ပဋိစ္စသမုပ္ပါဒ် အရသာ
▬▬ஜ۩۞۩ஜ▬▬
ညောင်လေးပင်တောရဆရာတော်
မာတိကာ
စက်ဝိုင်းကြီးပုံစံ
ကုသိုလ်ရေးပလ္လင်ခံ-နိဒါန်း။
ဘုရားပင့်ရန်
တရားပင့်ရန်
သံဃာပင့်ရန်
သီလာနုဿတိ ဘာဝနာဖြင့် ပူဇော်ရန်
ကောဋ္ဌာသ ဘာဝနာဖြင့် ပူဇော်ရန်
ဒေဝတာနုဿတိ ပွါးရန်
မေတ္တာပို့
မရဏဿတိ ရှစ်မျိုး ပွားပုံ
အရိုးသုံးရာ-အဋ္ဌိက ဘာဝနာ
ဝိပဿနာပွားရန်
မုပတုကမျတာဉာဏ် ဖြစ်ဟန်
သရုပ်ခွဲနှင့် အရကောက်
ပဋိစ္စသမုပ္ပါဒ်ဉာဏ် ဆုတောင်း
အင်္ဂါ၊ ကာလ၊ ဝဋ် ပုံစံနှင့် သရုပ်ခွဲ
ခြင်းရာ၊ အစပ်၊ အလွှာပုံစံ နှင့် သရုပ်ခွဲ
မူလနှစ်ပါးပုံစံ နှင့် သရုပ်ခွဲ
အပြည့်အစုံ ပဋိစ္စသမုပ္ပါဒ် စက်ပုံစံ
ပါဠိတော်ပါဌ် အနက်နှင့် ကြောင်းကျိုးခွဲ
ထင်ရှားပြဓာန်းသော အကြောင်းတရား
၃၁-ဘုံပုံစံ နှင့် ဘုံသရုပ်ခွဲ
ပုဂ္ဂိုလ်အပြား ဝါကရားဖြစ်ပုံ
ပဋိစ္စသမုပ္ပါဒ် အရကောက်
ဥပမာ အချုပ်လင်္ကာ (အဖြေနှင့်)
ပဋိစ္စသမုပ္ပါဒ် အရကောက် အဖွင့် တရားစာ
ဆယ်ဌာန [ပယ်လိုလျှင် စာဖြင့် အညီပယ်နိုင်သည်။]
ဆယ်ဌာနချဲ့ဆိုပုံ
ဆယ်ဌာန၌ ပြောင်းလွှဲပုံ
ဌာနပေါင်း
သစ္စာလေးပါးခွဲပုံ
ခန္ဓာငါးပါး
အာယတန ၁၂-ပါး
ဓါတ် ၁၈-ပါး
သစ္စာလေးပါး
နိဒါနဝဂ္ဂသံယုတ် ပါဠိတော်လာ ဝဋ်ဒုက္ခဖြစ်ကြောင်း ချုပ်ကြောင်း
ဉာဏ် ၄၄-ပါး
ဉာဏ် ၇၇-ပါး
ပဋိသမုပ္ပါဒ် ဒေသနာ သရုပ်ခွဲ တရားစာ
ဓရစက်ချ
ဟောစဉ်နှင့် ကျင့်စဉ်
အာသီသပတ္ထနာ
သုတ်မဟာဝါ-ပါယာသိရာဇညသုတ် တရားစာ
မဟာဝဂ္ဂသံယုတ်-သစ္စာလေးပါး တရားစာ
သဠာယတနသံယုတ်-စိတ္တသံယုတ် တရားစာ
ဒိဋ္ဌိအမျိုးမျိုး-သာမညဖလသုတ္တန် တရားစာ [သုတ်သီလက္ခန်]
ရှင်အာနန္ဒာစကား အတားခံရခြင်းနှင့် တရားသူခိုး
ပဋိစ္စသမုပ္ပါဒ်ဉာဏ်ရပုံ တရားစာ
အဝိဇ္ဇာအသုဘရှု တရားစာ
သင်္ခါရဆင်ကောင်ပုပ် တရားစာ
ဝိညာဏ်နှင့် မိဘသတ်တရားစာ
နာမ်ရုပ်, သဠာယတနဖြင့် မျက်နှာကြီးတရားစာ
ဖဿ ဝေဒနာကူညီတဲ့ တဏှာကို သုတ်သင်စရာ တရားစာ
ဥပါဒါန်သုတ်သင်-စက်ပိုင်ရှင်ဖြစ်တရားစာ
ဘဝ, ဇာတိ, ဇရာမရဏ, သောက စသည်ဖြင့် ထီပေါက်တရားစာ
ဝိနိစ္ဆယခြောက်ပါး စက်မြစ်ဖြတ်တရားစာ
နိဂုံး
နောက်ဆက်တွဲ
ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ
ဝိပဿနာခရီးစဉ် မေး-ဖြေ
ဝင်လေ-ထွက်လေ ဘာဝနာပြောပြပုံ
ဉာဏ်စဉ် ၁၆-ပါး ပြောပြပုံ
မာတိကာ ပြီး၏။
.
ဗုဒ္ဓေါ ဓမ္မောစ သံဃောစ၊ အဟော ဝန္ဒီယတေ မမ။
ဝန္ဒိတဗ္ဗာ နုဘာဝေန၊ ဇီယန္တု ဝေရလာမကာ။
ပဋိစ္စသမုပ္ပါဒ် အရသာ
▬▬ஜ۩۞۩ஜ▬▬
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကုသိုလ်ရေး ပလ္လင်ခံ နိဒါန်း
ဘုရားပင့်ရန်
၁။ အရဟံ၊ ကိလေသာရန်သူကို သတ်တော်မူတတ်သော မြတ်စွာဘုရားပါတကား။
၂။ သမ္မာသမ္ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူပြီးသော မြတ်စွာဘုရားပါတကား။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး, စရဏတဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားပါတကား။
၄။ သုဂတော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၅။ လောကဝိဒူ၊ လောကသုံးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၆။ အနုတ္တရော ပုရိသ ဒမ္မ သာရှထိ၊ အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေး သေးသော လူယောက်ျား, နတ်ယောက်ျား, တိရစ္ဆာန် ယောက်ျားတို့ကို ယဉ်ကျေး အောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၇။ သတ္ထာ+ဒေဝမနုဿာနံ၊ နတ်, လူတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား ပါတကား။ [ဒေဝနှင့်မနုဿာနံကိုတွဲ၊ သတ္ထာနှင့်ခွဲ။]
၈။ ဗုဒ္ဓေါ၊ သစ္စာလေးပါးကို သိတော်မူတတ်သော မြတ်စွာဘုရားပါတကား။
၉။ ဘဂဝါ၊ ဘုန်းတော် အလွန်ကြီးတော်မူသော မြတ်စွာဘုရားပါတကား။
ဤသို့ ကိုးပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံတော်မူရန် ကြွမြန်းတော်မူပါ့ဘုရား။
.
တရားပင့်ရန်
၁။ သွက္ခာတော၊ မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်သော ပရိယတ်, မဂ်, ဖိုလ်, နိဗ္ဗာန်တရား ဆယ်ပါးပါတကား။ [ပရိယတ်တပါး, မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်တပါးဟု-သိ။]
၂။ သန္ဒိဋ္ဌိကော၊ အရိယာပုဂ္ဂိုလ်တို့သည် ကိုယ်တိုင် ရှုမြင်အပ်ပြီးသော မဂ်, ဖိုလ်, နိဗ္ဗာန် တရား ကိုးပါးပါတကား။
၃။ အ-ကာလိကော၊ အခါမလင့် အခြားမဲ့၌ ဖိုလ်အကျိုးကို ဖြစ်စေတတ်သော မဂ်တရား လေးပါးပါတကား။
၄။ ဧဟိ-ပဿိကော၊ လာလှည့်, ရှုလှည့်ဟု တိုက်တွန်းအပ်သော အစီအရင်ကို ခံထိုက်သော မဂ်, ဖိုလ်, နိဗ္ဗာန်တရား ကိုးပါးပါတကား။
၅။ ဩပ-နေယျကော၊ ကပ်၍ဆောင်ယူခြင်းငှာ ထိုက်သော မဂ်, ဖိုလ် နိဗ္ဗာန်တရား ကိုးပါးပါတကား။
၆။ ပစ္စတ္တံ + ဝေဒိတဗ္ဗော + ဝိညူဟိ၊ (အုတ်ဃာတိတင်ညူ-ဖတ်။) ဥဂ္ဃာဋိတညူ စသော အရိယာပုဂ္ဂိုလ်တို့သည်+မိမိ မိမိစိတ်၌ + သိအပ် ခံစားအပ်သော မဂ်, ဖိုလ်, နိဗ္ဗာန် တရား ကိုးပါးပါတကား။
[တရားဆယ်ပါးတပုဒ်, လေးပါးတပုဒ်, ကိုးပါးလေးပုဒ်ဟု-သိ။ ]
ဤသို့ ခြောက်ပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော တရား ဆယ်ပါး သည် ဘုရားကပည့်တော်များ၏ ပူဇော်ခြင်းကို ခံတော်မူရန် ကြွမြန်းတော်မူပါ့ဘုရား။
.
သံဃာပင့်ရန်
၁။ သုပ္ပဋိပန္နော၊ ကောင်းသောအကျင့်ကို ကျင့်ဆဲ, ကျင့်ပြီး ဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
[မဂ်ပုဂ္ဂိုလ်လေးယောက် ကျင့်ဆဲ, ဖိုလ်ပုဂ္ဂိုလ်လေးယောက် ကျင့်ပြီးဟု-သိ၊ ပဋိပ်ဟု မဖတ်နှင့်၊]
၂။ ဥဇုပ္ပဋိပန္နော၊ ဖြောင့်မတ်သော အကျင့်ကို ကျင့်ဆဲ, ကျင့်ပြီးဖြစ်သော အရိယာ သံဃာ ရှစ်ပါးအပေါင်းပါတကား။
၃။ ဉာယပ္ပဋိပန္နော၊ နိဗ္ဗာန်အကျိုးငှာ ကျင့်ဆဲ, ကျင့်ပြီးဖြစ်သောအရိယာ သံဃာ ရှစ်ပါး အပေါင်းပါတကား။
၄။ သာမိစိပ္ပဋိပန္နော၊ ရိုသေသမှုပြုထိုက်အောင် ကျင့်ဆဲ ကျင့်ပြီး ဖြစ်သော အရိယာ သံဃာ ရှစ်ပါးအပေါင်းပါတကား။
[ဤကား အကြောင်းဂုဏ် လေးပါးတည်း၊ ဝါ-အကျင့်ဂုဏ် လေးပါးတည်း။]
၅။ အာ-ဟုနေယျော၊ အဝေးမှဆောင်၍ လှူအပ်သော ပစ္စည်းလေးပါးကို ခံတော် မူထိုက်သော အရိယာသံဃာ ရှစ်ပါး အပေါင်းပါတကား။
၆။ ပါဟုနေယျော၊ ဧည့်သည်ကောင်းတို့အလို့ငှာ အထူးစီရင်အပ်သော အာဂန္တုက ဒါနကို အာဂန္တု ကဒါနကို ခံတော်မူထိုက်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါ တကား။
၇။ ဒက္ခိဏေယျော၊ မြတ်သောအလှူ အားလျော်သော အရိယာသံဃာ ရှစ်ပါး အပေါင်းပါတကား။
[အကျိုးကြီးအောင်ပြုသောကြောင့် လျော်သည်ဟု-သိ။]
၈။ အဉ္ဇလိကရဏီယော၊ လက်အုပ်ချီခြင်းကို ခံထိုက်သော အရိယာ သံဃာ ရှစ်ပါး အပေါင်းပါတကား။
[မထိုက်လျှင် လှံထိုးခံရသည်ထက် ဆိုးသည်ဟု-သိ, လိ၌ ဆံခတ် မပါ၊ ဏီ၌ ဆံခတ် ပါသည်။]
၉။ အနုတ္တရံ + ပုညက္ခေတ္တံ + လောကဿ၊ လူအပေါင်း၏ + ကောင်းမှု မျိုးစေ့၏ ပေါက်ရောက်ကြီးပွားရာ + အတုမရှိ လယ်တာမြေကောင်း သဘွယ် ဖြစ်တော်မူသော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား။
[ဤကား အကျိုးဂုဏ်ငါးပါးတည်း။ ယခင်လေးပါး ကျင့်ရုံဖြင့် ယခုငါးပါးလည်းရသည် ဟု-သိ၊]
ဤသို့ ကြောင်းလေး - ကျိုးငါး ကိုးပါးအစ ဂုဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူသော အရိယာသံဃာ ရှစ်ပါးအပေါင်းသည် ဘုရားတပည့်တော်များ၏ ပူဇော်ခြင်းကို ခံတော်မူရှန် ကြွမြန်းတော်မူပါ့ဘုရား။
.
သီလာနုဿတိဖြင့် ပူဇော်ရန်
[အာမိသပူဇော်ခြင်းထက် ဓမ္မပူဇော်ခြင်းသည် မြတ်၏ဟု ဟောသည်၊ ( ) ဤသို့ ကွင်းထားသော ပါဠိကိုချန်၍ နှလုံးသွင်းလျက် ပူဇော်အပ်၏။]
၁။ (အ-ခဏ္ဍာနိ) အစ၌၎င်း, အဆုံး၌၎င်း တခုမျှ မပျက်သောကြောင့် ကျိုးခြင်း ပြတ်ခြင်းမရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။ [အ-နှင့် ခဏ္ဍာနိကို ဖြတ်၍ ရွတ်ပါ။]
[ဉာဏ်ကွန့်မြူး လိုသူကား အစ၌၎င်း, အဆုံး၌၎င်း တခုခုပျက်လျှင် ကျိုးခြင်း ပြတ်ခြင်း ရှိသော (ခဏ္ဍ)သီလဖြစ်၏၊ မကောင်း၊ ဤသို့ ကွန့်မြူးရာ၏။]
၂။ (အ.စ္ဆိဒ္ဒါနိ) အလယ်၌ တခုမျှ မပျက်သောကြောင့် ပေါက်ခြင်း ထွင်းခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။ [အစ်-နှင့် ဆိဒ္ဒါနိကိုခွဲ၍ ဆိုပါ]
၃။ (အ-သဗလာနိ) အစဉ်အတိုင်း နှစ်ခု သုံးခု မပျက်သောကြောင့် ကြောင်ခြင်း ကျားခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။ [အ-နှင့် သဗလာနိ ကို တပုဒ်စီ ကွန့်မြူးပါ]
၄။ (အ-ကမ္မာသာနိ) အကြားအကြား၌ တခုမျှ မပျက်သောကြောင့် ပြောက်ခြင်း ကွက်ခြင်း မရှိသော ငါ၏သီလတို့သည် ကောင်းလေစွတကား။ [အ-နှင့် ကမ္မာသာနိ ကို တခြားစီ ဆိုပါ။]
[အကြားအကြား၌ တခုခုပျက်လျှင် ပျောက်ခြင်း ကွက်ခြင်းရှိသော (ကမ္မာသ) သီလဖြစ်၏၊ မကောင်း။ ဤအထိ အပြန်အလှန် ကွန့်မြူးရာ၏။]
(တနည်းကား) မေထုန်ငယ် ခုနစ်ပါးတို့သည်၎င်း၊ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်း စသော ယုတ်မာသော တရားတို့သည်၎င်း မနှိပ်စက်အပ်သောကြောင့် ကျိုးပြတ်ခြင်း မရှိ၊ ပေါက်ထွင်းခြင်း မရှိ၊ ကြောင်ကျားခြင်း မရှိ၊ ပြောက်ကွက်ခြင်း မရှိသော ငါ၏ သီလတို့သည် ကောင်းလေစွတကား။
၅။ (ဘုဇိဿာနိ) တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ တော်လှန်ကောင်းမြတ်သော သူ၏ အဖြစ်ကို ပြုတတ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား။
၆။ (ဝိညု+ပ္ပသတ္ထာနိ) ဘုရားအစရှိသော ပညာရှိတို့ + ချီးမွမ်းအပ်သော ငါ၏သီလ တို့သည် ကောင်းလေစွတကား။
၇။ (အ-ပရာမဋ္ဌာနိ) ဤမည်သော အပြစ်ရှိ၏ ဟူ၍၎င်း, တဏှာဒိဋ္ဌိ တို့ဖြင့်၎င်း မသုံးသပ်အပ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား။ [အ-နှင့် ပရာမဋ္ဌာနိ ကို ဖြက်၍ ဆိုပါ။]
၈။ (သမာဓိ+သံဝတ္တနိကာနိ) ဥပစာရသမာဓိ, အပ္ပနာသမာဓိ မဂ္ဂသမာဓိ, ဖလသမာဓိ တို့ကို ဖြစ်စေတတ်သော ငါ၏သီလတို့သည် ကောင်းလေစွတကား။
ဤသို့ စင်ကြယ်သော သီလကို အဖန်ဖန် အောက်မေ့ရမည်ဟု ဟောတော်မူသော -
မြတ်စွာဘုရားကို ပူဇော်ပါ၏၊
တရားတော်ကို ပူဇော်ပါ၏၊
သံဃာတော် ကို ပူဇော်ပါ၏ ဘုရား။
.
မှတ်ချက်
[မေထုန်ငယ်ဟူသည် ရှဉ်းစုံမကပ်သော်လည်း ပွတ်သပ် သာယာခြင်း, ရယ်မြူး သာယာခြင်း, ကြည့်ရှုသာယာခြင်း, အသံနားထောင် သာယာခြင်း, ရှေးကရယ်မော ပြောဆိုဘူးသည်ကို ပြန်သာယာခြင်း, သူတကာ လင်မယားကိုမြင်၍ အားကျ သာယာခြင်း, နတ်ဗြဟ္မာစည်းစိမ် ဆုတောင်းခြင်း၊ ဤသို့ ခုနစ်ပါး ဖြစ်၏၊ သီလ ညစ်နွမ်းစေ၏၊ ဝဋ်မှ မလွတ်စေနိုင်။]
.
ဆောင်
ရှဉ်းစုံမကပ်၊ ပွတ်သပ်ကျူး၊ ရယ်မြူးမရှိ၊ မျက်စိမဆုံ(၄)၊
သံမျိုးစုံပစ်၊ ရှေးဖြစ်မကြံ၊ မောင်နှံငုံ့ရှောင်၊ နတ်တောင်မရွယ်(၄)၊
ဤရှစ်သွယ်၊ လွတ်ဘွယ်မေထုန်တည်း။
[ကြီး ၁ + ငယ် ၇ + ပေါင်းရှစ်။]
.
ကောဋ္ဌာသဘာဝနာဖြင့် ပူဇော်ရန်
ဆံပင်၊ မွေးညှင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ။ ... (၅-ခု)
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့။ ... .(၅-ခု)
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်။ ... .(၅-ခု)
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။ ... .(၅-ခု)
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ။ ... .(၆-ခု)
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်။ ... .(၆-ခု)
ကျင်ငယ်၊ အစေး၊ နှပ်၊ တံတွေး၊ ဆီကြည်၊ မျက်ရည်။ ... .(၆-ခု)
အဆီခဲ၊ ချွေး၊ သွေး၊ ပြည်၊ သလိပ်၊ သည်းခြေ။ ... .(၆-ခု)
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အူသိမ်၊ အူမ။ ... .(၅-ခု)
အဆုတ်၊ အဖျဉ်း၊ အမြှေး၊ အသည်း၊ နှလုံး။ ... .(၅-ခု)
အညှို့ ၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော၊ အသား။ ... .(၅-ခု)
အရေ၊ သွား၊ ခြေသည်းလက်သည်း၊ မွေးညှင်း၊ ဆံပင်။ ... .(၅-ခု)
ဤ ၃၂-ပါးသော အဘို့ အစုတို့သည် အဆင်းအားဖြင့်၎င်း, သဏ္ဌာန်အားဖြင့်၎င်း, အနံ့ အားဖြင့်၎င်း, တည်ရာအရပ် အားဖြင့်၎င်း မှီရာအကြောင်း အားဖြင့်၎င်း စက်ဆုပ်စရာ ရွံစရာဖြစ်ကုန်၏၊ မတင့်တယ်ကြကုန်၊ သတ္တဝါလည်း မဟုတ်ကုန်၊ အသက်လည်း မဟုတ်ကုန်။
ဤသို့ ကောဋ္ဌာသ ဘာဝနာပွားရန် ဟောကြားသော ဘုရားကို၎င်း ဟောကြားတိုင်း ကျင့်သော သံဃာကို၎င်း, ကျင့်တိုင်း ရသော မဂ်, ဖိုလ်, နိဗ္ဗာန်တရားကို၎င်း ပူဇော်ပါ၏ ဘုရား။
.
ဒေဝတာနုဿတိပွါးရန်
၁။ စာတုမဟာရာဇ်, တာဝတိံသာ, ယာမာ, တုသိတာ-စသော နတ်, ဗြဟ္မာတို့သည် သဒ္ဓါရှိ၍ နတ်,ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုသဒ္ဓါမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။
၂။ စာတုမဟာရာဇ်, တာဝတိံသ, ယာမ, တုသိတာ- စသော နတ်, ဗြဟ္မာတို့သည် သီလရှိ၍ နတ်,ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုသီလမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။
၃။ စာတုမဟာရာဇ်, တာဝတိံသာ, ယာမာ, တုသိတာ-စသော နတ်, ဗြဟ္မာတို့သည် သုတရှိ၍ နတ်,ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုသုတမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။
၄။ စာတုမဟာရာဇ်, တာဝတိံသာ, ယာမာ, တုသိတာ-စသော နတ်, ဗြဟ္မာတို့သည် စာဂရှိ၍ နတ်,ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုစာဂမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။
၅။ စာတုမဟာရာဇ်, တာဝတိံသာ, ယာမာ, တုသိတာ-စသော နတ်, ဗြဟ္မာတို့သည် ပညာရှိ၍ နတ်,ဗြဟ္မာတို့ ဖြစ်ကြသည်၊ ထိုပညာမျိုးသည် ငါတို့၌လည်း ရှိ၏၊ အရတော်လေစွ။
.
မေတ္တာပို့
၁။ ငါသည် ... ရန်ကင်းပါစေ၊ စိုးရိမ်ခြင်း ကင်းပါစေ၊ ဆင်းရဲခြင်း ကင်းပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။
၂။ ငါနှင့်အတူနေ သမဂ္ဂတို့သည် ... ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၃။ ငါနှင့်အတူနေ အိမ်စောင့်နတ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၄။ ငါတို့ရပ်ရွာ၌ အစိုးတရ အုပ်ချုပ်ကြကုန်သော အကြီးအကဲဖြစ်သော သူတို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၅။ ငါတို့ရပ်ရွာနေ လူတို့ကို အစပြု၍ အလုံးစုံသော သူတို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
.
သီမသမ္ဘေဒ ပြုနည်း
၁။ ငါသည် ... ရန်ကင်းပါစေ၊ စိုးရိမ်ခြင်း ကင်းပါစေ၊ ဆင်းရဲခြင်း ကင်းပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ။
၂။ ချစ်ခင်အပ်သော ပိယပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၃။ မချစ်လွန်း, မမုန်းလွန်း အလယ်, အလတ်၌တည်သော မဇ္ဈတ္တပုဂ္ဂိုလ် တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
၄။ ရန်သူဖြစ်သော ဝေရီပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်း ကင်းကြပါစေ၊ ဆင်းရဲခြင်း ကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။
.
မှတ်ချက်
[ဤလေးဦး မေတ္တာညီအောင် ပွားရသည်၊ သီမ- အပိုင်းအခြား+သမ္ဘေဒ-ပျက်ခြင်း၊ ပိုင်းခြားပျက်၍ တသားတည်းဖြစ်အောင် ပွားရသည်၊ ဤလေးယောက် အတူ နေထိုင်ရာသို့ ခိုးသူ, ထားပြ အစိုးရများ လာ၍ “တယောက်ပေးပါ၊ သတ်၍ ယဇ်ပူဇော်လိုသည်” ဟု တောင်းငြားအံ့၊ သူ့ကို ယူစေ၊ ငါ့ကိုယူစေဟု စိတ်ဖြစ်လျှင် ပိုင်းခြားရှိ၍ စိတ်မညီဟု ဆိုအပ်၏၊ ပေးစရာ မမြင်လျှင် ပိုင်းခြားမရှိပြီ၊ မေတ္တာညီပြီ၊ သီမသမ္ဘေဒဖြစ်ပြီဟု ဆိုအပ်၏၊ ထိုအခါ ဥပစာရဈာန်ခေါ် ဈာန်အတု ရသည်မည်၏။]
.
မရဏဿတိ ရှစ်မျိုး ပွါးပုံ
ငါသည် ကေန်မုချ သေရလတ္တံ့။
၁။ တနေ့နှင့် တညဉ့်မျှလောက်ကြာအောင် ... အသက်ရှည်လျှင် တော်ပေစွ။
၂။ တနေ့မျှလောက်ကြာအောင် ... အသက်ရှည်လျှင် တော်ပေစွ။
၃။ နေ့၏ ထက်ဝက်မျှလောက် ကြာအောင် ... အသက်ရှည်လျှင် တော်ပေစ္စ။
၄။ အစာတထပ် စားချိန်မျှလောက် ကြာအောင် ... အသက်ရှည်လျှင် တော်ပေစွ။
၅။ အစာတထပ် စားချိန်၏ ထက်ဝက်မျှလောက် ကြာအောင် ... အသက်ရှည်လျှင် တော်ပေစွ။
၆။ အစာ လေးငါးလုပ် မျိုသလောက် ကြာအောင် ... အသက်ရှည်လျှင် တော်ပေစွ။
၇။ အစာတလုပ် မျိုသလောက် ကြာအောင် ... အသက်ရှည်လျှင် တော်ပေစွ။
၈။ ထွက်သက်မှ ဝင်သက်တိုင်ရုံလောက် ဝင်သက်မှ ထွက်သက်တိုင်ရုံလောက် ကြာအောင် အသက်ရှည်လျှင် တော်ပေစွ။
ဧကန်မုချ ငါ သေရလတ္တံ့။
.
မှတ်ချက်
[ဤမရဏဿတိ ရှစ်မျိုးတို့တွင် နောက်ဆုံး နှစ်မျိုးကို သတိကောင်းသည်ဟု ချီးမွမ်းတော်မူသည်၊ ရှေးခြောက်မျိုးကို မေ့လျော့သူဟု ကဲ့ရဲ့တော်မူသည်၊ ကဲ့ရဲ့ ထိုက်သော ပါရမီရှင်၏ ကဲ့ရဲ့ခံရခြင်းသည်ပင် လေးသင်္ချေနှင့် ကမ္ဘာတသိန်း တန်သည် ဟု ဝမ်းမြောက်အပ်၏၊ ပယ်သစ် မဟုတ်လျှင် ဝမ်းမြောက်ဘွယ်တည်း၊ ဘုန်းကြီးတပါး ငေါက်သည်ကို လေးသင်္ချေနှင့် ကမ္ဘာတသိန်း တန်သည်ဟု ကျောင်းဆရာတဦး ဝမ်းမြောက်ဘူးပြီ။]
.
မှတ်ချက်မရှိ ငါးမျိုးပွါးပုံ
၁။ ဤအသက်သည် အဘယ်မျှကြာမည် မသိ၊
ယနေ့လော, နက်ဖြန်လော နေ့တိုင်း သေနိုင်၏။
၂။ အဘယ်အနာဖြင့် သေမည် မသိ၊
ကိုယ်တွင်းနာလော, ကိုယ်ပနာလော အနာတိုင်းဖြင့် သေနိုင်၏။
၃။ အဘယ်အချိန် သေမည် မသိ၊
နေ့လော, ညဉ့်လော အချိန်မရွေး သေနိုင်၏။
၄။ အဘယ်နေရာ သေမည် မသိ၊
လမ်း၌လော, အိပ်ရာ၌လော နေရာမရွေး သေနိုင်၏။
၅။ သေပြီးလျှင် အဘယ်ဘဝ ရောက်မည် မသိ၊
ဒေဝဂတိလော, တိရစ္ဆာနဂတိလော ဆုံလည်နွားပမာ ဂတိငါးဖြာ တချာချာ လည်နိုင်၏။
.
အရိုးသုံးရာ အဋ္ဌိက ဘာဝနာ
၁။ ခြေရိုး (၆၄)၊ လက်ရိုး (၆၄)၊ အသားမှီသော အရိုးနု (၆၄)၊
၂။ ဖနောင့်ရိုး (၂)၊ ဖမျက်ရိုး (၄)၊ မြင်းခေါင်းရိုး (၄)၊ (ခြေသလုံးရိုးလဲ ခေါ်သည်။) ဒူးရိုး (၂)၊ ပေါင်ရိုး (၂)၊ ခါးရိုး (၂)၊ ကျောက်ဆူး ရိုး (၁၈)၊ (ကျောက်ကုန်းရိုးလဲ ခေါ်သည်။)
၃။ နံရိုး (၂၄)၊ ရင်ရိုး (၁၄)၊ နှလုံးရိုး (၁)၊ ညှပ်ရိုး (၂)၊ ပခုံးရိုး (၂)၊ မောင်းရင်းရိုး (၂)၊ မောင်းဖျားရိုး (၄)။
၄။ လည်ပင်းရိုး (၇)၊ မေးရိုး (၂)၊ နှာခေါင်းရိုး (၁)၊ မျက်ကွင်းရိုး (၂)၊ နားရိုး (၂)၊ နဖူးရိုး (၁)၊ ထိပ်ရိုး (၁)၊ ဦးခေါင်းရိုး (၉)။
၅။ ဤသို့လျှင် ဤကိုယ်၌ အရိုးသုံးရာ ရှိ၏၊
အရိုးစု အရိုးစု၊
စက်ဆုပ်စရာ ရှုံ့စရာဖြစ်၏၊
စက်ဆုပ်စရာ ရွံစရာဖြစ်၏၊
မာတင်းသော ပထဝီဓာတ် ဖြစ်၏၊
မာတင်းသော ပထဝီဓာတ်ဖြစ်၏၊
ငါ, သူတပါး, ယောက်ျား, မိန်းမ မဟုတ်၊
ငါ သူတပါး ယောက်ျား မိန်းမ မဟုတ်၊
ငါ့ကိုယ်, ငါ့ဟာ, ငါမဟုတ်၊
ငါ့ကိုယ်, ငါ့ဟာ, ငါမဟုတ်၊
အနိစ္စ, အနိစ္စ၊ ဒုက္ခ, ဒုက္ခ၊ အနတ္တ, အနတ္တ။
.
ရှင်သာရိပုတ္တရာနည်း
အရိုးတိုင်သဘော အကြောနှစ်ပတ်၊ အသားကပ်မြှုပ်၊ အရေထူ, အရေပါး အုပ်ထား သည်ကို ယောက်ျားကိုယ်ကောင် မိန်းမကိုယ်ကောင်ဟု အခေါ်သာရှိသည်၊ အရိုး, အကြော, အသား, အရေမှ တပါး ယောက်ျား မိန်းမ မရှိ။
.
ကမ္ဘာဖျက် နေ-၇ စင်း
နေတစင်းထွက်၊ စိုက်ပျိုးပျက်၏၊ နှစ်ထွက် မြစ်ငယ်၊ သုံးသွယ်မြစ်ကြီး၊ အိုင်ကြီးလေးစင်း၊ ငါးစင်းသမုဒ်၊ ခိုးထုတ် ခြောက်ဖြစ်၊ ခုနစ်မီးလောင်၊ ကမ္ဘာပြောင်သည် ... .ရိပ်ရောင်သူငါ မကြွင်းတည်း။
.
သမုဒ္ဒရာ အံ့ဘွယ်ပမာ သာသနာ
အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဘွယ် ဆယ်ပစ်၊ တမည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ .. အံ့ရှစ်ဖြာ။
.
ဝိပဿနာပွါးရန်
၁။ ခကြောင်းတရားတို့ ညီညွတ်မှ ဖြစ်ပေါ်လာသော နာမ်, ရုပ်ပါတကား။
၂။ ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် မမြဲသော နာမ်, ရုပ်ပါတကား။
၃။ ဖြစ်ခြင်း, ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ဆင်းရဲသော နာမ် ရုပ် ပါတကား။
၄။ မိမိအလိုသို့ မလိုက်တတ်သောကြောင့် ငါ့ကိုယ်ဟု မမှတ်ထိုက်သော နာမ်, ရုပ် ပါတကား။
၅။ အနှစ်သာရ ဘာမျှမရှိသောကြောင့် အချည်းနှီး အလကားဖြစ်သော နာမ်, ရုပ် ပါတကား။
၆။ အဖန်ဖန် နှိပ်စက်တတ်သောကြောင့် ရန်သူနှင့်တူသော နာမ်, ရုပ်ပါတကား။
၇။ အိုဘေး, နာဘေး, သေဘေး, ပဋိသန္ဓေဘေးတို့၏ တည်ရာဖြစ်သော နာမ် ရုပ်ပါတကား။
၈။ သုံးဆယ့်တဘုံ၌သာ ဖြစ်တတ်သော နာမ်, ရုပ်ပါတကား။
၉။ အပယ်လေးဘုံ၌ ပျော်ပျော်ကြီး ဖြစ်တတ်သော နာမ်, ရုပ်ပါတကား။
.
မုစ္စိတုကမျတာ ဉာဏ်ဖြစ်ဟန်
၁။ ဘုံသုံးပါး၌ အိုဘေး, နာဘေး, သေဘေးအကြား ကျင်လည်ရခြင်းသည် ပိုက်ကွန် မိသော ငါး, ဂဠုန်လက်တွင်း နဂါး, မြွေခံတွင်း ဖားနှင့်တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ။
၂။ ချိုင့်လှောင်သော တောကြက်, ကျော့ကွင်းမိသော တောဝက်, ကြောင်ခံတွင်း ကြွက်နှင့် တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ။
၃။ အလမ္ပာယ် မြွေအလား စွန်လက်သည်းကြား စာသူငယ်, ညွှန်အိုင် အလယ် ဆင်ပြောင်နှင့် တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ။
ကုသိုလ်ရေး ပလ္လင်ခံနိဒါန်း ပြီး၏။
.
သရုပ်ခွဲနှင့် အရကောက်
ပဋိစ္စသမုပ္ပါဒ်ဉာဏ် ဆုတောင်း
၁။ ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါးကား -
အဝိဇ္ဇာ, သင်္ခါရ။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ။
တဏှာ, ဥပါဒါန် ဘဝ။
ဇာတိ ဇရာမရဏ။ [လေးပုဒ်ကွဲအောင် ဖတ်။]
၂။ ကာလသုံးပါးကား -
အဝိဇ္ဇာ, သင်္ခါရသည် အတိတ်ကာလ မည်၏ (နှစ်ပါး)၊
ဇာတိ, ဇရာမရဏသည် အနာဂတ်ကာလ မည်၏ (နှစ်ပါး)၊
အလယ် ရှစ်ပါးသည် ပစ္စုပ္ပန်ကာလ မည်၏ (ရှစ်ပါး)။
၃။ ဝဋ်သုံးပါးကား -
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်သည် ကိလေသဝဋ် မည်၏(သုံးပါး)၊
သင်္ခါရ, ကမ္မဘဝသည် ကမ္မဝဋ်မည်၏ (နှစ်ပါး)၊
ဥပပတ္တိဘဝနှင့် အကြွင်းသည် ဝိပါကဝဋ် မည်၏ (ရှစ်ပါး)။
မှတ်ချက်။ [ဘဝကို ကမ္မဘဝ, ဥပပတ္တိဘဝ-ဟု နှစ်မျိုးခွဲသည်။]
ဆောင်။
ကိ−သုံး, ကံ-နှစ်၊ ဝိပါက်-ရှစ်၊ ဆယ့်နှစ်ဖြစ်နိုင်စေ။
[ဤစာလုံးမျိုး ဖတ်ရာ၌ ခက်သည်။]
၄။ ခြင်းရာနှစ်ဆယ်ကား -
အဝိဇ္ဇာ, သင်္ခါရကိုယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည် (ငါးပါး)၊
တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဝိဇ္ဇာ သင်္ခါရကိုလည်း ယူရသည် (ငါးပါး)၊
ဇာတိ, ဇရာမရဏ ဟူသော ဂုဏ်နှစ်ပါးကိုယူလျှင် ဝိညာဏ်စသော ဒြဗ်ငါးပါးကို ယူခြင်းသာ ဖြစ်၏ (ငါးပါး)။
[ဘဝ၌ ကမ္မဘဝကိုယူသည်၊ ဥပပတ္တိဘဝသည် ဇာတိ၌ ဝင်သည်။]
ထို့ကြောင့် အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝသည် အတိတ် အကြောင်းငါးပါး မည်၏၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးငါးပါး မည်၏။ [ဤကား ပုဗ္ဗန္တဘဝစက်တည်း။]
တဏှာ, ဥပါဒါန်, ဘဝ, အဝိဇ္ဇာ, သင်္ခါရသည် ပစ္စုပ္ပန်အကြောင်း ငါးပါး မည်၏၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာသည် အနာဂတ် အကျိုးငါးပါး မည်၏။ [ဤကား အပရန္တ ဘဝစက်တည်း၊]
ဤသို့လျှင် --
အတိတ်အကြောင်းငါးပါး,
ပစ္စုပ္ပန်အကျိုးငါးပါး,
ပစ္စုပ္ပန် အကြောင်းငါးပါး,
အနာဂတ်အကျိုး ငါးပါး
သည် အခြင်းအရာ နှစ်ဆယ် မည်၏။
၅။ ဤ၌ အစပ်သုံးပါး
၆။ အလွှာလေးပါးကိုလည်း သိအပ်၏။
၇။ မူလနှစ်ပါးကား - အဝိဇ္ဇာ, တဏှာစွမ်းဖြင့် မူလနှစ်ပါးကို သိအပ်၏၊
အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလ မည်၏၊
တဏှာသည် အပရန္တဘဝစက်၏ မူလ မည်၏။
သတ္တဝါအပေါင်းသည် မူလနှစ်ပါး ခိုင်မြဲသော စက်ဝိုင်းနှစ်ခုဖြင့် သံသရာ အထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။
ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာ သိသောဉာဏ်ကား ထိုမူလနှစ်ပါး မဖြစ်နိုင်ကြောင်းဉာဏ် ဖြစ်၏၊ မူလနှစ်ပါးမဖြစ်လျှင် သံသရာဘဝစက် ပျက်၏။
ဤဘဝစက်ကို မဖျက်နိုင်, မခွဲနိုင်လျှင် မိုဃ်းကြိုးစက်ကြီး လောင်မီးပမာ သံသရာမှ ခုန်ကာကျော်ထွက် လွတ်မြောက်ချက်ကား အိပ်မက်၌ပင် မရှိလေစွတကား။
ဤဘဝစက်ကို သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်တို့ဖြင့် လျော်စွာ မသိခြင်းကြောင့် မြိတ်ဆာချည်ထွေး စာသိုက်ထွေးနှင့် မြက်ထွေးအတူ သူငါမကြွင်း လေးဘုံဆင်းကာ သံသရာ၌ ရှည်ကြာဒုက္ခ တွေ့ရလေစွတကား။
ဤပဋိစ္စသမုပ္ပါဒ် သဘောသည် သမုဒ္ဒရာ၌ ယုန်ငယ်ပမာ ထောက်ရာ တည်ရာမရ နက်နဲလေစွတကား။
သို့စဉ်နက်မှောင် နက်ရောင်ပြင်းထန် နက်နဲမှန်လည်း စိန်ဉာဏ်ဆောင်ထား ခုနစ်နှစ် သမီး ခုနစ်နှစ်သားတို့ပင် ဘုရားရှင်ဉာဏ်တော်မှီး၍ ခွဲနိုင်, ဖောက်နိုင် ဖျက်ဆီးနိုင်ကြ ကုန်၏၊ ထို့အတူ ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ရပါလို၏ ဘုရား၊ ထို့အတူ ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ကြပါစေကုန်သတည်း။
.
တိုက်တွန်းခြင်း
[ဤအတိုင်း ကျနစွာလေ့လာ၍ ဆုတောင်းရမည်၊ ထိုနောက် ဆိုလတ္တံ့သော ပဋိစ္စသမုပ္ပါဒ်သရုပ်ခွဲဖြင့် ပုံစံ၌ထောက်၍ အဖန်ဖန် လေ့လာရမည်၊ ဆုတောင်းမှန်လျှင် ခိုင်မြဲခြင်း တိုးတက်၏။]
.
ပဋိစ္စသမုပ္ပါဒ်သရုပ်ခွဲ
အင်္ဂါ - ကာလ - ဝဋ် ပုံစံ
၁။ ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါးကား - အဝိဇ္ဇာ, သင်္ခါရ၊ ဝိညာဏ် နာမ် ရုပ်, သဠာယတန, ဖဿ, ဝေဒနာ၊ တဏှာ, ဥပါဒါန်, ဘဝ၊ ဇာတိ ဇရာမရဏ၊
အဓိပ္ပာယ်ခွဲလိုက်သည်ရှိသော် -
အဝိဇ္ဇာသည် အင်္ဂါတပါး၊
သင်္ခါရသည် အင်္ဂါတပါး၊ [သည်မှာ အင်္ဂါနှစ်ပါး ရှိသည်။]
ဝိညာဏ်သည် အင်္ဂါတပါး၊
နာမ်ရုပ်သည် အင်္ဂါတပါး၊
သဠာယတနသည် အင်္ဂါတပါး၊
ဖဿသည် အင်္ဂါတပါး၊
ဝေဒနာသည် အင်္ဂါတပါး၊ [သည်မှာ အင်္ဂါငါးပါး ရှိသည်။]
တဏှာသည် အင်္ဂါတပါး၊
ဥပါဒါန်သည် အင်္ဂါတပါး၊
[ဘဝသည် အင်္ဂါတပါး၊ သည်မှာ အင်္ဂါသုံးပါး ရှိသည်။]
ဇာတိသည် အင်္ဂါတပါး၊
ဇရာမရဏသည် အင်္ဂါတပါး၊
[သည်မှာ အင်္ဂါသုံးပါးလိုလိုနဲ့ နှစ်ပါးထဲရှိသည်။]
၂။ ကာလသုံးပါးကား -
အဝိဇ္ဇာ, သင်္ခါရသည် အတိတ်ကာလမည်၏ (နှစ်ပါး)၊
ဇာတိ, ဇရာမရဏသည် အနာဂတ်ကာလမည်၏ (နှစ်ပါး)၊
အလယ် ရှစ်ပါးသည် ပစ္စုပ္ပန်ကာလ မည်၏ (ရှစ်ပါး)၊
ပစ္စုပ္ပန်ကာလရှစ်ပါး၊ တနည်းကား - ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝသည် ပစ္စုပ္ပန်ကာလ မည်၏ (ရှစ်ပါး)။
အဓိပ္ပာယ်ခွဲလိုက်သည်ရှိသော် -
အဝိဇ္ဇာသည် အတိတ်ကာလ၊
သင်္ခါရသည် အတိတ်ကာလ၊
ဝိညာဏ်သည် ပစ္စုပ္ပန်ကာလ၊
နာမ်ရုပ်သည် ပစ္စုပ္ပန်ကာလ၊
သဠာယတနသည် ပစ္စုပ္ပန်ကာလ၊
ဖဿသည် ပစ္စုပ္ပန်ကာလ၊
ဝေဒနာသည် ပစ္စုပ္ပန်ကာလ၊
တဏှာသည် ပစ္စုပ္ပန်ကာလ၊
ဥပါဒါန်သည် ပစ္စုပ္ပန်ကာလ၊
ဘဝသည် ပစ္စုပ္ပန်ကာလ၊
ဇာတိသည် အနာဂတ်ကာလ၊
ဇရာမရဏသည် အနာဂတ်ကာလ။
၃။ ဝဋ်သုံးပါးကား --
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်သည် ကိလေသဝဋ်မည်၏ (သုံးပါး)၊
သင်္ခါရ, ကမ္မဘဝသည် ကမ္မဝဋ်မည်၏ (နှစ်ပါး)၊
ဥပပတ္တိဘဝနှင့် အကြွင်းသည် ဝိပါကဝဋ်မည်၏ (ရှစ်ပါး)၊
ဝိပါကဝဋ်ရှစ်ပါး။ တနည်းကား - ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, ဥပပတ္တိဘဝ, ဇာတိ, ဇရာမရဏသည် ဝိပါကဝဋ်မည်၏ (ရှစ်ပါး)။
အဓိပ္ပာယ် ခွဲလိုက်သည်ရှိသော် --
အဝိဇ္ဇာသည် ကိလေသဝဋ်၊
သင်္ခါရသည် ကမ္မဝဋ်၊
ဝိညာဏ်သည် ဝိပါကဝဋ်၊
နာမ်ရုပ် သည် ဝိပါကဝဋ်၊
သဠာယနသည် ဝိပါကဝဋ်၊
ဖဿသည် ဝိပါကဝဋ်၊
ဝေဒနာသည် ဝိပါကဝဋ်၊
တဏှာသည် ကိလေသဝဋ်၊
ဥပါဒါန်သည် ကိလေသဝဋ်၊
ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုးပြား၏၊
ကမ္မဘဝသည် ကမ္မဝဋ်၊
ဥပပတ္တိဘဝသည် ဝိပါကဝဋ်၊
ဇာတိသည် ဝိပါကဝဋ်၊
ဇရာမရဏသည် ဝိပါကဝဋ်။
ကာလနှင့်ဝဋ် တွဲလိုက်သည်ရှိသော် --
အဝိဇ္ဇာသည် အတိတ်ကာလ,
ကိလေသဝဋ်၊ သင်္ခါရသည် အတိတ်ကာလ,
ကမ္မဝဋ်၊ ဝိညာဏ်သည် ပစ္စုပ္ပန်ကာလ
ဝိပါကဝဋ်၊ နာမ်ရုပ်သည် ပစ္စုပ္ပန်, ဝိပါကဝဋ်။
သဠာယတနသည် ပစ္စုပ္ပန်, ဝိပါကဝဋ်။
ဖဿသည် ပစ္စုပ္ပန်, ဝိပါကဝဋ်။
ဝေဒနာသည် ပစ္စုပ္ပန်, ဝိပါကဝဋ်။
တဏှာသည် ပစ္စုပ္ပန်, ကိလေသဝဋ်။
ဥပါဒါန်သည် ပစ္စုပ္ပန်, ကိလေသဝဋ်။
ဘဝသည် ပစ္စုပ္ပန်ကာလ, ဝဋ်နှစ်ပါး၊
ဇာတိသည် အနာဂတ်ကာလ, ဝိပါကဝဋ်။
ဇရာမရဏသည် အနာဂတ်ကာလ, ဝိပါကဝဋ်။
.
မှတ်ချက်။ ။ [ဘဝကို-ကမ္မဘဝ, ဥပပတ္တိဘဝဟု နှစ်မျိုးခွဲသည်။]
.
ဆောင်။ ။ ကိ-သုံး, ကံ-နှစ်၊ ဝိပါက်-ရှစ်၊ ဆယ့်နှစ်ဖြစ်နိုင်စေ။
.
ခြင်းရာ အစပ် အလွှာပုံစံ။
၄။ ခြင်းရာနှစ်ဆယ်ကား -
အဝိဇ္ဇာ, သင်္ခါရကိုယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည် (ငါးပါး)၊
တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဝိဇ္ဇာ, သင်္ခါရကိုလည်း ယူရသည် (ငါးပါး)၊
[ကမ္မဘဝကိုသာယူဟု သိနှင့်။]
အဘယ့်ကြောင့် ယူရသနည်း ဟူမူကား- အတူဖြစ်ဘက် ဖြစ်သောကြောင့်တည်း၊
ဝါ-ကိလေသာချင်းတူ, ကံချင်းတူသောကြောင့်တည်း၊
ကိလေသာချင်း တူတုံကား-
အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ, ဥပါဒါန်လည်း ကိလေသာ၊
အဝိဇ္ဇာကိုယူလျှင် တဏှာ, ဥပါဒါန်ကိုယူ၊
တဏှာ, ဥပါဒါန်ကို ယူလျှင် အဝိဇ္ဇာကိုယူ၊
ကိလေသာချင်းအတူတူ ကိလေသဝဋ်သုံးပါးဖြစ်သည်၊
ကံချင်းတူပုံကား --
သင်္ခါရလည်းကံ, ကမ္မဘဝလည်းကံ၊
သင်္ခါခုကိုယူလျှင် ကမ္မဘဝကိုယူ၊
ကမ္မဘဝကိုယူလျှင် သင်္ခါရကိုယူ၊
ကံချင်းအတူတူ ကမ္မဝဋ်နှစ်ပါးဖြစ်သည်။
ဇာတိ, ဇရာမရဏ - ဟူသော ဂုဏ်နှစ်ပါးကိုယူလျှင် ဝိညာဏ်စသော ဒြဗ်ငါးပါးကို ယူခြင်းသာ ဖြစ်၏ (ငါးပါး)၊
အဘယ့်ကြောင့် ယူရသနည်း ဟူမူကား - ဂုဏ်နှင့်ဒြဗ်, ဌာနီနှင့်ဌာန ခွဲ၍ မရသော ကြောင့်တည်း၊
ဇာတိ, ဇရာမရဏသည် ဂုဏ်၊
ဝိညာဏ်စသော ငါးပါးသည် ဒြဗ်၊
ဇာတိ, ဇရာမရဏ သည် ဌာနီ၊
ဝိညာဏ်စသော ငါးပါးသည် ဌာန၊
ဂုဏ်ကိုယူလျင် ဒြဗ်ကိုရသည်၊
ဒြဗ်ကိုယူလျှင် ဂုဏ်ကိုရသည်၊
ဌာနီကိုယူလျှင် ဌာနကိုရသည်၊
ဌာနကိုယူလျှင် ဌာနီကိုရသည်။
ထို့ကြောင့် အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝသည် အတိတ် အကြောင်းငါးပါး မည်၏၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးငါးပါး မည်၏။ ဤကား ပုဗ္ဗန္တဘဝစက်တည်း၊
တဏှာ, ဥပါဒါန်, ဘဝ, အဝိဇ္ဇာ, သင်္ခါရသည် ပစ္စုပ္ပန်အကြောင်းငါးပါး မည်၏၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာသည် အနာဂတ် အကျိုးငါးပါး မည်၏။ [ဤကား အပရန္တဘဝစက်တည်း။]
.
မှတ်ချက်။ ။ [ဥပပတ္တိဘဝသည် အနာဂတ်အကျိုး ဇာတိ၌ဝင်သည်။]
ဤသို့လျှင် --
အတိတ်အကြောင်းငါးပါး,
ပစ္စုပ္ပန်အကျိုးငါးပါး,
ပစ္စုပ္ပန် အကြောင်းငါးပါး,
အနာဂတ်အကျိုး ငါးပါး
သည် အခြင်းအရာ နှစ်ဆယ် မည်၏၊
ဤ၌ အစပ်သုံးပါး, အလွှာလေးပါးကိုလည်း သိအပ်၏။
၅။ အစပ်သုံးပါးကား --
သင်္ခါရနှင့်ဝိညာဏ် အကြားသည် တစပ်၊ ပဌမ အစပ် ဖြစ်သည်၊
ဝေဒနာနှင့် တဏှာ အကြားသည် တစပ်၊ ဒုတီယ အစပ် ဖြစ်သည်၊
ဘဝနှင့်ဇာတိအကြားသည် တစပ်၊ တတီယ အစပ် ဖြစ်သည်၊
ပဌမအစပ်သည် --
အတိတ်နှင့်ပစ္စုပ္ပန် စပ်သည်၊
အကြောင်းနှင့်အကျိုး စပ်သည်၊
အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး စပ်သည် (သုံးနည်း)၊
ဒုတီယ အစပ်သည် --
ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန်စပ်သည်၊
အကျိုးနှင့်အကြောင်းစပ်သည်၊
ပစ္စုပ္ပန် အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း စပ်သည် (သုံးနည်း)၊
တတီယ အစပ်သည် --
ပစ္စုပ္ပန်နှင့်အနာဂတ် စပ်သည်၊
အကြောင်းနှင့်အကျိုး စပ်သည်၊
ပစ္စုပ္ပန် အကြောင်းနှင့် အနာဂတ်အကျိုး စပ်သည် (သုံးနည်း)။
၆။ အလွှာလေးပါးကား --
အဝိဇ္ဇာ, သင်္ခါရသည် တလွှာ၊
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာသည် တလွှာ၊
တဏှာ, ဥပါဒါန်, ဘဝသည် တလွှာ၊
ဇာတိ, ဇရာမရဏသည် တလွှာ။
တနည်းကား-
အတိတ် အကြောင်း ငါးပါး-တလွှာ၊
ပစ္စုပ္ပန် အကျိုး ငါးပါး-တလွှာ၊
ပစ္စုပ္ပန် အကြောင်း ငါးပါး-တလွှာ၊
အနာဂတ် အကျိုး ငါးပါး-တလွှာ။
[အလွှာနှစ်နည်းလုံး၌ ငါးပါးစီချည်း အတူတူဖြစ်အောင် ဆွဲယူနိုင်သော ဉာဏ်စိတ်ကူး ရှိမရှိ သိရလတ္တံ့။
.
မူလ နှစ်ပါးပုံစံ။
၇။ မူလနှစ်ပါးကား - အဝိဇ္ဇာ, တဏှာစွမ်းဖြင့် မူလနှစ်ပါးကို သိအပ်၏၊
အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလမည်၏၊
တဏှာသည် အပရန္တ ဘဝစက်၏ မူလမည်၏။
အဓိပ္ပာယ်ခွဲလိုက်သည်ရှိသော်-အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏မူလ မည်၏၊
ဝေဒနာအထိ ဆောင်သည်၊ ဆောင်ပုံကား -
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်၊
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်သည်၊
ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်သည်၊၊
နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်၊၊
သဠာယတနကြောင့် ဖဿ ဖြစ်သည်၊၊
ဖဿကြောင့် ဝေဒနာ ဖြစ်သည်၊၊
ဝေဒနာကြောင့် အဝိဇ္ဇာဖြစ်သည်၊
အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သည်၊
ဤနည်းဖြင့် အတိတ်နှင့် ပစ္စုပ္ပန် သံသရာ အထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။
အဝိဇ္ဇာ, သင်္ခါရ - သည်နေရာမှာ တဏှာ, ဥပါဒါန်, ဘဝ-အတူဖြစ်ဘက် တရားသုံးပါးကိုလည်း ယူရသည်၊ အတိတ်အကြောင်း ငါးပါး ဖြစ်သည်၊ ဝိညာဏ်, နာမ်ရုပ်, သဠာယန ဖဿ ဝေဒနာ - သည်နေရာမှာ ခွဲ၍မရသော ဇာတိ, ဇရာမရဏ-ဂုဏ်နှစ်ပါးလည်း ရသည်၊ အင်္ဂါခုနစ်ပါး ဖြစ်သည်။
အတိတ်နှင့် ပစ္စုပ္ပန် အင်္ဂါ ၇-ပါးဖြင့် ၁၂-ပါးလုံး လည်သည်၊ အဓိပ္ပာယ်ကား-ဤပဌမစက်ဝိုင်းသည် အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝ ဆက်သွယ်သော စက်ဝိုင်း ဖြစ်သည်၊ ဝါ-ယခင်ဘဝနှင့် ယခုဘဝ ဆက်သွယ်ခဲ့သော စက်ဝိုင်းဖြစ်သည်၊ အင်္ဂါ ၇-ပါးဖြင့် ၁၂-ပါးလုံး လည်သည်၊
၅-ပါး ပုန်းနေသည်၊ ပုန်းနေသော ငါးပါးကို လိုက်ရှာသည်ရှိသော် အဝိဇ္ဇာ, သင်္ခါရ-သည်နေရာမှာ တဏှာ ဥပါဒါန်, ဘဝ-အတူဖြစ်ဘက်တရားသုံးပါး ပုန်းနေသည်၊ ယခု မြင်ရပြီ၊ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ-သည်နေရာမှာ ခွဲ၍ မရသော ဇာတိ, ဇရာမရဏ - ဂုဏ်နှစ်ပါး ပုန်းနေသည်၊ ယခု မြင်ရပြီ။
[ဘုရားဉာဏ်မှီး၍ မြင်ရသည်။]
တဏှာသည် အပရန္တဘဝစက်၏ မူလမည်၏၊ ဇရာမရဏအထိ ဆောင်သည်၊ ဆောင်ပုံကား -
တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊
ဥပါဒါန်ကြောင့် ဘဝ ဖြစ်သည်။
ဘဝကြောင့် ဇာတိ ဖြစ်သည်။
ဇာတိကြောင့် ဇရာမရဏ ဖြစ်သည်။ ၊
ဇရာမရဏကြောင့် တဏှာ ဖြစ်သည်။
တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊
ဤနည်းဖြင့် ပစ္စုပ္ပန်နှင့် အနာဂတ် သံသရာအထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။
တဏှာ, ဥပါဒါန်, ဘဝ - သည်နေရာမှာ အဝိဇ္ဇာ, သင်္ခါရ-အတူဖြစ်ဘက် တရား နှစ်ပါးကိုလည်း ယူရသည်၊ ပစ္စုပ္ပန်အကြောင်းငါးပါး ဖြစ်သည်၊ ဇာတိ, ဇရာမရဏ-သည်နေရာမှာ ခွဲ၍မရသော ဝိညာဏ်စသော ဒြဗ်ငါးပါးလည်း ရသည်၊ အင်္ဂါခုနစ်ပါး ဖြစ်သည်။
ပစ္စုပ္ပန်နှင့် အနာဂတ် အင်္ဂါ ၅-ပါးဖြင့် ၁၂-ပါးလုံး လည်သည်၊ အဓိပ္ပာယ်ကား - ဤ ဒုတီယစက်ဝိုင်းသည် ပစ္စုပ္ပန်ဘဝနှင့် အနာဂတ်ဘဝ ဆက်သွယ်သောစက်ဝိုင်း ဖြစ်သည်၊ ဝါ-ယခုဘဝနှင့် နောင်ဘဝ ဆက်သွယ်မည်ဟု ခြေလှမ်းပြင်နေသော စက်ဝိုင်း ဖြစ်သည်၊ အင်္ဂါ ၅-ပါးဖြင့် ၁၂-ပါး လုံး လည်သည်၊
၇-ပါး ပုန်းနေသည်၊ ပုန်းနေသော ၇-ပါးကို လိုက်ရှာသည်ရှိသော် တဏှာ, ဥပါဒါန်, ဘဝ-သည်နေရာမှာ အဝိဇ္ဇာ, သင်္ခါရ-အတူဖြစ်ဘက် တရားနှစ်ပါး ပုန်းနေသည်၊ ယခု မြင်ရပြီ၊ ဇာတိ, ဇရာမရဏ - သည်နေရာမှာ ခွဲ၍မရသော ဝိညာဏ်စသော ဒြဗ်ငါးပါး ပုန်းနေသည်၊ ယခု မြင်ရပြီ။
အမည်တို့ကို ရသင့်သလို ခွဲဆိုလိုက်သည်ရှိသော် --
အဝိဇ္ဇာသည် အတိတ် ကာလ, ကိလေသဝဋ်, အတိတ်အကြောင်း ပုဗ္ဗန္တဘဝစက်, ပုဗ္ဗန္တဘဝစက်၏ မူလ - ငါးမည်ရသည်၊
သင်္ခါရသည် အတိတ်ကာလ, ကမ္မဝဋ်, အတိတ်အကြောင်း, ပုဗ္ဗန္တဘဝစက်-လေးမည်ရသည်၊
ဝိညာဏ်သည် ပစ္စုပ္ပန်ကာလ, ဝိပါကဝဋ်, ပစ္စုပ္ပန်အကျိုး, ပုဗ္ဗန္တဘဝစက်-လေးမည် ရသည်၊
နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာသည် ပစ္စုပ္ပန်ကာလ, ဝိပါကဝဋ်, ပစ္စုပ္ပန်အကျိုး, ပုဗ္ဗန္တဘဝစက်-လေးမည် ရသည်၊
တဏှာသည် ပစ္စုပ္ပန်ကာလ, ကိလေသဝဋ်,ု ပစ္စုပ္ပန်အကြောင်း, အပရန္တဘဝစက်, အပရန္တဘဝစက်၏ မူလ-ငါးမည်ရသည်၊
ဥပါဒါန်သည် ပစ္စုပ္ပန်ကာလ, ကိလေသဝဋ်,ု ပစ္စုပ္ပန်အကြောင်း, အပရန္တဘဝစက်-လေးမည်ရသည်။
ဘဝသည် ပစ္စုပ္ပန်ကာလ, ဝဋ်နှစ်ပါး, ပစ္စုပ္ပန်အကြောင်း, အပရန္တဘဝစက်-လေးမည် ရသည်၊
ဇာတိသည် အနာဂတ်ကာလ, ဝိပါကဝဋ်, အနာဂတ်အကျိုး, အပရန္တဘဝစက်-လေးမည်ရသည်၊
ဇရာမရဏသည် နာဂတ်ကာလ, ဝိပါကဝဋ်, အနာဂတ်ကျိုး, အပရန္တဘဝစက်-လေးမည် ရသည်။
.
မှတ်ချက်
[ဝေဒနာကြောင့် တဏှာဖြစ်သောအခါ အဝိဇ္ဇာလည်း ဖြစ်သည်၊ ထို့ကြောင့် “ဝေဒနာပစ္စယာ အဝိဇ္ဇာ” ဟု လှည့်ခွေသည်၊ ဒုတီယစက်ဝိုး၌ ဇရာမရဏ ဖြစ်သောအခါ နုပျိုလို, အသက်ရှည်လိုသော ကာမာသဝ တဏှာ ဖြစ်သည်၊ ထို့ကြောင့် “ဇရာမရဏ ပစ္စယာ တဏှာ” ဟု လှည့်ခွေသည်။]
ဤစက်ဝိုင်းနှစ်ခုဖြင့် ကြာမြင့်စွာသော ကာလပတ်လုံး အဝိဇ္ဇာဖုံးကာ တဏှာ ဆွဲဆောင် သံသရာ ထောင်သိန်းသောင်း တဘဝမှ တဘဝသို့ ကူးပြောင်းရပေါင်း များလှလေပြီ၊ ဒုက္ခမျိုးစုံ ပျက်စီးခြင်းပုံပုံ တွေ့ကြုံရပေါင်း များလှလေပြီ၊ သေပေါင်း လည်း များလှလေပြီ၊ ဤကိုယ်ကောင် ပစ်ချရသည့် အတွက် သုသာန် မြေပုံလည်း မြင့်လှလေပြီ၊ ဤသင်္ခါရအားလုံး၌ အလွန်အကဲ ငြီးငွေ့ခြင်းငှာ, မတွယ်တာခြင်းငှာ, လွတ်မြှောက်ခြင်းငှာ လွန်မင်းစွာ သင့်လှလေစွတကား။
သတ္တဝါအပေါင်းသည် မူလနှစ်ပါးခိုင်မြဲသော စက်ဝိုင်းနှစ်ခုဖြင့် သံသရာ အထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။
ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာသိသော ဉာဏ်ကား ထိုမူလနှစ်ပါး မဖြစ်နိုင်ကြောင်းဉာဏ် ဖြစ်၏၊ မူလနှစ်ပါး မဖြစ်လျှင် သံသရာဘဝစက် ပျက်၏။
ဤဘဝစက်ကို မဖျက်နိုင်, မခွဲနိုင်လျှင် မိုဃ်းကြိုးစက်ကြီး လောင်မီးပမာ သံသရာမှ ခုန်ကာကျော်ထွက် လွတ်မြောက်ချက်ကား အိပ်မက်၌ပင် မရှိလေစွတကား။
ဤဘဝစက်ကို သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်တို့ဖြင့် လျော်စွာ မသိခြင်းကြောင့် - မြိတ်ဆာချည်ထွေး စာသိုက်ထွေးနှင့် မြက်ထွေး အတူ သူငါမကြွင်း လေးဘုံဆင်းကာ သံသရာ၌ ရှည်ကြာဒုက္ခ တွေ့ရလေစွတကား။
ဤ ပဋိစ္စသမုပ္ပါဒ်သဘောသည် သမုဒ္ဒရာ၌ ယုန်ငယ်ပမာ ထောက်ရာ တည်ရာမရ နက်နဲလေစွတကား။
သို့စဉ်နက်မှောင် နက်ရောင်ပြင်းထန် နက်နဲမှန်လည်း စိန်ဉာဏ်ဆောင်ထား ခုနစ်နှစ်သမီး ခုနစ်နှစ်သားတို့ပင် ဘုရားရှင်ဉာဏ်တော်မှီး၍ ခွဲနိုင်, ဖောက်နိုင် ဖျက်ဆီးနိုင်ကြကုန်၏၊ ထို့အတူ ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ရပါလို၏ဘုရား၊ ထို့အတူ ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ကြပါစေကုန်သတည်း။
.
အပြည့်အစုံပဋိစ္စသမုပ္ပါဒ်စက်ပုံစံ
ပါဠိတော်ပါဌ်အနက်နှင့် ကြောင်းကျိုးခွဲ
၁။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”။
အဝိဇ္ဇာပစ္စယာ၊ သစ္စာလေးတန်, (၄)
ပုဗ္ဗန္တ, အပရန္တ, ပုဗ္ဗန်ပရ, ပဋိစ္စ (၄)
ဟူသော ရှစ်ဌာန၌ တွေဝေသော အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ ပုညာဘိသင်္ခါရ, အပုညာဘိ သင်္ခါရ, အာနေဉ္စာဘိသင်္ခါရတို့သည်။
ဝါ၊ ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
.
သင်္ခါရဖြစ်ပုံ
၁။ အပါယ် ၄-ဘုံ၌ အပိဇ္ဇာကြောင့် သင်္ခါရ ၂၀-ဖြစ်သည်၊
၂၀-ကား - ကာမကုသိုလ်ကံ ၈-ခု, အကုသိုလ်ကံ ၁၂-ခု၊ ပေါင်း-၂၀၊
တနည်း - ပုညာဘိသင်္ခါရ-၈, အပုညာဘိသင်္ခါရ-၁၂၊ ပေါင်း-၂၀၊
တနည်းကား - ကာယသင်္ခါရ-၂၀, ဝစီသင်္ခါရ ၂၀-, စိတ္တသင်္ခါရ-၂၀၊ ပေါင်း-၂၀၊
(သုံးနည်း)။
၂။ ကာမသုဂတိ ၇-ဘုံ၌ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၉-ဖြစ်သည်၊
ကာမကုသိုလ်ကံ ၈ + ရူပကုသိုလ်ကံ ၅= ၁၃ (ပုညာဘိသင်္ခါရ)
အကုသိုလ်ကံ ၁၂ (အပုညာဘိသင်္ခါရ)
အရူပကုသိုလ်ကံ ၄ (အာနဉ္ဇာဘိသင်္ခါရ)
ကာယသင်္ခါရ ၂၀၊ ဝစီသင်္ခါရ ၂၀၊ စိတ္တသင်္ခါရ ၂၉။ ပေါင်း ၂၉။
၃။ ရူပ ဆယ်ဘုံ၌ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၇ –ဖြစ်သည်၊
ကာမကုသိုလ်ကံ ၈ + ရူပကုသိုလ်ကံ ၅= ၁၃ (ပုညာဘိသင်္ခါရ)
ဒေါသမူဒွေကြဉ် အကုသိုလ်ကံ ၁၀ (အပုညာဘိသင်္ခါရ)
အရူပကုသိုလ်ကံ ၄ (အာနဉ္ဇာဘိသင်္ခါရ)
ကာယသင်္ခါရ ၁၈၊ ဝစီသင်္ခါရ ၁၈၊ စိတ္တသင်္ခါရ ၂၇။ ပေါင်း ၂၇။
၄။ သုဒ္ဓါဝါသ ငါးဘုံ၌ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၂-ဖြစ်သည်၊
ကာမကုသိုလ်ကံ ၈ + ရူပကုသိုလ်ကံ ၅= ၁၃ (ပုညာဘိသင်္ခါရ)
ဒေါသမူဒွေ၊ ဒိဋ္ဌိဂတသမ္ပယုတ် ၄၊ ဝိစိကိစ္ဆာကြဉ်သော အကုသိုလ်ကံ ၅
(အပုညာဘိသင်္ခါရ)
အရူပကုသိုလ်ကံ ၅ (အာနဉ္ဇာဘိသင်္ခါရ)
ကာယသင်္ခါရ ၁၃၊ ဝစီသင်္ခါရ ၁၃၊ စိတ္တသင်္ခါရ ၂၂။ ပေါင်း ၂၂။
၅။ အရူပ ၄-ဘုံ၌ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၂-ဖြစ်သည်၊
ကာမကုသိုလ်ကံ ၈ (ပုညာဘိသင်္ခါရ)
ဒေါသမူဒွေကြဉ် အကုသိုလ်ကံ ၁၀ (အပုညာဘိသင်္ခါရ)
အရူပကုသိုလ်ကံ ၄ (အာနဉ္ဇာဘိသင်္ခါရ)
ကာယသင်္ခါရ မဖြစ်၊ ဝစီသင်္ခါရ မဖြစ်၊ စိတ္တသင်္ခါရ ၂၂။ ပေါင်း ၂၂။
.
မှတ်ချက်
[ရူပဘုံ အရူပဘုံ၌ (ဒေါသမူဒွေ ကြဉ်၍) အကုသိုလ် ၁၀-ခု ဖြစ်သည်၊
သုဒ္ဓါဝါသ ငါးဘုံ၌ (ဒေါသမူဒွေ, ဒိဋ္ဌိဂတသမ္ပယုတ်-၄, ဝိစိကိစ္ဆာ-၁ ကြဉ်၍)
ဒိဋ္ဌိဂတဝိပ္ပယုတ်- ၄, ဥဒ္ဓစ္စ-၁ - အားဖြင့် အကုသိုလ်ကံ ၅-ခုသာဖြစ်သည်၊
ကံအားဖြင့် ရူပကုသိုလ်ကံ ၅-ခု။ အရူပကုသိုလ်ကံ ၄-ခုသည် ကာယ၌ မဖြစ်၊ ဝစီ၌ မဖြစ်၊ ဘုံအားဖြင့် ရူပလေးဘုံသည် ကာယဒွါရ, ဝစီဒွါရ ဖြစ်ရာ မဟုတ်၊]
.
၂။ “သင်္ခါရပစ္စယာ ဝိညာဏံ”
သင်္ခါရပစ္စယာ၊ သင်္ခါရ ဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ပဋိသန္ဓေဝိညာဏ် ၁၉-ခု, ပဝတ္တိဝိညာဏ် ၂၃-ခုသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥဒ္ဓစ္စကြဉ်သော သင်္ခါရ ၂၈-ခုကြောင့် ပဋိသန္ဓေဝိညာဏ် ၁၉-ခုဖြစ်သည်၊
ဥဒ္ဓစ္စနှင့် တကွ သင်္ခါရ ၂၉-ခုလုံးကြောင့် ပဝတ္တိဝိညာဏ် ၃၂-ဖြစ်သည်။]
.
ပဋိသန္ဓေဝိညာဏ် ၁၉-ခု ဖြစ်ပုံ
မှတ်ချက်
[ပဋိသန္ဓေ ၁၉-သည် ရုပ်ပဋိသန္ဓေနှင့် ၂၀-ဖြစ်၏၊ ပဉ္စမဈာန် ကုသိုလ်ကံသည် ထိုအသညသတ်ဘုံ၌ မဖြစ်၊ ကာမသုဂတိဘုံ၌ ဖြစ်ခဲ့ပြီးသော ကံ ဖြစ်၏။]
.
ပဝတ္တိဝိညာဏ် ၃၂-ခု ဖြစ်ပုံ
မှတ်ချက်
[အကုသလဝိပါက် ၇-ခု, အဟိတ်ကုသလဝိပါက် ၈-ခုတို့တွင် ရူပဘုံတို့၌ ဃာန, ဇိဝှါ, ကာယ ဟူသော ဝိညာဏ်သုံးခုကို၊ ဝါ-ဃာနာဒိတ္တယကို ကြဉ်သည်၊ ထို့ကြောင့် ၄-ခုနှင့် ၅-ခု ဖြစ်သည်။]
.
၃။ “ဝိညာဏပစ္စယာ နာမရူပံ”
ဝိညာဏပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမရူပံ၊ နာမ်သည်၎င်း, ရုပ်သည်၎င်း, နာမ်ရုပ်သည်၎င်း၊
သမ္ဘဝတိ၊ ဖြစ်၏။
.
၄။ “နာမရူပပစ္စယာ သဠာယတနံ”
နာမရူပပစ္စယာ၊ နာမ်, ရုပ် နာမ်ရုပ်ဟူသော အကြောင်းကြောင့်။
သဠာယတနံ၊ စက္ခာယတန သောတာယတန, ဃာနာယတန ဇိဝှါယတန, ကာယာယတန, မနာယတန ဟူသော ခြောက်ပါးသော အာယတနသည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
နာမ်ရုပ်နှင့် သဠာယတန ဖြစ်ပုံ
မှတ်ချက်
[အသညသတ်တဘုံ၌ ပဉ္စမဈာန် ကံဝိညာဏ်တခုသည် ထိုဘုံ၌ ဖြစ်သည် မဟုတ်၊ ကာမသုဂတိဘုံ၌ ထိုကံဝိညာဏ်တခု ဖြစ်ခဲ့ပြီ၊ ထိုကံ ဝိညာဏ်ကြောင့် ဤ အသညသတ်ဘုံ၌ ရုပ်သာ လာဖြစ်သည်၊
ဝိပါက်ဝိညာဏ်, ကံဝိညာဏ် ဟု ဝိညာဏ်နှစ်မျိုး သိရမည်၊ လောကီကုသိုလ်, အကုသိုလ်စိတ် ၂၉-ခုသည် ကံဝိညာဏ် မည်၏၊ ဘဝဂါပိကံ ၂၉-ခုလည်း မည်၏။]
.
၅။ “သဠာယတနပစ္စယာ ဖဿော”
သဠာယတနပစ္စယာ၊ သဠာယတန ဟူသော အကြောင်းကြောင့်၊
ဖဿော၊ စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ ဟူသော ခြောက်ပါးသော ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
၆။ “ဖဿပစ္စယာ ဝေဒနာ”
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ စက္ခုသမ္ဖဿဇာဝေဒနာ,
သောတသမ္ဖဿဇာဝေဒနာ,
ဃာနသမ္ဖဿဇာ ဝေဒနာ,
ဇိဝှါသမ္ဖဿဇာ ဝေဒနာ,
ကာယသမ္ဖဿဇာ ဝေဒနာ,
မနောသမ္ဖဿဇာ ဝေဒနာ ဟူသော ခြောက်ပါးသော ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
၇။ “ဝေဒနာပစ္စယာ တဏှာ”
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ ဟူသော ခြောက်ပါးသော တဏှာသည်။
ဝါ၊ ကာမ တဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ (သုံးပါး)သည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
၈။ “တဏှာပစ္စယာ ဥပါဒါနံ”
တဏှာပစ္စယာ၊ တဏှာ ဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန် ဟူသော လေးပါးသော ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်ဖြစ်ပုံ
မှတ်ချက်
[သုဒ္ဓါဝါသငါးဘုံ၌ အနာဂါမ်, ရဟန္တာတို့သာ ရှိကုန်၏၊ အနာဂါမ်အား ကာမရာဂ မရှိ၊ ကာမုပါဒါန် ရှိသေးသည်ဟု အဋ္ဌသာလိနီနိက္ခေပကဏ္ဍ၌ ဆိုသည်၊ ဝေဒနာကြောင့် ကာမဘုံ၌ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးလုံး ဖြစ်သည်၊ ရူပဘုံ, အရူပဘုံ၌ ကာမတဏှာ မဖြစ်၊ ဘဝဘဏှာ, ဝိဘဝတဏှာနှစ်ပါး ဖြစ်သည်။ သုဒ္ဓါဝါသ ငါးဘုံ၌ ထိုတဏှာသုံးပါးလုံး မဖြစ်၊ ဝါ-ဒိဋ္ဌိနှင့်ယှဉ်သောတဏှာ မဖြစ်၊ ရူပဘ၀ အရူပဘ၀ ဟူသော ဥပပတ္တိဘဝကို၎င်း, ဈာန်ဟူသော ကမ္မဘဝကို၎င်း။ တပ်သော ဘဝါသဝမည်သော ဘဝရာဂ - ဘဝတဏှာကား ဖြစ်၏။
စက္ခာယတန တပါးကြောင့် စက္ခုသမ္မဿတပါး ဖြစ်သည်။
၎င်းကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာတပါး ဖြစ်သည်။
၎င်းကြောင့် ရူပတဏှာတပါး ဖြစ်သည်။
ရူပတဏှာ တပါးကြောင့် ဥပါဒါန်လေးပါး ဖြစ်သည်ဟူ၍လည်း စွဲဆိုနိုင်ရသည်၊
ဥပါဒါန်ကို တခုစီ မခွဲနှင့်။
.
၉။ “ဥပါဒါနပစ္စယာ ဘဝေါ”
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ကမ္မဘဝ, ဥပပတ္တိဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
၁ဝ။ “ဘဝပစ္စယာ ဇာတိ”
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဝါ၊ ကမ္မဘဝကြောင့်။
ဇာတိ၊ ရုပ်ဇာတိ နာမ်ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
[ဥပပတ္တိဘဝကား ဇာတိ၌ ဝင်သည်၊]
.
ဘဝနှင့် ဇာတိဖြစ်ပုံ
မှတ်ချက်
[အရူပ ၄-ဘုံ၌ ဥပပတ္တိဘဝ ၄-ပါး ရှိသည်၊ ဘုံတိုင်း အသီးသီးကား သုံးပါးစီသာ ရှိသည်၊ ဥပပတ္တိဘဝသည် အနာဂတ် အကျိုးဇာတိ၌ ဝင်သည်၊ ပဉ္စမဈာန်ဘဝဂါမိကံ တခုသည် ကာမသုဂတိ၌ ဖြစ်သည်၊ အသညသတ်၌ မဖြစ်။]
.
၁၁။ “ဇာတိပစ္စယာ ဇရာမရဏံ”
ဇာတိပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ ရုပ်ဇရာမရဏ, နာမ်ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
.
“သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ”
သောက၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်ဆင်းရဲခြင်း။
ဒေါမနဿ၊ စိတ်ဆင်းရဲခြင်း။
ဥပါယာသာ၊ ပြင်းစွာပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
.
ဇရာ မရဏ, သောကစသည် ဖြစ်ပုံ
[မှတ်ချက်။ ။ ရူပဘုံ, အရူပဘုံတို့၌ သောက,ပရိဒေဝ စသည်တို့ မဖြစ်ကုန်။]
.
“ဝေမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”
ဧဝံ၊ ဤသို့ အကြောင်းအဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့် မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာဖြစ်၏။
ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူနတ် မဖြစ်၊ မမြဲသော, ဆင်းရဲသော, ဖောက်ပြန်ပျက်စီး တတ်သော (ငါ့ကိုယ် ငါ့ဟာ ငါဟု ရှုခြင်းငှာ မသင့်သော) ရုပ်,နာမ် သဘောတရား တို့သာ ဖြစ်ကုန်၏။
.
ထင်ရှား ပြဓာန်းသော အကြောင်းတရား
ပဋိစ္စသမုပ္ပါဒ် ဒေသနာ ပါဠိတော် သက်သက်မှာတော့ -
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊
သင်္ခါရပစ္စယာ ဝိညာဏံ၊
ဝိညာဏပစ္စယာ နာမရူပံ၊
နာမရူပပစ္စယာ သဠာယတနံ၊
သဠာယတနပစ္စယာ ဖဿာ၊
ဖဿပစ္စယာ ဝေဒနာ၊
ဝေဒနာပစ္စယာ တဏှာ၊
တဏှာပစ္စယာ ဥပါဒါနံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊
ဘဝပစ္စယာ ဇာတိ၊
ဇာတိပစ္စယာ ဇရာ မရဏံ။ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿု-ပါယာသာ သမ္ဘဝန္တိ၊
ဧဝ မေတဿ ကေဝလဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
[သည်မှာ အနက်မပေးသော်လဲ ပေးနိုင်သောဉာဏ်ရှိအောင် ဆင်ခြင်ကြပါ၊]
၁။ ဤပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မြတ်မှာ အကြောင်းပြုတာ ဝတ္ထု၊ ၆-ပါး, အာရုံ ၆-ပါး စသည်ဖြင့် အကြောင်းတရား များစွာ ရှိပါတယ်၊ အဝိဇ္ဇာ သင်္ခါရစသော တခု တခုကိုသာ အကြောင်းတရားဟု ဟောခြင်းဟာ သင့်ပါမလားဟု မေးခွန်း ထုတ်သင့် ပါတယ်။
အဖြေကတော့ -
ထင်ရှားခြင်းကြောင့်၎င်း, ပြဓာန်းခြင်းကြောင့်၎င်း, (ဘုရား-ရဟန္တာတို့နှင့် မဆက်ဆံ ခြင်းကြောင့်၎င်း) အကြောင်းကိုသာ ဟောခြင်းဖြစ်၍ သင့်တယ်လို့ မှတ်ရမတဲ့။
ချဲ့ပြောရလျှင်-
ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်၊ ဤပုဂ္ဂိုလ် ၄-ယောက်မှာသာ အဝိဇ္ဇာ-အမိုက် ရှိသောကြောင့် ကုသိုလ်, အကုသိုလ် စေတနာဆိုတဲ့ သင်္ခါရ-ဖြစ်ပေါ်ပါတယ်၊ ယခု လူတွေမှာလဲ အဝိဇ္ဇာအမိုက် အမြဲရှိနေပါတယ်၊ ရဟန္တာမဖြစ်ဘဲ မြေကြီးပေါ်က ယုန်ကလေး လွတ်ကင်းသွားအောင် ခုန်သလို မလွတ်ကင်းနိုင်ပါဘူးလို့ သိထားကြပါ၊ ဘုရား ရဟန္တာ, ပစ္စေကဗုဒ္ဓါ၊ ဤပုဂ္ဂိုလ် ၃-ယောက်မှာတော့ အဝိဇ္ဇာအမိုက် လုံးလုံး မရှိပါ၊ ကုသိုလ်, အကုသိုလ် စေတနာဆိုတဲ့ သင်္ခါရလဲ မဖြစ်နိုင်တော့ပါ၊ ကုသိုလ်, အကုသိုလ်အစား ကြိယာဆိုတာသာ ဖြစ်ပါတယ်၊ သင်္ခါရလဲ မဟုတ်ပါဘူးတဲ့၊
ကုသိုလ်, အကုသိုလ်ဆိုတာဟာ သင်္ခါရဖြစ်နေသောကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်အောင် ဒုက္ခအမျိုးမျိုးကို ပေးနိုင်ပါတယ်၊ ကြိယာ ဆိုတာကတော့ သင်္ခါရ မဟုတ်လို့ ပဋိသန္ဓေဝိညာဏ်ကို မဖြစ်စေနိုင်ပါဘူး၊ ဒုက္ခအမျိုးမျိုးကိုလဲ မပေးပါဘူး။
မေး။ ။ သည်တော့ ကုသိုလ်, အကုသိုလ် သင်္ခါရ ဖြစ်နိုင်တာ အဝိဇ္ဇာ အမိုက်ရှိလို့ ဟု မထင်ရှားဘူးလား။
ဖြေ။ ။ အဝိဇ္ဇာသာ ထင်ရှားပါတယ်။
မေး။ ။ အဝိဇ္ဇာအမိုက်ရှိပါမှ ကုသိုလ်, အကုသိုလ်သင်္ခါရ ဖြစ်တယ်လို့ လိုရင်းဖြစ်၍ မပြဓာန်းဘူးလား။
ဖြေ။ ။ သင်္ခါရဖြစ်တဲ့ နေရာမှာ အဝိဇ္ဇာသာ လိုရင်းဖြစ်လို့ ပြဓာန်းပါတယ်။
အဝိဇ္ဇာအမိုက်နဲ့ လုံးလုံးမဆက်ဆံတဲ့ ဘုရား, ရဟန္တာ, ပစ္စေကဗုဒ္ဓါ သုံးယောက် မှာတော့ ကုသိုလ်, အကုသိုလ် သင်္ခါရဟာ လုံးလုံးမဖြစ်ပါဘူး၊ အဝိဇ္ဇာ-အမိုက်နဲ့ ဆက်ဆံတဲ့ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ် လေးယောက်မှာဘော့ ကုသိုလ်, အကုသိုလ်သင်္ခါဟာ ဖြစ်နိုင်ပါတယ်။
မေး။ ။ သည်တော့ ဒီ-အဝိဇ္ဇာဆိုတဲ့ အမိုက်ဟာ ဘုရား, ရဟန္တာတို့နှင့် ဆက်ဆံသော အကြောင်း ဖြစ်ပါ့မလား။
ဖြေ။ ။ မဆက်ဆံသောအကြောင်းသာ ဖြစ်ပါတယ်။
ဒီလို ကုသိုလ်, အကုသိုလ်-သင်္ခါရဖြစ်တဲ့ ပုဂ္ဂိုလ် ၄-ဦးလုံးမှာ အဝိဇ္ဇာသာ ထင်ရှားသော အကြောင်းလဲ ဖြစ်တယ်၊ လိုရင်း ပြဓာန်းသော အကြောင်းလဲ ဖြစ်တယ်၊ (အဝိဇ္ဇာကင်းသော ဘုရား, ရဟန္တာတို့နှင့် မဆက်ဆံသော အကြောင်းလဲ ဖြစ်တယ်၊) ဒါကြောင့် အဝိဇ္ဇာတဦးတည်းကိုမှ ခေါင်းခေါက်ပြီး “အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ”လို့ ဟောပါသတဲ့၊ ဒီမှာ ယခုလူတွေမိုက်လို့ ကုသိုလ်ပြုတယ် ဆိုတာ မခံနိုင် မရှိသင့်ပါဘူး၊ အဟုတ်အမှန် ဖြစ်နေပါတယ်။
၂။ သင်္ခါရဆိုဘာ လောကီကုသိုလ်, အကုသိုလ် စေတနာ ဖြစ်ပါတယ်၊ ဘဝတိုင်းမှာ ပဋိသန္ဓေဝိညာဏ် ဖြစ်အောင်၎င်း, ပဝတ္တိဝိညာဏ် ဖြစ်အောင်၎င်း ဇနကသတ္တိနဲ့ အကျိုးပေးနေပါဘယ်၊ ဒါကြောင့် ထင်ရှားသော အကြောင်းလဲ ဖြစ်တယ်၊ လိုရင်းပြဓာန်းသော အကြောင်းလဲ ဖြစ်တယ်၊ (ကုသိုလ်, အကုသိုလ်ကို စွန့်ပစ်လိုက်တဲ့ ဘုရား, ရဟန္တာတို့နှင့် မဆက်ဆံသော အကြောင်းလဲ ဖြစ်တယ်။)
ဇာတိချောက်, ဇရာချောက်, မရဏချောက် သောက ပရိဒေ၀ - စသော ချောက်ထဲသို့ ဘဝအဆက်ဆက် ချောက်ကျစေတတ်တဲ့ ကုသိုလ်, အကုသိုလ် သင်္ခါရတွေကို ပုထုဇဉ်နဲ့ သေက္ခတွေ ပြုနေကြတယ်လို့လဲ မိန့်ဆို ဟောကြားပါတယ်၊ သေက္ခဆိုတာ သောတာပန်, သကဒါဂါမ်, အနာဂါမ်တဲ့၊ ဒါကြောင့် သင်္ခါရကို ခေါင်းခေါက်ပြီး-“သင်္ခါရပစ္စယာ ဝိညာဏံ”လို့ ဟောပါတယ်။
ဒီနေရာမှာ ပုထုဇဉ်နှင့် သေက္ခတို့ဘက်သို့ လိုက်ပြီး ပြောပါဦးမယ်၊ ကုသိုလ်ဆိုတာ ဝဋ်ဆင်းရဲ အပြစ်မကြောက်တဲ့ ဝဋ္ဋနိဿိတသာ သံသရာ ချောက်သို့ ကျစေပါတယ်၊ ဝဋ်ဆင်းရဲအပြစ် ကြောက်၍ လွတ်လိုသော ဝိဝဋ္ဋနိဿိတ ဖြစ်လျှင်တော့ သံသရာ ချောက် ကျရပေမဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ဆက်သွယ်နိုင်ပါသေးတယ်၊ ကြောက်ရွံ့စရာ ဆင်ကောင်ပုပ်လို ပုပ်စော်နံပေမဲ့ ကမ်းပါးရောက်အောင် ယက်သွားနိုင်တဲ့အတွက် ပုထုဇဉ်နဲ့ သေက္ခတို့ဟာ ဝဋ်ဆင်းရဲ ကြောက်တဲ့ ပိဝဋ္ဋနိဿိတ ကုသိုလ်ဖြစ်အောင် ပြုထိုက်ပါသတဲ့။
၃။ ဝိညာဏ်ဆိုတာကတော့ ပဋိသန္ဓေစိတ်, လောကီဝိပါက်စိတ် ဖြစ်ပါတယ်၊ ထို ဝိညာဏ်စိတ်ဖြစ်မှဖြင့် ထိုစိတ်ထောက်ပံ့လို့ စေတသိက် နာမ်ရယ် ကမ္မဇရုပ်ရယ်-ဖြစ်ရပါသတဲ့၊ ထင်ရှားတာ ပြဓာန်းတာတော့ မပြောပါနှင့်၊ အထင်ရှားဆုံး အပြဓာန်းဆုံးသာ ဖြစ်ပါတယ်၊ ဒါကြောင့်-ဝိညာဏ်တခုတည်း ခေါင်းခေါက်၍ “ဝိညာဏပစ္စယာ-နာမရူပံ” လို့ ဟောပါတယ်၊ ဒီမှာ စိတ်ဟာ နာမ်ဖြစ်သော်လဲ အကြောင်းဝိညာဏ်ဖြစ်၍ အကျိုးနာမ်၌ မဟောဘူး လို့ မှတ်ရမတဲ့၊ ထို့ပြင်လဲ အသညသတ်ဘုံအတွက် ရုပ်သက်သက် ဖြစ်စေဘို့ ကံဝိညာဏ်ကိုလဲ ယူရပါသေးတယ်။
၄။ ထိုနာမ်နှင့် ထိုရုပ်ဟာ တွဲမိလို့ ငြိမ်ငြိမ်မနေပါဘဲ ဖဿ ၆-ပါး၊ တွေ့ထိခြင်းဖြင့် ဝင်လာအောင် စက္ခာယတန စသော သဠာယတန ၆-ပါး၊ မျက်စိ နား စသော တံခါး မကြီး ၆-ပေါက်ကို ဖောက်၍ ဖွင့်ပေးပါတယ်၊ နာမ်နှင့်ရုပ် မတွဲမိလျှင် သဠာယဘန-တံခါးမကြီး ၆-ပေါက် ဖွင့်မပေးနိုင်ပါဘူး၊ ဒီလို တံခါးဖွင့်ပြီး လက်ထောက်ချတတ်လို့ နာမ်ရုပ်ကို ခေါင်းတယ်ပြီး “နာမရူပ ပစ္စယာ သဠာယတနံ” လို့ ဟောပါတယ်။
၅။ သဠာယတနဟူသော တံခါးမကြီးတွေ ပွင့်နေတာနဲ့ ရူပါရုံ, သဒ္ဒါရုံ စသော အာရုံ ၆-ပါး- ထားပြ ၆-သင်းဟာ ဝင်လာပြီး ထားပြတိုက်ကြ၊ ထိခိုက်ကြပါတယ်၊ စက္ခုမှာ တိုက်ခိုက်တဲ့ ရူပါရုံ, သောတမှာ တိုက်ခိုက်တဲ့ သဒ္ဒါရုံတို့ကတော့ အချင်းချင်း အနီး မကပ်ရောက်ဘဲ ထိအောင် တိုက်ခိုက်ကြတယ်၊ ဃာနမှာ ဂန္ဓာရုံ, ဇိဝှါမှာ ရသာရုံ, ကာယမှာ ဖောဋ္ဌဗ္ဗာရုံတို့ကကော့ အချင်းချင်း အနီးကပ်ရောက်၍ ထိအောင် တိုက်ခိုက်ကြပါတယ်၊ မနောမှာ တိုက်ခိုက်တဲ့ ဓမ္မာရုံလဲ အနီးကပ်တာ မမြင်ရဘဲ ထိအောင် တိုက်ခိုက်ကြပါတယ်၊ ထိတာတွေကို စက္ခုသမ္ဖဿ စသည်ဖြင့် ၆-မျိုးပြား ခေါ်ပါတယ်၊ ဒါကြောင့် ထားပြဝင်နိုင်အောင် ထင်ရှားတဲ့ သဠာယတန-တံခါးမကြီး ၆-ပေါက် ပွင့်နေတာကိုကြည့်ပြီး “သဠာယတနပစ္စယာ ဖဿော”လို့ ဟောပါတယ်။
၆။ ဖဿကလဲ အာရုံအကောင်းစား ထိခြင်း, အလတ်စား ထိခြင်း အညံ့စားထိခြင်း ရယ်လို့ သုံးမျိုးပြားပါတယ်၊ တမျိုးမျိုးထိမှဖြင့် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာ ဝေဒနာရယ်လို့ ဝေဒနာသုံးပါး-တပါးပါး ခံစားခြင်းကို ဖြစ်စေပါဘယ်၊ တနည်း တော့လဲ တံခါးမကြီး ၆-ပေါက်က ဖဿ ၆-မျိုးကို အကြောင်းပြု၍ စက္ခုသမ္ဖဿဇာ-ဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့် ဝေဒနာ ၆ မျိုး ဖြစ်စေပါတယ်၊ ထိလို့ခံစားတာ ကိန်းသေမုချပါဘဲတဲ့၊ ကလေးနို့စို့အထိ သိသာ ထင်ရှားပါတယ်၊ ဒါကြောင့် ဖဿတခုတည်းကို ဒင်းကြောင့်ဟု ထိပ်ခေါက်ပြီး “ဖဿပစ္စယာ ဝေဒနာ” လို့ ဟောပါတယ်။
၇။ ဝေဒနာဟာ အာရုံအကောင်းစား, အလတ်စားကို ခံစားရလျှင်ဖြင့် တပြုံးပြုံးနဲ့ စုံမက်စွာတဏှာကို ဖြစ်စေတယ်၊ အာရုံအညံ့စားကို ခံစားရတော့ တမဲ့မဲ့နဲ့ ဒီတဏှာ သေတော့မှာဘဲလို့ ထင်ရတယ်၊ သို့ပေမဲ့ အညံ့စား တွေ့လေလေ အကောင်းစား စိတ်ကူးလေလေမို့ မသေပါဘူး၊ စိတ်ကူးယဉ်တဲ့ တဏှာပါ၊ လှမ်းပြီး တောင့်တတဲ့ တဏှာပါ၊ ဘုရားလေးဆူအကြား အစာ မစားရတဲ့ ဆွေတော်, မျိုးတော် ပြိတ္တာ တွေဟာ ဘယ်တော့မှ စားကြရမလဲလို့ လှမ်းပြီး တောင့်တကြတယ်၊ မသေပါဘူး၊ အသက်ရှည်ရှည်, အနာကင်းဘို့ အာယုဝဍ္ဎန ဆေးတမျိုး ရှိနေကြဘယ်လို့ ဆိုသင့်ပါတယ်၊ ဒီတဏှာသဘောဟာ အကောင်းတွေ့တော့ သာယာတယ်၊ အလတ် တွေ့တော့ သာယာတယ်၊ အညံ့တွေ့တော့ လှမ်း၍ အကောင်း တောင့်တတယ်၊ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာလို့လဲ ၃-ပါးပြားတယ်၊ အာရုံ ၆-ပါး ကာလ ၃-ပါး သန္တာန် ၂-ပါးနှင့်တော့ တဏှာအစစ် ၁၀၈-ဖြစ်တယ်၊ တဏှာဖြစ်တိုင်း ဖြစ်တိုင်း ဟာ ဝေဒနာ ခံစားသောကြောင့် ချည်းဘဲတဲ့၊ ဝေဒနာဟာ တစ်- တရားခံအစစ် ဖြစ်တယ်လို့ ဝေဒနာကို နာနာထိပ်ခေါက်ပြီးတော့ “ဝေဒနာ ပစ္စယာ တဏှာ” လို့ ဟောပါတယ်။
မေး။ ။ ဒီမှာ ဝေဒနာကြောင့် တဏှာဖြစ်တယ်ဆိုတာ သတ္တဝါတိုင်းမှာပင် ဖြစ်သလား တဲ့။
အဖြေကတော့ - ဘုရား ရဟန္တာ, ပစ္စေကဗုဒ္ဓါများမှာ ဝေဒနာဖြစ်သော်လဲ တဏှာ မဖြစ်ဘူးတဲ့၊ ပုထုဇဉ်ထဲကပေမယ်လို့ ဘုရားစကား နားထောင်ပြီး ယောနိသော-မနသိကာရ နှလုံးသွင်းကောင်းတဲ့ သူဟာ ဝေဒနာဖြစ်ပေမဲ့ တဏှာ မဖြစ်ဘူး၊ တဏှာ မဖြစ်တော့ ဘဝစက် ပျက်၍ ပဋိစ္စသမုပ္ပါဒ်ထွက်လမ်း ဖြစ်ပေါ်လာပါတယ်။
ဒါကြောင့် ယောနိသောမနသိကာရရှိအောင် မွေးကြပါ၊ ဘယ်အာရုံ တွေ့တွေ့ လောဘ, ဒေါသ, မောဟ မဖြစ်ရအောင် ကုသိုလ်, သဒ္ဓါ, သတိ ပညာ, ခန္တီဖြစ်လာအောင် မွေးကြပါ၊ စိတ်ပြုပြင်မယ်လို့ နှလုံးသွင်းကြပါဟု ဆိုလိုပါတယ်။
၈။ တဏှာဟာ နှစ်သက်ဖန်များလျှင် စွဲလမ်းခြင်း-ဥပါဒါန် ဖြစ်လာပါတယ်၊ ဖြစ်ပုံ ကတော့ ငါးပါးအာရုံ ကာမဂုဏ်ကို တဏှာနှစ်သက်ခြင်း များလာလျှင် ကာမဂုဏ်ကို မျိုသောက်လိုက်သကဲ့သို့ ဖြစ်တယ်၊ ဒီတော့ ကာမုပါဒါန် စွဲ၍ ချိတ်နေပြီ၊ တဏှာ အကြောင်းခံပြီးလျှင် အလှူဒါနဆိုတာ အကျိုးမရှိ၊ ကာမေသု-အပြစ်မရှိ စသည်ဖြင့် အယူယူလိုက်တော့ ဒိဋ္ဌပါဒါန်စွဲ၍ ချိတ်ပြန်ပြီ၊ တဏှာအကြောင်းခံ၍ နွား ခွေးစသော တိရစ္ဆာန် အကျင့်ဖြင့် မတ်တတ်စားကာ, လေးဘက်သွားကာ ခြိုးခြံရလျှင် သံသရာမှ လွတ်လတ္တံ့ ဟု စွဲလမ်းတော့ သီလဗ္ဗတုပါဒါန်စွဲ၍ ချိတ်ပြန်ပြီ၊ ဒါကြောင့် တဏှာကို လက်ညှိုး ထိုးပြီး “တဏှာပစ္စယာ ဥပါဒါနံ” လို့ ဟောပါတယ်။
၉။ ဥပါဒါန်ဆိုဘဲ့တရားဟာ စွဲလမ်းမှဖြင့် ရချင်, ရောက်ချင်လွန်းလို့ မေး၍၎င်း, တွေး၍၎င်း စိတ်ထင်ရာ ကုသိုလ်, အကုသိုလ် တခုခုကို အားထုတ်ပါတယ်၊ ထို ကုသိုလ်, အကုသိုလ်ဟာ အကြောင်းကမ္မဘဝ မည်ပါတယ်၊ ကမ္မဘဝ အကြောင်း ခံ၍ ကာမဘဝ, ရူပဘဝစသော ဘဝကြီးကိုးပါးရယ်လို့ ပဋိသန္ဓေ သဘောတွေ ဖြစ်လာပါတယ်၊ ဒီ-ဘဝကြီးကိုးပါးဟာ ပဋိသန္ဓေ သဘောတွေ ဖြစ်နေလို့ အကျိုး ဥပပတ္တိဘဝလဲ မည်ပါတယ်၊ ထိုကမ္မဘဝနှင့် ဥပပတ္တိဘဝဆိုတဲ့ ဘဝနှစ်ခုလုံးဟာ ဥပါဒါန် စွဲလမ်းမိတဲ့အတွက်ပါဘဲ၊ ဒါကြောင့် ဥပါဒါန်ကို နင့်ကြောင့်ဟု လက်ညှိုးထိုးပြီး “ဥပါဒါနပစ္စယာ ဘဝေါ”လို့ ဟောပါတယ်။
၁၀။ ဘဝထဲမှ ခွဲထွက်တဲ့ ကမ္မဘဝဆိုတဲ့ ကုသိုလ်, အကုသိုလ်ကို ပြုမိမှဖြင့် ဘဝထဲမှခွဲထွက်တဲ့ ဥပပတ္တိဘဝဟူသော ဘဝကြီးကိုးပါးလဲခေါ်, ဇာတိလဲ ခေါ်တဲ့ ပဋိသန္ဓေသဘောတွေ ဖြစ်လာပါတယ်၊ ဥတု, အစာ, မိဘသွေးသား တူတဲ့ အမွှာပူး ပင်ဖြစ်စေ အယုတ်, အမြတ်တော့ ကွဲပြားတယ် မဟုတ်လား၊ အဲဒါ ကံမတူလို့ ကွဲပြား တာ ဖြစ်ပါသတဲ့၊ ဒီ ပဋိသန္ဓေ-ဇာတိဒုက္ခ တွေ့ရ ခြင်းဟာ မျိုးစေ့မှ အပင်ပေါက်သလို ကမ္မဘဝမှ ပေါက်ပွားတယ်လို့ ချိန်ရွယ်ပြီး “ဘဝပစ္စယာ ဇာတိ”လို့ ဟောပါတယ်။
၁၁။ ဇာတိ-ဖြစ်ခြင်းရှိလျှင် ဇရာမရဏ-ရင့်ခြင်း, ပျက်ခြင်း ဖြစ်ရတာ မြေကြီး လက်ခတ်မလွဲ ဧကန်ပါဘဲတဲ့၊ ဒါကြောင့် ထင်ရှား ပြဓာန်းသော ဇာတိကို ခေါင်းခေါက်ပြီး “ဇာတိပစ္စယာ ဇရာမရဏံ” လို့ ဟောပါတယ်၊ ဒီနေရာမှာ ရန်သူ သုံးယောက်လို ရှုရမတဲ့၊ ဇာတိရန်သူက သတ္တဝါတို့ကို တဘဝမှ တဘဝ တောထဲ ရောက်အောင် ချော့ခေါ်ဘယ်၊ ဧရာရန်သူက တောထဲမှာ မထနိုင်ဘဲ လဲနေအောင် ရိုက်တယ်၊ မရဏရန်သူက လဲနေတဲ့သူကို လည်ပင်းဖြတ်တယ်၊ ဤသို့ ရှုရမတဲ့၊ ဤသို့ အဝိဇ္ဇာ, သင်္ခါရစသော အကြောင်းတရားတို့ ဖြစ်လျှင် သင်္ခါရ, ဝိညာဏ် စသောအကျိုးတို့ ဧကန်ဖြစ်လေ့ရှိတာကို ပဋိစ္စသမုပ္ပါဒ်နည်းလို့ ခေါ်ပါတယ်။
သောက- စိုးရိမ်ခြင်း, ပရိဒေဝ-ငိုကြွေးခြင်းဆိုတဲ့ ငိုကြွေးသံ, ဒုက္ခ-ကိုယ်နာခြင်း, ဒေါမနဿ-စိတ်နာခြင်း, ဥပါယာသ-ပြင်းစွာပင်ပန်းခြင်း ဟူသော ဒေါသ ဤတရား ငါးပါးကတော့ ဇာတိကြောင့်လဲ ဖြစ်တယ်၊ ဇရာကြောင့်လဲ ဖြစ်တယ်၊ မရဏကြောင့်လဲ ဖြစ်တယ်၊ သည့်ပြင်ဒုက္ခကြောင့်လဲ ဖြစ်တယ်၊ ဗြဟ္မာဘုံမှာတော့ ငါးပါးလုံး မဖြစ်ပါဘူး၊ ဒီလို ဇာတိဟာ ထင်ရှားသော အကြောင်းလဲ မဟုတ်၊ ပြဓာန်းသောအကြောင်းလဲ မဟုတ်၊ သောကစသည် တို့ဟာ ဇာတိကျိုးလဲ ဧကန် မဟုတ်၊ ဇရာကျိုးလဲ ဧကန် မဟုတ်၊ ဘယ်သူ့အကျိုးမှ ဧကန်မဟုတ်လို့ အင်္ဂါထဲမှာ ထည့်၍ မရေတွက်ရဘူးတဲ့၊ ဒီအဓိပ္ပာယ်ဖြင့် “သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ”လို့ ဆက်ဟော ပါတယ်၊ ဒီလိုဆက်ဟောတာ နုပျိုလို, အသက်ရှည်လိုသော အာသဝကြောင့် အဝိဇ္ဇာရှိသူတို့မှာ ဖြစ်လို့ ဆက်ဟောပါတယ်၊ တနည်းတော့ ထိုတရားငါးပါး ဖြစ်လာ လျှင် ထိုသူမှာ အဝိဇ္ဇာရှိတယ်လို့ သိဘို့ ဆက်ဟောပါတယ်။
ဒီလိုအကြောင်းတွေ အဆက်ဆက်ကြောင့် အကျိုးတွေ အဆက်ဆက် ဖြစ်၍ ဝဋ်ဆင်းရဲ တွေသာ ဆက်နေတာ ထင်ရှားပါတယ်၊ ချမ်းသာခြင်း, တင့်တယ် ခြင်း, ငါ, သူတပါး, ငါ့ကိုယ်, ငါ့ဥစ္စာ, သူ့ကိုယ်, သူ့ဥစ္စာတို့နှင့် ရောယှက်တာ မထင်ရှားပါဘူး၊ ဗြဟ္မာ, ဗိဿနိုး-တယောက်ယောက် ဖန်ဆင်းတယ်ဆိုတာလဲ စကားသာ ရှိတယ်၊ ထင်ရှားတာ မဟုတ်ပါဘူး၊ ဒါကြောင့် “ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ”လို့ အဆုံးသတ် ဟောပါတယ်။
ဒီလို အကျိုးဝဋ်ဒုက္ခတွေ အဆက်ဆက် ဖြစ်နေတာကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်၊ အကြောင်းတွေ ဆက်နေတာတော့ သမုဒယသစ္စာလို့ ခေါ်ပါ တယ်၊ ပဋိစ္စသမုပ္ပါဒ်မှာ ဒုက္ခ, သမုဒယတွေ မထင်ရှားဘူးလား၊ ထင်ရှားပါတယ်၊ ထိုဝဋ်ဒုက္ခထဲမှ အဝိဇ္ဇာနဲ့ တဏှာသေလို့ ဝဋ်ဒုက္ခ ဆက်မဖြစ်ရာ နိဗ္ဗာန်ကို နိရောဓသစ္စာလို့ ခေါ်ပါတယ်၊ ထိုနိရောဓသို့ ရောက်ကြောင်း ဖြစ်သော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ သမ္မာဝါယာမ, သမ္မာသတိ သမ္မာသမာဓိ ဟူသော မဂ္ဂင်ရှစ်ပါး ကုသိုလ်တရားကို မဂ္ဂသစ္စာလို့ ခေါ်ပါတယ်၊ ဤသို့ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် သစ္စာလေးပါး ဆက်သွယ်အောင် မပြတ်ဆင်ခြင်လျက် ကျင့်ကြံကြိုးကုတ် အားထုတ်ပြီးလျှင် မဂ်, ဖိုလ်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သူတို့ ဖြစ်ကြပါစေကုန် သတည်း၊
.
၃၁-ဘုံပုံစံ
ဘုံသရုပ်ခွဲ
၃၁-ဘုံကား-အပါယ် ၄-ဘုံ, ကာမသုဂတိ ၇-ဘုံ, ဝေဟပ္ဖိုလ်အထိ ၁၀-ဘုံ, အသညသတ် ၁-ဘုံ, သုဒ္ဓါဝါသ ၅-ဘုံ၊ အရူပ ၄-ဘုံ၊ ပေါင်း ၃၁။
[အပါယ် ၄-ဘုံကား ... စသည်ဖြင့် ဘုံစဉ်ကြည့်၍ ဖော်ဆိုနိုင်စေမည်၊ ဉာဏ်ရှိ, မရှိ သိရလတ္တံ့။
တနည်း
ကာမ ၁၁-ဘုံ, ရူပ ၁၆-ဘုံ, အရူပ ၄-ဘုံ၊ ပေါင်း ၃၁။
[မိမိဉာဏ်စိတ်ကူးဖြင့် ကောက်ပြီးမှ သိသူထံမေးလျှင် မိမိဉာဏ် ထက်သန်ပေ လတ္တံ့။]
တနည်း
သညီ ၂၉-ဘုံ, အသညီ ၁-ဘုံ, နေဝသညီနာသညီ ၁-ဘုံ၊ ပေါင်း ၃၁။
တနည်း
ကေဝေါကာရ ၁-ဘုံ, စတုဝေါကာရ ၄-ဘုံ, ပဉ္စဝေါကာရ ၂၆-ဘုံ၊ ပေါင်း ၃၁။
[ဤအနေသိလျှင် ဘဝကြီးကိုးပါး လွယ်၏။]
.
ဘဝကြီး ကိုးပါးကား
ကာမဘဝ, ရူပဘဝ, အရူပဘဝ သုံးပါး၊ သညီဘဝ, အသညီဘဝ, နေဝသညီ နာသညီဘ၀ သုံးပါး၊ ဧက-ဝေါကာရဘဝ, စတု-ဝေါကာရဘဝ, ပဉ္စဝေါကာရဘ၀ သုံးပါး။
ထိုထွင် ကာမ ၁၁-ဘုံ၌ ဝိပါက်နာမ်+ကမ္မဇရုပ် ဖြစ်ခြင်းသည် ကာမ ဘ၀ မည်၏၊
ရူပ ၁၆-ဘုံ၌ ဝိပါက်နာမ်+ကမ္မဇရုပ် ဖြစ်ခြင်းသည် ရူပဘဝ မည်၏၊
အရူပ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် အရူပဘဝ မည်၏၊
သညီ ၂၉-ဘုံ၌ ဝိပါက်နာမ်+ကမ္မဇရုပ် ဖြစ်ခြင်းသည် သညီဘ၀ မည်၏၊
အသညီတဘုံ၌ ကမ္မဇရုပ် ဖြစ်ခြင်းသည် အသညီဘ၀ မည်၏၊
နေဝသညီနာသညီတဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် နေဝသညီ နာသညီဘ၀ မည်၏၊
ဧကဝေါကာရ တဘုံ၌ ကမ္မဇရုပ် ဖြစ်ခြင်းသည် ဧကဝေါကာရဘ၀ မည်၏၊
စတုဝေါကာရ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် စတုဝေါကာရဘ၀ မည်၏၊
ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဝိပါက်နာမ်+ကမ္မဇရုပ် ဖြစ်ခြင်းသည် ပဉ္စဝေါကာရဘဝ မည်၏။
[ဝေါကာရ-သဒ္ဒါ ခန္ဓာဟော၏၊ ခန္ဓာတပါးရှိ-တဘုံ၊ လေးပါးရှိ−လေးဘုံ၊ ငါးပါးရှိ ၂၆-ဘုံ ဟု သိနိုင်စေ၊]
.
ဘဝအတွင်း ဝင်ပုံကား
ကာမဘဝသည် သညီဘဝ, ပဉ္စဝေါကာရဘဝလည်း မည်၏၊ (ဘဝနှစ်ပါး) အတွင်းဝင်သည်၊
ရူပဘဝသည် သညီဘဝ, အသညီဘဝ, ဧကဝေါကာရဘဝ, ပဉ္စဝေါကာရဘဝလည်း မည်၏၊ (ဘဝလေးပါး) အတွင်းဝင်သည်၊
အရူပဘဝသည် သညီဘဝ, နေဝသညီနာသညီဘဝ, စတုဝေါကာရဘဝလည်း မည်၏၊ (ဘဝသုံးပါး) အတွင်းဝင်သည်။
သညီဘဝသည် ကာမဘဝ, ရူပဘဝ, အရူပဘဝ, စတုဝေါကာရဘဝ, ပဉ္စဝေါကာရဘဝ လည်း မည်၏၊ (ဘဝငါးပါး) အတွင်းဝင်သည်။
အသညီဘဝသည် ရူပဘဝ, ဧကဝေါကာရဘဝလည်း မည်၏၊(ဘဝနှစ်ပါး) အတွင်းဝင်သည်။
နေဝသညီနာသညီဘဝသည် အရူပဘဝ, စတုဝေါကာရဘပလည်း မည်၏၊ (ဘဝ နှစ်ပါး) အတွင်းဝင်သည်။
ဧကဝေါကာရဘဝသည် ရူပဘဝ, အသညီဘဝလည်း မည်၏၊ (ဘဝ နှစ်ပါး) အတွင်းဝင်သည်။
စတုဝေါကာရဘဝသည် အရူပဘဝ, သညီဘဝ, နေဝသညီနာသညီဘဝလည်း မည်၏၊ (ဘဝသုံးပါး) အတွင်းဝင်သည်။
ပဉ္စဝေါကာရဘဝသည် ကာမ, ရူပဘဝ, သညီဘဝလည်း မည်၏၊ (ဘဝသုံးပါး) အတွင်း ဝင်သည်။
.
မှတ်ချက်
[ယခု ပစ္စုပ္ပန်ဘဝ၌ လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉-ခုနှင့် ထိုလောကီ ကုသိုလ်, အကုသိုလ် စိတ္တုပ္ပါဒ်ဟူသော ဘဝဂါမိကံ ၂၉-ခု သည် ကမ္မဘဝ မည်၏၊ ထိုကမ္မဘဝကြောင့် အနာဂတ်ဘဝ ထိုထိုဘုံ၌ ပဋိသန္ဓေအခါ ပဝတ္တိအခါ ဖြစ်သော လောကီဝိပါက်နှင့် ကမ္မဇရုပ်သည် ဥပပတ္တိဘဝ မည်၏၊ အနာဂတ် အကျိုးဇာတိ၌ ဝင်သည်၊ ကိုးပါးပြား၍ ဘုံတိုင်း၌၎င်း, ပုဂ္ဂိုလ်တိုင်း၌၎င်း ဘဝကြီးသုံးပါးစီ ဖြစ်သည်။
.
သတ္တဝါသ ဘုံကိုးဝစကား
“ပါယ်ပ-ခုနစ်၊ နာ-ဧဖြစ်၏”၊ အပါယ်လေးဘုံ ပဌမဈာန် ၃-ဘုံ၊ ဤခုနစ်ဘုံသည် ကိုယ်မတူ စိတ်တူ-နာနာက္ကကာယ ဧကတ္တသညီဘုံ မည်၏၊
“ခုနစ်-ကာသု၊ နာ-နာ-ရှုလော့”၊ ဘုမ္မနိဿိတဝိနိပါတိက အသုရာနတ်တို့နှင့်တကွ ကာမသုဂတိခုနစ်ဘုံသည် ကိုယ်မတူ စိတ်မတူ- နာနာတ္တကာယ နာနာတ္တသညီဘုံ မည်၏၊
“ဈာန်ဒု သုံးဖြာ၊ ဧ-နာ မှတ်လေ”၊ ဒုတီယဈာန် သုံးဘုံသည် ကိုယ်တူ စိတ်မတူ-ကေတ္တကာယ-နာနာတ္တသညီဘုံ မည်၏၊
“တ-ဝေ-သုဒ္ဓါ၊ ကိုးဖြာ ဧ-ဧ-တည်း”၊ တတီယဈာန်သုံးဘုံ ဝေဟပ္ဖိုလ်တဘုံ, သုဒ္ဓါဝါသ ငါးဘုံ၊ ဤကိုးဘုံသည် ကိုယ်တူ စိတ်တူ-ကေတ္တကာယ -ဧကတ္တသညီဘုံ မည်၏။
အသညသတ်ဘုံသည် အသညသတ္တဘုံ မည်၏၊
အရူပ လေးဘုံသည် အစဉ်အတိုင်း -
အာကာသာနဉ္စာယတနူပဂဘုံ,
ဝိညာဏဉ္စာယတနူပဂဘုံ,
အာကိဉ္စညာယတနူပဂဘုံ,
နေဝသညာနာသညာယတနူပဂဘုံ မည်၏။
[ဤကား သတ္တဝါသ ဘုံကိုးဝတည်း၊ ဘုံဟုဆိုသော်လည်း ဘုံနေသတ္တဝါကို ဆိုသည် ဟု သိအပ်၏။]
.
ဝိညာဏဋ္ဌိတိ ခုနစ်ပါးကား
အသညသတ္တ, နေဝသညာနာသညာယတနူပဂ၊ ဤနှစ်ဘုံကို ပယ်လျှင် ဝိညာဏဋ္ဌိတိခုနစ်ပါးဖြစ်၏၊ အဘယ့်ကြောင့်ပယ်သနည်း ဟူမူကား - အသညသတ္တ၌ စိတ်ဝိညာဏ် လုံးလုံးမရှိ၊ နေဝသညာနာသညာယတနူပဂ၌ စိတ်ဝိညာဏ် ရှိသော်လည်း လွန်စွာ သိမ်မွေ့၏၊ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာညဏ်ဖြင့်ပင် ရှု၍မရ၊ ထို့ကြောင့် ပယ်သည်။
.
မှတ်ချက်
[ပဌမဈာန် သုံးဘုံအထိ အောက် ၁၄-ဘုံ၌ သတ္တဝါတို့သည် ဆူကြုံနိမ့်မြင့် ကိုယ်မတူကုန်၊ ဒုတီယဈာန်သုံးဘုံ၌ ပဋိသန္ဓေစိတ် နှစ်ခု၊ ကာမသုဂတိ ခုနစ်ဘုံ၌ ပဋိသန္ဓေစိတ် ရှစ်ခု, ကိုးခု ဖြစ်သောကြောင့် စိတ်မတူကုန်၊ ၁၄-ဘုံ၌ ကိုယ်မတူ၊ ဆယ်ဘုံ၌ စိတ်မတူ။]
.
ပုဂ္ဂိုလ်အပြား ဝါကရားဖြစ်ပုံ
ပုဂ္ဂိုလ် ၁၂-ယောက်ကို ၇-စုခွဲသည်ရှိသော် --
ပဌမအစု၌ ၁-ယောက်၊
ဒုတီယအစု၌ ၁၁-ယောက်၊
တတီယအစု၌ ၁၀-ယောက်၊
စတုတ္ထအစု၌ ၉-ယောက်၊
ပဉ္စမအစု၌.၁-ယောက်၊
ဆဋ္ဌမအစု၌ ၃-ယောက်။
သတ္တမအစု၌ ၈-ယောက်။
ပဌမအစု၌ တယောက်သည် ဒုဂ္ဂတိ အဟိတ် ပုဂ္ဂိုလ်တယောက် ဖြစ်၏၊
ဒုတီယအစု၌ ၁၁-ယောက်သည် ဒုဂ္ဂတိအဟိတ်တယောက် ကြဉ်၍ ၁၁-ယောက် ဖြစ်၏။
ဤသို့ စသည်ဖြင့် ပုံစံ၌ကြည့်၍ ဖော်ဆိုနိုင်ရမည်၊ မဖော်နိုင်လျှင် ပညာရှိထံ ချဉ်းကပ်၍ မေးလေလော့၊ မေးခြင်းငှာ ဝန်မလေးရာ။
ပညာလို၍၊ မေးမြန်းလေ့ကြောင့်၊ သိမ်မွေ့ ကိုယ်ရေ၊ ဉာဏ်မိုဃ်းစွေ၏။
[သုတ်ပါထေယျ လက္ခဏသုတ် လင်္ကာ၊]
ပဌမအစု ၁-ယောက်ကား အပါယ် ၄-ဘုံ၌ ရသည်၊
၁-ယောက်စီ ၄-ဘုံ၊ ၁×၄-လီ ၄၊
ဒုတီယအစု ၁၁-ယောက်ကား လူ, စာတု-နှစ်ဘုံ၌ ရသည်၊
၁၁-ယောက်စီ ၂-ဘုံ၊ ၁၁×၂-လီ ၂၂၊
တတီယအစု ၁၀-ယောက်ကား အထက် နတ်ငါးဘုံ၌ ရသည်၊
၁၀ ယောက်စီ .၅-ဘုံ၊ ၁၀×၅-လီ ၅၀။
စတုတ္ထအစု ၉ ယောက်ကား ဝေဟပ္ဖိုလ်အထိ ၁၀-ဘုံ၌ ရသည်၊
၉ ယောက်စီ ၁၀-ဘုံ၊ ၉×၁၀လီ ၉၀။
ပဉ္စမအစု ၁ ယောက်ကား အသညသတ်တဘုံ၌ ရသည်၊
တယောက်တည်း ၁-ဘုံ၊ ၁×၁ လီ ၁။
ဆဋ္ဌမအစု ၃ ယောက်ကား သုဒ္ဓါဝါသငါးဘုံ၌ ရသည်၊
၃-ယောက်စီ ၅-ဘုံ၊ ၃×၅ လီ ၁၅။
သတ္တမအစု ၈ ယောက်ကား အရူပ ၄-ဘုံ၌ ... ,၊
၈ ယောက်စီ ၄-ဘုံ၊ ၈×၄လီ ၃၂။
ပေါင်း ... ၂၁၄
ပုဂ္ဂိုလ် ၁၂-ယောက်သည် ၃၁-ဘုံ၌ ၂၁၄-ယောက် ဖြစ်၏၊ ပိဋကသင်္ချာ အားဖြင့် ၂၁၄-ယောက်ကို “ဝါကရား”ဟု ခေါ်သည်၊ ပုဂ္ဂိုလ်အပြားဝါကရား ဖြစ်၏။
[ဝါ-၄၊ က-၁၊ ရား-၂၊ ဂဏန်းနောက်ပြန်ချလျှင် ၂၁၄.ဖြစ်၏။ ]
.
ပုဂ္ဂိုလ်စိတ်ရကား
ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ် ၃၇ …။
တိဟိတ်ပုဂ္ဂိုလ် ဈာန်မရလျှင် ၄၅၊ ဈာန်ရလျှင် ၅၄ ... ။
သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် ဈာန်မရလျှင် ၄၁၊ ဈာန်ရလျှင် ၅ဝ။
စသည်ဖြင့် ပုံစံ၌ကြည့်၍ ထုတ်ဆိုနိုင်ရမည်။
.
ဘုံစိတ်ရကား
အပါယ် ၄-ဘုံ၌ ဝီထိစိတ် ၃၇+ပဋိသန္ဓေစိတ် ၁၊ ပေါင်း ၃၇။
ကာမသုဂတိ ခုနစ်ဘုံ၌ ဝီထိစိတ် ၈ဝ+ပဋိသန္ဓေစိတ် ၉၊ ပေါင်း ၈၀။
[ပဋိသန္ဓေစိတ် မထူး။]
ဝေဟပ္ဖိုလ်အထိ ဆယ်ဘုံ၌ ဝီထိစိတ် ၆၄+ပဋိသန္ဓေစိတ် ၅၊ ပေါင်း ၆၉။
သုဒ္ဓါဝါသ ငါးဘုံ၌ ဝီထိစိတ် ၅၄+ပဋိသန္ဓေစိတ် ၁၊ ပေါင်း ၅၅။
အရူပ လေးဘုံ၌ ဝီထိစိတ် ၄၂+ပဋိသန္ဓေစိတ် ၂၊ ပေါင်း ၄၆။
[ပဋိသန္ဓေစိတ် ထူးသည်။]
.
ပဋိစ္စသမုပ္ပါဒ် အရကောက်
၁-(ကန်း၊ တိမ်း)။ ။ ရှစ်ဌာန၌ တွေဝေသော မောဟသည် အဝိဇ္ဇာ မည်၏။
(သူကန်းနှင့် တူ၏၊ ဝါ-မျက်စိ ကိမ်လွှားသည်နှင့် တူ၏။)
[ဤ၌ ( ) ကွင်းထားသော ဥပမာတို့ကို ဆက်မဆိုဘဲ အဆုံးလင်္ကာရောက်မှ တခုစီဖော်ဆိုလျှင် အသိဉာဏ် သန့်ရှင်း၏။]
၂-(ချော်၊ ပိုး)။ ။ လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉-ခုသည် သင်္ခါရ မည်၏။ ။ (သူကန်း ချွတ်ချော်သည်နှင့် တူ၏၊ ဝါ-မိမိကိုယ်ကို အိမ်ဖွဲ့သော ပိုးကောင်နှင့် တူ၏။) [ဥပမာတို့ကို လင်္ကာရောက်မှ ဖော်ဆိုလေ။]
၃-(လဲကျ၊ ထိန်းအုပ်)။ ။ လောကီဝိပါက် ၃၂-ခုသည် ဝိညာဏ်မည်၏။ (သူကန်း, ချွတ်ချော်၍, လဲကျသည်နှင့် တူ၏၊ ဝါ-အမတ်ကြီးတို့၏ ထိန်းအုပ်ခြင်း ခံရ၍ မင်းစည်းစိမ်ရသော မင်းသားငယ်နှင့် တူ၏။)
[သင်္ခါရအမတ်ကြီးတို့ ပြုပြင်ပေးမှ ဂတိငါးပါး၌ တည်ခြင်းကြောင့်တဲ့။]
၄-(ဖူးကြွ၊ မျက်လှည့်ရုပ်)။ ။ လောကီဝိပါက် ၃၂-ခု၌ရှိသော စေတသိက်နှင့် ကမ္မဇရုပ်သည် နာမ်, ရုပ်မည်၏။ ။(သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင် သည်နှင့် တူ၏၊ ဝါ-မျက်လှည့်ရုပ်မျိုးစုံနှင့် တူ၏။)
၅-(ပြည်၊ ချုံထူ)။ ။ စက္ခု, သောတစသော အာယတန ခြောက်ပါးသည် သဠာယတန မည်၏။ ။ (သူကန်း, ချွတ်ချော်၍ လဲကျ၍ ဖူးရောင်၍ အနာအဖု ပြည်ဥသည်နှင့် တူ၏။)
[... ဤသို့ အစက်ချထားသောနေရာ၌ ဝှက်စာကို ဖော်ဆို နိုင်သောဉာဏ် ရှိမရှိသိရ ပေလတ္တံ့ ၊] (ဝါ-မြေကောင်းရာ၌ပေါက်သော ချုံသစ်ပင် နှင့် တူ၏။)
၆-(ထိ၊ မီးပွတ်)။ အာရုံနှင့်တွေ့ထိခြင်းသည် ဖဿမည်၏။ ။(သူကန်း ...…. ဖူးရောင်၍, အနာအဖုပြည်ဥ၍, ထိခိုက်သည်နှင့် တူ၏။)
[ ... .နှစ်ပုဒ် ဝှက်ထားသည်။]
(ဝါ-ပွတ်၍ရသောမီးနှင့် တူ၏။)
၇-(နာ၏၊ ပူ)။ ။အာရုံအရသာကို ခံစားခြင်းသည် ဝေဒနာမည်၏။ ။ (သူကန်း …... အနာအဖုပြည်ဥ၍ ထိခိုက်၍ အနာနာသည်နှင့် တူ၏။)
[... သုံးပုဒ် ဝှက်ထားသည်။]
(ဝါ-ပွတ်၍ရသောမီး ပူလောင်သည်နှင့် တူ၏။) [ ၃-ဝှက်သည်။]
၈-(ကု၊ ငန်)။ ။ အာရုံ၌ နှစ်သက်သော တဏှာခြောက်ပါး, တဏှာ သုံးပါးသည် တဏှာမည်၏။ ။ (သူကန်း ....... ထိခိုက်၍, အနာ နာ၍ ဆေးကု လိုသည်နှင့်တူ၏၊ ဝါ-ဆားငန်ရေသောက်သည်နှင့် တူ၏။) [၄-ဝှက်။]
၉-(လွဲ၊ ဖန်ဖန်)။ ။ စွဲလမ်းသော တဏှာနှင့်ဒိဋ္ဌိသည် ဥပါဒါန်မည်၏။ (သူကန်း ….... အနာ နာ၍, ဆေးကုလို၍, ဆေးအလွဲယူသည်နှင့် တူ၏။ ဝါ- ရေငတ်၍ ဖန်ဖန် ရေတောင့်တသည်နှင့် တူ၏။) [၅-ဝှက်။]
၁၀-(လိမ်း၊ ချိတ်ကောက်)။ ။ သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုသည် ကမ္မဘဝ မည်၏၊ ဘဝကြီးကိုးပါးသည် ဥပပတ္တိ မည်၏။ ။ (သူကန်း …… ဆေးကုလို၍ ဆေးအလွဲယူ၍, ဆေးလိမ်းမှားသည်နှင့် တူ၏။ ဝါ-ငါးမျှားချိတ် ကောက်ကောက် မျိုးသည်နှင့် တူ၏။) [၆-ဝှက်။]
၁၁-(တိုး၊ မျိုးပေါက်)။ ။ ရုပ်,နာမ်တို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏။ (သူကန်း …….. ဆေးအလွဲယူ၍ ဆေးလိမ်းမှား၍ အနာတိုးသည်နှင့် တူ၏၊ ဝါ-မျိုးစေ့ အပင်ပေါက်သည်နှင့် တူ၏။) [၇-ဝှက်။]
၁၂-(ကွဲ၊ ပင်လဲ)။ ။ ရုပ် နာမ်တို့၏ ရင့်ခြင်း ပျက်ခြင်းသည် ဇရာမရဏ မည်၏။ ။ (သူကန်း …... ဆေးလိမ်းမှား၍ အနာတိုး၍ ပြည်မှည့်ပြီးပေါက်ကွဲ သည်နှင့် တူ၏။ ဝါ-ပေါက်သောသစ်ပင် ပြိုလဲသည်နှင့် တူ၏။) [၈-ဝှက်၊]
သောကစသော ငါးပါးသည် ဇာတိ၏ အကျိုးဖျားမျှ ဖြစ်သောကြောင့် အင်္ဂါ၌ မရေတွက်ရ၊ ထိုတွင်-
စိုးရိမ်ပူဆွေးသော ဒေါမနဿဝေဒနာသည် သောကမည်၏။
(ရေနွေးအိုး မီးထိုးသည်နှင့် တူ၏။)
ငိုကြွေးသံသည် ပရိဒေဝမည်၏။ (ရေနွေးအိုး ဆူပွက်သည်နှင့် တူ၏။)
ဒုက္ခဝေဒနာ-ကိုယ်နာခြင်းသည် ဒုက္ခမည်၏၊
ဒေါမနဿဝေဒနာ- စိတ်နာခြင်းသည် ဒေါမနဿမည်၏။
ပြင်းစွာပင်ပန်းသော ဒေါသစေဘသိက်သည် ဥပါယာသမည်၏။
(ရေနွေးအိုး ခန်းစေသော မီးပြင်းနှင့် တူ၏။)
.
ဥပမာ အချုပ်လင်္ကာ
[အပိုဒ်ကိုအလေးပြု၍ ဖြတ်၍ဖြတ်၍ ဆိုရမည်။]
ကန်း၊ ချော်၊ လဲကျ (၃)။
ဖူးကြွ၊ ပြည်၊ ထိ (၃)။
နာ၏၊ ကု၊ လွဲ (၃)။
လိမ်း၊ တိုး၊ ကွဲ (၃)။
ဆက်တွဲပမာ သူငါတူလှ၏။
၁။ ကန်း-ဟူသည်ကား - အဝိဇ္ဇာသည် သူကန်းနှင့် တူလှ၏။
[အရကောက်အရင်းမှ စ၍ ပြန်ကြည့်၍ ဆိုနိုင်စေရမည်၊]
၂။ ချော်-ဟူသည်ကား-သင်္ခါရသည် သူကန်း, ချွတ်ချော်သည်နှင့် တူ၏။
[၃,၄-စသည်တို့၌ နည်းယူ၍ဆို၊]
၁၂။ ကွဲ-ဟူသည်ကား - ဇရာမရဏသည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်၍, အနာအဖု ပြည်ဥ၍, ထိခိုက်၍ အနာနာ၍ ဆေးကုလို၍ အယူလွဲ၍ ဆေးလိမ်းမှား၍ အနာတိုး၍ ပြည်မှည့်ပြီး ပေါက်ကွဲသည်နှင့် တူ၏။
တနည်းကား-
တိမ်၊ ပိုး၊ ထိန်းအုပ် (၃)။
မျက်လှည့်ရုပ်၊ ချုံထူ (၂)၊
မီးပွတ်၊ ပူ၊ ငန် (၃)၊
ဖန်ဖန်၊ ချိတ်ကောက် (၂)။
မျိုးပေါက်၊ ပင်လဲ (၂)။
သီးခြားတွဲ ကွဲကွဲပမာ သူငါတူလှ၏။
၁။ တိမ်-ဟူသည်ကား- အဝိဇ္ဇာသည် မျက်စိ တိမ်လွှားသည်နှင့် တူ၏။
[ပြန်ကြည့်၍ ဆိုနိုင်စေ။]
၂။ ပိုး-ဟူသည်ကား - သင်္ခါရသည် မိမိကိုယ်ကို အိမ်ဖွဲ့သော ပိုးကောင်နှင့် တူ၏။
[ဤနည်းမှီး၍ အားလုံးဖော်ဆိုနိုင်ရမည်။]
…..
ပဋိစ္စသမုပ္ပါဒ် အရကောက် အဖွင့်တရားစာ
၁။ “အဝိဇ္ဇာပစ္စယာ သင်္ခါရာ”၌ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်ဆိုတာ ရှစ်ဌာန၌ တွေဝေခြင်းကြောင့် လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉-ခု ဟူသောသင်္ခါရ ဖြစ်ပါသတဲ့၊ ရှစ်ဌာန၌ တွေဝေခြင်းကတော့ အိုဘေး နာဘေး, သေဘေးအကြား ခန္ဓာငါးပါးဒုက္ခကို သုခဟု မှတ်ထင်ခြင်းသည် ဒုက္ခသစ္စာ၌ တွေဝေသည် မည်၏၊
ဒုက္ခဖြစ်ကြောင်း တဏှာလောဘကို သုခ ဖြစ်ကြောင်းဟု မှတ်ထင်ခြင်းသည် သမုဒယသစ္စာ၌ တွေဝေသည် မည်၏၊
နိဗ္ဗာန် မဟုတ်သည်ကို အိုဘေး, နာဘေး, သေဘေးကင်းရာ နိဗ္ဗာန်ဟု မှတ်ထင်ခြင်း သည် နိရောဓသစ္စာ၌ တွေဝေသည် မည်၏၊
မဂ္ဂင်ရှစ်ပါး မဟုတ်သည်ကို နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂဟု မှတ်ထင်ခြင်းသည် မဂ္ဂသစ္စာ၌ တွေဝေသည် မည်၏၊
ဒါက သစ္စာလေးပါး၌ တွေဝေခြင်းလေးပါး ဖြစ်ပါတယ်။
ရှေးရှေးဘဝ ခန္ဓာ, အာယတန, ဓာတ်တို့၏ မပြတ်ဖြစ်သည်ကို မသိခြင်းသည် သံသရာ ရှေ့အစွန်း၌ တွေဝေသည် မည်၏၊
နောက်နောက်ဘဝ ခန္ဓာ အာယတန, ဓာတ်တို့၏ မပြတ်ဖြစ်သည်ကို မသိခြင်းသည် သံသရာ နောက်အစွန်း၌ တွေဝေသည် မည်၏၊
ရှေးရှေးဘဝ နောက်နောက်ဘဝ ခန္ဓာ, အာယတန, ဓာတ်တို့၏ မပြတ်ဖြစ်သည်ကို မသိခြင်းသည် သံသရာ နောက်အစွန်း၌ တွေဝေသည် မည်၏၊
အဝိဇ္ဇာ, သင်္ခါရ စသည်တို့ကြောင့် သင်္ခါရ, ဝိညာဏ် စသည်တို့၏ ကြောင်းကျိုး ဆက်စပ် မပြတ်ဖြစ်သည်ကို ငါဖြစ်သည်၊ သူဖြစ်သည်၊ ငါ့ကြောင့် ဖြစ်သည်၊ သူ့ကြောင့်ဖြစ်သည်ဟု စွဲယူမှတ်ထင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်၌ တွေဝေသည် မည်၏။
[ရှစ်ဌာန တွေဝေပုံ စုံလင်ပါပြီ။]
စေတနာ ၂၉-ခု သင်္ခါရမည်ရာ၌ --
ကာမကုသိုလ်စေတနာရှစ်ခု ရူပကုသိုလ် စေတနာ ငါးခုသည် ပုညာဘိသင်္ခါရ မည်၏၊
အကုသိုလ်စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရ မည်၏၊
အရူပကုသိုလ်စေတနာ ၄-ခုသည် အာနေဉ္ဇာဘိ သင်္ခါရမည်၏၊
ပုညာဘိသင်္ခါရ ၁၃၊ အပုညာဘိသင်္ခါရ ၁၂၊ အာနေဉ္စာဘိ သင်္ခါရ ၄၊ ပေါင်း ၂၉။
တနည်းကား -
ကာမကုသိုလ် စေတနာ ၈-ခု, အကုသိုလ်စေတနာ ၁၂-ခု သည် ကာယဒွါရ, ဝစီဒွါရ, မနောဒွါရ၌ ဖြစ်၏၊ ကာယသင်္ခါရ, ဝစီသင်္ခါရ စိတ္တသင်္ခါရလည်း မည်၏၊
ရူပကုသိုလ်စေတနာ ငါးခု, အရူပကုသိုလ်စေတနာ လေးခုသည် မနောဒွါရ၌သာ ဖြစ်သည်၊ စိတ္တသင်္ခါရသာ မည်သည်။ (ကာယ သင်္ခါရ ဝစီသင်္ခါရ မမည်။)
ထို့ကြောင့် ကာယသင်္ခါရ ၂၀၊ ဝစီသင်္ခါရ ၂၀၊ စိတ္တသင်္ခါရ ၂၉၊ ပေါင်း ၂၉။
[၆၉-မဖြစ်စေနှင့်။]
ဒီလို ဥပမာရှုပါ၊
ခရီးသွားသူ လူ ၂၀-သည် ပဌမရွာသို့ ရောက်လာကြသတဲ့၊ ခရီးဆက်၍ သွားပြန်သော် ထို ၂၀-လုံး ဒုတီယရွာသို့ ရောက်ပြန်သတဲ့၊ တဖန်ဆက်၍ သွားပြန်သော် ခရီးသည် ၉-ယောက်နှင့် ပေါင်းဆုံမိ၍ တတိယရွာသို့ ၂၉-ယောက် ရောက်ကြသတဲ့၊ ဒီတော့ ပဌမရွာရောက်သူ ၂၀၊ ဒုတီယရွာရောက်သူ ၂၀၊ တတီယရွာ ရောက်သူ ၂၉၊ ၎င်းတို့ကို ပေါင်းလျှင် ၆၉-ယောက် ဖြစ်မလား၊ ၂၉-ယောက်ပင် မဟုတ်ပါလား၊ ထို့အတူ ရှုရမတဲ့။
တွေဝေခြင်းကြောင့် လောကီကုသိုလ်, အကုသိုလ်ဖြစ်တယ် လို့ ဆိုတဲ့နေရာမှာ တွေဝေခြင်းဆိုတာ စကားယဉ်၊ မသိခြင်း, မိုက်မဲခြင်းဆိုတာ စကားရိုင်း၊ အယဉ်, အရိုင်းမျှ စကားကွဲ၍ အဓိပ္ပာယ် အတူတူပင် ဖြစ်ပါတယ်၊ ထို့ကြောင့် ရှစ်ဌာန မသိသူအား လောကီကုသိုလ်, အကုသိုလ်ဖြစ်တယ်လို့ မှတ်ရမတဲ့၊
သူကန်း ချွတ်ချော်ရှာပြီ၊ ပိုးကောင်သည် မိမိကိုယ်ကို အိမ်ဖွဲ့ပါပြီ၊ ခွဲဆိုလျှင်-မသိလို့ အကုသိုလ်ပြုတယ်၊ မသိလို့ လောကီကုသိုလ် ပြုတယ်ဟု စကားနှစ်ရပ် ဖြစ်ပါတယ်၊ ထိုစကားနှစ်ရပ်ကို နောက်ဆုံးရောက်မှ ထင်ရှားအောင် ပြောပါ့မယ်။
.
၂။ “သင်္ခါရ ပစ္စယာ ဝိညာဏံ” ၌ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဆိုတာ လောကီ ကုသိုလ်, အကုသိုလ်စေတနာ ၂၉-ခုသည် ၃၁-ဘုံ၌ ပဋိသန္ဓေဝိညာဏ်, ပဝတ္တိဝိပါက် ဝိညာဏ်ကို ဖြစ်စေတတ်တယ်၊ အဲဒါ သူကန်း ချွတ်ချော်၍ လဲကျခြင်းဘဲ၊ အမတ်ကြီး တို့၏ ထိန်းအုပ်ခြင်းခံရ၍ မင်းစည်းစိမ် ရသော မင်းသား ကလေးပါဘဲ၊ ဒီ-စေတနာ ၂၉-ခုကို မျိုးစေ့သဘွယ် ရှုကြပါ၊ ထိုမျိုးစေ့ကို အဝိဇ္ဇာ မြေတောင်မြှောက်၍ တဏှာ ရေလောင်းပေးလျှင် ဝိညာဏ်အပင် ထပေါက်ပါတယ်။
ဒီနေရာမှာ ပါရမီမဖြည့်ဘဲ နိဗ္ဗာန် မြန်မြန်ရနိုင်သော နည်းထူးတဲ့ ကြားရဘူးတာ ပြောရဦးမည်၊ ကျင့်လို့တော့ မဖြစ်ပါဘူး၊ ဒါန သီလ ကုသိုလ် အကုသိုလ်ကို မပြုဘဲနေရလျှင် သင်္ခါရမဖြစ်လို့ ပဋိသန္ဓေဝိညာဏ် ကင်းရမတဲ့၊ ပဋိသန္ဓေဝိညာဏ် ကင်းလျှင် နိဗ္ဗာန်ရောက်ခြင်းဘဲ မဟုတ်လားဟု ဟောပြောကြပါတယ်၊ ထိုဟောပြော သူတို့ကို ကုသိုလ်, အကုသိုလ် မဖြစ်အောင် နေတတ်ပြီလား၊ မိမိသန္တာန်၌ ဖြစ်သော စိတ်ကို ကုသိုလ်, အကုသိုလ်ဟု ဆုံးဖြတ်နိုင်ပြီလားဟု ပြန်မေးသင့်ပါတယ်၊
တနည်းတော့လဲ -
ကာယသင်္ခါရ မဖြစ်အောင် ကိုယ်လက် မလှုပ်မရှား နေတတ်ပြီလား၊
ဝစီသင်္ခါရ မဖြစ်အောင် စကား မဆိုမပြော နေတတ်ပြီလား၊
စိတ္တသင်္ခါရ မဖြစ်အောင် မကြံမစည် နေတတ်ပြီလား-ဟု ပြန်မေးသင့်ပါတယ်။
ဖြေဆိုရန် မလွယ်ကူပါဘူး၊ အဝိဇ္ဇာပြတ်ပြီးမှ သင်္ခါရမဖြစ်ခြင်းကို စိတ်ချရပါတယ်၊ အဝိဇ္ဇာမပြတ်လျှင် သင်္ခါရမပြတ်နိုင်ပုံကို ယုန်ငယ်ပမာဖြင့် ရှုရမတဲ့၊ ယုန်ငယ် တကောင်ဟာ ချုံထဲမှာ နောက်ဖေးသွားတော့ မဟာပထဝီမြေကြီးက “ဟဲ့ ယုန်မိုက် … နင်-ငါ့အပေါ်မှာ နောက်ဖေးသွားတယ်၊ တယ်-ရိုင်းပါကလား”ဟု ဆိုသတဲ့၊
ယုန်ငယ်က ကျွဲ နွား ဆင် မြင်းတွေ တဖုန်းဖုန်း နောက်ဖေး သွားတာတော့ ဘာမျှ မပြောဟု စိတ်နာနာနဲ့ ဒီလို-မြေကြီးပေါ်မှာ မနေလိုပါဘူးဟု လွှတ်အောင် တအား ခုန်တက်လိုက်သတဲ့၊ လွတ်သွားရောလား၊ နှစ်တောင်ခန့်မြင့်ပြီး ပြန်ကျသတဲ့၊ ဒီမြေကြီးပေါ် ပြန်ကျရမလားလို့ ထပ်ပြီး ခုန်လိုက်ပြန်တော့လဲ တဖုန်းဖုန်းနဲ့ ဒီ-မြေကြီးပေါ် ပြန်ကျသတဲ့၊ ထို့အတူ အဝိဇ္ဇာမပြတ်လျှင် ကုသိုလ်, အကုသိုလ် မပြုဘူး လို့ နေပေမဲ့ သင်္ခါရစေတနာတွေ တဖုန်းဖုန်း ဖြစ်ကြရဦးမှာဘဲ၊ ဒီတော့ ပဋိသန္ဓေ ဝိညာဏ် မပြတ်ပါဘူး။
.
၃။ “ဝိညာဏပစ္စယာ နာမရူပံ” ၌ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ် ဆိုတာ ဝိပါက်ညာဏ်, ကံဝိညာဏ် နှစ်မျိုးကြောင့် နာမ်ရယ်, ရုပ်ရယ် နာမ်ရုပ်ရယ်-ဟု သုံးမျိုးဖြစ်ပါတယ်၊ ဖြစ်ပုံကတော့ အရူပ ၄-ဘုံ၌ ဝိပါက် ဝိညာဏ်ကြောင့် နာမ် ဖြစ်သည် ရုပ် မဖြစ်ဘူး၊ အသညသတ် တဘုံ၌ ကံဝိညာဏ် ကြောင့် ရုပ်ဖြစ်သည်-နာမ်မဖြစ်ဘူး။ ကြွင်းသော ကာမ ၁၁-ဘုံ, ရူပ ၁၅- ဘုံ၌ ဝိပါက်ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊ အဲဒီဟာ သူကန်းလဲကျ၍ နာမ်ရုပ် ဖူးရောင်ခြင်းပါဘဲ၊ မျက်လှည့် ရုပ်မျိုးစုံ ဖြစ်ခြင်းပါဘဲ၊ ဒီမှာ ဝိပါက်စိတ်ကို အကြောင်းဝိညာဏ် ဟုယူ၍ စေတသိက်ကို အကျိုးနာမ်ဟု ယူရပါတယ်၊ ဝိပါက်စိတ်ဟာ နာမ်ဖြစ်လျက် ဒီနေရာမှာ နာမ်ဟု မယူရပါဘူးတဲ့။
.
၄။ “နာမရူပစ္စယာ သဠာယတနံ”၌ နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်တယ် ဆိုတာ ပဋိသန္ဓေနေစဉ်က ကာယာယတန, မနာယတနစ်ပါး ဖြစ်ပါတယ်၊ အမိဝမ်းထဲမှာ ရေကြည်ခုနစ်ရက်၊ အမြှုပ် ခုနစ်ရက်၊ သားတစ်ခုနစ်ရက်၊ တခဲနက်ခုနစ်ရက်၊ (လက်, ခြေ, ဦးခေါင်းအတွက်) ခက်မငါးဖြာ ခုနစ်ရက်၊ ထိုရုပ်တို့၏ ရင့်ခြင်းကတော့ ခုနစ်ရက်နှစ်လီ၊ ဤသို့စဉ်တိုင်း --
ခုနစ်ရက် ခုနစ်လီတွင် စက္ခာယတန ဖြစ်ပါတယ်၊
ရှစ်လီတွင် သောတာယတန,
ကိုးလီတွင်ဃာနာယတန၊
ဆယ်လီတွင် ဇိဝှါယတနဖြစ်၍
တဆယ့်တလီတွင် သဠာယတန ခြောက်ပါးလုံး စုံလင်တယ်လို့ “ဋီကာကျော်ဆရာ” ဆိုပါတယ်၊
“မူလဋီကာဆရာ ”ကတော့ ခုနစ်ရှက် ၁၁-လီ၊ ၇၇-ရက်ရောက်မှ စက္ခု, သောတ, ဃာန ဇိဝှါ လေးပါးလုံးဖြစ်၍ စုံလင်တယ်လို့ဆိုပါတယ်၊ အဲဒီဟာတွေဟာ ဖူးရောင်ပြီး ပြည်ဥတဲ့အနာ ၆-ခု ပါဘဲ၊ မြေကောင်းရာ၌ ပေါက်သော ချုံသစ်ပင်တွေပါဘဲ၊ ကုသိုလ်, အကုသိုလ်တို့ သန်စွမ်းရာဌာန ၆-ခု ဖြစ်ပါတယ်၊ ထိုတွင် ဃာန, ဇိဝှါ ကာယ သုံးခုကတော့ လောဘ, ဒေါသ, မောဟ အကုသိုလ်တို့ သန်စွမ်းရာဌာန သက်သက်ဟု ဗြဟ္မာကြီးများက ဘာဝနာဖြင့် ပယ်ပါသတဲ့၊ ထိုနေရာသုံးခုဖြင့် အာရုံ မယူဘူးတဲ့၊ စက္ခု, သောတ နှစ်ခုကတော့ ဘုရားဖူးရန်, တရားနာရန် ကျေးဇူးလဲ များတယ်ဟု ချန်ထားသတဲ့။
.
၅။ “သဠာယတနပစ္စယာ ဖဿော” ၌ သဠာယတနကြောင့် ဖဿဖြစ်တယ် ဆိုတာ ထိုအာယတန ခြောက်ပါးကိုမှီ၍ အာရုံ ၆-ပါးနှင့် တွေ့ဆုံသောအခါ စက္ခုသမ္ဖဿ သောတသမ္ဖဿ, ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ ဟူသော အမည်ဖြင့် အစဉ်အတိုင်း ဖဿ ၆-ပါး ဖြစ်ပါသတဲ့၊
.
၆။ “ဖဿပစ္စယာ ဝေဒနာ”၌ ဖဿကြောင့် ဝေဒနာဖြစ်တယ်ဆိုတာ ထိုဖဿ ၆-ပါး နှင့်အတူ စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာ-ဝေဒနာ ဟူသော အမည်ဖြင့် အစဉ်အတိုင်း ခံစားတတ်သော ဝေဒနာ ၆-ပါး ဖြစ်ပါသတဲ့၊ တနည်းတော့လဲ အကောင်းကြိုက်တဲ့ သုခဝေဒနာ, အဆိုးကြိုက်တဲ့ ဒုက္ခဝေဒနာ, အလတ်ကြိုက်တဲ့ ဥပေက္ခာ ဝေဒနာဟု ဝေဒနာသုံးပါး ဖြစ်ပါသတဲ့။
.
၇။ “ဝေဒနာပစ္စယာ တဏှာ”၌ ဝေဒနာကြောင့် တဏှာဖြစ်တယ်ဆိုတာ ထိုဝေဒနာ ၆-ပါး ခံစားခြင်းကြောင့် အာရုံအားလျော်စွာ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ ဟူသော အမည်ဖြင့် တဏှာ ၆-ပါး ဖြစ်ပါသတဲ့၊ တနည်းတော့လဲ - ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု တဏှာသုံးပါး ဖြစ်ပါတယ်၊ ထိုတွင် အာရုံ ၆-ပါးကို ကာမရာဂဖြင့် သာယာခြင်းသည် ကာမတဏှာ မည်၏၊ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲ၍ သာယာခြင်းသည် ဘဝတဏှာ မည်၏၊ ဝါ-ကမ္မဘဝ, ဥပပတ္တိဘဝကို သာယာခြင်းသည် ဘဝတဏှာ မည်၏၊ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲ၍ သာယာခြင်းသည် ဝိဘဝတဏှာ မည်၏၊ ဝါ - နိဗ္ဗာန် မဟုတ်သည်ကို နိဗ္ဗာန်ရပြီဟု သာယာခြင်းသည် ဝိဘဝတဏှာ မည်၏၊ နိရောဓတဏှာလည်း မည်၏။
ဤကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးကို အရင်းခံ၍ အာရုံ ၆-ပါးစီဖြင့် ပွားလျှင် ၁၈-ပါးဖြစ်၏၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်-ကာလ ၃-ပါးဖြင့် ပွားလျှင် ၅၄-ပါး ဖြစ်၏၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်နှစ်ပါးဖြင့် ပွားလျှင် တဏှာအစစ် တရာ့ရှစ် ဖြစ်၏။
ဆောင်
တဏှာသုံးတန်၊ တည်၍ခံ၊ အာ-ကာ-သန်ဖြင့်မြှောက်။
တဏှာအစစ်၊ တရာ့ရှစ်၊ ဖြစ်၏-ထိုမျှလောက်။
သုခဝေဒနာ ခံစားရလျှင် ဖန်ဖန်ခံစားလိုသော တဏှာ ထင်ရှား၏၊ ဥပက္ခာဝေဒနာ ခံစားရလျှင် ကျေနပ်သောတဏှာ ထင်ရှား၏၊ ဒုက္ခဝေဒနာ ခံစားရလျှင် ဘယ်ခါ အာရုံကောင်းကောင်း ခံစားရပါအံ့နည်းဟု လှမ်း၍ တောင့်တသော တဏှာ ထင်ရှား၏၊ ဤဝေဒနာကြောင့် တဏှာဖြစ်ရာ၌ အနုသယ မကင်းသော သတ္တဝါတို့ အားသာ တဏှာဖြစ်သည်။ အနုသယ ကင်းသော ရဟန္တာတို့အား ထိုတဏှာ မဖြစ်နိုင်ပါဘူး၊ အနုသယ မကင်းသော်လည်း သူတော်ကောင်း အမှီရ၍ ယောနိသောမနသိကာရ ရှိလျှင် ပုထုဇဉ်တို့အားသော်လည်း ဝေဒနာကြောင့် တဏှာ မဖြစ်ပါဘူးတဲ့၊ တဏှာ မဖြစ်လျှင် ဥပါဒါန်လေးပါး မဖြစ်မူ၍ သံသရာဘဝစက် ပျက်ရပါသတဲ့။
.
၈။ “တဏှာပစ္စယာ ဥပါဒါနံ” ၌ တဏှာကြောင့် ဥပါဒါန် ဖြစ်တယ်ဆိုတာ တဏှာ ၆-ပါး, တဏှာ ၃-ပါး၏ သာယာခြင်းကြောင့် အားကောင်းစွာ စွဲလမ်းသော တဏှာနှင့် ဒိဋ္ဌိသည် ဥပါဒါန်လေးပါး အမည်ဖြင့် ဖြစ်လာသတဲ့၊ ဥပါဒါန်လေးပါးကတော့ တဏှာအစစ် တရာ့ရှစ်၏ ခိုင်မြဲခြင်းသည် ကာမုပါဒါန် မည်၏၊ အနာဂါမ်အထိ ဖြစ်သည်၊ ရဟန္တာအား မဖြစ်၊ နတ္ထိဒိန္နံ - အလှူအကျိုးမရှိစသော ဝတ္ထုဆယ်ပါးရှိသော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏၊ နွားစသော တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် သံသရာဝဋ်ဒုက္ခမှ စင်ကြယ်သည်၊ နိဗ္ဗာန်ရသည်ဟု စွဲလမ်းသော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏၊ အတ္တ-စသော သက္ကာယဒိဋ္ဌိ ၂၀-သည် အတ္တဝါဒုပါဒါန် မည်၏၊ ဤဒိဋ္ဌုပါဒါန် စသော သုံးပါးသည် ပုထုဇဉ်အားသာ ဖြစ်၏၊ သောတာပန် စသည်အား မဖြစ်။
သဠာယတနမှစ၍သော်လဲ -
စက္ခာယတနကြောင့် စက္ခုသမ္ဖဿ ဖြစ်သည်၊
စက္ခုသမ္ဖဿကြောင့် စက္ခုသမ္ဖဿဇာဝေဒနာဖြစ်သည်၊
စက္ခုသမ္ဖဿဇာဝေဒနာကြောင့် ရူပတဏှာဖြစ်သည်၊
ရူပတဏှာကြောင့် ဥပါဒါန် လေးပါးလုံး ဖြစ်သည်၊
သောတာယတန စသည်ကြောင့်လည်း ထို့အတူဖြစ်ပုံကို နည်းယူ၍ သိရမတဲ့။
[ဝတ္ထုဆယ်ပါးရှိသော ဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ ၂၀-တို့ကား ဥပါဒါန်တရား စာ၌ အကျယ် ထင်ရှားကြပါလတ္တံ့။]
.
၉။ “ဥပါဒါနပစ္စယာ ဘဝေါ” ၌ ဥပါဒါန်ကြောင့် ဘဝဖြစ်တယ်ဆိုတာ ဥပါဒါန် စွဲလမ်းခြင်း ရှိသူအား အကြောင်းကံတမျိုး, အကျိုးဝိပါက် နာမ်-ရုပ် တမျိုး၊ ဒီလို ဘဝနှစ်မျိုး ဖြစ်ပါတယ်၊ အကြောင်းကံကို ကမ္မဘဝဟု အကျိုး ဝိပါက်နာမ်ရုပ်ကို ဥပပတ္တိဘဝဟု ခေါ်ပါတယ်၊
သင်္ခါရနှင့် ဘဝ ထူးတာကတော့ ယခုဘဝ ပဋိသန္ဓေ နေရကြောင်း အတိတ်ဘဝ စေတနာသက်သက် ၂၉-ခုကိုသာ သင်္ခါရဟု ယူပါတယ်၊ နောက်ဘဝ ပဋိသန္ဓေ နေရကြောင်း ယခု ပစ္စုပ္ပန်ဘဝမှာ စေတနာဟူသော သင်္ခါရ ၂၉-ခုကို ဘဝဟု ယူပါတယ်၊
ထိုစေတနာ ၂၉-ခုနှင့် အတူဖြစ်သော ထို ၂၉-ခုသောစိတ်, စေတသိက်အားလုံး ကိုလည်း ဘဝဂါမိကံအမည်ဖြင့် ဘဝဟု ယူပါသေးတယ်၊ ဒီမှာ ဆေးအလွဲ ယူ၍ ဆေးလိမ်းမှားကုန်ပါပြီ၊ ငါးမျှားချိတ် ကောက်ကောက် မျိုချကုန်ပါပြီ၊ ဒီ-သင်္ခါရ စေတနာ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုသည် ကမ္မဘဝ မည်ပါတယ်၊ ဥပပတ္တိဘဝဆိုတဲ့ ဘဝကြီးကိုးပါးလဲ ရှိပါသေးတယ်၊ ထိုထိုဘုံ၌ ဖြစ်သော ဝိပါက်နမ်နှင့် ကမ္မဇရုပ် ဖြစ်ပါတယ်၊
ကာမဘဝ, ရူပဘဝ, အရူပဘဝဟု သုံးပါး၊
သညီဘဝ, အသညီဘဝ, နေဝသညီနာသညီဘဝဟု သုံးပါး၊
ဧကဝေါကာရဘဝ, စတုဝေါကာရဘဝ, ပဉ္စဝေါကာရဘဝဟု သုံးပါး၊
ဤသို့ ကိုးမျိုး ပြားပါတယ်။
.
၁၀။ “ဘဝပစ္စယာ ဇာတိ” ၌ ဘဝကြောင့် ဇာတိ ဖြစ်တယ်ဆိုတာ အကြောင်း ကမ္မဘဝကြောင့် အကျိုးဥပပတ္တိဘဝဟူသော ရုပ်ဇာတိ နာမ်ဇာတိ ဖြစ်ပါတယ်၊ ဥပပတ္တိဘဝသည် အနာဂတ်အကျိုးဇာတိ၌ ဝင်ပါတယ်၊ ပေါ်လွင်အောင်ဆိုရလျှင် ကံကြောင့် ပဋိသန္ဓေဖြစ်တယ်လို့ ဆိုလိုပါတယ်၊ အမွှာမွေးသူတို့မှာ မိဘ, သွေးသား, အစာ, ဥတု-အကြောင်းအားလုံး တူမျှလျက် ရုပ်ပုံစသည် မတူခြင်းမှာ ကံမတူခြင်း မှတပါး အကြောင်းမရှိပါဘူးတဲ့၊ ဤကား ကံကြောင့်ဆိုတာကို ထင်ရှားစေခြင်းပါဘဲ။
.
၁၁။ “ဇာတိပစ္စယာ ဇရာမရဏံ” ၌ ဇာတိကြောင့် ဇရာမရဏ ဖြစ်တယ် ဆိုတာ ရုပ်ဇာတိ နာမ်ဇာတိကြောင့် ရုပ်ဇရာမရဏ, နာမ်ဇရာမရဏ ဖြစ်ပါတယ်၊ ဖြစ်သမျှ ရင့်၍ ပျက်ရတဲ့ ဥပါဒ် ဌီ ဘင်-သဘောချည်းသာ ဖြစ်ပါတယ်။
သောက ပရိဒေဝစသော ငါးပါးကကော့ ဇာတိကြောင့်သာ မဟုတ်ပါဘူး၊ ဇာတိကြောင့်လဲ ဖြစ်တယ်၊ ဇရာမရဏကြောင့်လဲ ဖြစ်တယ်၊ တပါးသော ဒုက္ခကြောင့်လဲ ဖြစ်တယ်၊ ဇာတိကျိုးမုချ မဟုတ်ပါဘူး၊ ဗြဟ္မာ ၂၀-၌လဲ ထို သောက စသည်ဟာ လုံးလုံးမဖြစ်ပါဘူး၊ (ဒါကြောင့် အင်္ဂါ သီးခြား မရေတွက်ရပါဘူးတဲ့။)
ဇရာမရဏ တွေ့ကြုံသူ၊ သောက, ပရိဒေဝစသည် တွေ့ကြုံသူတို့မှာ မိမိကိုယ်ကို စုံမက်သဖြင့် နုပျိုလို, အသက်ရှည်လိုသော ကာမာသဝတဏှာ ဖြစ်ပါတယ်၊ ထိုအခါ အဝိဇ္ဇာလဲ အတူတွဲ၍ ဖြစ်ပြန်ပါဘယ်၊
အာသဝကြောင့် အဝိဇ္ဇာ ဖြစ်တယ်လို့လဲ မြတ်စွာဘုရား ဟောပါတယ်၊ အဝိဇ္ဇာ ဖြစ်ပြန်တော့ သင်္ခါရ ဝိညာဏ်တို့လဲ ဖြစ်ပြန်သဖြင့် ဘဝစက် ဖန်ဖန် ဆက်စပ် မရပ်မတည် လည်ပြန်ပါတယ်၊
ထိုအကြောင်းကို သိမြင်သော ပညာရှိတို့ကတော့ အဝိဇ္ဇာ, တဏှာ မဖြစ်နိုင်ဘဲ ချုပ်သွားအောင် ဘာဝနာဉာဏ်ဖြင့် ဆုံးမကြသတဲ့၊ ဆုံးမတဲ့ အတိုင်း အဝိဇ္ဇာ, တဏှာ ချုပ်သွားလေတော့ ဘဝစက်ပျက်ပြီး နိဗ္ဗာနသုခကို လှလှကြီး ရကြပါသတဲ့။
.
နည်းလေးပါး
နည်းလေးပါးကိုလဲ နားလည်ကြရမတဲ့၊ မျိုးစေ့မှ အညှောက် အပင် ဆက်၍ ဖြစ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရ, သင်္ခါရကြောင့် ဝိညာဏ်စသည်ဖြင့် တဆက်တည်း ဖြစ်ခြင်းသည် ဧကတ္တနည်း မည်၏၊ ဧကတ္တနည်းသိလျှင် “သေလျှင်ပြတ်ပြီ” ဟူသော ဥစ္ဆေဒဒိဋ္ဌိ ကင်း၏၊ အသိလွဲလျှင် “ဘယ်တော့မှ မပြတ်ဘူး” ဟူသော သဿတဒိဋ္ဌိ စွဲ၏။
၂။ အဝိဇ္ဇာကား တခြား, သင်္ခါရကား တခြား၊ ဤသို့ တခြားစီ, တသဘောစီ ဖြစ်ခြင်းသည် နာနာတ္တနည်း မည်၏၊ နာနာတ္တနည်းသိလျှင် သဿတဒိဋ္ဌိ ကင်း၏၊ အသိလွဲလျှင် မွေးသူတခြား သေသူတခြား၊ အပြတ်, အပြတ်ဟု ဥစ္ဆေဒဒိဋ္ဌိ စွဲ၏။
၃။ သင်္ခါရကို ငါ ဖြစ်စေမည်ဟု အဝိဇ္ဇာအား ကြောင့်ကြဗျာပါရ မရှိ၊ ဝိညာဏ် စသည်ကို ငါဖြစ်စေမည်ဟု သင်္ခါရ စသည်အား ကြောင့်ကြဗျာပါရ မရှိ၊ ဤသို့ ပရမတ္ထ သဘောတရားတို့အား ကြောင့်ကြဗျာပါရ မရှိခြင်းသည် အဗျာပါရနည်း မည်၏၊ အဗျာပါရနည်း သိလျှင် ပြုပြင်စီမံသူ မရှိဟု အတ္တဒိဋ္ဌိ ကင်း၏၊ အသိလွဲလျှင် အကြောင်းကိုမယူသော အ-ကြိယဒိဋ္ဌိ စွဲ၏။
၄။ ကြံမှနို့ဓမ်း, သဲမှ ဆီမဖြစ်ဘဲ နို့ရည်မှ နို့ဓမ်း, နှမ်းမှဆီသည် ဓမ္မတာအားဖြင့် ဖြစ်သကဲ့သို့ အဝိဇ္ဇာစသည်မှ သင်္ခါရစသည်သည် ဓမ္မတာအားဖြင့် ဖြစ်၏၊ ဤသို့ ဓမ္မတာအားဖြင့် ဖြစ်ခြင်းသည် ဧဝံဓမ္မတာနည်း မည်၏၊ ဧဝံဝမ္မတာနည်း သိလျှင် သင့်သော အကြောင်းကြောင့် ဖြစ်သည်ဟု သိ၍ အ-ဟေတုကဒိဋ္ဌိ, အ-ကြိယဒိဋ္ဌိ ကင်း၏၊ အသိလွဲလျှင် မသင့်သော အကြောင်းဖြင့် အ-ဟေတုကဒိဋ္ဌိ စွဲ၏၊ သူ့ဖာသာ သူ့အလိုလို အမြဲဖြစ်သည်ဟု နိယတိဝါဒ သော်လည်း စွဲ၏၊ ဤသို့ နည်းလေးပါးကို သိကြရမတဲ့။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တဲ့နေရာမှာ မသိလို့ အကုသိုလ် ကုသိုလ်ဖြစ်ပုံကို ပြောပြ ပါတော့မယ်၊ မသိလို့ အကုသိုလ်ဖြစ်တာကို သုံးမျိုးခွဲ၍ ရှုကြပါ၊ အကုသိုလ်တိုင်းကို အဝိဇ္ဇာဦးစီးကာ ပါဝင်သည်ဟု သိထားကြပါ၊
ရှေးရှေးက လောဘ, ဒေါသ အကုသိုလ်ဖြစ်ခဲ့တာကို အခြေခံ အရှိန်ယူပြီးလျှင် “ဘယ်မှာ ဘယ်လိုပြုခဲ့တယ် ဆိုတာ ငါကွဲ့” စသည်ဖြင့် လောဘ, ဒေါသကို အချို့ ထပ်ပြုတယ်ဆိုပါတော့၊ ထိုအခါ ဥပနိဿယမျိုးဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပါတယ် - ဒါကတမျိုး၊
အချို့ကတော့ မိုက်မှားခဲ့တဲ့ အကုသိုလ်ကို နှူးကာ နှူးကာ အာရုံပြု၍ တစိမ့်စိမ့် လောဘ, ဒေါသ ထပ်ဖြစ်တယ် ဆိုပါတော့၊ ထိုအခါ အာရမ္မဏမျိုးဖြင့် သင်္ခါရ ဖြစ်တယ် - ဒါက တမျိုး၊
ဘယ်သူမဆို ဘယ်နည်းဖြင့်မဆို အကုသိုလ် တခုခု ဖြစ်တယ်ဆိုပါတော့၊ ထိုအခါ အဝိဇ္ဇာ နှင့် သင်္ခါရ တပြိုင်နက် သဟဇာတမျိုးဖြင့် ဖြစ်ပါကယ် - ဒါကတမျိုး၊
ဒီလို ဥပနိဿယမျိုး, အာရမ္မဏမျိုး, သဟဇာတမျိုးဖြင့် သုံးမျိုးခွဲ၍ သိကြပါ။
အနန္တရမျိုး, အာသေဝနမျိုးဖြင့် ဖြစ်တာလဲ ရှိပါသေးတယ်၊ ယခုလို မသိလို့ အကုသိုလ် ဖြစ်တယ်ဆိုတာ ဖြစ်နေတုန်းပင် ပျံ့လွင့်လျက် နောက်ကျုလျက် ရှိသောကြောင့် ကလေးသူငယ် လူမမယ်သည် မစင်ပြော့ပြော့ ကိုင်ဆော့ကစား တာနှင့် တူပါတယ်၊ ကစားနေတုန်း ပေရေ နံစော်သလိုပါဘဲတဲ့၊ တနည်းတော့လဲ-စိတ်ညစ်လို့ အဆိပ် မျိုသူနှင့် တူပါတယ်၊ မျိုနေတုန်းပင် ချက်ချင်း ပူစပ်နံစော်ခြင်း ဒုက္ခတွေ တွေ့ရသလိုပါဘဲ။
မသိလို့ ကုသိုလ်ဖြစ်တာကိုလဲ သုံးမျိုးခွဲ၍ ရှုကြပါ၊
လောကီစည်းစိမ်ကို တောင့်တ၍ ဒါန, သီလ ပြုတယ်ဆိုပါတော့၊ ထိုအခါ အိုဘေး, နာဘေး သေဘေးအတိပြီးသော လောကီစည်းစိမ်ဟု မသိသော အဝိဇ္ဇာဦးစီးလျက် အဝိဇ္ဇာမိုက်ကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါတယ်၊ အဲဒါ-သဟဇာတမျိုး လိုလိုနဲ့ ဥပနိဿယမျိုး ဖြစ်တယ်၊ ကုသိုလ်နှင့် အကုသိုလ်ဟာ ပြိုင်တူသဟဇာတ မဖြစ် ကောင်းပါဘူး၊
အညစ်အကြေးသင့်လို့ ညွန်ရေချိုးလျှင် အညစ်အကြေး ထပ်သင့်သလို မိုက်လို့ ကုသိုလ်ပြုလျှင် ထပ်မိုက်ခြင်း ဖြစ်ပါတယ်၊ နတ်သမီး ရလို၍ ချောက်ထဲခုန်ချသူနှင့် တူပါတယ်၊ ပျားရည်လိမ်းသော သင်ဓုန်း သွားကို လျှာပြတ်အောင် လျက်မိသူနှင့်လဲ တူပါတယ်၊ မီးရောင်ကို ရွှေတောင် ထင်၍ ခုန်ဆင်းသော ပိုးကောင်နှင့်လဲ တူပါတယ်၊ ခရမ်းချဉ်သီးအမှည့်ကို အရည်ကောင်းသော ပတ္တမြားထင်၍ အဘိုးများစွာပေး၍ ဝယ်သူနှင့်လဲ တူပါတယ်။
ထို့အပြင် တမျိုးကတော့ "မိမိပြုခဲ့သော လောဘ, ဒေါသ, အဝိဇ္ဇာကိုပင် အကျိုး ပေးလျှင် သံသရာဒုက္ခ ကြောက်စရာ အမျိုးမျိုးပါတကား”ဟု ထိတ်လန့်သော ပညာရှိသည် ထိုဒုက္ခအမျိုးမျိုးမှ လွတ်ပါစေခြင်းငှာဟု တောင့်တ၍ ဒါန, သီလ စသည်ကို ပြုတယ်ဆိုပါတော့၊ ထိုအခါ အဝိဇ္ဇာမိုက်ကို ခုန်ကျော်သော ဥပနိဿယ မျိုးဖြင့် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပါတယ် ဒီလို အကုသိုလ်ကို အကြောင်းခံ၍ ကုသိုလ်ဖြစ်တာလဲ မသိလို့ ကုသိုလ်ဖြစ်ခြင်းပါဘဲ၊ ညစ်ကြေးသင့်လို့ ရေကောင်း ချိုးလျှင် ညစ်ကြေးစင်ကြယ်သလို မိုက်လို့ ကုသိုလ်ပြုလျှင် အမိုက်စင်ကြယ်ပါတယ်။
ရှေးအခါက ဝံ, ခို, မြေခွေး, မြွေ ရသေ့ - ငါးဦးတို့သည် မိမိမိုက်မဲခဲ့ဘူးသော “တဏှာ, ဒေါသ, မာန်မာနတို့ကို နှိမ်နင်းခြင်းငှာ ဥပုသ်စောင့်ကြသတဲ့၊ မနှိမ်နင်း နိုင်သမျှ အစာရှာ မသွားပါဘူး၊ သေလိုသေပါစေ” ဟု ဆောက်တည်၍ စိတ်ကို ဆုံးမကြသတဲ့၊ အဲဒါ- မိုက်လို့ အမိုက်ကိုခုန်ကျော်ပြီး ကုသိုလ်ဖြစ်တဲ့ ဝတ္ထုအမြွက် ဖြစ်ပါတယ်၊ ဒီနည်းမျိုးဖြင့် မိုက်လို့ခုန်ကျော်ပြီး ကုသိုလ်ပြုခြင်းကြောင့် အင်္ဂုလိမာလ ခိုးသူကြီးပင် ရဟန္တာဖြစ်သွားပါသေးတယ်။
ထို့ပြင် တမျိုး ရှိပါသေးတယ်၊ မိမိပြုခဲ့သော လောဘ, ဒေါသ, အဝိဇ္ဇာ တို့ကို ဤ အကုသိုလ်တရားတို့သည် အမြဲမဖြစ်၊ နှလုံးသွင်း မကောင်းခြင်းကြောင့် ဖြစ်ကြသည်၊ အကြောင်းမကင်းသော အကျိုးတရား ဖြစ်ကြသည်၊ အမြဲမတည်၊ ဖြစ်ပြီးလျှင် ပျက်ကုန်၏၊ အလိုလိုက်အောင် ပြု၍မရ၊ အနိစ္စ ဒုက္ခ အနတ္တတို့သာ ဖြစ်ကုန်၏၊ အတ္တ, ဇီဝ မဟုတ်၊ ငါ့ကိုယ် ငါ့ဟာ ငါမဟုတ်၊ ဤသို့ ထိုအကုသိုလ် အဝိဇ္ဇာမိုက်ကို နင်း၍ ဝိပဿနာရှုတယ် ဆိုပါတော့၊ ထိုအခါ ထိုသူတော်ကောင်းနည်း ရသော သူအား အဝိဇ္ဇာကို နင်းထားသော အာရမ္မဏမျိုးဖြင့် ကုသိုလ်သင်္ခါရ ဖြစ်ပါတယ်၊
ဒါလဲ မိုက်လို့ ဝိပဿနာ ကုသိုလ် ဖြစ်တာပါဘဲ၊ အိုက်လို့ ရေချိုးလျှင် အအိုက် ပျောက်သလို မိုက်လို့ ဝိပဿနာပွားလျှင် အမိုက်ပျောက်ပါတယ်၊ ဒီနည်းမျိုးဖြင့် လယ်သမား တယောက် ရေခိုးသောက်မိတဲ့ အကုသိုလ်ကိုနင်း၍ ဝိပဿနာ ပွားခြင်းကြောင့် ပစ္စေကဗုဒ္ဓါဖြစ်သွားတာ နိပါတ်တော်မှာ ထင်ရှား ရှိပါတယ်။
ဒီလို မိုက်လို့ ကုသိုလ်ဖြစ်ခြင်း သုံးမျိုးဟာ အသံတူသော်လဲ အနက်မတူပါဘူး၊
ဦးစီးတဲ့အဝိဇ္ဇာက တမိုက်ပါ၊
အကျော်ခံရတဲ့ အဝိဇ္ဇာက တမိုက်ပါ၊
အနင်းခံရတဲ့ အဝိဇ္ဇာက တမိုက်ပါ၊
ယခု သူတော်ကောင်း ပညာရှိတွေကို “ဘာဖြစ်လို့ ဒါန သီလ စသော ကုသိုလ် ပြုကြပါသလဲ”ဟု မေးလျှင် “မိုက်လို့ ကုသိုလ်ပြုတယ်”“လို့ မြတ်စွာဘုရားအလိုကျ လွယ်ကူစွာ ဖြေဆိုလိုက်ကြပါ၊
“သူကန်းတွေဖြစ်လို့ ချွတ်ချော်ပါတယ်”လို့သာ ဖြေဆိုလိုက်ကြပါ၊
“အမိုက်ကို ဘယ်မှာထားပြီး ကုသိုလ်ပြုသလဲ”ဟု မေးလျှင် -
“ခုန်ကျော်၍၎င်း, နင်းထား၍၎င်း ကုသိုလ်ပြုတယ်” လို့ ဖြေဆိုနိုင်အောင် အားထုတ်ကြပါ၊ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်ပါတယ်၊
ဒီလိုမဟုတ်ဘဲ အမိုက်ကို ဦးခေါင်းပေါ်မှာထားပြီး ကုသိုလ်ပြုလျှင်တော့ သံသရာ ထွက်လမ်း မပွင့်ပါဘူး၊ သည်တော့ သာသနာတော်မြတ်နှင့် တွေ့ပါလျက် တွေ့ကျိုး မနပ်ဘူးလို့ မှတ်ရမတဲ့။
ဒါန, သီလစသော ကုသိုလ်တွေကို ပင်လယ်ထဲမှာ မျောနေတဲ့ ဆင်ကောင်ပုပ်ကဲ့သို့ ရှုရမတဲ့၊ လှေသင်္ဘောပျက်လို့ ပင်လယ်ထဲမှာ ဒုက္ခရောက် နေသူဆိုတာ ဆင်ကောင်ပုပ် မျောလာတာမြင်လျှင် ဝမ်းမြောက်စွာ တက်စီးရမယ်၊ နံစော်တယ်လို့ တမျိုးတည်း မှတ်မနေရဘူး၊ ကမ်းပါးရောက်အောင် ယက်သွားရမယ်၊ ဒီတော့မှ ပင်လယ်ဒုက္ခ လွတ်နိုင်ပါတယ်၊
ထို့အတူ သံသရာထဲမှာ ဒုက္ခရောက်နေသူတို့မှာလဲ ဒါနကို သဒ္ဓါဖြင့်, သီလကို ဘယ်ခါမမေ့ ဘာဝနာပျော်မွေ့ခြင်းတို့ကို ဝမ်းမြောက်စွာ အားထုတ်ကြရမယ်၊ ဒီ-ကာမာဝစရကုသိုလ်တွေဟာ အိုဘေး, နာဘေး, သေဘေးထဲသို့သာ နံနံစော်စော် ပစ်ချတတ်တယ်လို့ တမျိုးတည်း မှတ်မနေကြပါနှင့်၊ နိဗ္ဗာန်ကမ်းအရောက် ယက်သွား လို့လဲ ရတယ်လို့ မှတ်ရမတဲ့၊
ကာမာဝစရကုသိုလ်ဆိုတာ ဖောင်နှင့် တူပါတယ်၊ ဖောင်ကို လိုရာဆိပ်ကမ်း ရောက်အောင် အသုံးပြုရတယ်၊ လိုရာ ဆိပ်ကမ်းရောက်ပြီးနောက် ဖောင်ကို ထမ်းသွားဘို့ မလိုပါဘူး၊ နိဗ္ဗာန်ဝင်စံသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ ဟူသမျှတို့မှာ ဒီ-မဟာကုသိုလ် ဆင်ကောင်ပုပ်ဖောင်ကို ကြာမြင့်စွာ ကျကျနနစီး၍ ဝင်စံကြတာ ချည်းပါဘဲတဲ့၊ ဆင်ကောင်ပုပ် ကင်း၍ ဝင်စံသူ မရှိပါဘူးတဲ့။
ဘုရား ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့ ဖြစ်သွားလျှင်တော့ ကုသိုလ်, အကုသိုလ် သင်္ခါရ မဖြစ်တော့ပါဘူး၊ ဘာ့ကြောင့်လဲ၊ အဝိဇ္ဇာအမိုက် စင်ကြယ်သောကြောင့်တဲ့၊ သောတာပန် သကဒါဂါမ်, အနာဂါမ်တို့အား ကုသိုလ်, အကုသိုလ် ဖြစ်ပါသေးတယ်၊ အဝိဇ္ဇာအမိုက် မကုန်သေးလို့ပါတဲ့၊ ဒီတော့ မိုက်လို့ ကုသိုလ် ပြုတယ်ဆိုတာ နာကျည်းစရာ စကားရိုင်း မဟုတ်ပါဘူးတဲ့၊ အမိုက်နှင့် အဆက်ပြတ်လျှင် ကုသိုလ် ပြုဘွယ် မရှိပါဘူးတဲ့။
အထူး သတိပြုစရာတချက်ကတော့ --
မိုက်လို့ ကုသိုလ်ပြုတဲ့အခါ သာသနာတော်ကို ငြောင့်ထောင်တာ မတော်လွန်း ပါဘူးတဲ့၊ ငြောင့်ထောင်တဲ့ ကုသိုလ်ရှင်မှာ အဝိဇ္ဇာအမိုက်ဟာ ဦးခေါင်းပေါ်က ဆင်းပါတော့မလား၊ ငြောင့်ထောင်တယ်ဆိုတာ ဘယ်ဟာလဲဆိုတော့ နစ္စ ဂီတ, ဝါဒိတ, ဝိသုက ဆိုတာ သာသနာတော်၏ ငြောင့်တံကျင်ရယ်လို့ ထင်ရှားတယ် မဟုတ်ပါလား၊ ဒီတော့ နစ္စ ဂီတ သိက္ခာပုဒ်ဟောတဲ့ ဘုရားရှေ့မှာ၊ နစ္စ, ဂီတ သီလ ပေးတဲ့ သံဃာတော်တွေ ရှေ့မှာဆိုလျှင် တမင်အရွဲ့ တိုက်သလို မနေပေဘူးလား၊
သက္ကရာဇ် ၅၄၀-လောက်က ပုဂံပြည် နရပတိစည်သူမင်းကြီး လက်ထက် သီဟိုဠ်မှ ရှင်ဆပဋနှင့်အတူ ကြွလာသော မထေရ်ကြီးငါးပါး သာသနာပြုတာကို မင်းကြီး လွန်စွာ ကြည်ညိုမြတ်နိုးသဖြင့် တပည့်အပေါင်းနှင့် မထေရ်ငါးပါးတို့ကို ပင့်၍ အလှူကြီး ပေးပါသတဲ့၊ အလှူပွဲသဘင်ခံရာတွင် အပြင်အလျာ ပြည့်စုံတဲ့ ကချေသည်မကို ရှင်ရာဟုလာမထေရ်ကြီး တိမ်းညွတ်၍ စိတ်ကိုမဆုံးမနိုင်ခြင်း ကြောင့် လူ့ဘောင်သို့ ကူးပြောင်းသွားပါသတဲ့၊ ဒီလို သာသနာပြု မထေရ်ကြီးတပါး ငြောင့်ထိသွားတာ သာသနာတော်ဘက်က ဘယ်လောက်နစ်နာ၍ နှမြောစရာ ကောင်းပါသလဲ၊
ဆိုစရာတခုတော့ ရှိပါတယ်၊
“ဒီ-နစ္စ, ဂီတတွေဟာ ရှေးကတည်းက ပြုနေကြတာ ယခုမှပြောလို့ လိုက်နာ နိုင်ကြပါ့မလား” ဟု ဆိုသင့်ပါတယ်၊ လိုက်နာတာ, မလိုက်နာတာ ကုသိုလ်ရှင်များ၏ တာဝန် ဖြစ်ပါဘယ်၊ ဦးခေါင်းပေါ်မှာ အဝိဇ္ဇာကြီး ကိုတော့ အမြဲ ကိုးကွယ်နိုင်ကြမယ် မဟုတ်ပါဘူး၊ အကျိုးအပြစ် စီစစ်နိုင်အောင် ပြောတာ ပြောသူတာဝန် ဖြစ်တယ်လို့ တာဝန်ခွဲယူရပါတယ်၊
နောက်ဆုံးရောက်မှ ပြောပါ့မယ်ဆိုတာ သည်တွင် ပြီးပါပြီ။
ဤသို့လျှင် နက်နဲလှသော ဤဘဝစက်ကို သင်ယူခြင်း, ကြံစည်ခြင်း, ပွားများခြင်း တို့ဖြင့် ထောက်ရာတည်ရာ ရအောင် ကိစ္စတပါး ပယ်ရှား၍ မနေမနား အားထုတ် ရာ၏ဟု အဋ္ဌကထာ ဆရာမြတ်တို့ တိုက်တွန်းကြပါတယ်၊ ထို့ကြောင့် အဝိဇ္ဇာ, တဏှာ-မူလနှစ်ပါးကို ဦးမစီးစေဘဲ ခုန်ကျော်၍, နင်းနယ်၍ နိဗ္ဗာန် ဝင်စံကြသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာအရှင်မြတ်တိုင်း ကုသိုလ်ဆင်ကောင်ပုပ်ဖြင့် နိဗ္ဗာန် ကမ်းအရောက် ကပ်ရောက်ကြသည်ကို နည်းယူကာ ကပ်ရောက်နိုင်ကြပါစေကုန် သတည်း။
.
ဆယ်ဌာန
[ပယ်လိုလျှင် စာဖြင့်အညီ ပယ်နိုင်သည်။]
ဆယ်ဌာန ချဲ့ဆိုပုံ
၁။ အပါယ် ၄-ဘုံ၌ အတိတ်ဘဝ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၀-ဖြစ်သည်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် တစ်၊ ဝါ-သင်္ခါရ ၁၁-ကြောင့် တစ်၊
ပဝတ္တိ ဝိညာဏ် ၁၅၊ ဝါ-သင်္ခါရ ၂၀-ကြောင့် ၁၅၊
နာမ်နှင့်ရုပ်, သဠာယတန ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, တဏှာ ၆-ပါး, ဥပါဒါန် ၄-ပါး, ကမ္မဘဝ ၂၀-ဖြစ်သည်၊
အနာဂတ်ဘဝ၌ ကမ္မဘဝ ၁၁-ကြောင့် ဥပပတ္တိဘဝ ၃-ပါး. ဟူသော ရုပ်ဇာတိ, နာမ်ဇာတိ, ရုပ်ရာမရဏ, နာမ်ဇရာမရဏ ဖြစ်သည်၊ အပိဇ္ဇာလည်း ဖြစ်သည်၊ သောက စသည်တို့လည်း ဖြစ်ကုန်၏။
၂။ လူ, စာတုမဟာရာဇ် ၂-ဘုံ၌ အတိတ်ဘဝ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၉-ဖြစ်သည်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် ၉၊ ဝါ-သင်္ခါရ ၈-ကြောင့် ၉၊
ပဝတ္တိဝိညာဏ် ၂၃၊ ဝါ-သင်္ခါရ ၂၀-ကြောင့် ၂၃၊
နာမ်နှင့်ရုပ်, သဠာယတန ၆-ပါး, ဖဿ ၆-ပါး, ဝေဒနာ ၆-ပါး, တဏှာ ၆-ပါး, ဥပါဒါန် ၄-ပါး, ကမ္မဘဝ ၂၉-ပါး ဖြစ်သည်၊
အနာဂတ်ဘဝ၌ ကမ္မဘဝ ၈-ကြောင့် ဥပပတ္တိဘဝ ၃-ပါးဟူသော ရုပ်ဇာတိ နာမ်ဇာတိ, ရုပ်ရာမရဏ, နာမ်ဇာရာ မရဏ ဖြစ်သည်၊ အဝိဇ္ဇာလည်း ဖြစ်သည်၊ သောက စသည်တို့လည်း ဖြစ်ကုန်၏။
၃။ အထက်နတ် ၅-ဘုံ၌ အတိတ်ဘဝ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၉-ဖြစ်သည်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် ၈၊ ဝါ-သင်္ခါရ ၈-ကြောင့် ၈၊
ပဝတ္တိ ဝိညာဏ် ၂၉၊ ဝါ-သင်္ခါရ ၂၀-ကြောင့် ၂၃၊
အနာဂတ်ဘဝ၌ ကမ္မဘဝ ၈-ကြောင့် ဥပပတ္တိဘဝ ၃-ပါးဟူသော ရုပ်ဇာတိ နာမ်ဇာတိ, ရုပ်ရာမရဏ, နာမ်ဇာရာ မရဏ ဖြစ်သည်၊ အဝိဇ္ဇာလည်း ဖြစ်သည်၊ သောက စသည်တို့လည်း ဖြစ်ကုန်၏။
၄။ ပဌမဈာန် ၃-ဘုံ၌ အတိတ်ဘဝ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၇-ဖြစ်သည်၊ ဒေါသမူဒွေ မဖြစ်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် ၁၊ ဝါ-သင်္ခါရ ၁-ကြောင့် ၁၊
ပဝတ္တိဝိညာဏ် ၁၀၊ ဝါ-အတိတ်ဘဝ ဒေါသမူဒွေနှင့် သင်္ခါရ ၂၁-ကြောင့် ၁၀၊
နာမ်နှင့်ရုပ်, သဠာယတန ၃-ပါး, ဖဿ ၃-ပါး, ဝေဒနာ ၃-ပါး၊ တဏှာ ၃-ပါး, ဥပါဒါန် ၄-ပါး, ကမ္မဘဝ ၂၇-ပါး ဖြစ်သည်၊
အနာဂတ်ဘဝ၌ ကမ္မဘဝ ၁-ကြောင့် ဥပပတ္တိဘဝ ၃-ပါးဟူသော ရုပ်ဇာတိ နာမ်ဇာတိ, ရုပ်ဧရာမရဏ, နာမ်ဇရာမရဏ ဖြစ်သည်၊ အဝိဇ္ဇာလည်း ဖြစ်သည်၊ သောက စသည်တို့ မဖြစ်ကုန်။
၅။ ဒုတီယဈာန် ၃-ဘုံ၌ အတိတ်ဘဝ အဝိဇ္ဇာကြောင့် သင်္ခါရ ၂၇-ဖြစ်သည်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် ၂၊ ဝါ-သင်္ခါရ ၂-ကြောင့် ၂၊
ပဝတ္တိဝိညာဏ် ၁၁၊ ဝါ-သင်္ခါရ ၂၂-ကြောင့် ၁၁၊
နာမ်နှင့်ရုပ်, သဠာယတန ၃-ပါး, ဖဿ ၃-ပါး, ဝေဒနာ ၃-ပါး၊ တဏှာ ၃-ပါး, ဥပါဒါန် ၄-ပါး, ကမ္မဘဝ ၂၇-ပါး ဖြစ်သည်၊
အနာဂတ်ဘဝ၌ ကမ္မဘ၁ ၂-ကြောင့် ဥပပတ္တိဘဝ ၃-ပါးဟူသော ရုပ်ဇာတိ နာမ်ဇာတိ, ရုပ်ဧရာမရဏ, နာမ်ဇရာမရဏ ဖြစ်သည်၊ အဝိဇ္ဇာလည်း ဖြစ်သည်၊ သောက စသည်တို့ မဖြစ်ကုန်။
၆။ တတီယဈာန် ၃-ဘုံ၌ ပဌမဈာန် ၃-ဘုံနှင့် တူ၏။
၇။ ဝေဟပ္ဖိုလ်တဘုံ၌ ပဌမဈာန် ၃-ဘုံနှင့် တူ၏။
၈။ အသညသတ်တဘုံ၌ အတိတ်ဘဝအဝိဇ္ဇာကြောင့် သင်္ခါရ မဖြစ်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် မဖြစ်၊
ပဝတ္တိဝိညာဏ် မဖြစ်၊
ရုပ်ပဋိသန္ဓေတခု ဖြစ်သည်၊ ဝါ-ကာမသုဂတိကပြုခဲ့သော ရူပပဉ္စမဈာန် ၁-ကြောင့် ပဋိသန္ဓေတခု ဖြစ်သည်၊ ဝါ-ကံဝိညာဏ် ၁-ကြောင့် ၁ ၊
ရုပ်သက်သက်၊ သဠာယတန မဖြစ်၊ ဖဿ မဖြစ်၊ ဝေဒနာ မဖြစ်၊ တဏှာ မဖြစ်၊ ဥပါဒါန် မဖြစ်၊ ကမ္မဘဝ မဖြစ်၊
အနာဂတ်ဘဝ၌ ကာမသုဂတိက ပြုခဲ့သော ရူပပဉ္စမဈာန်-ဘဝဂါမိကံတခုကြောင့် ဥပပတ္တိဘဝသုံးပါးဟူသော ရုပ်ဇာတိသာ,ရုပ်ဇရာမရဏသာ ဖြစ်သည်၊ အဝိဇ္ဇာ မဖြစ်၊ သောကစသည်တို့လည်း မဖြစ်ကုန်။
[အနာဂတ်ဆိုသော်လည်း အသညသတ်နောင် အသညသတ် မဖြစ်။]
၉။ သုဒ္ဓါဝါသငါးဘုံ၌ အတိတ်ဘဝအဝိဇ္ဇာကြောင့် သင်္ခါရ ၂၂–ဖြစ်သည်၊
ပစ္စုပ္ပန်ဘဝ၌ ပဌမဈာန် ၃-ဘုံနှင့် တူ၏၊ ကာမုပါဒါန် ၁၊ ကမ္မဘဝ ၂၂-ဖြစ်ခြင်းသာ ထူး၏။
၁၀။ အရူပ ၄-ဘုံ၌ အတိတ်ဘဝအဝိဇ္ဇာကြောင့် သင်္ခါရ ၂၂-ဖြစ်သည်၊
ပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေဝိညာဏ် ၄၊ ဝါ-သင်္ခါရ ၄-ကြောင့် ၄၊
ပဝတ္တိဝိညာဏ် ၄၊ ဝါ-သင်္ခါရ ၄-ကြောင့် ၄၊
“တဘုံ တခုစီ”၊ နာမ်သက်သက်၊ သဠာယတန တပါး ဖဿ တပါး, ဝေဒနာ တပါး, တဏှာ တပါး, ဥပါဒါန် ၄-ပါး, ကမ္မ ဘဝ ၂၂-ပါး ဖြစ်သည်၊
အနာဂတ်ဘဝ၌ ကမ္မဘဝ ၁-ကြောင့်၊ ဝါ၊ ၄-ကြောင့် ဥပပတ္တိဘဝ ၃-ပါးဟူသော နာမ်ဇာတိသာ, နာမ်ဇရာမရဏသာ ဖြစ်သည်၊ အဝိဇ္ဇာလည်း ဖြစ်သည်၊ သောက-စသည်တို့ မဖြစ်ကုန်၊
ရိုးရိုးဆယ်ပုဒ်ပြီး၏။
.
ဆယ်ဌာန၌ ပြောင်းလွှဲပုံ
၁။ အပါယ်လေးဘုံမှသေလျှင် ကာမ ၁၁-ဘုံ၌သာ ဖြစ်သည်၊ အပါယ်-တဌာန၊ လူ စာတု-တဌာန၊ အထက်နတ်-တဌာနဟု ဌာန ၃-ခု၌ ဖြစ်နိုင်သည်၊ ဗြဟ္မာ ၂၀-၌ မဖြစ်။ ... . (၃-ဌာန)
၂။ လူ စာတု ၂-ဘုံမှသေလျှင် ၃၁-ဘုံလုံး၌ ဖြစ်နိုင်သည်၊ ဌာနဆယ်ခု၌ ဖြစ်နိုင်သည်၊ မဖြစ်မရှိ။ ... . (၁၀-ဌာန)
၃။ အထက်နတ် ၅-ဘုံမှသေလျှင် ၃၁-ဘုံ၌ ဖြစ်သည်။ ... . (၁၀-ဌာန)
၄။ ပဌမဈာန် ၃-ဘုံမှသေလျှင် ၂၆-ဘုံ၌ ဖြစ်သည်၊
အပါယ် ၄-ဘုံ၊ အသညသတ် ၁-ဘုံအားဖြင့် ၅-ဘုံ၌ မဖြစ်။ . . . (၈-ဌာန)
၅။ ဒုတီယဈာန် ၃-ဘုံမှသေလျှင် ၂၆-ဘုံ၌ ဖြစ်သည်၊
အပါယ် ၄-ဘုံ၊ အသညသတ် ၁-ဘုံအားဖြင့် ၅-ဘုံ၌ မဖြစ်။ . . . (၈-ဌာန)
၆။ တတီယဈာန် ၃-ဘုံမှသေလျှင် ၂၆-ဘုံ၌ ဖြစ်သည်၊
အပါယ် ၄-ဘုံ၊ အသညသတ် ၁-ဘုံအားဖြင့် ၅-ဘုံ၌ မဖြစ်။ . . . (၈-ဌာန)
၇။ ဝေဟပ္ဖိုလ်တဘုံမှသေလျှင် ၂၆-ဘုံ၌ ဖြစ်သည်၊
အပါယ် ၄-ဘုံ၊ အသညသတ် ၁-ဘုံအားဖြင့် ၅-ဘုံ၌ မဖြစ်။ . . . (၈-ဌာန)
၈။ အသညသတ်တဘုံမှ သေလျှင် ကာမသုဂတိ၇-ဘုံ၌ ဖြစ်သည်၊
ဗြဟ္မာ ၂၀, အပါယ် ၄-အားဖြင့် ၂၄-ဘုံ၌ မဖြစ်။ … (၂-ဌာန)
၉။ သုဒ္ဓါဝါသငါးဘုံမှ သေလျှင် အထက်သုဒ္ဓါဝါသ ၄-ဘုံ, ၃-ဘုံ, ၂-ဘုံ ၁-ဘုံ၌သာ ဖြစ်သည်၊
ကြွင်း ၂၇-ဘုံ ၂၈-ဘုံ ၂၉-ဘုံ ဘုံ ၃၀ ၃၁-ဘုံ၌ မဖြစ်၊ နှစ်ကြိမ်မဖြစ်၊ သုဒ္ဓါဝါသ ဖြစ်ဘူးမရ။ ... . (၁-ဌာန)
၁၀။ အရူပလေးဘုံမှ သေလျှင် ကာမသုဂတိ ၇-ဘုံ၊ အောက်အောက်အရူပဘုံကြဉ်၍ အထက်အထက် အရူပဘုံအားဖြင့် ၁၁-ဘုံ, ၁၀-ဘုံ, ၉-ဘုံ ၈-ဘုံ ၌သာဖြစ်သည်၊
အပါယ် ၄-ဘုံ၌မဖြစ်၊ ရူပ ၁၆-ဘုံ ၌မဖြစ်၊ အောက်အောက် အရူပဘုံ၌ မဖြစ်၊
ဝါ- ၂၀-ဘုံ ၂၁-ဘုံ ၂၂-ဘုံ ၂ ၃-ဘုံ၌ မဖြစ်။ ... . (၃-ဌာန)
.
မှတ်ချက်
အပါယ် ၄-ဘုံ၊ အသညသတ် ၁-ဘုံအားဖြင့် ၅-ဘုံမှ နိဗ္ဗာန်သို့ မသွား၊
အပါယ် ၄-ဘုံမှ ဗြဟ္မာ ၂၀-သို့မသွား၊
ဗြဟ္မာ ၂၀-မှ အပါယ်ဘုံသို့ သို့ မသွား၊
အသညသတ်မှ အသညသတ်သို့ မသွား၊
အကနိဋ္ဌဟူသော သုဒ္ဓါဝါသမှ နိဗ္ဗာန်သို့သာ သွားရသည်၊
အရူပလေးဘုံမှ ရူပ ၁၆-ဘုံသို့ မသွား၊ အောက် အရူပဘုံသို့လည်း မသွား၊ ထပ်ဖြစ်ကောင်းသည်၊
သုဒ္ဓါဝါသ-ငါးဘုံမှ အခြားရူပ ၁၁-ဘုံ, အရူပ ၄-ဘုံသို့ မသွား၊
တဘုံ၌ နှစ်ကြိမ်ထပ်၍ မဖြစ်ကောင်း၊
အလွန်ဆုံး တဘုံ တကြိမ်စီအားဖြင့် ငါးဘုံစေ့လျှင် နိဗ္ဗာန်သို့ သွားသည်။
.
ဌာနပေါင်း
ဌာနပေါင်းကား -
အပါယ်လေးဘုံမှ ၃၊
လူ စာတုနှစ်ဘုံမှ ၁၀၊
အထက် နတ်ငါးဘုံမှ ၁၀၊
ပဌမဈာန် ၃-ဘုံမှ ၈၊
ဒုတိယဈာန် ၃-ဘုံမှ ၈၊
တတိယဈာန် ၃-ဘုံမှ ၈၊
ဝေဟပ္ဖိုလ်တဘုံမှ ၈၊
အသညသတ်တဘုံမှ ၂၊
သုဒ္ဓါဝါသငါးဘုံမှ ၁၊
အရူပ လေးဘုံမှ ၃၊
ဤသို့အားဖြင့် ၆၁-ဖြစ်၏။
ပဋိစ္စသမုပ္ပါဒ်စက်ရဟတ် လည်ပုံသည် ရိုးရိုးဆယ်မျိုး ဖြစ်သော်လည်း
အတိတ်ဘဝမှ ပစ္စုပ္ပန်ဘဝသို့ ကူးပြောင်းရာ၌ ၆၁-မျိုး၊
ပစ္စုပ္ပန်ဘဝမှ အနာဂတ်ဘဝသို့ ကူးပြောင်း ရာ၌ ၉၁-မျိုး၊
ထိုနှစ်ရပ် မြှောက်ပေါင်းလျှင် ၃၇၂၁-မျိုး၊
တဘုံစီစသည်ဖြင့် မြှောက်လျှင် များပြားစွာဖြစ်ရာ၏။
.
မှတ်ချက်
မဂ်ဟူသည် မဂ်စိတ်တခု, စေတသိက် ၃၆-ခုအားဖြင့် မဂ်စိတ္တုပ္ပါဒ် ၃၇-ခု ဖြစ်၏၊
ထိုတွင် ရှစ်ပါးသာ မဂ္ဂသစ္စာ၊ ကြွင်း ၂၉-ကား သစ္စာဝိမုတ်မည်၏၊
ဖိုလ်သည်လည်း ထို့အတူ ဖိုလ်စိတ် တခု, စေတသိက် ၃၆-ခု အားဖြင့် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခု ဖြစ်၏၊ ၃၇-ခုလုံး သစ္စာဝိမုတ်။
.
သစ္စာလေးပါးခွဲပုံ
ထိုက်သလို ခွဲလိုက်သည် ရှိသော် -
လောကီသစ္စာနှစ်ပါးကား ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊
လောကုတ္တရာသစ္စာနှစ်ပါးကား နိရောဓသစ္စာ, မဂ္ဂသစ္စာ,
အကျိုးသစ္စာနှစ်ပါးကား ဒုက္ခသစ္စာ, နိရောဓသစ္စာ၊
အကြောင်းသစ္စာနှစ်ပါးကား သမုဒယသစ္စာ, မဂ္ဂသစ္စာ၊
ဖြစ်ကြောင်း, ရောက်ကြောင်းနှစ်မျိုး တို့တွင် …
သမုဒယသစ္စာသည် ဖြစ်ကြောင်း၊
ဝါ-ဒုက္ခသစ္စာ၏ ဖြစ်ကြောင်း၊
မဂ္ဂသစ္စာသည် ရောက်ကြောင်း၊
ဝါ-နိရောဓသစ္စာသို့ ရောက်ကြောင်း။
[သိကြောင်း ဖယ်ထားသည်။]
မဂ်ကိစ္စကား -
ဒုက္ခသစ္စာကို သိရသည်၊
သမုဒယသစ္စာကို ပယ်ရသည်၊
နိရောဓသစ္စာကို မျက်မှောက်ပြုရသည်၊ ဝါ-အာရုံပြုရသည်၊
မဂ္ဂသစ္စာကို ပွားများရသည်။
သစ္စာမည်ခြင်းကား -
မနှိပ်စက်သော ဒုက္ခမည်သည် မရှိ၊
ဒုက္ခမှ တပါး နှိပ်စက်ခြင်းမည်သည် မရှိ၊
ဒုက္ခကို မဖြစ်စေသော တဏှာ သမုဒယ မရှိ၊
တဏှာသမုဒယမှတပါး ဒုက္ခကို ဖြစ်စေခြင်းမည်သည် မရှိ၊
မငြိမ်းချမ်းသော နိဗ္ဗာန်မည်သည် မရှိ၊
နိဗ္ဗာန်မှတပါး ငြိမ်းချမ်းခြင်းမည်သည် မရှိ၊
မထုတ်ဆောင်သော မဂ္ဂင်မည်သည် မရှိ၊
မဂ္ဂင်မှတပါး ထုတ်ဆောင်ခြင်း မည်သည် မရှိ၊
ဤသို့ မြဲခြင်းကြောင့်,
မှန်ကန်ခြင်းကြောင့်,
မဖောက်ပြန်ခြင်းကြောင့်,
ထင်ရှားခြင်းကြောင့် သစ္စာမည်၏။
သစ္စာလေးပါး ရှုပုံကား -
ဆင်းရဲသောဒုက္ခသာ ရှိသည်၊ ဆင်းရဲသူ ပုဂ္ဂိုလ်, သတ္တဝါ မရှိ၊
စုံမက်ခြင်း တဏှာသမုဒယသာ ရှိသည်၊ စုံမက်သူ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊
ငြိမ်းချမ်းခြင်း နိရောဓသာ ရှိသည်၊ ငြိမ်းချမ်းသူ ပုဂ္ဂိုလ်, သတ္တဝါ မရှိ၊
ကျင့်စဉ်လမ်းမ-မဂ္ဂသာ ရှိသည်၊ ကျင့်သူပုဂ္ဂိုလ်, သတ္တဝါ မရှိ။
.
ခန္ဓာငါးပါး
၁။ ရုပ် ၂၈-ခုသည် ရူပက္ခန္ဓာမည်၏။
၂။ စေတသိက် ၅၂-ခုတို့တွင် ဝေဒနာသည် ဝေဒနာက္ခန္ဓာမည်၏။
၃။ သညာသည် သညာက္ခန္ဓာမည်၏။
၄။ ဝေဒနာ, သညာမှကြွင်းသော စေတသိက် ၅၀-သည် သင်္ခါရက္ခန္ဓာ မည်၏။
၅။ စိတ်တခုယုတ် ကိုးဆယ်သည် ဝိညာဏက္ခန္ဓာမည်၏။
နိဗ္ဗာန်သည် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏။
.
မှတ်ချက်
ပေါင်းစု၍ ရကောင်းသောကြောင့် ခန္ဓာမည်၏၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်-သုံးမျိုး၊ အဇ္ဈတ္တိက, ဗဟိဒ္ဓ-နှစ်မျိုး၊ ဩဠာရိက, သုခုမ– နှစ်မျိုး၊ ဟီန ပဏီတ-နှစ်မျိုး၊ ရ, သန္တိက-နှစ်မျိုး၊ ဤသို့ ၁၁-မျိုးပြား၍ ပေါင်းစုသည်။
နိဗ္ဗာန်ကား ကာလဝိမုက် တမျိုးသာ၊ ဗဟိဒ္ဓ တမျိုးသာ၊ သုခုမ တမျိုးသာ၊ ပဏီတ တမျိုးသာ၊ ဒူရတမျိုးသာဖြစ်၏၊ ပေါင်းစု၍မရသောကြောင့် ခန္ဓာမမည်၊
.
အာယတန ၁၂-ပါး
ရုပ် ၂၈-ခုတို့တွင် -
၁။ စက္ခုပသာဒသည် စက္ခာယတန မည်၏၊
၂။ သောတပသာဒသည် သောတာယတန မည်၏။
၃။ ဃာနပသာဒသည် ဃာနာယတန မည်၏။
၄။ ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏။
၅။ ကာယပသာဒသည် ကာယာယတန မည်၏။
၆။ ရူပါရုံသည် ရူပါယတန မည်၏။
၇။ သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏။
၈။ ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏။
၉။ ရသာရုံသည် ရသာယတန မည်၏။
၁ဝ။ ပထဝီအတွေ့ တေဇောအတွေ့ ဝါ ယောအတွေ့ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ သုံးခုသည် ဖောဋ္ဌဗ္ဗာယတန မည်၏။
[ဤတွင် ထင်ရှားသော ဩဠာရိကရုပ် ၁၂-ခုကိုယူသည်၊ ၁၂-ခု ရေတွက်နိုင် မည်သော၊ သုခုမရုပ် သောဠသဟူသော သိမ်မွေ့သောရုပ် ၁၆-ခုကျန်သေးသည်။]
၁၁။ စိတ်တခုယုတ် ကိုးဆယ်သည် မနာယတန မည်၏။
၁၂။ စေတသိက် ဒွေပညာသ(၅၂) သုခုမရုပ် သောဠသ(၁၆), နိဗ္ဗာန်သည် ဓမ္မာယတန မည်၏။
[သုခုမရုပ် သောဠသကား - အာပေါ, ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ, ဟဒယရုပ် ဇီဝိတရုပ်, အာဟာရရုပ်, (၆)၊ ပရိစ္ဆေဒရုပ်, ကာယဝိညတ်, ဝစီဝိညတ်, ရူပဿလဟုဘာ, မုဒုဘာ, ကမ္မညဘာ, ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ (၁ဝ)၊ ပေါင်း ၁၆။]
.
ဓာတ် ၁၈-ပါး
ရုပ် ၂၈-ခုတို့တွင် -
၁။ စက္ခုပသာဒသည် စက္ခုဓာတ် မည်၏။
၂။ သောတပသာဒသည် သောတဓာတ် မည်၏။
၃။ ဃာနပသာဒသည် ဃာနဓာတ် မည်၏။
၄။ ဇိဝှါပသာဒသည် ဇိဝှါဓာတ် မည်၏။
၅။ ကာယပသာဒသည် ကာယဓာတ် မည်၏။
၆။ ရူပါရုံသည် ရူပဓာတ် မည်၏။
၇။ သဒ္ဒါရုံသည် သဒ္ဒဓာတ် မည်၏။
၈။ ဂန္ဓာရုံသည် ဂန္ဓဓာတ် မည်၏။
၉။ ရသာရုံသည် ရသဓာတ် မည်၏။
၁ဝ။ ပထဝီ အတွေ့ အာပေါအတွေ့ ဝါယောအတွေ့-ဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ သုံးခုသည် ဖောဋ္ဌဗ္ဗဓာတ် မည်၏။
၁၁။ စိတ်တခုယုတ် ကိုးဆယ်တို့တွင် စက္ခုဝိညာဏ်ဒွေသည် စက္ခုဝိညာဏဓာတ် မည်၏။
၁၂။ သောတဝိညာဏ်ဒွေသည် သောတ ဝိညာဏဓာတ် မည်၏။
၁၃။ ဃာနဝိညာဏ်ဒွေသည် ဃာနဝိညာဏဓာတ် မည်၏။
၁၄။ ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဝိညာဏဓာတ် မည်၏။
၁၅။ ကာယဝိညာဏ်ဒွေသည် ကာယဝိညာဏဓာတ် မည်၏။
၁၆။ ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ် မည်၏။
၁၇။ ကြွင်းသောစိတ် ၇၆-ခုသည် မနောဝိညာဏဓာတ် မည်၏။
၁၈။ စေတသိက် ဒွေပညာသ(၅၂), သုခုမရုပ် သောဠသ(၁၆), နိဗ္ဗာန်သည် ဓမ္မဓာတ် မည်၏။
.
သစ္စာလေးပါး
၁။ လောကီစိတ် ၈၁-ခု လောဘကြဉ်သော စေတသိက် ၅၁-ခု ရုပ် ၂၈-ခုသည် … ဒုက္ခသစ္စာ မည်၏။
၂။ လောဘသည် ... . သမုဒယသစ္စာ မည်၏။
၃။ နိဗ္ဗာန်သည် ... . နိရောဓသစ္စာ မည်၏။
၄။ မဂ်စိတ်၌ရှိသော မဂ္ဂင်ရှစ်ပါးသည် .. မဂ္ဂသစ္စာ မည်၏။
(မဂ္ဂင်ရှစ်ပါးကား-သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ သမ္မာသမာဓိ၊
ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉-ခု, ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုသည် သစ္စာ ဟူသော အရေအတွက်မှ လွတ်၏။)
.
နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်လာ
ဝဋ်ဒုက္ခဖြစ်ကြောင်း, ချုပ်ကြောင်း
အတွင်းနိဒါန်း
အခါတပါး မြတ်စွာဘုရားသည် ဉာတိကရွာ အုဌ်တိုက် ပြာသာဒ်၌ ဆိတ်ငြိမ်ရာ တပါးတည်း ကိန်းအောင်းလျက် ဤသို့သောတရား အကြောင်းကို ရွတ်ဆိုတော်မူ၏။
.
ဝဋ်ဒုက္ခဖြစ်ကြောင်း ခြောက်နည်း
၁။ စက္ခုံစ ပဋိစ္စ ရူပေ စ-ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိတ္တံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ-သောက ပရိဒေဝ-ဒုက္ခ ဒေါမနဿုပါ-ယာသာ သမ္ဘဝန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ-ဥပ္ပဇ္ဇတိ သောတဝိညာဏံ၊ တိတ္တံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ-သောက ပရိဒေဝ-ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ-ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊ တိတ္တံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ-သောက ပရိဒေဝ-ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၄။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ-ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ တိတ္တံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ-သောက ပရိဒေဝ-ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၅။ ကာယဉ္ဇ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ-ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိတ္တံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ-သောက ပရိဒေဝ-ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
၆။ မနဉ္စ ပဋိစ္စ ဓမ္မေ စ-ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိတ္တံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ-သောက ပရိဒေဝ-ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
.
ဝဋ်ဒုက္ခ ချုပ်ကြောင်း ခြောက်နည်း
၁။ စက္ခုံစ ပဋိစ္စ ရူပေ စ - ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဿာ ယေဝ တဏှာယ အသေသ ဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု- ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
၂။ သောတဉ္စ ပဋိစ္စ သဒ္ဒေ စ-ဥပ္ပဇ္ဇတိ သောတဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဿာ ယေဝ တဏှာယ အသေသ ဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု- ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
၃။ ဃာနဉ္စ ပဋိစ္စ ဂန္ဓေ စ-ဥပ္ပဇ္ဇတိ ဃာနဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဿာ ယေဝ တဏှာယ အသေသ ဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု- ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
၄။ ဇိဝှဉ္စ ပဋိစ္စ ရသေ စ-ဥပ္ပဇ္ဇတိ ဇိဝှါဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဿာ ယေဝ တဏှာယ အသေသ ဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု- ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
၅။ ကာယဉ္စ ပဋိစ္စ ဖောဋ္ဌဗ္ဗေ စ-ဥပ္ပဇ္ဇတိ ကာယဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဿာ ယေဝ တဏှာယ အသေသ ဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု- ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
၆။ မနဉ္စ ပဋိစ္စ ဓမ္မေ စ-ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဿာ ယေဝ တဏှာယ အသေသ ဝိရာဂနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု- ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။
.
နိဒါနဝဂ္ဂသံယုတ် ပါဠိတော် အနက်
ဝဋ်ဒုက္ခဖြစ်ကြောင်း ခြောက်နည်း
၁။ စက္ခုံစ၊ စက္ခုဓာတ်ကို၎င်း။
ရူပေစ၊ ရူပဓာတ်ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသော ဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိ ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
သောက၊ စိုးရိမ်ခြင်း
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဧဝံ၊ ဤသို့အကြောင်း အဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့်မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၂။ သောတဉ္စ၊ သောတဓာတ်ကို၎င်း။
သဒ္ဒေစ၊ သဒ္ဒဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
သောတဝိညာဏံ၊ သောတဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသော ဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိ ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
သောက၊ စိုးရိမ်ခြင်း
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဧဝံ၊ ဤသို့အကြောင်း အဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့်မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၃။ ဃာနဉ္ဇ၊ ဃာနဓာတ်ကို၎င်း။
ဂန္ဓေစ၊ ဂန္ဓဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ဃာနဝိညာဏ၊ ဃာနဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသော ဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိ ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
သောက၊ စိုးရိမ်ခြင်း
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဧဝံ၊ ဤသို့အကြောင်း အဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့်မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၄။ ဇိဝှဉ္စ၊ ဇိဝှါဓာတ်ကို၎င်း။
ရသေစ၊ ရသဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ဇိဝှါဝိညာဏံ၊ ဇိဝှါဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသော ဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိ ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
သောက၊ စိုးရိမ်ခြင်း
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဧဝံ၊ ဤသို့အကြောင်း အဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့်မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၅။ ကာယဉ္ဇ၊ ကာယဓာတ်ကို၎င်း။
ဖောဋ္ဌဗ္ဗေစ၊ ဖောဋ္ဌဗ္ဗဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ကာယဝိညာဏ၊ ကာယဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊
တိဏ္ဏံ၊ သုံးပါးသော ဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိ ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
သောက၊ စိုးရိမ်ခြင်း
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဧဝံ၊ ဤသို့အကြောင်း အဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့်မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၆။ မနဉ္စ၊ မနောဓာတ်ကို၎င်း။
ဓမ္မေစ၊ ဓမ္မဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
မနောဝိညာဏ၊ မနောဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသော ဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိ ပစ္စယာ၊ ဇာတိဟူသော အကြောင်းကြောင့်။
ဇရာမရဏ၊ ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
သောက၊ စိုးရိမ်ခြင်း
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဧဝံ၊ ဤသို့အကြောင်း အဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာ စသည်တို့နှင့်မရောသော။
ဧတဿဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
သမုဒယော၊ ဖြစ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
.
ဝဋ်ဒုက္ခချုပ်ကြောင်း ခြောက်နည်း
၁။ စက္ခုံစ၊ စက္ခုဓာတ်ကို၎င်း။
ရူပေစ၊ ရူပဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသောဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဿာယေဝတဏှာယ၊ ထိုတဏှာ၏သာလျှင်။
အသေသ+ဝိရာဂ+နိရောဓာ၊ + အကြွင်းမဲ့+တပ်ခြင်းမရှိ+ချုပ်ခြင်းကြောင့်။
(ဝါ၊ မဖြစ်သောအားဖြင့် ချုပ်ခြင်းကြောင့်)
ဥပါဒါန နိရောဓော၊ ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဥပါဒါန နိရောဓာ၊ ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝ နိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
သောက၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
နိရုဇ္ဈတိ၊ ချုပ်ကုန်၏။
ဧဝ၊ ဤသို့ အကြောင်းအဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာစသည်တို့နှင့် မရောသော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၂။ သောတဉ္စ၊ သောတဓာတ်ကို၎င်း။
သဒ္ဒေစ၊ သဒ္ဒဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
သောတဝိညာဏံ၊ သောတဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသောဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဿာယေဝတဏှာယ၊ ထိုတဏှာ၏သာလျှင်။
အသေသ+ဝိရာဂ+နိရောဓာ၊ + အကြွင်းမဲ့+တပ်ခြင်းမရှိ+ချုပ်ခြင်းကြောင့်။
(ဝါ၊ မဖြစ်သောအားဖြင့် ချုပ်ခြင်းကြောင့်)
ဥပါဒါန နိရောဓော၊ ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဥပါဒါန နိရောဓာ၊ ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝ နိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
သောက၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
နိရုဇ္ဈတိ၊ ချုပ်ကုန်၏။
ဧဝ၊ ဤသို့ အကြောင်းအဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာစသည်တို့နှင့် မရောသော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၃။ ဃာနဉ္ဇ၊ ဃာနဓာတ်ကို၎င်း။
ဂန္ဓေစ၊ ဂန္ဓဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ဃာနဝိညာဏ၊ ဃာနဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသောဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဿာယေဝတဏှာယ၊ ထိုတဏှာ၏သာလျှင်။
အသေသ+ဝိရာဂ+နိရောဓာ၊ + အကြွင်းမဲ့+တပ်ခြင်းမရှိ+ချုပ်ခြင်းကြောင့်။
(ဝါ၊ မဖြစ်သောအားဖြင့် ချုပ်ခြင်းကြောင့်)
ဥပါဒါန နိရောဓော၊ ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဥပါဒါန နိရောဓာ၊ ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝ နိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
သောက၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
နိရုဇ္ဈတိ၊ ချုပ်ကုန်၏။
ဧဝ၊ ဤသို့ အကြောင်းအဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာစသည်တို့နှင့် မရောသော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၄။ ဇိဝှဉ္စ၊ ဇိဝှါဓာတ်ကို၎င်း။
ရသေစ၊ ရသဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ဇိဝှါဝိညာဏံ၊ ဇိဝှါဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသောဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဿာယေဝတဏှာယ၊ ထိုတဏှာ၏သာလျှင်။
အသေသ+ဝိရာဂ+နိရောဓာ၊ + အကြွင်းမဲ့+တပ်ခြင်းမရှိ+ချုပ်ခြင်းကြောင့်။
(ဝါ၊ မဖြစ်သောအားဖြင့် ချုပ်ခြင်းကြောင့်)
ဥပါဒါန နိရောဓော၊ ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဥပါဒါန နိရောဓာ၊ ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝ နိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
သောက၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
နိရုဇ္ဈတိ၊ ချုပ်ကုန်၏။
ဧဝ၊ ဤသို့ အကြောင်းအဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာစသည်တို့နှင့် မရောသော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
၅။ ကာယဉ္ဇ၊ ကာယဓာတ်ကို၎င်း။
ဖောဋ္ဌဗ္ဗေစ၊ ဖောဋ္ဌဗ္ဗဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
ကာယဝိညာဏ၊ ကာယဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏၊
၆။ မနဉ္စ၊ မနောဓာတ်ကို၎င်း။
ဓမ္မေစ၊ ဓမ္မဓာတ်တို့ကို၎င်း။
ပဋိစ္စ၊ စွဲ၍။
မနောဝိညာဏ၊ မနောဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ သုံးပါးသောဓာတ်တို့၏။
သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
ဝါ၊ သင်္ဂတိ-သင်္ဂတိယာ၊ ပေါင်းဆုံခြင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဿာယေဝတဏှာယ၊ ထိုတဏှာ၏သာလျှင်။
အသေသ+ဝိရာဂ+နိရောဓာ၊ + အကြွင်းမဲ့+တပ်ခြင်းမရှိ+ချုပ်ခြင်းကြောင့်။
(ဝါ၊ မဖြစ်သောအားဖြင့် ချုပ်ခြင်းကြောင့်)
ဥပါဒါန နိရောဓော၊ ဥပါဒါန်၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဥပါဒါန နိရောဓာ၊ ဥပါဒါန်၏ ချုပ်ခြင်းကြောင့်။
ဘဝ နိရောဓော၊ ဘဝ၏ ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝနိရောဓာ၊ ဘဝ၏ချုပ်ခြင်းကြောင့်၊
ဇာတိနိရောဓော၊ ဇာတိ၏ချုပ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဇာတိနိရောဓာ၊ ဇာတိ၏ချုပ်ခြင်းကြောင့်။
ဇရာမရဏံ၊ ဇရာမရဏသည်။
နိရုဇ္ဈတိ၊ ချုပ်၏။
သောက၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နာခြင်း။
ဥပါယာသာ၊ ပြင်းစွာ ပင်ပန်းခြင်းတို့သည်။
နိရုဇ္ဈတိ၊ ချုပ်ကုန်၏။
ဧဝ၊ ဤသို့ အကြောင်းအဆက်ဆက်ဖြင့်။
ကေဝလဿ၊ ချမ်းသာစသည်တို့နှင့် မရောသော။
ဧတဿ ဒုက္ခက္ခန္ဓဿ၊ ဤဝဋ်ဆင်းရဲအစု၏။
နိရောဓော၊ ချုပ်ခြင်းသည်။
ဟောတိ၊ ထင်ရှားစွာ ဖြစ်၏။
.
ရဟန်းတော်တပါးကို တိုက်တွန်းခြင်း
ဤသို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ရာ၌ တပါးတည်း ကိန်းအောင်းလျက် ရွတ်ဆိုတော်မူ၏။ ထိုအခါ ရဟန်းတပါးသည် ရွတ်ဆိုသံကြားလောက်ရာ၌ ရပ်လျက် ရှိ၏၊ ထိုရဟန်းသည် ဂန္ဓကုဋိကျောင်းတော်ကို တံမြက်လှည်းခြင်းငှာ လာ၍ မလှည်းသေးဘဲ မြတ်စွာဘုရား၏ တရားအသံတော်ကို နားထောင်လျက် ရပ်နေ၏၊
မြတ်စွာဘုရားကား အရင်းမှစ၍ ပဋိစ္စသမုပ္ပါဒ် အကြောင်ပြုသော အခြင်းအရာကို နှလုံးသွင်းလျက် ဤအကျိုး ဤအကျိုးသည် ဤအကြောင်း ဤအကြောင်းကြောင့် ဖြစ်သည်ဟု ဆင်ခြင်လတ်သော် ဘဝဂ်တိုင်အောင် ၃၁-ဘုံလုံး တပြင်တည်း အာရုံ ရသဖြင့် နှုတ်မြွက်၍ သရဇ္ဈာယ်တော်မူပြီးလျှင် ဤတရားအကြောင်း သရဇ္ဈာယ် သည်ကို တစုံတယောက် ကြားသိသူ ရှိလေသလောဟု ဆင်ခြင်တော်မူသောအခါ ထိုရပ်နေသောရဟန်းကို မြင်တော်မူ၏။
ထိုအခါ ထိုရဟန်းကို ဤသို့ မိန့်တော်မူ၏။
ဘိက္ခု၊ ချစ်သားရဟန်း … သင်သည် ငါဘုရားတို့သရဇ္ဈာယ်သော တရားအကြောင်းကို ကြားသလော၊
ကြားပါသည်ဘုရား။
ဘိက္ခု၊ ချစ်သားရဟန်း။
တွံ၊ သင်သည်။
ဣမံ ဓမ္မပရိယာယံ၊ ဤတရားအကြောင်းကို။
ဥဂ္ဂဏှာဟိ၊ (စိတ်ဖြင့်လေ့လာလျက်) မှတ်သားလော့။
ဘိက္ခု၊ ချစ်သားရဟန်း။
ပရိယာပုဏာဟိ၊ (နှုတ်ဖြင့် လေ့ကျက်ကာ) သင်ယူလော့။
ဘိက္ခု၊ ချစ်သားရဟန်း။
ဓာရေဟိ၊ (လေ့ကျက်တိုင်း တည်ရာဖြစ်အောင်) ဆောင်ထားလော့။
ဘိက္ခု၊ ချစ်သားရဟန်း။
အယံ ဓမ္မပရိယာယော၊ ဤတရားအကြောင်းသည်။
အတ္ထသဥှိတော၊ သင့်သော အကြောင်းကိုမှီ၍ ဖြစ်၏။
ဝါ၊ အကျိုးနှင့်စပ်၏။
အာဒိဗြဟ္မစရိယကော၊ မဂ္ဂင်ရှစ်ပါးဟူသော ဗြဟ္မစရိယ၏ အစ-တည်ရာဌာန ဖြစ်၏။
ဤသို့ နှစ်သက်စွာ အားပါးတရ မိန့်မြွက်တော်မူ၏။ (ဤ၌ စိတ်ဝင်စားသူတဦးက “ရပ်နေသော ရဟန်းသည် မိမိပင်ဖြစ်လေသလော” ဟု ထင်မိသည်ဟု ဆိုသည်။)
ဤသုတ်၌ ဝေဒနာကြောင့် တဏှာနေရာတွင် တဏှာအဖြစ်မခံဘဲ သတ်၍ ဝဋ်ဒုက္ခမှ လွတ်မြောက်ပုံကို ဟောပြတော်မူလေသည်။
သင်္ဂါယနာတင် မထေရ်တို့သည် ဤသုတ်ကို နိဒါနဝဂ္ဂ သံယုတ်ပါဠိတော် ၁-နိဒါနသံယုတ်၊ ၅-ဂဟပတိဝဂ်၊ ပဉ္စမသုတ်အဖြစ်ဖြင့် သင်္ဂါယနာ တင်ကုန်၏။
.
နိဒါနဝဂ္ဂ သံယုတ်ပါဠိတော်လာ
ဉာဏဝတ္ထု ၄၄-ပါး
ဉာဏ် ၄၄-ပါး ဖြစ်နည်းကား -
၁။ ရုပ်,နာမ်တို့၏ ရင့်ခြင်းပျက်ခြင်းသည် ဇရာမရဏမည်၏၊ (ဤကား ဒုက္ခသစ္စာ)၊
ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏဖြစ်သည်၊ (ဤကား သမုဒယစ္စာ)၊
ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏချုပ်သည်၊ (ဤကား နိရောဓသစ္စာ)၊
မဂ္ဂင် ရှစ်ပါးသည် ဇရာမရဏ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (ဤကား မဂ္ဂသစ္စာ)၊
ဤသို့ သိခြင်းလေးပါးသည် ဓမ္မဉာဏ် မည်၏။
၂။ ရုပ်နာမ်တို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏၊ (ဤကား ဒုက္ခသစ္စာ၊)
ဘဝ ဖြစ်ခြင်းကြောင့် ဇာတိဖြစ်သည်၊ (သမုဒယသစ္စာ)၊
ဘဝချုပ်ခြင်းကြောင့် ဇာတိ ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဇာတိ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၃။ သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-သည် အကြောင်းကမ္မဘဝ မည်၏၊
ဘဝကြီးကိုးပါးသည် အကျိုးဥပပတ္တိဘဝ မည်၏၊ (ဒုက္ခသစ္စာ)၊
ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝဖြစ်သည်။ (သမုဒယသစ္စာ)၊
ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဘဝ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၄။ စွဲလမ်းသော ဥပါဒါန်လေးပါးဟူသော တဏှာနှင့်ဒိဋ္ဌိသည် ဥပါဒါန် မည်၏၊ (ဒုက္ခသစ္စာ)၊
တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်သည်။ (သမုဒယသစ္စာ)၊
တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဥပါဒါန်၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၅။ အာရုံ၌နှစ်သက်သော တဏှာ ၆-ပါး, တဏှာ ၃-ပါးသည် တဏှာ မည်၏၊ (ဒုက္ခသစ္စာ)၊
ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်သည်။ (သမုဒယသစ္စာ)၊
ဝေဒနာ ချုပ်ခြင်းကြောင့် တဏှာ ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် တဏှာ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၆။ အာရုံအရသာကို ခံစားခြင်းသည် ဝေဒနာ မည်၏၊ (ဒုက္ခသစ္စာ)၊
ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်သည်။ (သမုဒယသစ္စာ)၊
ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာ ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဝေဒနာ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၇။ အာရုံနှင့် တွေ့ထိခြင်းသည် ဖဿ မည်၏၊ (ဒုက္ခသစ္စာ)၊
သဠာယတန ဖြစ်ခြင်းကြောင့် ဖဿ ဖြစ်သည်။ (သမုဒယသစ္စာ)၊
သဠာယတန ချုပ်ခြင်းကြောင့် ဖဿ ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဖဿ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၈။ စက္ခု, သောတစသော အာယတနခြောက်ပါးသည် သဠာယတန မည်၏၊ (ဒုက္ခသစ္စာ)၊
နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်သည်။ (သမုဒယသစ္စာ)၊
နာမ်ရုပ် ချုပ်ခြင်းကြောင့် သဠာယတန ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် သဠာယတန၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၉။ လောကီဝိပါတ် ၃၂-ခု၌ရှိသော စေတသိက်နှင့် ကမ္မဇရုပ်သည် နာမ်, ရုပ် မည်၏၊ (ဒုက္ခသစ္စာ)၊
ဝိညာဏ် ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်သည်။ (သမုဒယသစ္စာ)၊
ဝိညာဏ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် နာမ်ရုပ်၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၁၀။ လောကီဝိပါက် ၃၂-ခုသည် ဝိညာဏ် မည်၏၊ (ဒုက္ခသစ္စာ)၊
သင်္ခါရ ဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်သည်။ (သမုဒယသစ္စာ)၊
သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဝိညာဏ်၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
၁၁။ လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉-ခုသည်၊
ဝါ-ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရသုံးပါးသည် သင်္ခါရ မည်၏၊ (ဒုက္ခသစ္စာ)၊
အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်သည်။ (သမုဒယသစ္စာ)၊
အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်သည်၊ (နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် သင်္ခါရ၏ ချုပ်ကြောင်းအကျင့် မည်၏၊ (မဂ္ဂသစ္စာ။)
အတိတ်ကာလ၌ သိသူတို့သည် ဤသို့သာ သိကုန်ပြီ၊
အနာဂတ်ကာလ၌ သိသူတို့သည်လည်း ဤသို့သာ သိကုန်လတ္တံ့၊
ဤသို့ အတိတ်, အနာဂတ် ဆောင်၍ သိခြင်းသည် အနွယဉာဏ် မည်၏။
ဤသို့ ဓမ္မဉာဏ်, အနွယဉာဏ်နှစ်ပါး စင်ကြယ်လျှင် ဒိဋ္ဌိသမ္ပန္န မည်၏၊
ဒဿနသမ္ပန္န မည်၏၊ (ဝါ-သောတာပန်ပုဂ္ဂိုလ် မည်၏။)
ဤသာသနာသို့ ဝင်ရောက်သူ ဤ သာသနာကို သိမြင်သူ မည်၏၊
သေက္ခဉာဏ်, သေက္ခဝိဇ္ဇာနှင့် ပြည့်စုံသူ မည်၏၊
ဓမ္မသောတသို့ ရောက်သူ မည်၏၊
မြတ်သော နိဗ္ဗေဓိကပညာ ရှိသူ မည်၏၊
အမတဒွါရကိုထိ၍ တည်သူ မည်၏။
[ဓမ္မဉာဏ်သည် မဂ်ဉာဏ်မည်၏၊ အနွယဉာဏ်သည် ဓမ္မဉာဏ်အားလျော်စွာ ဆောင်၍ ဆင်သော ပစ္စဝေက္ခဏာဉာဏ် ဖြစ်၏။]
.
၎င်းပါဠိတော်လာ ဉာဏ် ၇၇-ပါး
ဉာဏ် ၇၇-ပါး ဖြစ်နည်းကား --
၁။ ဇာတိကြောင့် ဇရာမရဏ ဖြစ်သည်၊
ဇာတိမရှိလျှင် ဇရာမရဏ မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း ဇာတိကြောင့် ဇရာမရဏ ဖြစ်သည်၊
ဇာတိ မရှိလျှင် ဇရာမရဏမရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း ဇာတိကြောင့် ဇရာမရဏ ဖြစ်သည်၊
ဇာတိမရှိလျှင် ဇရာမရဏ မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၂။ ဘဝကြောင့် ဇာတိဖြစ်သည်၊
ဘဝမရှိလျှင် ဇာတိ မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း ဘဝကြောင့် ဇာတိဖြစ်သည်၊
ဘဝမရှိလျှင် ဇာတိ မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း ဘဝကြောင့် ဇာတိဖြစ်သည်၊
ဘဝမရှိလျှင် ဇာတိ မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၃။ ဥပါဒါန်ကြောင့် ဘဝဖြစ်သည်၊
ဥပါဒါန် မရှိလျှင် ဘဝမရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း ဥပါဒါန်ကြောင့် ဘဝဖြစ်သည်၊
ဥပါဒါန် မရှိလျှင် ဘဝမရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း ဥပါဒါန်ကြောင့် ဘဝဖြစ်သည်၊
ဥပါဒါန် မရှိလျှင် ဘဝမရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၄။ တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊
တဏှာမရှိလျှင် ဥပါဒါန် မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊
တဏှာမရှိလျှင် ဥပါဒါန် မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း တဏှာကြောင့် ဥပါဒါန်ဖြစ်သည်၊
တဏှာမရှိလျှင် ဥပါဒါန် မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၅။ ဝေဒနာကြောင့် တဏှာဖြစ်သည်၊
ဝေဒနာမရှိလျှင် တဏှာ မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း ဝေဒနာကြောင့် တဏှာဖြစ်သည်၊
ဝေဒနာမရှိလျှင် တဏှာ မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း ဝေဒနာကြောင့် တဏှာဖြစ်သည်၊
ဝေဒနာမရှိလျှင် တဏှာ မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၆။ ဖဿကြောင့် ဝေဒနာဖြစ်သည်၊
ဖဿ မရှိလျှင် ဝေဒနာ မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း ဖဿကြောင့် ဝေဒနာဖြစ်သည်၊
ဖဿ မရှိလျှင် ဝေဒနာ မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း ဖဿကြောင့် ဝေဒနာဖြစ်သည်၊
ဖဿ မရှိလျှင် ဝေဒနာ မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၇။ သဠာယတနကြောင့် ဖဿဖြစ်သည်၊
သဠာယတနမရှိလျှင် ဖဿ မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း သဠာယတနကြောင့် ဖဿဖြစ်သည်၊
သဠာယတနမရှိလျှင် ဖဿ မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း သဠာယတနကြောင့် ဖဿဖြစ်သည်၊
သဠာယတနမရှိလျှင် ဖဿ မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၈။ နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်၊
နာမ်ရုပ် မရှိလျှင် သဠာယတန မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်၊
နာမ်ရုပ် မရှိလျှင် သဠာယတန မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်သည်၊
နာမ်ရုပ် မရှိလျှင် သဠာယတန မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၉။ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊
ဝိညာဏ်မရှိလျှင် နာမ်ရုပ် မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊
ဝိညာဏ်မရှိလျှင် နာမ်ရုပ် မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊
ဝိညာဏ်မရှိလျှင် နာမ်ရုပ် မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၁၀။ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်သည်၊
သင်္ခါရမရှိလျှင် ဝိညာဏ် မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း သင်္ခါရကြောင့် ဝိညာဏ် ဖြစ်သည်၊
သင်္ခါရမရှိလျှင် ဝိညာဏ် မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း သင်္ခါရကြောင့် ဝိညာဏ် ဖြစ်သည်၊
သင်္ခါရမရှိလျှင် ဝိညာဏ် မရှိ (နှစ်ပါး)၊
အကြောင်းကို သိသော ဤဓမ္မဋ္ဌိတိဉာဏ် (၆)ပါးသည် ကုန်ခြင်း, ပျက်ခြင်း, မကပ်ငြိခြင်း ချုပ်ခြင်းသဘော ရှိ၏ (၇)။
၁၁။ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သည်၊
အပိဇ္ဇာမရှိလျှင် သင်္ခါရ မရှိ (နှစ်ပါး)၊
အတိတ်ကာလ၌လည်း အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သည်၊
အဝိဇ္ဇာမရှိလျှင် သင်္ခါရ မရှိ (နှစ်ပါး)၊
အနာဂတ်ကာလ၌လည်း အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်၊
အဝိဇ္ဇာမရှိလျှင် သင်္ခါရ မရှိ (နှစ်ပါး)၊
အကြောင်းကိုသိသော ဤဓမ္မဋ္ဌိတိဉာဏ် ၆-ပါးသည် ကုန်ခြင်း, ပျက်ခြင်း, ကပ်ငြိခြင်း, ချုပ်ခြင်းသဘော ရှိ၏၊ (၇)။
ဒုက္ခသစ္စာ, သမုဒယသစ္စာ နှစ်ပါး၌ --
နာကြားခြင်း-သဝနမယဉာဏ်၊
သုံးသပ်ခြင်း-သမ္မသနဉာဏ်၊
ထိုးထွင်းခြင်း-ပဋိဝေဓဉာဏ်၊
ဆင်ခြင်ခြင်း- ပစ္စဝေက္ခဏာဉာဏ်
ဟု ဉာဏ်လေးမျိုး ဖြစ်၏။
နိရောဓသစ္စာ, မဂ္ဂသစ္စာနှစ်ပါး၌ကား လောကုတ္တရာ ဖြစ်သောကြောင့် သုံးသပ်ခြင်း- သမ္မသနဉာဏ် မဖြစ်၊ ကြွင်းဉာဏ်သုံးမျိုး ဖြစ်၏။
ဓမ္မဋ္ဌိတိဉာဏ်ဟူသည်ကား-ပဋိစ္စသမုပ္ပါဒ် အကြောင်းတရား၌ သိသောဉာဏ် ဖြစ်၏၊ (ပစ္စယာကာရဉာဏ်ဟူ၍လည်း ခေါ်၏၊ ထိုဉာဏ်ကိုလည်း ကုန်ခြင်း, ပျက်ခြင်း စသည်ရှိ၏ဟု ရှုရသည်။]
ဓမ္မ-အကျိုးတည်ရာ + ဌိတိ-တည်ရာအကြောင်းတရားသည် ဓမ္မဋ္ဌိတိ မည်၏၊ ပဋိစ္စ- စွဲ၍ + သမုပ္ပါဒ - ဖြစ်ရာအကြောင်း၊ အကျိုးတရားတို့၏ စွဲ၍ဖြစ်ရာ အကြောင်း တရားသည် ပဋိစ္စသမုပ္ပါဒ် မည်၏၊ ပစ္စယ-ကျေးဇူးပြုသော+ အာကာရ-အခြင်းအရာ ဟူသော အကြောင်းသည် ပစ္စယာကာရ မည်၏၊ အကြောင်းတရား အပေါင်းသည် ဤသို့ အမည်သုံးခု ရသည်။
အကျိုးတရား အပေါင်းကား ပဋိစ္စသမုပ္ပန္န မည်၏၊ ပဋိစ္စ-စွဲ၍ + သမုပ္ပန္န- ဖြစ်သော အကျိုး၊ အကြောင်းတရား တို့ကိုစွဲ၍ ဖြစ်သော အကျိုးတရား အပေါင်းသည် ပဋိစ္စသမုပ္ပန္န မည်၏၊ အကြောင်းဖြစ်ခိုက်, အကျိုးဖြစ်ခိုက်ကို စွဲ၍ အမည်ခွဲသည်။
.
ပဋိစ္စသမုပ္ပါဒ်ဒေသနာ သရုပ်ခွဲတရားစာ
၁။ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” လို့ မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါတယ်။
သဗ္ဗဒါနံ၊ ကျောင်း, သင်္ကန်း ဆွမ်း, ဆေး အလုံးစုံသော အလှူ ပေးခြင်းကို။
ဓမ္မဒါနံ၊ တရားဟောခြင်းဟူသော ဓမ္မအလှူသည်။
ဇိနာတိ၊ အောင်၏။
ဒါ့ကြောင့် ယခုအခါ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးကို အခြေခံသရုပ်ခွဲခြင်းကို အစထား၍ ဓမ္မဒါနဖြစ်အောင် ဟောပြပါ့မယ်။ လာဘ်ပူဇော်သက္ကာရ ငဲ့ခြင်းကင်း စေလျက် ဓမ္မာနုဓမ္မပဋိပတ်ဖြင့် မြတ်စွာဘုရားကို ပူဇော်လျက်သာ ဟောပြပါ့မယ်၊ နာကြားသူတို့ကလည်း ဓမ္မာနုဓမ္မပဋိပတ်ဖြင့် မြတ်စွာဘုရားကို ပူဇော်မည်ဟု နှလုံးပြု၍ နာကြားကြပါ၊ နိဗ္ဗိန္ဒဉာဏ် ထက်သန်စေခြင်းကို ရည်၍ ဟောပြပါ့မယ်၊ ပကတိနားတွင် မတန့်စေဘဲ ဉာဏ်နားအတွင်း သွင်းမိအောင် အာရုံစူးစိုက် နှလုံးပိုက် နိုင်ကြပါစေလို့ တောင့်တပါတယ်။
သင်ကြားလေ့လာရတဲ့ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ဆုတောင်းမှာ အင်္ဂါ ၁၂-ပါး, ကာလသုံးပါး, ဝဋ်သုံးပါး, ခြင်းရာ ၂၀, အစပ်သုံးပါး, အလွှာ လေးပါး, မူလ ၂-ပါး ရယ်လို့ မှတ်သားရပါတယ်၊ ထိုအင်္ဂါ ၁၂-ပါး စသည်ကို ဆုတောင်းစာ အတိုင်း ပုံစံ၌ ရှင်းလင်းအောင် ထောက်ပြရမတဲ့။
၂။ အင်္ဂါ ၁၂-ပါးဆိုတာ --
အဝိဇ္ဇာ, သင်္ခါရ - ဒါက နှစ်ပါးပါ၊
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ ဝေဒနာ-ဒါက ငါးပါးပါ၊
တဏှာ, ဥပါဒါန်, ဘဝ-ဒါက သုံးပါးပါ၊
ဇာတိ, ဇရာမရဏ (ဒါက သုံးပါးလိုလိုနဲ့) နှစ်ပါးထဲပါ၊
ဒီလိုလေးပိုဒ်ပြု၍ လေးလုံးကွဲအောင် ရွတ်ဆိုရမတဲ့၊ ဇရာနှင့် မရဏဟာ တခုစီ ဖြစ်ပေမဲ့ အင်္ဂါအားဖြင့် တခုတည်းပေါင်း၍ ဟောထားပါတယ်၊ ဒီလိုသိမထားလျှင် အင်္ဂါ ၁၃-ပါး ဖြစ်သွားတတ်ပါတယ်။
၃။ ကာလသုံးပါးဆိုတာကတော့--
အဝိဇ္ဇာ, သင်္ခါရ-ဒါက အတိတ်ဘဝက ဖြစ်ခဲ့ပြီးတဲ့ တရားနှစ်ပါး ဖြစ်ပါဘယ်၊
ဝိညာဏ်ကစပြီး ဘဝအထိ - ဒါက ယခု ပစ္စုပ္ပန်ဘဝမှာ ဖြစ်ဆဲတရားရှစ်ပါး ဖြစ်ပါတယ်။
ဇာတိ, ဇရာမရဏ-ဒါက နောင်အနာဂတ်ဘဝမှာ ဖြစ်မဲ့တရားနှစ်ပါး ဖြစ်ပါတယ်။
၄။ ဝဋ်သုံးပါးဆိုတာကတော့ - အတိတ်ကာလက အဝိဇ္ဇာရယ်, ပစ္စုပ္ပန် ကာလက တဏှာ, ဥပါဒါန်ရယ်၊ ဒီသုံးပါးကို ကိလေသဝဋ်လို့ ခေါ်ပါတယ်၊
အတိတ်ကာလက-သင်္ခါရရယ်, ပစ္စုပ္ပန်ကာလကဘဝကို ထက်ခြမ်းခွဲထားတဲ့ ကမ္မဘဝရယ်၊ ဒီနှစ်ပါးကို ကမ္မဝဋ်လို့ ခေါ်ပါတယ်၊
ထိုမှကြွင်းသမျှ - ဝိညာဏ်, နာမ်ရုပ်စသော ငါးပါးရယ်, ဘဝကို ထက်ခြမ်းခွဲထားတဲ့ ဥပပတ္တိဘဝရယ် ဇာတိ ဇရာမရဏရယ်၊ ဒီရှစ်ပါးကို ဝိပါကဝဋ်လို့ ခေါ်ပါတယ်၊
ကမ္မဝဋ် နှစ်ပါးကတော့ မျိုးစေ့သဘောတဲ့။
ကိလေသဝဋ် သုံးပါးကဘော့ မြေတောင် မြှောက်ပြီး ရေဖျန်းတဲ့သဘောတဲ့၊
သည်တော့ ဝိပါကဝဋ်ရှစ်ပါးက အပင်မျိုးစုံ ထထပြီး အဆက်မပြတ်အောင် ပေါ်ပေါက်လာရတဲ့သဘော ဖြစ်ပါသတဲ့။
ဒီနေရာမှာ- “ကိသုံး, ကံနှစ်၊ ဝိပါက်ရှစ်၊ ဆယ့်နှစ် ဖြစ်နိုင်စေ” လို့ မှတ်ချက် သတိပေးထားပါတယ်၊ ဆယ့်သုံးဖြစ်တတ်သောကြောင့်တဲ့၊ ဆိုလိုရင်းကတော့-
ကိသုံးဆိုတဲ့ ကိလေသဝဋ်သုံးပါးလုံးဟာ ကျပ်ပြည့်သုံးပါး ဖြစ်ပါတယ်၊
ကံနှစ် ဆိုတဲ့ ကမ္မဝဋ်နှစ်ပါးဟာ ကျပ်ပြည့် မဟုတ်ပါဘူး၊ ကမ္မဘဝဟာ ဘဝထဲက ထက်ခြမ်းခွဲ၍ ယူထားတာပါ၊ ဒါကြောင့် တခုခွဲသာ ရှိပါတယ်၊ ကျပ်ပြားနှင့် ငါးမူးပြားဟာ နှစ်ပြားတော့ ဟုတ်ပါတယ်၊ နှစ်ကျပ်တော့ မပြည့်ပါဘူး၊
ဝိပါက် ရှစ်-ဆိုတာလဲ ကျပ်ပြည့် မဟုတ်ပါဘူး၊ ဘဝထဲက ဥပပတ္တိဘဝဟု ထက်ခြမ်း ခွဲ၍ ယူထားပါတယ်၊ ခုနစ်ခုခွဲသာ-ခုနစ်ကျပ်ခွဲသာ ရှိပါတယ်၊ ဒီတော့ တကျပ်ခွဲနှင့် ခုနစ်ကျပ်ခွဲပေါင်းလျှင် ကိုးကျပ်ဖြစ်ပါတယ်၊ ကိလေသဝဋ် သုံးပါးထည့်တော့ ၁၂-ကျပ် လို့ အတိအကျဖြစ်ပါတယ်၊
ဒါကို အတိအကျ မဖြစ်ဘဲ မှားသွားမှာစိုးရိမ်လို့ “ဘဝကို ကမ္မဘဝ, ဥပပတ္တိဘဝဟု နှစ်မျိုးခွဲထားသည်”ဟု မှတ်ချက်သတိ ပေးထားပါတယ်။
၅။ ခြင်းရာ ၂၀-ဆိုတာကတော့ --
ယခင်အတိတ်ဘဝမှာ အဝိဇ္ဇာ, သင်္ခါရ ကိုယူလျှင် အတူဖြစ်ဘက် တဏှာ, ဥပါဒါန်, ဘဝကိုလဲ ယူရပါတယ်၊ သည်တော့ ဒီနေရာမှာ သူတို့နှစ်ပါးထဲသာ မဟုတ်ဘဲ ငါးပါး ဖြစ်ပါတယ်၊
ယခု ပစ္စုပ္ပန် ဘဝမှာလဲ တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အတူဖြစ်ဘက် အဝိဇ္ဇာ, သင်္ခါရကိုလဲ ယူရပါတယ်၊ ဒီနေရာမှာလဲ သူတို့သုံးပါးထဲသာ မဟုတ်ဘဲ ငါးပါးဖြစ်ပါ တယ်၊
သူတို့ချင်းချင်း အပြန်အလှန် ဘာဖြစ်လို့ ယူရသလဲ၊ ကိလေသာချင်းတူ ကံချင်း တူသောကြောင့်တဲ့၊ တူပုံကတော့ အဝိဇ္ဇာလဲ ကိလေသာ၊ တဏှာ ဥပါဒါန်လဲ ကိလေသာ၊ ကိလေသာဝဋ် သုံးပါးထဲက ဖြစ်ပါဘယ်။ သင်္ခါရလဲ ကံ, ကမ္မဘဝလဲ ကံ၊ ကမ္မဝဋ်နှစ်ပါးထဲက ဖြစ်ပါတယ်၊
ရှင်းအောင် ခွဲဆိုလျှင်တော့ --
အဝိဇ္ဇာကိုယူလျှင် တဏှာ,ဥပါဒါန်ကိုလဲ ယူ၊
တဏှာ, ဥပါဒါန်ကို ယူလျှင် အဝိဇ္ဇာကိုလဲ ယူ၊
ကိလေသာချင်း အတူတူတဲ့၊
သင်္ခါရကို ယူလျှင် ကမ္မဘဝ ကိုလဲ ယူ၊
ကမ္မဘဝကိုယူလျှင် သင်္ခါရကိုလဲ ယူ၊
ကံချင်း အတူတူတဲ့၊ ဒီလို ခွဲဆိုရပါတယ်။
၆။ ဒီနေရာမှာ ပုဂ္ဂိုလ်တဦးက အလွန်ကောင်းတဲ့ မေးခွန်းတခု ထုတ်ပါတယ်၊
အဝိဇ္ဇာ, သင်္ခါရကတော့ အတိတ်နှစ်ပါး၊ တဏှာ, ဥပါဒါန်, ဘဝကတော့ ပစ္စုပ္ပန်သုံးပါး၊ ကာလချင်း မတူဘဲနဲ့ နှစ်ရပ်ပေါင်းလိုက်ဘော့ ထိုငါးပါးဟာ အတိတ်ချည်းငါးပါး ဖြစ်သလား၊ ပစ္စုပ္ပန်ချည်းငါးပါး ဖြစ်သလားတဲ့၊
[ပဋိစ္စသမုပ္ပါဒ်ဉာဏ် မဝင်စားတဲ့သူက 'ဒီလိုမေးခွန်းမျိုး မေးဘို့ စိတ်ကူးရမှာ မဟုတ်ပါဘူး။ အသိဉာဏ် ခိုင်မြဲစေသော မေးခွန်းမျိုး ဖြစ်ပါတယ်။]
အဖြေကတော့ - အတူဖြစ်ဘက်လို့ ယခုတင်က ဆိုခဲ့ပါပြီ။
အတိတ်ဘဝတုန်းက ငါးပါးလုံး အတူဖြစ်ခဲ့ပါတယ်၊ သို့ပေမဲ့ အတိတ်ဘဝမှာ တဏှာ, ဥပါဒါန်, ဘဝကတော့ မထင်မရှား တိမ်မြုပ်နေပါတယ်၊ အဝိဇ္ဇာနှင့် သင်္ခါရသာ ထင်ရှား၍ ပြဓာန်းပါတယ်၊
ပစ္စုပ္ပန်ဘဝမှာလဲ ငါးပါးလုံး အတူဖြစ်ပါတယ်၊ သို့ပေမဲ့ ပစ္စုပ္ပန်ဘဝမှာ အဝိဇ္ဇာ, သင်္ခါရ မထင်မရှား တိမ်မြုပ်နေပါတယ်၊ တဏှာ, ဥပါဒါန်, ဘဝသာ ထင်ရှား၍ ပြဓာန်း ပါတယ်၊
ဒါကြောင့် တကာလထဲ ပြိုင်တူဖြစ်ပါလျက် မထင်မရှား ပုန်းရှောင် နေရမလားလို့ ဆွဲထုတ်ပြီး ပြရတာပါ၊ အတူတကွ ဓားပြတိုက်သူတွေထဲက အထင်ခံနေရသူတို့ကို ဖမ်းပြီး ပုန်းနေသူတွေကို လိုက်ဖမ်းနေတာပါ၊ ကာလတခြားစီ ဖြစ်တာကို အတင်း အဓမ္မဆွဲယူတာ မဟုတ်ပါဘူးတဲ့၊
ဒီတော့ အတိတ်မှာလဲ ငါးပါးသုံး အတိတ်ချည်းသက်သက်၊
ပစ္စုပ္ပန်မှာလဲ ငါးပါးလုံး ပစ္စုပ္ပန်ချည်းသက်သက် ဖြစ်တယ်လို့ သိနိုင်ပါသတဲ့။
[ထိုနှစ်ရပ် ပေါင်းလိုက်တော့ ဆယ်ပါးဖြစ်ပါတယ်၊ အကြောင်းဝဋ်ဆယ်ပါး လို့ ခေါ်ပါတယ်၊ အတိတ်အကြောင်း ငါးပါး, ပစ္စုပ္ပန်အကြောင်း ငါးပါးဟု ခွဲယူရပါသတဲ့။]
၇။ အကြောင်းဝဋ် ဆယ်ပါးဖြစ်သလို အကျိုးဝဋ်လဲ ဆယ်ပါးဖြစ်ပါတယ်။
ဖြစ်ပုံကတော့ အတိတ်အကြောင်း ငါးပါးကြောင့် ဝိညာဏ်စသော အကျိုး ငါးပါး ယခုဘဝမှာ ဖြစ်လာပါတယ်၊ ထိုငါးပါးကို ပစ္စုပ္ပန်အကျိုး ဝဋ်ငါးပါး ဟု ခေါ်ပါတယ်၊ ထိုအကျိုးဝဋ်ငါးပါးကို မှီပြီး ပစ္စုပ္ပန်အကြောင်းငါးပါး ဖြစ်ပါတယ်၊
ထိုပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့်တော့ ဇာတိ, ဇရာမရဏ နှစ်ပါးသာ ဖြစ်ပါတယ်၊ ဇာတိ, ဇရာမရဏ ဆိုတာလဲ ဝိညာဏ်စသော ဒြဗ်ငါးပါးပင် ဖြစ်ပါတယ်၊ ထိုငါးပါးသည်ပင် အနာဂတ်ဘဝ၌ ဖြစ်လတ္တံ့သော အကျိုးဝဋ်ငါးပါး ဖြစ်ပါတယ်၊ ထိုကြောင့် ဉာဏ်ဆုတောင်းစာလွှာထဲမှာ ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကို ယူလျှင် ဝိညာဏ်စသော ဒြဗ်ငါးပါးကို ယူခြင်းသာဖြစ်၏ဟု လေ့လာကြရပါတယ်။
၈။ ဒီနေရာမှာလဲ ၂-ပါးနှင့် ၅-ပါးပေါင်းလျှင် ၇-ပါး မဖြစ်ဘူးလားဟု ဉာဏ်ဝင်စား သူတိုင်းလိုပင် မေးကြပါသေးတယ်၊ စာသင်ကျောင်း၌ ပေါင်းသော နည်းရိုးရိုးဖြင့် ပေါင်းလျှင် ၇-ဖြစ်ပါတယ်၊ အဘိဓမ္မာ၌ ပေါင်းသော နည်းထူးဖြင့် ပေါင်းလျှင် ၇-မဖြစ်ဘဲ ၅-သော်၎င်း, ၂-သော်၎င်းဖြစ်ပါတယ်၊
(ရှင်းသွားအောင် ဉာဏ်အားစိုက်၍ သတိပြုပါ။)
ဇာတိ, ဇရာမရဏ ဆိုတာ ဖြစ်ခြင်းဂုဏ်ထူး, ရင့်ခြင်း-ပျက်ခြင်းဂုဏ်ထူး နှစ်ပါး ဖြစ်ပါဘယ်၊ ဂုဏ်ဆိုတာ တည်ရာဌာနဖြစ်သော ဂုဏ်ဒြဗ်နှင့် ကင်းလျက် ဂုဏ်ချည်း သက်သက် မဖြစ်ကောင်းပါဘူး၊ တည်ရာဒြဗ်ကို ဉာဏ်စိုက်၍ ရှာလိုက်တော့ ဝိညာဏ်စသော ငါးပါးကို တွေ့ရပါတယ်။ ဘယ်လိုတွေ့သလဲ၊ ဇာတိဆိုတာ တခြားမဟုတ်၊ ဝိညာဏ်စသော ငါးပါး၏ ဖြစ်ခြင်းမျှပင်တည်း၊ ဇရာမရဏဆိုတာ တခြား မဟုတ်၊ ထိုငါးပါး၏ ရင့်ခြင်း ပျက်ခြင်းမျှပင်တည်း၊ ထိုငါးပါးသည် ရှေးဦးစွာ ဇာတိစွမ်းဖြင့် ဖြစ်ပေါ်လာ၍ ဇရာ,မရဏစွမ်းဖြင့် ရင့်၍ ပျက်သွားကြောင်းကို ကောင်းကောင်းကြီး တွေ့ရပါတယ်။
[အဲဒီလို ဂုဏ်နှင့်ဂုဏေး, သကတ်နှင့်ဒြဗ်, ဌာနီနှင့် ဌာနဆိုတာ ခွဲ၍လဲ မရစကောင်း၊ ပေါင်း၍လဲ ဂဏန်းမတိုးကောင်းပါဘူးတဲ့။]
၉။ ဥပမာ-မြို့တမြို့မှာ “က, ခ, ဂ, ဃ, င” ဟု ညီအစ်ကို ငါးယောက်ဟာ အသားဖြူဖြူ ဝဝတုတ်တုတ် ဖြစ်သောကြောင့် ဖြူ၍ဝသူ ညီအစ်ကိုငါးယောက် ဟု လူတိုင်းသိ ထင်ရှားနတယ် ဆိုပါတော့၊ ဒီတော့ကာ “ဖြူ၍ ဝသူ” ဟု စကား နှစ်ပိုဒ်မျှဆိုလျှင် ထိုညီအစ်ကိုငါးယောက်ကို ဆိုတယ်လို့ သိကြရမယ်၊ ထိုညီအစ်ကို ငါးယောက်ဟု ဆိုလျှင် ဖြူဖြူဝဝ-ဂုဏ်နှစ်ခုကို သိကြမယ်မဟုတ်ပါလား၊ ထိုဖြူ၍ ဝသူနှင့် ထို ညီအစ်ကို ငါးယောက်ကို ၇-ယောက် ဖြစ်အောင် အဘယ်သင်္ချာဆရာ ပေါင်းနိုင် ပါသလဲ။
ထိုငါးယောက်ကို အမည်ငါးခု ဖော်၍ဆိုလျှင်လဲ ဖြူ၍ဝသူများဟု ဂုဏ်ပုဒ် နှစ်ခုကို သိကြရမယ် မဟုတ်ပါလား၊ စကားပုဒ် အပိုဒ်အားဖြင့် ၇-ပိုဒ်ဖြစ်၍ ပုဂ္ဂိုလ်အားဖြင့် ငါးယောက်ထဲ ဂုဏ်အားဖြင့် နှစ်မျိုးထဲ မဟုတ်ပါလား။
[ဤဥပမာအတိုင်း ဇာတိ ဇရာမရဏဟူသော ဂုဏ်နှစ်ပါးစီနှင့် မကင်းသော ဝိညာဏ်သော ဒြဗ်ငါးပါးကို အဘိဓမ္မာနည်းဖြင့် ယခု ပေါင်းပြလိုက်ပါတော့မယ်။]
ဝိညာဏ်စသော ဒြဗ်အင်္ဂါငါးပါး - ညီအစ်ကို ငါးယောက်ကိုတည်၊ ဇာတိ ဇရာ-မရဏ ဟူသော အင်္ဂါ-ဖြူဖြူဝဝ နှစ်ပါးကို ပေါင်းလိုက်သော် --
ဒြဗ်သိလို၍ ပေါင်းလိုက်လျှင် ၅-နှင့် ၂-ပေါင်း ဒြဗ် ငါးပါးသာ ဖြစ်ပါတယ်၊
ဂုဏ်သိလို၍ ပေါင်းလျှင် ၅-နှင့် ၂-ပေါင်း ဂုဏ် ၂-ပါးသာ ဖြစ်ပါတယ်၊
အင်္ဂါသိလို၍ ပေါင်းလျှင်တော့ ၅-နှင့် ၂-ပေါင်း အင်္ဂါ ၇-ပါး ဖြစ်ပါတယ်။
[ဉာဏ်အားစိုက်ကာ သတိပြုကြခြင်းဖြင့် ဤအနာဂတ်ဘဝ ဇာတိ, ဇရာ-မရဏ နေရာ၌ ဝိညာဏ်စသော ကျိုးငါးပါးဖြစ်ပုံ ရှင်းလင်းစွာ သိလောက်ပါပြီ။]
၁၀။ သည်တော့ကာ အတိတ်ဘဝက အတိတ်ဘဝက အကြောင်းငါးပါးဟု ကံနှင့် ကိလေသာ ဖြစ်ခဲ့ခြင်းကြောင့် ယခု ပစ္စုပ္ပန်ဘဝမှာ ဝိညာဏ်ကစပြီး အကျိုး ငါးပါးဟု ဝိပါက်ရယ်လို့ ဖြစ်လာပါတယ်၊ အဲဒါ ယခင်ဘဝနှင့် ယခုဘဝ ဆက်သွယ်ပုံပါဘဲ၊ ထိုပစ္စုပ္ပန်အကျိုးငါးပါး ဝိပါက်ဖြစ်လာတော့လဲ ခံစားခြင်း- ဝေဒနာကြောင့် တဏှာ စသော အကြောင်းငါးပါးရယ်လို့ ယခု ပစ္စုပ္ပန်ဘဝမှာ ကံနှင့် ကံလေသာကို စ-လိုက်ပြန်ပါတယ်။ သည်တော့ နောက်အနာဂတ်ဘဝမှာ အကျိုးငါးပါးဟု ဝိပါက် ရယ်လို့ ဖြစ်ရဦးမှာဘဲ၊ အဲဒါ ယခုဘဝနှင့် နောင်ဘဝ ဆက်သွယ်ပုံပါဘဲ၊ ဒီနည်းဖြင့် အစမထင် တသံသရာလုံး ကျင်လည်ခဲ့ရပါပြီ၊ နောက်လဲ ထိုဘဝစက်၏ မူလနှစ်ပါး မပျက်မချင်း ကျင်လည်ရဦးမှာပါဘဲ၊ ဗြဟ္မာ, ဗိဿဏိုး ဖန်ဆင်းတာ မဟုတ်ပါဘူး၊ သူ့အကြောင်းနှင့် သူ့ကျိုး မပြတ်ဘဲ အထပ်ထပ်ဖြစ်နေတာ ဖြစ်ပါတယ်။
[ဒါကြောင့် ဒီခန္ဓာကိုယ်တွေအတွတ် သုသာန်မြေပုံတွေလဲ မြင့်လှပါပြီ၊ သံသရာကို ငြီးငွေ့သင့်ပါပြီ၊ ဒီ အကြောင်းဝဋ်ဆယ်ပါးနှင့် အကျိုးဝဋ်ဆယ်ပါးဟာ ခြင်းရာ ၂၀-ဖြစ်ပါသတဲ့။]
၁၁။ အလွှာလေးပါးကတော့ အင်္ဂါ ၁၂-ပါးကို လေးပိုဒ်ပြု၍ လေးလုံး ကွဲအောင် ဆိုနေကျသူတို့မှာ လွယ်ကူပါတယ်၊
အဝိဇ္ဇာ, သင်္ခါရ-နှစ်ပါး တလွှာ၊
ဝိညာဏ်, နာမ်ရုပ်, သဠာယဘန,ဖဿ, ဝေဒနာ-ငါးပါး တလွှာ၊
တဏှာ, ဥပါဒါန်, ဘဝ-သုံးပါးတလွှာ၊
ဇာတိ, ဇရာမရဏ-နှစ်ပါး တလွှာ။
တနည်း-
အတိတ်အကြောင်း ငါးပါး တလွှာ၊
ပစ္စုပ္ပန်အကျိုးငါးပါး တလွှာ၊
ပစ္စုပ္ပန် အကြောင်းငါးပါး တလွှာ၊
အနာဂတ်အကျိုးငါးပါး တလွှာ၊ အဲဒီလို လေးလွှာ ဖြစ်ပါတယ်။
၁၂။ အစပ်သုံးပါးကတော့ အဝတ်အလွှာ လေးထည်ကိုစပ်၍ ချုပ်လျှင် အကြား၌ ချုပ်ရိုးသုံးခု ထင်ရှားပါတယ်၊ ဟောဒီ သင်္ခါရနှင့် ဝိညာဏ်အကြားဟာ တစပ်၊ အတိတ်အကြောင်းငါးပါးနှင့် ပစ္စုပ္ပန်အကျိုးငါးပါး စပ်ခြင်း ဖြစ်ပါတယ်၊ ယခင်ဘဝနှင့် ယခုဘဝ ဆက်မိအောင်စပ်ထားတဲ့ ပဌမချုပ်ရိုးကြီး ပါတဲ့။
ဝေဒနာနှင့်တဏှာအကြားဟာ တစပ်၊ ပစ္စုပ္ပန်အကျိုးငါးပါးနှင့် ပစ္စုပ္ပန် အကြောင်း ငါးပါး စပ်ခြင်းဖြစ်ပါတယ်၊ ယခုဘဝနှင့် ယခုဘဝကိုဘဲ ဆက်မိအောင် စပ်ချုပ်ဆဲ ဖြစ်တဲ့ ဒုတီယချုပ်ရိုးကြီးပါတဲ့။
ဘာကိုရည်စူး၍ ယခုဘဝချင်း ဆက်စပ်နေရလဲလို့ မေးစရာ ရှိပါတယ်၊ နောက်ဘဝနှင့် မဆက်မိဘဲ ပြတ်သွားမှာစိုးလို့ ရိက္ခာယူတာဟု ဖြေရမှာပါဘဲ၊ သံသရာဒုက္ခ ကင်းသွားမှာစိုးလို့ ဟူ၍လည်း ဖြေနိုင်တယ်၊ တနည်းတော့လဲ-နောက်ဘဝမှာ တကိုင်းထဲ မနားရမှာစိုးလို့ဟူ၍သာ ဖြေဆိုရမတဲ့။
ဘဝနှင့် ဇာတိအကြားဟာ တစပ်၊ ပစ္စုပ္ပန်အကြောင်းငါးပါးနှင့် အနာဂတ် အကျိုးငါးပါး စပ်ခြင်း ဖြစ်ပါတယ်၊ ယခုဘဝနှင့်နောက်ဘဝကို ဆက်မိအောင် စပ်ချုပ်ရမှာဖြစ်တဲ့ တတီယချုပ်ရိုးကြီးပါတဲ့။
၁၃။ မူလနှစ်ပါးကတော့ - အဝိဇ္ဇာနှင့် တဏှာဟာ မူလနှစ်ပါး ဖြစ်ပါတယ်၊ လောကမှာ မြွေကို ဦးခေါင်းကိုင်လျှင် လက်ကို မြွေရစ်ပတ်တတ်တယ် မဟုတ်ပါလား၊ ထို့အတူ အဝိဇ္ဇာ, တဏှာ မကင်းသူကိုလဲ ဝဋ်သုံးပါး အဆက်မပြတ် ရစ်ပတ်တတ်ပါတယ်၊ ပဓာနအကြောင်း မူလနှစ်ပါး ဖြစ်ပါသတဲ့။
၁၄။ အဝိဇ္ဇာကတော့ - အတိတ်ဘဝကစ၍ ပစ္စုပ္ပန်ဘဝ ဝေဒနာအထိ ဆောင်ပါသတဲ့၊ ပုဗ္ဗန္တဘဝစက်၏ မူလမည်တယ်၊ အင်္ဂါ ၇-ပါး ရှိတယ်၊ ပဌမ စက်ဝိုင်းကို ကြည့်ရမယ်၊ အဝိဇ္ဇာကြောင့် သင်္ခါရ၊ သင်္ခါရကြောင့် ဝိညာဏ်စသည် ဖြင့် အစဉ်အတိုင်းဖြစ်၍ ဝေဒနာရောက်တော့ ဝေဒနာကြောင့် အဝိဇ္ဇာဟု လှည့်ခွေရမတဲ့၊
ဘာ့ကြောင့်လဲဆိုတော့ သုခဝေဒနာစွမ်းဖြင့် အာရုံအရသာ ကောင်းကောင်းကို ခံစားရလျှင် မလွှတ်နိုင်အောင် တဏှာ ဖြစ်သတဲ့၊” “သာအိ” ခဏခဏ ဆိုတာလို ပါဘဲတဲ့၊ ဥပေက္ခာဝေဒနာစွမ်းဖြင့် အာရုံအရသာ အလတ်စားကို ခံစားရလျှင်လဲ အာရုံညံ့ညံ့ မဟုတ်သောကြောင့် “တဏှာ-သာအိက” ကျေနပ်ပါသကဲ့၊ ဒုက္ခဝေဒနာ စွမ်းဖြင့် အာရုံအရသာ ဆိုးဆိုးကို ခံစားရတဲ့ အခါကျဘော့ ဒီတဏှာ သေတော့မှာဘဲ လို့ အောက်မေ့မိတယ်၊ အာရုံကောင်းကောင်းကို ဘယ်အခါ ရနိုင်ပါ့မလဲလို့ လှမ်းပြီး တောင့်တပါသတဲ့၊ အာက “သာအိ” ဖြစ်ပါတယ်။
ဗိမ္ဗိသာရမင်းကြီးရဲ့ဆွေမျိုး ပြိတ္တာတွေဟာ ဘယ်ကော့များမှ အစာရေစာ စားရပါ့မလဲ လို့ ကကုသန်ဘုရားထံ သွားလျှောက်ကြတယ်၊ ကောဏာဂုံဘုရား ပွင့်တော့လဲ လျှောက်ကြသေးတယ်။ ကဿပဘုရား ပွင့်တော့ လျှောက်တဲ့အခါမှ နောင်မြေကြီး တယူဇနာမြင့်လျှင် ဂေါတမဘုရား ပွင့်လိမ့်မယ်၊ အဲဒီအခါ သင်တို့ဆွေမျိုး ဗိမ္ဗိသာရမင်း အလှူကြီးလှူ၍ အမျှဝေလိမ့်မယ်၊ ထိုအခါ နတ်သုဒ္ဓါဘုတ်တွေ စားရလိမ့်မယ်လို့ မိန့်တော်မူလိုက်တော့ ပြိတ္တာတွေဟာ အတိုင်းထက်အလွန် ဝမ်းသာကြသတဲ့၊ ဘုရားလေးဆူအကြား ငတ်နေပေမဲ့ ဒီတဏှာ မသေဘူး၊ လှမ်းလှမ်းပြီး တောင့်တ နေတယ် မဟုတ်ပါလား၊ ဒီတဏှာတွေ ဖြစ်တိုင်းဖြစ်တိုင်း အဝိဇ္ဇာဖြစ်တာချည်းပါဘဲ၊ ဒါကြောင့် ဝေဒနာပစ္စယာ အဝိဇ္ဇာလို့ လှည့်ခွေရပါသတဲ့။
၁၅။ ဤပုဗ္ဗန္တစက်ဝိုင်း၌ အင်္ဂါ ၁၂-ပါးလဲမပြည့်ဘဲနဲ့ ၇-ပါးထဲ လယ်ရသလားလို့ မေးလျှင် ၁၂-ပါးလုံးပင် လယ်တယ်လို့ ဖြေရမတဲ့၊ ဘာကြောင့်လဲ၊ အဝိဇ္ဇာ, သင်္ခါရ နှစ်ပါးကို မြင်လျှင် ပြိုင်တူဖြစ်လျက် မထင်မရှား ပုန်းနေသော တဏှာ, ဥပါဒါန်, ဘဝသုံးပါးကို ရိပ်မိရတယ်၊ ဝိညာဏ်စသော ဒြဗ်ညီအစ်ကို ငါးယောက်ကိုမြင်လျှင် ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကိုလဲ ရိပ်မိရတယ်၊ ဒါကြောင့် အင်္ဂါ ၇-ပါး အထင်ခံ ငါးပါးက အတွင်း၌ပုန်းလျက် ၁၂-ပါး လုံးပင် လည်ပါသတဲ့၊
ပဌမစက်ဝိုင်းဟာ ပုဗ္ဗန္တဘဝစက် မည်ပါတယ်၊ အဝိဇ္ဇာ ဦးစီးတဲ့စက်ဝိုင်း၊ ယခင် ဘဝနှင့် ယခုဘဝ ဆက်သွယ်တဲ့စက်ဝိုင်း၊ ဝေဒနာအထိ အထင်ခံ ၇-ပါးရှိတဲ့စက်ဝိုင်း ဖြစ်ပါတယ်၊ ယခုဘဝ ပဋိသန္ဓေကစပြီး ယနေ့ ဤအချိန်အထိ ဒုက္ခအမျိုးမျိုး တွေ့ရဟာ ဒီစက်ဝိုင်း၏ သတ္တိပါဘဲ၊ ခေတ်ပျက်အတွင်း စစ်ဘေးအကြိမ်ကြိမ် တွေ့ရဒါကိုလဲ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဟု ယောနိသော လမ်းမရွှေကြပါနှင့်၊ ဒီစက်ဝိုင်း၏ သတ္တိပါဘဲ။
၁၆။ တဏှာကတော့ - ယခုဘဝကစ၍ အနာဂတ်ဘဝ ဇရာမရဏအထိ ဆောင်သတဲ့၊ အပရန္တဘဝစက်၏မူလ မည်သတဲ့၊ အင်္ဂါ ၅-ပါး ရှိပါတယ်၊ ဒုတီယ စက်ဝိုင်းကို ကြည့်ရမယ်၊ တဏှာကြောင့် ဥပါဒါန်, ဥပါဒါန်ကြောင့် ဘဝစသည်ဖြင့် အစဉ်အတိုင်း ဖြစ်၍ ဇရာမရဏရောက်တော့ ဇရာမရဏကြောင့် တဏှာဟု လှည့်ခွေရမတဲ့၊
ဘာ့ကြောင့်လဲဆိုတော့ ဇရာမရဏစွမ်းဖြင့် ရင့်၍ ပျက်တော့မလိုဖြစ်တဲ့အခါ မရင့်ချင်ဘဲ နုပျိုလိုသော ကာမာသဝ, အသက်ရှည်လိုသော ကာမာသဝတို့ ဖြစ်ကြတယ်၊ ဆံပင်ဖြူဖြူကလေးများ ပေါ်ပေါက်လာလျှင် အရောင်မဲသွားအောင် ဘယ်ပုံပြုရပါ့မလဲ၊ သွားကလေးများ ကျိုးသွားတဲ့နေရာ ကွက်လပ်များမှာလဲ ဘာကလေး အစားထိုးထည့်ထားရပါ့မလဲ စသည်ဖြင့် ကာမာသဝတွေ ဖြစ်ကြပါတယ်၊ အဲဒီ ကာမာသဝဆိုဘာ တဏှာ ပါဘဲတဲ့၊ ထို့ကြောင့် ဇရာမရဏ ပစ္စယာ တဏှာလို့ လှည့်ခွေရပါသတဲ့။
၁၇။ ဤအပရန္တစက်ဝိုင်း၌ အင်္ဂါ ၁၂-ပါးလဲ မပြည့်ဘဲနဲ့ ၅-ပါးထဲ လယ်ရသလားလို့ မေးလျှင် ၁၂-ပါးလုံးပင် လယ်တယ်လို့ ဖြေရမတဲ့၊ ဘာ့ကြောင့်လဲ၊ တဏှာ, ဥပါဒါန်, ဘဝ-သုံးပါးကိုမြင်လျှင် ပြိုင်တူဖြစ်လျက် ပုန်းနေသော အဝိဇ္ဇာ, သင်္ခါရနှစ်ပါးကို ရိပ်မိရပါတယ်၊ ဇာတိ, ဇရာမရဏ ဟူသော ဂုဏ်နှစ်ပါးကို မြင်လျှင် ဝိညာဏ်စသော ဒြဗ်ငါးပါး-ညီအစ်ကို ငါးယောက်ကိုလဲ ရိပ်မိရပါဟယ်၊ ဒါကြောင့် အင်္ဂါ ၅-ပါးအထင်ခံ, ၇-ပါးက အကွင်း၌ ပုန်းလျက် ၁၂-ပါးလုံးပင် လယ်ပါသတဲ့၊ အဲဒီ ဒုတီယစက်ဝိုင်းဟာ အပရန္တဘဝစက် မည်တယ်၊ တဏှာဦးစီးတဲ့စက်ဝိုင်း၊ ယခုဘဝနှင့် နောက်ဘဝ ဆက်သွယ်မည်ဟု ခြေလှမ်းပြင်နေတဲ့စက်ဝိုင်း၊ ဇရာမရဏအထိ အထင်ခံ ၅-ပါးရှိတဲ့ စက်ပိုင်း ဖြစ်ပါတယ်၊ နောင်ဘဝ၌ အပါယ်လေးဘုံကိုလဲ မကြောက်နိုင်၊ ပဋိသန္ဓေ ဒုက္ခဝင်အောင်းဘို့ ခြေလှမ်းပြင်နေကြတာ ဒီစက်ဝိုင်း၏ သတ္တိပါဘဲတဲ့၊ သတ္တဝါ အားလုံးပင် ဤစက်ဝိုင်းနှစ်ခု စီးလျက် သံသရာ အထပ်ထပ် မရပ်မတည် တလည်တည်း လည်နေကြပါသတဲ့။
၁၈။ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ဝင်စားလျှင် မေးခွန်းတွေများစွာ ထုတ်နိုင်ပါသေးတယ်၊ ဘဝကိုခွဲထားတဲ့ ဥပပတ္တိဘဝဟာ ခြင်းရာ ၂၀-ထဲမှာ မပြပါတကား၊ အပိုလားလို့ မေးသင့်ပါတယ်၊ အနာဂတ်အကျိုး ဇာတိထဲမှာ ပါဝင်နေသတဲ့၊ ဥပပတ္တိဘဝနှင့် ဇာတိဟာ နှစ်ခွဲနှင့် တတင်းသဘောမျိုး အတူတူဘဲတဲ့၊ ပစ္စုပ္ပန်ဘဝမှာလဲ ဇာတိ, ဇရာမရဏကို မပြတာ မဖြစ်ကောင်းလို့လားဟု မေးသင့်ပါတယ်၊ ဝိညာဏ်စသော ဒြပ်ငါးပါးထဲမှာ ဂုဏ်အဖြစ်ဖြင့် ပါဝင်နေသတဲ့၊ ဒြဗ်ကိုပြလျှင် ဂုဏ်ကိုလဲ ရိပ်မိရမယ်၊ ဂုဏ်ကိုပြလျှင် ဒြဗ်ကိုလဲ ရိပ်မိသတဲ့၊ ယခင်ယခင် ဘဝပစ္စုပ္ပန်ကြောင်းနှင့် အနာဂတ် ကျိုးဟာ ယခုယခု ဘဝမှာ အတိတ်ကြောင်းနှင့် ပစ္စုပ္ပန်အကျိုး ဖြစ်လာပါတယ်၊ ယခုယခုဘဝ ပစ္စုပ္ပန်ကြောင်းနှင့် အနာဂတ်ကျိုးဟာလဲ နောက်နောက်ဘဝမှာ အတိတ်ကြောင်းနှင့် ပစ္စုပ္ပန်အကျိုး ဖြစ်မည်ကိုလဲ ရိပ်မိကြရမတဲ့။
၁၉။ မူလနှစ်ပါးထဲမှာ အဝိဇ္ဇာဟာ ဒိဋ္ဌိစရိုက်ရှိ၍ အမြင်မှားသူကို သံသရာ ရှည်အောင် ဆောင်ပါတယ်၊ သံသရာ၌ ထွက်လမ်းကိုမမြင်အောင် တွေဝေစေပါတယ်၊ ဒါကြောင့် ထိုအမြင်မှားသူတို့ကို ထွက်လမ်း မြင်ပါစေခြင်းငှာ အဝိဇ္ဇာကို ဝဋ်ဆင်းရဲ၏မူလလို့ မြတ်စွာဘုရားက ဟောပါသတဲ့။
တဏှာကတော့ တဏှာစရိုက်ရှိ၍ လောဘများသူကို သံသရာ ရှည်အောင် ဆောင်ပါတယ်၊ သံသရာ၌ ပျော်မွေ့အောင် ဖြားယောင်း လှည့်ပတ်တတ်ပါတယ်၊ ဒါကြောင့် တဏှာ ဖြားယောင်းခံရသူတို့ကို ထွက်လမ်းမြင်ပါစေခြင်းငှာ တဏှာကို ဝဋ်ဆင်းရဲ၏မူလလို့ မြတ်စွာဘုရားက ဟောပါသတဲ့။
[သည်တွင် သံသရာရှည်သော တရားအစစ်ကို ဉာဏ်မျက်စိရှိသူတိုင်း အတိအကျ သိနိုင်လောက်ပါပြီ၊ ဒါန, သီလ မဟုတ်ပါဘူး၊ အဝိဇ္ဇာနှင့် တဏှာပါ။]
၂၀။ အဝိဇ္ဇာဦးစီးတဲ့ စက်ဝိုင်းမှာ ဝိညာဏ်စသော အကျိုးငါးပါးကို ဟောတာကတော့ အဝိဇ္ဇာစသော အတိတ်ဘဝ အကြောင်းတွေဟာ ပြတ်သွားပြီး ဘာမျှမဆိုင်တော့ဘူး ဟု မထင်လေနှင့်တဲ့၊ ဒါတင်မကသေးဘူး၊ တဏှာစသော ပစ္စုပ္ပန်ဘဝအကြောင်း တွေကို မဖြစ်စေနိုင်ဘူး၊ ဘာမျှမဆိုင်ဟု မထင်လေနှင့်တဲ့၊ ဒီဘဝကိုယ်စံ, ဟိုဘဝဟိုကိုယ်ခံ ဘာမျှမဆိုင်ဘူး၊ တခြားစီ ပြတ်နေတယ်လို့ မထင်လေနှင့်တဲ့၊ ပြတ်မသွားဘူး၊ တသန္တာန်တည်း ဆက်လာပါတယ်၊ ဒါကြောင့် ပြတ်သွားတယ် လို့ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိကို ပယ်စွန့်စေခြင်းငှာ ဤပုဗ္ဗန္တစက်ဝိုင်းကို ဟောပါသတဲ့။
တဏှာဦးစီးတဲ့စတ်ဝိုင်းမှာ ဇာတိ, ဇရာမရဏကို ဟောတာကတော့ ဇာတိစွမ်းဖြင့် ဖြစ်သမျှဝိညာဏ်စသော ဒြဗ်ငါးပါးဟာ ဇရာမရဏစွမ်းဖြင့် ရင့်၍ပျက်သွားတယ်လို့ မမြဲပုံ, မခိုင်ပုံကို ပြသတဲ့၊ ဒါကြောင့် မြဲတယ်, ခိုင်တယ် လို့ယူတဲ့ သဿတဒိဋ္ဌိကို ပယ်စွန့်စေခြင်းငှာ ဤအပရန္တစက်ဝိုင်းကို ဟောပါသတဲ့။
၂၁။ ပုဗ္ဗန္တစက်ဝိုင်းမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ကို တခုစီစဉ်၍ ပြတာကတော့ အမိဝမ်း၌ ကလလရေကြည် တည်သည်မှစ၍ အစဉ်အတိုင်း ဖြစ်လာတယ်လို့ ဂဗ္ဘသေယျကပုဂ္ဂိုလ်စွမ်းဖြင့် ဟောပါသတဲ့။
အပရန္တစက်ဝိုင်းမှာ ဇာတိ, ဇရာမရဏလို့ ဂုဏ်နှစ်ပါးကို ပြတာကတော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန ဖဿ ဝေဒနာ ဆိုတဲ့ ဒြဗ်ငါးပါးဟာ တပြိုင်တည်း ဖြစ်လာတယ်လို့ ဥပပါတ်ပုဂ္ဂိုလ်စွမ်းဖြင့် ဟောပါသတဲ့။
၂၂။ ဤ ပဋိစ္စသမုပ္ပါဒ်သဘောကို ဖန်ဖန်နာကြားတဲ့ သုတမယဉာဏ် ကြံစည်တဲ့ စိန္တာမယဉာဏ်, ပွားများအားထုတ်တဲ့ ဘာဝနာမယဉာဏ်တို့ဖြင့် လျော်စွာ သိပါမှ အဝိဇ္ဇာ, တဏှာဆိုတဲ့ မူလနှစ်ပါး အကြွင်းမဲ့ ပြတ်သတဲ့၊ ထိုအခါကျတော့ သံသရာ ဝဋ်ဒုက္ခမှ လွတ်ကင်းပါသကဲ့၊ ခုန်ထွက်မယ်လို့များ စိတ်ကူးထဲ မထဲ့ကြပါနှင့်၊ အိပ်မက် ထဲမှာတောင် ထဲ့၍မက်လို့မရနိုင်ပါဘူးတဲ့။
လျော်စွာ သိရမှာကလဲ မလွယ်လှပါဘူး၊ သမုဒ္ဒရာ၌ ယုန်ငယ်ထောက်မမှီ နိုင်တာနဲ့ ပမာတူသတဲ့၊ ဒေသနာတော်နည်း ကင်းလျက် အလွယ်ကလေးလို့များ မထိမဲ့မြင် မအောက်မေ့ကြပါနှင့်တဲ့၊ မြိတ်ဆာချည်ထွေး သပွတ်အူ စာသိုက်ထွေးမက ရှုတ်ထွေးလှပါတယ်၊ ဒီလိုရှုတ်ထွေးလျှင် ငါတို့မှာ သိနိုင်စရာအကြောင်း မရှိပါဘူး လို့များလဲ အားမလျှော့ကြပါနှင့်တဲ့၊ သုခသာမဏေ, ပဏ္ဍိတသာမဏေ, နိဂြောဓ-သာမဏေ, ဝိသာခါတို့မှ ခုနစ်နှစ်သား ခုနစ်နှစ်သမီးကပင် ဘုရားရှင်ဉာဏ်တော်မှီပြီး ဤ ပဋိစ္စသမုပ္ပါဒ်စက်ကြီးကို လျော်စွာ သိကြတာနဲ့ အပြီးတိုင်အောင် ဖျက်ဆီးနိုင်ကြ ပါသတဲ့၊ အားထားစရာ သာသနာတော်မြတ်ကြီး ရှိပါသေးတယ်။
၂၃။ ဓမ္မသေနာပတိ- တရားစစ်သူကြီး ဖြစ်တော်မူသော မဟာဝိသုဒ္ဓါရာမ သာသနာပိုင် ဆရာတော်ဘုရားကြီး၏ ဥယျာဉ်ကြီးထဲမှာလဲ-
၁။ ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရှေစင်ရှိလျက်၊ မဆေးရက်၊ ကန့်ကွက် မရှိလေ။
၃။ ကုလပုတ္တ၊ အာစာရ၊ နိစ္စရှုကျင့်လေ။
၄။ တကဲ့သမုဒ်၊ ဝဲဇလုတ်၊ အဟုတ်သင်္ဘောလှေ။
၅။ တကဲ့မုန်တိုင်း၊ တကဲ့လှိုင်း၊ ခံ့ကျိုင်းတက်ရွက်ဖွေ။
၆။ ဧရ ရေလဲ၊ ဧရဝဲ၊ အံခဲကုတ်၍ပေ။
၇၊ တကဲ့စခန်း၊ တကဲ့လမ်း၊ ယူထမ်း ရိက္ခာရေ။
၈။ ကြောက်ဘွယ်စစ်မက်၊ ကြောက်ဘွယ်ချက်၊ လက်နက်ကောင်းကြစေ၊
ဤကဲ့သို့ တိုက်တွန်းချက် ရှိပါတယ်၊ စိတ်အားမလျှော့ကြပါနှင့်တဲ့။
၂၄။ ဤဘဝစက်ဟာ ဘယ်လိုရှုပ်သော်လဲ အကြောင်းမကင်းတဲ့ နာမ် ရုပ်နှစ်ပါး ထဲသာ ဖြစ်ပါတယ်၊ အကြောင်းတရားတို့ကြောင့် အကျိုးတရားတို့၏ အဆက်ဆက် ဖြစ်ရတဲ့ နာမ်,ရုပ်နှစ်ပါးထဲ ဖြစ်ပါတယ်၊ သူကြောင့်, ငါ့ကြောင့်, ငါဖြစ်တာ, သူဖြစ်တာ မဟုတ်ဘူးတဲ့၊ အနိစ္စ, ဒုက္ခ, အနတ္တ သဘောတရားတွေ ဖြစ်ပါတယ်၊ အကြောင်း တရားတို့ကို ချုပ်အောင် အားထုတ်ရမယ်လို့ ဟောတော်မူပါတယ်၊ ဒါကြောင့်-
၁။ အကြောင်းတရားတို့ ညီညွတ်မှ ဖြစ်ပေါ်လာသော နာမ်, ရုပ်ပါတကား။
၂။ ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် မမြဲသော နာမ်,ရုပ်ပါတကား။
၃။ ဖြစ်ခြင်း, ပျက်ခြင်းတို့ဖြင့် နှိပ်စက်အပ်သောကြောင့် ဆင်းရဲသော နာမ်,ရုပ်ပါ တကား။
၄။ မိမိအလိုသို့ လိုက်အောင်ပြု၍ မရသောကြောင့် ငါ့ကိုယ်ဟု မမှတ်ထိုက်သော နာမ်,ရုပ်ပါတကား။
၅။ အနှစ်သာရ ဘာမျှမရှိသောကြောင့် အချည်းနှီး အလကားဖြစ်သော နမ်,ရုပ်ပါ တကား။
၆။ အဖန်ဖန်နှိပ်စက်တတ်သောကြောင့် ရန်သူနှင့်တူသော နာမ်,ရုပ်ပါတကား။
၇။ အိုဘေး, နာဘေး, သေဘေး, ပဋိသန္ဓေဘေးတို့၏ တည်ရာဖြစ်သော နာမ်,ရုပ်ပါ တကား။
၈။ သုံးဆယ့်တဘုံ၌သာ ဖြစ်သော နာမ်ရုပ်ပါတကား။
၉။ အပါယ်လေးဘုံ၌ ပျော်ပျော်ကြီး ဖြစ်တတ်သော နာမ်, ရုပ်ပါတကား။
ဤသို့စသည်ဖြင့် အကြောင်းဝဋ်မြစ် ပြတ်သွားအောင် အဖန်ဖန် ရှုကြရမတဲ့၊ သံတုံး-အပ်ဖြစ်အောင် သွေးသော လုံ့လမျိုးဖြင့် ဘုရားရှင်ဉာဏ်တော်မှီးလျက် ဤဘဝ စက်ကြီးကို နိဂြောဓသာမဏေ, ဝိသာခါတို့လို ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ကြ ပါစေကုန်သတည်း။
.
ရေစက်ချ
[ကုသိုလ်ရှင်တာဝန်။]
ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု၊
သဗ္ဗေ သတ္တာ အမှာကံ ပုညဘာဂံ သမံ ပတိ လဘန္တု။
ဘန္တေ၊ အရှင်ဘုရား။
မေ-အမှာကံ၊ ဘုရားတပည့်တော်တို့၏။
ဣဒံပုညံ- ဣမာနိ ပုညာနိ၊ ဤသို့ ယခုပြုအပ်သော ကောင်းမှုတို့သည်။
အာသဝက္ခယံ၊ အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်, ဖိုလ် နိဗ္ဗာန်ကို။
ဝဟံ-ဝဟာနိ၊ ပေါက်ရောက်အောင် ရွက်ဆောင်နိုင်ကုန်သည်။
ဟောန္တု၊ ဖြစ်ပါစေကုန်သတည်း။
ဣမိနာ ပုညကမ္မေန၊ ဤကောင်းမှုကြောင့်။
ဘဝါဘဝေသု၊ ဖြစ်တတ် ပျက်တတ်သော ဘဝကြီးငယ်တို့၌။
သံသရန္တာပိ၊ အလိုမရှိဘဲ ကျင်လည်ကြရကုန်သော်လည်း။
သဒ္ဓါဒိ- သဒ္ဓမ္မ- သမ္ပန္န- ဣဿရိယ- အဍ္ဎ- ကုလပုတ္တာ- သဒ္ဓါ စသော သူတော်ကောင်းတို့၏ တရားခုနစ်ပါးတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ အစိုးတရ ကြွယ်ဝ ချမ်းသာသော အမျိုးကောင်းသားတို့သည်။
ဟုတွာ၊ ဘဝ ဆက်တိုင်းဖြစ်ရ၍။
သ-ပရ ဟိတာဝဟာ၊ မိမိ, သူတပါး အကျိုးများအောင် ရွက်ဆောင်နိုင်ကုန်သော။
ဒါနာဒိပါရမိယော၊ ဒါနစသော ဆယ်ပါးသော ပါရမီတို့ကို။
ပူရေတုံ၊ ငြိုငြင်ပင်ပန်းဆင်းရဲခြင်းနှင့် တွေ့စေကာမူ မဆုတ်မနစ် ဖြည့်ကျင့်ခြင်းငှာ။
သမတ္ထာ၊ စွမ်းနိုင်ကုန်သော သူတို့သည်။
ဘဝါမ၊ ဘဝဆက်တိုင်း ဖြစ်ရပါလိုကုန်၏။
အဇ္ဇ၊ ယနေ့ကို။
အာဒိကတွာ၊ အစပြု၍။
မမ၊ အကျွန်ုပ်၏။
သန္တကံ၊ ဥစ္စာကို။
ဒသိက သုတ္တ မတ္တမ္ပိ၊ မြိတ်ဆာချည်မျှင်မျှကိုသော်လည်း။
အနေက သတာပိ၊ များစွာလည်းဖြစ်ကုန်သော။
ရာဇာနောဝါ၊ မင်းတို့သည်၎င်း။
စောရာဝါ၊ ခိုးသူတို့သည်၎င်း။
အဘိဘဝိတွာ၊ နှိပ်စက်၍။
ဂဏှိတုံ၊ ယူခြင်းငှာ။
သမတ္ထာနာမ၊ စွမ်းနိုင်ကြသည်မည်သည်။
မာဟောန္တု၊ မဖြစ်စေကုန်သတည်း။
အဂ္ဂိနာပိ၊ မီးသည်လည်း။
မမ၊ အကျွန်ုပ်၏။
သန္တကံ၊ ဥစ္စာကို။
မာဋယှတု၊ မလောင်ကျွမ်းနိုင်စေသတည်း။
ဥဒကေနာပိ၊ ရေသည်လည်း။
မာဝုယှတု၊ မမျှောနိုင်စေသတည်း။
ယထာကမ္မံ၊ ကံအားလျော်စွာ။
အတ္ထဗျာပတ္တိ၊ အကျိုးစီးပွား ပျက်ပြားခဲ့သည်ရှိသော်။
အ-ဗျထော၊ သောကစိုးရိမ် ညှိုးမှိန်လွတ်ကင်း သင့်တင့်အောင် နှလုံးသွင်းနိုင်ခြင်း သည်။
ဟောတု၊ ဖြစ်ပါစေသတည်း။
ဣဒံ ပုညဘာဂံ၊ ဤကောင်းမှုအဘို့ကို။
သဗ္ဗေသံ၊ အလုံးစုံကုန်သော။
မနုဿာနဉ္စ၊ အမိအဘ, ဆရာသမား, ဆွေမျိုးဉာတကာ အစရှိကုန်သော လူတို့ အား၎င်း။
ဝိဘာဇေမ၊ အမျှပေးဝေပါကုန်၏။
ဉာတိ-သာလောဟိတာနံ၊ ဆွေမျိုးသားချင်း တော်စပ်ဘူးကုန်သော။
ပေတာနဉ္စ၊ တမလွန်ဘဝသို့ ပြောင်းသွားကုန်သော သူတို့အား၎င်း။
ဝိဘာဇေမ၊ အမျှပေးဝေပါကုန်၏။
ဒေဝတာနဉ္ဇ၊ ကိုယ်စောင့်နတ်, အိမ်စောင့်နတ်, ရွာစောင့်နတ်, မြို့စောင့်နတ် တောစောင့်နတ် သာသနာတော်စောင့်နတ်, စာတုမဟာရာဇ် အစရှိသောနတ်တို့ အား၎င်း။
ဝိဘာဇေမ၊ အမျှပေးဝေပါကုန်၏။
ဒေဝတာ၊ နတ်တို့သည်။
အမှာကံ၊ အကျွန်ုပ်တို့၏။
ပုညာဘာဂံ၊ ကောင်းမှုအဘို့ကို။
အနုမောဒိတွာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။
သုခါနိ၊ ချမ်းသာသုခတို့ကို။
လဘန္တိ၊ ရပါစေကုန်သတည်း။
အမှေပိ၊ အကျွန်ုပ်တို့ကိုလည်း။
ကာရုညတာယ၊ သနားသဖြင့်။
အ-ဘယတ္ထာယ၊ ဘေးရန်မရှိစေခြင်းငှာ။
သုခတ္ထာယ၊ ချမ်းသာစေခြင်းငှာ။
အပ္ပမာဒေန၊ မမေ့မလျော့သဖြင့်။
နိစ္စံ၊ အမြဲ။
အနုရက္ခန္တု၊ စောင့်ရှောက် စေကုန်သတည်း။
အညေသံ၊ ဆိုအပ်ပြီးသည်မှ တပါးကုန်သော။
သတ္တာနဉ္စ၊ သတ္တဝါတို့ အား၎င်း။
ဝိဘာဇေမ၊ အမျှပေးဝေပါကုန်၏။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ပါဏိနော၊ သတ္တဝါတို့သည်။
အမှေဟိ၊ အကျွန်ုပ်တို့နှင့်။
သမံ၊ အညီအမျှ။
ပုညဘာဂံ၊ ကောင်းမှုအဘို့ကို။
ပတိလဘန္တု၊ ရပါစေကုန်သတည်း။
အနေကဝါရံ၊ အကြိမ်များစွာ။
အနုမောဒန္တု၊ သာဓု-သာဓုခေါ်၍ ဝမ်းမြောက်ကြသည် ဖြစ်ပါစေကုန်သတည်း။
အမျှ-အမျှ-အမျှ ယူတော်မူကြပါ။ ။သာဓု-သာဓု-သာဓု။
အမျှ-အမျှ-အမျှ ယူတော်မူကြပါ။ ။သာဓု-သာဓု-သာဓု။
အမျှ-အမျှ-အမျှ ယူတော်မူကြပါ။ ။သာဓု-သာဓု-သာဓု။
[မြဲရာသံပတ် ဟူသည်နှင့်အညီ မြဲမြံအောင် သုံးကြိမ် အမျှဝေသည်၊ ဆရာတော်ကြီး တပါး၏ နည်း။]
သရုပ်ခွဲနှင့်အရကောက် ပြီး၏။
.
ဟောစဉ်နှင့် ကျင့်စဉ်
အာသီသပတ္ထနာ
ဗုဒ္ဓေါ ဓမ္မော စ သံဃော စ၊
အဟော ဝန္ဒီယတေ မမ။
ဝန္ဒိတဗ္ဗာ နုဘာဝေန၊
ဇီယန္တု ဝေရလာမကာ။
ဗုဒ္ဓေါစ၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ဟု မပြတ်လည်ဆက် ဘဝစက်ကို ခွဲဖျက်စိမ့်ငှာ လျော်စွာဟောကြား သဗ္ဗညုမြတ်စွာဘုရားသည်၎င်း။
ဓမ္မောစ၊ ပဋိစ္စသမုပ္ပါဒ် နိဒါနသံယုတ် ၈၁-သုတ်နှင့် ဝိဘင်းဒေသနာ ဓမ္မက္ခန္ဓာသည် ၎င်း။
သံဃောစ၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ဟု မပြတ်လည်ဆက် ဘဝစက်ကို ခွဲဖျက် ထောင်းထောင်း ရှစ်ပါးသော အရိယာသံဃာ အပေါင်းသည်၎င်း။
ဧတံ၊ ဤရတနာမြတ် သုံးပါးနတ်သည်။
မမ၊ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်အတွင်း မကင်း နာမ်-ရုပ် ခန္ဓာ- အာယတန- ဓာတ်အစု သာဖြစ်သော အကျွန်ုပ်၏။
ဝန္ဒီယတေ၊ ယုံကြည်ဆည်းကပ် ရှိခိုးအပ်သော အမြတ်ရတနာသည်။
အဟော၊ အဟုတ်တကယ် အားကိုးဘွယ်စင်စစ် ဖြစ်ခြင်းကြီး ဖြစ်တော်မူပါပေ၏။
ဝန္ဒိတဗ္ဗာနုဘာဝေန၊ ယုံကြည်ဆည်းကပ် ရှိခိုးအပ်သော ရတနာမြတ် သုံးပါးနတ်၏ မကြံအပ်တေဇော် တန်ခိုးအာနုဘော်တော်အားဖြင့်။
သန္တာနံ၊ မဂ်လမ်းစ ဖိုလ်လမ်းမြွာဒေသနာ ပဋိစ္စသမုပ္ပါဒ် အရသာကို မြိန်ရှက်စွာ ခံစားကြောင်း ကလျာဏ ခံတွင်းကောင်းသူတို့အား။
ဝါ၊ ဉာဏ်ခံတွင်း ကောင်းသော ကလျာဏပုထုဇဉ်တို့၏။
သန္တာနေ၊ သန္တာန်၌။
ဝေရလာမကာ၊ မျက်မှောက်တမလွန် ဘေးရန်သမုတ် သံသရာရှည်ကြာကြောင်း အာသဝေါ ယုတ်တို့သည်။
ဝါ၊ သက္ကာယမှီစမ်း ရူး-ပင်း-ကန်း ဆက်သွယ် ဒိဋ္ဌိနှစ်ဆယ် တို့သည်။
ဇီယန္တု၊ မြက်ဖျားနှင်းပေါက် နေရှိန်ကြောက်သို့ လွင့်ပျောက် ပျက်ကန်း ယခု မျက်မှောက်၌ပင် ကုန်၍ခန်းကြပါစေကုန်သတည်း။
[စစ်ကာလအတွင်း၌ ဤဂါထာကို ဘေးမျိုးစုံကင်းစေသည်ဟု ယုံကြည်ခြင်းဖြင့် သုဓမ္မဝတီ ဦးပန်းမောင် အမှူးရှိသူတို့ မပြတ်ရွတ်ကြသည်ဟု ကြားသိရ၏။ ဉာဏ်ကြီးသူ ဂုဏ်တော်ဖြင့် မရောင့်ရဲ၊]
.
သုတ်မဟာဝါပါဠိတော်၌ ဟောတော်မူအပ်သော
ပါယာသိရာဇညသုတ် တရားစာ
အခါတပါး အရှင်ကုမာရကဿပ မထေရ်သည် ကောသလဇနပုဒ်တို့၌ ဒေသစာရီ လှည့်လည်စဉ် သေတဗျမြို့သို့ ရောက်သွားသတဲ့၊ ထိုမြို့၌အုပ်စိုးသော မင်းသည် ပါယာသိ-မည်တယ်၊ ဦးထိပ်၌ ဘိသိက်မသွန်းသောကြောင့်ရာဇည- မည်တယ်၊ [ရာဇာ မမည်ဘူး၊ စော်ဘွား ဟု ဆိုတယ်၊] ထိုပါယာသိမည်သော စော်ဘွားကြီးသည် အရှင်ကုမာရကဿပကို ဆန်းကြယ်စွာ တရားစကား ဟောကြားတတ်ပေသည်ဟု သတင်းကြား၍ ပုဏ္ဏားသူကြွယ်ကိုနှင့် အတူသွား၍ ရှိခိုးပြီးလျှင် ပြဿနာတို့ကို လျှောက်ကြားသတဲ့။
ပြဿနာတို့ကို ဥပမာ ၁၅-ခုဖြင့် ဖြေရှင်းဘော်မူတယ်၊ ဥပမာ ၁၅-ခုကား-
လ-နေ၊ ငရဲ၊ နတ်၊ ဝတိံသာ၊ မျက်မမြင် ... (၅)။
ပုဏ္ဏေးမ၊ အိပ်မက်၊ သံတွေ၊ ခရုသင်း၊ ပွတ်ခုံ ... . (၅)။
လှည်းကုန်သည်၊ ဝက်မွေး၊ ကြွေအန်မျို၊ လျှော်ထမ်း၊ လယ်သမား ... . (၅)။
[ဤ ၁၅-ခုတည်း။]
.
၁။ “လနေ”
အရှင်ဘုရား ... . အကျွန်ုပ်သည် ဤဘဝမှ သွားရာ တမလွန်လောက မရှိဟူ၍၎င်း, သေပြီးပြန်ဖြစ်သူ (ဩပပါတိက) မရှိဟူ၍၎င်း ကုသိုလ်- အကုသိုလ်အကျိုး မရှိ ဟူ၍၎င်း အယူရှိပါသည်ဟု လျှောက်ပါသတဲ့။
ထိုအခါ အရှင်ကုမာရကဿပက ဒါယကာ စော်ဘွားကြီး ... . ငါသည် ဤသို့ဆိုသူ အယူရှိသူကို မမြင်စဘူး၊ မကြားစဘူး၊ သင့်ကိုငါမေးအံ့၊ အဘယ်သို့ ဖြေမည်နည်း၊ ဤ လ-နေတို့သည် ဤလောက၌လော၊ တမလွန်လောက၌လော၊ နတ်လော၊ လူလော။
အရှင်ဘုရား … ဤ လ-နေတို့သည် တမလွန်လောက၌တည်း၊ ဤလောက၌ မဟုတ်ပါ၊ နတ်တို့တည်း၊ လူတို့မဟုတ်ပါဟု ဖြေဆိုသတဲ့။
ဒါယကာ စော်ဘွားကြီး ... ယင်းသို့ ဖြစ်လျှင် ဤသို့သော အဖြေဖြင့် တမလွန် လောက ရှိ၏၊ သေပြီး ပြန်ဖြစ်သူ ရှိ၏၊ ကုသိုလ်, အကုသိုလ်အကျိုး ရှိ၏ဟူသော အယူကို ယူပါတော့လော့ဟု မိန့်တော်မူသတဲ့။
[ဤ၌ စော်ဘွားကြီးအကြံမှာ ဤရဟန်းသည် ရှေးဦးစွာကပင် လ-နေဥပမာကို ဆောင်သည်၊ လ-နေကို သူတပါးအရောင်ဖြင့် မလွှမ်းနိုင်၊ ဤရဟန်းကိုလည်း သူတပါးပညာဖြင့် မလွှမ်းနိုင်လတ္တံ့ ဟူ၍၎င်း, လ-နေတို့သည် ဤလောကဟု ငါ့ဝါဒအတိုင်း ငါဖြေလျှင် ... ဘယ်လောက်ကြီးသနည်း၊ ဘယ်လောက်မြင့်သနည်း စသည်ဖြင့် ထပ်မေးအံ့၊ ငါမဖြေနိုင်၊ ဘယ့်နှယ်ရှိရှိ တမလွန်လောကဟု ဖြေအံ့ ဟူ၍၎င်း ကြံ၍ ဤသို့ဖြေဆိုသတဲ့၊ ဤ ပဌမစကား တခွန်းတည်းဖြင့် ရှုံးရှာပြီဟု သိကြလော့။]
.
၂။ “ငရဲ”
ထိုအခါ အရှုံးမပေးဘဲ လျှောက်ပြန်တယ်၊ အရှင်ဘုရား ... .ဤသို့ အရှင်မြတ် မိန့်သော်လည်း တမလွန်လောက စသည် မရှိဟူ၍သာ ယူချင်ပါတယ်၊ အကြောင်းကား - အကျွန်ုပ်၏ မိတ်ဆွေထဲက ပါဏာတိပါတ အဒိန္နာဒါန စသော ဒုစရိုက်ဆယ်ပါး လွန်ကျူးသူတို့ထံ သေချိန်နီးသောအခါ သွား၍ “မိတ်ဆွေ ... ဒုစရိုက်လွန်ကျူးသူ သေလျှင် ငရဲကျသည်ဟု ဆိုကြတယ်၊ သင်သည် ဒုစရိုက် လွန်ကျူးသူ ဖြစ်၏၊ ထိုစကားမှန်လျှင် သင် ငရဲ ကျလတ္တံ့၊ သင်-ငရဲကျလျှင် တမလွန်လောကရှိကြောင်း ကိုယ်တွေ့ကို ငါ့အားပြန်ပြောလော့”ဟု မှာထားပါတယ်၊ ကောင်းပါပြီဟု ဝန်ခံပြီးလျှင် လာ၍လည်း မပြော၊ တမန်ကိုလည်း မစေ၊ ထို့ကြောင့် တမလွန်လောက စသည် မရှိဟု ယူချင်ပါတယ်ဟူ၍ လျှောက်သတဲ့။
စော်ဘွားကြီး ... သင် အဘယ်သို့ မှတ်ထင်သနည်း၊ ခိုးသူကို မိသောအခါ နှောင်ဖွဲ့ကာ ရိုက်နှက်၍ တောင်တံခါးဖြင့်ထုတ်၍ သုသာန်၌ ဦးခေါင်းဖြတ်ရမည်ဟု အမိန့်ပေးအပ်သည်ရှိသော် သုသာန်သို့ ရောက်သောအခါ ခိုးသူက ခေတ္တ ဆိုင်းကြပါဦး၊ ဤမည်သောရွာ၌ ငါ၏ ဆွေမျိုးများထံ မိမိကိုယ်ကို၎င်း သိမ်းထား သောဘဏ္ဍာကို၎င်း ပြု၍ အပ်နှံ၍ ပြန်လာပါမည်ဟု ဆိုငြားအံ့၊ ဆိုင်းကြလေသလော၊
အရှင်ဘုရား … မဆိုင်းကြပါ၊ ဆိုစဉ်ပင် ဦးခေါင်း ဖြတ်ကြပါတယ်၊
စော်ဘွားကြီး ... လူနှင့် လူချင်းပင် ဖြစ်လျက် မဆိုင်းကြလျှင် “ပါယာသိ စော်ဘွားကြီးထံ ပြန်၍ပြောရန် ဆိုင်းကြပါဦး” ဟု ဆိုသော ငရဲသားကို ငရဲထိန်း တို့သည် အဘယ်မှာ ဆိုင်းကုန်အံ့နည်း၊ ထို့ကြောင့် တမလွန် လောကစသည် ရှိ၏ ဟု အယူယူပါတော့လော့-ဟု မိန့်တော်မူသတဲ့။
.
၃။ “နတ်”
အရှင်ဘုရား ... ဤသို့မိန့်သော်လည်း တမလွန်လောက စသည် ရှိ၏ဟု မယူနိုင်ပါ၊ အကြောင်းကား အကျွန်ုပ်၏ မိတ်ဆွေထဲက ပါဏာတိပါတ စသော ဒုစရိုက် ဆယ်ပါးမှ ရှောင်ကြဉ်သူတို့ထံ သေချိန်အနီးတွင် ချဉ်းကပ်၍ မိတ်ဆွေ ... ဒုစရိုက်မှ ရှောင်ကြဉ်သူ သေလျှင် နတ်ပြည်ရောက် သည်ဟု ဆိုကြတယ်၊ သင်သည် ဒုစရိုက်မှ ရှောင်ကြဉ်၏၊ ထိုစကား မှန်လျှင် သင်-နတ်ပြည်ရောက်လတ္တံ့၊ သင်-နတ်ပြည် ရောက်လျှင် တမလွန်လောက ရှိကြောင်း ကိုယ်တွေ့ကို ငါ့အား ပြန်ပြောပါလော့”ဟု မှာထားပါတယ်၊ ကောင်းပါပြီဟုဝန်ခံပြီးလျှင် ပြန်၍လည်း မပြော၊ တမန်လည်း မစေ၊ထို့ကြောင့် တမလွန်လောက စသည်ရှိ၏ဟု မယူနိုင်ပါဟူ၍ လျှောက်သတဲ့။
စော်ဘွားကြီး ... အဘယ်သို့ မှတ်ထင်သနည်း၊ မစင်တွင်း၌ကျ၍ မြုပ်နေသူကို မစင်တွင်းမှ ထုတ်စေ၍, ရေချိုးစေ၍, နံ့သာလိမ်းစေ၍ အဝတ်ကောင်း ဝတ်စေ၍, ပြာသာဒ်အထက်သို့ တက်စေ၍ ကာမဂုဏ်ငါးပါးဖြင့် လုပ်ကျွေးစေအံ့၊ ထိုသူသည် တဖန် မစင်တွင်းသို့ ပြန်၍မြုပ်ချင်ဦးမည်လော၊ အရှင်ဘုရား ... မြုပ်ချင်မည် မဟုတ်ပါ၊ မစင်တွင်းဆိုတာ အနံဆိုး ရွံဘွယ် ဖြစ်ပါတယ်။
စော်ဘွားကြီး ... ဤအတူ လူတို့၏ ကိုယ်နံ့သည် နတ်တို့၏ ရွံဘွယ်ဖြစ်ပါတယ်၊ ယူဇနာတရာကပင် စက်ဆုပ်ကြတယ်၊ ဒုစရိုက်ရှောင်ကြဉ်၍ နတ်ဖြစ်သူတို့သည် အဘယ်မှာ သင့်ထံလာ၍ ပြောနိုင်အံ့နည်း၊ ထို့ကြောင့် တမလွန် လောကစသည် ရှိ၏ဟု ယူလေလော့ဟု မိန့်တော်မူသတဲ့။
.
၄။ “တာဝတိံသာ”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း တမလွန်လောက စသည် ရှိ၏ဟု မယူနိုင်ပါ။ အကြောင်းကား - အကျွန်ုပ်၏မိတ်ဆွေထဲက ငါးပါးသီလ မြဲသူတို့ထံ သေချိန် အနီးတွင် ချဉ်းကပ်၍ “မိတ်ဆွေ ... ငါးပါးသီလမြဲသူ သေလျှင် တာဝတိံသာ နတ်ပြည်၌ ဖြစ်သည်ဟု ဆိုကြပါတယ်၊ သင်သည် ငါးပါးသီလ မြဲ၏၊ ထိုစကား မှန်လျှင် သင်-တာဝတိံသာ နတ်ပြည်၌ ဖြစ်ရလတ္တံ့၊ သင်-တာဝတိံသာ နတ်ပြည်၌ ဖြစ်လျှင် တမလွန် လောကရှိကြောင်း ကိုယ်တွေ့ကို ငါ့အား လာပြောပါလော့” ဟု မှာထားပါတယ်၊ ကောင်းပါပြီဟု ဝန်ခံပြီးလျှင် လာ၍လည်း မပြော၊တမန်လည်း ထိုကြောင့် တမလွန်လောကစသည် ရှိ၏ဟု မယူနိုင်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး ... အဘယ်သို့ မှတ်ထင်သနည်း၊ လူတို့၏ နှစ်တရာသည် တာဝတိံသာ ၌ တနေ့နှင့်တညဉ့် ဖြစ်၏၊ ထိုနေ့ညဉ့်သုံးဆယ်သည် တလ၊ ထို ၁၂- လသည် တနှစ်၊ ထိုနှစ်ဖြင့် တာဝတိံသာ နတ်သက်သည် တထောင်ဖြစ်၏။
ထိုငါးပါးသီလမြဲ၍ နတ်ဖြစ်သောသူတို့သည် နှစ်ရက်, သုံးရက်မျှ နတ်စည်းစိမ် ခံစားပြီးမှ ပါယာသိ စော်ဘွားကြီးအား သွားပြောမည်ဟု ကြံစည်အံ့၊ (နှစ်ပေါင်း နှစ်ရာ သုံးရာ လွန်ပြီဖြစ်၍) လာပြောခြင်းသည် ပြည့်စုံပါတော့ မည်လော၊ အရှင်ဘုရား ..မပြည့်စုံနိုင်ပါ၊ လာပြောခဲ့လျှင် အကျွန်ုပ်တို့သည် သေ၍ ကြာမြင့်သူတို့ ဖြစ်ကုန်ပါပြီ၊ ဝါ-သေ၍ အရိုးဆွေးလောက်ပြီ ဖြစ်မှ လာပြောခြင်း ဖြစ်မှာပါဘဲဟု လျှောက်သတဲ့။
.
၅။ “မျက်မမြင်”
အရှင်ဘုရား ... တာဝတိံသာနတ် ရှိသည်၊ ဤမျှ အသက်ရှိသည်ဟု အရှင်အား အဘယ်သူ ပြောပါသနည်း၊ ထိုစကားကို မယုံကြည်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး … ဥပမာကား-ဝမ်းတွင်းကန်း မျက်မမြင်သည် အမဲ အဖြူ စသည် ကိုလည်း မမြင်၊ ညီညွတ်ရာ မညီညွတ်ရာကိုလည်း မမြင်၊ တာရာ, နက္ခတ် လ, နေတို့ကိုလည်း မမြင်၊ ထိုသူက အမောင်တို့ ... .လောက၌ အမဲ, အဖြူ စသည် မရှိ၊ ညီညွတ်ရာ, မညီညွှတ်ရာ မရှိ၊ တာရာ နက္ခတ်, လ, နေ မရှိ၊ ၎င်းတို့ကို မမြင်ဘူးသူဟူ၍ပင် မရှိ၊ ငါမသိ၊ ငါမမြင်၊ ထို့ကြောင့် ၎င်းအားလုံး မရှိဟု ဆိုငြားအံ့၊ ထိုစကားသည် သင့်လျော်အံ့လော၊ မသင့်လျော်ပါဘုရား။
စော်ဘွားကြီး ... ဤအတူ တာဝတိံသာကို၎င်း, ဤမျှ အသက်ရှိသည်ကို ၎င်း မယုံကြည်ဟု ဆိုခြင်းသည် ဝမ်းတွင်းကန်း မျက်မမြင်၏ ဆိုခြင်းမျိုး ဖြစ်တယ်၊ တမလွန်လောက ဟူသည်ကို ဤပကတိမျက်စိဖြင့် သင်-ထင်သလို မမြင်ရ၊ ဈာန် အဘိညာကို ဖြစ်စေ၍ ဒိဗ္ဗစက္ခုအဘိညာ ရသူတို့သာ ဤလောကကို၎င်း တမလွန် လောကကို၎င်း, သေပြီး ပြန်ဖြစ်သူကို၎င်း မြင်ကြရပေတယ်၊ ထို့ကြောင့် တမလွန် လောကစသည် ရှိ၏ဟု ယူလေလော့ဟူ၍ မိန့်တော်မူသတဲ့။
.
၆။ “ပုဏ္ဏေးမ”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း မယူနိုင်ပါ၊ အကြောင်းကား-သီလ, သမာဓိ ရှိသော သမဏ, ဗြာဟ္မဏတို့သည် အသက်ရှည်ခြင်းကို, မသေခြင်းကို, သုခကို အလိုရှိကြပါတယ်၊ ဒုက္ခကို စက်ဆုပ်ကြပါတယ်၊ သေပြီးနောက် တမလွန်ဘဝ နတ်စည်းစိမ်သည် ယခုဘဝထက် မြတ်သည်ဟု အယူရှိခဲ့ငြားအံ့၊ အဆိပ်စား၍၎င်း, ကြိုးဆွဲချ၍၎င်း သေကုန်ရာ၏၊ ထိုသို့ မသေကြသောကြောင့် တမလွန်လောက စသည် ရှိ၏ဟု မယူနိုင်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး ... ဥပမာဆိုအံ့၊ ရှေးအခါ ပုဏ္ဏားတဦးအား မယား နှစ်ယောက် ရှိတယ်၊ မယားတယောက်၌ ဆယ်နှစ်အရွယ် သားငယ်တယောက် ရှိတယ်၊ မယား တယောက်၌ မွေးဖွားလုနီး ကိုယ်ဝန် ရှိတယ်၊ ထိုအခါတွင် ပုဏ္ဏားသေသဖြင့် ဆယ်နှစ်သားသူငယ်က မိထွေးထံ၌ မိဘအမွေဥစ္စာကို တောင်းတယ်၊ ချစ်သား ... ငါဖွားသည်တိုင်အောင် ဆိုင်းဦးလော့၊ သတို့သား ဖွားလျှင် ထက်ဝက်ပေးရလတ္တံ့၊ သတို့သမီးဖွားလျှင် သင်၏ အလုပ်အကျွေး ဖြစ်လတ္တံ့ဟု ဆိုသတဲ့၊ နှစ်ကြိမ်, သုံးကြိမ်တိုင်အောင် မဆိုင်းဘဲ တောင်းလွန်းသဖြင့် ပုဏ္ဏေးမသည် အခန်းတွင်းဝင်၍ သတို့သား ဖွားမည်လော၊ သတို့သမီး ဖွားမည်လောဟု သိလိုဇောဖြင့် ဝမ်းပိုက်ကို ဖောက်ခွဲသတဲ့။
ထိုပုဏ္ဏေးမသည် မသင့်သောနည်းဖြင့် အမွေဥစ္စာရှာခြင်းကြောင့် မိမိ ကိုယ်ကို၎င်း, အသက်ကို၎င်း, ဥစ္စာနှစ်ကို၎င်း ပျက်စီးစေတယ်၊ သင်သည်လည်း ဤအတူ တမလွန်လောကကို မသင့်သောနည်းဖြင့် ရှာခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရ လတ္တံ့ ။
စော်ဘွားကြီး ... သီလ, သမာဓိရှိသော သမဏ, ဗြာဟ္မဏတို့သည် မရင့်သော အသက်, မကုန်သောအသက်ကို မဖျက်ဆီးကုန်၊ အသက်ရင့်ခြင်းကို ဆိုင်းငံ့ကြတယ်၊ သမဏ, ဗြာဟ္မဏတို့၏ အသက်ရှည်ခြင်းသည် ပညာရှိသူတို့ကို ကုသိုလ်တိုးပွားစေကြတယ်၊ များစွာသောနတ်တို့၏ ကောင်းကျိုး တိုးပွားစေခြင်းငှာ ကျင့်သူတို့ ဖြစ်ကြတယ်၊ ထို့ကြောင့် တမလွန်လောက စသည် ရှိ၏ဟု ယူလေလော့ ဟု မိန့်တော်မူသတဲ့။
.
၇။ “အိပ်မက်”
အရှင်ဘုရား … ဤသို့မိန့်သော်လည်း မယူနိုင်ပါ၊ အကြောင်းကား-မင်းချင်းတို့သည် ခိုးသူကို ဖမ်းလာသောအခါ အရှင်လတ်လတ် အိုးကြီး၌ ထည့်စေ၍ လုံလုံပိတ်စေ၍ သားရေစိုပတ်ခြင်း, ရွှံ့လိမ်းခြင်းပြုစေ၍ မီးတိုက်စေပါတယ်၊ သေလောက်သောအခါ အိုးကြီးကို ဖြေးဖြေးဖွင့်စေ၍ အသက်ထွက်သည်ကို မြင်ရအောင် ကြည့်ရှုကြပါတယ်။ ထိုသူ၏အသက် ထွက်သည်ကို ဘယ်သူမျှမမြင်ကြပါ၊ ထို့ကြောင့် တမလွန်လောက စသည် ရှိ၏ဟု မယူနိုင်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး ... သင်သည် နေ့အခါအိပ် အိပ်မက်၌ အရှေ့ ဥယျာဉ် စသည်တို့သို့ ရောက်သွားသည်ကို မြင်မက်ဘူးသလော၊ မြင်မက်ဘူးပါတယ် ဘုရား၊
ထိုအခါ သင့်ကို အလုပ်အကျွေး မောင်းမတို့သည် စောင့်ရှောက်လျက် ရှိကုန် သလော၊ ရှိကြပါတယ် ဘုရား။
ထိုမောင်းမတို့သည် သင်၏အသက်ကို အိပ်မက်စဉ် ထွက်သွားသည်ကို၎င်း, ပြန်ဝင် လာသည်ကို၎င်း မြင်ကြကုန်သလော၊ မမြင်ကြပါ ဘုရား။
ထိုမောင်းမတို့သည် အသက်ရှိသူတို့ ဖြစ်လျက် အသက်ရှိသော သင်၏ အသက်ကို ထွက်သည်, ဝင်သည်ကို မမြင်ကြလျင် သေသူ၏အသက်ကို ထွက်သည်, ဝင်သည်ကို အဘယ်မှာ သင်မြင်နိုင်အံ့နည်း၊ ထို့ကြောင့် တမလွန် လောကစသည် ရှိ၏ဟု ယူလေလော့ဟု မိန့်တော်မူသတဲ့။
.
၈။ “သံတွေ”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း မယူနိုင်ပါ၊ အကြောင်းကား - ခိုးသူ တယောက်ကို အသက်ရှိစဉ် ချိန်ခွင်ဖြင့် ချိန်ပြီးလျှင် လေးညှို့ဖြင့် အသက် မရှူနိုင်အောင် လည်ပင်းကို ရစ်ပတ်ကာသတ်၍ ပြန်ချိန်သောအခါ အသက်ရှိ၍ ခန္ဓာငါးပါးရှိစဉ်က အချိန်ပေါ့ပါတယ်၊ အသက် မရှိ၍ ရူပက္ခန္ဓာတပါးတည်း ရှိသော အခါ အချိန် လေးပါတယ်၊ ထို့ကြောင့် တမလွန်လောကစသည် ရှိ၏ဟု မယူနိုင်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး ... ဥပမာကို ဆိုပေအံ့၊ ဥပမာဖြင့် ... အချို့ ဉာဏ်ရှိသူများ အသိဉာဏ် ရှင်းကြပေတယ်၊ တနေ့လုံး မီးဖုတ်ထားသော သံတွေခဲရဲရဲ ပူလောင်ဆဲကို၎င်း, အေးသော သံတုံးမဲမဲ ငြိမ်းချမ်းဆဲကို၎င်း ချိန်လျှင် အဘယ် အခါပေါ့၍ အဘယ်အခါ လေးသနည်း၊
အရှင်ဘုရား ... ပူလောင်ဆဲ ရဲရဲသည် တေဇော ဝါယောနှင့်တကွဖြစ်၍ ပေါ့ပါသည်၊ ငြိမ်းချမ်းဆဲ မဲမဲသည် တေဇော ဝါယောမရှိ၍ လေးပါသည် ဘုရား။
စော်ဘွားကြီး ... ဤအတူ အသက်, ကမ္မတတေဇော, ဝိညာဏ်၊ ဤသုံးမျိုး ရှိလျှင် ကိုယ်သည် ပေါ့တယ်၊ ဤသုံးမျိုး မရှိလျှင် လေးတယ်၊ ထို့ကြောင့် တမလွန်လောက စသည် ရှိ၏ဟု ယူလေလော့ဟု မိန့်တော်မူသတဲ့။
.
၉။ “ခရုသင်း”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း မယူနိုင်ပါ၊ အကြောင်းကား-ခိုးသူ တယောက်ကို အသက်ထွက်သည်ကို မြင်လို၍ အရေထူ အရေပါး, အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီတို့ကို မပျက်အောင် သတ်ကြဟု စေခိုင်းပြီးလျှင် သေလုနီး အချိန်တွင် --
ပက်လက်ထား၍ အသက်ထွက်သည်ကို ကြည့်ပါတယ်၊ မမြင်ရ၊
ထိုနောက် မှောက်ခုံထား၍ ကြည့်တယ်၊ မမြင်၊
ဟိုဘက်သည်ဘက် စောင်း၍ ကြည့်တယ်၊ မမြင်၊
မြှောက်ထား၍ ဦးစောက်ထား၍,
လက်စသည်ဖြင့် ထိုးခေါက်၍, တွင်းပဖန်ဖန်ပြု၍ ကြည့်တယ်၊ မမြင်၊
ထိုမျက်စိနှင့် ထိုအဆင်း ရှိတယ်၊ အာရုံကို မခံစား၊
ထိုနားနှင့် ထိုအသံ၊ ထိုနှာခေါင်းနှင့် ထိုအနံ့၊
ထိုလျှာနှင့် ထိုအရသာ၊ ထိုကိုယ်နှင့် ထိုအတွေ့ ရှိတယ်၊
(မြင်, ကြား, နမ်း, စား, ထိ, သိခြင်းဖြင့်) အာရုံကို မခံစား၊
ထို့ကြောင့် တမလွန်လောကစသည် ရှိ၏ဟု မယူနိုင်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး … ဥပမာဆိုအံ့၊ ရှေးအခါ ခရုသင်းမှုတ်သမားတဦးသည် ဇနပုဒ် ရွာငယ်သို့သွား၍ ရွာလယ်၌ရပ်၍ ခရုသင်းကို သုံးကြိမ်မှုတ်၍ မြေ၌ ချထားတယ်၊ ဇနပုဒ်သားတို့သည် လာ၍ အဘယ်သို့သော အသံနည်းဟု မေးကြသတဲ့၊ ဤ ခရုသင်း၏အသံဟု ဆိုလတ်သော် ထိုဇနပုဒ်သားတို့သည် ခရုသင်းကို ပက်လက် ထား၍ အို-ခရုသင်း ... အသံမြည်စမ်းပါဦး၊ မြည်စမ်းပါဦးဟု ဆိုကြတယ်၊ အသံ မမြည် လတ်သော် မှောက်၍ ဟိုဘက် သည်ဘက် စောင်း၍, မြှောက်ထား၍, ဦးစောက် ထား၍, လက်စသည်ဖြင့် ထိုးခေါက်၍ တွင်းပဖန်ဖန်ပြု၍ အသံ မြည်စမ်းပါဦးဟု ဆိုကြတယ်၊ မမြည်ဘူး၊
ထိုအခါ ခရုသင်းမှုတ်သမားသည် ဤဇနပုဒ်သားတို့ကား မှားသောနည်းဖြင့် ခရုသင်း အသံကို ရှာကြတယ်၊ အသိအလိမ္မာ နည်းလေစွဟု ထိုသူတို့၏ရှေ့၌ မှုတ်ပြပြီး လျှင်ဘဲ သွားသတဲ့၊ ထိုအခါ ဇနပုဒ်သားတို့က အချင်းတို့ .. ဤခရုသင်းသည် ယောက်ျား, လုံ့လ, လေ၊ ဤသုံးမျိုးနှင့်တကွဖြစ်လျှင် အသံမြည်တယ်၊ ဤသုံးမျိုး ကင်းလျှင် အသံမမည်ဟု သိကြသတဲ့။
စော်ဘွားကြီး ... (သင်သည် ခရုသင်းအသံ အရှာမှားသော ဇနပုဒ်သားတို့နှင့် တူချေပြီ၊) ဤကိုယ်သည် အသက်, ကမ္မဇတေဇော, ဝိညာဏ်၊ ဤသုံးမျိုး နှင့်တကွ ဖြစ်သောအခါ ရှေ့သို့တက်ခြင်း, နောက်သို့ဆုတ်ခြင်း, ရပ်-ထိုင်-လျောင်းခြင်း ဖြစ်တယ်၊ မြင်, ကြား, နမ်း, စား, ထိ, သိခြင်းဖြစ်တယ်၊ ဤသုံးမျိုး ကင်းလျှင် ရှေ့သို့တက်ခြင်းစသည် မဖြစ်၊ ထို့ကြောင့် တမလွန်လောက စသည် ရှိ၏ဟု ယူလေလော့ဟု မိန့်တော်မူသတဲ့။
.
၁၀။ “ပွတ်ခုံ”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း မယူနိုင်ပါ၊ အကြောင်းကား - ခိုးသူတဦးကို အသက်ထွက်သည်ကို မြင်လို၍ --
အရေပါးကို ဖြတ်ခိုင်းတယ်၊ မြင်ရပါ၊
အရေထူကို ဖြတ်ခိုင်းတယ်၊ မမြင်ရပါ၊
အသား အကြော, အရိုး, ရိုးတွင်းခြင်ဆီကို ဖြတ်ခိုင်းတယ်၊ မြင်ရပါ၊
ထို့ကြောင့် တမလွန်လောကစသည် ရှိ၏ဟု ယူနိုင်ပါဟု လျှောက်သတဲ့။
စော်ဘွားကြီး ... ဥပမာဆိုဦးအံ့၊ ရှေးအခါ မီးလုပ်ကျွေးသော ရသေ့တဦးသည် တော၌ လူတို့စွန့်ထားသော သူငယ်ကို ကောက်ယူ၍ မွေးထားသတဲ့၊ ဆယ်နှစ်သား အရွယ်ရှိသောအခါ ထိုသူငယ်ကိုခေါ်၍ “ချစ်သား ... . ငါ ခရီးသွားဦးမည်၊ ဤမီးကို မငြိမ်းစေလင့်၊ ကောင်းစွာ လုပ်ကျွေးလော့၊ အကယ်၍ မီးငြိမ်းခဲ့လျှင် ဤပဲခွပ်, ဤထင်း, ဤပွတ်ခုံ, ပွတ်ကျေတို့ဖြင့် မီးကို ဖြစ်စေ၍ လုပ်ကျွေးလော့” ဟု မှာ၍သွားသတဲ့၊
ထိုသူငယ်ကား ကစားခြင်း၌ လေ့လာများခြင်းကြောင့် မီးငြိမ်းသွားတယ်၊ ထိုအခါ မီးကိုဖြစ်စေမည်ဟု --
ပွတ်ခုံ, ပွတ်ကျေကို ပဲခွပ်ဖြင့် ရွေတယ်၊ မီး မရ၊
နှစ်စိတ်သုံးစိတ်, လေး-ငါး- ခြောက်စိတ်ခွဲတယ်၊ မီး မရ၊
အစိတ်စိတ်ပြု၍ ဆုံငယ်၌ထောင်းတယ်၊ မီးမရ၊
ထောင်း၍ လေ၌လွှင့်တယ်၊ မီးမရ၊
ရသေ့ကြီး ပြန်ရောက်လာသောအခါ ထိုအကြောင်းကို သိ၍ ထိုသူငယ်ရှေ့၌ မီးဖြစ်အောင်ပြု၍ ပြပြီးလျှင် သင်သည် မှားသောနည်းဖြင့် မီးကိုရှာ၏၊ ညံ့ဖျင်းလေစွ ဟု ဆိုသတဲ့။
စော်ဘွားကြီး … သင်သည်လည်း မှားသောနည်းဖြင့် တမလွန်လောကကို ရှာ၏၊ ညံ့ဖျင်းလေစွ၊ သင်၏မိစ္ဆာအယူကို စွန့်ပစ်လော့၊ ကြာမြင့်စွာသင့်အား အကျိုးမဲ့ဒုက္ခ မဖြစ်စေလင့်ဟု မိန့်တော်မူသတဲ့။
.
၁၁။ “လှည်းကုန်သည်”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း ဤအယူကို မစွန့်နိုင်ပါ၊ ပသေနဒီကောသလ မင်းတရားသည်၎င်း, တိုင်းတပါး မင်းတို့သည်၎င်း အကျွန်ုပ် ဤအယူ ယူသည်ကို သိကြပါတယ်၊ အကယ်၍ အယူကို စွန့်ငြားအံ့၊ ဤပါယာသိရာဇညသည် ညံ့ဖျင်းလေစွ၊ မကောင်းသော ယူခြင်းဖြင့် ယူသည်ဟု ကဲ့ရဲ့ကြပါလိမ့်မယ်၊ ထိုကဲ့ရဲ့ သူတို့၌ အမျက် ထွက်ခြင်းဖြင့်၎င်း, အရှင်မြတ်ဟောသော သင့်သောအကြောင်းကို ချေဖျက်ခြင်း ဖြင့်၎င်း, အရှင်မြတ်နှင့် အံတုဘက်ပြိုင်ခြင်းဖြင့်၎င်း ထိုအယူကို ယူရပါလိမ့်မယ်လို့ လျှောက်သတဲ့။
စော်ဘွားကြီး ... ဥပမာဆိုဦးအံ့၊ ရှေးအခါ လှည်းကုန်သည်တဦးသည် လှည်း ငါးရာဖြင့် အရှေ့အရပ်မှ အနောက်အရပ်သို့ သွားတယ်၊ မြက်, ထင်း ရေ-ရိက္ခာ လုံလောက်စွာယူ၍ သွားတယ်၊ နှစ်ရက်ခန့်သွားမိသောအခါ အသားမဲမဲ မျက်လုံး နီနီရဲရဲဖြင့် စိုရွှဲသောအဝတ် ဝတ်လျက်, ကြာပန်း ပန်လျက် ရွှံ့ညွှန် လိမ်းကျံသော လှည်းဘီးတို့ဖြင့် ရထားကောင်းကို မောင်းလာသူကို ရှင်ဆိုင်မြင်ရသတဲ့။
[ဤသူကား ဘီလူး-လူအသွင်ဖြင့် လာသူတည်း။]
ထိုသူက “မိတ်ဆွေ ... လမ်းတလျှောက်လုံး မိုဃ်းရွာပါတယ်၊ မြက်, ထင်း ရေ-ရိက္ခာ ပေါများပါတယ်၊ လှည်းအလေးမခံပါနှင့်”ဟု ဆိုသတဲ့၊ လှည်းကုန်သည်ကြီးသည် ထိုစကားကို ယုံကြည်၍ မြက်, ထင်း, ရေတို့ကို စွန့်စေ၍ သွားလတ်သော် ခုနစ်ရက် ခရီးတိုင်အောင် မြက်, ထင်း, ရေ-မရသဖြင့် ပျက်စီးခြင်းသို့ရောက်၍ ဘီလူးအစာ ဖြစ်ကြရသတဲ့။
ဒုတီယကုန်သည်တဦးကား ရှေးအတူ လှည်းငါးရာဖြင့် သွားသောအခါ ရှေးအတူ လူအသွင်ဖြင့် လှည်းအလေးမခံပါနှင့်ဟု လာပြောလတ်သော် “အမောင်တို့ ... ဤ သူသည် ငါတို့၏ အသိဆွေမျိုးသားချင်း မဟုတ်၊ မယုံကြည်အပ်၊ မြက် ထင်း, ရေတို့ကို မစွန့်ကြနှင့်” ဟု သတိပေး၍ သွားသတဲ့၊ ခုနစ်ရက် ခရီးသို့ ရောက်သောအခါ ယခင်လှည်းသမားတို့၏ အရိုးစုမျှ ကြွင်းသည်ကို မြင်၍ အဘိုးတန်ပစ္စည်းများကို ယူစေ၍ ခရီးခဲကို လွန်မြောက်စေသတဲ့။
စော်ဘွားကြီး ... သင်သည် မှားသောနည်းဖြင့် တမလွန်လောကကို ရှာဖွေတယ်၊ ဘီလူးစကား ယုံမှားသော ကုန်သည်များနှင့် တူချေပြီ၊ ညံ့ဖျင်းလေစွ၊ သင်၏ မိစ္ဆာအယူကို စွန့်လော့၊ ကြာမြင့်စွာ သင့်အား အကျိုးမဲ့ ဒုက္ခ မဖြစ်စေလင့်ဟု မိန့်တော်မူသတဲ့။
.
၁၂။ “ဝက်မွေး”
အရှင်ဘုရား ... ဤသို့ မိန့်သော်လည်း ဤအယူကို မစ္စန့်နိုင်ပါ၊ ပသေနဒီကောသလ မင်းတရားစသည်တို့ သိကြပါတယ်၊ အယူစွန့်လျှင် ကဲ့ရဲ့ကြပါလိမ့်မယ်၊ အမျက်ဖြင့်, ချေဖျက်ခြင်းဖြင့်, ဘက်ပြိုင်ခြင်းဖြင့် ထိုအယူကို ယူရပါလိမ့်မယ်လို့ လျှောက်သတဲ့။
စော်ဘွားကြီး .. ဥပမာဆိုဦးအံ့၊ ရှေးအခါ ဝက်မွေးသူ လူတယောက်သည် ရွာတပါး၌ စွန့်ထားသော မစင်ခြောက်တို့ကို များစွာမြင်၍ ဤသည်တို့ကား ငါ၏ဝက်တို့၏ အစားအစာ-အဘိုးတန်ဟု အဝတ်ဖြင့်ထုပ်၍ ဦးခေါင်းထက် ရွက်၍ ယူလာသတဲ့၊ ခရီးအကြား၌ အခါမဲ့မိုဃ်း ရွာသွန်းသဖြင့် တကိုယ်လုံး မစင်လိမ်းကျံလျက် ရွက်လာသည်ကို မြင်သူတို့က “အချင်း ... သင်သည် တကိုယ်လုံး မစင် လိမ်းကျံတယ်၊ ရူးသလော”ဟု ဆိုကြတယ်၊ “အချင်းတို့ ... ငါမရူး-သင်တို့သာ ရူးကြတယ်၊ ဤကား ငါ၏ဝက်တို့၏ အစားအစာ- အဘိုးတန်”ဟု ပြန်ဆိုသတဲ့။
စော်ဘွားကြီး ... သင်သည် မစင်ထုပ် ရွက်ဆောင်သော ဝက်မွေးသူနှင့် ကူချေပြီ၊ သင်၏ မိစ္ဆာအယူကို စွန့်လော့၊ ကြာမြင့်စွာ သင့်အားအကျိုးမဲ့ဒုက္ခ မဖြစ်စေလင့်ဟု မိန့်တော်မူသတဲ့။
.
၁၃။ “ကြွေအန်မျို”
အရှင်ဘုရား ဤသို့ မိန့်သော်လည်း ဤအယူကို မစွန့်နိုင်ပါ၊ ပသေနဒီကောသလ မင်းတရားစသည်တို့ သိကြပါတယ်၊ အယူစွန့်လျှင် ကဲ့ရဲ့ကြပါလိမ့်မယ်၊ အမျက်ဖြင့်, ချေဖျက်ခြင်းဖြင့်, ဘက်ပြိုင်ခြင်းဖြင့် ထိုအယူကို ယူရပါလိမ့်မယ်လို့ လျှောက်သတဲ့။
စော်ဘွားကြီး ... ဥပမာဆိုဦးအံ့၊ ရှေးအခါ ကစားသမား နှစ်ယောက် ကြွေအန် ကစားကြတယ်၊ ကောက်ကျစ်သူသည် ရှုံးအံ့သော ကြွေးအန်ကို မျို၍ အနိုင်ယူလေ့ ရှိသတဲ့၊ ထိုအကြောင်းကို တယောက် သိလတ်သော် နောက်တနေ့၌ ကြွေအန်တို့ကို အဆိပ်ထုံ၍ လာကစားတယ်၊ ထိုအခါလည်း ရှုံးအံ့သော ကြွေအန်ကို မျိုပြန်တယ်၊ ထိုအခါ တယောက်က “သင်သည် ကြွေအန်ကို အဆိပ်လူးထားသည်ဟု မသိ၍ မျိုသည်၊ ဒုက္ခတွေ့တော့မည်” ဟု ဆိုသတဲ့။
စော်ဘွားကြီး ... သင်သည်လည်း ကြွေအန်ကိုမျိုသူနှင့် တူချေပြီ၊ မိစ္ဆာအယူကို စွန့်လော့၊ ကြာမြင့်စွာသင့်အား အကျိုးမဲ့ ဒုက္ခမဖြစ်စေလင့်ဟု မိန့်တော်မူသတဲ့။
.
၁၄။ “လျှော်ထမ်း”
အရှင်ဘုရား ... ဤသို့မိန့်သော်လည်း အယူကို မစွန့်နိုင်ပါ။ ပသေနဒီကောသလ မင်းတရား စသည်တို့ သိကြပါတယ်၊ အယူစွန့်လျှင် ကဲ့ရဲ့ကြပါလိမ့်မယ်၊ အမျက်ဖြင့်, ချေဖျက်ခြင်းဖြင့်, ဘက်ပြိုင်ခြင်းဖြင့် ထိုအယူကို ယူရပါလိမ့်မယ်လို့ လျှောက်သတဲ့။
စော်ဘွားကြီး ... ဥပမာဆိုဦးအံ့၊ ရှေးအခါ အဖော်မိတ်ဆွေနှစ်ယောက် ခရီးအတူ သွားစဉ် ရွာပျက်တခု၌ စွန့်ထားသော ပိုက်ဆံလျှော်တို့ကိုမြင်၍ တယောက်တထမ်းစီ ယူကြတယ်၊ နောက်ရွာပျက်၌ ပိုက်ဆံချည်တို့ကိုမြင်၍ လျှော်ညံ့ကိုစွန့်၍ ချည် သက်သက်ကို ယူကုန်အံ့ဟု တယောက်က ချည်ကိုယူတယ်၊ တယောက်ကား အရပ်ဝေးမှထမ်းလာရသော လျှော်တို့ကို မစွန့်နိုင်ဟုဆိုတယ်၊
နောက်တရွာ၌ ပိုက်ဆံချည်ဖြင့်ရက်သော အဝတ်တို့ကို မြင်ပြန်သော် တယောက်က ချည်ကိုစွန့်၍ အဝတ်တို့ကို ယူတယ်၊ တယောက်ကား အရပ်ဝေးမှ ထမ်းလာရသော လျှော်တို့ကို မစွန့်နိုင်ဟု ဆိုတယ်၊
နောက်နောက်ရွာတို့သို့ ရောက်သောအခါ ခေါမလျှော်, ခေါမချည်, ခေါမချည်အဝတ်, ဝါဂွမ်း ဝါချည်, ဝါချည်အဝတ်တို့ကို၎င်း၊ သံ, ကြေး, သလွဲမဲ, သလွဲဖြူ, ငွေ ရွှေတို့ကို ၎င်း အစဉ်အတိုင်း မြင်၍, အစဉ်အတိုင်း စွန့်၍ ရွှေကိုသာ တယောက်က ထမ်းဆောင်တယ်၊ တယောက်ကား အရပ်ဝေးမှ ထမ်းလာရသော လျှော်တို့ကို မစွန့်နိုင်ဟု ဆိုတယ်၊
မိမိရွာသို့ရောက်လတ်သော် ရွှေထမ်းလာသူမှာ ဆွေမျိုးသားချင်း အားလုံးနှင့်တကွ ချမ်းသာသုခ ရတယ်၊ လျှော်ထမ်းလာသူကား ချမ်းသာသုခ မရ၊ စော်ဘွားကြီး … သင်သည် လျှော်ထမ်းလာသူနှင့် တူချေပြီ၊ မိစ္ဆာအယူကိုစွန့်လော့၊ ကြာမြင့်စွာ သင့်အား အကျိုးမဲ့ဒုက္ခ မဖြစ်စေလင့်ဟု မိန့်တော်မူသတဲ့။
ထိုအခါ ပါယာသိစော်ဘွားကြီးသည် ဤသို့ လျှောက်သတဲ့၊ အရှင်ဘုရား ... အကျွန်ုပ်သည် အရှင်မြတ်၏ ရှေးဦးပဌမ လ-နေ ဥပမာ တခုဘည်းဖြင့်ပင် သဘောကျ ကျေနပ်ပါပြီ၊ တမလွန်လောကရှိကြောင်း, သေ၍ ပြန်ဖြစ်သူ ရှိကြောင်း ကုသိုလ်-အကုသိုလ် အကျိုးရှိကြောင်းကို သိပါပြီး နှစ်သက်ပါပြီ၊
သို့ရာတွင် အရှင်မြတ်၏ ဆန်းကြယ်သော “ပြဿနာပဋိဘာန်” တရားစကား တို့ကို နာကြားလို၍ အရှင့်ကိုဆန့်ကျင်ဘက်ပြုကာ ဆိုပါသည်ဘုရား၊ အရှင်မြတ်သည် မှောက်ထားသည်ကို လှန်ပြသကဲ့သို့၊ ဖုံးထားသည်ကို ဖွင့်ပြသကဲ့သို့၊ ခရီးမှားသူအား လမ်းပြသကဲ့သို့၊ အမိုက်မှောင်၌ မီးထွန်းပြသကဲ့သို့ မျက်စိရှိသူ မြင်နိုင်အောင် ဟောပြတော်မူပါပေသည်။
အကျွန်ုပ်သည် ဘုရား, တရား, သံဃာကို ကိုးကွယ်ရာဟူ၍ မှီဝဲဆည်းကပ်ပါ၏၊ ယနေ့ကိုအစပြု၍ အကျွန်ုပ်ကို ရတနာသုံးပါး ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ၊ ထို့ပြင်လည်း အကျွန်ုပ်သည် အလှူတော်ကို မပြတ်လှူလိုပါသည်၊ အာနိသင်ဖွံ့ဖြိုး အကျိုးများအောင် ဆုံးမ ညွှန်ကြားဘော်မူပါဘုရား ဟု လျှောက်သတဲ့။
.
၁၅။ “လယ်သမား”
ဒါယကာ စော်ဘွားကြီး ... အလှူ လှူသူတို့သည် နွား, ဆိတ်, ကြက်, ဝက် စသည် တို့ကို သတ်ဖြတ်၍ လှူကုန်အံ့၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်း မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ စသည်တို့ဖြင့် (ဉာဏ်ပျက်, အကြံပျက်, အဆိုပျက်, အလုပ်ပျက်, အသက်မွေးပျက်, လုံ့လပျက်, သတိပျက်, သမာဓိပျက်) မဂ္ဂင်ရှစ်ပါး ပျက်သူတို့ ဖြစ်ကုန်အံ့၊ ဤသို့သောအလှူသည် အာနိသင်မဖွံ့ဖြိုး အကျိုးမများ။
ဥပမာကား - လယ်သမားသည် ကောင်းစွာ မထွန်မယက်ဘဲ သစ်ငုတ်ထူသော မြေကြမ်း၌ မျိုးညံ့ဈေးစပါး စိုက်ကြဲအံ့၊ မိုဃ်းသည်လည်း အချိန်မှန် မရွာသွန်းအံ့၊ ထိုကောက်ပင်တို့သည် ကြီးပွားနိုင်ကုန်အံ့လော၊ မကြီးပွားနိုင်ကုန်၊ စပါးများစွာ ရနိုင်အံ့လော၊ မရနိုင်၊
စော်ဘွားကြီး ... ဤအတူ လှူသူကလည်း သီလ မစင်ကြယ်၊ အလှူခံကလည်း သီလ မစင်ကြယ်လျှင် အာနိသင် မဖွံ့ဖြိုး အကျိုး မများနိုင်။
အလှူ လှူသူတို့သည် ပါဏာတိပါတ်ကင်း - သတ်ဖြတ်ခြင်းမပြုမူ၍ လှူကုန်အံ့၊ အလှူခံပုဂ္ဂိုလ်တို့သည်လည်း သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပစသည်တို့ဖြင့် (ဉာဏ်ကောင်း, အကြံကောင်း, အဆိုကောင်း, အလုပ်ကောင်း, အသက်မွေးကောင်း, လုံ့လကောင်း, သတိကောင်း, သမာဓိကောင်း) မဂ္ဂင်ရှစ်ပါး ပြည့်သူတို့ ဖြစ်ကုန်အံ့၊ ဤသို့သော အလှူသည် အာနိသင်ဖွံ့ဖြိုး အကျိုးများကုန်၏။
ဥပမာကား - လယ်သမားသည် ကောင်းစွာထွန်ယက်၍ သစ်ငုတ်ကင်းသော မြေကောင်း၌ မျိုးကောင်းစပါး စိုက်ကြဲအံ့၊ မိုဃ်းသည်လည်း အချိန်မှန် ကောင်းစွာ ရွာသွန်းအံ့၊ ထိုကောက်ပင်တို့သည် ကြီးပွားနိုင်ကုန်၏၊ စပါးများစွာ ရစေနိုင်ကုန်၏။ စော်ဘွားကြီး ... ဤအတူ လှူသူကလည်း သီလစင်ကြယ်၊ အလှူခံကလည်း သီလ စင်ကြယ်လျှင် အာနိသင်ဖွံ့ဖြိုး အကျိုးများကုန်၏ဟု ဆုံးမစကားညွှန်ကြားတော် မူသတဲ့။
ထိုနောက် စော်ဘွားကြီးသည် သမဏ, ဗြာဟ္မဏ, ခရီးသွား, ဖုန်းတောင်း ယာစကာ တို့အား အလှူဝတ်ကို မပြတ်ဖြစ်စေတယ်၊ ဖြစ်စေသော်လည်း ထိုအလှူ၌ ဆန်ကွဲထမင်း, ပုန်းရည်ဟင်းကို၎င်း၊ အဝတ်ကြမ်းကို၎င်းဖြစ်စေတယ်၊ အလှူကိစ္စ၌ ဝေယျာဝစ္စ ဆောင်ရွက်သော ဥတ္တရမည်သော လုလင်က လှူသော အခါတိုင်း “ဤဒါနကြောင့် ငါသည် ဤပါယာသိစော်ဘွားကြီးကို ဤဘဝ၌သာ ဆုံရပါစေ၊ နောင်ဘဝ၌ မတွေ့ဆုံရပါစေသတည်း”ဟု မပြတ်ဆိုလေ့ ရှိသတဲ့။
ထိုစကားကို စော်ဘွားကြီး ကြားသွားတော့ ခေါ်ပြီး “အမောင်ဥတ္တရ … အဘယ့် ကြောင့် ဤသို့ဆိုဘိသနည်း၊ ငါသည် ကုသိုလ်အကျိုး လိုလားသည် မဟုတ်လော” ဟု ဆိုသတဲ့၊ “အရှင့်အလှူတော်၌ ဆန်ကွဲထမင်း, ပုန်းရည်ဟင်း တို့မှာ စားဘို့ဝေစ္စ၊ ကိုင်ဘို့, ရှုဘို့မျှမကောင်း၊ အဝတ်ကြမ်းတို့မှာလည်း ဝတ်ဘို့ဝေးစွ၊ ထိဘို့မျှမကောင်း၊ အရှင်ကို အကျွန်ုပ် မြတ်နိုးပါတယ်၊ မနှစ်သက်ဘွယ်နှင့် မရောယှက်စေလိုပါ''ဟု ဆိုသတဲ့။
“အမောင်ဥတ္တရ … ယင်းသို့ဖြစ်လျှင် ငါစားသော အစာမျိုး, ငါဝတ်သော အဝတ်မျိုး ကိုသာ လှူပါလေလော့”ဟု တိုက်တွန်းသတဲ့၊ ဥတ္တရလုလင်ကလဲ ကောင်းပါပြီဟု ဝန်ခံပြီးလျှင် အစားကောင်း, အဝတ်ကောင်းတို့ကို အလှူတော်၌ ဆောင်ရွက်ပေး သတဲ့။
ထိုနောက် အလှူရှင် ပါယာသိစော်ဘွားကြီးသည် --
သဒ္ဓါတရား နည်းပါးသော အ-သက္ကစ္စဒါနကို၎င်း,
စေခိုင်း၍လှူသော အ-သဟတ္ထဒါနကို၎င်း,
လေးမြတ်သောစိတ်ကင်းသော အ-စိတ္တိကတဒါနကို၎င်း,
စွန့်ပစ်၍လှူသော အပ-ဝိဒ္ဓဒါန ကို၎င်း
လှူဒါန်းသူဖြစ်ခြင်းကြောင့် သေသောအခါ စာတုမဟာရာဇ်ဘုံ၌ နတ်သားဆိတ်သော ကုက္ကိုပင်ဗိမာန်၌ စာတုမဟာရာဇ် နတ်သား သွားဖြစ်တယ်။
အလှူဝေယျာဝစ္စ ဆောင်ရွက်သော ဥတ္တရလုလင်ကတော့ --
သဒ္ဓါတရား ထက်သန်သော သက္ကစ္စဒါနကို၎င်း,
ကိုယ်တိုင်လှူသော သဟတ္ထဒါနကို၎င်း
လေးမြတ်သောစိတ်ရှိသော စိတ္တိကတဒါနကို၎င်း,
မစွန့်မပစ်ဘဲ ကောင်းစွာ လက်ရောက်လှူသော အနပ-ဝိဒ္ဓဒါနကို၎င်း
ပြု၍လှူဒါန်းသူ ဖြစ်ခြင်းကြောင့် သေသောအခါ တာဝတိံသာဘုံ၌ တာဝတိံသာ နတ်သား သွားဖြစ်သတဲ့။
[ဤ၌ လယ်ရှင်ထက် လယ်လုပ်သူက စပါးအရများလေစွဟု ဆိုသင့်တယ်။]
အခါတပါး အရှင်ဂဝမ္ပတိ မည်သော ရဟန္တာတပါးသည် နေ့အခါ နေခြင်းငှာ ဥတုသပ္ပာယ မျှတပေသည်ဟု ထိုကုက္ကိုပင်ဗိမာန်သို့ ကြွသွားလေတော့ ပါယာသိရာဇညစော်ဘွားကြီး နတ်ကို မြင်သတဲ့၊ အသင်သည် တမလွန်လောက မရှိဟူ၍၎င်း, သေပြီး ပြန်ဖြစ်သူ (ဩပပါတိက) မရှိဟူ၍၎င်း, ကုသိုလ်-အကုသိုလ် အကျိုးမရှိဟူ၍၎င်း (ဥစ္ဆေဒဒိဋ္ဌိ, နတ္ထိကဒိဋ္ဌိ) အယူရှိသည် မဟုတ်လောဟု မေးသတဲ့၊ အရှင်ဘုရား ... ဟုတ်ပါတယ်၊ သို့ရာတွင် အရှင်ကုမာရကဿပ မထေရ်သည် ထို မိစ္ဆာအယူကင်းပျောက်အောင် ဟောကြားပါတယ်ဘုရားဟု လျှောက်သတဲ့။
စော်ဘွားကြီး ... သင်၏အလှူ၌ ဆောင်ရွက်သော ဥတ္တရလုလင်တယောက် အဘယ်မှာနည်း၊ အရှင်ဘုရား ... ဥတ္တရလုလင်ကတော့ သက္ကစ္စဒါန စသည် ဖြစ်အောင် ပြုခြင်းကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်သွားပါတယ်၊ တပည့်တော် ကတော့ အ-သက္ကစ္စဒါန စသည်ဖြစ်အောင် ပြုသောကြောင့် ဤ စာတုမဟာရာဇ်နတ်ဘုံ၌ ဖြစ်ရပါတယ်၊
အရှင်ဘုရား ... လူ့ပြည်သို့ ပြန်ကြွသွားသောအခါ လူတို့အား သက္ကစ္စဒါန စသည် ဖြစ်အောင် အားထုတ်ကြကုန်လော့ဟူ၍၎င်း, ပါယာသိရာဇညစော်ဘွားကြီးသည် အလှူရှင် ဖြစ်လျှက် အ-သက္ကစ္စဒါန စသည်ကြောင့် စာတုမဟာရာဇ်၌ ဖြစ်သည် ဟူ၍၎င်း, ဥတ္တရလုလင်ကတော့ သူတကာအလှူ၌ ဝေယျာဝစ္စဆောင်ရွက်သူ ဖြစ်လျက် သက္ကစ္စဒါန စသည်ကြောင့် တာဝတိံသာ၌ ဖြစ်သည်ဟူ၍၎င်း ဟောကြား ညွှန်ပြ ဆုံးမတော်မူပါ၊ တပည့်ဘော်ကဲ့သို့ ကိုယ်ကျိုး မနဲကြပါစေနှင့် ဘုရားဟု လျှောက်ကြားလိုက်သတဲ့။
သည်တော့ ယခုအခါ ဤပါယာသိသုတ္တန်တရားစာကို နာခံသိရှိကြကုန်သော ကုလပုတ္တ အမျိုးကောင်းသား, အမျိုးကောင်း သမီးတို့သည် တယူသန်ဇွတ်တိုးသော မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးသို့ မကပ်ရောက် နိုင်စေခြင်းငှာ၎င်း သက္ကစ္စဒါနစသည် ဖြစ်နိုင်စေ ခြင်းငှာ၎င်း, အကြောင်းအကျိုးကို လျော်စွာ အသိဉာဏ်တိုးနိုင်စေသော ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီး၌ ထောက်ရာ တည်ရာရှအောင် လေ့လာနိုင်ကြသဖြင့် ဝဋ်သုံးပါး မပြတ်လည်သော ဘဝစက်ကို အပြီးတိုင် ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်သူတို့ ဖြစ်ကြပါစေကုန်သတည်း။
.
မဟာဝဂ္ဂသံယုတ်ပါဠိတော်-သစ္စသံယုတ်
သစ္စာလေးပါး တရားစာ
အခါတပါး မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ကောဋိဂါမ၌ သီတင်းသုံးတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏၊ ချစ်သားတို့ ... သစ္စာလေးပါးကို မသိခြင်းကြောင့် ရှည်ကြာသော သံသရာ၌ ငါဘုရားသည်၎င်း, သင်ချစ်သားတို့သည်၎င်း ပြေးသွား ရပြီ၊ ကျင်လည်ရပြီ၊ ချစ်သားတို့ ... ဒုက္ခသစ္စာကို မသိခြင်းကြောင့် သံသရာရှည်ရပြီ၊ သမုဒယသစ္စာကို, နိရောဓသစ္စာကို, မဂ္ဂသစ္စာကို မသိခြင်းကြောင့် သံသရာရှည်ရပြီ၊ ယခုကား ထိုဒုက္ခကို သိပြီ၊ ထိုသမုဒယကို ထိုနိရောဓကို, ထိုမဂ္ဂကို သိပြီ၊ ဘဝတဏှာ ပြတ်ပြီ၊ ဘဝနှောင်ကြိုး ကုန်ပြီ၊ ဘဝ တဖန်မရှိပြီဟု မိန့်တော်မူ၏။
လေးပါးသစ္စာ ဟုတ်မှန်စွာမသိ၍ သံသရာရှည်ခဲ့ပြီ။
သိသော်စင်စစ် ဝဋ်မြစ်မကျန် ဘဝတဖန် မရှိပြီ။
သစ္စာမရှိ ကျပ်ပြည့်ဆင်းရဲ ဇာတိဇရာ ထက်ချပ်ဆွဲ၏။
သစ္စာရှိလျှင် ဆင်းရဲကင်းပျောက် ဇာတိဇရာ မကပ်ရောက်။
ချစ်သားတို့ ...
အတိတ်ကာလ၌ ရဟန်းပြုသူတို့သည် သစ္စာလေးပါး သိခြင်းငှာတည်း၊
အနာဂတ်ကာလ၌ ရဟန်းပြုလတ္တံ့ သူတို့သည် သစ္စာလေးပါး သိခြင်းငှာတည်း၊
ပစ္စုပ္ပန်ကာလ၌ ရဟန်းပြုသူတို့သည် သစ္စာလေးပါး သိခြင်းငှာတည်း။
ချစ်သားတို့ ... အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါး၌ ရဟန်းပြု၍ ဟုတ်တိုင်း မှန်စွာ သိသူတို့သည် သစ္စာလေးပါးကို သိကုန်၏။
ချစ်သားတို့ ... ကာလသုံးပါး၌ ပွင့်ပြီး, ပွင့်ဆဲ, ပွင့်လတ္တံ့သော မြတ်စွာဘုရား တို့သည် သစ္စာလေးပါးကိုသိ၍ သဗ္ဗညုဘုရားတို့ ဖြစ်ကုန်၏၊ ထို့ကြောင့် သစ္စာလေးပါးကို သိခြင်းငှာ အားထုတ်ကြလော့။
ချစ်သားတို့ ... သစ္စာသည် လေးပါးရှိ၏၊
(စတ္တာရိ အရိယသစ္စာနိ။ ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ဒုက္ခ နိရောဓဂါမိနိပ္ပဋိပဒါ အရိယသစ္စံ။)
ထိုသစ္စာလေးပါးတို့တွင်-
၁။ လောကီစိတ် ၈၁-ခု, လောဘကြဉ်သော စေဘသိက် ၅၁-ခု ရုပ် ၂၈-ခုသည် ဒုက္ခသစ္စာ မည်၏၊
ဝါ-ဥပါဒါန်လေးပါး၏ စွဲလမ်းစရာ လောကီခန္ဓာငါးပါးသည် ဒုက္ခသစ္စာ မည်၏၊
ဝါ-စက္ခာယတန, သောတာယတန စသော အဇ္ဈတ္တိကာယတန ခြောက်ပါးသည် ဒုက္ခသစ္စာ မည်၏။
၂။ ထိုထိုအာရုံ၌ စုံမက်သော ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ သုံးပါးသည်၊ ဝါ-ရူပတဏှာ, သဒ္ဒတဏှာစသော တဏှာခြောက်ပါး သည် သမုဒယသစ္စာ မည်၏။
၃။ ထိုတဏှာ၏ အကြွင်းမဲ့ ချုပ်ရာနိဗ္ဗာန်သည် နိရောဓသစ္စာမည်၏။
၄။ မဂ်စိတ်၌ရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာမည်၏။
ချစ်သားတို့ ... ဤကား ဒုက္ခ, ဤကား သမုဒယ, ဤကား နိရောဓ, ဤကား မဂ္ဂဟု သစ္စာလေးပါးကို သိခြင်းငှာ အားထုတ်ကြလော့။
ချစ်သားတို့ ... ဤသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိခြင်းကြောင့် ငါဘုရားကို “အရဟံ, သမ္မာသမ္ဗုဒ္ဓ” ဟု ဆိုအပ်၏။
ချစ်သားတို့ ... ကာလသုံးပါး၌ ပွင့်ပြီး, ပွင့်ဆဲ, ပွင့်လတ္တံ့သော မြတ်စွာဘုရား တို့သည် ဤသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိကုန်၏။
ချစ်သားတို့ ... ငါဘုရားသည် သိခြင်းကြောင့် အာသဝတို့၏ ကုန်ခြင်းကို ဟောသည်၊ မသိဘဲဟောသည် မဟုတ်၊ အဘယ်ကို သိခြင်းကြောင့်နည်း၊ ဤကား ဒုက္ခ, ဤကား သမုဒယစသည်ဖြင့် သစ္စာလေးပါးကို သိခြင်းကြောင့် အာသဝတို့၏ ကုန်ခြင်းကို ဟောသည်။
ချစ်သားတို့ ... မိမိစကား လိုက်နာသော ဆွေမျိုး, မိတ်ဆွေတို့ကို သနား၍ စောင့်ရှောက်လိုသည်ဖြစ်အံ့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိခြင်းငှာ တိုက်တွန်းရာ၏၊ သက်ဝင်စေရာ၏၊ တည်စေရာ၏။
ချစ်သားတို့ ... ဤသစ္စာလေးပါးတို့တွင် --
ဒုက္ခသစ္စာကို သိအပ်၏။
သမုဒယ သစ္စာကို ပယ်အပ်၏၊
နိရောဓသစ္စာကို မျက်မှောက်ပြုအုပ်၏၊
မဂ္ဂသစ္စာကို ပွါးများအပ်၏။
အခါတပါး ရဟန်းတို့သည် စည်းဝေး၍ စကားကခုကို ဆိုကုန်၏၊ ငါ့ရှင်တို့ ... အကြင်သူသည် ဒုက္ခကိုမြင်အံ့၊ ထိုသူသည် သမုဒယကို၎င်း, နိရောဓကို၎င်း, မဂ္ဂကို၎င်း မြင်၏ဟု ဆိုကုန်၏၊
ထိုအခါ အရှင်ဂဝမ္ပတိမထေရ်က ငါ့ရှင်တို့ ... မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ငါ ကြားဘူးသည်ကား--
ဒုက္ခကို မြင်လျှင် သမုဒယ နိရောဓ မဂ္ဂကိုလည်း မြင်၏၊
သမုဒယကို မြင်လျှင် ဒုက္ခ နိရောဓ မဂ္ဂကိုလည်း မြင်၏၊
နိရောဓကို မြင်လျှင် ဒုက္ခ သမုဒယ မဂ္ဂကိုလည်း မြင်၏၊
မဂ္ဂကိုမြင်လျှင် ဒုက္ခ သမုဒယ နိရောဓကိုလည်း မြင်၏
ဟု ငါကြားဘူး သည်ဟု ဆို၏။
ချစ်သားတို့ ... အကုသလဝိတက်ကို မကြံကြနှင့်၊ ကာမဂုဏ်နှင့်စပ်သော အကြံ၊ ဖျက်ဆီးခြင်းနှင့် စပ်သောအကြံ၊ ညှဉ်းဆဲခြင်းနှင့် စပ်သောအကြံ၊ ဤသို့ ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသဝိတက် သုံးမျိုးကို မကြံကြနှင့်၊ အကျိုးနှင့်မစပ်၊ မြတ်သောအကျင့် မဟုတ်၊ ငြီးငွေ့ခြင်းငှာ, နိဗ္ဗာန်အကျိုးငှာ မဖြစ်၊ ကြံလိုလျှင် ဤကား ဒုက္ခ, ဤကား သမုဒယ စသည်ဖြင့် သစ္စာလေးပါးကို ကြံကြလော့၊ အကျိုးနှင့် စပ်၏၊ မြက်သောအကျင့် ဟုတ်၏၊ ငြီးငွေ့ခြင်းငှာ, နိဗ္ဗာန် အကျိုးငှာ ဖြစ်၏။
ချစ်သားတို့ ... ဆန့်ကျင်သောစကားကို မဆိုကြလင့်၊ ဤဓမ္မဝိနယကို သင် မသိ၊ ငါသာ သိသည်၊ သင်သိလျှင် ဖြေဆိုစမ်း-စသည်ဖြင့် မဆိုကြနှင့်၊ ချစ်သားတို့ ...
တိရစ္ဆာနကထာမည်သော မဂ် ဖိုလ်မှ ဖီလာစကားကို မဆိုကြနှင့်၊
မင်းနှင့် စပ်သော စကား၊
ခိုးသူနှင့်စပ်သော စကား၊
အမတ်စစ်သည်နှင့် စပ်သောစကား၊
အဝတ်အစား, အသုံးအဆောင်နှင့် စပ်သောစကား၊
ရွာ နိဂုံး မိန်းမ ယောက်ျား ဆွေမျိုးနှင့်စပ်သောစကား၊
ကွယ်လွန်သူတို့နှင့် စပ်သောစကား စသည်တို့ကို မဆိုကြနှင့်၊
ဤ ဆန့်ကျင်သောစကား, မဂ်-ဖိုလ်မှ ဖီလာတိရစ္ဆာနကထာ စကားတို့သည် အကျိုးနှင့် မစပ်၊ နိဗ္ဗာန်အကျိုးငှာမဟုတ်၊ ဆိုလိုလျှင် ဤကား ဒုက္ခ, ဤကား သမုဒယ စသည်ဖြင့် သစ္စာလေးပါးကို ဆိုကြလော့၊ အကျိုးနှင့် စပ်၏၊ နိဗ္ဗာန် အကျိုးငှာ ဖြစ်၏။
[ဤ၌ တရားမပါသော အချည်းနှီးစကားကို တားသည်၊ စကားထဲ တရားပါသွားလျှင် မတား၊ ဆိုသမျှစကားအဆုံး၌ “ဤစကားပြောဆိုခိုက် ဖြစ်သော ရုပ်နာမ်ခန္ဓာ တို့သည် အနိစ္စ, ဒုက္ခ, အနတ္တတို့သာတည်း”ဟု ဝိပဿနာတင်၍ အဆုံးသတ် အပ်၏။]
ချစ်သားတို့ ... ရှေးအခါ လူတယောက်သည် လောကစိန္တာကို (ဝါ-လောကခြင်းရာ ကြံစရာကို) ကြံမည်ဟု မြို့ပြင်ပရေကန်အနီး၌ ထိုင်၍ ကြံစည်၏၊ ထိုအခါ စစ်အင်္ဂါလေးပါး စစ်သားအပေါင်းသည် ကြာရိုး, ကြာပင်အတွင်းသို့ ဝင်သွားသည်ကို မြင်ရသဖြင့် ငါသည် ရူးပြီလော၊ မဖြစ်ကောင်းသည်ကို မြင်ရသည်ဟု အကြံဖြစ်၍ သူတပါးအား ထိုမြင်ရပုံကို ပြောပြ၏၊ သူတပါးကလည်း သင်သည် တကယ်ရူးပြီ၊ တကယ်စိတ်ပျံ့လွင့်ပြီ၊ မဖြစ်ကောင်းသည်ကို သင်မြင်ပြီဟု ဆို၏။
ချစ်သားတို့ ... ထိုသူ မြင်ခြင်းသည် အမှန်အတိုင်းပင် ဖြစ်၏၊ နတ်နှင့် အသူရာတို့ စစ်တိုက်၍ အသူရာတို့ စစ်ရှုံး၍ ထွက်ပြေးကြစဉ် ထိုကြာရိုးအတွင်းသို့ ဝင်၍ အသူရာပြည်သို့ ပြေးကုန်၏၊
ထို့ကြောင့် ချစ်သားတို့ ... လောကစိန္တာကို မကြံကြနှင့်၊ သတ္တဝါဟူသော လောကသည် မြဲ၏ဟူ၍၎င်း, မမြဲဟူ၍၎င်း, အဆုံးရှိ၏ ဟူ၍၎င်း, အဆုံးမရှိဟူ၍၎င်း မကြံကြနှင့်၊ (သတ္တဝါမရှိ၊ ရုပ်နာမ်သာ ရှိသည်၊)
အသက်နှင့်ကိုယ်သည် တခုတည်း ဟူ၍၎င်း, တခြားစီဟူ၍၎င်း မကြံကြနှင့်၊ အသက်လည်း မရှိ၊ ကိုယ်လည်း မရှိ၊ ရုပ်နှင့်နာမ်သာ ရှိသည်၊) သတ္တဝါ သေပြီးနောက် ပြန်ဖြစ်သည်ဟူ၍၎င်း၊ ပြန်မဖြစ်ဟူ၍၎င်း၊ အချို့ ဖြစ်သည် အချို့ မဖြစ်ယူ၍၎င်း၊ ဖြစ်သည်လည်းမဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူ၍၎င်း မကြံကြနှင့် (သတ္တဝါ မရှိ၊ သတ္တဝါ မသေ၊ ရုပ်နှင့်နာမ်သာ ရှိသည်၊ ရုပ်နှင့်နာမ်သာ အကြောင်းအားလျော်စွာ ဖြစ်သည်၊ ပျက်သည်၊)
ဤသို့သော လောကစိန္တာကို မကြံကြနှင့်၊ အကျိုးနှင့်မစပ်၊ ကြံလိုလျှင် ဤကား ဒုက္ခ, ဤကား သမုဒယ စသည်ဖြင့်သစ္စာလေးပါးကိုသာ ကြံကြလော့၊ အကျိုးနှင့် စပ်၏၊ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။
ချစ်သားတို့ ... သင်တို့သည် ငါဘုရားဟောကြားသော သစ္စာလေးပါးကို မှတ်မိကြ သလောဟု မိန့်တော်မူလတ်သော် ရဟန်းတပါးက တပည့်တော် မှတ်မိပါသည် ဘုရား၊
အဘယ်သို့ မှတ်မိသနည်း၊ ဒုက္ခသည် ပဌမသစ္စာ, သမုဒယသည် ဒုတီယသစ္စာ, နိရောဓသည် တတီယသစ္စာ, မဂ္ဂသည် စတုတ္ထသစ္စာ၊ ဤသို့ မှတ်မိပါသည်ဘုရား၊
သာဓု သာဓု - ချစ်သားရဟန်း ... သင်သည် သစ္စာလေးပါးကို ကောင်းစွာ မှတ်မိပေသည်ဟု မိန့်တော်မူ၏။
ထို့အတူ ရဟန်းတပါးကလည်း တပည့်တော် မှတ်မိပါသည်ဘုရား၊ ဒုက္ခသည် ပဌမသစ္စာ, သမုဒယသည် ဒုတီယသစ္စာ, နိရောဓသည် တတီယသစ္စာ မဂ္ဂသည် စတုတ္ထသစ္စာ၊ ဤသို့ ရဟန်းဂေါတမ ဟောသော သစ္စာလေးပါးသည် မဟုတ် မမှန်သေးဟူ၍၎င်း, တပါးသော သစ္စာလေးပါးကို ဟောပြပေအံ့ဟူ၍၎င်း၊ တစုံ တယောက် ဆိုရာ၏၊ ထိုသို့ဆိုနိုင်သော ဟောပြနိုင်သော အကြောင်းမည်သည် မရှိဟု မှတ်မိပါသည် ဘုရား၊
သာဓု သာဓု - ချစ်သား ရဟန်း ... သင်သည် သစ္စာလေးပါးကို ကောင်းစွာ မှတ်မိပေသည်ဟု မိန့်တော်မူ၏။
ရဟန်းတပါးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ “မြတ်စွာဘုရား ... အဝိဇ္ဇာ ဟူသည် အဘယ်ပါနည်း၊ အဘယ်မျှဖြင့် အဝိဇ္ဇာသင့်သူ ဖြစ်ပါသနည်းဘုရား” ဟု လျှောက်၏၊
ချစ်သားရဟန်း ... .ဒုက္ခ၌ မသိခြင်း, သမုဒယ၌ မသိခြင်း နိရောဓ၌ မသိခြင်း, မဂ္ဂ၌ မသိခြင်းသည် အဝိဇ္ဇာမည်၏၊ ဤလေးဌာနမသိခြင်း မျှဖြင့် အဝိဇ္ဇာသင့်သူဖြစ်၏၊ ထို့ကြောင့် အဝိဇ္ဇာမသင့်နိုင်အောင် သစ္စာလေးပါးကို သိခြင်းငှာ အားထုတ်လော့ဟု မိန့်တော်မူ၏။
[ဤ၌ လေးဌာန မသိခြင်းကို အဝိဇ္ဇာဟု ဟောသည်၊ အဘိဓမ္မာ၌ ရှစ်ဌာန မသိခြင်းကို ဟောသည်။]
ရဟန်းတပါးသည် မြတ်စွာဘုရား ... ဝိဇ္ဇာဟူသည် အဘယ်ပါနည်း၊ အဘယ်မျှဖြင့် ဝိဇ္ဇာသင့်သူ ဖြစ်ပါသနည်းဘုရား၊
ချစ်သားရဟန်း ... ဒုက္ခ၌ သိခြင်း, သမုဒယ၌ သိခြင်း, နိရောဓ၌ သိခြင်း, မဂ္ဂ၌ သိခြင်းသည် ဝိဇ္ဇာ မည်၏၊ ဤလေးဌာန သိခြင်းမျှဖြင့် ဝိဇ္ဇာသင့်သူ ဖြစ်၏၊ ထို့ကြောင့် ဝိဇ္ဇာသင့်အောင် သစ္စာလေးပါးကို သိခြင်းငှာ အားထုတ်လော့ဟု မိန့်တော်မူ၏။
ချစ်သားတို့ ... တစုံတယောက်သော သူသည် ငါသည် သစ္စာလေးပါးကို မသိဘဲ ဒုက္ခကင်းရာနိဗ္ဗာန်ကို မျက်မှောက်ပြုမည်ဟု ဆိုငြားအံ့၊ ထိုစကားသည် အကြောင်း မသင့်၊ ရှားရွက် ထင်းရူးရွက်, ရှိရှားရွက်ကို အထုပ်ပြု၍ ရေကို ဆောင်မည်ဟု ဆိုသည်နှင့်တူ၏၊ ငါသည် သစ္စာလေးပါးကိုသိ၍ ဒုက္ခကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုမည်ဟု ဆိုငြားအံ့၊ ထိုစကားသည် အကြောင်းသင့်၏၊ ပဒုမာကြာရွက်, ပေါက်ရွက်ကို အထုပ်ပြု၍ ရေကိုဆောင်မည်ဟု ဆိုသည်နှင့် တူ၏၊ ထို့ကြောင့် သစ္စာလေးပါးကို သိခြင်းငှာ အားထုတ်ကြလော့။
ချစ်သားတို့ ... ကောင်းကင်သို့ မြှောက်တင်အပ်သော လှံတံသည် ရံခါ အရင်းဖြင့် ကျ၏၊ ရံခါ အဖျားဖြင့် ကျ၏၊ ထို့အတူ အဝိဇ္ဇာဖုံးကာ တဏှာဆွဲဆောင်အပ်သော သတ္တဝါအပေါင်းသည် ရံခါ ဤလောကမှ ထိုလောကသို့ သွား၏၊ ရံခါ ထိုလောကမှ ဤလောကသို့ လာ၏၊ ဤသို့ဖန်ဖန် ဖြစ်ရခြင်းသည် သစ္စာလေးပါး မသိခြင်းကြောင့် တည်း။
ချစ်သားတို့ ... .သစ္စာလေးပါး မသိသူသည် လေလာတိုင်း လွင့်သော လက်ပံလဲနှင့် တူ၏၊ ဆရာအမျိုးမျိုး၏ မျက်နှာကို ကြည့်နိုင်၏၊ (ဝါ-အလိုသို့ လိုက်နိုင်၏၊) မိစ္ဆာဒိဋ္ဌိအမျိုးမျိုးကို အမြတ်တနိုး ဆည်းကပ်နိုင်၏၊ သစ္စာလေးပါး သိသူကား လေလာတိုင်း မလွင့်နိုင်သော ကျောက်တိုင်နှင့် တူ၏၊ ဆရာ အမျိုးမျိုး၏အလိုသို့ မလိုက်၊ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးကို အမြတ်တနိုး မဆည်းကပ်။
ချစ်သားတို့ ... . သစ္စာလေးပါးသိသူကို အရပ်လေးမျက်နှာမှ တစုံတယောက်သော သူသည် ဝါဒဖြင့် အပြစ်တင်မည်ဟု လာငြားအံ့၊ တရားနှင့်အညီ ချောက်ချား စေနိုင်သောအကြောင်း မရှိ၊ ၁၆-တောင်ရှိသော ကျောက်တိုင်ကို တွင်း၌ ရှစ်တောင်မြှုပ်၍ စိုက်ထားအံ့၊ အရပ်လေးမျက်နှာမှ လာသော လေပွေလေကြမ်း သည် တုန်လှုပ်ချောက်ချား စေခြင်းငှာ မတတ်နိုင်သကဲ့သို့တည်း၊ ထို့ကြောင့် သစ္စာလေးပါးသိခြင်းငှာ အားထုတ်ကြလော့။
ချစ်သားတို့ ... အဝတ်ဖြစ်စေ ဦးခေါင်းဖြစ်စေ မီးလောင်သောအခါ အဘယ်အမှုကို ပြုသင့်သနည်း၊
မြတ်စွာဘုရား ... အဝတ်, ဦးခေါင်းမီးလောင်သည်ကို ငြိမ်းစေခြင်းငှာ လွန်စွာ အားထုတ်ရပါသည်ဘုရား၊
ချစ်သားတို့ ... အဝတ်, ဦးခေါင်း မီးလောင်သည်လို လျစ်လျူရှု၍သော်လည်း မသိသေးသော သစ္စာလေးပါးကို သိခြင်းငှာ လွန်စွာအားထုတ်အပ်၏၊ ထို့ကြောင့် သစ္စာလေးပါး သိခြင်းငှာ အားထုတ်ကြလော့။
[အဝတ်, ဦးခေါင်း မီးလောင်သည်ကို လျစ်လျူရှုလျှင် အလွန်ဆုံး တကြိမ် သေရုံသာ ဖြစ်၍ သင့်တော်သေး၏၊ သစ္စာလေးပါး မသိလျှင် သံသရာမဆုံး အကြိမ်ကြိမ် သေမည်ဖြစ်၍ မသင့်မတော်ဟု မိန့်တော်မူသော မြတ်စွာဘုရား၏ မဟာ ကရုဏာတော်သည် ကြီးကျယ်လေစွဟု ကြည်ညိုဉာဏ် တိုးပွားရာ၏။ ]
ချစ်သားတို့ ... လူတယောက်သည် အသက်တရာ နေထိုက်သူကို အမောင် ... ငါ့အထံသို့ လာလော့၊ သင့်ကို နံနက်၌ လှံချက်တရာ ထိုးမည်၊ နေ့ခင်း၌ တရာ, ညချမ်း၌ တရာ၊ ဤသို့ လှံချက်သုံးရာ နေ့တိုင်း ထိုးမည်၊ ရက် ၃ဝ-တလ ၁၂-လ တနှစ်အားဖြင့် နှစ်ပေါင်းတရာ (လှံချက် တကုဋေကျော်) ပြည့်သောအခါ မသိဘူး သေးသော သစ္စာလေးပါးကို သင် သိလတ္တံ့ဟု ဆိုငြားအံ့၊ အကျိုးစီးပွား မြင်သိသော အမျိုးကောင်းသားသည် ထိုလူထံ ချဉ်းကပ်ခြင်းငှာ ထိုက်၏။
အဘယ်ကြောင့်နည်းဟူမူ - လှံချက်ပေါင်း, သံလျက်ချက်ပေါင်း, ပုဆိန်ချက်ပေါင်း အတိုင်းမသိ ကုဋေ, ကုဋာများစွာ ခံရကုန်သော သင်တို့၏ ကျင်လည်ရာ သံသရာသည် ရှေးအစွန်း မထင်၊ ဉာဏ်အစဉ်လျှောက်၍ ရှုသော်လည်း အစကို မသိအပ်၊ ထို့ကြောင့် နှစ်ပေါင်းတရာတိတိ နေ့တိုင်း လှံချက် သုံးရာသို့ (ဝါ-လှံချက် တကုဋေကျော်သို့) ချဉ်းကပ်ခြင်းငှာ ထိုက်၏။
ချစ်သားတို့ ... ယင်းသို့ ဖြစ်သော်လည်း ဒုက္ခခံနိုင်မှ သစ္စာလေးပါး သိသည် ဟု ငါဘုရား မဟော၊ သုခဖြင့် ချမ်းသာစွာ သိနိုင်သည်ဟု ငါဘုရား ဟောတော်မူ၏၊ ထို့ကြောင့် သစ္စာလေးပါး သိခြင်းငှာ အားထုတ်ကြလော့။
အခါတပါး မြတ်စွာဘုရားသည် ကောသမ္ဗီပြည်၌ ယင်းတိုက်တော၌ နေတော်မူစဉ် အနည်းငယ်သော ယင်းတိုက်ရွက်ကို ကောက်ယူ၍ ချစ်သားတို့ ... ယခု ကောက်ယူသော ယင်းတိုက်ရွက်နှင့် တတောလုံး ယင်းတိုက်ပင်တို့၌ အရွက်သည် အဘယ်က များမည်နည်း၊
မြတ်စွာဘုရား ... တတောလုံး ယင်းတိုက်ရွက်တို့က အလွန်အကဲများပါသည်ဘုရား။
ချစ်သားတို့ ... ထို့အတူ ငါဘုရားသည် သိလျက် မဟောသော တရားတို့သည် အလွန်အကဲ များကုန်၏၊ အဘယ်ကြောင့် သိလျက်မဟောသနည်း၊ အကျိုးနှင့် မစပ်၊ ငြီးငွေ့ခြင်းငှာ, နိဗ္ဗာန်မျက်မှောက်ပြုခြင်းငှာ မဟုတ်၊ ထို့ကြောင့် မဟော၊ သိ၍ ဟောသော တရားကား ဤကား ဒုက္ခ, ဤကား သမုဒယ စသည်ဖြင့် သစ္စာလေးပါးကို ဟော၏၊ အဘယ်ကြောင့် ဟောသနည်း၊ အကျိုးနှင့် စပ်၏၊ ငြီးငွေ့ခြင်းငှာ နိဗ္ဗာန်မျက်မှောက်ပြုခြင်းငှာ ဖြစ်၏၊ ထို့ကြောင့် ဟောသည်၊ ထို့ကြောင့် သစ္စာလေးပါး သိခြင်းငှာ အားထုတ်ကြလော့။
အခါတပါး မြတ်စွာဘုရားသည် ရဟန်းတို့နှင့် တောင်ထွဋ်တခုသို့ ကြွသွား၏၊ ထိုတောင်ထွဋ်နံပါး၌ ချောက်ကြီးတခုကို မြင်ကြ၍ ရဟန်းတပါးက မြတ်စွာဘုရား ... ဤချောက်ကြီးသည် ကြောက်ဘွယ် ကောင်းလှ၏၊ ထို့ထက် ကြောက်ဘွယ်သည် ရှိပါဦးမည်လော ဘုရားဟု လျှောက်၏။
ချစ်သားတို့ ... ထို့ထက် ကြောက်ဘွယ်သည် ရှိ၏၊ သစ္စာလေးပါး မသိမမြင်သူ အပေါင်းသည် ဇာတိ, ဇရာမရဏကို ဖြစ်စေတတ်သော, သောက-ပရိဒေဝ စသည်တို့ကို ဖြစ်စေတတ်သော သင်္ခါရတို့၌ (ဝါ-ကုသိုလ်ကံ, အကုသိုလ်ကံတို့၌) လွန်စွာ မွေ့လျော်ကုန်၏၊ ထိုသင်္ခါရတို့ကို အားထုတ်ကြသောကြောင့် ဇာတိ-ဇာရာမရဏချောက်, သောက-ပရိဒေဝ စသော ချောက်တို့သို့ ကျကုန်၏၊ ထို သစ္စာလေးပါး မသိမမြင်သူအပေါင်းကို ဇာတိ-ရာမရဏ ဒုက္ခမှ, သောက-ပရိဒေဝ စသော ဒုက္ခမှ မလွတ်နိုင်ဟု ငါဘုရား ဟော၏။
ချစ်သားတို့ ... သစ္စာလေးပါးသိသူ မြင်သူအပေါင်းသည် ဇာတိ စသည် သောက စသည်တို့ကို ဖြစ်စေတတ်သော သင်္ခါရတို့၌ (ဝါ-ကုသိုလ်ကံ, အကုသိုလ်ကံတို့၌) မမွေ့လျော်ကြကုန်၊ ထိုသင်္ခါရတို့ကို အားမထုတ်ကြသောကြောင့် ဇာတိ စသော ချောက် သောကစသော ချောက်တို့သို့ မကျကုန်၊ ထိုသစ္စာလေးပါးသိသူ မြင်သူ အပေါင်းကို ဇာတိစသော ဒုက္ခမှ, သောကစသော ဒုက္ခမှ လွတ်ကုန်၏ဟု ငါဘုရား ဟော၏၊ ထို့ကြောင့် သစ္စာလေးပါးသိခြင်းငှာ အားထုတ်ကြလော့၊
[ဤနှင့်တူစွာ နောက်သုတ္တန်တို့၌ ကုသိုလ်, အကုသိုလ်သင်္ခါရတို့ကို အားထုတ်ခြင်း ကြောင့် ဇာတိ, ဇရာမရဏ စသော ငရဲမီး အလောင်ကြရသည်၊ ဇာတိ, ဇရာမရဏ စသော မှောင်ကြီး၌ ကျင်လည်ကြရသည်ဟု ဟော၏။]
ဤသုတ္တန်တို့၌ ကုသိုလ်ကံ, အကုသိုလ်ကံ - သင်္ခါရ ပြုခြင်းကြောင့် သံသရာ ရှည်သည်၊ ကုသိုလ်ကံ, အကုသိုလ်ကံ-သင်္ခါရ မပြုလျှင် သံသရာမှ လွတ်သည်ဟု ပဌမ မှတ်ယူအပ်၏။
ထိုသင်္ခါရမျိုးသည် အဆံအောင်သော သစ်စေ့နှင့် တူ၏၊ အဘယ်သူ ပြုသနည်း၊ အဝိဇ္ဇာမကင်းသော ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်အထိ ပုဂ္ဂိုလ် တို့သည် ဒါန, သီလ, ဘာဝနာစွမ်းဖြင့် ကာယ, ဝစီ, မနောဒုစရိုက်စွမ်းဖြင့် ထို သင်္ခါရတို့ကို ပြုကြသည်၊ အဝိဇ္ဇာကင်းသော ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးဦးတို့ကား ဒါန, သီလစသည် ပြုသော်လည်း ကုသိုလ် သင်္ခါရ မဖြစ်၊ ဝါသနာ မကင်းသော ရဟန္တာတို့ ကိုယ်နှုတ်ကြမ်းသော်လည်း အကုသိုလ်သင်္ခါရ မဖြစ်၊ ကုသိုလ်, အကုသိုလ်ဖြစ်ရမည့်နေရာ၌ ကြိယာဟူ၍သာ ဖြစ်သည်၊ ပြုကာမျှသာ-မျိုးမအောင်သော သစ်စေ့နှင့် တူ၏၊ ထို့ကြောင့် သင်္ခါရဟူသမျှသည် အဝိဇ္ဇာ အမြစ်ရင်းရှိသည်ဟု ဒုတီယတဆင့် မှတ်ယူအပ်၏။
သံသရာမှ မြန်မြန်လွတ်လိုလျှင် ကုသိုလ်, အကုသိုလ်-သင်္ခါရ မဖြစ်စေနှင့်၊ သင်္ခါရ မဟုတ်သော ကြိယာကို ဖြစ်စေရသည်။ ထိုသို့ဖြစ်စေနိုင်အောင် အဝိဇ္ဇာ အမြစ်ရင်း ပြတ်စေရမည်၊ ဤသို့ တတီယတဆင့် မှတ်ယူရမည်။
အဝိဇ္ဇာ အမြစ်ရှိလျက် သင်္ခါရမှ လွတ်အောင် ဒါန, သီလစသော ကုသိုလ် မပြုလျှင် ကုသိုလ်သင်္ခါရမှ လွတ်၏၊ အကုသိုလ်သင်္ခါရမှကား မလွတ်၊ ဇာတိ ပြန်ဖြစ်ချင်ကြ သေးသလားဟု ပြောလုံးထုတ်ရုံဖြင့် လိုရာမရောက်၊ မှန်းတိုင်း မပေါက်၊ ချောက်သို့ ကျနိုင်သည်သာတည်း။
သစ္စာလေးပါး ကျပ်ပြည့် သိစေလို၍ဟောသော ကျပ်ပြည့်သော ရဟန္တာတို့၏ ဂုဏ်ပြသုတ္တန် ဖြစ်သည်၊ ကျပ်မပြည့်သေးသူ ကျပ်ပြည့်စေဦးလော့၊ ဤသို့ ဉာဏ်မဝေဘန်လျှင် အကြိယာမိစ္ဆာဒိဋ္ဌိ ကမ္မပထမြောက်ဘွယ်နှင့် နီးလှ၏။
[သစ်တုံးကြီးကို ဆင်ပြောင် ဆွဲနိုင်သည်၊ ကြောင်တို့ မဆွဲနိုင်သေး။]
အခါတပါး ရှင်အာနန္ဒာသည် ဝေသာလီပြည်၌ ဆွမ်းခံကြွစဉ် လိစ္ဆဝီ မင်းသားများ မြှားရေးပြကြသည်တို့ကို မြင်ခဲ့၍ ကျောင်းရောက်သောအခါ မြတ်စွာဘုရားအား ဤသို့ လျှောက်၏၊
မြတ်စွာဘုရား .. လိစ္ဆဝီ မင်းသားတို့သည် ဝေးလှသော အရပ်၌နေ၍ သေးငယ်သော သံကောက် အပေါက်ဖြင့် မြှားတို့ကို အဆင့်ဆင့် မချွတ်မယွင်း ကျအောင် ပစ်နိုင်ကြပါသည်၊ ကျွမ်းကျင်ကြပါပေသည်ဟု လျှောက်၏။
ချစ်သား အာနန္ဒာ ... သံကောက်ပေါက်ဖြင့် မြှားအဆင့်ဆင့် ပစ်သွင်း ခြင်းသည်၎င်း, အစိတ်တရာစိတ်သော သားမြီး၏ အစွန်းချင်းထိအောင် ပစ်ခြင်းသည်၎င်း၊ ဤနှစ်မျိုး တို့တွင် အဘယ်သည် သာ၍ ခဲယဉ်းမည်နည်း၊
မြတ်စွာဘုရား ... သားမြီးချင်းထိအောင်ပစ်ခြင်းသည် သာ၍ ခဲယဉ်းပါသည် ဘုရား။
ချစ်သားအာနန္ဒာ ... .ဤကား ဒုက္ခ, ဤကား သမုဒယစသည်ဖြင့် ဟုတ်တိုင်းမှန်စွာ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ထို သားမြီးစွန်းချင်း ထိအောင်ပစ်သည် ထက် သာ၍ ခဲယဉ်း၏၊ ထို့ကြောင့် သစ္စာလေးပါးသိခြင်းငှာ အားထုတ်ကြလော့။
[သားမြီးတခုကို အစိတ်တရာစိတ်၍ တစိတ်ကို ခရမ်းသီး၌ စိုက်ထားပြီးလျှင် တစိတ် ကို မြှား၏အဖျား၌စိုက်၍ ထဥသဘ၌ (ငါ-ပေနှစ်ရာကျော်၌) တည်၍ သားမြီးစွန်းချင်း ထိအောင်, မှန်အောင်ပစ်ခြင်း ဖြစ်သည်ဟု အဋ္ဌကထာ ဖွင့်ဆိုသည်။]
ချစ်သားတို့ ... လူတယောက်သည် သမုဒ္ဒရာ၌ အပေါက်တခုရှိသော ထမ်းပိုးကို ပစ်ချရာ၏၊ ထိုသမုဒ္ဒရာ၌လည်း နှစ်တရာတွင် တကြိမ်သာ ပေါ်သော လိပ်ကန်း တကောင်လည်း ရှိရာ၏၊ ချစ်သားတို့ ... ထိုလိပ်ကန်းသည် ထိုထမ်းပိုးပေါက်၌ လည်ပင်း စွပ်မိနိုင်ရာအံ့လော၊
မြတ်စွာဘုရား ... လွန်စွာကြာမြင့်သောအခါ စွပ်မိနိုင်ပါလိမ့်မည်ဘုရား၊
ချစ်သားတို့ ... မကြာခင် မြန်မြန်ပင် လိပ်ကန်း ထမ်းပိုး စွပ်မိနိုင်ရာ၏၊
တကြိမ် အပါယ်ကျသူအား လူ့အဖြစ်ပြန်ရခြင်းကို "မကြာခင်" ဟု ငါဘုရား မဟောနိုင်၊
အပါယ်ဘုံ၌ တရားကျင့်ခြင်း မရှိ၊ ကုသိုလ်ပြုခြင်း မရှိ၊ အချင်းချင်း သတ်ဖြတ် စားသောက်ခြင်းသာ ရှိ၏၊ ထို့ကြောင့် မကြာခင်မြန်မြန် လူပြန် မဖြစ်နိုင်၊ အကြောင်းကား သစ္စာလေးပါး မသိခြင်းကြောင့်တည်း။
ရဟန်းတပါးက မြတ်စွာဘုရား ... .လိပ်ကန်းကြီး-မသေ, သမုဒ်ရေ-မခန်း, ထမ်းပိုးကြမ်း-မဆွေး၊ ဤသို့ အကြောင်းညီညွတ်ပါမှ ထိုလိပ်ကန်း ထမ်းပိုး စွပ်မိနိုင် ပါလိမ့်မည်ဘုရားဟု လျှောက်၏၊
ချစ်သားတို့ ... ထို့အတူ အကြောင်း ညီညွတ်မှ လူအဖြစ်ကိုရသည်၊
အကြောင်း ညီညွတ်မှ ဘုရားပွင့်သည်၊
အကြောင်း ညီညွတ်မှ ဓမ္မဝိနယ ပွင့်လင်းသည်၊
ချစ်သားတို့ ... လူအဖြစ်ကို ယခုရပြီ၊
ထိုဘုရားပွင့်ခြင်းကို ယခုရပြီ၊
ထိုဓမ္မဝိနယ ပွင့်လင်းခြင်းကို ယခုပြီ၊
ထို့ကြောင့် သစ္စာလေးပါး သိခြင်းငှာ အားထုတ်ကြလော့။
ချစ်သားတို့ ... . မြင့်မိုရ်တောင်မင်းမှ ပဲနောက်စေ့ခန့် ကျောက်ခဲကို ဖဲ့၍ ယူအံ့၊ ထိုမြင့်မိုရ်နှင့် ပဲနောက်စေ့ခန့် ကျောက်ခဲသည် အဘယ်က များမည်နည်း၊
မြတ်စွာဘုရား ... မြင့်မိုရ်က များပါသည်၊ ပဲနောက်ခန့် ကျောက်ခဲကား မနှိုင်းလောက်ပါဘုရား၊
ချစ်သားတို့ … သစ္စာလေးပါးသိသော အညံ့ဆုံး သတ္တက္ခတ္တုပရမ သောတာပန် အားသော်လည်း မြင့်မိုရ်မျှများသော ဒုက္ခသည် ကုန်ပြီ၊ ပဲနောက်မျှ ဒုက္ခသာ ကြွင်းကျန်သည်၊ ထို့ကြောင့် သစ္စာလေးပါး သိခြင်းငှာ အားထုတ်ကြလော့။
အခါတပါး မြတ်စွာဘုရားသည် လက်သည်းခွံ၌ မြေမှုန့် အနည်းငယ် တင်၌ ချစ်သားတို့ ... ဤလက်သည်းခွံမြေမှုန့်နှင့် ဤမဟာပထဝီမြေကြီးသည် အဘယ်က များမည်နည်း၊
မြတ်စွာဘုရား ... မဟာပထဝီမြေကြီးက များပါသည်၊ လက်သည်းခွံမြေမှုန့်မှာ မဆိုလောက်ပါ ဘုရား၊
ချစ်သားတို့ ... သစ္စာ လေးပါးသိသော သောတာပန်အား မဟာပထဝီမြေကြီးမျှ ဒုက္ခသည် ကုန်ပြီ၊ လက်သည်းခွံမြေမှုန့်မျှ ဒုက္ခသာ ကြွင်းကျန်သည်။
သမုဒ္ဒရာ လေးစင်းရေမျှ ဒုက္ခသည် ကုန်ပြီ၊
သမန်းမြက်ဖျားရေပေါက်မျှသာ ကြွင်းကျန်သည်၊
ထို့ကြောင့် သစ္စာလေးပါး သိခြင်းငှာ အားထုတ်ကြလော့။
ချစ်သားတို့ ... လူသေ၍ လူပြန်ဖြစ်သူသည် လက်သည်းခွံ မြေမှုန့်မျှ နည်းလှ၏။
အပါယ်၌ ဖြစ်သူသည် မဟာပထဝီမြေကြီးမျှ များလှ၏၊
အကြောင်းကား သစ္စာလေးပါး မသိခြင်းကြောင့်တည်း၊
ထို့အတူ သူတော်ကောင်းတရား ထွန်းလင်းရာ၌ ဖြစ်သူ နည်းလှ၏၊
ပစ္စန္တရာဇ်၌ ဖြစ်သူ များလှ၏၊
ဝိပဿနာဉာဏ်စသော ဉာဏ်မျက်စိပွင့်သူ နည်းလှ၏၊
အဝိဇ္ဇာမှောင်ကျ၍ မျက်စိမပွင့်သူ များလှ၏၊
ကုန်းသတ္တဝါဖြစ်သူ နည်းလှ၏၊
ရေသတ္တဝါဖြစ်သူ များလှ၏၊
မိဘဂုဏ်ကျေးဇူးသိသူ၊ ရဟန်းသံဃာ, ဆရာသမား ဂုဏ်ကျေးဇူးသိသူ နည်းလှ၏၊
မသိသူ များလှ၏၊
အမျိုး၌ကြီးသူကို ရိုသေသူ နည်းလှ၏၊
မရိုသေသူ များလှ၏၊
ကာယဒုစရိုက်သုံးပါး ရှောင်ကြဉ်သူ ဝစီဒုစရိုက် လေးပါးရှောင်ကြဉ်သူ နည်းလှ၏၊
မရှောင်ကြဉ်သူ များလှ၏၊
အကြောင်းကား သစ္စာလေးပါး မသိခြင်းကြောင့်တည်း။
ချစ်သားတို့ ... လူသေ၍ လူပြန်ဖြစ်သူ နည်းလှ၏၊
ငရဲ တိရစ္ဆာန်, ပြိတ္တာ၌ ဖြစ်သူ များလှ၏၊
လူသေ၍ နတ်ဖြစ်သူ နည်းလှ၏၊
ငရဲ တိရစ္ဆာန်, ပြိတ္တာ၌ ဖြစ်သူ များလှ၏၊
နတ်သေ၍ နတ်ပြန်ဖြစ်သူ နည်းလှ၏၊
ငရဲ, တိရစ္ဆာန် ပြိတ္တာ၌ ဖြစ်သူ များလှ၏၊
နတ်သေ၍ လူဖြစ်သူ နည်းလှ၏၊
ငရဲ တိရစ္ဆာန်, ပြိတ္တာ၌ ဖြစ်သူ များလှ၏
အကြောင်းကား သစ္စာလေးပါး မသိခြင်းကြောင့်တည်း။
ချစ်သားတို့ … ငရဲမှသေ၍ လူဖြစ်သူ, နတ်ဖြစ်သူ နည်းလှ၏၊
ငရဲ တိရစ္ဆာန် ပြိတ္တာ၌ ဖြစ်သူ များလှ၏၊
တိရစ္ဆာန်မှသေ၍ လူဖြစ်သူ, နတ်ဖြစ်သူနည်းလှ၏၊
ငရဲ တိရစ္ဆာန်, ပြိတ္တာ၌ ဖြစ်သူ များလှ၏၊
ပြိတ္တာမှသေ၍ လူဖြစ်သူ, နတ်ဖြစ်သူ နည်းလှ၏၊
ငရဲ တိရစ္ဆာန်, ပြိတ္တာ၌ ဖြစ်သူ များလှ၏၊
အကြောင်းကား သစ္စာ လေးပါးမသိခြင်းကြောင့်တည်း၊
ထို့ကြောင့် ဤကား ဒုက္ခ, ဤကား သမုဒယ, ဤကား နိရောဓ, ဤကား မဂ္ဂဟု သစ္စာလေးပါးသိခြင်းငှာ အားထုတ်ကြလော့။
ဤသို့စသည်ဖြင့် သစ္စာလေးပါးသုတ္တန်ပေါင်း ၁၃၀-ဟောသည်ကို မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ သစ္စသံယုတ်အမည်ဖြင့် ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာ မထေရ်ကြီး ငါးရာတို့တည် သင်္ဂါယနာတင်ကုန်၏၊
ဤသို့ဟောသော သုတ္တန်တို့၌ ရဟန်းတို့သည် ဝမ်းမြောက်စွာ ကုသိုလ်စိတ်ဖြစ်၍ ဟောသော တရားကို လွန်စွာ နှစ်သက်ကုန်၏၊ ကောင်းချီးနုမော် သာဓုခေါ်ကုန်၏။
.
သစ္စာလေးပါး၌ မှတ်သားဘွယ်
အဋ္ဌကထာဆရာကြီးများဖွင့်ပြရာ၌ သစ္စာအနက် ၁၆-ချက်ကား-
ဒုက္ခသည် --
ပီဠနဋ္ဌ-နှိပ်စက်ခြင်း အနက်ရှိသော ဒုက္ခ၊
သင်္ခတဋ္ဌ-ပြုပြင်အပ်သော အနက်ရှိသော ဒုက္ခ၊
သန္တာပဋ္ဌ-ပူပန်ခြင်း အနက်ရှိသော ဒုက္ခ၊
ဝိပရိဏာမဋ္ဌ- ဖောက်ပြန်ခြင်းအနက်ရှိသော ဒုက္ခ။ [လေးနက်။]
သမုဒယသည် --
အာယူဟနဋ္ဌ-ဒုက္ခဖြစ်အောင် အားထုတ်ခြင်း အနက်ရှိသော သမုဒယ၊
နိဒါနဋ္ဌ-ဒုက္ခ၏ အကြောင်းရင်း အနက်ရှိသော သမုဒယ၊
သံယောဂဋ္ဌ - ဒုက္ခယှဉ်တွဲခြင်း အနက်ရှိသော သမုဒယ၊
ပလိဗောဓဋ္ဌ-နှောင့်ရှက်ခြင်း အနက် ရှိသော သမုဒယ၊ [လေးနက်။]
နိရောဓသည် --
နိဿရဏဋ္ဌ-ထွက်မြောက်ရာ အနက်ရှိသော နိရောဓ၊
ဝိဝေကဋ္ဌ- ဆိတ်ငြိမ်ခြင်းအနက် ရှိသောနိရောဓ၊
အသင်္ခတဋ္ဌ- မပြုပြင်အပ်သော အနက် ရှိသောနိရောဓ၊
အမတဋ္ဌ-မသေခြင်းအနက်ရှိသော နိရောဓ၊ [လေးနက်။]
မဂ္ဂသည် --
နိယျာနဋ္ဌ-ထုတ်ဆောင်ကြောင်း အနက်ရှိသော မဂ္ဂ၊
ဟေတုဋ္ဌ- ရောက်ကြောင်း အနက်ရှိသော မဂ္ဂ၊
ဒဿနဋ္ဌ-နိဗ္ဗာန်ကိုမြင်ခြင်း အနက်ရှိသော မဂ္ဂ၊
အဓိပတေယျဋ္ဌ-ကြီးကဲခြင်းအနက်ရှိသော မဂ္ဂ။ [လေးနက်၊]
သစ္စာမည်ခြင်းကား --
မနှိပ်စက်သောဒုက္ခ မရှိ၊
ဒုက္ခမှတပါး နှိပ်စက်သည် မရှိ၊
ဒုက္ခကိုမဖြစ်စေသော တဏှာသမုဒယ မရှိ၊
တဏှာ သမုဒယမှ တပါး ဒုက္ခဖြစ်စေသည် မရှိ၊
မငြိမ်းချမ်းသောနိဗ္ဗာန် မရှိ၊
နိဗ္ဗာန်မှ တပါး ငြိမ်းချမ်း သည် မရှိ၊
မထုတ်ဆောင်သောမဂ္ဂင် မရှိ၊
မဂ္ဂင်မှတပါး ထုတ်ဆောင်သည် မရှိ၊
ဤသို့ မြဲခြင်းကြောင့်, မှန်ကန်ခြင်းကြောင့်, မဖောက်ပြန်ခြင်းကြောင့်, ထင်ရှား ဖြစ်ခြင်းကြောင့် သစ္စာမည်၏။
လက္ခဏာကား --
ဒုက္ခသစ္စာသည် နာခြင်း-ဗာဓနလက္ခဏာ ရှိ၏၊
သမုဒယ သစ္စာသည် ... အမွန်အစ ဖြစ်ခြင်း-ပဘဝလက္ခဏာ ရှိ၏။
နိရောဓသစ္စာသည် ငြိမ်းချမ်းခြင်း-သန္တိလက္ခဏာ ရှိ၏၊
မဂ္ဂသစ္စာသည် ထုတ်ဆောင်ခြင်း-နိယျာန လက္ခဏာ ရှိ၏၊
ဝါ-ဖြစ်ခြင်းလက္ခဏာ, ဖြစ်ကြောင်းလက္ခဏာ, နစ်ခြင်းလက္ခဏာ, နစ်ကြောင်း လက္ခဏာ အစဉ်အတိုင်း ရှိ၏။
ဥပမာကား--
ဒုက္ခသစ္စာသည် ငတ်မွတ်ခြင်းနှင့် တူ၏၊
သမုဒယသစ္စာသည် မိုဃ်းခေါင်ခြင်းနှင့် တူ၏။
နိရောဓသစ္စာသည် ဝပြောခြင်းနှင့် တူ၏၊
မဂ္ဂသစ္စာသည် မိုဃ်းကောင်းခြင်းနှင့် တူ၏၊
ဝါ-ဤမှာဘက်ကမ်း, ရေအယဉ်, ထိုမှာ ဘက်ကမ်း, ကူးကြောင်းလုံ့လနှင့် (စဉ်တိုင်း) တူ၏၊
ဝါ-ဝန်ထုပ်, ဝန်ထမ်းခြင်း, ဝန်ပစ်ချခြင်း, ပစ်ချကြောင်းလုံ့လနှင့်တူ၏၊
ဝါ-အဆိပ်ပင်, အဆိပ်ပင်အမြစ် အမြစ်ဖြတ်ခြင်း, ဖြတ်ကြောင်းလုံ့လနှင့် တူ၏၊
ဝါ-အနာဖြစ်ကြောင်း, အနာကင်းခြင်း, ဆေးကောင်းနှင့် တူ၏၊
ဝါ-ရန်သူ, ဒေါသ, မေတ္တာ, စောင်မခြင်းနှင့် တူ၏။
သစ္စာလေးပါးရှုပုံကား --
ဆင်းရဲခြင်းဒုက္ခသာ ရှိသည်၊ ဆင်းရဲသူ ပုဂ္ဂိုလ် သက္ကဝါ မရှိ၊
စုံမက်ခြင်း တဏှာသမုဒယသာ ရှိသည်၊ စုံမက်သူပုဂ္ဂိုလ် သတ္တဝါ မရှိ၊
ငြိမ်းချမ်းခြင်း နိရောဓသာ ရှိသည်၊ ငြိမ်းချမ်းသူ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊
ကျင့်စဉ်လမ်းမ-မဂ္ဂသာ ရှိသည်၊ ကျင့်သူ ပုဂ္ဂိုလ် သတ္တဝါ မရှိ။
သစ္စာရှုကျိုးကား --
ဒုက္ခသစ္စာသိလျှင် သက္ကာယဒိဋ္ဌိ ကွာ၏ (ငါ့ကိုယ်အတ္တကို မမြင်)၊
သမုဒယသစ္စာ သိလျှင် ဥစ္ဆေဒဒိဋ္ဌိ ကွာ၏၊
နိရောဓသစ္စာ သိလျှင် သဿတဒိဋ္ဌိ ကွာ၏၊
မဂ္ဂသစ္စာသိလျှင် အကိရိယဒိဋ္ဌိ ကွာ၏။
[အကိရိယဒိဋ္ဌိ ဟူသည်ကား - ကုသိုလ်ကံ, အကုသိုလ်ကံ မရှိ၊ ပြုဘွယ်မလိုဟု အကြောင်းကံကို ပယ်သည်။]
တနည်းကား -
ဒုက္ခသစ္စာသိလျှင် ခန္ဓာငါးပါး၌ ဓုဝသညာ, သုဘသညာ, သုခသညာ, အတ္တသညာ ကွာ၏။ ဝါ-အကျိုးဒုက္ခ၌ အကျင့်မှား ပျောက်၏၊
သမုဒယသစ္စာသိလျှင် ဗြဟ္မာ, ဗိဿဏိုး ဖန်ဆင်း၏ - စသော အကြောင်း မဟုတ်သည်၌ အကြောင်းဟု မှတ်ထင်ခြင်း သညာ ကွာ၏၊ ဝါ-အကြောင်းသမုဒယ၌ အကျင့်မှား ပျောက်၏၊
နိရောဓသစ္စာသိလျှင် အရူပဘုံ-ဘဝဂ်ကို နိဗ္ဗာန်ဟု မှတ်ထင်ခြင်းသညာ ကွာ၏၊ ဝါ-နိရောဓ၌ အကျင့်မှား ပျောက်၏၊
မဂ္ဂသစ္စာ သိလျှင် ကာမဂုဏ် ခံစားခြင်းဖြင့်၎င်း, ကိုယ်ပင်ပန်းခံခြင်းဖြင့်၎င်း နိဗ္ဗာန် ရသည် ဟု မှတ်ထင်ခြင်းသည် ကွာ၏၊ ဝါ-နိရောဓသို့ ရောက်ကြောင်း၌ အကျင့်မှား ပျောက်၏။
မဂ်ကိစ္စ ၁၆-ချက်ကား- သောတာပတ္တိမဂ်စိတ် ဖြစ်သောအခါ ဒုက္ခသစ္စာကို သိခြင်း, သမုဒယသစ္စာကို ပယ်ခြင်း, နိရောဓသစ္စာကို မျက်မှောက်ပြု ခြင်း, မဂ္ဂသစ္စာကို ပွားများခြင်းအားဖြင့် လေးကိစ္စ ဖြစ်၏၊ သကဒါဂါမိမဂ်စိတ်, အနာဂါမိမဂ်စိတ်, အရဟတ္တမဂ်စိတ် ဖြစ်သောအခါလည်း ထို့အတူ လေးကိစ္စစီ ဖြစ်၍ မဂ်ကိစ္စ ၁၆-ချက် ဖြစ်၏။
နိဒါနဝဂ္ဂသံယုတ်၌ ...
ရုပ်နာမ်တို့၏ ရင့်ခြင်း ပျက်ခြင်းသည် ဇရာမရဏ မည်၏၊ (ဤကား ဒုက္ခသစ္စာ)၊
ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်သည်၊ (ဤကား သမုဒယသစ္စာ)၊
ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်သည်၊ (ဤကား နိရောဓသစ္စာ)၊
မဂ္ဂင်ရှစ်ပါးသည် ဇရာမရဏချုပ်ကြောင်း အကျင့် မည်၏။ (ဤကား မဂ္ဂသစ္စာ)၊
ဤသို့ သိခြင်းလေးပါးသည် ဓမ္မဉာဏ်မည်၏- စသည်ဖြင့် ကြောင်းကျိုး ၁၁-စုံ၌ သစ္စာလေးပါးဖြင့် ဉာဏ် ၄၄-ပါး ဖြစ်ပုံကို ပဋိစ္စသမုပ္ပါဒ်၌ ဆက်သွယ်၍ ဟောတော်မူသည်။
ဤသို့သော သစ္စာလေးပါးကို သိမြင်သူတို့ ထူးခြားပုံကား --
အနာထပိဏ် သူဌေးကြီး၏သား မောင်ကာလသည် ရတနာသုံးပါး မဆည်းကပ်၊ တိုက်တွန်းလည်း နားမထောင်၊ ထိုအခါ သူဌေးကြီးက ငါ၏သား-သေ၍ ငရဲကျ သွားလျှင် ငါ အသုံးမကျ ဖြစ်ရတော့မှာဘဲဟုကြံ၍ ငါ့သား ... ကျောင်းသွား၍ ဥပုသ်စောင့်ပါ၊ ငွေတထောင်ပေးမည်ဟု ဆိုသတဲ့၊ ကောင်းပြီဟု ဥပုသ် ယူပြီး တနေရာမှာအိပ်၍ နောက်နေ့၌ ပြန်လာတယ်၊ သူဌေးကြီးက ထမင်း ဆာနေတာကို သိ၍ ချက်ခြင်း ထမင်းကျွေးတာကို ငွေတထောင် မပေးလျှင် မစားဘူးဟု ဆိုသတဲ့။
နောက်တခါတော့ ငါ့သား ... .ဥပုသ်စောင့်သွားဦး၊ တရားတပုဒ် မှတ်ခဲ့ပါ၊ ငွေတထောင် ပေးမည်-ဟုဆိုသတဲ့၊ ကောင်းပြီဟု ဥပုသ်စောင့်ပြီး တရားတပုဒ် မှတ်မိအောင် တရားနာတယ်၊ မှတ်ထားသောတရားက ခဏခဏ မေ့သွားတာနဲ့ ထပ်ခါထပ်ခါ အားစိုက်၍ တရားနာစဉ်, စိတ်ကူး၍ မှတ်စဉ် ဉာဏ်တွင်းသို့ တရားဝင်၍ မဂ်ဉာဏ်ဖြင့် သစ္စာလေးပါး သိသွားသတဲ့၊ နောက်နေ့၌ ထမင်း ကျွေးသောအခါ ငွေစကားမပြောဘဲ ထမင်းစားတယ်၊ ငွေပေးတော့လဲ မယူလိုပါဘူး ဟု ဆိုသတဲ့။
(မြင့်မိုရ်တောင်မျှ ဒုက္ခသာ မဟုတ်၊ လောဘလဲ မြင့်မိုရ်တောင်လောက်ပင် ကုန်သွားပြီ၊ ထို့ကြောင့် စကြာမင်းစည်းစိမ်, နတ်ဗြဟ္မာစည်းစိမ် ရသည်ထက် သစ္စာလေးပါး သိခြင်းသည် မြတ်၏-ဟု ဟောတော်မူတယ်။)
သာမာဝတီမိဖုရား၏ကျွန်မ ခုဇ္ဇုတ္တရာလဲ သုမနပန်းသည်အိမ်၌ တရားနာရ၍ မဂ်ဉာဏ်ဖြင့် သစ္စာလေးပါး သိသွားသတဲ့၊ ထိုနေ့၌ ပန်းရှစ်သပြာဘိုး ဝယ်၍ မိဖုရားထံ သွားပို့တော့ မိဖုရားက ယနေ့ပန်းတွေ များလှချေရဲ့၊ ပန်းဘိုး အသပြာပို၍ ရသလားလို့ မေးသတဲ့၊ ခုဇ္ဇုတ္တရာက နေ့တိုင်းလိုဘဲ ပန်းဘိုး ရှစ်သပြာ မှန်မှန် ရပါတယ်၊ ယနေ့တော့ ရှစ်သပြာလုံး ပန်းဝယ်လာပါတယ်၊ ယခင်နေ့တွေက လေးသပြာဘိုးသာ ဝယ်ခဲ့တယ်၊ လေးသပြာကို ငါ နေ့တိုင်း ဖြတ်စားတယ်၊ ယနေ့တော့ သစ္စာလေးပါး သိလာပြီ၊ ဖြတ်မစားတော့ဘူးဟု ငွေစားမှုကိုပင် ရဲဝံ့စွာ ဝန်ခံသတဲ့။
[သစ္စာလေးပါးသိလျှင် အသေခံရဲတယ်၊ သန်းဥ မတုတ်ရဲဘူး၊ မပလီရဲဘူး၊ ရေနှင့် အရက် ရော၍တိုက်လျှင် သစ္စာလေးပါးသိသူ သောတာပန်၏ ခံတွင်းသို့ ရေသာ ဝင်တယ်၊ အရက် မဝင်နိုင်ဘူးတဲ့။]
သုပ္ပဗုဒ္ဓမည်သော ဒုက္ခိတကြီးတယောက်လဲ ထမင်းကျန်, ဟင်းကျန် တောင်းရင်း မြတ်စွာဘုရား တရားဟောတဲ့နေရာ ရောက်သွားလို့ ပရိသတ် အစွန်မှာနေ၍ တရားနာစဉ် မဂ်ဉာဏ်ဖြင့် သစ္စာလေးပါး သိသွားသတဲ့၊ မိမိရသောဂုဏ်ကို လျှောက်ထားချင်သော်လဲ ပရိသတ်အကြား မဝင်ရဲလို့ အိမ်ပြန်သွားပြီး လူရှင်းလောက်မှ မြတ်စွာဘုရားထံသို့ လာသတဲ့။
ထိုအခါ သိကြားမင်းက ကောင်းကင်၌ကည်လျက် “ဟေ့-သုပ္ပဗုဒ္ဓ လူမွဲဒုက္ခိတ ... ငါသည် မင်းကို သုံးမကုန် စားမကုန်အောင် စောင်မမည်၊ ဘုရား တရား သံဃာကို ဘုရားမဟုတ်, တရားမဟုတ်, သံဃာမဟုတ်၊ ငါအလိုမရှိ၊ ဤသို့ ဆိုရမည်”ဟု တိုက်တွန်းသတဲ့။
ဒီတော့ သုပ္ပဗုဒ္ဓ လူမွဲဒုက္ခိတကြီးက “အို-အရှက်မရှိတဲ့ အန္ဓဗာလ သိကြားကြီး ... သင်နှင့်ငါကား စကားပြောစရာ အဖက်မတန်၊ ငါ့ကိုလူမွဲဟု နောက် မဆိုနှင့်၊ သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, ဩတ္တပ္ပ ဟူသော သူတော်ကောင်းဥစ္စာ ရတနာ ခုနစ်ပါးရှိသော တရားသူဌေးကြီးတဦး ငါဖြစ်သည်၊ အချည်းနှီး အသက်ရှည်သူမျိုး မဟုတ်” ဟု ပြန်ဆိုလိုက်သတဲ့။
ထိုအကြောင်းကို မြတ်စွာဘုရားထံ သိကြားမင်းကြီး သွားလျှောက်သောအခါ သင်လို သိကြားမင်း ရာထောင်သော်လည်း သုပ္ပဗုဒ္ဓ သဒ္ဓါတရားကို ဖျက်ဆီးခြင်းငှာ မတတ်ကောင်းပြီဟု မိန့်တော်မူလိုက်သတဲ့။
[ရတနာသုံးပါးတော့ မထိနဲ့၊ အသက်ချင်းလဲရပစေ -သဘောမျိုး ထူးခြားသွားတယ်။]
သုရမ္ဗဋ္ဌမည်သော တကာတဦးလဲ မြတ်စွာဘုရားကျောင်းတော်သို့ နံနက်တွင်သွား၍ တရားနာရာ မဂ်ဉာဏ်ဖြင့် သစ္စာလေးပါး သိသွားသတဲ့၊ အိမ်သို့ ပြန်ရောက်လာ ပြီးနောက် မကြာမီ မာရ်နတ်ကြီးက ဘုရားအသွင် ဖန်ဆင်း၍ အိမ်ရှေ့၌ ရောင်ခြည်တော် ခြောက်သွယ်လွှတ်လျက် ရပ်နေသတဲ့၊ သုရမ္ဗဋ္ဌက မြတ်စွာဘုရား ... အဘယ်ကိစ္စ ရှိပါသနည်းဟု ချဉ်းကပ်သွားတော့ မာရ်နတ်ဘုရားကြီးက ဒါယကာ သုရမ္ဗဋ္ဌ ... ငါဘုရားသည် နံနက်က သင်္ခါရတရား အားလုံးအမြဲမရှိဟု အမှတ်တမဲ့ ဟောလိုက်မိတယ်၊ အချို့ မြဲတယ်၊ အချို့ မမြဲ ဘူးဟု ပြင်၍မှတ်ရမည်ဟု ဆိုသတဲ့။
သည်တော့ သုရမ္မဋ္ဌက မြတ်စွာဘုရားကို နာမည်ပျက်အောင် နှောက်ယှက်တာဘဲ ဟု ချက်ခြင်းသိ၍ ချက်ခြင်းရိပ်မိ၍ “အရှင်သည် မာရ်နတ်ကြီးမဟုတ်ဘူးလား”ဟု ဆိုလိုက်သတဲ့၊ သည်လိုဆိုတာနဲ့ တပြိုင်နက် ရောင်ခြည်တော် ခြောက်သွယ်တွေပါ ကွယ်ပျောက်ပြီး မာရ်နတ်ကြီး ထင်ရှားစွာ ပေါ်လာသတဲ့၊ သင်တို့လို မာရ်နတ်မျိုး ရာထောင်မက လာ၍ နှောက်ယှက်သော်လည်း ငါ၏ သဒ္ဓါတရား ဘုရားမပြောင်း တော့ဘူးလို့ ဆိုလိုက်သတဲ့။
[ဒီလို သစ္စာလေးပါး မသိသူသာဖြစ်လျှင် တင်ပါ့ဘုရား၊ မှန်ပါ့ဘုရားထဲ မျောပါ သွားရှာတော့မှာဘဲ။]
ဝိသုဒ္ဓိမဂ်အဋ္ဌကထာကြီးမှာတော့ - မဂ်ဉာဏ်ဖြင့် သစ္စာလေးပါး သိသူသည် --
ကိလေသာကို ဖောက်ခွဲနိုင်၏၊
အနမတဂ္ဂသံသရာ ဝဋ်ဒုက္ခ သမုဒ္ဒရာကိုလည်း ခန်းစေ၏၊
အပါယ်တံခါးကိုလည်း ပိတ်စေ၏၊
သူတော်ကောင်းဥစ္စာ ခုနစ်ဖြာသို့လည်း ရှေ့ရှုပြု၏၊
မိစ္ဆာမဂ္ဂင်ရှစ်ပါးကိုလည်း ပယ်၏၊
အတွင်း, အပ, အနီး အဝေး, အကြီး အသေးဖြစ်သော ဘေးရန်ကိုလည်း ငြိမ်းစေ၏၊
ဘုရားရှင်၏ သားတော် သမီးတော်စစ် အဖြစ်သို့လည်း ရောက်စေ၏၊
ရတနာသုံးပါး၌ သက်ဝင်သော အဓိဂမသဒ္ဓါရခြင်း, ပဋိသမ္ဘိဒါဉာဏ်ရခြင်း, အဘိညာ ရခြင်း စသော အာနိသင်ကိုလည်း ရစေ၏-
ဟု ဖွင့်ဆိုတော်မူသည်။
ခုဇ္ဇုတ္တရာ-ပဋိသမ္ဘိဒါဉာဏ် ရလို့ ပိဋကတ်သုံးပုံ ဆောင်နိုင်တယ်၊ မိန်းမထဲက ဗဟုဿုတဧတဒဂ် ရတယ်၊ သူဟောတဲ့ဘရားကို နာရလို့ သာမာဝတီ အမှူးရှိသော နန်းတွင်းသူငါးရာ မဂ်, ဖိုလ် ရကြတယ်။
မာတိကာမာတာ မည်သော ဒါယိကာမတဦးသည် ရဟန်းခြောက်ကျိပ်ကို ကိုးကွယ်၍ ရဟန်းတို့ဟောပြသော ဒွတ္တိံသကောဋ္ဌာသကမ္မဋ္ဌာန်းဖြင့် အနာဂါမိတိုင်အောင် ဉာဏ်ဆိုက်၍ အဘိညာ ရတယ်၊ ထိုအဘိညာဖြင့် ရဟန်းတို့၏ စိတ်ကိုကြည့်၍ စိတ်ဘိုင်းကျ ပြုစုလုပ်ကျွေးဘယ်၊ ဝါကျွတ်သောအခါ ထိုရဟန်း ခြောက်ကျိပ်လဲ ရဟန္တာဖြစ်၍ မြတ်စွာဘုရားထံ ပြန်သွားပြီးလျှင် မာတိကာမာတာသည် အလွန် အလိုက်သိတတ်ပါသည်၊ ရဟန်းတို့၏ စိတ်ကြံကိုသိ၍ ပြုစုလေ့ရှိပါသည်ဟု လျှောက်ကြားကြသတဲ့။
ယခုအခါ ဤသို့ ပဋိစ္စသမုပ္ပါဒ်နှင့် ဆက်သွယ်သော သစ္စာလေးပါးတရားကို နာခံ မှတ်သား နှလုံးထားကြသော အမျိုးကောင်းသား, အမျိုးကောင်းသမီးတို့သည် ငါတို့ ရှေးကုသိုလ်ကံကြောင့် ငါတို့အတွက် ကြုံတွေ့ရသော တရားတော်တွေပါတကားဟု ဆင်ခြင်ပြီးလျှင် ကုသိုလ်စိတ်အား အကုန်လုံးဖြင့် နှလုံးအိမ် အတွင်းသို့ ဆောင်သွင်း၍ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း ၍သိခြင်းငှာ အားထုတ် နိုင်ကြပါစေ ကုန်သတည်း။
.
သဠာယတနသံယုတ်ပါဠိတော်
စိတ္တသံယုတ် တရားစာ
အခါတပါး များစွာသော မထေရ်တို့သည် မစ္ဆိကာသဏ္ဍအရပ် အမ္ဗာဋက ဥယျာဉ်၌ သီတင်းသုံးနေကြသတဲ့၊ ထိုအခါ ဆွမ်းကိစ္စအပြီးတွင် စည်းဝေး၍ ဤသို့သောစကား တခုကို ပြောဆိုကြသတဲ့ ငါ့ရှင်တို့ .. သံယောဇဉ်နှင့် သညောဇနီယ-ဤနှစ်ပါးသည် အနက်အဓိပ္ပာယ် တူသလော၊ ထူးသလောဟု ပြောဆိုကြသတဲ့။
[ရှေးမထေရ်များသည် စည်းဝေးရာ၌ ဆုံမိကြလျှင် အချည်းနှီးသော စကားကို မဆိုကြဘဲ မသိလျှင် မေးမြန်းခြင်း, သိလျှင် ဖြေဆိုခြင်းဖြင့် စကားတခုခုကို ပြောဆိုလေ့ရှိကြတယ်၊ ထို့ကြောင့် ဤသို့သော ပြဿနာတခု ဖြစ်လာရတယ်။]
ထိုအခါ မထေရ်အချို့က သံယောဇဉ်ဆိုဒါ နှောင်ဖွဲ့သောကြိုး, သညောဇနီယဆိုဒါ နှောင်ဖွဲ့အပ်သော တရားဖြစ်၍ မတူဘူးဟု ဆိုကြတယ်၊ အချို့က အတူတူပါဘဲ မထူးပါဘူးဟု ဆိုကြသတဲ့၊ ထိုအခါ ကျောင်းတကာ စိတ္တသူကြွယ်သည် အနီးသို့ ရောက်လာ၍ ထိုစကားကို ကြား၍ မထေရ်များထံ ချဉ်းကပ် ရှိခိုးပြီး သင့်ရာ၌ နေလျက် အရှင်ဘုရားတို့ ... စကားပြောသည်ကို တပည့်တော် ဤသို့ ဤသို့ ကြားမိပါသည်၊ ဟုတ်ပါသလားဘုရားဟု လျှောက်သတဲ့၊ ဒါယကာသင် ကြားတိုင်း မှန်ပေသည်ဟု ဝန်ခံကြတယ်။
အရှင်ဘုရားတို့ ... သံယောဇဉ်နှင့် သညောဇနီယ နှစ်ပါးသည် အနက် အဓိပ္ပာယ် ကွဲလွဲပါတယ်ဘုရား၊ သိလွယ်အောင် ဥပမာတခု ပြုရလျှင် ဖြူသော နွားနှင့် နက်သောနွားနှစ်ကောင်ကို ကြိုးတချောင်းဖြင့် ချည်ထားသောအခါ လူတယောက်က နွားဖြူသည် နွားနက်၏ နှောင်ဖွဲ့ကြိုး သံယောဇဉ် ဖြစ်သည်၊ နွားနက်သည် နွားဖြူ၏ နှောင်ဖွဲ့ကြိုး သံယောဇဉ် ဖြစ်သည်ဟု ဆိုငြားအံ့၊ ဟုတ်မှန်ပါမည်လောဘုရားဟု ဥပမာဖြင့် လျှောက်သတဲ့။
ဒါယကာ ... မဟုတ်နိုင်ဘူး၊ နွားဖြူသည် နွားနက်၏ သံယောဇဉ်ကြိုးမဟုတ်၊ နွားနက်သည် နွားဖြူ၏ သံယာဇဉ်ကြိုး မဟုတ်၊ နွားနှစ်ကောင်ကို ကြိုးတချောင်း တည်းဖြင့် ချည်ထားပေသည်၊ ထိုကြိုးသည်သာလျှင် သံယောဇဉ် ဖြစ်၍ နှောင်ဖွဲ့သောကြိုး ဖြစ်သည်ဟု မထေရ်မြတ်တို့က မိန့်ဆိုကြသတဲ့။
အရှင်ဘုရားတို့ ... ထိုဥပမာနှင့်အတူ ရှုတော်မူကြပါ၊
စက္ခုသည် ရူပါရုံ၏ သံယောဇဉ်ကြိုး မဟုတ်ပါ၊
ရူပါရုံသည် စက္ခု၏ သံယောဇဉ်ကြိုး မဟုတ်ပါ၊
စက္ခုနှင့် ရူပါရုံ နှစ်ခုကို စွဲ၍ ဆန္ဒရာဂ ဖြစ်ပါသည်၊
ထိုဆန္ဒရာဂသည်သာလျှင် သံယောဇဉ်ကြိုး ဖြစ်ပါသည်ဘုရား။
သောတနှင့် သဒ္ဒါရုံ၊ ဃာနနှင့် ဂန္ဓာရုံ၊ ဇိဝှါနှင့် ရသာရုံ၊ မနနှင့် ဓမ္မာရုံတို့၌လည်း ဤအတူ မနနှင့် ဓမ္မာရုံနှစ်ခုကို စွဲ၍ ဆန္ဒရာဂ ဖြစ်ပါသည်၊ ထိုဆန္ဒရာဂသည် သာလျှင် သံယောဇဉ်ကြိုး ဖြစ်ပါသည်ဘုရားဟု လျှောက်သတဲ့။
ထိုအခါ မထေရ်မြတ်တို့က ဒါယကာ ...သင်သည် လူ့ဘဝကို အရတော်လေစွ၊ ရသင့်ရထိုက်သော အာနိသင်ကို သင်-ရပေသည်၊ အတ္ထဂမ္ဘီရ, ဓမ္မဂမ္ဘီရဖြင့် နက်နဲလှသော မြတ်စွာဘုရား၏ စကားတော်၌ ဉာဏ်မျက်စိ ဖြစ်နိုင်ပေသည်ဟု ချီးကျူးသောစကားကို ဝမ်းမြောက်စွာ မိန့်ဆိုတော်မူကြသတဲ့။
ဒီနေရာမှာ … တရားနာသူတို့ မြဲမြဲစွဲစွဲ မှတ်စရာကတော့- လောကမှာ သားသမီး, ပစ္စည်းဥစ္စာတို့ကို သံယောဇဉ်နှောင်ကြိုးတွေဟု ဆိုတတ်ကြတယ်၊ ဒီလိုဆိုတာ မုချ မဟုတ်ဘူး၊ ဥပစာဖြင့် တင်စားပြီး ဆိုကြတာ ဖြစ်တယ်၊ ဝါ - လက်သယ်အစစ်ကို ဝှက်ထားပြီး အပြစ်မရှိသူကို တရားခံဟု စွပ်စွဲခြင်းသာ ဖြစ်ဘယ်၊ လက်သယ်အစစ် ကဘော့ သင်တို့တတွေကို ချစ်ခင်စုံမက် နှစ်သက် တတ်တဲ့ ဆန္ဒရာဂ- တဏှာ- လောဘသာလျှင် သံယောဇဉ်နှောင်ကြိုး လက်သယ်အစစ် ဖြစ်ပေတယ်။
သားသမီး, ပစ္စည်းဥစ္စာက နှောင်မဖွဲ့တတ်ဘူးတဲ့၊ မိမိကိုယ်တွင်း ဟဒယဝတ္ထုမှာ ကိန်းတဲ့ လောဘကသာ နှောင်ဖွဲ့နိုင်သတဲ့၊ ဘုရားရှင်စကား နားထောင်ပြီး သံယောဇဉ် ဖြတ်ချင်လျှင် ကိုယ်တွင်း လောဘကိုသာ မစုံမက်နိုင်အောင် အနိစ္စ, ဒုက္ခ, အနတ္တ ဘာဝနာဖြင့် ဖြတ်ရတယ်၊ သားသမီးကို ဖြတ်ခြင်းဖြင့် သံယောဇဉ် ဖြတ်သည် မမည်နိုင်ဘူး။
နည်းယူစရာ ကောင်းတာကတော့ စိတ္တသူကြွယ်သည် အနာဂါမ်, ပိဋကတ် သုံးပုံဆောင် ဥပါသကာ, ကျောင်းတကာသူဌေး ဖြစ်တယ်၊ ဘုန်းတော်ကြီးတွေ ထိခိုက်ခြင်း မရှိစေဘဲ နားဝင်ချိုစွာဖြင့် ဝမ်းမြောက်ဝမ်းသာ မှတ်သားချင်အောင် တရားစကားကို ဟောပြပေတယ်၊ အမျိုးကောင်းသား ကုလပုတ္တ ပီသလှပေတယ်၊ နည်းယူဘွယ် ကောင်းလေစွ။
[စာတတ်သူ ဖြစ်လျက် မာန်တံခွန်ဖြင့် ထိခိုက်အောင် ဟောပြောသူတို့ကား မိမိတတ်သောစာကို အပါယ်ရိက္ခာ ဖြစ်အောင် ပြုသူဖြစ်၍ များစွာ သနားထိုက်တယ်၊ မိမိတရားကို မိမိမကြားသဖြင့် နားထိုင်း စောင်းသမားကြီးနှင့် တူလှ၏၊ သို့သော် နားထိုင်းသော်လည်း စောင်းတီးခကား ရနိုင်ပေလတ္တံ့။]
အခါတပါး စိတ္တသူကြွယ်သည် မထေရ်တို့ကို နေအိမ်သို့ ဆွမ်းစားပင့်ဘိတ်သတဲ့၊ မထေရ်များ ရောက်လာသောအခါ ချဉ်းကပ်ရှိခိုး၍ အရှင်ဘုရားတို့ ... ဓာတုနာနတ္တ- ဓာတ်တို့၏ ထူးခြင်းဟု မြတ်စွာဘုရား ဟောပါသည်၊ အဘယ်မျှဖြင့် ထူးသည်ဟု ဟောပါသနည်း ဘုရားဟူ၍ လျှောက်သတဲ့၊ မထေရ်ကြီးသည် မဖြေဘဲ ဆိတ်ဆိတ်နေသတဲ့၊ နှစ်ကြိမ်, သုံးကြိမ် မေးသော်လည်း ဆိတ်ဆိတ်သာ နေသတဲ့။
[မထေရ်ကြီးသည် သိသော်လည်း မရဲသောကြောင့်ဟု အဋ္ဌကထာ မိန့်ဆိုတယ်။]
ထိုအခါ ဣသိဒတ္တမည်သော ရဟန်းငယ်က မထေရ်ကြီးထံ တပည့်တော် ဖြေပါရစေ ဟု တောင်းပန်သတဲ့၊ ခွင့်ရသောအခါ ဒါယကာ ... သင်သည် ဓာတ်တို့၏ ထူးခြင်းကို မေးသည် မဟုတ်လော၊ ဟုတ်ပါသည်ဘုရား၊ ဒါယကာ ... .မြတ်စွာဘုရားသည် စက္ခုဓာတ်, ရူပဓာတ်, စက္ခုဝိညာဏဓာတ် - တစုံ၊ သောတဓာတ်, သဒ္ဒဓာတ်, သောတဝိညာဏဓာတ် - တစုံ၊ ဤနည်းဖြင့် မနောဓာတ်, ဓမ္မဓာတ် မနောဝိညာဏ ဓာတ်-တစုံ၊ ခြောက်စုံ ၁၈-ပါးဖြင့် ဓာတ်တို့၏ ထူးခြင်းကို မြတ်စွာဘုရား ဟောသည် ဟု ဖြေဆိုသတဲ့။
ထိုအခါ စိတ္တသူကြွယ်သည် လွန်စွာအားရ နှစ်သက်စွာ ဝမ်းမြောက်ခြင်း ဖြစ်သွားသတဲ့၊ ထိုနောက် မထေရ်ကြီးက ငါ့ရှင် ဣသိဒတ္တ … သာဓု, သာဓု၊ ကောင်းပေစွ ကောင်းပေစွ၊ ဤပြဿနာသည် သင်၏ဉာဏ်၌ ထွန်းတောက် ပေသည်၊ ငါ၏ဉာဏ်၌ မထွန်းတောက်၊ နောက် ဘယ်အခါမဆို ဤသို့သော ပြဿနာဖြစ်လျှင် သင်သာလျှင် ဖြေဆိုလေလော့ဟု မိန့်ဆိုသတဲ့။
[ဒီနေရာမှာ စိတ္တသူကြွယ်ပုံစံပြတာဟာ မထေရ်များက မေးလျှင် ကောင်းစွာ ဖြေဆို၍ ဟောပြတယ်၊ မထေရ်များကိုလဲ တရားစကား မေးမြန်းတတ်တယ်၊ မထေရ်များ ဟောပြလျှင် ရိုသေစွာ နာခံမှတ်သားလေ့ရှိတယ်၊ ငါနှင့်မဆိုင်၊ သူ တော်ကောင်းများ နှင့်သာ ဆိုင်သည်ဟူသော အနေမျိုးဖြင့် တခြားအဝေး၌ နေလေ့မရှိဘူး၊ ဝါ-မသိသူသာ နာရသည်၊ ငါကဲ့သို့ သိသူ နာဘွယ်မလိုဟု ရှောင်တိမ်းလေ့ မရှိဘူး၊ နည်းယူစရာတွေ ဖြစ်တယ်၊
မှတ်စရာကတော့ စက္ခုဓာတ်နှင့် ရူပဓာတ် တွေ့ဆုံလျှင် စက္ခုဝိညာဏဓာတ် ဖြစ်တယ်၊ သောတဓာတ်နှင့် သဒ္ဒဓာတ် တွေ့ဆုံလျှင် သောတဝိညာဏဓာတ် ဖြစ်တယ်၊ ဤနည်းဖြင့် မနောဓာတ်နှင့် ဓမ္မဓာတ် တွေ့ဆုံလျှင် မနောဝိညာဏဓာတ် ဖြစ်တယ်၊ ဤ ခြောက်စုံဖြစ်ခြင်းဖြင့် တလောကလုံး ဖြစ်ပုံကို လွှမ်းခြုံပြီး ပြတော်မူတယ်၊ ဤခြောက်စုံ ဖြစ်ပုံကို သိလိုလျှင် တလောကလုံး ဖြစ်ပုံကို အကြွင်း မရှိ- အကုန်သိခြင်း ဖြစ်နိုင်တယ်၊ အကြောင်းအားလျော်စွာ ဖြစ်သော သင်္ခါရ အားလုံး အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ဝိပဿနာရှုစရာ ဟောပြခြင်း ဖြစ်တယ်။]
အခါတပါး အရှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် အမ္ဗောဋကဥယျာဉ်၌ နေထိုင်တော်မူတယ်၊ ထိုအခါ စိတ္တသူကြွယ်သည် အရှင်ကာမဘူထံ ချဉ်းကပ် ရှိခိုး၍ နေရာတခု၌ ထိုင်သတဲ့၊ ထိုသို့ထိုင်နေသော စိတ္တသူကြွယ်ကို အရှင်ကာမဘူက ဒါယကာ ... မြတ်စွာဘုရားသည်-
နေလင်္ဂေါ သေတပစ္ဆာဒေါ၊ ဧကာရော ဝတ္တတိ ရထော။
အနီဃံ ပဿ အပ္ပတ္တံ၊ ဆိန္နသောတံ အဗန္ဓနံ။
ဟု ဟောသည်၊ ဒါယကာ ... ဤသို့ အကျဉ်းဟောသည်ကို အနက်အဓိပ္ပာယ် အကျယ်ချဲ့၍ အဘယ်သို့ မှတ်သားအပ်လေသနည်းဟု မိန့်တော်မူသတဲ့။
အရှင်ဘုရား ... ဤစကားသည် ဘုရားဟော ဟုတ်ပါသလော၊
ဒါယကာ ... .. ဘုရားဟော ဟုတ်ပေသည်၊
အရှင်ဘုရား ... ခေတ္တ ဆိုင်းပါဦး၊ စဉ်းစားပါဦး မည်ဟု လျှောက်၍ (ပိဋကတ် သုံးပုံကို နား၌ ပန်ထားသော နားဍောင်းကို လှုပ်စေသကဲ့သို့ လှုပ်ရှားစေလျက်) စဉ်းစားပြီးလျှင် ဤသို့ လျှောက်သတဲ့။
အရှင်ဘုရား ... .
နေလင်္ဂေါ-ဟူသည် သီလ ဖြစ်ပါသည်ဘုရား၊
သေတပစ္ဆာဒေါ-သည် အရဟတ္တဖိုလ် ဝိမုတ္တိပါဘုရား၊
ဧကာရော-သည် သတိပါဘုရား၊
ဝတ္တတိ-သည် ရှေ့သို့တက်ခြင်း နောက်သို့ ဆုတ်ခြင်း ဣရိယာပုထ်ပါဘုရား၊
ရထော-သည် ဤမဟာဘုတ် ဓာတ်လေးပါးအစု ခန္ဓာကိုယ်ပါဘုရား၊
ဤခန္ဓာ ကိုယ်သည် မိဘသွေးသားကြောင့် ဖြစ်၍ ထမင်းမုံ့တို့ဖြင့် တိုးပွား၍ အနိစ္စ သဘော ဖြစ်ပါသည်၊ ဆေးလိမ်းခြင်း နှိပ်နယ်ခြင်း စသည်ဖြင့် ပြုပြင်သော်လည်း ပျက်စီးခြင်းသဘောသာ ရှိပါသည်ဘုရား၊
ရာဂ, ဒေါသ, မောဟသည် နီဃ မည်ပါသည်၊
ရဟန္တာအား ထိုနီဃတရားတို့ကို ပယ်ပြီး ဖြစ်သောကြောင့် အနီယံ-သည် ရဟန္တာပါဘုရား၊
အပ္ပတ္တံ-လည်း ရဟန္တာပါဘုရား၊
တဏှာ သောတဟူသော ကိလေသာအယဉ်ကို ပယ်ပြီး ဖြစ်သောကြောင့် ဆိန္နသောတံ-သည် ရဟန္တာပါဘုရား၊
ရာဂ, ဒေါသ, မောဟ အနှောင်အဖွဲ့ကို ပယ်ပြီးဖြစ်သောကြောင့် အဗန္ဓနံ-သည် ရဟန္တာ ဖြစ်ပါသည်ဘုရား၊
ဤသို့ အကျဉ်း ဟောသည်ကို အနက်အဓိပ္ပာယ် အကျယ်ချဲ့၍ ဤသို့ တပည့်တော် သိပါသည် ဘုရားဟု လျှောက်သတဲ့။
ထိုအခါ အရှင်ကာမဘူက ဒါယကာ ... သင်သည် လူ့ဘဝကို အရတော်လေစွ ရသင့်ရထိုက်သော အာနိသင်ကို သင်-ရပေသည်၊ နက်နဲလှသော ဘုရားရှင် စကားတော်၌ ဉာဏ်မျက်စိ ဖြစ်နိုင်ပေသည်ဟု ချီးကျူးသောစကားကို ဝမ်းမြောက်စွာ မိန့်ဆိုတော်မူသတဲ့။
[မြတ်စွာဘုရားသည် အသားဖြူဖြူ ပိန်ပိန်ပါးပါး နှာခေါင်းပေါ်လွင်စွာဖြင့် ကြွလာသော ရဟန်းဟပါးကို ကိုယ်တော်တိုင်မြင်၍ ချစ်သားတို့ ... ထို ရဟန်းကို ကြည့်ရှုကြလော့-ဟု ပြ၍ဟောသော ဂါထာဖြစ်သည်။ စိတ္တသူကြွယ်သည် နည်းယူ၍ ဖြေနိုင်ခဲသော ပြဿနာကို ဖြေဆိုလေသည်။]
ထိုဂါထာ အနက်ကား -
နေလင်္ဂေါ၊ ညစ်ကြေးကင်းသော သီလအင်္ဂါ ရှိသော။
သေတပစ္ဆာဒေါ၊ အရဟတ္တဖိုလ် ထီးဖြူကို ဆောင်းသော။
ဧကာရော၊ သတိရှိသော။
ရထော၊ ခန္ဓာကိုယ်တည်းဟူသော ရထားသည်။
ဝတ္တတိ၊ ရှေ့သို့တက်ခြင်း နောက်သို့ ဆုတ်ခြင်းဖြင့် ဖြစ်၏။
အနီဃံ၊ နီဃဟူသော ကိလေသာ မရှိသော။
ဆိန္နသောတံ၊ တဏှာရေယဉ်ကို ဖြတ်ပြီးသော။
အဗန္ဓနံ၊ ကိလေသာ အနှောင်အဖွဲ့မရှိသော။
အပ္ပတ္တံ၊ ထွဋ်ထိပ်သို့ ရောက်သော ရဟန္တာကို။
ဝါ၊ ဝဋ်ဒုက္ခသို့ ပြန်မရောက်ကောင်းသော ရဟန္တာကို။
ပဿ၊ ရှုလေလော့။
[ဤကား စိတ္တသူကြွယ် ရှင်းပြသောအနက်၊ ဘုရားရှင် အာဘော်ကျ အနက် ဖြစ်၏။]
ဤနည်းမသိလျှင် အနက် ဤသို့ချွတ်တတ်၏။
နေလင်္ဂေါ၊ ညစ်ကြေးကင်းသော အင်္ဂါရှိသော။
သေတပစ္ဆာဒေါ၊ ဖြူသော ပေါင်းမိုးရှိသော။
ဧကာရော၊ တခုသော အကန့်ရှိသော။
ရှိထော၊ ရထားသည်။
ဝတ္တတိ၊ လည်၍ ဖြစ်၏။
အနီဃံ၊ ဆင်းရဲမရှိသော။
အပ္ပတ္တံ၊ အတောင်မရှိသော။
ဆိန္နသောတံ၊ ရေယာဉ်ကို ဖြတ်သွားသော။
အဗန္ဓနံ၊ အဖွဲ့မရှိသော ရထားကို။
ပဿ၊ ကြည့်ရှုလေလော့။
[ဤကား မသိ၍ ချွတ်သော အနက် ဖြစ်ပုံတည်း၊]
[ဒီနေရာမှာ မထေရ်များကလဲ “လူထံ၌ စာမေးခြင်းသည် အောက်ကျသည်၊ ရှက်စရာ ဂုဏ်ပျက်သည်”ဟု နှလုံးမထားဘူး၊ ပျားရည်မှန်လျှင် ကြက်ဆူပင် အနှစ်မရှိမှ ဖြစ်စေ၊ တမာခါးပင်မှ ဖြစ်စေ ချိုသောအရသာ ရှိမြဲဟု နှစ်သက်စွာ နားထောင် တော်မူကြတယ်၊ စိတ္တသူကြွယ်ကလည်း မထေရ်တို့ပင် ငါ့ကို စာမေးရသည်ဟု မာန်မာန မထားဘဲ မြတ်စွာဘုရားကို အလေးပြုလျက် ဝဋ်မှထွက်မြောက်ခြင်းကို ငဲ့၍ ရိုသေစွာ ဖြေဆို လျှောက်ကြားကာ ဟောပြပေတယ်။ ကုလပုတ္တ အမျိုးကောင်းသား ဖြစ်လိုသူတို့ နည်းယူစရာ ပုံစံပြကြပေတယ်။]
အခါတပါး အစေလကကဿပသည် မစ္ဆိကာသဏ္ဍသို့ ရောက်လာသတဲ့၊ စိတ္တသူကြွယ်၏ ငယ်မိတ်ဆွေဖြစ်တယ်၊ ထိုအခါ စိတ္တသူကြွယ်သည် ချဉ်းကပ်၍ ဝမ်းမြောက်စွာ စကားပြော၍ နေရာတခု၌ ထိုင်ပြီးလျှင် “အရှင် ရဟန်း ပြုသည်မှာ အဘယ်မျှ ကြာပါပြီနည်း”ဟု မေးသတဲ့၊
ဒါယကာ ... နှစ်ပေါင်း ၃၀-ရှိပြီ၊
အရှင်သည် နှစ်ပေါင်း ၃၀-ဖြင့် လူတို့ရနေကျ ကုသလကမ္မပထ ထက်လွန်သော ဥတ္တရိမနုဿဓမ္မ-ပုဂ္ဂိုလ်ထူးတို့ရသော တရားထူးကို တခုခုရ ပါသလော၊
ဒါယကာ ..အဝတ် မဝတ်သော နဂ္ဂေယျအကျင့် ဦးပြည်းရိတ်သော မုဏ္ဍေယျအကျင့်, ထိုင်ရာမှ ထသောအခါ တင်ပါးမြူကပ်သည်ကို ခါခြင်းငှာ ဦးဒေါင်းမြီးကိုင်သော ပါဝဠနိပ္ဖေါဋနအကျင့်၊ ဤအကျင့်သုံးမျိုးမှ တပါး တစုံတခုသော တရားထူးကိုရခြင်း မရှိသေး။
ဒါယကာ ... သင်သည် မြတ်စွာဘုရား၏ တပည့်သာဝက ဥပါသကာ ဖြစ်သည်မှာ အဘယ်မျှကြာပြီနည်း၊
အရှင်ဘုရား ... နှစ်ပေါင်း ၃၀-ရှိပါပြီ၊
ဒါယကာ ... ဤနှစ်ပေါင်း ၃၀-ဥပါသကာအဖြစ်ဖြင့် တရားထူး တစုံတခုကို ရလေသလော၊
အရှင်ဘုရား ... တရားထူးကို ရပါသည်။ ကာမကိလေသာ အကုသိုလ်တို့မှ ဆိတ်၍ ပဌမဈာန်ကို အလိုရှိတိုင်း ဝင်စားနိုင်ပါသည်၊ ဝိတက် ဝိစာရကင်းသော ဒုတီယဈာန် ကို၎င်း၊ ပီတိ သုခပြည့်သော တတီယဈာန်ကို၎င်း၊ သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿချုပ်သော စတုတ္ထဈာန်ကို၎င်း၊ အလိုရှိုတိုင်း ဝင်စားနိုင်ပြီ၊ အကျွန်ုပ် သေလျှင် ဤစိတ္တ ကျောင်းတကာသည် သံယောဇဉ်ကင်းပြီ၊ ဤကာမဘုံသို့ မလာပြီ ဟု မြတ်စွာဘုရား မိန့်ဆိုမည်မလွဲပါဘုရားဟု လျှောက်၏။
ထိုအခါ အစေလကကဿပသည် ဤသို့ဆို၏၊
အချင်းတို့ ... ကောင်းစွာ ဟောကြားအပ်သော တရား၏ အဖြစ်သည် အံ့ဘွယ် ရှိပေစွ၊ လူဝတ်ဖြင့် နေသူဖြစ်လျက် ပုဂ္ဂိုလ်ထူးတို့ရသော ဈာန်ချမ်းသာကို ရပေသည်၊ အံ့ဘွယ်ရှိပေစွ၊ ဒါယကာ ... ငါသည်လည်း ဤသာသနာ၌ ရှင်ရဟန်းပြုလိုသည်၊ ဆောင်ရွက်ပေးပါဟု ဆို၏၊
စိတ္တသူကြွယ်သည် အစေလကကဿပ ငယ်သူငယ်ချင်းကို မထေရ်တို့ထံ ခေါ်သွား၍ ဤသူကို ရဟန်းပြုပေးကြပါဘုရား၊ ပစ္စည်းလေးပါး အတွက် အားထုတ် ပါမည်ဟု လျှောက်၏၊ အစေလကကဿပသည် ရဟန်းအဖြစ်ကို ရ၍ မကြာမီ ရဟန္တာဖြစ်လေ၏။
[အကျိုးရှိအောင် ဆောင်ရွက်သော မိတ်ဆွေကောင်း ပီသလေစွ၊ ဤသို့သော မိတ်ဆွေကောင်းကိုသာ ယုံကြည်ရသည်၊ မိမိအား အလိုလိုက်ကာ အင်း-လိုက် သောသူသည် မိတ်ဆွေတုမည်၏၊ ယုံကြည်ထိုတ်သူ-အားထားထိုက်သူ မဟုတ်။]
အခါတပါး နာဋပုတ္တနိဂဏ္ဌသည် မစ္ဆိကာသဏ္ဍသို့ နိဂဏ္ဌပရိသတ် များစွာဖြင့် လှည့်လည်လာသတဲ့၊ စိတ္တသူကြွယ်သည် ဥပါသကာများစွာဖြင့် သွား၍ နာဋပုတ္တနှင့် ဝမ်းမြောက်စွာ စကားပြော၍ သင့်သောနေရာတခု၌ နေသတဲ့။
[သာသနာသိပြီးသော စာတတ် အနာဂါမ်တဦးဖြစ်လျက် အသရေမရှိသော နိဂဏ္ဌထံ အဘယ့်ကြောင့် ချည်းကပ်သနည်းဟူမူ- “ရဟန်းဂေါတမ၏ တပည့်တို့သည် ဖွဲ့အပ်သော ရှားငုတ်ကဲ့သို့ လွန်စွာခက်ထန်ကုန်၏၊ တစုံတယောက်နှင့် အစေ့အစပ် စကားမှ မပြောလိုကြ” ဟု နိဂဏ္ဍတို့စွပ်စွဲလေ့ ရှိသည်ကို လွတ်စေခြင်းငှာ၎င်း, ထိုနိဂဏ္ဌတို့၏ဝါဒ၌ အပြစ်ဒေါသကို တင်ပြခြင်းငှာ၎င်း ချဉ်းကပ်သတဲ့။]
ထိုအခါ နာဋပုတ္တသည် ဒါယကာ ... .ဝိတက် ဝိစာရ ကင်းသော သမာဓိ ဟူ၍၎င်း၊ ဝိတက်, ဝိစာရချုပ်ခြင်းရှိ၏ ဟူ၍၎င်း ဟောသည်ကို ယုံကြည်သလောဟု ဆိုသတဲ့၊ အရှင်ဘုရား ... .”အကျွန်ုပ်သည် မြတ်စွာဘုရားအား ယုံကြည်၍ သိသည်မဟုတ်၊ ထိုသမာဓိနှင့် ထိုချုပ်ခြင်းသည် ရှိ၏၊ မသိမမြင်သူသာ သူတပါးကို ယုံကြည်၍ သိရသည်၊ အကျွန်ုပ်ကား ကိုယ်တိုင်သိ၍ သိသူဖြစ်ပါသည်၊ မြတ်စွာဘုရားအား ယုံကြည်၍ သိသည်မဟုတ်ပါ” ဟု ဆို၏။
ထိုအခါ နာဋပုတ္တသည် အရပ်လေးမျက်နှာကြည့်၍ အချင်းတို့ ... ဤသူကို ကြည့်ကြလော့၊ အလွန်ဖြောင့်စင်း၏၊ စဉ်းလဲခြင်း မရှိ၊ လှည့်စားခြင်း မရှိ၊ ၊ ဝိတက်, ဝိစာရကို ချုပ်စေအပ်၏ဟု ထင်သူသည် လေကိုကွန်ယက်ဖြင့် တားနိုင်သည်ဟု, ဂင်္ဂါရေအယဉ်ကို မိမိလက်ဆုပ်ဖြင့် တားနိုင်သည်ဟု မှတ်ထင်သူ- အထင်ကြီးသူ ဖြစ်၏ဟု ဆို၏။
[ဤကား မြတ်စွာဘုရားကို ထိခိုက်၍ ဆိုခြင်းတည်း။]
အရှင်ဘုရား ဉာဏ်နှင့်သဒ္ဓါ အဘယ်က မြတ်ပါသနည်း၊
ဒါယကာ ... ဉာဏ်သာလျှင် သဒ္ဓါထက် မြတ်၏၊
အရှင်ဘုရား ... အကျွန်ုပ်သည် ဝိတက်, ဝိစာရရှိသော ဈာန်ကို အလိုရှိတိုင်း ဝင်စားနိုင်၏၊ ဝိတက်, ဝိစာရ ကင်းသော ဒုတီယဈာန်ကို၎င်း၊ တတီယဈာန်ကို၎င်း၊ စတုတ္ထဈာန်ကို၎င်း အလိုရှိတိုင်း ဝင်စားနိုင်၏၊ ဤသို့ ဉာဏ်ဖြင့် သိမြင်သော အကျွန်ုပ်သည် ဝိတက်, ဝိစာရ ကင်းသော သမာဓိရှိ၏ ဟူ၍၎င်း၊ ဝိတက်, ဝိစာရ ချုပ်ခြင်းသည် ရှိ၏ဟူ၍၎င်း အဘယ်သမဏ, ဗြဟ္မဏကို သဒ္ဓါဖြင့် ယုံကြည်၍ သိနိုင် ပါအံ့နည်းဟု ဆို၏။
ထိုအခါ နာဋပုတ္တသည် မိမိပရိသတ်ကို ကြည့်၍ တပည့်တို့ ... .ဤသူကို ကြည့်ကြလော့၊ အလွန်ကောက်ကျစ်၏၊ စဉ်းလဲ၏၊ လှည့်စား၏ဟု ဆို၏၊
ထိုအခါ စိတ္တသူကြွယ်က အရှင်သည် ယခုပင် ဤသူ ဖြောင့်စင်းသည်ဟု ဆို၏၊ ယခုပင် ကောက်ကျစ်သည်ဟု ဆို၏၊ ရှေ့စကားမှန်လျှင် နောက်စကား မှားပြီ၊ နောက်စကားမှန်လျှင် ရှေ့စကား မှားပြီ၊ အရှင်သည် အကြောင်းနှင့်ညီသော ပြဿနာဆယ်ချက်ကို သိသောအခါ နိဂဏ္ဌပရိသတ်နှင့်တကွ “ငါသိပြီဟု အကြောင်း ကြားတော်မူပါ၊ ပြဿနာဆယ်ချက်ကား-တစ်, နှစ်, သုံး, လေး ငါး, ခြောက်, ခုနစ်, ရှစ်, ကိုး တဆယ်၊ ဤဆယ်ချက်ကို သိလျှင် အကြောင်း ကြားတော်မူပါဟု ပြဿနာဆယ်ချက်ဖြင့် ပန်ကြား၍ ဖဲသွားသတဲ့။
ပြဿနာဆယ်ချက်၏ အကြောင်းရင်းကတော့ --
အင်္ဂုတ္တိုရ် ဒသနိပါတ် မဟာဝဂ်မှာ- တိတ္ထိများနှင့် ရဟန်းများ တွေ့ဆုံကြသောအခါ တိတ္ထိတို့က ငါ့ရှင်တို့ ... ရဟန်းဂေါတမသည် တပည့်တို့အား သဗ္ဗဓမ္မ- အလုံးစုံသော တရားကိုသိ၍ နေကြလော့ဟု ဆုံးမသည်၊ ငါတို့ တိတ္ထိဆရာများလည်း တပည့် တို့အား သဗ္ဗဓမ္မ - အလုံးစုံသော တရားကိုသိ၍ နေကြလော့ဟု ဆုံးမသည်၊ ငါ့ရှင်တို့ ... ရဟန်းဂေါတမနှင့် ငါတို့သည် ဆုံးမခြင်း, တရားဟောခြင်း အထူးမရှိ၊ ထူးသည်ဟု ဆိုခြင်းသည် အဘယ်စကားနည်းဟု ဆိုကုန်၏။
[အလယ်၌ ဖြတ်သော ရွှေတုံးကဲ့သို့ သာသနာတော်နှင့် မိမိတို့ အယူကို ဦးညှိကာ ဆိုကြသတဲ့၊]
ထိုအကြောင်းကို မြတ်စွာဘုရားအား ပြန်လျှောက်သောအခါ ချစ်သားတို့ ... ဤသို့ ဆိုသော တိတ္ထိကို ငါ့ရှင်တို့ ... တခုဟူသည် အဘယ်နည်း၊ နှစ်ခုဟူသည် အဘယ်နည်း၊ သုံး, လေး, ငါး, ခြောက် ခုနစ်, ရှစ်, ကိုးခုဟူသည် အဘယ်နည်း၊ ဆယ်ခုဟူသည် အဘယ်နည်းဟု ပြန်မေးကြကုန်လော့၊
ဤသို့ မေးလျှင် တိတ္ထိတို့သည် မိမိတို့အရာ မဟုတ်သောကြောင့် မဖြေနိုင်ဘဲ ပင်ပန်းခြင်းသို့ ရောက်ကုန်လတ္တံ့၊ နတ်ပြည် ဗြဟ္မာပြည်နှင့်တကွသော ဩကာသ လောက၌၊ ရဟန်း ပုဏ္ဏား, နတ်, လူနှင့်တကွသော သတ္တလောက၌ ဤပြဿနာကို နေရာတကျ ဖြေဆိုနိုင်သူကို ငါဘုရား မြင်တော်မမူ၊ မြတ်စွာဘုရားသည်၎င်း မြတ်စွာဘုရား၏ တပည့်သည်၎င်း, ဤ၌ တရားနာဘူးသော သူသည်၎င်း၊ ဤ သူတို့သာ ကောင်းစွာ နေရာတကျ ဖြေဆိုနိုင်ရာ၏။
ချစ်သားတို့ ...
တခုဟူသည် ရှာအပ်သော ပြဿနာတခု၊
ထိုတခုဟူသည် အဘယ်နည်းဟု မေးအပ်သော ဥဒ္ဒေသတခု၊
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ-ဟု ဖြေအပ်သော ဗျာကရဏတခု ဖြစ်၏၊
အဓိပ္ပာယ်ကား --
တခုကို ကောင်းစွာသိလျှင် မျက်မှောက်၌ ဒုက္ခကင်းရာ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်၏၊ အဘယ်တခုနည်းဟူမူ- သဗ္ဗေ သတ္တာ အာဟာရ ဋ္ဌိတိကာ ဖြစ်၏၊ ဤတခု သိလျှင် မျက်မှောက်၌ ဒုက္ခကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏၊
နှစ်ခု ဟူသည် နာမ်နှင့်ရုပ်တည်း၊ ဤနှစ်ခုကိုသိလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏၊ ဤနည်းဖြင့် ဆယ်ခုအထိ သိအပ်၏၊ လေ့လာအပ်၏။
လေ့လာပုံကား -
၁။ ဧကံနာမ ကိံ။
ဧကံနာမ၊ တခုဟူသည်။
ကိံ၊ အဘယ်နည်း။
သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ။
သဗ္ဗေ၊ အလုံးစုံကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
အာဟာရဋ္ဌိတိကာ၊ အာဟာရလျှင် တည်ရာရှိကုန်၏။
ဝါ-အကြောင်း မကင်းသော တေဘူမကသင်္ခါရတို့ ဖြစ်ကုန်၏။
[ပုဂ္ဂလာဓိဋ္ဌာန်, ဓမ္မဓိဋ္ဌာန်-နှစ်နက် ဟု သိ။]
၂။ ဒွေနာမ ကိံ။
ဒွေနာမ၊ နှစ်ခုဟူသည်။
ကိံ၊ အဘယ်နည်း။
နာမဉ္စ ရူပဉ္စ။
နာမဉ္စ၊ နာမ်သည်၎င်း။
ရူပဉ္စ၊ ရုပ်သည်၎င်း။
ဝါ-နာမ်နှင့်ရုပ်တည်း၊
၃။ တီဏိနာမ ကိံ။
တီဏိနာမ၊ သုံးခုဟူသည်။
ကိံ၊ အဘယ်နည်း။
တိဿောဝေဒနာ။
တိဿော၊ သုံးပါးကုန်သော။
ဝေဒနာ၊ ဝေဒနာတို့တည်း။
၄။ စတ္တာရိနာမ ကိံ။
စတ္တာရိနာမ၊ လေးခုဟူသည်။
ကိံ၊ အဘယ်နည်း။
စတ္တာရော အာဟာရာ။
စတ္တာရော၊ လေးပါးကုန်သော။
အာဟာရာ၊ အာဟာရတို့တည်း။
တနည်း -
စတ္တာရိ အရိယသစ္စာနိ။
စတ္တာရိ၊ လေးပါး ကုန်သော။
အရိယသစ္စာနိ၊ အရိယသစ္စာတို့တည်း။
တနည်း -
စတ္တာရော သတိပဋ္ဌာနာ။
စတ္တာရော၊ လေးပါးကုန်သော။
သတိပ္ပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့တည်း။
၅။ ပဉ္စနာမ ကိံ။
ပဉ္စနာမ၊ ငါးခုဟူသည်။
ကိံ၊ အဘယ်နည်း။
ပစ္စုပါဒါနက္ခန္ဓာ။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာတို့တည်း။
၆။ ဆနာမ ကိံ။
ဆနာမ၊ ခြောက်ခုဟူသည်။
ကိံ၊ အဘယ်နည်း။
ဆအဇ္ဈတ္တိကာယတနာနိ။
ဆ၊ ခြောက်ပါးကုန်သော။
အဇ္ဈတ္တိကာယတနာနိ၊ အဇ္ဈတိကာယတနတို့တည်း။
၇။ သတ္တနာမ ကိံ။
သတ္တနာမ၊ ခုနစ်ခုဟူသည်။
ကိံ၊ အဘယ်နည်း။
သတ္တ ဝိညာဏဋ္ဌိတိယော။
သတ္တ၊ ခုနစ်ပါးကုန်သော။
ဝိညာဏဋ္ဌိတိယော၊ ဝိညာဏဋ္ဌိတိတို့တည်း။
တနည်း-
သတ္တဗောဇ္ဈင်္ဂါ။
သတ္တ၊ ခုနစ်ပါးကုန်သော။
ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့တည်း။
၈။ အဋ္ဌနာမ ကိံ။
အဋ္ဌနာမ၊ ရှစ်ခုဟူသည်။
ကိံ၊ အဘယ်နည်း။
အဋ္ဌလောကဓမ္မာ။
အဋ္ဌ၊ ရှစ်ပါးကုန်သော။
လောကဓမ္မာ၊ လောကဓမ် တရားတို့တည်း။
တနည်း-
အရိယော အဋ္ဌင်္ဂီကောမဂ္ဂေါ။
အရိယော၊ မြတ်သော။
မဂ္ဂေါ၊ မဂ်သည်။
အဋ္ဌင်္ဂီကော၊ အင်္ဂါရှစ်ပါး ရှိ၏။
၉။ နဝနာမ ကိံ။
နဝနာမ၊ ကိုးခုဟူသည်။
ကိံ၊ အဘယ်နည်း။
န၀ သတ္တဝါသာ။
နဝ၊ ကိုးပါးကုန်သော။
သတ္တဝါသာ၊ သတ္တဝါသတို့တည်း။
၁၀။ ဒသနာမ ကိံ။
ဒသနာမ၊ ဆယ်ခုဟူသည်။
ကိံ၊ အဘယ်နည်း။
ဒသ အကုသလကမ္မပထာ။
ဒသ၊ ဆယ်ပါးကုန်သော။
အကုသလကမ္မပထာ၊ အကုသိုလ်ကမ္မပထတို့တည်း။
တနည်း-
ဒသကုသလကမ္မပထာ။
ဒသ၊ ဆယ်ပါး ကုန်သော။
ကုသလကမ္မပထာ၊ ကုသိုလ်ကမ္မပထတို့တည်း။
[ခုဒ္ဒကပါဌ ပါဠိတော်၌ကား ကုမာရပဥှာ- သူငယ်သင်ပြဿနာဆယ်ပါး ဟု ဟောသည်၊ ဤပြဿနာဆယ်ခုတို့တွင် တခုခုကောင်းစွာ သိလျှင် မျက်မှောက် မဂ်, ဖိုလ်ရ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သတဲ့၊ ဒီလိုဖြစ်လျှင် နာဋပုတ္တနိဂဏ္ဌကြီး သိနိုင်ဘို့ရာ လွယ်ကူမည် မဟုတ်ပေဘူး။]
အခါတပါး စိတ္တသူကြွယ်သည် မထေရ်တို့ကို နေအိမ်သို့ ဆွမ်းစားပင့်ဖိတ်၍ ကြွရောက်လာသောအခါ ချဉ်းကပ်ရှိခိုး၍ အရှင်ဘုရား ... လောက၌ ဒိဋ္ဌိတို့သည် --
ခန္ဓာလောက မြဲ၏ဟူ၍၎င်း, မမြဲဟူ၍၎င်း,
အဆုံးရှိ၏ဟူ၍၎င်း, အဆုံးမရှိဟူ၍၎င်း,
ဇီဝနှင့်ကိုယ် တခုတည်းဟူ၍၎င်း, တခြားစီဟူ၍၎င်း
သတ္တဝါသေပြီးဖြစ်၏ ဟူ၍၎င်း, မဖြစ်ဟူ၍၎င်း,
အချို့ ဖြစ်-အချို့ မဖြစ်ဟူ၍၎င်း
ဖြစ်သည်လည်းမဟုတ် - မဖြစ်သည်လည်း မဟုတ် ဟူ၍၎င်း
၆၂-ပါးသော ဒိဋ္ဌိတို့ကို မြတ်စွာဘုရား ဟောပါသည်၊ ဤဒိဋ္ဌိတို့သည် အဘယ်တရား ရှိခြင်းကြောင့် ဖြစ်ကြပါသနည်း၊ အဘယ်တရား မရှိလျှင် မဖြစ်ကြပါသနည်းဟု လျှောက်သတဲ့။
မထေရ်ကြီး ဆိတ်ဆိတ်နေဒါနဲ့ ဣသိဒတ္တရဟန်းငယ်က ခွင့်ပန်ပြီး ဖြေသတဲ့၊ ဖြေပုံကတော့ - ဒါယကာ ... ဤလောက၌ ၆၂-ပါးသော ဒိဋ္ဌိတို့သည် သက္ကာယဒိဋ္ဌိ ရှိခြင်းကြောင့် ဖြစ်ကြတယ်၊ သက္ကာယဒိဋ္ဌိမရှိလျှင် မဖြစ်နိုင်ကြဘူးဟု ဖြေဆိုသတဲ့။
အရှင်ဘုရား ... သက္ကာယဒိဋ္ဌိဆိုတာ အဘယ်ခြင်းရာဖြင့် ဖြစ်ပါသနည်း ဘုရား၊
ဒါယကာ ... ဤလောက၌ သူတော်ကောင်းတရား မကြား မမြင် မသိသော အန္ဓပုထုဇဉ်သည် --
ရုပ်သည်အတ္တ, ရုပ်ရှိသောအတ္တ, အတ္တ၌ရုပ်, ရုပ်၌အတ္တဟု လေးမျိုးရှု၏၊
ဝေဒနာသည် အတ္တ, ဝေဒနာရှိသော အတ္တ, အတ္တ၌ ဝေဒနာ, ဝေဒနာ၌ အတ္တဟု လေးမျိုးရှု၏၊
သညာသည် အတ္တ, သညာရှိသော အတ္တ, အတ္တ၌သညာ, သညာ၌ အတ္တဟု လေးမျိုးရှု၏၊
သင်္ခါရသည် အတ္တ, သင်္ခါရရှိသော အတ္တ, အတ္တ၌သင်္ခါရ, သင်္ခါရ၌ အတ္တဟု လေးမျိုးရှု၏၊
ဝိညာဏ်သည် အတ္တ, ဝိညာဏ်ရှိသောအတ္တ, အတ္တ၌ ဝိညာဏ်, ဝိညာဏ်၌အတ္တ ဟု လေးမျိုးရှု၏၊
ဤသို့လျှင် ၂၀-သော သက္ကာယဒိဋ္ဌိသည် ဖြစ်၏ဟု ဖြေဆိုသတဲ့။
ဒီနေရာမှာ မှတ်စရာကတော့ --
ရုပ်သည် အတ္တ, ဝေဒနာသည် အတ္တ, သညာသည် အတ္တ, သင်္ခါရသည် အတ္တ, ဝိညာဏ်သည် အတ္တ၊ ဤငါးမျိုးသော ရှုခြင်းသည် မီးလျှံသည် အဆင်း, အဆင်းသည် မီးလျှံဟု တခုတည်း မကွဲမပြား ရှုသကဲ့သို့ ရှုခြင်းဖြစ်တယ်၊ ခန္ဓာ တပါးတည်းကို အတ္တဟုစွဲခြင်းအားဖြင့် တပါးစွဲ ၅-ခုဖြစ်တယ်။
ရုပ်ရှိသောအတ္တ, ဝေဒနာရှိသောအတ္တ, သညာရှိသော အတ္တ, သင်္ခါရရှိသော အတ္တ, ဝိညာဏ်ရှိသောအတ္တ၊ ဤငါးမျိုးသောရှုခြင်းသည် အရိပ်ရှိသော သစ်ပင်ဟု အရိပ်သည် သစ်ပင် မဟုတ်, သစ်ပင်သည် အရိပ်မဟုတ် ဟူ၍ တခြားစီခွဲ၍ ရှုသကဲ့သို့ ရုပ်စသည်နှင့် အတ္တကို တခြားစီခွဲ၍ ရှုခြင်းအားဖြင့် လေးပါးစွဲ ၅-ခု ဖြစ်တယ်။
အတ္တ၌ရုပ်, အတ္တ၌ဝေဒနာ, အတ္တ၌သညာ, အတ္တ၌သင်္ခါရ, အတ္တ၌ဝိညာဏ်၊ ဤငါးမျိုးသော ရှုခြင်းသည် ပန်း၌အနံ့ဟု ပန်းသည် အနံ့မဟုတ် အနံ့သည် ပန်းမဟုတ်ဟူ၍ တခြားစီခွဲ၍ရှုသကဲ့သို့ ရုပ်စသည်နှင့် အတ္တကို တခြားစီခွဲ၍ ရှုခြင်းအားဖြင့် လေးပါးစွဲ ၅-ခုဖြစ်တယ်။
ရုပ်၌ အတ္တ, ဝေဒနာ၌ အတ္တ, သညာ၌ အတ္တ, သင်္ခါရ၌ အတ္တ, ဝိညာဏ်၌ အတ္တ၊ ဤငါးမျိုးသောရှုခြင်းသည် ကြုတ်၌ပတ္တမြားဟု ကြုတ်သည် ပတ္တမြား မဟုတ်, ပတ္တမြားသည် ကြုတ်မဟုတ်ဟူ၍ တခြားစီခွဲ၍ ရှုသကဲ့သို့ ရုပ်စသည်နှင့် အတ္တကို တခြားစီခွဲ၍ ရှုခြင်းအားဖြင့် လေးပါးစွဲ ၅-ခု ဖြစ်တယ်။
[ဤကား ရှုပုံကို မခွဲတခု, ခွဲသုံးခုဟု ဥပမာလေးခု ပြခြင်းသာတည်း။]
ငါဟုရှုခြင်းသည် အတ္တ, ငါ့ဥစ္စာငါ့ပစ္စည်းဟု ရှုခြင်းသည် အတ္တနိယဟု နှစ်မျိုး ကွဲသော်လည်း အတ္တဘခုတည်းဖြင့် ပေါင်းဟောသည်၊ ငါ, သူတပါး ယောက်ျား, မိန်းမဟုရှုခြင်း၊ ငါ့ကိုယ်, ငါ့ဟာ, သူ့ကိုယ်, သူ့ဟာဟု ရှုခြင်းတို့ကိုလည်း အတ္တ တခုတည်းဖြင့် ပေါင်းဟောသည်။
[ငါ့ကိုယ်, ငါ့ဟာဟု ရှုခြင်းသည် အတ္တဟု ရှုခြင်းပင်တည်း။]
ဤပုစ္ဆာကို စိတ္တသူကြွယ်သည် မသိ၍မေးသည်မဟုတ်၊ နှီးနှောလို၍လည်း မဟုတ်၊ ယုံမှားကင်းလို၍လည်း မဟုတ်၊ သူကိုယ်တိုင် သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိ, ဝိစိကိစ္ဆာ တို့ကို ပယ်ပြီးပြီ၊ သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကိလေသာ တို့ကို ပယ်ပြီးပြီ၊ အနာဂါမိမဂ်ဖြင့် ကာမရာဂ, ဒေါသတို့ကို ပယ်ပြီးပြီ၊ သက်သက် သာသနာ ပြန့်ပွားရေး အတွက်သာလျှင်ငဲ့၍ မေးခြင်းဖြစ်သည်၊
မိမိ သိပြီးသောတရားကိုပင် “ရိုသေစွာ နားထောင်ခြင်းသည် အဘယ်မှရသောနည်း ဖြစ်သနည်း၊ ရှင်နန္ဒဟောသည်ကို မြတ်စွာဘုရားသည် ရိုသေစွာ နာတော်မူ၏၊ ဘုရားနည်းကို ယူတတ်ပေစ္စ၊ ဤနည်းမျိုးကို တဏှာ, မာန, ဒိဋ္ဌိအမိန့် ဩဇာခံသူ မယူနိုင်။
[ဤကား မာနာနုသယသတ္တိဖြင့် ဗဟုသုတဂုဏ်ကို အပါယ်ရိက္ခာ ပြုမိတတ်ကြ သောကြောင့် သတိပြုစရာ ညွှန်ပြခြင်းတည်း။ ]
အရှင်ဘုရား ... သက္ကာယဒိဋ္ဌိဆိုတာ အဘယ်ခြင်းရာဖြင့် ဖြစ်နိုင်ပါမည်နည်း ဘုရား၊ ဒါယကာ ... ဤလောက၌ သူတော်ကောင်းတရား အကြား, အမြင်, အသိရှိသော ကလျာဏပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်အပေါင်းသည်-
ရုပ်သည် အတ္တ မဟုတ်, ရုပ်ရှိသောအတ္တ မဟုတ်, အတ္တ၌ ရုပ်မတည်, ရုပ်၌ အတ္တမတည်ဟု လေးမျိုးရှု၏၊
ဝေဒနာသည် အတ္တမဟုတ်, ဝေဒနာရှိသော အတ္တ မဟုတ်, အတ္တ၌ ဝေဒနာမတည်, ဝေဒနာ၌ အတ္တမတည်ဟု လေးမျိုး ရှု၏၊
သညာသည် အတ္တမဟုတ်, သညာရှိသော အတ္တမဟုတ်, အတ္တ၌ သညာမတည်, သညာ၌ အတ္တမတည်ဟု လေးမျိုးရှု၏၊
သင်္ခါရသည် အတ္တမဟုတ်, သင်္ခါရရှိသော အတ္တမဟုတ်, အတ္တ၌သင်္ခါရ မတည်, သင်္ခါရ၌ အတ္တမတည်ဟု လေးမျိုး ရှု၏၊
ဝိညာဏ်သည် အတ္တမဟုတ်, ဝိညာဏ်ရှိသော အတ္တမဟုတ်, အတ္တ၌ ဝိညာဏ် မတည်, ဝိညာဏ်၌ အတ္တမတည်ဟု လေးမျိုး ရှု၏၊
ဤသို့ ရှုလျှင် ၂၀-သော သက္ကာယဒိဋ္ဌိသည် မဖြစ်နိုင်ဟု ဖြေဆိုသတဲ့။
[စိတ္တသူကြွယ်သည် လွန်စွာနှစ်သက် ဝမ်းမြောက်သဖြင့် ထိုအရှင် ဣသိဒတ္တကို နေရပ်မေးကာ စကားဆက်ပြောခြင်းဖြင့် မမြင်ဘူးဘဲ ရင်းရင်းချာချာ သိကျွမ်းဖူးသော မိတ်ဆွေဟောင်းဖြစ်ကြောင်း ကောင်းစွာသိ၍ ဝမ်းမြောက်လှစွာ “ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးပါရစေ၊ ဤအရပ်၌ သီတင်းသုံးတော်မူပါ”ဟု လျှောက်သတဲ့။ ဒါယကာ ... သင်သည် အပြစ်မရှိ ကောင်းသောစကားကို ဆိုပေသည်ဟု မိန့်ဆိုသတဲ့၊ မထေရ်ကြီးများကလဲ ဝမ်းမြောက်ဝမ်းသာ အရှင် ဣသိဒတ္တကို များစွာ ချီးကျူး တော်မူကြသတဲ့။]
အခါတပါး စိတ္တသူကြွယ်သည် မကျန်းမမာဖြစ်၍ ဝေဒနာ ပြင်းစွာ နှိပ်စက်ခံနေ ရသတဲ့၊ ထိုအခါ များစွာသောနတ်တို့သည် ရောက်လာကြ၍ သူကြွယ် ... သင်သည် နောက်ဘဝ၌ စကြဝတေးမင်း ဖြစ်လို၏ဟု တောင့်တပါဟု တိုက်တွန်းကြသတဲ့၊ ထိုအခါ စိတ္တသူကြွယ်က နတ်တို့ကို ဤသို့ဆိုသတဲ့၊
“တမ္ပိအနိစ္စံ၊ တမ္မိအဓုဝံ၊ တမ္ပိပဟာယဂမနီယံ၊
ဘောန္တော၊ အချင်းနတ်တို့။
တမ္ပိ၊ ထိုစကြာမင်း စည်းစိမ်သည်လည်း။
အနိစ္စံ၊ အမြဲမရှိ။
အဓုဝံ၊ မခိုင်ခံ့။
ပဟာယ၊ ပယ်စွန့်၍။
ဂမနီယံ၊ သွားထိုက်၏။
ဤသို့ နတ်တို့ကို ဆိုသောအခါ ဆွေမျိုးသားချင်း မိတ်ဆွေတို့ကြား၍ အရှင်သား ... သတိထားပါလော့၊ မယောင်ယမ်းပါနှင့်ဟု ဆိုကြသတဲ့။
ငါ ယောင်ယမ်းတာ မဟုတ်ဘူး၊ နတ်တို့က ငါ့ကို စကြာမင်းအဖြစ် တောင့်တပါဟု တိုက်တွန်းကြတယ်၊ ဒါကြောင့် နတ်တို့ကို ပြန်ပြောတာဟု ဆိုသတဲ့၊ အရှင်အား အဘယ်အကျိုးကိုမြင်၍ နတ်တို့ တိုက်တွန်းပါသလဲဟု မေးကြတော့ နတ်တို့က ဤ စိတ္တသူကြွယ်သည် သီလ သမာဓိ ရှိ၏၊ စိတ်စင်ကြယ်သောကြောင့် တောင့်တတိုင်း ပြည့်စုံလတ္တံ့ဟု ဓမ္မအကျိုးကိုမြင်၍ တရားမင်းဖြစ်စိမ့်သောငှာ တိုက်တွန်းကြသည် ဟု ဆိုသတဲ့။
ဒါဖြစ်လျှင် အကျွန်ုပ်တို့အားလည်း ဆုံးဩဝါဒ ပေးသနားပါဦးဟု တိုက်တွန်းကြ သတဲ့၊ အမောင်တို့ ... ဤသို့ ကျင့်ကြလော့၊
မြတ်စွာဘုရား၌ ဂုဏ်တော်၌ သက်ဝင် ယုံကြည်ပါမည်၊
တရား၌ ဂုဏ်တော်၌ သက်ဝင်ယုံကြည်ပါမည်၊
သံဃာ၌ ဂုဏ်တော်၌ သက်ဝင်ယုံကြည်ပါမည်၊
လှူဘွယ်ဝတ္ထု၌ အလှူခံ သီလဝန္တ အရှင်ကောင်းတို့နှင့် မခွဲခြမ်းသူ ဖြစ်ပါမည်၊
ဤသို့ လေးပါးသော ကျင့်ဝတ်တို့ကို ကျင့်ကြလော့ဟု ဆုံးမဩဝါဒစကားလေးခွန်း တိုက်တွန်း၍ ဆောက်တည်စေ၍ စိတ္တသူကြွယ် ဇီဝိန်ချုပ်သွားသတဲ့။
ဤလှူဘွယ်ဝတ္ထု၌ သီလဝန်အရှင်ကောင်းတို့နှင့် မခွဲခြမ်းရဘူးဆိုဒါ - အရှင်ကောင်း တို့အား ဤမျှလှူမည်၊ ငါသည် ဤမျှသုံးဆောင်မည်ဟု မဝေဖန်ဘဲ အရှင်ကောင်း တို့နှင့် အတူတကွ ဆက်ဆံခြင်းသာ ဖြစ်လတ္တံ့ဟု နှလုံးထားရမတဲ့၊ ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားကြီးကဲ့သို့ မိမိစားသောက်ဆဲ အာဟာရကိုသော်လည်း အလှူခံမြင်လျှင် လှူဒါန်းရမယ်။
[အလှူခံအတွက် ငါ လှူပြီးပြီ၊ ဒါက ငါ့အတွက်ဟု သဘောမထားနှင့်၊ ထပ်၍သာ လှူရမယ်ဟု ဆိုလိုတယ်၊ ဒုဋ္ဌဂါမဏိမင်းကဲ့သို့ ငါတို့အမျိုးသည် အစားတလုပ်ကို သော်လည်း မလှူဘဲစားလေ့မရှိဟု နှလုံးထားရမယ်ဟု ဆိုလိုသည်။]
ယခုအခါ ဤမျှဖြင့် သဠာယတနသံယုတ်ပါဠိတော် စိတ္တသံယုတ်၌ လာသော စိတ္တသူကြွယ် ကျောင်းတကာ၏ အကြောင်းကို နာကြားရသဖြင့် ဗဟုဿုတရှိသော အမျိုးကောင်းသား- ကုလပုတ္တတို့သည် မိမိ၏ ဗဟုဿုတဂုဏ်ကို အပါယ်ရိက္ခာ မဖြစ်စေဘဲ မာန်မာနနှိပ်ချသော စိတ်နှလုံးဖြင့် သူတော်ကောင်းတရား သာသနာ တော် ပြန့်ပွားရေးကို အထူးအားထုတ် နိုင်ကြပါစေကုန်သတည်း။
.
ဒိဋ္ဌိအမျိုးမျိုးနှင့် သာမညဖလ သုတ္တန်တရားစာ
သက္ကာယဒိဋ္ဌိ နှစ်ဆယ် ဖြစ်ပုံ
သူတော်ကောင်းတရား မကြား, မမြင်, မသိသော အန္ဓပုထုဇဉ်သည် --
ရုပ်သည်အတ္တ, ရုပ်ရှိသောအတ္တ, အတ္တ၌ရုပ်, ရုပ်၌ အတ္တဟု လေးမျိုး ရှု၏၊
ဝေဒနာသည်အတ္တ, ဝေဒနာရှိသော အတ္တ, အတ္တ၌ ဝေဒနာ, ဝေဒနာ၌ အတ္တဟု လေးမျိုးရှု၏၊
သညာသည် အတ္တ, သညာရှိသော အတ္တ, အတ္တ၌ သညာ, သညာ၌ အတ္တဟု လေးမျိုးရှု၏၊
သင်္ခါရသည်အတ္တ, သင်္ခါရရှိသော အတ္တ, အတ္တ၌သင်္ခါရ, သင်္ခါရ၌ အတ္တဟု လေးမျိုးရှု၏၊
ဝိညာဏ်သည်အတ္တ, ဝိညာဏ် ရှိသောအတ္တ, အတ္တ၌ ဝိညာဏ်, ဝိညာဏ်၌ အတ္တဟု လေးမျိုးရှု၏။
ရုင်စွဲ-၁၊ နာမ်စွဲ-၇၊ ရုပ်နာမ်စွဲ-၁၂၊ ပေါင်း- ၂၀။
တနည်းကား-
ခန္ဓာတပါးစွဲ-၅၊ လေးပါးစွဲ-၁၅၊ ပေါင်း- ၂၀။
တနည်းကား-
သဿတဒိဋ္ဌိ-၁၅၊ ဥစ္ဆေဒဒိဋ္ဌိ- ၅၊ ပေါင်း- ၂ဝ။
တနည်းကား-
ဘဝဒိဋ္ဌိ- ၁၅၊ ဝိဘဝဒိဋ္ဌိ- ၅၊ ပေါင်း- ၂ဝ။
ရုပ်သည် အတ္တဟုရှုခြင်းသည် မီးလျှံသည် အဆင်း, အဆင်းသည် မီးလျှံဟု မကွဲမပြား ရှုသည်နှင့် တူ၏။ [ရုပ်သည်ငါ, ငါသည် ရုပ်၊ တခုတည်း-ဟူလို။]
ရုပ်ရှိသော အတ္တဟုရှုခြင်းသည် အရိပ်ရှိသော သစ်ပင်ဟု အရိပ်တခြား သစ်ပင် တခြား ရှုသည်နှင့် တူ၏။ [ရုပ်ရှိသော ကြွင်းခန္ဓာလေးပါးသာ ငါ-ဟူလို၊]
အတ္တ၌ ရုပ်ကိုရှုခြင်းသည် ပန်း၌ ရနံ့ဟု ပန်းတခြား ရနံ့တခြား ရှုသည်နှင့် တူ၏။ [ရုပ်မှတပါး ခန္ဓာလေးပါးကို အတ္တအရာ၌ ထားသည်၊]
ရုပ်၌ အတ္တဟု ရှုခြင်းသည် ကြုတ်၌ ပတ္တမြားဟု ကြုတ်တခြား, ပတ္တမြား တခြား ရှုသည်နှင့် တူ၏။ [ဝေဒနာစသည်၌ နည်းတူသိလေ။]
ငါ, သူတပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, ငါ့ကိုယ် ငါ့ဟာ, သူ့ကိုယ်,သူ့ဟာ, အသက်, လိပ်ပြာ, အစိုးရ၏ တခဲနက်, အပျက်မရှိ ခန္ဓာတခုဟောင်းလျှင် တခုသို့ ပြောင်း၏-စသည်ဖြင့် စွဲလမ်းခြင်းသည် အတ္တဟု ရှုသည် မည်၏။
နှုတ်ဖြင့် ငါ, သူတပါး စသည်ကို ဆိုသော်လည်း စိတ်၌ကား ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ် - အစိတ်အစိတ်တို့၏ အစုအပေါင်းမျှသာတည်း ဟု သိခြင်း ရှုခြင်း သည် အတ္တဟု ရှုသည် မမည်၊ အနတ္တဟု ရှုသည် မည်၏။
.
သက္ကာယဒိဋ္ဌိနှစ်ဆယ် မဖြစ်ပုံ
သူတော်ကောင်းတရား အကြား, အမြင်, အသိရှိသော ကလျာဏပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်အပေါင်းသည်
ရုပ်သည် အတ္တမဟုတ်, ရုပ်ရှိသော အတ္တ မဟုတ်, အတ္တ၌ ရုပ်မတည်, ရုပ်၌ အတ္တမတည်ဟု လေးမျိုးရှု၏။
ဝေဒနာသည် အတ္တမဟုတ်, ဝေဒနာရှိသောအတ္တ မဟုတ်, အတ္တ၌ ဝေဒနာ မတည်, ဝေဒနာ၌ အတ္တမတည်ဟု လေးမျိုးရှု၏၊
သညာသည် အတ္တမဟုတ်, သညာရှိသောအတ္တ မဟုတ်, အတ္တ၌ သညာမတည်, သညာ၌ အတ္တမတည်ဟု လေးမျိုးရှု၏၊
သင်္ခါရသည် အတ္တမဟုတ်, သင်္ခါရရှိသောအတ္တ မဟုတ်, အတ္တ၌ သင်္ခါရမတည်, သင်္ခါရ၌ အတ္တမတည်ဟု လေးမျိုးရှု၏၊
ဝိညာဏ်သည် အတ္တ မဟုတ်, ဝိညာဏ်ရှိသောအတ္တ မဟုတ်, အတ္တ၌ ဝိညာဏ် မတည်, ဝိညာဏ်၌ အတ္တမတည်ဟု လေးမျိုးရှု၏။
ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်, သတိပဋ္ဌာန် စသည်တို့၌ သင်ယူခြင်း, မေးမြန်းခြင်း, ဆုံးဖြတ်ခြင်းကင်းလျှင် ဒိဋ္ဌိအမျိုးမျိုးကို မတားနိုင်၊ ငါ သူတပါး ယောက်ျား မိန်းမ-အနေမျှ အမှားကိုသာသိလျက် အန္ဓပုထုဇဉ် အဖြစ်မှ မလွတ်နိုင်၊ ကလျာဏပုထုဇဉ် အဖြစ်ဝေးစွ၊ စူဠသောတာပန် အဖြစ် သာ၍ဝေးစွ၊ မဟာ သောတာပန် အဖြစ်ကား ဆိုဘွယ်မရှိ၊ ဝေးခြင်းကြီး ဝေးလေစွတကား။
[ရုပ်သည် အတ္တ-ဤတခုသည် ရုပ်စွဲ၊ တပါးစွဲ၊ ရုပ်ရှိသော အတ္တ, အတ္တ၌ ရုပ် ရုပ်၌ အတ္တ၊ ဤသုံးခုသည် ရုပ်ပယ်၍ နာမ်စွဲ၊ လေးပါးစွဲ၊ ဝေဒနာသည် အတ္တ သညာသည် အတ္တ, သင်္ခါရသည် အတ္တ, ဝိညာဏ်သည် အတ္တ၊ ဤလေးခုသည် နာမ်စွဲ၊ တပါးစွဲ၊ ဝေဒနာရှိသော အတ္တ-စသော ကြွင်း ၁၂-ခုသည် ဝေဒနာ စသည် ဖယ်၍ ရုပ်နာမ်စွဲ၊ လေးပါးစွဲ၊ လေးပါးစွဲ ၁၅-သည် သဿတဒိဋ္ဌိ, ဘဝဒိဋ္ဌိမည်၏၊ တပါးစွဲကား ဥစ္ဆေဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိ၊ ဤသဘော မြင်ရသည်။]
.
ဒသ ဝတ္ထုကာ ဒိဋ္ဌိဆယ်ပါး
၁။ နတ္ထိ ဒိန္နံ-အလှူသည် အကျိုးမရှိ။
၂။ နတ္ထိ ယိဋ္ဌံ-ယဇ်ကြီး ပူဇော်ခြင်းသည် အကျိုးမရှိ။
၃။ နတ္ထိ ဟုတံ-ဧည့်ဝတ်စသော ယဇ်ငယ်သည် အကျိုးမရှိ။
၄။ နတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဝိပါကော-ကုသိုလ်ကံ, အကုသိုလ်ကံတို့အား အကျိုးရင်း အကျိုးဖျားမရှိ။
၅။ နတ္ထိ အယံလောကော - ထိုထိုဘဝမှ လာရာ ဤလောက မရှိ။ [ဖြစ်ရာ၌ ပြတ်သည်--ဟူလို။]
၆။ နတ္ထိ ပရောလောကော - ဤဘဝမှသွားရာ ထိုထိုတမလွန်လောက မရှိ။ [ဖြစ်ရာဘုံ၌ ပြတ်။]
၇။ နတ္ထိ မာတာ-အမိ၌ ကောင်း, မကောင်းပြုကျိုး မရှိ။
၈။ နတ္ထိ ပိတာ-အဘ၌ ကောင်း, မကောင်း ပြုကျိုး မရှိ။
၉။ နတ္ထိ သတ္တာ ဩပပါတိကာ - သေ၍ တဖန် ပဋိသန္ဓေနေသူ မရှိ။
[ထိုထိုဖြစ်ရာ ဘဝ၌ ပြတ်သည်ဟု ဆိုလိုသည်။]
၁ဝ။ နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာ ပဋိပန္နာ + ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ - လောက၌ အနုလောမ ပဋိပဒါကျင့်သော တရားစောင့သော သမဏ, ဗြဟ္မဏဟူ၍ မရှိ + ဤ လောက, တမလွန်လောကကို ကိုယ်တိုင်သိ၍ ဟောကြားသော သဗ္ဗညုဘုရား ဟူ၍လည်း မရှိ။
.
အန္တဂ္ဂါဟိကာ ဒိဋ္ဌိဆယ်ပါး
၁။ သဿတော လောကော - သတ္တဝါဟူသော ခန္ဓာလောကသည် မြဲ၏။
[သဿဝဒိဋ္ဌိ ဖြစ်သည်။]
၂။ အသဿတော လောကော - သတ္တဝါဟူသော ခန္ဓာလောကသည် မမြဲ၊
[ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်။]
၃။ အန္တဝါ လောကော - သမာပတ်အတွင်း ရုပ်နာမ် လောကသည် ငယ်သော ကသိုက်းဝန်းဖြင့် ပိုင်းခြားအပ်၏၊ အဆုံးရှိ၏။
[သဿတ, ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုးလုံး ဖြစ်နိုင်သည်။]
၄။ အနန္တဝါ လောကော - သမာပတ်အတွင်း ရုပ်နာမ်လောကသည် ကြီးသော ကသိုဏ်းဝန်းဖြင့် မပိုင်းခြားအပ်၊ အဆုံး မရှိ။
[သဿတ, ဥစ္ဆေဒဒိဋ္ဌိနှစ်မျိုးလုံး ဖြစ်နိုင်သည်။]
၅။ တံဇိဝံ တံသရီရ - ဇီဝသည် ကိုယ်, ကိုယ်သည် ဇီဝ။
[တခုတည်းဖြစ်၍ ကိုယ်ပျက်လျှင် ဇီဝပျက်ခြင်းဖြင့် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်။]
၆။ အညံဇီဝံ အညံသရီရံ - ဇီဝတခြား ကိုယ်တခြား။
[ကိုယ်ပျက်သော်လည်း ဇီဝပျက်ခြင်းဖြင့် သဿတဒိဋ္ဌိ ဖြစ်သည်။]
၇။ ဟောတိ တထာဂတော ပရံမရဏာ - သတ္တဝါသည် သေပြီးနောက် ပြန်၍ ဖြစ်၏။
[သဿတဒိဋ္ဌိ ဖြစ်သည်။]
၈။ နဟောတိ တထာဂတော ပရံမရဏ - သတ္တဝါသည် သေပြီးနောက် ပြန်၍ မဖြစ်။
[ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်။]
၉။ ဟောတိစ န ဟောတိစ တထာဂတော ပရံမရဏာ - သတ္တဝါသည် သေပြီးနောက် အချို့ ပြန်ဖြစ်၏၊ အချို့ ပြန်မဖြစ်။
[အချို့ မြဲ၏ဟူသော ဧကစ္စသဿတဒိဋ္ဌိ ဖြစ်သည်။]
၁၀။ နေဝဟောတိ န နဟောတိ ကထာဂတော ပရံမရဏာ - သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်။
[အမရာမည်သော ငါးသည် ချော၍ ဖမ်းဆုပ်တိုင်း လွတ်သကဲ့သို့ အမိမခံသော အမရာဝိက္ခေပဒိဋ္ဌိ ဖြစ်သည်။]
.
ဒိဋ္ဌိ ၆၂-ပါး
သဿတဒိဋ္ဌိ-၄၊ ဧကစ္စသဿတဒိဋ္ဌိ-၄၊ အန္တာနန္တဒိဋ္ဌိ-၄၊ အမရာဝိက္ခေပဒိဋ္ဌိ-၄၊ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ-၂၊ ဤ ၁၈-ပါးသည် ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ မည်၏။
သညီဒိဋ္ဌိ-၁၆၊ အသညီဒိဋ္ဌိ-၈၊ နေဝသညီနာသညီဒိဋ္ဌိ-၈၊ ဥစ္ဆေဒဒိဋ္ဌိ-၇၊ ဒိဋ္ဌဓမ္မနိဗ္ဗာန ဒိဋ္ဌိ-၅၊ ဤ ၄၄-ပါးသည် အပရန္တကပ္ပိကဒိဋ္ဌိ မည်၏။
ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ-၁၈၊ အပရန္တကပ္ပိကဒိဋ္ဌိ-၄၄၊ ပေါင်း-၆၂၊
တနည်း- ဥစ္ဆေဒဒိဋ္ဌိ-၇၊ သဿတဒိဋ္ဌိ-၅၅၊ ပေါင်း-၆၂ ၊
သဿတဒိဋ္ဌိ ၄-ပါးကား-
အတ္တသည်၎င်း, လောကသည်၎င်း မြဲ၏ဟု ယူခြင်း ဖြစ်၏၊
ပုဗ္ဗေနိဝါသ အဘိညာရ၍ ဘဝတသိန်းအထိ မြင်၍ ယူခြင်း တပါး,
ကမ္ဘာတဆယ်အထိ မြင်၍ ယူခြင်းတပါး,
ကမ္ဘာ ၄၀-အထိမြင်၍ယူခြင်း တပါး,
အကြံဖြင့် ကြံစည်၍ ယူခြင်းတပါး။
ဧကစ္စသဿတဒိဋ္ဌိ ၄-ပါးကား -
အတ္တသည်၎င်း, လောကသည်၎င်း အချို့ မြဲ၏၊ အချို့ မမြဲဟု ယူခြင်းဖြစ်၏၊
ဗြဟ္မာငယ်ဘဝကို ပြန်မြင်၍ ယူခြင်း တပါး,
ခိဍာပဒေါသိက နတ်ဘဝကို ပြန်မြင်၍ ယူခြင်းတပါး,
မနာပဒေါသိက နတ်ဘဝကို ပြန်မြင်၍ ယူခြင်းတပါး
[ဤပြန်မြင်သူ သုံးယောက်ကား မိမိတို့သာ သေသည်၊ ကြွင်းသောနတ်, ဗြဟ္မာတို့ မသေဟု ယူသည်။]
အကြံဖြင့် ကြံစည်၍ စက္ခု၊, သောတ, ဃာန, ဇိဝှါ, ကာယသည် မမြဲ၊ မနောသည် မြဲ၏ဟု ယူခြင်းတပါး။
အန္တာနန္တဒိဋ္ဌိ ၄-ပါးကား-
လောကသည် အဆုံးရှိ၏၊ အဆုံးမရှိ- စသည်ဖြင့် ယူခြင်း ဖြစ်၏၊ သမာပတ်ဝင်စားစဉ်
လောကသည် အဆုံးရှိ၏ ဟူသော သညာဖြင့် နေ၍ လောကသည် အဆုံးရှိ၏ဟု ယူခြင်းတပါး,
အဆုံးမရှိ ဟူသော သညာဖြင့် နေ၍ လောကသည် အဆုံးမရှိဟု ယူခြင်းတပါး,
အောက် အထက်၌ အဆုံးရှိ၏၊ ဖီလာ၌ အဆုံးမရှိဟူသော သညာဖြင့် နေ၍ လောက သည် အဆုံးရှိသည်လည်း ဟုတ်၏။ အဆုံးမရှိသည်လည်း ဟုတ်၏ဟု ယူခြင်း တပါး
သမာပတ် မဝင်စားဘဲ အကြံဖြင့် ကြံစည်၍ လောကသည် အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်ဟု ယူခြင်းတပါး။
အမရာဝိက္ခေပဒိဋ္ဌိ ၄-ပါးကား-
အဖမ်းခက်သော ငါးကဲ့သို့ ပစ်ပယ်၍ ဤသို့လည်း ငါမဆို၊ ထိုသို့လည်း ငါမဆို၊ ထိုမှတပါးဟူ၍လည်း ငါမဆို၊ မဟုတ် ဟူ၍လည်း ငါမဆို၊ မဟုတ်သည် မဟုတ် ဟူ၍လည်း ငါမဆို-စသည်ဖြင့် ပစ်ပယ်၍ ပစ်ပယ်၍ယူခြင်း ဖြစ်၏၊
ကုသိုလ်, အကုသိုလ်ကို မသိသူဖြစ်၍ မသိဘဲ ငါဆိုလျှင် မုသားအန္တရာယ် ဖြစ်ရာ၏ဟု ကြောက်၍ ပစ်ပယ်၍ ယူခြင်း တပါး
စွဲလမ်းခြင်း ဥပါဒါန် အန္တရာယ် ဖြစ်ရာ၏ဟု ကြောက်၍ ပစ်ပယ်၍ယူခြင်း တပါး,
ပညာရှိတို့ မေးစစ်လျှင် ငါမဖြေနိုင်ဟု ကြောက်၍ ပစ်ပယ်၍ ယူခြင်း တပါး,
လွန်စွာ တွေဝေသောကြောင့် မေးသမျှကို ဤသို့လည်း ငါမဆို-စသည်ဖြင့် ပစ်ပယ်၍ ယူခြင်းတပါး။
အဓိစ္စသမုပ္ပန္နဒိဋ္ဌိ ၂ - ပါးကား-
အတ္တသည်၎င်း လောကသည်၎င်း အကြောင်းကင်း၍ ဖြစ်သည်ဟု ယူခြင်း ဖြစ်၏၊
အသညသတ်ဘုံမှ သေ၍ လူဖြစ်၍ အဘိညာရ၍ ရှေ့စိတ်အစဉ်ကို ပြန်ကြည့်သော အခါ ဤဘဝအစ ပဋိသန္ဓေစိတ် အထိသာ မြင်၍ ငါသည် ရှေ့၌ မဖြစ်၊ ယခုဘဝမှစ၍ ဖြစ်သည်၊ အကြောင်းကင်းလျက် ဖြစ်သည်ဟု ယူခြင်းတပါး,
အကြံဖြင့် ကြံစည်၍ အကြောင်းကင်းလျက် ယခုဘဝ၌ စ၍ ဖြစ်သည်ဟု ယူခြင်းတပါး။
ဤ ၁၈-ပါးသည် ပုဗ္ဗေနိဝါသအဘိညာရသူတို့အား ရှေ့အစွန်း ရှေးဘဝကို ကြံစည်၍ ဖြစ်ခြင်းကြောင့် ပုဗ္ဗန္တကပ္ပိကဒိဋ္ဌိ မည်၏။
နောက် ဆိုလတ္တံ့သော ၄၄-ပါးသည် ဒိဗ္ဗစက္ခုအဘိညာ ရသူတို့အား နောက်အစွန်း နောက်ဘဝကို ကြံစည်၍ ဖြစ်ခြင်းကြောင့် အပရန္တကပ္မိကဒိဋ္ဌိ မည်၏။
ထိုထွင် သညီဒိဋ္ဌိ ၁၆-ပါးကား-စုတိအထက်၌ သေခြင်း မရှိ၊ အမြဲသညာ ရှိ၏ဟု ယူခြင်းဖြစ်၏၊
အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းတပါး,
အတ္တသည် ရုပ်မရှိ၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်း တပါး,
အတ္တသည် ရုပ်ရှိလည်း ဟုတ်၏၊ ရုပ်မရှိလည်း ဟုတ်၏၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းတပါး,
အတ္တသည် ရုပ်ရှိလည်း မဟုတ်၊ ရုပ်မရှိလည်း မဟုတ်၊ သေပြီးနောက် အမြဲ သညာရှိ၏ဟု ယူခြင်းတပါး(၄)၊
အတ္တသည် အဆုံးရှိ၏၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းတပါး,
အဆုံးမရှိ၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းတပါး,
အဆုံးရှိလည်း ဟုတ်၏၊ အဆုံးမရှိလည်း ဟုတ်၏၊ သေပြီးနောက် အမြဲသညာ ရှိ၏ဟု ယူခြင်းတပါး,
အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းတပါး(၄)၊
အတ္တသည် တူသောသညာ ရှိ၏၊ မတူသောသညာ ရှိ၏၊ နည်းသောသညာရှိ၏၊ များသောသညာ ရှိ၏၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းလေးပါး (၄)၊
အတ္တသည် စင်စစ် သုခရှိ၏၊ စင်စစ် ဒုက္ခရှိ၏၊ စင်စစ် သုခ ဒုက္ခရှိ၏၊ စင်စစ် အဒုက္ခမသုခရှိ၏၊ သေပြီးနောက် အမြဲသညာရှိ၏ဟု ယူခြင်းလေးပါး(၄)။
အသညီဒိဋ္ဌိ ၈-ပါးကား-
စုတိအထက်၌ သေခြင်းမရှိ၊ အမြဲသညာမရှိဟု ယူခြင်း ဖြစ်၏၊
အတ္တသည် ရုပ်ရှိ၏၊ ရုပ်မရှိ၊ ရုပ်ရှိ ရုပ်မရှိဟုတ်၏။ ရုပ်ရှိလည်း မဟုတ်၊ ရုပ်မရှိလည်း မဟုတ်၊ သေပြီးနောက် အမြဲသညာ မရှိဟု ယူခြင်း လေးပါး (၄)၊
အတ္တသည် အဆုံး ရှိ၏၊ အဆုံးမရှိ၊ အဆုံးရှိမရှိဟုတ်၏၊ အဆုံး ရှိလည်းမဟုတ်- အဆုံးမရှိလည်း မဟုတ်။ သေပြီးနောက် အမြဲသညာမရှိဟု ယူခြင်းလေးပါး(၄)။
နေဝသညီနာသညီဒိဋ္ဌိ ၈-ပါးကား-
စုတိအထက်၌ သေခြင်းမရှိ၊ အမြဲ နေဝသညီနာသညီဖြစ်၏ဟု ယူခြင်းဖြစ်၏၊
အသညီအတိုင်း ရှစ်ချက်၌သေပြီး နောက် အမြဲနေဝသညီနာသညီဖြစ်၏ဟု ယူခြင်း ၈-ပါး (၈)။
ဥစ္ဆေဒဒိဋ္ဌိ ၇-ပါးကား-
သတ္တဝါသည် ပြတ်၏၊ သေပြီးနောက် မဖြစ်ဟု ယူခြင်းဖြစ်၏၊
ဤအတ္တသည် ပထဝီ, အာပေါစသော မာတ်လေးပါးအစု ဖြစ်၏၊ လူ့ဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါး,
လူ့ဘဝမှ မပြတ်သေး-နတ်ဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါး,
နတ်ဘဝမှ မပြတ်သေး-ရူပဗြဟ္မာဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါး,
ထိုမှ မပြတ်သေး - အာကာဗြဟ္မာဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါး,
ဝိညာဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါး,
အာကိံဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါး,
နေဝသညာ ဘဝမှ သေပြီးနောက် ပြတ်၏ဟု ယူခြင်းတပါးစီ။
ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ ၅-ပါးကား-
မျက်မှောက်ဘဝ၌ နိဗ္ဗာန်ရောက်၏ဟု ယူခြင်း ဖြစ်၏၊
ဤအတ္တသည် ကာမဂုဏ်ငါးပါးပြည့်စုံလျှင် မျက်မှောက်နိဗ္ဗာန် ရောက်၏ဟု ယူခြင်းတပါး,
ကာမဂုဏ်သည် အနိစ္စ-ဒုက္ခ-ဝိပရိဏာမ ဖြစ်၏၊ သောက-ပရိဒေဝစသည်ကို ဖြစ်စေ၏၊ ပဌမဈာန်ရမှ မျက်မှောက်နိဗ္ဗာန် ရောက်၏ဟု ယူခြင်းတပါး,
ပဌမဈာန်၌ ဝိတက်, ဝိစာရကြမ်း၏၊ ဒုတီယဈာန် ရမှ မျက်မှောက်နိဗ္ဗာန် ရောက်၏ဟု ယူခြင်းတပါး,
ဒုတီယဈာန်၌ ပီတိကြမ်း၏၊ တတီယဈာန်ရမှ မျက်မှောက်နိဗ္ဗာန် ရောက်၏ဟု ယူခြင်းတပါး,
တတီယဈာန်၌ သုခကြမ်း၏၊ ဒုက္ခ, သုခ မရှိသော စတုတ္ထဈာန်ရမှ မျက်မှောက်နိဗ္ဗာန် ရောက်၏ဟု ယူခြင်းတပါး။
.
ကမ္မပထ ဒိဋ္ဌိကြီးသုံးပါး
အကိရိကံပယ်၊ နတ်-ကျိုးပယ်၊ နှစ်သွယ် အဟေတု။
ယခုပြုစရာ အကြောင်းကံဟူ၍ မရှိကောင်းဟု ကံကိုပယ်လျှင် အကြိယ (အကိရိယ) ဒိဋ္ဌိ မည်၏။ [ဤကား အကိရိကံ ပယ်တည်း။]
နောင်ခံစားစရာ အကျိုးဝိပါက်ဟူ၍ မရှိကောင်းဟု ဝိပါက်ကိုပယ်လျှင် နတ္ထိကဒိဋ္ဌိ မည်၏။ [ဤကား နတ်-ကျိုးပယ်တည်း။]
အကျိုးကိုဖြစ်စေသော ရှေးအကြောင်းကံ ဟူ၍လည်း မရှိကောင်း၊ ယခု အကြောင်းကံကြောင့်ဖြစ်သော နောက်အကျိုးဝိပါက်ဟူ၍လည်း မရှိကောင်းဟု ကံ ဝိပါက် နှစ်ပါးလုံး ပယ်လျှင် အဟေတုကဒိဋ္ဌိ မည်၏၊
[ဤကား နှစ်သွယ်-အဟေတု တည်း။]
ဤသုံးမျိုး တမျိုးမျိုးယူလျှင် ကမ္မပထမြောက်သော မိစ္ဆာဒိဋ္ဌိ ဖြစ်၏၊ အပါယ်၌ ပဋိသန္ဓေကျိုး, ပဝတ္တိကျိုးကို ဖြစ်စေနိုင်၏။ ထိုအယူ မစွန့်မချင်း အပါယ်မှ မလွတ်၊ ကမ္ဘာမီးလောင်အံ့သောအခါ ပဉ္စာနန္တရိယကံ ထိုက်သူတို့ပင် အပါယ်မှ လွတ်ကုန်၏၊ မိစ္ဆာဒိဋ္ဌိကား မလွတ်၊ မီးမလောင်သောကမ္ဘာသို့ ရွှေ့ပြောင်း၍ အပါယ်ဒုက္ခ ခံရသည်။
.
ထင်ရှားသော ဒိဋ္ဌိ အမည်များ
ဒိဋ္ဌာသဝ, ဒိဋ္ဌောဃ, ဒိဋ္ဌိယောဂ, သီလဗ္ဗတပရာမာသကာယဂန္တ, ဣဒံ သစ္စာဘိနိဝေသကာယဂန္ထ, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်, ဒိဋ္ဌာနုသယ, ဒိဋ္ဌိသံယောဇဉ်, သီလဗ္ဗတပရာမာသ သံယောဇဉ်, ဒိဋ္ဌိကိလေသာ၊ ဤသို့ ထင်ရှား၏၊ မထင်ရှားသော အမည်များစွာ ရှိသေး၏၊ ထိုတွင်-
၁။ ဒိဋ္ဌာသဝ, ဒိဋ္ဌောဃ, ဒိဋ္ဌိယောဂ, ဒိဋ္ဌုပါဒါန်, ဒိဋ္ဌာနုသယ, ဒိဋ္ဌိသံယောဇဉ်, ဒိဋ္ဌိကိလေသာ၊ ဤအမည်တို့ကို ၆၂-ပါးစွမ်းဖြင့်၎င်း, နတ္ထိဒိန္နံ-စသော ဒသဝတ္ထုကာ စွမ်းဖြင့်၎င်း ဟောသည်။
၂။ အတ္တဝါဒုပါဒါန်ကို သက္ကာယဒိဋ္ဌိ ၂၀-စွမ်းဖြင့် ဟောသည်၊
၃။ ဣဒံသစ္စာဘိနိဝေသကို ငါ့အယူသာမှန်သည်ဟု အမှား၌ နှလုံးသွင်း လွန်ကဲသူ၏ ထိုထိုဒိဋ္ဌိစွမ်းဖြင့် ဟောသည်။
[ဣဒံ၊ ဤငါ၏ အယူသည်။
သစ္စံ၊ မှန်၏။
အညံ၊ သူတပါး၏အယူသည်။
မောဃံ၊ အချည်းနှီးတည်း။
ဣတိ၊ ဤသို့။
အဘိနိဝေသ၊ အလွန်အကဲအမှား၌ နှလုံးသွင်းသော ဒိဋ္ဌိဟု-ဆိုလိုသည်။]
၄။ သီလဗ္ဗတပရာမာသကာယဂန္ထ, ဥပါဒါန်, သံယောဇဉ်တို့ကို နွားတို့၏ အလေ့ အကျင့်ဖြင့် နိဗ္ဗာန်ရသည်ဟု အမှားနှလုံးသွင်းသူ၏ ထိုထို ဒိဋ္ဌိစွမ်းဖြင့် ဟောသည်။
[သီလ၊ နွားခွေးစသော တိရစ္ဆာန်တို့၏ အလေ့ဖြင့်၎င်း။
ဝတ၊ ထိုတိရစ္ဆာန်တို့၏ အကျင့်ဖြင့်၎င်း။
ပရာမာသ၊ ဝဋ်ဒုက္ခမှ စင်ကြယ်၏၊ နိဗ္ဗာန်ရောက်၏ဟု အမှားသုံးသပ်သော ဒိဋ္ဌိဟု-ဆိုလိုသည်၊
ရပ်လျက် ကျင်စွန့်ခြင်း, အစာကိုလက်ဖြင့် မစားဘဲ လေဘက်ထောက် ဟပ်စားခြင်း စသော အကျင့်ဖြစ်၏။]
သီလဗ္ဗတပရာမာသဒိဋ္ဌိထက် ဣဒံသစ္စာဘိနိဝေသဒိဋ္ဌိက သာ၍ဆိုးသည်၊ ထိုထိုဒိဋ္ဌိ အားလုံးသည် သက္ကာယဒိဋ္ဌိ ၂၀-လျှင် အရင်းခံရှိ၏၊ သက္ကာယဒိဋ္ဌိ ကင်းလျှင် ဒိဋ္ဌိအားလုံးကင်း၏၊ သက္ကာယဒိဋ္ဌိကင်းအောင် သောတာပတ္တိမဂ်သည် အမြစ်ဖြတ် နိုင်၏။ ပဋိစ္စသမုပ္ပါဒ်သဘောကို လျော်စွာ မသိဘဲ, ဘာဝနာမယ ဉာဏ်ဖြင့် မသိဘဲ သောတာပတ္တိမဂ်စိတ်၏ ဖြစ်ခြင်းသည် ဤသာသနာတော်၌ မရှိ၊ ထို့ကြောင့် စကြဝဠာတပါး မီးမလောင်သော ကမ္ဘာသို့ ရွှေ့ပြောင်း၍ ငရဲခံစေသော ဒိဋ္ဌိဆိုးတို့နှင့် အဆက်ပြတ်လိုသော အမျိုးကောင်းသား အမျိုးကောင်းသမီးသည် ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာသိရေး၌ ဝန်မလေးစေရာ၊ မဆုတ်မနစ် ကြိုးစားအားထုတ်ရာ၏။
ဤ၌ မိစ္ဆာဒိဋ္ဌိတို့၏ အယူဝါဒကို သာမညဖလသုတ္တန်ဖြင့်လည်း အချို့ သိနိုင်လတ္တံ့၊ အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောအခါမှစ၍ နောင်တပူပန်ခြင်းဖြင့် များစွာစိတ်ဆင်းရဲခြင်းသို့ ရောက်၏၊ တနေ့၌ အမတ်တို့ကို “ပညာရှိများထံ ချဉ်းကပ်လိုသည်”ဟု ဆို၏၊
အမတ်တို့သည် ပူရဏကဿပစသော တိတ္ထိဆရာကြီး ခြောက်ယောက်ထံ လိုက်ပို့ကြ၏။ အာသာဆန္ဒမပြည့်သဖြင့် တနေ့၌ ဆရာဇီဝကနှင့် တိုင်ပင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊ ချဉ်းကပ်ပြီးလျှင် ဤသို့ နားတော် လျှောက်၏။
မြတ်စွာဘုရား ... လောက၌ ဆင်စီး-မြင်းစီးအတတ်, အိုးလုပ်-ဖျာရက် အတတ် စသည်တို့သည် အသက်မွေးကြောင်း မျက်မှောက်အကျိုး ထင်ရှားသကဲ့သို့ ရဟန်းပြုခြင်း၏ မျက်မှောက်အကျိုး သာမညဖလသည် ထင်ရှားစွာ ရှိပါသလောဟု လျှောက်၏၊
သင်သည် တပါးသောသူတို့ကို မေးဘူးပြီလော၊
ပူရဏကဿပစသော ဆရာကြီးခြောက်ဦးကို မေးဘူးပါပြီဘုရား၊
အဘယ်သို့ ဖြေကြားသနည်း၊ ဝန်မလေးလျှင် ဖြေပုံကို ပြောပြဦးလော့၊
မြတ်စွာဘုရား ... မြတ်စွာဘုရား ကဲ့သို့သော ပုဂ္ဂိုလ်များရှိရာ၌ ပြောပြခြင်းငှာ ဝန်မလေးပါ ဘုရား။
[ပညာရှိယောင်ထံ၌သာ ဝန်လေးပါသည်၊ ပုဒ်, အက္ခရာတို့၌ အပြစ်ရှာ၍ အမှား ဖမ်းတတ်ကြပါသည်၊ ပညာရှိတို့ကား အပြစ်မရှိလျှင် ချီးမွမ်းကြပါသည်၊ အပြစ်ရှိရာ၌ ဖြောင့်မတ်အောင် ပြုပြင်ပေးကြပါသည်ဟု ဆိုလိုသည်။]
ပူရဏကဿပ အဖြေကား - ကုသိုလ်, အကုသိုလ်သည် ကောင်းကျိုး မကောင်းကျိုး မရှိ၊ ကောင်းမှု, မကောင်းမှု ပြုဘွယ်မရှိဟု (အကြောင်းကံကို တား၍) အကိရိယဝါဒကို ဖြေပါသည်။
[သရက်ပင်ကို မေးရာ ပိန္နဲပင်ကို ဖြေသကဲ့သို့ ဖြစ်ပါသည်။]
မက္ခလိဂေါသာလ အဖြေကား - သတ္တဝါတို့ ညစ်နွမ်းကြောင်း, ဖြူစင်ကြောင်း အကြောင်းမရှိ၊ ကမ္ဘာရှစ်သန်း လေးသိန်းအတွင်း သုခ, ဒုက္ခခံစား ကြရသည်၊ ရှစ်သန်း လေးသိန်းပြည့်လျှင် ဗာလ, ပဏ္ဍိတအားလုံး အလိုလို စင်ကြယ်၏၊ ဝါ-နိဗ္ဗာန်ရောက်၏၊ အကျင့်ကြောင့် သံသရာတိုခြင်း, ရှည်ခြင်းဟု မရှိ၊ ချည်လုံးကို ပစ်လျှင် ရစ်ထားသော ချည်အနေမျှသာ ပြေသကဲ့သို့တည်းဟု (ကံ, ဝိပါက်နှစ်ပါးလုံး တား၍) အဟေတုကဝါဒကို ဖြေပါသည်။
[သရက်ပင်ကို မေးရာ ပိန္နဲပင်ကို ဖြေသကဲ့သို့ ဖြစ်ပါသည်။]
အဇိတကေသကမ္ဗလ အဖြေကား - ဒါနအကျိုး မရှိ၊ ယဇ်ကြီးပူဇော်ကျိုး မရှိ၊ ယဇ်ငယ်ပူဇော်ကျိုး မရှိ၊ ကုသိုလ်, အကုသိုလ်၏ ကောင်းကျိုး မကောင်းကျိုး မရှိ၊ တပါးသော လောကမှလာရာ ဤလောက မရှိ၊ ဤမှသွားရာ ထိုလောက မရှိ။
[ဖြစ်ရာ ဘဝ၌ ပြတ်၏ ဟူလို၊]
အမိမရှိ အဘမရှိ။ [ကောင်း,မကောင်းကျိုးမရှိ ဟူလို။] သေပြီး ပြန်ဖြစ်သူ မရှိ၊ ကောင်းစွာကျင့်သော သမဏဗြာဟ္မဏ, ကိုယ်တိုင်သိ၍ ဟောကြားသော သမဏ ဗြာဟ္မဏ မရှိ၊ သတ္တဝါတို့သေလျှင် ကိုယ်တွင်းဓာတ်လေးပါးသည် ပြင်ပ ဓာတ်လေးပါးနှင့် ရော၏၊ စက္ခုစသော ဣန္ဒြေခြောက်ပါးသည် ကောင်းကင်သို့ ပျံတက်၏၊ အရိုးစုသာ ထင်ရှား၏။
၁။ “ဘဿန္တာ အာဟုတိယော”။
အာဟုတိယော၊ အလှူဒါနတို့သည်။
ဘဿန္တာ၊ ပြာလျှင် အဆုံးရှိကုန်၏။
[ကောင်းကျိုးမပေးကုန်-ဟူလို၊ ]
၂။ “ဒတ္တုပညတ္တံ-ယဒိဒံဒါနံ”။
ယဒိဒံဒါနံ၊ ယင်းဒါနကို။
ဒတ္တုပညတ္တံ၊ မိုက်သူတို့ ပညပ်၏။
[မိုက်သူလှူသည်၊ လိမ္မာသူ အလှူခံသည်-ဟူလို၊
၃။ “တေသံ တုစ္ဆံမုသာ ဝိလာပေါ”။
တေသံ၊ ထိုသူမိုက်တို့၏။
ဝိလာပေါ၊ စကားသည်။
တုစ္ဆံ၊ အချည်းနှီး ဖြစ်၏။
မုသာ၊ ချွတ်ယွင်း၏။
ဒါန အကျိုးရှိ၏ဟု ဆိုသော ဗာလ ပဏ္ဍိတ အားလုံး သေလျှင် ပြတ်၏ဟု (အကျိုး ဝိပါက်ကို ပယ်၍) နတ္ထိကဝါဒကို၊ ဝါ-ဥစ္ဆေဒဝါဒကို ဖြေပါသည်။
[သရက်ပင်ကို မေးရာ ပိန္နဲပင်ကို ဖြေသကဲ့သို့ ဖြစ်ပါသည်။]
ပကုဓကစ္စာယန အဖြေကား- ဤကိုယ်သည် ပထဝီစသော ဓာတ်လေးပါး သုခ, ဒုက္ခ, ဇီဝအားဖြင့် ခုနစ်ပါး အပေါင်း ဖြစ်၏၊ ပြု၍ ဖန်ဆင်း၍ မဖြစ်၊ အလိုလို တည်၏၊ အချင်းချင်း ပြုပြင်၍ မရ၊ ထက်သောထားဖြင့် ဦးခေါင်းဖြတ်သော်လည်း သတ်သည် မမည်၊ ကာယခုနစ်ပါး အကြား၌သာ လက်နက်ဝင်သည်ဟု မဆီမဆိုင် အဖျင်းဖျင်းကို ဖြေပါသည်။
[သရက်ပင်ကို မေးရာ ပိန္နဲပင်ကို ဖြေသကဲ့သို့ ဖြစ်ပါသည်။]
နိဂဏ္ဌနာဋပုတ္တအဖြေကား - စာတုယာမသံဝရခေါ်သော လေးပါး အစရှိသော စောင့်စည်းခြင်းနှင့် ပြည့်စုံရသည်၊
ရေအေးကို တားခြင်း တပါး
[ရေအေးသည် သတ္တဝါတဦး ဖြစ်သည်၊ မသုံးဆောင်ရ-ဟူလို။ ]
မကောင်းမှုကို တားခြင်းတပါး,
တား၍ မကောင်းမှုကို ဖျက်ဆီးခြင်းတပါး,
မကောင်းမှု တားခြင်းဖြင့် နှံ့ခြင်းတပါး၊
ဤလေးပါးသော စာတုယာမသံဝရကို စောင့်စည်းခြင်းကြောင့် နာဋပုတ္တသည် ထွဋ်ထိပ်သို့ရောက်သောစိတ် ရှိ၏၊ စောင့်စည်းသောစိတ် ရှိ၏၊ တည်ကြည်သောစိတ် ရှိ၏ဟူ၍ ဆိုအပ်၏ဟု စာတုယာမသံဝရကို ဖြေပါသည်။
[သရက်ပင်ကို မေးရာ ပိန္နဲပင်ကို ဖြေသကဲ့သို့ ဖြစ်ပါသည်။]
[ဤဝါဒနှင့်စပ်၍ ကြားရဘူးသည်မှာ တိတ္ထိအချို့သည် ရေအေးကို “ပိုးရှိသည်၊ ပိုးသေလျှင် ငရဲကြီးသည်”ဟု ပကတိအတိုင်း မသုံး၊ ချက်ပြီးမှ သုံးသတဲ့၊ ချက်ခိုက် ပိုးသေသော်လည်း သုံးခိုက်မသေသောကြောင့် အပြစ်မရှိဟု ယူသတဲ့။]
ဗေလဋ္ဌပုတ္တသဉ္စယ အဖြေကား - တမလွန်လောက ရှိသသောဟု ငါ့ကို မေးလျှင်
ဧဝန္တိပိ မေနော-ရှိ၏ဟူ၍လည်း ငါမယူ၊
တထာတိပိ မေနော-မရှိ ဟူ၍လည်း ငါ မယူ၊
အညထာတိပိ မေနာ-ရှိ မရှိမှ တပါးဖြင့် ဖြစ်၏ဟူ၍လည်း ငါ မယူ၊
နောတိပိ မေနော၊ ရှိမရှိမှ တပါးဖြင့် မဖြစ် ဟူ၍လည်း ငါမယူ၊
နော နောတိပိ မေ နော-ရှိ မရှိမှ တပါးဖြင့် မဖြစ်သည် မဟုတ်ဟူ၍လည်း ငါ မယူ (၅)၊
တမလွန်လောက မရှိသလော၊ အချို့ ရှိ အချို့ မရှိသလော၊ ရှိ မရှိလည်း မဟုတ်သလော၊ သေပြီး ပြန်ဖြစ်သူ, ကောင်းမှု-မကောင်းမှု၏ ကောင်းကျိုး- မကောင်းကျိုး, သတ္တဝါသေပြီးနောက် ပြန်ဖြစ်သူ ရှိမရှိစသည်ဖြင့် ငါ့ကို မေးလျှင်
ရှိ၏ဟူ၍လည်း ငါ မယူ၊
မရှိဟူ၍လည်း ငါမယူ၊
ရှိ မရှိမှ တပါးဖြင့် ဖြစ်၏ဟူ၍လည်း ငါ မယူ၊
ရှိ မရှိမှတပါးဖြင့် မဖြစ်ဟူ၍လည်း ငါ မယူ၊
ရှိ မရှိမှတပါးဖြင့် မဖြစ်သည် မဟုတ်ဟူ၍လည်း ငါမယူ-ဟု ဖြေကြားရာ၏
ဟူ၍ အမရာဝိက္ခေပဝါဒကို ဖြေပါသည်။
[သရက်ပင်ကို မေးရာ ပိန္နဲပင်ကို ဖြေသကဲ့သို့ ဖြစ်ပါသည်.]
ထိုဝါဒကို မနှစ်သက်သော်လည်း မနှစ်သက်ဟု မဆိုမူ၍ ဖဲခဲ့ပါသည်၊ ယခု မြတ်စွာဘုရားကို မေးလျှောက်ပါသည်၊ ရဟန်းပြုခြင်း မျက်မှောက်အကျိုး- သာမညဖလသည် ထင်ရှားစွာ ရှိပါသလော ဘုရားဟု လျှောက်၏။
၁။ ထိုသို့ဖြစ်လျှင် သင့်ကို ငါပြန်၍ မေးမည်၊ သင်မင်းကြီး အဘယ်သို့ ဖြေ ဆိုမည်နည်း၊ သင်မင်းကြီး၏ ကျေးကျွန်တယောက်သည် “ကုသိုလ်ကျိုး ဟူသည် အံ့ဘွယ်ရှိလေစွ၊ အဇာတသတ်မင်းအား စည်းစိမ်ပြည့်စုံသည်၊ လူချင်း တူလျက် ငါကား သူ့ကျွန် ဖြစ်သည်၊ ရဟန်းပြုရမူ ကောင်းလေစွ”ဟု ကြံ၍ ရဟန်းပြု၍ ကိုယ်, နှုတ်, စိတ် စောင့်စည်းကာ ဆိတ်ငြိမ်ရာ၌ သူတော်ကောင်းတရား အားထုတ်ကာ နေငြားအံ့၊ ထိုသူကို သင်မင်းကြီးသည် ခေါ်၍ “ငါ့ကျွန် အမှု ပြန်ပြုရမည်” ဟု ဆိုမည်လော၊ (ဆိုခြင်းငှာ မသင့်ပါဘုရား၊ ရိုသေစွာ ရှိခိုး၍ ပစ္စည်းလေးပါး လှူဒါန်း၍ တရားနှင့်အညီ စောင့်ရှောက်ပါမည်ဘုရား၊) ဤသို့ဖြစ်လျှင် ရဟန်းပြုခြင်း၏ မျက်မှောက်အကျိုး ထင်ရှားသလော၊ မထင်ရှား သလော၊ (ထင်ရှားပါသည်ဘုရား။)
[ဤကား ရဟန်းပြုခြင်း၏ မျက်မှောက်အကျိုး - သာမညဖလတည်းဟု ပညပ်၏ဟု မိန့်တော်မူ၏။]
၂။ ထိုမှတပါး ပညပ်ခြင်းငှာ တတ်ကောင်းပါသေးသလော ဘုရားဟု လျှောက်ပြန်၏။ မင်းကြီး … သင်၏လယ်ကို လုပ်သော အခွန်တိုးစေသော လယ်သမားသည် ကုသိုလ်ကျိုးလိုလား၍ ရဟန်းပြု၍ ကောင်းစွာ စောင့်စည်း၍ သူတော်ကောင်းတရား အားထုတ်ကာ နေငြားအံ့၊ ထိုသူကို “ငါ့ လယ် ပြန်လုပ်ရမည်”ဟု သင်ဆိုမည်လော၊ (ဆိုခြင်းငှာ မသင့်ပါဘုရား၊ ရိုသေ စွာ ရှိခိုး၍ လှူဒါန်း၍ စောင့်ရှောက်ပါမည်ဘုရား၊) ဤသို့ဖြစ်လျှင် ရဟန်းပြု ခြင်း၏ မျက်မှောက် အကျိုး ထင်ရှားသလော၊ မထင်ရှား သလော၊ (ထင်ရှားပါသည် ဘုရား၊)
[ဤကား ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး သာမညဖလတည်းဟု ပညပ်အပ်၏ ဟု မိန့်တော်မူ၏။]
၃။ ထို့ထက်အလွန် ပညပ်ခြင်းငှာ တတ်ကောင်းပါသေးသလော ဘုရားဟု လျှောက်ပြန်၏၊ မင်းကြီး ... နားထောင်လော့၊ လောက၌ မြတ်စွာဘုရားပွင့်၍ တရားဟောသဖြင့် တရားနာရသော သူကြွယ်တဦးသည် ရဟန်းအဖြစ်ကား အငြိ အတွယ် မရှိ- ကောင်း၏ဟု ရဟန်းပြု၍ ပါတိမောက္ခသံဝရသီလကို စောင့်သုံး၏၊ ဣန္ဒြိယသံဝရသီလကို စောင့်စည်း၏၊ အဘိဇ္ဈာ, ဗျာပါဒစသည်တို့ကို သုတ်သင်၏၊ ကာမစ္ဆန္ဒ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ, ဝိစိကိစ္ဆာဟူသော နီဝရဏငါးပါးကို သုတ်သင်၍ --
(ကာမ) ကြွေးရှိသူ ကြွေးကင်းသကဲ့သို့
(ဗျာပါဒ) ရောဂါရှိသူ ရောဂါကင်းသူကဲ့သို့
(ထိန) နှောင်ဖွဲ့ခံရသူ လွတ်လာသကဲ့သို့
(ဥဒ္ဓစ္စ) ကျွန်ဖြစ်သူ ကျွန်အဖြစ်မှ လွတ်လာသကဲ့သို့
(ဝိစိကိစ္ဆာ) ပစ္စည်းနှင့် ခရီးသွားသူ ခရီးခဲမှထွက်သကဲ့သို့ …
ဝမ်းမြောက်၍ ပီတိပါမောဇ္ဇရ၍ ပဌမဈာန် ရသောအခါ ပီတိ သုခ ပြည့်ဝ၏။
၁။ ကာမစ္ဆန္ဒ ရှိသူသည် ကြွေးမြီရှိသူကဲ့သို့ ပြောဆိုတိုင်း, ပြုလုပ်တိုင်း ဒုက္ခကို သည်းခံရ၏၊ ကာမစ္ဆန္ဒကင်းသောအခါ ကြွေးမြီကင်းသူကဲ့သို့ ဝမ်းမြောက်ရ၏။
၂။ ဗျာပါဒ ရှိသူသည် ရောဂါသည်သည် စားသမျှခါးသကဲ့သို့ သူတော် ကောင်းတရား ခါး၏၊ ဗျာပါဒကင်းသောအခါ ရောဂါကင်းသကဲ့သို့ ဝမ်းမြောက်ရ၏။
၃။ ထိနမိဒ္ဓ ရှိသူသည် ပွဲသဘင်နေ့ နှောင်ဖွဲ့ခံရသူကဲ့သို့ ဟောပြောသမျှ သူတော်ကောင်းတရားကို မသိ၊ ထိနမိဒ္ဓ ကင်းသောအခါ နှောင်ဖွဲ့ရာမှ လွတ်သူ ကဲ့သို့ ဝမ်းမြောက်ရ၏။
၄။ ဥဒ္ဓစ္စ, ကုက္ကုစ္စ ရှိသူသည် သူ့ကျွန်ခံရသူ သခင်ခိုင်းသမျှ ပြုလုပ်ရ၍ ပွဲသဘင်စသည်ကို မခံစားရသကဲ့သို့ အပ်, မအပ် သုတ်သင်ခြင်းငှာ ဝိနည်းဓိုရ်ထံ သွားရ၏၊ ဝိဝေကသုခ မခံစားရ၊ ဥဒ္ဓစ္စ, ကုက္ကုစ္စ ကင်းသောအခါ သူ့ကျွန်အဖြစ်မှ လွတ်သူကဲ့သို့ ဝမ်းမြောက်ရ၏။
၅။ ဝိစိကိစ္ဆာ ရှိသူသည် ဘဏ္ဍာယူ၍ ခိုးသူရှိသော ခရီးခဲသွားသူ တထိတ်ထိတ် ရှိသကဲ့သို့ ဘုရား, တရား, သံဃာ၌ ယုံမှားခြင်း မရှိသဖြင့် မဂ် ဖိုလ်မရနိုင်၊ ဝိစိကိစ္ဆာ ကင်းသောအခါ ခရီးခဲမှ လွတ်မြောက်လာသူ ကဲ့သို့ ဝမ်းမြောက်ရ၏။
ဝမ်းမြောက်၍ ပီတိပါမောဇ္ဇရ၍ ပဌမဈာန်ရသောအခါ ဝိဝေကပီတိ သုခ အပြည့်စွတ်စို၏၊ ရေချိုးကသယ်မှုန့် အလုံး၌ တွင်းပ-ရေစေး နှံ့သကဲ့သို့ ပီတိ သုခ တွင်းပ အပြည့် နှံ့၏။
[ဤပဌမဈာန်ရခြင်းသည် ယခင်ထက် ထူးသော ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး-သာမညဖလပေတည်း။]
၄။ တဖန် ဒုတီယဈာန် ရသောအခါ သမာဓိကြောင့်ဖြစ်သော ပီတိ သုခသည် တကိုယ်လုံးတွင်းပ အပြည့် စွတ်စို၏၊ ရေစိမ့်သော ရေကန်ကဲ့သို့ တကိုယ်လုံး တွင်းပ စိမ့်၏။
[ဤဒုတိယဈာန် ရခြင်းသည် ယခင်တို့ထက် ထူးသော ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး-သာမညဖလပေတည်း၊]
၅။ တဖန် တတီယဈာန် ရသောအခါ သတိသမ္ပဇညရှိ၍ ပီတိကင်းသော သုခဖြင့် တကိုယ်လုံး တွင်းပအပြည့် စွတ်စို၏၊ ရေ၌ငုပ်လျက် ကြီးပွားသော ကြာရုံကဲ့သို့ တွင်းပ အေးချမ်း၏။
[ဤတတီယဈာန်ရခြင်းသည် ယင်တို့ထက်ထူးသော ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး သာမညဖလပေတည်း။]
၆။ တဖန် စတုတ္ထဈာန် ရသောအခါ ဥပေက္ခာသတိဖြင့် စင်ကြယ်သော စိတ်သည် တကိုယ်လုံး နှံ့၏၊ အဝတ်ဖြူ ခြုံသူအား အငွေ့တကိုယ်လုံး နှံ့သကဲ့သို့ နှံ့၏။
[ဤစတုတ္ထဈာန် ရခြင်းသည် ယခင်တို့ထက် ထူးသော ရဟန်းပြုခြင်း၏ မျက်မှောက် အကျိုး- သာမညဖလပေတည်း။]
၇။ တဖန် ဈာန်စိတ်ဖြင့် တည်ကြည်၍ ဝိပဿနာ ဉာဏဒဿနအကျိုးငှာ စိတ်ကို ဆောင်သောအခါ ဤကာယသည် ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အပေါင်း ဖြစ်၏၊ ထမင်း မုံ့တို့ကြောင့် ကြီး၏၊ ဖြစ်ပြီးပျက်သော အနိစ္စသဘော ရှိ၏၊ အနံ့ဆိုး ကင်းစေခြင်းငှာ လိမ်းကျံအပ်၏၊ နာကျင်ခြင်း ကင်းစေခြင်းငှာ ဆုပ်နယ်အပ်၏၊ ပြုပြင်လျက်သော်လည်း ဖရိုဖရဲ ပျက်ခြင်းသဘော ရှိ၏၊ ဤဝိညာဏ်သည် ဤရုပ်၌ မှီ၍ စပ်၏ဟု မြင်သိ၏၊ ပတ္တမြားကုံးကို သီသောကြိုး ညို ရွှေ နီ ဖြူဖြင့် မျက်စိရှိသူ မြင်သိသကဲ့သို့ ဝိပဿနာဉာဏ်ဖြင့် မြင်သိ၏။
[ဤ ဝိပဿနာဉာဏ် ရခြင်းသည် ယခင်တို့ထက် ထူးသော မျက်မှောက် သာမညဖလ ပေတည်း။]
၈။ မနောမယိဒ္ဓိဖြင့် စိတ်ရှိသောကိုယ်ကို ဖန်ဆင်းလိုသောအခါ မိမိကိုယ်မှ စိတ်ရှိသော မိမိနှင့်တူသော ကိုယ်တခုကို ဖန်ဆင်း၏၊ ဖြူဆံမြက်မှ အညှောက် နုတ်သကဲ့သို့ သံလျက်အိမ်မှ သံလျက်နုတ်သကဲ့သို့ မြွေအရေဟောင်းမှ မြွေကိုယ်ကို ထုတ်သကဲ့သို့ ဖန်ဆင်း၏။
[ဤမနောမယိဒ္ဓိ ရခြင်းသည် ယခင်တို့ထက်ထူးသော မျတ်မှောက် သာမညဖလပေ တည်း၊]
၉။ ဣဒ္ဓိဝိဓအလို့ငှာ စိတ်ဆောင်သောအခါ တဦးတည်းဖြစ်လျက် အများ ဖြစ်၏။ အများဖြစ်လျက် တဦးတည်းဖြစ်၏၊ နံရံ, တံတိုင်း, တောင်တဘက်သို့ မငြိမတွယ် ကောင်းကင်၌ကဲ့သို့ မထင်ရှား၎င်း ထင်ရှားစွာ၎င်း သွား၏၊ ရေ၌ကဲ့သို့ မြေ၌ငုပ်၏၊ မြေ၌ကဲ့သို့ ရေပေါ်၌သွား၏၊ ငှက်ကဲ့သို့ ကောင်းကင်၌ တင်ပျဉ်ခွေလျက် ရွေ့သွား၏၊ လ နေတို့ကို ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင် ကိုယ်ဖြင့် အလိုကိုဖြစ်စေ၏၊ အိုးထိန်းသည်သည် လိုရာအိုးပြုသကဲ့သို့, ဆင်စွယ် ပွတ်သမားသည် လိုရာဆင်စွယ် အထူးပြုသကဲ့သို့ ရွှေပန်းတိမ်သည်သည် လိုရာ ရွှေတန်ဆာ ပြုသကဲ့သို့ လိုတိုင်း ပြီးအောင် ပြု၏။
[ဤဣဒ္ဓိဝိဓ ရခြင်းသည် ယခင်တို့ထက် ထူးသော မျက်မှောက် သာမညဖလ ပေတည်း။]
၁၀။ ဒိဗ္ဗသောတအလို့ငှာ စိတ်ဆောင်သောအခါ နတ်၌, လူ၌ဖြစ်သော အနီး အဝေး အသံတို့ကို ကြား၏၊ မှတ်သား၏၊ အန္တရာယ်မရှိသော ခရီး၌ ခရီးရှည်သွားသူသည် ကြားသမျှအသံကို မှတ်သားသကဲ့သို့ မှတ်သား၏။
[ဤဒိဗ္ဗသောတ ရခြင်းသည် ယခင်တို့ထက်ထူးသော သာမညဖလ ပေတည်း။]
၁၁။ စေတောပရိယအလို့ငှာ စိတ်ဆောင်သောအခါ သူတပါး၏ ရာဂစိတ် ဒေါသစိတ်, စိတ်ကောင်း, စိတ်ညံ့ဟူသမျှကို မှန်ကြေးမုံ၌ မျက်နှာရိပ်ကိုကဲ့သို့ မြင်သိ၏။
[ဤ ပရစိတ္တဝိဇာနန ရခြင်းသည် ယခင်တို့ထက်ထူးသော သာမညဖလ ပေတည်း၊]
၁၂။ ရှေးဘဝသိခြင်းငှာ စိတ်ဆောင်သောအခါ အတိတ်တဘဝ နှစ်ဘဝ ဘဝရာထောင်, ကမ္ဘာများစွာတိုင်အောင် ဤဘဝမှ ဤဘဝသို့ ရောက်လာ၏ဟု တရွာမှတရွာ ခရီးသွားသူကဲ့သို့ ပြန်အောက်မေ့နိုင်၏။
[ဤပုဗ္ဗေနိဝါသ ရခြင်းသည် ယခင်တို့ထက်ထူးသော သာမညဖလပေတည်း၊]
၁၃။ စုတူပပါတဉာဏ် အလို့ငှာ စိတ်ဆောင်သောအခါ သေဆဲ ဖြစ်ဆဲ ဖြူ မဲ, ယုတ်, မြတ်, ကံအတိုင်း ချဉ်းကပ်ရသူတို့ကို ဒိဗ္ဗစက္ခုဉာဏ်ဖြင့် မြင်၏၊ ခရီးဆုံပြာသာဒ် အထက်၌ နေသူသည် အိမ်တွင်းဝင်သူ ထွက်သွားသူ ခရီးသွားသူတို့ကို မြင်သကဲ့သို့ မြင်၏။
[ဤစုတူပပါတဉာဏ်ဟူသော ဒိဗ္ဗစက္ခုဉာဏ် ရခြင်းသည် ထူးသော ရဟန်းပြုကျိုး- သာမညဖလပေတည်း၊]
၁၄။ အာသဝေါကုန်ခြင်းငှာ (နိဗ္ဗာန်အလို့ငှာ, အရဟတ္တမဂ်အလို့ငှာ) စိတ်ဆောင် သောအခါ --
ဤတေဘူမက တရားသည် ဒုက္ခသစ္စာတည်း၊
ထိုဒုက္ခကို ဖြစ်စေသော တဏှာသည် သမုဒယသစ္စာတည်း၊
ဒုက္ခ, သမုဒယ နှစ်ပါးချုပ်ရာ မဖြစ်ရာ နိဗ္ဗာန်သည် နိရောဓသစ္စာတည်း၊
ထိုနိဗ္ဗာန်သို့ ပို့တတ်သော မဂ္ဂင် ရှစ်ပါးသည် မဂ္ဂသစ္စာတည်း။
ဤသို့ ဟုတ်မှန်စွာသိ၍ ကာမာသဝ, ဘဝါသဝ,အဝိဇ္ဇာသဝတို့မှ စိတ်သည် လွတ်၏။ [မဂ်ခဏ၌ လွတ်၏။]
ငါ၏စိတ်သည် လွတ်ပြီဟု ဉာဏ်ဖြစ်၏။ [ ဖိုလ်ခဏကို ဆင်ခြင်၏။]
ဇာတိကုန်ပြီ၊ ကျင့်ဘွယ်မဂ်ကိစ္စ ၁၆-ချက်လုံး ကျင့်ပြီးပြီ၊ ထို့ထက်အလွန် ကျင့်ဘွယ် မရှိဟု သိ၏။ [ကံတွေ ရှိသော်လည်း ကိလေသာကုန်ခြင်းကြောင့် ဇာတိ ကုန်ပြီဟု သိ၏။]
တောင်ထိပ်၌ ကြည်လင်သော ရေကန်၌ ခရု, ယောက်သွား, ငါး, လိပ်, ကျောက်စရစ်တို့ကို သွားသည်, ရပ်တည်သည်တို့ကို မြင်ရသကဲ့သို့ သစ္စာလေးပါး မြင်သိ၍ ကိလေသာမှ လွတ်၏။
မင်းကြီး ... “ဤအာသဝက္ခယဉာဏ် ရခြင်းသည် ယခင်တို့ထက် ထူးသော ရဟန်းပြုခြင်း မျက်မှောက်အကျိုး- သာမညဖလပေတည်း၊ ထို့ထက်အလွန် မရှိပြီ” ဟု မိန့်တော်မူ၏။
ထိုအခါ အဇာတသတ်မင်းသည် မြတ်စွာဘုရား ... လမ်းမှားသူအား လမ်းမှန်ပြ သကဲ့သို့ များစွာသော အကြောင်းတို့ဖြင့် ဟောပြပါပေသည်၊ ရတနာသုံးပါး ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ၊ တပည့်တော်သည် မိုက်မဲတွေဝေ သဖြင့် ခမည်းတော် မင်းတရားကြီးကို သတ်မိပါပြီ၊ သည်းခံတော်မူပါဟု လျှောက်၍ ပြန်သွား၏၊ ထိုနောက် ရဟန်းတို့ကို ခေါ်၍ ချစ်သားတို့ ... .အဇာတသတ်မင်းသည် မိမိကိုယ်ကိုမိမိ ဖျက်ဆီးအပ်ပြီ၊ ခမည်းတော်ကို မသတ်မိသူဖြစ်အံ့၊ ဤနေရာ၌ မဂ်ဖိုလ်ရရာ၏ဟု မိန့်တော်မူ၏။
[ဤမျှဖြင့် ဝိပဿနာဉာဏ်, မနောမယဉာဏ်, ဣဒ္ဓိဝိဓဉာဏ်, ဒိဗ္ဗသောတဉာဏ်, စေတောပရိယာယဉာဏ်, ပုဗ္ဗေနိဝါသဉာဏ်, ဒိဗ္ဗစက္ခုစွမ်းဖြင့်ဖြစ်သော အနာဂတံသ ဉာဏ်, ယထာကမ္မူပဂဉာဏ်နှစ်ပါး, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ် - အားဖြင့် ဉာဏ်ဆယ်ပါး ညွှန်ပြတော်မူ၏။]
ဤသို့ ယခု သာမညဖလသုတ်ကို နာကြားရသူတို့သည် ဒိဋ္ဌိအမျိုးမျိုး ကင်း၍ ဉာဏ်ဆယ်ပါးဟူသော သာမညဖလကို မျက်မှောက်ပြုနိုင်ကြသူတို့ ဖြစ်ကြပါ စေကုန်သတည်း။
.
ရှင်အာနန္ဒာ စကား အတားခံရခြင်းနှင့် တရားသူခိုး
ပဋိစ္စသမုပ္ပါဒ်ဉာဏ်ရပုံ တရားစာ
မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မသဒမ္မနိဂုံး၌ သီတင်းသုံးနေတော် မူသောအခါ အရှင်အာနန္ဒာမထေရ်သည် တကာ တကာမတို့ကို ချီးမြှောက်ခြင်းအားဖြင့် ဥစ္စာ ထောင်ထုပ်ကို အိမ်ပေါက်စေ့ တထုပ်စီ ချပေးသကဲ့သို့ ကမ္မသဒမ္မရွာ၌ ဆွမ်းခံ လှည့်လည်တော်မူတယ်၊ ဆွမ်းကိစ္စ ပြီး၍ ဆွမ်းခံရွာမှ ပြန်လာသောအခါ မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်ပြု၍ နေ့ခင်း၌ မြတ်စွာဘုရား ဂန္ဓကုဋိသို့ ဝင်တော်မူ၍ ကိန်းအောင်းသောအခါမှ မိမိနေရာသို့ ပြန်လာ၍ တပည့်တို့အား ဆိုင်ရာဝတ်ကိုပြု၍ နေ့နေရာ သုတ်သင်ပြီးလျှင် တင်ပျဉ်ခွေလျက် ဖလသမာပတ်ကို ဝင်စားတယ်၊ သမာပတ်မှ ထသောအခါ ပဋိစ္စသမုပ္ပါဒ်တရားတော်၌ ဉာဏ်သက်ဝင် စေ၍ ဤသို့ ဆင်ခြင် သုံးသပ်တော်မူသတဲ့၊ ဒီမှာ ရှင်အာနန္ဒာ ဆင်ခြင်ပုံကို နည်းယူပြီး ဆင်ခြင်ရအောင် သတိပြုရမယ်။
ရှင်အာနန္ဒာ ပဋိစ္စသမုပ္ပါဒ် ဆင်ခြင်ပုံကား - အဝိဇ္ဇာကြောင့်သင်္ခါရသာ ဖြစ်သည်၊ ငါ့ကိုယ်, ငါ့ဟာ, ငါ, ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူ, နတ် မဖြစ်၊ အဝိဇ္ဇာလည်း အကြောင်းအားလျော်စွာ ဖြစ်သော အကျိုး တရားမျှသာတည်း။
သင်္ခါရကြောင့် ဝိညာဏ်သာဖြစ်သည်၊ ငါ့ကိုယ်, ငါ့ဟာ, ငါ, ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူ, နတ် မဖြစ်၊ သင်္ခါရလည်း အကြောင်း အားလျော်စွာ ဖြစ်သော အကျိုးတရား မျှသာတည်း။
ဤနည်းဖြင့် - ဇာတိကြောင့် ဇရာမရဏသာ ဖြစ်သည်၊ သောက ပရိဒေဝ စသည်တို့သာ ဖြစ်ကြသည်၊ ငါ့ကိုယ်, ငါ့ဟာ, ငါ, ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူ, နတ် မဖြစ်၊ ဇာတိလည်း အကြောင်းအား လျော်စွာဖြစ်သော အကျိုးတရားမျှသာတည်း။
ဤသို့လျှင် အစမှအဆုံး - အဆုံးမှအစသို့၎င်း, နှစ်ဘက်စွန်းမှ အလယ်အလယ်မှ နှစ်ဘက်စွန်းသို့၎င်း ရောက်စေလျက် အဆက်ဆက် ကျေးဇူးပြုပုံ ၁၂-ပုဒ်လုံးကို သုံးကြိမ်တိုင်တိုင် ဆင်ခြင်သုံးသပ်တော်မူတယ်၊ ထိုအခါ ကျေးဇူးပြုပုံခြင်းရာ အားလုံးသည် ပေါ်လွင်စွာ ဉာဏ်၌ ထင်ရှားလာသတဲ့၊ သည်တော့ ဘယ်လိုကြံစည် မိသလဲဆိုတော့ ဤပဋိစ္စသမုပ္ပါဒ် သဘောသည် နက်နဲ၏၊ နက်ရောင်လည်း ထင်၏ ဟု အလုံးစုံသော မြတ်စွာဘုရားများ ဟောကြားပါတယ်၊ ငါသည် ဉာဏ်တစိတ် တဒေသမျှ ရှိသော သာဝကဖြစ်လျက် ငါ၏ ဉာဏ်၌ ပေါ်လွင်စွာ ထင်ရှားလာတယ်၊ ငါ့အားသာ ဤသို့ ပေါ်လွင်သလော၊ တပါးသော သူတို့အားလည်း ပေါ်လွင် လေသလောဟု ဖြစ်၍ ညနေချမ်းအချိန်တွင် ဘုရားရှင်ထံ ချဉ်းကပ်၍ ဤသို့ လျှောက်သတဲ့။
အစ္ဆရိယံ ဘန္တေ အဗ္ဘုတံ ဘန္တေ၊ ယာဝ ဂမ္ဘီရောစာယံ ဘန္တေ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသောစ၊ အထ စ ပန မေ ဥတ္တာနက-ဥတ္တာနကော ဝိယ ခါယတိ။
ဘန္တေ၊ မြတ်စွာဘုရား။
အစ္ဆရိယံ၊ အံ့ဘွယ်ရှိလှပါ၏။
အဗ္ဘုတံ၊ မဖြစ်စဘူး ဖြစ်ပုံထူးလှပါ၏။
ဘန္တေ၊ မြတ်စွာဘုရား။
အယံ ပဋိစ္စသမုပ္ပါဒေါ၊ ဤပဋိစ္စသမုပ္ပါဒ်သည်။
ယာဝ၊ အလွန်အကဲ ပမာဏ မရှိအောင်။
ဂမ္ဘီရောစ၊ နက်လည်းနက်၏။
ဂမ္ဘီရာဝဘာသောစ၊ နက်ရောင်လည်း ရှိပါ၏။
အထ စ ပန၊ ထိုသို့ဖြစ်ပါသော်လည်း။
မေ-မမ၊ အကျွန်ုပ်အာနန္ဒာအား။
ဥတ္တာနက-ဥတ္တာနကော ဝိယ၊ အလွန့်အလွန် ပေါ်လွင်သကဲ့သို့။
ခါယတိ၊ ထင်ရှားပါ၏။
အစ္ဆရိယံ၊ အံ့ဘွယ် ရှိလှပါ၏။
အဗ္ဘုတံ၊ မဖြစ်စဘူး ဖြစ်ပုံ ထူးလှပါ၏ဘုရား။
ဒီလို လျှောက်တဲ့နေရာမှာ ရေလေးမျိုးကို နားလည်ရမယ်၊
မဲညိုသော ဖက်ပုပ်ရေသည် နက်ရောင်နှင့်တိမ်သည်၊ နှစ်ကောင်, သုံးတောင်မျှ နက်သော် လည်း အတောင်တရာလောက် နက်လေသလောဟု ထင်ရတယ်၊
ကြည်လင်သော ရေသည် တိမ်ရောင်နှင့် နက်သည်၊ အတောင်တရာလောက် နက်သော်လည်း နှစ်တောင်, သုံးတောင်မျှနက်သည်ဟု ထင်ရတယ်၊
အိုးခွက်၌ တည်သော ရေသည် တိမ်ရောင်နှင့်တိမ်သည်၊ တထွာမျှနက်၍ တထွာမျှနက်သည်ဟု တင်ရတယ်၊
မြင့်မိုရ်တောင်ခြေ သမုဒ္ဒရာရသည် နက်ရောင်နှင့်နက်သည်၊ လွန်စွာနက်၍ လွန်စွာနက်သည်ဟု ထင်ရတယ်၊
ဤသို့ ရေလေးမျိုး၌ အမည် လေးမျိုးရတယ်။
ပဋိစ္စသမုပ္ပါဒ်မှာတော့ နက်ရောင်နှင့် နက်သည်ဟု အမည်တမျိုးသာ ရတယ်၊ ဤသို့ နက်ရောင်ပြင်းထန် နက်နဲခြင်း မှန်လှသော်လည်း တပည့်တော် အာနန္ဒာအား ပေါ်လွင်စွာ ထင်ရှားလှသဖြင့် အံ့ဘွယ်အထူး ဖြစ်ပါသည်ဘုရားဟု လျှောက်၍ ဆိတ်ဆိတ်နေသတဲ့။
ထိုအခါ မြတ်စွာဘုရားက ဤညီတော် အာနန္ဒာသည် ဘဝဂ်တိုင်အောင် လက်ကို ဆန့်တန်းချေပြီ၊ မြင့်မိုရ်တောင်ကို ခွဲ၍ အဆံထုတ်ရန် အားထုတ်ချေပြီ၊ လှေသင်္ဘောမပါဘဲ သမုဒ္ဒရာကို ကူးချေပြီ၊ မဟာပထဝီမြေကြီးကို လှပ်၍ မြေဩဇာ ယူရန် အားထုတ်ချေပြီ၊ ဘုရားရှင်တို့ အရာဖြစ်သော ပြဿနာကို မိမိအား ပေါ်လွင်စွာ ထင်ရှားသည်ဟု ဆိုဘိ၏၊ ယခုအခါ ငါဘုရား တားမြစ်၍ နက်နဲခြင်းကို ဟောပြပေတော့အံ့ဟု ကြံစည်ဘော်မူပြီးလျှင် ဤသို့ မိန့်မြွက်တော်မူတယ်။
မာဟေဝံ အာနန္ဒ မာဟေဝံ အာနန္ဒ၊ ဂမ္ဘီရောစာယံ အာနန္မ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသောစ။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။
ဧဝံ၊ ဤသို့ ပဋိစ္စသမုပ္ပါဒ်သည် ပေါ်လွင်စွာ ထင်ရှား၏ဟူ၍။
မာဟ၊ မဆိုလေနှင့်။
မာဟ၊ မဆိုလေနှင့်။
[ဟ-ကား လေးနက်စွာ ဆိုရာ၌ နိပါတ်ပုဒ်ဖြစ်၏။]
အာနန္ဒ၊ ချစ်သား အာနန္ဒာ။
အယံပဋိစ္စသမုပ္ပါဒေါ၊ ဤပဋိစ္စသမုပ္ပါဒ်သည်။
ဂမ္ဘီရောစ၊ နက်လည်း နက်၏။
ဂမ္ဘီရာဝဘာသောစ၊ နက်ရောင်လည်း ရှိ၏။
သည်နေရာမှာ - ချစ်သားအာနန္ဒာ ... ..ဤသို့ မဆိုလေနှင့်ဟု တားခြင်းသည် ရှင်အာနန္ဒာကို ချီးမြှောက်ခြင်းဟူ၍လည်း ယူဆနိုင်သည်၊ မောင်းမဲခြင်းဟူ၍လည်း ယူဆနိုင်သည်ဟု အဋ္ဌကထာ မိန့်ဆိုတော်မူတယ်။
ချီးမြှောက်ခြင်းဟု ယူဆပုံကတော့- ချစ်သား အာနန္ဒာ ... သင်သည် ကြီးသောပညာ ရှိ၏၊ ထက်မြက်သန့်ရှင်းသော ဉာဏ်ရှိ၏၊ ထို့ကြောင့် နက်နဲသော ပဋိစ္စသမုပ္ပါဒ် သော်လည်း သင်အား ပေါ်လွင်စွာ ထင်ရှားသည်၊ တပါးသော သူတို့အား ဤသို့ ပေါ်လွင်စွာ ထင်ရှားသည်ဟု မမှတ်နှင့်၊ နက်ရောင် ပြင်းထန် နက်နဲခြင်း အမှန်ပေ တည်း၊ ထို့ကြောင့် ဤသို့ မဆိုလေနှင့်။
[ဤကား ချီးမြှောက်၍ တားခြင်းဟု ယူဆပုံတည်း။]
တနည်းကား - တနှစ်ပတ်လုံး အစားကောင်းစား၍ ခွန်အား မွေးထားသော လက်ပမ်းသည် တယောက်သည် လူသုံး, လေးယောက် မ-ချီနိုင်သော သံလုံးကြီးကို ပေါ့ပါးစွာချီမ၍ မြှောက်ကစားနိုင်သော်လည်း တပါးသော သူတို့မှာ လွန်စွာ လေးလံ သကဲ့သို့ ထို့အတူ ကမ္ဘာတသိန်းပတ်လုံး ပါရှိမီခွန်အား မွေးထားသော ရှင်အာနန္ဒာ အား ပဋိစ္စသမုပ္ပါဒ်သည် ပေါ်လွင်စွာ ထင်ရှားသော်လည်း တပါးသောသူတို့မှာ နက်နဲသည်သာတည်း၊
သမုဒ္ဒရာ၌ တိမိရပိင်္ဂလမည်သော ငါးကြီးသည် ယူဇနာတရာနက်သော ရေ၌ မိမိကျောက်ကုန်း မမြုပ်သောကြောင့် သမုဒ္ဒရာ တိမ်သည်ဟု ဆိုရသော်လည်း တပါးသော ငါးတို့မှာ တိမ်သည်ဟု မဆိုနိုင်၊ ယူဇနာ ၁၅၀-ရှိသော ဂဠုန်ငှက်၏ တောင်ပံ လေဟုန်သည် ယူဇနာ တထောင်ခန့်တိုင်အောင် မဆန့်သဖြင့် ကောင်းကင် ကျဉ်းသည်ဟု ဆိုရသော်လည်း တပါးသော ငှက်တို့မှာ ကျဉ်းသည်ဟု မဆိုနိုင်၊ ယူဇနာ ၄၈၀ဝ-အရပ်မြင့်သော ရာဟုအသူရိန် နတ်ကြီးသည် သမုဒ္ဒရာသို့ ဆင်းသောအခါ ဒူးဆစ်မျှရှိ၍ တိမ်သည်ဟု ဆိုရသော်လည်း တပါးသောသူတို့မှာ တိမ်သည်ဟု မဆိုနိုင်။
ထို့အတူ ရှင်အာနန္ဒာမှာ ဉာဏ်ကြီး၍ ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်စွာ ထင်ရှားသော်လည်း တပါးသောသူတို့မှာ ပေါ်လွင်သည်ဟု မဆိုနိုင်၊ ထို့ကြောင့် ဤသို့ မဆိုလေနှင့်။
[ဒါလဲ ချီးမြောက်၍ တားခြင်းပါဘဲ။]
တနည်းကား--
ရှင်အာနန္ဒာမှာ အကြောင်းလေးပါး ပြည့်စုံတယ်၊ ထို့ကြောင့် နက်နဲလှသော ပဋိစ္စသမုပ္ပါဒ်သည် ပေါ်လွင်စွာ ထင်ရှားလေသတဲ့၊ လေးပါးကား - ရှေးဆုတောင်း ကောင်းမှု ရှိ၏၊ ဆိပ်ကမ်း၌ နေ၏၊ သောတာပန် ဖြစ်၏၊ ဗဟုဿုတ ရှိ၏၊ ဤလေးပါးကြောင့်တဲ့။
၁။ ရှေးဆုတောင်းကောင်းမှု ရှိခြင်းကား - ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရားအား ကျောင်းဆောက်လှူခြင်း, ဝါတွင်းသုံးလ သီလ ဆောက်တည်၍ ပစ္စည်းလေးပါးဖြင့် လုပ်ကျွေးခြင်းတို့ကို ပြုပြီးလျှင် မြတ်စွာဘုရားနှင့် အကျွမ်း ဝင်သော အလုပ်အကျွေးဆုကို တောင်းခဲ့တယ်၊ ဤသို့ ရှေးဆုတောင်း ကောင်းမှု ရှိခြင်းကြောင့် ရှင်အာနန္ဒာအား ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်စွာ ထင်ရှားတယ်။
၂။ ဆိပ်ကမ်း၌ နေခြင်းကား - အလေးပြုလောက်သော ဆရာမြတ်ထံ၌ သင်ယူခြင်း, နာကြားခြင်း, မေးမြန်းခြင်း, ဆောင်ထားခြင်းနှင့် ပြည့်စုံသောကြောင့် ရှင်အာနန္ဒာ အား ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်စွာ ထင်ရှားတယ်။
၃။ သောတာပန် ဖြစ်ခြင်းကား - သောတာပန် ပုဂ္ဂိုလ်တို့မှာ ပဋိစ္စသမုပ္ပါဒ်ကို မဂ်ဉာဏ်ဖြင့် ဖောက်ထွင်းပြီး ဖြစ်တယ်၊ ဤသို့ သောတာပန် ဖြစ်ခြင်းကြောင့် ရှင်အာနန္ဒာအား ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်စွာထင်ရှားတယ်။
၄။ ဗဟုဿုတ ရှိခြင်းကား - ရှင်အာနန္ဒာသည် ဗဟုဿုကရှိသူတို့တွင် အလွန်ဆုံး- အမြတ်ဆုံးဖြစ်၍ ဗဟုဿုတ ဧတဒဂ်သူ ဖြစ်တယ်၊ ဤသို့ ဗဟုဿုတ ရှိခြင်းကြောင့် ရှင်အာနန္ဒာအား ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်စွာထင်ရှားတယ်။
[ဤကား အကြောင်းလေးပါးကြောင့် ရှင်အာနန္ဓာအား ပဋိစ္စသမုပ္ပါဒ် ပေါ်လွင်စွာ ထင်ရှားပုံ ဖြစ်သတဲ့။
ထိုဆိုပြီးသော အကြောင်းတို့ကို ထောက်ထား၍ ချစ်သားအာနန္ဒာ ... သင်သည် ကြီးသောပညာ ရှိ၏၊ ထက်မြက်သန့်ရှင်းသောဉာဏ် ရှိ၏၊ ထို့ကြောင့် လေးပါးသော နက်နဲခြင်းဖြင့် နက်နဲလှသော ပဋိစ္စသမုပ္ပါဒ်သော်လည်း သင်နှင့်တွေ့တော့ ပေါ်လွင်စွာ ထင်ရှားနေတယ်၊ တပါးသော သူတို့မှာတော့ ဤသို့ ပေါ်လွင်စွာ ထင်ရှားသည်ဟု မမှတ်နှင့်၊ နက်ရောင်ပြင်းထန် နက်နဲခြင်း အမှန်ပေတည်း၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သည် ပေါ်လွင်စွာ ထင်ရှားသည်ဟု မဆိုလေနှင့်။
[ဤစကားလဲ ချီးမြှောက်ခြင်းဖြင့် တားတော်မူခြင်းပါဘဲ။]
မောင်းမဲခြင်းဟု ယူဆပုံကတော့ --
ချစ်သားအာနန္ဒာ ... သင်အား ပဋိစ္စသမုပ္ပါဒ်သည် အကယ်၍ ပေါ်လွင်စွာ ထင်ရှားသည် ဖြစ်အံ့၊ အဘယ့်ကြောင့် မိမိအလိုလို သောတာပန်မဖြစ်ဘဲ ငါဘုရား၏ နည်းဖြင့် သောတာပန်ဖြစ်ရသနည်း၊ ယခုတိုင်အောင် ဘာ့ကြောင့် ရုန့်ရင်းသော သံယောဇဉ်တို့ကို မပယ်နိုင်သေး(သကဒါဂါမ် မဖြစ်သေး)သနည်း၊ သိမ်မွေ့သော ကိလေသာတို့ကို မပယ်နိုင်သေး (အနာဂါမ် မဖြစ်သေး)သနည်း၊ ကိလေသာအားလုံး မပယ်နိုင်သေး (ရဟန္တာ မဖြစ်သေး)သနည်း။
ရှင်သာရိပုတြာ, ရှင်မောဂ္ဂလာန်တို့ကဲ့သို့ သာဝကပါရမီဉာဏ် အထွဋ် အထိပ်သို့ ရောက်ပါတော့လား၊ ပစ္စေကဗုဒ္ဓါတို့ကဲ့သို့ ပစ္စေကဗောဓိဉာဏ်ကို ထိုးထွင်းပါတော့ လား၊ သဗ္ဗညုဘုရားတို့ကဲ့သို့ သဗ္ဗညုတဉာဏ်ကို မျက်မှောက် ပြုပါတော့လား၊ ဤသို့သောဂုဏ်ထူးတို့ဖြင့် အလိုမရှိသောကြောင့်လား၊ သင်၏ အပြစ်သည် သေးငယ်သည် မဟုတ်၊ သာဝကဉာဏ် တပိုင်းတစရရုံဖြင့် ပဋိစ္စသမုပ္ပါဒ်သည် ပေါ်လွင်စွာထင်ရှားသည်ဟု သင် ဆိုဘိ၏၊ ဘုရားရှင်အားလုံးတို့၏ စကားတော်နှင့် ဆန့်ကျင်၏၊ သင်ကဲ့သို့သော ရဟန်းအား ဘုရားရှင်တို့၏ စကားတော်နှင့် ဆန့်ကျင်အောင် ဆိုခြင်းသည် အဘယ်မှာ သင့်တော်နိုင်အံ့နည်း၊ မသင့်မတော် မလျော်လေစွ။
ချစ်သားအာနန္ဒာ ... ဤပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်းနိုင်အောင် အားထုတ်စဉ် ငါ ဘုရားအား လေးသင်္ချေနှင့် ကမ္ဘာတသိန်းတို့သည် လွန်လေကုန်ပြီ၊ ပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်းနိုင်ခြင်းငှာ မလှူဘူးသောအလှူ မရှိ၊ မဖြည့်ဘူးသောပါရမီ မရှိ၊ ပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်းနိုင်အောင် ငါဘုရားအား ဝီရိယ အားထုတ်ခြင်း မရှိလေ သကဲ့သို့ သင် ဆိုဘိ၏။
မာရ်နတ်စစ်သည်ကို ဖျက်ဆီးသောအခါ ဤမြေသည် မလှုပ်၊ ညဉ့်ဦးယာမ်၌ ပုဗ္ဗေနိဝါသဉာဏ်ကို သန်းခေါင်ယာမ်၌ ဒိဗ္ဗစက္ခုဉာဏ်ကို ပြည့်စုံစေသောအခါ ဤမြေသည် မလှုပ်၊ ပစ္ဆိမယာမ် နံနက်စောစော၌ ဤပဋိစ္စသမုပ္ပါဒ်ကို ထိုးထွင်း၍ သိသောအခါ ဤ သောင်းလောကဓာတ် မြေပြင်သည် အိုးထိန်းသည်စက်, ပုခက်, ရေလှိုင်း ရပ်မဆိုင်းပင့်မြှောက် ရှေ့နောက်ဝဲယာ ဆုတ်တက်ကာဖြင့် ချာချာမြင့်နိမ့် တငြိမ့်ငြိမ့် လှုပ်ခဲ့ပြီ၊
ချစ်သားအာနန္ဒာ ... . ဤသို့လျှင် ဤပဋိစ္စသမုပ္ပါဒ်သည် နက်၏၊ နက်ရောင်လည်း ရှိ၏၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သည် ပေါ်လွင်စွာ ထင်ရှားသည်ဟု မဆိုလေနှင့်။
[ဤကား မောင်းမဲခြင်းဖြင့် တားတော်မူခြင်းတည်း။]
ဤသို့ မဆိုလေနှင့်ဟု တားမြစ်တော်မူပြီးသောအခါ “ပဋိစ္စသမုပ္ပါဒ် မသိခြင်းကြောင့် သံသရာရှည်သည်”ဟု ရှေးကောင်းမှုရှိသူတို့အား ထက်မြက်သော ဉာဏ်ဖြစ်အောင် ဤသို့ တန်ဆာဆင်ပေးတော်မူပြန်တယ်။
ဧတဿ အာနန္ဒ ဓမ္မဿ (အညာဏာ) အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝ မယံပဇာ တန္တာ ကုလကဇာတာ ဂုဠ ဂဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။
အာနန္ဒ၊ ချစ်သား အာနန္ဒာ။
ဧတဿဓမ္မဿ၊ ဤပဋိစ္စသမုပ္ပါဒ် အကြောင်း တရားကို။
(အညာဏာ၊ သုတမယဉာဏ်, စိန္တာမယဉာဏ်တို့ဖြင့် နာကြားခြင်း မရှိ ကြံစည်ခြင်း မရှိ မသိခြင်းကြောင့်။)
အနနုဗောဓာ၊ ဉာတပရိညာစွမ်း ဖြင့် လျော်စွာမသိခြင်းကြောင့်။
အပ္ပဋိဝေဓာ၊ တိရဏပရိညာ, ပဟာနပရိညာ စွမ်းဖြင့် မထိုးထွင်းခြင်းကြောင့်၊
ဧဝံ၊ ဤသို့။
အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
တန္တာ+ ကုလက+ ဇာတာ၊ ကြွက်ခဲသောချည်ထွေးကဲ့သို့+ ရင်းဖျား မရွေးနိုင်အောင် ရှုပ်ထွေးသည် +ဖြစ်၍။
ဂုဠ+ဂဏ္ဌိက+ဇာတာ၊ ရက်ကန်းသည် ချည်စာကျွေးသဖြင့် လုံးထွေးသော + ချည်ထွေးသဘွယ် + ဖြစ်၍။
ဝါ-ဂုဠာမည်သော စာပေါင်းသောင်းငှက်မ၏ + အသိုက်သဘွယ် + ဖြစ်၍။
ပဉ္စ+ပဗ္ဗဇ+ဘူတာ၊ ဖြူဆံမြက်, ပြိတ်မြက်သဘွယ်+ဖြစ်၍။
အပါယံ၊ စီးပွားကင်းသော အပါယ်ဘုံရှိသော။
ဒုဂ္ဂတိံ၊ ဒုက္ခ၏ဖြစ်ရာ အပါယ်ဘုံရှိသော။
ဝိနိပါတံ၊ သုခမှပျက်၍ကျရာ အပါယ်ဘုံရှိသော။
သံသာရံ၊ ခန္ဓာ, အာယတန, ဓာတ် အစဉ်ဆက်စပ်၍ မပြတ်လည်သောသံသရာကို။
နာတိဝတ္တတိ၊ မလွန်မြောက်နိုင်။
ဝါ-သမုဒ္ဒရာလှေလှိုင်း, လေအကြား ဆုံလည်နွားသို့ မွေးဖွားတိုင်းသေ သေတိုင်းလည်းမွေး တမွေးတည်း တသေတည်း အထပ်ထပ် မပြတ် ကျင်လည် ရလေသတည်း။
ဤသို့သော အရှုပ်အထွေးကို ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့သာ ကိုယ်တိုင် ဖြောင့်အောင် ရှင်းနိုင်ကြတယ်၊ တပါးသော သတ္တဝါအပေါင်းကား ကိုယ်တိုင် ဖြောင့်အောင် မရှင်းနိုင်ကြဘဲ သက္ကာယဒိဋ္ဌိအခြေခံ၍ လုံးထွေးသော ချည်ထွေး ဖြစ်၍ သံသရာမှ လွတ်နိုင်သူဟု မရှိဘူး ဧကန်ဖြစ်သတဲ့၊ ဒီနေရာမှာ-
၁။ နာခံမှတ်သားတဲ့ဉာဏ်ကို သုတမယဉာဏ်ဟု ခေါ်တယ်။
၂။ ကြံစည်တွေးတောတဲ့ဉာဏ်ကို စိန္တာမယဉာဏ်ဟု ခေါ်တယ်။
၃။ ရုပ်နာမ်သိ၍ ဝိပဿနာဉာဏ်ဆယ်ပါး ပွားတာကိုတော့ ဘဝနာမယဉာဏ်ဟု ခေါ်တယ်။
ထိုမှတပါးလဲ-
၁။ သူထိုက်တာကို+ပိုင်းခြား၍ သိခြင်းကို ဉာတ+ပရိညာဟု ခေါ်တယ်။
[ဤကားရုပ်, ဤကားနာမ်, ဤမျှရှိသည်ဟု အကြောင်းနှင့်တကွ သိခြင်းမျိုး ပဋိစ္စသမုပ္ပါဒ် အရကောက်ကို ကျကျနနသိခြင်းမျိုးကို ဉာတပရိညာဟု ခေါ်တယ် ဟု ဆိုလိုတယ်။
၂။ ဆုံးဖြတ်ကာ+ပိုင်းခြား၍သိခြင်းကို တိရဏ+ပရိညာဟု ခေါ်တယ်။
[အနိစ္စ, ဒုက္ခစသော သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာဏ် နှစ်ပါးဖြင့်+ဆုံးဖြတ်၍ သိခြင်းမျိုးကို ဆိုလိုတယ်။]
၃။ ပယ်စွန့်ကာ+ပိုင်းခြား၍ သိခြင်းကို ပဟာန+ပရိညာဟု ခေါ်တယ်။
[ဘင်္ဂဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ဒိဋ္ဌိ, ကိလေသာတို့ကို ပယ်စွန့်သော ဉာဏ်ဟု ဆိုလိုတယ်။]
ထိုနောက် မြတ်စွာဘုရားသည် သစ်ပင်ပမာဖြင့် ပဋိစ္စသမုပ္ပါဒ်တရားကို ဤသို့ ဟောတော်မူတယ်၊
ချစ်သားအာနန္ဒာ ... စွဲလမ်းစရာ လောကီအာရုံတို့၌ ဤကား သာယာစရာ,
ဤကား သာယာစရာဟု ဖန်ဖန်ရှုသူအား တဏှာ ဖြစ်၏၊
တဏှာကြောင့် ဥပါဒါန်ဖြစ်၏၊
ဥပါဒါန်ကြောင့် ဘဝဖြစ်၏၊
ဝါ - အကြောင်းကမ္မဘဝအကျိုး ဥပတ္တိဘဝဖြစ်၏။
အကြောင်းကမ္မဘဝကြောင့် ဇာတိဖြစ်၏၊
[အကျိုး ဥပပတ္တိဘဝသည် ဇာတိ၌ဝင်သည်၊]
ဇာတိကြောင့် ဇရာမရဏ ဖြစ်၏၊
သောက, ပရိဒေဝ, ဒုက္ခဒေါမနဿ ဥပါယာသတို့ ဖြစ်ကုန်၏၊
ဤသို့ အကြောင်းအဆက်ဆက်ဖြင့် ဒုက္ခအစုသာ ဖြစ်ခြင်း ထင်ရှား၏။
ချစ်သားအာနန္ဒာ ... သစ်ပင်ကြီးတပင်သည် ရှိရာ၏၊ အောက်သို့ ဆင်းသော အမြစ်, ဘေးသို့သွားသော အမြစ်တို့သည် အထက်သို့ ဩဇာကို ဆောင်ကုန်ငြားအံ့၊ ထိုအကြောင်း-ထိုအထောက်အပံ့ကြောင့် ထိုသစ်ပင်သည် ကြာမြင့်စွာ တည်သကဲ့သို့ လောကီအာရုံတို့၌ ဤကားသာယာစရာ, ဤကားသာယာစရာဟု ရှုသူအား တဏှာ စသည်ဖြစ်၍ ဒုက္ခအစုသာ အဆက်ဆက်ဖြစ်ခြင်း ထင်ရှား၏။ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတပါး-ဖြစ်ခြင်း မထင်ရှား။]
ချစ်သားအာနန္ဒာ ... စွဲလမ်းစရာ လောကီအာရုံ တခုခု တွေ့ကြုံသောအခါ ဤကား ကြောက်စရာ ဒုက္ခပေးချေရဲ့ ဒုက္ခပေးမဲ့ဟု --
အပြစ်ကို ဖန်ဖန်ရှုသူအား တဏှာမဖြစ်မူ၍ ချုပ်၏၊
တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏၊
ဥပါဒါန် ချုပ်ခြင်းကြောင့် ဘဝချုပ်၏၊
ဝါ-အကြောင်း, အကျိုးဘဝနှစ်ပါး ချုပ်၏၊
အကြောင်းဘဝ ချုပ်ခြင်းကြောင့် ဇာတိချုပ်၏၊
ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်၏၊
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ချုပ်ကုန်၏၊
ဤသို့အကြောင်းအဆက်ဆက်ဖြင့် ဒုက္ခအစုသာချုပ်ခြင်း ထင်ရှား၏။
ချစ်သားအာနန္ဒာ ... လူတယောက်သည် ပေါက်တူး, ခြင်းတောင်း ယူလာ၍ ထို သစ်ပင်ကြီးကို အမြစ်ရင်း၌ဖြတ်၍ မြစ်ကြီး, မြစ်သေးတို့ကို မြက်ပင်ရိုးမှ မကျန်အောင် ထုတ်ပစ်ငြားအံ့၊ ထိုသစ်ပင်ကိုလည်း ပိုင်းဖြတ်ခွဲစိတ်၍ ခြောက်သွေ့ စေ၍ မီးတိုက်ပြီးလျှင် ပြာတို့ကို လေ၌ လွှင့်အံ့၊ မြစ်၌ မျှောအံ့၊
ချစ်သား အာနန္ဒာ ... ထိုသစ်ပင်သည် အမြစ်မရှိသဖြင့် နောင်မဖြစ်ခြင်းသဘော ရှိသကဲ့သို့ လောကီအာရုံတို့၌ ဤကား ကြောက်စရာ ဒုက္ခပေးချေရဲ့, ဒုက္ခပေး ချေရဲ့ဟု (ဉာဏ်-ပေါက်တူး, သမာဓိ-ခြင်းတောင်း ယူလာ၍) အပြစ်ရှုသူအား တဏှာ စသည်ချုပ်၍ ဒုက္ခအစုသာ အဆက်ဆက်ချုပ်ခြင်း ထင်ရှား၏။ (ပုဂ္ဂိုလ် သတ္တဝါ, ငါ, သူတပါး ချုပ်ခြင်း မထင်ရှား) ဟု မိန့်တော်မူတယ်။
[ဒီအထိကတော့ ရှင်အာနန္ဒာစကား အတားခံရခြင်းနှင့် စပ်သော တရား ဖြစ်တယ်။
.
တရားသူခိုး ပဋိစ္စသမုပ္ပါဒ်ဉာဏ် ရပုံကတော့ --
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းဘော်၌ သီတင်းသုံးနေ တော်မူသော အခါ လူတို့ လွန်စွာအလေးပြုကြသဖြင့် ပစ္စည်းလေးပါး လာဘ် လာဘ လွန်စွာ ပေါများကြတယ်၊ တပါးသော တိတ္ထိတို့မှာတော့ လူတို့အလေး မပြုကြသဖြင့် လာဘ်လာဘ ရှားပါးကြတယ်၊ ဒီတော့ ပရိသတ်များစွာနှင့် ရာဇဂြိုဟ်မှာနေတဲ့ သုသိမပရိဗိုဇ် ဆရာကြီးကို တပည့်ပရိသတ်က ဤသို့ ဆိုသတဲ့။
ဆရာ ... ဆရာသည် ဉာဏ်ပညာထက် သူတဦး ဖြစ်တယ်၊ ရဟန်းဂေါတမထံ ကိုယ်တိုင်ရဟန်းပြု၍ တရားဟောပုံတွေကို သင်ယူပါ၊ ထိုနောက် ပြန်လာပြီးလျှင် အကျွန်ုပ်တို့ကို သင်ပေးပါ၊ ထိုနည်းအတိုင်း လူတို့အား တရားဟောရလျှင် အကျွန်ုပ်တို့ ပရိဗိုဇ်များလည်း လာဘ်လာဘ ပေါများကြပါလိမ့်မည်ဟု ဆိုကြသတဲ့။
ဒီတော့ သုသိမပရိဗိုဇ်သည် တရားဟောနည်း မြန်မြန် သင်ယူနိုင်ရအောင် ဗဟုဿုတရှိသော ရှင်အာနန္ဒာထံ ချဉ်းကပ်၍ ရဟန်းအဖြစ်ကို တောင်းပန်သတဲ့၊ ရှင်အာနန္ဒာကလည်း ဤသုသိမသည် ဆရာကြီးတဦး ဖြစ်လျက် ငါတို့အောက် ဝင်လာခြင်းသည် ထူးခြား၏၊ အနှောက်အယှက် ပေးလို၍လား မသိဟု ဆင်ခြင်၍ မြတ်စွာဘုရားထံ ခေါ်သွားပြီး ထိုသူ တောင်းပန်ပုံကို လျှောက်ကြားတယ်။
ထိုအခါ မြတ်စွာဘုရားက ဤသုသိမသည် ငါ၏ သာသနာ၌ ကြည်ညို၍ မဟုတ်၊ တရားခိုးမည်ဟု လာခဲ့သည်၊ လာခြင်း မစင်ကြယ်သော်လည်း နောက်၌ အကျိုးကို မြင်တော်မူတာနဲ့ ချစ်သားအာနန္ဒာ ... ဤသုသိမကို ရဟန်းပြုပေး လိုက်ချေလော့ဟု လွယ်ကူစွာ အခွင့်ပြုလိုက်သတဲ့။
သုသိမသည် ရဟန်းဖြစ်၍ နှစ်ရက်, သုံးရက်ရှိသောအခါ ရှေးမဆွက မြတ်စွာဘုရား ထံ ကမ္မဋ္ဌာန်းယူ၍ တရားအားထုတ်သော ရဟန်းများသည် ကိစ္စ ပြီး၍ ရောက်လာ ကြပြီးလျှင် မိမိတို့ရသော အရဟတ္တဖိုလ်ကို လျှောက်ကြားကြတယ်၊
မြတ်စွာဘုရား ... တပည့်တော်တို့မှာ ပဋိသန္ဓေ ကုန်ပါပြီ၊ ကျင့်ဘွယ် အားလုံး ကျင့်ပြီးပါပြီ၊ ပြုဘွယ်အးလုံး ပြုပြီးပါပြီ၊ နောက်ထပ် ကျင့်ဘွယ် မဂ်ကိစ္စ မရှိဟု သိပါပြီ-ဟူ၍ လျှောက်ကြားကြတယ်။
ထိုအခါ သုသိမရဟန်းသည် ထိုရဟန်းတို့ လျှောက်သည်ကို ကြားရလေတော့-ဤသာသနာ၌ အရဟတ္တဖိုလ်သည် အကောင်းဆုံး ဆရာ့လက်ဆုပ် တရားထူး ဖြစ်လတ္တံ့ဟု ကြံ၍ ထိုရဟန်းတို့ထံ ချဉ်းကပ်၍ အရှင်တို့ ... မြတ်စွာဘုရားထံ ရဟန္တာအဖြစ်ကို လျှောက်ကြားခြင်းသည် အဟုတ်တကယ် အမှန်အတိုင်းလောဟု မေးသတဲ့။
အဟုတ်တကယ် အမှန်အတိုင်းဟု ဆိုလတ်သော် အရှင်တို့သည် ဤသို့ သိခြင်း မြင်ခြင်းဖြင့် ရဟန္တာ ဖြစ်ကြလျှင် --
အနည်းကို အများပြုခြင်း, အများကို အနည်းပြုခြင်း,
ထင်ရှားသည်ကို မထင်ရှားအောင်ပြုခြင်း,
နံရံ-တံတိုင်း တောင်တို့ကို ကောင်းကင်း၌ ကဲ့သို့ မကပ်မငြိ ဖောက်သွားနိုင်ခြင်း,
ရေ၌ကဲ့သို့ မြေပြင်၌ ငုပ်လျှိုးခြင်း,
မြေ၌ကဲ့သို့ ရေပေါ်၌ လျှောက်သွားခြင်း,
ငှက်ကဲ့သို့ ကောင်းကင်၌ တင်ပျဉ်ခွေ၍ သွားခြင်း,
လ- နေတို့ကို သုံးသပ်နိုင်ခြင်း,
ဗြဟ္မာပြည်တိုင်အောင် ကိုယ်ဖြင့် သွားခြင်း,
စသော ဣဒ္ဓိဝိဓ တန်ခိုးကို ရကြပါသလောဟု မေးဘယ်၊
ထိုရဟန်းများက ဤတန်ခိုးမျိုးကို ငါတို့မရဟု ဖြေ ကြတယ်။
နောက်တဖန် ထပ်၍ အရှင်တို့သည် --
အဝေး၌ တည်သောလူတို့၏၎င်း,နတ်တို့၏၎င်း စကားကို ကြားသော ဒိဗ္ဗသောတ တန်ခိုးကို ရကြပါသလော၊
သူတပါး၏ ကောင်းသောစိတ်, မကောင်းသောစိတ်ကို သိသော ပရစိတ္တဝိဇာနန တန်ခိုးကို ရကြပါသလော၊
ရှေးရှေးဘဝများစွာ၌ နေဘူးသော ခန္ဓာအစဉ်ကို သိသော ပုဗ္ဗေနိဝါသ တန်ခိုးကို ရကြပါသလော၊
အဝေး၌ တည်သော သေဆဲ ဖြစ်ဆဲ ဖြူ မဲ ယုတ်, မြတ်, ကုသိုလ်ကံ-အကုသိုလ်ကံ အတိုင်း ချမ်းသာဆင်းရဲသို့ ချဉ်းကပ်ကြသူတို့ကို မြင်သော ဒိဗ္ဗစက္ခုတန်ခိုးကို ရကြပါသလော၊
ငြိမ်သက်သော အရူပဈာန်တန်ခိုးတို့ကို နာမကာယဖြင့် ကပ်ရောက်၍ နေနိုင်ကြပါ သလော၊
ဤသို့ အဘိညာငါးပါးနှင့် အရူပဈာန်တို့ကို မေးသတဲ့။
ရဟန်းတို့က ငါတို့မရဟု ဆိုကြသောအခါ အရှင်တို့သည် ဤသို့ အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန္တာတို့ ဖြစ်လျက် ဤဈာန်, အဘိညာကို မရခြင်းသည် အဘယ်သို့ပါနည်းဟု မေးမြန်းတယ်၊
ငါ့ရှင် သုသိမ ... ငါတို့သည် ဝိပဿနာပညာ သက်သက်ဖြင့် ကိလေသာမှ လွတ်သောကြောင့် ပညာဝိမုတ္တ ပုဂ္ဂိုလ်တို့ ဖြစ်ကြတယ်ဟု ဖြေကြသတဲ့။
[ဈာန်သမာဓိမပါသော သုက္ခပိဿကဂ္ဂိုလ်တို့ဟု ဆိုလိုတယ်။]
အရှင်တို့ … ယခုလို အကျဉ်းအားဖြင့် ဖြေဆိုတာကို အကျယ်အားဖြင့် အနက်မသိပါ၊ ချဲ့ဖြေကြပါဦးဟု တောင်းပန်တယ်၊
ငါ့ရှင် သုသိမ ... သင်သိသော်၎င်း, မသိသော်၎င်း ငါတို့သည် ပညာဝိမုတ္တတို့သာ တည်းဟု ဖြေကြသတဲ့၊ ဘာကြောင့် ဒီလိုဖြေကြသလဲဆိုတော့ သူ့အလိုကျအောင် ငါတို့ မဖြေနိုင်၊ ဘုရားရှင်ထံ ချဉ်းကပ်၍ မေးလျှင် ယုံမှားသံသယ ကင်းပျောက် ပေလတ္တံ့ဟု မြှော်ကိုးပြီး ဖြေကြတာ ဖြစ်သတဲ့။
သည်တော့ သုသိမရဟန်းသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ထိုအကြောင်း စကားတို့ကို အားလုံး လျှောက်ထားသတဲ့၊
ချစ်သား သုသိမ … ရှေးဦးစွာ ဓမ္မဋ္ဌိတိဉာဏ် ဖြစ်၏၊ နောက်၌ နိဗ္ဗာန်ဉာဏ် ဖြစ်၏။
[ဓမ္မဋ္ဌိတိဉာဏ်ဆိုတာ ဝိပဿနာဉာဏ်၊ နိဗ္ဗာန်ဉာဏ်ဆိုတာ မဂ်ဉာဏ်၊ ရှေးဦးစွာ ဝိပဿနာဉာဏ် ဖြစ်၏၊ နောက်၌ မဂ်ဉာဏ် ဖြစ်၏ဟု ဆိုခြင်းပင်တည်း။]
ဒီလိုမိန့်တော့-မြတ်စွာဘုရား ... ဤသို့ အကျဉ်းမျှဖြင့် မသိနိုင်ပါ၊ အကျယ်ချဲ့၍ ဖြေဆိုတော်မူပါဟု တောင်းပန်တယ်၊
ချစ်သား သုသိမ ... သင်သိသော်၎င်း မသိသော်၎င်း ရှေးဦးစွာ ဓမ္မဋ္ဌိတိဉာဏ် ဖြစ်၏၊ နောက်၌ နိဗ္ဗာန်ဉာဏ် ဖြစ်၏ဟု မိန့်တော်မူပြီးလျှင် မေးခွန်း ၁၅-ရပ်တို့ကို မေးတော်မူတယ်။
[ဒီနေရာမှာ မဂ်ဖိုလ်ဟူသည် ဈာန်သမာဓိကြောင့်ဖြစ်သည် မဟုတ်၊ ဈာန် သမာဓိ ကင်းလျက်သော်လည်း ဝိပဿနာဉာဏ်ကြောင့် ဖြစ်သည်ဟု သိရမတဲ့၊ မေးခွန်း ၁၅-ရပ် မေးရာ၌ မိမိတို့လဲ ဖြေနိုင်အောင် သတိပြုကြရမယ်။
.
သုသိမ ပရိဗိုဇ် မေးခွန်း ၁၅-ရပ် ဖြေပုံ
ချစ်သား သုသိမ ... အဘယ်သို့ မှတ်ထင်သနည်း၊
ရုပ်သည် နိစ္စလော, အနိစ္စ လော၊ အနိစ္စပါဘုရား။
အနိစ္စ ဖြစ်သော ထိုရုပ်သည် ဒုက္ခလော, သုခလော၊ ဒုက္ခပါဘုရား။
အနိစ္စ, ဒုက္ခ ဖြစ်၍ ဖောက်ပြန်ပျက်စီးတတ်သော ထိုရုပ်ကို ငါ့ကိုယ်, ငါ့ဟာ, ငါဟု ရှုခြင်းငှာ သင့်မည်လော၊ မသင့်ပါဘုရား။
ဝေဒနာသည် နိစ္စလော, အနိစ္စ လော၊ အနိစ္စပါဘုရား။
အနိစ္စ ဖြစ်သော ထိုရုပ်သည် ဒုက္ခလော, သုခလော၊ ဒုက္ခပါဘုရား။
အနိစ္စ, ဒုက္ခ ဖြစ်၍ ဖောက်ပြန်ပျက်စီးတတ်သော ထိုရုပ်ကို ငါ့ကိုယ်, ငါ့ဟာ, ငါဟု ရှုခြင်းငှာ သင့်မည်လော၊ မသင့်ပါဘုရား။
သညာသည် နိစ္စလော, အနိစ္စ လော၊ အနိစ္စပါဘုရား။
အနိစ္စ ဖြစ်သော ထိုရုပ်သည် ဒုက္ခလော, သုခလော၊ ဒုက္ခပါဘုရား။
အနိစ္စ, ဒုက္ခ ဖြစ်၍ ဖောက်ပြန်ပျက်စီးတတ်သော ထိုရုပ်ကို ငါ့ကိုယ်, ငါ့ဟာ, ငါဟု ရှုခြင်းငှာ သင့်မည်လော၊ မသင့်ပါဘုရား။
သင်္ခါရသည် နိစ္စလော, အနိစ္စ လော၊ အနိစ္စပါဘုရား။
အနိစ္စ ဖြစ်သော ထိုရုပ်သည် ဒုက္ခလော, သုခလော၊ ဒုက္ခပါဘုရား။
အနိစ္စ, ဒုက္ခ ဖြစ်၍ ဖောက်ပြန်ပျက်စီးတတ်သော ထိုရုပ်ကို ငါ့ကိုယ်, ငါ့ဟာ, ငါဟု ရှုခြင်းငှာ သင့်မည်လော၊ မသင့်ပါဘုရား။
ဝိညာဏ်သည် နိစ္စလော, အနိစ္စ လော၊ အနိစ္စပါဘုရား။
အနိစ္စ ဖြစ်သော ထိုရုပ်သည် ဒုက္ခလော, သုခလော၊ ဒုက္ခပါဘုရား။
အနိစ္စ, ဒုက္ခ ဖြစ်၍ ဖောက်ပြန်ပျက်စီးတတ်သော ထိုရုပ်ကို ငါ့ကိုယ်, ငါ့ဟာ, ငါဟု ရှုခြင်းငှာ သင့်မည်လော၊ မသင့်ပါဘုရား။
[ဒီနေရာမှာ ငါ့ကိုယ်ဟု ရလျှင် ဒိဋ္ဌိစွဲ, ငါ့ဟာဟုရှုလျှင် တဏှာစွဲ, ငါဟု ရှုလျှင် မာနစွဲ၊ ဤအစွဲသုံးခုဖြင့် ရှုသည်ဟု သိရမယ်။]
ထို့ကြောင့် ချစ်သား သုသိမ ...
အတိတ်, အနာဂတ်, ပစ္စုပ္ပန်- သုံးပါး၊
အဇ္ဈတ္တ, ဗဟိဒ္ဓ-နှစ်ပါး၊
ဩဠာရိက, သုခုမ-နှစ်ပါး၊
ဟီန ပဏီတ- နှစ်ပါး၊
ဒူရ သန္တိက-နှစ်ပါး၊
ဤသို့ ၁၁-ပါးပြားသော အလုံးစုံသော ရုပ်ကို ငါ့ကိုယ် ငါ့ဟာ, ငါမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ကောင်းစွာသိသော ပညာဖြင့် ရှုလေလော့၊ ထို့အတူ ၁၁-ပါးစီ ပြားသော အလုံးစုံသော ဝေဒနာကို၊ သညာကို၊ သင်္ခါရကို၊ ဝိညာဏ်ကို ငါ့ကိုယ်, ငါ့ဟာ, ငါမဟုတ်ဟု ဟုတ်တိုင်းမှန်စွာ ကောင်းစွာ သိသောပညာဖြင့် ရှုလေလော့။
[ဒီနေရာမှာ - ငါ့ကိုယ်မဟုတ်ဟု ရှုလျှင် ဒိဋ္ဌိသေ၏၊ ငါ့ဟာမဟုတ်ဟု ရှုလျှင် တဏှာသေ၏၊ ငါမဟုတ်ဟုရှုလျှင် မာနသေ၏၊ ထိုအခါ သံသရာနယ်ချဲ့သော တဏှာ, မာန, ဒိဋ္ဌိနယ်ချဲ့သမား သုံးဦးလက်မှ လွတ်ထွက်နိုင်၏၊ သံသရာဒုက္ခမှ လွတ်နိုင်၏၊]
.
တဆဲ့တမျိုး ခွဲ၍ ဆင်ခြင်ပုံ
၁။ အတိတ် ရုပ်နာမ်သည် အတိတ်၌ ချုပ်ပြီးပြီ၊
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၂။ အနာဂတ် ရုပ်နာမ်သည် အနာဂတ်၌ ချုပ်လတ္တံ့ ၊
အနိစ္စ, ဒုက္ခ,အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၃။ ပစ္စုပ္ပန် ရုပ်နာမ်သည် ပစ္စုပ္ပန်၌ ချုပ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၄။ အဇ္ဈတ္တ ရုပ်နာမ်သည် ဗဟိဒ္ဓ မဖြစ်မူ၍ ချုပ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၅။ ဗဟိဒ္ဓ ရုပ်နာမ်သည် အဇ္ဈတ္တ မဖြစ်မူ၍ ချုပ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၆။ ဩဠာရိက ရုပ်နာမ်သည် သုခုမ မဖြစ်မူ၍ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၇။ သုခုမ ရုပ်နာမ်သည် ဩဠာရိက မဖြစ်မူ၍ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၈။ ဟီန ရုပ်နာမ်သည် ပဏီတ မဖြစ်မူ၍ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၉။ ပဏီတ ရုပ်နာမ်သည် ဟီန မဖြစ်မူ၍ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၁၀။ ဒူရ ရုပ်နာမ်သည် သန္တိက မဖြစ်မူ၍ ချုပ်၏။
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
၁၁။ သန္တိက ရုပ်နာမ်သည် ဒူရ မဖြစ်မူ၍ ချုပ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်။
[ရုပ်သည် …
ဝေဒနာသည် ...
သညာသည် ...
သင်္ခါရသည် ...
ဝိညာဏ်သည် … ဟု တခုစီသော်လည်း ခွဲ၍ ဆင်ခြင်အပ်၏။]
ချစ်သား သုသိမ ... ဤသို့ရှုသော ဘုရားစကား နားထောင်သော သူတော်ကောင်း သည် ---
ရုပ်၌လည်း ငြီးငွေ့၏၊
ဝေဒနာ၌လည်း ငြီးငွေ့၏၊
သညာ၌လည်း ငြီးငွေ့၏၊
သင်္ခါရ၌လည်း ငြီးငွေ့၏၊
ဝိညာဏ်၌လည်း ငြီးငွေ့၏၊
ငြီးငွေ့သည် ရှိသော် တပ်ခြင်း ကင်း၏၊ (ဝါ-မဂ်စိတ် ဖြစ်၏၊)
တပ်ခြင်း ကင်းလတ်သော် ကိလေသာမှ လွတ်၏၊ (ဝါ-ဖိုလ်စိတ် ဖြစ်၏၊)
ကိလေသာမှ လွတ်သည်ရှိသော် ငါ၏စိတ်သည် လွတ်ပြီဟု အသိဉာဏ် ဖြစ်၏၊
ပဋိသန္ဓေသည် ကုန်ပြီ၊ ကျင့်ဘွယ် ဟူသမျှ ကျင့်အပ်ပြီ၊
ပြုဘွယ်ဟူသမျှ ပြုအပ်ပြီ၊ နောက်ထပ်ပြုဘွယ် မဂ်ကိစ္စ ၁၆-ချက် မရှိဟု သိ၏၊
ဤသို့ မိန့်တော်မူသောအခါ သုသိရဟန်းသည် ရဟန္တာအဖြစ်သို့ ရောက်သွားသတဲ့။
ထိုနောက်တဖန် ပဋိစ္စသမုပ္ပါဒ်ဉာဏ် စစ်တမ်းတင်၍ မေးတော်မူပြန်တယ်၊
ချစ်သားသုသိမ ...
ဇာတိကြောင့် ဇရာမရဏဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
အကြောင်းကမ္မဘဝကြောင့် ဇာတိဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ဥပါဒါန်ကြောင့် အကြောင်းကမ္မဘဝနှင့် အကျိုး ဥပပတ္တိဘဝ ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
တဏှာကြောင့် ဥပါဒါန် ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ဝေဒနာကြောင့် တဏှာ ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ဖဿကြောင့် ဝေဒနာ ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
သဠာယတနကြောင့် ဖဿ ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
နာမ်ရုပ် ကြောင့် သဠာယတန ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
သင်္ခါရကြောင့် ဝိညာဏ် ဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ချစ်သားသုသိမ ...
ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
အကြောင်းကမ္မဘဝ ချုပ်ခြင်းကြောင့် ဇာတိ ချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ဥပါဒါန်ချုပ်ခြင်းကြောင့် အကြောင်းကမ္မဘဝနှင့် အကျိုးဥပဝတ္တိဘဝ ချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်သည်ဟု မြင်၏လော၊ မြင်ပါသည်ဘုရား။
ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ဖဿ ချုပ်ခြင်းကြောင့် ဝေဒနာချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
သဠာယတန ချုပ်ခြင်းကြောင့် ဖဿချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည် ဘုရား။
နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတန ချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည် ဘုရား။
ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်သည်ဟု သင် မြင်၏လော၊ မြင်ပါသည်ဘုရား။
ချစ်သားသုသိမ ... ဤသို့ မြင်သိလျှင် သင်သည် --
မြေလျှိုးမိုဃ်းပျံ ဣဒ္ဓိဝိဓ တန်ခိုးကို ရသလော၊ မရပါဘုရား။
အဝေးအသံကြားနိုင်သော ဒိဗ္ဗသောတ တန်ခိုးကို ရသလော၊ မရပါဘုရား။
သူတပါး၏ စိတ်ကိုသိသော ပရစိတ္တဝိဇာနန တန်ခိုးကို ရသလော၊
ရှေး၌နေဘူးသော ဘဝတို့ကိုသိသော ပုဗ္ဗေနိဝါသ တန်ခိုးကို ရသလော၊
အဝေးအဆင်းမြင်နိုင်သော ဒိဗ္ဗစက္ခုတန်ခိုးကို ရသလော မရပါဘုရား။
ငြိမ်သက်သော အရူပဈာန် တန်ခိုးတို့ကို နာမကာယဖြင့် ကပ်ရောက်၍ နေနိုင် သလော၊ မနေနိုင်ပါဘုရား။
ချစ်သားသုသိမ ... ဤသို့ ပဋိစ္စသမုပ္ပါဒ်ဖြစ်ခြင်း, ချုပ်ခြင်းတို့ကို မြင်သိ ငြီးငွေ့သူ ဖြစ်လျက် ဤအဘိညာ, အရူပဈာန်တို့ကို မရခြင်းသည် အဘယ်သို့နည်းဟု မိန့်တော်မူတယ်။
[ဒီနေရာမှာ ဈာန်သမာဓိကင်းသော သုက္ခဝိပဿက ရဟန်းတို့ကို ထင်ရှားအောင် ပြုခြင်းငှာ ဤသို့ မေးတော်မူသတဲ့၊ အဓိပ္ပာယ်ကတော့ ချစ်သားသုသိမ ... သင် သည်သာလျှင် ဈာန်သမာဓိကင်းသော သုက္ခဝိပဿက မဟုတ်၊ ထိုရဟန်းတို့သည် လည်း သင်ကဲ့သို့ ဈာန်သမာဓိကင်းသော သုက္ခဝိပဿကတို့သာ ဖြစ်၍ အဘိညာငါးပါး, အရူပဈာန်တို့ကို မရကြကုန်ဟု ဆိုလိုတယ်။]
ထိုအခါ အရှင်သုသိမသည် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဦးတိုက်ကာ ဝပ်စင်းလျက် “အစ္စယော မံ ဘန္တေ အဇ္ဈာဂမာ” စသည်ဖြင့် မြတ်စွာဘုရား မိုက်မဲခြင်း, တွေဝေခြင်း, မလိမ္မာခြင်းကြောင့် ဘုရားတပည့်တော်သို့ အပြစ် ရောက်ပါပြီ၊ ဘုရားတပည့်တော်သည် ဤသို့ ကောင်းစွာဟောကြားသော သာသနာတော်၌ တရားခိုးမည်ဟု ရဟန်းပြုပါသည်၊ မြတ်စွာဘုရားသည် ဘုရား တပည့်တော်၏ အပြစ်ကို နောင်စောင့်စည်းခြင်းငှာ အနာမယူ သည်းခံတော် မူပါဘုရားဟု တောင်းပန်စကား လျှောက်ကြားတယ်။
ချစ်သားသုသိမ ... တကယ်စင်စစ် သင့်ထံသို့ အပြစ်ရောက်ပြီ၊ သင်သည် တကယ် စင်စစ် တရားခိုးသူ ဖြစ်သည်၊ ချစ်သားသုသိမ ... မင်းပြစ်သင့်သော ခိုးသူကိုမြို့ပြင် ထုတ်၍ ဦးခေါင်းဖြတ်သောအခါ ကိုယ်နာ, စိတ်နာ-ဒုက္ခဝေဒနာကို ထိုခိုးသူ ခံစားရသည်မဟုတ်ပါလော၊ ခံစားရပါသည်ဘုရား။
ချစ်သားသုသိမ ... ဦးခေါင်းဖြတ်ခြင်းကြောင့် ထိုခိုးသူသည် ကိုယ်နာ,စိတ်နာ-ဒုက္ခဝေဒနာကို မခံစားရမူလည်း ဖြစ်တန်ရာသေး၏၊ ဤသာသနာ၌ တရားခိုးမည်ဟု ရဟန်းပြုခြင်းကား ထိုခိုးသူထက် ကြောက်ဘွယ်အပြစ် ရှိ၏၊
သို့ရာတွင် ချစ်သား သုသိမ ... သင်သည် မိမိအပြစ်ကို မိမိမြင်၍ တရားနှင့်အညီ ကုစားပေ၏၊ သင်၏အပြစ်ကို ငါဘုရား သည်းခံတော်မူ၏၊
ချစ်သားသုသိမ ... အပြစ်မြင်၍ တရားနှင့်အညီ ကုစားခြင်းသည် ငါဘုရား၏ သာသနာတော်၌ ကြီးပွားကြောင်း ဖြစ်၏၊ နောင်အခါလည်း စောင့်စည်းနိုင်၏ဟု-မိန့်တော်မူသတဲ့။
ဒီနေရာမှာ သုသိမပရိဗိုဇ် တရားခိုးခြင်းနှင့်စပ်၍ သာသနာတော်၌ ခိုးသူကြီးငါးဦးကို ဗဟုဿုတ ဆည်းပူးကြရမယ်။
.
အလှူခံလှည့်၊ ငါသိတရား၊ စွပ်စွဲမှားပြု၊ ပေးမှုဂရုဘဏ်၊
မဂ်ဈာန်ဝါကြွား၊ ဤငါးပါး၊ ခိုးစားသာသနာ၊
၁။ အလှူခံလှည့် - ဟူသည်ကား လူဆိုးအသင်းဖွဲ့၍ အရပ်ရပ်လှည့်၍ ပစ္စည်းဥစ္စာ ထားပြတိုက်သကဲ့သို့ ဓမ္မကထိက အပေါင်းအသင်းနှင့် တကွ အရပ်ရပ်လှည့်၍ သာသနာ့လုပ်ငန်း မလုပ်ဘဲ သာသနာဝန်ထမ်း ရိက္ခာ ပစ္စည်းလေးပါးတို့ကို အလှူခံသော သာသနာ့ရိက္ခာ ခိုးသူ တယောက်တဲ့။
၂။ ငါသိတရား - ဟူသည်ကား လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်၍ ရသော မြတ်စွာဘုရား၏ တရားတော်ကို သင်ယူလေ့လာပြီးလျှင် ဤကား ငါသိသောတရား ဟု ဆို၍ ဘုရားတရားတော်ကို ခိုးသူ တယောက်တဲ့။
၃။ စွပ်စွဲမှားပြု - ဟူသည်ကား- သီလရှိသော ရဟန်းကို သီလပျက်သည် ဟု အလွဲလွဲ အမှားမှား စွပ်စွဲ၍ ရဟန်းကောင်း၏သီလ ခိုးသူ တယောက်တဲ့။
၄။ ပေးမှုဂရုဘဏ် - ဟူသည်ကား သံဃိက ဂရုဘဏ် ပစ္စည်းကို လူတို့အား ချီးမြှောက် ထောက်ပံ့ခြင်းဖြင့် သံဃာ့ပစ္စည်း ခိုးသူ တယောက်တဲ့။
၅။ မဂ်ဈာန် ဝါကြွား - ဟူသည်ကား- ဈာန်, မဂ်, ဖိုလ် တရားထူးမရဘဲ ရသည်ဟု ဝါကြွား၍ တရားထူး ခိုးသူ တယောက်တဲ့။
ဤသို့ သာသနာတော်၌ ခိုးသူကြီး ငါးဦးရှိ၏ဟု စတုတ္ထပါရာဇိက၌ ဟောတယ်၊
သုသိမ ရဟန်းသည် ငါသိတရားဟု ပြုလိုသော တရားခိုးသူ တယောက် ဖြစ်တယ်၊ သို့ရာတွင် မြတ်စွာဘုရားတည်းဟူသော အမှီကောင်းကို ရ၍ ရဟန္တာ ဖြစ်ပြီးလျှင် ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ခွဲဖြတ်နိုင်သူ ဖြစ်ရလေသတဲ့။
ဒီတော့ ယခုအခါ သာသနာ၌ မှီခိုဆည်းကပ်ကြသော သူတော်ကောင်း အပေါင်း သည်လည်း ရှင်အာနန္ဒာ ဆင်ခြင်သော ပဋိစ္စသမုပ္ပါဒ်နည်း, သုသိမ ရဟန်းအား မြတ်စွာဘုရား မေးစစ်သောနည်းတို့ဖြင့် အစမထင်သော သံသရာပတ်လုံး မပြတ် နှိပ်စက်သော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကို ခွဲဖြတ်နိုင်သူတို့ ဖြစ်ကြပါစေကုန် သတည်း။
.
အဝိဇ္ဇာ အသုဘရှု တရားစာ
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”
အဝိဇ္ဇာပစ္စယာ၊ သစ္စာလေးတန်, ပုဗ္ဗန္တ အပရန္တ, ပုဗ္ဗန္တာပရ, ပဋိစ္စဟု ရှစ်ခုသော ဌာနတို့၌ တွေဝေသော အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္စာဘိသင်္ခါရတို့သည်။
ဝါ၊ ကာယသင်္ခါရ, ဝစီသင်္ခါရ, စိတ္တသင်္ခါရတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏၊
ဒီလိုဟောတဲ့ နေရာမှာ - ရှစ်ဌာန၌ တွေဝေသော အဝိဇ္ဇာဆိုတာ --
ဒုက္ခသစ္စာ၌ တွေဝေခြင်း,
သမုဒယသစ္စာ၌ တွေဝေခြင်း
နိရောဓသစ္စာ၌ တွေဝေခြင်း,
မဂ္ဂသစ္စာ၌ ဝေခြင်း,
သံသရာရှေ့အစွန်း ပုဗ္ဗန္တ၌ တွေဝေခြင်း,
နောက်အစွန်း အပရန္တ၌ တွေဝေခြင်း,
ရှေ့နောက် အစွန်း ပုဗ္ဗန္တာပရန္တ၌ တွေဝေခြင်း,
ပဋိစ္စသမုပ္ပါဒ်၌ တွေဝေခြင်း
ရယ်လို့ အဝိဇ္ဇာရှစ်မျိုး ရှိသတဲ့၊
အာရုံမပြုခိုက်, အိပ်ပျော်ခိုက် မသိတာမျိုးကို တွေဝေတဲ့ အဝိဇ္ဇာ မယူရဘူးတဲ့။
ဒုက္ခသစ္စာ၌ တွေဝေခြင်း ကတော့ - သူရော ငါရော သတ္တဝါအားလုံးမှာ ... လက်ရှိ ဖြစ်တဲ့ ဆံဖျားကစ၍ ဖဝါးတိုင်အောင် တကိုယ်လုံးဟာ လောကီ နာမ် ရုပ် ခန္ဓာ ငါးပါးကြီး ဖြစ်တယ်၊ သူဌေးစည်းစိမ်, မင်းစည်းစိမ်, လူစည်းစိမ် နတ်စည်းစိမ်, ဗြဟ္မာစည်းစိမ်တွေ ရကြပေမယ်လို့ အိုဘေး, နာဘေး, သေဘေး အကြားထဲမှာ အမြဲ နေထိုင်ကြရပေတယ်၊ ဒီတော့ ကြက်ခြင်းထဲက ကြက်တွေလို ဒုက္ခရောက်ရမှာ ကိန်းသေ မဟုတ်ဘူးလား၊ ဒါကြောင့် မြတ်စွာဘုရားက ဤခန္ဓာငါးပါးကြီးကို ဆင်းရဲအမှန် - ဒုက္ခသစ္စာလို့ ဟောတော်မူတယ်။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဗ္ဘတိ-တမ္ပိဒုက္ခံ၊ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။
ဒုက္ခံ၊ ဒုက္ခ ဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
ဇာတိပိ၊ ပဋိသန္ဓေ နေရခြင်း သည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
ဧရာပိ၊ အိုရခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
ဗျာဓိပိ၊ နာရခြင်းသည်လည်း။
ဒုက္ခာ၊ ဆင်းရဲ၏။
မရဏမ္ပိ၊ သေရခြင်းသည်လည်း။
ဒုက္ခ၊ ဆင်းရဲ၏၊
အပ္ပိယေဟိ၊ မနှစ်သက်အပ်သော သတ္တဝါ,သင်္ခါရတို့နှင့်။
သမ္ပယောဂေါ၊ အတူယှဉ်တွဲ၍ နေရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ပိယေဟိ၊ နှစ်သက်အပ်သောသတ္တဝါ, သင်္ခါရတို့နှင့်။
ဝိပ္ပယောဂေါ၊ ကွေကွင်းရခြင်းသည်။
ဒုက္ခော၊ ဆင်းရဲ၏။
ယံပိစ္ဆံ၊ အကြင်တောင့်တခြင်းကို။
နလဗ္ဘတိ၊ မရအပ်။
တမ္ပိ၊ ထိုတောင့်တခြင်းကို မရခြင်းသည်လည်း။
ဝါ၊ ထိုမရစကောင်းကို တောင့်တခြင်းသည်လည်း။
ဒုက္ခံ၊ ဆင်းရဲ၏။
သံခိတ္တေန၊ အကျဉ်းအားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာပိ၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာတို့သည်လည်း။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
ဣဒံ၊ ဤဇာတိစသော တရားသည်။
ဒုက္ခံ၊ ဒုက္ခဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာမည်၏။
ဒီလို ဘုရားဟောပါဠိကို ရွတ်ဆိုတာ ယုံကြည်ရမယ်လို့ အတင်းဆိုတာ မဟုတ်တူး၊ ယုံသင့်သလား၊ မယုံသင့်သလား - ကိုယ်ပိုင်ဉာဏ်ဖြင့်သာ စဉ်းစားကြည့်ရမယ်၊ မအိုကောင်းသူ မနာကောင်းသူ, မသေကောင်းသူ ရယ်လို့ လောကမှာ ရှိသလား၊ ပွဲနေပွဲထိုင် အခမ်းအနား စသည်တို့မှာ လှပတင့်တယ်အောင် ပြုပြင်ပေးနိုင်တဲ့ လူတွေဟာလဲ အလှရည်, ပေါင်ဒါဘူးတွေ အရှိသားနဲ့ အိုကြသေးတာဘဲ မဟုတ်လား၊ ဆေးကုတဲ့ ဆေးဆရာကြီးတွေဟာလဲ ဆေးမျိုးစုံ ရှိပါလျက် နာကြ သေးတယ်၊ သေကြသေးတယ် မဟုတ်လား၊ မျက်မြင်ကိုယ်တွေ့တွေ ဖြစ်၍ ထင်ရှားတယ်၊ ချဲ့ပြောစရာ မလိုတော့ဘူး၊
အဲဒီ ဒုက္ခသစ္စာတွေကို ဘယ်လို အသုံးချရသလဲ၊ ပိုင်းခြားပြီး ကုန်စင်အောင် သိရမတဲ့၊ လောကီတရားတွေ ဖြစ်တယ်၊ ဉာဏ်ရှိသလို ချဲ့၍ သိကြရမတဲ့၊ သားသော, သမီးသော - တွေ ဘယ်သူကိုမျှ မချန်ဘဲ ခန္ဓာငါးပါးသာ မှန်လျှင် ဒုက္ခဘဲ ဟု အားမနာပါးမနာ ဉာဏ်ဖြင့် ပိုင်းခြား၍ သိခြင်းဟာ ဒုက္ခသစ္စာ၌ အသုံးချရတဲ့ ကျင့်ဝတ်ကိစ္စ ဖြစ်သတဲ့။
ဒီလို အသုံးမချဘဲ ဒုက္ခသစ္စာ ဟုတ်မှန်ပါလျက် စည်းစိမ်ချမ်းသာ တခုခုရပြီလို့ ထင်မှဖြင့် မိမိကိုယ်မိမိ မအိုတော့ဘူးလိုလို, မနာတော့ဘူးလိုလို, မသေတော့ဘူး လိုလို မှတ်ထင်နိုင်ကြတယ် ဆိုပါတော့၊ သည်တော့ ကြက်ခြင်းထဲက ကြက်တွေဟာ ငါတို့မှာ သေဘေးကြီး နီးကပ်နေပြီလို့ မသိဘဲ ပျော်ပျော်ပါးပါး နေနိုင်ကြတာနဲ့ မတူဘူးလား၊ အဲဒီလို မိမိ၏ ခန္ဓာငါးပါးဒုက္ခကို သတိမရဘဲ သုခမှတ်ထင်လို့ မေ့မေ့ လျော့လျော့ ခြင်းထဲက ကြက်တွေအနေ နေနိုင်ကြတာကို ဒုက္ခသစ္စာ၌ တွေဝေသော အဝိဇ္ဇာလို့ ခေါ်သတဲ့။
.
သမုဒယသစ္စာ၌ တွေဝေခြင်းကတော့ - ယခုပြောခဲ့တဲ့ လောကီနာမ်ရုပ်-ခန္ဓာ ငါးပါး ဒုက္ခကြီးဟာ အကြောင်းမဲ့ ဒုက္ခဖြစ်ရတာ မဟုတ်ဘူး၊ ရူပါရုံ, သဒ္ဒါရုံ အာရုံ ခြောက်ပါး၌ ခင်မင်စုံမက် နှစ်သက်တတ်သော တဏှာခြောက်ပါးဟူသော လောဘ ကြောင့် ဒုက္ခဖြစ်ရသတဲ့၊ တနည်းတော့လဲ - ကာမတဏှာ ဘဝတဏှာ, ဝိဘဝတဏှာ ဟူသော တဏှာ သုံးပါးကြောင့် ဒုက္ခဖြစ်ရသတဲ့၊
ကာမအာရုံခြောက်ပါး၌ သာယာသော လောဘဟာ ကာမတဏှာ မည်တယ်၊
သဿတဒိဋ္ဌိနှင့် ယှဉ်တွဲ၍ “ခန္ဓာငါးပါး ဟူသော ငါ၏ အတ္တဟာ ဘယ်ခါမျှ မပျက်ဘဲ ချမ်းသာတယ်”လို့ သာယာသော လောဘနှင့် ရူပဘဝ, အရူပဘဝ ကို သာယာသော လောဘကတော့ ဘဝတဏှာ မည်တယ်၊
ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲ၍ “သေလျှင် ခန္ဓာငါးပါး ငါ၏အတ္တဟာ နောက်ထပ် မဖြစ်ဘဲ ချုပ်ပြတ်၍ ချမ်းသာတယ်”လို့ သာယာသော လောဘကတော့ ဝိဘဝတဏှာ မည်တယ်၊ နိရောဓတဏှာလဲ မည်သတဲ့၊ နိဗ္ဗာန်ရပြီလို့ သာယာတဲ့ တဏှာဟု ဆိုလိုတယ်။
ထိုတဏှာလက်တွင်းက နိဗ္ဗာန်ဟာ နိဗ္ဗာန်အစစ်တော့ မဟုတ်ပေဘူး၊ နောက်ချေးခံ ရွှေမှုန့်ကြဲထားတဲ့ နိဗ္ဗာန် ဖြစ်တယ်၊ ထိုလောဘဆိုတဲ့ တဏှာ ခြောက်ပါး, တဏှာ သုံးပါးကြောင့် ခန္ဓာငါးပါး ဒုက္ခကြီးဟာ ဖန်ဖန်ဖြစ်ရပေတယ်၊
ကောင်းကင်သို့ မြှောက်လိုက်တဲ့ခဲဟာ အောက်သို့ ပြန်၍ ကျရသလို လောဘ တဏှာကြောင့် ဒုက္ခ ဖြစ်ရတာလဲ ကိန်းသေဘဲတဲ့၊ ဒါကြောင့် မြတ်စွာဘုရားက ဤလောဘကို ဒုက္ခရောက်ကြောင်းအမှန်- သမုဒယသစ္စာဟု ဟောတော်မူတယ်။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒီနီ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံခေါပန၊ ဤဆိုလတ္တံ့သည်ကား။
ဒုက္ခ သမုဒယံ၊ ဒုက္ခ၏ အကြောင်းဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
ယာယံတဏှာ၊ အကြင်တဏှာသည်။
ပေါနောဗ္ဘဝိကာ၊ တဖန်ဘဝသစ်ကို ပြုလေ့ရှိ၏။
နန္ဒီရာဂသဟဂတာ၊ နှစ်သက်ခြင်းတပ်ခြင်းနှင့်တကွ ဖြစ်၏။
တတြတတြာ၊ ထိုထိုအတ္တဘောဖြစ်ရာ ထိုထိုဘဝ၌။
အဘိနန္ဒိနီ၊ လွန်စွာနှစ်သက်တတ်၏။
ဣဒံ-သောတဏှာ၊ ဤတဏှာသည်။
သေယျထာ-ကတမာ၊ အဘယ်နည်း။
ကာမတဏှာ၊ ကာမအာရုံ၌ တပ်တတ်သော တဏှာ၎င်း။
ဘဝတဏှာ၊ သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ၎င်း။
ဝါ၊ ရူပဘဝ-အရူပဘဝကို၎င်း ဈာန်ကို၎င်း တပ်သောဘဝတဏှာ၎င်း။
ဝိဘဝတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာ၎င်း။
ဣတိ၊ ဤသုံးပါးတည်း။
ဣဒံ၊ ဤတဏှာသည်။
ဒုက္ခ သမုဒယံ၊ ဒုက္ခ၏ အကြောင်းဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
ဒီမှာလဲ ကိုယ်ပိုင်ဉာဏ် အသုံးပြုနိုင်တယ်၊ သူတကာ ချမ်းသာကြွယ်ဝ၍ သားကလေး, သမီးကလေးများ ရွှေတွဲလွဲ စိန်တွဲလဲ မြင်ရကြားရလျှင် ချမ်းသာချင်, ကြွယ်ဝ ချင်ကြတယ်၊ မိမိသားကလေး, သမီးကလေးများကိုလဲ ရွှေတွဲလွဲ စိန်တွဲလွဲနှင့် မြင်ချင်ကြတယ် ဆိုပါတော့၊
အဲဒါ ဒုက္ခပေးမဲ့ သမုဒယဘဲ၊ အဲဒီ သမုဒယကြောင့် နေပူမိုဃ်းရွာမရှောင် ငှက်တော, ခွေးတော ခိုးသား, ထားပြအကြား သွားလာ ရှာဖွေကြရတယ် မဟုတ်ဘူးလား၊ လူစည်းစိမ်လိုချင်တဲ့ သမုဒယကြောင့် လူ့ဘဝ၌ အမိဝမ်းထဲ ပဋိသန္ဓေဒုက္ခကြီးနဲ့ တွေ့ကြရတယ် မဟုတ်လား၊ နတ်စည်းစိမ်လိုချင်တဲ့ သမုဒယကြောင့် နတ်ပြည် မှာလဲ ပဋိသန္ဓေနဲ့ ရှေးဦးစွာ တွေ့ကြရမယ် မဟုတ်လား၊ ခွဲပြောစရာ မလိုပေဘူး၊
အဲဒီ သမုဒယသစ္စာတွေကို ဘယ်လို အသုံးချရသလဲ၊ ပယ်စွန့်ရမတဲ့၊ လောကီ တရားတွေ ဖြစ်တယ်၊ ဉာဏ်ရှိသလို ပယ်ကြရမတဲ့၊
ဥပမာအားဖြင့် ထောင်ရောင်ခြည်လင်းတဲ့ အရှင်နေမင်းကြီးဟာ ပိုးစုန်းကြူး၏ အရောင်ကလေး အနည်းငယ်ကိုသော်လဲ ချန်မထားဘဲ ပယ်သလို လောဘသာ မှန်လျှင် ပေါက်စကလေးပင် ဖြစ်စေ ဒုက္ခပေးမဲ့ သမုဒယဘဲ ဟု အားမနာပါးမနာ ဉာဏ်ဖြင့် ပယ်ခြင်းဟာ သမုဒယသစ္စာ၌ အသုံးချရတဲ့ ကျင့်ဝတ်ကိစ္စ ဖြစ်သတဲ့။
ဒီလို အသုံးမချဘဲ ဒုက္ခရောက်ကြောင်း သမုဒယကို သုခဖြစ်ကြောင်းဟု အရော ဝင်မိကြတယ် ဆိုပါတော့၊ လောဘနည်းသူကို လောဘနည်းရမလား၊ မိုက်တယ်, ဖျင်းတယ်, အ-တယ်လို့ အပြစ်တင်၍ လောဘကြီးအောင် နည်းပေးလမ်းပြ သင်ပေးကြတယ် ဆိုပါတော့၊ သည်တော့ ကောင်းကင်သို့ မြှောက်လိုက်တဲ့ ခဲဟာ သူတကာထက်မြင့်အောင် တက်နိုင်လေလေ အကျနာလေလေဘဲ မဟုတ်လား၊
အဲဒီလို မိမိဒုက္ခရောက်ကြောင်း သမုဒယဟု သတိမထားဘဲ သုခ ရကြောင်းဟု မှတ်ထင်လို့ မေ့မေ့လျော့လျော့ သမုဒယကို အရောဝင်နိုင်ကြတာကို သမုဒယသစ္စာ ၌ တွေဝေသော အဝိဇ္ဇာလို့ ခေါ်သတဲ့၊
.
နိရောဓသစ္စာ၌ တွေဝေခြင်းကတော့ - မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် အရိယာသခင် အရှင်မြတ်များ မျက်မှောက်ပြုကာ အာရုံပြုအပ်သော တရားတော်ကြီး၊ ခန္ဓာငါးပါး ဒုက္ခချုပ်ငြိမ်းရာ တရားတော်ကြီး၊ အိုဘေး, နာဘေး, သေဘေးတို့ ချုပ်ငြိမ်းရာ တရားတော်ကြီးရယ်လို့ လေတိုက်ရာ၌ ထွန်းထားသော ဆီမီးကဲ့သို့ ငြိမ်သက်စွာ ရှိသတဲ့၊ ဒီ-တရားတော်ကြီးဟာ သောတာပန်လောင်းတို့ နေ့စဉ် တောင့်တတဲ့ နိဗ္ဗာန်ပါဘဲ၊
[ဝဋ်ဆင်းရဲ အပြစ်မြင်၍ နိဗ္ဗာန်တောင့်တသူကို သောတာပန်လောင်းဟု ပဏ္ဏာသ အဋ္ဌကထာ၌ ဆိုသည်။]
အဲဒီနိဗ္ဗာန်ဟာ ဒုက္ခဟူသမျှ မဖြစ်နိုင်ဘဲ ချုပ်ငြိမ်းရာအမှန်ဟု ဉာဏ်ကြီးသူ ပုထုဇဉ်တို့ တွေးဆ၍ သိအပ်သော တရားတော်ကြီး ဖြစ်ပေတယ်၊
ဘုရားအလောင်းတော် သူဌေးသား သုမေဓာဟာ ဘဏ္ဍာတိုက်ကြီးထဲမှာ မိဘ ဘိုးဘွား ခုနစ်ဆက် စုဆောင်းထားတဲ့ ဘဏ္ဍာတော်တွေကို ကြည့်ပြီးလျှင် ငါ၏ မိဘဘိုးဘွား တို့သည် မိမိစုဆောင်းခဲ့တဲ့ ဘဏ္ဍာတွေလို့လဲ မယူသွားနိုင်ကြပါတကား ဟု သံဝေဂ ဉာဏ်ဖြစ်၍ ထိုတရားတော်ကြီးကို တွေးဆသတဲ့။
တွေးဆပုံကတော့ -
မီးပူရှိလျှင် မီးပူကို ငြိမ်းစေသော ရေအေး ရှိသကဲ့သို့ ကိလေသာ အပူရှိလျှင် ငြိမ်းစေသော နိဗ္ဗာနဓာတ် တရားအေးကြီးလည်း ဧကန် ရှိရမယ်၊
အနာရှိလျှင် အနာပျောက်ကြောင်း ဆေးရှိသကဲ့သို့ အိုဘေးနာဘေး သေဘေးရှိလျှင် ပျောက်ကြောင်း နိဗ္ဗာနဓာတ် တရားဆေးကြီးလည်း ဧကန်ရှိ ရမယ်၊
အညစ်အကြေး သင့်လျှင် ဆေးကြောစရာ ရေစင် ရှိသကဲ့သို့ လောဘ ဒေါသ ညစ်ကြေးကို ဆေးကြောနိုင်သော နိဗ္ဗာနဓာတ် တရားရေစင်လည်း ဧကန်ရှိရမယ်လို့ တွေးဆသတဲ့၊
ရန်သူအဝိုင်းခံရသူဟာ လမ်းပေါက် မြင်ပါလျက် ထွက်မပြေးလျှင် လမ်းပေါက်တာဝန် မဟုတ်ဘူးလို့ တွေးဆတယ်၊ ဤသို့ တွေးဆပြီးလျှင် ပစ္စည်းတွေ အကုန်စွန့်၍ တောထွက်၍ ရသေ့ပြုလုပ်သတဲ့၊
ဈာန်သမာပတ်တွေရပြီးမှ ဒီပင်္ကရာဘုရားရှင်နဲ့ တွေ့သောအခါ ရွှံ့ဗွက်ထဲမှာ အသက်စွန့်၍ မိမိကိုယ်ကို တံတားခင်းလှူသတဲ့၊ ထိုအခါ ဒီပင်္ကရာဘုရားက “နောင် အခါ ဂေါတမဘုရားဟူသောအမည်ဖြင့် ငါကဲ့သို့ ဘုရားဖြစ်လတ္တံ့” ဟု ဗျာဒိတ် တော်စကား မိန့်ကြားတော်မူသတဲ့၊ အဲဒီ သုမေဓာဟာ အိမ်မှာ နေစဉ်ကပင် နိဗ္ဗာနဓာတ် တရားတော်ကြီးကို တွေးဆခဲ့တယ်။
ထိုနိဗ္ဗာန်ကြီးဟာ ဥပမာဆိုရလျှင် လူတယောက်ဟာ လက်မှာ ဝဲခြောက်နာတွေ စွဲကပ်နေတယ် ဆိုပါတော့၊ ယားသလို, နာသလို, စပ်သလို ရွံစရာ ဒုက္ခတွေ အမျိုးမျိုး တွေ့ရမယ် မဟုတ်လား၊ တခါတလေတော့လဲ ဝဲကုပ်ရတာ အရသာ ရှိတယ်လို့ ထင်ချင်လဲ ထင်မှာဘဲ၊
သို့ပေမဲ့ ဆေးကောင်းတွေ့လို့ ဝဲခြောက်ပျောက် သွားတဲ့အခါမှာ ယခုမှ ငါဝဲနာတွေ ပျောက်၍ ချမ်းသာသုခ ရပေတယ်လို့ အောက်မေ့ရမှာဘဲ၊ ဝဲနာတွေ မပျောက်ချင် သေးပါဘူးဟူ၍၎င်း, ဝဲကုပ်ရတဲ့ အရသာကို ပြန်၍ ခံစားလိုသေးကယ်ဟူ၍၎င်း စိတ်ကူးဝံ့မှာ မဟုတ်ပေဘူး၊
ထို့အတူ ကိလေသာ ဟူသော သံသရာ ဝဲခြောက်တွေ ပျောက်ကင်းလို့ ချမ်းသာခြင်း ကိန်းသေဆိုတဲ့ နိဗ္ဗာန်တရားတော်ကြီး ဖြစ်ရပေတယ်၊
ဤဥပမာအားဖြင့် နိဗ္ဗာန်မလိုချင်သူကို ဝဲနာ မပျောက်ချင်ဘူးဟု ဆိုသူနှင့်အတူ ရှုသင့်တယ်၊ “ငါးကြော်မကြိုက် ကြောင်မိုက်” ဟူသော စကားပုံနှင့်တယ်၊
ဒါကြောင့် မြတ်စွာဘုရားက ဤနိဗ္ဗာန်ကို ဒုက္ခချုပ်ငြိမ်းရာအမှန် နိရောဓသစ္စာဟု ဟောကြားတော်မူတယ်။
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဒံ ခေါ ပန၊ ဤ ဆိုလတ္တံ့သည်ကား။
ဒုက္ခနိရောဓံ၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
တဿာယေဝ တဏှာယ၊ ထိုတဏှာသုံးပါး၏သာလျှင်။
ယော အသေသဝိရာဂနိရောဓော၊ အကြင်အကြွင်းမဲ့ ကင်းရာချုပ်ရာ နိဗ္ဗာန်သည်။
ယောစာဂေါ၊ အကြင်စွန့်ရာနိဗ္ဗာန်သည်။
ယောပဋိနိဿဂ္ဂေါ၊ အကြင်လွတ်လွတ်စွန့်ရာ နိဗ္ဗာန် သည်။
ယာမုတ္တိ၊ အကြင်လွှတ်ရာနိဗ္ဗာန်သည်။
ယောအနာလယော၊ အကြင် ကပ်ငြိခြင်းကင်းရာနိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏။
ဣဒံ၊ ဤနိဗ္ဗာန်သည်။
ဒုက္ခနိရောဓံ၊ ဒုက္ခ၏ ချုပ်ရာဖြစ်သော။
အရိယသစ္စ၊ အရိယသစ္စာမည်၏။
ဒီမှာလဲ ကိုယ်ပိုင်ဉာဏ် အသုံးပြုနိုင်တယ်၊
ခန္ဓာငါးပါးဟာ ဝန်ထုပ်ကြီး ငါးထုပ်လို့ ဘုရားဟောတယ်၊ မီးရထားခေါင်းတွဲကြီး မီးရထားလမ်းက သံတံတားကြီးတွေဟာ တန်ချိန်တသောင်း, နှစ်သောင်းစသည်ဖြင့် လေးသော်လဲ ရန်သူတွေဖျက်လို့ လမ်းပေါ်, အုဌ်တိုင်ပေါ်မှ ပြုတ်ကျသွားလျှင် ညွှန်ပျောင်းထဲ ကျသွားဦးတော့၊ ဆယ်တောင်, ၁၅-တောင်လောက်သာ ကျွံနိုင်ကြတယ်၊ ကျားပစပ်စက်နဲ့ ပြန်ဖော်လျှင် တရက် နှစ်ရက်အတွင်း လမ်းပေါ်, အုဌ်တိုင်ပေါ် ပြန်ရောက်နိုင်တယ်၊
ယခု သတ္တဝါအများ ခန္ဓာငါးပါးကတော့ ကိလေသာ ရန်သူတွေ လာဖျက်လျှင် နှစ်သိန်းလေးလောင်း မဟာပထဝီမြေကြီးကို ကျွံပြီး အဝီစိတိုင်အောင် နစ်သွား နိုင်တယ်၊ ပြန်ဖော်နိုင်သော ကျားပစပ် စက်ကိုလဲ ဥရောပတို့ အမေရိကတို့မှာ ပြုလုပ်ပြီးပြီလို့ မကြားရသေးဘူး။
ဤမျှလောက် လေးလံသော ခန္ဓာငါးပါးကြီးကို ထမ်းဆောင်နေရတာ ဘယ်လောက် ကြီးကျယ်တဲ့ ဒုက္ခလဲဆိုတာ စဉ်းစားကြည့်ရမယ်၊ ကြပ်ကြပ်ကြီး ရေငတ်မှ ရေအရသာ ရှိတယ်၊ ဒုက္ခကိုလဲ ကြပ်ကြပ်ကြီးမြင်မှ နိဗ္ဗာန်အရသာ ပေါ်တယ်၊
ထိုတန်ချိန်ပေါင်း အနန္တ ခန္ဓာငါးပါးဒုက္ခကြီးမှ ကွင်းကျွတ်လွတ် မြောက်တဲ့ နိဗ္ဗာန်ဟာ ဘယ်မျှ ချမ်းသာမယ်ဆိုတာ ဗြဟ္မာကြီးအသင်္ချေ လျှာပေါင်းကုဋေစီဖြင့် ရေတွက် သော်လဲ ကုန်နိုင်ဘွယ် မရှိပေဘူး၊ လူခံတွင်း လျှာတခုဖြင့် ပြောရတာ သမုဒ္ဒရာ လေးစင်း ရေတွေထဲမှ ရေပေါက်ငယ်တခု အနေမျှ ရှိပါ့မလား၊
အဲဒီ နိရောဓသစ္စာကို ဘယ်လိုအသုံးချရသလဲ၊ မျက်မှောက် ပြုရမတဲ့၊ တွေးဆရ မတဲ့၊ လောကုတ္တရာတရား ဖြစ်တယ်၊ ဉာဏ်ရှိသလို တွေးဆ ရမတဲ့၊ မရောက်ဘူး ဘဲနဲ့ တွေးဆလို့ မှန်နိုင်ပါ့မလားတဲ့-တချို့ က မေးခွန်းထုတ် ကြတယ်။
ပညာရှိအတွေးဟာ လူပြိန်းပြေးကြည့်တာထက် မှန်တယ် မဟုတ်လား။ ရောက်ဘူးသူ ရေးထားတဲ့ မြေပုံကိုကြည့်ပြီး မရောက်ဘူးသူတွေ အတွေးနဲ့ လာလိုက်ကြတာ ဟောဒီ မြန်မာပြည်ကြီးတောင် သူများလက်ထဲ ရောက်သွား သေးတယ်မဟုတ်လား၊
မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်မပြုနိုင်သေးခင် ဤလိုဒုက္ခ, ဤလိုဒုက္ခမျိုးမှ ကင်းဝေးတဲ့ နိရောဓဘဲဟု အားမနာပါးမနာ စိတ်ညစ်ညစ် ရှိတိုင်း တွေးဆ ကြံစည်ခြင်းဟာ နိရောဓသစ္စာ၌ အသုံးချရမဲ့ ကျင့်ဝတ်ကိစ္စ ဖြစ်သတဲ့။
ဒီလို ဒုက္ခမငြိမ်းသောနိရောဓ မရှိ၊ နိရောဓမှတပါး ဒုက္ခငြိမ်းရာ မရှိဟု ကျင့်ဝတ် အတိုင်း အသုံးချရမယ်ဖြစ်လျက် အချို့က နတ်, ဗြဟ္မာဖြစ်လျှင် နေဝသညာ-နာသညာယတနဘုံ-ဟူသော ဘဝဂ်သို့ရောက်လျှင် နိဗ္ဗာန်ရောက်တာဘဲဟု မှတ်ထင်ကြတယ်၊
မြတ်စွာဘုရား ဗြဟ္မာပြည်ကြီးသို့ ကြွသွားတော်မူသောအခါ ဗကဗြဟ္မာကြီးက “ရဟန်းဂေါတမ ... လာပါလော့၊ လာပါလော့၊ ကျွန်ုပ်တို့ ယခုနေတဲ့ ဗြဟ္မာဘုံဟာ အိုဘေး, နာဘေး, သေဘေး မရှိ၊ နိဗ္ဗာန် ဖြစ်သည်၊ သည်မှာ အမြဲနေပါ” ဟု မြတ်စွာဘုရားကို ဖိတ်ခေါ်သတဲ့၊
ဒီ-အဝိဇ္ဇာဟာ ဗြဟ္မာကြီးအားသော်လဲ မုသားဖြစ်အောင် လှည့်စားနိုင်ပေတယ်၊ တိမ်သလာကြက်ဆူးထွက်သူက သူ့မှာ မျက်စဉ်းအကောင်းဆုံး ရှိတယ်လို့ဆိုလျှင် ဟုတ်နိုင်မတဲ့လား၊ ပုထုဇဉ် တကိုယ်လုံး ကိလေသာ ဝဲခြောက်တုံးကြီးက သူ့မှာ ဝဲဆေးဘုရင် ရှိမတဲ့လား၊
အဲဒီလို နိဗ္ဗာန်အစစ် မဟုတ်ဘဲ, ဒုက္ခချုပ်ရာမဟုတ်ဘဲ ရွှေမှုန့်ကြဲကို နိရောဓ တကယ်ဟု မှတ်ထင်၍ အလွဲလွဲချွတ်ယွင်းကြတာကို နိရာဓသစ္စာ၌ တွေဝေသော အဝိဇ္ဇာလို့ ခေါ်သတဲ့။
.
မဂ္ဂသစ္စာ၌ တွေဝေခြင်းကတော့ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပစသော မဂ္ဂင်တရား ရှစ်ပါးသာလျှင် နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂသစ္စာ မည်တယ်၊
သမ္မာဒိဋ္ဌိ ဆိုတာ လမ်းမှန် လမ်းမှားသိသော ကောင်းသောဉာဏ်အမြင် ဖြစ်တယ်၊ မျက်စိနှင့် တူတယ်၊
သမ္မာသင်္ကပ္ပဆိုဘာ ကောင်းသောအကြံအစည် ဖြစ်တယ်၊ လက်ချောင်းနှင့် တူတယ်၊ အကြံအစည်ကောင်းသော လက်ချောင်းဖြင့် လှည့်လှည့် ပေးနိုင်မှ မျက်စိ အမြင်သေချာတယ်၊ ဒါကြောင့် သမ္မာသင်္ကပ္ပကို ဉာဏ်၏လက်ချောင်းလို့လဲ ခေါ်ဆိုတယ်၊ ဒီ-နှစ်ပါးကို ပညာစခန်း-အဓိပညာ မဂ္ဂင်နှစ်ပါးဟု မှတ်ရမတဲ့။
သမ္မာဝါစာဆိုတာ မုသာဝါဒစသော ဝစီစရိုက် လေးပါးကို မဆိုပါဘူးလို့ ရှောင်ကြဉ်၍ ကောင်းစွာဆိုခြင်း ဖြစ်တယ်၊
သမ္မာကမ္မန္တဆိုဘာ ပါဏာတိပါတ ကာယဒုစရိုက်သုံးပါးကို မပြုပါဘူးလို့ ရှောင်ကြဉ်၍ ကောင်းစွာ ပြုခြင်းဖြစ်တယ်၊
သမ္မာအာဇီဝဆိုတာ မကောင်းသော အသက်မွေးခြင်းဆိုတဲ့ ဒုရာဇီဝကို မပြုပါဘူးလို့ ရောင်ကြဉ်၍ ကောင်းစွာ အသက်မွေးခြင်းဖြစ်တယ်၊
ဒီ-သုံးပါးဟာ ဒုစရိုက်, ဒုရာဇီဝတို့ကို ရှောင်ကြဥရာ၌ အဆိပ်သီးမစားဝံ့သူနှင့် တူသော သီလတရားသုံးပါး ဖြစ်တယ်၊
ဒါကြောင့် ဒီ-သုံးပါးကို သီလစခန်း- အဓိသီလ မဂ္ဂင်သုံးပါးဟု မှတ်ရမတဲ့။
သမ္မာဝါယာမဆိုတာ ကောင်းစွာအားထုတ်ခြင်း ဖြစ်တယ်၊
မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရအောင် အားထုတ်ခြင်းတပါး,
ဖြစ်ပြီးသော အကုသိုလ်ကို ပပျောက်အောင် အားထုတ်ခြင်းတပါး,
မဖြစ်သေးသော ကုသိုလ်ကို ဖြစ်အောင် အားထုတ်ခြင်းတပါး,
ဖြစ်ပြီးသောကုသိုလ်ကို ဟိုးပွားအောင် အားထုတ်ခြင်း တပါး၊
ဒီလိုသမ္မာဝါယာမ မဂ္ဂင်ဟာ လေးမျိုးပြားတယ်။
သမ္မာသင်္ကဆိုတာ ကောင်းစွာအောက်မေ့ခြင်း ဖြစ်တယ်၊ သူလဲ လေးမျိုး ပြားတယ်။
၁။ ၃၂-ကောဋ္ဌာသ ကာယအပေါင်းကို အသုဘဟု ဖန်ဖန်အောက်မေ့ခြင်း-ကာယာနုပဿနာ-သတိပဋ္ဌာန်တပါး,
၂။ သုခ, ဒုက္ခ, ဥပေက္ခာ ဝေဒနာတို့ကို ဒုက္ခဟု ဖန်ဖန်အောက်မေ့ခြင်း- ဝေဒနာနုပဿနာ သတိပဋ္ဌာန်တပါး
၃။ ရာဂရှိသောစိတ်, ရာဂကင်းသောစိတ်, ဒေါသရှိသောစိတ်, ဒေါသကင်းသောစိတ် စသည်တို့ကို အနိစ္စဟု ဖန်ဖန်အောက်မေ့ခြင်း - စိတ္တာနုပဿနာ သတိပဋ္ဌာန်တပါး
၄။ ကာမစ္ဆန္ဒ-ဗျာပါဒစသော နီဝရဏငါးပါး, သတိ, ပညာ, ဝီရိယ, ပီတိ စသော ဗောဇ္ဈင်ခုနှစ်ပါး၊ ဤသို့စသော ဓမ္မတို့ကို အနတ္တဟု ဖန်ဖန်အောက်မေ့ခြင်း-ဓမ္မာနုပဿနာ သတိပဋ္ဌာန်တပါး -
ဒီလိုလေးမျိုးပြားတယ်။
သမ္မာသမာဓိဆိုတာ ကောင်းစွာတည်ကြည်ခြင်း ဖြစ်တယ်၊
ပဌမဈာန် သမာဓိ, ဒုတီယဈာန် သမာဓိ, တတီယဈာန် သမာဓိ, စတုတ္ထဈာန် သမာဓိ, ပဉ္စမဈာန်သမာဓိလို့ ငါးမျိုးပြားတယ်၊
ဒီ-ဝါယာ, သတိ, သမာဓိဟူသော မဂ္ဂင်သုံးပါးဟာ စိတ်ကို နိုင်နင်းစွာ ထားနိုင်တယ်၊ ဒါကြောင့် ဒီ-သုံးပါးကို သမာဓိစခန်း - အဓိစိတ္တ မဂ္ဂင်သုံးပါးဟု မှတ်ရမတဲ့၊
ဤမဂ္ဂင်ရှစ်ပါးဟာ အကျဉ်းအားဖြင့် သီလ, သမာဓိ, ပညာသုံးပါး ဖြစ်တယ်၊
နိဗ္ဗာန်ရောက်ကြောင်း ကိန်းသေ ဖြစ်တယ်၊
ဒါကြောင့် မြတ်စွာဘုရားက ဤမဂ္ဂင်ရှစ်ပါးကို နိဗ္ဗာန်ရောက်ကြောင်း အမှန်-မဂ္ဂသစ္စာ ဟု ဟောတော်မူတယ်။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။
ဣဒံ ဒေါပန၊ ဤဆိုလတ္တံ့သည်ကား။
ဒုက္ခ နိရောဓဂါမိနိ ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ် သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
အရိယော၊ မြတ်သော။
အယမေဝမဂ္ဂေါ၊ ဤမဂ်သည်သာလျှင်။
အဋ္ဌင်္ဂီကော၊ အင်္ဂါရှစ်ပါးရှိ၏။
သေယျထိဒံ၊ အင်္ဂါရှစ်ပါးကား။
သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်း။
သမ္မာသင်္ကပ္ပေါ၊ ကောင်းစွာ ကြံခြင်း။
သမ္မာဝါစာ၊ ကောင်းစွာ ဆိုခြင်း။
သမ္မာကမ္မန္တော၊ ကောင်းစွာ ပြုခြင်း။
သမ္မာအာဇီဝေါ၊ ကောင်းစွာ အသက်မွေးခြင်း။
သမ္မာဝါယာမော၊ ကောင်းစွာ အားထုတ်ခြင်း။
သမ္မာသတိ၊ ကောင်းစွာ အောက်မေ့ခြင်း။
သမ္မာ သမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း။
ဣတိ၊ ဤရှစ်ပါးတည်း၊
ဣဒံ၊ ဤမဂ္ဂင် ရှစ်ပါးသည်။
ဒုက္ခနိရောဓဂါမိနိပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက် ကြောင်း အကျင့်ဖြစ်သော။
အရိယသစ္စံ၊ အရိယသစ္စာ မည်၏။
ဒီမှာလဲ ကိုယ်ပိုင်ဉာဏ် သုံးနိုင်တယ်၊
အဝီစိတိုင်အောင် ခန္ဓာဝန်ထုပ် ကျွံနှစ်သွားတာကို ဖော်ထုတ်နိုင်သော ကျားပစပ် စက်ကို ဥရောပတို့ အမေရိကတို့မှာ မကြားရသေးသော်လဲ ဒီ-မြတ်စွာဘုရား သာသနာတော်ကြီးမှာ ရှိနေပါပြီ၊
ဓမ္မစကြာတရားဦး ဟောစဉ်က ပဌမအကြိမ်၌ပင် လူ, နတ်, ဗြဟ္မာ ၁၈-ကုဋေ သံသရာညွှန် ကျွံနေရာမှ ပါလာကြတယ်၊
နတ်ပြည်မှာ အဘိဓမ္မာတရား ဟောစဉ်ကလဲ နတ်, ဗြဟ္မာ အသေင်္ချေတဲ့၊
မဟာသမယသုတ် ဟောတုန်းက နတ် ဗြဟ္မာတွေ ကုဋေတသိန်းတဲ့၊
ရာဇဂြိုဟ်ပြည်မှာ ဗိမ္ဗိသာရမင်းကြီးနှင့်တကွ လူတသိန်းကျော်သတဲ့၊
လမ်းဘေး၌ ဝက်မကလေး အကြောင်းပြု၍ ဟောတုန်း လူပေါင်း ၈၄၀၀၀-စသည်ဖြင့် အကြိမ်ကြိမ် ထုတ်ဖော်ပြီးပြီ၊
ယခုလဲ ထိုစက်ကြီးဟာ မပျက်သေးဘူး၊ သာသနာစောင့် အရှင်မြတ်များ ဆက်လက်၍ ထုတ်ဖော်ဆဲပင် ဖြစ်ပါတယ်။
ပဌမရဟန်း သောတာပန်,
ဒုတီယရဟန်း သကဒါဂါမ်,
တတီယရဟန်း အနာဂါမ်,
စတုတ္ထရဟန်း ရဟန္တာ
ဟု ဒုက္ခငြိမ်းသေးသော သမဏလေးမျိုးလဲ ဤသာသနာ၌သာ ရှိတယ်၊
ဒီလို သံသရာညွှန်ထဲမှ ထုတ်ဖော်နိုင်တဲ့စက်ဟာ ဘယ်ဟာလဲဆိုတော့ ဤသာသနာ ထဲက မဂ္ဂင်ရှစ်ပါးပါဘဲတဲ့၊ မလျော့လွန်း မတင်းလွန်း အလယ်အလတ် ကျင့်စဉ် မဇ္ဈိမပဋိပဒါလို့လဲ ခေါ်တယ်၊
ကာမဂုဏ်ကပ်ငြိလျက် လျော့လျော့ကျင့်ရသော တရားမျိုး မဟုတ်ဘူး၊
ဆူးပေါ် အိပ်ခြင်း, သစ်ပင်၌ တွဲလွဲဆွဲခြင်း စသည်ဖြင့် ကိုယ်ပင်ပန်းခံ၍ တင်းတင်းကြီး ကျင့်ရသော တရားမျိုးလဲ မဟုတ်ဘူး၊
အစွန်းနှစ်ပါး၏အလယ်၌ ကျင့်ရသော မဇ္ဈိမပဋိပဒါ-မဂ္ဂင်တရားတော်ကြီး ဖြစ်ပါတယ်၊
အဲဒီမဂ္ဂသစ္စာကို ဘယ်လိုအသုံးချရသလဲ၊ တိုးတက်အောင် ပွားများရမတဲ့၊
လောကုတ္တရာတရား ဖြစ်တယ်၊ ဘယ်လိုပွားများရမလဲ၊ လောကုတ္တရာမဂ္ဂင်နှင့် ဆက်သွယ်နိုင်သော ကာမာဝစရ ကုသိုလ်ကို အဝိဇ္ဇာနှင့် အဆက်ဖြတ်ပြီး ရှေးဦးစွာ ပွါးများရတယ်၊ အားကောင်း၍ မဂ်ကုသိုလ် ဆက်သွယ်သောအခါ တိုးတက်ခြင်း, ပွါးများခြင်း ဖြစ်လာတယ်၊ လောကုတ္တရာမဂ္ဂင်ကို တခါထဲ ကျော်တက်ပြီး ပုထုဇဉ်တို့ ပွါးများလို့ မရနိုင်ပါဘူး။
ဒါကြောင့် အဝိဇ္ဇာကို အားမနာပါးမနာ အဆက်ဖြတ်ပြီး၊ တနည်း - အဝိဇ္ဇာကို လွတ်အောင် ခုန်ကျော်၍, မကျော်လိုလျှင်လဲ မိမိရရ ဝိပဿနာဉာဏ်ဖြင့် နင်း၍ ကာမာဝစရကုသိုလ်ကို ဒါန, သီလ, ဘာဝနာစွမ်းဖြင့် ပွါးများ အားထုတ်ခြင်းဟာ မဂ္ဂသစ္စာ၌ အသုံးချရမဲ့ ကျင့်ဝတ်ကိစ္စ ဖြစ်သတဲ့။
ဒီ-မဂ္ဂင်ရှစ်ပါးမှတပါး နိဗ္ဗာန်ရောက်ကြောင်း မရှိဘူး၊ နိဗ္ဗာန်သို့ မရောက်စေနိုင်သော မဂ္ဂင်ဟူ၍လဲ မရှိဘူး၊
သို့ပေမဲ့ အချို့ကတော့ သူ့အသက်သတ်၍ ယဇ်ပူဇော်ခြင်းဖြင့် နိဗ္ဗာန် ရောက်နိုင်တယ်၊ ခြိုးခြံစွာ သေလုနီးပါးကျင့်မှ နိဗ္ဗာန် ရောက်နိုင်တယ်လို့ အမျိုးမျိုး ကြံဆကြသတဲ့၊ အချို့ကလဲ ကာမဂုဏ်လက် မလွှတ်ပေမဲ့ သေခါနီး အနိစ္စ, ဒုက္ခ, အနတ္တ ပ္ပားလိုက်လျှင် တခါထဲ နိဗ္ဗာန်ကို အလွယ်ကလေး ရခိုင်တယ်လို့ မထီမဲ့မြင် ခပ်ပေါ့ပေါ့ ပြောဆိုကြသေးသတဲ့၊
သူတို့ပြောဆိုတဲ့အတိုင်း တကယ်နိဗ္ဗာန်ကို အလွယ်ကလေးသာ ချောင်ချောင် ပြုပြု ရလာလျှင်တော့ “ကိလေသာ မှောင်ခိုဈေးထဲက ရလာပေမဲ့ တော်ပါပေတယ်” လို့ အဟုတ်တကယ် ဝမ်းမြောက်ရမှာပါဘဲ၊
ဒီလို မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးအစစ်ကို ဖယ်ထားပြီး တင်းတင်းကျင့်ခြင်း, လျော့လျော့ ကျင့်ခြင်းတို့ကို ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဘဲလို့ ကြံစည် တွေးတောပြီး အလွဲလွဲ ယူဆကြတာမျိုး ကျင့်ကြတာမျိုးကို မဂ္ဂသစ္စာ၌ တွေဝေသော အဝိဇ္ဇာလို့ ခေါ်သတဲ့။
.
ပုဗ္ဗန္တစသည်တို့၌ တွေဝေခြင်းကတော့ -
သံသရာ၏ --
ရှေ့အစွန်းဖြစ်တဲ့ အတိတ်ခန္ဓာတို့၌၎င်း,
နောက်အစွန်းဖြစ်တဲ့ အနာဂတ် ခန္ဓာတို့၌၎င်း
ရှေ့အစွန်း နောက်အစွန်းဖြစ်တဲ့ အတိတ် အနာဂတ် ခန္ဓာတို့၌၎င်း
တွေဝေခြင်း ဖြစ်ပေတယ်၊
တွေဝေပုံကတော့ သတ္တဝါဆိုတာ --
ရှေးဘဝရယ်လို့ မရှိဘူး၊
ဝါ - ရှေးဘဝ အဝိဇ္ဇာ, သင်္ခါရ မရှိဘူး၊
ယခုဘဝကစပြီး အနာဂတ်ဘဝ အဆက်ဆက် ဖြစ်တယ်လို့ အချို့ ယူတယ်၊
အချို့ကတော့ ရှေးရှေးဘဝကား ရှိတယ်၊ နောက်ဘဝသာ မရှိဘူး၊
ဝါ - နောက်ဘဝ ဇာတိ, ဇရာမရဏ မရှိဘူးလို့ယူတယ်၊
အချို့ ကတော့ ရှေးရှေးဘဝလဲ မရှိ၊
နောက်နောက်ဘဝလဲ မရှိဘူးလို့ ယူတယ်၊
အဲဒါ ပုဗ္ဗန္တ၌၎င်း, အပရန္တ၌၎င်း, ပုဗ္ဗန္တာပရန္တ၌၎င်း တွေဝေသော အဝိဇ္ဇာလို့ခေါ်သတဲ့။
.
ပဋိစ္စသမုပ္ပါဒ်၌ တွေဝေခြင်းကတော့ -
ရှစ်ဌာန၌ တွေဝေခြင်း သဘောဆိုတဲ့ အဝိဇ္ဇာသာ ရှိတယ်၊
တွေဝေတတ်သော အတ္တမရှိကောင်းဘူး၊
အတ္တဆိုတာ - ပုဂ္ဂိုလ်, သတ္တဝါ ငါ သူတပါး, ယောက်ျား, မိန်းမ, အတ္တ, ဇီဝ ရှိကောင်းတယ်လို့ စွဲတဲ့ အတုအပ အစွဲကောင် ဖြစ်တယ်၊
ပြုတတ်သော အကောင်, ခံစားတတ်သောအကောင်ဟု စွဲတယ်၊
ထိုအစွဲကောင်ဟာ မုချ စင်စစ် မရှိကောင်းဘူး၊
ခန္ဓာငါးပါး ရုပ်နာမ် သဘောတရား ရှိကောင်းတယ်လို့ မှတ်ရမတဲ့၊
ကုသိုလ်, အကုသိုလ်ကံ သင်္ခါရ သဘောသာ ရှိတယ်၊
ကံသင်္ခါရ ပြုသူ အတ္တ အစွဲကောင် မရှိကောင်းဘူး၊
ဝိညာဏ်ဆိုတဲ့ ပဋိသန္ဓေစိတ်သာရှိတယ်၊
ပဋိသန္ဓေနေသူ အတ္တ မရှိကောင်းဘူး၊
နာမ်နှင့်ရုပ် ပေါင်းဆုံခြင်းသာ ရှိတယ်၊
ပေါင်းဆုံသူ အတ္တ မရှိကောင်းဘူး၊
စက္ခု, သောတစသော သဠာယတန ခြောက်ပါးသာ ရှိတယ်၊
မြင်သူ, ကြား, အနံ့ယူသူ, စားသူ, ထိသူ သိသူ- အတ္တ မရှိကောင်းဘူး။
တွေ့ထိခြင်း ဖဿသာ ရှိတယ်၊
တွေ့ထိသူ အတ္တ မရှိကောင်းဘူး၊
ခံစားခြင်း ဝေဒနာသာ ရှိတယ်၊
ခံစားသူအတ္တ မရှိကောင်းဘူး၊
နှစ်သက်ခြင်း တဏှာသာ ရှိတယ်၊
နှစ်သက်သူအတ္တ မရှိကောင်းဘူး၊
စွဲလမ်းခြင်း ဥပါဒါန်သာ ရှိတယ်၊
စွဲလမ်းသူအတ္တ မရှိကောင်းဘူး၊
ကံ, ဝိပါက်ဖြစ်ခြင်း ဘဝသာ ရှိတယ်၊
ဖြစ်တတ်သူ အတ္တ မရှိကောင်းဘူး၊
ရုပ်နာမ်တို့၏ အစစွာ ဖြစ်ခြင်း ဇာတိသာ ရှိတယ်၊
အစစ္စာဖြစ်သူ အတ္တ မရှိကောင်းဘူး၊
ရင့်ခြင်း, ပျက်ခြင်း ဇရာ, မရဏသာ ရှိတယ်၊
ရင့်တတ် ပျက်တတ်သူ အတ္တ မရှိကောင်းဘူး၊
စိုးရိမ်ခြင်း-သောက ငိုကြွေးသံ- ပရိဒေဝ ကိုယ်နာခြင်း- ဒုက္ခ စိတ်နာခြင်း- ဒေါမနဿ ပြင်းစွာပင် ပန်းခြင်း- ဥပါယာသ သဘောသာ ရှိတယ်၊
စိုးရိမ်သူ အတ္တ, ငိုကြွေးသူအတ္တ, ကိုယ်နာသူအတ္တ, စိတ်နာသူအတ္တ ပြင်းစွာ ပင်ပန်းသူ အတ္တရယ်လို့ မရှိကောင်းဘူး။
ဤသို့ ခန္ဓာအဆက်ဆက်, အာယတနအဆက်ဆက်, ဓာတ်အဆက်ဆက် ဖြစ်သော ဒုက္ခ သဘောတရား အစုတို့သာ အဆက်မပြတ် ဖြစ်တာကို ပဋိစ္စသမုပ္ပါဒ်လို ခေါ်တယ်၊ သံသရာလို့လဲ ခေါ်တယ်၊
သည်လို ဒုက္ခသဘောတရားတွေ ဖြစ်တာကို ပုဂ္ဂိုလ်, သတ္တဝါ ဖြစ်တယ်၊ ငါ,သူတပါး ဖြစ်တယ်၊ ယောက်ျား မိန်းမ ဖြစ်တယ်၊ အတ္တ ဇီဝ ဖြစ်တယ်၊ ချမ်းသာတယ်၊ ကြွယ်ဝတယ်၊ အစိုးရတယ်လို့ အထင်လွဲတာကို ပဋိစ္စသမုပ္ပါဒ်၌ တွေဝေသော အဝိဇ္ဇာလို့ ခေါ် သတဲ့။
အဋ္ဌကထာ ဆရာမြတ်တို့ကတော့ “ပုထုဇ္ဇနော ဟိ ဥမ္မတ္တကသဒိသော” လို့ မိန့်ဆိုကြတယ်။
ဟိ၊ အမှားမှား အယွင်းယွင်း တွေဝေနိုင်ကြတဲ့ အကြောင်းရင်းကား။
ပုထုဇ္ဇနာ၊ ပုထုဇဉ်အပေါင်းသည်။
ဥမ္မက္ကက သဒိသော၊ သူရူးနှင့် မထူး, သူမသာ ငါမကျူး, ညီအစ်ကို အမွှာပူး ဖြစ်ပေ၏။
အဓိပ္ပာယ်ကတော့ - အရူးနှင့် အမွှာပူးဖြစ်လို့ တွေဝေကြတာတဲ့။
သည်တော့ အရူးလွယ်အိတ် ဆိုတာလို ဖြစ်မှာပေါ့၊ အရူးလွယ်အိတ်ထဲမှာ ဆိုလျှင် ဘာတွေရှိသလဲ၊ ဆေးလိပ်တိုနှင့် ငါးပိချက်, ထန်းလျက်နှင့် ငရုပ်သီးမှုန့်, ကိတ်မုံ့နှင့် ဇွန်းကျိုး ခရင်းကျိုး - မတော်မတဲ့ အမျိုးမျိုး ရှိနိုင်ပေတယ်၊ ဒါကြောင့် သူရူးပီပီ ပုထုဇဉ်တို့ မေ့လျော့ကာ မနေကြနှင့်၊ သတိသမ္ပဇည ရှိကြရမယ်လို့ အဋ္ဌကထာ ဆရာတို့ သတိပေးတာကို ဉာဏ်နား၌ အမြဲကြားလျက် ရှိကြရမယ်၊ ပကတိနား ကြားရုံဖြင့် တင်းမတိမ်ကြရဘူးတဲ့။
အဲဒီ ရှစ်ဌာန တွေဝေသော အဝိဇ္ဇာကြောင့် သူသူငါငါ သတ္တဝါအပေါင်းမှာ ကြာမြင့်စွာသော ကာလပတ်သုံး အဝိဇ္ဇာဖုံးကာ တဏှာဆွဲဆောင် သံသရာ ထောင် သိန်းသောင်း တဘဝမှ တဘဝသို့ ကူးပြောင်းရပေါင်း များလှလေပြီ၊ ဒုက္ခမျိုးစုံ ပျက်စီးခြင်းအဖုံဖုံ တွေ့ကြုံရပေါင်း များလှလေပြီ၊ သေပေါင်းလည်း များလှလေပြီ၊ ဤကိုယ်ကောင် ပစ်ချရသည့်အတွက် သုသာန်မြေပုံလည်း မြင့်လှလေပြီ၊
ဤသင်္ခါရအားလုံး၌ အလွန်အကဲ ငြီးငွေ့ခြင်းငှာ, မတွယ်တာခြင်းငှာ, ထွက်မြောက် ခြင်းငှာ လွန်မင်းစွာ သင့်လှလေစွတကား၊ ဤသို့ သံယုတ်ပါဠိတော်ကြီးမှာ သံဝေဂ ဉာဏ်ထက်သန်စိမ့်သောငှာ မြတ်စွာဘုရား ဟောကြားတော်မူသတဲ့။
သည်တော့ ထိုအဝိဇ္ဇာဆိုတဲ့ တရားဟာ အရူးနှင့်အမွှာပူး ဖြစ်အောင် ပြုလုပ်တတ် သောကြောင့် သူ့ပင်ကိုယ်ကပင် ကြက်သရေမင်္ဂလာ ကင်းမဲ့၍ မတင့်မတယ် စက်ဆုပ်ရွံရှာဘွယ် အသုဘတရားကြီး အစစ် ဖြစ်နေတာကို ယခု မြင်ရပြီ မဟုတ်ပါလား၊
ဒါ့ကြောင့် ထိုအသုဘ အဝိဇ္ဇာနှင့် အဆက်ပြတ်သွားအောင် တွေးမိတိုင်း, တွေးမိတိုင်း --
ကြက်သရေမင်္ဂလာ မရှိတဲ့ အဝိဇ္ဇာ,
စက်ဆုပ်စရာ ရွံစရာဖြစ်တဲ့ အဝိဇ္ဇာ,
ရှစ်ဌာန၌ တွေဝေတဲ့ အဝိဇ္ဇာ,
ငါတို့ကို အရူး ဖြစ်အောင် ပြုလုပ်တဲ့ အဝိဇ္ဇာ,
ဒုက္ခအမျိုးမျိုး ဖြစ်စေတဲ့ အဝိဇ္ဇာ,
သေခြင်း တရား လက်ကိုင်ထားတဲ့ အဝိဇ္ဇာ,
အသုဘသဘောရှိတဲ့ အဝိဇ္ဇာ -
ဟု အားမနာပါးမနာနှင့် တွင်တွင်ကြီး ထိုအဝိဇ္ဇာကို အသုဘ ရှုနိုင်ကြပါစေကုန် သတည်း။
.
သင်္ခါရ ဆင်ကောင်ပုပ် တရားစာ
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ”
အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။
သင်္ခါရာ၊ သင်္ခါရတို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
ဒီလိုဟောတဲ့ နေရာမှာ သင်္ခါရဆိုတာ လောကီကုသိုလ်, အကုသိုလ်ကံ စေတနာ ၂၉-ခု ဖြစ်တယ်၊ ပုညာဘိသင်္ခါရ စသည်ဖြင့် ခွဲလိုက်လျှင် ကာမာဝစရကုသိုလ် စေတနာ ၈-ခု ရူပါဝစရကုသိုလ် စေတနာ ၅-ခုကတော့ ပုညာဘိသင်္ခါရ မည်သတဲ့၊ ၁၃-ခု ရှိတယ်၊ လောဘမူ ၈, ဒေါသမူ ၂, မောဟမူ ၂-ဆိုတဲ့ အကုသိုလ်စေတနာ ၁၂-ခုကတော့ အပုညဘိသင်္ခါရ မည်တယ်၊ အရူပါဝစရကုသိုလ်စေတနာ ၄-ခု ကတော့ အာနေဉ္စာဘိသင်္ခါရ မည်တယ်။
ထိုစေတနာ ၂၉-ခုတို့တွင် ကာမကုသိုလ် ၈-ခု, အကုသိုလ် ၁၂-ခုကတော့ ဒွါရ သုံးပါးလုံး၌ ဖြစ်တယ်၊ ရူပကုသိုလ်, အရူပကုသိုလ်ကတော့ မနောဒွါရ၌သာ ဖြစ်တယ်၊ ကာမကုသိုလ်, အကုသိုလ် ၂၀-ဟာ ကာယဒွါရ၌ လှုပ်ရှားခြင်း ကိုယ်အမူအရာ ဖြစ်စေတဲ့အခါ ကာယသင်္ခါရ မည်တယ်၊ ဝစီဒွါရ၌ မြွက်ဆိုခြင်း-နှုတ်အမူအရာ ဖြစ်စေ တဲ့အခါ ဝစီသင်္ခါရမည်တယ်၊ သင်္ခါရ ၂၉-ခုလုံးပင် မနောဒွါရ၌ ကြံစည်စိတ်ကူးခြင်းကို ဖြစ်စေတဲ့အခါ စိတ္တသင်္ခါရ မည်တယ်၊
(ဤသင်္ခါရတွေတို မဖြစ်အောင် အဝိဇ္ဇာမကင်းသူ အနာဂါမ်အထိ မတတ်နိုင်ဘူးဟု ကိန်းသေ မှတ်ကြရမယ်၊ ရဟန္တာမဖြစ်ဘဲလျက် တတ်နိုင်ပါတယ် ဟု ဆိုလျှင် မဟုတ် မဟတ် - သနားစရာဟူ၍သာ မှတ်သားရာ၏။)
ဒီမှာ မယူရတဲ့ သင်္ခါရတွေလဲ ရှိသေးတယ်၊ အနိစ္စာဝတသင်္ခါရာလို့ ဟောရာ၌ --
နိဗ္ဗာန်မှ ကြွင်းသမျှ သင်္ခါရဟာ သင်္ခတသင်္ခါရ မည်တယ်၊ ဒီမှာ မယူရဘူး၊
ကံကြောင့်ဖြစ်သော အကျိုးဝိပါက် ကမ္မဇရုပ်ကတော့ အဘိသင်္ခတသင်္ခါရ မည်တယ်၊ မယူရဘူး၊
ဝီရိယစေတသိက်ကတော့ ပယောဂါဘိသင်္ခါရ မည်တယ်၊ မယူရဘူး၊
ထွက်သက်ဝင်သက်လေ ဆိုတဲ့ ကာယသင်္ခါရ, ဝိတက်ဝိစာရဆိုတဲ့ ဝစီသင်္ခါရ, ကြွင်းစေတသိက် ၅၀-ဆိုတဲ့ စိတ္တသင်္ခါရကိုလဲ မယူရဘူးတဲ့။
အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံကတော့ --
ရှစ်ဌာန၌ တွေဝေသော အဝိဇ္ဇာ ရှိသူဟာ ၃၁-ဘုံဒုက္ခကို သုခစည်းစိမ်ဟု မှတ်ထင်၍ ဒုက္ခဖြစ်ကြောင်းကို သုခ ဖြစ်ကြောင်းဟု မှတ်ထင်၍ လိုချင်သတဲ့၊ ၃၁-ဘုံဒုက္ခမှ မလွတ်နိုင်တဲ့ တရားကို ဒုက္ခလွတ်ကြောင်းဟု မှတ်ထင်၍ အားထုတ်ချင်သတဲ့၊
ဒါနဲ့ တချို့ကတော့ သူတပါးထံ ဘယ်ပုံ အားထုတ်ရလဲလို့ မေးသတဲ့၊ ဒီတော့ သူ့အသက်သတ်ခြင်း စသည်ဖြင့် အကုသိုလ်ပြုရတယ် ဟူ၍၎င်း၊ ဒါန သီလ စသည်ဖြင့် ကုသိုလ်ပြုရတယ် ဟူ၍၎င်း မိမိစိတ်၌ ထင်သလို အမျိုးမျိုး ဖြေဆိုကြသတဲ့၊ ဒီတော့ သုခ စည်းစိမ်လိုချင်တာနဲ့ ဝဋ်ဒုက္ခမှ လွတ်ချင်တာနဲ့ သူတပါးပြောတဲ့အတိုင်း ပြုကြ သတဲ့၊ အချို့ကတော့ မမေးဘဲ မိမိထင်ရာ စိတ်ကူးပြီး “သည်လိုပြုရလျှင် ငါ၏ လိုအင်ဆန္ဒ ပြည့်မှာဘဲ”လို့ အကြံနဲ့ ပြုလိုရာပြုကြသတဲ့။
ဘာတွေကို ပြုသလဲ၊ ရံခါ လောဘ, ဒေါသ, မောဟဆိုတဲ့ အပုညာဘိသင်္ခါရှ အကုသိုလ်တွေကို ပြုကြတယ်၊ ရံခါ ဒါန, သီလ ဘာဝနာ စွမ်းဖြင့် ပုညာဘိသင်္ခါရ ကာမကုသိုလ်ကို၊ ရံခါ ရူပဈာန်စွမ်းဖြင့် ပုညဘိသင်္ခါရ ရူပကုသိုလ်ကို ပြုကြတယ်၊ ရံခါ အရူပဈာန်စွမ်းဖြင့် အာနေဉ္စာဘိသင်္ခါရ အရူပကုသိုလ်ကို ပြုကြဘယ်၊ ကုသိုလ် အဘိုးတန် ပြုသော်လဲ အဝိဇ္ဇာမှောင်ထဲမှာချည်းသာဟု မြဲမြဲမှတ်ထားရမယ်။
[မှောင်ထဲ၌ သွားသူဟာ ရံခါလမ်းကောင်း, ရံခါ လမ်းဆိုးသို့ ရောက်တယ်၊ လမ်းဆိုး ရောက်တာ အမှောင်ကြောင့်ဟု အဖြေပေးနိုင်တယ်၊ လမ်းကောင်း ရောက်တာ အလင်းရောင်ကြောင့်ဟု အဖြေမပေးနိုင်ဘူး၊ ဒါကို သတိပြုရမယ်။]
သည်တော့ အဝိဇ္ဇာမှောင်ထဲမှာ ပြုကြတဲ့အတိုင်း ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္စာဘိသင်္ခါတို့ တတွေဟာ အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာကြသတဲ့၊ ထိုဖြစ်ပေါ် လာသမျှ သင်္ခါရတွေဟာ အဝိဇ္ဇာ၏ လက်ပါးစေ ပါးကွက် အာဏာသားဖြစ်သော ဇာတိ, ဇရာ, မရဏတရားတို့ ညှဉ်းဆဲနေတဲ့ ၃၁-ဘုံ သံသရာထောင်ထဲမှာသာ ဒုက္ခတွေအမျိုးမျိုး တိုးမိအောင် စီမံပေးနေကြသတဲ့။
ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားနိုင်ကြရမယ်၊ လူ့ပြည်မှာ မင်းစည်းစိမ်, သူဌေး စည်းစိမ်ဖြင့် ဘယ်လိုပင် အထက်တန်းကျကျ မောက်ကြွား နေကြသော်လဲ လက်ဦးဆုံး အမိ ဝမ်းထဲမှာ ကိုးလ, ဆယ်လ အချုပ်ခံနေရတဲ့ ရာဇဝတ်ကောင် ဘဝက တက်လာကြ တာတွေ ဖြစ်တယ်၊
နောက်ပြီး ထိုစည်းစိမ်ကြီးရှင်တွေဟာ ရွှေ ငွေ, စိန်, ကျောက် ခြယ်စီတဲ့ ရတနာ မျက်နှာကြက်အောက်မှာ ခံစားနေရတယ်လို့ အထင်ကြီးနေပေမယ်လို့ စင်စစ် မှာတော့ အိုဘေး, နာဘေး, သေ ဘေးတို့၏ ခြေဘဝါးကြီး သုံးခုကို မျက်နှာကြက် ပန်ကာ သဘွယ် ချယ်စီ၍ နေကြရတာချည်းပါဘဲ။
ရှေးမထေရ်ကြီးတပါးက မြေကြီးရယ်ခြင်း, ကျောင်းရယ်ခြင်း, အိမ်ရယ်ခြင်းလို့ ရယ်ခြင်း သုံးမျိုးကို မိန့်ဆိုဘူးသတဲ့၊ မင်းစိုးရာဇာများကို “ရေမြေ အစိုးရသော ဘုရင်မင်းမြတ်”ဟု ဆိုတဲ့အခါ ရေမြေတို့က “အိုဘေး, နာဘေး, သေဘေးထဲကနေပြီ ဒီကောင်ကလေးက ငါတို့ကို တကယ် အစိုးရတယ်များ ထင်နေကြရော့သလား”လို့ ရယ်ကြသတဲ့၊
ဘုန်းတော်ကြီးများကိုလဲ “ငါ့ ကျောင်း, ငါ့ကန်, ငါ့ပရိက္ခရာ”ဟု ဆိုတဲ့အခါ ကျောင်း, ကန်, ပရိက္ခရာတို့က ရယ်ကြသတဲ့၊
လူတွေကိုလဲ “ငါ့အိုး, ငါ့အိမ် ငါ့စည်းစိမ်”ဟု ဆိုတဲ့အခါ အိုး, အိမ်, စည်းစိမ်တွေက ရယ်ကြသတဲ့၊ အရယ်ခံနေကြရတယ်။
အိုဘေး, နာဘေး, သေဘေးကို နိုင်အောင် ဘာမျှမတတ်နိုင်ဘဲနဲ့ ထိုစည်းစိမ်ရှင် တွေဟာ ဦးချိုကျိုးသော နွားသော်မှ မာနကင်းပါလျက် သူတို့မှာ မကင်းဘဲ မောက်ကြွားနေကြတာကို သူသူငါငါကြည့်လို့တော့ အကောင်းသားဘဲ မဟုတ်လား၊ ဒီတော့ ရန်သူကို မနိုင်ပေမဲ့ သင်္ဘောခွေးကလေးများ ဟောင်သံ နားထောင်လို့ ကောင်းသလိုနဲ့ မတူဘူးလား။
အဲဒီလို ဒုက္ခမကင်းတဲ့ စည်းစိမ်ကို ဖြစ်စေတဲ့ သင်္ခါရဟာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ၊ ဒီအထဲမှာ ဒါန သီလစသည် အစွမ်းဖြင့် ပုညာဘိသင်္ခါရ ကို ပြုသူဟာ တွေ့ကြုံရမဲ့ ဇာတိ ဒုက္ခစသည်ကို မမြင်လို့ပြုကြသတဲ့၊
နတ်သမီးရမယ်ဆိုလို့ ချောက်ထဲခုန်ချမိသူနှင့် တူသတဲ့၊
မီးရောင်ကို ရွှေတောင်ကြီးအထင်နှင့် မီးပုံထဲခုန်ဆင်းတဲ့ ပိုးဖလံနှင့်လဲ တူသတဲ့၊
တနည်းတော့ သင်ဓုန်းအသွား၌ ပျားရည်လိမ်းထားတာကို လျက်တာနဲ့ လျှာပြတ်တဲ့ သူနှင့်လဲ တူသတဲ့။
လောဘ, ဒေါသစွမ်းဖြင့် အကုသိုလ်ဆိုတဲ့ အပုညာဘိသင်္ခါရကို ပြုသူဟာ ပြုနေတုန်းပင် တွေတွေဝေဝေ မရှက်မကြောက် ပျံ့လွင့်ခြင်း ဖြစ်နေတာနဲ့ ဖြစ်ဆဲ ဒုက္ခကို မမြင်လို့ ပြုကြသတဲ့၊ မစင်ပြော့ပြော့ ကိုင်ဆော့ကစားတဲ့ ကလေး သူငယ်နဲ့ တူသတဲ့၊ ချက်ချင်း ပေရေနံစော်ခြင်း ဖြစ်နိုင်တယ်၊ တနည်းတော့- စိတ်ညစ်တာနဲ့ အဆိပ်မျိုးသူနှင့်လဲ တူသတဲ့၊ ချက်ချင်းလက်ငင်း ဒုက္ခတွေ့တယ် မဟုတ်လား။
အရူပကုသိုလ်ဆိုတဲ့ အာနေဉ္စာဘိသင်္ခါရကို ပြုသူကတော့ ဖောက်ပြန်လတ္တံ့သော ဝိပရိဏာမဒုက္ခကို မမြင်လို့ ပြုကြသတဲ့၊ နတ်တို့ပျော်တို့ ခေတ္တ ဖန်ဆင်းထားတဲ့ နတ်မြို့ - ကျတ်မြို့ကြီးအတွင်း မျက်စိလယ်၍ ဝင်သွားမိသူနှင့် တူသတဲ့၊ နတ်တို့ တန်ခိုးရုပ်သိမ်းလိုက်တော့ အထင်ကြီးထားတဲ့ နတ်မြို့ကြီးထဲမှာ မဟုတ်ဘဲ ချုံကြို-ချုံကြားထဲ ရောက်နေသတဲ့။
အဲဒါမတွေဟာ ပင်ရင်း အဝိဇ္ဇာကြောင့် အိုဘေး, နာဘေး, သေဘေးကြားထဲ ရောက်စေတဲ့ သင်္ခါရတို့ဖြစ်ပုံဘဲတဲ့၊ အဝိဇ္ဇာပင်ရင်းကို မဖျက်ဆီးဘဲ အိုဘေး နာဘေး, သေဘေးတွေမှ လွတ်ကင်းအောင် ရှောင်လျှင် မဖြစ်နိုင်ဘူးလားတဲ့၊ ပုညာဘိသင်္ခါရ စသော သုံးပါးကိုသော်လဲ မဖြစ်နိုင်အောင် ဒါန, သီလစသည် မပြုဘဲ အောင့်နေမယ်၊ ဖြစ်နိုင်တယ် မဟုတ်ဘူးလားတဲ့၊ ကြံလုံး ထုတ်ကြတယ်၊ သနားစရာပါဘဲ၊ ကာယသင်္ခါရစသော သုံးပါးကိုလဲ အောင့်နိုင်မှ၊ အောင့်ပုံကတော့-ကိုယ်လက် သွားလာ လှုပ်ရှားခြင်း မပြုနှင့်၊ နှုတ်ကလဲ စကားဘာမျှ မပြောနှင့်၊ စိတ်ကလဲ ဘာကိုမျှ မကြံနှင့်၊ ကြံလျှင် သင်္ခါရဖြစ်တာဘဲ၊ အဲဒါ တွေကို အောင့်နိုင်မှ စိတ်ချရတယ်လို့ ဖြေရမတဲ့။
ကာယသင်္ခါရစသည်တို့ကို အောင့်လို့တော့ မဖြစ်နိုင်ပါဘူး၊ ဒီမှာ ယုန်ကလေး ခုန်သလို သတိပြုရမယ်၊ ရှေးရှေးအခါက ယုန်ငယ်တကောင်ဟာ ချုံထဲမှာ နောက်ဖေး သွားသတဲ့၊ သည်တော့ မဟာပထဝီမြေကြီးက “ဟဲ့ယုန်မိုက် ... ငါ့အပေါ်မှာ နင်-နောက်ဖေးသွားတယ်၊ တယ်မိုက်ပါတကား”လို့ ကြိမ်းမောင်း သတဲ့၊ သည်တော့ ယုန်ကလေးက “ကျွဲတွေ-နွားတွေ တဖုန်းဖုန်း ဆင်ကြီးတွေ တအုန်းအုန်း စွန့်တာ တွေတော့ ဘာမျှမပြော၊ ငါ နဲနဲလေး စွန့်တာတော့ ကြိမ်းလိုက် မောင်းလိုက်တာ၊ ဒီလို မသမာတဲ့မြေကြီးမှာ မနေလိုပါဘူး”လို့ စိတ်နာနာရှိတာနဲ့ မြေကြီးမှလွတ်အောင် ထခုန်လိုက်သတဲ့၊
ထခုန်လိုက်တော့ လွတ်သွားရောလား၊ နှစ်တောင်လောက်မြင့်သွားပြီး ပြန်ကျသတဲ့၊ ဒီ-မြေကြီးပေါ် ပြန်ကျရမလားလို့ စိတ်နာနာနဲ့ ထခုန်ပြန်လဲ နှစ်တောင်ခန့်လောက် သာ မြင့်ပြီး တဖုန်းဖုန်းနဲ့သာ ပြန်၍ ပြန်၍ ကျသကဲ့၊ ဒီ-ဥပမာအတိုင်း အဝိဇ္ဇာ ပင်ရင်းကို မဖြတ်ဘဲနှင့်တော့ ထို အိုဘေး, နာဘေး, သေဘေးကြားထဲ တဖုန်းဖုန်းနဲ့ ပြန်ကျရမှာချည်းဘဲတဲ့။
ပဋ္ဌာန်းနည်းဖြင့် ကျေးဇူးပြုပုံ အမြွက်ကတော့ - အကျိုးအပြစ် သတိမထားနိုင်ဘဲ တွေတွေဝေဝေနဲ့ ပါဏာတိပါတ စသည်တို့ကို ပြုကြတဲ့အခါ အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရ ဖြစ်ပေါ်လာတယ်၊ ထိုအခါ အရင်းခံ အဝိဇ္ဇာက အားပေးတဲ့ အင်ဂျင်စက် - အားစွမ်းသဘွယ် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့၊ တကွဖြစ်တဲ့ အဝိဇ္ဇာက ကောင်းတူဆိုးတူ ဖြစ်ဘော်ဖြစ်ဘက်-သဟဇာတသတ္တိ, အမြစ်သဘွယ် ဟေတုသတ္တိဖြင့် ကျေးဇူးပြုသတဲ့၊ ရှေးရှေးဇော အဝိဇ္ဇာ ကတော့ စကြာမင်း နတ်ရွာစံလျှင် အခြားမရှိ ချက်ချင်း သားကြီးက ဘုရင် ဖြစ်စေသကဲ့သို့ အခြားမရှိ ချက်ချင်းဖြစ်စေတဲ့ အနန္တရသတ္တိဖြင့် ကျေးဇူးပြုသတဲ့၊ အဖန်ဖန်ထုံသော အာသေဝန သတ္တိဖြင့်လည်း အစွမ်းကောင်းအောင် ကျေးဇူးပြုသတဲ့။
မိမိပြုပြီးတဲ့ အဝိဇ္ဇာကို ပြန်ပြီးသတိရလို့ ငါအပါးအလယ်လုပ်ပြီး နှက်လိုက်တာ နေရာကျလိုက်တာ လို့လဲ သာယာတတ်တယ်၊ တခါတရံတော့လဲ ဒီလို နှက်လိုက် မိလျှင် အကောင်းသား၊ ငါ နဲနဲညံ့သွားတယ် လို့သော်လဲ စိတ်ညစ်တတ်တယ်၊ ဒီလိုအခါမျိုးမှာ ပြန်ပြန်ပြီးနှူးကာ အာရမ္မဏသတ္တိဖြင့် တစိမ့်စိမ့် ကျေးဇူးပြုသတဲ့၊ အလေးအမြတ်ပြုကာ “ငါ နှက်လိုက်တာ သိပ်နေရာ ကျတာဘဲ”ဟု အားရပါးရ ဖြစ်တဲ့အခါ တိုင်ထိပ်ပေါ် တင်ပေးသလို အဓိပတိသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
ဘုံသုံးပါးစည်းစိမ်ကို ရလို၍ ဒါန, သီလ, ဘာဝနာစွမ်းဖြင့် ကုသိုလ်တွေ ပြုတဲ့အခါ အားအရှိန်ပေးတဲ့-ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့၊ ဒါတွေထဲမှာ နည်းယူစရာ ထွက်လမ်းတခုမျှ မပါသေးဘူး၊ သူကန်း ချွတ်ချော်တာချည်းဘဲ၊ ဝါ-ပိုးကောင်သည် မိမိကိုယ်ကို အိမ်ဖွဲ့တာချည်းဘဲ၊ “အကြောင်းမကင်းသော ဒုက္ခအစု” ဟူ၍ နှလုံးသွင်းလျှင်တော့ အဘိုးတန်တယ်။
ဒါကြောင့် ဘုံသုံးပါးစည်းစိမ် တောင့်တပြီး ဝဋ္ဋနိဿိတကုသိုလ်မျိုး ပြုကြရတာ မင်းသားရူး ပတ္တမြားဝယ်သလိုဘဲတဲ့၊ ပွဲထဲက မင်းသားရူးဟာ အိမ်က ငွေတသောင်း ခိုးသွားသတဲ့၊ သူ့အဖေက ဒီလိုလုပ်လျှင် ငါတော့ မွဲရတော့မှာဘဲ၊ ဘာဖြစ်လို့ ဒီလို အရမ်းဖြုန်းချင်ရသလဲလို့ ဆိုသတဲ့၊ အဖေရယ် ကျွန်တော် အရမ်းမဖြုန်းပါဘူး၊ ပတ္တမြားလုံး အခန့်သင့်လို့ တသောင်း ပေးပြီး ဝယ်ထားလိုက်ပါတယ်၊ အရည်က ကောင်းပါဘိနဲ့၊ ကြက်ဥလောက် ရှိရဲ့ဟု ပြောသတဲ့၊ ဟင်-ဟုတ်ကဲ့လား၊ အတော်သားဘဲ၊ ဘယ်မလဲ ဒီပတ္တမြား၊ ပြစမ်းလို့ဆိုတော့-ကျွန်တော် ပတ္တမြားဝယ်ပြီး ရာပြတ်ကို သွားပြတယ်၊ ရာပြတ်က နင့်ဟာ ပတ္တမြားမဟုတ်ဘူး၊ ခရမ်းချဉ်သီး အမှဲ့လို့ ပြောတာနဲ့ ငါးပိနဲ့ နယ်စားပစ်လိုက်ပြီလို့ ဆိုသတဲ့၊ အဲဒီ ဝဋ္ဋနိဿိတ ကုသိုလ်တွေ စီမံပေးတဲ့ လူစည်းစိမ်, နတ်စည်းစိမ်တွေဟာလဲ သွားရေကျစရာ အရည်က ကောင်းပါဘိနဲ့၊ ခရမ်းချဉ်သီးအမှဲ့ဖြစ်နေလို့ အိုဘေး နာဘေး, သေဘေးနဲ့ နယ်ပြီး အဆုံးသတ်ရတာချည်းဘဲ။
နည်းယူစရာကတော့ - မိမိပြုခဲ့တဲ့ အဝိဇ္ဇာကို ဉာဏ်ဖြင့် ဆင်ခြင်၍ ဝိပဿနာ ဉာဏ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တဟု နင်းပြီးသုံးသပ်ရမတဲ့၊ ထိုအခါ နောင်တရတဲ့ အာရမ္မဏသတ္တိဖြင့် ပုညာဘိသင်္ခါရဖြစ်အောင် ထိုအဝိဇ္ဇာက ကျေးဇူးပြုသတဲ့၊ ဒီနည်းကတော့ သည်တွင်မကသေးဘူး၊ မဂ်, ဖိုလ်တိုင်အောင် ရောက်သွားနိုင်တယ်၊ ရေခိုးသောက်မိလို့ ပစ္စေကဗုဒ္ဓါဖြစ်သွားတာ ဒီနည်းမျိုးဘဲ၊ ရေခိုး သောက်စေသော အကုသိုလ်ကို ဝိပဿနာရှုသဖြင့် ပစ္စေကဗုဒ္ဓါဖြစ်သွားသတဲ့၊
တနည်းတော့လဲ - မိမိသန္တာန်, သူတပါးသန္တာန်က အဝိဇ္ဇာကို အပြစ်ရှု၍ လွတ်လိုသောဆန္ဒဖြင့် ဒါန, သီလစသော ကာမကုသိုလ်, ရူပကုသိုလ်, အရူပ ကုသိုလ်ကို ပြုလုပ်ရမတဲ့၊ ထိုအခါ စိုင်ကော် ချုံပေါ်ရောက်သလို အဝိဇ္ဇာက အားပေးပြီး ကော်လိုက်တဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့၊ ဒီနည်းလဲ မဂ် ဖိုလ်တိုင်အောင် ရောက်သွားနိုင်တယ်၊ အင်္ဂုလိမာလ ခိုးသူကြီး ရဟန္တာ ဖြစ်သွားတာ ဒီနည်းမျိုးဘဲတဲ့၊ အကုသိုလ်ကို လွတ်အောင် ခုန်ကျော်၍ ကုသိုလ်ပြုလို့ ရဟန္တာ ဖြစ်သွားသတဲ့၊ ဒါဟာ သူကန်း ချွတ်ချော်တဲ့အထဲ မပါဘူး၊ မှောင်ထဲမှာ ခလုတ် မတိုက်မိအောင် သတိကောင်းသူနှင့် တူတယ်။
သီဟိုဠ်ကျွန်းမှာလဲ - မုဆိုးကြီးတယောက် ရေငတ်ငတ် ရှိတာနဲ့ တောထဲက ကျောင်းတခုသို့ ဝင်သွားတယ်၊ ရေအိုးထဲမှာ ရေမမြင်ရလို့ “ဘုန်းကြီး လုပ်နေပြီး ရေမှခပ်မထားဘူး၊ ပျင်းလိုက်တာ” လို့ ဆိုသတဲ့၊ ဘုန်းကြီးက ကျောင်းထဲက ကြားတော့ ဘယ်လိုလူစားပါလိမ့်၊ ငါခပ်ထားတဲ့ရေတွေ ဒင်းမတွေ့လေ ရော့သလား လို့ ဆင်းလာပြီး အိုးတွေဖွင့်ပြီး ဒါတွေ ရေမဟုတ်ဘူးလား၊ မင်း မတွေ့ဘူးလား လို့ဆိုတော့မှ ရေတွေတွေ့လို့ သောက်ရသတဲ့၊
ဟဲ့တကာ ... မင်း ဘာအလုပ် လုပ်သလဲ၊ တပည့်တော် မုဆိုးပါဘုရား။ ဘယ်လောက် ကြာပြီလဲ၊ တသက်လုံးပါဘဲဘုရား။ နင့် အကုသိုလ်တွေ ကြီးကျယ် လိုက်တာ၊ ငါခပ်ထားတဲ့ ရေတွေကတောင် နင့်ကိုမြင်တော့ ပုန်းနေတယ်၊ နင့်အမြင်ကို မခံချင်ဘူးတဲ့ဟဲ့၊ ဒါဘဲစဉ်းစားကြည့်တော့လို့ ပြောတာနဲ့ မုဆိုးကြီး သံဝေဂဉာဏ်ဖြင့် ထိတ်လန့်လို့ ကိုရင်ကြီး ဝတ်နေသတဲ့။
တလလောက်ကြာတော့ သားမယား လွမ်းတာနဲ့ ထွက်ပါရစေတော့ လို့ လျှောက်သတဲ့၊ အေး ထွက်ချင်ထွက်တာပေါ့၊ သို့ပေမဲ့ ဒီအနားမှာ သစ်သား အစိုတွေ ဆယ်တောင်လောက်မြင့်အောင် ပုံပေးစမ်း၊ နောက်တော့ ထွက်ချင် ထွက်လို့ ပြောသတဲ့၊ ထွက်ချင်ချင်နဲ့ တောထဲမှ ခုတ်ပြီး ပုံပေးလိုက်တာ ဘာမျှ မကြာခင် ဆယ်တောင်, ဆယ့်ငါးတောင်လောက် မြင့်သွားသတဲ့၊ ဒီတော့ ဒီ-ထင်းပုံကြီးကို မီးတောက်အောင် မီးထည့်စမ်းလို့ ခိုင်းသတဲ့၊ တနေ့လုံး မီးထည့်လိုက်တာ သစ်သား အစိုတွေဖြစ်သောကြောင့် မီးညိရုံမျှ မညိဘူးတဲ့၊
ဒီတော့ မထေရ်မြတ်က ဒီမှာကြည့်ဟုဆိုပြီး တန်ခိုးနဲ့ မြေလှပ်ပြီး ငရဲပြည်က ငရဲမီး ကလေး ပိုးစုန်းကြူးအနေလောက် လှမ်းယူပြီး ထင်းအစိုပုံအပေါ် တင်လိုက်သတဲ့၊ ဒီတော့ မီးတောက်မျှ ထမတောက်ဘဲ ထင်းစိုတွေ ချက်ချင်း ပြာကျသွားသတဲ့၊ မြင်ပလား ကိုရင်ကြီး ... ထွက်ချင်လျှင် ထွက်တော့၊ တသက်လုံး နင် မုဆိုး လုပ်နေတာ ဒီငရဲဟာ- နင့်ဘို့ဘဲလို့ ဆိုသတဲ့၊ ဒီတော့ ကြောက်လွန်းလို့ ငရဲအကျိုး ပေးမဲ့ အဝိဇ္ဇာမှ လွတ်ပါစေခြင်းငှာ ကောင်းကောင်းနေပြီး တရားအားထုတ်သတဲ့၊ မကြာမီဘဲ အနာဂါမ် တည်သွားသတဲ့။
[ဒါကြောင့်မို့လို့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ - ဆိုပေမဲ့ ဝိပဿနာဖြစ်အောင်, အဝိဇ္ဇာမှ လွတ်အောင် ပြုလုပ်လျှင်တော့ ပဋိစ္စသမုပ္ပါဒ် ရန်မရှာနိုင်ဘူးလို့ မှတ်ရမတဲ့။]
တနည်းတော့လဲ-မဂ်, ဖိုလ်သာလျှင် သံသရာမှ မုချထွက်နိုင်တယ်၊ မဂ်, ဖိုလ် ကိုလဲ ကာမာဝစရကုသိုလ်က ဥပနိဿယသတ္တိ, အနန္တရသတ္တိတို့ဖြင့် ဆက်သွယ်အောင် ကျေးဇူးပြုနိုင်တယ်၊ ထို သတ္တိတို့ဖြင့် မဆက်သွယ်မိခင်တော့ အိုဘေး, နာဘေး, သေဘေးအကြားထဲ ပစ်ချနေတာဘဲတဲ့၊
ဒါဟာ ကြောက်စရာ အဆန်းမဟုတ်ပါဘူး၊ တိုင်းရေးပြည်ရေး သမားတွေဟာ ထောင်ကျတာ အဆန်းမဟုတ်ဘူး၊ သေတာ အဆန်းမဟုတ်ဘူးလို့ စိတ်ထက်သန် ကြတယ် မဟုတ်လား၊ ဘုရားလောင်း သုမေဓာကို ကြည့်စမ်း၊ နိယတဗျာဒိတ် ရပြီးမှ လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး ဖြည့်ကျင့်တဲ့ ပါရမီကုသိုလ်တွေဟာ အိုဘေး, နာဘေး, သေဘေးအကြားထဲ ပဋိသန္ဓေဝိညာဏ်ဖြစ်အောင် ပစ်ချနေတယ် မဟုတ်လား၊ အဆန်းမဟုတ်ပါဘူး၊
လေးသင်္ချေနှင့် ကမ္ဘာ တသိန်းရှိတော့ ပါရမီပြည့်လို့ မဂ်, ဖိုလ်နှင့် ဆက်သွယ်ပြီး ဘုရားဖြစ်သွားတယ်၊ သည်တော့ ပဋိစ္စသမုပ္ပါဒ် သံသရာမှ ထွက်နိုင်တယ်၊ ဒါကြောင့် မဂ် ဖိုလ်နှင့် ဆက်သွယ်နိုင်သော ကာမာဝစရကုသိုလ်က ပစ်ချတဲ့ အိုဘေး နာဘေး ဟာ ကြောက်စရာ မဟုတ်ဘူး၊ “ဒါမှ တို့အရေး” လို့ ကြွေးကြော် ထိုက်ပေတယ်။
ဒီတော့ ဒီ-ကာမာဝစရကုသိုလ်ဆိုတာ ပင်လယ်ထဲက ဆင်ကောင်ပုပ်လိုဘဲဟု မှတ်ရမတဲ့၊ ပင်လယ်ထဲမှာ လှေသင်္ဘောပျက်၍ ဆောက်တည်ရာမရ ကမ်းမမြင် လမ်းမမြင် ဖြစ်နေတဲ့အခါ ဆင်ကောင်ပုပ်ကြီးက မိမိအနား ရောက်လာတယ် ဆိုပါတော့၊ ထိုအခါ ပုပ်စော်နံပေမဲ့ တက်စီးရမည့်ဟာ တို့အရေး မဟုတ်လား၊ တက်စီးပြီး ပင်လယ်ထဲ ရှောက်လယ်ရမလား၊ မလယ်ချင်နဲ့၊ ကမ်းပါးသို့ ရောက်အောင် ယက်သွားရမယ်၊ ကမ်းပါးမရောက်ခင် ပုပ်စော်နံလှတယ်လို့ စွန့်မပစ်နှင့်၊ ဒုက္ခကြီး ကိန်းသေတွေ့သွားမယ်၊ ကမ်းပါး ရောက်မှ ရွံစရာကြီးရယ်လို့ စွန့်ပစ်လိုက်တော့ ဒုက္ခ မရောက်နိုင်တော့ဘူး။
ဒီ-ဥပမာအတိုင်း ကာမာဝစရကုသိုလ်နဲ့ ဘုံသုံးပါး ပင်လယ်ထဲမှာ လှည့်လယ် မနေချင်နဲ့တဲ့၊ မဂ်, ဖိုလ်ကမ်းပါးရောက်အောင် မနေမနား ယက်သွားရမယ်၊ မဂ်, ဖိုလ် မရသေးခင်လဲ သံသရာလယ်တဲ့ ကာမာဝစရကုသိုလ်လို့ စွပ်စွဲပြီး စွန့်မပစ်နှင့်၊ သံသရာဒုက္ခကြီး ကိန်းသေတွေ့သွားမယ်၊ မဂ်, ဖိုလ် ရတော့မှ စွန့်ပစ်လျှင် ဒုက္ခ မရောက်နိုင်တော့ဘူး။
အဋ္ဌသာလိနီ၌ “ယသ္မိံ သမယေ” ပုဒ်ကို အနက် ငါးနက် ဖွင့်တယ်၊ ထိုတွင် ခဏအနက် ဖွင့်ပြရာ၌ ရပ်ပြစ်ရှစ်ပါးမှ လွန်သော ဗုဒ္ဓုပ္ပါဒနဝမခဏ သည်၎င်း, ပဋိရူပဒေသဝါသ-စသော သမ္ပတ္တိစက် လေးပါးသည်၎င်း ခဏ မည်၏၊
ကာမာဝစရကုသိုလ်၏ ဖြစ်ခွင့်ခဏဟု ဖွင့်ပြ၍ လိပ်ကန်း ထမ်းပိုးပေါက် စွပ်သော ပမာဖြင့် ရခဲလှသော လူ့ဘဝရခြင်း, ဘုရားပွင့်သောအခါ ဖြစ်ခြင်း, သူတော်ကောင်း တရား တည်ရှိခြင်း၊ ဤသို့ စသော ခဏသမ္ပတ္တိ ကင်းခဲ့လျှင် ကာမာဝစရကုသိုလ် ဖြစ်ခြင်း မရှိ၊ ထိုခဏသည် ရခဲ၏၊
ကာမာဝစရကုသိုလ်သည် ရခဲသောခဏနှင့် စပ်၏၊ လောကုတ္တရာ မဂ်ဖိုလ် ဖြစ်အောင် ကျေးဇူးပြု၏၊ ထို့ကြောင့် ဤကာမာဝစရ ကုသိုလ်သည်လည်း ရခဲသော ဒုလ္လဘပင်တည်းဟု ပြတော်မူသည်၊ ထိုသို့ပြခြင်းဖြင့် ရခဲသောခဏနှင့်စပ်သော ကာမာဝစရကုသိုလ်ကို မပြုဘဲ အချည်းနှီးကာလကို ကုန်စေလျက် မေ့လျော့သော နေခြင်းကို မဖြစ်စေကြနှင့်ဟု မြတ်စွာဘုရား တားမြစ်တော်မူသည်ဟု မိန့်ဆိုတယ်။
ထိုစကား အဓိပ္ပာယ်ကျကတော့ ကာမာဝစရကုသိုလ် မပြုနိုင်သူဟာ ရပ်ပြစ် ရှစ်ပါး၌ ပါဝင်သူသော်လည်း ဖြစ်ရမည်၊ သင့်တင့်ရာအရပ်၌ မနေမိသူ သူတော်ကောင်းအမှီ မရှိသူ မိမိကိုယ်ကို ကောင်းစွာမဆောက်တည်သူ ရှေးကုသိုလ် မရှိသူသော်လည်း ဖြစ်ရမည်ဟု သိနိုင်ရမယ်။
ထို အဋ္ဌသာလိနီ၌ပင် ကာမာဝစရကုသိုလ်သည် -
အာရောဂျ အနဝဇ္ဇ ကောသလ္လသမ္ဘူတ အားဖြင့် အနက်သုံးပါး ရှိ၏၊
ကိလေသာ ဟူသော အနာ မရှိခြင်းသည် အာရောဂျအနက် မည်၏၊
ကိလေသာအပြစ် မရှိခြင်းသည် အနဝဇ္ဇအနက် မည်၏၊
လိမ္မာသူဖြစ်ကြောင်း ဉာဏ်ကြောင့် ဖြစ်ခြင်းသည် ကောသလ္လသမ္ဘူတ အနက် မည်၏၊
ဉာဏဝိပ္ပယုတ်ကုသိုလ်၌ ကောသလ္လသမ္ဘူတ အနက် မုချ မရ၊
ဤသို့လည်း ဖွင့်ပြတော်မူတယ်။
ဤနေရာ၌ အချို့ကား ကာမာဝစရကုသိုလ်သည် ပဋိသန္ဓေကို ဖြစ်စေနိုင်သည်၊ ဇာတိ ဇရာ မရဏ အပြစ်ရှိသည်။ အနဝဇ္ဇကုသိုလ် မဟုတ်ဟု အဋ္ဌကထာကို လွန်ကျူး၍ အဆိုရဲတင်းကုန်၏၊ မျက်မမြင် တစ္ဆေ မကြောက်ဆိုကုန်၏၊ သံသရာ ရှည်စေသည် ဟူ၍သော်လည်း ယိုးစွပ်ကုန်၏၊
သတိပြုစရာကတော့ အကုသိုလ်ထဲမှာ ဥဒ္ဓစ္စစေတနာသည် ပဋိသန္ဓေအကျိုး မပေးနိုင်၊ ကမ္မပထ မမြောက်သော ဒုစရိုက်အကုသိုလ်သည် ပဋိသန္ဓေကျိုး မပေးနိုင်၊ ထိုတရားတို့ကို အနာ-အပြစ်မရှိသောတရားတို့ဟူ၍ ချီးမွမ်းကြမည်လော၊ ဤသို့ကား မချီးမွမ်းတန်ရာ၊ ဇာတိ, ဇရာ, မရဏ အပြစ်မရှိသော သင်္ခတတရား ဟူ၍လည်း ရှိဦးမည်ဟု မှတ်ထင်ကြသလော၊ မဂ်ကြောင့်ဖြစ်သော ဖိုလ်သော်လည်း ဥပါဒ် ဌီ ဘင် - ဇာတိ, ဇရာ, မရဏရှိသည်ဟု သိအပ်၏။
မြတ်စွာဘုရား ကိုယ်တော်တိုင်ကပင် ကာမာဝစရကုသိုလ်သည် လောကုတ္တရာ မဂ်ဖိုလ်ဖြစ်အောင် ကျေးဇူးပြု၏ဟု ချီးမွမ်းတော်မူတယ်၊ ထိုချီးမွမ်းသော စကားတော် ကို ထိခိုက်သည်, ဆန့်ကျင်သည်ဟု မထင်သဖြင့် ဆိုမိခြင်း ဖြစ်တယ်၊ မြတ်စွာဘုရား ကို အားထားသူဖြစ်လျက် ဤသို့ ဆိုမိခြင်းသည် သနားဘွယ် ကောင်းလေစွ၊ ထိုသူနှင့်တူသူ ရှိဦးမည်လော၊ ထိုသို့သောသူကို မေတ္တာ, ကရုဏာ များများ ပွားထိုက်သတဲ့၊ တောသမင် ရှေ့၌သော်လည်း ဘိုးလမင်း အရောင်မဝှက်ဘဲ လင်းသကဲ့သို့ တရားရောင် လင်းပေးကြရမယ်လို့ မိန့်မှာတော်မူကြတယ်။
မဂ်ဖိုလ်ရ၍ ဘုရားစကား ကျပ်ပြည့်နားထောင်သော အရိယာပုဂ္ဂိုလ်များမှာတော့ ကာမာဝစရကုသိုလ်ကို သာ၍ပင် ပြုကြသေးတယ်၊ ဘုရား လက်ထက်က သောတာပန်လူမွဲ တကာတဦးဟာ ထမင်းစားဘို့ချက်ပြီး ဦးဦး ဖျားဖျားရယ်လို့ ဆွမ်းခံရဟန်းတပါးကို ဆွမ်းတန်းလှူလိုက်သတဲ့၊
ထိုတကာ ဆွမ်းလှူတာကိုမြင်လို့ တပါးသော ဆွမ်းခံရဟန်းတွေကလဲ တပါးပြီးတပါး ကြွလာလိုက်တာ လာသမျှ လောင်းတာဘဲ၊ ကုန်သွားတော့ မရှိမဲ့ ရှိမဲ့နဲ့ စားဘို့ ပြန်ချက်ပြီးလဲ ဦးဦးဖျားဖျားကလေး ဆိုပြီး လောင်းပြန်သတဲ့၊ ဆွမ်းခံရဟန်း မမြင်တခု၊ မြင်လျှင် လောင်းတာဘဲတဲ့၊
တခါတလေ သားသမီးကလေးတွေဟာ ထမင်းဆာလွန်းလို့ အိမ်နားနီးပါး လယ်တောင်းစားကြရသတဲ့၊ နောက်တော့ လူတွေက ရဟန်းတွေ လွန်လွန်းတယ် လို့ ကဲ့ရဲ့တာနဲ့ မြတ်စွာ ဘုရားနားတော်ကြားတော့ ဒီလို ပစ္စည်းနွမ်းပါး သဒ္ဓါများသော အရိယာ သေက္ခပုဂ္ဂိုလိကို သံဃာအများသိအောင် သေက္ခသမ္မုတိ ပေးထားရမယ်၊ ထိုသို့ သေက္ခသမ္မုတိရတဲ့ တကာ၏ အိမ်ခြံစည်းရိုးအတွင်း မပင့်ဘဲဝင်၍ ရပ်၍ ဆွမ်းမခံရဘူးလို့ သိက္ခာပုဒ် ပညပ်တော်မူတယ်။
မြတ်စွာဘုရားက ထိုဒါယကာကို ဒါနသံသရာ ရှည်မှာစိုးလို့ တားတာ မဟုတ်ဘူး၊ ရဟန်းတွေအပေါ်မှာ လူတို့ မလေးစားမှာစိုးလို့တဲ့၊ သာသနာ ငါးထောင်တည်အောင် စောင့်ရှောက်မဲ့ ရဟန်းတွေ ဖြစ်တယ်၊ ထိုရဟန်း အဆက်ဆက်ကို လူတို့လေးစား ဘို့ရန်တော့ မြတ်စွာဘုရား ဆန္ဒပြင်းထန်တော် မူသတဲ့။
ဒီ-သင်္ခါရသုံးပါးကို ဖြစ်စေနိုင်သော အကြောင်းတွေဟာ အဝိဇ္ဇာနှင့် အတူဖြစ်ဘက်-တဏှာ, ဥပါဒါန် စသည်ဖြင့် များစွာရှိပါလျက် အဝိဇ္ဇာတခု ထဲကိုသာ ဟောခြင်းဟာ ဘာကြောင့်လဲဆိုတော့- ပြဓာန်းသော ပဓာန အကြောင်း, ထင်ရှားသော ပါဋက အကြောင်း, မဆက်ဆံသော အသာဓာရဏ အကြောင်း ဖြစ်လို့တဲ့။
၁။ ပဓာနအကြောင်းဆိုတာ - သင်္ခါရသာ အဝိဇ္ဇာကြောင့်ဖြစ်တာ မဟုတ်သေးဘူး၊ သင်္ခါရ၏အကြောင်း-တဏှာ, ဥပါဒါန်တို့လဲ အဝိဇ္ဇာကြောင့်ဘဲတဲ့၊ ဒီလို အဝိဇ္ဇာက ပဓာန-ပြဓာန်းသောအကြောင်းရင်း ပင်မကြီး ဖြစ်သတဲ့။
၂။ ပါဋကအကြောင်း ဆိုတာကတော့- သလိပ်နာဆိုလျှင် သလိပ်များခြင်း နဲခြင်းဖြင့် သလိပ်မညီညွတ်ခြင်းတို့ ဖြစ်သော်လဲ သည်းခြေ စသည်တို့လဲ မညီညွတ်ခြင်း ဖြစ်တာဘဲတဲ့၊ သလိပ်သာ ပါဋက ထင်ရှားသတဲ့၊ ဘာ့ကြောင့်လဲ၊ သလိပ်ကို ကုသလျှင် ဓာတ်အားလုံး ညီညွတ်၍ သလိပ်နာ ပျောက်သတဲ့၊ အဲဒါလို ဤသင်္ခါရ ဖြစ်ရခြင်းမှာလဲ အဝိဇ္ဇာကို ကုသလိုက်လျှင် သင်္ခါရအားလုံး ပျောက်သတဲ့၊ အဝိဇ္ဇာသာ ပါဋကထင်ရှားသော အကြောင်း ဖြစ်သတဲ့။
၃။ အသာဓာရဏအကြောင်း ဆိုတာကတော့ - သင်္ခါရ ဖြစ်တယ်ဆိုတာ အဝိဇ္ဇာ မရှိသော ရဟန္တာနှင့် မဆက်ဆံ၊ ဘာမျှမဆိုင်ဘူး၊ အဝိဇ္ဇာ ရှိသူအားသာ သင်္ခါရ ဖြစ်တယ်၊ အဲဒီလို အဝိဇ္ဇာသည် အသာဓာရဏ-အဝိဇ္ဇာမရှိသူနှင့် မဆက်ဆံသော အကြောင်း ဖြစ်သတဲ့၊ ဒါကြောင့် ပင်မ-ပဓာနဖြစ်သော အဝိဇ္ဇာကြောင့်၊ ဝါ-ထင်ရှားသော အဝိဇ္ဇာကြောင့်၊ ဝါ-ရဟန္တာတို့နှင့် မဆက်ဆံသော အဝိဇ္ဇာကြောင့် သင်္ခါရ သုံးမျိုး ဖြစ်သတဲ့။
[အဝိဇ္ဇာမရှိသော ရဟန္တာအား ဒါန, သီလပြသော်လည်း ကုသိုလ်မဖြစ်၊ ကုသိုလ် အစား ကြိယာသာ ဖြစ်သည်။]
.
မေးမြန်းဘွယ်
မေး -
ဟောဒီနေရာမှာ မကောင်းကျိုးပေးသော အဝိဇ္ဇာကြောင့် မကောင်းကျိုးပေးသော အပုညာဘိသင်္ခါရသာ ဖြစ်ပါစေ၊ ကောင်းကျိုးပေးသော ပုညာဘိသင်္ခါရစသည်တို့ ဖြစ်ခြင်းသည် ကြောင်း, ကျိုး ဆန့်ကျင်တယ်လို့ မေးခွန်းတခု ရှိတယ်။
အဖြေကတော့-
ဒီလိုဘဲ ဆန့်ကျင်တာ လောကမှာ အများအပြားပင် ရှိသတဲ့၊ အကျိုးဆိုတိုင်းလဲ ဝိပါက်အကျိုးရင်းချည်း မဟုတ်ဘူးတဲ့၊ ရှေးစိတ်နှင့် နောက်စိတ်ဟာ စိတ်ချင်း တူသော်လဲ နေရာမတူ၊ ရှေးအတတ်ပညာနှင့် နောက်အတတ်ပညာဟာ ပညာချင်း တူသော်လဲ နေရာမတူ၊ နို့ရည်ကြောင့် နို့ဓမ်းဖြစ်သော်လဲ အရသာသဘောချင်း မတူ၊ တင်လဲခဲကြောင့် အရက် ဖြစ်သော်လဲ တင်လဲကား မမူးမယစ်၊ စက္ခုဓာတ်နှင့် ရူပဓာတ်တို့ကိုမှီ၍ စက္ခုဝိညာဏဓာတ်ဖြစ်ရာ၌ ရုပ်နှင့်နာမ် မတူ၊ သလေးစေ့ကြောင့် သလေးစပါးသီး ဖြစ်ရာ၌ ကြောင်း, ကျိုးသာ တူတယ်၊ ကာလ မတူ၊ မှုတ်သောသားချိုမှ အသံ ဖြစ်ရာ၌ ကြောင်း ကျိုး မတူ၊ မြည်းမက အဿတိုရ်မြင်း မွေးဖွားရာ၌ ကြောင်း, ကျိုး မတူ၊ ဒီလို ကြောင်း, ကျိုးမတူဘဲ ဆန့်ကျင်တာတွေ လောကမှာ အများအပြားရှိတယ်၊ ဒါကြောင့် အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရတို့ မတူ မတန်ဖြစ်ခြင်းကိုလဲ ဖြစ်သင့်တယ်လို့ မှတ်ရမတဲ့။
တနည်းတော့လဲ - စုတိ, ပဋိသန္ဓေ, သံသရာ, သင်္ခတလက္ခဏာ, ပဋိစ္စသမုပ္ပါဒ်၊ ဤငါးဌာန၌ တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရသုံးမျိုးလုံး ဖြစ်နိုင်သတဲ့။
၁။ ခန္ဓာငါးပါးတို့၏ ပျက်ခြင်းသည် စုတိမည်၏၊ ဒီလိုသိရမှာ မသိတဲ့ အန္ဓပုထုဇဉ်ဟာ သတ္တဝါသေတယ်၊ ငါ့သား ငါ့သမီး သေတယ်လို့ တွေဝေသတဲ့။
၂။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းသည် ပဋိသန္ဓေမည်၏၊ ဒီလိုသိရမှာ မသိတဲ့ အန္ဓပုထုဇဉ်ဟာ သတ္တဝါ ပဋိသန္ဓေနေတယ်၊ ငါ့မှာ သားသမီး ရလာပြီလို တွေဝေသတဲ့။
၃။ ခန္ဓာ, အာယတန, ဓာတ်တို့၏ မပြတ်ဖြစ်ခြင်းသည် သံသရာမည်၏၊ ဒီလို သိရမှာမသိတဲ့ အန္ဓပုထုဇဉ်ဟာ သတ္တဝါသည် တဘဝမှ တဘဝသို့ ပြောင်းရွှေ့ သွားတယ်၊ ခန္ဓာဟောင်းကိုစွန့်၍ ခန္ဓာသစ်သို့ ပြောင်းရွှေ့သွားတယ်လို့ တွေဝေသတဲ့။
၄။ စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတ တရားတို့သည် ဖြစ်ပြီးလျှင် ပျက်ခြင်း လက္ခဏာ ရှိကုန်၏၊ စိတ်သည် အာရုံကို သိခြင်းလက္ခဏာ ရှိ၏၊ ဖဿ, ဝေဒနာစသော စေတသိက်သည် တွေ့ထိခြင်း, ခံစားခြင်းစသော လက္ခဏာ ရှိ၏၊ ပထဝီ, အာပေါ စသော ရုပ်သည် ကြမ်းတန်းခြင်း, ယိုစီးခြင်းစသော လက္ခဏာ ရှိ၏၊ ဒီလိုသိရမှာ မသိတဲ့ အန္ဓပုထုဇဉ်ဟာ ထိုတရားတွေကို ငါ့ကိုယ် ဟူ၍, ငါ့ဟာဟူ၍, ငါဟူ၍, မြဲတယ်ခိုင်တယ် တင့်တယ်တယ်ဟူ၍ တွေဝေသတဲ့။
၅။ အဝိဇ္ဇာသဘောကြောင့် သင်္ခါရသဘောသာ ဖြစ်သည်၊ သင်္ခါရ သဘောကြောင့် ဝိညာဏ်သဘောသာ ဖြစ်သည်၊ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီ၀ ဖြစ်သည် မဟုတ်၊ ဤကား ပဋိစ္စသမုပ္ပါဒ်မည်၏၊ ဒီလိုသိရမှာ မသိတဲ့ အန္ဓပုထုဇဉ်ဟာ တွေဝေသော အတ္တရှိ၏၊ ကံသင်္ခါရပြုသူ အတ္တ ရှိ၏၊ အနုမြူသည် နတ်-ဗြဟ္မာသည် ကလလရေကြည် စသည်ဖြင့် ဖန်ဆင်း၍ မျက်စိစသည်ကို ထည့်ပေး၏၊ ထိသူအတ္တ, ခံစားသူအတ္တ, နှစ်သက်သူအတ္တ စွဲလမ်းသူအတ္တ အသစ်ဖြစ်သူ အတ္တရှိ၏ဟူ၍ တွေဝေသတဲ့၊ သတ္တဝါအားလုံးသည် နိယတိ သဘောအားဖြင့် ပေါင်းဆုံ၍ နတ်, လူ, ငှက်စသည်ဖြင့် အလိုလိုဖြစ်၏၊ အလိုလိုပြတ်၏ဟူ၍၎င်း တွေဝေသတဲ့။
အဲဒီလို ငါးဌာန၌ တွေဝေသော အဝိဇ္ဇာကြောင့် ရံခါ ကုသိုလ်ပြုခြင်း ရံခါ အကုသိုလ် ပြုခြင်းအားဖြင့် သင်္ခါရသုံးမျိုး ဖြစ်နိုင်သတဲ့၊ မြတ်စွာဘုရား၏ ဉာဏ်မျက်စိတော်ထဲမှာ သနားစရာတွေ ဖြစ်ကြတယ်။
ဗာလကေသုပိ သတ္တေသု၊
ဒယံ ကုဗ္ဗန္တိ သာဓဝေါ၊
မဂါနံပိ ဟိ သမ္မုခေ၊
န စန္ဒော ကောမုဒံ ဟရေ။
ဗာလကေသုပိ သတ္တေသု၊ အသိဉာဏ်နည်းလှသော ဗာလသတ္တဝါတို့၌ သော်လည်း။
သာဓဝေါ၊ ပညာရှိသူတော်ကောင်းတို့သည်။
ဒယံ၊ ချစ်ခင်ခြင်းမေတ္တာ, သနားခြင်း ကရုဏာကို။
ကုဗ္ဗန္တိ၊ ပြုနိုင်, ထားနိုင်, ပွားများနိုင်ကြကုန်၏။
ဟိ၊ ပွားများနိုင်မှု ဥပမာတန္တု ကား။
မဂါနံ၊ သားသမင်တို့၏။
သမ္မုခေပိ၊ မျက်မှောက်၌သော်လည်း။
စန္ဒော၊ ကောင်းကင်ထက်ဝှမ်း လျှမ်းလျှမ်း တောက်ဝင်း ဖိုးလမင်းသည်။
ကောမုဒံ၊ မိမိထွန်းနေကျ အရောင်အလင်းကို။
န ဟရေဟိ၊ မပယ်ဖျောက်သည်သာတည်း။
ဝါ၊ ဘုရားစကား ထိခိုက်မှားသော သမင်တောသားအား သော်လည်း နောက်ထပ် ဝစီကံ မထိုက်ပါစေနှင့်ဟု မေတ္တာ, ကရုဏာ-လရောင် လင်းထိုက်သည်သာတည်း။
ဒီနေရာမှာ စွဲလမ်းပုံတွေကို ပြဦးမယ်၊ ဗုဒ္ဓဘာသာကို ဆန့်ကျင်တဲ့ လူတမျိုး၏ အယူမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို ပေးချင်လျှင် ပေးနိုင်တယ်၊ လှူတော့ မလှူရဘူး။ လှူလျှင် ဒါနဖြစ်၍ ငရဲကြီးသတဲ့၊ ဒီ-ဝါဒဟာ ဒါန-သံသရာရှည်တဲ့ လူတမျိုး၏ အယူကို ချိုးဖျက်တာများ ဖြစ်မလားမသိ၊ သာလွန်၍ လေးနက် ရှာပေတယ်၊ ပေးတယ်-စွန့်တယ်-လှူတယ်ဆိုတာ အတန်းအစား နားလည်သူတို့ ပုဂ္ဂိုလ်အားလျော်စွာ ဝေဘန်သုံးစွဲတဲ့ စကားဖြစ်၍ အဓိပ္ပာယ်တူ-ဒါနုချည်းပါဘဲ၊ တိရစ္ဆာန်ကို အစာမရိုမသေ ပစ်ကျွေးတာတောင် ဒါနဖြစ်သေးတယ်၊ ဒီလို မသိရှာလို့ စေတနာအောက်တန်း ကျကျဖြင့် မိမိအယူမိမိ မြတ်နိုးစွဲလမ်း နိုင်ကြတာဘဲ။
နိဗ္ဗာန်မြန်မြန်ရောက်ချင်သူ လူတမျိုးကလဲ လောကုတ္တရာကုသိုလ်ကို ပြုမှ လောကမှ ထွက်နိုင်တယ်လို့ယူပြီး မိမိပြုသော ကုသိုလ်ကို လောကုတ္တရာလို့ စွဲလမ်းကြတယ်၊ လောကုတ္တရာကုသိုလ်ဆိုတာ မဂ်စိတ်လေးခု ဖြစ်တယ်၊ ကာမာဝစရကုသိုလ်၏ ဥပနိဿယသတ္တိမှ ဆိုင်ရာကိလေသာကို ကိစ္စအပြီးတိုင် သတ်လျက် တသံသရာ လုံးမှ တကြိမ်စီသာ ဖြစ်ကြဘယ်၊ ထပ်တလဲလဲ ပြုတိုင်း ဖြစ်တာမျိုး မဟုတ်ဘူး၊ ဒီလို မသိလို့ မိမိပြုတဲ့ကုသိုလ်ကို လောကုတ္တရာဟု စွဲလမ်းနိုင်ကြရှာတယ်။
ဒေဝဒတ်ကြီးလဲ လက်ရှိဘုရားကို သတ်ပြီးလျှင် ငါ ဘုရားလုပ်မယ်၊ သင်္ချေသော, ဘာသော ပါရမီ မဖြည့်ပေမဲ့ ဘုရားဖြစ်တာ အလွယ်ကလေးလို စွဲလမ်းပြီး မြတ်စွာဘုရားကို အကြိမ်ကြိမ် လုပ်ကြံနိုင်တာ ထင်ရှားတယ် မဟုတ်လား။
ခုန်ပေါက်ကာ ကျွမ်းထိုးနေသော ကလေးကို အမေက ဘာဖြစ်လို့ ဒီလောက် ဆော့ရသလဲလို့ဆိုတော့ ဆော့တာ မဟုတ်ပါဘူးတဲ့၊ ဆေးပုလင်းကို လှုပ်လှုပ်ပြီး သောက်ရမယ်လို အမေ ပြောထားတာ မလှုပ်ဘဲ သောက်မိလို့ ဝမ်းထဲ ရောက်တဲ့ ဆေးတွေကို လှုပ်ပေးနေတာပါလို့ ဆိုသတဲ့၊ သူအကြောင်းပြတာ အလွန်လုံလောက် တယ်လို့ သူ့ဉာဏ်ထဲမှာ စွဲလမ်းမှာဘဲ။
အချို့က နာနတ်သီးကို အူတိုင်ကြီးကြီး ဖြစ်အောင် လှီးပြီး စားဒါကို တွေ့ဘူး လေတော့ မျက်စိပွင့်ပြီး ပိန္နဲသီးအူတိုင်ကို လုစားတယ် ဆိုပါတော့၊ ဒါတွေဟာ ဆရာသမားနည်းကောင်းမှ ကင်းလေတော့ သနားစရာ ကရုဏာ၏ အာရုံတွေသာ ဖြစ်ကြတယ်။ ဖိုးလမင်းကဲ့သို့ပင် မေတ္တာ, ကရုဏာ- လရောင်လင်း ထိုက်ကြ ပေတယ်၊ နည်းကောင်း နည်းမှန်ကို ကောင်းစွာ ပြောပြပါလျက် မလိုက်နာဘဲ အာခံကာ- ကာပြန်ခဲ့လျှင် ဦးချိုမာန် အားကိုးရှိသော သမင်၏ တာဝန်ပေတည်း။
ယထာပိနာမ ဇစ္စန္ဓော၊
နရော အပရိဏာယကော၊
ဧကဒါ ယာတိ မဂ္ဂေန၊
ဥမ္မဂ္ဂေနာပိ ဧကဒါ။
ယထာပိနာမ၊ ဥပမာမည်သည်ကား။
ဇစ္စန္ဓော၊ ဝမ်းတွင်းကန်းဖြစ်သော။
နရော၊ သတ္တဝါသည်။
အပရိဏာယကော၊ ခရီးညွှန် ကင်းသည်ရှိသော်။
ဧကဒါ၊ ရံခါ။
မဂ္ဂေန၊ လမ်းကောင်းဖြင့်။
ယာတိ၊ သွား၏။
ဧကဒါ၊ ရံခါ။
ဥမ္မဂ္ဂေနာပိ၊ လမ်းဆိုးဖြင့်လည်း။
ယာတိ၊ သွား၏။
လမ်းဆိုးသွားတာ ကန်းလို့ ဖြစ်သော်လည်း လမ်းကောင်း သွားတာ ကောင်းလို့ဟု ဝမ်းတွင်းကန်းကို ဆိုနိုင်အံ့လော။
သံသာရေ သံသရံ ဗာလော၊
တထာ အပရိဏာယကော။
ကရောတိ ဧကဒါ ပုညံ၊
အပုည မပိ ကေဒါ။
တထာ၊ ထို့အတူ။
သံသာရေ၊ သံသရာ၌။
သံသရံ-ဗာလော၊ ကျင်လည်သော အန္ဓပုထုဇဉ်သည်။
အပရိဏာယကော၊ ခရီးညွှန်ဆရာကောင်း ကင်းသည် ရှိသော်။
ဧကဒါ၊ ရံခါ။
ပုညံ၊ ကုသိုလ်ကို။
ကရောတိ၊ ပြု၏။
ဧကဒါ၊ ရံခါ။
အပုညမပိ၊ အကုသိုလ်ကိုလည်း။
ကရောတိ၊ ပြု၏။
အကုသိုလ်ပြုတာ မိုက်လို့ ဖြစ်သော်လည်း ကုသိုလ်ပြုဘာ လိမ္မာလို့ဟု ဝမ်းတွင်းကန်း အန္ဓပုထုဇဉ်ကို ဆိုနိုင်အံ့လော၊ သို့သော် ကံကောင်းလို့ဟု ဆိုနိုင်ဘွယ် ရှိ၏၊ ကံကောင်းတဲ့ခွေး ပြေးရင်းလွှားရင်း အစာဟပ်မိသကဲ့သို့တည်း၊ ဤစကားရပ်တို့ဖြင့် မိမိ၏ ပုထုဇဉ်အဖြစ်ကို များများကြီး စက်ဆုပ်၍ လွတ်မြောက် ချ်ကြကုန်လော့။
ယဒါ ဉတွာစ သော ဓမ္မံ၊
သစ္စာနိ အဘိသမေဿတိ။
တဒါ အဝိဇ္ဇူပသမာ၊
ဥပသန္တော စရိဿတိ။
ယဒါ၊ အကြင်ဘုရားသာသနာ ရောင်ဝါထွန်းပ ဗုဒ္ဓုပ္ပါဒ နဝမခဏ၌။
သော၊ ထိုအန္ဓပုထုဇဉ်သည်။
ဓမ္မံ၊ တရားကို။
ဉတွာစ၊ သူတော်ကောင်းမှီး သိရှိပြီး၍သာလျှင်။
သစ္စာနိ၊ သစ္စာလေးပါးတို့ကို။
အဘိသမေဿတိ၊ မဂ်ဉာဏ်ဖြင့် သိလတ္တံ့။
တဒါ၊ ထိုအခါ၌။
အဝိဇ္ဇူပသမာ၊ အဝိဇ္ဇာငြိမ်းခြင်းကြောင့်။
ဥပသန္တော၊ ကိလေသာ ငြိမ်းသည် ဖြစ်၍။
စရိဿတိ၊ ကျင်လည်ရလတ္တံ့ ။
ဝါ၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့ ။
အဲဒီလို အဋ္ဌကထာဆရာမြတ်တို့ မိန့်ဆိုတော်မူကြတယ်၊ ဒါကြောင့် ဒါန သီလစသော ကုသိုလ်သင်္ခါရတို့ကို အဝိဇ္ဇာ အကြောင်းရင်းခံလျက် ပျော်ပွဲ ရွှင်ပွဲတို့ဖြင့် တွေဝေ စေလျက် ဝမ်းတွင်းကန်းအတု သံသရာဝဲလယ်အောင် မပြုမိကြစေနှင့်တဲ့၊ အကယ်၍ ပြုမိလျှင် ဥမ္မာဒန္တိအရူး - ဆင်စီးမှားသလို ဖြစ်ရလိမ့်မတဲ့။
ရှေးအခါက သိဝိတိုင်းမှာ တိရိဋိဝစ္ဆသူဌေးကြီး၏ သမီးဟာ အလှုန်လှသောကြောင့် ဥမ္မာဒန္တီဟု အမည်ရသတဲ့၊ ဥမ္မာဒန္တီဆိုတာ မြန်မာလိုပြန်တော့ အရူးမ တဲ့၊ သူရူးတာ မဟုတ်ဘူး၊ သူ့ကိုမြင်တဲ့လူတိုင်း အရူးလို ဖြစ်စေနိုင်သောကြောင့်တဲ့၊ (ဒီနာမည် မျိုးဟာ ဘုရားရှင် လက်ထက်ကလဲ အလွန်လှတဲ့ သတို့သမီးတယောက်ကို “ကာဏာ - အကန်းမ” လို့ သူ့အမေက အမည်ပေးထားတယ်၊ သူ့ကိုမြင်သူတိုင်း အကန်းလို ဖြစ်သွားအောင် လှလွန်းလို့တဲ့၊)
ဥမ္မာဒန္တီဟာ ရူးလောက်တဲ့ အလှဘုရင်မကလေးဟု သိဝိမင်းကြီး နားတော်ကြား တော့ လက္ခဏာဖတ်တဲ့ ပုဏ္ဏားလေးဦးလွှတ်ပြီး စုံစမ်းခိုင်းသတဲ့၊ သူဌေးကြီးက ရှင်ဘုရင် လွှတ်လိုက်တယ်လို့သိတော့ ထမင်းကျွေးပြီး ဧည့်ခံသတဲ့၊ ထမင်းစား နေကြတုန်း ဥမ္မာဒန္တီ ထွက်လာတာမြင်တော့ ပုဏ္ဏားတွေဟာ အူကြောင်ကြောင် ဖြစ်ပြီး တယောက်က ပစပ်ဟလျက် ထမင်းလုပ်ကို ဦးခေါင်းပေါ် ခွံ့နေသတဲ့၊ တယောက်ကတော့ လက်မောင်းကြားထဲ ခွံ့သတဲ့၊ တယောက်ကတော့ တဖုန်းဖုန်းနဲ့ ထမင်းကိုပုတ်သတဲ့၊ တယောက်ကတော့ မျက်တောင်မခတ်ဘဲ စူးစိုက်ကာ ကြည့်နေသတဲ့၊ ဒီတော့ ဥမ္မာဒန္တီက လက္ခဏာကို ဘယ်လိုကြည့်ရမှာလဲ၊ အရူးတွေ ဆင်းသွားကြလို့ နှင်ချလိုက်သတဲ့။
ပုဏ္ဏားတွေက အရှက်ကွဲပြီး စိတ်ဆိုးဆိုးနဲ့ ရှင်ဘုရင်ထံ ရောက်တော့ ဒီသူငယ်မဟာ လှပေမဲ့ ကြက်သရေမရှိဘူး၊ သူယုတ်မာလက္ခဏာ ပါတယ်လို သံတော်ဦး တင်ကြသတဲ့၊ ရှင်ဘုရင်ကလဲ သူယုတ်မာမကလေးဟု အသိအမှတ်ပြုလိုက်သတဲ့၊ ဒီတော့ ဥမ္မာဒန္တီက ရှင်ဘုရင်ကို ရန်ငြိုးဖွဲ့သတဲ့၊ တနေ့တော့ နက္ခတ်ပွဲ သဘင်အခါ ရှင်ဘုရင် ရထားစီးပြီး မြို့လှည့်သတဲ့၊ အိမ်ရှေ့ရောက်လာတော့ ဥမ္မာဒန္တီက ပြူတင်းတံခါးပေါက်မှာ ပန်းတောင်းကလေးကိုင်ပြီး ရှင်ဘုရင်ကို ပန်းပွင့်တွေနဲ့ပစ်ပြီး တံခါးပိတ်လိုက်သတဲ့၊ ရှင်ဘုရင်လဲ ဥမ္မာဒန္တီကို ရိပ်ခနဲမြင် လိုက်တာနဲ့ သတိမရဘဲ မူးလဲသွားသတဲ့၊
မြို့တော်ကို မလှည့်နိုင်တော့ဘဲ နန်းတော်ပြန်သွားပြီး အိပ်ရာထဲမှာ မြှားမှန်တဲ့ သမင်လို လူးလှိမ့်လျက် ငါ့ကို ရူးစေတဲ့ သူငယ်မ၊ မုဆိုးကြီးကို သမင်ကြည့်သလို မရဲတရဲနဲ့ ငါ့ကို ကြည့်တဲ့သူငယ်မ၊ ငါ့စိတ်ကို ငါမနိုင်တော့ပါဘူး၊ ငါတော့ ရူးပါပြီ၊ ယခုနယ်ခါ သိကြားမင်း ဆင်းလာပြီး လိုရာဆု တောင်းဟုဆိုလျှင် ဒိအပြင် ဘယ်ဆု ကိုမျှ မတောင်းလိုပါဘူးဟု ညည်းညူလျက် မစားနိုင်, မအိပ်နိုင် ဖြစ်သွားသတဲ့၊
စစ်သားတွေပစ်တဲ့ ခြောက်လုံးပြူးဟာ ပစ်တဲ့အခိုက် တခါသာ ကျည်ဆံထွက်တယ်၊ အသားတနေရာသာ ထိတယ်၊ ဥမ္မာဒန္တီ အာရုံခြောက်ပါးလုံးနဲ့ ပစ်လိုက်တဲ့ ခြောက်လုံးပြူး ကတော့ စိတ်ကူးမိတိုင်း ကျည်ဆံထွက်နေတယ်၊ စက္ခု, သောတ ... မနကျအောင် အတွင်းအပ ကွက်လပ်မရှိ တထိထဲ ထိနေတယ်၊ ဒီဝတ္ထု၊ သည်နေရာ တွင် ထားဦး၊ ဒင်း၏ ကုသိုလ်သင်္ခါရကို စီစစ်ရဦးမယ်။
ဥမ္မာဒန္တီဟာ ရှေးအတိတ်က ဆင်းရဲသော သတို့သမီးတယောက် ဖြစ်သတဲ့၊ သူများ နည်းတူ ဝတ်ပန်းဆိုး အဝတ်နီနီကို ဝတ်ချင်လွန်းလို့ မိဘကလဲ ဝယ်မပေးနိုင်တာနဲ့ သူဌေးအိမ်မှာ သုံးနှစ် အစေခံ ပြုလုပ်လေတော့ ဝတ်ပန်းဆိုး အဝတ်ကြီးတထည် သဘောကျရသတဲ့၊ ဝတ်ပါတော့မယ်လို့ ရေဆိပ်သို့ သွားပြီး ရေချိုးနေတုန်း ရဟန်းတပါး သင်္ကန်းခိုးသူ လုသွားလို့ သစ်ခက်, သစ်ရွက်ဖုံးအုပ်လျက် ထိုနေရာ ရောက်လာသတဲ့၊
ဒီတော့ ဥမ္မာဒန္တီလောင်းက ငါသည် ရှေးက ဒါနကုသိုလ် နဲပါးလို့ အဝတ်ဖြင့် ဆင်းရဲရတယ်၊ ဒီအဝတ်ကို လှူလိုက်ပါတော့မယ်၊ မဝတ်တော့ပါဘူးလို့ တဏှာကို သတ်ပြီး စီဝရဒါန သင်္ကန်းအလှူကို လှူသတဲ့၊ ဒီအထိ ပြောစရာအပြစ် မရှိသေးဘူး၊ တော်သေးတယ်၊ ထိုရဟန်းကလဲ အလှူခံပြီး သစ်ခက်, သစ်ရွက်တွေ ပယ်ပြီး ထို ဝတ်ပန်းဆိုး အဝတ်ကို တပိုင်းဝတ်၍ တပိုင်းရုံလိုက်တော့ နေလုလင်ထွက်လာ သကဲ့သို့ တကိုယ်လုံးတင့်တယ်တာကို မြင်ရသတဲ့၊ (ဒီတော့ ဥမ္မာဒန္တီလောင်းကလေး ရူးတော့မယ်၊) ရူးပုံကား “အရှင်ဘုရား တပည့်တော်မသည် ဤစီဝရဒါနကြောင့် ဖြစ်လေရာဘဝ၌ လှပသော အဆင်းရှိသူ ဖြစ်ရပါလို၏၊ မြင်သူတိုင်း ရူးလောက်အောင် အလှဆုံးထိပ်သီး ဖြစ်ရပါလို၏” လို့ ဆုတောင်းရူး- ရူးလိုက် သတဲ့။
ဒီမှာ သင်္ကန်းဆိုတာ နိဗ္ဗာန်ကြွသော အရှင်မြတ်တိုင်းဝတ်၍ ကိလေသာ သတ်ရာ စစ်ပွဲ၌ အောင်လံထူရသောသင်္ကန်း ဖြစ်သောကြောင့် နိဗ္ဗာန်တိုင်အောင် ရစေနိုင် ပါလျက် ဒုက္ခကင်းတဲ့ နိဗ္ဗာန်ကို မတောင့်တ၊ ဒုက္ခမကင်းတဲ့ အလှဆုံး- ခရမ်းချဉ်သီး အမှဲ့ကို ပတ္တမြားထင်ပြီး တောင့်တမိလိုက်တယ်၊ ဒီတော့ သူကိုယ်တိုင်ရူးတဲ့ ဥမ္မာဒန္တီကတော့ ယခုဘဝထဲက ဖြစ်နေပြီ၊ သူတပါးကို ရူးစေတဲ့ ဥမ္မာဒန္တီကတော့ နောက်ဘဝမှ ဖြစ်မယ်မဟုတ်လား။
ဒီလိုဒါန ကုသိုလ် ပုညာဘိသင်္ခါရ ဆင်ကောင်ပုပ်နဲ့ သံသရာထဲမှာ ဝဲလှည့်ကာ ကြွားချင်း မော်ချင်လွန်းလို့ ကမ်းပါးရောက်အောင် မကပ်နိုင်ခြင်းကြောင့် ဥမ္မာဒန္တီ အရူးမ - ဆင်စီးမှားတယ်လို့ ဆိုရတယ်၊ ဥမ္မာဒန္တီမှာ လှပေမဲ့ ကြက်သရေ မရှိဘူး၊ သူယုတ်မာမဟု အဆိုခံရခြင်း စသော သံသရာဘေးကို မမြင်သော အဝိဇ္ဇာ တွေဝေခြင်းကြောင့် သင်္ကန်းအလှူ- ပုညာဘိသင်္ခါရ ကုသိုလ်ဖြစ်အောင်ပြုတာ နတ်သမီး လိုချင်လို့ ချောက်ထဲ ခုန်ဆင်းတာဘဲ၊ အဆိုခံရတဲ့ ချောက်ထဲ ကျရှာတယ်၊ ရွှေတောင်ကြီး အထင်နဲ့ မီးပုံထဲ ခုန်ဆင်းတာဘဲ၊ ပျားရည်လိမ်းသော သင်ဓုန်းကို လျက်မိသွားတာဘဲ၊ ဒီလို ကာမာဝစရကုသိုလ်မျိုးကို သံသရာမှ မထွက်နိုင်ဘူးလို့ အပြစ်ဆိုထိုက်တယ်။
ထို့ကြောင့် အိုဘေး, နာဘေး, သံသရာဘေးကို ထင်မြင်စွာ ရှုလျက် အဝိဇ္ဇာမှ လွတ်မြောက်စိမ့်သောငှာ သတိတမံ ဉာဏ်မြေကတုတ် ပညာစွန်း ချွန်းကောင်းကောင်း အုပ်ပြီးလျှင် နိဗ္ဗာန်ကမ်းသို့ ကပ်နိုင်အောင် ပုညာဘိသင်္ခါရ- ဆင်ကောင်ပုပ်ကို ကမ်းပါးအရောက် တည်တံ့စွာ စီးနိုင်ကြပါစေကုန်သတည်း။
.
ဝိညာဏ်နှင့် မိဘသတ် တရားစာ
“သင်္ခါရပစ္စယာ ဝိညာဏံ”
သင်္ခါရပစ္စယာ၊ သင်္ခါရဟူသော အကြောင်းကြောင့်။
ဝိညာဏံ၊ ဝဋိသန္ဓေဝိညာဏ်, ပဝတ္တိဝိညာဏ်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့နေရာမှာ သင်္ခါရဆိုတာ ပုညာဘိသင်္ခါရစသော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ခုပင် ဖြစ်သတဲ့၊ သို့ပေမဲ့ ဒီနေရာမှာ အဘိညာကုသိုလ် စေတနာ, မဂ်ပယ်ပြီးသော အကုသိုလ်စေတနာ, အဟောသိကံ စေတနာတို့ကို မယူရဘူး၊ အဝိဇ္ဇာကြောင့်ဖြစ်တဲ့ သင်္ခါရတော့ ဟုတ်တယ်၊ ဝိညာဏ်ကို ဖြစ်စေနိုင်တဲ့ သင်္ခါရ မဟုတ်လို့တဲ့၊ ထို့ပြင် ဥဒ္ဓစ္စအကုသိုလ် စေတနာကိုလဲ ပဋိသန္ဓေအခါ မယူရဘူး၊ ပဝတ္တိအခါမှ ယူရမတဲ့၊ ပဋိသန္ဓေကျိုး မပေးနိုင်သောကြောင့်တဲ့။
ဝိညာဏ်ဆိုတာကတော့ ပဋိသန္ဓေစိတ် ၁၉-ခု ပဝတ္တိအခါ လောကီ ဝိပါက်စိတ် ၃၂-ခု သာ ဖြစ်သတဲ့၊ လောကုတ္တရာတို့ကို ဝဋ္ဋကထာ၌ မယူရဘူး၊ အဘိဓမ္မာဝေဘန်သော အဘိဓမ္မဘာဇနီယ နည်းမှာတော့ လောကီ လောကုတ္တရာစိတ် ၈၉-ခုလုံးပင် အကြောင်းကြောင့်ဖြစ်သော ဝိညာဏ် ဖြစ်တယ်၊ ပဋိစ္စသမုပ္ပန္န အကျိုးတရားတို့သာ ဖြစ်တယ်လို့ ဟောသတဲ့။
[အကြောင်းကို ပဋိစ္စသမုပ္ပါဒ်, အကျိုးကို ပဋိစ္စသမုပ္ပန္န-ဟု ခေါ်တယ်။]
ဒီမှာ ဝိညာဏ်ကို ခွဲလိုက်တော့ --
အပါယ်လေးဘုံ၌ အပါယ်ဘုံသား ဖြစ်စေတဲ့ ဒုဂ္ဂတိ အဟိတ် ပဋိသန္ဓေ ၁-ခု၊
လူ, စာတုမဟာရာဇ် နှစ်ဘုံ၌ ဝမ်းတွင်းကန်း- ဇစ္စန္ဓ စသည်ဖြစ်စေတဲ့ သုဂတိအဟိတ် ပဋိသန္ဓေ ၁-ခု၊
ကာမသုဂတိ ခုနစ်ဘုံ၌ ဒွိဟိတ်, တိဟိတ်ဖြစ်စေတဲ့ ကာမသုဂတိသဟိတ် ပဋိသန္ဓေစိတ် ၈-ခု၊
(ဒွိဟိတ် ပဋိသန္ဓေလေး, တိဟိတ် ပဋိသန္ဓေလေးဟု ခွဲရတယ်၊)
ရူပ ၁၅-ဘုံ၌ ရူပဗြဟ္မာ ဖြစ်စေတဲ့ ရူပပဋိသန္ဓေ ၅-ခု၊
အရူပလေးဘုံ၌ အရူပဗြဟ္မာဖြစ်စေတဲ့ အရူပ ပဋိသန္ဓေ ၄-ခု၊
ပေါင်း ၁၉-ခု ဖြစ်တယ်။
[အသညသတ်ဘုံ ရုပ်ပဋိသန္ဓေ တခုကဘော့ ဝိညာဏ်မဟုတ်လို့ ဒီနေရာမှာ မဆိုသေးဘူး၊
တနည်း
ဒုဂ္ဂတိပဋိသန္ဓေ ၁-ခု, သုဂတိပဋိသန္ဓေ ၁၈-ခု၊ ပေါင်း ၁၉။
တနည်း
အဟိတ် ၂, သဟိတ် ၁၇၊ ပေါင်း ၁၉။
တနည်း
အဟိတ် ၂, ဒွိဟိတ် ၄, တိဟိတ် ၁၃၊ ပေါင်း ၁၉။
တနည်း
ကာမ ပဋိသန္ဓေ ၁ဝ, ရူပ ၅, အရူပ ၄၊ ပေါင်း ၁၉။
ဒီအထဲမှာ --
အဟိတ် ၂, ဒွိဟိတ် ၄-ဟာ မဂ်, ဖိုလ် အန္တရာယ် ဖြစ်စေတဲ့ ပဋိသန္ဓေ ၆-ခု ဖြစ်တယ်၊
တိဟိတ်ကတော့ အန္တရာယ် မဖြစ်စေတဲ့ ပဋိသန္ဓေ ၁၃-ခု ဖြစ်တယ်။ [မဂ်,ဖိုလ် အန္တရာယ် မဖြစ်ဘူး။]
ပဝတ္တိအခါမှာတော့ --
အနိဋ္ဌာရုံ အညံ့စားကို မြင်, ကြား နမ်း စား ထိရတဲ့ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်ဟု ဝိညာဏ်ငါးခု၊ လက်ခံတဲ့ သမ္ပဋိစ္ဆိုင်းတခု၊ စုံစမ်းတဲ့ သန္တီရဏတခု၊ ဒီ ၇-ခုဟာ အကုသိုလ်စိတ် ၁၂-ခု၏ အကျိုး အကုသလဝိပါက် ၇-ခု မည်တယ်၊
ဣဋ္ဌာရုံအကောင်းစားကို မြင်, ကြား, နမ်း, စား, ထိရတဲ့ စက္ခုဝိညာဏ်စသော ဝိညာဏ်ငါးခု၊ လက်ခံတဲ့သမ္ပဋိစ္ဆိုင်းတခု၊ အကောင်းနှင့် အလတ်ခွဲပြီး စုံစမ်းတဲ့ သန္တီရဏနှစ်ခု၊ ဒီ-ရှစ်ခုဟာ ကာမကုသိုလ် ရှစ်ခု၏အကျိုး အဟိတ်ကုသလ ဝိပါက် ၈-ခု မည်တယ်။
(အဟိတ်ဝိပါက် ၁၅-ခု ပြီးပြီ။)
ဣဋ္ဌာရုံကိုသာ ခံစားတဲ့ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက တခု၊ သသင်္ခါရိကတခု၊ ထိုနှစ်ခုအတူ ဉာဏဝိပ္ပယုတ်နှစ်ခု၊ ထိုလေးခုအတူ ဥပေက္ခာ-သဟဂုတ် လေးခု၊ ဒီ-ရှစ်ခုဟာ ထိုသောမနဿသဟဂုတ် စသော ကာမကုသိုလ် ရှစ်ခုအကျိုး သဟိတ်ကာမကုသလဝိပါက် ရှစ်ခု မည်တယ်၊ ဒွိဟိတ် ၄, တိဟိတ် ၄-ဖြစ်တယ်၊ ဒီအထိ ကာမဝိပါက် ၂၃-ဟု ခေါ်တယ်။
ကသိုဏ်းဝန်းစသော အာရုံကို အာရုံပြုတဲ့ ပဌမဈာန်ဝိပါက်, ဒုတီယဈာန်, တတီယဈာန်, စတုတ္ထဈာန်, ပဉ္စမဈာန်ဝိပါက် ငါးခုကတော့ ထိုပဌမဈာန်စသော ရူပကုသိုလ်ငါးခု၏ အကျိုး ရူပဝိပါက် ၅-ခု မည်တယ်၊ ၅-ခု လုံး တိဟိတ်။
ကောင်းကင်ပညပ် စသည်ကို အာရုံပြုတဲ့ --
အာကာသာနဉ္စာယတနဈာန်ဝိပါက်,
ဝိညာဏဉ္စာယတနဈာန်ဝိပါက်
အာကိဉ္စညာယတနဈာန်ဝိပါက်,
နေဝသညာနာသညာယတနဈာန်ဝိပါက်၊
ဒီလေးခုကတော့ ထိုအာကာသာနဉ္စာယတနဈာန် ကုသိုလ် စသော အရူပကုသိုလ် လေးခု၏ အကျိုး အရူပဝိပါက် ၄-ခု မည်တယ်၊ ၄-ခု လုံး တိဟိတ်။
သင်္ခါရနှင့်တွဲလိုက်တော့ ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ခုကြောင့် အပါယ် လေးဘုံ၌ ဒုဂ္ဂတိ အဟိတ် ပဋိသန္ဓေတခု, အကုသိုလ်စေတနာ ၁၂-ခု လုံးကြောင့် ကာမ ၁၁-ဘုံ၌ ပဝတ္တိအကျိုး အကုသလဝိပါက် ခုနစ်ခု ရူပ ၁၅-ဘုံ၌ အကုသလ ဝိပါက် ၄-ခုဖြစ်တယ်။ [ဃာန, ဇိဝှါ, ကာယဝိညာဏ် သုံးခုတော့ မဖြစ်ဘူး။]
ကာမကုသိုလ် စေတနာရှစ်ခုကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ ကာမသုဂတိ ပဋိသန္ဓေ ၉-ခု၊ ပဝတ္တိအကျိုးကား ကာမ ၁၁-ဘုံ၌ အဟိတ်, သဟိတ်ဝိပါက် ၁၆-ခု၊ ရူပ ၁၅-ဘုံ၌ အဟိတ်အကျိုး ၅-ခု ဖြစ်တယ်။ [ဃာနစသော သုံးခု မဖြစ်ဘူး။]
ရူပကုသိုလ် စေတနာငါးခုကြောင့် ရူပ ၁၅-ဘုံ၌ ရူပပဋိသန္ဓေ ငါးခု၊ ပဝတ္တိအကျိုး ရူပဝိပါက်ငါးခု ဖြစ်တယ်၊ ဒီအထဲမှာ ပဉ္စမဈာန် ကုသိုလ် စေတနာ တခုကတော့ အသညသတ်ဘုံ၌ ရုပ်ပဋိသန္ဓေ တခုကိုလဲ ဖြစ်စေတယ်။
အရူပကုသိုလ် စေတနာလေးခုကြောင့် အရူပလေးဘုံ၌ အရူပ ပဋိသန္ဓေ လေးခု ပဝတ္တိအကျိုး အရူပဝိပါက်လေးခု တဘုံတခုစီ ဖြစ်တယ်။
ပဋ္ဌာန်းနည်း ကျေးဇူးပြုပုံကတော့ - ထိုသင်္ခါရစေတနာ ၂၉-ခုဟာ ထိုထို ဘုံ၌ ပဋိသန္ဓေဝိပါက် ၁၉-ခု ပဝတ္တိဝိပါက် ၃၂-ခုကို မျိုးစေ့သဘွယ် - ကမ္မပစ္စည်းဖြင့် ကျေးဇူးပြုတယ်၊ အားပေးစက်သဘွယ်- ဥပနိဿယပစ္စည်းဖြင့်လဲ ကျေးဇူးပြုတယ်၊ အကြောင်းမကင်းသော သင်္ခတတရားတွေ, အနိစ္စ-ဒုက္ခ-အနတ္တ တရားတွေလို့ ရှုရတယ်၊ ဒီလို အကြောင်း သိမ်းဆည်း၍ ရှုလိုက်လျှင် စူဠသောတာပန် ဖြစ်တယ်။
ပဋိသန္ဓေပ္ပညာဏ်စိတ်ဆိုတာ - ရုပ်ရှိသော ပဋိသန္ဓေ ရုပ်မရှိသော ပဋိသန္ဓေဟု နှစ်မျိုးပြားတယ်၊ ရုပ်ရှိတာလဲ ဘာဝရုပ်ရှိသော ပဋိသန္ဓေ, ဘာဝရုပ် မရှိသော နပုံပဏ္ဍုက်ပဋိသန္ဓေဟု နှစ်မျိုးပြားတယ်၊ ဘာဝရုပ်ရှိတာလဲ ဣတ္ထိ ဘာဝရုပ်ရှိသော ပဋိသန္ဓေ, ပူရိသဘာဝရုပ်ရှိသော ပဋိသန္ဓေဟု နှစ်မျိုး ပြားတယ်။
တနည်းတော့လဲ - ကာမပဋိသန္ဓေ, ရူပပဋိသန္ဓေ, အရူပပဋိသန္ဓေဟု သုံးမျိုး ပြားတယ်၊ တနည်းတော့လဲ --
ကြက်ငှက်များလို အဥထဲမှာကိန်းတဲ့ အဏ္ဍဇ ပဋိသန္ဓေ,
ယခုလူများ-တိရစ္ဆာန်များလို သူငယ်အိမ်-အချင်းမှာ ကိန်းတဲ့ ဇလာဗုဇ ပဋိသန္ဓေ
မန်ကျည်းပင်ထဲမှာ ဖြစ်တဲ့ စိဉ္စမာတို့လို အရေအညှိမှာ စွဲတဲ့ သံသေဒဇ ပဋိသန္ဓေ,
နတ်ဗြဟ္မာများ-ကမ္ဘာဦးသားများလို လူကြီး တခါထဲဖြစ်တဲ့ သြပပါတိက ပဋိသန္ဓေ
ဟု ယောနိစ္စမ်းဖြင့် လေးမျိုးပြားတယ်၊ တနည်းတော့လဲ-ဝေဒ-နတ်ဂတိ, မနုဿ-လူဂတိ, နိရယ-ငရဲဂတိ, ပေတ- ပြိတ္တာဂတိ, တိရစ္ဆာန-တိရစ္ဆာန်ဂတိဟု ဂတိစွမ်းဖြင့် ငါးမျိုး ပြားတယ်။
တနည်းတော့လဲ - ဧကတ္တကာယ နာနာတ္တသညီ စသည်ဖြင့် ဝိညာဏဋ္ဌိတိ ခုနစ်ပါး, သတ္တာဝါသ ကိုးပါးဟု ပြားသေးတယ်။
ထိုခုနစ်ပါး, ကိုးပါး အကျယ်ကတော့ - ဧကတ္တကာယနာနာတ္တသညီ ဆိုတာ ကိုယ်သဏ္ဌာန်ရုပ်ပုံ တူတယ်၊ ပဋိသန္ဓေစိတ် မတူဘူး၊ ဒုတီယဈာန်သုံးဘုံ ဗြဟ္မာကြီး တွေတဲ့။ [ဈာန်ဒု-သုံးဖြာ၊ ဧ-နာ မှတ်လေ။]
နာနာတ္တကာယဧကတ္တသညီဆိုတာ ကိုယ်သဏ္ဌာန် မတူ ပဋိသန္ဓေစိတ် တူတယ်၊ အပါယ်လေးဘုံသားနှင့် ပဌမဈာန် သုံးဘုံ ဗြဟ္မာကြီးတွေတဲ့။
[ပါယ်,ပ-ခုနစ်၊ နာ-ဧ ဖြစ်၏။]
ဧကတ္တကာယဧကတ္တသညီဆိုတာ ကိုယ်လဲတူ ပဋိသန္ဓေစိတ်လဲ တူတယ်၊ တတီယဈာန်သုံးဘုံ, ဝေဟပ္ဖိုလ်တဘုံ, သုဒ္ဓါဝါသငါးဘုံ ဗြဟ္မာကြီးတွေတဲ့။
[တ-ဝေ-သုဒ္ဓါ၊ ကိုးဖြာ ဧ-ဧ -တည်း။]
နာနာက္ကကာယနာနာတ္တသညီ ဆိုတာ ကိုယ်လဲမတူ ပဋိသန္ဓေစိတ်လဲ မတူ၊ ဝိနိပါတိက အသူရာနှင့်တကွ လူ့ပြည်, နတ်ပြည် ကာမသုဂတိ ခုနစ်ဘုံသား လူ, နတ်တွေတဲ့။
[ခုနစ်-ကာ,သု၊ နာ-နာ ရှုလော့။]
အသညသတ္တဆိုတာ နာမ်မရှိတဲ့ အသညသတ်ဘုံ ဗြဟ္မာကြီးတွေတဲ့။
အာကာသာနဉ္စာယတနူပဂဆိုတာ အာကာဘုံ ဗြဟ္မာကြီးတွေတဲ့။
ဝိညာဏဉ္စာယတနူပဂဆိုတာ ဝိညာဘုံ ဗြဟ္မာကြီးတွေတဲ့။
အာကိဉ္စညာယတနူပဂဆိုတာ အာကိံဘုံ ဗြဟ္မာကြီးတွေတဲ့၊
နေဝသညာနာသညာယတနူပဂဆိုဘာ နေဝသညာဘုံ ဗြဟ္မာကြီးတွေတဲ့၊
ဒီ-နောက်ဆုံး လေးဘုံမှာ ရုပ်မရှိဘူး၊ နေဝသညာဘုံမှာတော့လဲ နာမ်ရှိပေမဲ့ အလွန်သိမ်မွေ့တယ်၊ အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာဉာဏ်ဖြင့် ရှုလို့မရနိုင်တဲ့ နာမ်သာ ရှိတယ်၊ ထင်ရှားသောနာမ် မရှိဘူး။
အားလုံးပေါင်းလိုက်တော့ သတ္တာဝါသ ကိုးပါးလို့ မည်တယ်၊ ထိုကိုးပါး ထဲမှ အသညသတ်နှင့် နေဝသညာဘုံကို ဖယ်လိုက်တော့ ထင်ရှားသော စိတ်ဝိညာဏ် တည်သောဘုံတွေဟာ ဝိညာဏဋ္ဌိတိ ခုနစ်ပါးလို့ မည်တယ်။
ဒီလို အမျိုးမျိုးခွဲပြလိုက်တဲ့ ပဋိသန္ဓေဆိုတဲ့တရားဟာ ဘယ်လိုတရားလဲ၊ ရှေးဘဝမှ လာသလားတဲ့။ ရှေးဘဝမှလာတာ မဟုတ်ဘူး၊ အဝိဇ္ဇာနုသယ အကြောင်းရင်းခံ၍ တဏှာနုသယ ခြံရံ၍ ကံသင်္ခါရကြောင့် ဖြစ်ပေါ်လာသော နာမ်ရုပ်တရား ဖြစ်သတဲ့၊ ဖြစ်ဆဲ ဥပါဒ်ဆဲအခါ၌သာ ဘဝသစ်သို့ ရောက်လာသလိုဖြစ်တဲ့ တရားတဲ့။
ဒီ-ပဋိသန္ဓေဆိုတာ အကြောင်းကင်း၍ ဖြစ်သလားတဲ့၊ အကြောင်း မကင်းဘူး၊ ရှေးဘဝက ကံ-သင်္ခါရစသော အကြောင်းကြောင့် ဖြစ်သတဲ့၊ မူလအသံ တခုကြောင့် ပဲ့တင်သံ ဖြစ်သလို, တံဆိပ်ရေးထင်သလို မှန်ရိပ်ထင်သလို ဆီမီးလျှံ အဆက်ဆက် လင်းသွားသလို ဖြစ်သတဲ့၊ ရှေးဘဝက ကံ-သင်္ခါရလဲ မဟုတ်ဘူး၊ ထို ကံ-သင်္ခါရအကြောင်းလဲ မကင်းဘူးတဲ့။
အပါယ်လေးဘုံသားတို့မှာတော့ တကွဖြစ်တဲ့ အဝိဇ္ဇာက အပါယ်ပဋိသန္ဓေစသော အပြစ်ကို မှောင်ချပေးတယ်၊ တဏှာက အပြစ်မမြင်လို့ ဖြစ်ချင်တယ်၊ ဒီတော့ အကုသိုလ်ကံ သင်္ခါရက အပါယ်ဘုံ၌ ဝိညာဏ်ပဋိသန္ဓေ ဖြစ်အောင် ပစ်ချတယ်၊ သုဂတိဘုံသားတို့မှာတော့ အနုသယ မပြတ် ကိန်းအောင်းနေတဲ့ အဝိဇ္ဇာက ပဋိသန္ဓေစသော အပြစ်ကို မှောင်ချပေးတယ်၊ စွဲလမ်းတဲ့ နိကန္တိတဏှာက အပြစ်မမြင်လို့ ဖြစ်ချင်တယ်၊ ဒီတော့ ကုသိုလ်ကံ သင်္ခါရက သုဂတိဘုံ၌ ဝိညာဏ် ပဋိသန္ဓေဖြစ်အောင် ပစ်ချတယ်၊ ဒီ-အဝိဇ္ဇာ, တဏှာ, ကံသင်္ခါရဆိုတာ ဘဝတိုင်း ခန္ဓာကိုယ်ကို ပြုပြင်ပေးတဲ့ လက်သမား ဆရာကြီးသုံးယောက် ဖြစ်သတဲ့။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ သင်္ခါရနှင့် ဝိညာဏ်သည် တခုတည်းလား တခြားစီလားတဲ့၊ တခုတည်း မဟုတ်ဘူး၊ တခြားစီလဲ မဟုတ်ဘူး၊ တသန္တာန်တည်း ဆက်၍ဖြစ်တယ်၊ နို့မှ နို့ဓမ်းဖြစ်ရာ၌ နို့သည် နို့ဓမ်း မဟုတ်ဘူး၊ တခြားမှ နို့ဓမ်းဖြစ်လာတာလဲ မဟုတ်ဘူး၊ တသန္တာန်တည်း ဆက်ဖြစ်သလိုဘဲတဲ့။
ဘဝဟောင်းမှမလာဘဲ အသစ်ဖြစ်ခဲ့လျှင် တယောက်၏ ကံကြောင့် တယောက်၏ အကျိုး လွဲချော်၍ မဖြစ်နိုင်ဘူးလားတဲ့၊ တသန္တာန်တည်း ဆက်သွယ်သောအကျိုး ဆိုတာ သူတပါး၏အကျိုး လွဲချော်၍ မဖြစ်ကောင်းဘူး၊ သူတပါး၏ကံကြောင့်လဲ မိမိမှာ မဖြစ်ကောင်းဘူး၊ ဥပမာ-သရက်စေ့ တစေ့ကို ပျားရည်လိမ်းစိုက်လျှင် ထိုအစေ့မှပေါက်သော အပင်၏အသီးဟာ ပိုပြီး ချိုတယ်၊ ငယ်စဉ်က သင်ထားသော ပညာဟာ ကြီးသောအခါ ထိုသူအားသာ အကျိုးပြီးတယ်၊ ထို့အတူ အဟိတ်ကံသည် ထိုကံကိုပြုသူအားသာ အကျိုးပေးတယ်၊ သူတပါးအား လွဲချော်ပြီး အကျိုးမပေးဘူး တဲ့။
အကျိုးခံစားတတ်သောသူ ရှိပါသလား၊ အဘယ်သို့သော သူအား ထိုအကျိုး ဖြစ်မလဲတဲ့၊ သစ်ပင်၌ အသီးအပွင့် ဖြစ်ပေါ်လာသောအခါ ထိုသစ်ပင်သည် သီးတတ်ပေသည်၊ ပွင့်တတ်ပေသည်ဟု ခေါ်ဆိုကြသလို ကောင်းကျိုး မကောင်းကျိုး ဖြစ်လာသောအခါ ဤသူသည် အကျိုးခံစားတတ်ပေသည်ဟု ခေါ်ဆိုကြတယ်၊ ထိုသို့ ခေါ်ဆိုသော ပညပ်နည်းဖြင့် အကျိုးခံစားတတ်သူ ရှိသည်၊ ထိုသို့သောသူအား ထိုအကျိုး ဖြစ်သည်၊ ပရမတ်နည်းဖြင့် ခေါ်ဆိုခြင်း မဟုတ်ဘူးတဲ့။
ပြုအပ်သော ကံရှိခိုက် အကျိုးပေးသလား, မရှိမှ အကျိုးပေးသလားတဲ့၊ ရှိခိုက် အကျိုးပေးလျှင် ကံနှင့်အကျိုး ပြိုင်တူ ဖြစ်ရတော့မှာဘဲ၊ မရှိမှပေးလျှင် ရှေ့၌ ဖြစ်စေ နောက်၌ ဖြစ်စေ အခါမရွေး အကျိုးပေးရတော့မှာဘဲ၊ ဒါကြောင့် ဒီလို ကံရှိခိုက် မရှိခိုက်လို့ မမှတ်ရဘူး၊ ရှေးဘဝက ကံသင်္ခါရကို ပြုခဲ့သောကြောင့်သာ ယခုဘဝမှာ ဝိညာဏ် ဖြစ်လာတယ်လို့ မှတ်ရတယ်၊ ဘဏ္ဍာဝယ်ယူခဲ့သောကြောင့်သာ အဘိုးငွေ ပေးရသလို ချေးငှားခဲ့သောကြောင့်သာ အစားပြန်ပေးရသလိုဟု မှတ်ရတယ်။
အကုသိုလ်ကံ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်း ထင်ရှားအောင် ဥဒါဟရုဏ် ပြရလျှင် ရှေးယခင် ကဿပဘုရားရှင် လက်ထက်တော်က ပုဏ္ဏားတယောက်ဟာ လယ်ထွန်သွားမယ်လို့ ပြင်နေတုန်း အဖော်တယောက်က ဘုရားဖူးသွား ရအောင်လို့ လာခေါ်သတဲ့၊ “မလိုက်အားဘူးကွယ်”လို့ ပြန်ပြောပြီး သည်တွင် မရပ်ဘဲ ဘယ့်နှယ် ဆက်ပြောလိုက်သလဲဆိုတော့ “သွားဖူးပေမဲ့ ဒီဘုရားက ငါ့လယ်ကို ကူပြီး ထွန်ပေးမှာ မဟုတ်ဘူး”လို့ ဝစီသင်္ခါရကလေး မျိုးရိက္ခာ မြွက်ဆိုလိုက်မိသွားသတဲ့၊
ဒီအခါမှာ ချက်ချင်း ဘာအပြစ်မှ မမြင်အောင် အဝိဇ္ဇာမှောင်ချပေးတာနဲ့ မပြောလောက်တဲ့ အပုညာဘိ သင်္ခါရကလေး ဖြစ်သွားပြီတဲ့၊ (ဒီဟာ အဝိဇ္ဇာပစ္စယာ သင်္ခါရာပင်တည်း၊) ဒီ-ပုဏ္ဏား သေသွားတော့ တဏှာက အပြစ်မမြင်တာနဲ့ ကြာကြာ လယ်ထွန်ရတဲ့ဘဝမှာ ဖြစ်ချင်လှချည်ရဲ့လို့ ပူဆာတာနဲ့ ထိုအကုသိုလ်သင်္ခါရ မျိုးစေ့ ကလေးက ပေတဂတိသို့ ပစ်ချလိုက်ရတယ်၊ ဒီတော့ တောအုပ်ကြီးထဲမှာ နွားတရှဉ်းနဲ့ လယ်ထွန်လျက် ပြိတ္တာကြီး ဖြစ်သွားသတဲ့။ (ဒီဟာ သင်္ခါရ ပစ္စယာ ဝိညာဏံပင်တည်း။)
နေ့ညဉ့်မပြတ် စေဟဲ့, တောဟဲ့ နဲ့ လယ်ထွန်နေလိုက်တာ ယခုဘုရားပွင့် လာပြီးတဲ့ အခါတိုင်အောင် ထွန်လို့မပြီးသေးဘူး၊ တနေ့တော့ ရဟန်းတွေ ဗောဓိပင် ဘုရားဖူး သွားကြလို့ ဒီတောကြီးထဲ ရောက်သွားပြီး မျက်စိလယ်လို့ လမ်းစပျောက်သွား ကြသတဲ့၊ ဘယ်သွားရမှန်း မသိဘဲ ဟိုရောက်ဒီရောက်နဲ့ ဖြစ်နေရာမှ ထို လယ်ထွန်နေတဲ့ ပြိတ္တာကြီး သွားတွေ့တော့ လယ်သမားကြီးဘဲလို့ ဝမ်းမြောက်ပြီး တကာကြီး ... .ငါတို့ ဒီနေ့ မျက်စိလယ်နေတယ်၊ ဘယ်သွားရ မှန်းမသိလို့ လမ်းပြစမ်းပါ တကာကြီးလို့ ဆိုကြသတဲ့၊
ဒီတော့ ပြိတ္တာကြီးက ကိုယ်တော်တို့ မျက်စိလယ်တာ ဘာမျှမကြာသေးဘူး၊ တပည့်တော် မျက်စိလယ်ပြီး ဒီမှာ လယ်ထွန်နေလိုက်တာ ကဿပဘုရား လက်ထက်ထဲက ကြာလှပြီ၊ ဘယ်ကို သွားရမှန်း မသိသေးဘူးလို့ ပြန်ပြောသတဲ့၊ အဲဒါ အပုညာဘိသင်္ခါရကလေး အနည်းငယ်ကြောင့် ပြိတ္တာဘုံမှာ ဝိညာဏ်ပဋိသန္ဓေ ဖြစ်ခြင်းဘဲ၊ အဲဒီလို ပျက်ချော်ချော်နဲ့ အကုသိုလ်ကလေးကိုသော်လဲ ငယ်ငယ် ကလေးရယ်လို့ မထီမဲ့မြင် မပြုရဘူး၊ သိရှိကြရမယ်လို့ မြတ်စွာဘုရား ဆုံးမတော် မူတယ်။
မာဝ မညေထ ပါပဿ၊
နမန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊
ဥဒကုမ္ဘောပိ ပူရတိ။
ပူရတိ ဗာလော ပါပဿ၊
ထောကံ ထောကံပိ အာစိနံ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ပါပဿ၊ မကောင်းမှု အကုသိုလ်ကို။
မန္ဒံ၊ အနည်းငယ်သည်။
န အာဂမိဿတိ၊ အဘယ်မှာ မကောင်းကျိုး ပေးနိုင်အံ့နည်းဟု။
မာဝ မညေထ၊ မအောက်မေ့ရာ။
ဥပဗိန္ဒုနိပါတေန၊ ရေတပေါက် တပေါက်မျှ ကျခြင်းဖြင့်။
ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။
ပူရတိ၊ ချိုးနိုင် သုံးနိုင်အောင် ပြည့်လျှံ၏။
ဧဝံ၊ ဤအတူ။
ထောကံ ထောကံပိ၊ အနည်းငယ်မျှ အနည်းငယ်မျှ အကုသိုလ်ကိုလည်း။
အာစိနံ၊ ဆည်းပူးသည်ရှိသော်။
ဗာလော၊ လူမိုက်သည်။
ပါပဿ၊ မကောင်းမှုအကုသိုလ်ဖြင့်။
ပူရတိ၊ အပါယ်အထိ ရိက္ခာပြည့်လျှံလေ၏။
ကုသိုလ်ကံ သင်္ခါရကြောင့်လဲ ဥဒါဟရုဏ်ပြရလျှင်- ရှေးအခါ ဒွါရဝတီ တိုင်းပြည်သို့ လှည်းကုန်သည်ငါးရာ ကူးသန်းရောင်းဝယ် သွားကြသတဲ့၊ တောခရီးကျတော့ စားရေရိက္ခာ ပါးရှားပြီး ဒုက္ခများကြတယ်၊ ဒီတော့ ကံအားလျော်စွာ ရုက္ခစိုးနတ်ကြီးနဲ့ တွေ့လို့ နတ်ကြီးက ထိုကုန်သည်တွေကို အလိုပြည့်အောင် စောင်မမယ်လို့ အားခဲပြီး စောင်မတယ်၊ ဘယ်လို စောင်မသလဲ၊
ကုန်သည်တွေက ရေသောက်ရ- ကောင်းမှာဘဲလို့ ကြံလိုက်လျှင် နတ်ကြီးက လက်ညှိးဆန့်တန်းပြီး ရေတွေကျလာစေသတဲ့၊ ကုန်သည်တွေ အားရပါးရ သောက်ချိုး သုံးစွဲကြရတယ်၊ ရေချိုးပြီးတော့ ကုန်သည်တွေက ထမင်းစားရ- ကောင်းမှာဘဲလို့ ကြံကာရှိသေး၊ နတ်ကြီးက လက်ညှိုး ဆန့်တန်းပြီး ထမင်းတွေ, ဟင်းတွေ ထွက်ကျ လာစေသတဲ့၊ အားရပါးရ ဝဝကြီး စားသောက်ကြ ရတယ်၊
စားပြီးတော့ ဗိုက်လေးတယ်၊ အိပ်ရာကလေးများ ကောင်းကောင်း ရချင်ပါဘိတော့ဟု ကြံကြပြန်သတဲ့၊ နတ်ကြီးက လက်ညှိုး ဆန့်တန်းပြီး ခတင်တွေ, စောင်- ခေါင်းအုံး တွေ ထွက်ကျလာစေသတဲ့၊ အိပ်ရေးဝကြတော့ အဝတ်အစားအသစ် ဝတ်ချင်တာနဲ့ ကြံလိုက်ပြန်တော့လဲ လက်ညှိုးကြီး ဆန့်တန်းပြီး အဝတ်အစား အသစ်တွေ ထွက်ကျလာစေသတဲ့၊ ဒီနည်းနဲ့ အလိုရှိတိုင်း မုံ့ပဲသရေစာ စသည်တို့ပါ လက်ညှိုးကြီးမှ ကျလာကျလာစေတယ်။
နောက်တော့ ကုန်သည်ကြီးက စကားပြောချင်တာနဲ့ တောင်းပန်ပြီး အသင် နတ်မင်း ... သင်နတ်မင်းဟာ တယ်တန်ခိုးကြီးပါတကား၊ သိကြားမင်းလားလို့ မေးသတဲ့၊ ငါ သိကြားမင်း မဟုတ်ဘူး၊ ဒီတောထဲမှာ သစ်ပင်စောင့်နတ်တဦး သာမညပါဘဲလို့ ဆိုသတဲ့၊ ရှေးလူဖြစ်စဉ်က ဘယ်လိုကုသိုလ်များ ပြုခဲ့ပါသလဲ လို့မေးတော့ နတ်ကြီးက အသင်တို့ဟာ ကြံကြံစည်စည် တွေ့ကရာ “ရှက်စရာတွေ” ရှောက်မေး တာဘဲ၊ မပြောချင်ဘူးလို့ ဆိုသတဲ့၊
အကျွန်ုပ်တို့၏ ကျေးဇူးရှင် နတ်မင်းကြီးရယ် ကုသိုလ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး၊ ပြောပြပါ၊ အကျွန်ုပ်တို့လဲ အတုခိုးပြီး ကျင့်ပါရစေလို့ ဝိုင်းပြီး တောင်းပန်တော့မှ နတ်ကြီးက ဒီလိုကွဲ့၊ ငါ့ကုသိုလ်က ကြီးကျယ်တာ မဟုတ်ဘူး၊ ပြောပြရမှာတော့ ရှက်ရှက်ဘဲကွဲ၊
ငါတို့တိုင်းပြည်မှာ ဝိသယှသူဌေးကြီးဟာ ထမင်းရည်ချောင်းစီး အလှူကြီး လှူပြီး လာသမျှ ကျွေးမွေးလှူဒါန်းလေ့ရှိတယ်၊ အရပ်ရပ်ကလူတွေ လာလိုက်ကြတာ အချို့ က လမ်းမသိလို့ ဘယ်ကိုသွားရ သလဲလို့ ငါ့ကို မေးကြတယ်၊ ဒီတော့ ငါက အမောင်တို့ အမိတို့ ... ဒီလမ်း ဒီလမ်းကို သွားရတယ်လို့ ကောင်းကောင်းမွန်မွန် သွားတတ်အောင် လက်ညှိုညွှန်ပြီး လမ်းကိုလိုက်လိုက်ပြီး ပြရဘူးတယ်၊ ဒီကောင်းမှု ကလေးဘဲ ရှိတယ်၊ ဒါနဲ့ ယခုတော့ ငါ့လက်ညှိုးဟာ ရွှေရောင်တောက်ပြီး လိုတိုင်း ပြီးစေနိုင်တဲ့ နတ်လက်ညှိုးကြီး ဖြစ်နေတာဘဲ။
ဒိပြင် ပြောစရာ ကုသိုလ်မရှိလို့ ပြောရတာ ရှက်ရှက်ဘဲ၊ မင်းတို့ မေးလွန်းလို့သာ ငါ ပြောရတယ်ကွဲ့လို့ ဆိုသတဲ့၊ ဒီမှာ အလှူအိမ်ကို လက်ညှိုးညွှန်ပြတဲ့ ပုညာဘိသင်္ခါရ ဟာ ကိုယ်အမူအရာ ကာယသင်္ခါရကလေး မဟုတ်လား၊ ဒါလဲ အဝိဇ္ဇာပစ္စယာသင်္ခါရာ ဘဲ၊ ထိုသူသေသွားတော့ အဝိဇ္ဇာမှောင်ချခြင်းကြောင့် ပဋိသန္ဓေစသော ဝဋ်ဒုက္ခကို မမြင်ဘဲ မျက်လုံးပြာသွားဟန်တူတယ်၊ တဏှာက အပြစ်မမြင်လို့ သစ်ပင်စောင့်နတ် ဖြစ်ချင်လှချည်ရဲ့လို့ ပူဆာတာနဲ့ ထိုလက်ညှိုး ညွှန်တဲ့ ကုသိုလ်ကံသင်္ခါရကလေးက သွားရောဟယ်လို့ ဒေဝဂတိ-တောထဲသို့ ပစ်ချလိုက်သတဲ့၊
ဒါကတော့ သင်္ခါရပစ္စယာ ဝိညာဏံဘဲ၊ အဝိဇ္ဇာ, တဏှာ ကံသင်္ခါရ-သူတို့သုံးဦး လက်ချက်နဲ့ဘဲ ဒေဝဂတိမှာ လက်ဦးဆုံး ပဋိသန္ဓေကြီးနဲ့ ဆောင့်မိလို့ နနွင်း ဆေးဒန်း လိမ်းထားသလို ရွှေလက်ညှိုးဝါဝါနဲ့ နတ်ကြီး ဖြစ်သွားတယ်၊ နောက်လဲ အိုဘေး, သေဘေးနှင့် ဆောင့်မိဦးမဲ့ နတ်ကြီးပါဘဲ၊ အဲဒီလို ဘာမျှမဆိုလောက်တဲ့ ကုသိုလ် ငယ်ကလေးကိုသော်လဲ ဘယ်လိုအကျိုး ပေးနိုင်မှာလဲလို့ မထီမဲ့မြင် မပြုရဘူး၊ သတိရှိကြရမယ်လို့ မြတ်စွာဘုရား ဆုံးမတော်မူတယ်။
မာဝ မညေထ ပုညဿ၊
န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊
ဥဒကုမ္ဘောပိ ပူရတိ။
ပူရကိ ဓီရော ပုညဿ၊
ထောကံ ထောကံပိ အာစိနံ။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ပုညဿ၊ ကုသိုလ်ကောင်းမှုကို။
မန္ဒံ၊ အနည်းငယ်သည်။
န အာဂမိဿတိ၊ ဘယ်လိုအကျိုးပေးနိုင်အံ့နည်းဟု။
မာဝမညေထ၊ မအောက်မေ့ရာ။
ဥဒဗိန္ဒု နိပါတေန၊ ရေတပေါက် တပေါက်မျှ ကျခြင်းဖြင့်။
ဥဒကုမ္ဘောပိ၊ ရေအိုးကြီးသည်လည်း။
ပူရတိ၊ ချိုးနိုင်သုံးနိုင်အောင် ပြည့်လျှံ၏။
ဧဝံ၊ ဤအတူ။
ထောကံထောကံပိ၊ အနည်းငယ်မျှ, အနည်းငယ်မျှ ကုသိုလ်ကို လည်း။
အာစိနံ၊ ဆည်းပူးသည်ရှိသော်။
ဓီရော၊ ပညာရှိသည်။
ပုညဿ၊ ကုသိုလ်ကောင်းမှုဖြင့်။
ပူရတိ၊ ဒေဝဂတိရိက္ခာ ပြည့်လျှံ၏။
ဒီ-ပဋိစ္စသမုပ္ပါဒ်နည်းမှာ ဆိုလိုရင်းကတော့ ကုသိုလ်ဖြစ်စေ အကုသိုလ် ဖြစ်စေ ကံသင်္ခါရ ဆိုတာ အဝိဇ္ဇာမှောင်ကြီးထဲမှာ တဏှာလက်ညှိုးညွှန်ရာသို့ ပဋိသန္ဓေ ဝိညာဏ်ဖြစ်အောင် ပစ်ချတာချည်းဘဲ၊ ပစ်ချမဲ့ပဋိသန္ဓေဝိညာဏ်ကို သဘောမကျ လျှင်တော့ လက်မလွန်ခင် ကံသင်္ခါရကို ပြုပြင်ပြောင်းလွဲရတယ်၊ ပြောင်းလွဲပုံကတော့ နည်းယူစရာဘဲ။
သီဟိုဠ်ကျွန်းမှာ သောဏမထေရ်၏ ဖခင်ကြီးဟာ တသက်လုံး မုဆိုးကြီး လုပ်နေတယ်၊ အသက်ကြီးလို့ အမဲမလိုက်နိုင်တော့မှ မထေရ်မြတ်ထံ ကိုရင်ကြီး လာဝတ်နေတယ်၊ တနေ့၌ ရောဂါနှိပ်စက်လို့ သေခါနီးကျတော့ လက်ပံပင်, ခွေးနက်ကြီး စသော နိရယဂတိ-ငရဲနိမိတ်တွေ ထင်လာသတဲ့၊ ဒီတော့ ချစ်သား သောဏ … လာပါဦး၊ ငါ့ကို လူမဲကြီးတွေ ခွေးနက်ကြီးတွေ လာဆွဲတယ်၊ ကယ်ပါဦးလို့ ပြောသတဲ့၊ မထေရ်ပြတ်က ငါ့ဖခင်သည် အပါယ်ငရဲ ဧကန် ကျတော့မှာဘဲ၊ ငါကဲ့သို့သောသူ ရှိလျက် ငါ့ဖခင် ငရဲကျရမလားလို့ ပန်းဆီမီး ရေချမ်း တွေကို ယူဆောင်စေ၍ ကိုရှင်ကြီး ... ပန်း, ဆီမီး, ရေချမ်းတို့ဖြင့် မြတ်စွာဘုရားအား ပူဇော်ပါ၊ တပည့်တော်၏ လူမွဲလက်ဆောင်ကို အလှူခံတော်မူပါဘုရားဟု လျှောက်ရမယ်လို့ သင်ပေးသတဲ့။
ဒီလို ပူဇော်လိုက်ပြီး အတော်ကလေးကြာတော့ ငရဲနိမိတ်တွေ ပျောက်သွားပြီး နတ်သမီး, နတ်ဗိမာန်စသော ဒေဝဂတိနိမိတ်တွေ ထင်လာသတဲ့၊ အချို့ နတ်သမီး ကလေးတွေက ခြေရင်းမှာ ခစားလို့ စကားပြောလို့ နေကြသတဲ့၊ ဒီတော့ သူ့သား မထေရ်ကို သတိရပြီး ချစ်သားသောဏ, ချစ်သားသောဏလို့ လှမ်းခေါ်သတဲ့၊
ဘာဖြစ်လို့လဲကိုရင်ကြီးလို့ မေးတော့ - အသင် ဒီမှာမနေနှင့်၊ တခြားသွား၊ ဝေးဝေး သွားနေစမ်းပါလို့ ဆိုသတဲ့၊ ဘာဖြစ်လို့လဲ မေးတော့ အသင့် မိဌေးလောင်းကလေ းတွေ ရောက်နေကုန်ပြီလို့ ဆိုသတဲ့၊ (ငိုအားထက် ရယ်အားသန်စရာ မဟုတ်လား၊) ဒီတော့မှ မထေရ်မြတ်က ငါ့ဖခင် အပါယ်မှ ဧကန်လွတ်ပြီလို့ ဝမ်းမြောက် တော်မူရသတဲ့။
ဒီမှာ လူနာကလဲ သတိကောင်းသေးတယ်၊ အဝိဇ္ဇာမှောင်ချတာလဲ မသေချာသေးလို့ တဏှာမလိုချင်သေးတာဘဲ၊ ရောဂါတိုးလို့ သတိများ လစ်နေလျှင်တော့ ငရဲမီးကို ရွှေဗိမာန်ထင်ပြီး, ခွေးနက်ကြီးတွေကိုလဲ စီးတော်ဆင် ထင်ပြီး တဏှာက ဖြစ်ချင်တယ်လို့ ညွှန်မှာပါဘဲ၊ ဒီလို အဝိဇ္ဇာ မသေချာသေးလို့ လက်မလွန်မီ ကံသင်္ခါရကို ပြုပြင်ပေးလိုက်တော့ ပဋိသန္ဓေဝိညာဏ်လဲ ပြောင်းလဲသွားတာဘဲ၊ ဒီလို ပြောင်းလဲသွားပေမဲ့ အဝိဇ္ဇာလက်ချက်မှတော့ မလွတ်ဘူး၊ ယခုလောက်ရှိလျှင် ဇာတိဒုက္ခနဲ့ ဆောင့်မိပြီးရော့မယ်၊ နောက်လဲ ဇရာမရဏနှင့် ဆောင့်မိဦးမှာ ကိန်းသေပါဘဲ။
အဝိဇ္ဇာ, တဏှာတို့သာ မကူလျှင် ဒီ-ကံသင်္ခါရဟာ သံသရာထဲမှာ ဘာမျှ မလုပ်တတ်ဘူး။ အဝိဇ္ဇာကို အဖေရင်း, တဏှာကို အမေရင်းလို့ အမြဲအားကိုး တယ်၊ သည်တော့ အလွယ်နည်းနဲ့ဆိုလိုက်ရလျှင် အဖေရင်း, အမေရင်းကို သတ်ပစ်ကြ၊ အဖေရင်း အမေရင်း သေသွားလျှင် ချမ်းသာသုခကြီးတော့ ကိန်းသေဘဲလို့ မှတ်ရမယ်။
လက်ထက်တော်က လကုဏ္ဍက ဘဒ္ဒိယဆိုတဲ့ ကိုယ်တော်ကို ကြည့်ကြရမယ်၊ ခန္ဓာကိုယ်က သေးသေးကလေး၊ မြင်သူတိုင်းက ကိုယ်ရင်ငယ်ကလေးလို မှတ်ထင်ကြတယ်၊ တနေ့၌ တောနေရဟန်းများ ဘုရားဖူးလာကြတော့ ကျောင်းတော် အနီးမှာ ထိုကိုယ်တော်ကလေးနဲ့ တွေ့ပြီးမှ ဘုရားထံ ဝင်သွားကြတယ်၊ မြတ်စွာဘုရားက ချစ်သားတို့ ... .ကျောင်းအောက်နားမှာ မထေရ်ကြီးတပါး တွေ့ခဲ့ကြသလားလို့ မေးသတဲ့၊ မတွေ့ပါဘုရား၊ ကိုရှင်ငယ်ကလေး တပါးကိုသာ တွေ့ခဲ့ကြပါတယ်လို့ လျှောက်ကြသတဲ့၊
ချစ်သားတို့ ... သင်တို့ တွေ့ခဲ့တာ ကိုရင်ငယ်ကလေး မဟုတ်ဘူး၊ မထေရ်ကြီးတပါး ဖြစ်တယ်လို့ မိန့်တော်မူသတဲ့၊ ခန္ဓာကိုယ် ငယ်ငယ်ကလေးပါဘုရားလို့ လျှောက်တော့ ချစ်သားတို့ ... ဆံဖြူသွားကျိုးမှ မထေရ်ကြီးလို့ မှတ်ကြသလား၊ သစ္စာလေးပါးသိ၍ ဒုက္ခကင်းလျှင် မထေရ်ကြီးဖြစ်တယ်၊ ဒီ-မထေရ်ကြီးဟာ မိဘနှစ်ဦးကို သတ်ပစ်ပြီးကတဲက ဒုက္ခတွေကင်းသွားတယ်လို့ မိန့်တော်မူသတဲ့၊ ဒီတော့ တောနေရဟန်းတွေဟာ တပါးကိုတပါးကြည့်ပြီး သံသယဖြစ်ကြတာနဲ့ ဘယ်လိုအမိန့်တော်မြတ်ကို သိရမှာလဲဘုရားလို့ လျှောက်ကြသတဲ့၊ ဒီတော့ မြတ်စွာဘုရားက ဒီလိုဂါထာတပုဒ်ကို ဟောပြတော်မူသတဲ့။
မာတရံ ပိတရံ ဟန္တွာ၊
ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊
အနီဃော ယာတိ ဗြာဟ္မဏော။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
မာတရံ၊ အမိကို။
ပိတရံ၊ အဘကို။
ဟန္တွာ၊ သတ်၍။
ရာဇာနော ဒွေ စ ခတ္တိယေ၊ အများဆည်းကပ်ရာ မင်းကြီးနှစ်ဦးကိုလည်း။
ဟန္တွာ၊ သတ်၍။
သာနုစရံ၊ အခွန်သိမ်းအမတ်နှင့်တကွသော။
ရဋ္ဌံ၊ ကျယ်ဝန်းသော တိုင်းပြည်ကြီးကို။
ဟန္တွာ၊ ဖျက်ဆီး၍။
အနီဃော၊ ဆင်းရဲဒုက္ခမှ လွတ်သော။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
ယာတိ၊ သွား၏။
[ဒါကတော့ ဝှက်သည်ကိုမသိ၍ ပေးသောအနက်, ထင်ရှားစွာ ဖွင့်ဆိုသော အနက်, ပရပက္ခဖြစ်တယ်။ ဆိုလိုရင်း မဟုတ်သေးဘူး၊ စိတ်၌ထားသော အနက် မဟုတ်သေးဘူး၊]
ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။
မာတရံ၊ အမိပမာ မြစ်စေသော တဏှာကို၎င်း။
ပိတရံ၊ အဘပမာ ပင်ရင်းမှောင် အဝိဇ္ဇာကို၎င်း။
ဟန္တွာ၊ တဖန် မဖြစ်နိုင်အောင် သတ်ဖြတ်၍။
ရာဇာနောဒွေစခတ္တိယေ၊ သတ္တဝါတိုင်း ခစားရတဲ့ ဘုရင်အလား သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးကို၎င်း။
ဟန္တွာ၊ သတ်ဖြတ်၍။
သာနုစရံ၊ အခွန်သိမ်း အမတ်ကြီး နန္ဒီရာဂနှင့်တကွသော။
ရဋ္ဌံ၊ တိုင်းဝန်းကျယ်အလား အပြန့်ကျယ်သော အာယတန ၁၂-ပါးကို။
ဟန္တွာ၊ ဖျက်ဆီး၍။
အနီဃော၊ သံသရာဒုက္ခ မရှိသော။
ဗြာဟ္မဏော၊ မကောင်းမှု အပပြုပြီးသော ရဟန္တာအရှင်မြတ်သည်။
ယာထိ၊ နိဗ္ဗာန်နတ်ကွန်း ခေမာကျွန်းသို့ ကြွယွန်းတော်မူလေ၏။
[ဒါကတော့ ဝှက်သည်ကိုသိ၍ ပေးသောအနက်, မထင်ရှားစေဘဲ ဆိုသူ၏ စိတ်၌ထားသောအနက်, သကပက္ခ ဖြစ်တယ်။ ဆိုလိုရင်းအနက် ဖြစ်တယ်။]
ဒီ-ဂါထာဖြင့် ချစ်သားတို့ ... သင်တို့လဲ တသံသရာလုံး ဦးစီးနေတဲ့ အမိရင်း အဘရင်းကို သတ်ပစ်ကြလော့၊ ယခုဘဝ ခေတ္တဆုံတွေ့တဲ့ မိဘကိုတော့ လက်ဖျားနှင့်တောင် မတို့ကြနှင့်လို့ ဆုံးမလိုက်တယ်၊ သည်တော့ ထိုတောနေ ရဟန်းတွေအားလုံး မိဘသတ်ပြီး မဂ်ဖိုလ် ရကြသတဲ့။
ယခု တကာ, တကာမ တရားနာပရိသတ်တွေကို “သင်တို့ ခွေးများ မဖြစ်ချင် ကြဘူးလား”လို့ မေးလိုက်လျှင် တယ်စကားရိုင်းလှပါတကားရယ်လို့ နှလုံး နာသွားကြလိမ့်မယ်၊ မနာကြနှင့်၊ မိရင်း, ဘရင်းတို့က မခိုင်းသေးလို့ မဖြစ်ချင် သေးပါဘူးလို့သာ ပြန်ဖြေကြရမယ်၊ ဘာကြောင့်လဲ၊ သူဌေးသား ဃောသကကို ကြည့်ရမယ်၊ ခရီးသွားစဉ် ရိက္ခာပြတ်ပြီး ငတ်မွတ်တဲ့ဒုက္ခတွေ တွေ့တာနဲ့ နွားကျောင်းသားရွာက ခွေးကြီးတွေကိုမြင်တော့ ငါတို့မှာ လူ့ဘဝရပေမဲ့ ဒီ-ခွေးကြီးတွေ ဖြစ်သလောက်မျှ မကောင်းဘူး၊ ဒီ-ခွေးကြီးတွေလို ဖြစ်ချင်စမ်းပါဘိ တော့တယ်လို့ အဝိဇ္ဇာဖခင်ချပေးတဲ့ မှောင်ထဲမှာ တဏှာမိခင် စေခိုင်းတဲ့အတိုင်း ပြောဆိုလိုက်တယ်၊
နောက်တော့ နွားကျောင်းသားတွေ ကျွေးမွေးကြတာကို ဆာဆာနဲ့ အစားလွန်ပြီး အစာမကြေနိုင်လို့ သေသွားတော့ ခွေးမကြီးဝမ်းထဲ ရောက်ပြီး ခွေးကလေး သွားဖြစ်ရတယ်၊ ဒီလို ခွေးဖြစ်ချင်ရတာ ဘယ်သူက စေခိုင်းတယ်ဆိုတာ ရိပ်မိ လောက်ပေပြီ၊ အဝိဇ္ဇာ, တဏှာဆိုတဲ့ မိဘနှစ်ဦးက ခွေးဘဝ အပြစ်မမြင်အောင် မှောင်ချပြီး စေခိုင်းတယ် မဟုတ်လား၊ တောသားတွေလဲ မြို့ကြီးများရောက်လျှင် သတိထား၊ ကားပေါ်မှာ ဗိုလ်ခွေးတွေကို မြင်လျှင် ကားစီးချင်တတ်ကြတယ်။
ထို့ကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်အောင် စီမံပေးတဲ့ အဝိဇ္ဇာ, တဏှာ မိဘနှစ်ဦးကို ဝိပဿနာဉာဏ် လက်စွဲလျက် လကုဏ္ဍကဘဒ္ဒိယ ကိုယ်တော်ကလေး သတ်သလို အမြစ်ပြတ်အောင် မိရင်း, ဘရင်းကို သတ်နိုင်ကြပါစေကုန်သတည်း။
.
နာမ်ရုပ်, သဠာယတနဖြင့် မျက်နှာကြီးတရားစာ
“ဝိညာဏပစ္စယာ နာမရူပံ”။
ဝိညာဏ ပစ္စယာ၊ ဝိညာဏ်ဟူသော အကြောင်းကြောင့်။
နာမရူပံ၊ နာမ်သည်၎င်း, ရုပ်သည်၎င်း, နာမ်ရုပ်သည်၎င်း။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့နေရာမှာ ဝိညာဏ်ဆိုတာ ပဋိသန္ဓေစိတ် ၁၉-ခု, ပဝတ္တိအခါ လောကီ-ဝိပါက်စိတ် ၃၂-ခု ဖြစ်တယ်၊ ၎င်းတို့ကို သဟဇာတဝိညာဏ်ဟူ၍၎င်း, ဝိပါက်ဝိဉာဏ် ဟူ၍၎င်း ခေါ်တယ်၊
လောကီကုသိုလ် စိတ် ၁၇-ခု, အကုသိုလ်စိတ် ၁၂-ခုလဲ ဝိညာဏ်မည်သေးတယ်၊ ၎င်းတို့ကို အဘိသင်္ခါရဝိညာဏ် ၂၉-ခုဟူ၍၎င်း, ကံဝိညာဏ် ၂၉-ခု ဟူ၍၎င်း ခေါ်တယ်၊ [ကမ္မဘဝ၌ ဘဂဝါမိကံ ၂၉-ခုဟု ဆိုလတ္တံ့။] ဝိပါက်ဝိညာဏ်, ကံ ဝိညာဏ်ဟု ဝိညာဏ်နှစ်မျိုးကို ပြတယ်။
နာမ်ရုပ်ဆိုတာကတော့- စေတသိက်သည် နာမ်မည်၏၊ ကမ္မဇရုပ်သည် ရုပ် မည်၏၊ တနည်း - အရူပလေးဘုံ၌ ဝိပါက်ဝိညာဏ်နှင့် ယှဉ်သော စေတသိက်သည် နာမ်မည်၏၊ အသညသတ်ဘုံ၌ ကံဝိညာဏ်ကြောင့်ဖြစ်သော ကမ္မဇရုပ်သည် ရုပ် မည်၏၊ ကြွင်းသော ပဉ္စဝေါကာရ ၂၆-ဘုံတို့၌ ဝိပါက် ဝိညာဏ်နှင့်တကွဖြစ်သော စေတသိက်နှင့် ကမ္မဇရုပ်သည် နာမ်ရုပ် မည်၏၊
ဒီလို အမည်ရတဲ့ နာမ်ရယ်, ရုပ်ရယ်, နာမ်ရုပ်ရယ်- သုံးမျိုးလုံးကို ပေါင်းပြီး နာမ်ရုပ်လို့ ခေါ်တယ်၊ အဲဒါ ပဋိသန္ဓေနေရာမှာ ချော်လဲလို့ နာမ်တွေ, ရုပ်တွေ ဖူးရောင်လာတာဘဲ၊ တနည်း - မျက်လှည့်ရုံကြီး ၃၁-ခုမှာ မျက်လှည့်ပြတဲ့ အရုပ် မျိုးစုံတွေ ဖြစ်တာဘဲတဲ့။
ဒီနေရာမှာ စိတ်နာမ်ကိုတော့ အကြောင်းဝိညာဏ် ဖြစ်သောကြောင့် အကျိုးနာမ်၌ မယူရဘူး၊ နိဗ္ဗာန်နာမ်ကိုလဲ အကြောင်းကင်းသော လောကုတ္တရာ ဖြစ်သောကြောင့် ပဋိစ္စသမုပ္ပါဒ်၌ မယူရဘူး၊ အဘိဓမ္မ ဘာဇနီယနည်းမှာတော့ စိတ်တခု-ယုတ်ကိုးဆယ်လုံး ဝိညာဏ်မည်တယ်၊ စေတသိက် ဒွေပညာသလုံး နာမ်မည်တယ်၊ ကံ, စိတ် ဥတု အာဟာရ- အကြောင်း လေးပါးကြောင့်ဖြစ်သော စတုဇရုပ်အားလုံး ရုပ်မည်တယ်လို့ ဟောသတဲ့။
ကျေးဇူးပြုပုံကတော့ - အရူပလေးဘုံ၌ ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ်, ပဝတ္တိအခါ ဝိပါက်စိတ်သည် တကူဖြစ်သော စေတသိက်အား သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
[ပဋ္ဌာန်းနည်း နားမလည်၍ ပျင်းစရာဟု စိတ်မတွန့်ကြနှင့်၊ နာကြားရခဲသော ဘုရားစကားတော်ဟု အာရုံပြုကြလော့၊ လင်းနို့သားငါးရာ မသိဘဲ နားထောင်သော ကုသိုလ်ဖြင့် နတ်ဖြစ်ခြင်း, နောက်၌ အဘိဓမ္မာနားလည်၍ ရဟန္တာဖြစ်ခြင်း တို့ကို အားကျကြလော့၊]
ပဉ္စဝေါကာရ ၂၆-ဘုံ၌ ပဋိသန္ဓေစိတ်, ပဝတ္တိဝိပါက်စိတ်သည် တကွဖြစ်သော စေတသိက်နှင့် ကမ္မဇရုပ်အား သဟဇာဘသတ္တိစသည်ဖြင့် ကျေးဇူးပြုသတဲ့။
အသညသတ်ဘုံမှာတော့ အတိတ်ရူပ ပဉ္စမဈာန်ကုသိုလ် - ကံဝိညာဏ်သည် အသညသတ် ကမ္မဇရုပ်အား သုတ္တန် ပကတူပနိဿယမျိုးဖြင့် ကျေးဇူးပြုသတဲ့။
ပဉ္စဝေါကာရ ၂၆-ဘုံ၌ အတိတ်ကာမကုသိုလ်, အကုသိုလ်, ရူပကုသိုလ်- ကံဝိညာဏ်သည် ပဋိသန္ဓေကမ္မဇရုပ်, ပဝတ္တိကမ္မဇရုပ်တို့အား သုတ္တန် ပကတူပ-နိဿယမျိုးဖြင့် ကျေးဇူးပြုသတဲ့။
ပဝတ္တိဝိပါက်ဝိညာဏ်အားလုံးသည် တကွဖြစ်သော နာမ်ရုပ်အား သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့၊
ဤသို့ ပဋ္ဌာန်းနည်း ကျေးဇူးဖြစ်ပုံကို ဆင်ခြင်၍ အကြောင်းမကင်းသော တေဘူမက နာမ်ရုပ်သာ ဖြစ်သည်၊ ငါ သူတပါးမဖြစ်ဟု ရှုလျှင် စူဠသောတာပန် ဖြစ်သတဲ့။
စေတသိက်နာမ်တို့ကို --
စိတ္တာနုပရိဝတ္တိနောဓမ္မာ - စိတ်၏နောက်သို့ လိုက်၍ ဖြစ်သော တရားတို့ဟူ၍၎င်း,
မနော ပုဗ္ဗင်္ဂမာဓမ္မာ - စိတ်ရှေ့သွားရှိသောတရား တို့ဟူ၍၎င်း
ဟောသောကြောင့် ဝိညာဏ်ကြောင့် စေတသိက်နာမ် ဖြစ်ခြင်းကို သိသာတယ်၊ စိတ်ကြည်လျှင် ရုပ်ကြည်သည်ကို၎င်း, စိတ်မကြည်လျှင်ရုပ် မကြည်သည်ကို၎င်း မျက်မြင်ဒိဋ္ဌ ဖြစ်သောကြောင့် ဝိညာဏ်ကြောင့် စိတ္တဇရုပ် ဖြစ်ခြင်းကိုလဲ သိသာတယ်၊ မြင်ရသော စိတ္တဇရုပ်ကို ထောက်စာသောအားဖြင့် မမြင်ရသော ကမ္မဇရုပ်ကိုလဲ ဝိညာဏ်ကြောင့် ဖြစ်သည်ဟု သိရမတဲ့၊ မြစ်ထဲမှာရေကြီးလို့ ရေကျတာ တွေ့မြင် ရလျှင် မြစ်ဖျားမှာ မိုဃ်းရွာပြီဟု ထောက်စာ၍ သိရသကဲ့သို့ဘဲ တဲ့၊ ဒီလိုနေရာမျိုးမှာ မြင်မှယုံမယ်ဆိုလျှင် လူညံ့ ဖြစ်နိုင်တယ်။
စိတ်ကြည်လျှင် ရုပ်ကြည်သည် - ဆိုတဲ့နေရာမှာ အကြောင်းကတော့ လူတို့၏ နှလုံးအိမ်အတွင်း၌ ပုန်းညက်စေ့ခန့် တွင်းငယ် ရှိသတဲ့၊ ထိုတွင်းငယ်၌ တလက်ဖက်၏ ထက်ဝက်ခန့် သွေးတည်သတဲ့၊ ထိုသွေးကိုမှီ၍ ဟဒယဝတ္ထုရုပ် ဖြစ်သတဲ့၊ မနောဓာတ်, မနောဝိညာဏဓာတ် ဟူသော စိတ်တို့သည် ထိုဟဒယ ဝတ္ထုသွေးမှီ၍ ဖြစ်သတဲ့၊ စိတ်နှင့်အတူ စေတသိက်တို့လဲ မှီ၍ ဖြစ်ကြသတဲ့၊
ရာဂစိတ်တို့ ဖြစ်တဲ့အခါ ထိုသွေးသည် နီနီစပ်စပ် ဖြစ်တယ်၊
ဒေါသတို့ ဖြစ်တဲ့အခါ မဲနက်တယ်၊
မောဟတို့ဖြစ်တဲ့အခါ အသားဆေးရည်အဆင်း ရှိတယ်၊
ဝိတက်တို့ဖြစ်တဲ့အခါ ပဲပြုတ်ရည်အဆင်း ရှိတယ်၊
သဒ္ဓါတရားတို့ ဖြစ်တဲ့အခါ မဟာလှေခါးပန်းအဆင်း ဝါဝင်းတယ်၊
ပညာတရားတို့ ဖြစ်တဲ့အခါ ကြည်လင်၍ အရောင်ထွက်တယ်၊
ထိုသွေးတို့ဟာ ပုန်းညက်တွင်း ပြည့်လျှံပြီးလျှင် တကိုယ်လုံး ပြန့်သွားသတဲ့၊ ဒါကြောင့် ရာဂဖြစ်လျှင် တကိုယ်လုံး အသား နီစပ်စပ်, ဒေါသဖြစ်လျှင် ညိုညိုမဲမဲ, အချို့ နှလုံးကွဲသတဲ့၊ သဒ္ဓါ, ပညာဖြစ်လျှင် ရုပ်ကြည်လင်တယ်၊ လွန်စွာ သဒ္ဓါ, ပညာဖြစ်သော အနာထပိဏ်သူဌေးကြီး မှာတော့ ညဉ့်မှောင်ထဲ ဘုရားဖူးအသွားတွင် အရောင်အဝါ ထွန်းလင်းစွာ ပြင်ပသို့ ထွက်လာသတဲ့။
ဒီလို ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်တယ်လို့ ဟောတော်မူတာကို ကြားနာရသော ပညာရှိတို့က ဒီလို ဆင်ခြင်ကြသတဲ့၊ ဝိညာဏ်ကြောင့် ပုဂ္ဂိုလ်, သတ္တဝါ ဗြဟ္မာ, နတ်, လူ, ငါ, သူတပါးဖြစ်ခြင်း မထင်ရှားပါတကား၊ ပရမတ်နာမ်နှင့် ရုပ်သာ ဖြစ်ခြင်း ထင်ရှားလေစွတကားလို့ ဆင်ခြင်ကြသတဲ့။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးထဲမှာ ဘယ်အင်္ဂါကိုဖောက်၍ သံသရာမှ ထွက်နိုင်သလဲလို့ မေးလျှင် မူလနှစ်ပါးပြတ်မှ ဟူ၍၎င်း, ဝေဒနာကြောင့် တဏှာနေရာမှာ တဏှာကို မဖြစ်အောင် ချုပ်စေခြင်းကြောင့်ဟူ၍၎င်း ဟောတော်မူတယ်၊ သို့ပေမဲ့ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်လုံးပင် နိဗ္ဗာန်ဝင်ရန် လမ်းပေါက် ၈၄ဝဝဝ-ဖြစ်ဘယ်၊ ထို့ကြောင့် ဘယ်အင်္ဂါမဆို အဝိဇ္ဇာ တဏှာ သေလျှင် နိဗ္ဗာန်ဝင်ပေါက် ၁၂-ပေါက် ဖြစ်တာဘဲလို့ မှတ်ရမယ်။
ဒါကြောင့် ဒီ-နာမ်ရုပ်မှာ တဏှာသတ်ပြီး ထွက်လမ်း ဖောက်ကြရအောင် ဝိညာဏ်ကိုလဲ နာမ်ထဲထည့်ကြရမည်၊ ဒီဘော့ နာမ်ခန္ဓာလေးပါး ဖြစ်သွားပြီ၊ ထိုနာမ် ဆိုတာ ဝတ္ထုအာရုံ ပေါင်းဆုံတဲ့အခါ ဖြစ်တယ်၊ အာရုံကို စိတ်ကူး၍ အာရုံ၌ ညွတ်လျက်ဖြစ်တယ်၊ အာရုံကို ညွှတ်တတ်သောကြောင့် နာမ်မည်တယ်လို့ မှတ်ရမယ်၊ ရုပ်ဆိုတာကတော့ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ မဟာဘုတ်လေးပါးက အချင်းချင်းမှီ၍ ဖြစ်တယ်၊ စက္ခု, သောတစသော ဥပါဒါရုပ် ၂၄-ပါးက မဟာဘုတ် လေးပါးကိုမှီ၍ ဖြစ်တယ်၊ ပူခြင်း, အေးခြင်း စသည်ကြောင့် သွင်မတူပြောင်းလဲ ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တယ်၊ ပူတမျိုး အေးတမျိုး ဖောက်ပြန်တယ်၊ စားရတမျိုး မစားရတမျိုး ဖောက်ပြန်တယ်၊ စိတ်ချမ်းသာတမျိုး, စိတ်ညစ်တမျိုး ဖောက်ပြန်တယ်၊ ဒွါရခြောက်ပါးတွင် တဒွါရတမျိုး ဖောက်ပြန်တယ်၊ ဖြူမဲ, ပူအေး, ဖြောင့်ကွေး, ပိန်ထွား, ချိုခါး မွှေးနံ-ဖောက်ပြန်တတ်သောကြောင့် ရုပ်မည်တယ်လို့ မှတ်ရမယ်။
အဆင်းတခုကို မြင်ရတဲ့အခါ အထူးမှတ်ရအောင် ခွဲပြီးပြလိုက်ဦးမယ်၊ အဆင်းနှင့် မျက်စိသည် ဥပါဒါရုပ်မည်တယ်၊ မဟာဘုတ် လေးပါးကိုမှီ၍ ဖြစ်တယ်၊ ဤ ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်သောရုပ်အစု ဖြစ်သည်ဟု မှတ်ရမယ်၊ ထိုအဆင်းကို ကောင်းကောင်း ဆိုးဆိုး ဝမ်းသာလျက် ဝမ်းနည်းလျက် မထွေး မစွန့်နိုင်ဘဲ စားမြုံ့ပြန်လျက် မြိန်ရှက်စွာ ခံစားခြင်းသည် ဝေဒနာ၊ မမေ့နိုင်အောင် မှတ်ထားခြင်းသည် သညာ၊ ကြံစည်, နှစ်သက်, အမျက်ထွက်ခြင်းစသည်သည် သင်္ခါရ၊ သိခြင်းသည် ဝိညာဏ်၊ ဤဝေဒနာ, သညာ, သင်္ခါရ ဝိညာဏ်သည် အာရုံသို့ ညွတ်တတ်သော နာမ်အစုဖြစ်သည်ဟု မှတ်ရမယ်၊ ၎င်းတို့အပြင် ငါ, သူတပါး, ယောက်ျား, မိန်းမ-မရှိတော့ဘူး၊ ထို့ကြောင့် အဆင်းမြင်ရာ၌လည်း ရုပ်အစု, နာမ်အစု။
ထို့အတူ --
အသံကြားရာ အနံ့ယူရာ၌လည်း ရုပ်အစု, နာမ်အစု၊
အရသာ စားရာ, အတွေ့ထိရာ၌လည်း ရုပ်အစု, နာမ်အစု၊
လောဘဖြစ်ရာ, ဒေါသဖြစ်ရာ၌လည်း ရုပ်အစု, နာမ်အစု၊
သဒ္ဓါဖြစ်ရာ ပညာဖြစ်ရာ၌လည်း ရုပ်အစု နာမ်အစု၊
ဝမ်းနည်းရာ, ဝမ်းသာရာ၌လည်း ရုပ်အစု, နာမ်အစု၊
ချစ်ရာ မုန်းရာ၌လည်း ရုပ်အစု, နာမ်အစု၊
ဤသို့စသည်ဖြင့် နည်းယူ၍ နှလုံးသွင်းရမယ်။
လှည်းအိမ်, ဝင်ရိုး, လှည်းဘီး စသောအပေါင်းကို လှည်းဟု အခေါ်သာ ရှိသည်၊ လှည်းဟု သီးခြားမရှိ၊ ရုပ်အစု, နာမ်အစုကို ယောက်ျားကိုယ်ကောင်, မိန်းမ ကိုယ်ကောင်ဟု အခေါ်သာ ရှိသည်၊ ယောက်ျား, မိန်းမ မရှိ။
တိုင်ထူ, နွယ်ပတ်, မြေညက်ကပ်, သက်ကယ်မိုးကို အိမ်ဟု အခေါ်သာ ရှိသည်၊ တိုင်နွယ်, မြေညက်, သက်ကယ်မှတပါး အိမ်ဟု သီးခြား မရှိ၊ အရိုး- တိုင်သဘော အကြော-ရစ်ပတ် အသား-ကပ်မြှုပ် အရေထူ အရေပါး - အုပ်ထားသည်ကို ယောက်ျားကိုယ်ကောင်, မိန်းမကိုယ်ကောင်ဟု အခေါ်သာ ရှိသည်၊ အရိုး, အကြော, အသား, အရေမှတပါး ယောက်ျား, မိန်းမ မရှိ၊
အကြောင်းအားလျော်စွာ နာမ်နှင့်ရုပ်-ဝဋ်ဒုက္ခသာ ဖြစ်သည်၊ ဝဋ်ဒုက္ခသာ တည်သည်၊ ဝဋ်ဒုက္ခသာ ချုပ်သည်၊ ဝဋ်ဒုက္ခမှတပါး ပုဂ္ဂိုလ်, သတ္တဝါ မရှိ။
ခန္ဓာငါးတန် အတ္တမှန်လျှင် နာရန်-ကျင်ရန် မသင့်၊ နာကျင်ဘို့မျှ ဖြစ်ပေါ်ကလည်း အတ္တမဆိုအား၊ ခန္ဓာငါးပါးကား နာသည်, ကျင်သည်-အတ္တမဟုတ်၊ အနတ္တ, အနတ္တ။
အရုပ်သစ်သား ကြိုးတပ်ထား၍ သွားဟန်, လာဟန် လှုပ်ရှားသည်၊ ရုပ်အစုအား နာမ်တွဲထားလည်း သွားဟန်, လာဟန် လှုပ်ရှားသည်၊ သွားသူ မရှိ၊ လာသူ မရှိ၊ လှုပ်ရှားသူ မရှိ။
ရုပ်နာမ်နှစ်ခု အချင်းချင်းမှီထားသော ကျူဝါးအစု၊ တခု တိမ်းလျှင် အကုန်ယိမ်းသည်။
နာမ်ဟူသည် ဝတ္ထု, အာရုံ တွေ့ကြုံခိုက်သာ ဖြစ်ပေါ်လာ၏၊ ထွက်လာရာ တည်နေရာ ဘယ်မှာမျှမရှိ။
ကန်းသူက သွားချင် မြင်သူက အကျိုး ကျောတွင်ပိုး၍ အကျိုးညွှန်လမ်း သွားပုံ ဆန်းသို့ ရုပ်ကန်းနာမ်ကျိုး ကျောကပိုး၏၊ ကျောပိုးနာမ်ရုပ် ငါမဟုတ်။
လူနှင့်လှေငယ် ချင်းချင်းတွယ်လျက် ဝဲလယ်သမုဒ် စုန်ဆန်မြုပ်၏၊ နာမ်နှင့် ရုပ်ကား ချင်းချင်းအားမှီ သံသာရှည်ဝဲ ဃရက်ဆွဲ၏၊ ရက်ဆွဲနာမ်ရုပ် ငါ မဟုတ်။
ထန်းမြစ်ထက်ခြမ်း ရုပ်နာမ်ခြမ်းလျှင် စွဲလမ်းစရာ သူငါကွယ်ပြုတ် နာမ်နှင့် ရုပ်သာ ငါ မပါ။
ထက်ခြမ်းကွဲ နာမ်ရုပ် မဟုတ်သူငါ မြင်သောအခါ သက္ကာယဒိဋ္ဌိ ကွာ၏၊ အတ္တဒိဋ္ဌိ အစွဲပြုတ်၏၊ ကလျာဏပုထုဇဉ်ဖြစ်၏၊ ထိုအခါ ဒုက္ခသစ္စာကို မြင်၏။
ဤနာမ်နှင့် ဤရုပ်သည် အဝိဇ္ဇာ, တဏှာ, ကံ-စသော အကြောင်းကြောင့် အတိတ်၌ ဖြစ်ပြီး, ပစ္စုပ္ပန်၌ဖြစ်ဆဲ, အနာဂတ်၌ ဖြစ်လတ္တံ့၊ ကာလသုံးပါးလုံး အကြောင်းအား လျော်စွာ အကျိုးနာမ်ရုပ်သာ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့၊ သူ့ကြောင့်, ငါ့ကြောင့်, ငါဖြစ်ပြီး သူဖြစ်ပြီး-မရှိ၊ ငါဖြစ်ဆဲ, သူဖြစ်ဆဲ-မရှိ၊ ငါဖြစ်လတ္တံ့ သူဖြစ်လတ္တံ့ မရှိ၊ အကြောင်းမကင်းသော နာမ်ရုပ်အစုသာ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့၊ သူ့အကြောင်း နှင့်သူ ဖြစ်သောကြောင့် ငါ့အလိုသို့ လိုက်မည် မဟုတ်။
ဤသို့ ကာလသုံးပါးလုံး နာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းမိသောအခါ ကာလ သုံးပါးလုံး ယုံမှားခြင်း ၁၆-ပါး, ယုံမှားခြင်း ၈-ပါး ကင်းပျောက်၍ စူဠသောတာပန် အဖြစ်သို့ ရောက်၏၊ ထိုအခါ သမုဒယသစ္စာကို မြင်၏။
ယခုအခါ သာသနာတွင်း၌ ဘယ်သူမဆို လူမှန်လျှင် ဤစူဠသောတာပန် အထိ ဖြစ်နိုင်သည်၊ စူဠသောတာပန်မျှ မဖြစ်လျှင် သာသနာတွင်း လူဖြစ်ကျိုး မနပ်၊ သနားဘွယ် ကောင်းလေစွ။
ထိုမှ တဆင့်တက်၍ သစ္စာလေးပါးကို သိရမယ်၊
အကြောင်းအားလျော်စွာ ဖြစ်သော အကျိုးနာမ်ရုပ်သည် ဆင်းရဲဧကန် မဖောက်ပြန် သောကြောင့် ဒုက္ခသစ္စာ မည်၏၊
အကြောင်းဟူသမျှသည် ဆင်းရဲကြောင်းဧကန် မဖောက်ပြန်သောကြောင့် သမုဒယ သစ္စာ မည်၏၊
အနိစ္စ, ဒုက္ခ, အနတ္တဟု နှလုံးသွင်းခြင်းသည် ဆင်းရဲကင်းရာသို့ ထွက်နိုင်ကြောင်း ကေန် မဖောက်ပြန်သောကြောင့် မဂ္ဂသစ္စာ မည်၏၊
ဒုက္ခမြင်သူတိုင်း စိတ်ဦးညွှတ်စရာ, နာမ်ရုပ် မဖြစ်ရာ အကြောင်းဝဋ် ပြတ်ရာ နိဗ္ဗာန်သည် ဆင်းရဲငြိမ်းကန် မဖောက်ပြန်သောကြောင့် နိရောဓသစ္စာ မည်၏။
ဤသို့ ဆက်သွယ်၍ သစ္စာလေးပါးသိလျှင် မဂ်ဖိုလ်အထိ ရ၏၊ မဂ်, ဖိုလ် မရလျှင် သုဂတိ မြဲ၏၊ စူဠသောတာပန်ဖြစ်သည် မည်၏၊ ဒါတွေဟာ ဗုဒ္ဓဘာသာ ဖြစ်သော လူတိုင်း သွားရမဲ့ခရီးစဉ်တွေ ဖြစ်တယ်၊ ထို့ကြောင့် သူတော်ကောင်းတွေနဲ့သာ ဆိုင်တယ်၊ ငါနဲ့မဆိုင်ဘူးလို့များ မအောက်မေ့လိုက်ကြနှင့်။
ယုံမှား ၁၆-ပါးကား - အတ္တဒိဋ္ဌိ ရှိသူတို့အား အတိတ်စွဲ ငါးပါး, အနာဂတ်စွဲ ငါးပါး, ပစ္စုပ္ပန်စွဲ ခြောက်ပါးဖြင့် တရူးတည်းရူး၍ အစွဲ ၁၆-ပါး ကပ်ကြတယ်၊
အတိတ်၌ ငါ ဖြစ်ဘူးပြီလော၊
မဖြစ်ဘူးပြီလော၊
အဘယ်သို့သောသူ ဖြစ်ဘူးသနည်း၊
အဘယ်ခြင်းရာဖြင့် ဖြစ်ဘူးသနည်း၊
အဘယ်သူဖြစ်ပြီး၍ တဖန် အဘယ်သူ ဖြစ်ဘူးပြန်သနည်း၊
ဤသို့ အတိတ်စွဲငါးပါး စွဲတာကို အကြောင်းအားလျော်စွာ အကျိုးနာမ်ရုပ်သာ ဖြစ်ဘူးပြီ၊ ငါဖြစ်ပြီး မရှိ၊ သူဖြစ်ပြီး မရှိဟု အကြောင်းသိသော ဉာဏ်ဖြင့် ချွတ်လွဲရတယ်။
အနာဂတ်၌ ငါ ဖြစ်လတ္တံ့လော၊
မဖြစ်လတ္တံ့လော၊
အဘယ်သို့သောသူ ဖြစ်မည်နည်း၊
အဘယ်ခြင်းရာဖြင့် ဖြစ်မည်နည်း၊
အဘယ်သူဖြစ်ပြီး၍ တဖန် အဘယ်သူ ဖြစ်ဦးမည်နည်း၊
ဤသို့ အနာဂတ်စွဲငါးပါး စွဲတာကိုလဲ အကြောင်း အားလျော်စွာ အကျိုးနာမ်ရုပ်သာ ဖြစ်လတ္တံ့၊ ငါ ဖြစ်လတ္တံ့ မရှိ၊ သူဖြစ်လတ္တံ့ မရှိဟု အကြောင်းသိသော ဉာဏ်ဖြင့် ချွတ်လွဲရတယ်။
ပစ္စုပ္ပန်၌ ငါသည် ယခုငါ ဟုတ်သလော၊
မဟုတ်သလော၊
ကိုယ်တွင်းအတ္တ ငါသည် အဘယ်သို့သောသူ ဖြစ်သနည်း၊
အဘယ်ခြင်းရာဖြင့် ဖြစ်သနည်း၊
အဘယ်ဘဝမှ လာခဲ့သနည်း၊
အဘယ်ဘဝသို့ သွားဦးမည်နည်း၊
ဤသို့ ပစ္စုပ္ပန် စွဲခြောက်ပါး စွဲတာကိုလဲ အကြောင်းအားလျော်စွာ အကျိုးနာမ်ရုပ်သာ ဖြစ်ဆဲ၊ ငါဖြစ်ဆဲ မရှိ၊ သူ ဖြစ်ဆဲ မရှိဟု အကြောင်းသိသော ဉာဏ်ဖြင့် ချွတ်လွဲရတယ်။
ယုံမှား ရှစ်ပါးကား - ဘုရား၌, တရား၌ သံဃာ၌, သိက္ခာ၌ ယုံမှား၏ (လေးပါး)၊ ရှေးအစွန်း၌ နောက်အစွန်း၌, ရှေ့နောက်အစွန်း၌, ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှား၏ (လေးပါး)၊ ဤရှစ်ပါးတို့တွင်-
၁။ ဘုရား၌ ယုံမှားခြင်းကား --
တင့်တယ်သောရူပကာယ ရှိ-မရှိ၊
သဗ္ဗညုတ ဉာဏ် ရှိ-မရှိဟု ကိုယ်တော်၌၎င်း, ဂုဏ်တော်၌၎င်း ယုံမှားသတဲ့။
၂။ တရား၌ကား --
မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသည် ရှိ-မရှိ၊
ထွက်မြောက်ကြောင်း ဟုတ်-မဟုတ်ဟု ယုံမှားသတဲ့။
၃။ သံဃာ၌ကား --
မဂ်ပုဂ္ဂိုလ် လေးယောက်, ဖိုလ်ပုဂ္ဂိုလ် လေးယောက် ရှိ- မရှိ၊
ကောင်းစွာကျင့်-မကျင့်၊ ထိုသံဃာအား လှူလျှင် အကျိုးရှိ-မရှိ ဟု ယုံမှားသတဲ့။
၄။ သိက္ခာ၌ကား --
သီလ,သမာဓိ,ပညာ-သိက္ခာ သုံးပါး၊
ဝါ- မဂ္ဂင်ရှစ်ပါး၌ ကျင့်လျှင် အကျိုး ရှိ-မရှိဟု ယုံမှားသတဲ့။
၅-၈။ ရှေ့အစွန်း စသည်တို့၌ကား --
ရှေးဘဝ ရှိ-မရှိ၊
နောက်ဘဝ ရှိ-မရှိ၊
ရှေးဘဝ, နောက်ဘဝ ရှိ-မရှိ၊
အဝိဇ္ဇာစသော အကြောင်းဝဋ်,သင်္ခါရ စသော အကျိုးဝဋ် ဟူသည် ရှိ-မရှိ
ဟု ယုံမှားသတဲ့။
နာမ်ရုပ်တို့ကို အကြောင်းနှင့်တကွ သိလျှင် ဤယုံမှားခြင်း ရှစ်ပါးလဲ ကင်း ပျောက်တယ်၊ ဤဉာဏ်ဟာ ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်တယ်၊ ပစ္စယပရိဂ္ဂဟဉာဏ်, ဓမ္မဋ္ဌိတိဉာဏ်, ယထာဘူတဉာဏ်, သမ္မာဒဿနဉာဏ်လဲ မည်တယ်၊ အမည်ငါးပါး ရတယ်၊ ဤမှတက်၍ သမ္မသနဉာဏ်စသော ဝိပဿနာဉာဏ် ဆယ်ပါးဖြင့် အစဉ် အတိုင်း အားထုတ်သွားလျှင် သောတာပတ္တိမဂ်, ဖိုလ်သို့ ကိန်းသေရောက်နိုင်သတဲ့။
ဒီနည်းဖြင့် ဘယ်အင်္ဂါမဆို နာမ်နှင့်ရုပ်ဖြစ်အောင် ဆွဲယူပြီး နိဗ္ဗာန်ဝင်ရန် လမ်းဖောက်နိုင်သတဲ့။
.
သဠာယတန
“နာမရူပပစ္စယာ သဠာယတနံ။”
နာမရူပပစ္စယာ၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့်။
သဠာယတနံ၊ ခြောက်ပါးသော အဇ္ဈတ္တိကာယတနနှင့် ဆဋ္ဌာယတနသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့နေရာမှာ နာမ်ရုပ်ဆိုတာ စေတသိက်ခန္ဓာသုံးပါး, ရုပ်ထဲက မဟာဘုတ် လေးပါး, ဝတ္ထုရုပ်ခြောက်ပါး ဇီဝိတရုပ်, အာဟာရရုပ်အားဖြင့် ရုပ် ၁၁-ပါး ဖြစ်တယ်၊ ဤမျှကို နာမ်ရယ် ရုပ်ရယ်, နာမ်ရုပ်ရယ်-ပေါင်းပြီး အကြောင်းနာမ်ရုပ်ဟု ခေါ်တယ်။
သဠာယတနဆိုတာ --
အရူပဘုံ၌ မနာယတနဟူသော ဆဋ္ဌာယတန ၁-ပါး၊
ရူပ ၁၅-ဘုံ၌ စက္ခာ, သောတာ, မနာ-ဟူသော အာယတန ၃-ပါး၊
ကာမ ၁၁-ဘုံ၌ စက္ခာ, သောတာ, ဃာနာ, ဇိဝှါ, ကာယာ, မနာ-ဟူသော အာယတန ၆-ပါး၊ ဒီ- ၆-ပါးသာ ဖြစ်တယ်၊
(၁-ရယ်, ၃-ရယ်, ၆-ရယ်-ပေါင်း ၁ဝ-မဖြစ်စေနှင့်၊ ၆-သာ ဖြစ်စေရမယ်၊)
ရူပါရုံ သဒ္ဒါရုံ စသော ဗာဟိရာယတန ခြောက်ပါးကိုတော့ တပြိုင်တည်းရတာလဲ မဟုတ်၊ တသန္တာန် တည်းရတာလဲ မဟုတ်သောကြောင့် အကျိုးသဠာယတန၌ မယူရဘူးတဲ့၊ ကျေးဇူးပြုပုံကတော့-
၁။ စေတသိက်နာမ်သည် အာယတနခြောက်ပါးအား ပြိုင်တူ သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
၂။ ပဉ္စဝိညာဏ် စေဘသိက်နာမ်သည် ပဉ္စာယတန ငါးပါးအား နောက်မှ ထောက်ပံ့သော ပစ္ဆာဇာတသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
၃။ ဟဒယဝတ္ထုရုပ်သည် ပဉ္စဝေါကာရပဋိသန္ဓေ - မနာယတနအား သဟဇာတ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
၄။ မဟာဘုတ်လေးပါးသည်၎င်း, ဇီဝိတရုပ်သည်၎င်း, အာဟာရရုပ်သည်၎င်း ပဝတ္တိ, ပဋိသန္ဓေ ပဉ္စာယတနငါးပါးအား သဟဇာတ စသည်ဖြင့်၎င်း, ဣန္ဒြိယစသည်ဖြင့်၎င်း, အာဟာရ စသည်ဖြင့်၎င်း, ကျေးဇူးပြုသတဲ့။
၅။ ပဉ္စပသာဒရုပ်သည် ပဉ္စဝိညာဏ်မနာယတနအား, ဟဒယဝတ္ထုသည် ကြွင်း မနာယတနအား မှီရာနိဿယ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
၆။ ပဉ္စဝေါကာရ ပဋိသန္ဓေအခါ နာမ်ခန္ဓာသုံးပါးနှင့် ဟဒယဝတ္ထု ဟူသော နာမ်ရုပ်သည် မနာယတနအား သဟဇာတစသည်ဖြင့် ကျေးဇူးပြုသတဲ့။
ရူပ၏အရ၌ ဗာဟိရာယတနကိုလဲ ယူလျှင် အလုံးစုံသော နာမ်ရုပ်သည် မနာယတနအား အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏ ဟူ၍လည်း ကြံဘွယ်ရှိသတဲ့။
အာယတန ဖြစ်စဉ်ကတော့ အမိဝမ်း၌ ပဋိသန္ဓေနေသော ဂဗ္ဘသေယျက လူသတ္တဝါ တို့မှာ ကလလရေကြည် တည်စကပင် ကာယာယတန, မနာယတန နှစ်ပါး ဖြစ်တယ်၊
ရေကြည်ခုနစ်ရက်,
အမြှုပ်ခုနစ်ရက်,
သားတစ်ခုနစ်ရက်,
တခဲနက် ခုနစ်ရက်,
ခက်မငါးဖြာ ခုနစ်ရက်၊
၎င်းခက်မငါးဖြာ၏ ရင့်ခြင်းကတော့ ခုနစ်ရက် နှစ်လီအားဖြင့် -
သတ္တာဟခုနစ်လီ ၄၉ ရက်တွင် စက္ခု ဖြစ်တယ်၊
နောက်ခုနစ်ရက်တွင် သောတ,
နောက်ခုနစ်ရက် ဃာန,
နောက် ခုနစ်ရက် ဇိဝှါ ဖြစ်တယ်၊
၁၁-ခုမြောက် သတ္တာဟ ၇၇-ရက်တွင် အာယတန ၆-ပါး
ပြည့်စုံတယ်လို့ ဋီကာကျော်ဆရာ ဆိုသတဲ့၊
မူလဋီကာဆရာကတော့ သတ္တာဟ ၁၁-လီ ၇၇-ရက်တွင်မှ စက္ခု, သောတ, ဃာန ဇိဝှါတို့ ဖြစ်ကြတယ်လို့ ဆိုသတဲ့၊
သံသေဒဇ, ဩပပါတိက ပုဂ္ဂိုလ်တို့မှာတော့ ပဋိသန္ဓေကပင် အဇ္ဈတ္တိက အာယတန ခြောက်ပါးလုံး ဖြစ်သတဲ့၊ အဲဒါတွေဟာ သူကန်းလဲကျလို့ ဖူးရောင်ပြီး ပြည်ဥတဲ့ နေရာခြောက်ခုဘဲတဲ့၊ ဝါ- မြေကောင်းရာ၌ပေါက်သော ချုံသစ်ပင်တွေဘဲတဲ့။
ထိုတွင် သားတစ် မာတာတာလေးဖြစ်တာ တခဲနက် ခေါ်တယ်၊
ဦးခေါင်း, ခြေလက်အတွက် အဖုအတက်ကလေး ငါးခု ထွက်တာ ခက်မငါးဖြာ ခေါ်တယ်၊
ထိုနောက် ၄၂-သတ္တာဟ၌ ဆံပင်, မွေးညှင်း, ခြေသည်းလက်သည်း စသည်တို့ ပြည့်စုံစွာဖြစ်၍ ရက်ပေါင်း ၂၉၄-ရက် ၉-လကျော် ဆယ်လတွင် ထိုသူငယ် ဖွားမြင်တယ်၊
အမိဝမ်း၌နေစဉ် ထိုသူငယ်ဟာ အမိစားသော အစာဖြင့် မျှတသတဲ့၊ ဒါကြောင့် အမိ အပူအစပ်စားလျှင် ထိုသူငယ်ဟာ ငရဲခံရသလို ပူတယ်၊ စပ်တယ်၊ ရေခဲများ စားလိုက်လျှင် လောကန္တရိုက်ငရဲမှာ ခံရသလို ခိုက်ခိုက်တုန်အောင် ချမ်းအေးသတဲ့၊ ရိုက်ပုတ်ကာ ရန်ဖြစ်၍ လုံးထွေးတဲ့ အခါတော့ အလမ္ပာယ်မြွေကဲ့သို့, အရက်သမား လက်ဝယ် ဆိတ်သူငယ်ကဲ့သို့ မချိမဆံ့ ပင်ပန်းရှာသတဲ့။
၁။ စက္ခုပသာဒသည် ရူပါရုံထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေတယ်၊ မျက်နက်ဝန်းအလယ် ကိုယ်သဏ္ဌာန်အရိပ်ထင်ရာ၌ ရှိသော မျက်လွှာခုနစ်ထပ်ကို အကြည်ဓာတ် နှံ့စေလျက် တည်တယ်၊ သန်းဦးခေါင်း ပမာဏ ရှိတယ်၊ စက္ခုဝိညာဏ်စသော စိတ်တို့၏ ဝတ္ထု, ဒွါရ အဖြစ်ဖြင့် တည်သတဲ့၊ ဝတ္ထုဆိုဘာ မှီရာ, ဒွါရဆိုတာ ထွက်ရာဝင်ရာ တံခါးသဖွယ်တဲ့။
၂။ သောတပသာဒသည် သဒ္ဒါရုံထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင် စေတယ်၊ နားအုံအတွင်း နုသောမွေးနီ စီစီညာညာ ပေါက်ရာ၌ အကြည်ဓာတ် နှံ့စေလျက် တည်တယ်၊ လက်စွပ်ကွင်းသဏ္ဌာန် ရှိတယ်၊ သောတဝိညာဏ်စသော စိတ်တို့၏ ဝတ္ထု, ဒွါရအဖြစ်ဖြင့် တည်သတဲ့။
၃။ ဃာနပသာဒသည် ဂန္ဓာရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေတယ်၊ နှာခေါင်းအုံအတွင်း ဆိတ်ခွာသဏ္ဌာန်အရပ်၌ အကြည်ဓာတ် နှံ့စေလျက် တည်တယ်၊ ဃာနဝိညာဏ်စသော စိတ်တို့၏ ဝတ္ထု, ဒွါရအဖြစ်ဖြင့် တည်သတဲ့။
၄။ ဇိဝှါပသာဒသည် ရသာရုံကို ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေတယ်၊ လျှာလယ်အထက် ကြာပွင့်ဖပ် အဖျားပိုင်းသဏ္ဌာန် အရပ်၌ အကြည်ဓာတ်ကို နှံ့စေလျက် တည်တယ်၊ ဇီဝှါပညာဏ် စသောစိတ်တို့၏ ဝတ္ထု, ဒွါရအဖြစ်ဖြင့် တည်သတဲ့။
၅။ ကာယပသာဒသည် ဖောဋ္ဌဗ္ဗာရုံသုံးခု ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင် စေတယ်၊ တကိုယ်လုံး အကြည်ဓာတ် နှံ့စေလျက် တည်တယ်၊ တကိုယ်လုံးဟု ဆိုသော်လဲ ပါစကတေဇော တည်ရာ အစာသစ်အိမ် ဆံပင်ဖျား, မွေးညှင်းဖျား, လက်သည်း ခြေသည်း, ခြောက်သော အရေဖျားတို့၌ကား မတည်ဘူးဟု သီးခြား မှတ်ရမယ်၊ ကာယဝိညာဏ် စသော စိတ်တို့၏ ဝတ္ထု, ဒွါရအဖြစ်ဖြင့် တည်သတဲ့။
၆။ မနာယတနကတော့ စိတ်ဓာတ် ခုနစ်မျိုး ပြားတယ်၊ ခုနစ်မျိုးထဲက မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့က ပုန်းညက်တွင်း သွေး-ဟဒယဝတ္ထုမှာ မှီ၍ ဖြစ်တယ်၊ အာရုံခြောက်ပါးလုံးကို အာရုံပြု၍ ဖြစ်တယ်။
.
မေးမြန်းဘွယ်
မေး။ ဒီနေရာမှာ ကာယပသာဒဟာ တကိုယ်လုံးနှံ့ တည်လျှင် ပသာဒ ငါးပါး ရောယှက်ကြသလောလို့ မေးစရာရှိသတဲ့။
အဖြေကတော့ --
မရောယှက်နိုင်ဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ - ကလာပ် တခုစီ အသီးသီး ဖြစ်ကြတယ်။ မရောနိုင်အောင် အာကာသဓာတ်ကလဲ ခြားထားသတဲ့၊ ဒီတော့ မှီရာ မဟာဘုတ်ချင်းလဲ မရောဘူး၊ လက္ခဏာအားဖြင့်လဲ မရောဘူး၊ လက်ဖြင့်ခွဲ၍ မရသောကြောင့်သာ နှံ့တည်တယ်လို့ ဆိုရတယ်၊ ဝါဂွမ်းဆီ နှံ့တည်သလိုဘဲတဲ့။
ဒီ-အာယတန ခြောက်ပါးထဲမှာ -
၁။ စက္ခုဟာ မြွေနှင့်တူတယ်၊ အရှုပ်အထွေး ကြိုက်တယ်၊ ပြောင်ချော မကြိုက်ဘူး၊ အရုပ်ခြူးပန်း စသည်ဖြင့် ရှုပ်ရှုပ်ထွေးထွေးများ မြင်ရလျှင် မျက်စိဖြင့်ပင် ကြည့်၍ မဝလို့ ခံတွင်းကိုလဲ ကြည့်စမ်းပါဟု ခိုင်းသလိုဘဲ ခံတွင်းကလဲ ဟ၍ကြည့်သတဲ့၊ အလင်းရောင် အာလောကဓာတ်ကိုလဲ အားကိုးတယ်၊ အရောင်ရှိမှ မြင်ရ သောကြောင့်တဲ့။
၂။ သောတဟာ မိကျောင်းနှင့် တူတယ်၊ ရေနက်ရာငုပ်၍ တွင်းခေါင်း အောင်းလျက် အစာမြှော်သလို နားအုံအတွင်း အပေါက်အခေါင်း၌ အောင်းလျက် အသံကို မြှော်တယ်၊ အပေါက်အခေါင်း- အာသာကဓာတ်ကိုလဲ အားကိုးတယ်၊ အာကာသ ဓာတ်ရမှ အသံကြားရသောကြောင့်တဲ့။
၃။ ဃာနဟာ ငှက်နှင့် တူတယ်၊ ကောင်းကင်လေထဲ၌ ငှက် မွေ့လျော်သလို ကောင်းကင်လေကို အားကိုးတယ်၊ ကောင်းကင်လေ - ဝါယောဓာတ် ရမှ အနံ့ယူနိုင်သောကြောင့်တဲ့၊ နွားများ မိုဃ်းဦးကျစ-မြေနမ်း၍ ကောင်းကင်မော့ပြီး လေရှုကြသတဲ့။
၄။ ဇိဝှါဟာ အိမ်ခွေးနှင့် တူတယ်၊ မီးဖိုခုံလောက် အကြား ပြာယက်၍ အိပ်ရန် မီးဖိုချောင်သို့သာ သွားချင်သလို လျှာရှိသူတိုင်း မီးဖိုချောင်သို့ သွားလိုသတဲ့၊ လျှာလယ်အထက်၌ တံတွေးများများ- အာပေါဓာတ်ကို အားကိုးတယ်၊ အာပေါဓာတ် တံတွေးရှိမှ အရသာခံစား နိုင်သောကြောင့်တဲ့။
၅။ ကာယဟာ တောခွေးနှင့် တူတယ်၊ သုသာန်လူသားစား၍ လူသေကို မှီပြီး အိပ်လို သကဲ့သို့ ရုပ်အဖော်တခုကို မှီရန် အလိုရှိတယ်၊ ပထဝီဓာတ်ကို အားကိုးတယ်၊ ပထဝီဓာတ် ထောက်ပံ့မှ ဖောဋ္ဌဗ္ဗာရုံအတွေ့ကို ခံစားနိုင်သောကြောင့်တဲ့၊ ရုပ်အဖော် တခုကို မရလျှင် မိမိလက်မောင်းကို ဦးခေါင်းတင်၍ အိပ်လိုကြသတဲ့။
၆။ မနကတော့ တောမျောက်နှင့် တူတယ်၊ သစ်ပင်တပင်မှ တပင်သို့ ခုန်ကူးချင် သလို အာရုံတခုမှ အာရုံတခုသို့ ပြောင်းပြီး စိတ်ကူးချင်တယ်။
ဒီတော့ လူတိုင်းလူတိုင်း မိမိတို့ခန္ဓာကိုယ်ကြီးဟာ တိရစ္ဆာန်ခြောက်မျိုး လှောင်မွေး ထားတဲ့ တိရစ္ဆာန်ရုံကြီး ဖြစ်မနေဘူးလား။
ဒီ-စက္ခုစသော ပသာဒတို့ဟာ တပေါင်းတည်း ဖြစ်သော်လဲ အချင်းချင်း လက္ခဏာ သဘော မရောယှက်ဘူး၊ အဆင်းအမျိုးမျိုးရှိသော အလံတို့၏ အရိပ် အပေါင်းသည် မရောသကဲ့သို့ မီးစာအမျိုးမျိုး၏ တပေါင်းတည်း မီးလျှံ အပေါင်းသည် အချင်းချင်း မရောသကဲ့သို့ဟု မရောယှက်ပုံကို သိရမတဲ့။
ဒီ-အာယတနတွေကို တနေရာမှ မလာဘဲ တနေရာသို့ မသွားဘဲ ဖြစ်ရာ ဌာန၌သာ ချုပ်တဲ့ အာယတနတို့ဟူ၍၎င်း, မည်သည့် သဘောတရားကို ဖြစ်ပေါ်အောင် အားထုတ်ခြင်း, ကြောင့်ကြခြင်းမရှိသော အာယတနတို့ဟူ၍၎င်း ရှုရမတဲ့၊
တနည်း -
ကိုယ်တွင်း အာယဘန ခြောက်ပါးကို မြွေ မိကျောင်း, ငှက် အိမ်ခွေး, တောခွေး, မျောက်၊ ဤတိရစ္ဆာန် ၆-ကောင်နှင့်တူတဲ့ အာယတန၊ ပြင်ပ အာယတနခြောက်ပါးကို အမှိုက်ပုံ, ရေအောင်း, ကောင်းကင်, မီးဖိုတွင်း, သုသာန် တောအုပ်ဟူသော စားကျက်ခြောက်ခုနှင့်တူတဲ့ အာယတနဟု ရှုရမတဲ့၊
တနည်း -
ကိုယ်တွင်း အာယတနခြောက်ပါးကို ထားပြတိုက်ခံရသော ရွာခြောက်ရွာ နှင့်တူတဲ့ အာယတန-ဟု ရှုရမတဲ့၊ ဒီလိုရှုလျှင် ငါ, သူတပါး ယောက်ျား, မိန်းမဟု မမြင်ဘဲ နာမ်နှင့်ရုပ်သာ မြင်ရသဖြင့် ကလျာဏပုထုဇဉ် ဖြစ်နိုင်တယ်။
လက်ထက်တော်က ပုဏ္ဏားကြီးတဦးဟာ လယ်ထွန်ချိန်တခါ, တလင်းချိန် တခါ, တလင်းသိမ်းချိန်တခါ, ချက်ချိန်တခါ, စားချိန်တခါ- အဦးအဖျား ငါးခါ ငါးခါ လှူလေ့ ရှိသောကြောင့် ပဉ္စဂ္ဂဒါယကပုဏ္ဏားဟု အမည်ရသတဲ့၊
တနေ့သ၌ အိမ်တွင်းဘက်လှည့်လျက် ထမင်းစားနေခိုက် အိမ်ရှေ့မှာ မြတ်စွာဘုရား ဆွမ်းရပ်တော်မူလာသတဲ့၊ ဒီ- ပုဏ္ဏားလင်မယားဟာ ကဿပဘုရား လက်ထက်က ရုပ်နာမ်နားလည်အောင် နာကြားခဲ့ကြတယ်၊ မဂ်, ဖိုလ်ရချိန် တန်ပြီ၊ ကျောင်းကိုလဲ တခါမျှ မလာကြဘူးလို့ ကြွလာတာဖြစ်တယ်၊ ဆွမ်းလို ချင်လွန်းလို့ မဟုတ်ပါဘူး၊ ပုဏ္ဏေးမကြီးက ဘုရားရှင် ဆွမ်းရပ်နေတာမြင်တော့ ပုဏ္ဏားကြီး သိသွားလျှင် ဆွမ်းထလောင်းတော့မှာဘဲ၊ ငါပြန်မချက်နိုင်ဘူးဟု ပုဏ္ဏားကြီး မသိအောင်သွားပြီး ကန်တော့ဆွမ်းပါဘုရားဟု တိုးတိုးကလေး လျှောက်သတဲ့။
ဒီတော့ မြတ်စွာဘုရားက ငါမသွားနိုင်ဘူးဟု ဦးခေါင်းခါပြသတဲ့၊ ဘုရားရှင် ဦးခေါင်းခါပြတာကို ပုဏ္ဏေးမကြီးက မအောင့်နိုင်ဘဲ အသံထွက်အောင် သည်းစွာ ရယ်သတဲ့၊ ရယ်သံကြားလို့ ပုဏ္ဏားကြီး လှည့်ကြည့်တော့ ဘုရားရှင်ကို မြင်တာနဲ့ ပုဏ္ဏေးမကြီးကို နင်တယ်မိုက်ပါတကား၊ ကပိလဝတ် ဘုရင်မင်းသား ကြွလာ၍ ရပ်နေတာ ငါ့ကို ဘာမျှမပြော၊ နင့်အပြစ်ဟာ မသေးဘူးနော်လို့ ဆိုပြီး စားဆဲ ထက်ဝက်ကျန်သော ထမင်းပန်းကန်ကို ကိုင်လျက် ဘုရားရှင်ထံ သွားပြီး မြတ်စွာဘုရား ... အကျွန်ုပ်သည် အချိန်ငါးပါး၌ အဦးအဖျား ငါးခါ, ငါးခါလှူပြီးမှ စားပါးသည်၊ ဤထမင်းစားကြွင်းတဝက်ကို အလှူခံနိုင်ပါသလား ဟု လျှောက်သတဲ့။
မြတ်စွာဘုရားက “ ငါ-စားကြွင်းဖြင့် အလိုမရှိဟု မဆိုဘဲ ပုဏ္ဏားကြီး ... ငါအား စားဦးလဲ သင့်တယ်၊ စားကြွင်းလဲ သင့်တယ်၊ “ငါတို့ရဟန်းဆိုတာ သူတပါး ပေးတာကိုမှီ၍ အသက်မွေးသော ပြိတ္တာနှင့် တူတယ်လို့ မိန့်ဆိုလိုက်သတဲ့၊ ဒီတော့ ပုဏ္ဏားကြီးက စကြာမင်းလောင်း မင်းသား ဖြစ်ပါလျက် ဤသို့ ဆိုနိုင်ပါပေသည်ဟု ဝမ်းမြောက်စွာ အံ့ဩလျက် မြတ်စွာဘုရားကို “အရှင့် တပည့်များကို အဘယ့်ကြောင့် ဘိက္ခုဟု ခေါ်ပါသလဲ” လို့ ပုစ္ဆာမေးသတဲ့၊ မြတ်စွာဘုရားက ဘယ်ပုံဖြေလျှင် အကျိုးရှိမလဲလို့ ဆင်ခြင်လိုက်တော့ သင်းတို့ လင်မယား နှစ်ယောက်လုံး ကဿပ ဘုရားရှင် လက်ထက်က ရုပ်နာမ်, ခန္ဓာ အာယတန တရားတွေကို နာကြားဘူး ကြပေတယ်လို့ ဤဂါထာဖြင့် ဖြေဆိုလိုက်သတဲ့။
သဗ္ဗသော နာမရူပသ္မိံ၊
ယဿ နတ္ထိ မမာယိတံ၊
အသတာစ န သောစတိ၊
သ ေဝေ ဘိက္ခူတိ ဝုစ္စတိ။
ဗြဟ္မဏ၊ ဒါယကာပုဏ္ဏား၊
သဗ္ဗသော၊ အလုံးစုံသော။
နာမရူပသ္မိံ၊ နာမ် ရုပ်နှစ်ဖြာ ခန္ဓာအာယတန၌။
ယဿ၊ အကြင်သူအား။
မမာယိတံ၊ ငါ့ကိုယ် ငါ့ဟာ, ငါဟု မြတ်နိုးခြင်းသည်။
နတ္ထိ၊ မရှိ။
အသတာစ၊ မရှိကွေကွင်း ပျက်စီးခြင်းဖြင့်လည်း။
နသောစတိ၊ မစိုးရိမ်။
သ-သော၊ ထိုသူကို။
ဝေ၊ စင်စစ်။
ဘိက္ခုတိ၊ ဘယ+ဣက္ခု-ဘေးကို+ရှုသည့် ဘိက္ခု မည်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဒီလိုဖြေလိုက်တဲ့ ဂါထာအဆုံးမှာ ပုဏ္ဏားကြီးရော, ပုဏ္ဏေးမကြီးပါ သောတာပန် သကဒ'ါဂါမ်တို့ကို လွန်ပြီး အနာဂါမ်ပုဂ္ဂိုလ်ကြီးတွေ ဖြစ်သွားကြသတဲ့။
ဒီနေရာမှာ အချို့က ပုဏ္ဏေးမကြီး အနာဂါမ် တည်တာကို မသဒ္ဓါနိုင်ဘူးတဲ့၊ လုလို့များ ရလျှင် လိုက်လုချင်သတဲ့၊ အဲဒါ မသဒ္ဓါမရှိနဲ့၊ ရုပ်နာမ်, ခန္ဓာ, အာယတန တရားတွေ နာဘူး ကြားဘူး, နှလုံးသွင်းဘူးတဲ့ ပုဂ္ဂိုလ်ဆိုတာ မီးခဲ ပြာဖုံးမျိုး ဖြစ်တယ်၊ မြတ်စွာဘုရားက “ငါတို့ရဟန်းဆိုတာ စားကြွင်းလဲ သင့်တာဘဲလို့ ဆိုတာကို ကြားထဲက ကပိလဝတ်ဘုရားမင်းသားဖြစ်လျက် နှိမ့်ချနိုင်ပလေနော်ဟု ပြာတွေ လွင့်သွားရောပေါ့၊ နှလုံးသွင်းဘူးတဲ့ ရုပ်နာမ်တရားတွေကို ထပ်ကြားရပြန်တော့ အနာဂါမ် အလွယ်ကလေး ဖြစ်သွားနိုင်တာပေါ့။
ဒီဝတ္ထုမှာ အံ့စရာကောင်းတာကတော့ ပုဏ္ဏားကြီးလင်မယား-တရားနာလဲ မလာ၊ မကြည်ညိုသူလဲ ဖြစ်လျက် မြတ်စွာဘုရားက အိမ်အရောက် မဂ် ဖိုလ်လာပို့ရတယ်၊ ရှေးက နာမ်ရုပ် နာကြား နှလုံးထားဘူးတဲ့သူတွေ မျက်နှာကြီးပုံ မထင်ရှားဘူးလား၊ ဒါကြောင့် ယခုအခါ နာမ်ရုပ်နှစ်ဖြာ, ခန္ဓာ, အာယတနတို့ကို နာခံမှတ်သား နှလုံး ထားကြသူများလဲ နောက်ဘုရားမပွင့်မီ မဂ်ဖိုလ် ရလျှင်ရ၊ မရလျှင် ပုန်း၍မလွတ် အောင် မျက်ကြီးကြဦးတော့မှာဘဲလို့ စဉ်းစားပြီး ငါ့ကိုယ်, ငါ့ဟာ, ငါဟု အစွဲမကပ် နိုင်အောင် နာမ်ရုပ်နှစ်ဖြာ, ခန္ဓာ, အာယတနတို့ကို ဘာဝနာဉာဏ်တရားဖြင့် ရှုစား နိုင်ကြပါစေကုန်သတည်း။
.
ဖဿ, ဝေဒနာ ကူညီ တဏှာကို
သုတ်သင်စရာ တရားစာ
“သဠာယတနပစ္စယာ ဖဿော”။
သဠာယတနပစ္စယာ၊ သဠာယတန ဟူသော အကြောင်းကြောင့်။
ဖဿော၊ ဖဿသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလို ဟောတဲ့နေရာမှာ သဠာယတနဆိုတာ အရူပဘုံက မနာယတနဟူသော ဆဋ္ဌာယတနရယ်, တပါးသောဘုံက အဇ္ဈတ္တိကာယတန ခြောက်ပါးရယ်, ဗာဟိရာ- ယတနခြောက်ပါးရယ်၊ အားလုံးပေါင်း၍ အကြောင်းသဠာယတနဟု မည်သတဲ့။
ဖဿဆိုတာ လောကီဝိပါက် ၃၂-ခု၌ ရှိသော ဖဿာ ၃၂-ခု ဖြစ်တယ်၊
ဒွါရ စွမ်းဖြင့်တော့ စက္ခု ဒ္ဓါရမှာဖြစ်တဲ့ စက္ခုဝိညာဏ်ဒွေဖဿသည် စက္ခုသမ္ဖဿ မည်တယ်၊
သောတဒွါရမှာ သောတဝိညာဏ်ဒွေဖဿကတော့ သောတသမ္ဖဿ၊ ထို့အတူ ဃာနမှာ ဃာနသမ္ဖဿ၊ ဇိဝှါမှာ ဇိဝှါသမ္ဖဿ၊ ကာယမှာ ကာယသမ္ဖဿ၊ မနောမှာတော့ ကြွင်းဖဿ ၂၂-ပါးသာ မနောသမ္ဖဿ မည်တယ်၊ ခြောက်မျိုးပြား၍ ခေါ်တယ်။
ဒီနေရာမှာ အကြောင်း, အကျိုးနှစ်ပါးလုံး သက်ရှိ၌သာ ဟောတယ်လို ယူကြသော ဆရာမြတ်တို့က အရူပဘုံဆဋ္ဌာယတနနှင့် ပဉ္စဝေါကာရဘုံ အဇ္ဈတ္တိကာယတန တို့ကိုသာ ပေါင်း၍ အကြောင်း သဠာယတနလို့ မိန့်ဆိုကြသတဲ့။
အကျိုးကိုသာ သက်ရှိ၌၊ အကြောင်းကိုတော့ သက်ရှိသက်မဲ့ နှစ်ဌာနလုံး၌ ဟောတယ် လို့ ယူကြသော ဆရာမြတ်တို့ကတော့ ဗာဟိရာယတနလဲ ဖဿဖြစ်ကြောင်းဘဲ၊ ဒါကြောင့် ဆဋ္ဌာယတန, အဇ္ဈတ္တိက သဠာယတန, ဗာဟိရ သဠာယတနတို့ကို ပေါင်း၍ အကြောင်းသဠာယတနလို့ မိန့်ဆိုကြသတဲ့။
ဖဿဖြစ်တာဟာ အာယတန အားလုံးကြောင့် ဖဿတခု မဖြစ်ဘူး၊ အာယတန တခုကြောင့်လဲ ဖဿအားလုံး မဖြစ်ဘူး၊ အာယတန အများကြောင့်သာ ဖဿတခု ဖြစ်တယ်၊ စက္ခုသမ္ဖဿတခု ဖြစ်တဲ့အခါ စက္ခာယတနရယ်, ရူပါယတနရယ်, စက္ခုဝိညာဏ် မနာယတနရယ်, ယှဉ်ဘက် စေတသိက်ဓမ္မာယတနရယ်၊ ဒီ-အာယတန လေးပါးကြောင့်သာ ဖဿတခု ဖြစ်သတဲ့။
ကျေးဇူးပြုပုံကတော့ - စက္ခာယတန စသော အဇ္ဈတ္တိကာယတန ငါးပါးသည် စက္ခုသမ္ဖဿ စသော ဖဿငါးပါးအား အသီးသီးမှီရာ နိဿယသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
ဝိပါက်မနာယတနသည် ဝိပါက်မနောသမ္ဖဿအား အတူဖြစ်ဘက် သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
ရူပါရုံစသော ဗာဟိရာယတန ခြောက်ပါးသည် ဖဿ ခြောက်ပါးအား အသီးသီး အာရမ္မဏ သတ္တိစသည်ဖြင့် ကျေးဇူးပြုသတဲ့။
ဖဿသဘော ထင်ရှားအောင် ဆိတ်နှစ်ကောင်ဝှေ့တာကို ရှုရမယ်၊ တကောင်ကို စက္ခုဓာတ်ကဲ့သို့, တကောင်ကို ရူပဓာတ်ကဲ့သို့ ဦးခေါင်းချင်းထိတာကို ဖဿ ကဲ့သို့ဟု ရှုရမယ်၊ သို့ပေမဲ့ ဖဿဟာ တကယ်ထိတာမဟုတ်ဘူး၊ ဝမ်းမြောက်ဘွယ်, ဝမ်းနည်းဘွယ် အာရုံ အကောင်း, အညံ့ကို မြင်ရ ကြားရလျှင် ထိုထို ဝတ္ထုဒွါရမှာ ရှိတဲ့စိတ်ကို လာထိသကဲ့သို့ အခြင်းအရာမျှသာ ဖြစ်တယ်၊
ထိသကဲ့သို့ အခြင်းအရာမျှဆိုတာလဲ အချဉ်သီး စားသူကို မြင်ရလျှင် မိမိခံတွင်းထဲ အချဉ်းသီး ရောက်လာသလို သွားရေတွေ ကျလာတယ် မဟုတ်လား၊ ရေးခြစ်သံ ကြားရလျှင် မိမိသွားကို လာမထိသော်လဲ လာထိသလို သွားကျိန်းတယ် မဟုတ်လား၊ သစ်ပင်ခေါင်ဖျား တက်သူကို မြင်လျှင် အချို့ ဒူးတုန်တယ်မဟုတ်လား၊ မိမိဒူးကတော့ သစ်ပင်ဖျား မရောက်ပေမဲ့ ရောက်သလို အခြင်းအရာ ဖြစ်တယ်၊
အဲသည်လို ပရမတ်သဘော အခြင်းအရာမျှဖြစ်တဲ့ ဖဿဟာ ဖူးရောင်၍ ပြည်ဥသော အနာအဖု ခြောက်ခုနှင့်တူတဲ့ စက္ခု, သောတစသော ခြောက်ခုမှာ ရူပါရုံ, သဒ္ဒါရုံ စသည်တို့နှင့် ရှေ့ရူဆုံမိလျှင် လာထိတာဘဲ၊ မီးခြစ်အိမ်မှာ မီးခြစ်ဆံခြစ်လိုက်တော့ မီးတောက်ကလေး ဖြစ်လာသလိုဘဲတဲ့။
.
ဝေဒနာ
“ဖဿပစ္စယာ ဝေဒနာ”။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်၊
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့ နေရာမှာ ဖဿဆိုတာ ယခင်လောကီဝိပါက် ဖဿ ၃၂-ခု ဖြစ်တယ်။
ဝေဒနာဆိုတာ ထိုဖဿ ၃၂-ခုနှင့်အတူ ဖြစ်သော ဝေဒနာ ၃၂-ခု ဖြစ်တယ်၊ စက္ခုသမ္ဖဿကြောင့် စက္ခုသမ္ဖဿဇာဝေဒနာစသည်ဖြင့် ခြောက်မျိုး ပြားတယ်၊ ဒွါရစွမ်းဖြင့် ဒီ-ခြောက်မျိုးသာ ပြားတယ်၊ စိတ်အပြား ဖြင့်တော့ ဝေဒနာလဲ တခုယုတ်ကိုးဆယ် ပြားတယ်၊ သို့ပေမဲ့ လောကုတ္တရာဝေဒနာကို ဝဋ်ဒုက္ခကထာ၌ မယူရဘူး၊ လောကီဝေဒနာ ၈၁-ခုကိုသာ ယူရတယ်၊
အကြီးအကဲ ဣန္ဒြေအားဖြင့် သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ ဥပေက္ခာ-ဟု ငါးမျိုးပြားတယ်၊ ငါကဲ့သို့ ကိုယ်ချမ်းသာခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ချမ်းသာခြင်း, စိတ်ဆင်းရဲခြင်း လျစ်လျူရှုခြင်း ဖြစ်ကြရမယ်လို့ အကြီးအကဲ ပြုတယ်၊ အာရုံ အရသာကို ခံစားခြင်းဖြင့် အာရုံကောင်းလျှင် သုခဝေဒနာ, ညံ့လျှင် ဒုက္ခဝေဒနာ, အလတ်စားဖြစ်လျှင် အဒုက္ခမသုခဝေဒနာ၊ ဝါ- ဥပေက္ခာ ဝေဒနာဟု သုံးမျိုးပြားတယ်၊ ချုံးလိုက်တော့ သုခနှင့် ဒုက္ခ နှစ်ပါးသာ ဖြစ်တယ်၊ သုခဆိုတာလဲ ဖောက်ပြန်လျှင် ဒုက္ခဘဲတဲ့၊ ဝိပရိဏာမဒုက္ခပင် ဖြစ်သောကြောင့် ဝေဒနာအားလုံးဟာ ဒုက္ခတမျိုး တည်းမှာ အဆုံးသတ်တယ်၊ ကျေးဇူးပြုပုံကတော့-
၁။ ဖဿအားလုံးသည် အတူဖြစ်ဘက် ဝေဒနာအား သဟဇတသတ္တိ စသည်ဖြင့် ကျေးဇူးပြုတယ်။
၂။ ရှေးရှေးစိတ် ဖဿသည် နောက်နောက် စိတ်ဝေဒနာအား အခြားမဲ့ အနန္တရသတ္တိ အားကြီးသောအကြောင်း-ဥပနိဿယသတ္တိ စသည်ဖြင့် ကျေးဇူးပြုတယ်။
[ဝါဒကွဲဆရာတို့ အလိုအားဖြင့် ဝိပါက်မဟုတ်သော ဖဿသည် ပိပါက် ဝေဒနာ တို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်လို့ မိန့်ဆိုကြတယ်။]
ဒီ-ဝေဒနာသဘောဆိုတာ စားတော်ကဲ ချက်ပေးတဲ့ဘောဇဉ်ကို ရှင်ဘုရင်သာ မြိန်ရှက်စွာ ခံစားသည်နှင့် တူ၏၊ အတူဖြစ်ဘက် ဖဿစသည်တို့ကိုလဲ စားတော်ကဲ ပမာ မြီးကြည့်ရုံသာ ခံစားစေတယ်။
.
မေးမြန်းဘွယ်
မေး --
ဒီ-ဝေဒနာဟာ ကောင်းသောအာရုံ၌ မြိန်ရှက်စွာ ခံစားပါစေ၊ မကောင်းသောအာရုံ၌ အဘယ်သို့ မြိန်ရှက်စွာ ခံစားသနည်းဟု မေးသင့်တယ်။
အဖြေကတော့ --
ဤသူ ဤသူဟာ ငါကတော့ ကောင်းစားအောင် ကြည့်ရှုရတယ်၊ ငါ့ကိုတော့ ကွယ်ရာ မကောင်းပြောတယ်၊ ဒင့်တော့လား မကျေနိုင်ဘူးဟဲ့လို့ ခဏခဏ စမြုံ့ပြန်ပြီး ခံစားတယ် မဟုတ်လား၊ မထွေးနိုင် မစွန့်နိုင်သဖြင့် ကူပြီးအပြစ်ပြောလျှင် သာ၍ သဘောကျသေးတယ်၊ တရားစကားဖြင့် ဖြေဖျောက်ရန် ပြောဟောလျှင် တရားဟော တဲ့သူကိုတောင် စိတ်ဆိုးပြီး ဒေါမနဿဝေဒနာနဲ့ ခံစားလိုက်သေးတယ် မဟုတ်လား။
ဒီ-ဝေဒနာ အမျိုးမျိုးဟာ ဥပါဒ်, ဌီ, ဘင်စွမ်းဖြင့် ဖြစ်ပြီးပျက်တဲ့ သင်္ခါရ ဒုက္ခချည်း တမျိုးထဲ ဖြစ်တယ်၊ တနည်း - မသင့်တာစားတဲ့ လူမမာဟာ စားတုန်း သုခဖြစ်ပေမဲ့ ငန်းဖမ်းတော့ ဒုက္ခဖြစ်ရသလို ပျော်တပြုံးပြုံးနဲ့ သုခတွေ့ရပေမဲ့ ငိုတမဲ့မဲ့နဲ့ အဆုံး သတ်ရသော ဝိပရိဏာမ ဒုက္ခချည်း တမျိုးထဲ ဖြစ်တယ်၊ အဲဒါ အနာ၌ထိတိုင်း နာတာဘဲ၊ ပွတ်၍ရသောမီး ပူလောင်တာလို့ ရှုရတယ်။
.
တဏှာ
“ဝေဒနာပစ္စယာ တဏှာ” ။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့ နေရာမှာ ဝေဒနာဆိုတာ ယခင်လောကီဝိပါက် ဝေဒနာ ၃၂-ခု ဖြစ်တယ်၊ တနည်း - လောကီဝေဒနာ ၈၁-ခုလုံး အကြောင်းဝေဒနာ ဖြစ်တယ်။
တဏှာဆိုတာ ရူပါရုံစသော အာရုံခြောက်ပါးကို နှစ်သက်သောကြောင့် အာရုံစွမ်းဖြင့် ရူပတဏှာ,သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ ဟု ခြောက်ပါးပြားတယ်၊ ထိုအာရုံခြောက်ပါးကို ကာမရာဂဖြင့် သာယာခြင်းသည် ကာမတဏှာ မည်တယ်၊
သဿတဒိဋ္ဌိနှင့် ယှဉ်တွဲလျက် ငါ၏ အာရုံခြောက်ပါး-အတ္တသည် မြဲ၏, ခိုင်၏ဟု သာယာခြင်းသည် ဘဝတဏှာ မည်တယ်၊
ရူပဘဝ, အရူပဘဝဟူသော ဥပပတ္တိဘဝကို၎င်း၊ ဈာန်ဟူသော ကမ္မဘဝကို၎င်း တပ်သော ဘဝါသဝ မည်သော ဘဝရာဂ - ဘဝတဏှာသည်လည်း ဘဝတဏှာ မည်တယ်၊
ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲလျက် ငါ၏အာရုံခြောက်ပါး - အတ္တသည် နောက်ထပ် ဒုက္ခ မဖြစ်ဘဲ ပြတ်၏ဟု သာယာခြင်းသည် ဝိဘဝတဏှာ မည်တယ်၊ နိရောဓတဏှာ ဟူ၍လည်းခေါ်တယ်။ ပြတ်ပြီ - နိဗ္ဗာန်ရောက်ပြီလို့ စွဲလမ်းတဲ့တဏှာ ဖြစ်တယ်၊
နိဗ္ဗာန်အစစ်တော့ မဟုတ်ဘူး၊ နိဗ္ဗာန်အစစ်ကို အာရုံပြုလျှင်တော့ တဏှာသေတာဘဲ၊ တဏှာ အာရုံပြုတဲ့ နိဗ္ဗာန်ဟာ ဥစ္ဆေဒဒိဋ္ဌိ လက်တွင်းမှာ တဏှာ၏ အသက်ရှူပေါက်-တဏှာ၏ စားကျက်ပင် ဖြစ်တယ်။
ဒီ-တဏှာဟာ ဖြစ်ပုံခြင်းရာအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု သုံးမျိုး အရင်းခံတယ်၊ ရူပါရုံစသော အာရုံစွမ်းဖြင့် ၆-ပါးစီပြား၍ ၁၈-ပါး ဖြစ်ပြန်တယ်၊ တဖန် အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကာလစွမ်းဖြင့် သုံးပါးစီပြား၍ ၅၄-ပါး ဖြစ်ပြန်တယ်၊ တဖန် အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန်စွမ်းဖြင့် နှစ်ပါးစီပြား၍ ၁၀၈-ပါး ပြားပြန်တယ်၊ ဒါကို တဏှာအစစ် တရာ့ရှစ် ဟု မိန့်ဆိုကြသတဲ့။
.
ဆောင် -
တဏှာသုံးတန်၊ တည်၍ခံ၊ အာ-ကာ-သန်ဖြင့် မြှောက်။
တဏှာအစစ်၊ တရာ့ရှစ်၊ ဖြစ်၏ ထိုမျှလောက်။
ကျေးဇူးပြုပုံကတော့ - ဝေဒနာ ၃၂-ပါးသည်၊ ဝါ-လောကီဝေဒနာ ၈၁-ခုသည် တဏှာအားလုံးအား အားပေးစက်သဘွယ် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
ဒုက္ခဝေဒနာ ခံစားရတဲ့အခါ ဘယ်တော့ ချမ်းသာရပါ့မလဲလို့ သုခကို လှမ်းပြီး တောင့်တတဲ့ တဏှာ ဖြစ်တယ်၊ သုခဝေဒနာ ခံစားရတဲ့အခါ မရောင့်ရဲနိုင်တဲ့ တဏှာ ဖြစ်တယ်၊ ဥပေက္ခာဝေဒနာ ခံစားရတဲ့အခါလဲ သုခအတူ ငြိမ်သက်တယ်လို့ စုံမက်တဏှာ ဖြစ်တယ်၊ ထို့ကြောင့် ဝေဒနာအားလုံးဟာ တဏှာကို ဖြစ်စေနိုင်တာ ချည်းဘဲ။
ဝေဒနာကြောင့် တဏှာဖြစ်တာ သတ္တဝါတိုင်းလား လို့ဆိုတော့ အနုသယ မကင်းတဲ့ သတ္တဝါတိုင်းဘဲတဲ့၊ အနုသယကင်းတဲ့ ရဟန္တာများမှာတော့ ဝေဒနာကြောင့် တဏှာ မဖြစ်နိုင်ဘူး၊ အနုသယ မကင်းသေးသော်လဲ သူတော်ကောင်း မှီဝဲရ၍ ယောနိသော-မနသိကာရရှိတဲ့ ကလျာဏပုထုဇဉ်တို့မှာလဲ ဝေဒနာကြောင့် တဏှာ မဖြစ်နိုင်ဘူးတဲ့၊ ဒါကြောင့် ဝေဒနာကြောင့် တဏှာ ဖြစ်တယ်လို့ ဟောတဲ့နေရာမှာ တဏှာ မဖြစ်နိုင်အောင် သတ်၍ သံသရာမှ ထွက်နိုင်ဘို့ ထွက်လမ်းတခုကို ပြတော်မူတယ်။
ဒီ-တဏှာ သဘောဟာ အာရုံတခုခုကို စုံမက်မိလျှင် အိုးကင်းပူ၌ အမဲသားတုံးကဲ့သို့ ကပ်ငြိတတ်သတဲ့၊ ဒီ-တဏှာကပ်လျှင် အလွန်တရာ ခွာရခက်တယ်၊ ခရီးသွားစဉ် ရင်ဆိုင်တွေ့တဲ့ အာရုံတခုကို တဏှာကပ်လျှင် လွန်သွားပေမဲ့ လှည့်ကြည့် လှည့်ကြည့်နဲ့ ခလုတ်တိုက်သူလဲ တိုက်ကုန်ပြီ၊ ချုံကလေး များကွယ်သွားလျှင် ငုံ့၍ ကြည့်လိုက်ချင်သေးတယ်၊ အဲဒါ ထိခိုက်တဲ့ အနာ-နာလို့ ဆေးကုချင်တာ မဟုတ်လား၊ ဝါ-ဆားငန်ရေ သောက်မိလို့ ရေငတ်မပြေနိုင်တာ မဟုတ်လား။
တနည်းတော့လဲ - မျောက်နှဲစေးနှင့် တူသတဲ့၊ ရှေးက မုဆိုးအချို့ဟာ သစ်ရွက်ကြီး တခုမှာ မျောက်နှဲစေးတွေသုတ်ပြီး မျောက်တို့သွားတတ်တဲ့လမ်းမှာ ချထားကြသတဲ့၊ လက်ဆော့တဲ့ မျောက်တွေတော့ ညာဘက်လက်ဖြင့် တို့ကြည့်သတဲ့၊ ဒီတော့ ညာဘက်လက် ကပ်နေရောတဲ့၊ ဒါနဲ့ ကပ်ရာမှကွာသွားအောင် ဘယ်ဘက်လက်ဖြင့် ထောက်ပြီး ရုန်းလိုက်သတဲ့၊ ဒီတော့ ဘယ်ဘက်လက်လဲ ကပ်နေပြန်ရောတဲ့၊ ခြေနှစ်ဘက်ဖြင့် စုန်ကန်ရုန်းပြန်တော့ ခြေနှစ်ဘက်လဲ ကပ်နေပြန်ရောတဲ့၊ ဦးခေါင်းဖြင့် ဆောင့်ပြီး ရုန်းပြန်တော့ ဦးခေါင်းလဲ ကပ်နေပြန်ရော၊ နောက်ဆုံးတော့ ရင်ဘတ်ဖြင့်ကော့ပြီး ရုန်းပြန်သတဲ့၊ ဒီတော့ ရင်ဘတ်ပါ ကပ်နေသတဲ့၊ အဲဒီလို ထိုမျောက်ကလေး ခြောက်ဌာန ကပ်နေတဲ့ အခါမှာ မုဆိုးကြီးလာပြီး အလွယ်တကူ ဖမ်းယူသွားနိုင်သတဲ့၊
ထို့အတူ ယောနိသောမနသိကာရနှင့်ဝေး၍ စိတ်ဆော့တဲ့ အန္ဓပုထုဇဉ်တွေဟာလဲ အာရုံခြောက်ပါး၌ တဏှာဖြင့်ကပ်နေကျ ဖြစ်သောကြောင့် ဇာတိ ဇရာ, မရဏဆိုတဲ့ သေမင်းကြီးရောက်လာပြီး အလွယ်တကူ ဖမ်းယူသွားနိုင်သတဲ့။
ဆားငန်ရေ သောက်မိလို့ ရေငတ်မပြေတာ ထင်ရှားအောင် သမဏ နတ်သား ပြောတာကို ဆင်ခြင်ရမယ်၊ လက်ထက်တော်က ရဟန်းတပါးဟာ ဝဋ်ဒုက္ခမှ လွတ်အောင် ဟု အသက်ခန္ဓာမငဲ့ဘဲ သံတုံး-အပ်ဖြစ်အောင်သွေးသော လုံ့လမျိုးဖြင့် နေ့ညဉ့်မပြတ် ရဟန်းတရား အားထုတ်သတဲ့၊ တနေ့၌ စင်္ကြံဦးမှာ တရားနှလုံး သွင်းလျက်နေစဉ် ကိုယ်တွင်းလေ နှိပ်စက်လို့ ဇီဝိတိန္ဒြေ ချုပ်သွားသတဲ့၊
တမဂ်, တဖိုလ်မျှ မရသော်လဲ အလုပ်လက်ရှိဖြင့် ကွယ်လွန်ခြင်းကြောင့် တာဝတိံသာ နတ်ပြည်မှာ နတ်ဗိမာန်ကြီးတခုအတွင်း နတ်သားကြီး သွားဖြစ်သတဲ့၊ ဗိမာန်ထဲမှ နတ်သမီးတွေ တထောင်လောက်က ငါတို့ဗိမာန်ရှင် နတ်သားကြီး ရောက်လာပြီ ဆိုပြီး တီးမှုတ်, ကခုန်, သီဆိုကာ လာပြီးခြံရံ ကြသတဲ့၊ သည်တော့ နတ်သမီး တွေကို မြင်တာနဲ့ အဖူးအမျှော်လာကြတဲ့ မာတုဂါမတွေလို့ထင်ပြီး အပေါ်ခြုံနတ် ပုဆိုးကြီးကို သင်္ကန်းလို လက်ကတော့ ပြင်ထိုးပြီး စက္ခုန္ဒြေချ၍ ထိုင်နေလိုက်သတဲ့။
သူ့ကိုယ်တော့ သူ နတ်ဖြစ်တာကို မသိသေးဘူး၊ သည်တော့ နတ်သမီးတွေက အကင်းပါးလို့ ရိပ်မိပြီး ဒီ-နတ်ပြည်ဟာ တရားအားထုတ်ရတဲ့နေရာ မဟုတ်ပါဘူး လို့ဆိုပြီး တီးမှုတ် ကြပြန်သတဲ့၊ “ဒီ-မာတုဂါမတွေဟာ ဟိရိ, ဩတ္တပ္ပ နည်းလှချေရဲ့၊ ကျောင်း ကန်,ဘုရားထဲမှာ ရဟန်းသံဃာတွေ အနီးအနားမှာလဲ သာသနာတော်၏ ငြောင့်တံကျင်တွေကို တီးလို့မှုတ်လို့၊ ဘယ့်နှယ်ဟာတွေပါလိမ့်မလဲ”လို မကြည့်ဘဲ ငုံ့နေလိုက်သတဲ့၊
ဒီတော့ ကိုယ်လုံးပေါ်မှန်ကြီးတွေ ရှေ့နားမှာချပြီး ဒီမှာ ရှုစားတော်မူပါဦးဘုရားလို့ ဆိုကြသတဲ့၊ ဒီတော့မှ မှန်ရိပ်မြင်လို့ သေပြီး နတ်လာဖြစ်နေပြီလို့ သိရသတဲ့၊ ငါဟာ ရဟန္တာဖြစ်အောင် အားထုတ်တယ်၊ ဒီနေရာကို တောင့်တပြီး အားထုတ်တာ မဟုတ်ဘူး လို့ ထိုနတ်စည်းစိမ်ကို စိတ်ပျက်ပျက်နဲ့ “ရွှေပုဆိုး ရမလားလို့ လက်ဝှေ့ ဝင်ထိုးရာ လက်သီးချက် ရတာနဲ့ တူလိုက်တာ”ဟု ဆင်ခြင်ပြီး ဗိမာန်တွင်းသို့ မဝင်ဘဲ နတ်သမီးတွေနှင့်တကွ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး ဤဂါထာဖြင့် ချွတ်ဆို လျှောက်ကြားသတဲ့။
အစ္ဆရာဂဏသင်္ဃုဋ္ဌံ၊
ပိသာစ ဂဏသေဝိတံ။
ဝနန္တံ မောဟနံ နာမ၊
ကထံ ယာတြာ ဘဝိဿတိ။
ဘန္တေ၊ မြတ်စွာဘုရာ။
အစ္ဆရာဂဏသင်္ဃုဋ္ဌံ၊ နတ်သမီးအပေါင်းဖြင့် ကြွက်ကြွက်ညံသော။
ပိသာစ-ဂဏ+သေဝိတံ၊ ဘုတ်ပြိတ္တာတို့၏+နေထိုင်ရာ ဖြစ်သော။
ဝနန္တံ-မောဟနံနာမ၊ မေ့ပင်တွေပေါ+မေ့တောကြီး ရှိသော - တာဝတိ ံသာမည်သော ပြိတ္တာဘုံကို။
ကထံ၊ အဘယ်သို့လျှင်။
ယာတြာ၊ လွန်မြောက်ခြင်းသည်။
ဘဝိဿတိ၊ ဖြစ်ပါအံ့နည်း မြတ်စွာဘုရား။
ဒီဂါထာမှာ မိမိ၏ ရဟန္တာဖြစ်လိုသော သမာဆန္ဒကို အလေးပြုခြင်းဖြင့် နတ်သ္မီးတွေကို ဘုတ်ပြိတ္တာမတွေ - အငတ်မတွေလို့ဆိုတယ်။ နန္ဒဝန် နတ်ဥယျာဉ် ကြီးကိုတော့ မေ့တောကြီးလို့ ဆိုတယ်။ တာဝတိံသာနတ်ဘုံကိုတော့ ပြိတ္တာဘုံလို့ ဆိုတယ်။ မဆိုဘဲနေပါ့မလား။ ပြိတ္တာတွေဟာ အာရုံအရသာ မခံစားရလို့ တငန်းငန်းနဲ့ ငတ်နေကြသလို တာဝတိံသာ နတ်တွေဟာလဲ အာရုံအရသာ အမျိုးမျိုး ခံစားရပေမဲ့ တငန်းငန်းနဲ့ အငတ်ပြေတယ်လို့ မရှိဘူး။ အထက်တန်းစားပြိတ္တာတွေ ဖြစ်တယ်။
တခါမှာလဲ နတ်ဗိမာန် လေးခုအကြား နတ်သ္မီးတယောက် လာဖြစ်တာကို သူရသင့်တယ်၊ ငါရသင့်တယ်လို့ နတ်သားလေးဦး နတ်သ္မီးလုမှု သိကြားမင်းကြီးထံ ရောက်သွားကြသတဲ့။ ဒီနတ်သ္မီးကလေးကိုမှ မရလျှင် ရူးရပါလိမ့်မယ်။ မစားနိုင် မအိပ်နိုင် ဖြစ်ရပါလိမ့်မယ်လို့ အသီးသီး ဆင်ခြင်လဲကြသတဲ့။ ပြိတ္တာငတ်တွေဖြစ်ပုံ မထင်ရှားဘူးလား။ ဒီတော့ သိကြားမင်းကြီးက မင်းတို့က မရလျှင် ရူးရုံ−မစားနိုင်ရုံ တော်သေးတယ်၊ ငါကတော့ မရလျှင် သေရလိမ့်မယ်၊ ဒါကြောင့် ဘဏ္ဍာတော် ဖြစ်ထိုက်တယ်လို့ သိမ်းယူလိုက်သတဲ့။
ဒါတွေဟာ တဏှာ ဆားငန်ရေ သောက်မိလို့ အငတ်မပြေနိုင်ကြတာဘဲ။ဒါကြောင့် နတ်ပြည်ကသေလျှင် ငရဲသို့ သွားကြတာ များတယ်။ တရာမှာ တယောက်လောက်၊ တထောင်မှာ တယောက်လောက်သာ ငရဲမှလွတ်ကြသတဲ့။ ဒါက နတ်တွေ အငတ်မပြေပုံ စကားဆက်သွားတာဖြစ်တယ်။
တာဝတိံသာပြိတ္တာဘုံကို အဘယ်သို့ လွန်မြောက်နိုင်ပါအံ့နည်း? ဟု ထိုရဟန်း နတ်သား လျှောက်တော့ - မြတ်စွာဘုရားက ဥဇုကောနာမ သောမဂ္ဂေါ - စသည်ဖြင့် ဖြောင့်ဖြောင့်သွားသောလမ်းမ၌ မဂ္ဂင်ရထား စီးသွားလျှင် လွန်မြောက်နိုင်တယ်လို့ ဖြေပြီး၊ သစ္စာလေးပါး ပြလိုက်တယ်။
ဒီတော့မှ ထိုရဟန်းနတ်သား သောတာပန် တည်သွားသတဲ့။ ရဟန္တာဖြစ်နိုင်လောက် အောင် ဟောပေမဲ ဉာဏ်ခံတွင်း အားလျော်စွာ သောတာပန် တည်ပြီး မြတ်စွာဘုရား ကို နတ်နံ့သာစသည်ဖြင့် ပူဇော်ပြီး ပြန်သွားသတဲ့။
နတ်ပြည်ကသေလျှင် ငရဲသွား-များတယ်လို့ ဆိုတဲ့နေရာမှာ သုဗြဟ္မနတ်သား ဝတ္ထု ကြည့်ရမယ်။ သုဗြဟ္မ နတ်သားဆိုတာ နတ်သ္မီးတမထောင်နှင့် နန္ဒဝန် နတ်ဥယျာဉ် ထဲတွက်သွားပြီး ပင်လယ်ကသစ်ပင်အောက်၌ ထိုင်နေသတဲ့။ နတ်သ္မီး ငါးရာက သစ်ပင်ပေါ်တက်ပြီးပန်းခူးသတဲ့။
နတ်တို့တန်ခိုးနဲ့ ယူဇနာတရာမြင့်တဲ့ သစ်ပင်ဖြစ်စေ၊ လက်အနီး ညွတ်ပေးရပေ မယ်လို့ မညွတ်စေဘဲ အပျော်သစ်ပင်-တက်ပြီး တေးဆိုကာ ပန်းတွေကိုချွေချသတဲ့။ ဒီပြင် ငါးရာက ပန်းကောက်ပြီး ပန်းကုံးပြု၍ နတ်သားကိုဆင်မြန်း၍ ပျော်ချင်တိုင်း ပျော်နေကြသတဲ့။
ထိုခဏတွင် သစ်ပင်ပေါ်က နတ်သ္မီးငါးရာဟာ ကံအားလျော်စွာ တပြိုင်နက်သေပြီး အဝီစိ ငရဲသို့ ရောက်သွားကြသတဲ့။ နတ်တို့ ခန္ဓာကိုယ်ဟာ အလွန်သိမ်မွေ့တယ်။ သေလျှင် အလောင်းကောင် မကျန်ဘူး။ မီးတောက်များ ငြိမ်းသလို ဖြစ်တယ်။ အတော်ကလေးကြာတော့ တေးဆိုသံ မကြားတာနဲ့ ဘယ်သွားကြပါလိမ့်မလဲလို့ နတ်သားက ဆင်ခြင် ကြည့်လိုက်သတဲ့။ သေပြီး အဝီစိရောက်နေကြတာ တွေ့လေတော့ ချက်ခြင်းသောကမီး ငါးရာ ထတောက်သတဲ့။
ဒို့လူတွေမှာ ဒီလောက် မီးများများတပြိုင်နက် ထတောက်တာ မကြားဘူးပါဘူး။ သူတို့ နတ်တွေဘဲ လွန်လွန်းတယ်။ ငါးရာကျန် သေးတယ်လို့ မဖြေနိုင်ကြဘူး တကိုင်းထည်း မနားကြရလို့ ထင်ပါရဲ့။ နောက်တော့ သူ့ကိုယ်လဲ သူဆင်ခြင် ကြည့်သတဲ့။ ငါလဲ နောက်ခုနစ်ရက်အတွင်းကျန်ငါးရာနှင့် အတူသေပြီး ထိုအဝီစိမှာ သွားဆုံရလိမ့်မယ်လို့ မြင်သတဲ့၊ သည်တော့လဲ တကိုင်းတည်း မနားဝံ့ပြန်ဘူး။
အကြီးအကျယ် ထိတ်လန့်ပြီး မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရား ... ယခု အမြဲ တဖျတ်ဖျတ် ထိတ်လန့် နေပါတယ်။ ဒုက္ခလက်မလွန်ခင် အကြောက်ပြေဆေး တိုက်ကျွေးတော်မူပါဘုရားလို့ လျှောက်သတဲ့။ ဒီတော့ မြတ်စွာဘုရားက ဤသို့ ဟောပြသတဲ့။
နညတြ ဗောဇ္ဈာ တပသာ၊
နညတြိန္ဒြိယ-သံဝရာ။
နညတြ သဗ္ဗနိဿဂ္ဂါ၊
သောတ္ထိံ ပဿာမိ ပါဏိနံ။
ဒေဝပုတ္တ၊ အိုနတ်သား။
ဗောဇ္ဈာ၊ ဗောဇ္ဈင် ခုနစ်ပါး ပွါးများခြင်းကို၎င်း။
တပသာ၊ ခြိုးခြံသော ဓုတင်အကျင့်ကို၎င်း။
အညတြ၊ ကြဉ်၍။
ပါဏီနံ၊ သတ္တဝါတို့၏။
သောတ္ထိံ၊ ချမ်းသာခြင်းကို။
နပဿာမိ၊ ငါဘုရား မြင်တော်မမူ။
ဣန္ဒြိယ သံဝရာ၊ စက္ခု စသော ဣန္ဒြေခြောက်ပါး စောင့်စည်းခြင်းကို။
အညတြ၊ ကြဉ်၍။
ပါဏီနံ၊ သတ္တဝါတို့၏။
သောတ္ထိံ၊ ချမ်းသာခြင်းကို။
နပဿာမိ၊ ငါဘုရား မြင်တော်မမူ။
သဗ္ဗနိဿဂ္ဂါ၊ ဒုက္ခအားလုံးစွန့်ရာ နိဗ္ဗာန်ကို။
အညတြ၊ ကြဉ်၍။
ပါဏိနံ၊ သတ္တဝါတို့၏။
သောတ္ထိံ၊ ချမ်းသာခြင်းကို။
နမဿာမိ၊ ငါဘုရား မြင်တော်မမူ။
ဣန္ဒြေခြောက်ပါးစောင့်လျှင် စတုပါရိသုဒ္ဓိသီလ ပြည့်တယ်၊ ထိုအခါဓုတင်ဖြင့် ခြိုးခြံလျက် သတိ၊ ပညာစသော ဗောဇ္ဈင်တိုးပွားအောင် ဝိပဿနာပွါးလျှင် နိဗ္ဗာန် အာရုံ၌ မဂ်စိတ်ဖြစ်နိုင်တယ်။
ဒီလို အဓိပ္ပါယ်မျိုး သဘောပေါက်အောင် ဟောပြတာနဲ့ တထိတ်ထိတ် တလန့်လန့် ဖြစ်နေတဲ့ နတ်ဟာ အထိတ်အလန့်ကင်းပြီး သောတာပန် တည်သွားတယ်။ သီသီကလေးကပ်နေတဲ့ ငရဲမှ လွတ်သွားတယ်၊ ဒီလိုသာ ဘုရားထံ မလာလျှင် ယခုလောက်ရှိ အဝီစိမှာ အခြွေအရံ တထောင်နဲ့ ဒယ်အိုးတခု၌ ကိန်းသေ ဖြစ်ရှာရတော့မှာဘဲ။
အချို့က ဒီ-နညတြ ဂါထာကို ထိတ်လန့်စရာ အခါမျိုးကြုံလျှင် ရွတ်ဆိုကြတယ်၊ အင်းချပြီး အရာရာသုံးကြတယ်၊ အပွင့်ကောင်းတယ်၊ ဈေးခေါ် ကောင်းတယ်၊ အကာ အကွယ်လဲ အလွန်ကောင်းသတဲ့၊ တစ္ဆေကိုတော့ ကောင်းကောင်းနိုင်သတဲ့၊ ဒါဟာ သူတို့ မလိမ္မာလို့ ထိုဂါထာကို နာမည်ပျက်စေတာဘဲ၊
ဘာကြောင့်လဲဆိုတော့ ဒီ-တစ္ဆေအနေမျှ ဟုတ်ရိုးလား၊ တသံသရာလုံးကို နိုင်တဲ့ အကာအကွယ်ကြီး ဖြစ်တယ် မဟုတ်လား၊ စကြဝဠာတခုလုံးကို ထွန်းလင်းစေတဲ့ နေမင်းကြီးဖြစ်လျက် ပိုးစုန်းကြူးရောင်ကို ပယ်နိုင်သော နေမင်းကြီးဟု ဆိုလျှင် နေမင်းကြီးမှာ ကောင်းနိုင်ပါတော့မလား၊ ခါးတောင်းကျိုက်ပြီး ပရွက်ဆိတ်ဖမ်းသလို, ခါချဉ်ကို အမြောက်နဲ့ ပစ်သလို နေတာပေါ့။
မုဒုလက္ခဏ ဇာတ်မှာတော့ --
ဒီတဏှာဟာ မရခင် လိုချင်တာ တခုထဲ၊ ရပြီးတော့ အမျိုးမျိုး တိုးလာသတဲ့၊ ဗြဟ္မဒတ်မင်းကြီး ကိုးကွယ်သော ဈာန်အဘိညာရတဲ့ ငါတို့ဘုရားအလောင်း ရသေ့ကြီးဟာ မုဒုလက္ခဏာမိဖုရားကြီးကို မြင်၍ စုံမက်ပြီး “မုဒုကို လိုချင်လှချည်ရဲ့၊ ဘယ်တော့ ရပါ့မလဲ”ဟု မစားနိုင် မသောက်နိုင် ခုနစ်ရက်တိုင်အောင် ကြံစည် တောင့်တသတဲ့၊ အဲဒါ မရခင် လိုချင်တာ တခုထဲ ဖြစ်ပုံတဲ့။
ထိုအကြောင်းကို မင်းကြီး-သိသွားတော့ ဒီလို, ဒီလို စောင့်ရှောက်မှ ဖြစ်မယ်လို့ မိဖုရားနှင့်တိုင်ပင်ပြီး ရသေ့ကြီးအား မိဖုရားကို ယူပါတော့လို့ ပေးလိုက်သတဲ့၊ ရသွားတော့ မိဖုရားက နေစရာ အိမ်တဆောင်ရဘို့ ရှင်ဘုရင်ထံ သွားတောင်းပါလို့ ခိုင်းသတဲ့၊ သွားတောင်းတော့ ရွာစွန်မှာ သူတကာ ညစ်ကြေးစွန့်တဲ့ အိမ်ပျက်တခုကို ပေးလိုက်သတဲ့၊
မိဖုရားက ရွံစရာတွေ သုတ်သင်ပါဦးလို့ ခိုင်းတော့ ပေါက်တူး, ခြင်းတောင်း- သွား တောင်းပြီး သုတ်သင်ရပြန်သတဲ့၊ သုတ်သင်ဆိုတာ စကားယဉ်သုံးတာ၊ မစင်တွေ ထမ်းထုတ်ရတဲ့ မိလ္လာကုလားကြီး ဖြစ်သွားတာကိုဆိုတာ၊ ထို့နောက်လဲ ခတင်, မွေ့ရာ ခေါင်းအုံး, ဖျာ, စောင်, ခြင်ထောင်, အိုး, ခွက် စသည်ဖြင့် တခုပြီးတခု လိုတာနဲ့ မိဖုရားခိုင်းတိုင်း သွားတောင်းပြီး ထမ်းသယ်လာရပြန်တယ်၊ မောရမှန်း ပန်းရမှန်းတောင် မသိနိုင်ဘူး၊ ဒါက ရပြီးတော့ အမျိုးမျိုး တိုးလာတာ ဖြစ်ပုံတဲ့။
နောက်တော့ ခတင်ပေါ်မှာ အတူယှဉ်ထိုင်လျက်နေတော့ မိဖုရားက အရှင်၏ ရသေ့ရဟန်းအဖြစ်ကို အရှင်မသိနိုင်တော့ဘူးလားလို့ ဆိုပြီး ရသေ့ကြီးကို မုတ်ဆိတ် တွေ ဆွဲရမ်းသတဲ့၊ ဒီတော့မှ သတိရသွားသတဲ့၊ ဤမျှလောက် မသိနိုင်အောင် နှိပ်စက်သော တဏှာသည် ငါ့ကို အကန်းလုပ်တာဘဲ၊ တိုးပွါးလာလျှင် အပါယ်မှာ ဦးခေါင်းမဖော်နိုင်အောင် နှိပ်စက်ဦးမှာဘဲ၊ ဒင်းကို မှီ၍ တဏှာလောဘတွေသာ တိုးပွားတယ်၊ ပြန့်ပေးမှ နေရာကျမယ်လို့ မင်းကြီးထံ သွားပြီး မလိုချင်တော့ပါဘူး၊ ပြန်ယူပါတော့လို့ ဆိုပြီး ဂါထာတခုကို ရွတ်ဆိုသတဲ့။
ဧကာ ဣစ္ဆာ ပုရေ အာသိ၊
အလဒ္ဓါ မုဒုလက္ခဏံ။
ယတော လဒ္ဓါ အဠာရက္ခီ၊
ဣစ္ဆာ ဣစ္ဆံ ဝိဇာယထ။
မဟာရာဇ၊ မြတ်သောမင်းကြီး။
မုဒုလက္ခဏံ၊ မုဒုလက္ခဏာမိဖုရားကို။
အဒ္ဓါ၊ မရမီ။
ပုရေ၊ ရှေး၌။
ပုရေ၊ ရှေး၌။
မမ၊ ငါအား။
ဧကာဣစ္ဆာ၊ မုဒုရမူ ကောင်းလေစွဟု အလိုဆန္ဒတခုသည်။
အာသိ၊ ဖြစ်ခဲ့ပြီ။
ယတော၊ အကြင်အခါ၌။
အဠာရက္ခီ၊ တင့်တယ်သော မျက်လုံးရှိသော မုဒုကို။
လဒ္ဓါ၊ ရပြီ။
အထ၊ ထိုအခါ၌။
ဣစ္ဆာ ဣစ္ဆံ၊ များပြားထိုထို ဆန္ဒအလိုကို။
ဝိဇာယထ၊ ဖြစ်စေခဲ့ရလေပြီ။
ကာမဇာတ်မှာတော့ တဏှာဆိုတာ ဖြစ်ခါစ နှိမ်မှ - မနှိမ်လျှင် တဖြေးဖြေး နယ်ချဲ့ သတဲ့၊ ခမည်းတော်မင်းကြီး နတ်ရွာစံတော့ သားတော်ကြီးက ဘုရင်အလုပ် လက်မခံလိုဘူးဟု ညီတော်ကိုလွှဲပြီး ပစ္စန္တရာဇ်မှာသွား၍ လက်အမှု လုပ်ကိုင် စားသောက်နေသတဲ့၊ တောကလူတွေက မင်းသားဟုသိ၍ ခြံရံပြီး ခစားကြသတဲ့၊ ထိုသူများကို မင်းခွန်လွှတ်ရန် ညီတော်ဘုရင်ထံ အကြောင်း ကြားလိုက်တော့ ညီတော်ဘုရင်က မင်းခွန်လွှတ်သတဲ့၊
နောက်တော့ တစ တစနဲ့ ခစားသူတွေ များလာတော့ ဇနပုဒ်ကိုတောင်း, မြို့ရွာကိုတောင်းနဲ့ တဏှာနယ်ချဲ့လာတယ်၊ နောက်တော့ မင်းအဖြစ်ကို ပေးရမယ်၊ မပေးလျှင် စစ်တိုက်မယ်လို့ ရာဇသံပေးလိုက်သတဲ့၊ ညီတော်က တယ်-မိုက်မဲတဲ့ နောင်တော်ပါတကားဟု ဆိုပြီး စစ်မတိုက်ဘဲ တိုင်းပြည်အပ်လိုက်သတဲ့၊
ရှင်ဘုရင် ဖြစ်တော့လဲ ဘယ်တိုင်းပြည်ကို တိုက်ယူရပါ့မလဲလို့ တကြံထဲကြံပြီး နယ်ချဲ့နေသတဲ့၊ ထိုအခါ သိကြားမင်းက လုလင်အသွင်ယူပြီး တိုင်းပြည်ကြီး သုံးခု အလွယ်တကူရဘို့ မြင်ထားပါတယ်၊ မြန်မြန်စစ်ပြင်ပါလို့ လာပြောသတဲ့၊ ဒီတော့ သဘောကျလွန်းလို့ ထိုလုလင်ကို နေရာထိုင်ခင်းတောင် မပေးမိဘူး၊ တဏှာ မွှန်သွားသတဲ့။
နောက်တနေ့တော့ ထိုလုလင်ကို ရှာမတွေ့တာနဲ့ မစားနိုင်, မသောက်နိုင် စိတ်ထောင်း ကိုယ်ကြေပြီး သွေးကျတဲ့ ရောဂါ ဖြစ်လာသတဲ့၊ ဘယ်ဆရာမှ ကုမရလို့ လက်လွှတ်ကြသတဲ့၊ ထိုအခါ ငါတို့ဘုရားအလောင်း တက္ကသိုလ်ပြန် ဆေးဆရာ ရောက်လာပြီး ရောဂါဖြစ်ခြင်း အကြောင်းရင်းကို ပြောပြပါလို့ဆိုတော့ ရောဂါကိုသာ ကုပါ၊ အကြောင်းရှင်း မပြောလိုဘူးလို့ ငြင်းပယ်သတဲ့၊
အကြောင်းရင်းသိမှ ဆေးကုလွယ်တယ်၊ ပြောသာပြောပါလို့ ဆိုတော့မှ တိုင်းပြည်ကြီး သုံးခုမရလို့ တဏှာမှီပြီး ရောဂါဖြစ်တယ်၊ ကုနိုင် ကုပါလို့ ဆိုသတဲ့၊ အရှင်မင်းကြီး ... စိုးရိမ်ခြင်းဖြင့် တိုင်းပြည် ရနိုင်ပါ့မလားလို မေးသတဲ့၊ မရနိုင်ပါဘူး၊ မရနိုင်လျှင် အဘယ့်ကြောင့် စိုးရိမ်နေရသလဲ၊ တနေ့ကျလျှင် မိမိကိုယ်တောင် စွန့်သွားရမယ် မဟုတ်လား၊ တိုင်းပြည်လေးခု ဘုရင်လုပ်ပြီး ပွဲတော်လေးခု တခါတည်း ပွဲတော်တည်နိုင်မလား၊ အိပ်ရာလေးခု အိပ်နိုင်မလား၊ ပုဆိုးလေးထည် ဝတ်နိုင်မလား၊ တဏှာအလို မလိုက်ပါနှင့်၊ အပါယ် ကျသွားပါလိမ့်မယ်လို့ တရားဟောသတဲ့။
မင်းကြီး ... တဏှာဆိုတာ လိုတိုင်းရတဲ့အခါ ဝမ်းမြောက်ပြီး နယ်ချဲ့တာဘဲ၊ သားရေသမားသည် မလိုရာ အစွန်းအစကို လှီးပယ်၍ ဘိနပ်ချုပ်ရ သကဲ့သို့ ကာမ တဏှာတရားကို ဉာဏ်သားဖြင့် လှီးပယ်၍ ကိုယ်, နှုတ်, စိတ် ဖြောင့်စင်းအောင် ပြုရမယ်လို့ ဟောစဉ် ဆေးဆရာက မင်းကြီး၏ ထီးဖြူကို အာရုံပြု၍ ဩဒါတ ကသိုဏ်း စီးဖြန်းသဖြင့် ဈာန်ကို ရသတဲ့၊
ထိုခဏတွင် မင်းကြီးရောဂါကင်း၍ ဉာဏ် တည်းဟူသော ဆေးဖြင့် ရောဂါ ကင်းစေနိုင်ပါပေတယ်ဟု ငွေရှစ်ထောင် ဆုချသတဲ့၊ ဆေးဆရာက မယူလိုပါဘူး၊ ယခု တရားဆေးကုစဉ် ဈာန်ရပါပြီ၊ သူတော်ကောင်းတရား လက်မလွတ်အောင် စောင့်ပါဟုဆိုပြီး ဟိမဝန္တာ၌ ရသေ့ပြု၍ ဈာန်ဖြင့် သေတော့ ဗြဟ္မာပြည်ရောက်သတဲ့။
သံယုတ်ပါဠိတော်မှာ “စက္ခုံစ ပဋိစ္စ ရူပေစ– ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ။ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော” စသည်ဖြင့် ဟောတဲ့အတိုင်း စက္ခုစသော အာယတနတို့က အခြေခံပြီး ဖဿ ဝေဒနာတို့ ကူညီလို့ ဖြစ်လာတဲ့ တဏှာကို ဥပါဒါန် မဖြစ်စေဘဲ အကြွင်းမဲ့ ချုပ်အောင် သုတ်သင်ရမယ်၊ ဒီတော့မှ ဥပါဒါန်တို့လဲ ချုပ်၍ ဝဋ်ဒုက္ခမှ လွတ်နိုင်သတဲ့။
ဒါကြောင့် အိုးကင်းပူ၌ အမဲသားကပ်သလို, မျောက်နှဲစေးကပ်သလို ကပ်တတ်တဲ့ တဏှာကို အကြောင်း အားလျော်စွာ ဥပါဒ် ဌီ ဘင်ဖြင့် ဖြစ်ပြီး ပျက်သွားတတ်တဲ့ အနိစ္စသဘောတဏှာ, ဒုက္ခသဘောတဏှာ, အနတ္တသဘောတဏှာ ဖြစ်တယ်၊ ငါ့ကိုယ်, ငါ့ဟာ, ငါ မဟုတ်ဘူးလို့ ရှုပြီး တဏှာကို အကြွင်းမဲ့ ချုပ်ငြိမ်းအောင် သုတ်သင်နိုင်ကြပါစေကုန်သတည်း။
.
ဥပါဒါန်သုတ်သင် စက်ပိုင်ရှင်ဖြစ် တရားစာ
“တဏှာပစ္စယာ ဥပါဒါနံ”။
တဏှာ ပစ္စယာ၊ တဏှာ ဟူသောအကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့ နေရာမှာ တဏှာဆိုတာ ယခင် တဏှာ သုံးပါး, တဏှာခြောက်ပါး, တဏှာအစစ် ၁၀၈- ပါးပင် ဖြစ်တယ်။
ဥပါဒါန်ဆိုတာ အားကြီးသောတဏှာနှင့် ဒိဋ္ဌိ ဖြစ်တယ်၊ လေးမျိုး ပြားတယ်၊ ပြားပုံကတော့-
တဏှာအစစ် ၁၀၈-၏ ခိုင်မြဲခြင်းသည် ကာမုပါဒါန် မည်တယ်၊
နတ္ထိဒိန္နံ စသော ဝတ္တု ဆယ်ပါးရှိသော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်တယ်၊
နွားစသော တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် ရပ်၍ ကျင်စွန့်ခြင်း, စားခြင်း, စားမြုံ့ပြန်ခြင်း စသည်ကို ပြုလျှင် သံသရာဝဋ်ဒုက္ခမှ စင်ကြယ်တယ်၊ နိဗ္ဗာန် ရနိုင်တယ် လို့ စွဲလမ်းသော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်တယ်၊
သက္ကာယ ဒိဋ္ဌိနှစ်ဆယ်သည် အတ္တဝါဒုပါဒါန် မည်တယ်၊
ထိုတွင် ဒိဋ္ဌုပါဒါန် စသော သုံးပါးကို သောတာပတ္တိမဂ် ပယ်သည်၊
ကာမုပါဒါန်ကို မဂ်လေးပါးဖြင့် ပယ်သည်၊
အနာဂါမ်အား ကာမရာဂ မရှိ၊ ကာမုပါဒါန်ကား ရှိသည်ဟု နိက္ခေပကဏ္ဍ၌ ဖွင့်ဆိုသည်။
တဏှာနှင့် ဥပါဒါန် ထူးခြားပုံကတော့ --
တဏှာဆိုတာ မရသေးသော အာရုံကို တောင့်တတယ်၊
မှောင်ရိပ်ထဲမှာ ခိုးသူ စမ်းတာနှင့် တူသတဲ့၊
ဥပါဒါန် ကတော့ ရပြီးသော အာရုံကို မြဲစွာယူတယ်၊
ဘဏ္ဍာအုပ်ကို ရပြီးသော ခိုးသူနှင့် တူသတဲ့၊
တနည်း --
တဏှာဆိုတာ အလိုနည်းခြင်း - အပိစ္ဆာဂုဏ်နှင့် ဆန့်ကျင်သတဲ့၊
ဥပါဒါန်ကတော့ ရောင့်ရဲခြင်း - သန္တုဋ္ဌီဂုဏ်နှင့် ဆန့်ကျင်သတဲ့၊
တနည်း --
တဏှာဆိုတာ ရှာဖွေရခြင်း - ပရိယေသနဒုက္ခကို ဖြစ်စေတယ်၊
ဥပါဒါန်ကတော့ စောင့်ရှောက်ရခြင်း - အာရက္ခဒုက္ခကို ဖြစ်စေသတဲ့။
သံသရာထဲမှာ ကိလေသာတို့၏ ဖြစ်စဉ်ရယ်လို့တော့ မုချမရှိဘူး၊ ပရိယာယ် အားဖြင့်တော့ တခုသောဘဝ၌ သက္ကာယဒိဋ္ဌိ ရှေ့သွားရှိသူဟာ ဒိဋ္ဌိသော်၎င်း, ဥစ္ဆေဒ ဒိဋ္ဌိသော်၎င်း တခုခုကို စွဲလမ်းသတဲ့၊ စွဲသူကတော့ မြဲသောအတ္တ- ချမ်းသာပါစေဟု သီလဗ္ဗတုပါဒါန်ကို လိုက်စားတတ်သတဲ့၊
ဥစ္ဆေဒဒိဋ္ဌိ စွဲသူကတော့ ငါသေလျှင် ပြတ်ပြီ၊ နောက်ဘဝ စိုးရိမ်စရာ အပါယ်ဒုက္ခ မရှိဘူးလို့ ကာမုပါဒါန်ကို လိုက်စားတတ်သတဲ့၊ ဤကဲ့သို့ အတ္တဝါဒုပါဒါန် ဖြစ်ပြီးမှ ဒိဋ္ဌုပါဒါန်၊ ထိုနောက် သီလဗ္ဗတုပါဒါန်၊ ထိုနောက် ကာမုပါဒါန် ဖြစ်တယ်လို့ ပရိယာယ် အားဖြင့် မှတ်ရမတဲ့၊ ဒါတွေဟာ ဆေးကုလို၍ ဆေးအလွဲ ယူတာတွေဘဲ၊ ဝါ-ရေငတ်၍ ဖန်ဖန်ရေ တောင့်တတာတွေဘဲတဲ့။
ကျေးဇူးပြုပုံကတော့ - ကာမတဏှာသည် ကာမုပါဒါန်အား အားပေးစက် သဖွယ်-ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
တကွဖြစ်သော တဏှာအားလုံးသည် ကာမုပါဒါန်မှ တပါးသော ဥပါဒါန် သုံးပါးအား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
တကွမဟုတ်လျှင် တဏှာအားလုံးသည် ဥပါဒါန်အားလုံးအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
ဒိဋ္ဌုပါဒါန်၌ ဝတ္ထုဆယ်ပါးရှိတယ်ဆိုတာ --
၁။ နတ္ထိဒိန္နံ - အလှူဆိုတာ အကျိုးမရှိ၊
၂။ နတ္ထိယိဋ္ဌံ - ယဇ်ကြီးပူဇော်ခြင်း အကျိုး မရှိ၊
၃။ နတ္ထိဟုတံ - ဧည့်သည်ဝတ်စသော ယဇ်ငယ် အကျိုး မရှိ၊
၄။ နတ္ထိကမ္မာနံဝိပါကော - ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ ကျိုးရင်း, ကျိုးဖျား မရှိ၊
၅။ နတ္ထိအယံလောကော - ထိုထို ဘဝမှလာရာ ဤပစ္စုပ္ပန် မရှိ၊
၆။ နတ္ထိပရောလောကော - ဤဘဝမှသွားရာ ထိုထို တမလွန်လောက မရှိ၊
[ဖြစ်ရာဘဝ၌သာ ပြတ်သည်ဟု ဆိုလိုတယ်၊]
၇။ နတ္ထိမာတာ - အမိ၌ အကောင်းအဆိုး ပြုကျိုး မရှိ၊
၈။ နတ္ထိပိတာ - အဘ၌ အကောင်းအဆိုး ပြုကျိုး မရှိ၊
၉။ နတ္ထိ သတ္တာ ဩပပါတိကာ - သေ၍ တဖန် ပဋိသန္ဓေနေသူ မရှိ၊
၁၀။ နတ္ထိ လောကေ သမဏ ဗြာဟ္မဏာ - လောက၌ အနုလောမပဋိပဒါ ကျင့်သော သမာဏ, ဗြာဟ္မဏ ဟူ၍လည်း မရှိ၊ ပစ္စုပ္ပန်လောက, တမလွန်လောကကိုသိ၍ ဟောကြားသော သဗ္ဗညုဘုရားဟူ၍လည်း မရှိ၊
ဤဝတ္ထုဆယ်ပါးကို ယူသတဲ့။
ဒီ-ဒိဋ္ဌိဆယ်ပါးဟာ ကမ္မပထမြောက်သော ဒိဋ္ဌိကြီးသုံးပါးနှင့် သက်ဆိုင်တယ်၊ ကမ္မပထမြောက်သော ဒိဋ္ဌိကြီးသုံးပါးဆိုတာ-
“အကိရိ-ကံပယ်၊ နတ်-ကျိုးပယ်၊ နှစ်သွယ်-အဟေတု”။
၁။ အကိရိ-ကံပယ်ဆိုတာ - အကြောင်းကံဟူ၍ မရှိကောင်း၊ ကုသိုလ်, အကုသိုလ် ပြုစရာမလိုဟု အကြောင်းကံကို ပယ်ခြင်းသည် အကြိယဒိဋ္ဌိ မည်သတဲ့။
၂။ နတ်-ကျိုးပယ်ဆိုတာ - အကျိုးဝိပါက်ဟူ၍ မရှိကောင်း၊ ဘာကိုပြုပြု မကောင်းကျိုး ကောင်းကျိုးမရှိဟု အကျိုးဝိပါက်ကို ပယ်ခြင်းသည် နတ္ထိကဒိဋ္ဌိ မည်သတဲ့။
၃။ နှစ်သွယ်-အဟေတုဆိုတာ - အကြောင်းကံလဲ မရှိ၊ အကျိုးဝိပါက်လဲ မရှိ၊ အကျိုးကို ဖြစ်စေသော အကြောင်းဟူ၍၎င်း, အကြောင်းကြောင့် ဖြစ်သော အကျိုး ဟူ၍၎င်း မရှိဟု ကြောင်း,ကျိုးနှစ်ခုလုံးကို ပယ်ခြင်းသည် အဟေတုကဒိဋ္ဌိ မည်သတဲ့။
[ဒီ-ဒိဋ္ဌိတွေဟာ နတ်ပြည်အန္တရာယ်, မဂ်ဖိုလ်အန္တရာယ် ဖြစ်ကြတယ်။]
အတ္တဝါဒုပါဒါန်-သက္ကာယဒိဋ္ဌိ နှစ်ဆယ်ဆိုတာ - သူတော်ကောင်းတရား မကြား မမြင်, မသိသော အန္ဓပုထုဇဉ်သည်
ရုပ်သည် အတ္တ, ရုပ်ရှိသောအတ္တ,
အတ္တ၌ရုပ်, ရုပ်၌အတ္တဟု လေးမျိုးရှု၏၊
ဝေဒနာသည် အတ္တ, ဝေဒနာရှိသော အတ္တ,
အတ္တ၌ဝေဒနာ, ဝေဒနာ၌ အတ္တဟု လေးမျိုးရှု၏၊
သညာသည် အတ္တ သညာရှိသော အတ္တ,
အတ္တ၌သညာ, သညာ၌အတ္တဟု လေးမျိုးရှု၏၊
သင်္ခါရ သည် အတ္တ, သင်္ခါရရှိသော အတ္တ,
အတ္တ၌သင်္ခါရ, သင်္ခါရ၌ အတ္တဟု လေးမျိုး ရှု၏။
ဝိညာဏ်သည် အတ္တ, ဝိညာဏ်ရှိသော အတ္တ,
အတ္တ၌ဝိညာဏ်,ဝိညာဏ်၌ အတ္တဟု လေးမျိုးရှု၏။
ရုပ်စွဲ-၁၊ နာမ်စွဲ-၇၊ ရုပ်နာမ်စွဲ-၁၂၊ ပေါင်း-၂ဝ။
တနည်း-
ခန္ဓာတပါး စွဲ-၅၊ လေးပါးစွဲ-၁၅၊ ပေါင်း ၂ဝ။
တနည်း-
သဿတဒိဋ္ဌိ- ၁၅၊ ဥစ္ဆေဒဒိဋ္ဌိ-၅၊ ပေါင်း ၂၀။
တနည်း-
ဘဝဒိဋ္ဌိ-၁၅၊ ဝိဘဝဒိဋ္ဌိ-၅၊ ပေါင်း၂၀။
ခန္ဓာတပါး စွဲသည် ဥစ္ဆေဒဒိဋ္ဌိ, ဝိဘဝဒိဋ္ဌိ မည်၏၊
လေးပါးစွဲသည် သဿတဒိဋ္ဌိ, ဘဝဒိဋ္ဌိ မည်၏၊
ဤသို့ ခွဲစိတ်၍ သိရတယ်။
သန္တော - ပရမတ္ထအားဖြင့် ထင်ရှားသော + ကာယော- ရုပ်နာမ် ခန္ဓာ ငါးပါး အပေါင်းသည် သက္ကာယ မည်၏၊
သက္ကာယေ - ခန္ဓာငါးပါး အပေါင်း သက္ကာယ၌ + ဒိဋ္ဌိ-ငါ သူတပါးဟု အမှား မြင်ခြင်းသည် သက္ကာယဒိဋ္ဌိ မည်၏၊
တပျက်တည်းပျက်သော ခန္ဓာငါးပါးကို ဘယ်အခါမျှ အပျက်မရှိသော ငါ သူတပါး ဟူသောခိုင်မြဲသော အမည်ပညပ်ဖြင့် စွဲလမ်းရခြင်းဖြင့် “သေသူကို မောင်သက်ရှည်” ဟု မှည့်ခေါ်သကဲ့သို့ တမှားတည်းမှားလျက် တလွဲတည်းလွဲ လျက်ရှိသည်ဟု သိရတယ်၊
ရုပ်သည် အတ္တဟု ရှုခြင်းသည် ရုပ်သည်ငါ ငါသည်ရုပ်ဟု တခုတည်း မကွဲအောင် ရှုခြင်း ဖြစ်တယ်၊ မီးလျှံသည် အဆင်း အဆင်းသည် မီးလျှံဟု ရှုသည်နှင့် တူတယ်၊
ရုပ်ရှိသောအတ္တဟု ရှုခြင်းသည် ရုပ်မှခွဲယူ၍ ကြွင်းခန္ဓာလေးပါးကို ငါဟု ရှုခြင်း ဖြစ်တယ်၊ အရိပ်ရှိသော သစ်ပင်ဟု အရိပ်မှ သစ်ပင်ကိုခွဲ၍ရှုသည်နှင့် တူတယ်၊
အတ္တ၌ရုပ်ဟု ရှုခြင်းသည် ငါ၌ ရုပ်တည်သည်ဟု ရှုခြင်းဖြစ်တယ်။ ရုပ်မှခွဲယူ၍ ကြွင်းခန္ဓာလေးပါးကို ငါအရာထား၍ ရှုခြင်းဖြစ်တယ်၊ ပန်း၌အနံ့တည်သည်ဟု ပန်းနှင့်အနံ့ကိုခွဲ၍ ရှုသည်နှင့် တူဘယ်၊
ရုပ်၌အတ္တဟု ရှုခြင်းသည် ရုပ်၌ ငါတည်သည်ဟု ကြွင်းခန္ဓာ လေးပါးကို ငါအရာထား၍ ရှုခြင်း ဖြစ်တယ်၊ ကြုတ်ထဲ၌ ပတ္တမြားတည်သည်ဟု ကြုတ်နှင့် ပတ္တမြားကို ခွဲရှုသည်နှင့် တူတယ်၊
ဝေဒနာသည် အတ္တဟု ရှုခြင်း စသည်တို့၌လည်း ဤ ဥပမာလေးခုအတိုင်းပင် သိရမလဲ။
ဤအတ္တဟူသည် ပရမတ်ကိုမှီ၍ စွဲမြှောင်သော ပညပ်ကောင် ဖြစ်တယ်၊ အန္ဓပုထုဇဉ်တို့၏ အစွဲကောင် ဖြစ်တယ်၊ အစိုးရ၏ ဟူ၍၎င်း, အပျက် မရှိဟူ၍ ၎င်း၊ တခဲနက် အစိုင်အခဲ-ခွဲ၍မရ ဟူ၍၎င်း စွဲလမ်းအပ်သော ကိုယ်ကောင် ဖြစ်တယ်၊ ငါ, သူတပါးဟူ၍၎င်း၊ ယောက်ျား, မိန်းမဟူ၍၎င်း၊ ငါ့ကိုယ်ငါ့ဟာ ငါဟူ၍၎င်း စွဲအပ်သော အကောင်တုဖြစ်တယ်၊ စင်စစ် ပြစရာအထည်ကိုယ် မရှိဘဲ စွဲလမ်းခြင်း သက်သက် သာ ဖြစ်တယ်။
ဤသက္ကာယဒိဋ္ဌိ ၂၀-သည် နတ်ပြည်မတား၊ မဂ်ဖိုလ်ကိုသာ တားသည်၊ သောတာပတ္တိမဂ်ရမှ အမြစ်ပြတ်သည်၊ ဒိဋ္ဌိဟူသမျှသည် ဤသက္ကာယဒိဋ္ဌိသာလျှင် အရင်းခံဖြစ်၏၊ မိဘသတ်ခြင်းစသော ကံကြီးကြောင့် ငရဲခံရသူသည် ကမ္ဘာပျက်အံ့ သောအခါ ငရဲမှ လွတ်၏၊ မိစ္ဆာဒိဋ္ဌိ ကံကြီးကြောင့် ငရဲခံရသူကား အယူမစွန့်မချင်း ငရဲမှ မလွတ်၊ ကမ္ဘာပျက်အံ့သောအခါ၌ တပါးသောစကြဝဠာသို့ ပြောင်း၍ ငရဲခံရ၏၊
ဤသို့သော မိစ္ဆာဒိဋ္ဌိကံကြီးကိုပင် သက္ကာယဒိဋ္ဌိသည် ဖြစ်စေနိုင်၏၊ ထို့ကြောင့် ကြောက်ဘွယ်ကောင်းလှ၏၊ သင်ကြား မေးမြန်း, ဆုံးဖြတ်ခြင်း- အာဂမဖြင့်၎င်း၊ မဂ်, ဖိုလ်ရခြင်း- အဓိဂမဖြင့်၎င်း၊ ထိုသက္ကာယဒိဋ္ဌိကို ပျောက်ကင်းစေ၏၊
မိန်းမောသူ, မွေးစသူငယ်, ခြင်, ပရွက် စသည်တို့အား သက္ကာယဒိဋ္ဌိ မဖြစ်ဘူး၊ ဉာဏ်အမြင် စင်ကြယ်လို့ မဟုတ်၊ မစွဲလမ်းနိုင်အောင် တွေဝေခြင်း လွန်ကဲခြင်း ကြောင့်တဲ့၊ မဂ်, ဖိုလ် မရသေးသမျှ အာဂမဖြင့် သက္ကာယဒိဋ္ဌိ ကင်းစေခြင်းကား စိတ်မချရသေး၊ ဝိပဿနာဉာဏ်စဉ် ဆယ်ပါးလုံး၌ပင် သက္ကာယဒိဋ္ဌိကို အဖန်ဖန် ပယ်ကြရသေးတယ်။
ဤသက္ကာယဒိဋ္ဌိကို သင်ကြား မေးမြန်းခြင်းမျှဖြင့် မကင်းစေနိုင်သေးသော သူသည် အသုတဝန္တ-နားရှက်မရှိသူ မည်၏၊ ဘုရားရဟန္တာနောက် ကပ်၍ လိုက်နေသော် လည်း သူတော်ကောင်းကို မမြင်သူ မည်၏၊ သူတော်ကောင်းတရား မသိသူ မည်၏၊ သူတော်ကောင်းဝိနည်း မရှိသူ မည်၏၊
ဆရာအမျိုးမျိုး ဘုရားအမျိုးမျိုးတို့၏ မျက်နှာကို ဖူးမျှော်နိုင်၏၊ ပူရဏကဿပစသော ကြက်သရေ မရှိသည့် ဝတ်လစ်စားလစ်တို့ကိုပင် ဘုရားဟု အမြတ်တနိုး ဆည်းကပ် နိုင်၏၊ ကာမဂုဏ်၌ ကျွံနစ်သူ ဖြစ်၏၊ နီဝရဏတရားဆိုး တို့ဖြင့် ဖုံးအုပ်လျက် ကျီးကန်း တောင်းမှောက်အလား မှောက်ထားအပ်သူ ဖြစ်၏၊ သူတော်ကောင်းတို့မှ ထူး၍ သီးသန့်အပ်သော လူထူးခေါ် ပုထုဇဉ် မည်၏၊ အန္ဓပုထုဇဉ် မည်၏၊
သင်ကြားကာ၊ မေးမြန်းကာဖြင့် ခန္ဓာ၊ အာယတန၊ ဓာတ်အစုမျှသာတည်း၊ ငါ သူတပါး ယောက်ျား မိန်းမ မရှိ၊ ငါ့ကိုယ် ငါ့ဟာငါမဟုတ်”ဟု ဒိဋ္ဌိ တားနိုင်အောင် သိသူကား ကလျာဏပုထုဇဉ် မည်၏။ ထိုအခါ သိသလောက် သက္ကာယဒိဋ္ဌိ ကွာ၏။ မဂ်ပယ်စဉ်အားဖြင့် ဒိဋ္ဌု၊ သီလဗ္ဗတု၊ အတ္တဝါဒု-ဟူသော ဒိဋ္ဌိဥပါဒါန် သုံးခုကို ပဌမ မဂ်ဖြင့်ပယ်သည်။ ကာမုပါဒါန်ကို အောက်မဂ် သုံးကြိမ်ဖြင့် ခေါင်းပါးအောင် ပြု၍ စတုတ္ထမဂ်ဖြင့် အကြွင်းမဲ့ ပယ်သည်။ ဝါ၊ မဂ်လေးခုဖြင့် လေးကြိမ်ပယ်သည်။ ထိုကြောင့် အနာဂါမ်အား ကာမုပါဒါန်ရှိခြင်းသည် ထင်ရှား၏။
ဥပါဒါန်လေးပါးတို့ထွင် ဒိဋ္ဌုပါဒါန် စွဲလမ်းပုံကို နာရဒ ဇာတ်တော်ကြီးဖြင့် ဆင်ခြင် ကြရမယ်။ ရှေးအခါ ဝိဒေဟတိုင်း မိထိလာပြည်၌ (ယခုဘုရားလက်ထက် ဥရုဝေဠကဿပ ရဟန္တာလောင်း) အင်္ဂတိ မင်းကြီးဟာ စစ်သူကြီးမိုက်စကား နားထောင်ပြီး ကဿပအနွယ် ဂုဏအမည်ရှိသော အဝတ်မဝတ်သည့် ဒိဋ္ဌိကြီး (ယခု သုနက္ခတ် လိစ္ဆဝီလောင်း) ထံ ချည်းကပ်ပြီး သုဂတိ ဘဝရောက်အောင် ဘယ်လို တရားများ အားထုတ်ရပါမလဲဟု မေးလျှောက်သတဲ့။
သည်တော့ ဒိဋ္ဌိကြီးက မြတ်သောမင်းကြီး ... ကုသိုလ် အကုသိုလ်ဆိုတာ အကျိုး မရှိဘူး၊ မိဘ ဆရာသမား ပုဂ္ဂိုလ်ကြီးတို့အား ပြုစုတဲ့ ကျင့်ဝတ်ဟာလဲ အကျိုး မရှိဘူး။ ပညာရှိယောင်ဗာလတို့သာ ဒါနပြုကြတယ်။ ပဏ္ဍိတတို့က အလှူခံကြတယ်။ အချည်းနှီး-အလကား အကျိုးမရှိပါဘူး။ ကမ္ဘာကြီး ရှစ်သန်း လေးသိန်း ပြည့်လျှင် သတ္တဝါအားလုံး သံသရာမှ စင်ကြယ်၍ နိဗ္ဗာန်ရကြတာချည်းဘဲဟု ဟောသတဲ့။
ထိုအခါ (ဒေဝဒတ်လောင်း) အလာတ - စစ်သူကြီးက ယခုဟောတဲ့ တရားဟာ ဟုတ်ပါပေတယ်။ အကျွန်ုပ်ကိုယ်တိုင် ရှေးဘဝက ပိင်္ဂလမည်သော နွားသတ်သမား ဖြစ်ခဲ့တယ်။ ထိုဘဝမှ သေတော့ ယခုဘဝမှာ စစ်သူကြီး လာဖြစ်တယ်။ အကုသိုလ် ကံ အကျိုးမရှိလို့ အကျွန်ုပ်ငရဲ မကျခဲ့ဘူးဟု ထောက်ခံသတဲ့။
သူ့အတိတ်အကြောင်းကတော့ ကဿပ မြတ်စွာဘုရား၏ စေတီတော်မှာ အနော်ဇာ ပန်းကုံးဖြင့် ပူဇော်ခဲ့ဘူးတယ်။ ထို ဘဝမှသေတော့ ကံတပါးကြောင့် နွားသတ်သမား သွားဖြစ်တယ်။ ထိုမှသေပြန်တော့ ပန်းကုံးလှူတဲ့ ကုသိုလ်ကြောင့် ဒီဘဝမှာ စစ်သူကြီး လာဖြစ်တယ်။ ဇာတိဿရဉာဏ် တစိတ်မျှရသူ ဖြစ်၍ နွားသတ်တဲ့ ဘဝ ကိုသာမြင်၍ ပန်းကုံးလှူတဲ့ ဘဝကို မမြင်လို့ အကုသိုလ်အကျိုးမရှိဟု မိစ္ဆာအယူဖြင့် ထောက်ခံလိုက်သတဲ့။
ထိုအခါ ထိုဒိဋ္ဌိကြီးထံဥပုသ်စောင့်နေသော ဥပုသ်စောင့်နေသော (ရှင်မောဂ္ဂလာန် အလောင်း) ဗီဇကဆိုတဲ့ ကျွန်က ရှိုက်ကြီးဝင်ကြီးနဲ့ငိုပြီး ထောက်ခံပြန်သတဲ့၊ အကျွန်ုပ်သည် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးကြီးဖြစ်၍ ဒါန,သီလတွေ အကြီးအကျယ် များစွာပြုခဲ့ဘူးပါတယ်၊ ထိုဘဝက သေတော့ ယခုအစေခံ ကျွန်မျိုး လာဖြစ်ရပါတယ်၊ ပစ္စည်းတွေအကုန်ခံပြီး ပြုခဲ့တဲ့ကုသိုလ်ဟာ အကျိုး မရှိတာ ကိုယ်တွေ့ဖြစ်ပါတယ်လို့ ထောက်ခံပြန်သတဲ့၊
ထိုသူဟာ ကဿပဘုရား လက်ထက်က နွားပျောက်လို့ တောထဲလိုက်ရှာစဉ် ရဟန်းတဦးက မျက်စိလယ်၍ လမ်းခရီး မေးသတဲ့၊ ဆိတ်ဆိတ်နေတာကို ထပ် မေးတော့ စိတ်ဆိုးပြီး ကျွန်မျိုးရဟန်းဟု ဆဲခဲ့ဘူးတယ်၊ ဇာတိဿရဉာဏ်တစိတ်ရလို့ သူဌေးဘဝကို မြင်၍ ဆဲခဲ့တဲ့ဘဝမမြင်လို့ မိစ္ဆာအယူဖြင့် ထောက်ခံသတဲ့။
ထိုအခါ အင်္ဂတိမင်းကြီးက အထောက်အထားတွေ ခိုင်လုံပါပေတယ်လို မိစ္ဆာအယူ ယူပြီး ဒါန, သီလတွေကို ဖြတ်သတဲ့၊ သမီးတော် ရုစာမင်းသမီး (ယခု ရှင်အာနန္ဒာ အလောင်း) ကိုလဲ ၁၅-ရက်တကြိမ် ဒါနပြုရန် ငွေ တထောင်ပေးနေကျကိုလဲ မပေးဘဲ ချစ်သမီး ... ယနေ့ကစ၍ ဒါန, သီလကို မပြုနှင့်၊ ကုသိုလ်, အကုသိုလ်ဆိုတာ ဘာအကျိုးမှ မရှိဘူး၊ ငါ အသေအချာ သိခဲ့ပြီလို့ ဆိုပြီး တားသတဲ့၊ (ဒါတွေဟာ ဆေးအလွှဲယူတာဘဲ၊ ဝါ-ရေငတ်လို့ ဖန်ဖန် ရေတောင့်တာဘဲဟု သိကြရမယ်၊)
သမီးတော်က ဘခမည်းတော်-လူပေါင်း မှားပြီ၊ ဒီ-အလာတ စစ်သူကြီးနှင့် ဗီဇက ကျွန်တို့ဟာ ဇာတိဿရဉာဏ်ဖြင့် တဘဝကိုသာ သိကြပါတယ်၊ သမီးတော်သည် ကား ယခင် နတ်သမီးဖြစ်စဉ်ဘဝက အတိတ်ခုနစ်ဘဝ, အနာဂတ်ခုနစ်ဘဝ တိုင် အောင်ပင် ၁၄-ဘဝအထိ သိရှိခဲ့ပါတယ်။
သမီးတော်သည် ရှေးအခါ မဂဓတိုင်း၌ ရွှေပန်းတိမ်သည် ဖြစ်စဉ်က ပရဒါရကံ-သူတပါး သားမယားကို လွန်ကျူးမိခဲ့တယ်၊ ထိုမှ သေတော့ ဝံသတိုင်း ကောသမ္ဗီပြည်မှာ သူဌေးသားဖြစ်၍ သူတော်ကောင်းနှင့် ပေါင်းသင်းမိလို ကုသိုလ် ကောင်းမှု များစွာပြုခဲ့ပါတယ်၊ ထိုမှ သေသောအခါ အဆိပ်ရှိသော အစာကို မျိုမိသူဟာ အဆိပ်နှိပ်စက်ချိန်ရောက်သလို ရောရုဝ ငရဲမှာ ကြာမြင့်စွာ ခံခဲ့ရပါတယ်၊
ငရဲမှလွတ်တော့လဲ ဘိဏ္ဏာဂတတိုင်းမှာ ဆိတ်ဖိုဖြစ်၍ သင်းကွပ်ခံခဲ့ရပါတယ်၊ ထိုနောက် တောထဲမှာ မျောက်ဖြစ်၍ မွေးသောနေ့၌ပင် သင်းအုပ်မျောက်ကြီးက ကိုက်ပြီး သင်းကွပ်သည်ကို ခံခဲ့ရ ပြန်ပါတယ်၊ ထိုနောက် နွားဖြစ်၍ သင်းကွပ် ခံခဲ့ရပါတယ်၊ ထိုနောက် ဝဇ္ဇီတိုင်းမှာ သူဌေးမျိုးတွင် ယောက်ျား မဟုတ် မိန်းမ မဟုတ်တဲ့ နပုံပဏ္ဍုက်ဖြစ် ပြန်ပါတယ်၊
ထိုမှသေတော့ တာဝတိံသာနတ်ပြည်မှာ ကောသမ္ဗီ သူဌေးသား ဘဝက ကုသိုလ် ကြောင့် နတ်သမီး ဖြစ်ပါတယ်၊ ထိုအခါ အတိတ်ဘဝတွေကို ပြန်ပြီးဆင်ခြင် လိုက်တော့ နပုံပဏ္ဍုက်, နွား, မျောက်, ဆိတ်, ရောရုဝငရဲ့ ကောသမ္ဗီသူဌေးသား, မဂဓတိုင်း ရွှေပန်းတိမ်သည်ဘဝအထိ အတိတ်ခုနစ် ဘဝကို ပြန်၍ သမီးတော် မြင်သိရပါတယ်။
နောက်ကို ငါ ဘာဖြစ်ဦးမလဲလို့ ဆင်ခြင်ပြန်တော့ သိကြားမင်း၏ အလုပ်အကျွေး လေးဘဝ ဆက်ကာဆက်ကာ ဖြစ်လတ္တံ့၊ ပဉ္စမဘဝ၌ ဇဝနနတ်သား၏ နတ်မိဖုရား, ဆဋ္ဌမဘဝ၌ ယခု အင်္ဂတိမင်းကြီး၏ သမီးတော်- ရုစာမင်းသမီး ဖြစ်လတ္တံ့။ သတ္တမဘဝ၌ တာဝတိံသာ၌ တန်ခိုးကြီးသော နတ်သားဖြစ်၍ မိန်းမဘဝမှ လွတ်ပေတော့အံ့ ဟု သမီးတော် မြင်သိရပါတယ်၊
ပရဒါရ ကံကြောင့် မိန်းမ ခြောက်ဘဝ၊ နပုံပဏ္ဍုက် တဘဝ၊ သင်းကွပ် တိရစ္ဆာန် သုံးဘဝ၊ ငရဲ တဘဝ ဖြစ်ခဲ့ပါတယ်၊ ကံဆိုတာ မပျာက်မပျက်ပါဘူး၊
ပဌမဇော-ဒိဋ္ဌဓမ္မဝေဒနီယကံသည် မျက်မှောက်ဘဝ၌ အကျိုးပေးပါတယ်၊
သတ္တမဇော-ဥပပဇ္ဇဝေဒနီယကံသည် အခြားမဲ့ဒုတိယဘဝ၌ အကျိုးပေးပါတယ်၊
အလယ်ဇော ငါးချက်-အပရာပရိယဝေဒနီယကံသည် တတီယဘဝမှ စ၍ နိဗ္ဗာန်မရမီ အကျိုးပေးပါတယ်၊
ထိုအတွင်း အကျိုးမပေးဘဲ မပျောက်ပျက်ပါဘူး၊ ထို့ကြောင့် ကဿပဂုဏမိစ္ဆာ-ဒိဋ္ဌိကြီး၏စကားကို မယူပါနှင့်ဟု တောင်းပန်သတဲ့။
တောင်းပန်သော်လဲ မင်းကြီး အယူမစွန့်တာနဲ့ ရုစာမင်းသမီးက အရပ် ရှစ်မျက်နှာ တို့ကို ရှိခိုးပြီး နတ်, ဗြဟ္မာတို့ကို တိုင်တန်းသတဲ့၊ ထိုအခါ (ငါတို့ ယခု ဘုရားအလောင်း) နာရဒဗြဟ္မာကြီးဟာ ဗြဟ္မာပြည်မှ ဆင်းလာပြီး ငရဲ ဘေးမျိုးစုံပြ၍ ဆုံးမသတဲ့၊ ဒီတော့မှ ဗြဟ္မာကြီးကို ကြောက်တာနဲ့ အင်္ဂတိ မင်းကြီး မိစ္ဆာဒိဋ္ဌိအယူကို စွန့်နိုင်သတဲ့၊ ဒီဝတ္ထုမှာ ဒိဋ္ဌုပါဒါန် အလွဲလွဲ စွဲလမ်းပုံတွေကို သိနိုင်ကြရမယ်။
.
သုနက္ခတ် လိစ္ဆဝီရဟန်းဝတ္ထု
သီလဗ္ဗတုပါဒါန် စွဲလမ်းပုံကတော့ သုနက္ခတ် မည်သော လိစ္ဆဝီရဟန်း ဝတ္ထု၌ သိကြရမယ်၊ ထိုရဟန်းသည် အလုပ်အကျွေးအဖြစ်ဖြင့် မြတ်စွာဘုရား၏ သပိတ်တော်ကို ကိုင်၍ နောက်တော်မှအတူ ဆွမ်းခံကြွလေ့ ရှိသတဲ့၊ တနေ့တော့ လမ်းဘေး၌ ကောရခတ္တိယ မည်တဲ့ ဒိဋ္ဌိကြီးကို မြင်သတဲ့၊ ထိုဒိဋ္ဌိကြီးဟာ အဝတ် မဝတ်ဘဲ ခွေးတို့၏ အလေ့အကျင့်ကို ဆောက်တည်၍ ကျင့်သတဲ့၊ လေးဘက် ထောက်၍ သွားတယ်၊ မီးဖိုခုံလောက်အကြား၌ ဝင်အိပ်တယ်၊ အစာကို မြေပေါ် ပုံပေးရတယ်၊ လေးဘက်ထောက်၍ နမ်းပြီးမှ ခံတွင်းဖြင့် စားတယ်၊ လက်ဖြင့် ယူမစားဘူး၊
ဒီတော့ သုနက္ခတ်ရဟန်းက “ဤရဟန္တာကြီးသည် အလွန်ခေါင်းပါးစွာ ကျင့်ပေတယ်၊ အလွန်မြင့်မြတ်လေစွ”ဟု စိတ်ဖြင့် ကြံစည်လိုက်သတဲ့၊ ထိုအခါ မြတ်စွာဘုရားက သုနက္ခတ် ... ဘာဖြစ်လို့ ဒီလိုကြံစည်ရသလဲဟု အပြစ်တင်လိုက်သတဲ့၊ ဒီတော့ သုနက္ခတ်က “မြတ်စွာဘုရား ... သူတကာ ရဟန္တာ ဖြစ်တာကို ဝန်မတိုသင့်ပါဘူး”လို့ လျှောက်သတဲ့။
ဟဲ့ သုနက္ခတ် ... ငါ ဝန်တိုတာမဟုတ်ဘူး၊ မိစ္ဆာအယူလွဲပြီး အမှားကျင့်နေတာ ဖြစ်တယ်၊ နောက်ခုနှစ်ရက်တွင် ဤကောရခတ္တိယသည် အစာမကြေလို့ သေလိမ့်မယ်၊ ဗြိတ်မြက်တော သုသာန်မှာ ချရလိမ့်မယ်၊ ထိုနေရာမှာ အလောင်းကို ခေါက်ပြီးမေးလျှင် ကာလကိဉ္စိက အသုရကာယ်မျိုး ဖြစ်နေလို့ ထပြီးပြောလိမ့်မယ် ဟု မိန့်တော်မူသတဲ့၊
ဒီတော့ သုနက္ခတ်ရဟန်းက ထိုဒိဋ္ဌိကြီးထံ အလစ်သွားပြီး မြတ်စွာဘုရားက ဒီလို, ဒီလို ပြောတယ်၊ အစားအသောက် ဆင်ခြင်ပါလို့ ပြောသတဲ့၊ ဒိဋ္ဌိကြီးက ဒီ-ရှင်ကြီး ဂေါတမဟာ ငါတို့နဲ့ မတဲ့လို့ ပြောချင်ရာပြောတယ်၊ မုသာဝါဒဖြင့် စွပ်စွဲရအောင် ငါ အစာမစားဘဲ နေမယ်လို့ ပြန်ပြောသတဲ့၊
သုနက္ခတ်ကလည်း နေ့တိုင်း အလစ်အလစ်သွားပြီး တရက်ရှိပြီ၊ နှစ်ရက်ရှိပြီ၊ အစားအသောက် ဆင်ခြင်ပါ စသည်ဖြင့် သူ့လူငါ့ဘက်သား လုပ်နေသတဲ့၊ ခုနစ်ရက် ရှိတော့ ဒိဋ္ဌိတကာတယောက်က ငါ့ဆရာ အိမ်မကြွတာ ခုနစ်ရက်ရှိပြီ၊ နေထိုင်၍ မကောင်းလေရော့သလားဟု ဝက်သားဟင်းနဲ့ ထမင်းယူသွားပြီး မြေပေါ်မှာ ပုံပေး သတဲ့၊ ဒိဋ္ဌိကြီးက ရှင်ကြီး ဂေါတမစကား မှန်ချင်မှန်, မှားချင်မှား ဝဝစားပြီး သေတာက ကောင်းသေးတယ်လို့ လေးဘက်ထောက်သွားပြီး ဝမ်းပိုက်အပြည့် ဝအောင် စားသတဲ့။
(ဒီဝတ္ထုမှာ ဒီဟာတွေ ဆေးအလွဲ ယူတာ၊ ဝါ-ဖန်ဖန် ရေတောင့်တတာ ဟု သိကြရမယ်။)
ညဉ့်ကျတော့ အစာမကြေလို့ သေရရှာသတဲ့၊ ဒီတော့ တခြားသုသာန်ကို ပို့မယ်လို့ ယူသွားကြဘာ မျက်စိမှားပြီး ဗြိတ်မြက်တော သုသာန်သို့ ရောက်သွား ကြလို့ ချက်ချင်း အလောင်းကို ပြန်ဆွဲယူကြသတဲ့၊ ယူလို့ မရလေတော့ ရှိပါစေ၊ ရှင်ကြီးဂေါတမ စကားနှစ်ခွန်းတော့ မှန်သွားပြီလို့ဆိုပြီး ပြန်သွားကြသတဲ့၊
နောက်နေ့ကျတော့ သုနက္ခတ်ရဟန်းက သူသေထပြီး စကားပြောမယ်ဆိုတာတော့ မုသားကိန်းသေ ဖြစ်ရမယ်လို့ ဗြိတ်မြက်တောသုသာန်သို့ သွား၍ အလောင်းကို ခေါက်၍ ဘယ်ရောက်နေသလဲလို့ မေးသတဲ့၊ ဒီတော့ အသုရကာယ်ဘုံက ရောက်လာပြီး အလောင်းကောင်၌ ဝင်ပူး၍ ထိုင်ပြီးလျှင် ငါ ယခု ကာလကိဉ္စိက အသုရကာယ် ဖြစ်နေဘယ်လို့ ပြောသတဲ့၊
ထိုနောက် သုနက္ခတ်ရဟန်းလဲ တုန်လှုပ်ချောက်များသော စိတ်ဖြင့် သာသနာ့ဘောင်မှ တိမ်းရှောင်ကာ ဖဲသွားသတဲ့၊ ဒီဝတ္ထုမှာ တိရစ္ဆာန်တို့၏ အလေ့အကျင့်ဖြင့် သံသရာမှ စင်ကြယ်တယ်လို့ သီလဗ္ဗတုပါဒါန် အလွဲလွဲစွဲလမ်းကို သိနိုင်ကြရမယ်။
.
သစ္စကပရိဗိုဇ် ဝတ္ထု
အတ္တဝါဒုပါဒါန် စွဲလမ်းပုံကတော့ သစ္စကပရိဗိုဇ် အကြောင်းဖြင့် သိရမယ်၊ ဝေသာလီပြည်မှာ သစ္စကပရိဗိုဇ်ဆိုတာ ဝမ်းပိုက်ကို သံပြားကြီးပတ်ထားတယ်၊ ပညာတွေ လွန်စွာ တိုးပွားသဖြင့် ဝမ်းပိုက် ပေါက်ကွဲသွားမှာစိုးလို့တဲ့၊ ဘယ် ဆရာမဆို ငါနဲ့ ဝါဒချင်းပြိုင်လျှင် တုန်လှုပ်ရမယ်၊ ချွေးဒီးဒီးကျရမယ်၊ လူမဆို ထားနှင့် သစ်သားတိုင်ကြီး ဖြစ်စေ တုန်လှုပ်ရမယ်လို့ ပြောဆိုလေ့ ရှိသတဲ့၊
တနေ့တော့ မြတ်စွာဘုရားသည် ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ-ငါ့ကိုယ် မဟုတ်, ငါ့ဟာ မဟုတ်, ငါ မဟုတ်ဟု ဟောတာကို သစ္စကပရိဗိုဇ် သတင်းရတာနဲ့ လိစ္ဆဝီမင်းသားတွေကို ဤသို့ ဆိုသတဲ့၊ အမောင်တို့ ... လိုက်ခဲ့ကြလော့ ရှင်ကြီးဂေါတမနှင့် ငါ-ဝါဒချင်း ပြိုင်မယ်၊ ဆိတ်သိုး-မွေးစုတ်ဖွားကြီးကို အမွေး ဆွဲရမ်းသလို ရှင်ကြီးဂေါတမကို ဆွဲရမ်းပြမယ်လို့ဆိုပြီး မင်းသားငါးရာကို ခေါ် သွားသတဲ့၊
မြတ်စွာဘုရားထံ ရောက်တော့ ပြဿနာတခု မေးပါရစေဟု ခွင့်တောင်းပြီး အရှင်သည် မိမိ၏သာဝကများကို ... ဘယ်လိုဆုံးမပါသလဲဟု မေးသတဲ့။
မြတ်စွာဘုရားက ငါ၏သာဝကများကို ခန္ဓာငါးပါး အနိစ္စ, ဒုက္ခ, အနတ္တ- ငါ့ကိုယ် မဟုတ်, ငါ့ဟာ မဟုတ်, ငါ မဟုတ်ဟု ဆုံးမုံကို မိန့်တော်မူသတဲ့၊ ရှင်ကြီးဂေါတမ ... ဥပမာတခုကို စဉ်းစားကြည့်ပါ၊ သစ်ပင်တို့သည် မြေကိုမှီ၍ ပေါက်ရောက်ကြီးပွား ရတယ် မဟုတ်လား၊ ထို့အတူ သတ္တဝါတိုင်းလဲ ခန္ဓာ ငါးပါးကို မှီ၍ ကုသိုလ်, အကုသိုလ် ပြုလုပ်ကြရတယ် မဟုတ်လားဟု ဆိုသတဲ့၊
သစ္စက ... သင်သည် ခန္ဓာငါးပါးကို ငါ၏အတ္တ, ငါ့ကိုယ် ငါ့ဟာ, ငါဟု ဆိုလို သလောဟု မေးလိုက်သတဲ့၊ ရှင်ကြီးဂေါတမ ... အကျွန်ုပ်လဲ ဆိုလိုပါတယ်၊ ဤလူအပေါင်းတို့လည်း ထို့အတူဘဲ ဆိုလိုကြပါတယ်လို့ သူတပါးကို ဆွဲထည့်ပြီး ဝန်ခံသတဲ့၊
သစ္စက ... သူတပါးဆိုလိုတာကို ဆွဲမထည့်နှင့်၊ မိမိဝါဒကိုသာ လွတ်လွတ် ကျွတ်ကျွတ် ဖြေဆိုရှမယ်လို့ မြတ်စွာဘုရား မိန့်ဆိုလိုက်တော့မှ-ဟုတ်ပါတယ်၊ အကျွန်ုပ်သည် ခန္ဓာငါးပါးကို ငါ၏အတ္တ, ငါ့ကိုယ်, ငါ့ဟာ, ငါဟု ဆိုလိုပါတယ်ဟု လွတ်လွတ် ဝန်ခံသတဲ့၊
(ဒါတွေလဲ သစ္စက-ဆေးအလွဲယူတာ၊ ဝါ-ဖန်ဖန် ရေတောင့်တတာလို့ သိကြရမယ်။)
သစ္စက … သင့်ကို ငါ တခုမေးမယ်၊ ဖြေနိုင်လျှင် ဖြေလော့၊ အဘိသိက်ခံသော ပြည့်ရှင်မင်းတို့သည် မိမိပိုင်သည့် နိုင်ငံသားတို့အား သတ်လိုက်လျှင် သတ်ခြင်းငှာ, နှင်ထိုက်လျှင် နှင်ခြင်းငှာ ချီးမြှောက်ထိုက်လျှင် ချီးမြှောက် ခြင်းငှာ ပြုပြင်တိုင်း ဖြစ်နိုင်ကြ၏လော၊
ရှင်ကြီးဂေါတမ ... အဘိသိက်မခံသော ဤလိစ္ဆဝီမင်းပေါင်းစုံတို့ပင် ဖြစ်နိုင်ကြ သေးတယ်၊ အဘိသိက်ခံသော မင်းတို့ မှာ ဆိုစရာမရှိ၊ သာ၍ ဖြစ်နိုင်ကြပါတယ်လို့ အားရပါးရ ဝန်ခံလိုက်သတဲ့၊ ဒီလို ဖြစ်လျှင် သင်ပိုင်သော သင်၏အတ္တ ရုပ်ခန္ဓာကို ငါ၏ရုပ်သည် ဒီ-လိစ္ဆဝီမင်းသား တွေလို လှလှပပ ဖြစ်ရမယ်၊ ယခုအတိုင်း မဖြစ်နှင့် ဟု ပြုတိုင်း ဖြစ်နိုင်သလော ဟု မိန့်တော်မူသတဲ့၊
ဒီတော့ သစ္စကပရိဗိုဇ်က (မိမိရှုံးပြီဟု သိ၍) ဘာမျှမပြော ဘဲ ဆိတ်ဆိတ်နေသတဲ့၊ နှစ်ကြိမ်မြောက် ထပ်မေးသော အခါလဲ ဆိတ်ဆိတ်ဘဲ နေသတဲ့၊ ငါမေးတာ ဆိတ်ဆိတ်နေဘို့ မဟုတ်ဘူး၊ ဒီတကြိမ် ထပ်မေးဦးမယ်၊ မဖြေလျှင် ဦးခေါင်း ခုနစ်စိတ်ကွဲလိမ့်မယ်လို့ မိန့်တော်မူသတဲ့၊
ထိုအခါ လက်နက်နဲ့ ဘီလူးကြီးတဦးသည် သစ္စက၏ ဦးထိပ်အထက်ကောင်းကင်၌ တည်လျက် ဘုရားရှင်မေးတာကို မဖြေလျှင် ဤလက်နက်ဖြင့် ဦးခေါင်း ခုနစ်စိတ် ခွဲမယ်ဆိုသတဲ့၊ သည်တော့ ဖြေပါတော့မယ်၊ မေးတော်မူပါလို့ ဝန်ခံသတဲ့။
သစ္စက ... သင်ပိုင်သော သင်၏ ရုပ်ခန္ဓာကို မင်းသားတွေလို လှလှပပ ဖြစ်ရမယ်၊ ယခုအတိုင်း မဖြစ်ရဟု ပြုပြင်တိုင်း ဖြစ်နိုင်သလော၊
မြတ်စွာဘုရား ... . ရုပ်ခန္ဓာကို ပြုပြင်တိုင်း မဖြစ်နိုင်ပါဘုရား၊
သစ္စက ... သတိထား၍ ဖြေလော့၊ သင့်စကားတွေ ရှေ့နောက်မညီတော့ဘူး၊ နာမ်ခန္ဓာတို့ကိုလဲ ပြုပြင်တိုင်း ဖြစ်နိုင်သလော၊
မြတ်စွာဘုရား ... . နာမ်ခန္ဓာတို့ကိုလဲ ပြုပြင်တိုင်း မဖြစ်နိုင်ပါ ဘုရား၊
သစ္စက … သင့် စကားတွေဟာ ရှေ့နောက် မညီတော့ဘူး၊ သစ္စက … လူတယောက်သည် ဒုက္ခရောက်နေသူ ဖြစ်လျက် ဤဒုက္ခသည် ငါ့ကိုယ်, ငါ့ဟာ, ငါဟု ရှုငြားအံ့၊ ထိုသူသည် ထိုဒုက္ခမှ လွတ်နိုင်မည်လော၊
မြတ်စွာဘုရား ... အဘယ်မှာ လွတ်နိုင်ပါအံ့နည်း၊ မလွတ်နိုင်ပါဘုရား၊
သစ္စက … သင့်ကိုယ်တိုင် ကပင် ဤဒုက္ခဖြစ်သော ခန္ဓာငါးပါးကို ငါ့ကိုယ်, ငါ့ဟာ, ငါဟု ကပ်ငြိလျက် ရှုသူမဟုတ်လော၊
မြတ်စွာဘုရား ... အဘယ်မှာ မရှုဘဲ နေနိုင်ပါမည်နည်း၊ ရှုမိသူဖြစ်ပါသည်ဘုရား၊
သစ္စက ... အနှစ်မာမာ ရှာသူသည် ငှက်ပျောတုံးကို ခွဲ၍ရှာလျှင် အနှစ်မာမာ မမြင်ရသကဲ့သို့ သင်၏ အယူဝါဒမှာလဲ အနှစ်မာမာ မမြင်ရ၊ သင်သည် ရှေးက ဝါဒချင်းပြိုင်လျှင် ဘယ်သူမဆို တုန်လှုပ်ရမယ်၊ ချွေးကျရမယ်၊ သစ်သားတိုင် သော်မှလဲ တုန်လှုပ်ရမယ်လို့ ပြောဘူးသည် မဟုတ်လော၊ ယခုတော့ သင့်မှာ ချွေးတွေကျကုန်ပြီ၊ ငါ့မှာ ချွေးမရှိဟု မိန့်ဆိုတော် မူ၍ ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်ဟော်ကို လည်ပင်းတော်ဆီမှ လှစ်ပြတော်မူသတဲ့၊ ဒီတော့ သစ္စက ပရိဗိုဇ်ဟာ ဆိုစရာမမြင်၍ ငုံ့ပြီး မှိုင်နေသတဲ့။
ထိုအခါ လိစ္ဆဝီမင်းသားတဦးက ဥပမာတခု ဆိုသတဲ့၊ မြတ်စွာဘုရား ... ရေကန် တခုမှာ ဂဏန်းလုံးတကောင် ရှိပါတယ်၊ လွန်စွာ ညှပ်တတ်ပါတယ်၊ ကလေးသူငယ် တွေက ကန်ထဲမှ ဖမ်းယူပြီး ကုန်းပေါ်ရောက်တော့ လက်မ ခြေမတွေ ချိုးပစ် ကြပါတယ်၊ ဒါနဲ့ဘဲ ရေကန်ဘဲ ပြန်မဆင်းတတ်တော့ပါဘူး၊
ထို့အတူ သစ္စကပရိဗိုဇ်၏ အယူဝါဒတွေကိုလဲ မြတ်စွာဘုရား ချိုးပစ်လိုက်တာနဲ့ နောက်ကို ဘုရားရှင်အား ဝါဒပြိုင်ပုံတော့မှာ မဟုတ်ပါဘူးဟု ဆိုသတဲ့၊ ဒီတော့ သစ္စကက ဟေ့-မင်းနဲ့ စကားပြောတာ မဟုတ်ဘူး၊ မင်း အသာနေ၊ ဝင်မရှုပ်နဲ့ လို့ ကြိမ်းမောင်းသတဲ့။
နောက်တော့မြတ်စွာဘုရားကို ဘယ်လိုလျှောက်သလဲဆိုတော့..
မြတ်စွာဘုရား ... .အကျွန်ုပ်သည် ရှင်ကြီးဂေါဘမကို အမှတ်မထား သာမန်အားဖြင့် ချဉ်းကပ်မိပါတယ်၊ အမုန်ယစ်သော ဆင်ပြောင်ကြီးအနီး ချဉ်းကပ်ရသလို မီးပုံကြီး အနီး ချဉ်းကပ်ရသလို, တန်ခိုးကြီးသော နဂါးမင်းအနီး ချဉ်းကပ်ရသလို ဖြစ်ပါဟယ်၊ သာမန်ပုဂ္ဂိုလ် မချဉ်းကပ်ထိုက်ပါဘူးဟု လျှောက်သတဲ့၊
(ဒါကတော့ အကျွန်ုပ်လို ပညာရှိကြီးများမှ ချဉ်းကပ်ထိုက်တယ်လို့ မိမိကိုယ်ကို ချီးမြှောက်လိုသော အလိုဖြင့် လျှောက်တဲ့စကား ဖြစ်သတဲ့။)
ထိုနောက် ရှင်ကြီးဂေါတမသည် တပည့်သံဃာနှင့်တကွ နက်ဖြန် နံနက် ဆွမ်း ဘုဉ်းပေး ကြွတော်မူပါဟု လျှောက်ပြီး ပြန်သွားသတဲ့၊ လိစ္ဆဝီမင်းသား တို့ကိုလည်း ဆွမ်းလာပို့ကြဟု စီမံပြီး နောက်နေ့၌ မြတ်စွာဘုရားအား ဆွမ်းကပ်ပြီးသောအခါ အရှင်ဘုရား ... ဤဒါနသည် ဆွမ်းလှူသူ လိစ္ဆဝီတို့အား ချမ်းသာခြင်း ဖြစ်ပါစေလို့ လျှောက်သတဲ့၊
မြတ်စွာဘုရားက သစ္စက ... လိစ္ဆဝီတို့သည် ရာဂမကင်းသော သင့်ကို လှူသည့် အတွက် အကျိုးရလတ္တံ့ ၊ သင်ကား ရာဂကင်းသော ငါဘုရားကို လှူသည့်အတွက် အကျိုးရလတ္တံ့ ဟု မိန့်တော်မူသတဲ့၊
ဒီဝတ္ထုမှာ သစ္စကကြီး အတ္တဝါဒုပါဒါန် အလွဲလွဲ စွဲလမ်းပုံကို သိကြရမယ်။
.
အစေလက ဒိဋ္ဌိကြီးဝတ္ထု
ငါတို့ဂေါတမ ဘုရားအလောင်းသော်မှလဲ ၉၁-ကမ္ဘာထက်မှာ အဝတ် မကပ်တဲ့ အစေလကဒိဋ္ဌိကြီး ဖြစ်ဘူးသေးတယ်၊ တကိုယ်လုံး မြူမှုန်ပြွမ်းလျက် ဆိတ်ငြိမ်ရာ၌ တယောက်တည်း နေတယ်၊ လူမြင်လျှင် ဘောသမင်ကဲ့သို့ ထွက်ပြေးတယ်၊ အစားအသောက် ဖောက်ပြန်ပုံကတော့ နွားငယ်မစင် စသည်ကို စားတယ်၊
သူ့-သူတော်ကောင်းတရား ပျက်မှာစိုးလို့ ကြောက်ဘွယ်ကောင်းသော တောအုပ်ကြီး မှာ နေတယ်၊ ဆောင်းတွင်း ဆီးနှင်းကျချိန် လွင်ပြင်၌ နေတယ်၊ နေထွက်လျှင် တောအုပ်သို့ဝင်ပြီး သစ်ပင်မှကျသောဆီးနှင်း စွတ်စေလျက် အအေးခံတယ်၊ နွေအခါ နေ့ခင်းနေပူခံဘယ်၊ ညဉ့်အခါ လေတိတ်ရာချုံအုပ်၌ ချွေးတလုံးလုံးဖြင့် အပူခံတယ်၊ အေးတဲ့အခါ မီးလှုံခြင်း, စောင်ခြုံခြင်း မပြု၊ ပူတဲ့အခါ လေညှင်းမခံ၊ ဒီလိုကျင့်မှ ဗြဟ္မာပြည်ရောက်နိုင်တယ်လို့ မဆုတ်မနစ် ဇွဲကောင်းကောင်းဖြင့် ကျင့်သတဲ့၊
(ဒါလဲ ဆေးအလွဲယူခြင်း, ဖန်ဖန်ရေ တောင့်တခြင်းဟု သိကြရမယ်၊)
နောက် သေချိန်ရောက်သောအခါ ဗြဟ္မာ နိမိတ်မထင်၊ ငရဲနိမိတ်ဆိုးကြီးတွေ ထင်လာသတဲ့၊ သည်တော့မှ အလကား အကျင့်ပါတကားဟု အယူကိုစွန့်ပြီး သမ္မာဒိဋ္ဌိအယူ ယူပြီးမှ ဝိညာဏ်ချုပ်လို့ နတ်ပြည်သို့ ရောက်သွားသတဲ့၊
နိယတဗျာဒိတ် ရပြီးသော ဘုရားအလောင်း များဟာ မိစ္ဆာဒိဋ္ဌိ ဖြစ်သော်လဲ သေအောင်မစွန့်တဲ့ နိယတမိစ္ဆာဒိဋ္ဌိတော့ မဖြစ်ကောင်းဘူးတဲ့၊ အန္ဓပုထုဇဉ်တွေ မိစ္ဆာဒိဋ္ဌိဖြစ်မှ သာ၍ နစ်နာတယ်။
.
ဗိမ္ဗိသာရမင်းကြီးဝတ္ထု
ကာမုပါဒါန်စွဲလမ်းပုံကို ဗိမ္ဗိသာရမင်းကြီးဖြစ်ပုံကို ကြည့်ကြရမယ်၊ ဗိမ္ဗိသာရ မင်းကြီးဟာ မြတ်စွာဘုရား တဝါရတွင် ရာဇဂြိုဟ်သို့ ကြွလာစဉ်က လူတသိန်း ကျော်နှင့် သွားရောက်ကာ တရားနာသဖြင့် သောတာပန်တည်တဲ့ ဝေဠုဝန်ကျောင်း တကာကြီးတဦး ဖြစ်တယ်၊
နှစ်ပေါင်းများစွာ ဘုရားတကာ, ကျောင်းတကာ ဖြစ်ပါလျက် သေတော့ စာတုမဟာရာဇ်မှာ ဝေဿဝဏ် နတ်မင်းကြီး အထံမှာ ဇန-ဝသဘနတ်သားရယ်လို့ အစေခံနတ်သား သွားဖြစ်တယ်၊ ဇန-လူတသိန်းကျော်ကို + ဝသဘ-သောတာပန် တည်အောင် ခေါင်းဆောင်ကြီးပြုခဲ့လို့ ဇန-ဝသဘနတ်သား အမည်ရတယ်၊
တနေ့တော့ ဘုရားရှင်ထံသို့ ရောက်လာပြီး လျှောက်ထားပုံဟာ ဝေဿဝဏ် နတ်မင်းကြီးက စေလွှတ်လို့တဲ့ ဝိရုဠှကနတ်မင်း ထံသွားရင်း ယခုခဏ ဝင်လာ ပါသတဲ့၊ ကြားလို့ကောင်းကြရဲ့လား၊ ဘာဖြစ်လို့ ဒီလိုအစေခံနတ် ဖြစ်ရသလဲလို့ ဆိုတော့ ဒီဘုံ ဒီဘဝ ဒီနေရာမှာ ဆက်၍ဆက်၍ ဖြစ်တာ ၁၄-ကြိမ်ရှိပြီတဲ့၊ နေနေကျ နေရာဟောင်းရယ်လို့ နိကန္တိတဏှာ တွယ်တာတဲ့၊ ကာမုပါဒါန်ကြောင့် အထက် နတ်ပြည်၌ ဖြစ်နိုင်လျက် မဖြစ်လိုဘဲ အလုပ်အကျွေး အစေခံနတ်မျိုးထဲမှာ မြိန်ရှက်စွာ ဖြစ်နေလိုက်ရသတဲ့။
[ဒါက သောတာပန်ကျောင်းတကာ ရှင်ဘုရင်၏ ကာမုပါဒါန်အစွဲအလမ်း သန်ပုံ ဖြစ်တယ်၊ ဆေးအလွဲယူပုံ, ဖန်ဖန်ရေတောင့်တပုံဖြစ်တယ်။]
.
ဈာန်ရ ရဟန်းသုံးပါးဝတ္ထု
ဈာန်ရ-ရဟန်းသုံးပါး၏ ကာမုပါဒါန် စွဲလမ်းပုံလဲ ရှိသေးတယ်၊ သာကီဝင် ဝင်းသမီး ဂေါဝိကာဆိုတာ ဈာန်ရ-ရဟန်းသုံးပါးကို ကိုးကွယ်တဲ့ ကျောင်းအမတဦး ဖြစ်တယ်၊ ထိုရဟန်းသုံးပါး ဟောကြားဆုံးမတဲ့ တရားတွေကို သိရသဖြင့် မိမိ၏မိန်းမဘဝကို အပြစ်မြင်သတဲ့၊ ဘုရား ပစ္စေကဗုဒ္ဓါ မဖြစ်ကောင်းတဲ့ ဘဝမျိုး၊ သိကြားနတ်မင်း, ဗြဟ္မာမင်း မဖြစ်ကောင်းတဲ့ဘဝမျိုး၊ စကြဝတေးမင်း မဖြစ်ကောင်းဘဲ့ ဘဝမျိုးဟု အပြစ်မြင်၍ ယောက်ျားဘဝကို တောင့်တတာနဲ့ တာဝတိံသာမှာ သိကြားမင်းကြီး ရဲ့သားတော် ဂေါပက နတ်သားရယ်လို့ သွားဖြစ်သတဲ့၊
တနေ့တော့ နတ်ပွဲသဘင်မှာ စာတုမဟာရာဇ်ဘုံ အောက်တန်းစား ဂန္ဓဗ္ဗနတ်-ကချေသည်တွေက ဂေါပကနတ်သားထံ အသုံးတော်ခံပါရစေလို့ ရောက်လာကြ သတဲ့။
အကကောင်း, အဆိုကောင်း, ရုပ်အဆင်းကလဲ နတ်တို့ မျက်စိဖြင့်ပင် အံ့ဩလောက်အောင် လှပတဲ့ နတ်မင်းသား သုံးယောက်ကို မြင်ရတော့ ဒီ- နတ်မင်းသားတွေဟာ ရှေးက ဘယ်လို ကုသိုလ်ရှင်များပါလိမ့်မလဲလို့ ဂေါပက နတ်သားက ဆင်ခြင်လိုက်သတဲ့၊
ရဟန်းသီလဝန္တတွေ ဖြစ်ခဲ့တယ်လို့ မြင်တာနဲ့ သီလအကျိုး ဝမ်းမြောက်ဘွယ် ကောင်းလေစွဟု ထပ်ပြီး ဆင်ခြင်ပြန်တော့ ဈာန်ရ-ရဟန်းတွေ ဖြစ်ခဲ့တယ်လို့ မြင်တာနဲ့ ပိုပြီး ဝမ်းမြောက်သွားသတဲ့၊ ဘယ်မြို့ ဘယ်ရွာမှာ သီတင်းသုံးကြပါ လိမ့်မလဲလို့ ထပ်ပြီး ဆင်ခြင်ပြန်တော့ မိမိကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးသုံးပါးဟု သိရသတဲ့၊
သည်တော့ ဂေါပက နတ်သားက သီလဝန်-ဈာန်ရဆိုဘာ ဗြဟ္မာပင် ဖြစ်ထိုက် ပါလျက် ယုတ်ညံ့သော ဂန္ဓဗ္ဗကချေသည်မျိုး ဖြစ်ရမလားလို့ စိတ်ဆိုးပြီး “ဘုရားဟော မြင်းလေးစီးထဲမှာ ကြိမ်ဝင့်ရုံ အသားထိရုံ, သွေးထွက်ရုံရိုက်လို့ မပြေး၊ အရိုး ထိအောင် လှံဖြင့်ထိုးမှ ပြေးတဲ့ စတုတ္ထမြင်းမျိုးလို ပုဂ္ဂိုလ်တွေဖြစ်တယ်၊ မညှာမတာ နှဲ့ကာ နှဲ့ကာ ထိုးမှဘဲ” ဟု ကြံပြီး-
“အချင်းနတ်မင်းသားတို့ ... .. မြတ်စွာဘုရား မကြာမကြာ ဆုံးမတရား ဟောတဲ့ အခါ ကိုယ်ဘော်တို့မျက်နှာဘွေ ဘယ်ဘက်လှဲ့ နေကြသလဲ၊ ငေးနေကြသလား၊ တရားနာခြင်း အိပ်နေကြသလား၊ မရှက်ကြဘူးလား၊ ကိုယ်တော်တို့စကား နားထောင်ပြီး ကျောင်းအမဖြစ်ခဲ့တဲ့ အကျွန်ုပ်ကတော့ သိကြားမင်း၏သားတော် ဂေါပက နတ်သားရယ်လို့ လာဖြစ်တယ်၊
ဆရာဘုန်းကြီးတွေ ဖြစ်ခဲ့တဲ့ သင်တို့ကတော့ ကချေသည် ဂန္ဓဗ္ဗနတ် အညံ့စား လာဖြစ်တယ်၊ အရှင်ဘုရားတို့ အရှက်မရှိတာ အံ့ပါရဲ့၊ ကြက်သရေမရှိတဲ့ မမြင်ထိုက် တာတွေကို မြင်ရလေခြင်း” စသည်ဖြင့် ထပ်ကာ ထပ်ကာ အပြစ်တင် စကားတွေကို ဆိုလိုက်သတဲ့၊
ဒီတော့ နတ်မင်းသားတွေက ငါတို့မှာ ပွဲကတယ်ဆိုလျှင် များစွာ ဆုလာဘ် ရနေကျ ဖြစ်ပါလျက် ယခုတော့ အဖျစ်ဖျစ်နဲ့ အပြစ်တင် ခံကြရတယ်၊ ဒီ-သိကြားမင်း၏ သားဟာ ဘယ်လိုနတ်သားများလဲလို့ ဆင်ခြင်တော့မှ ယခင် ရဟန်းဘဝတုန်းက ကျောင်းအမကြီးပါတကားဟုသိ၍ နတ်သားနှစ်ဦးကတော့ ကြောက်လန့်သော သံဝေဂဉာဏ်ဖြင့် သတိရပြီး သူတော်ကောင်းတရား ဆင်ခြင် အားထုတ်သတဲ့၊ သည်တော့မှ အနာဂါမိမဂ်ဖိုလ်ရပြီး ဗြဟ္မပူရောဟိတာ ဘုံသို့ ချက်ချင်း ရောက်သွားကြသတဲ့၊ နတ်သားတဦးကတော့ ကာမုပါဒါန် စွဲလမ်းချက် ပြင်းထန် လွန်းလို့ နတ်ကချေသည် အဖြစ်ဖြင့် ကျန်ရစ်ခဲ့ရသေးသတဲ့။
[အဲဒီဝတ္ထုတွေမှာ ကာမုပါဒါန်အလွဲလွဲ စွဲလမ်းပုံတွေကို သိကြရမယ်၊ ဝါ- ဆေးအလွဲယူပုံ, ဖန်ဖန်ရေတောင့်တပုံကို သိကြရမယ်။]
ယခုပြခဲ့တဲ့ ဥပါဒါန်တွေဟာ တဏှာကြောင့်ဖြစ်တယ်၊ တဏှာချုပ်လျှင် ဥပါဒါန် ချုပ်တယ်၊ ထို့ကြောင့် ဥပါဒါန် အရမ်းမစွဲနိုင်အောင် သူသူ, ငါငါ စက်လေးပါး ရှိကြရမယ်၊ စက်လေးပါးဆိုတာ--
ပဋိရူပဒေသဝါသ - ကုသိုလ် ဖြစ်စေနိုင်သော သင့်တင့်ရာအရပ်၌ နေခြင်း,
သပ္ပုရိသူပနိဿယ - သူတော်ကောင်းကို မပြတ်မှီဝဲခြင်း,
သဒ္ဓမ္မသဝန - သူတော်ကောင်းတရားကို နာခံ မှတ်သားခြင်း,
အတ္တသမ္မာဏိဓိ - မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်းခြင်း၊
ဤစက်လေးပါးရှိလျှင် အကုသိုလ်ခေါင်းပါး ကုသိုလ်တိုးပွားသောကြောင့် တဏှာကို သတ်ပြီး ဥပါဒါန်ကို ပြတ်စေနိုင်သတဲ့။
ထို့ကြောင့် တဏှာအရင်းခံ ဥပါဒါန်ဆွဲဆောင် သံသရာ အချုပ်ထောင်ကြီး၌ ချိုင့်လှောင်သော တောကြက်၊ ကျော့ကွင်းမိသော တောဝက်၊ ကြောင်ခံတွင်း ကြွက်အသွင် မိမိဖြစ်အင် ဆင်ခြင်ဓလေ့ ဖန်ဖန်ငြီးငွေ့သော သူတော်ကောင်း တို့သည် ဥပါဒါန်ချုပ်ငြိမ်းမှု စက်လေးခုလက်သုံး စက်လေးလုံးသခင် စက်ပိုင်ရှင် ကြီးတွေသာ ဖြစ်နိုင်ကြပါစေကုန်သတည်း။
.
ဘဝ, ဇာတိ, ဇရာမရဏ, သောကစသည်နှင့်
ပဋိစ္စသမုပ္ပါဒ် ထီပေါက် တရားစာ
“ဥပါဒါနပစ္စယာ ဘဝေါ”။
ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသော အကြောင်းကြောင့်။
ဘဝေါ၊ ကမ္မဘဝ, ဥပပတ္တိဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလိုဟောတဲ့နေရာမှာ ဥပါဒါန်ဆိုတာ ယခင် ဥပါဒါန်လေးပါးပင် ဖြစ်တယ်။
ဘဝဆိုတာ ကမ္မဘဝ, ဥပပတ္တိဘဝဟု နှစ်ပါး ပြားတယ်၊ ကမ္မဘဝဆိုတာ ပုညာဘိသင်္ခါရစသော စေတနာ ၂၉-ခု ဖြစ်တယ်၊ ထိုစေဘနာ ၂၉-ခုနှင့် အတူ ဖြစ်သော ဘဝဂါမိကံ ၂၉-ခုလဲ ကမ္မဘဝ မည်သေးတယ်၊ ဘဝဂါမိကံ ဆိုတာ ဝဋ်ဆင်းရဲသို့ ရောက်စေတဲ့ လောကီကုသိုလ်, အကုသိုလ် ၂၉-ခု စိတ္တုပ္ပါဒ် ဖြစ်တယ်၊ အာစယဂါမိဓမ္မလို့လဲ ဟောတော်မူတယ်။
ဥပပတ္တိဘဝဆိုတာ ဘဝကြီးကိုးပါး ဖြစ်တယ်၊
ကာမဘဝ, ရူပဘဝ, အရူပ ဘဝဟု သုံးပါး၊
သညီဘဝ, အသညီဘဝ, နေဝသညီနာသညီဘဝဟု သုံပါး၊
ဧကဝေါကာရဘဝ, စတုဝေါကာရဘဝ, ပဉ္စဝေါကာရဘဝဟု သုံးပါး၊
ဤသို့ ဘဝကြီးကိုးပါး ဖြစ်တယ်။
[ကမ္မဘဝကအကြောင်း, ဥပပတ္တိဘဝက အကျိုး၊ ကြောင်း,ကျိုး-တူဘဲ ဘဝမည်ခြင်း တူသောကြောင့် ပေါင်းဟောသည်။]
ထိုတွင် ကာမ ၁၁-ဘုံ၌ ဝိပါက်, ကမ္မဇရုပ်သည် ကာမဘဝ မည်တယ်၊
ရူပ ၁၆-ဘုံ၌ ဝိပါက်, ကမ္မဇရုပ်သည် ရူပဘဝ မည်တယ်၊
အရူပ ၄-ဘုံ၌ (ကမ္မဇ ရုပ်မပါဘဲ) ဝိပါက်သည် အရူပဘဝ၊ ဒါက သုံးပါး၊
တနည်း-
သညီ ၂၉-ဘုံ၌ ဝိပါက်, ကမ္မဇရုပ်သည် သညီဘ၀ မည်တယ်၊
အသညသတ်ဘုံ၌ ကမ္မဇရုပ် သည် အသညီဘဝ မည်တယ်၊
နေဝသညာဘုံ၌ ဝိပါက်သည် နေဝသညီနာသညီဘဝ မည်တယ်၊ ဒါက သုံးပါး။
[ဒီမှာ နောက်နှစ်ဘုံကို သိလျှင် ၂၉-ဘုံကို သိနိုင်ရမည်။]
တနည်း --
အသညသတ်ဘုံ၌ ကမ္မဇရုပ်သည် ဧကဝေါကာရဘဝ မည်တယ်၊
အရူပ ၄-ဘုံ၌ ဝိပါက်သည် စတုဝေါကာရဘဝ မည်တယ်၊
ကြွင်း ၂၆-ဘုံ၌ ဝိပါက်, ကမ္မဇရုပ်သည် ပဉ္စဝေါကာရဘ၀ မည်တယ်၊ ဒါက သုံးပါး၊
ဒီလိုဘဝကြီး ကိုးပါးကို ခွဲစိတ်ရတယ်။
သင်္ခါရနှင့်ဘဝ ထူးပုံကတော့ --
သင်္ခါရဆိုတာ ပစ္စုပ္ပန်ပဋိသန္ဓေကို ဖြစ်စေတဲ့ အတိတ်ဘဝ စေတနာ ဖြစ်တယ်၊ စေတနာသက်သက် ဖြစ်တယ်၊ ဘဝဆိုတာ အနာဂတ်ပဋိသန္ဓေကို ဖြစ်စေတယ်၊ ပစ္စုပ္ပန်ဘဝစေတနာနှင့် ဘဝဂါမိကံ ဖြစ်တယ်၊ စေတနာသက်သက် မဟုတ်ဘူး၊
တနည်း-သင်္ခါရဆိုတာ ဝိညာဏ်ကိုသာ ဖြစ်စေတယ်၊ ဘဝဆိုတာ ဝိညာဏ်ကို၎င်း, အသညီဘဝကို ၎င်း ဖြစ်စေတယ်၊
တနည်း - သင်္ခါရဆိုတာ - ကုသိုလ်, အကုသိုလ် နှစ်မျိုးသာ ဖြစ်တယ်၊ ဘဝဆိုတာ ဥပပတ္တိဘဝနှင့်တကွ ကုသိုလ်, အကုသိုလ်, အဗျာကတ သုံးမျိုး ဖြစ်တယ်။
ဘဝကြီးကိုးပါးထဲမှာ --
ကာမဘဝသည် သညီဘဝ, ပဉ္စဝေါကာရဘဝလဲ မည်တယ်၊ ကာမဘဝ၌ သညီဘဝ, ပဉ္စဝေါကာရဘ၀ နှစ်ပါးအတွင်း ဝင်တယ်၊
ရူပဘဝသည် သညီဘဝ, အသညီဘဝ, ဧကဝေါကာရဘဝ, ပဉ္စဝေါကာရဘ၀ လဲ မည်တယ်၊ ထိုဘဝလေးပါးအတွင်း ဝင်တယ်၊
အရူပဘဝသည် သညီဘဝ, နေဝသညီနာသညီဘဝ, စတုဝေါကာရဘဝလဲ မည်တယ်၊ ထိုဘဝသုံးပါး အတွင်း ဝင်တယ်၊ ဒီလို အတွင်းဝင်ပုံကိုလဲ သိရမယ်။
ကာမုပါဒါန် အကြောင်းရင်းခံ၍ ကာမဘုံ၌ ဖြစ်ချင်လို့ပြုသော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မဘဝ မည်တယ်၊ ထိုကံကြောင့်ဖြစ်သော ဝိပါက် ကမ္မဇရုပ်သည် ဥပပတ္တိဘဝ မည်တယ်၊ ထိုကမ္မဘဝ, ဥပပတ္တိဘဝ နှစ်ပါးလုံးသည် ကာမဘဝနှစ်ပါး မည်တယ်၊ ထိုကာမဘဝ၌ သညီ, ပဉ္စဝေါကာရ ဘဝ နှစ်ပါးအတွင်း ဝင်တယ်။
ထို့အတူ ရူပဘုံ၌ ဖြစ်ချင်လို့ပြုသော ရူပကုသိုလ်ကံသည် ကမ္မဘဝ မည်တယ်၊ ထိုကံကြောင့်ဖြစ်သော ဝိပါက်, ကမ္မဇရုပ်သည် ဥပပတ္တိဘ၀ မည်တယ်၊ ထိုနှစ်ပါးလုံး သည် ရူပဘဝနှစ်ပါး မည်တယ်၊ ထိုရူပဘဝ၌ ဘဝလေးပါးအတွင်း ဝင်တယ်။
အရူပဘုံ၌ ဖြစ်ချင်လို့ပြုသော အရူပကုသိုလ်ကံသည် ကမ္မဘဝ မည်တယ်၊ ထိုကံ ကြောင့်ဖြစ်သော ဝိပါက်သည် ဥပပတ္တိဘ၀ မည်တယ်၊ ထိုနှစ်ပါးလုံးသည် အရူပ ဘဝနှစ်ပါး မည်တယ်၊ ထိုအရူပဘဝ၌ ဘဝသုံးပါး အတွင်းဝင်တယ်။
ဒီလို ကာမုပါဒါန်ကြောင့် ကာမဘဝနှစ်ပါး, ရူပဘဝနှစ်ပါး အရူပဘဝ နှစ်ပါး၊ ပေါင်း ခြောက်ပါး ဖြစ်တယ်၊ ကြွင်းဥပါဒါန်တို့ကြောင့်လဲ ထို့အတူ ခြောက်ပါးစီ ဖြစ်တယ်၊ ဥပါဒါန်လေးပါးကြောင့် ဘဝ ခြောက်ပါးစီအားဖြင့် ထိုထိုအတွင်းဝင် ဘဝတို့နှင့်တကွ ဘဝကြီး ၂၄-ပါး ဖြစ်တယ်။
တနည်း - အကျိုးဥပပတ္တိဘဝ ကိုးပါးပြားသောကြောင့် အကြောင်း ကမ္မဘဝလဲ ကိုးပါးပြား၍ ဘဝကြီး ၁၈-ပါး ဖြစ်တယ်၊ ထို ၁၈-ပါးသည် ဥပါဒါန် လေးလီစွမ်းဖြင့် ဘဝကြီး ၇၂-ပါးဖြစ်တယ်၊ ဒါက အကျယ်ချဲ့တာ ဖြစ်တယ်။
ချုံးလိုက်တော့ - ကမ္မနှင့် ဥပပတ္တိကို တခုတည်းပြုလျှင် အတွင်းဝင်တို့နှင့် တကွ ကာမဘဝ တပါး, ရူပဘဝတပါး, အရူပဘဝတပါးဟု သုံးပါး ...၊ ထိုသုံးပါးသည် ဥပါဒါန်လေးလီစွမ်းဖြင့် ဘဝ ၁၂-ပါး ဖြစ်တယ်၊
ကမ္မနှင့် ဥပပတ္တိကို မချုံးဘဲ ဥပါဒါန်လေးပါးကိုသာ တခုတည်းချုံးလျှင် ကာမဘဝ နှစ်ပါး၊ ရူပဘဝနှစ်ပါး၊ အရူပဘဝ နှစ်ပါးအားဖြင့် ဘဝခြောက်ပါး ဖြစ်တယ်၊
ကမ္မနှင့် ဥပပတ္တိကိုလဲ တခုတည်းချုံးလျှင် ကာမ, ရူပ, အရူပဟု ဘဝသုံးပါးသာ ဖြစ်တယ်၊
ထိုထိုနည်းမှ တနည်းတော့လဲ-ကမ္မဘဝ, ဥပပတ္တိဘဝဟု နှစ်ပါးသာ ဖြစ်တယ်၊ တနည်း-ဥပါဒါနပစ္စယာ ဘဝေါ-စွမ်းဖြင့် ဘဝ တပါးတည်း သာ ဖြစ်တယ်။
ဒီလို ဘဝတပါးတည်း ဖြစ်ပုံကို၎င်း၊ ၂-ပါး, ၃-ပါး, ၆-ပါး, ၉-ပါး, ၁၈-ပါးဖြစ်ပုံကို၎င်း၊ ဥပါဒါန်လေးလီစွမ်းဖြင့် ၄-ပါး, ၈ ပါး, ၁၂-ပါး, ၂၄- ပါး, ၃၆- ပါး, ၇၂-ပါး ဖြစ်ပုံကို၎င်း ဉာဏ်ကွန့်မြူးနိုင်ရမယ်။
အချို့က သီလဗ္ဗတုပါဒါန်ကြောင့် ရူပဘဝ, အရူဘဝတို့၌ မဖြစ်နိုင်ဘူးဟု ဆိုကြတယ်၊ မမှတ်ယူအပ်၊ ဥပါဒါန်အားလုံးကြောင့် ဘဝအားလုံး ဖြစ်နိုင်တယ်လို့ မှတ်ယူရမတဲ့၊ ဘာကြောင့်လဲဆိုတော့- ပုထုဇဉ်ဆိုတာ ဥမ္မတ္တက- သူရူးတွေတဲ့၊ သင့် မသင့် မစီစစ်တတ်ဘူး၊ ဥပါဒါန်တခုခု စွဲလမ်းမှဖြင့် ဘယ်ဘဝမဆို တောင့်တပြီး ပြုလိုရာ ကံတခုခုကို ပြုတာချည်းဘဲ၊ ဒါကြောင့် ဥပါဒါန်အားလုံးကြောင့် ဘဝအားလုံး ဖြစ်သတဲ့။
ဖြစ်ပုံကတော့ အချို့သောသူဟာ ကြားဘူးခြင်း, တွေးဆခြင်းဖြင့် လူ့ပြည်, နတ်ပြည်၌ ကာမအာရုံ ပြည့်စုံဘယ်လို့ ကြံပြီး ရချင်တယ်၊ ရောက်ချင်တယ်၊ မသူတော်တို့၏ တရားအလွဲကို နာရသူဖြစ်လျှင် ကာမုပါဒါန်စွမ်းဖြင့် လူ, နတ် ဖြစ်အောင်ဟု အကုသိုလ်ကံကို ပြုတယ်၊
တနည်းကား - မျက်မှောက် ခံစားဖို့မရသေးသော ကာမအာရုံကို တောင့်တ၍၎င်း, ရပြီးကို စောင့်ရှောက်လို၍၎င်း ကာမုစွမ်းဖြင့် အကုသိုလ်ကံကို ပြုတယ်၊ ထို ကံကြောင့် လူနတ် မဖြစ်ဘဲ အပါယ်ဘုံ၌ ဖြစ်တယ်၊
ဒီလိုဖြစ်တော့ ထိုအကုသိုလ်ကံသည် ကမ္မဘဝ မည်တယ်၊ ထိုကံကြောင့် အပါယ်မှာဖြစ်တဲ့ ဝိပါက်, ကမ္မဇရုပ် ဟူသော ခန္ဓာငါးပါးသည် ဥပပတ္တိဘဝ မည်တယ်၊ ထိုကမ္မ, ဥပပတ္တိ နှစ်ပါးလုံးသည် ကာမ ဘဝနှစ်ပါး မည်တယ်၊ သညီဘဝ, ပဉ္စဝေါကာရ ဘဝလဲ မည်၍ အတွင်းဝင်တယ်။
အချို့ကတော့ - ထိုနည်းအတိုင်း ကာမုစွဲလမ်း၍ သူတော်ကောင်းတို့၏ တရားမှန်ကို နာရသူဖြစ်လျှင် ကာမုစွမ်းဖြင့် လူ နတ် ဖြစ်အောင် ကာမကုသိုလ်ကံကို ပြုတယ်၊ ထိုကံကြောင့် လူ့ပြည်, နတ်ပြည်၌ ဖြစ်တယ်၊ ဒီလို ဖြစ်တော့ ယခင်လို ကမ္မဘဝ, ဥပပတ္တိဘဝ ခွဲသိရမယ်၊ ကာမဘဝနှစ်ပါး အမည်ရပုံ, ဘဝနှစ်ပါး အတွင်းဝင်ပုံကိုလဲ သိရမယ်။
အချို့ကတော့ - ရူပဘုံ, အရူပဘုံတို့၌ ကာမအာရုံ၌ လွန်စွာ ပြည့်စုံတယ်လို့ ကြံ၍ ကာမုစွမ်းဖြင့် ရူပဈာန်, အရူပဈာန်ရအောင် အားထုတ်တယ်၊ ထိုကံကြောင့် ရူပဘုံ၌ ဝိပါက်, ကမ္မဇရုပ်-ခန္ဓာငါးပါး၊ အရူပဘုံ၌ ဝိပါက်သာ-နာမ်ခန္ဓာလေးပါး ဖြစ်တယ်၊ ဒီလို ဖြစ်တော့ ယခင်လို ကမ္မဘဝ, ဥပပတ္တိဘဝ ခွဲသိရမယ်၊ ရူပဘဝနှစ်ပါး, အရူပဘဝ နှစ်ပါးဟု အမည်ပေးရမယ်၊ ရူပဘဝ၌ ဘဝ ၄-ပါး အတွင်းဝင်, အရူပဘဝ၌ သုံးပါး အတွင်းဝင်ပုံကိုလဲ သိရမယ်၊
ဒီတွင် ကာမုကြောင့် စုံလင်ပြီ။
ဒိဋ္ဌုပါဒါန်ကြောင့်ကတော့ - ဤအတ္တသည် ကာမ, ရူပ, အရူပဘုံ တခုခု၌သာ ကောင်းစွာ ပြတ်တယ်လို့ ဥစ္ဆေဒဒိဋ္ဌိစွဲ၍ ဒိဋ္ဌုပါဒါန်စွမ်းဖြင့် ထိုထို အကုသိုလ်, ကာမကုသိုလ်, ရူပကုသိုလ်, အရူပကုသိုလ်ကံကို ပြုတယ်၊ ထိုထိုကံ အားလျော်စွာ ထိုထိုဘုံ၌ ဖြစ်တယ်၊ ဒီလိုဖြစ်တော့ ကမ္မဘဝ, ဥပပတ္တိဘဝခွဲသိ၊ ဘဝနှစ်ပါးစီ အမည်ပေး၍ အတွင်းဝင်ဘဝ ၂-ပါး, ၄-ပါး, ၃-ပါးကို သိရမယ်။
အတ္တဝါဒုပါဒါန်ကြောင့်ကတော့ - ဤအတ္တသည် ကာမ, ရူပ, အရူပဘုံ တခုခု၌သာ မပင်မပန်း ချမ်းသာတယ်လို့ သဿတဒိဋ္ဌိစွဲ၍ အတ္တဝါဒုပါဒါန် စွမ်းဖြင့် ထိုထို အကုသိုလ်, ကာမကုသိုလ်, ရူပကုသိုလ်, အရူပကုသိုလ်ကံကို ပြုတယ်၊ ထိုထိုကံ အားလျော်စွာ ထိုထိုဘုံ၌ ဖြစ်တယ်၊ ဒီလိုဖြစ်တော့ ကမ္မဘဝ, ဥပပတ္တိဘဝ ခွဲသိ၊ ဘဝနှစ်ပါးစီ အမည်ပေး၍ အတွင်းဝင်ဘဝတို့ကို သိရမယ်။
သီလဗ္ဗတုပါဒါန်ကြောင့်ကတော့ - ဤသို့ ဤသို့သော အလေ့အကျင့်သည် ကာမ, ရူပ, အရူပ - တဘုံဘုံ၌သာ ဖြည့်ကျင့်ရလျှင် သာ၍ ပြည့်စုံတယ်လို့ သီလဗ္ဗတုပါဒါန် စွမ်းဖြင့် ထိုထိုအကုသိုလ်စသောကံကို ပြုတယ်၊ ထိုထိုကံအားလျော်စွာ ထိုထိုဘုံ၌ ဖြစ်တယ်၊ ဒီလိုဖြစ်တော့ ကမ္မဘဝ, ဥပပတ္တိဘဝ ခွဲသိ၊ ဘဝနှစ်ပါးစီ အမည်ပေး၍ အတွင်းဝင်ဘဝတို့ကို သိရမယ်။
ဥပါဒါန်အားလုံးကြောင့် - ဘဝအားလုံးဖြစ်ပုံ စုံလင်ပြီ၊ ဒီဘဝတွေဟာ ဆေးအလွဲ ယူ၍ ဆေးလိမ်းမှားတာတွေချည်းဘဲ၊ တနည်းတော့- ငါးမျှားချိတ် ကောက်ကောက် မျိုတာတွေချည်းဘဲလို့ သိရမယ်။
ကျေးဇူးပြုပုံကတော့ - ဥပါဒါန်လေးပါးသည် မယှဉ်မတွဲ တကွဲစီဖြစ်သော ရူပဘဝ, အရူပဘဝ, ကာမကုသိုလ်ဘဝတို့အား၊ ဝါ-သမ္ပယုတ် မဟုတ်သော ကမ္မဘဝ, ဥပပတ္တိဘဝတို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
အတူတကွ သမ္ပယုတ်ဖြစ်သော အကုသိုလ် ကမ္မဘဝအား သဟဇာတသတ္တိ စသည်ဖြင့်၊ သမ္ပယုတ် မဟုတ်သော ကမ္မဘဝတို့အား ဥပနိဿယ သတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
တနည်းကား - ကာမုပါဒါန်သည် သမ္ပယုတ်ကမ္မဘဝအား အမြစ်သဘွယ် ဟေတုသတ္တိ, သဟဇာဘသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
ကြွင်း ဥပါဒါန်သုံးပါးသည် သမ္ပယုတ် ကမ္မဘဝအား ရောက်ကြောင်း မဂ္ဂသတ္တိ သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသတဲ့။
ဥပါဒါန်လေးပါးသည် သမ္ပယုတ်မဟုတ်သော ကမ္မဘဝ, ဥပပတ္တိဘဝတို့အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့။
.
ဇာတိ
“ဘဝပစ္စယာ ဇာတိ” ။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဝါ၊ ကမ္မဘဝကြောင့်။
ဇာတိ၊ ရုပ်ဇာတိ, နာမ်ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
[ဥပပတ္တိဘဝ ဇာတိ၌ဝင်သည်။ ] ဒီလိုဟောတဲ့နေရာမှာ ဘဝဆိုတာ ယခင် စေတနာ ၂၉-ခု, ဘဝဂါမိကံ ၂၉-ခုဆိုတဲ့ ကမ္မဘဝသာ ဇာတိ၏အကြောင်း ဘဝဖြစ်တယ်၊ ဥပပတ္တိဘဝကတော့ ဥပါဒါန်ကြောင့် ဖြစ်သော်လဲ ဇာတိကို ဖြစ်စေနိုင်သော အကြောင်းဘဝ မဟုတ်ဘူး။ ကမ္မဘဝကြောင့် နောက်ဘဝမှာ ဖြစ်တယ်၊ ဒါကြောင့် ဇာတိကဲ့သို့ အနာဂတ် အကျိုးအဖြစ်ဖြင့် ယူရသတဲ့၊ ကမ္မဘဝကား အကျိုးကို ဖြစ်စေတဲ့ဘဝ၊ ဥပပတ္တိဘဝကား ကိုယ်တိုင် အကျိုး အဖြစ်ဖြင့် ဖြစ်တဲ့ဘဝ၊ ဤကား အထူးတည်း။
ဇာတိဆိုတာ နိပ္ဖန္နရုပ်တို့၏၎င်း, နာမက္ခန္ဓာလေးပါးတို့၏၎င်း ဖြစ်ခြင်း ဥပါဒ် သဘောသာ ဖြစ်တယ်၊ ရုပ်နာမ်တို့၏ ဖြစ်ခိုက် တည်ခိုက်, ပျက်ခိုက် ဟူသော ဥပါဒ်, ဌီ, ဘင် သုံးခုတို့တွင် ဖြစ်ခိုက်ဥပါဒ်တခုသာ ဇာတိမည်တယ်၊ ရုပ်တခုလုံး နာမ်တခုလုံး မဟုတ်၊ သုံးဘို့တဘို့ဖြစ်သော အစိတ်အပိုင်းမျှသာ ဖြစ်တယ်၊ ယခင် ဥပပတ္တိဘဝ ကတော့ ဝိပါက်, ကမ္မဇရုပ်တို့၏ ဥပါဒ်, ဌီ, ဘင် သုံးခုလုံး ရုပ်အပြည့်, နာမ်အပြည့် ဖြစ်တယ်၊ ဒါလဲ အထူးဘဲ။
ဇာတိ၏အကြောင်းဟာ ကမ္မဘဝသာ ဖြစ်တာ ထင်ရှားအောင် အမွှာမွေးသူတို့ဖြင့် သိရတယ်၊ အမွှာမွေးသူတို့ဟာ မိဘ၏ သွေးသား, အာဟာရ အအေးအပူ စသော ပြင်ပအကြောင်းချင်းတူလျက် ပိန် ထွား မဲ ဖြူ ယုတ် မြတ် မတူခြင်းဟာ ကံမတူခြင်း ကြောင့်သာ ဖြစ်ကြတယ်၊ ကမ္မဘဝကြောင့် ဖြစ်သော သတ္တဝါတို့မှာ အဇ္ဈတ္တသန္တာန်၌ ကမ္မဘဝသာ အကြောင်းရင်းခံရှိတယ်၊
ဒါကြောင့် “ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ”ဟု ဟောတော်မူတယ်။
ယဒိဒံ-ယာအယံ ဟီနပ္ပဏီတတာ၊ အကြင် အယုတ်အမြတ်၏ ဖြစ်ခြင်းသည်။
အတ္ထိ၊ရှိ၏။
တာယဟီနပ္ပဏီတတာယ၊ ထိုအယုတ်အမြတ်၏ ဖြစ်ခြင်းအကျိုးငှာ။
ကမ္မံ၊ အတိတ်ကုသိုလ်, အကုသိုလ်ကံသည်။
သတ္တေ၊ သတ္တဝါတို့ကို။
ဝိဘဇတိ၊ ဝေဘန်၏။
ကျေးဇူးပြုပုံကတော့ - လောကီကုသိုလ်, အကုသိုလ် ကမ္မဘဝ အားလုံးသည် ၃၁-ဘုံ၌ ရုပ်နာမ်တို့၏ ဖြစ်ခိုက်-ဥပါဒ်ဇာတိအား မျိုးစေ့သဘွယ် - ကမ္မသတ္တိ, အားပေးစက် သဘွယ်- ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသတဲ့၊ ဒီဟာ ဆေးလိမ်းလို့ အနာတိုးတာဘဲ၊ ဝါ-မျိုးစေ့မှ အပင်ပေါက်တာဘဲတဲ့။
.
ဇရာ မရဏ
“ဇာတိပစ္စယာ ဇရာမရဏ”။
ဇာတိ ပစ္စယာ၊ ဇာတိ ဟူသော အကြောင်းကြောင့်။
ဇရာမရဏံ၊ ရုပ်ဇရာမရဏ, နာမ် ဇရာမရဏသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဒီလို ဟောတဲ့နေရာမှာ ဇာတိဆိုတာ ယခင်ရုပ်ဇာတိ, နာမ်ဇာတိ ဟူသော ဥပါဒ် သဘောသာ ဖြစ်တယ်။
ဇရာမရဏဆိုတာ နိပ္ဖန္နရုပ်တို့၏၎င်း, နာမက္ခန္ဓာ လေးပါးတို့၏၎င်း ရင့်ခြင်း- ဌီသဘောနှင့် ပျက်ခြင်း-ဘင်သဘော ဖြစ်တယ်၊ ရုပ်နာမ်တို့၏ သုံးဘို့ နှစ်တို့ အစိတ်အပိုင်း ဖြစ်တယ်။
ကျေးဇူးပြုပုံကတော့ - ရုပ်နာမ်တို့၏ ဥပါဒ်ဇာတိသည် ဌီ၊ ဘင်-ဇရာမရဏအား သုတ္တန်နည်း ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်၊ ဒီဟာ အနာတိုး၍ ပြည်မှည့်ပြီး ပေါက်ကွဲတာဘဲ၊ ဝါ- ပေါက်သော သစ်ပင် ပြိုလဲတာဘဲ တဲ့။
ဇာတိရှိသူအားသာ ဇရာမရဏ ဖြစ်တယ်၊ သောက, ပရိဒေဝ စသည်တို့လဲ ဖြစ်ကြတယ်၊ ဒါကြောင့် ဇာတိသည် ဇရာမရဏ၏ အကြောင်းလဲ ဖြစ်တယ်၊ သောက, ပရိဒေဝ စသည်တို့၏ အကြောင်းလဲ ဖြစ်တယ်လို့ ဟောတယ်။
ငရဲစသော ထိုထိုဘုံ၌ ဇာတိသာ မဖြစ်လျှင် ငရဲမီး-ဘယ်သူကို လောင်မည်နည်း၊ မြက်စား, လှည်းရုန်း, သံချွန်ထိုးခံရသောနွား၊ ငတ်သော ပြိတ္တာ၊ လောကန္တရိုက်၌ ခံရသော အသုရကာယ် အဘယ်မှာ ရှိနိုင်အံ့နည်း၊ ငရဲသမုတ် ဘင်ပုပ်စုပေါင်း အမိဝမ်းခေါင်း၌ ဆယ်လ ဘယ်သူ အောင်းမည်နည်း၊ အချုပ်အားဖြင့် လောက၌ ရှိရှိသမျှ ဒုက္ခသည် ဇာတိကြောင့်သာ မဟုတ်လော၊ ဇာတိကင်းလျှင် ဒုက္ခဘယ်မှာ မရှိပြီ။
ဒီနေရာမှာ ချော့ခေါ်တဲ့သူ, လဲအောင်ရိုက်သူ, လည်ပင်းဖြတ်သူဟု ရန်သူ သုံးယောက်အသွင် ရှုရမယ်၊ ဇာတိရန်သူသည် ငါတို့ကို တဘဝမှ တဘဝသို့ ရောက်အောင် ချော့ခေါ်ခဲ့ပြီ၊ ဧရာရန်သူသည် ရောက်ရာဘဝ၌ ငါတို့ကို နိုင်အောင် ရိုက်ဆဲနှင်ဆဲ, သတ်ပုတ်ဆဲ ဖြစ်သည်၊ မရဏရန်သူသည် မထနိုင် ငါတို့ကို လည်ပင်းဖြတ်တော့မည်၊
ထိုနောက်တဖန် ဇာတိရန်သူ-လာချော့လျှင် ငါလိုက်ဦးမှာဘဲလား၊ ဒါဖြင့် အန္ဓပုထုဇဉ် တွေဟာ ငါလိုလူမိုက်အစစ် တွင်းထွက်တွေချည်း ပါတကားဟု ရှုရမယ်၊ ဇာတိ သဘောကို သိ၍ အချော့ မကြိုက်တဲ့ ရဟန္တာဖြစ်မှ လွတ်မည်၊ ကလျာဏပုထုဇဉ် ဖြစ်လျှင်လည်း လွတ်ကြောင်းလမ်းစ ရလေပြီလို့ မှတ်ရမယ်။
.
သောကစသော ငါးပါး
“သောက ပရိဒေဝ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘဝန္တိ”။
သောကာ၊ စိုးရိမ်ခြင်း။
ပရိဒေဝ၊ ငိုကြွေးခြင်း။
ဒုက္ခ၊ ကိုယ်နာခြင်း။
ဒေါမနဿ၊ စိတ်နခြင်း။
ဥပါယာသာ၊ ပြင်းစွာပင်ပန်းခြင်းတို့သည်။
သမ္ဘဝန္တိ၊ဖြစ်ကုန်၏။
ဝါ- ဇာတိကြောင့် ဖြစ်ကုန်၏။
ဒီလိုဟောတဲ့နေရာမှာ သောကဆိုတာ ဆွေမျိုး ပျက်စီးခြင်း စသည်တို့ကြောင့် စိုးရိမ်ပူဆွေးသော ဒေါမနဿဝေဒနာ ဖြစ်တယ်၊ အကုသိုလ် ဒေါသမူ၌ယှဉ်၍ ပျက်စီးခြင်းအရသာကို မထွေးနိုင်, မစွန့်နိုင် မြိန်ရှက်စွာ ခံစားခြင်း ဖြစ်တယ်၊ ဒါဟာ ရေနွေးအိုး-မီးထိုးပေးတာဘဲ။
ပရိဒေဝဆိုတာ ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့် ငိုကြွေးမြည်တမ်းသော စိတ္တဇဝိပလ္လာသသရုပ် ဖြစ်တယ်၊ ဝါ-ငိုကြွေးသံ ဖြစ်တယ်၊ ဒါက ရေနွေးအိုး ဆူပွက်တာဖြစ်တယ်။
ဒုက္ခဆိုတာ ကာယဝိညာဏ်၌ ရှိသော ဒုက္ခဝေဒနာဖြစ်တယ်၊ ဝါ-ထိခိုက်ခြင်း စသည်ကြောင့် ကိုယ်၏ နာကျင်ခြင်း ဖြစ်တယ်။
ဒေါမနဿဆိုတာ ဒေါသမူဒွေ၌ ရှိသော ဒေါမနဿဝေဒနာ ဖြစ်တယ်၊ ဝါ-တွေးမိတိုင်း စိတ်၏နာကျည်းခြင်း ဖြစ်တယ်။
ဥပါယာသ ဆိုတာ ဆွေမျိုးပျက်စီးခြင်းစသည်တို့ကြောင့် ပြင်းစွာပင်ပန်းသော ဒေါသ စေတသိက်ဖြစ်တယ်၊ ဝါ-သက်မကြီးရှူရှိုက်ကာ ပြင်းစွာပင်ပန်းသော ဒေါသဖြစ်တယ်၊ ဒါက ရေနွေးအိုး ခန်းအောင် မီးပြင်းတိုက်တာတဲ့။
ဒီ-သောကစသော ငါးပါးဟာ ဇာတိကြောင့်လဲ ဖြစ်တယ်၊ ဇရာမရဏ ကြောင့်လဲ ဖြစ်တယ်၊ တပါးသော ဒုက္ခကြောင့်လဲ ဖြစ်တယ်၊ ရူပဘုံ, အရူပဘုံ တို့မှာတော့ လုံးလုံးမဖြစ်ဘူး၊ ဇာတိ၏ မုချအကျိုးရင်း မဟုတ်၊ ဇာတိ၏အကျိုး ဖျားမျှဖြစ်တယ်၊ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါဟု မရေတွက်ရဘူးတဲ့။
သောကစသည်ဖြစ်တဲ့ အခါတိုင်း အဝိဇ္ဇာလဲ အတူဖြစ်တယ်၊ ပရိဒေဝ အသံမှာတော့ အဝိဇ္ဇာ အတူမဖြစ်သော်လဲ အဝိဇ္ဇာဖြင့် တွေဝေသူတို့မှာသာ ငိုကြွေးသောကြောင့် အဝိဇ္ဇာလက်ကိုင်ရှိသူအား ဟု သိရမတဲ့။
တနည်း - ကာမအာရုံစုံမက်၍ ကာမာသဝ ရှိသူတို့မှာ ကာမအာရုံ ပျက်စီးတဲ့အခါ သောကစသည် ဖြစ်တယ်၊ အသက်ရှည်၍ ဘဝါသဝရှိသော နတ်တို့မှာ အနိစ္စ, ဒုက္ခ စသော တရားသံကြားရတဲ့အခါ စုတိနိမိတ် ထင်သလို ခြင်္သေ့ သစ်ကျား အနီး ရောက်သလို ထိတ်လန့် တုန်လှုပ်ကြတယ်၊ ရုပ်သည် ငါ့ကိုယ်, ငါ့ဟာ, ငါဟု စွဲလမ်းသော ဒိဋ္ဌာသဝရှိသူတို့မှာ ရုပ်ဖောက်ပြန်တဲ့အခါ သောက စသည်ဖြစ်တယ်၊ တွေဝေခြင်းဖြင့် အဝိဇ္ဇာသဝ ရှိသူတို့မှာ မျက်မှောက်ထင်ထင် သောကစသည် အလွယ်တကူ ဖြစ်တယ်။
ဒီလို အာသဝ လေးပါးကြောင့် သောကစသော ငါးပါးဖြစ်တယ်၊ သောက စသော ငါးပါးဖြစ်လျှင် အာသဝပါဝင်ပြီး ဖြစ်တယ်၊ ထိုအာသဝကြောင့် အဝိဇ္ဇာဖြစ်တယ်၊ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ ဤသို့ စသည်ဖြင့် ဘဝစက် ဆက်၍လှည့်ခွေ၍ မပြတ်ဖြစ်ပြန်တယ်၊ ဒီလို ဆက်၍ လှည့်ခွေပုံကို ပြလို၍ သောကစသော ငါးပါးကို အဆုံး၌ ဟောသတဲ့။
အဝိဇ္ဇာ, တဏှာဟူသော မူလနှစ်ပါး အသစ်မဖြစ်ဘဲချုပ်မှ ဘဝစက်လဲ ချုပ်ပြတ်တယ်၊ ဇရာမရဏ နှိပ်စက်ခံရသူတို့မှာ မအိုချင်, မသေချင်သဖြင့် နုပျိုလို့ အသက်ရှည်လိုသော အာသဝဖြစ်တယ်၊ အာသဝ ဖြစ်ခြင်းကြောင့် အဝိဇ္ဇာဖြစ်တယ်၊ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်တယ်။
ဒီလို မပြတ်လည်၍ဖြစ်သော အစမထင် ဘုံသုံးပါး၌ ဖြစ်တဲ့ ဝဋ်သုံးပါးဘဝ စက်ကို ပဋိစ္စသမုပ္ပါဒ်ဟု ဟောတယ်၊ ဤဘဝစက်သည် အစမရှိ၊ ပြုပြင်ဖန်ဆင်းသူ မရှိ၊ ခံစားသူပုဂ္ဂိုလ်, သတ္တဝါမရှိ၊ နိစ္စ, သုခ, အတ္တ, သုဘ သဘောမှ ဆိတ်တယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ သဘောဖြစ်တယ်လို့ ဖန်ဖန်ရှုရသတဲ့။
နက်နဲလှသော ဤပဋိစ္စသမုပ္ပါဒ် သဘောကို လျော်စွာသိလိုသော အာသာဆန္ဒ ပြင်းထန်စွာ ရှုပါလျက် မသိနိုင်လျှင် စိတ်ပင်ပန်းခြင်း - ဒေါမနဿ သဘော ဖြစ်တတ်ဘယ်၊ ဒီလို ဒေါမနဿမျိုးတော့ ဖြစ်လျှင်ဖြစ်ပါစေ၊ မှီဝဲအပ်သော သေဝိတဗ္ဗဒေါမနဿဟုခေါ်တယ်၊ မဟာသီဝမထေရ်ကြီးဟာ နှစ်ပေါင်း ၃၀-လုံး တနှစ်တကြိမ် မျက်ရည်ပေါက်ကြီးငယ် ယိုစီးလျက် ထို သေဝိဘဗ္ဗဒေါမနဿဖြင့် ငိုတော်မူသတဲ့။
.
မဟာသီဝ မထေရ်ဝတ္ထု
ထိုမထေရ်ကြီးဟာ တဆဲ့ရှစ်ရပ်သော ဂိုဏ်းသံဃာတို့အား စာပေပို့ချကာ ဩဝါဒ ပေးလေ့ ရှိသတဲ့၊ တပည့်တွေထဲက သောတာပန်, သကဒါဂါမ်စသည် ဖြစ်တာ မရေတွက်နိုင်အောင် များတယ်၊ ရဟန္တာဖြစ်တာချည်း သုံးသောင်း ရှိသတဲ့၊
တနေ့၌ ရဟန္တာတပါးက ဆရာမထေရ်၏ ဂုဏ်ကို ဆင်ခြင်ကြည့်လိုက်တော့ ပုထုဇဉ်ဖြစ်နေတာ မြင်ရလို့ “မထေရ်မြတ်သည် သူတပါး၏ အားကိုးရာ ဖြစ်လျက် မိမိ၏ အားကိုးရာကား မဖြစ်ပါဘကား”ဟု ကြွလာပြီး စာတဝါ တက်ပါရစေလို့ တောင်းပန်သတဲ့၊ ငါ့ရှင် အချိန်အား မရှိတော့ဘူး၊
ဆွမ်းခံသွားစဉ် လမ်းခရီး၌ပင် အချို့ စာမေးကြတယ်၊ အချို့က သင်္ကန်းရုံစဉ် ယာဂုသောက်စဉ်, ရွာမှပြန်ထွက်စဉ်, ဆွမ်းစားစဉ်, ခြေဆေးစဉ်, ဒန်ပူဝါးစဉ်, မျက်နှာသစ်စဉ်၌ပင် စာမေးကြ စာတက်ကြတယ်၊ အချိန်အား မရှိတော့ဘူးလို့ ဆိုသတဲ့၊
ဒီလိုဖြစ်လျှင် အရှင်ဘုရားမှာ နံနက်စောစော သုံးလေးကြိမ် တင်ပျဉ်ခွေလျက် တရားနှလုံးသွင်းချိန်ပင် မရှိတော့ဘူးလားဘုရား၊
အေး … တရား နှလုံးသွင်းချိန်ပင် မရှိတော့ဘူး၊
အရှင်ဘုရားသည် သူတပါး၏ အားကိုးစရာ ဖြစ်ပါပေ၏၊ မိမိအားကိုးစရာကား မဖြစ်၊ သေဘို့ရာ အချိန်အားပင် မရှိ၊ သေမင်းကြီးရောက်လာလျှင် ငါ မအားသေးဘူး၊ စာပေပို့ချရဦးမယ်လို့သာ မိန့်တော်မူပါတော့ဘုရား လို့ဆိုပြီး ကောင်းကင်သို့ ပျံတက်၍ ကြွသွားသတဲ့။
ဒီတော့ မထေရ်မြတ်က ဒီရဟန်းဟာ တကယ်စာတတ်ချင်လို့ မဟုတ်ဘူး၊ ငါ့ကို ချွန်းဖြင့် လာချိတ်ဆွဲတာဘဲလို့ သတိရပြီး ငါသို့သောသူသည် နှစ်ရက် သုံးရက် လောက်ဖြင့် ရဟန္တာဖြစ်၍ ပြန်လာနိုင်မှာဘဲလို့ ဘယ်သူ့ကိုမျှ မပြောကြားဘဲ ဝါဆိုဆန်း ၁၃-ရက်နေ့တွင် တောထဲသို့ကြွသွားပြီး တရားအားထုတ်သတဲ့၊
ထိုနေ့တွင် မဂ်ဖိုလ်မရတော့ ဝါဆိုလပြည့်နေ့ ရစေမယ်လို့ အားထုတ်သတဲ့၊ မရပြန်တော့ ဝါတွင်းသုံးလဆိုတာ မကြာဘူး၊ သုံးရက်အနေလောက်ဟု နှလုံးထားပြီး သီတင်းကျွတ်လျှင် ဤပဋိစ္စသမုပ္ပါဒ် ခန္ဓာဘဝစက်ကို မဂ်ဉာဏ်ဖြင့် ဖောက်ခွဲနိုင် ရမယ်လို့ တော၌ ဝါကပ်ပြီး အားထုတ်ပြန်တယ်၊
သီတင်းသာ ကျွတ်သွားတယ်၊ ပဋိစ္စသမုပ္ပါဒ်ဘဝစက် မဖောက်ခွဲနိုင်တာနဲ့ ငါသည် နှစ်ရက် သုံးရက်ဖြင့် ကိစ္စပြီးစေရမယ်လို့ လာခဲ့တာ သုံးလဖြင့်ပင် ကိစ္စမပြီး၊ တပါးသော ရဟန်းများမှာတော့ ဝါကျွတ်လျှင် ကိစ္စပြီးကြပေတယ်လို့ စိက်ကူးစဉ် မျက်ရည်တွေ ယိုစီးထွက်ကျလာသတဲ့။
ထိုနောက် ပဋိစ္စသမုပ္ပါဒ်ဉာဏ်ဖြင့် ရဟန္တာမဖြစ်မချင်း ညောင်စောင်း၌ လှဲ၍ မအိပ်ပါတော့အံ့၊ ခြေတို့ကိုလဲ ရေမဆေးပါတော့အံ့ဟု ဆောက်တည်ပြီး အားထုတ်ပြန်တယ်၊ တာနဲ့လဲ သီတင်းကျွတ်ရော မဂ်ဖိုလ်မရလို့ ဝမ်းနည်းပြီး မျက်ရည်ကျပြန်တယ်၊ ဒီနည်းဖြင့် သီတင်းကျွတ်လပြည့်ပေါင်း ၂၉-ကြိမ် တိုင်အောင် မျက်ရည်ကျသတဲ့၊
အရပ်ထဲက ကလေးသူငယ်တွေဟာ မထေရ်၏ ခြေ-ရေမဆေးလို့ ကွဲတဲ့နေရာကို ဆူးတို့ဖြင့် ချုပ်တွယ်ထားတာကိုကြည့်ပြီး “မဟာသီဝမထေရ်၏ ခြေဘဝါးကြီးလို ဖြစ်ပါစေ” ဟု ကျိန်ဆိုကာ ပျက်ရယ် ပြုကြသတဲ့၊ အနှစ် သုံးဆယ်ပြည့်တဲ့ သီတင်းကျွတ်လပြည့် ရောက်တော့လဲ ငါ အားထုတ်တာ နှစ်ပေါင် ၃၀-ရှိပြီ၊ မဂ်, ဖိုလ် မရသေး၊ ဒီဘဝ၌ မဂ်ဖိုလိ မရထိုက်သူ ဖြစ်သေရော့သလား၊ ရဟန္တာအဖြစ်ဖြင့် ဝါမကျွတ်နိုင်ပါ တကားလို့ ဒေါမနဿဖြစ်၍ မျက်ရည်ကျပြီး ငိုပြန်သတဲ့၊
ထိုအခါကျတော့ မနီးမဝေး၌ ငိုသံတခုကြားရတာနဲ့ ဟဲ့ ဘယ်သူလဲ - ဒီမှာ ငိုနေတာလို့ မေးသတဲ့၊ တပည့်တော်မ နတ်သမီးပါဘုရား၊ ဘာ့ကြောင့် ငိုရသလဲ၊ တမဂ်, တဖိုလ် လောက် ရမလားလို့ အားခဲပြီး အရှင်ဘုရားကဲ့သို့ ငိုပါတယ်ဘုရားလို့ လျှောက်သတဲ့၊ ဒီတော့မှ ငါငိုတာ နတ်သမီးကပင် သိ၍ ပြောင်လှောင်နေပါပကော လို့ ဝိပဿနာတိုးပွားစေပြီး ပြန်အားထုတ်သတဲ့၊ ဒီတော့မှ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ရ၍ ခန္ဓာဖောက်ခွဲပြီး ရဟန္တာ ဖြစ်သွားသတဲ့။
ရဟန္တာဖြစ်၍ ကိစ္စတုံးသွားတော့မှ ငါ မအိပ်ရတာ ကြာပြီဟု အိပ်ရာများ ပြင်ပြီး ခြေဆေးဦးမယ်လို့ လှေကားရင်း သွားတိုင်သတဲ့၊ တပည့်ရဟန္တာပေါင်း သုံးသောင်းက ထိုအကြောင်းကို သိလို့ ခြေဆေးပေးမယ်ဟု ရောက်လာပြီး ဝိုင်းနေကြတော့ ငါ့ရှင်တို့ ... ငါခြေကို ရေမဆေးတာ နှစ်သုံးဆယ် ရှိပြီ၊ သင်တို့ မဆေးကြနှင့်၊ ငါကိုယ်တိုင်ဘဲ ဆေးမယ်လို့ ဆိုသတဲ့၊
ထိုအခါ သိကြားမင်းကြီး သုဇာနတ်မိဖုရားကို ခေါ်လာပြီး ရှေ့ကထား၍ အရှင်ဘုရားတို့ ... ဟောဒီ တကာမကြီးက မထေရ်ကြီး ဖူးမျှော်ချင်လို့ အဝေးကြီးက ရောက်လာပါတယ်၊ လမ်းကလေးတဆိတ်လောက် မစတော်မူကြပါလို့ ဆိုပြီး အနားရောက်သွားသတဲ့၊
ဒီတော့ မထေရ်က နတ်မင်း ... လူတို့၏ ကိုယ်နံ့ဟာ နတ်တို့နှာခေါင်းမှာ အလွန် ဆိုးတယ် မဟုတ်လားလို့ ဆိုသတဲ့၊ မဆိုးပါဘူးဘုရား၊ အရှင်မြတ်၏ သီလအနံ့ဟာ နတ်ပြည်လွန်ပြီး ဘဝဂ်တိုင်အောင် မွှေးလို့ ရောက်လာရပါတယ် လို့ဆိုပြီး ခြေဖမျက် ကို ဆုပ်ကိုင်လျက် ခြေဘဝါးအပြင်ကို သိကြားမင်းကြီး ဆုပ်နယ်ပေးလိုက်တော့ ကလေးသူငယ်၏ ခြေဘဝါးကဲ့သို့ နူးညံ့လှပစွာ ဖြစ်သွားသတဲ့၊
သိကြားမင်းကြီးလဲ ခြေဆေးပေးပြီးမှ ပြန်သွားတယ်၊ အဲဒါ မဂ် ဉာဏ်, ဖိုလ်ဉာဏ်ဖြင့် ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာ မဖောက်ခွဲနိုင်လို့ ဖြစ်တဲ့ ဒေါမနဿကို အကြောင်းခံပြီး ရဟန္တာ ဖြစ်သွားတာတဲ့၊ ဒီလိုဒေါမနဿမျိုးကို မှီဝဲအပ်သော သေဝိတဗ္ဗဒေါမနဿ လို့ ဟောတော်မူတယ်။
.
ဝေမာနိက ပြိတ္တာမကြီးဝတ္ထု
ဒီလိုနက်နဲတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောကို မကြာမကြာ နာကြားရသဖြင့် လျော်စွာ သိခဲ့လျှင် ပြိတ္တာလို ဆင်းရဲဒုက္ခရောက်သူ ဖြစ်စေ၊ ထိုဒုက္ခမျိုးမှ မျက်မှောက် ထင်ရှားစွာ လွတ်မြောက်နိုင်သတဲ့။
တနေ့၌ မြတ်စွာဘုရားသည် ညနေစောင်းတွင် လူတို့ကို တရားဟောပြီးလို့ ရဟန်းတို့ကို နိဗ္ဗာန်နှင့် စပ်သောတရား ဟောကြားကာ နေသတဲ့၊ ထိုအခါ ဝေမာနိက ပြိတ္တာမကြီးတယောက်ဟာ သမီးကလေးနို့စို့ ဥတ္တရာကို ရင်ခွင်ပိုက်လျက်, သားကလေးနို့ညှာ ပုနဗ္ဗသုကို လက်ဆွဲလျက် အစာရှာဖွေကာ ဇေတဝန် ကျောင်းတော်အနီးသို့ ရောက်လာသတဲ့၊
သူတို့ရှာတဲ့ အစာဆိုတာ လူတို့စွန့်ပစ်တဲ့ အညစ်အကြေး, ချွဲခန်း, သလိပ်, နှပ်, တံတွေးဖြစ်သတဲ့၊ ပြိတ္တာ ဆိုပေမဲ့ အပါယ်ဘုံက ပြိတ္တာတော့ မဟုတ်ဘူး၊ စာတုမဟာရာဇ်ဘုံ အဝင်အပါ ပဋိသန္ဓေတိဟိတ် ဖြစ်သော်လဲ ပဝတ္တိအကျိုး ညံ့လွန်းလို့ ပြိတ္တာလို့ အခေါ်ခံနေရတာ၊ ပြိတ္တာတွေလိုဘဲ နှပ်, တံတွေး ကောက်စား နေရတယ်၊
ဘုရားရှေ့မှာ ရဟန်းတွေ တရားနာနေကြတာတွေ့တော့ စတုမဓူပျားသကာတို့ကို ဝေခြမ်းနေကြသလား မသိဟု ငတ်ငတ်နဲ့ ပြိတ္တာတွေး-တွေးပြီး အဖိတ်အစင်ကလေး များ စားရမလားလို့ ရဟန်းပရိသတ် အနီးသို့ ချဉ်းကပ်သွားသတဲ့၊ အနီး ရောက်တော့မှ တရားဟောသံ ကြားရလို့ မတုန်မလှုပ် ရိုသေစွာ နားစိုက်ပြီး ရပ်နေသတဲ့၊
ကလေးနှစ်ယောက်ကတော့ တရားနာရမှန်း မသိလို့ အမေ ... ဒီနေရာမှာ ဘာဖြစ်လို့ ရပ်နေသလဲ၊ စားစရာလဲ မရှာဘူး၊ ဆာလှပါပြီ အမေရယ်လို့ ဆိုကြသတဲ့၊ ကလေးတွေက ဒီလိုပူဆာလိုက်တော့ တရားအန္တရာယ် ဖြစ်တော့မှာဘဲလို့ ဂါထာတခုဖြင့် ချော့ပြောသတဲ့။
တုဏှီ ဥတ္တရိကေ ဟောဟိ၊
တုဏှီ ဟောတိ ပုနဗ္ဗသု။
ယာဝါဟံ ဗုဒ္ဓသေဋ္ဌဿ၊
ဓမ္မံ သောဿာမိ သတ္ထုနော။
ဥတ္တရိကေ၊ ချစ်သမီးဥတ္တရာ။
တုဏှီဟောဟိ၊ ဆိတ်ဆိတ်နေပါလော့။
ပုနဗ္ဗသု၊ ချစ်သားပုနဗ္ဗသု။
တုဏှီဟောဟိ၊ ဆိတ်ဆိတ်နေပါလော့။
ယာဝ၊ အကြင်မျှလောက်။
အဟံ၊ ငါသည်။
ဗုဒ္ဓသေဋ္ဌဿ သတ္ထုနော၊ နတ်လူတို့၏ ဆရာ ဘုရားမြတ်စွာ၏။
ဓမ္မံ၊ တရားကို။
သောဿာမိ၊ နာကြားလို၏။
တာဝ၊ ထိုမျှလောက်။
တုဏှီဟောထ၊ ဆိတ်ဆိတ် နေကြစမ်းပါလော့။
ချစ်သား, ချစ်သမီးတို့ ... ငါတို့ဆရာ ဘုရားမြတ်စွာသည် ဒုက္ခကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းတရားကို ဟောပြနေတယ်၊ ငါ့သား, ငါ့သမီးတို့ကို ငါ သိပ်ပြီး ချစ်ပါတယ်၊ သို့ပေမဲ့ ဆင်းရဲကင်းစေတဲ့ တရားတော် ဖြစ်လေတော့ လွန်စွာ တောင့်တရပေတယ်၊ ဒီလိုတရားမျိုး ငါတို့ မနာကြားရ မသိရလို့ ငတ်ငတ်မွတ်မွတ်နဲ့ ပြိတ္တာဒုက္ခအမျိုးမျိုး တွေ့ကြရတယ်၊ တိတ်တိတ်ကလေး နေကြစမ်းပါကွယ်လို့ ချော့ပြောသတဲ့၊ ဒီတော့ သားကလေးနို့ညှာ ပုနဗ္ဗသုက ပါရမီလှုံ့ဆော်လို့ သဘော ကျပြီး ဂါထာတခုဖြင့် ပြန်ပြောသတဲ့။
အမ္မာ န ဗျာဟရိဿာမိ၊
တုဏှီဘူတာ ယ မုတ္တရာ။
ဓမ္မမေဝ နိသာမေဟိ၊
နညာ ဒုက္ခံ စရာမသေ။
တာတအမ္မာ၊ အို-မိခင်။
န ဗျာဟရိဿာမိ၊ ကျွန်တော် ဆိတ်ဆိတ်နေပါတော့အံ့။
အယံဥတ္တရာပိ၊ ဤညီမကလေး ဥတ္တရာသည်လည်း။
တုဏှီဘူတာ၊ ဆိတ်ဆိတ်နေပါပြီ။
ဓမ္မမေဝ၊ တရားတော်ကိုသာလျှင်။
နိသာမေဟိ၊ နားစိုက်၍သာ နာကြားပါလော့။
နညာ၊ သူတော်ကောင်းတရား မသိခြင်းကြောင့်။
ဒုက္ခံ၊ ငတ်မွတ်ရှည်ကြာ ဆင်းရဲစွာလှ ပြိတ္တာဒုက္ခသို့။
စရာမသေ၊ ရောက်ခြင်းကြီး ရောက်ရကုန်၏ တကား။
ဒီလိုမိခင်စကားကို နားထောင်ပြီး ပုနဗ္ဗသုလဲ တရားနားစိုက်ကာ နေသတဲ့၊ ထိုအခါ မြတ်စွာဘုရားက ထိုပြိတ္တာသားအမိတို့၏ တရား စူးစိုက်သည်ကို သိတော်မူတာနဲ့ သစ္စာလေးပါး ဟောပြလိုက်သတဲ့၊ ဒီတော့ သားအမိ နှစ်ယောက်လုံးဟာ ဘာဝနာမယဉာဏ်ဖြင့် သံသရာဘဝစက်ကြီး ဖောက်ခဲ့ပြီး သောတာပန်အဖြစ်သို့ ရောက်သွားကြသတဲ့၊
[နှပ်, တံတွေး ရှာစားရတဲ့ ပြိတ္တာ ငတ်ဘဝ ရောက်နေသူပင် ဘုရားရှင်ဉာဏ်တော် မှီး၍ ဖောက်ခွဲနိုင်, ဖျက်ဆီးနိုင်လျှင် လူ့ဘဝရသူတို့မှာ ဆိုစရာမရှိ၊ အားတက်စရာ ကောင်းလေစွ၊]
နို့စို့သမီးကလေးမှာတော့ ငယ်လွန်းလို့ မဂ်, ဖိုလ်မရသော်လဲ ဥပနိဿယအကြောင်း ကောင်းကောင်းကြီး ရသွားသတဲ့၊ ပြိတ္တာသားအမိ နှစ်ယောက်မှာ ပဋိစ္စသမုပ္ပါဒ် ဉာဏ်ဖြင့် ဘဝစက်ကို ဖောက်ခွဲနိုင်သည်နှင့် တပြိုင်နက် အမြင်ဆိုးဝါးလှသော ကြောက်ဘွယ်, ရွံဘွယ် ပြိတ္တာရုပ်အဆင်းတွေ ပျောက်ကင်းပြီး နတ်သမီး နတ်သား ကိုယ်ဖြင့် နတ်စည်းစိမ်ရကြသတဲ့၊ သမီးကလေးမှာ ပဋိစ္စသမုပ္ပါဒ် မသိသော်လဲ မိခင်၏ အာနုဘော်ကြောင့် နတ်၏စည်းစိမ်ကို ရတာဘဲတဲ့။
ဒီတော့ ပြိတ္တာမကြီးက ဝမ်းသာလွန်းလို့ ချစ်သားပုနဗ္ဗသု ... ငါတို့ဆရာ ဘုရား မြတ်စွာသည် သံသရာ၌ မျက်စိလယ် လမ်းမှားသူတို့ကို လမ်းမှန်ရောက် အောင်ပြပြီး တရားဟောတော်မူတယ်၊ ငါ့သားလဲ ပညာရှိသူ ဖြစ်လို့ မြတ်စွာဘုရားဟောတဲ့ တရားကို ကောင်းစွာထိုးသွင်း၍ သိလာပြီ၊ မွေးရတာ မွေးရကျိုးနပ်လေစွလို့ဆိုပြီး ဂါထာတခုကို ဆိုပြန်သတဲ့။
ပုနဗ္ဗသု သုခီ ဟောဟိ၊
အဇ္ဇာဟမှိ သမုဂ္ဂတာ။
ဒိဋ္ဌာနိ အရိယသစ္စာနိ၊
ဥတ္တရာပိ သုဏာတု မေ။
အဇ္ဇ၊ ယခုအခါ၌။
အဟံ၊ ငါမွေးမယ်သည်။
သမုဂ္ဂတာမှိ၊ ပြိတ္တာဒုက္ခမှ ကွင်းကျွတ်လွတ်ပြီ။
ဝါ၊ သာသနာတွင် သက်ဝင်နိုင်ကြောင်း ဦးခေါင်းထောင်နိုင်ပြီ။
ပုနဗ္ဗသု၊ ချစ်သားပုနဗ္ဗသု။
တွံပိ၊ သင်သည်လည်း။
သုခီဟောတိ၊ ငါနှင့် မခြား သူဌေးသားပမာ ချမ်းသာလေလော့။
အရိယသစ္စာနိ၊ သစ္စာလေးပါးတို့ကို။
ဒိဋ္ဌာနိ၊ မြင်အပ် သိအပ်ကုန်ပြီ။
မေ၊ ငါ၏သမီးဖြစ်သော။
ဥတ္တရာပိ၊ ဥတ္တရာသည်လည်း။
သုဏာတု၊ ငါတို့ဘဝစက် ဖျက်နိုင်ခြင်း, ချမ်းသာသုခ ရခြင်းကို နားထောင်စမ်း ပါလော့။
ထိုအခါမှစ၍ သားသမီးသုံးယောက်ဟာ ချမ်းသာသော ကိုယ်စိတ်ဖြင့် ဒီတသက် တွင်မက မခွဲနိုင်လောက်အောင် ပဋိစ္စသမုပ္ပါဒ်ထီကြီး ပေါက်သောကြောင့် မျက်နှာ ကြီးပြီး ဂန္ဓကုဋိအနီးတွင် သစ်ပင်၌ နေရာသစ်- ဘုံဗိမာန်ကို ရကြသတဲ့၊ ညဉ့်နံနက်လဲ မပြတ် ဘုရားဖူးခြင်း, တရားနာခြင်းဖြင့် သာသနာတွင် ဦးခေါင်း ထောင်လျက် ကြာမြင့်စွာ နေကြရသတဲ့၊ အဲဒါ ပဋိစ္စသမုပ္ပါဒ် သဘောကို လျော်စွာသိလို့ မျက်မှောက် အကျိုးများပုံလို့ မှတ်ရမယ်။
ထို့ကြောင့် ပြင်းထန်သော အာသာဆန္ဒဖြင့် မျက်ရည်ကျအောင် ဒေါမနဿဖြစ်ချင် ဖြစ်ပါစေ၊ သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယ ဉာဏ်တို့ဖြင့် လျော်စွာ ဖောက်နိုင်, ခွဲနိုင်အောင် အားထုတ်ကြသဖြင့် ပဋိစ္စသမုပ္ပါဒ် ထီပေါက်သူတို့ ဖြစ်နိုင်ကြပါစေကုန်သတည်း။
.
ဝိနိစ္ဆယခြောက်ပါး စက်မြစ်ဖြတ် တရားစာ
ဒီ-ပဋိစ္စသမုပ္ပါဒ်၌ ဝိနိစ္ဆယခြောက်ခုကို သိရမတဲ့၊
၁။ သစ္စပ္ပဘာဝ - အကြောင်း သစ္စာရှိခြင်း,
၂။ ကိစ္စ - အလုပ်ကိစ္စ,
၃။ ဝါရဏ - ထားခြင်း,
၄။ ဥပမာ - တူခြင်း,
၅။ ဂမ္ဘီရ ဘေဒ - နက်နဲခြင်းလေးပါး,
၆။ နယဘေဒ - နည်းလေးပါး၊
ဒီ-ခြောက်ခုကို သိရမတဲ့။
.
၁။ သစ္စပ္ပဘာဝဖြင့် ရှုပုံ
သစ္စပ္ပဘာဝဆိုတာ သာမန်အားဖြင့် လောကီကုသိုလ်, အကုသိုလ်ဖြစ်တဲ့ ကိလေသ ဝဋ်, ကမ္မဝဋ်သည် သမုဒယသစ္စာ မည်တယ်လို့ မှတ်ရမယ်၊ ကြွင်းသော ဝိပါကဝဋ် သည်၊ ဝါ-လောကီစိတ်, စေတသိက်, ရုပ်သည် ဒုက္ခသစ္စာ မည်တယ်လို့ မှတ်ရမယ်၊
ဒီတော့ အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်လေးခု သည် သမုဒယသစ္စာ မည်တယ်၊ ဘဝသည် သမုဒယနှင့် ဒုက္ခဖြစ်၍ သစ္စာဒွယ မည်တယ်၊ ကမ္မဘဝက-သမုဒယ, ဥပပတ္တိဘဝက-ဒုက္ခတဲ့၊ ဝိညာဏ်စသော ကြွင်း ၇-ပါးသည် ဒုက္ခသစ္စာ မည်တယ်၊ ဒီလိုသိပြီး ရှုပုံရှုနည်းကတော့ -
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်းသည် သမုဒယကြောင့် သမုဒယဖြစ်ခြင်း ဖြစ်၏၊
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်းသည် သမုဒယကြောင့် ဒုက္ခဖြစ်ခြင်း ဖြစ်၏၊
ဝိညာဏ်ကြောင့် နာမ်ရုပ်သည် ဒုက္ခကြောင့် ဒုက္ခဖြစ်၏၊
နာမ် ရုပ်ကြောင့် သဠာယတနသည် ဒုက္ခကြောင့် ဒုက္ခ၊
သဠာယတနကြောင့် ဖဿသည် ဒုက္ခကြောင့် ဒုက္ခ၊
ဖဿကြောင့် ဝေဒနာသည် ဒုက္ခကြောင့် ဒုက္ခ၊
ဝေဒနာကြောင့် တဏှာသည် ဒုက္ခကြောင့် သမုဒယ၊
တဏှာကြောင့် ဥပါဒါန်သည် သမုဒယကြောင့် သမုဒယ၊
ဥပါဒါန်ကြောင့် ဘဝသည် သမုဒယကြောင့် သမုဒယနှင့် ဒုက္ခဟူသော သစ္စာဒွယ ဖြစ်၏။
ဘဝကြောင့် ဇာတိသည် သမုဒယကြောင့် ဒုက္ခ ဖြစ်၏၊
ကမ္မဘဝကြောင့်သာ ဇာတိ ဖြစ်သည်၊
ဥပပတ္တိ ဘဝကား ဇာတိ၌ ဝင်သောကြောင့်တည်း၊
ဇာတိကြောင့် ဇရာမရဏသည် ဒုက္ခကြောင့် ဒုက္ခ ဖြစ်၏၊
ဤသို့ ဤဘဝစက်ကို ဖန်ဖန်ရှုရမတဲ့။
.
၂။ ကိစ္စဖြင့် ရှုပုံ
ကိစ္စဖြင့်ရှုပုံကတော့ -
အဝိဇ္ဇာသည် တွေဝေအောင်လဲ ပြုတယ်၊ သင်္ခါရကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
သင်္ခါရသည် တေဘူမက သင်္ခတတရားတို့ကိုလဲ ပြုပြင်တယ်၊ ဝိညာဏ်ကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
ဝိညာဏ်သည် အာရုံကိုလဲ သိတယ်၊ နာမ်ရုပ်ကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
နာမ်ရုပ်သည် အချင်းချင်းလဲ ထောက်ပံ့တယ်၊ သဠာယတနကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
သဠာယတနသည် မိမိ၏ စားကျက် အာရုံခြောက်ပါး၌လဲ ဖြစ်တယ်၊ ဖဿကိုလဲ ဖြစ်စေတယ်- နှစ်ကိစ္စ၊
ဖဿသည် အာရုံကိုလဲ တွေ့ထိတယ်၊ ဝေဒနာကိုလဲ ဖြစ်စေတယ်- နှစ်ကိစ္စ၊
ဝေဒနာသည် အာရုံအရသာကိုလဲ ခံစားတယ်၊ တဏှာကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
တဏှာသည် အရုံကိုလဲ နှစ်သက်တယ်၊ ဥပါဒါန်ကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
ဥပါဒါန်သည် အာရုံကိုလဲ စွဲလမ်းတယ်၊ ဘဝကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
ဘဝသည် ဂတိငါးပါး၌လဲ ပစ်ချတယ်၊ ဇာတိကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
ဇာတိသည် ခန္ဓာကိုလဲ ဖြစ်အောင် ပြုတယ်၊ ဧရာမရဏကိုလဲ ဖြစ်စေတယ်-နှစ်ကိစ္စ၊
ဇရာမရဏသည် ခန္ဓာတို့၏ ရင့်ခြင်း, ပျက်ခြင်းကိုလဲ စွဲ၍ တည်တယ်၊ ဘဝသစ် ကို၎င်း, သောက ပရိဒေဝ စသည်တို့ကို၎င်း ဖြစ်စေတယ်-နှစ်ကိစ္စ၊
ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန်ရှုရမတဲ့။
.
၃။ ဝါရဏ-တားခြင်းဖြင့် ရှုပုံ
ဝါရဏ-တားခြင်းဖြင့် ရှုပုံကတော့ -
အဝိဇ္ဇာပစ္စယာ သင်္ခါရာဟု ဟောခြင်းသည် ပြုပြင်ဖန်ဆင်းသူ ရှိ၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊
သင်္ခါရ ပစ္စယာ ဝိညာဏံဟု ဟောခြင်းသည် အတ္တသည် တဘဝသို့ ပြောင်းရွှေ့၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊
ဝိညာဏပစ္စယာ နာမရူပံသည် အတ္တဟူသည် တလုံးတည်း တခဲနက်ဟု ယူသော မိစ္ဆာအယူကိုတားတယ်၊ (နာမ်တခြား, ရုပ်တခြားဟု အကွဲအစိတ်ကို ပြခြင်းဖြင့် တားသတဲ့။)
နာမရူပ ပစ္စယာ သဠာယတနံသည် မြင်, ကြား, နမ်း, စား, ထိ, သိသူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊
သဠာယတနပစ္စယာ ဖဿောသည် တွေ့ထိတတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊
ဖဿပစ္စယာ ဝေဒနာသည် ခံစားတတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊
ဝေဒနာပစ္စယာ တဏှာသည် နှစ်သက်တတ်သူ အတ္တရှိ၏ဟုယူသော မိစ္ဆာအယူကို တားတယ်၊
တဏှာပစ္စယာ ဥပါဒါနံသည် စွဲလမ်းတတ်သူ အတ္တရှိ၏ဟုယူသော မိစ္ဆာအယူကို တားတယ်၊
ဥပါဒါနပစ္စယာ ဘဝေါသည် အသစ်ဖြစ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊
ဘဝပစ္စယာဇာတိသည် ပဋိသန္ဓေနေတတ်သူ အတ္တရှိ၏ဟုယူသော မိစ္ဆာအယူကို တားတယ်၊
ဇာတိပစ္စယာ ဇရာမရဏံ စသည်သည် အိုသူ, သေသူ အတ္တရှိ၏၊ စိုးရိမ်သူအတ္တ, ငိုကြွေးသူအတ္တ, ကိုယ်ဆင်းရဲသူအတ္တ, စိတ်ဆင်းရဲသူအတ္တ, ပြင်းစွာပင်ပန်းသူ အတ္တ ရှိ၏ဟု ယူသော မိစ္ဆာအယူကို တားတယ်၊ ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန် ရှုရမတဲ့။
တနည်း --
တွေဝေခြင်း အဝိဇ္ဈာသာ ရှိသည်၊ တွေဝေသူ ပုဂ္ဂိုလ်, သတ္တဝါမရှိ၊
ပြုပြင်ခြင်း သင်္ခါရသာ ရှိသည်၊ ပြုပြင်သူ မရှိ၊
ဝိညာဏ် ဖြစ်ခြင်းသာ ရှိသည်၊ တဘဝမှ ပြောင်းရွှေ့လာသူ မရှိ၊
နာမ်နှင့် ရုပ်တွဲခြင်းသာ ရှိသည်၊ တခဲနက်မရှိ၊
စက္ခု, သောတစသော မြင်, ကြား, နမ်း,စား, ထိ, သိခြင်းသာ ရှိသည်၊ မြင်သူ ကြားသူ, နမ်းသူ စားသူ ထိသိသူ မရှိ၊
တွေ့ထိခြင်း ဖဿသာ ရှိသည်၊ တွေ့ထိသူ မရှိ၊
ခံစားခြင်း ဝေဒနာသာ ရှိသည်၊ ခံစားသူ မရှိ၊
နှစ်သက်ခြင်း တဏှာသာ ရှိသည်၊ နှစ်သက်သူ မရှိ၊
စွဲလမ်းခြင်း ဥပါဒါန်သာ ရှိသည်၊ စွဲလမ်းသူ မရှိ၊
ဂတိငါးပါး၌ ပစ်ချ၍ ဖြစ်ခြင်း ဘဝသာ ရှိသည်၊ ဖြစ်သူ မရှိ၊
ပဋိသန္ဓေဖြစ်ခြင်းသာ ရှိသည်၊ ပဋိသန္ဓေနေသူ မရှိ၊
အိုခြင်း, သေခြင်း ဇရာမရဏသာ ရှိသည်၊ အိုသူ, သေသူမရှိ၊ စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ကိုယ်နာခြင်း, စိတ်နာခြင်း, ပြင်းစွာ ပင်ပန်းခြင်းသာ ရှိသည်၊ စိုးရိမ်သူ, ငိုကြွေးသူ ကိုယ်နာသူ, စိတ်နာသူ ပြင်းစွာ ပင်ပန်းသူ မရှိ၊
ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန်ရှုရမတဲ့။
.
၄။ ဥပမာဖြင့် ရှုပုံ
ဥပမာဖြင့် ရှုပုံကတော့ --
ကန်း၊ ချော်၊ လဲကျ (၃)။
ဖူးကြွ၊ ပြည်၊ ထိ (၃)။
နာ၏၊ ကု၊ လွှဲ (၃)။
လိမ်း၊ တိုး၊ ကွဲ (၃)။
ဆက်တွဲပမာ-သူငါ တူလှ၏။
[အပိုဒ်ငယ်တိုင်း ရပ်၍ဖတ်။]
.
၁။ ကန်း-ဟူသည်ကား -- အဝိဇ္ဇာသည် သူကန်းနှင့် တူ၏။ [ထိုထို ဓမ္မတို့ကို ဆက်ဆံသော လက္ခဏာ, မဆက်ဆံသော လက္ခဏာတို့ဖြင့် မသိခြင်းကြောင့်တဲ့၊]
၂။ ချော်-ဟူသည်ကား -- သင်္ခါရသည် သူကန်း, ချွတ်ချော်သည်နှင့် တူ၏။ [ရံခါ ကုသိုလ်, ရံခါအကုသိုလ်ဖြင့် ချွတ်ချော်သတဲ့။]
၃။ လဲကျ- ဟူသည်ကား -- ဝိညာဏ်သည် သူကန်း, ချွတ်ချော်၍, လဲကျသည်နှင့် တူ၏။ [ပဋိသန္ဓေထဲသို့ လိမ့်ကျလာသောကြောင့်တဲ့။]
၄။ ဖူးကြွ-ဟူသည်ကား -- နာမ်ရုပ်သည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်သည်နှင့် တူ၏။ [နာမ်နှင့်ရုပ် ပွထလာသောကြောင့်တဲ့။]
၅။ ပြည်-ဟူသည်ကား -- သဠာယတနသည် သူကန်း, ချွတ်ချော်၍လဲကျ၍ ဖူးရောင်၍, အနာအဖု ပြည်ဥသည်နှင့် တူ၏။ [အနာခြောက်ခု ဖြစ်သတဲ့။]
၆။ ထိ-ဟူသည်ကား -- ဖဿသည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်၍ အနာအဖု ပြည်ဥ၍, ထိခိုက်သည်နှင့် တူ၏။
၇။ နာ၏-ဟူသည်ကား -- ဝေဒနာသည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်၍, အနာအဖု ပြည်ဥ၍, ထိခိုက်၍, အနာနာသည်နှင့် တူ၏။
၈။ ကု-ဟူသည်ကား -- တဏှာသည် သူကန်း, ချွတ်ချော်၍ လဲကျ၍ ဖူးရောင်၍, အနာ ပြည်ဥ၍, ထိခိုက်၍, အနာနာ၍ ဆေးကုလိုသည်နှင့် တူ၏။
၉။ လွဲ-ဟူသည်ကား -- ဥပါဒါန်သည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်၍, အနာအဖု ပြည်ဥ၍, ထိခိုက်၍, အနာ နာ၍, ဆေးကုလို၍ မသင့်သော ဆေးအလွဲ ယူသည်နှင့် တူ၏။
၁၀။ လမ်း-ဟူသည်ကား -- ဘဝသည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်၍, အနာအဖု ပြည်ဥ၍, ထိခိုက်၍, အနာနာ၍ ဆေးကုလို၍ ဆေးအလွဲယူ၍, ဆေးလိမ်း မှားသည်နှင့် တူ၏။
၁၁။ တိုး-ဟူသည်ကား -- ဇာတိသည် သူကန်း, ချွတ်ချော်၍, လဲကျ၍ ဖူးရောင်၍ အနာအဖု ပြည်ဥ၍, ထိခိုက်၍ အနာနာ၍ ဆေးကု၍, ဆေးအလွဲယူ၍ ဆေးလိမ်းမှား၍ အနာတိုးသည်နှင့် တူ၏။
၁၂။ ကွဲ-ဟူသည်ကား -- ဇရာမရဏသည် သူကန်း, ချွတ်ချော်၍ လဲကျ၍ ဖူးရောင်၍, အနာအဖု ပြည်ဥ၍, ထိခိုက်၍ အနာနာ၍ ဆေးကုလို၍ အယူလွဲ၍, ဆေးလိမ်းမှား၍, အနာတိုး၍, ပြည်မှည့်ပြီး ပေါက်ကွဲသည်နှင့် တူ၏။
ဤသို့လည်း တသန္တာန်တည်း ဆက်သွားသော ဥပမာဖြင့် ဤဘဝစက်ကို ဖန်ဖန် ရှုရမတဲ့။
တနည်းကား --
တိမ်၊ ပိုး၊ ထိန်းအုပ် (၃)။
မျက်လှည့်ရုပ်၊ ချုံထူ (၂)၊
မီးပွတ်၊ ပူ၊ ငန် (၃)။
ဖန်ဖန်၊ ချိတ်ကောက် (၂)။
မျိုးပေါက်၊ ပင်လဲ (၂)။
သီးခြားတွဲ ကွဲကွဲပမာ သူငါတူလှ၏။
၁။ တိမ် ဟူသည်ကား -- အဝိဇ္ဇာသည် မျက်စိ တိမ်လွှားသည်နှင့် တူ၏။
၂။ ပိုး-ဟူသည်ကား -- သင်္ခါရသည် မိမိကိုယ်ကို အိမ်ဖွဲ့သော ပိုးကောင်နှင့် တူ၏။
၃။ ထိန်းအုပ်-ဟူသည်ကား -- ဝိညာဏ်သည် အမတ်ကြီးတို့၏ ထိန်းအုပ်ခြင်းခံ၍ မင်းစည်းစိမ်ရသော မင်းသားငယ်နှင့် တူ၏။ [သင်္ခါရ အမတ်ကြီးတို့ ပြုပြင်ပေးမှ ဂတိငါးပါး၌ တည်ခြင်းကြောင့်တဲ့။]
၄။ မျက်လှည့်ရုပ် -- ဟူသည်ကား နာမ်ရုပ်သည် မျက်လှည့်ရုပ် မျိုးစုံနှင့် တူ၏။
[၃၁-ဘုံ သတ္တဝါတို့၌ အချို့ လက်မရှိ၊ အချို့ ခြေမရှိ၊ အချို့ ခြေများစွာ ရှိ၏၊ အချို့ တောင်ပံရှိ၏ - စသည်ဖြင့် အရုပ်မျိုးစုံ ဖြစ်သောကြောင့်တဲ့။]
၅။ ချုံထူ-ဟူသည်ကား -- သဠာယတနသည် မြေကောင်းရာ၌ ပေါက်သော ချုံသစ်ပင်နှင့် တူ၏၊ [လောဘ, ဒေါသ စသည်ဖြင့် စည်ပင်စွာ စက္ခု, သောတ စသည်တို့ ဖြစ်သောကြောင့်တဲ့။]
၆။ မီးပွတ်-ဟူသည်ကား -- ဖဿသည် ပွတ်၍ရသော မီးနှင့် တူ၏။ အာရုံနှင့် ပသာဒ ထိခိုက်မှ ဖြစ်သောကြောင့်တဲ့။]
၇။ ပူ-ဟူသည်ကား -- ဝေဒနာသည် ပွတ်၍ရသောမီး ပူလောင်သည်နှင့်နှင့် တူ၏။
၈။ ငန်-ဟူသည်ကား -- တဏှာသည် ဆားငန်ရေသောက်၍ ရေငတ်သည်နှင့် တူ၏။
၉။ ဖန်ဖန်-ဟူသည်ကား -- ဥပါဒါန်သည် ရေငတ်၍ ဖန်ဖန် ရေတောင့်တသည်နှင့် တူ၏။ [ဘဝတို့၌ လွန်စွာ ကပ်ငြိသောကြောင့်တဲ့။]
၁ဝ။ ချိတ်ကောက် -- ဟူသည်ကား ဘဝသည် ငါးမျှားချိတ် ကောက်ကောက် မျိုသည်နှင့် တူ၏။ . [ပဋိသန္ဓေ ဖြစ်စေတတ်သော ကံကို ပြုမိသောကြောင့်တဲ့။]
၁၁။ မျိုးပေါက် -- ဟူသည်ကား- ဇာတိသည် မျိုးစေ့ အပင်ပေါက်သည်နှင့် တူ၏။
၁၂။ ပင်လဲ -- ဟူသည်ကား- ဇရာမရဏသည် ပေါက်သောသစ်ပင် ပြိုလဲသည်နှင့် တူ၏။
ဤသို့လည်း သန္တာန်သီးခြား မဆက်သော ဥပမာဖြင့် ဤဘဝစက်ကို ဖန်ဖန် ရှုရမတဲ့။
.
၅။ ဂမ္ဘီရဘေဒဖြင့် ရှုပုံ
ဂမ္ဘီရဘေဒဖြင့် ရှုပုံကတော့ --
အတ္ထ, ဓမ္မ, ဒေသနာ, ပဋိဝေဓ၊ လေးဖြာဂမ္ဘီရ၊
၁။ အတ္ထ-ဟူသည်ကား -- အဝိဇ္ဇာကြောင့်၎င်း, အပိဇ္ဇာနှင့် အတူဖြစ်သော တရား တို့ကြောင့်၎င်း သင်္ခါရ ဖြစ်တယ်၊ တပါးသော အကြောင်းကြောင့် သင်္ခါရ မဖြစ်၊ ဤသို့ စသည်ဖြင့် အကြောင်းတရားတို့ ဖြစ်ခြင်းကြောင့် အကျိုးတရားတို့ အဆင့်ဆင့် ဖြစ်လာခြင်း, အကြောင်းတရားတို့ မဖြစ်လျှင် အကျိုးတရားတို့ မဖြစ်နိုင်ခြင်းဟူသော အနက်နှစ်ပါးသည် ဟုတ်မှန်၏၊ သိနိုင်ခဲ၏ သားမြီးဖျားချင်း ထိအောင် ထိုးနိုင်သည် ထက် အသိခက်၍ နက်နဲလှ၏၊ ထို့ကြောင့် ဤဘဝစက်သည် အကျိုးအတ္ထဂမ္ဘီရ အားဖြင့် သမုဒ်ရေလယ် ယုန်သူငယ်တမျှ နက်နဲလှ၏ဟု ဖန်ဖန်ရှုရမတဲ့။
၂။ ဓမ္မ-ဟူသည်ကား -- အဝိဇ္ဇာ စသည်သည် အကြင် အခြင်းအရာဖြင့် ကျေးဇူးပြု၏၊ အကြင်အခိုက်အတန့် တည်ခိုက်၌ ကျေးဇူးပြု၏၊ ထိုကျေးဇူးပြုသော အကြောင်း တရားတို့၏ အခြင်းအရာနှင့် ထိုအခိုက်အတန့်သည် သိနိုင်ခဲ၏၊ သားမြီးဖျား ထိုးနိုင်သည်ထက် အသိခက်၏၊ ထို့ကြောင့် ဤဘဝစက်သည် အကြောင်း ဓမ္မဂမ္ဘီရ အားဖြင့် နက်နဲလှ၏ဟု ဖန်ဖန်ရှုရမတဲ့။
၃။ ဒေသနာ-ဟူသည်ကား -- ဤဘဝစက်ကို မဂ်, ဖိုလ်ရထိုက်သူ ဝေနေယျတို့အား ကောင်းစွာသိအောင် ထိုထိုအနုလုံဖြင့်၎င်း, ပဋိလုံဖြင့်၎င်း ဟောကြားခြင်းသည် လွယ်ကူသည် မဟုတ်၊ သာဝကဉာဏ် ထွဋ်ထိပ်သို့ ရောက်သော ရှင်သာရိပုတြာ တို့ပင် မဟောကြားနိုင်၊ သဗ္ဗညုတ ဉာဏ်တော်ရသော ဘုရားရှင်တို့သာ ဟောကြားနိုင်သည်၊ ထို့ကြောင့် ဤဘဝစက်သည် ဟောကြားခြင်း ဒေသနာ ဂမ္ဘီရ အားဖြင့် နက်နဲလှ၏ဟု ဖန်ဖန်ရှုရမတဲ့။
၄။ ပဋိဝေဓ-ဟူသည်ကား -- အဝိဇ္ဇာ, သင်္ခါရ စသည်တို့၏ သဘောသည် သိအပ်သော ပဋိဝေဓ မည်၏၊ ထိုသဘောကို သိသော ဉာဏ်သည် သိတတ်သော ပဋိဝေဓ မည်၏၊ ဤသို့ သိအပ်, သိတတ်- နှစ်ရပ်သော ပဋိဝေဓသည် သိနိုင်ခဲသော သဘော ရှိ၏၊ ထို့ကြောင့် ဤဘဝစက်သည် သိအပ်သော ပဋိဝေဓဂမ္ဘီရ သိတတ်သော ပဋိဝေဓဂမ္ဘီရအားဖြင့် နက်နဲလှ၏ဟု ဖန်ဖန်ရှုရ မတဲ့။
.
၆။ နယဘေဒဖြင့် ရှုပုံ
နယဘေဒဖြင့် ရှုပုံကတော့ -- ဧကတ္တနည်း, နာနာတ္တနည်း, အ-ဗျာပါရနည်း, ဧဝံ ဓမ္မတာနည်း ဟု နည်းလေးပါးဖြင့် ရှုရတယ်။
၁။ ဧကတ္တနည်းကား -- မျိုးစေ့မှ အညွှန့်စသည်ဖြစ်၍ သစ်ပင်ကြီး ဖြစ်လာသကဲ့သို့ အဝိဇ္ဇာစသည်မှ သင်္ခါရစသည်တို့ တဆက်တည်းစပ်၍ ဖြစ်ခြင်းသည် ဧကတ္တနည်း မည်၏၊ ဤနည်းသိလျှင် ဥစ္ဆေဒဒိဋ္ဌိ ကင်း၏။ [တသန္တာန်တည်း ကျိုးကြောင်းစပ်သည် ဟု အမှန်ကို မြင်ရသောကြောင့်တဲ့။] အသိလွဲလျှင် သဿတ ဒိဋ္ဌိစွဲ၏။ သန္တာန် မပြတ်ဘဲ တခုတည်းဟု အလွဲယူသောကြောင့်တဲ့။
၂။ နာနာတ္တနည်းကား -- အဝိဇ္ဇာ သဘော တခြား၊ သင်္ခါရသဘော တခြား၊ ဤသို့ စသည်ဖြင့် တခြားစီဖြစ်ခြင်းသည် နာနာတ္တနည်း မည်၏၊ ဤနည်းသိလျှင် သဿတ-ဒိဋ္ဌိကင်း၏။ [အသစ်အသစ် တခြားစီဖြစ်သည်ဟု အမှန်မြင်သောကြောင့်တဲ့။] အသိလွဲလျှင် ဥစ္ဆေဒဒိဋ္ဌိစွဲ၏။ [မွေးသူ တခြား, သေသူတခြားဟု လွဲနိုင်သောကြောင့် တဲ့။]
၃။ အ-ဗျာပါရနည်းကား -- သင်္ခါရကို ငါဖြစ်စေမည်ဟု အဝိဇ္ဇာအား ကြောင့်ကြ ဗျာပါရ မရှိ၊ ဝိညာဏ်စသည်ကို ငါဖြစ်စေမည်ဟု သင်္ခါရစသည် တို့အား ကြောင့်ကြ ဗျာပါရ မရှိ၊ ဤသို့ ပရမတ္ထသဘောတရားတို့အား ကြောင့်ကြဗျာပါရ မရှိခြင်းသည် အ-ဗျာပါရနည်း မည်၏၊ ဤနည်းသိလျှင် အတ္တဒိဋ္ဌိကင်း၏။ [ပြုသူအတ္တ မရှိ၊ ပြုပြင်သောသတ္တဝါ မရှိ၊ နိဿတ္ထ-သတ္တဝါလဲ မဟုတ်၊ နိဇ္ဇီဝ-အသက်လဲမဟုတ်၊ ဓမ္မသဘောမျှသာ ရှိသည်ဟု အမှန်မြင်သောကြောင့်တဲ့။] အသိလွဲလျှင် အကြိယဒိဋ္ဌိ စွဲ၏။ [အကြောင်းမရှိဟု အကြောင်းကို မယူသောကြောင့်တဲ့။]
[ကြောင့်ကြဗျာပါရ မရှိသော်လဲ သဘာဝနိယာမအားဖြင့် ဖြစ်သော အကြောင်း ဖြစ်ခြင်းကား ရှိ၏၊ မီးလျှံဟူသမျှ အထက်သို့ တက်ခြင်း, လေဟူသမျှ ဘေးတိုက် ဖီလာတိုက်ခြင်းသည် သဘာဝနိယာမအားဖြင့် ဖြစ်သောအကြောင်း ဖြစ်ခြင်းသည် ရှိသတဲ့၊ ဤသို့အကြောင်းဖြစ်ခြင်း ရှိသည်ဟု အမှန်ကိုယူနိုင်သောကြောင့်တဲ့။]
၄။ ဧဝံဓမ္မတာနည်းကား -- နို့ရည်မှ နို့ဓမ်းစသည် ဖြစ်သကဲ့သို့ ဓမ္မတာအားဖြင့် အဝိဇ္ဇာစသည်မှ သင်္ခါရစသည်ဖြစ်ခြင်းသည် ဧဝံဓမ္မတာနည်းမည်၏၊ ဤနည်းသိလျှင် အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိကင်း၏။ [ကြောင်းကျိုးလျော်စွာ ဖြစ်ခြင်းကို သိသောကြောင့်တဲ့၊ နို့မှ နို့ဓမ်းဖြစ်သည်၊ ရေမှ မဖြစ်၊ နှမ်းမှ ဆီဖြစ်သည်၊ သဲမှမဖြစ်၊ အကြောင်းဟူသမျှကြောင့် အကျိုးဟူသမျှ အရမ်းမဖြစ်၊ လျော်စွာ ဖြစ်သည်ဟု သိသောကြောင့် အကြောင်းကံကိုလဲ မပယ်၊ အကျိုး ဝိပါက်ကိုလဲ မပယ်ဟု ဆိုလိုသည်။]
အသိလွဲလျှင် အဟေတုကဒိဋ္ဌိ၊ နိယတိဝါဒစွဲ၏။
[အကြောင်းကြောင့် အကျိုး ဖြစ်ခဲ့လျှင် အကြောင်းတခြား အကျိုးတခြား ဖြစ်သတဲ့။]
[ဒါကြောင့် သဲဟူသော အကြောင်းတခြားမှ ဆီဟူသော အကျိုးတခြားသော်လည်း ဖြစ်သင့်ရာ၏။ ကြံမှ နို့သော်လည်း ဖြစ်သင့်ရာ၏၊ ထိုသို့ မဖြစ်ခြင်းကြောင့် ထိုထိုအကျိုး၏ ထိုထိုအကြောင်းဟူသည် မရှိစကောင်းဟု အကြောင်း ပယ်၍ အဟေတုကဒိဋ္ဌိစွဲသတဲ့၊ နိယတိစွဲပုံကတော့ - ထိုထိုအကြောင်း မရှိသော်လဲ သဘာဝနိယာမအားဖြင့် နို့မှ နို့ဓမ်းဖြစ်သကဲ့သို့ မိဘ၏ သွေးသားကြောင့် သဘာဝ နိယာမအားဖြင့် သတ္တဝါဖြစ်သတဲ့၊ သဘာဝနိယာမအားဖြင့် နတ် လူ စသော ဂတိငါးပါး၌ ဖြစ်သတဲ့၊ သဘာဝနိယာမအားဖြင့် တနေ့ကျလျှင် သံသရာဝဋ် ဆင်းရဲကင်းပြတ်၍ သတ္တဝါတိုင်း နိဗ္ဗာန်ရနိုင်သတဲ့၊ ဒါဟာ နိယတိ ဝါဒစွဲတာတဲ့။]
.
နိယာမ ငါးပါး
ဒီနေရာမှာ နိယာမငါးပါး နားလည်သင့်တယ်၊
စိတ္တ, ဥတု, ဗီဇ,ကမ္မ, ဓမ္မဟု နိယာမတရား ငါးပါးရှိတယ်။
၁။ စိတ္တ-ဟူသည်ကား - စိတ်တို့၏ အစဉ်အတိုင်း ဖြစ်ခြင်းသည် စိတ္တနိယာမ မည်၏၊ သင်သည် အာဝဇ္ဇန်းစိတ်ဖြစ်၍ ဘဝင်စိတ် နောင်ဖြစ်ပါလော့၊ သင်ကား မြင်တတ်သောစိတ် ဖြစ်၍ အာဝဇ္ဇန်းစိတ် နောင်ဖြစ်ပါလော့၊ ဤသို့ စသည်ဖြင့် စိတ်စဉ်ပုံကို စီမံပေးသူမရှိဘဲ အာရုံ, ပသာဒ ထိခိုက်သောအခါ အာဝဇ္ဇန်းစသည်တို့ အစဉ်ကျအောင် ဖြစ်ခြင်းသည် စိတ္တနိယာမ မည်သတဲ့။
၂။ ဥတု-ဟူသည်ကား - ဥတုအားလျော်စွာ သစ်ပင်တို့ တချိန်တည်း သီးခြင်း, ပွင့်ခြင်းသည် ဥတုနိယာမ မည်သတဲ့။
၃။ ဗီဇ-ဟူသည်ကား - သရက်သီးချင်းတူအောင်, အုန်းသီးတိုင်း ထိပ်၌ အပေါက် ရှိအောင် ဖြစ်ခြင်း စသည်သည် ဗီဇနိယာမ မည်သတဲ့၊ ဒီ-မျိုးစေ့မှ ဒီလိုသာ ဖြစ်ရခြင်းမြဲသတဲ့။
၄။ ကမ္မ-ဟူသည်ကား -- တိဟိတ်ကုသိုလ်ကံသည် တိဟိတ်, ဒွိဟိတ်, အဟိတ် အကျိုးကို ဖြစ်စေတယ်၊ ဒွိဟိတ်ကံသည် ဒွိဟိတ်, အဟိတ်အကျိုးကို ဖြစ်စေတယ်၊ ဖွတ်တွင်းပိတ်ဖူးသောကံကြောင့် လိုဏ်ခေါင်း အပိတ်ခံရတယ်၊ ဤသို့ စသည်ဖြင့် ကံတူအကျိုးပေးခြင်း, ကံအားလျော်စွာ အကျိုးပေးခြင်းသည် ကမ္မနိယာမ မည်သတဲ့။
၅။ ဓမ္မ-ဟူသည်ကား -- ဘုရားလောင်း ပဋိသန္ဓေယူသောအခါ မြေလှုပ်ခြင်း ဘုရားပွင့်သောအခါ ပရိနိဗ္ဗာန်စံသောအခါ မြေလှုပ်ခြင်းစသည်သည် ဓမ္မနိယာမ မည်သတဲ့၊ လောကတံထွာ ဓမ္မတာအတိုင်း ဖြစ်တာတဲ့၊
ဒီလို နိယာမ ငါးပါးဖြင့် ထုံးစံအတိုင်းဖြစ်ပေမဲ့ ထိုထိုဖြစ်သင့်သော အကြောင်းကင်းပြီး ထုံးစံအတိုင်း ဖြစ်တယ်လို့ မယူရဘူး၊ ဟေတုပစ္စည်း, အာရမ္မဏပစ္စည်းစသည်ဖြင့် အကြောင်း ၂၄-ပစ္စည်း ပဋ္ဌာန်းနည်းကို ဟောတော်မူတယ်။
.
တိုက်တွန်းချက်
ယခုအခါ တိုက်တွန်းနှိုးဆော်ခြင်း ဥယျောဇဉ်ကို ပြပေတော့အံ့။
သတ္တဝါအပေါင်းသည် မူလနှစ်ပါးခိုင်မြဲသော စက်ဝိုင်းနှစ်ခုဖြင့် သံသရာ အထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။
ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာသိသောဉာဏ်ကား ထိုမူလနှစ်ပါး မဖြစ်နိုင်ကြောင်းဉာဏ် ဖြစ်၏။ မူနှစ်ပါး မဖြစ်လျှင် သံသရာဘဝစက် ပျက်၏။
ဤဘဝစက်ကို မဖျက်နိုင်, မခွဲနိုင်လျှင် မိုဃ်းကြိုးစက်ကြီး လောင်မီးပမာ သံသရာမှ ခုန်ကာကျော်ထွက် လွတ်မြောက်ချက်ကား အိပ်မက်၌ပင် မရှိလေစွတကား။
ဤဘဝစက်ကို သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်တို့ဖြင့် လျော်စွာ မသိခြင်းကြောင့် မြိတ်ဆာချည်ထွေး စာသိုက်ထွေးနှင့် မြက်ထွေး အတူ သူငါမကြွင်း လေးဘုံဆင်းကာ သံသရာ၌ ရှည်ကြာဒုက္ခ တွေ့ရလေစွတကားး
ဤပဋိစ္စသမုပ္ပါဒ် သဘောသည် သမုဒ္ဒရာ၌ ယုန်ငယ်ပမာ ထောက်ရာ တည်ရာမရ နက်နဲလေစွတကား။
သို့စဉ်နက်မှောင် နက်ရောင်ပြင်းထန် နက်နဲမှန်လည်း စိန်ဉာဏ်ဆောင်ထား ခုနစ်နှစ် သမီး ခုနစ်နှစ်သားတို့ပင် ဘုရားရှင်ဉာဏ်တော်မှီး၍ ခွဲနိုင်, ဖောက်နိုင် ဖျက်ဆီးနိုင်ကြ ကုန်၏၊ထို့အတူ ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ရပါလို၏၊ ထို့အတူ ခွဲနိုင်, ဖောက်နိုင်, ဖျက်ဆီးနိုင်ကြပါစေကုန်သတည်း။
ထို့ကြောင့် မိမိအကျိုး, သူတပါးအကျိုး တိုးပွားစေလိုသော အမျိုးကောင်းသား သည် ကိစ္စတပါး ပယ်ရှား၍ နက်နဲလှသော ဤဘဝစက်ကို ထောက်ရာ တည်ရာရအောင် မနေမနား အားထုတ်ရာ၏၊ ဝါ - အားထုတ်နိုင်ကြပါစေကုန် သတည်းဟု အဋ္ဌကထာ ဆရာမြတ်တို့ တိုက်တွန်းနှိုးဆော်တော်မူကြသတဲ့။
တိုက်တွန်း နှိုးဆော်သည့်အတိုင်း မနေမနား အားထုတ်ပုံ အားကျစရာ ကောင်းတာ ကတော့- တောကျောင်းတခုမှာ သောက်ရေအိုး ရေအပြည့် ဖြစ်လျက် ရေမတွေ့သော မုဆိုးကြီး သင်္ကန်းဝတ်ပြီးနောက် လူထွက်ချင်သောအခါ ငရဲမီး မြင်တာနဲ့ လူမထွက် တော့ဘဲ မဆုတ်မနစ် ဝတ်ကြီးဝတ်ငယ်ပြု၍ ပဋိစ္စသမုပ္ပါဒ် ဖောက်ခွဲနိုင်အောင် တရားအထူး အားထုတ်သတဲ့၊ အိပ်ငိုက်လာလျှင် မြက်ကရွတ် ရေဆွတ်၍ ဦးခေါင်း၌ထားလျက်, ခြေတို့ကို ရေ၌စိမ်လျက် အားထုတ်သတဲ့။
တနေ့၌ သာမဏေငယ်များ စာအံကြရာတွင် “လုံ့လရှိသူ, သတိရှိသူ မမေ့မလျော့ သူအား ကုသိုလ်ကောင်းကျိုး မပြတ်တိုး၏” လို့ ကြားရသတဲ့၊
ဒီတော့ အထူးအားထုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်သည့်အတိုင်း ဝမ်းမြောက်လွန်းလို့ လုံ့လရှိသူ ဆိုတာ ငါသို့သောသူကို ဆိုတာဘဲ၊ သတိရှိသူဆိုတာ ငါ့ကိုဆိုတာ၊ မမေ့မလျော့သူ ဆိုတာ ငါဘဲဟု မိမိကိုယ်တွင်း ဆောင်သွင်းပြီး ဝမ်းမြောက်ဝမ်းသာ ဝိပဿနာ တိုးပွားစေခြင်းဖြင့် ပဋိစ္စသမုပ္ပါဒ်ကို ဖောက်ခွဲ၍ အနာဂါမ်ပုဂ္ဂိုလ် အဖြစ်သို့ ရောက်သွားသတဲ့။
တောကျောင်းတခုမှာလဲ ရဟန်းသုံးကျိပ် ပဋိစ္စသမုပ္ပါဒ် ဖောက်ခွဲခြင်းငှာ အားထုတ်၍ နေကြသတဲ့၊ ညဉ့်အချိန်တွင် ကျားတကောင်လာ၍ ရဟန်း တပါးကို ချီသွားသတဲ့၊ ရဟန်းတို့ လိုက်သောအခါ ကမ်းပါးပြတ် တဘက်သို့ ယူပြေးလို့ ရဟန်းများ မလိုက်နိုင်ကြတာနဲ့ လှမ်းပြီး သတိပေးကြသတဲ့၊ ဘဝစက်ဖျက်နိုင်သော ပုဂ္ဂိုလ်၏ ဂုဏ်ထူးသည် ဤအခါမျိုး၌ ထင်ရှားတယ်လို သတိပေးကြသတဲ့၊
ထိုရဟန်းသည် ကျားခံတွင်း၌ “ဤကျားဝါးသော ဒုက္ခဝေဒနာသည် ဖဿကြောင့် ဖြစ်သည်၊ အကြောင်းအားလျော်စွာ ဥပါဒ်, ဋ္ဌီ၊ ဘင်ဖြင့် ဖြစ်လာသော ဒုက္ခဝေဒနာ၊ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်တယ်၊ နာတတ်သော ငါသူတပါး မရှိ၊ နာခြင်း ဒုက္ခဝေဒနာ သာ ရှိတယ်” စသည်ဖြင့် ဝိပဿနာ ဘာဝနာမယဉာဏ်ဖြင့် ကိုယ်တွင်းကိုယ်ပ တလောကလုံးကို တဏှာမကပ်နိုင်အောင် ရှုသတဲ့၊
ဖမျက် ကျားဝါးစဉ် သောတာပန် တည်သတဲ့၊ ဒူးဝါးတော့ သကဒါဂါမ်, ချက်ဝါးတော့ အနာဂါမ်တည်ပြီး နှလုံးမဝါးမီ ရဟန္တာ ဖြစ်သွားသတဲ့၊ ရဟန္တာဖြစ်ပြီးတော့လဲ “ငါသည် ကျားဝါးခံရသော်လည်း ကိလေသာ ကုန်စင်အောင် သံသရာဘဝစက်ကို ဖျက်နိုင် သေးသည်” ဟု မိန့်ဆိုပြီးမှ နိဗ္ဗာန်ဝင်သွားသတဲ့၊ ကျားပါးစပ်ထဲသို့ ကိလေသဝဋ်, ကမ္မဝဋ်တို့ကို ထိုးသွင်းပေးလိုက် သကဲ့သို့ အားထုတ်တော် မူနိုင်ကြကုန်စွတကား။
အမ္ဗခါဒကတိဿမထေရ်ကတော့ -- ဒုဗ္ဘိက္ခဘေးကြီးကြုံတဲ့အခါ ခရီးသွားရင်း အာဟာရပြတ်လို့ သရက်ပင်အောက်မှာ လဲနေသတဲ့၊ သရက်သီးမှည့်တွေ ကြွေကျလို့ စားချင်သော်လည်း --
“ဥစ္စာနဲ့ အင်္ဂါအန္တရာယ်ရောက်လျှင် ဥစ္စာ အပျက်ခံ၊ အင်္ဂါအထိမခံနှင့် ဟူ၍၎င်း,
အင်္ဂါနှင့် အသက်အန္တရာယ်ရောက်လျှင် အင်္ဂါအပျက်ခံ၊ အသက်အထိမခံနှင့် ဟူ၍၎င်း,
အသက်နှင့် သီလအန္တရာယ်ရောက်လျှင် အသက်အသေခံ၊ သီလအပျက်မခံနှင့် ဟူ၍၎င်း”
သုံးမျိုးသော ဩဝါဒဖြင့် မိမိကိုယ်ကို ဆုံးမကာ နေသတဲ့၊ ဥပါသကာကြီး တယောက်လဲ ထိုနေရာ ရောက်လာ၍ အာဟာရ ပြတ်နေမှန်းသိလို့ သရက်သီး အဖျော်ရည်ပြု၍ ဆက်ကပ်ပြီး ခရီးအတူသွားရန် လျှောက်တော့ ငါ ခရီး မသွားနိုင်ဘူး၊ အားမရှိဘူးလို့ ဆိုတာနဲ့ အရှင်မြတ်အား ကျောင်းအရောက် တပည့်တော် ပိုးပါရစေ၊ တပည့်တော်ကို ချီးမြှောက်သောအားဖြင့် ကျောက်ကုန်း ထက်သို့ တက်တော်မူပါဟု တောင်းပန်ပြီး ကျောပိုး၍ ကျောင်းအရောက် လိုက်ပို့သတဲ့၊ မထေရ်မြတ်က ကျောပေါ်ကနေပြီး ဤကဲ့သို့ ဆင်ခြင်သတဲ့။
နပိတာ နာပိ တေ မာတာ၊
န ဉာတိ နာပိ ဗန္ဓဝါ။
ကရောတေ တာဒိသံ ကိစ္စံ၊
သီလဝန္တဿ ကာရဏာ။
အယံ၊ ဤဥပါသကာသည်။
တေ၊ သင်၏။
နပိတာ၊ အဘ မဟုတ်။
နာပိ- မာတာ၊ အမိလဲ မဟုတ်။
နဉာတိ၊ ဆွေမျိုးလဲ မဟုတ်။
နာပိဗန္ဓဝါ၊ ချစ်ကျွမ်းဝင်သူလဲ မဟုတ်။
သီလဝန္တဿ၊ သီလရှိသူ၏။
ကာရဏာ၊ အကြောင်းသီလကြောင့်။
တာဒိသံကိစ္စံ၊ ထိုသို့ အဖျော်ကပ်၍ ကျောပိုးခြင်းကိစ္စကို။
ကရောတေ၊ ပြုလုပ်ပေ၏။
ဒီလို ဆင်ခြင်ပြီး ဝိပဿနာဉာဏ် အဆင့်ဆင့်ဖြင့် သံသရာဘဝစက် ခန္ဓာ ငါးပါးကို ဖောက်ခွဲသတဲ့၊ ကျောက်ကုန်းထက်၌ပင် ဘဝစက်သံသရာ ဖျက်ဆီးပြီး ရဟန္တာ အဖြစ်သို့ ရောက်တော်မူသတဲ့၊
သာသနာငါးထောင်ပတ်လုံး ပြောစမှတ်ရအောင် ကိစ္စတပါးပယ်ရှား၍ နက်နဲလှသော ဘဝစက်ကို ထောက်ရာ တည်ရာ ရစေလျက် ဒီလိုနေရာမျိုး၌ပင် မနေမနား အားထုတ်တော်မူကုန်စွတကား။
ကဿကလိုဏ်၌နေသော မိတ္တမထေရ်သည် သမီးအား မိခင်ကပြောသော စကားဖြင့် ပဋိစ္စသမုပ္ပါဒ်ဉာဏ် ရတော်မူသတဲ့၊ မိခင်က ထင်းခွေသွားမယ်လို့ ပြင်ဆင်ပြီးတော့ “ချစ်သမီး ... .ဒီနေရာ ဒီနေရာမှာ ဆန်ရင်းသား ရှိတယ်၊ နို့, ထောပတ်, တင်လဲ ရှိတယ်၊ ဆွမ်းဟင်းချက်၍ အရှင်မိတ္တ ကြွလာလျှင် ဆွမ်းကပ် လိုက်၊ သမီးလဲ စား၊ ငါကတော့ မနေ့ကကျန်တဲ့ ထမင်းချမ်းခဲကို ပအုံးရည်ဖြင့် စားပြီးပြီ၊ နေ့လယ်ကျတော့ ပြန်လာတဲ့အခါ အမေစားဘို့ ဟင်းရွက်နှင့် ဆန်ကွဲ ကလေးကို ကျိုထားလိုက်သမီး” လို့ ဆိုသတဲ့၊
ထိုစကားကို ဆွမ်းခံကြွလာသော မထေရ်မြတ် ကြားသွားတော့ ဒီ-ဒါယိကာမကြီးဟာ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို တောင့်တပြီး ငါ့ကို အားထားတယ်၊ သံသရာဝဋ်မြစ်မူလ နှစ်ပါးချုပ်မှ ဤဆွမ်းကို ငါ အလှူခံမယ်လို့ ကျောင်းပြန်ပြီး မဆုတ်မနစ် ဝိပဿနာပွားများ အားထုတ်သတဲ့၊ နံနက်ခင်းတွင်ပင် ဝဋ်မြစ်မူလနှစ်ပါး ချုပ်ပြီး ရဟန္တာ ဖြစ်သွားသတဲ့၊ ထိုအခါ သစ်ပင်စောင့်နတ်က-
နမော တေ ပုရိသာဇည၊
နမော တေ ပုရိသုတ္တမ။
ယဿ တေ အာသဝါခီဏာ၊
ဒက္ခိဏေယျာသိ မာရိသ။
ပုရိသာဇည၊ ကြောင်းကျိုးသိတတ် အာဇာနည်အရှင်မြတ်။
တေ၊ အရှင် မြတ်အား။
နမော၊ ရှိခိုးပါ၏ဘုရား။
ပုရိသုတ္တမ၊ မူလ-ပယ်သတ် ဝဋ်မြစ်ဖြတ်သော အရှင်မြတ်။
တေ၊ အရှင်မြတ်အား။
နမော၊ ရှိခိုးပါ၏ဘုရား။
မာရိသ- (မာရံ+ဣသ၊) မာရ်ငါးပါးသတ်ပြီးသော အရှင်မြတ်။
ယဿ တေ၊ အကြင် အရှင်မြတ်အား။
အာသဝါ၊ အဝိဇ္ဇာကို မွေးဖွား အာသဝေါလေးပါးတို့သည်။
ခီဏာ၊ ကုန်ခန်းကုန်ပြီ။
သော-တွံ၊ ထိုအရှင်မြတ်သည်။
ဒက္ခိဏေယျော၊ မြတ်သော အလှူခံထိုက်သူသည်။
အသိ၊ ဖြစ်တော်မူပါပြီဘုရား။
ဤသို့ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးပြီးလျှင် အရှင်မြတ်ကဲ့သို့ ပဋိစ္စသမုပ္ပါဋိဉာဏ် ကမ်းတဘက်သို့ ကူးတတ်နိုင်သော ပုဂ္ဂိုလ်အား ဆွမ်းလှူတဲ့ အမယ်အိုသည် ဒုက္ခ အမျိုးမျိုးမှ ကင်းလွတ်တော့မည် မလွဲပါဘုရားလို့ လျှောက်သတဲ့၊
“မနေ့ကကျန်တဲ့ ထမင်းချမ်းခဲ” ဟူသော စကားဖြင့် မိမိ အကျိုး, သူတပါးအကျိုး တိုးပွားစေလိုသော အမျိုးကောင်းသား ပီသစွာ ဘဝစက်၌ ထောက်တည်ရာ ရသွားခြင်းသည် သူသူငါငါ အားကျစရာကောင်းလေစွ။
မဟာဂါမ၌ ကာကဝဏ္ဏမင်းကြီး နန်းစံသောအခါ တောရွာတခု၌ ထင်းခုတ်သမား တဦးသည် တတ်အားသမျှ သံဃာတို့အား ဆွမ်းဟင်းချက်၍ နေ့တိုင်း လောင်းသတဲ့၊ ကိုရင်ကလေးတွေက ဒီ-ဟင်း မကောင်းဘူးဆိုပြီး သွန်ပစ်ကြသတဲ့၊ ဒီတော့ ထင်းခုတ်သမားက အရှင်မြတ်တို့ နှစ်သက်အောင် လှူမယ်လို့ သမီးကလေးကို ငွေ ၁၂-ကျပ်ဖြင့် သူဌေးတဦးထံ ပေါင်နှံပြီး နွားမတကောင် ဝယ်သတဲ့၊ နို့ညှစ်ပြီး နို့ဆွမ်းလှူတော့မှ ကိုရင်ကလေးတွေက သဘောကျသတဲ့၊
နောက်မကြာခင် မယားကို ဒီလို ဆိုသတဲ့၊ ဒီအတိုင်း နေ့စဉ် နို့ဆွမ်း နိစ္စဘတ် လှူပါ၊ သမီးကလေး ပြန်ရွေးဘို့ အရပ်တပါး အလုပ်အကိုင် သွားဦးမယ်လို့ မှာထားပြီး ခြောက်လကြာအောင် အလုပ်အကိုင် သွားလုပ်သတဲ့၊ ငွေ ၁၂-ကျပ်တိတိ စုမိတော့မှ သမီးကလေး ရွေးလောက်ပြီလို့ ချက်ချင်း ပြန်လာသတဲ့၊ လမ်းမှာ မထေရ်တပါးနှင့် တွေ့ဘော့ ဝတ်ကြီး ဝတ်ငယ်ပြုလျက် အတူပြန်လာသတဲ့၊ ဆွမ်းချိန် ရောက်လာတော့ လူတယောက် - ထမင်းတထုပ် ယူလာတာတွေ့လို့ ငွေတကျပ် ပေးမယ်လို့ သွားဝယ်သတဲ့။
ထမင်းရှင်က အကြောင်းထူးသည်ဟု ရိပ်မိ၍ တကျပ်ဖြင့် မရောင်းနိုင်ဘူးလို့ ဈေးကိုင်သတဲ့၊ နှစ်ကျပ် ပေးပါ့မယ်၊ သုံးကျပ်ပေးပါ့မယ် ... စသည်ဖြင့် ၁၂-ကျပ်လုံး ပေးပါမယ်၊ မထေရ်မြတ်ကို ဆွမ်းကပ်ချင်လို့ပါဟု တောင်းတောင်းပန်ပန်ဖြင့် ဆိုသတဲ့၊
ဒီတော့မှ ၁၂-ကျပ်ဖြင့် ဝယ်ယူပြီး ဆွမ်းကပ်၍ ခရီးအတူဆက်ပြီး သွားတော့ စကားတတပြောနဲ့ ထိုတကာ သမီးကလေးရှေးဘို့ငွေ ၁၂-ကျပ်ဖြင့် ဆွမ်းဝယ် ကပ်ကြောင်းကို မထေရ်ကြီး သိသွားသတဲ့၊ တယ်ရက်ရောတဲ့ တကာပါတကားဟု ကျောင်းရောက်သွားတော့ မဆုတ်မနစ် မနေမနား သံဝေဂ ဉာဏ်ပွားတိုင်း ဝိပဿနာ ဉာဏ်ဖြင့် ဘဝစက်ပျက်အောင် ဝဋ်မြစ်ကိုဖြတ်သတဲ့၊ ရဟန္တာဖြစ်သွားပြီးနောက် သံဃာများကို လမ်း၌ တွေ့ကြုံပုံအကြောင်း အားလုံး ပြောပြပြီး ပရိနိဗ္ဗာန် စံသတဲ့၊
ပရိနိဗ္ဗာန် စံချိန်နီးတော့လဲ ငါ့အလောင်းကို ထိုထင်းခုတ်သမား လက်ဖြင့်ထိမှ လှုပ်နိုင်စေ, မီးသင်္ဂြိုဟ်နိုင်စေဟု ဓိဋ္ဌာန်တော်မူသတဲ့၊ နိဗ္ဗာန်စံပြီးတော့ မထေရ်၏ အလောင်းကို ကာကဝဏ္ဏမင်းကြီး လာပြီး မီးသင်္ဂြိုဟ်မည်ဟု ပင့်ချီစေရာ မတတ်နိုင်လို့ ထိုထင်းခုတ်သမားကို လိုက်ရှာ၍ ရောက်လာတော့မှ မင်းကြီး၏ ချီးမြှောက်ခြင်းခံရ၍ မီးသဂြိုဟ်ရသတဲ့၊ မိမိအကျိုး, သူတပါးအကျိုးကို တိုးပွားစေ နိုင်ခြင်းသည် အားကျဘွယ် ကောင်းလေစွ၊
မဟေဠုမြို့သား မဟာနာဂ, စူဠနာဂ-ညီနောင် မထေရ်နှစ်ပါးဟာ စိတ္တလတောင်၌ နှစ်ပေါင်းသုံးဆယ်နေပြီးမှ မိခင်ရွာသို့ ပြန်လာပြီးနောက် တနေ့ကျတော့ ဆွမ်းခံကြွ သွားသတဲ့၊ မိခင်ဒါယိကာမကြီးက ရှေ့ကမထေရ်ကို ဆွမ်းလောင်းပြီးတော့ အရှင်ဘုရားသည် တပည့်တော်မ၏ သားအကြီး မဟာနဂ မဟုတ်လောလို့ မေးသတဲ့၊ “ဒါယိကာမကြီး ... နောက်မှလာသော မထေရ်ကို မေးကြည့်စမ်းပါဦး”ဟု ဆိုပြီး လွန်သွားသတဲ့၊ နောက်မထေရ်အား ဆွမ်းလောင်းပြီးတော့လဲ အရှင်ဘုရား သည် တပည့်တော်မ၏ သားအငယ် စူဠနာဂ မဟုတ်ပါလောလို့ မေးသတဲ့။ “ဒါယိကာမကြီး … ရှေ့က ကြွသွားသော မထေရ်ကို မမေးလိုက်ဘူးလား”ဟု ဆိုပြီး လွန်သွားသတဲ့။
[အဲဒါ အချုပ်မခံရအောင် ပဋိစ္စသမုပ္ပါဒ်ဉာဏ် ဘဝစက် ဖောက်ခွဲတဲ့ အရှင်တွေ ချည်းဘဲ။]
ကောရဏ္ဍကကျောင်းနေ မထေရ်၏တူ ရဟန်းတပါးလဲ ရောဟဏဇနပုဒ်၌ စာသင်ပြီး မိဘရပ်ရွာ ပြန်လာ၍ မိဘတို့ဆောက်သောကျောင်း၌ ဝါကပ်သတဲ့၊ မိဘတို့ကတော့ မောင်တော်မထေရ်မြတ်က ဝါကျွတ်လျှင် နင်တို့သား ဦးပဉ္စင်းကို ငါ လွှတ်လိုက်မယ် လို့ မိန့်ဆိုသတဲ့ စကားအရဖြင့် ဝါကျွတ်လျှင် ဦးပဉ္စင်း ကြွလာလိမ့်မယ်-ကိန်းသေဟု မျှော်လင့်နေလို့ ယခု သူတို့ကျောင်းမှာ ဝါကပ်တဲ့ ဦးပဉ္စင်းကိုတော့ ငါတို့သားနှင့် တရွယ်ထဲ-ရုပ်ချင်းလဲဆင်တယ်၊ ညီအစ်ကို ဆိုလျှင် ယုံလောက်ပါရဲ့လို့ သားရင်း ကိုယ်စားဆိုပြီး ကြည်ညိုကြသဖြင့် နေ့တိုင်း အိမ်မှာ ဆွမ်းကပ်သတဲ့။
ဦးပဉ္ဇင်းကလဲ ဆွမ်းစားပြီး တရားစကား-နေ့တိုင်း ဟောပြောသတဲ့၊ ဝါကျွတ်တော့ ရောဟဏဇနပုဒ်သို့ ပြန်သွားဦးမယ်လို့ ဆိုတာနဲ့ သင်္ကန်း, အဝတ်, လမ်းစာရိက္ခာ တို့ကို အပြည့်အစုံလှူပြီး နောက်လဲ ဘယ်အခါမဆို ရောက်လျှင် တကာကြီးအရင်း, တကာမကြီးအရင်းလို သဘောထားပြီး ကြွလာတော်မူပါဘုရား လို့ လျှောက်လိုက် သတဲ့။
ထိုနောက် မောင်တော်မထေရ်ကြီး ရောက်လာသောအခါ သူတို့၏သား- ဦးပဉ္စင်းလို့ စိတ်ချလက်ချ သိရတော့မှ မိခင် ဒါယိကာမကြီးက ရဟန်းကလေး ကြွသွားတဲ့ အရပ်ကို ရှေ့ရှုပြုကာ မြေကြီးမှာဝပ်လျက် အကြိမ်ကြိမ် ဦးချပြီးလျှင် အသံထုတ်၍ ေဩာ်-မြတ်စွာဘုရားကြီးသည် ရထဝိနီတအကျင့်, နာဠကအကျင့်, အရိယဝံသ အကျင့် စသည်တို့ကို ဘဝဝဋ်မြစ်ပြတ်အောင် ဟောခြင်းသည် ဒီဦးပဉ္စင်းလို ပုဂ္ဂိုလ်မျိုးကို ပုံစံသက်သေပြု၍ ဟောတော်မူလေသလား ဘုရား၊ အံ့ဩဘွယ် ဦးပဉ္စင်းပါဘုရား၊ တဝါတွင်းလုံး အိမ်မှာ ဆွမ်းစား၍ နေ့တိုင်း တရားဟောလျက် အရိပ်အမြွက်မျှ မပေါ်အောင် နေလိုက်တာ တကယ့် ဦးပဉ္စင်းပါဘုရားဟု အကြိမ်ကြိမ် တမ်းတကာ, တမ်းတကာဖြင့် အကြိမ်ကြိမ် ဦးချသတဲ့။
[အဲဒါလဲ အချုပ်မခံရအောင် ဘဝစက်၏မူလ ဖျက်ဆီးတဲ့ အရှင်မြတ်ပဲ။]
အရဟံ ဂုဏ်တော်မှာတော့ သံသရာစက်ဝန်းဆိုတာ အဝိဇ္ဇာ- ဘဝတဏှာဟူသော ပုံတောင်းချက်မ, ပုညာဘိသင်္ခါရစသော အကန့်, ဇရာမရဏ ဟူသော အကွပ်၊ တနည်း- အဝိဇ္ဇာ-ပုံတောင်း, ဇရာမရဏ-အကွပ်, အကြွင်း ဆယ်ပါး- အကန့် ရှိသတဲ့၊ အာသဝသမုဒယ- ဝင်ရိုးဖြင့်စွပ်၍ ဘဝသုံးပါး- ရထားမှာတပ်ဆင်ပြီး အစမရှိသော ကာလပတ်လုံးလည်တဲ့ သံသရာစက်တဲ့၊
မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ ဝီရိယ-ခြေတော်စုံဖြင့် သီလ-မြေ၌ ရပ်၍ သဒ္ဓါ-လက်ဖြင့် ကံကုန်အောင်ပြုသော အရဟတ္တ မဂ်ဉာဏ်-ပုဆိန်ကို ကိုင်စွဲ၍ ထို သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးသတဲ့၊ ဝါ-အကြောင်း အဆက်ဆက်ကို သိသော ဓမ္မဋ္ဌိတိဉာဏ်တော်ဖြင့် ငြီးငွေ့၍ အကန့်တို့ကို ဖျက်ဆီးသတဲ့၊ ထို့ကြောင့် အရဟံအမည် ရတော်မူတယ်။
[ဓမ္မဋ္ဌိတိဉာဏ်ဟူသည် ပဋိစ္စသမုပ္ပါဒ်ဉာဏ်ပင်တည်း။]
ဒီလို ပဋိစ္စသမုပ္ပါဒ်သံသရာစက်အကြောင်းကို ကိုယ်တော်တိုင်သိ၍ ကိုယ်တိုင် ဖျက်ဆီး၍ သူတပါးတို့ကိုလည်း သိအောင်, ဖျက်ဆီးနိုင်အောင် ဟောကြားသော သာသနာတော်မြတ်၌ ယုံကြည်အားထားသော အမျိုးကောင်းသား, အမျိုးကောင်း သမီးတို့သည် ဝိနိစ္ဆယခြောက်ပါး သုံးသပ်လျက် ဘဝ စက်ကြီးကို အမြစ်ပြတ်အောင် အပြီးတိုင် ဖျက်ဆီးနိုင်ကြပါစေကုန်သတည်း။
ဟောစဉ်နှင့်ကျင့်စဉ် ပြီး၏။
.
နိဂုံး
ဤမျှဖြင့် ညောင်လေးပင်မြို့ တောရကျောင်းတိုက်၌ ပဓာန ဥက္ကဋ္ဌမထေရ် ဖြစ်ဆဲ ဖြစ်သော ဦးအရိယမထေရ်အရှင် စီရင်ရေးသားသော ပဋိစ္စသမုပ္ပါဒ် အရသာသည် ဟောစဉ်တရားစာနှင့်တကွ ဂေါဇာ သက္ကရာဇ် ၁၃၁၀-ပြည့်နှစ် ပြာသိုလဆုတ် ၁၄-ရက် ကြာသပတေးနေ့၌ ပြီးဆုံးခြင်းသို့ ရောက်လေသတည်း။
ပဉ္စဝေါကာရဘုံ၌ ၄၃-ပါးသောစိတ်သည် ဝတ္ထုရုပ်ကို အမြဲမှီ၍ ဖြစ်သကဲ့သို့ ဝေနေယျ အလောင်း သတ္တဝါ အပေါင်းတို့သည် ဘုရားရှင် သာသနာတော်၌ အမြဲမှီလျက် ကြီးပွားကြပါစေကုန်သတည်း။
ပဋိစ္စသမုပ္ပါဒ် အရသာ ပြီး၏။
.
နောက်ဆက်တွဲ
ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ
[ရှေးဦးစွာ လွယ်ကူသော မေးခွန်းများဖြစ်၍ စာရသူ-ဖြေနိုင်ရမည်။]
၁။ ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါအဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ ... .၊ အစပ် ... ၊ အလွှာ ... .၊ မူလ အဘယ်မျှ ရှိသနည်း။
၂။ အင်္ဂါ ၁၂-ပါး ရေပြပါ။ကာလသုံးပါး ရေပြပါ။ ဝဋ်သုံးပါး ရေပြပါ။
ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါးကား -
အဝိဇ္ဇာ, သင်္ခါရ။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ။
တဏှာ, ဥပါဒါန် ဘဝ။
ဇာတိ ဇရာမရဏ။ [လေးပုဒ်ကွဲအောင် ဖတ်။]
ကာလသုံးပါးကား -
အဝိဇ္ဇာ, သင်္ခါရသည် အတိတ်ကာလ မည်၏ (နှစ်ပါး)၊
ဇာတိ, ဇရာမရဏသည် အနာဂတ်ကာလ မည်၏ (နှစ်ပါး)၊
အလယ် ရှစ်ပါးသည် ပစ္စုပ္ပန်ကာလ မည်၏ (ရှစ်ပါး)။
ဝဋ်သုံးပါးကား -
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်သည် ကိလေသဝဋ် မည်၏(သုံးပါး)၊
သင်္ခါရ, ကမ္မဘဝသည် ကမ္မဝဋ်မည်၏ (နှစ်ပါး)၊
ဥပပတ္တိဘဝနှင့် အကြွင်းသည် ဝိပါကဝဋ် မည်၏ (ရှစ်ပါး)။
မူလနှစ်ပါးကား - အဝိဇ္ဇာ, တဏှာစွမ်းဖြင့် မူလနှစ်ပါးကို သိအပ်၏၊
အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလ မည်၏၊
တဏှာသည် အပရန္တဘဝစက်၏ မူလ မည်၏။
အစပ်သုံးပါးကား --
သင်္ခါရနှင့်ဝိညာဏ် အကြားသည် တစပ်၊ ပဌမ အစပ် ဖြစ်သည်၊
ဝေဒနာနှင့် တဏှာ အကြားသည် တစပ်၊ ဒုတီယ အစပ် ဖြစ်သည်၊
ဘဝနှင့်ဇာတိအကြားသည် တစပ်၊ တတီယ အစပ် ဖြစ်သည်၊
အလွှာလေးပါးကား --
အဝိဇ္ဇာ, သင်္ခါရသည် တလွှာ၊
ဝိညာဏ်, နာမ်ရုပ်, သဠာယတန,ဖဿ, ဝေဒနာသည် တလွှာ၊
တဏှာ, ဥပါဒါန်, ဘဝသည် တလွှာ၊
ဇာတိ, ဇရာမရဏသည် တလွှာ။
တနည်းကား-
အတိတ် အကြောင်း ငါးပါး-တလွှာ၊
ပစ္စုပ္ပန် အကျိုး ငါးပါး-တလွှာ၊
ပစ္စုပ္ပန် အကြောင်း ငါးပါး-တလွှာ၊
အနာဂတ် အကျိုး ငါးပါး-တလွှာ။
ခြင်းရာနှစ်ဆယ်ကား -
အဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန်, ဘဝသည် အတိတ် အကြောင်းငါးပါး မည်၏၊
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ သည် ပစ္စုပ္ပန်အကျိုးငါးပါး မည်၏။
[ဤကား ပုဗ္ဗန္တဘဝစက်တည်း။]
တဏှာ, ဥပါဒါန်, ဘဝ, အဝိဇ္ဇာ, သင်္ခါရသည် ပစ္စုပ္ပန်အကြောင်း ငါးပါး မည်၏၊
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာသည် အနာဂတ် အကျိုးငါးပါး မည်၏။
[ဤကား အပရန္တ ဘဝစက်တည်း၊]
ဤသို့လျှင် --
အတိတ်အကြောင်းငါးပါး,
ပစ္စုပ္ပန်အကျိုးငါးပါး,
ပစ္စုပ္ပန် အကြောင်းငါးပါး,
အနာဂတ်အကျိုး ငါးပါး
သည် အခြင်းအရာ နှစ်ဆယ် မည်၏။
၃။ အဝိဇ္ဇာ, သင်္ခါရကိုယူလျှင် အဘယ်ကို ယူရသနည်း၊
တဏှာ, ဥပါဒါန်, ဘဝ ကိုယူလျှင် အဘယ်ကို ယူရသနည်း၊
ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကို ယူခြင်း ဖြစ်သနည်း။
အဝိဇ္ဇာ, သင်္ခါရကိုယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည်၊
တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဝိဇ္ဇာ သင်္ခါရကိုလည်း ယူရသည၊
ဇာတိ, ဇရာမရဏ ဟူသော ဂုဏ်နှစ်ပါးကိုယူလျှင် ဝိညာဏ်စသော ဒြဗ်ငါးပါးကို ယူခြင်းသာ ဖြစ်၏။
၄။ ခြင်းရာ နှစ်ဆယ်ကို ရေပြပါ။
[အတိတ်အကြောင်းငါးပါး,
ပစ္စုပ္ပန် အကျိုးငါးပါး,
ပစ္စုပ္ပန်အကြောင်းငါးပါး,
အနာဂတ် အကျိုးငါးပါး၊
ဤကား ခြင်းရာနှစ်ဆယ် ဖြစ်ပါသည်။]
၅။ အစပ်သုံးပါး ရေပြပါ။
[သင်္ခါရနှင့် ဝိညာဏ်အကြားသည် တစပ်,
ဝေဒနာနှင့် တဏှာအကြားသည် တစပ်,
ဘဝနှင့် ဇာတိအကြားသည် တစပ်၊
ဤကား အစပ်သုံးပါး ဖြစ်ပါသည်။]
၆။ အဝိဇ္ဇာမူလသည် အဘယ်အထိ ဆောင်သနည်း။
[အဝိဇ္ဇာမူလသည် ဝေဒနာအထိ ဆောင်ပါသည်။]
၇။ အဝိဇ္ဇာမူလ ဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း။
[ အဝိဇ္ဇာမူလ ဆောင်ရာ၌ အင်္ဂါ ၇-ပါး, ကာလနှစ်ပါး, ဝဋ်သုံးပါး ခြင်းရာဆယ်ပါး, အစပ်တပါး, အလွှာနှစ်ပါး, မူလတပါး ရှိပါသည်။]
၈။ တဏှာမူလသည် အဘယ်အထိ ဆောင်သနည်း။
[တဏှာမူလသည် ဇရာမရဏအထိ ဆောင်ပါသည်။]
၉။ တဏှာမူလ ဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း။
[တဏှာမူလ ဆောင်ရာ၌ အင်္ဂါငါးပါး, ကာလနှစ်ပါး, ဝဋ်သုံးပါး ခြင်းရာဆယ်ပါး တစပ်တပါး အလွှာနှစ်ပါး မူလတပါး ရှိပါသည်။ ]
.
အားထုတ်၍ လေ့လာရန် မေးခွန်းများ
၁-မေး။ ။ ဇရာမရဏသည် အင်္ဂါတပါးဟု ဆို၏၊ နှစ်ပါး မဟုတ်လော၊ အဘယ့်ကြောင့် တပါးဟု ဆိုသနည်း။
ဖြေ။ ။ ဇရာမရဏသည် မိမိသဘောအားဖြင့် ရင့်ခြင်းနှင့် ပျက်ခြင်း နှစ်ပါး ဖြစ်ပါသည်၊ သို့ရာတွင် အင်္ဂါအားဖြင့် တပေါင်းတည်းပြု၍ ဟောပါသည်၊ ထို့ကြောင့် အင်္ဂါတပါးဟု ဆိုရပါသည်။
.
၂-မေး။ ။ ကိ-သုံး, ကံ-နှစ်၊ ဝိပါက်-ရှစ်ကို ဆယ့်နှစ်ဖြစ်အောင် ပေါင်းပြပါ။
ဖြေ။ ကိ-သုံး-ဟူသည် ကိလေသဝဋ် သုံးပါးဖြစ်၍ သုံးပါးလုံး ကျပ်ပြည့် ဖြစ်ပါသည်၊
ကံ-နှစ်ကား ကမ္မဝဋ်နှစ်ပါး ကျပ်ပြည့် မဟုတ်ပါ၊ တပါးခွဲသာ ရှိပါသည်၊ ဝါ-တကျပ်ခဲ့သာ ရှိပါသည်၊
ဝိပါက်-ရှစ်ကား ဝိပါကဝဋ်ရှစ်ပါး ကျပ်ပြည့်မဟုတ်ပါ၊ ခုနစ်ပါးခွဲ၊ ဝါ- ခုနစ်ကျပ်ခွဲသာ ရှိပါသည်၊
ထို့ကြောင့် ကိလေသဝဋ် သုံးကျပ်, ကမ္မဝဋ်တကျပ်ခွဲ, ဝိပါကဝဋ် ခုနစ်ကျပ်ခွဲ ဖြစ်၍ ပေါင်း ၁၂-ဖြစ်ပါသည်။
.
၃-မေး။ ။ ကမ္မဘဝနှင့် ဥပပတ္တိဘဂ၀ ထူးပုံ အကျဉ်းဖော်ပြပါ၊
ဖြေ။ ။ ကမ္မဘဝသည် အကြောင်းကမ္မဝဋ်, ဥပပတ္တိဘဝသည် အကျိုး ဝိပါကဝဋ်၊ ဤသို့ အကြောင်းအကျိုးထူးပါသည်။
.
၄-မေး။ ။ ဘဝနှစ်ပါး ကြောင်းကျိုးထူးပုံ သိသာအောင် ဖော်ပြပါ။
ဖြေ။ ။ ကမ္မဘဝသည် ယခုဘဝအားထုတ်သောကံဖြစ်၍ နောက်ဘဝ ပဋိသန္ဓေကို ဖြစ်စေ၏၊ ဥပပတ္တိဘဝသည် ထိုအကြောင်းကံကြောင့် နောက်ဘဝ၌ အကျိုးပဋိသန္ဓေ နာမ်ရုပ် ဖြစ်၍ ဖြစ်၏၊ ဤသို့ ဖြစ်စေသော ကံနှင့် ဖြစ်သောအကျိုးဟု ထူးပါသည်။
.
၅-မေး။ ။ အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ့်ကြောင့် တဏှာ, ဥပါဒါန်, ဘဝ ကိုလည်း ယူရသနည်း၊
ဖြေ။ အဝိဇ္ဇာ, သင်္ခါရနှင့် တဏှာ, ဥပါဒါန်, ဘဝသည် အတူဖြစ်ဘက် ဖြစ်သော ကြောင့် ယူရပါသည်၊ တနည်းကား- ကိလေသာချင်းတူ, ကံချင်းတူ သောကြောင့် တခုကိုယူလျှင် တခုကိုလည်း ယူရပါသည်။
.
၆-မေး။ ။ ကိလေသာချင်း တူပုံကို ဖော်ပြပါ။
ဖြေ။ ။ အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ, ဥပါဒါန်လည်း ကိလေသာ၊ ကိလေသာချင်း အတူတူ-ကိလေသဝဋ်သုံးပါး ဖြစ်ပါသည်။
.
၇-မေး။ ။ ကံချင်းတူပုံမျှကို ဖော်ပြပါ။
ဖြေ။ ။ သင်္ခါရလည်း ကံ, ကမ္မဘဝလည်း ကံ၊ ကံချင်း အတူတူ- ကမ္မဝဋ် နှစ်ပါး ဖြစ်ပါသည်။
.
၈-မေး။ ။ ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကြောင့် ဝိညာဏ်စသော ငါးပါးကို ယူခြင်း ဖြစ်သနည်း။
ဖြေ။ ။ ဂုဏ်နှင့် ဒြဗ် ဖြစ်၍ ခွဲ၍မရပါ၊ တနည်းကား-ဌာနီနှင့် ဌာန ဖြစ်၍ ခွဲ၍မရပါ၊ တနည်း-ဝိပါက်ချင်းတူ၍ ခွဲ၍မရပါ၊ ထိုသို့ ခွဲ၍မရသောကြောင့် ယူခြင်း ဖြစ်ပါတယ်။
၉-မေး။ ။ ဂုဏ်နှင့် ဒြဗ် ဖြစ်ပုံကို ခွဲပြပါ။
ဖြေ။ ။ ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၏ ဂုဏ် ဖြစ်ပါသည်၊ ဝိညာဏ်စသော ငါးပါးသည် ဇာတိဂုဏ်, ဇရာမရဏဂုဏ် နှစ်ပါး၏ တည်ရာ ဒြဗ် ဖြစ်ပါသည်။
.
၁၀-မေး။ ။ ဌာနီနှင့် ဌာန ဖြစ်ပုံကို ခွဲပြပါ။
ဖြေ။ ။ ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၌ တည်တတ်သော ဌာနီ ဖြစ်ပါသည်၊ ဝိညာဏ်စသော ငါးပါးသည် ဇာတိ, ဇရာမရဏ၏ တည်ရာ ဌာန ဖြစ်ပါသည်။
.
၁၁-မေး။ ။ ဝိပါက်ချင်း တူပုံမျှ ဖော်ပြပါ။
ဖြေ။ ။ ဝိညာဏ်စသော ငါးပါးလည်း ဝိပါက်၊
ဇာတိ, ဇရာမရဏလည်း ဝိပါက်၊
ဝိပါက်ချင်း အတူတူ-ဝိပါကဝဋ် ရှစ်ပါး၌ ပါဝင်ပါသည်။
.
၁၂-မေး။ ။ ဘဝနှစ်ပါးတို့တွင် ကမ္မဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက်ယူသနည်း။
ဖြေ။ ။ ကမ္မဘဝကို အတိတ်အကြောင်း, ပစ္စုပ္ပန်အကြောင်းတို့၌ တိုက်ရိုက် ယူပါသည်။
.
၁၃-မေး။ ။ ဥပပတ္တိဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက်ယူသနည်း။
ဖြေ၊ ။ ဥပပတ္တိဘဝကို ဘယ်ခြင်းရာမှာမှ တိုက်ရိုက်မယူပါ၊
အနာဂတ် အကျိုးဇာတိ၌သာ ပါဝင်ပါသည်။
.
၁၄-မေး။ ။ သင်္ခါရနှင့် ဝိညာဏ်အကြားသည် အဘယ်နှင့်အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ။ ။ သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်နှင့် ပစ္စုပ္ပန်စပ်သည်၊
အကြောင်းနှင့်အကျိုး စပ်သည်၊
အတိတ်အကြောင်းနှင့်ပစ္စုပ္ပန်အကျိုး စပ်သည်၊ သုံးနည်း။
.
၁၅-မေး။ ။ ဝေဒနာနှင့် တဏှာအကြားသည် အဘယ်နှင့် ... ၊ ဘဝနှင့် ဇာတိ အကြားသည် အဘယ်နှင့်အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
[ဖြေနိုင်ရမည်၊ လွယ်သည်။]
.
၁၆-မေး။ ။ အလွှာလေးပါးတို့တွင် ပဌမအလွှာကို နှစ်ပါးဟူ၍၎င်း ငါးပါး ဟူ၍၎င်း နှစ်နည်းဆိုသည်၊ အဘယ်ပုံ ယူသနည်း။
ဖြေ။ ။ ပဌမအလွှာကို အင်္ဂါ ၁၂-ပါးအားဖြင့် ယူလျှင် နှစ်ပါး၊
ခြင်းရာ ၂၀-အားဖြင့် ယူလျှင် ငါးပါး-ဟု ဆိုရပါသည်။
.
၁၇-မေး။ ။ အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူ ဖြစ်ဘက် တဏှာ, ဥပါဒါန်, ဘဝလည်း ပုန်းလျက် အနီး၌ ရှိပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ ကျပ်ပြား၌ ခေါင်းကို မြင်ရလျှင် တဘက်၌ မမြင်ရသော်လည်း ပန်းရှိသည် ဟူ၍၎င်း, ပန်းကို မြင်ရလျှင်လည်း တဘက်၌ ခေါင်းရှိသည် ဟူ၍၎င်း ရိပ်မိရပါသည်၊ ထို့အတူ အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူ ဖြစ်ဘက် တဏှာ, ဥပါဒါန်, ဘဝကိုလည်း အနီး၌ ပုန်းနေသည်ဟု ရိပ်မိရပါသည်။
၁၈-မေး။ ။ ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကို ယူလျှင် ဝိညာဏ်စသော ဒြဗ်ငါးပါးကိုလည်း ယူခြင်းသာ ဖြစ်၏၊ ငါးပါးဟု ဆို၏၊ ဂုဏ် နှစ်ပါးနှင့် ဒြဗ်ငါးပါးကို ပေါင်းလျှင် ခုနစ် ဖြစ်သည် မဟုတ်လော၊ အဘယ်ကြောင့် ငါးပါး ဖြစ်သနည်း။
ဖြေ။ ။ ဂုဏ်အင်္ဂါနှစ်ပါးနှင့် ဒြဗ်အင်္ဂါ ငါးပါးကို ပေါင်းလျှင် အင်္ဂါအရေအတွက် အားဖြင့်သာ ခုနစ်ပါး ဖြစ်ပါသည်၊ ဒြဗ်အားဖြင့်ကား ငါးပါးသာ ဖြစ်ပါသည်၊ ဂုဏ်အားဖြင့်ကား နှစ်ပါးသာ ဖြစ်ပါသည်၊ သည်နေရာမှာ ဒြဗ်ကို ရည်၍ ငါးပါး ဖြစ်ပါသည်။
၁၉-မေး။ ။ ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါး ပေါင်းရာ၌ ၇-ပါး ဖြစ်ပုံ ၅-ပါး ဖြစ်ပုံ, ၂-ပါး ဖြစ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ ဖြူဖြူ ဝဝ-ဂုဏ်နှစ်ပါးရှိသော လူငါးယောက်ဟုဆိုရာ၌ ဂုဏ်,ဒြပ်ကို မငဲ့ဘဲ နှစ်သင်္ချာနှင့် ငါးသင်္ချာ ပေါင်းလျှင်သာ ၇-ဖြစ်ပါသည်၊ လူအရေ အတွက်ကား ၅-ယောက်သာ ဖြစ်ပါသည်၊ ဂုဏ်အားဖြင့် ဖြူဖြူ ၀၀-ဂုဏ် နှစ်ပါးသာ ဖြစ်ပါသည်၊ ထို့အတူ ဖြစ်ခြင်းဂုဏ်, ရင့်၍ပျက်ခြင်း ဂုဏ်နှစ်ပါး ရှိသော ဝိညာဏ်စသော ဒြဗ်ငါးပါး၌လည်း သင်္ချာသာ ၇-ခု၊ ဒြဗ်ကား ၅-ယောက်၊ ဂုဏ်ကား နှစ်ပါးသာ ဖြစ်ပါသည်။
.
၂၀-မေး။ ။ ဂုဏ်ကိုယူလျှင် ဒြဗ်ကိုလည်း ရသည်၊
ဒြဗ်ကိုယူလျှင် ဂုဏ်လိုလည်း ရသည်ဟု ဆိုရာ၌ ဥပမာ ဆောင်ပြပါ။
ဖြေ။ ။ အညှာရှိသော သစ်သီး၌ အညှာကိုယူလျှင် သစ်သီးကိုလည်း ရပါသည်၊ သစ်သီးကိုယူလျှင် အညှာကိုလည်း ရပါသည်၊ ထို့အတူ ဂုဏ်နှစ်ပါးရှိသော ဒြဗ်ငါးပါး၌ ဂုဏ်ကိုယူလျှင် ဒြဗ်ကိုလည်း ရပါသည်၊ ဒြဗ်ကိုယူလျှင် ဂုဏ်ကိုလည်းရပါသည်၊
[ဖြူဖြူဝဝတို့ လာကြဟုခေါ်လျှင် ငါးယောက် လာကြပါသည်၊ ငါးယောက်လာကြ ဟုခေါ်လျှင် ဖြူဖြူ, ဝဝတို့လာကြပါသည်၊ ထို့အတူ ဟူ၍လည်း ဖြေအပ်၏။]
၂၁-မေး။ ။ အဝိဇ္ဇာ, သင်္ခါရကိုယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည်၊ ငါးပါးဟုဆိုရာ၌ အဘယ့်ကြောင့် ငါးပါးဖြစ်သနည်း။ နှစ်ပါး, သုံးပါး- တခုခု မဖြစ်ပြီလော။
ဖြေ။ ။ အဝိဇ္ဇာ, သင်္ခါရကား ဒြဗ်နှစ်ပါး၊ တဏှာ, ဥပါဒါန်, ဒြဗ်သုံးပါး၊ ဤသို့ ဒြဗ်နှစ်ပါးနှင့် ဒြဗ်သုံးပါးဖြစ်၍ ဒြဗ်ချင်းပေါင်းသောကြောင့် ဒြဗ်ငါးပါးဖြစ်ပါသည်၊ နှစ်ပါး,သုံးပါး-တခုခု မဖြစ်ကောင်းပါ။
.
၂၂-မေး။ ။ ဝဋ်သုံးပါးကို အကြောင်းဝဋ်, အကျိုးဝဋ် ခွဲပြပါ။
ဖြေ။ ။ ကိလေသဝဋ်, ကမ္မဝဋ်သည် အကြောင်းဝဋ်၊ ဝိပါကဝဋ်သည် အကျိုးဝဋ် ဖြစ်ပါသည်။
၂၃-မေး။ ။ အကြောင်းဝဋ်အဘယ်မျှ အကျိုးဝဋ်အဘယ်မျှ ရှိသနည်း။
ဖြေ။ ။ အတိတ်အကြောင်းငါးပါး, ပစ္စုပ္ပန်အကြောင်း ငါးပါးအားဖြင့် အကြောင်းဝဋ် ဆယ်ပါး ရှိပါသည်၊
ပစ္စုပ္ပန်အကျိုးငါးပါး, အနာဂတ်အကျိုး ငါးပါးအားဖြင့် အကျိုးဝဋ် ဆယ်ပါးရှိပါသည်။
၂၄-မေး။ သတ္တဝါတို့အား ရှေးဘဝ, နောက်ဘဝရှိပုံကို အဘယ်ကို ထောက်ဆ၍ သိနိုင်သနည်း။
ဖြေ။ ။ ပုဗ္ဗန္တဘဝစက်, အပရန္တဘဝစက်နှစ်ပါးကို ထောက်ဆ၍ သိနိုင်ပါသည်။
.
၂၅-မေး။ ။ ပုဗ္ဗန္တဘဝစက်, အပရန္တဘဝစက်ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ။ ။ ရှေးအစွန်း-ရှေးအစ- ရှေးဘဝမှ လည်လာသော စက်ဝိုင်းသည် ပုဗ္ဗန္တဘဝစက် မည်၏၊
နောက်အစွန်း- နောက်အစ-နောက်ဘဝသို့ လည်သွားသော စက်ဝိုင်းသည် အပရန္တဘဝစက် မည်၏။
၂၆-မေး။ ။ အဝိဇ္ဇာကို အဘယ့်ကြောင့် အစစွာဟောသနည်း။
ဖြေ။ ။ ပဓာန ခေါင်းဆောင်ကြီးဖြစ်သောကြောင့် အဝိဇ္ဇာကို အစစွာ ဟောပါသည်။
၂၇-မေး။ ။ ပဓာန ခေါင်းဆောင်ကြီးဖြစ်ပုံကို ရှင်းပြပါ။
ဖြေ။ ။ အဝိဇ္ဇာသည် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း. အကုသိုလ်ကံ၏ ခေါင်းဆောင်၊ တဏှာသည် သုဂတိဘဝသို့ ရောက်ကြောင်း ကုသိုလ်ကံ၏ ခေါင်းဆောင် အသီးသီးဖြစ်လျက် အဝိဇ္ဇာသည် တဏှာ၏ ဖြစ်ကြောင်း ခေါင်းဆောင်လည်း ဖြစ်သေးသည်၊ ဤသို့ အဝိဇ္ဇာသည် ပဓာန ခေါင်းဆောင် ကြီးဖြစ်ပါသည်။
၂၈-မေး။ ။ နက်ရောင်ပြင်းထန် နက်နဲမှန်ပုံကို ရေလေးမျိုးဖြင့် ရှင်းပြပါ။
ဖြေ။ ။ ဖက်ပုပ်အိုင်ရေသည် တိမ်သော်လည်း နက်ရောင် ထင်သည်၊
ကြည်လင်သော စမ်းအိုင်ရေသည် နက်သော်လည်း တိမ်ရောင်ထင်သည်၊
အိုးခွက်၌ ရေသည် တိမ်လျက် တိမ်ရောင်ထင်သည်၊
သမုဒ္ဒရာရေသည် နက်လျက် နက်ရောင်ထင်သည်၊
ဤသို့ ရေလေးမျိုး ရှိ၏၊
ပဋိစ္စသမုပ္ပါဒ်ကား နက်လျက် နက်ရောင်ထင်သည်၊ တမျိုးတည်းသာ ရှိသည်၊
လေးမျိုး မရကောင်းပါ။
.
၂၉-မေး။ ။ ရှစ်ဌာန၌ တွေဝေသော မောဟဟုဆိုရာ၌ ရှစ်ဌာနရေပြပါ၊
ဖြေ။ ။ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ, ပုဗ္ဗန္တ, အပရန္တ ပုဗ္ဗန္တာပရန္တ, ပဋိစ္စသမုပ္ပါဒ၊ ဤကား တွေဝေရာ ရှစ်ဌာန ဖြစ်ပါသည်။
၃၀-မေး။ ။ ဒုက္ခသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ ၃၁-ဘုံ ခန္ဓာ နာမ် ရုပ်-ဒုက္ခကို သုခဟု မှတ်ထင်ခြင်းသည် ဒုက္ခ သစ္စာ၌ တွေဝေခြင်း မည်ပါသည်။
၃၁-မေး။ ။ သမုဒယသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ ဒုက္ခနာမ်ရုပ် ဖြစ်ကြောင်း တဏှာဟူသော လောဘကို ဖြစ်ကြောင်းဟု မှတ်ထင်ခြင်းသည် သမုဒယသစ္စာ၌ တွေဝေခြင်းမည်ပါသည်။
၃၂-မေး။ ။ နိရောဓသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ ဒုက္ခမကင်းသော ဘုံဘဝ တခုခုကို ဒုက္ခကင်းရာ နိဗ္ဗာန်ဟု မှတ်ထင်ခြင်း သည် နိရောဓသစ္စာ၌ တွေဝေခြင်း မည်ပါသည်။
၃၃-မေး။ ။ မဂ္ဂသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ မဂ္ဂင်ရှစ်ပါးမှ တပါးသော အကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု မှတ်ထင်ခြင်းသည် မဂ္ဂသစ္စာ၌ တွေဝေခြင်း မည်ပါသည်။
၃၄-မေး။ ။ ပုဗ္ဗန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ သံသရာ၏ ရှေးအစွန်းဖြစ်သော အတိတ်ဘဝ-အတိတ်ခန္ဓာ ရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တ၌ တွေဝေခြင်း မည်ပါသည်။
၃၅-မေး။ ။ အပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ သံသရာ၏ နောက်အစွန်းဖြစ်သော အနာဂတ်ဘဝ-အနာဂတ် ခန္ဓာရှိသည်ဟု မသိခြင်းသည် အပရန္တ၌ တွေဝေခြင်း မည်ပါသည်။
၃၆-မေး။ ။ ပုဗ္ဗန္တာပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ သံသရာ၏ ရှေးအစွန်း အတိတ်ဘဝ ခန္ဓာကို၎င်း, နောက်အစွန်း အနာဂတ်ဘဝ ခန္ဓာကို၎င်း နှစ်ခုလုံး၌ ရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တာပရန္တ၌ တွေဝေခြင်း မည်ပါသည်။
၃၇-မေး။ ။ ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်သည်၊
သင်္ခါရကြောင့် ဝိညာဏ် သာဖြစ်သည်၊
ဤသို့စသည်ဖြင့် ဝဋ်ဒုက္ခ သက်သက်-ကြောင်းကျိုးဆက်၍ ဖြစ်သည်ကို ငါဖြစ်သည်၊ သူ ဖြစ်သည်၊ သူ့ကြောင့် ဖြစ်သည်၊ ငါ့ကြောင့် ဖြစ်သည်၊ ချမ်းသာသည်၊ အစိုးရသည်၊ ငါ့ကိုယ် ငါ့ဟာ, ငါဖြစ်သည်၊ အကြောင်းမရှိ အလိုလိုဖြစ်သည်၊ အလိုလိုပြတ်သည် -
စသည်ဖြင့် မှတ်ထင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ၌ တွေဝေခြင်း မည်ပါသည်။
၃၈-မေး။ ။ ငါးဌာန၌ တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု အဋ္ဌကထာ ဆိုသည်၊ ထိုငါးဌာန ရေပြပါ။
ဖြေ။ ။ စုတိ, ပဋိစ္စသန္ဓေ, သံသရာ, သင်္ခတလက္ခဏာ, ပဋိစ္စသမုပ္ပါဒ်၊
ဤကား ငါးဌာန ဖြစ်ပါသည်။
.
၃၉-မေး။ ။ စုတိ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ ရုပ်နာမ်တို့၏ အကြောင်း အားလျော်စွာ ပျက်ခြင်းသည် မရဏ မည်၏၊ စုတိမည်၏၊ ဤအနေမျှ သိရမည်ကို သတ္တဝါ သေသည်၊ ငါ့သား ငါ့သမီး သေသည် ဟု လွန်ကဲ၍ သိခြင်းသည် စုတိ၌ တွေဝေခြင်း မည်ပါသည်။
၄၀-မေး။ ။ ပဋိသန္ဓေ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ဖြစ်ခြင်းသည် ဇာတိမည်၏၊ ပဋိသန္ဓေ မည်၏၊ ဤအနေမျှ သိရမည်ကို သတ္တဝါမွေးဖွား၏၊ ငါ့မှာ သားသမီး ဖြစ်၏ဟု လွန်၍ကဲ၍သိခြင်းသည် ပဋိသန္ဓေ၌ တွေဝေခြင်း မည်ပါ သည်။
၄၁-မေး။ ။ သံသရာ၌ တွေဝေပုံ ဖော်ပြပါ၊
ဖြေ။ ။ ခန္ဓာ, အာယတ, ဓာတ်တို့၏ ကြောင်းကျိုးဆက်စပ် မပြတ်ဖြစ်ခြင်းသည် သံသရာမည်၏၊ ဤအနေမျှ သိရမည်ကို သူသူငါငါ သတ္တဝါ အပေါင်းသည် တဘဝမှ တဘဝသို့ သွား၏၊ လာ၏၊ ကူးပြောင်း၏-စသည်ဖြင့် လွန်၍ကဲ၍ သိခြင်းသည် သံသရာ၌ တွေဝေခြင်း မည်ပါသည်။
၄၂-မေး။ ။ သင်္ခတ လက္ခဏာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ။ ။ စိတ်ဟူသော သင်္ခတတရားသည် သိခြင်းလက္ခဏာ ရှိ၏၊
စေတသိက်ဟူသော သင်္ခတတရားသည် ထိခြင်း, ခံစားခြင်းစသော လက္ခဏာ ရှိ၏၊
ရုပ်ဟူသော သင်္ခတတရားသည် ကြမ်းတန်းခြင်း, ယိုစီးခြင်း, ပူအေးခြင်း, ထောက်ပံ့ခြင်းစသောလက္ခဏာ ရှိ၏၊
ဤကား သဘာဝလက္ခဏာ မည်၏၊
စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတ တရား သုံးပါးလုံးသည် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ ရှိ၏၊ ဤကား သာမညလက္ခဏာ မည်၏၊
ဤသို့ သဘာဝ လက္ခဏာ, သာမညလက္ခဏာ နှစ်ပါးကို မသိဘဲ ငါ့ကိုယ် ဖြစ်၏၊ ငါ့ဟာ ဖြစ်၏၊ ငါဖြစ်၏၊ မြဲ၏၊ တင့်တယ်၏- စသည်ဖြင့် လွန်ကဲ၍ သိခြင်းသည် သင်္ခတလက္ခဏာ၌ တွေဝေခြင်း မည်ပါသည်။
၄၃-မေး။ ။ ပဋိစ္စသမုပ္ပါဒ၌ တွေဝေပုံ ဖော်ပြပါ။
[ပြခဲ့ပြီးပါပြီ။]
၄၄-မေး။ ။ ငါးဌာန တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု ဆိုရာ၌ ပြုပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ ခရီးညွှန်ကင်း အလင်းမရ မျက်မြင်ဒုက္ခိတသည် လမ်းကောင်း လမ်းဆိုး အရမ်းတိုး၏၊ ထို့အတူ ငါးဌာနတွေဝေသူသည် ကုသိုလ်, အကုသိုလ် အရမ်းတိုး၍ ပုညာဘိသင်္ခါရစသော သင်္ခါရသုံးပါးကို ပြုပါသည်။
၄၅-မေး။ ။ အဘယ်အခါ၌ ထိုမျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်မည်နည်း။
ဖြေ။ ။ သစ္စာလေးပါး သိသောအခါ၌ အဝိဇ္ဇာအမြစ်ပြတ်၍ မျက်မမြင် ဒုက္ခိတ အဖြစ်မျိုးမှ လွတ်နိုင်ပါသည်။
၄၆-မေး။ ။ သင်္ခါရသုံးမျိုး-စုံလင်အောင် ခွဲပြပါ။
ဖြေ။ ။ ကာမကုသိုလ် စေတနာရှစ်ခု, ရူပကုသိုလ် စေတနာငါးခုသည် ပုညာဘိသင်္ခါရ ၁၃-ခု မည်ပါသည်၊
အကုသိုလ်စေတနာ ၁၂-ခုသည် - အပုညာဘိသင်္ခါရ ၁၂-ခု မည်ပါသည်၊
အရူပကုသိုလိ စေတနာလေးခုသည် အာနေဉ္စာဘိသင်္ခါရ ၄-ခု မည်ပါသည်၊
တနည်းကား-
ကာမကုသိုလ်, အကု သိုလ် စေတနာ ၂ဝ-သည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယသင်္ခါရ ၂၀- မည်ပါသည်၊ ထို ၂၀-သည် ဝစီဒါရ၌ ဖြစ်သောအခါ ဝစီသင်္ခါရ ၂၀-မည် ပါသည်၊ လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုလုံးသည် မနောဒွါရ၌ ဖြစ်သောအခါ စိတ္တသင်္ခါရ ၂ ၉-ခု မည်ပါသည်။
၄၇-မေး။ ။ လောကီဝိပါက် ၃၂-ခုကို သိသာရုံ ရေပြပါ။
ဖြေ။ အကုသလဝိပါက် ၇-ခု, ကာမကုသလဝိပါက် ၁၆-ခု၊ ဝါ- အဟိတ်ရှစ်, သဟိတ်ရှစ်ပေါင်း ၁၆-ခု, ရူပဝိပါက် ၅-ခု အရူပဝိပါက် ၄-ခု၊ ဤသို့ လောကီဝိပါက် ၃၂-ခု ဖြစ်ပါသည်။
၄၈-မေး။ ။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဋိသန္ဓေဝိညာဏ် ၁၉-ခု ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ။ ။ ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ခုကြောင့် အပါယ် ၄- ဘုံ၌ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေတခု ဖြစ်ပါသည်၊
ကာမကုသိုလ်စေတနာ ၈-ခု ကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ သုဂတိအဟိတ် ပဋိသန္ဓေတခု, ဒွိဟိတ် ပဋိသန္ဓေလေးခု တိဟိတ်ပဋိသန္ဓေလေးခု၊ ပေါင်း ၉-ခု ဖြစ်ပါသည်၊
ရူပကုသိုလ် စေတနာ ၅-ခုကြောင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရူပ ပဋိသန္ဓေ ၅-ခု ဖြစ်ပါသည်၊
အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပ ၄-ဘုံ၌ အရူပပဋိသန္ဓေ ၄-ခု ဖြစ်ပါသည်။
.
၄၉-မေး။ ။ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဝတ္တိဝိညာဏ် ၃၂-ခုမှ ဖြစ်ပုံ တွဲပြပါ။
ဖြေ။ ။ အကုသိုလ်စေတနာ ၁၂-ခုကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်ပါသည်၊
ကာမကုသိုလ်စေတနာ ၈-ခုကြောင့် အဟိတ်, သဟိတ် ၈-အားဖြင့် ကာမကုသလ ဝိပါက် ၁၆-ခု ဖြစ်ပါသည်၊
ရူပကုသိုလ် စေတနာ ၅-ခုကြောင့် ရူပဝိပါက် ၅-ခု ဖြစ်ပါသည်၊
အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပ ဝိပါက် ၄-ခု ဖြစ်ပါသည်။
.
၅၀-မေး။ ။ ဝိညာဏ်ကြောင့် နာမ်ရုပ် ဖြစ်ပုံ-ဘုံနှင့် တွဲပြပါ။
ဖြေ။ ။ အရူပဝိပါက် ဝိညာဏ် ၄-ခုကြောင့် အရူပ ၄-ဘုံ၌ နာမ်သာ ဖြစ်ပါသည်၊
ရှေးကာမဘုံက ပြုခဲ့သော ရူပပဉ္စမဈာန်ကုသိုလ်ကံ ဝိညာဏ်တခုကြောင့် အသညသတ်တဘုံ၌ ရုပ်သာ ဖြစ်ပါသည်၊
ကြွင်းသော ပဋိသန္ဓေ ဝိညာဏ် ၁၅-ခု, ပဝတ္တိဝိညာဏ် ၂၀-ခုကြောင့် ကြွင်း ၂၆-ဘုံ၌ နာမ်နှင့်ရုပ် ဖြစ်ပါသည်။
.
၅၁-မေး။ ။ နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်ပုံ-ဘုံနှင့် တွဲပြပါ။
ဖြေ။ အရူပ ၄-ဘုံ၌ နာမ်ကြောင့် မနာယတနတပါးသာ ဖြစ်ပါသည်၊ အသညသတ် တဘုံ၌ ရုပ်ကြောင့် အာယတနတပါးမျှ မဖြစ်ပါ၊ ကြွင်းရူပ ၁၅- ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, မနာယတန သုံးပါးသာ ဖြစ်ပါသည်၊ ကာမ ၁၁-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန,မနာယတနဟု ၆-ပါး ဖြစ်ပါသည်။
၅၂-မေး။ ။ အာယတန ၆-ပါးကြောင့် အစဉ်အတိုင်း ဖြစ်သော ဖဿ ၆-ပါး ရေပြပါ။
ဖြေ။ ။ စက္ခုသမ္ဖဿ သောတသမ္ဖဿ, ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ၊ ဤကား အစဉ်အတိုင်း ဖဿ ၆-ပါး ဖြစ်ပါသည်။
.
၅၃-မေး။ ။ ဖဿ ၆-ပါးကြောင့် စဉ်တိုင်းဖြစ်သော ဝေဒနာ ၆-ပါး ရေပြပါ။
ဖြေ။ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာ ဝေဒနာ၊ ဤကား စဉ်တိုင်း ဝေဒနာ ၆-ပါး ဖြစ်ပါသည်။
.
၅၄-မေး။ ။ ဝေဒနာ ၆ -ပါးကြောင့် စဉ်တိုင်း ဖြစ်သော တဏှာ ၆-ပါး ရေပြပါ။
ဖြေ။ ။ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ,ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ၊ ဤကား စဉ်တိုင်း တဏှာ ၆-ပါး ဖြစ်ပါသည်။
၅၅-မေး။ ။ ဖဿကြောင့် ဝေဒနာသုံးပါးဖြစ်ပုံကို ခွဲပြပါ။
ဖြေ။ ။ ဣဋ္ဌာရုံ ဖဿအကောင်းစား တွေ့ထိလျှင် ကိုယ်စိတ်ချမ်းသာသော သုခဝေဒနာ ဖြစ်ပါသည်၊ အနိဋ္ဌာရုံ ဖဿ အညံ့စားတွေ့ထိလျှင် ကိုယ်စိတ် ဆင်းရဲသော ဒုက္ခဝေဒနာ ဖြစ်ပါသည်၊ မဇ္ဈတ္တာရုံ ဖဿ အလတ်စား တွေ့ထိလျှင် လျစ်လျူရှုသော ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။
၅၆-မေး။ ။ ဝေဒနာကြောင့် တဏှာဖြစ်ပုံကို ရှင်းပြပါ။
ဖြေ။ ။ သုခဝေဒနာ-ချမ်းသာစွာ ခံစားရလျှင် အဖန်ဖန်ခံစားလိုသော တဏှာ ဖြစ်ပါသည်၊ ဥပေက္ခာဝေဒနာ-လျစ်လျူရှုကာ ခံစားရလျှင် အညံ့မဟုတ် သောကြောင့် အဖန်ဖန် ခံစားလိုသော တဏှာ ဖြစ်ပါသည်၊ ဒုက္ခဝေဒနာ- ဆင်းရဲစွာ ခံစား ရလျှင်ကား ဘယ်အခါ အာရုံကောင်း ခံစားရပါအံ့နည်းဟု လှမ်း၍ တောင့်တသော တဏှာ ဖြစ်ပါသည်။
.
၅၇-မေး။ ။ အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို မထွေးနိုင်, မစွန့်နိုင် မြိန်ရှက်စွာ ခံစားနိုင်သလား။
ဖြေ။ ။ အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို ဒုက္ခဝေဒနာဖြင့် ခံစားရသောအခါ မကျေနိုင် မချမ်းနိုင်၊ ငါ့ကို သင်းတို့ မကောင်းကြံကြတယ်၊ သေခမ်း ရှင်ခမ်း ဖြတ်ရမယ်၊ မကျေဘူးဟဲ့ - စသည်ဖြင့် တသက်လုံး မထွေးနိုင်, မစွန့်နိုင် မြိန်ရှက်စွာ သေသည်အထိ ခံစားကြတာ လောကမှာ ထင်ရှားပါသည်။
၅၈-မေး။ ။ ဝေဒနာကြောင့် တဏှာသည် သတ္တဝါတိုင်းအား ဖြစ်သလော။
ဖြေ။ ။ ရဟန္တာအား ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဆက်၍ မဖြစ်ပါ၊ ပုထုဇဉ် အားသော်လည်း ဗဟုသုတရှိ၍ ယောနိသောမနသိကာရ- သင့်အောင် နှလုံး သွင်းလျှင် တဏှာ မဖြစ်ပါ၊ ယောနိသောမနသိကာရ- မသင့်အောင် နှလုံးသွင်းသူ တို့အားသာ ဝေဒနာဖြစ်တိုင်း တဏှာဆက်၍ ဖြစ်နိုင်ပါသည်။
၅၉-မေး။ ကာမ, ဘဝ, ဝိဘဝဟူသော တဏှာသုံးပါးကို ထင်ရှားအောင် ရှင်းပါ။
ဖြေ။ ။ ကာမ အာရုံ စုံမက်သောတဏှာသည် ကာမတဏှာ မည်ပါသည်၊ သဿတဒိဋ္ဌိနှင့် ယှဉ်သော တဏှာသည် ဘဝတဏှာ မည်ပါသည်၊ ဝါ-ရူပဘဝ အရူပဘဝကို စုံမက်သောတဏှာသည် ဘဝတဏှာ မည်ပါသည်၊ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်သောတဏှာသည် ဝိဘဝတဏှာ မည်ပါသည်၊ ဝါ-နိဗ္ဗာန်မဟုတ်ဘဲ နိဗ္ဗာန် ဟု စုံမက်သော နိရောဓတဏှာသည်လည်း ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော ဝိဘဝ တဏှာပင် ဖြစ်ပါသည်။
၆ဝ-မေး။ ။ ဥပါဒါန်လေးပါးကို ထင်ရှားအောင် ရှင်းပြပါ။
ဖြေ။ ကာမအာရုံ၌ စွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန် မည်ပါသည်၊
အလှူသည် အကျိုး မရှိ-စသည်ဖြင့် စွဲလမ်းသော ဒိဋ္ဌိဆယ်ပါး၊ ဒိဋ္ဌိ ၆၂-ပါးသည် ဒိဋ္ဌုပါဒါန် မည်ပါသည်၊
သီလ-တိရစ္ဆာန်တို့၏ အလေ့ဖြင့်+ဝတ-တိရစ္ဆာန်တို့၏ အကျင့်ဖြင့်+ပရာမာသ- နိဗ္ဗာန်ရသည်ဟု သုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်ပါသည်၊
ရုပ်သည် အတ္တ, ရုပ်ရှိသော အတ္တ-စသည်ဖြင့် စွဲလမ်းသော သက္ကာယဒိဋ္ဌိ ၂၀-သည် အတ္တဝါဒုပါဒါန် မည်ပါသည်၊
စွဲလမ်းသောတဏှာတခု, ဒိဋ္ဌိသုံးခု ဖြစ်ပါသည်။
.
၆၁-မေး။ ။ သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုတို့တွင် သင်္ခါရ ၂၉-ခုကို ရေပြပါ။
ဖြေ။ ။ လောကီကုသိုလ်, အကုသိုလ်စေတနာ ၂၉- ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်၊
ဝါ-ပုညာဘိသင်္ခါရ ၁၃-, အပုညာဘိသင်္ခါရ ၁၂-ခု, အာနေဉ္စာဘိသင်္ခါရ ၄-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်၊
ဝါ-ကာယသင်္ခါရ ၂၀, ဝစီသင်္ခါရ ၂၀, စိတ္တသင်္ခါရ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်၊
စေတနာစေတသိက် တခုသာ သင်္ခါရ မည်ပါသည်။
၆၂-မေး။ ။ ဘဝဂါမိကံ ၂၉-ခုကို ရေပြပါ။
ဖြေ။ . လောကီကုသိုလ်, အကုသိုလ် ၂၉-ခုရှိသော စိတ် စေဘသိက် အားလုံးသည် ဘဝဂါမိကံ ၂၉-ခု မည်ပါသည်။
.
၆၃-မေး။ ။ ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါးကို ရေပြပါ။
ဖြေ။ ။ ကာမဘဝ ရူပဘ၀ အရူပဘဝ-သုံးပါး၊
သညီဘ၀ အသညီဘဝ, နေဝသညီနာသညီဘဝ-သုံးပါး၊
ဧကေဝေါကာရဘ၀ စတုဝေါကာရဘဝ, ပဉ္စဝေါကာရဘဝ-သုံးပါး၊
ဤကား ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါး ဖြစ်ပါသည်။
၆၄-မေး။ ။ ကာမဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ ကာမ ၁၁-ဘုံ၌ ဝိပါက်နာမ်, ကမ္မဇရုပ်ဖြစ်ခြင်းသည် ကာမဘဝ မည်ပါသည်။
၆၅-မေး။ ။ ရူပဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ ရူပ ၁၆-ဘုံ၌ ဝိပါက်နာမ်, ကမ္မဇရုပ် ဖြစ်ခြင်းသည် ရူပဘဝ မည်ပါသည်။
၆၆-မေး။ ။ အရူပဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ အရူပ ၄-ဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် အရူပဘဝ မည်ပါသည်၊ ရုပ်မဖြစ်ပါ။
.
၆၇-မေး။ ။ သညီဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ သညီ ၂၉-ဘုံ၌ ဝိပါက်နာမ်, ကမ္မဇရုပ် ဖြစ်ခြင်းသည် သညီဘဝ မည်ပါသည်၊ နာမ် မဖြစ်ပါ။
.
၆၈-မေး။ ။ အသညီဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ အသညီတဘုံ၌ ကမ္မဇရုပ် ဖြစ်ခြင်းသည် အသညီဘဝ မည်ပါသည်၊ နာမ် မဖြစ်ပါ။
.
၆၉-မေး။ ။ နေဝသညီနာသညီ ဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ နေဝသညီနာသညီ တဘုံ၌ ဝိပါက်နမ် ဖြစ်ခြင်းသည် နေဝသညီနာသညီ ဘဝ မည်ပါသည်၊ ရုပ် မဖြစ်ပါ။
.
၇ဝ-မေး။ ။ ဧကဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ ဧကဝေါကာရ တဘုံ၌ ကမ္မဇရုပ် ဖြစ်ခြင်းသည် ဧကဝေါကာရဘ၀ မည်ပါသည်၊ နာမ် မဖြစ်ပါ။
.
၇၁-မေး။ ။ စတုဝေါကာရ ဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ စတုဝေါကာရ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် စတုဝေါကာရ မည်ပါသည်၊ ရုပ်မဖြစ်ပါ။
.
၇၂-မေး။ ။ ပဉ္စဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ။ ။ ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဝိပါက်နာမ်, ကမ္မဇရုပ် ဖြစ်ခြင်းသည် ပဉ္စဝေါကာရဘဝ မည်ပါသည်။
.
၇၃-ဓမး။ ။ ဇာတိ, ဇရာ, မရဏသည် ရန်သူသုံးဦးနှင့် တူ၏ဟု အဋ္ဌကထာ ဆိုသည်၊ ရန်သူနှင့် တူပုံ ရှင်းပြပါ။
ဖြေ။ ။ ဇာတိသည် တဘဝမှ တဘဝသို့ ဆောင်၏၊ တောနက်ထဲသို့ ချော့ခေါ်သော ပဌမရန်သူနှင့် တူပါသည်၊
ဇရာသည် ရောက်ရာဘဝ၌ ချက်ချင်း အိုမင်းရင့်လျော်အောင် နှိပ်စက်၏၊ တောနက်ထဲရောက်လျှင် ရောက်ချင်း မထနိုင်အောင် ရိုက်သော ဒုတီယရန်သူနှင့် တူပါသည်၊
မရဏသည် ဇရာဒုက္ခသင့်သူကို ခန္ဓာပျက်အောင် အသေသတ်၏၊ တောနက်ထဲ၌ မထနိုင်သူကို ဦးခေါင်း ဖြတ်သော တတီယရန်သူနှင့် တူပါသည်။
.
၇၄-မေး။ ။ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ ဥပါယာသ၊ ဤငါးပါးကို အင်္ဂါ၌ အဘယ့်ကြောင့် မပြသနည်း၊ ပဋိစ္စသမုပ္ပါဒ်မှ လွတ်သလော။
ဖြေ။ ။ သောကစသော ငါးပါးသည် ပဋိစ္စသမုပ္ပါဒ်မှ အလွတ်မဟုတ်ပါ၊ ဇာတိ၏ အကျိုးဖျားမှ ဖြစ်ပါသည်၊ အကျိုးရင်း မဟုတ်ပါ၊ ထို့ကြောင့် အင်္ဂါ၌ မပြပါ။
.
၇၅-မေး။ ။ အကျိုးဖျားမျှ ဖြစ်ပုံ ဖော်ပြပါ။
ဖြေ။ ။ သောကစသော ငါးပါးသည် ဇာတိကြောင့်လည်း ဖြစ်ပါသည်၊ ဧရာကြောင့်လည်း ဖြစ်ပါသည်၊ မရဏကြောင့်လည်း ဖြစ်ပါသည်၊ ထိုမှ တပါးသော အကြောင်းကြောင့်လည်း ဖြစ်ပါသည်၊ ဘုံအားဖြင့် ကာမ ၁၁-ဘုံ၌သာ အမြဲ ဖြစ်ပါသည်၊ ဗြဟ္မာ ၂၀-၌ မဖြစ်ပါ၊ ထို့ကြောင့် ဇာတိ၏ အကျိုးဖျားမျှ ဖြစ်သည်ဟု ဆိုရပါသည်။
.
၇၆-မေး။ ။ အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း အဘယ်ပစ္စည်း သတ္တိဖြင့် ဖြစ်နိုင်သနည်း။
ဖြေ။ ။ အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း - ဟေတု, အာရမ္မဏ, အဓိပတိ, အနန္တ, သဟဇာတ, ဥပနိဿယ, အာသေဝန စသော ပစ္စည်းသတ္တိ များစွာဖြင့် ဖြစ်ပါသည်။
.
၇၇-မေး။ ။ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ။ ။ ရှေးက ဖြစ်ခဲ့ပြီးသော အကုသိုလ် အဝိဇ္ဇာကို စဉ်းစားမိတိုင်း အာရုံပြု၍ လောဘ, ဒေါသတို့ ဖြစ်လာသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။
.
၇၈-မေး။ ။ အဓိပတိသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ။ ။ ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို “အဘိုးတန်လိုက်တာ၊ သိပ် နေရာကျဒါဘဲ” စသည်ဖြင့် အလေးပြု၍ သာယာသောအခါ အဓိပတိသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။
၇၉-မေး။ ။ ဥပနိဿယသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ။ ။ ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို အခြေခံပြု၍ “မည်သည့် ရပ်ရွာမှာ လူမိုက်ဗိုလ်လုပ်ခဲ့တာ ငါကွ” စသည်ဖြင့် နောက်ထပ် လောဘ ဒေါသတို့ ဖြစ်လာ သောအခါ ဥပနိဿယသတ္တိဖြင့် အကုသိုလ် သင်္ခါရ ဖြစ်ပါ သည်။
.
၈၀-မေး။ ။ ဟေတုစသော ကြွင်းသတ္တိဖြင့် ကျေးဇူးပြုသောအခါ ဖြစ်ပုံအကျဉ်း ဖော်ပြပါ။
ဖြေ။ ဟေတု, သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အကြောင်း အဝိဇ္ဇာနှင့် အကျိုး အကုသိုလ်သင်္ခါရသည် ပြိုင်တူ ဖြစ်ပါသည်၊ အနန္တ, အာသေဝန သတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အခြားမရှိ နီးကပ်စွာ ဖြစ်ပါသည်။
.
၈၁-မေး။ ။ အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ သင်ကြားရသောနည်း သုံးနည်းကို ရေတွက်ပြပါ။
ဖြေ။ ။ အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ --
အဝိဇ္ဇာကို ရွက်လျက် ဖြစ်ပုံ-တနည်း၊
အဝိဇ္ဇာကို ခုန်ကျော်လျက် ဖြစ်ပုံ-တနည်း၊
အဝိဇ္ဇာကို နင်းလျက် ဖြစ်ပုံ-တနည်း၊
ဤသို့ သုံးနည်းသင်ကြားရပါသည်။
.
၈၂-မေး။ ။ အဝိဇ္ဇာကို ရွက်လျက် ကုသိုလ်သင်္ခါရှ ဖြစ်ပုံ ရှင်းပြပါ။
ဖြေ။ သံသရာဘေး မဆင်ခြင် လူနတ်စည်းစိမ်ကို ကောင်းလှပြီထင်၍ လိုချင် တောင့်တလျက် ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရှင် ဖြစ်ပါသည်၊ ထိုအခါ အဝိဇ္ဇာကို ဦးခေါင်းထက် ရွက်လျက် ကုသိုလ်ရှင်အား ကုသိုလ် ဖြစ်ပါသည်။
.
၈၃-မေး။ ။ အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ။ ။ မိမိ, သူတပါးပြုခဲ့သော အကုသိုလ်အဝိဇ္ဇာကို “အပါယ်ဘေး သံသရာဘေး အပြစ်ပေးလတ္တံ့”ဟု ဆင်ခြင်၍ ထိုအပြစ်မှ လွတ်ပါစေခြင်း ငှာဟု ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ် သင်္ခါရ ဖြစ်ပါသည်၊ ထိုအခါ အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်ရှင်အား ကုသိုလ် ဖြစ်ပါသည်။
.
၈၄-မေး။ ။ အဝိဇ္ဇာကို နင်းလျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ။ မိမိပြုမိသော အကုသိုလ်အဝိဇ္ဇာကို ဉာဏ်ဖြင့် သိမ်ဆည်း၍ အနိစ္စ ဒုက္ခ, အနတ္တဟု ဝိပဿနာ နိုင်နိုင် နင်းရှုသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်၊ ထိုအခါ အဝိဇ္ဇာကို နင်းလျက် ကုသိုလ်ရှင်အား ကုသိုလ် ဖြစ်ပါသည်။
.
၈၅-မေး။ ။ အဝိဇ္ဇာမကင်း မိုက်မဲခြင်းကြောင့် ကုသိုလ်ပြုသည် ဆိုလျှင် အများ အားဖြင့် မကျေနပ်နိုင်၊ ထို့ကြောင့် အဝိဇ္ဇာ ဦးစီးသော, အဝိဇ္ဇာ ရွက်ထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ။ ။ အဝိဇ္ဇာဦးစီးသော, ရွက်ထားသော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ညွှန်အိုင်ရေချိုးလျှင် တိုး၍ ညစ်ကြေးပေသလို မိုက်လို့ ဘဝစည်းစိမ် တောင့်တပြီး ကုသိုလ်ပြုလျှင် တိုး၍ မိုက်မဲသွားနိုင်ပါသည်။
.
၈၆-မေး။ ။ အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ။ ။ အဝိဇ္ဇာ ခုန်ကျော်သော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ရေကောင်း ရေသန့်ချိုးလျှင် ညစ်ကြေးကင်းသွားသလို မိုက်လို့ အမိုက်လွတ်အောင် ခုန်ကျော်၍ ကုသိုလ်ပြုလျှင် အမိုက်အမဲ ကင်းသွားနိုင်ပါသည်။
.
၈၇-မေး။ ။ အဝိဇ္ဇာနင်းထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ။ ။ အဝိဇ္ဇာကို နင်းထားသော ကုသိုလ်ရှင်သည် အိုက်လွန်းလို့ ရေအေးအေး ချိုးလျှင် အအိုက် ပျောက်သလို မိုက်လွန်းလို့ အမိုက်ကို နင်း၍ ဝိပဿနာကုသိုလ် နင်းပြုလျှင် အမိုက်ပျောက်သွားနိုင်ပါသည်။
.
၈၈-မေး။ ။ ကုသိုလ်သည် အဘယ်သို့သောသူအား ဖြစ်သည်၊
အဘယ်သို့သော သူအားမဖြစ်ဟု ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြပါ။
ဖြေ။ ။ အဝိဇ္ဇာရှိ၍ မိုက်ရိုင်းလွန်းသူတို့အားသာ ကုသိုလ် ဖြစ်ပါသည်။
အဝိဇ္ဇာ ကင်း၍ မမိုက်ရိုင်းသူအား ဘယ်ကုသိုလ်မျှ မဖြစ်ပါ၊
ကုသိုလ်အစား ကြိယာ ဖြစ်ပါသည်။
.
၈၉-မေး။ ။ အဝိဇ္ဇာ အမိုက်မရှိသူ, ရှိသူတို့ကို ခွဲပြပါ။
ဖြေ။ ။ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးယောက်အား အဝိဇ္ဇာအမိုက် မရှိပါ၊ ပုထုဇဉ်, သောတာပန် သကဒါဂါမ်, အနာဂါမ်၊ ဤလေးယောက် အား အဝိဇ္ဇာအမိုက် ရှိပါသေးသည်။
.
၉၀-မေး။ ။ ဒါန, သီလစသော ကောင်းမှုပြုလျက် ကုသိုလ်မရသူ ရသူခွဲပြပါ။
ဖြေ။ ။ ဒါန, သီလ စသော ကောင်းမှုပြုလျှင် ပုထုဇဉ်မှ အနာဂါမ်အထိ လေးယောက်သာ ကုသိုလ်ရနိုင်ပါသည်၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့မှာ ကုသိုလ် မရနိုင်ပါ ကြိယာစိတ်ကိုသာ ရနိုင်သည်။
.
၉၁-မေး။ ။ ကုသိုလ်နှင့် ကြိယာ ထူးခြားပုံကို ဖော်ပြပါ။
ဖြေ။ ။ ကုသိုလ်သည် မျိုးအောင်သော သစ်စေ့နှင့် တူပါသည်၊ သံသရာထဲ၌ ဇာတိ, ဇရာ, မရဏ သစ်ပင်ကို ပေါက်ရောက်စေနိုင်ပါသည်၊ ကြိယာသည် မျိုးမအောင် သောသစ်စေ့နှင့် တူပါသည်၊ သံသရာထဲ၌ ဒုက္ခပင်တို့ကို မပေါက်ရောက်စေနိုင်ပါ၊ တနည်းတော့လဲ - အမိုက်မကင်းသူအား ဖြစ်သော ကုသိုလ်သည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် တတ်နိုင်ပါသည်၊ အမိုက်ကင်းသူအားဖြစ်သော ကြိယာသည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါး ဖြစ်အောင် မတတ်နိုင်ပါ၊ သို့ရာတွင် မဂ်လေးကြိမ်ဖြင့် အမိုက်ကို ဖျက်ဆီးပြီးသူအား နောင်ဖျက်ဆီးစရာ အမိုက်မရှိတော့ပါ၊ မဂ်ဖြစ်ဘို့ မလိုတော့ပါ။
.
၉၂-မေး။ ။ ကုသိုလ်သည် ဇာတိစသော ဒုက္ခကို ဖြစ်စေသည် ဟူ၍၎င်း မဂ်လေးပါး ဖြစ်အောင် တတ်နိုင်သည်ဟူ၍၎င်း မီးစတဘက် ရေမှုတ်တဘက် ဆိုထားသည်၊ ပယ်ရမည်လော၊ ကျင့်ရမည်လော။
ဖြေ။ ။ ကုသိုလ်ကို မပယ်အပ်ပါ၊ ကျင့်ရပါသည်၊ ယခုမှ ဇာတိကြောက်လို့ ကုသိုလ်ပယ်သော်လဲ ဇာတိမလွတ်နိုင်သေးပါ၊ အကုသိုလ်ကို ပြုလျှင်လဲ ဇာတိဖြစ်နိုင်ပါသည်၊ ဇာတိဖြစ်စေသော ကုသိုလ်တွေကိုလဲ များစွာပြုထားပြီး ရှိကြပါသည်၊ အကြိမ်ကြိမ်တွေ့ပြီး တွေ့ဆဲ တွေ့လတ္တံ့သော ဇာတိတို့ကို သတိ သမ္ပဇည ကင်းလျက် အလန့်တကြား မကြောက်သင့်ပါ၊ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သောကုသိုလ်ကို အားထုတ်၍ ကျင့်အပ်ပါသည်၊ တကြိမ်မျှ မတွေ့ဘူးသောမဂ် ဖြစ်ပါသည်။ ထိုမဂ်ရလျှင် အဝိဇ္ဇာအမိုက်ကင်း၍ ဇာတိစသော ဒုက္ခမှ အပြီးတိုင် လွတ်ကင်းနိုင်ပါသည်။
.
၉၃-မေး။ ။ မဂ်နှင့်ဆက်သွယ်လျှင် ဇာတိဘေးရှိသော ကုသိုလ်ကို မပယ်အပ်ပုံ ကျင့်အပ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ သမုဒ္ဒရာအတွင်း သင်္ဘောပျက်၍ ထောက်တည်ရာမရသောသူ၏ အနီးသို့ ဆင်သေကောင်ပုပ်ကြီး ရောက်လာသည်ဖြစ်အံ့၊ ပုပ်စော်နံသော ရှုံ့စရာဘေး ရှိသော်လည်း ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိလျှင် တက်စီးရမည် ဖြစ်ပါသည်၊ ထို့အတူ ဇာတိဘေး စသည်ဖြင့် ပုပ်စော်နံရှုံစရာ ကုသိုလ်-ဆင်သေကောင်ပုပ်ကို မဂ်လေးပါးကမ်းပါးအရောက် ယူသွားနိုင်သည်ဟု သိသော ထောက်တည်ရာ မရသေးသော အမျိုးကောင်းသားသည် အားထုတ်ကာ တက်စီး ရပါသည်။
.
၉၄-မေး။ ။ ဤဘဝစက်သည် ဇရာမရဏ၌ မပြတ်ဘဲ အဘယ်သို့ ပြန်၍ ဆက်သနည်း။
ဖြေ။ ။ ဇရာမရဏ၌ မပြတ်ဘဲ သောကစသည်တို့လည်း ဖြစ်ကုန်၏၊ ထိုအခါ နုပျိုလို အသက်ရှည်လိုသော ကာမာသဝ စသည်တို့လည်း ဖြစ်ကုန်၏၊ အာသဝနှင့် တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏၊ ဤသို့ ဧရာမရဏကြောင့် အဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သဖြင့် ဘဝစက် ပြန်၍ ဆက်ပါသည်။
.
၉၅-မေး။ ။ ဤဘဝစက်မှ ထွက်နိုင်အောင် အဘယ်အင်္ဂါကို ဖျက်ရသနည်း။
ဖြေ။ ။ ဤဘဝစက်မှ ထွက်နိုင်အောင် အဝိဇ္ဇာ, တဏှာဟူသော မူလ အင်္ဂါနှစ်ပါးကို ဖျက်ရပါသည်။
.
၉၆-မေး။ ။ ဒါန, သီလစသော ကုသိုလ်ဖြင့် နိဗ္ဗာန်ရပုံကို ရှင်းပြပါ။
ဖြေ။ ။ အဝိဇ္ဇာတဏှာကို အားနည်းအောင်ပြုသော ဒါန ကုသိုလ်သည် ဥပနိဿယ သတ္တိဖြင့်၎င်း, အနန္တရသတ္တိဖြင့်၎င်း မဂ်ကိုဖြစ်စေနိုင်ပါသည်၊ ထိုမဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် အဝိဇ္ဇာ, တဏှာကို အမြစ်ဖြတ်ပါသည်၊ အဝိဇ္ဇာ အကြွင်းမဲ့ချုပ်လျှင် သင်္ခါရချုပ်ခြင်း စသည်ဖြင့် ၎င်း, တဏှာ အကြွင်းမဲ့ချုပ်လျှင် ဥပါဒါန်ချုပ်ခြင်း စသည်ဖြင့်၎င်း ဒုက္ခအစု ချုပ်ငြိမ်း၍ နိဗ္ဗာန်ရပုံကို ဟောပါသည်၊ အဝိဇ္ဇာ, တဏှာကို အားပေးလျက် ဖြစ်သော ကုသိုလ်ဖြင့်ကား နိဗ္ဗာန်မရနိုင်ပါ။
.
၉၇-မေး။ ။ အဝိဇ္ဇာ, တဏှာကို အားပေးသော ဝဋ္ဋနိဿိတ ကုသိုလ်ထက် ကြောက်ဘွယ်တရား ရှိသေးသလော၊ အဘယ်မှာ ရှိသေးသနည်း။
ဖြေ။ ။ ဝဋ္ဋနိဿိတ ကုသိုလ်သည် အဝိဇ္ဇာ တဏှာမူလကို အားပေးရုံသာ ဖြစ်ပါသည်၊ မူလကား မဖြစ်ပါ၊ အကုသိုလ်တရားကား ထို မူလနှစ်ပါးကို အားလည်း ပေးသည်၊ မူလလည်း ဖြစ်ပါသည်၊ ထို့ကြောင့် ဝဋ္ဋနိဿိတ ကုသိုလ်ထက် အကုသိုလ်သည် ပို၍ကြောက်ဘွယ်ဖြစ်ပါသည်၊ (ပဏ္ဍိတမာနီ) ပညာလွန်သူတို့ကား အကုသိုလ်ကို အပြစ်များစွာ မဆိုဘဲ ဝဋ္ဋနိဿိတ ကုသိုလ်ကို ပို၍ အပြစ်များစွာ ဆိုကြပါသည်။
.
ဝိပဿနာ ခရီးစဉ် မေး-ဖြေ
၁-မေး။ ။ သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်၊
ဤဉာဏ် သုံးပါး၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ။ ။ သင်ယူ, နာကြား, မေးမြန်းခြင်းအားဖြင့် သိသော ဉာဏ်သည် သုတမယဉာဏ်၊
ကြံစည်စိတ်ကူးခြင်းဖြင့် သိသောဉာဏ်သည် စိန္တာမယဉာဏ်၊
ပွားများအားထုတ် ခြင်းဖြင့် သိသော ဝိပဿနာဉာဏ်သည် ဘာဝနာမယဉာဏ်
မည်ပါသည်။
.
၂-မေး။ ။ တဒင်္ဂပဟာန် ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်၊
ဤပဟာန် သုံးပါး၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ။ ။ ထိုထို အကုသိုလ်အင်္ဂါကို ဇောခုနစ်ကြိမ်ဖြင့် ပယ်သော ကာမကုသိုလ် ပညာသည် တဒင်္ဂပဟာန်၊
အကုသိုလ်ကို ဝေးအောင်ခါသော ရူပ, အရူပ-မဟဂ္ဂုတ် ကုသိုလ်ပညာသည် ဝိက္ခမ္ဘနပဟာန်၊
အကုသိုလ်ကို တကြိမ်တည်းဖြင့် အပြီးတိုင် သတ်သော မဂ်လေးပါးပညာသည် - သမုစ္ဆေဒပဟာန် မည်ပါသည်။
.
၃-မေး။ ။ ဝိပဿနာဉာဏ်၌ဖြစ်သော ပရိညာသုံးပါးကို ရေတွက်ပြပါ။
ဖြေ။ ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာ၊ ဤကား ပရိညာသုံးပါး ဖြစ်ပါသည်။
.
၄-မေး။ ။ ဉာတပရိညာဟူသည် အဘယ်နည်း။
ဖြေ။ ။ ဤကားရုပ်, ဤကားနာမ်, ဤမျှရှိသည်, ဤကား အကြောင်း ဖြစ်သည်ဟု သိထိုက်သမျှကို သိသော ဉာဏ်သည် ဉာတပရိညာမည်ပါသည်။
.
၅-မေး။ ။ တီရဏပရိညာဟူသည် အဘယ်နည်း။
ဖြေ။ ။ ဤရုပ်, ဤနာမ်သည် အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်သည်ဟု ဆုံးဖြတ်သော ဝိပဿနာဉာဏ်သည် တီရဏပရိညာ မည်ပါသည်။
.
၆-မေး။ ။ ပဟာနပရိညာဟူသည် အဘယ်နည်း။
ဖြေ။ ။ ဒိဋ္ဌိကိလေသာတို့ကို ပယ်စွန့်လျက် သိသော ဝိပဿနာဉာဏ်သည် ပဟာနပရိညာ မည်ပါသည်။
၇-မေး။ ။ ဉာတပရိညာ၏ ဖြစ်ရာဌာနကို ဖော်ပြပါ။
ဖြေ။ ။ ဤကားရုပ်, ဤကားနာမ်ဟု ပိုင်းခြားသော နာမရူပပရိစ္ဆေဒ ဉာဏ်သည်၎င်း၊ ဤရုပ်, ဤနာမ်တို့၏ အကြောင်းကို သိမ်းဆည်းသော ပစ္စယပရိဂ္ဂဟဉာဏ် သည်၎င်း၊ ဤဉာဏ်နှစ်ပါးသည် ဉာတပရိညာ၏ ဖြစ်ရာဌာန ဖြစ်ပါသည်။
.
၈-မေး။ ။ တီရဏပရိညာ၏ ဖြစ်ရာဌာနကို ဖော်ပြပါ။
ဖြေ။ အနိစ္စ, ဒုက္ခ, အနတ္တဟု သုံးသပ်သော သမ္မသနဉာဏ်သည်၎င်း၊ ဖြစ်ခြင်း, ပျက်ခြင်းကိုရူသော ဥဒယဗ္ဗယဉာဏ်သည်၎င်း၊ ဤဉာဏ်နှစ်ပါးသည် တီရဏပရိညာ ၏ ဖြစ်ရာဌာန ဖြစ်ပါသည်။
.
၉-မေး။ ။ ပဟာနပရိညာ၏ ဖြစ်ရာဌာနကို ဖော်ပြပါ။
ဖြေ။ ။ အထက်၌ ဝိပဿနာဉာဏ် ရှစ်ပါးသည် ပဟာနပရိညာ၏ ဖြစ်ရာဌာန ဖြစ်ပါသည်။
၁။ ဘင်္ဂဉာဏ်
(ရုပ်နာမ်တို့၏ အဖြစ်ကိုမမီလိုက်ဘဲ အပျက်ကိုသာမီလိုက်သဖြင့် သိမြင်လိုက်သော ဉာဏ်)
၂။ ဘယဉာဏ်
(ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေးဟူ၍ ရှုမြင်သောဉာဏ်)
၃။ အာဒီန၀ဉာဏ်
(အဲဒီဖြစ်ပျက်နေတဲ့ ဘေးကို အပြစ်ဟူ၍ ရှုမြင်သောဉာဏ်)
၄။ နိဗ္ဗိန္ဒဉာဏ်
(ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသောဉာဏ်၊ မလိုချင် မတွယ်တာ ဖြစ်လာသောဉာဏ်)
၅။ မုစ္စိတုကမျတာဉာဏ်
( ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဉာဏ်)
၆။ ပဋိသင်္ခါဉာဏ်
(ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဉာဏ်)
၇။ သင်္ခါရုပေက္ခာဉာဏ်
(သင်္ခါရတရားတွေချည်း ရှုမြင်နေသောဉာဏ်)
၈။ အနုလောမဉာဏ်
(မဂ်ဖိုလ် နိဗ္ဗာန်အား ရဖို့အလျော် ဖြစ်သောဉာဏ်)
.
၁၀-မေး။ ။ ဉာတပရိညာ၏ဖြစ်ရာ နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်အောင် ရုပ် နာမ်ကို ပိုင်းခြားပြပါ။
ဖြေ။ ။ အာရုံကို မသိသော ပထဝီ, အာပေါစသော သဘောတရားသည် ရုပ်မည်၏၊ ပူခြင်းအေးခြင်း စသည်ကြောင့် သွင်မတူပြောင်းလွှဲ ဖြူ-မဲ ပိန်-ထွား ချို-ခါး, မွှေး-နံ ဖောက်လွှဲဖောက်ပြန် ဖြစ်တတ်၏၊ အာရုံကို သိသော စိတ်, စေတသိက်သည် နာမ်မည်၏၊ အာရုံသို့ ရှေးရှုညွတ်တတ်၏၊ ဤသို့ ရုပ်နာမ်ကို ပိုင်းခြားမှတ်သား ရပါသည်။
.
၁၁-မေး။ ။ နာမရူပပရိစ္ဆေဒဉာဏ် ပိုင်းခြားနိုင်သူ၏ အာနိသင်ကို ဖော်ပြပါ။
ဖြေ။ ။ ဤရုပ်, ဤနာမ်မှတပါး ငါ, သူတပါး, ယောက်ျား, မိန်းမ မရှိဟု ဒိဋ္ဌိကို တားနိုင်အောင် ပိုင်းခြားလျှင် သက္ကာယဒိဋ္ဌိ ကွာပါသည်၊ အန္ဓပုထုဇဉ် အဖြစ်မှ လွတ်ပါသည်၊ ကလျာဏပုထုဇဉ် အဖြစ်သို့ ရောက်ပါသည်။
.
၁၂-မေး။ ။ ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်အောင် အကြောင်းကို သိမ်းဆည်းပြပါ။
ဖြေ။ အနာတွေ့လျှင် အကြောင်းရှာရပါသည်၊ ကလေးသူငယ်တွေ့လျှင် မိခင် ရှာရပါသည်၊ ထို့အတူ ရုပ်နာမ်တွေ့လျှင် အနာသဘွယ် သူငယ်အလား သဘော ထား၍ ဖြစ်ကြောင်းရှာရပါသည်၊ ထို့ကြောင့် ဤရုပ်, ဤနာမ်သည် အဝိဇ္ဇာ, တဏှာ, ကံ စသော အကြောင်းကြောင့် ဖြစ်သည်၊ အကြောင်း မကင်းသော အကျိုးတရားသာ ဖြစ်သည်ဟု အကြောင်းကို သိမ်းဆည်းရပါ သည်။
.
၁၃-မေး။ ။ ပစ္စယပရိဂ္ဂဟဉာဏ်ရသူ၏ အာနိသင်ကို ဖော်ပြပါ။
ဖြေ။ ပစ္စယပရိဂ္ဂဟဉာဏ် ရသူသည် အကြောင်း မကင်းသော အကျိုး တရားအပေါင်း သာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့ဟု သိပါသည်၊ သူ့ကြောင့် ငါ့ကြောင့် ငါ, သူတပါး ဖြစ်ပြီး ဖြစ်ဆဲ, ဖြစ်လတ္တံ့ ဟူ၍ မရှိဟု သိ၍ ယုံမှားကင်္ခါ စင်ကြယ်ပါသည်၊ သာသနာ၌ ထောက်ရာတည်ရာရ၍ သက်သာရာရသူ ဖြစ်ပါသည်၊ စူဠသောတာပန် ခေါ်သော သောတာပန် အထွေးအဖြစ်သို့ ရောက်ပါသည်။
.
၁၄-မေး။ ။ ဝိပဿနာဉာဏ်ဆယ်ပါးကို အလွယ်တတူ သိနိုင်အောင် ရေတွက်ပြပါ။
ဖြေ။ သမ္မသနဉာဏ်, ဥ ဘင် ဘ အာ နိ မု ပဋိ ရု နု၊ ဤကား ဝိပဿနာဉာဏ် ဆယ်ပါး သိသာရုံ ရေတွက်ခြင်း ဖြစ်ပါသည်။
.
၁၅-မေး။ ။ သမ္မသနဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ အကြောင်း သိမ်းဆည်းပြီးသော ရုပ်နာမ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု အဖန်ဖန်သုံးသပ်ခြင်းသည် သမ္မသနဉာဏ် မည်ပါသည်။
.
၁၆-မေး။ ။ အဆင်းမြင်ရာ၌ သမ္မသနဉာဏ်ဖြစ်အောင် သုံးသပ်ပြပါ။
ဖြေ။ ။ အဆင်းတခုခု မြင်သောအခါ ဤအဆင်းနှင့် ဤမျက်စိသည် အကြောင်း တရားတို့ ညီညွတ်မှ ဖြစ်ပေါ်လာသော ရုပ်ဖြစ်ပါသည်၊ မြင်ခြင်း သိခြင်းသည် အကြောင်းတရားတို့ ညီညွတ်မှ ဖြစ်ပေါ်လာသော နာမ်ဖြစ်ပါသည်၊ ဤရုပ်, ဤနာမ် မှတပါး မြင်တတ်, သိတတ်သော ပုဂ္ဂိုလ်, သတ္တဝါ ငါ, သူတပါး ယောက်ျား, မိန်းမ-မရှိ၊ အနိစ္စ, ဒုက္ခ, အနတ္တ၊ ဤသို့ သမ္မသနဉာဏ် ဖြစ်စေရပါသည်။
.
၁၇-မေး။ ။ သမ္မသနဉာဏ်အရာ၌ ခန္ဓာငါးပါးကို ၁၁-မျိုးခွဲရှုရမည်ဟု ဆို၏၊ ၁၁-မျိုး ရေပြပါ။
ဖြေ။ ။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်-သုံးမျိုး၊
အတ္တ, ဗဟိဒ္ဓ- နှစ်မျိုး၊
ဩဠာရိက, သုခုမ-နှစ်မျိုး၊
ဟီန, ပဏီတ-နှစ်မျိုး၊
ဒူရ, သန္တိက-နှစ်မျိုး၊
ဤကား ခန္ဓာငါးပါးကို ခွဲစရာ ၁၁-မျိုး ဖြစ်ပါသည်။
.
၁၈-မေး။ ။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြင့် ခွဲ၍ သုံးသပ်ပြပါ။
ဖြေ။ ။ အတိတ်ရုပ်သည် အတိတ်၌ ချုပ်ပြီးပြီ- အနိစ္စ, ဒုက္ခ, အနတ္တ၊
အနာဂတ်ရုပ်သည် အနာဂတ်၌ ချုပ်လတ္တံ့ - အနိစ္စ, ဒုက္ခ, အနတ္တ၊
ပစ္စုပ္ပန် ရုပ်သည် ပစ္စုပ္ပန်၌ ချုပ်၏– အနိစ္စ, ဒုက္ခ, အနတ္တ၊
ဤသို့ သုံးသပ်ရပါသည်။
.
၁၉-မေး။ ။ အဇ္ဈတ္တ, ဗဟိဒ္ဓဖြင့် ခွဲ၍ သုံးသပ်ပြပါ။
ဖြေ။ အဇ္ဈတ္တရုပ်သည် ဗဟိဒ္ဓမဖြစ်မူ၍ ချုပ်၏၊
ဗဟိဒ္ဓရုပ်သည် အဇ္ဈတ္တ မဖြစ်မူ၍ ချုပ်၏-
အနိစ္စ, ဒုက္ခ, အနတ္တ၊ ဤသို့ သုံးသပ်ရပါသည်။
.
၂၀-မေး။ ။ ဩဠာရိက, သုခုမစသည်တို့ဖြင့် ခွဲ၍ သုံးသပ်ပြပါ။
ဖြေ။ သြဠာရိကရုပ်သည် သုခုမ မဖြစ်မူ၍ ချုပ်၏၊
သုခုမရုပ်သည် ဩဠာရိက မဖြစ်မူ၍ ချုပ်၏-အနိစ္စ, ဒုက္ခ, အနတ္တ၊
ဟီနရုပ်သည် ပဏီတ မဖြစ်မူ၍ ချုပ်၏။
ပဏီတရုပ်သည် ဟီန မဖြစ်မူ၍ ချုပ်၏- အနိစ္စ ဒုက္ခ အနတ္တ၊
ဒူရရုပ်သည် သန္တိက မဖြစ်မူ၍ ချုပ်၏၊
သန္တိကသည် သူရမဖြစ်မူ၍ ချုပ်၏-အနိစ္စ, ဒုက္ခ, အနတ္တ၊
ဝေဒနာသည် ...၊
သညာသည် ...၊
သင်္ခါရသည် ...၊
ဝိညာဏ်သည် ... တခုစီ၎င်း,
ရုပ်နာမ်သည်-ဟု ပေါင်း၍၎င်း သုံးသပ်ရပါသည်။
.
၂၁-မေး။ ။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတို့ကို သမ္မသနဉာဏ်ဖြင့် သုံးသပ်ပြပါ။
ဖြေ။ ။ အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်သည်၊ ငါ့ကိုယ်,ငါ့ဟာ,ငါမဖြစ်၊
သင်္ခါရကြောင့် ဝိညာဏ်သာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
ဝိညာဏ်ကြောင့် နာမ်ရုပ်သာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
နာမ်ရုပ်ကြောင့် သဠာယတနသာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
သဠာယတနကြောင့် ဖဿသာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
ဖဿကြောင့် ဝေဒနာသာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
ဝေဒနာကြောင့် တဏှာသာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
တဏှာကြောင့် ဥပါဒါန်သာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
ဥပါဒါန်ကြောင့် ဘဝသာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
ဘဝကြောင့် ဇရာမရဏံ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ ဖြစ်သည်၊ ငါ့ကိုယ် ငါ့ဟာ, ငါ-မဖြစ်၊
အနိစ္စ, ဒုက္ခ, အနတ္တ၊ ဤသို့ သုံးသပ်ရပါသည်။
.
၂၂-မေး။ ။ ခြေတလှမ်း တလှမ်း၌ “ကြွ ဆောင် လွှဲ ချ ထား နှိပ်” ဟူသော အစိတ်အပိုင်း ၆-ခုကို ရှင်းပြပါ။
ဖြေ။ ။ ခြေတလှမ်းတလှမ်း၌ အစိတ်အပိုင်း ၆-ခုကို မှတ်သားရပါသည်၊
ကြွ ... ဟူသည်ကား - လှမ်းလိုသောခြေကို ရှေးဦးစွာ ကြွရပါသည်၊
ဆောင် ... ကြွပြီးမှ ထိုခြေကို ရှေ့သို့ ဆောင်ရပါသည်၊
လွှဲ ... ဆောင်ပြီးမှ ဆူးငြောင့် ခလုတ်ကိုမြင်၍ ဘေးသို့လွှဲလိုက်ရပါသည်၊
ချ ... လွှဲပြီးမှ မြေ၌ ချရပါသည်၊
ထား ... ချပြီးမှ မြေ၌ တည်အောင် ထားရပါသည်၊
နှိပ် ... ထားပြီးမှ နောက်တဘက် လှမ်းလို၍ ထိုခြေကို မြေ၌ နှိပ်၍ နင်းရပါသည်၊
ထိုနောက်မှ နောက်တဘက် ကြွ၍ လှမ်းရပါသည်။
.
၂၃-မေး။ ။ ခြေတလှမ်းတလှမ်း၌ သမ္မသနဉာဏ် ၆-ပါးဖြစ်အောင် သုံးသပ်ပြပါ။
ဖြေ။ ။ ခြေကြွစဉ်ရုပ်သည် မဆောင်မီ ချုပ်၏၊
ဆောင်စဉ် ရုပ်သည် မလွှဲမီ ချုပ်၏၊
လွှဲစဉ်ရုပ်သည် မချမီ ချုပ်၏၊
ချစဉ် ရုပ်သည် မထားမီချုပ်၏၊
ထားစဉ် ရုပ်သည် မနှိပ်မီ ချုပ်၏၊
နှိပ်စဉ်ရုပ်သည် မကြွမီ ချုပ်၏-
အနိစ္စဒုက္ခ, အနတ္တ၊ ဤသို့ ၆-ပါး ဖြစ်သည်။
.
၂၄-မေး။ ။ ခြေတလှမ်း တလှမ်း၌ဖြစ်သော ဉာဏ် ၉-ပါးကို နာမ်အားဖြင့် ပဋိပါဋိနည်း လေးဆက်လောက် သုံးသပ်ပြပါ။
ဖြေ။ ။ ခြေတလှမ်းတလှမ်း၌ အစိတ်အပိုင်း ၆-ခုကို သိသော -
ပဌမ စိတ်သည် အနိစ္စ, ဒုက္ခ, အနတ္တ၊
ထိုပဌမစိတ်ကို သိသော ဒုတီယစိတ်သည် အနိစ္စ, ဒုက္ခ, အနတ္တ၊
ထိုဒုတီယစိတ်ကို သိသော တတီယစိတ်သည် အနိစ္စ, ဒုက္ခ, အနတ္တ၊
ထိုတတိယစိတ်ကိုသိသော စတုတ္ထစိတ်သည် အနိစ္စ ဒုက္ခ အနတ္တ၊
.
၂၅-မေး။ ။ ဥ-ဟူသော ဥဒယဗ္ဗယဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ ရုပ်နာမ်တို့၏ ဖြစ်ခြင်း, ပျက်ခြင်းကို ရှုသောဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်ပါသည်။
.
၂၆-မေး။ ။ ရုပ်၌ ဥဒယဗ္ဗယရှုပုံ ရှုပြစမ်းပါ။
ဖြေ။ ။ ဤရုပ်သည် အဝိဇ္ဇာ တဏှာ ကံ အာဟာရ ဖြစ်ခြင်းကြောင့် ဖြစ်သည်၊
ဥပါဒ်အခါလည်း ဖြစ်ခြင်းပင်တည်း၊ ဤကား ဥဒယ ငါးပါး၊
အဝိဇ္ဇာ, တဏှာ, ကံ, အာဟာရ ချုပ်ခြင်းကြောင့် ချုပ်သည်၊
ဘင်အခါလည်း ချုပ်ခြင်းပင်တည်း၊ ဤကား ဝယငါးပါး။
.
၂၇-မေး။ ။ ဝေဒနာ, သညာ, သင်္ခါရ၌ ဥဒယဗ္ဗယရှုပုံ ရှုပြစမ်းပါ။
ဖြေ။ ။ ဤ ဝေဒနာ, သညာ, သင်္ခါရသည် အဝိဇ္ဇာ, တဏှာ, ကံ, ဖဿ ဖြစ်ခြင်းကြောင့် ဖြစ်သည်၊ ဥပါဒ်အခါလည်း ဖြစ်ခြင်းပင်တည်း၊ ဤကား ဥဒယ ငါးပါးစီ၊ အဝိဇ္ဇာ တဏှာ ကံ, ဖဿ ချုပ်ခြင်းကြောင့် ချုပ်သည်၊ ဘင်အခါလည်း ချုပ်ခြင်းပင်တည်း၊ ဤကား ဝယငါးပါးစီ။
.
၂၈-မေး။ ။ ဝိညာဏ်၌ ဥဒယဗ္ဗယရှုပုံ ရှုပြစမ်းပါ။
ဖြေ။ ။ ဤဝိညာဏ်သည် အဝိဇ္ဇာ တဏှာ ကံ နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဖြစ်သည်၊ ဥပါဒ်အခါလည်း ဖြစ်ခြင်းပင်တည်း၊ ဤကား ဥဒယငါးပါး၊
အဝိဇ္ဇာ တဏှာ, ကံ, နာမ်ရုပ် ချုပ်ခြင်းကြောင့် ချုပ်သည်၊ ဘင်အခါလည်း ချုပ်ခြင်း ပင်တည်း။ ဤကား ဝယငါးပါး။
.
၂၉-မေး။ ။ အဘယ်အခါ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်သနည်း။
ဖြေ။ ။ ဥဒယဗ္ဗယ ၅၀-ရှု၍ သင်္ခါရတို့၏ အသစ်အသစ် ဖြစ်လာပုံ တိုတောင်းသော ခဏအတွင်း ပျက်ပုံကိုမြင်သောအခါ တရုဏဝိပဿနာ မည်သော ဥဒယဗ္ဗယဉာဏ် ရသည်ဖြစ်၍ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်ပါသည်။
.
၃၀-မေး။ ။ အဘယ်အခါ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဖြစ်သနည်း။
ဖြေ။ ။ အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်သောအခါ ဩဘာသ, ပီတိ စသော ဘေးရန်ဆယ်ပါး ဖြစ်တတ်ပါသည်၊ ထိုအခါ ငါအားဖြစ်သော ဩဘာသ စသည် သည် အနိစ္စ, ဒုက္ခ, အနတ္တ၊ ဤသို့ အနိစ္စ စသည်ဖြင့် သိသော စိတ်သည်လည်း အနိစ္စ, ဒုက္ခ, အနတ္တ၊ ဤဩဘာသ စသည်သည် လမ်းမှန် မဟုတ်၊ ဝိပဿနာ ညစ်နွမ်းကြောင်း ဘေးရန် ဖြစ်၏၊ ထိုဘေးရန်မှ လွတ်သော ဝိပဿနာဉာဏ်စဉ် သာလျှင် ပုဗ္ဗဘာဂမဂ်ဖြစ်၍ လမ်းမှန် ဖြစ်သည်၊ ဤသို့ လမ်းမှန် လမ်းမှား မှတ်သားသောအခါ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဖြစ်ပါသည်။
.
၃၁--မေး။ ။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါကို ဥဒယဗ္ဗယဉာဏ် ရှုပြစမ်းပါ။
ဖြေ။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်သည်၊ ဤကား ဥဒယဉာဏ်၊
အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရချုပ်သည်၊ ဤကား ဝယဉာဏ်၊
ဤနည်း မှီ၍ …..
ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်သည်၊ ဤကား ဥဒယဉာဏ်၊
ဇာတိ ချုပ်ခြင်းကြောင့် ဇရာမရဏ ချုပ်သည်၊ ဤကား ဝယဉာဏ်။
.
၃၂-မေး။ ။ ဥဒယဗ္ဗယဉာဏ်သည် ပရိညာနှစ်ပါး၏ အရာဌာနဟု ဆိုသည်၊ ဖြစ်ပုံ ရှင်းပြပါ။
ဖြေ။ ဥဒယဗ္ဗယဉာဏ်၏ ဖြစ်ခါစသည် တီရဏပရိညာ၏ဌာန ဖြစ်ပါသည်၊ အလေ့ အလာ များသောအခါ ပဟာနပရိညာ၏ဌာနသို့ သက်ဝင်ပါသည်။
.
၃၃-မေး။ ။ ဥဒယဗ္ဗယဉာဏ်ရသူအား ရုပ်နာမ်ထင်ပုံ ဖော်ပြပါ။
ဖြေ။ ။ ဤရုပ်, ဤနာမ်သည် မဖြစ်မီ စုပုံလျက် မရှိ၊ ဖြစ်သောအခါ စုပုံရာမှ မလာ၊ ချုပ်သောအခါ တနေရာသို့ မသွား၊ ချုပ်ပြီးနောက် စုပုံလျက် မရှိ၊ စောင်းသံသည် ရှေးက မမြည်၊ တီးမှ မြည်သည်၊ မြည်ပြီးနောက် ပျောက်ပျက်လေသည်၊ ထို့အတူ ဤရုပ်, ဤနာမ်သည် ရှေးက မဖြစ်၊ အကြောင်း ညီညွတ်မှ အသစ်ဖြစ်လာသည်၊ ဖြစ်ပြီးနောက် ချုပ်ပျောက်လေသည်၊ ဤသို့ ထင်ပါသည်။
.
၃၄-မေး။ ။ ဖြစ်ခြင်းပျက်ခြင်းကို နှလုံးမသွင်း သန္တတိအစဉ် ဖုံးလွှမ်းခြင်းကြောင့် အနိစ္စမထင်ဟု ဆို၏၊ သန္တတိအစဉ် ဖျက်ပြပါ။
ဖြေ။ ဤရုပ်, ဤနမ်သည် ဥဒယငါးပါး, ဝယငါးပါးဖြင့် ဖြစ်၍ ပျက်ပါသည်၊ အစဉ်အဆက် တခုတည်း မဟုတ်ပါ၊ အပိုင်းအပြတ်ဖြစ်၍ ပျက်ပါသည်၊ အနိစ္စ, အနိစ္စ။
.
၃၅-မေး။ ။ မပြတ်နှိပ်စက်အပ်သည်ကို နှလုံးမသွင်း ဣရိယာပုထ် ဖုံးလွှမ်းခြင်း ကြောင့် ဒုက္ခမထင်ဟု ဆို၏၊ ဣရိယာပုထ် ဖျက်ပြပါ။
ဖြေ။ ။ ဤရုပ်, ဤနာမ်သည် ဖြစ်ခြင်းပျက်ခြင်းဖြင့် မပြတ် နှိပ်စက်ခံရပါသည်။ ဣရိယာပုထ် ပြောင်းလွှဲခြင်းဖြင့် အညောင်းပြေ၍ ချမ်းသာသည် မဟုတ်ပါ၊ ဣရိယာပုထ်တခုမှ တခုသို့ မရောက်ဘဲ အမြဲနှိပ်စက် ခံနေရပါသည်- ဒုက္ခ, ဒုက္ခ။
.
၃၆-မေး။ ။ ပထဝီ, အာပေါစသော အကွဲအပြားကို နှလုံးမသွင်း တခဲနက် ဖုံးလွှမ်းခြင်းကြောင့် အနတ္တ မထင်ဟု ဆို၏၊ တခဲနက် ဖျက်ပြပါ။
ဖြေ။ ။ ဤရုပ်, ဤနာမ်သည် ပထဝီ, အာပေါ စသော အကွဲအပြား၊ ဖဿ ဝေဒနာ စသော အကွဲအပြား ဖြစ်ပါသည်။ တလုံးတည်း တခဲနက် ခိုင်ခံ့သည် မဟုတ်ပါ၊ ပကတိမျက်စိဖြင့် မမြင်နိုင်အောင် သေးငယ်၍ မျက်စိတမှိတ်ခန့်မျှ အသက် မရှည်သော မှုန်မှုန်မွှားမွှား တရားအစုကလေးတွေ ဖြစ်ပါသည်၊ ငါ့ကိုယ်, ငါ့ဟာ, ငါဟု စွဲယူစရာမရှိ-အနတ္တ, အနတ္တ။
.
၃၇-မေး။ ။ ဘင်-ဟူသော ဘင်္ဂဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ ဥဒယဗ္ဗယ ဉာဏ်အမြင်သန်၍ ဖြစ်ခြင်း, ပျက်ခြင်း- လျင်လျင်မြန်မြန် ထင်ဖန်များသောအခါ ဖြစ်ခြင်း မမြင်၊ ပျက်ခြင်းကိုသာ မြင်ရခြင်းသည် ဘင်္ဂဉာဏ် ဖြစ်ပါသည်။
.
၃၈-မေး။ ။ ဘင်္ဂဉာဏ်ဖြင့် ပျက်ခြင်းမျှ မြင်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ လျှပ်စစ်ပြက်သောအခါ လျင်မြန်ခြင်းကြောင့် ဖြစ်ခြင်းကို စွဲအောင် မမြင်၊ ပျက်ခြင်းသာ စွဲအောင် မြင်ရပါသည်၊ ထို့အတူ ရုပ်နာမ်တို့၏ လျင်မြန်ခြင်းကြောင့် ဖြစ်ခြင်း မမြင်၊ ပျက်ခြင်းသာ စွဲအောင် မြင်ရပါသည်။
.
၃၉-မေး။ ။ ဘင်္ဂဉာဏ်ဖြင့် ပျက်ခြင်းကိုသာ မြင်ပြစမ်းပါ။
ဖြေ။ ။ ဤရုပ်, ဤနာမ် သင်္ခါရအစုသည် ဖြစ်လေသမျှ ပျက်ဘို့ချည်းသာ ဖြစ်လေစွတကား၊ တဖျစ်ဖျစ်မြည်ဆူ အိုးကင်းပူထက် နှမ်းစေ့ကျက်သကဲ့သို့ တပျက်တည်းသာ ပျက်လေစွတကား၊ မိုဃ်းကြီးရွာစဉ် ရေပြင်အထက် ဥဗောင်း ရေပွက် လျင်စွာပျက်သကဲ့သို့ အပျက်မြန်လှလေစွတကား။
.
၄၀-မေး။ ။ ဘင်္ဂဉာဏ်ရသူ၏ အာနိသင်ကို ဖော်ပြပါ။
ဖြေ။ ။ ရုပ်နာမ်လောက၌ ဘင်္ဂဉာဏ်ရလျှင် ဦးခေါင်း မီးလောင်သူအလား ကိစ္စတပါး ပယ်ရှား၍၊ ဝါ-ဦးခေါင်းမီးလောင်စဉ်သော်လည်း ကိစ္စတပါး ပယ်ရှား၍ ဘင်္ဂဉာဏ်ဖြင့် ပျော်ပျော်ကြီး အပျက်ကို ရှုနိုင်ပါသည်၊ အပျက်မြင်သူကို သေမင်း မမြင်နိုင်လတ္တံ့ ။
ယထာ ပုမ္ဖုဠကံ ပဿေ၊
ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊
ပစ္စုရာဇာ န ပဿတိ။
ပုမ္ဖုဠကံ၊ ဥဗောင်းရေပွက်ကို။
ပဿေယထာ၊ တဖျစ်ဖျစ်ပျက်အင် ရှုမြင်သကဲ့သို့။
မရီစိကံ၊ တံလျှပ်ကို။
ပဿေယထာ၊ ရေမဟုတ်ဘဲ ရေအသွင် ရှုမြင်ရသကဲ့သို့။
ဧဝံ၊ ဤအတူ။
လောကံ၊ ခန္ဓာငါးဝ ရုပ်နာမ်လောကကို၊
အဝေက္ခန္တံ၊ အပျက်စုနှင့် ကိုယ်မဟုတ်ဘဲ ကိုယ်အသွင်ဟု ဉာဏ်သက်ဝင်၍ ရှုမြင်သူကို။
မစ္စုရာဇာ၊ သေမင်းသည်။
န ပဿတိ၊ မမြင်နိုင်။
ဝါ၊ အရဟတ္တဖိုလ်ရ၍ ဘဝတဖန် မရှိသောကြောင့် မမြင်ရလေတော့သတည်း။
ဤသို့ ဟောပါသည်။
.
၄၁-မေး။ ။ အပျက်ကို ပျော်ပျော်ကြီး ရှုနိုင်ပုံကို ဥပမာဆောင်ပြပါ။
ဖြေး ။ အချုပ်ထောင်အတွင်း အကျဉ်းခံရသူသည် ထိုအချုပ်ထောင်၏ ပျက်သော နေရာတခုကို မြင်ရလျှင် ထိုအပျက်ကို ပျော်ပျော်ကြီး ရှုနိုင်ပါသည်၊ အချုပ်ထောင်၏ အပျက်မြင်သူသည် မကြာမီ အချုပ်ထောင် စောင့်သူတို့ မမြင်ရာသို့ ရောက်နိုင်ပါသည်။
.
၄၂-မေး။ ။ ဘ-ဟူသော ဘယဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ ဘင်္ဂဉာဏ်အမြင်သန်၍ ၃၁-ဘုံ သင်္ခါရအားလုံးသည် ကြောက်ဘွယ် ဘေးရန်ကြီးပါတကား ဟု တွယ်တာခြင်းကင်းလျက် ကြောက်ခြင်းသည် ဘယဉာဏ် မည်ပါသည်။
.
၄၃-မေး။ ။ ဘယဉာဏ်ဖြင့် ကြောက်ပုံ ကြောက်ပြစမ်းပါ။
ဖြေ။ ။ ၃၁-ဘုံသင်္ခါရ အားလုံးသည် --
ခြင်္သေ့ သစ်, ကျားပမာ ကြောက်စရာ ကောင်းလေစွ၊
မြွေဆိုး ဆင်ဆိုး, မိုဃ်းကြိုးစက်ကွင်းပမာ လန့်စရာ ကောင်းလေစွ၊
မီးကျီးစုအသွင် စစ်မြေပြင်တနှုန်း သင်းချိုင်းကုန်းပမာ နေစရာမကောင်းလေစွ၊
အတိတ် ရုပ်နာမ်တွေပျက်ပြီးပြီ၊
ပစ္စုပ္ပန်ရုပ်နာမ်တွေ ပျက်ဆဲ၊
အနာဂတ် ရုပ်နာမ်တွေ ပျက်လတ္တံ့၊
ကာမဘုံခန္ဓာ ရှားနှစ်တံကျင်ပမာ,
ရူပဘုံခန္ဓာ သံတံကျင်ပမာ,
အရူပဘုံခန္ဓာ ရွှေတံကျင်ပမာ
တွယ်တာဘို့မကောင်း သက်သာကြောင်းမပါ
ကြောက်ဘွယ်ဘို့သာ ဖြစ်ကုန်စွတကား။
.
၄၄-မေး။ ။ တွယ်တာခြင်း ကင်းပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ မင်းပြစ်သင့်သော သူပုန် သုံးယောက်၏ မိခင်သည် --
သားကြီး ဦးခေါင်းဖြတ်ပြီးကို မြင်ပြီး၍
သားလတ်ဦးခေါင်းဖြတ်ဆဲကို မြင်ရသောအခါ
သားငယ်ကိုလည်း ဦးခေါင်းဖြတ်လတ္တံ့ ဟု သိ၍
ငါ့သားဟု တွယ်တာစရာ မထင်သကဲ့သို့ …
အတိတ်ရုပ်နာမ်တွေ ပျက်စီးပြီး၍
ပစ္စုပ္ပန်ရုပ်နာမ်တွေ ပျက်ဆဲကို မြင်ရသောအခါ
အနာဂတ်ရုပ်နာမ်တွေလဲ ပျက်လတ္တံ့ ဟုသိ၍
ငါ့ကိုယ်,ငါ့ဟာ, ငါ-ဟု တွယ်တာစရာ ရုပ်နာမ်-သင်္ခါရကို မမြင်ရသဖြင့် တွယ်တာခြင်း ကင်းရပါသည်။
.
၄၅-မေး။ ။ ဒေါသကြောက်, ဉာဏ်ကြောက်ကို ရှင်းပြ၍ လိုအပ်သော ကြောက်ခြင်းကို ဖော်ပြပါ။
ဖြေ။ ။ တောထဲ၌ ကျားကိုရင်ဆိုင် မြင်ရသောအခါ ဘာမျှမကြံတတ်အောင် တွေဝေလျက် ကြောက်ခြင်းသည် ဒေါသကြောက် ဖြစ်ပါသည်၊
လှောင်အိမ်ထဲက ကျားကိုမြင်ရသောအခါ ဤသို့ ဤသို့ ကြောက်စရာကောင်းသည် ဟု ဆင်ခြင် တိုင်းထွာနိုင်သော ကြောက်ခြင်းသည် ဉာဏ်ကြောက်ဖြစ်ပါသည်၊
ဤဝိပဿနာအရာ၌ သတိသမ္ပဇည မကင်းသော ဉာဏ်ကြောက်ကိုသာ အလိုရှိ ရပါသည်။
.
၄၆-မေး။ ။ အာ-ဟူသော အာဒီနဝဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ ဘယဉာဏ်ဖြင့်ကြောက်၍ ၃၁-ဘုံ သင်္ခါရအားလုံးကို မဆက်ဆံလိုသဖြင့် အပြစ်မြင်ခြင်းသည် အာဒီနဝဉာဏ် မည်ပါသည်။
.
၄၇-မေး။ ။ အာဒီနဝဉာဏ်ဖြင့် အပြစ်မြင်ပြစမ်းပါ။
ဖြေ။ ။ ဘုံသုံးပါးသည် လှံတံကျင်သုံးစင်း, မီးကျီးတွင်းသုံးခုနှင့် တူလေစွ၊
ဓာတ်ကြီးလေးပါးသည် မြွေဆိုးကြီး လေးကောင်နှင့် တူလေစွ၊
ခန္ဓာငါးပါး သည် သံလျက်မိုးသော သူသတ်ယောက်ျား ငါးဦးနှင့် တူလေစွ၊
စက္ခု, သောတ စသော ကိုယ်တွင်းအာယာန ခြောက်ပါးသည် ထားပြတိုက်ခံရသော ရွာ၆-ခုနှင့် တူလေစွ၊
ရူပါရုံ, သဒ္ဒါရုံစသော ပြင်ပ အာယတန ခြောက်ပါးသည် ထားပြကြီး ၆-သင်းနှင့် တူလေစွ၊
ဝိညာဏဋ္ဌိတိ ၇-ပါး, သတ္တဝါသဘုံ ၉-ပါးသည် မီး ၁၁-မျိုး တောက်လောင်သော ခုနစ်ထပ်အိမ်ကြီး ကိုးထပ်အိမ်ကြီးနှင့် ဟူလေစု၊
ဆက်ဆံစရာအနည်းငယ်မျှ မရှိလေစွ တကား။
.
၄၈-မေး။ ။ ဓာတ်ကြီးလေးပါးကို မြွေဆိုးကြီးလေးကောင်နှင့်တူပုံ အပြစ်မြင် ပြစမ်းပါ။
ဖြေ။ ။ ဤကိုယ်၌ ပထဝီပျက်လျှင် ကဋ္ဌမုခမြွေကိုက်သကဲ့သို့ တောင့်တင်း၏၊
ပထဝီနှံ့သော ဤကိုယ်သည် ကဋ္ဌမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့် တူလေစွ၊
အာပေါပျက်လျှင် ပူတိမုခမြွေ ကိုက်သကဲ့သို့ ပုပ်ပူ၏၊
အာပေါနှံ့သော ဤကိုယ်သည် ပူတိမုခမြွေ၏ ခံတွင်း၌နေရသည်နှင့်တူလေစွ၊
တေဇော ပျက်လျှင် အဂ္ဂိမုခ မြွေကိုက်သကဲ့သို့ ပူလောင်၏၊
တေဇောနှံ့သောဤကိုယ်သည် အဂ္ဂိမုခမြွေ၏ ခံတွင်း၌နေရသည်နှင့် တူလေစွ၊
ဝါယောပျက်လျှင် သတ္ထမုခ မြွေကိုက်သကဲ့သို့ ပေါက်ကွဲ၏၊ ကြေလွင့်၏၊
ဝါယောနှံ့စသာ ဤကိုယ်သည် သတ္ထမုခမြွေ၏ခံတွင်း၌ နေရသည်နှင့် တူလေစွ။
.
၄၉-မေး။ ။ ပဋိသမ္ဘိဒါနည်းအမြွက်ဖြင့် အပြစ်မြင်ပြစမ်းပါ။
ဖြေ။ ။ ခန္ဓာငါးပါးဖြစ်ခြင်းသည်-ဒုက္ခ၊
ခန္ဓာငါးပါးအဆက်ဆက်သည်- ဒုက္ခ၊
အကြောင်းနိမိတ်ရှိခြင်းသည်-ဒုက္ခ၊
အားထုတ်ခြင်းသည်-ဒုက္ခ၊
ပဋိသန္ဓေ ရှိခြင်းသည်- ဒုက္ခ၊
ဤကား အပြစ်ကိုသိသော အာဒီနဝဉာဏ် ငါးခု၊
ခန္ဓာငါးပါး မဖြစ်ခြင်းသည်-သုခ၊
ခန္ဓာငါးပါး မဆက်ခြင်းသည်-သုခ၊
အကြောင်းနိမိတ် မရှိခြင်းသည်-သုခ၊
အားမထုတ်ခြင်းသည်-သုခ၊
ပဋိသန္ဓေ မရှိခြင်းသည်-သုခ၊
ဤကား နိဗ္ဗာန်ကိုသိသော သန္တိပဒဉာဏ်ငါးခု။
.
၅၀-မေး။ ။ အာဒီနဝဉာဏ်ပြရာ၌ သန္တိပဒဉာဏ်ကို အဘယ်ကြောင့် တွဲ၍ ဟောပြပါသနည်း။
ဖြေ။ ။ အာဒီနဝ၏ ဆန့်ကျင်ဘက်ကို မြင်စေလို၍၎င်း, ဘေးမြင်၍ ကြောက်သူအား သက်သာရာရစေလို၍၎င်း, ဘေးကိုမြင်လျှင် နိဗ္ဗာန်သို့ ညွှတ်ကိုင်းသက်ဝင် နိုင်သည်ဟု အကျိုးကိုပြလို၍၎င်း ၊ သန္တိပဒဉာဏ်ကိုတွဲ၍ ဟောပြတော်မူပါသည်။
.
၅၁- မေး။ ။ နိဟူသော နိဗ္ဗိဒါဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ အာဒီနဝဉာဏ်ဖြင့် အပြစ်မြင်၍ ဘုံသုံးပါး၌ ငြီးငွေ့သောဉာဏ်သည်၊ ဝါ-သန္တိပဒ-နိဗ္ဗာန်သို့ ညွတ်ကိုင်းသက်ဝင်သော ဉာဏ်သည် နိဗ္ဗိဒါ ဉာဏ်မည်ပါသည်။
.
၅၂-မေး။ ။ နိဗ္ဗိဒါဉာဏ်ဖြင့် ဘုံသုံးပါးငြီးငွေ့ပြစမ်းပါ။
ဖြေ။ ရွှေဟင်္သာသည် ဒွန်းစဏ္ဍားရေအိုင်၌ မမွေ့၊
ဟိမဝန္တာအိုင်ကြီး၌သာ မွေ့သည်၊
ဘုံသုံးပါးသည် ဒွန်းစဏ္ဍားရေအိုင်နှင့် တူလှ၏၊
ဝိပဿနာ ဉာဏ်အိုင်ကြီးသာ မွေ့လျော်ဘွယ် ကောင်းလေစွ၊
ကေသရာဇာ ခြင်္သေ့မင်းသည် လှောင်အိမ်ရှေ့ချိုင့်၌ မမွေ့၊
တောသုံးတောင်၌သာ မွေ့သည်၊
ဘုံသုံးပါးသည် သံချိုင့်, ငွေချိုင့်, ရွှေချိုင့်နှင့်တူလှ၏၊
ဝိပဿနာဉာဏ်ချိုင့်ကြီးသာ မွေ့လျော်ဘွယ် ကောင်းလေစွ၊
ဆဒ္ဒန်ဆင်ဖြူတော်သည် မြို့ရွာအတွင်း၌ မမွေ့၊
ဆဒ္ဒန်အိုင်ကြီး၌သာ မွေ့သည်၊
ဘုံသုံးပါးသည် မြို့ရွာအတွင်းနှင့်တူလှ၏။
“ခန္ဓာ ငါးပါးမဖြစ်ခြင်းသည်-သုခ” စသည်ဖြင့် တွေးဆ၍ မြင်ရသော သန္တိပဒဉာဏ်- နိဗ္ဗာန်အိုင်ကြီးသာ မွေ့လျော်ဘွယ် ကောင်းလေစွ။
.
၅၃-မေး။ ။ ဘယ, အာဒီနဝ, နိဗ္ဗိဒါ၊ ဤဉာဏ်သုံးပါး ထူးပုံ တူပုံ ဖော်ပြပါ။
ဖြေ။ ။ ဘယဉာဏ်-ကြောက်ခြင်း,
အာဒီနုဝဉာဏ်-အပြစ်မြင်ခြင်း,
နိဗ္ဗိဒါဉာဏ်-ငြီးငွေ့ခြင်း
အားဖြင့် အားထုတ်စ၌ သဘောမတူပါ၊
အပြီးအဆုံးသို့ ရောက်သောအခါ သဘောတူပါသည်၊
တဉာဏ်တည်း သုံးမည်ရ ဟူ၍ပင် မိန့်ဆိုကြပါသည်။
၅၄-မေး။ ။ မု-ဟူသော မုစ္စိတုကမျတာဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ နိဗ္ဗိဒါဉာဏ်ဖြင့် လွန်စွာငြီးငွေ့၍ ဘုံသုံးပါးမှ ထွက်မြောက်လို လွတ်လိုသော ဉာဏ်သည် မုစ္စိတုကမျတာဉာဏ် မည်ပါသည်။
.
၅၅-မေး။ ။ မုစ္စိတုကမျတာဉာဏ်ဖြင့် လွတ်လိုပြစမ်းပါ။
ဖြေ။ ။ ဘုံသုံးပါး၌ အိုဘေ, နာဘေး, သေဘေးအကြား ကျင်လည်ရခြင်းသည် ပိုက်ကွန်မိသော ငါး, ဂဠုန်လက်တွင်း နဂါးမြွေခံတွင်း ဖားနှင့် တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ၊
ချိုင့်လှောင်သော တောကြက်၊ ကျော့ကွင်း မိသော တောဝက်၊ ကြောင်ခံတွင်း ကြွက်နှင့် တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ၊
အလမ္ပယ် မြွေအလား စွန်လက်သည်းကြား စာသူငယ်, ညွှန်အိုင် အလယ် ဆင်ပြောင်နှင့် တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ။
.
၅၆-မေး။ ။ ပဋိ-ဟူသော ပဋိသင်္ခါဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ မုစ္စိတုကမျတာဉာဏ်ဖြင့် လွတ်လိုသော်လည်း လွတ်ကြောင်းမပြည့် စုံသဖြင့် သင်္ခါရတို့ကို လက္ခဏာရေး သုံးပါးဖြင့် ပြန်၍ သိမ်းဆည်းသော ဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်ပါသည်။
.
၅၇-မေး။ ။ ပဋိသင်္ခါဉာဏ်ဖြင့် ပြန်၍ သိမ်းဆည်းပြစမ်းပါ။
ဖြေ။ ။ ရုပ်သည် ကုန်ခြင်းပျက်ခြင်းကြောင့် အနိစ္စ, အနိစ္စ၊
ကြောက်ဘွယ် ဘေးရှိခြင်းကြောင့် ဒုက္ခ, ဒုက္ခ၊
စက်ဆုပ်ဘွယ် ဖြစ်ခြင်းကြောင့် အသုဘ အသုဘ၊
အနှစ်သာရမရှိခြင်းကြောင့် အနတ္တ အနတ္တ၊
ဝေဒနာသည် ကုန်ခြင်းပျက်ခြင်းကြောင့် အနိစ္စ, အနိစ္စ၊
ကြောက်ဘွယ် ဘေးရှိခြင်းကြောင့် ဒုက္ခ, ဒုက္ခ၊
စက်ဆုပ်ဘွယ် ဖြစ်ခြင်းကြောင့် အသုဘ အသုဘ၊
အနှစ်သာရမရှိခြင်းကြောင့် အနတ္တ အနတ္တ၊
သညာသည် ကုန်ခြင်းပျက်ခြင်းကြောင့် အနိစ္စ, အနိစ္စ၊
ကြောက်ဘွယ် ဘေးရှိခြင်းကြောင့် ဒုက္ခ, ဒုက္ခ၊
စက်ဆုပ်ဘွယ် ဖြစ်ခြင်းကြောင့် အသုဘ အသုဘ၊
အနှစ်သာရမရှိခြင်းကြောင့် အနတ္တ အနတ္တ၊
သင်္ခါရသည် ကုန်ခြင်းပျက်ခြင်းကြောင့် အနိစ္စ, အနိစ္စ၊
ကြောက်ဘွယ် ဘေးရှိခြင်းကြောင့် ဒုက္ခ, ဒုက္ခ၊
စက်ဆုပ်ဘွယ် ဖြစ်ခြင်းကြောင့် အသုဘ အသုဘ၊
အနှစ်သာရမရှိခြင်းကြောင့် အနတ္တ အနတ္တ၊
ဝိညာဏ်သည် ကုန်ခြင်းပျက်ခြင်းကြောင့် အနိစ္စ, အနိစ္စ၊
ကြောက်ဘွယ် ဘေးရှိခြင်းကြောင့် ဒုက္ခ, ဒုက္ခ၊
စက်ဆုပ်ဘွယ် ဖြစ်ခြင်းကြောင့် အသုဘ အသုဘ၊
အနှစ်သာရမရှိခြင်းကြောင့် အနတ္တ အနတ္တ၊
.
၅၈-မေး။ ။ လွတ်ကြောင်း မပြည့်စုံသဖြင့် ပြန်၍ သိမ်းဆည်းပုံကို ဥပမာဆောင် ပြပါ။
ဖြေ။ ။ သင်္ဘောသားတို့ ဖမ်းသွားသော ကျီးငှက်သည် ကမ်းမမြင်သော သမုဒ္ဒရာသို့ရောက်မှ ပြန်လွှတ်လိုက်သောအခါ အထက်ကောင်းကင်သို့ ပျံတက်ကာ ကြည့်၍ ကမ်းခြေမြင်လျှင် တရှိန်တည်းသွားပါသည်၊ ကမ်းခြေ မမြင်လျှင် မပျံနိုင် သဖြင့် ထိုသင်္ဘော၏ လင်းယဉ်တိုင်၌ပင် ပြန်၍ နားလှပါသည်၊ ထို့အတူ ဤပဋိသင်္ခါဉာဏ်သည် နိဗ္ဗာန်ကမ်းခြေကို မမြင်၍ တရှိန်တည်းမသွားနိုင်သဖြင့် သင်္ခါရတို့ကို လက္ခဏာရေး သုံးပါးဖြင့် ပြန်၍ သိမ်းဆည်းရပါသည်။
.
၅၉-မေး။ ။ ဤပဋိသင်္ခါဉာဏ်အရာ၌ တံငါသည်ဥပမာကို ဖော်ပြပါ။
ဖြေ။ ။ တံငါတယောက်သည် ငါးဆောင်းရာ၌ မိသောအကောင်ကို လည်ပင်း၌ ဆုပ်လျက် “ငါးကြီးတကောင် ရပြီ” ဟု ဝမ်းမြောက်ပါသည်-၁၊
ရေမှ ထုတ်ဖော်သောအခါ လည်ရေးသုံးတန့်ကို မြင်ပါသည်-၂၊
ထိုအခါ မြွေဟု သိ၍ ကြောက်ပါသည်-၃၊
အပြစ်မြင်ပါသည်-၄၊
ငြီးငွေ့ပါသည်-၅၊
လွှတ်ပစ်လိုပါသည်-၆၊
လွှတ်ကြောင်း ပြည့်စုံအောင် မြဲစွာဆုပ်၍ ရစ်သောအမြီးကို ဖြေ၍ မြှောက်၍ ကြိမ်ကြိမ်ဝင့်ပါသည်-၇၊
ထိုနောက် အားနည်းသော မြွေကို လွှင့်၍ ပစ်ပါသည်-၈၊
ထိုနောက် ကမ်းပါးသို့ တက်၍ ဝမ်းမြောက်စွာ လာလမ်း ပြန်ကြည့်ပါသည်-၉၊
ပြန်ကြည့်၍ ဘေးကင်းရာ၌ တည်ပါသည်- ၁၀။
.
၆ဝ-မေး။ ။ ယခုဖော်ပြသော တံငါသည်ဥပမာကို ဥပမယျ ရှင်းပြပါ။
ဖြေ။ ။ ထိုတံငါနှင့် တူသော ယောဂီပုဂ္ဂိုလ်သည်ဘုံသုံးပါး၌ ခန္ဓာ အတ္တဘောကိုရ၍ ငါ့ကိုယ်, ငါ့ဟာ, ငါဟု လည်ပင်း၌ ဆုပ်လျက် ဝမ်းမြောက်ပါ သည်-၁၊
ထိုအတ္တဘောကို သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်ဖြင့် ဖော်ထုတ်သော အခါ အနိစ္စ, ဒုက္ခ, အနတ္တဟူသော လည်ရေးသုံးတန့်ကို မြင်ပါသည်-၂၊
ထိုအခါ ဘယဉာဏ်ဖြင့် ကြောက်ပါသည်-၃၊
အာဒီနဝဉာဏ်ဖြင့် အပြစ်မြင်ပါသည်-၄၊
နိဗ္ဗိဒါဉာဏ်ဖြင့် ငြီးငွေ့ ပါသည်-၅၊
မုစ္စိတုကမျတာဉာဏ်ဖြင့် လွှတ်ပစ်လိုပါသည်-၉၊
လွှတ်ကြောင်းပြည့်စုံအောင် ပဋိသင်္ခါဉာဏ်ဖြင့် ပြန်၍ သိမ်းဆည်း၍ အနိစ္စ, ဒုက္ခ, အသုဘ, အနတ္တဟု ကြိမ်ကြိမ်ဝင့်ပါသည်-၇၊
ထိုနောက် အားနည်းသော သင်္ခါရတို့ကို ဂေါတြဘူဉာဏ်ဖြင့် လွှတ်၍ ပစ်ပါသည်-၈၊
ထိုနောက် မဂ်ဉာဏ်ဖြင့် ကမ်းပါးသို့ တက်၍ လာလမ်းပြန်ကြည့်ပါသည်-၉၊
ဖိုလ်ဉာဏ်ဖြင့် ဘေးကင်းရာ၌ တည်ပါသည်- ၁ဝ။
.
၆၁-မေး။ ။ ရု-ဟူသော သင်္ခါရုပေက္ခာဉာဏ်ဟူသည် အဘယ်နည်း။
ဖြေ။ ။ ပဋိသင်္ခါဉာဏ်ဖြင့် ပြန်၍ သိမ်းဆည်းဖန် များလတ်သော သင်္ခါရတို့၌ လျစ်လျူရှုနိုင်သောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်ပါသည်။
.
၆၂-မေး။ ။ အဘယ်သို့ ဖြစ်၍ သင်္ခါရတို့၌ လျစ်လျူရှုနိုင်သောဉာဏ် ဖြစ်လာ သနည်း။
ဖြေ။ ။ သင်္ခါရတို့၌ ကြောက်ခြင်း, နှစ်သက်ခြင်းကို၎င်း၊ မုန်းခြင်း, ချစ်ခြင်းကို၎င်း ပယ်နိုင်သောကြောင့် လျစ်လျူရှုနိုင်သောဉာဏ် ဖြစ်လာပါသည်။
.
၆၃-မေး။ ။ သင်္ခါရုပေက္ခာဉာဏ် ဖြစ်လာပုံကို ထင်ရှားအောင် ရှင်းပြပါ။
ဖြေ။ ။ ပဋိသင်္ခါဉာဏ်ဖြင့် အနိစ္စ, ဒုက္ခ-ထင်သော်လည်း အနတ္တမထင် သုည မမြင်လျှင် သစ္စာလေးပါး မသိနိုင်ပါ၊ အနတ္တ ခိုင်မြဲစွာ ထင်အောင် အနည်းနည်းအဖုံဖုံ ပြန်၍ သိမ်းဆည်းရပါသည်၊ သိမ်းဆည်းဖန်များလတ်သော် ငါ့ကိုယ်, ငါ့ဟာ ငါဟု ယူစရာမမြင်သဖြင့်, ကြောက်ခြင်း နှစ်သက်ခြင်းလဲ မဖြစ်ပါ၊ မုန်းခြင်း, ချစ်ခြင်းလဲ မဖြစ်ပါ၊ ထိုအခါ လျစ်လျူရှုနိုင်သော သင်္ခါရုပေက္ခာဉာဏ် ဖြစ်လာပါသည်။
.
၆၄-မေး။ ။ မုန်းခြင်း, ချစ်ခြင်းပယ်၍ လျစ်လျူရှုနိုင်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ။ ။ ချစ်လှစွာသော မယားကို ပြော၍မရ ယုတ်မာလှသောကြောင့် စွန့်ပစ်လိုက်သော သူသည် နောက်၌ ဘယ်လိုနေနေ မမုန်း, မချစ် လျစ်လျူ ရှုနိုင် ပါသည်၊ ထို့အတူ သင်္ခါရုပေက္ခာဉာဏ်ရသော ယောဂီပုဂ္ဂိုလ်လည် ခန္ဓာငါးပါး-သင်္ခါရတရားတို့၌ မမုန်းမချစ် လျစ်လျူရှုနိုင်ပါသည်။
.
၆၅-မေး။ ။ သင်္ခါရုပေက္ခာဉာဏ်ရသော ယောဂီ၏ စိတ်အနေအထားကို ဖော်ပြပါ။
ဖြေ။ ။ သင်္ခါရုပေက္ခာဉာဏ်ရသော ယောဂီ၏ စိတ်အနေအထားသည် ကြာရွက်၌ ရေပေါက်, မီးရှိန်ကြောက်သော ကြက်တောင်, မီးလောင်သော အမဲရွတ်ကဲ့သို့ ခန္ဓာငါးပါး သင်္ခါရတို့၌ တွန့်လိပ်ခွေကုပ် စက်ဆုပ်ခြင်း, လျစ်လျူရှုခြင်းသဘော ရှိပါသည်၊ ၃၁-ဘုံ သံသရာဇာတ်ခုံ၌ မိမိ အတ္တဘောကို ထုတ်ပြခြင်းငှာ အာသာဆန္ဒ မရှိနိုင်တော့ပါ။
.
၆၆-မေး။ ။ မုစ္စိတုကမျတာ, ပဋိသင်္ခါ, သင်္ခါရုပေက္ခာ၊ ဤဉာဏ်သုံးပါး ထူးပုံ, တူပုံ ဖော်ပြပါ။
ဖြေ။ ။ အစ၌ လွတ်လိုခြင်း,
အလယ်၌ လွတ်ကြောင်းပြည့်စုံအောင်ပြုခြင်း
အဆုံး၌ လျစ်လျူရှုခြင်း - အားဖြင့် ဖြစ်ပုံမျှ ထူးပါသည်၊
သုံးမည်ရ တဉာတ် တည်းဟူ၍ပင် မိန့်ဆိုကြပါသည်၊ အနက်ထူး မရှိပါ။
.
၆၇-မေး။ ။ သင်္ခါရုပေက္ခာဉာဏ် ရရှိပြီးသော ယောဂီ၏ ဝိပဿနာဉာဏ်သည် အဘယ်သို့ ပြားသနည်း။
ဖြေ။ ။ သင်္ခါရုပေက္ခာဉာဏ် ရပြီးသော ယောဂီ၏ ပိပဿနာဉာဏ်သည် သင်္ခါရုပက္ခာဉာဏ်, အနုလောမဉာဏ်, ဂေါတြဘူဉာဏ်ဟု သုံးမျိုး ပြားပါသည်။
.
၆၈-မေး။ ။ သင်္ခါရုပေက္ခာ, အနုလောမ, ဂေါတြဘူဉာဏ်ဟူသော ဉာဏ်သုံးပါး သည် အဘယ်သို့သော အမည်ထူးကို ရသနည်း။
ဖြေ။ ။ သင်္ခါရုပေက္ခာ, အနုလောမ, ဂေါတြဘူဟူသော ဉာဏ်သုံးပါးသည် သိခါပတ္တာ-ဟူ၍၎င်း, ဝုဋ္ဌာနဂါမိနီဟူ၍၎င်း အမည်ထူးတို့ကို ရပါသည်၊
.
၆၉ မေး။ ။ သိင်္ခါပတ္တာ၏ အဓိပ္ပာယ် ရှင်းပြပါ။
ဖြေ။ ။ သိခါ-ထွဋ်ထိပ်သို့ + ပတ္တာ-ရောက်၏၊
ဝိပဿနာဉာဏ် ထိပ်ဆုံးသို့ ရောက်သောကြောင့် သိခါပတ္တာ မည်ပါသည်။
.
၇၀.မေး။ ။ ဝုဋ္ဌာနဂါမိနီ၏အဓိပ္ပာယ် ရှင်းပြပါ။
ဖြေ။ ။ ဝုဋ္ဌာန-တသည်၊ မဂ်သည် အပါယ်စသော ဘုံဘဝမှ ထသည်၊ နိဗ္ဗာန် အာရုံပြုသောကြောင့် သင်္ခါရအာရုံဟူသော သင်္ခါရ နိမိတ်မှလည်း ထသည်၊ ထသောကြောင့် ဝုဋ္ဌာန မည်ပါသည်၊ ဂါမိနီ-သွား၏၊ ဝုဋ္ဌာန မည်သော-မဂ်သို့ ဆိုက်အောင် သွားသောကြောင့် ဝိပဿနာဉာဏ်သည် ဝုဋ္ဌာနဂါမိနီ မည်ပါသည်။
.
၇၁-မေး။ ။ ဤသင်္ခါရုပေက္ခာဉာဏ်ကို အဘယ်အခါ ရနိုင်သည်၊ အဘယ်သူ ရနိုင်သည် ရှင်းပြပါ။
ဖြေ။ ။ ဤသင်္ခါရုပေက္ခာဉာဏ်ကို ဤသာသနာငါးထောင်အတွင်း ရနိုင်ပါသည်၊
၁။ ကံကြီးငါးပါး မထိုက်သူ,
၂။ နိယတမိစ္ဆာဒိဋ္ဌိကင်းသူ,
၃။ သဒ္ဓါယုံကြည်ခြင်း အားကြီးသူ,
၄။ အာသာဆန္ဒ ပြင်းထန်သူ၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော လူတိုင်း ပါရမီမလို-ဒွိဟိတ်, တိဟိတ် ဘယ်သူမဆို ရနိုင်ပါသည်။
.
၇၂-မေး။ ။ သင်္ခါရုပက္ခာဉာဏ်အထိ အားထုတ်သူ၏ အာနိသင်ကို ဖော်ပြပါ။
ဖြေ။ ။ သင်္ခါရုပေက္ခာဉာဏ်အထိ အားထုတ်ခြင်းသည် ပဋိသမ္ဘိဒါဉာဏ် ရကြောင်း အင်္ဂါ ဖြစ်ပါသည်။
.
၇၃-မေး။ ။ ပဋိသမ္ဘိဒါဉာဏ်၏ အာနိသင် အမြွက်မျှ ဖော်ပြပါ။
ဖြေ။ ။ ရှင်စူဠပန်သည် ဂါထာတပုဒ်ကို သုံးလသင်သော်လည်း နှုတ်တက် မရပါ၊ နောက်၌ ပုဝါတခုကို လက်ဖြင့်သုံးသပ်စဉ် မည်းညစ်သွားသည် ကိုမြင်ရသဖြင့် ဝိပဿနာဉာဏ် အဆင့်ဆင့်ရ၍ ရဟန္တာဖြစ်သွားပါသည်၊ ရဟန္တာဖြစ်သည်နှင့် တပြိုင်နက် ပဋိသမ္ဘိဒါဉာဏ်ရ၍ ပိဋကတ်သုံးပုံ - ဘုရားစကားတော်ကို ဆရာထံ မသင်ဘဲ တတ်မြောက်ပါသည်၊ ပုထုဇဉ်ထဲက မရကောင်းသောကြောင့် ပဋိသမ္ဘိဒါ ဉာဏ်ရလျှင် ပုထုဇဉ်လောဟု တွေးတောဘွယ်မရှိပါ၊ ခုဇ္ဇုတ္တရာ-ကျွန်မ-သောတာပန် ပဋိသမ္ဘိဒါဉာဏ်ရ၍ ပိဋကတ် သုံးပုံ ဆောင်နိုင်ပါသည်၊ ဗဟုဿုတဧတဒဂ်ပင် ရပါသည်၊ ဤကား အမြွက်မျှ ဖြစ်ပါသည်။
.
၇၄-မေး။ ။ ဤသင်္ခါရုပေက္ခာဉာဏ်ဖြင့် ရုပ်, နာမ် သင်္ခါရတို့ကို လျစ်လျူရှုပြစမ်းပါ။
ဖြေ။ ။ တေဘူမကသင်္ခါရ ရုပ်နာမ်အားလုံးသည် --
အတ္တမှ ဆိတ်၏၊
နိစ္စသာရမှ ဆိတ်၏၊
ငါဟူသော အတ္တ မရှိ၊
ငါ့ဥစ္စာဟူသော အတ္တနိယ မရှိ၊
ဘယ်နေရာ ဘယ်အခါ ဘယ်သဘော၌မဆို ငါဟု ဆိုစရာ ကိုယ်မရှိ၊
သူဟု ဆိုစရာ ကိုယ်မရှိ၊ သူ၏ ကြောင့်ကြစရာ ငါမရှိ၊
ငါ၏အကြောင့်ကြစရာ သူမရှိ၊
ငှက်ပျောတုံး, လက်ပံတုံးတူစွာ အနှစ်မပါ၊ အနှစ် မဟုတ်၊ အနှစ်ကင်း၏၊
တောင့်တ၍ မနိုင်၊ စိုးပိုင်သူ မမြင်၊ သခင် မရှိ၊
အလိုမတူဘဲ ဖြစ်၏၊ သူစိမ်းပြင်ပ ဖြစ်၏၊
သတ္တဝါမဟုတ်၊ အသက် မဟုတ်၊
ယောက်ျား မဟုတ်၊ မိန်းမ-မဟုတ်၊
အချည်းနှီး အလကား ဖြစ်၏၊
မိတ်ဆွေပုံဟန် သေကြောင်းကြံသော ရန်သူနှင့် တူ၏၊
အို, နာ, သေရေး ဒုက္ခဘေးမျိုးစုံ ရှိ၏။
ဘာတခုမျှ အားကိုးစရာ မရှိ၊
သုည အတိ ဖြစ်၏။
.
၇၅-မေး။ ။ ဤသင်္ခါရုပေက္ခာဉာဏ်၌ အရှင်မောင်္ဃရာဇမထေရ်အား မြတ်စွာဘုရား အဘယ်သို့ ဟောသနည်း။
ဖြေ။ သုညတော လောကံ အဝေက္ခဿု၊
မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊
ဧဝံ မစ္စုတရော သိယာ။
မောဃရာဇ၊ ချစ်သား မောဃရာဇ။
သဒါ၊ အခါခပ်သိမ်း။
သတော၊ ထင်သောသတိ ရှိသည် ဖြစ်၏။
အတ္တာနုဒိဋ္ဌိံ၊ အတ္တာနုဒိဋ္ဌိမည်သော သက္ကာယ ဒိဋ္ဌိနှစ်ဆယ်ကို။
ဥဟစ္စ၊ ပယ်နုတ်၍။
လောကံ၊ ခန္ဓာငါး၀ ရုပ်နာမ်လောကကို။
သုညတော၊ နိစ္စမရှိ သုခမရှိ, အတ္တမရှိ သုညအတိဟူ၍။
အဝေက္ခဿု၊ သက်ဝင်အောင် ရှုလော့။
ဧဝံ၊ ဤသို့ ရှုသည်ရှိသော်။
မစ္စုတရော၊ သေမင်းကို လွန်သည်။
သိယာ-ဟောတိ၊ ဖြစ်၏။
… ဤသို့ ဟောပါသည်။
.
၇၆-မေး။ ။ နု-ဟူသော အနုလောမဉာဏ်သည် အဘယ်နည်း။
ဖြေ။ ။ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်၍ မဂ်စိတ်, ဖိုလ်စိတ် ဖြစ်အံ့သောအခါ တဝီထိတည်း၌ ဖြစ်သော ပရိကံ, ဥပစာ, အနုလုံ အမည်ရသော ထိပ်ဆုံးရောက် ဝိပဿနာဉာဏ်သည် အနုလောမဉာဏ် မည်ပါသည်။
.
၇၇-မေး။ ။ ပရိကံ, ဥပစာ, အနုလုံသည် အဘယ်ကြောင့် အနုလောမဉာဏ် မည်သနည်း။
ဖြေ။ ။ ပရိကံ, ဥပစာ, အခုလုံသည် ရှေးဉာဏ်, နောက်ဉာဏ်တို့အား လျော်ပါသည်၊ လိုက်လျောပါသည်၊ ထိုသို့ လျော်အောင် လိုက်လျောသောကြောင့် အနုလောမဉာဏ် မည်ပါသည်။
.
၇၈-မေး။ ။ ရှေးဉာဏ်,နောက်ဉာဏ်တို့နှင့် လျော်စွာ လိုက်လျောပုံကို ရှင်းပြပါ။
ဖြေ။ ။ ဤအနုလောမဉာဏ်သည် အာရဒ္ဓဝိပဿကပုဂ္ဂိုလ် ဖြစ်သည်မှ စ၍ ဖြစ်သော ဥ ဘင်, ဘ, အာ, နိ, မု, ပဋိ, ရု - ဟူသော ရှေးဉာဏ် ရှစ်ပါး၏ အလုပ်ကိစ္စကို မှန်ကန်ပေသည်ဟု ထောက်ခံသကဲ့သို့ ဖြစ်၍ လျော်ပါသည်၊ နောက် မဂ်ဉာဏ်၌ရှိသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့သို့ ရောက်အောင် ပို့သကဲ့သို့ ဖြစ်၍လည်း လျော်ပါသည်။
.
၇၉-မေး။ ။ ရှေးဉာဏ်, နောက်ဉာဏ်တို့နှင့် လိုက်လျောပုံ ဥပမာဆောင်ပြပါ။
ဖြေ။ ။ အမတ်ကြီးရှစ်ဦး ရုံးထိုင်၍ တရားနှင့်အညီ ဆုံးဖြတ်သော စီရင်ချက်ကို မင်းတရားကြီးသည် ကြည့်ရှု၍ “ဤအတိုင်း တည်စေရမည်”ဟု အမိန့်ချခြင်းသည် အမတ်ကြီးရှစ်ဦး၏ ဆုံးဖြတ်ချက်နှင့် လိုက်လျောပါသည်၊ ရှေးရှေးမင်းတို့၏ ဓမ္မသတ် ထုံးနှင့်လည်း လိုက်လျောပါသည်၊ ထို့အတူ အနုလောမဉာဏ်သည် ရှေးဉာဏ် ရှစ်ပါး၏ ကိစ္စနှင့်၎င်း, နောက်မဂ်ဉာဏ်၌ ဗောဓိပက္ခိယတရား ၃၇-ပါးတို့နှင့်၎င်း လိုက်လျောခြင်း ဖြစ်ပါသည်။
.
၈၀-မေး။ ။ အနုလောမဉာဏ် ဖြစ်ပုံ ထင်ရှားအောင် ဖြစ်ပြစမ်းပါ။
ဖြေ။ ။ သင်္ခါရုပေက္ခာဉာဏ် ဖန်ဖန်ထက်သန်၍ မဂ်စိတ် ဖြစ်လိုသည်ရှိသော် ရုပ်နာမ်သင်္ခါရတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ-လက္ခဏာ တပါးပါးကို အာရုံပြုလျက် မနောဒွါရာဝဇ္ဇန်းစိတ် တကြိမ်ဖြစ်၍ ပရိကံ, ဥပစာ, အနုလုံဟု ဝိပဿနာဇော သုံးကြိမ် ဖြစ်ပါသည်၊ ထိုနောက် နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘူ ဝိပဿနာ ဉာဏ်ဇော တကြိမ်, သောတာပတ္တိမဂ်ဇော တကြိမ်, သောတာပတ္တိဖိုလ်ဇော နှစ်ကြိမ်, သုံးကြိမ်ဖြစ်၍ ဘဝင်ကျပါသည်၊ ဤဝီထိ စိတ်စဉ်၌ ပရိကံ, ဥပစာ, အနုလုံ သည် အနုလောမဉာဏ်ဖြစ်ခြင်း ဖြစ်ပါသည်။
.
၈၁-မေး။ ။ ပရိကံ, ဥပစာ, အနုလုံ၏ သဘောကို ရှင်းပြပါ။
ဖြေ။ ။ မဂ်၏အခြေခံ ဖြစ်သောကြောင့် ပရိကံ မည်ပါသည်၊
မဂ်၏အနီး၌ ဖြစ်သောကြောင့် ဥပစာ မည်ပါသည်၊
မဂ်အားလျော်သောကြောင့် အနုလုံ မည်ပါသည်။
.
၈၂-မေး။ ။ ဂေါတြဘူဉာဏ်ဇော၏ သဘောကို ရှင်းပြပါ။
ဖြေ။ ။ ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကို ရှေးဦးစွာမြင်သော်လည်း ကိလေသာ သတ်ခြင်းကိစ္စ မပြီးပါ၊ ကာမဇော-တဒင်္ဂပဟာန်သာ ဖြစ်ပါသည်၊ မဂ်ကို အချက် ပေးသော ရှေ့တော်ပြေး ဖြစ်ပါသည်၊ ပုထုဇဉ်အနွယ်ကိုဖျက်၍ အရိယာ အနွယ်ကို ဖြစ်စေတတ်သောကြောင့် ဂေါတြဘူ မည်ပါသည်။
.
၈၃-မေး။ ။ သောတာပတ္တိ၏သဘောကို ရှင်းပြပါ။
ဖြေ။ ။ သောတ-မဂ္ဂင် ရှစ်ပါးဟူသော နိဗ္ဗာန်တံခါးဝသို့ + အာပတ္တိ- ရှေးဦးစွာ ရောက်သောကြောင့် သောတာပတ္တိ မည်ပါသည်။
.
၈၄-မေး။ ။ မဂ်ဉာဏ်ဇော၏ သဘောအစွမ်းသတ္တိကို ရှင်းပြပါ။
ဖြေ။ မဂ်ဉာဏ်ဇောသည် ဂေါတြဘူ အချက်ပေးသော သညာဖြင့် တကြိမ်တည်းသာ ဖြစ်၍ ကိလေသာကို ကိစ္စပြီးအောင်သတ်သော လောကုတ္တရာဇော သမုစ္ဆေဒပဟာန် ဖြစ်ပါသည်၊
ဒုက္ခကို ပိုင်းခြား၍သိခြင်း,
သမုဒယကို ပယ်ခြင်း,
နိရောဓကို မျက်မှောက်ပြုခြင်း,
မဂ္ဂင်ရှစ်ပါးဟူသော မဂ္ဂကို တိုးပွား စေခြင်း
အားဖြင့် မဂ်ကိစ္စလေးချက် တပြိုင်တည်း ပြီးစေပါသည်၊
အနမတဂ္ဂ သံသရာ-ဝဋ်ဒုက္ခ သမုဒ္ဒရာကို ခန်းစေပါသည်၊
အပါယ်တံခါး ပိတ်စေပါသည်၊
သူတော်ကောင်း ဥစ္စာခုနစ်ဖြာသို့ ရှေ့ရှုပြုပါသည်၊
မိစ္ဆာမဂ္ဂင်ရှစ်ပါးကို ပယ်ပါသည်၊
တွင်း, ပ, နီး, ဝေး, ကြီး, သေးသော ဘေးရန်ကို ငြိမ်းစေပါသည်၊
ဘုရားရှင်၏ သားတော်စစ် သမီးတော်စစ် အဖြစ်သို့ ရောက်စေပါသည်၊
ရတနာ သုံးပါး၌ သက်ဝင်သော အဓိဂမသဒ္ဓါကိုရခြင်း, ပဋိသမ္ဘိဒါဉာဏ်ရခြင်း, အဘိညာရခြင်းစသော အာနိသင်ကို ပြီးစေနိုင်ပါသည်။
.
၈၅-မေး။ ။ ဖိုလ်ဉာဏ်ဇော၏ သဘောကို ရှင်းပြပါ။
ဖြေ။ ။ ဖိုလ်ဉာဏ်ဇောသည် အကြိမ်များစွာဖြစ်သော လောကုတ္တရာဇော ဖြစ်ပါသည်၊ မဂ်သတ်သော ကိလေသာကို တဖန် ငြိမ်းအေးအောင် ပယ်သော ကြောင့် ပဋိပဿဒ္ဓိပဟာန် မည်ပါသည်၊ ဖလဋ္ဌာန် ပုဂ္ဂိုလ်ဟူသော အမည်ကို ရစေပါသည်။
.
၈၆-မေး။ ။ မဂ်ဖိုလ်ရပြီးသူတို့အားဖြစ်သော ပစ္စဝေက္ခဏာဉာဏ် သဘောကို ရှင်းပြပါ။
ဖြေ။ ။ ပစ္စဝေက္ခဏာဉာဏ်သည် အဝိဇ္ဇာအမိုက် မကုန်သေးသော သောတာပန်, သကဒါဂါမ်, အနာဂါမ် သုံးယောက်တို့အား ကာမကုသိုလ် ဉာဏ်ဇော ဖြစ်ပါသည်၊ အဝိဇ္ဇာအမိုက်ကုန်သော ရဟန္တာအား ကာမကြိယာ ဉာဏ်ဇောဖြစ်ပါသည်၊
ဤဇောဖြင့် ဆင်ခြင်ခြင်းကား --
၁။ ဤမဂ်ဖြင့် ငါလာခဲ့သည်ဟု မဂ်ကို ဆင်ခြင်ခြင်း တဝီထိ၊
၂။ ဤအကျိုးရသည်ဟု ဖိုလ်ကို ဆင်ခြင်ခြင်း တဝီထိ၊
၃။ ဤကိလေသာကို ပယ်ပြီးပြီဟု ပယ်ကိလေသာကို ဆင်ခြင်ခြင်း တဝီထိ၊
၄။ ဤကိလေသာ ကြွင်းသေးသည်ဟုကြွင်းကိလေသာကို ဆင်ခြင်ခြင်း တဝီထိ၊
၅။ ဤတရားကို အာရုံပြု၍ သိရပေပြီဟု နိဗ္ဗာန်ကို ဆင်ခြင်ခြင်း တဝီထိ၊
ဤသို့ ငါးဝီထိ ဖြစ်ပါသည်၊
အောက်ပုဂ္ဂိုလ် သုံးယောက်အား ငါးပီထိစီ၊
ရဟန္တာအားကား ကြွင်းကိလေသာ မရှိ၍ လေးဝီထိ၊
ဤသို့ ပစ္စဝေက္ခဏာ ဝီထိပေါင်း ၁၉-ဝီထိဖြစ်ပါသည်။
.
၈၇-မေး။ ။ သောတာပန် တည်ပြီးနောက် သကဒါဂါမ် တည်အောင် အဘယ်သို့ ပြုရသနည်း။
ဖြေ။ ။ သောတာပန် တည်ပြီးသူသည် ထိုခဏ၌၎င်း, တပါးသောခဏ၌၎င်း ဘုံတဆင့်တက်ခြင်းငှာ ထိုရုပ်နာမ် သင်္ခါရတို့ကို ဉာဏ်ဆယ်ပါးဖြင့် သုံးသပ်သည် ဖြစ်အံ့၊ သင်္ခါရုပေက္ခာဉာဏ်အဆုံး၌ မနောဒွါရာဝဇ္ဇန်း, ပရိကံ ဥပစာ, အနုလုံဖြစ်၍ နိဗ္ဗာန်ကို အာရုံပြုလျက် ဝေါဒါန်တကြိမ် သကဒါဂါမိမဂ်တကြိမ် ၎င်းဖိုလ်နှစ်ကြိမ် သုံးကြိမ်ဖြစ်၍ ဘဝင်ကျ၏၊ ထိုနောက် ပစ္စဝေက္ခဏာ ငါးဝီထိ ဖြစ်၏၊ ထိုအခါ လူ့ပြည်သို့ ပဋိသန္ဓေ တကြိမ်လာနိုင်သော သကဒါဂါမ်ပုဂ္ဂိုလ် ဖြစ်ပါသည်။
၈၈-မေး။ ။ ဝေါဒါန်၏ သဘောကို ရှင်းပြပါ။
ဖြေ။ ။ ပဌမမဂ်ရှေ့၌ ဂေါတြဘူဖြင့် ပုထုဇဉ်အနွယ်ကို ဖြတ်ပြီးပါပြီ၊ နောက်နောက် မဂ်တို့၏ ရှေ့၌ကား စင်ကြယ်ပြီဟူသော သဘောဖြင့် ဝေါဒါန် အမည်ဖြင့် ဖြစ်ပါသည်။ ဂေါတြဘူနေရာ၌ ဖြစ်သောကြောင့် ဂေါတြဘူဟူ၍လည်း ခေါ်နိုင်ပါသည်။
.
၈၉-မေး။ ။ အနာဂါမ်တည်အောင် အဘယ်သို့ ပြုရသနည်း။
ဖြေ။ ။ သကဒါဂါမ်တည်ပြီးသူသည် အခါမရွေး ဘုံတဆင့် တက်ခြင်းငှာ ဉာဏ်ဆယ်ပါး သုံးသပ်သည်ဖြစ်အံ့၊ သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ ဝေါဒါန်, အနာဂါမိမဂ်တကြိမ်, ၎င်းဖိုလ် နှစ်ကြိမ် သုံးကြိမ် ဖြစ်၍ ဘဝင်ကျ၏၊ ထိုနောက် ပစ္စဝေက္ခဏာငါးဝီထိ ဖြစ်၏၊ ထိုအခါ ကာမဘုံသို့ ပဋိသန္ဓေမလာသော-အနာဂါမ်ပုဂ္ဂိုလ် ဖြစ်ပါသည်။
.
၉၀-မေး။ ။ ရဟန္တာဖြစ်အောင် အဘယ်သို့ပြုရသနည်း။
ဖြေ။ ။ အနာဂါမ်တည်ပြီးသောသူသည် အခါမရွေး ဘုံတဆင့် တက်ခြင်းငှာ ဉာဏ်ဆယ်ပါး သုံးသပ်သည် ဖြစ်အံ့၊ သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ ဝေါဒါန်, အရဟတ္တမဂ်တကြိမ် ၎င်းဖိုလ် နှစ်ကြိမ် သုံးကြိမ် ဖြစ်၍ ဘဝင်ကျ၏၊ ထိုနောက် ပစ္စဝေက္ခဏာ လေးဝီထိ ဖြစ်ပါသည်၊ ထိုအခါ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာဖြစ်ပါသည်၊ ထိုအခါမှ သာသနာတော်၌ ရဟန်းကိစ္စတုံးသူ ဖြစ်ပါသည်၊ ခရီးဆုံးသူ ဖြစ်ပါသည်။
.
၉၁-မေး။ ။ မဂ်လေးပါး ကိလေသာပယ်စဉ်ကို ရှင်းပြပါ။
ဖြေ။ ။ ပဌမမဂ်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် အပါယ်လားကြောင်း အကုသိုလ် တို့ကို အကြွင်းမဲ့ပယ်ပါသည်။
ဒုတီယမဂ်သည် ကာမရာဂ, ဗျာပါဒတို့ကို ခေါင်းပါးအောင် ပယ်ပါသည်၊
တတီယမဂ်သည် ကာမရာဂ ဗျာပါဒတို့ကို အကြွင်းမဲ့ပယ်ပါသည်။
စတုတ္ထမဂ်သည် ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာစသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်ဝါသည်။
.
၉၂-မေး။ ။ မဂ်လေးပါး ဘဝမှထပုံ စဉ်ပြပါ။
ဖြေ။ ။ ပဌမမဂ်သည် အပါယ်လေးဘုံမှ ထပါသည်၊
ဒုတီယမဂ်သည် ကာမဘုံ တစိတ်တဒေသမှ ထပါသည်၊
တတီယမဂ်သည် ကာမသုဂတိ ၇-ဘုံမှ ထပါသည်၊
စတုတ္ထမဂ်သည် ရူပဘဝ, အရူပဘဝဟူသော ဗြဟ္မာဘုံ ၂၀-မှ ထပါသည်။
.
၉၃-မေး။ ။ အတိတ်, အနာဂတ်, ပစ္စုပ္ပန် သုံးပါးတို့တွင် အဘယ်ကိလေသာကို မဂ်ပယ်သနည်း။
ဖြေ။ ။ ကာလသုံးပါးလုံး ဖြစ်ပြီး ဖြစ်ဆဲ, ဖြစ်လတ္တံ့ ကိလေသာတို့ကို မဂ် မပယ်ပါ၊ ကာလသုံးပါးမှ လွတ်သော အနုသယကိလေသာကိုသာ ဖြစ်သင့်ချိန်၌ မဖြစ်ပေါ်အောင် ပယ်ပါသည်။
.
၉၄-မေး။ ။ အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကိလေသာကို ပယ်သည်ဟုဆိုလျှင် အဘယ်သို့ အပြစ်ရှိသနည်း။
ဖြေ။ ။ အတိတ်ကိလေသာ ချုပ်ပြီးကိုပယ်လျှင် သေပြီးသူကို ဦးခေါင်းဖြတ်ရာ ကျပါသည်၊
အနာဂတ်ကိလေသာ ဖြစ်လတ္တံ့ကို ပယ်လျှင် ပဋိသန္ဓေကို မနေရသေးသူကို ဦးခေါင်း ဖြတ်ရာကျပါသည်၊
ပစ္စုပ္ပန်ကိလေသာ ဖြစ်ဆဲကို မဂ်ပယ်လျှင် ကိလေသာနှင့်မဂ်သည် ပြိုင်တူဖြစ်ရမည် ဖြစ်၍ ကိလေသာ အကုသိုလ်နှင့် မဂ်ကုသိုလ် ပြိုင်တူဖြစ်သည်ဟု ဆိုရာကျပါသည်၊ ကုသိုလ်နှင့် အကုသိုလ် ပုဂ္ဂိုလ်တယောက်တည်း၌ ပြိုင်တူ မဖြစ်ကောင်းဝါ။
.
၉၅-မေး။ ။ ကိလေသာကို မဂ်သတ်ပုံ ဥပမာဆောင်ပြပါ။
ဖြေ။ ။ သရက်တပင်၌ ယခင်နှစ် သီးပြီးသရက်သီးကို စားပြီးခဲ့ပြီ၊ နောင်နှစ် သီးလတ္တံ့ကား အဖူးမျှထွက်သေး၊ ယခု အသီးတခုမျှ မရှိ၊ ထိုအခါ အမြစ်ဖြတ်၍ သရက်ပင်ကို လှည်းငြားအံ့၊ အတိတ်သီး မပျက်, အနာဂတ်သီး မပျက်, ပစ္စုပ္ပန်သီး မပျက်ပါ၊ မလှည်းခဲ့လျှင် သီးခိုင်ကောင်းသော အသီးသာ မသီးမူ၍ ပျက်စီးခြင်းသို့ ရောက်ပါသည်၊ ထို့အတူ အတိတ် အနာဂတ် ပစ္စုပ္ပန်-ကာလသုံးပါး ကိလေသာ မပျက်ပါ၊ မဂ်ဉာဏ်မဖြစ်ခဲ့လျှင် အကြောင်း အားလျော်စွာ ဖြစ်နိုင်သော အနုသယ-ကိလေသာတို့သာ မဖြစ်လာသော အားဖြင့် အပယ်ခံကြရပါသည်။
.
၉၆-မေး။ ။ အရင်းအစ နာမ်ရုပ်ကို သိမ်းဆည်းသည်မှစ၍ မဂ်ဖိုလ်ရပြီး နောက် မဂ်, ဖိုလ်, နိဗ္ဗာန်, ပယ်, ကြွင်း ကိလေသာ ဆင်ခြင်သည် တိုင်အောင်ဖြစ်သော ဉာဏ် တို့ကို စဉ်၍ ရေတွက်ပြပါ။
ဖြေ။ ။ နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒီနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ် ဂေါတြဘူဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏဉာဏ်၊ ဤသို့ဉာဏ်အစဉ် ၁၆-ပါး ဖြစ်ပါသည်။
ဤမျှဖြင့် ၄၅-ဝါကာလပတ်လုံး ဆုံးမသော ငါတို့ဘုရား၏ သာသနာတော် ကြီး၌ ရှေးရှေးဘဝများစွာ ဆည်းပူးကြပြီးသော ပါရမီရှင်တို့သည် ဤဉာဏ် စဉ် ၁၆-ပါးကို ရ၍ စက်ဝိုင်းနှစ်ခု ဖျက်ဆီးခြင်းကိစ္စ ပြီးကုန်ပြီ၊ ထို့အတူ ဉာဏ်စဉ် ၁၆-ပါးရ၍ ကိစ္စပြီးနိုင်ရပါလို၏၊ ထို့အတူ ဉာဏ်စဉ် ၁၆-ပါးရ၍ ကိစ္စပြီးနိုင်ကြပါစေကုန် သတည်း။
.
ဝင်လေထွက်လေ ဘာဝနာပြောပြပုံ
ပြောပေးသူဆိုရန်
တင်ပျဉ်ခွေ၍ ထိုင်ကြပါ၊ သို့သော် စိတ်ချမ်းသာသလိုလဲ နေနိုင်သည်၊ ကိုယ်ကို ဖြောင့်ဖြောင့်ထားကြပါ၊ ဘယ်ဘက် လက်ဝါးပြင်၌ ညာဘက် လက်ဝါးပြင်-ထား၍ လက်မချင်း ထိထားကြပါ၊ မျက်စိမှိတ်ထားကြပါ၊ ကာမဂုဏ် အပြစ်စသည်ကို ဆင်ခြင်ကြပါ။
.
အားထုတ်သူဆိုရန်
ကာမဂုဏ်ဟူသည် သာယာဘွယ်ပါး ခွေးငတ်ဝါး၍ လျက်စားခဲ့လေ မပြေအဆာ ပင်ပန်းသာကဲ ညှီနံ့စွဲသိုး အမဲရိုးနှင့် တူလှ၏၊
ဆက်ဆံသူရှုပ်ထွေး ကျီးခွေးဝိုင်းလု အသားစုနှင့် တူလှ၏၊
လေညာဆောင်လျှင် လက်တွင်လောင်ကူး မြက်မီးရှူးနှင့် တူလှ၏၊
ပူရှိန်ထန်ပြင်း မီးကျီးတွင်းနှင့် တူလှ၏၊
ခဏချင်းကွယ်ပျက် အိပ်မက် မက်သည်နှင့် တူလှ၏၊
ခေတ္တဝါကြွား ပစ္စည်းငှားနှင့် တူလှ၏၊
အသီးကိုမက် ပင်ရင်းဖျက်မူ ပင်ထက်လူသေပွဲ ပြွတ်၍ ခဲသော သစ်သီးတွဲနှင့် တူလှ၏၊
ခုတ်စဉ်းတိုင်းမလွတ်ကင်း အတင်းသိမ်းကျုံး စဉ်းတီတုံးနှင့် တူလှ၏၊
အူအသည်းစူးဝင် တံကျင်လှံမနှင့် တူလှ၏၊
တွေးတောဘွယ်အတိ ဆေးအပြည့်စုပေါင်း မြွေဦးခေါင်းနှင့် တူလှ၏၊
အပြစ်ပေါများ စီးပွားမတိုး ကိုယ်ကျိုးပျက်ပြုန်း လူညံ့သုံး ဖြစ်၏။
[ဤကား ကာမဂုဏ်အပြစ် ဆင်ခြင်ခြင်းတည်း။]
ဤကာမဂုဏ်မှလွတ်ရာ ဥပစ, အပ္ပနာဈာန်ချမ်းသာ ထိုထိုသည် မဂ် ဖိုလ် ရကြောင်း အခြေခံကောင်း ဖြစ်၏၊ ထိုအခြေခံဈာန်ကို ယခုရမူ ကောင်းလေစွ၊ ယခုရမူ ကောင်းလေစွ။
[ဤကား အာသာပြင်းထန်ခြင်းတည်း။]
မဖောက်မပြန် ဟောပြသော ဘုရားရှင်သည် သမ္မာသမ္ဗုဒ္ဓ စင်စစ် ဖြစ်ပေစ္စ၊ သမ္မာသမ္ဗုဒ္ဓ စင်စစ် ဖြစ်ပေစွ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း တရားတော်သည် သွာက္ခာတ စင်စစ် ဖြစ်ပေစွ၊ သွာက္ခာတ စင်စစ် ဖြစ်ပေစွ၊ ဆုံးမတိုင်း မချွတ်မယွင်း ဖြောင့်စင်းသော သံဃာသည် သုပ္ပဋိပန္န စင်စစ် ဖြစ် ပေစ္စ၊ သုပ္ပဋိပန္န စင်စစ် ဖြစ်ပေစွ။
[ဤကား ရဘနာသုံးပါးဂုဏ်ဖြင့် ဝမ်းမြောက်ခြင်းတည်း။ ]
ယခု ဤအကျင့်သည် ဘုရား, ပစ္စေကဗုဒ္ဓ, အရိယာ သာဝကတို့၏ သွားရာ လမ်းကောင်း ထွက်မြောက်ကြောင်း ဖြစ်၏၊ သွားရာ လမ်းကောင်း ထွက်မြောက်ကြောင်း ဖြစ်၏။
[ဤကား အကျင့်ကို အလေးပြုခြင်းတည်း။]
ဤအကျင့်ဖြင့် အိုဘေး, နာဘေး, သေဘေးမှ လွတ်ရာ ချမ်းသာ-သုခ ရပေတော့ လတ္တံ့၊ ချမ်းသာ-သုခ ရပေတော့လတ္တံ့။
[ဤကား အားထုတ်လိုသောစိတ်ကို ဖြစ်စေခြင်းတည်း။]
.
မှတ်ချက်
[အားထုတ်လိုသောသူတို့သည် ဤအနေမျှသာ အားထုတ်၍ ရွတ်ဆိုနိုင်ကြပါစေ။]
.
ပြောပေးသူဆိုရန်
အာနာပါနဿတိ ဘာဝနာဆိုသည်မှာ ထွက်သက်, ဝင်သက်ကို ဖန်ဖန်အာရုံပြုခြင်း ဖြစ်တယ်၊ သတ္တဝါတို့ ဖွားမြင်စတွင် ရှေးဦးစ္စာ ကိုယ်တွင်းမှ လေထွက်သွားတယ်၊ ထိုနောက် ပြင်ပလေသည် ပြင်ပမြူမှုန်ယူ၍ နှာခေါင်းတွင်း ပြန်ဝင်တယ်၊ ထို့ကြောင့် အစစွာ ဖြစ်သော ထွက်သက်လေကို အာဒိမှိ+သသတိ-ကြောင့် အဿာသဟူ၍၎င်း၊ အာဒိမှိ+အနတိ-ကြောင့် အာန ဟူ၍၎င်း၊ နောက်မှ ဖြစ်သော ဝင်သက်လေကို ပစ္ဆာ+သသတိ-ကြောင့် ပဿာသ ဟူ၍၎င်း၊ ပစ္ဆာ+အနတိ-ကြောင့် ပါန ဟူ၍၎င်း ခေါ်တယ်။
ဘာဝနာ သိမ်းဆည်းတဲ့ အခါမှာတော့ ရှေးဦးစွာ ဝင်သက်ကို နောက်မှ ထွက်သက် ကို သိမ်းဆည်းရပါတယ်၊ ထို့ကြောင့် ရှေးဦးစွာ ဖြစ်သော ဝင်သက်ကို အာဒိမှိ + သသတိ-ကြောင့် အဿာသ ဟူ၍၎င်း၊ အာဒိမှိ+အနတိ-ကြောင့် အာနဟူ၍၎င်း၊ နောက်မှ ဖြစ်သော ထွက်သက်လေကို ပစ္ဆာ+သသတိ-ကြောင့် ပဿာသ ဟူ၍၎င်း၊ ပစ္ဆာ+အနတိ-ကြောင့် ပါနဟူ၍၎င်း ခေါ်တယ်၊ ဤ၌ ဝင်လေထွက်လေဟု အစဉ်ကို ထားကြပါ။
ဝင်လေ, ထွက်လေကို ရှည်လျှင် ရှည်သည်ဟု သိရတယ်၊ တိုလျှင် တိုသည်ဟု သိရတယ်၊ ဝင်လေ ထွက်လေကိုအစ, အလယ်, အဆုံး ထင်ရှားစေမည်ဟု အားထုတ် ရတယ်၊ ဝင်လေထွက်လေကို ငြိမ်သက်စေမည်ဟု အားထုတ်ရတယ်၊ ရှည် တို ထင် ငြိမ်၊ ဤလေးခု အပေါင်းသည် ပဌမစတုက္က မည်တယ်၊
ကာယာနုပဿနာစတုက္က, သမထစတုက္က, အာဒိကမ္မိကစတုက္ကလည်း မည်တယ်၊ ထိုနောက် --
ဝေဒနာနုပဿနာစတုက္က,
စိတ္တာနုပဿနာ စတုက္က,
ဓမ္မာနုပဿနာ စတုက္ကသုံးခု၌ ဘာဝနာနည်း သီးခြားမရှိ၊
ထိုသူတို့၏ ဝိပဿနာ ရှုပုံတည်း၊ ဝိပဿနာရှုပုံတည်း၊
ဤသို့ ၁၆-ဌာန၌ ဝင်လေ, ထွက်လေအပေါင်းသည် အခြင်းအရာ ၃၂-ဟူသော ဗာတ္တိံသာကာရ ဖြစ်၏။
ဂဏ-နုဗန်၊ ဖုသံ-ထပ၊ သလ္လက္ခ-ဝိ၊ သုဒ္ဓိ-ပဿနာ၊
နည်းရှစ်ဖြာ၊ အာနာပါနဿတိတည်း။
၁။ ဂဏ-ဆိုတာ ဂဏနာနည်းဖြင့် ရှေးဦးစွာ ရေတွက်ရတယ်၊ ဝင်လေ ထွက်လေ တစ်၊ ဝင်လေ, ထွက်လေနှစ် စသည်ဖြင့် ငါးအထိ ဖြစ်စေ၊ ခြောက် ခုနစ်, ရှစ်, ကိုး, တဆယ်အထိ ဖြစ်စေ ပြန်၍ ပြန်၍ ရေတွက်ရတယ်၊ ငါးအောက် မလျှော့ရ၊ တဆယ်ထက် မလွန်ရ၊ ငါးတကြိမ်, ခြောက်တကြိမ်- စသည်ဖြင့် အစဉ်မညီ မဖြစ်စေရ၊ ငါးသက်သက် ခြောက်သက်သက်- စသည်ဖြင့် ညီအောင် ဖြေးဖြေး ရေတွက်ရတယ်၊ ဝင်တိုင်း, ထွက်တိုင်း လေထင်ရှားသောအခါ မြန်မြန် ရေတွက် ရတယ်၊ ဝင်လေ, ထွက်လေ၌ သတိမြဲအောင်, ဝိတက်ကင်းအောင် မြန်မြန် ရေတွက်ရတယ်။
၂။ နုဗန်-ဆိုတာ အခုဗန္ဓနာနည်းဖြင့် ထိုနောက် အစဉ်ဖွဲ့ရတယ်၊ ရေတွက်ခြင်း မပြုဘဲ ဝင်တိုင်း, ထွက်တိုင်း လေမလွတ်အောင် “ဝင်လေ, ထွက်လေ- ဝင်လေ, ထွက်လေ” ဟူ၍သာ နှလုံးသွင်းရတယ်။
၃။ ဖုသံ-ဆိုတာ ဖုသနာနည်း ဖြစ်တယ်၊ အသီးအခြား မရှိပါ၊ လေထိရာအရပ်၌ သတိထားခြင်း ဖြစ်တယ်၊ ယခင် ဂဏနာနည်း, အနုဗန္ဓုနာနည်း နှစ်ပါးလုံးပင် ဖုသနာနည်းလဲ မည်ပါတယ်။
၄။ ထပ-ဆိုတာ ထပနာနည်း၊ သူလဲသီးခြားမရှိပါ၊ ကြယ်ရောင်, ပတ္တမြားလုံး စသည်ဖြင့် တုန်လှုပ်စွာ ဥဂ္ဂဟနိမိတ်, မတုန်မလှုပ် ပဋိဘာဂနိမိတ် ထင်သည်မှ အပ္ပနာ-ဈာန်ရသည်တိုင်အောင် စိတ်ကိုထားခြင်း ဖြစ်တယ်။
၅-၈။ သလ္လက္ခ-ဆိုတာ သလ္လက္ခဏာနည်း- ဝိပ္ပဿနာပွားခြင်း၊
ဝိ-ဆိုတာ ဝိဝဋနာနည်း-မဂ်၊
သုဒ္ဓိ-ဆိုတာ ပါရိသုဒ္ဓိနည်း-ဖိုလ်၊
ပဿနာ-ဆိုတာ ပဋိပဿနာနည်း - ပစ္စဝေက္ခဏာဉာဏ် ဖြစ်တယ်။
ထိုဝင်လေ, ထွက်လေကို ထင်ရှားရာကို အာရုံပြုပါ၊ လေနောက် စိတ်မလိုက်ရ၊ အထက် နှုတ်ခမ်းဖျား, နှာသီးဖျား၌ စိတ်ထားပါ၊ မှန်မှန် ဖြေးဖြေး ကလေး ရှိုက်သွင်းပါ၊ အသာကလေးရှူထုတ်ပါ။
သံတုံး-အပ်ဖြစ်အောင် သွေးသော ဇွဲလုံ့လမျိုး ထားကြပါ၊ မြင့်မိုရ်တောင်ကြီးကို ဦးခေါင်းထက် ပင့်တင်ရသကဲ့သို့ ကြီးကျယ်သော စိတ်ကို ထားကြပါ၊ အဘိသိက် ခံပွဲသို့ သွားသော မင်းလောင်းကဲ့သို့ ထက်သန် ရွှင်လန်းဝမ်းမြောက်စွာ ရေတွက် ကြပါ၊ ပြောပြသည်နှင့် လေကိုက်ညီအောင် ဝင်လေ ထွက်လေကို သတိပြုကြပါ၊ ပြောပြပါတော့မယ်။
ဝင်လေ, ထွက်လေ-တစ်၊
ဝင်လေ ထွက်လေ-နှစ်။
ဝင်လေ ထွက်လေ-သုံး။
ဝင်လေ ထွက်လေ-လေး။
ဝင်လေ, ထွက်လေ-ငါး။
ဝင်လေ ထွက်လေ-ခြောက်။
ဝင်လေ ထွက်လေ-ခုနှစ်။
ဝင်လေ ထွက်လေ-ရှစ်။
ဝင်လေ ထွက်လေ-ကိုး။
ဝင်လေ ထွက်လေ- တဆယ်၊
ဤဆယ်ဝါရကို မိမိ၏ အရှေ့ဘက်အရပ်၌ စိတ်ဖြင့် ထားလိုက်ပါ၊
ဝင်လေ, ထွက်လေ-တစ်၊
ဝင်လေ ထွက်လေ-နှစ်။
ဝင်လေ ထွက်လေ-သုံး။
ဝင်လေ ထွက်လေ-လေး။
ဝင်လေ, ထွက်လေ-ငါး။
ဝင်လေ ထွက်လေ-ခြောက်။
ဝင်လေ ထွက်လေ-ခုနှစ်။
ဝင်လေ ထွက်လေ-ရှစ်။
ဝင်လေ ထွက်လေ-ကိုး။
ဝင်လေ ထွက်လေ- တဆယ်၊
ဤဆယ်ဝါရကို မိမိ၏ အရှေ့တောင်ဘက် အရပ်၌ စိတ်ဖြင့် ထားလိုက်ပါ၊
တောင်ဘက် ...၊
အနောက်တောင်ဘက် ...၊
အနောက်ဘက် ...၊
အနောက်မြောက်ဘက် …၊
မြောက်ဘက် ... ၊
အရှေ့မြောက်ဘက် ...၊
အောက် ...၊
အထက်အရပ်၌ စိတ်ဖြင့် ထားလိုက်ပါ၊
(အရပ်ဆယ်မျက်နှာ အကြိမ်ကြိမ်လှည့်နိုင်သည်။)
အနုဗန္ဓုနာနည်းဖြင့် အစဉ်ဖွဲ့ဦးအံ့၊ ဝင်လေ, ထွက်လေ၊ ဝင်လေ ထွက်လေ၊ ဝင်လေ ထွက်လေ၊ (အကြိမ်ရာထောင် တတ်နိုင်သမျှ ဆိုပေးပါ၊ ထိုနောက် ဝိပဿနာ ဤသို့ ဆက်ဆိုပါ။)
.
ဝိပဿနာဆက်ပုံ
ဤ(ဝင်,ထွက်လေ) အာရုံ-အာရုံ ပြုခိုက်တွင် စိတ်, စေတသိက်သည် နာမ်မည်၏၊ ဝတ္ထု, အာရုံ ပေါင်းဆုံခြင်းကြောင့် ဖြစ်သော နာမ်, အာရုံသို့ ညွတ်သောနာမ်၊ ထို စိတ်, စေတသိက်၏ တည်ရာဟဒယ ဝတ္ထုသည်၎င်း၊ ဟဒယဝတ္ထု၏တည်ရာ ဓာတ်လေးဖြာသမုတ် မဟာဘုတ်သည် ၎င်း၊ တကိုယ်လုံးသည်၎င်း ရုပ်မည်၏၊ ကံ, စိတ်, ဥတု, အာဟာရကြောင့် ဖြစ်သောရုပ်၊ ပူခြင်း, အေးခြင်းစသည်ကြောင့် သွင်မတူပြောင်းလွှဲ ဖောက်လဲ ဖောက်ပြန် ဖြစ်သောရုပ်။
ဤ (ဝင်လေ, ထွက်လေ) အာရုံ - အာရုံပြုခိုက်တွင် ထိုနာမ်, ထိုရုပ်မှတပါး အာရုံပြုတတ်သော ငါ, သူတပါး မရှိ၊ ယောက်ျား, မိန်းမ မရှိ၊ ပုဂ္ဂိုလ် သတ္တဝါ မရှိ၊ တိတ္ထိတို့ကြံဆ၍ စွဲလမ်းသော အတ္တ, ဇီဝ မရှိ၊ နာမ်နှင့်ရုပ်သာ ရှိ၏၊ ငါ့ ကိုယ် ငါ့ဟာ, ငါမဟုတ်၊ နာမ်နှင့်ရုပ်သာ ဟုတ်၏၊ ဤတွင် တဒင်္ဂပဟာန် ပြည့်စုံလျှင် သက္ကာယဒိဋ္ဌိ ကွာ၏၊ အန္ဓပုထုဇဉ်အဖြစ်မှ လွတ်၍ ကလျာဏပုထုဇဉ် အဖြစ်သို့ ရောက်၏။
ဤ (ဝင်လေ,ထွတ်လေ) အာရုံ-အာရုံပြုခိုက်တွင် ဖြစ်သော ဤနာမ်နှင့် ဤရုပ်သည် အဝိဇ္ဇာ, တဏှာ, ကံစသော အကြောင်းကြောင့် ဖြစ်၏၊ အကြောင်းကို စွဲ၍ ပဋိစ္စသမုပ္ပါဒ် နာမ်နှင့် ရုပ် ဖြစ်ခြင်းမျှသာတည်း၊ ငါမဖြစ်၊ သူ မဖြစ်၊ ငါ့ ကြောင့် မဖြစ်၊ သူ့ကြောင့် မဖြစ်၊ အကြောင်းမကင်းသော အကျိုးနာမ်ရုပ်မျှသာ ဖြစ်၏၊ တင့်တယ် ချမ်းသာ မဘက်၊ ပုဂ္ဂိုလ်, သတ္တဝါ မဘက်၊ ဒုက္ခသက်သက် ကြောင်းကျိုးစွဲကာ ဖြစ်၏၊ ဤတွင် တဒင်္ဂပဟာန် ပြည့်စုံလျှင် စူဠ သောတာပန်အဖြစ်သို့ ရောက်၏။
ဤ (ဝင်လေ ထွက်လေ) အာရုံ-အာရုံပြုခိုက်တွင်ဖြစ်သော နာမ်ရုပ်နှင့်တကွ အဇ္ဈတ္တ ဗဟိဒ္ဓ ရှိရှိသမျှ တေဘူမကနာမ်ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ- ဝိပဿနာ ရှုစရာ ဒုက္ခသစ္စာ မည်၏၊
ဒုက္ခကို ဖြစ်စေတတ်သော ရှေးဘဝတဏှာ သည် အနိစ္စ, ဒုက္ခ, အနတ္တ-ဝိပဿနာရှုစရာ သမုဒယသစ္စာ မည်၏၊
ဒုက္ခနှင့် သမုဒယ မဖြစ်ရာ နိဗ္ဗာန်သည် ဝိပဿနာရှုစရာ မဟုတ်-နိရောဓသစ္စာ မည်၏၊
ဒုက္ခသိခြင်း, သမုဒယပယ်ခြင်းဖြင့် နိဗ္ဗာန်ကို အာရုံပြုသော တိုးပွားစေအပ်သော မဂ္ဂင်ရှစ်ပါးသည် ဝိပဿနာရှုစရာ မဟုတ်-မဂ္ဂသစ္စာမည်၏။
ဤတွင် သမုစ္ဆေဒပဟာန် ပြည့်စုံလျှင် မဟာသောတာပန် ဖြစ်၏။
ဤသို့ ဆက်သွယ်၍ သစ္စာလေးပါး သိခြင်းသည် ဤ (ဝင်လေ ထွက်လေ) အာရုံ-အာရုံပြုသူ၏ ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်၏၊ သောတာပတ္တိဖိုလ်, သကဒါဂါမိဖိုလ်, အနာဂါမိဖိုလ်, အရဟတ္တဖိုလ်တိုင်အောင် ထွက်မြောက်ကြောင်း ဖြစ်၏။
.
တနည်း-ဉာဏ်စဉ် ၁၆-ပါး ပြောပြပုံ
၁။ နာမရူပပရိစ္ဆေဒစသော ဉာဏ်စဉ် ၁၆-ပါး ဖြစ်ပုံကား - အဆင်းမြင်သောအခါ အဆင်းနှင့် မျက်စိသည် ဥပါဒါရုပ် မည်၏၊ မဟာဘုတ်ကို မှီ၏၊ ဥပါဒါရုပ်နှင့် မဟာဘုတ်သည် ဖောက်ပြန်တတ်သောရုပ်အစု မည်၏၊ ထိုအဆင်းကို သိခြင်း, ခံစားဖြင်း, မှတ်ခြင်း, ကြံစည်ခြင်း စသည်သည် အာရုံသို့ ညွတ် တတ်သောနာမ်အစု မည်၏၊ အဆင်းမြင်ရာ၌ ရုပ်အစု နာမ်အစုမှ တပါး ဘာမျှ မရှိ၊ ငါ, သူတပါး, ယောက်ျား, မိန်းမ စသည်မရှိ၊ မြင်သူမျှပင် မရှိ။
အသံကြားရာ၌လည်း ရုပ်အစု, နာမ်အစု၊
အနံ့ယူရာ အရသာစားရာ, အတွေ့ ထိရာ,
အသိ-သိရာ၌၊ ဝါ-စိတ်ကူးကူးရာ၌လည်း ရုပ်အစု, နာမ်အစု၊
လောဘ ဖြစ်ရာ,ဒေါသ ဖြစ်ရာ၌လည်း ရုပ်အစု, နာမ်အစု၊
သဒ္ဓါဖြစ်ရာ, ပညာဖြစ်ရာ၌လည်း ရုပ်အစု, နာမ်အစု၊
ဝမ်းနည်းစရာ, ဝမ်းသာစရာ၌လည်း ရုပ်အစုနာမ် အစု၊
ချစ်စရာ, မုန်းစရာ၌လည်း ရုပ်အစု, နာမ်အစု။
လှည်းအိမ်, ဝင်းရိုး, လှည်းဘီး စသောအပေါင်းကို လှည်းဟု အခေါ်သာ ရှိသည်၊ လှည်း မရှိ၊ ရုပ်နာမ်အပေါင်းကို ယောက်ျားကိုယ်ကောင်, မိန်းမကိုယ် ကောင်ဟု အခေါ်သာရှိသည်၊ ယောက်ျား, မိန်းမ မရှိ။
ကန်းသူကသွားချင် မြင်သူကအကျိုး ကျောတွင်ပိုး၍ အကျိုးညွှန်လမ်း သွားပုံဆန်းသို့ ရုပ်ကန်း နာမ်ကျိုး ကျောကပ်ပိုး၏၊ ကျောပိုးနာမ်ရုပ်-ငါမဟုတ်။
ထန်းမြစ်ထက်ခြမ်း ရုပ်နာမ်ခြမ်းလျှင် ထက်ခြမ်းကွဲ နာမ်ရုပ် မဟုတ်သူငါ မြင်သောအခါ သက္ကာယဒိဋ္ဌိကွာ၏၊ အတ္တဒိဋ္ဌိအစွဲ ပြုတ်၏၊ ကလျာဏပုထုဇဉ် ဖြစ်၏၊
ဤတွင် ဒိဋ္ဌိဝိသုဒ္ဓိပြီး၏၊
ဝါ-နာမရူပပရိစ္ဆေဒဉာဏ် ပြီး၏။
.
၂။ ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပုံကား -
အနာတွေ့လျှင် အကြောင်းရှာရသည်၊
သူငယ်တွေ့လျှင် မိခင်ရှာရသည်၊
ရုပ်နာမ်တွေ့လျှင် အနာသဘွယ် သူငယ်အလား နှလုံးထား၍ ဖြစ်ကြောင်းရှာရသည်။
ရုပ်အကြောင်းကား- အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ, အာဟာရ-ငါးပါး ဖြစ်သည်၊ အဝိဇ္ဇာ, တဏှာ, ဥပါဒန်-အမိကြောင့် ရုပ်ဖြစ်သည်၊ ကံ-အဘ ကြောင့် ရုပ်ဖြစ်သည်၊ အာဟာရ-နို ထိန်းထောက်ပံ့ခြင်းကြောင့် ရုပ်ဖြစ်သည်။
နာမ်အကြောင်းကား များပြား၏၊ ပသာဒ, နှလုံးသွင်း ကိုယ်တွင်း အကြောင်းကြောင့် နာမ်ဖြစ်သည်၊ အာရုံ, အလင်းရောင် စသော ကိုယ်ပ အကြောင်းကြောင့် နာမ်ဖြစ်သည်။
ဤရုပ်, နာမ်သည် အဝိဇ္ဇာစသော အကြောင်းကြောင့် ဖြစ်ပြီး, ဖြစ်ဆဲ ဖြစ်လတ္တံ့၊ ကာလသုံးပါးလုံး အကြောင်းအားလျော်စွာ အကျိုးတရား ရုပ်နာမ်သာဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့ ၊ သူ့ကြောင့်, ငါ့ကြောင့်, ငါဖြစ်ပြီး သူဖြစ်ပြီး မရှိ၊ ငါဖြစ်ဆဲသူဖြစ်ဆဲ မရှိ၊ ငါဖြစ်လတ္တံ့ သူဖြစ်လတ္တံ့ မရှိ၊ အကြောင်းမကင်းသော ရုပ်နာမ်အစုသာ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့၊ သူ့အကြောင်းနှင့်သူ ဖြစ်သောကြောင့် ငါ့အလိုလိုက်အောင် ပြု၍မရ။
ဘဝအဆက်ဆက် ကြောင်းကျိုးဆက်၍ ရုပ်နာမ် အဆက်ဆက်သည် ဖြစ်ရာ၌ပင် နေရာမရွေ့ ချုပ်၏၊ တဘဝမှတဘဝသို့ ရုပ်နာမ် မရွေ့၊
ကြောင်းကျိုးဆက်၍ မှန်ထဲ၌ မျက်နှာရိပ်ထင်သည်၊ မျက်နှာ မရွေ့၊
စိတ်အစဉ် ဖြစ်ရာ၌ ကြောင်းကျိုးဆက်၍ ရှေ့စိတ်ချုပ်လျှင် နောက်စိတ်ဖြစ်သည်၊ ရှေ့ဘဝစုတိ စိတ်ချုပ်လျှင် နောက်ဘဝ ပဋိသန္ဓေစိတ် ဖြစ်သည်၊ ရှေ့စိတ် မရွေ့၊
ဤသို့ ကာလသုံးပါးလုံး ကြောင်းကျိုးသိလျှင် ယုံမှားခြင်း ကင်း၏။
ဤသို့ဆက်သွယ်၍ သစ္စာလေးပါးသိလျှင် မဂ်ဖိုလ်ရ၏၊
မဂ်ဖိုလ်မရလျှင် သုဂတိမြဲ၏၊ စူဠသောတာပန် ဖြစ်၏၊
ဤတွင် ကင်္ခါဝိတရဏဝိသုဒ္ဓိပြီး၏၊
ဝါ-ပစ္စယပရိဂ္ဂဟဉာဏ် ပြီး၏။
၃။ သမ္မသနဉာဏ်ဖြစ်ပုံကား - တေဘူမက ရုပ်နာမ်ဟူသမျှသည် ဖြစ်ပြီးလျှင် ပျက်စီးတတ်သောကြောင့် အနိစ္စ၊ ဇရာမရဏဖြင့် ဖောက်ပြန်တတ်သောကြောင့် အနိစ္စ၊
တခဏမျှသာ တည်တတ်သောကြောင့် အနိစ္စ၊
မြဲသည်ကို ပယ်တတ်သောကြောင့် အနိစ္စ။ (လေးနက်။)
တေဘူမက ရုပ်နာမ်ဟူသမျှသည် ဥပါဒ်အခြားမဲ့၌ ဌီသို့ ရောက်၏၊ ဌီ၌ အိုမင်း ရင့်လျော်၏၊ ပင်ပန်း၏၊ မချွတ် ပျက်စီး၏၊
ထိုသို့ မပြတ် နှိပ်စက်တိုင်း ခံရသော ကြောင့် ဒုက္ခ၊
သည်းခံနိုင်ခဲသောကြောင့် ဒုက္ခ၊
ဒုက္ခအမျိုးမျိုး၏ တည်ရာဖြစ်သောကြောင့် ဒုက္ခ၊
သုခကို ပယ်တတ်သောကြောင့် ဒုက္ခ။ (လေးနက်။)
တေဘူမက ရုပ်နာမ်ဟူသမျှသည် --
ဥပါဒ်အခြားမဲ့၌ ဌီသို့ မရောက်ပါစေလင့်ဟု တောင့်တ၍ မရ။
ဌီသို့ရောက်လျှင် မရင့်လျော်ပါစေလင့်ဟု တောင့်တ၍ မရ၊
ရင့်လျော်လျှင် ပျက်ပါစေလင့်ဟု တောင့်တ၍ မရ၊
ပြုသူ, ခံစားသူ မရှိ၊ အလိုလိုက်ခြင်းမှလည်း ဆိတ်၏၊
ထိုသို့ ပြုသူ ခံစားသူမှ ဆိတ်သောကြောင့် အနတ္တ၊
စိုးပိုင်သောသခင် မရှိသောကြောင့် အနတ္တ၊
အလိုလိုက်အောင်ပြု၍ မရသောကြောင့် အနတ္တ၊
တိတ္ထိတို့ကြံဆသော အတ္တအဖြစ်ကို ပယ်တတ်သောကြောင့် အနတ္တ၊
(လေးနက်။) ထိုအနက်တို့ကို မှတ်သားရမည်။
တဘဝအတွင်း ရုပ်နာမ်သည် မသေမီချုပ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ၊
ပဌမ အရွယ် ရုပ်နာမ်သည် မဇ္ဈိမအရွယ်သို့ မရောက်မီ ချုပ်၏၊
မဇ္ဈိမအရွယ် ရုပ်နာမ် သည် ပစ္ဆိမအရွယ်သို့ မရောက်မီ ချုပ်၏၊
ပစ္ဆိမအရွယ် ရုပ်နာမ်သည် မသေမီ ချုပ်၏၊
အနိစ္စ, ဒုက္ခ, အနတ္တ။
၄။ ဥဒယဗ္ဗယဉာဏ်ဖြစ်ပုံကား - အကြောင်းမကင်းသော ရုပ်နာမ်တို့၏ ဖြစ်စ-ဥပါဒ်သည် ဥဒယမည်၏၊ ရုပ်နာမ်တို့၏ ပျက်သောဘင်သည် ဝယမည်၏၊ ဖြစ်၍ပျက်၏၊ တဘို့မှတဘို့ မရောက်၊ အဆက်အစပ် အပိုင်းအပြတ် ဖြစ်၏၊ တဖျစ်ဖျစ် မည်ဆူ အိုးကင်းပူထက် နှမ်းစေ့ကျက်သကဲ့သို့ တဖြစ်တည်းဖြစ်၍ တပျက်တည်း ပျက်သော ရုပ်နာမ်ပါတကား။
၅။ ဘင်္ဂဉာဏ်ဖြစ်ပုံကား -
ရုပ်နာမ် သင်္ခါရတရားအစုသည် ဖြစ်လေသမျှ ချုပ်ပျက်လေစွတကား၊
လျှပ်စစ်ပုံဟန် အပျက်မြန်လေစွတကား၊
အိုးခွက်ကွဲ အတူ အိုးကင်းပူနှမ်းကျက် တပျက်တည်း ပျက်လေစွတကား၊
ပရမ်းပတာကြဲသော မြူနုသသော အတောမသတ် ပျက်လေစွ၊
မိုဃ်းရွာစဉ် ရေပြင်၌ ရေပွက်အပေါင်း ဥဗောင်းပုံဟန် အပျက်မြန်လေစွ၊
ဦးခေါင်းမီးလောင်လျှင် မီးသတ်ရန် လက်မနှေးစေရ၊
မသေလိုလျှင် ဘင်္ဂဉာဏ် လက်မနှေးစေရ။
၆။ ဘယဉာဏ်ဖြစ်ပုံကား - ရုပ်နာမ်သင်္ခါရတို့၏ ပျက်ခြင်းသည် ကြောက်ဖွယ် ကောင်းလေစွ၊ ခြင်္သေ့အလား မြွေကျားဆင်ဆိုး မိုဃ်းကြိုးစက်ကွင်း ရှားမီးတွင်းပမာ စစ်တလင်းကုန်း သင်းချိုင်းကုန်း အသွင် နေချင်စရာမရှိ ဘေးအတိ စုပေါင်းလေစွ တကား။
၇။ အာဒီနဝဉာဏ် ဖြစ်ပုံကား - ဘုံသုံးပါးသည် မီးကျီးတွင်းသုံးခုနှင့် တူလေစွ၊ ဓာတ်ကြီးလေးပါးသည် မြွေဆိုးကြီးလေးကောင်နှင့် တူလေစွ၊ ခန္ဓာငါးပါးသည် သံလျက်မိုးသော သူသတ်ဟောက်ျား ငါးဦးနှင့် တူလေစွ၊
၈။ နိဗ္ဗိဒါဉာဏ် ဖြစ်ပုံကား - ရွှေဟင်္သာသည် ဒွန်းစဏ္ဍားအိုင်၌ မမွေ့၊ ဟိမဝန္တာအိုင်ကြီး ခုနစ်အိုင်၌ မွေ့သည်၊ ခြင်္သေ့မင်းသည် ရွှေချိုင့်၌ မမွေ့ ဟိမဝန္တာ တောသုံးထောင်၌ မွေ့သည်၊ ဘုံသုံးပါးသည် ဒွန်းစဏ္ဍားအိုင်ကြီး ရွှေချိုင့်နှင့် တူလှ၏၊ မွေ့စရာမဟုတ်၊ အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုသော အိုင်ကြီးသာ, အနုပဿနာ တောသုံးထောင်သာ မွေ့လျော်ဘွယ် ကောင်းလေစွ။
၉။ မုစ္စိတုကမျတာဉာဏ် ဖြစ်ပုံကား − ဘုံသုံးပါး၌ အို, နာဘေး, အကြား ကျင်လည် ရခြင်းသည် ပိုက်ကွန်မိသောငါး, ဂဠုန်လက်တွင်း နဂါးမြွေခံတွင်းဖားနှင့် တူလှ၏၊ ယခုလွတ်မူ ကောင်းလေစွ။
၁၀။ ပဋိသင်္ခါဉာဏ် ဖြစ်ပုံကား - ရုပ်နာမ်သည် အနိစ္စ, ဒုက္ခ, အနတ္တဟု မဂ်ဖိုလ် မရမချင်း ပြန်၍ သိမ်းဆည်းစရာတို့ပါတကား။
၁၁။ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပုံကား - ဤကိုယ် ရုပ်နာမ် သင်္ခါရသည် ငါ့ကိုယ်အတ္တမှ လည်း ဆိတ်၏၊ ကိုယ်၏ဥစ္စာ အတ္တနိယမှလည်း ဆိတ်၏၊ ငါပူစရာ သူမရှိ၊ သူပူစရာငါမရှိ၊ အဘယ်နေရာ, အဘယ်အခါ, အဘယ်မှာမျှ မရှိ၊ သုညအတိ ဖြစ်၏။
၁၂။ အနုလောမဉာဏ်
၁၃။ ဂေါတြဘူဉာဏ်,
၁၄။ မဂ်ဉာဏ်
၁၅။ ဖိုလ်ဉာဏ်
၁၆။ ပစ္စဝေက္ခဏာဉာဏ်တို့ကား - အထူးအားထုတ်ဘွယ်, ဆင်ခြင်ဘွယ်မရှိ၊ ဝင်လေ, ထွက်လေ ရှုသူတို့သည် ဤဉာဏ် ၁၆-ပါးနှင့် ပြည့်စုံကြပါစေကုန်သတည်း။
ဘုရားဖြစ်ပြီး ၄၆-နှစ်ကြိမ်မြောက်၌ ဖြစ်သော ပဌမသင်္ဂါယနာတင် ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာငါးရာသည် သာသနာနှစ် ၂၄၉၈-ခုမြောက်၌ ကျင်းပသော ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကို နည်းကောင်းပြလျက် စောင်မနိုင်ပါစေသတည်း။
ပဋိစ္စသမုပ္ပါဒ်အရသာပြီးပြီ။
Comments
Post a Comment