သောမနဿုပေက္ခာ ဒီပနီ
အဘိယာစက
------ဝ-----
(ရွှေတောင်မြို့နေ အောက်စာရင်းပါ ဒါယကာအများတို့က မုံရွာမြို့ လယ်တီတောရ ဆရာတော်ဘုရားကြီးထံ လျှောက်ထားတောင်းပန်ချက်။ ၁၂၆၆- ခု။ ပဌမဝါဆိုလဆုတ် ၁၂-ရက်။ ) ဘုရားတပည့်တော် ရွှေတောင်မြို့နေ တိုက်သူကြီး မောင်အောင်လှ, ဆရာ မောင်သာမောင်, ၎င်းမြို့နေ မောင်စံမြ, မောင်မှတ်ကြီး, ဆရာညို, ကိုနုတို့က အရှင်မြတ်ဘုရား၏ နေ့စဉ်မပြတ် သွန်းပို့တော်မူသော မေတ္တာတော်ကို ဦးဖြင့် ခံယူလျက် အလွန်ရိုသေစွာ ခြေတော်ဦးခိုက် လျှောက်ကြားလိုက်ပါသည်။ သကျပုတ္တယ ဝံသနွယ်စဉ် အရှင်သူမြတ်ဘုရား၊ ယခု ဘုရားတပည့်တော်တို့ ရွှေတောင်မြို့တွင် အစို့စို့ အငန်းငန်း ကျမ်းအဖြာဖြာ သဘာဝအာဂမ ယုတ္တိပြလျက် ဒါနပြုလုပ်ကြသောအခန်း၌ ကာမကုသိုလ် စေတနာ, ဥပေက္ခာ-သောမနသ်, သည်နှစ်ရပ်တို့တွင်, တစ်ဦးထက်တစ်ဦး, အထူးဝိသေသ, ဗလဝ ဖြစ်ကြောင်း များကို ပါဠိအဋ္ဌကထာ ဋီကာအစုစု အနုမဓုရ် ထိုထိုသာဓက တင်ဆောင်ပြလျက် ဝိနိစ္ဆယ ပြုလုပ်တော်မူကြပါသည်။
ထိုသို့ပြဖော် ဝါဒတော်တို့တွင် ဥပေက္ခာကုသိုလ်ထက် ကြည်ညို ဖြောင့်စင်း ဝမ်းမြောက်ခြင်းနှင့်လှူသောဒါန သောမနဿကုသိုလ်က ဗလဝဖြစ်ကြောင်းကို -ပုဗ္ဗေဝဒါန သုမနော။ စသော ဆဠင်္ဂသုတ် ပါဠိတော်။ ပုဗ္ဗေဝဒါန သုမနောတိ။ လ။ သောမနဿပ္ပတ္တော။။ ဟူသော ၎င်းအဋ္ဌကထာ။
စီဝရာဒီသု။လ။ သောမနဿစိတ္တေန အနုဿဏေစာတိ တီသုကာလေသု ပဝတ္တာစေတနာ ဒါနမယာနာမ။ ။ ဟူသော သမ္မော အဋ္ဌကထာ။
ဒါနတောပုဗ္ဗေ။ လ ။ သောမနဿ သဟဂတဘာဝေါ စေတနာ သမ္ပဒါနာမ။ ။ ဟူသော ဓမ္မပဒအဋ္ဌကထာ။
ဒါနဥှိ နာမ တိဿောစေတနာ ပရိပုဏ္ဏာကာတုံ သက္ကောန္တေဿဝ မဟပ္ဖလ တရံဟောတိ။ ။ ဟူသော ၎င်းအဋ္ဌကထာ။
အဇ္ဇမေ ဒါနပါရမီ။ လ။ သောမနဿဇာတာ အဟေသုံ။ ။ ဟူသော စရိယာပိဋက အဋ္ဌကထာ။
ဤသို့စသော ဂန္ထန္တရ အပေါင်း အကြောင်းတို့ဖြင့် ပြန်ပြောင်း ဘွေရှာ စာနာနှိုင်းယှဉ်ကာ အလုံးစုံဒေသနာ များစွာသော ကျမ်းတို့ကပင် သောမနဿ ဒါနသည် ဗလဝဖြစ်ကြောင်း ဘုရားအလောင်း သူတော်ကောင်းတို့ တမျဉ်း ကြောင်းသဘွယ် နုနယ်စဉ်က ဝေသန်မင်းကျအောင်ပင် သောမနဿ စေတနာဖြင့်သာ သမ္ပဒါ ဒါနဖြစ်အောင် လှူဘူးကြောင်း။ ။ ဘုရားလောင်းတို့ နည်းကောင်းလမ်းမှန် ငြမ်းသဏ္ဌာန်သို့ သုတ္တန်စသော ပိဋကတ်တို့၌ ဆတ်ဆတ်ကြီး ဟောပြတော်မူလျက် ရှိပါပြီကို ဥပေက္ခာ ဒါနနှင့်ပြုရမည် ဟူ၍လည်းကျမ်းမလာ၊ ပြုဘူးသော ထုံးသည်လည်း လုံးလုံးဘဲ မပါသော ဥပေက္ခာဒါနသည် မုချအကျိုးပေး နုန့်နှေးသိမ်ဖျင်း အားနည်းခြင်းဖြစ်ရာ၏ဟု ဆရာတစ်ဦးက ဩဝါဒစကား ရေးသားဆုံးမပါသည်။
ဥပေက္ခာက သောမနဿထက် မဟပ္ဖလအဖြစ် နှစ်သက် ကိုက်ညီသော ဆရာတို့ကလည်း ၎င်းဥပေက္ခာသည် ကြီးစွာသော အာနိသံသကို သောမနဿ ထက်ပေးလျက် ပါဠိအဋ္ဌကထာ ဋီကာ အစောင်စောင်တို့၌ အင်္ဂါတစ်ပါးပြု၍ မဟောခြင်းသည်ကား သောမနဿဝေဒနာသည် ရုန့်ရင်း သောသဘော, နှလုံးသွင်း လွယ်ကူသောသဘော ရှိသောကြောင့်သာ တိုက်ရိုက်ထင်ထင် အစဉ် အားဖြင့် ဟောပြတော်မူခြင်းမျှသာဖြစ်သည်၊ ဥပေက္ခာမှာမူကား သိမ်မွေ့သော သုခုမသဘော, ပြုဘို့ခဲယဉ်းသော ဒုက္ကရသဘောဖြစ်၍ ကျမ်းဂန်တို့၌ တိုက်ရိုက် မဖော်ပြခြင်းဖြစ်သည်။ အကယ်၍ ဥပေက္ခာ ပဏီတဒါနဖြစ်အောင် ပြုနိုင်ပါမူကား အတိုင်းထက်အလွန် အမွန်အမြတ်ဖြစ်ကြောင်းကို “သာသုခုမာ ဒုဗ္ဗိညေယျာ၊ နသက္ကာ သုခေန ဂဟေတုံ”ဟူသော ပါရာဇိကဏ် အဋ္ဌကထာပါဋ္ဌ်ကို၎င်း။ ဥပေက္ခာဝေဒနာသည် သိမ်မွေ့သောအဖြစ်, ကိလေသာမှ ဝေးသော အဖြစ်, ပြန့်ပြောသော အဖြစ်တို့ရှိကြောင်းကို။
သန္တသဘာဝတောတိ။ လ။ ဥပေက္ခာယအာနိသံသာ ဒဋ္ဌဗ္ဗာ ဟူသော မဟာဋီကာကို သာဓက ဆောင်ပြသည့်အပြင် ဥပေက္ခာတွင်ရှိသောဉာဏ်သည် ဂမ္ဘီရဉာဏ်ဖြစ်ကြောင်း ဂမ္ဘီရဉာဏ်ဟူသည်လည်း “ဂမ္ဘီရ ပစ္စဝေက္ခနာ နာမ။ လ။ ပဘေဒ ပစ္စဝေက္ခဏာ။” ဟူသော သုတ်မဟာဝါ အဋ္ဌကထာနှင့်အညီ။ ခန္ဓာစသော တရားတို့၌ ထိုးထွင်း၍သိမြင်နိုင်သောဉာဏ်, ဥပေက္ခာ နှင့်ယှဉ်သော ဉာဏ်သည်သာ ဗလဝ ဖြစ်ကြောင်း။
ဂမ္ဘီရ ပကတိက တာနာမ မဟဇ္ဈာသယတာ။
ဟူသော ပရမတ္ထဒီပနီ ဋီကာနှင့်အညီ ပြည့်စုံသော အလှူခံစသည် ဖြစ်စေကာမူ မရောင့်ရဲနိုင်သဖြင့် အားကြီးသော အဇ္ဈာသယသည် ဥပေက္ခာမှာ ရှိကြောင်း၊ ထိုသို့ဖြစ်၍။
တဗ္ဗိပရိယာယေန။။ဟူသော ဋီကာကျော်ပါဌ်ကို အထက် အဆိုပါကျမ်းတို့နှင့်ညှိနှိုင်းရာ အလှူခံစသည်မပြည့်စုံခြင်း, ပြည့်စုံခြင်း နှစ်ပါးပင်ရှိသော်လည်း ဝမ်းနည်းခြင်း, ဝမ်းမြောက်ခြင်းတို့မှ လွတ်ကင်းဝေးကွာ ဉာဏပဓာန ဂမ္ဘီရသဘော ပြဌာန်းလျက် တတ်စွမ်းနိုင်သော သဘောသတ္တိရှိ ပေသည်။
သို့အတွက်ကြောင့် သောမနဿထက် ဗလဝအဖြစ် စင်စစ် သိသာ ကောင်းစွာ ထင်ရှားလှသည်ဟု ၎င်းတစ်ဝါဒ ဟောပြညွှန်ကြားပါသည်။ သို့လိုနှစ်ဘက် ဆုံးဖြတ်ချက်တို့ကို ဆောင်ရွက်လိုက်နာ ပညာ နည်းပါး တပည့်သားတို့မှာ စိတ်ထားကပုံမသေ၊ ဉာဏ်သွားကခပ်ပြေပြေ ဆရာများ သားသေ ဆိုသကဲ့သို့ အနေမကျ ပသင်္ကရှိကြပါသောကြောင့် ဘုရား တပည့် တော်တို့၏ ချွတ်ချော်ယွင်းပါး ယုံမှာသင်္ကာ ဉာဏ်မသမာကို အနာနှင့်ဆေး လျှော်ရာပေးသို့ ယထာဘူတ မုချမှတ်သားပါရအောင်။
(အကောက်အကျစ်၊ ကျမ်းဝယ်ဖြစ်သား၊ ဆိုးညစ်ခလုတ်၊ ပါဌ်သစ်ငုပ်က၊ စသည်မကျန်၊ လက်ဝံတန်လျက်၊ တတ်ပွန်ကျယ်ဝန်း၊ ဆန်းအလင်္ကာ၊ ဘွဲ့နည်းနာဖြင့်၊ စိန္တာသုတ၊ အတ္ထကဝိ၊ ပဋိဘာန၊ ဤမျှလေးကြိမ်၊ ဂုဏ်သိမ်နှစ်စည်၊ ပညာသည်ကား၊ လူရည်ကြုံးကြုံး၊ ပြည်ပခုံးသို့ လက်ရုံးအားယူ၊ ဆန့်သည်မူဖြင့်၊ လိုသူလာစေ၊ ပါဌ် မပြေလည်း၊ ဖြေအံ့ဟူသည်၊ ဉာဏ်ဝတ်တည်လျက်၊ ကြိုးကျည် အားသံ၊ အလာခံအံ့။)
ဟူသည်နှင့်အညီ ပိဋကတ္တယဆေက ဂန္တန္တရဗဟုဿုတ နာနာနယ ကောဝိဒ ဗျာကရဏသုဝိညေယျ ပရိယတ္တိ ဝိသာရဒဂုဏ် ပြည့်စုံလောက်င ကုန်တံ လှသော အရှင်ဖြစ်ပါ၍ ပသင်္ကနှစ်ဘက် ယုံမှားချက်တို့ကို နှစ်သက်တော်မူသော ဩဝါဒဝိနိစ္ဆယစကား ရေးသား ကယ်မတော်မူပါမည့်အကြောင်း။ ဝိနိစ္ဆယမရှိကမူ ဒွိဟသဘော တွေးတောယူမှတ်၍ ပရိသတ် လူရှင်တို့ အစဉ်လိုက်ကွဲပြား ကံဒွါရများကဲ့ငို့ တရားသို့မသက်ဝင်ဘဲ စိတ်ထင်ရာ အဓမ္မဖြင့်သာ သာသနဝိပတ္တိ ဒေါသမူဘိကြ၍ အတိသံမုဠှ ကလျာဏအသင်းသို့ စာရင်းရေမပါရမည်ကို တွေးဆမြော်လင့် ထောက်ချင့် စိုးရိမ်ပါသည်လည်း တစ်ကြောင်း။
သောဝစဿတာ မင်္ဂလာအရဖြင့်ဝိနိစ္ဆယပြုရန် တောင်းပန်သော ဒါယကာတစ်စုတို့မှာပါဠိသရုပ်၊ ပါဌ်နေရှုပ်၊ လူနုပ် မသိနိုင်။ ဟူသကဲ့သို့ ကျမ်းဂန်အရာ အဖြာဖြာကို ထင်ရာရော်ရမ်း မိုးလက် လှမ်းသို့ နည်းလမ်းမကျ ဖြစ်ပါလှသောကြောင့် အနက်အရာ ပညာရှေ့သွား ဖြစ်ရကား။ (တကျွန်းခြားရာ၊ ပင်လယ်မှာလည်း၊ ရောက်သာခဲက၊ ဒုဟမျှ တည်း၊ အနည်းမဟူ၊ ဖြေပိမ့်သူသို့၊ အယူဝိုးဝါး၊ ရှိစဉ်သွား၍၊ တတ်အား သမျှ၊ မကျနိုင်လေ၊ တပိုဒ်ကြေကို၊ စင်စေအစေး။)
ဟူသည်နှင့်အညီ ကိုယ်တော်အရှင်၏ မိန့်ဆင်ဟောပြ ဓမ္မစက်လွှာ ရိန္ဒမာကို သက်ရာအဆုံး စွဲသုံးလေ့လာ လိုကြပါသည်လည်းတကြောင်း၊ သို့အတွက်ကြောင့် ဒါယကာအများ တပည့်သားတို့သည် တရားသဘော ယောနိသော မနသိကာရ မုချမှတ်သားပါရအောင် ပညာသဌေး ဉာဏ်လှူပေး၍ ကံကြွေးဝတ္ထု ပြုစုဝေငှတော်မူလိုသော သဘောဆန္ဒ အာသီသတော်ရှိ သည်နှင့် အညီ ချီးမြှောက်ခြင်းကိုအကြောင်းပြု၍ ယခုမှများမကြာ ဆရာတော်အရှင် ဘုရား၏ မိန့်ကြားသောဓမ္မစက်ကို ဆောင်ရွက်မှတ်သားကြရပေတော့မည်ဟု တပည့်တော်များ အသင်းသားတစ်စုတို့၏ နှလုံး၌ စွဲသုံးမှတ်သား စောင့်စားမြော် လင့်လျက် ရှိကြပါသည်အကြောင်း-ညွတ်ပျောင်းရိုကျိုး လက်စုံမိုး၍ ရှိခိုးနားတော် လျှောက်ဝံ့ပါသည်၊ အာရညိက ဘယဒဿီ ဇာနည်မာတင် ပါရင်တစ်ဆူ ဖြစ်တော်မူသော အရှင်မြတ်ဘုရား။
နိဒါန်း
ကျမ်းအမည်
ဤကျမ်းစာကား သဘာဝဓမ္မဖြစ်သော ဝမ်းမြောက်မှု သောမနဿ, လျစ်လျူရှုမှု ဥပေက္ခာတို့၏ သတ္တိတန်ခိုး အဆိုးအကောင်း အကြောင်းယုတ်မြတ် မဟပ္ဖလ မဟာနိသံသ အကျိုးပေးနိုင်ပုံအဝဝ အစစအဖြာဖြာကို သေချာစွာဆုံးဖြတ်၍ ရှင်းလင်းစွာ ဖေါ်ပြထား သည်နှင့်အညီ “သောမဿုပေက္ခာဒီပနသောမဿုပေက္ခာဒီပနီ” ဟု ဤကျမ်းစာကို ရေးသား တော်မူခဲ့သော “လယ်တီဆရာတော်ဘုရားကြီးလယ်တီဆရာတော်ဘုရားကြီး” ကိုယ်တိုင်ပင် အမည် တင်ခဲ့ပါကြောင်း။
ကျမ်းပြုခြင်းရာ
ဤကျမ်းစာကို ရေးသားပေးဖြစ်ရန်အတွက် ၁၂၆၆-ခု၊ ပဌမ ဝါဆိုလဆုတ် ၁၂-ရက် နေ့စွဲဖြင့် ရွှေတောင်မြို့ ဒါယကာတစ်စုတို့က လျှောက်ထားလိုက်သော လျှောက်ထားစာရွက်သည် ဆရာတော်ထံ မှောက်သို့ ၎င်းခုနှစ် ဒုတိယဝါဆိုလဆုတ် ၁၅-ရက်နေ့မှ ရောက်ရှိရာ နောက် ၁၂၆၆-ခုနှစ်၊ ဝါခေါင်လဆန်း ၈-ရက်နေ့တွင် ဤကျမ်းစာကို ရေးသားအောင်မြင်ပြီးစီးစေသည် ဖြစ်သောကြောင့် ဆရာတော် ဘုရားကြီးသည် ဤကျမ်းစာကို ရက်တစ်ပတ်အတွင်း အပြီးရေးပေး လိုက်သည်ဟု မှန်းဆသိနိုင်ပေကြောင်း။
ဆရာတော့် အလို
သို့ရေးသားပေးလိုက်ရာ၌ ဆရာတော်ဘုရားကြီး၏ အလိုအရမှာ ဝိနိစ္ဆယ တစ်စောင်တစ်ဘွဲ့ တကယ့်ကျမ်းစာကြီးအနေ ရေးသားပေး ခဲ့သည် မဟုတ်ပေ၊ သိသာရုံမျှအနည်းငယ် ဖော်ပြသော စာတန်းငယ် အနေသာ ရည်ဆ၍ ရေးသားပေးခဲ့ပါသည်ကို ပျဉ်းမနားမြို့တွင် တောတောင်ဝင်၍ ဝါတွင်းအခါ စာပေကျမ်းဂန်နှင့်စပ်သော ဗလိဗောဓ များကို ရှင်းလင်းနေခိုက်ဖြစ်သည်နှင့် ဝိနိစ္ဆယတစ်စောင် တစ်ဘွဲ့ဖြစ် အောင် မရေးသာရှိနေသည်ဟူသော ဆရာတော်၏နိဒါန်းစကား၊ သောမနဿုပေက္ခာကထာသည်ဟူသော နိဂုံးစကားတို့ဖြင့် ထင်ရှား သိသာနိုင်သည် ဖြစ်ပါကြောင်း။
ပုံနှိပ်ထုတ်ဝေ
သို့သော်ဤကျမ်းစာကို သုံးသပ်ကြည့်က အဆုံးအဖြတ်ဖြင့်ပြည့် နေခြင်း စသော ကျမ်းစာဂုဏ်တို့ဖြင့် လျှမ်းဖြာစုံစေ့လျက် ရှိနေကြောင်းကို ကောင်းစွာတွေ့မြင်သိရှိကြရမည်သာ ဖြစ်ရာ မဟာသာရ သာဓကနဂ္ဃိ အထောက်အထား အဆုံးအဖြတ်တို့ဖြင့်ပြည့်လှသော အဓိကကျမ်းစာကြီး တစ်စောင်တစ်ဘွဲ့သာ ဖြစ်သောကြောင့် သဘာဝ, သာဓက, ဝိနိစ္ဆယ စသည်အမျိုးမျိုး သဘောရိုးသဘောရင်းကို စူးစမ်းသုံးသပ်ခြင်းရှိကြသော အမျိုးကောင်းသား လောကုတ္တရာစာပေ လိုက်စားသူများအတွက် အထူးသဖြင့်ရည်စူးလျက် ကျွန်ုပ်တို့ ဟံသာဝတီ ပုံနှိပ်တိုက် ပါဠိဆရာကြီး ဆရာဉာဏ်အမှူးရှိသော ပါဠိဆရာ ဦးမောင်ကြီး၊ ဦးကြင်မောင်၊ ဦးစိုးဝင်း၊ ဆရာကြင်၊ ဦးစိုးမြင့်၊ ဦးထွန်းမင်းတို့က ကောင်းစွာပြုပြင်၍ ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးအပ်ပါသတည်း။
ဟံသာဝတီ
လျှောက်လွှာကို ထောမနာခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ရွှေတောင်မြို့နေ ဥပါသကာဖြစ်သူ လူပညာရှိအများတို့က သောမနဿ ဥပေက္ခာစကားနှင့် လျှောက်ထားလိုက်သည့် စာလွှာသည် ဒုတိယဝါဆိုလဆုတ် ၁၅-ရက် ဥပုသ်နေ့တွင် ငါတို့အထံသို့ရောက်လာ သည်။ ၎င်းစာလွှာတွင် ပါရှိသမျှ အစ အလယ် အဆုံးအလုံးစုံကို ကြည့်ရှုရာ ရှေးပညာရှိ ကဝိလက်သုံး နည်းထုံးတန္တီ စံမှီစေ့စပ် စကားတတ် တရားတတ် နှစ်ရပ်စွယ်စုံ လောက်လုံအင်္ဂါ အညင်သာသဖြင့် ပညာရှိ ပြီကြပါပေကုန်၏။
ဆရာနှစ်ပါးကို ထောမနာခြင်း
ဝိနိစ္ဆယရေးသားကြသူ ဝိညူပဏ္ဍိပညာရှိနှစ်ဦးတို့လည်း အထူး အချွန် အလွန်တရာ ပညာမျက်စိ အမြင်ရှိကြသဖြင့် ပါဠိအဖြာဖြာ အဋ္ဌကထာအလီလီ ဋီကာအမျိုးမျိုး အကိုးအထောက် လုံလောက်ကုန်ငှ ပြည့်စုံကြသည်နှင့် ဘုရားအာဘော် အလိုတော်နှင့် သင့်လျော်ညီညွတ် ကြပေကုန်၏။
ဘုရားအာဘော် အလိုတော်ဆိုသည်ကား သုတ္တန်ဒေသနာ၌ အလိုတော်တစ်မျိုး၊ အဘိဓမ္မာဒေသနာ၌ အလိုတော်တစ်မျိုး၊ ဟူ၍ နှစ်မျိုးရှိသည်၊ ထိုတွင် သုတ္တန်ဒေသနာသည် ယထာနုလော မသာသနာဖြစ်၍ ဓမ္မပဋိဂ္ဂါဟက ဝေနေယျတို့၏ ပါရမီဖြည့်ရာ ကာလဘဝကမ္ဘာ သံသရာအဆက်ဆက်တို့၌ လေ့ကျက်လိုက်စား ပွားများတည်ထောင်၍ လာခဲ့သော ဝါသနာစရိုက် အသိုက်အအုံ အလုံးစုံတို့ကို အကုန်ရှုမြော် တော်မူပြီးမှ ဝေနေယျအင်အားနှင့် တရားကို တိုင်းတာ၍ ဒေသနာ အတိုကောက်ကို ရွေးကောက်၍ ဟောတော်မူရာဖြစ်သောကြောင့် ဝေနေယျဇ္ဈာသယ ပြဌာန်းခြင်းရှိ၏၊ အာသယာနုသယဉာဏ် ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်တို့၏ အခွင့်ဖြစ်၏၊ အနာဝရဏဉာဏ် သဗ္ဗညုတ ဉာဏ်တို့၏ အခွင့်မဟုတ်။
အဘိဓမ္မာဒေသနာသည် ယထာဓမ္မ ဒေသနာဖြစ်၍ ဓမ္မပဋိဂ္ဂဟက ဝေနေယျ မျက်နှာကို ဆံလွှာမျှ မလိုက်စားဘဲ တရားဓမ္မ သဘာဝလမ်း နက်ကျယ်ဝှမ်း၌ ဉာဏ်စွမ်းအတွက် စက်ကုန်လွှတ်ရာဖြစ်သောကြောင့် အတ္တဇ္ဈာသယ ပြဋ္ဌာန်းခြင်း ရှိ၏၊ အနာဝရဉာဏ် သဗ္ဗညုတဉာဏ်တို့၏ အခွင့်ဖြစ်၏၊ အာသယာနုသယဉာဏ် ဣန္ဒြိယပရော ပရိယတ္တိဉာဏ်တို့၏ အခွင့်မဟုတ်၊ ဤသို့ ဒေသနာ နှစ်ပါးမှာ ဘုရားအလိုတော် နှစ်မျိုးဖြစ် သတည်း။
ထိုသောမနဿုပေက္ခာ နှစ်ပါးတို့တွင် သောမနဿဆရာ၏ ဝိနိစ္ဆယသည် သုတ္တန်ဒေသနာကို ဟောတော်မူသော မြတ်စွာဘုရား၏ အလိုတော်နှင့် သင့်လျော်ညီညွတ်လှပေ၏၊ ဥပေက္ခာဆရာ၏ ဝိနိစ္ဆယ သည် အဘိဓမ္မာဒေသနာကို ဟောတော်မူသော မြတ်စွာဘုရား၏ အလိုတော်နှင့် သင့်လျော် ညီညွတ်လှပေ၏၊ ညီညွတ်ပုံကား သောမနဿ ဝေဒနာသည် သတ္တဝါတို့ကို ကောင်းမှုကုသိုလ်တရား၏ လွန်စွာအားကျ စေနိုင်၏၊ တစ်ပါးသော သတ္တဝါကို မဆိုထားဘိဦး၊ သဗ္ဗညုအလောင်း တော် အကိတ္တိရှင်ရသေ့သည် အလှူခံပုဏ္ဏားအား ဆီဆားမပါသော ကမ္ဗည်းရွက်ပြုတ်ကို မိမိမသုံးဆောင်ဘဲ သုံးရက်တိုင်တိုင်လှူဒါန်းရာ ပီတိသောမနဿ ဖြစ်ပွားလှ၍ တစ်လနှစ်လ ပတ်လုံးပင် မိမိ မသုံးဆောင် ဘဲ လှူဒါန်း၍ နေလို၏ဟု အားကျတော်မူ၏၊ တစ်ပါးသောသတ္တဝါတို့၌ ဆိုဘွယ်ရာမရှိ။
ကုသိုလ်ကောင်းမှု၌ အားကျမှု အားတက်မှုသည်လည်း လူ့ချမ်း သာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ မဂ်ဖိုလ် နိဗ္ဗာန် ချမ်းသာတို့ကို လွန်စွာ ဆောင်သော အမှုဖြစ်၏၊ ဤသို့လျှင် သောမနဿကုသိုလ်သည် သတ္တဝါ တို့အား ချမ်းသာအမျိုးမျိုးကိုရခြင်းငှါ လွန်စွာကျေးဇူးပြုနိုင်သော တရား ဖြစ်ပေ၏၊ သုတ္တန်ဒေသနာကို ဟောတော်မူသော မြတ်စွာဘုရားသည် ဝေနေယျ သတ္တဝါအပေါင်းတို့၏ အကြိုက်စရိုက်နှင့် လိုက်လျော၍ လွန်စွာကျေးဇူးပြုနိုင်သော တရားကို အထွတ်အမြတ် ချီးမွမ်း၍ ဟော တော်မူမြဲဖြစ်၏၊ ထို့ကြောင့် သောမနဿဆရာ၏ ဝိနိစ္ဆယသည် သုတ္တန် ဒေသနာကို ဟောတော်မူသော မြတ်စွာဘုရား၏ အလိုတော်နှင့် သင့် လျော်လှပေသတည်း။
အဘိဓမ္မာဒေသနာကို ဟောတော်မူသော မြတ်စွာဘုရားသည် ဝေနေယျတို့၏ အကြိုက်စရိုက်ကိုမငဲ့မူ၍ ဗျာပါရရှိသဖြင့် မငြိမ်သက် သောတရားကို အယုတ်အညံ့ပြု၍ ဟောတော်မူ၏၊ ဗျာပါရမရှိသဖြင့် ငြိမ်သက်သောတရားကို အမြတ်ပြု၍ ဟောတော်မူ၏၊ မဟာကုသိုလ် သည် ကောင်းကျိုးချမ်းသာကိုပေးခြင်ငှါ ဗျာပါရရှိသောကြောင့် ငြိမ် သက်ခြင်းမရှိရကား ဟီနမည်၏၊ မဟာဝိပါက်သည် အကျိုးပေးခြင်းငှါ ဗျာပါရမရှိသောကြောင့် ငြိမ်သက်ပေရကား ပဏီတမည်၏ဟု ဟော တော်မူ၏၊ ထို့အတူ သောမနဿ ဝေဒနာသည် ရုန့်ရင်းသော ဗျာပါရရှိ သောကြောင့် ငြိမ်သက်ခြင်းမရှိရကား ဟီနမည်၏၊ ဥပေက္ခာဝေဒနာသည် ဗျာပါရမရှိသောကြောင့် ငြိမ်သက်ပေရကား ပဏီတမည်၏ဟု ဟောတော် မူ၏၊ ဟီနဆိုသည်ကား အယုတ်အညံ့တည်း၊ ပဏီတဆိုသည်ကား အထွတ်အမြတ်တည်း။
ဤသို့လျှင် ဥပေက္ခာဝေဒနာသည် ဗျာပါရမရှိသဖြင့် ငြိမ်သက် သောတရား အမှန်ဖြစ်ပေ၏၊ အဘိဓမ္မာ ဒေသနာကို ဟောတော်မူသော မြတ်စွာဘုရားသည် မငြိမ်သက်သောတရား, ငြိမ်သက်သောတရား နှစ်ပါး ရှိခဲ့လျှင် ငြိမ်သက်သော တရားကို အထွတ်အမြတ်ချီးမွမ်း၍ ဟောတော် မူမြဲဖြစ်၏၊ ထို့ကြောင့် ဥပေက္ခာဆရာ၏ ဝိနိစ္ဆယသည် အဘိဓမ္မာဒေသနာ ကို ဟောတော်မူသော မြတ်စွာရား၏ အလိုတော်နှင့်သင့်လျော် ညီညွတ် လှပေသတည်း။ ရူပါဝစရစိတ်, အရူပါဝစရစိတ်, လောကုတ္တရာ စိတ်တို့၌ လည်း ကုသိုလ်စိတ်စုကို ဟီန, ဝိပါက်စိတ်စုကို ပဏီတဟူ၍ ဟောတော် မူသည်။
ဤကား နှစ်ဦးသောဆရာတို့၏ ဝိနိစ္ဆယသည် အသီးအသီး ဘုရား အလိုတော်နှင့် သင့်လျော်ညီညွတ်ကြပုံကို ပြဆိုခြင်းတည်း။
ဆိုဘွယ်အထူးမူကား ဆရာနှစ်ဦးတို့လည်း အချင်းချင်း ဆန့်ကျင် မှုမရှိကြရန် နာခံသူတကာ ဥပသကာတို့လည်း စိတ်နှလုံးနှစ်ခွ မရှိကြရန် ဖြေညှိချက် လို၍နေကြသည်ဟု ငါတို့ သဘောရပေသည်။
ငါတို့ အလုံမုံရွာမြို့မှာလည်း သောမနဿ ဥပေက္ခာ ဝိဝါဒစကား ဖြစ်ပွားကြရာ အလုံမြို့ဝန် ဦးထောင်ဗိုလ်ဆိုသူ တောင်းပန်ချက်နှင့် ငါတို့ပင် သောမနဿ ဥပေက္ခာဝိနိစ္ဆယရေး၍ ဖတ်နာကြစေရာတွင် ဝိဝါဒပြေ ငြိမ်းဘူး၏၊ ယခုအခါ ပျဉ်းမနာမြို့မှာ ဝါဆိုခိုက်ဖြစ်၍ ထိုဝိနိစ္ဆယ ကိုလည်း ရွှေတောင်မြို့သို့ မပေးတဲ့နိုင်ရှိနေသည်၊ အသစ်ရေးသား၍ ပေးရမည်လည်း ပျဉ်းမနားမြို့တွင် တောတောင်ဝင်၍ ဝါတွင်းအခါ စာပေကျမ်းဂန်နှင့်စပ်သော ဗလိဗောဓများကို ရှင်းလင်း၍ နေခိုက် ဖြစ်သည်နှင့် ဝိနိစ္ဆယတစ်စောင်တစ်ဘွဲ့ဖြစ်အောင် မရေးသာရှိနေသည်။ မိမိသဘောရရှိရင်း အကျဉ်းချုပ် အဓိပ္ပါယ်ကိုသာ ထင်လင်းစွာ ပြောပြ လိုက်မည်။
သုတ္တန်နည်း အဘိဓမ္မာနည်း
အယုတ် အမြတ်ခွဲနည်းသည် သုတ္တန်နည်း အဘိဓမ္မာနည်း နှစ်ပါး ရှိ၏၊ လောဘမူစိတ်၌ အကုသိုလ်စိတ်ဖြစ်၍ သုတ္တန်နည်းအားဖြင့် အမြတ်မရ အယုတ်သာဖြစ်၏၊ အဘိဓမ္မာနည်းအားဖြင့် ဥပေက္ခာလေးခု သည်မြတ်၏၊ သောမနဿလေးခုသည် ယုတ်၏၊ မဟာကုသိုလ်စိတ်၌ ကား သုတ္တန်နည်းအားဖြင့် သဒ္ဓါတရားနှင့်ပြည့်စုံခြင်း, ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းကြောင့်ဖြစ်သော သောမနသလေးခုသည် အကျိုးပေး ကြီးမြတ် သောကြောင့်မြတ်၏၊ သဒ္ဓါတရား ဉာဏ်အမြင်နှစ်ပါးမှ ချို့တဲ့သော ဥပေက္ခာလေးခုသည် အကျိုးပေးယုတ်ညံ့သောကြောင့် ယုတ်၏၊ ဤ၌ သဒ္ဓါ ပညာနှစ်ပါး ချို့တဲ့ ဆိုသည်ကား နုံ့သည် အားနည်းသည်ကိုယူ၊ ရှေ့ ပြည့်စုံခြင်းပြည့်စုံခြင်း ဆိုရာ၌လည်း ထက်သန်သည် အားကြီးသည်ကိုယူ။
အဘိဓမ္မာနည်းအားဖြင့်မူကား ငြိမ်သက်သည့်အတွက် ဥပေက္ခာ လေးခုကို အမြတ်, မငြိမ်သက်သည့်အတွက် သောမနဿလေးခုကို အယုတ်ဆိုလေ။
“ကုသလာပနအပ္ပဝိပါကာ ဩဠာရိကာ ဗဟုဝိပါကာသုခုမာ”
ဟူ၍ဆိုသော အဋ္ဌာကထာနည်းသည် ကား သုတ္တန်နည်းနှင့်လည်း ထပ်မိ၏၊ ဤသို့သုတ္တန်နည်း အဘိဓမ္မာနည်း နှစ်လမ်း ရှိသည်ကိုသိလေ။
ထိုတွင်သုတ္တန်နည်းသည်ကား ဝေနေယျသတ္တဝါတို့ အကျိုးစီးပွား များရန်သက်သက်ပေတည်း။ သက်သက် အကျိုးပေးမှု မရှိသော ဝိပါက် စိတ်မျိုးကို အမြတ်၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ ဟူသော အကျိုးကို၎င်း, ဘုရားအဖြစ် ပစ္စေကဗုဒ္ဓါအဖြစ် အရိယာသာဝက အဖြစ်ကို၎င်း ပေးနိုင်သော ကုသိုလ်စိတ်မျိုးကို အယုတ်ဟု ဟောတော် မူသော အဘိဓမ္မာနည်းသည် သတ္တဝါတို့ အားကျဘို့ ဟောသောနည်း မဟုတ်၊ ငြိမ်သက်မှု မငြိမ်သက်မှုမျှကို အစွဲပြု၍ဟောသောနည်းပေ တည်း။
နည်းနှစ်ပါးခွဲခန်းပြီး၏။
--------*-------
အဘိဓမ္မာနည်းသက်သက်
ယခုအခါ အဘိဓမ္မာနည်းကို အတန်ငယ်ပြဆိုအံ့၊ ဝိဘင်း ပါဠိတော်၌ ကုသိုလ် အကုသိုလ် နှစ်ပါးသည် ယုတ်၏၊ အဗျာကတ သည်မြတ်၏ဟု ဟောတော်မူ၏။
ဟောတော်မူသော ပါဠိကား
“ကုသလာ ကုသလာဟီနာ၊ အဗျာကတာ ပဏီတာ”
ဟူသည်တည်း။
ထိုပါဠိ၏အဖွင့် အဋ္ဌကထာကား
“ဒွေပိ ကုသလာ ကုသလဝေဒနာ သဗျာပါရ တော သဥဿာဟတော သဝိပါကတော စ ဩဠာရိကာ၊ ဝုတ္တဝိပရိယာယေန ဒုဝိဓာပိ အဗျာကတာသုခုမာ”
ဟူသည်တည်း၊ ဩဋ္ဌာရိက ဟီန နှစ်ပါးအတူတူ။ သုခုမ ပဏီတ အတူတူ။
အဋ္ဌကထာ ပါဒ်လျှောက်အဓိပ္ပါယ်ကား နှစ်ပါးသော ကုသိုလ် ဝေဒနာ အကုသိုလ်ဝေဒနာတို့သည် တိုးရန်ပွားရန် ပာသေဝနဗျာပါရကိစ္စ, ကာယကံ ဝစီကံ မနောကံတိုကို ပြုပြင်ရန် ဥဿာဟ ကိစ္စရှိကြလေသော ကြောင့်၎င်း, ရှေ့သို့ မကောင်းကျိုး ကောင်းကျိုးကိုပေးရန် ဝိပါကကိစ္စ ရှိကြလေသောကြောင့်၎င်း၊ ရုန့်ရင်းကုန်၏၊ ယုတ်ညံ့ကုန်၏၊ ဝိပါက်ကြိယာ အဗျာကတ တရားတို့သည်တိုးပွားရန် အာသေဝန ဗျာပါရကိစ္စမရှိ, ကာယကံ, ဝစီကံ, မနောကံတို့ကိုပြုပြင်ရန် ဥဿာဟကိစ္စမရှိ, ကောင်းကျိုး မကောင်းကျိုးကိုပေးရန် ဝိပါကကိစ္စမရှိကြ ကုန်သောကြောင့်သိမ်မွှေ့ ကုန်၏၊ မွန်မြတ်ကုန်၏ဟူလို။
ဤစကားမှာ ဝိပါက်အဗျာကတတို့၌ ဗျာပါရကိစ္စ, ဥဿာဟကိစ္စ, ဝိပါကကိစ္စ သုံးချက်လုံးကင်း၏၊ ကြိယာအဗျာကတတို့၌ ဝိပါကကိစ္စ တလျက်သာကင်း၏၊ ဗျာပါရကိစ္စ ဥဿာဟကိစ္စ နှစ်ပါးရှိ၏၊ ဤသို့ခွဲ၍ ယူ။ အထက်ထုတ်ပြသော အဘိဓမ္မာပါဠိအဋ္ဌကထာပါဌ်တို့၏ အဓိပ္ပါယ်။
ဤကား အဘိဓိမ္မာနည်း၌ အယုတ်အမြတ်ကို ရိပ်မိရုံမျှ ဖော်ပြ ချက်တည်း။
အဘိဓမ္မာနည်း၌ အယုတ်ဆိုတိုင်း အသုံးမကျ ပစ်ရလိမ့်မည် မမှတ်လင့်၊ ကုသိုလ်မှန်က အရဟတ္တမဂ်ကိုပင် အယုတ်ဆို၏၊ အဘိဓမ္မာ နည်း၌ အမြတ်ဆိုတိုင်း သတ္တဝါတို့၏ အကျိုးစီးပွားများကြောင်း၌ အသုံးကျလိမ့်မည် မထင်လင့်၊ ဥပေက္ခာမှန်က အကုသိုလ်ကိုပင် အမြတ် ဆို၏၊ မဟာကုသိုလ်နှင့် မဟာဝိပါက်တွင် မဟာကုသိုလ်ကို အယုတ်၊ မဟာဝိပါက်ကို အမြတ်ဆို၏၊ အဘိဓမ္မာ၌ အမြတ်ဆိုသည်ကိုသာ ငါ၌ ဖြစ်စေမည်, အယုတ်ဆိုသည်ကို ငါ၌ပယ်ရှားမည်ဆိုလျှင် ဘဝင် မဟာ ဝိပါက်ကို များစွာဖြစ်စေခြင်းငှာ အိပ်ပျော်၍ချည်း နေရလိမ့်မည်၊ ကုသိုလ်ကောင်းမှုများကို ကြံမိပြုမိခဲ့လျှင် အယုတ်ဖြစ်လိမ့်မည်၊ အဘိဓမ္မာ ဝတာရဋီကာ, မဏိမဉ္ဇူသာဋီကာတို့၌ လောဘမူစိတ်အရာတွင် ဥပေက္ခာ ကို ဗလဝတရဟု ဆိုကြသည်မှာလည်း ဤအဘိဓမ္မာနည်းမျိုးပင် ဖြစ် သည်။
အဘိဓမ္မာနည်း ဆားမမြီးလင့်
လောကီ လောကုတ္တရာ ချမ်းသာ စီးပွားလုပ်ငန်းကြီးတန်းလန့်နှင့် နေကြကုန်သော ရွှေတကာတို့မှာ သုတ္တန်နည်းသည်သာ ငါတို့ဆိုင်ရာဟု မှတ်၊ မိမိတို့အခြေအနေနှင့် မတန်မရာသော အဘိဓမ္မာနည်းကို ဆားမမြီး ချင်ကြလင့်၊ ဆားမမြီး ချင်ကြလင့်ဆိုသည်ကား သင်ကြားလေ့လာမှု ကိုဆိုသည် မဟုတ်ဒါန သီလပြုကြသောအခါ အဘိဓမ္မာနည်းက ယုတ် သည်ဆိုသော သောမနဿကုသိုလ်ကို ငါမလို၊ မြတ်သည်ဆိုသော ဥပေက္ခာကုသိုလ်ကိုသာ ငါလိုသည်ဟု မယောင်ကြလေလင့် ဟူလိုသည်၊ အဘယ်ကြောင့်နည်းဆိုသော် နက်နဲသောသဘောရှိမှ ဥပေက္ခာဖြစ်နိုင် သည်ဟု ကျမ်းဂန်တို့၌ ဆိုသည်နှင့်အညီ နက်နဲသော နဂိုဇာတိ ပကတိ အာဇာနည်များမှ အလောင်းတော် မဟာသင်္ခပုဏ္ဏားကြီးများမှာကဲ့သို့ ဥပေက္ခာကုသိုလ်ကောင်း ကုသိုလ်မြတ် ဖြစ်နိုင်သည်၊ သို့မဟုတ်က
“ဥပေက္ခာယနာ မုခေန၊ ဥပေက္ခာ ယောင်ယောင် ပြီစွာဆောင် သဖြင့်။ မောဟော၊ ဖွတ်ငေး-ပဒတ်ငေး, ယောင်ဟေးယောင်တ, မောဟ တရားသည်။ ဝေဉ္စတိ၊ လှည့်ပတ်၍နေတတ်၏”။
မသိတတ်သော မောဟက ထိုသူသန္တာန်မှာ ဥပေက္ခာကုသိုလ် ယောင်ဆောင်၍ နေတတ်သည်ဟူလို။
ကုသိုလ် ဥပေက္ခာပင်မှန်သော်လည်း သဒ္ဓါပညာနှစ်ပါး ချို့တဲ့၍ ဖြစ်ရသော ဥပေက္ခာကုသိုလ်များသည် အခြောက်တိုက် ကုသိုလ်မျိုးဖြစ်၍ အကျိုးပေးသော အခါ၌ စိုစိုရွှန်းရွှန်းပေးနိုင်သောကုသိုလ်မျိုး မဟုတ်၊ လောက၌ အသွေးအရောင်စည်းစိမ် ကြက်သရေ ခြောက်တတ်၍ လူရာလှလှ မရောက်ကြသော လူခြောက်လူညပ်တွေကို မြော်ကြလေ။ အဘိဓမ္မာ နည်းလမ်းကို ပြဆိုခန်း ပြီး၏။
သုတ္တန်နည်းသက်သက်
သုတ္တန်ကျမ်းဂန် အရပ်ရပ်တို့၌--
“ပုဗ္ဗေဝ ဒါနာ သုမနော၊ ဒဒံ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ဒါနဿ သမ္ပဒါ။”
ဟုဒါနမှု၌ သောမနဿ ရှေ့နောက်ရံမှ ဒါနကောင်း ဖြစ်သည်ဟု လာ၏။
“သီလံ သံဝရတ္ထာယ၊ သံဝရော အဝိပ္ပဋိသာရတ္ထာယ၊
အဝိပ္ပဋိသာရော ပါမောဇ္ဇတ္ထာယ၊ ပါမောဇ္ဇံဝီတတ္ထာယ”
ဟု သီလမှု၌ ပီတိသောမနဿ ဖြစ်ပေါ်လာမှ သီလကောင်း ဖြစ်ဟု လာ၏၊။ ဘာဝနာမှု၌ ပီတိသမ္ဗောဇ္ဈင်ဖြစ်မှ ဘာဝနာအားရှိ ကြောင်း လာ၏၊ ပီတိဆိုသည်ကား သောမနဿနှင့် ယှဉ်ဘက်တည်း။ ဒိဋ္ဌဓမ္မ ဝေဒနီယကံ အကျိုးပေးရာသော အင်္ဂါစု၌ မဟာကုသိုလ် သောမနဿ ဇောစေတနာသည် အင်္ဂါတစ်ပါး အဖြစ်ဖြင့် လာ၏။
ဘုရားလောင်းတို့ ပဋိသန္ဓေ
မဟာသိဝမထေရ်ကြီးက ခပ်သိမ်းသော ပစ္ဆိမဘဝိက ဘုရား လောင်းတို့သည် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေ၏ဟုဆိုသည်ကို မဟာအဋ္ဌကထာ၌ ပယ်၍ အနမတဂ္ဂ သံသရာ၌ ပွင့်တော်မူကြကုန်သော ခပ်သိမ်းသော ဘုရားလောင်းတို့သည် ပစ္ဆိမဘဝ၌ ပဋိသန္ဓေနေကြကုန်သောအခါ မေတ္တာပုဗ္ဗဘာဂဖြစ်သော သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကုသိုလ်ကံ အကျိုး ပေး၍ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကဝိပါက်စိတ် ဖြင့် ပဋိသန္ဓေနေကြကုန်မြဲဟု ဆုံးဖြတ်ချက်လာ၏၊ ထို့ကြောင့် ခပ်သိမ်း သော သဗ္ဗညုမြတ်စွာဘုရားတို့၏ ကိုယ်ခန္ဓာတော်တို့သည် သောမနဿ ကံ၏ အကျိုးတို့ပေတည်း၊ အသက်တော်ရှည်ကြာသမျှ ကာလပတ်လုံး သောမနဿဘဝင် အမြဲထုံကုန်၏၊ သောမနဿတုံးကြီး, သောမနဿ ခဲကြီးတို့ကဲ့သို့ ဖြစ်ကုန်၏။
ဘုရားအဖြစ်သို့ ရောက်တော်မူကြသောအခါ၌လည်း ထို သောမနဿ တိဟိတ်ဘဝင်၌တည်၍ ဘုရားအဖြစ်သို့ ရောက်တော်မူ ကြကုန်၏၊ ပရိနိဗ္ဗာန် စံတော်မူကြသောအခါ၌လည်း သောမနဿ ပရိနိဗ္ဗာန်စိတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏၊ ပစ္ဆိမဘဝသို့ ရောက်ကြ ကုန်သော ခပ်သိမ်းသော မြတ်စွာဘုရားတို့အား သောမနဿနှင့် ပဋိသန္ဓေနေခြင်း, သောမနဿနှင့် ဘုရားဖြစ်ခြင်း, သောမနဿနှင့် ပရိနိဗ္ဗာန်စံခြင်းသည် ဓမ္မတာ နိယာမတည်း။ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာများကို၎င်း၊ ပကတိသာဝကဗောဓိ, မဟာသာဝကဗောဓိ, အဂ္ဂသာဝက ဗောဓိ, ပစ္စေက သာဝကဗောဓိဟူသော ဗောဓိငယ်များကို ၎င်း မဆိုထားဘိဦး၊ သမ္မာသမ္ဗောဓိဟူသော မဟာဗောဓိကြီးမှာပင် သောမနဿသည် အမွှန်းဖြစ်၏။
မိုးရေတမျှ-သောမနဿ
ထို့ကြောင့် အမျိုးလေးပါးတို့ တရား စောင့်ထိန်းခြင်းရှိကြသော အခါ၌ နှစ်စဉ်လစဉ် ရွာသော မိုးရေသည် မြေအပြင်၌ မပေါက်သေး သော မြက်သစ်ပင်တို့ကို တွင်တွင် ပေါက်ရောက်စေခြင်းငှါ၎င်း၊ ပေါက် ရောက်ပြီးသော မြက်သစ်ပင်တို့ကို တွင်တွင်ကြီးပွား စည်ကားစေခြင်း ငှါ၎င်း၊ ကြီးပွားစည်ကားပြီးသော မြက်သစ်ပင်တို့ကို တွင်တွင်ပွင့်စေခြင်း သီးကြစေခြင်းငှါ၎င်း၊ လွန်စွာကျေးဇူးပြုပေသကဲ့သို့ ဓမ္မရတိ ပီတိ ဓမ္မနန္ဒီဟု ဆိုအပ်သော ကုသိုလ် သောမနဿသည် အနမတဂ္ဂသံသရာ၌ သတ္တဝါအပေါင်းတို့အား မဖြစ်သေးသော ကုသိုလ်တရားတို့ကို တွင်တွင် ဖြစ်ကြစေခြင်းငှါ၎င်း၊ ဖြစ်ပြီးသောကုသိုလ်တရားတို့ကို တွင်တွင်ကြီးပွား စည်ကား ကြစေခြင်း ငှါ၎င်း၊ ကြီးပွားစည်ကားပြီးသော ကုသိုလ်တရား တို့ကို ဖလသမာပတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတည်းဟူသော အပွင့် အသီး တို့ကို တွင်တွင်ရွက်ဆောင်ကြစေခြင်းငှါ၎င်း ကျေးဇူးကြီးစွာပြုပေ၏။
ဩဇာတမျှ-သောမနဿ
ထိုစကားမှန်၏၊ ပီတိ သောမနဿမည်သည် ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ အထွတ်အမြတ်ဖြစ်သော ခံစားဘွယ် စံစားဘွယ် ဩဇာအာဟာရကြီးပေတည်း၊ ပီတိသောမနဿ ဖြစ်သောအမှုမျိုး, ပီတိသောမနဿဖြစ်သော အာရုံမျိုးနှင့် တွေ့ကြုံကြလျှင် ထိုအမှု ထိုအာရုံတို့၌ ငြီးငွေ့သည် ဟူ၍မရှိ၊ ပျော်မွေ့ကြကုန်တော့သည်၊ ကုသိုလ် တရားတို့၌လည်း အကြင်သူတို့သည် ဒါနမှု၌ ပီတိသောမနဿကို ကောင်း ကောင်း ရနိုင်ကြကုန်၏၊ ထိုသူတို့သည် ဝေဿန္တရာမင်းကြီးတို့ကဲ့သို့ ဒါနမှု၌ ပျော်မွေ့ကြကုန်၏၊ ဒါနမှုနှင့်ကင်း၍ မနေနိုင်ကြကုန်ပြီ၊ တဏှာ အိုးကြီး, မစ္ဆေရအိုးကြီးဖြစ်၍ နေကြကုန်သော ဤသတ္တဝါ အပေါင်း တို့အား ဒါနမှု၌ပင်လျှင် စင်ကြယ်ကောင်းမြတ်ကုသိုလ် ပီတိသောမနဿ ကို အလွန်ရနိုင်ခဲ၏၊ ဆိုင်း ရုပ်သေး ကချေသဘင်တို့ ကူညီ၍ပေးမှ အရောရော အနှောနှော ပီတိသောမနဿမျှကို ရနိုင်ကြကုန်၏။
(ဒါနမှုထက်ပင် သီလမှု၌ ပီတိသောမနဿကို ရနိုင်ရန် အလွန်ခဲ ယဉ်း၏၊ ရနိုင်ကုန်သည်ဖြစ်အံ့၊ သီလကို ဘယ်သူလွှတ်နိုင်ကုန်တော့ အံ့နည်း၊ မရနိုင်ကြသည့်အတွက် ဥပုသ်နေ့၌ အစားကောင်း အသောက် ကောင်း အပေါင်းအဖော်တို့နှင့် ကူညီ၍ ယူကြရကုန်၏၊ သီလမှုထက် ဘာဝနာမှုတို့၌ ပီတိသောမနဿကို ရနိုင်ရန် အလွန်ကြီး ခဲယဉ်းလှကြ၏၊ ယခုဘဝ၌ပင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ရောက်စေနိုင်သော ကမ္မဋ္ဌာန်း လေးဆယ,်ဘာဝနာလေးဆယ် အလုပ်ကြီး,အကိုင်ကြီး သာသနာဂိုဏ်းဝင် လူရှင်အပေါင်းတို့၏ အထွတ်အမြတ်ဖြစ်သော စီးပွားရေးကြီးတို့သည် သာသနာတော်တွင်း၌ နေလအသွင် အထင်အရှားကြီး ရှိနေပါကုန်လျက် ဘာဝနာမှု၌ ပီတိသောမနဿ ဖြစ်ခဏ်းသို့ ဆိုက်ရောက်အောင် မတိုးနိုင် ကြကုန်သည့်အတွက် ယခုအခါ သာသနာဂိုဏ်းဝင် လူရှင်အပေါင်း တို့သည် နောက်သို့ဆုတ်၍ ငုတ်တုပ်ထိုင်နေကြကုန်သည်ကား ဒိဋ္ဌ မျက်မြင်ဖြစ်ကြကုန်၏၊)
ဘာဝနာမှုနှင့် သောမနဿ
ဘာဝနာကုသိုလ်မှု၌ ပီတိ သောမနဿ ဖြစ်ခန်းသို့ဆိုက်နိုင်ကြလို့ ရှိခဲ့လျှင် ဘာဝနာမယပီတိ သောမနဿ အရသာကြီးကျယ်လှပုံကို။
သုညာဂါရေ ပဝိဋ္ဌဿ၊ သန္တတိစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိဟောတိ၊ သမ္မာဓမ္မံ ဝိပဿတော။
(ဓမ္မပဒပါဠိတော်)
ဟူ၍ဟောတော်မူ၏။
လေးကျွန်းလုံးကို အစိုးရသောစကြာမင်းတို့ခံစားစံစားရသော ပီတိသောမနဿ အရသာထက်ဘာဝနာမယ ပီတိသောမနဿအရသာ သည် အဆများစွာလွန်ကဲ၏ ဟူလိုသည်။
ဤသို့လျှင်ကုသိုလ် ပီတိသောမနဿ သည်သတ္တဝါ အပေါင်းတို့၏ လောကီ လောကုတ္တရာ ချမ်းသာစီးပွားကိုအလွန်တွင်ကျယ်စွာ ရွက်ဆောင် နိုင်သော သဘောသတ္တိ အထူးရှိပေသည်ဖြစ်၍ သုတ္တန်ဒေသနာကို ဟော တော်မူသော မြတ်စွာဘုရားသည် သောမနဿကို အထူးအမြတ်ပြု၍ ဟောတော်မူပေသတည်း။
(ဤကား သုတ္တန်နည်းလမ်းပြဆိုခန်းတည်း။)
ကာမအရာ သောမနဿုပေက္ခာ
ကုသိုလ်သောမနဿ ဥပေက္ခာနှစ်ပါးတို့တွင် ကာမာဝစရ ကုသိုလ် အရာ၌ သောမနဿကုသိုလ်သည် ဒွိဟိတ်ဩမကကုသိုလ်, ဒွိဟိတ် ဥက္ကဋ္ဌကုသိုလ်, တိဟိတ်ဩမကကုသိုလ်, တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်ဟူ၍ လေးပါးရှိ၏။ ဥပေက္ခာကုသိုလ်သည်လည်း ဒွိဟိတ်ဩမကကုသိုလ်, ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်, တိဟိတ်ဩမကကုသိုလ်, တိဟိတ်ဥက္ကဋ္ဌကုသိုလ် ဟူ၍လေးပါးရှိ၏။ အကုသိုလ်ရှေးနောက်ရံသော ကုသိုလ်ကို ဩမက ဆိုသည်၊ ကုသိုလ်ရှေးနောက်ရံသော ကုသိုလ်ကို ဥက္ကဋ္ဌဆိုသည်။ ရှေ့ရံ နောက်ရံ နှစ်ပါးတို့တွင် နောက်ရံသာ၍ ပြဌာန်းသည်။ ရှေ့၌ အကုသိုလ်ရံ ၍ နောက်၌ကုသိုလ်ရံမှု, ရှေ့၌ကုသိုလ်ရံ၍ နောက်၌အကုသိုလ်ရံမှု လည်းရှိ၏။ နောက်ရန်ကို ပဓာနပြုလေ။ ဒါန၌ သောမနဿ ဥပေက္ခာ နှစ်ပါးသည် ဒွိဟိတ်ဩမကချင်း တူကြအံ့။ အဘိဓမ္မာအလို ငြိမ်သက်သည့် အတွက် ဥပေက္ခာကုသိုလ်က သာ၏။ သုတ္တန်အလို ပီတိသောမနဿ ဖြစ်သဖြင့် နောင်ထိုအမှုကို ထပ်ခါထပ်ခါ ပြုလွယ်သည့်အတွက် သောမနဿက သာ၏။
အကျိုးပေးကွာခြားပုံ
အကျိုးပေးရာ၌ သောမနဿ ကုသိုလ်၏အကျိုးသည် ရွန်းရွန်း စက်စက်ရှိတတ်၏၊ ပျက်လွယ်တတ်၏။ ဥပေက္ခာ၏အကျိုးသည် မရွန်း မစက်ရှိတတ်၏၊ ခိုင်မြဲတတ်၏။ ဒွိဟိတ်ဩမကဖြစ်၍ ထိုဘဝ၌ သောမနဿကုသိုလ်ရှင်သည် တဏှာစရိုက်အားကြီးတတ်၏၊ ဥပေက္ခာ ကုသိုလ်ရှင်သည် မောဟစရိုက် အားကြီးတတ်၏။ ဤကား သာမည အလိုတည်း။ ဝိသေသ အလိုအားဖြင့်ကား ရှေ့နောက်ရံသော အကုသိုလ် သည် လောဘဖြစ်အံ့ နှစ်ဦးစလုံးပင် တဏှာစရိုက် လွန်ကဲရာ၏၊ ဒေါသ ဖြစ်အံ့ ဒေါသစရိုက် လွန်ကဲရာ၏၊ မောဟဖြစ်အံ့ မောဟစရိုက် လွန်ကဲ ရာ၏။ ဒွိဟိတ်ဥက္ကဋ္ဌနှစ်ပါး တိဟိတ်ဩမကနှစ်ပါးတို့၌လည်း နည်းတူ သိလေ။
တိဟိတ်ဥက္ကဋ္ဌ နှစ်ပါးတို့၌ကား ထိုကုသိုလ်အကျိုးပေးရာ၌ ဉာဏ်ပညာနှင့်ပြည့်စုံကြသည်ချည်းဖြစ်၏။ အထူးမူကား သောမနဿ ကုသိုလ်ရှင်မှာ သဒ္ဓါနှင့်ပညာနှစ်ပါးတွင် သဒ္ဓါကဲလွန်တတ်၏၊ လောကဓံ တရားနှင့် တွေ့ကြုံလျှင် တုန်လှုပ်လွယ်တတ်၏။ ဥပေက္ခာကုသိုလ်ရှင်မှာ သဒ္ဓါနှင့်ပညာနှစ်ပါးတွင် ပညာလွန်ကဲတတ်၏၊ လောကဓံနှင့်တွေကကြုံ လျှင် တုံလှုပ်ခဲ၏။ ဤကား သာမညအလိုတည်း။ ဝိသေသအလိုမှာ ရှေ့ ဒွိဟိတ် ဥက္ကဋ္ဌ နှစ်ပါး၌၎င်း, ဤတိဟိတ် ဥက္ကဋ္ဌ နှစ်ပါး၌၎င်း ရှေ့နောက် ရံသော အလောဘ, အဒေါသ, အမောဟ သုံးပါးကိုစွဲ၍ခွဲလေ။ ဒွိဟိတ် နှစ်ပါးတွင် သောမနဿကုသိုလ်က ဩမကဖြစ်အံ့၊ ဥပေက္ခာ ကုသိုလ်က ဥက္ကဋ္ဌဖြစ်အံ့၊ သောမနဿကုသိုလ်က ယုတ်၏၊ ဥပေက္ခာကုသိုလ်က မြတ်၏။ သောမနဿ ကုသိုလ်က ဥက္ကဋ္ဌ ဖြစ်အံ့၊ ဥပေက္ခာကုသိုလ်က ဩမက ဖြစ်အံ့၊ ဥပေက္ခာကုသိုလ်က ယုတ်၏၊ သောမနဿ ကုသိုလ်က မြတ်၏။ တိဟိတ်ဩမက ဥက္ကဋ္ဌနှစ်ပါးတို့၌လည်း ဤနည်းတူ သိလေ။
ဟိတ်ချင်း ဩမက ဥက္ကဋ္ဌနှစ်ပါးချင်း တူပြန်သော်လည်း အလှူပေး ပုဂ္ဂိုလ် သီလသမာဓိ ရှိ မရှိအထူး၊ ရှိပြန်လျှင် သီလသမာဓိ ကြီးမှုငယ်မှု အဆင့်ဆင့်အထူး၊ အလှူခံပုဂ္ဂိုလ် သီလသမာဓိ ရှိ မရှိအထူး၊ ရှိပြန်လျှင် သီလသမာဓိ ကြီးမှုငယ်မှု အဆင့်ဆင့်အထူး၊ အလှူဝထ္ထု စင်ကြယ်မှု မစင်ကြယ်မှုအထူး၊ စင်ကြယ်ပြန်လျှင် အကောင်းအညံ့အထူး၊ အဘိုး နည်း အဘိုးများအထူး၊ အဘိုးထိုက်ချင်းတူပြန်လျှင်လည်း သက္ကစ္စဒါန မြောက်မမြောက်အထူး၊ ဝဋ္ဋနိဿိတ ဝိဝဋ္ဋနိဿိတ အထူး အစရှိသည်ဖြင့် ဒါနအရာ၌ ဒါနအရာ၌ အယုတ်အမြတ်ခွဲဝေရန် အလွန်များပြား၏။
သောမနဿုပေက္ခာဒါန
ဤကဲ့သို့သော အထူးကြီးတို့သို့ ရောက်ပြန်လျှင်လည်း သောမနဿပင်ဖြစ်စေ, ဥပေက္ခာပင်ဖြစ်စေ အယုတ်မျိုးကကျသော ဒါနသည် ယုတ်၏၊ အမြတ်မျိုးကျသော ဒါနသည်မြတ်၏။ ဥပေက္ခာသည် သောမနဿထက် မဟပ္ဖလ မဟာနိသံသဖြစ်သည်ဟု ကျမ်းဂန်တို့၌ ဆိုကြသော မဟပ္ဖလ မဟာနိသံသဂုဏ်သည် ကာမာဝစရအရာ၌ ဤ ကဲ့သို့သော အထူးကြီးများကို လှန်ပြန်နိုင်သည် မဟုတ်၊ အလုံးစုံတူကြ လျက်ရှိလျှင် ငြိမ်သက်သည့်အတွက် အကျိုးပေးခိုင်မြဲမှုသာလွန်ပေရာ၏။ ဤမျှသောစကားရပ်ဖြင့် ဒါနအရာ၌ သောမနဿ ဥပေက္ခာကွဲကြသည့် အတွက် သက်သက်နှင့်ဖြစ်ရသော အယုတ်အမြတ်အထူးသည် အနည်း ငယ်မျှသာဖြစ်၏၊ ဩမကဥက္ကဋ္ဌ စသောအထူကြီးတို့အတွက် နှင့်ဖြစ်ရ သော အယုတ်အမြတ်အထူးတို့သည်သာလျှင် ကြီးကျယ်ကုန်၏၊ ထိုကြီး ကျယ်သော အထူးတို့သို့ရောက်လျှင် သောမနဿ ဥပေက္ခာအတွက် မပြောပ စလောက်ပြီဟူသော အနက်ကိုပြဆိုလိုက်သည်။
(ဤဒါန၌ ပြဆိုလိုက်ပြီးသောနည်းကို အမှီပြု၍ သီလကုသိုလ် တို့၌လည်း သောမနဿ ဥပေက္ခာနှစ်ပါး အယုတ်အမြတ်ခွဲနည်းကို ထိုက်သည့်အားလျော်စွာသိကြလေ။)
ဘာဝနာအရာ၌ကား....အယုတ်အမြတ်ခွဲနည်း နှစ်လမ်း ရှိ၏၊ ထိုတွင်နောက်ဘဝတို့၌ ဖြစ်လတံ့သော အကျိုးကို အစွဲပြု၍ ဩမက ဥက္ကဋ္ဌ စသည်တို့နှင့် အယုတ်အမြတ်ခွဲနည်းသည် ဒါန သီလတို့၌ ခွဲနည်း နှင့်တူပြီ။
ဘာဝနာကိစ္စ တစ်နေ့တစ်ခြား တစ်လတစ်ခြား တိုးတက်ပွားများ မှုဟူသော ဘာဝနာအနက်စွဲ၍ ခွဲနည်း၌မူကား မိမိအားထုတ်သော ဘာဝနာမှု၌ ပီတိသောမနဿဖြစ်ခြင်းကို အလွန်အလိုရှိအပ်၏။ ပီတိ သောမနဿ ဖြစ်မှသာလျှင် ထိုအမှု၌ ပျော်မွေ့၏၊ ထိုအမှု၌ ပျော်မွေ့မှ သာလျှင် ထိုဘာဝနာမှု တစ်နေ့တစ်ခြား တစ်လတစ်ခြား တိုးတက်ကြီး ပွား၏။ ဥပေက္ခာဖြစ်၍ နေမည်ကိုကြောက်ရ၏။ ဥပေက္ခာဖြစ်၍နေလျှင် ထိုဘာဝနာမှု၌ ပျင်းရိ၏၊ တိုးပွားမှုမရှိနိုင်ပြီ။ ထို့ကြောင့် ဝိပဿနာ ဘာဝနာအရာ၌ ပီတိသောမနဿကို ဗောဇ္ဈင်ဟူ၍ ဟောတော်မူ၏။
သမ္ဗောဓိယာ အင်္ဂေါ သမ္ဗောဇ္ဈင်္ဂေါ။
သမ္ဗောဓိယာ=မဂ်ဉာဏ်၏၊ အင်္ဂေါ=အားကြီးစွာသော အဆောက် အဦတည်း၊ ဣတိ=ထို့ကြောင့်၊ သမ္ဗောဇ္ဈင်္ဂေါ=သမ္ဗောဇ္ဈင်မည်၏၊ ပီတိဧဝ= ဓမ္မရတိဓမ္မနန္ဒီဟုဆိုအပ်သသောပီတိသည်ပင်လျှင်၊ သမ္ဗောဇ္ဈင်္ဂေါ= မဂ်ဉာဏ်၏ အားကြီးစွာသော အဆောက်အဦပေတည်း၊ ဣတိ=ထို့ ကြောင့်၊ ပီတိသမ္ဗောဇ္ဈင်္ဂေါ=ပီတိသမ္ဗောဇ္ဈင်မည်၏။
ပီတိဆိုလျှင် သောမနဿ ပါတော့သည်၊ ယခုဘဝ၌ပင်လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ လျင်လျင်မြန်မြန် ပေါက်ရောက် ထည့်လေ အောင် တွင်တွင်ကြီး ဆောင်ပို့နိုင်သော အဆောက်အဦအင်္ဂါကြီးတပါး ဖြစ်ပေ၍ ပီတိသောမနဿကို သမ္ဗောဇ္ဈင် ဆိုသည်ဟူလို။
ဥပေက္ခာသမ္ဗောဇ္ဈင်လည်း ပါရှိပေသည် မဟုတ်လောဟူငြားအံ့၊ ဥပေက္ခာဝေဒနာကို ဆိုသည်မဟုတ်၊ တတြမဇ္ဈတ္တုပေက္ခာကို ဥပေက္ခာ သမ္ဗောဇ္ဈင်ဆိုသည်၊ ဣန္ဒြေငါးပါးတို့ ညီညွှတ်ကြသည်ဖြစ်၍ ဘာဝနာမှု၌ အယုတ်အလွန်မရှိသဖြင့် ပြုပြင်မှု ဗျာပါရ၌ လျစ်လျှူရှုသည်ကို ဥပေက္ခာ သမ္ဗောဇ္ဈင်ဆိုသည်၊ ဝမ်းမြောက်မှု ဗျာပါရ မရှိသည်ကိုဆိုသည်မဟုတ်၊ သင်္ခါရုပေက္ခာ စသည်တို့၌လည်း ဤနည်းတူသိလေ။
(ကာမာဝစရ ကုသိုလ်၌ သောမနဿ ဥပေက္ခာအယုတ် အမြတ်ခွဲခန်း ပြီး၏၊)
---မဟဂ္ဂုတ်အရာ သောမနဿုပေက္ခာ
မဟဂ္ဂုတ်ကုသိုလ်၌ကား သောမနဿ ဥပေက္ခာနှစ်ပါးတွင် သောမနဿကုသိုလ်သည် အဘိဓမ္မာနည်းအားဖြင့် ယုတ်ညံ့၏၊ သုတ္တန် နည်းအားဖြင့်လည်း ယုတ်ညံ့၏၊ ပဌမစျာန် ဒုတီယစျာန် တတီယစျာန် စတုတ္ထစျာန်တို့အား သောမနဿကုသိုလ်တို့တည်း။ ထိုတွင် ပဌမစျာန် ကုသိုလ်သည် ပဌမစျာန်ဘုံ၌သာ အကျိုးပေး၏၊ အသင်္ချေယျ တစ်ကပ် မျှသာ အသက်တမ်းရှိ၏၊ ဒုတီယစျာန်ကုသိုလ်, တတီယစျာန်ကုသိုလ် သည် ဒုတီယစျာန်ဘုံ၌သာ အကျိုးပေး၏၊ မဟာကပ်ရှစ်ကမ္ဘာမျှသာ အသက်တမ်းရှိ၏၊ စတုတ္ထစျာန်ကုသိုလ်သည် တတီယစျာန်ဘုံ၌သာ အကျိုးပေး၏၊ မဟာကပ် ၆၄-ကမ္ဘာမျှသာ အသက်တမ်းရှိ၏။ ရူပ ပဉ္စမစျာန်, အရူပစျာန်လေးခုသည် ဥပေက္ခာကုသိုလ်ပေတည်း။ ထိုတွင် ရူပဉ္စမစျာန်သည် စတုတ္ထစျာန်ခုနစ်ဘုံ၌သာ အကျိုးပေး၏၊ မဟာကပ် ငါးရာမှစ၍ မဟာကပ်တစ်သောင်းခြောက်ထောင်တိုင်အောင် အသက် တမ်းကို ဆောင်နိုင်၏။ အရူပကုသိုလ်လေးခုသည် အရူပလေးဘုံ၌သာ အကျိုးပေး၏၊ မဟာကပ် နှစ်သောင်း, လေးသောင်း, ခြောက်သောင်း, ရှစ်သောင်း လေးထောင်တိုင်အောင် အသက်တမ်းကို ဆောင်နိုင်၏။ ရူပပဉ္စမစျာန်သည် ဒိဗ္ဗစက္ခု, ဒိဗ္ဗသောတ, ဣဒ္ဓိဝိဓ, ပုဗ္ဗေနိဝါသစသော တန်ခိုးအဘိညာကြီးများကို ဆောင်နိုင်၏။ ဤမဟဂ္ဂုတ်ကုသိုလ်အရာ ၌ကား သောမနဿသည် အလွန်ယုတ်ညံ့၏၊ ဥပေက္ခာသည် အလွန်ကြီး ကျယ်မွန်မြတ်၏၊ ကျမ်းဂန်တို့၌ ဥပေက္ခာသည် သောမနဿထက် မဟပ္ဖလ မဟာနိသံသ ဖြစ်၏ဟုဆိုကြသောအရာသည် ဤမဟဂ္ဂုတ် ဥပေက္ခာနှင့် ဆက်ဆံသော အရာမျိုးတည်း။
(ဤကား မဟဂ္ဂုတ်ကုသိုလ်၌ သောမနဿ ဥပေက္ခာ အယုတ်အမြတ် ခွဲခန်းတည်း။)
---လောကုတ္တရာ သောမနဿုပေက္ခာ
မဂ်လေးပါးဟူသော လောကုတ္တရာအရာ၌မူကား သောမနဿ ဥပေက္ခာ အထူးမရှိကြလှပြီ။ မထူးကြပုံကား ယခုဘုရားသာသနာတွင်း၌ ကြုံကြိုက်ကြသော သူတို့မှာ ခန္ဓာငါးပါးတို့တွင် ဝိညာဏက္ခန္ဓာဟူသော စိတ်တစ်ခု၌ အနိစ္စအချက် လှလှကြီး မိကြကုန်လျှင် ဒုက္ခအချက် အနတ္တ အချက်တို့ကိုလည်း မိကုန်တော့သည်သာဖြစ်၍ သောတာပတ္တိမဂ်သို့ ရောက်နိုင်ကြကုန်၏။ ထိုသို့ ရောက်ကြကုန်သောအခါ သောမနဿ မဂ်သို့ ရောက်ကြကုန်သော သူတို့သည်လည်း သဥပါဒိသေသဟူသော ပဌမနိဗ္ဗာန်သို့ ရောက်ကြကုန်၏၊ ဥပေက္ခာမဂ်သို့ ရောက်ကြကုန်သော သူတို့သည်လည်း သဥပါဒိသေသဟူသော ထိုပဌမနိဗ္ဗာန်သို့ပင် ရောက် ကြကုန်၏။ မဟဂ္ဂုတ်ကုသိုလ်မှာ သောမနဿ ဥပေက္ခာရောက်ရာ ဘုံဌာနခြားနားကြကုန်သကဲ့သို့ သောတာပတ္တိမဂ်မှာ ထိုအရိယာတို့ ရောက်ရာဘုံဌာန မခြားနားကြကုန်ပြီ၊ သဥပါဒိသေသဟူသော ပဌမ နိဗ္ဗာန်ဘုံဌာနတစ်ခုသို့ ရောက်ကြကုန်သည်ဟူလို။
ဤစကား၌ သဥပါဒိသေသ ပဌမနိဗ္ဗာန်ဆိုသည်ကား အဘယ် နည်း၊ ထိုနိဗ္ဗာန်ဘုံဌာနသို့ အဘယ်သို့ ရောက်ကြကုန်သနည်းဟူမူကား ခပ်သိမ်းသော ဘုရားရှင်တို့၏ သာသနာ၌ ကျွတ်လွတ်ကြကုန်သော အရိယာပုဂ္ဂိုလ် အပေါင်းတို့တွင် သောတာပန်အဖြစ်နှင့် ကျွတ်ကြသူ တို့သည် အများဆုံးဖြစ်ကုန်၏။ သောတာပန်ပုဂ္ဂိုလ်တို့တွင်လည်း သိကြား မင်း, စူဠရထနတ်သား, မဟာရထနတ်သား, အနေကဝဏ္ဏနတ်သား, ဝိသာခါ, အနာထပိဏ်တို့ကဲ့သို့ ဝဋ္ဋဇ္ဈာသယ-ဝဋ္ဋာဘိရတ ဘုံစဉ်စံ သောတာပန်မျိုးတို့သည် အညံ့ဆုံးသော သောတာအန်မျိုးဖြစ်ကြ၍ အများဆုံး ဖြစ်ကြကုန်၏။ ယခုအခါ၌ နတ်ပြည်ခြောက်ထပ်တို့တွင် တစ်ခုတစ်ခုသော နတ်ပြည်မှာပင် ဘုံစဉ်စံ သောတာပန် အရိယာနတ်မျိုး အသချေယျအနန္တ ရှိကြကုန်၏။ ယခုအခါ နတ်ပြည်ခြောက်ထပ်သည် အရိယာတို့ဖြင့် ပြည့်လျက်ရှိကြ၏။ ဘုရားသာသနာ၌ ကျွတ်ကြသူ အပေါင်းတို့တွင် အညံ့ဆုံးဖြစ်၍ အများဆုံးဖြစ်ကြကုန်သော ဝဋ္ဋဇ္ဈာသယဝဋ္ဋာဘိရတ ဘုံစဉ်စံသောတာပန်တို့၏ အလားကိုပြဆို၍ ထိုအမေး နှစ်ချက်ကို ဖြေဆိုရာ၏။
သဥပါဒိသေသနိဗ္ဗာန်
သဥပါဒိသေသ ပဌမနိဗ္ဗာန်ဆိုသည်ကား အဘယ်နည်းဟူသော အမေး၌ သဥပါဒိသေသ နိဗ္ဗာန်သည် သောတာပတ္တိမဂ် ခဏ၌ ရောက် ရသော နိဗ္ဗာန်, အနာဂါမိမဂ်ခဏ၌ ရောက်ရသော နိဗ္ဗာန်, အရဟတ္တမဂ် ခဏ၌ ရောက်ရသော နိဗ္ဗာန်ဟူ၍ ရောက်ကြသူတို့၏ အခိုက်အတန်း အားဖြင့် လေးပါးရှိ၏။ ထိုလေးပါးသည် သဥပါဒိသေသ ချည်းဖြစ်၍ ကျမ်းဂန်တို့၌ သဥပါဒိသေသ နိဗ္ဗာန်တစ်ခုသာ ဆိုကြကုန်၏။ ထိုလေးပါး တွင် သောတာပန်တို့ ရောက်ကြ, ရကြ, ခံစံကြရသော နိဗ္ဗာန်သည် ပဌမ နိဗ္ဗာန်ပေတည်း။
အင်္ဂုတ္တိုရ်ပါဠိတော်၌မူကား- - - ဘင်္ဂဉာဏ်မှစ၍ ဗလဝ ဝိပဿနာ အခိုက်သို့ ရောက်၍နေသော ဝိပဿနာယုတ္တ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်ကိုလည်း သဥပါဒိသေသ ပုဂ္ဂိုလ်ဟူ၍ ဟောတော်မူ၏။
“တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ အဝိနိပါတဓမ္မော၊ နိယတော သမ္ဗောဓိပရာယဏော”။ (ပါဠိတော်)
တိဏ္ဏံသံယောဇနာနံ=သက္ကာယဒိဋ္ဌိ-ဝိစိကိစ္ဆာ-သီလဗ္ဗတ ပရာမာသ ဟူသော သုံးပါးသော သံယောဇဉ်တို့၏၊ ပရိက္ခယာ=ကုန် ငြိမ်းခြင်းကြောင့်၊ သောတာပန္နော=မြင့်မြတ်ရာသို့သာ တဖြောင့်တည်း ဆန်ဆက်သော သီလ, သမာဓိ, ပညာ-ဟူသော ဓမ္မသောတ, မြင့်မြတ် သော ဘုံအစဉ် ပဋိသန္ဓေအစဉ်ဟူသော ဘဝသောတသို့ အစစွာ ဆိုက် ရောက်သော သောတာပန်သည်၊ ဟောတိ=ဖြစ်၏၊ အဝိနိပါတ ဓမ္မော= ဝိနိပါတဘေးကြီးမှ အပြီးကင်းလွတ်ပြီ၊ နိယတော=ဘဝအဆက်ဆက် မပျက်ကွက်ဘဲ အစဉ်မြဲသော သီလ, သမာဓိ, ပညာနှင့်ပြည့်စုံ၏၊ သမ္ဗောဓိ ပရာယဏော=အထက်မဂ် အထက်ဖိုလ်လျှင် လိုခါရကြောင်း မတိမ်း စောင်းနိုင်သော လည်းလျောင်းရာရှိ၏၊။ အနက်။
ဝဋ်သုံးပါး---သံသရာဘေးအပေါင်းတို့တွင် အဆိုးဝါးဆုံး အညစ် ညမ်းဆုံး အကြမ်းထမ်းဆုံး အယုတ်မာဆုံး ဘေးကြီးစုကား သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ-ဟူသော ကိလေသဝဋ်ဆိုးကြီးတစ်ပါး၊ ဒုစရိုက် ဆယ်ပါးဟူသော ကမ္မဝဋ်ဆိုးကြီးတစ်ပါး၊ အပါယ်ကျမှုဟူသော ဝိပါကဝဋ်ဆိုးကြီးတစ်ပါး၊ ဤဝဋ်ကြီးတစ်ပါးသည် သံသရာ၌ အဆိုး ဝါးဆုံး, အညစ်ညမ်းဆုံး, အကြမ်းထမ်းဆုံးဖြစ်၏။ ကြွင်းသော ကိလေသ ဝဋ်, ဝိပါကဝဋ်တို့ကား မထောင်းတာရှိ၏။ ကြွင်းသောဝဋ်ဆိုသည်ကား ကာမသုဂတိ ၇-ဘုံ၌ ကျင်လည်ရန် ကာမတဏှာ ကာမကုသိုလ် ကာမ သုဂတိဘဝ-ဟူ၍ ကာမဝဋ်သုံးပါး၊ ရူပ ၁၆-ဘုံ၌ ကျင်လည်ရန် ရူပ တဏှာ ရူပကုသိုလ် ရူပဘဝဟူ၍ ရူပဝဋ် သုံးပါး၊ အရူပဘုံ၌ ကျင်လည်ရန် အရူပတဏှာ အရူပကုသိုလ် အရူပဘဝဟူ၍ အရူပဝဋ်သုံးပါး၊ ဤဝဋ်စု ကို ကြွင်းသောဝဋ်ဆိုသည်။
သောတာပတ္တိမဂ်ခဏ၌ ဝဋ်ဆိုးကြီးသုံးပါး နောင်အကြွင်း မရှိကုန် ငြိမ်း၏။ ကာမသုဂတိ ၇-ဘုံ၌လည်း အဟိတ်ဘဝ ဒွိဟိတ်ဘဝ ကုန်ငြိမ်း ၏။ စည်းစိမ်ချမ်းသာ အလိမ္မာဘုန်းတန်ခိုး ယုတ်ညံ့သော လူမျိုး, နတ် မျိုးဖြစ်မှု ကုန်ငြိမ်း၏ ဟူလိုသည်၊ ဗြဟ္မာဘုံမှာလည်း ဗြဟ္မာယုတ် ဗြဟ္မာညံ့ဖြစ်မှု ကုန်ငြိမ်း၏။ သောတာပတ္တိမဂ် ခဏ၌ ဤအလုံးစုံသော ကုန်ငြိမ်းမှုသည် သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီးပေတည်း။ အဘယ့် ကြောင့် သဥပါဒိသေသ ခေါ်သနည်းဟူမူကား ရှေ့သို့ဘုံစဉ်စံစား၍ သွားရန် တဏှာကြွင်းနှင့်တကွ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝတွေ များစွာ ကြွင်းကျန်လျက် ရှိသေးသောကြောင့် သဥပါဒိသေသ ခေါ်သတည်း။ ဝဋ်ဆိုးကြီးသုံးပါး ငြိမ်းမှုကြောင့် နိဗ္ဗာန်ခေါ်သည်၊ ဝဋ်ကောင်းတွေ ကျန်ရှိ သေးသော်ကြောင့် သဥပါဒိသေသ ခေါ်သည်ဟူလို။
(သဥပါဒိသေသ ပဌမဆိုသည် အဘယ်နည်းဟူသော အမေးကို ဖြေဆိုချက်ပြီး၏၊)
သောတာပန်နှင့်နိဗ္ဗာန်....
ဘုံစဉ်စံ သောတာပန်ပုဂ္ဂိုလ်သည် ထိုနိဗ္ဗာန်ဘုံဌာနသို့ အဘယ်တို့သို့ ရောက်ကြကုန်သနည်းဟူသော အမေး၌ ဘုံဌာနဆိုသည်ကား အဝထ္တာဘုံပေတည်း၊ အခွင့်ထူး, အရာထူး, ဌာနန္တ ရထူးပေတည်း။ ထိုဝဋ်ဆိုးကြီး သုံးပါးရှိနေသော ပုထုဇဉ်၏ အဖြစ်ကား တစ်ဌာနတည်း၊ ပုထုဇ္ဇနဘူမိခေါ်၏၊ လောကိယ ဘူမိလည်း ခေါ်၏။ ထိုဝဋ်ဆိုးကြီးသုံးပါး ကုန်ငြိမ်းသော အရိယာ၏အဖြစ်ကား အရာထူးတစ်ပါး ဌာနန္တရထူး တစ်ပါးတည်း၊ အရိယာဘူမိ ခေါ်၏၊ လောကုတ္တရာဘူမိလည်းခေါ်၏။ ဤသို့လျှင် သောတာပတ္တိမဂ်သို့ ရောက် သောအခါမှစ၍ နောက်အနာဂတ် သံသရာတခွင်လုံး ထိုဝဋ်ဆိုးကြီးသုံးပါး ကင်းရှင်းမှုနယ်ကြီးသည် အခွင့်ထူး အရာထူး ဌာနန္တရခေတ်ထူး နယ် အထူးဖြစ်၍ နိဗ္ဗာန်ဘုံဌာနဆိုသတည်း။ သောတာပတ္တိမဂ်သို့ မရောက်မီ အနမတဂ္ဂ အတိတ်သံသရာကာလ၌ ထိုဝဋ်ဆိုးကြီးသုံးပါးရှိနေသော ပုထုဇဉ်အဖြစ်နှင့်သာ လာခဲ့ရ၏။ သောတာပတ္တိမဂ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထိုအဖြစ်မှ ကျွတ်လွတ်၍ ထိုဝဋ်ဆိုးကြီးသုံးပါး ကင်းငြိမ်းခြင်း ဟူသော အခွင့်ထူး အရာထူး ဌာနန္တရထူးသို့ ရောက်သည်ကို သဥပါဒိ သေသ ပဌမနိဗ္ဗာန်သို့ ရောက်သည်ဟုဆိုသည်။
ထိုဝဋ်ဆိုးကြီး သုံးပါး၏ ကင်းငြိမ်းမှုသည်လည်း အမြဲနိစ္စထာဝရ တည်လေတော့သည်ဖြစ်၍ အနုပါဒိသေသနိဗ္ဗာန်နှင့် တစ်ပြင်ထည်း တစ်ဆက်ထည်း တစ်ခုတည်းသာထည်း၊ နှစ်ခုဆိုရန် အပိုင်းအခြား မရှိပြီ။ ထိုဘုံစဉ်စံ သောတာပန်တို့သည်လည်း သောတာပတ္တိမဂ်သို့ ဆိုက်သည် နှင့်တစ်ပြိုက်နက် လောကီဘုံသူ လောကီဘုံသား အဖြစ်မှ ကျွတ်လွတ်၍ နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသားအဖြစ်သို့ ရောက်ကြလေကုန်၏၊ လောကုတ္တရာ ဘုံသူ လောကုတ္တရာဘုံသား အဖြစ်သို့ ရောက်ကြလေကုန်၏၊ အရိယာဘုံ သူ အရိယာဘုံသားအဖြစ်သို့ ရောက်ကြလေကုန်၏။ ထိုခဏမှစ၍ အဆုံးဘဝ၌ အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ထိုပဌမနိဗ္ဗာန်ဟူသော ဌာနန္တရ၌ တည်ကြကုန်၍ ဥပါဒိကြွင်းဟုဆိုအပ်သော လူ့ဘဝ လူ့ချမ်းသာ နတ်ဘဝ နတ်ချမ်းသာ ဗြဟ္မာဘဝ ဗြဟ္မာချမ်းသာတို့ကို အစဉ်ခံစား စံစား၍ သွားကြရကုန်၏။ ထိုကြောင့် “တိဏ္ဏံ သံယောဇနာနံ ပရိက္ခယာ သောတာပန္နော ဟောတိ“ဟူ၍ဟောတော်မူ၏။
ဝိနိပါတ--ဘေးကြီး---အဝိနိပါတဓမ္မော၊ ဝိနိပါတဘေးကြီးမှ အပြီး ကင်းလွတ်ပြီဟူသော စကား၌ ဝိနိပါတဘေးကြီးဆိုသည်ကား ပုထုဇဉ်သတ္တဝါတို့သည် မိမိတို့ ရင်တွင်း နှလုံးတွင်း၌ မြင်းမိုရ်တောင်ကြီး ကဲ့သို့ အလွန် ဝန်လေးလှစွာသော ဝဋ်ဆိုးကြီးသုံးပါး ရှိ၍နေသည်အတွက် သေကြသောအခါ၌ ဘယ်ဘုံမှာ ငါဖြစ်မည်ဟု မိမိတို့ ဖြစ်လိုရာဘုံ၌ ဖြစ်နိုင်ကြကုန်သည် မဟုတ်၊ ကံပစ်ချရာဟု ကံတစ်ခု ကြမ္မာတစ်ခု ပေါက်လွှတ်ထားကြရကုန်၏။ ထန်းပင်ပေါ်၌ ရှိနေကြကုန်သော ထန်းသီး ခိုင်တွေကို ခုတ်ချိုင်သောအခါ အခိုင်အညှာ ပြတ်သည်နှင့် တစ်ပြိုင်နက် ထန်းသီးခိုင်တို့သည် ဘယ်နေရာကို ငါကျမည်ဟု ရွေးချယ်၍ ကျနိုင်ကြ ကုန်သည်မဟုတ်၊ ပေါက်လွှတ်ဒလကျန်း ဘယမ်းဘတာ ကျကြလေကုန် သကဲ့သို့ ထိုအတူ လူ့ပြည်မှ သေလျှင်လည်း ပေါက်လွှတ်ကျကြရကုန်၏၊ ဗြဟ္မာပြည်မှ သေလျှင်လည်း ပေါက်လွှတ်ကျကြရကုန်၏၊ ကံပစ်ချရာ ကျရောက်ကြရကုန်၏။ ဤသို့သေသည်နောက်၌ ပေါက်လွှတ်လျောက် လျား ပစ်၍ထားကြရသောအမှု ကမ္မသကာ ကျချင်ရာရာ ပေါက်လွှတ် ကျရောက်ကြရသော ဓမ္မတာမှုကြီးကို ဝိနိပါတဘေးကြီး ဆိုသတည်း။
ဤသံသရာ၌----ပညာရှိကြီးတို့သည် အလွန်စက်ဆုပ်ကြရသော သံသရာဘေးကြီးပေတည်း၊ ပညာနည်းသော သူတို့သည်သာလျှင် အများ ဓမ္မတာပေဟု ကျေအေးကြကုန်၏။ သောတာပတ္တိမဂ်ဖိုလ်သို့ရောက် ကြ၍ ဝဋ်ဆိုးကြီးသုံးပါး ကျွတ်လွတ်ကြသောအခါမှ ထိုဝိနိပါတဘေးကြီး အပြီးကင်းလွတ်ကြလေကုန်၏။ သေကြသည့်နောက်၌ ရောက်လိုရာ ဘဝသို့ ရောက်နိုင်ကြကုန်၏၊ အလိုဆန္ဒ အထူးမရှိဘဲ လွတ်၍ထား ပြန်လျှင် ယခုဘဝထက် ကောင်းမြတ်သော ဘဝသို့ တက်လမ်း ဆန်လမ်း တစ်လမ်းသာ ရကြကုန်၏၊ ရောက်လိုရာဘဝသို့ ရောက်နိုင် ကြကုန်၏ ဟူရာ၌ စျာန်ရ စျာန်မရ စသည်တို့နှင့် လျော်စွာသိလေ၊ ထိုကြောင့် အဝိနိပါတဓမ္မောဟူ၍ ဟောတော်မူပေသည်။
နိယတ-- နိယတော၊ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် မပျက်ကွက်ဘဲအစဉ်မြဲသော သီလသမာဓိ ပညာနှင့်ပြည့်စုံ၏ဟူရာ၌ ပုထုဇဉ်တို့၌ရှိသော သီလသမာဓိပညာမည်သည် အဟုန်းနှင့်တကွ ပြေးသောမြင်း၏ ကျောက်ကုန်း၌ ပေါက်လွှတ်ထားအပ်သော အုန်းသီး နှင့်တူ၏၊ ဘဝပျောင်းမှုနှင့် တစ်ချက်လှုပ်လျှင် အကုန်ကြ၏၊ ဘဝတွင်း မှာပင် ခုတင်ခုကျ၏။ သောတာပန်တို့၌တည်ရှိသော နိစ္စသီလမျိုး, ကုသိုလ်ဓမ္မတို့၌ တည်ကြည်နိုင်သော သမာဓိမျိုး, သစ္စာလေးပါးကို မြင်သော ဉာဏ်ပညာမျိုးသည် သံကြိုးသံလွန်တို့ဖြင့် ကောင်းစွာဖွဲ့ အပ်သော မြင်း တန်ဆာနှင့်တူ၏၊ ဘဝကမ္ဘာ သံသရာ၌ အစဉ်မြဲ၏။
သီလ သမာဓိ ပညာ---တို့သည်သာ အစဉ်မြဲသည် မဟုတ်ကုန်၊ ထိုဘုံစဉ်စံသော သောတာပန်တို့အား ကိုးကွယ်ရာ ဘုရားလည်း အစဉ် မြဲ၏၊ တရားလည်းအစဉ်မြဲ၏၊ သံဃာလည်းအစဉ်မြဲ၏၊ သာသနာ လည်းအစဉ်မြဲ၏။ ဘဝများစွာ ကမ္ဘာအဆက်ဆက် ကျင်လည်၍သွားကြ ကုန်သော်လည်း သဗ္ဗညုမြတ်စွာဘုရားတို့၏ ဂုဏ်တော် ကျေးဇူးတော် တို့သည် ထိုသူတို့မှာ တစ်ဘဝထက် တစ်ဘဝ ထင်လင်းထင်ရှား၍ သွားကုန်၏၊ တရားဂုဏ် သံဃာ့ဂုဏ် သာသနာ့ဂုဏ်တို့လည်း ထို့အတူ ထင်ရှား၍သွားကုန်၏။ ထိုသူတို့မှာ သာသနာပသောဘဝ သာသနာ ကွယ်သော ကမ္ဘာဟူ၍ မရှိကြကုန်ပြီ။ ပုထုဇဉ်တို့မည်သည် သံသရာ၌ရံခါ ရံခါရှေ့ဘဝဟူ၍မသိ, နောက်ဘဝဟူ၍မသိ, မောဟတုံးဖြစ်၍ ကိုးကွယ် ရာ မရှိဘဲဖြစ်ချင် တတ်တိုင်း ရိုင်းစိုင်းမိုက်မဲ၍နေကြသော ဘဝတွေလည်း များစွာရှိကုန်၏။ ရံခါရံခါ ကိုးကွယ်ရာမဟုတ်သော အယုတ်တမာကြီး တွေကို ဘုရားပြုလုပ်၍ တစ်ဘဝတစ်မျိုး ကိုးကွယ်ရာပေါင်း ထောင် သောင်းမက ပြောင်းလဲ၍နေသော ဘဝတွေလည်း များစွာရှိကုန်၏။ ဤသံသရာ၌ ပညာရှိကြီးတို့သည် ဘုရားမဟုတ် ဘာမဟုတ်သော အယုတ်တမာကြီးတွေကို ဘုရားပြု၍ တစ်ဘဝတစ်မျိုး ကိုးကွယ်ရာ မှောက်မှားမှုကြီးကိုလည်း အလွန်နာကျည်းကြကုန်၏။
အဘယ့်ကြောင့်နည်းဆိုသော်---ကိုးကွယ်ရာ မှောက်မှားလျှင် ထိုဘဝမှာ ရစရာမရှိအကုန်လုံးမှောက်မှားလေ တော့သည်၊ ဂေါသီလ ဂေါဝတ အစရှိသည်ဖြင့် တရားမဟုတ် ဘာမဟုတ်သော အယုတ်တမာ အကျင့်တွေကို အထွတ်အမြတ် တရားပြုလုပ်၍ တစ်ဘဝတစ်မျိုး ကိုးကွယ်ရာပေါင်း ထောင်သောင်းမက ပြောင်းလဲ၍နေကြသော ဘဝ တွေလည်း များစွာရှိကုန်၏။ ဤကဲ့သို့မဟုတ်သော လောကုတ္တရာဘုံသူ လောကုတ္တရာဘုံသား ဖြစ်ကြကုန်သော ထိုဘုံစဉ်စံ အရိယာတို့မှာ ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ ဘုရား တရား သံဃာ ကိုးကွယ်ရာ ပြောင်းရွေ့ခြင်း မရှိကြကုန်ပြီ ဟူလိုသည်၊ ထို့ကြောင့် နိယတောဟူ၍ ဟောတော်မူပေ၏။
သမ္ဗောဓိပရာယဏ---သမ္ဗောဓိပရာယဏော၊ အထက်မဂ် အထက်ဖိုလ်လျှင် လိုခါရကြောင်း မတိမ်း စောင်းနိုင်သော လည်းလျောင်း ရာရှိ၏ ဟူရာ၌ မိမိတို့အတွက် အထက်မဂ် အထက်ဖိုလ် အထက်နိဗ္ဗာန် ဟူသော အကြောင်းကြောင့် နောက်ဘုရား နောက်သာသနာကို မြော် ဘွယ်ရာ ကိစ္စမရှိကြကုန်ပြီ ဟူလို၊ အဘယ်ကြောင့်နည်းဆိုသော် ထိုသူ တို့မှာ သောတအမည်ရှိသော ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါး တို့သည် အနုပါဒိသေသ နိဗ္ဗာန်သို့ကျအောင် တစ်ဘဝထက် တစ်ဘဝ တစ်ကမ္ဘာထက် တစ်ကမ္ဘာ တိုးပွားစည်ကား၍သာသွားကြလေကုန်၏ ငါတို့မြတ်စွာဘုရား သာသနာတော်မြတ်ကြီးသုံးပါးတို့သည် ထိုသူတို့ သန္တာန်မှာ တစ်ဘဝထက် တစ်ဘဝ ထွန်းလင်းစည်ကား၍ သွားကြ ကုန်၏၊ ထို့ကြောင့် ဤဘုရားသာသနာတော် ကွယ်သည့်နောက် အနမတဂ္ဂသံသရာမှာ ဘုရားပွင့်မှု မရှိပြီဆိုသော်လည်း ထိုသူတို့ ပူဘွယ် မရှိကြကုန်ပြီ၊ ထို့ကြောင့် သမ္ဗောဓိပရာယဏောဟူ၍ ဟောတော်မူသည်။
သောတာပန်ချမ်းသာ---ဤမျှသော စကားရပ်တို့ဖြင့် ငါတို့ ဘုရားသာသနာ၌ အကျွတ်ရကြသူအပေါင်းတို့တွင် အညံ့ဆုံး အများဆုံး ဖြစ်သော ဘုံစဉ်စံ သောတာပန်တို့၏ သောတာပတ္တိမဂ်သို့ ဆိုက်သည်နှင့် တစ်ပြိုင်နက် သဥပါဒိသေသ ပဌမနိဗ္ဗာန်သို့ ရောက်ကြောင်း, နိဗ္ဗာန်ကိုရ ကြောင်း, အမျိုးအရိုးအားဖြင့် လောကီဘုံသူ လောကီဘုံသားအဖြစ်မှ ကျွတ်လွတ်၍ လောကုတ္တရာဘုံသူ လောကုတ္တရာဘုံသား အရိယာဘုံသူ အရိယာဘုံသား နိဗ္ဗာန်ဘုံသူ နိဗ္ဗာန်ဘုံသားအဖြစ်သို့ အမှန်ရောက် ကြောင်း, အကနိဋ္ဌဘုံသို့ကျအောင် ဘဝများစွာ ကမ္ဘာအဆက်ဆက် သဥပါဒိသေသနိဗ္ဗာန်၌ တည်၍ ဝဋ်ဆိုးကြီး သုံးပါးငြိမ်းခြင်းတည်းဟူသော သန္တိသုခ နိဗ္ဗာနသုခနှင့်တကွ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ တည်းဟူသော လောကီလောကုတ္တရာ ချမ်းသာနှစ်ပါးကို အစဉ်ခံစား စံစား၍ သွားကြရကြောင်းကို အကျဉ်းအားဖြင့် ထင်ရှားစွာပြဆိုလိုက် သည်။ အကနိဋ္ဌဘုံသို့ကျအောင် ဟူသောစကား၌ အထက်မဂ် အထက် ဖိုလ်သို့ ရောက်ကြသည့်အခါ ဒုတီယ တတီယ စတုတ္ထ သဥပါဒိသေသ နိဗ္ဗာန်သုံးပါးပါ ခြုံ၍ဆိုလိုက်သည်။
ဤစကားရပ်ကိုလည်း လောက၌ နိဗ္ဗာန်စာအုပ် မလယ်မပတ်တွေများလှ၍ ပညာရှိတို့ ရိပ်မိရုံမျှ ပြဆိုလိုက်သည်၊ အကျယ်ကိုမူကား ငါတို့စီရင်သော အနတ္တဒီပနီ စာအုပ်ငယ်, စတုသစ္စဒီပနီ စာအုပ်ငယ်, သင်္ဂြီုဟ် ၉-ပိုင်းလုံးကို အကျဉ်းချုံး၍ သံပေါက် ကင်္လာဖြင့် စီရင်သော ပရမတ္ထသံခိပ် စာအုပ်ငယ်များ၌ ကြည့်၍ယူလေ၊ အနတ္တဒီပနီနှင့် ပရမတ္ထသံခိပ်မှာ ရန်ကုန်မြို့ ကဝိမျက်မှန်တိုက်တွင် ရှိလေ၏၊ စတုသစ္စဒီပနီမှာ ဟံသာဝတီ တိုက်တွင် ရှိလေ၏။
ဤသို့လျှင် လောကုတ္တရာ ကုသိုလ်အရာ၌ သောမနဿ ဥပေက္ခာ နှစ်ပါးသည် ဝဋ်သုံးပါးကို ချုပ်ငြိမ်းစေမှု နိဗ္ဗာန်သို့ ရောက်စေမှုတို့၌ အထူးမရှိကြလှပြီ။
ဆိုဘွယ်အထူးကား---ဥပေက္ခာသောတာပတ္တိ မဂ်ကုသိုလ်ကို ပဉ္စမစျာနလာဘီ ပုဂ္ဂိုလ်မှ ရနိုင်၏၊ ထိုပုဂ္ဂိုလ်သည် ထိုစျာန်မပျက်စီးဖြစ်အံ့၊ ဗြဟ္မာပြည်သို့သွား၏၊ ပျက်စီးခဲ့လျှင် ကာမဘုံမှာဖြစ်ရ၏။ သောမနဿ သောတာပတ္တမဂ် ကုသိုလ် လေးခုတို့တွင် ဒုတီယစျာန်မဂ် တတီယစျာန် မဂ် စတုတ္ထစျာန်မဂ်တို့မှာ ဥပေက္ခာနည်းတူ သိလေ၊ ပဌမစျာန်မဂ် ကုသိုလ်သည် စျာနလာဘီ ပုဂ္ဂိုလ်မှာဖြစ်အံ့၊ ဥပေက္ခာနည်းတူပင်၊ သုက္ခဝိပဿက ပုဂ္ဂိုလ်မှာ ဖြစ်အံ့၊ ထိုပုဂ္ဂိုလ်သည် ကာမသုဂတိဘုံ၌ ဖြစ်၏။
(ဤတွင်ရွေ့ကား လောကုတ္တရာ ကုသိုလ်အရာ၌ သောမနဿ ဥပေက္ခာနှစ်ပါး အထူးမရှိလှကြပုံကို ပြဆိုခန်းပြီး၏၊)
သောမနဿပြစ်---ယခုအခါ သောမနဿဝေဒနာ၌ အကျိုး အပြစ်နှစ်ပါး, ဥပေက္ခာဝေဒနာ၌ အကျိုး အပြစ်နှစ်ပါးကို ပြဆိုအံ့။ သောမနဿဝေဒနာ၏အကျိုးကို ရှေးသုတ္တန်အခန်း၌ ပြဆိုခဲ့ပြီ၊ အပြစ်မူ ကား မနက်နဲသော သဘောရှိသည်၏အဖြစ်သည် သောမနဿ၏ ဖြစ် ကြောင်းဟူ၍ ဆိုသောကြောင့် မနက်နဲသော သဘောရှိသော သူ၌ဖြစ် သော သောမနဿသည် ထိုပုဂ္ဂိုလ်ကို အထက်အထက်သော ကုသိုလ် တရားတို့သို့ မရောက်နိုင်အောင်ပြု၍ သတ်တတ်၏။ အဘယ်သို့ သတ်တတ်သနည်းဟူမူကား အချို့သောသူတို့အား လက်လီလက်စာဖြစ် သော သေးငယ်သော ဒါနမှု၌ပင် ဝမ်းမြောက်ဝမ်းသာခြင်း ဖြစ်၏၊ အားရရောင်ရဲခြင်း ဖြစ်၏၊ သာသနာတွင်း၌ လူဖြစ်ကျိုး ကြီးမားလှပြီ ထင်ကြကုန်၏၊ ကြီးမားသော ဒါနမှုများကို ဥဿာဟ မပြုကြကုန်ပြီ၊ လက်ဦးလက်ဖျားနှင့်ပင် အားရစိတ်ချ၍ နေကြကုန်၏။ ဤ၌ အနည်းငယ် မျှနှင့် အားရ၍နေသော ထိုသောမနဿသည် ထိုသူတို့ကို ကုသိုလ် အဆောက်အဦ ကြီးပွားခြင်းသို့ မရောက်ရအောင်ပြု၍ သတ်သည် မည်၏။
အချို့သူတို့အား---ကြီးမားသော ဒါနမှု၌ပင် အလွန်ဝမ်းသာ အားရခြင်းဖြစ်၏၊ သီလမှုကို အားမကျလှ ကြကုန်ပြီ၊ ဤနည်းသည်လည်း ဒါနမှုမျှနှင့် အားရ၍နေသော သောမနဿသည် ထိုသူတို့ကို သီလ ကုသိုလ် နည်းပါးအောင်ပြု၍ သတ်၏။ ထို့အတူ ဥပေါသထသီလမှုနှင့် အားရ၍နေသော သောမနဿသည် နိစ္စသီလမျိုး နည်းပါးအောင် ပြု၍ သတ်၏၊ နိစ္စသီလမျိုးတွင်လည်း ငါးပါးသီလမျှနှင့် အားရ၍နေသော သောမနဿသည် ထိုသူတို့ကို အာဇီဝဋ္ဌမက ရှစ်ပါးမှအပပြု၍ သတ်၏၊ အာဇီဝဋ္ဌမကမျှနှင့် အားရနိုင်သော သောမနဿသည် ဆယ်ပါးနိစ္စမှ အပပြု၍ သတ်၏၊ ဆယ်ပါးနိစ္စမျှနှင့် အားရနိုင်သော သောမနဿသည် ၂၂၇-ပါးသော ဥပသမ္ပန္န သီလတို့မှ အပပြု၍ သတ်၏၊ ၂၂၇-ပါးမျှနှင့် အားရနိုင်သော သောမနဿသည် ဥပဇ္ဈာယဝတ်, အာစရိယဝတ် အစရှိသော အဘိသမာစာရိကသီလ, ဓုတင်္ဂသီလ, ဣန္ဒြိယသံဝရသီလ စသည်တို့မှ အပပြု၍ သတ်၏။ ဤနည်းကို အမှီပြု၍ ပရိယတ်ကျမ်းဂန် သင်ကြားမှု, သမထဘာဝနာမှု, ဝိပဿနာဘာဝနာမှုတို့မှစ၍ အရဟတ္တ မဂ် အရဟတ္တဖိုလ်တိုင်အောင် သာသနာတော်၌ အဆင့်ဆင့် ရှိနေသော ကုသိုလ်ဓမ္မတို့ကို အကုန်ဝေဖန်၍ သိလေ။
ထိုထိုအမှုတို့၌---အားရမှုရှိသည် မရှိသည်ကိုကား ဤသို့ သိအပ်၏၊ ဒါနမှုနှင့်အားရ၍နေသော သူတို့မည်သည် ဒါနမှုကိုစွဲ၍ သာယာရွှင်လန်းခြင်း, တက်ကြွထောင်လွှားခြင်း, ဂုဏ်ပကာသနကို အလိုရှိခြင်း, သူတပါးတို့ ချီးမွမ်းသည်ကို သာယာခြင်း အစရှိသည်ဖြင့် လှိုင်းဂယက်နှင့်တကွသော ဗလဝါမုခ ဝဲကြီး မိ၍နေသော လှေသင်္ဘော သည် မစုန်နိုင်, မဆန်နိုင်ဘဲ တဝဲလည်လည်နှင့် နစ်ရလေဘိ၏သို့ ဒါနမှု၌ ပင်လျှင် လောကဓံ ဝဲအမွှေ့ခံ၍ နေကြကုန်၏၊ အားမရသူတို့သည်ကား ဒါနမှု၌ ဥပေက္ခာမျှသာ ဖြစ်ကြကုန်သဖြင့် ထိုအပြစ်တို့မှ ကင်းရှင်း တတ်ကြကုန်၏၊ သီလမှု, ပရိယတ်မှု, ဘာဝနာမှု စသည်တို့၌ ဤနည်းတူ သိလေ။
ဤကား မနက်နဲသော သဘောရှိသော သူတို့၌ အားရလွယ် တတ်သော သောမနဿသည် ထိုသူတို့ကို သတ်ပုံတည်း၊ ဉာဏ်အမြင်နှင့် ပြည့်စုံခြင်းသည် သောမနဿဖြစ်ကြောင်းဟူ၍ ဆိုပြန်သောကြောင့် ပကတိ မနက်နဲသော သဘောရှိသော သောမနဿပုဂ္ဂိုလ်တို့သည် ပညာ ရှိတို့နှင့် ပေါင်းဘော်ခြင်း စသည်ကိုပြုကြ၍ အသိဉာဏ်နှင့် ပြည့်စုံကြ အောင် အားထုတ်ကြကုန်ရာ၏၊ အသိဉာဏ်အမျိုးမျိုးနှင့် ပြည့်စုံကြကုန် သောအခါ ပကတိဓာတ်ခံအားလျော်စွာ သောမနဿပင် ဖြစ်လာငြား သော်လည်း ထိုအမှု၌ အားရစိတ်ချ၍ နေခြင်းတည်းဟူသော အပြစ်မှ လွတ်ကုန်၍ သုတ္တန်ခန်း၌ ပြခဲ့သော အကျိုးဆောင် သောမနဿမျိုး ဖြစ်လတ္တံ့။
(သောမနဿ၏ အပြစ်ကို ပြဆိုခန်း ပြီး၏၊)
---ဥပေက္ခာအကျိုး---ဥပေက္ခာ၌ နက်နဲသော သဘောရှိသည်၏ အဖြစ်ကို ဥပေက္ခာဖြစ်ကြောင့် နက်နဲသော သဘောရှိသောသူတို့အား ဖြစ်သော ဥပေက္ခာသည် ထိုသူတို့ကို သောမနဿအပြစ်၌ ပြဆိုခဲ့သော ကုသိုလ်မှုတို့၌ ရောင့်ရဲလွယ် အားရလွယ်သောအဖြစ်တို့မှ လွတ်ကင်းစေ တတ်၏၊ ကုသိုလ်တရားမျိုးတို့၌ အဇ္ဈာသယ ဆန္ဒနက်နဲသောသူ, အဇ္ဈာသယ ဆန္ဒကြီးသော သူတို့သည် အများအမြတ်ကို အလိုကြီးကြ ကုန်သဖြင့် သေးငယ်သော ကုသိုလ်မှုမျိုး, အောက်ကျသော ကုသိုလ်မှု မျိုးတို့၌ သောမနဿ အားရရောင်ရဲခြင်း မရှိနိုင်ကြကုန်။
အလောင်းတော် သင်္ခပုဏ္ဏား---အလောင်းတော် သင်္ခပုဏ္ဏား ကြီးသည် သိကြားမင်း ဖန်ဆင်း၍ပေးသော ရတနာမဏ္ဍပ်ကြီး၌ ဘုရား အမှူးရှိသော သံဃာတော်လေးသိန်းတို့ကို ခုနစ်ရက်ပတ်လုံး နို့ဂဏာ ဆွမ်းလှူဒါန်း လုပ်ကျွေးရသည်ကိုပင် သောမနဿမဖြစ်၊ အဘယ်ကြောင့် နည်းဆိုသော် ဗာဟိရဝတ္ထု အလှူမျှဖြစ်၍ အမြတ်အထွတ်ဟု မထင်နိုင်၊ မျက်စိအင်္ဂါစသော အဇ္ဈတ္တဝတ္ထုကို လှူရမှ အထွတ်အမြတ်ထင်နိုင်သော စိတ်ရှိသည်၏ အဖြစ်ကြောင့်တည်း။
မဟာသိဝိမင်းကြီး---ထို့အတူ မဟာသိဝိ မင်းကြီးအား တစ်နေ့ တစ်နေ့လျှင် အသပြာဒင်္ဂါး ငါးသိန်း ငါးသိန်း အဘိုးတန် လှူရပါသော် လည်း ပီတိသောမနဿ တစ်ကြိမ်တစ်ခါမျှ မဖြစ်၊ မျက်လုံးတော် နှစ်ဘက်ကို ထုတ်၍လှူရမှ ပီတိသောမနဿ ဖြစ်နိုင်လေ၏။ ထိုသို့ဖြစ်ခဲ့ သော် အလှူခံပုဏ္ဏားအား ဆီဆားမပါ တစ်နပ်စာမျှသော ကမ္ဗည်း ရွက်ပြုတ်ကို လှူရ၍ ပီတိသောမနဿ အားကြီးစွာဖြစ်သော အကိတ္တိ ရှင်ရသေ့သည် သဘောတိမ်ရာ မကျပြီလောဟူမူ သဘောဉာဏ် ကြီး လှသောပုဂ္ဂိုလ်တို့၏ ဉာဏ်မည်သည် အစွမ်းသတ္တိ အမျိုးမျိုးရှိ၏၊ အနည်း ငယ်မျှသော အလှူဝတ္ထု ကုသိုလ်မှုတို့၌ပင် သောမနဿကိုဖြစ်စေနိုင်၏၊ မဟာသင်္ခပုဏ္ဏားအလှူ, ဝေလာမပုဏ္ဏား အလှူကဲ့သို့ ကြီးကျယ်လှသော ကုသိုလ်မှု၌ပင် ဥပေက္ခာကို ဖြစ်စေနိုင်၏၊ ထို့ကြောင့် အကိတ္တိ ရှင်ရသေ့ ကို သဘောတိမ်သည်ဟု မဆိုအပ်။
ယခုအခါ မြတ်စွာဘုရား သာသနာတော်မြတ်၌ ကြုံကြိုက်ကြရ ကုန်သော သူတို့တွင် သဘောဉာဏ် အမြော်အမြင် ကြီးကြကုန်သော သူတို့သည် ဒါနကုသိုလ်မျှနှင့် အားရခြင်း မရှိကြကုန်၊ သီလကိုသာ အလေးဂရု အထူးပြုကြကုန်၏၊ နိစ္စသီလ ငါးပါးနှင့် အမြဲနေရမှ အားရ နိုင်ကြကုန်၏။
နိစ္စသီလ---ထိုထက် သဒ္ဓါ ပညာ ကြီးကြကုန်သော သူတို့သည် အာဇီဝဋ္ဌမက နိစ္စရှစ်ပါးနှင့် အမြဲနေရမှ အားရနိုင်ကြကုန်၏၊ ဤသီလ နှစ်ပါးကား ပကတိလူတို့၏ နိစ္စသီလမျိုးတည်း၊ နိစ္စသီလမျိုးဆိုသည်ကား ခံယူသည်ဖြစ်စေ, မခံယူသည်ဖြစ်စေ အဘယ်အခါမှ မလွန်ကျူးထိုက် သော သဘောရှိသော သီလမျိုးကို ကျမ်းဂန်တို့၌ နိစ္စသီလဆိုသည်၊ စောင့် သူတို့မှာမူကား နိစ္စတတ်နိုင်လျှင် နိစ္စစောင့်ရ၏၊ မုဆိုးတငါ စသည်ဖြစ်၍ တရံတခါမျှ အနိစ္စအနေနှင့်သာ တတ်နိုင်လျှင် အနိစ္စစောင့်ရ၏၊ အနိစ္စ စောင့်သော်လည်း သီလမျိုးမှာ နိစ္စမျိုးသာတည်း၊ ခံယူသောနေ့လွန်ပြီဟု လွန်ကျူးခဲ့လျှင် အပြစ်ဧကန်ထိုက်၏၊ ဤကား နိစ္စသီလမျိုး သဘော တည်း။
ဒသင်္ဂနိစ္စသီလ---ထိုထက် သဒ္ဓါ ပညာကြီးကြကုန်သော သူတို့ သည် ပကတိသော ဂဟဋ္ဌ ဖြစ်သူ လူတို့၏ နိစ္စသီလနှစ်မျိုးနှင့်သာ အား မရကြကုန်၊ ညောင်ခေါက်စသော ဖန်ရည်ဆိုးသော အရဟတ္တဓဇမျိုးဖြစ် သော အဝတ်ကို ဝတ်သော ရသေ့ ပရိဗိုဇ်မျိုးတို့၏ နိစ္စသီလမျိုးဖြစ်သော ဒသင်္ဂနိစ္စသီလနှင့် အမြဲနေရမှ အားရကြကုန်၏၊ ဤဒသသီလသည် လည်း ခံယူသည်ဖြစ်စေ, မခံယူသည်ဖြစ်စေ အရဟတ္တဓဇအသွင်ကို ဆောင်သောသူမှာ အဘယ်အခါမျှ မလွန်ကျူးထိုက်၊ လွန်ကျူးခဲ့လျှင် အသွင်နှင့်မတန်သော အပြစ်ဒဏ်ထိုက်သောကြောင့် ထိုသူတို့၏ နိစ္စ သီလမျိုးတည်း။
အနိစ္စသီလ---ပကတိ လူတို့မှာမူကား ဥပေါသထသီလနှင့် အတူ ခံယူ၍ စောင့်ရ၏၊ ပကတိ နိစ္စအနေနှင့် မရ၊ ပကတိလူတို့အား မခံယူသောအခါ နေလွဲညစာ စားကြသော်လည်း အပြစ်မရှိ၊ ပကတိ လူတို့မှာ ဥပေါသထသီလသည် အနိစ္စသီလမျိုးတည်း၊ အနိစ္စသီလ မျိုးဆိုသည်ကား ခံယူမှရသော သီလမျိုးတည်း၊ ခံယူမှရမှုဆိုသည်ကား ခံယူမှပင် မလွန်ကျူးရဟူသော သံဝရမှုတည်သည်ကို ဆိုသတည်း၊ ပကတိလူတို့အား မခံယူသော နေ့ရက်တို့၌ ဝိကာလဘောဇနကို မလွန် ကျူးရဟူသော သံဝရမှုမရှိ၊ ထိုနေ့ရက်တို့၌ နေလွဲညစာ စားကြကုန် သော်လည်း အပြစ်မရှိ လွန်ကျူးမှုမဆိုရ၊ ပကတိလူတို့မှာ ထိုအဋ္ဌင်္ဂ ဥပေါသထ သီလကို နိစ္စခံယူ၍ စောင့်လိုလျှင် စောင့်ရ၏၊ ခံယူမှ ရသော ကြောင့် ပကတိနိစ္စမျိုးကား မဟုတ်၊ ကျမ်းဂန်တို့၌ သီလဝန္တပုဂ္ဂိုလ်, သီလသမ္ပန္နပုဂ္ဂိုလ်, ဝိသုဒ္ဓသီလပုဂ္ဂိုလ်ဟု ဆိုရာဌာနတို့မှာ နိစ္စသီလမျိုးနှင့် ပြည့်စုံသောသူကို ဆိုသည်မှတ်၊ ဤနိစ္စ အနိစ္စ သီလအရာသည်လည်း လောက၌ မရေမလည်နေကြရာဌာနကြီး တစ်ခုဖြစ်၍ သိသာရုံမျှ ဖော်ပြလိုက်သည်။
သဒ္ဓါပညာကြီးကြသူများမှာ---ထိုထက် သဒ္ဓါပညာ ကြီးကြ ကုန်သော သူတို့သည် လူတို့သီလနှင့် အားရခြင်း မရှိကြကုန်၊ ရဟန်းတို့ သီလနှင့်နေရမှ အားရကြကုန်၏။ ထိုထက် သဒ္ဓါတရား ကြီးကြကုန်သော သူတို့သည် သီလမျှနှင့် အားမရကြကုန်၊ သမထဝိပဿနာ ဘာဝနာကိုမှ အားရဘွယ်ထင်မြင်ကြကုန်၏။ ဤအရာ၌ ပညာသတိ အထူးရှိကြရန် အချက်ကြီးတခုကို ပြဆိုခွင့်ဆိုက်၏၊ နောက်မှပြဆိုအံ့။
ဤကား နက်နဲသောသဘော အဆင့်ဆင့် ရှိကြကုန်သော သူတို့၏ ဥပေက္ခာသည် ပြဆိုခဲ့သော သောမနဿကဲ့သို့ ထိုသူတို့ကို မသတ်မူ၍ ထိုသူတို့ကို အဆင့်ဆင့်မြင့်မြတ်ရာ ဌာနသို့ရောက်အောင် ချီးမြောက် သည်ကို ပြဆိုချက်တည်း။
(ဥပေက္ခာ အကျိုးပြီး၏၊)
ဥပေက္ခာအပြစ်
သဒ္ဓါပညာနှင့် မပြည့်စုံခြင်းကို ဥပေက္ခာ ဖြစ်ကြောင့်ဟူ၍ ကျမ်းဂန် အဆိုရှိပြန်သောကြောင့် သတ္တဝါကို သတ်တတ်သောဥပေက္ခာယုတ် ဥပေက္ခာညံ့ကိုလည်း သိရာ၏။ သဒ္ဓါမရှိ၍ ဖြစ်ရသော ဥပေက္ခာ, ပညာမရှိ၍ ဖြစ်ရသော ဥပေက္ခာ, လောဘမစ္ဆေရကြီးမောဟကြီးလှ၍ဖြစ်ရသော ဥပေက္ခာ, လောဘမစ္ဆေရ ကြီးလှ၍ ဖြစ်ရသော ဥပေက္ခာ, ဒေါသကြီးလှ၍ဖြစ်ရသော ဥပေက္ခာ, ဒိဋ္ဌိ ဝိစိကိစ္ဆာကြောင့်ဖြစ်ရသော ဥပေက္ခာ, နီဝရဏ ထူထပ်လှ၍ ဖြစ်ရသော ဥပေက္ခာ စသည်ကား ဥပေက္ခာယုတ် ဥပေက္ခာညံ့စုပေတည်း။
သဒ္ဓါမရှိသော ဥပေက္ခာ
သဒ္ဓါမရှိ၍ဖြစ်ရသော ဥပေက္ခာဆိုသည်ကား ဒါနမှု၌ လောကမှာ စေတနာ သဒ္ဓါမရှိလှဘဲ သူအများလုပ်ကြ၍ မနေသာမှုနှင့် လုပ်ကြရသော ဒါနမှုမျိုးလည်း များစွာရှိကြ၏။ နဂိုကပင် သဒ္ဓါတရား ကောင်းသူဖြစ်သော်လည်း မိမိသဒ္ဓါ၍ ပြုရသည် မဟုတ်ဘဲ သဒ္ဓါတရား မရှိလှပါဘဲနှင့် မလွဲသာမနေသာ အောင့်အောင့်အေးအေး ပါကြရသောအခါလည်း များစွာရှိကြသည်၊ အောင့်အောင့်အေးအေးနှင့်ပင် တစ်ကျပ်တန် ပါရသောအခါ, တစ်ဆယ်တန်ပါရသောအခါစသည် အသီးသီးရှိကြသည်၊ ထို့အတူ အမိသေ၍ မနေသာပြုရသော ဒါနမှု, အဘသေ၍ မနေသာပြုရသော ဒါနမှု, သားသေ၍ သ္မီးသေ၍ မနေသာပြုရသော ဒါနမှု စသည်အလုံးစုံသည် ယုတ်ညံ့သောဥပေက္ခာကုသိုလ်မျိုးသာတည်း။ ကုသိုလ်မှုနှင့် ဆော်ဩလာသောအခါ ပီတိသောမနဿ ဖြစ်ရသော ကုသိုလ်မှုဖြစ်ခဲ့အံ့၊ ဆော်ဩသူကို ကျေးဇူးတင်ကြ၏၊ ဆော်ဩသူ မျက်နှာရ၏။ ဥပေက္ခာဖြစ်သော ကုသိုလ်မှု ဖြစ်ခဲ့အံ့၊ ဆော်ဩသူအသံကိုပင် မကြားလိုကုန်၊ ပီတိသောမနဿဖြစ်သော ကုသိုလ်မှုဖြစ်ခဲ့လျှင် ထိုကုသိုလ်မှုကို ထပ်မနား ပြုချင်ကြကုန်၏၊ ဥပေက္ခာဖြစ်သော ကုသိုလ်မှုဖြစ်ခဲ့လျှင် နောက်တစ်ခါ စိတ်မပါကြကုန်ပြီ။ ဤကဲ့သို့သော ဥပေက္ခာမှုမျိုးသည် အကျိုးပေးယုတ်ညံ့၏၊ သို့သော်လည်း မိမိသုံးစွဲ၍ ကုန်ရသည်ထက် များစွာကောင်းမြတ်သေး၏၊ တစ်မူးတန် တစ်မတ်တန်နှင့် နောက်ဘဝ၌ တစ်ရာတန် တစ်ထောင်မက အကျိုးရသေး၏၊ အပါယ်သို့မကျစေဘဲ သုဂတိဘဝသို့ ဆောင်နိုင်၏။
ဝေယျာဝစ္စကုသိုလ်ကျိုး
ရာဇညမင်းသည် သံဃာတော်အများကို နေ့စဉ်ဆွမ်းလုပ်ကျွေးရာ ဥတ္တရလုလင်ကို လွှဲ၍ထား၏။ ဥတ္တရလုလင်က နေ့စဉ်ဝေယျာဝစ္စ ဆောင်ရ၏။ ရာဇညမင်းမှာ ဒါနရှင် ဖြစ်ပါလျက် အာဏတ္တိက အသက္ကစ္စဥပေက္ခာ ဒါနဖြစ်၍ စတုမဟာရာဇ်တွင် ဘုံဟောင်းဗိမာန်ဟောင်းတခု၌ အခြံအရံမရှိ တစ်ကိုယ်တည်းတည်း ဖြစ်ရလေ၏။ ဝေယျာဝစ္စ ကုသိုလ်ရှင် လုလင်မှာ သက္ကစ္စသောမနဿ ကုသိုလ်ဖြစ်၍ တာဝတိံသာတွင် ဘုံသစ်ဗိမာန်သစ်၌ အခြံအရံငါးရာနှင့် ခံစားစံစားရ၏။
ဤသို့လျှင် ယုတ်ညံ့သော ဥပေက္ခာဒါနသည် ဒါနရှင်ကို ဤဘဝ၌လည်း ထိုအမှုကို တဖန်ပြုချင်စိတ် မရှိအောင်ပြု၍ သတ်၏၊ နောက်ဘဝ၌လည်း ရာဇညမင်းကဲ့သို့ ရုပ်ပျက်ဆင်းပျက်ပြု၍သတ်၏။
သီလကုသိုလ်၌လည်း ရွာထဲရပ်ထဲ၌ သုမင်္ဂလ ဒုမင်္ဂလရှိရာ မနေသာ၍သွားရာ စိတ်မပါလှဘဲ အများနှင့် ဘက်တွဲ၍ မလွှဲသာခံရသေ ငါးပါးသီလမျိုး, ရံခါရံခါစိတ်မပါလှဘဲ မလွှဲသာထိန်းရသောဥပုသ်သီလမျိုးသည် ယုတ်ညံ့သော ဥပေက္ခာသီလမျိုးတည်း။
သို့သော်လည်း- အလကားနေသည်ထက်ကား အဆအထောင်မကမြတ်သေး၏၊ အပါယ်မှကယ်နိုင်၏။ ဘာဝနာကုသိုလ်မျိုး၌ ပျင်းပျင်းနှင့်ဘုရားရှိခိုးမှု, တရား သံဃာရှိခိုးမှု, ပုတီးစိတ်မှု, ပျင်းပျင်းနှင့် သင်္ဂြီုဟ်သတိပဋ္ဌာန် ကျက်အံမှု, ဤအလုံးစုံသည် ယုတ်ညံ့သော ဥပေက္ခာမျိုးတည်း။
ဤမျှသော အချက်စုကို ဖော်ပြလိုက်သဖြင့် လောက၌ သဒ္ဓါ စေတနာ ကောင်းကောင်းမပါဘဲ အထိုက်အလိုက် အခြောင်တိုက်နှင့် ပြီးစေကြရသော ဥပေက္ခာကုသိုလ်မျိုး၏ သာအလွန်များကြောင်းကို သိနိုင်ကြကုန်ရာပြီ။ အနိစ္စ ဒုက္ခ အနတ္တ အသုဘ သမထ ဝိပဿနာ ဘာဝနာမှုများ၌မူကား သောမနဿကို ရွှေစင်ကိုယ်လေး ပေးဝယ်၍မျှ မရနိုင်ကြသောအခါ ဖြစ်သတည်း။
(ဤတွင်ရွေ့ကား သဒ္ဓါမရှိ၍ဖြစ်ရသော ဥပေက္ခာကို ပြဆိုခန်းပြီး၏။ ပညာမရှိ၍ဖြစ်ရသော ဥပေက္ခာစသည်တို့ကိုလည်း ဤနည်းကိုမှီ၍ သိကြလေကုန်၊ အလွန်ကျယ်အံ့စိုး၍ မဖော်ပြလိုက်ပြီ။)
အကျိုးနှင့်အပြစ်
တစ်မျိုးပြဦးအံ့။ သောမနဿသည် ရာဂလျှင် နီးသောရန်သူရှိ၏၊ ဒေါမနဿလျှင် ဝေးသောရန်သူရှိ၏။ ဥပေက္ခာသည် မောဟလျှင်နီးသောရန်သူရှိ၏၊ ရာဂဒေါသလျှင် ဝေးသော ရန်သူရှိ၏။
နီးသောရန်သူ ဆိုသည်ကား---သတ်ခြင်းငှါအခွင့်ကိုရှာ၍ ဣရိယာပုထ်လေးပါး၌ အတူစား, အတူနေဖြစ်သော ရန်သူကဲ့သို့ သဘောချင်း အလွန်နီးကြသည်ဖြစ်၍ မြန်မြန်ကြီး သတ်ခွင့်ရနိုင်သော ရန်သူဟူလို။
ဝေးသော ရန်သူဆိုသည်ကား
ဝေးသောအရပ်က အကြံပြု၍ နေသောရန်သူကဲ့သို့ ဆန့်ကျင်ဘက်ချင်း ဖြစ်ကြ၍ အခွင့်ရခဲသော ရန်သူဟူလို။ သောမနဿ၌ ပဟာသတရားသည် သောမနဿ ကုသိုလ်ယောင်ဆောင်၍ ဖျက်ဆီးတတ်၏။ ပဟာသ တရားဆိုသည်ကား လောဘမူ သောမနဿတည်း။ ကုသိုလ်မှုတို့၌ အပျော်အရွှင်ကြူးခဲ့လျှင် ကုသိုလ်သောမနဿ မဟုတ်ပြီ၊ လောဘမူအကုသိုလ် သောမနဿတွေ ဖြစ်၍ကုန်၏။
အညာဏုပေက္ခာ....ဆိုသည်ကား ဘာမှမသိတတ်သော မောဟတရားပင်တည်း။ ကုသိုလ်အရာ၌ လျစ်လျူရှု ကြူးခဲ့လျှင် ကုသိုလ်ဥပေက္ခာ မဟုတ်ပြီ၊ ဥဒ္ဓစ္စနှင့်ယှဉ်သော အကုသိုလ်ဓမ္မ မောဟတွေ ဖြစ်၍ကုန်၏ဟူလို။
(ရောနှော၍ပြဆိုနည်း အမြွက်ပြီး၏။)
ပညာရှိတို့သတိပြုဘွယ်
ယခုအခါ သာသနာတော်တွင်း၌ ကြုံကြိုက်ကြကုန်သော သူတို့အား ပညာသတိ အထူးရှိကြရန် အချက်ကြီးကို နောက်မှဆိုမည်ဟု ဥပေက္ခာအခန်း၌ တန်းလန်းထားခဲ့သော စကား လက်စကိုဆက်အံ့။
ယခုအခါ မြတ်စွာဘုရားသာသနာတော်၌ ကြုံကြိုက်ကြကုန်သော ရှင်လူအပေါင်းတို့သည် ယခုဘဝ၌ ဒါနသီလ ပရိယတ္တိဓမ္မတို့နှင့်ပင် အားရစိတ်ချ၍ နေကြကုန်၏၊ ပီတိသောမနဿ ဖြစ်၍နေကြကုန်၏၊ သမထ ဘာဝနာအမှုတို့ကို ပြုလုပ်အားထုတ်ကြပါကုန်သော်လည်း ပျော်မွေ့ခြင်း သောမနဿသို့ မရောက် ပျင်းရိခြင်း ဥပေက္ခာ အခြောက်ကိုသာ ရရှိ၍ နေကြကုန်၏။ ထိုသောမနဿ ဥပေက္ခာများသည် အခါသမယနှင့် ထောက်ချင့် နှိုင်းစာသည်ရှိသော သတ္တဝါတို့ကို သတ်တတ်သော သောမနဿယုတ် ဥပေက္ခာယုတ်၌ပင် သက်ဝင်ရာ၏။
အဘယ်သို့ အခါသမယနှင့် ထောက်ချင့်နိုင်စာရာသနည်းဟူမူကား သံသရာ၌ကျင်လည်၍ နေကြကုန်သော သတ္တဝါတို့တွင် ပညာရှိသော နတ် လူ ဗြဟ္မာအပေါင်းတို့သည် ဘုရားသာသနာတော်ကို တမြော်တည်းမြော်ကြကုန်၏၊ ကုသိုလ်ပုညသမ္ဘာရတွေကို တွင်တွင်ကြီးပြု၍ ဘုရားနှင့်တွေ့ရပါလို၏ဟု ဆုအတွင်တောင်း၍ နေကြကုန်၏။ အဘယ့်ကြောင့် မြော်ကြတောင်းကြကုန်သနည်းဟူမူကား လောကုတ္တရာ သောမနဿ ဥပေက္ခာအခန်း၌ ပြဆိုခဲ့ပြီးသော ဝဋ်ဆိုးကြီးသုံးပါး, ဝိနိပါတ ဘေးကြီးတစ်ပါး, တစ်ဘဝတစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ဆိုးဆိုးဝါးဝါး ကိုးကွယ်ရာ ဘုရားပြောင်းလဲ၍နေရသော ဘေးကြီးတစ်ပါး, သံသရာ၌ ဤသုံးပါးသော အမှောက်အမှား အဆိုးအဝါးကြီးတို့ကို သိမြင်ကြ စက်ဆုပ်ကြကုန်သည်ဖြစ်၍ ဘုရားသာသနာတော်နှင့် တွေ့ကြုံကြမှ ထိုအဆိုးအဝါးကြီးတို့က ကျွတ်လွတ်ခွင့် ရကြမည်ကို သိမြင်ကြကုန်သည်ဖြစ်၍ ဘုရားသာသနာတော်ကိုသာ တမြော်တည်းမြော်ကြရကုန်သည်၊ ကုသိုလ်ပုည သမ္ဘာရတွေကို တွင်တွင်ကြီးပြု၍ ဆုအတွင်တောင်းကြရကုန်သည်။
ဝဋ်ဆိုးကြီး ၃ ပါး
သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသ ဤသုံးပါးသည် ကိလေသဝဋ်ဆိုးကြီးမည်၏။ တစ်ယောက်တစ်ယောက်သော လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ်ပုထုဇဉ်သတ္တဝါတို့၏ သန္တာန်တို့၌ အပါယ်သို့ ပစ်ချရန် အတိတ်က ပါရှိ၍နေသော ဒုစရိုက်ကံပေါင်း အမှုဟောင်းအနန္တ, နောက်နောက်ဘဝတို့၌ တွင်တွင်ကြီး မိုက်မှာ၍ သွားကြရန် အနာဂတ်ကံသစ်, ဒုစရိုက်သစ်အနန္တ, ဤဒုစရိုက်ဟောင်း ဒုစရိုက်သစ်နှစ်ပါးသည် ကမ္မဝဋ်ဆိုးကြီးမည်၏။ အပါယ်ခန္ဓာ အပါယဘဝ အနန္တသည် ဝိပါကဝဋ်ဆိုးကြီးမည်၏။
(ရှေး၌လည်း ပြဆိုခဲ့ပြီ။)
ဝဋ်ဆိုးမှ လွတ်ရကျိုး
ဤဝဋ်ဆိုးကြီးသုံးပါးမှ ကျွတ်လွတ်လျှင် ဝိနိပါတဘေးကြီး တစ်ဘဝတစ်ဘဝ တစ်မျိုးတစ်မျိုး ဆိုးဆိုးဝါးဝါး ဘုရားပြောင်းလဲ၍ နေရသောဘေးကြီးတို့သည်လည်း တစ်ချက်ထည်း ကျွတ်လွတ်ကုန်တော့သည်၊ ဤသုံးပါးကျွတ်လွတ်သည်မှစ၍ သံသရာမှာ ကျင်လည်ရသော်လည်း ကြောက်ဖွယ်ဟူ၍မရှိပြီ၊ မွေ့လျော်ဖွယ်, ပျော်ပါးဖွယ် ခံစားဖွယ်, စံစားဖွယ် သက်သက်မျှသာ ရှိတော့သည်။
ဥပမာကား---တစ်ခုသောရွာကြီး၌ လူနှစ်မျိုးရှိရာ၏၊ တစ်မျိုးကား ရောဂါကြီးရှိကြသော လူမျိုးတည်း၊ တစ်မျိုးကား ဝိဇ္ဇာမယ ဆေးလမ်း ဝါးလမ်း ပေါက်ရောက်ကြသော လူဝိဇ္ဇာမျိုးတည်း။ ထိုတွင် ရောဂါကြီးရှိသူတို့ကား အလွန်ကောင်းမြတ်သော အရသာရှိသော စားသောက်ဖွယ် ခံစားဖွယ် စံစားဖွယ်များနှင့် တွေ့ကြလျှင် အနံ့နံရုံမျှနှင့်ပင် ရောဂါကြီးထ၍ သေသော်လည်း သေကြရကုန်၏၊ မသေသော်လည်း သေဝနီးပါးခံကြရကုန်၏။ လူဝိဇ္ဇာမျိုးတို့မှာမူကား စိန်သမ္ဘရာကို အာဟာရပြု၍ စားသောက်၍နေသော်လည်း ဥပါဒ် မဖြစ်။ ဤမျှလောက် ဓာတ်သွေး ဓာတ်သားရှိန်းပြီးကြကုန်၏။ ထိုရွာကြီးအလယ်၌လည်း အလွန်ကောင်းမြတ်သော စားဖွယ်, သောက်ဖွယ်, ခံစားဖွယ်, စံစားဖွယ် အနန္တတို့နှင့် ထာဝရပြည့်စုံသော စျေးရုံကြီး သုံးခုတို့သည်ရှိကုန်ရာ၏။ ထိုစျေးရုံကြီးတို့သည် ထိုရွာနေ ရောဂါသည်တို့ အတွက်နှင့်ဆိုသော် သေဘေးရုံကြီး ဥပဒ်ရုံကြီးတို့သာတည်း၊ ကြောက်ဖွယ်ကြီး လန့်ဖွယ်ကြီးတို့သာတည်း၊ မမြင်ဝံ့ဖွယ်ကြီး, မရှုဝံ့ဖွယ်ကြီး, မကြားဝံ့ဖွယ်ကြီး, မသီဝံ့ဖွယ်ကြီးတို့သာတည်း။ ဝိဇ္ဇာဓိုရ်လူမျိုးတို့အတွက်နှင့် ဆိုသော်ကား မွေ့လျော်ဖွယ်ကြီး, ပျော်ဖွယ်ကြီး, ခံစားဖွယ်ကြီး, စံစားဖွယ်ကြီးတို့သာတည်း။
ပမာပမည်း နှီးနှောပုံ
လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံတို့သည် ထိုရွာကြီးနှင့်တူကုန်၏။ လူ့ပြည်၌ လူတန်ခိုးကြီး ၏စည်းစိမ်, နတ်ပြည်၌ နတ်တန်ခိုးကြီး၏စည်းစိမ်, ဗြဟ္မာ့ပြည်၌ ဗြဟ္မာ့တန်ခိုးကြီး၏ စည်းစိမ်ချမ်းသာတို့သည် ထိုစျေးရုံကြီး သုံးခုတို့ုနှင့်တူကြကုန်၏။ ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဒုစ္စရိုက်သစ် ဒုစ္စရိုက်ဟောင်းဟူသော အလွန်ဆိုးသွမ်းကြမ်းတမ်းလှစွာသော ရောဂါဆိုးကြီးတွေ အပြည့်ရှိနေကြကုန်သော လူပုထုဇဉ်, နတ်ပုထုဇဉ်, ဗြဟ္မာပုထုဇဉ်တို့သည် ထိုရွာကြီး၌ ရောဂါသည်မျိုးတို့နှင့် တူကုန်၏။
ထိုရောဂါဆိုးကြီးတို့မှ ကျွတ်လွတ်ကြ၍ နိယတဖြစ်သောသီလ, နိယတဖြစ်သောသမာဓိ, နိယတဖြစ်သော ပညာ, နိယတဖြစ်ကုန်သော ၃၇-ပါးသော ဗောဓိပက္ခိယတရား တည်းဟူသော လောကီ လောကုတ္တရာ ဝိဇ္ဇာမယအမြိုက် ဆေးလမ်း ဝါးလမ်း ပေါက်ရောက်ကြကုန်သော ဝိသာခါ အနာထပိဏ်အစရှိသော ယခုအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ရှိကြကုန်သော လူအရိယာဝိဇ္ဇာဓိုရ်, နတ်အရိယာဝိဇ္ဇာဓိုရ်, ဗြဟ္မာအရိယာဝိဇ္ဇာဓိုရ်တို့သည် ထိုရွာကြီး၌ ဝိဇ္ဇာလူမျိုးတို့နှင့်တူကုန်၏။ ထိုအထွဋ်အမြတ်ဖြစ်ကုန်သော လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တို့သည် လူပုထုဇဉ် နတ်ပုထုဇဉ် ဗြဟ္မာပုထုဇဉ်တို့အတွက်နှင့် ဆိုသော်ကြောက်ဖွယ်ကြီးတွေ လန့်ဖွယ်ကြီးတွေသာဖြစ်ကုန်၏။ ထိုဘုံစဉ်စံ လူဝိဇ္ဇာဓိုရ် နတ်ဝိဇ္ဇာဓိုရ် ဗြဟ္မာဝိဇ္ဇာဓိုရ်တို့အတွက်နှင့်ဆိုသော် အလွန်မွေ့လျှော်ဖွယ် အလွန်ပျော်ပါးဖွယ် အလွန်ခံစားဖွယ် အလွန်စံစားဖွယ်ကြီးတွေ ဖြစ်ကုန်၏။ အဘယ့်ကြောင့်နည်းဟုဆိုသော် ဒိဋ္ဌိဒုစ္စရိုက် ရောဂါမိုက် ရောဂါဆိုးကြီးတွေ အပြည့်ရှိနေကြကုန်သော ပုထုဇဉ် လူနတ် ဗြဟ္မာတို့ကို ထိုစည်းစိမ်တို့သည် အဆင်းနှင့် သတ်နိုင်ကုန်၏၊ အသံနှင့် သတ်နိုင်ကုန်၏၊ အနံ့နှင့် သတ်နိုင်ကုန်၏၊ အရသာနှင့် သတ်နိုင်ကုန်၏၊ အတွေ့နှင့် သတ်နိုင်ကုန်၏၊ အခိုးအရှိန်နှင့် သတ်နိုင်ကုန်၏။ လောကုတ္တရာ ဆေးကြီး ရှိန်းပြီးကြသူ ထိုနတ် လူဗြဟ္မာတို့ကိုမူကား ထိုစည်းစိမ်ချမ်းသာတို့သည် သုဓာဘုတ် နတ်ဩဇာကဲ့သို့ အာဟာရကိစ္စကိုသာ ပြီးစေကုန်၏၊ ထို့ကြောင့်ပေတည်း။
(ဤကား ဝဋ်ဆိုးကြီးသုံးပါးနှင့် ဘေးကြီးနှစ်ပါး ကျွတ်လွတ်သော အခါမှစ၍ ထိုသူတို့အား သံသရာမှာ ကျင်လည်၍ သွားကြသော်လည်း ကြောက်ဖွယ်လန့်ဖွယ်ဟူ၍မရှိ၊ မွေ့လျှော်ဖွယ်, ပျော်ပါးဖွယ်, ခံစားဖွယ်, စံစားဖွယ် သက်သက်မျှသာ ရှိတော့သည်ဆိုရာ၌ ဥပမာယုတ္တိတည်း။)
ဘေးမဲ့ချမ်းသာ
ဤသို့လျှင် ယုတ်စွအဆုံး ထိုဝဋ်ဆိုးကြီး သုံးပါး ဘေးကြီးနှစ်ပါးတို့မှ ကျွတ်လွတ်သော အခွင့်ကြီးကို အားကိုး အားထား လိုလားကြကုန်သည်ဖြစ်၍ ဘုရားကိုမြော်ကိုး ကုသိုလ်ပုည သမ္ဘာရမျိုးတို့ကို စိုက်ပျိုးအားထုတ်၍လာကြကုန်ရာ ထိုကုသိုလ် ပုည သမ္ဘာရ ဆုတောင်းတို့ လမ်းကြောင်းဖြောင်းမှုကြောင့် ယခုဘုရားသာသနာတော်နှင့် တွေ့ကြုံကြရပေကုန်ပြီ။ တွေ့ကြုံကြရကုန်ရာတွင် အားကိုးအားထား လိုလားလိုခင်း လိုချင်ရင်း ဖြစ်ကြသော စခန်းသို့ကား မဆိုက်ကြကုန်သေး၊ အားကိုးအားထား လိုလားလိုခင်း လိုချင်ရင်းစခန်း ဆိုသည်ကား ဒါနမှုသည်လည်း လိုချင်ရင်းမဟုတ်, သီလမှုသည်လည်း လိုချင်ရင်းမဟုတ်, ပရိယတ်မှုသည်လည်း လိုချင်ရင်း မဟုတ်, စင်စစ်မူကား ထိုဝဋ်ဆိုးကြီးသုံးပါး ဘေးကြီးနှစ်ပါးတို့မှ ကျွတ်လွတ်၍ သံသရာ၌ ဘေးမဲ့ချမ်းသာကြီးအဖြစ်သို့ ရောက်မှုသည်သာ ကမ္ဘာအဆက်ဆက် ဘဝအဆက်ဆက်တို့က အားတကိုးထည်း ကိုး၍လာခဲ့သော လိုချင်ရင်းကြီးတည်း။
ဥပမာ---သံသရာ၌ ဘေးမဲ့ချမ်းသာကြီး အဖြစ်သို့ရောက်သည် ဟူသော စကား၌ ဥပမာကား။ မြင့်မိုရ်တောင်ခြေ၌ တည်ရှိသော ပဌမ သီဒါ မဟာသမုဒ္ဒရာကြီးသည် အနက်အနံ ယူဇနာလေးသောင်း ရှစ်ထောင်ရှိ၏၊ အလျားမှာ မြင့်မိုရ်တောင်ကို ပတ်ဝိုက်၍ တည်၏။ ထိုသီဒါ မဟာသမုဒ္ဒရာကြီး၌ အံ့ဘွယ်ရှစ်ပါးအပြင် အံ့ဘွယ်သုံးပါး ရှိသေး၏၊ ကမ္ဘာဦးမှစ၍ လက်တသစ်မျှ ရေလျော့ပါးခြင်းသည် မရှိသည် တပါး၊ ရေပူခြင်း မရှိသည်တပါး၊ ရေနောက်ခြင်း မရှိသည်တစ်ပါး၊ ဤကား အံ့ဘွယ်သုံးပါးတည်း။ ထိုသီဒါ မဟာသမုဒ္ဒရာကြီး အတွင်း၌ ယူဇနာတစ်ရာ, ယူဇနာနှစ်ရာ, ယူဇနာသုံးရာ, ယူဇနာလေးရာ, ယူဇနာ ငါးရာ စသည်ရှိကြကုန်သော အလွန်အသက်ရှည်ကြကုန်သော ငါးကြီးအပေါင်းတို့သည် ရှိကြကုန်၏။ ထိုငါးကြီးအပေါင်းတို့သည် တစ်ကမ္ဘာပတ်လုံး တည်ကြကုန်သော်လည်း ရေနည်းပါးမှု, ရေကုန်ခန်းမှုအတွက်နှင့်လည်း ဒုက္ခမရှိကြကုန်၊ ရေပူမှု အတွက်နှင့်လည်း ဒုက္ခမရှိကြကုန်၊ ရေနောက်မှု အတွက်နှင့်လည်း ဒုက္ခမရှိကြကုန်၊ အသက်ထက်ဆုံး မြူးတူး ပျော်ပါး၍ ဘေးမဲ့ချမ်းသာ နေကြရကုန်၏။
ဥပမာနှင့် စပ်ဟပ်ပုံ
သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီးသည် ထိုသီဒါ မဟာသမုဒ္ဒရာကြီးနှင့် တူလှ၏။ ယထုအခါ၌ စတုမဟာရာဇ်ဘုံမှာ အသင်္ချေအနန္တ, တာဝတိံသာဘုံမှာ အသင်္ချေအနန္တ, အထက်အထက် ဘုံတို့မှာလည်း ထိုနည်းတူ အသီးသီးရှိကြကုန်သော ဘုံစဉ်စံသောတာပန်အရိယာတို့သည် ထိုသီဒါ သမုဒ္ဒရာကြီး၏အတွင်း၌ တည်နေကြကုန်သော ငါးကြီးအပေါင်းတို့နှင့် တူကြကုန်၏။ ထိုငါးကြီးအပေါင်းတို့သည် ရေနည်းပါးမှု, ရေကုန်ခန်းမှုအတွက်နှင့် ဒုက္ခမရှိကြကုန်သကဲ့သို့ ထိုဘုံစဉ်စံအရိယာတို့သည် မိမိတို့တည်နေရာ ထိုနိဗ္ဗာန်ကြီး ကုန်ဆုံး၍ သွားမှုနှင့် ဒုက္ခမရှိကြကုန်ပြီ၊ အကနိဋ္ဌဘုံသို့ဆိုက်အောင် ဘဝများစွာ ကမ္ဘာနှစ်သောင်းကျော် ကျင်လည်စံစား၍ သွားကြကုန်ရာ ဝဋ်ကြီးဆိုးသုံးပါး ဘေးကြီးဆိုးနှစ်ပါး ချုပ်ငြိမ်းမှု ကုန်ဆုံး၍ သွားပြန်သည်၊ မိမိတို့စိတ်သန္တာန်၌ ထိုဝဋ်ဆိုးကြီး ဘေးဆိုးကြီးတို့ ပေါ်ရှိ၍လာပြန်သည် မရှိကြကုန်ပြီ ဟူလို။
ထိုငါးကြီးတို့သည်---ရေပူမှုအတွက်နှင့် ဒုက္ခ မရှိကြကုန်သကဲ့သို့ ထိုဘုံစဉ်စံ အရိယာတို့သည် ဝိနိပါတဘေးကြီးအတွက်နှင့် ဒုက္ခမရှိကြကုန်ပြီ၊ ထိုထိုဘုံဘဝမှ အဆင့်ဆင့် စုတေ၍သွားကြကုန်ရာ ထန်းသီးခိုင်ကို ချိုင်၍ ချသကဲ့သို့ ဘယမ်းဘတာ ရောက်မိရောက်ရာ ကံပစ်ချရာ ကျရောက်မှုမရှိကြကုန်ပြီ၊ မိမိတို့အလိုရှိရာ ဘုံဘဝသို့သာ ရောက်ကြကုန်တော့သည် ဟူလို။
ထိုငါးကြီးတို့သည် ရေနောက်မှုအတွက်နှင့်လည်း ဒုက္ခမရှိကြကုန်သကဲ့သို့ ထိုဘုံစဉ်စံ အရိယာတို့သည် သံသရာ၌ အနောက်တကာ့ အနောက်တွင် ကြောက်ဘွယ်လန့်ဘွယ် စက်ဆုပ်ရွံရှာဘွယ် ဆိုးဝါးယုတ်မာလှသော တစ်ဘဝလျှင်တစ်မျိုး ကိုးကွယ်ရာ ဘုရားပြောင်းလဲမှု ဟူသော ဘေးဆိုးကြီးအတွက်နှင့် ဒုက္ခမရှိကြကုန်ပြီ၊ ယခုဘဝ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ကြသည်မှစ၍ အကနိဋ္ဌဘုံ၌ ပရိနိဗ္ဗာန်စံကြသည်တိုင်အောင် ငါတို့ဘုရား၏ အပည့်သားအဖြစ်နှင့်ချည်း အမြဲသွားကြကုန်သဖြင့် ကိုးကွယ်ရာ ဘုရားမြဲကြကုန်တော့သည် ဟူလို။
ကိုးကွယ်မှုအမျိုးမျိုး
ဤစကား၌ ပုထုဇဉ်တို့မည်သည် ဒိဋ္ဌိကြီးရှိနေသည့်အတွက် အနမတဂ္ဂသံသရာတွင် အတုမရှိသော သဗ္ဗညု ဘုရားမှန်ကြီး ဘုရားစစ်ကြီးကို ကိုးကွယ်ရသော ဘဝဟူ၍ တွေ့နိုင်ကြသည် မဟုတ်ကုန်၊ ကမ္ဘာအသင်္ချေပေါင်း အသင်္ချေပင် ကြာသော်လည်း ဘုရားမှန် ဘုရားစစ်ကို တစ်ကြိမ်တစ်ခါမျှ ကိုးကွယ်ကြရသည် မဟုတ်ကုန်၊ ရံခါမိစ္ဆာဒိဋ္ဌိ နတ်ဆိုး နတ်ဝါးကြီးတွေကို, ရံခါအလွန်ယုတ်မာလှစွာသော ပူရဏကဿပ-မက္ခလိဂေါသာလ-အစရှိသည်တို့ကဲ့သို့သော အဝီစိအိုးကြီးတွေကို ကိုးကွယ်ကြရကုန်သည်ကား အလွန်တရာများလှလေကုန်၏၊ ရံခါမိစ္ဆာဒိဋ္ဌိ ဘူမဇိုဝ်းကြီးတွေကို, ရံခါမိစ္ဆာဒိဋ္ဌိ နတ်ဘီူးကြီးတွေကို, ရံခါအယုတ်တမာ မိစ္ဆာနတ်ဆိုး စုန်းဆိုးကြီးတွေကို, ရံအခါမြွေနဂါးကြီးတွေကို, ရံခါတောကို, ရံခါတောင်ကို, ရံခါမြစ်ကို, ရံခါသစ်ပင်အမျိုးမျိုးတွေကို, ဘုရားပြု၍ ကိုးကွယ်နေကြရကုန်၏၊ ရံခါမီးကို, ရံခါရေကို, ရံခါလေကို, ဤသို့အစရှိသည်ဖြင့် တစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကိုးကွယ်နေကြရကုန်၏။ ဤသံသရာ၌ ကိုးကွယ်ရာ မှောက်မှားမှုထက် ရွံရှာဘွယ် စက်ဆုပ်ဘွယ် ကောင်းလှသော အမှုမည်သည်မရှိ၊ တစ်သက်လုံး နဖူးပွန်းအောင် ဒူးပွန်းအောင် ရှိခိုးဝပ်သွား ခစားဆည်း ကပ်မှု, ပစ္စည်းဥစ္စာတွေကို အကုန်အခန်းခံရမှု, သူတို့တရားဟူ၍ အယုတ်တမာ အမှောက်အမှားကြီးတွေကို သေလုနီးပါး ဆင်းရဲကြီး ဆင်းရဲအောင် စွဲမြဲစွာ ကျင့်ရမှုတို့ကို ပြုကြပြီးလျှင် သေသည်၏အခြားမဲ့၌ တစ်ပြည်လုံး တစ်မြို့လုံး တစ်ရွာလုံး တစ်အိမ်လုံး အဝီစိငရဲကြီးသို့အကုန် တစ်စုတစ်ရုံးထည်း ဆင်းကြရကုန်၏၊ ပူရာဏပဿပကို ကိုးကွယ်သူတို့သည် အိမ်ခြေငါးရာလုံး စုံးစုံးမြုပ်ကြလေကုန်၏။
နာနာသတ္ထာရ ဥလ္လောကန
ထို့အတူ မက္ခိဂေါသာလ ကိုးကွယ်သူအိမ်ခြေငါးရာ စသည်ဖြင့် ကျမ်းဂန်တို့၌လာ၏။ ထို့ကြောင့်--
နာနာသတ္ထာရာနံ မုခံ ဥလ္လောကေန္တီတိ ပုထုဇ္ဇနာ
ဟူ၍ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ ဟောတော်မူ၏။
နာနာသတ္ထာရာနံ=အမျိုးမျိုးသော ကိုးကွယ်ရာတို့၏၊ မုခံ=မျက်နှာကို၊ ဥလ္လောန္တိ=တမော့မော့ တမြော်မြော် နေကြကုန်၏၊ ဣတိ=ထို့ကြောင့်၊ ပုထုဇ္ဇနာ=ပုထုဇဉ်မည်ကုန်၏၊ တစ်ဘဝတစ်မျိုး ကိုးကွယ်ရာ ပြောင်းမှုကို ဆိုသည်။ ပြဆိုခဲ့ပြီးသော အရိယာတို့၌မူကား။
ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော အညံသတ္ထာရံ ဥဒ္ဒိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဟူ၍ဟောတော်မူသည်။
ဒိဋ္ဌိသမ္ပန္နော=သစ္စာလေးပါးတရားကို မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ် မျက်စိနှင့် ပြည့်စုံသော၊ ပုဂ္ဂလော=သောတာပန်ပုဂ္ဂိုလ်သည်၊ အညံသတ္ထာရံ=သဗ္ဗညုဘုရားမှန် ဘုရားစစ်မှ တစ်ပါးသော ကိုးကွယ်ရာဘုရားကို၊ ဥဒ္ဒဿတိ=ဤသူသည်ကား ငါ၏ဘုရားတည်းဟု ညွှန်းပြရာ၏၊ ဧတံ ဌာနံ=ဤသို့ညွှန်ပြရာသော အမှောက်အမှား ဌာနကြီးသည်၊ နဝိဇ္ဇတိ=မရှိတော့ပြီ။ (ဤကား အနက်)
ဘဝများစွာ ကမ္ဘာအဆက်ဆက် ကျင်လည်၍ သွားသော်လည်း ဘုရားအခြေမပျက်တော့ပြီ ဟူလို။ ပုထုဇဉ်တို့သည်မူကား ယခုမျက်မှောက်၌ပင်လျှင် အရှင်ဂေါတမဘုရားကို ကိုးကွယ်ပြီးမှ ထာဝရဘုရားသို့ ပြောင်းကြသူအများပင် ရှိကြလေပြီ။
(ပြည်ရွှေတောင်များမှာ ပုဏ္ဏားတို့ဘုရားသို့ ပြောင်းကြသူ အများပင် ရှိသည်ဟု ကြားသိရသည်။)
ဝဋ်တန်းလန်း သေဆုံးမှု
ဝဋ်ဆိုးကြီးသုံးပါး ဘေးဆိုးကြီး နှစ်ပါး တန်းလန်းနှင့် သေလွန်၍ သွားကြကုန်လျှင် လျှောက်ထားလာသူ ရွှေတောင်မြို့သားတို့လည်း ယနေ့လား နက်ဖြန်လား ဘုရားစစ် ဘုရားမှန်ကြီးကိုပင် စွန့်ခွါ၍ အယုတ်တမာကြီးတို့ ခြေဖဝါး၌ ပြားပြားဝပ်စင်း ရှိကြကုန်သေးသည်။ ဤကား ထိုငါးကြီးတို့သည် ရေနောက်မှု အတွက်နှင့် ဒုက္ခမရှိကြကုန်သကဲ့သို့ ထိုဘုံစဉ်စံ အရိယာတို့သည် ဘုရားတစ်ပါး ပြောင်းရွှေ့မှုနှင့် နောက်ကျုခြင်း မရှိကြပုံကို ပြဆိုချက်တည်း။ ထိုငါးကြီးတို့သည် ရေကုန်မှု ရေခန်းမှု ရေနောက်မှုအတွက်နှင့် သမုဒ္ဒရာတစ်ပါးကို တောင့်တဘွယ် မရှိကြကုန်သကဲ့သို့ ထိုဘုံစဉ်စံ အရိယာတို့သည် သဗ္ဗညုဘုရားသာသနာ တစ်ပါးကိုလည်း မြော်ဘွယ်မရှိကြလေကုန်ပြီ။
(ဤအဓိပ္ပါယ်ကိုကား သမ္ဗောဓိပရာယဏော ဟူသော ပုဒ်မှာလည်း ပြဆိုခဲ့ပြီ။)
ဤကား ဘုံစဉ်စံအရိယာတို့၏ သံသရာ၌ ဘေးမဲ့ချမ်းသာကြီး အဖြစ်သို့ ရောက်ကြပုံကို ပြဆိုခြင်းတည်း။
တောင့်တချက်ပြည့်အောင်
ဤသို့လျှင် ဘုရားသာသနာတော်၌ ကြုံကြိုက်သူတို့မှာ ဒါနသီလ ပရိယတ္တိဓမ္မ များသည် မိမိတို့ အားကိုး၍ လာခဲ့သော ပဓာနလိုရင်း မဟုတ်သေး၊ စင်စစ်မူကား ဝဋ်ဆိုးကြီးသုံးပါး ဘေးဆိုးကြီး နှစ်ပါးတို့မှ ကျွတ်လွတ်ကြ၍ သံသရာ၌ ဤကဲ့သို့သော ဘေးမဲ့ချမ်းသာကြီးအဖြစ်သို့ ရောက်မှုကိုသာ ရှေးသံသရာ ကမ္ဘာအဆက်ဆက်တို့က တတောင့်တတည်း တောင့်တ၍လာခဲ့ကြရင်း ဖြစ်ကြကုန်သတည်း။ မိမိတို့လာခဲ့ကြရင်း မူလအခြေကို ပြန်၍မြော်ကြလေ။
ထိုစကားမှန်၏ ယခုလောက၌ နောက်ဘုရားကို ဆုတောင်းကြသည်မှာလည်း နောက်မေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ရ၍ ဒါနပြုရပါလိုကုန်၏, သီတင်းသီလ စောင့်ထိန်းရပါလိုကုန်၏, ပရိယတ္တိဓမ္မ တတ်မြောက်ရပါကုန်၏ဟု ဆုတောင်းရိုးမရှိ၊ မဂ်တရား, ဖိုလ်တရား, နိဗ္ဗာန်တရားဟူသော အကျွတ်တရားကိုသာ ဆုတောင်းရိုး ဖြစ်သတည်း။
ဤသို့ဖြစ်ပါလျက် ယခုအခါ၌ ဒါနသီလ ပရိယတ္တိဓမ္မတို့၌သာ အားရစိတ်ချ၍ နေကြမှုသည် ယုတ်ညံ့သော သောမနဿ၏ သတ်မှုပင်တည်း၊ အနိစ္စဒုက္ခ အသုဘ ဘာဝနာမှုများကို တတ်အားသမျှ အားထုတ်ကြသူတို့မှာလည်း ပျော်မွေ့စဘွယ် တွင်ကျယ်စွာ တိုးတက်၍ မသွားနိုင်ကြမှုသည် ယုတ်ညံ့သော ဥပေက္ခာ၏ သတ်မှုပင်တည်း။ ထိုသောမနဿ ညံ့ကို ဥပေက္ခာမြတ်နှင့် သတ်၍ပစ်, ထိုဥပေက္ခာညံ့ကို သောမနဿ မြတ်နှင့် သတ်၍ပစ်ကြမှသာ ဤသာသနာ၌ ဘေးမဲ့ချမ်းသာကြီးသို့ ဆိုက်နိုင်ကြကုန်မည်။ ဒါနသီလ ပရိယတ္တိဓမ္မတို့နှင့် စိတ်ချတင်းတိမ်၍ မနေကြကုန်မူ၍ ဘာဝနာမှု၌ စိတ်အပျော်ကြီး ပျော်နိုင်ကြအောင် အားထုတ်ကြရမည် ဆိုလိုသည်။ တင်းတိမ်လှ၍ နေကြကုန်သည် မဟုတ်ပါ၊ လိုရင်းမဟုတ်သေးသည်ကို သိကြပါကုန်၏၊ ဘေးမဲ့ချမ်းသာကြီးကို ယနေ့ပင် ရောက်ချင်ကြပါကုန်၏၊ မဖြစ်နိုင်ကြသေးလို့သာ ဖြစ်သမျှနှင့် နေကြရပါကုန်သည်ဟု ဆိုကုန်ငြားအံ့၊ ဤစကား ပြောဆိုဘွယ် အလွန်များပြား၏။
ဥပမာ
ဥပမာတစ်ခုကို ပြဆိုဦအံ့၊ သူတစ်ယောက်၌ မတ်တတ်နာ ရောဂါတစ်ခု စွဲကပ်၍နေ၏၊ ဥသျှစ်မြစ်, ခင်ပုပ်မြစ်, သနပ်ခါးမြစ်ကို သုံးခွက်တစ်ခွက်တင် ကြို၍ နှစ်လ သုံးလခန့်စွဲ၍ တစ်ကိုယ်လုံး ဆေးစော်နံ၍ ယူအောင် တစ်နေ့တစ်နေ့လျှင် ဝမ်းဆန့်သမျှသောက်လျှင် ဧကန်ပျောက်မည့် အနာမျိုးတည်း။ ထိုသူကား ဗဟုဿုတ နည်းပါးလှ၍ မသိ၊ ရှောင်ရမည်ကိုလည်း မသိ၍ အစားမှား အသောက်မှားနှင့် အနာတိုးပွား၍သာ နေရရှာ၏၊ ပျောက်ချင်လှ၍ ဆရာဆိုတိုင်း စောဒနာရာ ဗိန္ဒောဆရာတို့က အနာခက် ဖြစ်သည်ဟုဆို၍ ကတိုးစစ်, ကုံကုမံစစ်, အံဘတ်စစ်, ကြံ့သွေးစစ်တို့ပါသော မင်းသုံးမင်းဆောင် ဆေးကြီးများကို အနည်းနည်းအဖုံဖုံ ပြောကြကုန်၏၊ ဆေးနည်းများကိုလည်း ရေး၍ပေးကြကုန်၏၊ လက်စွဲစာအုပ်ထဲမှာလည်း ဆေးနည်းကြီးတွေ များစွာရှိ၏၊ ငွေမရှိလှ၍ တစ်နည်းကိုမျှ မဖော်နိုင်၊ တစ်ဖန်ဓာတ်ဆရာများကို မေးမြန်းရာ ပထဝီပျက်နာ ဖြစ်သည်, အနာခက်ဖြစ်သည်ဟုဆို၍ ထောပတ်စစ်, ဆတ်ချိုနုစသည်ပါရှိသော ဓာတ်စာကြီးများကိုရေး၍ ပေးကြကုန်၏၊ အဘိုးမရှိ၍ မစားနိုင်။
ပယောဂဆရာများကို မေးမြန်းရာအလွန်အစွဲကြီးသည်, အစာပင်းလည်းရှိသည်, ချွတ်ဆေးရလိမ့်မည်, အုန်းမည်မျှ, ငှက်ပျောမည်မျှ, ငွေမည်မျှကုန်လိမ့်မည်, အပင်းချလိမ့်မည်ဟု ပြောဆိုကြရာ စရိတ်မရှိ၍ မလုပ်နိုင်။
ပရမတ်ဆရာတို့နှင့်တွေ့ကြုံရာ ဥပပီဠကကံနှိပ်စက်မှုဖြစ်သည်, ထိုကံမကုန်သရွေ့ သိကြားပင်လာ၍ ကုသော်လည်း မပျောက်, ထိုကံကုန်မှပင် ပျောက်ငြိမ်းမည်ဟု ပြောကြကုန်၏၊ ဥစ္စာမရှိ ဉာဏ်မရှိသော ရောဂါသည် လူနာနှင့် အလွန်တရာဟန်ရ၏၊ ပရမတ်သင်္ဂြီုဟ်ဆရာတို့စကားဖြစ်၍ အလွန်လည်းယုံကြည်၏၊ ဘယ်ဆေးဝါး ဓာတ်စာကိုမှ ကြောင့်ကြမစိုက်တော့ပြီ၊ ကံကိုပုံ၍ ကံကိုစောင့်စား၍နေလေရာ ထိုရောဂါနှင့်ပင် သေဆုံးရှာရလေ၏၊ ထိုဆရာ အားလုံးတို့သည်ကား အတတ်သိ၍ ပြောကြသည် မဟုတ်ကုန်၊ နှစ်, လရှည်ကြာ ဆေးမတွေ့နိုင် ဆိုသည်နှင့် အနာကပ်အနာခက် ပထဝီပျက်အစွဲကြီးဟု ရမ်းဆတွေးတော၍ ဆေးကြီး ဝါးကြီး ကိန်းကြီး ခန်းကြီးတွေကို ပြောဆိုကြကုန်သည်၊ ထိုရောဂါမူကား နှစ်လ, သုံးလစွဲမြဲ၍စားပါလျှင် တမူးတပဲမျှမကုန်ပဲ တောချုံထဲမှာရှိသော အုပ်ခင်ခါးနှင့်ပင် ဧကန်ပျောက်ငြိမ်းမည့် ရောဂါပေတည်း၊ ဥပမာကိုသာ ပြဆိုလိုက်သည် ဥပမေယျကိုမူကား ကြံဆ၍ သိကြလေ။
သံသရာဘေးကြီး
အချုပ်ကိုပြဆိုဦးအံ့၊ သတ္တဝါတို့၌ သံသရာဘေးကြီး သံသရာဘေးကြီးဆိုသည်ကား ဝိသေသအားဖြင့် ပြဆိုခဲ့ပြီးသော ဝဋ်ဆိုးကြီးသုံးပါး, ဝိနိပါတဘေးကြီးတပါး, နာနာသတ္တာရ မုခဥလ္လောကန ဘေးကြီးတပါး, ဤဘေးကြီးစုကို ဆိုသတည်း။
ဤဘေးကြီးစု တန်းလန်းရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့မှာ မူကား လူ့ချမ်းသာနှင့် တွေ့ကြုံကြလျှင်လည်း ဝဋ်ဒုက္ခကြီးစွာ တဘွားဘွားဖြစ်ပွားဘို့သာတည်း။ ဝဋ်ဆိုးကြီးသုံးပါး မီးတွေ တဘွားဘွားပွားများဘို့သာတည်း၊ အပါယ်သံသရာ ရှည်လျှားဘို့သာတည်း၊ နတ်ပြည်ခြောက်ထပ် နတ်ချမ်းသာတို့နှင့် တွေ့ကြုံကြလျှင်လည်း ထိုဝဋ်ဒုက္ခကြီးစွာ တဘွားဘွားဖြစ်ပွားဘို့သာတည်း၊ ဝဋ်ဆိုးကြီးသုံးပါး မီးတွေ တဘွာဘွားပွားများဘို့သာတည်း၊ အပါယ်သံသရာ ရှည်လျှားဘို့သာတည်း၊ ဗြဟ္မာချမ်းသာနှင့် တွေ့ကြုံကြလျှင်လည်း ထိုဝဋ်ဒုက္ခကြီးစွာ တဖွားဖွားဖြစ်ပွားဘို့သာတည်း၊ အပါယ်သံသရာရှည်လျှားဘို့သာတည်း၊ ဤဘေးကြီးတို့မှ ကျွတ်ပြီးသော ဘုံစဉ်စံ အရိယာတို့မှာမူကား လူ့ချမ်းသာနှင့်တွေ့ကြုံကြသော်လည်း ဝဋ်ဒုက္ခ ကြီးကျယ်စွာဖြစ်ပွားမှု မရှိတော့ပြီ၊ ယုတ်ညံ့သော အဖြစ်သို့ လျောကျ၍ ယုတ်ညံ့သော ဘဝတွေ ဒုက္ခတွေ တဖန်ပွားစီး၍ နေမှုမရှိတော့ပြီ ဆိုလိုသည်၊ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့နှင့် တွေ့ကြုံကြရာ၌လည်း ထို့နည်းတူသိလေ။
ပုဂ္ဂိုလ် ၄-မျိုး
ထိုစကားမှန်၏၊ စတုက္ကအင်္ဂုတ္ထိုရ်ပါဠိတော်၌ ပုဂ္ဂိုလ်လေးမျိုးကို ဟောတော်မူ၏၊ တခုသောမြစ်ကြီး၌ မြုပ်မျော နစ်မွန်း၍နေသော ပုဂ္ဂိုလ်တစ်မျိုး၊ မြုပ်မှု, မျောမှု, နစ်မှု, မွန်းမှုမရှိမူ၍ ရေပေါ်၌ ပေါလော ဆန်ကူး၍နေသော ပုဂ္ဂိုလ်တစ်မျိုး၊ ထိုမြစ်ရေအပြင်မှာပင် ရင်လောက် ခါးလောက် တိမ်ရာသို့ ရောက်သဖြင့် ထောက်ရာတည်ရာကို ရ၍နေသော ပုဂ္ဂိုလ်တစ်မျိုး၊ ကမ်းပေါ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်တစ်မျိုး၊ ဤကား ပုဂ္ဂိုလ်လေးမျိုးတည်း။ ဝဋ်ဆိုးကြီးသုံးပါး, ဘေးဆိုးကြီးနှစ်ပါးရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့သည် ပဌမ ပုဂ္ဂိုလ်မျိုးနှင့်တူ၏။
တူပုံကား
ခြေလက်တို့ကို ချည်တုပ်၍ လည်ပင်း၌ သဲထုပ်ကို ဘွဲ့တွဲ၍ ကြီးစွာသော မြစ်ရေအပြင်၌ ချမျှောအပ်ကုန်သော ထိုသူတို့သည် စိုစွတ်စွာသော နပဲသားသစ်တုံးတွေကို ရေမှာချမျှောလိုက်သကဲ့သို့ တစ်စုံတစ်ခုသော ပယောဂကိုမျှ ပြုပြင်နိုင်သော အစွမ်းမရှိကြကုန်မူ၍ မြစ်ရေကြီးတစ်ခုမြုပ်မှု, မျှောမှု, နစ်မွန်းမှုသာ ရှိကြကုန်တော့သကဲ့သို့ ထို့အတူ ပုထုဇဉ်ဖြစ်ကြကုန်သော လူ နတ် ဗြဟ္မာသတ္တဝါတို့သည်လည်း စုတေသည်၏အခြားမဲ့၌ မိမိတို့အလိုရှိရာသို့ ရောက်ရအောင် တစ်စုံတစ်ခုသော ပယောဂကိုမျှ မပြုနိုင်ကြကုန်မူ၍ ကမ္မသကာ ကံချရာဟု သံသရာရေကြောင်း၌ လွှတ်၍ထားရကုန်သဖြင့် အောက်အဝီစိတိုင်အောင် ကောင်းကင်ဟင်းလင်းကြီးကဲ့သို့ဖြစ်၍ ကျချင်ရာကျ-ရောက်ချင်ရာရောက် အောက်အဝီစိကျအောင် မြုပ်ချင်တိုင်း မြုပ်ကြလေကုန်၏၊ နစ်ချင်တိုင်း နစ်ကြလေကုန်၏၊ တစ်ခါမြုပ်မိ-နစ်မိပြန်လျှင်လည်း ဘဝတစ်ရာနှင့်လည်း မလွတ်နိုင်ကြကုန်၊ ဘဝတစ်ထောင်နှင့်လည်း မလွတ်နိုင်ကြကုန်၊ အပါယ်ဘုံတကြောမှာ မျှောချင်တိုင်း မျှောကြလေကုန်၏၊ တစ်ဘဝ တစ်ဘဝဆိုလျှင်လည်း မီးငရဲ, ထားငရဲ, လှံငရဲ စသည်တို့၌ အနှစ်တစ်သိန်း စသည်ကြာညောင်းလေရာ အသက်တစ်ရှူမျှ ချောမောစွာရှူခွင့်မရဘဲ ပင့်သက်ရှု, ပင့်သက်ရှိုက်, အလှိုက်ကြီး, အလှဲကြီး, အမွန်းကြီး, အမောကြီးနှင့်သာ နေကြရကုန်၏။
သုဂတိဘုံမှ အပါယ်သို့ တစ်ခါကျ၍သွားခဲ့လျှင် ဘဝတစ်ရာနှင့်လည်း မပြန်ရ၊ ဘဝတစ်ထောင်နှင့်လည်း မပြန်ရဟူသော အနက်ကိုမူကား ကာဏကစ္ဆပေါပမသုတ္တန် ဒေသနာတော်ကြီးနှင့်တကွ ထင်လင်းစွာပြ၍ ငါတို့စီရင်သော ကမ္မဋ္ဌာနဒီပနီ စာအုပ်ငယ်တွင် ပါရှိလေ၏။
သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် ဒုတီယ ပုဂ္ဂိုလ်တို့နှင့် တူကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် လှော်သူခပ်သူ ပဲ့ကိုင် ဦးစီးအစုံအလင်နှင့် မြစ်ပြင်မှာဆန်ကြသော လှေတွေကဲ့သို့ အလိုရှိရာ မြူးထူး၍ ကူးနိုင်ဆန်နိုင်ကြကုန်၏၊ ထို့အတူ သောတာပန် သကဒါဂါမ်ပုဂ္ဂိုလ်တို့သည် မိမိတို့ဖြစ်ရာဘုံဘဝတို့မှ စုတေကြသောအခါ စျာန်ရစျာန်မရ အားလျော်စွာ အလိုရှိရာဘဝသို့ ရောက်နိုင်ကြကုန်၏၊ မြှုပ်မှု, မျောမှု, နစ်မှု, မွန်းမှုမရှိကြကုန်ပြီ၊ အမှတ်တမဲ့ပင် သေသော်လည်း မြင့်မြတ်ရာ ဘုံဘဝသို့ ရောက်မှုတလမ်းသာ ရှိကြကုန်၏၊ ထို့ကြောင့် ထိုဘုံစဉ်စံ အရိယာတို့သည်လည်း သံသရာဝဋ်၌ နစ်မွန်းမျောပါး သူမျိုးမဟုတ်ကြကုန်ပြီ၊ တစ်ဘဝထက်တစ်ဘဝ အကနိဋ္ဌဘုံသို့ ဆိုက်အောင် ကူးယက် ဆန်တက် ကြသူတို့သာတည်း။
အနာဂါမ်ပုဂ္ဂိုလ်သည် တတီယပုဂ္ဂိုလ်မျိုးနှင့် တူ၏၊ ရဟန္တာပုဂ္ဂိုလ်သည် စတုတ္ထ ပုဂ္ဂိုလ်မျိုးနှင့် တူ၏၊ သိသာပြီ။ ဤသို့လျှင် လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာတို့သည် ဝဋ်ဆိုးကြီး သုံးပါး, ဘေးဆိုးကြီး နှစ်ပါးရှိသော သူတို့အတွက်နှင့်သာ ကြောက်မက်ဘွယ်ကြီးတွေ ဖြစ်ကုန်၏၊ ကင်းရှင်းပြီးသော ဘုံစဉ်စံအရိယာ လူ နတ် ဗြဟ္မာတို့အတွက်နှင့်မူကား ပျော်မွေ့ကြီးတွေသာဖြစ်ကုန်၏။
ဗိုလ်ချုပ်ကြီးနှင့် သူရဲကြီး
ထိုပုဂ္ဂိုလ်တို့၌ လောဘ, ဒေါသ, မောဟ, ဇာတိ, ဇရာမရဏရှိကြသေးသည် မဟုတ်လောဟူမူ ရှိကြသေးသည်မှန်သော်လည်း ဒိဋ္ဌိဝိစိကိစ္ဆာဟူသော အမှောက်အမှား သံသရာဗိုလ်ချုပ်ကြီးနှစ်ပါး, ဒုစရိုက်ဆယ်ပါးတည်းဟူသော အမိုက်အမဲသူရဲကြီးတစ်ကျိပ်, အကုန်ပျက် ပြိုချုပ်ဆုံးပြီး ဖြစ်ကုန်ကြသဖြင့် ထိုသူတို့သန္တာန်၌ ကျန်ရှိကြကုန်သော လောဘ, ဒေါသ, မာန အစရှိကုန်သော အကုသိုလ်တရားတို့သည် ဗိုလ်ချုပ်ကြီး သူရဲကြီးတို့ ကျဆုံးပြီးဖြစ်၍ တစ်နေ့တစ်ခြား လျှော့ပါးခြင်းသို့ ရောက်ကြကုန်သော သူပုန်ထားပြ တပ်သားတို့နှင့် တူကြကုန်၏၊ ထိုသူတို့သန္တာန်၌ရှိကုန်သော အလောဘ, အဒေါသ, အမောဟ, သဒ္ဓါ, သီလ အစရှိကုန်သော ကုသိုလ်တရားတို့သည် သစ္စာလေးပါးကို မြင်ပြီးသော ဣန္ဒြေကြီးငါးပါး အုပ်ချုပ်လျက် ကြွင်းသော ဗောဓိပက္ခိယ တရားသုံးဆယ့်နှစ်ပါး, သုစရိုက်တရားဆယ်ပါးဟူသော ဗိုလ်ရံစစ်ကဲ သူရဲသူခက်တို့ ကြီးကြပ်လျက် ရှိကြကုန်သည်ဖြစ်၍ စစ်မင်းကြီးငါးပါး အုပ်ချုပ်လျက် များစွာသော ဗိုလ်ရံစစ်ကဲ သူရဲသူခက် လက်နက်ကြိယာတို့နှင့် ပြည့်စုံသော အစိုးရတပ်တော်ကြီးနှင့် တူကြကုန်၏။
ဇာတိစသည်
ဇာတိတရားသည်လည်း နတ်အဖြစ် ဗြဟ္မာအဖြစ်သည်သာ များစွာကျန်ရှိသည်ဖြစ်၍ အလွန်ချမ်းသာသော ဥပပတ် ပဋိသန္ဓေမျိုးသာ ဖြစ်၏၊ ဇရာတရားသည်လည်း လူတို့၌ကဲ့သို့ မထင်ရှားသော အပါကဋဇရာသာ ကျန်ရှိ၏၊ မရဏတရားသည်လည်း အလွန်ကြာညောင်း စည်းစိမ်ဟောင်းမှ စည်းစိမ်သစ်တစ်ပါးသို့ ပြောင်းရွှေ့တင်ပို့သကဲ့သို့သော မရဏသာကျန်၏၊ သေရတော့မည်ရှိလျှင် တမျိုးဝမ်းမြောက်ရသော သေခြင်းသာ ကျန်ရှိ၏ ဟူလိုသည်။
ဤကား သံသရာဘေးကြီး သံသရာဘေးကြီးဟူ၍ ဆိုကြရာ၌ ပုထုဇဉ်မွဲ ငရဲသူသတ္တဝါ သံသရာဝဋ်ကောင်မျိုးတို့မှာ ရှိနေကြကုန်သော ဒိဋ္ဌိ ဝိစိကိစ္ဆာဟူသော ကိလေသာဝဋ်ဆိုးကြီး, ဒုစ္စရိုက်ဆယ်ပါးဟူသော ကမ္မဝဋ်ဆိုးကြီး, အပါယ်ဘဝဟူသော ဝိပါကဝဋ်ဆိုးကြီး, ဝိနိပါတဘေး, နာနာသတ္ထာရ ဥလ္လောကနဘေး တည်းဟူသော သံသရာဘေးဆိုးကြီး နှစ်ပါး ဤတရားတို့သည်သာ ကြီးမားစွာသော သံသရာဘေးကြီးအစစ်ဖြစ်ကြောင်းကို၎င်း, လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့သည်လည်း ထိုသူတို့မှာသာ ကြီးစွာသော ကြောက်ဖွယ် လန့်ဖွယ် အန္တရာယ်ဖြင့်ညီး မီးတဟုန်းဟုန်းတောက်လောင်၍နေသော ထောင်ကြီး, နှောင်အိမ်ကြီးကဲ့သို့ ဖြစ်ကြောင်းကို၎င်း, လောကုတ္တရာဘုံသူ နတ် လူဗြဟ္မာ ဘုံစဉ်စံအရိယာတို့မှာ မွေ့လျော်ဖွယ်, ပျော်ပါးဖွယ်, ခံစားစံစားဖွယ်ကြီးတွေ ဖြစ်ကြောင်းကို၎င်း, ဘယ်သူမှ မငြင်းသာအောင် ထင်လင်းစွာပြလိုက်သောအချက်တည်း။
ရပ်ပြစ်ရှစ်ပါးနှင့် အရူပ
ရပ်ပြစ်ရှစ်ပါးတွင် အရူပလေး ဘုံပါရှိသည်မှာ ထိုဘုံတို့၌ရှိနေကြကုန်သော ပုထုဇဉ်ဗြဟ္မာတို့အတွက်နှင့် ပါရှိရကုန်သည်၊ ထိုဘုံတို့၌ ရှိနေကြကုန်သော အရိယာဗြဟ္မာတို့အတွက်နှင့်မူကား အရူပလေးဘုံတို့သည် စျာနသမာပတ္တိသုခ ဖလသမာပတ္တိသုခ ကြီးကျယ်လှသော ပတိရူပဒေသ ဘုံကြီးတို့ပင် ဖြစ်ကုန်သကဲ့သို့ မှတ်လေ။
ဤကား သာသနာတော် သက္ကရာဇ် အနှစ်တစ်ထောင်ကျော်မှစ၍ ယခုကာလ ရှိနေကြကုန်သော ဗုဒ္ဓဘာသာ သာသနာဂိုဏ်းဝင် လူရှင် အများတို့နှင့် ထိုက်တန်သောနိဗ္ဗာန်စကား, သံသရာဝဋ် ဒုက္ခစကားကို ကွက်ခြား၍ ပြဆိုချက်တည်း။
ပစ္စည်းဥစ္စာ နွမ်းပါးလျက်ရှိနေသေးသော ဆင်းရဲသားလူမျိုးသည် ကြံရေးကြံစွမ်း ရှိနေလှသည် ဆိုသော်လည်း ပစ္စည်းဥစ္စာပေါများလှ၍ သဋ္ဌေးသူကြွယ် ဖြစ်တဲ့နိုင်ရန် အကြံအစည် အလုပ်အကိုင်များကိုသာ နေရာတကျ ကြောင့်ကြစိုက်ခွင့် ရှိသေးသည်၊ မင်းဧကရာဇ် ဖြစ်တဲ့နိုင်ရန် အကြံအစည် အလုပ်အကိုင်များကို ကြောင့်ကြစိုက်ခွင့် မဆိုက်သေး၊ ထို့အတူယခုကာလ ရှိနေကြသော လူရှင်အပေါင်းတို့မှာလည်း သဒ္ဓါပညာ ရှိလှသည်ဆိုသော်လည်း ပြဆိုခဲ့ပြီးသော သဥပါဒိသေသ ပဌမနိဗ္ဗာန် ဘုံစဉ်စံ အရိယာအဖြစ်သို့ရောက်နိုင်ဖို့ရန် အကြံအစည် အလုပ်အကိုင်များကို ကြောင့်ကြစိုက်ခွင့် မဆိုက်သေး၊ ထို့အတူ ယခုကာလ ရှိနေကြသော လူရှင်အပေါင်းတို့မှာလည်း သဒ္ဓါပညာ ရှိလှသည်ဆိုသော်လည်း ပြဆိုခဲ့ပြီးသော သဥပါဒိသေသ ပဌမနိဗ္ဗာန် ဘုံစဉ်စံ အရိယာအဖြစ်သို့ ရောက်နိုင်ဖို့ရန် အကြံအစည် အလုပ်အကိုင်များကိုသာ နေရာတကျ ရှိတဲ့ကြအောင် ကြောင့်ကြစိုက်ခွင့် ရှိကြကုန်သေးသည်၊ ရောက်တဲ့နိုင်ရန်စခန်း အလွန်ကြီးကွာလှမ်းသော ခန္ဓာငါးပါး၏ ချုပ်ငြိမ်းရာ အနုပါဒိသေသ နိဗ္ဗာန်စကား, လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို မီးတပြောင်ပြောင် တဟုန်းဟုန်းလောင်၍နေသော နှောင်အိမ်ကြီး ထောင်မြို့ကြီး အပြီးထင်မြင်တဲ့နိုင်ရန် အထက်ကျလှသော ဝဋ်ဒုက္ခစကားများကို ယခုဘဝ ကြောင့်ကြစိုက်တဲ့ရန် အခွင့်မဆိုက်ကြကုန်သေး။
နိယတော သမ္ဗောဓိပရာယဏောဟူသော ပါဠိတော်မြတ်နှင့် အညီ ပဌမနိဗ္ဗာန်ဘုံစဉ်စံ အဖြစ်သို့ရောက်ကြလျှင် ယခုကာလ နိဗ္ဗာန်စကားပြောဆို၍ နေကြသော အထက်နိဗ္ဗာန်ကြီးကို ရှောင်လွှဲလိုသော်လည်း ရှောင်လွှဲရန် လမ်းပေါက် မရှိပြ၊ လမ်းခရီးသွားကြရာ ရှေ့၌ မိုးကုပ်ကုပ်နေသော အချက်ကိုသိ၍ သတိရှိလေကုန်။
နတ်ပြည်တွင် အနန္တ
ယခုဆိုက်တိုက်၍ နေကြသော အချက်ကို အတန်ငယ်ပြဆိုအံ့။။ယခုအခါ၌ မိဂဒါဝုန်တောတွင် ဓမ္မစကြာတရားကို ဟောတော်မူသောအခါမှစ၍ သာသနာတော် အနှစ်တစ်ထောင်အတွင်း၌ စတုမဟာရာဇ်, တာဝတိံသာစသော နတ်ပြည်တို့မှ၎င်း, သာဝတ္ထိ ရာဇဂြိုဟ်အစရှိသော မဇ္ဈိမဒေသ တစ်မြေပြင်လုံးတို့မှ၎င်း, မဟာရဋ္ဌ သဝဏ္ဏဘုမ္မိအစရှိသော ထိုထိုပစ္စန္တရာဇ် တစ်ပြင်လုံးတို့မှ၎င်း, ဇမ္ဗူိပ်သီဟိုဠ် မြေပြိုလုမျှ ကျွတ်လွတ်ကြကုန်သော အသင်္ချေယျအနန္တ ပဌမနိဗ္ဗာန် ဘုံစဉ်စံအရိယာတို့သည်ကား ယခုအခါ စတုမဟာရာဇ်အဝင် မြေပြင်ရှိ ဘူမဇိုဝ်းတို့မှစ၍ စတုမဟာရာဇ်နတ်ပြည်မှာပင် အသင်္ချေယျအနန္တ ရှိကြကုန်၏၊ ယုခုအခါ၌ နတ်ပြည်ခြောက်ထပ်လုံးသည် အရိယာတို့ဖြင့် ပြည့်လျက်နေ၏၊ အရိယာဘုံတွေဖြစ်၍နေ၏၊ ဗိမ္ဗိသာရမင်း, အနာထပိဏ်သူဋ္ဌေး အစရှိသော မြတ်စွာဘုရား၏ သားတော်ကြီးတွေ, သိကြားမင်းကြီး, စတုမဟာရာဇ် နတ်မင်းကြီး, နေနတ်မင်း အစရှိသော သားတော်ကြီးတွေ အသင်္ချေယျအနန္တရှိကြကုန်၏၊ ဝိသာခါ, သုပ္ပိယာစသော မြတ်စွာဘုရားသမီးတော်ကြီးတွေ, လာဇာနတ်သမီး, သူရိယဝစ္ဆသာနတ်သမီး အစရှိသော မြတ်စွာဘုရား၏ သမီးတော်ကြီးတွေ ယခုအခါ၌ နတ်ပြည်ခြောက်ထပ်မှာ အသင်္ချေယျအနန္တ ရှိကြကုန်၏။
ယုခုအခါ၌....လူဖြစ်သောသူသည် အထက်ကောင်းကင်သို့ လက်အုပ်ချီလိုက်သည်ရှိသော် အရိယာနတ်တို့ ဘုံဗိမာန်ကို လွတ်အောင်ပင် မချီနိုင်ရာ ယေဘုံယျအားဖြင့် အထက်ကောင်းကင်တရိုး၌ ဘုန်းတန်ခိုးကြီးကြကုန်သော နတ်မင်းကြီး, နတ်မိဖုရားကြီး, နတ်သမီး နတ်သားတို့သည် မြတ်စွာဘုရား၏ သားတော်ကြီး သမီးတော်တို့ချည်းသာ ဖြစ်ကြကုန်၏၊ နတ်ပြည်ခြောက်ထပ်မှ မြတ်စွာဘုရား၏ သားတော်မြတ်အပေါင်းတိုသည် ဤလူ့ပြည်၌ ဥပသကာယောကျ်ားတို့ကိုမြော်လင့်လျက် ရှိကြကုန်၏၊ သမီးတော်မြတ်အပေါင်းတို့သည်လည်း ဤလူ့ပြည်၌ ဥပသကာမတို့ကို မြော်လင့်လျက် ရှိကြကုန်၏၊ တစ်လလျှင်လေးကြိမ် ဇမ္ဗူဒီပါသို့ စာရင်းယူလာကြောင်းကို စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော်၌ ဟောတော်မူ၏။
ပဋိဝေဒနှင့်နတ်ပြည်
ပဋိဝေဓသာသနာတော်မြတ်ကြီးသည် ယခုအခါ နတ်ပြည်မှာ လှိုင်လှိုင် ထွန်းတုန်း ထွန်းဆဲပေတည်း၊ စတုမဟာရာဇ် နတ်ပြည်မှာသာသနာတော်အသက် နတ်တို့ရက်နှင့် အရက် ငါးဆယ်ခန့်ရျိသေးသည် နောင်လူတို့ အရေအတွက် အနှစ်ကိုးသန်းတိုင်အောင် မဂ်တံခါး, ဖိုလ်တံခါး ဟင်းလင်း ပွင့်လမ်းရှိ၏၊ တာဝတိံသာနတ်ပြည်မှာ သာသနာတော်အသက် နတ်တို့ရက်နှင့် နှစ်ဆယ့်ငါးရက်ခန့်သာ ရှိသေးသည်၊ နောင်လူတို့အရေအတွက် အနှစ်ပေါင်း သုံးကုဋေခြောက်သန်းတိုင်အောင် မဂ်တံခါး, ဖိုလ်တံခါး, နိဗ္ဗာန်တံခါး ဟင်းလင်းပွင့်လမ်းရှိ၏၊ ဤနည်းအတူ လေးဆလေးဆ တက်၍ အထက်အထက် နတ်ပြည်တို့များလည်း သာသနာတော်အသက်တိုးတက်ရှည်များ၍ သွားပုံကိုသိလေ။
ယခုအခါ၌ လူ့ပြည်မှာ ဘာဝနာမနသိကာရ၌ စူဠသောတာပန်အနေလောက် ပေါက်ရောက်အောင် အားထုတ်ကြ၍ သေလွန်သည့်နောက် နတ်ပြည်ခြောက်တွင် ဖြစ်လေရာ နတ်ပြည်မှာ မဟာသောတာပန်အဖြစ်သို့ ရောက်ကြ၍ ဘုရားသားတော်ရင်းကြီး, သ္မီးတော်ရင်းကြီးတို့နှင့် ဘုံစဉ်စံအရိယာအဖြစ်ဖြင့် ဇာတ်ပေါင်းနိုင်ကြကုန်၏၊ ယောကျ်ားဖြစ်သူ ရှင်လူအပေါင်းတို့သည် ဗိမ္ဗိသာရမင်း အနာထပိဏ်သူဌေး အစရှိကုန်သောသူတို့နှင့် ဇာတ်ပေါင်းနိုင်ကြကုန်၏၊ ဒါယိကာမဖြစ်သူတို့သည် ဝိသာခါ သုပ္ပိယာ အစရှိသောသူတို့နှင့် ဇာတ်ပေါင်းနိုင်ကြကုန်၏၊ ဝဋ်ဆိုးကြီးသုံပါး, ဘေးဆိုးကြီးနှစ်ပါးတို့မှ ကျွတ်လွတ်၍ နတ်ပြည်မှာ ရှိနှင့်ကြသော အရိယာအနန္တတို့နှင့် တစ်လုံးတစ်စီးထည်း ပေါင်းမိကြ၍ သံသရာ၌ ဘေးမဲ့ချမ်းသာ ဘုံစဉ်စံအရိယာအဖြစ်သို့ ရောက်နိုင်ကြကုန်၏။
( ဤအကြောင်းများကို သာဓကဒေသနာနှင့်တကွ ထင်ရှားစွာ သိလိုလျှင် ငါတို့စီရင်သော အာဟာရဒီပနီ စာအုပ်ငယ်, အနတ္တဒီပနီ စာအုပ်ငယ်မှာ ကြည့်ရှုကြလေ။)
စူဠသောတာပန်
ယခုအခါ ဤလူ့ပြည်မှာ ဘာဝနာ မနသိကာရ၌ စူဠသောတာပန်အနေလောက် ပေါက်ရောက်အောင် အားထုတ်မှုဆိုရာ၌ စူဠသောတာပန်ဆိုသည်ကား သောတာပန်ငယ်, သောတာပန်နု, ဆိုလိုသည်၊ ဤသာသနာတော်၌ပင်လျှင် ယခုဘဝ၌သော်၎င်း, နတ်ပြည်သို့ရောက်လေ၍ နောက်ဘဝ၌သော်၎င်း ပရမတ္ထ အရိယာ မဟာသောတာပန် ဘုံစဉ်စံအဖြစ်သို့ မချွတ်မလွဲ အမြဲဧကန် အမှန်ရောက်တော့မည့်သူ ဟူလိုသည်၊ အဘယ်မျှလောက် အားထုတ်ကြကုန်မှ စူဠသောတာပန်အဖြစ်သို့ ရောက်နိုင်ကြကုန်သနည်းဟူမူကား ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကင်္ခါဝိတရဏ ဝိသုဒ္ဓိနိဒ္ဒေသ၌
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿေဿာ လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နောနာမ ဟောတိ။
ဟူ၍လာ၏။
ဤကင်္ခါဝိတရဏ ဉာဏ်နှင့်ပြည့်စုံသော ဝိပဿနာပညာရှိပုဂ္ဂိုလ်သည် ဘုရားသာသနာတော်၌ ရအပ်သော သက်သာရာရှိသည်ဖြစ်၍ ရအပ်သော ထောက်တည်ရာရှိသည်ဖြစ်၍ မြဲသောဂတိရှိသော စူဠသောတာပန်ဖြစ်၏ ဟူလိုသည်၊ ပါဌ်လျှောက်အဓိပ္ပါယ်။
ကင်္ခါဝိတရဏဉာဏ် ဆိုသည်ကား. ပဋိစ္စသမုပ္ပါဒ်ကိုသိသော ပစ္စယပရိဂ္ဂဟဉာဏ်ကို ဆိုသတည်း၊ ပဋိစ္စသမုပ္ပါဒ်၏ အချက်ကိုကား ငါတို့စီရင်သော ပဋိစ္စသမုပ္ပါဒ်လင်္ကာ ၁၃-ပုဒ် အကျဉ်းချုပ်စာအုပ်ငယ်, ၎င်းကို အဘိဓမ္မာဝိဘင်း ပါဠိတော်မြတ်နှင့် တွဲစပ်၍အကျယ်ဘော်ပြသော ပဋိစ္စသမုပ္ပါဒဒီပနီ စာအုပ်များမှာ ကြည့်လေ၊ ဘုရားသာသနာတော်၌ရအပ်သော သက်သာရာရှိမှု ဆိုသည်ကား ဒိဋ္ဌိ ဝိစိကိစ္ဆာဟူသော ကိလေသဝဋ်ဆိုးကြီး ကျွတ်ကွာ၍သွားမှုကို ဆိုသတည်း၊ ဝိက္ခမ္ဘနပဟာန်အနေမျှ ကွာသည်ကိုယူလေ၊ ရအပ်သော ထောက်ရာတည်ရာရှိမှု ဆိုသည်ကား သေသည်၏ အခြားမဲ့၌ ကမ္မသကာ ကံချရာဟု ရောက်လိုရာရောက် ပေါက်လွှတ်ပစ်ထားကြရသော ဝိနိပါတဘေးဆိုးကြီးမှ လွတ်ခွင့်ဆို်က်၍ နေမှုကို ဆိုသည်၊ သံသရာဒဟော၌ မျောမှု, မြုပ်မှု, နစ်မှု, မွန်းမှုမှ လွတ်တော့မည် ဟူလို-။
ဂတိမြဲမှု
မြဲသောဂတိရှိမှုဆိုသည်ကား သေသည်၏အခြားမဲ့၌ နတ်ပြည်သို့ ရောက်မှုမြဲသည်ကို ဆိုသည်၊ နတ်ပြည်သို့ ရောက်လျှင်လည်း ဧကန်ကျွတ်လွတ်တော့မည့်သူပေတည်း၊ ဤအဋ္ဌကထာစကား၌ ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ပြည့်စုံသောသူဟူသည် အဘယ်မျှလောက်သော တရားတို့၌ ပစ္စယပရိဂ္ဂဟ ဉာဏ်သို့ရောက်အောင် ထူထောင်အားထုတ်ရမည်နည်းဟူမူကား သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ မြေ, ရေ, မီး, လေဟူသော ဓာတ်ကြီးလေးပါးကို ပိုင်းခြား၍မြင်နိုင်လျှင် ဤသာသနာ၌ အမြစ်စိုက်ပြီ, မြဲသောဂတိရှိသော စူဠသောတာပန်အဖြစ်သို့ ရောက်ပြီဟူ၍ လာပြန်ပေရကား ထိုဓာတ်ကြီးလေးပါး၌ ပစ္စပရိဂ္ဂဟဉာဏ်သို့ရောက်အောင် ထူထောင်အားထုတ်ရမည်ဟု သိအပ်၏၊ ဤအဋ္ဌကထာ၌ ဤသာသနာ၌ အမြစ်စိုက်မှုဆိုသည်ကား လောက၌ လူတို့မှာ တခုသောမြို့ရွာ၌ အိမ်ရာခြံဝင်း လုပ်ခင်းမြေရာ တည်ထောင်မိသည်ရှိသော် ထိုသူသည် ထိုမြို့ရွာ၌ အခြေစုက်ပြီ, မြို့ရွာတပါးသို့ ပြောင်းရွှေ့တော့မည်မဟုတ်ပြီဟု ဆိုရသကဲ့သို့ ဤသူသည်လည်း ဤသာသနာမှာ ကျွတ်လွတ်တော့မည်, နောက်ဘုရားသာသနာသို့ သွားမည့်သူ မဟုတ်ပြီ ဆိုလိုသည်။
အာဇီဝဋ္ဌမကသီလ
ဤအဋ္ဌကထာကြီးနှစ်ရပ်ကို စပ်ဟပ်၍ သိရသော အချုပ်ဝိနိစ္ဆယ ပိဏ္ဍတ္ထကား အာဇီဝဋ္ဌမကသီလကို လုံခြုံစေ၍ ရှေးဦးစွာ သီလဝိသုဒ္ဓိနှင့် ပြည့်စုံရာ၏၊ လူတို့၌ အာဇီဝဋ္ဌမကသီလကို လုံခြုံစေမှုဆိုသည်ကား ခံယူ၍ဖြစ်စေ, မခံယူဘဲပင်ဖြစ်စေ, ပါဏာတိပါတကံမှုကို လွတ်ကင်းစေရမည်၊ အဒိန္နာဒါန်မှုကို လွတ်ကင်းစေရမည်၊ ကာမေသုမိစ္ဆာစာရမှုကို လွတ်ကင်းစေရမည်၊ မုသာဝါဒမှုကို လွတ်ကင်းစေရမည်၊ ချောပစ်ကုန်းတိုက်မှုကို လွတ်ကင်းစေရမည်၊ ဆဲရေးမှုကို လွတ်ကင်းစေရမည်၊ အကျိုးမရှိသော ပြိန်ဖျင်းသောစကား ပြောမှုကို လွတ်ကင်းစေရမည်၊ ဒုစရိုက်နှင့် အသက်မွေးမှုကို လွတ်ကင်းစေရမည်၊ လွတ်ပင်းပေလျှင် အာဇီဝဋ္ဌမကသီလ လုံခြုံပြီ၊ လူသီလဝန္တ ဖြစ်ပေပြီ၊ သတိလွတ်သဖြင့် ပြုမိ၍ရှိပြန်လျှင် ဤအမှုကို နောင်ငါမပြုဟု တင်းတင်းကျပ်ကျပ် အဓိဋ္ဌာန် လုံမြဲလုံပြန်၏။
သီလဝိသုဒ္ဓိဖြစ်၏၊ ။ စိတ္တဝိသုဒ္ဓိမှာ တတ်နိုင်လျှင် အထူးကောင်း၏၊ မတတ်နိုင်လျှင် နေရ၏၊ ဥပစာရဘာဝနာ, အပ္ပနာဘာဝနာဟူသော စိတ္တဝိသုဒ္ဓိကို အသီးမလုပ်သောယောဂီကို သုက္ခဝိပဿကယောဂီဟု ခေါ်သည်၊ သုဒ္ဓဝိပဿကယောဂီလည်း ခေါ်၏။
ဓာတုမနသိကာရ
ယခုကာလသည် သုက္ခဝိပဿကခေတ်တည်း၊ ထို့ကြောင့် သီလဝိသုဒ္ဓိ နေရာကျလျှင် ဓာတုမနသိကာရကို ထူထောင်ရမည်၊ ထူထောင်ပုံကား ဤကိုယ်၌ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟူ၍ ဓာတ်ကြီးလေးပါးရှိ၏၊ မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်ဟူ၍ ဓာတ်ကြီးလေးပါး ရှိ၏သော်လည်းဆို၊ ဤ၌မြေသည် လောကမြေ, သုတ္တန်မြေ, ပရမတ်မြေဟူ၍ သုံးပါးရှိ၏၊ ထိုတွင် လူအများသိကြသော သိလာပထဝီ, ပံသုပထဝီ ဤမြေနှစ်ပါးသည် လောကမြေလောကမြေ မည်၏၊ ဆံပင်, မွှေးညင်း, ခြေသည်း, လက်သည်း အစရှိသော ပထဝီဓာတ် ၂၀-မြေသသည် သုတ္တန်မြေသုတ္တန်မြေ မည်၏၊ ဤ မြေနှစ်ပါးကား အထည်ဒြဗ်ထင်မြင်ရသော မြေမျိုးဖြစ်၍ ပရမတ်မြေမဟုတ်၊ ပရမာဏုမြူ, အဏုမြူမျှပင်သောလည်း အထည်ဒြဗ်ထင်မြင်လျက်ရှိခဲ့လျှင် ပရမတ်မြေကို ဉာဏ်မထိ၊ ပညတ်သဏ္ဌာန်တွင် ဉာဏ်စိုက်၍ နေ၏၊ အထည်ဒြဗ်မဟုတ်သော ခက်မာမှုသက်သက်သည်သာ ပရမတ်မြေ, အဘိဓမ္မာမြေအစစ်တည်း၊ လောကမြေ, သုတ္တန်မြေနှစ်ပါး၌ အနိစ္စလက္ခဏာရေးအစစ်မဝင်နိုင်၊ ပရမတ်မြေအစစ်၌သာ အနိစ္စလက္ခဏာရေးအစစ်ဝင်နိုင်သည်၊ အနိစ္စလက္ခဏာရေးအစစ် ဆိုသည်ကား တနာရီအတွင်းမှာပင် အခါများစွာ ပျက်မှု, ချုပ်မှု, သေဆုံးမှု, ကုန်ခန်းမှုပေတည်း။
ပရမတ်မြေစစ်
အထည်ဒြဗ် ပညတ်သဏ္ဌာန်ကြီးဖြစ်သော ဆံပင်မည်သည် တစ်နာရီအတွင်းမှာ အခါများစွာ ချုပ်ပျက်ကုန်မည်ဝေးစွ, လူသေ၍မှ ဆံပင်မသေသေး၊ သုသာန်မြေမှာပင် တလုံးထွေးထွေးနေသေး၏၊ ဆံပင်၌ ခက်မာမှု ကြိယာတမျိုးသည် ရှိ၏၊ ထိုကြိယာသည်သာလျှင် ပရမတ်မြေအစစ်တည်း၊ ဆံပင်၌ ထိုမြေဓာတ်အစစ်သည်မူကား တစ်နာရီအတွင်းမှာပင် အခါများစွာ ပျက်၏, ချုပ်၏, သေ၏, ဆုံး၏, ကုန်၏, ခန်း၏, ကွယ်ပျောက်၏၊ ။ ပျက်ပုံကား ထင်ရှားစေခြင်းငှါ ဉာဏ်ဖြင့် ဆံပင်ကိုခွေ၍ကြည့်၊ မြေဓာတ်စစ်မပျက်ခဲ့လျှင် ကိုင်း၍ ညွတ်၍ပင်မရ၊ ပကတိအတိုင်း တောင့်တင်းခိုင်မာ၍ ခံနေလတ္တံ့၊ ကိုင်း၍ ညွတ်၍ရခဲ့လျှင် ဆံပင်အတွင်း၌ နဂိုမြေဓာတ်တွေ မြေ့မြေ့ကြေပျောက် ပျက်ဆုံး၍ ကုန်ပြီဟု သိအပ်၏၊ မြေဓာတ်သစ်တွေ အဆင့်ဆင့်ပြောင်းလဲ၍ လာပြီဟုသိအပ်၏၊ ဉာဏ်စိုက်မိခဲစွ။
ပရမတ်မြေဓာတ်စစ်မည်သည် ခက်မာမှု ကြိယာမှုမျှကိုသာ ဆိုသောကြောင့် ဆံပင်ကိုခွေရာ၌ ထိုဆံပင်အတွင်းမှာ ကြိယာအပြောင်းအလဲကို မြင်အောင်ကြည့်ရသည်၊ ကြိယာပြောင်းလဲမှု ဆိုသည်ကား မာမှုကြိယာ အခြေအနေ တစ်မျိုးတစ်မျိုး ပျက်၍ပျက်၍ မာမှုကြိယာ အသစ်အသစ် အဆင့်အဆင့်ဖြစ်ပေါ်၍ သွားမှုကို ကြိယာပြောင်းလဲမှု ဆိုသည်။
ကြိယာပြောင်းလဲမှု ထင်မြင်ခဲ့လျှင် ကြိယာဟောင်း ပျက်ဆုံးမှု အဆင့်ဆင့် ဧကန်ရှိ၏၊ ပျက်ဆုံးမှုမရှိခဲ့လျှင် ပြောင်းလဲမှု မရှိနိုင်၊ ကြိယာဟောင်းပျက်ဆုံးမှု အဆင့်ဆင့်တို့နှင့် ကြိယာသစ်ဖြစ်ပေါ်မှု အဆင့်ဆင့်တို့၏ အကူးအကူး အကြားအကြားတို့၌ အာကာသဓာတ် အခြားအခြားကိုလည်း ဉာဏ်နှင့် မြင်အောင်ကြည့်၊ အာကာသဓာတ်ကို မြင်တတ်မှ သန္တတိအမျှင် ပြတ်မည်။ ။ ဤ၌ ကြိယာဟောင်း အဆင့်ဆင့် ကုန်ဆုံးကွယ်ပျောက်မှုကို အနိစ္စ လက္ခဏာအစစ် ဆိုသည်၊ ဤအနိစ္စကို မြင်နိုင်မှ ဝိပဿနာဉာဏ်အစစ် ဖြစ်သည်။။ ဓာတ်၏ ပျက်ခြင်း, ဓာတ်၏ချုပ်ခြင်း, ဓာတ်၏သေခြင်း, ဓာတ်၏ဆုံးခြင်း, ဓာတ်၏ကုန်ခန်းခြင်းကို အနိစ္စဆိုသည်၊ မရဏအစစ်ပေတည်း၊ ဤမရဏအစစ်ကိုမြင်မှ ဝိပဿနာဉာဏ်အစစ်ဖြစ်သည်။
( ဤကား ဆံပင်တစ်ခု၌ ပထဝီခေါ်သော ပရမတ်မြေဓာတ်စစ်ကို ပြဆိုချက်တည်း။)
ဆံပင်၌ ရေဓာတ်စစ်
ဤနည်းကိုမှီ၍ ရေဓာတ်, မီးဓာတ်, လေဓာတ်တို့၌လည်း လောက,သုတ္တန်,ပရမစစ် သုံးပါး သုံးပါးစီထုတ်၍ ပရမတ်ဓာန်စစ်ခွဲနည်း, အနိစ္စလက္ခဏာစစ်ခွဲနည်း, ဝိပဿနာဉာဏ်ခွဲနည်းကို သိလေ။ ပရမတ် ဓာတ်စစ်မျှကိုသာ ပြဆိုအံ့။။ ထိုဆံပင်၌ ခက်မာမှုကြိယာမျှဖြစ်သော ထိုမြေဓာတ် အစစ်အများကို တစ်ခုနှင့်တစ်ခု ကပ်တွယ် ဘွဲ့စေးမှုသည် ပရမတ်ရေဓာတ်အစစ်မည်၏၊ ဤရေဓာတ် ဘွဲ့စေးမှုကြောင့် အထည်ဒြဗ်မရှိသော ခက်မာမှုကြိယာသည်များစွာ စုမိခဲမိကြသဖြင့် ဆံပင်သဏ္ဌာန်အထည်ဒြဗ်ထင်မြင်ရ၏၊ ဤရေဓာတ်၏ ပျက်မှုမှာ မိမိ၏မှီရာမြေဓာတ်နှင့် ဖြစ်အတူ ပျက်အတူပါလေတော့သည်။
(ဆံပင်၌ ရေဓာတ်အစစ်ကို ပြဆိုချက်ပြီး၏၊)
မီးဓာတ်
ထိုဆံပင်၌ ပူသောအခါပူမှုကြိယာသက်သက်သည်၎င်း, အေးသောအခါ အေးမှုကြိယာသက်သက်သည်၎င်း, ပရမီးဓာတ်အစစ်မည်၏၊။ ဤမီးဓာတ်ကိုပင်ကျမ်းဂန်တို့၌ ဥတုဟုဆိုသည်။။ မှီရာဝတ္ထုကို လောင်မှုအမြဲရှိသောကြောင့် မီးခေါ်သည်။။ မှီရာဝတ္ထုကို စွဲမိလျှင် သားသ္မီးပေါက်ဘွားမှု အမြဲရှိသောကြောင့် ဥတုခေါ်သည်။။ လောကမျက်မြင် မီးကိုကြည့်။။အဘယ်ကို လောင်သနည်း၊ မိမိမှီရာ မြေဓာတ်ကို အမြဲလောင်သည်၊ မြေဓာတ်ကား တေဇော၏မီးစာတည်း။ စိတ္တက္ခဏတဆယ့်ခုနစ်ချက်ရှိလျှင် မီစာမြေဓာတ်ကုန်မြဲတည်း၊ မီးစာကုန်လျှင် မီးကုန်မြဲ။။ ဥပါဒ်သည် နောက်ဌီသို့ရောက်လျှင် မြေဓာတ်ကို စွဲမိခဲမိ၏၊ စွဲမိခဲမိသည်နှင့် တစ်ပြိုင်နက် သားသ္မီးပေါက်ဘွား၏၊ ထိုသားသ္မီးကလာပ်စုကို ဥတုဇကလာပ်ခေါ်သည်။။ ဤမီးဓာတ်၏ အမြဲလောင်မှု, အမြဲရုပ်သစ် ကလာပ်သစ်ပေါက်ဘွားမှုကို မြင်နိုင်ပါမူကား ပကတိဆံပင်၌ပင် ဖြစ်မှုပျက်မှု တရွရွနေသည်ကို မြင်လိမ့်မည်၊ ဆံပင်၌ မြင်လျှင်လည်း တစ်ကိုယ်လုံး၌ ဖြစ်မှုပျက်မှု တရွရွနေသည်ကို မြင်လိမ့်။ ။ဤမီးဓာတ်၏ ပျက်မှုဖြစ်မှုသည်လည်း မီးစာမြေဓာတ်နှင့် ပျက်အတူ ဖြစ်အတူပင်တည်း။
(မီးဓာတ်ပြီး၏၊)
လေဓာတ်
မီးရှိန်ရှိလျှင် အရှိန်ရှိမြဲဖြစ်၍ ထိုဆံပင်၌ မီးဓာတ်၏ အရှိန်ဖြစ်မှု, ကြွရွမှုကြိယာသက်သက်သည် လေဓာတ်အစစ်မည်၏၊ လှုပ်ရှားခြင်းရှိမှ ထင်ရှားသည်၊ ပျက်မှုဖြစ်မှုမှာ တေဇောနှင့် တစ်ချက်တည်းပင်တည်း။
(ဝါယောလေဓာတ် ပြီး၏၊)
စတုဓာတုဝဝတ္ထာန်
လွယ်လည်း လွယ်၏၊ ခက်လည်း ခက်၏၊ ဉာဏ်စိုက်မိလျှင် လွယ်၏၊ ဉာဏ်မစိုက်မိလျှင် ခက်၏၊။ ဤသို့လျှင် ဆံပင်၌အမှုကြီး လေးပါး, ကြိယာကြီးလေးပါးကို လေးစိတ်ကွဲအောင် ဉာဏ်နှင့်ခွဲမှုသည် စတုဓာတုဝဝတ္ထာန်မည်၏၊။ဆံပင်ခေါ်သော ဒြပ်သဏ္ဌာန် ဉာဏ်၌ကွယ်ပျောက်၍သွားအောင် မြင်လေ။
ဒိဋ္ဌိဝိသုဒ္ဓိ
ဉာဏ်၌ ဆံပင်ဒြပ်သဏ္ဌာန် ကွယ်ပျောက်၍ ဓာတ်အစုသက်သက်သာ မြင်သောအခါ ဆံပင်၌အတ္တဟူ၍ စွဲလမ်းသော သက္ကာယဒိဋ္ဌိကွာလေ၏၊ ဆံပင်၌ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်ပေါက်လေ၏၊။ ဤကား ဆံပင်၌ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပုံကို စံပြချက်တည်း။။ ဤနည်းကိုမှီ၍ မိမိကိုယ်တစ်ခုလုံးကို လေးစိတ်အကွဲကြီးကွဲအောင် အားထုတ်ကြလေ။ ။မိမိကိုယ်တစ်ခု လေးစိတ်ကွဲလျှင် ရုပ်ခန္ဓာရှိသမျှမှာ ကွဲပြီးချည်းဖြစ်လေတော့သည်။။မိမိကိုယ်မှာ ဆံပင်၌ကဲ့သို့ ဉာဏ်၌ ဒြပ်သဏ္ဌာန်တွေ အကုန်ကွယ်ပျောက်၍ ဓာတ်ပုံ,ဓာတ်စု,ဓာတ်တုံး,ဓာတ်ခဲကြီး သက်သက်ထင်မြင်နိုင်သောအခါ သက္ကာယဒိဋ္ဌိကြီး ကျွတ်ကွာ၏၊ တစ်ကိုယ်လုံး၌ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် တည်ထောင်မိ၏၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ ဤပုဂ္ဂိုလ်ကိုပင် စူဠသောတာပန်အဖြစ်သို့ ရောက်ပြီဟုဆို၏။
(ဒိဋ္ဌိဝိသုဒ္ဓိအမြွက်ပြီး၏၊)
အကြောင်းတရား ၄-ပါး
ပစ္စယပရိဂ္ဂဟဉာဏ်၌ ကံ,စိတ်, ဥတု,အာဟာရ-ဟူ၍ အကြောင်းတရားလေးပါးရှိ၏၊။ပဋိသန္ဓေအခါ၌ ခက်မာမှုကြိယာ, ဖွဲ့စေးမှုကြိယာ,ပူနွေးမှုကြိယာ, ကြွရွခြင်းဟူသော ထောက်ခံမှုကြိယာ ဤကြိယာကြီး လေးခုအစုံတို့သည် ကံကြောင့်ဖြစ်ပေါ်ကုန်၏၊။ထိုလေးခုတို့တွင် ပူနွေးမှုကြိယာသည် ဥတုပေတည်း၊ သားသမီး ရုပ်ကလာပ်ပေါက်ဖွားမှုသည် အတုမရှိစွမ်းနိုင်လှသော ဓာတ်မီးကြီးပေတည်း။။မီးတောက်ကို၎င်း, မီးခဲကို၎င်း, စေ့စေ့ကြည့်ရှု၍နေလျှင် ရွရွ, ရွရွနေသည်ကို မြင်ရ၏၊ ဓာတ်မီးဟုဆိုအပ်သော ဥတု၏သားသ္မီး ပေါက်ဘွားမှုပေတည်း၊ သတ္တဝါတို့၏ သန္တာန်မှာလည်း ကံသည်ရှေးဦးစွာစ၍ ပေးရုံမျှသာတည်း၊ အစ၌ထူထောင်၍ ပေးရုံမျှသာတည်း။ ။ စ,မိသည့် နောက်၌ ကြီးပွါးစေရန်ကိစ္စမှာ ဓာတ်မီး၏တာဝန်ပေတည်း။ ။ဓာတ်ကြိယာကြီးလေးပါး ပေါ်လာသည်ရှိသော် အာဟာရဩဇာဟုဆိုအပ်သော ဓာတ်ဆီသည်လည်းပါရှိမြဲတည်း။ ဤဓာတ်ဆီသည်လည်း သားသ္မီးပေါက်ဘွားမှု၌ လွန်စွားစွမ်းနိုင်သော တရားပေတည်း။ ။လောက၌မီးသည် အဆီမျိုးနှင့်ပေါင်းမိလျှင် လွန်စွာ သားသ္မီးပေါက်ဘွား၏၊ မီးတောက်မီလှံျဖြစ်၍ထ၏၊ အဆီသည်လည်း မီးနှင့်ပေါင်းမိလျှင် လွန်စွာ သားသ္မီးပေါက်ဘွား၏၊။ဓာတ်မီးနှင့် ဓာတ်ဆီတို့ကား အဖော်အဖက်တို့ပေတည်း၊ ဆီမီး, ရေနံဆီမီး, ဖယောင်း မီးတို့ကိုကြည့်လေ။။အစစွာကံထူထောင်၍ပေးသည့်နောက် တစ်ခဏတစ်ခြား ရုပ်ကလာပ် ခန္ဓာကြီးပွါးမှုသည် ဓာတ်ဆီဓာတ်မီးတို့၏ တာဝန်ပေတည်း။
ဥပမာကား---- ညောင်ပင်ကြီးဖြစ်ရာ၌ သေးငယ်လှစွာသော ညောင်စေ့သည် အစစွာ အညှောက်ငယ်ကလေး ဖြစ်အောင် ထူထောင်၍ ပေးပေ၏၊ ထူထောင်၍ပေးသည့်နောက် ထိုညောင်စေ့ငယ်သည် ပုပ်ဆွေးပျောက်ကွယ်လေ၏၊ အစဉ်အတိုင်းကြီးပွါးမှုမှာ မြေဥတု ရေဥတုနှစ်ပါးတို့၏ တာဝန်ပေတည်း၊ မိုးကောင်းလှသောကာလ၌ လစဉ်ရွာသော မိုးရေသည် မြေနှင့်ရောနှော၍တည်နေ၏၊ မြေဥတု ရေဥတုနှစ်ပါးဖြစ်၏၊ ထိုဥတုနှစ်ပါးသည် ထိုညောင်ညှောက်ငယ်ကို အပ်ငယ် အပ်ကြီး ဝင်ရိုးလက်သန်း လက်ညှိုးသဏ္ဍာန်စသည်ဖြင့် တစ်နေ့တစ်ခြားကြီးပွါး စည်ကားစေ၏၊ သံတောင်တစ်ရာရှိသော ညောင်ပင်ကြီးဖြစ်စေ၍ အနှစ်ငါးရာ အနှစ်တစ်ထောင်တိုင်အောင် တည်စေ၏။
သတ္တဝါတို့ရုပ်ခန္ဓာ၌ ကံ၏အမှုသည် ညောင်ပင်ကြီး၌ မျိုးစေ့ငယ်၏အမှုနှင့် တူလှ၏၊ ပဋိသန္ဓေမှစ၍ အစဉ်ပါရှိ၍လာသော အတွင်းဓာတ်ဆီ ဓာတ်မီးနှစ်မျိုးသည် ညောင်ပင်၏အတွင်း ဥတုနှစ်ပါးနှင့်တူ၏၊ အမိဝမ်း၌ နေစဉ်အခါ အမိကိုယ်မှ ထိုသူငယ်၏ အတွင်းသဏ္ဌာန်ကို အတွင်ထောက်ပံ့သော အပဓာတ်ဆီ ဓာတ်မီးနှစ်ပါး, ဘွားမြင်သည့်နောက် မျိုအပ်သော အစာအာဟာရတို့မှ ထိုသဏ္ဌာန်ကို အတွင်ထောက်ပံ့သော အပဓာတ်ဆီ ဓာတ်မီးနှစ်ပါးသည် ညောင်ပင်တည်ရာ မြေတွင်းရှိ အပဥတုနှစ်ပါးနှင့် တူ၏၊ အပမှ နေ့စဉ်မျိုအပ်သော ထမင်းရေစာတို့သည် လစဉ်ရွာသော မိုးရေနှင့်တူ၏၊။ စေ့စပ်အောင်ကြံ။။
(ကံအချက်, ဥတုအချက်, အာဟာရအချက် သုံးပါးအမြွက်ပြီး၏၊)
စိတ်အချက်ကား
အထူးအားဖြင့် လှုပ်ရှားမှု, သွားမှု, လာမှု, ထမှု, ထိုင်မှု, ပြောမှု, ဆိုမှုစသည်တို့၌ အမှုအားလျော်စွာ တစ်ကိုယ်လုံး၌၎င်း, ပြုပြင်လိုရာ ကိုယ်အင်္ဂါအစိတ်၌၎င်း, ပြိုင်းခနဲ ပြိုင်းခနဲ တစ်ပြိုင်နက်ကြိယာလေးပါးဖြစ်ပေါ်ရ၏၊ ညဉ့်အခါ၌ တိုက်ခန်းတွင်းမှာ မီးထွန်းကြရာ မီးတောက်သည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံး၌ မီးရောင်တွေအပြည့် ပေါ်လာသကဲ့သို့တည်း၊ စိတ်၏အစွမ်းမျိုးဖြစ်၍ အလွန်အဟုန်ပြင်းထန် သန်စွမ်း၏ သူ့စိတ်နှင့်သူ့အမှု အသီးအသီးပေတည်း။
(စိတ်ဓာတ်၏အချက်ပြီး၏၊)
ဤသို့လျှင် ပဋိသန္ဓေ၌ ရှေးဦးစွာဖြစ်ပေါ်လာသည်မှစ၍ တစ်ဘဝလုံး ထိုဓာတ်ကြိယာ အစုအရုံး အတုံးအခဲကြီးသည် ကံ, စိတ်, ဥတု, အာဟာရ ဤအကြောင်းလေးပါးကြောင့် ဖြစ်ရ၏၊ တည်ရ၏၊။ ထိုတွင် ပြုပြင်သူ ဆိုင်ရာကြီးလေးပါးကို ခြားနား၍သိရာ၏၊ တစ်ကိုယ် လုံးသည် ဓာတ်မီးခဲကြီး ဆိုလျှင်လည်း ဟုတ်၏၊ ဓာတ်ဆီ ခဲကြီးဆိုလျှင် လည်း ဟုတ်၏၊ လူသဏ္ဌာန်မျှ တောက်၍နေသော မီးတောက်ကြီးနှင့် ဤကိုယ်ကြီးသည် တူလှ၏၊ ထိုမီးတောက်ကြီးကို စေ့စေ့ကြည့်၍နေလျှင် တရွရွတရှိန်ရှိန် ရုပ်ကလာပ်ပွား၍ နေမှုသည် ထင်ရှားလှ၏၊။ စီး၍နေသော မြစ်ရေအယဉ်ကို စေ့စေ့ကြည့်၍ နေလျှင်လည်း စိပ်စိပ် စိပ်စိပ်တရွရွပွားမှု အစဉ်သည်ထင်ရှား၏၊ တရှိန်ရှိန်တရွရွ မြင်ကြလျှင် ဆံပင်၌ပြဆိုခဲ့သော အာသဓာတ် အခြားအခြားတွေကို မြင်တတ်ကြစေ၊ အာကာသဓာတ် အခြားအခြားတွေကို မြင်တတ်မှ ဓာတ်ကြိယာ အ ဟောင်းတွေသေမှု, ဆုံးမှု, အသစ်အသစ်တွေဖြစ်မှု, ပေါ်မှု, အနိစ္စ အချက်ပေါ်နိုင်သည်။
ရေများမှ ကြာပွားသလို
---ထိုမီးတောက်ကြီး မြစ်ရေအယဉ် တို့၌ကဲ့သို့ ဤခန္ဓာကိုယ်ကြီးမှာလည်း မီးတောက်မီးလျှံပွားမှုကဲ့သို့, မြစ်ရေအယဉ်ပွားမှုကဲ့သို့ အမြဲပွား၍နေသော ဥတုဓာတ်မီးအရည်, ဥတုဇရုပ်ကလာပ် အရည်ကို၎င်း, အာဟာရာတ်ဆီအရည်, အာဟာရဇ ရုပ်ကလာပ်အရည်ကို၎င်း, တရှိန်ရှိန်တရွရွနေသည်ကို မျက်စိနှင့်မြင် သကဲ့သို့ ဉာဏ်နှင့် မြင်ကြစေရမည်၊ ပဋိသန္ဓေမှစ၍ ကမ္မဇရုပ်ကလာပ် အစဉ်မှာမူကား ထိုဥတုဇ အာဟာရဇတို့ ပွားစီးလျှင် ပွားစီး၍လိုက်၏၊ ဆုတ်ယုတ်လျှင် ဆုတ်ယုတ်၍လိုက်၏၊ ရေပွားလျှင် ကြာပွားသကဲ့သို့, ရေဆုတ်လျှင် ကြာဆုတ်သကဲ့သို့တည်း။။ လောက၌ ကိုယ်တွေ့ မျက်မြင် တွေကိုလည်း စေ့စေ့နှံ့နှံ့ သိတတ်ရသည်။
ဤကား ပရမတ်မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် ဟူသော ဓာတ်ကြိယာကြီးလေးပါးတို့၏ အစုအရုံး အတုံးအခဲကြီး၏ ဖြစ်ပွား တည်ထွန်း၍ နေပုံတည်း။
ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာ
---ဤသို့ ဖြစ်ပွားတည်ထွန်း၍ နေရာ၌ ပဋိသန္ဓေအခါ၌ အစစွာဖြစ်ပေါ်လာမှုသည် ဒိဋ္ဌိ၏အချက်, ဝိစိကိစ္ဆာ၏ အချက်ကြီးတည်း၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြသမျှသည် ထိုနေရာ၌ ကြီးကျယ်လှ၏၊ ဝိစိကိစ္ဆာ ဖြစ်ကြသမျှသည် ထိုနေရာ၌ ကြီးကျယ်လှ၏၊။ ထိုမှနောက် ဥတုအာဟာရတို့၏နယ်၌လည်း ဒိဋ္ဌိဝိစိကိစ္ဆာ ဖြစ်မြဲပင်တည်း။။ ကံမည်သည် ရှေးရှေးဘဝတို့၌ ပြုခဲ့ကြသော အမှုဖြစ်၍ ထိုပြုရာ၌ပင်လျှင် ချုပ်ခဲ့ပြီးဖြစ်၏၊ ဘုံဘဝခြားပြီးဖြစ်၏၊ ထို့ကြောင့် ပဋိသန္ဓေအချက် မည်သည် သာမညသတ္တဝါတို့ သိနိုင်မြင်နိုင်ကြသော ဌာနမဟုတ်၊ ဉာဏ် ပညာရှိကြသော နတ်ဗြဟ္မာတို့အရာ, စျာန်အဘိညာနှင့်ပြည့်စုံသော ရသေ့ရဟန်းတို့၏အရာ, အလောင်း တော်ကြီးများ၏ အရာသာတည်း၊ သာမည သတ္တဝါတို့မှာ ထိုသူတို့ ဟောကြားသော တရားမှန် အစဉ်အလာ ကို အမှီပြု၍ သိကြရကုန်သည်၊ ထိုတရားမှန် လက်စပြတ်၍ သွားသော လူမျိုး နတ်မျိုးတို့သည်၎င်း, ထိုတရားမှန်ကိုပယ်၍ ကြံကြကုန်သော အကြံသမားတို့သည်၎င်း, မိစ္ဆာဒိဋ္ဌိတွေ ဖြစ်၍နေကုန်၏၊ ဝိစိကိစ္ဆာ တွေဖြစ်၍ နေကုန်၏။
ဖြစ်ပုံကား--အဟေတုကဒိဋ္ဌိတမျိုး, ဝိသမဟေတုဒိဋ္ဌိအမျိုးမျိုး, ကာရကဒေဝကဒိဋ္ဌိအမျိုးမျိုး, ဝိစိကိစ္ဆာ ၁၆-မျိုး။
အဟေတုကဒိဋ္ဌိ
---အဟေတုကဒိဋ္ဌိဆိုသည်ကား ပဋိသန္ဓေဖြစ် ပေါ်မှု၌ ရှေးအကြောင်းဟူ၍ မရှိ၊ ကောင်းကင်ကျ, မိုးပေါ်ကျကဲ့သို့ ဖြစ်တတ်သော အလေ့ရှိ၍ ဖြစ်ပေါ်သည်ဟု အကြောင်းကို လုံးလုံး ပယ်သည်ကား အဟေတုကဒိဋ္ဌိတည်း။
ဝိသမဟေတုဒိဋ္ဌိ
---အကြောင်း မရှိသည်လည်းမဟုတ်, ရှေးကံ ကြောင့် ဖြစ်ပေါ်လာသည်လည်း မဟုတ်, ထာဝရဘုရားဘန်ဆင်း၍သာ ဖြစ်ပေါ်လာသည်၊ ပရမီသွာနတ် မင်းကြီးဖန်ဆင်းသည်၊ ဗိဿနိုးနတ် မင်းကြီး ဖန်ဆင်းသည် အစရှိသည်ဖြင့် မဟုတ်သောအကြောင်းတွေကို အကြောင်းလုပ်၍ ယူကြသော ဒိဋ္ဌိအမျိုးမျိုးသည် ဝိသမဟေတုဒိဋ္ဌိ မည်၏။
ကာရကဝေဒကဒိဋ္ဌိ
---အကြောင်းမရှိသည်လည်း မဟုတ်, ထာဝရဘုရားစသည် ဘန်ဆင်းသည်လည်း မဟုတ်, အတ္တမည်သည်ရှိ၏၊ ထိုအတ္တသည် သူပင် ရှေးဘဝတို့၌ ကုသိုလ်ကံ, အကုသိုလ်ကံကိုပြု၏၊ သူပင်နောက်ဘဝ၌ မိမိပြုခဲ့သော ကံချရာ၌ ကျရောက်၍လာ၏၊ သူကျရောက်ရာ၌ သူနေဘို့, သူခံစားဘို့ ခန္ဓာလည်း ဖြစ်ပေါ်လာရ၏ဟု ယူသည်ကား ကာရကဝေဒကဒိဋ္ဌိတည်း၊ ဤဒိဋ္ဌိကား ကံသမားတို့ အလယ်၌ ထွန်းကား၏။
ဝိစိကိစ္ဆာဆိုသည်ကား---လူဖြစ်၍လာမှုသည် ရှေးကံကြောင်း ဆိုသည်လည်း ဟုတ်လေမသိ, မဟုတ်လေမသိ၊ အကြောင်းမရှိ ဆိုသည် လည်း ဟုတ်လေမသိ, မဟုတ်လေမသိ၊ ဘယ်သူဘန်ဆင်းသည်ဆိုသည် လည်း ဟုတ်လေမသိ, မဟုတ်လေမသိ၊ အတ္တရှိသည်ဆိုသည်လည်း ဟုတ်လေမသိ, မဟုတ်လေမသိ၊ မိမိသည် ရှေးဘဝတို့၌ ကံကိုပြု၍ နောက်ဘဝ၌ ထိုကံချရာ မိမိရောက်ရသည်၊ မိမိရောက်ရာမှာ ခန္ဓာပေါ်ရ သည် ဟူသည်လည်း ဟုတ်လေမသိ, မဟုတ်လေမသိဟု ဒွိဟကြီးဖြစ်၍ နေမှုကို ဝိစိကိစ္ဆာဆိုသည်။။ သတ္တဝါဖြစ်မှု၌ ကြံရမှန်းမှ မသိသော အဟိတ်တိရစ္ဆာန်ကဲ့သို့သော ပိတ်တုံး သမားတွေ၏ ပိတ်တုံးမှုကြီးကိုကား သမ္မောဟကြီးခေါ်သည်။
ပစ္စယပရိဂ္ဂဟဉာဏ်
---ထိုအလုံးစုံကို အကုန်ပယ်ခြင်းငှါ ဤ ပစ္စယပရိဂ္ဂဟဉာဏ်ကို ထူထောင်ရသည်။။ ပယ်ပုံကား- ဗုဒ္ဓဘာသာ လူမျိုးမှန်ခဲ့လျှင် ယခုဘဝတွင် ကမ္မသကတာ သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိကို ရကြကုန်သည်ဖြစ်၍ အဟေတုကဒိဋ္ဌိ, ဝိသမဟေတုဒိဋ္ဌိတို့ ကွာခိုက်ကြုံ၏၊ ဝိစိကိစ္ဆာလည်း ကွာခိုက်ကြုံ၏၊ ယောင်တိယောင်တ သမ္မောဟသမား တို့ကား မျာကြကုန်၏၊။ ရှေးရှေးဘဝတို့၌ မိမိပြုသော ကောင်းမှု မကောင်းမှုတို့ကြောင့် နောက်နောက်ဘဝတို့၌ ကံပစ်ချရာ မိမိဖြစ်လာ ရသည်၊ မိမိပြုခဲ့သော ကံ၏အကျိုးကို မိမိခံစားရသည်၊ ကောင်းမှုကို ပြုသောသူ သုဂတိဘဝသို့ လားရသည်၊ မကောင်းမှုကို ပြုသောသူ ဒုဂ္ဂတိ ဘဝသို့ လားရသည်-ဟူသော အတ္တ အမျှင်တန်း၍နေသော ကာရက ဝေဒက ဒိဋ္ဌိကိုကား မခွါနိုင်ကြကုန်။။ အနတ္တဒေသနာကိုလည်း ကြား သိကြကုန်၏၊ ပဋိစ္စသမုပ္ပါဒ်, ပဋ္ဌာန်းတို့ကိုလည်း တတ်သိကြကုန်၏၊ စိတ်သန္တာန်၌ အရိုးစိုက်၍နေသော ထိုအတ္တဒိဋ္ဌိကြီး, ကာရကဝေဒက ဒိဋ္ဌိကြီးကိုလည်း မခွါနိုင်ကြကုန်။
သမ္မာဒိဋ္ဌိမျက်စိ
---ခပ်သိမ်းသော သတ္တဝါတို့သည် ရှေးရှေး သောဘဝတို့၌ ကောင်းမှု မကောင်းမှုကို ပြုကြ၍ နောက်နောက်သော ဘဝတို့၌ မိမိတို့ကံပစ်ချရာ ကျရောက်ကြရကုန်သည်-ဟူသော အမှတ် အထင်အမြင် အယူကြီးသည်ကား စိတ်မှာ အရိုးစိုက်ကြီးအတိုင်းပင် စိုက်လျက်ရှိကြကုန်၏၊ ဤအရိုးစိုက်ကြီးကား ကမ္မသကတာသမ္မာ ဒိဋ္ဌိကြီနှင့် ယှဉ်သည်ဖြစ်၍ ဘုရားပွင့်ရာမဟုတ်သော သာသနာပ အခါ၌ကား လမ်းရိုးလမ်းမှန်ကြီးပင်တည်း၊ ထိုအရိုးစိုက်ကြီး၌ တည်၍ လူ့ချမ်းသာ,နတ်ချမ်းသာ,ဗြဟ္မာချမ်းသာကိုရကြကုန်၏၊ ဗောဓိကြီး ဗောဓိငယ်တို့၏ ပါရမီကိုလည်း ဖြည့်ကြရကုန်၏၊ သံသရာ၌ကျင်လည်၍ နေကြကုန်သောသူတို့၏ မျက်စိကြီးပေတည်း၊ သံသရာ၌ ကျင်လည် ကြကုန်သော သတ္တဝါတို့အား ဤကမ္မသကတာဉာဏ်ဟုဆိုအပ်သော သမ္မာဒိဋ္ဌိမျက်စိကိုပင် အလွန်ရခဲ၏။
ဘာသာတစ်ပါးဒိဋ္ဌိများ
.....ယခုအခါ၌ ဗုဒ္ဓဘာသာလူမျိုး, ဟိန္ဒူ ပုဏ္ဏားဘာသာလူမျိုးတို့၌သာ ဤမျက်စိရှိ၏၊ ကြွင်းသော လူမျိုးတို့၌ မရှိ၊ အပါယ်လေးဘုံသားတို့၌လည်းမရှိ၊ အချို့ရှိသော်လည်း အသုံးမချနိုင်၊ အကြင်လူမျိုး နတ်မျိုးတို့၌ ဤမျက်စိကွယ်ပျောက်၏၊ ထိုလူမျိုး နတ်မျိုး တို့သည် အချို့ အဟေတုကဒိဋ္ဌိမျိုးဖြစ်ကြကုန်၏၊ အချို့ ဝိသမဟေတု ဒိဋ္ဌိမျိုးဖြစ်ကြကုန်၏၊ ယခုအခါ ခရစ်ဘာသာ, မဟာမက်ဘာသာ, ဘရင်ဂျီဘာသာတို့သည် ဝိသမဟေတုဒိဋ္ဌိတို့တည်း၊ အချို့သော လူတို့သည် ဘာသာအမျိုးမျိုး တို့အလယ်၌ ဝိစိကိစ္ဆာကောင် တွေဖြစ်နေ ကြကုန်၏၊ အချို့သော တောသား တောင်သားလူရိုင်းမျိုး,ကျွန်ငယ်သား လူရိုင်းမျိုး, နတ်ယုတ် နတ်ညံ့မျိုး,အပါယ်သတ္တဝါမျိုးတို့ကား ပဋိသန္ဓေ အချက်မှာ ပိတ်တုံးကြီး ဖြစ်၍နေကြသော သမ္မောဟကောင်တွေ တို့သာတည်း။
ဤမျက်စိကွယ်ဆုံးလျှင်
.....ဤမျက်စိတစ်ကြိမ် ကွယ် ဆုံး၍ သွားကြလျှင် ဤမျက်စိကို ဘဝတစ်ရာနှင့်လည်း မရနိုင်ကြကုန်၊ ဘဝတစ်ထောင်နှင့်လည်း မရနိုင်ကြကုန်၊ ဘဝတစ်သောင်းနှင့်လည်း မရနိုင်ကြကုန်၊ ဘဝတစ်သိန်းနှင့်လည်း မရနိုင်ကြကုန်၊ ဤမျက်စိကို မရသမျှကာလပတ်လုံး သံသရာလမ်းငုတ်တုတ် ကွယ်ပျောက်၍ နေကြ ကုန်၏၊ တစ်ဘဝလုံး လှုပ်လှုပ်ရွရွ ဖြစ်သမျှသော ကာယကံ, ဝစီကံ, မနောကံတို့သည် အမှောက်ကြီးမှောက်၍ သွားဖို့, အမြုပ်ကြီး မြုပ်၍ သွားဖို့, အနစ်အမွန်းကြီး နစ်မွန်း၍သွားဖို့သာ ဖြစ်ကြကုန်၏။
ဤမျက်စိဆိုသည်ကား
.....အောက်၌ငရဲကြီး ရှစ်ပြည် ထောင်တို့နှင့်တကွ အပါယ်လေးဘုံတို့သည် ရှိကြကုန်၏၊ အထက်၌ နတ်ပြည်ခြောက်ထပ် ဗြဟ္မာနှစ်ဆယ်တို့သည် ရှိကြကုန်၏၊ ဘယ်အမှု ဘယ်အမှုကိုပြုခဲ့လျှင် ထိုသူသည် အပါယ်သို့ကျ၍ ကြီးစွာသော ဒုက္ခကိုခံရ၏၊ ဘယ်အမှု ဘယ်အမှုကို ရှောင်ကြဉ်ခဲ့သော်၎င်း, ဘယ်အမှု ဘယ်အမှုကို ပြုခဲ့သော်၎င်း, နောက်ဘဝ၌ လူ့ဘုံ၌ဖြစ်၍, နတ်ပြည် ခြောက်ထပ် နတ်ဘုံတို့၌ဖြစ်၍,ဗြဟ္မာဘုံတို့၌ဖြစ်၍ ချမ်းသာသုခကို ခံစားရ၏ဟု ကောင်းမှုမကောင်းမှုကို၎င်း, လားရာဂတိကို၎င်း, နေရာကျ သိသော ဉာဏ်ပေတည်း၊ ဤမျက်စိရှိလျက်နှင့်ပင် လမ်းမှားသို့ လိုက်ကြသူ အလွန်များကုန်သေး၏၊ ဤသံသရာမျက်စိလုံးလုံးမရှိကြကုန်သော ဇာတိကန်းတို့၌မူကား ဆိုဖွယ်မရှိပြီ၊ အနမတဂ္ဂသံသရာ တစ်လျှောက် ကြီးကို မျှော်၍ကြည့်လေ၊ ဤသည်လည်း ကြောက်ဖွယ်ကောင်းလှသော သံသရာဘေးကြီး တစ်ပါးပင်တည်း၊ ဗုဒ္ဓဘာသာလူမျိုးတို့သည် ယခု ရရှိ၍နေသော ဤသံသရာမျက်စိကြီးကို နောင်ဘဝအဆက်ဆက် ကွယ်ဆုံးသည် မရှိရအောင် အားထုတ်ဖွယ် အလွန်ကောင်းလှသည်၊ ဤမျက်စိလည်း သောတာပန်အဖြစ်သို့ ရောက်မှပင် မြဲနိုင်သည်။
ဓာတ်ကြီး ၆-ပါး
.....ဘုရားပွင့်ရာသာသနာနှင့် ကြုံကြိုက်၍ အနတ္တဒေသနာ,ပဋိစ္စသမုပ္ပါဒ်ဒေသနာများကို ကြားနာခွင့်ရကြသော အခါ၌မူကား ထိုအရိုးစိုက်ကြီးအတိုင်းနှင့် မနေရကြကုန်၊ မိမိယူသော အတ္တအမျှင်ကြီး တန်းလန်း ပါရှိသည့်အတွက် မဂ်အန္တရာယ်, ဖိုလ် အန္တရာယ်ကြီးတည်း။။ထိုကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၍ မိမိကိုယ်ခန္ဓာ၌ ပရမတ် ဓာတ်ကြီးလေးပါး လေးစိတ်လေးမြွာ ခြားနားစွာမြင်ပြီးသော သူသည် ရှေးဦးစွာပဋိသန္ဓေ၌ ဒိဋ္ဌိဝိစိကိစ္ဆာ သမ္မောဟတရားတို့ကို ဉာဏ်နှင့် သုတ်သင်ပယ်ရှားရာ၏၊ ပယ်ရှားပုံကား ပဋိသန္ဓေ၌ ရှေးဦးစွာ ဖြစ်ပေါ်သော ခက်မာမှုကြိယာသည် ထိုအခါ၌သာ ဥပါဒ်စွန်းနှင့်တကွ ဖြစ်ပေါ်သော ကြိယာတည်း၊ ရှေးဘဝက ကူးပြောင်း၍ လာခဲ့သည် မဟုတ်၊ ထို့အတူ ထိုခက်မာမှုကြိယာကို မှီ၍ဖြစ်သော ဖွဲ့စေးမှုကြိယာ, ပူနွေးမှုကြိယာ, ပွရွမှုကြိယာတို့သည်လည်း ထိုအခါ၌သာ ဥပါဒ်စွန်းနှင့် တကွ ဖြစ်ပေါ်ကြသော ကြိယာတို့သာတည်း၊ ရှေးဘဝက ကူးပြောင်း၍ လာကြသည် မဟုတ်ကုန်ဟု ဖြစ်ပေါ်မှုဥပါဒ်စွန်းကို သိမြင်ရာ၏၊။ ထို့အတူ ထိုဓာတ်ကြိယာကြီး လေးပါးနှင့်အတူတကွ ဖြစ်ပေါ်သော ပဋိသန္ဓေဝိညာဏ်၏ ဥပါဒ်စွန်းကိုလည်း သိမြင်ရာ၏၊။ ဓာတ်ဆီဟူ သော အာဟာရဓာတ်ကိုလည်း ထို့အတူ သိမြင်ရာ၏။
(ဓာတ်ကြီးခြောက်ပါးပြီး၏၊)
ဒိဋ္ဌိစသည်ပယ်ပုံ
...သစ်တပင်မှ သစ်တပင်သို့ ကူးပြောင်း သောငှက်ကဲ့သို့ ဤဓာတ်ခြောက်ပါးသည်လည်း ရှေးဘဝမှ ဤဘဝသို့ ကူးပြောင်း၍လာနိုင်သော အတ္တမျိုးမဟုတ်၊ ဤဘဝတွင်မှ အသစ်ဖြစ် ပေါ်မှု ထင်ရှားရှိသော နိသတ္တ နိဇိဝ အနတ္တဓမ္မတို့သာတည်း၊ ဤဓာတ် ခြောက်ပါးအပြင်လည်း ထိုပဋိသန္ဓေအထဲမှာ ရှေးဘဝက ကူးပြောင်း၍ လာခဲ့သော ပုဂ္ဂိုလ် သတ္တဝါအတ္တဇီဝဟူ၍ အသီးအခြား မထင်မမြင်မရှိ။ ဤသို့ သန့်ရှင်းစွာမြင်၍ ပဋိသန္ဓေ အခိုက်၌ ငါသည် ရှေးဘဝမှ နောက်ဘဝသို့ ကူးပြောင်း၍လာသည်ဟူသော အမှတ်မှား အထင်မှား အမြင်မှား အယူမှား အစွပ်မှား အစွဲမှား ဒိဋ္ဌိကြီးကို စိတ်သန္တာန်မှ ပယ်ရှားရာ၏၊ ပြောင်းလာသည်လည်း မသိ မပြောင်းလာသည်လည်း မသိ-ဟူသော ဝိစိကိစ္ဆာကြီးကိုလည်း ပယ်ရှားရာ၏၊ ဘာမှန်းမှ သက် သက်မသိသော သမ္မောဟတရားကြီးကိုလည်း ပယ်ရှားရာ၏။
ထို့နောက် ထိုဓာတ်ကြီးခြောက်ပါးသည် ဘယ်အကြောင်းကြောင့် ဖြစ်ရသနည်းဟု အကြောင်းကို ရှာခန်းဆိုက်၏၊ ထိုအခါ ရှေးကံ ကြောင့်ဖြစ်၏၊ ထိုရှေးကံသည်လည်း စေတနာတရားဖြစ်၍ ထိုဘဝ၌ ချုပ်ဆုံးခဲ့ပြီ၊ ထိုကံဖြစ်သောအခါ၌လည်း ဓာတ်ခြောက်ပါးနှင့် စေတနာ မျှသာရှိ၏၊ ကံကိုပြုတတ်သော ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝဟူ၍ သီးခြားမရှိ။ ဤဘဝပဋိသန္ဓေ အတွင်းမှာလည်း အကျိုးကိုခံစားရန် ထိုဘဝမှကူး ပြောင်း၍လာသော ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဇီဝမရှိ၊ ဓာတ်ခြောက်ပါးသာ ရှိ၏ဟု ဉာဏ်၏ဆုံးဖြတ်မှုကို သန့်ရှင်းစွာပြုနိုင်သည်ရှိသော် ကာရက ဝေဒကဒိဋ္ဌိကွာလေ၏၊ ရှေးကံကြောင့်ဖြစ်သည်ဟု ဉာဏ်၏ဆုံးဖြတ်ခြင်း ကို ရသဖြင့် အဟေတုကဒိဋ္ဌိ ဝိသမဟေတုဒိဋ္ဌိ သမ္မောဟကြီးတို့သည် လွင့်စင်ကြကုန်တော့သည်။ ဤသို့ဉာဏ်၌ ရှေးဘဝနောက်ဘဝ ကူးမှု ပြောင်းမှုအမျှင်ပြတ်၍ ဥပါဒ်စွန်းတိတိနှင့် ဓာတ်စုဓာတ်ခဲ ဖြစ်ပေါ်၍ လာမှုကို ကောင်းစွာမြင်ရာ၏။
နွယ်ရှည်ကြီးသဘွယ်
...လွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ၌ မိမိဘဝတွေကို ပြန်၍မြော်လိုက်သော်၎င်း, နောက်အနာဂတ် ဘဝစုကို မြော်လိုက်သော်၎င်း, တစ်ဘဝမှ တစ်ဘဝကူးပြောင်းသော အခြင်းအရာ အမျှင် ရှင်းရှင်းပြတ်သဖြင့် ထက်လှစွာသော ဓားသန်လျှက် ဖြင့် တစ်ထွာစီ တစ်မိုက်စီ အတိုအတိုတွေ ခုတ်ဖြတ်ထိစပ်၍ ထားအပ်သော နွယ်ရှည်ကြီး အပိုင်းအပိုင်းတွေကို မြင်သကဲ့သို့, ဘဝအပိုင်း အပိုင်းတွေကို မြင်ခဲ့လျှင် ပဋိသန္ဓေ၌ ကင်္ခါဝိတရဏဉာဏ် ထင်မြင်၏၊ ငါဟူသော ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝ အသက်ဝိညာဏ် ကူးမှုသန်းမှု အမျှင်တန်းလျက် စိတ်မှာထင် နေသေးလျှင် ကင်္ခါဝိတရဏ ဉာဏ်မထမြောက်သေး။ ပဝတ္တိအခါ၌ ပဋိသန္ဓေခဏကို လွန်ခဲ့သည့်နောက် အမိဝမ်း၌ဆယ်လစေ့၍ ဘွား၏၊ ဘွားမြင်သည်မှစ၍ အနှစ်တစ်ရာတိုင်အောင် နာရီတွေကို စဉ်၍ထား၊ ပရမတ်မြေဓာတ် အစစ်ဖြစ်သော ခက်မာမှုကြိယာ တစ်ခုကို အနှစ် တစ်ရာ တန်း၍ကြည့်။
ငယ်ထိပ်မှစ၍ ခြေဘဝါးတိုင်အောင် အတွင်းအပြင် တစ်ကိုယ် လုံး၌ အပြည့်ရှိနေသော ထိုခက်မာမှု ကြိယာသည် အနှစ်တစ်ရာပတ်လုံး ဘယ်လိုမှ လှုပ်ရှားခြင်းမရှိ၊ အမူအရာ ပြောင်းလဲခြင်းမရှိ၊ ပဋိသန္ဓေက ဖြစ်၍ လာခဲ့သည့်အတိုင်း နိစ္စအနေနှင့် အမြဲတည်နေသလောဟုကြည့်။ ဣရိယာပုထ် ပြောင်းလဲမှုအတွက်နှင့် တစ်ကိုယ်လုံးသွက်သွက်ခါ လှုပ်ရှား ၍ ဦးခေါင်းတစ်ခုလုံး၌ ခက်မာမှု အမူအရာကြိယာတွေ အဆင့်ဆင့် ပြောင်းလဲမှုတွေ ရင်တွင်း ဝမ်းတွင်း ခါးတွင်း ပေါင်တွင်း သလုံးမြင်း ခေါင်းတွင်း စသည်တို့၌လည်း လှုပ်ရှားမှုနှင့်ခက်မာမှု အမူအရာကြိယာ တွေ အဆင့်ဆင့် ပြောင်းလဲမှုတွေကို မြင်လိမ့်မည်။ အလွန်နုလှ စိတ်လှ လျင်မြန်လှသော ပြောင်းလဲမှုတွေကို မြင်လိမ့်မည်။ အနှစ်တစ်ရာ မဆိုထားနှင့်ဦး၊ တစ်နေ့တစ်ရက်စာ တန်း၍ကြည့်လျှင်ပင် ဣရိယာပုထ် ပြောင်းလဲမှု အတွက်နှင့် ခက်မာမှု ကြိယာတွေ ပြောင်းလဲမှုကို များစွာ မြင်လိမ့်မည်။ ခက်မာမှုကြိယာတွေ ပြောင်းလဲမှုကို မြင်ခဲ့လျှင် ကြွင်းသော အမူ အရာသုံးခုတို့ ပြောင်းလဲမှုတွေကိုလည်း မြင်နိုင်တော့သည်။ နောက် နောက်အမူအရာ အသစ်အသစ်တို့သည် ဥပါဒ်အစွန်း ကိုယ်စီနှင့်တကွ အဆင့်ဆင့်ဖြစ်ပေါ်ကြကုန်၏၊ ရှေးအမူအရာဟောင်း အမူအရာသစ်တို့ အထဲမှာလည်း ပကတိအတိုင်းနှင့် ကူးပြောင်းလိုက်ပါ၍ နေနိုင်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝဟူ၍ အသီးအခြားမရှိ။
ဤသို့သန့်ရှင်းစွာ ထင်မြင်၍ ပဝတ္တိအခါတွင် တစ်နေ့တစ်နေ့မှာ အကြိမ်းများစွာ ဣရိယာပုထ် ပြောင်းလဲရာတို့၌ ရှေးရှေးဣရိယာပုထ်မှ နောက်နောက်ဣရိယာပုထ်သို့ ငါကူးပြောင်းသည်, ငါသည်ပင် အိပ်ရာမှ ထိုင်သည်, ထိုင်ရာမှထသည်, ရပ်သည်, ရပ်ရာမှ သွားသည်, ခြေလှမ်း များစွာနှင့် ငါသည်ပင်လျှင် ဘယ်ကိုသွားသည်၊ ဘယ်ကလာခဲ့သည်၊ ငါသည် ကွေးသောလက်ကို ဆန့်သည်၊ ဆန့်သောလက်ကို ကွေးသည်၊ ဤသို့စသည်ဖြင့် အမှတ်မှား အထင်မှား အမြင်မှား အယူမှား အစွပ်မှား အစွဲမှား ဒိဋ္ဌိကြီးကို စိတ်သန္တာန်မှ ပယ်ရှားရာ၏၊ ရုပ်ဟူ၍ နာမ်ဟူ၍ ဓာတ်ဟူ၍ မြေဓာတ်ဟူ၍ ရေဓာတ်ဟူ၍ သက်သက်မသိသော သမ္မောဟတရားကြီးကို ပယ်ရှားရာ၏၊ ထို့နောက် ထိုထိုဣရိယာပုထ်တို့၌ အသစ်အသစ် တစ်မျိုးတစ်မျိုး ဖြစ်ပေါ်ကြသော အမူအရာသစ်တို့သည် ဘယ်အကြောင်းကြောင့် ဖြစ်ကြကုန်သနည်းဟု အကြောင်းကို ရှာခန်း ဆိုက်၏၊ ထိုအခါ ထိုထိုဣရိယာပုထ် ရုပ်ဓာတ်အမူအရာ တို့ကိုပြုလိုသော စိတ်ကြောင့်၎င်း, ထိုအမှုအားလျော်စွာ အဟုန်နှင့်တကွ ထောက်၍ ထသော ဥတုဓာတ်မီးတို့ကြောင့်၎င်း ဖြစ်ကုန်၏၊ ထိုစိတ် ထိုဓာတ်မီး တို့လည်း သူ့ဣရိယာပုထ်နှင့်သူ ချုပ်ကြ ပျက်ဆုံးကြကုန်၏။
ရှေးရှေးသော ဣရိယာပုထ်တို့လည်း ရှေးရှေးဖြစ်သော စိတ်ဥတု တို့နှင့် ထိုအမူအရားကြီး လေးပါးတို့သာ ရှိကုန်၏၊ ထိုတရားတို့အပြင် ဣရိယာပုထ်ကို ပြုလုပ်သူ, ဣရိယာပထ သုခ ဒုက္ခကို ခံစားသူပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, ကာရက, ဝေဒကဟူ၍ အဏုမြူမျှမရှိ၊ နောက် နောက်ဣရိယာပုထ် ရုပ်ကြိယာတို့လည်း နောက်နောက်ဖြစ်သော စိတ်ဥတုတို့နှင့် နောက်နောက်ဖြစ်သော ထိုအမူအရာ လေးပါးတို့သာ ရှိကုန်၏၊ ထိုတရားတို့အပြင် ဣရိယာပုထ်ကို ပြုလုပ်တတ်သူ ဣရိယာပထ သုခ, ဒုက္ခကို ခံစားသူပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, ကာရက, ဝေဒကဟူ၍ အဏုမြူမျှမရှိဟု ဣရိယာပုထ်တွေ အပိုင်းအပိုင်း ဖြစ်၍ကုန်အောင် ဉာဏ်၌ဆုံးဖြတ်မှုကို သန့်ရှင်းစွာပြုနိုင်သည်ရှိသော် ကာရက, ဝေဒက, ဒိဋ္ဌိကွာလေ၏၊ ထိုဣရိယာပုထ်တို့၌ အသီးအသီး အသစ်အသစ် ဖြစ်ပေါ် ကြကုန်သော မာမှု ဘွဲ့စေးမှု ပူမှု အေးမှု ကြွရွလှုပ်ရှားမှုဟူသော ဓာတ် ကြိယာကြီးတို့သည် အသီးအသီးသော စိတ်ဥတုတို့ကြောင့် ဖြစ်ကြ ကုန်၏ဟု ဉာဏ်၏ဆုံးဖြတ်ခြင်းကို ရသဖြင့် အဟေတုကဒိဋ္ဌိ ဝိသမ ဟေတုဒိဋ္ဌိ သမ္မောဟတရားကြီးတို့သည် လွင့်စင်ကြကုန်တော့သည်၊ ဤသို့ ဉာဏ်၌ ရှေ့ဣရိယာပုထ် နောက်ဣရိယာပုထ်က ပြောင်းသူ ငါဟူ၍မရှိဟု အမျှင်ပြတ်၍ ဥပါဒ်စွန်း ကိုယ်စီနှင့် ဓာတ်စုဓာတ်ခဲသာ ဖြစ်ပေါ်၍နေမှုကို ကောင်းစွာမြင်ရာ၏၊ ကူးပြောင်းသူ ပုဂ္ဂိုလ်သတ္တဝါ ငါဟူ၍ အမျှင်တန်းလျက် ထင်မြင်ချက်ရှိနေလျှင် ကင်္ခါဝိတရဏဉာဏ် အပိုင်သေး။
ဤကား ကြံသာရုံမျှ အကျဉ်းပြလိုက်သော ကင်္ခါဝိတရဏဝိသုဒ္ဓိ အစီအရင်တည်း။
(အကျယ်ကိုမူကား ငါတို့စီရင်သော လက္ခဏဒီပနီ,ဝိဇ္ဇာမဂ္ဂဒီပနီ, အာဟာရဒီပနီ စာအုပ်ငယ်များမှာ ကြည့်လေ။ )
ဤသို့လျှင် ကင်္ခါဝိတရဏအလုပ်ကို ထမြောက်ပေါက်ရောက် အောင်အားထုတ်နိုင်ကြ၍ အဟေတုကဒိဋ္ဌိ, ဝိသမဒေတုဒိဋ္ဌိ, ယခုလူရှင် များမှာရှိကြသော ကာရကဝေဒကဒိဋ္ဌိ, ဘယ်ဟာ ဟုတ်မည် မသိဟု ဒွိဟဖြစ်နေသော ဝိစိကိစ္ဆာ, ဘာမှန်းမှသက်သက် မသိသော သမ္မောဟ တို့မှကင်းလွတ်ကြသည်ရှိသော် ယခုဘုရားသာသနာ၌ပင်လျှင် ယခုဘဝ၌ သော်၎င်း မချွတ်မလွဲ အမြဲဧကန်ဘုံစဉ်စံအရိယာ မဟာသောတာပန်ကြီး အဖြစ်သို့ရောက်နိုင်ကြရန် စူဠသောတာပန်ဖြစ်ကြလေကုန်၏၊ ဤကား ဝိသုဒ္ဓိမဂ် အဋ္ဌကထာကြီးအလိုတည်း။
ဤစူဠသောတာပန်ကား ရှေ့စူဠသောတာပန်ထက်ရင့်၏။
ဤကင်္ခါဝိတရဏဝိသုဒ္ဓိထမြောက်၍ လက္ခဏာရေးသုံးပါးအလုပ်မှားကို အားထုတ်လိုကြကုန်သော သူတို့သည် ငါတို့စီရင်သော ရှေး၌ပြဆိုခဲ့ပြီး သော ကမ္မဋ္ဌာန်းစာအုပ်ငယ်အများ,တပါးသော ပညာရှိတို့စီရင်ကြသော ကမ္မဋ္ဌာန်းစာအုပ်များကို ကြည့်ရှုကြလေကုန်။
(ယခုကာလ၌ ဝိပဿနာအလုပ်ကို အထင်အမြင့်အောင် မလုပ် နိုင်ကြလုပ်လိုသော စိတ်ဆန္ဒပင် မရှိနိုင် ဖြစ်နေကြသည်မှာ ဘယ် တရားအတွက်ဟု အချက်ကျသိလိုကြလျှင် ဗောဓိပက္ခိယဒီပနီကို ကြည့် ရှုကြလေ။)
ဤသို့လျှင် သံသရာ၌ အလွန်ယုတ်မာလှစွာသော ဝဋ်ဆိုးကြီး သုံးပါး ဘေးဆိုးကြီးနှစ်ပါး သံသရာလမ်း မျက်စိကန်းမှုနှင့်တကွ ဘေးကြီး သုံးပါး ဤတရားတို့ကို တွေ့ကြုံသိမြင်ကြောက်လန့် စက်ဆုပ်ကြလှ ကုန်သည်ဖြစ်၍ မြတ်စွာဘုရားသာသနာတော်နှင့် တွေ့ကြုံကြရလျှင် ထိုအဆိုးအဝါးကြီးတို့မှ လွတ်ငြိမ်းသောအခွင့်ကို ရကြကုန်လိမ့်မည်ဟု မြော်ခေါ်ထင်စား အားကိုးအားကျလျက် ဘဝများစွာ ကမ္ဘာအဆက် ဆက်တို့က ဒါန သီလ ဘာဝနာ ပတ္ထနာ ဆုတောင်းတို့ကို ကောင်းစွာ အားထုတ်၍လာကြကုန်သည် ဖြစ်ပါလျက် ယခုဘုရားသာသနာနှင့် တွေ့ကြုံကြ သောအခါ ထိုအခွင့်ကို မရကြကုန်သေးဘဲနှင့် ဖြစ်တတ် သမျှသော ဒါန သီလ ပရိယတ္တိဓမ္မတို့၌ စိတ်ချ တင်းတိမ်၍ နေကြကုန် သည်များမှာ အားမရလောက်သည်၌ အားရတင်းတိမ်၍နေသော သော မနဿယုတ်, အလွန်ပျော်မွေ့ထိုက်သော သမထဝိပဿနာဘာဝနာ လုပ်ခင်းတို့၌ ပျင်းရိငြီးတောက် အခြောက်တိုက် ခုခံ၍နေသော ဥပေက္ခာ ယုတ်, ဤတရားနှစ်ပါးတို့သတ်မှုပင်တည်းစု သိမြင်ကြကုန်သော ပညာရှိသူတော်ကောင်း အပေါင်းတို့သည် ထိုတရားတို့ကို ပယ်ရှား သုတ်သင်ကုန်ကြ၍ ယခုဘုရားသာသနာ၌ပင်လျှင် ရည်သန်ရင်း စခန်း သို့ လှမ်းနိုင်ရန် ဂတိများစွာကြီးရှိသေးသည်ကို သတိရကုန်ကြသဖြင့် ယခုအခါ နတ်ရွာ ခြောက်ဆင့်မှမြော်လင့် စောင့်စား၍ နေကြပေကုန် သော ဘုံစဉ်စံအရိယာ မဟာသောတာပန် အညာဆန်တို့နှင့် လူ့ထံက အပြောင်း နောက်ဘဝ ဇာတ်ပေါင်းကြရအောင် ကောင်းမြတ်သော သောမနဿ ဥပေက္ခာနှစ်ပါးတို့ကို ကြိုးစားအားသစ်၍ဖြစ်မြောက်အောင် ထူထောင်ကြကုန်ရာသတည်း။
အမိပမာ ရှင်သာရိပုတ္တရာ....
ယခုအခါ သောမနဿ ဆရာ ဥပေက္ခာဆရာဦးတို့၏ ဂုဏ်ကျေးဇူးကို ပြပေအံ့၊ တစ်ရံရောအခါ မြတ်စွာဘုရားသည် ရဟန်းပရိသတ်ကြီးအလယ်၌ ဤသို့သောစကားကို ဟောကြားတော်မူပေ၏၊ ငါ၏ချစ်သား ရဟန်းများတို့, သာရိပုတ္တရာ မောဂ္ဂလာန်တို့ကို ကောင်းစွာဆည်းကပ်ကြကုန်လော၊ သာရိပုတ္တရာသည် ဤသတ္တဝါအပေါင်းတို့၏ အမိသဘွယ်ဖြစ်ပေ၏၊ သာရိပုတ္တရာသည် အဘယ်သိုလျှင် သတ္တဝါအပေါင်းတို့၏ အမိသဘွယ်ဖြစ်သနည်းဟူမူကား အမိသည်ငယ်ရွယ်လှစွာသော သားကိုဘာသာလျောက်လျား သွားတတ် စားတတ် နေတတ် ထိုင်တတ်ရှိသည်တိုင်အောင် စောင့်ရှောက် မွေးမြူ ပေ၏၊ ထိုအတူ သာရိပုတ္တရာသည် ကရုဏာထက်သန်သဖြင့် အပါယ်မှ ထွက်မြောက်အောင်ရှာက ကယ်တင်ပေ၏၊ ထို့ကြောင့် သာရိပုတ္တရာသည် ဤသတ္တဝါအပေါင်းတို့၏ အမိသဖွယ်ဖြစ်ပေ၏။
အဘသဏ္ဌာန် ရှင်မောဂ္ဂလ္လာန်....
မောဂ္ဂလ္လာန်သည် အဘယ်သို့လျှင် ဤသတ္တဝါအပေါင်းတို့၏ အဘသဏ္ဌာန်သဖွယ်ဖြစ် သနည်းဟူမူကား အဘသည် အမိလက်လွတ်ရသောသားငယ်ကို လိမ္မာ ဘွယ် ချမ်းသာဘွယ် အသွယ်သွယ်နည်းလမ်းဖြင့် လူတို့တန်းပြောင် မြောက်အောင် စောင့်ရှောက်သွန်သင်ပေ၏ ထို့အတူ မောဂ္ဂလ္လာန်သည် အဘိဓမ္မာဉာဏ် လွန်ထက်သန်သဖြင့် သောတာပန်အဖြစ်သို့ရောက်၍ ဝမ်းမြောက်အားရစိတ်စက်ချ၍ နေကြကုန်သော သတ္တဝါအပေါင်းတို့ကို အဘိဓမ္မာအချက် အလွန်နက်သော အထက်တရားကြီးတွေကို ဟော ကြားညွန်ပြ၍ အထက်မဂ် အထက်ဖိုလ်သို့ ရောက်အောင်ချီးမြှောက် ဆုံးမပေ၏ ထို့ကြောင့် မောဂ္ဂလ္လာန်သည် ဤသတ္တဝါအပေါင်းတို့၏ အဘသဖွယ်ဖြစ်ပေသည်ဟူ၍ ပရိတ်သတ်အပေါင်းတို့အား ဟောကြား တော်မူပေ၏။
စပ်ဟပ်ပုံ....ဤအရာ၌ သောမနဿဆရာသည် အရှင် သာရိပုတ္တရာနှင့် တူလှပေ၏၊ ဥပေက္ခာဆရာသည် အရှင်မောဂ္ဂလာန်နှင့် တူလှပေ၏၊ အဘယ်သို့တူလှသနည်းဟူမူ အရှင်သာရိပုတ္တာသည် ကရုဏာဓမ္မအားကြီးလှသဖြင့် ဝေနေယျအကြိုက် ဓာတ်စရိုက်ကို လိုက်လျောဖြောင်းပြလျက် ပုထုဇဉ်ဘာဝ နုလှသောသတ္တဝါတွေကိုပင် ပါလာအောင် ဖြားယောင်း၍ အပါယ်ကြောင်းခရီးမှ ချီးမြှောက် ကယ်တင်တော်မူ၏၊ ထို့အတူ သောမနဿဆရာသည် ကရုဏာဓမ္မ ထက်သန်လှသဖြင့် ဝေနေယျအကြိုက် ဓာတ်စရိုက်ကို လိုက်လျော ဖြောင်းပြလျက် ယခုကာလ နုသည် ထက်နုလှသော ဝေနေယျသတ္တဝါ တွေကို ပါလာအောင်ကြံဖန်လျက် သုတ္တန်တော်အလို ရွှန်းရွှန်းစို မွန်မြတ်သည့် သောမနဿတရားဖြင့် လေးပါးသော အပါယ်ချောင်မှ ထုတ်ဆောင် ကယ်တင်ပေ၏၊ ဥပေက္ခာဆရာသည် အဘိဓမ္မာဉာဏ် လွန်ထက်သန်သဖြင့် လောကဓံလေဝှေ့လျှင် ဆွေ့ဆွေ့ခုန်လှုပ်တတ် သော သောမနသ်တရားမျှနှင့် အားရ၍မနေအောင် အဘိဓမ္မာအထွက် ဥက္ခောအနက်ဖြင့် ကောင်းသည်ထက် ကောင်းကြအောင် ဆုံးမ ကယ် တင်ပေ၏။
ထို့ကြောင့် ပြည်ရွှေတောင်မြို့သား ငါတို့ထံစာပါး၍ လျှောက်ထား သူ ဒါယကာတို့မှာ သုတ္တန်အဘိဓမ္မာ ကျမ်းဂန်၌ လိမ္မာသော ဆရာတော် နှစ်ဦး၏ ကျေးဇူးကို သိကြ၍ မိဘ၏အလား ဆရာမြတ်နှစ်ပါးကို ဆပွား တိုးတက် ဇောသဒ္ဓါထက်ထက်နှင့် တစ်သက်လုံး ကိုးကွယ်ကြစေကုန် သတည်း။
သုတ္တန်အဘိဓမ္မာ အသီးသီလိမ္မာကြသော ကျမ်းဆရာနှစ်ပါး တို့မှာလည်း ထင်ရှားစွာ ပြောပြလိုက်သော သောမနဿဥပေက္ခာ သဘာဝနှစ်ဘက် ဤစာတန်းအထွက်ကို ကြည်သက်တော်မူကြ၍ စရိယဒေသနာတွင်
ဝိဝါဒံ ဘယတော ဒိသွာ၊ အဝိဝါဒဉ္စ ခေမတော။
သမဂ္ဂါ သခိလာ ဟောထ၊ ဧသော ဗုဒ္ဓါနုသာသနီ။
ဟူသော ဩဝါဒဂါထာ ဒေသနာအရှိကို သိမြင်ရင်းဖြစ်ကြ၍ ဝိဝါဒမနော သူ့ထက်ငါ သဘောများကို ချောမောစွာ အငြိမ်းပညာနှင့် ချုပ်ထိန်း၍ ရုတ်သိမ်းတော်မူကြပါစေကုန်သတည်း။
ဆုတောင်း
ပုညေနေတေန သေဋ္ဌေသု၊ ဓမ္မေသု သောမနဿိနော။
ဥပေက္ခိနော စ မောဒန္တု၊ ဥဘော ဧကာ ဘဝန္တုတေ။
ဧတေန ပုညေန=သောမနဿုပေက္ခာ ဝေဒနာနှစ်ပါးကို ရှင်လူ အများ သဒ္ဓါပွားအောင် ထင်ရှားစွာ ပြောပြရသော ကောင်းမှုကြောင့်၊ သောမနဿိနောစ=သောမနဿကြိုက် စရိုက်စင်ဖြူ ရှင်လူအပေါင်း တိုသည်၎င်း၊ ဥပေက္ခိနောစ=ဥပေက္ခာကြိုက်၊ စရိုက်စင်ဖြူ ရှင်လူ အပေါင်းတိုသည်၎င်း၊ သေဋ္ဌေသုဓမ္မေသု=အမြင့်အမြတ် ဖြစ်ကုန်သော သောမနဿတရား ဥပေက္ခာတရားတို့၌၊ မောဒန္တု=မွေ့လျော် နိုင်ကြ ပါစေကုန်သတည်း၊ ဥဘော=နှစ်ဦးနှစ်ဘက် ဖြစ်ကြကုန်သော၊ တေ= ထိုသောမနဿကြိုက်, ဥပေက္ခာကြိုက် စရိုက်ဖြူစင် လူရှင်အပေါင်း တို့သည်၊ ဧကာ=ရွှေနှစ်ပြားကို အခြားမလပ် ဂဟေစပ်သို့ ကြေနပ်ရုံးစည်း တလုံးတည်း ညီညွတ်ကြကုန်သည်၊ ဘဝန္တု=ဖြစ်ကြပါစေကုန်သတည်း။
နိဂုံး
ဤတွင်ရွှေ့ကား ပျဉ်းမနားမြို့နေ မိတ်ဆွေကလျာဏဖြစ်ကြသူ လူသမာဓိအသင်းတို့နှင့် ပျဉ်းမနားမြို့အုပ် မောင်ဘိုးမြ ကြောင့်ကြ စိုက်ထုတ် ဆောက်လုပ်တင်လှူအပ်သော အင်ကြင်းမြိုင်စန်း ဝါဆိုစင်္ကြ ကျောင်း၌ သီတင်းဝါကပ်ဆိုနေကြစဉ် ရွှေတောင်မြို့ တိုက်သူကြီး မောင်အောင်လှ, ဆရာမောင်သာမောင်, ၎င်းမြို့နေ ကိုစံမြ, ဆရာ မောင်မှတ်ကြီး, ဆရာမောင်ညို, မောင်နုဆိုသူတို့ တောင်းပန်လျှောက် ထားချက်အရနှင့် မုံရွာမြို့ လယ်တီတောရကျောင်းဆရာ ငါတို့ဖြေဆို အပ်သော သောမနဿုပေက္ခာကထာအပ်သော သောမနဿုပေက္ခာကထာ ခု၊ ဝါခေါင်လဆန်း ၈-ရက်နေ့တွင် အောင်မြင် ပြီးစီးသတည်း။
သောမနဿုပေက္ခာဒီပနီကျမ်းပြီး၏။
--------- * --------
Comments
Post a Comment