Skip to main content

အလင်းကျမ်း

အလင်းကျမ်း

နိဒါန်း

မာတွံစုတိံ အတိက္ကန္တော၊ မာတု ထညရသံ ပိဝ” သင်သည် သေလွန်ပြီးနောက်အဖို့ အမိနို့ကို မစို့ချင်နှင့်

အမိနို့မစို့နဲ့

မာတွံစုတိံ အတိက္ကန္တော၊ မာတုထညရသံပိဝ- ဟူသော ပါဠိအလာကို မြန်မာဘာသာပြန်ဆိုပါသော် “သင်သည် သေလွန်ပြီးနောက်အဘို့၌ အမိနို့ရည်ကို မသောက်စို့ပါနှင့်” ဟု ဆိုလိုရာ အဓိပ္ပါယ် အကျယ်မှာမူ သင်သည် ဤဘဝသံသရာ၌သာ ကျင်လည်ပါစေ၊ နောက်ဘဝသံသရာ ဆက်လက်၍ မကျင်လည်ပါစေနှင့်၊ ဤဘဝသံသရာမှာပင် နောင်သံသရာ၌ ကျင်လည်စေကြောင်း အဝိဇ္ဇာစသော တရားအပေါင်းကို ကောင်းကောင်းကြီးရှင်းလင်း၍ အလင်းဉာဏ်ပေါက်အောင် အားထုတ်လိုက်ပါဟု ဆိုလိုပေကြောင်း။

မထင်မမြင်

ဤစကားတော်အရ အမိနို့ရည်ကို စို့ရသမျှသည် သံသရာ၌ ကျင်လည်ရသည်သာဖြစ်ရာ --- သို့ကျင်လည်ရခြင်း၊ အမိနို့ရည်ကို စို့ရခြင်းတို့မှာလည်း စင်စစ် သံသရာ၏ အပြစ်ကို မမြင်နိုင်ခြင်း၊ အမိနို့ရည်စို့ရခြင်းတို့၌ ဆက်နွယ်သော သံသရာ့ဒုက္ခတို့ကို မထင်နိုင်ခြင်းတို့ကြောင့်ပင် ဖြစ်ပေကြောင်း။

အမှောင်ခွင်းအလင်းဉာဏ်

ထိုသို့မမြင်နိုင်၊ မထင်နိုင်ခြင်း၏ အကြောင်းရင်းမှာကား အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကြီးဖုံးလွှမ်းနေမှုကြောင့်သာ ဖြစ်ပေရာ ---- အမိနို့ရည်ကို မစို့ရတော့ဘို့ သံသရာ၌ မကျင်လည်ရတော့ဘို့မှာ ထို အဝိဇ္ဇာ မှောင်မိုက်ကြီးကို တိုက်ခွဲဖြိုခွင်းဘို့၊ တိုက်ခွဲဖြိုခွင်း၍ အလင်းဉာဏ် ရောင်ရဘို့သာ အရေးကြီးလှပါသည်။

ပုံနှိပ်ထုတ်ဝေ

သို့ဖြစ်ပါ၍ မဟာတမ မှောင်လှ အမိုက်ဖျက်တိုက်ဘို့ရာ အလင်းရောင်ဓာတ်မဟာသည် ဘယ်နှစ်ဖြာ ဘယ်နှစ်ပါး၊ အမိုက်ကား ဘယ်နှစ်ပုံ၊ အဓိပ္ပါယ်အစုံစုံကို အကုန်အစင် ထင်ထင်ရှားရှား ပြတ်သားလှစွာ ညွှန်ပြပါသော လယ်တီဆရာတော် ဘုရားကြီး၏ အလင်းကျမ်း ဤစာကို သံသရာ၌ ကျင်လည်ခြင်းမှ ရပ်စဲလိုသူ၊ အမိနို့ဆက်လက် မစို့လိုသူတို့အကျိုးငှာ

ဘဒ္ဒန္တကေလာသ-နဝမ ပဓာန နာယကဆရာတော်ကြီးမှူးသော ဦးဗိုလ်မောင် (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ)

ဦးမောင်မောင်ဦး ( M.A အငြိမ်းစား ကျောင်းအုပ်) တို့က တည်းဖြတ် သုတ်သင် ပြင်ဆင်လျက် အရှင်နန္ဒိသေန ဦးစီးသော မုံရွာမြို့ မဟာ လယ်တီတိုက် လယ်တီရောင်ခြည်ကွန်ပျူတာအဖွဲ့မှ အက္ခရာပုဒ်ရင်း မချွတ်ယွင်းစေရအောင် ဤ အလင်းကျမ်းကို စာစီပြုလုပ်ကာ ထုတ်ဝေ ဖြန့်ချိအပ်ပါသတည်း။

လယ်တီအရှင်ကေလာသ

နဝမ ပဓာန နာယက ဆရာတော်

မဟာလယ်တီတိုက်

မုံရွာမြို့။

လျှောက်ထားချက်နှင့် ဝန်ခံမှု

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မြန်မာသက္ကရာဇ် ၁၂၇၂-ခုနှစ်၊ ကဆုန်လအတွင်း ရေဦးမြို့ တရားမဏ္ဍပ်ကြီးတွင် တစ်ထောင်ကျော်မျှလောက်သော ရှင်လူပရိသတ် အပေါင်းတို့အား အမိုက်ကြီး ၅-ပါး၊ အလင်းကြီး ၅-ပါးတို့ကို ထင်ရှားစွာ ဖော်ပြ ပြောဟောတော်မူရာ အမိုက်ကြီး ၅-ပါးတို့မှ ကျွတ်လွတ်၍ အလင်းကြီး ၅-ပါး ဘက်သို့ သက်ရောက်ပါဝင်လိုကြသူ ရှင်လူအပေါင်း သူတော်ကောင်းတို့၏ အကျိုးငှါ အလင်းကျမ်းစာအုပ်ကို ထုတ်ဖော် စီရင်တော်မူပါမည့်အကြောင်းနှင့်

၁။ ၎င်းရေဦးမြို့ နယ်ပိုင်ဝန်ထောက်မောင်စံမင်း၊

၂။ မြို့ပိုင် မြို့အုပ် မောင်ပေါရှန်၊

၃။ တန့်ဆည်မြို့အုပ် မောင်ဘိုးဆိပ်၊

၄။ ဒီပဲရင်းမြို့အုပ် ထိပ်တင်ဝ၊

၅။ တမာတောမြို့အုပ် ထိပ်တင်ကြီးတို့က ရိုသေစွာတောင်းပန်လျှောက်ထားကြသည်တစ်ကြိမ်၊

၁၂၇၂-ခုနှစ် တပေါင်းလဆန်း ၇-ရက်နေ့ည မန္တလေး ရွှေမြို့တော်၌ ဒေါင်းရိုးရပ်ကွက် တရားဟောမဏ္ဍပ်ကြီးတွင် ငါးထောင်ကျော်မျှ လောက်သော ရှင်လူအပေါင်းတို့အား ၎င်းအလင်းကြီး ၅-ပါးတို့ကို စေ့စပ်သေချာ ဒေသနာတော်အစဉ်မပျက် ဟောမြွတ်တော်မူရာ ဗုဒ္ဓဘာသာဝင် ရှင်လူအများတို့အား ၎င်းအလင်းကြီး ၅-ပါးတို့ကို ထင်ရှားစွာ ရရှိကြစေခြင်းအကျိုးငှါ အလင်းကျမ်းကို စီမံပြုစုတော်မူပါမည့် အကြောင်းနှင့် မန္တလေးမြို့နေ ဆရာတော်ဘုရားကြီး၏ တပည့်ရင်း ရှင်မာလာသည် ဆယ်ဖြာဟတ္ထ ညွတ်ခရိုကျိုး ရှိခိုးလျှောက်ထားသည် တစ်ကြိမ်၊ ဤသို့ အကြိမ်ကြိမ် တောင်းပန်လျှောက်ထားကြသည်ဖြစ်၍ မုံရွာမြို့လယ်တီဆရာငါသည် မုံရွာမြို့လယ်တီဆရာငါသည် ပါးတို့ကို အကျဉ်းအားဖြင့် ထင်ရှားစွာ ဖော်ပြပေအံ့သတည်း။

လျှောက်ထားချက်နှင့် ဝန်ခံမှုပြီး၏၊

---

အမိုက် ၅-သင်း၊ အလင်း ၅-ချက်

(က) အမိုက်ကြီးငါးပါးကို ပြဆိုခန်း

၁။ ကမ္မသမ္မောဟ အမိုက်ကြီးတစ်ပါး၊

၂။ ဓမ္မသမ္မောဟ အမိုက်ကြီးတစ်ပါး၊

၃။ ပစ္စယသမ္မောဟ အမိုက်ကြီးတစ်ပါး၊

၄။ လက္ခဏသမ္မောဟ အမိုက်ကြီးတစ်ပါး၊

၅။ နိဗ္ဗာနသမ္မောဟ အမိုက်ကြီးတစ်ပါး။ ပေါင်း ငါးပါးတည်း။

ကမ် ဓမ် ပစ် လက်၊ နိဗ် ငါးချက်၊ ဖုံးဝှက်အမိုက်ငါး။

(ဧကပိုဒ် သံခိပ်။)

(ခ) အလင်းကြီးငါးပါးကို ပြဆိုခန်း

၁။ ကမ္မသကတာဉာဏ် အလင်းကြီးတစ်ပါး၊

၂။ ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီးတစ်ပါး၊

၃။ ပစ္စယဝဝတ္ထာနဉာဏ် အလင်းကြီးတစ်ပါး၊

၄။ လက္ခဏပဋိဝေဓဉာဏ် အလင်းကြီးတစ်ပါး။

၅။ နိဗ္ဗာန ပဋိဝေဓဉာဏ် အလင်းကြီးတစ်ပါး။

ပေါင်းငါးပါးတည်း။

ကမ် ဓမ် ပစ် လက်၊ နိဗ် ငါးချက်၊ ပေါ်ထွက်အလင်းငါး။

(ဧကပိုဒ် သံခိပ်) အမိုက် ၅-သင်း၊ အလင်း ၅-ချက်အမြွက် ပြီး၏။

---

ပဌမအမိုက်ကြီးနှင့် ပဌမအလင်းကြီး အစုံကိုပြဆိုခန်း

ကမ္မသမ္မောဟ ကံကိုမသိခြင်း

ပဌမ ကမ္မသမ္မောဟ အမိုက်ကြီးနှင့် ပဌမ ကမ္မသကတာဉာဏ် အလင်းကြီးအစုံကို တွဲဖက်၍ပြအပ်၏၊ ထိုအစုံတို့တွင် ကမ္မသမ္မောဟ အမိုက်ကြီးဆိုသည်ကား ကံကိုလည်းကောင်း ကံ၏အကျိုးကိုလည်း ကောင်း မသိခြင်းကို ဆိုသည်။

ကံကိုမသိခြင်း ဆိုသည်မှာလည်း ခပ်သိမ်းသော သတ္တဝါတို့သည် မိမိတို့ ပြုကြသောကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏၊ ကံသည်သာလျှင် အမွေခံဥစ္စာရှိကြကုန်၏၊ ကံသည်သာလျှင် အကြောင်းရင်းရှိကြကုန်၏၊ ကံသည်သာလျှင် မိဘဆွေမျိုးအစစ် ဖြစ်ကြကုန်၏၊ ကံသည်သာလျှင် ကိုးကွယ်ရာအစစ် ရှိကြကုန်၏ဟု မသိခြင်း၊ မိမိတို့ ပြုကြသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့တွင် ဘယ်အမှု ဘယ်အမှုမျိုးတို့ကား အကုသိုလ်အမှုမျိုးတို့ဖြစ်ကုန်၏၊ ဤအမှုမျိုးတို့သည် နောက်နောက်ဘဝတို့၌ မကောင်းသော အကျိုးတို့ကို ပေးတတ်ကုန်၏၊ အပါယ်လေးပါးသို့ ပစ်ချတတ်ကုန်၏ဟု မသိခြင်း။

ဘယ်အမှု ဘယ်အမှုမျိုးတို့ကား ကုသိုလ်အမှုမျိုးတို့ ဖြစ်ကြကုန်၏၊ ဤအမှုမျိုးတို့သည် နောက်နောက်ဘဝမျိုးတို့၌ ကောင်းသော အကျိုးတို့ကို ပေးတတ်ကုန်၏၊ လူ့ပြည်နတ်ရပ် မြတ်သောဘဝတို့သို့ ပို့ဆောင်တတ်ကုန်၏ဟု မသိခြင်း၊ ဤကဲ့သို့ ကံ၏သဘာဝ၊ ကံ၏လက္ခဏာတို့ကို မသိခြင်းဟူသမျှတို့သည် ကံကိုမသိခြင်းမည်ကုန်၏။

ကံအကျိုးကို မသိခြင်း

ကံ၏အကျိုးကို မသိခြင်းဆိုသည်ကား- သတ္တဝါတို့မည်သည် သေရာ၌ ဘဝဆုံးကြကုန်သေးသည် မဟုတ်သေး၊ ကံပစ်ချရာ ကံပို့ဆောင်ရာ ကံဆွဲငင်ရာ ကံစီရင်ရာ ကံချထားရာ ဘဝတစ်ပါး၌ ဖြစ်ကြကုန်၏ဟု မသိခြင်း၊ လူတို့၏ ပကတိမျက်စိဖြင့် မမြင်ကောင်းသော ငရဲမျိုး အနန္တ၊ ပြိတ္တာမျိုးအနန္တ၊ အသုရကာယ်မျိုးအနန္တ၊ တိရစ္ဆာန်မျိုးအနန္တ ရှိကြကုန်၏ဟု မသိခြင်း၊ အကုသိုလ်ကံကို ပြုခဲ့လျှင် ထိုထိုအပါယ်ဘဝတို့၌ ဖြစ်ကြရကုန်သည်ဟု မသိခြင်း၊ လူတို့၏ ပကတိမျက်စိဖြင့် မြင်ကောင်း မြင်နိုင်သော လူသတ္တဝါမျိုးအနန္တ၊ မမြင်ကောင်း မမြင်နိုင်သော နတ်ဆိုးမျိုးအနန္တ၊ နတ်ကောင်းမျိုးအနန္တ၊ အထက်ကောင်းကင်ဘုံတို့၌ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ၊ အရူပဗြဟ္မာတို့ အဆင့်ဆင့်ရှိကြကုန်သည်ဟု မသိခြင်း၊ ဒါန သီလ ဘာဝနာကုသိုလ်ကံ အမျိုးမျိုးတို့ကို အားထုတ်ကြ ပြုကြပွားများကြလျှင် ထိုပြုကြသော ကံအားလျော်စွာ ထိုထိုလူမျိုး နတ်မျိုး ဗြဟ္မာမျိုးတို့၌ ဖြစ်ကြရကုန်သည်ဟု မသိခြင်း၊ အတိတ်ကာလ၌လည်း အစမရှိ၊ နောင်အနာဂတ်ကာလ၌လည်း အဆုံးမရှိသော သံသရာကြီးသည် ရှိ၏ဟု မသိခြင်း၊ သတ္တဝါဟူသမျှတို့သည် ဤသံသရာကြီးအတွင်းမှာ မိမိတို့ ပြုကြသော ကုသိုလ်ကံ အကုသိုလ်ကံတို့က ပို့ဆောင်ရာ၊ ပစ်ချရာ၊ ဆွဲငင်ရာ၊ စီရင်ရာ၊ ယူဆောင်ရာ၊ ချထားရာ မရပ်မနား ပြေးသွားကျင်လည်၍ နေကြရကုန်သည်ဟု မသိခြင်း၊ ဤမသိခြင်း အလုံးစုံတို့ကို ကမ္မသမ္မောဟ အမိုက်ကြီးဆိုသည်။

ပဌမအမိုက်ကြီးကို သိသာထင်မြင်ရုံမျှ

ဖော်ပြချက်ပြီး၏။

---

ကမ္မသကတာဉာဏ် ပညာအလင်းကြီး

ကမ္မသကတာဉာဏ် အလင်းကြီးဆိုသည်ကား- ကံကိုလည်း ကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း သိခြင်းတည်း။

ကံကိုသိခြင်းဆိုသည်ကား ခပ်သိမ်းသောသတ္တဝါတို့သည် ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံသည်သာလျှင် အမွေခံဥစ္စာ ရှိကြကုန်၏၊ ကံသည်သာလျှင် အကြောင်းရင်း မူလရှိကြကုန်၏၊ ကံသည်သာလျှင် မိဘဆွေမျိုးအစစ် ရှိကြကုန်၏၊ ကံသည်သာလျှင် ကိုးကွယ်ရာအစစ် ဖြစ်ကြကုန်၏ဟု သိခြင်း၊ မိမိတို့ပြုကြသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့တွင် ဤအမှုမျိုးတို့ကား အကုသိုလ်ကံ အမှုမျိုးတို့ ဖြစ်ကုန်၏၊ နောက်နောက် ဘဝတို့၌ မကောင်းကျိုးတို့ကို စင်စစ်ပေးတတ်ကုန်၏၊ အပါယ်လေးပါးသို့ ပစ်ချတတ်ကုန်၏ဟု သိခြင်း၊ ဤအမှုမျိုးတို့ကား ကုသိုလ်ကောင်းမှုမျိုးတို့ ဖြစ်ပေကုန်၏၊ နောက်နောင်ဘဝတို့၌ ကောင်းသောအကျိုးတို့ကို ပေးတတ်ကုန်၏၊ လူ့ပြည် နတ်ရပ် မြတ်သော ဘဝတို့သို့ ပို့ဆောင်တတ်ကုန်၏ဟု သိခြင်း၊ ဤသိခြင်း အလုံးစုံတို့ကို ကမ္မသကတာဉာဏ်ပညာ အလင်းကြီးဆိုသည်။

ကမ္မသကတာဉာဏ် ပညာအလင်းကြီးကို သိသာထင်မြင်ရုံ ဖော်ပြချက် ပြီး၏။

---

ကမ္မသမ္မောဟ၏ အပြစ်နှင့် ကမ္မသကတာဉာဏ်၏အကျိုး

ကမ္မသမ္မောဟ အမိုက်ကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏၊ လောက၌ ခပ်သိမ်းသော မိစ္ဆာဒိဋ္ဌိကြီးတို့သည် ဤကမ္မသမ္မောဟအမိုက်ကြီးမှ ဖြစ်ပွားကြကုန်၏၊ ကမ္မသကတာဉာဏ် ပညာအလင်းကြီးသည် အနမတဂ္ဂသံသရာကြီး၌ ကျင်လည်၍ နေကြရကုန်သောသူတို့၏ ကိုးကွယ်ရာကြီးပေတည်း။ ထိုအလင်းကြီး ရှိကြမှ ဒါန သီလ ဘာဝနာ ကုသိုလ်တရားမျိုးကို ပွားများပြုကျင့်ကြ၍ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့ကို ရနိုင်ကြကုန်၏၊ သဗ္ဗညုဗောဓိပါရမီပစ္စေကဗောဓိပါရမီ၊ ဤပါရမီကုသိုလ်မျိုးတို့သည်လည်း ထိုအလင်းကြီးမှ ဖြစ်ပွားရကြကုန်၏။

ကမ္မသကတာဉာဏ်ပညာအလင်းကြီးသည် စကြဝဠာအနန္တတို့မှာပင် သမ္မာဒိဋ္ဌိလူမျိုး နတ်မျိုးတို့မှာ ရှိကြကုန်၏၊ ဤစကြဝဠာမှာလည်း မြတ်စွာဘုရားတို့ မပွင့်ရာ သုညကမ္ဘာတို့၌ပင် သမ္မာဒိဋ္ဌိလူမျိုး နတ်မျိုးတို့မှာ ရှိကြကုန်၏၊ ဤသမ္မာဒိဋ္ဌိဟူသော စကားသည် ဤကမ္မသကတာဉာဏ်ပညာအလင်းကို ဆိုသော စကားပင်တည်း။

ကမ္မသကတာဉာဏ်ပညာအလင်းကြီးသည် ယခုအခါ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာလူမျိုး ဟိန္ဒူဘာသာလူမျိုးတို့၌ တည်ရှိ၏၊ ကြွင်းသော လူမျိုးတို့နှင့် မိုက်မဲသော ခပ်သိမ်းသော တိရစ္ဆာန်မျိုးတို့မှာ မရှိကြကုန်ပြီ၊ ငရဲဘုံ၊ အသုရကာယ်ဘုံ၊ ပြိတ္တာဘုံတို့မှာလည်း မရှိကြသည်သာများ၏။

ထိုအလင်းကြီး မရှိကြသော သတ္တဝါတို့သည် ကမ္မသမ္မောဟ အမိုက်ကြီး၏အတွင်းမှာ တည်ရှိကြရကုန်၏၊ ထိုအမိုက်ကြီးအတွင်းမှာ တည်ရှိကြရကုန်သော သတ္တဝါတို့သည် သံသရာ၌ချမ်းသာလမ်းမျိုး၊ အထက်ဖြစ်သော လူ နတ် ဗြဟ္မာ သံသရာလမ်းမျိုး အလုံးစုံ ကွယ်ပျောက် ပိတ်ဖုံး၍နေသောကြောင့် အောက်သံသရာ အပါယ်လမ်းကြီး တစ်လမ်းသာလျှင် ဟင်းလင်းပွင့်လျက်ရှိလေကုန်၏၊ ဘဝအထောင် ဘဝအသောင်း ဘဝအသိန်းလွန်သော်လည်း အလင်းနယ်သို့ တစ်ခေါက်တစ်ခါမျှ မချဉ်းလာနိုင် မသီလာနိုင်ကြလေကုန်လေပြီ။

သံသရာ့အလင်းနှင့် ကမ္ဘာ့အလင်း

နိယတဗျာဒိတ် ရရှိကြကုန်ပြီးသော အလောင်းအလျာကြီးများ ဖြစ်ပေမူကား တိရစ္ဆာန်သတ္တဝါမျိုးမှာပင် ဖြစ်ကြကုန်သော်လည်း ထိုအမိုက်ကြီး မဖိစီးနိုင်၊ ထိုအလင်းကြီးသည်လည်း မကွယ်ပနိုင်ပြီ၊ ဤ ကမ္မသကတာဉာဏ်ပညာ သမ္မာဒိဋ္ဌိအလင်းကြီးသည် ဗုဒ္ဓဘာသာကျမ်းဂန်တို့မှာ များစွာလာရှိသော်လည်း ဘုရားမပွင့်ရာကမ္ဘာ၊ ဘုရားမပွင့်ရာအနန္တစကြဝဠာတို့မှာပင် သမ္မာဒိဋ္ဌိလူမျိုးတို့၌ တည်ရှိလေသောကြောင့် လည်းကောင်း လောက၌ မြတ်စွာဘုရားတို့သည် ဤအလင်းကို ဖော်ပြလို၍ ပွင့်တော်မူကြကုန်သည်မဟုတ်၊ “စတုသစ္စပဋိဝေဓ အလင်းကိုသာ” ဖော်ပြလို၍ ပွင့်တော်မူကြကုန်သောကြောင့်လည်းကောင်း ထိုကမ္မသကတာဉာဏ်ပညာ သမ္မာဒိဋ္ဌိအလင်းကြီးကို ဗုဒ္ဓဘာသာ သာသနာအလင်းဟူ၍ မဆိုလောက်၊ မဆိုရသေး။ သံသရာ့အလင်း ကမ္ဘာ့အလင်းဟူ၍သာ ဆိုရမည်။

ယခုအခါ သာသနာတော်အတွင်း၌ ကြုံကြိုက်ကြကုန်သော ပညာရှိတို့သည် မြတ်စွာဘုရားကြီးပွင့်လာတော်မူရာ ရည်ရွယ်တော်မူရင်း အလင်းမဟုတ်သောကြောင့် ဤကမ္မသကတာဉာဏ်ပညာသမ္မာဒိဋ္ဌိ အလင်းဘက်သို့ သက်ရောက်ကာမျှနှင့် အားရတင်းတိမ်၍ မနေကြကုန်ရာ၊ ပညာရှိတို့သတိရှိကြရန် အလွန်ကောင်းသော အနက် အချက်ကြီးတစ်ခုပေတည်း။

ပဌမ အမိုက်ကြီးနှင့် ပဌမအလင်းကြီးအစုံကို ပြဆိုခန်း ပြီး၏၊

---

ဒုတိယ အမိုက်ကြီးနှင့် ဒုတိယအလင်းကြီး အစုံကို ပြဆိုခန်း

ဓမ္မသမ္မောဟ တရားကိုမသိခြင်း

ဓမ္မသမ္မောဟ ဒုတိယအမိုက်ကြီးနှင့် ဓမ္မဝဝတ္ထာနဉာဏ် ဒုတိယအလင်းကြီး အစုံကိုတွဲစပ်၍ ပြအပ်၏၊ ထိုနှစ်ပါးသော အစုံတို့တွင် ဓမ္မသမ္မောဟ အမိုက်ကြီး ဆိုသည်ကား ဓမ္မကို ဓမ္မဟူ၍ မသိခြင်းတည်း၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ပုဂ္ဂိုလ်မဟုတ်၊ သတ္တဝါမဟုတ်၊ အတ္တမဟုတ်၊ ဇီဝမဟုတ်ကုန်၊ ရုပ်ဓမ္မ နာမ်ဓမ္မတို့သာ အမှန်ဖြစ်ကုန်၏၊ ထိုသို့ ဓမ္မအစစ် ဖြစ်သည်ကိုမသိခြင်းသည် ဓမ္မသမ္မောဟ အမိုက်ကြီးမည်၏။

ဝိပလ္လာသတရား သုံးပါး

ထိုဓမ္မသမ္မောဟ အမိုက်ကြီးမှ ဝိပလ္လာသတရား သုံးပါးတို့သည် ဖြစ်ပွားကုန်၏၊ ဖြစ်ပွားသောဝိပလ္လာသတရားတို့ကား

၁။ သညာဝိပလ္လာသတရားတစ်ပါး၊

၂။ စိတ္တဝိပလ္လာသတရားတစ်ပါး၊

၃။ ဒိဋ္ဌိဝိပလ္လာသတရားတစ်ပါး

ဟူ၍ သုံးပါးတို့သည် ဖြစ်ပွားကုန်၏၊။ ထိုတွင်

၁။ သညာဝိပလ္လာသတရား ဆိုသည်ကား အထင်အမှတ် လွဲခြင်းတည်း၊ ဓမ္မကို ဓမ္မဟူ၍ မထင်မှတ်ဘဲ ပုဂ္ဂိုလ်ဟူ၍ ထင်မှတ်ခြင်း၊ သတ္တဝါဟူ၍ ထင်မှတ်ခြင်း၊ အတ္တဟူ၍ ထင်မှတ်ခြင်း၊ ဇီဝဟူ၍ ထင်မှတ်ခြင်း၊ ဣတ္ထိဟူ၍ ထင်မှတ်ခြင်း၊ ပုရိသဟူ၍ ထင်မှတ်ခြင်းကို အထင်လွဲ၊ အမှတ်လွဲ၊ အထင်မှား၊ အမှတ်မှား ဆိုသည်။

၂။ စိတ္တဝိပလ္လာသတရား ဆိုသည်ကား အကြံအသိ လွဲခြင်းတည်း။ ဓမ္မကို ဓမ္မဟူ၍ မကြံ မသိဘဲ ဓမ္မကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝ၊ ဣတ္ထိ၊ ပုရိသ ဟူ၍ ကြံခြင်း၊ သိခြင်းကို အကြံလွဲ၊ အသိလွဲ၊ အကြံမှား၊ အသိမှား ဆိုသည်။

၃။ ဒိဋ္ဌိဝိပလ္လာသတရား ဆိုသည်ကား အယူလွဲခြင်း၊ အမြင်လွဲခြင်းတည်း။ ဓမ္မကို ဓမ္မဟူ၍မယူ၊ ဓမ္မဟူ၍ မမြင်မထင်ဘဲ၊ ဓမ္မကို ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝ၊ ဣတ္ထိ၊ ပုရိသဟူ၍ယူခြင်း၊ အရိုးအစဉ် ကြောင်ကြောင် ထင်မြင်၍နေခြင်းကို အယူလွဲခြင်း၊ အမြင်လွဲခြင်း၊ အယူမှားခြင်း၊ အမြင်မှားခြင်းဆိုသည်။

ဤကား ဓမ္မသမ္မောဟအမိုက်ကြီးမှ ဖြစ်ပွားသော ဝိပလ္လာသတရား သုံးပါးတို့တည်း

ထိုဝိပလ္လာသတရား သုံးပါးတို့မှ ပါဏာတိပါတစသော ဒုစ္စရိုက်တရား ဆယ်ပါးတို့နှင့် ခပ်သိမ်းသောအမိုက်အမှား မိစ္ဆာဒိဋ္ဌိတရားတို့သည် ဖြစ်ပွားကုန်၏။

ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီး

ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီးဆိုသည်ကား လောက၌ ပုဂ္ဂိုလ်ဟူ၍ မရှိ၊ သတ္တဝါဟူ၍ မရှိ၊ အတ္တဟူ၍ မရှိ၊ ဇီဝဟူ၍မရှိ၊ ဣတ္ထိဟူ၍မရှိ၊ ပုရိသဟူ၍မရှိ၊ ဓမ္မမျိုးတို့သာ ရှိကုန်၏၊ ရုပ်တရားအစု နာမ်တရား အစုမျှတို့သာ ရှိကုန်၏ဟု သိခြင်းမြင်ခြင်းတည်း။ ရုပ်တရား နာမ်တရားတို့ကို ခြားနားစွာ မြင်နိုင်ခြင်း၊ ရုပ်တရား တစ်ပါးနှင့် ရုပ်တရားတစ်ပါး၊ နာမ်တရား တစ်ပါးနှင့် နာမ်တရားတစ်ပါးကို ခြားနားစွာ မြင်ခြင်းတည်း။ ဒိဋ္ဌိဝိသုဒ္ဓိခေါ်သော သမ္မာဒိဋ္ဌိအလင်းကြီးပေတည်း။

ဓမ္မသမ္မောဟ အမိုက်ကြီးသည် အလွန်ကြောက်မက်ဘွယ် ကောင်းလှ၏၊ မြတ်စွာဘုရား သာသနာတော်မြတ်ကြီးနှင့် တွေ့ဆုံ ကြုံကြိုက်ကြသော အခါ၌သာလျှင် ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို စင်စစ်ဓမ္မအစစ်ဟု အသိဉာဏ်လင်းနိုင် ပေါက်နိုင်ကြကုန်သည်၊ သာသနာတော်မြတ်ကြီးနှင့် မတွေ့မဆုံ မကြုံကြိုက်ကြသည်ရှိသော် ဘဝအရာ၊ ဘဝအထောင်၊ ဘဝအသောင်း ဘဝအသန်း၊ ဘဝအသင်္ချေ ကြာသော်လည်း ဓမ္မကို ဓမ္မမှန်း မသိကြကုန်။ ဓမ္မဝဝတ္ထာနအလင်းကြီး ပေါ်ခွင့် ပေါက်ခွင့် မရှိကြကုန်ပြီ။

ယခုအခါ သာသနာတော်မြတ်ကြီးနှင့် ကြုံကြိုက်ပါလျက် ရုပ်ဓမ္မကို ရုပ်ဓမ္မဟူ၍ နာမ်ဓမ္မကို နာမ်ဓမ္မဟူ၍ ထင်ထင်ရှားရှား မသိကြသူ ရှင်လူအပေါင်းတို့သည် ထိုကြောက်မက်ဖွယ် ကောင်းလှသော ဓမ္မသမ္မောဟအမိုက်ကြီးအတွင်းမှာ တည်ကြရကုန်၏၊ ထိုအမိုက်မှောင်ကြီးအတွင်းမှာ ငုတ်တုတ်နေကြရကုန်၏၊ ထိုအမိုက်မှောင်ကြီးတွင်းမှာ နေကြရ၍ ဓမ္မဝဝတ္တာနဉာဏ်အလင်းကြီးကို မရသည့်အတွက် ဝိပလ္လာသတရား သုံးပါး၊ ဒုစ္စရိုက်တရား ဆယ်ပါး၊ မိစ္ဆာဒိဋ္ဌိအမှောက်အမှားကြီးတွေ ပွားစီးသောကြောင့် သံသရာမှ ကျွတ်လွတ်ခွင့်နှင့် ကွာဝေး၍ သံသရာဝဲ ဩဃထဲ၌သာ မျောရန်၊ မြုပ်ရန်၊ နစ်ရန်၊ သံသရာလမ်းကြီး တစ်မျိုးသာ ဟင်းလင်းပွင့်၍ နေကုန်၏၊ ပညာသတိရှိကြသော သူတို့မှာ ဤဓမ္မ ဝဝတ္တာနဉာဏ်အလင်းကြီးဘက်သို့ ရောက်ရန် ရရန် ရုပ်ဓမ္မ နာမ်ဓမ္မတို့ကို ပိုင်းခြားဝေဖန် အမှန်ဓမ္မအစစ်ကို သိအောင် အားထုတ်သင့်လှကုန်၏။

ဒုတိယအမိုက်ကြီးနှင့် ဒုတိယအလင်းကြီးအစုံကို ပြဆိုခန်း ပြီး၏။

---

တတိယအမိုက်ကြီးနှင့် တတိယအလင်းကြီး အစုံကို ပြဆိုခန်း

ပစ္စယသမ္မောဟ အကြောင်းတရားတို့ကို မသိခြင်း ပစ္စယသမ္မောဟအမိုက်ကြီးနှင့် ပစ္စယဝဝတ္ထာနဉာဏ်အလင်းကြီးနှစ်ပါးကို တွဲစပ်၍ပြအပ်၏၊ ထိုနှစ်ပါးတို့တွင် ပစ္စယသမ္မောဟ အမိုက်ကြီးဆိုသည်ကား ရုပ်တရားနာမ်တရားတို့၏ ဖြစ်ပွားရန် အကြောင်းတရားတို့ကို မသိခြင်းတည်း။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ

ဟူ၍ဟောတော်မူသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ အကြောင်းအရာတို့ကို မသိခြင်းတည်း။

ကာရကဒိဋ္ဌိ

ထိုပစ္စယသမ္မောဟ အမိုက်ကြီးမှ ကာရကဒိဋ္ဌိကြီးသည် ဖြစ်ပွား၏၊ ကာရကဒိဋ္ဌိကြီး ဆိုသည်ကား ထိုရုပ်တရား နာမ်တရားတို့သည် ပြုလုပ်သူရှိမှ ဖြစ်နိုင်ကုန်သည်ဟု စွဲလမ်းခြင်းတည်း။

ပစ္စယဝဝတ္ထာနဉာဏ် အလင်းကြီး ဆိုသည်ကား ရုပ်တရား နာမ်တရားတို့ ဖြစ်ပွားရန် အကြောင်းတရားတို့ကို သိခြင်းတည်း။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ

ဟု ဟောတော်မူသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ အကြောင်းအရာတို့ကို သိခြင်းတည်း။

ဒိဋ္ဌိ ၃-ပါး

ပစ္စယသမ္မောဟ အမိုက်ကြီးမှ

၁။ အဟေတုကဒိဋ္ဌိ

၂။ ဝိသမဟေတုဒိဋ္ဌိ

၃။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဟူသော ဤဒိဋ္ဌိမျိုး သုံးပါးတို့သည် ဖြစ်ပွားကုန်၏၊ ထိုတွင်အဟေတုကဒိဋ္ဌိဆိုသည်ကား ရုပ်တရား နာမ်တရားတို့သည် ဖြစ်ပေါ်ရန် အကြောင်းတရားဟူ၍လည်း မရှိကြကုန်၊ တည်နေရန် အကြောင်းတရားလည်း မရှိကြကုန်၊ အကြောင်းတရားနှင့် ကင်း၍ မိမိတို့ အလိုအလျောက်သာလျှင် ဖြစ်ပေါ်ကြကုန်၏၊ တည်နေကြကုန်၏ ဟူသောအယူသည် အဟေတုကဒိဋ္ဌိမည်၏။

ဝိသမဟေတုဒိဋ္ဌိ ဆိုသည်ကား ထိုရုပ်တရား နာမ်တရားတို့သည် အကြောင်းကင်း၍ မိမိတို့အလိုအလျောက် ဖြစ်ပေါ်နိုင်ကြသည်လည်း မဟုတ်ကုန်၊ တည်နိုင်ကြသည်လည်း မဟုတ်ကုန်၊ အကြောင်းတရားကြောင့်သာလျှင် ဖြစ်ပေါ်နိုင်ကြကုန်၏၊ တည်နေနိုင်ကြကုန်၏၊ အကြောင်းတရား ဆိုသည်ကား အလုံးစုံသော သတ္တဝါဟူသမျှ၊ သင်္ခါရ ဟူသမျှ၊ ရုပ်တရားဟူသမျှ နာမ်တရား ဟူသမျှတို့သည် ထာဝရဘုရား၏ တန်ခိုးတော်ဖြင့်သာလျှင် ဖြစ်ပေါ်နိုင်ကြကုန်၏ဟူ၍ အကြောင်း မဟုတ်သည်ကို အကြောင်းပြုလုပ်၍ ယူခြင်းသည် ဝိသမဟေတုဒိဋ္ဌိ မည်၏။

ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုသည်ကား ရုပ်တရား နာမ်တရားတို့သည် အကြောင်းတရားကင်း၍ ဖြစ်သည်လည်း မဟုတ်ကုန်၊ ထာဝရဘုရား၏ တန်ခိုးတော်အားဖြင့် ဖြစ်သည်လည်း မဟုတ်ကုန်၊ စင်စစ်မူကား ရှေးရှေးဘဝတို့၌ ပြုခဲ့ကြသောကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကြောင့်သာလျှင် ဖြစ်ကြကုန်၏၊ တည်နေကြကုန်၏ ဟူ၍ ရှေးကံဟောင်း အကြောင်းတစ်ခုတည်းကိုသာ ခိုင်မြဲစွာယူခြင်းသည် ပုဗ္ဗေကတဟေတုဒိဋ္ဌိ မည်၏။

ဒိဋ္ဌိသုံးပါးတို့တွင် အဟေတုကဒိဋ္ဌိသည် အမှားကြီးမှားသော ဒိဋ္ဌိတည်း၊ ဝိသမဟေတုဒိဋ္ဌိသည် အမှားကြီးမှားသော ဒိဋ္ဌိတည်း၊ ပုဗ္ဗေကတဟေတုဒိဋ္ဌိသည် တစ်စိတ်တစ်ဒေသအားဖြင့် မှန်သည်ဖြစ်၍ ထိုဒိဋ္ဌိနှစ်ပါးတို့ထက် မှားမှုသက်သာ၏။

အဘယ်သို့ တစ်စိတ်တစ်ဒေသအားဖြင့် မှန်သနည်ဟူမူကား ရုပ်တရားနာမ်တရားတို့သည် ရှေးကံဟောင်းကြောင့် ဖြစ်သည်လည်း ရှိကုန်၏၊ ယခုပစ္စုပ္ပန် စိတ်ကြောင့် ဖြစ်သည်လည်းရှိကုန်၏၊ ယခုပစ္စုပ္ပန် ဥတုကြောင့် ဖြစ်သည်လည်း ရှိကုန်၏၊ ယခုပစ္စုပ္ပန် အာဟာရကြောင့် ဖြစ်သည်လည်း ရှိကုန်၏၊ ထိုတွင် ရှေးကံဟောင်းကြောင့် ဖြစ်သော ရုပ်နာမ်စုအတွက် တစ်စိတ်တစ်ဒေသအားဖြင့် ထိုအယူမှန်၏၊ စိတ်၊ ဥတု၊ အာဟာရတို့ကြောင့်ဖြစ်သော ရုပ်နာမ်စုတို့အတွက် ထိုအယူမှား၏။

ပဋိစ္စသမုပ္ပါဒ်နည်းအားဖြင့် ဝေဖန်သည်ရှိသော် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါးတို့တွင် ရှေးကံဟောင်းကြောင့်ဖြစ်သော အင်္ဂါစုအတွက် ထိုအယူမှန်၏၊ ပစ္စုပ္ပန် အကြောင်းကြောင့်ဖြစ်သော အဝိဇ္ဇာသင်္ခါရတဏှာဥပါဒါန်ကမ္မဘဝတို့အတွက် ထိုအယူမှား၏။

ပဋ္ဌာန်းနည်းနှင့် ဝေဖန်သည်ရှိသော် ထိုအယူသည် နာနက္ခဏိက ကမ္မပစ္စည်း တစ်ခုကိုသာ အမှန်ပြု၍ သဟဇာတကမ္မပစ္စည်းနှင့်တကွ ကြွင်းသော ၂၃-ပစ္စည်းတို့ကို ပယ်ဖျက်၏၊ ဤသို့လျှင် ဤပုဗ္ဗေကတ ဟေတုဒိဋ္ဌိသည် တစ်စိတ်တစ်ဒေသ အဖို့အားဖြင့် မှန်၏၊ ယေဘုယျ အဖို့အားဖြင့် မှား၏။

ပစ္စယသမ္မောဟ အမိုက်ကြီးမှ ဤဒိဋ္ဌိမျိုး ၃-ပါးတို့နှင့် ထိုထိုဒိဋ္ဌိ ဝိစိကိစ္ဆာတရားတို့သည် ဖြစ်ပွားကုန်၏။

စူဠသောတာပန်ဖြစ်ရန်နည်း

ပဋိစ္စသမုပ္ပါဒ်ဉာဏ်အမြင် ပေါက်ရောက်ခြင်းဟူသော ပစ္စယဝဝတ္ထာနဉာဏ်အလင်းကြီးသည် ထိုဒိဋ္ဌိမျိုး ၃-ပါးတို့ကို ပယ်ရှားနိုင်၏၊ အကြောင်းမရှိဟုယူသော အဟေတုကဒိဋ္ဌိကိုလည်း ပယ်ရှားနိုင်၏၊ အကြောင်းမဟုတ်သည်ကို အကြောင်းပြုလုပ်၍ယူသော ဝိသမဟေတုဒိဋ္ဌိကိုလည်း ပယ်ရှားနိုင်၏၊ ရှေးကံဟောင်း အကြောင်းတစ်ခုတည်းသာ ရှိသည်ဟူသော ပုဗ္ဗေကတဟေတုဒိဋ္ဌိကိုလည်း ပယ်ရှားနိုင်၏၊ ဤပစ္စယဝဝတ္တာနဉာဏ် တတိယအလင်းကြီးကို ပေါက်ရောက်သောသူသည် စူဠသောတာပန် အဖြစ်သို့ရောက်၏ဟူ၍ အဋ္ဌကထာကြီးတို့၌ ဆို၏၊ အလွန်အားထုတ်ဖွယ် ကောင်းလှ၏။

တတိယအမိုက်ကြီးနှင့် တတိယအလင်းကြီးအစုံကို ပြဆိုခန်း ပြီး၏၊

စတုတ္ထအမိုက်ကြီးနှင့်စတုတ္ထအလင်းကြီး အစုံကိုပြဆိုခန်း

လက္ခဏသမ္မောဟ လက္ခဏာရေးသုံးပါးကို မသိခြင်း လက္ခဏသမ္မောဟ အမိုက်ကြီးနှင့် လက္ခဏပဋိဝေဓဉာဏ် အလင်းကြီးနှစ်ပါးကို တွဲစပ်၍ပြဆိုအပ်၏၊ ထိုတွင် လက္ခဏသမ္မောဟ အမိုက်ကြီး ဆိုသည်ကား အကြောင်းအကျိုး ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့၏ လျင်မြန်လှသော အနိစ္စအချက်ကို မသိခြင်း၊ မမြင်ခြင်း၊ ကြောက်မက်ဖွယ် ကောင်းလှသော ဒုက္ခအချက်ကို မသိခြင်း၊ မမြင်ခြင်း၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ အမာခံအထည်ခံ အနှစ်အသားမဟုတ်၊ အသက် ဇီဝမဟုတ်သော အနတ္တအချက်ကို မသိခြင်း၊ မမြင်ခြင်းသည် လက္ခဏသမ္မောဟ အမိုက်ကြီးမည်၏။

လက္ခဏပဋိဝေဓဉာဏ် အလင်းကြီးဆိုသည်ကား အကြောင်းအကျိုးဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့၏ အလွန်လျင်မြန်သော အနိစ္စအချက်ကိုသိခြင်း၊ မြင်ခြင်း၊ ကြောက်မက်ဖွယ် ကောင်းလှသော ဒုက္ခအချက်ကိုသိခြင်း၊ မြင်ခြင်း၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ အမာခံ အထည်ခံ အနှစ်အသားမဟုတ်၊ အသက်ဇီဝမဟုတ်သော အနတ္တအချက်ကို သိခြင်း မြင်ခြင်းတည်း။

ခပ်သိမ်းကုန်သော ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်တို့သည် ဤလက္ခဏ ပဋိဝေဓဉာဏ်အလင်းကြီးကို ရကြကုန်၍သာလျှင် ကိလေသာ အမိုက်အမဲ၊ သံယောဇဉ် အမိုက်အမဲ၊ သံသရာ၌ ချည်တတ် တုပ်တတ် ချုပ်တတ် ဖွဲ့တတ်သော တဏှာအရှုပ်အထွေးတို့နှင့် ဘေးအနန္တ ဒုက္ခအပေါင်းတို့မှ ကျွတ်လွတ်တော်မူကြပေကုန်၏။

လက္ခဏပဋိဝေဓဉာဏ်အလင်းကြီးကို မရကြကုန်သော ရှင်လူ အပေါင်းတို့သည် ကိလေသာ အမိုက်အမဲ၊ သံယောဇဉ် အမိုက်အမဲ၊ သံသရာ၌ ချည်တတ် တုပ်တတ် ချုပ်တတ် နှောင်တတ် ဖွဲ့တတ်သော တဏှာအရှုပ်အထွေးတို့နှင့် ဘေးအနန္တ ဒုက္ခအပေါင်းတို့မှ မကျွတ်နိုင်ကြ၊ မလွတ်နိုင်ကြကုန်၊ လက္ခဏပဋိဝေဓစတုတ္ထအလင်းကြီးကိုရ၍ လက္ခဏသမ္မောဟ အမိုက်ကြီး ကင်းရှင်းကြကုန်မှသာလျှင် ထိုကိလေသာ အမိုက်အမဲ၊ သံယောဇဉ် အမိုက်အမဲ၊ တဏှာအရှုပ်အထွေးတို့မှ ကင်းလွတ်ကြကုန်၍ နိဗ္ဗာန်သို့ ရောက်နိုင်ကြကုန်၏။

စတုတ္ထအမိုက်ကြီးနှင့် စတုတ္ထအလင်းကြီး အစုံကို ပြဆိုခန်း ပြီး၏။

---

ပဉ္စမအမိုက်ကြီးနှင့် ပဉ္စမအလင်းကြီး အစုံကို ပြဆိုခန်း

နိဗ္ဗာနသမ္မောဟ သန္တိစခန်းကို မသိခြင်း နိဗ္ဗာနသမ္မောဟအမိုက်ကြီးနှင့် နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးကို တွဲဘက်၍ ပြဆိုအပ်၏၊ ထိုတွင် နိဗ္ဗာနသမ္မောဟအမိုက်ကြီး ဆိုသည်ကား ဤသတ္တဝါ အပေါင်းတို့မှာ သံသရာဝဋ်ဒုက္ခ၌ ကျင်လည်၍ နေကြကုန်ရာ မည်သည့် တရားမျိုးကို ကျင့်ခဲ့သော် ထိုကိလေသာ အမိုက်အမဲ၊ သံယောဇဉ် အမိုက်အမဲ၊ တဏှာအရှုပ်အထွေး၊ ဒုက္ခဘေးအနန္တတို့၏ အကြွင်းအကျန် မရှိ ချုပ်ငြိမ်းခြင်းသို့ ရောက်၏၊ ၎င်းတို့၏ ချုပ်ငြိမ်းခြင်းဟူသော သန္တိစခန်းကြီး တစ်ခုသည်ရှိ၏ဟု မသိခြင်းတည်း။

အမိုက်ကြီးငါးခုတို့သည် အစဉ်အတိုင်း ပျောက်ကင်း၍ အလင်းကြီးငါးချက်တို့သို့ အစဉ်အတိုင်း ပေါက်ရောက်၍သွားခဲ့သော် ပဉ္စမအလင်းကြီးသို့ ဆိုက်ရောက်သည်နှင့် တစ်ပြိုင်နက် ထိုအမိုက်ကြီး ငါးပါးတို့သည် အကြွင်းမရှိချုပ်ငြိမ်းကုန်၏၊ ထိုအမိုက်ကြီးငါးပါး အဝိဇ္ဇာတရားတို့၏ နောင်တစ်ဖန် ပေါ်ပေါက်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းသည် သန္တိစခန်းကြီး ဖြစ်၏၊ ထိုအမိုက်ကြီး ငါးပါးအဝိဇ္ဇာတရားတို့၏ ချုပ်ငြိမ်းရာမှာ ဒုစ္စရိုက်အမိုက်တရား၊ မိစ္ဆာဒိဋ္ဌိအမှောက်အမှားတရား၊ အပါယဒုက္ခတရားတို့၏ ချုပ်ငြိမ်းခြင်းသည်လည်း အတွင်းဝင်ဖြစ်၍ ပါလေ၏၊ ဤကဲ့သို့သော သန္တိစခန်းကြီးသည်ရှိ၏ဟု မသိခြင်းတည်း၊ ဤမသိခြင်း အလုံးစုံသည် နိဗ္ဗာနသမ္မောဟအမိုက်ကြီးမည်၏။

ဤကဲ့သို့သော သန္တိစခန်းကြီးသည် ဧကန်ရှိ၏ဟု သိခြင်း မြင်ခြင်း မျက်မှောက်ပြုခြင်းသည် နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးမည်၏၊ မဂ်ဉာဏ်လေးပါးကို နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းဆိုသည်။

ပဉ္စမအမိုက်ကြီးနှင့် ပဉ္စမအလင်းကြီးကို ပြဆိုခန်းပြီး၏၊ အမိုက်ကြီး ၅-သင်း အလင်းကြီး ၅-ပါးတို့ကိုအကျဉ်းအားဖြင့် မှတ်သားရန် ပြဆိုချက်ပြီး၏။

--- ဓမ္မဝဝတ္ထာနဉာဏ်အလင်း

၁-ဓမ္မဝဝတ္ထာနဉာဏ်အလင်း

ထိုအလင်းကြီး ငါးပါးတို့တွင် ကမ္မသကတာသမ္မာဒိဋ္ဌိဟူသော ပဌမအလင်းကြီးသည် ဗုဒ္ဓဘာသာ သာသနာအလင်း အစစ်မဟုတ်သေး၊ သံသရာအလင်း, ကမ္ဘာအလင်းသာ ဖြစ်၏။

၁။ ဓမ္မဝဝတ္တာနဉာဏ်ဟူသော ဒုတိယအလင်းကြီး တစ်ပါး။

၂။ ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော တတိယအလင်းကြီးတစ်ပါး။

၃။ လက္ခဏပဋိဝေဓဉာဏ်ဟူသော စတုတ္ထအလင်းကြီးတစ်ပါး။

၄။ နိဗ္ဗာနပဋိဝေဓဉာဏ်ဟူသော ပဉ္စမအလင်းကြီးတစ်ပါး။

ဤအလင်းကြီး လေးပါးသည်သာလျှင် ဗုဒ္ဓဘာသာ သာသနာ အလင်းကြီးအမှန်ဖြစ်၏၊ ထို့ကြောင့် ဤဒုတိယအခန်းမှာ ပဌမအလင်း ကြီးကို မဆိုမူ၍ ဗုဒ္ဓဘာသာသာသနာအလင်းကြီး လေးပါးအမှန်ကိုသာ အတန်ငယ် အကျယ်ပြဆိုရာ၏။

---

ဓာတ် ၆-ပါး

ဓမ္မဝဝတ္ထာနဉာဏ်အလင်းကြီး၌ အကျဉ်းဆုံးအားဖြင့် အဘယ်မျှ လောက်သော ရုပ်ဓမ္မနာမ်ဓမ္မတို့ကို ဉာဏ်အမြင်ပေါက်ရောက်မှ ဤဓမ္မဝဝတ္ထာနဒုတိယအလင်းကြီးကိုပေါက်ရောက်သနည်းဟူမူကား
၁။ ပထဝီဓာတ်
၂။ အာပေါဓာတ်
၃။ တေဇောဓာတ်
၄။ ဝါယောဓာတ်
၅။ အာကာသဓာတ်
၆။ ဝိညာဏဓာတ်

ဤဓာတ်ခြောက်ပါးတို့ကို ဉာဏ်အမြင်ပေါက်ရောက်သည်ရှိသော် ဤဓမ္မဝဝတ္ထာနဒုတိယအလင်းကြီးသို့ ပေါက်ရောက်၏။

ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝဟူသော လောကဝေါဟာရတို့၌ အဘိဓမ္မာအလိုအားဖြင့် ပုဂ္ဂိုလ်ဟူ၍မရှိ၊ သတ္တဝါဟူ၍မရှိ၊ အတ္တ ဟူ၍မရှိ၊ ဇီဝဟူ၍မရှိ၊ ပထဝီစသော ဓာတ်မျိုးစုသာ အမှန်ရှိ၏၊ လောကဝေါဟာရ အားဖြင့်သာ ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍ အတ္တ, ဇီဝဟူ၍ ခေါ်ဆိုရာ၏၊ သမုတ်ခေါ်ဆိုအပ်သော ပညတ်မျှသာတည်း။

---

သဏ္ဌာနပညတ်ကို ထင်စွာပြဆိုခြင်း

ဥပမာကား-လောက၌ သစ်, ဝါးတို့ကို ပြုလုပ်ကြသော အထည် ဝတ္ထုအမျိုးမျိုးတို့သည် ရှိကြကုန်၏၊ အိမ်ဟူ၍ရှိ၏၊ ကျောင်းဟူ၍ရှိ၏၊ တန်ဆောင်းဟူ၍ရှိ၏၊ ဇရပ်ဟူ၍ရှိ၏၊ မဏ္ဍပ်ဟူ၍ရှိ၏၊ ထိုတွင် အိမ် ဟူသော အမည်သည် သစ်၏အမည်မဟုတ်၊ ဝါး၏အမည်မဟုတ်၊ ပြုလုပ်၍ထားသော သဏ္ဌာန်မျှကိုစွဲ၍ နောက်မှဖြစ်ပေါ်သော အမည် တည်း၊ ထိုသစ်, ဝါးတို့သည် အပင်၌နေကြကုန်စဉ်အခါ အိမ်ဟူ၍ မခေါ် ရကုန်၊ အိမ်ဟူသော အမည်ကို မရကြကုန်၊ အိမ်သဏ္ဌာန် ဆောက်လုပ် မိမှသာလျှင် မိုးပေါ်ကျကဲ့သို့ ခေါ်ဝေါ်ရသော အာဂန္တုက အမည်မျှ သာတည်း၊ ထို့ကြောင့် အဘိဓမ္မာနည်းအားဖြင့် အိမ်ဟူ၍မရှိ၊ သစ်, ဝါးတို့သည်သာလျှင် ဧကန်ရှိကြကုန်၏။

အိမ်သည်မူကား ဆောက်လုပ်မိမှ ပေါ်လာသော သဏ္ဌာန် မျှသာဖြစ်၍ ဧကန်ရှိမဟုတ်၊ ထိုအိမ်ကို ဖျက်၍ ကျောင်းတိုက်တွင်းမှာ ကျောင်းသဏ္ဌာန် ဆောက်လုပ်ပြန်လျှင် ကျောင်းသဏ္ဌာန် ပေါ်ပြန်၏၊ ကျောင်းဟူ၍ ခေါ်ဝေါ်ရပြန်၏၊ အိမ်သဏ္ဌာန်ပျက်ပြန်၏၊ အိမ်ဟူသော အမည် ပျောက်ကွယ်ပြန်၏။

တစ်ဖန် ထိုကျောင်းကို ဖျက်၍ ဘုရားရှေ့မှာ တန်ဆောင်း, ပြာသာဒ်သဏ္ဌာန် ဆောက်လုပ်ခဲ့ပြန်လျှင် တန်ဆောင်း, ပြာသာဒ် သဏ္ဌာန် ပေါ်ပြန်၏၊ တန်ဆောင်း, ပြာသာဒ်ဟူ၍ ခေါ်ရပြန်၏၊ ကျောင်းဟူ၍ မခေါ်ရပြီ၊ ကျောင်းဟူသော အမည်ပျောက်ကွယ်ပြန်၏။

တစ်ဖန် ထိုတန်ဆောင်းကိုဖျက်၍ ဇရပ်ဆောက်ခဲ့ပြန်သော် ထိုဇရပ်ကိုဖျက်၍ မဏ္ဍပ်ဆောက်ခဲ့ပြန်သော် တန်ဆောင်းဟူသော အမည်ပျောက်၍ ဇရပ်ဟူသော အမည်, ဇရပ်ဟူသော အမည်ပျောက်၍ မဏ္ဍပ်ဟူသောအမည် ပေါ်လာကြရပြန်၏၊ သဏ္ဌာန်ပျက်သော် အမည် ပျက်ကြကုန်၏၊ သဏ္ဌာန်ပေါ်လာမှသာ အမည်ပေါ်လာကြကုန်၏။

သစ်ဝါးတို့သည်မူကား အပင်၌ နေစဉ်အခါ၌လည်း သစ်, ဝါးတို့ပင်တည်း၊ အိမ်ဖြစ်စဉ်အခါ၌လည်း သစ်ဝါးတို့ပင်တည်း၊ ကျောင်း ဖြစ်စဉ်အခါ၌လည်း သစ်ဝါးတို့ပင်တည်း၊ တန်ဆောင်းဖြစ်စဉ် အခါ၌ လည်း သစ်ဝါးတို့ပင်တည်း၊ ဇရပ်ဖြစ်စဉ်အခါ၊ မဏ္ဍပ်ဖြစ်စဉ် အခါ၌လည်း သစ်ဝါးတို့ပင်တည်း၊ မဏ္ဍပ်ကို ဖျက်၍ မြေ၌စုပုံ၍ ထားပြန်လျှင်လည်း သစ်ပုံ, ဝါးပုံတို့ပင်တည်း။

ထို့ကြောင့် သစ်ဝါးတို့ကို စုပေါင်းဆောက်လုပ်မိမှ ပေါ်လာကြ ကုန်သော အိမ်သဏ္ဌာန်, ကျောင်းသဏ္ဌာန်, တန်ဆောင်းသဏ္ဌာန်, ဇရပ် သဏ္ဌာန်, မဏ္ဍပ်သဏ္ဌာန်ဟူသော သဏ္ဌာန်မျိုးတို့သည် ဇာတိနှင့်တကွ တည်ရှိ၍လာခဲ့သောအရာမျိုး မဟုတ်ကုန်၊ သစ်ဝါးတို့မူကား ပေါက်ရင်း ကပင် ဇာတိနှင့်တကွတည်ရှိ၍ လာကြကုန်၏၊ ထို့ကြောင့် အဘိဓမ္မာ နည်းအားဖြင့် အိမ်ဟူ၍ မရှိ, ကျောင်းဟူ၍ မရှိ, တန်ဆောင်းဟူ၍ မရှိ, ဇရပ်ဟူ၍ မရှိ, မဏ္ဍပ်ဟူ၍ မရှိ, သစ်, ဝါးတို့သာ ရှိကုန်သည်ဟု ဆို ပေသည်။

---

လောကနည်း အဘိဓမ္မာနည်း

လောကအလိုအားဖြင့်မူကား အိမ်ရှိ၏ဆိုသော်လည်း မုသား မဖြစ်၊ အဘယ့်ကြောင့်နည်း၊ လူအများတို့ တညီတညာတည်း ခေါ်ဝေါ် ကြသော အရာဖြစ်၍ မည်သူ့ကိုမျှ လှည့်စားရာ မကျသောကြောင့်တည်း။

အဘိဓမ္မာအလိုအားဖြင့်မူကား အိမ်ရှိ၏ဟုဆိုသော် မှား၏၊ အဘယ်ကြောင့်နည်း၊ ဗိသုကာဆရာတို့ ဆောက်လုပ်မှ ထင်ပေါ်လာ သော သဏ္ဌာန်ပညတ်မျိုးမျှ ဖြစ်လေသောကြောင့်တည်း၊ အိမ်, အိမ် ဟူ၍ဆိုကြ၏၊ အဘယ်ကို အိမ်ခေါ်သနည်းဟုမေးသော် တစ်ခုသော အိမ်ကို လက်ညှိုးထိုး၍ ဤဟာကိုအိမ်ခေါ်သည်ဟု ပြပေလတ္တံ့၊ လောက နည်းအားဖြင့်ဟုတ်ပေ၏၊ မှန်ပေ၏ဟုဆိုရ၏၊ အဘိဓမ္မာနည်းအားဖြင့် မူကား မဟုတ်မမှန်ဟု ဆိုရမည်။

မဟုတ်မမှန်ပုံကား လက်ညှိုးထိုး၍ ပြသောလက်ညှိုးချက်သည် အိမ်ကိုထိသလော၊ သစ်ဝါးကို ထိသလောဟုမေး။ အိမ်သည် သဏ္ဌာန်ပညတ်မျိုးဖြစ်၍ ဧကန်ရှိမျိုးမဟုတ်သောကြောင့် လက်ညှိုးချက် မထိနိုင်၊ သစ်, ဝါးတို့သည်သာ ဇာတိနှင့်တကွ ရှိကြသော ဝတ္ထုမျိုးဖြစ်၍ လက်ညှိုးချက်ထိနိုင်၏၊ သစ်ဝါးတို့ကို အိမ်ဟူ၍ စွပ်စွဲခြင်းဖြစ်၏၊ ထိုစွပ်စွဲချက်သည် မှား၏၊ အိမ်သဏ္ဌာန်၏ အမည်ကို သစ်ဝါးတို့၏ အမည်လုပ်၍ မဟုတ်မမှန် စွဲဆိုခြင်းဖြစ်၏၊ သစ်ဝါးတို့၏ အမည် ဖြစ်ခဲ့သော် အပင်၌ပေါက်ရောက်တည်ရှိသည့်အခါကပင် အိမ်ဟူသော အမည်ပါရှိခဲ့ရမည်၊ ထိုသစ်ဝါးတို့ကို ဘယ်အထည်မျိုးပင်ပြု၍ ထားသော်လည်း အိမ်ဟူသောအမည်သည် အမြဲပါရှိရမည်၊ ထိုသို့ကား မပါမရှိ၊ အိမ်သဏ္ဌာန်ရှိနေခိုက်၌သာ အိမ်ဟူသော အမည်ရှိနိုင်သည် ကျောင်း, တန်ဆောင်း, ဇရပ်, မဏ္ဍပ်တို့၌လည်း ဤနည်းတူ လောကနည်း, အဘိဓမ္မာနည်း ကွဲပြားခြားနားပုံကို သိလေ, မြင်လေ, ခွဲလေ။

ထိုနှစ်နည်းတို့တွင် လောကနည်းသည် လောကနယ်၌ သုံးရ၏၊ လောကကို မလွန်နိုင်၊ အဘိဓမ္မာနည်းသည်သာ လောကကို လွန်နိုင်၏၊ လောကုတ္တရာဘုံသို့ ရောက်နိုင်၏၊ သစ်ဝါးတို့ကို ညောင်စောင်း, ပလ္လင်, အင်းပျဉ်, လှေ, လှည်းစသည် လုပ်ကြရာ၌ လောကအလို ညောင်စောင်း, အင်းပျဉ်, လှေ, လှည်းစသည်ရှိ၏၊ အဘိဓမ္မာအလို ညောင်စောင်း, အင်းပျဉ်, လှေ, လှည်းစသည် မရှိ၊ သစ်ဝါးသာ ရှိ၏။

မြေကြီးကို အိုး, အင်, ခွက်, ဖလားစသည် လုပ်ကြရာ၌ လောက အလို အိုး, အင်, ခွက်, ဖလား ရှိ၏၊ အဘိဓမ္မာအလို အိုး, အင်, ခွက်, ဖလားမရှိ၊ မြေကြီးသာရှိ၏။

သံကို ထိုထိုအထည်မျိုး ပြုလုပ်ကြရာ- ကြေးကို ရွှေကို ငွေကို ထိုထိုအထည် ဝတ္ထုမျိုး ပြုလုပ်ကြရာ- ချည်ကို အကျႋ, တဘက်, ထဘီ, ပုဆိုး အမျိုးမျိုး အထည်ပြုလုပ်ကြရာတို့၌ လောကအလို ထိုထိုအထည် ဝတ္ထုရှိ၏၊ အဘိဓမ္မာအလို မရှိ၊ သစ်ဝါးသာရှိ၏၊ မြေကြီးသာရှိ၏၊ သံသာရှိ၏၊ ကြေးသာ ရှိ၏၊ ချည်သာရှိ၏ဟု ဤသို့ ကွဲပြားခြားနားပုံကို အကုန်သိလေ၊ မြင်လေ၊ ခွဲလေ။

ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့၌လည်း လောကအလို ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ အတ္တရှိ၏၊ ဇီဝရှိ၏၊ အဘိဓမ္မာအလို ပုဂ္ဂိုလ်မရှိ၊ သတ္တဝါမရှိ၊ အတ္တမရှိ၊ ဇီဝမရှိ၊ ပထဝီစသော ဓာတ်မျိုးသာ ရှိ၏၊

လူမရှိ၊ နတ်မရှိ၊ သိကြားမရှိ၊ ဗြဟ္မာမရှိ၊ နွား, ကျွဲ, ဆင်,မြင်း စသည် မရှိ။ ပထဝီ စသော ဓာတ်မျိုးသာရှိ၏၊ မိန်းမ မရှိ၊ ယောကျ်ား မရှိ၊ မည်သူမည်ဝါမရှိ၊ ငါဟူ၍မရှိ၊ သူဟူ၍မရှိ၊ ပထဝီစသော ဓာတ်မျိုး သာရှိ၏၊ ဦးခေါင်းမရှိ၊ ခြေမရှိ၊ လက်မရှိ၊ မျက်စိမရှိ၊ နား, နှာခေါင်း မရှိ၊ ပထဝီစသော ဓာတ်မျိုးသာရှိ၏၊ ဆံပင်မရှိ၊ မွေးညှင်းမရှိ၊ ခြေသည်း၊ လက်သည်းမရှိ၊ သွားမရှိ၊ အရေမရှိ၊ အသားခဲမရှိ၊ အကြော မရှိ၊ အရိုးမရှိ၊ ရိုးတွင်းခြင်ဆီမရှိ၊ အညှို့မရှိ၊ နှလုံးမရှိ၊ အသည်းမရှိ၊ အမြှေးမရှိ၊ အဖျဉ်းမရှိ၊ အဆုတ်မရှိ၊ အူမ, မရှိ၊ အူသိမ်မရှိ၊ အစာသစ်မရှိ၊ အစာ ဟောင်းမရှိ၊ ပထဝီစသော ဓာတ်မျိုးသာ ရှိ၏။

ဤသို့လျှင် သံသရာနယ်တစ်ခွင်၌ အစဉ်ထင်မှတ်စွဲလမ်း၍ လာကြသော သဏ္ဌာနပညတ် ဒြဗ်အထည် ကြီးငယ်ဝတ္ထု အစုစုတို့ကို ဉာဏ်ဖြင့်ရှာကြံ၍ တစ်စုံတစ်ခုမျှမရဘဲ တစ်လောကလုံး၌ ဓာတ်ပုံ ဓာတ်ထု ဓာတ်စုဓာတ်ခဲမျှသာ ရှိနေသည်ဟု ထင်နိုင်မြင်နိုင်သောဉာဏ် အလင်းကြီးကို ဓမ္မဝဝတ္ထာနဉာဏ်အလင်းကြီး ဆိုသည်။

---

ပထဝီ ဓာတ်ကြီးကို ခွဲ၍ပြဆိုခန်း

ဤ၌ ပထဝီစသော ဓာတ်ကြီးလေးပါးကို အတန်ငယ်မျှ ခွဲစိတ်၍ ပြဦးအံ့။

(၁) ကက္ခဠသဘာဝေါ=ခက်မာသော သဘောသည်လည်း ကောင်း၊ မုဒုသဘာဝေါ=နူးညံ့သော သဘောသည်လည်း ကောင်း၊ ပထဝီ=ပရမတ်နှစ် မြေအစစ်ပေတည်း။

(၂) အာဗန္ဓနံ=ဖွဲ့စည်းမှုသည်လည်းကောင်း၊ ပဂ္ဃရဏံ=ယိုစီးမှု သည်လည်းကောင်း၊ အာပေါ=ပရမတ်နှစ် ရေအစစ်ပေ တည်း။

(၃) ဥဏှဘာဝေါ=ပူသော အဖြစ်သည်လည်းကောင်း၊ သီတဘာ ဝေါ=အေးသော အဖြစ်သည်လည်းကောင်း၊ တေဇော= ပရမတ်နှစ် မီးအစစ်ပေတည်း။

(၄) ဝိတ္ထမ္ဘနံ=ထောက်ကန် တောင့်တင်းမှုသည်လည်းကောင်း၊ သမုဒီရဏံ=လှုပ်ကြွရွေ့ရှားမှုသည် လည်းကောင်း၊ ဝါယော= ပရမတ်နှစ် လေအစစ်ပေတည်း။

ဤဓာတ်ကြီးလေးပါး၏ အနက်ကို ကြေကြေမွမွ နှုတ်တတ်ရအောင် ကျက်၍ ဆောင်ကြရမည်။

ထိုဆောင်ပုဒ်၌ မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးကို ဓမ္မဝဝတ္ထာနဉာဏ်အလင်းပေါက်အောင် ဖော်ပြပေအံ့။

ပရမတ်နှစ်မြေအစစ်ဆိုသည်ကား- ခက်မာသောအမူအရာ အခြင်းအရာမျှသာတည်း၊ အဏုမြူတစ်ခုကို အစိတ်တစ်သိန်းစိတ်၍ တစ်စိတ်စာမျှ အခဲအကြိတ် အဆံအမာ အထည်ဒြဗ်ဟူ၍ မရှိ၊ အလွန်ကြည်လင်လှစွာသော မြစ်ရေ, ချောင်းရေ, စိမ့်ရေ, စမ်းရေတို့၌ လည်းကောင်း၊ နေရောင်, လရောင်, ကြယ်ရောင်, မီးရောင်, ပတ္တမြား ရောင်တို့၌လည်းကောင်း၊ အနီးအဝေး ပျံ့နှံ့၍သွားသော ခေါင်းလောင်း သံ, ကြေးစည်သံ စသည်တို့၌လည်းကောင်း လေပြေ, လေညှင်း, လေပြင်း, မုန်တိုင်း စသည်တို့၌ လည်းကောင်း အဝေးအနီး ပျံ့နှံ့လွင့်ပါ၍သွားသော အမွှေးနံ့, အပုပ်နံ့၌လည်းကောင်း ထိုပရမတ် ဓာတ်မြေသည် အပြည့် ပါရှိ၏။

ယုတ္တိကား-ဓာတ်ကြီးလေးပါးတို့၏ တစ်ပါးနှင့်တစ်ပါး အချင်း ချင်း အဝိနိဗ္ဘောဂဝုတ္တိဖြစ်၍ မကွဲစကောင်းသောကြောင့် တကွဖြစ် ကြသည်ကို ထောက်၍လည်းကောင်း။

ဧကံ မဟာဘူတံ ပဋိစ္စ တယော မဟာဘူတာ၊ တယော မဟာဘူတေ ပဋိစ္စ ဧကံ မဟာဘူတံ၊ ဒွေ မဟာဘူတေ ပဋိစ္စ ဒွေ မဟာဘူတာ”။

ဟူ၍ ဟောတော်မူသည်ကို ထောက်၍ လည်းကောင်း၊ “ပထဝီ= မြေဓာတ်သည်၊ သမ္ပဋိစ္ဆနရသာ=ရေဓာတ်, လေဓာတ်, မီးဓာတ်တို့ကို ခံယူရခြင်းကိစ္စရှိ၏” ဟူ၍ အဋ္ဌကထာတို့၌ မိန့်ဆိုသောကြောင့်လည်း ကောင်း၊ အမာခံဖြစ်သော မြေဓာတ် အခံမရှိလျှင် ရေဓာတ်လည်း မရှိ နိုင်၊ လေဓာတ်လည်း မရှိနိုင်၊ မီးဓာတ်လည်း မရှိနိုင်သော သဘောကို ထောက်၍လည်းကောင်း၊ ဆိုခဲ့ပြီးသော ရေအမျိုးမျိုး, အရောင်အမျိုးမျိုး, အသံအမျိုးမျိုး, လေအမျိုးမျိုး, အနံ့အမျိုးမျိုး စသည်တို့၌ မြေဓာတ်အပြည့် ပါရှိ၏ ဟုသိလေ။

ဤကား ပိဋကတ်ကျမ်းဂန် ယုတ္တိတည်း

လက္ခဏာယုတ္တိကား- တစ်လုံးတစ်ခဲတည်း ဖြစ်ကြသော ရေ တို့၌လည်းကောင်း၊ လေတို့၌လည်းကောင်း အထက်အထက်နေသော ရေ, လေတို့ကို အောက်အောက်နေသော ရေ, လေတို့က အဆင့်ဆင့် ခုခံ၍ နေမှုသည် ထင်ရှား၏၊ ထိုခုခံမှုသည် အာပေါမှုလည်း မဟုတ်၊ ကပ်တွယ် ဖွဲ့စည်းမှုသည်သာ အာပေါတည်း၊ ထိုခုခံမှုသည် တေဇောမှု လည်း မဟုတ်၊ ပူမှု အေးမှုသည်သာ တေဇောတည်း၊ ထိုခုခံမှုသည် ပထဝီမှု, ဝါယောမှု နှစ်ချက်နှင့်ဆိုင်၏၊ ထိုခုခံမှု၌ခက်မာ ခံ့ကျန်းမှုတစ်ခု၊ ထောက် ကန်တောင့်တင်းမှုတစ်ခု ဤနှစ်ခုဖက်စပ်မှ ခုခံမှုဖြစ်နိုင်သည်၊ ထို နှစ်မှုတို့တွင် ခက်မာ ခံ့ကျန်းမှုကိုပင် ပရမတ်မြေဆိုသည်၊ ထောက် ကန် တောင့်တင်းမှုကိုပင် ပရမတ်လေဆိုသည်။

ထိုနှစ်မှုတို့တွင် ထောက်ကန် တောင့်တင်းမှုဟူသော လေဓာတ် သည် ခက်မာခံ့ကျန်းမှု ဟူသော မြေဓာတ်ကို မှီရသည်၊ မြေဓာတ်ကို လွှတ်၍ မိမိအလိုအလျောက် ဖြစ်နိုင်သည် မဟုတ်၊ ခက်မာ ခံ့ကျန်းမှုနှင့် ထောက်ကန် တောင့်တင်းမှုကို ခြားနားအောင် ကြည့်လေ။

ဤသို့လျှင် ထိုဆိုအပ်ခဲ့ပြီးသော ရေ, လေတို့၌ ခက်မာခံ့ကျန်းမှု ဟူသော ပရမတ်မြေ ထင်ရှားရှိကြောင်းကို ထိုရေ, လေတို့၌ ရေအား လျော်စွာ၊ လေအားလျော်စွာ ကက္ခဠလက္ခဏာ ရှိသည်ကို မြင်၍သိအပ် ၏၊ ဆိုအပ်ခဲ့ပြီးသော နေရောင်စသည်, ခေါင်းလောင်းသံ စသည်, အမွှေး နံ့ စသည်တို့၌ကား ထိုထိုဝတ္တု အားလျော်စွာ ခက်မာခံ့ကျန်းမှု အသီးသီး ပါရှိကြငြားသော်လည်း အလွန်တရာ အားနည်းလှသော အမှုဖြစ်ချေ၍ လက္ခဏာယုတ္တိနှင့် မပြသာချေ၊ ကျမ်းဂန် ယုတ္တိနှင့်သာ ပြသာချေသည်။ ဤကြည်လှစွာသော ရေ, လေ, လရောင်, အသံ, အနံ့တို့ကို ပြဆိုလိုက် သည်မှာ (ကက္ခဠကြိယာ) ခက်မာခံ့ကျန်းမှုဟူသောအမူအရာ သက်သက် သည်သာလျှင် ပရမတ်မြေ အစစ်အမှန်ဖြစ်ကြောင်း ပရမတ်မြေ အစစ် မည်သည် အဏုမြူမျှကို အစိတ်တစ်သိန်း စိတ်သော်လည်း တစ်စိတ် ခန့်မျှ အဆံအမာ အထည်ဝတ္ထု မရှိကြောင်းကို ထင်လင်းစေခြင်းငှာ ပြဆိုလိုက်သည်။

အထည်ဝတ္ထုဟူ၍မရှိ၊ ခက်မာသော အမူအရာ သက်သက်မျှ သာဖြစ်သော ထိုမြေဓာတ်သည်လည်း လွန်ကဲသောခက်မာမှုကို ထောက် ၍နုံ့သော ခက်မာမှုကို နူးညံ့သည်ဟုဆိုရသည်၊ ထို့ကြောင့် ဝရဇိန် ကျောက်သွား၌ ရှိသော ခက်မာမှုကို အလွန်ဆုံးထား၍ လရောင်ကလပ်၌ ရှိသော ခက်မာမှုကို အနုံ့ဆုံးထား၍ စပ်ကြား၌ ခက်မာမှု အဆင့်ဆင့်, နူးညံ့မှု အဆင့်ဆင့်ဖြစ်၍နေသော ထိုမြေဓာတ်၏ အလားကို သိရမည်။

ဤမြေဓာတ်၌ ခက်မာခြင်းလက္ခဏာဆိုသည်ကို ပရမတ် သဘောနှင့် ကြည့်ရမည်၊ ပကတိလူတို့၏ အမှတ်သညာနှင့် မကြည့်ရ၊ ပကတိလူတို့၏ အမှတ်သညာနှင့် ကြည့်ခဲ့သော် လရောင်စသည်တို့၌ ခက်မာသောအမှုကို မတွေ့နိုင် ရှိလိမ့်မည်။

ထိုခက်မာသော အခြင်းအရာသဘော သက်သက်မျှသာ ဖြစ်သော ပရမတ်မြေဓာတ်သည် အာပေါဟူသောပရမတ်စေး ဖွဲ့စည်းမှု ကြောင့် မြေဓာတ်ပေါင်း ကုဋေ, သိန်း, သောင်း ပေါင်းဖွဲ့မိသည်ရှိသော် အဏုမြူတစ်ခုဟူသော ဝတ္ထုထည်ဒြဗ်ဖြစ်၏၊ အဏုမြူပေါင်း ကုဋေ, သိန်း, သောင်း ပေါင်းဖွဲ့မိသည်ရှိသော် သန်း,ကြမ်းပိုး ဖြစ်၏၊ ထိုမှ အဆင့် ဆင့်ပွား၍ သတ္တဝါတွင် ယူဇနာလေးထောင့်ရှစ်ရာရှိသော အသူရိန် နတ်ကြီးတိုင်အောင်, ဗဟိဒ္ဓသန္တာန်တွင် ယူဇနာပေါင်း ရှစ်သောင်း လေးထောင် နှစ်ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး၊ နှစ်သိန်း လေး သောင်း အထုရှိသော မဟာပထဝီမြေကြီးတိုင်အောင် သိလေ။

သန်း အစရှိသော, အဏုမြူ အစရှိသော သက်ရှိ သက်မဲ့ ရုပ်စု ရုပ်ခဲ ဟူသမျှတို့၌ ခက်မာခြင်းဟူသော ဤမြေဓာတ်သည် အထည်ခံ အမာခံ ဖြစ်သတည်း၊ ဤမြေဓာတ်မှတစ်ပါး အထည်ဝတ္ထုရကောင်းသော ဓာတ်မရှိ၊ ရေဓာတ်, မီးဓာတ်, လေဓာတ်တို့သည်လည်း မြေဓာတ်၌ တွယ်ကြရကုန်သည်၊ ဤသို့ မြေဓာတ်၏ ကိစ္စကြီးကျယ်ဟန်ကို သိရမည်။

မြင့်မိုရ်တောင်ကြီးတစ်ခုလုံး၌လည်းကောင်း, မဟာပထဝီ မြေကြီး တစ်ခုလုံး၌လည်းကောင်း ပရမတ်မြေဓာတ်သက်သက်ကို ကြည့် လိုသည်ရှိသော် အဏုမြူမျှ အထည်ဒြဗ်မရှိ၊ခက်မာသော အခြင်းအရာ ကြိယာသဘော သက်သက်ကိုကွက်ခြား၍ ကြည့်ရသည်၊ အဏုမြူမျှ အထည်ဒြဗ်မရှိဘဲ မှန်ထဲ၌ ထင်သော အရိပ်ကြီးကဲ့သို့၊ ရေထဲ၌ထင်သော အရိပ်ကြီးကဲ့သို့ မြင်လိမ့်မည်၊ အဏုမြူမျှလောက် အရှည်အတို, အကြီး အငယ်, အခဲအမာ ထင်၍လာလျှင် ပရမတ်မြေအစစ်မဟုတ်ပြီ၊ သဏ္ဌာနပညတ် ဒြဗ်အထည်နှင့်ရောမိပြီ၊ သဏ္ဌာန ပညတ် ဒြဗ်အထည် နှင့် ရောခဲ့လျှင် ဖြစ်မှုပျက်မှုကို ရှုသောအခါ မထင်နိုင်ဘဲ နေတတ်သည်။

ဤဓာတ်ကမ္မဋ္ဌာန်း၌ ရှင်အာနန္ဒာကို အရှင်ပုဏ္ဏမထေရ် ဆုံးမ သောအခါ မှန်ရိပ်ဥပမာနှင့် ဆုံးမသည်၊ ဤမှန်ရိပ်ဥပမာနှင့်ပင် ရှင် အာနန္ဒာ သောတာပန်ဖြစ်လေသည်၊ မြင့်မိုရ်တောင် မဟာပထဝီမြေကြီး တို့ကို အကုန်ခြုံ၍ကြည့်သောအခါ၌ပင် အခဲအကြိတ် အထည် ဝတ္ထု အဏုမြူမျှ မရောမယှက်ဘဲ ပရမတ်အစစ်အမှန် ဖြစ်သော ခက်မာမှု ဟူသော မြေဓာတ်သက်သက်ကို ထင်မြင်အောင် ရှုနိုင်သောသူအား ထို့အောက်ငယ်သော သက်ရှိသက်မဲ့တို့၌ ပရမတ်စစ် ဖြစ်သော မြေဓာတ် ကို ထင်မြင်အောင်ရှုရန် အလွန်လွယ်လှတော့သည်။

---

အရိပ်ဥပမာဖြင့် ထင်စွာပြဆိုခြင်း

မှန်၌ထင်သော အရိပ်၊ ရေ၌ထင်သော အရိပ်၊ သစ်ပင်ရိပ်၊ တောင်ရိပ် အစရှိသော အရိပ်တို့သည် မြင့်မိုရ်တောင်မျှပင် ကြီးမားစွာ ထင်မြင်ငြားသော်လည်း အဏုမြူမျှအထည်ဒြဗ် မရှိသည့်အတွက်ကြောင့် ပျောက်ခွင့်, ပျက်ခွင့် ဆိုက်ခဲ့လျှင် မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက် အတွင်းမှာပင် အကြိမ် တစ်ရာမက ပျောက်နိုင်, ပျက်နိုင်သကဲ့သို့ ထို့အတူ ထိုမြင့်မိုရ်တောင်နှင့်အမျှ ပျံ့နှံ့ကြီးကျယ်၍နေသော ထိုပရမတ် မြေ ဓာတ်သည်လည်း တစ်ခုတည်းသော ပရမတ်စိုင် ပရမတ်ခဲဟူ၍ အဏုမြူမျှ မရှိသည့်အတွက် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်း မှာပင် အကြိမ်တစ်ရာမက ပျောက်ပျက်ကွယ်ပနိုင်ရာသော အရိပ်နိမိတ် ထင်မြင်နိုင်လိမ့်မည်၊ မိမိကိုယ်၌ ထိုပရမတ်စစ် ဖြစ်သော မြေဓာတ်ကို အလင်းပေါက်အောင် ကြည့်ရှုသောအခါ ဉာဏ်ငုံနိုင် လောက်ရုံ၊ ဉာဏ်ဝါး နိုင်လောက်ရုံ ပိုင်း၍ ပိုင်း၍ကြည့်၊ ဦးခေါင်းကို ပိုင်း၍ ကြည့်သောအခါ အတွင်းအပြင်မခြားမနား ထုတ်ခြင်းပေါက်အောင် ကြည့်၊ မြေဓာတ် မဟုတ်သော အဆင်းဓာတ် ခုခံ၍နေတတ်သည်၊ သဏ္ဌာနပညတ် ဒြဗ်အထည်ကြီးလည်း ခုခံ၍နေတတ်သည်၊ ဉာဏ်ကို ကြပ်ကြပ်လှုပ်၍ ပေးလေ။

ခြေဖဝါးတိုင်အောင် အောက်အဖို့စုကိုလည်း ဉာဏ်နိုင်ရုံ နိုင်ရုံ လောက် ပိုင်း၍ကြည့်၊ တစ်ကိုယ်လုံး စပ်မိသောအခါ ဉာဏ်ကို ဦးထိပ်က နေ၍ ရွယ်လိုက်လျှင် ခြေဖဝါးတိုင်အောင် ထုတ်ချင်း ဖောက်ထွင်း၍ သွားလိမ့်မည်၊ မိမိကိုယ်ခန္ဓာတစ်ခု၌ ဓာတ်ပေါက်အောင် မြင်ခဲ့လျှင် စကြဝဠာအနန္တ, ကမ္ဘာအနန္တ တို့၌ ရှိသမျှသော သတ္တဝါခန္ဓာစု အကုန်လုံး ဓာတ်ပေါက်ပြီး ဖြစ်တော့သည်၊ ဤပရမတ် မြေဓာတ်တစ်ခု ပေါက်၍ သွားလျှင် ကြွင်းသော ရေဓာတ်, လေဓာတ်, မီးဓာတ်စုတို့ကိုလည်း အလွန်လွယ်လှတော့သည်။

ပထဝီဓာတ်ခွဲနည်း အမြွက်ပြီး၏၊

---

အာပေါဓာတ်ကို ခွဲ၍ပြဆိုခန်း

ပရမတ်နှစ် ရေအစစ်ကား - တွယ်မှု ကပ်မှု ဖွဲ့စည်းမှု သည် သာလျှင် ပရမတ်နှစ် ရေဓာတ်အစစ်တည်း၊ ထိုတွယ်မှု ကပ်မှု ဖွဲ့စည်းမှု ဟူသော ပရမတ် ရေဓာတ်သည် ထက်သန်ခြင်းသို့ရောက်သည်ရှိသော် စိုစွတ်ခြင်း,ယိုစီးခြင်းဟူသော (ပဂ္ဃရဏ) ရေဓာတ်ဖြစ်လေ၏၊ ထိုတွယ်မှု ကပ်မှု ဖွဲ့စည်းမှု ဟူသော (အာဗန္ဓန ကြိယာ) သက်သက်မျှသာ ဖြစ်သော ပရမတ်ရေဓာတ် အစစ်သည်လည်း အဏုမြူကို အစိတ်တစ်သိန်း စိတ် သော်လည်း တစ်စိတ်စာမျှ အခဲအကြိတ် အဆံအမာ အထည်ဒြဗ်ဟူ၍ မရှိ၊ တွယ်ကပ် ဖွဲ့စည်းခြင်းကြိယာ အမူအရာ သက်သက်မျှသာတည်း။

ထိုတွယ်ကပ် ဖွဲ့စည်းမှုဟူသော ပရမတ်ရေဓာတ်သည် မြေဓာတ် မီးဓာတ် လေဓာတ်သုံးပါးတို့ကို တစ်ခုတည်း တစ်သားတည်းကဲ့သို့ နေအောင် ဖွဲ့နှောင်စည်းကြပ်ပေသည်ဖြစ်၍ ကလာပ်တူ မဟာဘုတ် တို့သည် တစ်ပါးကို တစ်ပါးအား ပြုခွင့်ရကြကုန်သည်၊ တစ်ပါးကိုတစ်ပါး ထောက်ပံ့ခွင့် ရကြကုန်သည်၊ ဖွဲ့နှောင်စည်းကပ် ချုပ်ထိန်း၍နေသော ရေဓာတ် ချုပ်ကွယ် ပျောက်ပျက်ခဲ့သည်ရှိသော် ထိုဓာတ်ကြီးသုံးပါးသည် အစည်းပြယ်ပျက်၍ ခဏချင်းပျောက်ပျက် ကွယ်ဆုံးကြလေကုန်၏။

ဤကား ကလာပ်တစ်ခုတည်း၌ ရေဓာတ်၏ ကျေးဇူးကိုဆိုသော စကားတည်း

လောက၌ ပရမာဏုမြူမှစ၍ သတ္တဝါ၌ အသူရိန်နတ်ကြီးဟု ဆိုအပ်သော ရုပ်တုံး ရုပ်ခဲကြီးတိုင်အောင် ဗဟိဒ္ဓ၌ မြင့်မိုရ်တောင်ကြီး, စကြဝဠာတောင်ကြီး, မဟာပထဝီမြေကြီးတိုင်အောင် သဏ္ဌာန်ကြီးငယ် အထည်ဒြဗ်အနေနှင့် ရုပ်တရားတို့ အကြိတ်အခဲ, အတုံးအခဲဖြစ်၍ နေကြမှုသည်လည်း ဤရေဓာတ်၏ ကျေးဇူးပင်တည်း၊ ဤရေဓာတ်မှ တစ်ပါး အကြိတ်အခဲဖြစ်အောင် ဖွဲ့စည်းသောဓာတ်ဟူ၍ မရှိပြီ၊ ရှစ်သောင်းလေးထောင် နှစ်ပြန်ဆောင်သော မြင့်မိုရ်တောင်ကြီး၌ ရှိသောဖွဲ့စည်းမှုသည် ယခုခဏချင်း ပျက်ဆုံးခဲ့သည်ဖြစ်အံ့၊ ထိုမြင့်မိုရ် တောင်ကြီးသည် ယခုခဏချင်း ကွယ်ပျောက်ရာ၏၊ ရှစ်သောင်း နှစ်ထောင် နှစ်ပြန်ဆောင်သော စကြဝဠာတောင်ကြီး၌ ဖွဲ့စည်းမှုသည် ယခုခဏချင်း ပျက်ဆုံးခဲ့သည်ဖြစ်အံ့၊ ထိုစကြဝဠာတောင်ကြီးသည် ယခု ခဏချင်း ကွယ်ပျောက်ရာ၏၊ မဟာပထဝီမြေကြီး၌ရှိသော ဖွဲ့စည်းမှု သည် ယခုခဏချင်း ပျက်ဆုံးခဲ့သည် ဖြစ်အံ့၊ မဟာပထဝီမြေကြီးသည် ယခု ခဏချင်း ကွယ်ပျောက်၍ ကောင်းကင်အတိသာ ဖြစ်လေရာ၏။

အဘယ်ကြောင့်နည်းဟူမူ ဖွဲ့စည်းမှုဟူသော ချုပ်ထိန်းမှု မရှိ ခဲ့သည်ရှိသော် မြင့်မိုရ်တောင်, စကြဝဠာတောင်, သိလာပထဝီဖြစ်၍ နေသော တစ်ခဲနက်သော ပရမတ်မြေ, ပရမတ်ရေ, ပရမတ်မီး, ပရမတ် လေတို့သည် တစ်ပါးကိုတစ်ပါး ထောက်ပံ့မှု, မှီတွယ်မှု အစည်းအရုံး ခဏချင်း ကင်းလွတ်ကြလေကုန်၏။

နိဗ္ဗာန်မှတစ်ပါးသော သင်္ခတလက္ခဏာရှိသော ပရမတ္ထဓမ္မတို့ မည်သည် ထောက်ပံ့မှု, မှီတွယ်မှုနှင့်ကင်း၍ မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သောမည်သည် မရှိ လေကုန်။

မြင့်မိုရ်တောင်ကြီး, စကြဝဠာတောင်ကြီး, မဟာပထဝီမြေကြီး တို့၌ ပရမတ်ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်ရှုလိုသည်ရှိသော် ခက်မာမှု ဟူသောမြေဓာတ်နှင့် မရောစေမူ၍ ဖွဲ့စည်းမှုဟူသော ရေဓာတ်သက်သက်ကို ကွက်ခြား၍ ကြည့်ရသည်၊ အဆင်းသဏ္ဌာန် အထည် ဒြဗ်စုခုခံ၍နေတတ်သည်၊ ပရမတ်အစစ်ကို အမြင်စင်ကြယ် လှပါမှ အနိစ္စအစစ်, ဒုက္ခအစစ်, အနတ္တအစစ်ကို မြင်နိုင်သည်။

မြေဓာတ်၌ ဆိုခဲ့ပြီးသောအတိုင်း ဤရေဓာတ်၌လည်း ဖွဲ့စည်းမှု သက်သက်ဟု ဆိုအပ်သော ရေဓာတ်အမြင် စင်ကြယ်သောအခါ မြင့်မိုရ်, မဟာပထဝီတစ်ခုလုံး၌ အကြိတ်အခဲ အဆံအမာ မရှိသည့်အတွက် မှန်ထဲ, ရေထဲမှာ ထင်မြင်ရသော မိုးရိပ်, တိမ်ရိပ်, နေဝန်း, လဝန်းရိပ်, သစ်ပင်ရိပ်တို့ကဲ့သို့ ဖွဲ့စည်းမှုဟူသော အာပေါလက္ခဏာကြီး ထင်မြင် လိမ့်မည်၊ မြင့်မိုရ်တောင်, မဟာပထဝီတို့၌ ထင်မြင်နိုင်သောအခါ လူ, နတ်, ဗြဟ္မာ, သတ္တဝါခပ်သိမ်းတို့၌ ထင်မှုမြင်မှု အလွန်လွယ်လှတော့ သည်၊ သတ္တဝါသဏ္ဌာန်မှာ ထင်မြင်မှုသာ လိုရင်းဖြစ်သည်၊ မြင့်မိုရ်, မဟာပထဝီတို့ကချီ၍ ပြလိုက်သည်မှာ သတ္တဝါသန္တာန်၌ ထင်လွယ် မြင်လွယ်အောင် ချီလိုက်သည်၊ မိမိသန္တာန်၌ ဦးခေါင်း, ခြေဖဝါး ထုတ်ချင်းပေါက်အောင် ထင်လင်းပြီးမှ သူတစ်ပါးသန္တာန်စုကိုလည်း ထို့အတူ ထုတ်ချင်းပေါက်အောင် ရှုလေ။

အာပေါဓာတ်ပေါက်အောင်ခွဲ၍ ပြဆိုခန်း ပြီး၏။

---

တေဇောဓာတ်ကိုခွဲ၍ ပြဆိုခန်း

ပရမတ်နှစ် မီးအစစ်ကား ပူမှု, အေးမှုဟူသော အမူအရာ ကြိယာမှု သက်သက်သည် ပရမတ်နှစ် မီးအစစ်မည်၏၊ ပူမှု, အေးမှု ဟူသည်လည်း ကလာပ်တူ မဟာဘုတ်သုံးပါးတို့ကို ရင့်မာသန်စွမ်းအောင် ပေါင်းနွေးမှုပေတည်း၊ အပူစွမ်း၊ အအေးစွမ်း နှစ်ပါးစုံသည်ပင်လျှင် ကလာပ်တူ မဟာဘုတ်တို့ကို ရင့်မာအောင် ထက်သန်အောင် အသီးသီး အစွမ်းသတ္တိနှင့် ပြည့်စုံကြအောင် ပေါင်းနွေးမှု ရှိသည်ချည်း ဖြစ်သည်။

အမိဝမ်းမှ ဥ၍ မြုံ၌တည်ရှိသော ကြက်ဥတို့သည် အမိဖြစ်သူ ကြက်မက မပြတ်ဝပ်၍ အငွေ့ပေးမှ အစဉ်အတိုင်း ရင့်မာသန်စွမ်း၍ ကြက်သူငယ်အဖြစ်သို့ ရောက်သဖြင့် ပေါက်ဖွားနိုင်သည်၊ အမိကြက်မက မဝပ်ဘဲ အငွေ့မပေးဘဲနေခဲ့သည်ရှိသော် ကြက်သူငယ်အဖြစ်သို့ မရောက်နိုင်ပြီ၊ အမိဝမ်းတွင်းက ထုံခဲ့သော အငွေ့အကုန်တွင် ပုပ်ခြင်းသို့ ရောက်လေတော့သည်။

ဤအတူ တေဇောဟူသော ဤဓာတ်မီးသည် အမိကြက်မနှင့် တူသည်၊ အတူတကွဖြစ်သော မြေဓာတ်, ရေဓာတ်, လေဓာတ် ဤ ဓာတ်ကြီးသုံးပါးတို့သည် ကြက်ဥနှစ်တို့နှင့် တူကုန်သည်၊ မီးဓာတ်နှင့် အတူတွဲဘက်ရမှ မြေဓာတ်ဟူသော ခက်မာမှုသည် အောင်မြင်စွာ ဖြစ်နိုင်သည်၊ ရေဓာတ်ဟူသော ဖွဲ့စည်းမှုသည်လည်း အောင်မြင်စွာ ဖြစ် နိုင်သည်၊ လေဓာတ်ဟူသော အဝှန်အဝှာ မှုသည်လည်း အောင်မြင်စွာ ဖြစ်နိုင်သည်၊ မီးဓာတ်နှင့်ကင်း၍ အောင်မြင်စွာ မဖြစ်နိုင်ကြကုန်။

မဟာသမုဒ္ဒရာရေ, သီတာရေ, ကမ္ဘာကိုခံသော ရေတို့သည် လည်း သီတဓာတ်မီး၏ အစီးအပွားတို့သည်သာတည်း၊ သီတဓာတ်မီး၏ အုပ်စိုးချက်နှင့် ဆက်လက်ဖြစ်ပွားကာ နေကြရကုန်သည်၊ မြင့်မိုရ်တောင်, စကြဝဠာတောင်, မဟာပထဝီမြေကြီးတို့သည်လည်း သီတဓာတ်မီး၏ အစီးအပွားတို့သည်သာတည်း။

တစ်ပါးသော ဓာတ်တို့နှင့် မရောမနှောစေဘဲ မီးဓာတ် သက် သက်ကို ရှုသောအခါ အေးသောဝတ္ထုတို့၌ အေးမှုသက်သက်ကို ရှုရမည်၊ ပူသောဝတ္ထုတို့၌ ပူမှုသက်သက်ကို ရှုရမည်၊ အဆင်းသဏ္ဌာန် အထည်ဒြဗ် ပညတ်နှင့်ရောနှော၍ မနေစေနှင့်၊ ပူမှု, အေးမှုဟူသော ဤပရမတ်မီး၏ အဏုမြူမျှ အဆံအမာ အထည်ဝတ္ထု မရှိကြောင်းကား ထင်ရှားပါ၏။

အဆံအမာ အထည်ဝတ္ထုဟူ၍ အဏုမြူမျှ မရှိသည့်အတွက် ကြောင့် ဤဓာတ်မီးကို အမြင်စင်ကြယ်သောအခါလည်း ရေကြည်, မှန်ကြည် စသည်တို့၌ နေဝန်း, လဝန်းတို့ အရိပ်, တိမ်ရိပ်, မိုးရိပ်တို့ကို ဉာဏ်အမြင်မှာသာ ကြီးကျယ်၍ အထည်ဒြဗ် မရှိကြောင်း ထင်ရှား လိမ့်မည်၊ မိမိကိုယ်ကိုရှုသောအခါ ဉာဏ်မြင်နိုင်ရုံ ပိုင်း၍ ပိုင်း၍ရှု၊ မိမိကိုယ်မှာ အလင်းထင်မြင်နိုင်လျှင် သတ္တဝါအနန္တမှာပင် ထင်မြင် နိုင်တော့သည်။

တေဇောဓာတ်ကိုခွဲ၍ပြဆိုခန်းပြီး၏။

---

ဝါယောဓာတ်ကို ခွဲ၍ ပြဆိုခန်း

မီးတောက် မီးခိုး၏ အတွင်း၌ မီးဓာတ်၏ အာနုဘော်ကြောင့် မီးဓာတ်ကိုပင် အစဉ်ဖြစ်ပွား၍ သွားနိုင်အောင် လှုံ့ဆော်ချီးပင့်မှုဟူသော ဝါယောသည် ပါရှိ၏၊ ထိုဝါယောအတွက်ကြောင့် မီး၏ ပြန့်ပွားခြင်း, မီးရှိန်ပြန့်ပွားခြင်း မီးရောင်၏ ပြန့်ပွားခြင်း, မီးတောက်၏ လူလူတက် ပွါးခြင်း, အခိုးထွက်ခြင်း, အဆင့်ဆင့် မီးကူးခြင်း အစရှိသော မီးဓာတ် ပြန့်ပွားစည်ကားမှုတို့သည် ထင်ရှားဖြစ်ကုန်ကြသကဲ့သို့ ထို့အတူ ဝါယော မည်သော ဤလေဓာတ်သည်ပူမှု, အေးမှုဟူသော မီးဓာတ်၏ အရှိန် အဝှန်ပေတည်း၊ မီးစာရှိရာ၌ အနည်းငယ်ချထားသော မီးသည် ထိုအရှိန်, အဝှန်ကြောင့် မီးစာရှိသမျှ အကုန်ပြန့်ပွားနိုင်သည်။

မီး၌ အတွင်းကအရှိန်အဝှန်ညံ့၍ မပွားတည့်နိုင်, မတောက် တည့်နိုင် ရှိလျှင် ယပ်နှင့်ယပ်၍ ပြောင်းနှင့်မှုတ်၍ အပက အရှိန်အဝှန် ကူရသေးသည်၊ ပူမှုရှိလျှင် ပူရှိန် ပူဟုန် ရှိမြဲ၊ အေးမှုရှိလျှင် အေးရှိန် အေးဟုန်ရှိမြဲ၊ ပူမှု, အေးမှုကား တစ်ခြား၊ အရှိန်အဝှန်ကား တစ်ခြား၊ ပူမှု, အေးမှုကား ပရမတ်မီးဓာတ်တည်း၊ အရှိန်အဝှန်ကား ပရမတ် လေဓာတ်တည်း။

ထိုအရှိန်အဝှန် ဟူသော လေဓာတ်သည် ကလာပ်တူ ဖြစ်သော မြေဓာတ်, ရေဓာတ်, မီးဓာတ်တို့၏ အားခွန်ဗလလည်း မည်၏၊ ထိုအရှိန် အဝှန်ပွားရာ ကလာပ်တူ မဟာဘုတ်ရုပ်ကလာပ်တို့သည် ဖြစ်ပေါ်၍ လိုက်ရကုန်၏၊ ထိုအဟုန်အဝှန်သည် အလွန်ထက်သန်သည်ရှိသော် လေပြင်းမုန်တိုင်း ဖြစ်လေ၏၊ ထိုအဟုန်အဝှန်သည် လေမွေ့ရာ, လေခေါင်းအုံး စသည်တို့ကဲ့သို့ ထောက်ကန်, တောင့်တင်းမှု, ချီးပင့် ထမ်းဆောင်မှုဖြစ်၍ ဝိတ္ထမ္ဘနလက္ခဏာဟု ကျမ်းဂန်တို့၌ ဆိုပေသည်။

မြင့်မိုရ်တောင်, စကြဝဠာတောင်, သီလာပထဝီ စသည်တို့၌ ရှိသော သီတဓာတ်မီးသည် ထိုအဟုန်အဝှန်ဟူသော လေဓာတ်၏ အစွမ်းဖြင့် ခဏတိုင်းခဏတိုင်းပွားများ၍ ကမ္ဘာပျက်သည်တိုင်အောင် ရုပ်ကလာပ် အဆက်ဆက်တို့ကို ပွားများစေနိုင်သည်။ (မြင်အောင် ကြည့်။)

---

ဝါယောဓာတ် လှုံ့ဆော်ပုံ

ဟဒယဝတ္ထု၌ ဖြစ်ပေါ်သော တစ်ခု တစ်ခုသော စိတ်ကြောင့် ခဏချင်း ခဏချင်း တစ်ကိုယ်လုံး စိတ္တဇရုပ်ကလာပ်တို့ ပျံ့နှံ့ဖြစ်ပွားမှု, ဥတုဇ ရုပ်ကလာပ်တို့ ပျံ့နှံ့ဖြစ်ပွားမှု, ဝမ်းထဲသို့ ရောက်သော အစာ အာဟာရဓာတ်တို့၏ တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ဖြစ်ပွားမှု, ကလလ ရေကြည်မှစ၍ သတ္တဝါတို့၏ အစဉ်အတိုင်း တိုးပွားစည်ကားမှု, အညွန့်အညှောက် ပေါ်ပေါက်သည်မှ စ၍ သစ်ပင်, ချုံမြက်တို့၏ အစဉ် အတိုင်း တိုးပွားစည်ကားမှုတို့သည်လည်း ဝါယော လှုံ့ဆော်မှုနှင့် ဖြစ်ကြ ကုန်သည်သာတည်း၊ မြင့်မိုရ်တောင်, စကြဝဠာတောင်၊ မဟာပထဝီ မြေကြီးမှစ၍ သက်ရှိသက်မဲ့ အလုံးစုံတို့ကို ရွရွရွရွ ထင်အောင် ကြည့်လေ။

မိမိကိုယ်မှစ၍ အကုန်လုံး နှံ့အောင်ကြည့်၊ ဦးထိပ်မှစ၍ ခြေဖဝါး တိုင် အလင်းပေါက်အောင် ကြည့်၊ ဤဓာတ်လည်း ဆိုခဲ့ပြီးသော ဓာတ်တို့နည်းတူ အဆံအမာဟူ၍ အဏုမြူမျှ မရှိသည့်အတွက်ကြောင့် ရေထဲမှန်ထဲ၌ ထင်သော လူရိပ်စသည်ကဲ့သို့ ထင်မြင်လိမ့်မည်၊ မျက်စိ တွင် မြင်နေကျဖြစ်သော အဆင်းသဏ္ဌာန် အထည်ဒြဗ် ပညတ်ကြီး ခုခံ၍ နေတတ်သည်၊ အဟုတ်မရှိသော ထိုပညတ်ကို ဉာဏ်ဖြင့်မှုတ်လွှင့်၍ ပစ်လေ။

ဝါယောဓာတ်ကိုခွဲ၍ ပြဆိုခန်းပြီး၏။

ဓာတ်ကြီးလေးပါးတို့ အဖြစ်အပျက်ကို ပြဆိုခန်း

(၁) ခက်မာမှု

(၂) ဖွဲ့စည်းမှု

(၃) ပေါင်းနွေးမှု

(၄) အရှိန်အဟုန်မှု

ဤလေးခုသော အခြင်းအရာ အမူအရာ ကြိယာကြီးတို့သည် သဘောလက္ခဏာအားဖြင့် အသီးသီးထင်ရှားကြကုန်၏၊ တည်ရာဌာန အားဖြင့် ခက်မာမှုကို မ-တည်ပြု၍ တစ်ခုတည်းကဲ့သို့ တည်ကြကုန်၏၊ ဖြစ်အတူ ပျက်အတူ တည်အတူတို့သာတည်း။

ခက်မာမှုဟူသောမြေဓာတ်ပျက်ဆုံးလျှင် တည်ရာမရှိသည်ဖြစ်၍ ကြွင်းသော ဓာတ်သုံးပါးလည်း ပျက်ဆုံးရတော့သည်၊ ထို့အတူ ဖွဲ့စည်းမှု ဟူသော ရေဓာတ်ပျက်ဆုံးလျှင် အဖွဲ့အစည်းပျက်သဖြင့် တစ်ပါးနှင့် တစ်ပါး ထောက်ပံ့မှုကင်းကြ၍ အကုန်လုံး ပျက်ဆုံးကြတော့သည်၊ ပေါင်းနွေး၍ ထက်သန်အောင် ပြုမှုဟူသော မီးဓာတ်ပျက်ဆုံးလျှင်လည်း ကြွင်းသော ဓာတ်သုံးပါးတို့သည် မိမိတို့ သဘောအတိုင်း ပြည့်စုံစွာ မတည်နိုင်ကြ၍ အကုန်လုံးပျက်ဆုံးကြတော့သည်၊ ကြံ့ခိုင်တောင့်တင်းမှု ဟူသော လေဓာတ် ပျက်ဆုံးလျှင်လည်း ကြွင်းသောဓာတ်တို့သည်လည်း အားပြတ်၍ ပျက်ဆုံးကြရကုန်တော့သည်။

မီးဟူသော ပူမှု, အေးမှု လှုံ့ဆော်၍ တစ်လူလူ ဆောင်ရွက်ခြင်း ဟူသော လေဓာတ်နှင့်တွဲရမှ ဖြစ်နိုင်သည်၊ လေဓာတ်မရှိလျှင် အားပြတ် ၍ ခဏခြင်းကွယ်ဆုံးလေ၏၊ ထို့အတူ ခက်မာမှုဟူသော မြေဓာတ်သည် လည်း ခက်မာခြင်းကြိယာကို ကြံ့ရံ့တင်းရင်းအောင် ချီးပင့်သော လေ ဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏၊ ဖွဲ့စည်းခြင်းဟူသော ရေ ဓာတ်သည်လည်း ဖွဲ့တွယ်ခြင်းကြိယာကို ကြံ့ရံ့တင်းရင်းအောင် ချီပင့် သော လေဓာတ်မရှိလျှင် အားပြတ်၍ ကွယ်ဆုံးလေ၏။

ဤကား အခြင်းအရာလေးပါးတို့၏ အချင်းချင်းမှီတွယ်ကြပုံ၊ တစ်ပါးပျက်လျှင် အကုန်လုံးပျက်ကြပုံကို ပြဆိုလိုက်သော အချက်တည်း။

ထိုဓာတ်ကြီး လေးပါးတို့၏ သက်ရှိသက်မဲ့ သန္တာန်နှစ်ပါးတို့၌ ဖြစ်ပုံဆန်းကြယ်မှုသည်လည်း အစိန္တေယျအရာဖြစ်၍ မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ထိုဓာတ်လေးပါးတို့၏ တန်ခိုးဣဒ္ဓိပါဒ်သည်လည်း မကြံအပ်မကြံရာ ကြီးကျယ်လှစွာ၏၊ ဤဓာတ်လေးပါးကို ဘုရား၏ နည်းလမ်းနှင့် အထင်အမြင် ထိုးထွင်း၍ ထမြောက်ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းသို့ ပေါက်ရောက်နိုင်၏၊ လောကုတ္တရာဝိဇ္ဇာဉာဏ်ပေါက်၏၊ လောကီဝိဇ္ဇာတို့၏ နည်းလမ်းနှင့် ထမြောက်ပေါက်ရောက်အောင် လုပ်ကြံနိုင်လျှင် လောကီဝိဇ္ဇာလမ်း ပေါက်၏၊ အလတ်ဖြစ်သောလောကီနည်းလမ်းနှင့် ထမြောက်ပေါက် ရောက်အောင် လုပ်ကြံနိုင်လျှင် ဆေးလမ်း ဓာတ်လမ်း စက်ကိရိယာလမ်း ပေါက်၏။

---

အချုပ်အချာဓာတ်

ထိုဓာတ်လေးပါးတို့၌ အချုပ်အချာ ဦးစီးဦးကိုင်ကား တေဇော ပေတည်း၊ စကြဝဠာ ကမ္ဘာမြေရေနှင့်တကွ ရုပ်သဏ္ဌာန်နှင့်စပ်သော သက်ရှိသက်မဲ့အလုံးစုံသည် တေဇော၏ အစီးအပွားချည်းတည်း၊ ဓာတ်မီး ၏ အစီးအပွားချည်းတည်း၊ တေဇောဟူသော ဓာတ်မီး၏ ဣဒ္ဓိပါဒ်တန်ခိုး အကျိုးအသွားကို ဘုရားသဗ္ဗညုတို့၏ ဉာဏ်တော်သည်သာ မှီနိုင်ရာ သတည်း။

ဤတွင် ဓာတ်လေးပါးတို့၏ ဖြစ်ပုံပျက်ပုံကို ပြဆိုခန်း ပြီး၏။

---

အာကာသဓာတ်ကို ပြဆိုခန်း

ဤပြဆိုခဲ့ပြီးသော ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်တည်းဟူသော မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးတို့ သည် ကံကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါး, စိတ်ကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါး, ဥတုကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါး, အာဟာရ ကြောင့်ဖြစ်သော ဓာတ်ကြီးလေးပါးဟူ၍ အသီးအသီး အကြောင်းအား လျော်စွာ သူ့အကြောင်းနှင့်သူ ဓာတ်ကြီး လေးပါးတစ်စု၊ လေးပါးတစ်စုစီ၊ တစ်ဖွားဖွား ဖြစ်ပေါ်၍ နေကြကုန်၏၊ ထိုဓာတ်ကြီးလေးပါး တစ်စုကို ကလာပ်တစ်ခု၊ တစ်စုကို ကလာပ်တစ်ခုဟုဆိုရ၏၊ ထိုရုပ်ဓာတ်ကြီး ကလာပ်တစ်ခုနှင့် ကလာပ်တစ်ခုကို မရောနှောစေခြင်းငှာ အခြား အခြားဖြစ်သော ပရိစ္ဆေဒရုပ်ကို အာကာသဓာတ်ဟု ဆိုရသည်။

ဆိုအပ်ခဲ့ပြီးသော ဓာတ်ကြီးလေးပါးတို့သည် ဖြစ်အတူ ပျက် အတူဖြစ်ကြသော်လည်း ဤအာကာသဓာတ်ကြီးခြား၍နေသည့် အတွက် ကလာပ်တူ ဓာတ်ကြီးတို့သာ ဖြစ်အတူ ပျက်အတူ ဖြစ်နိုင်၏၊ ပကတိ မျက်စိအမြင် အထင်မှာ သတ္တဝါသန္တာန်၌လည်းကောင်း ဗဟိဒ္ဓ ရုပ်ခဲ ရုပ်စု၌လည်းကောင်း တစ်လုံးတည်း တစ်ခဲတည်းကဲ့သို့ ထင်မြင်၍ နေကြသည်၊ အာကာသဓာတ်ကို မထင်မမြင်ကြ၊ ထိုမြေ,ရေ,လေ, မီး ဓာတ်ကြီးလေးပါးတို့၏ စုပေါင်း၍နေသော မြင့်မိုရ်တောင်ကြီး, စကြဝဠာ တောင်ကြီး, မဟာပထဝီမြေကြီးစသော ဗဟိဒ္ဓအထည်ဝတ္ထုတို့၌ ရုပ် ကလာပ်တို့၏ အကြားအကြား အာကာသဓာတ်ကြီး ခြားလျက်ရှိ၏၊ ရုပ် ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခု၏အကြား၌ ကောင်းကင်ကြီး ရှိ၏ ဟု ဆိုလိုသည်။

ထိုကောင်းကင်တည်းဟူသော အာကာသဓာတ်ကြီးကို ပိုင်ပိုင် ကြီးသိရှိမှ ရုပ်ကလာပ်တစ်ခုစီ, တစ်ခုစီ အသိဉာဏ်ကွဲလိမ့်မည်၊ ထို တစ်ခုစီ, တစ်ခုစီ ရုပ်ကလာပ် အသိဉာဏ်ကွဲမှ လက္ခဏတ္တယဉာဏ် အလင်းကြီးသို့ ပေါက်ရောက်အောင် ပြုလုပ်အားထုတ်ရာ လက္ခဏတ္တယ ဉာဏ်အလင်းကြီးသို့ ပေါက်ရောက်နိုင်မည်၊ ရုပ် အထည် ဝတ္ထုရှိသော သက်ရှိသက်မဲ့ အလုံးစုံတို့၌ ဤအာကာသဓာတ်ကြီးကို ထင်မြင်အောင် ကြည့်လေ။

ဤ အာကာသဓာတ်ကြီးသည် ဥပါဒ်ဇာတိရှိသော ဓာတ်မျိုး မဟုတ်၊ ဥပါဒ်ဇာတိရှိသော ရုပ်ကလာပ် ဓာတ်ကြီးလေးပါးတို့၏ အကြား ကောင်းကင်ကြီးဖြစ်၍ အနိစ္စသဘောလက္ခဏာ, ဒုက္ခသဘောလက္ခဏာ, အနတ္တသဘောလက္ခဏာ ဉာဏ်ပေါက်အောင် ကြည့်ရှုရန်မလို၊ လက္ခဏတ္တယဉာဏ်ဖြင့် ထိုအာကာသဓာတ်ကို မရှုရပြီ၊ မြေ, ရေ, လေ, မီး ဓာတ်ကြီး လေးပါးတို့ကို လက္ခဏတ္တယဉာဏ် ပေါက်ရောက်အောင် ရှုရာမှာသာ ထင်ရှားပေါ်လွင်ရန် ဤအာကာသဓာတ်ကို ပေါက်ရောက် အောင် သိရှိရလေသည်။

အာကာသဓာတ်ကြီးကို ပြဆိုခန်း ပြီး၏၊

---

ဝိညာဏဓာတ်ကို ပြဆိုခန်း

ဝိညာဏဓာတ်ဆိုသည်ကား- ထိုထိုအာရုံကို သိသော အသိ ဓာတ်ကို ဆိုသည်။ ထိုအသိဓာတ်သည်

၁။ စက္ခုဝိညာဏ် အသိဓာတ်တစ်မျိုး။

၂။ သောတဝိညာဏ် အသိဓာတ်တစ်မျိုး။

၃။ ဃာနဝိညာဏ် အသိဓာတ်တစ်မျိုး။

၄။ ဇိဝှါဝိညာဏ် အသိဓာတ်တစ်မျိုး။

၅။ ကာယဝိညာဏ် အသိဓာတ်တစ်မျိုး။

၆။ မနောဝိညာဏ် အသိဓာတ်တစ်မျိုး။

ဟူ၍ အသိဓာတ်ဝိညာဏ် ခြောက်မျိုးရှိ၏၊ ထိုတွင်

စက္ခုဝိညာဏ်- ထိုထို အဆင်းတည်းဟူသော ရူပါရုံနှင့် ဆုံမိသောအခါ မျက်စိထဲမှာ ဖြစ်ပေါ်လာသော အသိ ဓာတ်ဝိညာဏ်သည် စက္ခုဝိညာဏ် မည်၏။

သောတဝိညာဏ်- ထိုထိုအသံတည်းဟူသော သဒ္ဒါရုံနှင့် ဆုံမိသောအခါ နားထဲမှာ ဖြစ်ပေါ်လာသော အသိဓာတ် ဝိညာဏ်သည် သောတဝိညာဏ် မည်၏။

ဃာနဝိညာဏ်- ထိုထိုအနံ့ တည်းဟူသော ဂန္ဓာရုံနှင့် ဆုံမိသော အခါ နှာခေါင်းထဲမှာ ဖြစ်ပေါ်လာသော အသိဓာတ်ဝိညာဏ် သည် ဃာနဝိညာဏ် မည်၏။

ဇိဝှါဝိညာဏ် - ထိုထို အရသာတည်းဟူသော ရသာရုံနှင့် ဆုံမိသောအခါ လျှာပေါ်မှာ ဖြစ်ပေါ်လာသော အသိဓာတ် ဝိညာဏ်သည် ဇိဝှါဝိညာဏ် မည်၏။

ကာယဝိညာဏ်- ထိုထိုအထိအတွေ့ တည်းဟူသော ဖောဋ္ဌဗ္ဗာရုံ နှင့် ဆုံမိသောအခါ တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ဖြစ်ပေါ်လာ သော အသိဓာတ် ဝိညာဏ်သည် ကာယဝိညာဏ်မည်၏၊ မနောဝိညာဏ်- သဒ္ဓါ, သီလ, သုတ, စာဂ အစရှိသော၊ လောဘ, ဒေါသ မောဟ အစရှိသော ကောင်းမကောင်းသော ထိုထို ဓမ္မာရုံနှင့် ဆုံမိသောအခါ နှလုံးခေါ်သော ဟဒယဝတ္ထု ဖြစ်ပေါ် လာသော အမျိုးမျိုးသော အသိဓာတ် ဝိညာဏ်သည် မနော ဝိညာဏ်မည်၏။

မျက်စိဖြင့် ထိုထိုအဆင်းသဏ္ဌာန်ကို မြင်သောအခါ ငါမြင်သည် ဟု မှတ်ထင်စွဲလမ်းကြသည်ကား စက္ခုဝိညာဏ်ကိုစွဲလမ်းသော ဒိဋ္ဌိတည်း။ ဉာဏ်ဖြင့် ထိုထိုမြင်မှုကို ဓာတ်တစ်ခု အသီးအခြား ဖြစ်သည်ဟု ပိုင်နိုင်စွာ သိရာ၏။

နားဖြင့် ထိုထိုအသံကို ကြားသောအခါ, နှာခေါင်းဖြင့် ထိုထို အနံ့ကို နံသောအခါ, လျှာဖြင့် ထိုထိုအရသာကို ခံစံသောအခါ ကိုယ် အင်္ဂါအစိတ်ဖြင့် ထိုပူမှု အေးမှု အနု အကြမ်းကို ထိမှန်း သိသောအခါ တို့၌လည်း ထိုနည်းတူ ဓာတ်အသီးအခြားကို သိလေ။

မနောသက်သက်ဖြင့် ထိုထိုအာရုံဝတ္ထု အမှုအခွင့်ကို ထွေထွေ လာလာ ကြံဖန်သောအခါ, သိသောအခါ, ငါကြံဖန်သည်, ငါသိသည်ဟု မှတ်ထင် စွဲလမ်းမှုကား သက္ကာယဒိဋ္ဌိတည်း။ ဉာဏ်ဖြင့် ထိုကြံဖန်မှု သိမှုတို့ကို ဓာတ်အမှု ဖြစ်သည်ဟု ပိုင်နိုင်စွာ သိရာ၏။

သိပုံကား- ရူပကာယကြီးသည် အနာပုပ်ကြီးနှင့် တူ၏၊ အသိ ဝိညာဏ် ခြောက်ပါးသည် အနာပုပ်ကြီးမှာ ထိုထိုနေရာ၌ ကျ၍ တရွရွ နေကြသော သံသေဒဇ ပိုးငယ်တွေနှင့်တူ၏၊ ဝိညာဏ်မည်သည် နာမ် တရား ဖြစ်၍ အထည်ဝတ္ထု မရကောင်းသော်လည်း မျက်စိအစရှိသော ရုပ်အပြင်မှ အသီးအခြားတစ်ပါးသော အခြင်းအရာဖြင့် ဉာဏ်မျက်စိ တွင် ထင်သာ, မြင်သာရှိအောင် မှန်းခြေထား၍ ပိုင်းခြားရမည်။

စက္ခု, သောတ အစရှိသော ရုပ်စုကို အလွန်ကြည်လှစွာသော ရေပွက်ကလေးတွေ အနေထား၍ ဝိညာဏ်ခြောက်ပါးကို ထိုရေပွက် ကြည်ကလေးတွေမှာ ပေါ်ရှိ၍နေသော အရိပ်ကလေးတွေကဲ့သို့ မှန်းခြေ ထား၍ ပိုင်းခြားရမည်။

နောက်ဆင်ခြင်ခြင်း ရှုမြင်ခြင်းများ၍ ဉာဏ်သိမ်မွေ့၍ လာသော အခါ နာမ်အခြင်းအရာတိုင်းပင် ထင်မြင်နိုင်လတ္တံ့၊ ထိုသို့ပင် မထင်နိုင်မူ၍ အရိပ်အခြင်းအရာ, ရေပွက်ငယ်အခြင်းအရာ, နှင်းပေါက်ငယ် အခြင်း အရာမျိုးအနေပင် ထင်မြင်သော်လည်း ကိစ္စမရှိ၊ မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု, သိမှု, ကြံဖန်မှုတို့ကို အသိဉာဏ်မှာ ငုံမိ, ခြုံမိ သိမ်းပိုက်မိလျှင် ပြီးတော့သည်၊ မှန်းခြေထား၍ ကြည့်ရှုသော ဝတ္ထုက တစ်ခြားနေ၍ မြင်မှုမှာ ငါမြင်သည်ဟူသော သက္ကာယဒိဋ္ဌိ၏ လက်ထဲက မလွတ်ပဲနေခဲ့လျှင်မူကား ဓမ္မဝဝတ္ထာနဉာဏ်အလင်းသို့ မရောက်သေး၊ ငါမြင်သည်ဟူသော ထင်မြင်မြဲတိုင်းသော သက္ကာယဒိဋ္ဌိ၏ လက်မှလွတ်၍ ဉာဏ်၏လက်တွင်းမှာ ဆုပ်မိ, ကိုင်မိ, ငုံမိ, ခြုံမိ, သိမ်းပိုက်မိလျှင် ပြီးတော့သည်။

နိဒ္ဒေသပါဠိ ,ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌
ဝိဇ္ဈုပ္ပါဒါဝ အာကာသေ၊ ဥပ္ပဇ္ဇန္တိ ဝယန္တိစ
ဟူ၍ ဟောတော်မူသဖြင့် လျှပ်စစ်နွယ်ပန်း၏ ဖြစ်ခြင်း, ပျက်ခြင်း လျင်မြန်သကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း စသည်၌ အလျင်အမြန် ဖြစ်နိုင်၊ ချုပ်နိုင်သော အခြင်းအရာကို ထင်မြင်စေရမည်။

အနိစ္စ ဒုက္ခ အနတ္တ ရှုမှုသည် နိစ္စသညာ, သုခသညာ, အတ္တ သညာ, သတ္တ ပုဂ္ဂလ ဇီဝသညာတို့ကို ဖျက်စီးမှုပေတည်း၊ လျှပ်စစ်ကဲ့သို့ ဖြစ်မှု, ပျက်မှု မြန်သည်ကို ထင်မြင်နိုင်လျှင်ပင် ခိုကိုးရာမဟုတ်သော အနိစ္စအဖြစ်, ဒုက္ခအဖြစ်, အနတ္တအဖြစ်, သတ္တ ပုဂ္ဂလ ဇီဝမဟုတ်သော အဖြစ်ထင်ရှားလှလေပြီ၊ ထိုအဖြစ်ထင်ရှားလျှင် ဓမ္မဝဝတ္ထာနဉာဏ် အလင်းကြီး ကိစ္စပြီးစီးနိုင်တော့သည် ဖြစ်၍ လျှပ်စစ်ရောင် ဥပမာကို ပြတော်မူကြပေသည်။

နာမ်ရုပ်တရား၏ ဖြစ်မှု, ပျက်မှုတို့သည်ကား လျှပ်တစ်ပြက် အတွင်းမှာ အကြိမ်တစ်ရာ တစ်ထောင်မက ဖြစ်နိုင် ပျက်နိုင်သည်၊ ထိုသို့သော ခဏိကအချက် ဖြစ်မှုပျက်မှုတို့သည်မူကား သတ္တဝါတို့၏ ဉာဏ်အမြင်မှာ ပိုင်းခြား၍ ထင်မြင်နိုင်သော အရာစု မဟုတ်ကုန်ပြီ၊ မထင်မြင်နိုင်သောအရာကို ဝိပဿနာ၏ အချက် အကွက်ပြု၍ ရှုသည် ရှိသော် အနှစ်တစ်ရာ အနှစ်တစ်ထောင်ပင် ရှုသော်လည်း ဝိပဿနာ ဉာဏဒဿန အဏုမြူမျှ ဖြစ်ခွင့်မရှိ၊ သမ္မောဟ ဒုက္ခသာ ဖြစ်ခွင့်ရှိ လေသည်၊ အဘယ်ကြောင့်နည်းဟူမူ နာမ်တရားတို့မှာ မျက်တောင် တစ်ခတ် လျှပ်တစ်ပြက် လက်ဖျက်တစ်တွက်ခန့်ကာလ အတွင်းမှာ ကုဋေ အသိန်းမက ဖြစ်မှုပျက်မှု မြန်သည်ဟု ကျမ်းဂန်တို့မှာလာသည်၊ ပကတိလူတို့မှာ မျက်တောင်တစ်ခတ်ဆိုလျှင်ပင် အလွန်မြန်လှလေပြီ၊ ကျမ်းဂန်အဆိုအတိုင်း ကျနေလေအောင် မျက်တောင် တစ်ခတ်မှာ အချက်ပေါင်း ကုဋေတစ်သိန်း ထင်မြင်နိုင်အောင်ရှုမည်ဟု ကြံစည် ခြင်းငှါပင် မထိုက်လေသောကြောင့်တည်း၊ ထို့ကြောင့် ဆိုခဲ့ပြီးသော အတိုင်း ခိုကိုးရာမရှိအောင် ဖြစ်မှုပျက်မှု မြန်သည်ကို ထင်မြင်နိုင် သည်သာ ပမာဏဟု မုချယုံကြည်ရမည်။

ထိုသဗ္ဗညုတဉာဏ်တော်အရာနှင့် အဘိဓမ္မာကျမ်းဂန်တို့၌ ပြဆိုထားသောအရာ အချက်များကိုနားယောင်၍ စက္ခုဒွါရ တစ်ဝီထိ အတွင်းမှာ ဖြစ်မှုချုပ်မှုများကို လက္ခဏာရေးတင်သည်ဟု ပြောဆို ကြသောအရာများသည် ယောင်ယမ်းကာသာဖြစ်၏၊ ဝိပဿနာဉာဏ ဒဿနအစစ် ဖြစ်နိုင်ရန်အခွင့် အလွန်ဝေးလှ၏ဟု မှတ်လေ။

ဝိညာဏဓာတ်ကို ပြဆိုခန်း ပြီး၏၊

---

အလင်းကြီးကို ပိုင်နိုင်ပုံ

ဤသို့ မြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါး, အာကာသဓာတ် တစ်ပါး, ဝိညာဏဓာတ်တစ်ပါး, ဤခြောက်ပါးတို့ကို ဆိုခဲ့ပြီးသည့်အတိုင်း မြင့်မိုရ်တောင်, စကြဝဠာတောင်, မဟာပထဝီ, သမုဒ္ဒရာရေ စသော ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ လူသတ္တဝါ နတ်ဗြဟ္မာ စသော ပုဂ္ဂိုလ် သန္တာန်၌ လည်းကောင်း ထိုက်သည့်အားလျော်စွာ ဓာတ်ပေါက်အောင် ကြည့်ရှုမှု ပိုင်နိုင်ပါလျှင် ဗုဒ္ဓဘာသာ ပဌမအလင်းကြီးဟု ဆိုအပ်သော ဓမ္မဝဝတ္ထာနဉာဏ်အလင်းကြီး ပိုင်နိုင်လေတော့သည်။

---

တိုက်တွန်းချက်

ဤအဇ္ဈတ္တဗဟိဒ္ဓသန္တာန်တို့၌ ဤဓာတ်ခြောက်ပါး မပေါက် မရောက် မလင်းမခြင်းခဲ့လျှင် ဗုဒ္ဓဘာသာ ပဌမအလင်းကြီးကိုမျှ မရဘဲ ဓမ္မသမ္မောဟအမိုက်မှောင်ကြီး၏ အတွင်း၌သာနစ်မြုပ်၍ ငုတ်တုတ် နေရလေ၏၊ သာသနာတော်မြတ်ကြီးနှင့် ကြုံကြိုက်ကျိုး တွေ့ကျိုး နပ်စေခြင်းငှါ ဤဓာတ်ခြောက်ပါးကို ပိုင်နိုင်အောင် အားထုတ်သင့်လှ၏။

ဓမ္မဝဝတ္ထာနဉာဏ်အလင်းကြီးကို အကျယ်ပြဆိုခန်း ပြီး၏။

---

၂ -ပစ္စယပရိဂ္ဂဟဉာဏ်အလင်း

၂။ ပစ္စယပရိဂ္ဂဟဉာဏ် အလင်းကြီး၌ အကျဉ်းဆုံးသောအားဖြင့် အဘယ်မျှလောက်သော ပစ္စယဓမ္မတို့ကို ဉာဏ်အမြင်ပေါက်ရောက်မှ ဤပစ္စယ ပရိဂ္ဂဟဉာဏ်အလင်းကို ပေါက်ရောက်သနည်း။

ပထဝီ, အာပေါ, တေဇော, ဝါယော, အာကာသဟူသော ရုပ်ဓာတ် ငါးပါးတို့၌ ကံ, စိတ်, ဥတု, အာဟာရဟူသော အကြောင်းတရား ၄-ပါး၊ ဝိညာဏ် ဟူသော နာမ်ဓာတ် ၁-ပါး၊ ဝတ္ထုအာရုံဟူသော အကြောင်း တရား ၂-ပါး၊ ဤဓာတ် ခြောက်ပါးတို့၏ အကြောင်းတရား ခြောက်ပါးတို့ကို ဉာဏ်အမြင်ပေါက်ရောက်သည်ရှိသော် ဤပစ္စယ ပရိဂ္ဂဟဉာဏ်အလင်းသို့ ပေါက်ရောက်၏။

---

အကြောင်းတရား ၄-ပါးကြောင့် ဓာတ်ကြီး ၄-ပါးဖြစ်ပုံ

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဟူသော ဤဓာတ်ကြီး လေးပါးတို့သည်

၁။ ကံကြောင့်ဖြစ်သည်လေးပါး၊

၂။ စိတ်ကြောင့်ဖြစ်သည်လေးပါး၊

၃။ ဥတုကြောင့်ဖြစ်သည်လေးပါး၊

၄။ အာဟာရကြောင့်ဖြစ်သည်လေးပါး

ဟူ၍လေးပါး လေးလီရှိကုန်၏။

အာကာသဓာတ်မှာ ဥပါဒ်ဇာတိရှိသော တရားမျိုး မဟုတ်၊ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်ကြကုန်သော ရုပ်ကလာပ်တို့၏ အကြားမျှသာဖြစ်၍ အကြောင်းအသီးအခြား မရှိပြီ၊ ပစ္စယဓမ္မကို အာကာသဓာတ်ပေါ်မှာ မခွဲမရှာရပြီ။

ထိုအကြောင်းတရား လေးပါးတို့တွင်

ကံဆိုသည်ကား- ရှေးဘဝတို့၌ ပြုခဲ့ကြသော ဒါန သီလ စသော ကုသိုလ်ကံမျိုး, ပါဏာတိပါတ အဒိန္နာဒါနစသော အကုသိုလ်ကံမျိုးဟူ၍ နှစ်မျိုးရှိ၏။

ကံကြောင့်သာ ဖြစ်ကောင်းသော ရုပ်မျိုးကား- အသက် ခေါ်သော ဇီဝိတရုပ်, နှလုံးခေါ်သော ဟဒယဝတ္ထုရုပ်, မိန်းမသဏ္ဌာန် ဖြစ်ပေါ်ရန်အကြောင်းဖြစ်သော ဣတ္ထိဘာဝရုပ်, ယောကျ်ားသဏ္ဌာန် ဖြစ်ပေါ်ရန်အကြောင်းဖြစ်သော ပုမ္ဘာဝရုပ်တို့နှင့် စက္ခုအကြည်ရုပ်, သောတအကြည်ရုပ်, ဃာနအကြည်ရုပ်, ဇိဝှါအကြည်ရုပ်, ကာယ အကြည်ရုပ်တို့တည်း၊ ဤရုပ်တို့ကား ရှေးကံဟောင်းကြောင့်သာ ဖြစ် ကုန်၏။

---

ကံဟောင်းကြောင့်ဖြစ်ရာ၌ ယုတ္တိ

ထိုစကားမှန်၏၊ အသက်ခေါ်သော ဇိဝိတရုပ်သည် တစ်ဘဝ တွင် တစ်ကိုယ်လုံး၌ တစ်ကြိမ်ပျက်ဆုံးခဲ့သော် ဥတု အာဟာရ ဆေးဝါး ဓာတ်စာတို့နှင့် တစ်ဖန် အသစ်ဖြစ်ပေါ်ရန် ပြုစုပျိုးထောင်၍ မရပြီ၊ ဤကိုယ်ခန္ဓာ ပျက်ဆုံးရတော့သည်၊ ဘဝတစ်ပါးပြောင်းသွားရတော့ သည်၊ နှလုံးခေါ်သော ဟဒယဝတ္ထုရုပ် ပျက်ဆုံးရာ၌လည်း ထို့အတူဖြစ် ၏၊ စက္ခုအကြည်ရုပ် ပျက်ဆုံးခဲ့သော် ဆေးဝါးဓာတ်စာနှင့် ကုသ သော်လည်းမရပြီ၊ မျက်စိပျက်ရတော့သည်၊ သောတအကြည်, ဃာန အကြည်, ဇိဝှါအကြည်, ကာယအကြည်တို့၌လည်း ထို့အတူဖြစ်၏၊ ထို့ကြောင့် ထိုရုပ်တို့သည် ပဋိသန္ဓေအခါမှစ၍ သူ့အစဉ်နှင့်သူ အလျင် မပြတ် ဖြစ်ခွင့်ရမှ ဖြစ်နိုင်ကြကုန်၏၊ အလျင်တစ်ကြိမ်ပျက်ခဲ့သော် ဘဝ အကြောင်းစုနှင့် ပြုစုပျိူးထောင်၍ မရကြကုန်ပြီ၊ ကမ္မဇဓာတ်ကြီးလေးပါး တို့လည်း ထိုနည်းတူ မှတ်လေ။

ကံကြောင့်ဓာတ်ကြီး လေးပါးဖြစ်ပုံ ပြီး၏၊

စိတ်ဆိုသည်ကား-အကုသိုလ်စိတ်တစ်မျိုး, ကုသိုလ်စိတ်တစ်မျိုး, အဗျာကတစိတ်တစ်မျိုးဟူ၍ သုံးမျိုးရှိ၏၊ အကုသိုလ်စိတ်တစ်မျိုးသည် လောဘစိတ်မျိုး, ဒေါသစိတ်မျိုး, မောဟစိတ်မျိုး, မာနစိတ်မျိုး ဣဿာစိတ်မျိုး, မစ္ဆရိယစိတ်မျိုး, ကုက္ကုစ္စစိတ်မျိုး, ဗျာပါဒစိတ်မျိုး စသည် များပြား၏။

ကုသိုလ်စိတ်မျိုးသည် ဒါနစိတ်မျိုး, သီလစိတ်မျိုး, မေတ္တာစိတ်မျိုး, ကရုဏာစိတ်မျိုး, မုဒိတာစိတ်မျိုး, ဥပေက္ခာစိတ်မျိုး, သဒ္ဓါစိတ်မျိုး, ပညာစိတ်မျိုး, စျာန်စိတ်မျိုး စသည်များပြား၏။

အဗျာကတစိတ်မျိုးသည်လည်း ဝိပါက်စိတ်မျိုး, ကြိယာစိတ်မျိုး, အိပ်ပျော်သောစိတ်မျိုး ပဋိသန္ဓေစိတ်မျိုး, ဘဝင်စိတ်မျိုး, အာဝဇ္ဇန်း စိတ်မျိုး၊ သန္တီရဏစိတ်မျိုး, သမ္ပဋိစ္ဆိုင်းစိတ်မျိုး, တဒါရုံစိတ်မျိုး, စုတိစိတ်မျိုး စသည်များပြား၏။

တစ်နည်း-ကာယကံစိတ်မျိုး, ဝစီကံစိတ်မျိုး, မနောကံစိတ်မျိုး ဟူ၍ သုံးမျိုးရှိ၏၊ ထိုသုံးမျိုးတို့တွင် ကာယကံစိတ်မျိုးသည်လည်း သွား စိတ်, ရပ်စိတ်, ထိုင်စိတ်, အိပ်စိတ်, ကွေးစိတ်, ဆန့်စိတ် စသည်များပြား၏၊ သွားစိတ်ဆိုသည်ကား သွားခြင်းဣရိယာပုထ်ကို လှုံ့ဆော်၍ ဖြစ်ပေါ် သောစိတ်တည်း၊ ပဌမခြေလှမ်းကို လှုံ့ဆော်သောစိတ်, ဒုတိယခြေလှမ်း ကို လှုံ့ဆော်သောစိတ် စသည်ဖြင့် သွားစိတ် အစဉ်မပြတ်မစဲသမျှ ကာလ ပတ်လုံး သွားမှု, ခြေလှမ်းမှု မပြတ်မစဲဖြစ်၏၊ ဤသို့ စသည်ဖြင့် ကိုယ် အင်္ဂါလှုပ်ရှားမှု အမျိုးမျိုးတို့၌ သူ့စိတ်နှင့်သူ့အမှု အသီးအသီး ဖြစ်ကြ၏။

ဥပမာကား- မီးရထားကြီးတစ်ခုမှာ ရေနွေးအိုးကြီးမှ အခိုး တစ်သုတ်တစ်သုတ်မှုတ်လျှင် စက်ကိရိယာ တစ်ခါတစ်ခါလည်၏၊ ခေါင်း တိုင်သို့ အခိုး တစ်သုတ်တစ်သုတ် ထွက်၏၊ သူ့မှုတ်ချက်နှင့် သူ့စက် ကိရိယာလည်ချက်, သူ့အခိုးထွက်ချက် အသီးသီးဖြစ်ကြ၏၊ စက်ရုံကြီး စက်သင်္ဘောကြီးတို့၌လည်း သူ့အခိုးမှုတ်ချက်, သူ့စက်ကိရိယာလည်ချက်, သူ့အခိုးထွက်ချက်, အသီးသီးရှိကြသည်ကို မြှော်လေ။

---

ကာယကံရုပ်အမျိုးမျိုးဖြစ်ပုံ

ထို့အတူ သွားခြင်း ဣရိယာပုထ်မှာလည်း သူ့ခြေလှမ်းရုပ်နှင့် သူ့စိတ်အသီးအသီး ဖြစ်ကြ၏၊ ပဌမခြေလှမ်းကို လှုံ့ဆော်သော စိတ်သည် ပဌမခြေလှမ်း ရုပ်ဆုံးရာ၌ ချုပ်ဆုံး၏၊ ဒုတိယခြေလှမ်းကို လှုံ့ဆော်သော စိတ်မျိုး ဖြစ်ပေါ်၏၊ ဒုတိယခြေလှမ်း၏ ဆိုင်ရာရုပ်လည်း တစ်မျိုး ဖြစ်ပေါ်ပြန်၏၊ ဒုတိယခြေလှမ်း ရုပ်ဆုံးရာ၌ ထိုစိတ်လည်း ချုပ်ဆုံး၏၊ ဤနည်းတူ အလှမ်းတစ်ရာသွားခဲ့လျှင် စိတ်အကြိမ်ပေါင်းတစ်ရာ ရုပ် အကြိမ်ပေါင်းတစ်ရာ ချုပ်ဆုံး၏၊ အလှမ်းတစ်ထောင်သွားခဲ့လျှင် စိတ် အကြိမ်ပေါင်းတစ်ထောင်၊ ရုပ်အကြိမ်ပေါင်းတစ်ထောင် ချုပ်ဆုံး၏၊ ရှေးရှေးခြေလှမ်း၏ ဆိုင်ရာဖြစ်သော စိတ်စု, ရှေးရှေး ခြေလှမ်းခေါ်သော ရုပ်စုသည် နောက်နောက် ခြေလှမ်းသို့ မရောက်နိုင်၊ သူ့ခြေလှမ်းနှင့်သူ အသီးအသီး ချုပ်ဆုံးလေ၏၊ ခြေလှမ်းမှု၌ မိမိတို့ကိုယ်ခန္ဓာ တစ်ခုလုံးမှာ အမျိုးမျိုးသော လှုပ်ရှားမှု အသစ်အသစ်တို့သည် ဖြစ်ပေါ်ကုန်၏၊ စိတ် အသစ်အသစ်တို့ကြောင့် ဖြစ်ပေါ်သော ရုပ်အသစ်သစ်တို့ပေတည်း။

တစ်နေ့တစ်နေ့အဖို့မှာ ဦးခေါင်း ခြေလက်စသော ထိုထို ကိုယ် အင်္ဂါ ကြီးငယ်တို့ အထွေထွေ အလာလာ လှုပ်ရှားမှု, ထွက်သက် ရှုရှိုက်မှု, ဝင်သက် မှုတ်ထုတ်မှု, မျက်တောင်ခတ်မှု၊ ပါးစပ်လှုပ်မှု အစရှိသော အမျိုးမျိုးသော ကိုယ်အင်္ဂါလှုပ်ရှားမှုတို့မှာလည်း သူ့လှုပ်ရှားမှုနှင့် သူ့စိတ် အသီးသီးမှတ်လေ။

ဤကား ကာယကံစိတ် အမျိုးမျိုးတို့ကြောင့် ကာယကံရုပ် အမျိုးမျိုးတို့ ဖြစ်ပေါ်ပုံတည်း။

---

ဝစီကံရုပ်အမျိုးမျိုးဖြစ်ပုံ

ဝစီကံစိတ် အမျိုးမျိုးတို့ကြောင့် ဝစီကံရုပ်အမျိုးမျိုးဖြစ်ပုံမှာ ပြောမှု, ဆိုမှု, ငိုမှု, ရယ်မှု, အော်မှု, ဟစ်မှု စသည်တို့၌ သူ့အက္ခရာနှင့် သူ့စိတ် အသီးသီး ဖြစ်ကြ၏၊ ဥပမာကား- ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဟူ၍ ရွတ်ဆိုရာ၌ ဣအက္ခရာကို လှုံ့ဆော်သောစိတ် တစ်ခြား, တိအက္ခရာကို လှုံ့ဆော်သောစိတ်တစ်ခြား, ပိအက္ခရာကို လှုံ့ဆော်သော စိတ်တစ်ခြား စသည်ဖြင့် အက္ခရာတစ်လုံးကို လှုံ့ဆော် သောစိတ်တစ်ခြား တစ်ခြားစသည်ဖြင့်လည်းကောင်း၊ မြတ်စွာဘုရား အားဖြင့် ရှိခိုးပါ၏ဟု ဆိုရာ၌ မြတ်သည် အက္ခရာတစ်လုံး, စွာသည် အက္ခရာတစ်လုံး, ဘုသည် အက္ခရာတစ်လုံး, ရားသည် အက္ခရာတစ်လုံး, မြတ်ကို လှုံ့ဆော်သောစိတ်တစ်ခြား, စွာကို လှုံ့ဆော်သော စိတ်တစ်ခြား, ဘုကို လှုံ့ဆော်သောစိတ်တစ်ခြား, ရားကို လှုံ့ဆော်သောစိတ်တစ်ခြား စသည်ဖြင့်လည်းကောင်း သူ့အက္ခရာနှင့်သူ့စိတ် အသီးသီးဖြစ်ပုံကို သိလေ၊ သူ့အက္ခရာ ချုပ်ဆုံးကွယ်ပျောက်ရာ၌ သူ့စိတ်ချုပ်ဆုံး ပျောက် ကွယ်ပုံကိုလည်း သိလေ။

ဤကား ဝစီကံစိတ်အမျိုးမျိုးတို့ကြောင့် ဝစီကံရုပ် အမျိုးမျိုးတို့ ဖြစ်ပေါ်ပုံတည်း

---

မနောကံရုပ်အမျိုးမျိုးဖြစ်ပုံ

မနောကံစိတ်အမျိုးမျိုးကြောင့် မျက်စိ, မျက်နှာ, ကိုယ်အင်္ဂါတို့၌ ရုပ်အမျိုးမျိုး ဖြစ်ပုံမှာလည်း ဒေါသစိတ်ဖြစ်လာလျှင် မျက်နှာအဆင်း ရုပ်တစ်မျိုး, မေတ္တာစိတ်, သဒ္ဓါစိတ်ဖြစ်လာလျှင် မျက်နှာအဆင်း ရုပ်တစ်မျိုး, ဒေါမနဿစိတ်ဖြစ်လာလျှင် မျက်နှာအဆင်းရုပ်တစ်မျိုး, သောမနဿစိတ်ဖြစ်လာလျှင် မျက်နှာ အဆင်း ရုပ်တစ်မျိုး စသည်ဖြင့် သူ့စိတ်နှင့်သူ့ရုပ် အသီးအသီး ဖြစ်ပုံပျက်ပုံကို အကုန်သိမြင်လေ။

ဤကား မနောကံစိတ် အမျိုးမျိုးတို့ကြောင့် မနောကံရုပ် အမျိုးမျိုးတို့ ဖြစ်ပေါ်ပုံတည်း

ဤကား စိတ်ကြောင့် ရုပ်ဓာတ်ကြီးလေးပါးကို ဖြစ်ပေါ်ရာ၌ တစ်နေ့တစ်ရက်အတွင်းမှာပင် တစ်ဦးတစ်ယောက်သောသူမှာ အထောင်အသောင်းမကသော စိတ်အမျိုးမျိုးတို့ကြောင့် အထောင် အသောင်းမကသော ရုပ်အမျိုးမျိုးတို့ဖြစ်ပေါ် ပြောင်း လဲ၍ နေပုံကို ပြဆိုချက်တည်း။

---

အမိုက်မှောင်ကြီး

သွားစိတ်ကြောင့် သွားရုပ်ဖြစ်ရာ၌ ပုဂ္ဂိုလ်သွားသည်, သတ္တဝါ သွားသည်, မိန်းမသွားသည်, ယောက်ျားသွားသည်, သူသွားသည် ငါသွားသည်, သွားတတ်သူရှိမှ သွားရုပ်ဖြစ်နိုင်သည်ဟု ထင်မြင်စွဲလမ်း၍ နေကြသည်ကား အမိုက်မှောင်ကြီးတည်း။

---

ပစ္စယပရိဂ္ဂဟဉာဏ်အလင်း

သွားရန်ကိစ္စ၌ လှုံ့ဆော်သော စိတ်သည်လည်း ပုဂ္ဂိုလ်သတ္တဝါ မဟုတ်, မိန်းမ ယောကျ်ားမဟုတ်, သူမဟုတ်, ငါမဟုတ်, လူမဟုတ်, နတ်မဟုတ်၊ စိတ်ဟူသော ဓာတ်တစ်မျိုးပေတည်း၊ ထိုဝိညာဏ် စိတ် ဓာတ်ကြောင့် ဖြစ်ပေါ်သော တစ်လှုပ်လှုပ်တစ်ရွရွ သွားလာမှုသည်လည်း ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, မိန်းမ, ယောက်ျား, လူမဟုတ်, ငါမဟုတ်, သူမဟုတ်၊ ထိုတစ်လှုပ်လှုပ်တစ်ရွရွ သွားလာမှုကို ပြုလုပ်တတ်သူဟူ၍ မရှိ၊ သွားတတ်သူဟူ၍ မရှိ၊ လာတတ်သူဟူ၍ မရှိ၊ ရပ်တတ်သူဟူ၍ မရှိ၊ ထိုင်တတ်သူဟူ၍ မရှိ၊ အိပ်တတ်သူဟူ၍ မရှိ၊ ပြောတတ်သူဟူ၍ မရှိ၊ ဆိုတတ်သူဟူ၍ မရှိ၊ ကာရကပုဂ္ဂိုလ်ဟူ၍ မရှိ၊ ကတ္တား ပုဂ္ဂိုလ်ဟူ၍ မရှိ၊ ပြုလုပ်ဖန်ဆင်းတတ်သူဟူ၍ မရှိ၊ စိတ်တည်းဟူသော အကြောင်း တရား၏ အာနုဘော်ကြောင့် သွားရုပ်, လာရုပ်, ထိုင်ရုပ်, အိပ်ရုပ်, ပြောရုပ်, ဆိုရုပ်တို့၏ ဖြစ်ပေါ်ခြင်းမျှသာတည်းဟု ရှင်းလင်းစွာမြင်သော ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် အလင်းကြီးမည်၏။

ဝိညာဏ်စိတ်ကြောင့် ဓာတ်ကြီးလေးပါးဖြစ်ပုံ ပြီး၏။

---

၃။ ဥတုကြောင့် ဓာတ်ကြီးလေးပါး ရုပ်တရား ဖြစ်ပေါ်ရာ၌ ဥတု ဆိုသည်ကား သီတတေဇောနှင့် ဥဏှတေဇောကို ခေါ်သည်။

---

ဥတုကြောင့်ရုပ်ဖြစ်ပုံ

အေးချမ်းသော ဥတုကြောင့် အေးချမ်းသော ရုပ်စုဖြစ်ပွား၏၊ ပူအိုက်သောဥတုကြောင့် ပူအိုက်သောရုပ်စု ဖြစ်ပွား၏၊ ဆောင်းရာသီ၌ သီတဥတု ကြောင့် သီတခန္ဓာ ဖြစ်ပွား၏၊ နွေရာသီ၌ ဥဏှဥတုကြောင့် ဥဏှခန္ဓာ ဖြစ်ပွား၏၊ မိုးရာသီ၌ သီတ, ဥဏှရောနှောလျက်ရှိ၏၊ တစ်နေ့ အဖို့တွင် ညအခါ၌ သီတခန္ဓာ ဖြစ်ပွား၏၊ နေ့အခါ၌ ဥဏှခန္ဓာ ဖြစ်ပွား၏၊ နေတက်၌ ဥဏှခန္ဓာ ဖြစ်ပွား၏၊ နေကျ၌ သီတခန္ဓာ ဖြစ်ပွား၏၊ နေပူ၌ ဥဏှခန္ဓာ ဖြစ်ပွား၏၊ တစ်ကိုယ်လုံး ပူ၏၊ အိုက်၏၊ ချွေးထွက်၏၊ အရိပ်၌ သီတခန္ဓာဖြစ်ပွား၏၊ အပူ အအိုက်ငြိမ်း၏၊ သာယာအေးချမ်းရှိ၏၊ အိပ်ခြင်း, ထိုင်ခြင်းတို့၌ သီတခန္ဓာ ဖြစ်ပွား၏၊ ရပ်ခြင်း, သွားခြင်းတို့၌ ဥဏှခန္ဓာ ဖြစ်ပွား၏၊ ဝန်ထမ်းမှု, တူးမှု, ဆွမှု, ခုတ်မှု, ထစ်မှု, ဖြတ်မှု, ခွဲမှု စသည်တို့၌ ဥဏှခန္ဓာ ဖြစ်ပွား၏၊ ၎င်းအမှုတို့မှ နားနေမှုတို့၌ သီတခန္ဓာဖြစ်ပွား၏၊ ဤသို့လျှင် တစ်နေ့အဖို့တွင် တစ်ဦး တစ်ယောက် သောသူမှာ ထိုထိုအခိုက်အတန့် အလှည့်အကျအားလျော်စွာ အခါပေါင်း အထောင်မျှမက သီတဥတုကြောင့် သီတရုပ်အခါခါဖြစ်ပေါ်မှု, ဥဏှ ဥတုကြောင့် ဥဏှရုပ် အခါခါ ဖြစ်ပေါ်မှုတို့ကို မိမိတို့ကိုယ်ခန္ဓာ၌ စေ့စုံစွာ သိကြမြင်ကြလေကုန်။

ဤကား ဥတုကြောင့် ဥတုဇဓာတ်ကြီးလေးပါး ရုပ်တရားတို့ ဖြစ်ပွားပုံတည်း။

---

အမိုက်မှောင်ကြီး

သီတရုပ် သီတခန္ဓာ, ဥဏှရုပ် ဥဏှခန္ဓာတို့ အလှည့်အလည် အားဖြင့် ဖြစ်ပေါ်ဆဲ အခါတို့၌ သီတဥတုကြောင့် သီတရုပ်ဖြစ်ပေါ်သည်၊ ဥဏှဥတုကြောင့် ဥဏှရုပ်ဖြစ်ပေါ်သည်ဟု မသိခြင်းသည် ပစ္စယ သမ္မောဟအမိုက်မှောင်ကြီးမည်၏။

---

ကာရကဒိဋ္ဌိ ဝေဒကဒိဋ္ဌိ

ထိုအမိုက်မှောင်ကြီးမှ ကာရကဒိဋ္ဌိ ဖြစ်ပွား၏၊ ဝေဒကဒိဋ္ဌိ ဖြစ်ပွား၏၊ အေးလိုလျှင်လည်း အေးအောင်ငါလုပ်တတ်၏၊ ပူလိုလျှင် လည်း ပူအောင် ငါလုပ်တတ်၏ဟု ယူခြင်းသည် ကာရကဒိဋ္ဌိတည်း၊ ငါ့ကိုယ်ကို ငါအေးအောင်လုပ်၍ အေးမှုကို ငါခံစားရ၏၊ ငါ့ကိုယ်ကို ငါပူအောင်လုပ်၍ ပူမှုကိုငါခံစားရ၏ဟု ယူခြင်းသည် ဝေဒကဒိဋ္ဌိတည်း၊ ရှေးဘဝတို့၌ ကောင်းမှုတို့ကို ငါပြုခဲ့လျှင် ယခုဘဝ၌ အမျိုးမြတ်ခြင်း, အဆင်းလှခြင်း, ဥစ္စာဓနတို့နှင့် ပြည့်စုံခြင်းစသော ကောင်းကျိုးကို ငါစံစားရသည်၊ ရှေးရှေးဘဝတို့၌ မကောင်းမှုတို့ကို ငါပြုခဲ့လျှင် ယခုဘဝတို့၌ အမျိုးယုတ်ခြင်း, အဆင်းမလှခြင်း, အနာများခြင်း, ဘုန်းတန်ခိုးငယ်ခြင်း, ဥစ္စာရှားပါးခြင်းစသော မကောင်းကျိုးတို့ကို ငါခံစားရသည်၊ သူပြုလျှင် သူခံစားရသည်၊ ငါပြုလျှင် ငါခံစားရသည် ဟူသောစကားမျိုးတို့၌ ငါပြုသည်၊သူပြုသည် ဟူသောအယူသည် ကာရကဒိဋ္ဌိတည်း၊ ငါခံစားရသည်၊ သူခံစားရသည် ဟူသောအယူသည် ဝေဒကဒိဋ္ဌိတည်း၊ ငါလယ်လုပ်နိုင်၍ ငါထမင်းစားရသည် စသည်တို့၌ လည်း ငါလုပ်နိုင်သည်ဟု ယူသည်ကား ကာရကဒိဋ္ဌိတည်း။

---

ပစ္စယပရိဂ္ဂဟဉာဏ်အလင်း

သူ့ဥတုကြောင့် သူ့ရုပ်အသီးသီးဖြစ်သည်ဟုရှင်းလင်းစွာ ထင်မြင် သောဉာဏ်သည် ပစ္စယပရိဂ္ဂဟ ဉာဏ်အလင်းကြီးမည်၏၊ ထိုအလင်းကြီး ပေါက်ခဲ့လျှင် ငါပြုသည်၊ သူပြုသည်ဟူသော ကာရကဒိဋ္ဌိ ထာဝရဘုရား ဖန်ဆင်းသည်ဟူသော ကာရကဒိဋ္ဌိတို့ ပျောက်ကင်း၏။

ဥတုကြောင့် ဓာတ်ကြီးလေးပါး ရုပ်တရားဖြစ်ပုံ ပြီး၏၊

၄။ အာဟာရကြောင့် ဓာတ်ကြီးလေးပါး ရုပ်တရား ဖြစ်ပေါ်ရာ၌ အာဟာရဆိုသည်ကား - စားသောက် မျိုသွင်းအပ်သော ကဗဠီကာရ အာဟာရကို ခေါ်သည်။

---

အာဟာရကြောင့် ရုပ်ဖြစ်ပုံ

တစ်နေ့ တစ်နေ့လျှင် နှစ်ကြိမ် နှစ်ကြိမ် ထမင်းအာဟာရစားမှု၊ နွား, ကျွဲ, ဆင်, မြင်း စသည်တို့၌ နေ့စဉ် အစာအာဟာရ စားကြမှုတို့ကို စေ့စုံစွာမြှော်ရှု၍ အာဟာရပြတ်လပ်ခဲ့လျှင် ဘယ်ရုပ်ခန္ဓာမျိုး ဖြစ်ပေါ် တတ်သည်၊ စားမြဲအချိန်မှာ စားခဲ့မျိုခဲ့လျှင် ဘယ်ရုပ်ခန္ဓာမျိုး ဖြစ် ပေါ်တတ်သည်ဟု ကိုယ်တွေ့ မျက်မြင်ဖြစ်၍ ထင်ရှားလှလေပြီ။

ဝမ်း၌ အစာမရှိလျှင် ညှိုးနွမ်းလျော့ပါးသော ရုပ်ခန္ဓာမျိုး ဖြစ်ပေါ် လာမြဲ, ဝမ်း၌ အစာရှိခဲ့လျှင် ရွှင်လန်းတောင့်တင်းသော ရုပ်ခန္ဓာမျိုး ဖြစ်ပေါ်လာမြဲ, အစာမှား၍ ဖျားရုပ်, နာရုပ် ဖြစ်ပေါ်မှု, ဆေးဝါးဓာတ်စာ စား၍ မာရုပ်, ကျန်းရုပ် ဖြစ်ပေါ်မှုတို့မှာ ဥတုအာဟာရ အကြောင်းနှစ်ပါး နှင့် ဆက်ဆံ၏။

---

အမိုက်မှောင်ကြီး

လောက၌ အစာငတ်၍လည်းကောင်း၊ စားချိန်၌ မစားရ၍ လည်းကောင်း၊ ဆာလောင်မွတ်သိပ်သောအခါ ညှိုးရုပ်, နွမ်းရုပ်, ပန်းရုပ်, ပျော့ရုပ်, ခွေရုပ်တွေ ဖြစ်ပေါ်လာ၏၊ အစာအာဟာရကို စားသွင်းမျို သောက်လိုက်လျှင် ဆာလောင်မွတ်သိပ်ခြင်းမှပျောက်၍ တောင့်ရုပ်, တင်းရုပ်, မာရုပ်, လန်းရုပ်ခန္ဓာတို့ ဖြစ်ပေါ်လာကြပေသည်ဟု သိကြကုန် သော်လည်း ငါစား၍ ငါဝသည်, ငါအားရှိသည်, ငါတောင့်တင်းသည်, ငါကျန်းမာသည်, ငါအဆာပြေသည်ဟု ငါကိုအကြီးအမှုးပြု၍ စွဲယူမှုဖြစ် သောကြောင့် အမိုက်မှောင်ကြီးမှ မလွတ်သေး။

---

ပစ္စယပရိဂ္ဂဟဉာဏ်အလင်း

'ငါ' ကို အကြီးအမှူးမပြုဘဲ ဤဓာတ်ကြီးလေးပါးအစု ရုပ် ခန္ဓာကြီးသည် အာဟာရကြောင့်ဖြစ်သော အာဟာရနှင့် ဆိုင်သော ရုပ်တို့ ချုပ်ကွယ် ပျောက်ပျက်လေသောကြောင့် နွမ်းရုပ်, နယ်ရုပ်, ညှိုးရုပ်, ပျော့ရုပ်တို့ ဖြစ်ပေါ်၏၊ အာဟာရမျိုသွင်းစားသောက်မိမှ အာဟာရနှင့် ဆိုင်သော အာဟာရနှင့် ဆက်ဆံသော အာဟာရကြောင့်ဖြစ်သော တောင့်ရုပ်, တင်းရုပ်, လန်းရုပ်, ဆန်းရုပ်, ရွှင်ရုပ် တို့ဖြစ်ပေါ်လာကြ ကုန်၏ဟု ရုပ်ဓာတ်ကြီးလေးပါးတို့၏ အကြောင်းကိုသိခြင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်အလင်းကြီးသို့ ပေါက်၏။

ဤတွင် ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် ပထဝီ, အာပေါ, တေဇော, ဝါယောဟူသော ဓာတ်ကြီးလေးပါးတို့ ဖြစ်ပေါ်ပုံပြီး၏။

ဝတ္ထုအာရုံ ၂-ပါးကြောင့် ဝိညာဏ်ဖြစ်ပေါ်ပုံ

ဝတ္ထုအာရုံ အကြောင်းတရားနှစ်ပါးတို့ကြောင့် ဝိညာဏ်ဟူသော နာမ်ဓာတ်ကြီး ဖြစ်ပေါ်ရာ၌

ဝတ္ထုဆိုသည်ကား

၁။ မျက်စိ၌ အကြည်ဓာတ်ဟုဆိုအပ်သော စက္ခုဝတ္ထုတစ်ပါး။

၂။ နား၌ အကြည်ဓာတ်ဟုဆိုအပ်သော သောတဝတ္ထုတစ်ပါး။

၃။ နှာခေါင်း၌ အကြည်ဓာတ်ဟုဆိုအပ်သော ဃာနဝတ္ထုတစ်ပါး။

၄။ လျှာ၌ အကြည်ဓာတ်ဟုဆိုအပ်သော ဇိဝှါဝတ္ထုတစ်ပါး။

၅။ ကိုယ်၌ အကြည်ဓာတ်ဟုဆိုအပ်သော ကာယဝတ္ထုတစ်ပါး။

၆။ ရင်တွင်း၌ နှလုံးခေါ်သော ဟဒယဝတ္ထုတစ်ပါး အားဖြင့် ခြောက်ပါးရှိ၏။

ဤကား ဝတ္ထုအရတည်း

အာရုံဆိုသည်ကား

၁။ အဆင်းဝဏ္ဏဟုဆိုအပ်သော မျက်စိဖြင့် မြင်အပ်သော ရူပါရုံတစ်ပါး။

၂။ အသံသဒ္ဒဟုဆိုအပ်သော နားဖြင့် ကြားအပ်သော သဒ္ဒါရုံ တစ်ပါး။

၃။ အနံ့ဂန္ဓဟုဆိုအပ်သော နှာခေါင်းဖြင့် နံအပ်သော ဂန္ဓာရုံ တစ်ပါး။

၄။ အရသာ ရသဟုဆိုအပ်သော လျှာဖြင့် လျက်အပ်သော ရသာရုံတစ်ပါး။

၅။ အပူ, အအေး, အနု, အကြမ်း, ဖောဋ္ဌဗ္ဗဟုဆိုအပ်သော ကိုယ်ဖြင့် တွေ့ထိအပ်သော ဖောဋ္ဌဗ္ဗာရုံတစ်ပါး။
၆။ ထွေထွေလာလာ ထိုထိုဓမ္မဟုဆိုအပ်သော မနောစိတ် ဖြင့်သာ သိအပ်သော ဓမ္မာရုံတစ်ပါးအားဖြင့်ခြောက်ပါးရှိ၏။

ဤကား အာရုံအရတည်း

ထိုဝတ္ထုအာရုံ နှစ်ပါးကိုစွဲ၍ ဝိညာဏဓာတ် ဖြစ်ပေါ်ပုံကား

၁။ စက္ခုဝတ္ထုနှင့် ရူပါရုံ နှစ်ပါးတစ်စုံကြောင့် စက္ခုဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။

၂။ သောတဝတ္ထုနှင့် သဒ္ဒါရုံ နှစ်ပါးတစ်စုံကြောင့် သောတ ဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။

၃။ ဃာနဝတ္ထုနှင့် ဂန္ဓာရုံ နှစ်ပါးတစ်စုံကြောင့် ဃာနဝိညာဏ ဓာတ် ဖြစ်ပေါ်ခြင်း။

၄။ ဇိဝှါဝတ္ထုနှင့် ရသာရုံ နှစ်ပါးတစ်စုံကြောင့် ဇိဝှါဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။

၅။ ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံ နှစ်ပါးတစ်စုံကြောင့် ကာယ ဝိညာဏဓာတ်ဖြစ်ပေါ်ခြင်း

၆။ ဟဒယဝတ္ထုနှင့် ထိုထိုဓမ္မာရုံ နှစ်ပါးတစ်စုံကြောင့် မနော ဝိညာဏဓာတ် ဖြစ်ပေါ်ခြင်း။

(ဤအရာ၌ မနောဓာတ်သည် မနောဝိညာဏဓာတ်၌ အတွင်းပါလေ၏၊ ဤသို့ အကျဉ်းမှတ်။)

ဥပမာနှင့်တကွ အကျယ်ကား

စက္ခုဝတ္ထုနှင့် ရူပါရုံတို့၏ ထိခိုက်မှုဒဏ်ချက်ကြောင့် ထိုထို အဆင်းကို မြင်ခြင်းဟူသော စက္ခုဝိညာဏဓာတ် ဖြစ်ပေါ်၏၊ ဥပမာကား မှန်အပြင်၌ လူ၏မျက်နှာရိပ် ပေါ်သကဲ့သို့တည်း။ မှန်အပြင်နှင့် မျက်လုံး အိမ်တွင်းမှာ ရှိနေသော စက္ခုဝတ္ထုပသာဒရုပ်အကြည်တူ၏၊ လူ၏ မျက်နှာနှင့် ထိုထိုအဆင်းမျိုး ရူပါရုံ တူ၏၊ မှန်အပြင်နှင့် လူ၏မျက်နှာ ဆုံမိဆဲအခါ၌ မှန်အပြင်မှာ မျက်နှာရိပ်ပေါ်သကဲ့သို့ မျက်လုံးအိမ်တွင်း မှာ ရှိနေသော စက္ခုဝတ္ထုပသာဒရုပ်အကြည်နှင့် မျက်စိ၏ ဥပစာမှာ ရှိနေသော ထိုထိုအဆင်းသဏ္ဌာန်နှင့် ဆုံမိကြသောအခါ၌ စက္ခုဝတ္ထု ပသာဒရုပ်အကြည်မှာ စက္ခုဝိညာဏ်ဟူသော အမြင်ဓာတ်ဖြစ်ပေါ်၏။

မှန်အပြင်နှင့် လူ၏မျက်နှာ လွှဲပြန်လျှင် ထိုမျက်နှာရိပ် ပျောက်ဆုံးပြန် သကဲ့သို့ မျက်နှာလွှဲပြန်လျှင် မျက်လုံးအိမ်တွင်းမှာ ပေါ်ရှိသော စက္ခု ဝိညာဏ်အမြင်ဓာတ် ပျောက်ဆုံးပြန်၏၊ မမြင်ဖူးဟူ၍ ဖြစ်ရပြန်၏၊ ထိုထိုအဆင်းရှိရာသို့ အခါခါ မျက်နှာလှည့်ပြန်လျှင် မျက်လုံးအိမ်တွင်းမှာ ထိုထိုအဆင်းကိုမြင်သော စက္ခုဝိညာဏ်အမြင်ဓာတ်အခါခါ ဖြစ်ပေါ် ပြန်၏၊ မျက်နှာလွှဲပြန်လျှင် အမြင်ဓာတ် ကွယ်ပျောက်မြဲ ကွယ်ပျောက် ပြန်၏။

ဤ၌ စက္ခုဝိညာဏ်စိတ်ခေါ်သော အမြင်ဓာတ် ဖြစ်ပေါ်မှုသည် စက္ခုဝတ္ထုရုပ်နှင့် ထိုထို အဆင်းရူပါရုံမျိုးတို့တွေ့ဆုံ၍ နေဆဲအခါ၌သာ ဖြစ်ပေါ် နိုင်၏၊ မတွေ့ဆုံလျှင် ထိုအမြင်ဓာတ် မဖြစ်နိုင်၊ မမြင်ဘူးဟု ဖြစ်ပြန်၏၊ ထို့ကြောင့် ထိုထိုအဆင်းမျိုးကို မြင်မှုဟူသော စက္ခုဝိညာဏ် ဓာတ်သည် စက္ခုဝတ္ထုနှင့် ရူပါရုံ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်မြဲဓမ္မတာ ဖြစ်၏၊ စက္ခုဝတ္ထု စက္ခုပသာဒ မရှိပြန်လျှင် မြင်မှုမရှိ၊ ကြည့်ရှုရန် ရူပါရုံမျိုး မျက်နှာဥပစာအနီး မရှိပြန်လျှင် ထိုအမြင်ဓာတ် မပေါ်နိုင်ပြီ၊ ဤသို့လျှင် စက္ခုဝိညာဏ်ဟူသော အမြင်ဓာတ်သည် စက္ခုဝတ္ထုရူပါရုံ နှစ်ပါး ပေါင်းဆုံမှုကြောင့် မျက်လုံးအိမ်တွင်းမှာ ရံခါရံခါ ဖြစ်ပေါ်လာသော အာဂန္တုကဓာတ် သက်သက်သာတည်း။

နားအိမ်တွင်း၌ ရှိနေသော သောတပသာဒဝတ္ထုရုပ်နှင့် ထိုထို အသံမျိုးဟူသော သဒ္ဒါရုံ တွေ့ဆုံမှုကြောင့် နားအိမ်တွင်းမှာ အကြား ဓာတ်ဟူသော သောတဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။

နှာခေါင်းအိမ်တွင်း၌ရှိနေသော ဃာနပသာဒဝတ္ထုရုပ်နှင့် ထိုထို အနံ့မျိုးဟူသော ဂန္ဓာရုံတွေ့ဆုံမှုကြောင့် နှာခေါင်းအိမ်တွင်းမှာ အနံ့ဓာတ် ဟူသော ဃာနဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။

လျှာအပြင်၌ ရှိနေသော ဇိဝှါပသာဒ ဝတ္ထုရုပ်နှင့် ထိုထို အချို အချဉ် စသော အရသာဓာတ်မျိုး တွေ့ဆုံမှုကြောင့် လျှာအပြင်မှာ အရသာကိုသိမှုဟူသော ဇိဝှါဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။

အောက်၌ ခြေဖဝါးအပြင်မှစ၍ အထက်၌ ဦးထိပ်အပြင် တိုင်အောင် အတွင်းအပဖြစ်သော ထိုထိုကိုယ်အင်္ဂါတို့၌ ရှိသော ကာယ ပသာဒဝတ္ထုရုပ်တို့နှင့် အကြမ်း, အနု, အပူ, အအေးစသော ထိုထို ဖောဋ္ဌဗ္ဗာရုံ တွေ့ဆုံမှုကြောင့် အရေပေါ်အရေတွင်း၊ အသားပေါ် အသားတွင်း စသော ထိုထို နေရာမှာ နာမှု, ကျင်မှု, ပူမှု, အေးမှု, ယားယံမှု စသော ကာယဝိညာဏ်စိတ် ရံခါရံခါ ဖြစ်ပေါ်မှု။

ရင်တွင်းရှိ နှလုံးအိမ်တွင်း၌ ရှိနေသော ဟဒယဝတ္ထုရုပ်နှင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဟူသော အာရုံဟောင်း၊ ယခုဘဝတွင် အသစ် အသစ် တွေ့ဆုံရသော လောဘအာရုံ, ဒေါသအာရုံ စသော ထိုထို အာရုံသစ်တို့ကို အစွဲပြု၍ နှလုံးအိမ်တွင်းမှာ ရံခါ ဘဝင်စိတ်, ရံခါ လောဘစိတ်, ရံခါ ဒေါသစိတ်, ရံခါ မောဟစိတ်, ရံခါ ဣဿာစိတ်, ရံခါ မစ္ဆရိယစိတ်, ရံခါ ကုသိုလ်စိတ်, ရံခါ သဒ္ဓါစိတ်, ရံခါ ဝိတက်စိတ် စသည်ဖြင့် မနောဝိညာဏ်စိတ်အမျိုးမျိုး ဖြစ်ပေါ်မှု။

ဝိညာဏ်ငါးပါးတို့၏ ဖြစ်ပေါ်မှုတို့မှာလည်း စက္ခုဝိညာဏ် စိတ် ဖြစ်ပေါ်မှုမှာကဲ့သို့ မှန်ဥပမာ, မျက်နှာဥပမာ, မျက်နှာရိပ် ဥပမာတို့နှင့်တကွ အလုံးစုံကို အကုန်သိမြင်ကြလေ။


ဓမ္မသမ္မောဟမှောင်ကြီး

ဝိညာဏ်ခြောက်ပါးတို့၌ ကိုယ်ခန္ဓာတစ်ခုလုံးကို ခြောက်ဌာန ပြု၍ သူ့ဌာန သူ့ဌာနတို့မှာ သူ့အာရုံ သူ့အာရုံ တွေ့ဆုံဆဲအခါ သူ့ဝတ္ထု သူ့အာရုံကိုစွဲ၍ သူ့ဝိညာဏ် ရံခါရံခါ ဖြစ်ပေါ်မှုကို မသိခြင်း, မျက်စိမြင်မှု, နားကြားမှု, နှာခေါင်းနံမှု, လျှာအရသာ သိမှု, ကိုယ်အင်္ဂါတို့မှာ အတွေ့ အထိ သိမှု, စိတ်မနောမှာ ထွေထွေလာလာ ကြံမှုသိမှု ဟူသော ဝိညာဏ် ခြောက်ပါးတို့ကို ဓာတ်အသီးအခြား ဓမ္မအသီးအခြားဟူ၍ မသိခြင်းသည် ဝိညာဏ်ဓမ္မသမ္မောဟပဌမမှောင်ကြီးမည်၏။


ပစ္စယသမ္မောဟမှောင်ကြီး

ထိုဝိညာဏ် ခြောက်ပါးတို့သည် ဝတ္ထုအာရုံ တို့ကြောင့် ဖြစ်ပေါ် ကြ ကုန်သည်ဟု အကြောင်းတရားကို မသိခြင်းသည် ပစ္စယသမ္မောဟ ဒုတိယမှောင်ကြီး မည်၏၊ ထိုမှောင်ကြီးမှ ကာရကဒိဋ္ဌိသည် ပွား၏။

ကာရကဒိဋ္ဌိဆိုသည်ကား - ပြုတတ်သူရှိမှ ဖြစ်ကြသည် ဟူ၍ ယူခြင်းတည်း၊ ငါပြုတတ်သည်၊ သူပြုတတ်သည်ဟူ၍ ယူခြင်းတည်း၊ ပြုတတ်သော ငါရှိ၏၊ သူရှိ၏ဟူ၍ ယူခြင်းတည်း။ ငါမြင်တတ်သည်၊ သူမြင်တတ်သည် သူကြားတတ်သည်ဟုစသည်ဖြင့် ယူခြင်းတည်း၊ ငါမြင်မှု ကို ငါပြုမှဖြစ်သည်၊ သူမြင်မှုကို သူပြုမှဖြစ်သည်, ငါကြားမှုကို ငါပြုမှ ဖြစ်သည်, သူကြားမှုကို သူပြုမှဖြစ်သည် စသည်ဖြင့် တစ်ခြား တစ်ပါးသော အကြောင်းကြောင့် ဖြစ်သည်မဟုတ်ဟု ယူခြင်းတည်း၊ ဤသို့သော အယူ ဟူသမျှကို ကာရကဒိဋ္ဌိဟုဆိုသည်၊ ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု, သိမှု, ကြံမှုတို့၌လည်း ဝတ္ထုအာရုံတို့ကြောင့် ဖြစ်ကုန်သည်ဟု မယူမူ၍ ပုဂ္ဂိုလ်သတ္တဝါတို့ ပြုလုပ်၍ ဖြစ်ကုန်သည်, ပုဂ္ဂိုလ် သတ္တဝါတို့ ပြုလုပ်ခြင်း ကြောင့် ဖြစ်ကုန်သည်ဟုယူခြင်းကို ကာရကဒိဋ္ဌိကြီး ဟုဆိုသည်။


ပစ္စယပရိဂ္ဂဟဉာဏ်အလင်းကြီး

ဝတ္ထု အာရုံတို့ကြောင့် မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့မှု, ထိမှု, ကြံမှု, သိမှုဟူသော ဝိညာဏ်ခြောက်ပါးတို့၏ ဖြစ်ပေါ်ခြင်းကို ထင်လင်းစွာ ထင်ပေါ်သောဉာဏ်သည် ပစ္စယပရိဂ္ဂဟ ဒုတိယဉာဏ် အလင်းကြီး မည်၏။


ပစ္စယသမ္မောဟဒိဋ္ဌိတို့ကွယ်ပုံ

ထိုအလင်းကြီးပေါက်လျှင် ပစ္စယသမ္မောဟ အမိုက်ကြီးနှင့်တကွ ကာရကဒိဋ္ဌိ ကွယ်ပျောက်လေ၏၊ ထိုဝိညာဏ်အသိဓာတ် ခြောက်ပါး တို့သည် ဝတ္ထုအာရုံနှစ်ပါးတို့ကို စွဲ၍ ဖြစ်ပေါ်သည်ဟု မယူ, မသိ, မမြင်ဘဲ ထာဝရဘုရားဖန်ဆင်း၍ ဘုရားပေး၍မြင်ရသည်၊ ကြားရသည်စသည် ဖြင့် ယူခြင်းသည်လည်း ကာရကဒိဋ္ဌိပင်တည်း။ ဉာဏ်ရှိကြစေ။

ဝတ္ထုအာရုံ ၂-ပါးကြောင့် ဝိညာဏ်ဖြစ်ပေါ်ပုံ ပြီး၏၊ ပစ္စယပရိဂ္ဂဟဉာဏ်အလင်းကြီးကို

အကျယ်ပြဆိုခန်း ပြီး၏။

--------------

၃-လက္ခဏပဋိဝေဓဉာဏ်အလင်း

၃။ လက္ခဏတ္တယပဋိဝေဓ ဉာဏ်အလင်းကြီး၌ အကျဉ်းဆုံး သော အားဖြင့် အဘယ်မျှလောက်သော တရားတို့၌ လက္ခဏာရေးသုံးပါး အလင်းပေါက်ခဲ့သော် လက္ခဏတ္တယဉာဏ်အလင်းကြီး ပေါက်လေ သနည်း။


လက္ခဏတ္တယဉာဏ်အလင်းပေါက်ပုံ

ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်ဟူသော ပြဆိုခဲ့ပြီးသော ဓာတ်ကြီး ခြောက်ပါးတို့၌ လက္ခဏာရေးသုံးပါးအလင်းပေါက်ခဲ့သော် လက္ခဏတ္တယ ဉာဏ် အလင်းကြီး ပေါက်၏။


ပထဝီဓာတ်သာ လိုရင်းဖြစ်ပုံ

ရုပ်ဓာတ်ကြီး ငါးပါးတို့တွင်လည်း ပထဝီဓာတ်ကြီး တစ်ခုသည် လိုရင်းတည်း၊ အကြောင်းမူကား ပထဝီမြေကြီးသည် တိုင်းပြည်, မြို့ရွာ, သမုဒ္ဒရာ, တော, တောင်စသော ကမ္ဘာ့ အဆောက်အဦးတို့၏ တည်ရာ ဖြစ်၏၊ မဟာပထဝီ ပြိုပျက်ခွင့်ကို မြင်သည်ရှိသော် တိုင်းပြည်, မြို့ရွာ စသည်တို့၌ ပြိုပျက်ခွင့်ကို တစ်ခြားရှုဖွယ် မရှိ၊ အပြီးမြင်တော့သည်၊ ထို့တူ ပရမတ္ထမြေဓာတ်ကြီးသည်လည်း ရေဓာတ်, လေဓာတ်, မီးဓာတ် စသော ရုပ်ဓာတ်အပေါင်းတို့၏ တည်ရာဖြစ်၏၊ မြေဓာတ်ကြီး ခဏခဏ ပျက်ဆုံးမှုကို မြင်သည်ရှိသော် ကြွင်းသောရုပ်ဓာတ်အပေါင်းတို့၏ ခဏ ခဏပျက်ဆုံးမှုကို တစ်ခြားရှုဘွယ်မရှိ၊ အပြီးမြင်တော့သည်။

လက္ခဏာရေးသုံးပါးတို့တွင်

အနိစ္စလက္ခဏာဆိုသည်ကား- “ခယဋ္ဌေန အနိစ္စံ” ဟူသည် နှင့် အညီ ခဏခဏ ဖြစ်ပေါ်ပြီးလျှင် ခဏခဏ ပျောက်ပျက် ကုန်ဆုံး သည်ကို ဆိုသည်။

ဒုက္ခလက္ခဏာဆိုသည်ကား- “ဘယဋ္ဌေန ဒုက္ခံ” ဟူသည်နှင့် အညီ ကြောက်မက်ဖွယ်ကောင်းလှသော ဘေးဘယသဘောကို ဆိုသည်၊ အနာကြီးရောဂါကြီးစွဲရှိသောသူတို့သည် အရသာအလွန်ကောင်းလှ သော စားသောက်ဘွယ် ဘောဇဉ်တို့ကို အလွန်ကြောက်ကြရကုန်၏၊ စားသောက်ပါဟု ပေးလာငြားသော်လည်း မစားဝံ့, မသောက်ဝံ့ဟု ငြင်းပယ်ကြရကုန်၏၊ ထို့အတူ လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်းသာတို့သည် ကိလေသာရောဂါ, ဇရာမရဏရောဂါတို့ကို လွန်စွာ ဖြစ်ပွားစေတတ်ကုန်သည်ဖြစ်၍ အလွန်ကြောက်မက်ဖွယ်ကောင်း လှသောကြောင့် ဒုက္ခမည်ကုန်၏ ဟူလိုသည်။

အနတ္တလက္ခဏာဆိုသည်ကား-“အသာရကဋ္ဌေန အနတ္တာ” ဟူသည်နှင့်အညီ ပုဂ္ဂိုလ်၏ အနှစ် အသား မဟုတ်၊ သတ္တဝါ၏ အနှစ် အသား မဟုတ်သောသဘောကို ဆိုသည်၊ ဓမ္မဝဝတ္ထာနဉာဏ်အလင်း ကြီးတွင် ပြဆိုခဲ့သော အိမ်, ကျောင်း, တန်ဆောင်း, ဇရပ်, မဏ္ဍပ်, ဥပမာ၌ အဘိဓမ္မာနည်းအလိုအားဖြင့် သစ်, ဝါးတို့တည်း၊ အိမ်မဟုတ်၊ ကျောင်း မဟုတ်၊ တန်ဆောင်းမဟုတ်၊ ဇရပ်မဟုတ်၊ မဏ္ဍပ် မဟုတ်ကုန်သကဲ့သို့ အိမ်၏ အနှစ်အသား, ကျောင်း၏ အနှစ်အသား မဟုတ်ကုန် သကဲ့သို့ ရုပ်ဓာတ်တရား, နာမ်ဓာတ်တရားတို့သည် ပုဂ္ဂိုလ်မဟုတ်ကုန်၊ သတ္တဝါ မဟုတ်ကုန်၊ ပုဂ္ဂိုလ်၏အနှစ်အသားမဟုတ်ကုန်၊ သတ္တဝါ၏အနှစ် အသားမဟုတ်ကုန်သောကြောင့် အနတ္တမည်ကုန်၏ ဟူလိုသည်။

ထိုလက္ခဏာရေး သုံးပါးတို့တွင် ဒုက္ခလက္ခဏာသည်ကား အရဟတ္တမဂ်ဉာဏ်သို့ ရောက်မှကိစ္စပြီးစီး၏၊ ကျန်ရှိသော လက္ခဏာရေး နှစ်ပါးတို့မှာ အောက်မဂ်သို့ ရောက်လျှင်ပင် ကိစ္စပြီးစီး၏၊ ထိုနှစ်ပါးတွင်လည်း ပုထုဇဉ်သတ္တဝါတို့မှာ သက္ကာယဒိဋ္ဌိကို ပယ်သတ်ခြင်းငှါ အနတ္တလက္ခဏာသာ လိုရင်း ဖြစ်၏၊ ၎င်းအနတ္တလက္ခဏာသည်လည်း “အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ” ဟူသော ပါဠိတော်နှင့် အညီ အနိစ္စလက္ခဏာတွင် အတွင်းဝင်၏၊ ထို့ကြောင့် အနိစ္စ လက္ခဏာကို ထင်ရှားစွာဖော်ပြ၍ အနတ္တဉာဏ်အလင်းကို ထင်ရှားအောင် ပြဆိုပေအံ့။

ဓမ္မဝဝတ္ထာန ဉာဏ်အလင်းကြီး၌ ဖော်ပြခဲ့ပြီးသော ဓာတ်ကြီး ခြောက်ပါးတို့တွင် တေဇောဓာတ်ကြီး၏ အနိစ္စလက္ခဏာ အနတ္တ လက္ခဏာတို့ကို ရှေးဦးစွာ ဖော်ပြရာ၏။


တေဇော၏ အနိစ္စ အနတ္တ လက္ခဏာ

တေဇောဟူသော မီးဓာတ်ကြီးသည် သီတမီးဓာတ်၊ ဥဏှ မီးဓာတ် ဟူ၍ နှစ်မျိုးရှိ၏၊ လောက၌ ချမ်းအေးခြင်း အမှုကြီးတစ်ပါး၊ ပူနွေးခြင်း အမှုကြီးတစ်ပါးဟူ၍ မီးဓာတ်ကြီး နှစ်မျိုးရှိ၏ဟု ဆိုလိုသည်။ အအေးနှင့် အပူသည် ရန်သူ, ရန်ဘက် ဖြစ်ကြ၏၊ အအေးဖြစ်ပေါ်လျှင် အပူကွယ်ပျောက်ရ၏၊ အပူဖြစ်ပေါ်လျှင် အအေးကွယ်ပျောက်ရ၏၊ လောက၌ ပကတိလူတို့ ထင်မှတ်ကြသော ပုဂ္ဂိုလ်, သတ္တဝါ မည်သည် တစ်ဘဝမှာ ပဋိသန္ဓေအခါ၌ တစ်ကြိမ်သာဖြစ်ပေါ်၍ ဘဝဆုံး၌ တစ်ကြိမ်သာ သေမြဲဖြစ်၏၊ တစ်ဘဝအတွင်းမှာ ပုဂ္ဂိုလ် သတ္တဝါ အခါခါ ဖြစ်ပေါ်သည်၊ အခါခါ သေပျောက်သည် ဟူ၍မရှိ၊ ကိုယ်ခန္ဓာတို့၌ အအေး အပူဟူသော တေဇောဓာတ်ကြီးသည် တစ်နေ့တစ်ရက် အတွင်း မှာပင် အခါခါဖြစ်ပေါ်၍ အခါခါပျက်ဆုံး၏၊ အပူ အအိုက် ပျောက်ငြိမ်း ပြီ, အေးလာပြီ ဟူ၍လည်းကောင်း၊ အချမ်း, အအေး, ပျောက်ငြိမ်းပြီ၊ ပူလာပြီ၊ နွေးလာပြီဟူ၍လည်းကောင်း တစ်နေ့တစ်ရက်အတွင်းမှာပင် အခါခါ ပြောဆိုကြရ၏၊ ထိုသို့ဖြစ်ခဲ့သော် အပူ, အအေးဟူသော တေဇော ဓာတ်ကြီး ဖြစ်မှု, ပျက်မှုကား တစ်လမ်း၊ ပုဂ္ဂိုလ် သတ္တဝါတို့၏ ဖြစ်မှု၊ ပျက်မှုကား တစ်လမ်းနေကြ၏၊ ပူမှု, အေးမှုကို ပုဂ္ဂိုလ်သတ္တဝါပြု၍ ငါပူ သည်၊ သူပူသည်၊ ငါအေးသည်၊ သူအေးသည်ဟု စွဲလမ်းချက် ပြောဆို ချက်များသည် အဘိဓမ္မာနည်းအလိုအားဖြင့် အမှားစင်စစ် ဖြစ်၏၊ ပူမှု, အေးမှုကို ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်အသားလုပ်၍ သူပူသည်၊ ငါပူသည်၊ သူအေးသည်၊ ငါအေးသည်ဟု စွဲလမ်းချက် ပြောဆို မှတ်ထင်ချက်များ သည် အမှားစင်စစ်ဖြစ်၏။

ဤသို့ တစ်လမ်းစီဖြစ်၍ နေသောကြောင့် ပူမှု, အေးမှုသည် ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ် သတ္တဝါ ဟူသောစကား၏ အနက် မဟုတ်၊ အကယ်၍ ပူမှု, အေးမှုသည် ပုဂ္ဂိုလ်ဟုတ်ခဲ့အံ့၊ သတ္တဝါ ဟုတ်ခဲ့အံ့၊ ပုဂ္ဂိုလ် သတ္တဝါ၏ ဖြစ်မှုနှင့် တေဇောဓာတ်၏ ဖြစ်မှု, ပျက်မှုသည် တူကြရာ၏၊ ပုဂ္ဂိုလ်သတ္တဝါသည် တစ်ခုသောဘဝမှာ တစ်ခါ ဖြစ် တစ်ခါသေသာရှိသကဲ့သို့ ပူမှု ,အေးမှုသည်လည်း တစ်ဘဝမှာ တစ်ခါ ဖြစ် တစ်ခါသေသာရှိရာ၏၊ ထိုသို့ကား မဟုတ်၊ တစ်နေ့တစ်ရက်အတွင်း မှာပင် ပူမှု, အေးမှုသည် အခါခါ ဖြစ်၏၊ အခါခါ ပျက်၏။

ထို့ကြောင့် ပူလျှင် ပူသည်ဟု သိကြ၏၊ အပူပျောက်ငြိမ်းလျှင် ပျောက်ငြိမ်းပြီဟု သိကြ၏၊ အေးလျှင်၊ ချမ်းလျှင် အေးသည် ချမ်းသည်ဟု သိကြ၏၊ အေးမှု၊ ချမ်းမှု ပျောက်ငြိမ်းလျှင် အအေးပျောက်ငြိမ်းပြီဟု သိကြ၏။

အကယ်၍ ပူမှု, အေးမှုနှင့် ပုဂ္ဂိုလ်သတ္တဝါတူငြားအံ့၊ တစ်နေ့အဖို့ မှာပင် ပူမှု, အေးမှု အခါခါဖြစ်တိုင်း၊ ပျက်တိုင်း ပုဂ္ဂိုလ်သတ္တဝါလည်း အခါခါ ဖြစ်သည်၊ အခါခါ ပျက်သည်ဟု မှတ်ယူကြကုန်ရာ၏၊ ထိုသို့ ကားမဟုတ်၊ တစ်နေ့အဖို့မှာ ပူမှု, အေးမှု အခါခါဖြစ်သည်၊ အခါခါ ပျက်သည်ဟု သိမြင်ကြ၏၊ ပုဂ္ဂိုလ်သတ္တဝါကိုမူကား တစ်နေ့အဖို့မှာ အခါခါဖြစ်သည်၊ အခါခါပျက်ဆုံးသည်ဟူ၍ မယူကြ၊ တစ်ဘဝမှာ အဆုံး၌ တစ်ခါသာ ပျက်သည်ဟုမှတ်ယူသိ မြင်ကြ၏။

ထို့ကြောင့် ပူမှု၊ အေးမှုကား တစ်ခြား၊ ပုဂ္ဂိုလ် သတ္တဝါကား တစ်ခြား ဟုထင်ရှားပါ၏၊ ပူမှုအေးမှုသည် ပုဂ္ဂိုလ်သတ္တဝါတို့၏ အနှစ် အသားမဟုတ်ဟု ထင်ရှား၏၊ ထို့ကြောင့် ပူမှုအေးမှုဟူသော တေဇော ဓာတ်ကြီးကို အနတ္တဆိုပေသည်။

ဤကား တေဇောဓာတ်ကြီး၏ အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာတို့ကို ပြဆိုခြင်းတည်း

တစ်နေ့, တစ်ရက်အဖို့မှာပင် အခါခါပျက်သည်ကို အနိစ္စ လက္ခဏာဆိုသည်၊ အခါခါပျက်ခြင်းကြောင့် ပုဂ္ဂိုလ်၏ အနှစ်အသား မဟုတ်၊ သတ္တဝါ၏ အနှစ်အသားမဟုတ်၊ ပုဂ္ဂိုလ်၏ အထည်ခံ, အမာခံ မဟုတ်၊ သတ္တဝါ၏ အထည်ခံ, အမာခံ မဟုတ်သည်ကို အနတ္တလက္ခဏာ ဆိုသည်၊ အနှစ်အသားမဟုတ်၊ အထည်ခံ အမာခံမဟုတ်ဟူသော စကား၌ ပုဂ္ဂိုလ်ဟူသည် ဤပူမှုပင်တည်း၊ ဤအေးမှုပင်တည်း၊ သတ္တဝါ ဟူသည် ဤပူမှုပင်တည်း၊ ဤအေးမှုပင်တည်း၊ မှတ်ယူပြောဆိုခဲ့သော် ပူမှု အေးမှုကို ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်အသားပြု၍ မှတ်ယူခြင်း ပြောဆို ခြင်းဖြစ်၏၊ ပုဂ္ဂိုလ်သတ္တဝါ၏ အမာခံအထည်ခံပြု၍ မှတ်ယူခြင်း ပြောဆိုခြင်းဖြစ်၏။

အတ္တဆိုသော စကားနှင့် အနှစ်အသား, အမာခံ, အထည်ခံ ဆိုသော စကား အတူတူ။

ပုဂ္ဂိုလ် သတ္တဝါ အမာခံ, အထည်ခံ မှန်ခဲ့သော် တစ်ခုသော ပူမှု, တစ်ခုသောအေးမှုသည် ပုဂ္ဂိုလ်သတ္တဝါ အသက်ရှည်သမျှ မလှုပ်မရှား မပြောင်းမလဲဘဲ ခိုင်မြဲ၍ လိုက်ပါရမည်၊ ထိုသို့မလိုက်မူ၍ တစ်နေ့ တစ်ရက်မှာပင် အခါခါပျက်ဆုံးလျက်နေသော ပူမှု, အေးမှုသည် တစ်ဘဝမှာတစ်ခါသာ ပျက်ဆုံးမှုရှိသော ပုဂ္ဂိုလ်သတ္တဝါ၏ အနှစ်အသား မဟုတ်နိုင်သောကြောင့် ပူမှု, အေးမှုသည် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တ မဟုတ်၊ အနတ္တသာ ဖြစ်လေသတည်း၊ ပုဂ္ဂိုလ်သတ္တဝါသည် အချို့အနှစ် တစ်ရာ အသက်ရှည်၏၊ ထိုသူ့သန္တာန်မှာရှိသော တစ်ခုသော ပူမှု, တစ်ခုသော အေးမှုသည် ဖောက်ပြန်ပြောင်းလဲခြင်းမရှိဘဲ အနှစ်တစ်ရာခိုင်မြဲ၍ လိုက်နိုင်သည်မရှိ၊ အနှစ်တစ်ရာ မဆိုထားနှင့်ဦး အနှစ်ကိုးဆယ်, ရှစ်ဆယ်, ခုနစ်ဆယ်, ခြောက်ဆယ် ,ငါးဆယ်, လေးဆယ်, သုံးဆယ်, နှစ်ဆယ်, ဆယ်နှစ်, ငါးနှစ်, လေးနှစ်, သုံးနှစ်, နှစ်နှစ်, တစ်နှစ် ခိုင်မြဲ၍ လိုက်နိုင် သည်မရှိ၊ ထို့ကြောင့် ပူမှု အေးမှုဟူသော တေဇောဓာတ်မျိုးသည် ပုဂ္ဂိုလ် သတ္တဝါ၏ အမာခံ, အထည်ခံ အနှစ်သာရ အတ္တမဟုတ်၊ အနတ္တသာ အမှန်ဖြစ်လေသတည်း၊ အလွန်နက်နဲလှသောအရာဖြစ်၍ အခါခါ အထပ်ထပ် ပြဆိုရချေသည်၊ ဉာဏ်ဖြင့်စူးစူးစိုက်စိုက်အားထုတ်၍ ပိုင်နိုင် အောင် ကြည့်ရှုကြလေ။

တေဇောဓာတ်ပြီး၏၊


လက္ခဏတ္ထယဉာဏ်ပေါက်အောင်ပြပုံ

ဤ၌ ဓာတ်ကြီးလေးပါးလုံးတို့ကို ပေါင်းစု၍ အဖြစ်ဇာတိ နှင့်တကွ လက္ခဏတ္တယဉာဏ်ပေါက်အောင် ပြဆိုအံ့။


ပွက်ပွက်ဆူနေကြပုံ

ဤမြေ, ရေ, လေ, မီးဓာတ်ကြီးလေးပါးတို့ကို မှန်၌ထင်သော အရိပ် ဥပမာ, စို့, သက်တံဥပမာ ကံစသောအကြောင်းတရားစုနှင့် ဓာတ်မီး ဓာတ်ဆီတို့ ပြုပြင်ရာ ဖြစ်ခါ ပျက်ခါနေရသော အချက်စုကို စေ့စုံစွာ မြင်နိုင်ပါလျှင် ဤခန္ဓာကိုယ်ကြီးမှာ မျက်တောင်တစ်ခတ်, လျှပ် တစ်ပြက်မျှ အသစ်ဖြစ်ပေါ်ခြင်းမှ ကင်းသောအကွက် မရှိ၊ ဖြစ်ပေါ်ရာ၌ တစ်ဖြုတ်ဖြုတ် ပျက်ခြင်းမှ လွတ်သော အကွက် မရှိ၊ ကျိုက်ကျိုက်ဆူသော ရေနွေးအိုးကြီးအတွင်း၌ ဆူဆူတက်ဖြစ်ပေါ်မှု, တစ်ဖြုတ်ဖြုတ် ပျက်ကွယ်မှု, ထွေးယှက်၍ နေကြကုန်သော ရေပွက်, ရေစီးပေါင်း တွေကဲ့သို့ ကံစသော အကြောင်းတရားနှင့် ဓာတ်မီး, ဓာတ်ဆီတို့အတွက် ဓာတ်ကြီးလေးပါးတို့၏ ဖြစ်မှု, ပျက်မှုတွေ ပွက်ပွက်ဆူနေကြပုံကို မြင်လိမ့်မည်။


ခဏချင်းပျက်ဆုံးမှု

ကံ, စိတ်, ဥတု, အာဟာရတည်းဟူသော အကြောင်းတရား လေးပါးတို့ကြောင့် တစ်ကိုယ်လုံး၌ မာမှုဟူသော ပထဝီမြေဓာတ် ကြီးသည် ဖြစ်ပေါ်၏၊ ဖွဲ့စည်းမှုဟူသော အာပေါရေဓာတ်ကြီးသည် ဖြစ် ပေါ်၏၊ ပေါင်းနွေးမှုဟူသော တေဇောမီးဓာတ်ကြီးသည် ဖြစ်ပေါ်၏၊ လှုပ်ရှားထောက်ကန်မှုဟူသော ဝါယောလေဓာတ်ကြီးသည် တဘွားဘွား ဖြစ်ပေါ်၏၊ ထိုမြေ, ရေ, လေ, မီး ဓာတ်ကြီးလေးပါးတို့သည် အဆံအမာ အကြိတ်အခဲ အထည်ဒြဗ်ဟူ၍ အဏုမြူမျှ ရှိသည်မဟုတ်၊ အခြင်း အရာ ကြိယာသက်သက်မျှသာ ဖြစ်ပေါ်၏၊ ထို့ကြောင့် ထိုမာမှု, ဖွဲ့စည်းမှု, ပေါင်းနွေးမှု, ထောက်ကန်မှုတို့သည် ဓာတ်မီးကြီး၏အဟုန်ကြောင့် ခဏခြင်း ပျက်ဆုံးရ၏၊ မျက်တောင်တစ်ခတ်မျှ အသက်ရှည်၍ တည်နေ နိုင်သည်မဟုတ်၊ ပထဝီပျက်ဆုံးလျှင်လည်း ထိုပထဝီမှာ တွယ်တာရသော ဖွဲ့စည်းမှု, ပူမှု, အေးမှု, တောင့်တင်းကြွရွမှု အစုသည်လည်း အတူပါလေ ၏၊ တစ်ကိုယ်လုံး နှံ့အောင်ကြည့်လေ။

ပျက်ဆုံးသမျှနေရာမှာလည်း အစားစိုက်ထူသောအားဖြင့် အပြည့်အပြည့် ဖြစ်ပေါ်ပြန်၏၊ ဤသို့လျှင် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် ပျက်မှု ဖြစ်မှု အဆက်အလက် တစ်ရာ တစ်ထောင်မက ပြောင်းလဲနေသည်၊ ထိုဖြစ်မှု ပျက်မှုများကို မျက်စိ ဖြင့်ကြည့်၍ မြင်နိုင်ကောင်းသည်မဟုတ်၊ အထက်ကပြဆိုခဲ့ပြီးသော သဘာဝအရင်းစုနှင့်ကြည့်ရှုမှ ဉာဏ်ဖြင့်သာမြင်ကောင်းသော အမှုစု ပေတည်း၊ လှုပ်လှုပ်ရွရွ ထင်သမျှသည် အဟောင်းပျက်မှု အသစ်ပေါ်မှု ချည်းသာ ဖြစ်၏၊ မျက်စိအမြင်မှာမူကား တစ်ခုတည်းသော အဆင်းသည် ပင်လျှင် လှုပ်သည်, ရွသည်ဟု ထင်မြင်၍ နေ၏၊ မျက်မြင်ကို အဟုတ် ထင်လျှင် ပရမတ်သဘောကို မစူးနိုင်ပြီ၊ သတိ ကြပ်ကြပ်ပြုလေ။

ကံစသော လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်သမျှ သော မာမှု, ဖွဲ့စည်းမှု စသော ပရမတ်ဓာတ်မြေ, ဓာတ်ရေ စသည်တို့ သည် အတူတကွ ဖြစ်ပေါ်သော ဓာတ်မီး၏ အဟုန်ကြောင့် ခဏချင်း, ခဏချင်း ပျက်ဆုံးကွယ်ပျောက် ရကုန်သည်ဟူသော စကား၌ ချဲ့ဦးအံ့။


ပျက်ဆုံးမှုအကျယ်

လောက၌ မီးတို့မည်သည် အကြင်ဝတ္ထုကို မှီတွယ်၍ ဖြစ်ပွား၏၊ ထိုမှီတွယ်ဖွယ်သောဝတ္ထုကို လောင်မြဲဓမ္မတာ ဖြစ်သည်နှင့်အညီ ထိုပရမတ်ဓာတ်မီးသည်လည်း မိမိနှင့်အတူ ဖြစ်ပေါ်သော မာမှု, ဖွဲ့စည်းမှု, တင်းရင်းမှုဟူသော ဓာတ်ကြီးသုံးပါးတို့ကို ခဏချင်းခဏချင်း ကွယ်ဆုံး အောင် လောင်သည်သာဖြစ်၏၊ အမှိုက်မှ ဖြစ်သော မီးသည် ထိုအမှိုက်ကို ခဏချင်းကုန်အောင် စား၏၊ ဆီမှ ထသောမီးသည် ထိုဆီကို စား၏၊ ရေနံမှ ထသောမီးသည် ထိုရေနံကိုစား၏၊ ထိုထို အဆီမှ ထသော မီးသည် ထိုထိုအဆီကို ခဏချင်းကုန်အောင် စား၏၊ ထို့အတူ သတ္တဝါ တို့၏ ကိုယ်၌ ကိုယ်နှင့်အပြည့် တစ်ရှိန်ရှိန် မပြတ်မစဲ ထ၍နေသော ဓာတ်မီးသည်လည်း အတူတကွ ဖြစ်ပေါ်သောဓာတ်တို့ကို ခဏချင်း ခဏချင်း ကုန်အောင်စားသည်သာလျှင်ဖြစ်၏၊ အထူးအားဖြင့် ဓာတ်ဆီ ဟူသမျှကို ခဏချင်းကုန်အောင် စား၏၊ ထို့ကြောင့် ဖြစ်ပေါ်သမျှသော ခပ်သိမ်းသော ပရမတ်မြေ, ရေ စသောဓာတ်တို့သည် မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်မျှ အသက်ရှည်၍ တည်နေနိုင်သည် မရှိကြကုန်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် အကြိမ်တစ်ရာ၊ တစ်ထောင်မက တစ်ကိုယ်လုံးအကျွတ် ကွယ်ဆုံးလေ၏၊ ထိုသို့ ကွယ်ဆုံးသော်လည်း အသစ်အသစ် အစားစေ့အောင် ထူထောင်ဖန်ဆင်းကြသော အကြောင်း တရားစု အလွန်များပြားလှ၍ ငယ်ရွယ်စဉ်အခါ၌ ခဏတိုင်း ခဏတိုင်း တိုးတက်ကြီးပွား၍ပင် လာနိုင်ပြန်သတည်း၊ မိမိကိုယ်တစ်ကိုယ်လုံး ခဏမစဲ ကြေပျက် ကွယ်ဆုံးမှုကိုလည်း မြင်အောင်ကြည့်၊ ကွယ်ဆုံး ကြေပျက်မှုကို စိပ်စိပ်မြင်လျှင် တစ်ကိုယ်လုံး၌ အပြည့်အပြည့် အသစ် အသစ် ဆက်လက်ဖြစ်ပေါ်မှုဟူသော ဇာတိအချက် တဖြုတ်ဖြုတ် ပျက်ကွယ်မှုဟူသော အနိစ္စအချက်ကို စိပ်စိပ်ကြီး မြင်လိမ့်မည်။

ဥပမာ-ရေနံဆီတစ်ပိဿာ၌ တောက်သော မီးသည် ထိုရေနံဆီ ကို အတွင်ကုန်အောင်စား၏၊ ရေနံဆီကို မလျော့ရအောင် လောင်းသော သူက လောင်းနိုင်သမျှ ကာလပတ်လုံး ရေနံဆီလည်း လျော့သည်မထင်ရ၊ မီးလည်းလျော့သည်မထင်ရ၊ မထင်သော်လည်း နှစ်ပါးလုံးပင် ခဏစဉ် အတိုင်း ကုန်ကြ ဆုံးကြသည်သာ ဖြစ်၏၊ အကယ်၍ မကုန်ဆုံးကြသည် ဖြစ်ခဲ့အံ့၊ ရေနံဆီအသစ် လောင်းဘွယ်ကိစ္စ မရှိရာပြီ၊ တစ်ညလုံးမှာ အခါခါ လောင်းရသည့်အတွက် အချိန်အခွက်ငါးဆယ်ကုန်လျှင် မီးစား၍ အခွက်ငါးဆယ်ကုန်ကြောင်း ထင်ရှား၏၊ စေ့စေ့ကြည့်၍နေလျှင်လည်း သူ့ဆီနှင့်သူ့မီး ခဏချင်း, ခဏချင်း ကုန်ဆုံး၍ သွားသည်ကိုမြင်ရပါ၏၊ ဆီရောမီးတောက်ရော လျော့ပါး၍ သွားသည် ကိုလည်း မြင်သာပါ၏၊ တစ်ညထွန်းလျှင် ရေနံဆီအချိန်များစွာ ကုန်သည်ဟုလည်း သိကြပါ၏၊ ဤအတူ တစ်ကြိမ်စားသော အာဟာရအတွက် နာရီပေါင်းမည်ရွေ့ မည်မျှသာ ဤကိုယ်ခန္ဓာ ပြည့်ပြည့်ဖြိုးဖြိုး နေနိုင်သည်၊ အစာအာဟာရ လျော့ပါး၍သွားလျှင် ဤခန္ဓာလျော့ပါး၍ သွားသည်၊ အစာအာဟာရ ပြတ်၍ သွားလျှင် ဤခန္ဓာ မတည်နိုင်ပြီ။

ဤကိုယ်ခန္ဓာတို့၏ ပျက်ဆုံးမှု မြန်လှ အားကြီးလှသည့် အတွက် ကြောင့် ကိုယ်ခန္ဓာ အသစ်အသစ် အလျင်ဆက်လက်မှု မြန်လှ, အားကြီးလှ၏၊ ကိုယ်ခန္ဓာ အသစ်အသစ် အလျင် ဆက်လက် ထူထောင်မှု မြန်လှ, အားကြီးလှသည့်အတွက် ကြောင့် လောက၌ အသက်မွေးမှု ဟူသော အလုပ်ကြီးသည် အကြီး အကျယ်ဆုံး, အကြပ် တည်းဆုံး, မလွှဲသာဆုံး, မနေသာ ဆုံး ဖြစ်လေသတည်း။


တည်ထောင်မှုကြီးကျယ်ပုံ

ဇမ္ဗူဒီပါမြေ၌ တစ်နှစ်တစ်နှစ်တွင် ဖြစ်ပွားသော စပါးမျိုး, ပြောင်း, ပဲ, လူး, ဆပ်အစရှိသော အစာအာဟာရမျိုးသည် မည်ရွေ့မည်မျှ များပြားလိမ့်မည်၊ တစ်နှစ်အဖို့, တစ်လအဖို့, တစ်ရက်အဖို့ စားသောက် ၍ မည်ရွေ့မည်မျှ ကုန်လိမ့်မည်ဟု မြှော်လိုက်လျှင် ခန္ဓာသစ် ဆက်လက် တည်ထောင်မှု, အသစ်အသစ် ဆက်လက်တည်ထောင်မှု ကြီးကျယ်ပုံကို မြင်လိမ့်မည်။


ပျက်ဆုံးမှုမြန်ပုံ

နေ့စဉ် အသစ်အသစ် ခန္ဓာအလျင်ဆက်လက်မှု, အသက်မွေးမှု, ကြီးကျယ်ကြပ်တည်း၍ နေကြပုံကို မြင်နိုင်လျှင် ဤခန္ဓာ ဤအသက်စု ပျက်မှု, ဆုံးမှု, ပျောက်ကွယ်မှု မြန်ကြောင်း အားကြီးကြောင်းကိုလည်း မြင်လိမ့်မည်။

ရေသတ္တဝါ ကုန်းသတ္တဝါတို့ အသက်မွေးမှု, အစာရှာမှု, ဥစ္စာ စီးပွားမှုနှင့် နေ့နေ့ညည, ပုပု ရွရွ, လုလု ယက်ယက်, လုပ်ကြ, ကိုင်ကြ, ထမ်းကြ, ပိုးကြ, သွားကြ, လာကြ, ပြောကြ, ဆိုကြ, ကြံကြ, စည်ကြ, ကြောင့်ကြစိုက်ကြ, အားထုတ်ကြ, စိုးရိမ်ကြ, ပူပန်ကြ, စောင့်ရှောက်ကြ, ထိန်းကျောင်းကြ, ငြင်းခုန်ကြ, ခိုက်ရန်ဖြစ်ကြသမျှ အလုံးစုံတို့ကို အရင်း သို့ဆိုက်အောင် ကြည့်တတ်ပါလျှင် ဤကိုယ်ယ်ခန္ဓာ အဟောင်းအသစ် အလျင်ဆက်လက်မှု, အသက် အဟောင်း အသစ် အလျင်ဆက်လက်မှု ကြပ်တည်းလှသည့်အတွက်ကြောင့်ဟု မြင်လိမ့်မည်။


ပကတိအနိစ္စ ပကတိအနတ္တ

အသစ်အသစ်ဆက်လက်မှု, ထူထောင်မှု ကြပ်တည်းပုံကို မြင်လျှင်လည်း အဟောင်းအဟောင်း ပျက်ဆုံးပြောင်းလဲမှု မြန်ကြောင်း, မမြဲကြောင်း အနိစ္စ၊ အနှစ်မရှိကြောင်း, အစိုးမရကြောင်း အနတ္တကို ကောင်းကောင်းကြီး မြင်လိမ့်မည်။

ဤကိုယ်ခန္ဓာဓာတ်ကြီး ဓာတ်ငယ်တို့ ပျက်မှု, ဖြစ်မှု မြန်လှသည့် အတွက်ကြောင့် လောက၌ကြောင့်ကြစိုက်ဖွယ် အနန္တဖြစ်ပွား၍ နေသည် ဟု ဆိုလိုပါသတည်း။

ဤကား ပကတိဇာတိနှင့် ပကတိအနိစ္စ၊ အနတ္တကိုမြင်ဖို့ အချက်တည်း


ဝိကတိဇာတိစသည်ကို မြင်နိုင်ပုံ

ခန္ဓာကိုယ်ကို တွယ်တာခင်မင်သည့်အတွက် အသက်တစ်ရာ ခဏမစဲ အစဉ်စပ်မိအောင် အလျင်ဆက်မိအောင် ထူထောင်မှုဟု ဆိုအပ်သော အသက်မွေးမှုအတွက်နှင့် ကိုယ်ခန္ဓာ၌ ပကတိဇာတိမှ ခဏမစဲ အသစ်အသစ် ဖြစ်၍နေချက်ကိုမြင်နိုင်ပါလျှင် ပကတိ ပျက်မှုအနိစ္စ, ပကတိအနှစ်မရှိသော အနတ္တကိုမြင်နိုင်ပါလျှင် ပကတိ ပျက်မှု အနိစ္စ, ပကတိအနှစ်မရှိသော အနတ္တကိုမြင်နိုင်ပါလျှင် ဝိကတိ ဇာတိ, ဝိကတိအနိစ္စ, ဘိဇ္ဇန, ခယ, ဝယ, ဝိကတိ, အသာရတို့ကိုလည်း မြင်နိုင်လတ္တံ့။


ဝိကတိ ဇာတိ

ဝိကတိဇာတိ ဆိုသည်ကား - အနာအမျိုးမျိုး ဖြစ်ပေါ်မှု, ရောဂါ အမျိုးမျိုးဖြစ်ပေါ်မှု, ဘေးအမျိုးမျိုးဖြစ်ပေါ်မှု, ရန်အမျိုးမျိုး ဖြစ်ပေါ်မှု, ဒဏ်အမျိုးမျိုး ဖြစ်ပေါ်မှု, ဥပဒ်အမျိုးမျိုး ဖြစ်ပေါ်မှုတို့ပေတည်း။

ထိုထိုဆိုခဲ့သော အမျိုးမျိုးဥပဒ်, ဘေး, ဒဏ်, ရန်အပေါင်း တို့ကြောင့် ခဏမစဲ တစ်သဲသဲရုပ်သိမ်း၍ တစ်ဖြုတ်ဖြုတ်, တစ်ယုတ်ယုတ် ပျက်သည်၊ ဆုံးသည်၊ ကုန်သည်ဟူသော ဝိကတိအနိစ္စ သဘောကို လည်းကောင်း ခဏခဏမစဲ တစ်သဲသဲပျက်ဆုံး ချုပ်ကွယ်ရာ အနှစ်သာရ မရှိသော အဖြစ်ဟူသော ဝိကတိအနတ္တကိုလည်းကောင်း သိရမည်၊ ခဏချင်း စပ်မိအောင်, ဆက်မိအောင်, အစဉ်မပြတ်အောင်, အလျင် မပြတ်အောင် အသစ်အသစ်ဖြစ်ပေါ်၍နေသော ဇာတိမှု အမြဲရှိသည့် အတွက်ကြောင့် ယခုခဏဣဋ္ဌရုပ်ကိုယ်ခန္ဓာ, ယခုခဏအတွက် အနိဋ္ဌ ရုပ်ကိုယ်ခန္ဓာ စသည်ဖြင့်ပြောင်းလဲ၍ ဖြစ်မှုပျက်မှု မစဲဖြစ်နိုင်သည်။

ပျက်ကွက်မှုမြန်သည့်အတွက်ကြောင့် ဣဋ္ဌရုပ်ခန္ဓာကိုယ်, အနိဋ္ဌရုပ်ခန္ဓာကိုယ်, သုခရုပ်ခန္ဓာကိုယ်, ဒုက္ခရုပ်ခန္ဓာကိုယ် ပြောင်းလဲ လိုလျှင် ခဏချင်းပြောင်းလဲနိုင်သည်၊ ဘယ်ခဏ၌ အနိဋ္ဌရုပ်ကိုယ်ခန္ဓာ ဇာတိမျိုး, ဣဋ္ဌရုပ်ကိုယ်ခန္ဓာဇာတိမျိုး, သုခရုပ်ကိုယ်ခန္ဓာဇာတိမျိုး, ဒုက္ခရုပ်ကိုယ်ခန္ဓာဇာတိမျိုး မဖြစ်နိုင်, မပေါ်နိုင်သော ခဏဟူ၍, မပျက်နိုင်မဆုံးနိုင်သော ခဏဟူ၍ မရှိပြီ၊ ခဏတိုင်းမှာပင် ဖြစ်နိုင်, ပျက်နိုင်၏။

ဇာတိဟူသည်ကား- ဖြစ်ပေါ်မှုတည်း၊ လောက၌ မျက်စိနာ ဖြစ်သည်၊ နားနာဖြစ်သည် အစရှိသည်ဖြင့် ခေါ်ဝေါ်ကြသော (ဖြစ်) ဟူသော အချက်စုသည် ဇာတိချည်းတည်း။

အနိစ္စ ဟူသည်ကား- ပျက်စီး, ပျောက်ကွယ်ခြင်းတည်း၊ လောက၌ အချမ်းပျောက်ကွယ်ပြီ၊ အအေးပျောက်ကွယ်ပြီ စသည်ဖြင့် (ပျောက်) ဟူသော စကား (ပျက်)ဟူသော စကားမျိုးတည်း။

အနတ္တ ဟူသည်ကား- အရှည်မတည်တံ့သော အမှုတည်း၊ လောက၌ ချမ်းဟူသည် ခဏတည်း၊ အေးဆိုသည် ခဏသာတည်း၊ လှဆိုသည် တောင့်ဆိုသည် တင်းဆိုသည် ခဏသာတည်း ဟုခေါ်ဝေါ် ကြသော (ခဏ)ဟူသော စကားစုတည်း။


ကဋ္ဌမုခမြွေ

ဤကိုယ်ခန္ဓာစု၌ အနိဋ္ဌဇာတိရုပ်ခန္ဓာမျိုး, ဣဋ္ဌဇာတိရုပ်ခန္ဓာ မျိုးတို့ ပျက်ဆုံးရန် တရားစုသည် အတွင်းသန္တာန်ကလည်း အသင်္ချေ အနန္တ များပြား၏၊ အပသန္တာန်ကလည်း အသင်္ချေအနန္တ များပြား၏၊ ဤကိုယ်ခန္ဓာ၌ တစ်ကိုယ်လုံး၏ အမာခံ, အထည်ဖြစ်သော (မာမှု) ဟူသော ပထဝီမြေဓာတ်ကို ကဋ္ဌမုခမြွေဟူ၍ ဟောတော်မူ၏၊ ခြေဖျား၌ အဆိပ်ထန်သော မြွေကိုက်ရာ ဦးခေါင်းတိုင်အောင် ခဏချင်း အဆိပ်နှံ့၍ လူမှန်းမသိဖြစ်ရာ၌ တစ်ကိုယ်လုံး ခဏချင်းရုပ်ပြောင်း၍ကုန်၏၊ ပကတိ နဂိုရုပ်စု အကုန်ကွယ်ပျောက်၏၊ လောင်မီးအစုနှင့်တူသော ရုပ်စုသည် ခဏချင်းတည်ထောင်၏၊ တစ်ကိုယ်လုံးမှာ နဂိုပကတိရုပ်ဟူ၍ အဏုမြူမျှ အကြွင်းမရှိပြီ၊ တစ်ကိုယ်လုံးသည် လောင်းမီးအလားတူရှိသော ရုပ်သစ် တွေသာ အတိပြည့်၏။

ဥပမာကား - ချိန်ဝင်ပိဿာ ငါးဆယ်ခန့်ရှိသော အလွန်ထက်လှ စွာသော ယမ်းဖြင့်ပြည့်သော မီးဓုန်းကြီးကို စနက်ပေါက်မှ နှမ်းစေ့ခန့် ရှိသော အနည်းငယ်သော မီးပေါက်, မီးပွား ထိပါးခဲ့သည်ရှိသော် ချိန်ဝင်ပိဿာ ငါးဆယ်ခန့်ရှိသော ယမ်းခဲကြီးသည် အကုန်လုံး ခဏချင်း၌ မီးအတိဖြစ်လေသကဲ့သို့တည်း၊ ဤမြွေကိုက်သောသူ၌ တစ်ကိုယ်လုံး ရုပ်သစ်ပြောင်းပုံ, ရုပ်ဟောင်း ကွယ်ပျောင်ပုံကား ခြေဖဝါး အထည်ဒြဗ် ဖြစ်၍နေသော နဂိုရုပ်စုကား သာယာချမ်းမြသော ဣဋ္ဌရုပ်စု ဖြစ်ကြောင်း ကို အများသူပင် သိ၏၊ မြွေကိုက်၍ မြွေဆိပ် ပျံ့နှံ့သည့်အတွက် နဂိုကမရှိ သော ပူမှု, နာမှု, အောင့်မှု, အင့်မှု, ထိုးကျင့်မှု, ထုံမှု, ကျင်မှု, ကိုက်မှု, ခဲမှု, တောင့်မှု, တင်းမှုစသော မချမ်းသာမှု, မသက်သာမှုစုသည် ယခု မြွေကိုက်သည်နှင့်တစ်ပြိုင်နက် ယခုမှဖြစ်လာသည်ဟု ထင်ရှားပါ၏၊ မေးမြန်းလျှင်လည်း ယခုမှဖြစ်လာသော အမှုအစုပါဟု ပြောကြလတ္တံ့၊ ထိုသို့ ပြောကြသော်လည်း ဇာတိသစ်, ရုပ်သစ်, ကလာပ်သစ်, ဓာတ်သစ် ဟူ၍ မသိကြလေ၊ အဟောင်းအဟောင်းဖြစ်သော နဂို ရုပ်ကလာပ် ဓာတ်တို့၏ ပျက်မှုမမြဲချက်ကို မရိပ်မိကြ၊ မသိကြလေ၊ ကိုယ်ခန္ဓာ အတွင်း၌ ယခုဘာဖြစ်သည်၊ ဘယ်လိုဖြစ်သည်၊ ပေါက်လာသည်၊ ပေါ်လာသည်၊ ဘယ်ရောဂါ ဖြစ်သည်၊ ဘယ်အနာဖြစ်သည် စသည်ဖြင့် ဖြစ်လုံး၊ ပေါ်လုံး၊ ပေါက်လုံးနှင့် ပြောကြသမျှသောအမှု အစုသည် ဇာတိသစ်, ရုပ်သစ်, ဓာတ်သစ်, ကလာပ်သစ်, ပရမတ်သစ် ချည်းဟူ၍ မှတ်၊ ထိုဖြစ်လုံး, ပေါ်လုံး, ပေါက်လုံး ပြောဆိုရသမျှ အဟောင်းအဟောင်း ရုပ်ဓာတ်ကလာပ် ပရမတ်တို့ ချုပ်ဆုံးကွယ်ပျောက်၍သာ ပေါ်လာ နိုင်သည်၊ ထိုရုပ်ဟောင်း, ကလာပ်ဟောင်း, ဓာတ်ဟောင်း, ပရမတ် ဟောင်းတို့ ကွယ်ပျောက်ချုပ်ဆုံးချက်မှု အစုသည်ပင် အနိစ္စအချက်စု တို့ဟု သိရသည်ချည်းတည်း၊ မိမိကိုယ်ခန္ဓာတွင် တစ်ခုတစ်ခုသော နေရာ၌လည်းကောင်း တစ်ကိုယ်လုံး၌လည်းကောင်း ယခုပူ၍ လာသည် ဟု သိလျှင် ယခုမှ ပေါ်သော ဇာတိအသစ်ပေတည်း၊ အသစ်ပေါ်လျှင် ထိုပေါ်ရာမှာ အဟောင်းပျောက်မြဲ၊ တစ်ကိုယ်လုံးမှာ ယခုပူ၍ လာသည်ဟု သိသာခြားနားရှိလျှင် တစ်ကိုယ်လုံးရှိ ရုပ်ဟောင်း, ဓာတ် ဟောင်း, ကလာပ်ဟောင်းစု ကွယ်ပျောက်၍ကုန်ပြီဟု သိရသည်၊ ပြောင်းလဲပုံ မြန်လှ၍သာ ပြောင်းလဲမှန်း မသိနိုင်ကြသည်၊ ယခုအေး၍ လာသည်၊ နာ၍လာသည်၊ ကျင်၍ လာသည်၊ ထုံ၍, ကိုက်၍, ခဲ၍, ညောင်း၍, ညာ၍, တောင့်၍, တင်း၍, အောင့်၍, အင့်၍, ယား၍, ယံ၍လာသည်၊ ကျိန်းစပ်၍ စပ်၍လာသည် စသည်ဖြင့် ကိုယ်သန္တာန် အတွင်းအပ၌ မခံသာသော အမှုခပ်သိမ်း ဖြစ်မှု ပေါ်ပေါက်မှုစုသည် ဖြစ်မှန်းသိသာရာ ပေါ်ပေါက်မှန်းသိသာရာ ကိုယ်အင်္ဂါတစ်ခုလုံး၌ ရုပ်ဟောင်းကွယ်ဆုံး၍သာ ဇာတိသစ်, ရုပ်သစ်ပေါ်လာသည် မှတ်လေ။


ဒုက္ခအချက်

ဤဝိကတိဇာတိ ဝိကတိအနိစ္စအချက် လက်နှင့်မကွာ ဖြစ်နေ သည့် တွက်တာကြောင့် စိတ်အလိုရှိတိုင်းမနေသာ, မသွားသာ, မလာ သာ, မပြုသာ, မကျင့်သာ, ဘေးဖြစ်ရန်အခွင့်, ရန်ဖြစ်ရန်အခွင့်, ဒဏ် ဖြစ်ရန်အခွင့်, ကိုယ်တွင်းအန္တရာယ်ဖြစ်ရန်အခွင့်, ကိုယ်ပအန္တရာယ် ဖြစ်ရန်အခွင့် အလုံးစုံမျိုးတို့ကို ကြောက်ရ, ရွံ့ရ, ထိတ်ရ, လန့်ရ, စိုးရိမ်ရ, ကြောင့်ကြရ, ပူပန်ရ, ရှောင်ရ, ရှားရ, ရပ်ရွာဖွဲ့ စည်း၍နေရ, အိမ်ယာ, ဝင်းခြံ, အဆီးအကာနှင့် နေရခြင်းစသည်ဖြင့် ကြပ်တည်းကြရလေသည်၊ ထိုသို့ ကြပ်တည်းသော အမှုခပ်သိမ်းကို မြင်လျှင် ကိုယ်ခန္ဓာကြီး၏ ဒုက္ခ အချက်ကို အကွက်ကျ မြင်နိုင်လတ္တံ့။

(ဤကား မြွေကိုက်သောသူဥပမာ, ယမ်းမီးဓုန်းကြီး ဥပမာတို့ဖြင့် တစ်ကိုယ်လုံး၏ အမာခံဖြစ်သော ခက်မာမှုဟူသော ကဋ္ဌမုခမြွေ ဟူ၍ ဟော တော်မူသော မြေဓာတ်၏ ခဏချင်း ဖောက်ပြန်မှု, ပြောင်းလဲမှုတွေ အလွန်မြန်လှ ကြောင်းကိုဆိုသော စကားစုတည်း)

ထိုမြေဓာတ်ကိုသိရလျှင် ဖြစ်အတူ ပျက်အတူဖြစ်သော ရေ ဓာတ်, မီးဓာတ်, လေဓာတ်တို့လည်း အတွင်းပါဝင်တော့သည် ဟူ၍ သိလေ။


နိရောဓ, ဘင်္ဂစသည်

ချဲ့ဦးမည်- - အလွန်မာ၍နေသော လူပမာဏရှိသော ချိပ်ခဲကြီး, ဖယောင်းခဲကြီး, အဆီခဲကြီးများကို ခဏချင်း အတွင်းအပြင် နှံ့ပြားအောင် မီးရှိန် သင့်လေသောအခါ ခဏချင်း မာမှု အဆင့်ဆင့် ပြိုပျက်၍ ပျော့မှု အဆင့်ဆင့် တိုးတက်၍လာပုံ, မီးနှင့်ဝေး၍ အေးပြန်သောအခါ ပျော့မှု အဆင့်ဆင့် ကွယ်ပျောက်၍ မာမှုအဆင့်ဆင့် တိုးတက်၍ သွားပုံများနှင့် အလားတူ မြင်အောင်ကြည့်လေ၊ မာမှုအဆင့်ဆင့် ပြိုပျက်ကွယ်ပျောက် ၍ သွားသည်ကို အဘိဓမ္မာ၌ မြေဓာတ်အဆင့်ဆင့် ချုပ်မှု, ဆုံးမှု, ကွယ် ပျောက်မှု, သေမှုဆိုသည်၊ ၎င်းကိုပင် သုတ္တန်ဒေသနာ အဘိဓမ္မာ ဒေသနာတို့၌ နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စဟူ၍ ဟောတော်မူသည်၊ နိရောဓ၊ ချုပ်, ဘင်္ဂ၊ ကွဲ, ခယ၊ ကုန်, ဝယ၊ ပျက်, အတ္ထ၊ ကွယ်, မရဏ၊ သေ, အနိစ္စ၊ မမြဲ။


လက္ခဏတ္တယဉာဏ်အလင်းကြီး

ဝိပဿနာယောဂီပုဂ္ဂိုလ်တို့သည် ထိုအမှုကိုဒိဋ္ဌပစ္စက္ခ မြင်အောင် ရှုကြရကုန်သည်။ ထိုအမှုကို မြင်သောဉာဏ်ကို လက္ခဏတ္တယဉာဏ် အလင်းကြီး ဆိုသည်။


ပုတိမုခ, အဂ္ဂိမုခ, သတ္ထမုခမြွေ

ကဋ္ဌမုခမြွေဟူ၍ ဟောတော်မူသော မြေဓာတ်ပထဝီ၏ အနိစ္စ ကို မြင်နိုင်လျှင် ပုတိမုခမြွေဟူ၍ ဟောတော်မူသော ရေဓာတ်, အဂ္ဂိမုခ မြွေဟူ၍ ဟောတော်မူသော မီးဓာတ်, သတ္ထမုခမြွေဟူ၍ ဟောတော်မူ သော လေဓာတ်, ဤဓာတ်ကြီးသုံးပါးတို့၏ ဖောက်ပြန် ပြိုပျက် ကွယ် ဆုံးမှု, အသစ် အသစ်ဖြစ်ပေါ် ပြောင်းလဲမှုတို့ကိုလည်း မြင်နိုင်လတ္တံ့။

နိရောဓ ဘင်္ဂစသည်

ရေဓာတ်၌ ဖွဲ့စည်းမှု၊ အဆင့်အားကြီး၍ သွားမှု၊ အဆင့်ဆင့် ရော့ရဲပြေပျက်၍ သွားမှုသည် အဆင့်ဆင့်ချုပ်မှု နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စပေတည်း။ မီးဓာတ်၌ ပူမှုအဆင့်ဆင့် တိုးတက်ချက်၊ ဆုတ်ယုတ်ချက်သည် အေးမှုအဆင့်ဆင့် တိုးတက်ချက်၊ ဆုတ်ယုတ်ချက်သည် အဆင့်ဆင့်ချုပ်မှု နိရောဓ, ဘင်္ဂ, ခယ, ဝယ, အတ္ထ, မရဏ, အနိစ္စပေတည်း။

ဤသို့သော အနိစ္စကိုမြင်မှ လက္ခဏတ္တယဉာဏ်အလင်းသို့ ပေါက်ရောက်သည်၊ ဝိပဿနာဉာဏ်အစစ်ဖြစ်သည်ဟု ဆိုလိုသည်။ လောက၌ သေချိန်ကျ သေရချေ့၊ အိုချိန်ကျ အိုရချေ့၊ ပျက်ချိန်ကျ ပျက်ရချေ့ဟု ရှုကြ မြင်ကြသော အရာသည် ဝိပဿနာဉာဏ်ပင် မဟုတ်၊ လက္ခဏတ္တယဉာဏ်ပင်မဟုတ်၊ ကုလား၊ တရုတ်၊ ချင်း၊ ကရင်တို့လည်း မြင်ကြသောအမှုပင် ဖြစ်သတည်း။

ဤသည်ကား ခန္ဓာကိုယ် ဓာတ်ကြီး လေးပါးတို့၌ လက္ခဏတ္တယဉာဏ်အလင်းသို့ ပေါက်ရောက်အောင် ကြည့်နည်းတည်း။

---

ဝိညာဏ်ခြောက်ပါးတို့၏ အနိစ္စလက္ခဏာကိုပြခြင်း

ထိုဝိညာဏ်ခြောက်ပါးတို့တွင် အရာကျယ်သောကြောင့်လည်းကောင်း၊ ငရဲမီးအသိုက်အအုံ အလွန်ကြီးလှသောကြောင့်လည်းကောင်း မနောဝိညာဏ်ကို ရှေးဦးစွာပြရာ၏။

မနောဝိညာဏ်၌ အနိစ္စလက္ခဏာ

မနောဝိညာဏ်မည်သည် နေ့နေ့ညည ခဏမစဲ နှလုံးထဲမှာ တစ်ရှိန်တည်း တစ်ဆက်တည်း တစ်ခုတည်းဖြစ်၍ အမြဲတည်နေသည်ဟု စွဲလန်း၍ နေကြ၏။ ငါသိသည်၊ ငါကြံသည်၊ ငါတွေးသည်၊ ငါဆသည် အစရှိသည်ဖြင့် သက္ကာယဒိဋ္ဌိငရဲ မီးတောက် မီးလျှံမစဲ ထ၍ ထ၍ နေ၏။

ဖြစ်ပေါ်ရာဌာန

ထိုမနောဝိညာဏ်စု၏ ဖြစ်ပေါ်ရာဌာနကား နှလုံးအိမ်တည်း။ ထိုနှလုံးအိမ်တွင်းမှာလည်း သွေးသည် တစ်လက်ဘက်ခွဲခန့်ရှိ၏။ အောက်၌တည်ရှိသော ပါစကဝမ်းမီး၊ တစ်ကိုယ်လုံးတွင် ထက်ဝန်းကျင်မှာတည်ရှိသော ဥသ္မာခေါ်သော ကိုယ်စောင့်ဓာတ်မီးတို့ကြောင့် ထိုနှလုံးသွေးသည် စမ်းရေပွက်မှာစမ်းရေပွက်ကဲ့သို့ အခါခပ်သိမ်း ဆူဆူတက် ပွက်၍နေသောအခြင်းအရာရှိ၏။ မနောဝိညာဏ်၏မှီရာ ဟဒယ ဝတ္ထုရုပ်စုသည် ထိုသွေးမှာ အသိန်းအသန်းမကတည်ရှိ၏။ ထိုဟဒယ ဝတ္ထုရုပ်စုသည် နှလုံးသွေးမှာ လှိုင်းစီး၍တည်နေ၏။ မနောဝိညာဏ်ဟူသမျှသည် ထိုဟဒယဝတ္ထုရုပ်ပေါ်မှာ တစ်ဖွားဖွားဖြစ်ပေါ်၏၊ ပြိုးပြိုးပြက် ရိုးရိုးရက် တစ်လက်လက် တစ်လင်းလင်းနေ၏။

ပဘဿ ရမိဒံ ဘိက္ခဝေ စိတ္တံ” ဟူ၍လည်းကောင်း၊

ပဏ္ဍရံ စိတ္တံ” ဟူ၍လည်းကောင်း ဟောတော်မူ၏။

ဘိက္ခဝေ = ရဟန်းတို့၊ ဣဒံ စိတ္တံ = ဤစိတ်ဝိညာဏ်မည်သည်၊ ပဘဿရံ = ပြိုးပြိုးပြက် ရိုးရိုးရက် တစ်လက်လက် တစ်လင်းလင်းရှိ၏၊ စိတ္တံ = စိတ်ဝိညာဏ်သည်၊ ပဏ္ဍရံ = ဆွတ်ဆွတ်ဖြူ၏။

မျက်မြင်မျိုးမဟုတ်၊ ဉာဏ်မြင်မျိုးပေတည်း။ မျက်မြင်မျိုး အသွင်မှန်း၍ ဉာဏ်မျက်စိဖြင့် ကြည့်သော်လည်း ကိစ္စမရှိ။

ဝိဇ္ဈုပ္ပါဒါဝ အာကာသေ ဥပ္ပဇ္ဇန္တိ ဝယန္တိ စ” ဟူသည်နှင့်အညီ လျှပ်၏ဖြစ်ခြင်း၊ ပျက်ခြင်း မြန်ပုံကဲ့သို့ ထင်မြင်၍ ဥဒယစွန်း၊ ဝယစွန်း ဤအစွန်းနှစ်ခုကို ဉာဏ်၌ ထိထိမိမိအားရပါးရ မြင်နိုင်မှုသည်သာ ပမာဏတည်း။

တစ်သိမ့်သိမ့် တစ်အိမ့်အိမ့်ကဲ့သို့နေသော ထိုနှလုံးသွေးမှာလည်း ဖြစ်ပေါ်ရာဌာနအများ အကွက်ဖော်၍ကြည့်၊ အလယ်၌ ပေါ်သောအခါလည်း ရှိသည်၊ ရှေးအဖို့ အစွန်းအနား၌ ပေါ်သောအခါလည်း ရှိသည်၊ နောက်အဖို့ အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ လက်ျာဘက်အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ လက်ဝဲဘက် အစွန်းအနား၌ ပေါ်သောအခါလည်းရှိသည်၊ ဤသို့ စသည်ဖြင့် ဖြစ်ပေါ်ရာဌာန အကွက်သည် အရာမကများ၏။ ပေါ်ရာပေါ်ရာ ဌာနမှာ ချုပ်ပျောက်မြဲ ဓမ္မတာတည်း။

နှလုံးတွင်းခန့်ပမာဏရှိသော မျက်လုံးသားအပြင် အစရှိသော ထိုထိုကိုယ်အင်္ဂါအကွက်မှာ မြမြထက်သော အပ်ဖျားနှင့် တစ်ချက် တစ်နေရာ ထိုး၍ သွားလျှင် နာမှုဟူသော နာမက္ခန္ဓာ အစုသည် ထိုထိုအချက်မှာ အသီးသီး ဖြစ်ပေါ်၍၊ ဖြစ်ပေါ်ရာ ဌာနမှာ အသီးသီး ကွယ်ပျောက်၍သွားသည်ကို ထင်ရှားသိနိုင်၊ မြင်နိုင်သကဲ့သို့ သူ့အကွက်နှင့် သူ အသီးအသီးဖြစ်မှု၊ ပျက်မှုကို ထိထိမိမိ မြင်နိုင် ထင်နိုင်စေ။

ဥပမာကား -တစ်ခုသောပုလင်းငယ်အတွင်းမှာ တစ်လက်ဘက်၏ ထက်ဝက်ခန့် ပမာဏရှိသော ခြင်းခြင်းနီသော မှန်ကဲ့သို့ ကြည်လင်စွာသော ထိုထိုဝတ္ထုကို အလွန်မြန်မြန်ကြီး ကုန်ပျောက်အောင် စားနိုင်သော ဆေးရည်သည်ရှိရာ၏။ အလွန် နူးညံ့လှစွာသော အလွန်လည်း သိမ်မွေ့သေးငယ်လှစွာသော ဆွတ်ဆွတ်ဖြူသော အပြေးအသွားလည်း အလွန်မြန်ထက်သော သံသေဒဇပိုးငယ်မျိုး တစ်မျိုးသည် ထိုဆေးရည်ထဲမှာ ထိုထို နေရာ၌ ခုတင်ခု ခဏမစဲ ဖြစ်ပေါ်၏။ ထိုထိုပေါ်သောနေရာမှာပင် အပြေးအမြန်လောက်လက်၍ ဆေးရည်၏ စားချက်ဖြင့် မျက်တောင်တစ်ခတ် အတွင်းမှာ လျင်မြန်စွာ ကုန်ပျောက် ကွယ်ဆုံး၍ ကွယ်ဆုံး၍ သွားသည်ကို မျက်စိမှာ ထင်ရှားစွာ မြင်ရရာ၏။ ဤဥပမာနှင့် အလွန်တူစွာ မြင်စေရမည်။

စိတ်ဝိညာဏ်၏ အဖြစ်အပျက် အပြောင်းအလဲ မြန်လှမှုကြောင့်လည်း နှလုံးသွေးတစ်ခုလုံးမှာ ဘယ်နေရာမှာမဆို ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်းမှာပင် ရွရွ၊ ရွရွ အနေနှင့် မြင်လတ္တံ့။ ငါသိသည် ဟူ၍၊ ငါကြံသည်ဟူ၍ ခဏမစဲ အမြဲ ထင်မြင်၍ နေကြသော စိတ်ဝိညာဏ် အကြံအသိစုနှင့် ထိုထိုရွရွထင်မြင်ရသော အချက်အစုသည် တစ်ခုတည်း၊ တစ်ချက်တည်းထင်မြင်၍သွားမှ နေရာကျသည်။ နှလုံးသွေးထဲမှာ ရွရွ၊ ရွရွ ခုတင်ခု ဖြစ်ပေါ်မှု ပျောက်ပျက် ကွယ်ဆုံးမှုကိုပင် ထင်မြင်ပါသော်လည်း ကြံမှု၊ သိမှုတွေက တစ်ခြားနေလျှင် နေရာမကျ။ ငါကြံသည်၊ ငါသိသည်ဟူသော ငရဲမီးကို မထိ။ ရှုမှု၊ ထင်မှု၊ မြင်မှုထဲမှာ ထိုငရဲမီးမပါဘဲ လွတ်၍မနေစေနှင့် ရှုသောဉာဏ်၊ မြင်သောဉာဏ်၊ ထင်သောဉာဏ်စုကိုလည်း တစ်လှည့် တစ်လှည့်ပါလေအောင် သတိချပ်၍ ကြည့်ရမည်။

ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊
မရီစိဓမ္မံ အဘိသမ္ဗုဓာနော
(ဓမ္မပဒပါဠိတော်)

ဤပါဠိတော်မှာ ရုပ်ခန္ဓာကို ရေမြှုပ်စိုင်၊ ရေမြှုပ်ခဲကဲ့သို့ နာမ်ခန္ဓာစုကို တံလှပ်မြှင်တွေ တံလှပ်ရောင်တွေကဲ့သို့ ထင်မြင်နိုင်ပါလျှင် သေမင်းမမြင်နိုင်သော နိဗ္ဗာန်သို့ရောက်၏ဟု ဟောတော်မူရာ၌လည်း အနှစ်သာရမရှိမှု၊ သဏ္ဌာန်အသွင် ထင်မြင်မှု၊ နှစ်ချက်စီရသော ဥပမာစုပင် မှတ်ရမည်။

တံလှပ်ဆိုသည်ကား မိုးဦး၊ နွေလအခါ၌ ရေမရှိဘဲခြောက်သွေ့၍နေသော အင်းပြင်ကြီးများမှာ မွန်းတည့်၊မွန်းတိမ်း နေပူအား ကောင်းတုန်းအခါတွင် မလှမ်းမကမ်းကနေ၍ အင်းပြင်ကြီးကို ကြည့်မျှော်သောအခါ အင်းပြင်မှာ လျှမ်းလျှမ်း၊ လျှမ်းလျှမ်း ထ၍နေသည်ကို မြင်ရ၏။ နွေအခါ ရေငတ်လှ၍ ရေရှာကြသော ငါးရာတစ်ထောင် စသော တောသမင်တို့သည် ထိုတံလှပ်တွေကို မြင်ကြလျှင် ရေတွေထင်၍ သောက်ချင်အားကြီး ပြေးကြ၏။ အင်းအပြင်သို့ ဆင်းမိကြလျှင် ထိုနေရာမှာကွယ်ပျောက်၍ အင်းအလယ်မှာ မြင်ရပြန်၏။ အင်းအလယ်သို့ ရောက်ပြန်လျှင် ထိုနေရာမှာပျောက်၍ ဟိုဘက်ကမ်းနားမှာ ထင်ရ၏။ ထိုနေရာသို့ ရောက်ပြန်လျှင် ပျောက်ပြန်၏။ အင်းလယ်မှာမြင်ပြန်၏။ ပြေး၍ရောက်လျှင် ပျောက်ပြန်၏။ တစ်ဖန်အင်းလယ်မှာ ထင်ရပြန်၏။ ပြေးရင်းနှင့်ပင် မောပန်း၍ အင်းပြင်မှာပင် သေဆုံးကြရကုန်၏။

ဤ၌ တံလှပ်ဆိုသည်ကား - အင်းပြင်မြေထဲမှာ မိုးရွာ၍ တက်သော ရေအခိုးစုပေတည်း။ အပေါ်တည့်တည့်ကကျသော နေရောင်ခြည်စုပေတည်း။ ထိုအခိုးတို့မှကြောက်လေ၍ ရေခိုး၊ နေရောင်နှစ်ခုစပ်ကို တံလှပ်ခေါ်သတည်း။ အလွန်နီးကပ်သော နေရာက ကြည့်လျှင် မမြင်ရ၊ ပျောက်ကွယ်၍ ကုန်သကဲ့သို့ ထင်ရ၏။ နေရောင်နှင့် ပဏာရသော နေရာက ကြည့်မှ မြင်ရသည်။

တံလှပ်ပမာ နာမ်ခန္ဓာ

ကိုယ်တွင်းမှာ ခဏမစဲ အာရုံရှိရာသို့ ရှေ့ရှုဖြစ်ပေါ်၍နေသော နာမ်ခန္ဓာစုကို တံလှပ်မြှင်တံလှပ် ရောင်တွေနှင့်အတူ ထင်မြင်စေရမည်ဟု ဆိုလိုသည်။ အဖြစ်အချုပ်ကို ပိုင်းခြားနိုင်သည်သာ ပမာဏတည်း။ အနိစ္စဆိုသည်ကား အဖြစ်အချုပ်ကို အမိဖမ်းမှုပေတည်း။

ပြဆိုခဲ့ပြီးသောအတိုင်း ဝိညာဏ်ခြောက်ပါးတို့၏ တရားကိုယ်နှင့်တကွ ဖြစ်မှု၊ ပျက်မှုကို ထင်မြင်သောအခါ အာရုံခြောက်ပါးနှင့်စပ်၍ ထိုဝိညာဏ်ခြောက်ပါးတို့၏ ပဋိစ္စသမုပ္ပါဒ်ကို ကြည့်ရှုရာ၏။ ဤအနိစ္စအချက်၌ ထင်မြင်ပါလျှင် အနတ္တအတွင်း ဝင်တော့သည်။

ဤကား ဝိညာဏ် ၆-ပါးတို့၏ အနိစ္စလက္ခဏာတို့တည်း။

---

စက္ခုဝိညာဏ်စိတ်တို့ကိုပြခြင်း

စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ
(ပဋ္ဌာန်းပါဠိတော်)

ရူပေစ = ထိုထိုရူပါရုံတို့ကိုလည်း၊ ပဋိစ္စ = အစွဲပြု၍၊ စက္ခုဉ္စ = စက္ခုပသာဒရုပ်ကိုလည်း၊ ပဋိစ္စ = အစွဲပြု၍၊ စက္ခုဝိညာဏံ = စက္ခုဝိညာဏ်သည်၊ ဥပ္ပဇ္ဇတိ = အသစ်အသစ် ဖြစ်ပေါ်၏။

ထိုထိုရူပါရုံ ဆိုသည်ကား- အဘိဓမ္မာဝေါဟာရမျိုးတည်း။ ရူပါရုံ၏မှီရာ အဋ္ဌကလာပ်ဒြဗ်ဝတ္ထုနှင့်တကွ ကိုင်၍ပြမှ သာ၍ ထင်ရှားသည်။ လူ၏အဆင်း၊ နွား၏အဆင်း၊ တုံး၏အဆင်း၊ တိုင်၏အဆင်းဟု ပြောဆိုသည်ကား အဘိဓမ္မာဝေါဟာရ အဘိဓမ္မာဝေါဟာရမျိုးတည်း။

လူကိုမြင်သည်၊ နွားကိုမြင်သည်၊ တုံးကိုမြင်သည်၊ တိုင်ကိုမြင်သည်ဟု ပြောဆိုကြသော ဝေါဟာရမျိုးကား မျိုကြ၊ စားကြသော ထမင်းခဲဘွယ်ဘောဇဉ်စုကို ကဗဠီကာရအာဟာရဟု ပြောဆိုကြသကဲ့သို့ သဝတ္ထုကကထာမျိုးတည်း။ အဘိဓမ္မာပါဠိတော်ကြီးများမှာပင် သဝတ္ထုကကထာ သဝတ္ထုကကထာမျိုး၊ ပရမတ္ထကထာမျိုးဟု နှစ်မျိုးလာရှိ၏။

မျိုကြ၊ စားကြသော ဘောဇဉ်ခဲဘွယ် ဝတ္ထုဒြဗ်တို့ကို ကဗဠီကာရအာဟာရဟုခေါ်ဝေါ်မှုကား ဒြဗ်ဝတ္ထုနှင့်တကွကိုင်၍ပြသော ဝေါဟာရကထာမျိုးတည်း။ ဩဒနော, ကုမ္မာသော, သတ္တု, မစ္ဆော, မံသံ အစရှိသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်များမှာပင် ထိုဝေါဟာရလာပါ၏။

မျိုအပ်သော ထမင်းမှာ အဋ္ဌကလာပ်ရုပ် ရှစ်ခုရှိ၏။ ထိုရှစ်ခုအတွင်းမှာ ဩဇာဟူသော အာဟာရရုပ်ပါရှိ၏။ ထိုရုပ်ကို အသီးအခြား ထုတ်၍ ကဗဠီကာရအာဟာရခေါ်သည်ကား နိဗ္ဗတ္တိက ပရမတ္ထဝေါဟာရတည်း။

ထိုနှစ်ပါးတွင် ထင်ရှားစေခြင်းငှါ ဤအရာ၌သဝတ္ထုကဝေါဟာရကို ပြဆိုပေအံ့။

စက္ခုဝိညာဏ်အသစ်ဖြစ်မှု

ရူပေ၊ ထိုထိုရူပါရုံတို့ကို အစွဲပြု၍ စက္ခုဝိညာဏ်စိတ် အသစ်အသစ်ဖြစ်ပေါ်မှုဆိုသည်ကား နံနက်အခါ၌ အိပ်ရာက ထသည်မှစ၍ ညဉ့်အခါ အိပ်ရာသို့ဝင်သည့်တိုင်အောင် တစ်နေ့လုံး၌ ပဌမ ဘယ်ဟာကို မြင်သည်၊ ဒုတိယဘယ်ဟာကိုမြင်သည် အစရှိသည်ဖြင့် အစဉ်ရှိသည်သာ ဖြစ်၏။ ထိုသို့ စီစဉ်၍မူကား ပြောခြင်းငှါ မတတ်နိုင်အောင် အချက်များလျက်ရှိ၏။ ပဌမလူကိုမြင်သည်၊ ဒုတိယနွားကို အစရှိသည်လည်းကောင်း လူကိုမြင်ရာ၌လည်း ကျောက်ကုန်းကို ပဌမမြင်သည်၊ ၎င်းနောက် ဦးခေါင်းကို ဒုတိယမြင်သည် စသည်ဖြင့်လည်းကောင်း အစဉ်အတိုင်း မြင်သွားရသော များပြားလှစွာသော အဆင်းသဏ္ဌာန် အထည်ဝတ္ထုမျိုးတွေကို ရည်၍ “ရူပေ၊ ထိုထိုရူပါရုံတို့ကို” ဟုဆိုသတည်း။ ထိုထိုဝတ္ထုဒြဗ်ကို မြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ် အသစ်အသစ်ဖြစ်၍ မြင်သည် ဟူလိုသတည်း။

ချဲ့၍ပြခြင်း

ထိုစကားကို ထင်ရှားရုံချဲ့အံ့။ တုံးနှင့်မျက်နှာ တည်မိကြသည်နှင့် တစ်ပြိုင်နက် တုံးရိပ်သည် စက္ခုပသာဒရုပ်မှာထင်၏။ ထိုတုံးရိပ်တင်မှုသည် ပရမတ္ထသဘာဝအရာ၌ စက္ခုပသာဒရုပ်မှာ မိုးကြိုးကျသကဲ့သို့ အဟုန်နှင့်တကွခိုက်တိုက်၍ ပသာဒရုပ်ကြည်တွင် တုံးရိပ်ထင်ပေါ်မှုဖြစ်သတည်း။ ထိုတုံးရိပ်ခိုက်မှုဒဏ်ချက်ကြောင့် ထိုအရိပ် ထိခိုက်ပေါ်ရှိ၍ နေရာမှာ တုံးကိုမြင်သော စက္ခုဝိညာဏ် ဖြစ်ပေါ်လေသတည်း။ မီးခတ်မှာ ကျောက်ထိခိုက်ရာ၌ ထိခိုက်မှုဒဏ်ကြောင့် မီးပွင့်တွေ တစ်ဖွားဖွား ပေါ်ဘိသကဲ့သို့တည်း။ မျက်တောင်ခတ်လျှင် ခတ်တိုင်း၊ ခတ်တိုင်း ထိုတုံးရိပ် ကွယ်ပျောက်၏။ တုံးရိပ်ကွယ်ပျောက်တိုင်း ကွယ်ပျောက်တိုင်း သူ့တုံးရိပ်နှင့် သူ့စက္ခုဝိညာဏ် အပြီးချုပ်ပျောက်ရာပါလေ၏။ တစ်ခြားတစ်ပါးကို မျက်နှာလွှဲရာ၌ ဆိုဖွယ်မရှိ။ မျက်တောင်ကို ကြွချီပြန်လျှင် ကြွချီတိုင်း၊ ကြွချီတိုင်း တုံးရိပ်အသစ်၊ အသစ် ခိုက်ပေါ်မှ စက္ခုဝိညာဏ် အသစ်၊ အသစ် ဖြစ်ပေါ်မှုကိုလည်း သိလေ။ တုံးကိုလွှတ်၍ တိုင်ကိုမြင်သောအခါ၌လည်း ဤနည်းအတိုင်းပင်၊ တိုင်ကိုလွှတ်၍ တစ်စုံတစ်ခုကို မြင်ပြန်ရာ၌လည်း ဤနည်းအတိုင်းပင်။

ထို့ကြောင့် ထိုထိုဝတ္ထုဒြဗ်ကို မြင်ရာ၌ သူ့ဝတ္ထုဒြဗ်နှင့် သူ့စက္ခုဝိညာဏ် အသစ်အသစ်ဖြစ်ပေါ်မှုကို သိအပ်သတည်း။

တုံးရိပ် တိုင်ရိပ် စသည်ခိုက်မှု၊ တိုက်မှု ဒဏ်ရမှသာ ထိုဝိညာဏ်ပေါ်နိုင်လေရကား-ရူပေ၊ ထိုထို ရူပါရုံတို့ကို အစွဲပြု၍ ဖြစ်ရာ၌ အစွဲပြုဟူသော အချက်ပေါ်လေသတည်း။ ထိုသို့ တုံး၊ တိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့၏ ထိခိုက်မှုနှင့်သာ ဖြစ်ပေါ်ရလေသောကြောင့် တုံးကိုမြင်သောအခါ မျက်စိမှာဖြစ်ပေါ်သော စက္ခုဝိညာဏ်သည် တုံးကလုပ်၍ပေးသော စက္ခုဝိညာဏ်ပေတည်း။ တုံးကလုပ်၍ ဖန်ဆင်း၍ပေးသော စက္ခုဝိညာဏ်နှင့် တုံးကိုမြင်ရသည်၊ တိုင်ကလုပ်၍ပေးသော စက္ခုဝိညာဏ်နှင့် တိုင်ကိုမြင်ရသည် အစရှိသည်ဖြင့် အကုန်သိလေ။

ဥပမာကား -အသက်တစ်သိန်းတန်းမှာ တစ်နှစ်တစ်နှစ်လျှင် လင်တစ်ယောက်တစ်ယောက်သေ၍ နှစ်စဉ်အတိုင်း လင်အသစ်အသစ် တစ်ယောက်တစ်ယောက် ယူရ၍ အနှစ်ငါးသောင်းကာလပတ်လုံး သားပေါင်း ငါးသောင်းဖွားမြင်ရာ၏။ ထိုသားစုကား အဘ အသီးအသီးတည်း။ သားတို့ကို ကွဲပြားအောင် ပြောလိုလျှင် အမိနှင့်ပြော၍ မကွဲပြားနိုင်၊ အဘနှင့်ပြောမှ ဤသူကား မည်သူ၏သားတည်း။ ဤသူကား မည်သူ၏သားတည်းဟု ကွဲပြားရာ၏။ စက္ခုပသာဒရုပ်သည် ထိုအမိမိန်းမနှင့် တူ၏။ တုံး၊ တိုင်စသော ရူပါရုံဝတ္ထုဒြဗ်တို့သည် အဘငါးသောင်းနှင့် တူ၏။ အသစ်အသစ်ဖြစ်၍သွားသော စက္ခုဝိညာဏ်စသည်သည် သားငါးသောင်းနှင့်တူ၏။ “စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတ'စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ဝိဇာယတိ” စသည်ဟောတော်မူသော ပါဠိတော်ကို ထောက်လေ။

တုံး၊ တိုင်စသည်ကို အစဉ်အတိုင်း အိပ်ရာဝင်သည့် တိုင်အောင် တစ်နေ့လုံး၌ မြင်၍သွားသော ထိုပုဂ္ဂိုလ်သည် တုံး၏သားဖြစ်သော စက္ခုဝိညာဏ်ဖြင့် တုံးကိုမြင်သည်၊ တိုင်၏သားဖြစ်သော စက္ခုဝိညာဏ်ဖြင့် တိုင်ကိုမြင်သည် အစရှိသည်ဖြင့် ဆိုထိုက်လေသတည်း။

ဥပမာတစ်နည်းကား - ဝဲယာနှစ်ဘက်၌ လူတစ်ရပ်ခန့် အမြင့်ရှိသော သစ်ပင်ပေါင်း တစ်ထောင်စီ တန်းလျက် ရှိနေသော လမ်းတစ်ခုမှာ ဖန်တုံးကြီးတစ်ခုကို ပင့်မြှောက်ယူဆောင်၍ အပြေးသွားရာ၌ ထိုထိုသစ်ပင် ဥပစာသို့ ရောက်လေရာ၊ ရောက်လေရာ ဖန်တုံးကြီးမှာ အရိပ်အသီးအသီး ပေါ်လေရာ၏။ ဖန်တုံးကြီးနှင့် စက္ခုပသာဒ၊ ထိုထိုသစ်ပင်နှင့် ထိုထိုရူပါရုံဝတ္ထုဒြဗ်၊ ထိုထိုသစ်ပင်ရိပ်နှင့် ထိုထိုစက္ခုဝိညာဏ် တူ၏။ ဖြစ်ပေါ်မှု ကွယ်ပျောက်မှုလည်း အသီးအသီး တူကြ၏။

စက္ခုဝိညာဏ်ပြီး၏။

(ထိုထို အသံမျိုးတို့နှင့် သောတဝိညာဏ်။ ထိုထို အနံ့မျိုးတို့နှင့် ဃာနဝိညာဏ်။ ခံတွင်းမှာ ရောက်လာသော ထိုထိုရသာရုံ ဝတ္ထုဒြဗ်မျိုးတို့နှင့် ဇိဝှါဝိညာဏ်။ ကိုယ်အင်္ဂါအတွင်း အပမှာ ထိခိုက်လာသော ထိုထို ဖောဋ္ဌဗ္ဗာရုံ ဝတ္ထုဒြဗ်မျိုးတို့နှင့် ကာယဝိညာဏ် ဤဝိညာဏ်တို့ကိုလည်း စက္ခုဝိညာဏ်အတိုင်း သိလေ။)

မနောဝိညာဏ်မှာမူကား - အာရုံမျိုး အလွန်အထွေအပြား များလှ၏။ ကုသိုလ်စိတ်မျိုး၊ အကုသိုလ်စိတ်မျိုး၊ စက္ခုဝိညာဏ်အစရှိသော အဗျာကတစိတ်မျိုး၊ ထိုစိတ်မျိုးတို့မှာယှဉ်သော လောဘတရား၊ ဒေါသတရား၊ မောဟတရားအစရှိသော အကုသိုလ်တရားစု၊ သဒ္ဓါ၊ ပညာ၊ သတိအစရှိသော ကုသိုလ်အဗျာကတဓမ္မစု၊ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသီကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒဟူသော ဓမ္မစု၊ ဒုစ္စရိုက်ဆယ်ပါး၊ သုစရိုက်ဆယ်ပါး အစရှိသော ဓမ္မစု၊ အာပေါဓာတ်၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယဝတ္ထု၊ ဇီဝိတ၊ အာဟာရ၊ ဇာတိ၊ ဇရာ၊ မရဏ၊ အစရှိသော ဓမ္မစု၊ ဤအလုံးစုံသည် ဓမ္မာရုံမည်၏။ ရူပါရုံ သဒ္ဒါရုံ အစရှိသော ပဉ္စာရုံတို့သည်လည်း မနောဝိညာဏ်နှင့် ဆိုင်ကြကုန်သေး၏။

မနောဝိညာဏ်၏အာရုံ

မနောဝိညာဏ်၏ အာရုံမှာ အာရုံခြောက်ပါးလုံးပင် အာရုံရ၏။ ထိုခြောက်ပါးသည် အမိဝမ်းကဖွားမြင်သည်မှစ၍ ယခုနေ့ ယခုနာရီ တိုင်အောင် အတိတ် နှစ်၊ လ၊ နေ့၊ ရက်တို့က တစ်သက်လုံး ခဏမစဲ တွေ့ကြုံခဲ့ဘူးသမျှသော အာရုံခြောက်ပါး၊ ယခုနာရီမှ နောက်ခဏ နောက်ကာလတို့မှာ ယခုနာရီက မြှော်၍ သိနှင့်ရသော အာရုံခြောက်ပါး၊ နောက်နောက်ဘဝတို့ကို လှမ်း၍ ယခုက မြှော်ရသောအာရုံခြောက်ပါး၊ ကျမ်းဂန်အဆို ထိုထို လူပြော၊ ရှင်ပြောနှင့် သိရသော ခပ်သိမ်းသော အာရုံခြောက်ပါးစု၊ ဤအလုံးစုံသည် မနောဝိညာဏ်၏ အာရုံစုချည်းတည်း။

အာရုံပြုပုံ ထင်ပုံ

မစဲဖြစ်၍နေသော စိတ်အကြံအစည်စုတွင် အိပ်ပျော်စဉ် ဘဝင်ကိစ္စနှင့် ခဏမစဲ ဖြစ်၍နေသော မနောဝိညာဏ်စုမှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟူသော အာရုံစုကိုအာရုံပြုသည်၊ အိပ်ရာက နိုး၍ လာသည်မှ စ၍ အိပ်ရာဝင်၍ အိပ်ပျော်သည့်တိုင်အောင် ပြဆိုခဲ့ပြီးသော အာရုံစုတွင် အကြောင်းအခွင့်ဆိုက်တိုက်ရာ တစ်ခုခုသောအာရုံကို စ၍ ထင်မြင်သည်မှ ခဏအစဉ်အတိုင်း သူတလဲ၊ ငါတလဲ မစဲအောင် ထင်လေတော့သည်။

မနောဝိညာဏ်ဖြစ်ပုံ

ဤဝီထိ မနောဝိညာဏ်စုမှာလည်း ပြဆိုခဲ့ပြီးသော အာရုံစုတွင် အကြောင်းအခွင့် ဆိုက်တိုက်ရာ တစ်ခု တစ်ခုသော အာရုံသည် ဘဝင်၌ ခိုက်တိုက်လှုံ့ဆော်၍ ပေးပြီးမှ ထိုလှုံ့ဆော်သော တစ်ခုတစ်ခုသော အာရုံကို အာရုံပြု၍ သိမှု၊ ကြံဖန်မှု ဟူသော မနောဝိညာဏ် တစ်ခုခု နှလုံးထဲမှာ ဖြစ်ပေါ်လေသည်၊ တွေ့ကြုံဆိုက်တိုက်သော အကြောင်းမျိုး အခွင့်မျိုးလည်း ဘယ်အခါ မှာမှ မလပ်၊ ဝိုင်းလျက် အုံလျက် တစ်ရုံးရုံး တွေ့ကြုံဆိုက်တိုက်မှု မစဲပြီ၊ ဆိုက်တိုက်သော အခွင့်နှင့် စပ်လျဉ်းသော တစ်မျိုး တစ်မျိုးသော အာရုံလည်း ဘဝင်မှာ ထင်မှု၊ ခိုက်မှု၊ လှုံ့ဆော်မှု မစဲပြီ၊ ထိုထို အာရုံလှုံ့ဆော်တိုင်း ဟဒယ ဝတ္ထုအတွင်းမှာ ဖြစ်ပေါ်ကာ ဖြစ်ပေါ်ကာ နေရသော အမှု၊ တစ်သုတ် တစ်သုတ် ချုပ်ပျောက်ကာ ချုပ်ပျောက်ကာ နေရသော အမှုလည်း မစဲပြီ၊ မစဲပြီ ဆိုသည်ကား သူသူ၊ ငါငါ သတ္တဝါတို့၏ အထင်အမြင်အတိုင်း ဆိုသည်။

မုချအားဖြင့်သော်ကား - စေတသိက်၊ စိတ် နာမက္ခန္ဓာလေးပါးတို့မည်သည် စက္ခုမှာဖြစ်ပေါ်ခိုက် စက္ခုမှာသာ ရှိကြကုန်သည်၊ ကြွင်းသော တစ်ကိုယ်လုံးမှာ မရှိကြကုန်၊ သောတမှာ ဖြစ်ပေါ်ခိုက် သောတမှာသာရှိကြကုန်သည်၊ ဃာနမှာဖြစ်ပေါ်ခိုက် ဃာနမှာသာ ရှိကြကုန်သည်၊ ဇိဝှါမှာဖြစ်ပေါ်ခိုက် ဇိဝှါမှာသာရှိကြကုန်သည်၊ ကိုယ်အင်္ဂါ တစ်ခုခုမှာ ဖြစ်ပေါ်ခိုက် ထိုနေရာမှာသာရှိကြကုန်သည်၊ နှလုံးထဲမှာဖြစ်ပေါ်ခိုက် နှလုံးတွင်းမှာသာ ရှိကြကုန်သည်၊ ထိုမှကြွင်းသော ကိုယ်မှာ မရှိကြကုန်၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် အခါပေါင်းကုဋေတစ်သိန်းမျှ တိုင်အောင် အဖြစ်၊ အပျက် မြန်လှသည့်အတွက်ကြောင့် တစ်ကိုယ်လုံးမှာပင် ပြိုင်လျက် ဖြစ်နေသကဲ့သို့ ထင်ရသည်။

ထင်ကြရပုံ

မျက်စိဖြင့် ဘယ်ဟာကို ငါမြင်သည်ဟုထင်၍ နေဆဲမှာပင် စက္ခုဝိညာဏ်အစဉ်၏ အကြားအကြားမှာ ဟဒယဝတ္ထု၌ မနောဝိညာဏ်ပေါင်း မစဲအောင်ပင် ဖြစ်နိုင်၊ ချုပ်နိုင်သည်၊ သောတဝိညာဏ် စသည်တို့လည်း သူတို့ အာရုံခိုက်မှုရှိလျှင် မစဲအောင်ပင် ဖြစ်နိုင်၊ ချုပ်နိုင်သည်၊ ထို့ကြောင့် မျက်စိဖြင့် ကြည့်ရှုဆဲ၊ မြင်ဆဲမှာပင် နှလုံးကလည်း ကြံ၏၊ သိ၏၊ နားကလည်း အသံတစ်ခုခုကို ကြား၏ စသည်ဖြင့် သတ္တဝါတို့၏ စိတ်မှာထင်ကြရသည်။

ကြွင်းသော ဝိညာဏ်တို့ ဖြစ်မှုမှာလည်း ဤနည်းတူ သိလေ။

မနောဝိညာဏ်စု

မနောဝိညာဏ်စုမှာလည်း ကိုယ်အမူအရာကို ပြုပြင်သော ဝိညာဏ်စုဖြစ်၍နေစဉ် နှုတ်အမူအရာကို ပြုပြင်သော ဝိညာဏ်မျိုး မဖြစ်နိုင်၊ နှုတ်အမူအရာကို ပြုပြင်သော ဝိညာဏ်မျိုးဖြစ်၍နေစဉ် ကိုယ်အမူအရာပြုပြင်သောစိတ် မရှိနိုင်၊ သို့သော်လည်း အလဲအလှယ် မြန်လှသည့်အတွက်ကြောင့် သွားဆဲမှာပင်စကားပြောနိုင်၏၊ စကားပြောဆဲမှာပင် ကိုယ်အင်္ဂါလှုပ်ရှားနိုင်၏၊ ထိုထို အဆင်းကို မြင်နိုင်၏၊ ထိုထိုအသံကို ကြားနိုင်၏၊ ဤသို့ဖြစ်မှုကား မြန်လှသည့်အတွက်ကြောင့် တစ်မျိုးတစ်မျိုး အစဉ်၏အကြားမှာ အမျိုးမျိုး ကြားချုပ်မှုပေတည်း။

ပမာဏ

ဝိပဿနာယောဂီပုဂ္ဂိုလ်မှာမူကား ဤသို့ဖြစ်၍နေကြရာမှာ အလုံးစုံ ခြုံမိ၊ ငုံမိလောက်သော အချက်ကိုရှာ၍ ဝိညာဏ်ဝီထိ ဝါရပေါင်း တစ်သိန်း တစ်သန်းမက ကုဋေမျှကိုပင် တစ်ဝိညာဏ်တည်း တစ်ချက်တည်းပြု၍ ဥဒယမှု၊ ဝယမှုကို ရှုရသည်၊ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောဉာဏ်မှာ အကုန်ပါစေနိုင်သည်သာ ပမာဏတည်း၊ ငါမြင်သည်၊ ငါကြားသည်၊ ငါနံသည်၊ ငါအရသာကို သိသည်၊ ကိုယ်အင်္ဂါမှာ ထိသည်ကို ငါသိသည်၊ ငါထွေထွေလာလာ ကြံဖန်သည်ဟု ဖြစ်သော ငရဲမီးခြောက်မျိုး၊ ငါပြောသည်၊ ငါဆိုသည်၊ ကိုယ်အင်္ဂါကို ငါလှုပ်ရှားသည်၊ ငါသွားသည်၊ ငါလာသည် စသည်ဖြင့်ဖြစ်သောငရဲမီးမျိုး အကုန်ကွယ်ပျောက်စေနိုင်သည်သာ ပမာဏတည်း၊ ငါမြင်သည်၊ ငါကြားသည် စသည်ဖြင့် ငါလုံးဖုံးအုပ်၍နေသော လက္ခဏတ္တယသမ္မောဟအမိုက်မှ အလင်းဉာဏ်ပေါက်သည်သာ ပမာဏတည်း။

အတွင်းဝင်ပုံ

ကိုယ်တွင်းမှာ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဟဒယ ဟူသော ခြောက်ဌာနကို ထိထိမိမိဆုပ်ကိုင်၍ ဖြစ်မှု၊ ပျက်မှုကို ကောင်းစွာ ထင်မြင်နိုင်လျှင် ထိုအလုံးစုံသော အထွေအလာတို့သည် အတွင်းပါဝင်လေကုန်တော့သည်။

ဤကား စက္ခုဝိညာဏ်စသော စိတ်တို့ကို ပြခြင်းတည်း။

---

လက္ခဏတ္တယဉာဏ်အလင်းကြီး

ဤသို့ ပြဆိုခဲ့ပြီးသော မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီးလေးပါး၊ အာကာသဓာတ်၊ ဝိညာဏဓာတ်ဟု ဆိုအပ်သော ဓာတ်ကြီးခြောက်ပါးတို့၏ ဖြစ်မှု၊ ပျက်မှု အစုစုကို ရေပွက်ပမာ စသော ဥပမာတို့နှင့်မခြား တဖွားဖွား၊ တရွရွ၊ နေ့မစဲ၊ နာရီမစဲ၊ ခဏမစဲ၊ ဇာတိမှု၊ မရဏမှု၊ အနိစ္စမှုတို့ကို ရှုကြည့်၍ ထင်မြင်သော ဉာဏ်အလင်းကြီးသည် လက္ခဏတ္တယဉာဏ်အလင်းကြီးမည်၏။

လက္ခဏတ္တယပဋိဝေဓဉာဏ်အလင်းကြီးကို အကျယ်ပြဆိုခန်း ပြီး၏။

---

၄-နိဗ္ဗာန ပဋိဝေဓဉာဏ်အလင်း

နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးပေါ်ပုံ

ဤသို့ လက္ခဏတ္တယဉာဏ် အလင်းကြီးကို ပေါက်ရောက်လျှင် မဂ်လေးပါး၊ ဖိုလ်လေးပါးသို့ ရောက်၏။ ထိုသို့ရောက်သော မဂ်ဉာဏ်လေးပါး၊ ဖိုလ်ဉာဏ်လေးပါးတို့သည် စင်စစ် နိဗ္ဗာန်ကို သိသော ဉာဏ်တို့ ဖြစ်ရကား ထိုမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့သည် မုချအားဖြင့် နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးမည်၏။

နိဗ္ဗာနပဋိဝေဓဉာဏ်အလင်းကြီးကို အကျယ်ပြဆိုခန်း ပြီး၏။

ဤတွင်ရွေ့ကား အမိုက် ၅-သင်း အလင်း ၅-ချက်တို့ကို ရှင်းလင်းပြဆိုအပ်သော အလင်းကျမ်းကြီး ပြီးပြီ။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...