရူပါရုံ = ဝဏ္ဏဓာတ် အရောင်အလင်းသည်ကား ယောဂါဝစရ ပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာမက ခန္ဓာကိုယ်၏ပြင်ဘက် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၍ တည်၏၊ ဉာဏ်အာနုဘော် က သေးလျှင်လည်း သေးသည့်အားလျော်စွာ ပတ်ဝန်းကျင်၌ ပျံ့နှံ့၍ တည်၏၊ ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏၊ (ဘေးပတ်ဝန်းကျင်၌ တည်ရှိကြသော သူအပေါင်း တို့အဖို့ မထင်ရှားဟု ဆိုလိုသည်။)

ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင်အလင်းနှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံ အမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏၊ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်သလော၊ မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်သလောဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏၊ (မိမိ မဟာဋီကာဆရာတော်၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိညာဏ် ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခုအဘိညာဏ်ဟူသော မနောဝိညာဏ် စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်၏ဟူသော စကားသည်သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။ (ဤကား အထက်ပါ မဟာဋီကာ စကားရပ်၏ ဆိုလိုရင်းတည်း။)

အနီးစပ်ဆုံး အကြောင်းတစ်ရပ်

အနီးစပ်ဆုံး အကြောင်းတစ်ရပ်

ဤတွင် ဉာဏ်အာနုဘော်ကြီးမားမှု မကြီးမားမှုတို့၏ အနီးစပ်ဆုံး အကြောင်းတစ်ရပ်မှာ - သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ (အံ၊၃၊၂၅၉) = တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ် တိုင်းမှန်စွာ သိမြင်၏ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည် အနီးစပ်ဆုံး အကြောင်း တစ်ရပ် ဖြစ်ပေသည်။ သို့အတွက် ဉာဏ်အရောင်အလင်း များများ တောက်ပလိုပါက သမာဓိကို များများ ထူ ထောင်ပေးရမည် ဖြစ်ပေသည်။ အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်ကို နှလုံးသွင်းမှုမှာလည်း ယောနိသောမနသိကာရ တစ်မျိုးပင် ဖြစ်ပေသည်။

ဥပစာရ စကားဟု မှတ်ပါ

ဥပစာရ စကားဟု မှတ်ပါ

အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက်အရ ဉာဏ်အရောင်အလင်းဟူသော စကားမှာ တင် စား၍ ခေါ်ဝေါ်သုံးစွဲထားသော ဥပစာရစကားဟု မှတ်ပါ။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံ ဝဏ္ဏဓာတ်၏ အာလောက (= ဩဘာသ = အရောင်အလင်း)ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်ပါ။ ဤစကားအရ ဉာဏ်၌ အရောင် မရှိ၊ ဉာဏ်ကြောင့် ဖြစ်သော ရုပ်တရားတို့၌သာ အရောင်ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။

ရူပါရုံအမျိုးမျိုးကို တွေ့မြင်နိုင်သည်

ရူပါရုံအမျိုးမျိုးကို တွေ့မြင်နိုင်သည်

အထက်ပါ မဟာဋီကာဆရာတော်၏ စကားရပ်တွင် --- တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ = ထိုလင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့ မြင်နိုင်ကြောင်း ဖွင့်ဆိုလျက် ရှိ၏၊ ထိုလင်းရောင်ခြည်၏ စွမ်းအင်ကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါ အတိုင်း ဖွင့်ဆိုထား၏၊

သော ခေါ ပနာယံ ဩဘာသော ကဿစိ ဘိက္ခုနော ပလ္လင်္ကဋ္ဌာနမတ္တမေဝ ဩဘာသေန္တော ဥပ္ပဇ္ဇတိ။ ကဿစိ အန္တောဂဗ္ဘံ။ ကဿစိ ဗဟိဂဗ္ဘမ္ပိ။ ကဿစိ သကလဝိဟာရံ၊ ဂါဝုတံ၊ အဍ္ဎယောဇနံ၊ ယောဇနံ၊ ဒွိယောဇနံ၊ တိယောဇနံ။ ပ။ ကဿစိ ပထဝီတလတော ယာဝ အကနိဋ္ဌဗြဟ္မလောကာ ဧကာလောကံ ကုရုမာနော။ ဘဂဝတော ပန ဒသသဟဿိလောကဓာတုံ ဩဘာသေန္တော ဥဒပါဒိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

= ထို အရောင်အလင်းသည် အချို့သော ရဟန်းတော်အား ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာ အရပ်မျှလောက်ကိုသာ ဖြစ်ပေါ်လာ၏၊ အချို့သော ရဟန်းတော်အား တိုက်ခန်းတစ်ခန်း အတွင်းကို အချို့သော ရဟန်းတော်အား တိုက်ခန်းပြင်ပကိုလည်း ထွန်းလင်းလျက် ဖြစ်ပေါ်လာ၏၊ အချို့သော ရဟန်းတော်အား ကျောင်းတိုက်အ

ထိုသို့ ဩဘာသ ခေါ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ယောဂါဝစရပုဂ္ဂိုလ် တစ်ပါးနှင့်တစ်ပါး မတူဘဲ အနည်းအများ အကြီးအငယ် မတူထူးခြားမှု ရှိမှုနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ က အောက်ပါ ဝတ္ထုနှစ်ရပ်ကို ဖွင့်ဆိုရေးသားထားပေသည်။

နာမည်ကျော်ဖြစ်သော သီဟိုဠ်ကျွန်း စိတ္တလတောင်၌ နှစ်ခုသော အထွဋ်ရှိသော ကျောင်းတစ်ဆောင်၏ အတွင်း၌ ယောဂါဝစရ မထေရ်မြတ်ကြီး နှစ်ပါးတို့သည် သီတင်းသုံးစံနေတော်မူကြ၏၊ မထေရ်မြတ်ကြီး နှစ်ပါးတို့ ဩဘာသလင်းရောင်ခြည် စွမ်းအင်နှင့် ပတ်သက်၍ ဆွေးနွေးမိသော ထိုညဉ့်ကား လကွယ်ပက္ခ ဥပုသ်နေ့လည်း ဖြစ်နေ၏၊ မိုးသား တိမ်တိုက်တို့ကား ရှစ်နယ်ပတ်ကုံး အပြည့်ဖုံးလျက်ပင် ရှိကြကုန်၏၊

၁။ လကွယ်နေ့ည သန်းခေါင်ယာမ် ဖြစ်ခြင်း,

၂။ စိတ္တလတောင် တောရကျောင်းတိုက် တောအုပ်ကြီးအတွင်း၌ ဖြစ်ခြင်း,

၃။ မိုးသားတိမ်တိုက်တို့က ရှစ်ခွင်တိုင်း၌ အပြည့်ဖုံးအုပ်လျက် ရှိခြင်း,

၄။ လျှပ်စစ်ရောင်စသည့် အရောင်အလင်း လုံးဝ မရှိခြင်း ---

တည်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်တိုက် အမှောင်ထုကြီးကား ဖုံးအုပ်လျက် ဖြစ်ပေါ် လျက် ရှိ၏၊ ထိုအခါ၌ တစ်ဦးသော သီတင်းငယ်မထေရ်က ----

ဘန္တေ မယှံ ဣဒါနိ စေတိယင်္ဂဏမှိ သီဟာသနေ ပဉ္စဝဏ္ဏာနိ ကုသုမာနိ ပညာယန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

= အရှင်ဘုရား ...တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ သီဟာသန ခေါ် မြတ်သောနေရာ ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏ - ဟု လျှောက်ထား၏၊

သာယနေ တတ္ထ သန္ထရိတာနိ ပဉ္စဝဏ္ဏာနိ ကုသုမာနိ, ဝိသဒဉာဏဿ ဩဘာသေန ဖရိတဋ္ဌာနေ ရူပဂတဉ္စ ဒိဗ္ဗစက္ခုနော ဝိယ ပညာယန္တိ။ (မဟာဋီ၊၂၊၄၂၉။)

မထေရ်ကြီးများ သီတင်းသုံးတော်မူရာကျောင်းမှာ အတွင်းအိပ်ခန်းများ ပတ်လည်တွင် စင်္ကြံလျှောက်ရန် စင်္ကြံလမ်းများ ရှိနေ၏၊ ပတ်လည်စင်္ကြံကိုလည်းကောင်း, အတွင်းအိပ်ခန်းကိုလည်းကောင်း ကာရံထားသဖြင့် နှစ်ထပ် အကာအရံ ရှိသောကျောင်း ဖြစ်ပေသည်။ သီတင်းငယ် ဖြစ်တော်မူသော မထေရ်မြတ်ကြီး၏ ဝိပဿနာ ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ထိုနှစ်ထပ်သော အကာအရံတို့ကို ထိုးဖောက်၍ စေတီ ရင်ပြင်တော်အထိ ပျံ့နှံ့၍ တည်နေ၏၊ ညနေချမ်းအခါက သီဟာသန ခေါ် စေတီရင်ပြင်တော်၌ တည်ရှိသော မွန်မြတ်သော ပန်းတင်ခုံနေရာ၌ ငါးပါးသော အရောင်အဆင်း ရှိကုန်သော ပန်းတို့ကို ဖြန့်ခင်းလျက် စေတီ တော်အား ပူဇော်ထားကြကုန်၏၊ သန့်ရှင်းစင်ကြယ်သော ဝိပဿနာဉာဏ်ရှိသော ယောဂါဝစရပုဂ္ဂိုလ်အား ဉာဏ်အရောင်အလင်းဖြင့် ပျံ့နှံ့တွေ့ထိမိရာ အရပ်၌တည်ရှိသော ရူပါရုံအပေါင်း ရူပါရုံအမျိုးမျိုးသည်လည်း ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူသော သူတော်ကောင်း၏ ဉာဏ်ဝယ် ထင်ရှားသကဲ့သို့ ထင်ရှားလာကြကုန်၏၊ ထိုကြောင့် - '' အရှင်ဘုရား ...တပည့်တော်အား ယခုအခါ၌ စေတီရင်ပြင်တော်၌ သီဟာသန ခေါ် မြတ်သော နေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ရှားနေပါကုန်၏''ဟု လျှောက်ထားခြင်း ဖြစ်ပေသည်။

(မဟာဋီ၊၂၊၄၂၉ - ကြည့်။)

ထိုမထေရ်ငယ်ကို သီတင်းဝါကြီးတော်မူသော မဟာထေရ်ကြီးက ဤသို့ ပြန်၍ အမိန့်ရှိတော်မူ၏၊

''အနစ္ဆရိယံ အာဝုသော ကထေသိ၊ မယှံ ပနေတရဟိ မဟာသမုဒ္ဒမှိ ယောဇနဋ္ဌာနေ မစ္ဆကစ္ဆပါ ပညာယန္တိ''

(ဝိသုဒ္ဓိ၊၂၊၂၇၀။)

= ငါ့ရှင် ...မအံ့ဩလောက်သည်ကို ဆိုဘိ၏၊ ငါအားမူကား ဤယခုအခါ၌ မဟာသမုဒ္ဒရာအတွင်း ယူဇနာအရပ်၌ ငါး လိပ်တို့သည် ထင်ရှား၍ နေကုန်၏''ဟု မိန့်ဆိုတော်မူ၏၊ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

ဤ၌ လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ငါးမျိုးသော အရောင်အဆင်းရှိသော ပန်း ငါး လိပ်တို့ကို ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နိုင်၏ဟူသော အချက်ကို အသင်ယောဂီသူတော်ကောင်းသည် မမေ့သင့်ပေ။ တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတို့နှင့် တွေ့ထိမိရာ အရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို ဒိဗ္ဗစက္ခုအဘိ ညာဏ် ဝိပဿနာဉာဏ်တို့ဖြင့် တွေ့မြင်ရသလို ကသိဏာလောက, ပရိကမ္မာလောကဟူသော ကျန် သမထ ဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ်၌တည်ရှိသော အရောင် အဆင်း ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်သည်ဟု ပြောဆိုလာပါလျှင်လည်း အသင် ယောဂီသူတော်ကောင်းသည် လက်ခံနိုင်လိမ့်မည်ဟု ယူဆပါသည်။ အကြောင်းမူ ဉာဏ်အလင်းရောင်တို့၏ စွမ်းအင်များ တစ်ခုနှင့် တစ်ခု ကွာဟချက် ရှိနိုင်ငြားသော်လည်း အားလုံးကား ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော လင်းရောင်ခြည်များသာ ဖြစ်ကြသောကြောင့် အသင်ယောဂီသူတော်ကောင်းသည် လက်ခံနိုင်လိမ့်မည်ဟု မျှော် လင့်ခြင်း ဖြစ်ပေသည်။ အကယ်၍ လက်မခံနိုင်သေးပါက အောက်ပါ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံဖြစ်သော ကသိဏာလောက ပရိကမ္မာလောက အကြောင်းကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

ကသိဏာလောက - ပရိကမ္မာလောက

ကသိဏာလောက - ပရိကမ္မာလောက

ဣမေသု စ ပန တီသု အာလောကကသိဏံယေဝ သေဋ္ဌတရံ။ တသ္မာ တံ ဝါ ဣတရေသံ ဝါ အညတရံ ကသိဏနိဒ္ဒေသေ ဝုတ္တနယေန ဥပ္ပါဒေတွာ ဥပစာရဘူမိယံယေဝ ဌတွာ ဝဍ္ဎေတဗ္ဗံ။ ပ။ ဝဍ္ဎိတဋ္ဌာနဿ အန္တောယေဝ ရူပဂတံ ပဿိတဗ္ဗံ။ ရူပဂတံ ပဿတော ပနဿ ပရိကမ္မဿ ဝါရော အတိက္ကမတိ။ တတော အာလောကော အန္တရဓာယတိ။ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ အထာနေန ပုနပ္ပုနံ ပါဒကဇ္ဈာနမေဝ ပဝိသိတွာ တတော ဝုဋ္ဌာယ အာလောကော ဖရိတဗ္ဗော။ ဧဝံ အနုက္ကမေန အာလောကော ထာမဂတော ဟောတိ။

(ဝိသုဒ္ဓိ၊၂၊၅၈။)

ဤအထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဖြင့် လောကကို ကြည့်ရှု လိုသော အားထုတ်စ ယောဂါဝစရပုဂ္ဂိုလ်လက်သစ်သည် ပထဝီကသိုဏ်းမှ ဩဒါတကသိုဏ်းသို့ တိုင်အောင် ကသိုဏ်းရှစ်ပါးလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ ဖြစ်သော စတုတ္ထစျာန်ကို (၁၄)ပါးသော အခြင်း အရာဖြင့် စိတ်ကို ဆုံးမခြင်း, စတုတ္ထစျာန်ကို ဂုဏ်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစေခြင်းဟူသော အခြင်းအရာ ဥပစာရ အလုံးစုံဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်သို့ စိတ်ကိုစေလွှတ်ခြင်းငှာ ခံ့ညားမှု ရှိသည်ကိုပြု၍ တေဇောကသိုဏ်း ဩဒါတ ကသိုဏ်း အာလောကကသိုဏ်းဟူသော ကသိုဏ်းသုံးပါးတို့တွင် တစ်ပါးပါးသော ကသိုဏ်းကို ဒိဗ္ဗစက္ခု အဘိညာဏ် ဖြစ်ခြင်း၏ နီးစွာသော အကြောင်းဖြစ်သည်ကို ပြုလုပ်အပ်၏၊ ကသိုဏ်းဝန်းကို ဥပစာရစျာန် = ဥပစာရသမာဓိ၏ အာရုံဖြစ်သည်ကို ပြု၍ ကသိုဏ်းဝန်းကို တိုးပွားစေ၍ ထားအပ်၏၊ ထိုတိုးပွားစေအပ်သော ကသိုဏ်းဝန်း၌ အပ္ပနာစျာန်ကို မဖြစ်စေအပ်ဟု ဆိုလိုသည်။ ထိုသို့ ကသိုဏ်းဝန်းကို ဥပစာရသမာဓိနယ်မြေသို့ ဆိုက်သည် တိုင်အောင် ပရိကံ မပြုထားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဘိညာဏ်၏ အစွမ်းဖြင့် အပ္ပနာစျာန်ဇော ဖြစ်ပေါ်၍ မလာနိုင်။ အကယ်၍ ကသိုဏ်းဝန်းအာရုံ၌ အပ္ပနာစျာန်ဆိုက်သည်တိုင်အောင် ပွားများထားခဲ့သည် ဖြစ်အံ့၊ ပါဒကစျာန်ကို မှီရာရှိသော အဘိညာဏ် ဖြစ်လေရာသည်။ ပါဒကစျာန်ကို မှီသော အဘိညာဏ်ကား မဖြစ်နိုင်သည်သာ ဖြစ်ပေသည်။ ဥပစာရသမာဓိနယ်မြေ ဆိုက်ရုံသာလျှင် ကသိုဏ်းဝန်းကို ဖြန့်ကြက်၍ ပြုပြင်ထားအပ်သော ပရိကံကသာလျှင် အဘိညာဏ်ဇောကို ဖြစ်စေနိုင်သည့် စွမ်းအားရှိပေသည်။ သို့အတွက် ကသိုဏ်းဝန်းကို အပ္ပနာစျာန်ဆိုက်သည်တိုင်အောင် ပွားများထားပါက ပါဒကစျာန်ကို မှီနေသော ကသိုဏ်းဝန်းအာရုံသာ ဖြစ်လေရာသည်။ ပရိကံ၏ မှီရာ ကသိုဏ်းဝန်းအာရုံ မဖြစ်လေရာ။ [ဤစကားများမှာ ကသိုဏ်း (၁၀)ပါးတို့ကို တစ်ပါး တစ်ပါး၌ သမာပတ် (၈)ပါးစီ ရရှိ၍ (၁၄)မျိုးသော အခြင်းအရာအားဖြင့် ယင်းသမာပတ်တို့ကို ကြိတ်ချေနိုင်ကြကုန်သော သူတော်ကောင်းတို့ကိုသာ ဦးတည်၍ ဖွင့်ဆိုနေသော စကား များသာ ဖြစ်သည်ကို မမေ့ပါနှင့်။]

ဤကသိုဏ်း သုံးမျိုးတို့တွင် အာလောကကသိုဏ်းသည်သာလျှင် ဒိဗ္ဗစက္ခုအဘိညာဏ် ရရှိရေးအတွက် အသာဆုံး အမြတ်ဆုံး ဖြစ်ပေသည်။ သို့အတွက် အာလောက ကသိုဏ်းကိုလည်းကောင်း, တေဇောကသိုဏ်း ဩဒါတကသိုဏ်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးကိုလည်းကောင်း ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်သည်တိုင်အောင် ကသိုဏ်းဝန်းကို တိုးပွားစေအပ်၏၊

ထိုလင်းရောင်ခြည် = အာလောကကို တိုးပွားအောင် ပြုလုပ်ထားအပ်သော အရပ်အတွင်း၌သာလျှင် တည်ရှိသော ရူပါရုံအပေါင်းကို = ရူပါရုံအမျိုးမျိုးကိုသာလျှင် ယောဂါဝစရပုဂ္ဂိုလ်က ကြည့်ရှုအပ်ပေသည်။ လင်းရောင်ခြည်စွမ်းအင် ပျံ့နှံ့တည်နေသော အရပ်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံ အမျိုးမျိုးကို ကြည့်ရှုသော ထိုရဟန်းအား ပရိကံ၏ ဝါရသည် ကျော်လွန်၍ သွား၏၊ (ဤ၌ ပရိကံဟူသည် အထက်တွင် ဆိုခဲ့ပြီးသော တိုးပွားအောင် ဖြန့်ကြက်၍ ထားအပ်သော အာလောက ကသိုဏ်းဝန်းကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဥပစာရ စျာန် ဥပစာရသမာဓိပင် ဖြစ်၏၊ ထိုဥပစာရစျာန်မှာ အာလောကကသိုဏ်းကို အာရုံယူ၍ ဖြစ်ပေါ်လာသော စျာန်သမာဓိဖြစ်ရကား အာလောကကသိုဏ်းကို မကြည့်ရှုတော့ဘဲ အာလောက = လင်းရောင်ခြည် ပျံ့နှံ့၍ တည်ရာအရပ်၌တည်ရှိသော ရူပါရုံ အမျိုးမျိုးကို လိုက်၍ ကြည့်လိုက်သော် ထိုသမာဓိမှာ ပျက်၍သွား၏၊ ဥပစာရသမာဓိ မဖြစ်တော့ပေ။ ပရိကမ္မဝါရကို ကျော်လွန်သွား၏ဟု ဆိုရ၏၊) ထိုသို့ ဥပစာရသမာဓိ မဖြစ် တော့ဘဲ ပရိကမ္မဝါရကို ကျော်လွန်၍ သွားသောကြောင့် အာလောကလင်းရောင်ခြည်လည်း ကွယ်ပျောက်၍ သွားတတ်၏၊ ထိုလင်းရောင်ခြည် ကွယ်ပျောက်သွားသော် ရူပါရုံ အမျိုးမျိုးကိုလည်း မတွေ့မမြင်ရတော့ပေ။ (ကသိဏာလောက = ကသိုဏ်းလင်းရောင်ခြည် စွမ်းအင်ကြောင့်သာလျှင် ရူပါရုံအမျိုးမျိုးကို တွေ့မြင်ရခြင်း ဖြစ်၏၊ ကသိဏာလောက = ကသိုဏ်းလင်းရောင်ခြည်ဟူသည်မှာလည်း ကသိုဏ်းဝန်းကို ဖြန့်ကြက်၍ ဥပစာရ သမာဓိနယ်မြေသို့ ဆိုက်ရောက်သည်တိုင်အောင် ပွားများထားအပ်သော ဘာဝနာဟူသော ပရိကံ၏ စွမ်းအင် ကြောင့် သာလျှင် ဖြစ်ပေါ်လာရ၏၊ ထိုကြောင့် ကသိဏာလောက = ကသိုဏ်းလင်းရောင်ခြည်နှင့် ရူပါရုံအမျိုးမျိုး ကို တွေ့မြင်ရခြင်းဟူသော ထိုနှစ်မျိုးစုံသည်လည်း ပရိကံ မဖြစ်ခဲ့သော် မဖြစ်ပေါ်လာနိုင်တော့ပေ။) ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဖန်ဖန် အထပ်ထပ် ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ဥပစာရပါဒကစျာန်ကိုသာလျှင် ဝင်စား၍ ဝင်ရောက်၍ ထို ဥပစာရစျာန်မှထ၍ အာလောကလင်းရောင်ခြည် ကို ဖြန့်ကြက်အပ်ပေသည်။ ဥပစာရစျာန်ကို ဝင်စားလိုက် အလင်းရောင်ကို ဖြန့်လိုက်ဖြင့် ကြိမ်ဖန်များစွာ ပြုလုပ်ပေးရမည်၊ ဤသို့သောနည်းဖြင့် အစဉ်သဖြင့် ဆက်လက်၍ ကျင့်ခဲ့သော် လင်းရောင်ခြည် ပျံ့နှံ့သည်နှင့် အမျှ လင်းရောင်ခြည်သည်လည်း မြဲမြံ ခိုင်ခံ့ခြင်းသို့ ရောက်ရှိလာတတ်၏၊ ကာလမြင့်ရှည် တည်တံ့လာတတ်၏၊ ဤသို့ မှတ်သားပါလေ။ ထိုအခါဝယ် ---

''ဤမျှသော အရပ်၌ လင်းရောင်ခြည်သည် ဖြစ်စေသော''ဟု အကြင်မျှလောက်သော အရပ်ကို ပိုင်းခြား၏၊ ပိုင်းခြား၍ အဓိဋ္ဌာန်ပြု၏၊ ထိုပိုင်းခြားထားသော အရပ်၌ လင်းရောင်ခြည်သည် တည်နေသည်သာလျှင် ဖြစ် ပေသည်။ တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ရှုကြည့်နေသော ယောဂါဝစရပုဂ္ဂိုလ်အား ရူပါရုံအမျိုးမျိုးကို မြင်တွေ့ရခြင်းသည် ဖြစ်သည်သာလျှင်တည်း။ (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၁-၆၂ - ကြည့်ပါ။)

ဤကား ကသိဏာလောက ပရိကမ္မာလောက ဟူသော အာလောက လင်းရောင်ခြည်တို့ဖြင့်လည်း ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်ကြောင်း ခိုင်လုံသော ကျမ်းဂန်အထောက်အထားများပင် ဖြစ်ပေသည်။

လင်းရောင်ခြည်ကို လက်မခံလိုသော ဆရာမြတ်တို့၏ အကြောင်းပြချက်

အလွန်အဆင့်မြင့်နေသော ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိတို့နှင့် ယှဉ်တွဲလျက်ရှိသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်းရှိမှုနှင့် ပတ်သက်၍လည်းကောင်း သမထ ဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ပညာ၌ အရောင်အလင်းရှိမှုနှင့် ပတ်သက်၍ လည်းကောင်း အချို့သော ဆရာမြတ်တို့ကား လက်မခံလိုကြပေ။ အရောင်အလင်းရှိကြောင်းကို လက်မခံနိုင် သော ဆရာမြတ်တို့ကား အောက်ဖော်ပြပါ အဋ္ဌကထာကို ကိုးကားတော်မူကြ၏၊

ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ? နတ္ထိ။ (အံ၊ဋ္ဌ၊၁၊၄၅။)

= စိတ်၏ ဝဏ္ဏ မည်သော အရောင်အဆင်းသည် ရှိပါသလား? မရှိပါ။

ဤအဋ္ဌကထာကို ကိုးကား၍ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိမှုကို လက်မခံလိုကြပေ။ သို့သော် အထက်ပါ အင်္ဂုတ္တရအဋ္ဌကထာစကားရပ်ကား စိတ်သည် နာမ်တရား ဖြစ်၏၊ ဝဏ္ဏ မည်သော အရောင်အဆင်းကား ရုပ်တရား ဖြစ်၏၊ သို့အတွက် စိတ်မှာ နာမ်တရားဖြစ်၍ ဝဏ္ဏ မည်သော အရောင်အဆင်းဟူသော ရုပ်တရားမရှိဟုသာ ဖြေဆိုခြင်း ဖြစ်ပေသည်။ ဤကျမ်းကလည်း အထက်တွင် ရှင်းပြ ခဲ့ပြီးသည့်အတိုင်း စိတ်၌ အလင်းရောင်ရှိသည်ဟုကား မဆိုပါ။ ဉာဏ်၏ သဘာဝသတ္တိစွမ်းအင် ထက်မြက် စူးရှလျက်ရှိသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ် တိုင်းတွင် ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံ၏တောက်ပမှု, ထိုစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိ သော တေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှုကိုသာ သမထအလင်းရောင် ဝိပဿနာအလင်းရောင် ဉာဏ်ရောင်ဟု ခေါ်ဆိုကြောင်း အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ထိုစိတ္တဇ-ဥတုဇ ရုပ် ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှုကိုပင် လက်မခံလိုသေးပါက ခပ်သိမ်းဥဿုံ အလုံးစုံသော တရားတို့ကို အကုန်အစင် သိမြင်တော်မူသည့် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော အောက်ပါ တရားဒေသနာတော်ကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

အဓိစိတ္တသုတ္တန် ခေါ် နိမိတ္တသုတ္တန်

အဓိစိတ္တသုတ္တန် ခေါ် နိမိတ္တသုတ္တန်

အဓိစိတ္တမနုယုတ္တေန ဘိက္ခဝေ ဘိက္ခုနာ တီဏိ နိမိတ္တာနိ ကာလေန ကာလံ မနသိ ကာတဗ္ဗာနိ။ ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိ ကာတဗ္ဗံ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိ ကာတဗ္ဗံ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကာတဗ္ဗံ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ သမာဓိနိမိတ္တံယေဝ မနသိ ကရေယျ၊ ဌာနံ တံ စိတ္တံ ကောသဇ္ဇာယ သံဝတ္တေယျ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ ပဂ္ဂဟနိမိတ္တံယေဝ မနသိ ကရေယျ၊ ဌာနံ တံ စိတ္တံ ဥဒ္ဓစ္စာယ သံဝတ္တေယျ။ သစေ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ဧကန္တံ ဥပေက္ခာနိမိတ္တံယေဝ မနသိ ကရေယျ၊ ဌာနံ တံ စိတ္တံ န သမ္မာ သမာဓိယေယျ အာသဝါနံ ခယာယ။ ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိ ကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိ ကရောတိ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကရောတိ။ တံ ဟောတိ စိတ္တံ မုဒုဉ္စ ကမ္မနိယဉ္စ ပဘဿရဉ္စ၊ န စ ပဘင်္ဂု၊ သမ္မာ သမာဓိယတိ အာသဝါနံ ခယာယ။

(အံ၊၁၊၂၅၈။)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရ ရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာနိမိတ် ဟူသော အကြောင်းတရားသုံးမျိုးတို့ကို ရံဖန် ရံခါ နှလုံးသွင်းအပ်ကုန်၏၊

၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်းတရားကို) နှလုံးသွင်းအပ်၏၊

၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်းတရားကို) နှလုံးသွင်းအပ်၏၊

၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်းတရားကို) နှလုံးသွင်းအပ်၏၊

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများ အား ထုတ်သော ယောဂါဝစရရဟန်းသည် သမာဓိဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= သမာဓိ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိ ရာသော အကြောင်းရှိ၏၊ (၁)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများ အား ထုတ်သော ယောဂါဝစရ ရဟန်းသည် အားထုတ်ခြင်း = ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် (ဝီရိယ ဖြစ်ကြောင်းတရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် သည် ပျံ့လွင့်ခြင်း ဥဒ္ဓစ္စဖြစ်ရာသော အကြောင်း ရှိ၏၊ (၂)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် ပွားများ အား ထုတ်သော ယောဂါဝစရ ရဟန်းသည် ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာ ဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါ တရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏၊ (၃)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန်ပွားများ အား ထုတ်သော ယောဂါဝစရရဟန်းသည် ----

၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်းတရားကို) နှလုံးသွင်း၍

၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်းတရားကို) နှလုံးသွင်းပြီးလျှင်

၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်းတရားကို) နှလုံးသွင်းသောအခါ ဘာဝနာစိတ်သည် ----

၁။ နူးညံ့ခြင်းသည်လည်းကောင်း (မုဒု)

၂။ သမထ ဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ထိုထိုဘာဝနာမှုကို ပြုလုပ်ရန် အခန့်သင့် ဖြစ်နေ ခြင်း သင့်လျော်ခြင်းသည်လည်းကောင်း (ကမ္မနိယ)

၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း (ပဘဿရ) ဖြစ်၏၊

၄။ ပျက်စီးခြင်းသဘောလည်း မရှိ။

၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်၏၊

ဤကား ဗောဇ္ဈင် (၇)ပါးကို ညီမျှအောင် ကျင့်ပါက သမထ ဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့မှ (= စိတ္တဇရုပ်မှ = ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့မှ) ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက် ပေါ်လာကြောင်း ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသည့် ဟောကြားထားတော်မူချက် ဒေသ နာတော်ပင် ဖြစ်ပေသည်။

အဓိစိတ္တ ဟူသည်

အဓိစိတ္တ ဟူသည်

အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ၊ဋ္ဌ၊၂၊၂၂၇။)

ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ၊ဋ္ဌ၊၂၊၂၂၈။)

ဒသကုသလကမ္မပထဝသေန ဥပ္ပန္နံ စိတ္တံ စိတ္တမေဝ။ ဝိပဿနာပါဒကအဋ္ဌသမာပတ္တိစိတ္တံ ဝိပဿနာစိတ္တဉ္စ တတော စိတ္တတော အဓိကံ စိတ္တန္တိ အဓိစိတ္တန္တိ အာဟ ''အဓိစိတ္တန္တိ သမထဝိပဿနာ စိတ္တ''န္တိ။ အနုယုတ္တဿာတိ အနုပ္ပန္နဿ ဥပ္ပါဒနဝသေန ဥပ္ပန္နဿ ပဋိဗြူဟနဝသေန အနု အနု ယုတ္တဿ၊ တတ္ထ ယုတ္တပ္ပယုတ္တဿာတိ အတ္ထော။ ဧတ္ထ စ ပုရေဘတ္တံ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော နိသီဒနံ အာဒါယ ''အသုကသ္မိံ ရုက္ခမူလေ ဝါ ဝနသဏ္ဍေ ဝါ ပဗ္ဘာရေ ဝါ သမဏဓမ္မံ ကရိဿာမီ''တိ နိက္ခမန္တောပိ တတ္ထ ဂန္တွာ ဟတ္ထေဟိ ဝါ ပါဒေဟိ ဝါ နိသဇ္ဇဋ္ဌာနတော တိဏပဏ္ဏာနိ အပနေန္တောပိ အဓိစိတ္တံ အနုယုတ္တောယေဝ။ နိသီဒိတွာ ပန ဟတ္ထပါဒေ ဓောဝိတွာ မူလကမ္မဋ္ဌာနံ ဂဟေတွာ ဘာဝနံ အနုယုဉ္စန္တော ဘာဝနာယ အပ္ပနံ အပ္ပတ္တာယပိ အဓိစိတ္တမနုယုတ္တောယေဝ တဒတ္ထေနပိ တံသဒ္ဒဝေါဟာရတော။ (အံ၊ဋီ၊၂၊၁၉၈-၁၉၉။)

= သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဟုတ်သော သာမန်လူသားတို့၏ ဒါန သီလ စသော သာမန်ကုသိုလ်များကို ပြုစုပျိုးထောင်သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ကုသိုလ်စိတ်သည် စိတ္တ = စိတ် မည်၏၊ ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းဖြစ်သော သမာပတ်ရှစ်ပါးဟူသော စျာန်စိတ်သည်လည်း ကောင်း, ဝိပဿနာစ

အနုယုတ္တ ---- မဖြစ်ပေါ်ဖူးသေးသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ဖြစ်ပေါ်စေသည် ၏ အစွမ်းဖြင့် ဖြစ်ပေါ်ပြီးသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို တစ်ဖန် တိုးပွားစေသည်၏ အစွမ်းဖြင့် အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစားအားထုတ်မှုသည် အနုယုတ္တ မည်၏၊ ထို သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်၌ အပြင်းအထန် ကြိုးစားအားထုတ်သော ရဟန်းတော်ကို အနုယုတ္တ ရဟန်းဟု ဆိုလိုသည်။ နံနက်ပိုင်း၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ပြန်လာသော် နိသီဒိုင်ထိုင်ခင်းကို ယူ၍ - ''ဤမည်သော သစ်ပင်ရင်း၌လည်းကောင်း, ဤမည်သော တောအုပ်အတွင်း၌ လည်းကောင်း, ဤမည်သော တောင်ရှိုင်ဝှမ်း၌လည်းကောင်း ရဟန်းတရားကို ကြိုးစားအားထုတ်ပေအံ့'' - ဟု ထွက်ခွာလာသော ရဟန်းသည်လည်းကောင်း, ထိုင်မည့်နေရာမှ မြက်သစ်ရွက်တို့ကို ဖယ်ရှားနေသော ရဟန်း သည်လည်းကောင်း အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ပွားများအားထုတ်သူ မည်သည်သာလျှင် ဖြစ်ပေသည်။ ထိုင်ပြီးနောက် လက်ခြေတို့ကို ဆေးကြောသုတ်သင်၍ မူလကမ္မဋ္ဌာန်းကို ယူ၍ ဘာဝနာကို လုံ့လကြိုးကုတ် အားထုတ်သော ရဟန်းသည် ဘာဝနာ၏ အပ္ပနာစျာန်သို့ မရောက်ရှိသေးသော် လည်း အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အထပ်ထပ် ပွားများ အားထုတ်သော ရဟန်းသာလျှင် ဖြစ်ပေသည်။ ထိုမျှလောက်သော အကျိုးတရားကို ရရှိခြင်းဖြင့်လည်း ထို ရဟန်းတော်ကို အဓိစိတ္တမနုယုတ္တ ရဟန်းဟု ခေါ်ဝေါ်နိုင်သောကြောင့် ဖြစ်သည်။ (အံ၊ဋီ၊၂၊၁၉၈-၁၉၉။)

ပဘဿရ - ပရိယောဒါတ

ပဘဿရ - ပရိယောဒါတ

စတုတ္ထစျာန်၏ ဂုဏ်အင်္ဂါရှစ်ပါးတို့တွင် တစ်ခုအပါအဝင်ဖြစ်သော ပရိယောဒါတေဟူသော စကားလုံးကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ဖွင့်ဆိုထား၏၊

ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅။)

ပရိသုဒ္ဓတ္တာယေဝ၊ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ကြောင့်ပင်လျှင်။ ပရိယောဒါတေ၊ ထက်ဝန်း ကျင် ဖြူစင်လတ်ပြီးသော်။ ပဘဿရေ၊ ပြိုးပြိုးပြက် အရောင်ရှိလတ်သော်။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုလိုသည်။ ဟောတိ၊ ဖြစ်၏၊ (ဝိသုဒ္ဓိမဂ္ဂနိဿယ၊၃၊၁၂-ပြည်။)

ဤအထက်ပါ ဘာသာပြန်ဆိုချက်မှာ ပြည်ဆရာတော်ဘုရားကြီး၏ ဘာသာပြန်ဆိုချက် ဖြစ်ပါသည်။ ဤ အဖွင့်များအရ ပရိယောဒါတနှင့် ပဘဿရတို့မှာ အဓိပ္ပါယ်တူ စကားလုံးများသာဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ဤအဓိစိတ္တသုတ္တန် အမည်ရသော နိမိတ္တသုတ္တန်၌ အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့၌ ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းရှိသည်ဟူသော တရားအလုံးစုံကို အကုန်အစင် သိတော်မူ မြင်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ ဟောကြားတော်မူချက်ကို နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် ရိုသေစွာ ဦးထိပ်ရွက်လျက် ပန် ဆင်ရမည်သာ ဖြစ်ပေသည်။ ဤ၌လည်း အကျိုးဖြစ်သော စိတ္တဇရုပ်, ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ ပါဝင်သော ဝဏ္ဏဓာတ် ရူပါရုံ၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိသည်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရ စကားဟုပင် မှတ်ပါ။

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်းရှိကြောင်းကို ဤမျှ ရှည်လျားစွာ တင်ပြ နေရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်ပေသည်။

တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)

= ထို အာလောက = အရောင်အလင်း ကွယ်ပျောက်သွားသော် ရူပါရုံ အမျိုးမျိုးသည်လည်း ယောဂါဝစရ ပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာတော့ပေ - ဟူသော အဋ္ဌကထာစကားကို အထူး အလေးဂရုပြုထားပါ။ ထိုစကားရပ်မှာ နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် ဝိပဿနာဉာဏ် ရရှိရေးအတွက် အလွန်အရေးကြီးသော စကား ရပ်ပင် ြ

ရုပ်တို့မည်သည် ကလာပ်ခေါ်သည့် အမှုန်ကလေးများအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ရုပ်ကလာပ် ဟူသည် ပရမတ္ထသစ္စာနယ်၌ ရုပ်တို့၏ အသေးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်၏၊ ယင်းရုပ်ကလာပ်တစ်ခု တစ်ခု၌ ရုပ်သဘောတရား အနည်းဆုံး ရှစ်မျိုး ပါဝင်၏၊ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာတို့ ဖြစ်ကြ၏၊ ဇီဝိတ ပါဝင်ပါက အချို့ရုပ်ကလာပ်၌ သဘောတရား (၉)မျိုး ရှိတတ်၏၊ အကြည်ဓာတ် သို့မဟုတ် ဘာဝရုပ် တစ်မျိုးမျိုး ပါဝင်ပါက ရုပ်သဘောတရား (၁၀)မျိုးစီ ရှိတတ်၏၊ ဤသို့ စသည်ဖြင့် ရုပ်တို့သည် ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ် ရူပါရုံကို တွေ့မြင်နေရခြင်း သို့မဟုတ် ဝဏ္ဏ ဓာတ် ရူပါရုံပါဝင်သည့် ယင်းရုပ်ကလာပ်ကို တွေ့မြင်နေရခြင်းမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ကြောင့် ဖြစ်ပေါ်လာသော အာလောက = လင်းရောင်ခြည်စွမ်းအင်ကြောင့် တွေ့မြင်ရခြင်း ဖြစ်ပေသည်။ ထို လင်းရောင်ခြည် ပျောက်ကွယ်သွားပါက ထိုရူပါရုံကိုလည်းကောင်း, ထိုရူပါရုံပါဝင်သည့် ရုပ်ကလာပ်ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်နည်းနှင့်မျှ တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။ ယင်းရုပ်ကလာပ် ကိုမျှ မတွေ့မြင်ပါက ထိုထို ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော (၈-မျိုး, ၉-မျိုး, ၁၀-မျိုးစသော) ရုပ်ပရမတ် သဘောတရားများကို ဆက်လက် ရှုပွား၍ မည်သို့မျှ ရရှိနိုင်တော့မည် မဟုတ်ပေ။ ပရမတ်အစစ် ဓာတ်အနှစ် ဖြစ်သော ရုပ်တရားများကို မည်သို့မျှ သိနိုင်ခွင့် မရှိပေ။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ပါကလည်း ဃန မပြိုနိုင်။ ရုပ်တုံးရုပ်ခဲ ဟူသော ရုပ်ဃန မပြိုကလည်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်နိုင်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ပါကလည်း အနတ္တဉာဏ်အမြင် မပေါ်နိုင်။ အနတ္တဉာဏ်အမြင် မပေါ်ကလည်း အရိယမဂ်သို့ မဆိုက်နိုင်၊ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်။

တစ်ဖန် ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည် တိုင်အောင် ဟုတ်တိုင်းမှန်စွာ မသိပါက ထိုရုပ်တရားကို မှီတွယ်၍ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရား တို့ကို မည်သည့်နည်းနှင့်မျှ သိနိုင်ခွင့် မရှိတော့ပေ။ အကြောင်းမူ မှီရာဝတ္ထုရုပ်နှင့် အာရုံတို့ကို သို့မဟုတ် ဆိုင် ရာ ဒွါရနှင့် ဆိုင်ရာ အာရုံကို ပူးတွဲသိမ်းဆည်းနိုင်ပါမှ ကာမာဝစရနာမ်တရားတို့ကို ယောဂါဝစရပုဂ္ဂိုလ်က သိနိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။ (ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ မ၊ဋ္ဌ၊၃၊၆၀။ --- အကျယ် - နာမ်ကမ္မဋ္ဌာန်း ပိုင်းတွင် ထင်ရှားလတ္တံ့။)

ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ စက္ခု သောတ ဃာန ဇိဝှါ ကာယ = မျက်စိအကြည် နား အကြည် နှာအကြည် လျှာအကြည် ကိုယ်အကြည်ဟူသော ရုပ်အကြည်ဓာတ်ငါးပါးနှင့် ဘဝင်မနောအကြည် ဓာတ်တို့ကား အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ၏၊ ယင်းအကြည်ဓာတ် (၆)ပါးဟူသော ဒွါရ (၆)ပါးကို ဟုတ်တိုင်းမှန်စွာ မသိပါက ယင်းဒွါရ (၆)ပါးကို စွဲမှီ၍ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့ကို မည်သည့်နည်းနှင့်မျှ ရှု၍ မရနိုင်ပေ၊ ဟုတ်တိုင်းမှန်စွာ မသိနိုင်ပေ။ ယင်းအကြည်ဓာတ် (၆)ပါးတို့ကား သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်နှင့်မှ လင်းရောင် ခြည်စွမ်းအား ရှိပါမှ တွေ့မြင်နိုင် သိရှိနိုင်သော တရားများ ဖြစ်ကြပေသည်။

ရုပ်နာမ်ကိုမျှ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါက နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိနိုင်သေးပေ။ နာမ ရူပပရိစ္ဆေဒဉာဏ်မှ မဖြစ်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ပစ္စယပရိဂ္ဂဟဉာဏ်မှာ အလွန် အလှမ်း ဝေးလျက်ပင် ရှိနေပေသေးသည်။ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်မျှ မရရှိသေးသော ယောဂါ ဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ရေးမှာ မိုးနှင့် မြေကြီးပမာ အလွန့်အလွန် ဝေးကွာလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ အကြောင်းမူ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်၍ ရှုပွားသုံးသပ် နိုင်ပါမှသာလျှင် ဝိပဿနာဉာဏ်ဟူသည် ဖြစ်ပေါ်လာနိုင်သော ကြောင့် ဖြစ်၏၊

အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)

= သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏၊ နိဗ္ဗာန်တရားတော်မြတ်၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ် လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏၊

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် အရိယမဂ်ဉာဏ်ဟူသည်မှာလည်း ဝိပဿနာဉာဏ် တို့က အဆင့်အဆင့် ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ဖြစ်ပေါ်လာနိုင်သော တရား ဖြစ်ပေသည်။ ပရမတ်အစစ် ဓာတ်အနှစ်ကို အာရုံယူနေသော ဝိပဿနာဉာဏ်မျှ မဖြစ်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိဗ္ဗာန်တရားတော်မြတ်ဟူသည် မည်သို့မျှ မမျှော်လင့်အပ် မမျှော်လင့်ကောင်းသော တရားသာ ဖြစ်ပေသည်။

သို့အတွက် ညအခါ အမိုက်မှောင် အတွင်း၌ ခရီးသွားသောသူသည် မိမိသွားလိုသော ခရီးကို သွားနိုင် ရေး ရောက်လိုရာ အရပ်သို့ ရောက်ရှိရေးအတွက် မီးရှူးတန်ဆောင် စသော အရောင်အလင်းကို အလိုရှိအပ် သကဲ့သို့ အလားတူပင် အဝိဇ္ဇာ အမိုက်တိုက် ဖုံးလွှမ်းခံနေရသော သတ္တဝါတစ်ဦးအဖို့ နိဗ္ဗာန်ဆိုသည့် ထိုမှာ ဘက်ကမ်းသို့ သွားရာ၌ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိအောင် ထွန်းလင်းပြတတ်သော အလင်းရောင်ကား လိုအပ်သည်သာလျှင် ဖြစ်ပေသည်။ ထိုအလင်းရောင်ဟူသည် အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့် ပညာ ရောင် ဉာဏ်ရောင်ပင် ဖြစ်ပေသည်။

ညအခါ အမိုက်မှောင်အတွင်း၌ ခရီးသွားသောသူသည် မိမိသွားလိုရာ အရပ်သို့ ရောက်ရှိရေးအတွက် သာ မီးရှူးတန်ဆောင်စသည့် အလင်းရောင် အကူအညီကို အလိုရှိသကဲ့သို့ - အလားတူပင် ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း မိမိအလိုရှိရာ နိဗ္ဗာန်သို့သွားရာ၌ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိတတ်သည့် သမ္မာဒိဋ္ဌိ ဉာဏ်အမြင် ရရှိရေးအတွက်သာ ထိုအလင်းရောင်ကို အလိုရှိနေခြင်း ဖြစ်ပေသည်။ ထိုအလင်းရောင်ကို အလွန် မြတ်နိုး တမ်းတ၍ တသသ ဖြစ်နေသည်ကား မဟုတ်သည်ကို သဘောပေါက်လေရာသည်။

အထက်တွင် ဖော်ပြခဲ့သော မဟာအဿပုရ စသော ထိုထို သုတ္တန်တို့၌ သစ္စာလေးပါးကို ဟုတ်တိုင်း မှန်စွာ သိအောင် ကြိုးပမ်းလိုသော ရဟန်းတော်အား မိမိရရှိထားသော စတုတ္ထစျာန်ကို ဂုဏ်အင်္ဂါရှစ်တန်နှင့် ပြည့်စုံအောင် ကြိုးပမ်းရန် ဘုရားရှင်၏ တိုက်တွန်းတော်မူချက်ကို ဦးထိပ်ရွက်ပန်ဆင်၍ ဤအလင်းရောင် အကြောင်းကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ ထိုအင်္ဂါရှစ်ရပ်တို့တွင် ပရိယောဒါတေ = ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလတ်သော်ဟူသော စကားတော်သည်လည်း အင်္ဂါရပ် တစ်ခုအဖြစ် ပါဝင်လျက်ပင် ရှိပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည်လည်း ခပ်သိမ်းဥဿုံ အလုံးစုံသော တရားမှန်သမျှ ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်တိုင်က သိတော်မူ မြင်တော်မူ၍သာလျှင် ဤသို့ ပရိယောဒါတေ - ဟူသော အင်္ဂါရပ် တစ်ရပ်ကို ထည့်သွင်း၍ ညွှန်ကြားထားတော်မူပါပေသည်ဟု လက်ခံနိုင်ပါလျှင် ဦးထိပ်ရွက် ပန်ဆင်နိုင်ပါလျှင် အသင် ယောဂီ သူတော်ကောင်းအတွက် နိဗ္ဗာန်သို့ သွားရာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတည်း ဟူသော လမ်းမတော်ကြီးသည် ဖြောင့်ဖြူး သာယာလျက်ပင် ရှိနေမည်သာ ဖြစ်ပေသည်။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် သဒိသူပစာရအားဖြင့်လည်းကောင်း, မုချအားဖြင့် လည်းကောင်း ဥပစာရသမာဓိ အမည်ရသော သမာဓိတစ်ခုခုမှ ဝိပဿနာသို့ ကူးလိုခဲ့သော်လည်းကောင်း, စတုတ္ထစျာန်သမာဓိမှ အခြားတစ်ပါးသော အပ္ပနာစျာန်သမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးလိုခဲ့သော်လည်းကောင်း ထိုဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိကိုလည်း ဂုဏ်အင်္ဂါ ရှစ်တန်တို့နှင့် ပြည့်စုံတန်သလောက် ပြည့်စုံအောင် ကြိုးပမ်းရမည်သာလျှင် ဖြစ်ပေသည်။ အကြောင်းမူ ယင်း သမထဘာဝနာစိတ်တို့ကြောင့်လည်း ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများ ထွက်ပေါ်လာသည်သာ ဖြစ်သောကြောင့်ပင်တည်း။

အရောင်အလင်းချင်း ရောထွေးတတ်ပုံ

အရောင်အလင်းချင်း ရောထွေးတတ်ပုံ

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာနိုင်ကြောင်း အဆိုအမိန့် ဒေသနာတော်ကို အသင်ယောဂီသူတော်ကောင်းသည် လက်ခံနိုင်လောက်ပေပြီဟု ယူဆပါသည်။ ဤအရာတွင် အရောင်အလင်းချင်း ရောထွေးတတ်ပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် တရားတစ်ခုခုကို နှလုံးသွင်း အားထုတ်သည့်အခါ၌ မိမိတို့ အားထုတ်နေသော ကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတို့တွင် မည်သည့်ကမ္မဋ္ဌာန်း ဖြစ်သည် ကို မစဉ်းစားတော့ဘဲ ဝိပဿနာကမ္မဋ္ဌာန်း ဖြစ်သည်ဟူ၍သာ ယုံကြည်လက်ခံလျက် ကြိုက်နှစ်သက်ရာ နည်း လမ်းဖြင့် တရားနှလုံးသွင်း ရှုပွားကြ၏၊ သမာဓိ အတော်အသင့် အားကောင်းလာသောအခါ၌ လင်းရောင် ခြည်များ ထွက်ပေါ်လာတတ်၏၊ ထိုအခါ၌ ဥဒယဗ္ဗယဉာဏ်သို့ ငါဆိုက်ရောက်ပြီဟု အထင်ကြီးတတ်ကြ၏၊

ဥဒယဗ္ဗယဉာဏ်ဟူသည် အထက်တွင် အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ရုပ်တုံးရုပ်ခဲ ဟူသော ရုပ်ဃန သုံးမျိုး နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန (၄)မျိုးတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုနိုင်သဖြင့် နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိပြီး၍ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးအတွင်း၌ အကြောင်းတရား အဆက်ဆက် အကျိုးတရား အဆက်ဆက်တို့ကို သိမ်းဆည်းနိုင်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ် ကိုလည်း ရရှိပြီးသောအခါ, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို လက္ခဏာ ရေး သုံးတန်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုလိုက်သော် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရားတို့ကို ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ သန္တာန်၌သာလျှင် ဖြစ်ပေါ်လာနိုင်သော ဉာဏ်ဖြစ်၏၊

ရုပ်ကလာပ်ကိုမျှ မမြင်ဖူးသေးသဖြင့် မြင်ဖူးသော်လည်း ဃနပြိုအောင် ဓာတ်မခွဲတတ်သေးသဖြင့် ပရ မတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော, အကြည်ဓာတ် (၆)ပါးကိုမျှ မမြင်ဖူးသေး မရှုတတ်သေးသဖြင့် ယင်း အကြည်ဓာတ် (၆)ပါးကို အစွဲပြု၍ ဖြစ်ပေါ်သွားသော နာမ်တရားတို့ကိုလည်း နာမ်ဃနပြိုအောင် ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသဖြင့် နာမ်ပရမတ်သို့လည်း ဉာဏ်အမြင် မဆိုက်သေးသော, ဝိပဿနာဟူသည် အတိတ် အနာ ဂတ်ကို မရှုကောင်းပါဟု ပုံသေ လက်ခံထားသဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး၌ အကြောင်းတရား အကျိုးတရားတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောတရားကို မရှုတတ်သေးသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို လည်း မရရှိသေးသော, ထိုသို့ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြား မယူတတ် မသိမ်း ဆည်းတတ်သေးသဖြင့် ဉာတပရိညာစခန်းကိုမျှ မဆိုက်ရောက်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်ဟူသော တီရဏပရိညာ ပညာကို ရရှိရေးမှာ မမျှော်မှန်းနိုင်သေးသော မမျှော် မှန်းသင့်သော အရာသာ ဖြစ်ပေသည်။

ဉာတပရိညာ ပညာကို မရရှိသေးသော သူတော်ကောင်းတစ်ဦး၏ သန္တာန်ဝယ် တရားတစ်ခုခုကို နှလုံး သွင်းလိုက်ခြင်းကြောင့် အလင်းရောင် ထွက်ပေါ်လာခဲ့သော် ဥဒယဗ္ဗယဉာဏ်ကို ရရှိပြီ ရောက်ရှိပြီဟု အယူ အဆ မှားခဲ့ပါက သဗ္ဗညုဘုရားရှင်၏ သာသနာတော်နှင့် အလွဲကြီး လွဲသွားပြီ ဖြစ်၏၊ အကြောင်းမူ အလုံး စုံသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပါမှ ဒုက္ခ ကုန်နိုင်မည် ဖြစ်ကြောင်း အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။) ၌ ဘုရားရှင် ဟောကြားထားတော်မူသော ကြောင့် ဖြစ်၏၊

သို့အတွက် တရားတစ်ခုခုကို နှလုံးသွင်းလိုက်၍ လင်းရောင်ခြည် ထွက်ပေါ်လာတိုင်း ဥဒယဗ္ဗယဉာဏ်မှ ထွက်ပေါ်လာသော အရောင်ဟူ၍ကား မယူဆလေရာ။ သမထဘာဝနာစိတ်တို့၌လည်း လင်းရောင်ခြည်ရှိသည် ကို သတိပြုရမည်သာ ဖြစ်ပေသည်။

မေးမြန်းသင့်သော အချက်တစ်ရပ်

မေးမြန်းသင့်သော အချက်တစ်ရပ်

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးတို့၌ လင်းရောင်ခြည်စွမ်းအင် ရှိသည် မှန်ပါက အဘယ်ကြောင့် ဥဒယဗ္ဗယဉာဏ်ပိုင်း၌ - ဩဘာသ - အရောင်အလင်းကို တခမ်းတနား ဖော်ပြနေရပါသနည်း ဟု မေးမြန်းဖွယ်ရာ ရှိလာပြန်၏၊ အဖြေကား သမထဘာဝနာစိတ်နှင့် ဥဒယဗ္ဗယဉာဏ်မှ တစ်ပါးသော အခြား အခြားသော ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ရောက်ရှိသောအခါ ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းသို့ ရောက်ရှိသောအခါ ဥဒယဗ္ဗယာနုပဿနာစိတ်ကြောင့် ဖြစ် ပေါ်လာသော အရောင်အလင်းသည် တူညီမှု မရှိဘဲ တစ်မူထူးခြား၍ နေသောကြောင့် သီးသန့် ဖော်ပြနေ ရခြင်း ဖြစ်ပေသည်။ အောက်ပါ အဋ္ဌကထာ စကားရပ်များကို ဆက်လက်၍ ဖတ်ရှုကြည့်ပါ။

တတ္ထ ဩဘာသောတိ ဝိပဿနောဘာသော။ တသ္မိံဥပ္ပန္နေ ယောဂါဝစရော ''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပတ္တောသ္မီ''တိ အမဂ္ဂမေဝ ''မဂ္ဂေါ''တိ, အဖလမေဝ စ ''ဖလ''န္တိ ဂဏှာတိ။ တဿ အမဂ္ဂံ ''မဂ္ဂေါ''တိ၊ အဖလံ ''ဖလ''န္တိ ဂဏှတော ဝိပဿနာဝီထိ ဥက္ကန္တာ နာမ ဟောတိ။ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဩဘာသမေဝ အဿာဒေန္တော နိသီဒတိ။

(ဝိသုဒ္ဓိ၊၂၊၂၇၀။)

ထိုဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရား ဆယ်ပါးတို့တွင် ဩဘာသ - ဟူသည်ကား ဝိပဿနာစိတ်ကြောင့် ဖြစ်သော မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ကျရောက်လာသော စိတ္တဇရုပ်တို့၏ ဝဏ္ဏဓာတ် ၏ ပြိုးပြိုးပြက်ပြက် တလက်လက်ထွက်သော အရောင်နှင့် ယင်းစိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော ဥတုသမုဋ္ဌာန်ဖြစ်သော ဥတုဇရုပ်တို့၏ ဝဏ္ဏဓာတ်၏ ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်သော အရောင်တည်း။

ထို ဝိပဿနာ ဩဘာသ အရောင်အလင်းသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် ''ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော အရောင်အလင်းမျိုးသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ''- ဤသို့လျှင် မဂ်မဟုတ်သော ဩဘာသကိုပင်လျှင် မဂ်ဟူ၍ ဖိုလ်မဟုတ်သော ဩဘာသကိုပင်လျှင် ဖိုလ်ဟူ၍ စွဲယူ၏၊ မဂ်မဟုတ်သည်ကို မဂ်ဟူ၍ ဖိုလ်မဟုတ်သည်ကို ဖိုလ်ဟူ၍ စွဲယူသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဝီထိ ဟူသော ဝိပဿနာလမ်းကြောင်းကြီးကား တိမ်းစောင်း လွဲချော်၍ သွားလေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဝိပဿနာဟူသော မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ဩဘာသ = အရောင်အလင်းကိုပင် သာယာလျက် ထိုင်နေ၏၊

(ဝိသုဒ္ဓိ၊၂၊၂၇၀။)

ဤအထက်ပါ အဋ္ဌကထာစကားရပ်တွင် - ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော အရောင် အလင်းမျိုးသည် မဖြစ်ဖူးလေစွတကား - ဟူသော စကားရပ်မှာ ဤ၌ ပြောလိုရင်း ဖြစ်ပါသည်။ ငါ့အား ဤသို့သဘောရှိသော အရောင်အလင်းမျိုးသည် မဖြစ်ဖူးလေစွတကားဟုသာ ဆိုသည်။ ရှေးယခင်က အရောင် အလင်း လုံးဝ မဖြစ်စဖူးသေးဟု ဆိုလိုသည်ကား မဟုတ်ပါ။ ဤကဲ့သို့သော အရောင်အလင်းမျိုးသာ မဖြစ်ဖူး သေးကြောင်း ပြောလိုရင်း ဖြစ်သည်။ ထောက်ထားစရာ သာဓကမှာ ကျန် ဥပက္ကိလေသတို့နှင့် ဆက်စပ်၍ ဖွင့်ဆိုချက်များပင် ဖြစ်သည်။

''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပံ ဉာဏံ ဥပ္ပန္နပုဗ္ဗံ၊ ဧဝရူပါ ပီတိ၊ ပဿဒ္ဓိ၊ သုခံ၊ အဓိမောက္ခော၊ ပဂ္ဂဟော၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ နိကန္တိ ဥပ္ပန္နပုဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၇၃။)

= ငါ့အား ဤအခါမှ ရှေး၌ ဤသို့ သဘောရှိသော ဝိပဿနာဉာဏ်သည် မဖြစ်ဖူးစွတကား၊ ဤသို့ သဘော ရှိသော ဝိပဿနာပီတိသည်၊ ပဿဒ္ဓိသည်၊ ဝိပဿနာသုခသည်၊ အဓိမောက္ခ = သဒ္ဓါသည်၊ ပဂ္ဂဟ = ဝီရိယ သည်၊ ဥပဋ္ဌာန = သတိသည်၊ ဥပေက္ခာ = ဝိပဿနုပေက္ခာ + အာဝဇ္ဇနုပေက္ခာသည်၊ ဤသို့ သဘောရှိသော နိကန္တိသည် မဖြစ်ဖူး

ဤအထက်ပါ စကားရပ်များ၌ ဤကဲ့သို့သော ဝိပဿနာဉာဏ်မျိုးသည် ရှေးက မဖြစ်စဖူးဟုသာ ပြော ဆို၍ ဝိပဿနာဉာဏ် ရှေးက လုံးဝ မဖြစ်ခဲ့စဖူးဟု မပြောဆိုသည်ကိုကား သတိပြုရမည်သာ ဖြစ်ပေသည်။

အကယ်၍ ရှေးအခါက ဝိပဿနာဉာဏ် လုံးဝ မဖြစ်စဖူးသေးဟု ယူခဲ့လျှင် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယ ဉာဏ် အနုပိုင်းသော်မှလည်း မဖြစ်ဖူးသေးဟု အဓိပ္ပါယ် သက်ရောက်သလို ဖြစ်နေပေသည်။

အလားတူပင် ရှေးယခင်က ဤကဲ့သို့သော ပီတိ, ပဿဒ္ဓိ, သုခ, သဒ္ဓါ, ဝီရိယ, သတိ, ဥပေက္ခာမျိုးသာ မဖြစ်ဖူးခြင်း ဖြစ်သည်၊ ဘဝတစ်လျှောက်လုံးလုံး တစ်ကြိမ်တစ်ခါသော်မျှ ပီတိ, ပဿဒ္ဓိ, သဒ္ဓါ, ဝီရိယ စသော တရားများ မဖြစ်စဖူးဟု ဆိုလိုသည်ကား မဟုတ်ပေ။

အလားတူပင် ဩဘာသပိုင်း၌လည်း ဤကဲ့သို့သော အရောင်အလင်း ဩဘာသသည်သာ ရှေးယခင်က မဖြစ်ခဲ့ဖူးသေးခြင်း ဖြစ်သည်။ အရောင်အလင်း ဩဘာသ လုံးဝ မဖြစ်ဖူးသေးဟု ဆိုလိုရင်း မဟုတ်သည်ကိုကား သတိပြုလေရာသည်။

ယင်းသို့ ဖြစ်လျှင် အဘယ်ကြောင့် ဤအပိုင်းဝယ် ဩဘာသ = အလင်းရောင်အကြောင်းကို သီးသန့် ဖွင့်ဆိုပါသနည်းဟူမူ ရှေးယခင်က ဖြစ်ဖူးသော အရောင်အလင်းနှင့် လုံးဝ မတူညီဘဲ တစ်မူကွဲလျက် ထူးထူး ခြားခြား ဖြစ်ပေါ်လာသော အရောင်အလင်းမျိုး ဖြစ်၍ သီးသန့်ဂုဏ်တင်ကာ ချီးမွမ်း ဖွင့်ဆိုရခြင်း ဖြစ်သည်။ ထိုဩဘာသ အရောင်အလင်းကို အရိယမဂ်ဖိုလ်ဟု သို့မဟုတ် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကြောင့် ဖြစ်ပေါ် လာသော အရောင်အလင်းဟု အယူအစွဲ မှားတတ်ခြင်းကြောင့် သီးသန့် ဖွင့်ဆိုနေခြင်း ဖြစ်ပေသည်။

ဧတ္ထ စ ဩဘာသာဒယော ဥပက္ကိလေသဝတ္ထုတာယ ဥပက္ကိလေသာတိ ဝုတ္တာ၊ န အကုသလတ္တာ။

(ဝိသုဒ္ဓိ၊၂၊၂၇၃။)

= ဤ ဩဘာသ ဉာဏ် ပီတိ ပဿဒ္ဓိ သုခ သဒ္ဓါ ဝီရိယ သတိ ဥပေက္ခာတို့ကား တဏှာ မာန ဒိဋ္ဌိ ---- ဟူသော ဥပက္ကိလေသတရားတို့၏ တည်ရာဝတ္ထု ဖြစ်ခြင်းကြောင့် ယင်းတို့ကို ဥပက္ကိလေသတရားတို့ ဟူ၍ မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ အကုသိုလ်တရားများ ဖြစ်ခြင်းကြောင့် ဥပက္ကိလေသတရားတို့ဟူ၍ မိန့်ဆိုသည

ယင်း ဩဘာသ စသည်ကို - ငါပဲ, ငါ့အရောင်ပဲ, ငါ၏အတ္တပဲ, မဂ်ပဲ, ဖိုလ်ပဲ -- ဤသို့ စသည်ဖြင့် စွဲယူမှု ဖြစ်ခဲ့သော် ယင်း ဩဘာသ စသည်တို့သည် တဏှာ မာန ဒိဋ္ဌိ ဟူသော ဥပက္ကိလေသတရားတို့၏ တည်ရာ အကြောင်းတရားများ ဖြစ်သည်ဟုလည်းကောင်း, ယင်းဩဘာသစသည်ကို သာယာလျက် မူလ ဝိပဿနာ ကမ္မဋ္ဌာန်းကို စွန့်လွှတ်ကာ ထိုင်နေသော် ဝိပဿနာလမ်းကြောင်း တိမ်းစောင်းသွားပြီဟုလည်းကောင်း သိစေ လို၍ ဤ ဩဘာသ စသည်ကို ဂုဏ်တင်ကာ သီးသန့် ထုတ်ဖော် ဟောကြားနေခြင်း ဖြစ်သည်ဟု မှတ်သား ပါလေ။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သည်တိုင်အောင် သမာဓိထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက ယင်း စတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေ ပါဒက အကြောင်းရင်း ပြု၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ တက်လှမ်းလိုခဲ့သော် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ ကို ဂုဏ်အင်္ဂါ ရှစ်တန်တို့နှင့် ပြည့်စုံအောင် လေ့ကျင့်ထားလေရာသတည်း။

_________

ရုပ်ကမ္မဋ္ဌာန်းပိုင်း

ရုပ်ကမ္မဋ္ဌာန်းပိုင်း

ပညာဘူမိ-မူလ-သရီရဝဝတ္ထာန

ကထံ ဘာဝေတဗ္ဗာတိ ဧတ္ထ ပန ယသ္မာ ဣမာယ ပညာယ ခန္ဓာယတနဓာတုဣန္ဒြိယသစ္စပဋိစ္စသမုပ္ပါဒါဒိဘေဒါ ဓမ္မာ ဘူမိ။ သီလဝိသုဒ္ဓိ စေဝ စိတ္တဝိသုဒ္ဓိ စာတိ ဣမာ ဒွေ ဝိသုဒ္ဓိယော မူလံ။ ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, ဉာဏဒဿနဝိသုဒ္ဓီတိ ဣမာ ပဉ္စ ဝိသုဒ္ဓိယော သရီရံ။ တသ္မာ တေသု ဘူမိဘူတေသု ဓမ္မေသု ဥဂ္ဂဟပရိပုစ္ဆာဝသေန ဉာဏပရိစယံ ကတွာ မူလဘူတာ ဒွေ ဝိသုဒ္ဓိယော သမ္ပာဒေတွာ သရီရဘူတာ ပဉ္စ ဝိသုဒ္ဓိယော သမ္ပာဒေန္တေန ဘာဝေတဗ္ဗာ။ အယမေတ္ထ သင်္ခေပေါ။

(ဝိသုဒ္ဓိ၊၂၊၇၃။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားမှာ ဝိပဿနာပညာကို မည်သို့ မည်ပုံ ပွားများ အားထုတ်ရ မည်နည်းဟူသော အမေးကို အကျဉ်းချုပ် ဖြေဆိုထားသော အဖြေ ဖြစ်ပေသည်။ ယင်း အဋ္ဌကထာစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊

၁။ ဘူမိ ---- ခန္ဓာ, အာယတန, ဓာတ်, ဣန္ဒြေ, သစ္စာ, ကြောင်း-ကျိုး-ဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရား စသည်အားဖြင့် ပြားကုန်သော ဓမ္မသဘောတရားတို့သည်ကား ဝိပဿနာဉာဏ်၏ ဖြစ်ရာတည်ရာဘုံ = ဝိပဿနာဘူမိ မည်၏၊

၂။ မူလ ---- သီလစင်ကြယ်ခြင်း = သီလဝိသုဒ္ဓိ, စိတ်၏ နီဝရဏအညစ်အကြေးတို့မှ စင်ကြယ်ခြင်း = စိတ္တ ဝိသုဒ္ဓိ - ဤဝိသုဒ္ဓိနှစ်ပါးတို့ကား ဝိပဿနာဉာဏ်၏ အမြစ်အခြေ = မူလ မည်၏၊ အကြောင်းရင်းစစ် မည်၏၊

၃။ သရီရ ----

က။ ဒိဋ္ဌိဝိသုဒ္ဓိ (= နာမရူပပရိစ္ဆေဒဉာဏ်),

ခ။ ကင်္ခါဝိတရဏဝိသုဒ္ဓိ (= ပစ္စယပရိဂ္ဂဟဉာဏ်),

ဂ။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ (= သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်အနုပိုင်း),

ဃ။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (= ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသတို့မှ လွတ်မြောက် သွားသော ဥဒယဗ္ဗယဉာဏ် အရင့်ပိုင်းမှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံး),

င။ ဉာဏဒဿနဝိသုဒ္ဓိ (= အရိယမဂ်ဉာဏ်) ----

ဤဝိသုဒ္ဓိ (၅)တန်တို့ကား ဝိပဿနာဉာဏ်၏ အထည်ကိုယ် သရီရ မည်၏၊

ထိုကြောင့် ဝိပဿနာဉာဏ်၏ ဖြစ်ရာတည်ရာ ဘူမိဖြစ်၍ ဖြစ်ကုန်သော ထို ခန္ဓာစသော တရားတို့၌ နှုတ်တက်ရအောင် သင်ယူခြင်း, အနက်သဘောတရားတို့ကို မေးမြန်းခြင်း၏ အစွမ်းဖြင့် ဉာဏ်ဖြင့် လေ့ကျက်ခြင်း ကို ပြု၍ ဝိပဿနာဉာဏ်၏ အမြစ်အခြေ မူလတရား ဖြစ်ကြကုန်သော သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိဟူသော ဝိသုဒ္ဓိ တရားနှစ်ပါးတို့ကို ပြီးစီးပြည့်စုံစေသည် ဖြစ်၍, ဝိပဿနာဉာဏ်၏ အထည်ကိုယ် သရီရ ဖြစ်ကုန်သော ဒိဋ္ဌိ ဝိသုဒ္ဓိ စသော ဝိသုဒ္ဓိကျင့်စဉ် (၅)ရပ်တို့ကို ပြည့်စုံစေသည် ဖြစ်၍ ပွားများအပ်ကုန်၏၊ ဤကား ဤအရာဝယ် အကျဉ်းစကားရပ်တည်း။ (ဝိသုဒ္ဓိ၊၂၊၇၃။)

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက် ဖွင့်ဆိုချက်အရ နိဗ္ဗာန်ကို လိုလားတောင့်တလျက် ရှိသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်ကိုကား ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် မလွဲမသွေ လက်ခံနိုင်ရမည်သာ ဖြစ်ပေသည်။

ဝိပဿနာဉာဏ်၏ ဖြစ်ရာတည်ရာ ဘူမိ ဖြစ်ကြကုန်သော ခန္ဓာ-အာယတန-ဓာတ်-ဣန္ဒြေ-သစ္စာ-ပဋိစ္စ သမုပ္ပါဒ် သဘောတရားတို့ကို သဘောအနက်အဓိပ္ပါယ် ရှုကွက်နှင့်တကွ ဆရာသမားတို့ထံ၌ စနစ်တကျ နှုတ် တက်ရအောင် ရှေးဦးစွာ သင်ယူရမည် ဖြစ်ပေသည်၊ ဉာဏ်ဖြင့် လေ့ကျက်ခြင်းကို ပြုရမည်။

ရှေးဦးစွာ ဝိပဿနာ၏ အမြစ်အခြေ မူလဘူတတရားများ ဖြစ်ကြကုန်သော သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ ဟူသော ဝိသုဒ္ဓိနှစ်ပါးကို ပြီးစီးပြည့်စုံအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။

သီလဝိသုဒ္ဓိ

သီလဝိသုဒ္ဓိ

၁။ ပါတိမောက္ခသံဝရသီလ,

၂။ ဣန္ဒြိယသံဝရသီလ,

၃။ အာဇီဝပါရိသုဒ္ဓိသီလ,

၄။ ပစ္စယသန္နိဿိတသီလ ----

ဟု အခြေခံ သီလကြီး (၄) မျိုးရှိ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း အခြေခံ သီလကြီး (၄)မျိုးနှင့် ပြည့်စုံ အောင် ရှေးဦးစွာ ဖြည့်ကျင့်ရမည် ဖြစ်သည်။

၁။ ပါတိမောက္ခသံဝရသီလ ---- ဝိနည်းဒေသနာတော်၌ ဘုရားရှင် ပညတ်ထားတော်မူအပ်သော သိက္ခာပုဒ် အကြီးအငယ် အသွယ်သွယ်တို့ ရှိကြ၏၊ ''ဤအမှုကို ပြုလုပ်ရမည် ဖြည့်ကျင့်ရမည်''ဟု ပညတ်တော် မူအပ်သော သိက္ခာပုဒ်တို့ကို ဖြည့်ကျင့်ခြင်းဖြင့်လည်းကောင်း, ''ဤအမှုကို မပြုလုပ်အပ်''ဟု ပယ်မြစ် ထားသော အရာများကို မပြုမကျင့် ရှောင်ခြင်းဖြင့်လည်းကောင်း သိက္ခာပုဒ်တော်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် ပါတိမောက္ခသံဝရသီလ မည်၏၊ လူဒါယကာ ဒါယိကာမတို့အတွက် အောက်ထစ် ဆုံးအားဖြင့် ငါးပါးသီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ စွမ်းနိုင်ပါက ရှစ်ပါး, ကိုးပါး, ဆယ်ပါး သီလတို့ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမည်သာ ဖြစ်ပေသည်။

၂။ ဣန္ဒြိယသံဝရသီလ ---- မျက်စိ-နား-နှာ-လျှာ-ကိုယ်-စိတ် ဟူသော ဒွါရ ခြောက်ပါး တံခါးကြီး ခြောက် ပေါက်မှ အဘိဇ္ဈာ-ဒေါမနဿ = နှစ်သက်မှု-မနှစ်သက်မှုစသော အကုသိုလ်အယုတ်တရားတို့ မဝင် ရောက်နိုင်အောင် သမထ ဝိပဿနာ ဘာဝနာဟူသော ကမ္မဋ္ဌာန်းအာရုံတစ်ခုခု အတွင်းသို့ မိမိတို့၏ စိတ်ကို အမြဲသွတ်သွင်းထားခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ဣန္ဒြိယသံဝရသီလ မည်၏၊ ဤဣန္ဒြိယသံဝရသီလ လုံခြုံရေးကား ဘာဝနာအာရုံ တစ်ခုခုနှင့် ကင်း၍ ဖြည့်ကျင့်၍ မရစကောင်းပေ။ သို့အတွက် အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် သမာဓိထူထောင်ခိုက် သမထနယ်ပယ်၌သာ ရှိနေ သေးသည်ဖြစ်အံ့၊ မိမိရှုပွားနေသည့် သမထအာရုံ အတွင်း၌ မိမိ၏ ဘာဝနာစိတ်ကို သွတ်သွင်းလျက် ဤသီလကို လုံခြုံအောင် ဖြည့်ကျင့်ရမည် ဖြစ်သည်။ အကယ်၍ အသင်ယောဂါဝစရပုဂ္ဂိုလ်သည် အာနာ ပါနဿတိသမာဓိ ဘာဝနာကို ပွားနေသူ ဖြစ်အံ့၊ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါန သမထနိမိတ်အာရုံတို့တွင် မိမိရောက်ရှိနေသော သမထအာရုံနိမိတ်၌ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းလျက် အာနာပါနဿတိ သမာဓိဘာဝနာကိုသာ ပွားများနေရမည် ဖြစ်ပေသည်။ အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဝိပဿနာပိုင်းသို့ ရောက်ရှိနေပါက သင်္ခါရတရားတို့၏ အနိစ္စအခြင်း အရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို အာရုံယူ၍ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်ကို တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုနေရမည် ဖြစ်သည်။ ဤ ဣန္ဒြိယသံဝရသီလကား ရဟန္တာ အဖြစ်သို့ ရောက်ရှိပါမှ အပြည့်အစုံ စင်ကြယ်မည် ဖြစ်ပေသည်။

၃။ အာဇီဝပါရိသုဒ္ဓိသီလ ---- ရဟန်းတော်များအတွက် အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ်၍ ဘုရားရှင် ပညတ်တော်မူအပ်သော သိက္ခာပုဒ်တို့ ရှိကြ၏၊ ယင်းသိက္ခာပုဒ်တို့ကို မလွန်ကျူးဘဲ, လူဒါယကာ ဒါယိ ကာမတို့ အံ့ဩသွားအောင် အံ့ဖွယ်အမျိုးမျိုးကို ပြုလုပ်ခြင်း, အံ့ဖွယ်သရဲ အမျိုးမျိုးကို ပြောခြင်း, ပစ္စည်း လှူအောင် အရိပ်နိမိတ်ကို ပြခြင်း, လာဘ်တစ်ခုဖြင့် လာဘ်တစ်ခုကို ရှာဖွေခြင်း - ဤသို့ အစရှိကုန် သော ယုတ်မာသော မတရားနည်းလမ်းတို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ပစ္စည်း (၄)ပါးတို့ကို မသုံးစွဲဘဲ ရှောင်ကြဉ်ခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊

လူပုဂ္ဂိုလ်များအဖို့ - သူ့အသက်သတ်ခြင်း, သူ့ပစ္စည်း မတရားယူခြင်း, သူ့သားမယားကို ဖျက်ဆီးခြင်း ဟူသော ကာယဒုစရိုက်သုံးပါး, မုသားပြောခြင်း, ကုန်းတိုက်ခြင်း, ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း, ပြိန် ဖျင်းသော စကားကို ပြောဆိုခြင်းတည်း ဟူသော ဝစီဒုစရိုက် (၄)ပါး - ဤဒုစရိုက် (၇)ပါးတို့ကို လွန်ကျူးခြင်း ကြောင့် ရရှိသော ပစ္စည်းတို့ကို မသုံးစွဲဘဲ ရှောင်ကြဉ်ခြင်း, လက်နက်ကို ကုန်သွယ်ခြင်း, လူကို ကုန်သွယ်ခြင်း, မွေးမြူရေးလုပ်ငန်း ပြုလုပ်လျက် ကုန်သွယ်ခြင်း, အဆိပ်ကို ကုန်သွယ်ခြင်း, မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း တည်းဟူသော ကုန်သွယ်ခြင်း (၅)မျိုးတို့ဖြင့် ရရှိသော ပစ္စည်းတို့ကို မသုံးစွဲဘဲ ရှောင်ကြဉ်ခြင်း -- ဤသို့ ကာယ ဒုစရိုက်, ဝစီဒုစရိုက်, ကုန်သွယ်ခြင်း (၅)မျိုးတို့ကြောင့် ရရှိသော ပစ္စည်းတို့ကို မသုံးစွဲဘဲ ရှောင်ကြဉ်လျက် ကုန်သွယ်ခြင်း လယ်လုပ်ခြင်း စသည့် စင်ကြယ်သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းရပ်တို့ဖြင့် အသက် မွေးခြင်းသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊

၄။ ပစ္စယသန္နိဿိတသီလ ---- ပစ္စည်း (၄)ပါးကို သုံးစွဲရာ၌ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲခြင်း ဟူသော ပဋိသင်္ခါနပရိသုဒ္ဓ = ပစ္စဝေက္ခဏာ ဆင်ခြင်ခြင်းဖြင့် စင်ကြယ်သော ပစ္စည်း (၄)ပါးကို သုံး ဆောင်ကြောင်းဖြစ်သော အပြစ်မရှိသော ကုသိုလ်စေတနာ (ရဟန္တာအရှင်မြတ်တို့အတွက် ကြိယာ စေတနာ) သည် ပစ္စယသန္နိဿိတသီလ မည်၏၊

ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဤသီလကြီး (၄)ပါးကို စင်ကြယ်အောင် ဖြည့်ကျင့်နိုင်ပါက သီလဝိသုဒ္ဓိ စခန်းသို့ ဆိုက်ပြီ ဖြစ်ပေသည်။

တတ္ထ သီလဝိသုဒ္ဓိ နာမ သုပရိသုဒ္ဓံ ပါတိမောက္ခသံဝရာဒိစတုဗ္ဗိဓံ သီလံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိ

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= ဥပစာရစျာန် (= ဥပစာရသမာဓိ) နှင့်တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏၊

(ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဥပစာရသမာဓိပိ အပ္ပနာသမာဓိ ဝိယ ဝိပဿနာယ အဓိဋ္ဌာနဘာဝတော စိတ္တဝိသုဒ္ဓိယေဝါတိ အာဟ ''သဥပစာရာ''တိ။ ဝေဒိတဗ္ဗာတိ အတ္တနော သန္တာနေ နိဗ္ဗတ္တနဝသေနေဝ ဝေဒိတဗ္ဗာ။ ဧဝဥှိ တာ ပစ္စက္ခတော ဝိဒိတာ နာမ ဟောန္တိ၊ တသ္မာ ဝေဒိတဗ္ဗာ သမ္ပာဒေတဗ္ဗာတိ ဝုတ္တံ ဟောတိ။ ဝေဒိတဗ္ဗာတိ ဝါ သမာပတ္တိသုခါဓိဂမဝသေန အနုဘဝိတဗ္ဗာတိ အတ္ထော။ န ဟိ ကေဝလေန ဇာနနမတ္တေန စိတ္တဝိသုဒ္ဓိယံ ပတိဋ္ဌိတော နာမ ဟောတိ၊ န စ တတ္ထ အပတိဋ္ဌာယ ဥပရိဝိသုဒ္ဓိံ သမ္ပာဒေတုံ သက္ကာတိ။ (မဟာဋီ၊၂၊၃၅၀။)

ဥပစာရသမာဓိသည်လည်း အပ္ပနာစျာန်သမာဓိကဲ့သို့ ဝိပဿနာဉာဏ်၏ တည်ရာ ဖြစ်သောကြောင့် စိတ္တဝိသုဒ္ဓိ မည်သည်သာလျှင် ဖြစ်ပေသည်၊ ထိုကြောင့် ဥပစာရသမာဓိနှင့် တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့သည် စိတ္တဝိသုဒ္ဓိ မည်၏ - ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

(မဟာဋီ၊၂၊၃၅၀။)

ထိုဥပစာရသမာဓိနှင့်တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့ကိုလည်း စိတ်ကို အဦးမူသဖြင့် ဖွင့်ဆို ရေးသားခဲ့ပြီးကုန်သော သမာဓိနိဒ္ဒေသပိုင်း၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အကျယ် ဖွင့်ဆိုရေးသား ခဲ့ပြီးသာ ဖြစ်ပေသည်။ ထိုကြောင့် ထိုဥပစာရသမာဓိနှင့် တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့ကို ထိုသမာဓိ ကို အကျယ်ပြဆိုရာ သမာဓိနိဒ္ဒေသပိုင်း၌ အကျယ် ဖွင့်ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းသာလျှင် သိရှိပါလေ = ပြည့်စုံအောင် ကြိုးစားအားထုတ်ပါလေ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဤ၌ ဝေဒိတဗ္ဗာ = သိရှိပါလေဟူသည်မှာ မိမိ၏ သန္တာန်၌ ဥပစာရသမာဓိနှင့် တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့ကို ဖြစ်စေသည်၏ အစွမ်းအားဖြင့်သာလျှင် သိရှိပါလေဟု ဆိုလိုပေသည်။

ဤသို့ မိမိသန္တာန်၌ ဖြစ်စေသည်၏ အစွမ်းအားဖြင့် သိခဲ့သော် ထိုဥပစာရသမာဓိနှင့် တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့ကို ကိုယ်တိုင်မျက်မှောက် ပစ္စက္ခအားဖြင့် သိအပ်သည် မည်ကုန်၏၊ ထိုကြောင့် ဥပစာရ သမာဓိနှင့်တကွ ဖြစ်ကုန်သော သမာပတ် (၈)ပါးတို့ကို သိအပ်ကုန်၏ ပြည့်စုံစေအပ်ကုန်၏ဟု ဆိုလိုပေသည်။

(မဟာဋီ၊၂၊၃၅၀။)

တစ်နည်းဆိုရသော် ---- သိအပ်ကုန်၏ဟူသည် သမာပတ်ချမ်းသာကို ရရှိသည်၏ အစွမ်းအားဖြင့် ခံစား အပ်ကုန်၏ဟု ဆိုလိုပေသည်။

မှန်ပေသည် ---- သမာပတ်ကို သိရုံသက်သက်မျှဖြင့်ကား စိတ္တဝိသုဒ္ဓိ၌ ရပ်တည်နေသည် မည်သည် မဖြစ် နိုင်။ တစ်ဖန် ထိုစိတ္တဝိသုဒ္ဓိ၌ မရပ်တည်နိုင်ပါမူကား အထက်ဖြစ်သော ဝိသုဒ္ဓိကို ပြီးစီးပြည့်စုံစေရန် မည်သည့် နည်းနှင့်မျှ စွမ်းနိုင်မည် မဟုတ်ပေ။ ဤသို့ သိရှိပါလေ။ (မဟာဋီ၊၂၊၃၅၀။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်များအရ ဒိဋ္ဌိဝိသုဒ္ဓိစသော အထက်အထက် ဝိသုဒ္ဓိ စခန်းသို့ တက်လှမ်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သီလဝိသုဒ္ဓိကို ပြည့်စုံစေပြီးသောအခါ စိတ္တဝိသုဒ္ဓိ ကို ပြည့်စုံအောင် ဆက်လက် ကြိုးပမ်းရမည် ဖြစ်ပေသည်။ စိတ္တဝိသုဒ္ဓိ မဖြစ်သေးဘဲနှင့် အထက်ဝိသုဒ္ဓိစခန်းသို့ တက်လှမ်း၍ မရနိုင်ဟူသော အဆိုကိုကား အထူး သတိပြုပါလေ။ ဤကျမ်း၌ကား အာနာပါနကျင့်စဉ်လမ်းမှ ဥပစာရသမာဓိနှင့် တကွသော စတုတ္ထစျာန်သို့ တိုင်အောင်သော ရူပါဝစရစျာန် (၄)ပါးကို ပွားများအားထုတ်ပုံ ကို ဖွင့်ဆိုရေးသားခဲ့ပြီး ဖြစ်ပေသည်။ အာနာပါနလမ်းစဉ်မှ ဒိဋ္ဌိဝိသုဒ္ဓိစသော အထက်ဝိသုဒ္ဓိစခန်းသို့ တက်လှမ်း လိုသော အသင် ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဥပစာရသမာဓိကို ဖြစ်စေ, စတုတ္ထစျာန်တိုင်အောင်သော အပ္ပနာသမာဓိကို ဖြစ်စေ ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိကို ထူထောင်ထားပါ။

ဒိဋ္ဌိဝိသုဒ္ဓိ

ဒိဋ္ဌိဝိသုဒ္ဓိ

တတ္ထ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓိ နာမ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= နာမ်ရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ဆိုက်အောင် မဖောက်မပြန် ဟုတ်မှန်တိုင်းသော သဘောကို သိမြင်ခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏၊ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ။

(အဘိဓမ္မတ္ထသင်္ဂဟ၊ ကမ္မဋ္ဌာန်းပိုင်း။)

= လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏၊ (သင်္ဂဟ။)

ယေဘုယျ စည်းကမ်း သတ်မှတ်ချက်

ယထာ ရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန ဝိပဿနာယာနိကဿ၊ ဧဝံ အရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဟောတိ။ အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)

= ရုပ်တရား၌ စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား ဖြစ်၏၊ အလားတူပင် နာမ်တရား၌ စ၍ ဝိပဿနာနှလုံးသွင်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိက ပုဂ္ဂိုလ်အား ဖြစ်၏၊ အဘိနိဝေသ = နှလုံးသွင်းခြင်းဟူသည် ဝိပဿနာ၏ ေ့ရှအဖို့၌ ပြုသင့် ပြုထိုက်သော န

ဤကား ယေဘုယျ စည်းကမ်းသတ်မှတ်ချက် ဖြစ်ပေသည်။

ထို နာမ်ရုပ်တို့ကို သိမ်းဆည်းရာ၌ သမထယာနိက = စျာန်သမထယာဉ်ရှိသော ပုဂ္ဂိုလ်သည် ----

၁။ နာမ်တရားကစ၍ သိမ်းဆည်းလိုပါကလည်း ရရှိနိုင်၏၊

၂။ ရုပ်တရားက စ၍ သိမ်းဆည်းလိုပါကလည်း ရရှိနိုင်၏၊

အကယ်၍ သမထယာနိကပုဂ္ဂိုလ်သည် နာမ်တရားကစ၍ သိမ်းဆည်းလိုခဲ့သော် သိမ်းဆည်းပုံ စနစ်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း ညွှန်ကြားထားတော်မူပေသည်။

တံ သမ္ပာဒေတုကာမေန သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ စျာနင်္ဂါနိ, တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။

တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ''ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီ''တိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ၊ ဘူတနိဿိတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= ထို ဒိဋ္ဌိဝိသုဒ္ဓိကို ပြည့်စုံစေလိုသော သမထဟူသော စျာန်ယာဉ်ရှိသော သမထယာနိက ယောဂါဝစရ ပုဂ္ဂိုလ်သည်, သို့မဟုတ် စျာန်၌သော်လည်းကောင်း စျာန်၏အနီးအပါး ဥပစာ၌ ဖြစ်လေ့ရှိသော ဥပစာရသမာဓိ ၌သော်လည်းကောင်း ရပ်တည်၍ ဝိပဿနာကို အားထုတ်သောကြောင့် သမထယာနိကမည်သော ယောဂါဝစရ ပုဂ္ဂိုလ်

ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော် ဤစျာန်အင်္ဂါနှင့် = စျာန်နှင့်ယှဉ်သော ဖဿစသော တရား အပေါင်းအားလုံးကိုလည်း အာရုံနှင့် ကင်း၍ မဖြစ်နိုင်သည့်အတွက် အာရုံသို့ ရှေးရှုညွတ်တတ်သောကြောင့် အာရုံသို့ ရှေးရှုညွတ်တတ်သည်၏ အဖြစ်တည်းဟူသော အနက်သဘောကြောင့် နာမ်မည်၏ဟု ဉာဏ်ဖြင့် ပိုင်း ခြား မှတ်သားအပ်၏၊ မရောယှက်သောအားဖြင့် စိတ်နှလုံး၌ ထားအပ်၏၊

ထိုနာမ်ကို မရောယှက်သောအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူပြီး စိတ်နှလုံး၌ မှတ်သားထားပြီးသည်မှ နောက်ကာလ၌ လောကဥပမာအားဖြင့် ယောက်ျားတစ်ဦးသည် အိမ်တွင်း၌ မြွေကို မြင်၍ ထိုမြွေကို အစဉ် တစိုက် လိုက်လတ်သည်ရှိသော် ထိုမြွေ၏ ကိန်းအောင်းရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို ဉာဏ်ဖြင့် ကပ်၍ ထက်ဝန်းကျင် ရှုလတ်သည်ရှိသော် = ဉာဏ်ဖြင့် ကပ်၍ စူးစမ်း ဆင်ခြင်လတ်သည်ရှိသော် ဤနာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်လေသနည်းဟု ဤသို့ ထက်ဝန်းကျင်မှ ဉာဏ်ဖြင့် စူးစမ်းရှာဖွေလတ်သော် ထိုနာမ်၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်ကို တွေ့မြင် လေ၏၊ ထိုဟဒယဝတ္ထုရုပ်ကို ဉာဏ်ဖြင့် မြင်သည်မှ နောက်ကာလ၌ ဟဒယဝတ္ထုရုပ်၏ မှီရာဖြစ်ကြကုန်သော ကလာပ်တူ မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့ကိုလည်းကောင်း, မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ ဖြစ်ကြ ကုန်သော ဟဒယဝတ္ထုမှ ကြွင်းသော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဉာဏ်ဖြင့် တွေ့မြင်၏၊ ဤသို့လျှင် ရုပ်တရား ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဤဘူတရုပ် ဥပါဒါရုပ်ဟူသော တရားသဘောအားလုံးသည်လည်း ဖောက် ပြန်တတ်သည်၏ အဖြစ်ကြောင့် ရုပ် မည်၏၊ -- ဤသို့ ဉာဏ်ဖြင့် ပိုင်းခြား မှတ်သား၏၊ မရောယှက်သော အားဖြင့် စိတ်နှလုံး၌ ထား၏၊

ထိုသို့ အသီးအသီး နာမ်ကိုလည်းကောင်း, ရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်း ပြီးသည်မှ နောက်ကာလ၌ ----

၁။ အာရုံသို့ ရှေးရှုညွတ်ခြင်း လက္ခဏာရှိသော တရားသည် နာမ် မည်၏၊

၂။ ဖောက်ပြန်ခြင်း လက္ခဏာရှိသော တရားသည် ရုပ် မည်၏၊ ----

ဤသို့ အကျဉ်းအားဖြင့် နာမ်နှင့် ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြား မှတ်သား၏၊ မရောယှက်သောအားဖြင့် စိတ်နှလုံး၌ ထား၏၊ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

သမထယာနိက

သမထယာနိက

ယာတိ ပဇ္ဇတိ ဧတေနာတိ ယာနံ၊ သမထောဝ ယာနံ သမထယာနံ၊ တံ ဧတဿ အတ္ထီတိ သမထယာနိကော။ စျာနေ, စျာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တေဿတံ နာမံ။ (မဟာဋီ၊၂၊၃၅၀။)

လောက၌ လူတို့ စီးနင်းလိုက်ပါ၍ ထိုထို လိုရာအရပ်သို့ သွားကြောင်းဖြစ်သော ကား-ရထား စသည် သည် ယာဉ် မည်၏၊ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိ = သမထသည်လည်း သူတော်ကောင်းတို့၏ ဝိပဿနာဘူမိဟူသော ဝိပဿနာဘုံသို့ သွားရာသွားကြောင်း ဖြစ်သောကြောင့် ယာဉ် မည်၏၊ သမထယာဉ်ဟု ခေါ်ဆို၏၊ ထိုသမထယာဉ်ရှိသော ပုဂ္ဂိုလ်ကို သမထယာနိကပုဂ္ဂိုလ်ဟု ခေါ်ဆိုသည်။ အပ္ပနာစျာန်၌လည်းကောင်း, အပ္ပနာစျာန်၏ အနီးအပါး၌ ဖြစ်လေ့ရှိသော ဥပစာရစျာန် = ဥပစာရသမာဓိ၌ လည်းကောင်း ရပ်တည်၍ ဝိပဿနာကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အမည်ပင် ဖြစ်ပေ သည်။ (မဟာဋီ၊၂၊၃၅၀။)

နေဝသညာနာသညာယတနစျာန်

''ဌပေတွာ နေဝသညာနာသညာယတန''န္တိ ဣဒံ ဘဝဂ္ဂဓမ္မာနံ အာဒိကမ္မိကဿ ဒုပ္ပရိဂ္ဂဟတာယ ဝုတ္တံ။

(မဟာဋီ၊၂၊၃၅၀။)

= နေဝသညာနာသညာယတနစျာန်ကို ချန်ထား၍ဟူသော ဤစကားကို ဘဝဂ္ဂဓမ္မ အမည်ရသော နေဝ သညာ နာသညာယတနစျာန်နှင့် ယှဉ်သော နာမ်တရားစုတို့၏ နာမ်ကမ္မဋ္ဌာန်းကို စတင်၍ အားသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်အား ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းငှာ ခဲယဉ်းသည်၏ အဖြစ်ကြောင့် အဋ္ဌကထာ ဆရာတေ

အာနာပါနကျင့်စဉ်မှ ဒိဋ္ဌိဝိသုဒ္ဓိသို့

အာနာပါနဿတိသမာဓိဘာဝနာလမ်းမှ ဒိဋ္ဌိဝိသုဒ္ဓိသို့ ကူးရာ၌လည်း အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးသော စည်းကမ်းအတိုင်း ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် နာမ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိ ဝိသုဒ္ဓိစခန်းသို့ ကူးလိုပါက မိမိရရှိထားပြီးသော ဥပစာရစျာန် သို့မဟုတ် အပ္ပနာစျာန်ကို ဝိပဿနာ၏ အခြေ ပါဒကအဖြစ် တရားထိုင်တိုင်း ထိုင်တိုင်း ဝိပဿနာကို နှလုံးသွင်းတိုင်း သွင်းတိုင်း ရှေးဦးစွာ သမာဓိထူထောင် ရမည်။ စတုတ္ထစျာန် ဆိုက်သည်တိုင်အောင် သမာဓိ ထူထောင်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်သည်။

လင်းရောင်ခြည် စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလာသောအခါ ယင်း စျာန်မှ ထ၍ စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ထိုနောင် ယင်းစျာန်နှင့် ယှဉ်သော နာမ် တရားစုတို့ကို ဆက်လက်၍ သိမ်းဆည်းရမည်။ ထိုနောင် မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွ ဘူတရုပ် ဥပါဒါရုပ် တို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ အကယ်၍ နာမ်ကမ္မဋ္ဌာန်းက စ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ မကူးလိုဘဲ ရုပ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုခဲ့သော် အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြား ချက်အတိုင်း ကြိုးပမ်းရတော့မည် ဖြစ်သည်။

သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

= သမထ မဖက် ဝိပဿနာယာဉ်သက်သက်ရှိသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, နာမ်ကမ္မဋ္ဌာန်းကစ၍ အားမထုတ်လိုဘဲ ရုပ်ကမ္မဋ္ဌာန်းကစ၍ အားထုတ်လိုသော သိမ်းဆည်းလိုသော စျာန် သမထယာဉ်ရှိသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း ဒိဋ္ဌိဝိသုဒ္ဓိ ဉာဏ်အမြင်ကို ပြည့်စုံစေလိုခဲ့သော် စတုဓာတုဝဝတ္ထ

ဓာတ်ကြီး (၄)ပါးက စ၍ တစ်ဆင့်ပြီး တစ်ဆင့် ခန္ဓာ (၅) ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ဣန္ဒြေ (၂၂)ပါး, သစ္စာ (၄)ပါး, ကြောင်း-ကျိုး-ဆက် = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ဆက်လက်၍ ကြိုးပမ်းရမည် ဖြစ်ပေသည်။ အကြောင်းမူ ယင်းတရား တို့ကား ဝိပဿနာဉာဏ်၏ ဖြစ်ရာ တည်ရာ ဝိပဿနာဘူမိ တရားများပင် ဖြစ်သောကြောင့်တည်း။ ယင်းတရား တို့ကို ယောဂါဝစရပုဂ္ဂိုလ်သည် ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းနိုင်ပါမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးနိုင်မည် ဖြစ်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။)တွင် ဟောကြားထားတော်မူလျက် ရှိပေသည်။

ဝေနေယျဇ္ဈာသယ

ဝေနေယျဇ္ဈာသယ

ဤအရာဝယ် မေးမြန်းဖွယ် ရှိလာပြန်၏၊ ဤသို့လျှင် ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်-အာဟာရ-အစရှိကုန်သော များစွာကုန်သော ဤတရားတို့ကို အဘယ်ကြောင့် ဝိပဿနာဉာဏ်၏ ဖြစ်ရာတည်ရာ ဘုံ အဖြစ်ဖြင့် ယူအပ်ပါကုန်သနည်း၊ ဤခန္ဓာစသည်တို့တွင် တစ်မျိုးတည်းဖြင့်သော်လည်း မဂ်-ဖိုလ်-နိဗ္ဗာန် ဟူသော လိုအပ်သော အကျိုး၏ ပြီးစီးပြည့်စုံခြင်းသည် ဖြစ်နိုင်သည် မဟုတ်ပါလောဟု မေးရန် ရှိ၏၊ မဖြစ်နိုင် ဟူ၍ပင် ဖြေဆိုလေရာသည်။ အကြောင်းကား သုံးမျိုး သုံးစား ပြားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန် အတွက် ခန္ဓာ (၅)ပါး ရှုနည်း, အာယတန (၁၂)ပါးရှုနည်း, ဓာတ် (၁၈)ပါး ရှုနည်းများကို ဘုရားရှင် ဟောကြား ထားတော်မူသောကြောင့် ဖြစ်၏၊

ကျွတ်ထိုက်သော ဝေနေယျ သတ္တဝါတို့ကား ----

၁။ ရူပသမ္မူဠှာ = ရုပ်တရား၌ တွေဝေသော သတ္တဝါ ,

၂။ အရူပသမ္မူဠှာ = နာမ်တရား၌ တွေဝေသော သတ္တဝါ ,

၃။ ဥဘယသမ္မူဠှာ = ရုပ်-နာမ်နှစ်ပါးစုံ၌ တွေဝေသော သတ္တဝါ ----

ဟု သုံးမျိုးသုံးစား ရှိနေပေ၏၊ ထိုသို့ သတ္တဝါတို့မှာ သုံးမျိုးသုံးစား ရှိနေသဖြင့် ခန္ဓာ (၅)ပါးနည်းအားဖြင့် ဝိပဿနာရှုပုံ စသည့် တစ်မျိုးမျိုးလောက်ကိုသာ ယူ၍ ဝိပဿနာရှုပုံနည်းစနစ်ကို ဟောကြားပြသတော်မူသည် ရှိသော် အလုံးစုံသော သတ္တဝါတို့အား ဆက်ဆံသော ချီးမြှောက်မှုကို ပြုအပ်သည် မဖြစ်လေရာ။

၁။ အရူပသမ္မူဠှာ ---- ထိုသုံးမျိုးသော သတ္တဝါတို့တွင် အချို့သော ကျွတ်ထိုက်သသူ နတ်လူ ဗြဟ္မာ ဝေနေယျ ကြာ သတ္တဝါတို့သည်ကား ရုပ်တရားနှင့် ပတ်သက်၍ အသိဉာဏ် သန့်ရှင်းလျက် ရှိကြ၏၊ တွေဝေမှု မရှိကုန်၊ နာမ်တရားနှင့် ပတ်သက်၍ကား အသိဉာဏ် မသန့်မရှင်း တွေဝေနေကြ၏၊ ထိုသတ္တဝါတို့အတွက် ခန္ဓာ (၅)ပါးနည်းဖြင့် စိတ်-စေတသိက် ရုပ်တရားတို့ကို (၅)ပုံ ပုံ၍ ဝိပဿနာရှုရန် ညွှန်ကြား ပြသ ဆိုဆုံးမတော်မူအပ်ပေသည်။ ခန္ဓာ (၅)ပါးနည်း၌ ---- အသိဉာဏ်သန့်ရှင်းပြီး ဖြစ်သော ရုပ်တရားကို တစ်စုတစ်ပုံ ပုံ၍လည်းကောင်း, အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေသည့် နာမ်တရားတို့ကို ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟု (၄)ပုံ ပုံ၍လည်းကောင်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူပေသည်။

၂။ ရူပသမ္မူဠှာ ---- အချို့သော ဝေနေယျသတ္တဝါတို့သည်ကား ရုပ်တရား၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေ နေကြ၏၊ ရုပ်တရားများကို ခြုံငုံ၍ သိမ်းဆည်းရှုပွားမှု၌ အခက်အခဲများစွာ ရှိနေကြ၏၊ သို့သော် နာမ် တရားနှင့် ပတ်သက်၍ကား အသိဉာဏ် သန့်ရှင်းလျက် ရှိကြ၏၊ တွေဝေမှု မရှိကြကုန်။ လွယ်လွယ်ကူကူ မပင်မပန်း မငြိုမငြင် သိမ်းဆည်းရှုပွား၍ ရနေကြ၏၊ ထိုသို့ နာမ်တရား၌ အသိဉာဏ် သန့်ရှင်းကြ၍ ရုပ်တရား၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေသည့် သတ္တဝါတို့အတွက် အာယတန ဒေသနာတော် နည်းဖြင့် စိတ်-စေတသိက် ရုပ်တရားတို့ကို (၁၂)ပုံ ပုံ၍ ဝိပဿနာရှုရန် ညွှန်ကြားပြသတော်မူပေသည်။ ဤအာယတနဒေသနာနည်း၌ ရုပ်တရားများကို (၁၀)ပုံခွဲ ပုံ၍လည်းကောင်း, နာမ်တရားများကို (၁)ပုံခွဲ ပုံ၍လည်းကောင်း ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူသည်။

၃။ ဥဘယသမ္မူဠှာ ---- အချို့သော ကျွတ်ထိုက်သသူ ဝေနေယျ သတ္တဝါတို့သည်ကား ရုပ်-နာမ် နှစ်မျိုးလုံး၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေကြ၏၊ ထိုသို့ ရုပ်-နာမ် နှစ်မျိုးလုံး၌ အသိဉာဏ် မသန့်ရှင်းဘဲ တွေဝေနေကြသည့် ဝေနေယျတို့အတွက် စိတ်-စေတသိက် ရုပ်တရားတို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါး နည်းဖြင့် ဝိပဿနာရှုရန် ညွှန်ကြားပြသတော်မူပေသည်။ ဤ ဓာတ် (၁၈)ပါးနည်း၌ ရုပ်တရားများကို (၁၀)ပုံခွဲ ပုံ၍လည်းကောင်း, နာမ်တရားများကို (၇)ပုံခွဲ ပုံ၍လည်းကောင်း ဝိပဿနာရှုရန် ဘုရားရှင် ညွှန်ကြားထားတော်မူသည်။ (မဟာဋီ၊၂၊၈၅ - ကြည့်။)

ဣန္ဒြိယဘေဒ = ဣန္ဒြေ ကွဲပြားမှု

ဣန္ဒြိယဘေဒ = ဣန္ဒြေ ကွဲပြားမှု

၁။ တိက္ခိန္ဒြိယာ = ထက်မြက်သော ဣန္ဒြေ ရှိသော သတ္တဝါ ,

၂။ မဇ္ဈိမိန္ဒြိယာ = မနုံ့ မထက် အလယ်အလတ် ဣန္ဒြေ ရှိသော သတ္တဝါ ,

၃။ မုဒိန္ဒြိယာ = နုံ့သော ဣန္ဒြေရှိသော သတ္တဝါ ----

ဟု ဣန္ဒြိယဘေဒ သဘောအားဖြင့် သတ္တဝါ သုံးမျိုး သုံးစား ရှိ၏၊ ထိုတွင် သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ ဟူသော ဣန္ဒြေ (၅)ပါးတို့ ရင့်ကျက်၍ ထက်မြက်နေသော ဝေနေယျတို့အား ခန္ဓာ (၅)ပါးနည်းဖြင့်, မနုံ့ မထက် အလယ်အလတ် ဣန္ဒြေရှိသော ဝေနေယျတို့အား အာယတန (၁၂)ပါးနည်းဖြင့်, ဣန္ဒြေနုံ့သော ဝေနေ ယျတို့အား ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားပြသတော်မူပေသည်။

(မဟာဋီ၊၂၊၈၅ - ကြည့်။)

အဇ္ဈာသယဓာတ် - အကြိုက်ချင်း မတူညီသူများ

၁။ သံခိတ္တရုစိ ---- အကျဉ်းကို နှစ်သက်သော ပုဂ္ဂိုလ်,

၂။ မဇ္ဈိမရုစိ ---- မကျဉ်းမကျယ် အလယ်အလတ်ကို နှစ်သက်သော ပုဂ္ဂိုလ်,

၃။ ဝိတ္ထာရရုစိ ---- အကျယ်ကို နှစ်သက်သော ပုဂ္ဂိုလ် ----

ဟု သုံးမျိုးသုံးစား ရှိပြန်၏၊

ထိုတွင် အကျဉ်းကို ကြိုက်နှစ်သက်သော ဝေနေယျတို့အား ခန္ဓာ (၅)ပါးနည်းဖြင့်, မကျဉ်း မကျယ် အလယ်အလတ်ကို ကြိုက်နှစ်သက်သော ဝေနေယျတို့အား အာယတန (၁၂)ပါးနည်းဖြင့်, အကျယ်ကို ကြိုက် နှစ်သက်သော ဝေနေယျတို့အား ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရန်အတွက် ဘုရားရှင်သည် ညွှန်ကြားပြသပေးတော်မူပေသည်။ (မဟာဋီ၊၂၊၈၅။)

သတိပြုရမည့် အချက်

သတိပြုရမည့် အချက်

ခန္ဓာ (၅)ပါးနည်း, အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်း - ဤသို့စသည်ဖြင့် ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ်ခံကို လိုက်၍ ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသထားသော်လည်း ခန္ဓာ (၅)ပါး, အာယ တန (၁၂)ပါး, ဓာတ် (၁၈)ပါး ဟူသည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် လောကီ စိတ်-စေတသိက် ရုပ်တရားများသာ ဖြစ်ကြသည်ကိုကား မမေ့ပါနှင့်၊ အထူးသတိပြုပါလေ။ (၅)ပုံ, (၁၂)ပုံ, (၁၈)ပုံ ဟူ၍ ကွဲပြား မှု ရှိသော်လည်း မူရင်း ပရမတ်ဖြစ်သော စိတ်-စေတသိက် ရုပ်တရားတို့ကား တူညီလျက်သာ ရှိပါသည်။ ကွဲပြားမှုကား မရှိပေ။

ဣန္ဒြေ (၂၂) ပါး

စိတ်-စေတသိက် ရုပ်တရားတို့ကိုပင် (၂၂)ပုံ ပုံခဲ့သော် ဣန္ဒြေ (၂၂)ပါး ဖြစ်သည်။ လောကုတ္တရာ ဣန္ဒြေ ထိုက်သော တရားတို့ကို ပယ်နှုတ်၍ လောကီဣန္ဒြေတို့ကိုလည်း ဣန္ဒြိယဒေသနာနည်းအားဖြင့် ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊

ဤဣန္ဒြေထိုက်သော တရားတို့သည်ကား အစိုးရသော မင်းတို့ကဲ့သို့ အတူဖြစ်ကြကုန်သော သဟဇာတ တရားတို့၌ အစိုးရသည်၏ အဖြစ်ကို အကြီးအမှူး၏ အဖြစ်ကို အကယ်၍ကား ဖြစ်စေနိုင်ကြကုန်၏၊ သို့ သော်လည်း ထိုအစိုးရသည်၏အဖြစ် အကြီးအမှူး၏အဖြစ်သည် ထိုဣန္ဒြေတို့၏ ဓမ္မသဘာဝ = တရားဓမ္မတို့၏ ပင်ကိုရင်း ဓမ္မတာသဘောအားဖြင့် ပြီး၏၊ ဤဣန္ဒြေထိုက်သော တရားတို့၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ၏ အလိုအတိုင်း ဖြစ်မှုသည် မရှိသည်သာတည်း၊ ဤတရားတို့သည် အစိုးရသည့် အတ္တမှ ဆိတ်သုဉ်း ကြကုန်၏၊ အတ္တဟူသော မိမိ၏ အလိုသို့ မလိုက်ပါတတ်ကြကုန်။ ဤသို့ အနတ္တလက္ခဏာ အနတ္တဉာဏ်အမြင် ကို ရလွယ်စေခြင်း အကျိုးငှာ ဣန္ဒြေနည်းဖြင့် ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားမှုကို ပြုတော်မူပေ သည်။ (မဟာဋီ၊၂၊၈၅ - ကြည့်။)

သစ္စာ နှင့် ပဋိစ္စသမုပ္ပါဒ်

သစ္စာ နှင့် ပဋိစ္စသမုပ္ပါဒ်

၁။ ပဝတ္တိ = ဖြစ်ခြင်းသဘော (= ဒုက္ခသစ္စာတရား),

၂။ ပဝတ္တိဟေတု = ဖြစ်ကြောင်းသဘော (= သမုဒယသစ္စာတရား),

၃။ နိဝတ္တိ = ဆုတ်နစ်ခြင်း = ချုပ်ခြင်းသဘော (= နိရောဓသစ္စာတရား),

၄။ နိဝတ္တိဟေတု = ဆုတ်နစ်ကြောင်း = ချုပ်ကြောင်းသဘော (= မဂ္ဂသစ္စာတရား) ----

ထို ခန္ဓာ-အာယတန-ဓာတ်-ဣန္ဒြေ ဟူသော (၄)မျိုးသော တရားသည်လည်း ယင်းတို့၏ ဖြစ်ခြင်းသဘော ဖြစ်ကြောင်းသဘော ချုပ်ခြင်းသဘော ချုပ်ကြောင်းသဘောဟူသော (၄)မျိုးသော အခြင်းအရာကို ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှသာလျှင် ကျေးဇူးကို ရွက်ဆောင်ပေးတတ်၏၊ ယင်း (၄)မျိုးသော အခြင်းအရာကို မမြင်သော်ကား အကျိုးကျေးဇူးကို ရွက်ဆောင်၍ မပေးနိုင်။ ထိုကြောင့် သစ္စာနှင့် ပဋိစ္စသမုပ္ပါဒ် နည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်မှုကိုလည်း ဘုရားရှင်သည် ထည့်သွင်း၍ ဟောကြားထားတော်မူရပေ သည်။ (မဟာဋီ၊၂၊၈၅။)

သို့အတွက် ခန္ဓာ (၅)ပါးနည်း စသည့် တစ်နည်းနည်းဖြင့် ဝိပဿနာရှုသော် လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံမှု ဖြစ်နိုင်သော်လည်း သုံးမျိုးသုံးစားအားဖြင့် ကွဲပြားနေသော ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို သနားစောင့်ရှောက် ချီးမြှောက်တော်မူလိုသည့် အတွက် ခန္ဓာ-အာယတန-ဓာတ်-စသော ဝိပဿနာရှုနည်း အမျိုးမျိုးကို ဘုရားရှင်သည် ဟောကြားပြသ ပေးတော်မူခြင်း ဖြစ်ပေသည်။ မည်သို့ပင် ရှုပုံစနစ် ကွဲပြားစေကာမူ မူလအခြေခံ ဝိပဿနာရှုပွား သုံးသပ်ရမည့် ပရမတ္ထဓာတ်သားများမှာ စိတ်+စေတသိက်+ရုပ်တရားများသာ ဖြစ်သည်ကိုကား မမေ့သင့်ပေ။ (မဟာဋီ၊၂၊၈၅ - ကြည့်။)

ရုပ် (၂၈) ပါး

ရုပ် (၂၈) ပါး

စိတ္တဝိသုဒ္ဓိစခန်းမှ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ သမထယာနိကပုဂ္ဂိုလ်အဖို့ နာမ်ကမ္မဋ္ဌာန်းကစ၍ အား သစ်နည်း, ရုပ်ကမ္မဋ္ဌာန်းကစ၍ အားသစ်နည်းဟု နှစ်နည်း ရှိရာတွင် ရုပ်ကမ္မဋ္ဌာန်းက စ၍ အားသစ်နည်း အားထုတ်ပုံကို ယခုဆက်လက်၍ ဖော်ပြမည် ဖြစ်ပါသည်။ မဖော်ပြမီ ယောဂါဝစရပုဂ္ဂိုလ်တို့ ရှုပွားသိမ်းဆည်း ရမည့် ရုပ် (၂၈)ပါးကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

မဟာဘုတ် (= ဓာတ်ကြီး) လေးပါး

မဟာဘုတ် (= ဓာတ်ကြီး) လေးပါး

၁။ ပထဝီဓာတ်

ဂရုပထဝီအုပ်စု လဟုပထဝီအုပ်စု

၁။ မာမှု ...သဘော, ၂။ ပျော့မှု ...သဘော,

၃။ ကြမ်းမှု ...သဘော, ၄။ ချောမှု ...သဘော,

၅။ လေးမှု ...သဘော, ၆။ ပေါ့မှု ...သဘော,

ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ။ ပထဝီဓာတု တေဇောဓာတု ဝါယောဓာတု ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုကံ ...(အဘိ၊၁၊၁၇၀။ ဓမ္မသင်္ဂဏီပါဠိတော်)

ဧတ္ထ စ ''ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ (သုခသမ္ဖဿံ ဒုက္ခသမ္ဖဿံ) ဂရုကံ လဟုက''န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈၊ စာပိုဒ်-၆၄၇။)

၁။ ကက္ခဠန္တိ ထဒ္ဓံ = မာ - မှုသဘော,

၂။ မုဒုကန္တိ အထဒ္ဓံ = ပျော့ - မှုသဘော,

၃။ ဖရုသန္တိ ခရံ = ကြမ်း - မှုသဘော,

၄။ သဏှန္တိ မဋ္ဌံ = ချော - မှုသဘော,

၅။ ဂရုကန္တိ ဘာရိယံ = လေး - မှုသဘော,

၆။ လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော = ပေါ့ - မှုသဘော, (အဘိ၊ဋ္ဌ၊၁၊၃၆၈။)

၂။ အာပေါဓာတ်

၂။ အာပေါဓာတ်

၁။ ဒြဝဘာဝ = ပဂ္ဃရဏလက္ခဏာ = ယိုစီးမှုသဘော,

၂။ အာဗန္ဓနဘာဝ = အာဗန္ဓနလက္ခဏာ = ဖွဲ့စည်းမှုသဘော,

၃။ တေဇောဓာတ်

၃။ တေဇောဓာတ်

၁။ (က) ဥဏှဘာဝ = ဥဏှတေဇော = ပူမှုသဘော,

( ခ ) သီတဘာဝ = သီတတေဇော = အေးမှုသဘော,

၂။ ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘော,

၄။ ဝါယောဓာတ်

၄။ ဝါယောဓာတ်

၁။ ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော,

၂။ သမုဒီရဏဘာဝ = တွန်းကန်မှုသဘော,

ပသာဒရုပ် = အကြည်ရုပ် = အကြည်ဓာတ် ငါးပါး

ပသာဒရုပ် = အကြည်ရုပ် = အကြည်ဓာတ် ငါးပါး

၁။ စက္ခုပသာဒ = မျက်စိ အကြည်,

၂။ သောတပသာဒ = နား အကြည်,

၃။ ဃာနပသာဒ = နှာ အကြည် (= နှာခေါင်းအကြည်),

၄။ ဇိဝှါပသာဒ = လျှာ အကြည်,

၅။ ကာယပသာဒ = ကိုယ် အကြည် (= တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊),

ဂေါစရရုပ် = အာရုံရုပ် (၇) မျိုး

ဂေါစရရုပ် = အာရုံရုပ် (၇) မျိုး

၁။ ရူပါရုံ = အရောင် = အဆင်း = ဝဏ္ဏ,

၂။ သဒ္ဒါရုံ = အသံ,

၃။ ဂန္ဓာရုံ = အနံ့,

၄။ ရသာရုံ = အရသာ,

၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ (= ပထဝီ, တေဇော, ဝါယော။),

[မှတ်ချက် ---- ပထဝီ, တေဇော, ဝါယော - ဤဓာတ်ကြီးသုံးပါးကိုပင် တွေ့ထိ၍ ရစကောင်းသောကြောင့် ဖောဋ္ဌဗ္ဗဓာတ်ဟု ခေါ်ဆိုသဖြင့် ဂေါစရရုပ် (၇)မျိုးဖြစ်သည်။ ရုပ် (၂၈)ပါး ရေတွက်ရာ၌ကား ပထဝီ, တေဇော, ဝါယောတို့သည် ဓာတ်ကြီး (၄)ပါး၌ ထည့်သွင်း ရေတွက်ထားပြီး ဖြစ်၍ ရေတွက်ပြီးသည်ကို ထပ်မံ၍ မရေတွက်သော် အာရုံရုပ် = ဂေါစရရုပ် (၄)မျိုးဟု မှတ်ပါ။ ဖောဋ္ဌဗ္ဗရုပ်ဟု သီးသန့် မရှိ၊ ပထဝီ, တေဇော, ဝါယော ဓာတ်သုံးပါးကိုပင် ဖောဋ္ဌဗ္ဗရုပ်ဟု ခေါ်ဆိုသည်။]

ဘာဝရုပ် (၂) ပါး

ဘာဝရုပ် (၂) ပါး

၁။ ဣတ္ထိဘာဝရုပ် = အမျိုးသ္မီး ဖြစ်ကြောင်းရုပ်,

၂။ ပုရိသဘာဝရုပ် = အမျိုးသား ဖြစ်ကြောင်းရုပ်,

[မှတ်ချက် ---- ယေဘုယျအားဖြင့် အမျိုးသ္မီး၌ အမျိုးသ္မီးဖြစ်ကြောင်း ဘာဝရုပ် တစ်မျိုးသာ ရှိ၏၊ အမျိုးသား ၌ အမျိုးသားဖြစ်ကြောင်း ဘာဝရုပ် တစ်မျိုးသာ ရှိ၏၊ တစ်ဦး၌ တစ်မျိုးစီသာ ယေဘုယျအားဖြင့် ရှိတတ်၏၊ ဤဘာဝရုပ်သည်လည်း တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ဥဘတောဗျည်း = လိင် = ဗျည်းနှစ်မျိုးရှိသော ပုဂ္ဂိုလ်တို့လည်း ရံခါရှိတတ်သောကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်သည်။ သို့သော် ယင်း ဥဘတောဗျည်း တို့၌လည်း ဘာဝရုပ်ကား တစ်ခုသော အချိန်ကာလအတွင်း၌ တစ်မျိုးစီသာ ရှိနိုင်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၃၅၉ - ကြည့်။)]

ဟဒယဝတ္ထုရုပ် တစ်ပါး

၁။ ဟဒယဝတ္ထုရုပ် = မနောဓာတ် + မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီရာဖြစ်သောရုပ်,

[နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့် ကျယ်သော တွင်းငယ်၌ တည်ရှိသော သွေးများ၌ ပျံ့နှံ့လျက် ဖြစ်ပွား နေကြသော ဟဒယဒသကကလာပ်တို့တွင် ပါဝင်သော ဟဒယရုပ်သည် မနောဓာတ် + မနောဝိညာဏဓာတ် ဟူသော အသိစိတ်တို့၏ မှီ၍ ဖြစ်ရာရုပ် ဖြစ်သောကြောင့် ဟဒယဝတ္ထုရုပ် မည်၏၊ ပဉ္စဝေါကာရ = ခန္ဓာ (၅)ပါး ရှိသော ဘုံကို ရည်ညွှန်းထားသည်။]

ဇီဝိတရုပ် တစ်ပါး

ဇီဝိတရုပ် တစ်ပါး

၁။ ဇီဝိတိန္ဒြေ = သက်စောင့်ရုပ် = သက်စောင့်ဓာတ်,

[ဤရုပ်ကား ကံကြောင့်ဖြစ်သော ကမ္မဇရုပ်တို့ကို စောင့်ရှောက်ပေးသော ကမ္မဇရုပ်တို့၏ အသက်ပင် ဖြစ်၏၊ တစ်ကိုယ်လုံး၌ ပျံ့နှံ့လျက် တည်ရှိ၏၊]

အာဟာရဇရုပ် တစ်ပါး

အာဟာရဇရုပ် တစ်ပါး

၁။ ကဗဠီကာရအာဟာရ = စားမျိုအပ်သော အစာအာဟာရ၌ ပါဝင်တည်ရှိသော အဆီအစေး အနှစ်ဩဇာ,

[ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ်တို့၌လည်း ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း ဝယ် ဩဇာရုပ်များ ပါဝင်လျက်ပင် ရှိ၏၊ (ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ကြည့်ပါ။) ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာဟု အသီးအသီး ခေါ်ဆိုပေသည်။ ဤကျမ်း၌ကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ် မရှုပ်ထွေး စေရန်အတွက် အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ စားမျိုအပ်သော အစာအာဟာရမှန်သမျှသည် မစားမီ အာဟာရအဖြစ် တည်ရှိခိုက်၌လည်းကောင်း, စားပြီး၍ အစာသစ်အိမ်အတွင်း အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိခိုက်၌လည်းကောင်း, အစာဟောင်း ကောဋ္ဌာသအဖြစ် တည်ရှိခိုက်၌လည်းကောင်း ကလာပ်တစ်ခုအတွင်း ရှိ ဥတု ခေါ်သည့် တေဇောဓာတ်ကြောင့် ဆင့်ကဲ ထပ်ဆင့် ဖြစ်ပွားနေကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏၊

ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကို ကဗဠီကာရ အာဟာရဟု (အဘိ၊ဋ္ဌ၊၁၊၃၆၆။)၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်းကဗဠီကာရ အာဟာရ အမည်ရသော စားမျိုလိုက်သော အစာအာဟာရတွင် ပါဝင်တည်ရှိသော အဆီအစေးဩဇာသည် အစာအိမ်ဝန်းကျင် စသည်၌ တည်ရှိသော ဇီဝိတနဝကကလာပ် တို့တွင် ပါဝင်သော တေဇောဓာတ်ဟူသော ဂဟဏီ အမည်ရသော ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေနိုင်၏၊ ကဗဠီ ကာရ အာဟာရ အမည်ရသော ဩဇာကြောင့် ဖြစ်သောကြောင့် ယင်းရုပ်တရားအပေါင်းကို အာဟာရဇရုပ်ဟု ခေါ်တွင်သည်၊ အာဟာရသမုဋ္ဌာန်ဟုလည်း ခေါ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ယင်းအာဟာရသမုဋ္ဌာန်ရုပ်များတွင် ပါဝင်တည်ရှိသော ဩဇာကား အာဟာရဩဇာတည်း။ ယင်းအာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရခဲ့သော် ကမ္မဇဩဇာ-စိတ္တဇဩဇာ-ဥတုဇဩဇာတို့ကလည်း ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲဆင့်ကဲ ဖြစ်စေနိုင်ပြန်၏၊

တစ်ဖန် ---- ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

= တစ်နေ့ စားမျိုထားအပ်သော အာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း အားပေး ထောက်ပံ့ထားနိုင်၏ ဟု ဆိုသဖြင့် တစ်ကြိမ် စားသုံးလိုက်သော ကဗဠီကာရအာဟာရ ဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ ကို ရခဲ့သော် ခုနစ်ရက်တို့ ပတ်လုံးသော်လည်း အာဟာရသမုဋ္ဌာန်ရုပ်များကို အဆက်မပြတ် ဖြစ်စေနိုင်၏

ဤအထက်ပါ ရှင်းလင်းချက်များအရ စတုသမုဋ္ဌာနိကဩဇာ၏ အာဟာရကိစ္စကို ပြုလုပ်ဆောင်ရွက်ရာ၌ တစ်နည်းဆိုရသော် စတုသမုဋ္ဌာနိကဩဇာ၏ အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ ကဗဠီကာရ အာဟာရဇဩဇာ = အာဟာရသမုဋ္ဌာန်ဩဇာ၏ အထောက်အပံ့ကို မှီရပေသည်။ ထို့ကြောင့် အဋ္ဌကထာ ဆရာတော်က ----

ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။

(အဘိ၊ဋ္ဌ၊၃၊၃၇၇။)

= ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြုလုပ်၍ စားမျိုထိုက်သော အစာဟူသော တည်ရာရှိသည်၏ အဖြစ်ကြောင့် ကဗဠီကာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိကဩဇာ ဟူသော အာဟာရ၏ အမည် တည်းဟု ဒုတိယတစ်နည်း ဖွင့်ဆိုထားပေသည်။ အထက်ပါ ရှင်းလင်းချက်ကား ဤအဋ္ဌကထာ၏ ဒုတိယအဖွင့် နှင့် အညီ ဖြစ်ပါသည်။

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)

ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။

(အဘိ၊ဋ္ဌ၊၃၊၃၇၇။)

ဤပါဠိတော် အဋ္ဌကထာတို့၏ မိန့်ဆိုတော်မူချက်အရ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇ ဩဇာဟူသော လေးမျိုးလုံးသော ဩဇာသည်ပင် ကဗဠီကာရ အာဟာရ မည်သည်ဟု မှတ်ပါ။

စားမျိုထိုက်သော အစာသစ်ဟူသည့် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကား မုချအားဖြင့် ကဗဠီ ကာရ အာဟာရ အမည်ရသည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင် သော ဩဇာကြောင့် ဩဇဋ္ဌမကရုပ်တို့ ဖြစ်ကြ၏၊ အာဟာရဇ ဩဇဋ္ဌမကရုပ်တို့တည်း။ ယင်းတို့တွင် ပါဝင်သော ဩဇာကား အာဟာရဇဩဇာတည်း။ ယင်းအာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုဖြင့် ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ရှေးရှေးသော အာဟာရဇကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာသည် အာဟာရကိစ္စကို ဆောင်ရွက်နိုင်သဖြင့် ယင်း စတုသမုဋ္ဌာနိကဩဇာသည် စားမျိုအပ်သော ကဗဠီကာရ အာဟာရလျှင် တည်ရာ ရှိသောကြောင့် ဌာနူပစာရအားဖြင့် ကဗဠီကာရ အာဟာရ အမည်ရသည်။ အကျယ်ကို အာဟာရဇရုပ် ဖြစ်ပုံ ပိုင်းတွင် ရှုပါ။]

ရုပ်အစစ် (၁၈) ပါး

ရုပ်အစစ် (၁၈) ပါး

ဤအထက်ဖော်ပြပါ (၁၈)မျိုးသော ရုပ်တရားတို့ကို ကက္ခဠတ္တ = ခက်မာမှု စသော မိမိ မိမိ၏ ဥစ္စာ ဖြစ်သော ကိုယ်ပိုင်သဘာဝလက္ခဏာ = ပရမတ္ထဓမ္မသဘာဝသတ္တိ ကိုယ်စီပါသောကြောင့် သဘာဝရုပ်ဟုလည်း ခေါ်သည်။ (၁)

၁။ ဖြစ်ပြီးလျှင် ပျက်သော အခြင်းအရာဟူသော အနိစ္စတာ,

၂။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံရသော အခြင်းအရာဟူသော ဒုက္ခတာ,

၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိမှု အခြင်းအရာ ဟူသော အနတ္တတာ ---

ဤသို့ စသော ရုပ်-နာမ် ပရမတ္ထဓာတ်သား အားလုံးနှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာ ရှိသောကြောင့် သလက္ခဏရုပ်ဟုလည်း ခေါ်သည်။ (၂)

ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားတို့သည် ဖြစ်စေအပ်သောကြောင့် နိပ္ဖန္နရုပ်ဟုလည်း ခေါ်သည်။ (၃)

ရုပ်ဆိုသည့်အတိုင်း ရှေးကဖြစ်သွားသော ရုပ်အစီအစဉ်နှင့် မတူဘဲ တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ အသစ် အသစ် ဖြစ်တတ်သောကြောင့် = ဖောက်ပြန်တတ်သောကြောင့် ရူပရူပ = ရူပရုပ်ဟုလည်း ခေါ်သည်။ ရုပ်ဆိုမှ တကယ့် ရုပ်အစစ်ဟု ဆိုလိုသည်။ (၄)

အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ်သုံးချက် တင်၍ သုံးသပ်ကောင်းသောကြောင့် = ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ ရှုပွား၍ ရကောင်းသောကြောင့် သမ္မသန = သံမသနရုပ်ဟုလည်း ခေါ်သည်။ (၅)

အောက်တွင် ဆက်လက်ဖော်ပြမည့် ကျန်ရုပ်အတု (၁၀)မျိုးတို့ကား ထိုကဲ့သို့ မဟုတ်၍ (၁) အသဘာဝ ရုပ်, (၂) အလက္ခဏရုပ်, (၃) အနိပ္ဖန္နရုပ်, (၄) အရူပရုပ်, (၅) အသမ္မသနရုပ် = အသံမသနရုပ်များတည်း။

အနိပ္ဖန္နရုပ် = ရုပ်အတု (၁၀) မျိုး

အနိပ္ဖန္နရုပ် = ရုပ်အတု (၁၀) မျိုး

ပရိစ္ဆေဒရုပ် (၁) ပါး

၁။ အာကာသဓာတ် ---- ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်ရအောင် ပိုင်းခြားတတ်သော ရုပ် ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်သည်။ ယင်း အာကာသ ဓာတ်ကို ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သောကြောင့် ပရိစ္ဆေဒရုပ်ဟုလည်း ခေါ်သည်။

ဝိညတ်ရုပ် (၂) ပါး

၁။ ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ,

၂။ ဝစီဝိညတ် = နှုတ်ဖြင့် (= စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ,

ဝိညတ် --- မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား သိစေတတ် သိစေနိုင်သော အမူအရာ အထူးကို ဝိညတ်ရုပ်ဟု ခေါ်၏၊ ကာယဝိညတ်ဟူသည် မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ကိုယ်ဖြင့် သိစေတတ်သော အမူအရာတည်း၊ ဥပမာ လက်ယမ်းပြ၍ ခေါ်ခြင်း စသည်တည်း။။ ဝစီဝိညတ် ဟူသည် နှုတ်ဖြင့် (= စကားသံဖြင့်) မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား သိစေတတ်သော အမူအရာတည်း။ ဥပမာ - လာပါဟု နှုတ်ဖြင့် (= စကားသံဖြင့်) ခေါ်ဝေါ်ခြင်းမျိုးတည်း။

လက်ယမ်း၍ ပြရာ၌ လာစေလိုသော မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးက သိနိုင်ခြင်းသည် လက်ယပ်ခေါ်လိုက်သည်တွင် ပါဝင်နေသော ကာယဝိညတ်ရုပ်၏ အစွမ်းတည်း။ လာပါဟု အသံကို ပြုရာ၌ လာစေလိုသော မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးက သိနိုင်ခြင်းသည် ထိုအသံတွင် ပါဝင်သော ဝစီဝိညတ်ရုပ်၏ အစွမ်းတည်းဟု မှတ်ပါ။။ သက်မဲ့ အရာဝတ္ထုတို့၏ လှုပ်ရှားမှု၌ ထိုသို့ မသိနိုင်ခြင်းမှာ ထို ဝိညတ်ရုပ်များ၏ သက်မဲ့အရာဝတ္ထုတို့၏ လှုပ်ရှားမှု၌ မရှိသောကြောင့်ဟု အဆိုရှိ၏၊ ကာယဝိညတ် ဝစီဝိညတ် ရုပ်တို့ကား စိတ်ကြောင့် ဖြစ်ရကား သက်မဲ့အရာဝတ္ထုတို့၌ စိတ်မရှိသောကြောင့် ထိုဝိညတ်ရုပ်များသည် သက်မဲ့ ရုပ်တို့၌ မတည်နိုင်ခြင်း ဖြစ်သည်။

ဝိကာရရုပ် (၅) ပါး

ဝိကာရရုပ် (၅) ပါး

၁။ လဟုတာ = (က) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၏ ပေါ့မှုသဘော,

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်တို့၏ ပေါ့မှုသဘော,

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၏ ပေါ့မှုသဘော,

၂။ မုဒုတာ = (က) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၏ နူးညံ့မှုသဘော,

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်တို့၏ နူးညံ့မှုသဘော,

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၏ နူးညံ့မှုသဘော,

၃။ ကမ္မညတာ = (က) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော,

( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော,

( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၏ အမှု၌ ကောင်းမွန်ခံ့ညားမှုသဘော,

ဤလဟုတာ, မုဒုတာ, ကမ္မညတာ - ရုပ်သုံးမျိုးနှင့် ဝိညတ်ရုပ် နှစ်မျိုးပေါင်း ငါးမျိုးသော ရုပ်ကို ဝိကာရ ရုပ်ဟု ခေါ်သည်။ ထူးထွေခြားနားသော အမူအရာရုပ်များဟု ဆိုလိုသည်။

လက္ခဏရုပ် (၄) ပါး

လက္ခဏရုပ် (၄) ပါး

၁။ ဥပစယ = (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော,

( ခ ) ဣန္ဒြေ ပြည့်စုံသည်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှသော ရုပ်များ အပြည့်အစုံ ဖြစ်သည်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော,

၂။ သန္တတိ = ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေးနှင့်နောက် အစဉ်မပြတ် ဆက်စပ် လျက် အထပ်ထပ် ဖြစ်ခြင်းသဘော,

[မှတ်ချက် ---- ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ကျွတ်ထိုက်သသူ ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ် အားလျော်စွာ အထူးသဖြင့် တာဝတိံသာ နတ်ပြည်ဝယ် အဘိဓမ္မာတရားဒေသနာတော်ကို နာယူနေကြသော နတ်ဗြဟ္မာတို့၏ အလိုအဇ္ဈာသယဓာတ်အားလျော်စွာ နှစ်မျိုးခွဲခြား၍ ဟောကြားပါမှ သဘောကျနိုင်မည် ဖြစ်သည့်အတွက် နှစ်မျိုးခွဲခြား၍ ဟောကြားထားတော်မူသည်။ ဤ ဥပစယ-သန္တတိ ရုပ်နှစ်မျိုးလုံးသည်ပင် ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်သဘောတရား တစ်ခုတည်းပင် ဖြစ်ပေသည်။]

၃။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော (ရုပ်အစစ်တို့၏ တည်မှု = ဌီကာလကို ဆိုလိုသည်။)

၄။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်းသဘော (ရုပ်အစစ်တို့၏ ပျက်မှု = ဘင်ကာလကို ဆိုလိုသည်။)

ဘူတရုပ် နှင့် ဥပါဒါရုပ်

ဤကား ရုပ်အစစ် (၁၈)မျိုး, ရုပ်အတု (၁၀)မျိုး - နှစ်ရပ်ပေါင်းသော် ရုပ် (၂၈)မျိုး ဖြစ်သည်။ ယင်းရုပ် (၂၈)မျိုးတို့တွင် ပထဝီ အာပေါ တေဇော ဝါယောဟူသော ရုပ်သဘောတရား (၄)မျိုးကို ခက်မာခြင်း ခိုင်မာခြင်း တောင့်မာခြင်း စသော မိမိသဘော = ပရမတ္ထဓမ္မသဘာဝသတ္တိကို မိမိ ဆောင်ထားတတ်သောကြောင့် - ဓာတု = ဓာတ်ဟုလည်းကောင်း, ဓာတ်ကြီး (၄) ပါးဟုလည်းကောင်း ခေါ်၏၊ အခြားသော ရုပ်များထက် သဘော လက္ခဏာအားဖြင့်လည်းကောင်း, အထည်ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ် ၌ ကြီးကျယ်ထင်ရှားသောကြောင့် မဟာဘူတ = မဟာဘုတ်ဟူ၍လည်း ခေါ်၏၊ အခြားသော ရုပ်များထက် သဘောလက္ခဏာအားဖြင့်လည်းကောင်း, အထည်ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ ထင်ရှားသောကြောင့် ဘူတရူပ = ဘူတရုပ်ဟုလည်း ခေါ်၏၊ သမုတိသစ္စာနယ်၌ (၁) မြေဓာတ်, (၂) ရေဓာတ်, (၃) မီးဓာတ် = (အငွေ့ဓာတ်), (၄) လေဓာတ်ဟု ခေါ်စမှတ် ပြုသည်။

ယင်းဘူတရုပ် (၄)ပါးမှ ကြွင်းကျန်သော (၂၄)မျိုးသော ရုပ်တရားကို ဘူတရုပ် = ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သောကြောင့် ဥပါဒါရုပ်ဟု ခေါ်ဆို၏၊

ရုပ်တို့၏ ဖြစ်ပုံသဘော

ရုပ်တို့၏ ဖြစ်ပုံသဘော

ယင်းရုပ် (၂၈)မျိုးတို့ကား တစ်လုံးချင်း တစ်ခုချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိကြပေ။ ရုပ်ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်နိုင်ကြသည်။ ရုပ်ကလာပ်ဟူသည် ပရမတ္ထသစ္စာနယ်၌ ဃန = အတုံးအခဲ မပြိုသေးသည့် အသေးဆုံး ရုပ်အဖွဲ့အစည်းတစ်ခု ဖြစ်၏၊ ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆ ပေါင်း များစွာ သေးငယ်သော အမှုန်ကလေးဖြစ်၏၊ အသေးဆုံး ရုပ်တုံးရုပ်ခဲ = ဃန ဖြစ်၏၊ ယင်းရုပ်ကလာပ် တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ရုပ်တရားတို့သည် ----

၁။ ဧကုပ္ပါဒ = တူသော ဖြစ်ခြင်း ရှိ၏ = ပြိုင်တူ ဖြစ်၏၊

၂။ ဧကနိရောဓ = တူသော ချုပ်ခြင်း ရှိ၏ = ပြိုင်တူ ချုပ်၏၊

၃။ ဧကနိဿယ = တူသော မှီရာ ရှိ၏ = မှီရာ တူ၏၊

ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဥပါဒါရုပ်တို့သည် မိမိတို့နှင့် ကလာပ်တူဖြစ်သော ထိုရုပ်ကလာပ်၏ အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးကိုသာ မှီ၍ ဖြစ်ကြရ၏၊ ကလာပ်ပြားဖြစ်သော အခြားအခြားသော ရုပ်ကလာပ်များ၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဘူတရုပ်ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ မဖြစ်ကြကုန်။ တစ်ဖန် ထို ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ကလာပ်တူ ဓာတ်ကြီး (၄)ပါး တို့သည်လည်း အချင်းချင်း ဓာတ်တစ်ပါးက ကျန်ဓာတ် (၃)ပါးကို, ဓာတ် (၂)ပါးက ကျန်ဓာတ် (၂)ပါးကို မှီ၍ ဖြစ်ကြ၏၊ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော ဖြစ်တူ ပျက်တူ ဖြစ်ကြသည့် ဘူတရုပ်နှင့် ဥပါဒါရုပ်တို့သည် ကလာပ်ပြားဖြစ်သော အခြားရုပ်ကလာပ်များ၏ အတွင်း၌ တည်ရှိကြသော ဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ မဖြစ်ကြပေ။ ဖြစ်တူ ပျက်တူဖြစ်ကြသည့် ကလာပ်တူ ရုပ်ကလာပ် တစ်ခုအတွင်း၌သာ အထက် ပါ အတိုင်း ဥပါဒါရုပ်က မဟာဘုတ်ကိုလည်းကောင်း, မဟာဘုတ်များကလည်း အချင်းချင်းကိုလည်းကောင်း မှီ၍ ဖြစ်ကြသည်။

ယင်းရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ပုံစံမှန် သိရေးအတွက်, ယင်းရုပ်တရားတို့၏ ဥပါဒါရုပ်က ဘူတရုပ်ကို, ဘူတရုပ်ကလည်း ဘူတရုပ်အချင်းချင်းကို မှီ၍ ဖြစ်ပုံကို ဟုတ် တိုင်းမှန်စွာ ပုံစံမှန် သိရေးအတွက် ရုပ်ကလာပ်များကို ဦးစွာ ဉာဏ်ဖြင့် မြင်အောင် ရှုထားနိုင်ဖို့ ရှုထားတတ်ဖို့ လိုပေသည်။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်သောအခါ ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ရုပ်ပရမတ် သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ယင်းပရမတ်အသီးအသီး၏ ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာသို့ ဉာဏ် အမြင် ဆိုက်သည်တိုင်အောင် ထပ်မံ၍ ဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ ယင်းသို့ ရှုနိုင်ပါမှသာလျှင် ပရမတ်အစစ် ရုပ်တရားများကို သိရှိမည် ဖြစ်သည်။ ယင်းသို့ ရှုမှုကို ရုပ်ကလာပ်များကို ဓာတ်ခွဲသည်ဟု ဤ ကျမ်းစာတွင် ခေါ်ဝေါ်သုံးစွဲထားပါသည်။

ယင်းသို့ ရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိနေသော ပရမတ္ထရုပ်တရားများကို ကိုယ်ပိုင် သဘာဝ သတ္တိ သဘာဝလက္ခဏာသို့ ဉာဏ်အမြင် ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင် ပါမှ မြင်နိုင်ပါမှသာလျှင် ----

၁။ မည်သည့် ရုပ်တရားများက ကံကြောင့် ဖြစ်သည်၊

၂။ မည်သည့် ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်၊

၃။ မည်သည့် ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်၊

၄။ မည်သည့် ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်၊

၅။ မည်သည့် ရုပ်တရားများက မည်သည့် အကြောင်းတရားကြောင့်မျှ မဖြစ် ---- ဟု

ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်မည် ဖြစ်သည်။

ရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်ပါမှ ရုပ်ဃန ခေါ် ရုပ်တုံးရုပ်ခဲများ ပြိုကွဲသွားမည် ဖြစ်သည်။ ဃနပြိုပါ မှလည်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တ ရောင်ခြည်တော်သည် တင့်တယ်စွာ ကွန့်မြူးစံပယ်လျက် ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။

ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပုံ

ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပုံ

သမထပိုင်း၌ သမာဓိထူထောင်ပုံ စနစ်များနှင့် ဆက်စပ်၍ ဘုရားရှင်သည် ကမ္မဋ္ဌာန်း (၄၀) ဟောကြားထား တော်မူပေသည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိလာသောအခါ၌ကား ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိပေသည်။ ရုပ်ကမ္မဋ္ဌာန်းကို ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဟူ၍လည်းကောင်း, နာမ်ကမ္မဋ္ဌာန်းကို အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း ဟူ၍လည်းကောင်း အမည်တစ်မျိုးစီဖြင့်လည်း အသီးအသီး ခေါ်ဆိုပေသည်။

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပ မနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားပြသတော် မူသည်ရှိသော် ----

၁။ သင်္ခေပမနသိကာရ = အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း,

၂။ ဝိတ္ထာရမနသိကာရ = အကျယ် နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း ----

စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားပြသ ဆိုဆုံးမတော်မူရိုး ဓမ္မတာ ဖြစ်ပေ သည်။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)

ဤအထက်ပါ အဋ္ဌကထာများ၏ ဖွင့်ဆိုတော်မူချက်အရ ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပုံ ရုပ်တရားကို သိမ်း ဆည်းပုံနှင့် ပတ်သက်၍ ရှုပုံနည်းစနစ်ကို ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဟု နှစ်နည်းသာလျှင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ရုပ်တရားက စ၍ သိမ်းဆည်းလိုသော ရုပ် ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထယာနိကပုဂ္ဂိုလ်သည်လည်းကောင်း, သမထကို အခြေ မခံသော သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်းကောင်း ဓာတ်ကြီး (၄)ပါးကိုပင်လျှင် စတင်၍ သိမ်းဆည်း ရခြင်း ရှုပွားရခြင်း ဖြစ်ပေသည်။ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း ကျင့်ခြင်းသည်သာလျှင် အသင်ယောဂီသူတော်ကောင်းအတွက် ပို၍ အကျိုးရှိသော ကျင့်စဉ် ဖြစ်ပေမည်၊ အကောင်းဆုံးသော ကျင့်စဉ် ဖြစ်ပေမည်။ သို့အတွက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်သည်လည်းကောင်း, ရုပ်ကမ္မဋ္ဌာန်းကစ၍ သိမ်းဆည်း ရှုပွားလိုသော ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးလိုသော သမထယာနိကပုဂ္ဂိုလ်သည် လည်းကောင်း ဓာတ်ကြီး (၄)ပါးတို့၏ ဟုတ်မှန်တိုင်းသော ကိုယ်ပိုင်သဘာဝသတ္တိ သဘာဝလက္ခဏာကစ၍ သိမ်းဆည်းရန် ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဤ စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကား ကမ္မဋ္ဌာန်း (၄၀)တို့တွင် ဥပစာရသမာဓိကို ရွက်ဆောင်ပေးတတ်သော ဥပစာရကမ္မဋ္ဌာန်း အမျိုးအစားတွင် ပါဝင်ကြောင်းကို (ဝိသုဒ္ဓိ၊၁၊၁၀၇။)တွင် ဆုံးဖြတ် ထားပေသည်။ ဥပစာရကမ္မဋ္ဌာန်းဟူသည် ဥပစာရသမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ရမည့် ကမ္မဋ္ဌာန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ဤ၌ ဥပစာရသမာဓိဟူသည် သဒိသူပစာရအားဖြင့်သာလျှင် ဥပစာရ သမာဓိ အမည်ရသော သမာဓိမျိုးသာ ဖြစ်ကြောင်း, ကပ်စရာ စျာန်မရှိသည့်အတွက် စျာန်၏ အနီးအနား၌ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ် မဟုတ်ကြောင်း ရှေး၌ ရှင်းပြခဲ့ပြီး ဖြစ်ပေသည်။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း အကျယ်နည်း နှစ်နည်းတို့တွင် ဤ၌ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း အားထုတ်ပုံကို ပြည်တည်၍ အကျယ်နည်း အားထုတ်ပုံကို နောက်ထား၍ ဖော်ပြထားပါသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း အားထုတ်ပုံကို ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏၊

ဓာတုမနသိကာရ ပဗ္ဗ

ဓာတုမနသိကာရ ပဗ္ဗ

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ၊၁၊၇၃။)

= ရဟန်းတို့ နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤရူပကာယကိုပင် ''ဤရူပကာယ၌ ပထဝီဓာတ် ရှိ၏၊ အာပေါဓာတ် ရှိ၏၊ တေဇောဓာတ် ရှိ၏၊ ဝါယောဓာတ် ရှိ၏''ဟု (ပုဂ္ဂိုလ်-သတ္တဝါ-ဇီဝ-အတ္တ မဟုတ်သောအားဖြင့်) ဓာတ်သဘောမျှအားဖြင့် အသီးအသီး တစ်လုံးစီ တ

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ၊၁၊၇၃။)

= ရဟန်းတို့ ...ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း, နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့ ...

ဆိုလိုသော သဘောတရား

နွားသတ်ယောက်ျား၏ သန္တာန်ဝယ် နွားကို ကျွေးမွေးစဉ်၌လည်းကောင်း, နွားကို သတ်ရာ သင်းချိုင်းသို့ ဆောင်ယူသွားစဉ်၌လည်းကောင်း, ဆောင်ယူသွားပြီးနောက် ထို သတ်ရာသင်းချိုင်း၌ ချည်နှောင်၍ ထားစဉ်၌ လည်းကောင်း, နွားကို ရိုက်ပုတ်သတ်ဖြတ်စဉ်၌လည်းကောင်း, သတ်ပြီးနောက် သေပြီးခါစ နွားသေကို မြင်စဉ်၌ လည်းကောင်း ထိုနွားကို ဖြတ်လှီး၍ အသားတခြား အရိုးတခြား အူတခြား အသည်းတခြား စသည်ဖြင့် ခွဲခြား ဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံ၍ မပြီးသေးသမျှ ကာလပတ်လုံး နွားဟူသော အမှတ်သညာ မကွယ်ပျောက် သေးပေ။ အရိုးတခြား အသားတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ ထိုင်လျက် ရောင်းနေသော နွားသတ်သမား၏ သန္တာန်၌ကား နွားဟူသော အမှတ် သညာသည် ကွယ်ပျောက်သွား၏၊ အသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏၊ ထိုနွားသတ်သမား၏ သန္တာန်ဝယ် - ''ငါသည် နွားကို ရောင်း၏၊ ဤဝယ်သူတို့သည် နွားကို ဝယ်ယူ ဆောင်ယူကုန်၏'' - ဤသို့သော စိတ်အကြံအစည်သည် မဖြစ်ပေါ်လာပေ။ အကယ်စင်စစ်သော်ကား ထိုနွားသတ်ယောက်ျား၏ သန္တာန်ဝယ် ''ငါသည် အသားကို ရောင်း၏ဟူ၍သာလျှင်, ဤဝယ်သူတို့သည်လည်း အသားကို ဝယ်ယူ ဆောင်ယူကုန်၏'' ဟူ၍သာလျှင် စိတ်သည် ဖြစ်ပေါ်နေ၏၊

ဤဥပမာအတူပင် ဤယောဂါဝစရရဟန်းအားလည်း အရိယာဖြစ်သည်မှ ရှေးကာလ အရိယာ မဖြစ်မီ, ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသည့်အတွက် ပညာမျက်စိ ကာဏ်းနေသည့် ပုထုဇန် ငမိုက်သား ဖြစ်နေ စဉ်အခါ၌ - လူဖြစ်စဉ်လည်းကောင်း, သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်း မရှိသော ရဟန်းညံ့ ဖြစ်စဉ်လည်းကောင်း အကြင်မျှလောက်သော ကာလပတ်လုံး တည်မြဲတိုင်းသော ထားမြဲတိုင်းသော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်အပေါင်းအစုဖြစ်သော ဤရူပကာယကြီးကို ပင်လျှင် သန္တတိ ရုပ်တုံးရုပ်ခဲ, သမူဟ ရုပ်တုံးရုပ်ခဲ, ကိစ္စ ရုပ်တုံးရုပ်ခဲဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ် အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်သဘော အစုအပုံအားဖြင့် အသီးအသီး ပြု၍ မရှုပွားရသေး၊ ထိုမျှလောက်သော ကာလပတ်လုံး သတ္တဝါဟူသော အမှတ်သညာသည်လည်းကောင်း, ပေါသ (= သတ္တဝါ) ဟူသော အမှတ်သညာသည်လည်းကောင်း, ပုဂ္ဂိုလ်ဟူသော အမှတ်သညာသည်လည်းကောင်း မကွယ်ပျောက်သေး။ (သတ္တ-ပေါသ-ပုဂ္ဂလဟူသော စကားတို့ကား အတ္တကို ရည်ညွှန်းခေါ်ဆိုထားသော စကားတို့တည်း။)

သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော သုံးမျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်သဘော အစုအပုံအားဖြင့် အသီးအသီး ပြု၍ ရှုပွားနိုင်သော်တမူကား သတ္တသညာ = သတ္တဝါဟူသော အမှတ်သညာ သည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တ ထင်ရှားရှိကြောင်းကို စွဲလမ်း ယုံကြည်နေသော အတ္တဒိဋ္ဌိနောက်သို့ အစဉ်လိုက်နေသော သတ္တသညာနှင့် လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း ပုဂ္ဂိုလ် သတ္တဝါ တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်နေသော ဝေါဟာရ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော သတ္တသညာဟူသော ဤနှစ်မျိုးသော သတ္တသညာသည်) ကွယ်ပျောက်၍ သွား၏၊ ဓာတ်၏အစွမ်းဖြင့်သာလျှင် ဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏၊ ထိုကြောင့် ဘုရားရှင်သည် ----

သေယျထာပိ ဘိက္ခဝေ ဒက္ခော။ ပ။ ဝါယောဓာတူတိ ---- ဟူသော စကားကို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ယင်းပါဠိတော်ကို အထက်၌ ဘာသာပြန်ဆို ပြီးခဲ့ပြီ။) (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၁၊၃၄၃။)

ဃနဝိနိဗ္ဘောဂ

ဃနဝိနိဗ္ဘောဂ

ယာဝ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပန သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။

(ဝိသုဒ္ဓိ၊၁၊၃၄၃။ မ၊ဋ္ဌ၊၁၊၂၇၆။)

ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မဟာဋီ၊၁၊၄၂၈။ မ၊ဋီ၊၁၊၃၆၅။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွား သုံးသပ်ရာ၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲကြီး သုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီး လျက် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယော ဓာတ်ဟူသော ဓာတ်ကြီး (၄)ပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသည့်တိုင်အောင် ရှေး ဦးစွာ ကြိုးပမ်းရမည်ဟူသော အချက်ကိုကား အလေးအနက်ထား၍ သတိပြုထားရမည် ဖြစ်ပေသည်။ (ရုပ်ဃန = အတုံးအခဲ သုံးမျိုးအကြောင်းကို ရှေးပိုင်းတွင် ရှင်းပြခဲ့ပြီ။)

အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၁)

အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၁)

တသ္မာ ဣမံ ကမ္မဋ္ဌာနံ ဘာဝေတုကာမေန တိက္ခပညေန တာဝ ရဟောဂတေန ပဋိသလ္လီနေန သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ ယော ဣမသ္မိံ ကာယေ ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတု။ ယော အာဗန္ဓနဘာဝေါ ဝါ ဒြဝဘာဝေါ ဝါ၊ အယံ အာပေါဓာတု။ ယော ပရိပါစနဘာဝေါ ဝါ ဥဏှဘာဝေါ ဝါ၊ အယံ တေဇောဓာတု။ ယော ဝိတ္ထမ္ဘနဘာဝေါ ဝါ သမုဒီရဏဘာဝေါ ဝါ၊ အယံ ဝါယောဓာတူတိ ဧဝံ သံခိတ္တေန ဓာတုယော ပရိဂ္ဂဟေတွာ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ ဓာတုမတ္တတော နိဿတ္တတော နိဇ္ဇီဝတော အာဝဇ္ဇိတဗ္ဗံ မနသိကာတဗ္ဗံ ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)

= ဉာဏ်ပညာ ထက်မြက်သော တိက္ခပညဝါ ပုဂ္ဂိုလ်အား ဓာတ်ကမ္မဋ္ဌာန်းအကျဉ်း နှလုံးသွင်းနည်းသည် လျောက်ပတ်၏၊ ဉာဏ်ပညာ မထက်မြက်လွန်းသော နာတိတိက္ခပညဝါ ပုဂ္ဂိုလ်အား ဓာတ်ကမ္မဋ္ဌာန်းအကျယ် နှလုံးသွင်းနည်းသည် လျောက်ပတ်၏၊ ထိုကြောင့် ဤဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းကို ပွားများအားထုတ်လိုသော ဉာဏ်

၁။ ခက်မာ (ခိုင်မာ)သည့် သဘောလက္ခဏာသည် ပထဝီဓာတ်,

ကြမ်းတမ်းသည့် သဘောလက္ခဏာသည် ပထဝီဓာတ်,

၂။ ယိုစီးသည့် သဘောလက္ခဏာသည် အာပေါဓာတ်,

ဖွဲ့စည်းသည့် သဘောလက္ခဏာသည် အာပေါဓာတ်,

၃။ ပူမှု သဘောလက္ခဏာသည် တေဇောဓာတ်,

ရင့်ကျက်စေသည့် အဖြစ်ဟူသော ဉာဏ်အားထင်သော အခြင်းအရာသည် တေဇောဓာတ်,

၄။ ထောက်ကန်တတ်သော သဘောလက္ခဏာသည် ဝါယောဓာတ်,

ရွေ့စေတတ် တွန်းကန်တတ်သော သဘောသည် ဝါယောဓာတ် ----

ဤသို့သော နည်းဖြင့် အကျဉ်းအားဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို သဘာဝလက္ခဏာအားဖြင့်လည်းကောင်း, လုပ်ငန်းကိစ္စရသအားဖြင့်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်း၍ ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့် ဇီဝ မဟုတ်သောအားဖြင့် ဆင်ခြင်အပ်၏ နှလုံးသွင်း အပ်၏ အသီးအသီး စူးစိုက်၍ ရှုအပ်၏၊ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)

အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၂)

အဋ္ဌကထာ၏ လုပ်ငန်းခွင် ညွှန်ကြားချက် (၂)

အထ ဝါ ပန ယေ ဣမေ စတုန္နံ မဟာဘူတာနံ နိဿတ္တဘာဝဒဿနတ္ထံ ဓမ္မသေနာပတိနာ ''အဋ္ဌိဉ္စ ပဋိစ္စ နှာရုဉ္စ ပဋိစ္စ မံသဉ္စ ပဋိစ္စ စမ္မဉ္စ ပဋိစ္စ အာကာသော ပရိဝါရိတော ရူပန္တွေဝ သင်္ခံ ဂစ္ဆတီ''တိ စတ္တာရော ကောဋ္ဌာသာ ဝုတ္တာ။ တေသု တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ ယော ဧတေသု ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတူတိ ပုရိမနယေနေဝ ဓာတုယော ပရိဂ္ဂဟေတွာ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ ဓာတုမတ္တတော နိဿတ္တတော နိဇ္ဇီဝတော အာဝဇ္ဇိတဗ္ဗံ။ မနသိကာတဗ္ဗံ ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)

တစ်နည်းသော်ကား ---- ဓာတ်ကြီး (၄)ပါးတို့၏ သတ္တဝါ မဟုတ် ဇီဝ အတ္တ မဟုတ်သည်၏ အဖြစ်ကို ထင်ရှားပြခြင်းငှာ ဂေါတမဘုရားရှင်၏ သာသနာတော်ဝယ် တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူသည့်အတွက် ဓမ္မသေနာပတိ အမည်ရတော်မူသော အရှင်သာရိပုတ္တမထေရ်မြတ်ကြီးသည် ----

၁။ ဖဏှောင့်ရိုးကို အစပြု၍ အစဉ်အတိုင်း စိုက်ထောင်လျက် တည်သော အလွန်နှင့် တကွ သုံးရာသော အရိုးကိုလည်း အစွဲပြု၍,

၂။ ထိုအရိုးအပေါင်းကို ဖွဲ့ယှက်၍ တည်သော ကိုးရာအပြားရှိသော အကြောကိုလည်း အစွဲပြု၍,

၃။ ထိုအရိုးအပေါင်းကိုပင် လိမ်းကျံလျက်တည်သော ကိုးရာအပြားရှိသော သားတစ်ကိုလည်း အစွဲပြု၍,

၄။ အရေပါးဖြင့် ဖုံးလွှမ်းထားအပ်သော တစ်ကိုယ်လုံးကို ရစ်ပတ်၍တည်သော အရေထူကိုလည်း အစွဲပြု၍

ထို အရိုး-အကြော-အသား-အရေ တို့ဖြင့် ခြံရံထားအပ်သော အာကာသဓာတ်မျှသည်သာလျှင်, တစ် နည်း ---- ထို အရိုး-အကြော-အသား-အရေ တို့ကို အတွင်းအပ ခြံရံ၍ တည်သော အာကာသသည်ပင်လျှင် ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ = ရူပ (= ခန္ဓာကိုယ်) - ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်၏၊ (မ၊၁၊၂၄၈။) ဟု အရိုး-အကြော-အသား-အရေ ဟူသော အကြင်သို့သော ဤကောဋ္ဌာသ လေးထွေတို့ကို ဟောကြားထားတော် မူအပ်ကုန်၏၊

ထို အရိုး-အကြော-အသား-အရေ ဟူသော (၄)ပါးကုန်သော ကောဋ္ဌာသတို့ကို ထိုထို အရိုး-အကြော-အသား-အရေ ကောဋ္ဌာသတို့၏ အကြားသို့ အစဉ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ----

၁။ မာမှုသဘော, ကြမ်းမှုသဘောသည် ပထဝီဓာတ်,

၂။ ယိုစီးမှုသဘော, ဖွဲ့စည်းမှုသဘောသည် အာပေါဓာတ်,

၃။ ပူမှုသဘော, ရင့်ကျက်စေမှုသဘောသည် တေဇောဓာတ်,

၄။ ထောက်ကန်မှုသဘော, တွန်းကန်မှုသဘောသည် ဝါယောဓာတ် ----

ဟု ရှေးနည်းအတိုင်းသာလျှင် ဓာတ်ကြီး (၄)ပါးတို့ကို မိမိတို့၏ ကိုယ်ပိုင် ပရမတ္ထဓမ္မ သဘာဝသတ္တိ ဟူသော သဘာဝလက္ခဏာအားဖြင့်လည်းကောင်း, လုပ်ငန်းကိစ္စရသအားဖြင့်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား ယူ၍ သိမ်းဆည်း၍ ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီ ဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့် ဇီဝမဟုတ်သောအားဖြင့် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ အသီးအသီး စူးစိုက်၍ ရှုအပ်၏၊ (ဝိသုဒ္ဓိ၊၁၊၃၄၇၊၊)

ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ

ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ

ရူပန္တွေဝ သင်္ခံ ဂစ္ဆတိ၊ သရီရန္တိ ဝေါဟာရံ လဘတိ။ ယထာ စ ကဋ္ဌာဒီနိ ပဋိစ္စ သင်္ခံ ဂတံ အဂါရံ လောကေ ''ခတ္တိယဂေဟံ, ဗြာဟ္မဏဂေဟ''န္တိ ဝုစ္စတိ၊ ဧဝမိဒမ္ပိ ''ခတ္တိယသရီရံ ဗြာဟ္မဏသရီရ''န္တိ ဝေါဟရီယတိ၊ နတ္ထေတ္ထ ကောစိ သတ္တော ဝါ ဇီဝေါ ဝါတိ အဓိပ္ပါယော။ (မဟာဋီ၊၁၊၄၃၇။)

= ရူပန္တွေဝ- ၌ ရူပ-ဟူသော စကားလုံးကို သရီရံ-ဟု ဖွင့်ဆိုထားပေသည်။ ရူပဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟူသည် ခန္ဓာကိုယ်ဟု ခေါ်ဝေါ်ခြင်းသို့ ရောက်၏ဟု ဆိုလိုပေသည်။ လောက၌ သစ် စသည်တို့ကို အစွဲပြု၍ ဆောက်လုပ်ထားအပ်သော အိမ်ဟု ခေါ်ဆိုအပ်သော အရာကို ခတ္တိယဂေဟ = မင်းအိမ် = မင်း နန်းေ

(မဟာဋီ၊၁၊၄၃၇။)

ညွှန်ကြားချက် နှစ်ရပ်တို့၏ ထူးခြားမှု

ညွှန်ကြားချက် နှစ်ရပ်တို့၏ ထူးခြားမှု

အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ရှုပွားပုံ = ဘာဝနာနယ နှစ်မျိုး ညွှန်ကြား ထားတော်မူ၏၊ ပထမ ဘာဝနာနယ၌ ---- သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ = မိမိ၏ ရူပကာယ တစ်ခုလုံးကို ဆင်ခြင်၍ - ဟု ညွှန်ကြားထားသဖြင့် မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်းကောင်း, လုပ်ငန်းကိစ္စရသကို လည်းကောင်း အာရုံယူ၍ ရှုရမည် ဖြစ်သည်။

ဒုတိယဘာဝနာနယ၌ကား - တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ = ထိုထို အရိုး-အကြော-အသား-အရေ ကောဋ္ဌာသတို့၏ အကြားသို့ အစဉ်လျှောက်သော ဉာဏ်တည်းဟူသော လက်ဖြင့် အကြိမ်များစွာ ဖြေ၍ အသီးအသီး ခွဲခြားစိတ်ဖြာမှုကို ပြု၍ ရှုရန် ညွှန်ကြားထားသဖြင့် ထိုထို အရိုး-အကြော-အသား-အရေတို့၏ အကြားသို့ ဉာဏ်ဖြင့် အစဉ်လျှောက်၍ ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ ရှုရမည် ဖြစ်ပေသည်။

စတုဓာတုဝဝတ္ထာနဘာဝနာ

တတ္ထ ဝဝတ္ထာနန္တိ သဘာဝူပလက္ခဏဝသေန သန္နိဋ္ဌာနံ၊ စတုန္နံ ဓာတူနံ ဝဝတ္ထာနံ စတုဓာတုဝဝတ္ထာနံ။ ဓာတုမနသိကာရော, ဓာတုကမ္မဋ္ဌာနံ, စတုဓာတုဝဝတ္ထာနန္တိ အတ္ထတော ဧကံ။ (ဝိသုဒ္ဓိ၊၁၊၃၄၂။)

ဣဒံ ဟိ ကမ္မဋ္ဌာနံ ပထဝီကသိဏာဒိကမ္မဋ္ဌာနံ ဝိယ န ပဏ္ဏတ္တိမတ္တသလ္လက္ခဏဝသေန, နီလကသိဏာဒိကမ္မဋ္ဌာနံ ဝိယ န နီလာဒိဝဏ္ဏသလ္လက္ခဏဝသေန, နာပိ ဝိပဿနာကမ္မဋ္ဌာနံ ဝိယ သင်္ခါရာနံ အနိစ္စတာဒိသာမညလက္ခဏသလ္လက္ခဏဝသေန ပဝတ္တတိ၊ အထ ခေါ ပထဝီအာဒီနံ သဘာဝသလ္လက္ခဏဝသေန ပဝတ္တတိ။ တေန ဝုတ္တံ ''သဘာဝူပလက္ခဏဝသေနာ''တိ။ ကက္ခဠတ္တာဒိကဿ သလက္ခဏဿ ဥပဓာရဏဝသေနာတိ အတ္ထော။ (မဟာဋီ၊၁၊၄၂၅။)

= ထို စတုဓာတုဝဝတ္ထာန - ဟူသော စကားရပ်၌ ဝဝတ္ထာန = ဝဝတ္ထာန် = ပိုင်းခြားမှတ်သားခြင်းဟူသည် -

၁။ ပထဝီဓာတ်၏ - ကက္ခဠတ္တလက္ခဏာ = ခက်မာခြင်း သဘောလက္ခဏာ,

၂။ အာပေါဓာတ်၏ - ပဂ္ဃရဏလက္ခဏာ = ယိုစီးခြင်း သဘောလက္ခဏာ,

၃။ တေဇောဓာတ်၏ - ဥဏှတ္တလက္ခဏာ = ပူခြင်း သဘောလက္ခဏာ,

၄။ ဝါယောဓာတ်၏ - ဝိတ္ထမ္ဘနလက္ခဏာ = ထောက်ကန်ခြင်း သဘောလက္ခဏာ ----

ဟူသော ဓာတ်ကြီး (၄)ပါးတို့၏ မိမိ မိမိ၏ ဆိုင်ရာ ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ ပိုင်းခြား မှတ်သားသောအားဖြင့် ဉာဏ်ဟူသော ဆုံးဖြတ်ခြင်းတည်း။ ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချခြင်းကို စတုဓာတုဝဝတ္ထာန = စတုဓာတုဝဝတ္ထာန်ဟု ခေါ်ဆိုပေသည်။

၁။ ဓာတုမနသိကာရ = ဓာတ်ကို နှလုံးသွင်းခြင်း,

၂။ ဓာတုကမ္မဋ္ဌာန = ဓာတ်ကမ္မဋ္ဌာန်း,

၃။ စတုဓာတုဝဝတ္ထာန = စတုဓာတုဝဝတ္ထာန် = ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီး အသီးကို ပိုင်းခြားမှတ်သားခြင်း ----

ဤစကားသုံးရပ်သည် တရားကိုယ် အနက်သဘောအားဖြင့် တစ်ခုတည်းသာ ဖြစ်၏၊ (ဝိသုဒ္ဓိ၊၁၊၃၄၂။)

ဤစတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းသည် ----

၁။ ပထဝီကသိုဏ်း စသော ကမ္မဋ္ဌာန်းကဲ့သို့ ပထဝီ = မြေကြီးစသော ပညတ်မျှကို ကောင်းစွာ မှတ်သား သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်။

၂။ နီလကသိုဏ်းစသော ကမ္မဋ္ဌာန်းကဲ့သို့ အညိုရောင်စသော အရောင်အဆင်းကို ကောင်းစွာ မှတ်သား သည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်။

၃။ ဝိပဿနာကမ္မဋ္ဌာန်းကဲ့သို့ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ = အနိစ္စ လက္ခဏာ, ဒုက္ခအခြင်းအရာ = ဒုက္ခလက္ခဏာ, အနတ္တအခြင်းအရာ = အနတ္တလက္ခဏာ စသော သင်္ခါရ တရားတိုင်းနှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာကို ကောင်းစွာ မှတ်သားသည်၏အစွမ်းဖြင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်။

အဟုတ်သော်ကား ---- ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို ကောင်းစွာ မှတ်သားသည်၏ အစွမ်းဖြင့်သာ ဤစတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း သည် ဖြစ်ပေါ်လာပေသည်။ ထိုကြောင့် --- သဘာဝူပလက္ခဏဝသေန = ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းခြားမှတ်သားသည်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချမှုကို စတု ဓာတုဝဝတ္ထာန် ခေါ်ဆိုကြောင်း အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ကက္ခဠတ္တ = ခက်မာခြင်း စသော ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ကပ်၍ စူးစမ်းခြင်း = ကပ်၍ ဆောင်ခြင်း = ကပ်၍ မှတ်သားခြင်း၏ အစွမ်းဖြင့် ဤဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်ရမည်ဟု ဆိုလိုပေသည်။

(မဟာဋီ၊၁၊၃၄၅။)

ဤအထက်ပါ အရပ်ရပ်သော ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဟောကြားမြွက်ဖော် မိန့်ဆိုတော်မူချက် များအရ စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသော်လည်းကောင်း, သဘာဝလက္ခဏာ မထင်လွယ် သော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီး (၄)ပါးတို့၏ လုပ်ငန်းကိစ္စဟူသော ရသကိစ္စကိုသော်လည်းကောင်း ရှုပွားသုံးသပ်ရမည် ဖြစ်သည်။ ထိုသို့ ရှုပွား သုံးသပ်ပါမှသာလျှင် ဓာတ်ကမ္မဋ္ဌာန်းကို ရှုသည်ဟု ခေါ်ဆိုနိုင် ပေသည်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာနှင့် ရသကိစ္စမှ လွဲ၍ အခြားအခြားသော အာရုံအမျိုးမျိုးကို ပညတ် ပရမတ် မခွဲဘဲ ရှုချင်သလို ရှုနေမှုကို စတုဓာတုဝဝတ္ထာန် = ဓာတ်ကမ္မဋ္ဌာန်းဟု မခေါ်ဆိုနိုင်ကြောင်း ကိုကား အထူးသတိပြုရမည် ဖြစ်ပေသည်။

သို့အတွက် အထက်တွင် ဖော်ပြထားသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ရှုပွားပုံ ညွှန်ကြားချက် နှစ်ချက်နှင့် အညီ ဓာတ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ရတော့မည် ဖြစ်သည်။ သို့သော် ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုသော်လည်းကောင်း, ရသကိစ္စကိုသော်လည်းကောင်း မရှုပွားတတ်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ကား ခဲယဉ်းမှု ရှိနေဦးမည်သာ ဖြစ်ပေသည်။ ထိုအခက်အခဲကို ကျော် လွှားလွန်မြောက်နိုင်ရေးအတွက် အခြေခံက စ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ဓာတ်ကမ္မဋ္ဌာန်း ရှုပွားသူ ပုဂ္ဂိုလ် နှစ်မျိုး

ဓာတ်ကမ္မဋ္ဌာန်း ရှုပွားသူ ပုဂ္ဂိုလ် နှစ်မျိုး

ကမ္မဋ္ဌာန်း (၄၀)တို့တွင် မည်သည့် ကမ္မဋ္ဌာန်းကိုမျှ အားမထုတ်ဖူးသေးသော, အားထုတ်ဖူးသော်လည်း စံချိန်မီ ဥပစာရသမာဓိ သို့မဟုတ် အပ္ပနာသမာဓိ တစ်ခုခုသို့ မဆိုက်ရောက်ဖူးသေးသော ပုဂ္ဂိုလ်သည် ဓာတ် ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုသော်လည်းကောင်း, သဘာဝလက္ခဏာက မထင်ရှားခဲ့သော် ရသကိစ္စကိုသော်လည်းကောင်း, သို့မဟုတ် သဘာဝလက္ခဏာနှင့် ရသကိစ္စ နှစ်မျိုးလုံးကိုသော်လည်းကောင်း အာရုံယူ၍ သမာဓိ စတင်ထူထောင်ရမည် ဖြစ်သည်။ အကယ်၍ သဘာဝလက္ခဏာနှင့် ရသကိစ္စကို နှလုံး မသွင်းတတ်သေး မရှုတတ်သေးပါက ရှုပုံစနစ်ကို အောက်တွင် ဆက်လက်၍ ဖော်ပြမည် ဖြစ်ပါသည်။ ဤပုဂ္ဂိုလ် မျိုးကို သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (၂၊၂၂၂။) တွင် သတ်မှတ်ထားပေသည်။

နောက်ပုဂ္ဂိုလ် တစ်မျိုးမှာ သမထယာနိကပုဂ္ဂိုလ် ဖြစ်သည်။ သမထယာနိကပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလိုလတ်သော် ဓာတ်ကမ္မဋ္ဌာန်း ကစ၍ နှလုံးသွင်းရမည် ဖြစ်သည်။ အကျဉ်းနည်း အကျယ်နည်း နှစ်နည်းတို့တွင် ကြိုက်နှစ်သက်ရာ နည်းကစ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသော်လည်းကောင်း, သဘာဝလက္ခဏာ မထင်ရှားပါက ရသကိစ္စကိုသော်လည်းကောင်း, သို့မဟုတ် သဘာဝလက္ခဏာနှင့် ရသကိစ္စ နှစ်မျိုးလုံးကိုသော်လည်းကောင်း နှလုံးသွင်း ရှုပွားရမည် ဖြစ်ပေသည်။ ဤကျမ်းတွင်ကား အာနာပါနဿတိ သမာဓိဘာဝနာလမ်းစဉ်မှ စတုတ္ထစျာန်သမာဓိကို အခြေတည်၍ ဓာတ်ကမ္မဋ္ဌာန်းရှုပွားပုံကို ဖော်ပြမည် ဖြစ်ပါ သည်။ သို့သော် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း နည်းမှီး၍ ရှုပွားနိုင်သည်သာ ဖြစ်ပါသည်။

အကျဉ်းနည်း - အကျယ်နည်း

အကျဉ်းနည်း - အကျယ်နည်း

ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပုံ ဘာဝနာနည်း၌ ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညဝါ ရဟန်းတော်အဖို့ - ဆံပင်တို့သည် ပထဝီဓာတ်တည်း၊ မွေးညင်းတို့သည် ပထဝီဓာတ်တည်း - ဤသို့ စသည်ဖြင့် (၄၂)ပါးသော ကောဋ္ဌာသတို့ဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည် နှေး ကွေးသည်, အချိန်ဖင့်နွှဲသည်ဟု ထင်လာ၏၊ သို့သော် ဆံပင် စသော ကောဋ္ဌာသတို့၌ ----

၁။ ခက်မာမှု သဘောလက္ခဏာသည် ပထဝီဓာတ်တည်း၊

၂။ ဖွဲ့စည်းမှု သဘောလက္ခဏာသည် အာပေါဓာတ်တည်း၊

၃။ ရင့်ကျက်စေမှု သဘောလက္ခဏာသည် တေဇောဓာတ်တည်း၊

၄။ ထောက်ကန်မှု သဘောလက္ခဏာသည် ဝါယောဓာတ်တည်း - ဟု

ဤသို့ နှလုံးသွင်း ရှုပွားသော ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညဝါ ယောဂါဝစရ ရဟန်းတော် အဖို့ကား (ဝတ္ထုကို မသုံးသပ်ဘဲ သဘာဝလက္ခဏာမျှကိုသာ သုံးသပ်ရှုပွား နှလုံးသွင်းခြင်းကြောင့်) ကမ္မဋ္ဌာန်း သည် ထင်ရှားလာ၏၊

သို့သော် ဉာဏ်ပညာ မထက်မြက်လွန်းသော နာတိ တိက္ခပညဝါ ယောဂါဝစရ ရဟန်းတော်အဖို့မူကား ဤကဲ့သို့ ဆံပင်စသော ဝတ္ထုကို မသုံးသပ်ဘဲ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးမျှကို နှလုံး သွင်း ရှုပွားသုံးသပ်ခဲ့သော် = အကျဉ်းနည်းအားဖြင့်သာ နှလုံးသွင်း ရှုပွားသုံးသပ်နေခဲ့သော် ကမ္မဋ္ဌာန်းသည် မထင်လာ မမြင်လာသည်၏ အဖြစ်ကြောင့် အမိုက်မှောင်သဖွယ် ဖြစ်လျက် ကမ္မဋ္ဌာန်း မထင်ရှားတော့ပေ။ ဆံပင်တို့သည် ပထဝီဓာတ်တည်း မွေးညင်းတို့သည် ပထဝီဓာတ်တည်း ဤသို့ စသည်ဖြင့် အကျယ်နည်းအားဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို နှလုံးသွင်း ရှုပွားသုံးသပ်ခဲ့သော် ကမ္မဋ္ဌာန်းသည် ထင်ရှားလာပေသည်။ (ဝိသုဒ္ဓိ၊၁၊၃၄၆၊၊)

[မှတ်ချက် ---- ဓာတုဝိဘင်္ဂသုတ္တန်၌ မကျဉ်းမကျယ်နည်းအားဖြင့် ဟောကြားတော်မူချက် လာရှိပေသည်။ ထိုမကျဉ်းမကျယ်နည်းသည်လည်း အကျယ်နည်း၌ပင် အကျုံးဝင်သည်ဟု မှတ်ပါ။ (မဟာဋီ၊၁၊၄၂၆။)]

ကမ္မဋ္ဌာန်း ထင်ရှားပုံ - မထင်ရှားပုံ

ကမ္မဋ္ဌာန်း ထင်ရှားပုံ - မထင်ရှားပုံ

ဤအထက်ပါ ကမ္မဋ္ဌာန်း ထင်ရှားမှု မထင်ရှားမှုဟူသော စကားရပ်၌ ကမ္မဋ္ဌာန်းဟူသည် အာရုံလော, ဘာဝနာဉာဏ်လော, အဘယ်ကြောင့် ကမ္မဋ္ဌာန်း မည်သနည်း၊ အဘယ်သို့ ထင်ရှားသနည်း။ အဖြေကား ဤသို့ ဖြစ်၏၊

ကမ္မဋ္ဌာနံ ပါကဋံ ဟောတီတိ ယောဂကမ္မဿ ပဝတ္တိဋ္ဌာနဘူတံ တဒေဝ လက္ခဏံ ဝိဘူတံ ဟောတိ။

(မဟာဋီ၊၁၊၄၃၂။)

= ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ စိတ် စေတသိက်တို့ကို ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုနှင့် (ဤတွင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံနှင့်) ယှဉ်စပ်၍ ပေးခြင်း လုပ်ငန်းကိစ္စရပ်ကို ယောဂကမ္မဟု ခေါ်ဆို၏၊ ထိုယောဂကမ္မလုပ်ငန်းရပ်၏ ဖြစ်ရာဌာန ဖြစ်၍ ဖြစ်သော ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသ

ဤစကားရပ်ဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိဟူသော အသီးအသီးသော သဘာဝ လက္ခဏာအာရုံသည် ယောဂကမ္မ၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်သည်ကို ပြသည်။ ဋီကာ ဆရာတော်က နောက်တစ်နည်း ထပ်ဖွင့်ပြန်သေး၏၊

တဿ ဝါ လက္ခဏဿ သုဋ္ဌု ဥပဋ္ဌာနတော တံ အာရဗ္ဘ ပဝတ္တမာနံ မနသိကာရသင်္ခါတံ ကမ္မဋ္ဌာနံ ဝိဘူတံ ဝိသဒံ ဟောတိ၊ တိက္ခပညဿ ဣန္ဒြိယပါဋဝေန သံခိတ္တရုစိဘာဝတော။ (မဟာဋီ၊၁၊၄၃၂။)

= တစ်နည်းအားဖြင့် ဆိုရသော် --- ဓာတ်ကြီး (၄)ပါးတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာ၏ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ကောင်းစွာ ထင်ရှားနေသည်၏ အဖြစ်ကြောင့် ထိုဓာတ်ကြီး (၄)ပါးတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို အာရုံပြု၍ ဖြစ်ပေါ်နေသော နှလုံးသွင်းရှုပွားမှု မန

ဤစကားရပ်ဖြင့် မနသိကာရဟု ခေါ်ဆိုအပ်သော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး ကို ရှုပွားနေသော သိမြင်နေသော ဘာဝနာသည် တစ်နည်း ဘာဝနာဉာဏ် ဦးဆောင်သည့် စိတ်စေတသိက် တရားစုသည် ကမ္မဋ္ဌာန်း မည်သည်ကို ပြသည်။

လိုရင်းမှတ်သားရန် ---- ပထမအဖွင့်က ရှုအပ်သော အရှုခံအာရုံကို ကမ္မဋ္ဌာန်းဟု ဆိုလိုသည်။ ဒုတိယ အဖွင့်က ရှုတတ်သော အာရမ္မဏိက စိတ်စေတသိက်တရားစုကို ကမ္မဋ္ဌာန်းဟု ဆိုသည်။

တိက္ခပညဝါ - နာတိတိက္ခပညဝါ

တိက္ခပညဝါ - နာတိတိက္ခပညဝါ

ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညဝါပုဂ္ဂိုလ်ကား ဣန္ဒြေ (၅)ပါးတို့၏ ထက်မြက်စူးရှ ရဲရင့် သည့်အတွက် အကျဉ်းကိုသာ နှစ်ခြိုက်ရကား ဓာတ်ကမ္မဋ္ဌာန်းသည် အလွန်ထင်ရှားနေ၏၊ သို့သော် ဉာဏ်ပညာ မထက်မြက်လွန်းသော နာတိ တိက္ခပညဝါပုဂ္ဂိုလ်ကား လျင်မြန်စွာ မဆင်ခြင်နိုင် မသိနိုင်သည်၏ အဖြစ်ကြောင့် အကျယ်ကို နှစ်ခြိုက်သည်ဖြစ်ရကား - ဆံပင်တို့သည် ပထဝီဓာတ်တည်း၊ မွေးညင်းတို့သည် ပထဝီဓာတ်တည်း ဤသို့စသည်ဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ တည်ရာဝတ္ထုကိုပါ ပူးတွဲသုံးသပ် ရှုပွားပါမှ ကမ္မဋ္ဌာန်းသည် ထင်ရှား လာပေသည်။

နာတိတိက္ခပညဿ အခိပ္ပနိသန္တိတာယ ဝိတ္ထာရရုစိဘာဝတော။ (မဟာဋီ၊၁၊၄၃၂။)

ဓာတ်ဆိုတာဘာလဲ?

ဓာတ်ဆိုတာဘာလဲ?

ပထဝီဓာတူတိအာဒီသု ဓာတုတ္ထော နာမ သဘာဝတ္ထော၊ သဘာဝတ္ထော နာမ သုညတတ္ထော၊ သုညတတ္ထော နာမ နိဿတ္တတ္ထော။ ဧဝံ သဘာဝသုညတနိဿတ္တတ္ထေန ပထဝီယေဝ ဓာတု ပထဝီဓာတု၊ အာပေါဓာတုအာဒီသုပိ ဧသေဝ နယော။ (မဟာဋီ၊၁၊၄၂၆-၄၂၇။)

= ပထဝီဓာတ် စသည်တို့၌ ဓာတွတ္ထ = ဓာတ်သဘောမည်သည် သဘာဝတ္ထတည်း။ သဘာဝတ္ထဟူသည် သုညတတ္ထတည်း။ သုညတတ္ထဟူသည် နိဿတ္တတ္ထတည်း။

ဤမျှဖြင့် နားမလည်နိုင်သေးသူတို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည် ဓာတ် သဘောဟူသည် - (၁) မာမှု-ကြမ်းမှု, (၂) ယိုစီးမှု-ဖွဲ့စည်းမှု, (၃) ပူမှု-ရင့်ကျက်စေမှု, (၄) ထောက်ကန်မှု-တွန်းကန်မှု ဟူသော ပရမတ္ထဓမ္မသဘာဝ တရားကိုယ်တည်း။ ပရမတ္ထဓမ္မသဘာဝ တရားကိုယ်ဟူသည် အသက် ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု အတ္တဝါဒသမားတို့ ပြောဆို ခေါ်ဝေါ်သုံးစွဲနေသော အတ္တဇီဝမှ ဆိတ်သုဉ်းနေသော သုညတတ္ထ သဘောတည်း။ သုညတတ္ထ သဘောဟူသည် ပုဂ္ဂိုလ် သတ္တဝါ မဟုတ် သော အတ္တမဟုတ်သော နိဿတ္တတ္ထ သဘောတည်း။

ဤအထက်ပါ ရှင်းလင်းချက်များအရ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကို နှလုံးသွင်း ရှုပွားရာ၌ ပထမတွင် သဘာဝတ္ထဟူသော ပရမတ္ထဓမ္မသဘာဝ = ပင်ကိုယ်သဘာဝလက္ခဏာကို နှလုံးသွင်း ရှုပွားရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် သုညတတ္ထသဘော နိဿတ္တတ္ထသဘောများသို့ အသိဉာဏ် ဆိုက်အောင် ရှုပွားရမည် ဖြစ်သည်။ ရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်၍ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ အသီးအသီးကို ဉာဏ်စက္ခုဖြင့် ရှုမြင်နိုင်သောအခါ သုညတတ္ထသဘော နိဿတ္တတ္ထ သဘောများသို့ ဆိုက်မည် ဖြစ်သည်။ ထိုအခါကျမှ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ပထဝီဓာတ် အာပေါ ဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို သိရှိမည် ဖြစ်သည်။

ဤသို့ဖြစ်လျှင် သဘာဝတ္ထနှင့် သုညတတ္ထ နိဿတ္တတ္ထတို့ကား မတူဟု အသင်ယောဂီသူတော်ကောင်းသည် ယူဆကောင်း ယူဆနိုင်ပါသည်။ ဤသို့ကား မယူဆသင့်ပါ။ ယောဂါဝစရပုဂ္ဂိုလ်သည် အားထုတ်စအခါ၌ စလျှင် စချင်း ချက်ချင်းပင် ရုပ်ကလာပ်များကို တွေ့မြင်နိုင်ဖို့ ရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်ဖို့ကား မဖြစ်နိုင်သေးပါ။ ပထမတွင် ဓာတ်ကြီး (၄)ပါးတို့၏ အသီးအသီးသော သဘာဝ လက္ခဏာအာရုံပေါ်သို့ ဘာဝနာစိတ်ကို ကြိုးစား၍ ပို့ဆောင်နေရမည် ဖြစ်သည်။ ထိုသို့ ပို့ဆောင်စ အချိန်တွင် ရုပ်ကလာပ်များကိုလည်း မမြင်သေးပါက, ရုပ် ကလာပ်များကိုလည်း ဓာတ်မခွဲနိုင်သေးပါက, ရုပ်ကလာပ်အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုလည်း မရှုနိုင်သေး မမြင်နိုင်သေးပါက သန္တတိဃန, သမူဟဃန, ကိစ္စဃန ဟူသော ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် သုညတတ္ထသဘော နိဿတ္တတ္ထသဘောသို့ မသက်ဝင်နိုင်သေးဟုသာ ဆိုလိုရင်း ဖြစ်ပါသည်။ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ပြီးနောက် ရုပ် ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်သောအခါ၌မူကား ဃန-ဟူသော ရုပ်တုံးရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးနိုင်ပြီ ဖြစ်၍ ပရမတ္ထသစ္စာနယ်သို့ ခြေစုံပစ်၍ ပြေးဝင်သွားပြီ ဖြစ်ရကား သဘာဝတ္ထ-သုညတတ္ထ-နိဿတ္တတ္ထ သဘောသို့ ဆိုက်ပြီဟု ဆိုလိုရင်း ဖြစ်ပါသည်။

လက္ခဏ နှင့် ရသ

လက္ခဏ နှင့် ရသ

အထက်တွင် ဖော်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ပွားများ အားထုတ်ပုံ ဘာဝနာနယ ပထမနည်း ဒုတိယနည်းတို့တွင် ----

၁။ ပထဝီဓာတ်၌ ---- (က) ထဒ္ဓဘာဝ = မာမှုသဘော,

( ခ ) ခရဘာဝ = ကြမ်းမှုသဘော,

၂။ အာပေါဓာတ်၌ ---- (က) ဒြဝဘာဝ = ယိုစီးမှုသဘော,

( ခ ) အာဗန္ဓနဘာဝ = ဖွဲ့စည်းမှုသဘော,

၃။ တေဇောဓာတ်၌ ---- (က) ဥဏှဘာဝ = ပူမှုသဘော,

( ခ ) ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘော,

၄။ ဝါယောဓာတ်၌ ---- (က) ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော,

( ခ ) သမုဒီရဏဘာဝ = တွန်းကန်မှုသဘော ----

ဤသို့လျှင် ဓာတ်တစ်ပါးတစ်ပါး၌ နှစ်မျိုးစီ ဖော်ပြထား၏၊ ဤဖော်ပြချက်ကို မဟာဋီကာဆရာတော် ဘုရားက အောက်ပါအတိုင်း ရှင်းလင်းဖွင့်ဆိုထား၏၊

၁။ (က) ထဒ္ဓဘာဝ = မာမှုသဘောကား - ပထဝီဓာတ်၏ သဘာဝလက္ခဏာ,

( ခ ) ခရဘာဝ = ကြမ်းမှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ,

၂။ (က) ဒြဝဘာဝ = ယိုစီးမှုသဘောကား - အာပေါဓာတ်၏ သဘာဝလက္ခဏာ

( ခ ) အာဗန္ဓနဘာဝ = ဖွဲ့စည်းမှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ

၃။ (က) ဥဏှဘာဝ = ပူမှုသဘောကား - တေဇောဓာတ်၏ သဘာဝလက္ခဏာ

( ခ ) ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ

၄။ (က) ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘောကား - ဝါယောဓာတ်၏ သဘာဝလက္ခဏာ

( ခ ) သမုဒီရဏဘာဝ = တွန်းကန်မှုသဘောကား - ဥပဋ္ဌာနာကာရ = ရသကိစ္စ

ဤသို့ အသီးအသီး ဖွင့်ဆိုထားပေသည်။ (မဟာဋီ၊၁၊၄၃၃။)

ဥပဋ္ဌာနာကာရ-ဟူသည်

ဥပဋ္ဌာနာကာရ-ဟူသည်

ဥပဋ္ဌာနာကာရော စ နာမ ဓာတူနံ သကိစ္စကရဏဝသေန ဉာဏဿ ဝိဘူတာကာရော။ ကသ္မာ ပနေတ္ထ ဥဘယဂ္ဂဟဏံ? ပုဂ္ဂလဇ္ဈာသယတော။ ဧကစ္စဿ ဟိ ဓာတုယော မနသိ ကရောန္တဿ တာ သဘာဝတော ဂဟေတဗ္ဗတံ ဂစ္ဆန္တိ၊ ဧကစ္စဿ သကိစ္စကရဏတော၊ ယော ရသောတိ ဝုစ္စတိ။ တတြာယံ ယောဂီ ဓာတုယော မနသိ ကရောန္တော အာဒိတော ပစ္စေကံ သလက္ခဏတော, သရသတောပိ ပရိဂ္ဂဏှာတိ။ (မဟာဋီ၊၁၊၄၃၃။)

ဥပဋ္ဌာနာကာရဟူသည် ဓာတ်ကြီး (၄)ပါးတို့၏ မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်သည်၏ အစွမ်းအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ထင်လာသော အခြင်းအရာတည်း၊ ဉာဏ်ဖြင့် ပိုင်းခြား ယူအပ်သော အခြင်းအရာကို ဆိုလိုပေသည်။

ဤအရာ၌ အဘယ်ကြောင့် လက္ခဏာနှင့် ဥပဋ္ဌာနာကာရ နှစ်မျိုးစုံကို ယူခြင်းသည် ဖြစ်ပါသနည်း၊ လက္ခဏာနှင့် ရသ နှစ်မျိုးလုံးကိုယူ၍ အဘယ်ကြောင့် လုပ်ငန်းခွင်ကို ဖော်ပြနေရပါသနည်းဟု မေးမြန်းဖွယ် ရှိလာ၏၊ အဖြေကား --- ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အလိုအဇ္ဈာသယဓာတ်ကြောင့် ဖြစ်ပေါ်လာရသည် ဟူ၏၊

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ဓာတ်တို့ကို နှလုံးသွင်း ရှုပွားခဲ့သော် သဘာဝလက္ခဏာအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်သို့ ရောက်ရှိလာကုန်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်သောအားဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူအပ်သည်၏ အဖြစ်သို့ ရောက်ရှိ လာကုန်၏၊ ယင်းသို့သော မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စရပ်ကို ပြုလုပ်ခြင်းကို ရသဟူ၍ ခေါ်ဆိုအပ်ပေ သည်။ ထိုလက္ခဏာနှင့် ရသ နှစ်မျိုးတို့တွင် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီး (၄)ပါးတို့ကို စတင်၍ နှလုံး သွင်း ရှုပွားခဲ့သော် အားထုတ်စအခါ၌ အသီးအသီးသော မိမိ မိမိ၏ ကိုယ်ပိုင်သဘာဝ လက္ခဏာအားဖြင့် သော်လည်းကောင်း, မိမိ မိမိ၏ ဆိုင်ရာ လုပ်ငန်းကိစ္စ ရသအားဖြင့်သော်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြား ယူအပ် ရှုပွား သုံးသပ်အပ်ပေသည်။ (မဟာဋီ၊၁၊၄၃၃။)

ဤသို့ သဘာဝလက္ခဏာကိုဖြစ်စေ, ရသကိုဖြစ်စေ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏၊ ဓာတ်ကြီး (၄)ပါး အာရုံပေါ်သို့ ဘာဝနာစိတ်ကို ထပ်ကာထပ်ကာ ရှေးရှုတင်ပေးအပ်၏၊ (မဟာဋီ၊၁၊၄၃၃-၄၃၄။)

ထင်ရှားရာကို ရွေးချယ်ပါ

ထင်ရှားရာကို ရွေးချယ်ပါ

တေဿဝံ မနသိ ကရောတော ယံ လက္ခဏာဒီသု သုပါကဋံ ဟုတွာ ဥပဋ္ဌာတိ၊ တဒေဝ ဂဟေတွာ ဣတရံ ဝိဿဇ္ဇေတွာ တေန သဒ္ဓိံ ''ပထဝီဓာတု အာပေါဓာတူ''တိအာဒိနာ မနသိကာရော ပဝတ္တေတဗ္ဗော။

(မဟာဋီ၊၁၊၄၃၄။)

ဤကဲ့သို့ နှလုံးသွင်း ရှုပွား၍နေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား လက္ခဏာစသည်တို့တွင် လက္ခဏာ သည်သော်လည်းကောင်း, ရသသည်သော်လည်းကောင်း ကောင်းစွာ ထင်ရှား၍ အသိဉာဏ်၌ ထင်လာ၏၊ ထို ကောင်းစွာ ထင်လာသော သဘာဝလက္ခဏာကိုသာလျှင်သော်လည်းကောင်း, ရသကိစ္စကိုသာလျှင်သော်လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဤမှ တစ်ပါးသော အသိဉာဏ်၌ ကောင်းစွာ မထင်လာသော လက္ခဏာ သဘော သို့မဟုတ် ရသသဘောကို လွှတ်လိုက်၍ ထိုကောင်းစွာ ထင်လာသော လက္ခဏသဘော ရသသဘော နှင့် အတူတကွ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု နှလုံးသွင်းမှုကို ဖြစ်စေပါ။

(မဟာဋီ၊၁၊၄၃၄။)

ဤကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့၌လာရှိသော ဓာတုမနသိကာရ အမည်ရသည့် ဓာတ် ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်း ပြည်တည်ခန်းပင် ဖြစ်သည်။ ဤမျှ ဖော်ပြထားသော အားထုတ်စဉ်နှင့် ပတ်သက် သော ညွှန်ကြားလွှာ အရပ်ရပ်တို့ကို ဖတ်ရှုရ၍ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းကို ရှုပွားတတ်သော ယောဂါဝစရ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့လည်း ရှိကောင်း ရှိကြမည် ဖြစ်၏၊ မရှုတတ်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့လည်း ရှိကောင်း ရှိကြမည် ဖြစ်၏၊ မရှုပွားတတ်သေးသူတို့အတွက် ရည်ညွှန်း၍ အခြေခံက စ၍ အားထုတ်ပုံ အစီ အစဉ်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ဓာတ်သဘော (၁၂) မျိုး

ဓာတ်သဘော (၁၂) မျိုး

ဤကျမ်းတွင်ကား ဓမ္မသင်္ဂဏီပါဠိတော်သို့လိုက်၍ ပထဝီဓာတ်၌ မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့ ဟု သဘောတရား (၆)မျိုးလုံးကို ရှုရန် ဖော်ပြထားပါသည်။ ကျန်ဓာတ် (၃)ပါးတို့၌ကား အဋ္ဌကထာ-ဋီကာတို့၌ ညွှန်ကြားထားတော်မူသည့်အတိုင်း -- အာပေါဓာတ်၌ ယိုစီး-ဖွဲ့စည်း = နှစ်မျိုး, တေဇောဓာတ်၌ ပူ-အေး = နှစ်မျိုး, ဝါယောဓာတ်၌ ထောက်ကန်-တွန်းကန် = နှစ်မျိုး - ရှုရန် ဖော်ပြထားပါသည်။ သို့အတွက် ----

၁။ ပထဝီဓာတ်၌ သဘောတရား (၆) မျိုး (မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့),

၂။ အာပေါဓာတ်၌ သဘောတရား (၂) မျိုး (ယိုစီး-ဖွဲ့စည်း),

၃။ တေဇောဓာတ်၌ သဘောတရား (၂) မျိုး (ပူ-အေး),

၄။ ဝါယောဓာတ်၌ သဘောတရား (၂) မျိုး (ထောက်ကန်-တွန်းကန်),

အားလုံးပေါင်းသော် သဘောတရား (၁၂) မျိုး ဖြစ်သည်။

ဤကျမ်းစာ၌ကား ဖော်ပြပါ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရား (၁၂)မျိုးကို ပြည်တည်၍ အလုပ် စခန်းကို စတင် ဖော်ပြထားပါသည်။ အကြောင်းကား ဤသို့ ဖြစ်၏၊

အကြောင်းပြချက်

အကြောင်းပြချက်

အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ သန္တာန်ဝယ် သမာဓိ အတော်အသင့် အားကောင်းလာသော အခါ အချို့အချို့ဓာတ်များ လွန်ကဲလာသည်ကို တွေ့ရ၏၊ တစ်ကိုယ်လုံး၌ ဖြစ်စေ, ဦးခေါင်းကဲ့သို့ တစ်နေရာ၌ ဖြစ်စေ အချို့အချို့ဓာတ်များ အထူးလွန်ကဲလာတတ်၏၊ ထိုအခါမျိုး၌ ဓာတ်တစ်ခုကို ဓာတ်တစ်ခုဖြင့် ညီမျှ သွားအောင် ထိန်းချုပ်ပေးရ၏၊ ဓာတ်ညီမျှသွားအောင် နှလုံးသွင်း ရှုပွားပေးရ၏၊

ပထဝီဓာတ် ---- အချို့ယောဂီများ၌ မာမှုသဘော လွန်ကဲလာတတ်၏၊ ခေါင်းတစ်ခုလုံးသည် သို့မဟုတ် ကိုယ်တစ်ကိုယ်လုံးသည် အလွန် ခိုင်မာတောင့်တင်းနေတတ်၏၊ မခံမရပ်နိုင် ဖြစ်နေတတ်၏၊ ထိုအခါမျိုး၌ မခံ မရပ်နိုင် ဖြစ်လာခဲ့သော် သမာဓိသည် ပျက်ပြားသွားတတ်၏၊ သို့မဟုတ် သမာဓိ၏ အရှိန်သည် လျော့သွား တတ်၏၊ သို့အတွက် မာမှုသဘော လွန်ကဲနေသော် ပျော့မှုသဘောကို ပြောင်း၍ စိုက်ရှုလိုက်ပါက ဓာတ်ညီ မျှ၍ သွားတတ်ပေသည်၊ ဓာတ်ညီမျှသွားသောအခါ သမာဓိကို ဆက်လက်၍ တစ်ဖန် ထူထောင်ခဲ့သော် သမာဓိအဖြစ် မြန်တတ်ပေသည်။

တစ်ခါတစ်ရံ ကြမ်းမှုသဘောတရားသည် မခံမရပ်နိုင်လောက်အောင် ထင်ရှားလာတတ်ပြန်၏၊ အချို့ ယောဂီများ၌ အူ, အသည်း စသည့် အတွင်းကောဋ္ဌာသများအထိ ကြမ်းတမ်းနေသဖြင့် ရရှိပြီး သမာဓိမှာ လွယ်ကူစွာပင် လျှောကျသွားတတ်သည်ကို တွေ့ရ၏၊ ထိုအခါမျိုး၌ ချောမှုသဘောကို ဓာတ်ချင်း ညီမျှမှုရှိ သည်တိုင်အောင် ပြောင်း၍ စိုက်ရှုရ၏၊

တစ်ခါတစ်ရံ လေးမှုသဘောက လွန်ကဲလာတတ်ပြန်၏၊ သမာဓိအားမကောင်းမီ ငြိမ်သက်စွာ ဣရိယာ ပုထ်ကို ထား၍ ကြာရှည်စွာ ထိုင်နေပါက လေးမှုသဘောတရားမှာ လွန်ကဲလာတတ်ပေသည်။ ထိုအခါမျိုး၌ ပေါ့မှုသဘောကို ဓာတ်ချင်း ညီမျှသွားအောင် ပြောင်း၍ စိုက်ရှုရ၏၊

တစ်ခါတစ်ရံ သမာဓိ အလွန်အားကောင်းလာသောအခါဝယ် ပေါ့မှု သဘောတရားသည် အလွန် ထင်ရှား လာတတ်ပြန်၏၊ လေထဲ၌ လွင့်နေသကဲ့သို့ ဖြစ်နေတတ်၏၊ ထိုအခါမျိုး၌လည်း လိုအပ်သော သမာဓိအဆင့်သို့ လွယ်ကူစွာ မရောက်နိုင် ဖြစ်နေတတ်၏၊ ပေါ့မှုသဘော အားကောင်း၍ လွင့်တက်နေသောအခါမျိုး၌ကား လေးမှုသဘောကို ပြောင်း၍ စိုက်ရှုလိုက်ပါက ငြိမ်သက်သွားတတ်၏၊ ဓာတ်ညီမျှသွားတတ်၏၊ သမာဓိအဖြစ် မြန်လာတတ်၏၊

အလားတူပင် တစ်ခါတစ်ရံ ပျော့မှုသဘောတရားက အလွန်ထင်ရှားလာတတ်ပြန်၏၊ ဂွမ်းပုံကဲ့သို့ ရွှံ့ပျော့ ကဲ့သို့ မုန့်ကျွဲသည်းကဲ့သို့ တစ်ကိုယ်လုံး အလွန်ပျော့ခွေနေတတ်၏၊ ထိုင်ထားသည့် ကြမ်းအတွင်းသို့ ဝင်လု မတတ် ပျော့အိနေတတ်၏၊ ထိုအခါမျိုး၌ မာမှုသဘောကို ပြောင်း၍ ရှုခြင်းဖြင့် ဓာတ်ချင်း ညီမျှအောင် ထိန်းပေးရ၏၊

တစ်ခါတစ်ရံ ပျော့မှုသဘောတရားနှင့် တွဲ၍ ချောမွေ့မှုသဘောတရားက အလွန်ထင်ရှားလာတတ်ပြန်၏၊ ချောမွတ်သည့် အတွေ့အထိကြောင် ဘာဝနာ၌ သာယာမှု နိကန္တိများ ဝင်လာတတ်၏၊ သမာဓိ၏ အန္တရာယ်ပင် ဖြစ်သည်။ ထိုအခါမျိုး၌ မာမှု-ကြမ်းမှုတို့ကို တစ်ဖန်ပြန်၍ ရှုခြင်းဖြင့် ဓာတ်ချင်း ညီမျှသွားအောင် ပြုကျင့်ပေး ရ၏၊

သို့အတွက် အဋ္ဌကထာ ဋီကာတို့၌ ပထဝီဓာတ်ဝယ် မာမှု-ကြမ်းမှု သဘောတရားနှစ်မျိုးကိုသာ ရှုကွက် အဖြစ် ဖော်ပြထားသော်လည်း ဤကျမ်း၌ကား ဓမ္မသင်္ဂဏီပါဠိတော်ဂတိသို့ လိုက်၍ ပထဝီဓာတ်၌ (၆)မျိုးလုံး ရှုရန် ညွှန်ကြားထားခြင်း ဖြစ်ပေသည်။

မေးမြန်းဖွယ် အချက်တစ်ရပ်

မေးမြန်းဖွယ် အချက်တစ်ရပ်

မဟာရာဟုလောဝါဒသုတ္တန် စသော ဒေသနာတော်များ၌ ပထဝီဓာတ်ဝယ် ကက္ခဠ-ခရိဂတ = မာမှု-ကြမ်းမှု ဟူသော ဓာတ်သဘောတရား နှစ်မျိုးကိုသာ များသောအားဖြင့် ဘုရားရှင်ဟောကြားထားတော်မူ၏၊ သို့အတွက် အဋ္ဌကထာ-ဋီကာတို့ကလည်း ပထဝီဓာတ်၌ မာမှု-ကြမ်းမှု နှစ်မျိုးကိုသာ ရှုကွက်အဖြစ် များသော အားဖြင့် ဖော်ပြလေ့ ရှိကြ၏၊ သို့သော် ဓမ္မသင်္ဂဏီပါဠိတော်၌ကား အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပထဝီ ဓာတ်ဝယ် မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ ဟု သဘောတရား (၆)မျိုး ဟောကြားထားတော်မူ၏၊ ထိုသို့ ဟောကြားပါမှ နှစ်ခြိုက်သဘောကျကြမည့် နတ်ဗြဟ္မာတို့၏ အဇ္ဈာသယဓာတ်သို့ လိုက်၍ (၆)မျိုး ခွဲခြားလျက် ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

ယင်းသို့ ဖြစ်လျှင် ဒေသနာတော်နှစ်မျိုးသည် တစ်မျိုးနှင့် တစ်မျိုး မတူကွဲပြား ခြားနားလေသလောဟု မေးရန် ရှိလာပြန်၏၊ အဖြေကား ဒေသနာတော်နှစ်မျိုးသည် တစ်မျိုးနှင့် တစ်မျိုး မတူကွဲပြား ခြားနားမှု မရှိဘဲ တူညီလျက်ပင် ရှိသည်ဟူ၏၊ လောကဥပမာအားဖြင့် ဆိုပေအံ့။ ----

၁။ အလွန် နူးညံ့ ပျော့ပျောင်းနေသော ရွှံ့တုံးတစ်ခု,

၂။ မီးဖုတ်ပြီး ကျက်နေသော အုတ်ခဲတစ်ခု,

၃။ အလွန်မာနေသော လိပ်သဲကျောက်တုံး ကျောက်ခဲကြီးတစ်ခု ----

ဟု အတုံးအခဲကြီး (၃)ခု ရှိသည် ဆိုကြစို့။

ထို (၃)မျိုးတို့တွင် ရွှံ့တုံးရွှံ့ခဲထက် အုတ်ခဲက ပို၍ မာ၏၊ အုတ်ခဲထက် လိပ်သဲကျောက်ခဲကြီးက ပို၍ မာ၏၊ အုတ်ခဲသည် ရွှံ့တုံးရွှံ့ခဲနှင့် တိုင်းတာနှိုင်းစာလိုက်သော် ရွှံ့တုံးရွှံ့ခဲက ပျော့၏၊ အုတ်ခဲက မာ၏၊ တစ်ဖန် အုတ်ခဲသည် လိပ်သဲကျောက်ခဲနှင့် တိုင်းတာနှိုင်းစာလိုက်သော် အုတ်ခဲက ပျော့၏၊ လိပ်သဲကျောက်ခဲက မာ၏-ဟု ဆိုရ၏၊

အုတ်ခဲသည် ရွံ့ခဲနှင့် နှိုင်းစာလိုက်သောအခါ မာ၏-ဟု ဆိုရသော်လည်း လိပ်သဲကျောက်ခဲနှင့် နှိုင်းစာ လိုက်သောအခါ ပျော့၏-ဟု တစ်ဖန် ဆိုရပြန်၏၊ သို့အတွက် မာမှု-ပျော့မှု ဟူသည် အရာဝတ္ထု နှစ်ခုတို့ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါမှ ဖြစ်ပေါ်လာသော စံတစ်မျိုး ဖြစ်သည်။ အရာဝတ္ထုတစ်ခုကို ထောက်ဆ၍ မာသည်ဟု ဆိုရသော်လည်း အရာဝတ္ထုတစ်ခုကို ထောက်ဆလိုက်ပါက ပျော့သည်ဟု ဆိုရပြန်၏၊ မည်မျှ ပျော့ သည်ဟု ဆိုရသော အရာဝတ္ထုကိုပင်ဖြစ်စေ သေသေချာချာ တွေ့ထိကြည့်ပါက ထိုအရာဝတ္ထုနှင့် ထိုက်တန် သလောက် မာမှုသဘောကား ရှိလျက်ပင် ဖြစ်သည်။ အလွန် ပျော့ပျောင်း နူးညံ့သည်ဟု သတ်မှတ်ထားသော ရွှံ့တုံးကိုပင် တွေ့ထိကြည့်ပါ။ သူနှင့် ထိုက်တန်သလောက် မာမှု သဘောကိုကား တွေ့ရှိမည်သာ ဖြစ်ပေသည်။ နည်းနည်း မာမှုသဘောကို ပျော့သည်ဟု သုံးစွဲ၍ များများမာမှု သဘောကို မာသည်ဟု သုံးစွဲနေခြင်း ဖြစ်၏၊

တစ်ဖန် ကြမ်းမှု-ချောမှု သဘောကိုလည်း ဆန်းစစ်ကြည့်ပါ။

၁။ အလွန် ချောမွေ့သော အင်္ကျီပိတ်စ တစ်ခု,

၂။ ပုဆိုး လုံချည်ချော တစ်ခု,

၃။ ဂုန်နီအိတ် တစ်ခု ---

ရှိကြသည် ဆိုကြစို့။

ပုဆိုးနှင့် အင်္ကျီကို နှိုင်းစာ တိုင်းတာကြည့်လိုက်ပါက အင်္ကျီက ချောသည်၊ ပုဆိုးက ကြမ်းသည်ဟု ဆို ရ၏၊ တစ်ဖန် ပုဆိုးနှင့် ဂုန်နီအိတ်ကို နှိုင်းစာတိုင်းတာကြည့်လိုက်ပါက ပုဆိုးက ချောသည်၊ ဂုန်နီအိတ်က ကြမ်းသည်ဟု ဆိုရပြန်၏၊ သို့အတွက် ပုဆိုးသည် ဂုန်နီအိတ်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ ချောသည်ဟု ဆိုရသော်လည်း အင်္ကျီနှင့် နှိုင်းယှဉ်ကြည့်လိုက်သော အခါ၌မူကား ကြမ်းသည်ဟုပင် ဆိုရပြန်၏၊ အရာဝတ္ထု တစ်ခုတည်းကိုပင် အခြားဝတ္ထုနှင့် နှိုင်းယှဉ် ကြည့်လိုက်သောအခါ ကြမ်းသည် ချောသည်ဟူသော အမည် နှစ်မျိုးကို ရရှိနိုင်လာ၏၊ အကြောင်းမူ -- မည်မျှချောသည်ဟု ဆိုရသော်လည်း ထိုအရာဝတ္ထုနှင့် ထိုက်တန် သလောက် ကြမ်းတမ်းမှုကား ရှိသည်သာ ဖြစ်သည်။ အလွန်ချောသည်ဟု ဆိုရသော အင်္ကျီကိုပင် စမ်းသပ် ကြည့်ပါက အင်္ကျီနှင့် တန်သလောက် ကြမ်းတမ်းမှုကား ရှိလျက်ပင် ဖြစ်သည်။ သို့အတွက် နည်းနည်း ကြမ်း သည်ကို ချောသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ များများကြမ်းသည်ကို ကြမ်းသည်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်သည်။

အလားတူပင် လေးမှုနှင့် ပေါ့မှုတို့၌လည်း သဘောပေါက်ပါလေ။ များများလေးသည်ကို လေးသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ နည်းနည်းလေးသည်ကို ပေါ့သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်၏၊ အရာဝတ္ထုတိုင်း၌ အရာ ဝတ္ထုနှင့် ထိုက်တန်သလောက် အလေးချိန်ကား ရှိလျက်ပင် ဖြစ်သည်။ မာမှု-ကြမ်းမှု တို့၌ အလေးချိန်ကား ကပ်၍ ပါမြဲသာ ဖြစ်သည်။

ထိုကြောင့် သုတ္တန်ဒေသနာတော်အများစု၌် ပထဝီဓာတ်ဝယ် မာမှုနှင့် ကြမ်းမှု နှစ်မျိုးကိုသာ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်သည်။ အဋ္ဌကထာ-ဋီကာတို့ကလည်း ထိုသို့ ဖွင့်ဆိုခြင်းပင် ဖြစ်သည်။

အာပေါဓာတ် ---- တစ်ခါတစ်ရံ ယိုစီးမှု သဘောတရား လွန်ကဲလာတတ်ပြန်၏၊ ခန္ဓာအိမ် အတွင်းဝယ် ရေများ ဒလဟော စီးဆင်းနေသည့်အလား ယိုစီးမှု အလွန် ပြင်းပြင်းထန်ထန် ဖြစ်နေတတ်၏၊ ထိုအခါမျိုး၌ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာတတ်၏၊ ရင်ထဲ၌ မငြိမ်သက်သော ခံစား မှုများ ပေါ်လာတတ်၏၊ ရရှိပြီး သမာဓိသည် ပျက်ပြားသွားတတ်၏၊ ထိုအခါဝယ် ဖွဲ့စည်းမှုသဘောကို ဦးစား ပေး၍ နှလုံးသွင်းလိုက်ပါက ယိုစီးမှုသဘောမှာ လျော့သွားတတ်၏၊

အလားတူပင် တစ်ခါတစ်ရံ ဖွဲ့စည်းမှု သဘောတရားက အလွန် အားကောင်းလာတတ်ပြန်၏၊ အသက်ရှူ ကြပ်လာတတ်၏၊ အသက်ရှူလို့ မဝနိုင် ဖြစ်နေတတ်၏၊ သမာဓိ ပျက်သွားတတ်၏၊ ထိုအခါမျိုး၌ ယိုစီးမှု သ ဘောကို ပြောင်း၍ ဦးစားပေးလျက် နှလုံးသွင်းပေးပါက ဖွဲ့စည်းမှုသဘောတရားသည် လျော့သွားတတ်ပေသည်။ ယိုစီးမှု ဖွဲ့စည်းမှု နှစ်မျိုးတို့သည် ညီမျှမှုရှိသော် သမာဓိလည်း အဖြစ်မြန်လာတတ်ပေသည်။

တေဇောဓာတ် ---- တစ်ခါတစ်ရံ ပူမှုသဘောတရားများက အလွန်အားကောင်းလာတတ်၏၊ မခံမရပ်နိုင် ဖြစ်လာတတ်၏၊ ချွေးသီး ချွေးပေါက်များ ကျလာတတ်၏၊ ထိုအခါမျိုးဝယ် သမာဓိလည်း လျှောကျသွားတတ် ပြန်၏၊ သို့အတွက် အပူဓာတ် လွန်ကဲလာသော် အေးမှုသဘောတရားကို ဦးစားပေး၍ နှလုံးသွင်းပေးရ၏၊ ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏၊

တစ်ခါတစ်ရံ အေးမှုက လွန်ကဲလာတတ်ပြန်၏၊ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်၍ တောင့်တင်း ခိုင်မာ နေတတ်၏၊ ထိုအခါမျိုး၌ ပူမှုနှင့် ပျော့မှုကို ဦးစားပေး၍ တစ်လှည့်စီ ရှုနေပါက ဓာတ်ညီမျှသွားတတ်ပေသည်။ ဓာတ်ညီမျှမှု ရှိပါက သုခဝေဒနာ အဖြစ်များ၍ ပီတိ ပဿဒ္ဓိများလည်း ဝင်လာတတ်၏၊ သမာဓိလည်း တက်လာ တတ်ပေသည်။

ဝါယောဓာတ် ---- တစ်ခါတစ်ရံ တွန်းကန်မှု သဘောတရားက လွန်ကဲလာ၍ တစ်ကိုယ်လုံး ယိမ်းယိုင် လှုပ်ရှားမှု သိပ်အားကောင်းလာသော် ထောက်ကန်မှုသဘောကို ပြောင်း၍ ဦးစားပေးကာ စိုက်ရှုရ၏၊ တစ်ခါ တစ်ရံ ထောက်ကန်မှု သဘောတရားက လွန်ကဲလာပြန်၍ တစ်ကိုယ်လုံး လှုပ်မရ ဖြစ်နေခဲ့သော် တွန်းကန်မှု သဘောတရားကို ဦးစားပေး၍ ပြောင်းပြီး နှလုံးသွင်း ရှုပွားလိုက်ပါက ထောက်မှုနှင့် တွန်းမှုတို့မှာ ညီမျှလာ တတ်၏၊

တစ်ခါတစ်ရံ တွန်းကန်မှုသဘောတရားက အလွန်အားကောင်းနေ၍ ထောက်ကန်မှု သဘောတရားဖြင့် ထိန်းပေးသော်လည်း ထိန်းမရ ဖြစ်နေခဲ့ပါမူ ထိုအခါဝယ် လေးမှုသဘော ဂရုပထဝီဓာတ်ကို ဦးစားပေး၍ ပြောင်းရှုလိုက်ပါက တွန်းကန် လှုပ်ရှားမှုများ ငြိမ်ဝပ်သွားတတ်ပေသည်။ စားပွဲပေါ်တွင် လေတိုက်ခတ်သဖြင့် တဖျပ်ဖျပ် လှုပ်ရှားနေသော စာရွက်ကို လေးလံသော အရာဝတ္ထုတစ်ခုဖြင့် ဖိထားလိုက်ပါက ငြိမ်သွားသကဲ့သို့ မှတ်ပါ။

နာ-ကျင်-ကိုက်ခဲမှု --- တစ်ခါတစ်ရံ တင်ပါးစသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်နေရာ၌ နာကျင် ကိုက်ခဲမှုများ အားကောင်းနေတတ်၏၊ ထိုင်လိုက်၍ မကြာမီအချိန်အတွင်းမှာ အမြဲလိုလို နာကျင်ကိုက်ခဲမှုများ ဖြစ်နေတတ်၏၊ ထိုအခါဝယ် ထိုနာကျင်ကိုက်ခဲနေသည့် နေရာသို့ စိုက်၍ မည်သည့်ဓာတ်များ လွန်ကဲနေ၍ ထိုသို့ နာကျင်ကိုက်ခဲနေပါသနည်းဟု စူးစမ်းကြည့်ပါ။ ပူမှု မာမှုတို့ လွန်ကဲနေ၍ နာကျင်ကိုက်ခဲနေသည်ဟု တွေ့ရှိပါက အေးမှုနှင့် ပျော့မှုကို နိုင်အောင် ဦးစားပေး၍ နှလုံးသွင်း ရှုပွားပါ။ နာကျင်ကိုက်ခဲမှု သက်သာ သွားတတ်ပါသည်။ အကယ်၍ ပူမှု-မာမှု-တွန်းကန်မှုများ အားကောင်း၍ နာ-ကျင်-ကိုက်ခဲနေသည်ကို တွေ့ရှိ ပါက အေးမှု-ပျော့မှု-ထောက်ကန်မှုတို့ကို ဦးစားပေး၍ နိုင်အောင် နှလုံးသွင်း ရှုပွားပေးပါက နာကျင်ကိုက်ခဲ မှုများမှာ လျော့သွားတတ်ပါသည်။

တစ်ခါတစ်ရံ ခန္ဓာကိုယ်မှာ အလွန် ခိုင်မာတောင့်တင်း လေးလံနေပါက ပျော့မှု-ချောမှု-ပေါ့မှုတို့ကိုသာ နိုင်အောင် ဦးစားပေး၍ ရှုပွားပေးပါ။ ဓာတ်ညီမျှသွားသောအခါမှ သဘောတရား (၁၂)မျိုးလုံးကို တစ်ဖန်ပြန်၍ ရှုပါက သမာဓိအဖြစ် မြန်လာတတ်ပါသည်။

ဓာတ်များမှာ သမာဓိ အတော်အသင့် အားကောင်းလာလျှင် ထိုကဲ့သို့ အယုတ်အလွန်များ ရှိလာတတ် သဖြင့် ဓာတ်အယုတ်အလွန်ကို ညီမျှအောင် ထိန်းနိုင်ရေးအတွက်လည်း အကြောင်းတစ်ရပ်, ဓမ္မသင်္ဂဏီ ပါဠိ တော်၌ ဟောကြားထားတော်မူသည့် ဓာတ်သဘောတရားများကို ကုန်စင်အောင် ရှုပွားစေလိုသည်လည်း အကြောင်းတစ်ရပ် - ဤအကြောင်းနှစ်ရပ်ကြောင့် ဤကျမ်းစာ၌ ဓာတ်သဘောတရား (၁၂)မျိုးကို ပြည်တည်၍ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ရှုကွက်ကို ဖော်ပြထားပါသည်။ အဋ္ဌကထာ-ဋီကာများကို ကျော်လွန်သွားသည် ဟူ၍ကား မယူဆစေလိုပါ။ အဋ္ဌကထာ-ဋီကာများ၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ဓာတ်တစ်ပါး တစ်ပါး လျှင် သဘောတရား နှစ်မျိုးစီ ယူ၍ သဘောတရား (၈)မျိုးမျှကိုသာ ရှုပွားပါကလည်း သမာဓိအားကောင်း လာသောအခါ အထက်ပါ သဘောတရား (၁၂)မျိုးလုံးသည် ထင်ရှားလာသည်သာ ဖြစ်ပါသည်။

အလုပ်စခန်းကို စတင်အားထုတ်ပုံ

အလုပ်စခန်းကို စတင်အားထုတ်ပုံ

ရှေးဦးစွာ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ယင်း စတုတ္ထစျာန်သမာဓိမှ အရောင် ပြိုးပြိုးပြက် တလက်လက် ထွက်သည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။ ထို စျာန်မှ ထ၍ ရှေးဦးစွာ - ပထဝီဓာတ် သဘောတရား (၆)မျိုးတို့တွင် ----

၁။ မာမှု ထင်ရှားရာ တစ်နေရာမှ စ၍ မာမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၂။ ကြမ်းမှု ထင်ရှားရာ တစ်နေရာမှ စ၍ ကြမ်းမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၃။ လေးမှု ထင်ရှားရာ တစ်နေရာမှ စ၍ လေးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၄။ ပျော့မှု ထင်ရှားရာ တစ်နေရာမှ စ၍ ပျော့မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၅။ ချောမှု ထင်ရှားရာ တစ်နေရာမှ စ၍ ချောမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၆။ ပေါ့မှု ထင်ရှားရာ တစ်နေရာမှ စ၍ ပေါ့မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

ထိုနောင် အာပေါဓာတ် သဘောတရား နှစ်မျိုးတို့တွင် ----

၇။ ယိုစီးမှု ထင်ရှားရာ တစ်နေရာမှ စ၍ ယိုစီးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၈။ ဖွဲ့စည်းမှု ထင်ရှားရာ တစ်နေရာမှ စ၍ ဖွဲ့စည်းမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

ထိုနောင် တေဇောဓာတ် သဘောတရား နှစ်မျိုးတို့တွင် ----

၉။ ပူမှု ထင်ရှားရာ တစ်နေရာမှ စ၍ ပူမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၁၀။ အေးမှု ထင်ရှားရာ တစ်နေရာမှ စ၍ အေးမှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

ထိုနောင် ဝါယောဓာတ် သဘောတရား နှစ်မျိုးတို့တွင် ----

၁၁။ ထောက်ကန်မှု ထင်ရှားရာ တစ်နေရာမှ စ၍ ထောက်ကန်မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

၁၂။ တွန်းကန်မှု ထင်ရှားရာ တစ်နေရာမှ စ၍ တွန်းကန်မှုသဘောကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။

ထိုသို့ ရှုရာ၌ ဦးခေါင်းမှသည် ခြေဖျား, ခြေဖျားမှသည် ဦးခေါင်းသို့တိုင်အောင် အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကိုသွင်း၍ သဘောတရား (၁၂)မျိုးလုံးကို တစ်ခုပြီး တစ်ခု သွက်သွက်လက်လက် မြင်အောင် ရှုပါ၊ လေ့ကျင့်ပါ။ ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့ကား ဤမျှဆိုလျှင် ကောင်းမွန်စွာ ရှုပွားတတ်ပြီ ဖြစ်ပေသည်။ သို့သော် ဉာဏ်ပညာ အလွန်မထက်မြက်သူတို့ကား ဤမျှဖြင့် မရှုတတ်သေး ဖြစ်ကောင်း ဖြစ်နိုင်၏၊ သို့အတွက် ဉာဏ်နုသူတို့ ရှုတတ်ရေးအတွက် ဆက်လက်၍ ရှုကွက်ကို ထပ်မံ ဖော်ပြအပ်ပါသည်။

ဝ-လုံးတန်းက စပါ

ဝ-လုံးတန်းက စပါ

အထက်ပါ ညွှန်ကြားချက်အတိုင်း မရှုတတ်သေးပါက ဝ-လုံးတန်းက စ၍ ရှုရမည် ဖြစ်သည်။ အချို့ ယောဂါဝစရ ပုဂ္ဂိုလ်တို့ကား မာမှုသဘောကို စတင်၍ သင်ပေးလိုက်လျှင် လွယ်လွယ်ကူကူပင် ရှု၍ ရတတ်၏၊ သို့သော် အချို့မှာ ခက်ခဲနေတတ်ပြန်၏၊ ဗျည်း (၃၃)လုံးတို့တွင် က-ကြီးက စသည် မှန်သော်လည်း ဝ-လုံးက စ၍ သင်မှ သဘောပေါက်နိုင်မည့် သူငယ်အား ဝ-လုံးက စ၍ သင်ပေးရ၏၊ ဝ-လုံးတန်း ကျေညက်သွားသော အခါ တစ်ဖန် က-ကြီး ခ-ခွေးက စ၍ ပြန်သင်ပေးရပြန်၏၊ အလားတူပင် ပထဝီဓာတ်က စ၍ သင်ပေးသော် လည်း အခက်အခဲ ရှိနေသေးပါက ဝ-လုံးနှင့် တူသည့် ဝါယောဓာတ်၏ တွန်းကန်မှုသဘောက စ၍ သင်ပေး ရပြန်၏၊ တွန်းကန်မှုမှာ ရှု၍ လွယ်ကူခြင်းကြောင့် ဝ-လုံးနှင့် တူသည်ဟု ဆိုခြင်းဖြစ်သည်။ လွယ်ကူရာက စ၍ ဓာတ်များကို တစ်လုံးပြီး တစ်လုံး ရှုတတ်အောင် အစပိုင်းတွင် သင်ပြပေးရ၏၊ ဓာတ်သဘောတရား (၁၂)မျိုး လုံးကို ကျွမ်းကျွမ်းကျင်ကျင် ရှုတတ်သောအခါ ဘုရားဟော ဒေသနာစဉ်အတိုင်း တစ်ဖန်ပြန်၍ ရှုရမည် ဖြစ် သည်။ ဝ-လုံးတန်း ကျေညက်သောအခါ က-ကြီး ခ-ခွေးက စ၍ တစ်ဖန် ပြန်သင်ရသကဲ့သို့ မှတ်ပါ။

သမာဓိ ထူထောင်ပါ

သမာဓိ ထူထောင်ပါ

ဤအချိန်မှ စ၍ ဒိဋ္ဌိဝိသုဒ္ဓိ စသည့် အထက်ပိုင်း ဝိသုဒ္ဓိစခန်းများသို့ အဆင့်ဆင့် ကူးမြောက်လိုသော အသင်ယောဂီသူတော်ကောင်းသည် ရှေးဦးစွာ မိမိရရှိထားပြီးဖြစ်သည့် သမာဓိကို ထိုင်တိုင်း ထိုင်တိုင်း သို့မဟုတ် တရားကို စ၍ နှလုံးသွင်းတိုင်း သွင်းတိုင်း ထူထောင်ရမည် ဖြစ်သည်။ ဤကျမ်း၌ကား အာနာပါနကျင့်စဉ် လမ်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိထူထောင်ပုံ စနစ်ကို ဖော်ပြထားပြီး ဖြစ်သည့် အတွက် အသင်ယောဂီသူတော်ကောင်းသည်လည်း အကယ်၍ အာနာပါနကျင့်စဉ်လမ်းမှ စတုတ္ထစျာန်သမာဓိ သို့ ဆိုက်အောင် သမာဓိထူထောင်နိုင်စွမ်းရှိသူ ဖြစ်ပါက ဝိပဿနာအလုပ်ခွင်သို့ ဝင်တိုင်း ဝင်တိုင်း ထို အာနာ ပါနဿတိသမာဓိကိုပင် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိထူထောင်ပါ။ ထိုစတုတ္ထစျာန် သမာဓိမှာ ဂုဏ်အင်္ဂါ (၈)ပါးနှင့် ပြည့်စုံလာသည့်အတွက် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပ လာသောအခါ ထိုစတုတ္ထစျာန်သမာဓိမှ ထ၍ ပထဝီဓာတ်မှ စ၍ ဖြစ်စေ, ဝါယောဓာတ်မှ စ၍ ဖြစ်စေ ဓာတ်ကို သိမ်းဆည်းကြည့်ပါ။ ဤတွင် ဝါယောဓာတ်၏ တွန်းကန်သည့် သဘောက စ၍ သိမ်းဆည်းပုံကို ဖော်ပြအပ် ပါသည်။

သမုဒီရဏရသ = တွန်းကန်မှုသဘော

သမုဒီရဏရသ = တွန်းကန်မှုသဘော

အသက်ရှူလမ်းကြောင်း၌ တွန်းကန်မှုသဘောကို စတင်၍ ရှုကြည့်ပါ။ သမာဓိစခန်းပိုင်းတွင် ဖော်ပြခဲ့ သော အာနာပါနရှုကွက်နှင့် မရောစပ်မိအောင် သတိပြုပါ။ ယခု ရှုခြင်းမှာ ဝင်သက်လေ ထွက်သက်လေဟူသော ပညတ်ကို အာရုံယူ၍ ရှုပွားရသည့် စျာန်လမ်း မဟုတ်ပါ။ ဓာတ်သဘောကို အာရုံယူ၍ ရှုပွားရသည့် ဓာတ် ကမ္မဋ္ဌာန်း လမ်းဖြစ်သည်။ (၄၂)ကောဋ္ဌာသတို့တွင် ဝါယောကောဋ္ဌာသ (၆)ပါး၌ အကျုံးဝင်သော အဿာသ ပဿာသ ကောဋ္ဌာသ ဖြစ်သည်။ ယင်း အဿာသ-ပဿာသ ကောဋ္ဌာသသည် စိတ္တဇရုပ် ဖြစ်ကြောင်း (ဝိသုဒ္ဓိ၊ ၂၊၂၂၃။)၌ ဖွင့်ဆိုထားပေသည်။ လူသားများအတွက် အထူးကွက်၍ ပြောဆိုရလျှင် ယေဘုယျအားဖြင့် စိတ် ရှိနေသမျှ ကာလပတ်လုံး အသက်ရှူမှုကား ရှိနေမည်သာ ဖြစ်သည်။ ရှေးအာနာပါနဿတိသမာဓိပိုင်းတွင် ဖော်ပြထားခဲ့သော အသက်မရှူသော ပုဂ္ဂိုလ်တို့ကိုကား ခြွင်းချက်ထားပါ။ အသက်ရှူမှုမှာ အမြဲတမ်းလိုလို ရှိနေ သဖြင့် တွန်းကန်မှုသဘောကို အမြဲတမ်းတွေ့နိုင်သည့် နေရာက စ၍ ရှုပွားခြင်း သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူနေခြင်း ဖြစ်ပါသည်။ ထမင်းဝါးသည့်အခါဝယ် အထက်သွားနှင့် အောက်သွားနှစ်ခုတို့၏ တစ်ဘက် နှင့် တစ်ဘက် အထက်နှင့် အောက် တွန်းကန်နေသည့် ပုံစံမျိုးကဲ့သို့ အသက်ရှူလမ်းကြောင်းအတွင်းက စ၍ တွန်းကန်မှုသဘောကို မြင်အောင် ရှုကြည့်ပါ။ ဦးခေါင်း၏ အလယ်လောက်၌ စိတ်ကို စိုက်၍ အသက်ရှူသွင်း ခိုက် ရှူထုတ်ခိုက်၌ ဝင်သက်လေကို အတွင်းဘက်သို့ ရောက်အောင် ထွက်သက်လေကို အပြင်ဘက်သို့ ရောက် အောင် တွန်းကန်နေသည့် သဘောကို အာရုံ ယူကြည့်ပါ။ ဝင်သည့်အခိုက်၌ တွန်းကန်နေသည့်သဘော, ထွက် သည့်အခိုက်၌ တွန်းကန်နေသည့်သဘောကိုသာ အာရုံ စူးစိုက်၍ ရှုပါ။ အချိန်အနည်းငယ် အတွင်း၌ သဘော ပေါက်လာနိုင်ပါသည်။

အကယ်၍ သဘောမပေါက် ဖြစ်နေသေးပါက ေ့ရှသွားနှစ်ခုကို အနည်းငယ် ဖိထားပါ။ အသက် ပြန်ရှူ ကြည့်ပါ။ တွန်းမှုသဘောကို အသက်ရှူလမ်းကြောင်းတစ်လျှောက်၌ အာရုံစိုက်ကြည့်ပါ၊ တွေ့လာတတ်ပါသည်။ တွန်းကန်မှုသဘောကို တွေ့ရှိပါက ထိုတွန်းကန်မှုသဘောတရား အပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား လျက် တွန်းကန်မှုသဘောကိုပင် စူးစူးစိုက်စိုက် ရှုနေပါ။ တွန်းကန်မှုသဘောသည် တစ်စထက် တစ်စ ပို၍ ပို၍ ထင်ရှားလာမည်။ တွန်းကန်မှုသဘောတရား ထင်ရှားလာသောအခါ ထင်ရှားသည့်နေရာမှ စ၍ ဦးခေါင်း၏ အတွင်းပိုင်းမှသည် အပြင်အရေပြားသို့ တိုင်အောင် အရိုးကြား အကြောကြား အသားကြား အရေကြားသို့ စိုက်၍ တွန်းကန်မှုသဘောကို မြင်အောင် ရှုပါ၊ အပေါ်ယံမျှ မကြည့်ပါနှင့်၊ အတွင်းပိုင်းက စ၍ အပြင်ပိုင်းသို့ တဖြည်းဖြည်း ဖြန့်၍ ကြည့်ပါ။

ဦးခေါင်း တစ်ခုလုံး၌ နေရာ အနှံ့အပြား တွန်းကန်မှုသဘောကို တွေ့မြင်သောအခါ တဖြည်းဖြည်း လည်ပင်း-လက်-ရင်ဘတ်-ဝမ်းဗိုက်-ပေါင်-ခြေသလုံး-ခြေထောက် စသည့်တို့ဘက်သို့ စိတ်ကိုစေလွှတ်၍ အရိုး ကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ စမ်းသပ်ကြည့်ပါ၊ ရှုကြည့်ပါ။ ခပ်ဖြည်းဖြည်း ခပ်နှေးနှေး နေရာကို အနည်းငယ်စီ ရွှေ့၍ တွန်းကန်မှုသဘောကိုသာ စိုက်ရှုပါ။ တစ်ကိုယ်လုံး၌ မည်သည့်နေရာကို ကြည့်ကြည့် မည်သည့်အင်္ဂါအစိတ်အပိုင်းကိုပင် ကြည့်ကြည့် ကြည့်လိုက် တိုင်း တွန်းကန်မှုသဘောကို ကျေကျေနပ်နပ် အားရပါးရကြီး ဉာဏ်ဖြင့် တွေ့မြင်နေပါက ဝ-လုံးတန်းကို အောင်မြင်သွားပြီ ဖြစ်ပါသည်။ ဓာတ်တစ်လုံးကို ကျေကျေနပ်နပ် ရှုရနေပါက ကျန်ဓာတ်များမှာ တစ်စတစ်စ လွယ်ကူလာတတ်ပါသည်။ တွန်းကန်မှုသဘောကို ခြေဆုံး ခေါင်းဆုံး ရှုလိုက်တိုင်း ရရှိအောင် လေ့ကျင့်ထားပါ။

တွန်းကန်မှုသဘောတရားကို စ၍ ရှုသောအခါ အသက်ရှူလမ်းကြောင်းမှသာ စ၍ ရှုကောင်းသည်၊ အခြားနေရာမှ စ၍ မရှုကောင်းဟု ဤသို့ အယူအဆ မမှားစေလိုပါ။ မိမိတို့ ကြိုက်နှစ်သက်ရာ လွယ်ကူရာ နေရာက စ၍ ရှုနိုင်သည်သာ ဖြစ်ပါသည်။ နေရာဟူသည် ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင် မဖျက်ဆီးနိုင်သေးမီအတွင်း ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးမီ အခါ၌သာ တွေ့ရှိနိုင်သည်။ ရုပ်တုံးရုပ်ခဲ = ဃနများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနိုင်၍ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သောအခါ၌ကား နေရာပျောက်၍ သွား မည် ဖြစ်သည်။ သို့အတွက် တွန်းကန်မှုသဘောကို ဤနေရာက စ၍ ရှုပါ၊ ထိုနေရာက စ၍ ရှုပါဟု ဆိုနေခြင်း မှာ ဃနမပြိုမီ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်မီ ဓာတ်ကို စ၍ နှလုံးသွင်းတတ်ရေးအတွက်သာ ရည်ရွယ်၍ နေရာဖြင့် သတ်မှတ်၍ ပြောဆိုနေခြင်း ဖြစ်ပါသည်။

သို့အတွက် လက်က စ၍ ရှုရန် စိတ်သန်သော် လက်က စ၍ ရှုနိုင်၏၊ ဝမ်းဗိုက်က စ၍ ရှုရန် စိတ်သန် သော် ဝမ်းဗိုက်က စ၍ ရှုနိုင်၏၊ ခြေထောက်က စ၍ ရှုရန် စိတ်သန်သော် ခြေထောက်က စ၍ ရှုနိုင်၏၊ မည်သည့်နေရာကမဆို စ၍ ရှုနိုင်သည်သာ ဖြစ်၏၊ သို့သော် တစ်နေရာတည်း ရှုနေရုံဖြင့်ကား ဓာတ်ကမ္မဋ္ဌာန်း လုပ်ငန်းခွင်တွင် လုံလောက်မှု မရှိပါ။

သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ = မိမိ၏ ရူပကာယတစ်ခုလုံးကို ဉာဏ်ဖြင့် ဆင်ခြင်၍ ရှုပွားရန် (ဝိသုဒ္ဓိ၊၁၊၃၄၆။)၌ ညွှန်ကြားထားသဖြင့် ရူပကာယတစ်ခုလုံး၌ မိမိရှုသည့် ဓာတ်ကို မြင်အောင် ရှုနိုင် ဖို့ရန် ကြိုးပမ်းရမည်သာ ဖြစ်ပေသည်။

ယသ္မာ အယံ ဓာတုမနသိကာရော ယာဝဒေဝ သတ္တသညာသမုဂ္ဃါဋနတ္ထော။ (မဟာဋီ၊၁၊၄၄၆။)

ဤဓာတ်ကမ္မဋ္ဌာန်း = ဓာတုမနသိကာရ၏ ပထမဦးစွာ ဦးတည်ချက်ကား သတ္တသညာ နှစ်မျိုး ကွာရေး သတ္တသညာ နှစ်မျိုးကို ပယ်ခွာနိုင်ရေးပင် ဖြစ်သည်။ အသက်ကောင်-လိပ်ပြာကောင်-ဝိညာဏ်ကောင်-အတ္တ ကောင် ရှိသည်ဟု အတ္တဒိဋ္ဌိနောက်သို့ အစဉ်လိုက်နေသော သတ္တသညာနှင့် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည့် သတ္တဝါသည် ထင်ရှားရှိသည်ဟု စွဲလမ်းယုံကြည်နေသော လောကလူတို့ ခေါ်ဝေါ် သုံးစွဲနေသည့်အတိုင်း အကယ် ထင်ရှားရှိသည်ဟု စွဲလမ်း ယုံကြည်နေသော လောကသမညာအတ္တစွဲ အမည် ရသော သတ္တသညာဟူသော နှစ်မျိုးသော သတ္တသညာများ ကွာရှဲသွားအောင် ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်း နေခြင်း ဖြစ်၏၊ လက်-ခြေ-ခေါင်း-ကိုယ်တို့ကို တွေ့မြင်နေသေးပါက ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည် ကိုလည်း တွေ့ရှိနေဦးမည်သာ ဖြစ်သည်။ လက်-ကို ကြည့်ပါက လက် မရှိ၊ ဓာတ် (၄)ပါးသာ ရှိ၏၊ ခြေ-ကို ကြည့်ပါက ခြေ မရှိ၊ ဓာတ် (၄)ပါးသာ ရှိ၏၊ ဦးခေါင်းကို ကြည့်ပါက ဦးခေါင်း မရှိ၊ ဓာတ် (၄)ပါးသာ ရှိ၏၊ ကိုယ်ကို ကြည့်ပါက ကိုယ် မရှိ၊ ဓာတ် (၄)ပါးသာ ရှိ၏၊ ဤသို့ တွေ့မြင်သောအခါ ခန္ဓာကိုယ် တစ်ကိုယ်လုံးဝယ် မည်သည့်နေရာကိုပင် ကြည့်ကြည့် ဓာတ် (၄)ပါး အစုအပုံကိုသာ တွေ့နေသဖြင့် ထိုအချိန်အခါဝယ် သတ္တ သညာ အကြမ်းစား ကွာစပြုလာပြီ ဖြစ်သည်။ ရုပ်ကလာပ်များကို တွေ့မြင်၍ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ဓာတ်ကြီး (၄)ပါးကို သို့မဟုတ် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်သောအခါ၌ကား သတ္တသညာ နှစ်မျိုးလုံး လုံးဝ ကွာသွားပြီ ဖြစ်ပေသည်။

သို့အတွက် ဓာတ်များကို ရှုတတ်အောင် ယခုကဲ့သို့ တစ်လုံးစီ တစ်လုံးစီ လေ့ကျင့်ရာက စ၍ တစ်ကိုယ် လုံး၌ အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်သွင်း၍ အနှံ့အပြား မြင်အောင် ရှုရမည်သာ ဖြစ်ပေသည်ဟု မှတ်သားပါလေ။

ကက္ခဠတ္တလက္ခဏာ = မာမှုသဘော

ကက္ခဠတ္တလက္ခဏာ = မာမှုသဘော

တွန်းကန်မှုသဘောတရားကို ကျေကျေနပ်နပ် ရှု၍ ရလာသောအခါ မာမှုသဘောကို ပြောင်း၍ ရှုပါ။ ခန္ဓာကိုယ်၌ မာမှု ထင်ရှားရာ မည်သည့်နေရာက မဆို စ၍ ရှုနိုင်ပါသည်။ သွားနှစ်ခုကို အနည်းငယ် ဖိထား ကြည့်ပါ။ ခန္ဓာကိုယ်ကိုလည်း ခပ်မတ်မတ် ခပ်တောင့်တောင့် ခပ်တင်းတင်း ထားပါ။ သွားနှစ်ခု ထိသည့်နေရာ ၌ မာမှုသဘောကိုသာ အာရုံယူကြည့်ပါ။ သွားကို အာရုံ မယူပါနှင့်။ မာမှုသဘော သက်သက်ကိုသာ စူးစူး စိုက်စိုက် ရှုကြည့်ပါ။ တစ်စ တစ်စ မာမှု ထင်ရှားလာပါလိမ့်မည်။ ထင်ရှားလာပါက တစ်ကိုယ်လုံးသို့ ဖြန့်၍ အရိုး-အကြော-အသား-အရေကြားသို့ စိုက်၍ တဖြည်းဖြည်း ဆက်လက်၍ ရှုကြည့်ပါ။ တစ်ကိုယ်လုံး၌ မာမှု သဘောကို ထင်ထင်ရှားရှား ကျေကျေနပ်နပ် တွေ့သည်တိုင်အောင် ဆက်လက်၍ ကြိုးပမ်းပါ။ အောင်မြင်မှု ရသော် ကောင်း၏၊ မရသော် တွန်းကန်မှုသဘောနှင့် တွဲ၍ တစ်လှည့်စီ ရှုကြည့်ပါ။ သွားချင်း ထိနေသည့် နေရာကပင် စ၍ တွန်းကန်မှုသဘောကို ရှုလိုက် မာမှုသဘောကို ရှုလိုက် တစ်လှည့်စီ ရှုကြည့်ပါ။ ရိုင်းသော ဆင်တစ်ကောင်ကို ယဉ်သော ဆင်တစ်ကောင်ဖြင့် ချော့၍ ဖမ်းသကဲ့သို့ မရသေးသော ဓာတ်ကို ရရှိပြီးသော ဓာတ်နှင့် တွဲ၍ ရှုပါက အောင်မြင်စွာ ရတတ်ပါသည်။ တွန်းကန်မှုနှင့် မာမှုကို တစ်လှည့်စီ တွဲ၍ တဖြည်းဖြည်း ရှုသွားပါက တွန်းကန်မှု ပျံ့သွားသည်နှင့်အမျှ မာမှုသဘောတရားလည်း ပျံ့၍ သွားတတ်ပါသည်။ ကျေနပ်မှု ရသည်တိုင်အောင် ဆက်လက်၍ ကြိုးပမ်းပါ။

အံကြိတ်တရား မဟုတ်ပါ

အံကြိတ်တရား မဟုတ်ပါ

အချို့ကား သွားကို အနည်းငယ်ဖိ၍ မထင်ရှားသော ဝါယောဓာတ်နှင့် ပထဝီဓာတ်တို့ကို ထင်ရှားအောင် ရှုမှုနှင့် ပတ်သက်၍ - ''သူတို့ တရားက အံကြိတ်တရား''ဟု စွပ်စွဲလိုကြ၏၊

အဗ္ဘန္တရေ အတ္တာ နာမ ကောစိ ဘုဉ္ဇနကော နတ္ထိ၊ ဝုတ္တပ္ပကာရစိတ္တကိရိယဝါယောဓာတုဝိပ္ဖါရဝသေနေဝ ပန ပတ္တပဋိဂ္ဂဟဏံ နာမ ဟောတိ။ ပ။ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေနေဝ အာလောပဿ မုခေ ဌပနံ, ဥပရိဒန္တာနံ မုသလကိစ္စသာဓနံ, ဟေဋ္ဌာဒန္တာနံ ဥဒုက္ခလကိစ္စသာဓနံ, ဇိဝှါယ ဟတ္ထကိစ္စသာဓနံ စ ဟောတိ။

(မ၊ဋ္ဌ၊၁၊၂၇၁။)

မဟာသတိပဋ္ဌာနသုတ္တန် သမ္ပဇဉ်ပိုင်း (မ၊၁၊၇၂။) ၌ ---- အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ = စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ဘုရားရှင် ညွှန်ကြား ထားတော်မူ၏၊ ထိုတွင် စားရာ၌ အထက်သွားနှင့် အောက်သွားကို မဖိ မကြိတ်ဘဲ စား၍ကား မရနိုင်၊ ဖိကြိတ် ရမည်သာ ဖြစ်၏၊ ထိုသို့ ဖိကြိတ်၍ စားရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊ အံကြိတ်တရားဟု စွပ်စွဲရန်ကား မသင့်သည်သာဖြစ်၏၊ စားရာ၌ သိအောင် ရှုပွားရမည့် တရားမှာ ဤသို့ ဖြစ်၏၊

ခန္ဓာအိမ်၏ အတွင်း၌ စားတတ်သော တစ်စုံတစ်ခုသော အတ္တမည်သည် မရှိသည်သာတည်း။ စားလို သော စိတ်သည် ဖြစ်ပေါ်လာ၏၊

တံ ဝါယံ ဇနေတိ။ (မ၊ဋ္ဌ၊၁၊၂၅၆။)

ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ၊ အဓိကတာ စေတ္ထ သာမတ္ထိယတော, န ပမာဏတော။ (မ၊ဋီ၊၁၊၃၅၂။)

ထိုစိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကို ဖြစ်စေ၏၊ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ် ကိုယ်လုံးသို့ ပျံ့နှံ့၍သွားသည့် စွမ်းအားကြောင့်သာလျှင် သပိတ်ကို ကိုင်ခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ စိတ် ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ် လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် လက်၏ သပိတ်၌ ချထားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ဆွမ်းလုတ်ကို ပြုပြင်ခြင်း, ဆွမ်းလုတ်ကို သပိတ်မှ ထုတ်ဆောင်ခြင်း, ခံတွင်းကို ဖွင့်ခြင်းသည် ဖြစ်ပေါ်လာ၏၊ သံကောက်ဖြင့်လည်းကောင်း ယန္တရားဖြင့်လည်းကောင်း တစ်စုံတစ်ယောက်သော သူက မေးရိုးတို့ကို ဖွင့်ဟပေးသည်ကား မဟုတ်။ စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့်သာလျှင် ဆွမ်းလုတ်ကို ခံတွင်း၌ ထားခြင်းသည်လည်းကောင်း, အထက်သွားတို့၏ ကျည်ပွေ့ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း, အောက်သွားတို့၏ ဆုံကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း, လျှာ၏ လက်ကိစ္စကို ပြီးစေခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏၊ (မ၊ဋ္ဌ၊၁၊၂၇၁။)

ဤတွင် စားရာ၌ အကြောင်းဖြစ်သော စိတ်စေတသိက် နာမ်တရားစုတို့ကိုလည်းကောင်း, ထိုစိတ်ကြောင့် ဖြစ်သည့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို လည်းကောင်း ရှုပွားနေခြင်းသာ ဖြစ်သည်။ ထိုသို့ စားခိုက်၌ ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူလျက် သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်၍ ရှုပွား သုံးသပ်နိုင်လျှင်ကား အသမ္မောဟသမ္ပဇဉ်ပိုင်းတွင် အထွတ်အထိပ်သို့ ရောက်နေသော အသမ္မောဟ သမ္ပဇဉ်ပင် ဖြစ်ပေသည်။ ယင်းသို့ ရှုပွားမှုကို အံကြိတ်တရားဟူ၍ကား မပြောဆိုသင့် မပြောဆိုနိုင်သည်သာ ဖြစ်ပေသည်။

အလားတူပင် ယခု ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းဖြင့် ဓာတ်ကြီး (၄)ပါးတို့ကို စတင်၍ နှလုံးသွင်းရာ အပိုင်း ၌လည်း ထင်ရှားရာ လွယ်ကူရာ နေရာက စ၍ ဓာတ်သဘောတရားတို့ကိုသာ နှလုံးသွင်းနေခြင်း ဖြစ်သဖြင့် ထိုသို့ ဓာတ်ကို နှလုံးသွင်းရှုပွားမှုကိုလည်းကောင်း, ထိုမှ တစ်ဆင့် ရုပ်နာမ်တို့ကို သိမ်းဆည်းလျက် အကြောင်း တရားတို့ကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာရှုမှုကိုလည်းကောင်း အံကြိတ်တရားဟူ၍ လွယ်လွယ်ကူကူဖြင့် မစွပ်စွဲလိုက်မိဖို့ရန်ကိုကား နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်းသ္မီး မှန်သမျှသည် အထူး သတိပြုရမည် ဖြစ်ပေသည်။ မှန်ကန်သော ကျင့်စဉ်ကို မဟုတ်မတရား စွပ်စွဲခြင်းကိုကား အဆိပ်ပြင်းထန်သော မြွေပွေး မြွေဟောက်ပမာ ဝေးစွာ ရှောင်ရှားရမည်သာ ဖြစ်ပေသည်။

ထဒ္ဓဘာဝ = ကြမ်းမှုသဘော

ထဒ္ဓဘာဝ = ကြမ်းမှုသဘော

တွန်းကန်မှုသဘောတရားနှင့် မာမှုသဘောတရား နှစ်ခုကို ကျေနပ်မှု ရရှိလာသောအခါ ကြမ်းမှုသဘော ကို ဆက်၍ ရှုကြည့်ပါ။ ထဒ္ဓဘာဝကို ခရိဂတ (မ၊၃၊၂၈၃။)ဟု သုတ္တန်ဒေသနာတော်များ၌ သုံးစွဲထားသည် ကိုလည်း တွေ့ရ၏၊ ယင်း ထဒ္ဓဘာဝ = ခရိဂတ-ဟူသော ကြမ်းမှုသဘောကို ရှုပွားလိုပါက တွန်းကန်မှုသဘော နှင့် မာမှုသဘောကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဦးခေါင်းမှသည် ခြေဖျား, ခြေဖျားမှသည် ဦးခေါင်းသို့ တိုင်အောင် အကြိမ်များစွာ ရှုဖန်များလတ်သော် ''ဖျဉ်းဖျဉ်း ရွရွ''ဖြင့် တဖြည်းဖြည်း ကြမ်းမှုသဘော စတင်၍ ပေါ်လာတတ်ပါသည်။ ပေါ်လာသော် ထိုကြမ်းမှုသဘောကို ကြိမ်ဖန်များစွာ ထင်ရှားအောင် နှလုံးသွင်းရှုပွားပါ။ အသားကို သဲဖြင့် ပွတ်သပ်လိုက်ပါက ကြမ်းသည့်ပုံစံမျိုးအတိုင်း ပေါ်လာတတ်ပါသည်၊ အပ်ဖြင့် ထိုးဆွသည့် ပုံစံမျိုး, အပ်ဖြင့် ခြစ်နေသည့် ပုံစံမျိုး ပေါ်လာတတ်ပါသည်။

ထိုသို့ ရှု၍မှ ကြမ်းမှုသဘောတရား မထင်မရှား ဖြစ်နေသော် ကြမ်းတမ်းမှု ထင်ရှားရာ တစ်နေရာကစ၍ ရှုကြည့်ပါ။ ပထဝီဓာတ်-တေဇောဓာတ်-ဝါယောဓာတ်တို့ကား ဖောဋ္ဌဗ္ဗဓာတ်များ ဖြစ်ကြသဖြင့် တွေ့ထိမှု ထင် ရှားရာ နေရာက စ၍ ရှုနေရခြင်း ဖြစ်သည်။ လက်နှင့် အဝတ် ထိသည့်နေရာ၌ ကြမ်းတမ်းမှု ထင်ရှားပါက ထိုနေရာမှ စ၍ ရှုကြည့်ပါ။ မထင်ရှားပါက လက်ခုံဖြင့် အဝတ်ကို အနည်းငယ် ပွတ်ကြည့်ပါ။ တွန်း-မာ-ကြမ်း သုံးမျိုးလုံးကို ထိုနေရာမှ စ၍ တွဲရှုကြည့်ပါ။ သွားသွားချင်း ထိသည့်နေရာ, သွားနှင့် လျှာ ထိသည့်နေရာတို့က စ၍ ရှုကြည့်ပါ။ ထိုသို့ ရှုသော်လည်း ကြမ်းမှုသဘောတရားသည် မထင်ရှား ဖြစ်နေသေးပါက အပေါ်အံသွား ထိပ်ကို လျှာဖြင့် ပွတ်ကြည့်ပါ၊ ကြမ်းမှုသဘောတရား ထင်ရှားလာတတ်ပါသည်။ အောင်မြင်မှု မရသော် ထို နေရာမှ စ၍ တွန်း-မာ-ကြမ်း သဘောတရား သုံးခုကို တွဲ၍ ရှုကြည့်ပါ၊ အောင်မြင်မှု ရနိုင်ပါသည်။ ယောဂီ အများစု၌်ကား တွန်းကန်မှုနှင့် မာမှု သဘောတရားနှစ်မျိုးကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါက ကြမ်းမှုသဘောတရားကိုပါ တစ်စတစ်စ ထင်ထင်ရှားရှား တွေ့လာတတ်ပါသည်။

ဂရုက = လေးမှုသဘော

ဂရုက = လေးမှုသဘော

တွန်း-မာ-ကြမ်း သုံးမျိုးကို တစ်ကိုယ်လုံး အနှံ့အပြား ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါက လေးမှု သဘောတရားလည်း တစ်စတစ်စ ထင်ရှား၍ လာတတ်ပါသည်။ ကြိမ်ဖန်များစွာ ရှု၍မှ လေးမှုသဘောတရား သည် မထင်ရှားလာသေး ဖြစ်နေသော် လေးမှုထင်ရှားရာနေရာက စ၍ ရှုကြည့်ပါ။ တင်ပါး ဝန်းကျင်၌ ခန္ဓာ ကိုယ် တစ်ခုလုံး၏ ဖိထားသည့်အလေးချိန် ထင်ရှားနေတတ်ပါသည်။ မထင်မရှား ဖြစ်နေပါက ပေါင်ပေါ်သို့ လက်ဖြင့် ဖိကြည့်ပါ၊ လေးမှု ထင်ရှားလာတတ်ပါသည်။ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။

ဝိတ္ထမ္ဘနလက္ခဏ = ထောက်ကန်မှုသဘော

ဝိတ္ထမ္ဘနလက္ခဏ = ထောက်ကန်မှုသဘော

မာ-ကြမ်း-လေး သဘောတရား သုံးမျိုးတို့ကား ဂရုပထဝီဓာတ်များ ဖြစ်ကြ၏၊ တွန်းမှုကား ဝါယောဓာတ်၏ သမုဒီရဏရသ ဖြစ်၏၊ ဝါယောဓာတ်၏ ဝိတ္ထမ္ဘနလက္ခဏကား ယခုအခါ၌ ရှု၍ လွယ်ကူလာပြီ ဖြစ်၏၊ ထောက် ကန်မှုသဘောကား ခန္ဓာအိမ်ကို အလိုရှိသည့် ပုံစံအတိုင်း ဆက်လက်တည်နေအောင် ထိန်းထားသည့် စွမ်းအင် ဖြစ်၏၊ လက်ကို ထားလျှင် ထားသည့်အတိုင်း, ဦးခေါင်းကို ထားလျှင် ထားသည့်အတိုင်း, ကိုယ်ကို ထားလျှင် ထားသည့်အတိုင်း ငြိမ်ဝပ်အောင် ထိန်းထားသည့် သဘောတရား ဖြစ်၏၊ မထိန်းနိုင်က လဲကျသွားမည် ဖြစ်၏၊ မာမှုသဘောနှင့် တွဲရှုပါက ပို၍ သဘောပေါက် မြန်တတ်ပါသည်။ မထင်ရှား ဖြစ်နေသေးပါက ခန္ဓာကိုယ်ကို လဲမည့်အသွင်ဖြင့် အနည်းငယ် ယိမ်းယိုင်ကြည့်ပါ။ မယိုင်လဲအောင် ပြန်၍ ထိန်းထားသည့် စွမ်းအင်ကို သဘော ပေါက်လာတတ်ပါသည်။ တစ်ကိုယ်လုံး၌ မြင်အောင် ဆက်လက်၍ ကြည့်ပါ။

သမုဒီရဏ နှင့် ဝိတ္ထမ္ဘန

သမုဒီရဏ နှင့် ဝိတ္ထမ္ဘန

အင်္ဂမင်္ဂါနုသဋာ စေတ္ထ သမုဒီရဏဝိတ္ထမ္ဘနလက္ခဏာ ဝါယောဓာတု ပထဝီပတိဋ္ဌိတာ အာပေါသင်္ဂဟိတာ တေဇာနုပါလိတာ ဣမံ ကာယံ ဝိတ္ထမ္ဘေတိ။ တာယ စ ပန ဝိတ္ထမ္ဘိတော အယံ ကာယော န ပရိပတတိ၊ ဥဇုကံ သဏ္ဌာတိ။ အပရာယ ဝါယောဓာတုယာ သမဗ္ဘာဟတော ဂမနဋ္ဌာနနိသဇ္ဇာသယနဣရိယာပထေသု ဝိညတ္တိံ ဒေဿတိ၊ သမိဉ္ဇေတိ၊ သမ္ပသာရေတိ၊ ဟတ္ထပါဒံ လာဠေတိ။ ဧဝမေတံ ဣတ္ထိပုရိသာဒိဘာဝေန ဗာလဇနဝဉ္စနံ မာယာရူပသဒိသံ ဓာတုယန္တံ ပဝတ္တတိ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)

တစ်ဖန် ဤခန္ဓာအိမ်၌ ကိုယ်အင်္ဂါ ကြီးငယ်သို့ အစဉ်လျှောက်သော ----

၁။ သမုဒီရဏလက္ခဏ = တွန်းခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ်သည်,

၂။ ဝိတ္ထမ္ဘနလက္ခဏ = ထောက်ခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ်သည် ----

မာမှု ပထဝီဓာတ်၌ ရပ်တည်ခွင့် ရသည်ဖြစ်၍, ဖွဲ့စည်းတတ်သော အာပေါဓာတ်က ပေါင်းရုံး ယူအပ် ဖွဲ့စည်းအပ်သည် ဖြစ်၍, ပူခြင်း ရင့်ကျက်စေခြင်း သဘောလက္ခဏာရှိသော တေဇောဓာတ်က ယိုစီးခြင်းလက္ခဏာ ရှိသော အာပေါဓာတ်ကြောင့် အရည်အဖြစ် အစေးအဖြစ်သို့ မရောက်လေအောင် အလျော်စောင့်ရှောက် အပ်သည်ဖြစ်၍ ဤရူပကာယကို ထောက်ထား၏ ခိုင်ခံ့စေ၏၊ အကျိုးထူးကား ဤသို့တည်း။

ထို ဝိတ္ထမ္ဘနလက္ခဏ = ထောက်ကန်ခြင်း (= ထောက်ခြင်း) သဘောလက္ခဏာရှိသော ဝါယောဓာတ်က ထောက်ထားအပ်သည်ဖြစ်၍ ဤရူပကာယသည် မလဲ မကျ၊ မတ်မတ် ကောင်းစွာ တည်၏၊ သမုဒီရဏလက္ခဏ = တွန်းခြင်း (= တွန်းကန်ခြင်း) သဘောလက္ခဏာရှိသော အခြားဝါယောဓာတ် တစ်မျိုးက တွန်းခတ်အပ်သည် ဖြစ်၍ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ဣရိယာပုထ်တို့၌ ဝိညတ်ကို ထင်ရှားပြ၏၊ လက်ခြေတို့ကို ကွေး စေ၏၊ ဆန့်စေ၏၊ လက်ခြေကို တင့်တယ်စမ္ပယ်စေ၏ = ထိုမှ ဤမှ ပြန်စေ၏၊

သမဗ္ဘာဟနဉ္စ ရူပကလာပဿ ဒေသန္တရုပ္ပတ္တိယာ ဟေတုဘာဝေါ။ (မဟာဋီ၊၁၊၄၄၈။)

ဤ၌ သမဗ္ဘာဟန = တွန်းကန်ခြင်းဟူသည် ရုပ်ကလာပ်၏ = ရုပ်တရားအပေါင်း၏ မူလဖြစ်သည့်နေရာ၌ အသစ်အသစ် ထပ်၍ မဖြစ်တော့ဘဲ နေရာအသစ်အသစ်ဟူသော အရပ်တစ်ပါး၌ အသစ်အသစ် ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်မှုတည်း။ ဤသမုဒီရဏလက္ခဏ = တွန်းခြင်းသဘောလက္ခဏာရှိသော ဝါယောဓာတ် သည် ရုပ်ကလာပ်တို့၏ = ရုပ်တရားအပေါင်း၏ အလွန်နီးကပ်စွာ ပွတ်ချုပ်ထိခိုက်လျက် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရားလည်း ဖြစ်၏၊ ဤသို့ ရုပ်အသစ် အသစ်တို့၏ နေရာအသစ် အသစ်၌ ပွတ်ချုပ်ထိခိုက်လျက် အလွန်နီးကပ်စွာ ပြောင်းရွှေ့လျက် အဆက်မပြတ် ဖြစ်နေမှုကို ''လက်ခြေကို ကွေး၏ ဆန့်၏'' ဤသို့ စသည် ဖြင့် ခေါ်ဝေါ်နေခြင်း ဖြစ်၏၊

ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော ဗာလ ပုထုဇန် ငမိုက်သားတို့ကား သမုဒီရဏလက္ခဏ = တွန်းခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ် စွမ်းအင်ကြောင့် ထိုထို ဣရိယာပုထ်တို့၌ လက်ခြေကို ကွေး ခြင်း ဆန့်ခြင်း စသည်ဖြစ်မှုကို = ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ နေရာအသစ်အသစ်၌ ပြောင်းရွှေ့ ဖြစ်မှုကို ဉာဏ်ဖြင့် မမြင်နိုင်သည့်အတွက် ''ယောက်ျား ကွေး၏၊ မိန်းမ ကွေး၏'' ဤသို့ စသည်ဖြင့် စွဲယူလျက် ရှိမိတတ်၏၊ ဤသို့လျှင် မိန်းမ ယောက်ျား စသည်အဖြစ်ဖြင့် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသည့် ပုထု ဇန် ငမိုက်သားကို လှည့်ပတ်သော မျက်လှည့်ရုပ်နှင့် တူသော ဓာတ်ကြီး (၄)ပါးဖြင့် ပြီးသော ကိုယ်ဟူသော ယန္တရားသည် ဣရိယာပုထ်အားဖြင့် ဖြစ်၍နေ၏၊ ယန္တရားကြိုးဖြင့် သွားလာလှုပ်ရှားနေသော ယန္တရားရုပ်ကဲ့သို့ ရွေ့တတ် သွားတတ်သော ကတ္တားဖြစ်သော အတ္တ မရှိသော်လည်း စိတ်၏ အစွမ်းအားဖြင့် ဓာတ်ကြီး (၄)ပါးဖြင့် ပြီးသော ကိုယ်ဟူသော ယန္တရားသည် သွား ရပ် ထိုင် လျောင်း စသော ဣရိယာပုထ်အားဖြင့် ဖြစ်နေ၏ဟု ဆိုလိုသည်။ (ဝိသုဒ္ဓိ၊၁၊၃၆၁။ မဟာဋီ၊၁၊၄၄၈။ ပြည်၊၂၊၅၁၈-၅၁၉။)

သမုဒီရဏ-ဝိတ္ထမ္ဘန - ဟူသော စကားလုံးများကို ပြည်ဆရာတော်ဘုရားကြီးက မိမိ၏ ဝိသုဒ္ဓိမဂ် နိဿယ ဒုတိယတွဲ၊ ၅၁၈-၌ ''သမုဒီရဏဝိတ္ထမ္ဘနလက္ခဏာ = တွန်းခြင်း ထောက်ခြင်း လက္ခဏာရှိသော''-ဟု ဘာသာ ပြန်ဆိုထား၏၊ ဤကျမ်းတွင်လည်း ယင်းဘာသာပြန်အတိုင်း သမုဒီရဏကို တွန်းခြင်းသဘော = တွန်းကန်ခြင်း သဘောဟုလည်းကောင်း, ဝိတ္ထမ္ဘနကို ထောက်ခြင်းသဘော = ထောက်ကန်ခြင်းသဘောဟုလည်းကောင်း အသီးအသီး ဘာသာပြန်ဆိုထားပါသည်။ ယင်း သဘောတရား နှစ်မျိုးလုံးကိုပင် (ဝိသုဒ္ဓိ၊၁၊၃၆၁။)၌ သမုဒီရဏ လက္ခဏ-ဝိတ္ထမ္ဘနလက္ခဏဟုပင် ခေါ်ဝေါ်သုံးစွဲထားပါသည်။ ဝါယောဓာတ်ကို ရှုရာ၌ ယင်းသဘောတရား နှစ်မျိုးလုံးသည် လိုအပ်သည်သာဖြစ်၍ ဤကျမ်း၌ နှစ်မျိုးလုံးကိုပင် ရှုရန် ညွှန်ကြားထားခြင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ [လက္ခဏာဒိစတုက္ကပိုင်း၌ကား သမုဒီရဏ (= တွန်းခြင်းသဘော) ကို ကိစ္စရသအဖြစ် ဖော်ပြထား ပေသည်။ (ဝိသုဒ္ဓိ၊၁၊၃၆၂။)]

မုဒုက = ပျော့မှု = ပျော့ပျောင်းမှုသဘော

မုဒုက = ပျော့မှု = ပျော့ပျောင်းမှုသဘော

အောက်အတွင်း နှုတ်ခမ်းသားကို လျှာဖျားဖြင့် တွေ့ထိကြည့်ပါ။ ပျော့ပျောင်း နူညံ့သည့် သဘောကို လွယ်ကူစွာ တွေ့နိုင်ပါသည်။ ယင်းပျော့မှုသဘောကို ရှုရာ၌ စိတ်ကို တင်းမထားဘဲ လျှော့ထားပါ၊ ခန္ဓာကိုယ် ကိုလည်း ဖျော့ထားပါ၊ တင်းမထားပါနှင့်။ ထိုပျော့မှု ထင်ရှားရာ နေရာက စ၍ ပျော့မှုသဘောကိုသာ အာရုံစိုက် ၍ အသိကပ်ကာ ရှုနေပါ။ စိတ်ကိုလည်း လျှော့၍ ကိုယ်ကိုလည်း ဖျော့၍ ရှုနေပါက မကြာမီ အချိန်ကာလ အတွင်းမှာ ပျော့မှုသဘော ထင်ရှားလာတတ်ပါသည်။ မထင်မရှား ဖြစ်နေသေးပါက သမာဓိကို တစ်ဖန်ပြန် ထူထောင်၍ ရပြီးဖြစ်သော ဓာတ်သဘောတရား (၅)မျိုးကို အကြိမ်များစွာ ထပ်ကာထပ်ကာ ရှုပါ၊ ထိုနောင် ပျော့မှုသဘောကို တစ်ဖန်ပြန်၍ ရှုကြည့်ပါ၊ အောင်မြင်မှု ရနိုင်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံး ဝါဂွမ်းပုံကဲ့သို့ ရွှံ့တုံးကဲ့သို့ မုန့်ကွဲျသည်းတုံးကဲ့သို့ ပျော့အိသွားအောင် ရှုပါ။

သဏှ = ချောမှု - သဘောတရား

သဏှ = ချောမှု - သဘောတရား

ပျော့မှုသဘောတရားကို တစ်ကိုယ်လုံး၌ ကျေကျေနပ်နပ် ရှု၍ ရသောအခါ ထိုပျော့ပျောင်းနေသည့် အောက်အတွင်းနှုတ်ခမ်းသားကိုပင် လျှာကို တံတွေး ရွှဲရွှဲဆွတ်၍ ပွတ်ကြည့်ပါ။ ချောမွတ်နေသည့် သဘော တရားကို ထင်ထင်ရှားရှား တွေ့ရှိမည် ဖြစ်ပါသည်။ ပျော့မှုသဘောတရားသည် တစ်ကိုယ်လုံး၌ ထင်ရှားနေသော အခါမှာ ချောမှုသဘောတရားကို ဆက်၍ ရှုပါ။ ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ ဆီဖြင့် လိမ်းသုတ်၍ ပွတ်ကြည့် သည့်အလား တစ်ကိုယ်လုံး၌ ချောမှုသဘောတရားကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

လဟုက = ပေါ့မှုသဘောတရား

လဟုက = ပေါ့မှုသဘောတရား

ပျော့-မှု, ချော-မှု သဘောတရားများကို ခန္ဓာကိုယ်၌ ထင်ထင်ရှားရှား တွေ့မြင်လာသောအခါ ပေါ့မှု သဘောတရားလည်း ထင်ရှားလာတတ်ပါသည်။ မထင်ရှားပါက လက်တစ်ဘက်ကို ဒူးပေါ် ပက်လက်လှန်တင်၍ လက်ညှိုးတစ်ချောင်းကို အသာ မ-ကြည့်ပါ။ ပေါ့မှု သဘောတရား ထင်ရှားနေပါလိမ့်မည်။ ထိုသို့ လက်ညှိုးကို အသာ ''မ-မ'' ကြည့်၍ ပေါ့မှုသဘောကို အာရုံစိုက်လျက် တစ်ဖက်သတ် နှလုံးသွင်းခဲ့သော် ပေါ့မှုသဘော တရားသည် တစ်ကိုယ်လုံး၌ မကြာမီ တစ်စတစ်စ ထင်ရှားလာပါလိမ့်မည်။ မထင်ရှားပါက ပျော့မှု-ချောမှု-ပေါ့မှု သဘောတရားသုံးမျိုးကို တွဲ၍ တစ်လှည့်စီ ရှုကြည့်ပါ။ ပျော့မှု-ချောမှု သဘောတရားများ ပျံ့နှံ့သည်နှင့် အမျှ ပေါ့မှုသဘောတရားလည်း ပျံ့နှံ့၍ သွားတတ်ပါသည်။ ကျေနပ်မှု ရသည်တိုင်အောင် ဆက်ရှုပါ။ မအောင် မြင်ပါက လေးမှုသဘောတရားကို တစ်ဖန် ပြန်ရှုပါ။ ခန္ဓာကိုယ် တစ်ခုလုံး လေးလံလာသောအခါ ပေါ့မှုသဘော ကို အလားတူ ရှုကြည့်ပါ။

ဥဏှဘာဝ = ဥဏှတေဇော = ပူမှုသဘော

ဥဏှဘာဝ = ဥဏှတေဇော = ပူမှုသဘော

မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ ဟူသော ပထဝီဓာတ် သဘောတရား (၆)မျိုး, ထောက်ကန်-တွန်းကန် ဟူသော ဝါယောဓာတ် သဘောတရား (၂)မျိုးအားဖြင့် သဘောတရား (၈)မျိုးကို ကျေညက်အောင် ကြိမ်ဖန် များစွာ ရှုပွားပါ။ ကျေနပ်မှု ရရှိလာသောအခါ ပူမှုထင်ရှားရာ တစ်နေရာက စ၍ ပူမှုသဘောတရားကို တစ် ကိုယ်လုံး၌ မြင်အောင် ဆက်၍ ရှုပါ။ ပူမှု ထင်ရှားသည့်နေရာကို ကျေကျေနပ်နပ် မတွေ့ပါက ဘယ်ဘက် လက်ဝါးပြင်ပေါ်၌ ညာဘက်လက်ခုံကို ထပ်၍ကြည့်ပါ။ ပူမှု ထင်ရှားလာပါလိမ့်မည်။ ထိုပူမှု ထင်ရှားရာနေရာက စ၍ ပူမှုသဘောတရားကို တစ်ကိုယ်လုံး၌ မြင်အောင် ရှုပါ။ အောင်မြင်မှု ရခဲ့သော် အေးမှုသဘောကို ဆက်ရှုပါ။

သီတဘာဝ = သီတတေဇော = အေးမှုသဘော

သီတဘာဝ = သီတတေဇော = အေးမှုသဘော

ပါးပြင်ကို လေထိက အေးသည့် သဘောကို တွေ့နိုင်၏၊ ဝင်သက်လေက နှာသီးဝကို တွေ့ထိသွားသော အခါ အေးမှုသဘောကို တွေ့နိုင်၏၊ အေးမှုသဘောတရား ထင်ရှားရာနေရာက စ၍ အေးမှုသဘောကို တစ် ကိုယ်လုံး၌ မြင်အောင် ရှုပါ။ ပထဝီဓာတ်သဘောတရား (၆)မျိုး, တေဇောဓာတ် သဘောတရား (၂)မျိုး, ဝါယောဓာတ်သဘောတရား (၂)မျိုး - အားလုံးပေါင်းသော် ဓာတ်သဘောတရား (၁၀)မျိုးတို့ကို အောင်မြင်မှု ရရှိသွားပြီ ဖြစ်၏၊

ဒြဝဘာဝ = ပဂ္ဃရဏလက္ခဏာ = ယိုစီးမှုသဘောနှင့် ဖွဲ့စည်းမှုသဘော

ဒြဝဘာဝ = ပဂ္ဃရဏလက္ခဏာ = ယိုစီးမှုသဘောနှင့် ဖွဲ့စည်းမှုသဘော

သောပိ ဟိ သဟဇာတ-အညမည-နိဿယာဒိပစ္စယတာယ သေသဘူတတ္တယသင်္ခါတံ တံ တံ ဌာနံ ဒြဝဘာဝသိဒ္ဓေန ဝိဿန္ဒနဘာဝေန အာဗန္ဓတ္တံ, အာသတ္တတ္တံ, အဝိပ္ပကိဏ္ဏဉ္စ ကရောန္တံ ''အပ္ပေါတိ ပပ္ပေါတီ''တိ ဝတ္တဗ္ဗတံ အရဟတီတိ။ (မဟာဋီ၊၁၊၄၃၀။)

= ပဂ္ဃရဏလက္ခဏာ-ဟူသော ယိုစီးခြင်း သဘောလက္ခဏာ ရှိသော လက္ခဏအာပေါဓာတ်သည်လည်း သဟဇာတ-အညမည-နိဿယ စသော ပစ္စယသတ္တိတို့ဖြင့် ကျန်ဓာတ် (၃)ပါးအား ကျေးဇူးပြုတတ်သည်၏ အဖြစ်ကြောင့် မိမိမှ ကြွင်းသော ဘူတရုပ် ဓာတ် (၃)ပါးတို့၏ အပေါင်းဟု ဆိုအပ်သော ရုပ်ကို ထိုထိုဌာနသို့ အရည်အဖြစ်ဖြင်

ဤအထက်ပါ မဟာဋီကာ၏ ရှင်းလင်းချက်အရ ကျန်ဓာတ် (၃)ပါးသော်လည်းကောင်း, သို့မဟုတ် ဓာတ် တစ်ပါးပါးသော်လည်းကောင်း မထင်ရှားသေးပါက အာပေါဓာတ်၏ ယိုစီးမှု ဖွဲ့စည်းမှု သဘောတရားကို ရှုပွား ဖို့ရန်မှာ အခက်အခဲများစွာ ရှိနေဦးမည်သာ ဖြစ်ပေသည်။ သို့အတွက် ပထဝီ- တေဇော-ဝါယောဟူသော ဓာတ် (၃)ပါး = သဘောတရား (၁၀)မျိုးကို ရှုပွားပြီးမှသာလျှင် အာပေါဓာတ်ရှုကွက်ကို ဤကျမ်း၌ ဖော်ပြခြင်း ဖြစ်သည်။ အာပေါဓာတ်သည် ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သဖြင့်လည်း ရှုပွားရသည်မှာ ကျန်ဓာတ်များထက် အနည်းငယ် ပို၍ ခက်ခဲလှပေသည်။

အာနာပါနဖြင့် သမာဓိထူထောင်၍ ကျန်ဓာတ်သဘောတရား (၁၀)မျိုးကို ထပ်ကာထပ်ကာ ခြေဆုံး ခေါင်းဆုံး ရှုပါ။ သွက်လာသောအခါဝယ် ဖွဲ့စည်းမှုသဘောတရား ပေါ်လာတတ်ပါသည်။ ဓာတ်သဘောတရား (၁၀)မျိုးကို ကြိမ်ဖန်များစွာ ရှု၍မှ ဖွဲ့စည်းမှုသဘောတရားမှာ ဉာဏ်၌ မထင်လာ မမြင်လာသော် တွန်းကန်မှု သဘောတရားနှင့် မာမှုသဘောတရား နှစ်မျိုးကိုသာ ဦးစားပေး၍ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနေပါ။ ဖွဲ့စည်း မှု သဘောတရားသည် အသိဉာဏ်၌ ထင်ရှားလာတတ်ပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးဖြင့် ဖွဲ့ချည် စည်း နှောင်ထားသကဲ့သို့ တုတ်နှောင်ထားသကဲ့သို့ တင်းကြပ်၍ ဖွဲ့စည်းထားသည့် သဘောတရားသည် ထင်ရှားစွာ ပေါ်လာသော် ယိုစီးမှုသဘောတရားကို ပြောင်း၍ ရှုကြည့်ပါ။ သွားအရင်း လျှာအရင်း လျှာအဖျား စသည့် ထိုထိုနေရာတို့မှ သွားရည်များ စိမ့်၍ ယိုစီးနေသည့်သဘောက စ၍ ယိုစီးမှုကို မြင်အောင် ရှုပါ။ ပါးစပ်အတွင်း ပါးအတွင်း၌ ယိုစီးမှုသဘောတရားကို စတင်၍ သဘောပေါက်ပါက ခန္ဓာကိုယ်၏ အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်ဖြင့် စိုက်၍ ယိုစီးမှုသဘောကို ဆက်၍ ရှုကြည့်ပါ။ သည်းခြေ-သလိပ်-ပြည်-သွေး-ချွေး စသည်ဖြင့် အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂)မျိုး ရှိ၏၊ ယိုစီးတတ်သော သဘောတရားများပင် ဖြစ်ကြ၏၊ ဤအပိုင်းတွင်ကား အာပေါဓာတ်၏ ယိုစီးမှုသဘောကိုသာ ရှုပွားနေသည့် အပိုင်းကဏ္ဍ ဖြစ်သဖြင့် သွေး-ချွေး စသည့် အာပေါကောဋ္ဌာသများကို တွေ့ဖို့လိုရင်း မဟုတ် သေးပါ။ ယိုစီးမှုသဘောတရားကို တွေ့မြင်ဖို့သာ လိုရင်း ဖြစ်သည်။

ဤနည်းဖြင့် အောင်မြင်မှု မရ ဖြစ်နေသော် အေးမှုသဘောနှင့်ဖြစ်စေ, ပူမှုသဘောနှင့်ဖြစ်စေ, တွန်းကန်မှု သဘောနှင့် ဖြစ်စေ အခြားဓာတ်တစ်ခုခုနှင့် တွဲ၍ ယိုစီးမှုထင်ရှားရာ တစ်နေရာမှ စ၍ ရှုကြည့်ပါ၊ အောင်မြင်မှု ရတတ်ပါသည်။

အာပေါဓာတ်ကို ရှုလို့ မရနိုင်ဟူသော အယူအဆ

အာပေါဓာတ်ကို ရှုလို့ မရနိုင်ဟူသော အယူအဆ

အချို့သော ဆရာမြတ်တို့ကား အာပေါဓာတ်ကို ရှုလို့ မရနိုင်ဟု အယူ ရှိကြ၏၊ မရှုကောင်းဟုလည်း အယူ ရှိကြ၏၊ ဤအယူအဆ မှန်-မမှန်ကို အနည်းငယ် ရှင်းလင်းတင်ပြပါရစေ။

သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ။ (သံ၊၂၊၂၅၈။ ခု၊၉၊၆။)

သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ။ (သံ၊၂၊၂၅၀။)

ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပရိညာပညာ (၃)မျိုးတို့ဖြင့် ထိုးထွင်းသိရမည့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ရမည့် အဘိညေယျ တရားစုတို့တွင် အာပေါ ဓာတ်လည်း ပါဝင်လျက်ပင် ရှိ၏၊ တစ်ဖန် ဤရုပ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ (၅၅၃)တွင် ဖော်ပြခဲ့သည့်အတိုင်း ဘုရားရှင်ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရပဗ္ဗတွင် ----

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ၊၁၊၇၃။)

တည်မြဲတိုင်း ထားမြဲတိုင်းသော ဤခန္ဓာကိုယ်အတွင်း၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ယင်း ညွှန်ကြားချက်တွင် လည်း အာပေါဓာတ် ပါဝင်လျက်ပင် ရှိ၏၊ အဋ္ဌကထာ-ဋီကာတို့ကလည်း သိမ်းဆည်း ရှုပွားနည်း စနစ်များကို အကျဉ်းနည်း အကျယ်နည်းတို့ဖြင့် ကျယ်ဝန်းစွာ ဖွင့်ဆိုလျက် ရှိကြ၏၊ (ဝိသုဒ္ဓိ၊၁၊၃၄၂-၃၆၇-တို့၌ ကြည့်ပါ။)

သို့အတွက် ဗုဒ္ဓ၏ စာပေကျမ်းဂန်တို့၌ အာပေါဓာတ်ကို သိမ်းဆည်းရန် ဝိပဿနာ ရှုပွားသုံးသပ်ရန်သာ ညွှန်ကြားထားတော်မူ၏၊ မရှုကောင်းဟူ၍လည်းကောင်း, ရှုမရနိုင်ဟူ၍လည်းကောင်း ညွှန်ကြားချက်ကား မရှိ ပေ၊ မရှုကောင်းပါ ရှုမရနိုင်ပါဟူ၍ ညွှန်ကြားနေကြသော ဆရာမြတ်တို့၏ အကြောင်းပြချက်ကား ---- အာပေါ ဓာတ်သည် တွေ့ထိ၍ ရစကောင်းသော ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သောကြောင့် - ဟူ၏၊

ဓမ္မသင်္ဂဏီပါဠိတော် (၁၇၀)တွင် ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ် (၃)ပါးကို ဖောဋ္ဌဗ္ဗဓာတ်ဟု ဘုရားရှင် ဟောကြားထားတော်မူ၏၊ ရုပ် (၂၈)ပါးတွင် ယင်းဓာတ် (၃)ပါးမှ ကြွင်းကျန်သော (၂၅)မျိုးသော ရုပ် တို့ကား တွေ့ထိ၍ ရစကောင်းသော ဖောဋ္ဌဗ္ဗရုပ်တို့ မဟုတ်ကြလေကုန်။ ဖောဋ္ဌဗ္ဗရုပ်တို့ပင် မဟုတ်ကြသော် လည်း သိမ်းဆည်းရှုပွားရမည့် ရုပ်တို့သာ ဖြစ်ကြ၏၊ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင်ကား ရုပ်အစစ် ရုပ်အတု အားလုံးကို သိမ်းဆည်းရှုပွားရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)က ညွှန်ကြားထားတော်မူ၏၊ ဝိပဿနာ ပိုင်းတွင်ကား ရုပ်အတုတို့ကို ချန်လှပ်၍ ရုပ်အစစ်တို့ကို ဝိပဿနာရှုရမည် ဖြစ်သည်။ မဟာဂေါပါလကသုတ္တန် တွင်လည်း ဘူတရုပ် ဥပါဒါရုပ်တို့ကို မသိပါက မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်နိုင်ကြောင်း ဟောကြားထားတော် မူလျက် ရှိ၏၊ (မ၊၁၊၂၈၁။)

မူလပဏ္ဏာသ အဋ္ဌကထာကလည်း အရေအတွက်အားဖြင့်လည်းကောင်း, အကြောင်း သမုဋ္ဌာန်အားဖြင့် လည်းကောင်း ရုပ်တရားတို့ကို ဟုတ်တိုင်းမှန်စွာ မသိပါက ----

၁။ ရုပ်ကို သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ်,

၂။ နာမ်ကို သိမ်းဆည်းတတ်သော အရူပပရိဂ္ဂဟဉာဏ်,

၃။ ရုပ်နာမ်ကို သိမ်းဆည်းတတ်သော ရူပါရူပပရိဂ္ဂဟဉာဏ်,

၄။ အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်,

၅။ အကြောင်းတရားနှင့် တကွသော ယင်း ရုပ်နာမ်တို့ကို လက္ခဏာရေး သုံးတန် တင်ကာ ရှုပွားသုံးသပ် တတ်သော ဝိပဿနာဉာဏ်,

၆။ ယင်းဝိပဿနာဉာဏ်တို့၏ အထွတ်အထိပ်ဖြစ်သော မဂ်ဉာဏ်-ဖိုလ်ဉာဏ် ----

ဤ အဆင့်ဆင့်သော ဉာဏ်တို့ကို မရရှိနိုင်ကြောင်း ဖွင့်ဆိုထား၏၊ (မ၊ဋ္ဌ၊၂၊၁၆၃။)

ယင်းသို့ ညွှန်ကြားထားတော်မူသော ရုပ်တရားတို့တွင် အာပေါဓာတ် ပါဝင်လျက် ရှိ၏၊ ထိုကြောင့် တွေ့ ထိ၍ မရစကောင်းသည့်အတွက် ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သည့်အတွက် မရှုကောင်း ရှု၍ မရနိုင်ဟူ၍ကား မဆို သင့်ပြီ။

ဥပမာ ----

၁။ ရူပါရုံသည် ဖောဋ္ဌဗ္ဗဓာတ်ကား မဟုတ်၊ ရှု၍ကား ရနေ၏၊ အကယ်၍ ရူပါရုံသည် ဖောဋ္ဌဗ္ဗဓာတ် မဟုတ်၍ ရှုမရနိုင်ဟု ဆိုလျှင် အရောင်ကို သိသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့လည်း ဖြစ်ခွင့် မရနိုင်တော့ပြီ၊ အားလုံး ငကာဏ်းချည်း ဖြစ်ကုန်ကြမည်။

၂။ သဒ္ဒါရုံ အသံသည် ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သောကြောင့် ယင်းသဒ္ဒါရုံကို ရှု၍ မရနိုင်ဟု ဆိုလာငြားအံ့၊ အသံကို သိနေကြသော သောတဒွါရဝီထိ မနောဒွါရဝီထိတို့လည်း ဖြစ်ခွင့် မရနိုင်ကြတော့ပြီ၊ အားလုံး ငပင်းချည်း ဖြစ်ကုန်ကြတော့မည်။ ကြွင်းကျန်ကုန်သော ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သော ရုပ်တရားတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ယောဂါဝစရပုဂ္ဂိုလ်တို့ မဟုတ်ကြသည့် ရိုးရိုးလူသားတစ်ဦးသည်ပင် ဖောဋ္ဌဗ္ဗဓာတ်မဟုတ်သည့် အဆင်း အသံ အနံ့ အရသာ စသည်တို့ကို သိရှိနိုင်ပါသေးလျှင် သိက္ခာ (၃)ရပ် အကျင့်မြတ်တို့ကို အစဉ်အတိုင်း ကျင့်ခြင်း ဖြင့် သမာဓိကို အဆင့်ဆင့်ထူထောင်ပြီးမှ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားရန် အားသစ်နေသော သူတော် ကောင်း တစ်ဦးသည် အဘယ်မှာလျှင် ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သည့် ရုပ်တရားတို့ကို အထူးသဖြင့် ဖောဋ္ဌဗ္ဗဓာတ် မဟုတ်သည့် အာပေါဓာတ်ကို ရှုမရဘဲ ရှိနိုင်ပါတော့အံ့နည်း။ စည်းကမ်းစနစ်ကို လိုက်နာကျင့်သုံးပါက ရှု၍ ရရှိရမည်သာ ရရှိနိုင်မည်သာ ဖြစ်ပေသည်။

ပဓာနိယင်္ဂတရား ငါးပါး

ပဓာနိယင်္ဂတရား ငါးပါး

သမထဘာဝနာ ဝိပဿနာဘာဝနာ ဟူသော ပဓာနကမ္မဋ္ဌာန်းအလုပ်ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်မှန်သမျှသည် ပဓာနိယင်္ဂတရား (၅)ပါးတို့နှင့် ပြည့်စုံဖို့ လိုအပ်ပေ သည်။ ဤအပိုင်း၌ကား ဘုရားရှင်၏ ဗောဓိဉာဏ်အပေါ်၌လည်းကောင်း, သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက် မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ် ညွှန်ကြားပြသနေသော ဘုရားရှင်၏ ညွှန်ကြားတော်မူချက် ကျင့်စဉ်တို့အပေါ်၌လည်းကောင်း မတုန်မလှုပ် သက်ဝင်ယုံကြည်သော သဒ္ဓါတရားလည်း ရှိဖို့ အထူး လိုအပ် ပါသည်။ ထိုကြောင့် ဗောဓိရာဇကုမာရသုတ္တန်မှ ကောက်နုတ်၍ ပဓာနိယင်္ဂတရား (၅)ပါးတို့ကို ဆက်လက် တင်ပြအပ်ပါသည်။

၁။ ဣဓ ရာဇကုမာရ ဘိက္ခု သဒ္ဓေါ ဟောတိ၊ သဒ္ဒဟတိ တထာဂတဿ ဗောဓိံ- ''ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ''တိ။

၂။ အပ္ပါဗာဓော ဟောတိ အပ္ပါတင်္ကော သမဝေပါကိနိယာ ဂဟဏိယာ သမန္နာဂတော နာတိသီတာယ နာစ္စုဏှာယ မဇ္ဈိမာယ ပဓာနက္ခမာယ။

၃။ အသဌော ဟောတိ အမာယာဝီ ယထာဘူတံ အတ္တာနံ အာဝိကတ္တာ သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု။

၄။ အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ၊ ထာမဝါ ဒဠှပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု။

၅။ ပညဝါ ဟောတိ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာဒုက္ခက္ခယဂါမိနိယာ။ ဣမာနိ ခေါ ရာဇကုမာရ ပဉ္စ ပဓာနိယင်္ဂါနိ။ (မ၊၂၊၂၉၈-၂၉၉။)

သဒ္ဓေါတိ သဒ္ဓါယ သမန္နာဂတော။ သာ ပနေသာ အာဂမနသဒ္ဓါ အဓိဂမသဒ္ဓါ ဩကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါတိ စတုဗ္ဗိဓာ။ တတ္ထ သဗ္ဗညုဗောဓိသတ္တာနံ သဒ္ဓါ အဘိနီဟာရတော ပဋ္ဌာယ အာဂတတ္တာ အာဂမနသဒ္ဓါ နာမ။ အရိယသာဝကာနံ ပဋိဝေဓေန အဓိဂတတ္တာ အဓိဂမသဒ္ဓါ နာမ။ ဗုဒ္ဓေါ ဓမ္မော သံဃောတိ ဝုတ္တေ အစလဘာဝေန ဩကပ္ပနံ ဩကပ္ပနသဒ္ဓါ နာမ။ ပသာဒုပ္ပတ္တိ ပသာဒသဒ္ဓါ နာမ။ ဣဓ ပန ဩကပ္ပနသဒ္ဓါ အဓိပ္ပေတာ။

ဗောဓိန္တိ စတုမဂ္ဂဉာဏံ။ တံ သုပ္ပဋိဝိဒ္ဓံ တထာဂတေနာတိ သဒ္ဒဟတိ၊ ဒေသနာသီသမေဝ စေတံ၊ ဣမိနာ ပန အင်္ဂေန တီသုပိ ရတနေသု သဒ္ဓါ အဓိပ္ပေတာ။ ယဿ ဟိ ဗုဒ္ဓါဒီသု ပသာဒေါ ဗလဝါ၊ တဿ ပဓာနံ ဝီရိယံ ဣဇ္ဈတိ။ (မ၊ဋ္ဌ၊၃၊၂၂၅။)

ကိဉ္စာပိ ပစ္စေကဗောဓိသတ္တာနမ္ပိ အဘိနီဟာရတော ပဋ္ဌာယ အာဂတာ အာဂမနသဒ္ဓါ ဧဝ၊ မဟာဗောဓိသတ္တာနံ ပန သဒ္ဓါ ဂရုတရာတိ သာ ဧဝ ဂဟိတာ။ အစလဘာဝေန ဩကပ္ပနံ ''သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ၊ သွာချာတော ဓမ္မော၊ သုပ္ပဋိပန္နော သံဃော''တိ ကေနစိ အကမ္ပိယဘာဝေန ရတနတ္တယဂုဏေ ဩဂါဟိတွာ ကပ္ပနံ။ ပသာဒုပ္ပတ္တိ ရတနတ္တယေ ပသီဒနမေဝ။ ဗောဓိန္တိ စတုမဂ္ဂဉာဏန္တိ ဝုတ္တံ တံနိမိတ္တတ္တာ သဗ္ဗညုတဉာဏဿ၊ ဗောဓီတိ ဝါ သမ္မာသမ္ဗောဓိ။ သဗ္ဗညုတဉာဏပဒဋ္ဌာနံ ဟိ မဂ္ဂဉာဏံ, မဂ္ဂဉာဏပဒဋ္ဌာနဉ္စ သဗ္ဗညုတဉာဏံ ''သမ္မာသမ္ဗောဓီ''တိ ဝုစ္စတိ။ နိစ္ဆိတသုဗုဒ္ဓတာယ ဓမ္မဿ သုဓမ္မတာ သံဃဿ သုပ္ပဋိပတ္တိ ဝိနိစ္ဆိတာ ဧဝ ဟောတီတိ အာဟ ''ဒေသနာသီသမေဝ စေတ''န္တိအာဒိ။ တဿ ပဓာနံ ဝီရိယံ ဣဇ္ဈတိ ရတနတ္တယသဒ္ဓါယ ''ဣမာယ ပဋိပဒါယ ဇရာမရဏတော မုစ္စိဿာမီ''တိ ပဓာနာနုယောဂေ အဝံမုခသမ္ဘဝတော။ (မ၊ဋီ၊၃၊၁၅၃-၁၅၄။)

ဥဒယတ္ထဂါမိနိယာတိ ဥဒယဉ္စ အတ္ထဉ္စ ဂန္တုံ ပရိစ္ဆိန္ဒိတုံ သမတ္ထာယ၊ ဧတေန ပညာသလက္ခဏပရိဂ္ဂါဟိကံ ဥဒယဗ္ဗယဉာဏံ ဝုတ္တံ။ အရိယာယာတိ ပရိသုဒ္ဓါယ။ နိဗ္ဗေဓိကာယာတိ အနိဗ္ဗိဒ္ဓပုဗ္ဗေ လောဘက္ခန္ဓာဒယော နိဗ္ဗိဇ္ဈိတုံ သမတ္ထာယ။ သမ္မာဒုက္ခက္ခယဂါမိနိယာတိ တဒင်္ဂဝသေန ကိလေသာနံ ပဟီနတ္တာ ယံ ဒုက္ခံ ခီယတိ၊ တဿ ဒုက္ခဿ ခယဂါမိနိယာ။ ဣတိ သဗ္ဗေဟိပိ ဣမေဟိ ပဒေဟိ ဝိပဿနာပညာဝ ကထိတာ။ ဒုပ္ပညဿ ဟိ ပဓာနံ န ဣဇ္ဈတိ။ ဣမာနိ စ ပဉ္စ ပဓာနိယင်္ဂါနိ လောကိယာနေဝ ဝေဒိတဗ္ဗာနိ။ (မ၊ဋ္ဌ၊၃၊၂၂၅။)

သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း သဘောတရားများမှာ ဤသို့ ဖြစ်၏၊

၁။ သဒ္ဓါတရား ရှိခြင်း (ပထမ ပဓာနိယင်္ဂတရား)

၁။ သဒ္ဓါတရား ရှိခြင်း (ပထမ ပဓာနိယင်္ဂတရား)

ဒါယကာတော် ဗောဓိမင်းသား ...ကမ္မဋ္ဌာန်း အားထုတ်သူတို့၌ ပြည့်စုံရမည့် ပဓာနိယင်္ဂ အမည်ရသော အကြောင်းအင်္ဂါရပ်တို့သည် ဤ (၅)ပါးတို့တည်း။ အဘယ် (၅)ပါးတို့ နည်းဟူမူ ----

၁။ ဒါယကာတော် ဗောဓိမင်းသား ...ဤသာသနာတော်၌ ယောဂါဝစရ ရဟန်းသည် ယုံကြည်မှု သဒ္ဓါ တရားရှိ၏ -- ''ထိုမြတ်စွာဘုရားသည် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော် မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ သင်္ခါရ-ဝိကာရ-လက္ခဏ-နိဗ္ဗာန်-ပညတ်တည်းဟူသော သိသင့်သိထိုက်သည့် အလုံးစုံသော ညေယျတရားတို့ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ ဝိဇ္ဇာ (၃)ပါး, ဝိဇ္ဇာ (၈)ပါး, စရဏတရား (၁၅)ပါးတည်းဟူသော အသိဉာဏ် - ဝိဇ္ဇာ, အကျင့် စရဏနှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော ဤအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော ဤအကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆိုဆုံးမထိုက်သူကို ဆိုဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော ဤအကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာန မည်တော်မူ၏၊ သစ္စာ (၄)ရပ် တရားမြတ်ကို ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့အား သိစေတော်မူတတ်သော ဤ အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးမြတ်တော်မူသော ဤအကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏၊''- ဟု မြတ်စွာဘုရား၏ မဂ်ဉာဏ် (ဖိုလ်ဉာဏ်) သဗ္ဗညုတဉာဏ်ဟူသော ဗောဓိဉာဏ်ကို ယုံကြည်၏၊ (မ၊၂၊၂၉၈။)

သဒ္ဓါ (၄) မျိုးနှင့် ဤ၌ လိုအပ်သော သဒ္ဓါ

သဒ္ဓါ (၄) မျိုးနှင့် ဤ၌ လိုအပ်သော သဒ္ဓါ

အာဂမနသဒ္ဓါ, အဓိဂမသဒ္ဓါ, ဩကပ္ပနသဒ္ဓါ, ပသာဒသဒ္ဓါ ဟု သဒ္ဓါ (၄)မျိုး ရှိ၏၊ သဗ္ဗညု ဘုရား အလောင်းတော်ကြီးများ၏ သဒ္ဓါသည် သဗ္ဗညုတဉာဏ် ရဖို့ရန်ဟု စိတ်သန်ရည်စူး သဒ္ဓါထူးဖြင့် ဆုထူးပန်ထွာ တော်မူခဲ့သည်မှ စ၍ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် အစဉ်အတိုင်း လာသည်၏ အဖြစ်ကြောင့် အာဂမနသဒ္ဓါ မည်၏၊ ပစ္စေကဗုဒ္ဓအလောင်းတော်ကြီးများ၏ သဒ္ဓါတရားသည်လည်း ပစ္စေကဗောဓိဉာဏ်ကို ရရှိဖို့ရန် ဆုထူး ပန်ထွာတော်မူခဲ့သည်မှ စ၍ ပစ္စေကဗောဓိဉာဏ် ရသည့်တိုင်အောင် အစဉ်တစိုက် လာရှိသော သဒ္ဓါ ဖြစ်ခြင်း ကြောင့် အာဂမနသဒ္ဓါ မည်သည်သာ ဖြစ်ပေ၏၊ သို့သော် သမ္မာသမ္ဗောဓိ ဘုရားအလောင်းတော်ကြီးများ၏ သဒ္ဓါတရားကား ပို၍ အလေးဂရု ပြုထိုက်သော သဒ္ဓါဖြစ်ခြင်းကြောင့် သမ္မာသမ္ဗောဓိ အလောင်းလျာကြီးများ ၏ သဒ္ဓါကိုသာလျှင် အာဂမနသဒ္ဓါအဖြစ် ယူထားပေသည်။

အရိယာသူတော်ကောင်း ဖြစ်ကြကုန်သော ဘုရားရှင်၏ တပည့်သား သာဝကတို့၏ သဒ္ဓါသည် (= ယုံ ကြည်မှုသည်) မဂ်ဉာဏ်-ဖိုလ်ဉာဏ်-နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းဖြင့် ရရှိအပ် သောကြောင့် အဓိဂမသဒ္ဓါ မည်၏၊

ဘုရား တရား သံဃာဟူသော ရတနာသုံးပါးအကြောင်းကို ပြောဆိုလိုက်သော် နာကြားလိုက်ရသော် -- ''ဘုန်းတော် (၆)ပါးသခင် ဘုရားရှင်သည် သိသင့်သိထိုက်သည့် ညေယျဓံ တရားမှန်သမျှကို ဆရာမကူ သယမ္ဘူ ဉာဏ်ဖြင့် ကောင်းမွန်မှန်ကန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူသည့် သမ္မာသမ္ဗုဒ္ဓဘုရားစစ် ဘုရားမှန် ဧကန် မှန်၏၊ ဘုရားရှင်သည် ကောင်းစွာ ဟောကြားထားတော်မူအပ်သော မဂ်-ဖိုလ်-နိဗ္ဗာန်-ဓမ္မက္ခန် ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်သည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိက တရား ကောင်း စင်စစ် ဧကန် မှန်၏၊ ရှစ်ယောက်ထင်ပေါ် ဘုရားရှင်၏ တပည့်သားသာဝက အရိယသံဃာတော်သည် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းကို ကောင်းမွန်ရိုသေစွာ ကျင့်ကြံကြိုးကုတ် ပွား များ အားထုတ်တော်မူသည့် သံဃာစစ် သံဃာမှန် ဧကန် မှန်၏၊''- ဟု မတုန်မလှုပ် သက်ဝင်ယုံကြည်သော = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က လှုပ်ချောက်ချား၍ မရနိုင်လောက်အောင် ရတနာသုံးပါးတို့၏ ဂုဏ်၌ သက်ဝင်ယုံကြည်သော သဒ္ဓါသည် ဩကပ္ပနသဒ္ဓါ မည်၏၊

ရတနာသုံးပါး၌ (မိရိုးဖလာသဘောအားဖြင့်) သာမန် ကြည်ညိုရုံမျှ, ကြည်ညိုမှု သဒ္ဓါ ဖြစ်ရုံမျှသည် ပသာဒသဒ္ဓါ မည်၏၊

ဤသဒ္ဓါ (၄)မျိုးတို့တွင် ဤပဓာနိယင်္ဂတရား (၅)ပါး၌ အလိုရှိအပ်သော သဒ္ဓါမှာ ဩကပ္ပနသဒ္ဓါ ဖြစ်၏၊

သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းအဖြစ်ဖြင့် ဘုရားရှင် ကိုယ်တော်တိုင် က ဟောကြားထားတော်မူအပ်သော တရားတို့ကို သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်း အဖြစ် သက်ဝင်ယုံကြည်သော ဩကပ္ပနသဒ္ဓါတရားကား နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရ ပုဂ္ဂိုလ်တိုင်း၌ ရှိရမည့် ပဓာနိယင်္ဂတရားတစ်ခုပင် ဖြစ်သည်။ ဤကျမ်းတွင် အကြိမ်များစွာ ဖော်ပြလျက်ရှိသော သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းတစ်ခုကို ဤတွင် ထပ်မံ၍ ပုံစံထုတ်ပြအပ်ပါ သည်။

သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ပ။

သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၀၊၊)

အလုံးစုံသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် ပိုင်းခြား မသိခဲ့ သော် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။ ပ။

အလုံးစုံသော ဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို ပရိညာပညာ (၃)မျိုးတို့ဖြင့် ပိုင်းခြား သိခဲ့သော် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခန်းခြင်းငှာ ထိုက်၏၊

ဤဒေသနာတော်ကား သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်း အဖြစ် ဟောကြားထားတော်မူအပ်သော, ဘုရားရှင်၏ ရွှေနှုတ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသော သာမုက္ကံသိက ဒေသနာတော်တစ်ခုပင် ဖြစ်ပေသည်။

ယင်းဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့တွင် ယခု အငြင်းပွားနေသော အာပေါဓာတ်လည်း ပါဝင် ပါ၏၊ ''မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်နေသော ဒီနာမ်တရားတွေကို ဘယ်လိုလုပ် ရှုမလဲ''- ဟု ကုဋေတစ်သိန်းနှင့် ခဏခဏ ကိုင်ပြီး အပေါက်ခံနေရသော, ယနေ့ မျက်မှောက် ခေတ် ဝိပဿနာလောကတွင် အလွန့်အလွန် မျက်နှာငယ်နေရှာသော, ယနေ့ မျက်မှောက်ခေတ် ဝိပဿနာ လောကက မျက်နှာသာ မပေးသဖြင့် ချောင်ကြိုချောင်ကြားမှာ အသာကပ်နေရသော စိတ်+စေတသိက် = နာမ် တရားတို့လည်း ပါဝင်ကြပါသည်။

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားတော်မူသည့် ယင်းဥပါဒါနက္ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု လက်ခံနေသည် ဖြစ်အံ့၊ အသင် ယောဂီသူတော်ကောင်း၏ သန္တာန်၌ ပဓာနိယင်္ဂတရား (၅)ပါးတို့တွင် တစ်ခု အပါအဝင် ဖြစ်သော ဩကပ္ပန သဒ္ဓါတရားကား ချို့တဲ့နေမည်သာ ဖြစ်ပေသည်။ ပဓာနိယင်္ဂတရား (၅)ပါးနှင့် မပြည့်စုံခဲ့သော် မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရနိုင် မရနိုင်ဟူသော ဤအချက်ကိုကား အသင်သူတော်ကောင်းသည် အလေးအနက်ထား၍ စဉ်းစားရတော့မည် ဖြစ်ပေသည်။

ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ်

ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ်

ဘုရားရှင်၏ မဂ်ဉာဏ် (၄)ပါးသည် သဗ္ဗညုတဉာဏ်တော်မြတ်ကြီး၏ ရဖို့ရန် အကြောင်းရင်းစစ် ဖြစ် သောကြောင့် ဗောဓိ မည်၏၊ တစ်နည်း သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်သည် ဗောဓိ မည်၏၊ မှန်ပေသည် --- ဘုရားရှင်၏ အရိယမဂ်ဉာဏ်သည် သဗ္ဗညုတဉာဏ်တော်မြတ်လျှင် အနီးကပ်ဆုံးသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊ ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးသည်လည်း ဘုရားရှင်၏ အရိယမဂ်ဉာဏ်လျှင် အနီးကပ် ဆုံးသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊ (ဘုရားရှင်၏ အရဟတ္တမဂ်ဉာဏ်သည် သဗ္ဗညုတဉာဏ်တော်မြတ် အထွဋ် တပ်လျက် ပါလာ၏၊ သာဝကတို့၏ အရဟတ္တမဂ်ဉာဏ်ကား သဗ္ဗညုတဉာဏ် အထွဋ်တပ်လျက် မပါလာပေ။) ထိုကြောင့် ဘုရားရှင်၏ မဂ်ဉာဏ် (ဖိုလ်ဉာဏ်) သဗ္ဗညုတဉာဏ်တော်မြတ်ကို သမ္မာသမ္ဗောဓိဉာဏ်ဟူ၍ ခေါ်ဆို အပ်ပေ၏၊ ယင်း သမ္မာသမ္ဗောဓိဉာဏ်သည်ပင် ဘုရားရှင်၏ ဗောဓိ မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည်ကား -- ''တထာဂတ အမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ထိုဗောဓိဉာဏ်တော်မြတ်ကို ကောင်းစွာ ထွင်း ဖောက် သိမြင်တော်မူ၏ ရတော်မူ၏ ရောက်တော်မူ၏''ဟု ယုံကြည်၏၊ ဤသို့ ယုံကြည်ခဲ့သော် ယောဂါဝစရ ပုဂ္ဂိုလ်သည် ပထမ ပဓာနိယင်္ဂတရားနှင့် ပြည့်စုံပြီ ဖြစ်၏၊

ဒေသနာ သီသမျှသာ ဖြစ်သည်

ဒေသနာ သီသမျှသာ ဖြစ်သည်

တထာဂတ အမည်ရတော်မူသော သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို မုချပိုင်ပိုင် ကောင်းစွာ ထွင်းဖောက် သိမြင်တော်မူ၏ ရတော်မူ၏ ရောက်တော်မူ၏ဟု ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝဖြင့် ယောဂါဝစရ ရဟန်းတော်ဘက်က ဆုံးဖြတ်ချက် ချနိုင်သည့်အတွက်ကြောင့် ---- ဘုရားရှင် ဟောကြားထားတော်မူအပ်သော မဂ်ဉာဏ်-ဖိုလ်ဉာဏ်-နိဗ္ဗာန်-ပရိယတ် တည်းဟူသော (၁၀)ပါးသော တရား တော်မြတ်၏ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်း၏ အဖြစ်ကိုလည်းကောင်း, အရိယာ သံဃာတော်၏ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းကို ကောင်းမွန်ရိုသေစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူသည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်ကိုလည်းကောင်း ယောဂါ ဝစရ ရဟန်းတော်ဘက်က ဆုံးဖြတ်ချက် ချနိုင်ခြင်းသာဖြစ်၏၊ ထိုကြောင့် ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ် ကို ယုံကြည်၏ဟူသော ဤ ဒေသနာတော်သည် ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ်ကို ဦးတည်၍ အဦးမူ၍ ခေါင်းတည်၍ ခေါင်းတပ်၍ ဟောကြားထားတော်မူသော ဒေသနာတော်သာ ဖြစ်ပေသည်။ ထို့ကြောင့် ----

သဒ္ဒဟတိ တထာဂတဿ ဗောဓိံ = ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ်ကို ယုံကြည်၏ဟူသော ဤ စကားရပ်ဖြင့် = ဤပဓာနိယင်္ဂတရားဖြင့် ရတနာသုံးပါးလုံးတို့၌ပင် သက်ဝင်ယုံကြည်မှု ဩကပ္ပန သဒ္ဓါကို အလိုရှိအပ်ပေသည်။ မှန်ပေသည် -- ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ သန္တာန်ဝယ် ဘုရားအစရှိသော ရတနာ သုံးပါးတို့၌ ယုံကြည်မှု သဒ္ဓါတရားသည် အားကောင်း၏၊ ထိုပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်း ရတနာသုံးပါးတို့၌ ယုံကြည်ချက် သဒ္ဓါတရား၏ စွမ်းအားကြောင့် ''ဣမာယ ပဋိပဒါယ ဇရာမရဏတော မုစ္စိဿာမိ = လောကုတ္တရာ တရား (၉)ပါးအား လျော်သော ဤကျင့်ဝတ်ပဋိပတ်ဖြင့် အိုနာသေရေး ဒုက္ခဘေးမှ မချွတ်ဧကန် ငါ လွတ် မြောက်ရပေလတ္တံ့''ဟု အပြင်းအထန် ကြိုးစားအားထုတ်မှု လုံ့လဝီရိယသည် ပြီးစီးပြည့်စုံလာနိုင်၏၊

(မ၊ဋ္ဌ၊၃၊၂၂၅။ မ၊ဋီ၊၃၊၁၅၃-၁၅၄။)

၂။ ကျန်းမာရေးကောင်းခြင်း (ဒုတိယ ပဓာနိယင်္ဂတရား)

၂။ ကျန်းမာရေးကောင်းခြင်း (ဒုတိယ ပဓာနိယင်္ဂတရား)

အနာရောဂါ ကင်း၏၊ ကိုယ်ဆင်းရဲခြင်း ကင်း၏၊ အစာကို အညီအညွတ် ကျက်စေတတ်သော, မအေး လွန်း မပူလွန်းသော, အလယ်အလတ်ဖြစ်သော, ကမ္မဋ္ဌာန်းစီးဖြန်းရန် အခန့်သင့်ဖြစ်သော ပါစက တေဇော ဓာတ်နှင့် ပြည့်စုံ၏၊

၃။ မာယာ-သာဌေယျ ကင်းခြင်း (တတိယ ပဓာနိယင်္ဂတရား)

၃။ မာယာ-သာဌေယျ ကင်းခြင်း (တတိယ ပဓာနိယင်္ဂတရား)

မိမိ၌ ထင်ရှား မရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း သဘောလက္ခဏာကား သာဌေယျတည်း = ဟန်ဆောင်ခြင်းတည်း။ မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာကား မာယာတည်း = လှည့်ပတ်ခြင်းတည်း။ ကမ္မဋ္ဌာန်းဆရာအား လိမ်ညာ၍ တရားလျှောက်ထားခြင်းများလည်း မာယာ-သာဌေယျ သဘောပင်တည်း။ ယောဂါဝစရရဟန်းသည် ယင်းသို့သော ဟန်ဆောင်ခြင်း လှည့်ပတ်ခြင်း မရှိ၊ ဆရာဖြစ် တော်မူသော မြတ်စွာဘုရားရှင်၏ အထံ၌လည်းကောင်း, ပညာရှိကုန်သော သီတင်းသုံးဖော်တို့၏ အထံ၌သော် လည်းကောင်း ဟုတ်မှန်သည့်အတိုင်း မိမိကိုယ်ကို ထင်စွာ ပြုတတ်၏၊ (မိမိ၏ အပြစ်ကို ဟုတ်မှန်သည့်အတိုင်း ဝန်ခံ၍ ဝိနည်းတော်နှင့်အညီ ကုစားခြင်းတည်း။)

၄။ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိခြင်း (စတုတ္ထ ပဓာနိယင်္ဂတရား)

၄။ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိခြင်း (စတုတ္ထ ပဓာနိယင်္ဂတရား)

အကုသိုလ်တရားတို့ကို ပယ်ရှားရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယ ရှိသည်ဖြစ်၍ နေ၏၊ အားထုတ်နိုင်စွမ်း ရှိ၏၊ မြဲမြံစွာ အားထုတ်မှု ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။

၅။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း (ပဉ္စမ ပဓာနိယင်္ဂတရား)

၅။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံခြင်း (ပဉ္စမ ပဓာနိယင်္ဂတရား)

ပညာရှိ၏၊ ရုပ်-နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သော ပညာနှင့် ပြည့်စုံ၏၊ စင်ကြယ်သော, ကိလေ သာထု အစိုင်အခဲကို ဖောက်ခွဲ ဖျက်ဆီးနိုင်သော, ဒုက္ခ၏ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံ၏၊ (မ၊၃၊၂၉၈-၂၉၉။)

ဥဒယတ္ထဂါမိနိယာ ပညာယ = ခန္ဓာ (၅)ပါး = ရုပ်နာမ်တရားတို့၏ အဖြစ်-အပျက်ကို သိစွမ်းနိုင်သော ပညာဟူသော ဤစကားရပ်ဖြင့် ခန္ဓာ (၅)ပါးတို့၌ ဥဒယဉာဏ် (၂၅)ပါး, ဝယဉာဏ်(၂၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ စွမ်းအားရှိမှုကို ဆိုလိုသည်။ [အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရား တို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါးတို့ ထင်ရှားဖြစ်ပုံ, အဝိဇ္ဇာ- တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့ (အရဟတ္တမဂ်အခိုက်၌) ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါးတို့၏ အနုပ္ပါဒနိရောဓ = နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်သည်။ ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။] (မ၊ဋ္ဌ၊၃၊၂၂၅။)

ဤအထက်ပါ ပဉ္စမ ပဓာနိယင်္ဂတရား၌ ဟောကြားထားတော်မူသည့် စကားရပ်အားလုံးတို့ဖြင့် ဝိပဿနာ ပညာကိုပင် ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (ဝိပဿနာဉာဏ်တို့တွင် အလယ်၌ တည်ရှိသော ဥဒယဗ္ဗယဉာဏ်ကိုယူ၍ ဟောတော်မူလိုက်သဖြင့် အစနှင့် အဆုံး ဝိပဿနာဉာဏ်အားလုံးကို သိမ်းကျုံးယူရသော မဇ္ဈေဒီပကနည်းတည်း။)

မှန်ပေသည် --- ပညာမရှိသည့် ပုဂ္ဂိုလ်အား ပဓာနအမည်ရသော သမထဝိပဿနာဘာဝနာသည် မပြည့် စုံနိုင်ပေ။ ဤပဓာနိယင်္ဂတရား (၅)ပါးလုံးတို့ကို လောကီတရားတို့ဟူ၍ သိရှိပါလေ။ (မ၊ဋ္ဌ၊၃၊၂၂၅။) အရိယမဂ် မဆိုက်မီ အရိယမဂ်၏ ေ့ရှအဖို့၌ ယောဂါဝစရပုဂ္ဂိုလ်က ပြည့်စုံအောင် ဖြည့်ကျင့်ထားရမည့်တရားတို့ ဖြစ်ကြ သည်ဟု ဆိုလိုပေသည်။ ယင်းပဓာနိယင်္ဂတရား (၅)ပါးတို့တွင် အာပေါဓာတ်ကို ထိုးထွင်းသိမှုလည်း ပါဝင်၏၊ အာပေါဓာတ် အဝင်အပါ ဥပါဒါနက္ခန္ဓာ (၅)ပါး ရုပ်နာမ်တရား အားလုံးကို ထိုးထွင်းသိမှုလည်း ပါဝင်၏၊ အကြောင်းတရားနှင့် တကွသော ယင်းဥပါဒါနက္ခန္ဓာတို့၏ အနိစ္စ ဒုက္ခ အနတ္တ အချက်တို့ကို မဂ်ဆိုက် ဖိုလ်ဆိုက် သည့်တိုင်အောင် သိရှိရမည့် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံမှုတို့လည်း ပါဝင်လျက်ပင် ရှိ၏၊ အရိယမဂ်သို့ မဆိုက်မီ အသင်သူတော်ကောင်း ပြည့်စုံအောင် ကြိုးစားအားထုတ်ရမည့် တရားတို့ပင် ဖြစ်ပေသည်။ ဤတွင် ဓာတ်ကြီး (၄)ပါးရှုကွက်ကို တစ်ဖန် ဆက်လက် ဖော်ပြအပ်ပါသည်။

နိုင်နင်းအောင်လေ့ကျင့်ပါ

နိုင်နင်းအောင်လေ့ကျင့်ပါ

ဓာတ်ကြီး (၄)ပါး - သဘောတရား (၁၂)မျိုးကား စုံသွားပြီ ဖြစ်၏၊ ထိုသဘောတရား (၁၂)မျိုးကို အဝါး ဝစွာ နိုင်နိုင်နင်းနင်းဖြင့် ရှုတိုင်းရအောင် သွက်အောင် တစ်မိနစ်အတွင်း သဘောတရား (၁၂)မျိုးလုံးကို တစ် ကိုယ်လုံး အနှံ့အပြား ဦးခေါင်းမှသည် ခြေဖျားသို့တိုင်အောင် ခြေဆုံး ခေါင်းဆုံး နှစ်ခေါက် သုံးခေါက်လောက် ရအောင် လေ့ကျင့်ပါ။ ထိုသို့ လေ့ကျင့်ရာ၌ ဓာတ်တစ်လုံးကို ခြေဆုံး ခေါင်းဆုံး မြင်ရမည် ဖြစ်သည်။ သွက်အောင် ရှုလိုက်တိုင်းရအောင် လေ့ကျင့်ခြင်းဖြစ်သည်။ အောင်မြင်မှု ရခဲ့သော် က-ကြီး - ခ-ခွေး က ပြန်၍ စပါ။

က-ကြီး ခ-ခွေး တန်း

က-ကြီး ခ-ခွေး တန်း

ဝ-လုံးတန်း အောင်မြင်သွားပြီ ဖြစ်သဖြင့် ယခုတစ်ဖန် ဓာတ်ကြီး (၄)ပါးကို ဘုရားဟော ဒေသနာတော် စဉ်အတိုင်း ပြန်၍ ရှုရတော့မည် ဖြစ်သည်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူသော ဓာတ်ကြီး (၄)ပါးကို ဘုရားရှင်ဟောကြားတော်မူသည့် ဒေသနာတော်စဉ်အတိုင်း သွက်အောင် ရှုတိုင်းရအောင် တစ်ဖန်ပြန်၍ လေ့ကျင့်ပါ။

၁။ မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ (ပထဝီ)

၂။ ယိုစီး-ဖွဲ့စည်း (အာပေါ)

၃။ ပူ-အေး (တေဇော)

၄။ ထောက်-တွန်း (ဝါယော) ----

ဟူသော ဒေသနာတော်စဉ်အတိုင်း သွက်အောင် ရှုတိုင်းရအောင် ကြိုးစားပါ။ ဦးခေါင်းမှသည် ခြေဖျား, ခြေဖျားမှသည် ဦးခေါင်းသို့တိုင်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ဤသို့ လေ့ကျင့်ဖန်များသော် မီးခိုးရောင်-အဖြူ-အကြည်များ အချို့ယောဂီများ၌ ပေါ်လာတတ်ပါသည်။ သို့သော် မီးခိုးရောင်-အဖြူ-အကြည်တို့ ပေါ် သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ လုပ်ငန်းခွင်ကား မပြီးဆုံးသေးသဖြင့် တစ်ကိုယ်လုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ခြုံငုံ၍ သမာဓိကို ဆက်လက် ထူထောင်ရဦးမည်သာ ဖြစ်ပေသည်။

ဓာတ်ကြီး (၄) ပါးကို ခြုံ၍ သမာဓိထူထောင်ပါ

သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ (ဝိသုဒ္ဓိ၊၁၊၃၄၆။) မိမိ၏ ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဆင်ခြင် ရှုပွားရန် ညွှန်ကြားထားသဖြင့် ဓာတ်သဘောတရား (၁၂)မျိုးကို ခြေဆုံးခေါင်းဆုံး တစ်လုံးစီ ရှု၍ ကျေနပ်မှုရသောအခါ အလွန်သွက်လက်လာသောအခါ တစ်ကိုယ်လုံးကို ခြုံ၍ တောင်ထိပ်တစ်နေရာမှ တောင် အောက်တစ်နေရာကို အပေါ်က စီးကြည့်သည့် ပုံစံကဲ့သို့ မိမိထိုင်နေသည့် ပုံစံကို အပေါ်က မတ်တတ်ရပ်၍ စီးကြည့်သည့် ပုံစံဖြင့် ဓာတ်သဘောတရား (၁၂)မျိုးလုံးကို တစ်ခုပြီး တစ်ခု ရှုပါ။

သို့သော် အချို့ယောဂီများ၌ ဦးခေါင်းကစ၍ ဖြိုပြီး ခြုံ၍ စိုက်ရှုခဲ့သော် ဦးခေါင်း မခံနိုင် ဖြစ်နေတတ်၏၊ အလွန် တင်းမာနေတတ်၏၊ အလွန် ခဲနေတတ်၏၊ အလွန် လေးလံနေတတ်၏၊ သို့အတွက် လည်ဂုတ်လောက်က စ၍ အပေါ်ဦးခေါင်းပိုင်းနှင့် အောက်ပိုင်းကို မျှ၍ ခြုံငုံလျက် ဓာတ်သဘောတရား (၁၂)မျိုးကို တစ်ခုပြီး တစ်ခု ရှုနေပါ။ ဓာတ်သဘောတရား (၁၂)မျိုး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ တစ်ဖန် သမာဓိကို စတင် ထူထောင်ပြီ ဖြစ်ပါသည်။

ထိုသို့ သမာဓိထူထောင်ရာ၌ သမာဓိအားကောင်းသည်နှင့်အမျှ ဓာတ်များမှာ အလွန်ထင်ရှား လာတတ် ပါသည်။ ထင်ရှားလွန်းသဖြင့် မခံနိုင်ဖြစ်ခဲ့သော် ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း ဆန့်ကျင်ဘက် သဘော တရားကို ပြောင်းရှုခြင်းဖြင့် ဓာတ်ချင်း ညီမျှအောင် ပြန်၍ ထိန်းပေးပါ။ ဥပမာ - မာလျှင် ပျော့မှုသဘောကို, ပျော့လျှင် မာမှုသဘောကို ပြောင်း၍ ရှုပါ။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။ နောက်ထပ် သတိပြုရန် အချက်တစ်ရပ် ရှိသေး၏၊ လည်ဂုတ်က စ၍ အပေါ်ပိုင်း အောက်ပိုင်း မျှရှုရန် တင်ပြချက်ကို သတိပြုပါ။ လည်ဂုတ်သက်သက်ကို စိုက်ရှုပါကလည်း လည်ဂုတ်မှာ ခဲမာနေတတ်၏၊ သို့အတွက် လည်ဂုတ်သက်သက်ကို စိုက်ရှုမှုကိုလည်း သတိပြုပါ။ လည်ဂုတ်အရပ်လောက်မှ အပေါ်ပိုင်း အောက်ပိုင်း တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ် ကို ရှုရန်သာ ဖြစ်ပါသည်။

ဤအချိန်တွင် နှလုံးကို မစိုက်ပါနှင့်

ဤအချိန်တွင် နှလုံးကို မစိုက်ပါနှင့်

ဤသို့ သမာဓိအားကောင်းလာသော အချိန်အခါမျိုး၌ နှလုံးရှိရာ ဝန်းကျင်သို့ စိုက်၍ ဓာတ်သဘော တရားများကို မရှုပါနှင့်။ အထူးသဖြင့် မာမှုသဘော-တွန်းကန်မှု သဘောများကို စိုက်ရှုလိုက်ပါက ရင်ဘတ် တစ်ခုလုံး အောင့်သွားတတ်သည်။ ပူမှုသဘောကို စိုက်ရှုလိုက်ပါက မခံမရပ်နိုင် ဖြစ်လာတတ်သည်။ သို့အတွက် ယခုလိုအချိန်မျိုးတွင် နှလုံးအိမ်ဝန်းကျင်၌ ကြာရှည်စွာ စိုက်၍ ဓာတ်ကို မရှုမိဖို့ရန် အထူးသတိပြုပါ။ အထူး သဖြင့် နှလုံးရောဂါရှိသူများ ဖြစ်ဖူးသူများသည် ပို၍ သတိပြုရမည် ဖြစ်သည်။ နှလုံးအိမ်ဝန်းကျင်သို့ တွန်းကန် မှု သဘောကို စိုက်မိလိုက်ပါက ရင်များ တအားခုန်လာတတ်ပါသည်။ သို့သော် ရုပ်ကလာပ်များကို တွေ့မြင်၍ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ရုပ်ပရမတ်သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်သောအခါ၌ကား နှလုံးအိမ်ကိုလည်း ဓာတ်ကြီး (၄)ပါးဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါက ရနိုင် ပါသည်။ ထိုအခါ၌ကား အစိုက်ခံပြီ ဖြစ်သည်။

လေးချက် - ပြောင်းရှုပါ၊

လေးချက် - ပြောင်းရှုပါ၊

ဓာတ်သဘောတရား (၁၂)မျိုးကို ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံငုံ၍ ရှုနေသောအခါ ဓာတ်သဘောတရား များကို လျင်လျင်မြန်မြန် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား မြင်လာတတ်ပါသည်။ မပေါ်လွင် မထင်ရှား ဖြစ်ခဲ့သော် တစ်လုံးစီ ခြေဆုံး ခေါင်းဆုံး တစ်ဖန်ပြန်၍ ရှုပါ။ သွက်လာသောအခါ တစ်ဖန် ခြုံငုံ၍ ပြန်ရှုပါ။ ဤသို့ အကြိမ်ကြိမ် လေ့ကျင့်ပေးပါက ဓာတ်သဘောတရားများကို ဉာဏ်ထဲတွင် ပြိုင်တူလိုလို ထင်ထင်ရှားရှား တွေ့နေတတ်ပါသည်။ ထိုအခါဝယ် ----

၁။ မာ-ကြမ်း-လေး - ပျော့-ချော-ပေါ့ သဘောတရား (၆)မျိုးကို ဉာဏ်ဖြင့် မြင်အောင် ခြုံငုံ ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း,

၂။ ယိုစီး-ဖွဲ့စည်း သဘောတရား နှစ်မျိုးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း,

၃။ ပူ-အေး သဘောတရား နှစ်မျိုးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း,

၄။ ထောက်ကန်-တွန်းကန် သဘောတရား နှစ်မျိုးကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဝါယောဓာတ်ဟု လည်းကောင်း ----

ဤသို့လျှင် - ပထဝီဓာတ်-အာပေါဓာတ်-တေဇောဓာတ်-ဝါယောဓာတ်ဟု ဓာတ်သဘောတရားတို့ကို အာရုံယူ၍ ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုနေပါ။ ဓာတ်ကြီး (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် သမာဓိထူထောင်ပါ။ ဓာတ်သဘောတရားများကို ဉာဏ်ဖြင့် မမြင်ဘဲ ဆိုကမ္မဋ္ဌာန်းသက်သက် ရွတ်ဖတ်သည့် ကမ္မဋ္ဌာန်းသက်သက် မဖြစ်အောင် ကြိုးပမ်းပါ။ တစ်ဖန် ဦးခေါင်းကို ကြည့်လိုက်, လက်ကို ကြည့်လိုက်, ခြေကို ကြည့်လိုက်, စသည်ဖြင့် ဘာဝနာစိတ်ကို ''ဟိုရွှေ့ထားလိုက် ဒီရွှေ့ ထားလိုက်'' မပြုလုပ်ပါနှင့်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရားအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ် လျက် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟုသာ ရှုနေပါ၊ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ၊ သမာဓိထူထောင်ပါ။ ခန္ဓာကိုယ် အတုံးအခဲကြီးကို အာရုံ မပြုပါနှင့်။ ဓာတ်ကိုသာ အာရုံပြုနေပါ။

မနသိကာရ ကောသလ္လတရား (၁၀) ပါး

မနသိကာရ ကောသလ္လတရား (၁၀) ပါး

ဧဝံ မနသိ ကရောန္တေန ဟိ အနုပုဗ္ဗတော, နာတိသီဃတော, နာတိသဏိကတော, ဝိက္ခေပပဋိဗာဟနတော, ပဏ္ဏတ္တိသမတိက္ကမနတော, အနုပဋ္ဌာနမုဉ္စနတော, လက္ခဏတော, တယော စ သုတ္တန္တာတိ ဣမေဟိ ဒသဟာကာရေဟိ မနသိကာရကောသလ္လံ အနုဋ္ဌာတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၄။)

၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ

၁။ အနုပုဗ္ဗတော = အစဉ်အတိုင်း ရှုပါ

ဓာတ်ကြီး (၄)ပါးကို နှလုံးသွင်း ရှုပွားရာ၌ ဘုရားရှင်သည် ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ဒေသနာတော်စဉ် အတိုင်း ဆရာသမားထံမှ သင်ယူအပ်ခဲ့သည့် အစဉ်အတိုင်း - ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ဓာတ်သဘောတရားများကို အာရုံယူ၍ အစဉ်အတိုင်းသာ နှလုံးသွင်းရှုပွားပါ။ အာပေါဓာတ် ဝါယောဓာတ် ပထဝီဓာတ် တေဇောဓာတ် ဤသို့ စသည်ဖြင့် ''ဟိုကျော် ဒီကျော်''လျက် အစီ အစဉ်မကျ နှလုံးမသွင်းပါနှင့်ဟု ဆိုလိုသည်။ အစီအစဉ်မကျ ပေါ်ရာကိုသာ လိုက်မရှုပါနှင့်၊ အစီအစဉ်အတိုင်း ဘုရားရှင်သည် ဟောကြားထားတော်မူသည့် အတိုင်းသာ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟုသာ ရှုပါ။ (မဟာဋီ၊၁၊၄၃၄။)

၂။ နာတိသီဃတော = မမြန်လွန်းစေရ

၂။ နာတိသီဃတော = မမြန်လွန်းစေရ

ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရားများကို ဤကဲ့သို့ အစီအစဉ်အတိုင်း နှလုံးသွင်းရာ၌လည်း အလွန် လျင်လျင်မြန်မြန်ကြီး ဓာတ်တစ်ပါးပြီး နောက်ဓာတ်တစ်ပါးကို နှလုံးမသွင်းပါနှင့်။ အပြစ်ကား အလွန် လျင်လျင် မြန်မြန် ဓာတ်ကို နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်အား အဆင့်ဆင့်, ဆင့်ကာ ဆင့်ကာ ဓာတ်တစ်ပါးပြီး ဓာတ်တစ်ပါးဟူသော ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် အကယ်၍ကား အဆက်မပြတ် ဖြစ်နေသည် မှန်၏၊သို့သော် ဓာတ်ကြီး (၄)ပါးတို့၏ လက္ခဏ သို့မဟုတ် ရသ ဟူသော ကမ္မဋ္ဌာန်းကား မြန်လွန်းသည့်အတွက် မထင်ရှား ဖြစ်လာတတ်၏၊ ရုပ်ကို ပရမတ်သို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်သော ရူပပရိစ္ဆေဒဉာဏ် စသော အထက်အထက်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော တရားထူး တရားမြတ်ကို ရွက် ဆောင် မပေးနိုင်တော့ပေ။ ထိုကြောင့် ဓာတ်တစ်ပါးပြီး နောက်ဓာတ်တစ်ပါး၏ သဘာဝသတ္တိကို ဉာဏ်ဖြင့် အာရုံယူ၍ နှလုံးသွင်းရာ၌ အလွန် လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။ (မဟာဋီ၊၁၊၄၃၄။)

၃။ နာတိသဏိကတော = မနှေးလွန်းစေရ

၃။ နာတိသဏိကတော = မနှေးလွန်းစေရ

ဓာတ်ကြီး (၄)ပါးကို အလွန် လျင်လျင်မြန်မြန်အားဖြင့် နှလုံးမသွင်းသင့်သကဲ့သို့ အလွန်နှေးနှေး ကွေးကွေး အားဖြင့်လည်း နှလုံးမသွင်းသင့်ပေ။ အပြစ်ကား အလွန် နှေးနှေးကွေးကွေး အားဖြင့် ဓာတ်ကြီး (၄)ပါးကို တစ်ပါး ပြီး တစ်ပါး အစဉ်အတိုင်း နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းသည် ပရိယောသာန ခေါ်သည့် အဆုံးအပိုင်း အခြားသို့ = ဥပစာရသမာဓိသို့ ရောက်နိုင်တော့မည် မဟုတ်ပေ။ ရုပ်ကို ပိုင်းခြားသိတတ်သော ရူပပရိစ္ဆေဒ ဉာဏ်စသော အထက်အထက်သော ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဟူသော တရားထူး တရားမြတ် ကို ရခြင်း၏ အကြောင်းအထောက်အပံ့သည်ကား မဖြစ်နိုင်တော့ပေ။ အလွန် လျင်မြန်စွာလည်းကောင်း, အလွန် နှေးကွေးစွာလည်းကောင်း လမ်းခရီးကို သွားကြကုန်သော ယောက်ျားတို့ကို ဤအရာ၌ ဥပမာအဖြစ် ထုတ်ဆောင် ပြထိုက်ပေသည်။ (မဟာဋီ၊၁၊၄၃၄။)

၄။ ဝိက္ခေပပဋိဗာဟနတော = အပြင်အာရုံကို မရှုရ

၄။ ဝိက္ခေပပဋိဗာဟနတော = အပြင်အာရုံကို မရှုရ

ဝိက္ခေပပဋိဗာဟနတောတိ ကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဗဟိဒ္ဓါ ပုထုတ္တာရမ္မဏေ စေတသော ဝိက္ခေပေါ ပဋိဗာဟိတဗ္ဗော။ ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။ (မဟာဋီ၊၁၊၄၃၄။)

ယခု အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်ကိုယ်တိုင် ပွားများအားထုတ်နေသော ကမ္မဋ္ဌာန်းမှာ ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို ဉာဏ်စက္ခုဖြင့် အာရုံယူ၍ ရှုပွား နှလုံးသွင်းနေသော ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သည်။ ထိုဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိတည်းဟူသော အာရုံကို နှလုံးသွင်းမှု ကမ္မဋ္ဌာန်း လုပ်ငန်းကို စွန့်လွှတ်၍ ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိမှ အပ ဖြစ်သော ပညတ်အာရုံ ပရမတ် အာရုံ အမျိုးမျိုး၌ ဘာဝနာစိတ်ကို ပစ်လွင့်မှုကို တားမြစ်ရမည်။ တစ်နည်း ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထ ဓမ္မသဘာဝသတ္တိဟူသော အာရုံမှ တစ်ပါးသော အခြား အခြားသော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးတို့ကို လှမ်း၍ ရှုပွားမှုကို တားမြစ်ရမည်။

အဘယ်ကြောင့့််နည်းဟူမူ --- ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိအာရုံမှ အခြား တစ်ပါး သော ပညတ်အာရုံ ပရမတ်အာရုံတို့ အပေါ်သို့, ပွားများနေသော နှလုံးသွင်း ရှုပွားနေသော ဘာဝနာစိတ်ကို ပစ်လွှင့်ချထားခဲ့သော် သို့မဟုတ် ရှုပွားနေခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏၊ လျှောကျတတ်၏၊ ဤအရာ၌ ခြေတစ်ဖဝါးစာမျှသာ ရှိသော လမ်းကို သွားနေသော ယောက်ျားကို ပုံတူ ဥပမာဆောင်၍ ပြထိုက် ပေ၏၊ (မဟာဋီ၊၁၊၄၃၄။)

ဤအထက်ပါ စည်းကမ်းသတ်မှတ်ချက်ကို အထူးဂရုပြု၍ မှတ်သားပါ။ အဘယ်ကြောင့် ဓာတ်ကြီး (၄)ပါးမှ ပြင်ဘက်ဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးကို မရှုရသနည်းဟူသော မေးခွန်းကိုလည်း ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏ဟု အကြောင်းပြထား၏၊ ဖြေဆိုထား၏၊

ဘာကြောင့် ဆုတ်ယုတ်ရသနည်း လျှောကျရသနည်း ---- ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝ သတ္တိကို ဉာဏ်ဖြင့် ရှုပါမှ နှလုံးသွင်းပါမှ ဓာတုမနသိကာရဟု ခေါ်ဆိုနိုင်သည်။ ဓာတ်ကြီး (၄)ပါးတို့မှ ပြင်ပ ဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးတို့ကို လိုက်၍ ရှုနေပါက ဤသမာဓိပိုင်းတွင် ဓာတုမနသိကာရ = ဓာတ်ကို နှလုံးသွင်းမှုဟု မခေါ်ဆိုနိုင်တော့ပေ။ ထိုသို့ ဓာတ်ကြီး (၄)ပါးမှ ပြင်ပဖြစ်သော ပညတ်အာရုံ ပရ မတ်အာရုံများကို လိုက်ရှုနေပါက ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို အာရုံယူ၍ နှလုံးသွင်း၍ ရှုပွားပါမှ ဖြစ်ပေါ်လာနိုင်ခွင့် ရှိသော ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်မှ ဥပစာရသမာဓိသည်လည်း ဖြစ်နိုင်ခွင့် မရှိ တော့ပေ။ ထိုသို့ ဥပစာရသမာဓိမျှ မဖြစ်ခဲ့သော် ရုပ်ကလာပ်များကို နှလုံးသွင်းနိုင်ခြင်း ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်နိုင်ခြင်း, ရုပ်ကလာပ်များကို ဓာတ်ခွဲ၍ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီး လျက် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပရမတ္ထဓာတ်သား ရုပ်တရားအစစ်တို့ကို ဉာဏ်ဖြင့် ထိုးထွင်းသိမြင်နိုင်ရေးမှာ အလွန် အလှမ်းကွာဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါက လက္ခဏာရေး သုံးတန် ဉာဏ်အမြင် သန့်ရှင်းရေးကား အထူးသဖြင့် အနတ္တရောင်ခြည်တော် ကြီး တင့်တယ်စမ္ပာယ်စွာ ထွန်းလင်း တောက်ပလာရေးကား မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။ အနတ္တသဘော သုညတသဘောသို့ ဉာဏ်အမြင် မဆိုက်ပါက မဂ်ဖိုလ် တရားထူး တရားမြတ် ရရေးမှာ မိုးနှင့် မြေကြီးပမာ အလွန် အလှမ်းကွာလျက်ပင် ရှိနေဦးမည်သာ ဖြစ်ပေသည်။ ဤကား ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ် နေပါလျက် ဥပစာရသမာဓိနယ်မြေသို့ မဆိုက်မီအတွင်းဝယ် ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို နှလုံးသွင်းရာမှ ပြင်ပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးတို့ကို ပြောင်း၍ နှလုံးသွင်း ရှုပွားမိသဖြင့် ကမ္မဋ္ဌာန်းဆုတ်ယုတ်ပုံ လျှောကျပုံတည်း။

အယူအဆ မမှားစေလိုပါ

အယူအဆ မမှားစေလိုပါ

ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အခြားအခြားသော ရုပ်တရား နာမ် တရားများကို လုံးဝ မရှုပွားရ နှလုံးမသွင်းရဟု ဤသို့ကား အယူအဆ မမှားစေလိုပါ။ ရုပ်ကလာပ်များကို မြင်၍ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ထွင်း ဖောက် သိမြင်လျှင်ကား ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ပြီ ဖြစ်၏၊ ထို ဥပစာရ သမာဓိသို့ မဆိုက်မီအတွင်းမှာ ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ သမာဓိထူထောင်နေခိုက်၌ ဓာတ်ကြီး (၄)ပါးမှ ပြင်ပဖြစ်သော အခြားအခြားသော ရုပ်တရား နာမ်တရား ပညတ်တရားတို့ကို ပြောင်း၍ မရှုရန်သာ ညွှန်ကြား နေခြင်း ဖြစ်သည်။ ဥပစာရသမာဓိသို့ ဆိုက်ရောက်ပြီးသောအခါ၌ကား ကြွင်းကျန်သော ရုပ်တရားများကိုလည်းကောင်း, နာမ်တရားများကိုလည်းကောင်း, အကြောင်းတရားများကိုလည်းကောင်း သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးနိုင်သည်သာ ဖြစ်ပါသည်။

သတိကြီးစွာဖြင့် သွားရမည်

သတိကြီးစွာဖြင့် သွားရမည်

အသူတစ်ရာ နက်သော ချောက်ကမ်းပါးကို ဖြတ်ကျော်၍ ခြေတစ်ဖဝါးစာမျှသာ ရှိသော တံတားလမ်း တစ်ခုကို ခင်းထားရာ ထိုလမ်းကို လျှောက်သွားသော ယောက်ျားသည် နင်းသွားသော ခြေရာကို ကောင်းစွာ မမှတ်သားဘဲ ဟိုဟို ဒီဒီ ထို ဤ တောင် မြောက် ကြည့်ရှု၍ လျှောက်နေခဲ့သော် ခြေလှမ်း အကြိမ်သည် ချွတ်ချော် တိမ်းပါးသွားနိုင်၏၊ ခြေချော်သွားနိုင်၏၊ ထိုအခါ အသူတစ်ရာနက်သော ချောက်ကမ်းပါးပြတ်ထဲသို့ ကျရောက်သွားနိုင်ပေသည်။ ဤအတူသာလျှင် ဗဟိဒ္ဓအာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်နေခဲ့သော် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာအာရုံမှ အပြင်အပဖြစ်သော ပညတ်အာရုံ ပရမတ်အာရုံ အမျိုးမျိုးပေါ်သို့ စိတ်ကို လွှင့်ပစ်ချထားခဲ့သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ် ပျက်စီးသွားနိုင်ပေသည်။

၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ကို ကျော်အောင် ကျင့်ပါ

၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ကို ကျော်အောင် ကျင့်ပါ

ပဏ္ဏတ္တိသမတိက္ကမနတောတိ ''ယာ အယံ ပထဝီဓာတူ''တိ အာဒိကာ ပဏ္ဏတ္တိ၊ တံ အတိက္ကမိတွာ လက္ခဏေသု ဧဝ စိတ္တံ ဌပေတဗ္ဗံ။ ဧဝံ ပဏ္ဏတ္တိံ ဝိဇဟိတွာ ကက္ခဠလက္ခဏာဒီသု ဧဝ မနသိကာရံ ပဝတ္တေန္တဿ လက္ခဏာနိ သုပါကဋာနိ သုဝိဘူတာနိ ဟုတွာ ဥပဋ္ဌဟန္တိ။ တေဿဝံ ပုနပ္ပုနံ မနသိကာရဝသေန စိတ္တံ အာသေဝနံ လဘတိ။ သဗ္ဗော ရူပကာယော ဓာတုမတ္တတော ဥပဋ္ဌာတိ၊ သုညော နိဿတ္တော နိဇ္ဇီဝေါ ယန္တံ ဝိယ ယန္တသုတ္တေန အပရာပရံ ပရိဝတ္တမာနော။

သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)

ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော အမည်နာမ ပညတ်တို့ကို ကျော်လွန်၍ ပရမတ္ထဓမ္မသဘာဝ သတ္တိတည်း ဟူသော သဘာဝလက္ခဏာအာရုံ၌သာလျှင် ဘာဝနာစိတ်ကို ထားရမည် ဖြစ်သည်။

၁။ ပထဝီဓာတ်၏ ---- မာမှု-ကြမ်းမှု-လေးမှု၊ ပျော့မှု-ချောမှု-ပေါ့မှု သဘော,

၂။ အာပေါဓာတ်၏ ---- ယိုစီးမှု-ဖွဲ့စည်းမှု သဘော,

၃။ တေဇောဓာတ်၏ ---- ပူမှု-အေးမှု သဘော,

၄။ ဝါယောဓာတ်၏ ---- ထောက်ကန်မှု-တွန်းကန်မှု သဘော ----

ဟူသော ပရမတ်သဘောတရားအာရုံပေါ်၌သာ ဘာဝနာစိတ်ကို ကောင်းစွာ ထားရမည် ဖြစ်သည်။

အကယ်၍ ပထဝီဓာတ်ဟု ရှုလိုက်ရာ တစ်ကိုယ်လုံး = ရူပကာယတစ်ခုလုံးကို ခြုံ၍ မာမှု-ကြမ်းမှု-လေးမှု, ပျော့မှု-ချောမှု-ပေါ့မှု သဘောများကို ဉာဏ်ဖြင့် မတွေ့မြင်သေးသည်ဖြစ်အံ့၊ အာပေါဓာတ်ဟု နောက်ဓာတ် တစ်လုံးသို့ ပြောင်းရှုလိုက်ပါက ပထဝီဓာတ်ဟူသော ပညတ်ပေါ်မှာသာ သောင်တင်နေသည် မည်ပေသည်။ ထိုသို့ အမည်နာမ ပညတ်ပေါ်၌ သောင်တင်နေသော ဘာဝနာစိတ်ကား ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ် နေသော ဘာဝနာစိတ် မဟုတ်သေးပေ၊ ဆိုကမ္မဋ္ဌာန်း အဆင့်မှာသာ ရှိနေသေးသည်။ ကျန်ဓာတ် (၃)ပါးတို့၌ လည်း နည်းတူ မှတ်ပါ။

အကယ်၍ ပထဝီဓာတ်ဟု ရှုလိုက်ရာ ပထဝီဓာတ်၏ မာမှု-ကြမ်းမှု-လေးမှု, ပျော့မှု-ချောမှု-ပေါ့မှု သဘောတရားတို့ကို ရူပကာယတစ်ခုလုံး၌ အနှံ့အပြား တွေ့မြင်သည်ဖြစ်အံ့၊ တစ်နည်းဆိုရသော် မာမှု-ကြမ်းမှု -လေးမှု, ပျော့မှု-ချောမှု-ပေါ့မှု သဘောတရားတို့ကို ဉာဏ်မျက်စိဖြင့် မြင်အောင်ကြည့်၍ ပထဝီဓာတ်ဟု ရှုသည် ဖြစ်အံ့၊ မြင်လည်းမြင်သည် ဖြစ်အံ့ ---- ထိုအခါ အာပေါဓာတ်ဟု ပြောင်း၍ ရှုပါ။ အမည်နာမပညတ်ကို ကျော် လွန်သွားပြီဟု ဆိုလိုပါသည်။ အလားတူပင် အာပေါဓာတ်ဟု ရှုရာ၌ ယိုစီးမှုသဘော, ဖွဲ့စည်းမှုသဘောတို့ကို ရူပကာယတစ်ခုလုံး၌ အနှံ့အပြား ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့၊ သို့မဟုတ် ယိုစီးမှုသဘော, ဖွဲ့စည်းမှုသဘော တရားတို့ကို တစ်ကိုယ်လုံး၌ မြင်အောင် ဉာဏ်မျက်စိဖြင့် ကြည့်ပြီးမှ အာပေါဓာတ်ဟု ရှုသည် ဖြစ်အံ့ -- တေဇော ဓာတ်ဟု ပြောင်း၍ ရှုနိုင်၏၊

တေဇောဓာတ်ဟု ရှုလိုက်ရာ ပူမှုသဘော, အေးမှုသဘော (ရင့်ကျက်စေမှုသဘော) တို့ကို ရူပကာယ တစ်ခုလုံး၌ အနှံ့အပြား ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့၊ သို့မဟုတ် ပူမှုသဘော, အေးမှုသဘော (ရင့်ကျက် စေမှုသဘော)တို့ကို ခန္ဓာကိုယ်တစ်ခုလုံး၌ အနှံ့အပြား တွေ့မြင်ပါမှ တေဇောဓာတ်ဟု ရှုသည် ဖြစ်အံ့ ---- ဝါယောဓာတ်ဟု ပြောင်း၍ ရှုနိုင်၏၊

ဝါယောဓာတ်ဟု ရှုလိုက်ရာ၌လည်း ထောက်ကန်မှုသဘော, တွန်းကန်မှုသဘောတို့ကို ရူပကာယ တစ်ခု လုံး၌ အနှံ့အပြား ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့၊ သို့မဟုတ် ရူပကာယတစ်ခုလုံး၌ အနှံ့အပြား ထောက်ကန်မှု သဘော, တွန်းကန်မှုသဘောတို့ကို ဉာဏ်မျက်စိဖြင့် မြင်အောင် စေ့စေ့ငုငု ကြည့်ရှုပြီးပါမှ ဝါယောဓာတ်ဟု ရှု သည် ဖြစ်အံ့ ---- ပထဝီဓာတ်ဟု တစ်ဖန်ပြန်၍ ရှုနိုင်၏၊

ဤသို့လျှင် ပရမတ္ထဓမ္မသဘာဝအာရုံ၌သာလျှင် ဘာဝနာစိတ်ကို ထား၍ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနိုင်ခဲ့သော် ပထဝီဓာတ် စသော အမည်နာမပညတ်ကို ကျော် လွန်၍ ပရမတ္ထဓမ္မသဘာဝအာရုံ၌သာလျှင် ဘာဝနာစိတ်ကို ကောင်းစွာ ထားနိုင်သည် မည်ပေသည်။

သုည-နိဿတ္တ-နိဇ္ဇီဝ

သုည-နိဿတ္တ-နိဇ္ဇီဝ

ဤသို့လျှင် ပထဝီစသော အမည်နာမပညတ်ကို ပယ်စွန့်၍ မာမှုစသော ပရမတ္ထဓမ္မသဘာဝ အာရုံ၌ သာလျှင် နှလုံးသွင်းမှု မနသိကာရလုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်၌ ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထသဘာဝလက္ခဏာတို့သည် ကောင်းစွာ ထင်ရှား ပေါ်လွင်ကုန်သည်ဖြစ်၍ ထင်လာကုန်၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် နှလုံးသွင်းခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည် အာသေဝန ပစ္စည်း အထုံကို ရလာနိုင်၏၊ ရှေးရှေးဘာဝနာစိတ်၏ အရှိန်အဝါသည် နောက်နောက် ဘာဝနာစိတ်အား စွမ်းအင် ရှိန်စော် အာနုဘော် ကြီးမားအောင် ကျေးဇူးပြုပေးနိုင်၏၊ အလုံးစုံသော ရူပကာယ တစ်ခုလုံးသည် ဓာတ် သဘောမျှအားဖြင့် ထင်လာ၏၊

၁။ သုည = ပုဂ္ဂိုလ်သတ္တဝါမှ ဆိတ်၏ဟု

၂။ နိဿတ္တ = သတ္တဝါ မဟုတ်ဟု

၃။ နိဇ္ဇီဝ = ဇီဝအတ္တ မဟုတ်ဟု ထင်လာ၏၊

ယန္တရား စက်ကြိုးဖြင့် အဆင့်ဆင့် ပြန်လှန်လှုပ်ရှား သွားလာနေသော ယန္တရားစက်ကဲ့သို့ အဆင့်ဆင့် တပြောင်းပြောင်း တပြန်ပြန် ပြန်လှန်လှုပ်ရှား သွားလာနေသော ရုပ်တရားအပေါင်း၏ ဓာတ်သဘောမျှဟု ထင် လာ၏၊ (မဟာဋီ၊၁၊၄၃၄။)

ဗဟိဒ္ဓ၌ ထင်လာပုံ

ဗဟိဒ္ဓ၌ ထင်လာပုံ

အကယ်၍ကား အပြင်ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်း မှုကို ဉာဏ်ဖြင့် ကပ်၍ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ကပ်၍ ဆောင်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ် ၏ ဉာဏ်ဝ၌ လှည့်လည်ကျက်စား သွားလာနေထိုင်ကြကုန်သော လူတိရစ္ဆာန် စသော သတ္တဝါတို့သည် သတ္တဝါ ဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီး (၄)ပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏၊ ထိုလူတိရစ္ဆာန်စသော သတ္တဝါတို့သည် ပြုလုပ်နေကြသော အပြုအမူအရာ ဟူသမျှတို့သည် ဓာတ်ကြီး (၄)ပါး ဖြင့်ပြီးသော ယန္တရားစက်ဖြင့် ဖြစ်စေအပ်သော အပြုအမူအရာတို့သည်သာ ဖြစ်ကုန်၍ ထင်လာ၏၊ ထိုလူ တိရစ္ဆာန်စသည်တို့သည် စားမျိုအပ်သော သောက်ဖွယ်အဖျော် စားဖွယ်ဘောဇဉ်စသည်သည် ဓာတ်ကြီး (၄)ပါး အပေါင်းအစု၌ ထည့်သွင်းထားအပ်သော ဓာတ်ကြီး (၄)ပါး အပေါင်းအစုကဲ့သို့ ထင်လာပေသည်။

(မဟာဋီ၊၁၊၄၃၄-၄၃၅။)

၆။ အနုပဋ္ဌာနမုဉ္စနတော = မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားနိုင်သည်

၆။ အနုပဋ္ဌာနမုဉ္စနတော = မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားနိုင်သည်

၁။ ပထဝီဓာတ်၏ မာမှု ပျော့မှု ကြမ်းမှု ချောမှု လေးမှု ပေါ့မှုသဘော,

၂။ အာပေါဓာတ်၏ ယိုစီးမှု ဖွဲ့စည်းမှုသဘော,

၃။ တေဇောဓာတ်၏ ပူမှု အေးမှုသဘော,

၄။ ဝါယောဓာတ်၏ ထောက်ကန်မှု တွန်းကန်မှုသဘော ----

ဟု သဘောတရား (၁၂)မျိုးရှိရာ ယခုကဲ့သို့ သမာဓိထူထောင်ခိုက်ဝယ် သမာဓိအတော်အသင့် ဖြစ်လာ သောအခါ ရံခါ အချို့သဘောတရားများ မထင်မရှား ဖြစ်လာတတ်သဖြင့်, ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ သမာဓိ ထူထောင်နေခိုက် ဖြစ်သဖြင့်, မထင်ရှားသော ဓာတ်သဘောတရားများကို လိုက်၍ တစ်ဖန် ရှာဖွေနေရပါက သမာဓိပျက်ပြားတတ်သဖြင့် မထင်ရှားသော သဘောတရားများကို လွှတ်၍ ထင်ရှားသော ပရမတ်သဘောတရားများ၌သာ အာရုံစိုက်ကာ နှလုံးသွင်းရမည် ဖြစ်သည်။ ပထဝီဓာတ်၌ ထင်ရှားရာ တစ်မျိုး မျိုး, အာပေါဓာတ်၌ ထင်ရှားရာ တစ်မျိုးမျိုး, တေဇောဓာတ်၌ ထင်ရှားရာ တစ်မျိုးမျိုး, ဝါယောဓာတ်၌ ထင်ရှားရာ တစ်မျိုးမျိုးကို အာရုံယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ နှလုံး သွင်း နေပါ။ ဓာတ်ကြီး (၄)ပါးတွင် ဓာတ်တစ်ပါး တစ်ပါး၌ အနည်းဆုံး သဘောတရား တစ်မျိုးကား ထင်ရှား ရမည်သာ ဖြစ်သည်။ သို့မှသာလျှင် ဓာတုမနသိကာရပဗ္ဗ၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနိုင်မည် ဖြစ်သည်။ ဤသည်မှာ လည်း ဓာတ်ကြီး (၄)ပါးအာရုံ၌ သမာဓိငြိမ်သက်နေခိုက်ကိုသာ အထူးသဖြင့် ရည်ရွယ်၍ သတ်မှတ်လိုက်သော စည်းကမ်းတစ်ခုဟု မှတ်ပါ။ သို့သော် အားလုံးသော သဘောတရားများ ထင်ရှားနေလျှင်ကား ပို၍ ကောင်း သည်သာ ဖြစ်ပါသည်။

သုခသမ္ဖဿ-ဒုက္ခသမ္ဖဿ

သုခသမ္ဖဿ-ဒုက္ခသမ္ဖဿ

ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဖောဋ္ဌဗ္ဗာယတန အမည်ရသော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ် (၃)ပါး၌ သုခသမ္ဖဿ ဒုက္ခသမ္ဖဿဟု နှစ်မျိုးစီ ထည့်သွင်း၍ ဟောကြားထားတော်မူခဲ့၏၊

သုခသမ္ဖဿန္တိ သုခဝေဒနာပစ္စယံ ဣဋ္ဌဖောဋ္ဌဗ္ဗံ။

ဒုက္ခသမ္ဖဿန္တိ ဒုက္ခဝေဒနာပစ္စယံ အနိဋ္ဌဖောဋ္ဌဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)

သုခသမ္ဖဿဟူသည် သုခဝေဒနာဖြစ်ခြင်း၏ အကြောင်းဖြစ်သော အလိုရှိအပ်သော ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်တည်း။

ဒုက္ခသမ္ဖဿဟူသည် ဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းဖြစ်သော အလို မရှိအပ်သော အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်တည်း။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)

ဤအဋ္ဌကထာအဖွင့်အရ မာမှု ကြမ်းမှု လေးမှု ပျော့မှု ချောမှု ပေါ့မှု, ပူမှု အေးမှု, ထောက်ကန်မှု တွန်း ကန်မှု သဘောတရားတို့မှာ တစ်ရံတစ်ခါ အလိုရှိအပ်သော အတွေ့အထိ = ဣဋ္ဌဖောဋ္ဌဗ္ဗာရုံများ ဖြစ်နေကြ၏၊ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံဖြစ်သော် ထိုဖောဋ္ဌဗ္ဗဓာတ်များသည် သုခဝေဒနာ ဖြစ်ပေါ်လာရန် အကြောင်းတရားများ ဖြစ် ကြ၏၊

တစ်ရံတစ်ခါ မာမှု ကြမ်းမှု လေးမှု ပျော့မှု ချောမှု ပေါ့မှု, ပူမှု အေးမှု, ထောက်ကန်မှု တွန်းကန်မှု သဘောတရားတို့မှာ အလိုမရှိအပ်သော အနိဋ္ဌဖောဋ္ဌဗ္ဗ အတွေ့အထိအာရုံများ ဖြစ်နေတတ်ကြ၏၊ ထိုသို့ အနိဋ္ဌ ဖောဋ္ဌဗ္ဗဓာတ်ဖြစ်နေသော် ထိုအနိဋ္ဌဖောဋ္ဌဗ္ဗာရုံသည် ဒုက္ခဝေဒနာ ဖြစ်ပေါ်လာရန် အကြောင်းတရား ဖြစ်နေ ပေသည်။

သို့အတွက် ဣဋ္ဌ-အနိဋ္ဌဖြစ်သော ဖောဋ္ဌဗ္ဗဓာတ်ဟူသည်မှာလည်း မာမှု ကြမ်းမှု လေးမှု ပျော့မှု ချောမှု ပေါ့မှု, ပူမှု အေးမှု, ထောက်ကန်မှု တွန်းကန်မှု ဟူသော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်များပင် ဖြစ်၍ ဤကျမ်းစာ၌ သုခသမ္ဖဿ ဒုက္ခသမ္ဖဿတို့ကို ဤဥပစာရသမာဓိကို ထူထောင်နေသည့် ဓာတ်ကမ္မဋ္ဌာန်း ပိုင်း ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် မဖော်ပြတော့ဘဲ နာမ်ကမ္မဋ္ဌာန်းရှုကွက် ဖောဋ္ဌဗ္ဗာရုံပိုင်းတွင် ဖော်ပြထားပေသည်။

၇။ လက္ခဏတော = သဘာဝလက္ခဏာကိုသာ ဦးစားပေး ရှုပါ

၇။ လက္ခဏတော = သဘာဝလက္ခဏာကိုသာ ဦးစားပေး ရှုပါ

၁။ ပထဝီဓာတ်၏ ကက္ခဠတ္တလက္ခဏာ = မာမှုသဘောလက္ခဏာ,

၂။ အာပေါဓာတ်၏ ပဂ္ဃရဏလက္ခဏာ = ယိုစီးမှုသဘောလက္ခဏာ,

၃။ တေဇောဓာတ်၏ ဥဏှတ္တလက္ခဏာ = ပူမှုသဘောလက္ခဏာ,

၄။ ဝါယောဓာတ်၏ ဝိတ္ထမ္ဘနလက္ခဏာ = ထောက်ကန်မှု သဘောလက္ခဏာ ----

ဤ သဘာဝလက္ခဏာအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ယင်းသဘာဝလက္ခဏာ ကိုပင် စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ရှုပွားပါ၊ သဘာဝလက္ခဏာကိုသာ စိုက်စိုက်စူးစူး နှလုံးသွင်းပါ။

ဤ ညွှန်ကြားချက်ကား အထက်ပါ သဘောတရား (၁၂)မျိုးတို့ကို အာရုံပြု၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုပွား၍ နေပါသော်လည်း, စိတ်ငြိမ်ဝပ်မှု ရှိတန်သလောက် ရှိသော်လည်း ဥပစာရသမာဓိ နယ်မြေသို့ မရောက်နိုင် ဖြစ်နေသော် မာမှု, ယိုစီးမှု, ပူမှု, ထောက်ကန်မှုဟူသော သဘာဝလက္ခဏာသက်သက်မျှကိုသာ အာရုံပြု၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် ရှုပွားနေရန် ညွှန် ကြားချက် ဖြစ်ပေသည်။ သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ ရှုနေပါက သဘာဝလက္ခဏာအာရုံ၌ ဘာဝနာ စိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ နာရီဝက် မိနစ်လေးဆယ် စသည်ဖြင့် ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ''မည်သို့-မည်ပုံ ရှုပါက စိတ်တည်ကြည်မှု သမာဓိ ဖြစ်တတ်သည်''ဟူသော သမာဓိဖြစ်ကြောင်း ရှုပုံ အခြင်းအရာကို မှတ်သား၍ ထိုနည်းအတိုင်း ဆက်လက်၍ ရှုပွားပါ။

''ဓာတ် (၄)ပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ။ ပ။ နှစ်နာရီ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပါစေ'' ----

ဤသို့ စသည်ဖြင့် အချိန်ကို ပိုင်းခြားကန့်သတ်၍ အဓိဋ္ဌာန်ပြုကာ ထိုင်ကြည့်ပါ။ အောင်မြင်မှု ရလာ တတ်ပါသည်။ ယေဘုယျအားဖြင့် ယောဂီအများစုတို့၌ တစ်နာရီလောက် (၁၀)ကြိမ်လောက် ဆက်တိုက် ငြိမ် လာသော် = ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်ရောက်သွားတတ်ပါသည်။

ထိုသို့ ကြိုးစားအားထုတ်ပါလျက် ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ အာသေဝနပစ္စည်းကို (= အဖန်ဖန် အထပ်ထပ် မှီဝဲခြင်းတည်းဟူသော အကြောင်းအထောက်အပံ့ကို) ရရှိ၍နေသော ဘာဝနာစိတ်သည် ----

၁။ အလွန် ကြိုးစားအားထုတ်အပ်သော လုံ့လဝီရိယ ရှိသည်၏ အဖြစ်ကြောင့် ဝီရိယလွန်၍ ဥဒ္ဓစ္စ ဖြစ်ကာ စိတ်ပျံ့လွင့်နေသဖြင့်လည်းကောင်း,

၂။ အလွန် တွန့်ဆုတ်သော ဝီရိယရှိသည်၏ အဖြစ်ကြောင့် ဝီရိယလျော့၍ ပျင်းရိခြင်း = ကောသဇ္ဇ ဖြစ်ကာ စိတ်ဓာတ်သည် ဘာဝနာအာရုံမှ တွန့်ဆုတ်နေသဖြင့်လည်းကောင်း ----

ဥပစာရသမာဓိဟူသော ဘာဝနာလမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည် ဖြစ်အံ့၊ ----

ထိုအခါ၌ ----

၈။ အဓိစိတ္တသုတ္တန်,

၉။ အနုတ္တရသီတိဘာဝသုတ္တန်,

၁၀။ ဗောဇ္ဈင်္ဂသုတ္တန် ----

ဤသုတ္တန် (၃)မျိုးတို့၌ လာသောနည်းဖြင့် ဝီရိယနှင့် သမာဓိကို ညီမျှမှု ရှိအောင် ယှဉ်စေမှုကို ပြုထိုက် ပေ၏၊ (မဟာဋီ၊၁၊၄၃၅။)

၈။ အဓိစိတ္တသုတ္တန်

၈။ အဓိစိတ္တသုတ္တန်

ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ ပထမတွဲ တိကနိပါတ် လောဏကပလ္လဝဂ်၌ - နိမိတ္တသုတ္တန် အမည်ဖြင့် လာရှိပေသည်။ ထိုသုတ္တန် မြန်မာပြန်ကို ဤတွင် ဖော်ပြအပ်ပါသည်။

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမထ (သမာဓိ) ဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ်ဖြစ်ကြောင်း ဝိပဿနာ နိမိတ်ဟူသော အကြောင်းတရား (၃)မျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏၊

၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏၊

၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏၊

၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်းတရားကို နှလုံးသွင်းအပ်၏၊

ရဟန်းတို့ ... လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါဝစရရဟန်းသည် သမာဓိဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= သမာဓိဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိရာသော အကြောင်း ရှိ၏၊ (၁)

ရဟန်းတို့ ... လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါဝစရ ရဟန်းသည် အားထုတ်ခြင်း ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဝီရိယဖြစ်ကြောင်း တရားကို သာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ ဖြစ်ရာသော အကြောင်းရှိ၏၊ (၂)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရဟန်းသည် ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် (= ဥပေက္ခာဖြစ်ကြောင်း တရားကိုသာလျှင်) တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏၊ (၃)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရရဟန်းသည် ----

၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို (= သမာဓိဖြစ်ကြောင်းတရားကို) နှလုံးသွင်း၍,

၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို (= ဝီရိယဖြစ်ကြောင်းတရားကို) နှလုံးသွင်းပြီးလျှင်,

၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို (= ဥပေက္ခာဖြစ်ကြောင်းတရားကို) နှလုံးသွင်းသောအခါ

ဘာဝနာစိတ်သည် ----

၁။ နူးညံ့ခြင်းသည်လည်းကောင်း,

၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်း သည်လည်းကောင်း,

၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏၊

၄။ ပျက်စီးခြင်းသဘောလည်း မရှိ။

၅။ အာသဝေါတရားတို့ ကုန်ရန် (အရဟတ္တမဂ်ဉာဏ် အလို့ငှာ) စိတ်သည် ကောင်းစွာ တည်ကြည်နေ၏၊

ရဟန်းတို့ ...ဥပမာသော်ကား ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့် သည်လည်းကောင်း မီးကျီးဖိုကို ပြုစီရင်ပြီးလျှင် မီးကျီးဖိုဝကို မီးတိုက်လျက် ညှပ်ဖြင့် ရွှေကို ယူ၍ မီးကျီးဖိုဝ၌ (မိုက်လုံတွင်) ထည့်ထားပြီးလျှင် ရံဖန်ရံခါ မှုတ်၏၊ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပေး၏၊ ရံဖန်ရံခါ လျစ်လျူ ရှု၏၊ ရဟန်းတို့ ...ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် မှုတ်နေငြားအံ့၊ ထိုရွှေသည် ပူလောင်ရာသော အကြောင်းရှိ၏၊ (၁)

ရဟန်းတို့ ...ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် ရေဖြင့် ဆွတ်ဖျန်းနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးရာသောအကြောင်း ရှိ၏၊ (၂)

ရဟန်းတို့ ...ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို အစဉ်တစိုက် လျစ်လျူရှုနေငြားအံ့၊ ထိုရွှေသည် ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်းရှိ၏၊ (၃)

ရဟန်းတို့ ...ရွှေပန်းထိမ်သည်သည်လည်းကောင်း, ရွှေပန်းထိမ်သည်၏ တပည့်သည်လည်းကောင်း ထိုရွှေကို ရံဖန်ရံခါ မှုတ်၍ ရံဖန်ရံခါ ရေဖြင့် ဆွတ်ဖျန်းပြီးလျှင် ရံဖန်ရံခါ လျစ်လျူရှုသောအခါ ထိုရွှေသည် နူးညံ့ခြင်းသည်လည်းကောင်း, (ထိုထို လက်ဝတ်တန်ဆာစသည်ကို) ပြုလုပ်ရန် သင့်လျော်ခြင်းသည်လည်းကောင်း, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်း ကောင်းစွာ ရောက်၏၊ ရွှေပြားဖြင့်ဖြစ်စေ, နားတောင်းဖြင့်ဖြစ်စေ, လည်ရွဲတန်ဆာဖြင့် ဖြစ်စေ, ရွှေပန်းခိုင်ဖြင့်ဖြစ်စေ တစ်စုံတစ်ခုသော တန်ဆာအထူးဖြင့် အလိုရှိခဲ့မူ ထိုသူ၏ ထိုအလိုရှိရာ အကျိုးကို လည်း ပြီးစေ၏၊

ရဟန်းတို့ ...ဤဥပမာအတူသာလျှင် လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အဖန်ဖန် အားထုတ်သော ယောဂါဝစရရဟန်းသည် သမထဖြစ်ကြောင်း သမထနိမိတ်, ဝိပဿနာဉာဏ် ဖြစ်ကြောင်း ဝိပဿနာနိမိတ်ဟူသော အကြောင်းတရား (၃)မျိုးတို့ကို ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏၊

၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းအပ်၏၊

၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းအပ်၏၊

၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းအပ်၏၊

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရ ရဟန်းသည် သမာဓိဟူသော အကြောင်းနိမိတ်ကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထိုသမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျင်းရိရာသော အကြောင်းရှိ၏၊ (၁)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် အားထုတ်ခြင်း ဝီရိယဟူသော အကြောင်းနိမိတ်ကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်း ခဲ့မူ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ပျံ့လွင့်ခြင်း ဥဒ္ဓစ္စဖြစ်ရာသော အကြောင်းရှိ၏၊ (၂)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရရဟန်းသည် ဥပေက္ခာဟူသော အကြောင်းနိမိတ်ကိုသာလျှင် တစ်ဖက်သတ် နှလုံးသွင်းခဲ့မူ ထို သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ မတည်ကြည်ရာသော အကြောင်းရှိ၏၊ (၃)

ရဟန်းတို့ ...လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကို အားထုတ်သော ယောဂါ ဝစရရဟန်းသည် ----

၁။ ရံဖန်ရံခါ သမာဓိဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်း၍

၂။ ရံဖန်ရံခါ ဝီရိယဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းပြီးလျှင်

၃။ ရံဖန်ရံခါ ဥပေက္ခာဟူသော အကြောင်းနိမိတ်ကို နှလုံးသွင်းသောအခါ၌ ဘာဝနာစိတ်သည် ----

၁။ နူးညံ့ခြင်းသည်လည်းကောင်း,

၂။ သမထဘာဝနာလုပ်ငန်း ဝိပဿနာဘာဝနာလုပ်ငန်း၌ ပြုလုပ်ရန် အသင့်ဖြစ်နေခြင်း သင့်လျော်ခြင်း သည်လည်းကောင်း,

၃။ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ခြင်းသည်လည်းကောင်း ဖြစ်ပေါ်လာ၏၊

၄။ ပျက်စီးခြင်းသဘောလည်း မရှိ။

၅။ အာသဝေါတရားတို့ ကုန်ရန် ကောင်းစွာ တည်ကြည်နေ၏၊

ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တစ်စုံတစ်ခုသော တရားကို ထူးသောဉာဏ်ဖြင့် သိ၍ မျက် မှောက်ပြုရန် စိတ်ကို ရှေးရှု ညွတ်စေ၏၊ ရှေးဘဝက ဖြည့်ကျင့်ခဲ့သော ပါရမီအကြောင်းတရားနှင့် ယခုဘဝ၌ ဖြည့်ဆည်းပူးအပ်သော အဘိညာဏ်၏ အခြေခံ ပါဒကဖြစ်သော စျာန်စသော အကြောင်းတရားသည် ထင်ရှား ရှိလတ်သော် ထိုထိုအရာ၌ပင်လျှင် သက်သေထိုက်သည်၏ အဖြစ်သို့ (ဣဒ္ဓိဝိဓအဘိညာဏ် စသည် ဝိပဿနာ ဉာဏ် မဂ်ဉာဏ်စသည်သို့) လည်း ရောက်ရှိနိုင်၏၊

''ငါသည် များပြားသော တန်ခိုး ဖန်ဆင်းခြင်းကို ခံစားလို၏၊ ပ။

(အဘိညာဏ် (၆)ပါးတို့ကို အကျယ် ချဲ့အပ်ကုန်၏၊)

အာသဝေါတရားတို့ ကုန်ခန်းခြင်းကြောင့် အာသဝေါတရား မရှိသော ကိလေသာတို့မှ လွတ်မြောက်သော စေတောဝိမုတ္တိ ပညာဝိမုတ္တိ ဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်သော ကိုယ်၏ အဖြစ်၌ပင်လျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ပြည့်စုံကပ်ရောက်၍ နေလို၏''- ဟု ထိုသူသည် အကယ်၍ အလိုရှိခဲ့လျှင် (အခြေခံ) အကြောင်းတရား ရှိလတ်သော် ထိုထို အလိုရှိရာ၌ပင်လျှင် သက်သေထိုက်သည်၏ အဖြစ်သို့ (ဣဒ္ဓိဝိဓ အဘိဉာဏ် စသည် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသည်သို့) ရောက်ရှိနိုင်၏ - ဟု မိန့်တော်မူ၏၊ (အံ၊၁၊၂၅၈-၂၆၀။)

ဤကား အဓိစိတ္တသုတ္တန်တည်း။

၉။ အနုတ္တရသီတိဘာဝ သုတ္တန်

၉။ အနုတ္တရသီတိဘာဝ သုတ္တန်

ဤသုတ္တန်ကား အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် ဒုတိယပဏ္ဏာသကသီတိဝဂ်၌ သီတိဘာဝသုတ္တန် အမည် ဖြင့် လာရှိပေသည်။ ထိုသုတ္တန်၏ မြန်မာပြန်မှာ အောက်ပါအတိုင်း ဖြစ်၏၊

ရဟန်းတို့ ...တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။ အဘယ် (၆)မျိုးတို့နည်းဟူမူ ----

ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ----

၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်) သောအခါ စိတ်ဓာတ်ကို မနှိမ့်ချ (မနှိပ်ကွပ်)။

၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သောအခါ၌ စိတ်ဓာတ်ကို မချီးမြှောက်။

၃။ စိတ်ဓာတ်ကို ရွှင်လန်း တက်ကြွစေသင့်သောအခါ၌ စိတ်ဓာတ်ကို မရွှင်လန်း မတက်ကြွစေ။

၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ဓာတ်ကို လျစ်လျူ မရှု။

၅။ ဟီနာဓိမုတ္တိက = နှလုံးသွင်းလည်း ယုတ်ညံ့၏၊

၆။ သက္ကာယာဘိရတ = ခန္ဓာ (၅)ပါး သက္ကာယတရား၌လည်း မွေ့လျော်၏၊

ရဟန်းတို့ ...ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မထိုက်တန်ပေ။

ရဟန်းတို့ ...တရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏၊ အဘယ် (၆)မျိုးတို့နည်းဟူမူ ----

ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် ----

၁။ စိတ်ဓာတ်ကို နှိမ့်ချသင့် (နှိပ်ကွပ်သင့်) သောအခါ၌ စိတ်ဓာတ်ကို နှိမ့်ချ၏ (နှိပ်ကွပ်၏)။

၂။ စိတ်ဓာတ်ကို ချီးမြှောက်သင့်သောအခါ၌ စိတ်ဓာတ်ကို ချီးမြှောက်၏၊

၃။ စိတ်ဓာတ်ကို ရွှင်လန်း တက်ကြွစေသင့်သောအခါ၌ စိတ်ဓာတ်ကို ရွှင်လန်း တက်ကြွစေ၏၊

၄။ စိတ်ဓာတ်ကို လျစ်လျူရှုသင့်သောအခါ၌ စိတ်ဓာတ်ကို လျစ်လျူရှု၏၊

၅။ ပဏီတာဓိမုတ္တိက = နှလုံးသွင်းလည်း မွန်မြတ်၏၊

၆။ နိဗ္ဗာနာဘိရတ = နိဗ္ဗာန်၌လည်း မွေ့လျော်၏၊

ရဟန်းတို့ ...ဤတရား (၆)မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အတုမဲ့ အေးချမ်းသည့်အဖြစ်ဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ထိုက်တန်ပေ၏ - ဟု မိန့်တော်မူ၏၊ (အံ၊၂၊၃၇၉။)

ဆိုလိုရင်း သဘောတရား

၁။ လွန်စွာ ကြိုးစားအားထုတ်ခြင်း စသည့် အကြောင်းတရားတို့ကြောင့် ဝီရိယလွန်၍ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ ဖြစ်ခဲ့သော် သမာဓိကို ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို နှိမ့်ချပေးရမည် နှိပ်ကွပ်ပေးရမည်။

၂။ ကြိုးစားအားထုတ်မှု ဝီရိယ လျော့လွန်းခြင်းစသည့် အကြောင်းတရားတို့ကြောင့် ကမ္မဋ္ဌာန်းအာရုံ၌ တွန့် ဆုတ်နေသော စိတ်ဓာတ်ကို ပျင်းရိခြင်း ကောသဇ္ဇဘေးမှ စောင့်ရှောက်ခြင်း၏ အစွမ်းဖြင့် ကြိုးစား အားထုတ်ခြင်း ဝီရိယဖြင့် စိတ်ဓာတ်ကို ချီးမြှောက်ပေးရမည်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးရမည်။

၃။ ဘာဝနာလမ်းကြောင်းပေါ်၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေသောအခါ ထိုညီမျှနေသော စိတ်ဓာတ် ကို ပညာဖြင့် နှစ်သက်ရွှင်လန်းစေရမည် ထက်မြက်စေရမည်။ နောက်တစ်မျိုးကား - ဘာဝနာစိတ်နှင့် ယှဉ်တွဲနေသော ပညာ၏ အားနည်းမှုကြောင့်လည်းကောင်း (ဤအပိုင်းကား ဓာတ်ကြီး (၄)ပါးကို ရှုပွား နေသည့် အပိုင်းဖြစ်သဖြင့် ဓာတ်ကြီး (၄)ပါးကို ရှုပွားသုံးသပ်နေသော ဘာဝနာစိတ်နှင့် ယှဉ်တွဲနေသော ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝ သတ္တိကို ထိုးထွင်းသိနေသော ပညာ၏ အားနည်းမှုကြောင့် လည်းကောင်း), ဥပသမသုခဟူသော ကိလေသာ ငြိမ်းအေးမှု ချမ်းသာသုခကို မရရှိခြင်းကြောင့်လည်းကောင်း ကမ္မဋ္ဌာန်းအာရုံပေါ်၌ သာယာမှုကင်းနေသော စိတ်ဓာတ်သည် ဘာဝနာလုပ်ငန်းခွင်၌ ပြေးဝင်မှု မရှိ ဖြစ်နေအံ့ -- ထိုအခါမျိုး၌ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ အပါယ်ဒုက္ခ စသည့် သံဝေဂ ဉာဏ်၏ တည်ရာဝတ္ထုတို့ကို ဉာဏ်ဖြင့် ဆင်ခြင်၍ သမာဓိကို ပြန်လည် ထူထောင်ခြင်းဖြင့် စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေရမည်။

၄။ အကြင် အခါ၌ကား စိတ်ဓာတ်သည် တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ကမ္မဋ္ဌာန်းအာရုံ၌ သာယာဖွယ်ကင်းသည်လည်း မဟုတ်၊ ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ဓာတ်သည် အညီအမျှ ဖြစ်နေ၏၊ ကောင်း စွာသာလျှင် ဘာဝနာလမ်းကြောင်းပေါ်သို့ သက်ဝင်တည်နေ၏၊ ထိုအခါမျိုး၌ စိတ်ဓာတ်ကို ချီးမြှောက် ခြင်း (= စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း), စိတ်ဓာတ်ကို နှိမ့်ချခြင်း (= စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်း), စိတ်ဓာတ်ကို ရွှင်လန်းတက်ကြွစေခြင်းတို့တွင် တစ်စုံတစ်ခုသော ဗျာပါရကိုမျှ မပြုလုပ်တော့ဘဲ အညီ အမျှ ပြေးသွားနေသော အာဇာနည်မြင်းတို့အပေါ်၌ လျစ်လျူရှုနေသော ရထားထိန်းကဲ့သို့ ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွားများခြင်းဖြင့် လျစ်လျူ ရှုရမည်။ (အံ၊ဋ္ဌ၊၃၊၁၄၀။ အံ၊ဋီ၊၃၊၁၄၆ - ကြည့်။)

ပဏီတာဓိမုတ္တိက

ပဏီတာဓိမုတ္တိက

ပဏီတာဓိမုတ္တိကောတိ ပဏီတေ ဥတ္တမေ မဂ္ဂဖလေ အဓိမုတ္တော နိန္နပေါဏပဗ္ဘာရော။ (အံ၊ဋီ၊၃၊၁၄၆၊၊)

နိဗ္ဗာနာဘိရတ-ပုဒ်ဖြင့် နိဗ္ဗာန်တရားတော်မြတ်ကြီး၌ ညွတ်ကိုင်းရှိုင်းမှုကို ဟောထားတော်မူသဖြင့် ဤ ပဏီတာဓိမုတ္တိက-ပုဒ်ဖြင့် မွန်မြတ်သော မဂ်-ဖိုလ် တရားတော်မြတ်၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်းမှု ဖြစ်ကြောင်း ကို ဋီကာဆရာတော်က ဖွင့်ဆိုထားပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်တို့၌ နှလုံးသွင်း ညွတ်ကိုင်းရှိုင်း နေသော စိတ်ထားကား အမြဲတမ်း ရှိနေရမည်သာ ဖြစ်ပေသည်။

၁၀။ ဗောဇ္ဈင်္ဂသုတ္တန် (အဂ္ဂိသုတ္တန်) (သံ၊၃၊၉၈-၁၀၀။)

၁၀။ ဗောဇ္ဈင်္ဂသုတ္တန် (အဂ္ဂိသုတ္တန်) (သံ၊၃၊၉၈-၁၀၀။)

ဤသုတ္တန်ကား မဟာဝဂ္ဂသံယုတ်ပါဠိတော် ဗောဇ္ဈင်္ဂသံယုတ် စာမျက်နှာ (၉၈-၉၉-၁၀၀။) သုတ္တန်နံပါတ် (၂၃၄)၌ အဂ္ဂိသုတ္တန် အမည်ဖြင့် လာရှိပေသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၁၂၇)စသည်တို့၌ နိမိတ္တကောသလ္လ ဘာဝနာကောသလ္လပိုင်းတို့တွင်လည်း ဤအဂ္ဂိသုတ္တန်ကိုပင် ဆောင်၍ ရှင်းပြထားပေသည်။ ဤအဂ္ဂိသုတ္တန်၏ ဆိုလိုရင်းအချက်မှာ ဤသို့ ဖြစ်၏၊

ကြိုးစားအားထုတ်မှု လုံ့လဝီရိယ အလွန်လျော့နေခြင်း, ဘာဝနာလုပ်ငန်းခွင်၌ ဝမ်းမြောက်မှု မဖြစ်ခြင်း, သံဝေဂဉာဏ် နည်းပါးခြင်းဟူသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ဘာဝနာအာရုံမှ တွန့်တို ဆုတ်နစ်သောအခါ၌ - ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ မဟုတ်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများရန်အခါ ဖြစ်သည်။

ဝီရိယ လွန်ကဲနေခြင်း, ဘာဝနာမှု၌ ဝမ်းမြောက်မှု များနေခြင်း, သံဝေဂဉာဏ် အဖြစ်များနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ် ပျံ့လွင့်နေသောအခါ၌ - ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများရန် အခါ မဟုတ်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင် တို့ကို ပွားများရန် အခါ ဖြစ်ပေသည်။ ဤကား ဆိုလိုရင်းတည်း။

အကျယ်ကို ရှေး အာနာပါနဿတိသမာဓိပိုင်းတွင် ရေးသားခဲ့ပြီး ဖြစ်သည်။ ထိုအပိုင်းတွင် အလွန် ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဗောဇ္ဈင်တရား (၇)ပါး ညီမျှအောင် ကျင့် ပုံကို ဦးတည်၍ ဖော်ပြခဲ့၏၊ ဤအပိုင်းတွင်ကား ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိကို အာရုံယူ၍ ဗောဇ္ဈင်တရား (၇)ပါးကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။ အထူးသဖြင့် နိမိတ္တသုတ္တန် အနုတ္တရသီတိဘာဝသုတ္တန် အဂ္ဂိသုတ္တန် ဟူသော ဤသုတ္တန် (၃)မျိုးတို့၌ လာရှိသော ဘုရားရှင်၏ ညွှန်ကြားထားတော် မူချက်များအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ကျင့်ရမည် ဖြစ်ပေသည်။

ဣရိယာပထ နှင့် သမ္ပဇည ရှုကွက်

ဣရိယာပထ နှင့် သမ္ပဇည ရှုကွက်

ယံကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

ကမ္မဋ္ဌာန်းမှန်သမျှသည် သတိသမ္ပဇဉ် ဉာဏ်ယှဉ်မှသာလျှင် ပြည့်စုံနိုင်သည့် သဘောရှိ၏၊ သို့အတွက် ဤအပိုင်းတွင် ဣရိယာပထရှုကွက် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်များလည်း အထူး လိုအပ်လာပြီ ဖြစ်ပေသည်။ အာနာပါနဖြင့် သမာဓိထူထောင်ခိုက်၌ကား ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံရေးအတွက် သွား-ရပ်-ထိုင်-လျောင်း ဣရိယာပထနှင့် ေ့ရှသို့တက်ရာ နောက်သို့ဆုတ်ရာ စသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ အာနာပါန ကမ္မဋ္ဌာန်းပိုင်းကိုပင် မလွတ်တမ်း ရှုပွားနေရဦးမည် ဖြစ်သည်။ ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် ဟုတ်တိုင်း မှန်စွာ ထိုးထွင်းသိတတ်သည့် အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် မပြည့်စုံသေးသည့်အတွက် အသမ္မောဟသမ္ပဇဉ် ဉာဏ်ကို မရရှိသေးသည့်အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံအောင် ကြိုးပမ်းရခြင်း ဖြစ်ပေသည်။

အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် အောင်မြင်စွာ သမာဓိထူထောင်နိုင်ပြီးသည့် အတွက် ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံပြီးရာ ယခုအခါ၌ အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံအောင် ဆက်လက် ကြိုးပမ်းရမည် ဖြစ်ပေသည်။ ယခုအပိုင်းကား ဓာတ်ကြီး (၄)ပါးကို နှလုံးသွင်း ရှုပွားနေသည့် ဓာတုမနသိကာရ ပဗ္ဗပိုင်းပင် ဖြစ်သည်။ ထိုတွင် ယခုအခါ ဓာတ်ကြီး (၄)ပါးတို့၏ ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိထူထောင်ခိုက်သာ ဖြစ်သေးသည်။

သို့အတွက် ထိုင်ခိုက်၌ ဓာတ်တစ်ပါးမျှကိုသာ ရှုနိုင်သေးပါက သွား-ရပ်-ထိုင်-လျောင်း ဟူသော ဣရိယာ ပထပိုင်းနှင့် ေ့ရှသို့ တက်ရာ, နောက်သို့ ဆုတ်ရာ, တည့်တည့်ကြည့်ရာ, စောင်းငဲ့ကြည့်ရာ, ကွေးရာ, ဆန့်ရာ, ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ, စားရာ, သောက်ရာ, ခဲရာ, လျက်ရာ, ကျင်ကြီးစွန့်ရာ, ကျင်ငယ် စွန့်ရာ စသည့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်တစ်ပါးကိုပင် ရှုနေပါ။

အကယ်၍ တဖြည်းဖြည်း တိုးတက်လာသဖြင့် ထိုင်ခိုက်၌ ဓာတ် (၄)ပါးလုံးကို ရှုနိုင်ပါက ဣရိယာပထ ပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ဓာတ်ကြီး (၄)ပါးကိုပင် ရှုနေပါ။ သို့မှသာလျှင် သမာဓိ စွမ်းအင်သည် ပိုမို၍ စူးရှထက်မြက်လာမည် ဖြစ်သည်။ ရှေးရှေးသော ဘာဝနာစိတ်၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ဆက်ခံရသော နောက်နောက်သော ဘာဝနာစိတ်သည် ထက်မြက် ရဲရင့် သန့်ရှင်းလာကာ စွမ်းအင်များ ပြည့်ဝလာမည် ဖြစ်သည်။

သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သမာဓိကို ထူထောင်ပါ

သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သမာဓိကို ထူထောင်ပါ

ဤအပိုင်းကား ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သမာဓိကို ထူထောင် ရမည့် အပိုင်း ဖြစ်ပေသည်။

၁။ ပထဝီဓာတ် ---- နည်းနည်း မာမှုကို ပျော့သည်ဟု သုံးနှုန်း၍ များများ မာမှုကို မာသည်ဟု သုံးနှုန်းခြင်း ဖြစ်၏၊ နည်းနည်း ကြမ်းမှုကို ချောသည်ဟု သုံးနှုန်း၍ များများ ကြမ်းမှုကို ကြမ်းသည်ဟု သုံးနှုန်းခြင်း ဖြစ်၏၊ မာမှု ကြမ်းမှု ထင်ရှားလျှင် လေးမှုလည်း ထင်ရှားလာတတ်၏၊ နည်းနည်း လေးမှုကို ပေါ့သည်ဟု သုံးနှုန်း၍ များများ လေးမှုကို လေးသည်ဟု သုံးနှုန်းခြင်း ဖြစ်၏၊ သို့အတွက် ပထဝီဓာတ်ဝယ် မာ-ကြမ်း-လေး ဟူသော သဘာဝလက္ခဏာသာ လိုရင်း ဖြစ်သည်။ ထိုတွင်လည်း မာမှုသာ လိုရင်း ဖြစ်၏၊ မာမှု ထင်ရှားပါက ကြမ်းမှု-လေးမှုတို့လည်း ပူးတွဲ၍ ထင်ရှားလာသည်သာ ဖြစ်ပေသည်။

၂။ အာပေါဓာတ် ---- ဘိလပ်မြေမှုန့်များကို ရေအနည်းငယ်ဖြင့် ဖျော်စပ်လိုက်သောအခါ တွဲ၍ ခဲသွားမည်။ ဖွဲ့စည်းမှု အားများလာမည် ဖြစ်၏၊ ဘိလပ်မြေမှုန့် အနည်းငယ်ကို ရေများများဖြင့် ဖျော် စပ်လိုက်ပါက စီးဆင်းသွားမည် ဖြစ်၏၊ ယိုစီးမှု အားများလာမည် ဖြစ်သည်။ သို့အတွက် အနည်းငယ် ယိုစီး စိမ့်ဝင်မှုကို ဖွဲ့စည်းသည်ဟု သုံးစွဲ၍ များများယိုစီးမှုကို ယိုစီးသည်ဟု သုံးစွဲခြင်း ဖြစ်၏၊ ထိုကြောင့် အာပေါဓာတ်၌ ယိုစီးမှုသာ လိုရင်းပဓာန ဖြစ်၏၊

၃။ တေဇောဓာတ် ---- အနည်းငယ် ပူမှုကို အေးသည်ဟု သုံးစွဲ၍ များများ ပူမှုကို ပူသည်ဟု သုံးစွဲခြင်း ဖြစ်၏၊ အပူရှိန် လျော့မှုနှင့် အပူရှိန် လွန်ကဲမှုသာဖြစ်သည်။ သို့အတွက် တေဇောဓာတ်၌လည်း ပူမှုသာ လိုရင်းပဓာန ဖြစ်သည်။

၄။ ဝါယောဓာတ် ---- ပြိုတော့မည် အိမ်တစ်အိမ်ကို မပြိုအောင် ကျားခေါ်သည့် သစ်သားချောင်း သို့မဟုတ် ဝါးဖြင့် ထောက်ထားလိုက်သော် ထိုအိမ်သည် ဆက်လက်၍ မပြိုတော့ဘဲ မယိုင်လဲတော့ဘဲ ငြိမ်သွား၏၊ ထောက်ကန်မှုဟူသည် မယိုင်လဲအောင် တွန်းထားသည့် စွမ်းအင် တစ်မျိုးသာ ဖြစ်သည်။ အရာဝတ္ထု တစ်ခုကို လှုပ်သွားအောင် နေရာရွေ့သွားအောင် ပြုလုပ်ပေးလိုက်သော စွမ်းအင်တစ်မျိုးကိုလည်း တွန်း ကန်သည်ဟုပင် ခေါ်ဆိုပြန်၏၊

အရာဝတ္ထုတစ်ခုကို ပင်ကိုယ်အတိုင်း တည်နေအောင် ငြိမ်နေအောင် ထိန်းထားသော စွမ်းအင်ကို ထောက်ကန်သည်ဟု ခေါ်ဝေါ်သုံးစွဲ၍ အရာဝတ္ထုတစ်ခုကို လှုပ်အောင် ရွေ့အောင် ပြုလုပ်ပေးနေသော စွမ်းအင် ကို တွန်းကန်သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်၏၊ ထိုတွင် ထောက်ကန်မှုမှာ ဝါယောဓာတ်၏ ပင်ကိုယ် သဘာဝ လက္ခဏာ ဖြစ်၏၊ တွန်းကန်မှုမှာ ဝါယောဓာတ်၏ လုပ်ငန်းကိစ္စရသ ဖြစ်၏၊ ပရမတ္ထဓမ္မသဘာဝတိုင်း၌ ကိုယ်ပိုင်သဘာဝလက္ခဏာရှိသကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းကိစ္စရပ်လည်း များသောအားဖြင့် ရှိမြဲဓမ္မတာပင် ဖြစ်၏၊ သို့အတွက် ထောက်ကန်မှု သဘာဝလက္ခဏာစွမ်းအင်ကို ဦးစားပေး၍ ရှုနေပါက တွန်းကန်မှု စွမ်းအင်ကိုပါ ပူးတွဲ သိရှိလာနိုင်သည်သာ ဖြစ်သည်။

သို့အတွက် ဓာတ်ကြီး (၄)ပါးဖြင့် သမာဓိထူထောင်နေသည့် ယခုကဲ့သို့သော အပိုင်းတွင် ----

၁။ ပထဝီဓာတ်၌ မာမှု-ကြမ်းမှု,

၂။ အာပေါဓာတ်၌ ယိုစီးမှု,

၃။ တေဇောဓာတ်၌ ပူမှု,

၄။ ဝါယောဓာတ်၌ ထောက်ကန်မှု ----

ဤသဘာဝလက္ခဏာတို့ကိုသာ ဦးစားပေး၍ ရှုပါ။ ယင်းသဘာဝလက္ခဏာတို့ကိုသာ အာရုံယူ၍ သမာဓိ ထူထောင်ပါ။ ယင်းသဘာဝလက္ခဏာ အသီးအသီးကိုပင် အာရုံယူ၍ - ပထဝီဓာတ် အာပေါဓာတ် တေဇော ဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနေပါ။ ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဣန္ဒြေ (၅)ပါး ညီမျှအောင်, ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ဝီရိယနှင့် သမာဓိ ညီမျှအောင် လေ့ကျင့်ပါ။ ဤသို့ လေ့ကျင့်ခဲ့သော် ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာတတ်ပါသည်။ ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ကပ်နေပါစေ၊ နှစ်နာရီ ငြိမ်ကပ်နေပါစေ စသည်ဖြင့် အဓိဋ္ဌာန် ပြု၍ ထိုင်ပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ခန္ဓာကိုယ်ကြီး ပျောက်သွား၍ ဓာတ်ကြီး (၄)ပါး အစုအပုံ အတုံးအခဲကြီးကိုသာ ဉာဏ်ဖြင့် တွေ့ရှိနေမည် ဖြစ်သည်။ ထိုအခါ၌ ယင်းဓာတ်ကြီး (၄)ပါးကိုပင် အာရုံယူ၍ သမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်ပါ။

ဥပစာရစျာန်

ဥပစာရစျာန်

တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)

ဧဝံ ပန ဝီရိယသမတံ ယောဇေတွာ တသ္မိံယေဝ လက္ခဏေ မနသိကာရံ ပဝတ္တေန္တဿ ယဒါ သဒ္ဓါဒီနိ ဣန္ဒြိယာနိ လဒ္ဓသမတာနိ သုဝိသဒါနိ ပဝတ္တန္တိ၊ တဒါ အသဒ္ဓိယာဒီနံ ဒူရီဘာဝေန သာတိသယံ ထာမပ္ပတ္တေဟိ သတ္တဟိ ဗလေဟိ လဒ္ဓူပတ္ထမ္ဘာနိ ဝိတက္ကာဒီနိ စျာနင်္ဂါနိ ပဋုတရာနိ ဟုတွာ ပါတုဘဝန္တိ၊ တေသံ ဥဇုဝိပစ္စနီကတာယ နီဝရဏာနိ ဝိက္ခမ္ဘိတာနိယေဝ ဟောန္တိ သဒ္ဓိံ တဒေကဋ္ဌေဟိ ပါပဓမ္မေဟိ။ ဧတ္တာဝတာ စာနေန ဥပစာရဇ္ဈာနံ သမဓိဂတံ ဟောတိ ဓာတုလက္ခဏာရမ္မဏံ။ တေန ဝုတ္တံ ''ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ။ ပ။ ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတီ''တိ။ (မဟာဋီ၊၁၊၄၃၅။)

အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း သဘောတရားမှာ ဤသို့ ဖြစ်၏၊

ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယ, ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယနှင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှုဟူသော သမာဓိသည် ရှိ၏၊ ဤဝီရိယနှင့် သမာဓိ နှစ်ပါးကို ညီမျှအောင် ယှဉ်စေ ဖြစ်စေ၍ ထို ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်းမှု မနသိကာရကို ကြိမ်ဖန်များစွာ ဖြစ်စေတတ်သော ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် အကြင်အခါ၌ ----

၁။ ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ သမာဓိထူထောင်နေသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ထိုးထွင်းသိနေသော ပညာသိက္ခာ = ပညာကျင့်စဉ်ဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းဘာဝနာ လုပ်ငန်းရပ်၌ ယုံကြည်မှု သဒ္ဓါတရားတည်းဟူသော သဒ္ဓိန္ဒြေ,

၂။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကို သိအောင် ကြိုးစားအားထုတ်မှု ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု ဝီရိယတရားတည်းဟူသော ဝီရိယိန္ဒြေ,

၃။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကိုသာ ထပ်ကာထပ်ကာ သိမ်းဆည်းခြင်း အမှတ်ရခြင်း သတိတရားတည်းဟူသော သတိန္ဒြေ,

၄။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သမာဓိတရားတည်းဟူသော သမာဓိန္ဒြေ,

၅။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ်ဖြာ၍ ထွင်းဖောက် သိမြင်ခြင်း ပညာတရားတည်းဟူသော ပညိန္ဒြေ ----

ဤဣန္ဒြေ (၅)ပါးတို့သည် တစ်ပါးကို တစ်ပါး မလွန်ဘဲ ရအပ်သော ညီမျှမှု ရှိကုန်၏၊ ကောင်းစွာ သန့် ရှင်းကုန်၏၊ ထိုအခါ၌ မယုံကြည်ခြင်း, ပျင်းရိခြင်း, သတိမေ့လျော့ခြင်း, စိတ်ပျံ့လွင့်ခြင်း, ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခြင်း တွေဝေခြင်းစသော ဆန့်ကျင်ဘက်တရားတို့၏ ဝေးကွာသည်၏ အဖြစ်ကြောင့် အလွန်အကဲ အားကောင်းခြင်းသို့ ရောက်ကုန်သော အားအစွမ်းနှင့် ပြည့်စုံ ကုန်သော ----

၁။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်း ဆည်းနေသော သတိသမ္ဗောဇ္ဈင်,

၂။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို စူးစမ်းဆင်ခြင် သုံးသပ်နေသော ထိုးထိုးထွင်းထွင်း သိနေသော ဓမ္မဝိစယသမ္ဗောဇ္ဈင်,

၃။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယဖြစ်အောင် (သမ္ပယုတ်တရားစုတို့ ဖြစ်အောင်) အထူးသဖြင့် ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်နေသော ဝီရိယသမ္ဗောဇ္ဈင်,

၄။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင် ဝမ်းမြောက်ခြင်း ပီတိ သမ္ဗောဇ္ဈင်,

၅။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်,

၆။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှုသဘော သမာဓိသမ္ဗောဇ္ဈင်,

၇။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို တက်ကြွခြင်း တွန့်ဆုတ်ခြင်းဘက်သို့ မရောက်အောင် အညီအမျှထားခြင်း သဘောဟူသော ဥပေက္ခာသမ္ဗောဇ္ဈင် ----

ဤ သတိ-ဓမ္မဝိစယ-ဝီရိယ-ပီတိ-ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ ဟူသော ဗောဇ္ဈင် (၇)ပါး ခွန်အား စွမ်းအား ကြီးတို့သည် အားပေးထောက်ပံ့အပ်ကုန်သည် ဖြစ်၍, ထိုခွန်အားကြီး စွမ်းအားကြီးတို့၏ အားပေးထောက်ပံ့မှု ကို ရကုန်သည် ဖြစ်၍ ----

၁။ ဝိတက် = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော,

၂။ ဝိစာရ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော,

၃။ ပီတိ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကို နှစ်သက်ခြင်းသဘော,

၄။ သုခ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော,

၅။ ဧကဂ္ဂတာ = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည် ငြိမ်နေခြင်းသဘော - ဟူသော

ဤစျာန်အင်္ဂါ (၅)ပါးတို့သည် အထူးထက်မြက်ကုန်သည် ဖြစ်၍ ထင်ရှားလာကုန်၏၊

၁။ ကာမဂုဏ်တို့၌ လိုလားတောင့်တမှု ကာမရာဂတည်းဟူသော ကာမစ္ဆန္ဒနီဝရဏ,

၂။ သတ္တဝါသင်္ခါရတို့အပေါ်၌ ဖျက်ဆီးလိုသော ပျက်စီးစေလိုသော စိတ်ခက်ထန် ကြမ်းတမ်းမှု ဒေါသတည်း ဟူသော ဗျာပါဒနီဝရဏ,

၃။ စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုတည်းဟူသော ထိနမိဒ္ဓနီဝရဏ,

၄။ (က) စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ, (ခ) ပြုပြီး အကုသိုလ်တရား ဒုစရိုက်တရား, မပြုလိုက်မိသော မကျင့်လိုက် မိသော ကုသိုလ်တရား သုစရိုက်တရားတို့၌ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတည်းဟူသော ဥဒ္ဓစ္စ- ကုက္ကုစ္စနီဝရဏ,

၅။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ ထူထောင်ထားအပ်သော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော သမာဓိသိက္ခာ = သမာဓိကျင့်စဉ်နှင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက်သိမြင်သော ပညာသိက္ခာ = ပညာကျင့်စဉ်တို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာနီဝရဏတည်းဟူသော ----

ဘာဝနာစိတ်အစဉ်ကို ဘာဝနာလမ်းကြောင်းပေါ်သို့ မရောက်အောင် တားမြစ် ပိတ်ပင်တတ်ကုန်သော ဤနီဝရဏတရား (၅)ပါးတို့ကား ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါးတို့နှင့် တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ကြကုန်၏၊ နီဝရဏတရား (၅)ပါးတို့သည် ထိုစျာန်အင်္ဂါ (၅)ပါးတို့၏ တိုက်ရိုက် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် စျာန်အင်္ဂါများသည် အလွန်ထက်မြက်စူးရှ ထင်ရှားလာကြသော အခါ နီဝရဏတရားတို့သည် ခွာအပ်သည်သာလျှင် ဖြစ်ကုန်၏၊ ကွာသွားကြကုန်၏၊ နီဝရဏတရားတို့သာမက ထိုနီဝရဏတရားတို့နှင့် တူသော တည်ရာရှိ ကြကုန်သော ပြိုင်တူ ယှဉ်တွဲဖြစ်ဖက် အကုသိုလ်တရားတို့ကိုလည်း ခွာထားအပ်သည်သာ ဖြစ်ကုန်၏၊ ဤမျှသော အတိုင်းအရှည်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို ကောင်းစွာ ရအပ်သည် ဖြစ်ပေသည်။ ထိုကြောင့် (ဝိသုဒ္ဓိ၊၁၊၃၄၇။) အဋ္ဌကထာ၌ ----

''ကာလအရာ ကာလအထောင် ကာလအသိန်းတိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် ပထဝီဓာတ် အာပေါ ဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူ၍ ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့် ဇီဝအတ္တ မဟုတ်သောအားဖြင့် ----

၁။ ဆင်ခြင်အပ်၏ = ကောင်းစွာ အဖန်တလဲလဲ နှလုံးသို့ ဆောင်အပ်၏၊

၂။ နှလုံးသွင်းအပ်၏ = အဖန်တလဲလဲ ပွားစေသောအားဖြင့် ဓာတ်၏ သဘာဝလက္ခဏာကို နှလုံး၌ ထား အပ်၏၊

၃။ အသီးအသီး တစ်လုံးစီ တစ်လုံးစီ စူးစူးစိုက်စိုက် ရှုအပ်၏ = ဓာတ်၏ သဘာဝလက္ခဏာကိုပင် ဘာဝနာ ဖြင့်ပြီးသော ဉာဏ်စက္ခုဖြင့် အဆင့်ဆင့် ထပ်ကာထပ်ကာ ဆင်ခြင်သောအားဖြင့် ရှုအပ်၏၊

ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် အားထုတ်သော ဘာဝနာမှု၌ ကောင်းစွာ ယှဉ်စပ်တတ်သော ထို ယောဂါဝစရ ရဟန်းတော်၏ သန္တာန်၌ မကြာမြင့်မီ အချိန်ကာလအတွင်းမှာပင်လျှင် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အထူးအပြားကို ကွဲကွဲပြားပြား ထင်စေတတ် လင်းစေတတ်သော ပညာ, ဆီမီးကဲ့သို့ ထွန်းလင်းပြခြင်း ကိစ္စရှိသော ပညာဖြင့် ထက်ဝန်းကျင်မှ သိမ်းဆည်း ထားအပ်သော နက်နဲသော ပရမတ္ထဓမ္မသဘာဝသတ္တိ သဘာဝဓမ္မလျှင် အာရုံရှိသည်၏ အဖြစ်ကြောင့် အပ္ပနာ ခေါ် မဟဂ္ဂုတ်စျာန်သို့ မရောက်သော = အပ္ပနာသမာဓိအဆင့်သို့ မရောက်သော ဥပစာရမျှသာဖြစ်သော သိခါ ပတ္တ = အထွတ်အထိပ်သို့ ရောက်သော ကာမာဝစရသမာဓိသည် ဖြစ်ပေါ်လာ၏'' - ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ ဤကား အထက်ပါ အဋ္ဌကထာ ဋီကာ စကားရပ်တို့၏ ဆိုလိုရင်း ဖြစ်ပါသည်။

ထပ်မံ ရှင်းလင်းတင်ပြချက်

ထပ်မံ ရှင်းလင်းတင်ပြချက်

အထက်ပါ စကားရပ်ဖြင့်ပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိသို့ ဆိုက်ရောက်သွားပုံကို သဘောပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်မြတ်များလည်း ရှိကောင်း ရှိကြမည် ဖြစ်ပါသည်။ သဘောမပေါက်နိုင်သေးသူတို့အတွက် အနည်းငယ် ထပ်မံ၍ ရှင်းလင်းတင်ပြအပ်ပါသည်။

အထက်ပါအတိုင်း ရူပကာယတစ်ခုလုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံ ယူ၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကြိမ်ဖန်များစွာ ရှုနေသောအခါ သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိကို ညီမျှအောင် သတိဖြင့် ထိန်းလျက် ရှုပွားရမည် ဖြစ်သည်။

အထူးသဖြင့် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရားက အားမကောင်းဘဲ သို့လော သို့လော တွေးတောလျက် စမ်းတဝါးဝါး ဖြစ်နေလျှင်လည်းကောင်း, သမာဓိ တကယ်တမ်း ထူထောင် ရမည့် အချိန်ဝယ် ဝေဖန်ရေးသမား လုပ်နေလျှင်လည်းကောင်း သဒ္ဓါနှင့် ပညာတို့မှာ အားပျော့နေမည်သာ ဖြစ်၏၊ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ယုံကြည်ချက် သဒ္ဓါတရား ခိုင်ခံ့ဖို့ အားကောင်းဖို့ စွမ်းအင် ပြည့်ဝစုံညီဖို့လည်း အလွန်လိုအပ်သည်သာ ဖြစ်၏၊ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို လင်းလင်းထင်ထင် ထိုးထိုးထွင်းထွင်း သိမြင်တတ်သည့် ပညာခွန်အား အလွန် အားကောင်းဖို့, ပညာစွမ်းအင် စုံညီပြည့်ဝဖို့လည်း အလွန် လိုအပ်သည်သာ ဖြစ်ပါသည်။ သဒ္ဓါလွန်၍ ပညာ အားပျော့နေလျှင်သော်လည်း ကောင်း, ပညာလွန်၍ သဒ္ဓါ အားပျော့နေလျှင်သော်လည်းကောင်း ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်ဖို့ အရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်သည်။

တစ်ဖန် ဝီရိယနှင့် သမာဓိလည်း ညီမျှဖို့ လိုအပ်သည်သာ ဖြစ်ပေသည်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာ အသီးအသီးကို သိအောင်, ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး အာရုံပေါ်၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍တည်နေမှု သမာဓိဖြစ်အောင် ကြိုးစားအားထုတ်မှု ကာယိကဝီရိယ စေတသိက ဝီရိယ နှစ်မျိုးလည်း လိုအပ်သည်သာ ဖြစ်၏၊ ဝီရိယလျော့လွန်းက ပျင်းရိမှု ကောသဇ္ဇဘက်သို့ ယိုင်လဲသွား တတ်၍ ဘာဝနာလုပ်ငန်းရပ်မှ စိတ်ဓာတ်သည် တွန့်ဆုတ်သွားမည် ဖြစ်၏၊ ဝီရိယ လွန်ပြန်ကလည်း စိတ် ပျံ့လွင့်တတ်၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာတည်းဟူသော ဘာဝနာအာရုံမှ ပြင်ပသို့ စိတ် ရောက်နေသဖြင့် စိတ်တည်ငြိမ်မှု သမာဓိကို မရနိုင် ဖြစ်တတ်၏၊

တစ်ခါတစ်ရံ ဝီရိယလျော့လွန်းသဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌ ဘာဝနာ စိတ်ကို ခပ်လျော့လျော့ထား၍ စိုက်ထားပါက စိတ်သည် တည်ငြိမ်နေတတ်၏၊ ထိုငြိမ်နေသောအခါ၌ ဓာတ် ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိလျက် ငြိမ်နေပါက ကောင်းမြတ်သည်သာ ဖြစ်၏၊ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို မသိဘဲ ငြိမ်နေပါက ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်များ လွန်ကဲနေပြီ ဖြစ်၏၊ ထိုသို့ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားများက လွန်ကဲလာသော် ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားများကို ပွားများရမည် ဖြစ်၏၊ သတိသမ္ဗောဇ္ဈင်၏ အကူအညီဖြင့် ဝီရိယသမ္ဗောဇ္ဈင်၏ အားပေးထောက်ပံ့မှုဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို လင်းလင်းထင်ထင် သိမှု ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏၊ ဘာဝနာလုပ်ငန်း၌ ပီတိသမ္ဗောဇ္ဈင် ဖြစ်အောင် ကြိုးစားရမည် ဖြစ်၏၊ အထက်တွင် ဖော်ပြခဲ့သော အဓိစိတ္တသုတ္တန်, အနုတ္တရသီတိဘာဝသုတ္တန်, ဗောဇ္ဈင်္ဂသုတ္တန် တို့ကား ဤအချိန်အခါမျိုးတွင် အသုံးချရတော့မည် ဖြစ်သည်။ ထိုအပိုင်းကို ပြန်လည်ဖတ်ရှုပါ၊ ဣန္ဒြေ (၅)ပါး ညီမျှအောင် ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ကြိုးစားပါ။

တစ်ခါတစ်ရံ ဝီရိယလွန်ကဲခြင်းစသော အကြောင်းတရားတို့ကြောင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံပေါ်၌ ဘာဝနာစိတ်သည် ကောင်းစွာ မတည်ဘဲ ပျံ့လွင့်နေသည် ဖြစ်အံ့၊ ထို အခါမျိုး၌ ဓမ္မ ဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားများကို မပွားများသေးဘဲ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရားများ ကို ဖြစ်ပေါ်လာအောင် အားကောင်းလာအောင် ပွားများပေးရ၏၊

တစ်ခါတစ်ရံ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းလျက် လင်းလင်းထင်ထင် သိမြင်တတ်သော ပညာလုံ့လပယောဂ၏ အားနည်းမှုကြောင့် ဖြစ်စေ, စိတ်ငြိမ်းအေးမှု ဥပသမသုခကို မရရှိ ခြင်းကြောင့်ဖြစ်စေ ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ စိတ်သည် သာယာမှု ကင်းနေ၏၊ ထိုအခါမျိုး၌ သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် စိတ်ကို ထိတ်လန့်စေအပ်၏၊ ရတနာသုံးပါးတို့၏ ဂုဏ်ကို ပွားများခြင်းဖြင့် စိတ်ကို ကြည်လင်စေအပ်၏၊ ဤအခါမျိုးတွင် အထူးသဖြင့် မရဏာနုဿတိကမ္မဋ္ဌာန်း ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း များကို စီးဖြန်းရမည် ဖြစ်ပါသည်။ သို့အတွက် မေတ္တာ, ဗုဒ္ဓါနုဿတိ, မရဏာနုဿတိ, အသုဘ - ဟူသော အစောင့် (၄)ပါးဟု ခေါ်ဆိုအပ်သော စတုရာရက္ခ ကမ္မဋ္ဌာန်းများကို ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုတင်၍ အောင်မြင်စွာ ပွားများထားပြီး ဖြစ်သင့်ပေသည်။ အရေးကြုံက သက်လုံကောင်းရမည် ဖြစ်ပေသည်။

အကြင်အခါ၌ကား ဤသို့ ဆိုခဲ့ပြီးသည့်အတိုင်း ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အာရုံမှ တွန့်ဆုတ်မှုလည်း မရှိ၊ ပျံ့လွင့်မှုလည်း မရှိ၊ ပွားများအားထုတ်၍ ကောင်းသဖြင့် စိတ်ငြိမ်းအေးမှု ဥပသမသုခကို ရရှိခြင်းကြောင့် ဘာဝနာလုပ်ငန်းခွင်၌ သာယာမှု ရှိနေ၏၊ ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာအာရုံ၌ အညီအမျှ ဖြစ်နေ၏၊ စိတ်တည်ငြိမ်မှု ငြိမ်းအေးမှု သမထလမ်းကြောင်းပေါ်သို့ ကျရောက်နေ၏၊ ထိုအခါမျိုး၌ကား ဓာတ်ကြီး (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ငြိမ်ဝပ် အောင် စိုက်ထား၍ ဓာတ်ကြီး (၄)ပါး အာရုံနှင့် ပတ်သက်၍ ကြောင့်ကြမှု တောင့်တမှု မပြုတော့ဘဲ အညီအမျှ လျစ်လျူသဘောအားဖြင့် ရှုနေပါ။ ရှေး အာနာပါနဿတိသမာဓိပိုင်းတွင် အကျယ် ဖော်ပြထားခဲ့သော ဣန္ဒြေ နှင့် ဗောဇ္ဈင်တရားများကို ညီမျှအောင် ကျင့်ပုံ စနစ်များကို နည်းမှီး၍ ဣန္ဒြေ (၅)ပါးနှင့် ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါလေ။

ဘဝင် ကျနေတတ်ပါသည်

ဘဝင် ကျနေတတ်ပါသည်

ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်စ ယခုကဲ့သို့သော အချိန်မျိုးတွင်လည်း တစ်ခါတစ်ရံ အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ သန္တာန်ဝယ် ဘဝင်ကျကျနေတတ်ပါသည်။ ထိုအခါမျိုးတွင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံကို မရှုမိတော့ဘဲ ကျော်လွန်သွားတတ်၏၊ ယောဂါဝစရပုဂ္ဂိုလ် အများစုကတော့ ''ဘာမျှမသိဘဲ လစ်လစ်နေသည်''ဟု ပြောတတ်၏၊ ထိုဘဝင်စိတ်သည် ပစ္စုပ္ပန် မိမိ ရှုပွားနေသည့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံမပြုဘဲ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇောက ယူခဲ့သော အာရုံကိုပင် ဆက်လက် အာရုံယူတတ်သော အာရုံယူနေသော စိတ်ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ''ဘာမျှ မသိဘဲ လစ်လစ်နေသည်''ဟု ထင်ခြင်း ဖြစ်၏၊ ဤ အချိန်မျိုး၌ကား ဘဝင်စိတ်က အတိတ် မရဏာသန္န ဇော၏ အာရုံကို အာရုံပြုနေသည် သိနေပါသည်ဟူသော အချက်ကို ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် သိဖို့ရန်မှာ အခက်အခဲများစွာ ရှိနေသေးသော အချိန်ပင် ဖြစ်ပါသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ အတိအကျ သဘောပေါက်နိုင်မည် ဖြစ်သည်။

ဤကဲ့သို့ ဘဝင်အကျများနေပါက သတိသမ္ဗောဇ္ဈင်၏ အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံ၌ ဓမ္မဝိစယ-ဝီရိယ-ပီတိ-သမ္ဗောဇ္ဈင်များ ထင်ထင်ရှားရှား ဖြစ်ပေါ်လာအောင် ရှေးဦးစွာ ကြိုးပမ်း ပါ။ ထိုနောင် ဣန္ဒြေနှင့် ဗောဇ္ဈင်များကို ညီမျှအောင် ဆက်လက် ကြိုးပမ်းပါ။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်နေအောင် ကပ်ထားပါ။ ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာ အာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် ထိုသမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။

ေ့ရှပြေး အမှတ်အသားများ

ေ့ရှပြေး အမှတ်အသားများ

ဘာဝနာစိတ်သည် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေ ခဲ့သော် သမာဓိလည်း ခိုင်ခံ့လာသော်, ဓာတ် (၄)ပါး အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ ဘာဝနာစိတ်သည် တည်နေသော် - ထိုအခါ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟုပင် စိတ်ဖြင့် မရွတ်ဆိုတော့ဘဲ မမှတ်တော့ဘဲ ထိုသဘာဝလက္ခဏာ အသီးအသီး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါ။ သဘာဝလက္ခဏာ အာရုံ အသီးအသီးကိုသာလျှင် ဘာဝနာစိတ်က စိုက်ကြည့်နေပါ၊ ရှုနေပါ။ ဓာတ်ကြီး (၄)ပါးလုံး ဉာဏ်တွင် ပြိုင်တူလိုလို ထင်ထင်နေပါက အားလုံးကိုပင် ခြုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရားတို့ အပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။ ကျွမ်းကျင်၍ ကျင့်သား ရသွားခဲ့သော် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝ လက္ခဏာအာရုံနှင့် ဘာဝနာစိတ်သည် တစ်သားတည်းကဲ့သို့ ဖြစ်ကာ ငြိကပ်နေပေလိမ့်မည်။ ငြိကပ်မှုစွမ်းအင် အားကောင်းသည်နှင့်အမျှ သမာဓိလည်း အားကောင်းလာ မည် ဖြစ်၏၊ သမာဓိ အားကောင်းသည်နှင့်အမျှ အရောင်အလင်းများသည်လည်း ပြိုးပြိုးပြက်ပြက် တလက် လက် ထွက်ပေါ်လာမည် ဖြစ်၏၊

အချို့ယောဂီများ၌ ဖြစ်တတ်ပုံအချို့

အချို့ယောဂီသူတော်ကောင်းများ၌ ယခုကဲ့သို့ သမာဓိအားကောင်းလာသောအခါ လင်းရောင်ခြည်များ မထွက်ပေါ်မီ အချိန်ပိုင်းဝယ် ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ကြီးထွားလာသည်ဟု ထင်လာတတ်၏၊ ဓာတ်တို့၏ အလွန်ထင်ရှားလာသည့် အမှတ်အသား ဖြစ်သည်။ ထိုအချိန်အခါမျိုးတွင် ဗဟိဒ္ဓသို့ စိတ်ကို တစ်စတစ်စ စေ လွှတ်၍ ဓာတ်ကြီး (၄)ပါးကို ဆက်လက်ရှုပါက ရနိုင်သောသဘော ရှိသည်သာဖြစ်၏၊

ဗဟိဒ္ဓ၌ ထင်လာပုံ

ဗဟိဒ္ဓ၌ ထင်လာပုံ

သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)

= အကယ်၍ ဗဟိဒ္ဓလောက၌လည်း ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို နှလုံးသွင်းခြင်း ဘာဝနာ မနသိကာရကို ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်သည် ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်သည်ရှိသော် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည်ကျက်စား သွားလာနေကြကုန်သော လူ တိရစ္ဆာန် စသည်

သို့သော် ဤအပိုင်းတွင် အဇ္ဈတ္တ၌ ရှုပွားမှု လိုရင်းကိစ္စ မပြီးသေးသဖြင့် ဗဟိဒ္ဓသို့ မရှုသေးဘဲ အဇ္ဈတ္တ၌သာ ဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်၍ ရှုပွားလိုကလည်း ရှုပွားနိုင်သည်သာ ဖြစ်သည်။ အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပြီးသောအခါမှ ဗဟိဒ္ဓသို့ ပြောင်းရှုလိုကလည်း ရှုနိုင်သည်သာ ဖြစ်သည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ကား ထိုသို့ ဓာတ်များ ထင်ရှား ကျယ်ပြန့်လာသောအခါ ကြောက် လန့်လာတတ်၏၊ ကြောက်လန့်ဖွယ် မလိုပါ။ ဓာတ်သဘောတရား တစ်ခုခုကို မလွန်စေဘဲ ဓာတ်သဘောတရား များကို မျှအောင်သာ ဆက်လက်ရှု၍ သမာဓိ ထူထောင်နေပါ။ များသောအားဖြင့် ရုပ်ကလာပ်အမှုန်များကို တွေ့ခါနီးသော အချိန်တွင် ထိုကဲ့သို့ ဖြစ်တတ်ပေသည်။

သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဉာဏ်၌ကား ခန္ဓာကိုယ်ကို မတွေ့တော့ဘဲ ဓာတ်ကြီး (၄)ပါးတို့၏ အစုအပုံအဖြစ်ဖြင့်သာ ထင်လာရာက တဖြည်းဖြည်း ဓာတ်များမှာ လုံးကျစ်လျက် လာတတ်၏၊ ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲမှာ သေးငယ်လာတတ်၏၊ တစ်ကိုယ်လုံးကို ခြုံ၍ ဓာတ်ကို မစိုက်ဘဲ တစ်နေ ရာရာကို အထူးသဖြင့် ခန္ဓာကိုယ်၏ အတွင်းပိုင်းလောက်ကိုသာ ဦးစားပေး၍ ဓာတ်ကို စိုက်မိသော ယောဂါဝစရ ပုဂ္ဂိုလ်တို့၌ ဖြစ်လာတတ်သော သဘာဝတစ်မျိုး ဖြစ်၏၊ ထိုအချိန်အခါမျိုးတွင် ဓာတ်အတုံးအခဲ၏ ကြီးမှု သေးမှု ကို အာရုံမယူဘဲ ဓာတ်အစုအပုံကိုသာ ဆက်လက်၍ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရမည် ဖြစ်သည်။

ဤအပိုင်းတွင် ဓာတ်ကြီး (၄)ပါးကို အာရုံယူ၍ ထူထောင်လာသော သမာဓိမှာ အတော်အသင့် အား ကောင်းလာပြီ ဖြစ်သဖြင့် စိတ်ကို စေလွှတ်မိသည့်ဘက်တွင် ဓာတ်များ ထင်ရှားနေတတ်၏၊ ယောဂါဝစရပုဂ္ဂိုလ် က စိတ်ကို မကစားမိဖို့ လိုသည်။ ရုပ်ကလာပ်များကို မတွေ့ခင်အပိုင်းဖြစ်၍ ရုပ်ဃန အသီးအသီးကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်သေးသည့်အတွက် ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်ရောက်မသွားသေးသော အချိန် ဖြစ်၏၊ ပညတ် နယ်ကို လုံးဝ မကျော်လွှားနိုင်သေးသဖြင့် စိတ်ကို ကစားမိက ပညတ်နှင့် ရောနှောနေသော အာရုံနိမိတ်များ လည်း ပေါ်နေတတ်၏၊ သို့အတွက် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသာ မလွှတ်တမ်း အာရုံယူလျက် သမာဓိကိုသာ ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ရမည့် အချိန်အခါ ဖြစ်ပေသည်။

ဓာတ်အတုံးအခဲ ကြီးမား ကျယ်ပြန့်လာသည်ဟု အသိဉာဏ်၌ ထင်လာသူနှင့် ဓာတ်အတုံးအခဲ သေးကွေး သွားသည်ဟု အသိဉာဏ်၌ ထင်လာသူ ယောဂီနှစ်ဦးတို့တွင် သေးသေးကွေးကွေး အတုံးအခဲအဖြစ် ထင်လာသူ ယောဂီပုဂ္ဂိုလ်က သမာဓိ ပို၍ စူးရှသည်ကို ရံခါ တွေ့ရတတ်၏၊ ကြီးမားကျယ်ပြန့်သည့် ဓာတ်အတုံးအခဲအဖြစ် ထင်သူ အချို့လည်း သမာဓိ စူးရှတတ်ပါသည်။

အဖြူ နှင့် အကြည်ပြင်

အဖြူ နှင့် အကြည်ပြင်

ထိုအခါတွင် ဤအဆင့်သို့ တစ်ခါမျှ မရောက်ဖူးသေးသော ယောဂါဝစရပုဂ္ဂိုလ်ဖြစ်ပါက အဖြူရောင် မီးခိုးရောင်ကဲ့သို့သော အဖြူပြင်ကြီးကို များသောအားဖြင့် စတင်၍ တွေ့တတ်ပါ၏၊ သို့သော် ဤအပိုင်းတွင် ယောဂီပုဂ္ဂိုလ်များသည် တစ်ဦးနှင့် တစ်ဦး စတင်တွေ့ရှိပုံ အခြင်းအရာ မတူထူးခြားမှု အသင့်အတင့် ရှိတတ် ပါသည်။ အချို့ယောဂီများက အလင်းရောင်ကို စတင်၍ အသိအမှတ် ပြုမိတတ်၏၊ အချို့ယောဂီများက အဖြူ ကို စတင်၍ အသိအမှတ် ပြုမိတတ်၏၊ လင်းရောင်ခြည်စွမ်းအင် အားပျော့သော ယောဂီပုဂ္ဂိုလ်တို့က လင်း ရောင်ခြည်ကို သတိမပြုမိဘဲ အဖြူကိုသာ စတင်၍ သတိပြုမိခြင်း ဖြစ်၏၊ လင်းရောင်ခြည်စွမ်းအင် အားကောင်း သော ယောဂီပုဂ္ဂိုလ်တို့ကား လင်းရောင်ခြည်ကို ဦးစွာ သတိပြုမိ၍ အဖြူကို နောက်မှ သတိပြုမိတတ်ခြင်း ဖြစ်သည်။

ထိုအဖြူမှာ ပေါ်စတွင် အချို့ယောဂီများ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ် အနည်းငယ် ရှိတတ်၏၊ ယောဂီပုဂ္ဂိုလ်က ထိုအဖြူကို မကြည့်သေးဘဲ မူလရှုမြဲ ဖြစ်သည့် ဓာတ်ကြီး (၄)ပါးအာရုံ၌သာ ဘာဝနာစိတ်ကို ဆက်လက်၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားခဲ့သော် ထိုအဖြူမှာ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူလာတတ်ပါသည်။ ဤအဖြူကား အကြည်ဓာတ်၏ ေ့ရှပြေး ဖြစ်ပါသည်။ ဤအဖြူကိုလည်း နှလုံးမသွင်း သေးဘဲ မူလ ရှုမြဲ ဖြစ်သည့် ဓာတ်ကြီး (၄)ပါးအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားခဲ့သော် ဤ အဖြူပြင် အဖြူတုံးဟူသည်မှာလည်း ဓာတ်ကြီး (၄)ပါးတို့၏ အစုအပုံသာ ဖြစ်သည်ဟု သဘောပေါက်လာ တတ်ပါသည်။

အကယ်၍ အဖြူပြင်၌ တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကို သဘောမပေါက် ဖြစ်နေခဲ့သော် ထိုအဖြူ မှာလည်း လွယ်လွယ်နှင့် ပျောက်ပျက်မသွားဘဲ ခိုင်ခံ့လျက်သာ တည်ရှိနေခဲ့သော် တစ်ကိုယ်လုံးကို ခြုံ၍ မာ-သဘောကို ရှုလိုက်, အဖြူပြင်၌ မာ-သဘောကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ လေ့ကျင့်ပါ များလာသော် အဖြူ၌ တည်ရှိနေသော မာမှုသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်လာတတ်ပါသည်။ မာမှုသဘောတရားတစ်ခုကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက ကျန်နေသေးသည့် သဘောတရား (၁၁)မျိုးကို လည်း ဆက်လက်၍ နည်းတူ ရှုကြည့်ပါ။ အဖြူပြင်၌ မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း - ဟူသော သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်ပါက ပထဝီဓာတ်-အာပေါဓာတ်-တေဇောဓာတ်-ဝါယောဓာတ် ဟု လေးချက် ပြောင်း၍ ရှုပါ၊ သမာဓိ တစ်ဖန်ပြန်၍ ထူထောင်ပါ။

သို့သော် ယောဂီပုဂ္ဂိုလ်အများစု၌် ထိုအဖြူမှာ ပေါ်စတွင် မခိုင်ခံ့ဘဲ ခဏပေါ်လိုက် ခဏပျောက်လိုက် ဖြစ်နေတတ်ပါသည်။ ထိုအခါ ထိုအဖြူ ခိုင်ခံ့ရေးအတွက် မူလရှုမြဲဖြစ်သည့် ဓာတ်ကြီး (၄)ပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက်ပို၍ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။ ထိုအဖြူမှာ ထိုင်၍ ဓာတ်ကြီး (၄)ပါးကို ရှုလိုက်တိုင်း ပေါ်ပြီးလျှင် နာရီဝက်ခန့် တစ်နာရီခန့် စသည်ဖြင့် မပျောက်ပျက်ဘဲ ခိုင်ခံ့ တည်တံ့ခဲ့သော် ထိုအဖြူ၌ တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကိုလည်း သဘောမပေါက်သေး ဖြစ်နေပါက အထက်ပါအတိုင်း တစ်ကိုယ်လုံး၌ မာ-သဘောကို ရှုလိုက် အဖြူ၌ မာ-သဘောကို ရှုလိုက်, တစ်ကိုယ်လုံး၌ ကြမ်း-သဘောကို ရှုလိုက် အဖြူ၌ ကြမ်း-သဘောကို ရှုလိုက် - ဤသို့ စသည်ဖြင့် ပြောင်းရွှေ့ ရှုကြည့်ပါ။ ဓာတ်ကြီး (၄)ပါး သဘောတရား (၁၂)မျိုးလုံးကို ဉာဏ်နှင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှု ရသော် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု လေးချက် ပြောင်းရှုပါ။ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။

ထိုအဖြူပြင်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုနိုင်၍ သမာဓိထူထောင်မှုလည်း အောင်မြင်မှု ရလာ ခဲ့သော် ထိုအဖြူမှာ တဖြည်းဖြည်း ကြည်လာမည် ဖြစ်သည်။ ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်လာမည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်တုံးမှာလည်း ဓာတ် (၄)ပါးကိုပင် မြင်အောင် ဆက်စိုက်ပါ။ ထိုအကြည်ပြင် အကြည်တုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ သမာဓိစွမ်းအင် အားကောင်းလာသည်နှင့်အမျှ ဉာဏ်၏ စွမ်းအင်အာနုဘော်လည်း ကြီးထွားလာမည် ဖြစ်သည်။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ထွင်းဖောက် သိမြင်နေသော ဉာဏ်၏ စွမ်းအင်အာနုဘော်က ကြီးမားလာ သောအခါ ထက်မြက်စူးရှလာသောအခါ ရဲရင့်လာသောအခါ လင်းရောင်ခြည်စွမ်းအင်များလည်း အလွန် အား ကောင်းလာမည် ဖြစ်သည်၊ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် ထွက်ပေါ်လာတတ်ပါသည်။ ထိုအရောင် အလင်းများမှာ အချို့ယောဂီများ၌ အလွန်တောက်ပ စူးရှသဖြင့် မျက်စိအကြည်ဓာတ်ကို ထိုလင်းရောင်ခြည် က လာရောက်ဟပ်နေသဖြင့် ရိုက်ခတ်နေသဖြင့် မျက်စိများ ကျိန်းနေတတ်၏၊ အလွန်တောက်ပနေသော နေ ကို ကြည့်သည့်အခါကဲ့သို့ မျက်ရည်များ ထွက်လာတတ်၏၊ ထိုအခါမျိုး၌ အလင်းရောင်ကို နှလုံးမသွင်းသေးဘဲ မူလ ရှုမြဲဖြစ်သည့် ဓာတ်ကြီး (၄)ပါးကိုပင် ဆက်လက်၍ ရှုပွားနေပါ။ လေ့ကျင့်မှု များလာသောအခါ ထို လင်းရောင်ခြည်က စက္ခုအကြည်ဓာတ်၌ ရိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မျက်ရည်ထွက်ခြင်း မျက်စိ စူးခြင်း စသည့် ဒဏ်ချက်တို့ကို ခံနိုင်ရည် စွမ်းအင် ရှိလာမည် ဖြစ်သည်။ ဤကဲ့သို့သော လင်းရောင်ခြည် စွမ်းအင်ကိုပင် ရည်ရွယ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော = ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာအရောင်ဖြင့် ထွန်းပြခြင်း အဝဘာသန ကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော (ဝိသုဒ္ဓိ၊၁၊၃၄၇။) - ဟု ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ဤနေရာတွင် သတိပြုရန် အချက်တစ်ခု ရှိလာပြန်၏၊ အချို့ယောဂီများ၌ ဤအဖြူပြင်ကို ခန္ဓာကိုယ်၌ မတွေ့ဘဲ မျက်နှာေ့ရှ ဝန်းကျင် ဗဟိဒ္ဓ၌ စ၍ တွေ့တတ်သည်လည်း ရှိ၏၊ အကယ်၍ ဗဟိဒ္ဓ၌ အဖြူကို စ၍တွေ့သော် ထိုအဖြူကို မကြည့်ဘဲ ထိုအဖြူ၌ ဓာတ် (၄)ပါးကို မရှုဘဲ မိမိ မူလရှုမြဲ ဖြစ်သည့် မိမိ ခန္ဓာအိမ်၌သာလျှင် ဓာတ်ကြီး (၄)ပါးကို ဆက်၍ ရှုနေပါ။ မိမိ ခန္ဓာအိမ်တစ်ခုလုံး ဖြူလာပါမှ ထိုအဖြူ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ တဖြည်းဖြည်း အကြည်ပြင်ကို တွေ့ရှိလာပါလိမ့်မည်။

အချို့ယောဂီများ၌ ဤအကြည်ဓာတ်ပေါ်စတွင် ကွက်ကျားပေါ်တတ်၏၊ အချို့ကား ရင်ဘတ်၌, အချို့ ကား မျက်နှာ၌, အချို့ကား ဦးခေါင်း၌ စသည်ဖြင့် ကွက်ကျား ကွက်ကျား ပေါ်နေတတ်၏၊ အဖြူပေါ်စ၌လည်း နည်းတူပင် အချို့ယောဂီပုဂ္ဂိုလ်များ၌ ကွက်ကျား ပေါ်နေတတ်၏၊ ထိုအခါမျိုး၌ ထိုအဖြူကို သို့မဟုတ် ထို အကြည်ဓာတ်ကို အာရုံမပြုသေးဘဲ မူလရှုမြဲဖြစ်သည့် ဓာတ်ကြီး (၄)ပါး အာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ အဖြူဓာတ် အကြည်ဓာတ်များ မပျံ့နှံ့သေးသည့် ခန္ဓာကိုယ်ဘက်သို့ ဓာတ်ကြီး (၄)ပါးကိုပင် တဖြည်း ဖြည်း ဖြန့်၍ ရှုလိုက်ပါက အဖြူ အကြည်တို့လည်း တဖြည်းဖြည်း ပျံ့သွားမည် ဖြစ်ပါသည်။ ခန္ဓာကိုယ်တစ်ခု လုံး၌ ဝါဂွမ်းပုံကဲ့သို့ အဖြူတုံးကိုလည်းကောင်း, ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ အကြည်တုံးကြီးကိုလည်းကောင်း တွေ့ရှိနေမည် ဖြစ်သည်။ ကာယအကြည်ဓာတ်သည် တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေသော ရုပ်တစ်မျိုး ဖြစ်၏၊ ထိမှုကို သိသော ကာယဝိညာဏ်စိတ်သည် ကိုယ်အကြည်ဓာတ်ကိုသာ မှီတွယ်ဖြစ်သဖြင့် ထိမှုကို သိ သည့် နေရာတိုင်း၌ ကာယအကြည်ဓာတ် = ကိုယ်အကြည်ဓာတ်ကား တည်ရှိနေမြဲပင် ဖြစ်သည်။ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲများကို ဉာဏ်ဖြင့် မဖြိုခွဲနိုင်ခင် ဃန အတုံးအခဲများ မပြိုမီအချိန်၌ အကြည်ဓာတ်များကို တစ်ဆက် တည်း အတုံးလိုက် အခဲလိုက် ပြင်လိုက်ကြီး တွေ့နေရခြင်း ဖြစ်သည်။ ထိုအကြည်ဓာတ် အကြည်ပြင်၌ ဓာတ်ကြီး (၄)ပါးကိုပင် မြင်အောင် ဆက်ရှုပါ။ သမာဓိ ဆက်လက် ထူထောင်ပါ။ အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီး သည် ရှုလိုက်တိုင်း ဉာဏ်တွင် ထင်ရှားနေမည် ဖြစ်သည်။

အကယ်၍ အကြည်ပြင်၌လည်း ဓာတ်ကြီး (၄)ပါးကို သဘောမပေါက်သေး ဖြစ်နေပါက အဖြူပြင်၌ ဓာတ်ကြီး(၄)ပါးကို ရှုသကဲ့သို့ပင် ''ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံ၍ မာမှုသဘောကို ရှုလိုက် - အကြည်ပြင်၌ မာမှု သဘောကို ရှုလိုက်'' ဤသို့ စသည်ဖြင့် ဓာတ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ ရှုကြည့်ပါ။ အောင်မြင်မှု ရခဲ့သော် ထိုအကြည်ပြင်၌လည်း ဓာတ်ကြီး (၄)ပါးကိုပင် ခြုံငုံ၍ ရှုပါ။ တစ်ဖန် ဆက်လက်၍ သမာဓိကို ထူထောင်ပါ။

ပါရမီရှင် သူတော်ကောင်းများ

ပါရမီရှင် သူတော်ကောင်းများ

အတိတ်ဘဝ ထိုထိုက ရုပ်နာမ်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် ဆည်းပူးခဲ့ ဖြည့်ကျင့် ခဲ့သော ပါရမီ ပုည သမ္ဘာရတည်းဟူသော ပါရမီကောင်းမှု ကုသိုလ်အထူးဟူသော အဆောက်အဦ အခိုင်အမာ တည်ရှိခဲ့ဖူးသော ပါရမီရှင် သူတော်ကောင်းများ အဖို့မှာမူ ထိုအကြည်ပြင် အကြည်တုံး၌ ဓာတ်ကြီး (၄)ပါး ကိုပင် စိုက်၍ ရှုနေရုံမျှဖြင့် အလွယ်တကူပင် အကြည်တုံး အကြည်ပြင်ကြီးမှာ ပြိုကွဲသွားကာ ရုပ်ကလာပ် အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။

အာကာသဓာတ်ကို ရှုရန်

အာကာသဓာတ်ကို ရှုရန်

သို့သော် ပါရမီကောင်းမှုကုသိုလ် အဆောက်အဦက အနည်းငယ် အားပျော့နေသော ယောဂီသူတော် ကောင်း ဖြစ်ခဲ့ပါမူ ထိုအကြည်ဓာတ် အကြည်တုံး အကြည်ပြင် အကြည်ခဲကြီးမှာ ဓာတ် (၄)ပါးကို မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ပြိုကွဲ မသွားဘဲ အတုံးလိုက် အခဲလိုက် အပြင်လိုက်ပင် ရှိနေတတ်ပါသည်။ ထိုအခါမျိုး တွင် ထိုအကြည်ပြင်ကြီး၌ အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုရမည် ဖြစ်သည်။

ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆)၌ အာကာသဓာတ်ကို ရှုပွားရန် အရှင်ရာဟုလာ အား ညွှန်ကြားထားတော်မူ၏၊ အဋ္ဌကထာဆရာတော်ကလည်း အာကာသဓာတ်ကို ရှုရန် ညွှန်ကြားတော်မူ ရခြင်း၏ အကြောင်းရင်းကို ဤသို့ ရှင်းပြထား၏၊

အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။

အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။

တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)

မဟာဘူတာနိ တာဝ ဝိတ္ထာရေတု သမ္မသနူပဂတ္တာ၊ အသမ္မသနူပဂံ အာကာသဓာတုံ အထ ကသ္မာ ဝိတ္ထာရေသီတိ အာဟ ''ဥပါဒါရူပဒဿနတ္ထ''န္တိ။ ပ။ ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ, န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတာ ဝေဒိတဗ္ဗာ။ တေနာဟ ''ဣမိနာ မုခေန တံ ဒေဿတု''န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော ''အပိစာ''တိအာဒိမာဟ။ တတ္ထ ပရိစ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ ''အဇ္ဈတ္တိကေနာ''တိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိစ္ဆိန္နရူပန္တိ တာယ ပရိစ္ဆိန္ဒိတကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၂၊၆၃။)

မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကား အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ် ထိုက်သော တရားများ ဖြစ်ခြင်းကြောင့် ထိုဓာတ်ကြီး (၄)ပါးတို့ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်းမှာ သင့်တန်စေ၊ အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေး သုံးတန် တင်ကာ ရှုပွား သုံးသပ်ခြင်းငှာ မထိုက်တန်သော အနိပ္ဖန္န အမည်ရသော ရုပ်အတုမျှသာဖြစ်သော အာကာသဓာတ်ကို အဘယ်ကြောင့် အကျယ်ချဲ့၍ဘုရားရှင် သည် ဟောကြားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏၊ ဥပါဒါရုပ်တို့ကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော် မူလိုသည့်အတွက် ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်သည်ဟု ဖြေဆို ရာ၏၊

ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။

ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။

(မူလပဏ္ဏာသ၊ဋ္ဌ၊၁၊၃၂။ ပဋိသံ၊ဋ္ဌ၊၁၊၂၈။ )

= ပရမတ္ထဓာတ်သား တရားလုံးတစ်ခုကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် အတွက် ဘုရားရှင်သည် ဟောကြားတော်မူသည်ရှိသော် ထိုပရမတ္ထဓာတ်သား တရားလုံးနှင့် လက္ခဏာချင်း တူညီသော ပရမတ္ထဓာတ်သား တရားအားလုံးကို ဝိပဿနာရှုပွားသုံးသပ်ရန် ဟောကြားတော်မူပြီးသာ ဖြစ်သည်။ ဤ

ဤ မဟာရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို ရှုပွားဖို့ရန် ဘုရားရှင် ဟောကြားတော်မူခြင်း မှာလည်း လက္ခဏာဟာရနေတ္တိနည်းအရ လက္ခဏာချင်းတူညီရာ ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏၊ သို့အတွက် အာကာသဓာတ်ကို ရှုဖို့ရန် ဘုရားရှင်၏ ညွှန်ကြား တော်မူချက်မှာ ဥပါဒါရုပ်အားလုံးကိုပင် ရှုရန် ညွှန်ကြားတော်မူခြင်းပင် ဖြစ်သည်။ ဘုရားရှင်သည် မဟာ ရာဟုလောဝါဒသုတ္တန်ဝယ် အာကာသဓာတ်ကို မဟောမီ ရှေးပိုင်း၌ ဓာတ်ကြီး (၄)ပါးတို့ကိုပင်လျှင် ဟောကြား တော်မူခဲ့၏၊ ဥပါဒါရုပ်ကို ဟောကြားတော် မမူခဲ့ပေ။ ထိုကြောင့် ဤအာကာသဓာတ်ကို အဦးမူသဖြင့် ထို ဥပါဒါရုပ်အားလုံးကို ရှုပွားသုံးသပ်ရန် ညွှန်ကြားတော်မူလိုသည့်အတွက် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခြင်း ဖြစ်သည်။ အာကာသဓာတ်သည်လည်း ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သော ဥပါဒါရုပ်ပင် ဖြစ်၏၊ အာကာသဓာတ်မှ ကြွင်းကျန်သော (၂၃)မျိုးသော ဥပါဒါရုပ်သည်လည်း ဓာတ်ကြီး (၄)ပါးကိုပင် မှီ၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ်ပင် ဖြစ်၏၊ ဤသို့လျှင် အာကာသဓာတ်နှင့် ကျန်ဥပါဒါရုပ်အားလုံးတို့သည် ဓာတ် ကြီး (၄)ပါးကိုသာ မှီတွယ်၍ ဖြစ်ပေါ်လာရပုံ လက္ခဏာချင်း တူညီသောကြောင့် အာကာသဓာတ်၌ ဥပါဒါရုပ် အားလုံးကို ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်သည်။ လက္ခဏာဟာရနေတ္တိနည်းတည်း။

သည်မျှသာ မကသေး၊ အာကာသဓာတ်၌ ဥပါဒါရုပ်အားလုံးကို ပေါင်းရုံးယူ၍ ရှုပွားသုံးသပ်ဖို့ရန်အတွက် သက်သက်မျှသာ ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော် မူအပ်သည် မဟုတ်သေး၊ စင်စစ်မှာမူ ရုပ်တရားတို့ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ဖို့ရန် အတွက်လည်း ညွှန်ကြားပြသတော်မူလိုသည့်အတွက် အာကာသဓာတ်ကို ရှုပွားသုံးသပ်ဖို့ရန် ဘုရားရှင်သည် ညွှန်ကြားတော် မူခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သည့် ပရိစ္ဆေဒရုပ်ဟု ခေါ်တွင်သော အာကာသဓာတ်ကို ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုပွားနိုင်ခဲ့သော် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သည့် အာကာသဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းအဇ္ဈတ္တိက အာကာသဓာတ်ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ် အပေါင်းသည်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားနေသည်သာ ဖြစ်၏၊

အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရသော ရုပ်ကလာပ်အပေါင်းကို တွေ့မြင်နေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်တို့ကို ထင်ထင်ရှားရှား သိမြင်ခြင်းသို့ ရောက်ရှိလာနိုင်၏၊ ထိုသို့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာမှုကို ထင်ထင်ရှားရှား ညွှန်ကြားပြသတော်မူခြင်း အကျိုးငှာ လူသုံးပါးတို့၏ ဦးစီးဦးကိုင် ဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ထိုအာကာသဓာတ်ကို ရှုပွားဖို့ရန် ထင်ရှားပြသတော်မူပေသည်။ (မ၊ဋ္ဌ၊၃၊၉၇။ မ၊ဋီ၊၂၊၆၃။)

အာကာသဓာတ်ကို မြင်အောင် ရှုပုံ

အာကာသဓာတ်ကို မြင်အောင် ရှုပုံ

အကယ်၍ အကြည်ပြင် အကြည်တုံး အကြည်ခဲ၌ ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို စိုက်၍ ရှုနေသော်လည်း ထိုအကြည်ပြင် အကြည်တုံး အကြည်ခဲကြီးမှာ ပြိုကွဲ၍ မသွားဘဲ အတုံးအခဲအတိုင်းပင် ဖြစ်နေပါမူ ထိုအကြည်ပြင်၌ လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုပါ။ ပကတိသော လက်မောင်းသား စသည်ကို ကြည့်လိုက်ပါက တစ်ဆက်တည်းဟု ထင်ရသော်လည်း သေသေချာချာ စိုက်၍ ကြည့်လိုက်ပါက မွေးညင်းပေါက်များကို တွေ့ရသကဲ့သို့ အလား တူပင် ထိုအကြည်ပြင်၌ အာကာသ ခေါ် အကြားအပေါက်ကို မြင်အောင် လင်းရောင်ခြည်ဖြင့် ထိုးစိုက်လျက် ရှုကြည့်ပါ။ အာကာသဓာတ်ကို စတင် တွေ့ရှိလာတတ်ပါသည်။ အာကာသဓာတ်ကို တွေ့သည်နှင့် တစ်ပြိုင် နက်တည်း ရုပ်ကလာပ်များကိုလည်း စတင်၍ တွေ့ရှိတော့မည်သာ ဖြစ်ပါသည်။

အကြည်ဓာတ် (၆) ပါး

အကြည်ဓာတ် (၆) ပါး

၁။ စက္ခုပသာဒ = မျက်စိအကြည်,

၂။ သောတပသာဒ = နားအကြည်,

၃။ ဃာနပသာဒ = နှာအကြည်,

၄။ ဇိဝှါပသာဒ = လျှာအကြည်,

၅။ ကာယပသာဒ = ကိုယ်အကြည်ဟု ရုပ်အကြည်ဓာတ် (၅)မျိုး ရှိ၏၊

၆။ မနောအကြည်ဓာတ်ဟု နာမ်အကြည်ဓာတ် တစ်မျိုး ရှိ၏၊

အားလုံးပေါင်းသော် အကြည်ဓာတ် (၆)မျိုး ရှိ၏၊ ထိုတွင် ကာယအကြည်ဓာတ်များမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ထိမှုကို သိသည့် နေရာတိုင်းတွင် ကာယအကြည်ဓာတ် တည်ရှိနေ၏၊ ထိမှုကို သိသည့် ကာယဝိညာဏ်စိတ်သည် ကာယအကြည်ဓာတ်ကိုသာ မှီ၍ ဖြစ်နိုင်သောကြောင့် ဖြစ်၏၊ ကာယ အကြည်ဓာတ်နှင့် တကွသော ရုပ်အကြည်ဓာတ် (၅)မျိုးတို့ကို အာကာသဓာတ်ကို မမြင်သေးသဖြင့် ရုပ်ကလာပ် များကို မမြင်ခင်အတွင်း၌ တစ်ဆက်တည်းကဲ့သို့ မြင်နေသဖြင့် အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့နေရခြင်း ဖြစ်၏၊

စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။

(ဝိသုဒ္ဓိ၊၂၊၈၁။)

ဤအဋ္ဌကထာအဖွင့်နှင့် အညီ စက္ခုပသာဒ စသည့် ယင်းပသာဒရုပ် (၅)မျိုးတို့ကား ရူပါရုံစသည့် ဆိုင်ရာ ဆိုင်ရာ အာရုံကို ယူနိုင်ဖို့ရန် မှီရာ အကြောင်းတရား အဖြစ်ဖြင့် ကြေးမုံပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ပသာဒရုပ်ဟူသော အမည်ကို ရရှိကြသည်။ (ဝိသုဒ္ဓိ၊၂၊၈၁။)

ယင်း အကြည်တုံး အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းရှုပွားနေသော ဘာဝနာ သမာဓိနှင့် ယှဉ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာရသော အရောင်အလင်းဖြင့် ထိုအကြည်ပြင်၌ အာကာသ ဓာတ်ကို မြင်အောင် ထိုးစိုက်၍ ရှုနိုင်သောအခါ ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော အာကာသဓာတ် ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်များကိုလည်း စတင်တွေ့ရှိမည် ဖြစ်သည်။

နာမ်တရားတို့တွင် ဘဝင် = မနောအကြည်ဓာတ်မှာလည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိလျက် ကြည်လင် ဖြူစင်နေကြောင်းကို ---- ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ (အံ၊၁၊၉) = ရဟန်းတို့ ...ဤဘဝင်စိတ်သည် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပ၏ = ဖြူ စင်၏ - ဟု အင်္ဂုတ္တိုရ် ဧကကနိပါတ် ပဏိဟိတအစ္ဆဝဂ်, အစ္ဆရာသင်္ဃာတဝဂ်တို့၌ ဘုရားရှင်ဟောကြားထား တော်မူ၏၊ ဤ၌လည်း ဘဝင်စိတ်၌ ရာဂ ဒေါသ မောဟ စသည့် စိတ်ဓာတ် ညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်နေသည့်အတွက် ဖြူစင်ပုံကို ရည်ရွယ်၍ ဤအထက်ပါ စကားတော်ကို ဘုရားရှင် ဟောကြားတော်မူခြင်း ဖြစ်၏၊ ဆိုလိုသည်မှာ ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ အညစ်အကြေး ကင်းနေသဖြင့် ကြည်လင်သန့်ရှင်းလျက် ရှိ၏ဟုသာ ဆိုလိုရင်း ဖြစ်သည်။ သို့သော် ဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဝဏ္ဏဓာတ် ရူပါရုံနှင့် ယင်းစိတ္တဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိ သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံကား ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်က ကြီးမားလျှင် ကြီးမားသလို, ဉာဏ်အာနုဘော်က သေးလျှင် သေးသလို တောက်ပလျက်ပင် ရှိပေသည်။

မူလဋီကာ (၁၊၁၂၅)၌ ---- သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ။ (၁၊၉၅)၌ ---- အထ ဝါ သဗ္ဗမ္ပိ စိတ္တံ သဘာဝတော ပဏ္ဍရမေဝ = စိတ်အားလုံးသည်ပင် ပင်ကိုယ်သဘာဝအားဖြင့် ဖြူစင်၏ - ဟု ပဏ္ဍရ ဖြစ်ကြောင်း ဖြူစင်ကြောင်း ဖွင့်ဆိုထားပေသည်။

ဇဝနက္ခဏေ ရဇ္ဇနဒုဿနမုယှနသဘာဝါနံ လောဘသဟဂတာဒီနံ စိတ္တာနံ ဝသေန ဥပ္ပန္နေဟိ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ပကတိပရိသုဒ္ဓမ္ပိ ဘဝင်္ဂစိတ္တံ ဥပက္ကိလိဋ္ဌံ နာမ ဟောတီတိ။ (အံ၊ဋ္ဌ၊၁၊၄၆။)

ဒွါရနှင့် အာရုံ တိုက်ဆိုင်မှုကြောင့် ဘဝင်အယဉ် ပြတ်လျက် ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာရာဝယ် ဇောခဏ၌ အာရုံကို တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း သဘောရှိကြကုန်သော လောဘနှင့် ယှဉ်တွဲ ဖြစ်ပေါ်လာသော စိတ်, ဒေါသနှင့် ယှဉ်တွဲ ဖြစ်ပေါ်လာသော စိတ်, မောဟနှင့် ယှဉ်တွဲဖြစ်ပေါ်လာသော စိတ် စသော စိတ်တို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာကုန်သော ဧည့်သည်ဖြစ်ကုန်သော ဥပက္ကိလေသ အညစ်အကြေး တို့ကြောင့် ပကတိဖြူစင်သည်လည်းဖြစ်သော ဘဝင်စိတ်သည် ညစ်နွမ်းရသည် မည်၏၊ (အံ၊ဋ္ဌ၊၁၊၄၆။)

နဒီသောတော ဝိယ - ဒီပဇာလာ ဝိယ

နဒီသောတော ဝိယ - ဒီပဇာလာ ဝိယ

မြစ်ရေအယဉ်ကဲ့သို့ - ဆီမီးအလျှံကဲ့သို့

အချို့သော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ယခုကဲ့သို့ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူ၍ သမာဓိထူထောင်ခိုက်ဝယ် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုပင် စူးစူးစိုက်စိုက် ရှုနေပါက အကြည်ဓာတ်များကို မတွေ့ရသေးမီ အချိန်တွင်လည်းကောင်း, အကြည်ဓာတ်များကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့စမှာလည်းကောင်း ဓာတ်ကြီး (၄)ပါးတို့၏ အဆက်မပြတ် ဖြစ်နေမှုကို မြစ်ရေအယဉ် တသွင် သွင် စီးဆင်းနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်ပနေသကဲ့သို့ တွေ့မြင်တတ်၏၊ သန္တတိဃန စသော ရုပ်အတုံးအခဲ ဃနများ မပြိုသေးမီ ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် မရှုနိုင်သေးမီ ကာလဝယ် ဃနမပြိုသေးသော ရုပ်တို့၏ သဘာဝကို စတင် တွေ့ရှိခြင်းပင် ဖြစ်၏၊ ထိုအခါမျိုးတွင် ဓာတ်ကြီး (၄)ပါးကို လက်မလွှတ်သေးဘဲ ဓာတ်ကြီး (၄)ပါး အာရုံ၌သာ ဆက်လက်၍ ဘာဝနာစိတ်ကို ခိုင်မြဲအောင် စိုက်ရှု နေပါ။ တဖြည်းဖြည်း ဓာတ်ကြီး (၄)ပါးတို့၏ ကြည်သထက် ကြည်နေသော သဘာဝများကို စတင် တွေ့ရှိလာ မည် ဖြစ်သည်။ ထိုအကြည်ပြင် အကြည်ဓာတ်၌လည်း ဓာတ် (၄)ပါးကိုပင် ဆက်လက်၍ စိုက်ရှုနေပါက ရုပ်က လာပ်များကို စတင် တွေ့ရှိတတ်ပါသည်။ ရုပ်ကလာပ်များကို မတွေ့သော် အထက်တွင် တင်ပြခဲ့သည့်အတိုင်း အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်များကို တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်များကို တွေ့စအချိန်၌လည်း မြစ်ရေအယဉ် တသွင်သွင် စီးနေသကဲ့သို့ ဆီမီးအလျှံ အဆက်မပြတ် တောက်လောင် နေသကဲ့သို့ အခြင်းအရာကို တွေ့တတ်ပါသည်။ သို့သော် ပရမတ်နယ်မြေအစစ်သို့ကား မဆိုက်ရောက်သေးပါ။

အတုံးအခဲ အကြီး-အသေး

အတုံးအခဲ အကြီး-အသေး

သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်များအဖို့ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အာကာသဓာတ်ကို တွေ့တန်သလောက် တွေ့သော်လည်း ရုပ်ကလာပ်အမှုန်များကို ပင်ကိုယ်သဘာဝအတိုင်း မတွေ့ရသေးဘဲ ပဲစေ့ခန့် ဆန်စေ့ခန့် ဆန်ကွဲစေ့ခန့် စသည်ဖြင့် အတုံးအခဲ ခပ်ကြီးကြီး အနေအထားဖြင့် စတင် တွေ့တတ်သည်လည်း ရှိ၏၊ အချို့ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ကား ကတ္တီပါ အနက်ရောင်ပေါ်တွင် စိန်တုံး ခပ်သေးသေးကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်၏၊ ထိုအခါမျိုးတွင် အကြီးအသေး မဟူ အတုံးအခဲမှန်သမျှ၌ ဓာတ် (၄)ပါးကိုပင် မြင်အောင် ဆက်၍ ရှုပါ။ အတုံးအခဲများမှာ တစ်စတစ်စ ကွဲထွက် သွားတတ်ပါသည်။ အသေးဆုံး ရုပ်ကလာပ်အဆင့်သို့တိုင်အောင် တွေ့မြင်လာတတ်ပါသည်။ အတုံးအခဲအကြီး ကို ဓာတ် (၄)ပါး စိုက်ရှုရုံမျှဖြင့် ပြိုကွဲမသွားဘဲ အတုံးအခဲအတိုင်းပင် တွေ့မြင်နေရပါမူ ထိုအတုံးအခဲ၌ အာကာ သဓာတ်ကို မြင်အောင် လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ထိုးစိုက်၍ ရှုလိုက်ပါက အာကာသဓာတ်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ် အမှုန်များကိုလည်း တွေ့မြင်တတ်ပါသည်။

အတိတ်က ဆည်းပူးထားသော ပါရမီ အရှိန်အဝါ အားကောင်းသူ ယောဂီသူတော်ကောင်းများကား အကြည်ပြင်တွင် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်သောအခါ အချိန်အနည်းငယ် အတွင်းမှာပင် အလွန့်အလွန် သေးငယ်သော ပရမာဏုမြူခန့်ထက်ပင် သာလွန်၍ သေးငယ်ဖွယ်ရာ ရှိသော ရုပ်ကလာပ် အမှုန်ပေါင်းများစွာကို တွေ့မြင်နေတတ်ပါသည်။

ရုပ်ကလာပ်များကို တွေ့စအချိန်

ရုပ်ကလာပ်များကို တွေ့စအချိန်

ရုပ်ကလာပ်များကို စတင် တွေ့စအချိန်တွင် ရုပ်ကလာပ်များ၏ ပင်ကိုယ် သဘာဝအတိုင်း အလွန် လျင်လျင်မြန်မြန် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်ကို တွေ့ရှိမည် ဖြစ်သည်။ ''ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။) = နာမ်တရားတို့သည် လက်ဖျစ် တစ်တွက် အချိန် အတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်၍ ချုပ်၏''- ဟု ဖွင့်ဆိုထားသဖြင့် လက်ဖျစ်တစ်တွက် တစ်စက္ကန့် အချိန် ကာလကို ကုဋေတစ်သိန်း ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်း ရှိကြ၏၊ ရုပ်တရားတို့ကား စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှိ၏ဟု ကျမ်းဂန်များ၌ မိန့်ဆိုထားသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေ (၅၀၀၀) ကျော် အဖြေ ထွက်လာ၏၊ သို့အတွက် ရုပ်တို့၏ သက်တမ်းမှာ တစ်စက္ကန့် လက်ဖျစ်တစ်တွက် အချိန်ကာလကို ကုဋေ (၅၀၀၀)ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်း ရှိ၏၊ ထိုမျှလောက် လျင်လျင်မြန်မြန် ဖြစ်ပြီး ပျက်နေကြ၏၊

ထိုကဲ့သို့ ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေမှုကို ကြည့်၍ ဖြစ်- ပျက် ရှုနေပါက သို့မဟုတ် အနိစ္စဟု ဝိပဿနာရှုနေပါက ထိုဝိပဿနာကား ပညတ်နယ်၌သာ ရှိနေပေသေး သည်။ ပညတ် ဖြစ်-ပျက် ပညတ် အနိစ္စတို့ကား နိဗ္ဗာန်သို့ မရောက်နိုင်သော လုပ်ငန်းရပ်များသာ ဖြစ်သည်။ ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသည့် ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည် ဖြစ်သည်။ နိဗ္ဗာန်ဟူသည် ပရမတ္ထသစ္စာနယ်မှ သွားမှသာလျှင် ရောက်ရှိနိုင်သော အရာဌာန ဖြစ်ပေသည်။ ပရမတ်အစစ် ဖြစ်သော ရုပ်နာမ်တို့သည်သာလျှင် အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ထိုက်သော တရားများ ဖြစ်ကြ၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံများ ဖြစ်ကြ၏၊ ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်နာမ်တို့ကိုသာလျှင် လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ပါမှ ဝိပဿနာဉာဏ်အစစ် ဖြစ်နိုင်၏၊

ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ၊ (သံ၊၁၊၃၄၄။) ဟူသော သုသိမသုတ္တန် ဒေသနာ တော်အတိုင်း နိဗ္ဗာန်ကို အာရုံယူသည့် အရိယမဂ်ဉာဏ်ဟူသည် ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ခွင့် ရှိသော တရား ဖြစ်၏၊ စစ်မှန်သော ဝိပဿနာဉာဏ် မဟုတ်ပါက စစ်မှန်သော အရိယမဂ်ဉာဏ်လည်း မဖြစ် ပေါ်လာနိုင်ပေ။ ပရမတ်အစစ် ဓာတ်အနှစ်ကို လက္ခဏာရေး သုံးတန်တင်ကာ ရှုပွား သုံးသပ်ပါမှသာလျှင် စစ်မှန်သော ဝိပဿနာဉာဏ်သည်လည်း ဖြစ်ပေါ်လာခွင့် ရှိပေသည်။ သို့အတွက် နိဗ္ဗာန်ဟူသည် ပရမတ္ထ သစ္စာနယ်မှ သွားမှသာလျှင် ရောက်နိုင်သော အရာဌာန ဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။

ရုပ်ကလာပ်တစ်ခု၏ ပမာဏ

ရုပ်ကလာပ်တစ်ခု၏ ပမာဏ

တသ္မာ အဏုနော ဆတ္တိံသတိမဘာဂမတ္တော ပရမာဏု နာမ အာကာသကောဋ္ဌာသိကော မံသစက္ခုဿ အဂေါစရော ဒိဗ္ဗစက္ခုေဿဝ ဂေါစရဘူတော။ (မဟာဋီ၊၁၊၄၄၇။ အဘိ၊ဋ္ဌ၊၂၊၃၂၈။)

ကား-လှည်းစသည်တို့ သွားရာ၌ ထလာသော ပကတိသော မျက်စိဖြင့် မြင်တွေ့ရသော မြူမှုန်များကား ရထရေဏုမြူတည်း။ ယင်းရထရေဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ တဇ္ဇာရီမြူမှုန် ဖြစ်၏၊ နေ ရောင်ခြည်သည် အိမ်နံရံပေါက် စသည်မှ အိမ်အတွင်း အဆောက်အအုံအတွင်းသို့ ထိုးဝင်လာသောအခါ ထိုနေရောင်ခြည်တန်းအတွင်း၌ တွေ့မြင်နေရသော မြူမှုန်များသည် တဇ္ဇာရီမြူမှုန်များ ဖြစ်ကြ၏၊ ယင်း တဇ္ဇာရီမြူမှုန်ကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ အဏုမြူ ဖြစ်၏၊ ယင်း အဏုမြူကို (၃၆)စိတ် စိတ်ပါက တစ်စိတ်မှာ ပရမာဏုမြူ ဖြစ်၏၊

ရုပ်ကလာပ်တစ်ခုကား ယင်းပရမာဏုမြူခန့်လောက် ရှိ၏၊ ပရမာဏုမြူခန့်ဟူ၍သာ ဆိုပါသည်။ ပရမာ ဏုမြူ ဟူ၍ အတိအကျ မဆိုပါ။ ယင်း ပရမာဏုမြူခန့်ရှိသော ရုပ်ကလာပ်များကား အာကာသ ကောဋ္ဌာသိက = ဟင်းလင်းပြင် အာကာသ ကောဋ္ဌာသ အဖို့အစု၌ ဝင်၏၊ (ပရမာဏုမြူခန့် သေးငယ်သော ရုပ်ကလာပ်တို့ဖြင့် ပြည့်နေသော အရပ်ကို အာကာသ ဟင်းလင်းပြင်ဟူ၍သာ ထင်ရသည်။ ယင်းရုပ်ကလာပ်တို့ကို ပကတိ မျက်စိ ဖြင့် မမြင်နိုင်ဟု ဆိုလိုသည်။) ပကတိသော မံသစက္ခု (= စက္ခုဝိညာဏ်) ၏ ကျက်စားရာ အာရုံ မဟုတ်။ ဒိဗ္ဗစက္ခု၏သာလျှင် ကျက်စားရာ အာရုံ ဖြစ်၏၊ (ဒိဗ္ဗစက္ခုဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် စွမ်းအင်နှင့်မှ မြင်နိုင်သည်ဟု ဆိုလိုပေသည်။ သို့သော် ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း ဒိဗ္ဗစက္ခုဉာဏ်ကြောင့် လင်းရောင်ခြည်များ ထွက်ပေါ်လာသကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်လည်း လင်း ရောင်ခြည်များ ဖြစ်ပေါ်လာနိုင်သဖြင့် ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာ သော လင်းရောင်ခြည်၏ စွမ်းအင်ဖြင့်လည်း ယင်းရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်သာ ဖြစ်ပါသည်။ လက္ခဏာဟာရနေတ္တိ နည်းဖြင့် အဋ္ဌကထာဆရာတော် ဋီကာဆရာတော်တို့ ဖွင့်ဆိုသွားကြသည်ဟု မှတ်ပါ။ သို့မှ သာလျှင် အဘိညာဏ်ကို မရသည့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် သမထယာနိကပုဂ္ဂိုလ်တို့လည်း ဝိပဿနာသို့ ကူးနိုင်မည် ဖြစ်သည်။)

အခက်အခဲ တစ်ရပ်

အခက်အခဲ တစ်ရပ်

တစ်ခါတစ်ရံ အချို့အချို့သော သမာဓိနုနယ်သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုအကြည်တုံး အကြည် ပြင်၌ အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုလိုက်သောအခါ ထိုအကြည်တုံး အကြည်ပြင်ကြီးမှာ ပျောက် ပျောက် သွားတတ်၏၊ အရှုမခံ ဖြစ်နေတတ်၏၊ ထိုအခါ မူလရှုမြဲ ဖြစ်သည့် ဓာတ်ကြီး (၄)ပါးကိုပင် ပြန်၍ ရှုပါ။ မကြာမီ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည် လာသော် ထိုအကြည်တုံး အကြည်ပြင်ကြီးသည် ပြန်၍ ပေါ်လာမည် ဖြစ်သည်။ ထိုသို့ အကြည်တုံး အကြည် ပြင်ကြီး ပျောက်ပျောက်သွားခြင်းမှာ သမာဓိ အရှိန်အဝါ အနည်းငယ် အားပျော့နေသူတို့အဖို့ ဓာတ်ကြီး (၄)ပါး တို့၏ သဘာဝလက္ခဏာကို ရှုပွားမှုကို လက်လွှတ်လိုက်၍ အာကာသဓာတ်ကို ပြောင်း၍ အာရုံ စိုက်လိုက်မိ သောကြောင့် ဖြစ်သည်။ သမာဓိ၏ အရှိန်အဝါက အားပျော့နေခိုက်၌သာ ထိုသို့ ပျောက်သွားခြင်း ဖြစ်သည်။ သမာဓိ၏ အရှိန်အဝါက အားကောင်းလာသောအခါ၌ကား ထိုသို့ လွယ်လွယ်နှင့် ပျောက်မသွားတော့ဘဲ မြစ် ရေအယဉ် ဆီမီးအလျှံကဲ့သို့ အဆက်မပြတ် ဖြစ်နေမှုကို ဉာဏ်ဖြင့် တွေ့မြင်နေမည်သာ ဖြစ်သည်။

ဘူတရုပ် = ဓာတ်လေးပါး နှင့် အကြည်ဓာတ်

ဘူတရုပ် = ဓာတ်လေးပါး နှင့် အကြည်ဓာတ်

ဤတွင် ဓာတ်ကြီး (၄)ပါးနှင့် ရုပ်အကြည်ဓာတ်တို့၏ ဆက်သွယ်မှုသဘောကို အနည်းငယ် ရှင်းလင်း တင်ပြအပ်ပါသည်။

ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ။ ပ။ စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)

စက္ခုပသာဒ (= စက္ခုအကြည်ဓာတ်) သည် ရူပါရုံ၏ ရှေးရှု ထိခတ်ခြင်း ရိုက်ခတ်ခြင်းကို ထိုက်သော မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိကြောင်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထား၏၊ အလားတူပင် - သောတ-ဃာန-ဇိဝှါ-ကာယတို့၌လည်း ဆိုင်ရာ ဆိုင်ရာ အာရုံတို့၏ ထိခတ်ခြင်း ရိုက်ခတ်ခြင်းကို ထိုက်သော မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိကြောင်း ကို အသီးအသီး ဖွင့်ဆိုထား၏၊ ထိုကြောင့် ရုပ်အကြည်ဓာတ်ဟူသည် အဆင်း-အသံ-အနံ့-အရသာ-အတွေ့ အထိ ဟူသော ဆိုင်ရာ ဆိုင်ရာ အာရုံတို့က ရှေးရှုထိခတ်ခြင်း ရိုက်ခတ်ခြင်းငှာ ထိုက်တန်သော ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောတရားများ ဖြစ်ရကား ရုပ်အကြည်တုံး အကြည်ပြင်ဟူသည် ဓာတ်ကြီး (၄)ပါးတို့၏ ကြည်လင်မှု သဘောများသာ ဖြစ်၏၊ သို့အတွက် ဓာတ်ကြီး (၄)ပါးကို ရှုနေသော ရှုကွက်ကို လွှတ်လိုက်လျှင် ဓာတ်ကြီး (၄)ပါးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်က မသိတော့ပေ။ ဓာတ်ကြီး (၄)ပါးကို မသိက ဓာတ်ကြီး (၄)ပါးတို့၏ ကြည်လင်မှု သဘောကိုလည်း ဉာဏ်ဖြင့် မတွေ့မမြင် ဖြစ်နေတတ်၏၊ ထိုကြောင့် ဓာတ် ကြီး (၄)ပါးကို ရှုပွားမှုကို လက်လွှတ်လိုက်၍ အာကာသဓာတ်ကို ပြောင်းရှုလိုက်သောအခါ အကြည်ပြင်ကို မတွေ့တော့ဘဲ ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် အကြည်ပြင်ကြီး ပျောက်ကွယ်သွားတတ်ခြင်း ဖြစ်သည်။ သို့အတွက် ဤကဲ့သို့သော အချိန်အခါမျိုးတွင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုပင် အာရုံယူ၍ အကြည်ပြင် အကြည်တုံး အကြည်ဓာတ် ခိုင်ခံ့အောင် သမာဓိကို စွဲစွဲမြဲမြဲ ထူထောင်ဖို့ လိုအပ်ပါသည်။ သမာဓိ အရှိန်အဝါ အားကောင်း၍ အကြည်ပြင် အတုံးအခဲကြီးမှာ လွယ်လွယ်နှင့် မပျောက်ပျက်ဘဲ အဆက်မပြတ် ဖြစ်နေမှုကို တွေ့မြင်သောအခါ အာကာသဓာတ်ကို တစ်ဖန်ပြန်၍ စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိ မည်သာ ဖြစ်ပါသည်။

လမ်းလွဲသွားတတ်ပုံကို သတိပြုပါ

လမ်းလွဲသွားတတ်ပုံကို သတိပြုပါ

ရုပ်ကလာပ်ဟူသည် ရုပ်ပရမတ်နယ်မြေ၌ အသေးဆုံး အတုံးအခဲ ဖြစ်၏၊ အသေးဆုံး ရုပ်အဖွဲ့အစည်း တစ်ခု ဖြစ်၏၊ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ ဟု အနည်းဆုံး ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏၊ အချို့ရုပ်ကလာပ်များ၌ ဇီဝိတပါလျှင် (၉)မျိုး, အချို့ ရုပ်ကလာပ်များ၌ အကြည်ဓာတ် သို့မဟုတ် ဘာဝရုပ်ပါလျှင် (၁၀)မျိုး - ဤသို့ စသည်ဖြင့် ရှိတတ်၏၊ ယင်း ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ယင်း (၈)မျိုး, (၉)မျိုး, (၁၀)မျိုး စသော ရုပ်သဘော တရားများကို မြင်အောင် ရှုနိုင်ပါမှ ပရမတ်နယ်မြေသို့ ရောက်ရှိမည် ဖြစ်သည်။ ရုပ်ကို သဘာဝလက္ခဏာသို့ ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိတတ်သည့် ရူပပရိစ္ဆေဒဉာဏ်ကို ရရှိမည် ဖြစ်သည်။ ရုပ်တရား အစစ်ကို သိရှိရုံ အဆင့်မျှသာ ရှိသေးသည်။ ရှေးဆက်ရမည့် လုပ်ငန်းခွင်တို့ကား များစွာပင် ကျန်ရှိနေပေသေးသည်။

သို့သော် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ထိုသို့ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ် ကလာပ်တို့၏ ပေါ်မှု ပျောက်မှုကို အာရုံယူ၍ ဖြစ်-ပျက်ရှုပါက သို့မဟုတ် အနိစ္စဟု ရှုနေပါက သမူဟဃန ဟူသော အပေါင်းအစု အတုံးအခဲ ပညတ် မကွာသေးသဖြင့် ပညတ်ကိုပင် ဝိပဿနာရှုနေသည် မည်ပေသည်။ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော (၈)မျိုး, (၉)မျိုး, (၁၀)မျိုးစသော ရုပ်သဘောတရားများ ကို သဘာဝလက္ခဏာ အသီးအသီးသို့ ဉာဏ်အမြင် ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပွားနိုင်ပါမှ သမူဟဃနဟူသော အတုံးအခဲပြို၍ သမူဟပညတ်လည်း ကွာသွားမည် ဖြစ်သည်။ သို့သော် သမူဟပညတ် မကွာသေးသည့် အသေးဆုံး အဖွဲ့အစည်း ဖြစ်သည့် ရုပ်ကလာပ် အတုံးအခဲ ပညတ်ကို ဝိပဿနာရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြာကြာ ကြိတ်ခြေမှုဒဏ်ကို မခံနိုင်ပေ။ ပရမတ်တရားများသာလျှင် ဝိပဿနာ ဉာဏ်ဖြင့် ကြိတ်ခြေမှုဒဏ်ကို ခံနိုင်ပေသည်။ သို့အတွက် ရုပ်ကလာပ်အမှုန်များကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲဘဲ ရုပ်ကလာပ်အတိုင်း ဝိပဿနာရှုပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြိတ်ခြေမှုဒဏ်ကို မခံနိုင် သဖြင့် မကြာမီ အချိန်အတွင်းမှာပင် ရုပ်ကလာပ်များမှာ တစ်စ တစ်စ ပါး၍, ပါးရာက ပျောက်၍ အကြည်တုံး အကြည်ပြင်ကြီးကိုပင် ပြန်တွေ့တတ်ပါသည်။ ထိုအကြည်ပြင်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါကလည်း သမာဓိအရှိန်အဝါ အားကောင်းနေသေးသည့်အတွက် ငြိမ်၍ နေတတ်ပါသည်။ ထိုအခါမျိုးတွင် ယောဂါဝစရ ပုဂ္ဂိုလ်က ရုပ်ချုပ်သွားပြီဟု ယူဆတတ်၏ ပြောကြားလာတတ်၏၊ တစ်ဖန် ထိုအကြည်ပြင်၌ပင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားရာက တဖြည်းဖြည်း စိတ်ကို လျှော့ချလိုက်ပါမူ ရှေးတွင် ဖော်ပြခဲ့သည့်အတိုင်း ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့က စိတ်အစဉ်ကို ချီမထားနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ဘဝင်သို့ သက်ရောက်သွားတတ်၏၊ ဘဝင်ကျနေတတ်၏၊ ထိုအခါမျိုးတွင် ''ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားပြီ'' ဟု ယူဆလာတတ်၏၊ ပြောကြားလာတတ်၏၊ အကယ်စင်စစ်မှာကား နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေး သော အဆင့်တွင်သာ တည်ရှိနေပေသေးသည်။

ဤသို့ ပြောဆိုလာသူတို့မှာ ယေဘုယျအားဖြင့် သမထပိုင်းတွင်လည်း ကမ္မဋ္ဌာန်းလေးဆယ်တို့တွင် မိမိတို့ နှစ်ခြိုက်ရာ စိတ်ကြိုက် ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် ခိုင်ခိုင်ခံ့ခံ့ သမာဓိ မထူထောင်ရသေးဘဲ, ရုပ်တရားကို သိမ်း ဆည်းရာ၌ ရှုပွားရာ၌လည်း ဓာတ်ကြီး (၄)ပါးကို စနစ်တကျ စည်းကမ်းနည်းလမ်းကျကျ မရှုပွားဘဲ မိမိတို့ နှစ်ခြိုက်သလို ရှုပွားလာရာက ပါရမီအားလျော်စွာ သမာဓိအတော်အသင့် အားကောင်းလာသောအခါ၌ ရုပ် ကလာပ်များကို တွေ့မြင်လာသူတို့သာ ဖြစ်ကြ၏၊ မူလကတည်းက ရုပ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားထားသဖြင့် ရုပ်ကလာပ်များကို တွေ့မြင်လာသောအခါ၌လည်း ထိုရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ဓာတ်ကြီး (၄)ပါးကို ဆက်လက်၍ သိမ်းဆည်းရေး ဉာဏ်ဖြင့် ပိုင်းခြားယူရေးမှာ အလွန်ပင် အလှမ်း ဝေးလျက် ရှိနေ၏၊ မူလကတည်းက ဓာတ်ကြီး (၄)ပါးကို လျင်လျင်မြန်မြန် မရှုထားတတ်သူတို့အဖို့ အလွန့် အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်ပြီးနောက် ပျောက်သွားသော ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌လည်း ဖြစ် ပေါ်ပြီးနောက် မပျက်ခင် အချိန်ကာလအတွင်းဝယ် ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုတတ်ရေးမှာ ခက်ခဲသော လုပ်ငန်းတစ်ရပ်ပင် ဖြစ်နေပေ၏၊ များသောအားဖြင့် ထိုကလာပ်တစ်ခု တစ်ခု အတွင်း၌လည်း ဓာတ်ကြီး (၄)ပါး ကို မြင်အောင် ရှုပွားရမည်ဟူသော အမှတ်သညာမျှပင် မရှိသူက များပေသည်။ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်လက်၍ ရှုပွားနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရုပ်ပရမတ်နယ်မြေသို့ စတင် ရောက်ရှိမည် ဖြစ်သည်။ ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ် စသည့် ပညတ်များ မကွာသေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေး၏၊ ထိုမှ တစ်ဆင့် ပရမတ္ထ သစ္စာနယ်သို့ ရောက်အောင် ကူးယူရမည် ဖြစ်သည်။ အညစ်အကြေး လုံးဝ မကင်းစင်သေးသော ရွှေကဲ့သို့ မှတ်ပါ။ ရွှေကား မှန်၏၊ သို့သော် အညစ်အကြေးကား လုံးဝ မစင်သေး ဟူလိုသည်။

ပရမတ္ထ သစ္စာနယ်သို့

ပရမတ္ထ သစ္စာနယ်သို့

အကယ်၍ ရုပ်ကလာပ်များ၏ အလွန်လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုမရနိုင် ဖြစ်နေပါက, မမြင်ချင် မတွေ့ချင်သူ တစ်ဦးနှင့် တွေ့ဆုံ သောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့, အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှု ပျောက်မှုကို အာရုံမပြုဘဲ မကြည့်ဘဲ နှလုံးမသွင်းဘဲ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါး ကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ အာရုံပြုနေပါ ရှုနေပါ။ ပါရမီ အရှိန်အဝါ အားကောင်းသူ ယောဂီ သူတော်စင်များအဖို့ အောင်မြင်မှု ရတတ်ပါသည်။

ရုပ်ကလာပ်တို့၏ ပေါ်မှု ပျောက်မှုက အလွန် လျင်မြန်လွန်းသဖြင့် အောင်မြင်မှု မရ ဖြစ်နေသော် ရုပ် ကလာပ် တစ်ခု တစ်ခုကို အာရုံမယူသေးဘဲ, ရုပ်ကလာပ်တို့၏ ဖြစ်မှု ပျက်မှုကိုလည်း နှလုံးမသွင်းဘဲ ရုပ် ကလာပ် အများစုကို ခြုံ၍ဖြစ်စေ, သို့မဟုတ် ရုပ်ကလာပ်အားလုံးကို ခြုံ၍ ဖြစ်စေ, သို့မဟုတ် တစ်ကိုယ်လုံးကို ခြုံ၍ဖြစ်စေ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုသာ အာရုံစိုက်၍ ဆက်လက် ရှုပွားနေပါ။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာအာရုံ၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားလျက် သမာဓိ ကို ထူထောင်နေပါ။ သမာဓိ အားကောင်းလာသောအခါ ကလာပ်တစ်ခု တစ်ခု အတွင်း၌လည်း ပါဝင် တည်ရှိ နေသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ထွင်းဖောက် သိမြင်လာနိုင် ပါသည်။

အကြမ်းစားအားဖြင့် ထိုရုပ်ကလာပ်များကို ခွဲတမ်းချလိုက်သော် ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား နှစ်မျိုးထွက်လာ၏၊ ပသာဒရုပ် = အကြည်ရုပ် (၅)မျိုးတို့တွင် တစ်မျိုးမျိုး ပါဝင်သော ရုပ်ကလာပ်များမှာ ကြည်၍ ကျန်ရုပ်ကလာပ်အများစုမှာ မကြည်ကြပေ။ ထိုကြည်သော ရုပ်ကလာပ် နှင့် မကြည်သော ရုပ်ကလာပ်တို့မှာ ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ရောနှောလျက် တစ်ကိုယ်လုံး၌ ပျံ့နှံ့ တည်ရှိနေကြပေသည်။ ကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါး, မကြည်သော ရုပ်က လာပ်၌ ဓာတ် (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ တစ်ကိုယ်လုံးရှိ ရုပ်ကလာပ်အားလုံးကို ခြုံ၍ ဓာတ် (၄)ပါး ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ ဓာတ် (၄)ပါး ရှုလိုက် - ဤသို့ ကြိုးပမ်းကြည့်ပါ၊ အောင်မြင်မှု ရတတ်ပါသည်။

ဣန္ဒြေ-ဗောဇ္ဈင်များ ညီမျှအောင် ကျင့်ပါ

ဣန္ဒြေ-ဗောဇ္ဈင်များ ညီမျှအောင် ကျင့်ပါ

အောင်မြင်မှု မရခဲ့သော် ဣန္ဒြေ (၅)ပါး သို့မဟုတ် ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။ မူလပါရိဟာရိယ = လက်စွဲကမ္မဋ္ဌာန်းအဖြစ် ပွားများထားသော အာနာပါနကမ္မဋ္ဌာန်းဖြင့် သမာဓိ အဆင့်ဆင့် တစ်ဖန်ပြန်၍ ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိကို ဂုဏ်အင်္ဂါ ရှစ်တန်နှင့် ပြည့်ဝစုံညီလာအောင် ကြိုးပမ်းပါ။ ထိုနောင် ဓာတ်ကြီး (၄)ပါးကို ပြန်ရှု၍ သမာဓိထူထောင်ပါ။ အကြည်ပြင် အကြည်တုံး ပေါ်လာ သော် အာကာသဓာတ်ကို ရှု၍ ရုပ်ကလာပ်များကို မြင်အောင် ကြည့်၍ တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ် အားလုံးကို ခြုံ၍ ဓာတ်ကြီး (၄)ပါးကိုပင် ရှုနေပါ။ ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါ။

၁။ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းတတ် ရှုပွားတတ်သော သတိသမ္ဗောဇ္ဈင်,

၂။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းသိနေသော စူးစမ်းဆင်ခြင်လျက် သိနေသော ဓမ္မဝိစယသမ္ဗောဇ္ဈင်,

၃။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်း သိအောင် ထိုသဘာဝလက္ခဏာ အာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယသမ္ဗောဇ္ဈင်,

၄။ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်းထွင်း သိမှု၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေသော ပီတိသမ္ဗောဇ္ဈင်,

၅။ ယင်းဓာတ်ကြီး (၄)ပါး အာရုံ၌ စိတ်စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်,

၆။ ယင်းဓာတ်ကြီး (၄)ပါး အာရုံ၌ စိတ်ငြိမ်ဝပ်စွာ တည်နေမှု သမာဓိသမ္ဗောဇ္ဈင်,

၇။ ယင်းဓာတ်ကြီး (၄)ပါး အာရုံ၌ စိတ်ကို အညီအမျှထားတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင် ----

ဤဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ကို ညီမျှအောင် ကျင့်ပါ။ ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တရားများ အားကောင်းလာအောင် ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်းထွင်း လင်းလင်း ထင်ထင် သိအောင် စိတ်ကို တင်းလျက် စူးစူးစိုက်စိုက် ရှုကြည့်ပါ။ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာ သမ္ဗောဇ္ဈင်တရား များ အားကောင်းလာအောင်လည်း စိတ်ကို လျှော့၍ ဓာတ် (၄)ပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ် ကြည့်ပါ။

ဤသို့ ရှုဖန်များလာသောအခါ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်း ထွင်း လင်းလင်းထင်ထင် သိမှုနှင့် ယင်းဓာတ် (၄)ပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိတို့ ညီမျှမှု ရှိလာသောအခါ - တစ်နည်း ဣန္ဒြေ (၅)ပါး, ဗောဇ္ဈင် (၇)ပါးတို့ ညီမျှမှု ရှိလာသောအခါ - ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ - မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း - ဟူသော သဘောတရား (၁၂)မျိုးတို့ကို တစ်ခုပြီး တစ်ခု ရှုကြည့်ပါ။

ရှုပုံ ---- တစ်ကိုယ်လုံးရှိ ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာမှုသဘောကို ရှုပါ။ တစ်ဖန် ရုပ်ကလာပ် တစ်ခု၌ မာမှုသဘောကို ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ရုပ်ကလာပ်များမှာ အလွန် လျင်လျင်မြန်မြန် ပေါ်နေ ပျောက်နေမည်သာ ဖြစ်သည်။ ကလာပ်တစ်ခု၌ မာမှုသဘောကို ရှုလိုက်သည်နှင့် ယင်းရုပ်ကလာပ်မှာ ပျောက်သွားပါက နောက်ကလာပ်တစ်ခု၌ မာမှုသဘောကို ဆက်ရှုကြည့်ပါ။ ဤသို့ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုခဲ့သော် ရှုလိုက်သည့် ကလာပ်တိုင်း၌ မာမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင်နေပါက, ကြမ်းမှုသဘော တရားကို တိုး၍ ပုံစံတူ ဆက်ရှုကြည့်ပါ။ ရုပ်ကလာပ် တစ်ခုအတွင်း၌ ကြမ်းမှုသဘောကို ဉာဏ်ဖြင့် တွေ့မြင် သောအခါ မာမှု-ကြမ်းမှု သဘောနှစ်မျိုးလုံးကို ကလာပ်တစ်ခု တစ်ခု အတွင်း၌ မြင်အောင် ဆက်၍ လေ့ကျင့် ပါ။

ဤနည်းစနစ်အတိုင်း တစ်စတစ်စ သဘောတရား တစ်ခုစီ တစ်ခုစီ တိုး၍ တိုး၍ လေ့ကျင့်ပါ။ ရုပ် ကလာပ်တစ်ခု တစ်ခုအတွင်း၌ သဘောတရား (၁၂)မျိုးလုံးကို ထိုက်သလို ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် ရှင်းရှင်းကြီး သိမြင်သောအခါ ကလာပ်တစ်ခု တစ်ခုအတွင်း၌ ဓာတ် (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ သမာဓိ စွမ်းအင် ကြီးမားလာ၍ ဉာဏ်အာနုဘော်က ထက်မြက်စူးရှလာသောအခါ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ပြိုင်တူလိုလို ထင်ရှားနေမည် ဖြစ်ပေသည်။ ထိုသို့ ထင်ရှားလာသောအခါ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဟူသော (၆)ဒွါရ၌ ကြည်သည့် ရုပ်ကလာပ်တွင် ဓာတ် (၄)ပါး, မကြည်သည့် ရုပ်ကလာပ်တွင် ဓာတ် (၄)ပါးတို့ကို မြင်အောင် ဆက်၍ ရှုပါ။ ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကို အောင်မြင်စွာ သိမ်းဆည်း ရှုပွား နိုင်ပါက ထိုရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီး (၄)ပါး အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်နေသော, သဒိသူပစာအားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုအပ်ပေသည်။

ဤဖော်ပြပါ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသော ကာမာဝစရသမာဓိ အခိုက်ဝယ် ----

၁။ ပထဝီဓာတ်၌ မာမှုသဘော,

၂။ အာပေါဓာတ်၌ ယိုစီးမှုသဘော,

၃။ တေဇောဓာတ်၌ ပူမှုသဘော,

၄။ ဝါယောဓာတ်၌ ထောက်ကန်မှုသဘော ----

ဤသဘာဝလက္ခဏာ (၄)မျိုးကိုသာ ဦးစားပေး၍ ရှုဖို့ရန် လိုရင်း ဖြစ်သည်ကိုကား မမေ့ပါနှင့်။

ထိုက်သလို ဟူသည်

ထိုက်သလို ဟူသည်

ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ ဓာတ်ကြီး (၄)ပါးတို့၏ သဘောတရား (၁၂)မျိုးတို့ကို ထိုက်သလို ဉာဏ်ဖြင့် တွေ့မြင်မှုဟူသည်ကို အနည်းငယ် ရှင်းလင်းတင်ပြပေအံ့။ ----

ရုပ်ကလာပ်တစ်ခု၌ ပထဝီဓာတ်ဝယ် မာ-ကြမ်း-လေး ထင်ရှားပါက ပျော့-ချော-ပေါ့ မထင်ရှားပေ။ ပျော့-ချော-ပေါ့ ထင်ရှားပါကလည်း မာ-ကြမ်း-လေး မထင်ရှားပေ။

အာပေါဓာတ်၌ကား ယိုစီးမှု-ဖွဲ့စည်းမှု နှစ်မျိုးလုံး ထင်ရှားနိုင်၏၊ သို့သော် တစ်မျိုးမျိုးမှာ သဘာဝသတ္တိ လွန်ကဲနေတတ်သည်။

တစ်ဖန် တေဇောဓာတ်၌ ပူမှုထင်ရှားက အေးမှု မထင်ရှားပေ။ အေးမှု ထင်ရှားပါကလည်း ပူမှု မထင် ရှားပေ။

တစ်ဖန် ဝါယောဓာတ်၌ကား ထောက်ကန်မှု-တွန်းကန်မှု နှစ်မျိုးလုံး ထင်ရှားနိုင်၏၊ ထောက်ကန်မှုကား သဘာဝလက္ခဏာ, တွန်းကန်မှုကား ရသကိစ္စ ဖြစ်သည်။ သတိပြု၍ သိမ်းဆည်းပါ။

(မဟာဋီ၊၂၊၁၀၈-၁၀၉ - ကြည့်ပါ။)

သတ္တသညာ-အတ္တသညာ ကွာပြီ

သတ္တသညာ-အတ္တသညာ ကွာပြီ

ဤကဲ့သို့ ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ရုပ်ဃန (၃)မျိုးတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်း ရှုပွားနိုင်သော အဆင့်ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရပဗ္ဗ၌ ဤသို့ ဟောကြား ထားတော်မူ၏၊

သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ၊၁၊၇၃။)

= ရဟန်းတို့ ... ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း, နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကိုသတ်၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာအရပ်၌ နွားသားကို အသားတခြား အရိုးတခြား စသည်ဖြင့် ခွဲခြားဝေဖန်၍ တစ်ပုံစီ တစ်ပုံစီ ပုံလျက် (ရောင်းချဖို့ရန်) ထိုင်နေရာသကဲ

(မ၊၁၊၇၃။)

အဋ္ဌကထာ ဋီကာများကလည်း ဤသို့ ဖွင့်ဆိုလျက် ရှိ၏၊

ဓာတုသော ပစ္စဝေက္ခတော ပနဿ သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။

(ဒီ၊ဋ္ဌ၊၂၊၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။)

ဓာတုသော ပစ္စဝေက္ခတောတိ ဃနဝိနိဗ္ဘောဂကရဏေန ဓာတုံ ဓာတုံ ပထဝီအာဒိဓာတုံ ဝိသုံ ဝိသုံ ကတွာ ပစ္စဝေက္ခန္တဿ။ သတ္တသညာတိ အတ္တာနုဒိဋ္ဌိဝသေန ပဝတ္တာ သတ္တသညာတိ ဝဒန္တိ၊ ဝေါဟာရဝသေန ပဝတ္တသတ္တသညာယပိ တဒါ အန္တရဓာနံ ယုတ္တမေဝ ယာထာဝတော ဃနဝိနိဗ္ဘောဂဿ သမ္ပာဒနတော။ ဧဝဥှိ သတိ ယထာဝုတ္တဩပမ္မတ္ထေန ဥပမေယျတ္ထော အညဒတ္ထု သံသန္ဒတိ သမေတိ။

(ဒီ၊ဋီ၊၂၊၃၀၉။ မ၊ဋီ၊၁၊၃၆၅-၃၆၆။)

၁။ သန္တတိဃန - ဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ,

၂။ သမူဟဃန - ဟူသော ရုပ်အပေါင်းအစု အတုံးအခဲ,

၃။ ကိစ္စဃန - ဟူသော ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ----

ဤ (၃)မျိုးသော ရုပ်တုံးရုပ်ခဲ ရုပ်အစိုင်အခဲကြီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြုလျက် ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟူသော ဓာတ်ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ပြု၍ ဉာဏ်ဖြင့် သိမ်းဆည်းလျက် ဆင်ခြင် လျက် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သို့မဟုတ် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ----

၁။ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် ဇီဝကောင်ဟု အတ္တ ထင်ရှားရှိကြောင်းကို စွဲလမ်းယုံ ကြည်နေသော = အဖန်ဆင်းခံ ဇီဝအတ္တ, ဖန်ဆင်းရှင် ပရမအတ္တ ထင်ရှားရှိကြောင်းကို စွဲလမ်းယုံကြည် နေသော အတ္တဝါဒ အတ္တဒိဋ္ဌိနောက်သို့ အစဉ်လိုက်နေသော သတ္တသညာ,

၂။ လောကဝယ် လူတို့ ခေါ်ဝေါ်သုံးစွဲနေသည့်အတိုင်း ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ တကယ် ထင်ရှားရှိကြောင်းကို စွဲလမ်း ယုံကြည်နေသော လူတို့ ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရ၏ အစွမ်း ဖြင့် ဖြစ်ပေါ်လာသော သတ္တသညာ,

ဤနှစ်မျိုးသော သတ္တသညာသည် ကွယ်ပျောက်၍ သွား၏၊ ဓာတ်၏ အစွမ်းဖြင့်သာလျှင် ဘာဝနာစိတ် သည် ကောင်းစွာ တည်နေ၏၊ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိသော ဓာတ်ကြီး (၄)ပါး အာရုံ၌သာလျှင် ဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏၊

(ဒီ၊ဋ္ဌ၊၂၊၃၆၁။ မ၊ဋ္ဌ၊၁၊၂၇၆။ ဒီ၊ဋီ၊၂၊၃၀၉။ မ၊ဋီ၊၁၊၃၆၅-၃၆၆။)

ယသ္မာ အယံ ဓာတုမနသိကာရော ယာဝဒေဝ သတ္တသညာသမုဂ္ဃါနတ္ထော၊ ဓမ္မဝိနိဗ္ဘောဂေါ စ သာတိသယံ သတ္တသညာသမုဂ္ဃါဋာယ သံဝတ္တတိ၊ တသ္မာ ကောဋ္ဌာသေသု ဧဝံ ဓမ္မဝိဘာဂေါ ဝေဒိတဗ္ဗော။

(မဟာဋီ၊၁၊၄၄၆။)

ဤဓာတ်ကို သိမ်းဆည်း ရှုပွားခြင်း နှလုံးသွင်းခြင်း ဓာတုမနသိကာရသည် သတ္တသညာကို ပယ်ခွာခြင်း အကျိုးရှိ၏၊ ရုပ်ဓမ္မ နာမ်ဓမ္မတို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဟူသော ရုပ်ဃန နာမ်ဃန အတုံးအခဲများကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာခြင်းကို ပြုခြင်းသည် လွန်လွန်ကဲကဲ သတ္တသညာကို ကောင်းစွာ ပယ်ခွာခြင်းငှာ ဖြစ်၏၊ ထိုကြောင့် (၄၂) ကောဋ္ဌာသ တို့၌လည်း ရုပ်ပရမတ်တို့ကို ခွဲခြားဝေဖန်ခြင်း ဓမ္မဝိဘာဂကို ပြု၍ = (၄၄)မျိုးသော, (၁၆)မျိုး (၈)မျိုးစသော ထိုထိုဆံပင် စသော ကောဋ္ဌာသတို့၌ တည်ရှိနေသော ပရမတ္ထဓမ္မရုပ်တို့ကို ခွဲခြား စိတ်ဖြာ၍ သိအောင် ကြိုးစား အားထုတ်ပါလေ။ (မဟာဋီ၊၁၊၄၄၆။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ မိန့်ဆိုထားတော်မူသည့် အတိုင်း ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင် တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်လျှင် ပရမတ်နယ်သို့ ခြေစုံပစ်၍ ဝင်စပြုလာပြီ ဖြစ်၏၊ သတ္တသညာလည်း စတင်၍ ကွာပြီ ဖြစ်၏၊ ''အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် တကယ် ထင်ရှားရှိ၏၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ တကယ် ထင်ရှားရှိ၏''ဟု သံသရာတစ်လျှောက် ခဲခဲ့သမျှ အစွဲကြီးကား ခဲလေသမျှ သဲရေကျ အသွင်သို့ ကူးပြောင်းစ ပြုလာပြီ ဖြစ်၏၊ ထိုအချိန်တွင် အကယ်၍ ဗဟိဒ္ဓလောက တစ်ခုလုံးကိုပါ ဉာဏ်ဖြင့် စေလွှတ်၍ ဓာတ်ကြီး (၄)ပါးကို ရှုလိုက်ပါက သက်ရှိသက်မဲ့ တစ်လောကလုံး၌ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့ရှိရ၍ ထိုကလာပ်တို့ကို ပရမတ် ဉာဏ်ပညာမျက်စိဖြင့် ဓာတ်ခွဲကြည့်လိုက်ပါက ဓာတ်ကြီး (၄)ပါး အစု အပုံကိုသာ တွေ့ရှိနေမည် ဖြစ်သည်။

သို့သော် ထို သတ္တသညာ အတ္တသညာ သက္ကာယဒိဋ္ဌိ ငရဲမီးကြီး အပြီးတိုင် ငြိမ်းဖို့ရန်ကား အနည်းဆုံး သောတာပတ္တိမဂ်ဉာဏ်သို့ ဆိုက်အောင် သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့ကို အဆင့်ဆင့် ဆက်လက် ကြိုးပမ်းရဦးမည် ဖြစ်၏၊ သို့အတွက် ေ့ရှသို့ ဆက်ရမည့် လုပ်ငန်းခွင်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

အထက်တွင် ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးတို့ကို အောင် မြင်စွာ သိမ်းဆည်း ရှုပွားနိုင်ပါက ထိုရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိနေသည့် ဓာတ်ကြီး (၄)ပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကို အထွတ်အထိပ်သို့ ရောက်နေသော သဒိသူပစာ အားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိဟူ၍ ခေါ်ဆိုကြောင်းကို ရေးသားဖော်ပြခဲ့၏၊ ထိုသမာဓိ အခိုက်ဝယ် သတိပြုရန် အချက်တစ်ရပ်မှာ ဤသို့ ဖြစ်၏၊

ဤအချိန်တွင် လင်းရောင်ခြည်စွမ်းအင်ကား ရှိနေမည်သာ ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ သမာဓိ လျော့သွားသော အခါ၌ ဖြစ်စေ, နီဝရဏ အညစ်အကြေးတို့၏ လှုပ်ချောက်ချားမှုကို ခံရသောအခါ၌ ဖြစ်စေ လင်းရောင်ခြည် စွမ်းအင်များ လျော့သွားတတ်၏၊ ထိုအခါမျိုး၌ အာနာပါနက စ၍ ဖြစ်စေ, ဓာတ်ကြီး (၄)ပါးက စ၍ ဖြစ်စေ သမာဓိ ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြန်လည် ထွက်ပေါ်လာမည်သာ ဖြစ် ပါသည်။

အာနာပါနလမ်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် သမာဓိထူထောင်ခဲ့သော် ထိုသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များ ထွက်ပေါ်လာကြောင်းကို ရှေးတွင် ရှင်းပြခဲ့၏၊ ထိုလင်း ရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးဖြင့် ဆက်လက်၍ တစ်ဖန် သမာဓိထူထောင်ခဲ့သော် အထွတ်အထိပ်သို့ ရောက်ရှိလာသော ထိုသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များ ထွက် ပေါ်လာသည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည်များမှာ ရူပါရုံ အမျိုးမျိုးကို တွေ့မြင်နိုင်ကြောင်းကိုလည်း ရှေးသမာဓိပိုင်းတွင် ရှင်းပြခဲ့ပေသည်။

(၄၂) ကောဋ္ဌာသသို့

(၄၂) ကောဋ္ဌာသသို့

ထိုလင်းရောင်ခြည်စွမ်းအင်များ ထက်မြက်စူးရှလာသောအခါ ဆံပင်-မွေးညင်း-ခြေသည်း လက်သည်း-သွား-အရေ စသော (၃၂)ကောဋ္ဌာသတို့ကို ဆက်လက်၍ ရှုပါက လွယ်လွယ်ကူကူပင် တွေ့မြင်နေမည်သာ ဖြစ်ပါသည်။ ထို (၃၂)ကောဋ္ဌာသတို့တွင် ပထဝီကောဋ္ဌာသ (၂၀)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍, အာပေါကောဋ္ဌာသ (၁၂)ခုကို (၆)ခုစီ (၆)ခုစီ ပိုင်း၍ ရှုပါ။ အချို့ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ရှုစတွင် ဝါးတားတား ဖြစ်နေတတ်၏၊ ထိုအခါ၌ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ တစ်ဖန် ပြန်၍ ရှုကြည့်ပါ။ မှန်ထဲတွင် မြင်ရသကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်ရပါက လုံလောက်ပေပြီ။ ထို (၃၂) ကောဋ္ဌာသတို့ကို ဆံပင်မှ ကျင်ငယ်, ကျင်ငယ်မှ ဆံပင်သို့ တိုင်အောင် တစ်ခဏအတွင်း ရှင်းရှင်းလင်းလင်း မြင်အောင် လေ့ကျင့်ပါ။ ဆံပင်က ဖြို၍ စိုက်လိုက်က ကျင်ငယ်သို့ တိုင်အောင်, ကျင်ငယ်က တစ်ဖန်ပြန်၍ စိုက်လိုက်က ဆံပင်သို့ တိုင်အောင် တိုးလျှိုပေါက် တွေ့မြင်ပါက အဇ္ဈတ္တတွင် ပဂုဏဖြစ်ပြီး အဝါးဝစွာ လေ့လာ ပြီးပင် ဖြစ်သည်။

ဗဟိဒ္ဓ၌ ထင်လာပုံ

ဝိစရန္တာ တိရစ္ဆာနဂတာပိ မနုဿာပိ သတ္တာတိ န ဥပဋ္ဌဟန္တိ၊ ကောဋ္ဌာသာတိ ဥပဋ္ဌဟန္တိ။ ခါဒနီယဘောဇနီယံ ကောဋ္ဌာသန္တရေ ပက္ခိပမာနံ ဝိယ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

(၃၂)မျိုးသော အရောင်အဆင်းရှိသော ပန်းတို့ကို တစ်ခုသော ချည်ကြိုးဖြင့် သီကုံးထား၏၊ ထိုပန်းကုံးကို မျက်စိအမြင်ရှိသော ယောက်ျားက ကြည့်လိုက်သောအခါ (၃၂)မျိုးသော ပန်းပွင့်တို့သည် ထိုယောက်ျားအဖို့ ထင်ရှားနေကြကုန်၏၊ တိုင် (၃၂)တိုင်ဖြင့် အိမ်ခြံစည်းရိုးတစ်ခုကို ကာရံထား၏၊ မျက်စိအမြင်ရှိသော ယောက်ျား က တစ်နေရာမှ ထိုတိုင်တို့ကို လှမ်းကြည့်လိုက်သော် ထိုတိုင်တို့သည် ထိုယောက်ျားအဖို့ ထင်ရှားနေကြကုန်၏၊ (အစဉ်အတိုင်း တန်း၍ ခပ်စိပ်စိပ် စိုက်ထူထားသော ခြံတိုင်တို့ကို ပြိုင်တူ မြင်နိုင်လောက်သော နေရာမှ လှမ်း ကြည့်လိုက်ခြင်းဖြစ်၏၊) ဤဥပမာအတူပင် (၃၂) ကောဋ္ဌာသတို့သည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လာကုန်၏၊ လှည့်လည်ကျက်စား သွားလာနေကြကုန်သော တိရစ္ဆာန်တို့သည်လည်းကောင်း, လူတို့သည် လည်းကောင်း သတ္တဝါဟူ၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ မထင်လာကုန်၊ (၃၂)ကောဋ္ဌာသတို့ ဟူ၍သာ ထင်လာကုန်၏၊ ယင်းတို့ စားမျိုအပ်သော ခဲဖွယ်ဘောဇဉ်သည် (၃၂)ကောဋ္ဌာသတို့၏ အကြား၌ ထည့်သွင်း ထားအပ်သကဲ့သို့ ဖြစ်နေ၏၊ (အဘိ၊ဋ္ဌ၊၂၊၂၃၆-၂၄၂။ ဝိသုဒ္ဓိ၊၁၊၂၅၇ - ကြည့်။)

လမ်းသုံးသွယ်

လမ်းသုံးသွယ်

ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ။ အာကင်္ခမာနဿ ဝဏ္ဏတော, အာကင်္ခမာနဿ ပဋိကူလတော, အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)

= အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့တွင် (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ အချိန် အခါကာလမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး (၃)ခုတို့တွင် တစ်ခုခုသော မုခ်ဦးဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်သည်။

ကမ္မဋ္ဌာန်းသည် ----

၁။ အရောင်အဆင်း (ဝဏ္ဏကသိုဏ်း) အားဖြင့်သော်လည်းကောင်း,

၂။ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်သော်လည်းကောင်း,

၃။ ပုဂ္ဂိုလ် သတ္တဝါ ဇီဝအတ္တတို့မှ ဆိတ်သုဉ်းနေသော သုညတသဘော = ဓာတ်သဘောအားဖြင့်သော်လည်းကောင်း ထင်လာ၏၊

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား - မုန့်ကို ကြော်ချက်လိုသော အမျိုးသ္မီးသည် နယ်၍ ထားအပ်သော မုန့်ညက်စိုင်မှ မိမိအလိုရှိရာ မုန့်မျိုးကို ကြော်ချက်သကဲ့သို့, ညီညာသော မြေအဖို့၌ တည်ထား အပ်သော ရေပြည့်အိုးကို အလိုရှိရာဘက်သို့ စောင်းငဲ့ သွန်းလောင်းအပ်သည်ရှိသော် ထိုထို လောင်းချသည့် ဘက်မှ ရေသည် စီးထွက်လာသကဲ့သို့ ---- ဤဥပမာအတူပင်လျှင် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ (၃၂)ကောဋ္ဌာသ တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ အချိန်ကာလမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးခုတို့တွင် တစ်ခုခုသော မုခ်ဦးဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ် သည်။

၁။ အလိုရှိသသူအား ဝဏ္ဏ = အရောင်ကသိုဏ်းအားဖြင့်,

၂။ အလိုရှိသသူအား ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်,

၃။ အလိုရှိသသူအား သုညတ = ဓာတ်သဘောအားဖြင့် ကမ္မဋ္ဌာန်းသည် ထင်လာလိမ့်မည်သာ ဖြစ်ပေသည်။

(အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)

ဝဏ္ဏကသိုဏ်း ---- ဆံပင်ကဲ့သို့သော ညိုသော ကောဋ္ဌာသတို့၏ အညိုရောင်ကို အာရုံယူ၍ နီလကသိုဏ်း ကိုလည်းကောင်း, အဆီခဲ ကျင်ငယ်တို့ကဲ့သို့သော ဝါသော ကောဋ္ဌာသတို့၏ အဝါရောင်ကို အာရုံယူ၍ ပီတ ကသိုဏ်းကိုလည်းကောင်း, သွေးကဲ့သို့သော နီသော ကောဋ္ဌာသတို့၏ အနီရောင်ကို အာရုံယူ၍ လောဟိတ ကသိုဏ်းကိုလည်းကောင်း, အရိုးကဲ့သို့သော ဖြူသော ကောဋ္ဌာသတို့၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ ကသိုဏ်းကိုလည်းကောင်း အသီးအသီး ပွားခဲ့သော် သမာပတ် (၈)ပါးသို့ ပေါက်နိုင်၏၊ ယင်းစျာန်သမာပတ် တို့ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးခဲ့သော် အရဟတ္တဖိုလ်ပေါက် ရောက်နိုင်၏၊ ဤသို့ လျှင် (၃၂) ကောဋ္ဌာသတို့မှ အရောင်ကသိုဏ်း (၄)မျိုး (= ဝဏ္ဏကသိုဏ်း ၄-မျိုး)တို့ကို ပွားများနိုင်၏၊ ယင်း စျာန်များကို အဘိဘာယတနစျာန် (= ဆန့်ကျင်ဘက် နီဝရဏ ကိလေသာတရားနှင့် ကသိုဏ်းပညတ် အာရုံ တို့ကို လွှမ်းမိုးနိုင်ကြောင်းစျာန်) ဟူသော အမည်ဖြင့်လည်းကောင်း, ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက် ကြောင်း ဝိမောက္ခစျာန်ဟူသော အမည်ဖြင့်လည်းကောင်း မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၃-၉၄။) စသည် တို့၌ ဘုရားရှင် ဟောကြားထားတော်မူ၏၊

ပဋိကူလမနသိကာရ ---- (၃၂) ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ပထမ စျာန်သို့ ဆိုက်အောင် နှလုံးသွင်းပုံကိုလည်းကောင်း, ထိုပထမစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ အရဟတ္တ ဖိုလ်ပေါက် ဝိပဿနာရှုပွားပုံကိုလည်းကောင်း မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၇၂။) စသည်တို့၌ ဘုရားရှင် ဟောကြားထားတော်မူ၏၊

သုညတ = ဓာတ်ကမ္မဋ္ဌာန်း ---- မဟာဟတ္ထိပဒေါပမ သုတ္တန် (မ၊၁၊၂၄၂။) မဟာရာဟုလောဝါဒ သုတ္တန် (မ၊၂၊၈၃-၈၉။) စသည်တို့၌ (၃၂)ကောဋ္ဌာသတို့ကို အာရုံယူ၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ် ရှုပွားပုံကို အရဟတ္တ ဖိုလ်ပေါက် ဟောကြားထားတော်မူ၏၊

သုညတ ကမ္မဋ္ဌာန်းနှင့် ပတ်သက်၍ သမ္မောဟဝိနောဒနီအဋ္ဌကထာက ဤသို့ ဖွင့်ဆိုထား၏၊

သုညတောတိ ဒွတ္တိံသာကာရေ ဆန္နဝုတိ သုညတာ ဟောန္တိ၊ ယာသံ ဝသေန ယောဂါဝစရော ဒွတ္တိံသာကာရံ သုညတော ဝိပဿတိ။ သေယျထိဒံ? ကေသာ သုညာ အတ္တေန ဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါတိ။ ကေသေ တာဝ အတ္တသုညတာ, အတ္တနိယသုညတာ, နိစ္စဘာဝသုညတာတိ တိဿော သုညတာ ဟောန္တိ။ လောမာဒီသုပိ ဧသေဝ နယော။ (အဘိ၊ဋ္ဌ၊၂၊၂၄၉။)

= (၃၂)ကောဋ္ဌာသတို့၌ သုညတ သဘောအားဖြင့် ရှုပွားခဲ့သော် (၉၆)မျိုးသော သုညတ သဘောတရား တို့သည် ဖြစ်ပေါ်လာကုန်၏၊

ဆံပင်တို့သည် ----

၁။ အတ္တမှလည်း ကင်းဆိတ်ကုန်၏၊ ဆိတ်သုဉ်းကုန်၏၊

၂။ အတ္တနှင့် စပ်သော အတ္တ၏ ဥစ္စာမှလည်း ကင်းဆိတ်ကုန်၏၊ ဆိတ်သုဉ်းကုန်၏၊

၃။ မြဲသည့် နိစ္စသဘောမှ လည်းကောင်း, ခိုင်ခံ့သည့် ဓုဝသဘောမှလည်းကောင်း, တည်တံ့သည့် သဿတ သဘောမှလည်းကောင်း, ဖောက်ပြန် ပျက်စီးမှု မရှိသည့် အဝိပရိဏာမဓမ္မသဘောမှလည်းကောင်း ကင်းဆိတ်ကုန်၏၊ ဆိတ်သုဉ်းကုန်၏၊ ဤသို့လျှင် ဆံပင်၌ ရှေးဦးစွာ ----

၁။ အတ္တ သုညတာ = အတ္တမှ ဆိတ်သုဉ်းခြင်း,

၂။ အတ္တနိယ သုညတာ = အတ္တနှင့်စပ်သော အတ္တ၏ ဥစ္စာမှ ဆိတ်သုဉ်းခြင်း,

၃။ နိစ္စဘာဝ သုညတာ = မြဲသည့် နိစ္စအဖြစ်မှ ဆိတ်သုဉ်းခြင်း ----

ဟု ဆိတ်သုဉ်းခြင်း သုညတာ သဘောတရားတို့သည် (၃)မျိုးတို့ ရှိကုန်၏၊ ကောဋ္ဌာသ တစ်ခု တစ်ခု၌ (၃)မျိုးစီ ရှိသဖြင့် အားလုံးပေါင်းသော် (၃၂)ကောဋ္ဌာသတို့၌ (၃၂ x ၃ = ၉၆) မျိုးသော သုညတာသဘော တရားတို့သည် ဖြစ်ပေါ်လာကုန်၏၊

ယင်း သုညတာသဘောတရားတို့ကို သိလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂) ကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စတင်၍ သိမ်းဆည်း ရှုပွားရ၏၊ ထိုနောင် ရုပ်ကလာပ်များကို မြင်သောအခါ ရုပ်ကလာပ် များကို ဓာတ်ခွဲလျက် ပရမတ္ထ ရုပ်တရားတို့ကို သိမ်းဆည်းရ၏၊ ယင်းရုပ်တရားတို့ကို အာရုံယူ၍ ယင်းရုပ်တရား တို့ကို မှီ၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရားတို့ကိုလည်း တစ်ဖန် ဆက်လက်၍ သိမ်းဆည်းရ၏၊ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုလည်း ပူးတွဲသိမ်းဆည်းရ၏၊ ပိုင်းခြားမှတ်သားရ၏၊ ထိုနောင် ယင်းရုပ်နာမ်တို့၏ အကြောင်း တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါးလုံး၌ ဆက်လက် သိမ်းဆည်းရ၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းရ၏၊ ထိုသို့ သိမ်း ဆည်းပြီးသောအခါ ----

၁။ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း,

၂။ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အနှိပ်စက်ခံရမှုကို အာရုံယူ၍ ဒုက္ခဟုလည်းကောင်း,

၃။ ယင်းသင်္ခါရတရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မရှိသည့် သဘောကို ယင်းသင်္ခါရတရားတို့၌ အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟု လည်းကောင်း ----

ဤသို့လျှင် လက္ခဏာရေး (၃)တန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ထို ဝိပဿနာ ဉာဏ်များ အခိုက်၌လည်းကောင်း,

၁။ ယင်းသင်္ခါရတရားတို့၏ ပျက်မှုသက်သက်ကို အာရုံယူ၍ ယင်းသင်္ခါရတရားတို့၏ ကုန်ကုန်သွားတတ် သော အနက်သဘောကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း (အနိစ္စံ ခယဋ္ဌေန။)

၂။ ယင်းသင်္ခါရတရားတို့၏ ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ် ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဒုက္ခဟုလည်းကောင်း (ဒုက္ခံ ဘယဋ္ဌေန။)

၃။ ယင်းသင်္ခါရတရားတို့၏ ခိုင်မာသည့် အနှစ်သာရ အတ္တ မရှိမှုသဘော အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟုလည်းကောင်း (အနတ္တာ အသာရကဋ္ဌေန။)

ဤသို့လျှင် လက္ခဏာရေး (၃)တန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ထိုဝိပဿနာ ဉာဏ်များ အခိုက်၌လည်းကောင်း ----

၁။ အတ္တ သုညတာသဘောတရား,

၂။ အတ္တနိယ သုညတာသဘောတရား,

၃။ နိစ္စဘာဝ သုညတာသဘောတရားတို့ ထင်ရှားလာမည် ဖြစ်ပေသည်။

ဤကား သုညတာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ် အကျဉ်းချုပ်တည်း။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

သို့အတွက် လမ်းသုံးသွယ်ဟူသည် သမာဓိထူထောင်သည့် သမထပိုင်းတွင်သာ ကွဲပြားနေခြင်း ဖြစ်သည်။ ထိုသမာဓိကို အခြေပါဒက ပြု၍ ဝိပဿနာသို့ ကူးခဲ့သော် နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဒိဋ္ဌိဝိသုဒ္ဓိစခန်းမှ စ၍ နိဗ္ဗာန်သို့ သွားရာလမ်းကား တစ်လမ်းတည်းသာ တစ်ကြောင်းတည်းသာ ရှိသည်ဟု မှတ်ပါ။

ယင်းလမ်းသုံးသွယ်တို့တွင် ဤကျမ်း၌ကား သုညတ = ဓာတ်ကမ္မဋ္ဌာန်းလမ်းကိုသာ ဦးတည်၍ ဖော်ပြမည် ဖြစ်သည်။ ဝဏ္ဏကသိုဏ်းလမ်း, ပဋိကူလမနသိကာရလမ်းတို့ကို အလိုရှိပါက ပဉ္စမတွဲ - သမထကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း - အကျယ်

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း - အကျယ်

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နှလုံးသွင်းနည်းဖြင့်လည်း အရဟတ္တဖိုလ်ပေါက် ရှုပွားပုံကို မဟာသတိပဋ္ဌာန သုတ္တန် (မ၊၁၊၇၃။)တွင် ဟောကြားထားတော်မူ၏၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ် နှလုံးသွင်းနည်းဖြင့်လည်း အရဟတ္တ ဖိုလ်ပေါက် ရှုပွားပုံကို မဟာရာဟုလောဝါဒသုတ္တန် ဓာတုဝိဘင်္ဂသုတ္တန် စသည်တို့တွင် ဟောကြားထားတော် မူ၏၊ ကိံသုကောပမသုတ္တန် (သံ၊၂၊၃၉၆။)တွင် မဟာဘူတကမ္မဋ္ဌာနိက (= ဓာတုကမ္မဋ္ဌာနိက) ရဟန္တာ မထေရ် မြတ်ကြီးတစ်ပါး အကြောင်း လာရှိ၏၊

တတိယော မဟာဘူတကမ္မဋ္ဌာနိကော စတ္တာရိ မဟာဘူတာနိ သင်္ခေပတော စ ဝိတ္ထာရတော စ ပရိဂ္ဂဟေတွာ အရဟတ္တံ ပတ္တော။ (သံ၊ဋ္ဌ၊၃၊၉၈။)

= တတိယမြောက် ရဟန္တာ မထေရ်မြတ်ကြီးသည်ကား မဟာဘုတ်ဓာတ်ကြီး (၄)ပါးတို့ကို အကျဉ်းနည်း အားဖြင့်လည်းကောင်း, အကျယ်နည်းအားဖြင့်လည်းကောင်း သိမ်းဆည်း၍ ဝိပဿနာ ရှုပွား သုံးသပ်တော်မူ သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသော မဟာဘူတကမ္မဋ္ဌာနိက မထေရ်မြတ်ကြီး ဖြစ်ပေသည်။

(သံ၊ဋ္ဌ၊၃၊၉၈။)

ဤ လမ်းသုံးသွယ်တို့တွင်လည်း ဤကျမ်းတွင် ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း အကျယ်နည်း နှစ်နည်း လုံးဖြင့် အရဟတ္တဖိုလ်ပေါက် ရှုပွားပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

အသင်ယောဂီသူတော်ကောင်းသည် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း (၆)ဒွါရတို့ အတွင်း၌ တည်ရှိ သော ကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါး, မကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် လွယ်လွယ်ကူကူ သိမ်းဆည်းနိုင် ပိုင်းခြားယူနိုင် ရှုပွားနိုင်သောအခါ (၃၂)ကောဋ္ဌာသသို့ ကူးနိုင်ပြီ ဖြစ်သည်။

ရှေးဦးစွာ ဆံပင်ကောဋ္ဌာသကို မြင်အောင် ကြည့်ပါ။ ထိုနောင် ယင်းဆံပင်၌ ဓာတ်ကြီး (၄)ပါးကို မြင် အောင် စိုက်ရှုပါ။ (၆)ဒွါရ၌ တည်ရှိသော ကြည်သောကလာပ် မကြည်သောကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကို လွယ်လွယ်ကူကူ ရှု၍ ရနေသော ယောဂီသူတော်ကောင်းအဖို့ ဆံပင်၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုလိုက်သောအခါ လွယ်ကူနေမည်သာ ဖြစ်ပါသည်။ ထိုသို့ ဆံပင်၌ တည်ရှိသော ဓာတ် (၄)ပါး ကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိနိုင်ပါသည်။ ထိုအခါ ကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါး, မကြည်သော ရုပ်ကလာပ်၌ ဓာတ် (၄)ပါးတို့ကို ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ ဤနည်းကို မှီ၍ ကျန်ကောဋ္ဌာသတို့၌လည်း ဆက်ရှုပါ။ အချို့ကောဋ္ဌာသတို့၌ ကြည်သောကလာပ် မကြည်သော ကလာပ် နှစ်မျိုး ရှိသော်လည်း အချို့ကောဋ္ဌာသတို့၌ မကြည်သောကလာပ် အမျိုးအစားများသာ ရှိပေသည်။ (၃၂)ကောဋ္ဌာသတို့၌ ကလာပ်တို့ဝယ် ဓာတ်ကြီး (၄)ပါးကို ရှုပွားမှု အောင်မြင်ပါက ဝါယောကောဋ္ဌာသ (၆)ပါး, တေဇောကောဋ္ဌာသ (၄)ပါးတို့၌လည်း ရုပ်ကလာပ်တို့ဝယ် ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်ရှုပါ။ (အသေး စိတ် ရှုကွက်ကို ရုပ်ကမ္မဋ္ဌာန်းဇယားများဖြင့် ဖော်ပြထားပါသည်။)

ဥပါဒါရုပ်များ ထင်ရှားလာပုံ

ဥပါဒါရုပ်များ ထင်ရှားလာပုံ

ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ ''နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓ''န္တိအာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာ။ (မူလဋီ၊၂၊၁၅၄။)

''နီလံ ပီတ''န္တိအာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ ''မဟာဘူတံ။ ပ။ ဒုဂ္ဂန္ဓန္တိအာဒိနာ''တိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ, အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။ (အနုဋီ၊၂၊၁၅၆။)

= ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်းဝယ် ဤဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထိုကလာပ်တူ ဓာတ်ကြီး (၄)ပါးကိုပင် မှီ၍ ဖြစ်ပေါ် လာရသော ဥပါဒါရုပ်သည် ထင်ရှားလာသည်သာ ဖြစ်၏၊

မဟာဘုတ်ဓာတ်ကြီး (၄)ပါး မည်သည်ကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ရုပ်ကလာပ်တစ်ခုသည် အညို ရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အညိုရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သားရ၏၊ ရုပ်ကလာပ် တစ်ခုသည် အဝါရောင်နှင့် ပေါင်းဆုံမိသော် ထိုရုပ်ကလာပ်ကို အဝါရောင် ရုပ်ကလာပ်ဟု ပိုင်းခြားမှတ်သား ရ၏၊ အလားတူပင် ကောင်းသော အနံ့နှင့် ပေါင်းဆုံမိသော် အနံ့ကောင်း၏ဟု, မကောင်းသော အနံ့နှင့် ပေါင်းဆုံမိသော် အနံ့မကောင်းဟု ဤသို့ စသည်ဖြင့် ပိုင်းခြား မှတ်သားမှုသည် ဖြစ်၏၊ ထိုရုပ်ကလာပ် တစ်ခု တွင် ဓာတ်ကြီး (၄)ပါးကား အမာခံ အထည်ဝတ္ထု ဖြစ်၏၊ သို့အတွက် ဓာတ်ကြီး (၄)ပါးတို့၏ ညိုမှု ဝါမှု အနံ့ ကောင်းမှု မကောင်းမှုသာ ဖြစ်၏၊

အဝတ်နှင့် ဓာတ်ကြီး (၄)ပါးသည် တူညီ၏၊ အဝတ်ကို မှီတွယ်၍ ဖြစ်ပေါ်လာရသော အညိုရောင် အဝါရောင် ကောင်းသောအနံ့ မကောင်းသောအနံ့ စသည်နှင့် ကလာပ်တစ်ခုအတွင်း၌ မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို မှီတွယ်၍ ဖြစ်ပေါ်လာသော အဆင်း အနံ့ စသည့် ဥပါဒါရုပ်သည် တူညီ၏၊ သို့အတွက် ရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးကို ''ညို၏ ဝါ၏ အနံ့ကောင်း၏ အနံ့မကောင်း'' ဤသို့ စသည်ဖြင့် ယင်းကလာပ်တူ ဥပါဒါရုပ်ဖြင့် (= အဆင်း-အနံ့ စသည့် ဥပါဒါရုပ်က) ပိုင်းခြား မှတ်သား ပေး၏၊ အလားတူပင် ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီး (၄)ပါးဖြင့် ပိုင်းခြား မှတ်သားအပ်၏၊ ထိုမဟာဘုတ် ဓာတ်ကြီး (၄)ပါးကို မှီတွယ်၍ ဖြစ်ပေါ်နေသော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ် ဓာတ် ကြီး (၄)ပါးမှ ပြင်ပ၌ မရှိသောကြောင့် ဖြစ်၏၊

နေရောင်ခြည်တည်းဟူသော အကြောင်းကြောင့် မြေကြီးပေါ်တွင် အိမ်၏အရိပ် သစ်ပင်၏အရိပ် စသည် သည် ဖြစ်ပေါ်လာရ၏၊ နေရောင်ခြည်ကြောင့် အရိပ်၏ ဖြစ်ပေါ်လာရမှုသည်ပင် အရိပ်နှင့် နေရောင်ခြည် တို့၏ တစ်ခုနှင့် တစ်ခု အချင်းချင်း ပိုင်းခြားမှုကို ပြုခြင်းပင် ဖြစ်၏၊ နေသာနေသော (= နေပူနေသော) အချိန်တွင် မြေကြီး တစ်နေရာကို ကြည့်လိုက်က ဤကား နေရောင်ခြည်, ဤကား အရိပ်ဟု သိအောင် နေရောင်ခြည် မည်သည်ကို အရိပ်က ပိုင်းခြားအပ်သကဲ့သို့ အရိပ်ကို နေရောင်ခြည်ဖြင့် ပိုင်းခြားအပ်၏၊ အလားတူပင် မဟာ ဘုတ် ဓာတ်ကြီး (၄)ပါးကို ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကို မဟာဘုတ် ဓာတ်ကြီး (၄)ပါးဖြင့် ပိုင်းခြားအပ်၏၊ နေရောင်ခြည်နှင့် မဟာဘုတ်ဓာတ်ကြီး (၄)ပါးသည် တူ၏၊ နေရောင်ခြည်ကြောင့် ဖြစ်ပေါ် လာရသော သစ်ပင်ရိပ် အိမ်ရိပ် စသည်နှင့် ဥပါဒါရုပ်သည် တူ၏၊

မဟာဘုတ်ကြောင့် ဥပါဒါရုပ်သည် ဖြစ်ပေါ်လာရ၏၊ ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော မဟာ ဘုတ် ဓာတ်ကြီး (၄)ပါးကို မှီတွယ်၍ ယင်းရုပ်ကလာပ်ထဲတွင် အဆင်း အနံ့ အရသာ စသော ဥပါဒါရုပ်များ ဖြစ်ပေါ်လာရ၏၊ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ဓာတ်ကြီး (၄)ပါးကို ဟုတ်တိုင်းမှန်စွာ သိရေးမှာ ယင်းရုပ် ကလာပ်ကို ဉာဏ်ဖြင့် မြင်တွေ့ပါမှ ယင်းရုပ်ကလာပ်တစ်ခု၏ အတွင်း၌ ဓာတ်ကြီး (၄)ပါးကို ဆက်၍ ရှုပွား နိုင်မည် သိနိုင်မည် ဖြစ်သည်။ ယင်းရုပ်ကလာပ်ကို ဉာဏ်ဖြင့် တွေ့မြင်ရေးမှာ ယင်းရုပ်ကလာပ်၏ အရောင် အဆင်း စသည်ကို မြင်ပါမှ ရုပ်ကလာပ်ကိုလည်း မြင်နိုင်မည် ဖြစ်သည်။ တစ်ဖန် ရုပ်ကလာပ်ဟူသည့် အမှုန်တို့ မည်သည် အဆင်း အနံ့ စသည် မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ ရုပ်ကလာပ်ဟူသည် (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ရုပ်သဘောတရားတို့၏ အပေါင်းအစုမျှသာ ဖြစ်၏၊ ယင်း (၈)မျိုး (၉)မျိုး (၁၀)မျိုး စသော ရုပ်သဘောတရားတို့၏ အပေါင်းအစုကိုသာ ရုပ်ကလာပ်ဟု ခေါ်ခြင်း ဖြစ်၏၊ သို့အတွက် ဘူတရုပ်သည်လည်း ဥပါဒါရုပ်နှင့်, ဥပါဒါရုပ်သည်လည်း ဘူတရုပ်နှင့် ကင်း၍ ဖြစ်နိုင်သည့် စွမ်းအားမရှိပေ။ ''ကျွန်းကိုင်းမှီ, ကိုင်း ကျွန်းမှီ''ဟူ၏သို့ အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေသော တရားများ ဖြစ်ကြ၏၊ အချင်းချင်း အပြန်အလှန် ပိုင်းခြားပေးနေသော ပရမတ်သဘောတရားများ ဖြစ်ကြ၏၊ ဖြစ်စေအပ်သောတရား, ဖြစ်စေတတ်သောတရား ဖြစ်မှုသည် အချင်းချင်း ပိုင်းခြားတတ်သော သဘောတရားဖြစ်၏၊ (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မူလဋီ၊၂၊၁၅၄။ အနုဋီ၊၂၊၁၅၆) ဖြစ်စေအပ်သောတရား မရှိက ဖြစ်စေတတ်သော တရားလည်း မရှိနိုင်၊ ဖြစ်စေတတ်သော တရား မရှိကလည်း ဖြစ်စေအပ်သောတရားလည်း မရှိနိုင် ဟူလိုသည်။

ဥပါဒါရုပ်များကို ရှုပွားသိမ်းဆည်းပုံ

ဥပါဒါရုပ်များကို ရှုပွားသိမ်းဆည်းပုံ

ဝဏ္ဏ = အရောင်အဆင်း ---- မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး ဟူသော (၆)ဒွါရ၌ တည်ရှိကြသော ကြည်သည့် ရုပ်ကလာပ်, မကြည်သည့် ရုပ်ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကို ရှု၍ ကျေကျေနပ်နပ်ကြီး အောင်မြင် မှု ရရှိပါက ဥပါဒါရုပ်များကို ဆက်လက်၍ ရှုပွားသိမ်းဆည်းပါ။ ရုပ်ကလာပ်တိုင်း၌ ဝဏ္ဏ ခေါ် အရောင်အဆင်း သည် ရှိမြဲဖြစ်၏၊ ဤအချိန်မျိုးတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်ကို တွေ့မြင်သည်နှင့်အမျှ ရုပ်ကလာပ် တို့၏ အရောင်အဆင်းကိုလည်း တွေ့ရှိနေမည် ဖြစ်သည်။ ရုပ်ကလာပ်တစ်ခု တစ်ခုတွင် အရောင် ကိုယ်စီ ရှိနေသဖြင့် ရုပ်ကလာပ်မျိုးစုံတို့၌ အရောင်မျိုးစုံကို တွေ့ရှိနေမည် ဖြစ်သည်။ (၆)ဒွါရလုံး၌ ကြည်သည့် ရုပ် ကလာပ်, မကြည်သည့် ရုပ်ကလာပ်တို့၌ လှည့်၍ ရှုပါ။

ဂန္ဓ = အနံ့ ---- ရုပ်ကလာပ်တိုင်း၌ အနံ့ ရှိပေသည်။ သုဂန္ဓ = ကောင်းသော အနံ့လည်း ရှိမည်၊ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့လည်း ရှိမည်။ ထိုအနံ့ကို ဆက်၍ ရှုကြည့်ပါ။ ထိုသို့ အနံ့ကို ရှုရာ၌ မသဲမကွဲ ဖြစ်နေပါက နှာခေါင်းတွင် ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ သမာဓိ၏ စွမ်းအင်သည် ထက်မြက် စူးရှလာသောအခါ နှာခေါင်း အတွင်းဝယ် ကြည်သည့် ရုပ်ကလာပ်ပေါင်းများစွာကို တွေ့ရှိမည် ဖြစ်သည်။ (၆)ဒွါရ၌ တည်ရှိကြသော ရုပ် ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် အိမ်ရှင် ဘဝင် စိတ်ဟူသော ဘဝင်မနောအကြည်ဓာတ်ကိုလည်း တွေ့ရှိနေမည်သာ ဖြစ်သည်။ ယင်း ဃာနပသာဒ = နှာခေါင်း အကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် နှစ်ခုကို ပူးတွဲ၍ သိမ်းဆည်းပါ။ အသိဉာဏ်တွင် ပြိုင်တူ ထင် အောင် ရှုပါ။ ဂန္ဓာရုံ = အနံ့မှာ ဃာနဝိညေယျ = ဃာနဝိညာဏ်စိတ်ဖြင့် သိအပ်သောတရား, မနောဝိညေယျ = မနောဝိညာဏ်စိတ်ဖြင့် သိအပ်သောတရား ဖြစ်၍ ထိုဃာနဝိညာဏ်စိတ်၏ မှီ၍ ဖြစ်ရာ နှာခေါင်းအကြည် ဓာတ်ကိုလည်းကောင်း, မနောဝိညာဏ်စိတ်၏ စွဲမှီ၍ ဖြစ်ရာ ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းရခြင်း ဖြစ်သည်။ သတ္တဝါတို့သည် ယေဘုယျအားဖြင့် ဃာနဝိညာဏ်နှင့် တကွ သော ဃာနဒွါရိကဝီထိ စိတ်စေတသိက်, အနံ့ ဂန္ဓာရုံကို ဆက်လက်၍ အာရုံယူတတ်သည့် မနောဒွါရိကဝီထိ စိတ်စေတသိက်တို့ဖြင့် အနံ့ ဂန္ဓာရုံ၏ အရသာကို ခံစားနေကျ ဖြစ်ကြ၏၊ ယင်းဝီထိစိတ်တို့မှာလည်း ဃာန အကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တို့ကို အစွဲပြု၍ ဖြစ်ပေါ်လာကြရ၏၊ သို့အတွက် ယင်းအကြည်ဓာတ် နှစ်ခုကို ပူးတွဲသိမ်းဆည်း၍ အနံ့ကို အာရုံယူလျက် ရှုပွားခြင်း ဖြစ်သည်။ ယင်း ဝီထိစိတ်တို့က ယင်းအနံ့ကို ပုံစံမှန် သိကြမည် ဖြစ်သည်။

ယင်းအကြည်ဓာတ် နှစ်မျိုးလုံးသည် အသိဉာဏ်၌ ပြိုင်တူထင်နေသောအခါ မိမိ ရှုပွားသိမ်းဆည်းလို သော ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခုခု၏ အနံ့ကို လှမ်းအာရုံ ယူကြည့်ပါ။ မျက်စိ၌ ရှိသော ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခုခု၏ အနံ့ကို ရှုလိုက ထိုရုပ်ကလာပ်၏ အနံ့ကို လှမ်းအာရုံ ယူကြည့်ပါ၊ ထင်ရှားစွာ သိရှိလာနိုင်ပါသည်။ အကယ်၍ ထိုသို့ ရှု၍မှ အနံ့ကို အောင်မြင်စွာ ရှု၍မရ ဖြစ်ခဲ့သော် ထို မိမိရှုလိုသော ရုပ်ကလာပ်ဝယ် ပါဝင်တည်ရှိနေသော ဓာတ်ကြီး (၄)ပါးကိုသာ ထပ်ကာထပ်ကာ ရှုနေပါ။ ဧကတ္တနည်းအရ ပြောခြင်း ဖြစ်ပါသည်။ မိမိ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်သော ကလာပ်သည် ပျက်သွား ခဲ့သော် အမျိုးအစားတူ နောက်ကလာပ်တစ်ခု၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ဆက်၍ ကြိမ်ဖန်များစွာ ထပ် ကာ ထပ်ကာ ရှုရန်သာ ဆိုလိုရင်း ဖြစ်ပါသည်။ ထိုသို့ ရှုသဖြင့် အသိဉာဏ်ဝယ် ဓာတ်ကြီး (၄)ပါးသည် အလွန် ထင်ရှားလာသောအခါ ယင်းဓာတ်ကြီး (၄)ပါးကိုပင် မှီတွယ်၍ ဖြစ်ပေါ်လာရသော ဥပါဒါရုပ် တစ်မျိုး ဖြစ်သည့် အနံ့ကို တစ်ဖန် အာရုံယူကြည့်ပါက ထင်ရှားစွာ တွေ့ရှိနိုင်ပေသည်။ (၆)ဒွါရလုံး၌ တည်ရှိသော ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်တို့၌ ပုံစံတူ ရှုကြည့်ပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှု၍ အောင်မြင်မှု ရရှိလာသောအခါ ဃာနဝိညာဏ်၏ အကူအညီ မပါဘဲ မနောဝိညာဏ် အမည်ရသော ဝိပဿနာ မနောဒွါရိက ဇောဝီထိ စိတ်အစဉ် သက်သက်ဖြင့်လည်း အနံ့ကို ရှုရမည်သာ ဖြစ်သည်။ (သာဓကများကို နာမ်ကမ္မဋ္ဌာန်းပိုင်း တွင် ကြည့်ပါ။ )

ရသ = အရသာ ---- ရုပ်ကလာပ်တို့၏ အနံ့ကို ရှုပြီးပါက အရသာကို ဆက်ရှုပါ။ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းဝယ် ချို-ချဉ်-ငံ-စပ်-ဖန်-ခါး ဟူသော အရသာ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသည် ရှိမြဲ ဓမ္မတာ ဖြစ်၏၊ ရှေးဦးစွာ မနောဒွါရိက ဇောဝီထိစိတ်ဖြင့်ပင် ရုပ်ကလာပ်တစ်ခု၏ အရသာကို အာရုံယူ၍ သိမ်းဆည်း ကြည့်ပါ။ အောင်မြင်မှု မရသော် - လျှာ၌ ဇိဝှါအကြည်ဓာတ် (= လျှာအကြည်ဓာတ်)များကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်အောင် လျှာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုလျက် သမာဓိ ထူထောင်ပါ။ လျှာအကြည် ဓာတ်များသည် အသိဉာဏ်ဝယ် အလွန် ထင်ရှားလာသောအခါ လျှာအကြည်ဓာတ်နှင့် ဘဝင်မနောအကြည် ဓာတ် နှစ်မျိုးကို ပြိုင်တူ ဉာဏ်၌ ထင်လာအောင် ပူးတွဲသိမ်းဆည်းပါ။ ရသာရုံ = အရသာမှာလည်း ဇိဝှါဝိညေယျ = ဇိဝှါဝိညာဏ်ဖြင့် သိနိုင်သောတရား, မနောဝိညေယျ = မနောဝိညာဏ်ဖြင့် သိနိုင်သောတရား ဖြစ်သောကြောင့် ယင်းဝိညာဏ်တို့၏ စွဲ၍ မှီဖြစ်ရာဖြစ်သော အကြည်ဓာတ်များကို ပူးတွဲ သိမ်းဆည်းရခြင်း ဖြစ်သည်။ ယင်း ဝိညာဏ်တို့ကား ဇိဝှါဒွါရိကဝီထိနှင့် အရသာကို ဆက်လက် အာရုံယူသည့် မနောဒွါရိကဝီထိ စိတ်စေတသိက် တို့ ဖြစ်ကြ၏၊ ဇိဝှါဝိညာဏ်သည် ဇိဝှါအကြည်ဓာတ်ကို မှီဖြစ်၍ ကျန် မနောဝိညာဏ်စိတ်တို့ကား ဘဝင်မနော အကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ၏၊ သို့အတွက် ယင်းအကြည်ဓာတ် နှစ်မျိုးကို အသိ ဉာဏ်၌ ပြိုင်တူထင်လာအောင် ပူးတွဲသိမ်းဆည်းလျက် မိမိ ရှုပွားလိုသော ဇိဝှါဒွါရ (= လျှာ) ၌ ငြိကပ်နေသော တံတွေး၏ အရသာကို လှမ်း၍ အာရုံယူကြည့်ပါက ယင်းရသာရုံကို ထင်ထင်ရှားရှား သိရှိနိုင်မည် ဖြစ်သည်။ ထိုအခါတွင် (၆)ဒွါရလုံး၌ ကြည်သည့် ကလာပ် မကြည်သည့် ကလာပ်တို့၌ လှည့်၍ ရှုပါ။

ဘာဝနာအရှိန်အဝါ အားကောင်းလာသောအခါ၌ကား ဤ ဝဏ္ဏ-ဂန္ဓ-ရသတို့မှာ ဝိပဿနာ မနောဒွါ ရိက ဇောဝီထိဟူသော မနောဝိညာဏ်သက်သက်ဖြင့်လည်း သိနိုင်သော တရားများ ဖြစ်ကြသည်။ [သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)] သို့အတွက် ဘာဝနာအရှိန် အားမကောင်းခင်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၏ အကူအညီကို ယူ၍ ဂန္ဓာရုံ ရသာရုံတို့ကို လျင်လျင် မြန်မြန် သဘောပေါက်လာနိုင်ရန် ထင်ထင်ရှားရှား သိနိုင်ရန် အတွက်သာ ရည်ရွယ်၍ ထိုသို့ ရှုခြင်းဖြစ်သည် ဟု မှတ်ပါ။ အောင်မြင်မှု မရရှိပါက ရုပ်ကလာပ်တို့ဝယ် တည်ရှိသော ဓာတ်ကြီး (၄)ပါးကိုသာ ကြိမ်ဖန်များစွာ ရှုနေပါ။ ဥပါဒါရုပ်တို့တွင် အကျုံးဝင်သော ရသာရုံသည်လည်း တစ်စတစ်စ ထင်ရှားလာမည်သာ ဖြစ်ပါသည်။

ဩဇာ = အဆီအစေး-အနှစ်ဩဇာ ---- ဤဩဇာကား မနောဝိညာဏ်ဖြင့်သာ သိနိုင်သည့် မနော ဝိညေယျတရား ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်တို့ အရှုရခက်သော ရုပ်တစ်မျိုး ဖြစ်၏၊ ရုပ်ပိုင်းဆိုင်ရာ ရှုကွက်တွင် ဩဇာ-ဇီဝိတ-ဘာဝရုပ် ဤရုပ် (၃)မျိုးကား ယောဂါဝစရပုဂ္ဂိုလ်အများစု၌ ရှုရသည်မှာ ခက်ခဲ၍ သဘော ပေါက်နိုင်ခဲသော ရုပ်တရားများ ဖြစ်ကြ၏၊

ကြည်သည့် ရုပ်ကလာပ်၌ အရသာတိုင်အောင် ရုပ်သဘောတရား (၇)မျိုး, မကြည်သည့် ရုပ်ကလာပ်၌ အလားတူပင် ရုပ်သဘောတရား (၇)မျိုးတို့ကို (၆)ဒွါရလုံး၌ ရှု၍ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်တိုင်း၌ တည်ရှိနေသော အဆီအစေး-အနှစ်ဩဇာကို ဆက်လက်၍ ရှုကြည့်ပါ။ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာဟု ဩဇာ (၄)မျိုး ရှိသည်။ သို့သော် ယခုရှုနေဆဲ ဤအချိန်ပိုင်းတွင်ကား ကြည်သည့် ကလာပ် ၌ ပါဝင်တည်ရှိနေသော ဩဇာ, မကြည်သည့် ကလာပ်၌ ပါဝင်တည်ရှိနေသော ဩဇာဟု ဤနှစ်မျိုးလောက် ကိုသာ (၆)ဒွါရတို့တွင် ဒွါရတစ်ခု တစ်ခု၌ ခွဲခြား၍ ရှုနှင့်ပါဦး။ နောက်ပိုင်းတွင်ကား ကမ္မဇ-စိတ္တဇ-ဥတုဇ-အာဟာရဇ ဩဇာ (၄)မျိုးတို့ကို ထပ်မံ၍ ခွဲခြား စိတ်ဖြာလျက် ရှုပွားရဦးမည်သာ ဖြစ်သည်။

ရုပ်ကလာပ် တစ်ခု၏ အတွင်းမှာသာ စိုက်၍ ရှုကြည့်ပါ။ အဆီအစေး အနှစ်ဩဇာဓာတ်ကို တွေ့ရှိနိုင် ပါသည်။ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်ဝယ် ရေပေါ်တွင် အဆီဝေ့နေသကဲ့သို့ ရုပ်ကလာပ် တစ်ခု အတွင်း၌ အဆီအစေးကို သဘောပေါက်တတ်၏၊ အချို့ကား ကြက်ဥအလယ်တွင် တည်ရှိနေသော အနှစ်ကဲ့သို့ ရုပ်ကလာပ်၏ အလယ်၌ တည်ရှိနေသော အနှစ်ဝတ်ဆံ တစ်ခုကဲ့သို့ ဉာဏ်တွင် ထင်လာတတ်၏၊ ယင်း အဆီအစေး အနှစ်ကို တွေ့သောအခါ ဩဇာဓာတ် ဟုတ်၏ မဟုတ်၏ဟု သိရှိနိုင်ရန် အမှတ်အသား တစ်ခုကား ယင်းအဆီအစေး အနှစ်မှ ရုပ်ကလာပ်အမှုန် အသစ်အသစ်များ ပွားထွက်လာခြင်းပင် ဖြစ်သည်။ ပွားလာသော အမှုန်ကလာပ်တို့မှာ ဩဇာ မဟုတ်သော်လည်း (ဩဇာ ပါဝင်သော ရုပ်ကလာပ်သာ ဖြစ်သော် လည်း) ထိုကလာပ်အမှုန်များကို ဖြစ်ပေါ်စေသော အဆီအစေး အနှစ်ကား ဩဇာပင် ဖြစ်သည်။ (ယင်းဩဇာမှ ရုပ်ကလာပ်များ အထပ်ထပ် ပွားလာပုံကို နောက်တွင် တွေ့ရလတ္တံ့။)

ဤ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာတို့ကား (၆)ဒွါရလုံးဝယ် ကြည်သည့် ရုပ်ကလာပ်, မကြည်သည့် ရုပ်ကလာပ်တိုင်း၌ အမြဲတမ်း ပါဝင် တည်ရှိနေသော ရုပ်သဘောတရား (၈)မျိုး ဖြစ်၏၊ တစ်ခုစီ တစ်ခုစီ ခွဲ၍ မရကောင်းသော = ခွဲ၍ မဖြစ်နိုင်သောကြောင့် အဝိနိဗ္ဘောဂရုပ်ဟု ခေါ်၏၊ အနည်း ဆုံး ပမာဏအားဖြင့် ဤရုပ်သဘောတရား (၈)မျိုးတို့ ပေါင်းစပ်ပါမှ ရုပ်ကလာပ် တစ်ခု ဖြစ်ပေါ်လာနိုင်၏၊ သို့သော် ယင်းရုပ်သဘောတရား (၈)မျိုးတို့ကား တစ်ခုစီ ခွဲ၍ မဖြစ်ကြသော်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိ ဉာဏ်မှာမူ ယင်း (၈)မျိုးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ကွဲကွဲပြားပြား သိလျက်ပင် ရှိသည်။ ရုပ်နာမ် တို့၏ ဓမ္မတာအတိုင်း အုပ်စုအလိုက် ကလာပ်အလိုက် အတူတွဲ၍ ဖြစ်ကြသော်လည်း သဘာဝလက္ခဏာ အသီး အသီးကား ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝယ် ကွဲပြားလျက်ပင် ရှိ၏၊ ကွဲပြားအောင်လည်း ရှုရမည်သာ ဖြစ်သည်။ ကျေကျေနပ်နပ် ကွဲကွဲပြားပြား သိအောင် ရှုပွား သိမ်းဆည်းရာဝယ် အားမရ ဖြစ်နေပါက အာနာပါနဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် တစ်ဖန်ပြန်၍ သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင် များ ပြိုးပြိုး ပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းရုပ်သဘောတရား (၈)မျိုးကို ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့၌ တစ်ဖန်ပြန်၍ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိမည်သာ ဖြစ်ပါသည်။

ဇီဝိတ = ရုပ်သက်စောင့်ဓာတ် ---- ဇီဝိတကို ရှုလိုက ကြည်သည့် ရုပ်ကလာပ်တစ်ခု၌ ရှေးဦးစွာ ပထဝီမှ ဩဇာသို့ တိုင်အောင်သော (၈)မျိုးသော ရုပ်သဘောတရားတို့ကို ရှုပါ။ ယင်း ကြည်သည့် ရုပ်ကလာပ်၌ ကြည် နေသော သဘောတရား တစ်ခုကို ယောဂါဝစရပုဂ္ဂိုလ်သည် မြင်ပြီးသာ ဖြစ်၏၊ ယခင် (၈)မျိုးသော ရုပ်သဘော တရားများနှင့် ကြည်နေသည့် သဘောတရားတစ်ခုကို ပေါင်းသော် ရုပ်သဘောတရား (၉)မျိုးကို ယောဂါဝစရ ပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် တွေ့မြင်ပြီး ဖြစ်၏၊ ကျန် ရုပ်သဘောတရား တစ်ခုမှာ ဇီဝိတပင် ဖြစ်၏၊ ကြည်သည့် ရုပ်ကလာပ်တို့၌ ယင်းသဘောတရား (၁၀)မျိုးသာ အမြဲတမ်း တည်ရှိနေသောကြောင့် ဖြစ်၏၊ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ-ပသာဒ ဟု ရုပ်သဘောတရား (၁၀)မျိုးတို့တည်း။

ဇီဝိတကို အသက်ဟုလည်း ခေါ်ဆို၏၊ ဇီဝိတဟူသည် အသက်ရှင်နေသော သဘာဝတစ်ခု ဖြစ်၏၊ ကြည်နေသည့် ကမ္မဇရုပ်ကလာပ် တစ်ခု အတွင်းဝယ် သေချာစွာ စိုက်၍ ရှုကြည့်နေသောအခါ လှုပ်ရှားမှု ရှိ၍ အသက်ဝင်နေသော သဘာဝတစ်ခုကို ယောဂါဝစရပုဂ္ဂိုလ်တို့သည် များသောအားဖြင့် အသိအမှတ် ပြုမိတတ် ကြ၏၊ ယင်းအသက်ရှင်နေသော အသက်ဝင်နေသော သဘောတရားသည် မိမိမှ ကြွင်းကျန်သော ကလာပ်တူ (၉)မျိုးသော ကမ္မဇရုပ်တို့ကိုလည်း စောင့်ရှောက်ပေးခြင်း သဘောလက္ခဏာ ရှိ၏၊ ကလာပ်တူ ကမ္မဇရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့ တိုင်အောင် (= ဖြစ်စမှ ပျက်သည်အထိ) တည်အောင် ထားတတ်သော သဘောတရား ဖြစ်၏၊

ဇီဝိတသည် ကမ္မဇရုပ်ကလာပ်များ၌သာ ပါဝင်လျက် ရှိ၏၊ ကမ္မဇရုပ်များကား အတိတ်က ကံကြောင့် သာလျှင် ဖြစ်ပေါ်လာရသော ရုပ်တရားများဖြစ်ကြသဖြင့် ကံဟူသော မိခင်နှင့် သားသ္မီးဖြစ်ကြသော ကမ္မဇရုပ် တို့ကား ဘဝခြားလျက် ဝေးကွာနေကြ၏၊ ကမ္မဇရုပ်များကား မိခင်နှင့် ဝေးကွာနေသော သို့မဟုတ် မိဘမဲ့သော ကလေးသူငယ်များနှင့် တူကြ၏၊ မိဘမဲ့သော မိဘမရှိသော ကလေးသူငယ် တစ်ဦးကို အသက်ရှင်ရေးအတွက် ဘေးက ပုဂ္ဂိုလ်တစ်ဦးဦးက ဝင်ရောက်၍ စောင့်ရှောက်ပေးရသကဲ့သို့ အလားတူပင် မိခင်ကံနှင့် ဝေးကွာနေ ကြသော သားသ္မီးနှင့် တူကြသည့် ကမ္မဇရုပ်တို့ကို ဖြစ်ပြီးနောက် မပျက်မီအတွင်း အသက်ရှင်ရေးအတွက် သက်တမ်းစေ့ နေနိုင်ရေးအတွက် ဇီဝိတက ဝင်ရောက်၍ စောင့်ရှောက်ပေးရခြင်း ဖြစ်၏၊ သို့အတွက် ဇီဝိတမှာ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ပေးတတ်သော အစောင့်ဓာတ်လည်း ဖြစ်၏၊ ဇီဝိတကို ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသို့ အသက်ရှင်နေသည့်သဘော စောင့်နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ရှု ရမည် ဖြစ်သည်။

ကြည်နေသော ရုပ်ကလာပ်များကား ကမ္မဇရုပ် ဧကန် ဖြစ်ကြသဖြင့် ကြည်သည့် ရုပ်ကလာပ်တိုင်း၌ ဇီဝိတရုပ် အမြဲတမ်း ပါရှိ၍ ကြည်သည့် ရုပ်ကလာပ်၌ ဇီဝိတကို ရှေးဦးစွာ ရှာဖွေရှုခြင်း ဖြစ်သည်။ ဇီဝိတကို ရှုရာ၌ မထင်မရှား ဝိုးတိုးဝါးတား ဖြစ်နေပါက အာနာပါနဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များ အလွန်ထက်မြက် စူးရှလာသောအခါ ဇီဝိတကို တစ်ဖန်ပြန်၍ ရှုကြည့်ပါ။ ရုပ်ကလာပ်၏ အတွင်း၌သာ စိုက်၍ ရှုကြည့်ပါ။ ရုပ်ကလာပ်၏ ပြင်ဘက်၌ မရှာ ပါနှင့် မရှုပါနှင့်။ အသက်ဝင်နေသည့်သဘော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်နေသည့် သဘောတို့ကို ဉာဏ် ဖြင့် တွေ့မြင်ပါက ရုပ်ဇီဝိတကို ရှု၍ မြင်ပြီ ဖြစ်သည်။

အထူးသတိပြုရန်မှာ ဇီဝိတသည် ကလာပ်တူ ကမ္မဇရုပ်တို့ကိုသာ စောင့်ရှောက်သည်၊ ကလာပ် ကွဲပြား နေသည့် ကမ္မဇရုပ်တို့ကို မစောင့်ရှောက်နိုင်ဟု မှတ်ပါ။ တစ်ဖန် ဇီဝိတသည်လည်း ကံကြောင့် ဖြစ်သည့် ကမ္မဇ ရုပ်ပင် ဖြစ်ရကား ယင်းဇီဝိတကို မည်သည့်တရားက စောင့်ရှောက်ပေးပါသလဲဟု မေးရန် ရှိ၏၊ ဇီဝိတသည် မိမိနှင့် အတူဖြစ်သည့် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းဖြင့် မိမိ ဇီဝိတကိုပါ စောင့်ရှောက်ခြင်း ကိစ္စလည်း ပြီးစီးသွား၏၊ အထက်အရာရှိကြီး တစ်ဦးအား စောင့်ရှောက်ပေးရသော သက်တော်စောင့်သည် အထက်အရာရှိကြီးကို စောင့်ရှောက်ခြင်းဖြင့် မိမိ ကိုယ်ကို စောင့်ရှောက်ခြင်း ကိစ္စလည်း ပြီးစီးသွားသကဲ့သို့ မှတ်ပါ။ ဇီဝိတသည် အတူဖြစ်သော ကမ္မဇရုပ်တို့ကို စောင့်ရှောက်သော်လည်း ထိုအတူဖြစ်သော ကမ္မဇရုပ်များ ပျက်သွားသောအခါ စောင့်ရှောက်မှုကိစ္စလည်း ပြီးစီးသွားသဖြင့် မိမိပါ အတူရော၍ ပျက်သွား၏၊ အရာရှိ ကြီးများ စည်းဝေးနေသော အစည်းအဝေး တစ်ခုကို စောင့်ရှောက်ပေးနေရသော အစောင့်များသည် အစည်း အဝေး ပြီးစီးသွားပါက စောင့်ရှောက်မှု တာဝန်ဝတ္တရားလည်း ကုန်ဆုံးသွားသကဲ့သို့ မှတ်ပါ။ ဇီဝိတကို ကြည်သည့် ရုပ်ကလာပ်တစ်ခု အတွင်း၌ သဘောပေါက်ပါက ဉာဏ်ဖြင့် တွေ့မြင်ပါက (၆)ဒွါရ၌ ရှိကြသော ကြည်သည့် ရုပ်ကလာပ်တိုင်း၌ လှည့်လည်၍ ရှုကြည့်ပါ။ အောင်မြင်မှု ရခဲ့သော် မကြည်သည့် ရုပ်ကလာပ်များ အတွင်း၌ လည်း ဇီဝိတကို ဆက်လက်၍ ရှာဖွေကြည့်ပါ။ မကြည်သည့် ရုပ်ကလာပ်အချို့၌ ဇီဝိတပါ၍ စိတ္တဇ-ဥတုဇ-အာဟာရဇတို့ကဲ့သို့သော မကြည်သည့် အချို့ရုပ်ကလာပ်တို့၌ ဇီဝိတ မရှိပေ။ ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ်တို့မှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိကြသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်များ ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော ဘာဝဒသကကလာပ်များနှင့် ဟဒယဒသကကလာပ်များ ဖြစ် ကြ၏၊

ဘာဝရုပ် --- အမျိုးသားယောဂီ၌ အမျိုးသားဟု သိလောက်သော အမှတ်အသား = အမျိုးသားဖြစ်ကြောင်း ဘာဝရုပ် ရှိ၏၊ အမျိုးသ္မီးယောဂီ၌ အမျိုးသ္မီးဟု သိလောက်သော အမှတ်အသား = အမျိုးသ္မီးဖြစ်ကြောင်း ဘာဝ ရုပ် ရှိ၏၊ ပုရိသဘာဝရုပ် ဣတ္ထိဘာဝရုပ်ဟု အသီးအသီး ခေါ်ဆို၏၊ ဥဘတောဗျည်းဟူသည့် လိင် နှစ်မျိုး ရှိသော သတ္တဝါများကိုကား ခြွင်းချက်ထားရမည် ဖြစ်သည်။ သို့သော် ထိုဥဘတောဗျည်းတို့၌လည်း တစ်ခုသော အချိန်ကာလအခိုက်ဝယ် ဘာဝရုပ် တစ်မျိုးစီသာ (အလှည့်ကျ) ကံအားလျော်စွာ ရှိနိုင်ပေသည်။

(အဘိ၊ဋ္ဌ၊၁၊၃၅၉။)

ဟဒယဒသကကလာပ်, ဘာဝဒသကကလာပ်, ဇီဝိတနဝကကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌ ကလာပ်, အာဟာရဇအဋ္ဌကလာပ်တို့ကား မကြည်သည့် ရုပ်ကလာပ်များ ဖြစ်ကြ၏၊ ပသာဒ ခေါ်သည့် အကြည် ရုပ်များသည် ယင်း ရုပ်ကလာပ်တို့၌ မပါဝင်ခြင်းကြောင့် ယင်းရုပ်ကလာပ်တို့သည် မကြည်ကြခြင်း ဖြစ်၏၊

ဘာဝရုပ် ပါဝင်သော ဘာဝဒသကကလာပ်များ (= ရုပ်သဘောတရားများ) သည်လည်း ကံကြောင့်ပင် ဖြစ်ကြသော်လည်း မကြည်သည့် ရုပ်ကလာပ် အမျိုးအစားများတွင် ပါဝင်နေ၏၊ သို့အတွက် ဘာဝရုပ်ကို ရှုပွား သိမ်းဆည်းလိုသော အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မကြည်သော ရုပ်ကလာပ်အုပ်စုတို့၌ ဇီဝိတရုပ်ကို ရှေးဦးစွာ ရှာဖွေကြည့်ပါ။ ဇီဝိတရုပ် မရှိခဲ့သော် ဘာဝရုပ် မရှိနိုင်သောကြောင့် ဖြစ်၏၊ သို့သော် ဇီဝိတရုပ် ပါဝင်တိုင်းလည်း ဘာဝရုပ်ရှိသည်ကား မဟုတ်ပါ။ ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝကကလာပ်ရုပ် များလည်း ရှိကြသောကြောင့် ဖြစ်၏၊ သို့သော် ဇီဝိတ မရှိသည့် မကြည်သည့် ရုပ်ကလာပ်တို့၌ကား ဘာဝရုပ် လည်း မရှိသည်သာ ဖြစ်၏၊ ဘာဝရုပ်ပါဝင်သည့် ဘာဝဒသကကလာပ်ရုပ်များသည် ကမ္မဇရုပ် ဧကန် ဖြစ်ကြ သောကြောင့် ဖြစ်၏၊ သို့အတွက် မကြည်သည့် ရုပ်ကလာပ်များ၌ ဇီဝိတတိုင်အောင် (၉)မျိုးသော ရုပ်သဘော တရားများကို ရှု၍ ရသော်လည်း ဘာဝရုပ်ကိုကား တွေ့ချင်လည်း တွေ့မည်၊ မတွေ့သော်လည်း ရှိနိုင်သည်။ ဘာဝရုပ်ပါဝင်သော ရုပ်ကလာပ်မှာ ဘာဝဒသကကလာပ်ဖြစ်၍ ဘာဝရုပ် မပါသော ဇီဝိတရုပ် ရှိသော ရုပ် ကလာပ်မှာ ဇီဝိတနဝက ကလာပ်သော်လည်း ဖြစ်မည်၊ ဟဒယဒသက ကလာပ်သော်လည်း ဖြစ်မည်။

ပုရိသဘာဝရုပ်ကား -- ယောက်ျားဖြစ်ကြောင်း အမှတ်နိမိတ်တည်း။ ဤသူကား ယောက်ျားဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ ဤအမှတ်အသား သဘောတရားကြောင့် ယောက်ျားဖြစ်လာရသည်ဟု သဘော ပေါက်အောင် ရှုပါ။ ပုရိသဘာဝရုပ်ကို ရှုရာ၌ ကျားကျားယားယား ယောက်ျားအမူအရာ သဘောများကို ဤ ဘာဝရုပ်က ဖြစ်စေပုံကို များသောအားဖြင့် သဘောပေါက်လာတတ်၏၊ ကြမ်းတမ်းခက်ထန်သော အမူအရာ သဘောများကို တွေ့လာတတ်၏၊ ပထဝီဓာတ်၏ ကြမ်းတမ်းမှုနှင့်ကား တူညီမှု မရှိသည်ကို ယောဂီ အများ၌ သဘောပေါက်နေတတ်ပါသည်။

ဣတ္ထိဘာဝရုပ်ကား ---- အမျိုးသ္မီး ဖြစ်ကြောင်း အမှတ်နိမိတ်တည်း။ ဤသူကား အမျိုးသ္မီးဟု သိကြောင်း အမှတ်အသားတည်း။ ဤအမှတ်အသား သဘောတရားကြောင့် အမျိုးသ္မီး ဖြစ်လာရသည်ဟု သဘောပေါက် အောင် ရှုပါ။ ဣတ္ထိဘာဝရုပ်ကို ရှုရာ၌ နူးညံ့ပျော့ပျောင်းသည့် အမျိုးသ္မီး အမူအရာ သဘောများကို ဤဣတ္ထိ ဘာဝရုပ်က ဖြစ်စေပုံကို များသောအားဖြင့် သဘောပေါက်လာတတ်၏၊ ပထဝီဓာတ်၏ နူးညံ့ပျော့ပျောင်းမှုနှင့် မတူသည်ကိုလည်း ယောဂီအများစု၌် သဘောပေါက်လျက်ပင် ရှိနေတတ်ပေသည်။

အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တ၌ အမျိုးသားဖြစ်ကြောင်း ပုရိသဘာဝရုပ်ကိုသာ ရှု၍ ရနိုင်သည်။ အမျိုးသ္မီး ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အဇ္ဈတ္တ၌ အမျိုးသ္မီးဖြစ်ကြောင်း ဣတ္ထိဘာဝရုပ်ကိုသာ ရှု၍ ရနိုင်သည်။ ဗဟိဒ္ဓ၌ကား အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, အမျိုးသ္မီး ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်းကောင်း ပုရိသဘာဝရုပ် ဣတ္ထိဘာဝရုပ် နှစ်မျိုးလုံးကိုပင် ရှု၍ ရနိုင်သည်သာ ဖြစ်သည်။

အကယ်၍ ဤဘာဝရုပ်ကို ရှုရာ၌ ကျေနပ်မှု သိပ်မရ ဖြစ်နေပါက အာနာပါနဖြင့် သမာဓိကို တစ်ဖန် ပြန်လည်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလျက် အလွန် အားကောင်းလာသောအခါ တစ်ဖန်ပြန်၍ ဘာဝရုပ်ကို ရှုကြည့်ပါ။ ဇီဝိတ ပါဝင်သော မကြည်သော ရုပ်ကလာပ် အမှုန်များတွင် ဘာဝရုပ်ကို ထပ်မံ၍ ရှာဖွေကြည့်ပါ။ မကြာမီ သဘောပေါက်လာပါလိမ့်မည်။

အကယ်၍ ဘာဝရုပ်ကို ကျေကျေနပ်နပ် ရှု၍ ရရှိပါက မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ လှည့်၍ ရှုကြည့်ပါ။ ဗုဒ္ဓအဘိဓမ္မာ၌ ယင်း (၆)ဒွါရလုံးတို့၌ ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော ဘာဝဒသက ကလာပ်ရုပ်များ ထင်ရှားရှိနေ၏၊ ဗုဒ္ဓအဘိဓမ္မာ၌ လာရှိသော ဘာဝရုပ်မှာ အများနားလည်သော ဘာဝရုပ် နှင့်ကား မတူပေ။ အမျိုးသား၏ မျက်လုံးနှင့် အမျိုးသ္မီး၏ မျက်လုံး, အမျိုးသား၏ မျက်နှာနှင့် အမျိုးသ္မီး၏ မျက်နှာ, အမျိုးသား၏ လက်ခြေသဏ္ဌာန် စသည်နှင့် အမျိုးသ္မီး၏ လက်ခြေသဏ္ဌာန် စသည်တို့သည် မတူညီ ကြခြင်းမှာ ဤဘာဝရုပ်၏ ကွဲပြားမှုကြောင့် ဖြစ်၏၊ ဤဘာဝရုပ်က ဤသူကား ယောက်ျားဟု, ဤသူကား မိန်းမ ဟု သိအောင် ခွဲခြား၍ ပြသလျက် ရှိ၏၊ သို့အတွက် ဤဘာဝရုပ်ကား (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိ နေသော ရုပ်တစ်မျိုး ဖြစ်သည်ဟု မှတ်ပါ။ ဤဘာဝရုပ် ပါဝင်သော ရုပ်ကလာပ်သည် ဇီဝိတ အမြဲတမ်း ပါရှိ၍ အားလုံးပေါင်းလိုက်သော် ရုပ်ကလာပ်တစ်ခု တစ်ခု အတွင်း၌ - ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ ဘာဝရုပ် - ဟု ရုပ်သဘောတရား (၁၀)မျိုးစီ ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။

ဤသို့လျှင် ကြည်သည့် ရုပ်ကလာပ်၌ ရုပ်သဘောတရား (၁၀)မျိုး, မကြည်သည့် ရုပ်ကလာပ်၌ ရုပ်သ ဘောတရား (၁၀)မျိုး - ဤ ကြည်-မကြည် နှစ်မျိုးသော ရုပ်ကလာပ်များကို (၆)ဒွါရလုံး၌ လှည့်လည်၍ ရုပ်ဃန ခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် အားရပါးရ ကျေကျေနပ်နပ်ကြီး ရှု၍ အောင်မြင်မှု ရရှိလာပါက ကြည်သော ရုပ်ကလာပ်များကို ထပ်မံ၍ ခွဲခြား စိတ်ဖြာလျက် သိမ်းဆည်း ရှုပွားနိုင်ပြီ ဖြစ်သည်။ ဤ၌ မကြည်သော ရုပ်ကလာပ်ဝယ် (၁၀)မျိုးသော ရုပ်တရား တို့ဟူသည် ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော ဘာဝဒသက ကလာပ်ရုပ်ကို ရည်ညွှန်းထားပါသည်။ ဟဒယ ဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိသော ဟဒယဒသက ကလာပ်ရုပ်သည်လည်း မကြည်ပေ။ ယင်းဟဒယဝတ္ထုရုပ် ကို ရှုပုံမှာ ဤသို့ ဖြစ်၏၊

ဟဒယဝတ္ထုရုပ် ---- မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ၊၂၊၇၇။) မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီရာဖြစ်ခြင်း သဘောလက္ခဏာ ရှိသော ရုပ်သဘော တရားကား ဟဒယဝတ္ထုတည်း။

ဧတ္ထ ပန မနောတိ ဘဝင်္ဂစိတ္တံ။ (သံ၊ဋ္ဌ၊၃၊၅။) ---- သုတ္တန်နည်းအရ မနောဓာတ်ဟူသည် ဘဝင်မနော အကြည်ဓာတ်တည်း။ ယင်းဘဝင်မနောအကြည်ဓာတ်သည်လည်း ဟဒယဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်၏၊ တစ်ဖန် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ်ဟူသော ပဉ္စဝိညာဏ်မှတစ်ပါး ကျန်ဝီထိစိတ် မှန်သမျှတို့သည် မနောဝိညာဏဓာတ် မည်၏၊ ယင်းမနောဝိညာဏဓာတ်တို့သည်လည်း ပဉ္စ ဝေါကာရဘုံဝယ် ဟဒယဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်ကြ၏၊ ပဉ္စဝိညာဏ်တို့တွင် စက္ခုဝိညာဏ်သည် စက္ခုအကြည် ဓာတ်ကို, သောတဝိညာဏ်သည် သောတအကြည်ဓာတ်ကို, ဃာနဝိညာဏ်သည် ဃာနအကြည်ဓာတ်ကို, ဇိဝှါ ဝိညာဏ်သည် ဇိဝှါအကြည်ဓာတ်ကို, ကာယဝိညာဏ်သည် ကာယအကြည်ဓာတ်ကို အသီးအသီး မှီ၍ ဖြစ်၏၊ သို့အတွက် ဟဒယဝတ္ထုဟူသည် မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ရုပ်သဘောတရားမျှသာ ဖြစ်၏၊ ယင်းဟဒယဝတ္ထုရုပ်ကို ရှုပုံမှာ ဤသို့ ဖြစ်၏၊

ဤအချိန်ပိုင်းတွင် (၆)ဒွါရလုံး၌ ကြည်သည့် ရုပ်ကလာပ်, မကြည်သည့် ရုပ်ကလာပ်တို့၌ ရုပ်သဘော တရား (၁၀)မျိုးစီ တွေ့အောင် ရှုပွားတတ်ပြီ ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဘဝင်မနောအကြည်ဓာတ် ကိုလည်း တွေ့ရှိနေမည်သာ ဖြစ်သည်။ အိမ်ရှင် ဘဝင်စိတ်သည်လည်း ကြည်၏၊ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပ၏၊ (အံ၊၁၊၉။) သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်အားလုံးတို့သည်လည်း ကြည်၏၊ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပ၏၊ (အံ၊၁၊၂၅၈။) သို့အတွက် ယခုကဲ့သို့ ရုပ်တရား တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းနေသော ရူပပရိဂ္ဂဟ ဘာဝနာစိတ်သည်လည်း ကြည် လင်သည်သာ ဖြစ်၏၊ ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် တောက်ပသည်သာ ဖြစ်၏၊ စတုတ္ထစျာန်သမာဓိ သို့ တိုင်အောင် အဆင့်ဆင့် ရှုပွားထားသော အာနာပါနဿတိသမာဓိ ဘာဝနာစိတ်ကဲ့သို့သော သမထဘာဝနာ စိတ်သည်လည်း ကြည်လင်သည်သာ ဖြစ်၏၊ ပြိုးပြိုး ပြက်ပြက် အရောင်တလက်လက် တောက်ပသည်သာ ဖြစ်၏၊ အလင်းရောင်ဟူသည် ရှေးအလင်းရောင်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု, ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ဥတုဇ ရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု ဖြစ်သည်။

(၆)ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်တို့ကို လှည့်လည်၍ ဓာတ်ခွဲလျက် သိမ်းဆည်း ရှုပွားနေသော ယော ဂါဝစရပုဂ္ဂိုလ်အဖို့ ယင်းကြည်လင်တောက်ပနေသော မနောဓာတ် မနောဝိညာဏဓာတ်တို့ကို တွေ့ရှိနေမည် သာ ဖြစ်သည်။ အကယ်၍ မနောဝိညာဏဓာတ်တို့ကို မတွေ့ပါက = သဘောမပေါက်ပါက မနောဒွါရ = ဘဝင် မနောကြည်ဓာတ်ကို သိမ်းဆည်းလျက် လက်ညှိုးတစ်ချောင်းကို ကွေးကြည့် ဆန့်ကြည့်ပါ။ မနောဒွါရကိုသာ စိုက်ရှုပါ၊ လက်ညှိုးကို မရှုပါနှင့်။ လက်ညှိုးကို ကွေးလို ဆန့်လိုသောစိတ်, ကွေးခြင်း ဆန့်ခြင်းကို ဖြစ်စေသော စိတ်ဟူသည့် မနောဝိညာဏဓာတ်တို့ကို တွေ့ရှိနိုင်ပါသည်။ ယင်းမနောဓာတ် မနောဝိညာဏဓာတ်တို့ကို ဉာဏ် ဖြင့် တွေ့မြင်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအသိစိတ်တို့သည် အဘယ်ကို မှီ၍ ဖြစ်နေကြသနည်းဟု ဉာဏ်ဖြင့် တစ်ဆင့်တက်၍ စူးစမ်း ဆင်ခြင်ကြည့်ပါ။ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေပုံကို သဘောပေါက်အောင် ဉာဏ်ဖြင့် ရှုပါ။ ဟဒယဝတ္ထု ပါဝင်သော ရုပ်ကလာပ်တို့ကား မကြည်ကြပေ။ ဘဝတစ်လျှောက်တွင် အများဆုံး ဖြစ်နေသည့် အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်၏ အောက်တွင် တည်ရှိ၏၊ ယင်းမနောဓာတ် မနောဝိညာဏ ဓာတ်တို့က ယင်းဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေပုံကို မြင်အောင် ကြိမ်ဖန်များစွာ ရှုပါ။ ဘာဝနာစိတ်ကြောင့် တစ်နည်းဆိုရသော် ဘာဝနာသမာဓိနှင့် ယှဉ်တွဲ၍ ဖြစ်ပေါ်လာသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင် ခြည်စွမ်းအင်သည် အထူး အားကောင်းနေပါက မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့သည် ဟဒယဝတ္ထုကို မှီ၍ဖြစ်နေပုံကို သဘောပေါက်နိုင်ပါလိမ့်မည်။ ဟဒယဝတ္ထုရုပ်ကို သဘောပေါက်ပါက ယင်း ဟဒယဝတ္ထုရုပ်နှင့် အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြသော ကလာပ်တူရုပ်များ ဖြစ်ကြသည့် ပထဝီ-အာပေါ-တေဇော -ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ-ဟဒယ ဟူသော ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။

အကယ်၍ အောင်မြင်မှု မရခဲ့သော် ယင်းမနောအကြည်ဓာတ်၏ အောက်၌ တည်ရှိကြသော မကြည် သော ရုပ်ကလာပ်တို့၌ ဓာတ်ကြီး (၄)ပါးကိုသာ ဉာဏ်ဖြင့် မြင်အောင် ကြိမ်ဖန်များစွာ ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အောင်မြင်မှု ရရှိလာသောအခါ ယင်းဓာတ်ကြီး (၄)ပါးတို့ကို မှီ၍ ဖြစ်နေကြသော ဥပါဒါရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တဖြည်းဖြည်း တစ်စ တစ်စ ရှုကြည့်ပါ။ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ ဟူသော (၉)မျိုးသော ရုပ်တရားတို့ကို တွေ့ရှိပါက ဟဒယဝတ္ထုကို ဆက် လက်၍ ရှာဖွေကြည့်ပါ။ နှလုံးအိမ်ဝယ် ဇီဝိတနဝကကလာပ် = ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်နှင့် ဘာဝဒသကကလာပ် = ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်တို့လည်း ရှိကြ၏၊ ယင်းရုပ်ကလာပ် နှစ်မျိုးတို့လည်း မကြည်ကြပေ။ သို့သော် ဇီဝိတကား ပါဝင်လျက် ရှိ၏၊ သို့အတွက် မကြည်သော ရုပ်ကလာပ် ၌ ဇီဝိတသို့တိုင်အောင် (၉)မျိုးသော ရုပ်တရားတို့ကို ရှု၍ရနေပါက ဟဒယဝတ္ထုရုပ်ကို ဆက်လက်၍ ရှာဖွေ ကြည့်ပါ။ ထို ဇီဝိတ ပါဝင်တည်ရှိနေသော မကြည်သော ရုပ်ကလာပ်မှာ ဇီဝိတနဝကကလာပ်နှင့် ဘာဝဒသက ကလာပ် မဟုတ်ခဲ့လျှင် ဟဒယဒသကကလာပ် = ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်သာ ဖြစ်ပေသည်။ ထိုကလာပ်၌ ဟဒယဝတ္ထုကို ရှာဖွေတွေ့ရှိနိုင်ပေသည်။ ဟဒယဝတ္ထုဟူသည် ခန္ဓာ (၅)ပါးရှိသော ပဉ္စဝေါကာရဘုံဝယ် မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော အသိစိတ်တို့၏ မှီရာသဘောမျှသာ ဖြစ်သည်၊ အမှီခံ ရုပ်သဘောမျှသာ ဖြစ်သည်။

(၆) ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်များ

(၆) ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်များ

စက္ခုဒွါရသ္မိံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတုစိတ္တာဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။

(ဝိသုဒ္ဓိ၊၂၊၂၅၉။)

ဤအထက်ပါ နာမည်ကျော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူသည့်အတိုင်း ----

၁။ စက္ခုဒွါရ ခေါ် မျက်စိ၌ ---- စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇအဋ္ဌကလာပ်, စိတ္တဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏၊

၂။ သောတဒွါရ ခေါ် နား၌ ---- သောတဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇအဋ္ဌကလာပ်, စိတ္တဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏၊

၃။ ဃာနဒွါရ ခေါ် နှာခေါင်း၌ ---- ဃာနဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇအဋ္ဌကလာပ်, စိတ္တဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏၊

၄။ ဇိဝှါဒွါရ ခေါ် လျှာ၌ ---- ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇ အဋ္ဌကလာပ်, စိတ္တဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ် အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏၊

၅။ ကာယဒွါရ ခေါ် ကိုယ်၌ ---- ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇအဋ္ဌကလာပ်, စိတ္တဇ အဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုးတို့ ရှိကြကုန်၏၊

၆။ မနောဒွါရ ခေါ် ဟဒယနှလုံး၌ ---- ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဥတုဇအဋ္ဌကလာပ်, စိတ္တဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ ရှိကြကုန်၏၊ ဤသို့လျှင် (၆)ဒွါရတို့၌ ရုပ်ကလာပ် အမျိုးအစား အသီးအသီး ရုပ်အမျိုးအစား အသီးအသီး တည်ရှိကြသည်ဟု မှတ်ပါ။

ဤ၌ ရုပ်ကလာပ် အမျိုးအစားသာ (၆)မျိုး (၅)မျိုးစသည်ဖြင့် ရုပ်အမျိုးအစားသာ (၅၄)မျိုး (၄၄)မျိုး စသည်ဖြင့် ရှိခြင်း ဖြစ်သည်။ တစ်မျိုး တစ်မျိုး၌ အရေအတွက်ကား များစွာ ရှိနေမည်သာ ဖြစ်သည်။ မျက်စိ၌ စက္ခုဒသကကလာပ် တစ်မျိုး, ကာယဒသကကလာပ်တစ်မျိုး - ဤသို့စသည်ဖြင့် အမျိုးအစားသာ တစ်မျိုးဟု ဆိုခြင်း ဖြစ်သည်။ မျက်စိ၌ စက္ခုဒသက ကလာပ်ပေါင်းများစွာ, ကာယဒသက ကလာပ်ပေါင်းများစွာ ရှိကြ သည်သာဖြစ်သည်၊ ဤသို့ စသည်ဖြင့် (၆)ဒွါရလုံး၌ သဘောပေါက်ပါလေ။

အဘိဓမ္မာ ပညာဉာဏ် ရင့်သန်သူ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့ကား ဤမျှဆိုလျှင် မျက်စိ၌ ရုပ်မည်မျှ ရှိသည်, ရုပ်ကလာပ်မည်မျှ ရှိသည် စသည်ဖြင့် ပြောပြလိုက်သောအခါ လွယ်လွယ်ကူကူပင် သိရှိ နားလည် သွားကြ၏၊ ရှုပုံစနစ်ကိုလည်း တစ်ကြိမ်တစ်ခါလောက် ပြောပြရုံမျှဖြင့် ရှုတတ်သွားကြ၏၊

သို့သော် အဘိဓမ္မာအခြေခံပညာကို သင်ကြားမှု၌ အားပျော့သူ ယောဂါဝစရပုဂ္ဂိုလ်အချို့ကား ဤမျှဖြင့် သဘောမပေါက်နိုင် ရှိတတ်ကြ၏၊ မရှုပွားတတ် မသိမ်းဆည်းတတ် ဖြစ်နေတတ်ကြ၏၊ အထူးသဖြင့် အဘိဓမ္မာ အခြေခံပညာကို လုံးဝ မသင်ဖူးသူ ယောဂါဝစရပုဂ္ဂိုလ်များနှင့် မြန်မာစာပေ၌လည်း ကျွမ်းကျင်မှု မရှိသူ ယောဂါဝစရပုဂ္ဂိုလ်များအဖို့ ရုပ်ကလာပ်များကို တစ်ခုစီ တစ်ခုစီ ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ သိမ်းဆည်းရှုပွား ရန် သင်ပြပေးရသည်မှာ ပို၍ပင် အခက်အခဲများစွာ ရှိနေသည်ကို တွေ့ရှိရ၏၊ ထိုသို့ အဘိဓမ္မာအခြေခံပညာ အားနည်းသူ ယောဂါဝစရပုဂ္ဂိုလ်များအတွက် အောက်ပါ ဇယားများကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။ စက္ခု ဒွါရ၌ ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုးတို့ကို ရှုပုံစနစ် သိမ်းဆည်းပုံစနစ်ကို သင်ပြပေးပြီးသော အခါ နား၌လည်း ထိုနည်းတူ ရှုပါ သိမ်းဆည်းပါ စသည်ဖြင့် သင်ပြပေးလိုက်သောအခါဝယ် နည်းတူ ရှုရန် သိမ်းဆည်းရန်ကိုပင် သဘောမပေါက်နိုင်သော ယောဂါဝစရပုဂ္ဂိုလ်များကိုလည်း တွေ့ရပြန်၏၊ ထိုကဲ့သို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် စာပေနှင့် အလွန် အလှမ်းကွာဝေးလွန်းလှသော ကျေးလက် တောသား ကျေးလက်တောသူများ ဖြစ်တတ်ကြ၏၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များကား ရုပ်ကမ္မဋ္ဌာန်းဇယားများကို ထောက်ပြ၍ သင်ပြပေးပါမှ ပို၍ အသိဉာဏ် ရှင်းလင်းလာကာ ရှုကွက်ကိုလည်း ရှင်းရှင်းလင်းလင်း ရှုနိုင် ကြပေသည်။ သို့အတွက် (၆)ဒွါရဇယားများကို ဉာဏ်နုံ့သူ ယောဂါဝစရပုဂ္ဂိုလ်မြတ်တို့အတွက် ငဲ့ညှာ၍ ဖော် ပြရခြင်း ဖြစ်သည်။ ဉာဏ်ထက်မြက်သူ သူတော်စင်တို့အတွက်ကား ထိုဇယားများသည် အလိုမရှိအပ်သော အရာသာ ဖြစ်ပါလိမ့်မည်။

_________

ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများ

ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားများ

ဇယားများကို သီးသန့်ငူန တွင် ကြည့်ပါ။

ရုပ်တို့၏ ဖြစ်မှုကို ရှုပုံ အခြင်းအရာ

ရူပနိဗ္ဗတ္တိပဿနာကာရ

ရုပ်တို့၏ ဖြစ်မှုကို ရှုပုံ အခြင်းအရာ

ဤတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၄၉) စာပိုဒ်ရေ (ရဝဝ) စသည်တို့၌ လာရှိသည့် အတိုင်း ရုပ်တို့၏ ဖြစ်မှုကို ရှုပုံအခြင်းအရာကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

ဤရုပ်တရား မည်သည်ကား ကံ-စိတ်-ဥတု-အာဟာရ ဟူသော (၄)ပါးကုန်သော အကြောင်းတရား တို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရ၏။ ထို (၄)ပါးကုန်သော အကြောင်းတရားတို့တွင် ခပ်သိမ်းကုန်သော သတ္တဝါ တို့အား ရုပ်တရားသည် ထင်ရှား ဖြစ်ပေါ်လာသည်ရှိသော် ဘဝတစ်ခုဝယ် လက်မွန်မဆွ ပထမ၌ ကံကြောင့်သာ လျှင် ဖြစ်ပေါ်လာရ၏။ ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့ကား ထိုကမ္မဇရုပ်လျှင် အကြောင်းရင်း ရှိကြသော ကြောင့် ဖြစ်၏။

အမိဝမ်းတွင်း၌ ပဋိသန္ဓေတည်နေကြရကုန်သော ဂဗ္ဘသေယျကသတ္တဝါတို့အား ရှေးဦးစွာ ဟဒယဝတ္ထု ဒသက ကလာပ်, ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်ဟု ဆိုအပ်ကုန်သော (၃)မျိုးသော ရုပ်သန္တတိသီသ၏ အစွမ်းဖြင့် (၃၀)သော ကမ္မဇရုပ်တို့သည် ထင်ရှား ဖြစ်ပေါ်လာကြကုန်၏။ အကယ်စင်စစ်မှာမူ ထို (၃၀)သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ် ဥပါဒ်ကာလ = ဖြစ်ဆဲကာလ၌သာလျှင် စတင်၍ ဖြစ်ပေါ်လာကြ ကုန်၏။ ဥပါဒ်ကာလ၌ ဖြစ်ကုန်သကဲ့သို့ပင် အလားတူ တည်ဆဲ = ဌီကာလ၌လည်း ဖြစ်ပေါ်ကြကုန်၏၊ ပျက်ဆဲ = ဘင်ကာလ၌လည်း ဖြစ်ပေါ်ကြကုန်၏။

ထိုနာမ်နှင့် ရုပ်တို့တွင် ရုပ်သည် စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်သည်၏ အဖြစ်ကြောင့် နှေးသော ချုပ်ခြင်း ရှိ၏၊ ကြာမြင့်မှ ချုပ်ခြင်း ရှိ၏၊ လေးသော အပြန် ရှိ၏။ စိတ်သည်ကား လျင်မြန်သော ချုပ်ခြင်း ရှိ၏၊ ပေါ့ပါးသော အပြန် ရှိ၏။ ထိုသို့ ရုပ်တရားတို့ထက် လွန်ကဲစွာ နာမ်တရားတို့၏ သက်တမ်းတိုသော ကာလ ရှိသည်၏ အဖြစ်ကြောင့် ----

နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္ပိ သမနုပဿာမိ၊ ယံ ဧဝံ လဟုပရိဝတ္တံ ယထယိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)

= ရဟန်းတို့ ...ဤစိတ်သည် လျင်မြန်သော အပြန်ရှိသကဲ့သို့ ဤအတူ လျင်မြန်သော အပြန်ရှိသော စိတ်မှ တစ်ပါးသော တစ်ခုသော တရားကိုသော်မျှလည်း ငါဘုရားသည် သဗ္ဗညုတဉာဏ်ဟူသော သမန္တစက္ခုဖြင့် ကြည့်ရှုသော်လည်း မြင်တော်မမူ။ (အံ၊၁၊၉။)

ဤသို့ ဘုရားရှင် ဟောကြားထားတော်မူ၏။ မှန်ပေသည် - ပဋိသန္ဓေစိတ်နှင့် အတူဖြစ်သော ရုပ်တရား သည် အသက်ထင်ရှားရှိနေစဉ် အတွင်းမှာပင်လျှင် (၁၆)ကြိမ်တို့ တိုင်အောင် စိတ်သည် ဖြစ်ပြီး၍ ချုပ်သွား၏။ (ကျန် ရုပ်တရားတို့၌လည်း နည်းတူပင် မှတ်ပါ။)

စိတ်၏ ဖြစ်မှု ဥပါဒ်ခဏသည်လည်းကောင်း, တည်မှု ဌီခဏသည်လည်းကောင်း, ပျက်မှု = ဘင်ခဏသည် လည်းကောင်း တစ်ခုတည်းကဲ့သို့ တူကုန်၏။ သို့သော် ရုပ်၏ ဖြစ်မှု = ဥပါဒ်ခဏ, ပျက်မှု = ဘင်ခဏတို့သည်သာ လျှင် လျင်မြန်ကုန်၏။ ထိုစိတ်၏ ဥပါဒ်ခဏ ဘင်ခဏတို့နှင့် တူကုန်၏။ ခပ်သိမ်းကုန်သော သင်္ခါရတရားတို့အား ဥပါဒ်ခဏ ဘင်ခဏတို့၌ မတူ ကွဲပြားမှုကား မရှိပေ။ ထိုသင်္ခါရတရားအားလုံးတို့သည် တူမျှသော ဥပါဒ်ကာလ ဘင်ကာလ ရှိကြကုန်သည်သာ ဖြစ်ကုန်၏။ သို့သော် ရုပ်၏ တည်မှု ဌီခဏသည်ကား ကြာမြင့်စွာ၏။ (၁၆)ချက် သော စိတ်တို့သည် ဖြစ်ပြီး၍ ချုပ်သွားကုန်သည်တိုင်အောင် တည်နေ၏။

ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ပဋိသန္ဓေစိတ်နှင့် ပြိုင်တူဖြစ်သော တည်ဆဲ ဌီကာလ ဌီခဏသို့ ရောက်ရှိ နေသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဘဝတစ်ခုဝယ် ပဋိသန္ဓေစိတ်နောင် နှစ်ခုမြောက်ဖြစ်သော ဒုတိယဘဝင်စိတ် သည် ဖြစ်ပေါ်လာ၏။ ယင်း ဘဝင်စိတ်၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်မှာ ပဋိသန္ဓေစိတ်နှင့် ပြိုင်တူဖြစ်သော ရုပ် ဖြစ်သဖြင့် ယင်းဒုတိယဘဝင်ထက် ရှေးဦးစွာ ဖြစ်၏။ သို့အတွက် ယင်း ဟဒယဝတ္ထုရုပ်သည် ဒုတိယ ဘဝင်စိတ်၏ ရှေးကဖြစ်၍ ပုရေဇာတ မည်၏။ ပဉ္စဝေါကာရ အမည်ရသော ခန္ဓာ (၅)ပါးရှိသော လောကဝယ် နာမ်တရားတို့သည် မှီရာဝတ္ထုရုပ်ရှိပါမှ ဖြစ်ပေါ်လာနိုင်သည့် စွမ်းအား ရှိကြ၏။ ယင်းဘဝင်စိတ်သည်လည်း မိမိ၏ ရှေးက ဖြစ်သွားသော တည်ဆဲ ဌီကာလသို့ ရောက်နေသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်ခွင့် ရရှိပါမှ ဖြစ်ပေါ်လာနိုင်သည့် စွမ်းအား ရှိ၏။ ယင်းဟဒယဝတ္ထုရုပ်ကို မှီတွယ်ခွင့် မရက ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ သို့အတွက် ယင်းပဋိသန္ဓေနှင့် ပြိုင်တူဖြစ်သော ဟဒယဝတ္ထုရုပ်က ယင်းဒုတိယဘဝင်အား ဝတ္ထုပုရေဇာတ နိဿယပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟု ဆိုရ၏။

သို့အတွက် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ပဋိသန္ဓေစိတ်နှင့် ပြိုင်တူ ဖြစ်သော, ရုပ်၏ ဌီခဏ ဌီကာလသို့ ရောက်ရှိနေသော, ဝတ္ထုပုရေဇာတနိဿယအကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးတတ်သော ဟဒယ ဝတ္ထုရုပ်ကို အမှီပြု၍ ဒုတိယဘဝင်စိတ်သည် ဖြစ်ပေါ်လာ၏။ ထိုဒုတိယဘဝင်စိတ်နှင့် အတူတကွ ဖြစ်ပေါ်လာ သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ဝတ္ထုပုရေဇာတနိဿယ အကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေး တတ်သော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ တတိယဘဝင်စိတ်သည် ဖြစ်ပေါ်လာ၏။ ဤနည်းဖြင့် အသက်ရှည်နေ သမျှ ကာလပတ်လုံး စိတ်တို့၏ ဖြစ်ခြင်းသဘောတရားကို သိရှိပါလေ။ (ဘဝတစ်ခုဝယ် နှစ်ခုမြောက် ဖြစ်သော စိတ်ကို ဒုတိယ, သုံးခုမြောက် ဖြစ်သော စိတ်ကို တတိယဟု ဖွင့်ဆိုထားသည်။)

ဆိုဖွယ် အထူးကား

ဆိုဖွယ် အထူးကား

အာသန္နမရဏဿ ပန ဧကမေဝ ဌာနပ္ပတ္တံ ပုရေဇာတံ ဝတ္ထုံ နိဿာယ သောဠသ စိတ္တာနိ ဥပ္ပဇ္ဇန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

ဝတ္ထုရူပံ ဧကဿ စိတ္တဿ နိဿယော ဟုတွာ အညဿ န ဟောတိ ဌပေတွာ မရဏာသန္နံ၊ တသ္မာ ဝုတ္တံ တေန သဒ္ဓိံတိအာဒိ။ (မဟာဋီ၊၂၊၄၀၀။)

ဆိုဖွယ်အထူးကား --- အလွန်နီးကပ်သော သေခြင်းရှိနေသော သတ္တဝါအား တစ်ခုသာလျှင် ဖြစ်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ဝတ္ထုပုရေဇာတနိဿယ မှီရာအကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေး တတ်သော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ (၁၆)ချက်သော စိတ်တို့သည် ဖြစ်ပေါ်လာကြရကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

သေခါနီး မရဏာသန္နအချိန်အခါ ကာလကို ခြွင်းချက်ထား၍ ဘဝတစ်လျှောက်ဝယ် မှီရာဝတ္ထုရုပ် တစ်ခု သည် တစ်ခုသောစိတ်၏သာ မှီရာ ဖြစ်နိုင်၍ အခြားသော စိတ်တစ်ခု၏ မှီရာဝတ္ထုရုပ် မဖြစ်နိုင်။ ထိုကြောင့် - ထို ဒုတိယဘဝင်စိတ်နှင့် အတူတကွ ဖြစ်ပေါ်လာသော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ဝတ္ထုပုရေဇာတ နိဿယ အကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးတတ်သော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ တတိယဘဝင်စိတ် သည် ဖြစ်ပေါ်လာ၏။ ဤနည်းဖြင့် အသက်ရှည်နေသမျှကာလပတ်လုံး စိတ်တို့၏ ဖြစ်ခြင်း သဘောတရားကို သိရှိပါလေ ဤသို့စသော စကားရပ်ကို အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၀၀။)

ဝတ္ထု-ပုရေဇာတ-နိဿယ ---- အမှီခံ ဟဒယဝတ္ထုရုပ်က မှီဖြစ်မည့် စိတ်ထက် အလျင်ဖြစ်၍ ကျေးဇူး ပြုပေးတတ်သော မှီရာသတ္တိကို ဆိုလိုသည်။ အမှီခံရုပ်သည် မှီဖြစ်မည့် စိတ်ထက် စိတ္တက္ခဏတစ်ခု စော၍ ဖြစ်နှင့်ရသည်။ ယင်းသို့ ရှေးက ဖြစ်နှင့်၍ မှီရာအဖြစ် ကျေးဇူးပြုပေးတတ်သော ဟဒယဝတ္ထု၏ သတ္တိကို ဤ၌ ဝတ္ထုပုရေဇာတနိဿယသတ္တိဟု ခေါ်ဆိုပေသည်။

[သေခါနီး မရဏာသန္နအခါ၌ကား စုတိစိတ်မှ ပြန်၍ ရေတွက်သော် (၁၇)ခုမြောက် ဖြစ်သော စိတ်၏ ဥပါဒ်ခဏနှင့် ပြိုင်၍ ကမ္မဇရုပ်တို့သည် နောက်ဆုံး ဖြစ်ကြ၏။ ထိုကြောင့် (၁၆)ချက်မြောက်သော စိတ်မှစ၍ စုတိတိုင်အောင်သော စိတ်အားလုံးတို့သည် (၁၇)ချက်မြောက်သော စိတ်၏ ဥပါဒ်ကာလနှင့် ပြိုင်၍ ဖြစ်ကြ သော ဟဒယဝတ္ထုရုပ်ကိုသာ အမှီပြု၍ ဖြစ်ပေါ်ကြရပေသည်။]

ချုပ်ပုံသဘော

ချုပ်ပုံသဘော

ဖြစ်ပုံကို ပြပြီး၍ ယခုအခါ၌ ချုပ်ပုံကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။ ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏ၌ ပဋိသန္ဓေစိတ်နှင့် ပြိုင်တူဖြစ်သော ရုပ်သည် ပဋိသန္ဓေစိတ်မှ အထက်၌ (၁၆)ချက်မြောက်သော စိတ်နှင့် အတူ တကွ ချုပ်၏။

[ပဋိသန္ဓေစိတ်ပါ ထည့်သွင်း၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်၏ ဘင်ခဏနှင့် ပြိုင်၍ ချုပ်၏ဟု ဆိုလိုသည်။ ရုပ်တို့သည် စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်ကြသဖြင့် စိတ္တက္ခဏ တစ်ခု တစ်ခု၌ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟု ခဏငယ် (၃)ချက်စီ ရှိကြရကား စိတ္တက္ခဏဟူသော ခဏကြီးအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၁၇_၃ = ၅၁)ချက် အသက်ရှည်ကြ၏။ ဥပါဒ်ခဏနှင့် ဘင်ခဏမှာ ခဏငယ် တစ်ချက်စီသာ ဖြစ်၏။ ဌီကာလကား ခဏငယ် (၄၉)ချက် ရှိပေသည်။ ဤသဘောတရားကို နားလည်ထား ပါက အောက်ပါစကားရပ်များကို နားလည်မည် ဖြစ်ပါသည်။ စိတ္တက္ခဏ၏ ခဏငယ် (၅၁)ချက်စေ့မှ ရုပ်တို့ သက်တမ်း ကုန်ဆုံးသည်ဟူသော လိုရင်းအချက်ကို မှတ်သားထားပါ။]

ပဋိသန္ဓေစိတ်၏ ဌီခဏ၌ ဖြစ်သော ရုပ်သည် ပဋိသန္ဓေနောင် (၁၇)ချက်မြောက်သောစိတ်၏ ဥပါဒ်ခဏနှင့် အတူတကွ ပြိုင်၍ ချုပ်၏။ [ပဋိသန္ဓေစိတ်ပါ ရေတွက်လျှင် (၁၈)ခုမြောက်သော စိတ်၏ ဥပါဒ်ခဏ၌ ချုပ်သည်။ ထိုဥပါဒ်ခဏကျမှ ခဏငယ် (၅၁)ချက် ပြည့်သည်။]

ပဋိသန္ဓေစိတ်၏ ဘင်ခဏ၌ ဖြစ်သော ရုပ်သည် ပဋိသန္ဓေနောင် (၁၇)ချက်မြောက်သော စိတ်၏ ဌီခဏ သို့ ရောက်ရှိသောအခါ (ခဏငယ် ၅၁-ချက် သက်တမ်း ပြည့်၍) ချုပ်၏။

အကြင်ရွေ့လောက် သံသရာဟူသော ဆက်ကာဆက်ကာ ဖြစ်တတ်သော တရားမည်သည် သို့မဟုတ် စိတ်၏ ဖြစ်ခြင်း မည်သည် ရှိ၏။ ထိုရွေ့လောက် ကာလပတ်လုံး ဤနည်းတူသာလျှင် ဖြစ်နေ၏။ (အသညသတ် ဘုံ၌ကား စိတ်၏ ဖြစ်ခြင်း မည်သည် မရှိ၍ ခြွင်းချက်ထားပါ။ အလားတူပင် အရူပဘုံ၌လည်း ရုပ်၏ ဖြစ်ခြင်း မည်သည် မရှိသောကြောင့် ခြွင်းချက်ထားပါ။)

ကိုယ်ထင်ရှား ဘွားကနဲ ဖြစ်ကြကုန်သော (အမိဝမ်း၌ ပဋိသန္ဓေ တည်နေရမှု မရှိကြကုန်သော) ဥပပါတ် သတ္တဝါ (= ဩပပါတိကသတ္တဝါ)တို့အားလည်း စက္ခုဒသက ကလာပ် သောတဒသက ကလာပ် ဃာနဒသက ကလာပ် ဇိဝှါဒသက ကလာပ် ကာယဒသက ကလာပ် ဘာဝဒသက ကလာပ် ဟဒယဒသက ကလာပ်ဟူသော (၇)ပါးကုန်သော ဦးခေါင်းသဖွယ် ဦးဆောင်ဖြစ်ကြကုန်သော ရုပ်အစဉ်အတန်း သန္တတိသီသတို့၏ အစွမ်းဖြင့် (ရဝ)သော ရုပ်တို့သည် ဤအတူပင်လျှင် ဖြစ်ပေါ်၍ နေကြကုန်၏။

ဩပပါတိကာနမ္ပိ သတ္တသန္တတိဝသေန သတ္တတိရူပါနိ ဧဝမေဝ ပဝတ္တန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

သံသေဒဇ သတ္တဝါတို့၌လည်း နည်းတူပင် မှတ်ပါ။ (မဟာဋီ၊၂၊၄၀၀။)

ထိုကမ္မဇရုပ်၏ ဖြစ်မှု၌ ----

၁။ ကမ္မ = ကံ,

၂။ ကမ္မသမုဋ္ဌာန,

၃။ ကမ္မပစ္စယ,

၄။ ကမ္မပစ္စယ စိတ္တသမုဋ္ဌာန,

၅။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန,

၆။ ကမ္မပစ္စယ ဥတုသမုဋ္ဌာန ----

ဤ (၆)မျိုးသော ခွဲခြမ်းဝေဖန်ခြင်းကို သိသင့်ပေသည်။

၁။ ကမ္မ = ကံ ဟူသည်

၁။ ကမ္မ = ကံ ဟူသည်

တတ္ထ ကမ္မံ နာမ ကုသလာကုသလစေတနာ။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

နာနာက္ခဏိကကမ္မပစ္စယဘူတံယေဝ ဣဓ ကမ္မန္တိ အဓိပ္ပေတန္တိ အာဟ ကမ္မံ နာမ ကုသလာကုသလစေတနာတိ။ (မဟာဋီ၊၂၊၄၀၀။)

ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မိံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

၁။ ကံ ---- နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာ ဟူသမျှသည် ကံ မည်၏။ စိတ္တက္ခဏ တစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော ယှဉ်ဖက် စိတ်စေတသိက်တရား တို့ကို ကျေးဇူးပြုပေးတတ်သော စေတနာကား သဟဇာတကမ္မ အကြောင်းတရားတည်း။ ယင်း သဟဇာတကမ္မ အကြောင်းတရားအဖြစ်ဖြင့် ယှဉ်ဖက် စိတ်စေတသိက်တရားတို့ကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်သော ဝိပါက်-ကိရိယာနာမ်တရားတို့နှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သော ဝိပါက်-ကိရိယာစေတနာ သည် ဤ၌ ကံ မမည်ပေ။

နာနာက္ခဏိကကမ္မ ---- အကြောင်းဖြစ်သော ကံတရားနှင့် အကျိုးဖြစ်သော ဝိပါက်ရုပ်တရား နာမ်တရား တို့သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်သည့် အချိန်ကာလသည် များစွာ ကွာခြားလျက်ရှိ၏။ အကြောင်း ကံနှင့် အကျိုးဝိပါက်တို့ဖြစ်ရာ အချိန်ကာလသည် ကမ္ဘာကုဋေပေါင်းများစွာသော်လည်း ကွာခြားနိုင်၏။ ကမ္ဘာ ကုဋေပေါင်းများစွာ အထက်က ပြုစုပျိုးထောင်ခဲ့သော ကံသည် ယနေ့ မိမိ၏ အကျိုးတရားကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။ ယင်းသို့ အကြောင်းကံနှင့် အကျိုးဝိပါက်တို့ အချိန်ကာလ တစ်ခုတည်း၌ မဖြစ်ဘဲ အချိန်ကာလ အထူးထူး၌ ဖြစ်တတ်သောကြောင့် ယင်းကံကို နာနာက္ခဏိကကမ္မ အကြောင်းတရားဟု ခေါ်ဆိုပေသည်။ အကျိုး တရား ဖြစ်ပေါ်လာအောင် နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်သော တရားဟု ဆိုလိုပေ သည်။ ဤကမ္မဇရုပ်၏ အကြောင်းတရားကို ပြောဆိုရာ၌ ယင်း နာနာက္ခဏိကကမ္မပစ္စယဟူသော အကြောင်းကံ ကိုသာလျှင် ကံဟု အလိုရှိအပ်ပေသည်။ သဟဇာတကမ္မစေတနာကို ဤအရာ၌ ကံဟု မဆိုလိုပေ။

ဓမ္မတာတစ်ခု ---- ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည် မိမိ၏ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဖြစ်နေဆဲခဏ၌ ဝိပါက်အကျိုးတရားကို ပေးရိုးဓမ္မတာ မရှိပေ။ အကယ်၍ ပေးရိုးဓမ္မတာ ရှိငြားအံ့၊ လူသားတစ်ဦး သည် နတ်ပြည် ရောက်ကြောင်း ကုသိုလ်ကံ တစ်ခုကို ပြုစုပျိုးထောင်ခဲ့သော် ထိုကံကို ပြုနေဆဲ ခဏ၌ပင်လျှင် ထိုကုသိုလ်ကံ၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် နတ်သား ဖြစ်လေရာ၏။ သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။

နွားနို့ဟူသည် ညှစ်လျှင်ညှစ်ချင်း ချက်ချင်း နို့ဓမ်း မဖြစ်နိုင်၊ ချက်ချင်း ထောပတ် မဖြစ်နိုင်။ ရင့်ကျက်ဖို့ရန် အချိန်ကာလအနည်းငယ်ကိုကား စောင့်ဆိုင်းရသည်သာ ဖြစ်၏။ အလားတူပင် ကံတို့မည်သည် ပြုဆဲခဏမှာပင် ချက်ချင်း အကျိုးမပေးနိုင်၊ ရင့်ကျက်ဖို့ရန် အချိန်ကာလကိုကား စောင့်ဆိုင်းရသည်သာ ဖြစ်၏။ ရင့်ကျက်ခြင်းသို့ ရောက်ရှိပါမှ အကျိုးပေးနိုင်၏။

အကြင်ခဏ၌ ထိုစေတနာ = ကံကို ပြုစုပျိုးထောင်၏။ ထိုပြုစုပျိုးထောင်သည့် ခဏမှ အခြားတစ်ပါးသော ခဏ၌ ထိုစေတနာ (= ကံ)ကား ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့ပြီ ဖြစ်၏။ ထိုသို့ ထင်ရှားမရှိ သော်လည်း နောင်တစ်ချိန် အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင်ကမ္မသတ္တိကား ယင်းကံကို ပြုစုပျိုးထောင်လိုက် သည့် ရုပ်-နာမ်သန္တာန်အစဉ်ဝယ် ကိန်းဝပ်လျက် ကျန်နေ၏။ ထိုစေတနာ ကံသည် ဥပါဒ်-ဌီ-ဘင် သက်တမ်းစေ့၍ ပရမတ်တို့၏ သဘာဝအတိုင်း ချုပ်ပျက်သွားသော်လည်း နောင်တစ်ချိန် အကျိုးတရားကို ဖြစ်စေနိုင်သည့်စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွား၏။ ယင်း စွမ်းအင်သတ္တိကို နာနာက္ခဏိက ကမ္မပစ္စယသတ္တိဟု ခေါ်ဆိုပေသည်။

သို့အတွက် အကြင်ခဏ၌ ထိုစေတနာ (= ကံ) ကို ပြုစုပျိုးထောင်၏၊ ထိုပြုစုပျိုးထောင်သည့်ခဏမှ အခြား တစ်ပါးသောခဏ၌ ထိုစေတနာ (= ကံ) သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိသော်လည်း သက်သက် ပြုထားပြီးဖြစ်သောကြောင့်ပင်လျှင် မျက်မှောက်ဘဝ၌သော်လည်းကောင်း, ဒုတိယ လာမည့်ဘဝ၌သော်လည်းကောင်း, တတိယဘဝမှ စ၍ နောင်ဘဝ ထိုထို၌သော်လည်းကောင်း ဂတိ ကာလ ဥပဓိ ပယောဂဟူသော ကြွင်းသော အကြောင်းတရားနှင့် ပေါင်းဆုံမိခဲ့သော် အကျိုးကို ဖြစ်စေနိုင်၏။ ရှေးရှေးသော အတတ်သိပ္ပ စသည် တို့၌ လေ့ကျင့်မှုသည် ချုပ်ပျက်သွားသော်လည်း ကာလခြားရာ၌ ဖြစ်ပေါ်လာသော နောက်နောက်သော အတတ် သိပ္ပ စသည်တို့၌ လေ့ကျင့်မှု၏ အကြောင်းတရား ဖြစ်သကဲ့သို့ မှတ်ပါ။

လောကီအတတ်သိပ္ပံ ဟူသမျှတို့၌ လေ့ကျင့်မှု များပါက ကျွမ်းကျင်မှု ပို၍အားကောင်းလာ၏။ ရှေးရှေး လေ့ကျင့်မှုသည် ချုပ်ပျက်သွားသော်လည်း နောက်နောက် လေ့ကျင့်မှုအား ကျေးဇူးပြုပေးလျက်သာ ရှိ၏။ ယင်းသို့ ကျေးဇူးပြုပေးမှုကြောင့် ကျွမ်းကျင်မှု ပိုမိုလာခြင်း ဖြစ်၏။ လက်နှိပ်စက် ရိုက်နှိပ်တတ်သည့် အတတ်သိပ္ပ တစ်ခုကို စံထား၍ စဉ်းစားကြည့်ပါလေ။ လေ့ကျင့်မှု များသူကား ပို၍ ကျွမ်းကျင်သူ ဖြစ်နိုင်၏။ သို့သော် စည်းစနစ်ကျမှုကား လိုအပ်သည်သာ ဖြစ်၏။ စည်းကမ်း နည်းလမ်းတကျ လေ့ကျင့်မှုသည် အောင်မြင်မှုကို အထွတ်အထိပ်သို့ ရောက် အောင် ပို့ဆောင်ပေးနိုင်၏။

ထိုသို့ ကံကို ပြုစုပျိုးထောင်စဉ် အချိန်ကာလ ခဏနှင့် အကျိုးပေးသည့် အချိန်အခါကာလ ခဏတို့သည် စိတ္တက္ခဏပေါင်းများစွာသော်လည်းကောင်း ဘဝတစ်ခုသော်လည်းကောင်း ဘဝပေါင်း များစွာသော်လည်းကောင်း ကွာခြားမှု ရှိနေသဖြင့် ယင်းကံအကြောင်းတရားကို အကျိုးတရား ဖြစ်ပေါ်လာရာ ခဏမှ မတူကွဲပြား ထူးခြားသော ခဏရှိသော နာနာက္ခဏိကကမ္မပစ္စယအကြောင်းတရားဟု ခေါ်ဆိုအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)

၂။ ကမ္မသမုဋ္ဌာန =

၂။ ကမ္မသမုဋ္ဌာန = ကံလျှင်ဖြစ်ကြောင်းရှိသောတရား

ကမ္မသမုဋ္ဌာနံ နာမ ဝိပါကက္ခန္ဓာ စ, စက္ခုဒသကာဒိသမသတ္တတိရူပဉ္စ။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

ပဋိသန္ဓေ ဘဝင် စုတိနှင့်တကွ ဝီထိစိတ်အစဉ်အတွင်းရှိ ဝိပါက်စိတ္တက္ခဏတိုင်း၌ နာမ်ခန္ဓာ (၄)ပါးတို့သည် လည်းကောင်း, စက္ခုဒသက အစရှိသော ဇီဝိတနဝက ကလာပ် အဝင်အပါ အမျှ (ရဝ)သော ကဋတ္တာရုပ် = ကမ္မဇရုပ်သည်လည်းကောင်း ကမ္မသမုဋ္ဌာန = ကံလျှင်ဖြစ်ကြောင်းရှိသောတရား မည်၏။

၃။ ကမ္မပစ္စယ =

၃။ ကမ္မပစ္စယ = ကံဟူသော အထောက်အပံ့ရှိသောတရား

ကမ္မပစ္စယံ နာမ တဒေဝ၊ ကမ္မံ ဟိ ကမ္မသမုဋ္ဌာနဿ ဥပတ္ထမ္ဘကပစ္စယောပိ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

ကမ္မဥှိ ကမ္မဇဿ ဇနကံ ပရိပါစကမ္ပိ ဟောတိ ဇီဝိတိန္ဒြိယဿ, ကမ္မဇဂ္ဂိနော စ ဝသေန အနုရက္ခဏသမ္ဘာဝတော, အာဟာရာဒိပဋိလာဘဟေတုတာယ ဥပတ္ထမ္ဘကနိမိတ္တတော စ။ တေနာဟ ဥပတ္ထမ္ဘကပစ္စယောပိ ဟောတီတိ။ ဥပတ္ထမ္ဘကပစ္စယတာ စဿ ဥပနိဿယပစ္စယဝသေနေဝ ဝေဒိတဗ္ဗာ။ (မဟာဋီ၊၂၊၄၀၀။)

ထိုဆိုအပ်ခဲ့ပြီးသော အထက်ပါ ဝိပါက်နာမ်ခန္ဓာ (၄)ပါးတို့နှင့် အမျှ (ရဝ)သော ကဋတ္တာရုပ် = ကမ္မဇရုပ် သည်ပင်လျှင် ကမ္မပစ္စယ = ကံဟူသော အထောက်အပံ့ရှိသောတရား မည်၏။ မှန်ပေသည် ---- ကံသည် ကံလျှင် ဖြစ်ကြောင်းရှိသော ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်အား တိုက်ရိုက်ဖြစ်စေတတ်သည့် ဇနကအကြောင်းတရား သာလျှင် ဖြစ်သည်မဟုတ်သေး၊ အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘကအကြောင်းတရားလည်း ဖြစ်၏။ တိုက်ရိုက် ဖြစ်စေတတ်သည့် ဇနကသတ္တိဖြင့်သာ ကျေးဇူးပြုသည် မဟုတ်သေး၊ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့်လည်း ကျေးဇူးပြုတတ်သည်သာ ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉။) အားကြီးသောမှီရာ = ဥပနိဿယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်ဟု ဆိုလိုသည်။ (မဟာဋီ၊၂၊၄၀၀။)

မှန်ပေသည် - ကံသည် ကံကြောင့်ဖြစ်သော ကမ္မဇတရား၏ တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်း တရားသာဖြစ်သည် မဟုတ်သေး၊ တိုက်ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်းတရားလည်း ဖြစ်၏၊ စောင့်ရှောက် တတ်သော ပရိပါလက = အနုပါလကအကြောင်းတရားလည်း ဖြစ်ဘိသော်။ အဘယ်ကြောင့်နည်း? ရုပ်ဇီဝိတိန္ဒြေ သည် ကလာပ်တူ ကမ္မဇရုပ်တို့အား ဘင်မတိုင်မီ တည်အောင်ထားတတ်သော သဘောတရားအဖြစ်ဖြင့် အစဉ် စောင့်ရှောက်လျက် ရှိ၏။ ဝိပါက်နာမ်ဇီဝိတိန္ဒြေကလည်း ဝိပါက်နာမ်တရားတို့ကို အလားတူပင် စောင့်ရှောက်လျက် ရှိ၏။ အစာကို ကြေကျက်စေတတ်သော ဥဒရဂ္ဂိ အမည်ရသော ဇီဝိတနဝက ကလာပ်တို့၏ အတွင်း၌ ပါဝင် တည်ရှိသော ကမ္မဇတေဇောဓာတ် ပါစကဝမ်းမီးကလည်း ကမ္မဇရုပ်တို့ကို အစဉ်စောင့်ရှောက်လျက်ရှိ၏။ ဥသ္မာ ခေါ်သည့် ကိုယ်ငွေ့ဓာတ်ပင်တည်း။ ထိုသို့ ဇီဝိတိန္ဒြေ၏လည်းကောင်း ကမ္မဇဂ္ဂိ (= ကမ္မဇဓာတ်မီး)၏လည်းကောင်း အစွမ်းဖြင့် အစဉ်စောင့်ရှောက်ခြင်း၏ ထင်ရှားရှိခြင်းကြောင့်လည်းကောင်း, အချို့အချို့ ဘုန်းကံကြီးမား ကြကုန်သော သူတော်ကောင်းတို့သည် ရှေးရှေးဘဝ ထိုထိုက ဖြည့်ဆည်းပူးခဲ့သော ပါရမီဘုန်းကံထူးကြောင့် အာဟာရစသည့် ပစ္စည်း (၄)ပါးတို့ကို လွယ်လွယ်ကူကူ ရရှိတော်မူကြ၏။ သို့အတွက် အာဟာရစသည်ကို လွယ် လွယ်ကူကူ ရရှိခြင်း၏ အကြောင်းတရား၏ အဖြစ်ဖြင့် ယင်းကံတရားက အားပေးထောက်ပံ့တတ်၏။ ယင်းသို့ အားပေးထောက်ပံ့တတ်သောကြောင့်လည်းကောင်း ကံသည် ကမ္မဇတရား၏ တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်းတရားလည်း ဖြစ်၏၊ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားလည်း ဖြစ်၏။ ထိုကြောင့် ကံသည် ကမ္မဇတရားအား ဇနက အကြောင်းတရားသာ ဖြစ်သည် မဟုတ်၊ ဥပတ္ထမ္ဘက = အားပေး ထောက်ပံ့တတ်သော အကြောင်းတရားလည်း ဖြစ်၏ဟု အဋ္ဌကထာ ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ ထိုကံ၏ ကမ္မဇတရားအား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်မှုကို ပင်ကိုယ်ပကတိ အား ကြီးသော မှီရာ အကြောင်းတရား = ဥပနိဿယ၏ အစွမ်းဖြင့်သာလျှင် ကျေးဇူးပြုတတ်သည်ဟု သိရှိပါလေ။ (မဟာဋီ၊၂၊၄၀၀။)

သမ္မာသမ္ဗောဓိအလောင်းလျာကြီးများ, ပစ္စေကဗောဓိအလောင်းလျာကြီးများ, အဂ္ဂသာဝက မဟာသာဝက ပကတိသာဝကဟူသော သာဝကဗောဓိ အလောင်းလျာကြီးများ - ဤ (၃)မျိုးကုန်သော အလောင်းလျာကြီးတို့၏ ဘုန်းကံကြီးမားမှု ဉာဏ်ပညာကြီးမားမှု စသည်တို့သည် ကမ္ဘာပေါင်း အသင်္ချေနှင့် ချီ၍ ဘဝပေါင်းလည်း အသင်္ချေနှင့် ချီ၍ ဖြည့်ဆည်းပူးခဲ့သော ပါရမီတော် ဘုန်းကံတော် အဟုန်များကြောင့် ဖြစ်ရကား ယင်းကံတို့သည် ယင်းအလောင်းလျာကြီးတို့၏ ကမ္မဇတရားတို့အား တိုက်ရိုက် ဖြစ်စေတတ်သည့် ဇနကအကြောင်းတရား အဖြစ် ဖြင့်သာ ကျေးဇူးပြုသည် မဟုတ်၊ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားအဖြစ်ဖြင့်လည်း ကျေးဇူးပြုလျက်ပင် ရှိပေသည်။ လာဘ်လာဘ ပေါများခြင်း, ဘုန်းတန်ခိုး ကြီးမားခြင်း, ဉာဏ်ပညာ ကြီးမားခြင်း စသည်တို့ကား ကံ၏ အားပေးထောက်ပံ့မှုကြောင့် ရရှိသော ထင်ရှားသော အကျိုးတရားများပင်တည်း။

၄။ ကမ္မပစ္စယ စိတ္တသမုဋ္ဌာန =

၄။ ကမ္မပစ္စယ စိတ္တသမုဋ္ဌာန = ကံလျှင် အထောက်အပံ့ရှိသော စိတ်ကြောင့် ဖြစ်သောရုပ်

ကမ္မပစ္စယစိတ္တသမုဋ္ဌာနံ နာမ ဝိပါကစိတ္တသမုဋ္ဌာနံ ရူပံ။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

ပဉ္စဝေါကာရသတ္တဝါတို့၏ သန္တာန်ဝယ် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော မနောဓာတ် မနောဝိညာဏ ဓာတ် အမည်ရသော စိတ်တိုင်း စိတ်တိုင်းသည် (ပဋိသန္ဓေစိတ်က လွဲလျှင် သို့မဟုတ် ပဋိသန္ဓေစိတ် စုတိစိတ်က လွဲလျှင်) စိတ္တဇရုပ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိသည်သာ ဖြစ်၏။ ယင်း စိတ္တဇရုပ်ကို ဖြစ်စေနိုင်သည့် စိတ်တို့ တွင် အတိတ်ကံကြောင့် ဖြစ်ပေါ်လာကြရကုန်သော ပဋိသန္ဓေစိတ် ဘဝင်စိတ် (စုတိစိတ်) ဟူသော ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့နှင့် သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ ဟူသော ဝီထိစိတ်တို့ ပါဝင်ကြ၏။ ယင်း စိတ်တို့ကား ဝိပါက်နာမ်တရားတို့တည်း။ ယင်း ဝိပါက်စိတ်တို့သည်လည်း ဖြစ်ဆဲ ဥပါဒ်ကာလ၌ စိတ္တဇရုပ်တို့ကို ဖြစ်စေနိုင်ကြသည်သာ ဖြစ်၏။ ယင်း ဝိပါက်စိတ်တို့ကြောင့် ဖြစ်ပေါ်လာကြရကုန်သော စိတ္တဇရုပ်တို့ကား ကမ္မ ပစ္စယ စိတ္တသမုဋ္ဌာန = ကံလျှင် အကြောင်းအထောက်အပံ့ရှိသော စိတ်ကြောင့်ဖြစ်သောရုပ်တို့ မည်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

ဝိပါကစေတသိကာနမ္ပိ ကမ္မပစ္စယစိတ္တသမုဋ္ဌာနတာ ဝတ္တဗ္ဗာ၊ န ဝါ ဝတ္တဗ္ဗာ ကမ္မသမုဋ္ဌာနကမ္မပစ္စယဂ္ဂဟဏေန ဂဟိတတ္တာ။ (မဟာဋီ၊၂၊၄၀၀။)

အထက်ပါ ဝိပါက်စိတ်တို့၌ စိတ္တက္ခဏတစ်ခုအတွင်း၌ အတူ ယှဉ်တွဲ၍ ဖြစ်ပေါ်သွားကြကုန်သော ဝိပါက် စေတသိက်တို့၏လည်း ကံလျှင် အကြောင်းအထောက်အပံ့ရှိသော စိတ်ကြောင့် ဖြစ်သည်၏ အဖြစ်ကို ပြောဆို သင့်သေး၏။ (စိတ်နှင့် စေတသိက်တို့သည် သဟဇာတ, အညမည, နိဿယစသော ပစ္စယသတ္တိတို့ဖြင့် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသော တရားများဖြစ်၍ ဤစကားကို ဋီကာဆရာတော် မိန့်ဆိုနေခြင်း ဖြစ်သည်၊၊) တစ်နည်းဆိုရသော် အထက်တွင် ဖော်ပြထားသော ကမ္မသမုဋ္ဌာနတရား, ကမ္မပစ္စယတရားတို့ကို ယူသဖြင့် ယင်း ကမ္မသမုဋ္ဌာနတရား ကမ္မပစ္စယတရားတို့တွင် စေတသိက်တရားတို့ကိုပါ ယူပြီး ဖြစ်သောကြောင့် ကမ္မပစ္စယ စိတ္တသမုဋ္ဌာနတရားစုတွင် ဝိပါက်စေတသိက်တရားစုတို့လည်း ပါဝင်ကြသည်ဟု မဆိုသင့်တော့ပြီ မှတ်ပါ။ (မဟာဋီ၊၂၊၄၀၀။)

၅။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန =

၅။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန = ကံလျှင် အထောက်အပံ့ ရှိသည်ဖြစ်၍ အာဟာရကြောင့်ဖြစ်သော ရုပ်တရား

ကမ္မပစ္စယအာဟာရသမုဋ္ဌာနံ နာမ ကမ္မသမုဋ္ဌာနရူပေသု ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ ဌာနံ ပတွာ အညန္တိ ဧဝံ စတေဿာ ဝါ ပဉ္စဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၀။)

ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ အာဟာရာနုဂတေ သရီရေတိ ဂဟေတဗ္ဗံ။ (မဟာဋီ၊ ၂၊၄၀၀။) ။ ပ ။ စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတီတိ သဒိသသန္တတိဝသေန စတေဿာ ဝါ ပဉ္စ ဝါ ရူပကလာပပဝတ္တိယော သန္တာနေတိ။ ဗာဟိရပစ္စယဝိသေသေန ပန ဝိသဒိသာ ဗဟူပိ ပဝတ္တိယော ဃဋေတီတိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၁။)

= စက္ခုဒသက ကလာပ် စသော ကံကြောင့် ဖြစ်ပေါ်လာကြသည့် ကမ္မဇရုပ်ကလာပ် အသီးအသီး၌ ဩဇာ ပါဝင်လျက် ရှိ၏၊ ကမ္မဇဩဇာဟု ခေါ်၏။ ရုပ်တရားတို့၏ ဓမ္မတာကား ဌီကာလသို့ ရောက်ရှိပါမှ အားရှိကြ၏။ သို့အတွက် ယင်းကမ္မဇဩဇာသည် မိမိဥပါဒ်ပြီး ဖြစ်ပြီးနောက် ဌီကာလသို့ ရောက်ရှိသောအခါ အာဟာရဇဩဇာ က အစဉ်လိုက်လျက်ရှိသော ခန္ဓာအိမ်၌ ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေ၏။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ စားမျိုလိုက်သော အစာအာဟာရကား မစားမီ အခိုက်၌လည်းကောင်း, စားပြီး၍ အစာသစ်အိမ်အတွင်း၌ အစာသစ်ကောဋ္ဌာသအဖြစ်ဖြင့် တည်ခိုက်၌လည်းကောင်း, အစာဟောင်း အိမ်အတွင်း၌ အစာဟောင်းကောဋ္ဌာသအဖြစ်ဖြင့် တည်ခိုက်၌လည်းကောင်း ဥတုခေါ်သည့် တေဇောဓာတ် ကြောင့် ဖြစ်ပွားနေသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း အစာအာဟာရနှင့် အစာသစ် အစာဟောင်းတို့၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုလိုက်ပါက ဓာတ်ကြီး (၄)ပါးတို့၏ အစုအဝေးကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်း ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲ၌ အာကာသဓာတ်ကို မြင်အောင် စိုက်၍ ရှုလိုက် နိုင်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့မှာ ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ရုပ်ကလာပ်အမှုန်တို့သာ ဖြစ်ကြ၏။ ယင်းသို့ ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ်က နောက်ထပ် ကလာပ် အသစ်အသစ် ဆင့်ကဲ ဖြစ်ပွား လာအောင် ကျေးဇူးပြုပေးမှုကို ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်မှုဟု ပညာရှိတို့ ဆိုရိုးပြုတော်မူကြသည်။

သို့အတွက် မစားမီ စားမျိုအပ်သော အစာအာဟာရ အဖြစ်၌ တည်ခိုက်၌လည်းကောင်း အစာသစ် ကောဋ္ဌာသ အစာဟောင်းကောဋ္ဌာသအဖြစ်၌ တည်ခိုက်၌လည်းကောင်း ယင်း အစာအာဟာရကား ဥတုကြောင့် ဖြစ်သည့် ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ်တို့သာတည်း။ ယင်း အစာအာဟာရကို အလုတ်အလွေး မပြုအပ်သော် လည်း အလုတ်အလွေးကဲ့သို့ ပြု၍ စားမျိုအပ်သောကြောင့် ကဗဠီကာရအာဟာရဟု ခေါ်ဆို၏။

ယင်း ကဗဠီကာရအာဟာရ အမည်ရသည့် ဥတုဇရုပ်ကလာပ်တိုင်း၌ ဩဇာပါဝင်၏။ ယင်းဩဇာသည် ခန္ဓာအိမ် အတွင်းသို့ မပျံ့နှံ့မီ အတွင်း၌ ပါးစပ်အတွင်း လည်ချောင်းအတွင်း အစာအိမ်အတွင်း အူအတွင်း အစာဟောင်းအိမ်အတွင်း စသည့် ထိုထိုအရပ်၌ တည်ရှိခိုက် ဥတုဇဩဇာသာတည်း။ ယင်းဥတုဇဩဇာသည် - ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုတော်မူသည့် အတိုင်း အစာအိမ် စသည်၏ ပတ်ဝန်းကျင်တွင် တည်ရှိသော ဇီဝိတ နဝက ကလာပ်တို့တွင် ပါဝင်သော တေဇော ဓာတ် ဟူသော အစာကို အညီအမျှ ကြေကျက်စေတတ်သော ပါစကဝမ်းမီး၏ အားပေးထောက်ပံ့မှုဟူသော အကြောင်းအထောက်အပံ့ကို ရရှိခဲ့သော် ဌီကာလသို့ ရောက်ခိုက်၌ ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ ယင်း ရုပ်ကလာပ် အသစ်အသစ်တို့၌ ပါဝင်သော ဩဇာကား မူလ ဥတုဇဩဇာ၏ သားစဉ် မြေးဆက်တည်း။ ယင်းဩဇာကို အာဟာရဇဩဇာဟု ခေါ်ဆို၏။

သတိပြုရန် --- ဤ၌ အစာအိမ်ဝန်းကျင်ရှိ ဇီဝိတနဝက ကလာပ်တို့၌ တည်ရှိသော ပါစကတေဇောဓာတ်၏ အကြောင်းအထောက်အပံ့ကို ရ၍ အစာသစ်ကောဋ္ဌာသ ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်သော ဥတုဇဩဇာက အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပုံကို ရေးသားခြင်းမှာ ယေဘုယျသို့လိုက်၍ ရေးခြင်း ဟု မှတ်ပါ။ စားမျိုလိုက်သော အစာအာဟာရကား အစာအိမ်အတွင်း ရောက်မှသာ ပျံ့နှံ့သွားသည် မဟုတ်၊ ပါးစပ်အတွင်း ဝါးခိုက်၌လည်းကောင်း, လည်ချောင်း အူ စသည့် ထိုထိုဌာနသို့ ရောက်ခိုက်၌လည်းကောင်း ပါးစပ်, လည်ချောင်း, အူ စသည့် ထိုထိုဌာနဝန်းကျင်၌ တည်ရှိကြသော ဇီဝိတနဝက ကလာပ်တို့၌ ပါဝင်သော ကမ္မဇ တေဇောဓာတ်၏ အားပေးထောက်ပံ့မှုကိုရခဲ့သော် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည်သာ ဖြစ်သည်။ အာဟာရဇဩဇဋ္ဌမကရုပ်အဖြစ်ဖြင့် ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သွားနိုင်သည်သာ ဖြစ်သည်။

အာဟာရဇ ဩဇာ ---- ယင်း အစာသစ်ကောဋ္ဌာသတွင် ပါဝင်သော ဥတုဇဩဇဋ္ဌမက ကလာပ်တို့တွင် တည်ရှိသော ဥတုဇဩဇာကြောင့် ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် ဆင့်ကဲ ဖြစ်ပွားလာသော ရုပ်ကလာပ်တို့မှာ အာဟာရဇရုပ်ကလာပ်တို့ ဖြစ်၍ ယင်းအာဟာရဇ ရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာမှာ အာဟာရဇဩဇာ ဖြစ်သည်ဟူသော အချက်ကိုကား နားရှင်းရှင်းဖြင့် မှတ်သားထားပါ။

ကမ္မဇဩဇာနှင့် အာဟာရဇဩဇာ ပေါင်းဆုံမှု ---- စက္ခုဒသက ကလာပ် စသော ထိုထို ကမ္မဇရုပ်တိုင်းတွင် ပါဝင်သော ဩဇာကား ကမ္မဇဩဇာတည်း။ ယင်း ကမ္မဇဩဇာသည် အထက်ပါ မျက်စိသို့တိုင်အောင် ပျံ့နှံ့ ဖြစ်ပွားလာသော အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိခဲ့ပါလျှင် အခြားသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ထိုရုပ်ကလာပ်တွင် ပါဝင်သော ဩဇာက လည်း ဌီကာလသို့ ရောက်ခိုက် အခြားတစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် သဒိသသန္တတိဟူသော တူညီသော ရုပ်သန္တတိ အစဉ်အတန်း၏ အစွမ်းဖြင့် (၄)ကြိမ် (၅)ကြိမ်သော ရုပ်ကလာပ် တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ကမ္မဇကလာပ်တစ်ခုတွင် ပါဝင်သော ဩဇာသည် အာဟာရဇဩဇာ၏ အား ပေးထောက်ပံ့မှုကို ရရှိပါက လေး-ငါး ဆင့်သော ရုပ်ကလာပ်တို့ကို ဖြစ်စေနိုင်သည်ဟု ဆိုလိုပေသည်။

လိုရင်းမှတ်သားပါ

လိုရင်းမှတ်သားပါ

အစာသစ်ကောဋ္ဌာသတွင် ပါဝင်သော ရုပ်ကလာပ် အသီးအသီး၌ တည်ရှိသော ဥတုဇဩဇာသည် ကမ္မဇ ဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရခဲ့သော် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ ယင်း ရုပ်ကလာပ် အသစ်အသစ်တို့ကား (ဥတုဇ) ဩဇာကြောင့် ဖြစ်ပေါ်လာရသဖြင့် အာဟာရဇ ဩဇဋ္ဌမကရုပ်တို့ ဖြစ်ကြ၏။ တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရပြန်သော် ကမ္မဇရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိသော ကမ္မဇဩဇာက လေးဆင့် ငါးဆင့်သော (၄)ကြိမ် (၅)ကြိမ်သော ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ဤသို့ အပြန်အလှန် ကျေးဇူးပြုပုံ လိုရင်းအချက်ကို မှတ်သားထားပါ။ သို့မှသာလျှင် ရှုကွက်များကို ရေးသားတင်ပြသည့်အခါ သို့မဟုတ် မိမိကိုယ်တိုင် ရှုပွားသည့် အခါတို့၌ နားရှင်းမည် ဖြစ်သည်။ ဤသို့လျှင် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါမှ ကမ္မဇဩဇာက ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သောကြောင့် - ကမ္မဇဩဇာသည် မိမိ ဥပါဒ်ပြီး ဖြစ်ပြီး နောက် ဌီကာလသို့ ရောက်ရှိသောအခါ အာဟာရဇဩဇာက အစဉ်လိုက်လျက်ရှိသော ခန္ဓာအိမ်၌ ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေ၏ဟု မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ နတ်ဩဇာ စသည် တို့ကဲ့သို့သော ဗာဟိရအကြောင်းထူး တစ်ခုခုရှိခဲ့သော် မတူသော ရုပ်သန္တတိ၏ ဖြစ်စဉ်တို့ကိုလည်း ဆက်စပ် စေ၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်၏။

၆။ ကမ္မပစ္စယ ဥတုသမုဋ္ဌာန =

၆။ ကမ္မပစ္စယ ဥတုသမုဋ္ဌာန = ကံလျှင် အကြောင်းအထောက်အပံ့ ရှိ၍ ဥတုကြောင့်ဖြစ်သောရုပ်တရား

ကမ္မပစ္စယဥတုသမုဋ္ဌာနံ နာမ ကမ္မဇတေဇောဓာတု ဌာနပ္ပတ္တာ ဥတုသမုဋ္ဌာနံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညံ ဩဇဋ္ဌမကန္တိ ဧဝံ စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ။ ဧဝံ တာဝ ကမ္မဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ကမ္မဇရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် ပါဝင်လျက်ရှိ၏။ ယင်းတေဇောဓာတ်ကို ဥတုဟုလည်း ခေါ် ၏။ ယင်းကမ္မဇတေဇောဓာတ် = ဥတုသည် ဌီကာလသို့ ရောက်ရှိခိုက် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေ၏။ ယင်း ဩဇဋ္ဌမက ရုပ်ကလာပ်ကား ကမ္မဇတေဇောဓာတ် ဥတုကြောင့် ဖြစ်၍ ဥတု သမုဋ္ဌာန်ရုပ်တည်း။ ထို ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်ကလာပ်၌လည်း တေဇောဓာတ် = ဥတု ပါဝင်လျက် ရှိရာ ဌီကာလသို့ ရောက်ရှိလာသော ယင်း တေဇောဓာတ် = ဥတုသည် အခြားတစ်ပါးသော ဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် တူညီသော ရုပ်သန္တတိအစဉ်၏ အစွမ်းဖြင့် (၄)ကြိမ်ကုန်သော (၅)ကြိမ်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကို ဆက်စပ်စေ၏။ ထိုရုပ်တရားအပေါင်းသည် ကံလျှင် အကြောင်းရင်းခံ အထောက် အပံ့ရှိသော တေဇောဓာတ် ဥတုကြောင့် ဖြစ်ပေါ်လာရသဖြင့် ကမ္မပစ္စယ ဥတုသမုဋ္ဌာန ရုပ် မည်၏။ ဤသို့လျှင် ရှေးဦးစွာ ကမ္မဇရုပ်၏ ဖြစ်ခြင်းကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၀။)

နိဗ္ဗာန်ကို အလိုရှိသော အသင်သူတော်ကောင်းသည် ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် အောင် ကြိုးပမ်းရမည့် တာဝန်တစ်ခုပင် ဖြစ်ပေသည်။

စိတ္တဇရုပ်၏ ဖြစ်ပေါ်လာပုံ

စိတ္တဇရုပ်၏ ဖြစ်ပေါ်လာပုံ

စိတ္တဇရုပ်တို့၌လည်း ----

၁။ စိတ္တ = စိတ်,

၂။ စိတ္တသမုဋ္ဌာန,

၃။ စိတ္တပစ္စယ,

၄။ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန,

၅။ စိတ္တပစ္စယ ဥတုသမုဋ္ဌာန ----

ဤသို့သော ဝေဖန်ခွဲခြားမှုကို သိရှိအပ်ပေသည်။

၁။ စိတ္တ = စိတ်

၁။ စိတ္တ = စိတ်

တစ်ခုယုတ် ကိုးဆယ်သော စိတ်တို့သည် စိတ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

အရူပဝိပါကဒွိပဉ္စဝိညာဏဝဇ္ဇိတံ ပဉ္စသတ္တတိဝိဓမ္ပိ စိတ္တံ စိတ္တသမုဋ္ဌာနရူပံ ပဌမဘဝင်္ဂမုပါဒါယ ဇာယန္တမေဝ သမုဋ္ဌာပေတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

= ယင်း တစ်ခုယုတ်ကိုးဆယ်သော စိတ်တို့တွင် အရူပဝိပါက် (၄)ခု ဒွိပဉ္စဝိညာဏ် တစ်ဆယ်မှ တစ်ပါးသော (၇၅)မျိုးသော စိတ်သည်လည်း စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာနရုပ် = စိတ္တဇရုပ်ကို ပဋိသန္ဓေနောင် ပထမ ဘဝင်မှ စ၍ ဥပါဒ်လျှင် ဥပါဒ်ခြင်းသာလျှင် = ဖြစ်ဆဲ ဥပါဒ်ကာလ၌သာလျှင် ဖြစ်စေ၏။ ထိုသို့ ဖြစ်စေရာ၌ ကံ တစ်ခုတည်းက ရုပ်ပေါင်းများစွာကို ဖြစ်စေနိုင်သကဲ့သို့ စိတ်တစ်ခုတည်းကလည်း ရုပ်ကလာပ်ပေါင်းများစွာ = ရုပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။

စိတ္တဇရုပ် - ဣရိယာပုထ်-ဝိညတ်ရုပ်

စိတ္တဇရုပ် - ဣရိယာပုထ်-ဝိညတ်ရုပ်

မဟာကုသိုလ်စိတ် ---- ၈

အကုသိုလ်စိတ် ---- ၁၂ ကာမဇော ---- ၂၉

ဟသိတုပ္ပါဒ်စိတ်နှင့် မဟာကြိယာစိတ် ---- ၉

ဝုဋ္ဌော = မနောဒွါရာဝဇ္ဇန်း ---- ၁

ကုသိုလ်အဘိညာဏ် + ကြိယာအဘိညာဏ် ---- ၂

အားလုံးပေါင်းသော် ---- ၃၂

ဤ (၃၂)မျိုးသော စိတ်တို့သည် ----

၁။ စိတ္တဇရုပ်ကိုလည်းကောင်း, (စိတ္တဇရုပ်သာမန် ဟူလို။)

၂။ ဣရိယာပုထ်ကိုလည်းကောင်း,

၃။ ဝိညတ်ရုပ်ကိုလည်းကောင်း ဖြစ်စေကြကုန်၏။

ဣရိယာပထ = ဣရိယာပုထ်

ဣရိယာပထ = ဣရိယာပုထ်

ဣရိယာယ ကာယိကကိရိယာယ ပဝတ္တိဋ္ဌာနတာယ ပထဘာဝတော ဣရိယာပထော။ ဂမနာဒိ။ အတ္ထတော တဒဝတ္ထာ ရူပပ္ပဝတ္တိ။ (မဟာဋီ၊၂၊၄၀၁။)

ကိုယ်၌ ဖြစ်သော အမူအရာ၏ ဖြစ်ရာဌာန၏ အဖြစ်ဖြင့် အကြောင်းတရား ဖြစ်သောကြောင့် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းသည် ဣရိယာပထ = ဣရိယာပုထ် မည်၏။ ပရမတ် အထည်ကိုယ် ဒြပ်အနက် သဘောအားဖြင့်ကား ထိုသွားခြင်းစသော အခိုက်အတန့်၌ ဖြစ်သော ရုပ်တို့၏ ဖြစ်ခြင်းသဘောပင်တည်း။ သွားသောအခြင်းအရာ ရပ်သောအခြင်းအရာ ထိုင်သောအခြင်းအရာ လျောင်းသောအခြင်းအရာအားဖြင့် ရုပ် တရားတို့၏ ဖြစ်မှုကိုပင် ဣရိယာပုထ်ဟု ဆိုလိုသည် ဟူပေ။

ကာမေဉ္စတ္ထ ရူပဝိနိမုတ္တော ဣရိယာပထော, ဝိညတ္တိ စ နတ္ထိ၊ တထာပိ န သဗ္ဗံ ရူပသမုဋ္ဌာပကစိတ္တံ ဣရိယာပထူပတ္ထမ္ဘကံ, ဝိညတ္တိဝိကာရုပ္ပါဒကဉ္စ ဟောတိ။ ယံ ပန စိတ္တံ ဝိညတ္တိဇနကံ၊ တံ ဧကံသတော ဣတရဿ ဇနကံ အဝိနာဘာဝတော၊ တထာ ဣရိယာပထူပတ္ထမ္ဘကံ ရူပဿ။ ဧတဿ ဝိသေသဿ ဒဿနတ္ထံ ရူပံ, ဣရိယာပထံ, ဝိညတ္တိဉ္စာတိ သမုစ္စယော ကတော။ (မဟာဋီ၊၂၊၄၀၁။)

ရုပ်တရားမှ အလွတ်ဖြစ်သော ဣရိယာပုထ်သည်လည်းကောင်း, ဝိညတ်သည်လည်းကောင်း မရှိသည် မ ဟုတ်လော၊ အဘယ်ကြောင့် ရုပ်တရားမှ အသီးအခြား ခွဲ၍ ဣရိယာပုထ်ကိုလည်းကောင်း, ဝိညတ်ကိုလည်းကောင်း ထုတ်ဆောင်အပ်ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။

ဤအရာ၌ ရုပ်တရားမှ အလွတ်ဖြစ်သော ဣရိယာပုထ်သည်လည်းကောင်း, ဝိညတ်သည်လည်းကောင်း အကယ်၍ကား မရှိပေ။ ထိုသို့ပင် မရှိပါသော်လည်း အလုံးစုံသော စိတ္တဇရုပ်ကို ဖြစ်စေတတ်သော စိတ်ဟူသမျှ သည် ဣရိယာပုထ်ကို ထောက်ပံ့တတ် ခိုင်ခံ့စေတတ်သည်လည်း မဖြစ်ပေ၊ ဝိညတ်အမူအရာအထူးကို ဖြစ်စေတတ် သည်လည်း မဖြစ်ပေ။ စင်စစ်မှာမူ အကြင်စိတ်သည် ဝိညတ်ကို ဖြစ်စေတတ်၏၊ ထိုဝိညတ်ရုပ်ကို ဖြစ်စေတတ်သော စိတ်ဟူသမျှသည် ဣရိယာပုထ်ကိုလည်း ထောက်ပံ့တတ် ခိုင်ခံ့စေတတ်၏၊ စိတ္တဇရုပ်ကိုလည်း ဖြစ်စေတတ်၏။ ဝိညတ်နှင့် ဣရိယာပုထ်, စိတ္တဇရုပ်တို့သည် မကွေမကွာ ဖြစ်နေခြင်းကြောင့် ဝိညတ်ရုပ်ဖြစ်က ဣရိယာပုထ်နှင့် စိတ္တဇရုပ်တို့လည်း ဖြစ်မြဲ ဓမ္မတာသာ ဖြစ်သည့်အတွက် စင်စစ်အားဖြင့် ဝိညတ်ရုပ်ကို ဖြစ်စေသော စိတ်မှန်သမျှ သည် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ဣရိယာပုထ်နှင့် စိတ္တဇရုပ်သာမန်ကိုလည်း ဖြစ်စေတတ် သည်သာ ဖြစ်၏။ (ဝိညတ်, ဣရိယာပုထ် မပါသော စိတ္တဇဩဇဋ္ဌမကရုပ်များကို စိတ္တဇရုပ်သာမန်ဟု ဆိုလိုသည်၊၊)

အလားတူပင် ဣရိယာပုထ်ကို ထောက်ပံ့တတ် ခိုင်ခံ့စေတတ်သော စိတ်သည် စိတ္တဇရုပ်သာမန်ကိုလည်း ဖြစ်စေတတ်၏။ စိတ္တဇဩဇဋ္ဌမကရုပ်များမပါဘဲ ဣရိယာပထရုပ်များ မဖြစ်နိုင်သောကြောင့်ဖြစ်၏။ ဤကဲ့သို့သော အထူးကို ဖော်ပြခြင်းငှာ ဝုဋ္ဌော, ကာမဇော, အဘိညာဏ်ဇော ဟူသော (၃၂) မျိုးသော စိတ်သည် စိတ္တဇရုပ်ကို လည်းကောင်း, ဣရိယာပုထ်ကိုလည်းကောင်း, ဝိညတ်ရုပ်ကိုလည်းကောင်း ဖြစ်စေကုန်၏- ဟု (၃)မျိုးလုံးကို ပေါင်းစည်းခြင်း သမုစ္စည်းအနက်ရှိသော စ-သဒ္ဒါကို အဋ္ဌကထာဆရာတော်သည် အသုံးပြုတော်မူခြင်း ဖြစ်ပေ သည်။

[ဤအရာ၌ ပါဠိ - စ-သဒ္ဒါသည် မြန်မာစကား - လည်းကောင်းနှင့် အဓိပ္ပါယ်တူ၏။ (၃)ခုတွင် တစ်ခုခု ကိုသာ ရွေးချယ်ယူရသည့် လည်းကောင်း မဟုတ်။ (၃)ခုလုံးကိုယူရသော လည်းကောင်းပင် ဖြစ်သည်ဟု ဆိုလိုပေသည်။]

စိတ္တဇရုပ် နှင့် ဣရိယာပုထ်

စိတ္တဇရုပ် နှင့် ဣရိယာပုထ်

မဟဂ္ဂုတ် ကုသိုလ်ဇော ---- ၉ - မျိုး

မဟဂ္ဂုတ် ကြိယာဇော ---- ၉ - မျိုး

လောကုတ္တရာစိတ် ---- ၈ - မျိုး

ဤ (၂၆)မျိုးသော အပ္ပနာဇောစိတ်တို့သည် ----

၁။ စိတ္တဇရုပ် (စိတ္တဇရုပ်သာမန်) ကိုလည်းကောင်း

၂။ ဣရိယာပုထ်ကိုလည်းကောင်း ဖြစ်စေကုန်၏။

ဝိညတ်ရုပ်ကိုကား မဖြစ်စေကြကုန်။ (ဤအပ္ပနာဇောတို့တွင် အဘိညာဏ်ဇောများ မပါဝင်ဟု မှတ်ပါ။) (ဝိသုဒ္ဓိ၊၂၊၂၅၀။)

န ဝိညတ္တိံ ဇနယန္တိ မဟဂ္ဂတကုသလာဒီနံ သန္တဘာဝေန အဝိပ္ဖါရိကဘာဝတော။ ဝိပ္ဖါရိကမေဝ ဟိ ကာမာဝစရကုသလာဒိ ဝိညတ္တိံသမုဋ္ဌာပေတိ၊ ဣရိယာပထူပတ္ထမ္ဘကာနိ ပန ဟောန္တိ သတိ သန္တဘာဝေ စျာနဝေဂေန သဥဿာဟတ္တာ၊ ယတော တေသံ ဇဝနကိစ္စတာ။ (မဟာဋီ၊၂၊၄၀၁။)

ဤ (၂၆)မျိုးသော အပ္ပနာဇောတို့သည် ဝိညတ်ရုပ်ကို အဘယ်ကြောင့် မဖြစ်စေတတ်ကြကုန်သနည်း ဟူမူ ---- ယင်း မဟဂ္ဂုတ်ဇော လောကုတ္တရာဇောတို့၏ ငြိမ်သက်သည်၏ အဖြစ်ဖြင့် ပြန့်ကားခြင်း လှုပ်ရှားခြင်း မရှိသည်၏ အဖြစ်ကြောင့် ဝိညတ်ရုပ်ကို မဖြစ်စေနိုင်ကြကုန်။ မှန်ပေသည် ---- ပြန့်ကားခြင်း လှုပ်ရှားခြင်း ရှိသည် သာလျှင် ဖြစ်သော ကာမဇော, အဘိညာဏ်ဇော စသော စိတ်သည် ဝိညတ်ရုပ်ကို ဖြစ်စေတတ်၏။ သို့သော် ယင်း အပ္ပနာဇောစိတ်တို့သည် ဝိညတ်ရုပ်ကို မဖြစ်စေတတ် မဖြစ်စေနိုင်သော်လည်း ဣရိယာပုထ်ကိုကား တည်မြဲ တိုင်း ထားမြဲတိုင်း တည်တံ့အောင် ထောက်ပံ့တတ် ခိုင်ခံ့စေတတ်ကုန်၏။ အဘယ်ကြောင့်နည်းဟူမူ ယင်း အပ္ပနာ စျာန်ဇောတို့သည် ငြိမ်ငြိမ်သက်သက်ဖြစ်မှု ရှိသည် မှန်သော်လည်း စျာန်၏ အဟုန်ဖြင့် အားထုတ်ခြင်း လုံ့လ ဥဿာဟ ထင်ရှား ရှိနေသည်၏ အဖြစ်ကြောင့်တည်း။ ယင်းသို့ အားထုတ်ခြင်း လုံ့လ ဥဿာဟ ထင်ရှား ရှိနေ သည်၏ အဖြစ်ကြောင့် ထို (၂၆)မျိုးသော စိတ်တို့၏ ဇောကိစ္စ ရှိသည်၏ အဖြစ်သည် ဖြစ်ပေါ်လာ၏။ အပ္ပနာဇော တို့၏ ယင်းသို့ အားထုတ်ခြင်း လုံ့လဥဿာဟ ထင်ရှား ရှိနေသည့်အတွက် ယင်းတို့တွင် မဟဂ္ဂုတ်ဇောတို့သည် အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ် စသော ထိုထိုသမထနိမိတ်အာရုံ၏ အရသာကိုလည်းကောင်း, လောကုတ္တရာဇောတို့သည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်၏ ငြိမ်းအေးခြင်း သန္တိသုခ အရသာကိုလည်းကောင်း အဟုန်ပြင်းစွာ ဆက်တိုက်ခံစားခြင်း ဇဝနကိစ္စကို ရွက်ဆောင်နိုင်ကြသည်။

ဣရိယာပထမ္ပိ ဥပတ္ထမ္ဘေန္တီတိ ယထာပဝတ္တံ ဣရိယာပထံ ဥပတ္ထမ္ဘေန္တိ။ (မူလဋီ၊၁၊၁၅၁။)

ဤအထက်ပါ မူလဋီကာ၏ ဖွင့်ဆိုချက်အရ အဘိညာဏ်ကိစ္စတပ်ခိုက်ဖြစ်သော ရူပါဝစရ ပဉ္စမစျာန်ဇောမှ တစ်ပါးသော အဘိညာဏ်ကိစ္စ မတပ်သော ရူပါဝစရပဉ္စမစျာန်ဇောနှင့် တကွသော ဤအထက်တွင် ဖော်ပြထား သော စျာန်ဇော မဂ်ဇော ဖိုလ်ဇောဟူသော အပ္ပနာဇော (၂၆)မျိုးတို့သည် ဝိညတ်ရုပ်ကို မဖြစ်စေနိုင်ကြသဖြင့် ဝိညတ်မပါလျှင် မပြီးသော ဣရိယာပုထ်အသစ်ကို စတည်၍ မဖြစ်စေနိုင်ကြကုန်၊ သို့သော် ဝုဋ္ဌော ကာမဇော အဘိညာဏ်ဇောတို့ကြောင့် ဖြစ်ပေါ်လာသော ဣရိယာပုထ်ကိုကား ထောက်ပံ့တတ် ခိုင်ခံ့စေတတ်ကုန်၏။ ထောက်ပံ့ဆိုသည်ကား ဝုဋ္ဌော ကာမဇော အဘိညာဏ်ဇောတို့ကြောင့် ဖြစ်ပြီးသားဖြစ်သော သွားမှု ရပ်မှု ထိုင်မှု အိပ်မှု ဣရိယာပုထ်ကို သွားမြဲတိုင်း ရပ်မြဲတိုင်း ထိုင်မြဲတိုင်း အိပ်မြဲတိုင်း မပျက်ပြားအောင် ဆက်လက် တည်တံ့အောင် ခိုင်ခံ့စေကုန်၏ဟု ဆိုလိုပေသည်။

စိတ္တဇရုပ် သာမန်ကိုသာ ဖြစ်စေနိုင်၏

စိတ္တဇရုပ် သာမန်ကိုသာ ဖြစ်စေနိုင်၏

၁။ အဟိတ် ဥပေက္ခာသန္တီရဏစိတ် (၂) ပါး + မဟာဝိပါက်စိတ် (၈)ပါးဟူသော

ကာမာဝစရဘဝင်စိတ် (ဘဝင်ကိစ္စတပ်ခိုက်ကို ရည်သည်။) ---- ၁၀ - ပါး

၂။ ရူပါဝစရဝိပါက်ဟူသော ရူပါဝစရဘဝင်စိတ် ---- ၅ - ပါး

၃။ ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်းဒွေး ဟူသော မနောဓာတ် ---- ၃ - ပါး

၄။ အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏစိတ် ---- ၁ - ပါး

အားလုံးပေါင်းသော် ---- ၁၉ - ပါး

ဤ (၁၉)ပါးသော စိတ်တို့သည် (ဣရိယာပထ, ဝိညတ်မပါသော) စိတ္တဇရုပ်သာမန်ကိုသာလျှင် ဖြစ်စေ ကြကုန်၏၊ ဣရိယာပုထ်ကိုလည်း မဖြစ်စေကြကုန်၊ ဝိညတ်ကိုလည်း မဖြစ်စေကြကုန်။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ရူပမေဝ ဇနယန္တိ န ဣရိယာပထံ နိရုဿာဟသန္တဘာဝေန ပရိဒုဗ္ဗလဘာဝတော။ (မဟာဋီ၊၂၊၄၀၂။)

ဤ (၁၉)မျိုးသော စိတ်တို့သည် အားထုတ်ခြင်း လုံ့လ ဥဿာဟမရှိရကား ငြိမ်သက်သော ဖြစ်ခြင်း ရှိသဖြင့် ထက်ဝန်းကျင် အားနည်းသည်၏ အဖြစ်ကြောင့် စိတ္တဇရုပ်သာမန်ကိုသာလျှင် ဖြစ်စေနိုင်ကြကုန်၏။ ဣရိယာပုထ် ဝိညတ်ရုပ်ကို မဖြစ်စေနိုင်ကြကုန်။ (မဟာဋီ၊၂၊၄၀၂။)

စိတ်စွမ်းအင်များ

စိတ်စွမ်းအင်များ

ယထာ ဟိ အဗ္ဗောကိဏ္ဏေ ဘဝင်္ဂေ ဝတ္တမာနေ အင်္ဂါနိ ဩသီဒန္တိ ပဝိဋ္ဌာနိ ဝိယ ဟောန္တိ၊ န ဧဝံ ဒွတ္တိံသ ဆဗ္ဗီသာတိ ဝုတ္တေသု ဇာဂရဏစိတ္တေသု ဝတ္တမာနေသု။ တေသု ပန ဝတ္တမာနေသု အင်္ဂါနိ ဥပတ္ထဒ္ဓါနိ ယထာပဝတ္တိရိယာပထဘာဝေနေဝ ပဝတ္တန္တီတိ။ (မူလဋီ၊၁၊၁၅၁။)

အဗ္ဗောကိဏ္ဏေတိ အန္တရန္တရာ ဥပ္ပဇ္ဇမာနေဟိ အသံသဋ္ဌေ။ (အနုဋီ၊၁၊၁၆၄။)

ကိရိယာမယစိတ္တေဟိ အဝိမိဿဘဝင်္ဂပ္ပဝတ္တိကာလေ ခန္ဓာဒိသရီရာဝယဝါနံ နိစ္စလဘာဝေနာဝဋ္ဌာနံ။ (မဟာဋီ၊၂၊၄၀၂။)

အထက်တွင် ဖော်ပြထားသော (၃၂)ပါးသောစိတ် (၂၆)ပါးသောစိတ်တို့ကို ဇာဂရဏစိတ် = နိုးကြားနေ သောစိတ်ဟုလည်းကောင်း, ကိရိယာမယစိတ် = အမူအရာကြိယာကို ပြီးစီးစေတတ်သောစိတ်ဟုလည်းကောင်း ခေါ်ဆို၏။ ယင်းဇာဂရဏစိတ် ကိရိယာမယစိတ်တို့နှင့် မရောနှောသော ဘဝင်စိတ်ချည်းသက်သက် အဆက် မပြတ် အကြားအလပ် မရှိ ဆက်တိုက်ဖြစ်နေသော ကာလ၌ ပခုံးအစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့၏ လှုပ်ရှားခြင်း မရှိသည်၏အဖြစ်ဖြင့် ကြံ့ကြံ့ခိုင်ကြည် တည်တံ့ခြင်းကား ဖြစ်နိုင်၏။ (မဟာဋီ၊၂၊၄၀၂။)

မှန်ပေသည် ---- ဇာဂရဏစိတ် ကိရိယာမယစိတ်တို့နှင့် မရောနှောသော ဘဝင်စိတ်ချည်းသက်သက် အဆက်မပြတ် အကြားအလပ် မရှိ ဆက်တိုက်ဖြစ်နေလတ်သော် ကိုယ်အင်္ဂါတို့သည် ဆုတ်နစ်ကုန်သကဲ့သို့ ဝင်သွားကုန် ကျုံ့သွားကုန်သကဲ့သို့ ဖြစ်ကုန်သကဲ့သို့, (၃၂)ပါးသောစိတ် (၂၆)ပါးသောစိတ်ဟု ဖွင့်ဆိုထားအပ် ကုန်သော ဇာဂရဏစိတ်တို့ ဖြစ်ကုန်လတ်သော် ဤအတူ ဆုတ်နစ်ကုန်သကဲ့သို့ ဝင်သွားကုန် ကျုံ့သွားကုန်သကဲ့သို့ မဖြစ်ကြလေကုန်။ ထို ဇာဂရဏစိတ် ကိရိယာမယစိတ်တို့ ဖြစ်ကုန်လတ်သော် ကိုယ်အင်္ဂါတို့သည် တောင့်တင်း ခိုင်မာကုန်၏၊ သွားလျှင် သွားသည့်အတိုင်း, ရပ်လျှင် ရပ်သည့်အတိုင်း, ထိုင်လျှင် ထိုင်သည့်အတိုင်း, အိပ်လျှင် အိပ်သည့်အတိုင်းဟူသော ဖြစ်ပေါ်တိုင်းသော ဣရိယာပုထ်၏ အဖြစ်ဖြင့်သာလျှင် ဆက်လက်၍ ဖြစ်ပေါ် နေကြကုန်၏ဟု မှတ်ပါ။

မနောဒွါရိကဇောသာ

မနောဒွါရိကဇောသာ

န ဟိ ပဉ္စဒွါရိကဝိညာဏေဟိ ဂမနာဒီသု ကဉ္စိ ဣရိယာပထံ ကပ္ပေတိ။ ပ ။ သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

အထက်တွင် ဖော်ပြထားခဲ့သော စိတ္တဇရုပ်သာမန်ကိုလည်းကောင်း, ဣရိယာပုထ်ကိုလည်းကောင်း, ဝိညတ် ရုပ်ကိုလည်းကောင်း ဖြစ်စေတတ်သော ဝုဋ္ဌော, ကာမဇော, အဘိညာဏ်ဇောတို့တွင် အဘိညာဏ်ဇောတို့မှာ မနောဒွါရိကဇောသာ ဧကန်ဖြစ်သဖြင့် ဆိုဖွယ်မရှိပြီ။ ဝုဋ္ဌော, ကာမဇောတို့ကား ပဉ္စဒွါရိကလည်း ဖြစ်ကြ၏၊ မနောဒွါရိကလည်း ဖြစ်ကြ၏။ ဤ၌ မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော) နှင့် ကာမ ဇောများကိုသာယူပါ။ ပဉ္စဒွါရဝီထိများသည် အလွန်အားနည်း၏။ ထိုကြောင့် ပဉ္စဒွါရ၌ပါသော ဝုဋ္ဌောနှင့် ဇော တို့သည် ဝိညတ်ရုပ်ကို မဖြစ်စေနိုင်၊ ဣရိယာပုထ်ကိုလည်း မဖြစ်စေနိုင်၊ တစ်စုံတစ်ခုသော ဣရိယာပုထ်ကိုလည်း မပြုလုပ်နိုင်ဟု မှတ်ပါ။

စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော စိတ်များ

စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော စိတ်များ

၁။ စက္ခုဝိညာဏ် စသော ဒွေပဉ္စဝိညာဏ် ---- ၁၀

၂။ သတ္တဝါအားလုံးတို့၏ ပဋိသန္ဓေစိတ် ---- ၁

၃။ ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ် ---- ၁

၄။ အရူပဝိပါက်စိတ် ---- ၄

အားလုံးပေါင်းသော် ---- ၁၆

ဤ (၁၆)မျိုးသော စိတ်တို့သည် ----

၁။ စိတ္တဇရုပ် သာမန်ကိုလည်း မဖြစ်စေနိုင်ကြကုန်။

၂။ ဣရိယာပုထ်ကိုလည်း မဖြစ်စေနိုင်ကြကုန်။

၃။ ဝိညတ်ရုပ်ကိုလည်း မဖြစ်စေနိုင်ကြကုန်။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ပဋိသန္ဓေစိတ်က စိတ္တဇရုပ်ကို မဖြစ်စေနိုင်ပုံ

ပဋိသန္ဓေစိတ်က စိတ္တဇရုပ်ကို မဖြစ်စေနိုင်ပုံ

၁။ မှီရာ ဟဒယဝတ္ထုရုပ်၏ အားနည်းခြင်း,

၂။ တည်တည်တံ့တံ့ ခိုင်ခိုင်ခံ့ခံ့ ထောက်တည်ရာ မရရှိသေးခြင်း,

၃။ ပုရေဇာတ စသော အကြောင်းအထောက်အပံ့ ချို့တဲ့ခြင်း,

၄။ ဘဝသစ်၌ ရောက်ခါစ အာဂန္တုကမျှသာ ဖြစ်သေးခြင်း,

၅။ စိတ္တဇရုပ်တို့၏ တည်ဖို့ရာ အကြောင်းကို ကမ္မဇရုပ်များက နေရာယူထားပြီး ဖြစ်ခြင်း ----

ဤအကြောင်းများကြောင့် ပဋိသန္ဓေစိတ်ဟူသမျှသည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ချေ။

၁။ ရုပ်တို့မည်သည် ဖြစ်ဆဲ ဥပါဒ်အခိုက်၌ အားနည်း၏၊ ဌီကာလသို့ ရောက်ရှိမှသာလျှင် အားရှိ၏။ ဤကား ရုပ်တို့၏ ဓမ္မတာတည်း။ ပဋိသန္ဓေအခါ၌ ဖြစ်စေ, ပဝတ္တိအခါ၌ ဖြစ်စေ ရုပ်တို့သည် ဖြစ်ဆဲ ဥပါဒ်အခိုက်၌ ပစ္ဆာဇာတပစ္စည်း အကြောင်းတရား၏ အထောက်အပံ့ အာဟာရစသည်တို့၏ အထောက်အပံ့ကို မရရှိ သေးသဖြင့် ရုပ်ဟူသမျှသည် ဖြစ်ဆဲ ဥပါဒ်အခိုက်၌ အားသေးမြဲ ဓမ္မတာပင်ဖြစ်သည်။ ဤသို့ အားသေး သော အားမရှိသေးသော မိမိနှင့် ဘဝသစ်၌ စတင်၍ ပြိုင်တူ ဖြစ်ရသည့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ရ သော ပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၂။)

၂။ ပဋိသန္ဓေစိတ်သည် မှီရာဝတ္ထုရုပ် အားနည်းရုံသာမက မိမိ ကိုယ်တိုင်ကလည်း ကံအဟုန် ပစ်ချလိုက် သဖြင့် ဘဝသစ်၌ ဖြစ်ခါစသာ ရှိနေသေးသည့်အတွက် တည်တည်တံ့တံ့ ခိုင်ခိုင်ခံ့ခံ့ ထောက်တည်ရာကို မရရှိသေးရကား ချောက်ကမ်းပါးပြတ်သို့ ကျရောက်နေဆဲဖြစ်သော ယောက်ျားသည် သူတစ်ပါး၏ အမှီ ကို မခံနိုင်သကဲ့သို့, ထို့အတူ ပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်များ ဖြစ်ပေါ်လာလောက်အောင် သဟဇာတ နိဿယသတ္တိဖြင့် ကျေးဇူးပြုမပေးနိုင်ပေ၊ စိတ္တဇရုပ်များကို မဖြစ်စေနိုင်ပေ။ (အဘိ၊ဋ္ဌ၊၂၊၂၂။)

၃။ ပဋိသန္ဓေနောင် ဆက်လက် ဖြစ်ပေါ်လာကြသော ပထမဘဝင်စသော ဝိပါက်စိတ်များလည်း ကံအဟုန် ပစ်ချ၍ပင် ဖြစ်ပေါ်လာကြရသောကြောင့် တည်တံ့နိုင်ဖွယ် မရှိချေ၊ သို့သော် ပဋိသန္ဓေစိတ် စသော မိမိ မိမိတို့၏ ရှေးရှေး ချုပ်သွားသော စိတ်များက အနန္တရစသော ပစ္စယအကြောင်းသတ္တိတို့ဖြင့် ကျေးဇူး ပြုပေးလျက် ရှိ၏၊ မိမိတို့ မဖြစ်မီ ကြိုတင်၍ ဖြစ်နှင့်ကြသော ပဋိသန္ဓေစိတ်စသော ရှေးရှေးသော စိတ်နှင့် အတူ ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသဖြင့် အားရှိနေသော ဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ရသဖြင့် ယင်း မှီရာ ဟဒယဝတ္ထုက ပုရေဇာတစသော ပစ္စယအကြောင်းသတ္တိတို့ဖြင့်လည်း ကျေးဇူးပြုပေးလျက် ရှိ၏။ ထိုကြောင့် ပထမဘဝင်စသော စိတ်များမှာ အားအင်ပြည့်ဝလျက် ရှိသဖြင့် စိတ္တဇရုပ်ကို ဖြစ်စေနိုင်ကြ၏။

ပဋိသန္ဓေစိတ်မှာမူကား မိမိ၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် အတူတကွ မရှေးမနှောင်း ဘဝသစ်ဝယ် ပြိုင်တူ ဖြစ်ပေါ်လာရ၏။ ထို ပဋိသန္ဓေစိတ်အား မှီရာ ဟဒယဝတ္ထုရုပ်က ရှေးက ဖြစ်၍ ကျေးဇူးပြုပေးခြင်းဟူသော ပုရေဇာတ ဖြစ်၍ မှီရာအကြောင်းတရား ဖြစ်ဖို့ရန် မစွမ်းနိုင်ပေ။ အကယ်၍ မှီရာဝတ္ထုရုပ်က ပဋိသန္ဓေစိတ်၏ ရှေးကဖြစ်နှင့်၍ ပုရေဇာတ အကြောင်းတရား ဖြစ်ဖို့ရန် စွမ်းနိုင်ခဲ့ပါမူကား ပဋိသန္ဓေစိတ်သည်လည်း စိတ္တဇ ရုပ်ကို ဖြစ်စေနိုင်လေရာသည်။

အကြင် စိတ္တက္ခဏ၌ မှီရာဝတ္ထုရုပ်သည် အမှီခံစိတ်၏ ရှေးက ဖြစ်၍ ဝတ္ထုပုရေဇာတနိဿယ အကြောင်း တရား ဖြစ်ဖို့ရန် စွမ်းနိုင်၏။ စက္ခုအကြည်ဓာတ် စသော မှီရာဝတ္ထုရုပ် သန္တတိအစဉ်တန်းသည် မှီရာဝတ္ထုရုပ် တစ်ခု ထင်ရှား ရှိနေစဉ်မှာပင်လျှင် အခြားတစ်ပါးသော မှီရာဝတ္ထုရုပ်၏ ချုပ်ပျက်သွားခြင်း အသစ်ထပ်ဖြစ်ခြင်း ၏အစွမ်းဖြင့် သန္တတိအစဉ်သည် ဆက်စပ်မိနေ၏။ လွန်ခဲ့သော အတိတ်ဘဝက စုတိ၏ မှီရာဝတ္ထုရုပ်နှင့် လက်ရှိ ဘဝသစ် ပဋိသန္ဓေ၏ မှီရာ ဝတ္ထုရုပ်တို့ကဲ့သို့ ရုပ်သန္တတိ အစဉ်အတန်း ပြတ်စဲလျက် ဖြစ်သည်ကား မဟုတ်။ရုပ်သန္တတိအစဉ်အတန်းသည် ရှေးနှင့်နောက် ဆက်စပ်လျက်သာ ဖြစ်နေ၏။

[ပုံစံတစ်ခု ---- ပဋိသန္ဓေနောင် စိတ္တက္ခဏ (၁၇)ချက်မြောက်သော စိတ်ကို ပုံစံထား၍ ကြည့်ပါ။ ပဋိသန္ဓေ စိတ်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်လာကြသော ကမ္မဇရုပ်တို့သည် ယင်း ပဋိသန္ဓေနောင် (၁၇)ချက်မြောက်သော စိတ်၏ ဘင်ကာလအခိုက်၌ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့သဖြင့် ချုပ်ပျက်သွားကြ၏။ ယင်း (၁၇)ချက် မြောက်သော စိတ်၏ ဥပါဒ်ကာလ-ဌီကာလ-ဘင်ကာလတို့၌လည်း ကမ္မဇရုပ်များ အသစ်အသစ် ဖြစ်ပေါ်လျက် ရှိကြ၏။ စိတ္တဇရုပ် ဥတုဇရုပ်တို့လည်း ထိုက်သလို ဖြစ်နေကြ၏။ တစ်ဖန် ပဋိသန္ဓေနောင် ပထမဘဝင် ဒုတိယ ဘဝင် စသည့် စိတ်တို့၏ ဥပါဒ်-ဌီ-ဘင် ကာလတို့၌လည်း ကမ္မဇရုပ်များ အသစ်အသစ် ဖြစ်ပွားလျက် ရှိကြ၏။ ယင်း ပထမဘဝင် ဒုတိယဘဝင်စသော စိတ်တို့ကလည်း မိမိ ဥပါဒ်ဆဲကာလ၌ စိတ္တဇရုပ်များကို ဖြစ်စေကြပြန်၏။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် (= ဥတု) ကလည်း ရုပ်၏ ဌီကာလသို့ရောက်တိုင်း ဥတုဇ ရုပ် အသစ်အသစ်ကို ဖြစ်စေကြပြန်၏။ ယင်း ပထမဘဝင် စသည်တို့၏ အခိုက်၌ ဖြစ်ပေါ်သွားကြသော ရုပ် တရားတို့သည်ကား ပဋိသန္ဓေနောင် (၁၇)ချက်မြောက်သော စိတ္တက္ခဏအခိုက်၌ကား စိတ္တက္ခဏ (၁၇)ချက် သက်တမ်း မစေ့သေးသဖြင့် ဆက်လက်၍ တည်နေဆဲပင် ဖြစ်ကြ၏။ သို့အတွက် ယင်း ပဋိသန္ဓေနောင် (၁၇) ချက်မြောက်သော စိတ္တက္ခဏဝယ် - ရုပ်တို့၏ ချုပ်မှု ပျက်မှုလည်း ရှိ၏၊ ရုပ်တို့၏ ဖြစ်မှုလည်း ရှိ၏၊ သက်တမ်း မကုန်သေးသည့် တည်ဆဲရုပ်တို့၏ တည်မှုလည်း ရှိနေ၏။ သို့အတွက် ရုပ်သန္တတိအစဉ်အတန်းသည် ရှေးနှင့် နောက် ဆက်စပ်လျက်သာ ဖြစ်နေ၏။ ကျန်စိတ္တက္ခဏတို့၌လည်း နည်းတူ သဘောပေါက်ပါ။]

ထိုဝတ္ထုပုရေဇာတနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်သော ဝတ္ထုရုပ်ကို မှီတွယ်ခွင့် ရရှိသော ထိုစိတ္တက္ခဏ အခိုက်၌လည်း စိတ်သည် မိမိစိတ်ကို ထပ်ဆင့်အားပေးတတ်သော ဝိတက် ဝိစာရစသော စျာန်အင်္ဂါများ, သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပစသော မဂ္ဂင်များ, ဖဿ စေတနာစသော စိတ်အင်္ဂါများ မယုတ်လျော့သော်သာလျှင် ထင်ရှားရှိနေသော်သာလျှင် စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏။ ထို စျာနင် မဂ္ဂင်တို့ ယုတ်လျော့နေသည့်အတွက်ကြောင့် စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်တို့သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ကြကုန်။ (အဘိ၊ဋ္ဌ၊၂၊၂၂။ မူလဋီ၊၂၊၁၈။)

ဆိုဖွယ်ရှိလာပြန်၏။ ပဋိသန္ဓေစိတ်နှင့် ဥပါဒ်ချင်း ပြိုင်၍ အတူဖြစ်ပေါ်လာသော ဟဒယဝတ္ထုသည် ထိုပဋိသန္ဓေစိတ်၏ ဌီခဏ၌လည်းကောင်း, ဘင်ခဏ၌လည်းကောင်း ပုရေဇာတ ဖြစ်နေ၏ = ရှေးက ဖြစ်နေ၏။ထိုကြောင့် ပဋိသန္ဓေစိတ်၏ ဌီခဏ ဘင်ခဏတို့၌ မှီရာဟဒယဝတ္ထုရုပ်သည် ပုရေဇာတ = ရှေးက ဖြစ်ခြင်း ဟူသော အကြောင်းတရား ချို့တဲ့မှု မရှိသောကြောင့် ထို ဌီခဏ ဘင်ခဏ၌ ယင်း ပဋိသန္ဓေစိတ်က ရုပ်ကို ဖြစ်ပါစေဟု ပြောဆိုလာငြားအံ့၊ ယင်း အယူအဆကို တားမြစ်လို၍ အောက်ပါ စကားရပ်ကို အဋ္ဌကထာက ဆက်၍ မိန့်တော်မူပြန်သည်။ (မူလဋီ၊၂၊၁၈။)

အကယ်၍ စိတ်သည် ဌီခဏ၌လည်းကောင်း, ဘင်ခဏ၌လည်းကောင်း ရုပ်ကို ဖြစ်စေငြားအံ့၊ ပဋိသန္ဓေ စိတ်သည်လည်း ရုပ်ကို ဖြစ်စေလေရာ၏။ သို့သော် စိတ်ဟူသမျှသည် ဌီခဏ ဘင်ခဏ နှစ်မျိုး၌ ရုပ်ကို မဖြစ် စေနိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၂။)

ထိုစကားရပ်ဝယ် ပဋိသန္ဓေစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထု၏ ဌီခဏ ဘင်ခဏတို့၌လည်း ထို ပဋိသန္ဓေ စိတ်စေတသိက်တို့၏ မှီရာဝတ္ထုရုပ်သည် ပုရေဇာတ မဖြစ်ပါဟူသော စကားကို မဆိုသင့်သည်သာဟု ခွင့်ပြုလျက်ပင် ရှိ၏။ ထိုခွင့်ပြုချက်၌လည်း အပြစ်ကို ထင်ရှားပြလျက်ပင် ရှိ၏။ အကယ်၍ ထိုဌီခဏ ဘင်ခဏ တို့၌ ရုပ်ကို ဖြစ်စေငြားအံ့၊ သင် စောဒက၏ အယူအဆအားဖြင့် ပဋိသန္ဓေစိတ်သည်လည်း ရုပ်ကို ဖြစ်စေ လေရာ၏။ သို့သော် ထိုဌီခဏ ဘင်ခဏ၌ စိတ္တဇရုပ်၏ ဖြစ်ခြင်းသည် မရှိသည်သာ ဖြစ်၏။ စိတ်ဟူသမျှသည် အလွန် အပျက်မြန်ရကား စိတ်အားလုံး၏ ဘင်ခဏ၌ မိမိကိုယ်တိုင်က ပျက်ဆဲဖြစ်၍ ရုပ်ကို မဖြစ်စေနိုင်၊ ဌီခဏ၌လည်း (ဌီခဏဟူသည့် ပျက်မည့် ဘက်သို့ ယိုင်လဲနေသောသဘာဝဖြစ်ရကား) ပျက်ဖို့က ရှေးရှုနေသော ကြောင့် ရုပ်ကို မဖြစ်စေနိုင်။ အကြင်အခါ၌ အနန္တရ ပုရေဇာတ စသော အကြောင်း အထောက်အပံ့ကို ရရှိသဖြင့် စိတ်သည် အင်အားရှိလာသည့်အတွက် စိတ္တဇရုပ်သည် ဖြစ်ပေါ်လာ၏၊ ထိုအခါ စိတ်၏ ဥပါဒ်ခဏ၌သာ ဖြစ်ပေါ် လာပေသည်။ သင်စောဒက၏ အယူအဆအားဖြင့်လည်း အကြောင်းတရားသည် ချို့တဲ့လျက်သာ ရှိပေသည်။ ပဋိသန္ဓေခဏ၌ ပုရေဇာတနိဿယ အကြောင်းတရား မရှိသောကြောင့် ဖြစ်၏။ ထိုကြောင့် ပဋိသန္ဓေစိတ်သည် ရုပ်ကို မဖြစ်စေနိုင်ဟု မှတ်ပါ။ (မူလဋီ၊၂၊၁၈။)

မှိုငုံသည် မြေကြီးထဲမှ မြေပေါ်သို့ ထွက်ပေါ်လာသော် မြေမှုန့်ကို မိမိ အငုံထိပ်ပေါ်၌ ယူဆောင်လျက် ရွက်လျက်သာလျှင် ထွက်ပေါ်လာ၏။ သို့အလားတူပင် စိတ်သည် မိမိ၏ ရှေးက ဖြစ်သော ဝတ္ထုရုပ်ကို မှီ၍ သာလျှင် မိမိ၏ ဖြစ်ဆဲ ဥပါဒ်ခဏ၌ ဖြစ်လျှင်ဖြစ်ခြင်း (၈)မျိုးသော ဩဇဋ္ဌမကရုပ်တို့ကို ယူဆောင်၍သာလျှင် ထွက်ပေါ်လာ၏။ (အနန္တရစသော အကြောင်းပစ္စည်းတို့၏ အထောက်အပံ့ အစွမ်းကြောင့် စိတ်သည် ဖြစ်ဆဲ ဥပါဒ်ခဏ၌ အဟုန်ရှိရှိနှင့် အင်အားပြည့်တင်းစွာ ဖြစ်ပေါ်လာသောကြောင့်ပင်တည်း။ ---- မူလဋီ၊၂၊၁၉။) ပဋိသန္ဓေခဏ၌လည်း မှီရာ ဟဒယဝတ္ထုရုပ်သည် ပဋိသန္ဓေစိတ်၏ ရှေးကဖြစ်၍ ဝတ္ထုပုရေဇာတနိဿယ မှီရာ အကြောင်းတရား ဖြစ်ဖို့ရန် မစွမ်းနိုင်ပေ။ ထိုကြောင့် ဝတ္ထုပုရေဇာတနိဿယဟူသော မှီရာ အကြောင်းတရား ချို့တဲ့သည့် အဖြစ်ကြောင့်လည်း ပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၂။)

၄။ မရောက်ဖူးသေးသော အရပ်တစ်ပါးသို့ ရောက်ရှိလာသော ရောက်သစ်စ အာဂန္တုက ဧည့်သည်ယောက်ျား သည် ရောက်ရာအရပ်၌ မိမိ၏ အရာဌာန မဟုတ်သည့်အတွက် မစိုးပိုင်သည့်အတွက် သူတစ်ပါးတို့အား အမောင်တို့ ...လာကြပါ ...၊ အမောင်တို့အား ရွာထဲ၌ ထမင်း အဖျော် ပန်းနံ့သာ စသည်တို့ကို ပေးလှူပါမယ် စသည်ဖြင့် လောကွတ်ပျူငှာ ပြောဆိုလာခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အလားတူပင် ပဋိသန္ဓေစိတ်သည်လည်း ထိုထို ဘဝသစ်၌ ရောက်သစ်စ ဧည့်သည် အာဂန္တုမျှသာ ဖြစ်၏။ ထိုသို့ မိမိ၏ ဘဝသစ်၌ ရောက်သစ်စ ဧည့်သည် အာဂန္တုမျှသာ ဖြစ်သည့်အတွက်ကြောင့်လည်း စိတ္တဇရုပ်များကို ဖြစ်ပေါ်လာဖို့ရန် လောကွတ်ပျူငှာ မပြုနိုင်ချေ၊ စိတ္တဇရုပ်ကို မဖြစ်စေနိုင်ပေ။ (အဘိ၊ဋ္ဌ၊၂၊၂၂။)

၅။ ပဝတ္တိအခါ၌ စိတ်စေတသိက်တရားတို့သည် စိတ္တဇရုပ်တို့အား သဟဇာတ နိဿယ စသော ပစ္စယသတ္တိ = အကြောင်းသတ္တိတို့ဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုလျက် ရှိ၏။ (ပဋ္ဌာန၊၁၊၅။) ပဋိသန္ဓေစိတ်ကား ထိုပစ္စယသတ္တိ = အကြောင်းသတ္တိတို့ဖြင့် မိမိနှင့် အတူတကွ ဖြစ်ဖက် အမျှသုံးဆယ်ကုန်သော ကမ္မဇ ရုပ်တို့အား ကျေးဇူးပြုလိုက်ရလေပြီ။ အမျှသုံးဆယ်ကုန်သော ကမ္မဇရုပ်တို့သည် စိတ္တဇရုပ်တို့၏ နေရာကို ယူ၍ တည်နေကြကုန်၏။ ထိုကြောင့်လည်း ပဋိသန္ဓေစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၂။)

ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်

ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်

ခီဏာသဝဿ ပန စုတိစိတ္တံ ဝဋ္ဋမူလဿ ဝူပသန္တတ္တာ န သမုဋ္ဌာပေတိ။ တဿ ဟိ သဗ္ဗဘဝေသု ဝဋ္ဋမူလံ ဝူပသန္တံ အဘဗ္ဗုပ္ပတ္တိကံ၊ ပုနဗ္ဘဝေ ပဝေဏီ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၂၂-၂၃။)

= ရဟန္တာအရှင်မြတ်၏ စုတိစိတ်တော်သည်ကား အဝိဇ္ဇာ တဏှာဟူသော သံသရာဝဋ်မြစ်၏ ငြိမ်းအေးပြီး ပြတ်စဲပြီး ဖြစ်သည့်အတွက်ကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ မှန်ပေသည် --- ထိုရဟန္တာအရှင်မြတ်၏ သန္တာန် ဝယ် အလုံးစုံသော ဘဝတို့၌ အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်သည် ငြိမ်းအေးပြီး ဖြစ်၏။ နောင်တစ်ဖန် ထပ်မံ၍ မဖြစ်ထိုက်သော သဘောရှိ၏။ ဘဝသစ်ဝယ် ရုပ်အဆက်အသွယ် အစဉ်အဆက်မည်သည် မရှိတော့ပြီ။ (အဘိ၊ဋ္ဌ၊၂၊၂၂-၂၃။)

စူးစမ်းဆင်ခြင်ပါ

စူးစမ်းဆင်ခြင်ပါ

ဝဋ္ဋမူလန္တိ တဏှာ အဝိဇ္ဇာ ဝုစ္စတိ။ စုတိစိတ္တေန ဥပ္ပဇ္ဇမာနံ ရူပံ တတော ပုရိမတရေဟိ ဥပ္ပဇ္ဇမာနံ ဝိယ န ဘဝန္တရေ ဥပ္ပဇ္ဇတီတိ ဝဋ္ဋမူလဿ ဝူပသန္တတ္တာ အနုပ္ပတ္တိ ဝိစာရေတဗ္ဗာ။ (မူလဋီ၊၂၊၁၉။)

အဝိဇ္ဇာ တဏှာဟူသော ဝဋ္ဋမူလတရား၏ ငြိမ်းပြီးသည့်အတွက် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ် တော်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင် - ဟူသော အဋ္ဌကထာစကားရပ်ကို မူလဋီကာဆရာတော်က မနှစ်သက်ပေ။ မနှစ်သက်ရခြင်း၏ အကြောင်းကား အဋ္ဌကထာဆရာတော်က ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်တော်သည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်လျှင် ထိုရုပ်သည် နောက်ဘဝ၌ ဆက်သွားလိမ့်မည်ဟု ယူဆဟန်တူ၏ဟု ဋီကာဆရာ တော်က အထက်ပါ အဋ္ဌကထာစကားရပ်ကို ကောက်ချက်ချထား၏။ ထိုသို့ ဆက်သွားမည် မစိုးဖို့ရာ ဋီကာ ဆရာတော်က - စုတိစိတ်ကြောင့် ဖြစ်သော ရုပ်သည် ထို စုတိစိတ်မှ ရှေး၌ ဖြစ်ကုန်သော စိတ်တို့ကြောင့် ဖြစ် သော ရုပ်ကဲ့သို့ပင် နောက်ဘဝဟူသော ဘဝတစ်ပါး၌ မဖြစ်ပါ - ဟု အကြောင်းပြထား၏။ သို့အတွက် အဝိဇ္ဇာ တဏှာဟူသော ဝဋ္ဋမူလတရား၏ ငြိမ်းပြီးသည့် အတွက်ကြောင့် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်တော်ကြောင့် စိတ္တဇရုပ် မဖြစ်ခြင်းကို စိစစ်ထိုက်ပေ၏ဟု မူလဋီကာဆရာတော်က မိန့်ဆိုထားပေသည်။

သို့သော် အဋ္ဌကထာဆရာတော်၏ အလိုမှာ မူလဋီကာဆရာတော် ယူဆသလို မဟုတ်ကြောင်းကို မဓု ဋီကာက ဤသို့ ရှင်းပြထား၏။

အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်ရှိနေသေးလျှင် စုတိပြီးနောက် ပဋိသန္ဓေအသစ် ဖြစ်ရာ၏၊ ထို ပဋိသန္ဓေ အသစ်အား ကျေးဇူးပြုဖို့ရန် ရဟန္တာ အရှင်မြတ်တို့၏ စုတိစိတ်တော်မှာလည်း (စိတ္တဇရုပ်ကို ဖြစ်စေခဲ့လျှင်) အနန္တရသတ္တိရှိရာ ရောက်လေရာ၏၊ အမှန်အားဖြင့် ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်တော်မှာ အနန္တရသတ္တိ မရှိ၊ ထိုသတ္တိ မရှိသောကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ဟု မဓုဋီကာက ဖွင့်ပြထားပေသည်။ (ဝဋ်မြစ် ပြတ်ပြီး သောကြောင့် ယင်းစုတိစိတ်တော်မှာ အနန္တရသတ္တိ မရှိခြင်း ဖြစ်သည်။ ထိုသတ္တိမရှိသောကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ဟု ဆိုလိုပေသည်။ သို့သော် မူလဋီကာဆရာတော်ကား သတ္တဝါအားလုံးတို့၏ စုတိစိတ်မှန်သမျှသည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ဟု အယူရှိတော်မူ၏။ အောက်တွင် ထင်ရှားလတ္တံ့။)

စုတိစိတ် အယူအဆ

စုတိစိတ် အယူအဆ

ကာမာဝစရာနံ ပစ္ဆိမစိတ္တဿ ဥပ္ပါဒက္ခဏေ ယဿ စိတ္တဿ အနန္တရာ ကာမာဝစရာနံ ပစ္ဆိမစိတ္တံ ဥပ္ပဇ္ဇိ-ဿတိ၊ ရူပါဝစရေ အရူပါဝစရေ ပစ္ဆိမဘဝိကာနံ, ယေ စ ရူပါဝစရံ အရူပါဝစရံ ဥပပဇ္ဇိတွာ ပရိနိဗ္ဗာယိဿန္တိ၊ တေသံ စဝန္တာနံ တေသံ ဝစီသင်္ခါရော နိရုဇ္ဈိဿတိ၊ နော စ တေသံ ကာယသင်္ခါရော နိရုဇ္ဈိဿတီတိ ပန ဝစနတော အညေသမ္ပိ စုတိစိတ္တံ ရူပံ န သမုဋ္ဌာပေတီတိ ဝိညာယတိ။ န ဟိ ရူပသမုဋ္ဌာပကစိတ္တဿ ဂဗ္ဘဂမနာဒိဝိနိဗဒ္ဓါဘာဝေန ကာယသင်္ခါရာ သမုဋ္ဌာပနံ အတ္ထိ၊ န စ ယုတ္တံ စုတော စ စိတ္တသမုဋ္ဌာနဉ္စဿ ပဝတ္တတီတိ၊ နာပိ စုတိစိတ္တံ ရူပံ သမုဋ္ဌာပေတီတိ ပါဠိ အတ္ထီတိ။ (မူလဋီ၊၁၊၁၅၁-၁၅၂။ မဟာဋီ၊၂၊၄၀၂။)

ဤအထက်ပါ သင်္ခါရယမိုက်ပါဠိတော် (အဘိ၊၆၊၂၈-၂၉။)၌ လာရှိသော ပါဠိတော်ကား ဝိတက် ဝိစာရ ဟူသော ဝစီသင်္ခါရသာ ချုပ်လတ္တံ့ဖြစ်၍ အဿာသ-ပဿာသ ဟူသော ကာယသင်္ခါရ မချုပ်လတ္တံ့သော ပုဂ္ဂိုလ် များကို ဖော်ပြသော ပါဠိတော်ပင် ဖြစ်သည်။ အဿာသ-ပဿာသ ချုပ်လတ္တံ့ မရသော ပုဂ္ဂိုလ်တို့ဟူသည် နောက်ထပ် သံသရာခရီး ထင်ရှားရှိနေသေးသော်လည်းကောင်း, သံသရာခရီး ပြတ်စဲသွားသော်လည်းကောင်း မည်သည့်အချိန်ကာလမှ မဖြစ်လတ္တံ့သော ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။ ယင်းသို့ အဿာသ-ပဿာသ မချုပ် လတ္တံ့သော ပုဂ္ဂိုလ်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

၁။ ကာမတိဟိတ်စုတိစိတ် (၄)ခု စေတသိက် (၃၃)တို့၏ ဥပ္ပါဒက္ခဏသမင်္ဂီ (= ဖြစ်ဆဲ ဥပါဒ်ခဏနှင့် ပြည့်စုံ သော) ပုဂ္ဂိုလ်ဟု ဆိုအပ်သော စျာန်မဝင်စားသော ကာမာဝစရ အရဟတ္တဖလဋ္ဌာန် = ရဟန္တာပုဂ္ဂိုလ်,

၂။ ပစ္ဆိမစိတ် (= နောက်ဆုံးစုတိစိတ်) မှ ပြန်၍ ရေတွက်သော် အဆုံးစွန်သော အဿာသပဿာသနှင့် အတူတကွ ချုပ်သော စိတ်မှသည် နောက်ဆုံး ပစ္ဆိမစိတ်၏ အနန္တရဖြစ်သော ----

က။ ဒုတိယ တဒါရုံ (တဒါရုံနောင် စုတိကျသောဝါရ ),

ခ။ မရဏာသန္န ပဉ္စမဇော (ဇောနောင် စုတိကျသောဝါရ ),

ဂ။ ဘဝင် (ဘဝင်နောင် စုတိကျသောဝါရ ) တိုင်အောင် စျာန်မဝင်စားသော ကာမာဝစရ အရဟတ္တဖလဋ္ဌာန် = ရဟန္တာပုဂ္ဂိုလ်,

၃။ ပထမစျာန်ဝိပါက် ဒုတိယစျာန်ဝိပါက် ဟု ဆိုအပ်သော သဝိတက္က-သဝိစာရစိတ်ဖြင့် ပရိနိဗ္ဗာန်ပြုလတ္တံ့ သောသူ ဖြစ်အံ့၊ ပဋိသန္ဓေမှစ၍ နောက်ဆုံး ပစ္ဆိမစိတ်၏ ဥပါဒ်တိုင်အောင်, အဝိတက္က-အဝိစာရ ဝိပါက် စိတ်ဖြင့် ပရိနိဗ္ဗာန်ပြုလတ္တံ့သောသူ ဖြစ်အံ့၊ မရဏာသန္နပဉ္စမဇော၏ ဥပါဒ်တိုင်အောင် စျာန်ဝင်စား မဝင် စားသော ရူပါဝစရ အရူပါဝစရ ပစ္ဆိမဘဝိက (= နောက်ဆုံးဘဝရှိသော) ပုဂ္ဂိုလ်,

၄။ ကာမသုဂတိ (၇)ဘုံမှ ရူပါဝစရ အရူပါဝစရဘုံသို့ ဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့သောသူ ဖြစ်အံ့၊ အဆုံးစွန်သော အဿာသပဿာသနှင့် အတူတကွ ချုပ်သော စိတ်မှသည် စုတိတိုင်အောင် ကာမာဝစရစဝန္တ (= ကာမ ဘုံ၌ စုတိဆဲ) ပုဂ္ဂိုလ်,

၅။ ရူပါဝစရ အရူပါဝစရဘုံ အချင်းချင်းမှာသာ နောက်ထပ် ဖြစ်ခွင့်ရှိသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့သော သူဖြစ်အံ့၊ ပဋိသန္ဓေမှစ၍ စုတိတိုင်အောင် အသညသတ် အကနိဋ္ဌ ကြဉ်သော ရူပ-အရူပပုဂ္ဂိုလ် ----

ဤပုဂ္ဂိုလ် (၅)မျိုးတို့ကား ဝစီသင်္ခါရ ချုပ်လတ္တံ့ဖြစ်၍ အဿာသ-ပဿာသ (= ကာယသင်္ခါရ) မချုပ်လတ္တံ့ သော ပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ နောင် အဿာသ-ပဿာသ ဖြစ်ခွင့် မရှိတော့သော ပုဂ္ဂိုလ်များဟု ဆိုလိုပေသည်။

အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၆၂။)

= အဿာသပဿာသတို့သည်ကား စိတ်ကြောင့်ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ်တို့သာ ဖြစ်ကြ၏။

အထက်ပါ သင်္ခါရယမိုက်ပါဠိတော်ကို ထောက်၍ အလုံးစုံသော ပုဂ္ဂိုလ်တို့၏ စုတိစိတ်သည် အဿာသ ပဿာသကို မဖြစ်စေနိုင်သကဲ့သို့ အဿာသပဿာသနှင့် စိတ္တဇရုပ်ချင်း တူညီသော အခြား စိတ္တဇရုပ်များကိုလည်း စုတိစိတ်ဟူသမျှသည် မဖြစ်စေနိုင်ဟု မူလဋီကာဆရာတော်က ဆိုလိုပေသည်။ မှန်ပေသည် -- စိတ္တဇရုပ်ကို ဖြစ်စေတတ်သောစိတ်၏ အမိဝမ်း၌ ဖြစ်ခြင်း, ရေနစ်နေခြင်း, မေ့မျောနေခြင်း, သေနေခြင်း, စတုတ္ထစျာန် ဝင်စား နေဆဲ ဖြစ်ခြင်း, ရူပဘဝ အရူပဘဝနှင့် ပြည့်စုံနေဆဲဖြစ်ခြင်း, နိရောဓသမာပတ်ကို ဝင်စားနေဆဲ ဖြစ်ခြင်းဟူသော အဿာသပဿာသကို တားမြစ်တတ်သော အကြောင်းတရား၏ ထင်ရှား မရှိလတ်သော် ကာယသင်္ခါရ ဟူသော အဿာသပဿာသကို မဖြစ်စေနိုင်ခြင်းသည် မရှိကောင်းသည်သာ ဖြစ်၏၊

၁။ စုတေလည်း စုတေဆဲ ဖြစ်၏၊

၂။ စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလည်း ဖြစ်ဆဲ ဖြစ်၏။

ဤနှစ်ပါးစုံကား မဖြစ်သင့်သည်သာ ဖြစ်၏။ စုတိစိတ်က စိတ္တဇရုပ်ကို ဖြစ်စေ၏ဟူသော ပါဠိတော် သည်လည်း ပိဋကတ်တော်၌ မရှိပါ။ ခီဏာသဝ ရဟန္တာအရှင်မြတ်တို့၏ စုတိစိတ်ဟု အထူးပြု၍ ဆိုခြင်းမှာ နောင်တစ်ဖန် ဘဝသစ်နှင့် စပ်ခြင်းမရှိသော နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်သွားသော ရဟန္တာ အရှင်မြတ်တို့၏ စုတိစိတ်တော်၏ ရုပ်ကို မဖြစ်စေခြင်းသည် ထင်ရှား၏ဟု နှလုံးပိုက်တော်မူ၍ အဋ္ဌကထာ ဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ ဤသို့ မှတ်သားပါလေ။ ဤကား မူလဋီကာနှင့် မဟာဋီကာဆရာတော် တို့၏ အယူအဆ ဖြစ်ပါသည်။

မဓုဋီကာ၏ ချေပချက်

မဓုဋီကာ၏ ချေပချက်

ထိုအဆိုကို မဓုဋီကာ၌ ချေပထား၏၊ ချေပပုံကား ---- စုတိစိတ်သည် အလွန်အားသေး၏၊ အလွန် အား ပျော့၏။ အဿာသပဿာသကား အလွန်ထင်ရှား၏။ သင်္ခါရယမိုက်၌ စုတိစိတ်က အဿာသပဿာသကို မဖြစ် စေပုံကို ဟောတော်မူသော်လည်း အခြား စိတ္တဇရုပ်ကိုလည်း ယင်း စုတိစိတ်က မဖြစ်စေနိုင်ဟု မယူသင့်ပါ။ မူလဋီကာဆရာတော်က စုတိစိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏ဟူသော ပါဠိတော် မရှိကြောင်းကို နောက်၌ မိန့်ဆိုသွား၏။ ထိုပါဠိတော်သည် မရှိသကဲ့သို့ စုတိစိတ်သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ဟူသော ပါဠိတော်သည် လည်း ပိဋကတ်တော်၌ မရှိပါဟု ချေပသွားလေသည်။

ပဉ္စဝိညာဏ်တို့ ရုပ်ကို မဖြစ်စေပုံ

ပဉ္စဝိညာဏ်တို့ ရုပ်ကို မဖြစ်စေပုံ

ဒွေပဉ္စဝိညာဏ်တို့၌ ဖဿမှ မနသိကာရတိုင်အောင် သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံးတို့သာ ယှဉ်ကြ၏။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာနင်ထိုက်သော တရားတို့လည်း မရှိကြ။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိစသော မဂ္ဂင်ထိုက်သော တရားတို့လည်း မရှိကြ။ လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟဟူသော ဟိတ်တရား (= အကြောင်းရင်း မူလတရား) တို့လည်း မယှဉ်ကြပေ။ ယင်းသို့ စျာနင် မဂ္ဂင် ဟိတ်တို့နှင့် မယှဉ်သည့်အတွက် စိတ်အင်္ဂါ အလွန်အားနည်းလျက် ရှိ၏။ ယင်းသို့ စိတ်အင်္ဂါ၏ အလွန်အားနည်းသောကြောင့် ထိုဒွေပဉ္စဝိညာဏ်တို့သည် ရုပ်ကို မဖြစ်စေနိုင်ကြကုန်။ (အဘိ၊ဋ္ဌ၊၂၊၂၃။)

စျာနပစ္စည်း မဂ္ဂပစ္စည်း ဟေတုပစ္စည်းများ၌ ---

ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။(ပဋ္ဌာန၊၁၊၁၊၊)

စျာနင်္ဂါနိ စျာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ စျာနပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈။)

မဂ္ဂင်္ဂါနိ မဂ္ဂသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ မဂ္ဂပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၈။)

ဤသို့ စသည်ဖြင့် စျာနင် မဂ္ဂင် ဟိတ်တရားတို့က စျာနသမ္ပယုတ်တရား မဂ္ဂသမ္ပယုတ်တရား ဟေတု သမ္ပယုတ်တရားတို့အားလည်းကောင်း, စိတ္တဇရုပ်တို့အားလည်းကောင်း ဖြစ်စေကြောင်းကို ဟောပြတော်မူလျက် ရှိ၏။ ထိုတရားတို့တွင် ဝိတက် ဝိစာရစသော တရားတို့၏ စျာနသတ္တိကြောင့် စိတ်သည် အာရုံတစ်ခုကို ယူရာ၌ သမံကာ လျှံကာ မဟုတ်ဘဲ စူးစူးစိုက်စိုက် ယူ၏။ ထိုကြောင့် ထိုစျာန်နှင့် ယှဉ်သော စိတ်သည် စွမ်းအင် ကြီးမား လာ၏။ စိတ်၏ စွမ်းအင် အားကောင်းမှု၌ စျာနင်တရားများသည် အရေးကြီးသော ကဏ္ဍရပ် တစ်ခုမှ ပါဝင်လျက် ရှိ၏။ မဂ္ဂင်နှင့် ဟိတ်တရားတို့ကလည်း စိတ်စွမ်းအင် ကြီးမားဖွံ့ဖြိုးရေးအတွက် အားကြီးသော အထောက်အပံ့ ကို ပေးလျက်ပင် ရှိ၏။

သဒ္ဓါ-ဝီရိယ-သတိတို့၏ အကူအညီကို ရယူလျက် သမထအာရုံ သို့မဟုတ် ဝိပဿနာအာရုံ ဟူသော ကောင်းမြတ်သော အာရုံ တစ်ခုခုအပေါ်၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် စိတ်ကို ဆွဲစုပေးလိုက်သော အခါ သမာဓိ ခေါ်သော မဂ္ဂင်တရားတစ်ခု ပေါ်လာပေ၏။ ယင်းသမာဓိက စွမ်းအင် ပြည့်ဝလာသောအခါ သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ (အံ၊၃၊၂၅၉) = သမာဓိရှိသော ပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ - ဟု ဘုရားရှင် ဟောကြားထားတော်မူသည့်အတွက် ပရမတ္ထဓမ္မသဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ သိတတ်သည့် ပညာစွမ်းအင်တစ်မျိုး တိုး၍ ဖြစ်ပေါ်လာပေ၏။ ယင်း သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဟူသော စွမ်းအင်များ ပြည့်ဝစုံလင်လျက်ရှိသော စိတ်ကား တန်ခိုးအာနိသင် ကြီးမားလှ၏။ နိဗ္ဗာန်ဟူသည့် ထိုမှာဘက် ကမ်းသို့ ရောက်အောင် မဂ္ဂင် (၈)ပါး လမ်းကြောင်းပေါ်မှ ဘေးသို့ တိမ်းစောင်း၍ ကျမသွားအောင် ထိန်းချုပ် ထားနိုင်သော စွမ်းအား ရှိ၏။ ထိုကြောင့် စိတ်စွမ်းအင် ကြီးမားရေး ကြီးထွားရေးအတွက် စျာနင် မဂ္ဂင် ဟိတ် တရားတို့သည် အလွန်အရေးပါလှ၏။ ထိုစျာနင် မဂ္ဂင် ဟိတ်တို့နှင့် ယှဉ်တွဲဖြစ်ခွင့် မရသော စိတ်သည် စိတ်၏ အင်္ဂါ မပြည့်စုံချေ။ လက်ခြေအင်္ဂါ မပြည့်စုံသောသူသည် ထိုထို ကိစ္စကို လက်ခြေအင်္ဂါ ပြည့်စုံသူလောက် မစွမ်းဆောင်နိုင်သကဲ့သို့ စိတ်အင်္ဂါ မပြည့်စုံသော စိတ်သည်လည်း ရုပ်တရားကို မဖြစ်စေနိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၃။)

ဒွိပဉ္စဝိညာဏေသု ပန စျာနင်္ဂံ နတ္ထိ၊ မဂ္ဂင်္ဂံ နတ္ထိ၊ ဟေတု နတ္ထီတိ စိတ္တင်္ဂါ ဒုဗ္ဗလံ ဟောတီတိ စိတ္တင်္ဂဒုဗ္ဗလတာယ တာနိ ရူပံ န သမုဋ္ဌာပေန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၃။)

စျာနင်္ဂါနိ ဟိ စိတ္တေန သဟ ရူပသမုဋ္ဌာပကာနိ၊ တေသံ အနုဗလဒါယကာနိ မဂ္ဂင်္ဂါဒီနိ တေသု ဝိဇ္ဇမာနေသု ဝိသေသရူပပ္ပဝတ္တိဒဿနတော။ (မူလဋီ၊၂၊၁၈။)

အရူပဝိပါက်က ရုပ်ကို မဖြစ်စေနိုင်ပုံ

အရူပဝိပါက်က ရုပ်ကို မဖြစ်စေနိုင်ပုံ

စတ္တာရိ အရူပဝိပါကာနိ တသ္မိံ ဘဝေ ရူပဿ နတ္ထိတာယ ရူပံ န သမုဋ္ဌာပေန္တိ။ န ကေဝလဉ္စ တာနေဝ၊ ယာနိ အညာနိပိ တသ္မိံ ဘဝေ အဋ္ဌ ကာမာဝစရကုသလာနိ ဒသ အကုသလာနိ နဝ ကိရိယစိတ္တာနိ စတ္တာရိ အာရုပ္ပကုသလာနိ စတေဿာ အာရုပ္ပကိရိယာ တီဏိ မဂ္ဂစိတ္တာနိ စတ္တာရိ ဖလစိတ္တာနီတိ ဒွေစတ္တာလီသ စိတ္တာနိ ဥပ္ပဇ္ဇန္တိ၊ တာနိပိ တတ္ထ ရူပဿ နတ္ထိတာယ ဧဝ ရူပံ န သမုဋ္ဌာပေန္တိ။ ဧဝံ ပဋိသန္ဓိစိတ္တံ ရူပံ န သမုဋ္ဌာပေတိ။ (အဘိ၊ဋ္ဌ၊၂၊၂၃။)

= အရူပဝိပါက် (၄)မျိုးတို့ကား အရူပဘုံ၌သာ ပဋိသန္ဓေ ဘဝင် စုတိကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ် ကြသော စိတ်များ ဖြစ်ကြ၏။ ထို အရူပဝိပါက်တို့သည် ထိုအရူပဘုံ၌ မိမိ အရူပဝိပါက်က ဖြစ်စေထိုက်သော ရုပ်၏ ထင်ရှားမရှိခြင်းကြောင့် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ကြကုန်။ တစ်နည်း အရူပဘုံ၌ အရင်းခံရုပ် အခြေခံ ရုပ်ကိုက မူလကတည်းက လုံးဝမရှိပေ။ ရူပဘုံ၌ ရုပ်ရှိသည့်အတွက်ကြောင့် ရုပ်ကို ဖြစ်စေတတ်သော အကြောင်း တရားတို့က ရုပ်ကို ဖြစ်စေခြင်းသည် ထင်ရှားရှိ၏။ အရူပဘုံကား ရုပ်၏ ဖြစ်ခွင့်ရနိုင်သော ဘုံဌာန မဟုတ်သည့် အတွက်ကြောင့် ယင်း အရူပဘုံ၌ ရုပ်သာ ထင်ရှားရှိခဲ့သော် စိတ်သည် အခြားရုပ်တစ်မျိုးကို ထပ်၍ ဖြစ်စေလေ ရာ၏။ ထိုမူလအခြေခံ ရုပ်တရားကိုက ထိုအရူပဘုံ၌ မရှိသည့်အတွက်ကြောင့် အရူပဝိပါက်စိတ်တို့သည် ရုပ်ကို (= စိတ္တဇရုပ်ကို) မဖြစ်စေနိုင်ကုန်။

တစ်ဖန် ထို အရူပဝိပါက်စိတ်တို့ သက်သက်သာ ရုပ်ကို မဖြစ်စေနိုင်ကုန်သည်ကား မဟုတ်သေး၊ အရူပ ဝိပါက်မှ အခြားလည်းဖြစ်ကုန်သော ထိုအရူပဘုံ၌ ဖြစ်ကုန်သော ----

၁။ ကာမာဝစရ မဟာကုသိုလ်စိတ် ---- ၈

၂။ ဒေါသမူဒွေးကြဉ် ကျန် အကုသိုလ်စိတ်

= (လောဘမူ-၈ + မောဟမူ-၂ = ၁၀) ---- ၁၀

၃။ မနောဒွါရာဝဇ္ဇန်းနှင့် မဟာကြိယာစိတ် ---- ၉

၄။ အရူပကုသိုလ်စိတ် ---- ၄

၅။ အရူပကြိယာစိတ် ---- ၄

၆။ သကဒါဂါမိမဂ်စိတ် + အနာဂါမိမဂ်စိတ် + အရဟတ္တမဂ်စိတ် ---- ၃

၇။ ဖိုလ်စိတ် ---- ၄

အားလုံးပေါင်းသော် ---- ၄၂

ဤ (၄၂)မျိုးကုန်သော စိတ်တို့သည်လည်း ထိုအရူပဘုံ၌ ရုပ်၏ ထင်ရှား မရှိသည့်အတွက်ကြောင့်သာလျှင် ရုပ်ကို မဖြစ်စေနိုင်ကြကုန်။ (အဘိ၊ဋ္ဌ၊၂၊၂၃။ မူလဋီ၊၂၊၁၉။)

ထိုအရူပဘုံကား ရုပ်ကို စက်ဆုပ်သော ဗြဟ္မာတို့၏ နေရာပေတည်း။ သို့အတွက် ထို အရူပဘုံဝယ် ရုပ်ကို ဖြစ်စေဖွယ် မလိုသောကြောင့် ယင်း အရူပဘုံ၌ ဖြစ်သော စိတ်တို့က ရုပ်ကို မဖြစ်စေကြပေ။ ရုပ်ကို စက်ဆုပ်သော ရူပဝိရာဂဘာဝနာကြောင့် ဖြစ်ပေါ်လာရသော အရူပစျာန်သည် ရုပ်တရားကိုသာ စက်ဆုပ်သည် မဟုတ်သေး၊ ကသိုဏ်းရုပ်ကိုလည်းကောင်း, ကသိုဏ်းရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ရူပစျာန်တို့ကိုလည်းကောင်း စက်ဆုပ် သည်သာ ဖြစ်ပေသည်။ ထိုကြောင့် ရူပါဝစရစိတ်တို့လည်း အရူပဘုံ၌ ဖြစ်ခွင့် မရကြပေ။

ဤကား စိတ်တို့က စိတ္တဇရုပ်, ဣရိယာပုထ်, ဝိညတ်ရုပ်တို့ကို ဖြစ်စေပုံ မဖြစ်စေပုံနှင့် စပ်၍ အဋ္ဌကထာ ဋီကာတို့၏ ဆုံးဖြတ်ချက်များ ဖြစ်သည်။

ဥပါဒ်ခဏ၌သာ ရုပ်ကို ဖြစ်စေနိုင်သည်

ဥပါဒ်ခဏ၌သာ ရုပ်ကို ဖြစ်စေနိုင်သည်

ယာနိ စေတ္ထ ရူပံ ဇနေန္တိ၊ တာနိ န ဌိတိက္ခဏေ, ဘင်္ဂက္ခဏေ ဝါ၊ တဒါ ဟိ စိတ္တံ ဒုဗ္ဗလံ ဟောတိ။ ဥပ္ပါဒက္ခဏေ ပန ဗလဝံ၊ တသ္မာ တံ တဒါ ပုရေဇာတံ ဝတ္ထုံ နိဿာယ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ဥပ္ပါဒက္ခဏေ ပန ဗလဝံ အနန္တရာဒိပစ္စယလာဘတော။ (မဟာဋီ၊၂၊၄၀၂။)

ဤဖော်ပြပါ စိတ်တို့တွင် အကြင်စိတ်တို့သည် ရုပ်ကို ဖြစ်စေတတ်ကုန်၏၊ ထိုရုပ်ကို ဖြစ်စေတတ်ကုန်သော စိတ်တို့သည် ဌီခဏ၌လည်း မဖြစ်စေနိုင်ကြကုန်၊ ဘင်ခဏ၌လည်း မဖြစ်စေနိုင်ကြကုန်။ မှန်ပေသည် - ထို ဌီခဏ ဘင်ခဏ၌ စိတ်သည် အားမရှိပေ။ အလျော်အားဖြင့်ဆိုရမူ စိတ်သည် ဥပါဒ်ခဏ၌ အနန္တရစသော အကြောင်းအထောက်အပံ့ကို ရသောကြောင့် သန်မြန်သော အားရှိ၏။ ထိုကြောင့် ထိုစိတ်သည် ထိုဥပါဒ်ခဏ၌ မိမိ ရှေးက ဖြစ်နှင့်၍ မှီရာဝတ္ထုအဖြစ် ကျေးဇူးပြုပေးတတ်သော ပုရေဇာတပစ္စည်းတပ်သော ဟဒယဝတ္ထုရုပ်ကို အမှီပြု၍ ဖြစ်ပေါ်သည်နှင့် တစ်ပြိုင်နက်တည်း စိတ္တဇရုပ်ကို ဖြစ်စေ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။ မဟာဋီ၊၂၊၄၀၂။)

စိတ် + စေတသိက်

စိတ် + စေတသိက်

သဗ္ဗေပိ ဟိ စိတ္တစေတသိကာ ဧကတော ဟုတွာ ရူပံ သမုဋ္ဌာပေန္တိ။ လောကိယဓမ္မဒေသနာယံ ပန စိတ္တဿ အဓိကဘာဝတော တထာဝိဓံ ရူပံ စိတ္တသမုဋ္ဌာနန္တိ ဝုစ္စတိ။ တေနေဝါဟ - စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယောတိ။ (အဘိ၊ဋ္ဌ၊၃၊၃၅၅။)

စိတ္တဇရုပ်ဟု ဆိုသော်လည်း စိတ်တစ်ခုတည်း သက်သက်ကြောင့်သာ ဖြစ်ပေါ်လာရသည်ကား မဟုတ်။ အလုံးစုံသော စိတ်စေတသိက်တို့သည် တစ်ပေါင်းတည်း ဖြစ်၍ ရုပ်ကို (= စိတ္တဇရုပ်ကို) ဖြစ်စေကြကုန်၏။ လောကိယဒေသနာတော်၌ကား စိတ်၏ အဓိကပြဓာန်းသော ပဓာန အကြောင်းတရား ဖြစ်သောကြောင့် ထိုသို့ သော သဘောရှိသော စိတ်+စေတသိက်တို့ကြောင့် ဖြစ်သောရုပ်ကို စိတ္တသမုဋ္ဌာနရုပ် (= စိတ္တဇရုပ်) ဟု ခေါ်ဆို အပ်ပေသည်။ ထိုကြောင့်ပင်လျှင် ဘုရားရှင်သည် သဟဇာတပစ္စည်း၌ ----

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော = စိတ်စေတသိက်တရား တို့သည် စိတ္တသမုဋ္ဌာန်ရုပ်တို့အား (= စိတ္တဇရုပ်တို့အား) အတူတကွ ပြိုင်တူဖြစ်လျက် ကျေးဇူးပြုပေးတတ်သော သဟဇာတပစ္စယသတ္တိဖြင့် ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတတ်၏ (ပဋ္ဌာန၊၁၊၅။) ----

ဟု ဟောကြားထားတော်မူပေသည်။

စိတ်တစ်လုံး၏ စွမ်းအင်

စိတ်တစ်လုံး၏ စွမ်းအင်

စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၂။)

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

ဤပဋ္ဌာန်းဒေသနာတော်များအရ စိတ်တစ်လုံးသည် သို့မဟုတ် စိတ္တက္ခဏ တစ်ခုအတွင်းရှိ စိတ်စေတ သိက် တရားစုသည် စိတ္တဇရုပ်ကို ဖြစ်စေရာ၌ တံသမုဋ္ဌာနာနဉ္စ ရူပါနံ-ဟု အကျိုး စိတ္တဇရုပ်ဘက်၌ ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူသောကြောင့် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။ အလွန် များပြား လှသော ရုပ်ကလာပ်တို့၏ အပေါင်းအစုဖြစ်သော ဤရူပကာယကြီး တစ်ခုလုံးကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် ချီမသွားနိုင်သော စွမ်းအားမှာ ရုပ်ကလာပ်တစ်ခုတည်းဖြင့် ဖြစ်နိုင်သည့်စွမ်းအား မဟုတ်သည် ကို သမုတိသစ္စာနယ်ဘက်က မှန်းဆ၍ သဘောပေါက်လေရာသည်။ သမုတိသစ္စာနယ်ဟု ပြောဆိုရခြင်းမှာ ပရမတ္ထသစ္စာနယ်၌ ရုပ်ပရမတ်တို့မည်သည် ဖြစ်သည့်နေရာ၌သာ ပျက်သွားသဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားနိုင်ရိုး ဓမ္မတာ မရှိသောကြောင့် ဖြစ်၏။ အကျယ်ကို နောက်လာမည့် ဣရိယာပထ ရှုကွက် သမ္ပဇည ရှုကွက်တို့၌ ကြည့်ပါ။

ဤတွင် အမှတ် (၁) စိတ္တ = စိတ်အကြောင်းကို ရပ်ဆိုင်း၍ အမှတ် (၂) စိတ္တသမုဋ္ဌာန အကြောင်းကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

၂။ စိတ္တသမုဋ္ဌာန်တရား

၂။ စိတ္တသမုဋ္ဌာန်တရား

၁။ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာဟူသော နာမ်ခန္ဓာ (၃)ပါး,

၂။ ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-အသံဟူသော အသံ (= သဒ္ဒ)လျှင် (၉)ခုမြောက် ရှိသော သဒ္ဒနဝက ကလာပ်ရုပ်နှင့်

၃။ ကာယဝိညတ်, ဝစီဝိညတ်, အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ-ဟူသော (၁၇)ပါးသောရုပ် ----

ဤဖော်ပြပါ နာမ်ခန္ဓာ (၃)ပါးနှင့် (၁၇)မျိုးသော ရုပ်တရားတို့သည် စိတ္တသမုဋ္ဌာန = စိတ္တသမုဋ္ဌာန် = စိတ်ကြောင့်ဖြစ်သော တရား မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ထိုတွင် ကာယဝိညတ်အစ သန္တတိအဆုံးရှိသော (၈)မျိုးသော ရုပ်တရားတို့၏ စိတ်ကြောင့်ဖြစ်သော စိတ္တ သမုဋ္ဌာနရုပ် အမည်ရရှိသည်၏ အဖြစ်ကို အကြောင်းပရိယာယ်အားဖြင့်သာလျှင် ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။ အကြောင်းကား ထိုရုပ်တရားတို့၏ အကြောင်းတရားကြောင့် တိုက်ရိုက် မပြီးစီးနိုင်သော အနိပ္ဖန္နရုပ်သာ ဖြစ်သောကြောင့်တည်း။ (အနိပ္ဖန္နရုပ်တို့ကား ရုပ်အစစ်တို့ကို အမှီပြု၍ ဖြစ်ပေါ်လာရသော ရုပ်အစစ်တို့၏ အကြားအပေါက် အခြင်းအရာ အာကာရထူးနှင့် ရုပ်အစစ်တို့၏ ရုပ်အစစ်ဟု သိလောက်သော သင်္ခတလက္ခဏ အမှတ်အသားမျှသာ ဖြစ်၏။ တကယ် ပရမတ်အစစ် ဓာတ်အနှစ်တို့ မဟုတ်ကြပေ။ သို့အတွက် စိတ်ကြောင့် ဖြစ်သော ရုပ်အစစ်တို့၏ အကြားအပေါက်အခြင်းအရာ အမူအရာထူး လက္ခဏာမျှသာ ဖြစ်ခြင်း ဟူသော အကြောင်း ပရိယာယ်အားဖြင့် စိတ္တဇရုပ် အမည်ရကြသည်ဟု မှတ်ပါ။)

၃။ စိတ္တပစ္စယ =

၃။ စိတ္တပစ္စယ = စိတ်အထောက်အပံ့ရှိသောတရား

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော = နောက်နောက်သော စိတ်စေတသိက်တရားတို့သည် ရှေးရှေး၌ဖြစ်သော ဤရူပကာယအား ပစ္ဆာဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြု၏ဟု ဘုရားရှင် ဟောကြားထားတော်မူအပ်သော -- ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့်ဖြစ်သော ရှေးရှေးဖြစ်သော စတုသမုဋ္ဌာန်ရုပ် အားလုံးသည်ပင် စိတ္တပစ္စယ မည်၏။

ဤပစ္ဆာဇာတပစ္စည်းကား အကြောင်းတရား အကျိုးတရား နှစ်မျိုးတို့တွင် အကျိုးတရားက အရင်ဖြစ်နှင့်၍ ရုပ်၏ ဌီကာလသို့ ရောက်ခိုက်ဝယ် ယင်းအကျိုးရုပ်တရား၏ သက်တမ်းမကုန်ဆုံးမီ ယင်းရုပ်တရား၏ နောက် ကာလမှ အကြောင်းစိတ်စေတသိက်တို့က ဖြစ်ပေါ်လာကြရ၏။ ရုပ်၏ ဌီကာလကား ခဏငယ် (၄၉)ချက် သက် တမ်းရှိ၍ စိတ်စေတသိက် နာမ်တရားထက် ပို၍ အသက်ရှည်သဖြင့် ယင်းရုပ်၏ ဌီကာလ၌ ဖြစ်ပေါ်လာကြသော စိတ်စေတသိက်တရားတို့က ယင်းရုပ်တရားတို့ ဘင်မတိုင်မီ ဆက်လက်တည်တံ့ရေးအတွက် ကျေးဇူးပြုပေးလျက် ရှိကြ၏။ ယင်းသို့ ကျေးဇူးပြုပေးမှုကို ပစ္ဆာဇာတပစ္စယသတ္တိဟု ခေါ်၏။ အကျိုးရုပ်တရားတို့တွင် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ဖြစ်သော စတုသမုဋ္ဌာန်ရုပ်အားလုံး ပါဝင်နေ၏။ ထိုတွင် စိတ္တဇရုပ်လည်း ပါဝင်လျက်ရှိ၏၊ ယင်းအကျိုးတရားစုတွင် ပါဝင်သော စိတ္တဇရုပ်ကား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမည့် အကြောင်းစိတ်စေတသိက် ပစ္ဆာဇာတတရားကြောင့် ဖြစ်ပေါ်လာရသော စိတ္တဇရုပ်ကား မ ဟုတ်၊ ပစ္ဆာဇာတပစ္စည်းတပ်သော စိတ်မဖြစ်မီ ရှေးရှေးစိတ်များကြောင့် ဖြစ်ပေါ်လာရသော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေခိုက်ဖြစ်သော မချုပ်သေးသော စိတ္တဇရုပ်သာ ဖြစ်၏။ သို့အတွက် ပစ္ဆာဇာတပစ္စည်းဟူသည် ----

အကျိုးရုပ်တရားတို့ ဖြစ်ပြီးသည်မှ နောက်ကာလ၌ ဖြစ်ပေါ်လာကြကုန်သော စိတ်စေတသိက် ဖြစ်ကုန်သော ပဉ္စဝေါကာရဘုံ၌ အရူပဝိပါက်လေးခု ကြဉ်သော စိတ် (၈၅)ခု စေတသိက် (၅၂)ခုဟူသော နာမက္ခန္ဓာတို့သည် မိမိ အကြောင်းပစ္စည်းတရားဖြစ်ကုန်သော စိတ်စေတသိက်တရားတို့ ဖြစ်သည်မှ ရှေး၌ ဖြစ်ပြီးဖြစ်ကုန်သော ဤ (ဧကဇ-ဒွိဇ-တိဇ) စတုဇကာယအား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သောတရား ---- ဟု အတို ချုပ် မှတ်သားပါ။

ဧကဇ ကာယ --- ဟူသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်နှင့် ပြိုင်၍ဖြစ်သော ကမ္မဇရုပ်အား ပထမဘဝင် နာမက္ခန္ဓာက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို ဆိုလိုသည်။

ဒွိဇ ကာယ ---- ပဋိသန္ဓေစိတ်၏ ဌီကာလ၌ စ၍ ဖြစ်သော ဥတုဇရုပ်နှင့်တကွ ရုပ်၏ ဌီကာလသို့ ရောက်ရှိ နေသော ကမ္မဇရုပ် ဥတုဇရုပ် နှစ်မျိုးကို ပထမဘဝင်နာမက္ခန္ဓာက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို ဆိုလိုသည်။

တိဇ ကာယ ---- ပဋိသန္ဓေနောင် ပထမဘဝင်ကား စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏။ သို့အတွက် ဒုတိယဘဝင် ဖြစ်ချိန်တွင် ရုပ်၏ဌီကာလသို့ ရောက်နေသော ရုပ်တို့မှာ ကမ္မဇရုပ် ဥတုဇရုပ် စိတ္တဇရုပ်တို့ ဖြစ်ကြ၏၊ တိဇကာယဟု ခေါ်၏။ ယင်းတိဇကာယအား ဒုတိယဘဝင် နာမက္ခန္ဓာက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက်ရှိ၏။

စတုဇ ကာယ ---- အာဟာရဇရုပ် စတင်ဖြစ်သည့်အခါမှ စ၍ ရှေးဖြစ်သော စိတ်နှင့် အတူဥပါဒ်သော ရုပ်တို့မှာ ---- ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟု (၄)မျိုး ရှိလာ၏၊ စတုဇကာယတည်း။ ရုပ်၏ ဌီ ကာလသို့ ရောက်နေသော ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်သော စတုဇကာယအား နောက်နောက်သော စိတ်စေတသိက် နာမက္ခန္ဓာက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက် ရှိ၏။

အထက်တွင် အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၄၉။) က ကမ္မသမုဋ္ဌာနတရား, ကမ္မပစ္စယတရားတို့ကို ဖော်ပြရာဝယ် ကမ္မပစ္စယံ နာမ တဒေဝ-ဟု ကမ္မသမုဋ္ဌာနတရားသည်ပင် ကမ္မပစ္စယတရားလည်းမည်ကြောင်း ဖွင့်ဆိုသွားခဲ့၏။ ဤ၌ စိတ္တသမုဋ္ဌာနတရား စိတ္တပစ္စယတရားတို့ကို ဖွင့်ဆိုရာဝယ် စိတ္တသမုဋ္ဌာနတရားနှင့် စိတ္တပစ္စယတရားတို့ကို တူညီမှုရှိကြောင်း မဖွင့်ဆိုခဲ့ပေ။ ပစ္ဆာဇာတပစ္စည်း၏ အစွမ်းဖြင့် စိတ္တပစ္စယတရားကို ဖွင့်ဆိုထား၏။ အကျိုး ပစ္စယုပ္ပန်ရုပ်တရားတို့ကို စတုသမုဋ္ဌာန်ရုပ်၏ အစွမ်းဖြင့် ဖွင့်ဆိုထား၏၊ အဘယ်အထူးကို ပြခြင်းငှာ ဤသို့ ဖွင့်ဆိုရ သနည်းဟု မေးရန်ရှိ၏ ---- အဖြေကား ဤသို့တည်း။

ထိုပစ္ဆာဇာတ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုပေးမည့် အကြောင်းပစ္စည်းတရားဖြစ်သော စိတ်ကြောင့် မဖြစ်သော ရှေးရှေးစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်၏သာလျှင် နောက်နောက်သော စိတ်ဟူသော ပစ္ဆာဇာတ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သော စိတ်က အားပေးထောက်ပံ့လျက် ရှိ၏။ ရှေးရှေးစိတ်များကြောင့် ဖြစ်ပြီး၍ မချုပ်သေးသော စိတ္တဇရုပ်ကိုသာလျှင် နောက်နောက်စိတ်က ပစ္ဆာဇာတပစ္စယသတ္တိဖြင့် အားပေးထောက်ပံ့ တတ်၏ဟု ထင်ရှားပြခြင်းငှာ ဤသို့ ဖွင့်ဆိုရပေသည်။

ဆိုဖွယ် ရှိလာပြန်၏ ---- ကမ္မသမုဋ္ဌာနတရားနှင့် ကမ္မပစ္စယတရားကို တူညီကြောင်း ဖွင့်ဆိုပြသကဲ့သို့ အလားတူပင် စိတ္တသမုဋ္ဌာနတရားနှင့် စိတ္တပစ္စယတရားကိုလည်း အတူတူဟု ယူဆအပ်ခဲ့သည်ရှိသော် ----

၁။ ထိုစိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ် = စိတ္တဇရုပ်၏လည်းကောင်း,

၂။ ထိုစိတ်နှင့် အတူတကွဖြစ်သော ဝေဒနာ သညာ သင်္ခါရတို့၏လည်းကောင်း ---- စိတ္တပစ္စယ = စိတ်လျှင် အကြောင်းအထောက်အပံ့ ရှိသည်၏ အဖြစ်သည် ဖြစ်ကောင်းလေရာ၏။ ထိုသို့ပင် ဖြစ်ကောင်းပါသော် လည်း စိတ္တသမုဋ္ဌာနတရားနှင့် စိတ္တပစ္စယတရားတို့ကို မရောယှက်သောအားဖြင့် ခွဲခြားပြခြင်းငှာ ပစ္ဆာဇာတ အကြောင်းပစ္စည်းတရား၏ အစွမ်းဖြင့်သာလျှင် စိတ္တပစ္စယတရားကို ထုတ်ဆောင်ပြအပ်၏ဟု မှတ်သားပါလေ။ (မဟာဋီ၊၂၊၄၀၂-၄၀၃။)

၄။ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန =

၄။ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန = စိတ်အထောက်အပံ့ ရှိသော အာဟာရကြောင့် ဖြစ်သောရုပ်

စိတ္တပစ္စယအာဟာရသမုဋ္ဌာနံ နာမ စိတ္တသမုဋ္ဌာနရူပေသု ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ ဧဝံ ဒွေ တိဿော ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၀-၂၅၁။)

စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်တို့၌ ရုပ်၏ဌီကာလသို့ ရောက်ရှိနေသော ဩဇာသည် (အာဟာရဇ ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိပါလျှင်) အခြားတစ်ပါးသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ်ကို = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ဤသို့လျှင် နှစ်ကြိမ် သုံးကြိမ် နှစ်ဆင့် သုံးဆင့်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဤဩဇာသည် ဖြစ်စေအပ်သော ဩဇဋ္ဌမကရုပ်သည် စိတ္တပစ္စယ အာဟာရသမုဋ္ဌာန = စိတ်လျှင် အထောက်အပံ့ ရှိသော အာဟာရကြောင့် ဖြစ်သောရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀-၂၅၁။)

၅။ စိတ္တပစ္စယ ဥတုသမုဋ္ဌာန =

၅။ စိတ္တပစ္စယ ဥတုသမုဋ္ဌာန = စိတ်လျှင် အထောက်အပံ့ရှိသော ဥတုကြောင့် ဖြစ်သောရုပ်

စိတ္တပစ္စယဥတုသမုဋ္ဌာနံ နာမ စိတ္တသမုဋ္ဌာနော ဥတု ဌာနပ္ပတ္တော အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ။ ဧဝံ ဒွေ တိဿော ပဝတ္တိယော ဃဋေတိ။ ဧဝံ စိတ္တဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

စိတ်ဟူသော ဖြစ်ကြောင်း သမုဋ္ဌာန်ရှိသော စိတ္တသမုဋ္ဌာန်ရုပ် = စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော တေဇောဓာတ် = ဥတုသည် အခြားတစ်ပါးသော ဩဇာလျှင် (၈)ခုမြောက် ရှိသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤသို့လျှင် နှစ်ကြိမ် သုံးကြိမ်ကုန်သော နှစ်ဆင့် သုံးဆင့်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဤ ဥတုသည် ဖြစ်စေအပ်သော ဩဇဋ္ဌမကရုပ်သည် စိတ္တပစ္စယဥတုသမုဋ္ဌာန = စိတ်လျှင် အထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ဥတု အာဟာရတို့၏ စွမ်းအင် နှင့် စိတ်စွမ်းအင်

ဥတု အာဟာရတို့၏ စွမ်းအင် နှင့် စိတ်စွမ်းအင်

စိတ္တသမုဋ္ဌာနဥတုအာဟာရေဟိ ကမ္မသမုဋ္ဌာနဥတုအာဟာရာ ဗလဝန္တော ဟောန္တီတိ တေသံ ဝသေန စတုပဉ္စပဝတ္တိဃဋနံ ဝုတ္တံ၊ စိတ္တသမုဋ္ဌာနာနံ ပန ဝသေန ဒွတ္တိပ္ပဝတ္တိဃဋနံ တံပါကတိကစိတ္တဝသေန၊ မဟဂ္ဂတာနုတ္တရစိတ္တဝသေန ပန ဗဟုတရာပိ ပဝတ္တိယော ဣစ္ဆိတဗ္ဗာ။ တံနိဗ္ဗတ္တာနံ စိတ္တဇရူပါနံ ဥဠာရပဏီတဘာဝတော။ (မဟာဋီ၊၂၊၄၀၃။)

စိတ္တသမုဋ္ဌာန ဥတု အာဟာရ = စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ် (= စိတ္တဇရုပ်) ကလာပ် တို့တွင် ပါဝင်သော တေဇောဓာတ် (= ဥတု)နှင့် ဩဇာ (= အာဟာရ) တို့ထက် ကမ္မသမုဋ္ဌာန ဥတု အာဟာရ = ကမ္မ သမုဋ္ဌာန်ရုပ် (= ကမ္မဇရုပ်) ကလာပ်တို့တွင် ပါဝင်သော ဥတု အာဟာရတို့သည် စွမ်းအားကြီးမားစွာ ရှိကြကုန် သည် ဖြစ်ကုန်ရကား ထိုကမ္မသမုဋ္ဌာန်ဖြစ်သော ဥတု-အာဟာရတို့၏ အစွမ်းဖြင့် လေးဆက် ငါးဆက်သော ရုပ်သန္တတိ ဖြစ်စဉ်၏ ဆက်စပ်ခြင်းကို အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူအပ်ပေသည်။ စိတ္တသမုဋ္ဌာန်ဖြစ်သော ဥတု-အာဟာရတို့၏ အစွမ်းဖြင့်မူကား နှစ်ဆက် သုံးဆက်သော ရုပ်သန္တတိ ဖြစ်စဉ်၏ ဆက်စပ်ခြင်းကို ဖွင့်ဆို တော်မူအပ်ပေသည်။ ယင်းစကားရပ်ကိုလည်း ရိုးရိုးသာမန် ပကတိသော ကာမာဝစရစိတ်၏ အစွမ်းအားဖြင့် ဖွင့်ဆိုတော်မူခြင်း ဖြစ်၏၊ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၏ အစွမ်းအားဖြင့်မူကား သာလွန်၍ များပြားသည် လည်း ဖြစ်ကုန်သော များစွာသော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကို (= ဖြစ်စဉ်တို့ကို) အလိုရှိအပ်ကုန်၏။ အကြောင်း ကား ---- ထိုမဟဂ္ဂုတ် လောကုတ္တရာစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏ ကြီးကျယ်ပြန့်ပြော မြင့်မြတ် သည်၏ အဖြစ်ကြောင့်တည်း။ (မဟာဋီ၊၂၊၄၀၃။)

ရှေးအလင်းရောင်အကြောင်းကို ရှင်းပြခဲ့သည့်အပိုင်းတွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် တို့ကြောင့် လင်းရောင်ခြည်စွမ်းအင်များ ဖြစ်ပေါ်လာပုံကို ရှင်းပြခဲ့၏။ ဝိပဿနာ ဘာဝနာစိတ်တို့ကြောင့်လည်း ကြီးကျယ်ပြန့်ပြောသော လင်းရောင်ခြည်စွမ်းအင်များ ထွက်ပေါ်လာနိုင်သဖြင့် ထိုအလင်းရောင်တို့မှာလည်း အဇ္ဈတ္တတွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တိုင်း တွင် ပါဝင်သော ဝဏ္ဏဓာတ်ရူပါရုံ၏ တောက်ပမှု, ယင်း စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားလာသော ဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု ဖြစ်၏။ ဗဟိဒ္ဓတွင်ကား ယင်း ဥတုဇရုပ်ကလာပ်တို့၏ ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဗဟိဒ္ဓသို့ တိုင်အောင် ပျံ့နှံ့သွားသော ဥတုဇရုပ်ကလာပ်တိုင်း၌ ပါရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု ဖြစ်၏။ သို့အတွက် သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်တို့၏ များစွာဖြစ်စဉ်ကိုလည်းကောင်း + ယင်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန် ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော တေဇောဓာတ်ဥတုကြောင့် ဖြစ်ပေါ်လာသော ဥတုဇရုပ်တို့၏ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင် အောင် များစွာသော ဖြစ်စဉ်အဆက်ဆက်ကိုလည်းကောင်း အလိုရှိအပ်သည်သာ ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၂၈-၄၂၉ - ကြည့်ပါ။)

ဧဝံ စိတ္တဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ဤသို့လျှင် စိတ္တဇရုပ်၏ ဖြစ်ခြင်းကို မြင်အောင် ရှုပါ။ ဤ အဋ္ဌကထာ၏ တိုက်တွန်းတော်မူချက် အရ - နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီသူတော်ကောင်းသည် ဤသို့သော စိတ္တဇရုပ်ကလာပ် = စိတ္တဇရုပ်တို့၏ ဖြစ်မှုကို ဉာဏ်ဖြင့်မြင်အောင် ရှုရမည်သာ ဖြစ်သည်ဟု သန္နိဋ္ဌာန်ကျ မှတ်သားပါလေ။

အာဟာရဇရုပ် ဖြစ်ပုံ အပိုင်း

အာဟာရဇရုပ် ဖြစ်ပုံ အပိုင်း

အာဟာရဇရုပ်တို့၌လည်း ----

၁။ အာဟာရ,

၂။ အာဟာရသမုဋ္ဌာန,

၃။ အာဟာရပစ္စယ,

၄။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန,

၅။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန ----

ဤသို့လျှင် ဤ (၅)မျိုးသော ခွဲခြားဝေဖန်မှုကို သိရှိအပ်ပေသည်။

၁။ အာဟာရ

၁။ အာဟာရ

တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အာဟာရပစ္စယနိဒ္ဒေသေ ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ သော ပန ယသ္မာ ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝ အာဟာရကိစ္စံ ကရောတိ၊ န ဗဟိ ဌိတော၊ တသ္မာ အာဟာရောတိ အဝတွာ ကဗဠီကာရော အာဟာရောတိ ဝုတ္တံ။ ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အာဟာရောတိ အဇ္ဈတ္တိကော ရူပုပ္ပါဒကော အာဟာရော။ (မဟာဋီ၊၁၊၄၅၅။)

အလုတ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရသည် ဤအရာ၌ အာဟာရ မည်၏။

အလုတ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော ကဗဠီကာရ အာဟာရ ဟူသည် ----

၁။ ကံ အစဉ်ဟူသော ဖြစ်ကြောင်းရှိသော ကမ္မဇရုပ်ကလာပ်ထဲ၌ ပါဝင်သော ကမ္မဇဩဇာ,

၂။ စိတ် အစဉ်ဟူသော ဖြစ်ကြောင်းရှိသော စိတ္တဇရုပ်ကလာပ်ထဲ၌ ပါဝင်သော စိတ္တဇဩဇာ,

၃။ ဥတု အစဉ်ဟူသော ဖြစ်ကြောင်းရှိသော ဥတုဇရုပ်ကလာပ်ထဲ၌ ပါဝင်သော ဥတုဇဩဇာ,

၄။ အာဟာရ အစဉ်ဟူသော ဖြစ်ကြောင်းရှိသော အာဟာရဇရုပ်ကလာပ်ထဲ၌ ပါဝင်သော အာဟာရဇဩဇာ-

ဤ (၄)မျိုးသော သန္တတိအစဉ်ဟူသော ဖြစ်ကြောင်း (= သမုဋ္ဌာန်) ရှိသော ကမ္မဇရုပ်ကလာပ်, စိတ္တဇရုပ် ကလာပ်, ဥတုဇရုပ်ကလာပ်, အာဟာရဇရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိသော ကမ္မဇ-ဩဇာ, စိတ္တဇ- ဩဇာ, ဥတုဇ-ဩဇာ, အာဟာရဇ-ဩဇာ - ဟူသော (၄)မျိုးသော ဩဇာသည် အာဟာရ မည်၏။

ထိုသို့ စတုသန္တတိသမုဋ္ဌာန်ရုပ်၌ ပါဝင်သော (၄)မျိုးသော ဩဇာသည် အာဟာရ မည်ပါသော်လည်း ထို အာဟာရသည်ကား ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြု၍ မျိုအပ်သည် ဖြစ်သော်သာလျှင် အာဟာရ ကိစ္စကို ပြုလုပ်နိုင်၏ (အာဟာရဇရုပ်ကို ဖြစ်စေနိုင်၏)။ သပိတ် အိုးခွက် ပန်းကန် စသည့်ပြင်ပ၌ တည်နေ သော်ကား အာဟာရကိစ္စကို မပြုလုပ်နိုင် (အာဟာရဇရုပ်ကို မဖြစ်စေနိုင်)။

ထိုသို့ ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြုလုပ်၍ စားမျိုမှသာလျှင် အာဟာရကိစ္စကို ပြုလုပ်နိုင် သည်၏ အဖြစ်ကြောင့် (= အာဟာရဇရုပ်ကို ဖြစ်စေနိုင်သည်၏ အဖြစ်ကြောင့်) ကဗဠီကာရ-သဒ္ဒါ မပါဘဲ အာဟာရဟူ၍သာ မဟောမူ၍ ကဗဠီကာရ-သဒ္ဒါနှင့် တွဲလျက် ကဗဠီကာရ အာဟာရဟူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်ပေသည်။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝါတိ အသိတပီတာဒိဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါတိ ဝုတ္တံ ဟောတိ။ ပါတဗ္ဗသာယိတဗ္ဗာနိပိ ဟိ သဘာဝဝသေန ကဗဠာယေဝ ဟောန္တီတိ။ (မူလဋီ၊၃၊၁၉၀။)

ကေဝလာယ ဩဇာယ အဇ္ဈောဟရဏဿ အဘာဝါ အသိတပီတာဒိဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါတိ ဝုတ္တံ။ ပ ။ ယေဘုယျဝသေန ဝါ ဧဝံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (အနုဋီ၊၃၊၂၅၈။)

ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြု၍ မျိုအပ်သည် ဖြစ်သော်သာလျှင် အာဟာရကိစ္စကို ပြုလုပ် နိုင်၏ ဟူသော စကားရပ်၌ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ စားမျိုအပ်သော အစာအာဟာရဟူသည် သပိတ် အိုးခွက် ပန်းကန် စသည်တို့၌ တည်ရှိခိုက် ဥတု ခေါ် တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေကြသော ဥတုဇ ဩဇ ဋ္ဌမက ရုပ်တို့သာတည်း။ ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစုသာတည်း။ ယင်း ဥတုဇရုပ်ကလာပ်တို့တွင် ပါဝင် သော တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပွားနေကြသော ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစုသာတည်း။ ယင်း ရုပ်ကလာပ်တိုင်း၌ ဩဇာ ပါဝင်၏၊ ဥတုဇ-ဩဇာတည်း။ သတ္တဝါတို့သည် စားမျိုသောအခါ ယင်း ဩဇာချည်း သက်သက် စားမျို၍ သောက်၍ မဖြစ်နိုင်။ ယင်း ဥတုဇ-ဩဇဋ္ဌမကရုပ်တို့ကား တစ်ခုစီ တစ်နေရာစီ၌ ဖြစ်အောင် ခွဲခြားစိတ်ဖြာ၍ မရနိုင်သော မရကောင်းသော အဝိနိဗ္ဘောဂရုပ်တို့ ဖြစ်သောကြောင့်တည်း။ သို့အတွက် စားအပ် သော အစာ, သောက်အပ်သော အရည် အစရှိသော ဝတ္ထုတို့နှင့်တကွသာလျှင် အတုံးလိုက် အခဲလိုက် ဖြစ်နေ သော ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစု အတုံးအခဲအတိုင်းသာလျှင် စားမျိုအပ်သည် ဖြစ်သော်သာ အာဟာရ ကိစ္စကို ပြုလုပ်နိုင်၏ဟု ဆိုလိုသည်။

မှန်ပေသည် --- သောက်ထိုက်သော အရည်, လျက်ထိုက်သော လျက်ဖွယ် စသည်တို့သည်လည်း ပင် ကိုယ် သဘာဝ၏ အစွမ်းဖြင့် အလုတ်အလွေးတို့သည်သာ ဖြစ်ကုန်၏ဟု မှတ်ပါ။ တစ်နည်းအားဖြင့် ဆိုရသော် ယေဘုယျနည်း၏ အစွမ်းဖြင့်သာလျှင် ထမင်းလုတ် စသည့် အလုတ်အလွေးကို ပြု၍ မျိုအပ်သည်ဖြစ်သော် သာလျှင် အာဟာရကိစ္စကို ပြုလုပ်နိုင်၏ဟု ဤသို့ ဖွင့်ဆိုခြင်း ဖြစ်သည်ဟု မှတ်ပါ။ (မူလဋီ၊၃၊၁၉၀။ အနုဋီ၊၃၊၂၅၈။)

တစ်နည်းကား --- ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြုလုပ်၍ စားမျိုထိုက်သော အစာ ဟူသော တည်ရာ ရှိသည်၏ အဖြစ်ကြောင့် ကဗဠီကာရဟူသော ဤအမည်သည် ထို စတုသမုဋ္ဌာနိက-ဩဇာဟူသော အာဟာရ၏ အမည်တည်း။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

အထက်ပါ ပဋ္ဌာနအဋ္ဌကထာ (၃၇၇) ၌ ဖော်ပြထားသော - အဇ္ဈောဟရိတဗ္ဗဝတ္ထုက-အရ စားမျိုထိုက် သော အစာဟူသော တည်ရာရှိသော ကံ-စိတ်-ဥတု-အာဟာရ အကြောင်းတရား (၄)ပါးကြောင့် ဖြစ်သော ရုပ်ကလာပ်တိုင်း၌ ပါဝင်သော စတုသမုဋ္ဌာနိက ဩဇာကို ကောက်ယူရာ၏။ ထို စတုသမုဋ္ဌာနိက ဩဇာဟူသော အာဟာရက အလုတ်အလွေးပြုအပ်သော အစာ၌ တည်သောကြောင့် တည်ရာဖြစ်သော အစာ၏ ကဗဠီကာရ ဟူသော အမည်ကို တည်တတ်သော စတုသမုဋ္ဌာနိက ဩဇာဟူသော အာဟာရ၌ တင်စား၍ စတုသမုဋ္ဌာနိက ဩဇာဟူသော အာဟာရကိုလည်း ဌာနူပစာရအားဖြင့် ကဗဠီကာရဟု ခေါ်နိုင်သည်။

အဇ္ဈောဟရိတဗ္ဗဝတ္ထုက

အဇ္ဈောဟရိတဗ္ဗဝတ္ထုက

စတုသမုဋ္ဌာနိက ဩဇာသည် စားမျိုထိုက်သော အစာဟူသော တည်ရာရှိ၏ ဟူသည်မှာ ဤသို့ ဖြစ်၏။

ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်အရ သတ္တဝါတို့ စားမျိုလိုက်သော အစာသစ်ဟူသည် ဥတု ခေါ်သည့် တေဇောဓာတ်ကြောင့် ဖြစ်သည့် ဥတုဇဩဇဋ္ဌမက ရုပ်တို့သာ ဖြစ်ကြ၏။ သပိတ် အိုးခွက် ပန်းကန် စသည်တို့၌ တည်ရှိနေခိုက်၌ပင်ဖြစ်စေ, အစာသစ် ကောဋ္ဌာသအဖြစ်ဖြင့် အစာအိမ်စသည့် ထိုထို နေရာ၌ တည်ရှိခိုက်၌ပင်ဖြစ်စေ ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့မီ အတွင်းဝယ် ဥတုဇရုပ်တို့သာ ဖြစ်ကြ၏။ ယင်း အစာသစ်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ဤအပိုင်းတွင်ကား ဉာဏ်ထက်လာပြီ ဖြစ်၍ ရုပ်ကလာပ် အမှုန်များကိုသာ မကြာမီ တွေ့ရှိလာမည် ဖြစ်သည်။ ရုပ်ကလာပ်တစ်ခုတွင် တည်ရှိနေသော တေဇောဓာတ်က ရုပ်၏ ဌီကာလသို့ ရောက်ခိုက် နောက်ထပ် ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ဆင့်ကဲ ဖြစ်စေ၏၊ ဘုတ် အဆက်ဆက် ရိုက်ခတ်၍ ဖြစ်မှုဟု ဆရာမြတ်တို့ ဆိုရိုးပြုကြ၏။

ယင်း ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစု အတုံးအခဲဟူသော ကဗဠီကာရအာဟာရကို သတ္တဝါတို့ စားမျိုလိုက်သောအခါ ခံတွင်း လည်ချောင်း အစာသစ်အိမ် အူစသော ထိုထိုဌာနသို့ ရောက်ရှိသွား၏။ ခန္ဓာအိမ် အတွင်းသို့ မပျံ့နှံ့မီ အစာသစ်ကောဋ္ဌာသ အဖြစ်ဖြင့် တည်ခိုက် ဥတုဇရုပ်တို့သာ ဖြစ်ကြသေး၏။ ယင်း ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာသည် - ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁) ဟူသော အဋ္ဌကထာ၏ မိန့်ဆိုချက်အရ အစာအိမ်ဝန်းကျင်စသည့် ထိုထို ဌာနဝန်းကျင်တွင် အတိတ်က ပြုစု ပျိုးထောင်ခဲ့သော ကံ၏ စွမ်းဟုန်ကြောင့် ရုပ်သန္တတိအစဉ်အားဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အဆက် မပြတ် ဖြစ်ပေါ်နေကြသော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် (= ကမ္မဇဝမ်းမီး)၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်ဓာတ်ကြီး (၄)ပါးဟူသော ကမ္မဇရုပ်၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိသောအခါ ဩဇာလျှင် (၈)ခုမြောက် ရှိသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ မူလ စားမျိုလိုက်သော ကဗဠီကာရအာဟာရတွင် ပါဝင်သော ဩဇာကြောင့် (ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့်) ဖြစ်ပေါ်လာရသောကြောင့် အာဟာရဇ ဩဇဋ္ဌမက ရုပ်ဟု ခေါ်ဆို၏။ ယင်း အာဟာရဇ ဩဇဋ္ဌမကရုပ်တို့ကား မျက်စိ နား နှာ လျှာ ကိုယ် နှလုံး ဟူသော (၆)ဒွါရ လုံးသို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ပျံ့နှံ့လျက် ဖြစ်နေကြ၏။ ယင်းအာဟာရဇ ဩဇဋ္ဌမက ရုပ်ကလာပ် တို့တွင် ပါဝင်သော ဩဇာ၏ အထောက်အပံ့ကို ရရှိသောအခါ ----

၁။ ကမ္မဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာ,

၂။ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာ,

၃။ ဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာ,

၄။ ရှေးရှေး အာဟာရဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာ ----

ဟူသော ဤ (၄)မျိုးသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးသည် ဩဇာလျှင် (၈)ခုမြောက် ရှိသော ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ သို့အတွက် စတုသမုဋ္ဌာနိက ဩဇာ၏ အာဟာရကိစ္စကို ပြုလုပ်ဆောင်ရွက်ရာ၌ (= အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌) ကဗဠီကာရအာဟာရဇ-ဩဇာ ၏ အထောက်အပံ့ကို မှီရပေသည်။ ထိုကြောင့် အဋ္ဌကထာဆရာတော်က ----

ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

ထမင်းလုတ်စသည့် အလုတ်အလွေးကို ပြုလုပ်၍ စားမျိုထိုက်သော အစာဟူသော တည်ရာ ရှိသည်၏ အဖြစ်ကြောင့် ကဗဠီကာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိက-ဩဇာဟူသော အာဟာရ၏ အမည် တည်း - ဟု ဖွင့်ဆိုထားပေသည်။

ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။) = တစ်နေ့၌ စားအပ်သော အာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း အားပေးထောက်ပံ့တတ်၏ - ဟု အဋ္ဌကထာ ဖွင့်ဆိုထားသော ကြောင့် ရှေးရှေး အာဟာရဇရုပ်ကလာပ်တွင် ပါဝင်သော ဩဇာသည် နောက်နောက်သော အာဟာရဇ ရုပ် ကလာပ်တွင် ပါဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိသောအခါ အာဟာရဇ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေသည်။ သို့အတွက် အာဟာရဇဩဇာသည် အာဟာရဇရုပ်ကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအကြောင်းတရားလည်း ဖြစ်၏။ အာဟာရဇရုပ် အသစ်အသစ် ဖြစ်ပေါ်လာရန် အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားလည်း ဖြစ်၏ဟု မှတ်ပါ။ ထိုသို့ ဖြစ်ရာ၌ အာဟာရဇ ရုပ် ကလာပ် တစ်ခုအတွင်း၌ ပါဝင်တည်ရှိသော ဩဇာတစ်ခုတည်းက ဇနကလည်း ဖြစ်၏၊ ဥပတ္ထမ္ဘကလည်း ဖြစ်၏ ဟု မဆိုလိုပါ။ ရှေးရှေးသော အာဟာရဇကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ဩဇာက ဇနကအကြောင်း တရားဖြစ်လျှင် နောက်နောက်သော အခြား အာဟာရဇကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ဩဇာက ဥပတ္ထမ္ဘက ဖြစ်သည်ဟုသာ ဆိုလိုသည်။ သို့အတွက် ဇနကဖြစ်သော စတုသမုဋ္ဌာနိက ဩဇာတွင်လည်း အာဟာ ရဇဩဇာ ပါဝင်၍ ဥပတ္ထမ္ဘက ဖြစ်သော အကြောင်းဘက်တွင်လည်း အာဟာရဇဩဇာ ပါဝင်နေခြင်း ဖြစ်ပေသည်။

ဤအထက်ပါ စကားအရပ်ရပ်တို့အရ အဇ္ဈတ္တိကသို့ ရောက်ရှိသော ဩဇာကသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေသောကြောင့်, သပိတ် အိုးခွက် ပန်းကန်စသည့်တို့၌ ဗဟိဒ္ဓဩဇာ အဖြစ်ဖြင့် တည်နေသော အနုပါဒိန္န ဩဇာက အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို မဖြစ်စေနိုင်သောကြောင့် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော် က ----

အာဟာရောတိ အဇ္ဈတ္တိကော ရူပုပ္ပါဒကော အာဟာရော၊ (မဟာဋီ၊၁၊၄၅၅။)

= အဇ္ဈတ္တ ရုပ်သန္တတိအစဉ်၌ ဖြစ်သော အာဟာရဇရုပ်ကို ဖြစ်စေနိုင်သော စတုသမုဋ္ဌာနိက ဩဇာသည် အာဟာရ မည်ကြောင်း ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

ဤသို့သော အသိထူး ဉာဏ်ထူးများကို ရရှိအောင် နည်းလမ်းကို ညွှန်ကြားပြသ ဆိုဆုံးမတော်မူတတ် သော ဘုရားရှင်၏ ဉာဏ်တော်မြတ်ကြီးကား အလွန်အံ့ဩဖွယ် ရှိပေစွ၊ အလွန်နှစ်သက်ဖွယ် ရှိပေစွ၊ အလွန် ပူဇော်ထိုက်ပေစွ၊ အလွန် ကျေးဇူးတင်ထိုက်ပေစွ။ အလားတူပင် အဋ္ဌကထာ ဋီကာတို့ကိုလည်း အလွန်အကြူး အထူးအကဲ ကျေးဇူးတင်ထိုက်လှပေစွ။

မျက်မှောက်ခေတ်ဝယ် သာသနာတော်၏ ပြင်ပလောက၌ ဤသို့သော အသိဉာဏ်မျိုးကို သာဝကတစ်ဦး တစ်ယောက် ရရှိအောင် ညွှန်ကြားပြသနိုင်သော ဆရာကား မရှိစကောင်းသည်သာတည်း။

ဗဟုသုတရေးရာ သိမှတ်စရာ

ဗဟုသုတရေးရာ သိမှတ်စရာ

ဩဇာသင်္ခါတော အာဟာရော အာဟာရသမုဋ္ဌာနရူပံ အဇ္ဈောဟရဏကာလေ ဌာနပ္ပတ္တောဝ သမုဋ္ဌာပေတိ။ (အဘိဓမ္မတ္ထသင်္ဂဟ။)

စားဖွယ်သောက်ဖွယ် ဟူသမျှကို အာဟာရဟု ခေါ်ဝေါ်ရိုး ရှိသော်လည်း အာဟာရဇရုပ်ကို ဖြစ်စေရာဝယ် ယင်း စားဖွယ် သောက်ဖွယ် အမည်တပ်၍ ခေါ်ဝေါ်သမုတ်ထားအပ်သော ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် အသီး အသီး၌ ပါဝင်တည်ရှိသော အဆီ အစေး အနှစ် ဩဇာကိုသာ အာဟာရဟု ကောက်ယူရမည်ဟု သိစေလို သောကြောင့် - ဩဇာသင်္ခါတော အာဟာရော - ဟု အရှင်အနုရုဒ္ဓါမထေရ်မြတ်က မိန့်ဆိုတော်မူပေသည်။ မူလပဏ္ဏာသ အဋ္ဌကထာ၌လည်း ပုံစံတူပင် ဤသို့ ဖွင့်ဆိုထား၏။

ကဗဠီကာရော အာဟာရောတိ ကဗဠံ ကတွာ အဇ္ဈောဟရိတဗ္ဗတော ကဗဠီကာရော အာဟာရော၊ ဩဒနကုမ္မာသာဒိဝတ္ထုကာယ ဩဇာယေတံ အဓိဝစနံ။ (မ၊ဋ္ဌ၊၁၊၂၁၁။)

တစ်ဖန် ယင်း အာဟာရ - ဩဇာ၏ အလုပ်လုပ်နေပုံ အာဟာရဇရုပ်များကို ဖြစ်စေပုံ အပိုင်းကိုလည်း အဋ္ဌကထာများတွင် ဤသို့ ဖွင့်ဆိုထား၏။

ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန ဩဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရာ ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ကဗဠီကာရော အာဟာရော တာဝ မုခေ ဌပိတမတ္တောယေဝ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ ဒန္တဝိစုဏ္ဏိတံ ပန အဇ္ဈောဟရိယမာနံ ဧကေကံ သိတ္ထံ အဋ္ဌဋ္ဌ ရူပါနိ သမုဋ္ဌာပေတိယေဝ။ ဧဝံ ဩဇဋ္ဌမကရူပါနိ အာဟရတိ။ (မ၊ဋ္ဌ၊၁၊၂၁၃။)

အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် ---- အဇ္ဈောဟရဏကာလေ သမုဋ္ဌာပေတိ - ဩဇာဟု ခေါ်ဆိုအပ်သော အာဟာရသည် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရသမုဋ္ဌာန်ရုပ်ကို စားမျိုလိုက်ရာအခါ၌ ဖြစ်စေ၏ ---- ဟု အများထုံးစံလိုက်၍ ဖွင့်ဆိုခဲ့၏။

စင်စစ်မှာမူ အထက်ပါ အဋ္ဌကထာကြီးတို့၌ ဖွင့်ဆိုထားသည့်အတိုင်း မျိုမချခင် ဝါး၍မစားခင် လျှာပေါ် တင်မိလျှင်ပင် အချို့အစာများ၏ ရသရည်သည် တစ်နည်းဆိုရသော် ရသဓာတ်နှင့် တကွသော ဩဇဋ္ဌမက ရုပ်ကလာပ်အပေါင်းသည် လျှာအပြင်မှ စ၍ ခန္ဓာကိုယ်၌ ထိုက်သင့်သမျှ ပျံ့နှံ့လေ၏။ အစာအာဟာရ၏ အရသာသည် ကောင်းသလောက် ခန္ဓာကိုယ်အတွင်းဝယ် အရသာပျံ့နှံ့မှု = ရသဓာတ်နှင့်တကွသော ဩဇဋ္ဌမက ရုပ်တို့၏ ပျံ့နှံ့မှု မြန်၏။ အရသာ ညံ့ဖျင်းသော အစာအာဟာရများကား သွားဖြင့် ကိုက်ချေ ဝါးမျိုလိုက်ပါမှ ရသာရည်သည် (= ရသဓာတ်နှင့်တကွသော ဩဇဋ္ဌမကရုပ်ကလာပ်များသည်) ပျံ့နှံ့သွား၏။ ထိုသို့ ပျံ့နှံ့သွား ရာ၌လည်း ထိုထိုနေရာဝန်းကျင်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကား ရှိသည်သာ ဖြစ်သည်။တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်နေကြသော ရုပ်အမျိုးအစားတို့တွင် ဇီဝိတနဝက ကလာပ်ရုပ်များလည်း ပါဝင် ကြ၏။ ကိုယ်ငွေ့ရှိရာ နေရာတိုင်း၌ ဇီဝိတနဝက ကလာပ်ရုပ်တို့ ရှိကြမြဲသာတည်း။ သို့အတွက် ကမ္မဇဓာတ်မီး ၏ အထောက်အပံ့ကြောင့်သာ ရသဓာတ်ရည် အမည်ရသော ဩဇဋ္ဌမကရုပ်တို့ လျှာပြင်မှ စ၍ ခန္ဓာတွင်းသို့ ပျံ့နှံ့သွားကြသည်ဟု မှတ်ပါ။ ဝါးမျိုစားသောက်လိုက်၍ အစာအိမ်သို့ ဥတုဇရုပ်အသွင်ဖြင့်ပင် ရောက်ရှိသွား သောအခါ ပါစကတေဇောဓာတ်ဝမ်းမီး၏ ချက်မှုကြောင့် အစာအာဟာရ တစ်ချို့သည် အဖတ်အကာ ဖြစ်ရစ်၍ တစ်ချို့မှာ ရသရည်ကို ဆောင်ယူတတ်သော ရသဟရဏီကြောသို့ အစဉ်လျှောက်လျက် အထက်အောက် တစ်ကိုယ်လုံးမှာ ရသဓာတ်ရည် ပျံ့နှံ့လေ၏။ ထိုရသဓာတ်ရည် အမည်ရသော ဩဇဋ္ဌမကရုပ်ကလာပ်တို့ ပျံ့နှံ့ ရာတိုင်း၌ ပါဝင်သော ဩဇာသည် (ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့်) ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။

ထိုကြောင့် စားခြင်း မစားခြင်း မျိုခြင်း မမျိုခြင်းက လိုရင်းမဟုတ်၊ ရသဓာတ်ရည် အမည်ရသော ဩဇဋ္ဌမက ရုပ်ကလာပ်တို့၏ ပျံ့နှံ့ခြင်း မပျံ့နှံ့ခြင်းကသာ လိုရင်းပဓာန ဖြစ်သည်။ ဣသိသိင်္ဂ ရသေ့သူတော်စင်၏ သုံးနှစ် လောက် မေ့နေစဉ်တုန်းက မွေးညင်းပေါက်များမှ နတ်ဩဇာကို သွင်းပေးသဖြင့် အာဟာရဇရုပ်များ ဖြစ်ကြောင်း အဆို ရှိ၏။

ယခုကာလဝယ် အစာမစားနိုင် အစာမဝင်နိုင်သော လူမမာ စသည်ကို အကြောမှ ဆေးသွင်းပေးသဖြင့် လည်းကောင်း, နှာခေါင်းနှင့် ဒွါရမှ ပိုက်ဖြင့် အစာသွင်းပေးသဖြင့်လည်းကောင်း အာဟာရဇဩဇဋ္ဌမကရုပ်များ ဖြစ်နိုင်ကြလေသည်။ အမိဝမ်းတွင်းမှာ ကိန်းအောင်းနေသော သူငယ်၏ကိုယ်ကလေး၌ အမိစားလိုက်သော အစာသည် ချက်ကြိုးမှတစ်ဆင့် ဆက်သွယ်ပျံ့နှံ့သဖြင့် အာဟာရဇ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။ ကိုယ်ပေါ်၌ လိမ်းကျံအပ်သော အာဟာရသည်လည်း အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သော ဟူ၏။

တစ်နေ့ လူတို့ စားသုံးလိုက်သော အစာအာဟာရမှ ရသဓာတ်ရည်သည် (၇)ရက်ခန့်မျှ ခန္ဓာကိုယ်၌ ပျံ့နှံ့ လေသောကြောင့် (၇)ရက်ခန့်တိုင်အောင် ခန္ဓာကိုယ်ဝယ် ထောက်ပံ့အားပေးလျက် အာဟာရဇရုပ်များကို အဆင့်ဆင့် မွေးဖွားပေး၏။ နတ်တို့၏ ဩဇာမှာ တစ်လ နှစ်လကြာအောင်ပင် ထောက်ပံ့နိုင်စွမ်း ရှိပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၁။ မ၊ဋ္ဌ၊၁၊၂၁၃။)

ဌာနပတ္တောဝ သမုဋ္ဌာပေတိ --- ရုပ်တို့၏ ဓမ္မတာအတိုင်း ဌီခဏသို့ ရောက်ရှိပါမှသာလျှင် အားရှိသဖြင့် ယင်းဆိုအပ်ခဲ့ပြီးသော ဩဇာသည် ဌီကာလသို့ ရောက်မှသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေ၏ - ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။ ရေခွက်ထဲက ရေကို ကြည့်ရှုရာ၌ မူလက ရေသည် အခြေမပျက် တည်လျက်ရှိသည်ဟု ထင်ရသော် လည်း စင်စစ်မှာ အဟောင်း အဟောင်း ရေများ ပျက်၍ အသစ် အသစ် ရေများ ဖြစ်ပွား တည်နေသကဲ့သို့ တစ်နည်း --- ပရမတ္ထသစ္စာနယ်မှ ဆိုရသော် အာပေါဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲနေသော ဥတုဇ ဩဇဋ္ဌမက ရုပ်ကလာပ် အဟောင်း အဟောင်းများ ပျက်၍ အသစ် အသစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်များ အဆက်မပြတ် ဖြစ်ပွားတည်နေရသကဲ့သို့, ထို့အတူ ဆိုအပ်ခဲ့ပြီးသော ရသဓာတ်ရည် တစ် ကိုယ်လုံး၌ ပျံ့နှံ့လေရာ အဟောင်း အဟောင်း ရသဓာတ်ရည်များ ပျက်၍ အသစ် အသစ် ရသဓာတ်ရည်များ ဥပါဒ် ဖြစ်ပွားလျက် ရှိ၏။ တစ်နည်း ပရမတ္ထသစ္စာနယ်မှ ဆိုရသော် --- ရသဓာတ်ရည် အမည်ရသော အဟောင်း အဟောင်းသော ဩဇဋ္ဌမက ရုပ်ကလာပ်များ ပျက်၍ အသစ် အသစ်သော ဩဇဋ္ဌမက ရုပ်ကလာပ်များ ဥပါဒ် ဖြစ်ပွားလျက် ရှိ၏။ ထိုသို့ဖြစ်ပွားရာ၌ ယင်း ဩဇဋ္ဌမကရုပ်ကလာပ်တိုင်း၌ ပါရှိသော ဩဇာသည် အသစ် အသစ် ဥပါဒ်ပြီးနောက် ဌီအခိုက်သို့ အရောက် အရောက်မှာ - ဥပါဒိဏ္ဏကံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ - ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဖွင့်ဆိုသည့်အတိုင်း ထိုထို အစာသစ်အိမ်ဝန်းကျင် စသည်တို့၌ ဖြစ်ပွားနေကြသော ဇီဝိတ နဝက ကလာပ်ရုပ်တို့၏ အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်ဟူသော အစာကို ကြေကျက်စေတတ်သော ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရသမုဋ္ဌာနရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေသည် ဟု ဆိုလိုသည်။ (အကျယ်ကို နိဗ္ဗာနဂါမိနိပဋိပဒါ စတုတ္ထတွဲ လက္ခဏာဒိစတုက္ကပိုင်း-နှာ-၈၆-၉၄-တို့၌ ကြည့်ပါ၊၊)

အလွန်အကြူး အထူး ကျေးဇူးတင်ထိုက်သော ဦးထိပ်ရွက်လျက် ပန်ဆင်ခြင်းငှာ ထိုက်တန်သော အဆို အမိန့်တို့ပါတကား သူတော်ကောင်းတို့ ...။

၂။ အာဟာရသမုဋ္ဌာန =

၂။ အာဟာရသမုဋ္ဌာန = အာဟာရကြောင့် ဖြစ်သောရုပ်

အာဟာရသမုဋ္ဌာနံ နာမ ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ တတ္ထ ပတိဋ္ဌာယ ဌာနပ္ပတ္တာယ ဩဇာယ သမုဋ္ဌာပိတံ ဩဇဋ္ဌမကံ, အာကာသဓာတု လဟုတာ မုဒုတာ ကမ္မညတာ ဥပစယော သန္တတီတိ စုဒ္ဒသဝိဓံ ရူပံ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာတိ ဧတေန ဗဟိဒ္ဓါ အနုပါဒိန္နဩဇာ ရူပါဟရဏကိစ္စံ န ကရောတီတိ ဒေဿတိ။ ပစ္စယလာဘော စဿ ကမ္မဇဘူတသန္နိဿယတာဝသေနာတိ အာဟ တတ္ထ ပတိဋ္ဌာယာတိ။ တတ္ထ ကမ္မပစ္စယစိတ္တသမုဋ္ဌာနာဒိရူပဿပိ ကမ္မမူလကတ္တာ သိယာ ကမ္မဇပရိယာယောတိ တံ နိဝတ္တနတ္ထံ ဥပါဒိန္နန္တိ ဝိသေသေတွာ ဝုတ္တံ။ (မဟာဋီ၊၂၊၄၀၃။)

ဥပါဒိန္နဖြစ်သော ကမ္မဇရုပ်ကို အကြောင်း အထောက်အပံ့ကို ရရှိ၍ ထိုကံကြောင့် ဖြစ်သော ကမ္မဇ မဟာဘုတ်၌ တည်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ဩဇာသည် ဖြစ်စေအပ်သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဟူသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်, အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယ, သန္တတိ - ဤ (၁၄)မျိုးသော ရုပ်သည် အာဟာရသမုဋ္ဌာန်ရုပ် = အာဟာရကြောင့် ဖြစ်သောရုပ် မည်၏။

ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ = ဥပါဒိန္နဖြစ်သော ကမ္မဇရုပ်ကို (၏) အကြောင်း အထောက်အပံ့ ကို ရရှိ၍ - ဟူသော ဤစကားရပ်ဖြင့် ဗဟိဒ္ဓ အပြင်အပ သက်မဲ့လောက၌ တည်သော ဥပါဒိန္န မဟုတ်သော ဩဇာသည် (= ဥပါဒိန္နကမ္မဇရုပ်၏ အထောက်အပံ့ကို မရသော အနုပါဒိန္နဩဇာသည်) အာဟာရဇရုပ်ကို ဆောင်ခြင်း ဖြစ်စေခြင်း ကိစ္စကို မပြုလုပ်နိုင်ဟု ညွှန်ပြ၏။ တစ်ဖန် ထိုဗဟိဒ္ဓဖြစ်သော အစာအာဟာရဟူသည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုသာတည်း။ ထိုဥတုဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာ ကား ဗဟိဒ္ဓ အနုပါဒိန္နဩဇာတည်း။ ယင်း ဗဟိဒ္ဓ အနုပါဒိန္နဩဇာ၏ အာဟာရဇရုပ်ကို ဖြစ်စေဖို့ရန် အကြောင်း အထောက်အပံ့ကို ရခြင်းသည်လည်း ကံကြောင့်ဖြစ်သော ကမ္မဇမဟာဘုတ် ဓာတ်ကြီး (၄)ပါးလျှင် မှီရာ ရှိသည်၏ အဖြစ်၏ အစွမ်းဖြင့်ဖြစ်ရ၏။ ထိုကြောင့် တတ္ထ ပတိဋ္ဌာယ = ထိုကမ္မဇမဟာဘုတ်၌ တည်၍ အာဟာရဇရုပ်ကို ဖြစ်စေကြောင်းကို အဋ္ဌကထာမိန့်ဆိုခြင်း ဖြစ်၏။ ထိုအဋ္ဌကထာစကားရပ်၌ ကံလျှင် အကြောင်း အထောက်အပံ့ ရှိသော ဝိပါက်စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် အစရှိသော ရုပ်တရား၏လည်း ကံလျှင် အကြောင်းမူလ ရှိသည်၏ အဖြစ်ကြောင့် ကမ္မဇရုပ်ဟူသော အကြောင်း ပရိယာယ်တစ်မျိုးသည် ဖြစ်ကောင်းလေရာ၏၊ ထိုကြောင့် ထို ကမ္မပစ္စယစိတ္တသမုဋ္ဌာနရုပ် = ကံလျှင် အကြောင်းအထောက်အပံ့ ရှိသော ဝိပါက်စိတ်ကြောင့် ဖြစ်သော စိတ္တဇ ရုပ် အစရှိသော ရုပ်တရားကို နစ်စေခြင်းငှာ (ဤ၌ မဆိုလိုဟု သိစေခြင်းငှာ) ဥပါဒိန္နံ-ဟု အထူး ဝိသေသန မ၍ ဥပါဒိန္နကမ္မဇရုပ်၏ အကြောင်း အထောက်အပံ့ကို ရရှိခဲ့သော် ထိုကမ္မဇမဟာဘုတ်၌ ရပ်တည်၍ ကဗဠီ ကာရ အာဟာရဟူသော ဥတုဇဩဇာက ဩဇဋ္ဌမကရုပ်ကို ဖြစ်စေကြောင်း မိန့်ဆိုတော်မူခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၀၃။)

အထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ သတ္တဝါတို့ အလုတ်အလွေးပြု၍ စားမျို အပ်သော အစာအာဟာရဟူသည် တေဇောဓာတ်၏ အစီးအပွား ဥတုဇဩဇဋ္ဌမကရုပ်တို့သာတည်း။ ယင်း ဥတုဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော တေဇောဓာတ်ကား ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ဖြစ်စေ နိုင်သော်လည်း ယင်း ဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာကား ပါစကတေဇောဓာတ် ဟူသော ကမ္မဇ ဝမ်းမီး၏ အထောက်အပံ့ကို မရခဲ့သော် အာဟာရဇရုပ်ကို မဖြစ်စေနိုင်။ သပိတ်အတွင်း ပန်းကန်အတွင်း စသည် ၌ ဗဟိဒ္ဓဩဇာအဖြစ်နှင့် တည်နေသမျှ ကာလပတ်လုံး အာဟာရဇရုပ်ကို မဖြစ်စေနိုင်။ ယင်းကဗဠီကာရ အာဟာရ ဟူသော ဥတုဇရုပ်တို့၏ အပေါင်းအစုကို သတ္တဝါတို့ စားမျိုလိုက်သောအခါ ခံတွင်း လည်ချောင်း အစာသစ်အိမ် အူစသော ထိုထို ဌာနသို့ ရောက်ရှိသွား၏။ သတ္တဝါတို့၏ သန္တာန်ဝယ် ထိုထို အစာသစ်အိမ် စသော ဌာနတို့၌ အစာသစ်ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့ခင် အတွင်းမှာလည်း ဥတုဇ ဩဇဋ္ဌမက ရုပ်တို့သာ ဖြစ်ကြသေး၏။ သို့သော် ကိုယ်တွင်း အဇ္ဈတ္တသို့ကား ရောက်ရှိလာခိုက် ဖြစ်၏။ ယင်း ဥတုဇ ရုပ်ကလာပ် တို့တွင် ပါဝင်သော ဩဇာကား ဥတုဇဩဇာတည်း။ အစာအိမ်ဝန်းကျင်စသည် ထိုထိုဌာနဝန်းကျင်တွင် သန္တတိ အစဉ်အားဖြင့် အတိတ်က ကံ၏ စွမ်းဟုန်ကြောင့် အဆက်မပြတ် ရှေးနှင့်နောက် ဆက်စပ်လျက် ဖြစ်ပေါ်နေကြ သော ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ရုပ်ကလာပ်တို့ ရှိကြ၏။ ယင်း ဇီဝိတနဝက ကလာပ်တိုင်း တွင်လည်း ဓာတ်ကြီး (၄)ပါး ပါဝင်လျက် ရှိ၏။ အတိတ်က ကံကြောင့် ဖြစ်သည့်အတွက် တဏှာ ဒိဋ္ဌိတို့က ငါ ငါ့ဟာဟု စွဲယူအပ်သည့် ဥပါဒိန္နကမ္မဇရုပ်တို့တည်း။ ယင်း ဥပါဒိန္နကမ္မဇ မဟာဘုတ် (၄)ပါးတို့တွင် အစာကို ကြေကျက်စေရာ၌ အာဟာရဇရုပ်ကို ဖြစ်စေရာ၌ တေဇောဓာတ်ကား ပြဓာန်းလျက် ရှိ၏။ ဥဒရဂ္ဂိ ခေါ်သည့် ကမ္မဇဝမ်းမီးတည်း။ ယင်း တေဇောဓာတ်ကား ကျန်ဓာတ် (၃)ပါး မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိသဖြင့် ကမ္မဇမဟာဘုတ် ဓာတ် (၄)ပါး၌ ရပ်တည်၍ ယင်း ဥပါဒိန္နကမ္မဇရုပ်၏ အားပေးထောက်ပံ့မှုကို ရရှိခဲ့သော် အထက်ပါ အစာသစ်ကောဋ္ဌာသ၌ ပါဝင်သော အဇ္ဈတ္တိကသို့ ရောက်ရှိလာသော ဥတုဇဩဇာ = ကဗဠီကာရ အာဟာရသည် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏ဟု ဆိုလိုပေသည်။

၃။ အာဟာရပစ္စယ =

၃။ အာဟာရပစ္စယ = အာဟာရဟူသော အထောက်အပံ့ ရှိသောရုပ်

အာဟာရပစ္စယံ နာမ ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော (ပဋ္ဌာန၊၁၊၇။) ဧဝံ ဝုတ္တံ စတုသမုဋ္ဌာနရူပံ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အာဟာရပစ္စယဿ အာဟာရော န ကေဝလံ ဥပတ္ထမ္ဘကောဝ၊ အထ ခေါ ဇနကောပီတိ ဒေဿတုံ စတုသမုဋ္ဌာနရူပန္တိ ဝုတ္တံ။ (မဟာဋီ၊၂၊၄၀၃။)

အလုတ်အလွေးမပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော ကဗဠီကာရ အာဟာရ ဟူသော ကံ-စိတ်-ဥတု-အာဟာရ အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော စတုသမုဋ္ဌာနိကဩဇာသည် ဤရူပကာယ = ရုပ်တရားအပေါင်းဟူသော စတုသမုဋ္ဌာနိကရုပ်အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော စတုသမုဋ္ဌာနိကရုပ်တရားအပေါင်းသည် အာဟာရပစ္စယရုပ် မည်၏။

အာဟာရလျှင် အကြောင်း အထောက်အပံ့ ရှိသော စတုသမုဋ္ဌာနိကရုပ်အား ရုပ်အာဟာရသည် သက်သက် ထောက်ပံ့ရုံ ထောက်ပံ့တတ်သည်သာ မဟုတ်သေး၊ စင်စစ်သော်ကား ဖြစ်လည်း ဖြစ်စေတတ်၏ဟု ထင်ရှား ပြခြင်းငှာ စတုသမုဋ္ဌာနရုပ် = ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်သော ရုပ်သည် အာဟာရပစ္စယရုပ် မည်၏ဟု အဋ္ဌကထာ မိန့်ဆိုခြင်း ဖြစ်သည်။ (မဟာဋီ၊၂၊၄၀၃။)

၄။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန

၄။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန

= အာဟာရ အထောက်အပံ့ ရှိသော အာဟာရကြောင့် ဖြစ်သောရုပ်

အာဟာရပစ္စယအာဟာရသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနေသု ရူပေသု ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန ဩဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရာ ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ။ ကမ္မဇာဟာရော ဥပါဒိဏ္ဏကာဟာရော နာမ။ သောပိ ဌာနပ္ပတ္တော ရူပံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညံ သမုဋ္ဌာပေတီတိ ဧဝံ စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

သတ္တဝါတို့ စားမျိုအပ်သော ပကတိသော ကဗဠီကာရအာဟာရသည် ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်း အစုသာ ဖြစ်၏။ ယင်း ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇဩဇာ အသီးအသီးသည် ပါစကတေဇော ဓာတ် အမည်ရသော ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေပြန်၏။ ယင်း ရုပ်တရားတို့ကား အာဟာရ (ဩဇာ) ကြောင့် ဖြစ်သော အာဟာရသမုဋ္ဌာန် ရုပ်တို့တည်း။ ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့၌ ပါဝင်တည်ရှိသော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ဩဇာ သည် (နောက်နောက်သော အာဟာရသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာ၏ အားပေး ထောက်ပံ့မှုကို ရရှိသောအခါ) အခြားတစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ယင်း ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်၌ ပါဝင်တည်ရှိသော ဩဇာသည်လည်း (နောက်နောက်သော အာဟာရသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာ၏ အားပေးထောက်ပံ့မှုကိုရရှိသောအခါ) အခြားတစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၁၀)ကြိမ် (၁၂)ကြိမ်တို့ တိုင်အောင် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဤ ဩဇဋ္ဌမကရုပ်သည် - အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် = အာဟာရ အထောက်အပံ့ ရှိသော အာဟာရကြောင့် ဖြစ်သောရုပ် မည်၏။

အဘယ်ကြောင့် အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်၏သာ (၁၀)ကြိမ် (၁၂)ကြိမ်သို့ တိုင်အောင် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေပါသနည်းဟု မေးရန် ရှိ၏။ အဖြေကား ----တစ်နေ့၌ စားမျိုအပ်သော အစာအာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း စတုသမုဋ္ဌာနိကဩဇာကို နောက် ထပ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ဖြစ်အောင် အားပေးထောက်ပံ့နိုင်သော စွမ်းအား ရှိသောကြောင့် ဖြစ်၏။

နတ်ဩဇာကား တစ်လ နှစ်လ ပတ်လုံးသော်လည်း စတုသမုဋ္ဌာနိကဩဇာအား နောက်ထပ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့ထားနိုင်၏။ မိခင် စားမျိုအပ်သော အစာ အာဟာရသည်လည်း သူငယ်၏ ချက်တိုင်ရင်းမှ အစဉ်လျှောက်ကုန်သော အရသာကို ဆောင်ယူတတ်သော ရသဟရဏီအကြောတို့ဖြင့် သူငယ်၏ ကိုယ်ကို ပျံ့နှံ့၍ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေ၏။ အမိဝမ်းတွင်းရှိ သူငယ်ကား အချင်းဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားအပ်၏။ သူငယ်အိမ်အချင်းသည် ခြားကွယ်အပ် သော သူငယ်၏ ကိုယ်၌ လူးလိမ်းသည်၏ အစွမ်းအားဖြင့် အာဟာရ၏ ကောင်းစွာ ယှဉ်ခြင်းသည် မဖြစ်သင့်ဟု သိရှိပါလေ။ ထိုကြောင့် မိခင် စားမျိုအပ်သော အစာအာဟာရသည် သူငယ်၏ ချက်တိုင်ရင်းမှ တစ်ဆင့် ရသ ဟရဏီအကြောတို့ဖြင့် သူငယ်၏ ကိုယ်ကို ပျံ့နှံ့၍ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ခန္ဓာအိမ်၌ လိမ်းကျံအပ်သော အာဟာရသည်လည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤကား ဥပါဒိန္နကအာဟာရ အနုပါဒိန္နကအာဟာရ ဟု နှစ်မျိုးရှိရာတွင် အနုပါဒိန္နက ဖြစ်သော အာဟာရလျှင် အကြောင်းအထောက်အပံ့ရှိသော စတုသမုဋ္ဌာနိက ဩဇာ အာဟာရက ဩဇဋ္ဌမကရုပ်ကို ဖြစ်စေပုံကို ပြဆိုချက်တည်း။

ကမ္မဇ ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာကား ကမ္မဇ-အာဟာရတည်း။ ယင်း ကမ္မဇ-အာဟာရသည် ဥပါဒိန္နကအာဟာရ မည်၏။ ထို ဥပါဒိန္နကအာဟာရသည်လည်း (အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ဩဇာ၏ အထောက်အပံ့ကို ရရှိသဖြင့်) ရုပ်၏ ဌီခဏသို့ ရောက်ရှိသည် ဖြစ်၍ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ထိုဩဇဋ္ဌမကရုပ်ကား ဥပါဒိန္နက အာဟာရသည် ဖြစ်စေအပ်သော ဩဇဋ္ဌမကရုပ်တည်း။ ယင်း ဩဇဋ္ဌမကရုပ် ၌် ပါဝင်သော ဩဇာသည်လည်း (အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသဖြင့်) ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားတစ်ပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၄)ကြိမ်လည်း ဖြစ်ကုန်သော (၅)ကြိမ်လည်း ဖြစ်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်စဉ်တို့ကို ဆက်စပ်စေ၏။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်နှင့် တူ၏။

စူးစမ်းရမည့် အချက်တစ်ရပ်

စူးစမ်းရမည့် အချက်တစ်ရပ်

ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၇။)

စတုသန္တတိသမုဋ္ဌာနော ကဗဠီကာရာဟာရော ကိဉ္စာပိ ဣမဿ ကာယဿာတိ အဝိသေသတော ဝုတ္တော၊ ဝိသေသတော ပနာယမေတ္ထ အာဟာရသမုဋ္ဌာနရူပဿ ဇနကော စေဝ အနုပါလကော စ ဟုတွာ အာဟာရပစ္စယေန ပစ္စယော ဟောတိ၊ သေသတိသန္တတိသမုဋ္ဌာနဿ အနုပါလကောဝ ဟုတွာ အာဟာရပစ္စယေန ပစ္စယော ဟောတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။)

ဤအရာတွင် စူးစမ်းဆင်ခြင်ရန် အချက်တစ်ရပ်ကို မူလဋီကာဆရာတော်က မှတ်ချက် ချပြထား၏။ အထက်ဖော်ပြပါ ပဋ္ဌာန်းအဋ္ဌကထာတွင် ----

ကံ-စိတ်-ဥတု-အာဟာရ-တည်းဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော စတုသန္တတိသမုဋ္ဌာန်ရုပ်အစဉ်တွင် တည်သော ကဗဠီကာရ အာဟာရ အမည်ရသော ဩဇာသည် ဤ ရူပ ကာယအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု ဘုရားရှင်သည် ပဋ္ဌာန်းပစ္စယ နိဒ္ဒေသ၌ သာမည အားဖြင့်သာ ဟောကြားထားတော်မူသော်လည်း အထူးအားဖြင့်မူ ---- အာဟာရသမုဋ္ဌာန်ရုပ်အား တိုက်ရိုက် ဖြစ်စေတတ်သော ဇနကအာဟာရသတ္တိ, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအာဟာရသတ္တိ ဟူသော အာဟာရသတ္တိ နှစ်မျိုးဖြင့် ကျေးဇူးပြု၍ ကြွင်းကျန်သော ကံ-စိတ်-ဥတုကြောင့်ဖြစ်သော (၃)မျိုးသော တိသန္တတိ ရုပ်အစဉ်အား အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရသတ္တိဖြင့်သာ ကျေးဇူးပြုကြောင်း ဖွင့်ဆို ထား၏။ (အဘိ၊ဋ္ဌ၊၃၊၃၇၈။)

ဤနေရာတွင် မူလဋီကာဆရာတော်နှင့် အနုဋီကာဆရာတော်တို့က ဤသို့ ရှင်းပြထား၏။

သေသတိသန္တတိသမုဋ္ဌာနဿ အနုပါလကောဝ ဟုတွာတိ ဧတ္ထ စိတ္တသမုဋ္ဌာနဿ အာဟာရပစ္စယဘာဝေါ ဝိစာရေတွာ ဂဟေတဗ္ဗော။ န ဟိ စိတ္တသမုဋ္ဌာနော ကဗဠီကာရော အာဟာရော နောစိတ္တသမုဋ္ဌာနော တဒုဘယဉ္စ စိတ္တသမုဋ္ဌာနကာယဿ အာဟာရပစ္စယော ဝုတ္တော။ တိဝိဓောပိ ပန သော နောစိတ္တသမုဋ္ဌာနကာယဿ ဝုတ္တောတိ။ (မူလဋီ၊၃၊၁၉၀။)

သတိ ဟိ ပစ္စယဘာဝေ စိတ္တသမုဋ္ဌာနော ကဗဠီကာရာဟာရော စိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရ-ပစ္စယေန ပစ္စယောတိအာဒိ ဝတ္တဗ္ဗံ သိယာ၊ န ပန ဝုတ္တံ၊ နောစိတ္တသမုဋ္ဌာနဿ ပန ဝုတ္တံ။ တေနာဟ တိဝိဓောပိ ။ ပ ။ ဝုတ္တောတိ။ (အနုဋီ၊၃၊၂၅၈။)

ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

စတုသန္တတိသမုဋ္ဌာန်ရုပ်အစဉ်တွင် တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တို့တွင် ပါဝင်သော ဩဇာသည် ဤ အာဟာရပစ္စည်းပိုင်း၌ ကဗဠီကာရအာဟာရ အမည်ရသည်သာ ဖြစ်ကြောင်း အထက်တွင် ရှင်းပြခဲ့ပြီး ဖြစ်၏။ ယင်းစတုသန္တတိသမုဋ္ဌာန် ကဗဠီကာရအာဟာရက ဤရူပကာယ အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုရာဝယ် အာဟာရသမုဋ္ဌာန်ရုပ်မှ ကြွင်းကျန်သော ကံ-စိတ်-ဥတုဟူသော (၃)မျိုးသော အကြောင်းတရား အသီးအသီးကြောင့် ဖြစ်သော တိသန္တတိသမုဋ္ဌာန်ရုပ်အစဉ်အား စောင့်ရှောက် တတ် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအာဟာရသတ္တိဖြင့်သာ ကျေးဇူးပြု၏ဟူသော အဋ္ဌကထာ ဆရာ တော်၏ စကားရပ်၌ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်ရူပကာယအား ကဗဠီကာရ အာဟာရက စောင့်ရှောက် တတ် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို စူးစမ်း ဆင်ခြင်၍ ယူပါ။ အကြောင်းကား ဤသို့တည်း။

၁။ စိတ်ကြောင့်ဖြစ်သော စိတ္တသမုဋ္ဌာန်-ဩဇဋ္ဌမကရုပ်များတွင် ပါဝင်တည်ရှိသော ကဗဠီကာရ အာဟာရ အမည်ရသော ဩဇာကိုလည်းကောင်း,

၂။ နောစိတ္တသမုဋ္ဌာန်ဖြစ်သော ကံ-ဥတု-အာဟာရ - အကြောင်း အသီးအသီးကြောင့် ဖြစ်သော ကမ္မဇ ရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်များတွင် ပါဝင်သော ကဗဠီကာရ အာဟာရ အမည်ရသော ဩဇာကိုလည်းကောင်း,

၃။ ထို နှစ်မျိုးလုံးသော စိတ္တသမုဋ္ဌာန် နောစိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် ပါဝင်သော ကဗဠီကာရ အာ ဟာရ အမည်ရသော ဩဇာကိုလည်းကောင်း ----

ယင်း (၃)မျိုးလုံးသော ဩဇာက စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရူပကာယ = ရုပ်တရားအပေါင်း အား စောင့်ရှောက်တတ် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို (စိတ္တသမုဋ္ဌာနဒုက, ပဥှဝါရ, ပစ္စယာနုလောမ ဝိဘင်္ဂဝါရ၌) ဘုရားရှင်သည် ဟောကြားထားတော် မမူခဲ့ပေ။ အကယ်၍ ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုခဲ့သည် ဖြစ်အံ့။ ----

စိတ္တသမုဋ္ဌာနော ကဗဠီကာရော အာဟာရော စိတ္တသမုဋ္ဌာနဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော၊

= စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန် ရုပ်ကလာပ်များတွင် ပါဝင်သော ကဗဠီကာရ အာဟာရ အမည်ရသော ဩဇာသည် စိတ်ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရူပကာယ = ရုပ်တရားအပေါင်းအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ ---- ဤသို့ စသည်ဖြင့် ဘုရားရှင် ဟောကြားတော်မူခဲ့သည် ဖြစ်ရာ၏။ သို့သော် ဘုရားရှင်သည် ဟောကား မဟောခဲ့ပေ။

အလျော်အားဖြင့်ဆိုရမူ - အထက်တွင် ဖော်ပြထားသော စိတ္တသမုဋ္ဌာန်, နောစိတ္တသမုဋ္ဌာန်, တဒုဘယ = စိတ္တသမုဋ္ဌာန် နောစိတ္တသမုဋ္ဌာန် နှစ်ပါးစုံ ဟူသော (၃)မျိုးသော ကဗဠီကာရ အာဟာရအမည်ရသော ဩဇာကို နောစိတ္တသမုဋ္ဌာန်ဖြစ်သော ကမ္မသမုဋ္ဌာန်ရူပကာယ, ဥတုသမုဋ္ဌာန်ရူပကာယ, အာဟာရသမုဋ္ဌာန်ရူပကာယအား ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို ဘုရားရှင် ဟောကြားတော်မူခဲ့ပေသည်။ ထိုကြောင့် အထက် ပါ အဋ္ဌကထာဆရာတော်၏ စကားကို စိစစ်၍ ယူပါဟု ဆိုလိုသည်။

ဤ အထက်ပါ ဋီကာဆရာတော်များ၏ မှတ်ချက်အရ - ဤ အာဟာရပစ္စည်းပိုင်း၌ စိတ္တဇရုပ်ကလာပ် တစ်ခုတွင် ပါဝင်သော ကဗဠီကာရ အာဟာရ အမည်ရသော ဩဇာသည် အခြားအခြားသော စိတ္တဇရုပ်ကလာပ် တစ်ခုတွင် ပါဝင်သော ဩဇာအား ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်ဟု မှတ်ပါ။ အလားတူပင် ကမ္မဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်များတွင် ပါဝင်သော ဩဇာ အသီးအသီးကလည်း စိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် ပါဝင်သော ဩဇာ အသီးအသီးအား ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်ဟု မှတ်ပါ။

တစ်ဖန် စိတ္တသမုဋ္ဌာန်ရုပ်ကလာပ်များတွင် ပါဝင်သော ဩဇာက ကမ္မသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရ သမုဋ္ဌာန်ရုပ်ကလာပ် အသီးအသီးတွင် ပါဝင်သော ဩဇာနှင့်တကွသော ရူပကာယအား ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ကမ္မသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ဖြစ်သော ကဗဠီကာရ အာဟာရ အမည်ရသော အသီးအသီးသော ဩဇာကလည်း အခြားအခြားသော ဩဇာနှင့် တကွသော ကမ္မသမုဋ္ဌာန် ရူပကာယ, ဥတုသမုဋ္ဌာန်ရူပကာယ, အာဟာရသမုဋ္ဌာန်ရူပကာယ အသီးအသီးအား ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု မှတ်သားပါလေ။

၅။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန

၅။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန

= အာဟာရဟူသော အထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ်

အာဟာရပစ္စယဥတုသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနာ တေဇောဓာတု ဌာနပ္ပတ္တာ ဥတုသမုဋ္ဌာနံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿ ဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။ ဝုတ္တနယတ္တာ န ဥဒ္ဓတန္တိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၃။)

= စားမျိုအပ်သော အစာအာဟာရ-ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် (ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့်) ဖြစ်ပေါ်လာကြသော ဩဇဋ္ဌမက-အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ရုပ်ကလာပ်တိုင်း၌ တေဇော ဓာတ် ပါဝင်လျက် ရှိ၏။ ယင်း တေဇောဓာတ်ကား အာဟာရသမုဋ္ဌာန် တေဇောဓာတ်တည်း။ ယင်း အာဟာရ သမုဋ္ဌာန် တေဇောဓာတ်သည် ရုပ်၏ ဌီကာလသို့ ရောက်ရှိသောအခါ ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤဩဇဋ္ဌမကရုပ်သည် အာဟာရလျှင် အကြောင်း အထောက်အပံ့ရှိသော တေဇောဓာတ်ဥတုကြောင့် ဖြစ်သော အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အာဟာရလျှင် အကြောင်း အထောက်အပံ့ရှိသော ဥတု၏လည်း ဥတုလျှင် အကြောင်းအထောက်အပံ့ ရှိသော အာဟာရ၏ကဲ့သို့ (၁၀)ကြိမ် (၁၂)ကြိမ်တို့ တိုင်တိုင် ရုပ်တို့၏ ဖြစ်စဉ်ကို ဆက်စပ်စေခြင်းကို သိရှိအပ် ပေ၏။ ဖွင့်ဆိုအပ်ခဲ့ပြီးသော နည်းရှိသည်၏ အဖြစ်ကြောင့် မထုတ်ပြအပ်ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြ၏။ (မဟာဋီ၊၂၊၄၀၃။)

တတြာယံ အာဟာရော အာဟာရသမုဋ္ဌာနာနံ ဇနကော ဟုတွာ ပစ္စယော ဟောတိ၊ သေသာနံ နိဿယာဟာရအတ္ထိအဝိဂတဝသေနာတိ ဧဝံ အာဟာရဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

သေသာနန္တိ ကမ္မစိတ္တဥတုသမုဋ္ဌာနံ တိသန္တတိရူပါနံ။ ကဗဠီကာရော ဟိ အညာဟာရသမုဋ္ဌိတဿ, တိသန္တတိရူပါနဉ္စ ဥပတ္ထမ္ဘကဝသေန အတ္တနာ ဥပ္ပါဒိတဿ ဇနကော ဟုတွာ ပစ္စယော ဟောတိ။ ဧဝံ အာဟာရပစ္စယော ဟောန္တောယေဝ အတ္ထိအဝိဂတဝသေနာပိ ပစ္စယော ဟောတိ၊ နိဿယဘာဝေါ ပန ပဋ္ဌာနနယေန နတ္ထိ။ အာဟာရပစ္စယာ ပဝတ္တမာနာနိ ရူပါနိ အာဟာရနိဿယာနိ နာမ ဟောန္တီတိ သုတ္တန္တနယေန ဝုတ္တောတိ ဒဋ္ဌဗ္ဗော။ ပရတော ဥတုနော နိဿယဇောတနာယပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၄၀၃-၄၀၄။)

ထို အာဟာရဇရုပ်ဖြစ်ပုံအပိုင်းတွင် စားမျိုအပ်သော ကဗဠီကာရ အာဟာရသည် သို့မဟုတ် စားမျိုအပ် သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရခဲ့သော် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ ယင်း အသစ်ဖြစ်ပေါ်လာသော ဩဇဋ္ဌမကရုပ်တို့ကား ကဗဠီကာရအာဟာရ = ဩဇာကြောင့် ဖြစ်ပေါ်လာရသည့်အတွက် အာဟာရသမုဋ္ဌာန်ရုပ်တို့ မည်၏။ သို့အတွက် ကဗဠီကာရအာဟာရ = ဩဇာသည် အာဟာရသမုဋ္ဌာန်ရုပ်တို့အား တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အကြောင်း တရား ဖြစ်၍ ကျေးဇူးပြုပေးတတ်၏။ ကြွင်းကုန်သော ကမ္မသမုဋ္ဌာန် စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန်ဟူသော တိ သန္တတိရုပ်တို့အား နိဿယသတ္တိ အာဟာရသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိအားဖြင့် အားပေး ထောက်ပံ့တတ် သော ဥပတ္ထမ္ဘကအကြောင်း ပစ္စယအကြောင်းတရား အဖြစ်ဖြင့် ကျေးဇူးပြုပေးတတ်၏။ ဤသို့လျှင် အာဟာရဇရုပ်၏ ဖြစ်ပုံကို မြင်အောင် ရှုပါ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အလုတ်အလွေးပြု၍ စားမျိုအပ်သော ကဗဠီကာရ အာဟာရသည် သို့မဟုတ် စားမျိုအပ်သော ဥတုဇ-ဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် ဩဇဋ္ဌမက-အာဟာ ရ သမုဋ္ဌာန်ရုပ်တို့အား တိုက်ရိုက်ဖြစ်စေ၏။ သို့အတွက် မိမိသည် ဖြစ်စေအပ်သော ဩဇဋ္ဌမက အာဟာရ သမုဋ္ဌာန်ရုပ်တို့အား ယင်း ကဗဠီကာရအာဟာရ = ဩဇာက ဇနကသတ္တိဖြင့် ကျေးဇူးပြုပေး၏။

ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ဩဇာသည်လည်း ကဗဠီကာရအာဟာရလျှင် တည်ရာ ဝတ္ထု ရှိသောကြောင့် ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရပင် မည်ကြောင်း အထက်တွင် ရှင်းပြခဲ့၏။ ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ကဗဠီကာရအာဟာရ = ဩဇာသည် ----

၁။ အခြားသော ကဗဠီကာရအာဟာရကြောင့် ဖြစ်သော အာဟာရသမုဋ္ဌာန်ရုပ်အားလည်းကောင်း,

တစ်နည်း - ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ဩဇာအားလည်းကောင်း, (အကြောင်း- ဩဇာနှင့် အကျိုးဩဇာတို့မှာ ကလာပ်တူ မဟုတ်ဘဲ ကလာပ်ကွဲပြားသည်ဟု ဆိုလိုသည်။)

၂။ ကမ္မသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း, တစ်နည်း ကမ္မဇဩဇာအားလည်းကောင်း,

၃။ စိတ္တသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း, တစ်နည်း စိတ္တဇဩဇာအားလည်းကောင်း,

၄။ ဥတုသမုဋ္ဌာန်ရုပ်တို့အားလည်းကောင်း, တစ်နည်း ဥတုဇဩဇာအားလည်းကောင်း ----

နိဿယ-အတ္ထိ-အဝိဂတ ဟူသော အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက = ပစ္စယအကြောင်းတရား ၏ အစွမ်းဖြင့် ကျေးဇူးပြုပေး၏။

နိဿယ - မှီရာ အကြောင်းတရား

နိဿယ - မှီရာ အကြောင်းတရား

၁။ နာမ်ခန္ဓာ (၄)ပါး အချင်းချင်း တစ်ပါးသည် တစ်ပါးအား,

၂။ မဟာဘုတ် (၄)ပါး အချင်းချင်း တစ်ပါးသည် တစ်ပါးအား,

၃။ ပဋိသန္ဓေအခါ၌ နာမ်-ရုပ် အချင်းချင်း တစ်ပါးသည် တစ်ပါးအား,

၄။ စိတ်-စေတသိက်တို့က စိတ္တဇရုပ် = စိတ္တသမုဋ္ဌာန်ရုပ်တို့အား,

၅။ မဟာဘုတ်တို့က ဥပါဒါရုပ်တို့အား ----

မှီရာ နိဿယသတ္တိဖြင့် ကျေးဇူးပြုပေး၏။ (ပဋ္ဌာန၊၁၊၅။)

ထိုတွင် ဩဇာဟူသော ဥပါဒါရုပ်က ဩဇဋ္ဌမကရုပ်ဟူသော ဘူတရုပ် ဥပါဒါရုပ်တို့အား ကျေးဇူးပြုမှု သည် နိဿယပစ္စည်းပိုင်း၌ မရှိပေ။ သို့အတွက် မဟာဋီကာဆရာတော်က - နိဿယဘာဝေါ ပန ပဋ္ဌာနနယေန နတ္ထိ = နိဿယပစ္စည်း၏ အဖြစ်သည် ပဋ္ဌာန်းနည်း၌ မရှိပါ ဟု ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ သို့သော် အာဟာရ ကြောင့် ဖြစ်ပေါ်လာကုန်သော ရုပ်တရားတို့သည် အာဟာရလျှင် မှီရာ ရှိသော ရုပ်တရားတို့ မည်ကုန်၏ဟု နှလုံးပိုက်တော်မူ၍ သုတ္တန်နည်း၏ အစွမ်းဖြင့် အဋ္ဌကထာဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ နောက်၌ လာရှိမည့် ဥတု၏ နိဿယပစ္စည်း အဖြစ်ကို ထွန်းပြရာ၌လည်း ဤ နည်းအတိုင်းပင် မှတ်ပါ။

အတ္ထိ ---- အကြောင်းဖြစ်သော အားပေးထောက်ပံ့တတ်သည့် အာဟာရသမုဋ္ဌာန်ဩဇာနှင့် အကျိုးဖြစ်သော ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာ ဟူသော စတုသမုဋ္ဌာနိကဩဇာသည် ထင်ရှားရှိနေခိုက် ကျေးဇူးပြုပေးသော သတ္တိကို အတ္ထိပစ္စယသတ္တိဟု ခေါ်ဆို၏။

အဝိဂတ ---- ယင်း အကြောင်း အကျိုး နှစ်ရပ်လုံးတို့ မကင်းမီ မချုပ်မီ အချင်းချင်း ကျေးဇူးပြုပေးသော သတ္တိကို အဝိဂတပစ္စယသတ္တိဟု ခေါ်ဆို၏။ ဤသို့လျှင် အာဟာရပစ္စည်းသည် အကြောင်းပစ္စည်းတရား အကျိုး ပစ္စယုပ္ပန်တရား နှစ်မျိုးလုံးတို့၏ ထင်ရှားဖြစ်နေတုန်း ရှိနေတုန်းမှာသာလျှင် အတ္ထိသတ္တိ အဝိဂတသတ္တိတို့ဖြင့် လည်း ကျေးဇူးပြု၏၊ သုတ္တန်နည်း အလိုအားဖြင့် နိဿယသတ္တိဖြင့်လည်း ကျေးဇူးပြု၏ဟု မှတ်သားပါလေ။ (မဟာဋီ၊၂၊၄၀၃-၄၀၄။)

ဤကဲ့သို့သော အာဟာရဇရုပ်၏ ဖြစ်မှုကိုကား နိဗ္ဗာနကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂါ ဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားရမည် သာ ဖြစ်ပေသည်။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ဥတုဇရုပ်တို့၏ ဖြစ်ပေါ်ပုံ

ဥတုဇရုပ်တို့၏ ဖြစ်ပေါ်ပုံ

ဥတုဇရုပ်တို့၌လည်း ----

၁။ ဥတု,

၂။ ဥတုသမုဋ္ဌာန,

၃။ ဥတုပစ္စယ,

၄။ ဥတုပစ္စယ ဥတုသမုဋ္ဌာန,

၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန ----

ဤ (၅)မျိုးသော ခွဲခြား ဝေဖန်မှုကို သိသင့်ပေသည်။

၁။ ဥတု = တေဇောဓာတ်

၁။ ဥတု = တေဇောဓာတ်

တတ္ထ ဥတု နာမ စတုသမုဋ္ဌာနာ တေဇောဓာတု၊ ဥဏှဥတုသီတဥတူတိ ဧဝံ ပနေသ ဒုဝိဓော ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ထို (၅)မျိုးတို့တွင် ကံ-စိတ်-ဥတု-အာဟာရ ဟူသော (၄)မျိုးသော အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ်သည် ဥတု မည်၏။ ဤ ဥတုသည်ကား ဥဏှဥတု = အပူဥတု, သီတဥတု = အအေးဥတုဟု နှစ်မျိုး ရှိ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

ကမ္မသမုဋ္ဌာန်ဥတုစသော (၄)မျိုးလုံးသော ဥတုသည် ဥတုဇရုပ်ကို ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ် ကြောင့် စတုသမုဋ္ဌာန် ရုပ်ကလာပ်တိုင်း၌ တည်ရှိသော တေဇောဓာတ်သည် ဥတုမည်ကြောင်း အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ ဤဥတုသည် တေဇောဓာတ်၏ အဖြစ်ဖြင့် အထူး မရှိငြားသော်လည်း ထက်သည်၏အဖြစ် နုံ့သည်၏အဖြစ်ဟူသော တိက္ခ-မန္ဒ ဂုဏ်ထူး ဝိသေသဖြင့် ----

၁။ ထက်မြက်သော တိက္ခ - တေဇောဓာတ်ကို ဥဏှဥတုဟုလည်းကောင်း,

၂။ နုံ့သော မန္ဒ - တေဇောဓာတ်ကို သီတဥတုဟုလည်းကောင်း ----

ခေါ်ဆိုလိုက်သဖြင့် ဤသို့ နှစ်မျိုး ကွဲပြားသွားခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၀၄။)

မဟာဋီကာ ဒုတိယတွဲ (၁၀၈-၁၀၉)တို့၌လည်း အောက်ပါအတိုင်း ရှင်းလင်းထား၏။

ပထဝီ တေဇော ဝါယော ဟူသော ဓာတ် (၃)ပါးအပေါင်းသည် ဖောဋ္ဌဗ္ဗ မည်၏။ ဤ ဖောဋ္ဌဗ္ဗာရုံ၌ အာပေါဓာတ်ကို အဘယ်ကြောင့် မယူအပ်သနည်း? အေးမှု သဘောတရားကို တွေ့ထိ၍ ရယူနိုင်သည် မဟုတ် လော? ထိုအေးမှု သဘောတရားသည်လည်း အာပေါဓာတ်ပင် မဟုတ်ပါလော? ဤသို့ မေးငြားအံ့။ အေးမှု သဘောတရားကို တွေ့ထိ၍ ယူအပ်သည် ယူနိုင်သည် = တွေ့ထိ စမ်းသပ်ကြည့်က သိနိုင်သည်ကား မှန်၏၊ ထိုသို့ မှန်သော်ငြားလည်း ထိုအေးမှု သဘောတရားသည် အာပေါဓာတ် မဟုတ်ပေ၊ ယင်းသို့ ဖြစ်လျှင် ထိုအေးမှု သဘောတရားသည် အဘယ်နည်းဟု မေးငြားအံ့၊ တေဇောဓာတ်သာလျှင် ဖြစ်၏။

မှန်ပေသည် -- ပူမှုသဘောတရားသည် နုံ့လတ်သော် သို့မဟုတ် နုံ့သော ပူမှုသဘောတရား၌ အေးသည် ဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ မှန်ပေသည် အေးသည်မည်သော တစ်စုံတစ်ခုသော ဂုဏ်သည် မရှိသည်သာ ဖြစ်၏။ (အေးမှုသည် တေဇောဓာတ်၏ ဂုဏ်သတ္တိသာ ဖြစ်၍ တေဇောဓာတ်မှ တစ်ပါးသော အခြား တစ်စုံ တစ်ခုသော ပရမတ်တရား၏ ဂုဏ်သတ္တိ မဟုတ်ဟု ဆိုလိုသည်။)

စင်စစ်သော်ကား သက်သက်သော ပူမှုသဘောတရား၏ နုံ့သည်၏အဖြစ် = အားပျော့သည်၏အဖြစ် သည် ထင်ရှားရှိလတ်သော် အေးမှု သဘောတရားဟု ထင်မှတ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ဤအနက်သဘောကို အဘယ်သို့လျှင် သိအပ်ပါသနည်း? ဤသို့ မေးငြားအံ့ ---- အေးသည်ဟု သိခြင်းသည် ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်း၌ သိခြင်းကဲ့သို့ မှတ်ပါ၊ မတည်တံ့သော သဘော ရှိသောကြောင့် ဖြစ်၏။

မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းနေသော မြစ်တစ်ခု ရှိသည် ဆိုကြစို့၊ မြစ်၏ အေ့ရှဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဟု ကမ်းနှစ်ခု ရှိနေ၏။ ထိုတွင် အေ့ရှဘက်ကမ်း၌ ရပ်တည်နေသူအဖို့ အေ့ရှဘက်ကမ်း သည် ဤမှာဘက်ကမ်း အနောက်ဘက်ကမ်းသည် ထိုမှာဘက်ကမ်း ဖြစ်၏။ တစ်ဖန် အနောက်ဘက်ကမ်း၌ ရပ်တည်နေသူအဖို့ အနောက်ဘက်ကမ်းသည် ဤမှာဘက်ကမ်း ဖြစ်၍ အေ့ရှဘက်ကမ်းသည် ထိုမှာ ဘက် ကမ်း ဖြစ်ပြန်၏။ သို့အတွက် ဤမှာဘက်ကမ်း ထိုမှာဘက်ကမ်းဟူသော ဝေါဟာရများသည် အမြဲ တည်တံ့သော ဝေါဟာရများ မဟုတ်ကြပေ။ အလားတူပင် ပူမှု သဘော အေးမှု သဘောတရားတို့လည်း အမြဲ တည်တံ့သော သဘောတရားများ မဟုတ်ပေ။

ထင်ရှားစေအံ့ ---- အလွန်ပူပြင်းသော နွေကာလ၌ နေပူထဲ၌ တည်နေပြီးနောက် အရိပ်ထဲသို့ ဝင်ရောက် လာကုန်သော သူတို့အား (အရိပ်အတွင်း၌) အေးသည်ဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ သို့သော်လည်း အလွန် အေးမြသော မြေတိုက်အတွင်းမှ (လှိုဏ်အတွင်းမှ) တက်ရောက်လာသော သူတို့အဖို့ ထို အရိပ် အရပ်၌ပင်လျှင် ပူသည်ဟု သိခြင်းသည် ဖြစ်ပေါ်လာ၏။ သို့အတွက် ပူမှု အေးမှု သဘောတရားသည် အမြဲတမ်း ပုံသေ သတ် မှတ်၍ ရသော ဝေါဟာရ မဟုတ်ပေ။

ဆိုဖွယ် အပြစ် ရှိသေး၏ ---- အကယ်၍ အေးမှု သဘောတရားသည် အာပေါဓာတ် ဖြစ်ငြားအံ့၊ တစ်ခု တည်းသော ရုပ်ကလာပ်အတွင်း၌ ပူမှု သဘောတရားနှင့် အတူတကွ အေးမှု သဘောတရားသည် ရရှိလေရာ၏၊ ရကား မရအပ်ပေ။ ထိုကြောင့် အေးမှု သဘောတရားသည် အာပေါဓာတ် မဟုတ်။ ဤသို့ သိအပ်ပေ၏။ (ဆိုလိုသည်မှာ ဓာတ်ကြီး (၄)ပါးတို့သည် ရုပ်ကလာပ်တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်ရိုးဓမ္မတာ ရှိကြ သည့် တစ်လုံးစီ တစ်လုံးစီ ခွဲ၍ ဖြစ်ရိုး ဓမ္မတာ မရှိကြသည့် အဝိနိဗ္ဘောဂရုပ်တို့ ဖြစ်ကြ၏။ အကယ်၍ အာပေါ ဓာတ်ကို အေးမှု သဘောတရားဟု ယူဆခဲ့ပါလျှင် အေးမှု သဘောတရား အာပေါဓာတ်နှင့် ပူမှု သဘောတရား တေဇောဓာတ်တို့သည် ရုပ်ကလာပ်တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နေသည်ဟု စကားကျရောက်လာ၏။ ရုပ်ကလာပ် တစ်ခုအတွင်း၌ ပူမှုနှင့် အေးမှုတို့ကား ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ မရှိခဲ့ပေ။ သို့သော် အာပေါဓာတ်နှင့် တေဇောဓာတ် တို့ကား ရုပ်ကလာပ်တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်ရိုး ဓမ္မတာ ရှိကြ၏။ သို့အတွက် အေးမှု သဘောတရားသည် အာပေါဓာတ် မဟုတ်ဟု သိနိုင်ပါ၏ဟု ဆိုလိုသည်။)

ဤဆိုအပ်ခဲ့ပြီးသော စကားရပ်သည်လည်း ဘူတရုပ် ဓာတ်ကြီး (၄)ပါးတို့၏ အသီးအခြား တစ်လုံးစီ တစ်လုံးစီ မခွဲခြားအပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို အလိုရှိကြကုန်သော လက်ခံကြကုန်သော သူတော် ကောင်းတို့ အလို့ငှာ အဖြေတည်း။ သို့သော် အလိုမရှိကြကုန်သော လက်မခံကြကုန်သော သူတို့အလို့ငှာလည်း ဓာတ်ကြီး (၄)ပါးတို့၏ ရုပ်ကလာပ်တစ်ခုအတွင်း၌ မိမိ မိမိတို့၏ ဆိုင်ရာ ကိုယ်ပိုင်လုပ်ငန်းကိစ္စရပ်ကို ပြုလုပ် ဆောင်ရွက်မှုကို မြင်သဖြင့် သဘောတူသော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ပြီးစီးစေအပ်သည်ရှိသော် အဖြေ ဖြစ်သည်သာလျှင်တည်း။

အကြင်ဆရာတို့ကား အေးမှု သဘောတရားသည် ဝါယောဓာတ်၏ သဘာဝလက္ခဏာတည်းဟု ဆိုကြ ကုန်၏၊ ထိုဆရာတို့ အလို့ငှာလည်း ဤဆိုအပ်ခဲ့ပြီးသော စကားသည်သာလျှင် အဖြေ ဖြစ်ပေ၏။ ထင်ရှားစေအံ့၊ အကယ်၍ အေးမှု သဘောတရားသည် ဝါယောဓာတ် ဖြစ်ငြားအံ့၊ ရုပ်ကလာပ်တစ်ခု အတွင်း၌ ပူမှု သဘော တရားနှင့် တကွသော အေးမှု သဘောတရားကို ရအပ်လေရာ၏၊ ရကား မရအပ်ပေ။ ထိုကြောင့် အေးမှု သဘော တရားသည် ဝါယောဓာတ် မဟုတ်ဟု သိအပ်ပေသည်။ (ပူမှု သဘောတရားနှင့် အေးမှု သဘောတရားတို့သည် ရုပ်ကလာပ် တစ်ခုအတွင်း၌ ပြိုင်တူ မရအပ် မရနိုင်သော်လည်း တေဇောဓာတ်နှင့် ဝါယောဓာတ်တို့ကား ရုပ်ကလာပ်တစ်ခုအတွင်း၌ ပြိုင်တူ ဖြစ်နေကြသော အဝိနိဗ္ဘောဂတရားတို့ ဖြစ်ကြ၏။ ထိုကြောင့် အေးမှု သဘောတရားသည် ဝါယောဓာတ် မဟုတ်ဟု သိနိုင်၏ဟု ဆိုလိုသည်။)

တစ်ဖန် အရည်သဘောတရားသည် အာပေါဓာတ်တည်း၊ ထိုအရည်ကိုလည်း ထိ၍ ယူအပ်၏ ထိ၍ ရကောင်း၏ ရနိုင်၏ဟု အကြင် ဆရာတို့၏ အယူဝါဒ ဒဿနသည် ရှိ၏၊ ထိုဆရာတို့ကို ဤသို့ ပြောဆိုသင့်၏၊

အရည်သဘောတရားကိုလည်း တွေ့ထိ၍ ရအပ်၏ဟု ယူသော အယူဝါဒသည် သဏ္ဌာန်ကို တွေ့ထိ၍ ရနိုင်၏ဟူသော ထင်မှတ်ခြင်းကဲ့သို့ အရှင်တို့၏ ထင်မှတ်ခြင်း = အဓိမာနသဘောမျှသာတည်းဟု ပြောဆို ထိုက်ကုန်၏။ မှန်ပေသည် ---- ရှေးရှေး ဆရာမြတ်တို့သည် ဤသို့ မိန့်ဆိုထားကြပေသည်။

ဒြဝတာ သဟဝုတ္တီနိ၊ တီဏိ ဘူတာနိ သမ္ဖုသံ။

ဒြဝတံ သမ္ဖုသာမီတိ၊ လောကောယမဘိမညတိ။

ဖုသံ ဘူတာနိ သဏ္ဌာနံ၊ မနသာ ဂဏှတေ ယထာ။

ပစ္စက္ခတော ဖုသာမီတိ၊ ဉာတဗ္ဗာ ဒြဝတာ တထာတိ။ (မဟာဋီ၊၂၊၁၀၉။)

အရည်သဘောတရားနှင့် အတူတကွ ဖြစ်ကုန်သော ပထဝီ တေဇော ဝါယောဟု ဆိုအပ်သော မဟာဘုတ် (၃)ပါးတို့ကို တွေ့ထိသော ဤသတ္တဝါအပေါင်းသည် အရည် သဘောတရားကို တွေ့ထိမိ၏ ဟု ဤသို့ အောက် မေ့ မှတ်ထင်၏။

မဟာဘုတ်တို့ကို တွေ့ထိသောသူသည် ပုံသဏ္ဌာန်ကို မျက်မှောက်အားဖြင့် တွေ့ထိ၏ဟု စိတ်ဖြင့် စွဲယူ သကဲ့သို့ ထို့အတူ အရည်သဘောတရားကို သိအပ်ပေ၏။ (မဟာဋီ၊၂၊၁၀၈-၁၀၉။)

၂။ ဥတုသမုဋ္ဌာန =

၂။ ဥတုသမုဋ္ဌာန = ဥတုကြောင့် ဖြစ်သောရုပ်

ဥတုသမုဋ္ဌာနံ နာမ စတုသမုဋ္ဌာနော ဥတု ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ ဌာနပ္ပတ္တော သရီရေ ရူပံ သမုဋ္ဌာပေတိ။ တံ သဒ္ဒနဝကံ အာကာသဓာတု, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယော, သန္တတီတိ ပန္နရသဝိဓံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁-၂၅၂။)

ယဒိပိ ဥတု ဥပါဒိန္နကေန ဝိနာပိ ရူပံ သမုဋ္ဌာပေတိ၊ ဣန္ဒြိယဗဒ္ဓေ ပန တေန ဝိနာ တဿ ရူပုပ္ပါဒနံ နတ္ထီတိ အာဟ ဥပါဒိန္နကံ ပစ္စယံ လဘိတွာတိ။ တေနာဟ စတုသမုဋ္ဌာနော ဥတူတိ။ ဥတုသမုဋ္ဌာနောယေဝ ဟိ ဥတု ဥပါဒိန္နကေန ဝိနာ ရူပံ သမုဋ္ဌာပေတိ။ (မဟာဋီ၊၂၊၄၀၄။)

တဏှာ-ဒိဋ္ဌိတို့က ငါ - ငါ့ဟာဟု ပြင်းစွာ ကပ်၍ စွဲယူရာ ဖြစ်သော အတိတ်ဘဝတစ်ခုခုက အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်သော ရုပ်သည် ဥပါဒိန္နကရုပ် မည်၏။ ယင်း ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရ၍ ကံ စိတ် ဥတု အာဟာရဟူသော အကြောင်း တရား (၄)ပါးကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ် တို့၌ ပါဝင်တည်ရှိသော အသီးအသီးသော တေဇောဓာတ် = ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက် ခန္ဓာ ကိုယ်၌ ဥတုဇရုပ်ကို ဖြစ်စေ၏။ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ သဒ္ဒ (= အသံ) ဖြင့် မှတ်သားအပ်သော ရုပ် (၉)ခုအပေါင်း = သဒ္ဒနဝကကလာပ်ရုပ်, အာကာသဓာတ်, လဟုတာ, မုဒုတာ, ကမ္မညတာ ဥပစယ, သန္တတိ - ဤ (၁၅)မျိုးသော ရုပ်သည် ဥတုသမုဋ္ဌာန်ရုပ် မည်၏။

တေဇောဓာတ် ဥတုသည် ဥပါဒိန္နက ဟု ခေါ်ဆိုအပ်သော ကမ္မဇရုပ်နှင့် ကင်း၍လည်း ဥတုဇရုပ်ကို အကယ်၍ကား ဖြစ်စေတတ်၏။ ထိုသို့ပင် ဖြစ်စေတတ်သော်လည်း စက္ခုအကြည်ဓာတ် ဟူသော စက္ခုန္ဒြေ, သောတအကြည်ဓာတ် ဟူသော သောတိန္ဒြေ ---- ဤသို့စသော ဣန္ဒြေနှင့် ဆက်စပ်နေသော ဣန္ဒြိယဗဒ္ဓ ရုပ် လောက၌ ထိုကမ္မဇရုပ်နှင့် ကင်း၍ ထို ဥတု၏ ရုပ်ကို ဖြစ်စေခြင်းသည် မရှိသည်သာ ဖြစ်သောကြောင့် ---- ဥပါဒိန္နကံ ပစ္စယံ လဘိတွာ = ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရ၍ စတုသမုဋ္ဌာနိက ဥတုသည် ခန္ဓာကိုယ်၌ ဥတုဇရုပ်ကို ဖြစ်စေကြောင်း အဋ္ဌကထာ ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ ဥတုကြောင့် ဖြစ်သည့် သက်သက်သော ဥတုသမုဋ္ဌာန်သာလျှင် ဖြစ်သော တေဇောဓာတ်ဥတုသည်သာလျှင် ဥပါဒိန္နက ခေါ် ကမ္မဇ ရုပ်နှင့် ကင်း၍ ဥတုဇရုပ်ကို ဖြစ်စေနိုင်၏။ (မဟာဋီ၊၂၊၄၀၄။) ---- ဤကျမ်း စာမျက်နှာ (၆၉၂-၆၉၃)တွင် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ပိုင်းဝယ် ကြည့်ပါ။

၃။ ဥတုပစ္စယ =

၃။ ဥတုပစ္စယ = ဥတုအထောက်အပံ့ ရှိသောရုပ်

ဥတုပစ္စယံ နာမ ဥတု စတုသမုဋ္ဌာနိကာနံ ရူပါနံ ပဝတ္တိယာ စ ဝိနာသဿ စ ပစ္စယော ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ဥတုပစ္စယံ နာမ စတုသမုဋ္ဌာနိကံ ရူပံ။ ယဥှိ ဥတုသမုဋ္ဌာနံ ပန္နရသဝိဓံ ရူပံ, ယဉ္စ တဒညတိသန္တတိရူပံ၊ တဿ သဗ္ဗဿပိ သဘာဂေါ ဥတု ဥပတ္ထမ္ဘကပစ္စယော ဟောတီတိ။ ယသ္မာ ဝိသဘာဂေါ ဥတု ဟိမာဒိ ဝိယ ပဒုမာဒီနံ ဝိသဒိသရူပုပ္ပတ္တိဟေတုဘူတံ ပုရိမရူပံ ဝိနာသေန္တံ ဝိယ ဟောတိ၊ တသ္မာ သဘာဂံ, ဝိသဘာဂဉ္စ ဧကဇ္ဈံ ဂဟေတွာ ဝုတ္တံ ဥတု စတုသမုဋ္ဌာနိကရူပါနံ ပဝတ္တိယာ စ ဝိနာသဿ စ ပစ္စယော ဟောတီတိ။ (မဟာဋီ၊၂၊၄၀၄။)

ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော စတု သမုဋ္ဌာန်ရုပ်သည်ပင် ဥတု အထောက်အပံ့ ရှိသော ဥတုပစ္စယရုပ် မည်၏။ သဘာဂ ဥတု, ဝိသဘာဂ ဥတုသည် စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ခြင်း၏လည်းကောင်း, ပျက်စီးခြင်း၏လည်းကောင်း အကြောင်းတရားဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ဥတုလျှင် ဖြစ်ကြောင်းရှိသော အထက်တွင် ဖော်ပြထားသော (၁၅)မျိုးသော ရုပ်တရားသည်လည်းကောင်း, ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်ဟူသော ဥတုဇရုပ်မှ အခြားတစ်ပါးသော (၃)မျိုးသော တိသန္တတိရုပ်သည် လည်းကောင်း ရှိ၏။ အလုံးစုံလည်း ဖြစ်သော ထိုစတုသမုဋ္ဌာန်ရုပ်အား သဘာဂဖြစ်သော သဘောတူသော ဥတုသည် အားပေးထောက်ပံ့လျက် ကျေးဇူးပြုတတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်၏။ ဤသို့ သိရှိ ပါလေ။

သဘောမတူသော ဝိသဘာဂဥတုသည်ကား ဆီးနှင်း စသည်သည် ပဒုမ္မာကြာ စသည်တို့၌ ရှေး၌ဖြစ်သော ရုပ်အစဉ်ကို မတူအောင် ပြုလုပ်တတ်၏။ (ပဒုမ္မာကြာစသည်တို့သည် ဆီးနှင်းနှင့် မတွေ့ထိရမီက ဖြစ်နေသော ရုပ်သန္တတိအစဉ်မှာ တစ်မျိုး ဖြစ်၏။ ဆီးနှင်းနှင့် တွေ့ထိပြီးသောအခါ၌ကား ရုပ်သန္တတိ အစဉ်တစ်မျိုး ပြောင်းလဲ သွား၏ဟု ဆိုလိုသည်။) သို့အတွက် ဆီးနှင်း စသည်သည် ပဒုမ္မာကြာ စသည်တို့၏ ရှေးဖြစ်သော ရုပ်အစဉ်နှင့် သဘောမတူသော နောက်ရုပ် အစဉ် ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်လျက် ရှေးရုပ် အစဉ်ကို ပျက်စီးစေ သကဲ့သို့ ဖြစ်၏။ (သဘောမတူသော နောက်ရုပ်အစဉ်၏ ဖြစ်ခြင်းသည် ရှေးရုပ်အစဉ်ကို ဖျက်ဆီးပစ်သည်နှင့် တူ၏ဟု ဆိုလိုသည်။)

ထိုကြောင့် သဘာဂဥတုကိုလည်းကောင်း, ဝိသဘာဂဥတုကိုလည်းကောင်း တစ်ပေါင်းတည်း ယူ၍ ---- ဥတုသည် စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ခြင်း၏လည်းကောင်း, ပျက်စီးခြင်း၏လည်းကောင်း အကြောင်းတရား ဖြစ်၏-ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မဟာဋီ၊၂၊၄၀၄။)

သဘာဂဥတုကား စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ခြင်း၏ အကြောင်းတရား ဖြစ်၍ ဝိသဘာဂဥတုကား ယင်း စတုသမုဋ္ဌာနိကရုပ်တို့၏ ပျက်စီးခြင်း၏ အကြောင်းတရား ဖြစ်ပေသည်ဟု ဆိုလိုသည်။ ဤ၌ ပျက်စီးခြင်း ဟူသည် ရုပ်သန္တတိအစဉ်၏ ရှေးဖြစ်စဉ်နှင့် မတူ ထူးခြားသော နောက်ဖြစ်စဉ်ကို ရည်ညွှန်းထားသော ဟူ၏။

၄။ ဥတုပစ္စယ ဥတုသမုဋ္ဌာန =

၄။ ဥတုပစ္စယ ဥတုသမုဋ္ဌာန = ဥတုလျှင် အထောက်အပံ့ရှိသော ဥတုကြောင့် ဖြစ်သောရုပ်

ဥတုပစ္စယဥတုသမုဋ္ဌာနံ နာမ ဥတုသမုဋ္ဌာနာ တေဇောဓာတု ဌာနပ္ပတ္တာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညန္တိ ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ဒီဃမ္ပိ အဒ္ဓါနန္တိ ဒသ ဒွါဒသ ဝါရေတိ အညဿ ဝုတ္တပရိစ္ဆေဒတော ဒီဃမ္ပိ ကာလံ။ ဥတု ဟိ သဘာဂ-သန္တတိဝသေန လဒ္ဓပစ္စယံ စိရတရမ္ပိ ကာလံ သဒိသာကာရံ ရူပပ္ပဝတ္တိံ သန္တာနေတိ ဥပါဒိန္နကသန္နိဿယေန ဝိနာ၊ ပဂေဝ ဣတရထာ။ တေနာဟ အနုပါဒိန္နပက္ခေ ဌတွာပီတိ၊ မံသဝိနိမုတ္တကေသလောမနခစမ္မခိလတိလကာဒိဝသေန ဇီဝမာနသရီရေ အညတ္ထ မတကဠေဝရာဒိဝသေနာတိ အဓိပ္ပါယော။ (မဟာဋီ၊၂၊၄၀၄။)

ဥတုအထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သော ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်သည်ကား ဤသို့ တည်း။

ဥတု နာမ စတုသမုဋ္ဌာနော တေဇောဓာတု - ဟူသည့်အတိုင်း ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇ ကလာပ် အာဟာရဇကလာပ်တို့၌ ပါဝင်သော စတုသမုဋ္ဌာန် တေဇောဓာတ်သည် ဥတု မည်၏။ ယင်း စတု သမုဋ္ဌာန် ဥတုကြောင့် ဖြစ်သော ရုပ်သည် ဥတုသမုဋ္ဌာန်ရုပ် မည်၏။ ယင်း ဥတုသမုဋ္ဌာန် ရုပ်ကလာပ်၌ ပါဝင် သော တေဇောဓာတ်သည် ဥတုသမုဋ္ဌာန် တေဇောဓာတ် မည်၏။ ယင်းဥတုသမုဋ္ဌာန် တေဇောဓာတ်သည် ဌီကာလသို့ ရောက်သောအခါ အခြားတစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ထို ဥတုသမုဋ္ဌာန် တေဇောဓာတ်ကြောင့် ဖြစ်သော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်၌လည်း ပါဝင် တည်ရှိသော တေဇောဓာတ် = ဥတုသည် အခြားတစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၁၀)ကြိမ် (၁၂)ကြိမ် ဟု ဆိုအပ်သော တစ်ပါးသော အာဟာရဇရုပ်ပိုင်း၌ ဖွင့်ဆိုခဲ့သော ရုပ်ဖြစ်ပုံ အပိုင်းအခြား ထက် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိန္နက အဖို့အစု၌ တည်၍လည်း ဥတုလျှင် ဖြစ်ကြောင်းရှိသော ဥတုသမုဋ္ဌာန်ရုပ်သည် ဖြစ်သည်သာလျှင်တည်း။ (စတုသမုဋ္ဌာနိက ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော တေဇော ဓာတ်ကြောင့် ဖြစ်သော ဩဇဋ္ဌမကရုပ်ကလာပ်ကား ဥတုသမုဋ္ဌာန်ရုပ်တည်း။ ယင်း ဥတုသမုဋ္ဌာန် ရုပ်ကလာပ် တို့၌ ပါဝင်သော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ရုပ်ကလာပ် အဆက်ဆက်တို့ကား ဥတု ပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့တည်း။ တစ်ဖန် စတုသမုဋ္ဌာနိက ရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်က ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေရာ၌ - ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ဟု အဋ္ဌကထာ ဆရာတော် မိန့်ဆိုထားတော်မူခြင်းကြောင့် ဥပါဒိန္နက အမည်ရသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိပါမှ ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။ သို့သော် ယင်း ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့၌ ပါဝင် တည်ရှိသော ဥတုက ဥတုသမုဋ္ဌာန် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကဲ ဆင့်ကဲ ထပ်ဆင့်၍ ဖြစ်စေရာ၌ ရှေးရှေး မိမိတို့၏ စွဲမှီရာ ရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်၏ အထောက်အပံ့ကို ရရှိပါမှ နောက်နောက်သော ဥတုသမုဋ္ဌာန် ရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ် = ဥတုက ဩဇဋ္ဌမက ရုပ်က-လာပ် အသစ်ကို ဖြစ်စေနိုင်၏၊ သို့အတွက် ဥတုလျှင် အထောက်အပံ့ရှိသော ဥတုကြောင့် ဖြစ်သော ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ဟူသော အမည်ကို ရရှိပေသည်။)

ထပ်မံ ရှင်းလင်းချက်

ထပ်မံ ရှင်းလင်းချက်

ဘဝတစ်ခုဝယ် ရုပ်တို့၏ စ၍ ဖြစ်စအချိန်ကို စံထား၍ ရှင်းလင်းခဲ့သော် ပို၍ သဘောပေါက်ဖွယ်ရာ ရှိပေသည်။ ပဋိသန္ဓေ ကလလရေကြည် တည်ဦးစအခိုက်ဝယ် ကာယဒသက ကလာပ် ဘာဝဒသက ကလာပ် ဟဒယဒသက ကလာပ်ဟု ရုပ်ကလာပ် အမျိုးအစား (၃)မျိုး, ရုပ်အမျိုးအစား (၃၀) စ၍ ဖြစ်ကြ၏။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော လူ့ဘဝရောက်ကြောင်း ကံကြောင့် ဖြစ်ပေါ်လာသော ရုပ်တရားများဖြစ်ကြ၍ ကမ္မဇရုပ်တို့ မည်၏၊ ကမ္မသမုဋ္ဌာန်ရုပ်ဟုလည်း ခေါ်၏။

၁။ ယင်းကမ္မသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုသည် ဌီကာလသို့ ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ယင်းသို့ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်ကား ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။) ယင်းသို့ ကမ္မဇတေဇောဓာတ်က ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ ကမ္မဇတေဇောဓာတ် အဝင်အပါ ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိ၍ သာ ယင်းကမ္မဇတေဇောဓာတ်က ဩဇဋ္ဌမက ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ခြင်း ဖြစ်၏။ အထောက်အပံ့ကို မရခဲ့သော်ကား သို့မဟုတ် ကမ္မဇတေဇောဓာတ် အဝင်အပါ ဖြစ်သော ယင်း ကမ္မဇ ရုပ်တို့ မဖြစ်ခဲ့ပါမူကား ယင်းကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်လည်း ဖြစ်ခွင့် မရှိတော့ပေ။ သို့အတွက် - ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁။) = ဥပါဒိဏ္ဏက ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိပါမှ အမှီကို ရရှိပါမှ ကမ္မဇတေဇောဓာတ် စသော ထိုထို တေဇောဓာတ်က ရုပ်ကလာပ် အသစ်အသစ်ဟူသော ဩဇဋ္ဌမက ဥတုဇရုပ်တို့ကို ဖြစ်စေနိုင်၏ ဟု အဋ္ဌကထာ ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။

၂။ ယင်းကမ္မဇရုပ်တို့တွင် ဟဒယဝတ္ထု ပါဝင်လျက် ရှိ၏။ ယင်းဟဒယဝတ္ထုကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ပထမ ဘဝင်စသော မနောဓာတ် မနောဝိညာဏဓာတ်တို့ ဖြစ်ခွင့် ရရှိနိုင်၏။ ဟဒယဝတ္ထုရုပ်ကို မှီတွယ် ခွင့် မရရှိပါက မနောဓာတ် မနောဝိညာဏဓာတ်တို့သည် ပဉ္စဝေါကာရဘုံ၌ ဖြစ်ခွင့် မရရှိနိုင်။ သို့အတွက် ဟဒယဝတ္ထု အဝင်အပါ ဖြစ်သော ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိပါမှ ပထမဘဝင်စသော စိတ်တို့သည် စိတ္တဇ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။ ယင်း စိတ္တဇရုပ်တို့တွင် တေဇောဓာတ် ပါဝင်၏။ ယင်း တေဇောဓာတ်ကလည်း ဌီကာလသို့ ရောက်ခိုက် ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့ မည်၏။ ယင်း စိတ္တပစ္စယ ဥတုသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ပေါ်လာရေးသည် ဟဒယဝတ္ထု အဝင်အပါ ကမ္မဇရုပ်တို့ကို ယင်းစိတ်က မှီတွယ်ခွင့် ရရှိရေးနှင့် ဆက်စပ်နေ၏။ သို့အတွက် စိတ္တသမုဋ္ဌာန် တေဇောဓာတ် ဥတုက ဥတုဇ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေမှု၌လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ်လျက်သာ ရှိ၏။

၃။ အထက်ပါ အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ကို တစ်ဖန်ပြန်၍ ကြည့်ပါ။ အာဟာရသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုသည် ဌီကာလသို့ ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ အာဟာရပစ္စယ ဥတုသမုဋ္ဌာန် = အာဟာရလျှင် အကြောင်း အထောက်အပံ့ရှိသော ဥတု ကြောင့် ဖြစ်သောရုပ် မည်၏။ ယင်း အာဟာရသမုဋ္ဌာန်ရုပ်တို့ ဖြစ်ပေါ်လာရေးကား ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် မကင်းစကောင်းပေ၊ ---- ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁။) = ကဗဠီကာရ အာဟာရ အမည်ရသော စားမျိုလိုက်သော အစာအာဟာရ ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာသည် ကမ္မဇဝမ်းမီးဟူသော ပါစကတေဇောဓာတ်၏ အားပေးထောက်ပံ့မှုကို ရရှိပါမှ အာဟာရ သမုဋ္ဌာန်ရုပ်ကို ဖြစ်စေနိုင်၏။ အာဟာရသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ပေါ်ခွင့် ရရှိပါမှ ယင်း အာဟာရ သမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်ဥတုက ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ နိုင်မည် ဖြစ်သည်။ ယင်းအာဟာရသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ပေါ်လာရေးကား ကမ္မဇဝမ်းမီးနှင့် တကွ သော ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို ရရှိမှုနှင့် ဆက်စပ်လျက်ပင် ရှိ၏။ သို့အတွက် အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တရားများ ဖြစ်ပေါ်လာရေးအတွက်လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ် လျက်သာ ရှိ၏။

၄။ အထက်ပါ - (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်, (စိတ္တပစ္စယ) ဥတုသမုဋ္ဌာန်, (အာဟာရပစ္စယ) ဥတုသမုဋ္ဌာန်-ဟူသော (၃)မျိုးသော ဥတုသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်သည် ဌီကာလသို့ ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ ဥတုသမုဋ္ဌာန်ရုပ်တို့တည်း။ ယင်း ဥတုသမုဋ္ဌာန် ရုပ်တို့သည်လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့ မကင်းနိုင်ပေ။ ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ် များသည် ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် ကင်း၍ မဖြစ်နိုင်သကဲ့သို့ ယင်း ကမ္မဇတေဇော စိတ္တဇ တေဇော အာဟာရဇတေဇောဓာတ် ဥတုတို့သည်လည်း ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် မကင်းနိုင်ပေ။ ယင်း ကမ္မဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ်တို့ ဖြစ်ခွင့် မရှိပါက ယင်း တေဇောဓာတ် အသီးအသီးလည်း ဖြစ်ခွင့် မရှိတော့ပြီ ဖြစ်သည်။ ယင်း တေဇောဓာတ် မဖြစ်ပါက ယင်း တေဇောဓာတ်က နောက်ထပ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေဖို့ရန် အခွင့်အလမ်းလည်း ပျက်စီးပြီးသာ ဖြစ်ပေသည်။ သို့အတွက် ဥတုသမုဋ္ဌာန် ရုပ်တရားများ ဖြစ်ရေးသည် ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို မှီနေပေသည်။

ဥတုပစ္စယ ဥတုသမုဋ္ဌာန် ---- အထက်တွင် ဖော်ပြထားသော ----

၁။ (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်,

၂။ (စိတ္တပစ္စယ) ဥတုသမုဋ္ဌာန်,

၃။ (အာဟာရပစ္စယ) ဥတုသမုဋ္ဌာန် ----

ဟူသော (၃)မျိုးသော ဥတုသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဩဇ ဋ္ဌမကရုပ်သည် ဥတုသမုဋ္ဌာန် မည်၏။ ယင်း ဥတုသမုဋ္ဌာန်ရုပ်တို့တွင်လည်း တေဇောဓာတ် ပါဝင်လျက် ရှိ၏။ဥတုသမုဋ္ဌာန်တေဇောဓာတ်တည်း။ ယင်း ဥတုသမုဋ္ဌာန် တေဇောဓာတ်သည် ဌီကာလသို့ ရောက်ရှိခိုက် အခြား တစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ်ကို ဖြစ်စေပြန်၏။ ထိုဩဇဋ္ဌမက ရုပ်ကလာပ်၌ ပါဝင်သော တေဇောဓာတ် ကလည်း အခြား တစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ ဥတုသမုဋ္ဌာန = ဥတုလျှင် အကြောင်းအထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ် မည်၏။ ဤသို့လျှင် (၁၀)ကြိမ် (၁၂)ကြိမ်သော အခြားသော ဖွင့်ဆိုခဲ့ပြီးသော အာဟာရဇရုပ်တို့၏ ဖြစ်ခြင်း အပိုင်းအခြားထက် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိဏ္ဏက အဖို့၌ တည်၍လည်း ဥတုသမုဋ္ဌာန်ရုပ်သည် ဖြစ်နေသည်သာလျှင်တည်း။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

မှန်ပေသည် ---- ဥတုသည် သဘောတူသော သဘာဂဖြစ်သော ရုပ်သန္တတိအစဉ်၏ အစွမ်းအားဖြင့် ရအပ်သော အကြောင်းအထောက်အပံ့ ရှိလတ်သော် သာလွန်၍ပင် ရှည်မြင့်စွာသော ကာလပတ်လုံးလည်း တူသော အခြင်းအရာရှိသော ပုံစံတူ ဩဇဋ္ဌမက စသော ရုပ်၏ ဖြစ်ခြင်းကို ဥပါဒိဏ္ဏက ကမ္မဇရုပ်ဟူသော မှီရာနှင့် ကင်း၍သော်လည်း ကျယ်ပြန့်စွာ ရုပ်သန္တတိအစဉ်ကို ဆက်စပ်စေ၏၊ ရုပ်သန္တတိအစဉ်ကို ဆက်ပေး၏။ ဥပါဒိဏ္ဏက ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိပါမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်တော့အံ့နည်း။ ရှည် မြင့်စွာသော ကာလပတ်လုံး ရုပ်သန္တတိအစဉ်ကို အဆက်မပြတ် ဆက်စပ်စေသည်သာ ဖြစ်ပေသည်။ ထိုကြောင့် အနုပါဒိန္နပက္ခေ ဌတွာပိ = ကမ္မဇရုပ်၏ အထောက်အပံ့ ကင်းသော အနုပါဒိန္နအဖို့၌ တည်၍သော်လည်း ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေသည်သာတည်းဟု အဋ္ဌကထာ ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ [ဌတွာပိ = တည်၍ သော်လည်း၌ - ပိ (= သော်လည်း)-သဒ္ဒါဖြင့် ဥပါဒိဏ္ဏကပက္ခဟူသော ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိ ခိုက်ကို ပြန်၍ ဆည်းသည်။]

၁။ အသားမှ လွတ်သော ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, အရေငုတ် အရေတုံး (= ခြေဖနောင့် စသည်တွင် ဖြစ်တတ်သော အသားမာကဲ့သို့သော တွေ့ထိ၍ မနာသော အသားငုတ် အစအနများကို ဆိုလိုသည်။), မှဲ့စသည်တို့၏ အစွမ်းဖြင့် အသက်ရှင်ဆဲ ကိုယ်၌လည်းကောင်း,

၂။ သူသေကောင် စသည်တို့၏ အစွမ်းဖြင့် အခြား တစ်ပါးသော အသက်မရှိသော ကိုယ်ကောင်၌လည်း ကောင်း ----

ဤနှစ်မျိုးသော သက်ရှိ သက်မဲ့ ရုပ်လောက၌ ဥတုဇရုပ်တို့၏ သန္တတိအစဉ်အားဖြင့် ရှေးနှင့် နောက် ဆက်စပ်လျက် အချိန်ကြာမြင့်စွာ အဆက်မပြတ် ဖြစ်နေခြင်းကို အနုပါဒိန္နပက္ခ = ကမ္မဇရုပ်၏ အထောက်အပံ့မှ ကင်းသောအဖို့၌ တည်၍ ဥတုဇရုပ်တို့၏ သန္တတိအစဉ် မပြတ်အောင် အချိန်ကြာမြင့်စွာ ဖြစ်နေခြင်းဟု ဆိုလို သည်။ (မဟာဋီ၊၂၊၄၀၄။)

[မစားမျိုခင် အာဟာရအဖြစ် အိုးခွက် ပုဂံ စသည်တို့၌ တည်ရှိနေကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့၌ လည်း သန္တတိအစဉ်အားဖြင့် ရှေးနှင့် နောက် ဆက်စပ်လျက် အချိန်ကြာမြင့်စွာ အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာ၌လည်း နည်းတူ သဘောပေါက်ပါ၊ အနုပါဒိန္နပက္ခတည်း။]

ဝိပဿနောဘာသ = ဝိပဿနာဉာဏ်ရောင်

ဝိပဿနောဘာသ = ဝိပဿနာဉာဏ်ရောင်

ဝိပဿနာဉာဏ် ဦးဆောင်သော ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇော ဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇရုပ်အစဉ်သည် ကမ္မဇရုပ်၏ အထောက်အပံ့မှ ကင်းသော အနုပါဒိန္နပက္ခ ဟူသော ဗဟိဒ္ဓ အဖို့အစု၌တည်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်၏ ပြင်ဘက်၌ ဝိပဿနာဉာဏ်၏ အာနု ဘော်အားလျော်စွာ တိုက်ခန်းတစ်ခုအတွင်းမှ အစပြု၍ သောင်းလောကဓာတ် တစ်ခွင်သို့ တိုင်အောင် ရှည်စွာ သော ကာလပတ်လုံးလည်း ဖြစ်နိုင်သည်သာတည်း။ ဝိပဿနာဉာဏ် အရောင်အလင်းမှာ ထိုစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံ၏ အလွန်အကဲ အရောင် တောက်ပမှုတည်း။ ဝိပဿနာဉာဏ်နှင့် ယှဉ်သော စိတ် စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင်လည်း ဝဏ္ဏဓာတ် ရူပါရုံ ပါဝင်လျက်ပင် ရှိ၏။ ထို ရူပါရုံသည်လည်း ဉာဏ်အာနုဘော်က ကြီးလျှင် ကြီးသလို အလွန်တောက်ပသည်သာ ဖြစ်၏။ သို့သော် ထို ဝိပဿနာစိတ်ကြောင့် ဖြစ်သော စိတ္တဇ ရုပ်ကလာပ်များကား သရီရဋ္ဌ = ယောဂါဝစရပုဂ္ဂိုလ်၏ ခန္ဓာအိမ်အတွင်း၌သာ ဖြစ်၏၊ အပြင် ဗဟိဒ္ဓသို့ မပျံ့ပေ။ ယင်း စိတ္တဇရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြသော ဥတုဇရုပ် များသည်သာလျှင် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် အရပ်ဆယ်မျက်နှာ ဝန်းကျင်ပတ်ချာ၌ ပျံ့နှံ့၍ ဖြစ်ကြ၏။ ယင်းဗဟိဒ္ဓ၌ ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်နေကြသော ဥတုသမုဋ္ဌာန် = ဥတုဇရုပ်တို့ကား ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်ပေသည်၊ အနုပါဒိန္နကပက္ခ၌ တည်၍ ဥတုဇရုပ်တို့၏ ဖြစ်မှုပင်တည်း။

၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန =

၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန = ဥတု အထောက်အပံ့ရှိသော အာဟာရကြောင့် ဖြစ်သောရုပ်

ဥတုပစ္စယအာဟာရသမုဋ္ဌာနံ နာမ ဥတုသမုဋ္ဌာနာ ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

အထက်တွင် ဖော်ပြထားခဲ့သော ကမ္မသမုဋ္ဌာန်-ဥတု, စိတ္တသမုဋ္ဌာန်-ဥတု, ဥတုသမုဋ္ဌာန်-ဥတု, အာဟာရ သမုဋ္ဌာန်-ဥတုဟူသော (၄)မျိုးသော ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်ကလာပ် (= ဥတုသမုဋ္ဌာန်ရုပ်ကလာပ်) အသီးအသီး၌ တည်ရှိသော ဩဇာသည် (ရှေး အာဟာရဇရုပ်ပိုင်းတွင် ဖော်ပြခဲ့သော အာဟာရဇဩဇာ၏ အား ပေးထောက်ပံ့မှုကို ရရှိသောအခါ) ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားတစ်ပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ယင်းဩဇဋ္ဌမက ရုပ်ကလာပ်၌ တည်သော ဩဇာသည်လည်း (အာဟာရဇဩဇာ၏ အားပေးထောက်ပံ့ မှုကို ရရှိသောအခါ) ရုပ်၏ဌီကာလသို့ ရောက်ခိုက်၌ အခြားတစ်ပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ဇနက နှင့် ဥပတ္ထမ္ဘက

ဇနက နှင့် ဥပတ္ထမ္ဘက

တတြာယံ ဥတု ဥတုသမုဋ္ဌာနာနံ ဇနကော ဟုတွာ ပစ္စယော ဟောတိ၊ သေသာနံ နိဿယအတ္ထိအဝိဂတဝသေနာတိ ဧဝံ ဥတုဇရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ။ ဧဝဥှိ ရူပဿ နိဗ္ဗတ္တိံ ပဿန္တော ကာလေန ရူပံ သမ္မသတိ နာမ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ရူပဿ နိဗ္ဗတ္တိယာ ဒိဋ္ဌာယ တဿ ဘင်္ဂေါပိ ဒိဋ္ဌောယေဝ ဟောတိ ဣတ္တရကာလတ္တာ ဓမ္မပ္ပဝတ္တိယာတိ အာဟ နိဗ္ဗတ္တိံ ပဿန္တော ကာလေန ရူပံ သမ္မသတိ နာမာတိ။ န ဟိ နိဗ္ဗတ္တိမတ္တဒဿနံ သမ္မသနံ နာမ ဟောတိ၊ ဥဒယဗ္ဗယဒဿနဉ္စ အဓိကတန္တိ။ ဧသ နယော ဣတော ပရေသုပိ နိဗ္ဗတ္တိဂ္ဂဟဏေသု။ (မဟာဋီ၊၂၊၄၀၄။)

အထက်ပါ ရုပ်ကလာပ်အမျိုးအစားတို့တွင် ဤတေဇောဓာတ်ဥတုသည် ဥတုသမုဋ္ဌာန်ရုပ်တို့အား တိုက်ရိုက် ဖြစ်စေတတ်သော ဇနက အကြောင်းတရားဖြစ်၍ ကျေးဇူးပြုတတ်၏။ ဥတုသမုဋ္ဌာန်ရုပ်မှ ကြွင်းကုန်သော ကမ္မသမုဋ္ဌာန် စိတ္တသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော (၃)မျိုးသော တိသန္တတိရုပ်တို့အား နိဿယသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့၏ အစွမ်းဖြင့် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရားဖြစ်၍ ကျေးဇူးပြု တတ်၏။

ဤသို့လျှင် ဥတုဇရုပ်တို့၏ ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုပါ။

အကျိုးကား --- ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ရုပ်တရား၏ ဖြစ်မှုကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို ရှုပွားသုံးသပ်သည် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ရုပ်တရား၏ ဖြစ်မှုသဘောတရားကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အပ် ပြီးသည်ရှိသော် ပရမတ္ထ ဓမ္မသဘာဝတို့၏ အလွန်တိုတောင်းသော အချိန်ကာလ သက်တမ်းရှိသည်၏ အဖြစ် ကြောင့် ထိုရုပ်တရား၏ ပျက်ခြင်း ဘင်ကိုလည်း မြင်အပ်သည်သာလျှင် ဖြစ်၏။ ထိုကြောင့် ရုပ်တရား၏ ဖြစ်မှု ကို ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို ရှုပွားသုံးသပ်သည် မည်၏ဟု အဋ္ဌကထာက မိန့်ဆိုခြင်း ဖြစ်ပေသည်။

မှန်ပေသည် --- ဖြစ်မှု သဘောတရားသက်သက်မျှကို ရှုခြင်းသည် လက္ခဏာရေးသုံးတန် တင်ကာ ရှုပွား သုံးသပ်သည် မမည်။ စင်စစ်ကား ဖြစ်မှု ပျက်မှုကို ရှုခြင်းကို စပ်ယှဉ်အပ်သော အရာတည်းဟု သိအပ်၏။ ဤမှ နောက်ပိုင်းဝယ် ဖြစ်မှုကို ရှုခြင်းတို့၌လည်း နည်းတူပင် မှတ်ပါ။ (ဤကား ဝိပဿနာပိုင်းကို ရည်၍ ဖွင့်ဆိုသော စကားတည်း။) (မဟာဋီ၊၂၊၄၀၄။)

ဤတွင် ရူပနိဗ္ဗတ္တိပဿနာကာရ ခေါ် ရုပ်တို့၏ ဖြစ်ပုံကို ရှုပွားပုံ အခြင်းအရာ အာကာရပိုင်း ပြီး၏။

ဤတွင် ရူပနိဗ္ဗတ္တိပဿနာကာရ ခေါ် ရုပ်တို့၏ ဖြစ်ပုံကို ရှုပွားပုံ အခြင်းအရာ အာကာရပိုင်း ပြီး၏။

_________

မျက်စိ၌ ကြည်သည့် ရုပ်ကလာပ်များကို ခွဲခြားပုံ

မျက်စိ၌ ကြည်သည့် ရုပ်ကလာပ်များကို ခွဲခြားပုံ

အထက်တွင် ဖော်ပြခဲ့သော စတုသမုဋ္ဌာနိကရုပ်တို့၏ ဖြစ်ပုံအခြင်းအရာကို ကျေညက်အောင် အထပ်ထပ် ဖတ်ရှုပါ၊ စေ့စေ့ငုငု ကြည့်ရှုပါ။ သို့မှသာလျှင် အောက်တွင် ဆက်လက်ဖော်ပြမည့် ရုပ်တရား ရှုကွက်များကို သဘောပေါက်နိုင်မည် လက်ခံနိုင်မည် ဖြစ်ပေသည်။

ရှေးရုပ်ကမ္မဋ္ဌာန်း ဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း မျက်စိ၌ စက္ခုဒသက ကလာပ် ကာယဒသက ကလာပ်ဟု ကြည်သည့် ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး ရှိနေ၏။ ဤအချိန်ပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်အနေ ဖြင့်ကား ကြည်သည့် ရုပ်ကလာပ်အမှုန် မကြည်သည့် ရုပ်ကလာပ်အမှုန်ဟူ၍သာ တွေ့ရှိနေဦးမည် ဖြစ်ပေ သည်။ စက္ခုဒသကကလာပ်မှာလည်း ကြည်သော ရုပ်ကလာပ် တစ်မျိုးပင် ဖြစ်၍ ကာယဒသကကလာပ်မှာလည်း ကြည်သော ရုပ်ကလာပ် တစ်မျိုးပင် ဖြစ်၏။ ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားဘိသကဲ့သို့ မျက်စိ၌ ယင်း ကြည်သည့် ရုပ်ကလာပ် နှစ်မျိုးတို့ ရောနှောလျက် တည်ရှိနေ၏။

ရူပါရုံ အရောင်အဆင်းကို သိသော စက္ခုဝိညာဏ်စိတ်သည် စက္ခုဒသက ကလာပ်အတွင်း၌ ပါဝင်တည်ရှိ သော စက္ခုပသာဒ = စက္ခုအကြည်ဓာတ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံ (= အတွေ့အထိဓာတ် = ပထဝီဓာတ်-တေဇောဓာတ်-ဝါယောဓာတ်)ကို သိသော ကာယဝိညာဏ်စိတ်သည် ကာယဒသက ကလာပ်အတွင်း၌ တည်ရှိသော ကာယပသာဒ = ကာယအကြည်ဓာတ်ကို မှီ၍ ဖြစ်၏။

မျက်လုံးအိမ်အတွင်း မည်သည့်နေရာကိုမဆို သေးငယ်သော အရာဝတ္ထုတစ်ခုဖြင့် တို့ကြည့်ပါက နေရာ တိုင်းတွင် တွေ့ထိမှု ဖောဋ္ဌဗ္ဗဓာတ်ကို သိသော ကာယဝိညာဏ်စိတ် ဖြစ်ပေါ်နိုင်သည်ကို သဘောပေါက်နိုင်၏။ ထိုကာယဝိညာဏ်စိတ်သည် ကာယအကြည်ဓာတ်ကိုသာ မှီ၍ ဖြစ်နိုင်သဖြင့် မျက်လုံးအိမ်အတွင်း နေရာအနှံ့ အပြား၌ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်ပေါင်းများစွာ ရှိနေသည်ကို သဘောပေါက် နိုင်၏။

စက္ခုဒသက ကလာပ်များမှာ မျက်လုံးအိမ်အတွင်း ကြည်လင်သော အဝန်းအဝိုင်း၏ အတွင်းဝယ် သန်းဦးခေါင်း ပမာဏရှိသော အရပ်၌သာ များစွာစုဝေးလျက် ဖြစ်နေကြ၏။ ထိုစက္ခုဒသက ကလာပ်များ စုဝေးတည် ရှိရာ အရပ်၌လည်း ထိမှုကို သိသည့် ကာယဝိညာဏ်ဓာတ်၏ မှီ၍ ဖြစ်ရာ ကာယအကြည်ဓာတ် ပါဝင်သည့် ကာယဒသက ကလာပ်များလည်း စက္ခုဒသက ကလာပ်များနှင့် ရောနှောလျက် တည်ရှိနေသည်သာ ဖြစ်၏။ သို့အတွက် ထိုအကြည်ဓာတ် နှစ်မျိုး ပါဝင်သော အကြည်ကလာပ် နှစ်မျိုးကို ခွဲခြား၍ ရှုတတ်ဖို့ လိုအပ်ပေသည်။

ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။) ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းကို ထိုက် တန်သော (ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်တန်သော) ဘူတရုပ် (ဓာတ်ကြီး ၄-ပါး)ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်ကား စက္ခုပသာဒ = စက္ခုအကြည်ဓာတ်တည်း။ ထို စက္ခုအကြည်ဓာတ် ပါဝင်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်ကား စက္ခုဒသက ကလာပ်တည်း။

ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ကာယော။ (ဝိသုဒ္ဓိ၊၂၊၇၄။) ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှူရိုက်ခတ်ခြင်းကို (ရှေးရှူရိုက်ခတ်ခြင်းငှာ) ထိုက်တန်သော ဘူတရုပ် ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်တရားကား ကာယပသာဒ = ကိုယ်အကြည်ဓာတ်တည်း။ ထို ကိုယ်အကြည်ဓာတ် ပါဝင်သော ကိုယ်အကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်ကား ကာယဒသက ကလာပ်တည်း။

ဤသို့လျှင် ရိုက်ခတ်နေသော အတိုက်ဓာတ်အာရုံနှင့် ကပ်၍ ယင်းအာရုံကိုပါ ပူးတွဲသိမ်းဆည်း၍ အကြည် ဓာတ်များကို ခွဲခြားစိတ်ဖြာ၍ ရှုရမည် ဖြစ်သည်။ ရိုက်ခတ်သော အာရုံနှင့် တိုက်ဆိုင်၍ --- မည်သည့် အကြည် ဓာတ်က စက္ခုအကြည် ဖြစ်သည်၊ မည်သည့် အကြည်ဓာတ်က ကာယအကြည် ဖြစ်သည်ဟု ခွဲခြားယူရမည် ဖြစ်သည်။

ရှုပွားသိမ်းဆည်းပုံစနစ်

ရှုပွားသိမ်းဆည်းပုံစနစ်

သမာဓိကို အဆင့်ဆင့် ထူထောင်၍ မျက်စိ၌ ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို ထင်ရှားစွာ တွေ့မြင်ရသောအခါ ကြည်သည့် ရုပ်ကလာပ်တစ်ခုကို ဓာတ်ခွဲပါ။ (၁၀)မျိုးသော ရုပ်သဘောတရား တို့ကို မြင်အောင်ရှုပါ။ ယင်းကြည်သည့် ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ကြည်နေသည့်သဘော = အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ၊ သိမ်းဆည်းထားပါ။ တစ်ဖန် ထိုအကြည်ဓာတ် ပါဝင်သည့် ရုပ် ကလာပ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော ကြည်သည့် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို ဖြစ်စေ, မကြည် သည့် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကိုဖြစ်စေ, သို့မဟုတ် ကြည်-မကြည် နှစ်မျိုးလုံးသော ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကိုဖြစ်စေ လှမ်း၍ အာရုံယူကြည့်ပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ ထိုရူပါရုံ အရောင်က မိမိ ပူးတွဲသိမ်းဆည်းထားသည့် ထိုအကြည်ဓာတ်ကို အကယ်၍ ရှေးရှူရိုက်ခတ်နေပါက ထိုအကြည် ဓာတ်မှာ စက္ခုအကြည်ဓာတ် ဖြစ်သည်၊ ထိုစက္ခုအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ စက္ခုဒသက ကလာပ် ဖြစ်သည်။ ထိုစက္ခုဒသက ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ တစ်လုံးစီ တစ်လုံးစီ ရှုကြည့်ပါက = ဓာတ်ခွဲ ကြည့်ပါက ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း စက္ခုအကြည်ဓာတ် = စက္ခုပသာဒလျှင် (၁၀) ခုမြောက်ရှိသော ရုပ်သဘောတရားများကို တွေ့ရှိမည် ဖြစ်သည်။ အကယ်၍ ထို ရူပါရုံအရောင်က ထို မိမိသိမ်း ဆည်းထားသည့် အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ် ဖွယ်ရာ ရှိပေသည်။ သို့သော် သေချာအောင် ကြိမ်ဖန်များစွာကား ဆန်းစစ်ကြည့်ရမည် ဖြစ်ပေသည်။

တစ်ဖန် မျက်လုံးအိမ် အတွင်းမှာပင် ကြည်နေသည့် ရုပ်ကလာပ်တစ်ခုကို ဉာဏ်ဖြင့် သိမ်းဆည်း၍ ဓာတ် ခွဲပါ။ ယင်းရုပ်ကလာပ်တွင် ပါဝင်တည်ရှိနေသော အကြည်ဓာတ်ကို ဆက်၍ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြား ယူပါ။ ထို ကြည်သည့် ရုပ်ကလာပ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု၌ သို့မဟုတ် ရုပ်ကလာပ် အများစု၌် တည်ရှိသည့် ဖောဋ္ဌဗ္ဗဓာတ် အမည်ရသော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ် တစ်ခုခုကို လှမ်းအာရုံယူပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ နမူနာအားဖြင့်ဆိုရသော် ထိုအနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခု အတွင်း၌ သို့မဟုတ် ရုပ်ကလာပ် အများစု၌် ပါဝင်တည်ရှိသော ပထဝီဓာတ် = မာမှုသဘောတရား တစ်ခုကိုပင် လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထို မာမှုသဘောတရား ဖောဋ္ဌဗ္ဗဓာတ်က မိမိ သိမ်းဆည်းထားသည့် အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်နေပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်၍ ထိုကာယအကြည်ဓာတ် ပါဝင်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ကာယဒသက ကလာပ် ဖြစ်သည်။ ထို (၁၀)မျိုး သော ရုပ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်ပါ၊ ရှုပါ။ အကယ် ၍ ထိုဖောဋ္ဌဗ္ဗဓာတ်က ထို မိမိသိမ်းဆည်းထားသည့် အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည် ဓာတ်မှာ ကာယအကြည်ဓာတ် မဟုတ်ဘဲ စက္ခုအကြည်ဓာတ် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ သို့သော် သေချာ အောင် ကြိမ်ဖန်များစွာကား ဆန်းစစ်ကြည့်ရမည်သာ ဖြစ်ပေသည်။ ဤကား မျက်လုံးအိမ် အတွင်း၌ စက္ခုဒသက ကလာပ်နှင့် ကာယဒသက ကလာပ်တို့ကို ခွဲခြားစိတ်ဖြာ၍ ရှုနည်းတည်း။

ဤသို့လျှင် အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မျက်လုံးအိမ်၏ အတွင်း၌ ယခုဖော်ပြခဲ့သော စက္ခုဒသက ကလာပ်နှင့် ကာယဒသက ကလာပ်ကိုလည်းကောင်း, ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီးသော ဘာဝဒသက ကလာပ်ကိုလည်းကောင်း (၃)မျိုးသော ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုတတ်ပြီ ရှုနိုင်ပြီ ဖြစ်ပေ သည်။ ဤရုပ်ကလာပ် (၃)မျိုးကား အတိတ်က ကံကြောင့် ဖြစ်သော ရုပ်ကလာပ်များတည်း။ ထိုကမ္မဇကလာပ် (၃)မျိုးကို ရှုပွားတတ်သော အသင်ယောဂီသူတော်ကောင်းအဖို့ ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်ကိုပါ ရှုပွားခြင်း သိမ်းဆည်းခြင်း လုပ်ငန်းကိစ္စရပ်လည်း အကျုံးဝင်သွားပြီးသာ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ဇီဝိတနဝက ကလာပ်ကို သီးသန့် မဖော်ပြခြင်း ဖြစ်ပေသည်။ [ထိုကမ္မဇရုပ်တို့ကို ဖြစ်စေတတ်သော ဇနကကံမှာ မည်ကဲ့သို့သော ကံမျိုး ဖြစ်သည်၊ ထိုကံကို မည်သို့မည်ပုံ ရှုပွားသိမ်းဆည်းရမည်ဟူသော အကြောင်း အရာတို့ကား ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက်ဆိုင်နေသဖြင့် ထိုအပိုင်းသို့ ရောက်ရှိသောအခါ ရှုပွားပုံစနစ် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံစနစ် စသည်တို့ကို အသေးစိတ် ဖော်ပြမည် ဖြစ်သည်။ ဤအပိုင်း တွင်ကား ယင်းရုပ်ကလာပ်တို့မှာ ကံကြောင့်ဖြစ်သော ရုပ်တရားများ ဖြစ်သည် ဟူ၍သာလျှင် မှတ်သားထားနှင့် ပါဦး။]

သိအောင် ရှုပွားရမည့် အချက်

သိအောင် ရှုပွားရမည့် အချက်

ဤသို့ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွား သိမ်းဆည်းရာ၌ ရှေးဦးအစ ပထမတွင် --- ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ --- ဤသို့ စသည်ဖြင့် (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာ၍ ရှုပါ။ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားများကို ပေါင်းစု တည်ဆောက်လိုက်ပါမှ စက္ခုဒသက ကလာပ်ဟူသော ကြည်သော ရုပ်ကလာပ် အမှုန်တစ်ခု ဖြစ်ပေါ်လာသည်ကို ဦးစွာ သဘောပေါက်အောင် ရှုပါ။ ထိုသို့ ရှုရာ၌ သဘောတရား (၁၀)မျိုး အပေါ်သို့ ဉာဏ်သက်ဝင် တည်နေသောအခါ ရုပ်ကလာပ်အမှုန် ပျောက်သွား၍ ရုပ်ကလာပ်အမှုန်ကို မတွေ့ မမြင်တော့ဘဲ ရုပ်သဘောတရား (၁၀)မျိုးသက်သက်ကိုသာ ဉာဏ်ဖြင့် မြင်နေအောင် ရှုပါ။ ကာယဒသက ကလာပ် ဘာဝဒသက ကလာပ်တို့၌လည်း နည်းတူပင် ရှုပါ။ မိမိဉာဏ်ဖြင့် ပိုင်းခြားယူလိုက် သိမ်းဆည်း ရှုပွားလိုက်သော ရုပ်ကလာပ်၌ ပရမတ္ထဓမ္မသဘာဝသတ္တိတည်းဟူသော ရုပ်သဘောတရားသက်သက်ကိုသာ ဉာဏ်ဖြင့် တွေ့မြင်၍ ရုပ်ကလာပ်အမှုန်ကို မတွေ့မမြင်ပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲကြီး ပြိုကွဲသွားပြီ ဖြစ် သည်၊ သမူဟပညတ် ကွာသွားပြီ ဖြစ်သည်။ သို့သော် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော ပရမတ္ထ ဓာတ်သား ရုပ်တရား အသီးအသီးတို့၏ လုပ်ငန်းကိစ္စ အသီးအသီးကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲ၍ရှုပွား ရဦးမည် ဖြစ်သည်။ ယင်း ကိစ္စဃန အတုံးအခဲကြီး ပြိုကွဲသွားအောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်း အားဖြင့် ယင်း ရုပ်ပရမတ်တရားတို့ကို ထပ်မံ၍ သိမ်းဆည်းရဦးမည် ဖြစ်ပေသည်။ သိမ်းဆည်းပုံကို လက္ခဏာဒိစတုက္ကပိုင်းတွင် ထပ်မံ၍ ဖော်ပြမည် ဖြစ်ပါသည်။

ဤ ယခုဖော်ပြဆဲ ရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ယင်း ရုပ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝဟူသော ကိုယ်ပိုင်သဘာဝလက္ခဏာကိုသာ ဦးစားပေး၍ သိမ်းဆည်းထားပါဦး။ ထိုသို့ သိမ်းဆည်းရာ၌ မိမိ၏ဉာဏ်က အလွန် ကြီး မထက်မြက်သေးသဖြင့် မိမိ ရှုပွားသိမ်းဆည်းလိုက်သော ရုပ်ကလာပ်များ၌သာ ရုပ်ပရမတ်သက်သက် သဘော တရားသက်သက်ကို တွေ့မြင်နိုင်နေရ၍ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသော်လည်း မရှုလိုက်နိုင်သော ရုပ် ကလာပ် မရှုလိုက်မိသော ရုပ်ကလာပ်များ၌ကား ရုပ်ကလာပ်အမှုန်အတိုင်းသာ တွေ့မြင်နေတတ်ပါသေးသည်။ နောက်ပိုင်းတွင် ဝိပဿနာဉာဏ်များ တစ်စထက် တစ်စ ရင့်သထက်ရင့် ကျက်သထက်ကျက် ထက်မြက်သထက် ထက်မြက်လာ၍ သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်နိုင်သော ဘင်္ဂဉာဏ် စသော အထက်ပိုင်း ဝိပဿနာဉာဏ်များသို့ ရောက်ရှိသွားသော အခါ၌မူကား ရုပ်ကလာပ်အမှုန်ကို အစပြု၍ သဝိဂ္ဂဟခေါ်သည့် သဏ္ဌာန်ဒြပ်ဟူသမျှ လုံးဝ ပျောက်သွားသဖြင့် ရုပ်ကလာပ်များကို လုံးဝ မတွေ့မမြင်တော့ဘဲ ထင်ရှားရှိသော ပရမတ် သဘောတရားသက်သက်ကိုသာ တွေ့မြင် နေတော့မည် ဖြစ်သည်။ (ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)

ထိုသို့ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိသော (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုမြင်နိုင်သောအခါ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ တည်ရှိ သော (၁၀)မျိုးသော ရုပ်သဘောတရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှု သဘောကို မြင်အောင် ဆက်ရှုပါ။ ရုပ်ကလာပ် တစ်ခုကို ဉာဏ်ဖြင့် စိုက်၍ ရှုလိုက်တိုင်း ရှုလိုက်တိုင်း (၁၀)မျိုး (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားများ ကိုသာ မြင်နေအောင် လေ့ကျင့်ပါ။ ရုပ်ကလာပ် တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ရှုရာ ၌လည်း ဤအပိုင်းတွင် --- မာမှု, ယိုစီးမှု, ပူမှု, ထောက်မှုဟူသော သဘာဝလက္ခဏာ (၄)မျိုးကိုသာ ဦးစားပေး၍ ရှုပါ။ နောက်တွင် ဆက်လက်ဖော်ပြမည့် ရုပ်ပရမတ်သဘောတရား (၈)မျိုးရှိသည့် ဩဇဋ္ဌမကရုပ်ကလာပ်, ရုပ် ပရမတ်သဘောတရား (၉)မျိုးရှိသည့် ဇီဝိတနဝက ကလာပ်တို့၌လည်း နည်းတူ မှတ်ပါ။

မျက်လုံးအိမ် အတွင်း၌ တည်ရှိသော စက္ခုဒသက ကလာပ်, ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ် တို့ကို ကျွမ်းကျွမ်းကျင်ကျင် ရှုပွားနိုင်ပါက နား၌ တည်ရှိသော ကမ္မဇရုပ်ကလာပ် (၃)မျိုးကို ပြောင်း၍ ရှုကြည့်ပါ။

နား၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

နား၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်တို့ကား မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ တည်ရှိနေကြသဖြင့် မျက်စိ၌ ဖော်ပြခဲ့သည့် ရှုပုံနည်းစနစ်အတိုင်း နား-နှာ-လျှာ-ကိုယ်-နှလုံး၌ တည်ရှိသော ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်တို့၌လည်း နည်းတူ ရှုပါ။ ထူးခြားသည့် သောတဒသက ကလာပ်ကို ရှုပွားသိမ်းဆည်းပုံကိုသာ ဖော်ပြပေအံ့။

သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ သောတံ။ (ဝိသုဒ္ဓိ၊၂၊၇၄။)

= သဒ္ဒါရုံ = အသံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းကို = (ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းငှာ) ထိုက်သော ဘူတရုပ် = ဓာတ်ကြီး (၄)ပါးကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်သဘောတရားကား --- သောတ အကြည်ဓာတ် ဖြစ်၏၊ ထိုသောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော သောတအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်ကား သောတဒသက ကလာပ် ဖြစ်သည်။

ရှုပွားပုံမှာ ဤသို့ ဖြစ်၏ --- နား၏ အတွင်းဘက် အကြည်ဓာတ်များ ရှိလောက်မည့် နေရာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်ရသောအခါ ကြည်သော ရုပ်ကလာပ်တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ရုပ်တရားတို့ကို ဓာတ်ခွဲ၍ အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ထိုနောင် မိမိကိုယ်တွင်း၌ ဖြစ်ပေါ်တည်ရှိနေသော အသက်ရှူသံ စသည့် အသံ တစ်ခုခုကိုသော်လည်းကောင်း, သို့မဟုတ် အပြင် ဗဟိဒ္ဓမှ ငှက်အော်သံ စသော အသံ တစ်ခုခုကိုသော်လည်းကောင်း လှမ်း၍ အာရုံယူကြည့်ပါ။ ထိုအသံက မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို လာ၍ ရှေးရှူရိုက်ခတ်နေပါက ထိုအသံ၏ ရှေးရှူရိုက်ခတ်ခံရသော ထိခတ်ခံရသော ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် နားအကြည်ဓာတ် ဖြစ်၍ ထိုနားအကြည်ဓာတ်နှင့် တကွသော ရုပ်ကလာပ်မှာ သောတဒသက ကလာပ် ဖြစ်သည်။ ယင်းကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှု ကြည့်ပါက ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ်သဘောတရား (၁၀)မျိုးကို တွေ့ရှိမည် ဖြစ်သည်။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်လုံးစီ တစ်လုံးစီ၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ယင်း (၁၀)မျိုး သော ရုပ်ပရမတ်တရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှု သဘောကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ အကယ်၍ နား၌ မိမိ သိမ်းဆည်းထားမိသော အကြည်ဓာတ်ကို မိမိ အာရုံယူလိုက်သော အသံက ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် မဖြစ်နိုင်ဘဲ ကာယအကြည်ဓာတ်သာ ဖြစ်ဖွယ်ရာ ရှိပါသည်။ နား၌ ကာယအကြည်ဓာတ်နှင့် သောတအကြည်ဓာတ် နှစ်မျိုးသာ ရှိသောကြောင့် ဖြစ်၏။ ကြိမ်ဖန်များစွာ ဆန်းစစ် ကြည့်ပါ။

နား၌ မည်သည့်နေရာကိုမဆို အရာဝတ္ထုတစ်ခုဖြင့် တို့ထိကြည့်ပါက သိနိုင်သဖြင့် ထိမှုကိုသိသော ကာယ ဝိညာဏ်စိတ်၏ မှီရာ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်လည်း တည်ရှိနေ၏။ အလား တူပင် အမျိုးသား နား, အမျိုးသမီး နားဟု ခွဲခြားသိနိုင်သော ဘာဝရုပ် ပါဝင်သော ဘာဝဒသက ကလာပ်လည်း တည်ရှိနေ၏။ထို ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်တို့ကို မျက်စိ၌ ဖော်ပြခဲ့သည့် ရှုပုံနည်းစနစ် အတိုင်းပင် ရှုပါ။

နှာခေါင်း၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

နှာခေါင်း၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ဃာနံ။ (ဝိသုဒ္ဓိ၊၂၊၇၄။)

= ဂန္ဓာရုံ အနံ့၏ ရှေးရှူရိုက်ခတ်ခြင်း ထိခိုက်ခြင်းကို (ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းငှာ) ထိုက်တန်သော ဘူတရုပ်ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်သဘောတရားကား ဃာနအကြည်ဓာတ် = နှာ အကြည်ဓာတ်တည်း။ ထို ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော ဃာနအကြည်ဓာတ်နှင့် တကွသော ကြည်နေသော ရုပ်ကလာပ်ကား ဃာနဒသက ကလာပ်တည်း။

ရှုပုံမှာ ဤသို့ဖြစ်၏ --- နှာခေါင်းအတွင်းဘက် နှာနုရှိရာ အရပ်၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ။ ကြည် သော ရုပ်ကလာပ်တစ်ခုကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရား များကို ဓာတ်ခွဲပါ။ အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပါ သိမ်းဆည်းထားပါ။ နီးစပ်ရာ ရုပ်ကလာပ် တစ်ခုခု အတွင်း၌ တည်ရှိသော အနံ့ကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ။ အကယ်၍ ထိုအနံ့က မိမိ သိမ်း ဆည်းထားသော အကြည်ဓာတ်ကို လာ၍ ရှေးရှူရိုက်ခတ်နေပါက ထိုအကြည်ဓာတ်မှာ ဃာနအကြည်ဓာတ် ဖြစ်သည်။ ဃာနအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော ဃာနဒသက ကလာပ် ဖြစ်သည်။ ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ်သဘောတရား (၁၀)မျိုးကို တွေ့ရှိမည် ဖြစ်သည်။ ပထမတွင် ယင်း (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ကျေပွန်လာပါက ရုပ်ကလာပ်တစ်ခု အတွင်း၌ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ လေ့ကျင့်ပါ၊ ကြည်နေသည့် နှာအကြည်ဓာတ် ပါဝင်သည့် ရုပ်ကလာပ်အမှုန်များကို စိုက်၍ ရှုလိုက်တိုင်း ရုပ်ပရမတ်သဘောတရား (၁၀)မျိုးကိုသာ ဉာဏ်ဖြင့် မြင်တွေ့ နေအောင် လေ့ကျင့်ပါ။ အကယ်၍ မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို ထို မိမိ သိမ်းဆည်းလိုက်သော အနံ့ ဂန္ဓာရုံက ရှေးရှူရိုက်ခတ်မှု မရှိပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိနိုင်သည်။ သို့အတွက် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍လည်း ရှုကြည့်ပါ၊ ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။

နှာခေါင်းအတွင်းဝယ် မည်သည့်နေရာကိုမဆို အရာဝတ္ထု တစ်ခုခုဖြင့် တွေ့ထိကြည့်ပါက ထိမှု ဖောဋ္ဌဗ္ဗ ဓာတ်ကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီ၍ဖြစ်ရာ ကာယအကြည်ဓာတ် ပါဝင်သည့် ကာယဒသက ကလာပ် လည်း နှာခေါင်း၌ တည်ရှိနေ၏။ အမျိုးသား နှာခေါင်း အမျိုးသမီး နှာခေါင်းဟု သိလောက်သည့် အမှတ်အသား ဘာဝရုပ် ပါဝင်သည့် ဘာဝဒသက ကလာပ်များလည်း နှာခေါင်း၌ တည်ရှိနေ၏။ မျက်စိ၌ ရှုသည့်ပုံစံကို နည်း မှီး၍ ရှုပါ။ ဤသို့လျှင် နှာခေါင်း၌ ကမ္မဇကလာပ် (၃)မျိုး ရှိပေသည်။

လျှာ၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

လျှာ၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ ဇိဝှါ။ (ဝိသုဒ္ဓိ၊၂၊၇၄။)

= ရသာရုံ၏ ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းကို (ရှေးရှူရိုက်ခတ်ခြင်း ထိခတ်ခြင်းငှာ) ထိုက်တန်သော ဘူတရုပ်ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော ရုပ်သဘောတရားကား ဇိဝှါအကြည်ဓာတ် = လျှာ အကြည်ဓာတ်တည်း။ ယင်း ဇိဝှါအကြည်ဓာတ်နှင့် တကွသော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဇိဝှါဒသက ကလာပ် ဖြစ်သည်။

ရှုပုံ --- လျှာ၌ ဓာတ်ကြီး (၄)ပါးကို စိုက်၍ ရှုပါ၊ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သော ရုပ်ကလာပ်အမှုန်တစ်ခုကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ သိမ်းဆည်းပါ၊ ဓာတ်ခွဲပါ။ ယင်း (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားများထဲမှ အကြည်ဓာတ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ တစ်ဖန် နီးစပ်ရာ ရုပ်ကလာပ် တစ်ခုခု အတွင်း၌ သို့မဟုတ် အများစု၌် တည်ရှိသော ရသာရုံကို လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထို ရသာရုံက မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို ရှေးရှူရိုက်ခတ်နေပါက ထိုရသာရုံ၏ ရှေးရှူရိုက်ခတ် ခြင်းကို ခံရသော အကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် ဖြစ်သည်။ ယင်း ဇိဝှါအကြည်ဓာတ် ပါဝင်သော ရုပ် ကလာပ်မှာ ဇိဝှါဒသက ကလာပ် ဖြစ်၏။ ယင်း ရုပ်ကလာပ်ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်ပါက ပထဝီမှ စ၍ ဇိဝှါပသာဒ = လျှာအကြည်ဓာတ်တိုင်အောင် ရုပ်ပရမတ် သဘောတရား (၁၀)မျိုးကို တွေ့နိုင်၏။ ယင်း ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှု- နိုင်သောအခါ ယင်း (၁၀)မျိုးသော ပရမတ်တရားတို့၏ ပြိုင်တူ ထင်ရှားဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အကယ်၍ လျှာ၌ မိမိ သိမ်းဆည်းထားသော အကြည်ဓာတ်ကို မိမိ သိမ်းဆည်းလိုက်သော ထိုရသာရုံက ရှေးရှူ ရိုက်ခတ်မှု မရှိပါလျှင် ထိုအကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် မဖြစ်ဘဲ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိပေ သည်။ ကာယအကြည်ဓာတ် ဟုတ်-မဟုတ်ကို သိရှိရအောင် ဖောဋ္ဌဗ္ဗရုံကို အာရုံယူ၍လည်း တစ်ဖန် ရှုကြည့်ပါဦး။

လျှာ၌လည်း မည်သည့်နေရာကိုမဆို အရာဝတ္ထု တစ်ခုခုဖြင့် တွေ့ထိကြည့်ပါက ထိမှု ဖောဋ္ဌဗ္ဗဓာတ်ကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီ၍ ဖြစ်ရာ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်လည်း တည်ရှိနေ၏။ ဘာဝရုပ် ပါဝင်သော ဘာဝဒသက ကလာပ်လည်း တည်ရှိနေသည်သာ ဖြစ်၏။ ရှုပုံစနစ်ကို ရှေးနည်းအတိုင်း မှတ်ပါ။ ဤသို့လျှင် လျှာ၌ ကမ္မဇကလာပ် (၃)မျိုး ရှိပေသည်။

ကိုယ်၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

ကိုယ်၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

ကိုယ်၌ကား မည်သည့်နေရာကိုမဆို အရာဝတ္ထုတစ်ခုနှင့် တွေ့ထိကြည့်ပါက ထိမှုကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီ၍ဖြစ်ရာ ကာယအကြည်ဓာတ်များသည် အနှံ့အပြား တည်ရှိနေ၏၊ ယင်း ကာယအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ကာယဒသက ကလာပ် ဖြစ်၏။ အမျိုးသမီးဟု အမျိုးသားဟု သိလောက်သော အမှတ်အသား, သိကြောင်းဖြစ်သော အမှတ်အသားဟူသော ဘာဝရုပ်လည်း တစ်ကိုယ်လုံး၌ အနှံ့အပြား တည် ရှိနေ၏။ အမျိုးသမီး၏ မျက်နှာနှင့် အမျိုးသား၏ မျက်နှာသည် မတူညီပေ။ အမျိုးသမီး၏ လက်နှင့် အမျိုးသား၏ လက်, အမျိုးသမီး၏ ကိုယ်နှင့် အမျိုးသား၏ ကိုယ်တို့လည်း မတူညီကြပေ။ ဤသူကား အမျိုးသမီးဟု ဤသူ ကား အမျိုးသားဟု သိအောင် ဤဘာဝရုပ်က ခွဲတမ်းချပေးနေခြင်း ဖြစ်၏။ ကိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံး တို့၌ အမျိုးသမီးနှင့် အမျိုးသားတို့ မတူညီကြခြင်းမှာ ဤဘာဝရုပ်ကြောင့် ဖြစ်၏။ ဤဘာဝရုပ် ပါဝင်သော ရုပ် ကလာပ်တို့မှာ ဘာဝဒသက ကလာပ်များ ဖြစ်ကြ၏။ (၆)ဒွါရ ရှိသည့်အနက် ကိုယ်ဟု သတ်မှတ်ထားသော ဤ ကာယဌာန၌ ဤ ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်ဟူသော နှစ်မျိုးသော ကမ္မဇ ကလာပ်တို့ကို ရှေးမျက်စိ၌ ဖော်ပြခဲ့သည့် နည်းအတိုင်း ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။

နှလုံး၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

နှလုံး၌ တည်ရှိသော ကမ္မဇကလာပ်များကို ရှုပုံ

မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ၊၂၊၇၇။)

၁။ သုတ္တန်နည်းအရ ဘဝင်မနောအကြည်ကို မနောဓာတ်ဟု ခေါ်၏။

၂။ ဒွေပဉ္စဝိညာဏ်မှ တစ်ပါးသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သွားကြသော ဝီထိစိတ် အားလုံးကို မနောဝိညာဏဓာတ်ဟု ခေါ်၏။ ယင်း မနောဓာတ် မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီရာဖြစ်ခြင်း သဘော လက္ခဏာရှိသော ရုပ်သဘောတရားကား ဟဒယဝတ္ထုတည်း။ ယင်းဟဒယဝတ္ထု ပါဝင်သော ရုပ်ကလာပ်ကား ဟဒယဒသက ကလာပ်တည်း။ (ဒွေပဉ္စဝိညာဏ်တို့ကား ဆိုင်ရာ အကြည်ဓာတ်များကိုသာ မှီ၍ ဖြစ်ကြ၏၊ ဟဒယ ဝတ္ထုရုပ်ကို မမှီကြပေ။ သို့အတွက် ဒွေပဉ္စဝိညာဏ်မှ တစ်ပါးသော ကြွင်းကျန်သော စိတ်အားလုံးကို ဤ၌ မနောဝိညာဏဓာတ်ဟု ဆိုလိုသည်။)

ဤဟဒယဝတ္ထုရုပ်ကို ရှုပွားပုံကို ရှေးပိုင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ (ဤကျမ်း စာမျက်နှာ-၆၃၆-တွင် ကြည့်ပါ။) အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို မိအောင် သိမ်းဆည်းပါ။ ယင်း ဘဝင်မနောအကြည်ဓာတ်နှင့် မနောဝိညာဏဓာတ်တို့သည် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေရကား ဟဒယဝတ္ထုဟူသည် အရောင်တဖျတ်ဖျတ် ထွက်နေသော မနောဓာတ်နှင့် မနောဝိညာဏဓာတ်ဟူသော နာမ်အကြည်ဓာတ်တို့၏ အောက်၌ ကပ်လျက် တည်နေသော မကြည်သော ရုပ်ကလာပ်အမှုန်ထဲတွင် တည်ရှိနေ၏။

[အထ ဝါ သဗ္ဗမ္ပိ စိတ္တံ သဘာဝတော ပဏ္ဍရမေဝ (မူလဋီ၊၁၊၉၅)။ ပ ။ သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ (မူလဋီ၊၁၊၁၂၅) = စိတ်အားလုံးသည်ပင် သဘာဝအားဖြင့် ဖြူစင်၏၊ ကြည်လင်၏။]

ထိုရုပ်ကလာပ်အမှုန်ကို ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ် သဘောတရား (၁၀)မျိုးကို တွေ့ရှိမည် ဖြစ်၏။ယင်းတွင် ဟဒယဝတ္ထုရုပ် ပါဝင်လျက် ရှိ၏။ ရှေးဦးစွာ ထို (၁၀)မျိုးသော ရုပ်သဘောတရားများကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ထိုနောင် ထို (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့၏ ပြိုင်တူ ဖြစ်ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ခြုံရှုထားပါ။

နှလုံးအိမ်အတွင်း၌ မနောဓာတ် မနောဝိညာဏဓာတ်ဟူသော နာမ်အကြည်ဓာတ်အပြင် ကာယဒသက ကလာပ်ဟူသော ရုပ်အကြည်ဓာတ် = ကာယအကြည်ဓာတ် ပါဝင်သည့် ရုပ်ကလာပ်အမှုန်များလည်း တည်ရှိ နေ၏။ ထို ရုပ်အကြည်ဓာတ်နှင့် နာမ်အကြည်ဓာတ်မှာ တစ်ခုနှင့်တစ်ခု မတူထူးခြားချက် ရှိနေ၏။ ရုပ်အကြည် ဓာတ်မှာ ကြည်သည့် ရုပ်ကလာပ်အမှုန်များအနေဖြင့် ကာယဒသက ကလာပ်အနေဖြင့် နှလုံးအိမ် အနှံ့အပြား၌ ဖြစ်ပွား တည်ရှိနေ၏။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည်ဓာတ် ဖြစ်၏။ နာမ်အကြည် ဓာတ်ကား မနောဓာတ် မနောဝိညာဏဓာတ်ဟု နှစ်မျိုး ရှိ၏။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော မနောဝိညာဏဓာတ်တို့ကား သမာဓိအားကောင်းလျှင် အားကောင်းသလို အလွန် ကြည်လင်တောက်ပသော သဘော ရှိ၏။ ဘဝင်မနောအကြည်ဓာတ်ဟူသော နာမ်အကြည်ဓာတ်မှာလည်း ယင်း ဘဝင်ဝိပါက်တရားကို ဖြစ်စေတတ်သော အကြောင်းရင်းကံ၏ အရှိန်အဝါ သတ္တိအားကောင်းလျှင် အားကောင်းသလို တောက်ပလျက် ကြည်လင်လျက် ရှိနေပေသည်။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော နာမ်အကြည်ဓာတ် မနော ဝိညာဏဓာတ်ကြောင့် ဖြစ်ပေါ်သွားသော အရောင်အလင်း၏ တဖျတ်ဖျတ် တောက်ပမှုမှာ ရှေးအလင်းရောင်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် သောင်းလောကဓာတ်တစ်ခွင်သို့ တိုင်အောင်ပင် ပျံ့နှံ့၍ ထွက်သွားတတ်၏။

ရုပ်အကြည်ဓာတ်ကား ထိုကဲ့သို့ မဟုတ်ပေ။ အတိတ်ကံအားလျော်စွာ အကြည်ရုပ်ကလာပ်အမှုန်အနေ ဖြင့်သာ ဖြစ်နေ၏၊ အတိတ်ကံ အရှိန်အဝါ အားကောင်းလျှင် အားကောင်းသလို ကြည်လင်မှု တောက်ပမှုကား ရှိနိုင်၏၊ သို့သော် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်ပေါ်နေပေသည်။ နာမ်အကြည်ဓာတ်မှ လင်းရောင်ခြည် များ တဖျတ်ဖျတ် ထွက်ပေါ်လာနိုင်သော်လည်း ရုပ်အကြည်ဓာတ်မှကား လင်းရောင်ခြည်များ တဖျတ်ဖျတ် တောက်ပလျက် ထွက်ပေါ်မလာနိုင်ပေ။

နာမ်အကြည်ဓာတ်မှ တဖျတ်ဖျတ် ထွက်ပေါ်လာသော အရောင်အလင်းဟူသည် ရှေးအလင်းရောင်ပိုင်း တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပ မှုနှင့် ယင်းစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွား လာကြသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ၏ တောက်ပမှု ဖြစ်၏။ သို့သော် ယင်း စိတ္တဇကလာပ် ဥတုဇကလာပ်တို့ကား မကြည်ပါ။ ယင်းရုပ်ကလာပ်တို့၌ ပသာဒ အကြည်ဓာတ်များ မပါဝင်သဖြင့် မကြည်ဟု ဆိုခြင်း ဖြစ်၏။

မနောဓာတ် မနောဝိညာဏဓာတ်ဟူသော နာမ်အကြည်ဓာတ်ကား ကြည်လင်နေသည့်သဘောသက်သက် မျှသာ ဖြစ်၏၊ ယင်း မနောဓာတ်နှင့် သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်ဟူသော မနောဝိညာဏဓာတ် ဤနှစ်မျိုးသော နာမ်အကြည်ဓာတ်တို့ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇဩဇဋ္ဌမက ကလာပ်တို့၌ ပါဝင်သော ဝဏ္ဏဓာတ် = ဝဏ္ဏာယတန, ယင်းစိတ္တဇ ရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ်ဥတုမှ ဆင့်ကဲ ဖြစ်ပွား လာသော ဥတုဇဩဇဋ္ဌမက ကလာပ်တို့၌ ပါဝင်သော ဝဏ္ဏဓာတ် = ဝဏ္ဏာယတနတို့ကသာ ပြိုးပြိုးပြက် အရောင် တလက်လက် တောက်ပခြင်း ဖြစ်သည်။ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသက ကလာပ်ကား ထိုကဲ့သို့ ပြိုးပြိုးပြက် အရောင်တလက်လက် တောက်ပမှု မရှိပေ။ ဤကား ရုပ်အကြည်ဓာတ်နှင့် နာမ်အကြည်ဓာတ်တို့၏ ထူးခြားမှုတည်း။

တစ်ဖန် နှလုံးအတွင်း၌လည်း ဘာဝရုပ် ပါဝင်သည့် ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော ဘာဝဒသက ကလာပ်များလည်း များစွာပင် ရှိနေပေသည်။ သို့အတွက် နှလုံး၌ ဟဒယဒသက ကလာပ်, ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်ဟု ကမ္မဇ ရုပ်ကလာပ် (၃)မျိုး ရှိသည်။ ထိုရုပ်ကလာပ်တိုင်း၌ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မြင်အောင် ရှေးဦးစွာ ရှုပါ။ ထိုနောင် ကလာပ် တစ်ခု တစ်ခု အတွင်း၌ (၁၀)မျိုး (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့၏ ပြိုင်တူ ဖြစ်ပေါ်နေ မှုကို ဉာဏ်ဖြင့် မြင်အောင် ခြုံ၍ ရှုပါ။

အခက်အခဲကို ကျော်လွှားနိုင်ရေး

အခက်အခဲကို ကျော်လွှားနိုင်ရေး

ဤကဲ့သို့ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုရာ၌ အသင်ယောဂီသူတော်ကောင်း၏ ဉာဏ် ဝယ် မရှင်းမလင်း ဝိုးတိုးဝါးတား ဖြစ်နေပါက အာနာပါနဿတိ သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ဖို့ လိုပေ သည်။ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိထူထောင်ထားပြီးသူ ဖြစ်ပါက ထိုစတုတ္ထစျာန်သမာဓိကိုပင် တစ်ဖန်ပြန်၍ သမာဓိထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်ကြောင့် အရောင်အလင်းများ တဖျတ်ဖျတ် တောက်ပလာသောအခါ ထိုဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် ရုပ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ၊ ဓာတ်ခွဲပါ။ သမာဓိအားကောင်းလျှင် အားကောင်းသလောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာမည် ဖြစ်၏။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းသည်နှင့်အမျှ ရုပ်ကလာပ်တို့အတွင်း၌ တည်ရှိသော ရုပ်ပရမတ်သဘောတရားတို့ကို ရှင်းရှင်းလင်းလင်း တွေ့ရှိနေမည်သာ ဖြစ်သည်။ ကြွင်းကျန်သော ရုပ်တရားများနှင့် နာမ်တရားများကို သိမ်းဆည်းရာ၌လည်း အသိဉာဏ် မသန့်မရှင်း ဖြစ်နေပါက အလားတူပင် သမာဓိကို တစ်ဖန် ပြန်လည် ထူထောင်၍ သမာဓိအားကောင်းလာသောအခါမှ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ ရှုပါ။

သိမ်မွေ့သော ပုလဲ သန္တာတို့ကို ထွင်းဖောက်လိုသည်ရှိသော် အလွန် သိမ်မွေ့ ထက်မြက်သော စူးသည် ဖြစ်သင့်သကဲ့သို့ ထို့အတူ နူးညံ့သိမ်မွေ့သော နာမ်ရုပ်တို့ကိုလည်းကောင်း, ယင်းနာမ်ရုပ်၏ အကြောင်းတရား တို့ကိုလည်းကောင်း သိမ်းဆည်းသည်ရှိသော် ထက်မြက် စူးရှသော ဉာဏ်သည် ဖြစ်သင့်၏။ ထိုဉာဏ်၏ အလွန် ထက်မြက်သည်၏ အဖြစ်ကိုလည်း --- ဓားသွေးကျောက်ထက်၌ သိမ်မွေ့ ပြေပြစ်အောင် မြမြထက်အောင် သွေး ခြင်းဖြင့် ပေါက်ဆိန်သွား၏ ထက်မြက်မှုကို ရရှိနိုင်သကဲ့သို့ --- သီလတည်းဟူသော မြေ၌ ရပ်တည်လျက် သမာဓိ တည်းဟူသော မြတ်သော ကျောက်ထက်၌ ဝီရိယတည်းဟူသော လက်ဖြင့် ဉာဏ်တည်းဟူသော သန်လျက်ကို မြမြထက်အောင် သွေးခြင်းဖြင့် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေ (၅)ပါးတို့၏ ထက်မြက်စူးရှ သည်၏ အဖြစ်သို့ ရောက်စေလျက် ဉာဏ်၏ ထက်မြက်စူးရှမှုကို ပြီးစေအပ်ပေသည်။ ဤအရာမျိုး၌ အသင် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမာဓိ၏ တန်ဖိုးနှင့် သမာဓိကြောင့် ထက်မြက်စူးရှလာသော ဉာဏ်၏ တန်ဖိုး တို့ကို လွယ်ကူစွာ သဘောပေါက်နိုင်မည် ဖြစ်ပေသည်။

ဤကား (၆)ဒွါရတို့၌ ကမ္မဇရုပ်တို့၏ ဖြစ်ပုံအခြင်းအရာကို ဉာဏ်ဖြင့် မြင်အောင် ရှုပုံနည်းစနစ်များတည်း။ ဤကမ္မဇရုပ်များတွင် ဇီဝိတလျှင် (၉)ခုမြောက် ရှိသော ဇီဝိတနဝက ကလာပ်တို့လည်း အကျုံးဝင်လျက်ပင် ရှိ သည်ဖြစ်၍ ယင်း ဇီဝိတနဝက ကလာပ်ရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းကျုံး၍ ရှုပွားပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။

အကယ်၍ သမာဓိအားကောင်းနေပါလျက် ရုပ်တို့ကို သိမ်းဆည်းရာ၌ အချို့ ဥပါဒါရုပ်များ မထင်မရှား ဖြစ်နေသေးပါက မိမိသိမ်းဆည်းလိုသည့် ရုပ်ကလာပ်၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကိုပင် ထပ်ကာ ထပ်ကာ သိမ်းဆည်းပါ။ ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ (အဘိ၊ဋ္ဌ၊ ၂၊၂၄၁။) ဟူသော သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီး၏ ညွှန်ကြားချက်အတိုင်း ရုပ်ကလာပ် တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ဥပါဒါရုပ်သည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။

စိတ္တဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ

စိတ္တဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ

ရှေးပိုင်းတွင် စိတ္တဇရုပ်တို့၏ ဖြစ်ပုံအခြင်းအရာကို ဖော်ပြခဲ့၏။ ယင်း ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ မိန့်ဆိုတော်မူချက်များအရ --- ပဋိသန္ဓေစိတ်မှ လွဲလျှင် အချို့ ဆရာမြတ်တို့၏ အယူအဆအရ ပဋိသန္ဓေစိတ် စုတိစိတ်မှ လွဲလျှင် ဘဝတစ်လျှောက်လုံး၌ ပဉ္စဝေါကာရဘုံသားတို့၏ ရုပ်သန္တတိအစဉ်ဝယ် နှလုံးအိမ်၏ အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော ကျန်စိတ်ဟူသမျှသည် စိတ္တဇရုပ်များကို ထိုက်သလို ဖြစ်စေနိုင်သည်ဟု လိုရင်းကို မှတ်သားထားပါ။ ထို ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်ကြောင့် တစ်နည်း ဆိုရသော် စိတ်စေတသိက်တို့ကြောင့် စိတ္တဇရုပ်များ ဖြစ်ပေါ်နေပုံကို ပို၍ သဘောပေါက် မြန်စေရန်အတွက် စတင် ရှုပွားရန် နည်းစနစ်မှာ ဤသို့တည်း။ ---

စိတ္တဇရုပ်ကလာပ် အမျိုးအစား (၈)စည်း ရှိနေသည့်အနက် ဤတွင် ရှေးဦးစွာ သက်သက်သော စိတ္တဇ ဩဇဋ္ဌမကကလာပ်ဟူသော သုဒ္ဓဋ္ဌက ကလာပ်ရုပ်များကို ရှုပွားသိမ်းဆည်းပုံကိုသာ စတင်၍ ဖော်ပြအပ်ပါသည်။

သမာဓိကို အဆင့်ဆင့် ထူထောင်၍ ရှုပွားတတ် သိမ်းဆည်းတတ်ပြီးသော ကမ္မဇရုပ်များကို (၆)ဒွါရလုံး၌ ရှေးဦးစွာ ပြန်၍ ရှုပွားသိမ်းဆည်းပါ။ ထိုနောင် ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော ဘဝင်မနောအကြည်ဓာတ်ကို စိတ်စိုက်ထားပါ။ ထို ဘဝင်မနောအကြည်ဟူသော မနောဓာတ်နှင့် ဝီထိစိတ်ဟူသော မနောဝိညာဏဓာတ်များ ကြောင့် စိတ္တဇရုပ်များ ဖြစ်ပေါ်နေပုံကို စိုက်၍ ရှုကြည့်ပါ။

အကယ်၍ ဤသို့ရှုရာ၌ လွယ်လွယ်ကူကူဖြင့် သဘောမပေါက် ဖြစ်နေပါက ဘဝင်မနောအကြည်ဓာတ် တွင် စိတ်စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို အနည်းငယ် ကွေးဆန့်ကြည့်ပါ။ ထိုသို့ ပြုလုပ်ရာ၌ လက်ညှိုးကို စိတ်စိုက် မကြည့်ပါနှင့်၊ ဘဝင်မနောအကြည်ဓာတ်၌သာ စိတ်ကို စိုက်ထား၍ ရှေးဦးစွာ ကွေးချင် ဆန့်ချင်သော စိတ် ကွေးမှု ဆန့်မှုကို ဖြစ်စေသော စိတ်များကိုသာ မြင်အောင်ရှုပါ။ ထိုစိတ်တို့ကို ဉာဏ်ဖြင့် မြင်သောအခါ ထိုစိတ်များကြောင့် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာ အဆက်မပြတ် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက်၍ ရှုပွားပါ။ ယင်းစိတ္တဇရုပ်တို့၏ (၆)ဒွါရလုံးသို့ ပျံ့နှံ့၍ ဖြစ်နေပုံကိုပါ ဆက်လက်၍ ဉာဏ်ဖြင့် မြင် အောင် ရှုပါ။ ယင်းစိတ္တဇရုပ်ကလာပ်တို့ကား မကြည်ပေ။ ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ ပထဝီမှ ဩဇာ သို့တိုင်အောင် (၈)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ (၆)ဒွါရ လုံး၌ လှည့်လည်၍ သိမ်းဆည်းရှုပွားပါ။ ထို ကွေးချင် ဆန့်ချင်သော စိတ်ကြောင့် ရုပ်ကလာပ်များစွာတို့ ဖြစ်နေ ပုံကို သဘောပေါက်ပါက ကြွင်းကျန်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်းသည် စိတ္တဇ ရုပ်ကလာပ်ပေါင်းများစွာကို ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ရှေးနှင့်နောက် အစဉ်မပြတ် ဆက်စပ်လျက် ဖြစ်နေပုံကိုလည်း သဘောပေါက်အောင် ဆက်လက် ရှုပွားသိမ်းဆည်းပါ။ ဤစိတ္တသမုဋ္ဌာန်ရုပ်တို့တွင် ဝိပါက်စိတ် ကြောင့် ဖြစ်သော ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ရုပ်များလည်း ပါဝင်လျက် ရှိသည်။ ရုပ်အတုများနှင့် ရောနှောနေ သည့် စိတ္တသမုဋ္ဌာန်ရုပ်တို့ကို ရှုပွားပုံကို နောက်ပိုင်းတွင် ဆက်လက် ဖော်ပြမည် ဖြစ်ပါသည်။ ဤအပိုင်းတွင် ကား စိတ်နှင့် စိတ္တဇရုပ်တို့၏ ကြောင်း-ကျိုး ဆက်နွယ်မှုသဘောကို အထူးဂရုပြု၍ ဉာဏ်ဖြင့် မြင်အောင် ရှုပွား သိမ်းဆည်းပါ။

ဥတုဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ

ဥတုဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ

ရှေးတွင် ဖော်ပြခဲ့ပြီးသော ဥတုသမုဋ္ဌာန်ရုပ်တို့ကို ရှုပွားပုံအပိုင်းကို တစ်ဖန်ပြန်၍ လေ့လာပါ။ သို့မှသာ လျှင် ပို၍ သဘောပေါက်မည် ဖြစ်သည်။ (၆)ဒွါရ၌ တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို ဥတုခေါ်ကြောင်းရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏။ ယင်းတေဇောဓာတ် = ဥတုသည် ဩဇာလျှင် (၈)ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏။ ဤတွင် စက္ခုဒွါရ၌ ရှုပုံစနစ်ကို နမူနာအဖြစ် ဖော်ပြအပ်ပါသည်။

၁။ စက္ခုဒွါရ၌ တည်ရှိသော စက္ခုဒသက ကလာပ်များစွာထဲက စက္ခုဒသက ကလာပ် တစ်ခုကို ဓာတ်ခွဲပါ။ (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ ယင်း (၁၀)မျိုးသော ရုပ်ပရမတ် တရားတို့တွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏။ စက္ခုဒသက ကလာပ်မှာ ကမ္မဇ ရုပ်ကလာပ် ဖြစ်သဖြင့် ယင်းတေဇောဓာတ်မှာ ကမ္မဇဥတု ဖြစ်၏။ ယင်း ကမ္မဇဥတု = တေဇောဓာတ်ကို တစ်ဖန် ဉာဏ်ဖြင့် စိုက်၍ ရှုကြည့်ပါ။ ယင်း တေဇောဓာတ် = ဥတုသည် မိမိ၏ ဌီကာလသို့ ရောက်ခိုက်၌ ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ယင်းဩဇဋ္ဌမက ရုပ်ကလာပ်ကား ကမ္မဇဥတု၏ သားတည်း။ ဓာတ်ခွဲကြည့်ပါက ရုပ်ပရမတ် သဘောတရား (၈)မျိုးကို တွေ့ရှိမည် ဖြစ်၏။ ကံလျှင် အကြောင်း အထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သော ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ယင်း ကမ္မပစ္စယ ဥတုသမုဋ္ဌာန် ရုပ်တွင်လည်း တေဇောဓာတ် ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် = ဥတုကလည်း မိမိ၏ ဌီကာလသို့ ရောက်ခိုက်ဝယ် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ကမ္မဇဥတု၏ မြေးတည်း၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ ယင်း ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်သော တေဇော ဓာတ် ဥတုကလည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏၊ ကမ္မဇဥတု၏ မြစ်တည်း။ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ဟုပင် ခေါ်ဆိုပေသည်။ ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက် စပ်စေ၏။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

ဤ၌ (၄)ကြိမ် (၅)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏ ဟူသည်မှာ သဒိသသန္တတိ = တူညီသော ရုပ်အစဉ် သန္တတိ၏ အစွမ်းဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။ ဗာဟိရပစ္စယဝိသေသ (= ရာသီဥတု အစာအာဟာရ --- သူတစ်ပါးတို့၏ လုံ့လပယောဂ စသော) အပြင်အပ အကြောင်းအထောက်အပံ့ထူး ရှိခဲ့လျှင် မတူကုန်သော များစွာကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကိုလည်း ဆက်စပ်စေ၏ --- ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြသည်။ (မှဲ့-အသားမာ စသည်တို့ကို ပုံစံထုတ်၍ ပြထား၏။) (မဟာဋီ၊၂၊၄၀၂။) ထိုကြောင့် --

ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိန္နပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိဧဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

= ဤသို့လျှင် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိန္နအဖို့၌ တည်၍သော်လည်း ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေသည်သာတည်း၊ ဥပါဒိန္နကအဖို့၌ တည်၍သော်ကား ဆိုဖွယ်ရာပင် မရှိ --- ဟု အဋ္ဌကထာဆရာတော် မိန့်ဆိုတော်မူခြင်း ဖြစ်သည်။

ဗာဟိရပစ္စယဝိသေသ --- ဤ၌ အပြင်အပ အကြောင်းအထောက်အပံ့ထူး ဟူသည်မှာ ---

၁။ ကံ၏ အထောက်အပံ့ (မှည့်-အသားမာ စသည် ဖြစ်ဖို့ရန် ကံ၏ အထောက်အပံ့),

၂။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော စိတ်တို့၏ အထောက်အပံ့,

၃။ သပ္ပါယ မျှတသော သို့မဟုတ် မမျှတသော ဥတုတို့၏ အထောက်အပံ့,

၄။ မွန်မြတ်သော အာဟာရ ဩဇာတို့၏ အထောက်အပံ့ စသော ---

ဤ အထောက်အပံ့ကောင်းများကို ဆိုလိုသည်။ ဤအထောက်အပံ့တို့ကား မူလအကျိုးပေးနေသော ကံ၏ ပြင်ပအကြောင်းထူးတို့ပင် ဖြစ်ကြသည်။

၂။ စက္ခုဒွါရဝယ် ကာယဒသက ကလာပ် အတွင်း၌ တည်ရှိသော (၁၀)မျိုးသော ရုပ်ပရမတ် သဘောတရား တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပါ။ ယင်း (၁၀)မျိုးသော ရုပ်တရားတို့တွင် ပါဝင်သော တေဇောဓာတ် မှာလည်း ကမ္မဇတေဇောဓာတ်ပင် ဖြစ်၏။ ယင်း ကမ္မဇတေဇောဓာတ်ကလည်း ဌီကာလသို့ ရောက်ရှိခိုက်ဝယ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ယင်းရုပ်ကလာပ် အသစ်ကား --- ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ် = ကံလျှင် အကြောင်းအထောက်အပံ့ ရှိသော ဥတုကြောင့် ဖြစ်သောရုပ် မည်၏။

ယင်းကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်သော တေဇောဓာတ်ကလည်း ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ ဤသို့လျှင် သဒိသသန္တတိ = တူညီမှုရှိသော ရုပ်အစဉ် သန္တတိ၏ အစွမ်းဖြင့် (၄)ကြိမ် (၅)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဗာဟိရပစ္စယဝိသေသဟူသော ပြင်ပအကြောင်းထူး အထောက်အပံ့ကို ရခဲ့သော် ရှည်စွာသော ကာလပတ်လုံးလည်း ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်များကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။

၃။ စက္ခုဒွါရဝယ် ဘာဝဒသက ကလာပ်ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲပါ။ ယင်း (၁၀)မျိုး သော ရုပ်တရားတို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ်သည် မိမိ၏ ဌီကာလသို့ ရောက်ခိုက်ဝယ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေ၏၊ ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တည်း။

ယင်း ကမ္မပစ္စယ ဥတုသမုဋ္ဌာန်-ဩဇဋ္ဌမက ရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ်ကလည်း မိမိ၏ ဌီကာလသို့ ရောက်ခိုက်ဝယ် အခြားသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တည်း။ သဒိသသန္တတိ = တူညီမှု ရှိသော ရုပ်အစဉ် သန္တတိ၏ အစွမ်းဖြင့် (၄)ကြိမ် (၅)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဗာဟိရပစ္စယဝိသေသဟူသော ပြင်ပအကြောင်းထူး အထောက်အပံ့ကို ရရှိခဲ့သော် ရှည်စွာသော ကာလပတ်လုံးလည်း အကြိမ်များစွာ ဆက်ခါ ဆက်ခါ ဆက်စပ်လျက် ဖြစ်စေနိုင်၏ ဟု မှတ်ပါ။

၄။ စက္ခုဒွါရဝယ် စိတ္တဇအဋ္ဌကလာပ် တစ်ခု အတွင်း၌ တည်ရှိသော (၈)မျိုးသော ရုပ်ပရမတ် သဘောတရား တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းပါ။ တစ်ဖန် ယင်း (၈)မျိုးသော ရုပ်ပရမတ်တရားတို့တွင် ပါဝင်သော တေဇောဓာတ်ကို စိုက်ရှုပါ။ ဌီကာလသို့ ရောက်ရှိလာသော ယင်းတေဇောဓာတ်ကြောင့် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း ရုပ်ကလာပ်အသစ်ကား စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ် တည်း။ (ဝိသုဒ္ဓိ၊၂၊၂၅၁။) (စိတ္တဇဥတု၏ သားတည်း။)

တစ်ဖန် ယင်း စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်သော တေဇောဓာတ်ကား ဥတုသမုဋ္ဌာန်ရုပ်တွင် စာရင်းဝင်သွားပြီ ဖြစ်၏။ ယင်း တေဇောဓာတ်ကလည်း အခြားသော ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေ ပြန်၏။ ဤသို့လျှင် (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ (စိတ္တဇဥတု = တေဇောဓာတ်၏ သားစဉ်မြေးဆက် အဆက်ဆက်တည်း၊) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် အဆက်ဆက်တည်း။

ဤ (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏ဟူသည်မှာ ရိုးရိုးပကတိသော စိတ်၏ အစွမ်းဖြင့် ပြောဆိုခြင်း ဖြစ်သည်။ မဟဂ္ဂုတ်-လောကုတ္တရာစိတ်ဟု ခေါ်ဆိုသော စျာန်စိတ်-မဂ်စိတ်- ဖိုလ်စိတ်တို့၏ အစွမ်းဖြင့်မူကား သာလွန်၍ များပြားသော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကိုလည်း အလိုရှိအပ်သည် သာ ဖြစ်သည်။ (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးကိုလည်း နည်းတူ သဘောပေါက်ပါ။) အကြောင်းမူ ယင်း မဟဂ္ဂုတ်-လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မွန်မြတ်သောကြောင့် ဖြစ်သည်။ (မဟာဋီ၊၂၊၄၀၃။)

ဝိပဿနာစိတ်တို့ကြောင့်လည်း ဥတုဇရုပ်များ ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့သွားပုံကို အထက်ဝိပဿနာ ပိုင်း ဥပက္ကိလေသကထာတွင် (မဟာဋီ၊၂၊၄၂၈-၄၂၉။) ဖွင့်ဆိုလျက် ရှိပေသည်။ သို့အတွက် သမထဘာဝနာစိတ် (စျာန်စိတ်) ဝိပဿနာစိတ် မဂ်စိတ် ဖိုလ်စိတ်ဟူသော မွန်မြတ်သော စိတ်တို့၏ အားကောင်းသော အထောက် အပံ့ ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ရရှိခဲ့ပါလျှင် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်များသည် ရှည်မြင့် စွာသော ကာလပတ်လုံးလည်း အကြိမ်များစွာ ဖြစ်နိုင်သည်ဟု မှတ်ပါ။

၅။ စက္ခုဒွါရ၌ ပျံ့နှံ့ ဖြစ်ပွားလျက်ရှိသော အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်များစွာထဲက ရုပ်ကလာပ် တစ်- ခုကို အာရုံယူ၍ (၈)မျိုးသော ဩဇဋ္ဌမက ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားသိမ်းဆည်းပါ။ ယင်းရုပ်တရားတို့တွင် ပါဝင်သော တေဇောဓာတ် ဥတုက ဌီကာလသို့ ရောက်ခိုက်ဝယ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း ဩဇဋ္ဌမကရုပ်ကား အာဟာရပစ္စယ ဥတုသမုဋ္ဌာန် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။) (အာဟာရဇ-ဥတု၏ သားတည်း။)

ယင်း အာဟာရပစ္စယ ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တွင် ပါဝင်သော တေဇောဓာတ်ကား ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ် စာရင်းတွင် ဝင်သွားပြီ ဖြစ်၏။ ယင်းတေဇောဓာတ်ကလည်း ဌီကာလသို့ ရောက်ရှိခိုက် အခြား သော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (အာဟာရဇ- ဥတု၏ မြေးတည်း။) ဤနည်းအားဖြင့် (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ သို့သော် နတ်ဩဇာ စသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရခဲ့ပါမူ ရှည် စွာသော ကာလပတ်လုံးသော်လည်း ဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်သည်သာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၅၁-၂၅၂။) (အာဟာရဇ-ဥတု၏ သားစဉ်မြေးဆက် အဆက်ဆက်တည်း။)

(က) ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ရုပ်နှင့် ထိုမှတစ်ဆင့် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း,

( ခ ) စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်နှင့် ထိုမှတစ်ဆင့် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း,

( ဂ ) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း,

(ဃ) အာဟာရပစ္စယ ဥတုသမုဋ္ဌာန်ရုပ်နှင့် ထိုမှတစ်ဆင့် ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် ဖြစ်ပုံကိုလည်းကောင်း အသီးအသီး ဖော်ပြခဲ့ပြီး ဖြစ်၏။

( င ) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် နောက်တစ်မျိုး ဖြစ်ပုံကို ထပ်မံ၍ ဆက်လက် ဖော်ပြအပ်ပါသည်။

၆။ ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်အရ အစာသစ်, အစာဟောင်း, ပြည်, ကျင်ငယ် --- ဤ ကောဋ္ဌာသ (၄)မျိုးတို့ကား ဥတုကြောင့် ဖြစ်သော ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့သာတည်း။ ဤတွင် အစာသစ် ကောဋ္ဌာသကို ပုံစံတစ်ခုထား၍ ရှုပွားသိမ်းဆည်းပုံကို ဖော်ပြအပ်ပါသည်။

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမာဓိကို အဆင့်ဆင့် ထူထောင်၍ သိမ်းဆည်းတတ်ပြီးသော ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုနောင် အစာသစ်အိမ် အတွင်း၌ တည်ရှိနေသော အစာသစ် ကောဋ္ဌာသကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ယင်းအစာသစ်ကောဋ္ဌာသ၌ ပထဝီဓာတ် လွန်ကဲနေသော ဓာတ် ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ဩဇဋ္ဌမက ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်တရားတို့ကား အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက် အရ တေဇောဓာတ်၏ အစီးအပွားတို့သာတည်း။

ယင်း ဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်ခေါ် ဥတု ပါဝင်လျက် ရှိ၏၊ ယင်း တေဇောဓာတ် ဥတုသည် ဌီကာလသို့ ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကိုဖြစ်စေပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန် ရုပ်ပင်တည်း။ ယင်းတွင် ပါဝင်သော တေဇောဓာတ်ဥတုကလည်း ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေ ပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ပင်တည်း။ ဤသို့လျှင် ဘုတ်အဆက်ဆက် ရိုက်ခတ်၍ အစာသစ်ကောဋ္ဌာသ အဖြစ် တည်နေသမျှ ကာလပတ်လုံး ဆက်လက် ဖြစ်ပွားနေမည်သာ ဖြစ်ပေသည်။ အစာဟောင်း ပြည် ကျင်ငယ် တို့၌လည်း ပုံစံတူပင် သဘောပေါက်ပါ။ ဤ အမှတ် (၆) ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်ကား ကိုယ်ဌာန၌ ထည့် သွင်း ရှုရန် ဖြစ်ပါသည်။

ဤ ဖော်ပြပါ စတုသမုဋ္ဌာန်ဥတုသည် ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေရာ၌ ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ဟူသော အဋ္ဌကထာဆရာတော်၏ ဖွင့်ဆိုချက်အရ ကမ္မဇရုပ်၏ အကြောင်းအထောက်အပံ့ကား လိုအပ်လျက်သာ ရှိပေသည်။ ရှေး ဥတုဇရုပ် ဖြစ်ပွားပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပွားသိမ်းဆည်းပုံအပိုင်း တွင် (နှာ-၆၈၈ - စသည်၌) ဖော်ပြခဲ့ပြီးပေပြီ။

စက္ခုဒွါရ၌ ဥတုဇရုပ် = ဥတုသမုဋ္ဌာန်ရုပ်တို့၏ ဖြစ်ပုံကို ရှုပွားသိမ်းဆည်းတတ်ပါက သောတဒွါရ စသည် တို့၌လည်း နည်းမှီး၍ ရှုပွား သိမ်းဆည်းပါလေ။

အာဟာရဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ

အာဟာရဇရုပ်များကို ရှုပွားသိမ်းဆည်းပုံ

အထက်တွင် ဖော်ပြခဲ့သော အာဟာရဇရုပ်များ ဖြစ်ပေါ်လာပုံ အခြင်းအရာနှင့် ဆက်စပ်လျက်ရှိသော အာဟာရဇရုပ်ဖြစ်ပုံအပိုင်း (နှာ-၆၇၂)ကို ပြန်လည်၍ ဖတ်ရှုပါ။ ဤအဆိုအမိန့်များအရ စားမျိုအပ်သော ရုပ် ကဗဠီကာရ အာဟာရကြောင့် အာဟာရဇရုပ် ဖြစ်ပုံကိုလည်းကောင်း, ယင်းအာဟာရဇရုပ်က တစ်ပါးသော အာဟာရကြောင့် ဖြစ်သော အာဟာရဇရုပ်များနှင့် ကံ စိတ် ဥတုကြောင့် ဖြစ်ကုန်သော (၃)မျိုးကုန်သော သန္တတိရုပ်အစဉ်တို့အား အားပေးထောက်ပံ့ပုံကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် မြင်အောင် ရှုရမည်သာ ဖြစ်သည်။

ယနေ့ စားသောက်သော ကဗဠီကာရ အာဟာရ၌ တည်သော ဩဇာသည် (ကမ္မဇဝမ်းမီး၏ အားပေး ထောက်ပံ့မှုဖြင့်) ဩဇဋ္ဌမကရုပ်များကိုလည်း တိုက်ရိုက် ဖြစ်စေနိုင်၏၊ ဇနကသတ္တိဖြင့် ကျေးဇူးပြု၏။ ယေဘုယျ အားဖြင့်လွန်ခဲ့သော ခုနစ်ရက်မှ စ၍ လွန်ခဲ့သော အချိန်ကာလများက အစပြု၍ ယခုတိုင်အောင် စားမျိုခဲ့ပြီးသော ကဗဠီကာရ အာဟာရ ဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်များကိုလည်း အားပေးထောက်ပံ့၏၊ ဥပတ္ထမ္ဘက သတ္တိဖြင့် ကျေးဇူးပြု၏။ ယင်း ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးအပြုခံရသော အာဟာရဇရုပ်များကို တစ်ပါးသော အာဟာရကြောင့် ဖြစ်သော အာဟာရဇရုပ်များဟု ခေါ်ဆိုပေသည်။ သို့အတွက် လက်တွေ့ ရှုနိုင်သော အချိန် ကာလမှာ ---

၁။ စားသောက်နေဆဲအချိန်,

၂။ စားသောက်ပြီး တရားထိုင်နေဆဲ တရားနှလုံးသွင်းနေဆဲအချိန်ဟု (၂)မျိုး ရှိ၏။ ထို (၂)မျိုးလုံးသော အချိန်တို့၌ ရှုနိုင်သည်သာ ဖြစ်သည်။

ကဗဠီကာရာဟာရော ဩဇဋ္ဌမကရူပါနိ အာဟရတိ။ ပ ။

ကဗဠီကာရာဟာရော တာဝ မုခေ ဌပိတမတ္တောယေဝ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ။ ဒန္တဝိစုဏ္ဏိတံ ပန အဇ္ဈောဟရိယမာနံ ဧကေကံ သိတ္ထံ အဋ္ဌဋ္ဌ ရူပါနိ သမုဋ္ဌာပေတိယေဝ ဧဝံ ဩဇဋ္ဌမကရူပါနိ အာဟရတိ။ (မ၊ဋ္ဌ၊၁၊၂၁၃။)

နိဗ္ဗတ္တိတဩဇံ ပန သန္ဓာယ ကဗဠီကာရာဟာရော ဩဇဋ္ဌမကရူပါနိ အာဟရတီတိ ဝက္ခတိ။ (မ၊ဋီ၊၁၊၃၀၈။)

သတ္တဝါတို့ စားမျိုအပ် သောက်အပ် လျက်အပ် ခဲအပ်သော အစာအာဟာရဟူသည် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏၊ ယင်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော အဆီ အစေး ဩဇာသည် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသော် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ် ကို ဖြစ်စေနိုင်၏။ သတ္တဝါတို့ စားမျိုအပ်သော အစာအာဟာရဟူသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အဆီအစေး ဩဇာသည် သတ္တဝါတို့ စားမျိုအပ်သော်သာလျှင် ကမ္မဇဝမ်းမီးဟု ခေါ်သော အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိနိုင်၏။ မစားမမျိုဘဲ အပြင်အပ ဗဟိဒ္ဓ- ၌ တည်ရှိနေရုံ သက်သက်မျှဖြင့်ကား ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို မရရှိနိုင်သဖြင့် အာဟာရဇရုပ်ကို မဖြစ်စေနိုင်ပေ။

ဤအရာဝယ် စားမျိုမှသာလျှင်ဟု ဆိုသဖြင့် မစားမီ ပါးစပ်အတွင်း၌ တည်နေခိုက် ဝါးနေခိုက်တို့၌လည်း အာဟာရဇရုပ်ကို မဖြစ်စေနိုင် = အာဟာရကိစ္စကို မဆောင်ရွက် မပြုလုပ်နိုင်ဟု မမှတ်အပ်ပေ။ ယင်း ကဗဠီကာရ အာဟာရကို ခံတွင်း၌ ထားအပ်ကာမျှ၌သော်လည်း ယင်း ကဗဠီကာရ အာဟာရက (= စားမျိုအပ်သော ဥတုဇ-ဩဇာက) ပါစကတေဇောဓာတ်၏ အားပေးထောက်ပံ့မှုကို ရရှိနိုင်သဖြင့် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေနိုင်သည်သာ ဖြစ်သည်။ သွားဖြင့် မှုန့်မှုန့်ညက်ညက် ကြိတ်ချေပြီးသော စားမျိုအပ်သော ထမင်းလုံး တစ်လုံး တစ်လုံးသည် (= စားမျိုအပ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဩဇာ အသီးအသီးသည်) ဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏။ ဤစကားရပ် များမှာ --- ဩဇာအဖြစ်သို့ ရောက်ပြီးသော ကဗဠီကာရ အာဟာရကို ရည်ရွယ်၍ ပြောဆိုနေခြင်း ဖြစ်သည်။ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေဖို့ရန် စွမ်းအင် အပြည့်အဝရှိနေသော ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိနေသော စားမျိုအပ်သော အစာအာဟာရဟူသော ဥတုဇ-ဩဇဋ္ဌမကရုပ်တို့၌ ပါဝင်သော ဩဇာသည် ဩဇာအဖြစ်သို့ ရောက်ပြီးသော ကဗဠီကာရအာဟာရ မည်ပေသည်။

သို့အတွက် အသင်ယောဂီသူတော်ကောင်းသည် စားနေဆဲ၌ ရှုလိုပါက ပါးစပ်အတွင်းရှိ ဝါးပြီးသော အစာသစ်၌လည်းကောင်း, အစာသစ်အိမ်သို့ ရောက်ရှိသွားပြီးသော အစာသစ်၌လည်းကောင်း ဓာတ်ကြီး (၄)ပါး ကို မြင်အောင် စိုက်ရှုပါ။ ဥတုဇ-ဩဇဋ္ဌမက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနေမည် ဖြစ်သည်။ မိမိ ရှုပွား လိုသော အစာသစ်ဝန်းကျင်တွင် တည်ရှိနေသော ဇီဝိတနဝက ကလာပ်တို့တွင် ပါဝင်သော အစာကို ကြေကျက် စေတတ်သော ပါစကတေဇောဓာတ်က ယင်း စားမျို ဝါးမျိုလိုက်သော ဥတုဇ-ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကို အားပေးထောက်ပံ့လိုက်သောအခါ ယင်း ဥတုဇ ဩဇာက ဌီကာလသို့ ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ တစ်ဖန် ယင်း ဩဇဋ္ဌမက ရုပ်ကလာပ်တို့ ကား ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် တစ်ကိုယ်လုံးသို့ (၆)ဒွါရလုံးသို့ ပျံ့နှံ့ ဖြစ်ပွားလျက် ရှိပုံကိုလည်း ဉာဏ် ဖြင့် မြင်အောင် ရှုပါ၊ ကြည့်ပါ။ ယင်းရုပ်တို့ကား ဩဇာကြောင့် ဖြစ်၍ အာဟာရသမုဋ္ဌာန်ရုပ်တို့ မည်ကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အကယ်၍ အသင်ယောဂီသူတော်ကောင်းသည် စားသောက်ပြီး တစ်ချိန်ချိန်၌ ရှုပွားလိုပါက အစာသစ်အိမ်အတွင်း အူအတွင်း စသည်တို့၌ တည်ရှိသော အစာသစ်ကောဋ္ဌာသကို အာရုံယူ၍ ပုံစံတူပင် ရှုပါ။ အကယ် ၍ အစာသစ်အိမ် အတွင်း၌ အစာသစ်ကောဋ္ဌာသကို လွယ်လွယ်ကူကူ မတွေ့နိုင်သော အချိန်မျိုး ဖြစ်နေပါက မရှုခင်မှာ ရေအနည်းငယ်ကို ဖြစ်စေ သောက်၍ ရှုကြည့်ပါ။ အာဟာရသမုဋ္ဌာန်ရုပ်များ တစ်ကိုယ်လုံးသို့ (၆)ဒွါရ လုံးသို့ အနှံ့အပြား ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်နေ့ စားမျို လိုက်သော အစာအာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း ရူပကာယအား အားပေးထောက်ပံ့မှု ဥပတ္ထမ္ဘက သတ္တိဖြင့် ကျေးဇူးပြုနိုင်၏ဟူသော (ဝိသုဒ္ဓိ၊၂၊၂၅၁။) အဆိုအမိန့်ကို သတိပြုပါ။ ဤအာဟာရသမုဋ္ဌာန်ရုပ်ကို ရှုတတ်ပါက မျက်စိအထိ အာဟာရသမုဋ္ဌာန်ရုပ်များ ပျံ့နှံ့ ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုတတ် ပါက စက္ခုဒွါရ၌ တည်ရှိသော စတုသမုဋ္ဌာနိက ဩဇာအား ယင်း အာဟာရသမုဋ္ဌာန်ဩဇာက အားပေးထောက်ပံ့ မှုကို တစ်ဆင့်တက်၍ ရှုနိုင်ပြီ ဖြစ်သည်။

၁။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန် --- စက္ခုဒသက ကလာပ် - ကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သဘောတရား (၁၀)မျိုးကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းပါ။ ယင်းကလာပ်တွင် ပါဝင်သော ဩဇာကား ကမ္မဇဩဇာတည်း။ ယင်း ကမ္မဇဩဇာသည် ဌီကာလသို့ ရောက်ခိုက် အထက်ပါ မျက်စိတိုင်အောင် ပျံ့နှံ့ ဖြစ်ပွားနေသော အာဟာရသမုဋ္ဌာန် ရုပ်ကလာပ်တွင် ပါဝင်သော အာဟာရသမုဋ္ဌာန် ဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ နောက်ထပ် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။(ဝိသုဒ္ဓိ၊၂၊၂၄၉-၂၅၀။) (စက္ခုဒသက ကလာပ်၌ ရှိသော ကမ္မဇဩဇာ၏ သားတည်း။) ယင်း ကမ္မပစ္စယ အာဟာရ သမုဋ္ဌာန်ရုပ်တွင် ပါဝင်သော ဩဇာကလည်း ဌီကာလသို့ ရောက်ခိုက် အာဟာရသမုဋ္ဌာန်ဩဇာ၏ အားပေး ထောက်ပံ့မှုကို ရရှိသောအခါ ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ယခင် ကမ္မဇဩဇာ၏ မြေး တည်း။) ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ (ကမ္မဇဩဇာ၏ သားစဉ် မြေးဆက်ပင်တည်း။)

အလားတူပင် မျက်စိ၌ တည်ရှိသော ---

၂။ ကာယဒသက ကလာပ်,

၃။ ဘာဝဒသက ကလာပ် --- ဟူသော ကမ္မဇကလာပ်တို့၌ ပါဝင်သော ကမ္မဇဩဇာကို အထက်ပါ ကဗဠီကာရ အာဟာရသမုဋ္ဌာန်ဩဇာက အားပေးထောက်ပံ့လိုက်သောအခါ၌လည်း လေးဆင့် ငါးဆင့်သော ရုပ်တို့၏ ဖြစ် ခြင်းကို ဆက်စပ်စေပုံကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ၊ ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တို့ပင်တည်း။

၄။ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် --- စက္ခုဒွါရ၌ ဖြစ်ပွားလျက်ရှိသော စိတ္တဇဩဇဋ္ဌမက ကလာပ်တွင် ပါ ဝင်သော ဩဇာသည် အထက်ပါ အာဟာရသမုဋ္ဌာန်ဩဇာနှင့် စက္ခုဒွါရ မျက်စိ၌ ပေါင်းဆုံမိသောအခါ ယင်း အာဟာရသမုဋ္ဌာန်ဩဇာ၏ အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် စိတ္တသမုဋ္ဌာန်ဩဇာသည် = စိတ္တဇဩဇာသည် ဌီကာလသို့ ရောက်ခိုက် ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (စိတ္တဇဩဇာ၏ သားတည်း။) ယင်းရုပ်ကလာပ်ကား စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ ယင်းဩဇဋ္ဌမက ရုပ်ကလာပ်အသစ်တွင် ပါဝင်သော ဩဇာကလည်း ဌီကာလသို့ ရောက်ခိုက် အခြားသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏။ ဤသို့လျှင် (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။ (စိတ္တဇဩဇာ၏ သားစဉ်မြေးဆက်တည်း။) (ဝိသုဒ္ဓိ၊၂၊၂၅၀-၂၅၁။)

ဤ (၂)ကြိမ် (၃)ကြိမ်သော ရုပ်ကလာပ်တို့၏ ဆက်စပ်လျက် ဖြစ်မှုကို ပကတိသော စိတ်၏ အစွမ်းဖြင့်သာ ဖွင့်ဆိုခြင်း ဖြစ်သည်။ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇဩဇာဖြစ်မှုကား အကြိမ်များစွာ လည်း ဖြစ်ကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို အလိုရှိအပ်သည်သာ ဖြစ်ပေသည်။ ထို မဟဂ္ဂုတ် လောကုတ္တရာ စိတ်တို့ကြောင့် ဖြစ်ပေါ်လာကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သောကြောင့် ဖြစ်၏။ (မဟာဋီ၊၂၊၄၀၃။)

ဤ၌ စိတ္တဇဩဇာက ဇနက, အာဟာရဇဩဇာက ဥပတ္ထမ္ဘကတည်း။ တစ်ဖန် ယင်း စိတ္တဇဩဇာသည် ကမ္မဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာတို့အားလည်း အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘက အာဟာရ ပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်သည်သာ ဖြစ်၏။ (ရှေးပိုင်း စာမျက်နှာ-၆၈၂-၆၈၃-တို့တွင် ပြန်ကြည့်ပါ။ တစ်ဖန် စိတ္တဇဩဇာအား အာဟာရဇဩဇာက ဥပတ္ထမ္ဘကအဖြစ် ကျေးဇူးပြုမှုနှင့် ပတ်သက်၍လည်း မူလဋီကာဆရာတော်၏ ဆန်းစစ်ချက်ကို ထိုစာမျက်နှာများတွင် ပြန်ရှုပါ။)

ယင်း မူလဋီကာ၏ ဆန်းစစ်ချက်အရမူ စိတ္တဇရုပ် = စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် ပါဝင်သော ဩဇာသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ အာဟာရဇဩဇာ = အာဟာရသမုဋ္ဌာန်ဩဇာ၏ အထောက်အပံ့ကို မရရှိဘဲ စိတ် ၏ အထောက်အပံ့ သို့မဟုတ် ကံ၏ အထောက်အပံ့ကိုသာ ရရှိ၍ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။

၅။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် --- အထက်ပါ ကဗဠီကာရ အာဟာရ အမည်ရသော အာဟာရသမုဋ္ဌာန် ဩဇာနှင့် စက္ခုဒွါရ၌ ဖြစ်ပွား တည်ရှိနေသော ဥတုသမုဋ္ဌာန်ဩဇာတို့သည် စက္ခုဒွါရ မျက်စိ၌ ပေါင်းဆုံမိသော အခါ ယင်း အာဟာရသမုဋ္ဌာန်ဩဇာ၏ အားပေးထောက်ပံ့မှု = ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးမှုကြောင့် ယင်းဥတုသမုဋ္ဌာန်ဩဇာက ဌီကာလသို့ ရောက်ခိုက်ဝယ် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ် စေပြန်၏၊ (ဥတုဇ-ဩဇာ၏ သားတည်း။) ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ ယင်းဩဇဋ္ဌမကရုပ်ကလာပ် အသစ်တွင် ပါဝင်သော ဩဇာသည်လည်း ဌီကာလသို့ ရောက်ခိုက် အခြားတစ်ပါးသော ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ယခင် ဥတုဇ-ဩဇာ၏ မြေးတည်း။) ဤနည်းဖြင့် (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏။ ဥတုပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (ယခင် ဥတုဇဩဇာ၏ သားစဉ်မြေးဆက်တည်း။) (ဝိသုဒ္ဓိ၊၂၊၂၅၂။)

လက်တွေ့ရှုရာ၌ အစာသစ်ကောဋ္ဌာသ-ဥတုဇဩဇာကို အခြေခံ၍ ဖြစ်ပွားလာကြသော အာဟာရသမုဋ္ဌာန်ရုပ်တို့၏ မျက်စိအထိ ဖြစ်နေပုံကို မြင်အောင် ရှု၍ ယင်း အာဟာရသမုဋ္ဌာန်ဩဇာနှင့် စက္ခုဒွါရရှိ ဥတုဇ ဩဇာတို့ ဩဇာချင်း စက္ခုဒွါရ၌ ပေါင်းဆုံမိခိုက် ဥတုဇဩဇာ = ဥတုသမုဋ္ဌာန်ဩဇာက တိုက်ရိုက် ဩဇဋ္ဌမက ရုပ်ကို ဖြစ်စေတတ်သော ဇနက အကြောင်းတရား ဖြစ်ပုံ, အာဟာရဇဩဇာ = အာဟာရသမုဋ္ဌာန်ဩဇာက အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်ပုံ အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

၆။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် --- အထက်တွင် ရှင်းပြခဲ့သော မိမိ စားမျိုလိုက်သော ကဗဠီကာရ အာဟာရဟူသော ဥတုဇဩဇာကို ကမ္မဇဝမ်းမီးက အားပေးထောက်ပံ့လိုက်သောအခါ ယင်း ဥတုဇဩဇာကြောင့် အာဟာရသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်များ တစ်ကိုယ်လုံးသို့ အနှံ့အပြား ဖြစ်သွားပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်ကြိမ် စားမျိုလိုက်သော တစ်နေ့ စားမျိုလိုက်သော အာဟာရသည် ခုနစ်ရက်ပတ်လုံးသော်လည်း အာဟာရဇ ရုပ်များ = အာဟာရသမုဋ္ဌာန်ရုပ်များကို အားပေးထောက်ပံ့နိုင်သဖြင့် အာဟာရသမုဋ္ဌာန်ရုပ်များ မျက်စိသို့တိုင် အောင် အဆက်မပြတ် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်ဖန် ရှေးရှေးသော အာဟာရသမုဋ္ဌာန် ရုပ်ကလာပ်တွင် ပါဝင်သော ဩဇာအား နောက်နောက်သော အာဟာရ-သမုဋ္ဌာန် ရုပ်ကလာပ်တွင် ပါဝင်သော ဩဇာက စက္ခုဒွါရ မျက်စိ၌ ဩဇာချင်း ဆုံစည်းမိသောအခါ အားပေး ထောက်ပံ့ပုံကို မြင်အောင် ရှုပါ။ ထိုနောင် နောက်နောက်သော အာဟာရသမုဋ္ဌာန်ဩဇာက အားပေးထောက်ပံ့ လိုက်သောအခါ ရှေးရှေးသော အာဟာရသမုဋ္ဌာန်ဩဇာက ဌီကာလသို့ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တည်း။ (မူလ အာဟာရသမုဋ္ဌာန်ဩဇာ၏ သားတည်း။) ယင်း အသစ်သော ဩဇဋ္ဌမက ရုပ်ကလာပ်တွင် ပါဝင်သော ဩဇာက လည်း နောက်နောက်သော အာဟာရသမုဋ္ဌာန်ဩဇာ၏ အထောက်အပံ့ထူးကို ရရှိသောအခါ ဌီကာလသို့ ရောက် ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (မူလ အာဟာရသမုဋ္ဌာန်ဩဇာ၏ မြေးတည်း။) ဤသို့လျှင် (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်သည်ချည်းသာတည်း။ (မူလ အာဟာရသမုဋ္ဌာန်-ဩဇာ၏ သားစဉ်မြေးဆက် အဆက်ဆက်ပင်တည်း။) (ဝိသုဒ္ဓိ၊၂၊၂၅၁။)

အထူးသတိပြုရန်

အထူးသတိပြုရန်

ဤအာဟာရဇရုပ်၏ ဖြစ်ပုံကို ရှုရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ကလာပ်အမှုန်ချင်း ပေါင်းဆုံ၍ အခြား အခြားသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်များ ဖြစ်ပွား ပေါ်ပေါက်လာရသည်ဟု မရှုစေလိုပါ။ မယူဆ စေလိုပါ။ စက္ခုဒွါရဝယ် ဩဇာချင်း ပေါင်းဆုံမိခိုက် ---

၁။ စက္ခုဒသက ကလာပ်, ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာ,

၂။ စိတ္တဇအဋ္ဌကလာပ်တွင် ပါဝင်သော စိတ္တဇဩဇာ,

၃။ ဥတုဇအဋ္ဌကလာပ်တွင် ပါဝင်သော ဥတုဇဩဇာ --- ဤ (၃)မျိုးသော ဩဇာသည် အာဟာရဇဩဇာ = အာဟာရသမုဋ္ဌာန်ဩဇာ၏ အားပေးထောက်ပံ့မှု အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကို ရရှိသော အခါ,

၄။ ရှေးရှေးသော အာဟာရသမုဋ္ဌာန်ဩဇာသည် နောက်နောက်သော အာဟာရသမုဋ္ဌာန်ဩဇာ၏ အားပေး ထောက်ပံ့မှု အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကို ရရှိသောအခါ ---

မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပုံကိုသာ ဉာဏ်ဖြင့် မြင်အောင်ရှုပါ၊ ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။

တိုက်ရိုက်ဖြစ်စေတတ်သော ဇနက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသော ဩဇဋ္ဌမကရုပ်များကို တိုက်ရိုက်ဖြစ်စေတတ်သော ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာများ ပါဝင်သည့် ကမ္မသမုဋ္ဌာန် စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်ကလာပ် အသီးအသီးကိုလည်းကောင်း, အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်သော အာဟာရသမုဋ္ဌာန် ရုပ် ကလာပ် အသီးအသီးကိုလည်းကောင်း --- ဤဇနက-ဥပတ္ထမ္ဘက နှစ်ဘက်လုံး၌ တည်ရှိသော ရုပ်ကလာပ် အသီး အသီးကို ရုပ်တုံးရုပ်ခဲ ရုပ်ဃန အသီးအသီး ပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။ စက္ခုဒွါရဝယ် ဆုံဆည်းမိသည့် နှစ်ဘက်လုံး၌ တည်ရှိသော ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပြီးမှ ဩဇာချင်း ပေါင်းဆုံမိ၍ အာဟာရသမုဋ္ဌာန်ဩဇာက ဥပတ္ထမ္ဘက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၍ စတုသမုဋ္ဌာန်ဩဇာ အသီးအသီးက ဇနက အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်များ ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ဖြစ်ပေါ်လာတိုင်းသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်များကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ခွဲခြားစိတ်ဖြာ၍ ရှုပါ၊ သိမ်းဆည်းပါ၊ ဓာတ်ခွဲပါ။

နှစ်ခွ - နှစ်ခွ - ရောယှက် ဖြစ်ပုံ

နှစ်ခွ - နှစ်ခွ - ရောယှက် ဖြစ်ပုံ

အထက်တွင် ဖော်ပြခဲ့သော စက္ခုဒွါရ၌ တည်ရှိသော --- စက္ခုဒသက ကလာပ်, ကာယဒသက ကလာပ်, ဘာဝဒသက ကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌကလာပ်ဟူသော (၆)မျိုးသော ရုပ်ကလာပ်တို့၏ ဖြစ်စဉ်ကို မရောစပ်သဖြင့် ထင်ရှားဖော်ပြထား၏။ ယင်းဖော်ပြချက်ကို သေချာစေ့ငု ကြည့် ရှု၍ စနစ်တကျ ရှုပွား သိမ်းဆည်းတတ်အောင် လေ့ကျင့်ပါ။ စက္ခုဒသက ကလာပ် စသော ထိုထို ရုပ်ကလာပ် တစ်ခု အတွင်း၌ ---

၁။ တေဇောဓာတ်,

၂။ ဩဇာ ---

ဤနှစ်မျိုးသော ပရမတ်တရားတို့သည် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သော စွမ်း အားရှိသော ရုပ်ပရမတ်တရားများ ဖြစ်ကြ၏။ ထိုတွင် တေဇောဓာတ်သည် --- ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ = (ဝိသုဒ္ဓိ၊၂၊၂၅၁။) ဟူသော အဋ္ဌကထာ အဆိုအတိုင်း ဥပါဒိန္နက ကမ္မဇရုပ်၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏။

ဩဇာသည်လည်း ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ဥပါဒိဏ္ဏ ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရသမုဋ္ဌာန် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေနိုင်၏။ စက္ခုဒွါရ၌ ရှိသော ကျန်ရုပ်ကလာပ် (၅)မျိုးတို့၌လည်း နည်းတူပင် မှတ်ပါ။ ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်နှင့် ဩဇာတို့ ပါဝင်မြဲ ဓမ္မတာဖြစ်ရာ ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော တေဇောဓာတ်တိုင်း ဩဇာတိုင်းသည် ယေဘုယျ အားဖြင့် ဌီကာလသို့ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏ဟု လိုရင်းအချက်ကို မှတ်သားထားပါ။

ဤ၌ ယေဘုယျဟု ပြောဆိုရခြင်းမှာ ဤသို့ ဖြစ်၏ --- ယင်းတေဇောဓာတ်နှင့် ဩဇာတို့က ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ လေးဆင့် ငါးဆင့် စသည်ဖြင့် ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေနိုင်သည်ဖြစ်ရာ --- နောက်ဆုံးအဆင့် ရုပ်ကလာပ်တွင် တည်ရှိသော တေဇောဓာတ်နှင့် ဩဇာတို့ကား နောက်ထပ် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိတော့သောကြောင့် ယေဘုယျ = များသောအားဖြင့်ဟု ပြောဆိုခြင်း ဖြစ်သည်။ ဤရှင်းလင်းချက်ကို သဘောပေါက်ပါက အောက်ပါ မဟာဋီကာဆရာတော်၏ မိန့်ကြားချက်ကို သဘောပေါက် နားလည်နိုင်မည် ဖြစ်ပေသည်။

မဟာဋီကာ၏ ဖွင့်ဆိုချက်

မဟာဋီကာ၏ ဖွင့်ဆိုချက်

ဧတ္ထ စ ယထာ တတ္ထ တတ္ထ ကောဋ္ဌာသေ ပရမ္ပရပ္ပဝတ္တိံ ဒေဿန္တေန အကမ္မဇာ ဒုတိယာဒိပဝတ္တိယော အသမ္ဘေဒေန ဒဿိတာ၊ ဧဝံ ကမ္မဇာဟာရသမုဋ္ဌာနဥတုဝသေန, ကမ္မဇဥတုသမုဋ္ဌာနာဟာရဝသေန, ကမ္မပစ္စယ စိတ္တဇာဟာရ-ဥတုသမုဋ္ဌာနဥတုအာဟာရဝသေန စ သမ္ဘေဒဝသေနာပိ ရူပပ္ပဝတ္တိ ဒေဿတဗ္ဗာတိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၁။)

ဤအရာဝယ် ကမ္မဇကောဋ္ဌာသ, စိတ္တဇကောဋ္ဌာသ, ဥတုဇကောဋ္ဌာသ, အာဟာရဇကောဋ္ဌာသဟူသော ထိုထိုကောဋ္ဌာသ အဖို့အစု၌ ရုပ်ကလာပ်တို့၏ ရှေးနှင့်နောက် အစဉ်မပြတ် ဆက်စပ်လျက် အဆက်ဆက် ဖြစ် ခြင်းကို ဖွင့်ပြတော်မူသော အဋ္ဌကထာဆရာတော်သည် ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်, ကမ္မပစ္စယ ဥတုသမုဋ္ဌာန် စသော ကမ္မဇ မဟုတ်သော နှစ်ခုမြောက်သော ရုပ်ကလာပ် စသည်တို့၏ ဖြစ်ခြင်းကို ရှင်းရှင်းလင်းလင်း တစ်ကန့်စီ ခြားနား၍ မရောမယှက်ဘဲ ဖော်ပြသကဲ့သို့ အလားတူပင် ---

၁။ ကမ္မဇာဟာရသမုဋ္ဌာနဥတု၏ အစွမ်းဖြင့်လည်းကောင်း,

၂။ ကမ္မဇဥတုသမုဋ္ဌာနာဟာရ၏ အစွမ်းဖြင့်လည်းကောင်း,

၃။ ကမ္မပစ္စယ စိတ္တဇာဟာရ၏ အစွမ်းဖြင့်လည်းကောင်း,

၄။ ဥတုသမုဋ္ဌာန ဥတုအာဟာရတို့၏ အစွမ်းဖြင့်လည်းကောင်း ---

ရောယှက်သည်၏ အစွမ်းဖြင့်လည်း ရုပ်၏ ဖြစ်ခြင်းအစဉ်ကို ပြသင့်၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြ ကုန်၏။ (မဟာဋီ၊၂၊၄၀၁။)

ဤအထက်ပါ မဟာဋီကာတို့၏ မိန့်မှာတော်မူချက်အရ ရှုကွက်ကို ရှုတတ်ဖို့ရန်အတွက် အတိုချုပ်ကို အနည်းငယ် ထပ်မံ ရှင်းလင်း တင်ပြအပ်ပါသည်။ စက္ခုဒွါရ၌ တည်ရှိသော (၆)မျိုးသော ရုပ်ကလာပ်တို့ကိုပင် စံနမူနာထား၍ ဖော်ပြအပ်ပါသည်။

၁။ စက္ခုဒသက ကလာပ် အတွင်း၌ တည်ရှိသော ကမ္မဇတေဇောဓာတ်သည် ဥပါဒိဏ္ဏက ကမ္မဇရုပ်၏ အထောက်အပံ့ကို ရရှိသည်ဖြစ်၍ ဌီကာလသို့ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေ၏။ ကမ္မဇ ဥတုကြောင့် ဖြစ်ပေါ်လာသည့် (ကမ္မဇပစ္စယ) ဥတုသမုဋ္ဌာန်ရုပ်တည်း။ ယင်းဥတုသမုဋ္ဌာန်ရုပ်တွင် ပါဝင်တည် ရှိသော --- (၈)မျိုးသော ရုပ်တို့တွင် တေဇောဓာတ်လည်း ပါဝင်၏၊ ဩဇာလည်း ပါဝင်၏။ ကမ္မပစ္စယ ဥတု သမုဋ္ဌာန်တေဇောဓာတ်နှင့် ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ဩဇာတည်း။

၁။ ယင်း (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်တေဇောဓာတ်ကလည်း ဌီကာလသို့ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်၏၊ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

၂။ ယင်း (ကမ္မပစ္စယ) ဥတုသမုဋ္ဌာန်ဩဇာကလည်း ဌီကာလသို့ရောက်ခိုက် (အာဟာရသမုဋ္ဌာန်ဩဇာ၏ အထောက်အပံ့ကို ရသော်) ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ဥတုပစ္စယ အာဟာရ သမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂။) တစ်နည်းဆိုရသော် ကမ္မဇဥတုသမုဋ္ဌာနာဟာရဇရုပ်တည်း။ (မဟာဋီ၊၂၊၄၀၁။)

ဤကား ကမ္မပစ္စယ ဥတုသမုဋ္ဌာန် တစ်နည်း ကမ္မဇ ဥတုသမုဋ္ဌာန်ရုပ်မှ ထပ်ဆင့်၍ (၁) ဥတုသမုဋ္ဌာန်, (၂) အာဟာရသမုဋ္ဌာန်ဟု ရုပ် (၂)မျိုး ဖြစ်ပွားသွားပုံတည်း။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

တစ်ဖန် အထက်ပါ --- အမှတ် (၁) ဖြစ်သော - ဥတုပစ္စယ ဥတုသမုဋ္ဌာန်ဩဇဋ္ဌမကရုပ်တွင်လည်း တေဇော ဓာတ်နှင့် ဩဇာ ပါဝင်လျက်ပင် ရှိပြန်၏။ ယင်းတေဇောဓာတ်ကလည်း ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ် စေပြန်၏။ (ဥတုပစ္စယ) ဥတုသမုဋ္ဌာန ဥတုဇရုပ်တည်း။

ယင်း ဩဇာကလည်း ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ဥတုပစ္စယ) ဥတုသမုဋ္ဌာန အာဟာရဇရုပ်တည်း။ (မဟာဋီ၊၂၊၄၀၁။) ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း, ထိုထက် အလွန် သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဤနည်းဖြင့် ရုပ်ကလာပ် တစ်ခု အတွင်း၌ တေဇောဓာတ်နှင့် ဩဇာတို့က နှစ်ခွ နှစ်ခွ ခွဲထွက်၍ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်တို့ ဖြစ်ပွားသွားပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

တစ်ဖန် အထက်ပါ အမှတ် (၂) ဖြစ်သော (ဥတုပစ္စယ အာဟာရသမုဋ္ဌာန် သို့မဟုတ် ကမ္မဇဥတုသမုဋ္ဌာနာဟာရဇရုပ်ဟူသော) အာဟာရသမုဋ္ဌာန်ရုပ်တွင်လည်း တေဇောဓာတ်နှင့် ဩဇာ ပါဝင်လျက် ရှိပြန်၏။ ယင်း တေဇောဓာတ်ကလည်း ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကိုလည်းကောင်း, ယင်းဩဇာကလည်း ဩဇဋ္ဌမက ရုပ် ကလာပ်အသစ်ကိုလည်းကောင်း ဖြစ်စေပြန်၏။ ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း, ထိုထက် အလွန်သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

ဤကား စက္ခုဒသက ကလာပ် တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို အခြေခံ၍ ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ် အာဟာရသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့ နှစ်ခွ နှစ်ခွ ဖြာထွက်၍ အဆင့်ဆင့် ဩဇဋ္ဌမကရုပ်တို့ ဖြစ် ပွားသွားပုံတည်း။

တစ်ဖန် ယင်းစက္ခုဒသက ကလာပ်တွင် ပါဝင်တည်ရှိသော ဩဇာကို အကြောင်းခံ၍ အခြေခံ၍ အာဟာရ သမုဋ္ဌာန် ဩဇဋ္ဌမကရုပ် ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်တို့ နှစ်ခွ နှစ်ခွ ဖြာထွက်၍ ဖြစ်ပွားသွားပုံကိုလည်း ဆက် လက် ဖော်ပြအပ်ပါသည်။

ယင်း စက္ခုဒသက ကလာပ်၌ ပါဝင်တည်ရှိသော ဩဇာသည် ဌီကာလသို့ရောက်ခိုက် အာဟာရသမုဋ္ဌာန် ဩဇာ၏ အထောက်အပံ့ကို ရရှိသောအခါ ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၁။) တစ်နည်း ကမ္မပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊ ၂၊၂၄၉-၂၅၀။)

ယင်း အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တွင် တေဇောဓာတ်လည်း ပါဝင်ပြန်၏၊ ဩဇာလည်း ပါဝင် ပြန်၏။

၁။ ယင်း အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် --- တေဇောဓာတ်ကလည်း ဌီကာလသို့ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ကမ္မဇာဟာရသမုဋ္ဌာန ဥတုသမုဋ္ဌာန်) = ဥတုသမုဋ္ဌာန်ရုပ်တည်း။ (မဟာဋီ၊၂၊၄၀၁။)

၂။ ယင်း အာဟာရပစ္စယ အာဟာရသမုဋ္ဌာန် --- ဩဇာကလည်း ဌီကာလသို့ရောက်ခိုက် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ (ကမ္မဇာဟာရသမုဋ္ဌာန အာဟာရသမုဋ္ဌာန်) = အာဟာရသမုဋ္ဌာန်ရုပ် တည်း။

တစ်ဖန် ယင်းအထက်ပါ အမှတ် (၁) ဥတုသမုဋ္ဌာန်ရုပ်တွင်လည်း တေဇောဓာတ်နှင့် ဩဇာတို့ ပါဝင်လျက် ရှိပြန်၏။ ယင်း တေဇောဓာတ်ကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏၊ ယင်း ဩဇာကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏။ (ဥတုပစ္စယ ဥတုသမုဋ္ဌာန်, အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် အသီးအသီးတည်း။) ဤနည်း အတိုင်း (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း, ထိုထက် အလွန်သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏။ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

တစ်ဖန် ယင်းအထက်ပါ အမှတ် (၂) အာဟာရသမုဋ္ဌာန် ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်တွင်လည်း တေဇော ဓာတ်နှင့် ဩဇာတို့ ပါဝင်လျက်ပင် ရှိပြန်၏။ ယင်းတေဇောဓာတ်ကလည်း ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို လည်းကောင်း, ယင်း ဩဇာကလည်း ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကိုလည်းကောင်း အသီးအသီး ဖြစ်စေပြန်၏။ ဤသို့လျှင် (၄)ကြိမ် (၅)ကြိမ်သော်လည်းကောင်း, ထိုထက် အလွန်သော်လည်းကောင်း ရုပ်ကလာပ်တို့၏ ဖြစ်စဉ်ကို ဆက်စပ်စေ၏၊ ဉာဏ်ဖြင့် မြင်အောင် ရှုပါ။

ဤကား စက္ခုဒသက ကလာပ် တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော ---

၁။ တေဇောဓာတ်ကို အခြေခံ၍ ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော ဩဇဋ္ဌမက ရုပ်တို့ နှစ်ခွ နှစ်ခွ အဆင့်ဆင့် ဖြစ်ပွားပေါ်ပေါက်သွားပုံနှင့် ---

၂။ ဩဇာကို အခြေခံ၍ ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော ဩဇဋ္ဌမကရုပ်တို့ နှစ်ခွ နှစ်ခွ အဆင့်ဆင့် ဖြစ်ပွား ပေါ်ပေါက်သွားပုံတည်း။

စက္ခုဒသက ကလာပ် အတွင်း၌ တည်ရှိသော တေဇောဓာတ်နှင့် ဩဇာတို့မှ ဥတုသမုဋ္ဌာန် အာဟာရ သမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော ဩဇဋ္ဌမက ရုပ်တရားများ ဖြစ်ပွားသွားသကဲ့သို့ အလားတူပင် စက္ခုဒွါရ၌ တည်ရှိသော ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇအဋ္ဌကလာပ်, ဥတုဇအဋ္ဌကလာပ်, အာဟာရဇအဋ္ဌ ကလာပ်ဟူသော ကလာပ် အသီးအသီး၌ တည်ရှိသော တေဇောဓာတ်နှင့် ဩဇာ အသီးအသီးတို့ကလည်း ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ဟူသော နှစ်မျိုး နှစ်မျိုးသော ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို အသီး အသီး အဆင့်ဆင့် ဖြစ်ပေါ်စေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှု၍ သိမ်းဆည်းပါ။ ထိုသို့ ရှုပွား သိမ်းဆည်းရာ၌ ကမ္မဇရုပ်တို့၏ အထောက်အပံ့, စိတ်၏ အထောက်အပံ့, ဥတု၏ အထောက်အပံ့, အာဟာရ၏ အထောက်အပံ့ ဟူသော ထိုထို အထောက်အပံ့ အကြောင်းတရားတို့က ဆိုင်ရာဆိုင်ရာ ရုပ်တို့အား ထိုက်သလို ကျေးဇူးပြုပေးပုံ ကိုလည်း ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်း သဘောပေါက်အောင် ရှုပွားသိမ်းဆည်းပါလေ။ အဆင့် အကြိမ် အနည်း အများကိုလည်း ရှေးတွင် ရှင်းပြခဲ့သည့်အတိုင်းသာ မှတ်သားပါ။ (စာမျက်နှာ-၆၄၉-၆၉၄ - တို့၌ ကြည့်ပါ။)

ကမ္မပစ္စယ - စိတ္တဇ - အာဟာရသမုဋ္ဌာန်ရုပ် --- နှလုံးအိမ် အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဘဝင် စသော ဝိပါက်စိတ်များကြောင့် ဖြစ်သော ဩဇဋ္ဌမကရုပ်သည် ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ရုပ် မည်၏။ (ဝိသုဒ္ဓိ၊၂၊၂၄၉။)

ယင်း ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ဖြစ်သော ဩဇဋ္ဌမကရုပ်တွင် ဩဇာ ပါဝင်လျက် ရှိ၏။ ယင်း ဩဇာသည် ဌီကာလသို့ ရောက်ရှိခိုက် အာဟာရသမုဋ္ဌာန်ဩဇာ၏ အထောက်အပံ့ကို ရရှိသောအခါ ဩဇဋ္ဌမက ရုပ် ကလာပ်အသစ်ကို ဖြစ်စေပြန်၏။ ကမ္မပစ္စယ စိတ္တဇာဟာရသမုဋ္ဌာန်ရုပ် မည်၏။ (မဟာဋီ၊၂၊၄၀၁။)

[မှတ်ချက် --- ကမ္မပစ္စယ စိတ္တသမုဋ္ဌာန်ဩဇာက ဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေသကဲ့သို့ ကမ္မ ပစ္စယ စိတ္တသမုဋ္ဌာန် တေဇောဓာတ်ဥတုကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်သာတည်း။ (ဝိသုဒ္ဓိ၊၂၊၂၅၀-၂၅၁။)တို့၌ စိတ္တပစ္စယ အာဟာရသမုဋ္ဌာန်ရုပ် - စိတ္တပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့ ဖြစ်ပေါ်ပုံကို ဖော်ပြ ထားသည်ကို ထောက်ပါ။ ရှေးတွင် ဖော်ပြခဲ့ပြီ။]

အထူးသတိပြုရန်

အထူးသတိပြုရန်

ဤအထက်တွင် ဖော်ပြခဲ့သည်ကား ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ ပါဝင်တည်ရှိသော တေဇော ဓာတ်နှင့် ဩဇာတို့ကြောင့် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ရုပ်တို့၏ ရောနှော ပေါင်းစပ်သည်၏ အစွမ်းဖြင့် ရုပ်တရားတို့၏ ဖြစ်ပုံအစဉ်တည်း။ ထိုတွင် ကမ္မဇာဟာရ = ကမ္မဇဩဇာ၏ စွမ်းအင် ထူးခြားမှုကို မဟာဋီကာ ဆရာတော်က အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

တတ္ထ ကမ္မဇတော ပဝတ္တအာဟာရာ ဝိသေသပစ္စယလာဘေ သတိ ယထာဝုတ္တပရိမာဏာဟိ ပဝတ္တီဟိ ဥဒ္ဓမ္ပိ ပဝတ္တိယော န ဃဋေန္တီတိ န သက္ကာ ဝတ္တုံ။ တထာ ဟိ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတီတိ (ဝိသုဒ္ဓိ၊ ၂၊၂၅၁။), ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိန္နပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိ ဧဝါတိ (ဝိသုဒ္ဓိ၊၂၊၂၅၂။) စ ဝက္ခတိ။ (မဟာဋီ၊၂၊၄၀၁။)

ထိုအထက်တွင် ဖော်ပြထားသော ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန်ရုပ် အမျိုးမျိုးတို့တွင် ကမ္မဇရုပ်မှ ဖြစ် ပေါ်လာသော အာဟာရတို့သည် တစ်နည်းဆိုရသော် ကမ္မဇရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာတို့သည် နတ်ဩဇာ စသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရသမုဋ္ဌာန်ဩဇာတို့၏ အားပေးထောက်ပံ့မှုဟူသော ထူးသောအကြောင်းကို ရခြင်းသည် ရှိခဲ့ပါမူ အကြင် အကြင် ဆိုအပ်ခဲ့ပြီးကုန်သော (၄)ကြိမ် (၅)ကြိမ် အတိုင်း အရှည် ရှိကုန်သော မပြတ်ဖြစ်သော ရုပ်အစဉ်တို့ထက် ပိုလွန်၍သော်လည်း ရုပ်တို့၏ ဖြစ်ခြင်း အစဉ်တို့ကို မဆက်စပ်စေကုန်ဟု ဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်း။ မှန်ပေသည် ---

(၁၀) ကြိမ် (၁၂) ကြိမ်သော အာဟာရပစ္စယ အာဟာရသမုဋ္ဌာန်ရုပ်တို့၏ ဖြစ်ခြင်းအစဉ်ကို ဆက်စပ်စေ၏ (ဝိသုဒ္ဓိ၊၂၊၂၅၁။) ဟူ၍လည်းကောင်း,

ဤသို့လျှင် ရှည်စွာသော ကာလပတ်လုံးလည်း အနုပါဒိန္န အဖို့အစု၌ တည်၍သော်လည်း ဥတုပစ္စယ ဥတုသမုဋ္ဌာန် ဩဇဋ္ဌမကရုပ်အစဉ်ကို ဖြစ်စေသည်သာလျှင်တည်း (ဝိသုဒ္ဓိ၊၂၊၂၅၂။) --- ဟူ၍လည်းကောင်း

ဖွင့်ဆိုပေလတ္တံ့။ (မဟာဋီ၊၂၊၄၀၁။)

ဤ ဥတုပစ္စယ ဥတုသမုဋ္ဌာန်ရုပ်တို့၏ အနုပါဒိန္န အဖို့အစု၌ တည်၍ ဩဇဋ္ဌမကရုပ်တို့ကို ဖြစ်စေပုံကို စာမျက်နှာ - ၆၉၂ - စသည်၌ ကြည့်ပါ။

ဒွါရ (၆) ပါး - (၆) ဌာန

ဒွါရ (၆) ပါး - (၆) ဌာန

စက္ခုဒွါရ၌ ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်များကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းပုံ စနစ်များကို ရှင်းလင်း တင်ပြပြီး ဖြစ်ပေသည်။ စက္ခုဒွါရမျက်စိ၌ အမျိုးအစားအားဖြင့်သာ ရုပ်ကလာပ် အမျိုးအစား (၆)မျိုးဟု ဖော်ပြခြင်း ဖြစ်သည်။ တစ်မျိုး တစ်မျိုး၌ကား ရုပ်ကလာပ် အရေအတွက်ပေါင်း များစွာရှိမည် ဖြစ်သည်။ သို့သော် တူရာကို ပေါင်းစု၍ ရုပ်ကလာပ် အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၄)ဟု ရေတွက်၍ ပြခြင်း ဖြစ်သည်။ အထက်တွင် မှာကြားခဲ့ဖူးသည့်အတိုင်း ကမ္မဇ ရုပ်ကလာပ်တို့တွင် ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်လည်း အကျုံးဝင်လျက် ရှိသည်ကို သဘောပေါက်ပါ။ ကျန် (၅)ဒွါရတို့၌လည်း နည်းတူ သဘောပေါက်ပါ။

စက္ခုဒွါရ၌ ရှုပွားပုံ နည်းစနစ်ကို သဘောပေါက်ပါက နား, နှာ, လျှာ, ကိုယ်, နှလုံးဟူသော ကျန် (၅)ဒွါရ တို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း ရှုပွား သိမ်းဆည်းပုံများကို သဘောပေါက်နိုင်ပြီ ဖြစ်ပေ သည်။ နည်းမှီ၍ ရှုပွား သိမ်းဆည်းပါလေ။

အကြံပေးချက်

အကြံပေးချက်

ရှေးဦးစွာ (၆)ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကိုသာ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ---

၁။ ကမ္မဇရုပ်များကို (၆)ဒွါရလုံး၌ ရှေးဦးစွာ သိမ်းဆည်းပါ။

၂။ ထိုနောင် စိတ္တဇရုပ်များကို (၆)ဒွါရလုံး၌ သိမ်းဆည်းပါ။

၃။ ထိုနောင် ဥတုဇရုပ်များကို (၆)ဒွါရလုံး၌ သိမ်းဆည်းပါ။

၄။ ထိုနောင် အာဟာရဇရုပ်များကို (၆)ဒွါရလုံး၌ သိမ်းဆည်းပါ။

ဤကဲ့သို့ သိမ်းဆည်းပါက ယောဂါဝစရပုဂ္ဂိုလ်တို့အား သင်ပြရာ၌လည်း လွယ်ကူ၍ ယောဂါဝစရပုဂ္ဂိုလ် တို့အနေဖြင့် ရှုပွား သိမ်းဆည်းရသည်မှာလည်း လွယ်ကူချောမောသည်ကို တွေ့ရပေသည်။ အစပိုင်းတွင်ကား ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ကို တစ်ခါတည်းဖြင့် စုံအောင်ကား မရှုနိုင်သေးပါ။ တစ်စတစ်စ တိုး၍ တိုး၍ သာ သင်ပြပေးရ၏၊ တစ်စတစ်စ တိုး၍ တိုး၍သာ ရှုပွား သိမ်းဆည်းရ၏။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့မှာ နှစ်ခွ နှစ်ခွ ဖြစ်ပွားလာတတ်သဖြင့် ဥတုဇရုပ်သက်သက် အာဟာရဇရုပ် သက်သက်ကို ရှုပွား သိမ်းဆည်းတတ်ပြီးပါမှ နှစ်ခွ နှစ်ခွ ပွားပုံကို တစ်ဆင့်တက်၍ ရှုပွား သိမ်းဆည်းပါ။

ဤ ဒွါရ (၆)ပါး = (၆)ဌာနတို့ဝယ် ---

၁။ စက္ခုဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး,

၂။ သောတဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး,

၃။ ဃာနဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး,

၄။ ဇိဝှါဒွါရ၌ --- ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး,

၅။ ကာယဒွါရ၌ --- ရုပ်ကလာပ် (၅)မျိုး, ရုပ်အမျိုးအစား (၄၄)မျိုး,

၆။ မနောဒွါရ၏မှီရာ နှလုံးအိမ်၌ --- ရုပ်ကလာပ် (၆)မျိုး, ရုပ်အမျိုးအစား (၅၄)မျိုး ---

ဤရုပ်တရားတို့ကို ရှုပွား သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ရှေးတွင် ဖော်ပြခဲ့သည့်အတိုင်း အကွက်စေ့အောင် ရှုပွား သိမ်းဆည်းပါ။ အထူးသဖြင့် ဥတုဇရုပ်နှင့် အာဟာရဇရုပ်တို့ကား ကမ္မဇရုပ်နှင့် စိတ္တဇရုပ်တို့ အရေအတွက် များလျှင် များသလို ပို၍ ပို၍ အဆပေါင်းများစွာ တိုးပွား၍ ဖြစ်နေကြသဖြင့် အကွက်စေ့အောင် စေ့စပ် သေချာစွာ သိမ်းဆည်း ရှုပွားလေရာသည်။ (၆)ဒွါရတို့၌ ရုပ်တရားတို့ကို အကွက်စေ့အောင် ကျေကျေနပ်နပ် အားရ ပါးရ သိမ်းဆည်းမှု အောင်မြင်ပြီးသောအခါ (၄၂)ကောဋ္ဌာသတို့၌လည်း ရုပ်တရားတို့ကို ဆက်လက်၍ သိမ်း ဆည်း ရှုပွားပါလေ။ ကာယဒွါရ = ကိုယ်ဌာနကိုပင် တစ်ဖန် (၄၂)ပုံ ပုံ၍ ရုပ်တရားတို့ကို သိမ်းဆည်းသော စနစ်ပင် ဖြစ်သည်။

ရုပ်တရားဟု သိမ်းဆည်းပါ

ရုပ်တရားဟု သိမ်းဆည်းပါ

သော သဗ္ဗာနိပိ တာနိ ရုပ္ပနလက္ခဏေန ဧကတော ကတွာ ဧတံ ရူပန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအပိုင်းတွင်ကား တစ်ဒွါရ တစ်ဒွါရ၌ (၅၄)မျိုး သို့မဟုတ် (၄၄)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းပြီးသောအခါ ယင်း (၅၄)မျိုးသော ရုပ်တရားတို့ကို သို့မဟုတ် (၄၄)မျိုးသော ရုပ်တရားတို့ကို တစ်ဒွါရစီ ခြုံငုံ၍ --- ယင်း ရုပ်တရားတို့၏ အပူ အအေး စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ဖောက်ပြန်တတ်သော အနက်သဘောကို အာရုံယူ၍ ---

ဤကား ရုပ်တရားဟုလည်းကောင်း, သို့မဟုတ်

ရုပ်တရား ရုပ်တရားဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ။

(၆)ဒွါရလုံးရှိ ရုပ်အားလုံးကို ခြုံငုံ၍ ရှုနိုင် သိမ်းဆည်းနိုင်သောအခါ၌လည်း ရုပ်တရား ရုပ်တရားဟုပင် နည်းတူ သိမ်းဆည်းပါ။

_________

(၄၂) ကောဋ္ဌာသ - ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း

(၄၂) ကောဋ္ဌာသ - ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း

ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂၀)

တစ ပဉ္စက

၁။ ကေသာ = ဆံပင် = ၄၄

၂။ လောမာ = မွေးညင်း = ၄၄

၃။ နခါ = ခြေသည်း လက်သည်း = ၄၄

၄။ ဒန္တာ = သွား = ၄၄

၅။ တစော = အရေ (အရေထူ+အရေပါး) = ၄၄

(၄၄) မျိုးသော ရုပ်

(၄၄) မျိုးသော ရုပ်

ဤဆံပင် စသည်၌ (၄၄)မျိုးသော ရုပ်တရားတို့ဟူသည်ကား ---

၁။ ကာယဒသကကလာပ် = ၁၀

၂။ ဘာဝဒသကကလာပ် = ၁၀

၃။ စိတ္တဇအဋ္ဌကလာပ် = ၈

၄။ ဥတုဇအဋ္ဌကလာပ် = ၈

၅။ အာဟာရဇအဋ္ဌကလာပ် = ၈

အားလုံးပေါင်းသော် ၄၄

အောက်တွင် ဆက်လက်ဖော်ပြမည့် ကောဋ္ဌာသတို့၌ (၄၄)မျိုးဟု ဖော်ပြလျှင် အထက်ပါ (၄၄)မျိုးသော ရုပ်တရားတို့ကိုပင် ဆိုလိုကြောင်း သဘောပေါက်ပါ။

ဝက္က ပဉ္စက

ဝက္က ပဉ္စက

၆။ မံသံ = အသား = ၄၄

၇။ နှာရု = အကြော = ၄၄

၈။ အဋ္ဌိ = အရိုး = ၄၄

၉။ အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ = ၄၄

၁၀။ ဝက္ကံ = အညှို့ = ကျောက်ကပ် = ၄၄

ပပ္ဖါသ ပဉ္စက

ပပ္ဖါသ ပဉ္စက

၁၁။ ဟဒယံ = နှလုံး = ၄၄

၁၂။ ယကနံ = အသည်း (အသဲ) = ၄၄

၁၃။ ကိလောမကံ = အမြှေး = ၄၄

၁၄။ ပိဟကံ = အဖျဉ်း = သရက်ရွက် = ၄၄

၁၅။ ပပ္ဖါသံ = အဆုပ် = ၄၄

ကိလောမကံ --- ဤ၌ ကိလောမကံ = အမြှေးသည် ဖုံးလွှမ်းသော အမြှေး, မဖုံးလွှမ်းသော အမြှေးဟု နှစ်မျိုး ရှိ၏။ ဖုံးလွှမ်းတတ်သော အမြှေးကား ခန္ဓာကိုယ်၏ အထက်ပိုင်းအရပ်၌ ဖြစ်ပေါ်လျက် ရှိ၏၊ မဖုံးလွှမ်း တတ်သော အမြှေးကား ခန္ဓာကိုယ်၏ အထက်ပိုင်း အောက်ပိုင်းဟူသော နှစ်မျိုးလုံးသော အရပ်တို့၌ ဖြစ်ပေါ် လျက် ရှိ၏။ ဖုံးလွှမ်းတတ်သော အမြှေးကား နှလုံးသားကိုလည်းကောင်း, အညှို့ = ကျောက်ကပ်ကိုလည်းကောင်း ဖုံးလွှမ်း၍ တည်နေ၏။ မဖုံးလွှမ်းတတ်သော အမြှေးကား အရေထူ၏ အောက်အဖို့မှ အသားကို ဖွဲ့ယှက် မြှေးရစ်၍ တည်နေ၏။ အရေထူနှင့် အသားကို ကပ်သွားအောင် စပ်ပေးသော ကော်တစ်မျိုး ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၄၈-၂၄၉။) ထို အမြှေး နှစ်မျိုးလုံး၌ ရုပ် (၄၄)မျိုးစီ ရှိကြသည်။

မတ္ထလုင်္ဂ ပဉ္စက

မတ္ထလုင်္ဂ ပဉ္စက

၁၆။ အန္တံ = အူမ = ၄၄

၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး = အူချည်ကြိုး) = ၄၄

၁၈။ ဥဒရိယံ = အစာသစ် = ၈

၁၉။ ကရီသံ = အစာဟောင်း = ၈

၂၀။ မတ္ထလုင်္ဂံ = ဦးဏှောက် = ၄၄

အစာသစ် အစာဟောင်းတို့၌ တေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇအဋ္ဌကလာပ် တစ်မျိုးသာ ရှိသဖြင့် ရုပ်ပရမတ်တရား (၈)မျိုးဟု အထက်၌ ဖော်ပြထားပါသည်။ ဤကောဋ္ဌာသ (၂၀)တို့ကား ပထဝီဓာတ် လွန်ကဲနေသော ပထဝီကောဋ္ဌာသတို့တည်း။

အန္တဂုဏန္တိ အန္တဘောဂဋ္ဌာနေသု ဗန္ဓနံ။ (ဝိသုဒ္ဓိ၊၁၊၂၅၀။) ခွေထားသော ခြေသုတ်ကြိုးဝန်း၏ အကြား၌ ထိုခြေသုတ်ကြိုးဝန်းကို ချုပ်စပ်၍ တည်သော ကြိုးသေးကဲ့သို့ (၂၁)ခုသော အူခွေတို့၏ အကြား၌ ထိုအူခွေ တို့ကို မလျှောကျအောင် ချုပ်စပ်၍ တည်နေသော အူသိမ် = အူချည်ကြိုးသည် အန္တဂုဏတည်း။ (အစာသွား လမ်းကြောင်းကား မဟုတ်ပေ။) အကြောင်းကား --- အန္တ = အူမ - အရ ရေမျိုအစ ဝစ္စမဂ် = ကျင်ကြီးပေါက် အဆုံးရှိသော အစာသွားရာ လမ်းတစ်လျှောက်လုံးကို သိမ်းကျုံး၍ ယူထားသောကြောင့် ဖြစ်၏။ (ဝိသုဒ္ဓိ၊၁၊၂၄၉-၂၅၀ - ကြည့်။)

အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) မျိုး

အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) မျိုး

မေဒ ဆက္က

၁။ ပိတ္တံ = သည်းခြေ = ၄၄

၂။ သေမှံ = သလိပ် = ၄၄

၃။ ပုဗ္ဗော = ပြည် = ၈

၄။ လောဟိတံ = သွေး = ၄၄

၅။ သေဒေါ = ချွေး = ၁၆

၆။ မေဒေါ = အဆီခဲ = ၄၄

သည်းခြေ --- ဗဒ္ဓသည်းခြေ = အအိမ်သည်းခြေ, အဗဒ္ဓသည်းခြေ = အရည်သည်းခြေဟု သည်းခြေ နှစ်မျိုး ရှိ၏။ အအိမ်သည်းခြေမှာ အသည်း နှလုံးတို့၏ အကြားတွင်ရှိ၍ အရည်သည်းခြေမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိ၏။ ယင်း အရည်သည်းခြေဟူသည် ခါးသော အရသာရှိသော အရည်ဓာတ်များတည်း။ အာပေါဓာတ်လွန်ကဲသော ရုပ်ကလာပ်တို့၏ အပေါင်းအစုသာတည်း။ ယင်းသည်းခြေ နှစ်မျိုးလုံး၌ ရုပ်သဘော တရား (၄၄)မျိုးစီ ရှိကြ၏။ (ဝိသုဒ္ဓိ၊၁၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၃ - ကြည့်။)

ပြည် --- ဝက်ခြံ အနာစိမ်း စသည့် အနာတစ်ခုခုရှိရာ ဒွါရ၌သာ တည်ရှိ၏။ တေဇောဓာတ်ဥတုကြောင့်သာ ဖြစ်သော ဥတုဇရုပ် ဖြစ်သဖြင့် ရုပ်ကလာပ် တစ်ခု တစ်ခု၌ ရုပ်ပရမတ်တရား (၈)မျိုးစီသာ ရှိသည်။

သွေး --- အသည်းနှလုံး အူ စသည်တို့၏ ပတ်ဝန်းကျင်၌ အိုင်နေသော (သန္နိစိတလောဟိတ) သွေးတစ်မျိုး, အကြောအတွင်း၌ တည်ရှိ၍ တစ်ကိုယ်လုံးသို့ အနှံ့အပြား သွားလာလည်ပတ်နေသော (သံသရဏလောဟိတ) သွေးတစ်မျိုးဟု ပေါင်း သွေး နှစ်မျိုး ရှိသည်။ တစ်မျိုးစီ၌ (၄၄)မျိုးစီသော ရုပ်တရားများ အသီးအသီး ရှိသည်။

ချွေး --- ချွေးကား စိတ်ကြောင့်လည်း ဖြစ်၏၊ စိတ္တဇဩဇဋ္ဌမကရုပ်များတည်း။ တေဇောဓာတ် ဥတု ကြောင့်လည်း ဖြစ်၏၊ ဥတုဇဩဇဋ္ဌမကရုပ်များတည်း။ သို့အတွက် ရုပ် (၁၆)မျိုး ရှိသည်။

မုတ္တ ဆက္က

မုတ္တ ဆက္က

၇။ အဿု = မျက်ရည် = ၁၆

၈။ ဝသာ = ဆီကြည် = ၄၄

၉။ ခေဠော = တံတွေး = ၁၆

၁၀။ သိင်္ဃာနိကာ = နှပ် = ၁၆

၁၁။ လသိကာ = အစေး = ၄၄

၁၂။ မုတ္တံ = ကျင်ငယ် = ၈

မျက်ရည် --- မျက်ရည်ကား စိတ်ကြောင့်လည်း ဖြစ်၏၊ တေဇောဓာတ်ဥတုကြောင့်လည်းဖြစ်၏၊ စိတ္တဇ အဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ်ဟူသော ရုပ် (၁၆)မျိုးတို့တည်း။

ဆီကြည် --- လက်ဆီ ခြေဆီ မျက်နှာဆီ စသည်သည် ဆီကြည် မည်၏။ ရုပ် (၄၄)မျိုးတို့တည်း။

တံတွေး - နှပ် --- တံတွေး-နှပ်တို့ကား စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏။ စိတ္တဇ အဋ္ဌကလာပ် ဥတုဇအဋ္ဌကလာပ် နှစ်မျိုး - ရုပ်သဘောတရား (၁၆)မျိုးစီ ရှိကြ၏။

အစေး --- တံတောင်ဆစ် ဒူးဆစ် စသည့် ကွေးသည့် ဆန့်သည့် အရိုးအဆစ်တို့၏ အကြား၌ တည်ရှိ သော စက်ဆီကဲ့သို့သော ချွဲပျစ်သော အဆီ တစ်မျိုးတည်း။ ရုပ်သဘောတရား (၄၄)မျိုးတို့တည်း။

တေဇောဓာတ်လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး

တေဇောဓာတ်လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး

၁။ သန္တပ္ပနတေဇော = တစ်ရက်ခြား ဖျားခြင်း စသည်ဖြင့် ပြင်းထန်စွာ ပူလောင်သောတေဇော = ၃၃

၂။ ဇီရဏတေဇော = အိုစေ ရင့်ကျက်စေ ဆွေးမြည့်စေသော ပူလောင်သောတေဇော = ၃၃

၃။ ဍာဟတေဇော = ထက်ဝန်းကျင် ပူလောင်သောတေဇော = ၃၃

၄။ ပါစကတေဇော = အစာကို ကြေကျက်စေတတ်သော ပူလောင်သောတေဇော

= ဇီဝိတနဝက ကလာပ် = ၉

ဤတေဇောကောဋ္ဌာသ (၄)မျိုးကား ပထဝီကောဋ္ဌာသ အာပေါကောဋ္ဌာသတို့ကဲ့သို့ ကောဋ္ဌာသ ပုံသဏ္ဌာန် မရှိပေ။ တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မကြည်သော ရုပ်ကလာပ်အမှုန်များသာ ဖြစ်သည်။ (၃၃)မျိုးသော ရုပ်တရားတို့မှာ အောက်ပါအတိုင်း ဖြစ်၏။

၁။ ဇီဝိတနဝကကလာပ် = ၉

၂။ စိတ္တဇအဋ္ဌကလာပ် = ၈

၃။ ဥတုဇအဋ္ဌကလာပ် = ၈

၄။ အာဟာရဇအဋ္ဌကလာပ် = ၈

အားလုံးပေါင်းသော် ၃၃

ဤ၌ ဇီဝိတနဝက ကလာပ်ဟူသည်မှာ ဇီဝိတလျှင် (၉)ခုမြောက်ရှိသော မကြည်သော ရုပ်ကလာပ်အမှုန် ဖြစ်သည်။ အတိတ်က ကံကြောင့် ဖြစ်သည့် ကမ္မဇရုပ်များသာတည်း။ ပါစကတေဇောဓာတ်ကား အစာအိမ် ဝန်းကျင် စသည်၌ တည်ရှိသော အစာကို ကြေကျက်စေတတ်သော အစာကို ချက်ပေးသော ဥဒရဂ္ဂိခေါ်သည့် ကမ္မဇဝမ်းမီးတည်း။ ဇီဝိတနဝက ကလာပ်ရုပ်တွင် ပါဝင်သော တေဇောဓာတ်ပင်တည်း။ သို့အတွက် ပါစက တေဇောကောဋ္ဌာသ၌ ဇီဝိတနဝက ကလာပ်ရုပ် တစ်မျိုးသာ ရှိသည်။

ဝါယောဓာတ်လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး

ဝါယောဓာတ်လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး

၁။ ဥဒ္ဓင်္ဂမာ ဝါတာ = အထက်သို့ ဆန်တက်သော လေ = ၃၃

၂။ အဓောဂမာ ဝါတာ = အောက်သို့ စုန်ဆင်းသော လေ = ၃၃

၃။ ကုစ္ဆိသယာ ဝါတာ = ဝမ်းဗိုက်အတွင်း အူအပြင်ဘက်၌ တည်ရှိသောလေ = ၃၃

၄။ ကောဋ္ဌာသယာ ဝါတာ = အူအတွင်း၌ တည်ရှိသော လေ = ၃၃

၅။ အင်္ဂမင်္ဂါနုသာရိနော ဝါတာ = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော အကြောအတွင်း၌ တည်ရှိသော လေ = ၃၃

၆။ အဿာသော ပဿာသော = ဝင်သက်လေ ထွက်သက်လေ = ၉

ဧတ္ထ စ ပုရိမာ ပဉ္စ စတုသမုဋ္ဌာနာ။ အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၅-၃၄၆။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်အတိုင်း ဥဒ္ဓင်္ဂမာ ဝါတာမှ အင်္ဂမင်္ဂါနုသာရိနော ဝါတာတိုင်အောင် (၅)မျိုးသော ဝါယောကောဋ္ဌာသတို့၌ ---

၁။ ဇီဝိတနဝကကလာပ် = ၉

၂။ စိတ္တဇအဋ္ဌကလာပ် = ၈

၃။ ဥတုဇအဋ္ဌကလာပ် = ၈

၄။ အာဟာရဇအဋ္ဌကလာပ် = ၈

အားလုံးပေါင်းသော် = ၃၃ မျိုးသော ရုပ်တို့တည်း။

အဿာသ-ပဿာသကား စိတ္တဇသဒ္ဒနဝက ကလာပ် = စိတ်ကြောင့် ဖြစ်သော အသံလျှင် (၉)ခုမြောက် ရှိသော ရုပ်ကလာပ် တစ်မျိုးတည်း။ (ရုပ်အတုတို့နှင့် ရောနှောနေသော သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်ကို နောက်တွင် ကြည့်ပါ။)

(၄၂) ကောဋ္ဌာသတို့၌ ရှုပုံ စနစ်များ

(၄၂) ကောဋ္ဌာသတို့၌ ရှုပုံ စနစ်များ

ဆံပင် --- ဆံပင်ကို ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ရှုပွားရာ၌ အသားအတွင်းသို့ ဝင်နေသည့်အပိုင်းကို ဦးစား ပေး၍ ယင်းဆံပင်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ အသားမှ လွတ်နေသော အစိတ်အပိုင်းတို့၌ ကာယဒသက ကလာပ်ရုပ်များ ယေဘုယျအားဖြင့် မတည်ရှိကြသောကြောင့် ဖြစ်၏။ သို့အတွက် အသားထဲသို့ စိုက်ဝင်နေသော ဆံပင်၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များ ဖြစ်လာသောအခါ ရုပ်ကလာပ် (၅)မျိုး ရုပ်အမျိုးအစား (၄၄)မျိုးတို့ကို ဉာဏ်ဖြင့် မြင်အောင် ခွဲခြားစိတ်ဖြာ၍ ရှုပါ။ အကယ်၍ ဆံပင်၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်၍ ရှုလိုက်ရုံမျှဖြင့် ရုပ်ကလာပ်အမှုန်များ မဖြစ်ဘဲ ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲ အစုအပုံကိုသာ ဉာဏ်ဖြင့် တွေ့နေသော် ယင်း အတုံးအခဲ၌ လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် အာကာသဓာတ်ကို မြင်အောင် ဆက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်ပါသည်။ ထိုနောင် (၄၄)မျိုးသော ရုပ်တရားတို့ကို ဆက်လက်၍ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ရှုပွား သိမ်း ဆည်းပါ။ မွေးညင်း၌လည်း နည်းတူပင် မှတ်ပါ။

ခြေသည်း လက်သည်းတို့၌ အသားနှင့် ဆက်စပ်နေသောအပိုင်း အသားထဲသို့ ဝင်နေသော အပိုင်းတို့ကို ဦးစားပေး၍ ရှုပါ။ အသားမှ လွတ်နေသောအပိုင်းတို့၌ ကာယအကြည်ဓာတ်များ မရှိသဖြင့် ကာယဒသက ကလာပ်တို့ကို ရှာဖွေရာ၌ အခက်အခဲများစွာ ရှိနိုင်သောကြောင့် ဖြစ်၏။

ကျန်ကောဋ္ဌာသတို့၌လည်း မိမိ ရှုပွား သိမ်းဆည်းလိုသော ကောဋ္ဌာသကို ဦးစွာ ဉာဏ်ရောင်ဖြင့် မြင်အောင် ကြည့်၍ ထိုကောဋ္ဌာသကို မြင့်တွေ့ပြီးသောအခါမှ ယင်းကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါမှ အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။

သည်းခြေ-သွေးတို့၌ နှစ်မျိုး နှစ်မျိုးစီ ရှိကြသဖြင့် နှစ်မျိုးလုံး၌ပင် (၄၄)မျိုးစီသော ရုပ်ပရမတ်တရားများ ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သိမ်းဆည်းပါ။

တေဇောကောဋ္ဌာသ ---- တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော တေဇောကောဋ္ဌာသ ရုပ်များကို ရှုရာ၌ ပုံသဏ္ဌာန် မရှိသော ကောဋ္ဌာသသာ ဖြစ်သဖြင့် တေဇောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့ကိုသာ ရှာဖွေ၍ ရှုရမည် ဖြစ်သည်။ သန္တပ္ပနတေဇော ဍာဟတေဇောဓာတ်တို့ကို ရှုရာ၌ မထင်မရှား ဖြစ်နေပါက အတိတ်ဘက်သို့ ဉာဏ်ကို တစ်စတစ်စ စေလွှတ်၍ ဖျားဖူးသည့် အချိန်အခါက ဖြစ်ခဲ့သော ရုပ်တို့ကို ပြန်၍ သိမ်းဆည်း ရှုပွားကြည့်ပါ။ သဘောပေါက်လာတတ်ပါသည်။

ဝါယောကောဋ္ဌာသ ---- ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောကောဋ္ဌာသတို့ ကို ရှုပွား သိမ်းဆည်းရာ၌ ရှေးဦးစွာ မိမိ ရှုပွား သိမ်းဆည်းလိုသော လေကို လင်းရောင်ခြည်စွမ်းအင် အကူအညီ ဖြင့် မြင်အောင် ကြည့်ပါ၊ ထိုနောင် ယင်းလေ၏ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စ၍ သိမ်းဆည်းပါ။ ဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲသဘောကို မြင်အောင် ရှုပါ။ ဤအပိုင်းတွင်ကား ရုပ်ကလာပ်အမှုန်များကို လွယ်လွယ် ကူကူပင် တွေ့မြင်တတ်ပါသည်။ မတွေ့ဖြစ်နေပါက ထိုဓာတ်ကြီး (၄)ပါးတို့၏ အတုံးအခဲ အစုအပုံ၌ အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို စတင်တွေ့ရှိနိုင်ပါသည်။ ထိုနောင် ရုပ် ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အထက်- သို့ ဆန်တက်သောလေ, အောက်သို့ စုန်ဆင်းသောလေ စသည့် ထိုထိုလေတို့၌ ရုပ်ပရမတ် သဘောတရားတို့ (၃၃)မျိုးစီ ရှိသည်ဟူသော အလွန်တိကျသော ဤအဆိုအမိန့်များ ရှုကွက်များမှာ ဗုဒ္ဓအဘိဓမ္မာ၏ အလွန် ထူးခြားသော နက်နဲသော တိကျသော မှန်ကန်သော အံ့ဩဖွယ်ရာများပင် ဖြစ်ကြပေသည်။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်နှင့် ဘုရားရှင်ထံမှ နည်းနာနိဿယကို ရရှိတော်မူကြသော ဗုဒ္ဓသာဝက-ဉာဏ်ကြီးရှင်တို့၏ ဉာဏ်တော်မြတ်ဖြင့် ကွန့်မြူး စံပယ်ရာ ဘုံဌာနသာ ဖြစ်ချေသည်။

ဤဖော်ပြပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကား လက္ခဏာရေးသုံးတန် တင် လျက် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ ထိုက်တန်သော သဘာဝရုပ် သလက္ခဏရုပ် ရူပရုပ် သမ္မသနရုပ်တို့တည်း၊ ရုပ်အစစ်တို့တည်း။

ရုပ်ကလာပ် အမျိုးအစားများ

ရုပ်ကလာပ် အမျိုးအစားများ

ကမ္မဇရုပ်ကလာပ် စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်ဟု ရုပ်ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့် ရုပ်ကလာပ် အမျိုးအစား (၄)မျိုး ရှိသည်။ ထိုတွင် ----

၁။ ကမ္မဇ ရုပ်ကလာပ် = ၉ - မျိုး

၂။ စိတ္တဇ ရုပ်ကလာပ် = ၈ - မျိုး

၃။ ဥတုဇ ရုပ်ကလာပ် = ၄ - မျိုး

၄။ အာဟာရဇ ရုပ်ကလာပ် = ၂ - မျိုး

အားလုံးပေါင်းသော် ရုပ်ကလာပ် = ၂၃ - မျိုး ရှိပေသည်။

ကမ္မဇရုပ်ကလာပ် (၉) စည်း

ကမ္မဇရုပ်ကလာပ် (၉) စည်း

၁။ စက္ခုဒသက ကလာပ်,

၂။ သောတဒသက ကလာပ်,

၃။ ဃာနဒသက ကလာပ်,

၄။ ဇိဝှါဒသက ကလာပ်,

၅။ ကာယဒသက ကလာပ်,

၆။ ဣတ္ထိဘာဝဒသက ကလာပ်,

၇။ ပုမ္ဘာဝဒသက ကလာပ်,

၈။ ဟဒယဝတ္ထုဒသက ကလာပ်,

၉။ ဇီဝိတနဝက ကလာပ် ---

ဤ ရုပ်ကလာပ် (၉)မျိုးတို့ကား အတိတ်က ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်များတည်း။ ရုပ်အစစ် တို့သာတည်း၊ ဝိပဿနာရှုကောင်းသော ရုပ်တို့သာတည်း။

စိတ္တဇရုပ်ကလာပ် (၈) စည်း

စိတ္တဇရုပ်ကလာပ် (၈) စည်း

၁။ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ် = စိတ်ကြောင့်ဖြစ်သော သက်သက်သော အဋ္ဌကလာပ် = ဩဇာလျှင် (၈)ခု မြောက်ရှိသော ရုပ်ကလာပ်။ (၆-ဒွါရနှင့် အချို့ ကောဋ္ဌာသတို့၌ တည်ရှိသော ဩဇဋ္ဌမကရုပ်တည်း။)

၂။ ကာယဝိညတ္တိ နဝက ကလာပ် = ကာယဝိညတ်ရုပ်လျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ကာယ ဝိညတ် = ၉။)

၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာ စသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)

၄။ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် = ကာယဝိညတ်, လဟုတာ စသည်လျှင် (၁၂)ခုမြောက် ရှိသော ရုပ်ကလာပ်။ (၈+ကာယဝိညတ်+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

၅။ ဝစီဝိညတ္တိ ဒသက ကလာပ် = ဝစီဝိညတ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ အသံ+ ဝစီဝိညတ် = ၁၀။)

၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ် = ဝစီဝိညတ်, အသံ, လဟုတာ စသည်လျှင် (၁၃)ခုမြောက် ရှိသော ရုပ်ကလာပ်။ (၈+ဝစီဝိညတ်+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၃။)

၇။ (အဿာသ-ပဿာသ) စိတ္တဇ သဒ္ဒနဝက ကလာပ် = (အဿာသ-ပဿာသ) စိတ်ကြောင့် ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ် (၈+အသံ = ၉။)

၈။ (အဿာသ-ပဿာသ) သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ် = (အဿာသ-ပဿာသ) အသံ, လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ် (၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

အဘိဓမ္မတ္ထသင်္ဂဟ အမည်ရသော သင်္ဂြိုဟ်ကျမ်း၌ နံပါတ် (၁)မှ နံပါတ် (၆)အထိ စိတ္တဇကလာပ် (၆)စည်း သာ ဖော်ပြထား၏။ သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ကား - အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊ ၁၊၃၄၆။) = အဿာသ-ပဿာသတို့သည် စိတ္တသမုဋ္ဌာန်ရုပ်တို့သာ ဖြစ်ကုန်၏ဟု ဖွင့်ဆိုထားသဖြင့် အဿာသ- ပဿာသကား စိတ္တသမုဋ္ဌာန်ရုပ်ပင်တည်း။

တထာ စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအရ အဿာသ-ပဿာသကောဋ္ဌာသကား အသံလျှင် (၉)ခုမြောက် ရှိသော သဒ္ဒနဝက ကလာပ်ရုပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်သည်။ ယင်း အဿာသ-ပဿာသ ကောဋ္ဌာသကား နှစ်မျိုး ရှိသင့်၏ဟု ဆရာမြတ်တို့ အယူရှိတော်မူကြပြန်၏။ ရံခါ အသက်ရှူ၍ ကောင်း၏၊ ပေါ့ပါးသွက်လက်၏၊ ချောညက်၏၊ အချိုးကျ၏။ ရံခါ အသက်ရှူ၍ မကောင်း ဖြစ်တတ်ပြန်၏၊ ပေါ့ပါးသွက်လက်မှု မရှိ၊ ချောမွေ့မှု မရှိ၊ အချိုးကျ အဆင်ပြေမှု မရှိ။ သို့အတွက် အဿာသ-ပဿာသတို့၌ - လဟုတာ+မုဒုတာ+ကမ္မညတာ ရုပ် တို့ ပါ-မပါ နှစ်မျိုး ပြားသွားသည်။ သို့အတွက် စိတ္တဇကလာပ် (၈)စည်း ဖြစ်ရသည်။

ဤရုပ်ကလာပ်တို့ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အထက်တွင် ဖော်ပြထားသော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းထားပြီးပါက ပို၍ကောင်းပါသည်။ အနည်းဆုံး (၆)ဒွါရ၌ တည်ရှိသော ရုပ်အစစ်တို့ကို သိမ်းဆည်းထားပြီးသူ ဖြစ်ရပေမည်။ ရုပ်အစစ်များကို ပရမတ်သို့ ဉာဏ် အမြင် ဆိုက်အောင် ရှုပွား သိမ်းဆည်းပြီးပါမှ ရုပ်အတုများကို သို့မဟုတ် ရုပ်အတုများနှင့် ရောနှောနေသော ရုပ်ကလာပ်များကို သိမ်းဆည်းဖို့ရန် လွယ်ကူမည် ဖြစ်ပေသည်။

၁။ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ် ---- (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ စိတ္တဇရုပ်ကို ရှုပွားသိမ်းဆည်းသည့်အတိုင်း ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော စိတ်ကြောင့် စိတ္တဇ ဩဇဋ္ဌမကရုပ်များ အဆက်မပြတ် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုပွားသိမ်းဆည်းပါ။

၂။ ကာယဝိညတ္တိ နဝက ကလာပ် ---- ဘဝင်မနောအကြည်တွင် စိတ်စိုက်၍ လက်ညှိုးတစ်ချောင်းကို ကွေး ကြည့်ပါ၊ ဆန့်ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သောစိတ် စသော စိတ်အသီးအသီးကြောင့် စိတ် တစ်ခု တစ်ခုက ရုပ်ကလာပ်ပေါင်းများစွာ ဖြစ်ထွန်း ပေါ်ပေါက်စေသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ထိုစိတ္တဇရုပ်ကလာပ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ သွားသည်ကို မြင်သောအခါ ကွေးနေသောလက်ညှိုး အထိ ထိုစိတ္တဇရုပ်များ ပျံ့နှံ့သွားသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ ရှုပါ။ လက်ညှိုးကို မတွေ့ တော့ဘဲ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိနေမည် ဖြစ်သည်။ ထို ရုပ်ကလာပ်ပေါင်းများစွာထဲက ကွေး ချင် ဆန့်ချင်သော စိတ်ကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာသော စိတ္တဇရုပ်များကိုသာ ထို ကွေးမှု ဆန့်မှု ပြု နေသော လက်ညှိုး၌ ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ ထို ရုပ်ကလာပ်တို့မှာ ဩဇဋ္ဌမက ရုပ်ကလာပ်တို့ ပင်တည်း။ ထို (၈)မျိုးသော ရုပ်တို့နှင့်အတူ ကွေးချင် ဆန့်ချင်သော စိတ်နှင့်အတူ ဖြစ်နေသော ကွေးသည့် အမူအရာ ဆန့်သည့် အမူအရာ ရုပ်တို့ကို (= ကာယဝိညတ်ရုပ်တို့ကို) ဉာဏ်ဖြင့် မြင်အောင် ဆက်၍ သိမ်းဆည်းပါ။ (၈+ကာယဝိညတ် = ၉) ကာယဝိညတ္တိ နဝက ကလာပ် ရုပ်တရားတို့ ဖြစ်ကြသည်။

၃။ လဟုတာဒေကဒသက ကလာပ် ---- အထက်ပါ စိတ္တဇ ဩဇဋ္ဌမကရုပ်များကို မြင်အောင် ကြည့်ပါ။ ရံခါ ထိုရုပ်တို့၌ ပေါ့ပါးသွက်လက်မှု = လဟုတာ, နူးညံ့ပျော့ပျောင်းမှု = မုဒုတာ, အချိုးကျ အဆင်ပြေမှု = ကမ္မညတာ - ဟူသော ရုပ်အတုများလည်း ရောနှော၍ ပါဝင်နေမှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ သိမ်းဆည်းပါ။

၄။ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ---- အထက်ပါ ကာယဝိညတ္တိ နဝက ကလာပ်ကို ပြန်ရှုပါ။ တစ်ခါတစ်ရံ ကွေး၍ ဆန့်၍ ပေါ့ပါးသွက်လက်မှု ရှိ၏၊ နူးညံ့ပျော့ပျောင်းမှု ရှိ၏၊ ကွေး၍ ဆန့်၍ အချိုး ကျ အဆင်ပြေမှု ရှိ၏။ ထိုအခါ လဟုတာ-မုဒုတာ-ကမ္မညတာတို့ ပါဝင်နေ၏။ရံခါ ထိုသို့ မဟုတ်ပါက ထိုရုပ် (၃)မျိုးတို့ မပါဝင်ပေ။ ထိုရုပ် (၃)မျိုးတို့ မပါဝင်သော် ကာယဝိညတ္တိ နဝက ကလာပ် ဖြစ်၍ ထိုရုပ် (၃)မျိုးတို့ ပါဝင်သော် ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသက ကလာပ် ဖြစ်သည်။ ကြွင်းကျန်သော ကွေးခြင်း ဆန့်ခြင်း, သွားခြင်း စသော ထိုထို ကိုယ်အမူအရာတို့၌လည်း နည်းတူ ရှုပါ။ ဣရိယာပထ ရှုကွက် သမ္ပဇညရှုကွက်တို့၌ - ဤရုပ်ကလာပ် နှစ်မျိုးတို့ကား ပြဓာန်းလျက် ရှိ၏။ နောက်ပိုင်းတွင် ဣရိယာပထ ရှုကွက်နှင့် သမ္ပဇညရှုကွက်တို့ကို ထပ်မံ၍ ဖော်ပြဦးမည် ဖြစ်ပါသည်။

၅။ ဝစီဝိညတ္တိ ဒသက ကလာပ် (ဝစီဝိညတ္တိ သဒ္ဒဒသက ကလာပ်) ---- အသင်ယောဂီသူတော်ကောင်းသည် ဘဝင်မနောအကြည်ဓာတ်တွင် စိတ်ကို စိုက်ထားလျက် (က-ခ) ဟု အသံတိုးတိုးကလေးဖြင့် ရွတ်ဖတ် ကြည့်ပါ။ က-ခ-ဟု ရွတ်ဖတ်ချင်သောစိတ် ရွတ်ဖတ်သောစိတ်တို့ကြောင့် စိတ္တဇဩဇဋ္ဌမကရုပ်တို့ အဆက် မပြတ် ရှေးနှင့်နောက် ဆက်စပ်လျက် များစွာ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ က-ခတို့ကား လည်ချောင်းဌာန၌ ဖြစ်သော အက္ခရာတို့ ဖြစ်ကြသဖြင့် ထိုအက္ခရာများ ဖြစ်ပေါ်ရာ လည်ချောင်းဌာနသို့ တိုင်အောင် ဩဇဋ္ဌမကရုပ်တို့ ပျံ့နှံ့သွားပုံကို မြင်အောင် ရှုပါ။ လည်ချောင်းဌာနတွင် သန္တတိ အစဉ် အားဖြင့် ဖြစ်ပေါ်နေကြသော ကာယဒသကကလာပ် စသော ရုပ်ကလာပ်တို့ ရှိကြ၏။ ယင်းစိတ္တဇဩဇ ဋ္ဌမကရုပ်တို့တွင် ပါဝင်သော ပထဝီဓာတ်သည် လည်ချောင်း၌ တည်ရှိနေကြသော ကာယဒသကကလာပ် စသည်တို့၌ ပါဝင်သော ကမ္မဇပထဝီဓာတ်တို့ကို ဝါယောဓာတ် အကူအညီဖြင့် လည်ချောင်းဌာန၌ ရိုက် ခတ်မိသောအခါ အသံ ထွက်ပေါ်လာ၏။ က-ခ-ဟု ပြောဆိုနေသော နှုတ်အမူအရာ ဝစီဝိညတ်လည်း ရှိနေ၏။ သို့အတွက် (၈+အသံ+ဝစီဝိညတ် = ၁၀) ဝစီဝိညတ္တိ ဒသက ကလာပ် ဖြစ်သည်။ ကျန်သော အက္ခရာတို့၌လည်း ထိုထို ရွတ်ဆိုလိုက်သော အက္ခရာတို့၏ ဖြစ်ရာဌာနသို့တိုင်အောင် လိုက်၍ နည်းတူ ပင် ရှုကြည့်ပါ။

၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ် ---- ရံခါ က-ခ စသော စကားသံ ဖြစ်ပေါ်လာအောင် ရွတ်ဖတ်ရသည်မှာ ပေါ့ပါးသွက်လက်နေ၏၊ ချောမွေ့နေ၏၊ အချိုးကျ အဆင်ပြေနေ၏၊ လဟုတာ မုဒုတာ ကမ္မညတာတို့လည်း ပါဝင်လာပြန်၏။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ် ဖြစ်၏။ ရံခါ သွက်သွက်လက်လက် မရှိဘဲ မချောမွေ့ဘဲ အချိုးမကျ ဖြစ်နေပါက လဟုတာ မုဒုတာ ကမ္မညတာတို့ မပါဝင်တော့ပေ။ ထိုအခါ ဝစီဝိညတ္တိဒသက ကလာပ် ဖြစ်သည်။

ထိုထို အသံဖြစ်ရာ အက္ခရာဖြစ်ရာ ဌာန၌ သန္တတိ အစဉ်အားဖြင့် ဖြစ်နေကြသော ကမ္မဇကလာပ်တို့တွင် ပါဝင်သော ကမ္မဇပထဝီဓာတ်တို့ကား တုံး-နှင့်တူ၏။ ထိုထို အသံဖြစ်ရာ အက္ခရာဖြစ်ရာ ဌာနသို့တိုင်အောင် သန္တတိအစဉ်အားဖြင့်ပျံ့နှံ့ဖြစ်ပေါ်သွားကြသော စိတ္တဇရုပ်ကလာပ်များစွာတွင် ပါဝင်သော ပထဝီဓာတ်တို့ကား လက်ရိုက်-နှင့် တူ၏။ တုံးကို လက်ရိုက်ဖြင့် ရိုက်နေသည့် အမူအရာနှင့် ဝစီဝိညတ် တူ၏။ ထို ဝစီဝိညတ်ကား ထိုထို အက္ခရာအသံကို ဖြစ်စေလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာသော ဝါယောဓာတ်ကြောင့် ဖြစ်ပေါ်လာရ၏။ ထိုဝါယောဓာတ်ကား စိတ်ကြောင့် ဖြစ်ရ၏။ သို့အတွက် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်း = ရုပ်ကလာပ်အပေါင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် စကားသံများ ဖြစ်ပေါ်လာရ၏။ ဉာဏ်ဖြင့် မြင်အောင် ရှုရန် ဖြစ်သည်။

၇။ အဿာသပဿာသ - စိတ္တဇသဒ္ဒနဝက ကလာပ် ---- ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တို့ကြောင့် ဝင်သက်လေ ထွက်သက်လေတို့ ဖြစ်ပေါ်ပုံ သို့မဟုတ် ဝင်သက်လေ ထွက်သက်လေ အမည်ရသော သဒ္ဒနဝကကလာပ်ရုပ်တရားတို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ အသက်ရှူလမ်းကြောင်း အတွင်း၌ တည်ရှိဖြစ်ပွားနေသော လေကို ရှေးဦးစွာ မြင်အောင် ရှုပါ။ ထိုလေကို သမာဓိလင်းရောင်ခြည် စွမ်းအင် ဖြင့် တွေ့မြင်သောအခါ ဓာတ်ကြီး (၄)ပါးကို ထိုလေအတွင်း၌ မြင်အောင် ရှုပါ။ ထို ဝင်သက်လေ ထွက် သက်လေ အတွင်း၌ ဓာတ်ကြီး (၄)ပါးကို မြင်အောင် ရှုနိုင်ပါက သမာဓိအရှိန်ရလာသည်နှင့် တစ်ပြိုင်နက် ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိမည် ဖြစ်သည်။ ထိုကလာပ် အမှုန်များကို ဉာဏ်ဖြင့် ခွဲခြားစိတ် ဖြာ၍ ရှုပါက - အသက်ရှူသံနှင့် တကွ (၉)မျိုးသော ရုပ်ပရမတ်တရားတို့ကို တွေ့ရှိနိုင်ပါသည်။ အသက် ရှူသံ ဟူသည် ယင်းအသက်ရှူလမ်းကြောင်းတွင် တည်ရှိကြသော ကလာပ်တို့၏ ပထဝီဓာတ်နှင့် ယင်း စိတ္တဇကလာပ်တို့၏ ပထဝီဓာတ်တို့ အချင်းချင်း ရိုက်ခတ်၍ ပေါ်လာသော အသံတည်း။ စိတ်ကြောင့် ဩဇဋ္ဌမကရုပ်တို့ အသက်ရှူလေ၌ ဖြစ်နေပုံ, ပထဝီဓာတ်တို့ အချင်းချင်း ရိုက်ခတ်၍ အသံ ဖြစ်ပေါ်နေပုံ, ကလာပ်တစ်ခု တစ်ခုအတွင်း၌ အသံနှင့်တကွ ရုပ်သဘောတရား (၉)မျိုးစီ ရှိပုံတို့ကို မြင်အောင် ရှုပါ။

အကယ်၍ အသက်ရှူလမ်းကြောင်း၌ တည်ရှိနေသော ဝင်သက်လေ ထွက်သက်လေ အတွင်း၌ သန္တတိ အစဉ်အားဖြင့် ဖြစ်နေသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုသော်လည်း ရုပ်ကလာပ် အမှုန် များကို မတွေ့သေးဘဲ အတုံးအခဲ ဖြစ်နေသေးပါက အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်နိုင်ပါက ရုပ် ကလာပ် အမှုန်များကို လွယ်ကူစွာ တွေ့ရှိနိုင်ပါသည်။ လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကိုကား များစွာ လိုအပ်နေမည်သာ ဖြစ်ပေသည်။

ရံခါ အသက်ရှူသည်မှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ချောချောမွေ့မွေ့ အချိုးကျ အဆင်ပြေ နေ၏၊ အသက်ရှူ၍ ကောင်းနေ၏။ လဟုတာ-မုဒုတာ-ကမ္မညတာတို့ ပါဝင်၏။ ရံခါ အသက်ရှူ ကြပ်နေတတ် ၏၊ လေးလေးလံလံ ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေ၏၊ အသက်ရှူ၍ အချိုးမကျ ဖြစ်နေတတ်၏။ လဟုတာ-မုဒုတာ-ကမ္မညတာတို့ မပါဝင်ပေ။ အဿာသပဿာသ စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ်နှင့် အဿာသ ပဿာသ စိတ္တဇသဒ္ဒနဝက ကလာပ်တို့ ဖြစ်ကြ၏။

ဤ ရုပ်တရားတို့တွင် ကာယဝိညတ် ဝစီဝိညတ် လဟုတာ မုဒုတာ ကမ္မညတာနှင့် အာကာသဓာတ် တို့ကား ရုပ်အတုသာ ဖြစ်ကြ၏။ ဝိပဿနာ မရှုကောင်းသော ရုပ်တို့ ဖြစ်ကြ၏။ သို့သော် နာမရူပပရိစ္ဆေဒဉာဏ် ပိုင်း၌ ယင်းရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅)၌ ညွှန်ကြားထားပေသည်။

ဥတုဇ ရုပ်ကလာပ် (၄) စည်း

ဥတုဇ ရုပ်ကလာပ် (၄) စည်း

၁။ သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော ဥတုဇ ဩဇဋ္ဌမက ကလာပ်။

၂။ သဒ္ဒနဝက ကလာပ် = အသံလျှင် (၉)ခုမြောက်ရှိသော ဥတုဇ သဒ္ဒနဝက ကလာပ်။

၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ဥတုဇရုပ်ကလာပ်။

၄။ သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ် = အသံ လဟုတာ စသည်လျှင် (၁၂) ခုမြောက် ရှိသောရုပ်ကလာပ်။ (၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

ဤရုပ်ကလာပ်တို့တွင် သုဒ္ဓဋ္ဌကကလာပ် သဒ္ဒနဝကကလာပ်တို့ကား ရုပ်အစစ်တို့သာတည်း။ ဝိပဿနာ ရှုကောင်းသော ရုပ်များတည်း။ သုဒ္ဓဋ္ဌက ကလာပ်ကား (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ထိုက်သလို ဥတုဇရုပ် ဖြစ်ခွင့်ရှိရာတို့၌ ရရှိနိုင်၏။ သဒ္ဒနဝက ကလာပ်ကား ဝမ်းအော်သံ စသော အသံပါသော ရုပ်ကလာပ်တည်း။ ဤ သုဒ္ဓဋ္ဌကကလာပ်နှင့် သဒ္ဒနဝကကလာပ်တို့ကား အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ သက်ရှိလောက သက်မဲ့ လောက နှစ်မျိုးလုံး၌လည်းကောင်း တည်ရှိ၏။

အမှတ် (၃-၄) ရုပ်ကလာပ်တို့ကား ရုပ်အတုများနှင့် ရောနှောနေသော ရုပ်ကလာပ်များ ဖြစ်ကြ၏။ လဟု တာ မုဒုတာ ကမ္မညတာတို့ကား ဝိပဿနာမရှုကောင်းသော ရုပ်အတုများသာ ဖြစ်ကြ၏။ ယင်းရုပ် (၃)မျိုးကို ဝိပဿနာမရှုကောင်းသဖြင့် ဖယ်ထုတ်လိုက်ပါက သုဒ္ဓဋ္ဌကကလာပ်နှင့် သဒ္ဒနဝကကလာပ်တို့သာ ကြွင်းကျန် တော့၏။ ရှေးတွင် ဖော်ပြခဲ့သော (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့တွင် အချို့ကောဋ္ဌာသတို့၌ တည်ရှိသော ဥတု ဇရုပ် ရှုကွက်တို့ကို နည်းမှီး၍ ရှုပါလေ။ ယင်း အမှတ် (၃-၄) ရုပ်ကလာပ်တို့ကား ရုပ်နာမ်ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်း ရှုပွားရမည့် ရုပ်တရားတို့ ဖြစ်ကြသည်။ ယင်းနှစ်မျိုး သော ရုပ်ကလာပ်တို့ကား အနိန္ဒြိယဗဒ္ဓဖြစ်သော ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ မရနိုင်။ အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိ သတ္တဝါတို့ သန္တာန်၌သာ ရနိုင်သည်။

အာဟာရဇ ရုပ်ကလာပ် (၂) စည်း

အာဟာရဇ ရုပ်ကလာပ် (၂) စည်း

၁။ သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော အာဟာရဇ-ဩဇဋ္ဌမက ကလာပ်။

၂။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်။ (၈+ လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)

ဤရုပ်ကလာပ် နှစ်မျိုးတို့တွင် သုဒ္ဓဋ္ဌကကလာပ်ကား (၆)ဒွါရ၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အချို့သော ကောဋ္ဌာသတို့၌လည်းကောင်း ရရှိနိုင်၏၊ ရုပ်အစစ်တို့တည်း။ ဝိပဿနာ ရှုကောင်းသော သမ္မသန ရုပ်တည်း။

အမှတ် (၂) လဟုတာဒေကဒသက ကလာပ်ကား လဟုတာ+မုဒုတာ+ကမ္မညတာဟူသော ရုပ်အတုတို့နှင့် ရောနှောနေ၏၊ ယင်း ရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်နာမ်ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရ၏။ ဤ အာဟာရဇ ရုပ်ကလာပ် နှစ်မျိုးတို့ကား အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့ သန္တာန်၌သာ ရရှိနိုင်သည်။

အသံ (၃) မျိုး

အသံ (၃) မျိုး

ဤတွင် အလျဉ်းသင့်၍ အသင်ယောဂီသူတော်ကောင်းသည် သတိပြုနိုင်ရန်အတွက် အသံ (၃)မျိုးကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။

၁။ အသက်ရှူသံ = (အဿာသပဿာသ) (က) သဒ္ဒနဝကကလာပ်, (ခ) သဒ္ဒလဟုတာဒိ ဒွါဒသကကလာပ်,

၂။ စကားပြောသံ = (က) ဝစီဝိညတ္တိ (သဒ္ဒ) ဒသကကလာပ်, (ခ) ဝစီဝိညတ္တိသဒ္ဒလဟုတာဒိ တေရသက ကလာပ်,

၃။ ဝမ်းအော်သံ စသည် = ဥတုဇ သဒ္ဒနဝကကလာပ် ----

ဤသို့လျှင် အဇ္ဈတ္တ၌ အသံပါသော ရုပ်ကလာပ် အမျိုးအစား (၃)မျိုး ရှိပေသည်။ ဗဟိဒ္ဓ သက်ရှိ သတ္တဝါ တို့၏ သန္တာန်၌လည်း အလားတူပင် အသံပါသော ရုပ်ကလာပ် အမျိုးအစား (၃)မျိုး ရရှိနိုင်သည်။ ဗဟိဒ္ဓ သက်မဲ့လောက၌ကား မိုးချုန်းသံ လေတိုက်သံ စသော အသံတို့၌ ဥတုဇ သဒ္ဒနဝကကလာပ်ရုပ်တို့သာတည်း။ ယင်းအသံတို့ကို ရှုပွား သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအသံ၏ တည်ရာဝတ္ထုတို့ကို ဓာတ် (၄)ပါး မြင်အောင် စိုက်ရှုပါ။ ကလာပ်အမှုန်များကို တွေ့သောအခါ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါ၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွား သိမ်းဆည်းပါ။ ဥပမာ မိုးချုန်းသံကို ရှုလိုပါက ထိုအသံ ဖြစ်ပေါ်ရာဘက်သို့ လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် ဓာတ်ကြီး (၄)ပါးကို စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဓာတ်ခွဲပါ။ ဥတုဇ သဒ္ဒနဝကရုပ်တို့တည်း။ ငှက်အော်သံကို ရှုလိုပါက ထိုအသံလာရာ ဌာနသို့ အသံဖြစ်ရာ ဌာနသို့ လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် ဉာဏ်ကို စေလွှတ်၍ ဓာတ်ကြီး (၄)ပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဓာတ်ခွဲပါ။ ဝိပဿနာပိုင်းရောက်သောအခါ ဝိပဿနာရှုရာ၌ကား ဝစီဝိညတ်ကို ချန်လှပ်ထားပါ။ (အသက်ရှူသံ ရှုကွက်ကို ဖော်ပြပြီး ဖြစ်သည်။)

လက္ခဏာရုပ်များကို ရှုပွားသိမ်းဆည်းပါ

လက္ခဏာရုပ်များကို ရှုပွားသိမ်းဆည်းပါ

၁။ ဥပစယ - သန္တတိ ---- ရှေး ရုပ် (၂၈)ပါးကို ဖော်ပြရာအပိုင်း၌ ရှင်းပြခဲ့သည့်အတိုင်း ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ဝေနေယျတို့၏ အဇ္ဈာသယအားလျော်စွာ နှစ်မျိုး ခွဲခြား၍ ဟောကြားထားတော်မူသဖြင့် --- ပဋိသန္ဓေအခိုက်၌ တည်ရှိသော ရုပ်တရားများ, ဣန္ဒြေပြည့်စုံသည်တိုင်အောင် အဆက်မပြတ် ဖြစ်နေ သော ရုပ်တရားများကို သိမ်းဆည်းနိုင်သောအခါ ယင်းရုပ်တရားတို့၏ ဖြစ်မှုကို အာရုံယူ၍ ဥပစယရုပ် ကို သိမ်းဆည်းပါ။ (ယင်းရုပ်အစစ်တို့၏ ဖြစ်မှုသဘော ဥပါဒ်ကာလကိုပင် ဥပစယဟု ဆိုလိုသည်။)

ယခုလက်ရှိ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု သဘောတရားကား သန္တတိတည်း။

၂။ ရုပ်အစစ်အားလုံးတို့၏ တည်မှု သဘောတရားကား ဇရတာတည်း။

၃။ ရုပ်အစစ်အားလုံးတို့၏ ပျက်မှု သဘောတရားကား အနိစ္စတာတည်း။

သို့အတွက် စက္ခုဒသက ကလာပ် အတွင်းရှိ (၁၀)မျိုးသော ပရမတ္ထရုပ်အစစ်တို့၏ ပြိုင်တူ ဖြစ်မှု တည်မှု ပျက်မှုကို အာရုံယူ၍ ဖြစ်-တည်-ပျက် = သန္တတိ-ဇရတာ-အနိစ္စတာဟု သိမ်းဆည်းပါ။ ကျန် (၆)ဒွါရ (၄၂) ကောဋ္ဌာသရှိ ရုပ်ကလာပ်တိုင်း၌ နည်းတူ သိမ်းဆည်းပါ။ ထိုနောင် ယင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသရှိ ရုပ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ခြုံငုံ၍လည်း ဖြစ်-တည်-ပျက်ဟု သိမ်းဆည်းပါ။ ပဋိသန္ဓေအခိုက်မှ စ၍ ဣန္ဒြေပြည့်စုံ သည်တိုင်အောင် ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်း (သိမ်းဆည်းနိုင်သောအခါ) အာရုံယူ၍ ဖြစ်-တည်-ပျက်ကို သိမ်းဆည်းပါ။

ဤကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၅) ၌ ရုပ်နာမ်ကို သိမ်းဆည်းရာ နာမရူပ ပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိ စခန်းပိုင်း၌ ရုပ်အစစ် ရုပ်အတုအားလုံးတို့ကို သိမ်းဆည်းရန် ညွှန်ကြားချက်အရ သိမ်းဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံကို ဖော်ပြချက်ပင်တည်း။

အသင်ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်အစစ်တို့ကို သိမ်းဆည်းရာ၌ ရုပ်အတုတို့ကား မလွှဲမရှောင်သာ တွေ့ရှိ နေမည်သာ ဖြစ်ပေသည်။ သို့အတွက် ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ ရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်း ဆည်းရခြင်း ဖြစ်ပေသည်။ သို့သော် ရုပ်အတုများကား - အာကာရဝိကာရအန္တရပရိစ္ဆေဒမတ္တကာနိ (ဝိသုဒ္ဓိ၊၂၊၂၂၅။) ဟူသော အဋ္ဌကထာအဖွင့်အရ ----

၁။ (က) ကာယဝိညတ် ဝစီဝိညတ် ရုပ်တို့ကား စိတ္တသမုဋ္ဌာန် ရုပ်အစစ်တို့၏ ကိုယ်အမူအရာ နှုတ်အမူအရာ ဟူသော အခြင်းအရာ အာကာရမျှသာ ဖြစ်၏။

( ခ ) ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာတို့ကား စတုသမုဋ္ဌာန်ဖြစ်ကုန်သော ရုပ်အစစ်အားလုံးတို့၏ ဖြစ်မှု တည်မှု ပျက်မှု အခြင်းအရာ အာကာရမျှသာ ဖြစ်၏။

၂။ လဟုတာ-မုဒုတာ-ကမ္မညတာတို့ကား စိတ္တသမုဋ္ဌာန် ဥတုသမုဋ္ဌာန် အာဟာရသမုဋ္ဌာန် ရုပ်တို့၏ ထူးထွေ ကွဲပြားသော အခြင်းအရာအထူး ဝိကာရမျှသာ ဖြစ်၏။

၃။ အာကာသဓာတ်ဟူသည် ထိုထို ရုပ်ကလာပ်တို့၏ ကလာပ် တစ်ခုနှင့် တစ်ခု မရောယှက်ခြင်း၏ အကြောင်း တရား၏ အဖြစ်ဖြင့် အကြားအပေါက်ဖြစ်၍ ဖြစ်သော ပိုင်းခြားကြောင်း သဘောမျှ ကွက်လပ်မျှသာ ဖြစ်၏။ တကယ် ရုပ်အစစ်တို့ကား မဟုတ်ကြကုန်။

လက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်ခြင်းငှာ မတတ်ကောင်းသော ရုပ်တို့သာ ဖြစ်ကြကုန်၏။ ထိုသို့ သုံးသပ်ခြင်းငှာ မတတ်ကောင်းသော်လည်း ရုပ်အစစ်တို့၏ အာကာရမျှ ဖြစ်ခြင်း, ဝိကာရမျှ ဖြစ်ခြင်း, ထိုထို ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှ ဖြစ်ခြင်းကြောင့် ရုပ်ဟူ၍ ခေါ်ဝေါ်ခြင်းသို့ကား ရောက်ရှိကြကုန်၏။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

ယင်း ရုပ် (၂၈)ပါးတို့တွင် ဥပစယ-သန္တတိ-ဇရတာ-အနိစ္စတာဟူသော လက္ခဏရုပ် (၄)မျိုးတို့ကား မည်သည့်အကြောင်း တစ်စုံတစ်ရာကြောင့်မျှ မဖြစ်သော နကုတောစိသမုဋ္ဌာန်ရုပ် တို့ မည်ကုန်၏။

တိုက်တွန်းချက်

တိုက်တွန်းချက်

ရှေး သမာဓိထူထောင်သင့်ပုံ အပိုင်း စာမျက်နှာ (၁၈၉-၁၉၀) တို့၌ ရှင်းလင်း တင်ပြခဲ့သည့်အတိုင်း မူလပဏ္ဏာသပါဠိတော် (မ၊၁၊၂၈၀-၂၈၆။) မဟာဂေါပါလကသုတ္တန်တွင် ဘုရားရှင်၏ ဟောကြားထားတော် မူချက်နှင့် ယင်းအဋ္ဌကထာ၏ ဖွင့်ဆိုတော်မူချက်အရ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း, ယင်း ရုပ်တို့တွင် ----

၁။ မည်သည့် ရုပ်တရားများက ကံကြောင့် ဖြစ်ကြသည်၊

၂။ မည်သည့် ရုပ်တရားများက စိတ်ကြောင့် ဖြစ်ကြသည်၊

၃။ မည်သည့် ရုပ်တရားများက ဥတုကြောင့် ဖြစ်ကြသည်၊

၄။ မည်သည့် ရုပ်တရားများက အာဟာရကြောင့် ဖြစ်ကြသည်၊

၅။ မည်သည့် ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့်မျှ မဖြစ်ကြ ----

ဟု ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ကွဲကွဲပြားပြား သိအောင် ရှုပွား သိမ်းဆည်းနိုင်ပါမှ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်မည် ဖြစ်သဖြင့် အကြောင်းသမုဋ္ဌာန်နှင့်တကွ ရုပ် (၂၈)ပါးတို့ကို သိမ်း ဆည်းပုံ ဉာဏ်ဖြင့် ပိုင်းခြားယူပုံတို့ကို ရှင်းလင်းတင်ပြခဲ့ပြီ ဖြစ်ပေသည်။ ယခုတစ်ဖန် ယင်းရုပ်တရားအားလုံး တို့ကို ခြုံငုံ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဤသို့ ညွှန်ကြားထားတော်မူပေသည်။

ရုပ်တရားအားလုံးကို ခြုံ၍ သိမ်းဆည်းပါ

ရုပ်တရားအားလုံးကို ခြုံ၍ သိမ်းဆည်းပါ

သော သဗ္ဗာနိပိ တာနိ ရုပ္ပနလက္ခဏေန ဧကတော ကတွာ ဧတံ ရူပန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထို (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ဖောက် ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတည်း တစ်စုတည်း ပြု၍ - ဤကား ရုပ်တရားဟု ရှု၏။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

ဤအဋ္ဌကထာ၏ ညွှန်ကြားချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ (၆)ဒွါရတို့တွင် ဒွါရ တစ်ခုစီ တစ်ခုစီ၌ (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ (၅၄)မျိုး (၄၄)မျိုး စသော ရုပ်တရားတို့ကို ခြုံ၍ ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ။ ထိုနောင်မှ (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရား အားလုံးကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ။

ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက် အတိုချုပ် မှတ်ရန်

ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက် အတိုချုပ် မှတ်ရန်

၁။ သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။ (အာနာပါနဿတိသမာဓိကို ဖြစ်စေ, အခြား သမာဓိ တစ်ခုခုကို ဖြစ်စေ ထိုင်တိုင်း သမာဓိထူထောင်ပါ။)

၂။ ရုပ်ကလာပ်များကို မမြင်ခင် ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဥပစာရသမာဓိသို့ ဆိုက်အောင် ဓာတ်ကြီး (၄)ပါး ကို အာရုံယူ၍ သမာဓိထူထောင်ခိုက်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် - ဟု ဓာတ်ကြီး (၄)ပါးတို့၏ ဆိုင်ရာ သဘာဝလက္ခဏာကို အာရုံယူ ဦးစားပေး၍ ရှုပါ။

၃။ ဓာတ်ကမ္မဋ္ဌာန်းလမ်းမှ ဥပစာရသမာဓိနယ်မြေသို့ ဆိုက်ရောက်သဖြင့် ရုပ်ကလာပ်များကို မြင်၍ ရုပ် ကလာပ်များကို ဓာတ်ခွဲရာ၌ကား ပထဝီ-အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-ဇီဝိတ- စက္ခုပသာဒ - ဤသို့ စသည်ဖြင့် ထိုထိုကလာပ်အလိုက် ရှုပါ။

၄။ (၆)ဒွါရတို့တွင် ဒွါရတစ်ခု တစ်ခု အတွင်း၌ (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသတစ်ခု တစ်ခု အတွင်း၌ တည်ရှိသော ----

(က) (၅၄)မျိုး (၄၄)မျိုးစသော ရုပ်အစစ်များကိုလည်းကောင်း,

( ခ ) ရုပ်အစစ်နှင့် ရနိုင်သမျှသော ရုပ်အတုတို့ကိုလည်းကောင်း,

( ဂ ) (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်အစစ်တို့ကိုလည်းကောင်း,

(ဃ) (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို လည်းကောင်း

ဉာဏ်ဖြင့် ခြုံငုံ၍ ရှုနိုင်သောအခါ ဖောက်ပြန်တတ်သော (ရုပ္ပန)သဘောလက္ခဏာအားဖြင့် တစ်ပေါင်း တစ်စုတည်း ပြု၍ ရောနှောခြုံငုံ၍ ရှုနိုင်သောအခါ ----

၁။ ဤကား ရုပ်-ရုပ်ဟု လည်းကောင်း, သို့မဟုတ်

၂။ ရုပ်-ရုပ်ဟုလည်းကောင်း, သို့မဟုတ်

၃။ ရုပ်တရား ရုပ်တရားဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ဖောက်ပြန်တတ်သောသဘော

ဖောက်ပြန်တတ်သောသဘော

ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။

သီတာဒီဟီတိ သီတုဏှဇိဃစ္ဆာပိပါသာဒီဟိ။ (မဟာဋီ၊၂၊၈၆။)

ကိဉ္စ ဘိက္ခဝေ ရူပံ ဝဒေထ၊ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ ကေန ရုပ္ပတိ။ သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇီဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသမကသဝါတာတပသရီသပသမ္ဖေဿနပိ ရုပ္ပတိ။ ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)

ဖောက်ပြန်တတ်သော သဘောဟူသည် ပူမှု အေးမှု စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရုပ်သန္တတိ အစဉ်၏ မတူသောဖြစ်ခြင်း ပုံစံ အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်ခြင်းကို ဆိုလိုသည်။ အပူလွန်ကဲသော အခါ အပူဖျား ဖျားသော ရုပ်သန္တတိ အစဉ်များ ဆက်တိုက် ဖြစ်နေမှု, အအေးဓာတ် လွန်ကဲသောအခါ အအေးနာ နာသော ရုပ်သန္တတိ အစဉ်များ ဆက်တိုက်ဖြစ်နေမှုမျိုးကို ဖောက်ပြန်သည်ဟု ဆိုရ၏၊ မတူသော ဖြစ်ခြင်းဟု ဆိုရ၏၊ ရှေးဖြစ်နေသော ရုပ်သန္တတိအစဉ်နှင့် မတူဘဲ နောက်ရုပ်သန္တတိအစဉ်၏ ဖြစ်မှု, ပုံစံ အမျိုးမျိုး ပြောင်း လဲ၍ ဖြစ်မှုဟု ဆိုရ၏။

အလားတူပင် ထမင်းဆာလောင်မွတ်သိပ်သောအခါ ရုပ်တို့၏ ဖြစ်မှုမှာ ပုံစံ တစ်မျိုး, ထမင်းဝသောအခါ ရုပ်တို့၏ ဖြစ်မှုမှာ ပုံစံ တစ်မျိုး, မှက်-ခြင်-ယင်-လေ-နေပူ-မြွေကင်းသန်းတို့၏ကိုက်ခဲခြင်း အတွေ့အထိကြောင့် ရုပ်တို့၏ ဖြစ်မှုမှာ ပုံစံ တစ်မျိုး - ဤသို့ စသည်ဖြင့် အပူ အအေး စသော အကြောင်းတို့ကြောင့် ပုံစံ အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်နေမှုကို ဖောက်ပြန်သည်ဟု ဆိုရ၏။ ထိုသို့ ဖောက်ပြန်တတ်သောကြောင့် ရုပ်ဟု ခေါ်ဆို အပ်ပေသည်။

အအေးကြောင့် ရုပ်တို့၏ ဖောက်ပြန်မှုကား လောကန္တရိက်ငရဲ၌ ပို၍ ထင်ရှား၏၊ မဟိံသကတိုင်း စသည်တို့ဝယ် ဆီးနှင်းအအေးဒဏ် ခံရသော ဒေသတို့၌လည်း အအေးဒဏ်ကြောင့် သတ္တဝါတို့၏ ခန္ဓာကိုယ် များ ကွဲအက်ပျက်စီး၍ အသက်ကုန်ဆုံးနိုင်သဖြင့် အအေးကြောင့် ဖောက်ပြန်မှု ထင်ရှား၏။

အပူကြောင့် ဖောက်ပြန်မှုကား အဝစီငရဲ၌ ပို၍ ထင်ရှား၏။ ထမင်းဆာလောင် မွတ်သိပ်ခြင်းကြောင့် ရုပ်တို့၏ ဖောက်ပြန်မှုကား ပြိတ္တာဘုံဘဝ၌လည်းကောင်း, ဒုဗ္ဘိက္ခဘေး အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုး ကြီး ကပ်ဆိုးကြီး ဆိုက်ရောက်သောအခါ၌လည်းကောင်း ပို၍ ထင်ရှား၏။ ရေမွတ်သိပ်ခြင်းကြောင့် ရုပ်တို့၏ ဖောက်ပြန်မှုကား ကာလကဉ္စိကာအသုရာစသော အပါယ်ဘဝတို့၌ ပို၍ ထင်ရှား၏။ မှက်-ခြင်-ယင် ပေါသော အရပ်တို့၌ မှက်-ခြင်-ယင်တို့၏ ကိုက်ခဲခြင်းကြောင့် ရုပ်တို့၏ ဖောက်ပြန်မှု ပို၍ ထင်ရှား၏။ ငှက်ဖျားရောဂါ စသည်တို့ကား ဖောက်ပြန်မှု ထင်ရှားသော သာဓကတို့တည်း။

ခန္ဓာအိမ်အတွင်း၌ လေဓာတ် = ဝါယောဓာတ် ဖောက်ပြန်ပျက်စီးလာသောအခါ လက်-ခြေ စသည်တို့ သည် သေသွားတတ်ကုန်၏။ လက်လှုပ်မရခြင်း, ခြေလှုပ်မရခြင်း, လက်တစ်ဖက်သေခြင်း, ခြေတစ်ဖက်သေခြင်း စသည်တို့ ဖြစ်လာတတ်ကုန်၏။ နှလုံးသွေးကြော, ဦးဏှောက်သွေးကြော စသည်တို့ ပြတ်သွားတတ်ကုန်၏။ မျက်စိ ကာဏ်းတတ်၏၊ ကုန်းကွ သွားတတ်၏၊ ဆွံအသွားတတ်၏။ နေပူကြောင့် ဖောက်ပြန်မှုကား သဲကန္တာရ တို့၌ ပို၍ ထင်ရှား၏။

ဤသို့လျှင် ရှေးရှေး ဖြစ်နေကြ ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ပုံစံ အမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုကိုပင် ဖောက်ပြန်သည်ဟု ဆိုသည်။ သို့သော် ထိုရုပ်သန္တတိအစဉ်အတွင်း၌ ဖြစ်ပွားလျက် ရှိကြသော ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်ပရမတ်သဘောတရားတို့ကား မိမိတို့၏ မာမှု ယိုစီးမှု ပူမှု ထောက်မှု စသော ကိုယ်ပိုင်သဘာဝလက္ခဏာများ၏ ပြောင်းလဲမှု မရှိသည့်အတွက် ပရမတ် ဟူသော အမည်ကို ရရှိကြပေသည်။ (သံ၊ဋ္ဌ၊၂၊၂၆၇-၂၆၈ - စသည်တို့၌ကြည့်။)

နာမ်တရားတို့၌ ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးရှေး နာမ်သန္တတိ အစဉ်နှင့် မတူသော နောက်နောက်သော နာမ်သန္တတိအစဉ်၏ ဖြစ်မှုကား ထင်ရှား ရှိသည်သာ ဖြစ်၏။ သို့သော် နာမ်တရားတို့၏ ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှု ဖောက်ပြန်မှုကား ရုပ်တရားတို့ လောက် မထင်ရှားပေ။ ရုပ်တရားတို့၏ ဖောက်ပြန်မှုကသာ နာမ်တရားတို့ထက် အလွန့်အလွန် ပို၍ ထင်ရှား၏၊ ထိုကြောင့် အထင် ရုဠှီအားဖြင့် ရုပ်တရားတို့ကိုသာ ဖောက်ပြန်တတ်သော သဘောတရားဟု ခေါ်ဆိုလေသည်။ (မဟာဋီ၊၂၊၈၆။)

ဗုဒ္ဓအဘိဓမ္မာ၏ ရုပ်ပိုင်းဆိုင်ရာ အယူအဆ

ဗုဒ္ဓအဘိဓမ္မာ၏ ရုပ်ပိုင်းဆိုင်ရာ အယူအဆ

ဤတွင် ဗုဒ္ဓအဘိဓမ္မာ၏ ရုပ်ပိုင်းဆိုင်ရာ ရှုကွက်များ အဇ္ဈတ္တ၌ ပြီးဆုံးပြီ ဖြစ်ပါသည်။ ဤမျှအထိ ရုပ် ပရမတ် တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည်တိုင်အောင် ရှုပွား သိမ်းဆည်းတတ်ပြီး ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဗုဒ္ဓအဘိဓမ္မာ၏ နက်နဲသော သိမ်မွေ့သော ရုပ်ပိုင်းဆိုင်ရာ အယူအဆများကို သဘောပေါက်နိုင်ပြီ ဖြစ်ပေသည်။

သတ္တဝါတို့၏ ခန္ဓာအိမ်ကား ပရမာဏုမြူခန့် အလွန့်အလွန် သေးငယ်သော ရုပ်ကလာပ် အမှုန်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏။ ယင်း ရုပ်ကလာပ် တစ်ခု တစ်ခု အတွင်း၌ အနည်းဆုံး ပမာဏအားဖြင့် ပထဝီ- အာပေါ-တေဇော-ဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာဟု ရုပ်ပရမတ်သဘောတရား (၈)မျိုး ရှိ၏။ အချို့ ရုပ်ကလာပ် များ၌ ရုပ်ပရမတ်သဘောတရား (၉)မျိုး (၁၀)မျိုးစသည် ရှိကြ၏။

ယင်းရုပ်ပရမတ်သဘောတရားတို့ကား အမှုန်မဟုတ်ပါ၊ အတုံးအခဲ မဟုတ်ပါ။ အထည်ဝတ္ထု သဏ္ဌာန် ဒြပ် မဟုတ်ပါ။ ပရမတ်သဘောတရား သက်သက်မျှသာ ဖြစ်၏။ မာမှု ယိုစီးမှု ပူမှု ထောက်မှုစသော သဘော တရားသက်သက်မျှသာ ဖြစ်၏။ (၈)မျိုး (၉)မျိုး စသော ယင်းရုပ်ပရမတ်သဘောတရား သက်သက်များကို ပေါင်း စု တည်ဆောက်လိုက်သောအခါ ရုပ်ကလာပ်ခေါ်သည့် အမှုန်ကလေး တစ်မှုန် ဖြစ်ပေါ်လာ၏။ ပကတိမျက်စိဖြင့် မမြင်နိုင်သော ဉာဏ်မျက်စိဖြင့်သာ မြင်နိုင်ကောင်းသော အသေးဆုံးသော ရုပ်ပရမတ် အဖွဲ့အစည်း တစ်ခုကို ရုပ်ကလာပ်ဟု ခေါ်၏။ ယင်းရုပ်ကလာပ် အမှုန်ပေါင်းများစွာကို ပေါင်းစုတည်ဆောက်လိုက်ပါမှ ဆံပင် မွေးညင်း ခြေသည်း လက်သည်း စသော (၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂)ကောဋ္ဌာသ အစုအဝေးများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယင်း (၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂)ကောဋ္ဌာသတို့ကို အတိတ်က ကံစီမံသည့်အတိုင်း အချိုး တကျ တပ်ဆင်လိုက်ပါမှ သမ္မုတိသစ္စာနယ်သုံး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ စသည် ဖြစ်ထွန်း ပေါ်ပေါက် လာခြင်း ဖြစ်၏။

သို့အတွက် လူသားတို့၏ ခန္ဓာအိမ်ဝယ် မူလအခြေခံအကျဆုံး တည်ဆောက်ထားသော ရုပ်တို့ကား မာမှု ယိုစီးမှု ပူမှု ထောက်မှု စသော သဘောတရား သက်သက်မျှသာ ဖြစ်၏။ ယင်းရုပ်ပရမတ်သဘောတရားတို့ကား မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟု ဆိုအပ်သော မရှိခြင်းနှစ်ခုတို့၏ အလယ်၌သာလျှင် ယာယီ အခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာကြသော ဓမ္မသဘာဝတို့သာလျှင် ဖြစ်ကြ၏။ ယာယီဟူသည် မည်မျှ အချိန် ကြာသည့် ယာယီနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့တည်း။

ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ (သံ၊ဋ္ဌ၊၂၊၂၉၅။) = လက်ဖျစ်တစ်တွက် (= တစ်စက္ကန့်)ဟု ခေါ်ဆိုထိုက်သော အချိန်အခါ ကာလအတွင်း၌ နာမ်တရားတို့သည် အကြိမ်ပေါင်း ကုဋေ တစ်သိန်းခန့် ဖြစ်ပြီး၍ ချုပ်သွား၏ဟု ဖွင့်ဆိုထားသဖြင့် စိတ္တက္ခဏခေါ်သည့် စိတ်တစ်ခု၏ သက်တမ်း အချိန် ကာလကား လက်ဖျစ်တစ်တွက် (= တစ်စက္ကန့်) အချိန်ကာလကို ကုဋေတစ်သိန်းပုံပါက တစ်ပုံခန့်သာ သက်တမ်း ရှိ၏။ ရုပ်တရားတို့ကား ယင်းစိတ္တက္ခဏပေါင်း (၁၇)ချက် အသက်ရှည်၏ဟု အဆိုရှိသဖြင့် ကုဋေတစ်သိန်းကို (၁၇)ဖြင့် စားသော် ကုဋေငါးထောင်ကျော် အဖြေထွက်လာသဖြင့် တစ်စက္ကန့်ဟု ခေါ်ဆိုအပ်သောအချိန်ကာလ ကို ကုဋေငါးထောင်ကျော်ခန့် ပုံခဲ့သော် တစ်ပုံခန့်သာ သက်တမ်းရှိကြပေသည်။ ဤမျှ သက်တမ်း တိုတောင်း လှသော ရုပ်ပရမတ်တရားများ ဖြစ်ကြ၏။ ယင်းသို့ အလွန့်အလွန် သက်တမ်းတိုတောင်းလှသော ရုပ်တရား များကို ယောဂါဝစရပုဂ္ဂိုလ်သည် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက် သိမြင်သောအခါသို့ ဆိုက်ရောက်ပါမှ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်များလည်း ဟုတ်တိုင်းမှန်စွာ ဖြစ်ထွန်းပေါ် ပေါက်လာမည် ဖြစ်ပေသည်။ အနတ္တရောင်ခြည်တော်သည် တင့်တယ်စမ္ပယ်စွာ ထွန်းလင်းတောက်ပလာမည် ဖြစ်ပေသည်။ ယင်းအနတ္တရောင်ခြည်တော်ကား သာသနာတော်တွင်း၌သာ ရရှိနိုင်သည့် အနှစ်သာရကြီး တစ်ခု ပင် ဖြစ်သည်။

သို့သော် ရုပ်တရား သက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် မည်သည့်နည်းနှင့်မျှ မဖြစ်ပေါ်နိုင်သဖြင့် နာမ်တရားတို့ကိုလည်း ဆက်လက်၍ ရှုပွားသိမ်းဆည်းရမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၂၇၁ - ကြည့်။)

နာမ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်များကို မရေးသားမီ ဤတွင် ---- ရုပ်ပိုင်းဆိုင်ရာ ဣရိယာပထနှင့် သမ္ပဇည ရှုကွက်များကို ဆက်လက် ဖော်ပြအပ်ပါသည်။

d d d

ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း

ဣရိယာပထ အခန်း နှင့် သမ္ပဇည အခန်း

ဣရိယာပထ နှင့် သမ္ပဇည ရှုကွက်

ဤ ဣရိယာပထရှုကွက် သမ္ပဇည ရှုကွက်တို့ကား ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို စနစ်တကျ ရှုပွား သိမ်းဆည်းပြီးပါမှသာလျှင် ပြည့်ပြည့်စုံစုံ သဘောပေါက် နားလည်မည် ဖြစ်ပေသည်။ ယခုအခါ၌ ရုပ်တရား တို့ကို ရှုပွားသိမ်းဆည်းတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်အတွက် ရုပ်ပိုင်းဆိုင်ရာ ရှုကွက်ကိုပင် သဘော ပေါက်နိုင်ရုံ ရှုပွားသိမ်းဆည်းတတ်ရုံမျှကိုသာ ဖော်ပြအပ်ပါသည်။

ဣရိယာပထ ပါဠိတော်

ဣရိယာပထ ပါဠိတော်

ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတိ၊ ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။ (ဒီ၊၂၊၂၃၂။)

= ရဟန်းတို့ ...တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် သွားလျှင်လည်း သွား၏ဟု သိ၏၊ ရပ်လျှင်လည်း ရပ်၏ဟု သိ၏၊ ထိုင်လျှင်လည်း ထိုင်၏ဟု သိ၏၊ လျောင်းလျှင်လည်း လျောင်း၏ဟု သိ၏၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုရဟန်း၏ ရုပ်အပေါင်းသည် တည်နေ၏၊ ထိုထို တည် မြဲတိုင်း ထားမြဲတိုင်းသော အခြင်းအရာအားဖြင့် ထိုရုပ်အပေါင်းကို သိ၏။ (ဒီ၊၂၊၂၃၂။)

ဤ အထက်ပါ ပါဠိတော်၏ ဆိုလိုချက်များကို အဋ္ဌကထာ ဋီကာတို့က ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြထား၏။ ထိုတွင် အဋ္ဌကထာ၏ ရှင်းလင်းချက်နှင့် ပတ်သက်၍ ဋီကာဆရာတော်က ဤသို့ နိဒါန်း သွယ်ထား၏။

ဂစ္ဆန္တော ဝါတိအာဒိ ဂမနာဒိမတ္တဇာနနဿ ဂမနာဒိဂတဝိသေသဇာနနဿ စ သာဓာရဏဝစနံ။ တတ္ထ ဂမနာဒိမတ္တဇာနနံ ဣဓ နာဓိပ္ပေတံ၊ ဂမနာဒိဂတဝိသေသဇာနနံ ပန အဓိပ္ပေတန္တိ တံ ဝိဘဇိတွာ ဒေဿတုံ တတ္ထ ကာမန္တိအာဒိ ဝုတ္တံ။ (မ၊ဋီ၊၁၊၃၅၁။)

သွားလျှင်လည်း သွား၏ဟု သိ၏ - အစရှိသော စကားတော်သည် ----

၁။ သွားခြင်းမျှ ရပ်ခြင်းမျှ ထိုင်ခြင်းမျှ လျောင်းခြင်းမျှ ဟူသော သာမညမျှကို သိခြင်းနှင့် ဆက်ဆံသော စကားတော်လည်း ဖြစ်၏။

၂။ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ဟူသော ထိုထို ဣရိယာပုထ်အခိုက်၌ ဖြစ်သော ရုပ်တို့၏ အထူးကို သိခြင်းနှင့် ဆက်ဆံသော စကားတော်လည်း ဖြစ်၏။

ထိုနှစ်မျိုးတို့တွင် သွားခြင်းမျှကို ရပ်ခြင်းမျှကို ထိုင်ခြင်းမျှကို လျောင်းခြင်းမျှကို သိခြင်းမျိုးကို ဤဣရိယာ ပထပိုင်း (သမ္ပဇဉ်ပိုင်း) ၌ အလိုမရှိအပ်၊ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ဟူသော ထိုထို ဣရိယာပုထ် အခိုက်၌ ဖြစ်သော ရုပ်တို့၏အထူးကို သိမှုမျိုးကိုသာလျှင် ဤဣရိယာပုထ်ပိုင်း (သမ္ပဇဉ်ပိုင်း)၌ အလိုရှိအပ်၏-ဟု ထိုအလိုရှိအပ်သော သိမှုမျိုးကို ခွဲခြား ဝေဖန်၍ ပြခြင်းငှာ - တတ္ထ ကာမံ - စသော အောက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်သည် မိန့်ဆိုတော်မူပေသည်။ (မ၊ဋီ၊၁၊၃၅၁။)

အဋ္ဌကထာ၏ ရှင်းလင်းချက်

အဋ္ဌကထာ၏ ရှင်းလင်းချက်

တတ္ထ ကာမံ သောဏသိင်္ဂါလာဒယောပိ ဂစ္ဆန္တာ ဂစ္ဆာမာတိ ဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ န ပဇဟတိ၊ အတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တူပလဒ္ဓိံ ပဇဟတိ၊ အတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ ကော ဂစ္ဆတိ၊ ကဿ ဂမနံ၊ ကိံကာရဏာ ဂစ္ဆတီတိ ဧဝံ သမ္ပဇာနနံ သန္ဓာယ ဝုတ္တံ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၅-၂၅၆။)

ထိုအထက်ပါ ဣရိယာပထ ဒေသနာတော်၌ ---- အိမ်ခွေး မြေခွေး အစရှိသော သတ္တဝါတို့သော်မှလည်း သွားကုန်လတ်သော် သွားကုန်စဉ် သွားနေတုန်းဝယ် ငါတို့ သွားကုန်၏ဟု အကယ်၍ကား သိကြပေကုန်၏၊ ထိုသို့ သိကြပါကုန်သော်လည်း ဤသို့ သဘောရှိသော ဤအသိမျိုးကို (= သွားခြင်းမျှလောက်ကိုသာ သိသည့် အသိမျိုးကို) ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ်သည်ကား မဟုတ်ပေ။ မှန်ပေသည် ဤသို့သဘောရှိသော သွားခြင်းမျှလောက်ကိုသာ သိသည့် အသိမျိုးသည်ကား ----

၁။ သတ္တဝါဟူသော အယူအဆကို မပယ်စွန့်နိုင်၊

၂။ အတ္တဟူသော အမှတ်သညာကို မပယ်ခွာနိုင်၊

၃။ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊

၄။ သတိပဋ္ဌာနဘာဝနာလည်း မဖြစ်ပေ။

ဤယောဂါဝစရ ရဟန်းတော်၏ (သွားခိုက်၌ ဖြစ်ပေါ်နေသောရုပ်တို့၏ အထူးကို) သိခြင်းသည်ကား --

၁။ သတ္တဝါဟူသော အယူအဆကို ပယ်စွန့်နိုင်၏၊

၂။ အတ္တဟူသော အမှတ်သညာကို ပယ်ခွာနိုင်၏၊

၃။ ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊

၄။ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။

ထင်ရှားစေအံ့ ---- သွားလျှင်လည်း သွား၏ဟု သိ၏- ဤသို့ အစရှိသော စကားတော်ကို ----

၁။ အဘယ်သူသည် သွားသနည်း၊

၂။ အဘယ်သူ၏ သွားခြင်းနည်း၊

၃။ အဘယ်အကြောင်းကြောင့် သွားသနည်း၊ ----

ဤသို့ ကောင်းစွာ ကွဲကွဲပြားပြား သိခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားတော်မူအပ် ပေ၏။ ရပ်ခြင်း စသည်တို့၌လည်း နည်းတူ မှတ်ပါ။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၅-၂၅၆။)

သတ္တဝါဟူသော အယူအဆ

သတ္တဝါဟူသော အယူအဆ

သတ္တူပလဒ္ဓိန္တိ သတ္တော အတ္ထီတိ ဥပလဒ္ဓိံ သတ္တဂ္ဂါဟံ န ဇဟတိ န ပရိစ္စဇတိ အဟံ ဂစ္ဆာမိ၊ မမ ဂမနန္တိ ဂါဟသဗ္ဘာဝတော။ တတော ဧဝ အတ္တသညံ အတ္ထိ အတ္တာ ကာရကော ဝေဒကောတိ ဧဝံ ပဝတ္တံ ဝိပရီတသညံ န ဥဂ္ဃါဋေတိ နာပနေတိ အပဋိပက္ခဘာဝတော, အနနုဗြူဟနတော ဝါ။ ဧဝံ ဘူတဿ စဿ ကုတော ကမ္မဋ္ဌာနာဒိဘာဝေါတိ အာဟ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတီတိ။ (မ၊ဋီ၊၁၊၃၅၁-၃၅၂။)

အိမ်ခွေး မြေခွေး စသော သတ္တဝါတို့၏ သွားလျှင် သွား၏ဟု သွားခြင်းမျှလောက်ကိုသာ သိသည့် သာမန်အသိမျိုးသည်ကား - ငါသွား၏၊ ငါ၏ သွားခြင်းတည်း - ဟု ဤသို့ စွဲလမ်းခြင်း စွဲယူခြင်း၏ ထင်ရှား ရှိနေသည်၏ အဖြစ်ကြောင့် သတ္တဝါသည် ရှိ၏ဟူသော အယူအဆကို သတ္တဝါဟု စွဲလမ်းခြင်း စွဲယူခြင်းကို မပယ်စွန့်နိုင်ပေ။

ထိုသို့ မပယ်စွန့်နိုင်သောကြောင့်ပင်လျှင် - ပြုလုပ်တတ်သော ခံစားတတ်သော အတ္တသည် ရှိ၏ဟု ဤသို့ ဖြစ်ပေါ်လာသော မှားယွင်းဖောက်ပြန်သော အမှတ်သညာဟူသော အတ္တသညာကို မပယ်ခွာနိုင်၊ မပယ် စွန့်နိုင်။ ထိုသို့ သွားလျှင် သွား၏ဟု သာမန်သိသော အသိမျိုးသည်ကား ထိုအတ္တသညာနှင့် ထိပ်တိုက် ဆန့် ကျင်ဘက် မဖြစ်သောကြောင့်လည်းကောင်း, အနတ္တာနုပဿနာဉာဏ်ကို မတိုးပွားစေတတ်သောကြောင့် လည်းကောင်း အတ္တသညာကို မပယ်စွန့်နိုင်ပေ။

ဤသို့ အတ္တသညာကို မပယ်စွန့်နိုင်သော သွားလျှင် သွား၏ဟု သာမန်အသိမျိုး ဖြစ်ပေါ်နေသော ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အဘယ်မှာလျှင် ကမ္မဋ္ဌာန်းစသည် ဖြစ်နိုင်ပါအံ့နည်း၊ ထိုကြောင့် ကမ္မဋ္ဌာန်း လည်း မဖြစ်၊ သတိပဋ္ဌာန်ကို ပွားများအားထုတ်ခြင်းဟူသော သတိပဋ္ဌာနဘာဝနာလည်း မဖြစ်ဟု အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူခြင်း ဖြစ်ပေသည်။ (မ၊ဋီ၊၁၊၃၅၁-၃၅၂။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ သွားလျှင် သွား၏ဟု, ရပ်လျှင် ရပ်၏ဟု, ထိုင်လျှင် ထိုင်၏ဟု, လျောင်းလျှင် လျောင်း၏ဟု သွားခြင်းမျှ ရပ်ခြင်းမျှ ထိုင်ခြင်းမျှ လျောင်းခြင်းမျှလောက်ကိုသာ သိနေ သည့် သာမည အသိမျိုးကား ကမ္မဋ္ဌာန်းလည်း မဟုတ်၊ သတိပဋ္ဌာန်ကို ပွားများနေသည့် သတိပဋ္ဌာနဘာဝနာ လည်း မဟုတ်သည်ကိုကား အထူးဂရုပြု၍ မှတ်သားသင့်ပေသည်။ သပိတ်ကွဲ ကိုယ်ကျေ မဖြစ်ဖို့ရန် သတိပေး နေသော စကားများပင် ဖြစ်ကြ၏။

အလျော်အားဖြင့်ဆိုရမူ သွားခြင်းစသော ထိုထို ဣရိယာပုထ်အခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့၏ အထူးအပြားကို ကွဲကွဲပြားပြား သိနေသော ဤယောဂါဝစရ ရဟန်းတော်၏ သိမှုသည်ကား သတ္တဝါရှိ၏ဟူသော အယူအဆကိုလည်း ပယ်စွန့်နိုင်၏၊ အတ္တသညာကိုလည်း ပယ်ခွာနိုင်၏၊ ကမ္မဋ္ဌာန်းလည်းဖြစ်၏၊ သတိပဋ္ဌာန်ကို ပွားနေသည့် သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏။ ထိုအသိမျိုးကို အဋ္ဌကထာဆရာတော်က အောက်ပါအတိုင်း ရှင်းလင်း တင်ပြထား၏။

တတ္ထ ကော ဂစ္ဆတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဂစ္ဆတိ။ ကဿ ဂမနန္တိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဂမနံ။ ကိံကာရဏာ ဂစ္ဆတီတိ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန ဂစ္ဆတိ။ တသ္မာ ဧသ ဧဝံ ပဇာနာတိ ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

၁။ အဘယ်သူသည် သွားသနည်း ဟူမူကား - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ် သည်လည်းကောင်း သွားသည် မဟုတ်။

အဘယ်သူသည် သွားသနည်းဟူသော ဤမေးခွန်းကား ---- သွားခြင်းကိရိယာကို (= သွားမှုကို) ပြုလုပ် တတ် ပြီးစီးစေတတ်သော ကတ္တုသာဓနကိုလည်းကောင်း, သွားခြင်းကိရိယာကိုလည်းကောင်း (= သွားမှုကို လည်းကောင်း) - အသီးအသီး မခွဲခြားအပ်သည်ကို ပြု၍ သွားခြင်းကြိယာ၏ ပြီးစီးအောင် ပြုလုပ်တတ်သူ (ကတ္တား)ကို မေးကြောင်း ဖြစ်သော ပုစ္ဆာတည်း။ ထိုအမေး ပုစ္ဆာသည်ကား သွားမှုကို ပြုလုပ်တတ်သော ကတ္တား အဖြစ်ဖြင့် အထူးပြုအပ်သော အတ္တကို ပယ်ရှားခြင်း အနက် ရှိ၏။ အဘယ်ကြောင့်နည်းဟူမူ ရုပ်ဓမ္မ နာမ်ဓမ္မ ဟူသော ဓမ္မသဘာဝတရား သက်သက်မျှ၏သာလျှင် သွားခြင်း ကိရိယာကို ပြီးစီးစေကြောင်းကို ဉာဏ်ဖြင့် တွေ့မြင်ရသောကြောင့် ဖြစ်၏။ (မ၊ဋီ၊၁၊၃၅၂။)

သာသနာပ အယူအဆ ရှိသူတို့ကား အတ္တသည် (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည်) သွားခြင်းစသော ထိုထိုကိရိယာကို ပြုလုပ်တတ်၏၊ ထိုထို အာရုံကို ခံစားတတ်၏ - ဤသို့ စသည်ဖြင့် စွဲလမ်းယုံကြည်ကြ၏။ ဗုဒ္ဓအဘိဓမ္မာ၌ကား ပရမတ္ထသစ္စာသဘောအားဖြင့် သတ္တဝါ အသီးအသီးတို့ သန္တာန်ဝယ် ရှေးနှင့်နောက် အစဉ်မပြတ် ဆက်စပ်လျက် ဖြစ်ပေါ်နေသော ရုပ်တရား အစုအပုံနှင့် နာမ်တရား အစုအပုံသာ ရှိ၏။ (၃၁)ဘုံ အတွင်း၌ ----

၁။ အသညသတ်ဘုံဝယ် ရုပ်သက်သက်သာ တည်ရှိ၏၊

၂။ အရူပဘုံဝယ် နာမ်သက်သက်သာ တည်ရှိ၏၊

၃။ ခန္ဓာ (၅)ပါးရှိသော ပဉ္စဝေါကာရ (၂၆)ဘုံဝယ် ရုပ်-နာမ် နှစ်ပါးသာ တည်ရှိ၏။

ထိုရုပ်နာမ်က လွဲ၍ အတ္တ ဟူသည် မရှိ၊ တစ်ဘဝပြီး တစ်ဘဝ ပြောင်းရွှေ့နေသည့် အကျိတ်အခဲ အခိုင် အမာ အနှစ်သာရအားဖြင့် တည်နေသည့် မပျက်စီးတတ်သော အတ္တသည် မရှိ။ သေလျှင် ပြတ်သွားသည့် အတ္တသည်လည်း မရှိ။ ရုပ်နာမ် အစုအပုံမျှသာ ရှိ၏။ သို့အတွက် သွားသည့်အခိုက်၌လည်း သွားသော အခြင်း အရာအားဖြင့် ဖြစ်နေသည့် ရုပ်ဓမ္မ နာမ်ဓမ္မ အစုအပုံမျှသာ ရှိ၏။ သွားမှုကို ပြီးစီးစေတတ်သော ပုဂ္ဂိုလ် သတ္တဝါ ကား မရှိ၊ အတ္တကား မရှိ။ ထိုသို့ မရှိခြင်းကြောင့် အဘယ်သူသည် သွားပါသနည်းဟူသော မေးခွန်းကို အဋ္ဌ ကထာဆရာတော်က - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း သွားသည် မဟုတ်ပါဟု ဖြေဆိုတော်မူခြင်း ဖြစ်ပေသည်။ သွားခြင်း ကိရိယာကို ပြီးစီးစေတတ်သော တရားကား ရုပ်ဓမ္မ နာမ်ဓမ္မ အစုအပုံမျှသာ ဖြစ်သည်။ ရုပ်ဓမ္မ နာမ်ဓမ္မ၏သာလျှင် သွားခြင်း ကိရိယာကို ပြီးစီးစေတတ်သောကြောင့်လည်းကောင်း, ထိုရုပ်ဓမ္မ နာမ်ဓမ္မမှ အလွတ်ဖြစ်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ၏လည်း ထင်ရှား မရှိခြင်းကြောင့်လည်းကောင်း - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း, အတ္တသည်လည်းကောင်း မသွားပါဟု ဆိုလိုသည်။ (မ၊ဋီ၊၁၊၃၅၂။)

၂။ အဘယ်သူ၏ သွားခြင်းနည်းဟူသည်ကား - တစ်စုံတစ်ယောက်သော သတ္တဝါ၏လည်းကောင်း ပုဂ္ဂိုလ်၏ လည်းကောင်း သွားခြင်းသည် မဟုတ်ပါ။

အဘယ်သူ၏ သွားခြင်းနည်းဟူသော ဤမေးခွန်းကား အထက်တွင် ဖော်ပြထားသော အနက်အဓိပ္ပါယ် ကိုပင် ပရိယာယ် တစ်မျိုးအားဖြင့် ပြောဆိုခြင်းပင်တည်း။ သွားခြင်း ကိရိယာကို ပြုလုပ်တတ် ပြီးစီးစေတတ် သော ကတ္တုသာဓနကိုလည်းကောင်း, သွားခြင်း ကိရိယာကိုလည်းကောင်း အသီးအသီး ခွဲခြားအပ်သည်ကို ပြု၍ ပြောဆို၏၊ သွားခြင်း ကိရိယာ၏ သွားတတ်သော ကတ္တားနှင့် ဆက်စပ်ခြင်း မရှိသည်၏အဖြစ်ကို ယင်းမေးခွန်းက ထင်ရှား ဖော်ပြခြင်းကြောင့် ဖြစ်၏။ မှန်ပေသည် ----

၁။ ကော ဂစ္ဆတိ = အဘယ်သူ သွားသနည်း၊

၂။ ကဿ ဂမနံ = အဘယ်သူ၏ သွားခြင်းနည်း ----

ဤ မေးခွန်း နှစ်ရပ်၌ ပါဝင်သော ကိံ = အဘယ်သူဟူသော စကားသည် ဆန့်ကျင်ဘက် = ပဋိပက္ခ အနက်ကို အတွင်း၌ ဆောင်အပ်သည်ကို ပြု၍ ဖြစ်ပေါ်လာ၏။ သို့အတွက် - ကော ဂစ္ဆတိ = အဘယ်သူသည် သွားသနည်း ဟူရာ၌ အဘယ်သူမှ မသွားဟု ဆိုလိုသည်။ ကဿ ဂမနံ = အဘယ်သူ၏ သွားခြင်းနည်းဟူရာ၌ ဘယ်သူ၏ သွားခြင်းမှ မဟုတ်ဟု ဆိုလိုပေသည်။ (မ၊ဋီ၊၁၊၃၅၂။)

၃။ ကိံကာရဏာတိ ပန ပဋိက္ခိတ္တကတ္တုကာယ ဂမနကိရိယာယ အဝိပရီတကာရဏပုစ္ဆာ ဂမနန္တိ အတ္တာ မနသာ သံယုဇ္ဇတိ၊ မနော ဣန္ဒြိယေဟိ ၊ ဣန္ဒြိယာနိ အတ္တေဟီတိ ဧဝမာဒိဂမနကာရဏပဋိက္ခေပနတော။ တေနာဟ တတ္ထာတိအာဒိ။ (မ၊ဋီ၊၁၊၃၅၂။)

၃။ အဘယ်အကြောင်းကြောင့် သွားသနည်း? ---- အထက်ပါ မေးခွန်း နှစ်ရပ်တို့၌ သွားခြင်း ကြိယာကို ပြုလုပ်တတ် ပြီးစီးစေတတ်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တဟူသော ကတ္တား မရှိကြောင်း ပယ်ထားပြီး ဖြစ်၏။ သို့အတွက် ဤမေးခွန်းကား ယင်းသို့ ပယ်အပ်ပြီးသော ကတ္တားရှိသော ကိရိယာ၏ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းစစ် ဖြစ်သော ပရမတ္ထသစ္စာနယ်မှ မဖောက်မပြန် မှန်ကန်သော အကြောင်းတရားကို မေးမြန်း ကြောင်းဖြစ်သော အမေးပုစ္ဆာတည်း။

သာသနာပအယူအဆရှိသူ အချို့တို့ကား သွားမှုနှင့် ပတ်သက်၍ ဤသို့ ယူဆကြ၏ - သွားခြင်းဟူသည် အတ္တကို စိတ်ဖြင့် ယှဉ်စပ်ပေးရ၏၊ စိတ်ကို ဣန္ဒြေတို့ဖြင့် ယှဉ်စပ်ပေးရ၏၊ ဣန္ဒြေတို့ကို အတ္တတို့ဖြင့် ယှဉ်စပ် ပေးရ၏ - ဤသို့ ယူဆကြ၏။ ထိုအယူအဆကား မှားယွင်းဖောက်ပြန် မမှန်ကန်သော မိစ္ဆာအယူအဆသာ ဖြစ်၏။ အဘယ်အကြောင်းကြောင့် သွားပါသနည်းဟူသော ဤမေးခွန်းကား ယင်းသို့သော မှားယွင်းသော အယူ အဆ အစရှိသော မိစ္ဆာအကြောင်းမှ လွတ်သော ----

၁။ လျော်သော ပစ္စယအကြောင်း = အားပေးထောက်ပံ့တတ်သော အကြောင်း,

၂။ လျော်သော ဟေတုအကြောင်း = ဖြစ်စေတတ်သော ဇနကအကြောင်း ----

ဟူသော အကြောင်းတရား ထင်ရှားရှိသော ပရမတ္ထဓမ္မမှန်တို့၏ ဖြစ်ပုံအခြင်းအရာထူးသည် သွားခြင်း မည်၏ဟု ဖော်ပြသော မေးခွန်းတည်း။ ထိုကြောင့် အဋ္ဌကထာဆရာတော်သည် ---- တတ္ထ ကော ဂစ္ဆတိ - အစ ရှိသော အထက်တွင် ဖော်ပြထားသော စကားရပ်များကို မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်လည်းကောင်း, အတ္တသည်လည်းကောင်း မသွားခဲ့သော် တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါ၏လည်းကောင်း, အတ္တ၏လည်းကောင်း သွားခြင်း မဟုတ်ခဲ့သော် အဘယ် အကြောင်းကြောင့် သွားပါသနည်းဟူမူ - အဖြေကား ဤသို့ ဖြစ်၏။ စိတ်သည် ပြုလုပ်အပ်သော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်လှုပ်ရှားခြင်းကြောင့် = တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခြင်းကြောင့် သွား၏ ဟူပေ။

ထိုကြောင့် ယောဂါဝစရ ရဟန်းတော်သည် ဤသို့ သိ၏။

သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုသွားလိုမှု၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏။ ဤအရာ၌ ဋီကာဆရာတော်က အောက်ပါအတိုင်း ရှင်းပြထား၏။

ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ၊ အဓိကတာ စေတ္ထ သာမတ္ထိယတော, န ပမာဏတော။ ဂမနစိတ္တသမုဋ္ဌိတံ သဟဇာတရူပကာယဿ ထမ္ဘနသန္ဓာရဏစလနာနံ ပစ္စယဘူတေန အာကာရဝိသေသေန ပဝတ္တမာနံ ဝါယောဓာတုံ သန္ဓာယာဟ ဝါယော ဝိညတ္တိံ ဇနေတီတိ။

အဓိပ္ပါယသဟဘာဝီ ဟိ ဝိကာရော ဝိညတ္တိ၊ ယထာဝုတ္တအဓိကဘာဝေနေဝ စ ဝါယောဂဟဏံ၊ န ဝါယောဓာတုယာ ဧဝ ဇနကဘာဝတော၊ အညထာ ဝိညတ္တိယာ ဥပါဒါယရူပဘာဝေါ ဒုရုပပါဒေါ သိယာ။ (မ၊ဋီ၊၁၊၃၅၂။)

ထိုသွားလိုသော စိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ဟု ဆိုသော်လည်း ဝါယောဓာတ် တစ်ခုတည်း ကိုသာ ဖြစ်စေသည် မဟုတ်၊ ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ကိုသာ ဖြစ်စေ၏။ ဤအရာ၌ လွန်ကဲမှုဟူသည် ဝါယောဓာတ်၏ ပရမတ္ထဓမ္မသဘာဝသတ္တိ စွမ်းအင် လွန်ကဲမှု သာတည်း၊ အတိုင်းအတာပမာဏ ရာခိုင်နှုန်း အချိုးအစားအားဖြင့် လွန်ကဲမှုမျိုးကား မဟုတ်ပေ။ သွားလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာသော, အတူဖြစ်နေသော (တစ်ချိန်အတွင်း ပြိုင်တူ ဖြစ်နေကြသော) သဟဇာတ ရူပ ကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ထားခြင်း ဆောင်ထားခြင်း, သဟဇာတ ရူပကာယ = ရုပ်တရား အပေါင်း၏ လှုပ်ရှားခြင်းတို့၏ အကြောင်းတရားဖြစ်၍ ဖြစ်သော အခြင်းအရာအထူးဖြင့် ဖြစ်ပေါ်လာသော ထောက်ကန်အား တွန်းကန်အား အပြည့်အဝ ရှိနေသော ဝါယောဓာတ်ကို ရည်ရွယ်တော်မူ၍ - ဝါယော ဝိညတ္တိံ ဇနေတိ = ဝါယောဓာတ်က ဝိညတ်ရုပ်ကို ဖြစ်စေ၏ - ဟု ဖွင့်ဆိုတော်မူခြင်း ဖြစ်သည်။ (မ၊ဋီ၊၁၊၃၅၂။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုတော်မူချက်အရ သွားလိုသော စိတ်ကြောင့် ဝါယောဓာတ် ၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းသည် ဖြစ်ပေါ်လာ၏၊ ထိုရုပ်ကလာပ်တို့တွင် ပါဝင်သော ထောက်ကန်အား တွန်းကန်အားဟူသော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်က ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏ဟု မှတ်ပါ။ ဤအရာဝယ် ---- ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ (မ၊ဋီ၊၁၊၃၅၂။) ---- သွားလိုသော စိတ်သည် ဝါယောဓာတ် တစ်ခုတည်းကိုသာ ဖြစ်စေသည် မဟုတ်၊ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်းကိုသာ ဖြစ်စေ၏ဟု ဆိုလိုကြောင်း ဖွင့်ဆိုသော ဋီကာဆရာတော်၏ စကားကို နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အသင်ယောဂီ သူတော် ကောင်းသည် ရိုသေစွာ အထူးမှတ်သားလေရာသည်။

သွားလိုသော သတ္တဝါ၏ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်ပေါ်လာသော ကိုယ်အမူအရာ အထူးသည် ကာယဝိညတ် မည်၏။ ကာယဝိညတ်၏ အကြောင်းတရားကို ဖွင့်ဆိုရာ၌ အတူဖြစ်သော သဟ ဇာတ ရုပ်တရားအပေါင်းကို ခိုင်ခံ့အောင် ထောက်ပံ့ထားခြင်း ဆောင်ထားနိုင်ခြင်း စွမ်းအား အပြည့်ရှိသော ထောက်ကန်သည့် ဝါယောဓာတ်, အတူဖြစ်သော သဟဇာတရုပ်တရားအပေါင်းကို လှုပ်ရှားစေခြင်းငှာ စွမ်းအား အပြည့်အဝရှိသော တွန်းကန်သည့် ဝါယောဓာတ် - ဤနှစ်မျိုးသော ဝါယောဓာတ်တို့၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသည်၏ အဖြစ်ကြောင့်သာလျှင် - ဝါယောဓာတ်သည် ဝိညတ်ရုပ်ကိုဖြစ်စေ၏ဟု ဝါယောဓာတ်ကို ယူ၍ အဋ္ဌကထာဆရာတော် ဖွင့်ဆိုခြင်း ဖြစ်သည်။ ဝါယောဓာတ် တစ်ခုတည်းကသာလျှင် ဝိညတ်ရုပ်၏ တိုက် ရိုက်ဖြစ်စေတတ်သော ဇနကအကြောင်းတရား ဖြစ်ခြင်းကြောင့် ထိုသို့ ဖွင့်ဆိုခြင်း မဟုတ်ပေ။ အကယ်၍ ဝါယော ဓာတ် တစ်ခုတည်းကသာလျှင် ဝိညတ်ရုပ်ကို ဖြစ်စေ၏ဟု ယူဆခဲ့လျှင် ဝိညတ်ရုပ်၏ မဟာဘုတ် ဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သော ဥပါဒါရုပ်ဖြစ်ကြောင်း စကားသည် မကောင်းသဖြင့် ပြီးသောစကား ဖြစ်လေရာ၏။ (မ၊ဋီ၊၁၊၃၅၂။)

ဤရှင်းလင်းချက်များအရ အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။

သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုသွားလိုသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စိတ်ကြောင့် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်းသည် = ရုပ်ကလာပ်အပေါင်းသည် ဖြစ်ပေါ်လာ၏။ ယင်းဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်းက ကာယ ဝိညတ်ရုပ်ကို ဖြစ်စေ၏။ စိတ်သည် ပြုလုပ်အပ်သော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်တရားအပေါင်း၏ = ရုပ်ကလာပ်အပေါင်း၏ လှုပ်ရှားခြင်း ပျံ့နှံ့၍သွားခြင်းကြောင့် အလုံးစုံသော ရူပကာယ = ရုပ်တရားအပေါင်း၏ ရှေးသို့ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို သွားခြင်း ဟူ၍ခေါ်ဆိုအပ်ပေသည်။ ရပ်ခြင်း စသည်တို့၌လည်း ဤနည်းအတိုင်းပင်တည်း။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

ရှုပွားပုံ စနစ်

ရှုပွားပုံ စနစ်

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် မိမိ ရှုပွားလိုသည့် စင်္ကြံတစ်နေရာတွင် မတ်တတ်ရပ်၍ သမာဓိ ကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ ယင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိကြသော ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား (၄)ပါးတို့ကြောင့် အသီးအသီး ဖြစ်ပေါ်လာကြရကုန်သော စတုသမုဋ္ဌာနိက ရုပ်သန္တတိ အစဉ် ကား သကလကာယဟု အဋ္ဌကထာက ခေါ်ဝေါ်သုံးစွဲထားသော ရှေးရှူ အသယ်ဆောင်ခံရသော ရုပ်တရားစု တို့တည်း။

သွားလိုသော စိတ်ကြောင့် ဖြစ်ကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ----

၁။ ကာယဝိညတ်ရုပ်လျှင် (၉)ခုမြောက်ရှိသော ကာယဝိညတ္တိနဝကကလာပ်,

၂။ ကာယဝိညတ် လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ်

ဤ ကာယဝိညတ်ပါသော ရုပ်ကလာပ် နှစ်မျိုးတို့ကား အထက်ပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိ ကြသော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းကို ရှေးရှူ သယ်ဆောင်တတ်သော ရုပ်တရားစုတို့တည်း။

(၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ သိမ်းဆည်းပြီးသောအခါ သွားတော့ မည့် အမူအရာကို ပြုလုပ်ကြည့်ပါ၊ အနည်းငယ် သွားကြည့်ပါ။ ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ ယင်းဘဝင် မနောအကြည်ဓာတ် = မနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော သွားလိုသောစိတ်ကို သိမ်းဆည်းပါ။ ယင်း သွားလိုသော စိတ်ကြောင့် ဝိညတ်ရုပ် ပါဝင်သော အထက်ပါ ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး, တစ်မျိုး တစ်မျိုး၌ ရုပ်ကလာပ်ပေါင်းများစွာတို့ တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ ဖြစ်ပေါ်နေကြပုံကို မြင်အောင် ကြည့်ပါ။

မျက်စိကို မှိတ်လျက် ခပ်ဖြည်းဖြည်း သွားကြည့်နေပါ။ ကာယဝိညတ်ပါဝင်သော သယ်ဆောင်တတ်သော ရုပ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ယင်း သယ်ဆောင်တတ်သော ရုပ်တရားတို့က အသယ်ဆောင်ခံ ရသော (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ရှေးရှူသယ်ဆောင်နေပုံကို တစ်နည်းဆိုရသော် ရှေးရှူသယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ၊ သိမ်းဆည်းရှုပွားပါ။

ပရမတ်တို့၏ သဘောမှန်

ပရမတ်တို့၏ သဘောမှန်

ပရမတ်တရားတို့ကား အလွန့်အလွန် တိုတောင်းသော သက်တမ်းအချိန်ကာလ ရှိကြသဖြင့် တစ်နေရာ မှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်နိုင်သည့် စွမ်းအား မရှိကြပေ။ ဖြစ်သည့်နေရာမှာပင် ပျက်သွားကြသည့် ဓမ္မ သဘာဝတို့သာ ဖြစ်ကြ၏။ သို့အတွက် ရှေးသို့ သယ်ဆောင်တတ်သော ရုပ်တရားတို့ကလည်း တကယ် သယ် ဆောင်နေသည်ကား မဟုတ်၊ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကလည်း တကယ် အသယ်ဆောင်ခံရ သည်ကား မဟုတ်ပေ။ ဝါယောဓာတ်နှင့် ဝိညတ်ရုပ်တို့၏ စွမ်းအင်ကြောင့် အသစ်အသစ် ဆင့်ကာဆင့်ကာ ရှေးနှင့် နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော ရုပ်တရားတို့သည် နေရာအသစ်အသစ်၌ ပြောင်းလဲ၍ အသစ်အသစ် ဆင့်ကာဆင့်ကာ အထပ်ထပ် ဖြစ်နေခြင်း သဘောသာ ဖြစ်၏။ ယင်းသို့ မူလဖြစ်နေသည့်နေရာ၌ ထပ်၍ မဖြစ်ဘဲ နေရာအသစ်အသစ်၌ ပြောင်းရွှေ့၍ ဖြစ်နေခြင်းသည်ကား ဝါယောဓာတ်နှင့် ဝိညတ်ရုပ်တို့၏ စွမ်းအင်ကြောင့်ပင် ဖြစ်ပေသည်။ ထိုကြောင့် ရှေးရှူသယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကို သွား ခြင်းဟု ခေါ်ဆိုကြောင်း ဖွင့်ဆိုခဲ့ခြင်း ဖြစ်ပေသည်။

၁။ သယ်ဆောင်တတ်သော ရုပ်,

၂။ အသယ်ဆောင်ခံရသောရုပ် ----

ဤ ဣရိယာပထရှုကွက်ကို ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သယ်ဆောင်တတ်သောရုပ်, အသယ်ဆောင်ခံရသောရုပ်တို့ကို ခွဲခြား၍ ရှုတတ်ဖို့ ခွဲခြား၍ သိထားဖို့ လိုအပ်ပေသည်။

စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ - ဟု အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အဋ္ဌကထာက ဖွင့်ဆိုထားတော်မူခြင်းကြောင့် ----

၁။ သွားလိုသောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ် အနေအထားဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားသွားသော ---- ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် - ဟူသော ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး, ရုပ်ကလာပ် တစ်မျိုး တစ်မျိုး၌ များစွာသော အရေအတွက် ရှိကြသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်း တို့ကား သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။

၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော ----

(က) ကမ္မဇရုပ်,

( ခ ) စိတ္တဇရုပ်,

( ဂ ) ဥတုဇရုပ်,

(ဃ) အာဟာရဇရုပ်တို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။

စိတ္တဇရုပ် - နှစ်ဘက်ရ

စိတ္တဇရုပ် - နှစ်ဘက်ရ

န ဟိ ပဉ္စဒွါရိကဝိညာဏေဟိ ဂမနာဒီသု ကဉ္စိ ဣရိယာပထံ ကပ္ပေတိ။ ပ ။ သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်အရ ပဉ္စဒွါရိကဇောဝီထိ စိတ်အစဉ်အတွင်း၌ ပါဝင်သော ပဉ္စဒွါရိကဝိညာဏ်တို့သည် မည်သည့်ဣရိယာပုထ်ကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအား မရှိပေ။ သို့သော် စက္ခုဝိညာဏ်အစရှိသော ပဉ္စဝိညာဏ်တို့မှတစ်ပါး ကျန်ပဉ္စဒွါရိကဝိညာဏ်တို့ကား စိတ္တဇရုပ်သာမန်ကို (= ဣရိယာပုထ် မပါသော စိတ္တဇရုပ်ကို) ဖြစ်စေနိုင်ကြသည်ချည်း ဖြစ်ကုန်၏။ ယင်းစိတ္တဇရုပ်တို့ကား အသယ်ဆောင် ခံရသော ရုပ်တရားအုပ်စုတွင် ပါဝင်၏။ တစ်ဖန် ဝီထိစိတ်မှ အလွတ်ဖြစ်သော ဘဝင်စိတ်သည်လည်း စိတ္တဇရုပ် သာမန်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိသည်သာ ဖြစ်၏။ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့လည်း အသယ်ဆောင်ခံရသည့် ရုပ်တရားအုပ်စုတွင် ပါဝင်၏။

သယ်ဆောင်တတ်သော ရုပ်တရားတို့ကို သို့မဟုတ် ဣရိယာပထရုပ်တရားတို့ကို ဖြစ်စေနိုင်သော စိတ် တို့ကား မနောဒွါရိကဇောဝီထိစိတ်တို့သာ ဖြစ်ကြ၏။ သို့သော် အချို့အချို့သော စျာနသမာပတ္တိဝီထိစိတ်တို့ ကဲ့သို့သော မနောဒွါရိကဇောဝီထိစိတ်တို့သည်လည်း အခြားသော မနောဒွါရိကဇောဝီထိတို့ကြောင့် ဖြစ်ပေါ်နေ သော ဣရိယာပုထ် = ဣရိယာပထရုပ်တို့ကို ဆက်လက် တည်တံ့အောင် ခိုင်ခံ့အောင် ထောက်ပံ့ထားနိုင်သည့် စွမ်းအားသာရှိ၍ ဣရိယာပုထ် = ဣရိယာပထရုပ် အသစ် အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိကြပေ။ သို့သော် ယင်းစျာနသမာပတ္တိဝီထိစိတ်တို့သည်လည်း ပဉ္စဝေါကာရဘုံ၌ (= ခန္ဓာ ၅-ပါးရှိသောဘုံ၌) စိတ္တဇရုပ် သာမန်ကိုကား ဖြစ်စေနိုင်ကြသည်သာ ဖြစ်၏။ ယင်းစိတ္တဇရုပ်တို့လည်း အသယ်ဆောင်ခံရသော ရုပ်တရား အုပ်စုတွင်ပင် ပါဝင်လျက် ရှိကြ၏။ ထိုကြောင့် အသယ်ဆောင်ခံရသော ရုပ်တရားအုပ်စုတွင် - သကလကာယဿ ပုရတော အဘိနီဟာရော = ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ် ဟူသော အလုံးစုံသော ရုပ်တရား အပေါင်းကို ေ့ရှသို့ ရှေးရှူသယ်ဆောင်ခြင်းဟု ဖွင့်ဆိုထားပေသည်။

တစ်ဖန် သယ်ဆောင်တတ်သော ရုပ်တရားဘက်၌ကား ---- စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန - စသည် ဖြင့် စိတ္တဇရုပ်သက်သက်ကိုသာ ဖွင့်ဆိုထားပေသည်။

သို့အတွက် ဣရိယာပထရုပ်ကို ဖြစ်စေနိုင်သော မနောဒွါရိကဇောဝီထိစိတ်တို့ကြောင့် ဖြစ်သော ကာယ ဝိညတ္တိ နဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်ဟူသော စိတ္တဇရုပ်တို့ကား သယ်ဆောင် တတ်သော ရုပ်တရားများ ဖြစ်ကြ၍ ဣရိယာပထရုပ်ကို မဖြစ်စေနိုင်သော စိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ် တို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တွင် ပါဝင်ကြသည်ဟု မှတ်ပါ။

အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သယ်ဆောင်တတ်သော ရုပ်တရားဘက်၌ ရုပ်တုံးရုပ်ခဲတည်း ဟူသော ရုပ်ဃနအသီးအသီးကို ဉာဏ်ဖြင့် မြင်အောင် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွား သိမ်းဆည်းပါ။ တစ်ဖန် အသယ်ဆောင်ခံရသော ရုပ်တရားဘက်၌လည်း ရုပ်တုံးရုပ်ခဲတည်းဟူသော ရုပ် ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသိမ်းဆည်းပါ၊ နှစ်ဘက်လုံး၌ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သောအခါ သယ်ဆောင်တတ်သော ရုပ်တရားစုတို့က အသယ် ဆောင်ခံရသော ရုပ်တရားစုတို့ကို ေ့ရှသို့ ရှေးရှူသယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ် ဖြင့် မြင်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ဤနာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်းတွင်ကား ယခုကဲ့သို့ ရုပ်တရားတို့ကို သိမ်းဆည်းခိုက်ဝယ် ----

၁။ သယ်ဆောင်တတ်သော ရုပ်တရားတို့ကို အာရုံယူ၍လည်း ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၂။ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကို အာရုံယူ၍လည်း ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၃။ သယ်ဆောင်တတ်သော ရုပ်တရားနှင့် အသယ်ဆောင်ခံရသော ရုပ်တရားတို့ကိုလည်း အာရုံယူ၍ ခြုံငုံ၍ ရုပ်တရား ရုပ်တရားဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ရပ်ခိုက်၌ ရှုပွား သိမ်းဆည်းပုံ

ရပ်ခိုက်၌ ရှုပွား သိမ်းဆည်းပုံ

တတြာပိ ဟိ တိဋ္ဌာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ကောဋိတော ပဋ္ဌာယ ဥဿိတဘာဝေါ ဌာနန္တိ ဝုစ္စတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

ရပ်အံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုရပ်လိုသောစိတ်သည် ဝါယောဓာတ်ကို (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို) ဖြစ်စေ၏။ ဝါယော ဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော မဟာဘုတ်ရုပ်တရားအပေါင်းသည်) ရပ်သော အမူအရာထူး ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ တစ်နည်းဆိုရသော် ကာယဝိညတ်နှင့် တကွသော ကာယဝိညတ္တိ နဝကကလာပ်, ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသကကလာပ်ဟူသော ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ စိတ်သည် ပြုလုပ်အပ်သော စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော ရုပ်ကလာပ်အပေါင်း (= ရုပ်တရားအပေါင်း)၏ လှုပ်ရှားခြင်းကြောင့် = တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွား ခြင်းကြောင့် အောက်အစွန်အဖျားဖြစ်သော ခြေဖဝါးအပြင်မှ စ၍ အလုံးစုံသောာ ရူပကာယ (= ရုပ်တရား အပေါင်း)၏ ထောင်မတ်နေသည်၏ အဖြစ်ကို = ထောင်မတ်သော အခြင်းအရာအားဖြင့် ဖြစ်မှုကို ရပ်ခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

စင်္ကြံလျှောက်ခိုက်ဝယ် သယ်ဆောင်တတ်သောရုပ်, အသယ်ဆောင်ခံရသောရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်သော ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသော အသင်ယောဂီသူတော် ကောင်းသည် - ရပ်လိုသောစိတ် ဖြစ်ပေါ်လာသောအခါ ထိုစိတ်ကို မြင်အောင် ရှုပါ။ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်သော မနောဒွါရိကစိတ်ပင် ဖြစ်သည်။ သို့အတွက် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်း၍ ယင်းမနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော ရပ်လိုသောစိတ်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ တစ်ဖန် ထို ရပ်လိုသော စိတ်ကြောင့် ရပ်သည့်ကိုယ်အမူအရာ ကာယဝိညတ်ရုပ် ပါဝင်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် အလုံးစုံသော ရူပကာယဟူသော စတုသမုဋ္ဌာနိက ရုပ်တရားအားလုံးကိုလည်း သိမ်း ဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်ရုပ်တရားတို့ကား အလုံးစုံသော ရူပကာယ ရုပ်တရားအပေါင်းကို ရပ်သော အခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ထောက် ကန်ထားသော ရုပ်တရားတို့တည်း။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရား အားလုံးတို့ကား ရပ်သော အခြင်းအရာအားဖြင့် ဖြစ်အောင် = အောက်အစွန်အဖျားဖြစ်သော ခြေဖဝါးအပြင်မှ သည် အထက်ဆံဖျားသို့တိုင်အောင် ထောင်သော အခြင်းအရာအားဖြင့် ဖြစ်အောင် အသယ်ဆောင်ခံရသော ရုပ်တရား အထောက်အကန်ခံရသော ရုပ်တရားတို့တည်း။ သယ်ဆောင်တတ်သော ရုပ်တရား ထောက်ကန် ထားတတ်သောရုပ်တရား, အသယ်ဆောင်ခံရသော ရုပ်တရား အထောက်ကန်ခံရသော ရုပ်တရားဟူသော နှစ်ဘက်လုံး၌ ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါ။ ရုပ်တရား ရုပ်တရား ဟု သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ထိုင်ခိုက်၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံ

ထိုင်ခိုက်၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံ

နိသိဒါမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန ဟေဋ္ဌိမကာယဿ သမိဉ္ဇနံ ဥပရိမကာယဿ ဥဿိတဘာဝေါ နိသဇ္ဇာတိ ဝုစ္စတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

ထိုင်အံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုထိုင်လိုသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော စိတ်သည် ဝါယောဓာတ်ကို (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသောရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို) ဖြစ်စေ၏။ ယင်းဝါယောဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲ နေသော ယင်း မဟာဘုတ် ရုပ်တရားအပေါင်းသည်) ထိုင်သော ကိုယ်အမူအရာဟူသော ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ တစ်နည်းဆိုရသော် ကာယဝိညတ်နှင့် အတူတကွ ဖြစ်သော ကာယဝိညတ္တိနဝကကလာပ် ကာယ ဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ်ဟူသော ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်တရားအပေါင်းတို့တွင် ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကား လွန်ကဲလျက် ရှိ၏။ ထိုင်လိုသော စိတ်သည် ပြုလုပ်အပ်သော ထိုင်လိုသော စိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ လှုပ်ရှားခြင်းကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ----

၁။ အောက်ပိုင်းဖြစ်သော ကိုယ်၏ ကွေးခြင်းကိုလည်းကောင်း (= အောက်ပိုင်းဖြစ်သော ရုပ်တရားအပေါင်း၏ ကွေးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကိုလည်းကောင်း),

၂။ အထက်ပိုင်းဖြစ်သော ကိုယ်၏ ထောင်မတ်နေသည်၏ အဖြစ်ကိုလည်းကောင်း (= အထက်ပိုင်းဖြစ်သော ရုပ်တရားအပေါင်း၏ ထောင်မတ်နေသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကိုလည်းကောင်း) ----

ထိုင်ခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

ဤအထက်ပါ အဋ္ဌကထာ၏ ညွှန်ကြားသတ်မှတ်တော်မူချက်အရ အသင်ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ် သည် ရုပ်တရားအပေါင်းကို ထိုင်သော အခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ထောက်ကန် တတ်သော ရုပ်တရားနှင့် အသယ်ဆောင်ခံရသော အထောက်ကန်ခံရသော ရုပ်တရားတို့ကို စနစ်တကျ ခွဲခြား စိတ်ဖြာ၍ ရှုပွားသိမ်းဆည်းရမည် ဖြစ်သည်။

၁။ ရုပ်တရားအပေါင်းကို ထိုင်သောအခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ထောက်ကန် ထားတတ်သော ရုပ်တရားတို့မှာ ထိုင်လိုသောစိတ်ကြောင့် ဖြစ်ကုန်သော, ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝက ကလာပ်နှင့် ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ရုပ်တရားအပေါင်းတို့ ဖြစ်ကြ၏။

၂။ ထိုင်သော အခြင်းအရာအားဖြင့် ဖြစ်အောင် အသယ်ဆောင်ခံရသော အထောက်ကန်ခံရသော ရုပ်တရား တို့မှာ ခန္ဓာကိုယ်၏ အောက်ပိုင်း အထက်ပိုင်းတို့၌ ဖြစ်ပေါ်နေကြကုန်သော (၆)ဒွါရ (၄၂)ကောဋ္ဌာသ တို့၌ တည်ရှိကြကုန်သော ရုပ်တရားတို့ပင်တည်း။

စင်္ကြံလျှောက်ပြီး, ရပ်ပြီး၍ ထိုင်လိုသောအခါ၌ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်း လျက် ယင်းမနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော ထိုင်လိုသောစိတ်ကြောင့် သယ်ဆောင်တတ်သော ထောက် ကန်တတ်သော ရုပ်တရားများ ဖြစ်ပုံကိုလည်းကောင်း, အသယ်ဆောင်ခံရသော အထောက်ကန်ခံရသော ရုပ် တရားများ ဖြစ်ပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုပွား သိမ်းဆည်းပါ။ သမာဓိ အဆင့်ဆင့် ထူထောင်လျက် ခန္ဓာအိမ်၌ ဓာတ်ကြီး (၄)ပါးကို စတင်၍ မြင်အောင် စိုက် ရှုနိုင်ပါက ဤအဆင့်တွင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိနေမည်သာ ဖြစ်ပေသည်။ ရုပ်ကလာပ် များကို တွေ့ရှိပါက (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်း ဆည်းတတ်ပြီးသော သူတော်ကောင်းအဖို့ အထက်ပါ ရှုကွက်မှာ မခက်ခဲတော့ပြီ ဖြစ်သည်။

လျောင်းခိုက်၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံ

လျောင်းခိုက်၌ ရုပ်တရားတို့ကို သိမ်းဆည်းပုံ

သယာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလသရီရဿ တိရိယတော ပသာရဏံ သယနန္တိ ဝုစ္စတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

= လျောင်းအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏။ ထိုစိတ်သည် ဝါယောဓာတ်ကို (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း = ရုပ်တရားအပေါင်းကို ဖြစ်စေ၏။) ယင်းဝါယော ဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ယင်းမဟာဘုတ် ရုပ်တရားအပေါင်း သည်) လျောင်းသော ကိုယ်အမူအရာဟူသော ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏။ တစ်နည်းဆိုရသော် ကာယ ဝိညတ်နှင့် အတူတကွ ဖြစ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ဟူသော ရုပ်တရားအပေါင်းကို ဖြစ်စေ၏။ ယင်းရုပ်တရားအပေါင်းတို့တွင် ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်ကား လွန်ကဲလျက် ရှိ၏။ လျောင်းစက်လိုသောစိတ်သည် ပြုလုပ်အပ်သော လျောင်းစက်လိုသောစိတ် ကြောင့်ဖြစ်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရား အပေါင်း၏ လှုပ်ရှားခြင်းကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ---- အလုံးစုံသော ရူပကာယ = ရုပ်တရားအပေါင်းကို ဖီလာကန့်လန့်အားဖြင့် ဆန့်တန်းထားခြင်းကို (= ဖီလာကန့်လန့် ဆန့်တန်းသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းကို) လဲလျောင်းခြင်း = လျောင်းစက်ခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)

သွားခိုက်, ရပ်ခိုက်, ထိုင်ခိုက်တို့၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ဣရိယာပထပိုင်းဆိုင်ရာ ရုပ်တရား ရှုကွက်ကို ရှုတတ်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အိပ်ခိုက် လျောင်းစက်ခိုက်၌လည်း ရှုပွားဖို့ရန် မခက်ခဲ တော့ပြီ ဖြစ်သည်။

ထိုင်ပြီး၍ လျောင်းစက်လိုသောအခါ လျောင်းစက်သောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းလျက် ယင်းမနောဒွါရကို အစွဲပြု၍ ဖြစ်ပေါ်လာသော ယင်းလျောင်းစက်လိုသော စိတ်ကို ဉာဏ်ဖြင့် သိမ်းဆည်းပါ။ တစ်ဖန် ယင်းစိတ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိ (= လျောင်းစက်သော ကိုယ်အမူအရာရုပ်) ပါဝင်သော ကာယဝိညတ္တိနဝက ကလာပ်နှင့် ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ရုပ်တို့ကို ဆက်လက်၍ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်း ဆည်းပါ။ ထိုရုပ်တရားတို့ကား သကလသရီရဟု ခေါ်ဆိုသုံးစွဲထားသော တစ်ကိုယ်လုံး၌ တည်ရှိသော စတု သမုဋ္ဌာနိက ရုပ်တရားအားလုံးတို့ကို လျောင်းစက်သော အခြင်းအရာအားဖြင့် တည်နေအောင် သယ်ဆောင် တတ်သော သို့မဟုတ် အိပ်သည့်အမူအရာအတိုင်း တည်နေအောင် ထောက်ထားတတ်သော ရုပ်တရားတို့တည်း။ တစ်ကိုယ်လုံး၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားအားလုံးတို့ကား အသယ်ဆောင်ခံရသော အထောက် ခံရသော ရုပ်တရားစုတို့တည်း။ နှစ်ဘက်လုံးသော သယ်ဆောင်တတ်သော ရုပ်တရား အသယ်ဆောင်ခံရသော ရုပ်တရား သို့မဟုတ် ထောက်ထားတတ်သော ရုပ်တရား အထောက်ခံရသော ရုပ်တရားတို့ကို ရုပ်ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ ရုပ်တရား ရုပ်တရားဟု ခြုံငုံ၍လည်း သိမ်းဆည်းပါ။

သွား-ရပ်-ထိုင်-လျောင်း (၄)ပါးလုံးသော ဣရိယာပုထ်တို့၌ သယ်ဆောင်တတ်သော ရုပ်တရားဘက်၌ ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး ရှိနေ၏။ သွား-ရပ်-ထိုင်-လျောင်း ကိစ္စရပ်တို့၌ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် ရှိပါက လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ ပါဝင်ကြ၍ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် မရှိပါက လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ မပါဝင်ကြပေ။ သို့အတွက် ရုပ်ကလာပ် အမျိုးအစား နှစ်မျိုး ရှိနေခြင်း ဖြစ်၏။ လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ မပါဝင်ပါက ကာယဝိညတ္တိနဝက ကလာပ် ဖြစ်၍ ယင်းရုပ်တို့ ပါဝင်ခဲ့သော် ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ဖြစ်သည်။ ယင်းရုပ် ကလာပ် နှစ်မျိုးတို့ကား ဣရိယာပထပိုင်းရှုကွက် သမ္ပဇညပိုင်းရှုကွက်တို့၌ ပဓာန (= ပြဓာန်းသော) ရုပ်တရားတို့ ဖြစ်ကြပေသည်။ သွားမှု၌ တွန်းကန်မှု ဝါယောဓာတ် အားကောင်း၏။ ရပ်-ထိုင်-လျောင်းတို့၌ ထောက်ကန်မှု ဝါယောဓာတ် အားကောင်း၏။

ပုဂ္ဂိုလ်မသွား - ငါမသွား - ရုပ်သွား ဉာဏ်ဖြင့်ကြည့်

ပုဂ္ဂိုလ်မသွား - ငါမသွား - ရုပ်သွား ဉာဏ်ဖြင့်ကြည့်

သွား-ရပ်-ထိုင်-လျောင်း ဟူသော (၄)ပါးလုံးသော ဣရိယာပုထ်တို့၌ ယင်းသို့လျှင် ရှေးရှူ သယ်ဆောင် တတ်သော ရုပ်တရား, ရှေးရှူ အသယ်ဆောင်ခံရသော ရုပ်တရားတို့ကို ဤရေးသားတင်ပြထားသည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ကွဲကွဲပြားပြား သိနေသော ထို ယောဂါဝစရ ရဟန်းတော်၏ သန္တာန်ဝယ် ဤသို့သော အသိဉာဏ်သည် ဖြစ်ပေါ်နေ၏။

သတ္တဝါ သွား၏၊ သတ္တဝါ ရပ်၏ - ဟု လောကဝယ် ပြောဆိုနေ၏။ ထိုသို့ပင် ပြောဆိုအပ်ပါသော်လည်း သွားတတ်သော တစ်စုံတစ်ယောက်သော သတ္တဝါသည်မူလည်း ရှိပါသလော၊ ရပ်တတ်သော တစ်စုံတစ်ယောက် သော သတ္တဝါသည်မူလည်း ရှိပါသလောဟု မေးငြားအံ့၊ မရှိ-ဟု ဖြေဆိုလေရာ၏။ ဥပမာဆောင်၍ ထင်ရှား အောင် ပြဆိုပေအံ့။

လှည်းသွား၏၊ လှည်းရပ်၏- ဟု လောက၌ ပြောဆိုနေ၏၊ ထိုသို့ပင် ပြောဆိုအပ်ပါသော်လည်း သွား တတ်သည်မူလည်းဖြစ်သော, ရပ်တတ်သည်မူလည်းဖြစ်သော တစ်စုံတစ်ခုသော လှည်းမည်သည် မရှိသည်သာ တည်း။ စင်စစ်သော်ကား ---- နွား (၄)ကောင်တို့ကို လှည်း၌ ကပ်ယှဉ်စေ၍ ကျွမ်းကျင်သော လှည်းမောင်း သမားသည် မောင်းနှင့်လတ်သော် လှည်းသွား၏၊ လှည်းရပ်၏ဟု ခေါ်ဝေါ်ရုံမျှသည်သာ ဖြစ်သကဲ့သို့ ----

၁။ ဤဥပမာအတူပင်လျှင် မသိတတ်သည်၏ အဖြစ်ဟူသော အနက်သဘောအားဖြင့် = မသိတတ်ပုံချင်း တူသောအားဖြင့် စတုသမုဋ္ဌာနိက ရူပကာယဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှား ဖြစ်ပေါ် လာရသော (အသယ်ဆောင်ခံရသော) ရုပ်တရားအပေါင်းသည် လှည်းနှင့် တူ၏။

၂။ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော စိတ္တဇဝါယောဓာတ်တို့သည် တစ်နည်းဆိုရသော် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်ရုပ်တို့သည် နွား (၄)ကောင်တို့နှင့် တူကုန်၏။

၃။ သွားလို ရပ်လို ထိုင်လို အိပ်လိုသော စိတ်သည် လှည်းမောင်းသမားနှင့် တူ၏။

သွားအံ့-ရပ်အံ့ ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ဝါယောဓာတ်သည် ကာယဝိညတ်ရုပ်ကို ဖြစ်စေလျက် = တစ်နည်းဆိုရသော် သွားအံ့-ရပ်အံ့ ဟူသော စိတ်သည် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ် ရုပ်အပေါင်းကို ဖြစ်စေလျက် ဖြစ်ပေါ်လာ၏။ စိတ်ကြောင့်ဖြစ်သော စိတ်သည် ပြုလုပ်အပ်သော, ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏ လှုပ်ရှားခြင်းကြောင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့ ၍ သွားခြင်းကြောင့် သွားခြင်း အစရှိသော ဣရိယာပုထ်တို့သည် ဖြစ်ပေါ်လာကြကုန်၏။ ထိုသို့ ဖြစ်ခြင်းကြောင့် သတ္တဝါ သွား၏၊ သတ္တဝါ ရပ်၏၊ ငါသွား၏ ငါရပ်၏ဟု ခေါ်ဝေါ်ခြင်းမျှသည်သာ ဖြစ်ပေါ်လာ၏။ ထိုကြောင့် ရှေးရှေး အဋ္ဌကထာဆရာမြတ်တို့သည် အောက်ပါအတိုင်း မိန့်ဆိုတော်မူကြသည်။

နာဝါ မာလုတဝေဂေန၊ ဇိယာဝေဂေန တေဇနံ၊

ယထာ ယာတိ တထာ ကာယော၊ ယာတိ ဝါတာဟတော အယံ။

ယန္တံ သုတ္တဝသေနေဝ၊ စိတ္တသုတ္တဝသေနိဒံ၊

ပယုတ္တံ ကာယယန္တံပိ၊ ယာတိ ဌာတိ နိသီဒတိ။

ကော နာမ ဧတ္ထ သော သတ္တော၊ ယော ဝိနာ ဟေတုပစ္စယေ။

အတ္တနော အာနုဘာဝေန၊ တိဋ္ဌေ ဝါ ယဒိ ဝါ ဝဇေ။

(ဒီ၊ဋ္ဌ၊၂၊၃၅၇-၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၆-၂၅၇။)

နာဝါ မာလုတဝေဂေနာတိ ယထာ အစေတနော နာဝါ ဝါတဝေဂေန ဒေသန္တရံ ယာတိ၊ ယထာ စ အစေတနော တေဇနံ ကဏ္ဍော ဇိယာဝေဂေန ဒေသန္တရံ ယာတိ၊ တထာ အစေတနော ကာယော ဝါတာဟတော ယထာဝုတ္တဝါယုနာ နီတော ဒေသန္တရံ ယာတီတိ ဧဝံ ဥပမာသံသန္ဒနံ ဝေဒိတဗ္ဗံ။ (မ၊ဋီ၊၁၊၃၅၃။)

= စိတ်စေတနာ မရှိသော လှေသည် လေအဟုန်ကြောင့် အရပ်တစ်ပါးသို့ ရောက်ရှိနိုင်သကဲ့သို့လည်းကောင်း, စိတ်စေတနာ မရှိသော မြားသည် လေးညှို့၏ အဟုန်ကြောင့် အရပ်တစ်ပါးသို့ ရောက်ရှိနိုင်သကဲ့သို့လည်းကောင်း - ထိုအတူ စိတ်စေတနာ မရှိသော ဤရူပကာယ = ရုပ်တရားအပေါင်းသည် စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ်သည် ရှေးရှူသယ်ဆောင်အပ်သည် ဖြစ်သောကြောင့် အရပ်တစ်ပါးသို့ ရောက်ရှိသွား၏။

ရုပ်သေး ယန္တရားရုပ်သည် ရုပ်သေးကြိုးတို့၏ အစွမ်းကြောင့် သွားနိုင်သကဲ့သို့, ရပ်နိုင်သကဲ့သို့, ထိုင်နိုင် သကဲ့သို့ - ထိုအတူ သွားလိုသော စိတ်ကြောင့် ဖြစ်ပေါ်လာကုန်သော စိတ္တဇဝါယောဓာတ် အစရှိကုန်သော သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့၏ အကြောင်းတရားတို့သည် ယှဉ်စေအပ်သော ဤရူပကာယ = ရုပ်တရားအပေါင်းဟူသော ယန္တရားရုပ်သည်လည်း စိတ်တည်းဟူသောကြိုး၏ စွမ်းအားကြောင့် သွားနိုင်၏၊ ရပ် နိုင်၏၊ ထိုင်နိုင်၏။

အကြင်သတ္တဝါသည် သွားလိုသော စိတ်ဟူသော ဟေတု အကြောင်းတရား = ဇနက အကြောင်းတရား, ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် အစရှိသော အားပေးထောက်ပံ့တတ်သော ပစ္စယ အကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရားတို့ကို ကြဉ်ဖယ်၍ (ယင်းအကြောင်းတရားတို့ မပါဘဲ) မိမိ၏ စွမ်းအားရှိန်စော် အာနုဘော်သက်သက်ဖြင့် ရပ်မူလည်း ရပ်နိုင်ရာ၏၊ သွားမူလည်း သွားနိုင်ရာ၏၊ ထိုကဲ့သို့သော သတ္တဝါမျိုး သည်ကား ဤလောက၌ အဘယ်မည်သော သတ္တဝါမျိုးနည်း။ ထိုသတ္တဝါမျိုးကား ဤလောက၌ မရှိသည်သာ ဖြစ်ပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆-၂၅၇။)

တသ္မာ ဧဝံ ဟေတုပစ္စယဝသေနေဝ ပဝတ္တာနိ ဂမနာဒီနိ သလ္လက္ခေန္တော ဧသ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ၊ နိသိန္နော ဝါ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီတိ ဝေဒိတဗ္ဗော။ (ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၇။)

ထိုကြောင့် ဤသို့လျှင် သွားလိုသော စိတ်ဟူသော ဟေတုအကြောင်း = ဇနကအကြောင်း, ထိုစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ် အစရှိသော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်းတို့ကြောင့်သာလျှင် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့ကို (= သွားခိုက် ရပ်ခိုက် ထိုင်ခိုက် လျောင်းခိုက်တို့၌ ဖြစ်ပေါ်နေသော ရုပ် တရားတို့ကို) ကောင်းစွာ မှတ်သားသော ဤယောဂီရဟန်းတော်ကို ----

၁။ သွားလျှင်လည်း သွား၏ဟု သိ၏၊

၂။ ရပ်လျှင်လည်း ရပ်၏ဟု သိ၏၊

၃။ ထိုင်လျှင်လည်း ထိုင်၏ဟု သိ၏၊

၄။ လျောင်းလျှင်လည်း လျောင်း၏ဟု သိ၏ - ဟု သိရှိပါလေ။

(ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၇။)

ဤ၌ သွားလို, ရပ်လို, ထိုင်လို, အိပ်လိုသော စိတ်များကြောင့် သွားသောအခြင်းအရာ, ရပ်သောအခြင်း အရာ, ထိုင်သောအခြင်းအရာ, အိပ်သော (လျောင်းသော) အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် စတု သမုဋ္ဌာနိက ရုပ်တရားအပေါင်းကို ရှေးရှူ သယ်ဆောင်တတ်သော ကာယဝိညတ္တိနဝက ကလာပ်, ကာယဝိညတ္တိ လဟုတာဒိ ဒွါဒသကကလာပ် ရုပ်တရားတို့ ဖြစ်ပေါ်လာကြ၏။ ယင်းရုပ်ကလာပ်တို့တွင် ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကား လွန်ကဲလျက် ရှိ၏။ ယင်းဝါယောဓာတ်ကို သို့မဟုတ် ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော ဘူတရုပ် ဓာတ်ကြီး (၄)ပါးကို အမှီပြု၍ ကာယဝိညတ်ရုပ်က ဖြစ်ပေါ်လာရ၏။ သို့အတွက် စိတ်, ဝါယောဓာတ်, ကာယဝိညတ်ဟူသော (၃)မျိုးသော တရားတို့သည် တစ်ခုနှင့် တစ်ခု ကြောင်း ကျိုး ဆက်နွယ်လျက် ရှိ၏။ ထိုတရား (၃)မျိုးတို့ကား ----

စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊၅။)

= စိတ်စေတသိက်တရားတို့သည် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့အား အတူဖြစ်၍ ကျေးဇူး ပြုပေးတတ်သော သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်၏ - ဟု ဘုရားရှင် ဟောကြားထားတော် မူခြင်းကြောင့် - အကြောင်းဖြစ်သော စိတ်တရားနှင့် အကျိုး ဝါယောဓာတ်, အကြောင်း ဝါယောဓာတ်နှင့် အကျိုး ကာယဝိညတ် - ဤတရား (၃)မျိုးတို့ကား ပြိုင်တူဖြစ်ကြသော တရားများပင် ဖြစ်ကြ၏။

အကြောင်းဖြစ်သော စိတ်တရားကြောင့် ဖြစ်ပေါ်လာကြရကုန်သော သယ်ဆောင်တတ်သော ကာယ ဝိညတ် ပါဝင်သော ရုပ်တရားတို့ကို ဣရိယာပထရုပ်တရားတို့ ဟူ၍လည်း ခေါ်ဆို၏။ ယောဂါဝစရပုဂ္ဂိုလ် သည်ကား စိတ်ကြောင့် ဣရိယာပထရုပ်တို့ ဖြစ်ပုံကိုလည်းကောင်း, ယင်းဣရိယာပထ အမည်ရသော သယ် ဆောင်တတ်သော ရုပ်တရားတို့က အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို သွားသောအခြင်း အရာ, ရပ်သောအခြင်းအရာ, ထိုင်သောအခြင်းအရာ, လျောင်းစက်သောအခြင်းအရာအားဖြင့် ဖြစ်ပေါ်လာ အောင် သယ်ဆောင်နေပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပွားသိမ်းဆည်းနိုင်ပါမှ - သွားလျှင် သွား၏ ဟု, ရပ်လျှင် ရပ်၏ဟု, ထိုင်လျှင် ထိုင်၏ဟု, အိပ်လျှင် အိပ်၏ဟု သိသည် မည်ပေသည်။ ဤကား အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်း အနက်သဘောတည်း။

အကြောင်းဖြစ်သော စိတ်တရား

အကြောင်းဖြစ်သော စိတ်တရား

အကြောင်းတရားဘက်၌ စိတ်-ဟု ဆိုထားသော်လည်း စိတ်တို့မည်သည် စေတသိက်တို့နှင့် ကင်း၍ ဖြစ် နိုင်သည့်စွမ်းအား မရှိပေ။ ထိုကြောင့် - စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော - စသည်ဖြင့် ဟောကြားထားတော်မူသည့်အတိုင်း စိတ်စေတသိက်တရားတို့ကပင် စိတ္တသမုဋ္ဌာန် ရုပ်တို့အား ဖြစ်စေသည်ဟု မှတ်ပါ။ စိတ်ကို ပဓာနဦးတည်၍ စိတ္တဇရုပ်ဟု (စိတ္တသမုဋ္ဌာန်ရုပ်ဟု) ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်၊ ပဓာနနည်းတည်း။ ယင်း အကြောင်းဖြစ်ကုန်သော စိတ်စေတသိက်တို့ကို ရှုပွားပုံကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဖော်ပြမည် ဖြစ်ပါသည်။ သို့အတွက် ဤဣရိယာပထရှုကွက် အပြည့်အစုံကို နာမ်ကမ္မဋ္ဌာန်းပိုင်း တွင် ထပ်မံ၍ ကြည့်ရှုပါလေ။ ဤရုပ်ကမ္မဋ္ဌာန်းပိုင်းတွင်ကား ရုပ်တရား ရှုကွက်ကိုသာ ဦးစားပေး၍ ဖော်ပြ ထားပါသည်။

ယထာ ယထာ ဝါ ပနဿ

ယထာ ယထာ ဝါ ပနဿ

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။ (ဒီ၊၂၊၂၃၂။)

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတီတိ သဗ္ဗသင်္ဂါဟိကဝစနမေတံ။ ဣဒံ ဝုတ္တံ ဟောတိ ---- ယေန ယေန ဝါ အာကာရေန တဿ ကာယော ဌိတော ဟောတိ၊ တေန တေန နံ ပဇာနာတိ။ ဂမနာကာရေန ဌိတံ ဂစ္ဆတီတိ ပဇာနာတိ။ ဌာနနိသဇ္ဇာသယနာကာရေန ဌိတံ သယာနောတိ ပဇာနာတီတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၇။)

သဗ္ဗသင်္ဂါဟိကဝစနန္တိ သဗ္ဗေသံ စတုန္နမ္ပိ ဣရိယာပထာနံ သင်္ဂဏှနဝစနံ၊ ပုဗ္ဗေ ဝိသုံ ဝိသုံ ဣရိယာပထာနံ ဝုတ္တတ္တာ ဣဒံ တေသံ ဧကဇ္ဈံ ဂဟေတွာ ဝစနန္တိ အတ္ထော။ (မ၊ဋီ၊၁၊၃၅၃။)

အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုရဟန်း၏ ရုပ်အပေါင်းသည် တည်နေ၏၊ ထိုထို တည်မြဲ တိုင်း ထားမြဲတိုင်းသော အခြင်းအရာအားဖြင့် ထိုရုပ်အပေါင်းကို သိ၏။ (ဒီ၊၂၊၂၃၂။)

ဤအထက်ပါ ဣရိယာပထ ရှုကွက်တစ်မျိုးကို ထပ်မံ၍ ဖော်ပြသော စကားတော်သည် ဣရိယာပုထ် လေးပါးလုံးကို သိမ်းကျုံးယူကြောင်း ဖြစ်သော စကားတော်တည်း။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏ ---- အကြင် အကြင် အခြင်းအရာအားဖြင့် ရူပကာယ = ရုပ်တရားအပေါင်းသည် တည်နေ၏၊ ထိုထို တည်နေတိုင်းသော အခြင်းအရာအားဖြင့်မူလည်း ထိုရူပကာယ = ရုပ်တရားအပေါင်းကို ကွဲကွဲပြားပြား သိ၏ (= သိအောင် ကျင့်ပါ၊၊)

၁။ သွားပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို သွား၏ဟူ၍ ကွဲကွဲ ပြားပြား သိ၏။

၂။ ရပ်ပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို ရပ်၏ဟူ၍ ကွဲကွဲ ပြားပြား သိ၏။

၃။ ထိုင်ပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို ထိုင်၏ဟူ၍ ကွဲကွဲ ပြားပြား သိ၏။

၄။ လျောင်းပုံ အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ (= ရုပ်တရားအပေါင်း) ကို လျောင်း၏ဟူ၍ ကွဲကွဲပြားပြား သိ၏။

ဤသို့ ဆိုလိုပေသည်။ (ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၇။)

သဗ္ဗသင်္ဂါဟိကဝစန = ဣရိယာပုထ် လေးပါးလုံးကို သိမ်းကျုံးယူကြောင်း စကားတော်ဟူသည် ---- ရှေး၌ ဘုရားရှင်သည် ---- ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု သိ၏ ---- ဤသို့ စသည်ဖြင့် ဣရိယာပုထ် လေးပါးတို့ကို အသီးအသီး တစ်ခုစီ တစ်ခုစီ ခွဲခြား၍ ဟောကြားထားတော်မူခြင်းကြောင့် ဤ ယထာ ယထာ ဝါ ပနဿ စသော စကားတော်သည် ထို ဣရိယာပုထ်လေးပါးတို့ကို တစ်ပေါင်းတည်း ယူ၍ ဟောကြားတော်မူအပ်သော စကားတော်ဖြစ်သည်ဟု ဆိုလိုသည်။ (မ၊ဋီ၊၁၊၃၅၃။)

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ဖွင့်ဆိုချက်အရ ----

၁။ သွားလျှင် သွား၏ဟု သိ၏၊

၂။ ရပ်လျှင် ရပ်၏ဟု သိ၏၊

၃။ ထိုင်လျှင် ထိုင်၏ဟု သိ၏၊

၄။ လျောင်းလျှင် လျောင်း၏ဟု သိ၏ ----

ဤဟောကြားတော်မူချက်ကား ဣရိယာပုထ် လေးပါးကို တစ်ခုစီ တစ်ခုစီ အသီးအသီး ရှုကွက်ကို ခွဲခြား ၍ ဟောကြားတော်မူချက် ဖြစ်သည်။ ဤနည်းကား ပထမနည်းတည်း။

တစ်ဖန် ---- ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုရဟန်း၏ ရုပ်အပေါင်းသည် တည်နေ၏၊ ထိုထို တည်မြဲတိုင်း ထားမြဲတိုင်းသော အခြင်းအရာအားဖြင့် ထိုရုပ်အပေါင်းကို သိ၏ ---- ဟူသော ဤဟောကြားတော်မူချက်ကား ယင်း သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် (၄)ပါးလုံးကိုပင် တစ်ပေါင်းတည်းပြု၍ ဟောကြားတော်မူခြင်းသာ ဖြစ်သည်။ ဤနည်းကား ဒုတိယနည်း ဖြစ်သည်။ ဒေသနာတော်နှစ်ရပ်လုံးသည် ဣရိယာပုထ် (၄)ပါးကိုသာ ဣရိယာပထရှုကွက်ကိုသာ ရည်ညွှန်းလျက် ရှိသည်ဟု မှတ်သားပါ။

သို့သော် ဋီကာဆရာတော်ကား အောက်ပါအတိုင်း တစ်နည်း ထပ်မံ၍ ဖွင့်ဆို ထားတော်မူပြန်သည်။

ပုရိမနယော ဝါ ဣရိယာပထပ္ပဓာနော ဝုတ္တောတိ တတ္ထ ကာယော အပ္ပဓာနော အနုနိပ္ဖါဒီတိ ဣဓ ကာယံ ပဓာနံ အပ္ပဓာနဉ္စ ဣရိယာပထံ အနုနိပ္ဖါဒံ ကတွာ ဒေဿတုံ ဒုတိယနယော ဝုတ္တောတိ ဧဝမ္ပေတ္ထ ဒွိန္နံ နယာနံ ဝိသေသော ဝေဒိတဗ္ဗော။ (မ၊ဋီ၊၁၊၃၅၃။)

ရှေးနည်း = ပထမနည်းကား ကာယဝိညတ္တိ နဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိ ဒွါဒသက ကလာပ် ဟူသော ဣရိယာပထရုပ်ကို ပဓာနထား၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ သယ်ဆောင်တတ်သော ဣရိယာပထရုပ်ကား ပြဓာန်းလျက် ရှိ၏။ တစ်ကိုယ်လုံး၌ တည်ရှိသော အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကား အပ္ပဓာန = မပြဓာန်းပေ။ ပြဓာန်းသော ဣရိယာပထရုပ်ကို ပဓာနထား၍ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ဟောကြားထားတော်မူသည့်အတွက် ထိုရှေးနည်း၌ မပြဓာန်းသော စတု သမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို သိမ်းဆည်းရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးသွား၏။ သို့အတွက် ဤ - ယထာ ယထာ ဝါ ပနဿ စသော ဒုတိယနည်း၌ ဘုရားရှင်သည် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယကို ပဓာနထား၍ သိမ်းဆည်းရှုပွားရန် တစ်ဖန် ညွှန်ကြားတော်မူပြန်၏။ စတုသမုဋ္ဌာ နိက ရူပကာယကို ပဓာနထား၍ သိမ်းဆည်း ရှုပွားခဲ့သော် အပ္ပဓာန = မပြဓာန်းသော ဣရိယာပထရုပ်ကို သိမ်းဆည်းရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးသွား၏။ ဤသဘောတရားကို ထင်ရှားပြတော်မူခြင်းငှာ ဘုရားရှင်သည် - ယထာ ယထာ ဝါ ပနဿ စသော ဒုတိယနည်းကို ဟောကြားတော်မူအပ်ပေသည်။ ဤသို့လျှင် ဤအရာ၌ နည်းနှစ်မျိုးတို့၏ ထူးခြားမှုကို သိရှိပါလေ။ (မ၊ဋီ၊၁၊၃၅၃။)

ဆိုလိုရင်းသဘော ---- ပထမနည်းကား သယ်ဆောင်တတ်သော ဣရိယာပထရုပ်ကို ပဓာနထား၍ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏။ သယ်ဆောင်တတ်သော ရုပ်ကို ပဓာနထား၍ သိမ်းဆည်းရှုပွားခဲ့သော် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း သိမ်းဆည်းရှုပွားခြင်းသည် အစဉ်လိုက်၍ ပြီးစီးသွား၏။

တစ်ဖန် ဒုတိယနည်း၌ကား ဘုရားရှင်သည် အသယ်ဆောင်ခံရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ပဓာနထား၍ တစ်ဖန်သိမ်းဆည်း ရှုပွားရန် ညွှန်ကြားတော်မူပြန်၏။ အသယ်ဆောင်ခံ ရသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကို ပဓာနထား၍ သိမ်းဆည်းရှုပွားခဲ့သော် သယ် ဆောင်တတ်သော ဣရိယာပထရုပ်ကို သိမ်းဆည်းရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးသွား၏ - ဟု ဆိုလိုပေသည်။

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ တစ်ရပ်

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ တစ်ရပ်

ယောက်ျားတစ်ဦးသည် ဆန်တစ်အိတ်ကို သယ်ဆောင်လာသည် ဆိုကြပါစို့။ သယ်ဆောင်တတ်သော ယောက်ျားကို ပဓာနထား၍ ကြည့်ခဲ့သော် အသယ်ဆောင်ခံရသော အိတ်ကိုလည်း အပ္ပဓာနအားဖြင့် တွေ့ရှိ မည်သာ ဖြစ်၏။ တစ်ဖန် အသယ်ဆောင်ခံရသော အိတ်ကို ပဓာနထား၍ ကြည့်ပြန်သော် သယ်ဆောင်တတ် သော ယောက်ျားကိုလည်း အပ္ပဓာနအားဖြင့် တွေ့ရှိနေမည်သာ ဖြစ်ပေသည်။ ဤဥပမာအတူ သဘောပေါက် ပါလေ။

သမ္ပဇည - ရှုကွက် (= အသမ္မောဟသမ္ပဇဉ်)

သမ္ပဇည - ရှုကွက် (= အသမ္မောဟသမ္ပဇဉ်)

ပုန စပရံ ဘိက္ခဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)

ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန ----

အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။

အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။

ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။)

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ညွှန်ကြားထားတော်မူချက်အရ ေ့ရှသို့တက်ရာ နောက်သို့ ဆုတ်ရာ စသည့် သမ္ပဇညပိုင်းဆိုင်ရာရှုကွက်တို့၌ ရုပ်ဓာတ် နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့ကိုပင် သိမ်း ဆည်းရှုပွားရမည် ဖြစ်ပေသည်။ ထိုတွင် ရုပ်တရားကား ရူပက္ခန္ဓာတည်း။ စိတ္တက္ခဏတိုင်းရှိ စိတ်စေတသိက် တရားစုတို့ကား နာမ်ခန္ဓာ (၄)ပါးတည်း။ ပေါင်းသော် ခန္ဓာ (၅)ပါးတည်း။ သို့အတွက် အသင်ယောဂီသူတော် ကောင်းသည် ----

၁။ သွားရာ၌ ခန္ဓာ (၅)ပါး,

၂။ ရပ်ရာ၌ ခန္ဓာ (၅)ပါး,

၃။ ထိုင်ရာ၌ ခန္ဓာ (၅)ပါး,

၄။ လျောင်းရာ၌ ခန္ဓာ (၅)ပါး,

၅။ ေ့ရှသို့တက်ရာ၌ နောက်သို့ဆုတ်ရာ၌ ခန္ဓာ (၅)ပါး,

၆။ တည့်တည့်ကြည့်ရာ၌ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာ (၅)ပါး,

၇။ ကွေးရာ၌ ဆန့်ရာ၌ ခန္ဓာ (၅)ပါး,

၈။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ ခန္ဓာ (၅)ပါး,

၉။ စားရာ၌ သောက်ရာ၌ လျက်ရာ၌ ခဲရာ၌ ခန္ဓာ (၅)ပါး,

၁၀။ ကျင်ကြီးစွန့်ရာ၌ ကျင်ငယ်စွန့်ရာ၌ ခန္ဓာ (၅)ပါး,

၁၁။ သွားရာ၌ ရပ်ရာ၌ ထိုင်ရာ၌ အိပ်ရာ၌ နိုးရာ၌ စကားပြောရာ၌ စကားမပြောဆိတ်ဆိတ်နေရာ၌ ခန္ဓာ (၅)ပါး ----

ဤသို့လျှင် ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇညပိုင်းဆိုင်ရာ ရှုကွက်တို့၌ ခန္ဓာ (၅)ပါးတို့ကို အသီးအသီး သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။

ဣရိယာပထပိုင်းဆိုင်ရာ သွားမှု ရပ်မှု ထိုင်မှု အိပ်မှုတို့ကား အဓွန့်ရှည်သော ဣရိယာပထ ရှုကွက်ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။

ရှေးသို့ တက်ရာ၌ နောက်သို့ ဆုတ်ရာ၌ တည့်တည့်ကြည့်ရာ၌ စောင်းငဲ့ကြည့်ရာ၌ ကွေးရာ၌ ဆန့်ရာ၌ ဤ (၅)ဌာနတို့၌ အလယ်အလတ်ဖြစ်သော ဣရိယာပုထ်ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော် မူပေသည်။

အထက်တွင် ဖော်ပြခဲ့သော အမှတ် (၁၁)တွင် ပါဝင်သော - သွားရာ၌ ရပ်ရာ၌ ထိုင်ရာ၌ အိပ်ရာ၌ (အိပ်ပျော်ရာ၌) နိုးရာ၌ - ဤ (၅)ဌာနတို့၌ ခုဒ္ဒကစုဏ္ဏိက ဣရိယာပထဟု ခေါ်ဆိုအပ်သော အသေးစိတ် အသေးစား ဣရိယာပုထ်တို့ကို ရည်ညွှန်း၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ (မ၊ဋ္ဌ၊၁၊၂၇၃။)

ဤ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင်ကား အသင်ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရုပ်တရားတို့ကိုသာ ဦးစားပေး၍ သိမ်းဆည်းရှုပွားထားပါဦး။ နာမ်ကမ္မဋ္ဌာန်း ရှုကွက်, ခန္ဓာ (၅)ပါး ရှုကွက်, တိပိဋက မဟာသိဝမထေရ်မြတ်ကြီး၏ ရုပ်နာမ်-ရှုကွက်တို့ကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြပါဦးမည်။

အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်

အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်

ဤတွင် ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်စေရန် ရည်သန်၍ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဆက်လက်၍ ဖော်ပြအပ်ပါသည်။

ကတမံ တံ ရူပံ ကာယဝိညတ္တိ? ယာ ကုသလစိတ္တဿ ဝါ အကုသလစိတ္တဿ ဝါ အဗျာကတစိတ္တဿ ဝါ အဘိက္ကမန္တဿ ဝါ ပဋိက္ကမန္တဿ ဝါ အာလောကေန္တဿ ဝါ ဝိလောကေန္တဿ ဝါ သမိဉ္ဇေန္တဿ ဝါ ပသာရေန္တဿ ဝါ ကာယဿ ထမ္ဘနာ သန္ထမ္ဘနာ သန္ထမိ႓တတ္တံ ဝိညတ္တိ ဝိညာပနာ ဝိညာပိတတ္တံ၊ ဣဒံ တံ ရူပံ ကာယဝိညတ္တိ။ (အဘိ၊၁၊၁၇၇၊ ရူပကဏ္ဍ။)

= ကာယဝိညတ်ဟူသော ထိုရုပ်သည် အဘယ်နည်း၊ ကုသိုလ်စိတ်ရှိသည်မူလည်း ဖြစ်သော, အကုသိုလ် စိတ်ရှိသည်မူလည်းဖြစ်သော, အဗျာကတစိတ်ရှိသည်မူလည်းဖြစ်သော ရှေးသို့ သွားသူ၏သော်လည်းကောင်း, နောက်သို့ ဆုတ်သူ၏သော်လည်းကောင်း, ေ့ရှတည့်တည့်သို့ ကြည့်သူ၏သော်လည်းကောင်း, စောင်းငဲ့၍ ကြည့် သူ၏သော်လည်းကောင်း, လက်ခြေစသည်ကို ကွေးသူ၏သော်လည်းကောင်း, လက်ခြေစသည်ကို ဆန့်သူ၏ သော်လည်းကောင်း ကိုယ်ကို အကြင် ထောက်ပံ့ထားခြင်းသည် အကြင် ကောင်းစွာ ထောက်ပံ့ထားခြင်းသည် အကြင် ကောင်းစွာ ထောက်ပံ့ထားတတ်သော ရုပ်၏ ဖြစ်ကြောင်းဖြစ်ရာသည် အကြင် (မိမိ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား) သိစေခြင်း သဘောတရားသည် အကြင်သိစေခြင်းဟူသော အခြင်းအရာသည် အကြင်သိစေတတ်သည်၏ အဖြစ်ဟူသော သဘောတရားသည် ရှိ၏၊ ကာယဝိညတ်ဟူသော ထိုရုပ်သည် ဤသဘောတရားပင်တည်း။ (အဘိ၊၁၊၁၇၇။)

အဘိက္ကမိဿာမိ ပဋိက္ကမိဿာမီတိ ဟိ စိတ္တံ ဥပ္ပဇ္ဇမာနံ ရူပံ သမုဋ္ဌာပေတိ။ တတ္ထ ယာ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု တန္နိဿိတော ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ ဣမေသံ အဋ္ဌန္နံ ရူပကလာပါနံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ဝါယောဓာတု၊ သာ အတ္တနာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတိ သန္ဓာရေတိ စာလေတိ အဘိက္ကမာပေတိ ပဋိက္ကမာပေတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

ရှင်းလင်းချက် ---- ရှေးသို့ သွားအံ့ နောက်သို့ ဆုတ်အံ့-ဟူသော စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုစိတ်သည် စိတ္တဇရုပ်ကို ဖြစ်စေ၏။ ထိုသို့ စိတ္တဇရုပ်ကို ဖြစ်စေရာ၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်ကြီး (၄)ပါးနှင့် ထိုဓာတ်ကြီး (၄)ပါးကို မှီ၍ ဖြစ်သော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူသော ဤ (၈)မျိုးကုန်သော ရုပ်တရားတို့၏ အပေါင်းအစုဟူသော အဋ္ဌကလာပ်ရုပ်တို့၏ အတွင်း၌ စိတ်ကြောင့်ဖြစ် သော အကြင် ဝါယောဓာတ်သည် ရှိ၏၊ ထို ဝါယောဓာတ်သည် မိမိနှင့် အတူတကွ ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ ထောက်ပံ့၏၊ ကောင်းစွာ ဆောင်ထား၏၊ လှုပ်ရှားစေ၏၊ ေ့ရှသို့ သွားစေ၏၊ နောက်သို့ ဆုတ်စေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

တတ္ထ ဧကာဝဇ္ဇနဝီထိယံ သတ္တသု ဇဝနေသု ပဌမစိတ္တသမုဋ္ဌိတာ ဝါယောဓာတု အတ္တနာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတုံ သန္ဓာရေတုံ သက္ကောတိ၊ အပရာပရံ ပန စာလေတုံ န သက္ကောတိ။ ဒုတိယာဒီသုပိ ဧသေဝ နယော။ သတ္တမစိတ္တေန ပန သမုဋ္ဌိတာ ဝါယောဓာတု ဟေဋ္ဌာ ဆဟိ စိတ္တေဟိ သမုဋ္ဌိတံ ဝါယောဓာတုံ ဥပတ္ထမ္ဘနပစ္စယံ လဘိတွာ အတ္တနာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတုံ သန္ဓာရေတုံ စာလေတုံ အဘိက္ကမာပေတုံ ပဋိက္ကမာပေတုံ အာလောကာပေတုံ ဝိလောကာပေတုံ သမိဉ္ဇာပေတုံ ပသာရာပေတုံ သက္ကောတိ၊ တေန ဂမနံ နာမ ဇာယတိ၊ အာဂမနံ နာမ ဇာယတိ၊ ဂမနာဂမနံ နာမ ဇာယတိ၊ ယောဇနံ ဂတော၊ ဒသယောဇနံ ဂတောတိ ဝတ္တဗ္ဗတံ အာပဇ္ဇာပေတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

[ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်း (= ဝုဋ္ဌော) ဟူသော အာဝဇ္ဇန်း နှစ်မျိုး ပါဝင်သော ပဉ္စဒွါရဝီထိများ သည် ဝိညတ်ရုပ်ကို မဖြစ်စေနိုင်။ မနောဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇန်း တစ်မျိုးသာ ပါဝင်သော မနောဒွါရဝီထိ စိတ်အစဉ်များကသာလျှင် ဝိညတ်ရုပ်ကို ဖြစ်စေနိုင်၏။ ထိုကြောင့်]

ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြကုန်သော စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော ထိုဝါယောဓာတ်များစွာတို့တွင် မနောဒွါရာဝဇ္ဇန်းဟူသော တစ်ခုသော အာဝဇ္ဇန်းရှိသော မနော ဒွါရဝီထိ၌ (၇)ကြိမ်ကုန်သော ဇောတို့တွင် ပထမဇောစိတ်ကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် မိမိနှင့် အတူတကွဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ငှာလည်းကောင်း, ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း စွမ်းနိုင်၏၊ သို့သော် ထိုမှ ဤမှ လှုပ်ရှားစေ ခြင်းငှာကား မစွမ်းနိုင်။ ဒုတိယဇောစိတ် စသည်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည် ရှိကြကုန်သော ဝါယောဓာတ်စသည်တို့၌လည်း ဤနည်းပင်တည်း။

သတ္တမ ဇောစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်သည် ကား အောက်၌ (၆)ပါးကုန်သော ဇောစိတ်တို့ကြောင့် ကောင်းစွာ ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝါယောဓာတ်ဟူသော ထောက်ပံ့တတ်သော အကြောင်းတရားကို ရရှိသည့်အတွက် မိမိနှင့် အတူတကွဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်းငှာလည်းကောင်း, ကောင်း စွာ ဆောင်ထားခြင်းငှာလည်းကောင်း, လှုပ်ရှားစေခြင်းငှာလည်းကောင်း, ေ့ရှသို့သွားစေခြင်းငှာလည်းကောင်း, နောက်သို့ ဆုတ်စေခြင်းငှာလည်းကောင်း, ေ့ရှတည့်တည့်သို့ ကြည့်စေခြင်းငှာလည်းကောင်း, စောင်း၍ ကြည့်စေ ခြင်းငှာလည်းကောင်း, ကွေးစေခြင်းငှာလည်းကောင်း, ဆန့်စေခြင်းငှာလည်းကောင်း စွမ်းနိုင်၏။ ထို (၇)ခုမြောက် ဇောစိတ်ကြောင့် ဖြစ်သော ဝါယောဓာတ်၏ ထိုသို့ စွမ်းနိုင်ခြင်းကြောင့် သွားခြင်းမည်သည် ဖြစ်ပေါ်လာ၏၊ ပြန်လာခြင်း မည်သည် ဖြစ်ပေါ်လာ၏၊ သွားခြင်း ပြန်လာခြင်းမည်သည် ဖြစ်ပေါ်လာ၏။ တစ်ယူဇနာ ရှိသော အရပ်သို့ ရောက်ပြီ၊ ဆယ်ယူဇနာ ရှိသော အရပ်သို့ ရောက်ပြီ = တစ်ယူဇနာတိုင်တိုင် သွားပြီးပြီ၊ ဆယ်ယူဇနာ တိုင်တိုင် သွားပြီးပြီဟု ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၄။)

ပဌမဇဝနသမုဋ္ဌိတာ ဝါယောဓာတု ယဒိပိ တသ္မိံ ခဏေ ရူပါနံ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေန စာလေတုံ န သက္ကောတိ၊ တထာပိ ဝိညတ္တိဝိကာရသဟိတာဝ သာ ဝေဒိတဗ္ဗာ။ ဒသသု ဟိ ဒိသာသု ယံ ဒိသံ ဂန္တုကာမော အင်္ဂပစ္စင်္ဂါနိ ဝါ ခိပိတုကာမော၊ တံဒိသာဘိမုခါနေဝ ရူပါနိ သာ သန္ထမ္ဘေတိ သန္ဓာရေတိ စာတိ တဒဘိမုခဘာဝဝိကာရဝတီ ဟောတိ၊ အဓိပ္ပါယသဟဘာဝီ စ ဝိကာရော ဝိညတ္တီတိ။ ဧဝဉ္စ ကတွာ အာဝဇ္ဇနဿပိ ဝိညတ္တိသမုဋ္ဌာပကဘာဝေါ ယထာဓိပ္ပါယဝိကာရရူပုပ္ပါဒနေန ဥပပန္နော ဟောတိ၊ ယတော ဗာတ္တိံသ စိတ္တာနိ ရူပိရိယာပထဝိညတ္တိဇနကာနိ ဝုတ္တာနီတိ။ ယောဇနံ ဂတော၊ ဒသယောဇနံ ဂတောတိ ဝတ္တဗ္ဗတံ အာပဇ္ဇာပေတိ အနေကသဟဿဝါရံ ဥပ္ပန္နာ။ (မူလဋီ၊၁၊၇၂။)

ပထမဇောကြောင့် ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်သည် ထိုခဏ၌ ရုပ် တရားတို့၏ အရပ်တစ်ပါး၌ ဥပါဒ်ခြင်း = ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့် လှုပ်ရှားစေခြင်းငှာ အကယ်၍ကား မစွမ်းနိုင်ပါပေ။ ထိုသို့ပင် မစွမ်းနိုင်ပါသော်လည်း ထိုဝါယောဓာတ်ကို ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူ တကွ ဖြစ်၏ဟူ၍သာ သိရှိပါလေ။ (လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာ အရပ်မှ အခြားအရပ်၌ နောက်ထပ် ဥပါဒ်ခြင်း = ဖြစ်ခြင်းတည်း။ ထိုသို့ နေရာပြောင်းရွှေ့၍ ဥပါဒ်ရခြင်းမှာလည်း ရှေးရှေး ရုပ်ကလာပ် တွင် ပါဝင်သော = ရှေးရှေး ဇောစိတ်များကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ် ၏ စွမ်းအင်သတ္တိကြောင့်တည်း။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူအများက လှုပ်ရှားခြင်း ဟု ထင်မြင်ကြသည်။ ထိုလှုပ်ရှားမှုမျိုးကို ပထမဇောကြောင့်ဖြစ်သော ဝါယောဓာတ်က မဖြစ်စေနိုင်သေးပါ ဟူလိုသည်။)

ထိုသို့ မစွမ်းနိုင်သော်လည်း အဘယ်ကြောင့် ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ဟူ၍ သိရှိနိုင်ပါသနည်းဟူမူ အဖြေမှာ ဤသို့ ဖြစ်၏။ အရပ် (၁၀)မျက်နှာတို့တွင် အကြင်အရပ်သို့ သွားလို၏၊ ကိုယ် အင်္ဂါ ကြီးငယ်တို့ကို အကြင်အရပ်မျက်နှာသို့လည်း ပစ်ချခြင်းငှာ အလိုရှိ၏၊ ထိုအရပ်မျက်နှာသို့ ရှေးရှူသည် သာလျှင် ဖြစ်ကုန်သော ရုပ်တို့ကို ထိုဝါယောဓာတ်သည် ကောင်းစွာလည်း ထောက်ပံ့ထား၏၊ ကောင်းစွာလည်း ဆောင်ထား၏၊ ထိုကြောင့် ထိုအရပ်မျက်နှာသို့ ရှေးရှုသည်၏ အဖြစ်ဟူသော ထူးခြားသော အမူအရာရှိမှုသည် ဖြစ်ပေါ်လာ၏၊ ထိုသူ၏ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်လေ့ရှိသော ထူးခြားသော အမူအရာ သည်လည်း ဝိညတ် မည်၏။ ထိုကြောင့် ထိုဝါယောဓာတ်သည် ဝိညတ်ဟူသော ဝိကာရရုပ်နှင့် အတူတကွ ဖြစ်၏ဟူ၍ သိရှိနိုင်ပါ၏။ (မူလဋီ၊၁၊၇၂။)

ဤအကြောင်းကြောင့်ပင် မနောဒွါရာဝဇ္ဇန်း၏လည်း ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည်၏ အဖြစ်သည် အလို ဆန္ဒ အားလျော်စွာ ဝိကာရရုပ်ကို ဖြစ်စေခြင်းအားဖြင့် သင့်လျော်၏၊ ယင်းကဲ့သို့ သင့်လျော်သည်၏ အဖြစ် ကြောင့် (၃၂)မျိုးကုန်သော စိတ်တို့ကို စိတ္တဇရုပ်သာမည, ဣရိယာပုထ်, ဝိညတ်ရုပ်ကို ဖြစ်စေတတ်ကုန်၏ဟူ၍ မိန့်ဆိုအပ်ကုန်ပြီဟု မှတ်ပါ။ ထိုသို့ ဝိညတ်ရုပ်ကို ဖြစ်စေနိုင်သည်ဟု ဆိုသော်လည်း ဝါယောဓာတ်၏ သဘာဝ သတ္တိစွမ်းအင် လွန်ကဲနေသော စိတ္တဇရုပ်ကလာပ်များ အကြိမ်များစွာ ဖြစ်သော အခါကျမှသာလျှင် တစ်ယူဇနာ သို့ ရောက်ပြီ၊ ဆယ်ယူဇနာသို့ ရောက်ပြီဟု ဆိုနိုင်စေသည်။ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေသော စိတ္တဇရုပ်ကလာပ်များ အနည်းငယ်မျှ ဖြစ်ရုံမျှဖြင့်ကား ထိုမျှလောက်သော အရပ်သို့ မရောက်စေနိုင် ပါဟု ဆိုလိုသည်။ (မူလဋီ၊၁၊၇၂။)

ယထာ ဟိ သတ္တဟိ ယုဂေဟိ အာကဍ္ဎိတဗ္ဗေ သကဋေ ပဌမယုဂေ ယုတ္တဂေါဏာ ယုဂံ တာဝ သန္ထမ္ဘေတုံ သန္ဓာရေတုံ သက္ကောန္တိ၊ စက္ကံ ပန န ပဝဋ္ဋေန္တိ။ ဒုတိယာဒီသုပိ ဧသေဝ နယော။ သတ္တမယုဂေ ပန ဂေါဏေ ယောဇေတွာ ယဒါ ဆေကော သာရထိ ဓုရေ နိသီဒိတွာ ယောတ္တာနိ အာဒါယ သဗ္ဗပုရိမတော ပဋ္ဌာယ ပတောဒလဋ္ဌိယာ ဂေါဏေ အာကောဋေတိ၊ တဒါ သဗ္ဗေဝ ဧကဗလာ ဟုတွာ ဓုရဉ္စ သန္ဓာရေန္တိ၊ စက္ကာနိ စ ပဝဋ္ဋေန္တိ၊ သကဋံ ဂဟေတွာ ဒသယောဇနံ ဝီသတိယောဇနံ ဂတာတိ ဝတ္တဗ္ဗတံ အာပါဒေန္တိ။ ဧဝံ သမ္ပဒမိဒံ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

= ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေအံ့ ---- နွားခုနစ်ရှဉ်း ကသော ထမ်းပိုး ခုနစ်ခုတို့ဖြင့် ရုန်းကန် ဆွဲငင်ပါမှ ပါလာနိုင်လောက်အောင် ဝန်လေးသော လှည်းတစ်စီး၌ ရှေးဦးစွာ ပထမထမ်းပိုး၌ ကပ်ယှဉ်ထား အပ်ကုန်သော နွားတို့သည် ထမ်းပိုးကို သို့မဟုတ် ထမ်းပိုးနှင့် တကွသော လှည်းကို ကောင်းစွာ တောင့်ထား ခြင်းငှာ စွမ်းနိုင်ကြကုန်၏၊ သွားမည့်လမ်းဘက်သို့ ရှေးရှု ဆွဲငင်လျက် ကောင်းစွာ ဆောင်ထားခြင်းငှာလည်း စွမ်းနိုင်ကြကုန်၏၊ သို့သော် လှည်းဘီးကိုကား မလိမ့်စေနိုင်ကြကုန်။ ဒုတိယထမ်းပိုး စသည်တို့၌ ယှဉ်ကထား အပ်ကုန်သော နွားစသည်တို့၌လည်း နည်းတူသာတည်း။

အလျော်အားဖြင့်ဆိုရမူ ခုနစ်ခုမြောက်သော ထမ်းပိုး၌ နွားတို့ကို ယှဉ်ကစေ၍ အကြင်အခါ၌ လိမ္မာ ကျွမ်းကျင်သော လှည်းမောင်းသမားသည် လှည်းဦး၌ ထိုင်၍ ကြိုးတို့ကို ကိုင်၍ အလုံးစုံသော နွားတို့၏ ရှေး ဖြစ်သော နွားမှစ၍ နှင်တံဖြင့် နွားတို့ကို တို့လျက် မောင်းနှင်၏၊ ထိုအခါ၌ အလုံးစုံသော နွားတို့သည်ပင် တူညီ သော ခွန်အား = စွမ်းအား ရှိကုန်သည် ဖြစ်ကုန်၍ လှည်းဦး သို့မဟုတ် လှည်းဝန်ကိုလည်း ကောင်းစွာ ဆောင်ကုန် သကဲ့သို့ လှည်းဘီးတို့ကိုလည်း လည်စေကုန်သကဲ့သို့ လှည်းကို သယ်ဆောင်၍ လှည်းသည် ဆယ်ယူဇနာသို့ ရောက်ပြီ၊ ယူဇနာနှစ်ဆယ်သို့ ရောက်ပြီဟု ပြောဆိုထိုက်သည်၏ အဖြစ်သို့ ရောက်စေကုန်သကဲ့သို့ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော ဤ ဥပမေယျကို သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

လှည်းတစ်စီးကို နွား (၇)ရှဉ်းတို့ဖြင့် ဆောင်ယူသွားရာ၌ ရှေးက သွားကြသော နွား (၆)ရှဉ်းတို့သည် လှည်းကို တောင့်ထားကြကုန်သကဲ့သို့ သွားမည့်လမ်းဘက်သို့ ရှေးရှုဆွဲငင် ဆောင်ယူနေကြသကဲ့သို့ ထို့အတူ ရှေးဇော (၆)ကြိမ်တို့ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝါယောဓာတ်တို့က အတူတကွ ဖြစ်ဖက် ရုပ်တရား တို့ကို လျော့မသွားအောင် တောင့်ထားကြ၏၊ သွားမည့်ဘက် လှုပ်ရှားမည့်ဘက်သို့ ရှေးရှု ဆွဲဆောင်ထားကြ၏။ သို့သော် လှည်းဘီးကို လိမ့်သွားအောင် ရှေးနွား (၆)ရှဉ်းတို့က မစွမ်းနိုင်ကြကုန်သကဲ့သို့ အလားတူပင် ယင်း ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ပေါ်သွားကြကုန်သော ဝါယောဓာတ်တို့ကလည်း ဤရူပကာယ = ရုပ်တရား အပေါင်းကို လှုပ်ရှားသွားအောင် ပြုလုပ်ခြင်းငှာ မတတ်နိုင်ပေ။ သို့သော် ရှေးဇော (၆)တန်တို့ကြောင့် ဖြစ်ပေါ် သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ သတ္တမဇောစိတ်ကြောင့် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော ဝါယော ဓာတ်တို့သည် ဤရူပကာယ ရုပ်တရားအပေါင်းကို လှုပ်ရှားသွားအောင် = နေရာအသစ်အသစ်၌ ထပ်၍ ထပ်၍ ဖြစ်အောင် ပြုလုပ်ခြင်းငှာ တတ်ကောင်းပါ၏ဟု ဆိုလိုသည်။ (ဤ၌ မနောဒွါရိကဇောဝီထိပေါင်းသည် အဆက် မပြတ် သွားနေသမျှ အကြိမ်များစွာ ဖြစ်နေမည်သာတည်း။)

ဝိညတ် ဟူသည်

ဝိညတ် ဟူသည်

တတ္ထ ယော စိတ္တသမုဋ္ဌာနိကကာယော၊ န သော ဝိညတ္တိ။ စိတ္တသမုဋ္ဌာနာယ ပန ဝါယောဓာတုယာ သဟဇာတံ ရူပကာယံ သန္ထမ္ဘေတုံ သန္ဓာရေတုံ စာလေတုံ ပစ္စယော ဘဝိတုံ သမတ္ထော ဧကော အာကာရဝိကာရော အတ္ထိ၊ အယံ ဝိညတ္တိ နာမ။ သာ အဋ္ဌ ရူပါနိ ဝိယ န စိတ္တသမုဋ္ဌာနာ။ ယထာ ပန အနိစ္စာဒိဘေဒါနံ ဓမ္မာနံ ဇရာမရဏတ္တာ ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတန္တိအာဒိ ဝုတ္တံ။ ဧဝံ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိညတ္တိတာယ သာပိ စိတ္တသမုဋ္ဌာနာ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ပထမဇောကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော ဝါယောဓာတ် များသည် ရူပကာယ = ရုပ်တရားအပေါင်းကို လှုပ်ရှားအောင် ပြုလုပ်ခြင်းငှာ မစွမ်းနိုင်သော်လည်း ထိုဝါယော ဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၌ ဝိညတ်ဟူသော ဝိကာရရုပ်ကား ပါဝင်လျက်သာ ရှိ၏။ မှန်၏ ---- အေ့ရှသို့ သွားလိုလျှင် ပထမဇောကြောင့် ဖြစ်ပေါ်သွားကြကုန်သော စိတ္တဇ ရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်တို့ကလည်း ရူပကာယ = ရုပ်တရားအပေါင်းကို အေ့ရှသို့ ရှေးရှု လျက်သာ ထောက်ပံ့ထားကြရ ဆောင်ထားကြရလေသည်။ ထိုသို့ ရူပကာယ = ရုပ်တရားအပေါင်း၏ အေ့ရှ ဘက်သို့ ရှေးရှုခြင်းသည် ဝိညတ်ဟူသော ဝိကာရရုပ်၏ အစွမ်းကြောင့်သာ ဖြစ်ရ၏။ ဒုတိယဇော စသည် တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

ထိုရူပကာယ = ရုပ်တရားအပေါင်းတို့တွင် အကြင် စိတ်ကြောင့်ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်း သည် ရှိ၏၊ ထိုစိတ်ကြောင့်ဖြစ်သော ရူပကာယ = ရုပ်တရားအပေါင်းသည် ဝိညတ် မဟုတ်ပေ။ အဟုတ်သော် ကား စိတ်ကြောင့် ဖြစ်ကုန်သော (စိတ္တဇရုပ်တို့တွင် ပါဝင်သော) ဝါယောဓာတ်နှင့် အတူတကွ ဖြစ်သော ရူပ ကာယ = ရုပ်တရားအပေါင်းကို ကောင်းစွာ တောင့်ထားခြင်း ထောက်ကန်ထားခြင်းငှာ သွားမည့်ဘက်သို့ ရှေးရှုကောင်းစွာ ဆောင်ထားခြင်းငှာ လှုပ်ရှားစေခြင်းငှာ အကြောင်းတရားဖြစ်ခြင်းငှာ စွမ်းနိုင်သော တစ်မျိုး သော ထူးခြားသော အမူအရာသည် ရှိ၏၊ ဤထူးခြားသော အမူအရာသည် ဝိညတ် မည်၏။

ထိုဝိညတ်ရုပ်သည်ကား ဩဇာလျှင် (၈)ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့သည် (= စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့သည်) စိတ်ကြောင့် ဖြစ်ကုန်သကဲ့သို့ စိတ်ကြောင့် ဖြစ်သည်ကား မဟုတ်။ (ယင်းဝိညတ် ရုပ်သည် ရုပ်အစစ် မဟုတ်သောကြောင့် စိတ်ကြောင့် ဖြစ်သည့် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ပါဟု ဆိုလိုသည်။) ထိုသို့ပင် စိတ္တသမုဋ္ဌာန်ရုပ် မဟုတ်ပါသော်လည်း - အနိစ္စ ဒုက္ခ အနတ္တတရား စင်စစ်ဧကန် ဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရကြသည့် ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရတရား = သင်္ခတတရားတို့၏ တည်မှု = ဇရာ, ပျက်မှု = မရဏတရား ထင်ရှားရှိသည်၏ အဖြစ်ကြောင့် - ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ = ဇရာမရဏသည် အနိစ္စတရားတည်း သင်္ခတတရားတည်း (သံ၊၁၊၂၆၄။) ---- အစရှိသော စကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူအပ်သကဲ့သို့ ---- ဤအတူပင် စိတ္တသမုဋ္ဌာန်ဖြစ်ကုန်သော ရုပ်တရားတို့၏ ဝိညတ်ဟူသော ဝိကာရရုပ် ဖြစ်ခြင်းကြောင့် ထိုဝိညတ်ရုပ်သည်လည်း စိတ္တသမုဋ္ဌာန်ရုပ် မည်တော့သည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ဝါယောဓာတုယာ ။ ပ ။ ပစ္စယော ဘဝိတုန္တိ ထမ္ဘနစလနေသု ဝါယောဓာတုယာ ပစ္စယော ဘဝိတုံ သမတ္ထော စိတ္တသမုဋ္ဌာနမဟာဘူတာနံ ဧကော အာကာရဝိသေသော အတ္ထိ၊ အယံ ဝိညတ္တိ နာမ။ တေသဥှိ တဒါကာရတ္တာ ဝါယောဓာတု ထမ္ဘေတိ စာလေတိ စာတိ။ န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒေဿတိ။ န ဟိ ရူပံ အပ္ပစ္စယံ အတ္ထိ၊ န စ နိဗ္ဗာနဝဇ္ဇော အတ္ထော နိစ္စော အတ္ထိ။ ဝိညတ္တိတာယာတိ ဝိညတ္တိဝိကာရတာယ။ စိတ္တသမုဋ္ဌာနဘာဝေါ ဝိယ မဟာဘူတဝိကာရတာယ ဥပါဒါရူပဘာဝေါ စ အဓိပ္ပေတောတိ ဝေဒိတဗ္ဗော။ (မူလဋီ၊၁၊၇၂။)

= ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်ပံ့ထားခြင်း လှုပ်ရှားစေခြင်းတို့၌ ဝါယောဓာတ်၏ အကြောင်း တရား ဖြစ်ဖို့ရန် စွမ်းနိုင်သော စိတ်ကြောင့်ဖြစ်ကုန်သော မဟာဘုတ် ဓာတ်ကြီး (၄)ပါးတို့၏ တစ်မျိုးသော အခြင်းအရာအထူးသည် ရှိ၏၊ ဤအခြင်းအရာအထူးသည် ဝိညတ် မည်၏။

[အထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ၌ - ဝါယောဓာတုယာ။ ပ ။ ဧကော အာကာရဝိကာရော ---- (အဘိ၊ဋ္ဌ၊၁၊၁၂၅။) = ဝါယောဓာတ်၏ အာကာရဝိသေသ = အခြင်းအရာအထူးကို ဝိညတ်မည်ကြောင်း ဖွင့်ဆိုထား၏။ ဤမူလဋီကာ၌ကား မဟာဘုတ် (၄)ပါးလုံး၏ အာကာရဝိသေသ = အခြင်းအရာအထူးကို ဝိညတ်မည်ကြောင်း ဖွင့်ဆိုထား၏။ အဋ္ဌကထာ၌ ပဓာနနည်းအားဖြင့် ပြဓာန်းသော လိုရင်းပဓာနကိုသာ ဖွင့်ဆို၍ ဋီကာ၌ ပဓာန-အပဓာန နှစ်မျိုးလုံးကို ပေါင်း၍ ဖွင့်ဆိုသည်ဟု မှတ်ပါ။]

= မှန်ပေသည် ---- ထို စိတ္တဇ မဟာဘုတ်တို့၏ ထိုသို့သော ထူးသောအခြင်းအရာ ရှိကုန်သည်၏ အဖြစ် ကြောင့် ဝါယောဓာတ်သည် ရူပကာယ = ရုပ်တရားအပေါင်းကို ထောက်လည်း ထောက်ပံ့ထားနိုင်၏၊ လှုပ်လည်း လှုပ်ရှားစေနိုင်၏ဟု မှတ်ပါ။

ဤဝိညတ်ရုပ်သည် စိတ်ကြောင့် ဖြစ်သည်ကား မဟုတ်ဟူသော ဤစကားရပ်ဖြင့် ဝိညတ်ရုပ်၏ ပရမတ္ထ အားဖြင့် ထင်ရှား မရှိခြင်းကို ညွှန်ပြ၏။ အကြောင်းမူ ရုပ်အစစ်မှန်လျှင် အကြောင်းတရား ထင်ရှား မရှိပါဘဲ လျက် ဖြစ်ပေါ်လာသော ရုပ်တရားမည်သည် ပရမတ္ထသစ္စာနယ်၌ မရှိကောင်းသောကြောင့် ဖြစ်၏။ ထိုကြောင့် ဝိညတ်ရုပ်သည် စိတ်ကြောင့် ဖြစ်သည်ကား မဟုတ်ဟူသော စကားရပ်ဖြင့် ဝိညတ်ရုပ်၏ ပရမတ္ထရုပ်အစစ် မဟုတ်ကြောင်းကို ပြသည်ဟု သိနိုင်ပေသည်။

နိဗ္ဗာန်သည် ကြဉ်အပ်သော နိဗ္ဗာန်မှ တစ်ပါးသော နိစ္စ ထာဝရ အမြဲတည်နေသော ပရမတ်တရားမည် သည် မရှိသည်သာဖြစ်သောကြောင့် ဝိညတ်ရုပ်ကို ဖြစ်ပေါ်စေတတ်သော အကြောင်းတရား ထင်ရှားမရှိသော အပ္ပစ္စယတရားဟုလည်း မဆိုနိုင်ပေ။ ထိုကြောင့် အတွင်းသဘော အလိုဆန္ဒကို သိစေတတ်သော ဝိကာရ = အခြင်းအရာအထူး ဖြစ်သောကြောင့်ထို ဝိညတ်ရုပ်သည်လည်း စိတ္တသမုဋ္ဌာန်ရုပ် (= စိတ်ကြောင့် ဖြစ်သော ရုပ်) မည်ပေသည်။ ဝိညတ်ရုပ်၏ စိတ္တသမုဋ္ဌာန်ရုပ်၏ အဖြစ်ကို အလိုရှိအပ်သကဲ့သို့ အလားတူပင် ယင်းဝိညတ် ရုပ်သည် မဟာဘုတ်တို့၏ အခြင်းအရာထူး ဝိကာရ ဖြစ်သောကြောင့် ဥပါဒါရုပ်၏ အဖြစ်ကိုလည်း အလိုရှိ အပ်၏ဟု သိရှိပါလေ။ (မူလဋီ၊၁၊၇၂။)

[ထိုဝိညတ်ရုပ်သည် ပရိယာယ်အားဖြင့် (ဌာနူပစာရအားဖြင့်) စိတ္တသမုဋ္ဌာန် အမည်ရသကဲ့သို့ မဟာ ဘုတ်တို့၏ ထူးသော အခြင်းအရာ = ဝိကာရ ဖြစ်သောကြောင့် မဟာဘုတ်တို့ကို စွဲမှီ၍သာ ထင်ရှားရကား ဥပါဒါရုပ် အမည်ကိုလည်း ရနိုင်သည် - ဟု ဆိုလိုပေသည်။

ဌာနဖြစ်သော စိတ္တဇရုပ်ကလာပ်တို့၏ စိတ္တသမုဋ္ဌာနဟူသော အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရ ရုပ် = ဝိညတ်ရုပ်အပေါ်၌ တင်စား၍ ဝိညတ်ရုပ်ကိုလည်း ဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာနရုပ်ဟု အမည် နာမတပ်လျက် ခေါ်ဝေါ် သုံးစွဲနိုင်ပါသည် - ဟု ပြလိုသောကြောင့် - စိတ္တသမုဋ္ဌာနာ နာမ-ဟု နာမ-သဒ္ဒါ ထည့်၍ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)၌ ဖွင့်ဆိုထားပေသည်။ အဓိဝစနံ - နာမံ ရှိရာ ဥပစာဟူသော ပရိဘာသာနှင့် အညီတည်း။]

မနောဝိညေယျ တရား

မနောဝိညေယျ တရား

ဝိညာပနတ္တာ ပနေသာ ဝိညတ္တီတိ ဝုစ္စတိ။ ကိံ ဝိညာပေတီတိ? ဧကံ ကာယိကကရဏံ။ စက္ခုပထသ္မိဥှိ ဌိတော ဟတ္ထံ ဝါ ပါဒံ ဝါ ဥက္ခိပတိ၊ သီသံ ဝါ ဘမုကံ ဝါ စာလေတိ။ အယံ ဟတ္ထာဒီနံ အာကာရော စက္ခုဝိညေယျော ဟောတိ၊ ဝိညတ္တိ ပန န စက္ခုဝိညေယျာ၊ မနောဝိညေယျာ ဧဝ။ စက္ခုနာ ဟိ ဟတ္ထဝိကာရာဒိဝသေန ဝိပ္ဖန္ဒမာနံ ဝဏ္ဏာရမ္မဏမေဝ ပဿတိ၊ ဝိညတ္တိံ ပန မနောဒွါရိကစိတ္တေန စိန္တေတွာ ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေတိ ဇာနာတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

= ဝိညာပေတီတိ ဝိညတ္တိ - ဟူသော ဟေတု ကတ္တုသာဓန ဝစနတ္ထအရ ဤအမူအရာထူးကို သိစေ တတ်သည်၏ အဖြစ်ကြောင့် ဝိညတ်ဟူ၍ ခေါ်ဆိုအပ်၏။ အဘယ်ကို သိစေတတ်သနည်းဟူမူ - ကာယဒွါရ၌ ဖြစ်သော အမူအရာကြိယာကို = ကာယဒွါရ၌ ဖြစ်သော စိတ်၏ အမူအရာ ကြိယာကို = စိတ်၏ အလိုဆန္ဒကို သိစေတတ်၏။ ဤကား အဖြေတည်း။

စက္ခုပသာဒ၏ လမ်းကြောင်း၌ တည်သော သူသည် လက်ကိုသော်လည်းကောင်း, ခြေကိုသော်လည်း ကောင်း မြှောက်လိုက်အံ့၊ ဦးခေါင်းကိုသော်လည်းကောင်း မျက်ခုံးကိုသော်လည်းကောင်း လှုပ်စေအံ့၊ လက် ခြေ ဦးခေါင်း မျက်ခုံး စသည်တို့၏ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော ဤအမူအရာသည် စက္ခုဝိညာဏ်ဖြင့် သိအပ် သိနိုင်၏။ သို့သော် ဝိညတ်ကိုကား စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။မှန်ပေသည် - စက္ခုဖြင့် (= စက္ခုဝိညာဏ်ဖြင့်) လက်၏ ထူးခြားသော အမူအရာ အစရှိသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အရောင်အဆင်းဟူသော ဝဏ္ဏဓာတ် = ရူပါရုံကိုသာလျှင် မြင်နိုင်၏၊ ဝိညတ်ရုပ်ကိုကား မနော ဒွါရိကဇောဝီထိ စိတ်အစဉ်ဖြင့် ကြံဆ၍ စဉ်းစား၍ - ဤသူသည် ဤမည်သောအမှု ဤမည်သောအမှုကို လည်း ပြုစေလိုယောင်တကား (= ပြုစေလိုသည်နှင့် တူ၏) - ဟု သိရှိပေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ကာယိကကရဏန္တိ ကာယဒွါရပ္ပဝတ္တံ စိတ္တကိရိယံ၊ အဓိပ္ပါယန္တိ အတ္ထော။ ကာရေတိ မညေတိ ဧတေန ဝဏ္ဏဂ္ဂဟဏာနုသာရေန ဂဟိတာယ ဝိညတ္တိယာ ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇာနနေန ဝိညတ္တိယာ ဝိညာတတ္တံ ဒေဿတိ။ န ဟိ ဝိညတ္တိရဟိတေသု ရုက္ခစလနာဒီသု ဣဒမေသ ကာရေတီတိ ဝိဇာနနံ ဟောတီတိ။ စက္ခုဝိညာဏဿ ဟိ ရူပေ အဘိနိပါတမတ္တံ ကိစ္စံ၊ န အဓိပ္ပါယသဟဘုနော စလနဝိကာရဿ ဂဟဏံ။ စိတ္တဿ ပန လဟုပရိဝတ္တိတာယ စက္ခုဝိညာဏဝီထိယာ အနန္တရံ မနောဝိညာဏေန ဝိညာတမ္ပိ စလနံ စက္ခုနာ ဒိဋ္ဌံ ဝိယ မညန္တိ အဝိသေသဝိဒုနော၊ တသ္မာ ယထာ နီလာဘိနိပါတဝသပ္ပဝတ္တာယ စက္ခုဝိညာဏဝီထိယာ နီလန္တိပဝတ္တာယ မနောဝိညာဏဝီထိယာ စ အနန္တရံ န ဝိညာယတိ၊ ဧဝံ အဝိညာယမာနန္တရေန မနောဒွါရဝိညာဏေန ဂဟိတေ တသ္မိံ စိတ္တေန သဟေဝ အနုပရိဝတ္တေ ကာယထမ္ဘနဝိကာရစောပနသင်္ခါတေ ဣဒမေသ ကာရေတိ၊ အယမဿ အဓိပ္ပါယောတိ ဝိဇာနနံ ဟောတိ။ (မူလဋီ၊၁၊၇၂-၇၃။)

ကာရေတိ မညေ = ဤသူသည် ဤမည်သောအမှု ဤမည်သောအမှုကို ပြုစေလိုသည်နှင့် တူ၏ ဟူ သော ဤစကားရပ်ဖြင့် - အရောင် = အဆင်း = ဝဏ္ဏဓာတ် = ရူပါရုံကို အာရုံယူ၍ ရကြောင်း (= သိကြောင်း) ဖြစ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိကို အစဉ်လိုက်သဖြင့် အာရုံယူ၍ ရအပ် သိအပ်သော ဝိညတ်ရုပ်ကြောင့် အကြင်အမူအရာ = အကြင်အတွင်းသဘော အလိုဆန္ဒကို သိအပ် သိနိုင်၏၊ ထိုအမူအရာ = ထိုအတွင်းသဘော အလိုဆန္ဒကို သိခြင်းအားဖြင့် ဝိညတ်ရုပ်၏ ဝိညတ်ရုပ်၏ အဖြစ်ကို ထင်ရှားပြ၏ (= ဝိညတ်ရုပ်၏ ဝိညတ်ရုပ် ဖြစ်ကြောင်း သဘောကို ထင်ရှားပြ၏။) အဘယ်ကြောင့်နည်းဟူမူ - ဝိညတ်မှ ကင်းကုန်သော သစ်ပင် လှုပ်ခြင်း စသည်တို့၌ ဤသစ်ပင်သည် ဤအမှုကို ပြုစေလို၏ဟု သိခြင်းသည် မဖြစ်နိုင်သောကြောင့်ပင်တည်း။

မှန်ပေသည် --- စက္ခုဝိညာဏ်၏ ရူပါရုံ၌ ရှေးရှု ကျခြင်းမျှသည် ယင်းစက္ခုဝိညာဏ်၏ လုပ်ငန်းကိစ္စ တည်း။ အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်သော လှုပ်ရှားခြင်းဟူသော ဝိကာရကို အာရုံယူ၍ ရခြင်း = သိခြင်းသည် စက္ခုဝိညာဏ်၏ လုပ်ငန်းကိစ္စ မဟုတ်ပေ။ (စက္ခုဝိညာဏ်က လက်ခြေ စသည်ကို လှုပ်ပြသော ပုဂ္ဂိုလ်၏ အတွင်းသဘောအလိုဆန္ဒ အဓိပ္ပါယ်ကိုလည်းကောင်း, ဝိကာရ = ဝိညတ်ရုပ်ကိုလည်းကောင်း မသိနိုင် ဟု ဆိုလိုသည်။) ထိုသို့ပင် စက္ခုဝိညာဏ်၏ လှုပ်ရှားသူ၏ အတွင်းသဘော အလိုဆန္ဒနှင့် တကွ ဝိကာရ = ဝိညတ်ရုပ်ကို သိခြင်းကိစ္စ မရှိပါသော်လည်း စိတ်၏ အလွန် လျင်မြန်သော အပြောင်းအလွှဲ ရှိသည်၏ အဖြစ် ကြောင့် စက္ခုဝိညာဏဝီထိ၏ အခြားမဲ့၌ ဘဝင်ခြားလျက် ဖြစ်ပေါ်လာသော မနောဝိညာဏ်ဖြင့် (= မနောဒွါရ ဝီထိ စိတ်အစဉ်ဖြင့်) သိအပ် သိနိုင်သည်လည်း ဖြစ်သော လှုပ်ရှားခြင်းဟူသော ဝိကာရ = ဝိညတ်ရုပ်ကို စက္ခု ပသာဒ = စက္ခုဝိညာဏ်ဖြင့် မြင်အပ်သကဲ့သို့ စက္ခုဝိညာဏဝီထိနှင့် မနောဝိညာဏဝီထိဟူသော ပရမတ်တို့၏ အထူးကို မသိနိုင်ကုန်သော လူပြိန်းတို့သည် အောက်မေ့ မှတ်ထင်ကြကုန်၏။ ထိုကြောင့် ညိုသော အဆင်း ရူပါရုံ၌ ရှေးရှုကျခြင်း၏ အစွမ်းဖြင့်ဖြစ်သော စက္ခုဝိညာဏဝီထိ၏လည်းကောင်း, ညိုသော အဆင်း ရူပါရုံဟူ၍ သိသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော မနောဝိညာဏဝီထိ၏လည်းကောင်း - ဤဝီထိ နှစ်ခုတို့၏ နှစ်မျိုး ကွဲပြားပုံ အထူးကို ပရမတ်ဉာဏ်ပညာမျက်စိကင်းနေသော လူပြိန်းသည် မသိအပ် မသိနိုင်သကဲ့သို့ ---- အလား တူပင် စိတ်နှင့် အတူတကွသာလျှင် အစဉ်လိုက်၍ ဖြစ်သော ရူပကာယ ရုပ်တရားအပေါင်းကို ထောက်ပံ့တတ် လှုပ်ရှားစေတတ်သော ထူးခြားသော အမူအရာဟု ဆိုအပ်သော ထိုဝိကာရ = ဝိညတ်ရုပ်ကို စက္ခုဝိညာဏ ဝီထိမှ ထူးသော မနောဝိညာဏဝီထိဖြင့်သာ သိသည်ဟု မသိသော = စက္ခုဝိညာဏဝီထိဟုပင် ထင်ရသော မနောဝိညာဏဝီထိဟူသော မနောဝိညာဏ်ဖြင့် အာရုံယူ၍ ရပြီးမှ = ဝိကာရဟူသော ဝိညတ်ရုပ်ကို သိပြီးမှ --ဤသူသည် ဤအမှုကို ပြုစေလို၏၊ ဤအလိုသည် ထိုသူ၏ အလိုတည်းဟု ဤသို့ သိခြင်းသည် ဖြစ်ပေါ်လာ၏။ (မူလဋီ၊၁၊၇၂-၇၃။)

ဝိညတ်ကို သိသော ဝီထိ

ဝိညတ်ကို သိသော ဝီထိ

ရူပံ ပဌမစိတ္တေန၊ တီတံ ဒုတိယစေတသာ။

တတိယေန တုဝိညတ္တိံ၊ ဘာဝံ စတုတ္ထစေတသာ။

ဝိညတ်ကို သိသော ဝီထိကို ပြရာ၌ ----

၁။ ရူပါရုံ = အရောင်မျှကို သိသောဝီထိ = စက္ခုဝိညာဏဝီထိ,

၂။ ထို အတိတ်ရူပါရုံကိုသိသော တဒနုဝတ္တိက မနောဒွါရဝီထိ = နောက်လိုက် မနောဒွါရဝီထိ,

၃။ ဝိညတ်ကို သိသော မနောဒွါရဝီထိ,

၄။ အလိုဆန္ဒ (ဘာဝ)ကို သိသော မနောဒွါရဝီထိ ---- ဟု

ဝီထိအစဉ် (၄)မျိုး ရှိ၏။ ထိုတွင် ဝဏ္ဏဂ္ဂဟဏာနုသာရေန (မူလဋီ၊၁၊၇၂။) ဟူသော စကားရပ်ဖြင့် --- စက္ခု ဝိညာဏဝီထိ, တဒနုဝတ္တိက မနောဒွါရဝီထိတို့၏ ရူပါရုံသို့ အစဉ်လိုက်ပုံကို ပြ၏။

ဂဟိတာယ ဝိညတ္တိယာ (မူလဋီ၊၁၊၇၂။) ဟူသော စကားရပ်ဖြင့် --- ဝိညတ်ရုပ်ကို သိကြောင်းဖြစ်သော အမှတ် (၃) မနောဒွါရဝီထိကို ပြ၏။

ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇ္ဇာနနေန (မူလဋီ၊၁၊၇၂။) ဟူသော စကားရပ်ဖြင့် --- အလိုဆန္ဒ (ဘာဝ) ကို သိသော အမှတ် (၄) ဝီထိကို ပြသည်။

ကာရေတိ မညေ

ကာရေတိ မညေ (အဘိ၊ဋ္ဌ၊၁၊၁၂၅။)

ဤမည် ဤမည်သော အမှုကို ပြုစေလို၏ဟု ထင်၏- ဟူသော ဤစကားရပ်ဖြင့် လက် ခြေစသည်ကို လှုပ်ရှားပြသသူ၏ အတွင်းသဘော အလိုဆန္ဒ (ဘာဝ)ကို မြင်ရသူက သိရှိရပုံကို ဖော်ပြ၏။ ထိုသို့ ပြသဖြင့် အတွင်းသဘောအလိုဆန္ဒကို သိခြင်း၏ အရင်းခံဖြစ်သော ဝိညတ်ရုပ်ကိုလည်း သိအပ်ပြီး ဖြစ်ကြောင်းကို ဤ-ကာရေတိ မညေ - ဟူသော စကားရပ်ဖြင့်ပင် ပြ၏။ မှန်ပေသည် ---- လှုပ်ရှားပြသသော လက်၏ အဆင်း အရောင် = ရူပါရုံကို မြင်သော ပထမ စက္ခုဝိညာဏဝီထိ, ထိုအတိတ်ရူပါရုံ အရောင်အဆင်းကို သိသော ဒုတိယ တဒနုဝတ္တိကာ မနောဒွါရဝီထိ, ထိုဝီထိကို အစဉ်လိုက်သော တတိယမနောဒွါရဝီထိဖြင့် ဝိညတ်ရုပ်ကို သိပြီးမှ စတုတ္ထ မနောဒွါရဝီထိဖြင့် လှုပ်ရှားပြသသူ၏ အတွင်းသဘော အလိုဆန္ဒ (ဘာဝ)ကို သိရှိရသည်ဟု မှတ်ပါ။

ဥပမာဆောင်၍ ထင်ရှားအောင်ပြပုံ

ဥပမာဆောင်၍ ထင်ရှားအောင်ပြပုံ

ယထာ ဟိ အရညေ နိဒါဃသမယေ ဥဒကဋ္ဌာနေ မနုဿာ ဣမာယ သညာယ ဣဓ ဥဒကဿ အတ္ထိဘာဝံ ဇာနိဿန္တီတိ ရုက္ခဂ္ဂေ တာလပဏ္ဏာဒီနိ ဗန္ဓာပေန္တိ၊ သုရာပါနဒွါရေ ဓဇံ ဥဿာပေန္တိ၊ ဥစ္စံ ဝါ ပန ရုက္ခံ ဝါတော ပဟရိတွာ စာလေတိ၊ အန္တော ဥဒကေ မစ္ဆေ စလန္တေ ဥပရိ ဗုဗ္ဗုဠကာနိ ဥဋ္ဌဟန္တိ၊ မဟောဃဿ ဂတမဂ္ဂပရိယန္တေ တိဏပဏ္ဏကသဋံ ဥဿာရိတံ ဟောတိ။ တတ္ထ တာလပဏ္ဏဓဇသာခါစလနဗုဗ္ဗုဠကတိဏ ပဏ္ဏကသဋေ ဒိသွာ ယထာ စက္ခုနာ အဒိဋ္ဌမ္ပိ ဧတ္ထ ဥဒကံ ဘဝိဿတိ၊ သုရာ ဘဝိဿတိ၊ အယံ ရုက္ခော ဝါတေန ပဟတော ဘဝိဿတိ၊ အန္တော ဥဒကေ မစ္ဆော ဘဝိဿတိ၊ ဧတ္တကံ ဌာနံ အဇ္ဈောတ္ထရိတွာ ဩဃော ဂတော ဘဝိဿတီတိ မနောဝိညာဏေန ဇာနာတိ။ ဧဝမေဝ ဝိညတ္တိပိ န စက္ခုဝိညေယျာ၊ မနောဝိညေယျာဝ။ စက္ခုနာ ဟိ ဟတ္ထဝိကာရာဒိဝသေန ဝိပ္ဖန္ဒမာနံ ဝဏ္ဏာရမ္မဏမေဝ ပဿတိ၊ ဝိညတ္တိံ ပန မနောဒွါရိကစိတ္တေန စိန္တေတွာ ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေတိ ဇာနာတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၅-၁၂၆။)

= ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေအံ့ ---- တောထည်း၌ နွေကာလဝယ် ရေရှိရာ အရပ်၌ လူတို့သည် ဤအမှတ်အသားဖြင့် ဤအရပ်၌ ရေရှိကြောင်းကို သိနိုင်ကုန်လတ္တံ့ဟု နှလုံးသွင်း၍ သစ်ပင်ထိပ်ဖျား၌ ထန်း ရွက် အစရှိသော အမှတ်အသားတို့ကို ဖွဲ့ချည်စေကြကုန်၏။

အရက်ဆိုင်တံခါးဝ၌ အလံကို စိုက်ထူထားကြကုန်၏။

သည်မျှသာမကသေး ---- မြင့်သော သစ်ပင်ကို လေသည် တိုက်ခတ်၍ လှုပ်စေ၏။ ရေ၏အတွင်း၌ ငါး သည် လှုပ်ရှားလတ်သော် ရေအထက်၌ ရေပွက်ငယ်တို့သည် ထကုန်၏။ ကြီးစွာသော ရေအယဉ်၏ ဖြတ်ကျော် စီးဆင်းသွားအပ်သော လမ်းကြောင်းတစ်လျှောက်၏ အထက် အပိုင်းအခြားအရပ်၌ မြက်-သစ်ရွက်-အမှိုက် သရိုက်သည် အထက်၌ တင်နေ၏။

ထိုအထက်ပါ စကားရပ်ဝယ် ---- ထန်းရွက်, အလံ, သစ်ခက်လှုပ်ခြင်း, ရေပွက်, မြက်-သစ်ရွက်-အမှိုက် သရိုက်တို့ကို မျက်စိအမြင်ရှိသော သူသည် စက္ခုဝိညာဏ်စိတ်ဖြင့် မြင်နိုင်၏၊ ထိုသို့ မြင်ရ၍ စက္ခုဝိညာဏ်ဖြင့် မမြင်အပ် မမြင်နိုင်သည် ဖြစ်ပါသော်လည်း ----

၁။ ဤထန်းရွက် ဖွဲ့ချည်ထားရာ အရပ်၌ ရေရှိလတ္တံ့၊

၂။ ဤအလံ စိုက်ထူထားရာ အရပ်၌ အရက်ရှိလတ္တံ့၊

၃။ ဤသစ်ပင်ကို လေတိုက်ခတ်အပ်သည် ဖြစ်လတ္တံ့၊

၄။ ရေထည်း၌ ငါးရှိလတ္တံ့၊

၅။ ဤမျှ အတိုင်းအရှည် ရှိသော အရပ်ကို လွှမ်းမိုး၍ ရေအယဉ်သည် ဖြတ်ကျော် စီးဆင်းသွားသည် ဖြစ် လတ္တံ့ ----

ဤသို့လျှင် မနောဝိညာဏ်ဖြင့် မှန်းဆ၍ သိနိုင်သကဲ့သို့ ဤဥပမာအတူပင်လျှင် ဝိညတ်ရုပ်ကိုလည်း စက္ခုဝိညာဏ်ဖြင့် မသိအပ် မသိနိုင်၊ မနောဝိညာဏ်ဖြင့်သာ သိအပ် သိနိုင်၏။ မှန်ပေသည် စက္ခုဝိညာဏ်ဖြင့် လက်၏ ထူးခြားသော အမူအရာ အစရှိသည်တို့၏ အစွမ်းဖြင့် လှုပ်ရှားသော အရောင်အဆင်းဟူသော ဝဏ္ဏ ဓာတ် = ရူပါရုံကိုသာလျှင် မြင်နိုင်၏၊ ဝိညတ်ရုပ်ကိုကား မနောဒွါရိကဇောဝီထိ စိတ်အစဉ်ဖြင့် ကြံဆ၍ စဉ်းစား၍ ဤသူသည် ဤမည်သောအမှု ဤမည်သောအမှုကိုလည်း ပြုစေလိုသည်နှင့် တူ၏ဟု သိရှိပေ၏။ (အဘိ၊ဋ္ဌ၊၁၊၁၂၅-၁၂၆။)

တောထည်း၌ နွေအခါဝယ် သစ်ပင်ခေါင်ဖျား၌ ဖွဲ့ချည်ထားအပ်သော ထန်းရွက်, အရက်ဆိုင်ဝ၌ စိုက်ထူထားအပ်သော အလံ စသည်တို့သည် လှုပ်ရှားသော လက်၏ ရူပါရုံနှင့် တူ၏။ ထိုထန်းရွက်စသည်ကို မြင်ပြီးနောက် ရေ စသည်တို့ ရှိမှန်းကို သိရခြင်းသည် ရူပါရုံကို မြင်သောဝီထိ ဖြစ်ပြီးနောက် မနောဒွါရိက ဝီထိဖြင့် ဝိညတ်ရုပ်ကို သိရခြင်းနှင့် တူ၏။ ဤအစဉ်သည် အကြမ်းမျှသာ ဖြစ်၏၊ ဤထက် ကျယ်ပြန့်သော ဝီထိအစဉ်ကို မူလဋီကာ၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏။

တာလပဏ္ဏာဒိရူပါနိ ဒိသွာ တဒနန္တရပ္ပဝတ္တာယ မနောဒွါရဝီထိယာ အဝိညာယမာနန္တရာယ တာလပဏ္ဏာဒီနံ ဥဒကာဒိသဟစာရိပ္ပကာရတံ သညာဏာကာရံ ဂဟေတွာ ဥဒကာဒိဂ္ဂဟဏံ ဝိယ။ ဧတ္ထ ဥဒကံ ဘဝိဿတီတိအာဒိနာ စ ဥဒကာဒိသမ္ဗန္ဓနာကာရေန ရူပဂ္ဂဟဏာနုသာရဝိညာဏေန ယံ ဥဒကာဒိ ဝိညာတဗ္ဗံ၊ တဿ ဝိဇာနနေန တဒါကာရဿ ဝိညာတတာ ဝုတ္တာတိ ဒဋ္ဌဗ္ဗာ။ ဧတဿ ပန ကာယိကကရဏဂ္ဂဟဏဿ ဥဒကာဒိဂ္ဂဟဏဿ စ ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏံ ဥပနိဿယော ဟောတီတိ ဒဋ္ဌဗ္ဗံ။ အထ ပန နာလမ္ဗိတာပိ ဝိညတ္တိ ကာယိကကရဏဂ္ဂဟဏဿ စ ပစ္စယော ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏောပနိဿယဝသေန သာဓိပ္ပါယဝိကာရဘူတဝဏ္ဏဂ္ဂဟဏာနန္တရံ ပဝတ္တမာနဿ အဓိပ္ပါယဂ္ဂဟဏဿ အဓိပ္ပါယ သဟဘူဝိကာရာဘာဝေ အဘာဝတော၊ ဧဝံ သတိ ဝဏ္ဏဂ္ဂဟဏာနန္တရေန ဥဒကာဒိဂ္ဂဟဏေနေဝ တာလပဏ္ဏာဒိသညာဏာကာရော ဝိယ ဝဏ္ဏဂ္ဂဟဏာနန္တရေန အဓိပ္ပါယဂ္ဂဟဏေနေဝ ဝိညတ္တိ ပါကဋာ ဟောတီတိ ဣဒဉ္စိဒဉ္စ ဧသ ကာရေတိ မညေတိ အဓိပ္ပါယ ဝိဇာနနေနေဝ ဝိညတ္တိယာ ဝိညာတတာ ဝုတ္တာ။ (မူလဋီ၊၁၊၇၃။)

ဤဋီကာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။ နွေအခါဝယ် တောအတွင်း၌ သစ်ပင်ထိပ်ဖျား စသည်တို့၌ ဖွဲ့ချည်ထားအပ်သော ထန်းရွက် စသည်တို့၏ အဆင်း ရူပါရုံတို့ကို မြင်သောအခါ ----

၁။ စက္ခုဒွါရဝီထိ = ထန်းရွက် စသည်တို့၏ အဆင်းကို မြင်သော ဝီထိ,

၂။ ထိုစက္ခုဒွါရဝီထိဖြင့် မြင်လိုက်သော အတိတ်ရူပါရုံကို အာရုံယူသော တဒနုဝတ္တိက မနောဒွါရဝီထိတို့ ဖြစ်ကြ၏။ ထိုထန်းရွက်စသည်တို့၏ အဆင်းရူပါရုံကို မြင်သော ယင်းစက္ခုဒွါရဝီထိ တဒနုဝတ္တိက မနော ဒွါရဝီထိတို့ဖြင့် ထန်းရွက် စသည်တို့၏ အဆင်း = ရူပါရုံကို မြင်ပြီးသည်၏ အခြားမဲ့၌ ဖြစ်သော ပရမတ် ဉာဏ်ပညာမျက်စိ မရှိသူ လူပြိန်းတို့သည် စက္ခုဝိညာဏဝီထိမှ ထူးသော မနောဒွါရဝီထိဖြင့် သိနိုင်၏ဟု မသိနိုင်သော ----

၃။ မနောဒွါရဝီထိဖြင့် ထန်းရွက်စသည်နှင့် ရေစသည်တို့၏ အတူတကွ ဆက်စပ်ပုံ အခြင်းအရာကို သိ၏။ ယင်း အမှတ် (၃) မနောဒွါရဝီထိဖြင့် ထန်းရွက် စသည်တို့၏ ရေ အစရှိသည်တို့နှင့် အတူတကွ ဖြစ်လေ့ ရှိသည်ဟူသောအပြား, ထိုရေ အစရှိသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို ယူ၍ ရေ အစ ရှိသည်တို့ကို ရှိကြောင်းကို အာရုံ ရယူခြင်းကဲ့သို့ = ရေ အစရှိသည်တို့ကို ရှိကြောင်းကို သိရခြင်းကဲ့သို့ မှတ်ပါ။

ဆက်၍ ဆိုဦးအံ့ ---- ဤနေရာ၌ ရေရှိသည် ဖြစ်လတ္တံ့- စသော စကားရပ်ဖြင့် ရေ အစရှိသည်တို့နှင့် ဆက်သွယ်ခြင်းဟူသော အခြင်းအရာကြောင့် ရူပါရုံကို သိကြောင်း ဝီထိကို အစဉ်လိုက်သော မနောဝိညာဏ်ဖြင့် အကြင် ရေအစရှိသည်ကို သိထိုက်၏။ ထို ရေစသည်ကို သိခြင်းအားဖြင့် ထိုရေ စသည်တို့၏ အထိမ်းအမှတ် ဟူသော အခြင်းအရာကို သိအပ်သည်၏ အဖြစ်ကို ဆိုအပ်ပြီဟု မှတ်ထိုက်၏။

တစ်ဖန် ဥပမေယျဘက်တွင် ဤကာယဒွါရ၌ ဖြစ်သော အမူအရာ = ဝိညတ်ကို အာရုံရယူကြောင်း သိကြောင်းဖြစ်သော မနောဒွါရဝီထိ၏လည်းကောင်း, ဥပမာနဘက်တွင် ဤရေစသည်ကို အာရုံရယူကြောင်း သိကြောင်း မနောဒွါရဝီထိ၏လည်းကောင်း အားကြီးသော မှီရာ အကြောင်းတရားမှာ ရှေး၌ပြီးပြီးသော အဆက် အသွယ်ကို အာရုံ ရယူကြောင်း ဝီထိပင်တည်းဟု မှတ်ပါ။

အထက်ပါ ဋီကာစကားရပ်ဝယ် ----

တာလပဏ္ဏာဒိရူပါနိ ဒိသွာ = ထန်းရွက် စသည့် ရူပါရုံတို့ကို မြင်၍ - ဟူသော စကားရပ်ဖြင့် စက္ခုဒွါရ ဝီထိနှင့် ထိုအတိတ်ရူပါရုံကိုပင် ဆက်လက်အာရုံယူသော တဒနုဝတ္တိက မနောဒွါရဝီထိတို့ကို ပြ၏။

တဒနန္တရပ္ပဝတ္တာယ မနောဒွါရဝီထိယာ = ထိုဝီထိ နှစ်မျိုးတို့၏ အခြားမဲ့၌ ဖြစ်သော မနောဒွါရဝီထိဖြင့် ဟူသော စကားရပ်ဖြင့် ထန်းရွက်နှင့် ရေတို့၏ အတူတကွ ဆက်စပ်ပုံ အခြင်းအရာကို သိသော မနောဒွါရဝီထိ, ထန်းရွက်သည် ရေစသည် ရှိကြောင်းကို သိစေနိုင်သော အမှတ်အသားဟု သိသော မနောဒွါရဝီထိများကို ပြ၏။

ဥဒကာဒိဂ္ဂဟဏံ = ရေစသည်တို့ ရှိကြောင်းကို အာရုံ ရယူခြင်း = သိခြင်း ---- ဟူသော စကားရပ်ဖြင့် ရေရှိကြောင်းကို သိသော = ရေကို သိသော ဝီထိကို ပြသည်၊ မနောဒွါရဝီထိတည်း။ ဤ၌ ရေကို သိသော မနောဒွါရဝီထိသည် လက်စသည်ကို လှုပ်ရှားပြသသူ၏ အလိုဆန္ဒ (ဘာဝ)ကို သိသော မနောဒွါရဝီထိမျိုးတည်း။

ဥဒကာဒိသဟစာရိပ္ပကာရတံ သညာဏာကာရံ ဂဟေတွာ ဥဒကာဒိဂ္ဂဟဏံ ဝိယ = ထန်းရွက်စသည် တို့၏ ရေ စသည်တို့နှင့် အတူတကွ ဖြစ်လေ့ရှိသည်ဟူသောအပြား, ထိုရေ စသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို ယူ၍ ရေ စသည်တို့ ရှိကြောင်းကို အာရုံရယူခြင်းကဲ့သို့ (= ရေစသည်တို့ ရှိကြောင်းကို သိရခြင်း ကဲ့သို့) ဟူသော စကားရပ်၌ ထန်းရွက် စသည်တို့၏ ရေ စသည်တို့နှင့် အတူတကွ ဖြစ်လေ့ရှိသည်ဟူသော သဘောတရား, ထိုရေ စသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို အာရုံယူသော ဝီထိသည် ဝိညတ်ကို သိသော ဝီထိမျိုးတည်း။ ---- ဤဝီထိ၌ ထန်းရွက် စသည်တို့၏ ရေ စသည်တို့နှင့် အတူတကွ ဖြစ်လေ့ရှိသည် ဟူသော သဘောတရားကို သိသော ဝီထိတစ်မျိုး, ထိုရေ စသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာကို အာရုံ ယူသော = သိသော ဝီထိတစ်မျိုးဟု မနောဒွါရဝီထိ နှစ်မျိုး ရှိနိုင်၏။ အလားတူပင် ဝိညတ်ကို သိရာ၌လည်း လက်လှုပ်ခြင်းနှင့် လာစေလိုခြင်း၏ ဆက်သွယ်မှု = သမ္ဗန္ဓသဘောတရားကို သိသော ဝီထိတစ်မျိုးလည်း ရှိသေး သည်ဟု မှတ်ပါ။ ထိုဝီထိကား အထက်၌ ဖော်ပြခဲ့သော ရူပံ ပထမစိတ္တေန - စသော ဂါထာ၌ မပါဝင်ပေ။ ဤစကားအရ ဝီထိတစ်မျိုး တိုးလာပြန်၏။ တောထဲ၌ ရေရှိ၏ဟူသော အထိမ်းအမှတ်ကို ပြသော ထန်းရွက်ကို မြင်လျှင် ရေနှင့် ထန်းရွက်တို့၏ ဆက်သွယ်ခြင်းကို ရှေးက သိဖူး၏။ ထိုသိအပ်ဖူးသော ဆက်သွယ်မှုကို ပြန်၍ သတိရသော ဝီထိသည် ပုရိမသိဒ္ဓသမ္ဗန္ဓဂ္ဂဟဏဝီထိ ပင်တည်း။ ရှေး၌ ပြီးပြီးသော အဆက်အသွယ်ကို အာရုံ ပြန်ယူကြောင်း ဝီထိတည်း။ လက်ယပ်လိုက်လျှင် လာစေလို၏ဟူသော ရှေးက အဆက်အသွယ်ကို ပြန်၍ သတိ ရခြင်း၌လည်း နည်းတူ မှတ်ပါ။

တစ်နည်း ဖွင့်ဆိုပုံ

တစ်နည်း ဖွင့်ဆိုပုံ

အထ ပနာတိအာဒိနာ ဝိညတ္တိယာ အနုမာနေန ဂဟေတဗ္ဗတံ ဒေဿတိ။ (အနုဋီ၊၁၊၇၉။)

ဤအထက်တွင် ဖော်ပြထားသော မူလဋီကာစကားရပ်၌ ----

မနောဒွါရဝိညာဏေန ဂဟိတေ တသ္မိံ စိတ္တေန သဟေဝ အနုပရိဝတ္တေ ကာယထမ္ဘနဝိကာရစောပနသင်္ခါတေ (မူလဋီ၊၁၊၇၃။) ဟူသော စကားရပ်ဖြင့် ဝိညတ်ဟူသော ဝိကာရကို မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက် အာရုံပြု၍ သိအပ်ကြောင်းကို ပြ၏။ အောက်တွင် ဆက်လက်ဖော်ပြမည့် ဒုတိယနည်း၌ကား ဝိညတ်ဟူသော ဝိကာရကို မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက် အာရုံမပြုဘဲ အနုမာနအားဖြင့် မှန်းဆသိကြောင်းကို ဤသို့ ဖော် ပြထား၏။

တစ်နည်းဆိုရသော် ဤသို့ ဖြစ်၏။ ဝိညတ်ရုပ်ကို မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက်အာရုံ မပြုအပ်သော် လည်း ဝိညတ်သည် ကာယဒွါရ၌ ဖြစ်သော အမူအရာဟူသော အလိုကို အာရုံရယူကြောင်း = သိကြောင်း ဝိထီအားလည်း ရှေး၌ ပြီးပြီးသော အဆက်အသွယ်ကို ယူခြင်း၏ အားကြီးသောမှီရာ ဥပနိဿယ၏ အစွမ်းဖြင့် ကျေးဇူးပြုတတ်၏။ အကြောင်းမူ --- အလိုနှင့် အတူတကွဖြစ်သော ဝိကာရနှင့် အတူတကွဖြစ်သော အဆင်း ရူပါရုံ ဝဏ္ဏဓာတ်ကို အာရုံရယူကြောင်း ဝီထိ၏ အခြားမဲ့၌ ဖြစ်သော လှုပ်ရှားပြသသူ၏ အလိုဆန္ဒကို အာရုံ ရယူကြောင်း သိကြောင်း ဝီထိ၏ လှုပ်ရှားပြသသူ၏ အလိုဆန္ဒနှင့် အတူတကွ ဖြစ်သော ဝိကာရ (ဟူသော ဝိညတ်)၏ မရှိခြင်းသည် ရှိခဲ့သော် မဖြစ်နိုင်ခြင်းကြောင့်ပင်တည်း။

[ဝိညတ်သည် မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက်အာရုံ မပြုအပ်သော်လည်း ကာယဒွါရ၌ ဖြစ်သော အမူ အရာဟူသော အလိုကို အာရုံရယူသော ဝီထိအား ကျေးဇူးပြုနိုင်၏ဟု ဆိုရာ၌ အဘယ်နည်းဖြင့် ကျေးဇူးပြုနိုင် သနည်း မေးဖွယ်ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏ ---- လာစေလိုလျှင် လက်ယပ်ခေါ်၏ဟု ဆိုရာ၌ လာစေလို ခြင်းနှင့် လက်ယပ်ခြင်း၏ ဆက်သွယ်ပုံကို ပြန်၍သိသော မနောဒွါရဝီထိက ပကတူပနိဿယသတ္တိ = ပြကတေ့ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းဟူသော အစွမ်းကြောင့် ဝိညတ်သည် မနောဒွါရ ဝိညာဏ်ဖြင့် တိုက်ရိုက် အာရုံ မပြုအပ်ပါဘဲလျက် ကာယဒွါရ၌ ဖြစ်သော ကိုယ်အမူအရာဟူသော အလိုကို သိခြင်း၏ အကြောင်း ဖြစ်နိုင်ပါသည်။ လက်ယပ်၍ ခေါ်ရာ၌ လက်၏ အဆင်းဝယ် ဝိညတ်ဟူသော ဝိကာရနှင့် အတူတကွ ဖြစ်နေ၏၊ ထိုဝိကာရလည်း လက်ယပ်ခေါ်သူ၏ လာစေလိုသော အတွင်းသဘော အလိုဆန္ဒနှင့် အတူတကွ ဖြစ်နေ၏။ ထို အဆင်း ဝဏ္ဏဓာတ်ကို သိသော စက္ခုဝိညာဏဝီထိနှင့် နောက်လိုက် တဒနုဝတ္တိက မနောဒွါရဝီထိဟူသော နှစ်ဝီထိတို့၏ အခြားမဲ့၌ ဆက်လက်ဖြစ်ပေါ်လာသော လက်ယပ်ခေါ်သူ၏ လာစေလို သော အတွင်းသဘော အလိုဆန္ဒကို သိသောဝီထိသည် ဝိညတ်ဟူသော ဝိကာရ မရှိလျှင် မဖြစ်နိုင်။ ထိုကြောင့် ဝိညတ်ဟူသော ဝိကာရသည် မနောဒွါရဝိညာဏ်ဖြင့် တိုက်ရိုက်အာရုံ မပြုအပ်ပါသော်လည်း ကာယိကကရဏ = ကာယဒွါရ၌ ဖြစ်သော အမူအရာဟူသော အလိုကို သိသော ဝီထိအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူး ပြုသည်ဟု ဆိုလိုပေသည်။ ဤစကားရပ်ဖြင့် အလိုကို သိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိ အပ်၏ဟု ပြ၏။

ဤကား အထက်ပါ မူလဋီကာစကားရပ်၏ ဆိုလိုရင်း သဘောတည်း။ သို့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ-၂၂၅-၌ ဝိညတ်ရုပ် အဝင်အပါ ဖြစ်သော ရုပ်အစစ် ရုပ်အတုအားလုံးကို နာမရူပပရိစ္ဆေဉာဏ်ပိုင်း၌ ပေါင်းစုခြုံငုံ၍ သိမ်းဆည်းရန် ညွှန်ကြားထား၏။ သို့အတွက် ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင် ရှုပွားနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဉာဏ်ပြဓာန်း သော မနောဒွါရဝိညာဏ်ဖြင့်ကား ယင်းဝိညတ်ကို တိုက်ရိုက် အာရုံယူနိုင်သည်သာဖြစ်သည်။ လက်ယပ်ခေါ် သူ၏ လာစေလိုသော အလို (ဘာဝ)ကို သိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိအပ်သည်ဟူသော အထက်ပါ မူလဋီကာဆရာတော်၏ စကားမှာ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သူ လူပြိန်းတို့အတွက် ရည်ညွှန်း၍ ပြောဆိုနေသော စကားဟု မှတ်ပါ။ အဝိညာယမာနန္တရာယ (မူလဋီ၊၁၊၇၃) - ဟူသော မူလဋီကာ စကားကိုပင် ထောက်ရှုပါ။

ထန်းရွက် စသည်တို့၏ ရူပါရုံ အရောင်အဆင်းကို သိသောဝီထိ၏ အခြားမဲ့၌ ရေကိုသိသော ဝီထိ ဖြစ် ခြင်းအားဖြင့် ထန်းရွက်သည် ရေရှိခြင်း၏ အထိမ်းအမှတ် ဖြစ်၏ဟူသော အခြင်းအရာသည် အထူး အာရုံ မပြုအပ်ပါသော်လည်း ထင်ရှားပြီး ဖြစ်သကဲ့သို့ လက်ယပ်၍ ခေါ်ယူရာဝယ် လက်၏ အရောင်အဆင်း ဝဏ္ဏ ဓာတ်ကို သိကြောင်း ဝီထိ၏ အခြားမဲ့၌ အလို (ဘာဝ)ကို သိသော ဝီထိ၏ ဖြစ်ခြင်းအားဖြင့် ဝိညတ်လည်း အနု မာနအားဖြင့် ထင်ရှားပြီး ဖြစ်၏၊ ထိုကြောင့် ဤမည် ဤမည်သော အမှုကို ပြုစေလိုသည် ထင်၏ဟူသော စကားဖြင့် အလို (ဘာဝ) ကို သိမှုကြောင့်ပင် ဝိညတ်လည်း အနုမာနအားဖြင့် ထင်ရှားပြီး သိအပ်ပြီး ဖြစ်ခြင်း ကို အဋ္ဌကထာ၌ ဖွင့်ဆိုအပ်ပါသည် ဟူလို။]

သိထိုက်သော တရား

သိထိုက်သော တရား

န ကေဝလေဉ္စသာ ဝိညာပနတောဝ ဝိညတ္တိ နာမ။ ဝိညေယျတောပိ ပန ဝိညတ္တိယေဝ နာမ။ အယဥှိ ပရေသံ အန္တမသော တိရစ္ဆာနဂတာနမ္ပိ ပါကဋာ ဟောတိ၊ တတ္ထ တတ္ထ သန္နိပတိတာ ဟိ သောဏသိင်္ဂါလကာကဂေါဏာဒယော ဒဏ္ဍံ ဝါ လေဍ္ဍုံ ဝါ ဂဟေတွာ ပဟရဏာကာရေ ဒဿိတေ အယံ နော ပဟရိတုကာမောတိ ဉတွာ ယေန ဝါ တေန ဝါ ပလာယန္တိ။ ပါကာရကုဋ္ဋာဒိအန္တရိကဿ ပန ပရဿ အပါကဋကာလောပိ အတ္ထိ၊ ကိဉ္စာပိ တသ္မိံ ခဏေ အပါကဋာ၊ သမ္မုခီဘူတာနံ ပန ပါကဋတ္တာ ဝိညတ္တိယေဝ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

= ဆက်၍ ဆိုဦးအံ့ ---- ဤဝိညတ်ဟူသော ဝိကာရသည် သက်သက် အလိုကို သိစေတတ်သည်၏ အဖြစ် ကြောင့်သာ ဝိညတ်မည်သည် မဟုတ်သေး၊ သိထိုက်သည်၏ အဖြစ်ကြောင့်လည်း ဝိညတ်မည်သည်သာ ဖြစ် ၏။ (ဤစကားရပ်ဖြင့် - ဝိညာယတီတိ ဝိညတ္တိ = သိထိုက်သောကြောင့် ဝိညတ်မည်၏ဟူသော ကမ္မသာဓန ဝစနတ္ထကို ဖော်ပြသည်ဟု မှတ်ပါ။)

ထင်ရှားစေအံ့ ---- ဤဝိကာရရုပ်ဟူသော ဝိညတ်သည် သူတစ်ပါးတို့၏စိတ်၌ အောက်ထစ်ဆုံးအားဖြင့် တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း ထင်ရှား၏။ မှန်ပေသည် ထိုထိုအရပ်၌ စုဝေးနေကြကုန်သော အိမ်ခွေး တောခွေး ကျီး နွား အစရှိသော သတ္တဝါတို့သည် တုတ်ကိုသော်လည်းကောင်း, ခဲကိုသော်လည်းကောင်း ကိုင်၍ ပုတ်ခတ်မည့် ပစ်မည့် အမူအရာကို ပြအပ်သည် ရှိသော် ဤသူသည် ငါတို့ကို ပုတ်ခတ်ခြင်းငှာ ပစ်ခတ်ခြင်းငှာ အလိုရှိ၏ဟု သိ၍ ဟိုဟို ဒီဒီ ဦးတည့်ရာလမ်းဖြင့်မူလည်း ပြေးကြကုန်၏။

တစ်ဖန် ယင်းဝိကာရဟူသော ဝိညတ်သည် တံတိုင်း နံရံ စသည်တို့ ခြားကွယ်ထားအပ်သော သူတစ်ပါး၏ စိတ်၌ မထင်ရှားရာ အခါသည်လည်း ရှိပါသေး၏။ ထိုတံတိုင်း နံရံ စသည်တို့ ခြားကွယ်ရာခဏ၌ ဝိညတ်သည် မထင်ရှားသည် အကယ်၍မူလည်း ဖြစ်ပါစေဦးတော့၊ ထိုသို့ပင် မထင်ရှားမှု ဖြစ်သော်လည်း မျက်မှောက် ဖြစ် ကုန်သော သူတို့၏ စိတ်၌ကား ထင်ရှားသည်၏ အဖြစ်ကြောင့် ဝိညတ်မည်သည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

အယံ နော ပဟရိတုကာမောတိ အဓိပ္ပါယဝိဇာနနေန ဝိညတ္တိယာ ပါကဋဘာဝံ ဒေဿတိ။ န ဟိ တဒပါကဋဘာဝေ အဓိပ္ပါယဝိဇာနနံ ဟောတီတိ။ သမ္မုခီဘူတာနံ ပန ပါကဋတ္တာ ဝိညတ္တိယေဝ နာမ ဟောတီတိ အသမ္မုခီဘူတတာယ အနာပါထဂတာနံ ရူပါဒီနံ စက္ခုဝိညေယျာဒိဘာဝေါ ဝိယ သဘာဝဘူတံ တံ ဒွိဓာ ဝိညတ္တိဘာဝံ သာဓေတိ။ ပရံ ဗောဓေတုကာမတာယ ဝိနာပိ အဘိက္ကမနာဒိပ္ပဝတ္တနေန သော စိတ္တသဟဘူဝိကာရော အဓိပ္ပါယံ ဝိညာပေတိ၊ သယဉ္စ ဝိညာယတီတိ ဒွိဓာပိ ဝိညတ္တိယေဝါတိ ဝေဒိတဗ္ဗာ။ (မူလဋီ၊၁၊၇၃။)

ဤသူသည် ငါတို့ကို ပုတ်ခတ်ခြင်းငှာ ပစ်ခတ်ခြင်းငှာ အလိုရှိ၏ဟူသော (အဘိ၊ဋ္ဌ၊၁၊၁၂၆။) စကား ရပ်ဖြင့် ပုတ်ခတ်လိုသူ ပစ်ခတ်လိုသူ၏ အတွင်းသဘော အလိုဆန္ဒ (ဘာဝ) ကို သိခြင်းအားဖြင့် ဝိညတ်၏ ထင်ရှားသည်၏ အဖြစ်ကို ညွှန်ပြ၏။ မှန်ပေသည် - ထိုဝိညတ်၏ မထင်ရှားသည်၏အဖြစ်သည် ရှိလတ်သော် အတွင်းသဘော အလိုဆန္ဒကို သိခြင်းသည် မဖြစ်နိုင်သောကြောင့်တည်း။

မျက်မှောက်ဖြစ်ကုန်သော သူတို့၏ စိတ်၌ကား ထင်ရှားသည်၏ အဖြစ်ကြောင့် ဝိညတ်မည်သည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။) ဟူသော စကားရပ်ဖြင့် - မျက်မှောက် မဟုတ်သည်၏အဖြစ်ကြောင့် စက္ခု အကြည်ဓာတ် စသည်နှင့် ဘဝင်မနောအကြည်ဓာတ်သို့ ရှေးရှုကျရောက်ခြင်းသို့ ထင်ခြင်းသို့ မရောက်ကုန်သော ရူပါရုံ စသည်တို့၏ စက္ခုဝိညာဏ်ဖြင့် သိအပ်သော စက္ခုဝိညေယျတရား စသည်တို့၏အဖြစ်ကို ပြီးစီးစေအပ်ပြီး ဖြစ်သကဲ့သို့ - အလားတူပင် သဘာဝအစစ်အမှန် ဖြစ်၍ဖြစ်သော ထိုဝိညတ္တိဟူသော အမည်ကို ----

၁။ ဝိညာပေတီတိ ဝိညတ္တိ = သိစေတတ်သောကြောင့် ဝိညတ် မည်၏။

၂။ ဝိညာယတီတိ ဝိညတ္တိ = သိထိုက်သောကြောင့် ဝိညတ် မည်၏။ ----

ဟူသော နှစ်မျိုးသော အပြားအားဖြင့် ပြီးစီးစေ၏။ သူတစ်ပါးကို သိစေခြင်းငှာ အလိုရှိသည်၏အဖြစ်နှင့် ကင်း၍လည်း ေ့ရှသို့သွားခြင်း စသည်ကို ဖြစ်စေခြင်းအားဖြင့် စိတ်နှင့် အတူတကွ ဖြစ်သော ထိုဝိကာရ (ဝိညတ်) ရုပ်သည် အလို (ဘာဝ) ကို သိစေတတ်၏၊ မိမိဟူသော ဝိကာရရုပ်ကိုယ်တိုင်လည်း သိအပ်၏ သိသင့်၏ သိ ထိုက်၏၊ ဤသို့ နှစ်မျိုးသော အပြားအားဖြင့်လည်း ဝိညတ်မည်သည်သာဟု သိရှိပါလေ။

လှုပ်ရှားမှု ဖြစ်ပေါ်လာပုံ

လှုပ်ရှားမှု ဖြစ်ပေါ်လာပုံ

စိတ္တသမုဋ္ဌာနိကေ ပန ကာယေ စလန္တေ တိသမုဋ္ဌာနိကော စလတိ န စလတီတိ? သောပိ တထေဝ စလတိ၊ တံဂတိကော တဒနုဝတ္တကောဝ ဟောတိ။ ယထာ ဟိ ဥဒကေ ဂစ္ဆန္တေ ဥဒကေ ပတိတာနိ သုက္ခဒဏ္ဍကတိဏပဏ္ဏာဒီနိပိ ဥဒကဂတိကာနေဝ ဘဝန္တိ၊ တသ္မိံ ဂစ္ဆန္တေ ဂစ္ဆန္တိ၊ တိဋ္ဌန္တေ တိဋ္ဌန္တိ။ ဧဝံသမ္ပဒမိဒံ ဝေဒိတဗ္ဗံ။ ဧဝမေသာ စိတ္တသမုဋ္ဌာနေသု ရူပေသု ဝိညတ္တိ ကာယကမ္မဒွါရံ နာမာတိ ဝေဒိတဗ္ဗာ။

= ဤအရာတွင် မေးမြန်းဖွယ်ရာ အချက်တစ်ရပ် ရှိပေသည်၊ စိတ်ဟူသော ဖြစ်ကြောင်းရှိသော စိတ္တသမုဋ္ဌာန် ရုပ်တရားအပေါင်း (= စိတ္တဇ ရုပ်ကလာပ်အပေါင်း)သည် လှုပ်ရှားလတ်သော် ကမ္မသမုဋ္ဌာနိက, ဥတုသမုဋ္ဌာနိက, အာဟာရသမုဋ္ဌာနိက အမည်ရသော ကံကြောင့်ဖြစ်သော, ဥတုကြောင့်ဖြစ်သော, အာဟာရကြောင့်ဖြစ်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တရားအပေါင်း (= ရုပ်ကလာပ်အပေါင်း) သည် လှုပ်ရှားလေသလော၊ မလှုပ်ရှားလေသလောဟု မေးရန် ရှိ၏။ အဖြေကား ထို ကမ္မဇ-ဥတုဇ-အာဟာရဇ ရုပ်တရားအပေါင်းသည် လည်း စိတ္တဇရုပ်တရားအပေါင်းကဲ့သို့ အလားတူပင်လျှင် လှုပ်ရှားရ၏။ ထိုစိတ္တသမုဋ္ဌာနိကကာယ = စိတ္တဇရုပ် အပေါင်း၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်သာလျှင် ထိုစိတ္တဇရုပ်အပေါင်းသို့ အစဉ်လိုက်ရသည်သာလျှင် ဖြစ်၏။

ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုဦးအံ့ ---- တောင်ကျချောင်းတစ်ခု သို့မဟုတ် မြစ်တစ်ခု ရှိသည် ဆိုကြစို့၊ ချောင်းရေသည် သို့မဟုတ် မြစ်ရေသည် စီးဆင်းသွားလတ်သော် ရေ၌ ကျရောက်လျက် ရှိကြကုန် သော တုတ်ခြောက် မြက်ခြောက် သစ်ရွက်ခြောက် အစရှိသော အရာဝတ္ထုတို့သည် ရေ၏ ဖြစ်ခြင်းနှင့် အလား တူသောဖြစ်ခြင်း ရှိကြကုန်သည်သာလျှင် ဖြစ်ကုန်သကဲ့သို့ ထိုရေသည် သွားလတ်သော် သွားရကုန်သကဲ့သို့ ထိုရေသည် ရပ်လတ်သော် ရပ်ရကုန်သကဲ့သို့ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော ဤ ဥပမေယျကို သိရှိ ပါလေ။

ဤသို့လျှင် စိတ်ကြောင့် ဖြစ်ကုန်သော စိတ္တသမုဋ္ဌာန်ရုပ်တို့တွင် ဤ ဝိညတ်ရုပ်သည် ကာယကမ္မဒွါရ မည်၏ဟု သိရှိပါလေ။ (အဘိ၊ဋ္ဌ၊၁၊၁၂၆။)

ဤအကြောင်းအရာတို့ကား ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ရှုရာ၌ အသင်ယောဂီသူတော် ကောင်းအဖို့ သိထားသင့်သော အချက်များ ဖြစ်ကြ၏။ နောက်ဆုံး ဖော်ပြထားသော လှုပ်ရှားမှု ဖြစ်ပေါ်လာပုံ အပိုင်းကား သယ်ဆောင်တတ်သောရုပ် + အသယ်ဆောင်ခံရသောရုပ်တို့ကို ရှုရာ၌ အလွန်သိထားသင့်သော အချက်ပင် ဖြစ်ပေသည်။

လှုပ်ရှားမှုဟူသည်

လှုပ်ရှားမှုဟူသည်

ဒေသန္တရုပ္ပတ္တိ ဟေတုဘာဝေန (မူလဋီ၊၁၊၇၂။) ---- ရုပ်တို့၏ ဓမ္မတာကား ဖြစ်ပြီး ဥပါဒ်ပြီးလျှင် ဖြစ် သည့်နေရာ ဥပါဒ်သည့်နေရာ၌သာ ပျက်၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နိုင်လောက်အောင် အချိန် မရပေ။ သို့သော် ရုပ်တို့ကို ဖြစ်စေတတ်သော အကြောင်းတရားများသည် မချုပ်ဆုံးသေး မကုန်ဆုံးသေးဘဲ ထင်ရှားရှိနေသေးပါက အဟောင်း အဟောင်းတွေ ပျက်ပျက်သွားသော်လည်း အသစ်အသစ် ထပ်၍ ထပ်၍ ဖြစ်ပေါ်လာေအောင် ကျေးဇူးပြုလျက်ပင် ရှိ၏။ လှုပ်ရှားခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ်ရာအရပ်၌ ထပ်မဖြစ်ကြတော့ဘဲ မူလဖြစ်ရာအရပ်မှ အခြားအရပ်၌ နောက်ထပ် ဥပါဒ်ခြင်းတည်း။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ အသစ်အသစ် ထပ်ကာထပ်ကာ ဥပါဒ်ရခြင်း ဖြစ်ရခြင်းမှာလည်း ရှေးရှေး စိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ အထောက်အပံ့ကို ရရှိသော သတ္တမဇောစိတ်ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ် ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ အစွမ်းကြောင့်ပင်တည်း။ စိတ္တဇရုပ်များက နေရာပြောင်း၍ အသစ် အသစ် ဥပါဒ်ခဲ့သော် ဖြစ်ခဲ့သော် ကမ္မဇ-ဥတုဇ-အာဟာရဇရုပ်တို့လည်း အထက်တွင် ဖော်ပြထားသည့်အတိုင်း စိတ္တဇရုပ်တို့နှင့် အတူ နေရာပြောင်း၍ ဥပါဒ်ကြရ၏။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူ အများက လှုပ်ရှားခြင်းဟု ထင်မြင်ကြသည်။ သို့အတွက် ဣရိယာပထရှုကွက်နှင့် သမ္ပဇညရှုကွက်တို့ကို ရှုပွား နေသော အသင်ယောဂီသူတော်ကောင်းသည် ယခုရေးသားနေဆဲ ဤ ရုပ်ကမ္မဋ္ဌာန်းပိုင်း - အဆင့်တွင်သာ ရှိနေသေးသူ ဖြစ်ပါမူ ----

၁။ သယ်ဆောင်တတ်သော ရုပ်တရား,

၂။ အသယ်ဆောင်ခံရသော ရုပ်တရား,

တစ်နည်းဆိုသော် ----

၁။ ငြိမ်အောင် ထောက်ထားတတ်သော ထိန်းထားတတ်သော ရုပ်တရား,

၂။ အထောက်ခံရသော အထိန်းခံရသော ရုပ်တရား,

တစ်နည်းဆိုရသော် ----

၁။ ပဓာန = ပြဓာန်းသော ဣရိယာပထ ရုပ်တရား (= ဝိညတ်ပါဝင်သော ရုပ်များ),

၂။ အပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရုပ်တရား (= ဝိညတ်ပါဝင်သော ရုပ်တို့မှ ကြွင်းကျန်သော ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်များ) ----

ဤရုပ်တရားတို့ကို ခွဲခြားစိတ်ဖြာ၍ ရုပ်ဃနဟူသော ရုပ်တုံးရုပ်ခဲတို့ကို နှစ်ဘက်လုံး၌ ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားနှင့်ပါဦး။ ယင်းဣရိယာပထနှင့် သမ္ပဇည ပိုင်းဆိုင်ရာ ခန္ဓာ (၅)ပါး ရှုကွက်တို့ကိုကား နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ထပ်မံ၍ ဖော်ပြဦးမည် ဖြစ်ပါသတည်း။

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

_________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ