ဓမ္မစကြာတရားတော်
▬▬ஜ۩۞۩ஜ▬▬
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)
မာတိကာ
▬▬
ထေရုပ္ပတ္တိ အကျဉ်းချုပ်
ကျမ်းဦးအမှာ
ဆရာတော်အရှင်ဝါသေဋ္ဌာဘိဝံသ၏ ဥယျာဇဉ်
ဓမ္မစကြာတရားတော် (ပထမနေ့)
တရားတော်အချီ၊
မဟာကရုဏာတော်၊
သတ္တဝါ များကို ဘုရားရှင် ကယ်တင်တော်မူပုံ၊
အတုမဲ့ပါရမီ၊
ဘုရားရှင်ရဲ့ တာဝန်ကို ထမ်းဆောင်ရတာ ဝမ်းသာစရာ၊
ပြုသမျှကုသိုလ်များ အလကားမဖြစ်၊
အရာရာမှာ ဘုရားက သာ၊
ဗေဒင်ဟောကိန်း၊
မူးမိုက် လဲသည်အထိ အားထုတ်ခဲ့ပုံ၊
မြတ်စွာဘုရား တရား ဟောတော်မူခြင်း၊
အဝိဇ္ဇာနှင့်တဏှာ သတ္တဝါတို့ ရဲ့ အုတ်မြစ်၊
အရှက်အကြောက် ရှိတဲ့သူဟာ ပွဲမကြည့်ဘူး၊
အနု မီးကင်တာ ထူးခြားတဲ့ အသိဉာဏ်၊
ကံမတူလို့
လူအမျိုးမျိုး ခြားနားပုံ၊
မဂ္ဂင်ရှစ်ပါး အကျင့်တရား။
ဓမ္မစကြာတရားတော် (ဒုတိယနေ့)
ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ ဟောကြားခြင်း၊
တောသံပေး ဂါထာ၊
ငရဲသားလေးများလိုပဲ၊
မရဏဘေး ကာကွယ်ပေး၊
ဇလားပုံနဲ့တူတဲ့ ခန္ဓာကိုယ်၊
ဖြစ်ဖြစ် သမျှ ဒုက္ခချည်းသာ၊
သေရင် ပြီးတာပဲဆိုတဲ့အယူ၊
တဏှာက အဆိုးဆုံး၊
တဏှာလိုက်စားတော့ အိုလွယ်တယ်၊
တွေ့ကရာစားပြန်, အအိုမြန်၊
မြေးသေလို့တဲ့ ဝိသာခါ၊
ခမ်းခမ်းနားနား လုပ်ချင်တာက တဏှာ၊
ချမ်းသာချင်လျှင် သာယာမှုပယ်၊
တဏှာလိုက်စားလေ, ဒုက္ခများလေ၊
ဓမ္မစကြာတရားတော် (တတိယနေ့)
နိရောဓသစ္စာ ဟောကြားခြင်း၊
သစ်ပင်တွေက မမြဲကြောင်း ပြောနေတယ်၊
ခြင်္သေ့ပမာ တို့မြတ်စွာ၊
တဏှာသုံးမျိုး၊
မအိုမသေရာကို ရိုးရိုးသွားလို့မရောက်၊
ဓာတ်လေးပါးချုပ်ရာ၊
ဗြဟ္မာမင်း ကြွားဝါပြော၊
နိဗ္ဗာန်ကို ဉာဏ်မျက်စိနဲ့သာ မြင်ရတယ်၊
နိဗ္ဗာန်နှင့် ထိုက်တန်အောင်ကျင့်မှ နိဗ္ဗာန်မြင်၊
သိသူနှင့်မသိသူ ဆန့်ကျင်၊
နန္ဒမင်းသား ဘုရားအမြင်၊
လူတွေအမြင်နှင့် ဘုရားလမ်းစဉ်၊
နိဗ္ဗာန်အရသာ၊
သုခနှစ်မျိုး၊
နိဗ္ဗာန်အေးမြ, ရည်မှန်းဆ။
ဓမ္မစကြာတရားတော် (စတုတ္ထနေ့)
မဂ္ဂသစ္စာ ဟောကြားခြင်း၊
သစ္စာလေးပါး ဟောပုံ အစဉ်၊
တဏှာကုန်တော့ အာရုံမခင်၊
နိဗ္ဗာန်မြင်ချင် ရင် သူတော်ကောင်းတွေ ဆည်းကပ်၊
အတိတ်အရေး တွေးမနေနဲ့၊
ဝီရိယလေးမျိုး၊
သစ်သားရုပ်နဲ့တူတဲ့ ခန္ဓာကိုယ်၊
ဘဝမှန်သမျှမကောင်း၊
သံသရာက ထွက်စေတဲ့ ပျော်နည်း၊
ကြိုးစားရင် ရဟန္တာဖြစ်နိုင်တယ်။
ဓမ္မစကြာတရားတော် (ပဉ္စမနေ့)
ဉာဏ်တော်ခန်းနှင့် တရားတော်နိဂုံး၊
တဏှာကိုသာ ပယ်ဖြတ်ပါ၊
အမြင့်မြတ်ဆုံး ဉာဏ်တော်၊
အကုန်သိ ဆိုသည်ကို မယုံကြည်ကြခြင်း၊
တဏှာလောဘတွေ ဘုရားရှင်မှာ လုံးဝမရှိ၊
ဘုရားဟောတာ မည်သူမျှ မငြင်းနိုင်၊
ရုပ်တုတော် ကိုးကွယ်နည်း၊
တရား,သံဃာ ပူဇော်နည်း၊
ဆရာ,ဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊
ဝိသာခါလျှောက်တဲ့စကား၊
ဆရာဒကာ ညီညာကြိုးပမ်း။
ဓမ္မစကြာတရားတော်နှင့် ဗုဒ္ဓါနုဿတိဘာဝနာ
အလောင်းတော်ဘဝ ဆန္ဒတော်၊
အရှင်သာရိပုတ္တရာနှင့် ဘုရားရှင်၊
ဗုဒ္ဓဂုဏ်တော် ၆-ဂါထာ၊
အတုမရှိသော လုံ့လတော်၊
မိမိသိသလို အများကို သိစေတော်မူခြင်း၊
ပြောသလိုလုပ်, လုပ်သလိုပြောသောဂုဏ်၊
အတုမရှိ သော ဩဝါဒနှင့် ပြည့်စုံတော်မူသော ဂုဏ်။
…
အရှင်ဇနကာဘိဝံသ၏
ဘဝသံသရာဖြစ်စဉ်အကျဉ်း
▬▬
၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ သရိုင်ရွာ ဦးဇောတိ - ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ် တပို့တွဲ လပြည့်ကျော် (၁၄)ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီ ၂၇-ရက်) အင်္ဂါနေ့တွင် ဖွားမြင်သည်။
၂။ ၁၂၆၆-ခုနှစ်၌ ပဌမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။
၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေပြုတော်မူသည်။
၄။ ၁၂၇၉-ခုနှစ်၊ သက်တော် ၁၈-နှစ် အရွယ်တွင် ပဌမကြီးတန်း စာမေးပွဲကို အောင်တော်မူသည်။
၅။ ၁၂၈၀-ပြည့်နှစ် တပေါင်း လပြည့်နေ့၌ ပဌမအကြိမ်၊ ၁၂၈၁-ခုနှစ်၊ နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်၊ ၁၂၈၁-ခုနှစ်၊ တပေါင်းလပြည့်နေ့၌ တတိယ အကြိမ် ရဟန်းအဖြစ် ခံယူတော် မူသည်။
၆။ ၁၂၈၃-ခုနှစ် ကဆုန်လဆန်း (၁) ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ ပခုက္ကူစာချ အဖြစ် တင်မြှောက်မှုကို ခံယူတော်မူသည်။
၇။ ၁၂၈၇-ခုနှစ်၌ “ပဌမကျော်” အောင်မြင်တော်မူသည်။
၈။ ၁၂၈၉-ခုနှစ်၌ “သကျသီဟ စာမေးပွဲ “ခေါ်” ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ” ဘွဲ့ ရရှိအောင်မြင်တော်မူသည်။
၉။ ၁၃၀၃-ခု၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက် သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် နေရာသို့ ပြောင်းရွှေ့ သီတင်းသုံးတော်မူသည်။ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော် ငါးပါး မျှသာရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက် ရှိသည်။
၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂-ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏ (ရှေးဦးစွာ) “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူ ရသည်။
၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော် စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓ ဘာသာ လက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။
၁၂။ ၁၃၁၅-ခုနှစ်၌
(က) ဆဋ္ဌသံဂီတိ သြဝါဒါစရိယ သံဃနာယက၊
(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက၊
(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက။
(ဃ) ဆဋ္ဌသံဂီတိ သြသာနသောဓေယျပတ္တပါဌက
အဖြစ် တင်မြှောက်တော်မူခြင်းကို ခံယူရသည်။
၁၃။ ၁၃၃၇-ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူသည်။
၁၄။ ၁၂၉၁-ခု၊ သက်တော် (၃ဝ) မှစ၍ ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃-ခုနှစ်တွင် ပဌမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈ခု တန်ဆောင်မုန်းလတွင် “နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ” ကျမ်းစာကို ရေးသား ပြီးလျှင် “တစ်ဘဝသံသရာ” အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တိုင် ရေးတော် မူခဲ့သည်။
၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော် (၇၈)နှစ် အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၁၉၇၇-ခု၊ ဒီဇင်ဘာ ၂၇-ရက်) အင်္ဂါနေ့ ညနေ (၄) နာရီ မိနစ် (၃၀)တွင် တစ်ဘဝ အတွက် ငြိမ်းတော်မူပါသည်။
…
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏
ဓမ္မစကြာတရားတော်
ကျမ်းဦးအမှာ
▬▬
ဤဓမ္မစကြာတရားတော်ကို အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ သည် သာသနာတော်နှစ်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခု၊ (၁၉၅၀-၅၁) နှစ်ပေါင်း ၂၉-နှစ် ကျော်လောက်က တရား အစတွင် ဟောတော်မူသည့်အတိုင်း ပရိတ်တော်များကို အသံသွင်းပြီး စဉ်က ဟောကြားတော်မူသော တရားတော်ဖြစ်ပါသည်၊
တရားတော်ကို ဖတ်ရှုလေ့လာကြသော ပုဂ္ဂိုလ်များသည် ဆရာတော်၏ တရားတော် ကို ဖတ်ရှုသောအခါ အသက်ထင်ရှားရှိစဉ်က အသံတော်ဖြင့် တရားတော်ကို ဟောကြားနေစဉ် နာယူနေရပုံကို အာရုံပြု၍ ဖတ်ရှု စေလိုပါသည်။ သို့မှ ပို၍ အရသာပေါ်ပါမည်။
ဆရာတော်သည် ဟောတရားများကို ကျမ်းစာအဖြစ် ပြန်လည် ရိုက်နှိပ်ခြင်းကို နှစ်သက်တော်မမူပါ၊ သို့သော် ဆရာတော် ပျံလွန်တော်မူသောအခါ ဆရာတော်၏ အဆုံးအမဩဝါဒများ ပျောက်မသွားစေဘဲ ဆရာတော်၏ ဆုံးမဩဝါဒကို လေးစား ကြည်ညို လိုက်နာ ကျင့်သုံးလိုကြသော အများပြည်သူများ သိကြစေရန်ကို လည်းကောင်း, ဆရာတော်အား စွမ်းနိုင်သမျှ ပူဇော်ခြင်းဖြင့် သာသနာတော်ကြီးနှင့် ပြည်သူအများ အကျိုးရှိရန်ကိုလည်းကောင်း ရည်စူးကြိုးစားခြင်း ဖြစ်ပါသည်၊ တရားစာများကို ဖတ်ရှုရာ၌ အဆင် မပြေမှုများနှင့် ကြုံခဲ့ရသော် ကျွန်တော်တို့ ကြိုးစားအားထုတ်မှု လို၍သာဟု ခွင့်လွှတ်တော်မူကြစေလိုပါသည်။
ဤတရားတော်ကို အသံဖမ်းကြိုးခွေမှ ကူးယူပြီးနောက် ရန်ကုန်မြို့ ကမ္ဘာအေး သာသနာရေးဦးစီးဌာန အဘိဓာန်အဖွဲ့ ဦးပညိဿရ (သာသနဓဇသိရီပဝရ ဓမ္မာစရိယ,သကျသီဟပရိယတ္တိသာသနဟိတ ဓမ္မာစရိယ, အဘိဓမ္မာပါဠိပါရဂူ)က ကျမ်းစာရိုက်နိုင်လောက်အောင် ပြုပြင်ပေးတော်မူခဲ့ပါသည်။
မြန်မာပြည် ဗုဒ္ဓသာသနာတွင် ဓမ္မစကြာတရားတော်ကို လူသိ အများဆုံးဟု ဆိုနိုင်ပါသည်။ ရှေးအခါမှစ၍ ယနေ့တိုင်အောင် ဓမ္မစကြာစာမေးပွဲမှ ဓမ္မစကြာ ဝတ်အသင်းများ တည်ထောင်၍ အမျိုးသား-အမျိုးသမီးများ ကျက်မှတ်ဆောင်ရွက် လာခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပါပြီ။
ဓမ္မစကြာ အမေးအဖြေကဲ့သို့ စာအုပ်ငယ်, ကျမ်းငယ်များနှင့် ကျက်မှတ်ရန် စာအုပ်ရိုက်၍ လှူကြသူများ အများအပြားရှိခဲ့ပါသည်။
ဓမ္မစကြာတရားတော်ကို ကျမ်းစာ တစ်စောင်တစ်ဖွဲ့ အနေဖြင့်လည်း ကျယ်ကျယ် ဝန်းဝန်း ရေးသားသည်ကား -
မန္တလေးမြို့ ပတ္တမြားဆရာတော်ဘုရားကြီး ရေးသား တော်မူသော ဓမ္မစကြာ မြန်မာဋီကာကျမ်း,
မြဝတီဆရာတော်ဘုရားကြီး ရေးသား တော်မူသော ရွိုင်ဆိုက်နှင့် စာမျက်နှာ-၉၃၉၊ ကိုးရာကျော်ရှိ ဓမ္မစကြာ မဟာဋီကာသစ် ကျမ်းကြီး,
ဆရာတော် ဦးတိက္ခိန္ဒိယ ရေးသားသော ဓမ္မစကြာအမေးအဖြေ,
၁၃၃၇-ခုနှစ်လောက်မှ မဟာစည်ဆရာတော် ဟောကြားတော်မူသော ဓမ္မစကြာ တရားတော်
အစရှိသော ကျမ်းစာများ ထုတ်ဝေ ဖြန့်ချီခဲ့ဖူးရုံသာမက ဓမ္မစကြာအမည်နှင့် တရားဌာနများပင် ဖွင့်လှစ်၍ သင်တန်းပို့ချမှုများ ရှိခဲ့ပါသည်။
ရှေးအစဉ်အလာ
▬▬
ရှေးသူတော်ကောင်းပညာရှိ ဆရာတော်ဘုရားကြီးများသည် အစဉ်အလာအားဖြင့် ကျမ်းတစ်စောင်နှင့် တစ်စောင် ထူးခြားမှု မရှိပါက နောက်ထပ်တစ်ဖန် သီးခြား ရေးသား ထုတ်ဝေမှု ပြုခဲ့ကြရိုး မရှိသည်ကို တွေ့ရပါသည်။
ဥပမာ-တောင်ဖီလာဆရာတော်ဘုရားကြီးသည် ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ဝိနည်းနိဿယရှိသည်ကို တွေ့ရသဖြင့် ၎င်း၏ ဝိနည်းနိဿယကို မီးရှို့၍ ဘုရား ပူဇော်ခဲ့ပါသည်၊ ဒွါရဂိုဏ်းကြီး၏ အကြီးအမှူး ဖြစ်တော်မူသော အုတ်ဖိုဆရာတော် ဘုရားကြီးသည် သတိပဋ္ဌာန်နိဿယကို ဆရာတော်ဦးဗုမ် ရေးပြီးရှိ၍ ရေးရန်မလိုဟု မရေးဘဲ ထားခဲ့ပြီးလျှင် အုတ်ကျောင်း ဆရာတော်ဦးဗုဓ်မူ ရှိပြီးဖြစ်ကြောင်းကို ညွှန်တော်မူပါသည်။
ယခု ဓမ္မစကြာတရားတော်မှာလည်း ပါဠိနိဿယတို့ကို ဆရာတော်ဦးဗုမ်ပင် ရှေးက စီစဉ်ရေးသားပြီးရှိသဖြင့် ထိုမူကိုပင် အလေးထား အသုံး ပြုလျက် ရှိကြပါသည်။
တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၏ ဓမ္မစကြာ
▬▬
ယခုထုတ်ဝေသော ဓမ္မစကြာ တရားတော်မှာ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ နှစ်ပေါင်း ၂၀-ကျော် ၃၀-ပတ်ဝန်းကျင် ၁၃၁၁-ခုနှစ် လောက်က ၅-ရက်တိုင်တိုင် ဟောကြားတော်မူသော ဓမ္မစကြာတရားတော် ဖြစ်ပါသည်။
ဆရာတော် ဓမ္မစကြာ ဟောလိုသော ဆန္ဒဖြစ်ပုံနှင့် ဟောပုံဟော နည်းမှာလည်း မည်သူနှင့်မျှ ဆန္ဒခြင်း မတူ, ဟောနည်းလည်း မတူ, ရည်ရွယ်မှုလည်း မတူသည်ကို စာဖတ်နာယူသူများ ထူးခြားစွာ တွေ့ရပါလိမ့်မည်၊ ဆရာတော်သည် မြန်မာပြည် ဗုဒ္ဓသာသနာတော်ကို အခြေခံအားဖြင့် ခိုင်မာလိုသော ဆန္ဒတော် ရှိပါသည်၊ ကျောင်းတိုက် အတွင်းမှာလည်း အခြေခံကောင်းအောင် လုပ်ကြရန် အနေအထိုင် အစားအသောက် အသွားအလာမှစ၍ စာသင်ကြားရာ၌ အခြေခံ ကောင်းဖို့ကိုသာ အလေးပြု လေ့ကျင့်သင်ကြားပေးတော်မူပါသည်။
အခြေခံ ကိုယ်ကျင့်တရား မပြည့်စုံဘဲနှင့် မူလအစက အသိဉာဏ် အကျင့်စနစ်တကျ မရှိဘဲနှင့် သာသနာတော်ကို ကျက်သရေရှိဖို့လည်း မဖြစ်နိုင်၊ မိမိတို့လည်း သာသနာတော်မှ ရသင့်ရထိုက်သော အကျိုးထူးကို ရကြလိမ့်မည်ဟု ဆရာတော် ယုံကြည်တော်မမူပါ။
ထို့ကြောင့် ဓမ္မစကြာတရားတော်ကို ဟောတော်မူသောအခါ တရားတော်ကို ရိုရိုသေသေ ရွတ်စေချင်သည်၊ ရွတ်သောအခါ အဓိပ္ပာယ်ကို မိမိတို့ စွမ်းနိုင်သမျှ သိတန်သမျှသိ၍ အာရုံ ရစေချင်သည်၊ ဓမ္မစကြာတရားတော်ကို နာယူရင်း တရားရှင် ဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာကို အလေးထား ကြည်ညိုရုံသာမက ဘုရား တရား သံဃာကို အခြေကျကျ နားလည်ပြီးလျှင် သာသနာတော်ကို စောင့်ရှောက်နိုင်သူ တစ်ယောက် ဖြစ်စေလိုပါသည်။
နိဗ္ဗာန်ကို လိုချင်ဖို့က အရေးကြီးသည်
▬▬
ဆရာတော်သည် အပြောနှင့်အလုပ် မညီညွတ်သူများကို နှစ်သက်မှု မရှိတတ်ပါ၊ တရားအားထုတ်သည်, ဝိပဿနာအားထုတ်နေသည် ဆိုသူအချို့၏ စိန်ရွှေတွေ ဝတ်, သနပ်ခါး တစ်ဖုံဖုံ, အဝတ်အစားက တစ်ပြောင်ပြောင်နှင့် အစား မဆင်ခြင်, လူစု လူဝေးနှင့် တပျော်တပါး ထင်ရှားအောင် ကြွားဝါလုပ်နေကြသူများကို ထိုအပြုအမူ များသည် ဘယ်နည်းမှ သာသနာတော်၌ လိုအပ်သော အပြုအမူများ မဟုတ်ဟု ယူဆပါသည်။
မဟာဂန္ဓာရုံကျောင်းတိုက်သည် ပရိယတ္တိစာသင်တိုက် ဖြစ်စေကာမူ တိတ်ဆိတ်မှု ကိုသာ ဦးစားပေးတော်မူပါသည်၊ အလှူပွဲများ၌ ပင်လျှင် စကားအပြောအဆို အနေအထိုင် နူးညံ့သိမ်မွေ့မှုကို ဦးစားပေး၍ ဆူညံမှုကို တားမြစ်တော်မူပါသည်။
ကျောင်းတိုက်သို့ ဆရာတော်ထံ လာကြသော ဒကာ-ဒကာမများ, ကျောင်းဒကာ-ကျောင်းအမများ, အလှူရှင်များကိုလည်း ကုသိုလ် အပြည့်အဝ ရနိုင်အောင် အဆုံးအမ သြဝါဒပေး၍ ဆောင်ရွက်ပေးသည်မှအပ အခြား စကားများကို ပြောမနေဘဲ ပြီးလျှင် ပြန်ကြရန်သာ တိုက်တွန်းတော်မူပါသည်။
သာသနာတော်အတွက် အကျိုးပြုနိုင်သူ အကျိုးရှိမည့် လူကြီး လူငယ်များကိုမူ ဆရာတော်သည် အပင်ပန်းခံ၍ အလေးပြု အချိန်ပေးပြီး ဆွေးနွေးလျှောက်ထား ခြင်းကို လက်ခံတော်မူပါသည်၊ သာသနာကို လူများ အထူးသဖြင့် ခေတ်လူများ စနစ်တကျ တကယ့်အခြေအမြစ် နားလည်ရန် ဆရာတော် အထူး ဆန္ဒပြုတော် မူပါသည်။
လူအများကို နိဗ္ဗာန်အကြောင်း ပြောဖို့ထက် နိဗ္ဗာန်နဲ့ဆိုင်တဲ့ သာသနာတော်ကြီးကို အထင်ကြီးအောင် မိမိအတွက် အများအတွက် ဗုဒ္ဓသာသနာက အကျိုးပြုနိုင်သည် ဟု သိလာအောင် ကိုယ်ကျင့်တရား မပြည့်စုံဘဲနှင့် ဒီသာသနာကို သာသနာ၏ အထွတ် အထိပ်ဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်နည်းမှ ရဖို့ ရောက်ဖို့ ကြီးပွားတိုးတက်ဖို့ မဖြစ်နိုင် ကြောင်းကို သိအောင် ဆုံးမတော်မူပါသည်။
ဤနေရာတွင် အလျဉ်းသင့်သဖြင့် ကျောင်းတိုက်အတွင်း နေလိုသော သံဃာတော်များ လိုက်နာရန် စည်းကမ်းကို ဖော်ပြလိုပါသည်။
မဟာဂန္ဓာရုံ၏ လမ်းစဉ် (၁၀)ချက်
▬▬
ဤကျောင်းတိုက်၌ -
၁။ စိတ်ကောင်းရှိဖို့က ပထမ
၂။ ဝိနည်းလေးစားဖို့က ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၄။ သန့်ရှင်းဖို့က စတုတ္ထ
၅။ အဝတ်အစားတတ်ဖို့က ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က ဆဋ္ဌမ
၇။ အပြောအဆိုတတ်ဖို့က သတ္တမ
၈။ အသွားအလာတတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က နဝမ
၁၀။ စာတတ်ဖို့က ဒသမ
၁။ “စိတ်ကောင်းရှိ”ဟူရာ၌ ထင်ရှားသော လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယ အစွန်းအစ မပေါ်အောင် စိတ်ကို အမြဲ စောင့်ရှောက်စေလိုခြင်း ဗုဒ္ဓါနုဿတိစသော ဘာဝနာတစ်မျိုးမျိုးဖြင့် ငယ်ရွယ်စဉ်မှစ၍ တဖြည်းဖြည်း ရင့်လာအောင် စိတ်ကို ပြုပြင်စေလိုခြင်း ဖြစ်သည်။
၂။ ထိုသို့ စိတ်ကောင်းရှိဖို့ရန် အခြေခံမှာ ဗုဒ္ဓမြတ်စွာ၏ ဝိနည်း ပညတ်တော်ကို လေးလေးစားစား လိုက်နာလိုသော သဒ္ဓါသာ ဖြစ်၏၊ ဝိနည်း မလေးစားလျှင် စိတ်ကောင်းရှိသော သူတော်ကောင်း မဖြစ်နိုင်ပါ။
၃။ ထိုသို့ စိတ်ကောင်းရှိ၍ ဝိနည်းလေးစားသော သူတော်စင်သည် မကျန်းမမာ ဖြစ်နေလျှင် သူ့အတွက် ကြာရှည်အကျိုးရမည် မဟုတ်ပါ၊ ထို့ကြောင့် စာသင်ချိန်မှ စ၍ ရောဂါမရအောင် သတိထားရမည့်အပြင် အမြဲ ကျန်းမာနေသူဖြစ်ဖို့ အရေးကြီးသည်။
၄။ ထိုကဲ့သို့ ကျန်းမာသူ ဖြစ်ဖို့ရန် မိမိနေရာ ပတ်ဝန်းကျင် ကျောင်း, ကျောင်းတိုက် တစ်ရပ်လုံးနှင့် မိမိ၏ ကိုယ်တွင်းကိုယ်ပတို့၌ သန့်ရှင်းမှု အရေးကြီး၏၊
(ညောင်းကိုက်နေခြင်း, ဓာတ်ချုပ် ဆီးချုပ်နေခြင်း, လေနာစသော ရောဂါရှိခြင်း, ကိုယ်၏ အနံ့အသက် မကောင်းခြင်းကို “ကိုယ်တွင်း မသန့်ရှင်း”ဟုလည်းကောင်း, အဝတ်အသုံးအဆောင်များ ညစ်ပေနေခြင်း, မသပ်ရပ်ခြင်းကို“အပြင် မသန့်ရှင်း” ဟုလည်းကောင်း ဆိုလိုပါသည်။)
၅။ မိဘ ဆရာတို့က မသင်ပြလျှင် ဝတ်ပုံလည်း အချိုးမကျ စားပုံသောက်ပုံလည်း ဣန္ဒြေ မရပါ၊ ထို့ကြောင့် ရဟန်း, သာမဏေများအတွက် သေခိယ သိက္ခာပုဒ်များနှင့် အညီ အဝတ်အစား, အသွား အလာ, အပြောအဆို တတ်အောင် သင်ပြစေလို ပါသည်၊ သေခိယ၌ ဝတ်ပုံစားပုံ သွားလာနေထိုင်ပုံ အပြည့်အစုံပါသည်။
၆။ ဆရာသမားကောင်းတို့၏ တပည့်များသည် မလွှဲသာသော ခရီးသွားချိန်မှတစ်ပါး အများနှင့်ရော၍ မနေကြ, လူအောက်၌လည်း မထိုင်ကြပါ၊ အမြင်မတော်သော နေရာ၌လည်း မနေထိုင်ကြပါ။
၇။ အချင်းချင်းဖြစ်စေ, လူဝတ်ကြောင်များနှင့်ဖြစ်စေ စကားပြောရာ၌ လူချင်း ပြောသလို “ခင်ဗျား, ကျုပ်, မင်း, ငါ, ကွာ” စသော အသုံးအနှုန်းများကို မသုံးစွဲရပါ၊ ခေါ်သောအခါ“ဒကာ (အေး), ဒကာမ(အေး)” စသော အသုံးအနှုန်း များကို ပြု၍ မိမိကိုယ်ကို “ဦးပဉ္စင်းက, ကိုရင်က”စသည်ဖြင့် သုံးနှုန်းရပါသည်၊ ကျေးရွာ၌ အချို့လူများ စကားပြောသကဲ့သို့ အသံ ကျယ်ကျယ်ဖြင့် ပြောသူကိုကား ဘုရားရှင် လက်ထက်တော်၌ နှင်ထုတ်ခဲ့ဖူးပါသည်။
၈။ အသွားအလာလည်း မနှေးလွန်း မမြန်လွန်း သွားတတ်အောင် လည်းကောင်း, ဟိုကြည့် သည်ကြည့် မကြည့်ဘဲ ငြိမ်ငြိမ်သက်သက် သွားတတ်အောင် လည်းကောင်း မိဘဆရာတို့က သင်ပြကြရပါသည်။
၉။ ဝိနည်းစည်းကမ်း အပြင် ပြအပ်ခဲ့သော ကျောင်းတိုက်စည်းကမ်းများကိုလည်း လိုက်နာမှသာ ထိုပုဂ္ဂိုလ်အတွက် ဤဘဝ၌ ရသင့်သော အကျိုးများကို ရနိုင် ပါလိမ့်မည်။
၁၀။ ယခုခေတ်၌ စာတတ်ဖို့ကို နံပါတ်(၁) ထား၍ ကြိုးစားနေကြ၏။ တချို့မှာ ကျန်းမာရေး ပျက်လောက်အောင် ကြိုးစားကြ၏။ အထိုက်အလျောက် စာတတ် ပါလျက် အကျိုးမခံစားရသူတွေ သည် ပြအပ်ခဲ့သော အရည်အချင်း မစုံမှုကြောင့်သာ ဖြစ်ရ၏။ ပြအပ်ခဲ့သော အရည်အချင်း ပြည့်စုံပါလျှင် လောက, ဓမ္မ နှစ်ဌာန၌ ရထိုက်သောအကျိုးကို ဧကန်ရနိုင်ပါသည်၊ ထို့ကြောင့် စာတတ်ရေးကို နောက်ဆုံး အရေးဟု ယူဆပါသည်။
သတိ
▬▬
ငရဲရှိတယ်, တိရစ္ဆာန်ရှိတယ်, ပြိတ္တာရှိတယ်၊
လူနုံလူမွဲ လူဆင်းရဲတွေ ရှိတယ်၊
မိမိလဲ သေရဦးမယ်, သတိထား၊
အလင်းက အမှောင်သွားသူ မဖြစ်ပါစေနှင့်။
တောင်မြို့ ဘုန်းကြီး
…
“အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၌ နေလိုသောပုဂ္ဂိုလ်တို့ ပြည့်စုံရမည့်အင်္ဂါများ”
၁။ စာမေးပွဲအောင်မှုကို ပဓာနမပြုဘဲ ပရိယတ် ပဋိပတ် ကျွမ်းကျင်မှုကိုသာ ပဓာန ပြုရခြင်း။
၂။ အင်္ဂါကြီးငယ် ချို့ယွင်းချက် မရှိခြင်း။
၃။ ရှင်ဖြစ်လျှင် -
(က) ရတနာ့ဂုဏ်ရည်လာ ရတနာသုံးပါး ဂုဏ်တော်များကိုလည်းကောင်း,
(ခ) ရုပ်ပုံရှင်ကျင့်ဝတ်လာ ကျက်စရာများကို လည်းကောင်း ရပြီးဖြစ်ခြင်း။
၄။ ရဟန်းဖြစ်လျှင် - ပါတိမောက်ဘာသာဋီကာ နိဿယဖြင့် ဘိက္ခုပါတိမောက် ပါဌ်အနက်ကို ရပြီးဖြစ်ခြင်း။
ခြွင်းချက်။ ။ ကျောင်းတိုက်၌ နေလိုသောဆန္ဒ၏ ထက်သန်ကြောင်း ထင်ရှားအောင် ၃ နှင့် ၄ အချက်ကို ပြထားပါသည်။ ကျောင်းတိုက်၌ နေဆဲလည်းဖြစ်, စောင့်ရှောက်မည့် ပုဂ္ဂိုလ်လည်းဖြစ်သူနှင့် အတူလာလျှင် ကျောင်းတိုက်သို့ ရောက်ပြီးမှလည်း ကျက်နိုင်ပါသည်။
၅။ သင်္ကန်းများကို ပိန္နဲရောင် အရင့် ဆိုးခဲ့ရခြင်း။
၆။ သပိတ်နှင့် (ဆွမ်းခံဖြစ်လောက်သော) သပိတ်အိတ်, ဝတ်ခွက် ငါးလုံးခန့် ပါရခြင်း။
၇။ သင်္ကန်းအရောင်နှင့်တူသော နေရာထိုင် ပါရှိရခြင်း၊ (အရွယ်မှာ ရှင်ငယ်ဖြစ်လျှင် အလျားတစ်တောင့်ထွာ, အနံ တစ်တောင်နှင့် လက် ငါးသစ်ခန့်၊ ရှင်ကြီးနှင့် ရဟန်း ဖြစ်လျှင် အလျား နှစ်တောင်, အနံ တစ်တောင့်ထွာခန့် ရှိရပါသည်၊ သင်္ကန်းဟောင်းကို ချုပ်လျှင်လည်း ဖြစ်နိုင်ပါ၏။)
၈။ ရေချိုးခွက်, ဆပ်ပြာခွက်, လက်သုတ်ပဝါ, ဇွန်း, လက်ဖက်ရည် စသည် သောက်ရန်) ဂိုင်းခွက်ပါရခြင်း၊ ပမာဏမှာ“မတ်ခွက်” ဟု ခေါ်သော ခွက်တည်း။
၉။ သင်္ကန်း, စာအုပ်, ခဲတံ စသော ပစ္စည်းအားလုံးပင် ဝိနည်းတော်နှင့် အပ်စပ်စေရခြင်း၊
(“ကိုယ်တိုင် ဝယ်အပ်သောပစ္စည်း မဟုတ်ဘဲ မိဘဆွေမျိုး ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမ များက လှူအပ်သော ပစ္စည်းများသာ ဖြစ်စေရခြင်း”ဟုဆိုလိုပါသည်။)
၁၀။ ဆရာ မိဘစသော အုပ်ထိန်းသူဖြစ်စေ, ထိုသူတို့၏ ကိုယ်စားဖြစ်စေ လိုက်ပါအပ်နှံရခြင်း၊
(ရဟန်းတော်များ လိုက်ပို့လျှင် ကပ္ပိယကာရက ပါစေရပါသည်။)
၁၁။ ထိုကပ္ပိယကာရကက ပါလာသော ငွေကို ဖိုးသူတော်စသော ကပ္ပိယထံ အပ်နှံ လွှဲထားရခြင်း၊ အပ်နှံခံရသူက ဝိနည်းတော်နှင့် လျော်ညီအောင် လျှောက်ပါလိမ့်မည်။
၁၂။ နေမည့် ရဟန်း သာမဏေသည် ဆိုက္ကား, မြင်းလှည်း, နွားလှည်းတို့ကို မစီးခဲ့ရခြင်း။
၁၃။ ကျောင်း၌နေစဉ် အရာရာ စောင့်ရှောက်မည့် (မိမိထက်ကြီးသော) တာဝန်ခံ ပုဂ္ဂိုလ် ရှိစေရခြင်း။
သတိ။ ။ ဝိနည်းတော်နှင့် အညီနေ၍ ဘာဝနာတစ်မျိုးမျိုးကို အချိန်မှန်မှန် ကြိုးစားပြီးလျှင် -
က။ မူလဆရာသမား၏ ကျောင်းတိုက်၌ စာချနေလိုသောပုဂ္ဂိုလ်၊
ခ။ ကျေးရွာကျောင်း၌နေ၍ လူကြီးလူငယ်များ၏ စာရိတ္တနှင့် ပညာရေးကို အားပေးလိုသော ပုဂ္ဂိုလ်။
ဂ။ တောရကျောင်းမျိုး၌ မိမိအတွက်သာ တရားကျင့်၍ ဆိတ်ငြိမ်စွာ နေလိုသော ပုဂ္ဂိုလ်၊
ဤသာသနာ့ဝန်ဆောင် သုံးမျိုးတွင် ပါဝင်၍ သာသနာအကျိုး ဆောင်လိုသူကိုသာ လက်ခံလိုကြပါသည်။
စာချဘုန်းကြီးများနှင့် ဝန်ဆောင်ပုဂ္ဂိုလ်များ၊
မဟာဂန္ဓာရုံကျောင်းတိုက်။
၁၃၃၉-ခုနှစ် ကဆုန်လ
ယခု ဓမ္မစကြာတရားတော်ကို ဟောကြားရာတွင်လည်း အထက်ပါ ရည်ရွယ်တော် မူချက်ကို အလေးထား၍ ဟောကြားတော်မူခြင်း ဖြစ်ပါသည်၊ ထို့ကြောင့် တရားနာယူသူ (ဖတ်ရှုလေ့လာသူ)သည် မိမိကိုယ်တိုင် သာသနာတော်တည်း ဟူသော မှတ်ကျောက်ဖြင့် အထပ်ထပ် တင်ကြည့်ပြီး မိမိအတွက် အကျိုး သက်ရောက်အောင် နှလုံးသွင်း စဉ်းစားတော်မူစေလိုပါသည်။
အရှင်ဇနကာဘိဝံသ၏ ဓမ္မစကြာတရားတော်
အရှင်ဝါသေဋ္ဌာဘိဝံသ၏ အမြင် ဥယျောဇဉ်
▬▬
၁။ ဂမ္ဘီရာနီပိ သစ္စာနိ, သုဗောဓာနိ ကတာနိ တေ၊
စိတ္တာ တေ ပဋိဘာ ဘန္တေ, ကိံ ဘဝညေမှီ တာဒိသီ။
ဘန္တေ - အရှင်ဇနကာဘိဝံသ, ဘွဲ့နာမဖြင့် မြန်မာ့ဗွေခွင်, အသရေလွင်, ပေါ်ထင် ကျော်ကြား ဆရာတော်အရှင်မြတ်ဘုရား၊
တေ - တစ်ခေတ်တစ်ခါ, ဖြစ်ခဲစွာလျှင်, ပေါ်လာထူးခြား, ဆရာတော် အရှင်မြတ်ဘုရားသည်၊
ဂမ္ဘီရာနိ - သိဖို့ခက်အင်, မြင်ဖို့မလွယ်, ပြောဟောဖွယ်တွက်, ပို၍ခက်ဟု, ဆိုမြွက်အကဲပြ, နက်နဲလှကုန်သော၊
သစ္စာနိပိ - သိ ပယ် ဆိုက် ပွား, ကိစ္စအားဖြင့် ထင်ရှားသိကာ, အရိယာဟု, ဖြစ်စရာဖန်ထား, သစ္စာအမှန်တရားတို့ကိုသော်လည်း၊
သုဗောဓာနိ - ကြားသူရွှင်ပျ ဉာဏ်မြင်လှဖို့, ဆင်သချယ်လှယ်, နည်းသွယ်သွယ်ဖြင့်, အလွယ်နှင့်ပိုင်, သိရှိနိုင်သည်တို့ကို၊
ကတာနိ - ယုတ္တိသဘာဝ, သာဓကဖြင့်, ဉာဏစွမ်းထုတ်, သရုပ်ဖော်လတ်, ပြုစီမံတော်မူအပ်ပါကုန်ပြီ၊
တေ - အယူအဆ, တစ်မူလှလျက်, သူနှစ်သက်ဖို့, ချက်အလက်ပြင်, အကွက် ဆင်၍, အယဉ်အလှ, အစဉ်ကျအောင်, တင်ပြဖော်ကြား ဆရာတော် အရှင်မြတ်ဘုရား၏၊
ပဋိဘာ - ပါရမီထူး, ဇာနည်ဖူးမို့ ကွန့်မြူးမြင်ကာ, ထင်လာအသိ, ဉာဏ်ပညာ ပဋိဘာန်သည်၊
စိတ္တာ - ခေတ်မီဉာဏ်ပျိုး, ဟန်မရိုး၍ ပန်းမျိုးစုံခြယ်, တန်းသွယ်တမျှ ဆန်းကြယ်လှပါပေ၏။
တာဒိသီ - အဟောစကား, ရေးအသား၌, အများသိလွယ်, ထင်မြင်လွယ်ဖို့, ခြယ်လှယ်ဆင်ဘိ, အသိဉာဏ်ပျိုး, ထိုသို့သောပဋိဘာန်မျိုးသည်၊
အညေမှိ - ဆရာရှင်ထား, အလားမတူ တစ်ပါးသူ၌၊
ကိံ ဘဝေ - လိုက်မီဖွယ်ရာ, မလွယ်ပါမို့, အဘယ်မှာ ဖြစ်နိုင်ရာပါအံ့နည်း၊
န ဘဝေဝ - အရှင့်ပဋိဘာန်, မူလဟန်မို့, တူရန်တုလား, မဖြစ်နိုင်တော့သည်သာ ဘုရား။
၂။ ဇာတာ တဝ ပသာဒေန ဓမ္မစက္ကတ္ထဒေသနာ၊
အဿာဒံ တာယ ဝိန္ဒန္တိ ဇနာလိနောဝ ဝါရိဇေ။
ဘန္တေ - သာသနာအတွက်, ကိုယ်အသက်ကို, ငဲ့ကွက်မထား, နိုးကြားအစဉ်, ကြိုးစားခဲ့သော အရှင်ဘုရား၊
တဝ - အများတွက်တာ, တစ်ဖက်သာဟု, သက်ညှာကြိုးစား, ဆရာတော် အရှင်ဘုရား၏၊
ပသာဒေန - ရှင်လူအများ, တရားအရာ, သိလိမ္မာဖို့, စေတနာထား, ကြိုးစား အားတင်း, ချီးမြှောက်ခြင်းကြောင့်၊
ဓမ္မစက္ကတ္ထဒေသနာ - ဓမ္မစကြာ, ဒေသနာ၏, ဝေဆာတင့်တယ်, နက်ဓိပ္ပာယ်ကို သိလွယ်အောင်ဆင်, ထင်လွယ်အောင်သ, ဟောပြကြားဖော်, တရားတော်သည်၊
ဇာတာ - ထေရ်ရှင့်ကရုဏာ, မေတ္တာတော်လွှမ်း, ဉာဏ်စွမ်းပြကာ, ဖြစ်ပေါ်လာခဲ့ ရပါပေပြီ၊
အလိနော - ပန်းရှိရာဆီ, ရပ်ထိုဤသို့ လှည့်လည်မြန်းလျက်, ပန်းရက်စားသုံး, ပျားပိတုန်းတို့သည်၊
ဝါရိဇေ - အထပ်ထပ်သာ, ချပ်အလွှာဖြင့်, ဝေဆာဆန်းတင့်, ကြာပန်းပွင့်၌၊
အဿာဒံ - ဝတ်ရည်မှဖြစ်, အနှစ်သြဇာ, ရသာတစ်သွယ်, သာယာဖွယ်ကို၊
ဝိန္ဒန္တေ ဝ - သိုမှီးဖို့ရာ, သုံးဖို့ရာဟု, ကောင်းစွာလှလှမှ ရကြကုန်သကဲ့သို့၊
တထာ - ထိုနည်းထားယူ, အလားတူပင်၊
ဇနာ - ဆရာတော်မြတ်, ခိုမှီကပ်လျက်, အမြတ်လိုလား, ရှင်လူအများတို့သည်။
တာယ - သိစရာ အရပ်ရပ်, မှတ်စရာ အသီးသီး နည်းအဖြာဖြာ, တန်ဆာဆင်သ, ဉာဏ်အမြင်လှမို့ တင်ပြထုတ်ဖော်, ထိုသုတ်တော် ဓမ္မစက်ဖြင့်၊
အဿာဒံ - တရားကြောင့်ရ, သုခပီတိ, စိတ်၏အရသာ, အာသာမပြယ်, သာယာဖွယ်ကို၊
ဝိန္ဒန္တိ - တရားသက်ဝင်, စိတ်အစဉ်ဖြင့်, ရွှင်တပျပျ ရရှိကြပါကုန်တော့သည် ဘုရား။
၃။ ဓညာဝတာ.မရာ ဒါနိ, ဝိနာ တံ ဒုဗ္ဘဂါ မယံ၊
အဿာသံ ပန ဝိန္ဒာမ, ဂန္တာ တေ ဒိဿရေ ယတော။
ဒါနိ(ဣဒါနိ) - လူ့ကျိုးတွက်တာ, ရပ်စဲကာဖြင့်, နတ်ရွာမြန်းမှု, စခန်းပြုရာမှ ယခုအခါ၌၊
အမရာ - တရားလိုလား, ထေရ်ဘုရားကို ခစားညွတ်လာ, ဒေသနာဓမ္မ, နာကြရ၍ ဓမ္မအရသာ, သာယာခံစား, နတ်အများတို့သည်၊
ဓညာဝတ - ပီတိဓာတ်ဖြင့် မပြတ်ကြည်နူး ဖန်ဖန်မြူးရ, ကံထူးကြပါပေစွတကား၊
မယံ - ထေရ်ရှင့်ထံမှ, ကျမ်းဂန်များစွာ, ဒေသနာဓမ္မ, ဩဝါဒကို ရခဲ့အကြောင်း, ရှေးဖြစ်ဟောင်းကို ပြန်ပြောင်းကြည့်မျှော်, တပည့်တော်တို့သည်၊
တံ - သူမတူတန်, စွမ်းအားသန်သည့် ရှင့်ဉာဏ်လုံ့လ, ကံအရဖြင့် မြန်မာ့ကျေးဇူးရှင်, ဂုဏ်အင်ကြီးမား, အရှင်ဆရာတော်မြတ်ဘုရားကို၊
ဝိနာ - မလွှဲသာ၍ ခွဲခွာခဲ့ကြ ကင်းကွာရ၍၊
ဒုဗ္ဘဂါဝတ - ရှေ့ဆက်လက်ကာ, ရတနာမျိုးမှန်, အဖိုးတန်သည့် ကျမ်းဂန်ဓမ္မ မရနိုင်ဟု, မယူနိုင်ရ ကံဆိုးလှပါပေကုန်စွတကား၊
ပန - ထိုသို့ပင် အသစ်ဆက်ကာ, နှစ်သက်စရာဟု, နည်းနာအဝဝ, ဓမ္မအဖြာဖြာ, မရပါကုန်သော်လည်း၊
ယတော - စိတ်ဖြေဖွယ်ကောင်း, အကြင်အကြောင်းကြောင့်၊
တေ - သာသနာနှင့်, မြန်မာအကျိုး, တိုးဖို့တွက်တာ, နည်းနာညွှန်ပြ, အသုံးချဖို့ လုံးဝကြိုးစား, ဆရာတော် အရှင်ဘုရား၏၊
ဂန္ထာ - စာချစာသင်, များလူရှင်တို့ ခုံမင်နှစ်သက်, ခေတ်ဆက်ဆက်လျှင်, မပျက်စွဲကိုင်, မရိုးနိုင်ဘဲ, တိုးခိုင်မြဲမြံ, လမ်းမှန်ဖော်ကြား, ကျမ်းဂန်တော် အများ တို့သည်။
ဒိဿရေ - ဆရာ့လက်ထပ်, နည်းစုံအပ်သို့, သိဓာတ်စွမ်းအင်, အမြင်ပွားမို့ ထင်ရှား ရှိနေကြပါပေကုန်၏၊
(တတော) - ကျမ်းဂန်များစွာ, ရှင့်လက်ရာဟု, မကွာအစဉ်, ဆရာရှင် ရှိနေသောကြောင့်ပင်၊
(မယံ) - ဆရာတော့်ကျေးဇူး, ဂုဏ်အထူးကို ကြည်နူးဧကန် အခြေခံဖြင့် ဝေဖန်ကြည့်မျှော်, တပည့်တော်တို့သည်၊
အဿာသံ - ဆရာတော်ဘုရား, ခွဲခွာသွားလည်း, အားထားဖွယ်ကား, ရှိနေသားဟု, စိတ်အားတက်ကာ, သက်သာရာကို၊
ဝိန္ဒာမ - ကျမ်းတွေမြင်ရ, ဘဝင်လှလျက်, ရွှင်ပျဖုံဖုံ ရရှိကြပါပေကုန်သည် ဘုရား။
အရှင်ဝါသေဋ္ဌာဘိဝံသ
…
ဓမ္မစကြာတရားတော်
▬▬
ပထမနေ့
[သာသနာတော်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခုနှစ်က ဟောကြားတော်မူသည်]
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဓမ္မစကြာတရားတော် အချီနိဒါန်း
▬▬
ဘုန်းကြီး အကြံအစည်ဖြစ်တာ ဘယ်တုန်းကလဲဆိုတော့ အရင် တစ်နှစ်တုန်းက ပရိတ်တရားတော်ကို အသံသွင်းပြီးတဲ့နောက် နောက်ဆုံးနေ့မှာ ဘုန်းကြီး ပြန်သွားတယ်၊ လမ်းမှာ ဓမ္မစကြာ ရွတ်နေသံ ကြားတော့ အဖြတ်အတောက်လဲ မမှန်ဘူး၊ အသံ အနေအထားကလဲ သဘာဝမကျဘူး၊ အဲဒီလို ဖြစ်နေတာ ကြားရတော့ ဓမ္မစကြာကိုလဲ အသံသွင်းပေးဦးမှပဲလို့ အဲဒီလို စိတ်ဖြစ်ခဲ့တယ်။
စိတ်ဖြစ်ခဲ့တော့ကာ ဓမ္မစကြာပါဠိတော်ကို အသံသွင်းတဲ့အခါမှာ ပါဠိတော်ချည်း သက်သက် သွင်းလိုက်ရင် လူတွေက ဒါ မြတ်စွာဘုရားဟောတော်မူတဲ့ တရားဦးပဲလို့ ဆိုပြီး စိတ်ထဲမှာတော့ ကြည်နူးမှာပဲ၊ အဲသလို ကြည်နူးမှုမျိုးကိုတော့ ပသာဒသဒ္ဓါလို့ ဆိုရတယ်၊
ဒီတော့ ကြည်နူးတဲ့အပြင် တရားတော်ရဲ့ အရသာကို သိပြီးတော့ ကြည်နူးရ ကြည်ညိုရလျှင် သာပြီးတော့ လေးနက်သွားတယ်၊ ဉာဏ်က ဒီထဲမှာ စိတ်စိုက် ပြီးတော့ လာတယ်၊ အဲဒီအခါမှာ (အတွင်းသက်ဝင်ပြီးတော့ ယုံကြည်တဲ့) သြကပ္ပနသဒ္ဓါ ဖြစ်ပေါ်လာတယ်၊ ဒါကြောင့် ဘုန်းကြီးက ပါဠိတော်သက်သက်ချည်း မဟောဘဲနဲ့ ပါဠိတော်ရဲ့ အနက်အဓိပ္ပာယ်ကိုပါ အဲသလို ဟောပေးမယ်လို့ စိတ်ကူး ရတယ်။
ဒီတော့ကာ ဒီတရားတော် တစ်ရပ်ရပ်, ပါဠိတော်တစ်ရပ်ရပ်ကို ကြားနာရတဲ့အခါမှာ ရှေးတုန်းက မြတ်စွာဘုရားရဲ့ အကြောင်းအရာ တွေကို သိထားရင် သာပြီးတော့ လေးနက်တယ်၊ နာရတဲ့အခါ မြန်မာများက “ပုဂ္ဂိုလ်ခင်မှ တရားကို မင်တယ်”လို့ ပြောလေ့ရှိတယ်။
ဒီတော့ မြတ်စွာဘုရားရဲ့ အကြောင်းအရာကိုလဲ အားလုံး သိပြီးပေမယ်လို့ ဒီတရားရဲ့ ရှေ့အဖို့ အခြေခံအဖြစ်နဲ့ လိုရင်းလောက်တော့ ပြောပြရမယ်လို့ ဘုန်းကြီးက ယူဆတယ်၊ ဒီတော့ ကနေ့ညမှာ ဘယ်လောက်များ တစ်နာရီအတွင်း ပြီးစရာရှိမလဲ လို့ဆိုတော့ မြတ်စွာဘုရားရဲ့ အကြောင်းအရာ အထိုက်အလျောက် ပါစရာရှိတယ်။
ပြီးတော့ ဓမ္မစကြာပါဠိတော် ပါဠိသက်သက် ပြီးဆုံးစရာရှိတယ်။ အနက်အဓိပ္ပာယ်နဲ့ တွဲတဲ့အခါကျတော့ကာ ဓမ္မစကြာကို ပိုင်းပိုင်း ပြီးတော့ ပထမပိုင်း, ဒုတိယပိုင်း, တတိယပိုင်း အဲသလို သုံးပိုင်းလောက် ပိုင်းလိုက်မှ အနက်အဓိပ္ပာယ် ကောင်းကောင်း နားလည်မယ်။ ဒါကြောင့် ဒီအနက်အဓိပ္ပာယ် အချိန်ရောက်အောင် သုံးရက်လောက် သွင်းယူရလိမ့်မယ်လို့ ဘုန်းကြီး ခန့်မှန်းချက်ရတယ်၊ ဒါကြောင့် ကနေ့တော့ ကနေ့ဆိုင်ရာကို သွင်းပေးရမယ်နော်။
မြတ်စွာဘုရား၏ မဟာကရုဏာတော်
▬▬
သေဉ္စာဒိတော ကာရုညေန, ပရံ ပရတ္တမာဝဟော၊
ကရောပယာတနိဗ္ဗာနံ, ဩသဇ္ဇ ဒုက္ကရံ ကရံ။
နာထော - ငါ၏ကိုးကွယ်, ငါ့ကိုကယ်၍, ငါ့နှယ်မခြား, လူနတ်များ၏, ကိုးစားရာ သခင်, ဘုရားရှင်ကိုယ်တော်မြတ်သည်၊
ကာရုညေန - သတ္တဝါခပင်း, ဆင်းရဲခြင်းကို, လွန်မင်းပြင်းပြ သနားတော်မူလှသော မဟာကရုဏာတော်သည်၊
သေဉ္စာဒိတော - မရှောင်သာအောင်, ခါခါထပ်ထပ်, နှိုးဆော်အပ်သည်ဖြစ်၍၊
ကရောပယာတ နိဗ္ဗာနံ - လက်လှမ်းမှီလောက်, အနီးရောက်လျက်, မျက်မှောက်ပြုရန်, ကြည်ညိုဖို့ရာ ကြောင်းကျိုးရှာ မြတ်နိဗ္ဗာန်ကို၊
ဩသဇ္ဇ - အလွယ်တကူ လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ, ပယ်စွန့်ခွာ၍၊
ဒုက္ကရံ - သာမာန်လူများ, မကြံအားအောင်, ထူးခြားလွန်ကဲ, ပြုနိုင်ခဲသော ပါရမီဖြည့်မှုကို၊
ကရံ (ကရောန္တော) - လေးသင်္ချေကိန်း, ကပ်တစ်သိန်းမျှ ထိန်းသိမ်းဆင့်ဆင့် ပြုကျင့်တော်မူလျက်၊
ပရံ - လွန်လွန်ကဲကဲ, စိတ်ဇွဲသန်သန်, နောက်ပြန် မဆုတ်, ကြိုးစားအားထုတ် လျက်သာလျှင်၊
ပရတ္တံ - သူတစ်ပါးတို့၏ အကျိုးစီးပွားကို၊
အာဝဟော - ကိုယ်ဆင်းရဲမှု, လျစ်လျူရှု၍, အမပါအောင်, ဆောင်ရွက်တော် မူခဲ့ပါသတည်း။
ကြည်ညိုဖို့ရာ ကြောင်းကျိုးရှာ
▬▬
ပုဂ္ဂိုလ်တစ်ပါးပါးကို လေးလေးစားစား ကြည်ညိုတော့မယ်လို့ ဆိုတော့ရင် ဘုန်းကြီး ဝါသနာက အကြောင်းရင်း ဘယ်လောက် ကောင်းလာတဲ့ ပုဂ္ဂိုလ်ပါလဲ၊
ပြီးတော့ အဲဒီ အကြောင်းရင်း ဘယ်လောက်အထိ ကောင်းတယ်ဆိုတာ မှန်းဆ ကြည့်ဖို့အတွက် အဲဒီ အကြောင်းကြောင့် ယခု ရရှိထားတဲ့ လက်တွေ့ မျက်မြင် အကျိုးကို ကြည့်တဲ့အခါ အကျိုးဘယ်လောက် အဆင့်အတန်း မြင့်မြင့်ရတဲ့ ပုဂ္ဂိုလ်ပါလဲလို့၊
ပြီးတော့ အကျိုးရပြန်တော့လဲ အဲဒီ အကျိုးနဲ့ စည်းစိမ်နဲ့ နေရုံသက်သက်ဆိုရင် သတ္တဝါတွေမှာ ကျေးဇူးမများသေးပါဘူး၊ အားရပါးရ မကြည်ညိုထိုက်သေးပါဘူး၊ အဲဒီ အကျိုးရပြီးတဲ့ အခါမှာ အကျိုးနဲ့ချည်း စံစားမနေဘဲ သတ္တဝါတို့အတွက် ဆင်းရဲ ခံပြီးတော့ ဘယ်လောက် ကြိုးစားလို့ သတ္တဝါတွေမှာ ဘယ်လောက် အကျိုးများခဲ့ သလဲလို့၊
အဲဒီ သုံးချက် ကြည့်ပြီးတော့မှ ဘုန်းကြီးက ကြည်ညိုချင်တယ်၊ အဲသလို အားရမှ ကြည်ညိုစရာ ကောင်းတယ်လို့ ယူဆတယ်။ ဘုန်းကြီးတို့ ဘုရားရှင် ကိုယ်တော်မြတ်ကို အဲဒီ သုံးချက်နဲ့ စဉ်ကြည့်တော့ အကြောင်းဘယ်လောက် ကောင်းခဲ့ သလဲလို့၊ အဲဒါလေးကိုလေ, မမှားနိုင်တဲ့ အားလုံး ဝန်ခံနေရတဲ့ အကြောင်းကို ဘုန်းကြီးတို့ စဉ်စားရမယ်နော်။
ဘုန်းကြီးကို ဘုရားရှင်ကယ်ပုံ
▬▬
ယော နာထော - ငါ၏ကိုးကွယ်, ငါ့ကိုကယ်၍, ငါ့နှယ်မခြား, လူ နတ်များ၏, ကိုးစားရာသခင်, ဘုရားရှင် ကိုယ်တော်မြတ်သည်၊
သူတစ်ပါးကို ထားလိုက်ပါဦး၊ ဘုရားက ဘုန်းကြီးကို ဘယ်လောက် ကယ်သွား သလဲလို့၊ ဘုန်းကြီးက ကိုယ်ရေး ကိုယ်တာအတွက် ဘုရားကို အားရပါးရ အားကိုး လောက်အောင် စဉ်းစားတယ်၊
အကယ်၍များ ဆိုပါတော့ ဘုရားရှင် ကိုယ်တော်မြတ်သာ ပွင့်တော်မမူခဲ့လို့ရှိရင် ဘုန်းကြီးရဲ့ ယခုဉာဏ်, ယခု ဝီရိယတွေ ဘယ်လိုနေရာမှာ အသုံးချမလဲ၊ ဟို-လောကီကိစ္စတွေမှာချည်း အသုံးချပြီးတော့ သံသရာထဲမှာ လည်ချင်တိုင်းလည်တဲ့ နည်းတွေကိုချည်း သုံးနေမှာပဲ၊ ယခုတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တရားတွေကို သင်ရလို့ လေ့လာရလို့ -
“ဪ-ယခုလိုဘဝမှာ လောကီနယ်မှာပဲ ပျော်ပျော်ပါးပါး နေထိုက်တဲ့ ဘဝမျိုး မဟုတ်ဘူး၊ မြတ်စွာဘုရား ကိုယ်တော်မြတ်ရဲ့ ပါရမီ ဖြည့်တော်မူပုံတွေကို စဉ်းစား ပြီးတော့ မိမိတို့လဲပဲ စွမ်းအားရှိသလောက် ပါရမီဖြည့်မှ တာဝန်ကျေမယ်”လို့ အဲသလိုသဘောရတော့ “သြော် … သံသရာထဲ အပါယ်လေးပါးအထိ နစ်ရမယ့် ကိစ္စတွေကို မနစ်ရအောင် ဘုရားရှင်ကိုယ်တော်မြတ်က တစ်ခါတည်း သေသေ ချာချာ ကယ်တော်မူတာပဲ။
သတ္တဝါအများကို ဘုရားရှင်ကယ်ပုံ
▬▬
“ယော နာထော - ငါ၏ကိုးကွယ်, ငါ့ကိုကယ်၍ ငါ့နှယ်မခြား လူနတ်များ၏ ကိုးစားရာသခင်, ဘုရားရှင်ကိုယ်တော် မြတ်သည်”
ဒါဖြင့် ဘုန်းကြီးကိုသာ ကယ်သလားလို့ ဆိုတော့ ဘယ်ဟုတ်မလဲ, မြတ်စွာဘုရား သာသနာတော်ကို ဝန်ထမ်းနေတဲ့ ရဟန်း သံဃာတော်ကိုလဲ ကယ်တော်မူတာပဲ၊ သာသနာ့တာဝန်ကို ကူညီပြီးတော့ အပြင်ကနေပြီး သာသနာပြုနေကြတဲ့ ဒကာ, ဒကာမ တွေကိုလဲ ကယ်တော်မူတာပဲ၊
“ယော နာထော - ငါ၏ကိုးကွယ်, ငါ့ကိုကယ်၍, ငါ့နှယ်မခြား, လူနတ်များ၏, ကိုးစားရာသခင်, ဘုရားရှင် ကိုယ်တော်မြတ်သည်”
ကယ်နိုင်လောက်အောင် ဘုရားရှင် ကိုယ်တော်မြတ်က ဘယ်လို အခြေအနေနဲ့ အစီအစဉ်နဲ့များ ကြွလာခဲ့ပါသတုန်း လို့ဆိုတော့
“ကာရုညေန - သတ္တဝါခပင်း ဆင်းရဲခြင်းကြောင့် လွန်မင်းပြင်းပြ သနား ကရုဏာတော် ကြီးမားလှသည်ဖြစ်၍၊
ကာရုညေန - သတ္တဝါခပင်း ဆင်းရဲခြင်းကို လွန်မင်းပြင်းပြ သနားတော်မူလှသော မဟာကရုဏာတော်သည်၊
သေဉ္စာဒိတော - မရှောင်သာအောင် ခါခါထပ်ထပ် တိုက်တွန်း နှိုးဆော် အပ်သည်ဖြစ်၍၊
ကရောပယာတနိဗ္ဗာနံ - လက်လှမ်းမှီလောက်, အနီးရောက်လျက် မျက်မှောက်ပြုရန် မြတ်နိဗ္ဗာန်ကို၊
ဩသဇ္ဇ - အလွယ်တကူ လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ; ပယ်စွန့်ခွာ၍၊”
လက်လှမ်းမှီလောက် အနီးရောက်ပေမယ့်
▬▬
ဘုန်းကြီးတို့ မြတ်စွာဘုရားမှာ ဒီပင်္ကရာ ဘုရားရှင်လက်ထက် သုမေဓာရှင်ရသေ့ ဘဝတုန်းကတည်းကပဲ အကယ်၍သာ ရိုးရိုးကလေး သူများနည်းတူ သာဝကအဖြစ်နဲ့ ပရိနိဗ္ဗာန် စံချင်ရင်တော့ အဲဒီတုန်းက နောက်တော်ပါ ရဟန္တာ တစ်ပါးအဖြစ်နဲ့ လိုက်သွားနိုင်တယ်၊ သည်လောက် နိဗ္ဗာန်နဲ့ နီးနေတယ်၊ အရဟတ္တဖိုလ်နိဗ္ဗာန်ကို အဲဒီလောက်ထိ လက်နဲ့ လှမ်းယူရင် ရမလောက် နီးနေတယ်၊
“ကရောပယာတနိဗ္ဗာန် - လက်လှမ်းမှီလောက် အနီးရောက်လျက်, မျက်မှောက် ပြုရန် မြတ်နိဗ္ဗာန်ကို၊
ဩသဇ္ဇ - အလွယ်တကူ လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ, ပယ်စွန့်ခွာ၍၊”
ဘာပြုလို့ အလွယ်တကူ လှမ်းပြီးတော့ ယူနိုင်လောက်တဲ့ အခြေအနေ ရှိသလဲဆိုတော့ အကုန်လုံး ဂုဏ်အင်္ဂါတွေ ပြည့်စုံနေတယ်၊ ဘုရား ဖြစ်လောက်တဲ့ ပါရမီသာ မရင့်သေးတာ ရိုးရိုးသာဝက ဖြစ်လောက်တဲ့ ပါရမီကတော့ဖြင့် ပိုပြီးတော့ နေပြီ၊ အကယ်၍များ ပရိနိဗ္ဗာန်စံပြီးတော့ သွားချင်ရင်တော့ အဲဒီအခါတုန်းက ပရိနိဗ္ဗာန် စံနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ ပရိနိဗ္ဗာန်ကို အလွယ်တကူ လှမ်း မယူသေးဘူး၊
“သြသဇ္ဇ - အလွယ်တကူ လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ, ပယ်စွန့်ခွာ၍၊
ပရံ - လွန်လွန်ကဲကဲ, စိတ်ဇွဲသန်သန် နောက်ပြန်မဆုတ်ဘဲသာလျှင်၊
ပရတ္တံ - သတ္တဝါအပေါင်း၏ ငြိမ်းချမ်းအေးမြမည့် အကျိုးစီးပွားကို၊
အာဝဟော - ကိုယ်ဆင်းရဲမှု, လျစ်လျူရှု၍ အမှုပါအောင်, ရွက်ဆောင်တော်မူခဲ့ ပါသည်တကား။”
အတုမဲ့ ဒါနပါရမီ
▬▬
အဲသလို ဆောင်ရွက်လာတဲ့အခါတုန်းက ကြားထဲမှာ ဘယ်လိုများ ဖြစ်ခဲ့သတုန်းဆို တော့ -
“ ဒုက္ကရံ - သောမန်လူများ, မကြံအားအောင်, ဖန်ထားလေဟန် ဧကန်ခက်ခဲတဲ့ ပါရမီဖြည့်မှုကြီးကို၊
ကရံ (ကရောန္တော) - လေးသင်္ချေကိန်း, ကပ်တစ်သိန်းမျှ, ကိန်းသိမ်းဆင့်ဆင့်, ပြုကျင့်တော်မူလျက်”
သတ္တဝါတွေ အင်မတန် အကျိုးများစေချင်လွန်းလို့ ပါရမီဖြည့်တော်မူခဲ့တယ်၊ ဒါပေမယ့် ကိုယ်တော်မြတ်ဟာ လွယ်လွယ်ကူကူကလေး ပါရမီဖြည့်လာခဲ့ရတာ မဟုတ်ဘူး၊ သာမန်လူများ ကြံတောင် မကြုံဖူးဘူး၊
ဥပမာဆိုပါတော့၊ ဒါနပါရမီအခန်း တစ်ခုပဲ စဉ်းစား ကြည့်စမ်း၊ ဘုန်းကြီးတို့တတွေ, အားလုံး ကျောင်းဒကာ-ကျောင်း အမ, ဒကာ-ဒကာမအားလုံး အဲဒီလို ပါရမီမျိုးကို, အဲသလို ဒါန မျိုးကို ကြံဖူးရဲ့လားလို့၊ ဘုရားရှင်ကိုယ်တော်မြတ် အလောင်းတော် ဟာ ဘဝပေါင်းများစွာ ပါရမီတွေ ပြုလာခဲ့ရာမှာ ဟို-သိဝိမင်းကြီး ဘဝတုန်းက မျက်လုံးကို လှူချင်တယ်လို့ အကြံတော်ဖြစ်တယ်၊ အကြံကို အောင်မြင်စေဖို့ သိကြားမင်းက မျက်မမြင်ပုဏ္ဏား ယောင်ဆောင်ပြီးတော့ လာပြီး အလှူခံတယ်၊ အဲဒီအခါတုန်းက မျက်လုံးကို ထုတ်ပြီးတော့ တကယ်ကို လှူခဲ့တာပဲ။
မိုးကြယ်မက မျက်လုံးဒါန
▬▬
ဒီတော့ ဘုန်းကြီးက စဉ်းစားတယ်။ ဘုန်းကြီးတို့က ကြံဖူးရဲ့လား၊ မကြံဖူးဘူး၊ ဒါဖြင့် လှူချင်သလားဆိုတော့ အဲသလိုလဲ မလှူချင်ပါဘူး၊ တိုက်တိုက် တွန်းတွန်းနဲ့ အလှူခံတဲ့လူ လာရင်တောင် လှူဖြစ်မယ် မဟုတ်ပါဘူး၊ ဒီတော့ သာမန်ပုဂ္ဂိုလ်တွေ မဆိုထားဘိ တော်တော်ကို ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေတောင် မပြုရဲ မကြံရဲ လောက်အောင် အင်မတန် ခက်ခဲတဲ့အမှုတွေကို ပြုတော်မူခဲ့တယ်၊
ဒီတော့ ဒီလို မျက်လုံးတော်ကို ထုတ်ထုတ်ပြီးတော့ လှူခဲ့တဲ့ ဘဝပေါင်းက ဘယ်လောက်များ များသလဲဆိုရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထဲမှာ မျက်လုံး ထုတ်ထုတ်ပြီးတော့ လှူခဲ့တဲ့ အလှူတွေဟာ ဟို-မိုးပေါ်က ကြယ်တွေကပဲ နည်းပါ သေးတယ်၊ ဘုရားအလောင်းတော် မျက်လုံးထုတ်ပြီး လှူခဲ့တဲ့ အလှူတော်တွေက (အလှူတော်တွေမှာ ပါဝင်ခဲ့တဲ့ မျက်လုံးတော်တွေက)ပဲ များပါသေးတယ်၊
ဒီတော့ ဘုန်းကြီးက စဉ်းစားကြည့်တယ်၊ ဟုတ်တယ်, ကမ္ဘာတွေက အများကြီးပဲ၊ မျက်လုံးပေါင်း များစွာကို ထုတ်ပြီးတော့ လှူလာခဲ့တာပဲ၊ အဲသလိုဆိုရင် ဘုရားရှင် ကိုယ်တော်မြတ်ကို ကြည်ညိုလွန်းလို့ ဘုရားတရားကို လိုက်နာပြီးတော့ မြတ်စွာဘုရားရဲ့ အလိုတော်ကျ အားထုတ်လို့ နိဗ္ဗာန်ရသွားတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရားရဲ့ ထုတ်ထုတ်ပြီးတော့ လှူခဲ့တဲ့ မျက်လုံးလောက်မှ များပါလေရဲ့ လားလို့ ဘုန်းကြီးက စဉ်းစားမိတယ်၊
ပရိနိဗ္ဗာန်စံတဲ့ ပုဂ္ဂိုလ်တွေ သင်္ချေများစွာ နောက်က လိုက်ပြီးတော့ ပရိနိဗ္ဗာန်စံတယ် ဆိုပေမယ့် ဘုရားရှင် ကိုယ်တော်မြတ် ဘဝပေါင်းများစွာက ထုတ်၍ လှူလာခဲ့တဲ့ မျက်လုံးလောက်မှ အရေအတွက် များပါလေရဲ့လားလို့ ဘုန်းကြီးက စဉ်းစားမိတယ်။
သမုဒ္ဒရာရေမက သွေးအလှူဒါန
▬▬
ဒီတော့ ခုခေတ်မှာ နိုင်ငံရေးသမားများက ပြောလေ့ရှိတယ်၊ အသက်သွေးနဲ့ စည်းစိမ်နဲ့ ယူလာခဲ့ရတဲ့ ဒီလွတ်လပ်ရေးကြီးကို ထိန်းမယ်, သိမ်းမယ်၊ ထိန်းမှ သိမ်းမှ တာဝန်ကျေမယ်လို့ ပြောလေ့ရှိတယ်၊ ဒါဟုတ်တာပဲ၊ လောကီအလိုက် ဟုတ်တာပဲ၊ ဒီတော့ ဘုန်းကြီးတို့ကလဲပဲ မြတ်စွာဘုရားရဲ့ သာသနာတော်မြတ်ကြီးဟာ မြတ်စွာဘုရား တည်ထောင်လာတဲ့ အခြေအနေကို ကြည့်လိုက်တော့ မျက်လုံးပေါင်း များစွာကို ထုတ်ပြီး မျက်လုံးပေါင်းများစွာ လမ်းခင်းပြီးတော့ ထူထောင်လာခဲ့ရတဲ့ သာသနာတော်ကြီးပဲ၊
တစ်ခါ ဘုရားရှင်ကိုယ်တော်မြတ် သွေးတွေကို ထုတ်ပြီးတော့ လှူလိုက်တဲ့ ဘဝ တွေကို စဉ်းစားကြည့်မယ် ဆိုလို့ရှိရင် သမုဒ္ဒရာရေကပဲ နည်းပါလိမ့်ဦးမယ်တဲ့၊ ဒီတော့ မြတ်စွာဘုရား တည်ထောင်တော်မူလာခဲ့တဲ့ ဒီသာသနာတော်တွင်းမှာ ကျွတ်တမ်း ဝင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ သမုဒ္ဒရာရေထဲမှာ သွားလာနေတဲ့ သတ္တဝါ တွေလောက် များပါရဲ့လား လို့ဆိုတော့ အဲသလောက် များမယ်မဟုတ်ပေဘူး၊
ဒီတော့ ဘုန်းကြီးက ဆက်ပြီး စဉ်းစားကြည့်တယ်၊ သြော်-လောကမှာ ပုဂ္ဂိုလ်တစ်ပါး တစ်ပါး အဆင်းရဲခံလိုက်ရတဲ့ အဆင်းရဲဟာ မနည်းပေဘူးနော်။ အဲဒီ ပုဂ္ဂိုလ်ကို မှီပြီးတော့ သက်တောင့်သက်သာနဲ့ ချမ်းသာသုခရတဲ့ ပုဂ္ဂိုလ်တွေကတော့ ပုဂ္ဂိုလ် တစ်ပါး ဆင်းရဲသလောက် အရာမရောက် ပါပဲလားလို့ ဘုန်းကြီးက သူတစ်ပါး အကျိုးဆောင်တဲ့ အလောင်းတော်ကြီးတွေ အဆက်ဆက်ကို ကျေးဇူးတင်ပြီးတော့ တစ်ခါတစ်ခါ အင်မတန် ငဲ့ညှာလိုက်မိတယ်။
သေဉ္စာဒိတော ကာရုညေန, ပရံ ပရတ္တမာဝဟော၊
ကရောပယာတနိဗ္ဗာနံ, ဩသဇ္ဇ ဒုက္ကရံ ကရံ။
နာထော - ငါ၏ ကိုးကွယ်, ငါ့ကိုကယ်၍, ငါ့နှယ်မခြား, လူနတ်များ၏, ကိုးစားရာ သခင်, ဘုရားရှင်ကိုယ်တော်မြတ်သည်၊
ကာရုညေန - သတ္တဝါခပင်း, ဆင်းရဲခြင်းကို လွန်မင်းပြင်းပြ သနားတော်မူလှသော မဟာကရုဏာတော်သည်၊
သေဉ္စာဒိတော - မရှောင်သာအောင်, ခါခါထပ်ထပ်, နှိုးဆော်အပ်သည်ဖြစ်၍၊
ကရောပယာတ နိဗ္ဗာနံ - လက်လှမ်းမှီလောက်, အနီးရောက်လျက်, မျက်မှောက် ပြုရန် မြတ်နိဗ္ဗာန်ကို၊
ဩသဇ္ဇ - အလွယ်တကူ, လှမ်းမယူဘဲ, ဗိုလ်လူတွက်တာ, ပယ်စွန့်ခွာ၍၊
ဒုက္ကရံ - သာမန်လူများ, မကြံအားအောင်, ထူးခြားလွန်ကဲ, ပြုနိုင်ခဲသော ပါရမီ ဖြည့်မှုကို၊
ကရံ (ကရောန္တော) - လေးသင်္ချေကိန်း, ကပ်တစ်သိန်းမျှ ထိန်းသိမ်းဆင့်ဆင့် ပြုကျင့်တော်မူလျက်၊
ပရံ - လွန်လွန်ကဲကဲ, စိတ်ဇွဲသန်သန်, နောက်ပြန်မဆုတ်, ကြိုးစားအားထုတ်လျက် သာလျှင်၊
ပရတ္တံ - သူတစ်ပါးတို့၏ အကျိုးစီးပွားကို၊
အာဝဟော - ကိုယ်ဆင်းရဲမှု, လျစ်လျူရှုလျက်, အမှုပါအောင်, ရွက်ဆောင်တော် မူခဲ့ပါသတည်း။
နောက်ဆုံးဘဝ ပါရမီအကျိုးရပုံ
▬▬
အဲသလောက် ပါရမီတော် အကြောင်းတရားတွေ ကြီးကြီးကျယ်ကျယ် ဖြည့်ကျင့် ထမ်းဆောင်ပြီးတော့ လာခဲ့တဲ့ ဘုရားအလောင်းတော်မြတ်ဟာ နောက်ဆုံး ဘုရား ဖြစ်မည့် ဘဝကျတော့ ဟို-ကုသိုလ်ကံတွေက သူမရ ငါမရ နောက်ဆုံးအကျိုးပေး ရမည့် ဘဝပဲဆိုတဲ့ အနေမျိုးနဲ့ မယ်တော်ဝမ်းထဲ ပဋိသန္ဓေနေတော်မူ ကတည်း ကိုက အသီးသီးကံတွေ အကျိုးပေးလိုက်ကြတာ၊
ဟို-လက်တော် ခြေတော်နဲ့ဆိုင်ရာ အကျိုးပေးရမည့်ကံက လက်တော်, ခြေတော် ကလေး တကတည်း လှလှပပဖြစ်အောင်, မျက်နှာတော်ထဲက မျက်လုံး အကျိုး ပေးရမည့် ကံကလဲ မျက်လုံးတော်ကလေး ကြည်ကြည် လင်လင်ဖြစ်အောင်, နှုတ်ခမ်းတော် အကျိုးပေးရမည့်ကံက နှုတ်ခမ်းတော်ကလေး တကတည်း ဟင်္သာပဒါးလို နီပြီးတော့နေအောင်, အသားအရေ အကျိုးပေးရမည့်ကံက အသား အရေ ဝါဝင်းပြီးတော့ ရွှေအဆင်းဖြစ်အောင်, တစ်ကိုယ်လုံး အကျိုးပေးရမည့်ကံ တွေကလဲ တကတည်း တစ်ကိုယ်လုံး သူ့နေရာနဲ့သူ အကျိုးပေးလိုက်ကြတာ၊
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် အလောင်းတော်ကလေး ဖွားမြင်ပြီးတော့ လာတယ်ဆိုရင်ပဲ ကျက်သရေ အမျိုးမျိုးစုံလို့, အင်မတန် သပ္ပာယ်တဲ့ ရုပ်ရေအဆင်း ကလေးနဲ့ ဖွားမြင်ပြီးလာခဲ့တယ်။
ပစ္ဆိမံ ဖလဒါနေန, ဗဟုံ ပစိတပါရမီ၊
ယဿ ဝေသံ သုမာပေန္တိ, ကေနာပိ အသမံ သမံ။
ဗဟုံ - ဤရွေ့ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ, အတိုင်းမရှိလေအောင်၊
ပစိတပါရမီ - လေးသင်္ချေကိန်း, ကပ်တစ်သိန်းက, ထိန်းသိမ်း စုဆောင်း, ပါရမီတော် အပေါင်းတို့သည်၊
ပစ္ဆိမံဖလဒါနေ - ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန် အကျိုးပေးသောအားဖြင့်၊
ယဿ ဘဂဝတော - အကြင် ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊
ဝေသံ - ရွှေမျက်နှာတော်, လက်ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊
ကေနာပိ - လူမင်း နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက်နှင့်မျှ၊
အသမံ - လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ်ဝယ်တိုင်းကာ, မနှိုင်းသာသည်ဖြစ်၍၊
သမံ - တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ, သာကီဝင်သွေး, အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊
သုမာပေန္တိ - တက်သစ်နေဝန်း, ထွန်းသစ်လစန်း, ပွင့်သစ်ပန်းသို့ ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြသည်တကား။
ခန္ဓာကိုယ်ရေး အဆုံးစွန် အကျိုးပေးကြခြင်း
▬▬
“ပစ္ဆိမံ ဖလဒါနေန - ဖြစ်ပျက် ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေးမှ အဆုံးစွန် အကျိုးပေးသောအားဖြင့်”
သည့်နောက်မှာ ခန္ဓာကိုယ်နှင့် စပ်ပြီးတော့ အကျိုးပေးပေးစရာ ဘာဘဝမှ မရှိတော့ဘူး၊ ဘဝပေါင်းများစွာက ပြုလာခဲ့တဲ့ ကံတွေကလဲ တစ်ဘဝ တစ်ဘဝမှာ ဆိုရင် အကျိုးပေးလို့ မကုန်နိုင်ဘူး၊ ဥပမာ - ဒီလိုဘဝက ပြုထားတဲ့ကုသိုလ်ကံ တွေဟာ နောက်ဒုတိယဘဝလောက် ကျတော့ အကျိုးပေးလို့ မကုန်ဘူး၊ တစ်ခါ ဒုတိယဘဝ ထပ်ပြီးတော့ ပြုတဲ့ကံတွေက တတိယဘဝ အကျိုးပေးလို့ မကုန်ပြန်ဘူး၊ အများကြီး ကျန်ကျန်နေတယ်၊
အဲသလို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ ကံတွေကသာ များပြီးတော့ အကျိုး ပေးရတဲ့ ဘဝက နည်းနေတယ်၊ အဲဒါ နောက်ဆုံးဘဝကျတော့ လက္ခဏသုတ် ပါဠိတော်မှာ လာသည့်အတိုင်း ဒီလူ့ဘဝရောက်အောင် အကျိုးပေးတဲ့ ကံအဖြစ်နဲ့ ရှေးက အခြံအရံ ကံတွေက အကုန်လုံး စုံပြီးတော့ သူ့နေရာနှင့်သူ လိုလေသေးမရှိ အကျိုးပေးကြတယ်၊
“ပစ္ဆိမံဖလဒါနေန - ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး အဆုံးစွန် အကျိုးပေးသောအားဖြင့်၊
ယဿ ဘဂဝတော - အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏၊
ဝေသံ - ရွှေမျက်နှာတော် လက်ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊
ကေနာပိ - လူမင်း - နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက်နှင့်မျှ၊
အသမံ - လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့် ဘယ်ဝယ်တိုင်းကာ, မနှိုင်းသာ သည်ဖြစ်၍၊
သမံ - တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ သာကီစင်သွေး, အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊
သုမာပေန္တိ - တက်သစ်နေဝန်း, ထွန်းသစ်လစန်း, ပွင့်သစ်ပန်းသို့, ဆန်းအဖုံဖုံ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။”
ဘုရားရဲ့ တာဝန်ကို ထမ်းဆောင်ရတာ ဝမ်းသာစရာ
▬▬
ဘုန်းကြီးကတော့ ဘုန်းကြီးတို့ မြတ်စွာဘုရားအတွက် ဂုဏ်သိပ်ယူတာပဲ၊ ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ သာဝကတစ်ပါးအနေနဲ့ သာသနာ့တာဝန် ဆောင်နေရတာ သိပ် ဂုဏ်ယူတာပဲ၊ တို့ဘုရားဟာ သာမန်ဘုရား မဟုတ်ဘူး၊ အကြောင်း ကြည့်လိုက် တော့လဲ အကြောင်းတွေစုံလို့၊ လောကမှာ စွန့်ကြဲတဲ့ ဒါနဘက်က ကြည့်မလား၊ စောင့်ထိန်းတဲ့ အကျင့်စာရိတ္တ သီလဘက်က ကြည့်မလား၊ စည်းစိမ် ကြီးတွေ စွန့်ပြီးတော့ တောထွက်ပြီး မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်တဲ့အပြင် ခန္တီဘက်က ကြည့်မလား၊
အဲသလောက် အထက်တန်း ရောက်နေပေမယ်လို့ ပေါ့ပေါ့ဆဆ အေးအေး ဆေးဆေးကြီး မဟုတ်ဘဲနဲ့ လုံ့လဝီရိယ ထက်သန်ပြီးတော့ နေတဲ့ဘက်က ကြည့်မလား၊ အကုန်လုံး အကြောင်းတွေ ကြည့်လို့ရှိရင် တို့ဘုရား မြတ်စွာဘုရားလို့ သာမည မခေါ်ချင်ဘူး၊ တို့ဘုရား ငါတို့ သာသနာပြု ရဟန်းသံဃာ ဒကာ,ဒကာမ တို့ရဲ့ ဘုရားလို့ အဲသလို အားရပါးရ ခေါ်လိုက်ချင်တယ်၊
ဘုန်းကြီးက သိပ်ပြီးတော့ ဂုဏ်ယူတာပဲ၊ တို့ဘုရားရဲ့ တာဝန်တွေကို ဆောင်ရတဲ့ ဥစ္စာ သိပ်ပြီးတော့ ဝမ်းမြောက်စရာ ကောင်းတာပဲလို့ အဲသလို စိတ်ထဲက နှစ်နှစ် ကာကာကြီး သဘောထားတယ်။
မြင့်မြတ်တဲ့ သာကီဝင်မင်းမျိုး
▬▬
အကြောင်း ကောင်းရုံတင်မကဘူး၊ အကျိုးပေး ကောင်းလိုက်ပုံက ဒီအကြောင်း ကောင်းလို့လဲ အကျိုးပေးကောင်းတာ၊ ကြည့်စမ်း အားလုံးကြားဖူးတဲ့ ရာဇဝင်ကလဲ သက်သေခံနေတဲ့ အမျိုးဟာဘာလဲ သာကီဝင်မင်းမျိုး၊ ဘယ်မင်းမျိုးဖြစ်ဖြစ် ဟို တစ်ချိန်တုန်းက ဟိုအမျိုး ဒီအမျိုးနဲ့ ရောရောပြီးမှ မင်းဖြစ်ကြတယ်၊
ဘုန်းကြီးတို့ ဘုရားအမျိုးက အစဉ်အဆက်က လာပြီးတော့ မင်းမိဖုရား, မင်းမိဖုရား၊ အကယ်၍များ ကြားဖောက်ပြီးတော့ ခတ္တိယမင်းမျိုးက ဗြာဟ္မဏ မျိုးနဲ့ အကြောင်း ပါလျှင် သွား တခြားကို၊ တို့အမျိုးထဲတော့ ခတ္တိယချည်း ရှိရမယ်၊ တခြားသူတွေနဲ့ အကြောင်း မပါရဘူးတော့ မဟုတ်ဘူး၊ ပါရပါတယ်၊ အကြောင်းပါပေမယ့် ပါသရွေ့ ဟာ အမျိုးထဲက ထွက်သွား၊
တို့အမျိုးထဲမှာသာ ဆက်ပြီးသွားတဲ့ သူတွေကတော့ ခတ္တိယမျိုးချည်းပဲ၊ ထီးနန်း မရတဲ့ သူတွေကလဲ ခတ္တိယမျိုးချည်းပဲ။ အမျိုးသမီး အမျိုးသား အားလုံး အဲသလို ခတ္တိယမျိုးအနေနဲ့ လာခဲ့တာချည်းပဲ၊ အဲသလောက် သန့်ပြန့်တဲ့ အမျိုးမှာ သီလ သိက္ခာ အကျင့် စာရိတ္တကောင်းပေ့ဆိုတဲ့ မယ်တော်မာယာရဲ့ ဝမ်းတိုက်မှာ ထူးထူး ခြားခြား ဝင်စားပြီးတော့ ချမ်းချမ်းသာသာ ဖွားမြင်တော်မူလာတယ်တဲ့၊ ကျက်သရေ ရှိလိုက်တာ အလောင်းတော်ကလေး ဘဝတုန်းက။
ပြုသမျှကုသိုလ်များ အလကားမဖြစ်
“ဗဟုံ - ဤရွေ့ ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမရှိလေအောင်၊
ပစိတပါရမီ - လေးသင်္ချေကိန်း, ကပ်တစ်သိန်းက, ထိန်းသိမ်းစုဆောင်း, ပါရမီတော် အပေါင်းတို့သည်။”
ဒီအချက်ကလေးတွေကို လေးလေးနက်နက် ရပ်ပြီးစဉ်းစားလျှင် ဘုန်းကြီးတို့ ပြုနေတဲ့ ကုသိုလ်တွေဟာ အလကား အချည်းအနှီး မဖြစ်ဘူး၊ တစ်ချိန်တစ်ချိန် သူ့အကျိုးနဲ့ ဆက်ဆက်သွားမယ်၊
“ဗဟုံ - ဤရွေ့ ဤမျှ ဂဏန်းချ၍ မရနှိုင်းညှိ အတိုင်းမရှိလေအောင်၊
ပစိတပါရမီ - လေးသင်္ချေကိန်း, ကပ်တစ်သိန်းက, ထိန်းသိမ်းစုဆောင်း, ပါရမီတော် အပေါင်းတို့သည်။”
ဘုန်းကြီးတို့လဲ စုထားခဲ့တဲ့ ပါရမီတွေ ဒီလို နေမှာပေါ့ ၊ယခု သာသနာပြု ဒကာ- ဒကာမတွေ စုနေတဲ့ ပါရမီတွေ ဟာလဲ ဒီလို ပြည့်နေမှာပေါ့၊ ဒီဟာ ကြည့်လေလေ, မိမိတို့ရဲ့ လမ်းဟာ အင်မတန်မှန်တဲ့ အလုပ်ပဲဆိုတာ ထင်ရှားတယ်၊
“ပစိတပါရမီ - လေးသင်္ချေကိန်း, ကပ်တစ်သိန်းက, ထိန်းသိမ်းစုဆောင်း, ပါရမီတော် အပေါင်းတို့သည်၊
ပစ္ဆိမံဖလဒါနေန - ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး အဆုံးစွန် အကျိုးပေးသောအားဖြင့်၊
ယဿ ဘဂဝတော - အကြင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။
ဝေသံ - ရွှေမျက်နှာတော်, လက်ခြေတော်နှင့် ကိုယ် တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို”
ဒီလောကကြီးမှာ တစ်မျိုး ရှိတယ်နော်၊ မျက်နှာက လှတယ်ဆိုပေမယ့် ကျက်သရေ ရှိချင်မှ ရှိမှာ၊ မျက်နှာက လှတယ်ဆိုပေမယ့်လို့ မျက်လုံးတို့ မျက်ခုံးတို့ နှုတ်ခမ်းတို့ နှာခေါင်းတို့ တစ်ခုစီ တစ်ခုစီ အစိတ်အပိုင်းတွေ စဉ်းစားကြည့်တဲ့အခါမှာ စုံချင်မှ စုံတယ်၊ ဘုန်းကြီးတို့ ဘုရားလောင်း ကျတော့လေ သူ့အကန့်နဲ့ သူ့အကန့်နဲ့ ကံတွေက သူမရ ငါမရ အကျိုးပေးနေကြတယ်။
နတ်ဗြဟ္မာထက် သာလွန်တင့်တယ်
“ဝေသံ - ရွှေမျက်နှာတော် လက်ခြေတော်နှင့် ကိုယ်တော် သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊
ကေနာပိ - လူမင်း နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက်နှင့်မျှ၊”
ဟို-လှတဲ့လူတွေ လှပါတယ်၊ လှပေမယ်လို့ ကျက်သရေချင်း မတူတတ်ဘူး၊ နတ်တွေဆိုတာ သိပ်လှတာပေါ့၊ ဗြဟ္မာတွေဆိုတာ မပြောနဲ့တော့ သိပ်လှတာပေါ့၊ သို့ပေမယ်လို့ ဘုန်းကြီးက ယှဉ်ကြည့်တယ်၊ လှပေ့ဆိုတဲ့ နတ်တွေ ဗြဟ္မာတွေ အလယ်မှာ မြတ်စွာဘုရားက တရားဟောတော်မူတယ်၊
တရားဟောတော်မူတဲ့အခါမှာ စာက ချီးမွမ်းထားလိုက်တာ ဘယ်နတ်ကမှ ဘုရားကို သာမသွားဘူး၊ ဘယ်ဗြဟ္မာကမှ ဘုရားကို သာမသွားဘူး၊ မြတ်စွာဘုရားကသာ အဲဒီ နတ်တွေ ဗြဟ္မာတွေကို သာလွန်ပြီးတော့ တင့်တယ်ပါတယ်တဲ့။ ဘုန်းကြီးက စဉ်းစားကြည့်တယ်၊ ဟုတ်တယ် ဒီနတ်ဖြစ်ဖြစ်, ဗြဟ္မာ ဖြစ်ဖြစ် မျက်လုံး မျက်ခုံး နှာခေါင်း ဒါတွေ အစိတ်အပိုင်း အကုန်လုံး လှတာကို လှတယ်လို့ ဆိုတယ်၊ ဘုန်းကြီးတို့ ဘုရားရှင်ကလဲ ဒါတွေ အပြည့်အစုံ ကောင်းတယ်။
အရာရာမှာ ဘုရားကသာ
အပြည့်အစုံ ကောင်းတဲ့အပြင် ဘာက သာနေသလဲ လို့ဆိုတော့ နတ်တွေ ဗြဟ္မာတွေကို တရားဟောတဲ့ အချိန်တုန်းက ပတ်ဝန်းကျင်က နတ်တွေ ဗြဟ္မာတွေရဲ့ ဝမ်းထဲမှာ အဝိဇ္ဇာနဲ့ တဏှာနဲ့ လောဘနဲ့ ဒေါသနဲ့ မောဟနဲ့၊ မြတ်စွာဘုရားမှာတော့ အဝိဇ္ဇာ မရှိ, တဏှာ မရှိ, လောဘ မရှိ, ဒေါသမရှိ, မောဟမရှိ၊ အတွင်းစိတ်က ပိုပြီးတော့ ကြည်လင်နေတဲ့အတွက် ကျက်သရေက ပိုပြီးတော့ သာပြန်ရော၊
ကောင်းပြီ, အဲဒီ ဗြဟ္မာတွေထဲမှာ အနာဂါမ်တွေ ရဟန္တာတွေ လောဘ ဒေါသ ကုန်တာတွေ မရှိဘူးလား၊ ရှိပါရဲ့၊ ဘာက သာနေ ပြန်သလဲဆိုတော့ မေတ္တာ ကရုဏာ မြတ်စွာဘုရားက သာနေပြန်ရော၊ သဗ္ဗညုတဉာဏ်တော်မှာ မြတ်စွာဘုရားက သာနေပြန်ရော၊ အဲဒီ ဉာဏ်တော် စိတ်တော်ဓာတ်ကြောင့် အပြင်ဘက်မှာ ထွက်နေတဲ့ ရုပ်ရဲ့ အဆင်းတော်တွေဟာ ပိုပြီးတော့ ကျက်သရေ ရှိတယ်။
ဘုန်းကြီး ဒီတော့ ကောက်ချက်ချကြည့်တယ်၊ ဟုတ်တယ် ဘုရားက နတ်ပြည်မှာ တရားဟောလဲ နတ်တွေ ဗြဟ္မာတွေထက် သာတယ် ဆိုတာ သာကို သာထိုက်လို့ သာတာပါပဲလားလို့ ဘုန်းကြီးက ဒီလို နည်းအားဖြင့်လဲ ဘုရားရှင်ကို သိပ် အားရတာပဲ၊
“ဝေသံ - ရွှေမျက်နှာတော်, လက်ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊
ကေနာပိ - လူမင်း-နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတစ်ယောက်နှင့်မျှ၊
အသမံ - လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့် ဘယ်ဝယ်တိုင်းကာ, မနှိုင်းသာသည်ဖြစ်၍၊
သမံ - တစ်ကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရာဇ်သိင်္ဂီ, နာရဏီမျှ သာကီဝင်သွေး အယဉ်ကျေးဆုံး ဖြစ်ရလေအောင်၊”
ကံတွေက ဝိုင်းပြီးတော့ ဖန်ဆင်းလိုက်တာ၊ ဒါနဲ့ ဘုရားရှင်ကိုယ်တော်မြတ် အလောင်းတော်ကလေး ဖွားမြင်ပြီးလို့ မကြာခင်ဘဲ ယခုလူများရဲ့ အသုံးအစွဲ အားဖြင့် ကင်ပွန်းတပ်တဲ့အချန် ဆိုကြစို့ ၊ ပုခက်တင် မင်္ဂလာပြုတဲ့အချိန် ဆိုကြပါစို့။
ကောဏ္ဍည ဟောကိန်း
အဲဒီ ကပိလဝတ်နေပြည်မှာ ဝေဒကျမ်းမှာ အတတ်ဆုံးဖြစ်တဲ့ ပုဏ္ဏားတစ်ရာနဲ့ ရှစ်ယောက် ရွေးချယ်ပြီးတော့ ဖိတ်မန်တယ်၊ ပုဏ္ဏားတစ်ရာနဲ့ ရှစ်ယောက်ရဲ့ ပညာအခြေအနေဟာ ယခုအပြောနဲ့ ပြောလို့ရှိရင် သူတို့ ပညာဘက်မှာ ပါမောက္ခတွေချည်းပဲ စုလာတယ်၊ ဒီတော့ သုဒ္ဓေါဒနမင်းက သားတော်ရဲ့ ရုပ် လက္ခဏာကို ကြည့်ရအောင် နိမိတ်ဖတ်ရအောင်, ဟောရအောင် ပညာရှိ ဗြာဟ္မဏကြီး (ပုဏ္ဏားကြီး)များ လာပါလို့ ဖိတ်မန်ပြီးတော့ ကောင်းမွန်စွာ ကျွေးပြီး သားတော်ကလေးကို ပြတယ်ကိုး၊
အဲဒီလို ပြတဲ့အခါမှာ တစ်ရာ့ရှစ်ယောက်ထဲက အတတ်ဆုံး အတော်ဆုံး အထင်ရှားဆုံးဖြစ်တဲ့ ရှစ်ယောက်ကို ရွေးချယ် ပြီးတော့ အဲဒီရှစ်ယောက်က လက္ခဏာကို ကြည့်ကြတယ်၊ လက္ခဏာ ဆိုတာ လက်ထဲမှာရှိတဲ့ အစင်းကြောင်းကို ကြည့်တာမဟုတ်ဘူး၊ ဦးခေါင်း တော်မှစပြီး ခြေဖဝါးတော်အထိ တစ်ကိုယ်လုံး ကြည့်တယ်။
အဲဒီလို ကြည့်ပြီးတော့ ပုဏ္ဏားရှစ်ယောက်ထဲက အကြီးဆုံးဖြစ်တဲ့ ပုဏ္ဏား ခုနစ်ယောက်က ဘယ်လို ဟောသလဲဆိုတော့ ဒီရုပ်လက္ခဏာနဲ့ ပြည့်စုံတဲ့ သတို့သားဟာ လူ့ဘောင်မှာ နေလို့ရှိရင် စကြာမင်းဖြစ်လောက်တဲ့ ကံဇာတာ ပါပါတယ်၊ လူ့ဘောင်မှာ မပျော်မွေ့လို့ တောထွက်လို့ရှိရင် သမ္မာသမ္ဗုဒ္ဓ-တရား အလုံးစုံကို သိတော်မူတဲ့ ဘုရားရှင် ဖြစ်လိမ့်မယ်လို့ အဟောထွက်ကြတယ်။
အငယ်ဆုံးဖြစ်တဲ့ ကောဏ္ဍညဆိုတဲ့ ပုဏ္ဏားလေးကတော့ ငယ်ပေမယ်လို့ ပညာက လျှမ်းလျှမ်းတောက်မို့လို့ သူ့ကိုလဲ ဆရာကြီး သမားကြီးထဲမှာ ရွေးကောက် ထားတယ်၊ သူက ဘယ်လို ဟောသလဲ ဆိုတော့ ဧကန်မုချ ဗုဒ္ဓဖြစ်မယ်တဲ့၊ ထိုပုဂ္ဂိုလ်တွေ ပြောတာလဲ မလွဲဘူး၊ ဒီရုပ်လက္ခဏာဟာ ဒီနှစ်လမ်း ရှိတယ်လို့ သူတို့က ဝေဒ ကျမ်းစာအတိုင်းသာ ဟောကြတယ်၊
အဲဒီ အငယ်ဆုံးဖြစ်တဲ့ ထက်ပေ့ဆိုတဲ့ ကောဏ္ဍည ဗြာဟ္မဏလေးကတော့ ဒါ ကျမ်းဂန်က ဒီလိုတော့ပါတယ်၊ ကျမ်းဂန် ဒီလိုပါပေမယ့် သူ့ရဲ့ စိတ်ထဲမှာ အထူးမြင်တဲ့ အချက်ကလေးတွေက ရှိတယ်၊ ဘယ်နည်းနဲ့မှ ဗုဒ္ဓ မဖြစ်ဘဲ မနေဘူး၊ ဗုဒ္ဓဖြစ်မှာပဲ။ အဲဒီလို အဟောထွက်သွားတယ်။ ထိုဆရာကြီးတို့ကလဲ မငြင်းပါဘူး၊
နောက်တော့ သူတို့ဟောတဲ့ ကိစ္စတွေ ပြီးတော့ သူတို့ရတဲ့ လာဘ်လာဘတွေ ဆိုင်ရာပို့ပြီး ဗြာဟ္မဏကြီးတွေက ပြောတယ်၊ “ဒီမင်းသား ဗုဒ္ဓဖြစ်တဲ့ ဘုရားဖြစ်တဲ့ အချိန်မှာ ငါတို့ တွေ့ကောင်းမှ တွေ့ရတော့မယ်၊ တို့ မတွေ့ရလို့ ရှိရင်ဖြင့် တို့သားတွေကို ရဟန်းပြုခိုင်းပြီးတော့ ဗုဒ္ဓဆီမှာ တရား ယူကြပါစေ”လို့ အဲဒီလို ပြောပြီးတော့ ကောဏ္ဍည ပါမောက္ခ ကလေးကို အပ်နှင်းခဲ့ကြတယ်၊
နောက်တော့ အဲဒီ ဗြာဟ္မဏကြီးတွေရဲ့ သားတွေကို သွေးစည်းညှိနှိုင်းတဲ့ အခါ ကျတော့ ခုနစ်ယောက်က အကုန်လုံး လိုက်မယ်လို့ မပြောဘဲနဲ့ လေးယောက် လောက်ကသာ လိုက်မယ်လို့ဆိုပြီး ကောဏ္ဍည ဗြာဟ္မဏရဲ့ နောက်လိုက်ပြီးတော့ တောထွက်သွားကြတယ်၊ နောက်ကို ပဉ္စဝဂ္ဂီငါးဦး သူတို့ ဖြစ်ကြတယ်။
အတတ်ဟော ကောဏ္ဍည တရားဦးရ
ဒီတော့ ဘုန်းကြီးက စဉ်းစားတယ်၊ လောကမှာ အကြောင်းနဲ့ အကျိုးနဲ့ စဉ်းစား ကြည့်လို့ရှိရင် အဆက်အသွယ် အများကြီးရှိတယ်၊ ဒီကောဏ္ဍည ဗြာဟ္မဏလေးပဲ နောက် တရားဦး ရတယ်၊ ဒါသူ ပထမဆုံးရတယ်၊ သူပဲ ဟောတုန်းက ထူးထူး ခြားခြား ဟောခဲ့တယ်၊ မြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေနေတုန်းက အိပ်မက်တွေ ဘာတွေမက်တော့ နိမိတ်ဖတ်တုန်းကလဲပဲ သူပါတယ်။
ဒီတော့ တယ်တော်တဲ့ ပုဂ္ဂိုလ်လေး၊ ရှေးပါရမီက ရှိပြီးသားဖြစ်တော့ ဟောပုံကလဲ သူများထက် ထူးလာတယ်၊ တောထွက်ပြီးတော့ စောင့်ပြီးနေတယ်၊ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ရုပ်လက္ခဏာကို ဖတ်ပြီးတော့ ဧကန်မုချ ဗုဒ္ဓဖြစ်လိမ့်မယ်လို့ အဟောထွက်ပေမယ့် ခမည်းတော် သုဒ္ဓေါဒနမင်းနှင့်တကွ အားလုံးသော ဆွေတော်မျိုးတော်တွေကလေ တောထွက်သွားမှာကို မလိုလားကြဘူး၊
ထီးနန်း စံပြီးတော့ စကြာမင်းစည်းစိမ်နဲ့ ကမ္ဘာပေါ်မှာ ထင်ထင်ပေါ်ပေါ် နေစေ ချင်တယ်၊ ဒါကြောင့် တောမထွက်နိုင်အောင် အမျိုးမျိုး ကြံစည်ပြီးတော့ လာခဲ့ကြတယ်၊ နောက်ဆုံးကျတော့ ဉာဏ်တော်က မရင့်ခင် ပါရမီတော်က အချိန်မစေ့ခင် အားလုံး ဆွေတော်မျိုးတော် ခမည်းတော်ကြီးများရဲ့ စီမံတဲ့အတိုင်းပဲ (၁၆)နှစ်သားလောက်မှာ ထီးနန်းကို ဆက်ခံရတယ်။
(၂၉)နှစ် အရွယ်ရောက်တော့ အားလုံးကြားဖူးတဲ့ သူအိုကြီး မြင်လို့, ဒါကလဲ တမင်ကို ဆောင်ပြလို့ မြင်ရတာ၊ နဂိုကတော့ သူအိုတို့, သူနာတို့, သူသေတို့ မမြင်အောင်ကို ဘေးက စောင့်ကြပ်ထားတယ်၊ ဥယျာဉ်သွားတဲ့ အချိန်မှာ ဗြဟ္မာမင်းကြီးတွေက ဖန်ဆင်းပြီးတော့ ပြလို့ သူအို မြင်ရတယ်,သူနာ မြင်ရတယ်,သူသေ မြင်ရတယ်၊
ဒီတော့ စိတ်ထဲမှာ သံဝေဂဖြစ်ပြီးတော့ ဒီလို အိုရမယ်, နာရမယ်,သေရမယ်၊ ငါယခု မောင်းမမိဿံ အခြွေအရံတွေနဲ့ စည်းစိမ်တွေနဲ့ နေပေမယ့် အိုရမယ်, ငါအိုရမယ်၊ မယ်တော်, ခမည်းတော်တွေ အိုရမယ်၊ ငါ့ရဲ့ မိဖုရားများ အိုရမယ်၊ ငါနာရမယ်, ငါသေရမယ်၊ ငါရဲ့ မယ်တော်, ခမည်းတော်, မောင်းမမိဿံတွေ နာရမယ်, သေရမယ်၊
ဒီလိုဆိုလို့ရှိရင် အိုမည့်အလောင်း, နာမည့် အလောင်း, သေမည့် အလောင်းတွေက စည်းစိမ်ခံစား ထိုက်သေးသတဲ့လားလို့၊ ဒီလို စိတ်ထဲမှာ သံဝေဂ ဖြစ်နေတုန်း ဖန်ဆင်းပြတဲ့ ရဟန်းတော် တစ်ပါး သစ်ပင်တစ်ပင်အောက်မှာ တရားထိုင်ပြီးနေတာ မြင်ရတော့ ကြည်ညိုလိုက်တာတဲ့လေ၊ ဘဝသံသရာက ဓာတ်ပါလာလို့ ဓာတ်က ဒီသင်္ကန်းနဲ့ ဒီဓာတ်နဲ့ ဒီဘုရားဖြစ်မယ့် ပုဂ္ဂိုလ်မို့လို့ ရဟန်းကို ကြည်ညိုလိုက်တာ တကတည်းကို အိုတာထက် အဲဒီ အဖြစ်က ကောင်းတယ်၊
သေရမယ့် အတူတူ, နာရမယ့် အတူတူ မအိုခင် မနာခင် ဒီအနေမျိုး နေရတာ အင်မတန်ကောင်းတယ်လို့ ဆုံးဖြတ်ပြီးတော့ ဥယျာဉ်ထဲသွား၊ ဥယျာဉ်ထဲမှာ ဒီစိတ်ပဲ ဖြစ်နေတာကြောင့် နေဝင်ချိန်ကျတော့မှ နန်းတော် ပြန်ရောက်တဲ့အခါမှာ ဒီစိတ်က မပျောက်ဘဲနဲ့ သန်းခေါင်ကျတော့ အားလုံး ကြားဖူးတဲ့အတိုင်း တောထွက်တော် မူလာတာပဲ။
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း
ဒီတော့ဘုန်းကြီးက ဘုန်းကြီးတို့ ဘုရားအလောင်း အကြောင်းကို အာရုံပြုပြီး အလွန်ကို ကြည်ညိုတယ်၊ မျက်လုံးတော်တွေ အများကြီး ဘဝပေါင်းများစွာက ထုတ်ပြီးတော့ လှူခဲ့တယ်၊ အသွေးတော်တွေကို သူတစ်ပါး စားဖို့သောက်ဖို့ လှူခဲ့တယ်၊ ထီးနန်းစွန့်တယ် ဆိုတာကတော့ ဘာမှ မဆန်းတော့ဘူး၊ အဲဒီလောက် အသွေးတွေ အသားတွေ, နှလုံးတွေကို အခြေတည်ပြီး ဒီသာသနာကြီး ရောက်လာ ပါတကား၊
ဒီတော့ အဲသလို တောထွက်ပြီးတော့ အားလုံး ကြားဖူးတဲ့အတိုင်း ဘုန်းကြီး ဘာသာသွေးမှာ ရေးထားတဲ့အတိုင်း ဒုက္ကရစရိယာဆိုတဲ့ အင်မတန်ခဲယဉ်းတဲ့ အကျင့်ကို ကျင့်ပါရော၊ အဲဒီ အင်မတန် ခဲယဉ်းတဲ့အကျင့်ကို ကျင့်တုန်းမှာ ဘယ်သူ လာနေတုန်းဆိုတော့ ခုတင်က ပဉ္စဝဂ္ဂီဆိုတဲ့ ကောဏ္ဍည အမှူးရှိတဲ့ ရသေ့ ငါးဦးက လာပြီးတော့ ရေပူရေချမ်းများ ကမ်းလှမ်းကြတယ်။ ကမ္မဋ္ဌာန်းကျောင်းထဲ တံမြက်လှည်းကြတယ်၊
သူတို့ရဲ့ တွက်ကိန်းက တို့ဘုရားအလောင်းတော် တရားရတဲ့အခါ ဘုရားဖြစ်တဲ့အခါ တို့က တရားနာမယ်လို့ ဒါပဲ စောင့်နေတယ်၊ တို့ ကြိုးကြိုးစားစား တရား အားထုတ်ဖို့ တာဝန်ကို မရှိဘူးလို့ ယူဆနေဟန်တူတယ်၊ ဘုရားအလောင်းတော် အားထုတ် လိုက်တာ တကတည်း တပင်တပန်း ခန္ဓာကိုယ်တော်ကို အပင်ပန်းခံပြီးတော့ အားထုတ်လိုက်တာ အဲဒီ အချိန်မှာ အပင်ပန်းခံ အားထုတ်နိုင်ပါပေ့ဆိုတဲ့ ပုဂ္ဂိုလ်တွေ လိုက်မမီအောင် အားထုတ်တယ်။
မူးမိုက်လဲသည်အထိ အားထုတ်ခဲ့ပုံ
တစ်ခါများ အားထုတ်ရင်း အားထုတ်ရင်း တကတည်း အစားအသောက်တွေ ရှောင်လို့ ပဲပြုတ်ရည်လေး တစ်လက်ခုတ်လောက် သောက်လို့၊ တစ်ခါတလေ တစ်နေ့လုံးမှ ဆီးသီးလေး တစ်လုံးလောက် စားလို့၊ တစ်နေ့တော့ မူးမိုက် လဲသွားတယ်၊ ဒီတော့ လောကကြီးထဲမှာ ခန္ဓာကိုယ် အပင်ပန်းခံပြီးတော့ အားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေ ထဲမှာတော့ မြတ်စွာဘုရားအလောင်းတော်ထက် ပိုပြီး ဘယ်သူမှ မခံနိုင်ဘူး၊ သေလုမြောပါး အားထုတ်တယ်၊
အဲသလို အားထုတ်နေတာကို ပဉ္စဝဂ္ဂီတို့က သိပ်ကျေနပ်ကြတယ်၊ တို့ ကိုယ်တော်လေး တရားထူးရမယ်, သေသေချာချာ ရမယ်၊ သည်လောက် ပင်ပင်ပန်းပန်း အားထုတ်တာ တရားထူးကတော့ တွေ့တော့မှာပဲလို့ ပဉ္စဝဂ္ဂီတို့က ယုံကြည်တယ်၊ ခေတ်ကိုက ပင်ပင်ပန်းပန်း အားထုတ်မှ ရတယ်လို့ အယူရှိတဲ့ခေတ် ဖြစ်နေတော့ သူတို့ကလဲ သိပ်အားရ ကြတာ၊ ဘုရားအလောင်းကလဲ သည်အချိန် အထိ မလျှော့ဘူး။
မာရ်နတ်လာ၍ ဖျက်ဆီးခြင်း
နောက်တော့မှ အသား အရေတွေ ခြောက်လို့ အရိုးလောက် ကျန်လို့ သည် အခြေအနေကတော့ မာရ်နတ်က လာပြီးတော့ သနားတဲ့ ဟန်နဲ့ ပြောတယ်၊ အသင် သိဒ္ဓတ္ထ-နောက်ဆုတ်ပါတော့လား၊ အသင် ခုအနေဆိုလို့ရှိရင် အပုံတစ်ထောင်ပုံလျှင် အသက်ရှင်ရေးက တစ်ပုံလောက် ရှိတော့တယ်၊ ကျန်တဲ့ ကိုးရာကိုးဆယ့်ကိုးပုံကဖြင့် သေဘက် ရောက်နေပြီ၊
နောက်ပြန်ဆုတ်ပါ၊ နောက်ပြန်ဆုတ်ပြီး ကုသိုလ်တွေ ပြုလို့ရှိရင် အများကြီး ရနိုင်ပါသေးတယ်၊ အကျိုးမဲ့ ဆုံးရှုံးအောင် မလုပ်ပါနဲ့လို့ သနားဟန်နဲ့ လာပြီးတော့ ပြောတယ်၊ ဒီတော့ ဘုရားလောင်း ပြန်ပြောတဲ့စကားကို ဘုန်းကြီးက မှတ်မိတယ်, မှတ်သားတယ်။
“အသင် မာရ်နတ်-ကုသိုလ်လိုချင်တဲ့သူ တွေကို သွားပြီးတော့ သင်ပြောချေ၊ ငါက ကုသိုလ်လိုချင်တာ မဟုတ်ဘူး၊ ငါလိုချင်တာက ကုသိုလ်မဟုတ်ဘူး”
အဲဒါတွေ ဘုန်းကြီး အားရလိုက်တာလေ၊ ခုလူတွေကတော့ ကုသိုလ်လိုချင် နေကြတယ်။ ဘုရားလောင်းက ကုသိုလ် မလိုချင်ပါဘူး၊ ငါက သဗ္ဗညုတဉာဏ်ကို လိုချင်တာပေါ့၊ အဲဒီ စကားလေး ဘုန်းကြီးက သဘောကျလွန်းလို့၊
ဒီတော့ ဘုရားအလောင်းက အဲဒီလို ပြန်ပြောပြီးတော့ နောက်ထပ် ဘာပြောတုန်း ဆိုတော့ ဘာဖြစ်သလဲတဲ့ ဒီ အသားအရေတွေ ဒီ အသွေးအသားတွေ ခြောက်သွား တော့ စိတ်တောင် ပိုကြည်လင်သေးတယ်တဲ့၊ ငါ့လာပြီးတော့ နောက်ဆုတ်ဖို့ မပြောပါနဲ့လို့၊ အဲဒီလို တင်းတင်းမာမာ ပြန်ပြောတဲ့ စကားကို ဘုန်းကြီးက သဘောကျလွန်းလို့။
အတ္တကိလမထအကျင့်ဟာ နည်းမှန်မဟုတ်
နောက် အဲသလို ကြိုးစားနေသော်လဲ တရားထူး မရတော့ ပြန်စဉ်းစားတယ်။ အင်း .. ဒီလမ်းဟာ တရားထူးရမယ့်လမ်းဆိုရင် ရလောက်နေပြီ၊ ယခုခေတ်မှာ အပင်ပန်း ခံပြီးတော့ အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ ငါ့ထက်ပိုပြီး အားမထုတ်နိုင်ဘူး၊ ဟိုတုန်းက အပင်ပန်းခံပြီး အားထုတ်တယ်ဆိုတဲ့ လူတွေလဲ ငါ့ထက်ပိုပြီး အားထုတ်နိုင်မယ် မဟုတ်ဘူး၊
နောက်လာမယ့် အခါမှာ အပင်ပန်းခံပြီး အားထုတ်ကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ ဒီထက် ပိုပြီးတော့ အားမထုတ်နိုင်ပါဘူး၊ ဒီတော့ ယခုအားထုတ်တဲ့ အပင်ပန်းခံတဲ့ အတ္တကိလမထဆိုတဲ့ ဒီလမ်းဟာ ငါလိုချင်တဲ့ သဗ္ဗညုတဉာဏ် ရဖို့ရာလမ်းတော့ မဟုတ်ဘူး၊
ဒီတော့ ဟိုတစ်ချိန်တုန်းက ခမည်းတော် လယ်ထွန်မင်္ဂလာ ပြုတုန်းမှာ ဇမ္ဗုသပြေပင် အောက် ငါ အေးအေးဆေးဆေးနဲ့ ရခဲ့တဲ့ တရားတစ်ခုရှိတယ်၊ အဲဒီတရားဟာ ပထမဈာန်ပဲ၊ ဒီ ပထမဈာန်တရားလေးက အင်မတန် အေးမြတာပဲ၊ ငယ်ငယ်တုန်းက ရပြီးနောက် ပြန်မေ့ပျောက်သွားတဲ့ တရားလေးပဲ၊
အဲဒီ တရားဟာ အင်မတန် ကောင်းတယ်၊ ဒီတော့ ငါလဲ ဒီလမ်းကို လိုက်မှပဲ၊ အဲဒီလမ်းကို ဖြတ်လို့ မဖြစ်ဘူး၊ အဲဒီ ဈာန်လမ်းကို လိုက်နိုင်ဖို့အတွက် အားအင်များ ရှိအောင် ပြန်ပြီးတော့ အစားအသောက်များ စားလို့ ဆွမ်းပါခံလို့၊
ဒီကျတော့ ပဉ္စဝဂ္ဂီတို့က တစ်မျိုး ထင်ကြတယ်၊ မဟုတ်တော့ပါဘူး, တို့ မျှော်လင့်သလို မဟုတ်တော့ပါဘူး၊ ယခု အစားအသောက်တွေ စားပြီး ဆွမ်းတွေ ဘာတွေခံနေပြီ၊ လူတွေဆီမှာ ဝင်ထွက်ပြီးတော့ ဆွမ်းခံနေပြီ။ ဘုန်းကြီးအောင် ခုလုပ်နေပြီ၊ သူ တရား ရတော့မှာ မဟုတ်တော့ ပါဘူး ဆိုပြီးတော့ စိတ်ပျက်ပြီး ခုတင်က ပဉ္စဝဂ္ဂီငါးဦးက တစ်ခါတည်း ဘုရားလောင်း တရားအားထုတ်တဲ့ ဥရုဝေဠ တောက ရှောင် ပြီးတော့ ဟို-အကြောင်းအားလျော်စွာ ဗာရာဏသီပြည်မှာ မိဂဒါဝုန်တော သွားပြီးတော့ နေနှင့်ကြတယ်၊
နောက်တော့ အားလုံးကြားဖူးတဲ့အတိုင်း ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်လို့ ငါဘယ်သူ့များ တရားဟောရပါ့မလဲလို့ ကြည့်တဲ့အခါမှာ အာဠာရတို့ ဥဒကတို့ ဗြဟ္မာပြည် ရောက်နေကြလို့, နားမရှိတဲ့ အရူပဘုံမှာ ရောက်နေကြတော့ တရားဟောလို့ မဖြစ်တာနဲ့ သူတို့ကို တရားမဟောရလို့ရှိရင် ဘယ်သူ့များ တရားဟော ထိုက်သလဲလို့ ကြည့်တော်မူတဲ့အခါမှာ ပဉ္စဝဂ္ဂီငါးဦးကို ပထမဆုံး မြင်တော်မူတယ်။
၁၈-ယူဇနာဝေးတဲ့
မိဂဒါဝုန်ကိုကြွတော်မူခြင်း
ဒီတော့ ပဉ္စဝဂ္ဂီတို့ နေထိုင်ရာ ဗာရာဏသီပြည် မိဂဒါဝုန်တောကို ရောက်အောင် တစ်ဆယ်နဲ့ရှစ် ယူဇနာဝေးတဲ့ ခရီးကို ဘုရားရှင် ကိုယ်တော်မြတ် ပင်ပင်ပန်းပန်းနဲ့ ခြေလျင်(ခြေကျင်) ကြွတော်မူခဲ့တယ်။ လောကကြီးဆိုတဲ့ ဥစ္စာဟာ အမှန်ဖြစ်ထိုက် တာက တစ်မျိုး ဖြစ်နေတာကတစ်မျိုး ဒီလို ထုံးစံ ဖြစ်နေတယ်၊
ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်ပြီးလို့ မိဂဒါဝုန်တော ပဉ္စဝဂ္ဂီတို့ထံ ကြွလာတယ်ဆိုရင်ပဲ ပဉ္စဝဂ္ဂီတို့က အင်တင်တင် ဖြစ်နေတယ်၊ ရဟန်းသမဏ ဂေါတမ ယခု ပစ္စည်း လာဘ်လာဘတွေ ပေါများအောင် လျှောက်ပြီးတော့ လှည့်နေပြီ၊ ဒီ ကမ္မဋ္ဌာန်းက ထွက်ပြီး ကမ္မဋ္ဌာန်းလူထွက် ဖြစ်နေပြီ၊
ဒီတော့ တို့ ဟိုတုန်းကလို ရေပူရေချမ်း ကမ်းလှမ်းလို့ ဝတ်ကြီးဝတ်ငယ်ပြုလို့ မနေနိုင်တော့လို့၊ ဒါပေမယ်လို့ အမျိုးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေလို့ နေရာလေး ကိုတော့ ထားကြဦးစို့ရဲ့၊ ဘုရားလာတာ မြင်ရင် အဲဒီလို သူတို့ ကတိကဝတ် (စည်းကမ်း) တွေကို ပြုလို့ နေရာသာ ပေးမယ် ဘာမှ ဝတ်ကြီးဝတ်ငယ် မပြုနဲ့၊ အဲဒီလို အနေမျိုးနဲ့ ကတိကဝတ်ကို ပြုပြီး ခပ်စောစောက ဣန္ဒြေရရ သူတို့ဟာသူတို့ နေကြတယ်။
ငါ့ကို“ငါ့ရှင်”လို့ မခေါ်ကြနဲ့
ဒါပေမယ့် ဘုရားရှင်ကိုယ်တော်မြတ် ကြွလာလို့ အနားလဲ ရောက်ရော၊ မြတ်စွာဘုရား တန်ခိုးက သူတို့ကို လွှမ်းမိုးရော၊ တစ်ပါးက ထတဲ့ပြီးတော့သပိတ်များ လှမ်းယူတယ်၊ တစ်ပါးက ဟိုနားသွား ပြီး ခြေဆေးဖို့ရန် ရေသွားခပ်လို့၊ တစ်ပါးက ခြေဆေးအင်းပျဉ်လေးများ ယူလာလို့၊ အကုန်လုံး သူတို့ သတ်မှတ်ပြုလုပ်ထားတဲ့ စည်းကမ်း ငါ့ ကတိကဝတ်တွေကို ဖျက်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ်ကို အရိုအသေပြုကြ၊
အဲဒီ အရိုအသေပြုပြီးလို့ မြတ်စွာဘုရား ထိုင်ပြီးတဲ့ အခါမှာ စကားများပြောတော့ “ငါ့ရှင် ဂေါတမ”တဲ့ အဲဒီလို မရိုမသေ ခေါ်ကြပြောကြတယ်၊ သူတို့က ဘုရား ဖြစ်တယ်လို့ မယူဆဘူး၊ ငါ့ရှင် ဂေါတမ-ကျွန်ုပ်တို့လေ ဟိုတုန်းက ငါ့ရှင် တရား အားထုတ်နေတုန်းက ရေပူရေချမ်း ကမ်းလှမ်းပြီးတော့ ပြုစုခဲ့ကြတယ်နော်၊
ကျွန်ုပ်တို့ ခွဲလာခဲ့တဲ့ အချိန်ကျတော့ ဘယ်သူကများ ရေပူရေချမ်း ကမ်းလှမ်း နေသေးတုန်း, ကမ္မဋ္ဌာန်းကျောင်းကို ဘယ်သူများ တံမြက်လှည်းပေး နေသေးတုန်း၊ အဲဒီလို လောက ပြောရိုးအတိုင်း သူပြောလူပြော စကားများ ပြောကြတော့ မြတ်စွာဘုရားက ငါ့ကို အာဝုသောငါ့ ရှင်လို့ မခေါ်ကြနဲ့၊ ငါ ယခု ဗုဒ္ဓဖြစ်လာပြီလို့ မိန့်တော်မူတယ်။
ဒီတော့ ပဉ္စဝဂ္ဂီတို့က “ဟင်-ဟိုတုန်းက ပဲပြုတ်ရေလေးများ သောက်လို့ ဆီးသီးလေးများ စားလို့ တပင်တပန်း အားထုတ်နေတုန်းကမှ ဗုဒ္ဓမဖြစ်တဲ့ဥစ္စာ, ယခုလို ဆွမ်းတွေ ဘာတွေ စားလို့ လည်ပတ်ပြီးတော့ ဘုန်းကြီးအောင် အားထုတ် နေတဲ့အခါ အဘယ်မှာ ဗုဒ္ဓဖြစ်နိုင်မတုန်း”
“မဟုတ်ပါဘူး, ငါ ခု ဗုဒ္ဓမြတ် ဖြစ်လာပြီ၊ သင်တို့လေ ဟိုတုန်းက မျှော်ကြီး မျှော်ပြီးတော့ ငါနားနေတုန်းက အသင်တို့ စိတ်ချမ်းသာပါစေတော့လို့ ငါက ဗုဒ္ဓဖြစ်ပြီလို့ ပြောဖူးသလား”လို့ မေးတော့မှ လွှတ်ကနဲ စိတ်ထဲက ဟုတ်သားပဲ ဟိုတုန်းက တစ်ခါမှ ဒီလို မပြောခဲ့ဘူး၊ ခု ဒီလို ပြောတဲ့ဥစ္စာ ထောက်တော့ ဧကန်မုချ ဗုဒ္ဓဖြစ်ပြီ ဆိုပြီးတော့ ရိုသေတဲ့ အမူအရာ တွေ ပြောင်းပြီးတော့မှ မြတ်စွာဘုရားကို တကယ့်ဘုရားအစစ်လို့ သူတို့က ယုံကြည်လာကြတယ်။
မြတ်စွာဘုရား
တရားဟောတော်မူခြင်း
အဲဒီတော့မှ မြတ်စွာဘုရားက တရားဟော တော်မူတယ်၊ ဒီနေရာမှာ ကျမ်းစာ နှစ်မျိုးရှိတယ်၊ တချို့ကျမ်းစာက ခပ်စောစောလေး ဟောတယ်လို့ ဆိုတယ်၊ တချို့ ကျမ်းစာက နေဝင်တော့မည့်ဆဲဆဲ ဝါဆိုလပြည့်နေ့ လကထွက်လာ၊ အဲဒီအချိန်မှာ တရားဟောတယ်လို့ ဆိုတယ်၊ ဒီတော့ ဘုန်းကြီးတို့က နေမဝင်ခင်ဘဲ ဟောတော်မူသည်ဖြစ်စေ, နေဝင်မှပဲ ဟောတော်မူသည်ဖြစ်စေ မြတ်စွာဘုရား တရားဟောတော်မူတဲ့ ဗာရာဏသီပြည် မိဂဒါဝုန်တောကိုတော့ ဘုန်းကြီးက မှန်းပြီးတော့ ကြည့်တယ်၊ ခမ်းခမ်းနားနား ကြီးတော့ မဟုတ်ဘူး၊
တောထဲမှာ သာသာယာယာရှိလို့, ကြည်နူးစရာကောင်းလို့၊ အဲဒီနေရာမှာ ထိုင်တော့လဲ ဒီလိုပဲ ဘုရားရှင် ကိုယ်တော်မြတ်က ရိုးရိုးကလေး ထိုင်လို့, ပဉ္စဝဂ္ဂီငါးဦး ကလဲ ဘေးက ရိုးရိုးကလေး ထိုင်လို့၊ အဲဒီလို နေကြတဲ့အချိန်မှာ မြတ်စွာဘုရားရဲ့ တရားဦးကို နာယူမည်လို့ ကြိုးစားလာကြတဲ့ နတ်တွေ ဗြဟ္မာတွေ အသီးသီး ရှိကြရာမှာ တရားမဟောခင်က ကြိုတင်ပြီးတော့ ရောက်တဲ့ နတ်တွေ ဗြဟ္မာတွေလဲ ရောက်ပေလိမ့်မယ်။
ဘုရားရှင်ကိုယ်တော်မြတ် တရားစတော့မှ အသံတော်ကြားလို့မို့ ခပ်မြန်မြန် ရောက်လာတဲ့ နတ်တွေ ဗြဟ္မာတွေလဲ ရှိလိမ့်မယ်၊ အဲဒီ နတ်ဗြဟ္မာတွေဟာ ပတ်ဝန်းကျင်မှာရော နောက်မှာရော ဘေးမှာရော အကုန်လုံး ပြည့်ပြီးတော့ နေကြလိမ့်မယ်လို့ စိတ်ကူးကြည့်ကြနော်။
နတ်ဗြဟ္မာတွေ ၁၈-ကုဋေ
တရားနာ လာကြတဲ့ နတ်ဗြဟ္မာတွေဟာ အလွန်များတယ်၊ တစ်ဆယ့် ရှစ်ကုဋေ လောက်ရှိတယ်လို့ အဆိုရှိတယ်၊ အဲဒီ နတ်ဗြဟ္မာတွေရဲ့ အလယ်မှာ လူသားထဲက ပဉ္စဝဂ္ဂီငါးဦးကို အမှူးထားပြီးသကာလ ဘုရားရှင်ကိုယ်တော်မြတ်က ဓမ္မစကြာ တရားကို စပြီးတော့ ဟောတော်မူခဲ့တယ်၊ အဲဒီ ဟောတော်မူတဲ့ ဓမ္မစကြာတရားကို ဘုန်းကြီးတို့ မြန်မာနိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ ဆရာတော် ဦးဗုဓ်က ဓမ္မစကြာ တရားတော်ရဲ့ အမွှန်းတင်အဖြစ်နဲ့ ရှေးဦးစွာ ဂါထာကို ရေးပြီးတော့ လာခဲ့လို့ အဲဒီ ဂါထာကို စပြီးသကာလ ရွတ်ဆိုကြတယ်။
ဓမ္မစကြာ အမွှမ်း
ဘိက္ခူနံ ပဉ္စဝဂ္ဂီန, ဣသိပတန နာမကေ၊
မိဂဒါယေ ဓမ္မဝရံ, ယံ တံနိဗ္ဗာနပါပကံ။
သဟမ္ပတိနာမကေန, မဟာဗြဟ္မေန ယာစိတော၊
စတုသစ္စံ ပကာသေန္တော, လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ, သဗ္ဗသမ္ပတ္တိ သာဓကံ၊
သဗ္ဗလောက ဟိတတ္ထာယ, ဓမ္မစက္ကံ ဘဏာမ ဟေ။
ဣသိပတနနာမကေ - ဣသိပတန အမည်ရှိသော၊
မိဂဒါယေ - သားကောင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌၊
လောကနာထော - သတ္တလောက၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊
ပဉ္စဝဂ္ဂီနံ - ထိုစဉ်အခါတုန်းက ငါးပါးအစု ဖြစ်ကြကုန်သော၊
ဘိက္ခုနံ - ရဟန်းအဖြစ်သို့ မရောက်ကြသေးသော ရသေ့အရှင်မြတ်တို့အား၊
နိဗ္ဗာနပါပကံ - နိဗ္ဗာန်သို့ ရောက်စေနိုင်သော၊
ယံ ဓမ္မဝရံ - အကြင် မွန်မြတ်လှသော တရားဦးကို၊
သဟမ္ပတိ နာမကေန - သဟမ္ပတိ အမည်ရှိသော၊
မဟာဗြဟ္မန - ဗြဟ္မာမင်းကြီးသည်၊
ယာစိတော - တောင်းပန်အပ်သည်ဖြစ်၍၊
စတုသစ္စ - သစ္စာလေးပါး မြတ်တရားကို၊
ပကာသေန္တော - ထင်ရှားပြတော်မူလျက်၊
အဒေသယိ - ဟောပြတော်မူခဲ့လေပြီ။
နန္ဒိတံ - နှစ်သက်ဝမ်းမြောက်အပ်သော၊
သဗ္ဗသမ္ပတ္တိသာဓကံ - လူချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ သမ္ပတ္တိကို ပြီးစေနိုင်သော၊
တံ ဓမ္မစက္ကံ - ထို ဓမ္မစကြာ မည်တော်မူသော တရားတော်မြတ်ကို၊
သဗ္ဗလောကဟိတတ္ထာယ - အလုံးစုံ ကြားနာရတဲ့ သတ္တဝါအပေါင်း၏ စီးပွားအလို့ငှာ၊
ဟေ - အို ... သူတော်ကောင်းတို့၊
မယံ - ငါတို့သည်၊
ဘဏာမ - ရွတ်ကြကုန်တော့အံ့။
အခုမှ ဗြဟ္မာမင်းက
တောင်းပန်ခြင်းမဟုတ်
ဒီ ဓမ္မစကြာ အမွန်းတင်တဲ့ ဂါထာတော် အလို ထောက်ရင်တော့ ဓမ္မစကြာတရား ဟောခါနီးမှ သဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ်လို့ ထင်စရာရှိတယ်၊ အမှန်ကတော့ ဓမ္မစကြာတရား ဟောခါနီးမှ သဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန် သည် မဟုတ်ဘူး၊ သဟမ္ပတိဗြဟ္မာမင်း တောင်းပန်တဲ့ အချိန်ကတော့ ဟို (၇) သတ္တာဟ လွန်ပြီးတဲ့နောက် အဇပါလ ညောင်ပင်အောက်မှာ သီတင်းသုံးတော်မူတဲ့ အချိန် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က တရား မဟောတော့ဘူးလို့ အကြံတော် ဖြစ်တဲ့ အချိန်မှာ သဟမ္ပတိ ဗြဟ္မာမင်းကြီးက လာပြီးတော့ တောင်းပန်တာဖြစ်တယ်၊
အဲဒီတုန်းက တောင်းပန်မှုက ဓမ္မစကြာတရားနဲ့လဲ ဆိုင်တယ်၊ နောက်နောင်မှာ ပိဋကတ်သုံးပုံ အလုံးစုံနဲ့လဲ ဆိုင်တယ်၊ ဒါကြောင့် ဆရာတော် ဦးဗုဓ်က သဟမ္ပတိ ဗြဟ္မာမင်း တောင်းပန်တဲ့ အကြောင်းလဲပဲ မူရင်းက ပေါ်လာအောင်လို့ ထည့်သွင်း ထားဟန် တူတယ်၊ ယခု တောင်းပန်တာတော့ မဟုတ်ဘူးနော်။
သဟမ္ပတိနာမကေန - သဟမ္ပတိအမည်ရှိသော၊
မဟာဗြဟ္မန - ဗြဟ္မာမင်းကြီးသည်၊
ယာစိတော - တောင်းပန်အပ်သည် ဖြစ်၍၊
စတုသစ္စာ - သစ္စာလေးပါး မြတ်တရားကို၊
ပကာသေန္တာ - ထင်ရှား ပြတော်မူလိုသော မြတ်စွာဘုရားသည်၊
ယံ ဓမ္မဝရံ - အကြင် ဓမ္မစကြာ မည်သော တရားတော်ကို၊
အဒေသယိ - တရားဦးအဖြစ်ဖြင့် ဟောပြတော်မူခဲ့လေပြီ၊
သဗ္ဗဒေဝေဟိ - ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည်၊
နန္ဒိတံ - နှစ်သက်ဝမ်းမြောက်အပ်သော၊
သဗ္ဗသမ္ပတ္တိသာဓကံ - လူချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ သမ္ပတ္တိကို ပြီးစေနိုင်သော၊
တံ ဓမ္မစက္ကံ - ထို ဓမ္မစကြာ မည်တော်မူသော တရားတော်မြတ်ကို၊
သဗ္ဗလောကဟိတတ္ထာယ - အလုံးစုံ ကြားနာရတဲ့ သတ္တဝါအပေါင်း၏ စီးပွားအလို့ငှာ၊
ဟေ - အို ... သူတော်ကောင်းတို့၊
မယံ - ငါတို့သည်၊
ဘဏာမ - ရွတ်ကြကုန်တော့အံ့။
ဒါ ဓမ္မစကြာတရားတော်ရဲ့ အမွှန်းတင်အနေနဲ့ ဆရာတော် ဦးဗုမ်ရေးထားတဲ့ ဂါထာဖြစ်တယ်၊ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတဲ့ ဓမ္မစကြာထဲမှာ ဒီ ဂါထာတွေ မပါပါဘူး။
ဓမ္မစကြာနိဒါန်း
ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခု အာမန္တေသိ။
အဲဒီထိအောင် မြတ်စွာဘုရားရဲ့ တရားစကားတော် မဟုတ်သေးဘူး၊ သံဂါယနာ တင်တုန်းက အရှင်အာနန္ဒာက အရှင်မဟာကဿပကို လျှောက်တဲ့စကားသာ ဖြစ်သေးတယ်၊ အဲဒီ စကားရဲ့ ဆိုလိုရင်းက တပည့်တော်များ မြတ်စွာဘုရားအထံက ဓမ္မစကြာတရားတော်ကို ယခုလျှောက်မယ့် နည်းအတိုင်း နာယူခဲ့ပါသည်ဘုရား၊
အခါတစ်ပါးတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် တရားဦး ဟောတော်မူတဲ့ အချိန်တုန်းက ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ မြတ်စွာဘုရား သီတင်းသုံး တော်မူပါတယ်၊ အဲဒီ ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သီတင်းသုံးတော်မူတဲ့ အချိန်မှာ မြတ်စွာဘုရားက ပဉ္စဝဂ္ဂီငါးဦးကို မိန့်မြွက်ဟောကြားတော်မူပါတယ်လို့ အရှင်အာနန္ဒာက အရှင်မဟာ ကဿပကို လျှောက်နေတာ၊
မြတ်စွာဘုရား ရွှေနှုတ်တော်ထွက် အစဖြစ်တဲ့ အဲဒီ ဓမ္မစကြာတရားတော်ကို ဘယ်အချိန်မှာ ဟောတော် မူသလဲဆိုတာ ပြန်ပြီးတော့ သတိထားရမယ်၊ နေဝင်ခါနီး နေဝင်တော့ မယ့်ဆဲဆဲအချိန် လပြည့်နေ့ဆိုတော့ လကလဲ အစောကြီးထွက်လာပြီ၊ အဲဒီအချိန်မှာ ဘုရားရှင်ကိုယ်တော်မြတ်က ဒီ ဓမ္မစကြာတရားကို ဟောတော် မူခဲ့တယ်။
အယုတ်တရား နှစ်ပါး
ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ၊ ကတမေ ဒွေ၊
ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊ ယော စာယံ အတ္ထကိလမထာ နုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
အလယ်အလတ် အကျင့်တရား
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခု ကရဏီ ဉာဏ ကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ၊ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ သံဝတ္တတိ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဒုက္ခသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
သမုဒယသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂ သဟဂတာ တတြတတြာ ဘိနန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
နိရောဓသစ္စာ
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ၊ ယော တဿာ ယေ ဝ တဏှာယ အသေသ ဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
“ဣဒံ ဒုက္ခံ အရိယသစ္စံ”န္တိမေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဒုက္ခသစ္စာ၌ ကတဉာဏ်
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
သမုဒယသစ္စာ၌ သစ္စဉာဏ်
“ဣဒံ ဒုက္ခသမုဒယော အရိယသစ္စံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
သမုဒယသစ္စာ၌ ကိစ္စဉာဏ်
“တံ ခေါ ပနိဒံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟာတဗ္ဗံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
သမုဒယသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟီနံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ သစ္စဉာဏ်
“ဣဒံ ဒုက္ခ နိရောဓော အရိယသစ္စံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ ကိစ္စဉာဏ်
“တံ ခေါပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကာတဗ္ဗံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ ကတဉာဏ်
“တံ ခေါပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကတံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿု တေသုဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ သစ္စဉာဏ်
“ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
“တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ ကတဉာဏ်
“တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတံ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘုရားအဖြစ် ဝန်မခံတော်မူခဲ့သေးပုံ
ယာဝ ကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယ သစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝ မနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။
ဘုရားအဖြစ် ဝန်ခံတော်မူပုံ
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။
အထာဟံ ဘိက္ခေ၀ သဒေဝကေ လောကေ၊ သမာရကေ သဗြဟ္မကေ သဿမဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာ သမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။
ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ "အကုပ္ပါ မေ ဝိမုတ္တိ၊ အယ မန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါ" တိ။
ပဉ္စဝဂ္ဂီရဟန်းတို့ တရားကို နှစ်သက်ကြပုံ
ဣဒမဝေါစ ဘဂဝါ၊
အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ
ဣမသ္မိံ စ ပန ဝေယျာ ကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ "ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မ"န္တိ။
နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
ပဝတ္တိ တေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ" တိ။
ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာ ရာဇိကာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ” တိ။
စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
တာဝတိံသာနံ ဒေဝါနံ သဒ္ဒံသုတွာ ယာမာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
တုသိတာနံ ဒေဝါနံ သဒ္ဒံသုတွာ နိမ္မာနရတိ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
နိမ္မာနရတိနံ ဒေဝါနံ သဒ္ဒံသုတွာ ပရ နိမ္မိတ ဝသဝတ္တီ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ပရ နိမ္မိတ ဝသဝတ္တီနံ ဒေဝါနံသဒ္ဒံသုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ "ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိ ဝတ္တိယံ သမဏေနဝါ ဗြဟ္မဏေနဝါ ဒေဝေနဝါ မာရေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိံ" တိ။
ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။
တစ်သောင်းသော လောကဓာတ် တုန်လှုပ်ပုံ
အယဉ္စ ဒသသဟဿိ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။
အရောင်အလင်း ဖြစ်ပေါ်လာပုံ
အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါ နုဘာဝန္တိ။
မြတ်စွာဘုရား ဥဒါန်းကျူးပုံ
အထခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ "အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော"တိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ “အညာသိ ကောဏ္ဍညော” တွေဝ နာမံ အဟောသီတိ။
အညာသိကောဏ္ဍည ရှင်ရဟန်းအဖြစ် တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိ ကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ "လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ"န္တိ။
ဧဟိဘိက္ခု ရဟန်းဖြစ်ပုံ
"ဧဟိ ဘိက္ခူ" တိ ဘဂဝါ အဝေါစ “သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ။
ချမ်းမြေ့ရဂုံ တောရပ်လှုံ၍
တရားတော်ကို အဓိပ္ပာယ်ပြောပြီးတော့ နားလည်အောင် ဟောပေးမယ်၊ ဒီတော့ နာတဲ့ ပုဂ္ဂိုလ်များက စိတ်ကို မြင့်မြင့်ထားပြီးတော့ နာဖို့ကောင်းတယ်၊ ဘာပြုလို့လဲ ဆိုတော့ ဒီတရားတော်ရဲ့ အဆုံးမှာ နတ်ဗြဟ္မာ တစ်ဆယ့်ရှစ် ကုဋေလောက် တရားထူး ရကြတယ်၊ ဒီ ကြားထဲက အရှင်ကောဏ္ဍညလဲပဲ တရားထူးရတယ်၊
ဒီတော့ မိမိတို့လဲ ဒီတရားကို နာရင်း နာရင်း စိတ်ကောင်းတွေ ဖြစ်လို့၊ ဒီတရားကို နာရင်း မကောင်းတဲ့စိတ်တွေ နည်းနည်းသွားအောင် အဲဒီ စိတ်ကို ခပ်မြင့်မြင့်ထားဖို့ ကောင်းတယ်နော်၊ ဒီ ဓမ္မစကြာတရား ဟောတော်မူရာ ဌာနက ဣသိပတန မိဂဒါဝုန်တော၊
အဲဒီတောရဲ့ အခြေအနေ ကြည့်လိုက်တော့ ရှေးတုန်းက ဂန္ဓမာဒနတောင်က ကြွလာကြတဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များလည်း ဒီတောမှာ တစ်ထောက်နား အပန်းဖြေတော်မူကြတယ်၊ ဒီတောမှာ သမာပတ် ဝင်စားချင်လဲ ဝင်စားကြပေ လိမ့်မယ်၊ အဲဒါကြောင့် ဒီတောကိုက သူတော်ကောင်းတွေ အင်မတန် မြတ်နိုးတဲ့ မြတ်နိုးအပ်တဲ့ တောနဲ့ တူပါတယ်၊
ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်တိုင်ကလဲ တောကို အင်မတန်မှ အထုံ ပါခဲ့ပါတယ်၊ ကြည့်စမ်း ဘုရားရှင် ကိုယ်တော်မြတ် ဖွားမြင်တော်မူတော့ လုမ္ဗိနီဥယျာဉ် အင်ကြင်းပင်တောမှာ ဖွားမြင်တော်မူတယ်၊ ဒါလဲ တောပဲနော်၊ တစ်ဖန် တောထွက်တော်မူ လာတဲ့အခါကျတော့လဲ ဥရုဝေဠတောထဲမှာပဲ သီတင်းသုံးပြီး တရား ကျင့်တော်မူတယ်၊
တစ်ဖန် ဒီဘုရားဖြစ်တော်မူတဲ့ နေရာကြည့်ပြန်တော့လဲ လူသူမရှိတဲ့ တောထဲ ဗောဓိညောင်ပင်အောက်မှာ ဘုရား ဖြစ်တော်မူတယ်၊ ဒီတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ဟာ အင်မတန်မှ တောကို မွေ့လျော်တော်မူပါတယ်၊ အဲဒါကြောင့် ဘုန်းကြီးတို့တစ်တွေလဲ တောထဲမှာ ပျော်ပျော်ကြီး နေချင်စိတ်ရှိဖို့ အင်မတန် လိုပါတယ်နော်။
ပါယေန ပေါရာဏာ သန္တာ၊
နေက္ခမ္မာဘိရတာ သဒါ၊
တသ္မာ နေက္ခမ္မနိန္နောမှိ၊
သုဒိဋ္ဌာ ဒိနဝေါ ဃရေ။
ပေါရာဏာ - ရှေးအထက်က, ဆက်ဆက်များလှ, ဖြစ်ပေါ်ကြကုန်သော၊
သန္တာ - ပါရမီနှင့်, စာဂီတင့်၍ အရင့်အမာ, ကလျာဏဂိုဏ်းဝင်, သူတော်စင်တို့သည်၊
ပါယေန - တွေ့ကြဆုံကြ, ဘုံဘဝဝယ်, ကြုံရလေငြား, များသောအားဖြင့်၊
သဒါ - ဖြစ်ရဖန်ခါ, သံသရာဟု, ခန္ဓာဖြင့်ပိုင်း, ဘဝတိုင်း၌၊
နေက္ခမ္မာဘိရတာ - ရွက်ဟောင်းကျကြွေ ရွက်သစ်ဝေသည့် အောင်မြေရဂုံ, ရိပ်မြုံ ခင်တန်း, ကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော်, စံပျော်တော်မူကြလေကုန်ပြီ၊
တသ္မာ - ရှေးသောခါတွင်, သူတော်စင်တို့ တော်ဝင်အောင်းခို, ဗြဟ္မစိုရ်ဖြင့် အလို ပြည့်ဝ, ဖြည့်တော်မူကြလေသောကြောင့်၊
အဟံ - ငါသည်၊
ဃရေ - စားသောက်နေရေး, ဖွေရှာရေးနှင့်, မင်းဘေးစိုး, လွန်စွာ မြားမြောင်, လူတို့ဘောင်၌၊
သုဒိဋ္ဌာဒီနဝေါ - ပစ္စည်းဥစ္စာ, အရာရာဝယ်, မရှာမကောင်း, ရှာမကောင်းနှင့်, မစုဆောင်းခက်, စုဆောင်းခက်သည့် သက်သက်ဖြစ်ချေ, အပြစ်တွေကို, စစ်လေ ရိပ်မိ, တွေးတိုင်းသိသည် ဖြစ်၍၊
နေက္ခမ္မနိန္နော - အခွင့်အခါ, မသင့်ပါလည်း, ချင့်စာရော်ရမ်း, တောကိုမှန်းသည်၊
အမှီ - စင်စစ်မကွာ, ဖြစ်ရပါလို၏။
တောမှာဖွား တောမှာ တရားကျင့်
တောမှာ ဘုရားဖြစ်
တကယ်တောကြီးထဲ မနေနိုင်ပေမယ့် စိတ်ဟာ တောစိတ်တော့ ရှိနေဖို့ ကောင်းတယ်။ ကြည့်စမ်း ဘုရားရှင် ကိုယ်တော်မြတ်ဟာ တောထဲမှာပဲ ဓမ္မစကြာ တရားကို ဟောတော်မူတယ်၊ တောထဲမှာပဲ ဖွားမြင်တော်မူတယ်။ တောထဲမှာပဲ တရားကျင့်တော်မူတယ်၊ တောထဲမှာပဲ ဘုရားဖြစ်တော်မူတယ်၊ တောထဲမှာပဲ ပရိနိဗ္ဗာန် စံတော်မူတယ်၊
ဒီတော့ ဒါလောက် မြတ်စွာဘုရားဟာ တောကို အထုံပါနေတဲ့ဥစ္စာ၊ ရှေးရှေး တုန်းကတည်းက ရှင်ဘုရင်ဖြစ်လဲ နောက်ဆုံး တောထွက်ပြီး မေတ္တာဘာဝနာပွားများ လို့ တရားအားထုတ်ပြီးတော့ တစ်ဘဝကို အဆုံးသတ်တော်မူခဲ့တယ်။
ဒါကြောင့် တို့လဲ ဘယ်အခါများ တောထဲ နေပြီးတော့ သူတော်သူမြတ်လုပ်ပြီး တရားကျင့်ရမတုန်းလို့ အဲဒီ စိတ်မျိုးနဲ့ တမြင့်ထဲ မြင့်နေဖို့ တယ်ကောင်းတယ်၊ ဒီ ဓမ္မစကြာတရားကို ကြားနာတဲ့ ပုဂ္ဂိုလ်များ ကိုယ်တိုင်ကလဲ တောထဲမှာ ရောက်နေတယ်လို့ စိတ်က အောက်မေ့ပြီးတော့ ကိုယ့်ကိုယ်ကို ဝတ်ဖြူစင်ကြယ်များ ဝတ်လို့၊ အင်း-နဂိုက ဝတ်ပြီးသား ပုဂ္ဂိုလ်ဆိုလို့ရှိရင်လဲပဲ စိတ်ကို ပိုပြီးတော့ မြင့်လို့ ဒီတရားထူး ရတန်သရွေ့ ရသွားအောင် တောစိတ်ကို မွေးမြူထားပြီး ကြားနာဖို့ ကောင်းတယ်နော်။
ဘုန်းကြီးတို့ရဲ့ ဒီဓမ္မစကြာ တရားကို မဟောခင် ဓမ္မစကြာတရားကို မနာခင် ဓမ္မစကြာပါဠိတော်ရဲ့ အဓိပ္ပာယ်မရောက်ခင် ဒီသတ္တဝါတွေဟာ ဘာစိတ်တွေ ဖြစ်နေသလဲ ဘာဓာတ်ခံတွေ ပါနေသလဲလို့ အဲဒါတွေ ကိုယ်စီ ကိုယ်စီ စဉ်းစားရမယ်၊ ဥပမာ ဘုန်းကြီးတို့ စဉ်းစားရမယ်၊ ခုတရားနာနေတဲ့ ဒကာ, ဒကာမတွေ စဉ်းစားရမယ်။ မြတ်စွာဘုရားက -
“ဘိက္ခဝေ - ရဟန်းတို့၊
အဝိဇ္ဇာနီဝရဏာနံ - အဝိဇ္ဇာနီဝရဏ ပိတ်ဆို့၍ လာခဲ့ကြကုန်သော၊
တဏှာသံယောဇနာနံ - တဏှာတည်းဟူသော ကြိုးဖြင့် ဖွဲ့ချည်ခံခဲ့ကြရကုန်သော၊
တဏှာသံယောဇနာနံ - တဏှာတည်းဟူသော ကြိုးပါ၍ လာကြကုန်သော၊
သန္ဓာဝတံ - တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကြကုန်သော၊
သံသရတံ - တပြောင်းပြန်ပြန် ကျင်လည်ကြကုန်သော၊
သတ္တာနံ - သတ္တဝါတို့၏၊
ပုဗ္ဗကောဋိ - ရှေးကဖြစ်ခဲ့တဲ့ အပိုင်းအခြားကို၊
န နာယတိ - မသိအပ် မသိနိုင်ချေ”တဲ့။
အဝိဇ္ဇာနဲ့ တဏှာကို အခြေခံခဲ့တယ်
ဒီ သတ္တဝါတွေ ဘာကို အခြေခံလာတုန်း ဆိုတော့ အဝိဇ္ဇာနဲ့တဏှာကို အခြေခံ လာခဲ့တယ်၊ ဒီနေရာမှာ စဉ်းစားကြည့်စမ်း၊ ဘုန်းကြီး ဘယ်လောက်ကြာခဲ့သလဲ၊ ဘုန်းကြီး ဘယ်လောက်ကြာတယ်လို့ကို အစရှာလို့မရအောင် အင်မတန် ကြာခဲ့ပြီ၊ ဘာကြောင့် ဒီလောက်ကြာခဲ့သလဲ၊ အဝိဇ္ဇာနဲ့တဏှာ အရင်းခံပြီးတော့ ကျင်လည် လာခဲ့လို့ပဲ၊
“အဝိဇ္ဇာနီဝရဏာနံ - အဝိဇ္ဇာပိတ်ဖုံးအပ်ကုန်သည် ဖြစ်၍၊
တဏှာသံယောဇနာနံ - တဏှာတည်းဟူသော ကြိုးဖြင့် ဖွဲ့ချည်ခံခဲ့ကြရကုန်သော၊
တဏှာသံယောဇနာနံ - တဏှာတည်းဟူသော ကြိုးပါ၍ လာကြကုန်သော၊
သန္ဓာဝတံ - တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကြကုန်သော၊
သံသရတံ - တပြောင်းပြန်ပြန် ကျင်လည်ကြကုန်သော၊
သတ္တာနံ - သတ္တဝါတို့၏၊
ပုဗ္ဗကောဋိ - ရှေးကဖြစ်ခဲ့တဲ့ အပိုင်းအခြားကို၊
န နာယတိ - မသိအပ် မသိနိုင်အောင် ရှည်လျားလှလေ၏။”
ဒီတော့ ဘာဖြစ်လို့ ဒါလောက် ကြာသတုန်းလို့ဆိုတော့ အဝိဇ္ဇာရဲ့ ဓာတ်ကိုက အမှောင်သဘောရှိတယ်နော်။
ဒီတော့ ဘုန်းကြီးတို့ လက်တွေ့ အခုမှောင်နေတဲ့ အမှောင်ကြီးဟာ ဘယ်လောက် ကြာသလဲလို့ အဲဒီ အမှောင်ကိုပဲ စစ်တမ်းထုတ်ကြည့်စမ်း၊ ဘယ်လောက်ကြာသလဲ လို့ကို မဆိုနိုင်ဘူး၊ ဒီအစကို ရှာလို့ မရအောင် ကြာတယ်၊ ဒီ အမှောင်ဟာ အကယ်၍များ နေရောင် လရောင် မီးရောင် မရှိရင် ကမ္ဘာလောကကြီး ဘယ့်နှယ် နေမလဲ၊ အမြဲ မှောင်နေမယ်၊ အရောင်ကလေး တစ်ခုမှ မရှိဘူးဆိုရင် သဘာဝအတိုင်း အမြဲ မှောင်နေမယ်၊ အဲဒီလိုပဲ သတ္တဝါတိုင်းဟာ ဉာဏ်လေး မပေါ်ဘဲနဲ့ သဘာဝ အတိုင်း ဆိုလို့ရှိရင် အဝိဇ္ဇာမှောင် နေတယ်၊ ဘာဆို ဘာမှ မသိဘူး၊ သိစရာဟူသမျှ ဘာမှ မသိဘူး။
ဟို-ကမ္ဘာလောက သြဘာသလောကဆိုတဲ့ အပြင်ဘက် လောကကြီးဟာ ဘယ်အရောင်မှ မရှိလို့ အမြဲမှောင်နေတဲ့ဥစ္စာဟာ သူ့သဘာဝ အတိုင်း မှောင်နေ တာပဲ၊ ဒီအမှောင်ဖြစ်အောင် ဘယ်သူမှ လာလုပ်လို့ မဟုတ်ဘူး၊ သဘာဝအတိုင်း ကိုက ဒီကမ္ဘာလောကကြီးဟာ အရောင်မရှိရင် မှောင်တာပဲ၊ အဲဒီလိုပဲ သတ္တဝါတွေမှာလဲပဲ အသိဉာဏ် မရှိလို့ရှိရင် အဝိဇ္ဇာဆိုတဲ့ အမှောင်ဟာ အမြဲရှိတယ်။
အဲဒီတော့ ဒီအဝိဇ္ဇာအမှောင်ဟာ ဘယ်လောက် ကြာသလဲလို့ ပြောလို့ကို မဖြစ်ဘူး၊ ဘုန်းကြီးရဲ့ အဝိဇ္ဇာ၊ ဘုန်းကြီးရဲ့ တဏှာဟာ ဘယ်လောက်ကြာပြီလဲလို့ ပြောလို့ကို မဖြစ်ဘူး၊ အခု အားလုံး တရားနာနေကြတဲ့ လူများရဲ့ အဝိဇ္ဇာအမှောင်ဟာ ဘယ်လောက်ကြာပြီလို့ ပြောလို့ကို မဖြစ်ဘူး၊ အင်မတန် ကြာတယ်၊ ဘာဖြစ်လို့တုန်း ဆိုတော့ ဓာတ်သဘောပဲ၊ အဲဒီ ဓာတ်သဘောကမှ စုပေါင်းပြီးတော့ ခုလို ရုပ်တွေ နာမ်တွေ သတ္တဝါတွေ ဖြစ်နေရတယ်။
ဒီတော့ ဒီဓာတ်သဘောက ဘယ်လောက်ကြာပြီလဲလို့ ဘယ်ပြောနိုင်မလဲ၊ အသိဉာဏ် မရှိဘူး ဆိုပေမယ့် သတ္တဝါတွေဟာ လိုချင်မှု ရှိအောင် လိုချင်လာအောင် ဘယ်သူမှ သင်မပေးရဘူး၊ သဘာဝ အတိုင်းကိုက လိုချင်မှုပါလာတယ်၊ လိုချင်စရာသာတွေ့ ရင် လိုချင်မှု တဏှာဟာ သဘာဝအတိုင်း ရောက်လာတာပဲ၊
ဒီခုလောကကြီးမှာတင်ပဲ လိုချင်ရုံသာမကဘူး၊ မတော်လို့ သေခါနီးကျလို့ရှိရင်လဲပဲ လူ့ဘဝ လိုချင်နေတာပဲ၊ အို-သေခါနီး မပြောနဲ့၊ ခုကိုပဲ ကောင်းရာ မြတ်ရာ ရောက်ရပါလို၏တွေ ဘာတွေနဲ့ လိုချင်နေတာပဲ၊ တဏှာ ဆိုတဲ့ သဘောကလဲ ဘယ်သူမှ ပြင်မပေးရဘူး လိုချင်တတ်တာပဲ။
“ဘိက္ခဝေ - ရဟန်းတို့၊
အဝိဇ္ဇာနီဝရဏာနံ - အဝိဇ္ဇာတည်းဟူသော အမှောင်သည် ပိတ်ဖုံး၍ ထားအပ် ကုန်သော၊
တဏှာသံယောဇနာနံ - တဏှာတည်းဟူသော ကြိုးက ဟိုဖွဲ့ဒီဖွဲ့ ဟိုဆက်ဒီဆက် ဆက်သွယ်၍ နေကြကုန်သော၊
သတ္တာနံ - သတ္တဝါဟူသမျှတို့၏၊
သန္ဓာဝတံ - တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွား၍နေကြရကုန်သော၊
သံသရတံ - တပြောင်းပြန်ပြန် ကျင်လည်ကြရကုန်သော၊
သတ္တာနံ - သတ္တဝါတို့၏၊
ပုဗ္ဗကောဋိ - ရှေးကဖြစ်ခဲ့တဲ့ အစွန်းအစ အပိုင်းအခြားကို၊
န နာယတိ - မသိအပ် မသိနိုင်ချေ”။
အဝိဇ္ဇာနှင့် တဏှာကုန်ရင် ရဟန္တာဖြစ်
အမှန်အတိုင်း ဆိုလို့ရှိရင် အစကိုလဲ မသိဘူး၊ ခုနက အမှောင်ဓာတ်ကို ကြည့်ပါလေ၊ အမှောင်ဓာတ်ဟာ ဘယ်တုန်းက စလာသလဲ၊ ဘယ်သူက လုပ်သလဲ၊ ဘယ်သူမှ မလုပ်ရဘူး၊ သဘာဝအတိုင်း ရှိနေတယ်၊ အဲဒီ အဝိဇ္ဇာလဲ ဘယ်သူမှ မလုပ်ရဘူး၊ သဘာဝအတိုင်း ရှိနေတယ်၊
ဒါကြောင့် ဒီသတ္တဝါတိုင်း သတ္တဝါတိုင်းဟာ အဝိဇ္ဇာနဲ့ တဏှာ အခြေခံနေတယ်၊ အဲဒီဟာတော့ နှစ်နှစ်ကာကာကြီး နားလည်ထားဖို့ လိုတယ်နော်၊ ဘာပြုလို့တုန်း ဆိုတော့ အဝိဇ္ဇာကုန်ရင်၊ အဝိဇ္ဇာကုန်ခန်း ရဟန္တာဖြစ်ရင် နောက်ဘဝသစ် မရှိတော့ဘူး၊ တဏှာကုန်ရင် တဏှာကုန်ခန်း ရဟန္တာဖြစ်ရင် နောက်ဘဝသစ် မရှိတော့ဘူး၊
ဒီတော့ အခြေတည်လာတာကိုက အဝိဇ္ဇာနဲ့တဏှာ အခြေတည်လာတယ်၊ အဆုံးသတ်မှာကလဲ အဝိဇ္ဇာနဲ့ တဏှာ အဆုံးသတ်ရမှာပဲ၊ ဒီတော့ ဘုန်းကြီးက ဓမ္မစကြာတရားရဲ့ အဓိပ္ပာယ်ကို ပြောခါနီး လူတိုင်းလူတိုင်း သြော်...ငါ့မှာ အဝိဇ္ဇာနဲ့ တဏှာက တော်တော် ခြေခြေမြစ်မြစ်ကြီး ဖြစ်နေပါကလား၊ အဲဒီလို နားလည် ထားစေချင်တယ်။
အဝိဇ္ဇာနဲ့တဏှာ
သတ္တဝါတို့ရဲ့ အုတ်မြစ်
သာပြီးတော့ သတိရဖို့ရန် တစ်ခု ဘုန်းကြီး ပြောဦးမယ်၊ ဘုန်းကြီး စဉ်းစားတယ်၊ ဒီကလေးကလေး မွေးဖွား လာတယ်၊ ဘာဆို ဘာမှ မသိဘူး၊ မွေးဖွားလာခါစလေးမှာ ဘာမှ မသိတော့၊ မသိရုံသက်သက်ပဲ နေရသလားဆိုတော့ အချိန်တန်ရင် ဆာလာပြီ၊ ဆာလာတဲ့ဥစ္စာ တဏှာက နှိုးဆော်တာ၊ ဥပမာ-ရေ ဆာလာပြီ၊ အမေ့နို့ရည် ဆာလာပြီဆိုတဲ့ဥစ္စာ ကလေးသဘာဝအတိုင်း သူ့ဓာတ်ပေါ်လာတာပဲ၊
အဲဒီ တဏှာကြောင့် တော်တော်လေး အချိန်ကြာတယ်ဆိုရင်ပဲ နို့ဆာလို့ ငိုလာတယ်၊ တစ်စုံတစ်ခု ဆာလို့ ငိုလာတယ်၊ အဲဒီ ဆာတဲ့ဥစ္စာကိုက တဏှာပဲ၊ ဒီ အရင်းခံတဏှာကြောင့် ဆာတာ၊ ဒီတော့ ကလေးဟာ ဒီတဏှာဖြစ်အောင်၊ ဆာအောင် ဘယ်သူက သင်ပေးသလဲ၊ ဘယ် အမေကမှ သင်မပေးဘူး၊ ဘယ်အဖေကမှ သင်မပေးဘူး၊
အဲဒီအချိန်မှာ ကလေးဟာ ဘာများ သိသလဲလို့ စဉ်းစားကြည့်လိုက်စမ်း၊ ဘာဆို ဘာမှ မသိဘူး၊ သြော် - အဝိဇ္ဇာနဲ့တဏှာဟာ သတ္တဝါတိုင်းမှာ ဓာတ်ခံအဖြစ်နဲ့ကို ပါနေတာပဲ။ အဝိဇ္ဇာနဲ့တဏှာဟာ သတ္တဝါတိုင်းရဲ့ အခြေခံအုတ်မြစ်ပဲ။ သူတို့နှစ်ခု ပြတ်လို့ရှိရင် ဒီသတ္တဝါတွေဟာ နောက်ထပ် ဖြစ်ချင်ပါတယ် ဆိုပေမယ့် မဖြစ်တော့ ပါဘူး၊ ဖြစ်လဲ မဖြစ်ချင်တော့ပါဘူး၊ အဲဒါလေးကို သဘောပေါက်ထားကြစမ်းပါ၊ မြတ်စွာဘုရားက ဒီအဝိဇ္ဇာနဲ့ တဏှာကို သတ်ဖို့ရန်အတွက် ဒီဓမ္မစကြာတရားတော်နဲ့ ဉာဏ်တော်ကြီးကို ဖွင့်ပြီးပေးလိမ့်မယ်နော်၊ မြတ်စွာဘုရား ဉာဏ်တော်ကြီးနဲ့ သတ္တဝါတွေမှာ ဉာဏ်ရအောင် ဖွင့်ပေးမယ်။
“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ”
ဘိက္ခဝေ - ပဉ္စဝဂ္ဂီအမှူးထားတဲ့ ကျွတ်တမ်းဝင်ကြမည့် ပရိသတ်များတို့၊
ပဗ္ဗဇိတေန - အိမ်ရာတည်ထောင် လူ့ဘောင်ကို ခွာပြီး၍ ရသေ့ ရဟန်းအဖြစ်သို့ ရောက်လာတဲ့ ပုဂ္ဂိုလ်မှန်လျှင်၊
ဒွေ - နှစ်ပါးကုန်သော၊
ဣမေ အန္တာ - ဤအစွမ်းနှစ်ဖက် ထွက်နေတဲ့ အရာတို့ကို၊
န သေဝိတဗ္ဗာ - မမှီဝဲထိုက်ကုန်။
“ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထ သံဟိတော၊ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။”
ကာမဂုဏ် ခံစားတဲ့အကျင့်
နှစ်ပါးဆိုတာ ဘယ်တရားများလဲလို့ဆိုတော့ -
“ကာမေသု - လောကီအာရုံ ကာမဂုဏ်တို့၌၊
ယော ကာမသုခလ္လိကာနုယောဂေါ - အကြင် ကိလေသာ ကာမချမ်းသာကို အဖန်ဖန် ခံစား အားထုတ်ခြင်းသည်၊
ဟီနော-ယုတ်ညံ့လှချေ၏”
ကာမဂုဏ်ခံစားတဲ့အကျင့်ကို “ကာမ သုခလ္လိကာနုယောဂ”လို့ ခေါ်တယ်၊ အဲဒီ အကျင့်ဟာ “ဟီနော - ယုတ်ညံ့လှချေ၏” ကာမဂုဏ် ခံစားတယ်ဆိုတာ ဘယ်သူတုန်း ဆိုရင် တဏှာပဲ၊ ကာမဂုဏ်ခံစားချင်တဲ့ တဏှာဟာ အင်မတန် ယုတ်ညံ့တယ်၊
“ဟီနော - ယုတ်ညံ့လှချေ၏၊
ဂမ္မော - ရွာသူရွာသား လူအများတို့ ၏ အကျင့်ဖြစ်၏”
ပဗ္ဗဇိတဆိုတဲ့ ရသေ့ ရဟန်းများရဲ့ အကျင့် မဟုတ်ဘူး၊ ရသေ့ ရဟန်း သူတော်စင် တို့ရဲ့ အကျင့် မဟုတ်ဘူး။ ရွာသူ ရွာသားများရဲ့ အကျင့်၊
“ပေါထုဇ္ဇနိကော - ပုထုဇဉ်တို့ရဲ့ အလေ့အကျင့်ဖြစ်၏၊
အနရိယော - အရိယာပုဂ္ဂိုလ်များတို့ရဲ့ အလေ့အကျင့် မဟုတ်၊ ပုထုဇဉ်များရဲ့ အလေ့အကျင့်ဖြစ်တယ်”
အရိယာပုဂ္ဂိုလ်တို့ရဲ့ အလေ့အကျင့် မဟုတ်ဘူး၊
အနတ္ထသံဟိတော - ကောင်းသော အစီးအပွားနှင့် စပ်ယှဉ်သောတရား မဟုတ်ချေ”
ဒီပထမဆုံး ကာမဂုဏ် ခံစားတဲ့အကျင့်၊ အဲဒီအကျင့်ဟာ မကောင်းဘူး၊ ဒါဟာ ရသေ့ ရဟန်းများ မမှီဝဲရဘူး၊ ပဉ္စဝဂ္ဂီတို့က ရသေ့ ရဟန်းတွေပဲ၊ အဲဒီ ပဉ္စဝဂ္ဂီတွေကို အမှူးပြုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ဟောနေတယ်နော်၊ အဲသလို ရသေ့ ရဟန်းတွေဟာ ကာမဂုဏ်ချမ်းသာကို ခံစားတဲ့ အကျင့်မျိုးကို ရှောင်ရပါမယ်လို့ ဟောတော်မူတယ်။ ဘာဖြစ်လို့လဲ၊ “ဟီနော - ယုတ်ညံ့၏” ဒီအကျင့်ဟာ မွန်မြတ်တဲ့ အကျင့် မဟုတ်ဘူး၊ ယုတ်ညံ့လို့မို့ ဒီအကျင့်မျိုး လိုချင်တယ်ဆိုရင်ပဲ လူသူ လေးပါး ရှက်ရှက် ကြောက်ကြောက်နဲ့ ဖြစ်ရတယ်။
အာရုံငါးပါး ကာမဂုဏ်တရား
▬▬
ဒါ မကောင်းဘူး၊ ဒီနေရာမှာ ပြောစရာရှိတယ်၊ ကာမဂုဏ် လို့ဆိုတော့ကာ လူတွေက ယောက်ျားမိန်းမ နှစ်ဦးပေါင်းသင်းတဲ့ ကာမဂုဏ်မျိုးကိုသာ ထင်နေကြတယ်၊ သို့ပေမယ့် အဲဒါလောက်သာ မဟုတ်သေးဘူး၊ ကာမဂုဏ် ဆိုတဲ့ဥစ္စာ ရူပါရုံ လှလှပပ, သဒ္ဒါရုံ သာသာယာယာ နာပျော်ဖွယ် သီချင်းသံတွေ စကားပြောသံတွေ, ဂန္ဓာရုံ မွှေးမွှေးကြိုင်ကြိုင်တွေ, ရသာရုံ အစားကောင်း အသောက်ကောင်းဆိုတဲ့ အရသာတွေ, ဖောဋ္ဌဗ္ဗာရုံ ဖဲမွေ့ရာ ကမ္ဗလာ ကော်ဇောက စပြီးတော့ ကောင်းမွန်တဲ့ အထိ အတွေ့တွေ၊ အဲဒါတွေဟာ အကုန်လုံး ကာမဂုဏ် ခေါ်တယ်၊
အဲဒီ ကာမဂုဏ်ငါးမျိုးစလုံးဟာ အရိယာ သူတော်ကောင်းများ မြတ်နိုးတဲ့ အရာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် ဘုန်းကြီးတို့ရဲ့ သတ္တဝါတိုင်းမှာ တဏှာဆိုတဲ့ ဓာတ်က ပါနေတယ် မဟုတ်လား၊ ဘယ်တရားနဲ့မှ မပြုပြင်လို့ ရှိရင်ဖြင့် အဝိဇ္ဇာက ဘာမှ အပြစ်မရှိဘူးဆိုတဲ့ အနေမျိုးနဲ့ ဖုံးထားတော့ တဏှာက ခံစားချင်တယ်၊ ကာမသုခလ္လိကာနုယောဂဆိုတာ တဏှာအားပေးနေတာပဲ။
အရှက်အကြောက် ရှိတဲ့သူဟာ ပွဲ မကြည့်ဘူး
▬▬
မူရင်းကလဲ အဝိဇ္ဇာနဲ့တဏှာကို အခြေတပ်ထားတဲ့ သတ္တဝါတွေ ဖြစ်တဲ့အပြင် ကာမသုခလ္လိကာနုယောဂဆိုတဲ့ အကျင့်ကလဲ တဏှာအားပေးတဲ့ အကျင့်ဆိုတော့ ဒီအကျင့်ဟာ ရသေ့ရဟန်းများနဲ့ လားလားမှ မသင့်တဲ့ အကျင့်ပဲလို့ ပထမဆုံး ပယ်တော်မူတယ်၊
ဒါ လျှောက်ပြီးတော့ သေသေချာချာ စဉ်းစားကြည့်၊ “ဟီနော - ယုတ်ညံ့တယ်” ဆိုတာလဲ သေသေချာချာပဲ။ ဒါကြောင့်မို့ ပွဲကြည့်ချင်တယ် ဆိုပေမယ့် တော်တော်ကလေး အရှက် အကြောက်များတဲ့ ပုဂ္ဂိုလ်ဆိုရင်ပဲ မကြည့်ဝံ့ကြဘူး၊ ဘာဖြစ်လို့တုံး၊
ဒီပွဲကြည့်တဲ့ အကျင့်ကိုက ကောင်းတဲ့အကျင့် မဟုတ်ဘူးလို့ အများက သမုတ်ပြီးသား, အများက ယူဆပြီးသားဖြစ်နေလို့ တော်တော်လေး အသက်ကြီးတယ်ဆိုရင် “အို ... ငါတို့ အရွယ်နဲ့ မတော်ပါဘူး”လို့ ရှောင်ကြတယ်၊ တော်တော်ကလေး စိတ်သဘော ထား မြင့်မြတ်တဲ့ အမျိုးကောင်းသား ဖြစ်နေရင်လဲ “အို ... တို့ ပွဲလမ်းသဘင်တွေ သိပ်သွားလို့မတော်ပါဘူး”ဆိုပြီး ရှောင်ကြတယ်၊
တော်တော်ကလေး ရှက်တတ်ပြုတတ်တဲ့ အမျိုးသမီးများလဲပဲ “အို … တို့ ပွဲလမ်း သဘင်တွေ သွားလို့မတော်ပါဘူး” ဆိုပြီး ရှောင်ကြတယ်၊ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအကျင့်ဟာ မကောင်းဘူးဆိုတာ သူသူငါငါ သိပြီးသား အသိအမှတ် ပြုပြီးသား ဖြစ်နေလို့ပဲ။
အဲဒါကြောင့် အကယ်၍ မနေနိုင်လို့ တဏှာလှုံ့ဆော်လို့ သွားပေမယ့် စိတ်ကတော့ ရွံ့နေကြတယ်၊ သဘာဝအတိုင်းကိုက ယုတ်ညံ့လို့, သဘာဝအတိုင်းကိုက အောက်တန်းကျလို့ ဒီလိုဖြစ်နေတာ၊ နောက်ဆုံးတော့ “အနတ္ထ သံဟိတော - အကျိုးစီးပွားနဲ့ မစပ်ယှဉ်သော အကျင့်ဖြစ်တယ်၊ လောကကောင်းကျိုး မရတဲ့ အကျင့်ဖြစ်တယ်”
ဟို သံသရာဆိုတာတော့ မပြောနဲ့တော့၊ သံသရာမှာလဲ တဏှာတိုးလေ မကောင်းလေ၊ ဒီ ရူပါရုံ လှလှပပတွေ ကြည့်ပြီးတော့နေလို့ တဏှာဖြစ်လေ သံသရာ အတွက် မကောင်းလေဘဲ၊ သံသရာထဲ ကြာဖို့ရာအကြောင်း ဖြစ်နေတာပဲ၊ သဒ္ဒါရုံ ကောင်းကောင်းကလေးတွေ, သီချင်း သီဆိုသံတွေ, တစ်ယောက် တစ်ယောက် စကားပြောသံတွေ နားထောင်ချင်လေ တဏှာတိုးလာလေ၊ နဂိုထဲက တဏှာ အခြေခံ လာတာဆိုတော့ တဏှာတိုးလာလို့ရှိရင် သံသရာထဲမှာ သာပြီးတော့ ကြာမှာပဲ။ ဒါကြောင့် “အနတ္ထသံဟိတော - အကျိုးစီးပွားနဲ့ မစပ်ယှဉ်သော တရား ဖြတ်တယ်”လို့ ဟောတော်မူတယ်။
မျက်စိက ရူပါရုံမှာ ပျော်မွေ့တယ်
▬▬
ပြီးတော့ တစ်နေရာမှာ ဘုရားရှင် ကိုယ်တော်မြတ်က ဒီကာမဂုဏ်ရဲ့ အကြောင်းကို ဘယ်လိုဟောပါသလဲဆိုတော့ ဟို-မာဂဏ္ဍိယသုတ်မှာ မာဂဏ္ဍိယဆိုတဲ့ ပုဏ္ဏားကို မြတ်စွာဘုရားက ဒီလို ဟောတော်မူတယ်၊ “မာဂဏ္ဍိယ … စက္ခုပသာဒဆိုတဲ့ မျက်စိက၊ ရူပါရာမံ - ရူပါရုံဟူသော မွေ့လျော်ဖွယ်ရာရှိ၏”
မျက်စိက ရူပါရုံချည်း ကြည့်နေချင်တာပါ၊ “ရူပရတံ - ရူပါရုံ၌ မွေ့လျော်၏” ရူပါရုံမြင်ရမှ ရူပါရုံကို ကြည့်နေရမှ မွေ့လျော်နေတယ်တဲ့၊ နားကလဲ အသံကြားရမှ သူ့စိတ်က ကျေနပ်တယ်၊ အသံကို တယ်နားထောင်ချင်တယ်။ ဒီ နှာခေါင်းကလဲပဲ အနံ့ကလေးရမှ ကျေနပ်တယ်၊ ဒီရူပါရုံစတဲ့ ကာမဂုဏ် အာရုံတွေကို စက္ခုသောတ စတဲ့ ဒီတရားတွေက အမြဲ မွေ့လျော်နေတာဖြစ်တော့ တဏှာက လှုံ့ဆော်ပြီးတော့ ကြည့်ချင်နေတာပဲ၊
ကြားချင်နေတာပဲ၊ မွှေးကြိုင်ချင်နေတာပဲ၊ အရသာ ကောင်းကောင်းတွေ စားချင် နေတာပဲ၊ အတွေ့ အထိ ကောင်းကောင်းတွေ တွေ့ထိချင်နေတာပဲ၊ ဒါ လက်တွေ့ နော်၊ သတ္တဝါတိုင်းရဲ့ လက်တွေ့နော်၊ အင်း ... ပြန်ပြီးစဉ်းစားလိုက်စမ်း၊ သတ္တဝါ တွေဟာ အဝိဇ္ဇာနဲ့ တဏှာ ဓာတ်ခံရှိတယ်၊ ဒီ စက္ခု သောတ ဃာန ဇိဝှာ ကာယ ဆိုတဲ့ တရားတွေကလဲ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဆိုတဲ့ ကာမဂုဏ်ကို အင်မတန် မွေ့လျော်တယ်။
အနူ မီးကင်တာနဲ့ တူတယ်
▬▬
ဒီတော့ မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတော်မူပြန်တယ်၊ ဒီ သတ္တဝါတွေရဲ့ တဏှာက အာရုံငါးပါး မွေ့လျော်ပုံဟာ ဘာနဲ့တူတုန်း လို့ဆိုတော့ အနူ မီးကင်တာနဲ့ တူတယ်၊ အနူဟာ သူ့ ကံမကောင်း အကြောင်းမသင့်လို့ဖြစ်ဖြစ်, သူ့ကိုယ်သူ မထိန်းသိမ်းလို့ဖြစ်ဖြစ် အနူဘဝ ရောက်နေတယ်၊
အနူဘဝ ရောက်နေတော့ တော်တော်ကလေး အနူက ကြီးလာတယ်ဆိုရင်ပဲ ယားတယ်၊ ဘာဖြစ်လို့ ယားသတုန်း ဆိုတော့ အထဲက ပိုးတွေက ကြွတယ်၊ အထဲက ပိုးတွေက ကြွလို့ လှုပ်လှုပ်ရှားရှားဖြစ်တော့ အနူက ယားတယ်၊ ယားတော့ ဘာလုပ် သတုန်း, ကုတ်တယ်၊ ကုတ်လို့ အားမရတော့ ဘာလုပ်သလဲဆိုတော့ မီးကျီး ကောင်းကောင်းနဲ့ သွားပြီးတော့ မီးကင်တယ်၊ မီးကင်လိုက်တော့ ထို အပူဓာတ် ကြောင့် ပိုးတွေက နောက်ဆုတ်ပြီး ငြိမ်သွားတယ်၊ အယားပြေသွားတယ်၊
ဒီတော့ အနူဓာတ်ခံရှိတဲ့ အနူဟာ ပိုးထတော့ ယားတယ်၊ ယားတော့ ကုတ်တယ်၊ မီးကင်တယ်၊ မီးကင်တော့ အယား ပျောက်လို့ ခဏသက်သာသွားတယ်၊ ပျောက်သလား ဆိုတော့ မပျောက်ပါဘူး၊ အနူ မပျောက်ပါဘူး၊ ခဏပဲ သက်သာသွားတယ်၊ မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်က ဥပမာအဖြစ်နဲ့ ဒါကို မိန့်တော်မူတယ်။
မီးကင်လို့ အယား သက်သာသွားတာ
▬▬
ဘုန်းကြီးက သဘောပေါက်နေတယ်၊ ဝမ်းထဲမှာ တဏှာဓာတ်ခံ ရှိနေတဲ့ဥစ္စာဟာ အနူဓာတ်ခံရှိနေတာနဲ့ အတူတူပဲ၊ အနူရောဂါ ရှိနေတာနဲ့ အတူတူပဲ၊ ဒီတော့ ရူပါရုံကလေး မြင်ရတော့ ရူပါရုံကလေးကို ကြည့်ချင်တယ်၊ ဒါ အနူထတာပဲ။ သဒ္ဒါရုံ ကြားရတော့ သဒ္ဒါရုံကလေး နားထောင်ချင်တယ်၊ ဒါ အနူပိုး ထတာပဲ၊ ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတွေကို ဒီလိုပဲ လိုချင်နေတယ်၊ အဲဒါ အနူပိုး, တဏှာပိုး ထတာ၊
တဏှာပိုး ထတော့ ဘာဖြစ်သလဲ၊ ပိုးဆိုတော့ ခုတင်က အယားဖျောက်သလို မီးကင်သလို ရူပါရုံ ကြည့်တယ်၊ သဒ္ဒါရုံ နားထောင်တယ်၊ ဂန္ဓာရုံ မွှေးမွှေး ကြိုင်ကြိုင်တွေကို အနီးအပါးမှာ ထားတယ်၊ သုံးတယ်, စွဲတယ်။ အရသာ ကောင်းကောင်းကလေးတွေ စားတယ်, သောက်တယ်။
အဲဒါတွေ ဘာလုပ်တာတုန်းလို့ဆိုတော့ ခုတင်က ပြောတဲ့အတိုင်း အယားဖျောက် မီးကင်နေတာပဲ၊ စားစရာတွေ, စားပွဲတွေ ကြည့်ပြီးတော့ ကနေ့ တော်သွားပြီ၊ စားလိုက်ရ, ပွဲကြည့်လိုက်ရလို့ ကျေနပ်သွားပြီတဲ့၊ ဒါဟာ မီးကင်လိုက်လို့ ခဏလေး အယား သက်သာသွားတာ၊ ကနေ့တော့ သီချင်းသံတွေ ဘာတွေ တော်ပြီ၊ အင်း-အိပ်ဦးမယ်၊ နားမထောင်တော့ဘူး၊ ပွဲတို့ဘာတို့ တော်ပါပြီ ဆိုပြီး နေတာဟာ အယား ပျောက်သွားတာပဲ၊
မီးကင်လိုက်လို့ အယားပျောက်သွားသလိုပဲ ပွဲကြည့်လိုက်လို့ ရူပါရုံ ကောင်းကောင်း ကလေး ကြည့်လိုက်လို့, သဒ္ဒါရုံ ကောင်းကောင်းကလေး နားထောင် လိုက်လို့ ဒီအာသာ ပြေသွားတယ်၊ ဒီအယားဟာ တကယ်ပျောက် သွားသလား၊ ဘယ်ဟုတ်မလဲ၊ အနူပျောက်သလား, တဏှာ ပျောက်သလား၊ ဘယ်ဟုတ်မလဲ၊ ပိုပြီးတော့ အနူရောဂါ ထတာပဲ။
ကုတ်လိုက်, မီးကင်လိုက်၊ ခဏသက်သာလိုက်, ရောဂါပိုး ထလိုက်၊ တဏှာဓာတ်ခံ ရှိနေလို့ ပုထုဇဉ် သတ္တဝါတွေဟာ ရူပ, သဒ္ဒ, ဂန္ဓ, ရသ ကာမဂုဏ်တွေ လိုက်စား လိုက်တော့ ခဏကလေး အနူ အယားပျောက်သလို ခဏကလေး သက်သာ သွားတယ်။
တဏှာတိုးအောင် လုပ်နေတာ
▬▬
ဒါပေမယ့် နောက်ကျတော့ ခုတင်က အနူရောဂါ ထသလို ထပြီး ယားပြန်တာပဲ၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသ အာရုံတွေ လိုက်စားပြန်တာပဲ။ ဒီနည်းနဲ့ သံသရာတစ်လျှောက် လျှောက်လာခဲ့တာ ဘယ်တော့မှ သံသရာက ကျွတ်မှာမဟုတ်ဘူး၊ ဘာပြုလို့တုန်း ဆိုတော့ အဝိဇ္ဇာနဲ့ တဏှာက အခြေခံလာတာ ဘယ်နည်းနဲ့မှ ကျွတ်မှာ မဟုတ်ဘူး၊ သံသရာက ကျွတ်ရပါလိုရဲ့လို့ ဆုတောင်းပေမယ့် ဘယ်နည်းနဲ့မှ မကျွတ်ဘူး၊ ဘာပြုလို့တုန်း၊ အလုပ်ကိုက အနူပျောက်အောင် လုပ်တာ မဟုတ်ဘူး၊ အနူ တိုးအောင် လုပ်နေတာ၊ အလုပ်ကိုက တဏှာ ပျောက်အောင် လုပ်တာ မဟုတ်ဘူး၊ တဏှာတိုးအောင် လုပ်နေတာ၊ ဘယ်လောက် ဆုတောင်း ဆုတောင်း မရပါဘူး၊ နိဗ္ဗာန် မရပါဘူး၊
အဲဒီတော့ ကာမသုခလ္လိကာနုယောဂဆိုတဲ့ လောကီအာရုံ ကာမဂုဏ်တွေကို လိုက်စားပျော်ပါးတဲ့ အကျင့်ဟာ ယခု ပြောခဲ့တဲ့အတိုင်း (မာဂဏ္ဍိယသုတ်မှာ ဟောတော်မူတဲ့အတိုင်း) နူနာကို မီးကင်နေတာနဲ့ အတူတူပါပဲ၊ အဲဒါကြောင့် မြတ်စွာဘုရားက ပဉ္စဝဂ္ဂီတို့ကို -
“ဘိက္ခဝေ - ဘိက္ခုတို့၊
ပဗ္ဗဇိတေန - အိမ်ရာတည်ထောင် လူ့ဘောင်ကို ခွာရှောင်၍ ရသေ့ရဟန်းဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်သည်၊
ဒွေ - နှစ်မျိုးကုန်သော၊
ဣမေ အန္တာ - ဤ ယုတ်လည်း ယုတ်ညံ့ နှစ်ဖို့နှစ်စုလဲ ကွဲပြားနေတဲ့ တရားတို့ကို၊
န သေဝိတဗ္ဗာ - မမှီဝဲထိုက်ကုန်၊
ကတမေ ဒွေ - နှစ်မျိုးဟူသည် အဘယ်နည်း၊
ကာမေသု - လောကီအာရုံ ကာမဂုဏ် ငါးပါးတို့၌၊
ယော ကာမသုခလ္လိကာနုယောဂေါ - အကြင်ကိလေသာ ကာမချမ်းသာကို အဖန်ဖန် လိုက်စား ပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်သည်၊
ဟီနော - ယုတ်ညံ့လှ၏၊ အထက်တန်းပုဂ္ဂိုလ်များရဲ့ အလုပ်မဟုတ်ဘူး၊
ဂမ္မော - ရွာသူရွာသား လူအများတို့၏အလုပ် ဖြစ်၏၊
ပေါထုဇ္ဇနိကော - အရိယာတို့အတွင်းမှာ မပါဝင်တဲ့ ပုထုဇဉ် ပုဂ္ဂိုလ်တို့၏အလုပ် အလေ့အကျင့်ဖြစ်၏၊
အနရိယော - အရိယာ သူတော်ကောင်းတို့၏ အကျင့်မဟုတ်၊
အနတ္ထသံဟိတော - သည်အကျင့်ကို ကျင့်သည့်အတွက်ကြောင့် မည်သည့် ကောင်းကျိုး တစ်စုံတစ်ရာမျှ မရှိ”။
အရသာခံပြီး မစားနဲ့
▬▬
အဲဒါကြောင့် ရသေ့ရဟန်းဖြစ်လျှင် ဒီအကျင့်မျိုးကိုရှောင်၊ ဒီတော့ ဘုန်းကြီးက လျှောက်ပြီးတော့ စဉ်းစားတယ်၊ အလွန်ကောင်းတဲ့ ဆွမ်း, ဆွမ်းဟင်း တွေကို ဘုန်းကြီးတွေ ရဟန်းသာမဏေတွေ ဘုဉ်းပေးကြတယ်။ အဲဒါတွေ ဘုဉ်းပေးကြတာလဲ ကာမဂုဏ်ခံစားနေတာပဲ မဟုတ်လားလို့ စဉ်းစားစရာ ဖြစ်နေတယ်၊
အဲဒါကိုတော့ မြတ်စွာဘုရားက ဘယ်လို ပညတ်တော်မူသလဲ ဆိုတော့ “ကောင်းလှချည်ရဲ့ အရသာ ရှိလှချည်ရဲ့ဆိုပြီး တဏှာ ပွားအောင် အရသာခံ, ဇိမ်ခံပြီးတော့ မစားနဲ့” အဲဒါတွေ စားတဲ့အခါ တဏှာဖြစ်မှာစိုးလို့ မြတ်စွာဘုရားက ပစ္စဝေက္ခဏာ ဆင်ခြင်စားပါတဲ့၊
ဘယ်လို ပစ္စဝေက္ခဏာ ဆင်ခြင်ရမည်လဲဆိုတော့ “ငါဟာ ဒီအစာ စားပြီးတော့ သာသနာ့ဝန်တွေကို ထမ်းဆောင်နိုင်အောင်, စာပေပရိယတ် ကျမ်းဂန်တွေကို သင်အံ ပို့ချနိုင်အောင် စားပါ၏။ တဏှာလောဘ ကင်းဝေးကြောင်း အကျင့်ကောင်း အကျင့်မြတ်တွေ, မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်တွေ ကျင့်နိုင်အောင်သာ စားပါ၏”လို့ အဲဒီလို ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး စားဖို့ရန် မြတ်စွာဘုရား ပညတ်တော်မူတယ်၊
အဲဒီလို ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး မစားလို့ရှိရင် ကြွေးတင်တယ်လို့ ဟောတော်မူတယ်၊ ဆွမ်းရော, ကျောင်းရော, ဆေးရော အကုန်လုံး ဒီလို ဆင်ခြင်ပြီး သုံးဆောင်ရမှာပဲ၊ အဲဒါ ဘာပြုလို့လဲဆိုတော့ ခံစားတဲ့သဘော ရောက်သွားမှာ စိုးလို့ပဲ။ ဘုရားရှင် ကိုယ်တော်မြတ်က တချို့ပစ္စည်းတွေဆိုရင် လုံးလုံးကို ပယ်ထားတယ်၊ တချို့ ပယ်လို့မရတဲ့ ပစ္စည်းတွေကိုတော့ ဆင်ခြင် သုံးပါလို့ မိန့်တော်မူတယ်၊ ပညတ်တော်မူတယ်။
ကျောင်းကိုတွယ်တာတဲ့ တဏှာ မဖြစ်စေချင်
▬▬
အဲဒါကြောင့် မြတ်စွာဘုရားက ကာမဂုဏ်နှင့် စပ်တယ်လို့ဆိုရင် ရူပါရုံလှလှတွေ, မသုံးသင့် မသုံးကောင်းတဲ့ပစ္စည်းဝတ္ထု လှလှလေးတွေ၊ အဲဒါတွေကို ရသေ့ရဟန်း ဆိုရင် မသုံးပါနဲ့၊ အကယ်၍ သုံးသင့်သုံးကောင်းတဲ့ ပစ္စည်းဝတ္ထု ဆိုရင်လဲ ဆင်ခြင်ပြီးတော့ သုံးပါ၊ အဲဒီလို သဒ္ဒါရုံတွေ ဘာတွေ သီချင်းသံတွေ နားမထောင် ပါနဲ့၊ နားထောင်လို့ရှိရင် အပြစ်ကို ရှိပါတယ်၊ ပွဲလမ်းသဘင်တွေ မကြည့်ပါနဲ့၊ ကြည့်လို့ရှိရင် အပြစ်ကို ရှိတယ်၊ ဝိနည်းတော်အရကို အပြစ်ရှိတယ်၊
အဲဒီလို ကာမဂုဏ်အာရုံတွေကို လိုက်စားပျော်ပါးတဲ့ ကာမသုခလ္လိက အကျင့် မျိုးဘက် ပါသွားမှာစိုးလို့ နေရာတိုင်းမှာ ဘုရားရှင်ကိုယ်တော်မြတ်က တားမြစ် တော်မူတယ်၊ အရသာခံ ဇိမ်ခံတဲ့အနေနဲ့ သာသာယာယာကလေး သုံးစွဲနေမှာကို ဘုရားရှင် ကိုယ်တော်မြတ် လိုလားတော်မမူဘူးနော်။
ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးတော်မူသော ဂန္ဓကုဋိကျောင်းတိုက်တို့ ဘာတို့ လို ကျောင်းဒကာတွေရဲ့ သဒ္ဓါတရားအလျောက် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရှိသလောက် ရှိပါတယ်။ ဒါပေမယ့် တောထဲ ဆိတ်ငြိမ်တဲ့ သစ်ပင်အောက်မှာ မကြာမကြာ သီတင်းသုံးပြီး သမာပတ်ဝင်စားနေတော်မူပါတယ်၊ တပည့် ရဟန်း သံဃာတွေကိုလဲ ကြီးကျယ်ခမ်းနားတဲ့ ကျောင်းတွေကို တွယ်တာတဲ့ တဏှာ ဖြစ်မနေစေချင်ဘူး၊
အဲဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းသံဃာတော်တွေ ရဟန်းဖြစ်ခါစ ဘာများအမိန့်ပေးတော်မူသလဲ ဆိုတော့“အသင်တို့ ဆွမ်းခံပြီးတော့ စား၊ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်မှာ နေ၊ အဝတ်သင်္ကန်းများကိုလဲ ပံသုကူ ကောက်ပြီးတော့ ဝတ်ကြ” အဲသလို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က မိမိလိုပဲ ခြိုးခြိုးခြံခြံ ကျင့်ဖို့ရန် ပထမဆုံး မိန့်တော်မူခဲ့တယ်၊
ဒီထိအောင် ဘုန်းကြီး ပြောခဲ့တာဟာ တဏှာလောဘ ဖြစ်တတ်တဲ့ အကျင့်မျိုး၊ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာခံစားတဲ့)အကျင့်မျိုးကို မြတ်စွာဘုရား တားမြစ်တော်မူတယ် ဆိုတာကို တော်တော်များများ ဘုန်းကြီး ပြောပြီးပြီ၊ ပြီးတော့ ဘယ်လို အကျင့်မျိုးကိုလဲ မြတ်စွာဘုရား တားမြစ်တော်မူပါသေးသလဲဆိုတော့။
အလွန်အမင်း အပင်ပန်းခံ ကျင့်ရင် အတ္တကိလမထ
▬▬
“ယော စာယံ အတ္တကိလမထာ နုယောဂေါ ဒုက္ခေ အနရိယော အနတ္ထသံဟိတော၊
ယောစာယံ အတ္တကိလမထာနုယောဂေါ - တပင်တပန်းဖြစ်အောင် အားထုတ်တဲ့ အကျင့်မျိုးသည်လည်း၊
ဒုက္ခော - ဆင်းရဲကြောင်းဖြစ်၏၊
အနရိယော - အရိယာပုဂ္ဂိုလ်တို့ကျင့်ရတဲ့ အကျင့်မျိုးမဟုတ်၊
အနတ္ထသံဟိတော - အကျိုးစီးပွားနှင့် မစပ်ယှဉ်သော အကျင့်ပင်ဖြစ်၏”
ကာမသုခလ္လိကာနုယောဂ အကျင့်ကို မကျင့်ရဘူး, ကာမဂုဏ်တွေ မလိုက်စားရဘူး, တဏှာလောဘ မဖြစ်စေရဘူးလို့ တားမြစ်တာကတော့ ဟုတ်ပါပြီ၊ ဒီလိုဆိုရင် နင်လားငါလား အပင်ပန်းခံပြီးတော့ ကျင့်ရတော့မလားလို့ဆိုတော့ ဒါလဲ အလွန် အမင်း အပင်ပန်းခံတာကတော့ ဘုရားရှင် ကိုယ်တော်မြတ်က နှစ်သက်တော်မမူဘူး၊ အလွန်အမင်း အပင်ပန်းခံ ကျင့်ရင် အတ္တကိလမထာနုယောဂအကျင့် ဖြစ်သွားတယ်။
အတ္တကိလမထ အကျင့်များ
▬▬
အဲဒီ အကျင့်က ဘယ်လို အကျင့်မျိုးတုံးဆိုတော့ ဟိုခေတ်တုန်းက ဘုရားရှင် ကိုယ်တော်မြတ်ဟာ ကိုယ်တော်တိုင် တပင်တပန်း ကျင့်တော် မူခဲ့တယ်လေ၊ ဒီ အာနာပါန ကျင့်တဲ့အခါတုန်းက နှာခေါင်းက လေမထွက်အောင် ပိတ်လို့ ပါးစပ်ကလဲ ပိတ်လို့၊ အတင်းကြိုးစားလိုက်တာ နားတွေက လေတွေ ထွက်ပြီးတော့လာတယ်၊ အဲဒီတော့ နားက လေမထွက်အောင် ကြိုးစားလိုက်တာ တကတည်း ဗိုက်ထဲမှာ နွားသတ်သမားက နွားကို အတင်းလှီးဖြတ်နေသလို တပင်တပန်းကြီး ဖြစ်သွားတယ်၊
ပြီးတော့ အစာတွေ လျှော့လိုက်တာ တစ်နေ့လုံး နေလို့မှ ပဲပြုတ်ရည်လေး လက်တစ်ဆုတ်လောက် ဘုဉ်းပေးတော်မူတယ်၊ ပြီးတော့ ထပ်လျှော့လိုက်တာ၊ တစ်နေ့လုံး နေလို့မှ ဆီးသီး ကလေး တစ်လုံးလောက် ဘုဉ်းပေးတော်မူတယ်၊ အဲဒီလိုကျင့်တော့ မြတ်စွာဘုရားရဲ့ ဒီဝါဝင်းတဲ့ ပြည့်ဖြိုးတဲ့ အသားအရေတော် တွေဟာ ဘယ်လို ဖြစ်သွားသလဲဆိုတော့ ခြောက်ကပ်ပြီးတော့ အရိုးနဲ့အရေ လောက်သာ ကျန်တော့တယ်၊
အဲဒီလို ကျင့်လိုက်တုန်းက တရားထူး ရသလားဆိုတော့ မရပါဘူး၊ အဲဒီတော့ မြတ်စွာဘုရားက ခန္ဓာကိုယ် ကို သိပ်ပင်ပန်းအောင်ကျင့်တဲ့ အတ္တကိလမထာ-နုယောဂ အကျင့်မျိုးဟာလဲ ကောင်းတဲ့အကျင့် မဟုတ်ဘူး၊ ဆင်းရဲတာပဲ အဖတ် တင်တယ်၊ ဘာအကျိုးမှ မရဘူး၊
ကာမသုခလ္လိကာနုယောဂအကျင့်နဲ့ အတ္တကိလမထာနုယောဂအကျင့် နှစ်မျိုးလုံးကို ဘုရားရှင်ကိုယ်တော်မြတ်က ကိုယ်တော်တိုင် ကျင့်ဖူးတာချည်းပဲ၊ ကြည့်စမ်း ... ကာမသုခလ္လိကာ နုယောဂအကျင့်ကို ဘယ်တုန်းက ကျင့်ခဲ့သလဲဆိုတော့ ထီးနန်း စည်းစိမ်နဲ့နေတုန်းက ကျင့်ခဲ့တယ်၊ ထီးတော် နန်းတော်နဲ့ နေတုန်းက ဘုရားရှင် ကိုယ်တော်မြတ် ချမ်းသာလိုက်တာ၊ ကာမဂုဏ်ကိုသာ ခံစားပြီးတော့ စည်းစိမ်နဲ့ နေလိုက်တာ ဘာတရားထူးမှ မရဘူး၊ ဘာအကျိုးမှမရှိခဲ့ဘူး၊
အကျိုးမရှိရုံသာမကဘူး၊ နောက်ဆုံး စဉ်းစား လိုက်တဲ့အခါကျတော့ အို ... ဒီထီးနန်း စည်းစိမ်နဲ့ နေလို့ရှိရင် သေကြ ရမယ်, အိုကြရမယ်, နာကြရမယ်၊ မသေခင် အိုရ နာရပြီးတော့ သေပြီးတဲ့နောက် သေကွဲ ကွဲကြရမယ်၊ ဘာအသုံးကျသလဲလို့ အပြစ် မြင်ပြီးသကာလ ဘုရားရှင်ကိုယ်တော်မြတ် တောထွက်တော်မူခဲ့တယ်။
အကျင့်နှစ်မျိုးကို မကျင့်ဖို့
▬▬
အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် ထီးနန်းစည်းစိမ်နဲ့ နေတုန်းက စည်းစိမ်ခံစားတဲ့ အကျင့်မျိုးဟာ ကာမသုခလ္လိကာနုယောဂအကျင့်ပဲ။ သိပ်ချမ်းသာအောင် နေခဲ့တာပဲ၊ ဘေးကလဲ သိပ်ယုယကြတာပဲ။ အဲဒါလောက် ချမ်းသာတုန်းကလဲ ဘုရားရှင် ကိုယ်တော်မြတ် အပြစ် မြင်တော်မူခဲ့တယ်၊
တစ်ခါ တောထွက်ပြီးတော့ ကျင့်တော့လဲပဲ အတ္တကိလမထအကျင့်ကို ဘုရားရှင် ကိုယ်တော်မြတ် ကိုယ်တော်တိုင် ကျင့်တယ်၊ သိပ်ပင်ပန်းအောင် ကျင့်တယ်၊ အဲဒီလောက် ကျင့်တော့လဲ တရားထူး မရခဲ့ပါဘူး၊ ဒါကြောင့်
“ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ၊ ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော၊ ယော စာယံ အတ္တကိလမထာ နုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော”
လို့ အဲဒီအကျင့် နှစ်မျိုးကို မကျင့်ဖို့ရန် ဟောတော်မူတယ်။
အလယ်အလတ်ကျင့်မှ ထူးခြားတဲ့ ဉာဏ် ပေါ်လာ
▬▬
အိမ်ရာတည်ထောင် လူ့ဘောင်က ထွက်ခွာလာလို့ တရားထူးရအောင်ကြိုးစားတဲ့ ပုဂ္ဂိုလ်မှန်ရင် ဒီအကျင့်နှစ်ပါးကို မရောက်စေရဘူး၊
“ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ”
ဥဘော - နှစ်ပါးကုန်သော၊
ဧတေ အန္တေ - ဤတရား အဖို့အစုတို့ကို၊
အနုပဂမ္မမ - မကပ်ရောက်မူ၍၊
တထာဂတေန - မြတ်စွာဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍ သိအပ်သော၊
မဇ္ဈိမာ - ထိုအကျင့်နှစ်ရပ်တို့၏ အလယ်၌ ဖြစ်သော၊
ပဋိပဒါ - အကျင့်သည်ကား၊
ကာမဂုဏ်ခံစားဘက်လဲ မယိမ်းဘူး၊ ခန္ဓာကိုယ် တပင်တပန်းကြီး တကတည်း ချုံးသွားအောင် ဒီလိုလဲ မဟုတ်ဘူး၊ အဲဒီ နှစ်မျိုးကို မကျင့်ဘဲနဲ့ ငါဘုရားဟာ အလယ်အလတ် အကျင့်ကို လိုက်ခဲ့တာ အလွန် ကောင်းတယ်။
တထာဂတေန - ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍သိမြင်အပ်သော၊
မဇ္ဈိမာပဋိပဒါ - ထိုအကျင့်နှစ်ရပ်တို့၏ အလယ်၌ဖြစ်တဲ့ အကျင့်သည်၊
စက္ခုကရဏီ - ဉာဏ်စက္ခုကိုလည်း ပြုတတ်ပေ၏။
တော်တော်ထူးခြားတဲ့ ဉာဏ်တွေ ပေါ်လာတယ်၊
ဉာဏကရဏီ - သစ္စာလေးပါးတရား သိမြင်နိုင်လောက်တဲ့ ဉာဏ်ကိုလည်း ပြုနိုင် ပေ၏၊
ဥပသမာယ - ကိလေသာခပ်သိမ်းတို့၏ အေးငြိမ်းခြင်းအကျိုးငှာ၊
အဘိညာယ - သစ္စာလေးပါးတရားကို ထူးသောဉာဏ်ဖြင့် သိမြင်ခြင်းအကျိုးငှာ၊
သမ္ဗောဓာယ - သစ္စာလေးပါးတရားကို အမှားအယွင်း မရှိ သိမြင်ခြင်းအကျိုးငှာ၊
နိဗ္ဗာနာယ - ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်အကျိုးငှာ၊
သံဝတ္တတိ - စင်စစ်ဧကန် အမှန်ပင် ဖြစ်နိုင်ပါပေသတည်း။
သာဓု...သာဓု...သာဓု …။
အင်မတန်ကောင်းတဲ့ မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်အလတ်အကျင့်ကို ကျင့်လိုက်တာ၊ ငါဘုရားဉာဏ်တွေ တိုးလာတယ်၊ ကိလေသာတွေ အပူတွေ ငြိမ်းသွားတယ်၊ သစ္စာလေးပါးကို သိလာတယ်။ နိဗ္ဗာန်ကို မြင်လာတယ်၊ ငါဘုရားဟာ ဟို... အကျင့်နှစ်မျိုးကို ကျင့်တုန်းက ဘယ်အကျိုးမှ မရခဲ့ဘူး၊ ယခု ဒီအလယ်အလတ် အကျင့်ကို ကျင့်လိုက်တော့မှ တကယ့်ကို အင်မတန် အဖိုးတန်တဲ့ အကျိုးတွေ ရလာတယ်။
မဂ္ဂင်ရှစ်ဖြာ မဇ္ဈိမပဋိပဒါ
▬▬
အဲဒီ အလယ်အလတ်အကျင့်ဆိုတာ ဘယ်အကျင့်လဲလို့ဆိုတော့ -
“ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ”
အဲဒီ အလွန်ကောင်းတဲ့ အလယ်အလတ် ကျင့်စဉ်ဆိုတာ တခြား မဟုတ်ဘူး၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ အစရှိတဲ့ အင်္ဂါရှစ်ပါးရှိတဲ့ မဂ္ဂင်တရားပဲ။
“သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။”
မဂ္ဂင်ရှစ်ပါးဆိုတဲ့ မဇ္ဈိမပဋိပဒါ အကျင့်မြတ်က ဘယ်လောက်များ သတ္တိရှိပါသလဲလို့ ဆိုတာကို ဘုန်းကြီးတို့ တရားသဘောတော်အတိုင်း စဉ်းစားကြည့်စို့။
သမ္မာဒိဋ္ဌိ
▬▬
သမ္မာဒိဋ္ဌိဆိုတာက မှန်ကန်သောအမြင်, မှန်ကန်သော အသိဉာဏ်၊
ဘယ်လို နေရာမှာ မှန်ကန်ရမလဲ၊ သမ္မာဒိဋ္ဌိ ဆိုတဲ့ အသိဉာဏ်က -
ပထမအချက်က ကံ-ကံ၏ အကျိုးကို သိနေတဲ့ ကမ္မဿကတာဉာဏ်၊
ဒုတိယအချက်က ဒီထက်ပိုပြီးတော့ သိနေတဲ့ ဝိပဿနာဉာဏ်၊
တတိယအချက်က ဒီထက်ပိုပြီးတော့ ထိုးထွင်း၍ သိတဲ့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်
အဲဒီ ဉာဏ်တွေဟာ အဆင့်ဆင့် သမ္မာဒိဋ္ဌိချည်းပဲ၊ အဲဒါကြောင့် မြတ်စွာဘုရားက ဒီပြင်ပါဠိတော် တစ်နေရာမှာ -
“သမ္မာဒိဋ္ဌိ ခေါ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ ရာဂဝိနယ ပရိယေသနာ၊ ဒေါသဝိနယပရိဂေါသာနာ၊ မောဟဝိနယ ပရိယာသာနာ။”
ရဟန်းတို့ သမ္မာဒိဋ္ဌိကို မိမိစိတ်မှာဖြစ်အောင်, မိမိသန္တာန်မှာ ဖြစ်အောင် ကြိုးစား လို့ရှိရင် တစ်ကြိမ် မဟုတ်ဘူး၊ အထပ်ထပ် ကြိုးစားလို့ရှိလျှင် နောက်ဆုံးကျတော့ ရာဂကုန်သွားတယ်, ဒေါသကုန်သွားတယ်, မောဟကုန်သွားတယ်၊ ဒီမှာ -
“ဥပသမာယ - ကိလေသာတို့၏ ငြိမ်းအေးဖို့ရန်၊
သံဝတ္တတိ - ဖြစ်၏”
လို့ ဒီနေရာမှာ ဓမ္မစကြာတရားတော်နဲ့ တစ်ထပ်တည်း ကျသွားတယ်။
သမ္မာဒိဋ္ဌိက ဘာကြောင့် ဒီလောက် စွမ်းရသတုန်းဆိုတော့ ဘုန်းကြီးတို့ တရားနာတဲ့ ပုဂ္ဂိုလ် အားလုံးပဲ စဉ်းစားကြည့်စမ်း၊ မိမိတို့ အဝိဇ္ဇာနဲ့ တဏှာအရင်းခံပြီးတော့ ကံတွေပြုခဲ့တယ်၊ ကောင်းတဲ့ကံလဲ ပြုခဲ့တယ်။ မကောင်းတဲ့ ကံလဲ ပြုခဲ့တယ်၊ ပြုတာကိုက အဝိဇ္ဇာနဲ့တဏှာ အရင်းခံပြီး ပြုတယ်၊
ကောင်းတဲ့ကံ ပြုတုန်းမှာ အဝိဇ္ဇာနဲ့တဏှာ မရှိပါဘူး၊ ဒါပေမယ့် ဓာတ်ခံကတော့ ရှိနေတယ်၊ ဓာတ်ခံကရှိနေတော့ ဒီအဝိဇ္ဇာနဲ့ တဏှာ အရင်းခံနဲ့ ပြုတာချည်း ဖြစ်နေတယ်၊
ဆရာသမားတွေ ဟောပြောထား တဲ့အပြင် မိမိကိုယ်တိုင်လဲ အထပ်ထပ် စဉ်းစားတဲ့ အတွက် ဘယ်လောကီစည်းစိမ်ကိုမှ မတောင့်တဘူး၊ မလိုချင်ဘူး၊ နိဗ္ဗာန်ကိုသာ လိုချင် တောင့်တပြီး ကုသိုလ်ပြုပါတယ် ဆိုတာတောင် ဓာတ်ခံက အဝိဇ္ဇာ တဏှာဟာ ဝမ်းထဲမှာ ရှိနေတယ်။
ကံမတူလို့ လူအမျိုးမျိုး ခြားနားပုံ
▬▬
ဒီတော့ အဝိဇ္ဇာတဏှာ အခြေခံပြီး လာတဲ့ ဘုန်းကြီးတို့ရဲ့ ကံတွေဟာ ဒီသံသရာ ထဲမှာ အကျိုးပေးရော, အကျိုးပေးတော့ ကဲ ... ဘာအကျိုးပေးမလဲ ဆိုကြစို့၊ ယခု တရားနာ ပရိသတ်တွေနဲ့ ဘုန်းကြီးတို့တစ်တွေမှာ ကုသိုလ်ကံ အကျိုးပေးနေတယ်၊ ကုသိုလ်ကံ အကျိုးပေးနေတဲ့ ဒီရုပ် ဒီနာမ် ဒီခန္ဓာကို စဉ်းစားကြည့်စမ်းပါ။
ကုသိုလ်ကံ အကျိုးပေးလို့ ယခုဘဝမှာ လူဖြစ်လာရတာ၊ လူဖြစ်ရာ မှာလဲ အတော်အတန် ဉာဏ်ရှိနေတဲ့ လူဖြစ်နေတယ်၊ သဒ္ဓါတရား ရှိတယ်, ဉာဏ်ရှိတယ်။ အဲသလို လူဖြစ်နေတော့ အဲဒီ ကံကြောင့် ဖြစ်နေရတဲ့ လူလို့ဆိုတဲ့ ဒီရုပ်ကို စဉ်းစားကြည့်ပါ၊ ကံကို စဉ်းစားကြည့်ပါ။
တစ်ယောက်က ရုပ်တစ်မျိုးမှ ဟိုတစ်ယောက်က ရုပ်တစ်မျိုး ဆိုတော့ ရုပ်ချင်း မတူပါဘဲလား၊ တစ်မေတည်း တစ်ဖတည်း မွေးထားတဲ့ သားသမီးတောင်မှ ရုပ်ချင်း မတူပါဘဲလား၊ တစ်မေတည်း တစ်ဖတည်း မွေးထားတဲ့ အမွှာပူး ညီအစ်ကို နှစ်ယောက်မှာတော့ ရုပ်ချင်း အတော်တူတယ်၊ အတော်တူတယ်ဆိုပေမယ့် မသိမသာ ကလေး အသားချင်း ကွာနေတတ်တယ်၊ ရုပ်ချင်း ကွာနေတတ်တယ်။ လက်ခြေအင်္ဂါချင်း ကွာနေတတ်တယ်၊
ဒီအဖေ အမေက ဆုံးမနေပြီး ဒီအိမ်မှာ ကြီးလာတဲ့ သားသမီးများတောင် တစ်ယောက်က စိတ်ကောင်းရှိတယ်, တစ်ယောက်က စိတ်ကောင်းမရှိဘူး၊ တစ်ယောက်က ဉာဏ်ရှိတယ်, တစ်ယောက်က ဉာဏ်မရှိဘူး၊ နောက် အရွယ် ရောက်လို့ ပညာသင်တော့ တစ်ယောက်က ပညာတတ်တယ်, တစ်ယောက်က ပညာမတတ်ဘူး၊
နောက် ပညာတတ်ပြီးလို့ အိမ်နဲ့ယာနဲ့ နေကြတော့ တစ်ယောက်က ကြီးပွားတယ်, ချမ်းသာတယ်၊ တစ်ယောက်က မကြီးပွားဘူး, မချမ်းသာဘူး၊ တစ်ယောက်မှာ ရောဂါများတယ်, တစ်ယောက်မှာ ရောဂါမရှိဘူး၊ တစ်ယောက်က အချိန်စော သေတယ်, တစ်ယောက်က အချိန်နှောင်းမှသေတယ်၊
ဘယ့်နှယ်လဲ တစ်မေ တစ်ဖေတည်း, တစ်သွေးတစ်သားတည်း, အမွှာပူးမွေးတဲ့ လူနှစ်ယောက်က ကွာနေလှချည်လားလို့၊ ဒီတော့ရှေးကံပဲ၊ အမေအဖေရဲ့ သွေးသား သာတူတာ၊ ဒီအမေ အဖေရဲ့ သွေးသားနဲ့ အခြေခံပြီးတော့ တည်ရပေမယ်လို့ မျိုးစေ့နဲ့တူတဲ့ ရှေးကံကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ အဲဒါကြောင့် ဒီမှာလာပြီးတော့ အကျိုး ပေးချင်း မတူတာဘဲ၊
ကံသာ ကိုယ်ပိုင်ဥစ္စာပဲ၊ ကံသာ ငါပိုင်ဥစ္စာပဲ။ ကောင်းလဲ ငါ့ကံပဲ, မကောင်းလဲ ငါ့ကံပဲ၊ ငါပြုခဲ့တဲ့ကံတွေဟာ ကောင်းလဲ ငါစံရမယ်, မကောင်းလဲ ငါခံရမယ်၊ အဲသလို ပီပီသသ လျှောက်ပြီး စဉ်းစားလိုက်တဲ့အခါကျတော့ ကမ္မဿကတာဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိဟာ တော်တော် အဆင့်အတန်း မြင့်နေပြီဆိုတာ သိနိုင်တယ်။
သမ္မာဒိဋ္ဌိအခြေခံ ကျန်မဂ္ဂင်များဖြစ်
▬▬
ဒီလောက်ဆိုရင်ပဲ လူကောင်း ဖြစ်နေပြီ၊ ဟုတ်တယ်၊ ငါ မကောင်းလို့ ငါ့ရုပ်ဟာ ဘယ်လိုဖြစ်တယ်၊ ငါမကောင်းလို့ အင်း ဘယ်လို အဖေ အမေတွေမှာ ဝင်စား ရတယ်, ဖြစ်ရတယ်၊ ငါ မကောင်းလို့ ခု အလုပ်လုပ်တော့ အကျိုးမပေးဘူး၊ ငါမကောင်းလို့ ငါ့မှာ ဉာဏ်ထိုင်းနေတယ်၊
အဲဒီလိုပဲ ကောင်းတဲ့လူကလဲ ငါ ရှေးကကံကောင်းလို့ ဘယ်မိဘ ဘယ်အမျိုးနဲ့ ငါလာပြီးတော့ တွေ့ရတယ်၊ ငါရှေးက ကံကောင်းလို့ ဉာဏ်ကလေး တော်တော် ကောင်းတယ်၊ ငါရှေးက ကံကောင်းလို့ ရုပ်အဆင်းတွေ တော်တော် ကောင်းတယ်၊ ငါရှေးကကံကောင်းလို့မို့ ပစ္စည်းဥစ္စာ ရှာလို့ရတယ်။
အဲသလို စသည်အားဖြင့် သိတော့ သြော် … ကံတွေဟာ တယ်အရေးကြီးပါလား ဆိုတာ သဘောပေါက်လာတယ်၊ အဲဒီလို ကံအကြောင်း သဘောပေါက် နားလည်တဲ့ ကမ္မဿကတာဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိ ရှိရင်ပဲ တော်တော် ကောင်းနေပြီ၊ တော်တော် လူကောင်းကလေး ဖြစ်နေပြီ၊ သိပ် အရေးကြီးတာပဲ၊
ဒီတော့ ဒီဉာဏ် အခြေခံပြီး သမ္မာသင်္ကပ္ပ (ကောင်းစွာ ကြံစည်ခြင်း) ဆိုတာ ဖြစ်လာတယ်၊ ငါ မကောင်းတာကတော့ မကြံဘူးလေ၊ မကောင်းတာကြံရင် ငါ့မှာ မကောင်းကျိုးတွေ ဖြစ်နေရော့မယ်၊ မကောင်းတာကြံတာက ဘာတုန်း၊ ကာမဂုဏ် လိုက်စားဖို့မှာ ကြံတယ်၊ သူတစ်ပါးတွေ သေဖို့, ကြေဖို့ ဖျက်ဆီးဖို့ ကြံတယ်၊ သူတစ်ပါးနှိပ်စက်ဖို့ ကြံတယ်၊
အဲသလို ငါမကြံ မိစေရဘူး၊ လူများဆင်းရဲအောင် ငါမကြံမိစေရဘူး၊ အို … ကာမဂုဏ်တွေ မလွှဲသာလို့ တကတည်း ငါ့မှာ ယခုလို လောကီ အာရုံတွေနဲ့ အိမ်နဲ့ယာနဲ့ နေရတယ်၊ လွှဲသာလို့ရှိရင် အိမ်နဲ့ယာနဲ့တောင် ငါ မနေချင်ဘူး၊ ယခုမလွှဲသာလို့ နေရတယ်၊
ဒါတော့ ထားပါတော့, ထားပါတော့၊ ငါဟာ ကာမဂုဏ်တွေ လိုက်စားလို့ ဘယ် တော်မလဲ။ အို-ပွဲလမ်းသဘင် လိုက်စားလို့ ဘယ်တော်မလဲ၊ ဒါတွေကို ငါမကြံဘူး, ငါမကြံဘူး၊ အဲဒီလိုနဲ့ လောကီအာရုံ ကာမဂုဏ်တွေ လိုက်စားဖို့ မကြံစည်တော့ဘဲ လောကီအာရုံ ကာမဂုဏ်တွေနဲ့ ကင်းရှင်းဖို့ရာသာ ကြံစည်တယ်။
အောက်တန်းစား မဂ္ဂင်များ
▬▬
သမ္မာသင်္ကပ္ပ-တရားနဲ့ ကောင်းမွန်စွာ ကြံစည်သလို၊
သမ္မာဝါစာ-ဆိုတဲ့ တရားနဲ့ ကောင်းမွန်စွာ ပြောတယ်၊ စကားပြောတဲ့အခါမှာ သူများနဲ့ မှားမှားယွင်းယွင်း ဖြစ်ဖြစ်သွားအောင် မပြောဘူးမလိမ်ဘူး၊ မှန်မှန်ကန်ကန် ပြောတယ်၊
သမ္မာကမ္မန္တ-အလုပ်လုပ်တော့လဲ မှန်မှန်ကန်ကန်နဲ့ လုပ်တယ်၊
သမ္မာအာဇီဝ-ရောင်းတဲ့ဝယ်တဲ့အခါလဲ အသက်မွေးဝမ်းကျောင်းနဲ့ စပ်ပြီး စီးပွားရှာကြ ပေမယ့် တရားသဖြင့် ရှာတယ်။
သမ္မာဝါယာမ-လုံ့လဝီရိယထုတ်တော့လဲ အများကောင်းအောင် လုံ့လ ကြိုးစားတယ်၊ တရားသဖြင့် စီးပွားရအောင် ကြိုးစားတယ်။
သမ္မာသတိ-ကုသိုလ်ကောင်းမှုပြုဖို့ သတိရနေတယ်၊ ဒီအချိန် ဘုရား အာရုံပြုဦးမှ, ဒီအချိန် ဘုရားစာတွေ ရွတ်ဦးမှ, ဒီအချိန် မေတ္တာပို့ဦးမှ, အဲဒီလို သမ္မာသတိဖြစ်လို့၊
ပြီးတော့ သမ္မာသမာဓိ-ဆိုတဲ့ တည်တည်ကြည်ကြည်ရှိတဲ့ နေရာမှာလဲ အင်း ... လူငယ် လူငယ် အလိုက်, လူကြီး လူကြီးအလိုက် စိတ်နေစိတ်ထားများလဲတည်လို့၊ သမ္မာသမာဓိဖြစ်လို့၊
ယခုပြောခဲ့တဲ့ မဂ္ဂင်တွေဟာ မဂ္ဂင်အမျိုးအစား ထဲမှာ အောက်တန်းအကျဆုံး မဂ္ဂင်ပဲ ရှိသေးတယ်၊ ဒီဟာကိုပဲ ကောင်းလှပြီ၊ လူကောင်းကလေးကိုဖြစ်လို့ အမျိုးသား ကောင်းကလေးကို ဖြစ်လို့ အမျိုးသမီးကောင်းကလေးကိုဖြစ်လို့, ရဟန်းကောင်း ကလေး ဖြစ်လို့ ကိုရင်ကောင်းကလေးဖြစ်လို့၊ ကံ-ကံ၏အကျိုးကို နားလည်တာ တစ်ခုနဲ့ပဲ တန်ဖိုးရှိလှပြီနော်၊
ဒါပေမယ့် ပဉ္စဝဂ္ဂီများကို ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတာက ဒါလောက် မကဘူး၊ အထက် ဝိပဿနာသမ္မာဒိဋ္ဌိတို့, မဂ်ဉာဏ်, ဖိုလ်ဉာဏ်သမ္မာဒိဋ္ဌိတို့ အထိ ဟောတော်မူတာ၊ အဲဒီမှာ ဝိပဿနာသမ္မာဒိဋ္ဌိအကြောင်း စဉ်းစား ကြည့်ရမယ်။
ဝိပဿနာသမ္မာဒိဋ္ဌိ
▬▬
ဘယ့်နှယ်လဲ တို့တစ်တွေဟာ ရှေးကံကြောင့် လူဖြစ်လာတယ်ဆိုပေမယ့် လူလို့သာ နာမည်တပ်ထားတာ၊ အမှန်တော့ ဒီရုပ်နဲ့ ဒီနာမ်ပဲ၊ ဒီရုပ်တရားကလဲ ကံကြောင့် ဖြစ်တဲ့ရုပ်၊ အဲဒီရုပ်က ကံအရှိန်ကုန်လို့ရှိရင် ပျက်တယ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်က ခုစိတ်ကြောင့် ခုရုပ်ဖြစ်တယ်။ ခုစိတ်လဲ ချုပ်သွားရော, ခုရုပ်ကလဲ ချုပ်သွားရော၊ စိတ်ချမ်းသာတဲ့ အခါ ရုပ်ကလေးတွေ ကြည်လင်လို့၊ စိတ်ဆင်းရဲတဲ့အခါ ရုပ်တွေ ညှိုးနွမ်းလို့၊ ဘယ့်နှယ်လဲ, အဖြစ်အပျက်တွေနော်၊
စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလဲ ဖြစ်ပျက်နေတာပဲ၊ အအေးအပူ ဥတုမျှလာတဲ့အခါ ရုပ် ကလေးများ ကြည်လင်လို့၊ အအေးက မိသွားတဲ့အခါ ရုပ်ကလေး ဖောက်ပြန်လို့ နှာစေးတယ်တဲ့, အင်း...ဘာဖြစ်တယ်တဲ့၊ အအေးမိလို့ နေမကောင်းဖြစ်နေသတဲ့၊ အင်း..လျှာတွေကွဲလို့တဲ့လည်ချောင်းတွေ ဘာတွေ ကပ်လို့တဲ့၊
အဲဒီလို စသည်ဖြင့် ဒီရုပ်ဟာ ကံကြောင့်ရော စိတ်ကြောင့်ရော ဥတုကြောင့်ရော အမျိုးမျိုး ပြောင်းလဲနေတယ်။ ပြီးတော့ အစာကလေး မတည့်လို့ ဘယ်သူဟာ နေမကောင်းဘူးလို့ ဘယ်သူကတော့ ဓာတ်စာတွေ စားနေလို့ အတော်လေး နေသာထိုင်သာ ရှိသတဲ့၊ အင်း .. အစာအာဟာရကလဲ ဒီရုပ်ကို ခြယ်လှယ်နေတာပဲ။
ဘယ့်နှယ်လဲ, ဒီရုပ်ဟာ ဘာမှ သူ မာမာထက်ထက် ခိုင်ခိုင်မာမာ မရှိပါပဲလား၊ ကံကပြုပြင်ထားလို့ ဒီရုပ် ဒီနာမ် ဒီခန္ဓာနဲ့ ဒီလူ့ဘဝကို ရနေတဲ့အခါမှာပဲ ကံကအမြဲ လိုက်ပြီးတော့ ပြုပြင်နေသေးတယ်။ ကံမကောင်း အကြောင်း မသင့်လို့ရှိရင် စောင့်ရှောက်ပါလျက်ကယ်နှင့် မကောင်းတာတွေ ဖြစ်တယ်၊ ကံကောင်းနေတော့လဲ တော်ရုံတန်ရုံ နဲ့လဲ ကောင်းတာတွေ တွေ့တယ်၊
ဪ... ဒီခန္ဓာကိုယ်ကြီးဟာ ကံကြောင့်လဲ ဖြစ်နေတယ်၊ ကံကြောင့်ဖြစ်တဲ့ရုပ်ဟာ ကံအရှိန်ကုန်လို့ ရှိရင် ပျက်မှာပဲ၊ စိတ်ဟာ ခဏခဏ ပြောင်းနေသလို စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ကလဲ ခဏခဏပြောင်းမှာပဲ၊ ဥတု ရေမြေတွေ ဖောက်လွဲ ဖောက်ပြန် ဖြစ်နေသလို အဲဒီ ဥတု ရေမြေအတွေ့ကြောင့်ဖြစ်တဲ့ ဒီရုပ် ဒီခန္ဓာကိုယ်ကြီးလဲပဲ ဖောက်လွဲဖောက်ပြန် ဖြစ်နေတာပဲ။
သုခခံစားတာလဲ မကောင်း
▬▬
ဒီလိုဆိုရင် ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ မမြဲတဲ့ ပျက်နေတဲ့ အနိစ္စတရား ကြီးပဲ၊ မမြဲတဲ့ ပျက်နေတဲ့ အနိစ္စတရား ဖြစ်နေတဲ့အတွက်ကြောင့် ဒီရုပ်ကြီးဟာ ဘယ်နည်းနဲ့မှ သုခမဟုတ်တော့ဘူး၊ ဒုက္ခသာ ဧကန် ဖြစ်တော့တယ်၊ ဒုက္ခဆိုရင် အားလုံးကတော့ နာတာကျင်တာနဲ့ စိတ်ဆင်းရဲနေတာကိုသာ ဒုက္ခလို့ ထင်နေတယ်၊ ဒီလို မဟုတ်သေးဘူး၊ နာတဲ့ ကျင်တဲ့ဒုက္ခနဲ့ စိတ်ဆင်းရဲတဲ့ ဒုက္ခမျိုးလောက်ကိုသာ ဒုက္ခလို့ ခေါ်တာ မဟုတ်သေးဘူး၊
အဲဒီဒုက္ခမျိုး မဟုတ်ဘဲနဲ့ ဖြစ်ပြီး ပျက်ပျက်နေတဲ့ဟာကို ကောင်းသလား မကောင်း သလားဆိုလို့ရှိရင် ဖြစ်ပြီး ပျက်တာဟာ ဘယ်ကောင်းမလဲ၊ အချိန်ရှိသရွေ့ ဖြစ်ပြီး ပျက်နေတာဟာ မကောင်းဘူး၊ သုခခံစားပြီးတော့ နေတယ် ဆိုပါတော့၊ ကောင်းသလား၊ မကောင်းဘူးလား၊ ကဲ … သုခခံစားတာဟာ မြဲနေသလား, မမြဲပါဘူး၊
အဲ... ပျက်မှာပဲ၊ ပျက်ရင် သုခခံစားတာလဲ မကောင်းဘူး၊ ဒါဖြင့် ဒီရုပ်ခန္ဓာကြီးက မမြဲတဲ့ အနိစ္စခန္ဓာကြီးပါလား၊ ဒီရုပ်ခန္ဓာကြီးဟာ နာတယ်, ကျင်တယ်, ကိုက်တယ်, ခဲတယ်, စိတ်ဆင်းရဲတယ်ဆိုတဲ့ ဒုက္ခအပြင် ပျက်ပျက် ပျက်ပျက်နေတဲ့ မကောင်း ဒုက္ခကြီးပါလား၊ မကောင်း သင်္ခါရကြီးပါလား။
အနိစ္စရုပ်ခန္ဓာ
▬▬
အဲဒီလို ပျက်ပျက်နေတယ် ဆိုလို့ရှိရင် ခိုင်မြဲတဲ့ သတ္တိ, အတ္တဆိုတာ ဘာမျှမရှိ ပါပဲလား၊ အနတ္တ ချည်းပါလားလို့ ဟောသလို အနိစ္စ, ဒုက္ခ, အနတ္တဖြစ်ပုံကို စဉ်းစား လိုက်တဲ့အခါကျတော့ ခုတင်က အဲဒီ မဂ္ဂင်ရှစ်ပါးထဲက တစ်ပါး အပါအဝင်ဖြစ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်လာတယ်။
“သမ္မာဒိဋ္ဌိ ခေါ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ ရာဂဝိနယ ပရိယောသနာ၊ ဒေါသဝိနယပရိယောသာနာ၊ မောဟဝိနယ ပရိယောသာနာ။”
အဲဒီ ဝိပဿနာသမ္မာဒိဋ္ဌိကို စိတ်ထဲမှာ ထပ်ကာထပ်ကာဖြစ်အောင် စိတ်ထဲမှာ ထင်ရှားလာအောင် စွဲမြဲနေအောင် လုပ်ရမယ်၊
“ဘာဝိတာ - မိမိသန္တာန်၌ ဖြစ်စေအပ်သည်ရှိသော်၊
ဗဟုလီကတာ - ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော်”
ဒီရုပ်ခန္ဓာကိုယ်ကြီးကို စူးစိုက်ပြီးတော့ ဝိပဿနာရှုမယ်၊ အဲဒီရုပ်က ကံ, စိတ်, ဥတု, အာဟာရကြောင့် ဖြစ်ပြီး ပျက်တယ်၊ ဒီတော့ ဒီရုပ်က မမြဲပါပဲလား၊ မမြဲလို့ ပျက်နေတော့ အချိန်ရှိသရွေ့ ပျက်နေတာပေါ့၊ အချိန်ရှိသရွေ့ ပျက်နေတာကို ထောက်လို့ရှိရင် အနှစ်သာရ အခိုင်အမာ ဘာမျှမရှိဘူး၊ အဲဒါကြောင့် အနတ္တချည်းပဲ၊ အနိစ္စရုပ်ခန္ဓာကြီး၊ အဲဒီလို ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်အောင် ထပ်ကာထပ်ကာ စဉ်းစားကြည့်။
အနိစ္စနာမ်ခန္ဓာ
▬▬
ရုပ်သာပြောနေတယ်၊ နာမ်ခေါ်တဲ့ စိတ်စေတသိက်တရားကကော မြဲသလား၊ အို... စိတ်မမြဲတာက တော့ အသိသာကြီးပဲ၊ ခုစိတ်တစ်မျိုးမှ ခုစိတ်တစ်မျိုး၊ စိတ်က မမြဲ တာကတော့ အသေအချာပဲ၊ ဒီတော့ မမြဲရင် သူကလဲ ပျက်ရတယ် မဟုတ်လား၊ ပျက်တာပေါ့, စိတ်လဲ ပျက်တာပေါ့၊ တကတည်း ဗြုန်းဗြုန်းဗြင်းဗြင်း ပျက်နေတာ မကြားရပေမယ့် စိတ်ပျက်နေတာကတော့ အမှန်ပါပဲ၊
အထင်ရှားဆုံး ပြောရရင် တစ်ခါတလေမှာ ခန္ဓာကိုယ်က ကျန်းမာချမ်းသာပါရဲ့၊ ဒါပေမယ့် စိတ်ကမချမ်းသာဘူး၊ အဲဒီစိတ် မချမ်းမသာဖြစ်တဲ့ဥစ္စာ ဘယ်လောက်များ နစ်နာသလဲဆိုတဲ့ ဥစ္စာ ဒါကို စဉ်းစားပြီးကြည့်၊ အတော်မကောင်းတဲ့ နာမ်တရား တွေပဲ၊ ကောင်းတယ်ဆိုတဲ့ စိတ်ချမ်းသာကလေးကျတော့လဲ ပျက်သွားတာပဲ။ မကောင်းတဲ့ စိတ်ကလဲ ပျက်တာပဲ၊ ဒီလိုဆိုရင် စိတ်ကလဲ အနိစ္စ, စိတ်ကလဲ ဒုက္ခ, စိတ်ကလဲ အနှစ်သာရမရှိ မခိုင်မြဲတဲ့ အနတ္တပဲ။
သမ္မာဒိဋ္ဌိ အဖန်ဖန်ပွား
▬▬
အဲဒီလို သမ္မာဒိဋ္ဌိကို ထပ်ပြန်တလဲလဲ ပွား၊ ဘယ်လောက်ထိအောင် ပွားရမလဲ၊ ရာဂ ကုန်သွားအောင်ပွားရမယ်၊ တရားမရဘဲ နေမလား၊ ရာဂကုန်သည် အထိပွား၊ ဒီခန္ဓာကိုယ်ကို မတပ်မက် မတွယ်တာအောင် ထပ်ကာ ထပ်ကာပွား၊ ဒေါသ တစ်ခါ တစ်ခါ ဖြစ်လာလို့ရှိရင်လဲ ဟယ်... ဒေါသ ရှိနေပါသေးလား၊
ငါက အကြာကြီး ဒေါသနဲ့ ဝေးနေလို့ ဒေါသ မဖြစ်တော့ဘူးလား အောက်မေ့တယ်၊ ဒေါသဖြစ်နေ သေးတယ်၊ ဒီတော့ ဒေါသမဖြစ်အောင် သမ္မာဒိဋ္ဌိကို ထပ်ကာထပ်ကာ ပွား၊ အနိစ္စ, ဒုက္ခ, အနတ္တ ထပ်ကာထပ်ကာပွား၊ အဲဒီသမ္မာဒိဋ္ဌိကို ထပ်ပြန်တလဲလဲ ပွားလို့ရှိရင် -
“ရာဂဝိနယပရိယောသာနာ - ရာဂကို ပယ်ဖျောက်ခြင်း ဟူသော အပြီးသတ်ကိစ္စ ရှိသည်၊
ဒေါသဝိနယပရိယောသာနာ - ဒေါသကို ပယ်ဖျောက်ခြင်းဟူသော အပြီးသတ်ကိစ္စ ရှိသည်၊
မောဟဝိနယပရိယောသာနာ - မောဟကို ပယ်ဖျောက်ခြင်း ဟူသော အပြီးသတ် ကိစ္စ ရှိသည်၊
ဟောတိ-ဖြစ်၏”
လို့ အဲသလို သမ္မာဒိဋ္ဌိကို ပွားလိုက်ရင် ရာဂ, ဒေါသ, မောဟတွေ အပြီးသတ် ကုန်ခန်းသွားအောင် ပယ်လိုက်နိုင်တယ်။
သမ္မာသင်္ကပ္ပ
▬▬
သမ္မာသင်္ကပ္ပ ဆိုတဲ့ မဂ္ဂင်တရားက ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန် ကြံတယ်၊ စဉ်းစားတယ်၊ ဒီရုပ်ဟာ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက်ဆိုတော့ မမြဲတဲ့ အနိစ္စ တရားပဲ၊ ပြီးတော့လဲ တဖြည်းဖြည်းနဲ့ အိုမင်းရင့်ရော်လာတယ်၊ အကယ်၍သာ ဒီရုပ်ဟာ မြဲတဲ့တရား ဟုတ်ခဲ့ရင် ဒီလို အိုမှာ မဟုတ်ဘူး၊ ယခုတော့ အိုလာတယ်၊ မမြဲဘူး၊ ပြီးတော့ အမြဲတမ်း ပျက်ပျက်နေတဲ့အတွက် ဒီရုပ်ဟာ ဧကန် ဒုက္ခပဲ၊ ဘာမျှ အနှစ်သာရ မရှိ ခိုင်ခိုင်မာမာ မရှိတဲ့အတွက် အနတ္တပဲလို့ သမ္မာသင်္ကပ္ပတရားက ကြံစည်တယ် စဉ်းစားတယ်။
သမ္မာဝါစာ
▬▬
သမ္မာဝါစာဆိုတဲ့တရား ဖြစ်ပေါ်လာရင် ဘယ်တော့မှ မကောင်းတဲ့စကား မပြောဘူး၊ စကားကို မပြောချင်ရင်သာ မပြောဘဲ နေမယ်၊ မကောင်းတဲ့စကားကို မပြောဘူး၊ အနိစ္စအကြောင်း ပြောမယ်, ဒုက္ခအကြောင်း ပြောမယ်, သီလ သမာဓိအကြောင်း ပြောမယ်, ပညာအကြောင်း ပြောမယ်။
သမ္မာကမ္မန္တ
▬▬
သမ္မာကမ္မန္တက မကောင်းတာများတော့ လုပ်ကို မလုပ်ဘူး၊ ရှောင်နေမယ်၊ သမ္မာကမ္မန္တက အလုပ်လုပ်ရလို့ရှိရင် တရားဟောတဲ့ အလုပ်ကို လုပ်မယ်၊ တရား ထိုင်တဲ့ အလုပ်ကို လုပ်မယ်၊ တရားကျင့်တဲ့ အလုပ်ကို လုပ်မယ်၊ တရား ဆင်ခြင်တဲ့အလုပ်ကို လုပ်မယ်။
သမ္မာအာဇီဝ
▬▬
သမ္မာအာဇီဝကလဲ မတရား အသက်မမွေးဘူး၊ တို့ရဟန်းသံဃာ ဆိုတဲ့ဥစ္စာ ဆွမ်းခံ ပြီးတော့ စားရတယ်၊ တရားသဖြင့် ဆွမ်းခံစားမယ်၊ သူများ လှူချင် တန်းချင်အောင် ဟန်လုပ်ပြီးတော့ ဆွမ်းခံမစားဘူး၊ သူများ လှူချင်တန်းချင်အောင် ပရိယာယ်တွေ ပြောပြီးတော့ ဆွမ်းခံမစားဘူး၊ အင်း-လူဖြစ်ပြန်တော့လဲ ဝိပဿနာ ရောက်လာတဲ့ လူတွေကျတော့ အို-မတရားစီးပွားမရှာဘူး၊
ဘာပြုလို့လဲ ဖြစ်သမျှ ပျက်တာချည်းပဲ၊ ဒီမတရားစီးပွားရှာပြီးတော့ ဒီခန္ဓာကိုယ်ကြီး မွေးနေတော့ကော ဒီခန္ဓာကိုယ်ကြီးက ထာဝရ တည်မြဲနေမှာတဲ့လား၊ ဒီလိုဆိုတော့ မတရားစီးပွား ရှာပြီးတော့ မတရား သေပြီးတော့ မတရားဘဝ ရောက်သွားတော့ တွေ့ရကြုံရမယ့် ဒုက္ခတွေကို ဘယ်သူခံစားမှာလဲ၊ ဒီရုပ် နာမ် ဒီခန္ဓာတွေ ဆက်ခံကြ ရမှာပဲ၊ မတရား အသက်မမွေးပါဘူး။
သမ္မာဝါယာမ
▬▬
သမ္မာဝါယာမက ကြိုးစားမယ် “ဘာဝိတော - မိမိသန္တာန်၌ ဖြစ်စေအပ်သည် ရှိသော်” ဆိုတဲ့ဥစ္စာ ကြိုးစားတာပဲ၊ “ဗဟုလီကတော - ကြိမ်ဖန်များစွာ အလေ့ အလာ ပြုအပ်သည်ရှိသော်”ဆိုတဲ့ဥစ္စာကြိုးစားတာပဲ၊ ထပ်ကာထပ်ကာ ကြိုးစားတယ်။ ဘာ ထပ်ကာထပ်ကာ ကြိုးစားတုန်း၊ ရုပ်တရား နာမ်တရားတွေ အပေါ်မှာ အနိစ္စ, ဒုက္ခ, အနတ္တထင်မြင်အောင် ထပ်ကာထပ်ကာကြိုးစားတာပဲ။
သမ္မာသတိ
▬▬
သမ္မာသတိကတော့ ဒါ သတိရနေတယ်၊ အနိစ္စတွေ, ဒုက္ခတွေ, အနတ္တတွေကို သတိရနေတယ်။ ဒီ အနိစ္စ, ဒုက္ခ, အနတ္တ အကြောင်းကို အနမတဂ္ဂသံသရာ ဘဝပေါင်း များစွာက အဝိဇ္ဇာဟာ မသိတဲ့ တရားပဲ၊ ကြောင်တောင်ကန်းကြီးပဲ။ ဒီရုပ်တရား နာမ်တရားတွေ ပျက်နေတာကို အပျက်လို့ သူမမြင်ဘူး၊ အပျက်ကို သူက အကောင်းထင်ပြီးတော့ လိုက်လာခဲ့တယ်၊ အဝိဇ္ဇာ ဖုံးလွှမ်းထားသလောက် တဏှာကလဲ မက်မောလာခဲ့တယ်၊
အဝိဇ္ဇာနဲ့ တဏှာဟာ တို့ကို နှိပ်စက်လွန်းတယ်၊ ဒီခန္ဓာကိုယ် ရုပ်နာမ်ကြီးကို ဖန်ဆင်းပြီးတော့ နှိပ်စက်လွန်းတယ်၊ ဒီ ရုပ်နာမ်ကြီးကို ကံနဲ့ ဖြစ်အောင် တည်ထောင်ပြီးတော့ နှိပ်စက်လွန်းတယ်၊ အပါယ်လေးပါး သွားရတာလဲ ဒီအဝိဇ္ဇာ တဏှာကြောင့်ပဲ၊
နှိပ်စက်လွန်းတယ်လို့ အကုန်လုံး သတိရပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်သည် မမြဲသော အနိစ္စ ကြီးပါတကား၊ ငါ့ရဲ့ ခန္ဓာကိုယ်သည် ကိုယ်ဆင်းရဲတဲ့ ဒုက္ခတရား, စိတ်ဆင်းရဲတဲ့ ဒုက္ခတရား၊ ကိုယ်တွေ စိတ်တွေ မဆင်းရဲပါဘူး, ချမ်းသာနေပါတယ် ဆိုပေမယ်လို့ တစ်ပျက်တည်း ပျက်ပြီးတော့နေတဲ့ မကောင်းဒုက္ခတရားကြီး ပါတကား၊ ငါ၏ခန္ဓာကိုယ်မှာ အတွင်းအပြင် အကုန်လုံး ဆင်ခြင်စဉ်းစားကြည့်တဲ့အခါ ဘာမျှ အနှစ်သာရရှာမရ တဲ့ အနတ္တတရားကြီးပါလားလို့ အဲဒီလို သမ္မာသတိ တရားက သတိရနေတယ်။
သမ္မာသမာဓိ
▬▬
သမ္မာသမာဓိက တည်ကြည်တယ်၊ ရုပ်နာမ်တရား အားလုံး အနိစ္စ, ဒုက္ခ, အနတ္တ ချည်းပါလားလို့ တည့်တည့် ကြည့်ရှုနေတယ်၊ တည်တည်တံ့တံ့ ခိုင်ခိုင်မြဲမြဲ ရှုနေတယ်။ အဲဒီလို ဝိပဿနာဉာဏ် သမ္မာဒိဋ္ဌိနှင့်တကွ မဂ္ဂင်ရှစ်ပါးနဲ့ ထပ်ကာ ထပ်ကာ အနိစ္စ, ဒုက္ခ, အနတ္တလို့ ရှုပြီး အနိစ္စ, ဒုက္ခ, အနတ္တ ထင်မြင်လာအောင် ထပ်ကာထပ်ကာ ပွားလိုက်တော့ -
ရာဂက လျော့လျော့သွား
ဒေါသက လျော့လျော့သွား,
မောဟက လျော့လျော့သွား၊
ထပ်ပွားလေ ဟိုကလျော့လေ၊ အနမတဂ္ဂသံသရာက ဒုနဲ့ဒေးနဲ့ လာခဲ့တဲ့ ရာဂ တွေဟာ ယခု ဝိပဿနာဉာဏ်နဲ့ ကစ်ခါတည်း ဖိဖိစီးစီး နင်လား ငါလား ကြိုးစား လိုက်တဲ့အခါကျတော့ လျော့လျော့သွား, ပါးပါးသွား၊ အဝိဇ္ဇာကလဲ ပါးပါးသွား, တဏှာကလဲ လျော့လျော့သွား၊ အဲဒီလိုနဲ့ ကြိုးစားလိုက်တာ နောက်ဆုံးကျတော့ ရာဂတွေကုန်သွား ဒေါသတွေကုန်သွား, မောဟတွေ ကုန်သွားပြီးတော့ အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာ ဖြစ်သွားနိုင်တယ်။
ဒီတော့ မဇ္ဈိမပဋိပဒါ အကျင့်ဟာ ဉာဏ်စက္ခုကိုလဲ ပြုနိုင်တယ်လို့ ဟောတော်မူတယ်၊
“မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ”
တထာဂတေန - ငါဘုရားသည်၊
အဘိသမ္ဗုဒ္ဓါ - ထိုးထွင်း၍သိအပ်သော၊
မဇ္ဈိမာ - ကာမသုခလ္လိကာနုယောဂ, အတ္တကိလမထာနုယောဂ နှစ်မျိုးတို့၏ အလယ် အလတ် ဖြစ်သော၊
ပဋိပဒါ - နိဗ္ဗာန်သို့ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့အကျင့်သည်၊
စက္ခုကရဏီ - ဉာဏ်စက္ခုကိုလည်း ပြုနိုင်သည်၊
ဉာဏကရဏီ - ဝိပဿနာဉာဏ်မှ တက်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကိုလည်း ပြုနိုင်သည်၊
ဟုတွာ - ဖြစ်၍၊
ဥပသမာယ - ကိလေသာခပ်သိမ်းတို့၏ အေးငြိမ်းခြင်းအကျိုးငှာ၊
အဘိညာယ - သစ္စာလေးပါးတရားကို ထူးသောဉာဏ်ဖြင့် သိခြင်း အကျိုးငှာ၊
သမ္ဗောဓာယ - သစ္စာလေးပါးတရားကို မမှားဧကန် အမှန်အတိုင်း သိခြင်းအကျိုးငှာ၊
နိဗ္ဗာနာယ - ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန် အကျိုးငှာ၊
သံဝတ္တတိ - စင်စစ်ဧကန် အမှန်ပင် ဖြစ်နိုင်ပါပေသတည်း။
သာဓု...သာဓု...သာဓု …။
ခန္ဓာကိုယ်မှာ ဖြစ်တာချည်းပဲ
▬▬
ဒီတော့ ပြန်ပြီးတော့ စဉ်းစားကြည့်ရမယ်၊ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ် ချမ်းသာ ခံစားတယ်ဆိုတဲ့) အကျင့်လဲ ခန္ဓာကိုယ်မှာ ဖြစ်တယ်၊ အတ္တကိလမထာ-နုယောဂ (မိမိကိုယ်ကို ပင်ပန်းအောင် ကျင့်တယ်ဆိုတဲ့) အကျင့်လဲ ဒီခန္ဓာကိုယ်မှာ ဖြစ်တယ်၊ အဲဒီအကျင့် နှစ်ပါးကို စွန့်ခွာပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ် ထိုးထွင်း၍ သိအပ်တဲ့ အကောင်းမြတ်သုံး မဇ္ဈိမပဋိပဒါဆိုတဲ့ အလယ်အလတ် အကျင့်လဲပဲ ဒီခန္ဓာကိုယ်မှာဖြစ်တယ်၊
အဲဒီတော့ ဒီခန္ဓာကိုယ်မှာ မကောင်းတဲ့အကျင့်တွေ မဖြစ်နိုင်အောင် ခုတင်က ပြောတဲ့အတိုင်း တရားရပြီး သူတော်ကောင်းဖြစ်အောင် ကိုယ့်ကိုယ်ကို နှလုံးသွင်း ရမယ်၊ ကျင့်ရမယ်၊ ကျင့်လို့ရှိရင် ခန္ဓာကိုယ်ထဲမှာ သမ္မာဒိဋ္ဌိရပြီ မဟုတ်လား၊ ဝိပဿနာသမ္မာဒိဋ္ဌိရော၊ တဖြည်းဖြည်း ဝိပဿနာ သမ္မာဒိဋ္ဌိဟာ ရင့်ရင့်လာတယ်၊ ပြီးတော့ သမ္မာသင်္ကပ္ပဆိုတဲ့ ကောင်းတဲ့ အကြံတွေ ဖြစ်လာတယ်၊ မကောင်းတဲ့ အကြံတွေဟာ တစ်ခုမှမပါတော့ဘူး၊ သမ္မာဝါစာ,သမ္မာကမ္မန္တ သမ္မာအာဇီဝဆိုတဲ့ စကားတွေက လဲ အကောင်းချည်းပြော၊ အလုပ်တွေကလဲ အကောင်းချည်းလုပ်လို့၊ အသက်မွေးဝမ်းကျောင်းလဲ သန့်ရှင်း စင်ကြယ်လို့, သမာဓိကလဲ တည်ကြည်လို့၊ အဲဒီ တရားအားလုံး ခန္ဓာကိုယ်ထဲမှာ ဖြစ်တာ မဟုတ်လား။
မဇ္ဈိမပဋိပဒါဟာ အကောင်းဆုံးယာဉ်
▬▬
ဧတဒတ္တနိသမ္ဘူတံ, ဗြဟ္မယာနမနုတ္တရံ၊
နိယျန္တိ ဓီရာ လောကမှာ, အညဒတ္ထု ဇယံ ဇယံ။
အဲဒီလို မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးတရားကို ဒီမဇ္ဈိမပဋိပဒါ အကျင့်မြတ်ကြီးကို ဗြဟ္မယာန (အမြတ်ဆုံးယာဉ် အကောင်းဆုံးယာဉ်)လို့ ဟောတော်မူတယ်၊
အဲဒီ ယာဉ်နဲ့ပဲ ရှေးရှေးက ဘုရားရှင် ကိုယ်တော်မြတ်တွေလဲပဲ ဒီလောကကြီးက ထွက်မြောက်ပြီး နိဗ္ဗာန် ရောက်အောင် သွားကြတယ်၊ ဒီယာဉ်နဲ့ပဲ ရှေးရှေးက ပစ္စေကဗုဒ္ဓါ ကိုယ်တော်မြတ်တွေလဲပဲ နိဗ္ဗာန်ရောက်သွားကြတယ်၊ ဒီယာဉ်နဲ့ပဲ ရဟန္တာတွေလဲ နိဗ္ဗာန်အရောက် သွားကြတယ်၊
အဲဒီယာဉ်ဟာ အမြတ်ဆုံးယာဉ်ပဲ, အကောင်းဆုံးယာဉ်ပဲ၊ ယခုကာလမှာ မော်တော် ယာဉ်တွေ၊ မော်တော်ကားတွေ အင်မတန် ကောင်းသတဲ့၊ ဒါပေမယ့် အဲဒီ ယာဉ်တွေဟာ ခဏကလေး သွားလို့ရတယ်၊ အဲဒီယာဉ်နဲ့ ဘယ်အထက်ကိုမှ တက်လို့မရဘူး၊ ဒီယာဉ်နဲ့ ကောင်းတဲ့ လူ့ဘဝ တစ်ခု ရောက်အောင် သွားလို့မရဘူး၊
ယခု မော်တော်ကားဆိုတဲ့ ယာဉ်တွေနဲ့ လေယာဉ်ပျံတွေနဲ့ သုဂတိဘဝတစ်ခု ရောက်အောင် သွားလို့မရဘူး၊ နတ်ပြည်, ဗြဟ္မာပြည်ရောက်အောင် သွားလို့မရဘူး၊ နိဗ္ဗာန်ဆိုတာ ဝေးရော၊ ဟောဒီ လောကမှာရှိတဲ့ ဒီယာဉ်တွေရအောင် ကြိုးစား လိုက်ရတာ ရှာဖွေလိုက်ရတာ မောလို့၊ အဲဒီလောက် မောအောင် ရှာလို့ရှိရင် ဘုန်းကြီးတို့ရဲ့ ဗြဟ္မယာဉ်ဆိုတဲ့ အမြတ်ဆုံးယာဉ်ဟာ ရနိုင်ပါတယ်၊
အဲဒီ အမြတ်ဆုံး ယာဉ်ကတော့ ဟိုအထက် နိဗ္ဗာန်မရခင် သုဂတိဘဝသို့ သွားလို့ရတယ်၊ နတ်ပြည်, ဗြဟ္မာပြည်ကို သွားလို့ရတယ်၊ လူချမ်းသာ, နတ်ချမ်းသာဆိုတဲ့ နေရာကိုလဲ သွားလို့ ရတယ်၊ အဲဒီက တစ်ဆင့်တက်ပြီးတော့ ဒီယာဉ်ကြီးဟာ အင်မတန် မွန်မြတ်ပြီးတော့ တစ်ခါတည်း ကောင်းလာပြီဆိုတဲ့ အခါကျတော့ နိဗ္ဗာန်ထိအောင် သွားလို့ရတယ်၊
ဒီယာဉ်နဲ့ပဲ ဟိုရှေးက ပုဂ္ဂိုလ်ပေါင်း များစွာဟာ လောကကြီးက ထွက်မြောက်ပြီးတော့ နိဗ္ဗာန်ကို သွားကြတယ်၊ ဒါကြောင့် မိမိတို့ကိုယ်တိုင် ဟောဒီယာဉ် ရအောင်ဟာ မော်တော်ကားယာဉ် စီးတိုင်းစီးတိုင်း ဒီယာဉ်မျိုးရအောင် ကြိုးစားလို့ ဒီ မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကြီးကို ကျင့်လို့များ နေနိုင်ကြမယ်ဆိုလို့ ရှိရင် ဘုန်းကြီးတို့မှာ အနမတဂ္ဂ သံသရာက စ၍ပါလာတဲ့ အဝိဇ္ဇာနဲ့ တဏှာတွေ ပြုတ်ပြီးတော့ ဘုန်းကြီးတို့ မနေချင်တဲ့ ဒီလောကကြီး ထဲက ထွက်ပြီးသကာလ နိဗ္ဗာန်ကို သွားနိုင်ကြမယ်တဲ့။
ဧတဒတ္တနိသမ္ဘူတံ, ဗြဟ္မယာနမနုတ္တရံ၊
နိယျန္တိ ဓီရာ လောကမှာ, အညဒတ္ထု ဇယံ ဇယံ။
အတ္တနိသမ္ဘူတံ - ကိုယ်တိုင်ကြိုးကုတ်, အားကုန်ထုတ်သဖြင့်, သရုပ်မှန်စွာ, ကိုယ့်သန္တာန်၌လည်း ဖြစ်ပေါ်လာနိုင်ပေထသော၊
ဧတံ ဗြဟ္မယာနံ - နောက်လိုက်နောက်ပါ, များဗိုလ်ပါတို့, ဆောင်ကာယူတတ်, ဖြစ်ရပ်အကျော်, ဤမဂ္ဂင်တည်းဟူသော ယာဉ်ပျံတော်ကြီးသည်၊
အနုတ္တရံ - လောက၌ရှိသော ယာဉ်တို့တွင် အမြတ်ဆုံးဖြစ်သော ယာဉ်ပျံတော်ကြီး ပါပေတည်း၊
(လောကမှာရှိတဲ့ လေယာဉ်တွေနဲ့ တုလို့ကို မရဘူး၊)
အနုတ္တရံ - လောကီယာဉ်သာ, မယှဉ်သာအောင်, ကဲသာမြတ်မွန်, တုဖက်လွန်တဲ့ ယာဉ်ကောင်း ယာဉ်မြတ်ပါပေတည်း၊
ဧတေန ယာနေန - ဤမဂ္ဂင်ရှစ်ဖော်, ယာဉ်ပျံတော်ကြီးဖြင့်၊
ဓီရာ - ဘုရားအစ, များလှသောင်းသောင်း, ပညာရှိသူတော်ကောင်းတို့သည်၊
အညဒတ္ထု - စင်စစ်ဧကန်, အမှန်မယုတ်, နောက်မဆုတ်ဘဲသာလျှင်၊
ဇယံ - အောင်သင့်အောင်ရာ, ကိလေသာဟု, လွန်စွာပြင်းထန်မှ အတွင်းရန်ကို၊
ဇယံ ဇယန္တာ - မဂ်လေးအောက်ထက်, အမြောက်စက်ဖြင့် ဖျောက်ဖျက်သတ်ညှင်း, အောင်တပ်ခင်းကြကုန်လျက်၊
လောကမှာ - ဖြစ်က ပျက်တုံ, ဓလေ့ဘုံတွင်, တွေ့ကြုံကြရိုး, ဤလာကဆိုးကြီးထဲမှ၊
နိယျန္တိ - ဓိဋ္ဌာန်သလောက်, စိတ်ကြံပေါက်၍, လွတ်မြောက်တော်မူကြလေ ကုန်သတည်း။
သာဓု...သာဓု...သာဓု …။
ကာမသုခလ္လိကာနုယောဂအကျင့်, အတ္တကိလမထာနုယောဂအကျင့်, မဇ္ဈိမပဋိပဒါ အကျင့် အဲဒီ အကျင့်သုံးမျိုးကို ဘုန်းကြီးပြော ပြီးပြီ၊
အဲဒီအကျင့်သုံးပါး သဘောပေါက် နားလည်ပြီးတော့မှ ငါတို့သည် ဒီလောကီအာရုံ ကာမဂုဏ်နှင့် မကင်းစကောင်းလို့ နေကြသော်လဲ အင်မတန် လဝန်လွန်ကဲကဲ ခံစားတဲ့ အဖြစ်မျိုးဖြင့် တို့တစ်တွေဟာ ကာမဂုဏ်ကို မခံစားတော့ဘူးလို့ ရိုးရိုးသားသား မကင်းရာ မကင်းကြောင်း အနေမျိုးဖြင့် နေပြီးတော့ ငါတို့ဟာ ဒီ ကာမသုခလ္လိကာနုယောဂအကျင့်က လွန်တက်ပြီးတော့ မဇ္ဈိမပဋိပဒါ ဆိုတဲ့ အကျင့်ရောက်အောင် ပထမဆုံး ကမ္မဿကတာဉာဏ် ကြိုးစားမယ်၊
ကမ္မဿကတာဉာဏ် အမြင်သန်တဲ့အခါ ဝိပဿနာ ဉာဏ်ရအောင် ကြိုးစားမယ်၊ အဲဒီ ဝိပဿနာဉာဏ်ရအောင် ကြိုးစားပြီးတော့မှ ဒီမဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ရောက်စေမယ် ဆိုတဲ့ အလွန် ထက်သန်တဲ့ ဇွဲလုံ့လဖြင့် ကြိုးစားနိုင်ကြပါစေကုန် သတည်း။
သာဓု...သာဓု...သာဓု …။
ပထမပိုင်းပြီး၏။
ဓမ္မစကြာတရားတော်
ဒုတိယနေ့
(သာသနာတော်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခုနှစ်က ဟောကြားတော်မူသည်)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ ဟောကြားခြင်း
▬▬
ယနေ့ည ဓမ္မစကြာတရားတော် အဆက်က သစ္စာလေးပါး ရောက်လာတယ်၊ ပထမပိုင်းက အကျင့်သုံးပါး, ဒုတိယပိုင်းက သစ္စာလေးပါး၊ အဲဒီ သစ္စာလေးပါးကို ဘုန်းကြီး တစ်နာရီတည်းနဲ့ ပြီးအောင်ဟောမယ်လို့ နဂိုကတော့ စိတ်ကူးတယ်၊
နဂိုက စိတ်ကူးပြီးတော့ ထပ်စဉ်းစားတဲ့အခါမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို လည်လည်ပတ်ပတ် နားမထောင်ရလို့ရှိရင် ဒုက္ခအကြောင်း, သမုဒယ အကြောင်း ကောင်းကောင်း မသိကြလို့ရှိရင် ယနေ့ညအတွက် ဘုန်းကြီးတို့ ရသင့်တဲ့အကျိုး ပြည့်ပြည့်စုံစုံ မရပေဘူး၊ ဒါကြောင့် ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို တစ်ညသက်သက် တစ်နာရီလောက် ထိုင်ပြီးတော့ ဟောမယ်လို့ စိတ်ကူးရပြန်တယ်၊
တရားတော်က နည်းနည်း နက်တယ်နော်၊ တရားတော်ဟာ နားထောင်သွားရုံနဲ့ ပြီးတဲ့ တရားမျိုး မဟုတ်ဘူး၊ စဉ်းစားစဉ်းစားပြီးတော့ ကြည့်မှ အင်း...ဒီအဓိပ္ပာယ်ဟာ ဟုတ်ပါတယ်၊ မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း မှန်ပါတယ်လို့ ဝန်ခံရမယ်၊
ဒီတော့ ဘုန်းကြီးက လေးနက်တဲ့ တရားတိုင်း တရားတိုင်းဟာ ရပ်ထဲရွာထဲ ဆူဆူညံညံ နေတာမျိုးနဲ့ မသင့်တော်ဘူး၊ တိတ်တိတ်ဆိတ်ဆိတ် တောထဲ တောင်ထဲမှာ နေပြီးတော့ စဉ်းစားမှ တရားအရသာ ပေါ်မယ်လို့ ဒီလို အယူအဆ ရှိတယ်၊ ဒါကြောင့် စိတ်ထဲက တောမဟုတ်ပေမယ့် တောထဲရောက်နေတယ်လို့ ထင်လာအောင် တောသံ တောင်သံကလေး နည်းနည်း ပေးကြစို့ရဲ့။
လျှိုမြှောင်ချောက်ဘေး တောသံပေး ဂါထာ
▬▬
ကဒါဟံ ကန္ဒရေ ရမ္မေ, ဝိညူနမဘိသေဝိတေ၊
ဒန္တော သန္တော သမာစာရေ, စရေယျံ ဥတ္တမုတ္တမေ။
အဟံ - အများမဆန် တရားမှန်ကို, အားသန်ရော်ရည်, ငါမထေရ်သည်၊
ကဒါ - အခါခုနှစ်, သက္ကရာဇ်ကို, တွက်စစ်ညွှန်ပြ, ဘယ်ကာလ၌၊
ရမ္မေ - ရွှင်ပျကြည်, ဘေးမသီဘဲ, နေ့လည်ညဉ့်ပါ, ဘယ်ခါ မပြောင်း, မွေ့လျော်ဖွယ်ရာ ကောင်းသော၊
ဝိညူနံ - ဆန်းဉာဏ်မများ, လမ်းမှန်သွားမည့် တရားသိမြင်, ပညာရှင်တို့သည်၊
အဘိသေဝိတေ - ခင်ခင်မင်မင်, တရွှင်ရွှင်နှင့်, အစဉ်မပြတ်, မှီဝဲအပ်သော၊
ကန္ဒရေ - ကျောက်တောင် ကျောက်တန်း, ကျောက်ခါးပန်း၌, ကျောက်ပန်းခက်ဝေ, ကျောက်စက်ရေနှင့် ကျောက်ငွေဘော်ဖြူ, ကျောက်အိုဝယ်, ကျောက်ဂူ ထွင်းဖောက်, ကျောက်တောင်ချောက်၌၊
ဒန္တော - ပင်ကိုယ်စွဲသန်, ယဉ်ကျေးဟန်ထက်, သဏ္ဌာန်ထူးထွေ, ယဉ်ကျေး စေလျက်၊
သန္တော - အာရုံအများ, မလှုပ်ရှားဘဲ, တရားရှာဖွေမှု ငြိမ်သက်စေလျက်၊
ဥတ္တမုတ္တမေ - မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သဖြင့်, ဧကန်ကျင့်အပ်, အလွန်ကောင်းမြတ်ကုန်သော၊
သမာစာရေ - ဓုတင်တစ်ခန်း, ကမ္မဋ္ဌာန်းလေးဆယ်, များကျယ်ဘိတောင်း, အကျင့်ကောင်းတို့ကို၊
စရေယျံ - လုံ့လရင့်သန်, အသင့်မှန်အောင်, ကျင့်ကြံကြိုးကုတ်, အားထုတ် နိုင်ပါမည်နည်း။
ချမ်းမြေ့မွေ့လျော် တောရပ်ပျော်၍
▬▬
ဘုရားရှင်ကိုယ်တော်မြတ်ရော ရှေးရှေးက သူတော်ကောင်း တွေရော တောကျောင်းမှာ အင်မတန် မွေ့လျော်တော်မူကြတယ်လို့ ဘုန်းကြီးပြောခဲ့တယ်၊ ဘုန်းကြီးကလဲ တွေးကြည့်တယ်၊ လေးလေး နက်နက် တရားတွေ လေးလေး နက်နက်စာတွေ တောထဲမှာ စဉ်းစားလို့ သိပ်ကောင်းမှာပဲ၊ ကျောင်းထဲကန်ထဲမှာလဲ တိတ်တိတ် ဆိတ်ဆိတ် နေတဲ့အခါမှာ စဉ်းစားလိုတယ်၊
ဒီတော့ ယခု ဓမ္မစကြာ တရားတော်လို လေးနက်တဲ့တရားများကို စဉ်းစားမယ်ဆိုရင်, နာရ မယ်ဆိုရင် စိတ်ရောကိုယ်ပါ တောထဲရောက်နေတာ တယ်ကောင်း၊
“ကဒါ - အခါခုနှစ်, သက္ကရာဇ်ကို တွက်စစ်ညွှန်ပြ, ဘယ်ကာလ၌၊
ရမ္မေ - ရွှင်ပျအေးကြည်, ဘေးမသီဘဲ, နေ့လည်ညဉ့်ပါ, ဘယ်ခါ မပြောင်း, မွေ့လျော်ဖွယ်ရာကောင်းသော”
တောဟာ ပျင်းစရာလို့ ထင်ရတယ်၊ ဒါပေမယ့် -
“ရမ္မေ - မွေ့လျော်ဖွယ်ရာကောင်းသော” သစ်ပင်ရိပ်မှာ ငှက်ကလေးများနဲ့ တစ်ခါတည်း လေကောင်း လေသန့် ကလေးများနဲ့ နေ့လည်ကျတော့လဲ ပျော်စရာ ကောင်းရဲ့၊ ညနေကျတော့လဲ ပျော်စရာကောင်းရဲ့၊ ခုလို ညပိုင်းကျပြန်တော့လဲ သာပြီး တရားနှလုံးသွင်းလို့ ကောင်းတယ်။
“ရမ္မေ - ရွှင်ပျကြည်, ဘေးမသီဘဲ, နေ့လည်ညဉ့်ပါ, ဘယ်ခါ မပြောင်း, မွေ့လျော်ဖွယ်ရာကောင်းသော၊
ဝိညူနံ - ဆန်းဉာဏ်မများ, လမ်းမှန်သွားမည့် တရားသိမြင်, ပညာရှင်တို့သည်၊
အဘိသေဝိတေ - ခင်ခင်မင်မင်, တရွှင်ရွှင်နှင့်, အစဉ်မပြတ်, မှီဝဲအပ်သော၊”
တကယ့် သူတော်ကောင်းတွေက အင်မတန် ကျေနပ်ကြ, အရှင်မဟာကဿပ ကြီးဆိုရင် တစ်ခါတစ်ခါ “ဒီလို တောင်တွေက ငါ့ကို အင်မတန် မွေ့လျော်စေ နိုင်ကြတယ်။ ဒီလို တောတွေက ငါ့ကို အင်မတန် မွေ့လျော်စေနိုင်ကြတယ်”နဲ့ ဒီလို မကြာခဏ တွေးတော်မူခဲ့တယ်။
အာရုံအများ မလှုပ်ရှားဘဲ
အဘိသေဝိတေ - ခင်ခင်မင်မင်, တရွှင်ရွှင်နှင့်, အစဉ်မပြတ်, မှီဝဲအပ်သော၊
ကန္ဒရေ - ကျောက်တောင် ကျောက်တန်း, ကျောက်ခါးပန်း၌, ကျောက်ပန်းခက်ဝေ, ကျောက်စက်ရေနှင့် ကျောက်ငွေဘော်ဖြူ, ကျောက်အိုဝယ်, ကျောက်ဂူ ထွင်းဖောက်, ကျောက်တောင်ချောက်၌၊
ဂူကလေးများထွင်းလို့ ပတ်ဝန်းကျင်က သစ်ပင်ကလေးတွေနဲ့ တယ်ကြည်နူးစရာ ကောင်းတယ်။
“သန္တော - အာရုံအများ, မလှုပ်ရှားဘဲ, တရားရှာဖွေ ငြိမ်သက်စေလျက်”
စိတ်က တောထဲတွယ်နေ ကတည်းကိုက တစ်ခါတည်း ယဉ်ကျေးပြီးသား, တောညွတ်နေတဲ့ သူတော်ကောင်း အမျိုးသား အမျိုးသမီးကိုယ်တိုင်က နဂိုက စိတ်က ယဉ်ကျေးပြီးသား၊ တောထဲကျတော့ ပိုပြီးတော့ ယဉ်ကျေးလာတယ်။ ဘာကြောင့်လဲဆိုတော့ မျက်စိအာရုံတွေ တွေ့ကရာ မလိုက်စားရတော့ဘူး၊ ပိုယဉ်ကျေးလာတယ်၊ နားအာရုံတွေ တွေ့ကရာ မကြားရ တော့ဘူး၊ ပိုယဉ်ကျေး လာတယ်၊
“ဒန္တော - ပင်ကိုယ်စွဲသန်, ယဉ်ကျေးဟန်ထက်, သဏ္ဌာန်ထူးထွေ, ယဉ်ကျေး စေလျက်၊
သန္တော - အာရုံအများ, မလှုပ်ရှားဘဲ, တရားရှာဖွေမှု ငြိမ်သက်စေလျက်၊”
ဘာအာရုံမျှ လှုပ်လှုပ်ရှားရှား ဖြစ်စရာ မရှိဘူး၊ တောထဲမှာ ထူးထူးဆန်းဆန်း သီချင်းဆိုသံတွေ ဘာတွေ မကြားရတော့ လှုပ်ရှားစရာ မရှိဘူး၊ အမွှေးအကြိုင်တွေ ပန်းတွေ ဘာတွေ မွေးတယ် ကြိုင်တယ်ဆိုစေကာမူ လောကီအာရုံ အားမပေးဘူး၊ ဒါကြောင့်
“ဒန္တော - ပင်ကိုယ်စွဲသန်, ယဉ်ကျေးဟန်ထက်, သဏ္ဌာန်ထူးထွေ, ယဉ်ကျေး စေလျက်၊
ဥတ္တမုတ္တမေ - မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သဖြင့်, ဧကန်ကျင့်အပ်, အလွန်ကောင်းမြတ်ကုန်သော၊
သမာစာရေ - ဓုတင်တစ်ခန်း, ကမ္မဋ္ဌာန်းလေးဆယ်, များကျယ်ဘိတောင်း, အကျင့်ကောင်းတို့ကို၊”
တောထဲ ဓုတင်များ ဆောက်တည်လို့, ဘုန်းကြီးဖြစ်ရင်လဲ သင်္ကန်း သုံးထည် လောက်လေးနဲ့ နေလို့, သူတော်စင် ဖြစ်ရင်လဲပဲ ဝတ်ဖြူစင်ကြယ်ကလေးနဲ့နေလို့ ဘာမျှ ထူးထူးထွေထွေ ပြင်ခြင်း ဆင်ခြင်း မရှိဘဲနဲ့ တရား နှလုံးသွင်းလို့ -
“ဥတ္တမုတ္တမေ - မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းမှန်သဖြင့်, ဧကန်ကျင့်အပ်, အလွန်ကောင်းမြတ်ကုန်သော၊
သမာစာရေ - ဓုတင်တစ်ခန်း, ကမ္မဋ္ဌာန်းလေးဆယ်, များကျယ်ဘိတောင်း, အကျင့်ကောင်းတို့ကို၊
စရေယျံ - လုံ့လရင့်သန်, အသင့်မှန်အောင်, ကျင့်ကြံကြိုးကုတ်, အားထုတ် နိုင်ပါမည်နည်း။”
သာဓု...သာဓု...သာဓု …။
ဘုန်းကြီးတို့ ဆရာဒကာတစ်စု ဆရာတပည့် တစ်စုဟာ အခု တို့တစ်တွေ တောထဲမှာ ရောက်နေတယ်လို့ စိတ်က ထားကြနော်၊ တောထဲ ရောက်နေကြတယ်၊ ဟို ညအချိန်အထိ ခုနစ်နာရီလောက် တောထဲမှာ နေရင်းထိုင်ရင်း မြတ်စွာဘုရားရဲ့ သစ္စာလေးပါးတရားကို စဉ်းစားကြမလို့၊ ဘုန်းကြီးက တရားစကားကို ပြောပေးလို့ ဘုန်းကြီးရဲ့ ဆိုင်ရာဒကာ ဒကာမတွေက တပည့်တပန်းတွေက စဉ်းစားလို့, ဘုန်းကြီး ပြောတဲ့တရားနောက် လိုက်လို့ ဒီလို တောထဲ အနေထားပြီး စဉ်းစားကြရအောင်။
ဒုက္ခသစ္စာ
မြတ်စွာဘုရားက အကျင့်သုံးပါးကို ဟောပြီးတဲ့နောက် ပဉ္စဝဂ္ဂီငါးဦး အမှူးထားတဲ့ နတ်ဗြဟ္မာများအား ယခုလို တောထဲမှာ သစ္စာလေးပါးတရားကို ဆက်ပြီးတော့ ဟောတော်မူတယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ”
ဘိက္ခဝေ - ဘိက္ခုတို့၊
ဣဒံ ခေါ ပန - ဤဟောတော်မူအပ်လတ္တံ့တဲ့ အကြောင်းအရာသည်ကား၊
ဒုက္ခံ - ဒုက္ခဖြစ်တဲ့၊
အရိယသစ္စံ - အရိယာအဖြစ်သို့ ရောက်အောင် ရွက်ဆောင်နိုင်တဲ့ သစ္စာတရား ပေတည်း၊
ဒီတရားကို စဉ်းစားလိုက်တော့ ဟုတ်သားပဲ, ဒုက္ခလို့ သဘောပေါက်လာလို့ရှိရင် ဘုန်းကြီး ဟို… ပထမတုန်းက ပြောခဲ့တဲ့ တဏှာက နောက်ဆုတ် နောက်ဆုတ် သွားတယ်၊ အဲဒါ ဒုက္ခပဲလို့ ဆိုလို့ရှိရင် တဏှာ နောက်ဆုတ်သွား၊ ဒီဟာက ဒုက္ခပဲလို့ ဆိုလို့ရှိရင် တဏှာ နောက်ဆုတ်သွားတယ်၊ ဒီတော့ တဏှာက နောက်ဆုတ်ရပါ များတော့ အာရုံပြုစရာ, ကျက်စားရာတရားက ရှာမရလို့, သာယာစရာကို ရှာမရလို့ တဏှာကုန်ခန်းပြီးတော့ ရဟန္တာဖြစ်သွားတယ်၊ အရိယာဖြစ်သွား တယ်၊ ဒါကြောင့်
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ”
ဣဒံ ခေါ ပန - ဤဟောတော်မူအပ်လတ္တံ့တဲ့ အကြောင်းအရာသည်ကား၊
ဒုက္ခံ - ဒုက္ခဖြစ်တဲ့၊
အရိယသစ္စံ - အရိယာအဖြစ်သို့ ရောက်အောင် ရွက်ဆောင်နိုင်တဲ့ သစ္စာတရား ပေတည်း၊
ဘာတရားများပါလဲဆိုတော့-
“ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပစ္စုပါဒါနက္ခန္ဓာ ဒုက္ခာ”။
“ဇာတိပိ - ဘဝဖန်ခါ သံသရာ၌ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်း စင်စစ်ဧကန် အမှန်ပင် ဖြစ်တော့သတည်း”
ဘဝတိုင်း ပဋိသန္ဓေ တည်နေရ၊ ဟို ... နတ်ဘဝ, ဗြဟ္မာဘဝ ပဋိသန္ဓေ တည်နေ ရတာက ဖြုတ်ကနဲဆို ခဏကလေး ပြီးသွားတယ်။ အဲဒါကြောင့် ဥပပတ် ပဋိသန္ဓေ လို့ ခေါ်တယ်၊ ဘုန်းကြီးတို့ လူ့ဘဝ ပဋိသန္ဓေ တည်နေရတာက ပဋိသန္ဓေဆိုတဲ့ ပထမ စိတ်စေတသိက်, ရုပ်တရား ဖြစ်ပြီးတဲ့နောက် အမိဝမ်းထဲမှာ ကိန်းအောင်း ပြီးတော့ နေထိုင်ရတာ ကိုးလ ဆယ်လကြာတယ်၊ ဒီတော့ ပဋိသန္ဓေနေရတာ ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းပဲ၊
“ဇာတိပိ - ပဋိသန္ဓေ နေရခြင်းသည်လည်း၊
ဇာတိပိ - ဘဝဖန်ခါ သံသရာ၌ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်း အမှန်ဧကန် ဖြစ်လေတော့၏”
အတွင်းမှာ ရှိသမျှ
အပြင်ဘက်မှာ ရှိနေလျှင်
ဘာများ ဆင်းရဲသလဲ၊ ဒီဟာက သိပေမယ့် အမှတ်တမဲ့ သိကြတော့ ရပ်သိ ရွာသိ ပေါ့ပေါ့ဆဆ သိဆိုတော့ ဒုက္ခလို့ မမြင်ကြဘူး၊ တရားတော်နဲ့ စဉ်းစားကြည့်တဲ့ အသိကျတော့ သြော် ... ဒုက္ခပါလား၊ ဟုတ်တယ်, သိပ်ဆင်းရဲပါကလား၊ အမှတ်တမဲ့နဲ့ တို့တစ်သံသရာလုံး ပဋိသန္ဓေ နေနေလာတာ ဒီဒုက္ခတွေ မေ့မေ့ သွားလို့ မကြောက်တာ၊ တကယ်ဆိုတော့ ဒုက္ခအစစ်ပါပဲလား၊
“စာသစ်စာကျက်, အောက်ထက်ဝန်းရံ, ပုပ်နံညီလှောင်း, ကျဉ်းမြောင်းမည်းမိုက်, မိဝမ်းတိုက်ဝယ်”
ဘုန်းကြီးတို့ ဒီလူတွေ, တိရစ္ဆာန်တွေ ပဋိသန္ဓေနေရတဲ့ နေရာဟာ အမိဝမ်းထဲမှာ၊ ဒါလဲ လူတိုင်းသိတာပဲ၊ အဲဒီ အမိဝမ်းရဲ့ အခြေအနေလေး စဉ်းစား ကြည့်လိုက်စမ်း၊ ဒီဝမ်းထဲမှာ ဘာတွေ ဘာတွေ ရှိတယ်ဆိုတာ အနုစိတ်ပြီးတော့ ဒါတွေ ဘုန်းကြီး မပြောဘူး၊ စဉ်းစားကြည့်လိုက်စမ်း၊ ကျမ်းစာက ဘယ်လိုများ သတိပေးသလဲ ဆိုတော့ အကယ်၍ အတွင်းက ရှိတဲ့ အူတို့ အသည်းတို့အဆုတ်တို့ အစာသစ်အိမ်တို့ အစာ ဟောင်းအိမ်တို့၊ အဲဒီ အတွင်းက ရှိသမျှတွေ အပြင်ဘက်မှာသာ ရှိနေလို့ရှိရင်တော့ တုတ်ကိုင်ပြီး ခွေးတွေ, ကျီးတွေ ခြောက်နေရမှာပဲ။ အတွင်းမှာ ဘာမျှ အကောင်းမရှိဘူး၊
ဘုန်းကြီးတို့ဟာ ဒီထဲ နေခဲ့ရတယ်၊ ဒီထဲ နေခဲ့ရတာ ဘယ်လောက် ကြာသလဲ၊ ဆယ်လလောက် ကြာတယ်၊ ခုနစ်လတို့ ဘာတို့ဆိုတာက နည်းပါတယ်၊ ဆယ်လ လောက် ကြာတာက များတယ်၊ “စာသစ်စာကျက်, အောက်ထက် ဝန်းရံ၊ ပုပ်နံညီလှောင်း, ကျဉ်းမြောင်းမည်းမိုက်, မိဝမ်းတိုက်ဝယ်” အပေါ်က အစာသစ်အိမ်, ဒီသားအိမ်ရဲ့ အပေါ်မှာ အစာသစ်တွေ, သားအိမ်ရဲ့ အောက်မှာ အစာဟောင်းတွေ၊ အစာသစ် စဉ်းစားကြည့်လဲ မကောင်းဘူး၊ အစာဟောင်း စဉ်းစားကြည်လဲ မကောင်းဘူး။
ကျောကိုဝမ်းပြု၊ ဒူးနှစ်ခုကြား,
ဦးခေါင်းထားလျက်
ပုပ်နံ ညီလှောင်း, ကျဉ်းမြောင်း မည်းမိုက် မိဝမ်းတိုက်ဝယ်” သက်သက်သာသာ ကလေး ချောင်ချောင်လည်လည်နဲ့ မနေရတာ -
“ဒူးနှစ်ခုကြား ဦးခေါင်းထားလျက်” ဟို… ဒူးကလေးနဲ့ ကုပ်ပြီးတော့ တချို့ ခေါင်းအောက်စိုက်နေတယ်။ တချို့က ခေါင်းအထက်က နေတယ်၊
“မေးကြား လက်ဆုပ်, သစ်ခွတိုမှာ, မျောက်အိုကုပ်သည့်နှယ်”မိုးက ရွာထား, သစ်ခွထဲမှာ မျောက်အိုကလေး လုပ်ပြီးတော့ နေတယ်၊ ချမ်းလွန်းလို့ ကုတ်ပြီးတော့ နေတယ်၊ အဲဒါလိုပဲ ဟို... မြင်ရတဲ့ သတ္တဝါကလေး, သတ္တဝါလေး ဆိုလို့ သူများ မထင်နဲ့ ဘုန်းကြီးတို့ အခုအားလုံး တပည့်တပန်း ဒကာ ဒကာမတွေ ဒီလို နေခဲ့ကြရတယ်၊
“ကျောကိုဝမ်းပြု ဒူးနှစ်ခုကြား ဦးခေါင်းထားလျက်, မေးကြားလက်ဆုပ်, သစ်ခွ တိုမှာ, မျောက်အိုကုပ်သည့်နှယ်, မလှုပ်မယှက်, သေသောက်လက်ဝယ်, ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ, မြွေငယ်သို့”
ဒီအရက်သမားရဲ့ လက်ထဲ သတ်စားကြမည့် ဆိတ်ကလေး ကြောက်ပြီးတော့ ရွံ့တွန့်ပြီးတော့ ကုပ်နေသလို၊ အလမ္ပာယ် ဖမ်းထားလို့ မိနေတဲ့ မြွေဟာ အလမ္ပာယ်က နှိပ်စက်လို့ ချိနေသလို အဲဒီလို အမိဝမ်းထဲမှာ မသက်သာဘူး၊ စာကလဲ ဒီလိုဆိုတယ်၊ အင်း... စဉ်းစားကြည့်တော့လဲ သက်သာနိုင်စရာ မရှိဘူး။
အမိစပ်ခါး, ပူအေးစားလည်း
“အမိစပ်ခါး, ပူအေးစားလည်း, ကိုယ်သားဆတ်ဆတ်”
အမေက အပူတို့, အစပ်တို့ စားလိုက်၊ ဒီက အရွယ်ကလေးကလဲ အကောင် အထည်လေး ပေါ်လာတဲ့အချိန်, အမေက စားတဲ့အစာဟာ ချက်ကြိုးက ဆက်ပြီးတော့ ကလေးရဲ့ ဝမ်းထဲရောက်၊ အမေက အပူတွေစားတော့လဲ သူ့ခမြာ ပူရှာတယ်၊ အမေက အအေးတွေ စားလိုက်ပြန်တော့လဲ သူ့ခမြာ အေးရှာတယ်၊ ဒီကလေး နုနုကလေး မွေးဖွားလာတဲ့အချိန် မြင်လိုက်ရတဲ့ ကလေးလေးထက် အဆပေါင်းများစွာ နုနယ်တဲ့ ရုပ်ကလေးမှာ အမေစားတဲ့ အစာကလေးပဲ မျှတပြီးတော့ နေရတယ်။
“ကိုယ်သားဆတ်ဆတ် သက်ပြတ်တစေ, ဆယ်လနေ၍”
ဆယ်လလောက် အဲဒီမှာ တပင်တပန်း နေခဲ့ရတယ်၊ ဘုန်းကြီး နေခဲ့ရတယ်။ အားလုံး နေခဲ့ရတယ်၊ မေ့လို့ မေ့လို့မှ မသိလို့ ဟိုတုန်းကတော့ ဆင်းရဲတာအမှန်ပဲ၊ နောက်တော့ မေ့သွားတယ်၊ အဲဒါ အမှတ်မရဘဲ ဖြစ်သွားလို့ နောက်တစ်ဘဝ ပဋိသန္ဓေနေရမှာကို မရွံ့ မကြောက်ကြဘူး၊
“သက်ပြတ်တစေ, ဆယ်လနေ၍ လေကမ္မဇ, ဦးဆောက်ချသား”
ဒီအမိဝမ်းထဲက လေက အပြင်ဘက်ကို တွန်းထုတ်ပေးတယ်၊ အဲဒီ အမိဝမ်းထဲက အားသန်လို့ရှိရင် အားကောင်းလို့ရှိရင်, ကလေးမြန်မြန် ဖွားတယ်၊ အမေက အားနည်းနေလို့ လေကညံ့လို့ရှိရင် ကလေးမြန်မြန် မဖွားဘူး၊ ပင်ပင်ပန်းပန်းနဲ့ နေရတယ်၊ ကမ္မဇလေရော, အမိဝမ်းထဲက ကံအားလေရော အဲဒီက နှင်ပြီးတော့ အပြင်ထွက်တယ်။
ငရဲသားလေးများလိုပဲ
“လေကမ္မဇ, ဦးဆောက်ချသား, မဂ်ဝသို့ရောက်, သံကောက်ပေါက်က, ဆွဲမြှောက် ဆင်ပြောင်၊ သံတောင်ကြိတ်ချေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း”
အဲဒီက ကြပ်ကြပ်တည်းတည်း ခဲခဲယဉ်းယဉ်း ဖွားတယ်၊ အမှတ်တမဲ့ နေကြလို့သာ၊ ဒီ သေသေချာချာ စဉ်းစားပြီးတော့ ကြည့်လျှင် ဝမ်းနည်းစရာရယ်, စိတ်အားငယ် စရာရယ်၊ ကြောက်စရာရယ်၊ မွေးဖွားတဲ့ အချိန်မှာဆိုလို့ရှိရင် ပတ်ဝန်းကျင်က ဘယ်လိုစဉ်းစားသလဲ၊ အမေ ချမ်းသာပြီးရော၊ ခက်ခက်ကဲခဲများ ကြုံနေလျှင် အမေချမ်းသာပြီးရော၊ ကမ္မဿကာ, ကလေး ကမ္မဿကာ၊ အမေချမ်းသာပြီးရော၊ အဲဒီလိုကို စီမံပြီးတော့ အဲဒီလိုပဲ ဖွားကြတယ်၊ ဒါကြောင့် ကလေးသေချင်လဲ သေသွားတာပဲ၊ “ပုံနေရယိက, ပြင်သို့ကျလည်း”ငရဲသားလေးများလိုပဲ။
ဇာတိဒုက္ခ
“အပ်ဆွသည့်ဟန်, ကြီးပြန်ဒုက္ခ ပြစ်များလှသည်, လက်စဇာတိ ဖြစ်ရင်းတည်း”တဲ့၊
ဒီဇာတိလို့ ခေါ်တဲ့ ပဋိသန္ဓေနေရလို့ ဒီဒုက္ခတွေ ဘုန်းကြီးတို့ ဘယ့်ကလောက် အပြင်းအထန်ခံရတယ်၊ ဖွားတဲ့ အချိန်မှာ သေလုမြောပါး ခံရတယ်၊ အဲဒါကြောင့်
“ဇာတိပိ - ပဋိသန္ဓေ တည်နေရခြင်းသည်လည်း၊
ဒုက္ခာ - အမျိုးမျိုးသော ဆင်းရဲတို့၏ ဖြစ်ဖို့ရန် ဧကန်ဖြစ်ခဲ့သတည်း”
ကြောက်စရာ ကြောက်စရာ၊ နောက် ဒီဒုက္ခ ဘာ့ကြောင့် ဖြစ်သလဲ။ ဒီဇာတိဒုက္ခ ဘာ့ကြောင့် ဖြစ်သလဲ၊ ဒါ စဉ်းစားရမယ်။
ဇရာဒုက္ခ
ဖွားပြီးတော့ ဒီဒုက္ခတွေက လွတ်လာတော့ ပြီးရောလား လို့ဆိုတော့ လူ့ဘဝ တစ်လျှောက်လုံး စဉ်းစားရမယ်၊
“ဇရာပိ - ရွတ်တွယိုယွင်း, အိုမင်းရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်းအစစ်ဖြစ်ပြန်တော့သတည်း”
အိုရပြန်တယ်၊ သေလုမြောပါး ပဋိသန္ဓေနေပြီးတဲ့ နောက် အိုရပြန်တယ်။ ဒီ လောကကြီးအတွက် ပြောနေတာ၊ ဟို ဒီ့ပြင် ဒီ့ပြင်ဆိုတဲ့ ငရဲတို့, တိရစ္ဆာန်တို့ ပြိတ္တာတို့ဆိုတဲ့ ဥစ္စာတွေ အသာထားဦး၊ အိုရတော့ ဘာဖြစ်လာသလဲ။ ဒီလက်ခြေ အင်္ဂါတွေ လျော့လာတယ်၊ တော်တော်အိုလာတဲ့ အခါကျတော့ အရိုးနဲ့ အသားဟာ နည်းနည်းကွာလာတယ်၊
ဒါကြောင့် ပိန်လဲပဲ ပိန်တဲ့သူဟာ အသားတွေ တွဲကျနေတယ်၊ ဝလဲ ဝတဲ့သူများ အသားတွေ တွဲကျတယ်၊ ဘာပြုလို့လဲဆိုတော့ အရိုးနဲ့ အသားတွေကပ်ပြီး သပ်သပ်ယပ်ယပ် မနေဘူး၊ လျော့ပြီးတော့ အသားက အရိုးမှ ကွာလာတယ်၊ အိုတဲ့သူတွေဟာ အစားအသောက် ပိုစားနိုင်တယ်ထားဦး၊ အစားကောင်း အသောက်ကောင်း စားဦး, ရွတ်လာတာပါပဲ။
မျက်စိကမှိုင်း နားကထိုင်းလျက်
အိုတော့ မျက်စိတွေ ဘယ်လိုဖြစ်လာသလဲ, အင်မတန် ကောင်းလှပါတယ်ဆိုတဲ့ သူတွေ တစ်ဦးတလေ ကံထူးတဲ့ ပုဂ္ဂိုလ်တွေ အတွက် မျက်စိ သက်သာချင် သက်သာမယ်၊ များစွာသော လူတွေဟာ တဖြည်းဖြည်း မှုန်လာတယ်၊ ကြည့်လို့ မကောင်း ဖြစ်ရတယ်၊ ကြည့်လို့ အားမရဘူး ဖြစ်ရတယ်၊ များစွာသော လူတွေဟာ နားကောင်းကောင်း အားမရဘူး၊ နည်းနည်းလဲ လေးလာတယ်၊ တော်တော် အိုလို့ ရှိရင် နားလေးလာတယ်၊ တစ်ခါ သွားကကော ရှေးတုန်းကလို မဟုတ်လို့ စားလို့ မကောင်းဘူး၊
အကြောတွေ ဘာတွေကလဲ လျော့ပြီးတော့ လာတာဖြစ်တော့ မျက်စိနှင့် နားသာမကဘူး၊ နှာခေါင်းကရော အနံ့ကောင်းကောင်း မရဘူး၊ လျှာကလဲ စားလို့ မကောင်းဘူး၊ အဲသလို ဖြစ်ပြီးတော့ ဣန္ဒြေဆိုတဲ့ စက္ခုန္ဒြေစသည်ဆိုတာ အကုန်လုံး ညံ့ပြီးတော့ လာတယ်၊ အရွယ်တွေ ဘာတွေ ကြည့်လိုက်တော့ မူလ နဂိုအရွယ် ကလေးဟာ ပျောက်ပြီးတော့ တစ်ခါတည်း တစ်သက်မှာ နောက်ထပ် အစား ပြန်မရဘဲ ငယ်ငယ်အရွယ်တွေ ပျောက်ပြီးတော့ အအိုကြီး ဖြစ်ရတယ်၊ အအိုကြီး ဖြစ်ရတယ်၊
တစ်ခါတလေ ထမယ်လို့ ဆိုလျှင်လဲ လဲသွားတယ်၊ အားမရှိလို့ ဟိုနား,ဒီနား သွားမယ်ဆိုရင် လူတွဲမှ သွားနိုင်တယ်၊ အားမရှိတော့ဘဲကိုး၊ အိုတာ ဘယ်လောက် ဒုက္ခရောက်သလဲလို့၊ တစ်ခါ အဲသလောက် အားတွေ ဘာတွေ ကုန်ခန်းနေတဲ့ အပြင် သတိက တစ်ခါ တစ်ခါ လစ်သွားလို့ သူငယ်ပြန်ချင်တယ်၊ တော်တော် အိုလာတဲ့ အခါကျတော့ သူငယ်ပြန်ချင်လာတယ်၊ ဒီ အသက်ရှည်ရှည် နေရရင် ဒီဒုက္ခတွေ စုံစုံတွေ့ရမယ်။
ဒီခန္ဓာကိုယ်ကြီးက တော်တော်ခက်တယ်၊ ဘာမှလဲ အသက်မရှည် ဘူး၊ ပြီးတော့ အသက်ရှည်ရှည် ရာကျော်နေရပါလို၏လို့ ဆုတောင်းလိုက်တော့လဲ ဒီဒုက္ခတွေ ခံရပါစေဆိုတဲ့ အဓိပ္ပာယ် ရောက်တယ်။ ဟာ... ဒုက္ခတွေ သိပ်များများ မတွေ့ဘဲနဲ့ ချမ်းချမ်းသာသာ နေရပါစေ ဆိုလို့ရှိရင်လဲ စောစော သေပါရစေဆိုတဲ့ အဓိပ္ပာယ် ရောက်တယ်။ ဒီဒုက္ခကိုယ်ကြီးဆိုတော့ ဘယ်လိုဆုတောင်းလို့မှ မကောင်းဘူး၊ အသက်ရှည်ပါစေ ဆိုတော့လဲ ဒုက္ခတွေ ခံရပါစေ၊ ဟာ... ဒီဒုက္ခတွေ သက်သာပါစေ ဆိုတော့လဲ စောစော သေပါရစေ၊ ဒါက ကိုယ်ဒုက္ခ။
ကိုယ်ဒုက္ခ စိတ်ဒုက္ခ
ဒုက္ခနဲ့ စပ်လို့ရှိရင် ကိုယ်ဒုက္ခ, စိတ်ဒုက္ခ နှစ်မျိုးမှတ်ထားကြ၊ ခန္ဓာကိုယ် တိုက်ရိုက် ဆင်းရဲတာက ကိုယ်ဒုက္ခ၊ ခန္ဓာကိုယ် မဆင်းရဲဘဲနဲ့ စိတ်ဆင်းရဲတာက စိတ်ဒုက္ခ၊ အဲဒီ ဒုက္ခတွေ ကြပ်ကြပ်ကြီး သိလေလေ၊ အခုပြောထားတဲ့ တဏှာက နောက်ဆုတ် သွားလေလေ၊ တော်ပြီ, တော်ပြီ၊ ဒီဘဝတွေ ငါမလိုချင်တော့ဘူးဆိုပြီး မလိုချင်တဲ့ စိတ်တွေ ဖြစ်လာပြီ၊
လူထဲမှာ အိုမင်းမစွမ်း ဖြစ်နေလို့ ကိုယ်ဆင်းရဲရတဲ့အပေါ် ကိုယ်ဆင်းရဲလို့မို့ စိတ် မချမ်းသာရတဲ့အပေါ် သားတွေ၊ သမီးတွေမယားတွေ ဆွေတွေ, မျိုးတွေက တကယ် အရေးမစိုက်ချင်ကြဘူး၊ ခေါ်တာကိုက အဘိုးကြီးတွေ, အဘွားကြီးတွေတဲ့၊ နေရာကို မသွင်းချင်ဘူး၊ မသွင်းလဲ မသွင်းထိုက်တော့ပါဘူး၊ တို့ အဘိုးကြီးနဲ့ မနေချင်ဘူးတဲ့၊ သား သမီးတွေကလဲ မနေချင်ဘူးတဲ့၊ မြေးတွေဆိုတာကတော့ သာတောင် ဝေးသေး၊ မနေချင်ဘူးတဲ့၊
အကယ်၍ အဘိုးကြီး မကျန်းမာနေရင် တချို့ အဘွားကြီးက ရှောင်တောင်တောင်၊ တစ်ခါ အဘွားကြီး အိုနေပြန်တော့လဲ အဘိုးကြီးက တကယ် အရေးမစိုက်ဘူး၊ သားတွေ သမီးတွေ မြေးတွေ, မြစ်တွေကလဲ ဂရုမစိုက်ချင်ဘူး၊ ပြီးတော့ အသက်ကြီးနေပြန်တော့လဲ သူတို့က မထီလေးစားပြုတော့ စိတ်က မခံချင်ဘဲကိုး၊
“ငါ့အောက်က ငါမွေးလို့ တကတည်း လူဖြစ်လာတဲ့ အကောင်ကလေးတွေက ယခု ငါ့ကို ဂရုမစိုက်ကြဘူး”ဆိုပြီးတော့ စိတ်က အင်မတန် မခံချင်စိတ်ဖြစ်တယ်၊ ဒီတော့ ကိုယ်မချမ်းသာလို့ စိတ်က မချမ်းသာတဲ့အပြင် သူများက ဂရုမစိုက်ကြဘူး၊ ကိုယ်ပြုလို့ နုနေတဲ့ သားသမီးတွေက ဂရုမစိုက်ကြ၊ ကိုယ်အရေးပါပြီးတော့ တကတည်း ပွေ့ချီလာတဲ့ မြေးကလေး, မြစ်ကလေးတွေက ဂရုမစိုက်ကြတော့ သိပ်ဆင်းရဲတာပဲတဲ့၊ အဲဒီ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတာ ဘယ်သူ့ကြောင့် ဖြစ်ရသလဲ ဆိုရင် ဇရာကြောင့် ဖြစ်ရတယ်။
“ဇရာပိ - ရွတ်တွယိုယွင်း, အိုမင်းရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲ အမျိုးမျိုး၏ အကြောင်းပင် ဖြစ်လေတော့သတည်း။”
ဗျာဓိဒုက္ခ
တစ်ခါ မကျန်းမမာ ဖျားနာတာကတော့ အားလုံးလက်တွေ့ မျက်မြင် ဖြစ်တဲ့အတိုင်း မကျန်းမမာ ဖျားတယ်, နာတယ်, အနာပေါက်တယ်, ခေါင်းကိုက်တယ်, အကုန်လုံး ဒုက္ခတွေချည်းပဲ၊ တစ်ခုမျှ မသက်သာဘူး၊ တချို့က ခေါင်းကိုက်နေတော့“အင်း-ခေါင်းကိုက်တာလောက် ဆိုးတဲ့ဒုက္ခ ရှိမယ်မထင်ပါဘူး” လို့ တစ်ယောက်က ညည်းတယ်၊
ဟို မျက်စိကိုက်နေတဲ့လူက “ခင်ဗျား ခေါင်းကိုက်တဲ့ဥစ္စာ မျက်စိကိုက်တာလောက် ဆိုးမယ် မထင်ပါဘူး”တဲ့၊ သူကလဲ ညည်းတယ်၊ မျက်စိကိုက်နေတဲ့လူက ဒီလို ညည်းတော့ ဟို...နားကိုက်တဲ့ လူကလဲ “မဟုတ်ပါဘူး ခင်ဗျားတို့ နားမကိုက်ဖူးလို့ပါ၊ နားကိုက်တဲ့လူက ပိုပြီး ဒုက္ခကြီးပါ တယ်”လို့ ပြောပြန်တယ်၊ အားလုံးဒုက္ခတွေကို ကြည့်လိုက်လို့ရှိရင် ဗျာဓိဒုက္ခ - မကျန်းမမာ ဖျားနာတဲ့ဒုက္ခ, ဘယ်သူမှ မသက်သာဘူး၊ အားလုံး ဒုက္ခချည်းပဲ-
“ဗျာဓိပိ - မကျန်းမမာ, ဖျားနာရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်းပေတည်း”။
မရဏဒုက္ခ
ကြည့်နော်, ပထမ ဇာတိဒုက္ခ ဘယ်သူမှ မကင်းဘူး၊ ဒုတိယ အိုလာတဲ့ ဇရာဒုက္ခ, အိုသည့်တိုင်အောင် နေရလို့ရှိရင် ဘယ်သူမှ မကင်းဘူး၊ စောစော သေပြန်တော့လဲ ကံမကောင်းဘူး၊ တစ်ခါ ဒီကြားထဲ ကလေးမှာလဲ ဗျာဓိဒုက္ခဖြစ်တယ်၊ လူကြီးမှာလဲ ဗျာဓိဒုက္ခဖြစ်တယ်၊ ဒီ မကျန်းမမာ ဖျားနာမှု ဆိုတာ လူကြီးရော, လူငယ်ရော အကုန်းလုံးဖြစ်၊
အဲဒီနောက် မရဏဒုက္ခဆိုတဲ့ သေခြင်းဆင်းရဲကိုကြည့်၊ သေတာ ဖျတ်ကနဲသေတဲ့ အသေမျိုးက သိပ်မထင်ရှားဘူး၊ သေတော့မယ်ဆိုတော့ ခုတင်က အပြင်းအထန် မမာနေလို့ ဗျာဓိဖြစ်နေလို့ သေတော့မယ်တဲ့လို့ ဆိုတော့ ဒီသေရမယ့်လူက သူတော်ကောင်း၊ လူကောင်း သူကောင်း ဆိုလို့ရှိရင် ငါတော့ လူကောင်းပဲ၊ ကောင်းရာသုဂတိ ရောက်မှာပဲလို့ အဲဒီလို စိတ်မတင်းနိုင်ဘူး၊
“အင်း … သားတွေ၊ သမီးတွေနဲ့ ခွဲရတော့မယ်၊ ငါ့သား ငါ့သမီး မြေးတွေနဲ့ ခွဲရတော့မယ်”လို့ တွေးတောပြီး စိတ်ထဲက ဝမ်းနည်းနေတယ်၊ ပစ္စည်းဥစ္စာရှိတဲ့ လူတွေကလဲပဲ“ငါ တစ်သက်လုံး ရှာထားတဲ့ ပစ္စည်းတွေ, ငါ့အမွေတွေကို ကောင်းကောင်း သုံးရစ်ကြပါ့မလား၊ ဖျက်ဆီးများ ပစ်ကုန်မလား၊ ငါတစ်သက်လုံး တပင်တပန်း ရှာထားတာ၊ ဒီပစ္စည်းတွေနဲ့ ခွဲရတော့မယ်”လို့ တွေးပြီး ဝမ်းနည်း နေရသေးတယ်၊
ဒါ သူတော်ကောင်း, သူတော်ကောင်း၊ သူတော်ကောင်းပေမယ်လို့ ပစ္စည်းတွေ ခွဲရမှာ သူစိုးတယ်၊ သားတွေ သမီးတွေ ခွဲရမှာ သူဝမ်းနည်းတယ်၊ သူတော်ကောင်းက, သူတော်ကောင်းက။
သျှစ်သျှာသီးမျှ
စားရတဲ့ ဓမ္မာသောကမင်း
ဘုန်းကြီးတို့ရဲ့ အင်မတန် ထင်ရှားတဲ့ သာသနာပြု ဓမ္မာသောကမင်းကြီးကိုပဲ ကြည့်ပါ၊ သူ့ရဲ့ သားတော်က မဟာမဟိန္ဒ သာသနာပြု ရဟန္တာ၊ ပြီးတော့ သမီးတော် သင်္ဃမိတ္တာ, သာသနာပြု ဘိက္ခုနီမ, ရဟန္တာမ၊ ဒီသားတော်, သမီးတော်တွေက သာသနာပြုပြီးတော့ နေတယ်၊
သူကိုယ်တိုင်ကလဲ ဇမ္ဗူဒိပ်လို့ခေါ်တဲ့ အိန္ဒိယတိုင်း တစ်တိုင်းလုံးကို အုပ်စိုးပြီးတော့ အာဏာလွှမ်းနေတဲ့ ဘုရင်၊ အဲဒါတောင်မှ သေခါနီးကျတော့ ဆေးဆရာက “ဟောဒီ သျှစ်သျှားသီးပိုင်းကလေး စားနေပါ, ပါးစပ်ထဲ မြုံ့နေပါ”လို့၊ အဲဒီလို ပြောတော့ ဝမ်းနည်းလိုက်တာတဲ့။
သကလံ မေဒနိံ ဘုတွာ, ဒတွာ ကောဋိသတံ သုခီ၊
အဒ္ဓါမလကမတ္တဿ, အန္တေ ဣဿရတံ ဂတော။
သကလံ မေဒနိံ - အိန္ဒိယတစ်ကျွန်း, မြေပြင်အဝန်းကို၊
ဘုတွာ - စည်းစိမ်အဖြစ်ဖြင့် ခံစားစံစားပြီး၍၊
ကောဋိသတံ - ကုဋေတစ်ရာ ကုန်အောင်၊
ဒတွာ - စွန့်ကြဲပေးကမ်း, လှူဒါန်းပြီး၍၊
သုခီ - အချမ်းသာကြီး ချမ်းသာသူ ဖြစ်ပါလျက်၊
အန္တေ - သေခါနီးရာ နောက်ဆုံးအချိန်အခါ၌၊
အဒ္ဓါမလကမတ္တဿ - ဆရာပေးထားတဲ့ သျှစ်သျှားသီးပိုင်းကလေးမျှကိုသာလျှင်၊
ဣဿရတံ - စိုးပိုင်သူ၏အဖြစ်သို့၊
ဂတော - ရောက်ရရှာလေတော့သတည်းတဲ့။
ဝမ်းနည်းလို့ သူ့ခမျာ တစ်မြေပြင်လုံး အုပ်ချုပ်လာတဲ့မင်း, ကုဋေပေါင်းများစွာ စွန့်ကြဲပေးကမ်း လှူဒါန်းနိုင်တဲ့မင်း, ဒါလောက် ချမ်းသာတဲ့ ငါဘုရင်မင်းမြတ်ဟာ နောက်ဆုံးအချိန်ကျတော့ သျှစ်သျှားသီးပိုင်းကလေး တစ်ဝက်သာ ငါအုပ်စိုးရပါ တော့ကလားလို့ စိတ်မချမ်းမသာဖြစ်ရတယ်၊ ခု သျှစ်သျှားသီးတစ်ပိုင်း ပိုင်နေ သေးတာ၊ သေသည် ဆိုသည်နှင့် တစ်ပြိုင်နက် အဲဒီ သျှစ်သျှားသီး တစ်ပိုင်းတောင် သူပိုင် ဟုတ်တော့မှာ မဟုတ်တော့ဘူး။
မရဏဘေး
ကာကွယ်ပေးလော့
ကဲ... မရဏဒုက္ခဟာ ဘယ်လောက် ကြောက်စရာကောင်းသလဲ၊ စောစောက တင်ကြိုပြီး ကာကွယ်ရေးတွေ လုပ်ထားရတယ်၊ ဘုန်းကြီးဟာ ဒီမရဏဒုက္ခ ကာကွယ်ရေးကို မလုပ်လို့ရှိရင် ဒုက္ခတွေ တွေ့ရမယ်၊ အားလုံး ကျောင်းဒကာ ကျောင်းအမတွေလဲ ကာကွယ်ရေး လုပ်မထားလို့ရှိရင် ဒီဒုက္ခတွေ တွေ့ရမယ်၊ အားလုံး ရဟန်းသံဃာတွေဟာ ကာကွယ်ရေး လုပ်မထားလို့ရှိရင် ဒီဒုက္ခတွေ တွေ့ရမယ်။
ဒါလူကောင်း သူကောင်းမှ ပုဂ္ဂိုလ်ကောင်း, သူတော်ကောင်းတွေ၊ အဲဒီ ပုဂ္ဂိုလ်တွေ တောင်မှ ကာကွယ်ရေး လုပ်မထားရင် အဲဒီ ဒုက္ခတွေ တွေ့ရမယ်၊ နဂိုတုန်းက ဆိုးသွမ်းပြီးတော့ လာခဲ့တဲ့ လူမိုက်ဆိုရင်တော့ သေခါနီးထင်လာတဲ့ နိမိတ်တွေကိုက မကောင်းလိုက်တာ၊ တချို့များ တကတည်း မကောင်းတဲ့ နိမိတ်တွေ ထင်လာလို့ သေခါနီးကျမှ အော်ဟစ်ပြီးတော့ ညည်းညည်းညူညူနဲ့ သေပြီးတော့ သွားရတယ်။ ဒါကြောင့် -
“မရဏမ္ပိ - တစ်ဘဝကို စွန့်ခွာ၍ သေရခြင်းသည်လည်း၊
ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
အပ္ပိယသမ္ပယောဂဒုက္ခ
ဒီတော့ ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခတွေဟာ ဘယ်သူမှ မကင်းနိုင်တဲ့ ဒုက္ခတွေပဲ၊ ပြီးတော့ လာချေသေးတယ်၊
“အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်တဲ့ သတ္တဝါသင်္ခါရတို့နှင့်၊
သမ္ပယောဂေါ - အတူတကွ ပေါင်းသင်းနေထိုင်ရန် အတူတကွ တွေ့ကြုံ၍နေရခြင်း သည်၊
ဒုက္ခာ - ဆင်းရဲကြောင်းပေတည်း”
မချစ်ဘူး, မချစ်ဘူးဆိုတဲ့ စကားနဲ့ စပ်ပြီးတော့ နှစ်မျိုးရှိတယ်၊ သက်ရှိသက်မဲ့ မနှစ်သက်မှု နှစ်မျိုးလုံးကို
“အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်တဲ့ သတ္တဝါသင်္ခါရတို့နှင့်၊
သမ္ပယောဂေါ - အတူတကွ ပေါင်းသင်းနေထိုင်ရန် အတူတကွ တွေ့ကြုံ၍နေရခြင်း သည်၊
ဒုက္ခာ - ဆင်းရဲကြောင်းပေတည်း”
ဒါက လက်တွေ့ အားလုံး လောကကြီးထဲမှာလဲ လက်တွေ့၊ ဒီလူလူချင်း မချစ်တဲ့လူနဲ့ ပေါင်းပြီးတော့ နေရတယ် ဆိုလို့ရှိရင် စိတ်မချမ်းသာဘူး၊ အဲဒီ လူလူချင်း မချစ်တဲ့လူနဲ့ ပေါင်းသင်း တွေ့ကြုံနေရတဲ့အခါ စိတ်မချမ်းသာတဲ့အပြင် ကိုယ်မကြိုက်တဲ့ ပစ္စည်းလေး ဘာလေး တစ်ခု ကိုယ့်အိမ်ရောက်နေတယ်၊
ကိုယ့်ကျောင်းမှာ ရောက်နေတယ် ဆိုရင်လဲ အဲဒီပစ္စည်း လွှတ်ပစ်လိုက်စမ်းပါ၊ ဒီပစ္စည်းလေး မကြည့်ချင်လွန်းလို့ ဆိုပါတော့ ကိုယ်က ပစ္စည်းဥစ္စာ မတတ်နိုင်လို့ မကောင်းတဲ့ ပစ္စည်းတွေကို သုံးတယ်၊ မတတ်သာလို့သာ သုံးနေရတယ် မကြိုက် လိုက်တာ၊ ဒီပစ္စည်းတွေ အဲဒီလို ကိုယ်မကျေနပ်တဲ့ ပစ္စည်းတွေ တွေ့ရတာလဲ စိတ်မကောင်းဘူး စိတ်ဆင်းရဲတယ်၊ ဒါ ဒုက္ခပဲ။
ကိုယ်မချစ်တဲ့သူတွေနဲ့ မုန်းတဲ့သူတွေနဲ့ တွေ့နေရတာလဲ ဆိုပါတော့ သားဆိုး ကလေးတွေ တွေ့နေရတယ်၊ ငယ်ငယ်တုန်းက အတော် ချစ်တဲ့သား၊ နောက်တော့ ဒီသားဟာ ဆိုးလိုက်တာ၊ အမိ အဘကို အနှောက်အယှက်ပေး၊ တော်တော် ကြာတော့ ဒီသားအသံ ကြားလိုက်လျှင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်၊ လာပြန်ပြီဒီကောင် ဒုက္ခပဲ။ အဲဒါ စိတ်မှာ ဒုက္ခဖြစ်တာ၊ အင်မတန်ချစ်တဲ့ သားတောင်မှ ချစ်စရာ မကောင်းတဲ့အခါကျလို့ရှိရင် အဖေမှာ ဒုက္ခဖြစ်၊ အဲဒါကြောင့်
“အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်သတ္တဝါ, နှစ်သက်စရာ မကောင်းတဲ့ ပစ္စည်းဥစ္စာတို့နှင့်၊
သမ္ပယောဂေါ - ပေါင်းသင်း၍ နေရခြင်း, တွေ့ကြုံနေရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်းပေတည်း”
ဒါအားလုံး လက်တွေ့တွေ, ဟိုအိမ် ဒီအိမ် လက်တွေ့တွေ၊ ဒါ သိပ်ပြောဖို့ မလိုဘူး။
ပိယဝိပ္ပယောဂဒုက္ခ
“ပိယေဟိ - ချစ်ခင်စုံမက်, နှစ်သက်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်သတ္တဝါ, ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းဥစ္စာတို့နှင့်၊
ဝိပ္ပယောဂေါ - ခွဲခွာ၍ နေရခြင်းမှ ကွေကွင်း၍ နေရခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်းပေတည်း”
ချစ်တဲ့သူနဲ့ ကွဲပြီးတော့ နေရရင် အချို့ သေတောင်သေတာပဲ၊ ဘယ်လောက် ဆင်းရဲတယ် မပြောနဲ့ ချစ်သူနဲ့ ကွဲသွားရော၊ သူလဲပဲ ဒီမှာ ရင်ကွဲနာကျတဲ့ အနေမျိုးနဲ့ စိတ်ထိခိုက်ပြီးတော့ သေတာပဲ၊ ကိုယ်နှစ်သက်တဲ့ ပစ္စည်းကလေး သူများပေးလိုက် ရမှာ စိတ်ထဲ အင်မတန် မချမ်းမသာ ဖြစ်ကြတယ်၊ ခုတင်က သေခါနီး ဒုက္ခဖြစ် တယ်ဆိုတာလဲပဲ -
“ပိယေဟိ - ချစ်ခင်စုံမက်, နှစ်သက်မြတ်နိုးအပ်တဲ့ ဆွေမျိုးညာတိ ပုဂ္ဂိုလ်သတ္တဝါ, ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းဥစ္စာတို့နှင့်၊
ဝိပ္ပယောဂေါ - ခွဲခွာ၍နေရခြင်း, ကွေကွင်းခွဲခွာ၍ သွားရမှာဖြစ်ခြင်းသည်လည်း၊
ဒုက္ခာ - ဆင်းရဲကြောင်းပေတည်း”
အဲ-သေခါနီးလဲ ဒီဒုက္ခတွေ ပုံနေတာပဲ၊ ဒါကြောင့် လောကကြီးဟာ ဒီလို တွေးကြည့်တော့ တစ်နေ့တုန်းက ဘုန်းကြီးပြောခဲ့တဲ့ တဏှာက နောက်ဆုတ်တယ်၊ ဒါတွေ မရှိတာ ကောင်းတယ်၊ မဖြစ်တာ ကောင်းတယ်၊ အဲဒီလိုဆိုတော့ တဏှာ နောက်ဆုတ်တယ်, တဏှာ နောက်ဆုတ်တယ်။
ဒုက္ခမျိုးစုံ
ဒါဟာ တွေးကြည့်စမ်း, ပထမဆုံး ဇာတိဒုက္ခ အမိဝမ်းထဲ နေခဲ့ရတာက စပြီးတော့ ဖွားသည့်တိုင်အောင် စဉ်းစားကြည့်၊ ဖွားပြီးတော့ လူမမယ် ကလေးဘဝတုန်းက မိဘ တွေက ပစ္စည်းဥစ္စာ တတ်နိုင်လို့ ယုယမယ့်သူတွေ ရှိရင် တော်သေးရဲ့၊ ဒီလိုမဟုတ်တဲ့ ကလေးတွေများလေ သနားစရာ၊ တချို့မှာ အမေရဲ့ နမော် နမဲ့ကြောင့် အဲဒီ ကလေးဟာ လူ့ဘဝမှာ မသေတန်ဘဲနဲ့ သေသွားရတယ်၊
အဲဒီဟာတွေ လျှောက်ပြီးတော့ကြည့်ရင် ပဋိသန္ဓေ နေရတဲ့ ဇာတိဒုက္ခ, အိုရတဲ့ ဇရာဒုက္ခ, သေရတဲ့ မရဏဒုက္ခ၊ အဲဒီ ဒုက္ခတွေ လွတ်လပ်နေတဲ့အချိန်မှာ မကျန်းမမာ ဖြစ်ရတဲ့ ဗျာဓိဒုက္ခ, မချစ်တဲ့သူနဲ့ မကျေနပ်တဲ့ သူတွေနဲ့ အတူတူနေရတဲ့ ဒုက္ခ, ချစ်တဲ့ သူတွေနဲ့ ကိုယ်နှစ်သက်တဲ့ ပစ္စည်းဥစ္စာတွေနဲ့ ကွဲပြီးတော့ တကွဲတပြား ဖြစ်ရတဲ့ဒုက္ခ၊ အဲဒီ ဒုက္ခတွေ ပြည့်ပြီးတော့ နေတဲ့အပြင်
“ယံ ပိစ္ဆံ န လဘတိ”
ယံ - အကြင်အရာဝတ္ထုကို၊
ဣစ္ဆံ (ဣစ္ဆန္တော) - အလိုရှိပါလျက်၊
န လဘတိ - မရ၊
တမ္ပိ - ထို အလိုရှိအပ်သော ဝတ္ထုကို မရခြင်းသည်လည်း၊
ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
ခန္ဓာကိုယ်ကြောင့် ဒုက္ခဖြစ်ရ
လိုချင်လိုက်တာ ကလေးဘဝတုန်းက နို့ဆာတယ်၊ ဒါလိုချင်တယ်၊ နို့ဆာတော့ အမေက နို့မတိုက်အားဘူး, နို့မတိုက်ဘူး, ငိုတာပဲ။ ဒုက္ခဖြစ်တယ်၊ တော်တော်လေး ကြီးတော့ ဟိုအရုပ်, ဒီအရုပ် လိုချင်တယ်၊ အမေ အဖေက ဝယ်မပေးနိုင်လို့ ဝယ်မပေးဘူး၊ ကလေးလေးက ငိုတာပဲ၊ ဒုက္ခဖြစ်တာပဲ၊
တော်တော်ကြီးတော့ အဝတ်ကလေး လိုချင်တယ်, အစားကလေး လိုချင်တယ်, သရေစာ စားချင်တယ်, မရဘူး၊ မရတော့ ဒုက္ခဖြစ်တာပဲ၊ ဒီထက် တော်တော်ကြီး လာတော့ အရွယ်ရောက်လာတော့ အိမ်ရာထောင်ဖို့ လိုချင်လာပြန်တယ် အဲဒီမှာ နှစ်သက်တာ မရဘူး၊ မနှစ်သက်တာ ရတယ်၊ အဲဒါ ဒုက္ခတွေ ဖြစ်ပြန်တယ်။
တော်တော်ကြီးလာတော့ စီးပွားဥစ္စာတွေ ရှာပြန်တယ်၊ စီးပွားဥစ္စာ ရှာပြန်တော့လဲ မရတော့ ဒုက္ခဖြစ်တယ်၊ ရှာလို့ မရရုံသာ မကဘူး, အရင်းပါ ပြုတ်ပြီးသကာလ ဒုက္ခဖြစ်တယ်၊ တော်တော်ကြာတော့ မကျန်းမမာ ဖြစ်ပြန်တယ်၊ ကိုယ်က မအိုချင်ဘူး၊ မအိုရအောင်ကို ကြိုးစားလိုက်တာ၊ ခန္ဓာကိုယ်က အိုလာတယ်၊ အိုရတော့ ဒုက္ခ ဖြစ်တယ်၊ မနာချင်ဘဲနဲ့ နာရတာလဲ ဒုက္ခဖြစ်တယ်၊
သေရမယ့် အချိန်ကျတော့လဲ ကိုယ်က သေရမှာ အင်မတန် တွန့်ပြီးတော့ မသေချင်ဘူး၊ တောင့်တတယ် မသေပါရစေနဲ့၊ မသေရပါလိုရဲ့ မအိုရပါလိုရဲ့, မနာရပါလိုရဲ့၊ အမလေး တောင့်တလိုက်တာ၊ ရပ်ပြစ်ရှစ်ပါးနဲ့ ကင်းရပါလိုရဲ့, ရန်သူမျိုးငါးပါးနဲ့ ကင်းရပါလိုရဲ့ ဝိပတ္တိတရားနဲ့ ကင်းရပါလိုရဲ့ လို့ တောင့်တတယ်၊ ဘာမှ တောင့်တလို့ မရဘူး, ဒုက္ခဖြစ်တယ်၊
ယံ - အကြင်အရာဝတ္ထုကို၊
ဣစ္ဆံ (ဣစ္ဆန္တော) - အလိုရှိပါလျက်၊
န လဘတိ - မရ၊
တမ္ပိ - ထို လိုတာကို မရခြင်းသည်လည်း၊
ဒုက္ခံ - ဆင်းရဲကြောင်းပေတည်း။
ဒီ ဒုက္ခအားလုံး အတိုချုံးပြီး ပြောရရင် ဥပါဒါနက္ခန္ဓာလို့ခေါ်တဲ့ ရုပ်နာမ်ခန္ဓာ မှန်သမျှဟာ ဒုက္ခတွေချည်းပါပဲတဲ့၊ အဲဒါကြောင့် -
“သံခိတ္တေန - အကျဉ်းချုပ်အားဖြင့်၊
ပဉ္စ - ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ - ဥပါဒါန် စွဲလမ်း၍နေရာဖြစ်တဲ့ ရုပ်နာမ်ခန္ဓာ မှန်သမျှတို့သည်၊
ဒုက္ခာ - ဆင်းရကြောင်းတို့ပေတည်း”
ဤဥပါဒါန် စွဲလမ်းရာဖြစ်တဲ့ ရုပ်နာမ် ခန္ဓာကိုယ်ကြီးကို ဥပါဒါနက္ခန္ဓာ လို့ ခေါ်တယ်၊ ဘာဖြစ်လို့ ဥပါဒါနက္ခန္ဓာ ခေါ်သလဲလို့ဆိုတော့ ဥပါဒါန်ခေါ်တဲ့ တဏှာနဲ့ စွဲလမ်းနေလို့ ဥပါဒါန်လို့ ခေါ်တယ်။
ဒိဋ္ဌိနဲ့ ငါလို့ ယူဆနေတာ ဤခန္ဓာကိုယ်ကြီးပါပဲ၊ အရင်စစ်လိုက်တော့ အမြစ်မြေက ဆိုတာလို ဒီ ဒုက္ခတွေဟာ ဥပါဒါနက္ခန္ဓာလို့ခေါ်တဲ့ ဟောဒီ ခန္ဓာကိုယ်ကြောင့် ဖြစ်တယ်။
ဇလားပုံနဲ့တူတဲ့ ခန္ဓာကိုယ်
ဒီခန္ဓာကိုယ်ကြီးဟာ ဘာနဲ့တူတုန်းဆိုတော့ ဘုန်းကြီးတို့ လမ်းမှာ အမှိုက်ထည့် ရအောင်ထားတဲ့ ဇလားပုံကြီးနဲ့ တူပါတယ်၊ ဇလားပုံကြီးထဲ ဟိုအမှိုက် ထည့်လိုက်, ဒီအမှိုက် ထည့်လိုက်သလိုပဲ။ အဲဒီ ခန္ဓာကိုယ် ဇလားပုံကြီးထဲလဲ ဟိုဇာတိဒုက္ခ ထည့်လိုက်, ဒီဇရာဒုက္ခ ထည့်လိုက်, ဗျာဓိဒုက္ခ ထည့်လိုက်, မရဏဒုက္ခ ထည့်လိုက်, အပ္ပိယေဟိ သမ္ပယောဂဒုက္ခ ထည့်လိုက်, ပိယေဟိ ဝိပ္ပယောဂဒုက္ခ ထည့်လိုက်, ဒီခန္ဓာကိုယ်ထဲ ထည့်တာပဲ။
ပစ်မှတ်တိုင်နဲ့တူတဲ့ ခန္ဓာကိုယ်
ဒီခန္ဓာကိုယ်ကြီးဟာ လက်တည့်စမ်းဖို့ မှတ်တိုင်စက်ခွက်နဲ့လဲ တူတယ်၊ သေနတ်နဲ့ လက်တည့်စမ်းတဲ့သူက ဟိုအဝေးမှာ မှတ်တိုင်ကြီးတစ်ခု ထားတယ်၊ ဟိုလူက လာပြီးတော့ ပစ်လိုက်, ဒီလူက လာပြီးတော့ ပစ်လိုက်၊ ဟိုလူက ပစ်လိုက်လဲ ဒီမှတ်တိုင် ခံဦး, ဒီလူက ပစ်လိုက်လဲ ဒီ မှတ်တိုင် ခံဦး၊ အဲသလိုပဲ ဒီ ခန္ဓာကိုယ်ကြီး ဒီ ဥပါဒါနခန္ဓာဆိုတဲ့ ဒီ ခန္ဓာကိုယ်ကြီးဟာ ဒုက္ခတွေ အမျိုးမျိုး ပစ်ချရာ ဖြစ်နေတယ်၊ ဒုက္ခတည်းဟူသော သေနတ်လက်နက်ကြီးနဲ့ လက်တည့် စမ်းရာ ဖြစ်နေတယ်။
ဖြစ်ဖြစ်သမျှ ဒုက္ခချည်းသာ
“သံခိတ္တေန - အကျဉ်းချုပ်အားဖြင့်၊
ပဉ္စ - ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ - တဏှာ ဒိဋ္ဌိဆိုတဲ့ ဥပါဒါန်တရားတို့ စွဲလမ်းရာဖြစ်တဲ့ ဤခန္ဓာ ငါးပါးတို့သည်၊
ဒုက္ခာ - ဆင်းရဲကြောင်း အစစ်တို့ပေတည်း”
ဒုက္ခတွေဟာ ဘယ်နေရာမှ လစ်လပ်နေတယ်လို့ မရှိတော့ဘူး၊ ဒုက္ခတွေဟာ တင်းကျမ်းပြည့် တင်းကျမ်းပြည့်၊ အဲဒီလို စဉ်းစားကြည့်တော့မှ တဏှာ နောက်ဆုတ်တာ၊ ဒီလို မဟုတ်လို့ရှိရင် ငါ့ကိုယ်လဲ သာယာစရာ, ငါ့ဆွေမျိုးတွေ သာယာစရာ, ငါ့ပစ္စည်းတွေ သာယာစရာ, ငါ့အိမ် သာယာစရာ, ငါ့တိုက် သာယာစရာ, ငါ့သား ငါ့သမီးတွေ သာယာစရာ၊ အဲဒီလို သာယာစရာနဲ့ တဏှာတွေ တိုးပွားပြီးတော့ နေတာပဲ၊
တဏှာတွေ တိုးတိုင်း ဒုက္ခတွေ တိုးနေတာပဲ၊ ဒီလို တွေးလိုက်တော့မှ တဏှာက နောက်ဆုတ်သွားတယ်၊ ဒီလို ဖြစ်နေတော့မှ ဒီခန္ဓာကိုယ်ကြီးကို ငါမလိုချင်တော့ဘူး၊ ဒုက္ခပေးလွန်းလို့ ဒုက္ခ ပေးလွန်းလို့၊ ချမ်းသာက နည်းနည်း, ဒုက္ခတွေက များလိုက်တာ၊ အဲဒီလို တွေးလာတော့မှ တဏှာက နောက်ဆုတ်တယ်၊ ဒါကြောင့် ဟောဒီ ဒုက္ခတွေ ကင်းမှ ဖြစ်မယ်။ ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်က
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ - ဤဆိုအပ်လတ္တံ့တဲ့ အကြောင်းအရာသည်ကား၊
ဒုက္ခ - ဆင်းရဲဒုက္ခ အစစ်ဖြစ်တဲ့၊
အရိယသစ္စံ - အရိယာအဖြစ်ကို ပြုနိုင်တဲ့ မှန်ကန်သော သဘောတရား တစ်မျိုး ပေတည်း”။
“ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပိစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ”
လို့ ဘုရားရှင်ကိုယ်တော်မြတ်က ဒုက္ခခန်း ဟောလိုက်တယ်၊ ဘယ်နေရာမှ လွတ်လပ်တယ်လို့ မရှိဘူး၊ အားကျစရာ ဘာမျှ မရှိဘူး၊ ဝိပဿနာနဲ့ တင်ကြည့် လိုက်တော့ သုခဆိုတဲ့ အချိန်တောင်မှ အို - ဒီသုခတွေလဲ ဖြစ်ပျက်နေတာပဲလို့ အကုန်လုံး ဝိပဿနာနဲ့ ရှုလိုက်တော့ အားကျစရာ ဘာမျှမရှိဘူး၊ အကုန်လုံး ဒုက္ခချည်ပဲ၊ သုခလို့ ဆိုတဲ့ ဟာတွေလဲ သုခအစစ် မဟုတ်ဘူး၊ ဖြစ်ပျက်နေတဲ့ ဒုက္ခတွေ ချည်းပါပဲ။
သမုဒယသစ္စာ
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ”
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ခေါ ပန - ဤ ဆိုအပ်လတ္တံ့သော အကြောင်းအရာသည်ကား၊
ဒုက္ခသမုဒယော - ပြခဲ့တဲ့ ဒုက္ခတွေဖြစ်ကြောင်း သမုဒယဟူသော၊
အရိယသစ္စံ - အရိယာအဖြစ်ကို ပြုတတ်တဲ့ မှန်ကန်သောတရား တစ်မျိုးပေတည်း။
လောကီသစ္စာ လောကုတ္တရာသစ္စာ
ခုတင်က ဒုက္ခတွေ ဖြစ်ချင်လို့ ဖြစ်တာ မဟုတ်ဘူး၊ ဗြဟ္မာတို့၊ ဗိဿနိုးနတ်မင်းတို့ ထာဝရဘုရားတို့က ဖန်ဆင်းလို့ ဖြစ်တာ မဟုတ်ဘူး၊ မြတ်စွာဘုရား တရားဟောပုံကို ဒီမှာ ထပ်ပြီးတော့ စဉ်းစားလိုက်စမ်း၊ မြတ်စွာဘုရားက ဒီသစ္စာလေးပါးမှာ လောကီသစ္စာ, လောကုတ္တရာသစ္စာလို့ နှစ်မျိုး ခွဲထားလိုက်တယ်၊
ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာ နှစ်ပါးက လောကီသစ္စာ, နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ နှစ်ပါးက လောကမှ လွတ်ထွက်ကြောင်းဖြစ်တဲ့ လောကုတ္တရာ သစ္စာ၊
ဒီနေရာမှာ ဘုရားဟောပုံက အင်မတန် ပိုင်တယ်၊ လောကီ သစ္စာနှစ်ပါး၊ လောကီက လွတ်ထွက်ပြီးသွားတဲ့ လွတ်ထွက်ကြောင်း ဖြစ်တဲ့ လောကုတ္တရာသစ္စာက နှစ်ပါး၊ အဲဒီလို ဟောတယ်။
အကျိုးသစ္စာ အကြောင်းသစ္စာ
အဲဒီ လောကီသစ္စာနှစ်ပါးထဲမှာ ပထမဆုံး မြတ်စွာဘုရားက ဒုက္ခတွေ ပြလိုက်တယ်၊ ဒုက္ခဆိုတာ အကျိုးတရားပဲ၊ အဲဒီ အကျိုး တရားကို အရင်ပြပြီးတော့မှ အဲဒီ ဒုက္ခ ဘာ့ကြောင့်ဖြစ်သတုန်းလို့ စဉ်းစားတဲ့အချိန်ကျတော့ ဟောဒီ တဏှာကြောင့် ဖြစ်တာလို့ တဏှာကို ဖော်ပြတယ်၊ ဒုက္ခသမုဒယလို့ ခေါ်တဲ့ တဏှာကို ဖော်ပြတယ်။ တရားက အင်မတန်ကောင်းတယ်၊
“လောကီဘုံဝယ်, သာယာဖွယ် ဟု, တာတွယ်လေငြား, ဝေနေများကို တရားသံဝေ, ရပစေဟု ထွေထွေဒုက္ခ ဦးစွာပြ၏”
သံဝေဂ ရအောင်လို့ သတ္တဝါတွေ ကျွတ်တမ်းဝင်အောင်လို့ ပထမဆုံး သူတို့ရဲ့ လက်တွေ့ဖြစ်နေတဲ့ ဒုက္ခတွေကို ပြခဲ့တယ်။
“လောကီဘုံဝယ်, သာယာဖွယ်ဟု တွယ်တာလေငြား, ဝေနေများကို တရားသံဝေ, ရပစေဟု, ထွေထွေဒုက္ခ ဦးစွာပြဦးစွာပြ၏ ”။
တဏှာကြောင့် ဒုက္ခဖြစ်တာ
ပြီးတော့မှ“ဒုက္ခသောင်းပြောင်း တရားပေါင်းလည်း အကြောင်းမဲ့စွာ, မဖြစ်ရာရှင့်”
ဒီဒုက္ခတွေ ဘာအကြောင်းမှ မရှိဘဲနဲ့ ဖြစ်တာ မဟုတ်ဘူး၊ ဗြဟ္မာ,နတ်မင်း ဖန်ဆင်းတာ မဟုတ်ဘူး၊ ဒီဒုက္ခတွေနဲ့ အသင်တို့မှာ တွေ့ဖို့ရန်, ဘုန်ကြီးတို့မှာ တွေ့ဖို့ရန် ဗြဟ္မာဖန်ဆင်းတာ မဟုတ်ဘူး၊ ထာဝရဘုရား ဖန်ဆင်းတာ မဟုတ်ဘူး၊
“ဗြဟ္မာနတ်မင်း ဖန်ဆင်းမပြု ဆင်ခြင်မှုကျမ်း, တဏှာစွမ်းကြောင့် ပရမ်းပတာ, ဖြစ်ကြရာသော, သမုဒယာ”
ဆိုတဲ့ တဏှာစွမ်းကြောင့် ဒီဒုက္ခတွေ ဖြစ်တာလို့ ဒီလို ဆိုပါတယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ”
တဏှာဆိုတဲ့တရားဟာ ခုမှသာ ရှိတာမဟုတ်ဘူး၊ ဘုန်းကြီးတို့ ဝမ်းထဲ စိတ်ထဲ ကပ်ပြီးတော့ စေတသိက်တစ်ခုအနေနဲ့ ပါနေတဲ့တရား၊
ယာယံ တဏှာ - အကြင် တဏှာဆိုတဲ့ တရားသည်၊
ပေါနောဗ္ဘဝိကာ - တစ်ဖန် ဘဝကို ဖြစ်စေတတ်၏၊
နန္ဒီရာဂသဟဂတာ - နှစ်သက်တတ် မခွဲမခွာနိုင်အောင် စွဲလမ်း၍ နေတတ်သော ရာဂသဘောနှင့်တကွ ဖြစ်၏”
တဏှာနှင့် ရာဂဟာ ဘာမျှ မထူးခြားပေမယ်လို့ အဲဒီ တဏှာထဲ တပ်မက်တဲ့ သဘောပါတယ်၊ အဲဒီ တဏှာထဲမှာ နှစ်သက်တတ်တဲ့သဘောပါတယ်။ ကြည့်နော်၊ ပိယေဟိ ဝိပ္ပယောဂဒုက္ခတွေဟာ သူ့လက်ချက်တွေ သူ့လက်ချက်တွေ၊ အပ္ပိယေဟိ သမ္ပယောဂဒုက္ခတွေဟာသူ့လက်ချက်၊
“ယာယံ တဏှာ - အကြင် တဏှာသည်၊
ပေါနောဗ္ဘဝိကာ - တစ်ဖန် ဘဝသစ်ကိုလည်း ဖြစ်စေတယ်၊
နန္ဒီရာဂသဟဂတာ - နှစ်သက်တတ် မခွဲမခွာနိုင်အောင် စွဲမက်တတ်တဲ့ သတ္တိနှင့် တကွဖြစ်၏၊
တတြတတြာ ဘိနန္ဒိနီ - ထိုထိုဖြစ်ရာ ဘဝကို အလွန်နှစ်သက်၍ နေတတ်လေ၏”
ရောက်တဲ့ဘဝမှာ နှစ်သက်တယ် ကျေနပ်တယ်။
တဏှာသုံးပါး
“သေယျထိဒံ၊ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ”
သေယျထိဒံ - ထို တဏှာဟူသည် ဘယ်ဟာတွေနည်း၊
ကာမတဏှာ - လောကီအာရုံ ကာမဂုဏ်ဟူသမျှကို တပ်မက်တတ်သော ကာမတဏှာ လည်းကောင်း၊”
ဒီကာမတဏှာက လောကီ အာရုံဟူသမျှကို သိပ်မက်မောတယ်, သိပ်ခင်တွယ်တယ်၊
“ဘဝတဏှာ - သဿတဒိဋ္ဌိနှင့်တကွ ဖြစ်သောတဏှာ လည်းကောင်း”
ဘဝတဏှာဆိုတာ တဏှာတစ်ခုတည်းမကဘူး၊ ဒိဋ္ဌိလဲ ပါသေးတယ်။ တဏှာပေါ် ဒိဋ္ဌိက ဝင်စွက်လိုက်သေးတယ်၊ အဲဒီ ဒိဋ္ဌိက ဘာဒိဋ္ဌိလဲ ဆိုတော့ သဿတဒိဋ္ဌိတဲ့၊ သဿတဒိဋ္ဌိဆိုတာ ဘယ်တော့မှ မပျက်စီးတော့ဘူးလို့ စွဲလမ်းတဲ့တရား၊ ခိုင်မြဲတယ်, တည်တံ့တယ်လို့ လွဲလွဲမှားမှား ယူဆတဲ့တရား၊ အဲဒီ သဿတဒိဋ္ဌိက ခန္ဓာကိုယ်ထဲမှာ အတ္တကောင်လေး ရှိတယ်လို့ ယူဆတယ်၊
တစ်ဘဝ သေသွားလဲ ခန္ဓာကိုယ်ကြီး ပျက်စီးသွားပေမယ့် အတ္တကောင်လေးကတော့ ခန္ဓာအိမ် အသစ်နဲ့ ပြန်ဖြစ်တာပဲလို့ ယူဆတယ်၊ အဲဒီ အတ္တကတော့ ဘယ်တော့မှ မပျက်စီးဘူးလို့ ကြံကြံဖန်ဖန် စိတ်ကူးယဉ်ကြတယ်၊ သတ္တဝါတွေဟာ ကမ္ဘာပေါင်းများစွာ ဖြစ်လာ လိုက်ကြတာ, အဲဒီ အတ္တလေးက တစ်ဘဝပြီးတစ်ဘဝ ခန္ဓာအိမ်အဟောင်း စွန့်ပစ်ပြီး ခန္ဓာအိမ်အသစ်နဲ့ ထပ်ဖြစ်လာတော့ ခန္ဓာအိမ်သာ ပြောင်းတာ, အတ္တ မပြောင်းဘူးတဲ့။ အင်း.. စွဲလမ်းချက်ကလေးကလဲ တော်တော် နာနေတယ်။
“ဘဝတဏှာ - သဿတဒိဋ္ဌိနှင့်တကွဖြစ်တဲ့ တဏှာလည်းကောင်း”
အဲဒီ တဏှာဟာ သဿတဒိဋ္ဌိနှင့် အတူတူ ယှဉ်တွဲနေတဲ့အတွက် မှားယွင်းတဲ့ အယူအဆရယ်၊ အဲဒီ အယူအဆကို ဟုတ်လှပြီထင်ပြီး ကျေနပ်နေတာဆိုတော့ ပိုပြီး ခိုင်မြဲသွားတာပေါ့၊ အဲဒါကြောင့် မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သူတွေဟာ သူတို့ဟာနဲ့သူတို့ ဟုတ်လှပြီဆိုပြီးတော့ ခပ်ကြွကြွနေတယ်၊ သူတို့ အယူအဆဟာ မှားယွင်းနေပေမယ့် တို့ဟာ ဟုတ်တယ်, တို့ဟာ ဟုတ်တယ်လို့ ဆိုပြီးတော့ ကျေနပ်ပြီး သာယာပြီး နေတဲ့အပြင် ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ မာနတွေ ဘာတွေတောင် နောက်ဆက်တွဲ ဖြစ်နေလိုက်သေးတယ်။
သေရင်ပြီးတာပဲ ဆိုတဲ့အယူ
“ဝိဘဝတဏှာ - ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာလည်းကောင်း”
ဥစ္ဆေဒဒိဋ္ဌိကတော့ ဘယ်လိုယူဆသလဲဆိုတော့ သေပြီးရင် ပြီးတာပဲ။ ဘာမှ မဖြစ်တော့ဘူး၊ ဒီဘဝကလဲ သူ့ဟာသူ ဖြစ်ချင်လို့ဖြစ်တာ၊ သေပြီးတော့နောက် ဘာမှလဲ မဖြစ်ဘူးလို့ ယူဆတယ်၊ ပြီးတော့ အဲဒီ ဥစ္ဆေဒဒိဋ္ဌိရဲ့ အယူအဆက ဝမ်းထဲမှာတော့ အတ္တဆိုတဲ့ အကောင်ကလေး ရှိပါရဲ့၊ ရှိပေမယ်လို့ အဲဒီ အတ္တကောင်လေးဟာ သေရင် ပြီးတာပဲ၊ သေလို့ ခန္ဓာအိမ်ပျက်ရင် အတ္တ ကောင်လေးလဲ ပျောက်ပျက်သွားတယ်၊ နောက်ထပ် ဘာဘဝမှ မရှိဘူး၊ တစ်ခါတည်း ဘဝအဆက် ပြတ်သွားတယ်လို့ ယူဆပြန်တယ်၊
ဒီ ဥစ္ဆေဒဒိဋ္ဌိကလဲ ကြောက်စရာ ကောင်းလိုက်တာ၊ ဒီ ဥစ္ဆေဒဒိဋ္ဌိသမားကလဲ တဏှာနဲ့ တွဲနေတာဖြစ်တော့ သူတို့ဟာသူတို့ အဟုတ်ကြီး ထင်လို့ သူတို့ဟာ သူတို့ အင်မတန်နှစ်သက်လို့၊ ဟုတ်လိုက်တာ, ဘယ့်နှယ် သေပြီးရင် ဘာဖြစ်ရမှာတုံး၊ ဘာမှ မဖြစ်ဘူး၊ အဲဒီလို ယူဆနေတော့ သူတို့ဟာသူတို့ လုပ်ချင်တာလုပ်ပေါ့၊ ချမ်းသာတာ လုပ်ပေါ့၊
အမေ အဖေတွေ ဘာတွေ စဉ်းစားမနေနဲ့၊ ဖြစ်ချင်လို့သာ ဖြစ်လာတာ, ဖြစ်ချင်သလို ဖြစ်လာမှာတဲ့၊ မဟုတ်သေးပါဘူး၊ နှင့်ကို အမေ အဖေက ပြုစုကြ, ယုယကြတယ် မဟုတ်လားဆိုတော့ အို... သူ့ဘာသာသူ ယုယချင်လို့ ယုယတာပါ၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ သေတာလဲ ဘာမှ မဆိုင်ဘူး၊ သေလဲ ပြီးတာပဲ၊ ဒီဘဝချမ်းသာမယ် ဆိုလို့ရှိရင် အို...ကိုယ့်အခွင့်အရေးသာ ပြည့်စုံမယ်ဆိုရင် အမေသော ဘာသော ဘာမှ ဂရုစိုက်စရာ မလိုပါဘူးတဲ့၊ ဒီ ဥစ္ဆေဒဒိဋ္ဌိကလဲ ကြောက်စရာ ကောင်းလိုက်တာမှ လွန်လို့၊
အဲဒီ ဒိဋ္ဌိမှာ နှစ်သက်တဲ့ တဏှာ ပါ-ပါနေတော့ သူ့အယူကို ကျေနပ်ကြပြန်တယ်၊ အင်မတန် ကောင်းတယ်, တို့ အယူအဆ အင်မတန် မှန်တယ်၊ ဟိုကောင်တွေသာ လွဲနေတာ၊ တို့ အင်မတန် မှန်တယ်၊ တို့က သိပ်ဟုတ်တာပဲ၊ အဲဒီလို ဒိဋ္ဌိကလဲ ယူဆပြီး စွဲလမ်းပြီး တဏှာကလဲ သာယာနေ လေတော့ သူ့ဟာသူ အထင်ကြီးတဲ့ မာနကပါ အပိုအဆစ် ထပ်ဖြစ်နေပြန်တယ်၊ တော်တော် ကြောက်စရာကောင်းတဲ့ သဘာဝတွေ။
တဏှာ, အဝိဇ္ဇာ, ကံကြောင့် ဒုက္ခဖြစ်
“သေယျထိဒံ၊ ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ”
ဟောဒီ တဏှာတွေကြောင့် ဒုက္ခဖြစ်ရတာ၊
ပဋိသန္ဓေနေခြင်းဆင်းရဲဆိုတဲ့ ဇာတိဒုက္ခ,
အိုခြင်းဆင်းရဲဆိုတဲ့ ဇရာဒုက္ခ,
သေခြင်းဆင်းရဲဆိုတဲ့ မရဏဒုက္ခ၊
အဲဒီ ဒုက္ခအမျိုးမျိုးတွေ ဖြစ်လာအောင် ဒီတဏှာက ထူထောင်ပေးလိုက်တာ၊ ဒါဖြင့် ဒီတဏှာတစ်ခုတည်း ဒိုင်ခံပြီးတော့ ဒုက္ခအမျိုးမျိုးတွေ ဖြစ်အောင် လုပ်သလား, တဏှာကို အကူအညီ ပေးတဲ့ သည့်ပြင် အဖော်သဟဲတွေ မရှိတော့ဘူးလားဆိုတော့ သည့်ပြင် အဖော်သဟဲတွေလဲ ရှိသေးတယ်၊ တဏှာကို အကူအညီ ပေးတဲ့ အဖော်သဟဲတွေဟာ ဘယ်သူတွေလဲဆိုတော့ အဝိဇ္ဇာရယ်, ကုသိုလ် အကုသိုလ်ကံ ဆိုတဲ့ ကံတရားတွေရယ်၊ ဒါတွေပါပဲ၊ အဲဒါကြောင့် သမုဒယဆိုတဲ့ ပါဠိစကားရဲ့ ဆိုလိုရင်းက အဝိဇ္ဇာနှင့်ကံဆိုတဲ့ အဖော်သဟဲတွေနဲ့ ပေါင်းမိမှ ဒုက္ခအမျိုးမျိုးတွေကို ဖြစ်ပေါ်လာစေ နိုင်တဲ့ တဏှာလို့ ဆိုတယ်။
အဝိဇ္ဇာက ဖုံးကွယ်ထား
အဝိဇ္ဇာက အပြစ်ကို မမြင်အောင် ဖုံးကွယ်တယ်၊ မသိအောင်လုပ်တယ်၊ ပဋိသန္ဓေနေ, အို, နာ, သေ ဆိုတဲ့ ဒုက္ခအမျိုးမျိုးတွေကို မသိအောင်, မမြင်အောင် အဝိဇ္ဇာက ဖုံးကွယ်ထားတယ်၊ ရုပ်နာမ်ခန္ဓာ တွေရဲ့ အပြစ်ကို မသိအောင်, မမြင်အောင်, ဟိုဘ၀ ဒီဘဝ လူ့ဘဝ နတ်ဘဝအစရှိတဲ့ ဘဝအမျိုးမျိုးတွေရဲ့ အပြစ်ကို မမြင်အောင် အဝိဇ္ဇာ က ဖုံးကွယ်ထားတယ်၊
အဝိဇ္ဇာက ဖုံးကွယ်ထားတော့ တဏှာကလဲ အဲဒါတွေကို ခင်မင်တွယ်တာလို့, သာယာလို့မပျော်မွေ့လို့၊ အဲဒါတွေကို တဏှာက လိုချင်နေတယ်၊ ပဋိသန္ဓေနေ, အို, နာ, သေဆိုတဲ့ ဒုက္ခ အမျိုးမျိုးတွေကို မသိမမြင်အောင် အဝိဇ္ဇာက ဖုံးထားတော့ တဏှာက ဒီဒုက္ခတွေ ခံရမှာ မကြောက်ဘူး၊ ပဋိသန္ဓေနေ, အို, နာ, သေ ဒုက္ခတွေနဲ့ အမြဲ တွေ့ကြုံနေတဲ့ ဒီရုပ်နာမ် ခန္ဓာတွေကို တဏှာက ခင်တွယ်နေတယ်, လိုချင်နေတယ်၊
အဲဒါကြောင့် လူ့ဘဝ နတ်ဘဝ တွေကို ရည်မှန်းပြီး လူ့ရုပ်နာမ်ခန္ဓာ, နတ်ရုပ်နာမ်ခန္ဓာ တွေကို တောင့်တပြီးတော့ ကုသိုလ်ကံတွေ မပြုဘဲ မနေနိုင်အောင်, ကုသိုလ်ကံ တွေ မဖြစ်ဖြစ်အောင် တဏှာက သွေးဆောင် ဖြားယောင်း တော့တာပဲ။ ကုသိုလ်ကံတွေ ဖြစ်လာအောင် တဏှာက စီမံတော့တာပဲ၊
အဲဒါနဲ့ ကုသိုလ်ကံတွေ ပြုကြတော့ ဟိုဘက်ဘဝမှာ ဘာတွေ ဖြစ်ကုန်ကြ သလဲဆိုတော့ ဟိုဘက်ဘဝမှာ လူတွေ နတ်တွေ ဖြစ်ကြပါရော။ လူ့ရုပ်နာမ်ခန္ဓာ, နတ်ရုပ်နာမ်ခန္ဓာ ပေါ်လာပါရော၊ ဒီရုပ်နာမ်ခန္ဓာတွေ ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပဋိသန္ဓေနေ, အို, နာ, သေတဲ့ ဒုက္ခအမျိုးမျိုးတွေဟာလဲ အတူတူယှဉ်တွဲ ပူးကပ် ပါလာကြတော့တာပါပဲ၊ အဲဒါကြောင့် လူဖြစ်ရပါလို၏, နတ်ဖြစ်ရပါလို၏လို့ ဆုတောင်းတာဟာ အဲဒီ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့ကြုံရပါလို၏လို့ ဆုတောင်းတာနဲ့ အတူတူပါပဲ။
တဏှာက အဆိုးဆုံး
ပြီးတော့ ထပ်စဉ်းစားစရာ ရှိသေးတယ်။ တဏှာရယ်, အဝိဇ္ဇာရယ်, ကုသိုလ်-အကုသိုလ်ကံရယ်၊ အဲဒီ သူတို့ တစ်တွေထဲမှာလဲ ဘယ်သူက ပိုဆိုးဝါးသလဲဆိုရင် တဏှာက ပိုဆိုးဝါးတယ်၊ အဲဒါကြောင့် ဒီဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့ကြုံရတာ ဘယ်သူ့ကြောင့်လဲဆိုရင် တဏှာကြောင့်လို့ တဏှာကိုသာ တစ်နံပါတ် တရားခံ ထားပြီး တဏှာအပေါ်မှာ အပြစ်ပုံချတယ်၊ တဏှာသာ တာဝန်အရှိဆုံးမို့ တဏှာ အပေါ်မှာ သတ္တုကျတယ်၊ ဒါမှန်တယ်၊ အဝိဇ္ဇာက အပြစ်ကို မမြင်အောင် ဖုံးကွယ်ထားတာပဲရှိတယ်။
တဏှာက အလွန်အမင်း သာယာတယ်၊ ဟိုဟာ, ဒီဟာ တွေ လိုချင်တယ်၊ အဲဒီလို လိုချင်တော့ ကုသိုလ် အကုသိုလ်ကံတွေ မဖြစ်ဖြစ်အောင် ဒီတဏှာကပဲ စီမံ ပြုလုပ်တယ်၊ ဒီတဏှာက သူတစ်ပါး ပစ္စည်းဥစ္စာကို မတရား လိုချင်တော့ ခိုးမှုဆိုတဲ့ အဒိန္နာဒါန အကုသိုလ်ကံကို ပြုရဲတယ်၊ လူတစ်ယောက်ရဲ့ ပစ္စည်းကို လိုချင်တော့ အဲဒီ လူကို သတ်တဲ့ ပါဏာတိပါတ အကုသိုလ်ကံကို ပြုရဲကြတယ်၊
ဒီတဏှာကြောင့်ပဲ သူတစ်ပါး မယားကို ကျူးလွန်မှု, သည့်ပြင် ယောက်ျားနဲ့ ဖောက်ပြားမှုဆိုတဲ့ ကာမေသုမိစ္ဆာစာရ အကုသိုလ်ကံကို ကျော်မကောင်း ကြားမကောင်းအောင် ပြုကြတယ်။ တဏှာက သူတစ်ပါး ပစ္စည်းကို မတရား လိုချင်တော့ လိမ်ညာမှုဆိုတဲ့ မုသာဝါဒအကုသိုလ်ကံကို လွယ်လွယ်နဲ့ ပြုနိုင်ကြတယ်၊
တဏှာက ဆော်ဩလိုက်လို့ အဲဒီ အကုသိုလ်ကံတွေ အမျိုးစုံအောင် ပြုလိုက်တော့ ဟိုဘက်ဘဝမှာ ဘာတွေ ဖြစ်ကုန်ကြသလဲဆိုတော့ ငရဲ၊ တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဆိုတဲ့ အပါယ်ဘုံတွေမှာ ရောက်ပြီးတော့ ဒုက္ခတွေ အမျိုးစုံအောင် ခံကြရ, ဒုက္ခတွေ ဝိုင်းဝိုင်းလည်အောင် ကြုံတွေ့ကြရတာပဲ မဟုတ်လားလို့၊ ဒီ ဒုက္ခတွေဟာ တဏှာက ပေးတဲ့ ဒုက္ခတွေ, တဏှာရဲ့ အမွေအနှစ်တွေပဲ မဟုတ်လားလို့။
ကုသိုလ်ကံရှိလို့ လူ့ဘဝရတာ
ဒီတော့ ဘုန်းကြီးတို့ လူ့ဘဝ ပြန်စဉ်းစားကြစို့၊ ဘုန်းကြီးတို့တစ်တွေ ဒီဘဝရဖို့ရန် ရှေးက ကုသိုလ်ကံတစ်ခု ဧကန် ရှိခဲ့တယ်၊ အဲဒီ ကုသိုလ်ကံရှိတော့ ဒီ ကုသိုလ်ကံရဲ့ အခြေခံဟာ ဘယ်သူတုံးဆိုတော့ တဏှာပဲ၊ တဏှာက ဒီဘဝမျိုး လိုချင်နေသေး တယ်ကိုး၊ မလိုချင်ဘူးလို့ပြောရင် မဟုတ်ကို မဟုတ်ဘူး၊ ဘာပြုလို့လဲ၊ တဏှာမှ မကုန်သေးတာ ဘယ့်နှယ်လုပ် ပြီးတော့ မလိုချင်ဘဲ ရှိမလဲ၊
တဏှာမကုန်တော့ တဏှာက လိုချင် တာပေါ့၊ တဏှာက လိုချင်တော့ ဒီဘဝတွေ ရလာအောင်ဟာ ကံပြုတယ်၊ ကုသိုလ်ကံပြုတယ်၊ တဏှာက လိုချင်လို့ ကုသိုလ်ကံ တွေ ပြုတာ၊ ကုသိုလ်ကံ ပြုတော့ ဘုန်းကြီးတို့တစ်တွေ ဒီဘဝကို ရတယ်၊ ဒီဘဝကို ရကြတော့ ဒီဘဝအတွက် ပဋိသန္ဓေနေ,အို,နာ,သေဆိုတဲ့ ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခတွေနဲ့ တွေ့ကြရတာပေါ့။
တဏှာအရင်းခံ ကုသိုလ်ကံပြု
အဲဒီဒုက္ခ ဘယ်သူ့ကြောင့်ဖြစ်တာလဲဆိုရင် တဏှာအရင်းခံပြီးတော့ ကုသိုလ်ကံကို ပြုလုပ်ခဲ့လို့ ဒီဒုက္ခတွေဟာ တဏှာကြောင့် ဖြစ်တာ၊ ပြီးတော့ တဏှာကုန်ခန်းတဲ့ ရဟန္တာတွေ ဖြစ်တာဟာ နိရောဓနဲ့ မဂ္ဂသစ္စာ အခန်းကျတော့ ပေါ်လာလိမ့်မယ်၊ ဒီတော့ လူ့ဘဝမှာ ကောင်းတဲ့ ပဋိသန္ဓေ နေရတာတောင်မှ တဏှာအရင်းခံ ပြီးတော့ ကုသိုလ်ကံ ပြုခဲ့လို့ ပဋိသန္ဓေ နေရတာ။
တဏှာ မကုန်သမျှ နိဗ္ဗာန်မရ
“မတောင့်တပါဘူး, လူ့ဘဝ မတောင့်တပါဘူး၊ နိဗ္ဗာန် တောင့်တပြီး ပြုပါတယ်”
ဆိုပေမယ်လို့ နိဗ္ဗာန်မှ မရောက်သေးဘဲနဲ့ ဒီကံအကျိုးပေးရင် ဘယ်ဘဝမှာ အကျိုးပေးမလဲ၊ လူ့ဘဝတို့, နတ်ဘဝတို့, ဗြဟ္မာဘဝတို့ ပေးရမှာပေါ့၊ ဒီတော့ တဏှာ အရင်းခံ လာတယ်၊ တဏှာ မကုန်သေးသမျှလဲ နိဗ္ဗာန်ကို လုံးဝ မရောက်သေးပါဘူး၊
ဟုတ်တယ်၊ သောတာပန်တို့ သကဒါဂါမ်တို့အနာဂါမ်တို့ အခိုက်အတန့်မှာ တဏှာဟာ နည်းပါးသည်ထက် နည်းပါးသွားတယ်။ လောဘဟာ လျော့သည်ထက် လျော့လျော့ သွားတယ်၊ လုံးဝ ကြွင်းမဲ့ဥဿုတော့ ကုန်မသွားသေးဘူး၊ တဏှာ လောဘ မကုန်သေး သမျှ ပဋိသန္ဓေနေရတဲ့ ဇာတိဒုက္ခနှင့် ထပ်တွေ့ရဦးမှာ၊
ဒါကြောင့် ဘယ်သူ့ကြောင့် ဇာတိဒုက္ခ ဖြစ်ရသလဲဆိုရင် တဏှာကြောင့် ဇာတိဒုက္ခ ဖြစ်ရတယ်၊ တဏှာကြောင့် ပဋိသန္ဓေနေရတယ်။ ဘယ်သူ့ကြောင့် ဇရာဒုက္ခ ဖြစ်ရသလဲဆိုရင် တဏှာကြောင့် ဇရာဒုက္ခ ဖြစ်ရတယ်၊ တဏှာကြောင့် အိုရတယ်၊ ဇာတိရှိတော့ အိုရတာပေါ့၊ ပဋိသန္ဓေနေလို့ လူ့ဘဝရတော့ လူအို အိုတာပေါ့၊ တိရစ္ဆာန်ဘဝရတော့ တိရစ္ဆာန်အို အိုတာပေါ့၊
အဲဒီ ရခဲ့တဲ့ ဘဝကိုက ဒီတဏှာကြောင့် ရခဲ့တာဖြစ်တော့ အိုတာလဲ တဏှာ အရင်းခံပဲ။ ဒါပေမယ့် ဒီတဏှာက တော်တော်ဝေးကွာတဲ့ တဏှာပဲ၊ ယခုဘဝမှာ ဖြစ်တဲ့ တဏှာမဟုတ်ဘူး၊ ရှေးဘဝက တဏှာ၊ ဒါကိုပဲ တစ်ခါ ထပ်ပြောဦးမယ်။
တဏှာလိုက်စားတော့ အိုလွယ်တယ်
ဘုန်းကြီးလူ့လောက တစ်ခုလုံးကို ကြည့် စဉ်းစားနေတယ်၊ သတ္တဝါတွေရဲ့ ဖြစ်ပုံတွေကို ဒီတရားတော်နဲ့ စဉ်းစားနေတယ်၊ အဲဒီ တဏှာဆိုတဲ့ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာနှစ်ခုကို တော်တော်စဉ်းစားလိုက်တယ်၊ စဉ်းစားလိုက်တော့ အိုတာဟာ တဏှာကြောင့် ဆိုပါတော့၊ တဏှာက ဘယ်တဏှာတုံးဆိုတော့ ပဋိသန္ဓေနေအောင် ပြုခဲ့တဲ့ ကံရဲ့ အရင်းခံတဏှာ၊
ဒါက အခုတင်က ပြောခဲ့တဲ့ ဝေးတဲ့တဏှာ၊ ရှေးဘဝတုန်းက တဏှာ၊ ဟောဒီဘဝမှာ လူတစ်ယောက်ဟာ အပျော်အပါးလိုက်စားတယ်၊ တဏှာရဲ့ အလို လိုက်ပြီးတော့ အပျော်အပါး လိုက်စားတယ်၊ အပျော်အပါး လိုက်စားတဲ့ ယောက်ျားတွေ အပျော်အပါး လိုက်စားတဲ့ မိန်းမတွေဟာ သူများထက် ပိုပြီးတော့ အိုလွယ်တယ်၊
တချို့က ပြောတယ်၊ “ပျော်ပျော်နေတော့ သေခဲတယ်၊ စိတ်ပျိုတော့ ကိုယ်နုတယ်” လို့ ပြောတယ်၊ အဲဒါဟာက ရိုးရိုးသာမန် စိတ်ချမ်းသာအောင် ပျော်တဲ့ အပျော်မျိုး, စိတ်ကို ချမ်းသာအောင်နေတဲ့ အနေမျိုးလောက်သာ ဟုတ်တယ်၊ တဏှာနဲ့ လိုက်စားပြီးတော့ လောကီအာရုံတွေ ခံစားတဲ့ လူဟာ ရိုးရိုး မခံစား မလိုက်စားတဲ့ လူထက်တော့ အိုလွယ်တယ်။
ဒါ ဘာဆိုလိုသလဲလို့ဆိုတော့ ဒီဘက် ဘဝတဏှာကြောင့် ဇရာဒုက္ခ ဖြစ်တယ်လို့ ဆိုလိုတယ်၊ ဒီဘက်ဘဝက တဏှာလဲ ဒီဘက်ဘဝမှာပဲ ဇရာဒုက္ခဖြစ်အောင် ပြုလုပ်နိုင်တယ်လို့ ပြောလိုရင်းဖြစ်တယ်။
ဟိုဘက်ဘဝတုန်းက တဏှာက ကုသိုလ် အကုသိုလ်တွေဖြစ်အောင် စီမံလိုက်လို့ ဟိုဘက်ဘဝမှာ ရုပ်နာမ်, ခန္ဓာတွေ ဖြစ်လာတဲ့ အခါ ဇရာဒုက္ခတွေလဲ ပါလာတယ်၊ အဲဒါကိုက ဟိုဘက်ဘဝက တဏှာကြောင့် ဒီဘက်ဘဝမှာ ဇရာဒုက္ခ ဖြစ်ရတာ။
တွေ့ကရာစားပြန် အအိုမြန်
ဘုန်းကြီးတို့ ပုထုဇဉ်ပုဂ္ဂိုလ်တွေမှာ မဂ္ဂသစ္စာနဲ့ နိရောဓသစ္စာဆိုတဲ့ သစ္စာနှစ်ပါး ကတော့ ဘယ်သူ့မှာမှ မဖြစ်ပါဘူး၊ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာသာ ဖြစ်နေကြ ပါတယ်၊ သမုဒယသစ္စာ ဆိုတာက တခြားဟာ မဟုတ်ဘူး၊ တဏှာလို့ ခေါ်တဲ့ လောဘကိုပဲ သမုဒယသစ္စာလို့ ခေါ်တယ်၊
ဒုက္ခသစ္စာက အကျိုး, သမုဒယသစ္စာက အကြောင်း၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ရတယ်၊ တဏှာကြောင့် ဒုက္ခ ဖြစ်ရတယ်လို့ ဆိုလိုရင်းပါပဲ၊ အဲဒါကြောင့် ခုတင်က ပြောခဲ့တဲ့ တဏှာကြောင့် ဇရာဒုက္ခ ဖြစ်ရတာကို ထပ်ပြောဦးမယ်၊
လူတစ်ယောက်ဟာ အစားအသောက် မက်မောလို့ တွေ့ကရာတွေ စားရင် အိုလွယ်တယ်၊ ဘာ့ကြောင့်အိုသလဲဆိုရင် ခန္ဓာကိုယ်ထဲက အစာ အာဟာရကြောင့် ဖြစ်တဲ့ ရုပ်တွေ ရှိတယ်၊ အဲဒီအစာကြောင့် ဖြစ်တဲ့ ရုပ်တွေက မကောင်းလာတော့ ချို့ယွင်း ချို့ယွင်း လာတော့ ပိုပြီးတော့ အအို မြန်လာတယ်။
စိတ်ထောင်းကိုယ်ကြေ ဖြစ်တတ်ပေ
တစ်ခါ စိတ်ကို ချမ်းချမ်းသာသာ မနေတတ်, သင့်တော်သလို နှလုံးမသွင်းတတ်လို့ စိတ်မချမ်းသာတာတွေ အားကြီး နေတဲ့သူလဲပဲ အိုလွယ်တယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ မချမ်းသာတဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်တွေကလဲ စိတ်ထောင်းတော့ ကိုယ်ကြေဆိုတာလို မကောင်းတဲ့ ရုပ်တွေ, မချမ်းသာတဲ့ ခပ်အိုအိုရုပ် တွေပဲ ဖြစ်လာတယ်၊ အဲဒါကြောင့် စိတ်ကို ထိန်းသိမ်းပြီး စိတ် ချမ်းသာအောင် မနေတတ်တဲ့ လူတွေဟာ သူများထက်ပိုပြီး ရုပ်အို လွယ်တယ်။
အဲဒါကြောင့် ပြောကြတယ် မဟုတ်လား၊ ဘယ်သူဟာ ဘယ်ကိစ္စအတွက် စိတ်ထိခိုက်သွားလိုက်တာ တစ်ခါတည်း လူအိုကြီး ဖြစ်သွားတာပဲ၊ လူအိုရုပ်ကြီး ပေါက်သွားတာပဲတဲ့၊ အဲဒါကြောင့် စိတ်မချမ်းသာစရာကိစ္စ ပေါ်ပေါက်လာလို့ရှိရင် စိတ်ကို ထိန်းသိမ်းနိုင်, ပြုပြင်နိုင်ရမယ်၊ ကုသိုလ်ကောင်းမှုပြု, ဘုရားအာရုံပြု ဘုရားရှိခိုး ကရားနှလုံးသွင်း, ကမ္မဋ္ဌာန်းအားထုတ်၊
အဲဒီ ကောင်းတဲ့ စိတ်ချမ်းသာစရာအလုပ်တွေ လုပ်နေရင် စိတ်ဆင်းရဲစရာနဲ့တွေ့လဲ စိတ်မဆင်းရဲတဲ့အပြင် စိတ်ချမ်းသာလာမယ်၊ စိတ်ချမ်းမြေ့ကြည်နူးလာမယ်၊ အဲဒီလို စိတ်ကို ချမ်းသာအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ မပြုပြင်နိုင်ရင်တော့ စိတ်ဆင်းရဲတိုင်း, စိတ်ဆင်းရဲတိုင်း ဆင်းရဲတဲ့ စိတ်ကြောင့် ဆင်းရဲတဲ့ ရုပ်တွေ, မချမ်းသာမရွှင်ပျတဲ့ ရုပ်တွေ, အိုတဲ့ ရုပ်တွေ ထပ်ကာထပ်ကာ အဖြစ်များလာတဲ့ အတွက် စိတ်ကြောင့် ရုပ်ဟာ မြန်မြန်အိုတော့တာပါပဲ၊
ဒီရုပ်ဟာ -
ကံကြောင့်လဲ အိုလွယ်တယ်၊
စိတ်ကြောင့်လဲ အိုလွယ်တယ်၊
အာဟာရကြောင့်လဲ အိုလွယ်တယ်၊
အပူ အအေးကို မဆင်ခြင်လို့ မနေတတ် မထိုင်တတ်တာတွေကြောင့်လဲ အိုလွယ်တယ်။
ဒီတော့ တဏှာကြောင့် အိုလွယ်တယ်လို့ဆိုတာက မှန်တယ်။
ဇရာရဲ့ အရင်းခံ တဏှာ
အဲဒီ တဏှာဟာ ဟိုရှေးရှေးဘဝက တဏှာချည်း မပြောပါနဲ့၊ ဒီဘဝမှာပဲ နားမလည်လို့ ဉာဏ်မရှိလို့ တဏှာအရင်းခံပြီးတော့ စားချင်တာတွေ စားတယ်, သွားချင်တဲ့ဆီ သွားတယ်၊ အအေးလဲ ခံတယ်, အအေးခံချင်တယ်၊ အဲဒီ အအေးခံချင်တာဟာ ဘယ်သူလဲဆိုရင် တဏှာပဲ၊ အအေးအရသာ ခံချင်တာ၊ အအေးအရသာကို ဇိမ်ခံပြီး ကြည်နူးနေတာဟာ တဏှာပဲ၊
အဲဒီ တဏှာကြောင့် အအေးခံလိုက်တော့ ဒီခန္ဓာကိုယ်ဟာ မကျန်းမမာဖြစ်ပြီး တဖြည်းဖြည်း အိုအိုလာတယ်၊ အဲဒါကြောင့် ဇရာဒုက္ခရဲ့ အရင်းခံဟာ တဏှာပဲဆိုတာ ဟို ရှေးဘဝက တဏှာချည်း သွားပြီးတော့ မစဉ်းစားနဲ့၊ ဒီဘဝမှာ ဖြစ်နေတဲ့ တဏှာတွေကလဲ အင်မတန် ကြောက်စရာကောင်းတဲ့ ဇရာဒုက္ခကို ပေးမယ်။
သတိပေါ့တန် သူငယ်ပြန်
ဒီတော့ ဘုန်းကြီးတစ်ခု စဉ်းစားမိသေးတယ်၊ ဟို... တော်တော်လေး ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ အိုတဲ့အခါကျတော့ ဒီဇရာဒုက္ခဖြစ်တယ်၊ အဲဒီ ဇရာဒုက္ခ ဖြစ်တဲ့အခါမှာ သတိများ မေ့နေပြီး သူငယ်ပြန်တယ်လို့ ဆိုကြတယ်၊ ဒီ သူငယ်ပြန်တဲ့ နေရာမှာလဲ ဘုန်းကြီး စဉ်းစားမိတယ်၊ တချို့ ပုဂ္ဂိုလ်တွေက ပေါ့ပေါ့ဆဆနေ, ကိုယ်အလို လိုက်ပြီးတော့ ချမ်းချမ်း သာသာ နေတယ်၊ လောကအလိုက် ချမ်းချမ်းသာသာ နေတယ်၊ ပေါ့ပေါ့ဆဆ နေတယ်၊ တရား နှလုံးမသွင်းဘူး၊ တရားလက်လွတ် နေတယ်၊ သတိအလေ့အလာ မရှိခဲ့ဘူး၊ သတိပဋ္ဌာန်တို့ ဘာတို့ မလေ့လာဘူး၊ ကမ္မဋ္ဌာန်းတရားတို့ ဘာတို့ နှလုံးမသွင်းဘူး၊
အဲဒီ ပုဂ္ဂိုလ်မှာ သတိ နည်းလာတယ်။ တဖြည်းဖြည်းနဲ့ သတိတွေ လွတ်လာပြီး မိတ်ဆွေ သူငယ်ချင်းနဲ့ ဆွေမျိုးသားချင်း တွေကိုတောင် မမှတ်မိတော့ဘူး၊ အခု ထမင်းစားပြီးပေမယ်လို့ မစားရသေးပါဘူး ဆိုပြီး ထမင်းတောင်း နေသေးတယ်၊ တစ်ခါတည်း ကလေးပေါက်စလေးလို ဖြစ်သွားပြီး ကလေးပေါက်စကို ထိန်းရတာ ထက်တောင် ခဲယဉ်းတဲ့ အဘိုးကြီး ဘဝ ရောက်သွားတယ်၊ ဒါလဲဘဲ ဇရာဒုက္ခပါပဲ။
ဒီဇရာဒုက္ခဟာ ရှေးဘဝက တဏှာကြောင့်လို့ချည်းဆိုလို့ မဖြစ်ဘူး၊ စိတ်ကို မပြုပြင် မထိန်းသိမ်းဘဲ သတိလက်လွတ်, ကမ္မဋ္ဌာန်း လက်လွတ်, ခပ်ပေါ့ပေါ့ နေ, ပျော်သလို ချမ်းသာသလိုနေခဲ့တဲ့ ယခုဘဝ တဏှာကြောင့် ဒီဇရာဒုက္ခဖြစ်တယ်လို့လဲ ဆိုနိုင်တယ်၊
ဒီလို ခပ်ပေါ့ပေါ့နဲ့ တော်သလို ပျော်သလိုနေခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ကြီးလေ ဆိုးလေ, ကြီးလေ စိတ်ကို မထိန်းသိမ်းနိုင်လေပဲ၊ စိတ်ကို မထိန်းသိမ်းနိုင်လေ ဒုက္ခဖြစ်လေပဲ၊ အဲဒါကြောင့် စိတ်ကို ထိန်းနိုင်သမျှ ထိန်းပြီး ပြုပြင် ပြုပြင်ပေးမှ ဒီဒုက္ခဟာ သက်သာပေလိမ့်မယ်၊ သက်သာအောင်လဲပဲ ငယ်စဉ်ကစပြီး စိတ်ကို ထိန်းသိမ်း ပြုပြင်ပေးကြရမယ်။
ဗျာဓိဒုက္ခ
ပြီးတော့ တဏှာကြောင့် ဗျာဓိဒုက္ခဖြစ်ပုံ, ဗျာဓိဒုက္ခ ခံရပုံကို ကြည့်ကြဦးစို့၊
မကျန်းမမာ ဖျားနာတာ, ရောဂါဝေဒနာ ခံရတာဟာ ဗျာဓိဒုက္ခပဲ၊ အဲဒီ ဗျာဓိဒုက္ခဟာ ရှေးဘဝ က တဏှာကြောင့်သာ မဟုတ်ဘူး၊ ယခုဘဝက တဏှာကြောင့်လဲပဲ ဗျာဓိဒုက္ခလို့ခေါ်တဲ့ ရောဂါဝေဒနာတွေ မြန်မြန်ဖြစ်တာပဲ၊ စားချင်တာတွေ စားလိုက်တယ်၊ မဆင်မခြင် တွေ့ကရာ စားတယ်၊ နေမကောင်းဘူး၊ ရောဂါ တစ်ခုခု ရလို့ မကျန်းမာဘူး၊ စားချင်တာက တဏှာ၊ အဲဒီ တဏှာကြောင့် ဗျာဓိဒုက္ခခံရတယ်၊
ပွဲလမ်းသဘင်တွေ မနေ့က လိုက်ကြည့်တယ်၊ ယနေ့ နေထိုင်မကောင်းဘူး၊ အအိပ်ပျက်, အစားပျက်ပြီး မကျန်းမမာ ဖြစ်လာတယ်၊ ပွဲလမ်းသဘင်ကြည့်ချင် တာက တဏှာ၊ ကြည့်ပြီး သာယာတာ အရသာခံတာက တဏှာ၊ အဲဒီ တဏှာကြောင့် မကျန်းမမာ ဖျားနာတဲ့ ဗျာဓိဒုက္ခခံရပြန်ရော။ ပြီးတော့ ဘုရားဖူးသွားတယ်လို့ နာမည်တပ်ပြီးတော့ ဟိုဟိုဒီဒီ လျှောက်သွားကြတယ်၊ အပူမရှောင် အအေးမရှောင် သွားကြတယ်။
အဲဒီတော့ ခန္ဓာကိုယ်မှာ အအေးအပူ မမျှတတော့ဘူး၊ အလေး အပေါ့ စွန့်ချင် တာကိုလဲ မစွန့်ဘဲ ချုပ်တည်း အောင့်အည်းထား, တွေ့ကရာတွေ စား၊ မသင့်တာ တွေစား၊ အစားကမမှန်, အအိပ်ကလဲ မမှန်၊ အဲဒါကြောင့် ကျန်းမာရေးတွေပျက်ပြီး ဗျာဓိဒုက္ခ မရောက်သင့်ဘဲနဲ့ ရောက်ကြရတယ်၊ အဲဒီလို တဏှာလောဘ အလိုလိုက်ပြီး မဆင်မခြင် လျှောက်လုပ်လို့ ဗျာဓိဒုက္ခ မရောက်သင့်ဘဲနဲ့ ရောက်ကြရ တယ်၊
အဲဒါတွေ တွေးပြီးတော့ စဉ်းစားတတ်တဲ့ ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာ တဏှာလောဘ အလိုကို သိပ်မလိုက်ဘဲ တဏှာလောဘကို တတ်နိုင်သမျှ ချုပ်တည်းလိုက်တော့ ဗျာဓိဆိုတဲ့ ဒုက္ခဟာ အင်မတန် နည်းသွားတယ်၊ မဖြစ်ဘူးလို့ မပြောလိုဘူး၊ ဖြစ်ခြင်း ဖြစ်လို့ရှိရင် သူက နည်းတယ်၊
ခုနက အသိဉာဏ် နည်းပြီးတော့ တဏှာနောက် လိုက်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဗျာဓိဒုက္ခများတယ်၊ ဒါ့ကြောင့် ပြီးခဲ့တဲ့ ဒုက္ခတွေဟာ တဏှာအရင်းခံတယ်လို့ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူတာကို ဘုန်းကြီး အကုန်လုံး လျှောက်ပြီးတော့ ဆန်းစစ်သလို စစ်ဆေးကြည့်တယ်၊ မှန်တယ် အလွန်တရာ မှန်တယ်။
ချစ်သူနဲ့လွဲ မုန်းသူနဲ့တွဲရ
“အပ္ပိယေဟိ - မချစ်မနှစ်သက်အပ်တဲ့ပုဂ္ဂိုလ် သတ္တဝါ ပစ္စည်းဥစ္စာတို့နှင့်၊
သမ္ပယောဂေါ - အတူတကွ နေရခြင်းသည်၊
ဒုက္ခော - ဆင်းရဲ၏”
အဲဒီ ဒုက္ခကလဲ တဏှာကြောင့် တွေ့ကြုံရလို့ ဒုက္ခပဲ၊ ဘာ့ကြောင့်လဲ။ ဒီခန္ဓာ ကိုယ်ကြီးကို ရှေးဘဝက တဏှာကြောင့် ရထားတာ၊ ရှေးဘဝ တဏှာကြောင့် ရထားတဲ့ မန္ဓာကိုယ်ကြီးဟာ မချစ်တဲ့သူ မုန်းတဲ့သူတွေနဲ့ တွေ့လို့လဲ ဒုက္ခရောက်ကြ ရတယ်၊
စိတ်တိုင်းမကျလို့ ကိုယ်မသုံးချင်တဲ့ ပစ္စည်းဥစ္စာတွေ သုံးစွဲရ, ကိုယ်မနေချင်တဲ့ အရပ်ဒေသမှာ နေရ၊ အဲဒါကြောင့်လဲပဲ စိတ်ဆင်းရဲ ဖြစ်ကြရတယ်၊ ဒီဒုက္ခတွေဟာ ဒီခန္ဓာကိုယ်ကြီးဖြစ်အောင် စီမံဖန်တီးလိုက်တဲ့ ရှေးဘဝက တဏှာကြောင့် တွေ့ရတဲ့ ဒုက္ခတွေပဲ၊ ဒါက ရှေးဘဝတဏှာကြောင့် ယခုဘဝမှာ ဒုက္ခရောက်ရပုံဖြစ်တယ်၊
ပြီးတော့ ယခုဘဝ တဏှာကြောင့် ယခု ချက်ချင်းလက်ငင်း တွေ့ကြုံနေရတဲ့ ဒုက္ခတွေကလဲ အများကြီး၊ ဘယ်လို ဒုက္ခတွေလဲဆိုရင် တဏှာရဲ့ အလိုလိုက်နေ ရာက တဏှာအကြိုက်နဲ့ မကိုက်ညီလို့ စိတ်တိုင်းမကျလို့ တွေ့ရ ကြုံရတဲ့ ဒုက္ခတွေပါပဲ။
ဥပမာအားဖြင့် ချစ်တဲ့ခင်တဲ့သူက တစ်မျိုး, မုန်းတဲ့လူက တစ်မျိုး၊ တဏှာရဲ့ သဘောက ကိုယ်ချစ်တဲ့ခင်တဲ့ လူနဲ့သာ အတူတူ နေချင်တာ၊ သို့ပေမယ့် မနေရဘူး၊ မုန်းတဲ့သူတွေနဲ့သာ အတူတူနေရတယ်၊ အဲဒီတော့ တဏှာရဲ့ အလိုကျ မဖြစ်တဲ့ အတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကရော၊
ပြီးတော့ ကိုယ်ဝတ်ချင်လို့ အဝတ်ကလေး ဝတ်ရဖို့အတွက် တဏှာက ငမ်းငမ်း တက်လို့၊ စားချင်တာလေး စားရဖို့အတွက် တဏှာက ငမ်းငမ်းတက်လို့၊ ဒါပေမယ့် ပြောင်းပြန် ဖြစ်နေလိုက်တာက မဝတ်ချင်တာကိုမှ ဝတ်ရတယ်၊ မစားချင်တာကိုမှ စားရတယ်။
ပြီးတော့ ကိုယ်မနေချင်တဲ့ အရပ်မှာ နေရပြန်, ကိုယ်မနေချင်တဲ့ အိမ်ကိုမှ နေရပြန်၊ အဲဒီလိုနဲ့ တဏှာရဲ့ အလိုကျ မဖြစ်လို့မှ မရောင့်ရဲ နိုင်ကြလို့ ညည်းညည်းညူညူနဲ့ နေ့စဉ်နှင့်အမျှ တွေ့ကြုံနေကြရတဲ့ ဒုက္ခတွေ၊ ဒီဒုက္ခတွေဟာ တဏှာလောဘ အလို လိုက်လိုက်နေကြတဲ့ လူတိုင်းလူတိုင်း တဏှာအကြိုက်နဲ့ မကိုက်ညီလို့ စိတ်တိုင်းမကျ နိုင်လွန်းလို့ ခဏခဏ တွေ့ကြုံနေကြရတဲ့ ဒုက္ခတွေ မဟုတ်လား၊ ဒီတဏှာလောဘ မကုန်ခန်းသေးသမျှ အနည်းဆုံး တဏှာလောဘကို မချုပ်တည်းနိုင်သမျှ ဒီဒုက္ခတွေဟာ ဘယ်မှာ ကုန်ခန်းနိုင်ပါ့မလဲ။ ဒါက
“အပ္ပိယေဟိ သမ္ပယောဂဒုက္ခ”။
ပြီးတော့ -
“ပိယေဟိ - ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ပုဂ္ဂိုလ် သတ္တဝါ ပစ္စည်းဥစ္စာ တို့နှင့်၊
ဝိပ္ပယောဂေါ - ကွေကွင်းခွဲခွာ၍ နေရခြင်းသည်၊
ဒုက္ခော - ဒုက္ခရောက်လှပေ၏”
ကိုယ်ချစ်တဲ့ ခင်တဲ့သူနဲ့ ကွေကွင်း ခွဲခွာသွားရတာကလဲ အလွန် ဒုက္ခပေးတာပဲ၊ ကိုယ့် သားသမီး မြေးကလေး တစ်ယောက်ယောက် ပျက်စီးသွားပြီဆိုရင် အလွန် ဝမ်းနည်းကြတယ်၊ ပျက်စီးသွားတယ်ဆိုတာ သေသေချာချာ မြင်တွေ့ သိနေပါလျက် ဟိုနား ဒီနား ခဏခေတ္တသွားသလိုလို, အိမ်ပြန်လာဦးမှာလိုလို, တော်တော်ကြာ ဟိုနားကလေးက ထွက်လာ မှာလိုလို၊ ဒီနားကလေးက အသံပေးပြီး မေမေ ဖေဖေလို့ခေါ်ပြီး ရုတ်တရက် ဘွားကနဲ ပေါ်လာဦးမှာလိုလိုနဲ့သားသမီးကလေး သေသွားတာကို မယုံသလိုလိုနဲ့ စိတ်တွေကို ချာချာလည်လို့၊
တော်တော်နဲ့ မဖြေဖျောက်နိုင်အောင် သောကတွေ ဖြစ်နေလိုက်တာ, စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ဒုက္ခတွေ ဖြစ်နေလိုက်တာ ရက်ပေါင်းများစွာ အကြာကြီး၊ ဒီဒုက္ခ တွေလဲ တဏှာကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေ။
မြေးသေလို့ ငိုရှာတဲ့ဝိသာခါ
တစ်ခါတုန်းက ဝိသာခါမှာ မြေးကလေး သေဆုံးသွားလို့ သောက ဖြစ်နေရှာတယ်၊ တခြား ဝိသာခါ မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမ သြဝါဒ မကြာခဏ နာခံရတဲ့ ဝိသာခါ၊ သူကိုယ်တိုင် သောတာပန် ဖြစ်ပြီးသား ဝိသာခါ၊ ကမ္ဘာ တစ်သိန်းကို ပါရမီဖြည့်လာတဲ့ ကျောင်းအမ ဝိသာခါ၊
သူတို့ရဲ့ ထုံးစံအတိုင်း မြေးကလေး မသာချပြီးတော့ ခေါင်းလျှော်ပြီး မြတ်စွာဘုရား ကျောင်း လာတယ်။ မသာချပြီး ခေါင်းလျှော်ပြီးတော့ ရေချိုးရတယ်ကိုး၊ ဒီတော့ ခေါင်းစိုကြီးနဲ့ မြတ်စွာဘုရားဆီ နေ့လည်လောက် ရောက်လာတော့ မြတ်စွာဘုရား က မေးတော်မူပြန်တယ်၊
“ဝိသာခါ ... ခေါင်းစိုကြီးနဲ့ နေ့လည်ကြီး ဘယ်က လာခဲ့တုံး” ဆိုတော့ မျက်နှာ မကြည်မသာဖြစ်နေတဲ့ ဝိသာခါက“တပည့်တော်မရဲ့ မြေးကလေး, အင်မတန် လိမ္မာတဲ့ မြေးကလေး, အချစ်ဆုံး မြေးကလေး အဲဒီမြေးကလေး ဆုံးသွားလို့ မြေးကလေး အသုဘပို့ပြီးတော့ ပြန်လာခဲ့ရပါတယ်ဘုရား”လို့ မျက်ရည်စက်လက် နဲ့ လျှောက်တယ်၊ ဆင်းရဲလွန်းလို့ပေါ့။
“ပိယေဟိ - ချစ်ခင်အပ်တဲ့ မြေးကလေးတို့လို ပုဂ္ဂိုလ်တို့နှင့်၊
ဝိပ္ပယောဂေါ - ကွေကွင်း၍ ခွဲခွာခြင်းသည်၊
ဒုက္ခော - ဝိသာခါတို့လို ပုဂ္ဂိုလ်မှာတောင် ဒုက္ခဖြစ်၏”။
ဒီတော့ မြတ်စွာဘုရားက -
“ဝိသာခါ ... သိပ်ပြီးတော့ နှမြောသလား”
“သိပ်ပြီးတော့ နှမြောပါတယ်ဘုရား”
“ဒီမြေးမျိုး နောက်ထပ် အစား လိုချင်သေးသလား”
“ဒီလို လိမ်လိမ်မာမာနဲ့ သွက်သွက်လက်လက် ချက်ချက်ချာချာနဲ့ ရုပ်ရည် မွန်မွန်ရည်ရည်နဲ့ ဒီမြေးမျိုးကလေးရရင် အစားယူချင်ပါတယ်ဘုရား”
“ဘယ်လောက် ယူချင်တုံး”
“ဒီမြေးမျိုးကလေးရရင် ဘယ်လောက်ဖြစ်ဖြစ် လိုချင်ပါတယ်ဘုရား”တဲ့၊
ဟုတ်တာပေါ့ တဏှာအတွေးနဲ့ တွေးလိုက်လို့ရှိရင်တော့ ဘယ်လောက် ရရပေါ့၊ ဝိသာခါက သူ့သဘာဝအတိုင်း အစစ်အမှန်အတိုင်း ပြောနေတာ၊ ဒါတောင် ပုထုဇဉ်လောက် ပြင်းထန်တဲ့ တဏှာ မဟုတ်ဘူး၊ သောတာပန် ဖြစ်ပြီးတဲ့ ဝိသာခါရဲ့ အရှိန် တော်တော် လျော့သွားတဲ့ တဏှာ။
မြေး မလိုချင်တော့သော ဝိသာခါ
“ကောင်းပြီ, အဲဒီ သာဝတ္တိပြည်က လူဦးရေလောက် များတဲ့ မြေးအရေအတွက်များ ရရင်ကော ယူမလား”
“ဒီလိုသာ လိမ္မာပါစေဘုရား ဒီလောက် များပါစေ, ဒီလို မြေးကလေးတွေတော့ လိုချင်ပါတယ်”ကိုး၊
“ကောင်းပြီ, သာဝတ္ထိပြည် တစ်နေ့ တစ်နေ့ အလောင်းဘယ်လောက်များ ထုတ်ပစ် ရတုံး, နေ့ဘယ်လောက် ညနေ ဘယ်လောက် ထုတ်ပစ်ရတုံး”
လို့ ထပ်မေးတော့မှ ဝိသာခါ သဘောပေါက်သွားတယ်၊ နေ့လဲ အချိန်မရွေး သုသာန်အမျိုးမျိုးမှာ သာဝတ္ထိပြည်က အလောင်းတွေ ထုတ်ရရဲ့, ညလဲ အလောင်းတွေ အချိန်မရွေး ထုတ်ပစ်ရရဲ့၊ ဒါလဲ ဝိသာခါက အသိ၊ ဒီတော့မှ
“တပည့်တော် မြေးမလိုချင်တော့ပါဘူး ဘုရား, မလိုချင်တော့ပါဘူး”
လို့ အဲဒီလို ပြန်ပြီးတော့ လျှောက်တယ်။
မာနိတာ ယတ္တကာ ယဿ, ဒုက္ခတာ တဿ တတ္တကာ၊
ကိံနု နော ဒုက္ခဘာယန္တာ, ပိယမှာ စ အဘီရုနော။
ယဿ - ချစ်လျှင်ပျော်နိုး, ချစ်စပျိုး၍, ချစ်ရိုးချစ်စဉ်, အကြင် ပုထုဇဉ်၏၊
မာနိတာ - မြတ်နိုးစုံမက်, နှစ်သက်ဖွယ်ရာ, အဖြာဖြာတို့သည်၊
ယတ္တကာ - တစ်နှစ်သုံးလေး, ဂဏန်းရေးက, စစ်တွေး ဆက်ပွား, အကြင်မျှလောက် များကုန်၏၊
တဿ - ချစ်လျှင်ပျော်မည့် အထင်ရှိ၍, ခင်မိခင်ရာ, ခင်ကြရှာတောင်း, ထိုပုထုဇဉ် အပေါင်း၏၊
ဒုက္ခတာ - မကင်းစမြဲ, အတင်းတွဲ၍, ဆင်းရဲရန်ကြောင်း, ဒဏ်အပေါင်းသည်၊
တတ္တကာ - ချစ်ချစ်သမျှမှု တစ်နှစ်ကလျှင်, စ၍ တွက်ရေ, ထိုမျှလောက်ပင် များပြားလေကုန်၏၊
နော - သူတော်သူမြတ်, အတူမှတ်၍, လူဇာတ်ရှောင်သွေ တို့တစ်တွေသည်၊
ဒုက္ခဘာယန္တာ - ဒုက္ခမြောက်မြား, ရောက်မသွားဖို့ ထောက်ထားထိုထို ကြောက်အား ပိုကြပါကုန်လျက်၊
ပိယမှာ စ - ဒုက္ခ ဖြစ်ကြောင်း, အချစ်အပေါင်းမှကား၊
ကိံနု အဘီရုနော - မကြောက်နိုင်ဘဲ, ရဲကြီးရဲ၍, အမြဲပုံသေ, အဘယ့်ကြောင့် ချစ်ခင်၍ နေဝံ့ကြကုန်လေဘိသနည်း။
သာဓု...သာဓု...သာဓု …။
လိုချင်တာမရတဲ့ဒုက္ခ
ဒီတော့“ယံ ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ - လိုချင်တာ မရလို့ ဒုက္ခရောက်တယ်”
လို့ ဆိုတာလဲ တဏှာကြောင့်ပဲ၊ ဘုန်းကြီး စောစောက ပြောခဲ့တဲ့ ကလေး ကလေးဟာ အရုပ်ကလေးမရလို့ ငိုတယ်၊ ကလေးမှာ ဒုက္ခ ဖြစ်တယ်၊ ဒါလဲ တဏှာကြောင့်ဖြစ်တဲ့ ဒုက္ခပဲ၊ အရွယ်ရောက်တဲ့အခါ အိမ်ထောင်ဘက်တွေ ဘာတွေ မရလို့ လိုချင်တာမရလို့ ဒုက္ခရောက် ကြတယ်၊ နောက်ဆုံး ကိုယ့်ကို ကိုယ့် အသက်ကို စီရင်ပြီးသကာလ ဒုက္ခခံကြတယ်၊ ဒါလဲ ဒီတဏှာပဲ၊
အလိုရှိတာ မရဘူးဆိုတာ တဏှာပဲ၊ ချစ်တဲ့သူတွေနဲ့ ကွဲရလို့ ဒုက္ခရောက်တယ် ဆိုတာလဲ ဒီ တဏှာပဲ၊ ဒီတော့ လောကကြီးတစ်ခုလုံးကို လျှောက်ပြီးတော့ စစ် ကြည့်ရင် “ဪ… ဒုက္ခမှန်သမျှဟာ ဟို ... ရှေးရှေးဘဝ အရင်းခံက တဏှာ ကြောင့်လဲဖြစ်တယ်၊ ဒီဘဝကျမှ တဏှာကြောင့်လဲ ဖြစ်တယ်၊ ဖျားတာ, နာတာ, အစားမတော်လို့ ဖြစ်တယ် ဆိုတာလဲ တဏှာကြောင့်ပဲ၊ အသွားမတော်လို့ ဒုက္ခဖြစ်တော့လဲ သွားချင်တာကိုက တဏှာပင်ဖြစ်နေတာ ဆိုတော့ကာ ဘုန်းကြီးတို့ ဘာဒုက္ခတွေ့တွေ့ အရင်းခံ တဏှာပဲ၊
ဒီလောကကြီးထဲမှာ တဏှာခြယ်လှယ်ပြီးတော့ နေတာပဲ၊ ရောက်တဲ့ဒုက္ခဟူသမျှဟာ တဏှာကြောင့် ရောက်ရတာချည်းပဲ၊ ဒီတော့ တဏှာ လျော့လေ, ဒုက္ခ လျော့လေ၊ တဏှာ နည်းလေ, ဒုက္ခ နည်းလေ၊ တဏှာ မရှိရင် ဒုက္ခ မရှိ၊ တဏှာ များရင် ဒုက္ခ များမယ်”လို့ အဲဒီလို စိတ်ထဲက အစစ် သဘောကျ ပြီးတော့ ဘုရားရှင် တရားတော်ကို ပြန်စဉ်းစားရမယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတကြာဘိနန္ဒိနီ”
ယာယံတဏှာ - အကြင်တဏှာသည်၊
ပေါနောဗ္ဘဝိကာ - ဇာတိဒုက္ခက စ၍ဖြစ်နိုင်တဲ့ တစ်ဖန်ဘဝသစ်ကိုလည်း ဖြစ်စေနိုင်၏၊
နန္ဒီရာဂသဟ ဂတာ - တစ်ဘဝတစ်ဘဝ ရောက်ပြန်လျှင် အနည်းငယ် နှစ်သက်တဲ့ နန္ဒီဆိုတဲ့သဘော အကြီးအကျယ် တပ်မက်တဲ့ ရာဂဆိုတဲ့သဘောနှင့်လည်း တကွဖြစ်၏၊
တတြတတြာဘိနန္ဒိနီ - ထိုထိုရောက်ရာ ရောက်ရာ ဘဝ၌ နှစ်သက်စုံမက်၍ နေလေ့ရှိ၏၊
မကောင်းတဲ့ ဘဝလေးတောင် နှစ်သက်နေသေးတော့ ငါသေချင်ပြီလို့ ဆိုတာဟာ တကယ်စင်စစ် မစဉ်းစားတဲ့အခါသာ ဖြစ်တာ၊ စဉ်းစားလိုက်ရင် ကိုယ့်ဟာလေးကို နှမြောပြီးတော့ နေတာပဲ၊
တတြတကြာဘိနန္ဒိနီ - ထိုထိုရောက်ရာ ရောက်ရာ ဘဝ၌ လွန်လွန်မင်းမင်း နှစ်သက်တွယ်တာ၍နေ၏”။
“သေယျထိဒံ - ထိုတဏှာဟူသည် အဘယ်တရားပေနည်း၊
ကာမတဏှာ - လောကီအာရုံ ကာမဂုဏ်ဆိုတဲ့ အရာဝတ္ထုတွေကို နှစ်သက် တတ်သော တဏှာသည် လည်းကောင်း”
ဒီ ရူပါရုံ လှလှကလေး, သဒ္ဒါရုံ ကောင်းကောင်းကလေး, ဒီလို နှစ်သက်တတ်တာ တွေဟာ ကာမတဏှာတွေပေါ့၊ လူတစ်ယောက်အတွက် -
တဏှာများလေ, ဒုက္ခများလေ၊
တဏှာများလေ, အိုလွယ်လေ၊
တဏှာများလေ, ရောဂါရလွယ်လေ၊
တဏှာများလေ, သေတဲ့အခါ ဒုက္ခများလေလေ၊
လူတစ်ယောက်အတွက် အိမ်တစ်အိမ်အတွက် စဉ်းစားကြဦးစို့။
ခမ်းခမ်းနားနား လုပ်ချင်တာက တဏှာ
အိမ်တစ်အိမ်မှာ လူတွေက အသုံး အစွဲ မချွေတာဘူး၊ ဟင်းကောင်းမပါရင် မစားနိုင်ဘူး၊ အဝတ် ကောင်းကလေး ဝတ်ချင်တယ်၊ အိမ်ခမ်ခမ်းနားနား လုပ်ချင်တယ်၊ ကိုယ့်ပစ္စည်းအင်အားနဲ့ မလိုက်အောင် အဆမတန် ခမ်းခမ်းနားနား လုပ်ချင်ကြတယ်၊ ကိုယ့်မှာရှိတဲ့ ပစ္စည်းအင်အားနဲ့ လိုက်သည်ဖြစ်စေ, မလိုက်သည် ဖြစ်စေ ခမ်းခမ်းနားနား လုပ်ချင်တာကတော့ တဏှာ ချည်းပါပဲ၊
လူတွေက တဏှာကို အလို လိုက်လွန်းအားကြီးတယ်၊ ကိုယ့်တိုင်းပြည်မှာ ရှိတာနဲ့ မကျေနပ်ချင်ကြဘူး၊ ကိုယ့်ပြည်တွင်း ဖြစ်ကိုတော့ မဝတ်ချင်ကြဘူး၊ မစားချင်ကြဘူး၊ ဖြစ်ပုံက ဖြစ်ပုံက၊ အကယ်၍များ တိုင်းရင်းဖြစ် အဝတ်ကလေးနဲ့ ရိုးရိုးကလေး ဝတ်လို့ တဏှာအလို မလိုက်ဘဲနဲ့ တိုင်းရင်းဖြစ် အစာကလေး ရိုးရိုးကလေး စားလို့ တိုင်းရင်းဖြစ်ထဲတောင်မှ ကိုယ့်နယ်ကဖြစ်တဲ့ အစာကလေး စားလို့, အဝတ်ကလေး ဝတ်လို့၊ ဒီလိုဆိုရင် ခုတင်ကဆင်းရဲတာ အတော်သက်သာသွားမယ်၊ အများကြီး သက်သာသွားမယ်၊
ခုတော့ ကြည့်စမ်း တိုင်းရင်းဖြစ်ပစ္စည်း မဟုတ်ဘဲနဲ့ တိုင်းတစ်ပါးကလာတဲ့ အမွှေးအကြိုင် နံ့သာတို့ ဘာတို့၊ တစ်ခါ ထပ်ဆင့်ပြီးတော့ နှုတ်ခမ်း ဆိုးဆေးတို့ တစ်ခါ လက်သည်းဆိုးဆေးတို့၊ အဲဒီလို တဏှာအလို လိုက်နေတော့ အိမ်တွင်းရေးတွေ ကောင်းနိုင်ပါ့မလား၊ ပိုပြီးတော့ ဆင်းရဲလာတာပေါ့၊ တစ်ခါ စားလိုက်ပြန်တော့ နိုင်ငံခြားကလာတဲ့ အစာမှ အရသာရှိတယ်လို့ ဆိုပြီးတော့ စားကြ, ပိုပြီးတော့ လတ်ဆတ်တယ် ဆိုပြီးတော့ စားကြတယ်။
ငှက်ပျောသီးဟာ ပန်းသီးထက် ဗီတာမင် ပိုတယ်
ဘုန်းကြီး တစ်ခါတုန်းက ဆေးရုံ ပေါ်မှာနေတုန်း နိုင်ငံခြားကပြန်လာတဲ့ ဆရာဝန် တစ်ဦးက ပြောတယ်၊ ဆရာဝန်ဆိုပေမယ့် ဘုန်းကြီးတို့ ဆရာကြီးများရဲ့ ကျောင်းအမကြီးရဲ့ သမီ. ဆရာဝန်မကြီးပါပဲ၊ သူကလျှောက်တယ်၊ သူတို့နိုင်ငံခြားမှာ ဒီပန်းသီးတွေ ဆိုတာဟာမြန်မာပြည်လို မြတ်မြတ်နိုးနိုး မဟုတ်ပါဘူးတဲ့၊
နိုင်ငံခြားကျတော့ ဒီငှက်ပျောသီး ကောင်းကောင်းတို့ဟာ စက္ကူ ကလေးများနဲ့ ထုတ်ပြီးတော့ တရိုတသေ စားပွဲမှာ စားကြပါတယ်တဲ့။ ငှက်ပျောသီးထဲမှာ အားရှိတဲ့ အစာဓာတ်တွေ အများကြီး ပါပါတယ်။ ပန်းသီးထဲမှာတော့ အားရှိတဲ့ဓာတ်ဟာ မပါသလောက်ပါပဲလို့ အဲသလို လျှောက်ဖူးတယ်။
အသုံးလျှော့ရင် ချောင်လည်မယ်
ဘုန်းကြီးကလေ ဒီတုန်းကဆိုရင် တို့ မြန်မာနိုင်ငံက ဘာဖြစ်လို့ အကောင်းကြီးလို့ သမုတ်ပြီးတော့ အထင်ကြီးပြီး သုံးနေ ကြပါလိမ့်မလဲ၊ တိုင်းပြည်မှာ ငွေရှားတယ်လဲ ဆိုသေးရဲ့ အပြင်ဘက်မှာတော့ ငွေတွေ ထွက်လှပါကလားလို့, ဘုန်းကြီး မကျေနပ်ခဲ့ဘူး၊
ဒါကြောင့် အကယ်၍များ တဏှာ လျှော့ပြီးတော့ အိမ်တွင်းမှာ မသုံးမဖြစ်တဲ့ ပစ္စည်းလောက်သာ သုံးပြီး မသုံးဘဲလဲ နေနိုင်သားပဲ ဆိုတဲ့ ပစ္စည်းတွေကို ဟိုဟာကလေး လျှော့လိုက်, ဒီဟာကလေး လျှော့လိုက်၊ ဒီလိုများ လျှော့လိုက်မယ် ဆိုလို့ရှိရင် အိမ်တွင်း တော်တော်ကောင်းမယ်၊ ဟိုအိမ်ကလဲ အိမ်တွင်းကောင်းမယ်, ဒီအိမ်ကလဲ အိမ်တွင်းကောင်းမယ်ဆိုရင် ရွာတွင်း တော်တော်ကောင်းမယ်။ ဟိုရွာကလဲ ကောင်းမယ်, ဒီရွာကလဲ ကောင်းမယ်ဆိုတော့ နယ်ပယ်လဲ ကောင်းမယ်၊ ဟိုနယ်ကလဲ ကောင်းမယ်, ဒီနယ်ကလဲ ကောင်း မယ်ဆိုလို့ရှိရင် ခရိုင်တွေဘာတွေ တစ်နိုင်ငံလုံးဟာ အတော်ကြီး ချောင်ချောင်လည်လည်နဲ့ ချမ်းသာစရာရှိတယ်။
တဏှာဒုက္ခ ဆင်းရဲကြ
ဒီတော့ တိုင်းပြည်ဆင်းရဲတယ်, ဆင်းရဲတယ်လို့ ညည်းနေတာ တဏှာအရင်းခံ ပြီးတော့ မသုံးဘဲဖြစ်တဲ့ ပစ္စည်းတွေကို သုံးနေကြလို့၊ မော်တော်ကားတွေ ကောင်းသထက်ကောင်းအောင်၊ အင်း ... ဘယ်နှစ်သောင်းတန် ဘယ်နှစ်သိန်းတန် ပြောကြတယ်နော်၊ ဒီနှစ်ပေါ်တဲ့ မော်တော်ကား ကို ဝယ်ပြီးတဲ့နောက် နောက်နှစ် တစ်မျိုး ပေါ်လာလို့ရှိရင် ဒီ မော်တော်ကား ရောင်းပြီးတော့ မော်တော်ကား ဝယ်ပြန်တာပဲ။
ဒီတော့ အဆင့်အတန်းမြင့်လို့ ဝယ်နိုင်တဲ့သူတွေက ဝယ်ကြတော့ သူ့ရဲ့ အောက်နားက နည်းနည်းကလေး လျှော့တဲ့သူကလဲ အဲဒီဟာ အတုလိုက်ပြီးတော့ ဝယ်ပြန်တာပဲ၊ ဒီတော့ မော်တော်ကားအတွက်လဲပဲ နိုင်ငံခြားမှာ အင်မတန် ငွေတွေထွက်သွား ပြန်ရော၊ ဒီလိုပေါ့လေ၊ ဒီပြင် ပစ္စည်းတွေရောပါပဲ၊
ဘုန်းကြီးက တချို့ပစ္စည်းကို သုံးသင့်တယ် လို့ ယူဆပါတယ်၊ ဒါပေမယ့် ခုတင်ကလို ဒီနှစ်ဝယ်တဲ့ဥစ္စာ ရောင်းပြီးတော့ အသစ်လာတာ ဝယ်တယ်ဆိုတာမျိုးကတော့ လွန်လွန်းပါတယ်၊ မော်တော်ကားဟာ ခရီးသွားတဲ့အခါမှာ အသုံးကျတယ်, မြန်တယ်, ခရီးရောက်တယ်၊ ခိုင်ခိုင်ခန့်ခန့် ဝယ်ရမယ်၊ ဒီလိုဆိုလို့ရှိရင် ကုန်တွေ ဘာတွေ တင်လို့ရတဲ့ မော်တော်ကားမျိုး ဝယ်ရမယ်၊
ခုတော့ မဟုတ်ပါဘူး၊ ပိုက်ဆံတွေ အဆမတန် ပေးပြီးတော့ အလှစီးနေတဲ့ မော်တော်ကားတွေသာ ဝယ်သုံးကြတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲတယ်ဆိုတဲ့ ဒုက္ခတွေဟာ အဲဒီတဏှာရဲ့ ဒုက္ခတွေပါပဲ၊ တဏှာကြောင့်ဖြစ်တဲ့ ဒုက္ခတွေပဲ၊ မြတ်စွာဘုရားက -
ရထကာရော၀ စမ္မဿ, ပရိကန္တံ ဥပါဟနံ၊
ယံ ယံ ဇဟတိ ကာမာနံ, တံ တံ သံပဇ္ဇတေ သုခံ၊
သဗ္ဗံ စေ သုခမိစ္ဆေယျ, သဗ္ဗေ ကာမေ ပရိစ္စဇေ။
ဖိနပ်ချုပ်သမား သားရေလှီးသလို
ဖိနပ်ချုပ်မလို့ ဖိနပ်ချုပ်သမားက သားရေတစ်ခု ယူလိုက်တယ်၊ ဟိုနားက မကောင်းသေးဘူး, လှီးပစ်၊ ဒီနားက မကောင်းသေးဘူး, လှီးပစ်၊ မကောင်းတာတွေ လှီးပစ်လိုက်တာ သားရေကလေးကို လှပြီးတော့ အကောင်းကလေး ကျန်နေတယ်၊
အဲဒီလိုပဲ အိမ်တွင်းရေးက စပြီးတော့ တဏှာနဲ့ ဆိုင်ရာတွေ အဲဒါတော့ မသုံးဖြစ်သားပဲ၊ အဲဟို ဟာလဲ မသုံးဖြစ်တာပဲ၊ အဲဒါတွေ လှီးပစ်လိုက်လို့ ရှိလျှင်ဖြင့် မသုံးရင် မဖြစ်တဲ့ပစ္စည်း နည်းနည်းကလေး ကျန်လာတဲ့အခါကျတော့ -
“သဗ္ဗံ စေ သုခမိစ္ဆေယျ, သဗ္ဗေ ကာမေ ပရိစ္စဇေ။ ”
လို့ ခုတင်က ဒီသားရေဖိနပ်ချုပ်သမား သားရေကို မကောင်းတာတွေ လှီးပစ်သလို၊ မလိုအပ်တာတွေ လှီးပစ်သလို, မလိုအပ်တာတွေ ရှောင်ရှောင် ပြီးတော့များ နေနိုင်ကြလို့ရှိရင် တဏှာအလို မလိုက်ဘဲနဲ့ တဏှာကို နှိမ်ပြီးတော့ ထားနိုင်ကြလို့ ရှိရင် အိမ်တွင်းရေး အရင်ကထက် ပိုပြီးတော့ သက်သာချောင်ချိဖို့ ရှိတယ်၊
ဒီတော့ မြတ်စွာဘုရားရဲ့ တရားတော်ဟာ ကြည်ညိုစရာ ကောင်းလိုက်တာ တဏှာကြောင့် ဒုက္ခဖြစ်, တဏှာကြောင့် ဒုက္ခဖြစ်၊ ဘယ်ဒုက္ခမျိုးမဆို တဏှာအရင်းခံ တယ်၊ အဲဒါတွေ ကြည့်ပြီးတော့ ဘုန်းကြီးတို့ရော, ဒီ ယခုတောထဲ တောင်ထဲလို သဘောထားပြီးတော့ စဉ်းစား နာယူနေတဲ့ တရားနာပရိသတ်တွေရော -
ယံ ယံ ဇဟတိ ကာမာနံ, တံ တံ သံပဇ္ဇတေ သုခံ၊
သဗ္ဗံ စေ သုခမိစ္ဆေယျ, သဗ္ဗေ ကာမေ ပရိစ္စဇေ။
ချမ်းသာချင်ရင် သာယာမှုပယ်
အလုံးစုံချမ်းသာကို အလိုရှိရင် အလုံးစုံ သာယာစရာတွေကို စွန့်ပစ်လိုက်ပါတော့တဲ့၊ ဒီလိုဆိုရင် ချမ်းသာကြီးသာ ကျန်ပြီးနေပါ လိမ့်မယ်တဲ့၊ ဒါကြောင့် ဘုန်းကြီးတို့ရော, ယခုတရားနာနေတဲ့ လူတွေရော, တောစိတ် တောင်စိတ်တွေ ရှိတဲ့သူတွေရော, အိမ်စိတ်ယာစိတ် ရှိတဲ့သူတွေရော စဉ်းစားကြည့်လို့ရှိရင် ဟုတ်တယ်၊ တဏှာရဲ့ အလိုသို့ မလိုက်ဘဲ နည်းနည်း လျှော့ပစ်လေ ချမ်းသာလေ, နည်းနည်းလျော့လေ ချမ်းသာလေ၊
ဟိုဟိုဟာဟာ အပိုပဲတဲ့၊ ဒါဂုဏ်ပဲတဲ့၊ ဒါဟာ ပကာသနပဲဟဲ့ဆိုပြီး လျှော့လိုက် လေလေ တို့ချမ်းသာလေလေ၊ နည်းနည်းလျော့လေ တို့ချမ်းသာလေ၊ အဲဒီလို စဉ်းစားပြီး သကာလ ဘယ်စိတ်ဟာဖြင့် တဏှာပဲ၊ ဥပမာအလှူအတန်းကြီး ပေးလို့၊ အင်း ... ဂုဏ်လိုချင်တယ်၊ တဏှာပဲ၊ အလှူအတန်းကြီးပေးလို့၊ ဒီမဏ္ဍပ်ကနားကြီးနဲ့ ခမ်းခမ်းနားနား, သူများချီးမွမ်းခံရအောင်ဟေ့ ဆိုရင် တဏှာပဲ၊ လက်ဝတ် လက်စားတွေ ငှားပြီးသကာလ ကလေးတွေ ဘယ်လောက် ဆင်နိုင်သလဲဟဲ့လို့ ဆိုတဲ့စိတ်နဲ့ သာယာရင်လဲ တဏှာပဲ။
တဏှာလိုက်စားလေ ဒုက္ခများလေ
“ဒီတဏှာတွေ လိုက်စားလေလေ, ဒုက္ခများ လေလေ၊
တဏှာတွေ လိုက်စားလေလေ, ဒီဒုက္ခကြီးလေလေ၊
တဏှာနည်းလေလေ, ဒုက္ခ နည်းနည်း သက်သာလေလေ၊
ဒီတဏှာ မရှိလေလေ, ဒုက္ခမရှိလေလေ၊
ဒီတဏှာ ကုန်ခန်းလို့ရှိရင် ဒုက္ခကုန်ခန်းတဲ့နေရာ ရောက်မှာပဲ”
လို့ အဲဒီလို နားလည်ပြီးသကာလ ဒုက္ခကို ကြောက်တဲ့ ဘုန်းကြီးတို့ တစ်တွေဟာ ဒုက္ခရောက်စေတတ်တဲ့ တဏှာ, ဒုက္ခပေးတတ်တဲ့ တဏှာကို ချိုးနှိမ်ကြရမယ်၊ နဂိုထင်နေကြတာက ကိုယ်မြတ်နိုးတဲ့ ပစ္စည်းတွေများလေ, ကိုယ်ချစ်ခင်တဲ့ လူတွေ များလေ, ချမ်းသာလေလို့ ထင်ခဲ့တယ်၊ ခုတင်က ဝိသာခါလဲ ဒီလို ထင်ခဲ့တာပဲ၊
နောက် စဉ်းစား လိုက်တဲ့အခါကျတော့ ချစ်စရာများလေ, နှစ်သက်စရာ ပစ္စည်းဥစ္စာ များလေ နှစ်သက်စရာက တစ်ခုရှိရင် ဒုက္ခကတစ်ခု, နှစ်သက်စရာ ဆယ်ခုရှိရင် ဒုက္ခဆယ်ခု, ချစ်စရာ နှစ်သက်စရာက ရာတွေ ထောင်တွေ ရှိလို့ရှိရင် ဒုက္ခတွေ ကလဲ ရာတွေ ထောင်တွေ ရှိလို့နေတာပဲ၊
ဒါကြောင့် ဒုက္ခကို ကြောက်တဲ့ လူတွေ, ဘုန်းကြီးတို့ တစ်တွေဟာ ဒုက္ခ ကြောက်ကြလို့ရှိရင် ဒုက္ခရဲ့ အကြောင်းရင်းဖြစ်တဲ့ တဏှာကိုသာ ကိုယ်စီကိုယ်ငှ နှိမ်ကြရမယ်လို့။
ပိဟယာ ယတ္တကာ ယဿ, ဒုက္ခတာ တဿ တတ္တကာ၊
ကိံနု နော ဒုက္ခဘာယန္တာ, ပိယမှာ စ အဘီရုနော။
ယဿ - အကြင် ချစ်ခင်စရာများလေ, လိုချင်နှစ်သက်စရာတွေ ပေါလေ ချမ်းသာလိမ့်မည်ဟု အထင်ရှိတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်၏၊
ပိဟယာ - မြတ်နိုးစုံမက်, နှစ်သက်စရာ ပုဂ္ဂိုလ်သတ္တဝါ ဟူသမျှတို့သည်၊
ယတ္တကာ - တစ်နှစ်သုံးလေး, ဂဏန်းရေးက, စစ်တွေးဆက်ပွား, အကြင်မျှလောက် များကုန်၏၊
တဿ - ချစ်လျှင်ပျော်မည့် အထင်ရှိ၍, ခင်မိခင်ရာ, ခင်ကြရှာတောင်း, ထိုပုထုဇဉ် အပေါင်း၏၊
ဒုက္ခတာ - မကင်းစမြဲ, အတင်းတွဲ၍, ဆင်းရဲရန်ကြောင်း, ဒဏ်အပေါင်းသည်။
တတ္တကာ - ချစ်ချစ်သမျှ တစ်နှစ်ကလျှင်, စ၍တွက်ရေ ထိုမျှလောက်ပင် များပြား လေကုန်၏၊
နော - သူတော်သူမြတ်, အတူမှတ်၍ လူဇာတ်ရှောင်သွေ တို့တစ်တွေသည်၊
ဒုက္ခဘာယန္တာ - ဒုက္ခမြောက်မြား, ရောက်မသွားဖို့ ထောက်ထား ထိုထို, ကြောက်အားပိုကြပါကုန်လျက်၊
ပိယမှာစ - ဒုက္ခဖြစ်ကြောင်း, အချစ်အပေါင်းမှကား၊
ကိံနု အဘီရုနော - မကြောက်နိုင်ဘဲ, ရဲကြီးရဲ၍, အမြဲပုံသေ, အဘယ့်ကြောင့် ချစ်ခင်၍ နေဝံ့ကြကုန်လေဘိသနည်း။
သာဓု...သာဓု...သာဓု …။
အဲဒီဂါထာနှင့်တကွ ပြောခဲ့တဲ့ အဓိပ္ပာယ်ကို ထောက်ပြီးတော့ ဘုရားရှင် ကိုယ်တော်မြတ် ကြည်ညိုလို့ ဘုရားရှင်ကိုယ်တော်မြတ်က -
“ဒုက္ခသည် အကျိုး၊ အဲဒီ ဒုက္ခကို ဖြစ်ပေါ်လာစေတဲ့ တဏှာက အကြောင်းပဲ”
လို့ ဟောတော်မူတဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာဆိုတဲ့ တရားတော်ကို ကြည်ညိုလို့, စိတ်လဲ ဝင်စားလို့ လေ့လာလို့ မိမိတို့ရဲ့ ဒုက္ခဖြစ်ကြောင်းဖြစ်တဲ့ တဏှာတွေကို ကိုယ်စီကိုယ်ငှ ချိုးနှိမ်ပြီး သကာလ ဒုက္ခငြိမ်သက်တဲ့ နိဗ္ဗာန်ကို ရောက်အောင် ကြိုးစား၍ အားထုတ်နိုင်ကြပါစေကုန်သတည်း။
သာဓု...သာဓု...သာဓု …။
ဒုတိယပိုင်း ပြီး၏။
…
ဓမ္မစကြာတရားတော်
တတိယနေ့
(သာသနာတော်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခုနှစ်က ဟောကြားတော်မူသည်)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိရောဓသစ္စာ ဟောကြားခြင်း
ဓမ္မစကြာတရားတော်ကို ဟောရတာ အင်မတန် ဘုန်းကြီး သဒ္ဓါတရားဖြစ်တယ်၊ မြတ်စွာဘုရားရဲ့ ပါဠိတော် မြတ်စွာဘုရားရဲ့ တရားတော်ကို အဓိပ္ပာယ်ပြောလို့၊ ပထမအဓိပ္ပာယ်ပြောတဲ့ အခန်းတုန်းက အကျင့်သုံးမျိုးကို တစ်ညသက်သက် အဓိပ္ပာယ်ပြောခဲ့တယ်။ ပြီးတော့ ဒုတိယအခန်းမှာ ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာကို အဓိပ္ပာယ် ပြောခဲ့တယ်၊
ယနေ့ညမှာတော့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာကို ပြောဖို့ရာ အခွင့်ရောက်လာတယ်၊ ဒါပေမယ့် နိရောဓသစ္စာကို သတ်သတ် လည်လည်ပတ်ပတ် ပြောရမှ သာပြီးတော့ ကောင်းတယ် ထင်တဲ့အတွက် နိရောဓသစ္စာနဲ့ ဆိုင်ရာကို ဘုန်းကြီး စဉ်းစား စဉ်းစား ထားပါတယ်။
တောသဘာဝ
အရင်တုန်းက ပြောသလိုပဲ မြတ်စွာဘုရားရဲ့ လေးနက်တဲ့ တရားတော်တွေကို စဉ်းစားရတဲ့အခါ ဟောရ ပြောရတဲ့အခါဆိုတာ အားလုံး ဆရာဒကာ ဆရာတပည့် တစ်စု ဒီတောထဲမှာချည်း ရောက်နေဖို့ ကောင်းတယ်၊ ကိုယ်က လူက တောထဲမှာ မရောက်နေပေမယ့် စိတ်ကတော့ တောထဲမှာ ရောက်လို့ တောနဲ့ တောင်နဲ့ နေပြီးတော့ သန့်သန့်ရှင်းရှင်း စဉ်းစားရတာ ကောင်းတယ်၊ ဒါကြောင့် ဘုန်းကြီးက ဓမ္မစကြာကို အဓိပ္ပာယ် ပြောတိုင်း ပြောတိုင်း အဓိပ္ပာယ်ကို စ၍ ပြောတိုင်း ပြောတိုင်း တောအကြောင်း တောင်အကြောင်းလေး နည်းနည်း ပြောရမှ စိတ်ထဲက ကျေနပ်သွားတယ်၊ ဒါကြောင့် ယနေ့လဲ တောအကြောင်း တောင်အကြောင်း ပြောကြဦးစို့။
တောသဘာဝပြ ဂါထာ
အဘိရတ္တာနိ နီလာနိ, ပဏ္ဍူနိ ပတိတာနိ စ၊
ပဿန္တော တရုပဏ္ဏာနိ, နိစ္စသညံ ပနူဒတိ။
အဘိရတ္တာနိ - တစ်ခေတ်ကူးလစ်, ဖူးပုရစ်ဖြင့်, မြူးချစ်စဖွယ်, နုနယ်နီမြန်း ခိုက်လည်း ဖြစ်ကုန်ထသော၊
နီလာနိ စ - စိမ်းတစိုစို, ညိုတမှောင်မှောင်, ခိုရောင်မြသွေး, ကမ္ဘာ့ဆေးဖြင့်, အလှရေးသကဲ့သို့လည်း ဖြစ်ကုန်ထသော၊
ပဏ္ဍူနိ စ - ပယင်းပမာ, အဆင်းဖြာလျက်, ဝင်းဝါဖျော့တော့ခိုက်လည်း ဖြစ်ကုန် ထသော၊
ပတိတာနိ စ - အာပေါ မရောက်, အစေးပျောက်သဖြင့် သွေ့ခြောက်ကြွေကျ သည်လည်း ဖြစ်ကုန်ထသော၊
တရုပဏ္ဏာနိ - သူ့ချိန်သူ့ခါ, ပေါ်လာဖြစ်ပျက်, သစ်ရွက်အပေါင်းတို့ကို၊
ပဿန္တော - ကမ္မဋ္ဌာန်းဂူ, စမ်းအငူမှ, မှန်းယူနေ့စဉ်, တွေ့မြင်ရသည်ရှိသော်၊
နိစ္စသညံ - မကွဲမလည်, အမြဲတည်ဟု စွဲမှီထင်ကာ, စဉ်လာအမှား, သညာများကို၊
ပနူဒတိ - တောငွေ့ တောင်ငွေ့, ချောင်ဓလေ့ဖြင့် ရှောင်ဝေ့ဖယ်ရှားနိုင်လေ တော့သတည်း။
သာဓု...သာဓု...သာဓု …။
သစ်ပင်တွေက မမြဲကြောင်းပြောနေ
တောရဲ့ သဘာဝကလေ မိမိက ကမ္မဋ္ဌာန်းကျောင်းမှာ နေလို့မှ ကမ္မဋ္ဌာန်းဂူထဲမှာ တရားထိုင်လို့, ဝတ်ဖြူစင်ကြယ် ဝတ်လို့ တဏှာ လောဘ အလိုကို မလိုက်ဘဲနဲ့ သင့်တော်သလို စားလို့ အဲဒီလို နေပြီးတော့ တရားထိုင်ရာက ပတ်ဝန်းကျင် သစ်ပင်လေးတွေ ကြည့်လိုက်တော့ တစ်ခါတစ်ခါ သစ်ပင်ကလေးတွေ စိမ်းလို့၊ တစ်ခါတစ်ခါတော့ နုနုနယ်နယ် နီနီမြန်းမြန်းကလေး၊ အဲဒီလို သစ်ရွက်တွေ ပြောင်းပြောင်းပြီးတော့ သစ်ပင်တွေ အခြေအနေပြောင်းတာ ကြည့်ကြည့် ပြီးတော့ အပေါစားပေါ့လေ, စဉ်းစားလိုက်လျှင် မမြဲတာကတော့ ဒီခန္ဓာကိုယ် မပြောနဲ့၊ ဟောဟို သစ်ပင်တွေကိုက တို့ကို မမြဲဘူးလို့ ပြောနေကြတယ်။
အင်း .... ခပ်စောစော တန်ခူးလောက် ကဆုန်လောက်ဆိုတော့ သစ်ပင်တွေက နုလို့၊
“အဘိရတ္တာနိစ - တစ်ခေတ်ကူးလစ်, ဖူးပုရစ်ဖြင့် မြူးချစ်စဖွယ် နုနယ်နီမြန်း ခိုက်လည်း ဖြစ်ကုန်ထသော”
ပတ်ဝန်းကျင် သစ်ပင်တွေက နုလို့၊ တချို့ သစ်ပင်တွေက နီနီလေးတွေ ဖြစ်လို့၊ တော်တော်ကလေးကြာလို့ ဆိုပါတော့ မိုးတွေဘာတွေက ရွာထားလို့၊ နယုန်လ လောက် ဘယ်လောက်ကျတော့၊
“နီလာနိစ - စိမ်းတစိုစို ညိုတမှောင်မှောင်, ခိုရောင်မြသွေး, ကမ္ဘာ့ဆေးဖြင့် အလှရေးသကဲ့သို့လည်း ဖြစ်ကုန်ထသော”
နယုန်လလောက်ကျတော့ စိမ်းလို့ စိုလို့ သစ်ပင်ကလေးတွေ ကြည့်လို့တစ်မျိုး တင့်တယ်တယ်၊ နောက် ဒီ စိမ်းရာစိုရာက တဖြည်းဖြည်း ကြာလာတော့ နေရောင်တွေ ဘာတွေက တော်တော်ကလေး ထိုးလာတော့၊ အရင်က စိမ်းနေတဲ့ အရွက် တွေဟာ တဖြည်းဖြည်း ရင့်ရင့်လာပြီး ဖျော့တော့တော့ ဝါတာတာ ဖြစ်လာတယ်၊
ပဏ္ဍူနိ စ - ပယင်းပမာ, အဆင်းဖြာလျက်, ဝင်းဝါဖျော့တော့ သည်လည်း ဖြစ်ကုန်ထသော”
ခပ်ရော်ရော် ခပ်ဝါဝါ ဖြစ်လာတယ်။
ဒီတော့ လူများလိုပဲ လူများမှာ တစ်သက်ပြောင်းလဲသလို သစ်ပင်တွေကလဲ တစ်နှစ်တစ်နှစ် ပြောင်းသွားလိုက်တာ, ပထမတော့ နုနုနယ်နယ်ကလေးတွေ နုလို့နီလို့, ဒုတိယကျတော့ စိမ်းလို့ စိုလို့ညိုလို့ သစ်ပင်ကလေးတွေ၊ နောက် တတိယ နေရောင်တွေ ဘာတွေ တော်တော်ကလေး ထိုးလာလို့ တော်တော်လေး နွမ်းလာလောက်ပြီဆိုတော့ ဝင်းလို့ ဝါလို့။ နောက် အဲဒီ ဝင်းဝါရာကပဲ တပေါင်း တန်ခူး ရှေ့ပိုင်းလောက်ကျတော့
“ပတိတာနိ စ - အာပေါမရောက်, အစေး ပျောက်သဖြင့် သွေ့ခြောက်ကြွေကျ သည်လည်း ဖြစ်ကုန်ထသော”
နေပူအရှိန်ကြောင့် သစ်ရွက်တွေက တဖြည်းဖြည်းနဲ့ ဝါတာတာ ဖျော့တော့တော့ ဖြစ်ဖြစ်လာတယ်၊ ပြီးတော့ သစ်ပင်က အာပေါဓာတ် ရေဓာတ်တွေ အထက် ပို့ပို့နေသော်လည်း အဲဒီ ရေဓာတ် အစိုအစေးဓာတ်က သစ်ရွက်တွေဆီ, သစ်ရွက် ညှာတံရိုးကလေးတွေဆီ မရောက်တော့ဘူး၊ အဲဒါနဲ့ သစ်ရွက်တွေဟာ အစိုအစေး ဓာတ်ပျောက်ပြီး သွေ့ခြောက် ကြွေကျကြရတယ်။
“ပတိတာနိ စ - အာပေါမရောက်, အစေး ပျောက်သဖြင့်, သွေ့ခြောက်ကြွေကျ သည်လည်း ဖြစ်ကုန်ထသော၊
တရုပဏ္ဏာနိ - သူ့ချိန်သူ့ခါ, ပေါ်လာဖြစ်ပျက်, သစ်ရွက်အပေါင်းတို့ကို၊
ပဿန္တော - ကမ္မဋ္ဌာန်းဂူ, စမ်းအငူမှ မှန်းယူနေ့စဉ် တွေ့မြင်ရသည်ရှိသော်”
ကမ္မဋ္ဌာန်းတရား နှလုံးသွင်းနေတဲ့ ရဟန်းတော် သံဃာတော် ဒကာ ဒကာမတွေ ဂူကထွက်လိုက် သစ်ပင်ကလေးတွေကြည့် တလောတုန်း က သစ်ပင်ကလေးတွေ စိမ်းစိုလို့ ကြည့်စမ်း အခု ဝါလာပြီ။ ဟိုနားက တချို့သစ်ပင်တွေ ကြွေကုန်ကြပြီ၊ အနိစ္စဆိုတာကို အပြင်ဘက်က ရုပ်တွေကလဲ ပြနေတာပဲ။
သစ်ပင် သစ်ရွက်တွေထက် စိတ်က အဖြစ်မြန်
ဒါတွေ မြင်ပြီးတော့ -
“နိစ္စသညံ - မကွဲမလည် အမြဲတည်ဟု စွဲမှီထင်ကာ, စဉ်လာအမှား, သညာများကို”
အမှတ်တမဲ့နဲ့ဆိုတော့ မြဲသလို ထင်ထင်နေတယ်၊ ခုသစ်ပင်တွေက တရားပြ နေတော့ မမြဲဘူး၊ ကျုပ်တို့ သစ်ပင်တွေတောင် မမြဲဘူး၊ ခင်ဗျားတို့ သက်ရှိ လူတွေဆိုတော့ ဘာပြောစရာရှိမလဲ၊ ခုဖြစ်,ခုပျက် ဆိုတဲ့ ရုပ်နာမ်တွေနဲ့ နေရတော့ လူတွေ သတ္တဝါတွေဆိုတာကတော့ ဘာပြောစရာရှိတော့မလဲ၊
စိတ်ကိုက သစ်ပင် သစ်ရွက်တွေထက်တောင် အဖြစ်အပျက် မြန်သေးတယ်၊ ခုစိတ် တစ်မျိုးဖြစ်လိုက်,တရား နှလုံးသွင်းလို့ တရားစိတ်ဖြစ်လိုက်, တော်တော်ကြာတော့ စားရင်းသောက်ရင်း အရသာယူတဲ့ စိတ်ကလေးများပေါ်လာလိုက်, တော်တော် ကြာတော့ ဟိုတွေး ဒီတွေးနဲ့ စိတ်ကလေးများ ပေါ်လာလိုက်။
အဲဒီလိုပေါ့, ဒီအပြင်ဘက်က သစ်ပင်တွေ လှမ်းပြီးတော့ ခင်ဗျားတို့ ယောဂီတွေဟာ ဒီလိုပါပဲလို့ ပြောနေသလို၊
“တရုပဏ္ဏာနိ - သူ့ချိန် သူ့ခါ, ပေါ်လာဖြစ်ပျက် သစ်ရွက်အပေါင်းတို့ကို၊
ပဿန္တော - ကမ္မဋ္ဌာန်းဂူ၊ စမ်းအငူမှ မှန်းယူနေ့စဉ် တွေ့မြင်ရသည်ရှိသော်၊
နိစ္စသညံ - မကွဲမလည် အမြဲတည်ဟု စွဲမှီထင်ကာ, စဉ်လာအမှား သညာများကို၊
ပနူဒတိ - တောငွေ့ တောင်ငွေ့၊ ချောင်ဓလေ့ဖြင့် ရှောင်ဝေ့ဖယ်ရှားနိုင်လေ တော့သတည်း။
သာဓု...သာဓု...သာဓု …။
ဒီတော့ ဘုန်းကြီးတို့ ယနေ့ ဆရာတပည့်တစ်စု ဆရာဒကာ တစ်စု တောထဲ ရောက်နေကြတယ်၊ ကမ္မဋ္ဌာန်းကျောင်း အနီးအပါးမှာ, ဟို ကျောက်ဂူတွေရဲ့ အနီးအပါးမှာ ရောက်နေကြတယ်၊ဘုန်းကြီးတို့ ည ခုနစ်နာရီလောက် အရင် အချိန်တုန်းက ဒုက္ခနဲ့ သမုဒယ အကြောင်းကို ပြောတယ်၊ ယနေ့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာအကြောင်း ပြောရမယ်၊ ဒီတော့ နိရောဓသစ္စာကို လည်လည်ပတ်ပတ် တရား ဆွေးနွေးသလို ဆွေးနွေးကြစို့။
နိရောဓသစ္စာ
ပထမဆုံး မြတ်စွာဘုရားက ဓမ္မစကြာမှာ သမုဒယသစ္စာ ဟောပြီးတဲ့နောက် နိရောဓသစ္စာကို ဟောတော်မူတယ်။
“ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ”။
ဘိက္ခဝေ - ရဟန်းတို့
(ပဉ္စဝဂ္ဂီ အမှူးရှိတဲ့ နတ်ပရိသတ်တွေပေါ့။)
ဘိက္ခဝေ - ရသေ့ ရဟန်းတို့၊
ဣဒံ ခေါ ပန - ဤဆိုအပ်လတ္တံ့သော တရားသဘောသည်ကား၊
ဒုက္ခနိရောဓော - ပြခဲ့တဲ့ ဇာတိဒုက္ခ, ဇရာဒုက္ခ ဗျာဓိဒုက္ခ, မရဏဒုက္ခ အစရှိတဲ့ ဒုက္ခတို့၏ ကင်းပျောက်ချုပ်ငြိမ်း ရုတ်သိမ်းရာ နိရောဓဖြစ်သော၊
အရိယသစ္စံ - အရိယာအဖြစ်ကို ပြုနိုင်တဲ့ မှန်ကန်တဲ့ သဘောတရားတစ်ခု ပါပေတည်း”
ယခုပြောမယ့် တရားက ဒုက္ခချုပ်တဲ့ နိရောဓသစ္စာတရား ဖြစ်တယ်၊ အဲဒီ နိရောဓ သစ္စာဆိုတာ ဘယ်ဟာလဲဆိုတော့ -
“ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော”။
တဿာယေဝ တဏှာယ - ထိုဒုက္ခအပေါင်း၏ ဖြစ်ကြောင်းဖြစ်သော တဏှာ၏ သာလျှင်၊
ယော အသေသဝိရာဂနိရောဓော - အကြင် အကြွင်းမဲ့ လုံးဝဥသုံ တပ်မက် တွယ်တာမှု မရှိရာ, ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်တရားသည်၊
ယော စာဂေါ - အကြင် စွန့်ရာဖြစ်တဲ့ နိဗ္ဗာန်တရားသည်၊
ယော ပဋိနိဿဂ္ဂေါ - အကြင် လွှတ်ရာဖြစ်တဲ့ နိဗ္ဗာန်တရားသည်၊
ယာ မုတ္တိ - အကြင် လွတ်ကင်းရာဖြစ်တဲ့ နိဗ္ဗာန်တရားသည်၊
ယော အနာလယော - အကြင် တွယ်တာရာမဟုတ်တဲ့ တရားသည်၊
အတ္ထိ - ရှိ၏၊
ဣဒံ - အဲဒီ နိဗ္ဗာန်တရားသည်၊
ဒုက္ခ နိရောဓော - ဒုက္ခအပေါင်း၏ ကျွတ်လွတ်ရာဖြစ်သော၊
(ဒုက္ခနိရောဓော - ဒုက္ခအပေါင်း၏ ကင်းပျောက်ချုပ်ငြိမ်း ရုတ်သိမ်းရာဖြစ်သော၊)
အရိယသစ္စံ - ဤတရားကို သိလျှင် အရိယာဖြစ်အောင် ပြုနိုင်တဲ့ တရားတစ်မျိုး ပေတည်း။
အကြောင်းတဏှာချုပ်ရင် အကျိုးဒုက္ခ ချုပ်
နာမည်ကတော့ ဒုက္ခနိရောဓလို့ ဒုက္ခချုပ်ရာလို့ ဆိုတယ်၊ ဒါပေမယ့် တကယ်ချုပ် သွားတဲ့အခါကျတော့ ဘယ်သူတွေကို ပြသလဲလို့ဆိုတော့၊
“တဿာယေဝ တဏှာယ - ထို သမုဒယသစ္စာ အမည်ရတဲ့ (ဒုက္ခဖြစ်ကြောင်းဖြစ်တဲ့) တဏှာ၏ပင်၊
ယော အသေသ ဝိရာဂနိရောဓော - အကြင် အကြွင်းအကျန် မရှိအောင် အရဟတ္တမဂ်ဖြင့် ပယ်သတ်လိုက်သဖြင့် ကင်းပျောက်ချုပ်ငြိမ်း ရုတ်သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်တရားသည်”
တဏှာ ချုပ်တာနဲ့ ဒုက္ခချုပ်တာ ဘယ်ဟာက ပိုပြီး အရေးကြီးသလဲ ဆိုတော့ တဏှာချုပ်တာက ပိုအရေးကြီးတယ်။ အကြောင်းရင်းဖြစ်တဲ့ တဏှာချုပ်ရင် အကျိုး ဒုက္ခဟာ မုချချုပ်ရတော့မှာပဲ၊ အဲဒါကြောင့် ဒုက္ခနိရော (ဒုက္ခချုပ်ရာ)လို့ နာမည် တပ်ထားသော် လဲ တကယ်ကတော့ တဏှာချုပ်တာကိုသာ အဓိကထားပြီး ဟောတော်မူတယ်၊ အကြောင်းတဏှာချုပ်ရင် အကျိုးဒုက္ခတွေ အကုန်လုံးချုပ်တယ်။
ဘုရားဟောနည်းက ခြင်္သေ့နဲ့တူ
မြတ်စွာဘုရားရဲ့ ဟောတော်မူနည်းက အကျိုးနဲ့အကြောင်းနဲ့ ဆက်သွယ်ပြီးတော့ ဟော့တယ်လို့ ဘုန်းကြီး ပြောခဲ့တယ်။ ပထမ တုန်းက ဒုက္ခသစ္စာကို ဟောတယ်၊ ဒုတိယကျတော့ အဲဒီ ဒုက္ခဟာ ဘာကြောင့်ဖြစ်သလဲဆိုတော့ တဏှာလောဘ သမုဒယကြောင့် ဖြစ်တယ်လို့ သိရအောင် သမုဒယသစ္စာကို ဒုတိယ ဟောတယ်၊
ယခု အဲဒီ ဒုက္ခနဲ့ သမုဒယတို့ ချုပ်ပျောက် ကင်းဝေးရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ဆက်ပြီးတော့ ဟောတယ်၊ ဒီတော့ ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ဟောတော်မူနည်း ကျင့်တော်မူနည်းက ခြင်္သေ့များနဲ့တူတယ်။
ခြင်္သေ့ပမာ တို့မြတ်စွာ
ခြင်္သေ့များဟာ လူတစ်ယောက်က လှမ်းပြီးတော့ (ဟို ရှေးခေတ်အတိုင်း ပြောကြစို့) မြားနဲ့ ပစ်တယ်ဆိုပါတော့၊ မြားနဲ့ပစ်ရင် မြားကို ရှောင်ပြီးတော့ အဲဒီ မြားနဲ့ပစ်တဲ့ လူကို မိအောင် ဖမ်းတယ်၊ ခြင်္သေ့ဟာ မြားပစ်တဲ့သူလဲ မိရော, ပစ်တဲ့မြားလဲ ကိုယ့်ဆီ မရောက်တော့ဘူး၊ ဒီတော့ ခြင်္သေ့များဟာ အကြောင်းကို လိုက်လိုက် ပြီးတော့ ဖမ်းတယ်။
ထို့အတူ ဘုရားရှင် ကိုယ်တော်မြတ်ကလဲ အကြောင်းရင်းလိုက်တယ်။ ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို လူတွေက သိပ်လိုချင်တယ်၊ ဘာဖြစ်လို့တုံး ဆိုတော့ ဒုက္ခတွေကို မြတ်စွာဘုရားက ဟောပြတော့ လူတွေဟာ တော်တော် ကြောက်ရွံ့သွားတယ်၊
အဲဒီလို ကြောက်ရွံ့သွားတော့မှ အဲဒီ ဒုက္ခတွေဟာ ဟောဒီ တဏှာကြောင့် ဖြစ်တာလို့ သိရအောင် ဒုတိယဖြစ်တဲ့ သမုဒယသစ္စာကို ဟောတော်မူတယ်၊ အဲဒီလို ဟောတော်မူတော့ တဏှာကြောင့် ဒုက္ခတွေဖြစ်တယ်၊ ဒုက္ခတွေဟာ ကြောက်စရာ ကောင်းလိုက်တာလို့ သတ္တဝါတွေ သံဝေဂဖြစ်နေတဲ့ အချိန်မှာ ဒုက္ခရဲ့ ချုပ်ရာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ဟောတော်မူတယ်။
တဏှာသုံးမျိုး
ဒုက္ခချုပ်ဖို့ အတွက်ကလဲ တဏှာချုပ်မှသာ ဒုက္ခချုပ်မှာ၊ အဲဒါကြောင့် -
“တဿာယေဝ တဏှာယ - ထိုဒုက္ခဖြစ်ကြောင်းဖြစ်တဲ့ တဏှာအပေါင်း၏ပင်၊
ယော အသေသ ဝိရာဂနိရောဓော - အကြင် အကြွင်းအကျန် မရှိအောင် အရဟတ္တမဂ်ဖြင့် ပယ်သတ်၍ ချုပ်ပျောက် ကင်းကွာသွားခြင်းသည်”
တဏှာကို အရဟတ္တမဂ်နဲ့ ပယ်သတ်လိုက်တော့ အဲဒီတဏှာဟာ အကြွင်းအကျန် မရှိအောင် အပြီးအပြတ် ချုပ်ပျောက်သွားတယ် သုံးပိုင်း ပိုင်းရမယ်၊
“အနုသယတဏှာ,
ပရိယုဋ္ဌာနတဏှာ,
ဝီတိက္ကမတဏှာ”လို့ အဲဒီလို သုံးပိုင်း သုံးမျိုးထား၊
အဲဒါကို မြန်မာလို ပြောရရင် ကိန်းဝပ်နေတဲ့တဏှာ, ထကြွအုံကြွလာတဲ့တဏှာ, လွန်ကျူးတဲ့ တဏှာလို့ ဒီလို သုံးမျိုးမှတ်ကြစို့ရဲ့၊
ကိန်းဝပ်နေတဲ့တဏှာကို အနုသယလို့ ခေါ်တယ်၊ ခု ဘုန်းကြီးတို့ တရားဟော နေတယ်။ တဏှာ မဖြစ်ပါဘူး၊ တဏှာမဖြစ်တော့ ဘုန်းကြီးရဲ့ စိတ်အစဉ်မှာ တဏှာ ကင်းသွားသလား, မကင်းပါဘူး၊ ဘာတဏှာ ရှိနေသလဲ။ ခုတင်က ကိန်းဝပ်နေတဲ့ အနုသယတဏှာ ရှိတယ်၊
တစ်ခါ ခု တရားနာနေတဲ့ ဒီဆရာတပည့် ဒကာတစ်စု တရားနာနေတုန်း, တရား စိတ်စိုက်နေတုန်း တဏှာဖြစ်သလား၊ မဖြစ်ပါဘူး၊ မဖြစ်ရင် တဏှာကုန်သွားပြီလား၊ မကုန်ပါဘူး၊ ဒါဖြင့် ဘာတဏှာရှိတုန်း ဆိုတော့ ကိန်းဝပ်နေတဲ့ အနုသယတဏှာ ရှိတယ်။
ဝီတိက္ကမတဏှာ
နှစ်သက်စရာ, ခင်တွယ်စရာ အာရုံတစ်ခုခု, လိုချင်စရာ အာရုံတစ်ခုခုနဲ့ မတွေ့ကြုံသေးရင် တော့ ဒီတဏှာဟာ ကိန်းဝပ်ရုံသာ ကိန်းဝပ်နေတဲ့ အနုသယ တဏှာ အဆင့်လောက်သာ ရှိသေးတယ်၊ လိုချင်စရာအာရုံနဲ့တွေ့လို့ လိုချင်လာပြီ, နှစ်သက် ခင်တွယ်လာပြီဆိုရင်တော့ အနုသယတဏှာ မဟုတ်တော့ဘူး၊ ကိန်းဝပ် နေရာက ထကြွလာတဲ့ ပရိယုဋ္ဌာနတဏှာလို့ ဆိုရတော့မယ်၊
အဲဒီက တစ်ဆင့်တက်ပြီး အဲဒီအာရုံကို လိုချင်ရုံတင် မကတော့ဘဲ ရအောင်ယူမယ်၊ အနုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ကြိုးစား အားထုတ်မယ်၊ သို့မဟုတ် မရ ရတဲ့နည်းနဲ့ ယူမယ်ဆိုပြီး အကြမ်းနည်းနဲ့ ကြိုးစားလို့ ဖောက်ဖောက်ပြန်ပြန် လွန်လွန်ကျူးကျူး ဖြစ် လာတယ်ဆိုရင်တော့ အဲဒီတဏှာဟာ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဝီတိက္ကမတဏှာ ဖြစ်တော့တာပါပဲ။
ကလေးတွေ ဆိုပါတော့ ပထမအဆင့် အနုသယတဏှာ ကိန်းဝပ်နေတယ်၊ လိုချင်တာလေး တွေ့တော့ ဒုတိယအဆင့် ပရိယုဋ္ဌာန တဏှာ ထကြွလာပြီ၊ သည့်နောက် တတိယအဆင့်ကျတော့ကာ ထကြွလာရုံတင်မကတော့ဘူး၊ ဟိုဟာ လိုချင်လဲ တောင်း, ဒီဟာ လိုချင်လဲ တောင်း,တောင်းမရရင် ငိုတယ်, အတင်း လုတယ်၊ အဲဒါဟာ ကလေးရဲ့ ဝီတိက္ကမတဏှာပဲ၊
လူကြီးတွေရဲ့ ဝီတိက္ကမကျတော့ကာ ဒီ လိုချင်တာကို ရအောင်ယူတဲ့အခါ အနုနည်းနဲ့ သော်လဲ ယူမယ်၊ အကြမ်းနည်းနဲ့ မတရားသဖြင့် မရ ရအောင်ယူမယ်၊ လိမ်ညာယူ, ခိုးဝှက်ယူ, ဓားပြတိုက်ယူ၊ ဒါတွေဟာ ဝီတိက္ကမတဏှာတွေပဲ၊ ပြီးတော့ ပွဲကြည့် ချင်လို့ ပွဲသွားကြည့်တယ်, သီချင်းတွေ နားထောင်တယ်၊ စားလားသောက်လားလုပ်, အပျော်အပါးလိုက်စား, ကာမဂုဏ်တွေ ခံစား၊ ဒါတွေဟာ ဝီတိက္ကမတဏှာတွေပဲ။
ဝီတိက္ကမကို သီလနဲ့ထိန်း
ဒီတော့ ဘုန်းကြီးတို့ ဝီတိက္ကမတဏှာ မဖြစ်အောင် ဘာလုပ်ရတုန်းဆိုတော့ သီလနဲ့ ထိန်းထားရတယ်၊ စားတဲ့သောက်တဲ့အခါကျတော့ ဘယ့်နှယ် လုပ်ပါ့မတုံးဆိုတော့ စားတဲ့သောက်တဲ့အခါကျတော့ တဏှာလောဘ မဖြစ်အောင် မြတ်စွာဘုရားက ပစ္စဝေက္ခဏာ ဆင်ခြင်ပြီးတော့ ထိန်းခိုင်းထားတယ်၊
တစ်ခါ ပရိယုဋ္ဌာန ထကြွတဲ့တဏှာ မဖြစ်ရအောင် သမာဓိနဲ့ ထိန်းထားရတယ်၊ ကမ္မဋ္ဌာန်းတရား နှလုံးသွင်းနေရင် မထကြွဘူး၊ ခု ဆိုပါတော့ တရားနာနေကြတယ်၊ ဘုန်းကြီးက တရားဟောနေတယ်၊ ဓမ္မာနုဿတိဆိုပါတော့ ကမ္မဋ္ဌာန်းတစ်မျိုးနဲ့ တရားအာရုံရောက်နေတယ်၊ ပရိယုဋ္ဌာန ထကြွတဲ့တဏှာ မဖြစ်ဘူး။
အနုသယကို မဂ်နဲ့ပယ်
သို့ပေမယ်လို့ ဘုန်းကြီးတို့ မဂ်တရား, ဖိုလ်တရား မရသေးလို့ရှိရင် အတွင်းမှာ ကိန်းဝပ်ပြီးတော့နေတဲ့ အနုသယတဏှာကတော့ ရှိသေး၊ အဲဒီ အနုသယတဏှာ ကိုတော့ မဂ်နဲ့ ပယ်ဖျက်ပစ်ရမယ်၊ အဲဒါမှ အနုသယ တဏှာ ပျောက်ပျက်သွားမယ်၊ ဒါကြောင့် -
“တဿာယေဝ တဏှာယ - ထို ဒုက္ခဖြစ်ကြောင်းဖြစ်တဲ့ တဏှာအပေါင်း၏ပင်၊
ယော အသေသ ဝိရာဂနိရောဓော - အကြင် အရဟတ္တမဂ်ဖြင့် အကြွင်းအကျန် မရှိအောင် ချုပ်ရာဖြစ်တဲ့ တရားသဘောသည်”
အရဟတ္တမဂ်ရတော့ ဒီတဏှာ အနုသယဟာ ပျောက်ပျက်သွားတယ်၊ ဒီတဏှာဟာ အစမထင် အနမတဂ္ဂသံသရာက ပါလာတဲ့အတွက် အရဟတ္တမဂ်ဖြင့် ပယ်ဖျက် ပစ်မှသာ ဒီတဏှာဟာ ပျောက်ပျက်သွားတယ်၊ အနမတဂ္ဂ သံသရာကပါလာတဲ့ တဏှာဆိုတဲ့ဥစ္စာ၊ ဒါကြောင့် နိဗ္ဗာန်လဲ မြင်ရော တဏှာလဲ ပျောက်သွားရော၊ အရဟတ္တမဂ်နဲ့မြင်မှ အကုန် ပျက်သွားတယ်၊ သောတာပတ္တိမဂ်နဲ့ နိဗ္ဗာန်ကို မြင်တုန်းက တော်တော် ကြီးကျယ်တဲ့တဏှာ ပျက်သွားတယ်။
သကဒါဂါမိမဂ်နဲ့ နိဗ္ဗာန်မြင်တော့ ဒီထက် သိမ်မွေ့တဲ့ ကျန်နေတဲ့ တဏှာ ပျက်သွားတယ်၊ အားလုံးတော့ မကုန်သေးဘူး၊ အနာဂါမိမဂ်နဲ့ နိဗ္ဗာန်ကို မြင်တော့ အတော်ကြီးကို များများကြီး ပျက်သွားတယ်၊ ဒါလဲ မကုန်သေးဘူး၊ အရဟတ္တမဂ်နဲ့ နိဗ္ဗာန်ကို မြင်တော့မှ တစ်ခါတည်းကို သိမ်သိမ်မွေ့မွေ့ ဘာမှ မဖြစ်လောက်တဲ့ တဏှာပါ အားလုံး ပျက်သွားတယ်၊ ဒီတော့ တဏှာရဲ့ နယ်ချဲ့ ပုံဟာ လျှောက်ပြီး စဉ်းစားကြည့်ရင် အရဟတ္တမဂ် မရောက်မချင်း တဏှာ ကျန်နေတာပဲ။
အနာဂါမ်ဗြဟ္မာ သာယာမှုရှိ
အရဟတ္တမဂ်ရောက်ဖို့ ရဟန္တာဖြစ်ဖို့ အလွန်နီးကပ်တဲ့ အနာဂါမ် ဗြဟ္မာကြီးတွေကို စဉ်းစားကြည့်၊ ဗြဟ္မာတွေဆိုတော့ လောကီအာရုံ ကာမဂုဏ်အကြမ်းစားတွေဆိုတာ အဝေးကြီး, လက်ဦးအစ ဗြဟ္မာ ဖြစ်ကတည်းကိုက ကာမဂုဏ် စိတ်ဓာတ် အကြမ်းစားတွေ မရှိဘူး။ သောတာပန် သကဒါဂါမ်ဗြဟ္မာကြီးတွေဆိုရင် နောက်ထပ် ကာမဂုဏ်စိတ် အကြမ်းစားဖြစ်ဖို့ ဘယ်တော့မှ အခွင့်အလမ်း မရှိတဲ့ ဘဝမျိုး ရောက်နေပြီ၊
အဲဒီ သောတာပန်, သကဒါဂါမ်ဗြဟ္မာကြီးတွေထက် အနာဂါမ်ဗြဟ္မာကြီးတွေက ပိုပြီး အဆင့်အတန်း မြင့်တယ်၊ သူတို့ဟာ ရဟန္တာဖြစ်ဖို့ နီးကပ်လှပြီ၊ အနာဂါမ်ထက် တစ်ဆင့်တက်လိုက်ရင် ရဟန္တာပဲ ရှိတော့တယ် မဟုတ်လား၊ ဒါပေမယ့် အဲဒီ အနာဂါမ်ဗြဟ္မာကြီးတွေဟာ ရဟန္တာမဖြစ်သေးတဲ့အတွက် သာယာတဲ့ စိတ်ဓာတ် နှစ်သက်တဲ့ စိတ်ဓာတ်ဟာ နည်းနည်းကလေး ကျန်သေးတယ်၊
ဘာကို သာယာနေသလဲ, ဘာကို နှစ်သက်နေသလဲဆိုတော့ သူတို့ရဲ့ ဘုံဗိမာန် တွေကို နည်းနည်း သာယာနေကြသေးတယ်၊ သဘောကျ နေကြသေးတယ်၊ ပြီးတော့ ကိုယ့်ဘဝကလေး (သူတို့ရဲ့ ဗြဟ္မာဘဝကလေး)ကို နှစ်သက်ပြီး ကျေနပ်ပြီး နေကြသေးတယ်၊ ဒါပေမယ့် ရာဂဆိုတဲ့ အကြမ်းစား အကုသိုလ် မဟုတ်ပါဘူး၊ နန္ဒီဆိုတဲ့ နှစ်သက်မှုကလေး အနုစား အသေးစား လောဘကလေးလောက်သာ ရှိပါတယ်။
အဲဒီ အနာဂါမ်ဘဝကို ကျော်လွန်ပြီးတော့ အဆင့်အတန်း အမြင့်ဆုံးဖြစ်တဲ့ ရဟန္တာ ဘဝ ရောက်တော့မယ်ဆိုတော့ ကျန်ရှိသမျှ အကုသိုလ်တွေကို အရဟတ္တမဂ်နဲ့ အကုန်လုံး ပယ်သတ်လိုက်တယ်။ အဲဒါကြောင့် ရဟန္တာဖြစ်တဲ့ အခါကျတော့ အသေးစား အနုစား နှစ်သက်မှု သာယာမှုဆိုတဲ့ လောဘ သေးသေးဖွဲဖွဲ ကလေးတောင် မရှိတော့ဘူး၊ အဲဒါကြောင့် -
မအို မသေရာကို
ရိုးရိုးသွားလို့ မရောက်
“တဿာယေဝ တဏှာယ - ထိုဒုက္ခဖြစ်ကြောင်း တဏှာအပေါင်း၏ပင်၊
ယော အသေသဝိရာဂနိရောဓော - အကြင် အရဟတ္တမဂ်ဖြင့် ပယ်သတ်လိုက်ခြင်း ကြောင့် အကြွင်းအကျန် မရှိအောင် ချုပ်ပျောက် ကင်းဝေးရာဖြစ်တဲ့ နိဗ္ဗာန်ဟူသော သဘောတရားသည်”
လို့ ဟောတော်မူတယ်၊ အဲဒီနိဗ္ဗာန်ကို အရဟတ္တမဂ်နဲ့ အာရုံပြု သိမြင်တဲ့ အခါကျတော့မှ တဏှာဟာ လုံးဝဥဿုံ အကုန် ချုပ်ပျောက်သွားတယ်၊ တဏှာချုပ် တဏှာကုန်ရင် နောက်ထပ် ဒုက္ခလိုက်တော့မလား, မလိုက်တော့ဘူး၊ ဒီတော့ နိဗ္ဗာန်က အင်မတန် စဉ်းစားလို့ ကောင်းတယ်၊ ဘုန်းကြီးတို့ ရှေးတုန်းက ပညာရှိတွေ ဒီလောကကြီး ဟိုဘက် ဘာရှိသလဲလို့ စဉ်းစားကြတယ်။
ဟိုမြတ်စွာဘုရား လက်ထက်တုန်းက နတ်သားတစ်ယောက် လာပြီးတော့ ဘုရားကို လျှောက်တယ်၊
“မြတ်စွာဘုရား မအိုမနာမသေရာဖြစ်တဲ့ နေရာကို ဒီ ခြေတို့နဲ့ လေယာဉ်တို့နဲ့ သွားလို့ ရောက်နိုင်ပါ့မလား ဘုရား”
ဒီရိုးရိုး အသွားမျိုးဆိုတာ ခြေလျင်သွားတာလဲ ရှိတယ်။ လှည်းနဲ့သွားတာလဲ ရှိတယ်၊ ရထား သင်္ဘောနဲ့ သွားတာလဲရှိတယ်။ ယခုခေတ်ကျတော့ လေယာဉ်နဲ့သွားတာလဲ ရှိတယ်၊ ဒီအသွားတွေဟာ ရိုးရိုးအသွားချည်းပဲ၊ အဲဒီလို အသွားမျိုးနဲ့ မအို, မနာ, မသေရာဖြစ်တဲ့ နေရာဌာနကို ရောက်နိုင်ပါ့မလားလို့ဆိုတော့ မရောက်နိုင်ဘူး”လို့ အမိန့်ရှိတယ်။
ခြေလျင် ယာဉ်ရထား
ရိုးရိုးသွားလို့ မရောက်
ဟုတ်လိုက်တာဘုရားတဲ့၊ တပည့်တော် ရှေးတုန်းက အဘိညာဉ်ရတဲ့ ရသေ့ တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းက တပည့်တော် ဒီလို အကြံအစည် ဖြစ်ခဲ့ဖူးပါတယ်၊ ဒီ ကမ္ဘာလောကကြီးရဲ့ ဆုံးရာ ဟိုဘက် ငါရောက်အောင် သွားမယ်၊ ငါ့မှာ မြန်မြန်ကြီး သွားနိုင်တဲ့ တန်ခိုးရှိသားပဲ၊ အဲဒီ တန်ခိုးနဲ့ ငါရောက်အောင် သွားမယ်လို့ ဆိုပြီးတော့ တပည့်တော် သွားခဲ့ပါတယ်၊ ဒီကမ္ဘာပြီး ဟိုကမ္ဘာ, ဟိုကမ္ဘာပြီး ဟိုနောက်ကမ္ဘာ, ဟိုနောက်ကမ္ဘာ ဆက်ကာဆက်ကာ သွားခဲ့ပါတယ်၊
အဲဒီတုန်းက တပည့်တော် တန်ခိုးနဲ့ သွားတော့ ဘယ်လောက်များ လျင်မြန်သလဲ ဆိုရင် ဒီကမ္ဘာလောကဓာတ်ကြီး တစ်ခု တစ်ခုကို ကျော်ဖြတ်သွားတာဟာ မြားပစ်လိုက်တဲ့အခါ ထန်းပင်ရိပ်ကလေး တစ်ခုကို မြားကျော်ဖြတ်သွားလောက်သာ အချိန်ကြာပါတယ်ဘုရားတဲ့၊
ထန်းပင်ရိပ်တစ်ခုကို မြားကျော်ဖြတ် သွားတာဟာ ဘာဆို ဘာလောက်မျှ မကြာဘူး၊ ရွတ်ခနဲဆို ဒီ ကျော်သွားတာပဲ၊ ကမ္ဘာလောကဓာတ်ကြီး တစ်ခု တစ်ခုကို အဲဒါလောက် မြန်မြန်ကြီး ကျော်ဖြတ်သွားခဲ့ပါတယ်။ နောက်တော့ တပည့်တော် သွားရင်းလာရင်း ဘယ်လောက်သာ နားတဲ့အချိန် ရှိတုန်းဆိုတော့ အလေးအပေါ့ စွန့်တဲ့အချိန်လောက်မှ မလွှဲသာတဲ့ စားတဲ့အချိန်လောက်သာ တပည့်တော် နားပြီးတော့ သွားလိုက်တာ အသက်(၁၀၀)လောက် ကြာလဲ ကမ္ဘာကတော့ မကုန်ဘူး၊
တပည့်တော်လဲ သွားရင်းနဲ့ပဲ အသက်ကုန်တဲ့အခါ တပည့်တော်ရဲ့ နိကန္တိတဏှာက ဒီကမ္ဘာကိုပဲ နှစ်သက်လို့မို့ ဒီကမ္ဘာကိုပဲ ခင်မင်တွယ်တာလို့မို့ တပည့်တော်ဟာ ဒီကမ္ဘာမှာပဲ ပြန်ဖြစ်ပါတယ်၊ ခြေလျင် ယာဉ်ရထား ရိုးရိုးအသွားမျိုးနဲ့ သွားလို့ ကမ္ဘာ့အဆုံး မရောက်နိုင်ဘူးဆိုတာ မှန်ပါတယ်ဘုရားလို့ သူက လျှောက်တယ်၊ မြတ်စွာဘုရားကလဲ -
“ဂမနေန န ပတ္တဗ္ဗော, လောကဿန္တော ကုဒါစနံ”
လောကဿ - သင်္ခါရလောက၏၊
အန္တော - အဆုံးဖြစ်တဲ့အရပ်ကို၊
ဂမနေန - လှည်းယာဉ် လှေယာဉ်, ခြေလျင် ရထား, လိုက်ကာသွားသဖြင့်၊
ကုဒါစနံ - တစ်ရံတစ်ဆစ်မျှ၊
န ပတ္တဗ္ဗော - မရောက်အပ် မရောက်နိုင်ချေ။
“န စ အပတွာ လောကန္တံ ဒုက္ခာ အတ္ထိ ပမောစနံ”
“လောကန္တံ - သင်္ခါရလောကရဲ့ အဆုံးသို့၊
န စ အပတွာ - မရောက်သေးသမျှသာလျှင်၊
ဒုက္ခာ - အိုနာသေရေး ဒုက္ခဘေးမှ၊
ပမောစနံ - လွန်မြောက်ခြင်းသည်၊
နတ္ထိ - မရှိနိုင်ချေ”တဲ့။
ဤလောကကြီးထဲကို ရိုးရိုးသွားတဲ့ အသွားမျိုးနဲ့ မဆုံးဘူး၊ နတ်သားလဲ ဒီကမ္ဘာလောက သြကာသလောကကြီးအဆုံး မသွားနိုင်ဘူး၊ မြတ်စွာဘုရားက -
“ဒီကမ္ဘာလောက သြကာသလောကကြီး မဆုံးတဲ့အပြင် ဒီ သင်္ခါရလောကဆိုတဲ့ ရုပ်နာမ်ခန္ဓာရဲ့ အဆုံးလဲပဲ ယခု အသွားမျိုးနဲ့ သွားလို့မရဘူး၊ ဒီရုပ်နာမ်ခန္ဓာဆိုတဲ့ သင်္ခါလောက ရဲ့အဆုံးကို မတွေ့သေးသမျှလဲပဲ ဘယ်တော့မှ ဒုက္ခက မလွတ်နိုင်ဘူး”
လို့ အဲဒီလို မြတ်စွာဘုရားက ဟောတော်မူတယ်။
ဓာတ်လေးပါးချုပ်ရာ
နတ်ဗြဟ္မာတွေ မေး
ရှေးတုန်းက လောကအဆုံး ကြံကြတယ်။ ရှာကြတယ်၊ ဘုန်းကြီးတို့ ဘုရား လက်ထက်ကျတော့ ရဟန်းတစ်ပါးလဲ ဒီလိုပဲ ရှာတယ်၊ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးရဲ့ ချုပ်ဆုံးရာ ဌာနကို ငါ ကြည့်စမ်းချင်တယ်, သိစမ်း ချင်တယ်၊ ဘယ်သူတွေများ သိပါ့မလဲနဲ့ သူကစဉ်းစားတယ်၊
သူလဲမသိနိုင်ဘူး၊ တန်ခိုးတော့လဲ သူအရှိသား, ဈာန်အဘိညာဉ်လဲ သူရသား၊ ဒီ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ရုပ်တရားကြီးတွေရဲ့ ချုပ်ဆုံးရာ ဌာနဟာ ဧကန်ရှိမယ်၊ ငါ သိကြည့်စမ်းချင်တယ်။
ဒီလို ကြံကာ နတ်တွေတော့ တော်တော်တန်ခိုးရှိတယ်၊ နတ်တွေ သိကောင်း သိလိမ့်မယ်လို့ ဆိုပြီးတော့ စတုမဟာရာဇ် နတ်ပြည်တက် ပြီးတော့ နတ်တွေကို မေးတယ်။ သင်တို့ တန်ခိုးသိပ်ကြီးတာပဲ, သင်တို့က ပထဝီ,အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်တွေရဲ့ အဆုံးနေရာကို သင်တို့ မသိဘူးလား၊
အား-ကျုပ်တို့ မသိဘူး၊ ဘယ်သူများ သိသလဲ ပြောစမ်းပါလို့ဆိုတော့ တာဝတိံသာ နတ်တွေတော့ သိပ်တန်ခိုးကြီးတာပဲ, သူတို့ကို သွားမေးစမ်းပါလား၊ သူတို့တော့ သိကြပါလိမ့်မယ်၊ အဲဒီလို ပြောလိုက်တော့ တာဝတိံသာကို တက်သွားပြီး အဲဒီ နတ်တွေ မေးတယ်၊
ဒါ ကျုပ်တို့ မသိဘူး၊ ဘယ်သူ သိမယ်ထင်တုန်း၊ သိကြားမင်းတော့ ကျုပ်တို့ထက် တန်ခိုးကြီးတယ်၊ ဒီတော့သိကြားမင်း မေးစမ်းပါလား၊ သိကြားမင်း မေးတော့မှ အား-ကျုပ်လဲ မသိဘူး၊ ဘယ်သူများ သိမလဲ၊ ကျုပ်တို့ အထက်က ယာမာနတ်တွေတော့ ကျုပ်တို့ထက် တန်ခိုးကြီးတယ် ဆိုတော့ အထက်တက် မေးပြန်ရော၊
တာဝတိံသာက ယာမာတက်, ယာမာက တုသိတာ ညွှန်, တုသိတာက နိမ္မာနရတိ ညွှန်, နိမ္မာနရတိက ပရနိမ္မိတဝသဝတ္တီ ညွှန်, အကုန်လုံး နတ်တွေ မေး၊ `အဲဒီဘုံက နတ်မင်းတွေ မေး မသိဘူး၊ ဘယ်သူများ သိမလဲ ဗြဟ္မာတွေတော့ ကျုပ်တို့ထက် တန်ခိုးကြီးတာပဲ, ဗြဟ္မာတွေများ မေးကြည့်စမ်းပါလား လို့ဆိုတော့ ဗြဟ္မာတွေဆီ မေး, ဗြဟ္မာတွေ မေးတော့လဲ ကျုပ်တို့ မသိဘူးတဲ့။
ဗြဟ္မာမင်းက ကြွားဝါပြီးပြော
ဘယ်သူများတော့ သိမလဲ၊ ကျုပ်တို့ထက် တန်ခိုးကြီးတဲ့ ဗြဟ္မာမင်း ဆိုတာ ရှိတယ်၊ သူကတော့ သိပ်ကို တန်ခိုးကြီးတာပဲ၊ သိများ သိမလား မပြောတတ်ဘူး၊ ဗြဟ္မာမင်းကို မေးတယ်၊ ဗြဟ္မာမင်း မေးတော့ ဗြဟ္မာမင်းက ပရိသတ်ထဲ မေးတာ ဖြစ်တော့ သူမသိတာကို မသိပါဘူးလို့ ပြောရမှာ ရှက်တယ်၊ ပတ်ဝန်းကျင် ကိုယ့် လက်အောက် ဗြဟ္မာတွေက အထင်သေးမှာ စိုးတယ်ကိုး၊
အဲဒါကြောင့် သူကရှောင်လွှဲ ပြောတယ်၊ ကျုပ်က မဟာဗြဟ္မာပါ၊ ကျုပ်ဟာ အကုန်လုံး သိမြင်နိုင်တယ်၊ ဒီ အားလုံး ဗြဟ္မာငယ်တွေဟာ ကျုပ်အလိုကို လိုက်စေရ တယ်၊ သူတို့ တစ်တွေ ကျုပ်ဖန်ဆင်းထားတာပဲ၊ အဲဒီလို ရှောင်လွှဲပြောတော့၊
မဟုတ်ဘူး, ဗြဟ္မာမင်း ... အသင်ဗြဟ္မာကို မဟာဗြဟ္မာလား, တန်ခိုး ဘယ်လောက် ကြီးသလဲလို့ မေးတာ မဟုတ်ဘူး၊ ပထဝီ, အာပေါ, တေဇော, ဝါယော ဓာတ်လေးပါးရဲ့ အဆုံးကို ခင်ဗျား သိမလားလို့ ကျုပ်မေးတာပါလို့ဆိုတော့ ဗြဟ္မာမင်းကြီးဟာ ခုနက သူပြောပြီးသားတွေကို ထပ်ပြောပြီး ကြွားမြဲ ကြွားနေတာပဲ။
ဗြဟ္မာမင်း တိုးတိုးပြော
အဲဒါနဲ့ တတိယအကြိမ် ထပ်မေးပြန်တော့ ဗြဟ္မာကြီးက လာဦး,လာဦး ကိုယ်တော် လာဦးဆိုပြီးတော့ ခပ်ဝေးဝေး ခေါ်သွားပြီးတော့ ကိုယ်တော်ဟာ ဒီဗြဟ္မာတွေရှေ့မှာ မေးတယ်၊ ဒီဗြဟ္မာတွေရှေ့မှာ ကျုပ်မသိပါဘူးလို့ ပြောရမှာ ခက်တယ်၊ ဒီဗြဟ္မာတွေက ကျုပ်ရဲ့ လက်အောက်ခံ ဗြဟ္မာတွေ၊ သူတို့က ကျုပ်ကို ဘာမဆို အကုန်သိတဲ့ ဗြဟ္မာမင်းလို့ အထင်ကြီးနေကြတာ၊ တကယ်တော့ ကိုယ်တော့် မေးခွန်းကို ကျုပ်လဲ မဖြေနိုင်ဘူး၊
ဒါဟာ ကိုယ်တော် မှားတာ, ကိုယ်တော်ရဲ့ ချို့ယွင်းချက်၊ ဘယ့်နှယ် မဟုတ် လိုက်တာ၊ မြတ်စွာဘုရား ရှိရဲ့သားနဲ့ မြတ်စွာဘုရားတော့ မမေးဘူး, ကျုပ်တို့ကိုမှ လာမေးတယ်၊ ကဲ-ပြန်ကြွပါ၊ မြတ်စွာဘုရားကိုသာ မေးလျှောက်ပါ။ မြတ်စွာဘုရား ဖြေဆိုတော်မူတဲ့အတိုင်းသာ မှတ်ထားလို့ဆိုပြီး တိုးတိုးတိတ်တိတ် ပြန်လွှတ်တယ်။
မြတ်စွာဘုရား ဖြေကြားခြင်း
အဲဒါနဲ့ မြတ်စွာဘုရားထံ ပြန်လာပြီး မေးပြန်တယ်“ပထဝီ, အာပေါ, တေဇာ, ဝါယောဆိုတဲ့ မဟာဘုတ်ကြီး လေးပါးဟာ ဘယ်နေရာဌာနရောက်မှ ချုပ်ပျောက် ပါသလဲဘုရား”လို့ မေးလျှောက်တော့ မြတ်စွာဘုရားက -
အင်း-ဟို သမုဒ္ဒရာထဲ (ရှေးတုန်းက ရှေးတုန်းက) သမုဒ္ဒရာထဲသွားတဲ့ လှေကြီး တွေဟာ ကျီးကို ယူသွားရတယ်၊ ကမ်းတို့ ဘာတို့ မမြင်ဘူးဆိုရင် ကျီးလွှတ်တယ်၊ ကျီးက ကမ်းမြင်လို့ရှိရင် အဲဒီ သူလွှတ်တဲ့နေရာ ပျံတာပဲ၊ လှေဆီ ပြန်မလာဘူး, ကမ်းမမြင်ဘူး ဆိုရင် လှေဆီပြန်လာ၊ တစ်ခါလွတ်လိုက်ပြန်, ကမ်းမမြင်ပြန်,လှေဆီ ပြန်လာ၊
အဲသလိုပဲ သင်လဲပဲ ငါဘုရား ဆီက ထွက်သွားလိုက်တာ ဟိုဗြဟ္မာပြည်အထိ ရောက်ပြီးမှ ဒီ ပြန်လာတယ် မဟုတ်လား၊ပြဿနာကိုလဲ သင်မေးသလို မမေးရဘူး၊ ဟောဒီလို မေးရမယ်၊
“ပထဝီ, အာပေါစတဲ့ သက်ရှိ မဟာဘုတ် ဥပါဒါရုပ်တရားများနဲ့ နာမ်တရားများဟာ အဘယ်နေရာဌာန ရောက်မှ ချုပ်ပျောက်ကြပါသလဲ”လို့ အဲဒီလို မေးပုံမေးနည်းကို သင်ပြပြီးတော့မှ မြတ်စွာဘုရားက -
ဝိညာဏံ အနိဒဿနံ, အနန္တံ သဗ္ဗတောပဘံ၊
ဧတ္ထ အာပေါ စ ပထဝီ, တေဇော ဝါယော န ဂါဓတိ။
ဝိညာဏံ - ဉာဏ်ဖြင့်သာ သိအပ် သိမြင်နိုင်သော၊
အနိဒဿနံ - ပကတိမျက်စိဖြင့် မမြင်နိုင်သော၊
အနန္တံ - စ၍ဖြစ်ခြင်းဆိုတဲ့ ဥပါဒ် အပိုင်းအခြား,
အပြီးသတ်ချုပ်ခြင်းဆိုတဲ့ ဘင် အပိုင်းအခြား,
အလယ် မှာ တည်နေခြင်းဆိုတဲ့ ဌီ အပိုင်းခြား မျိုးသည်လည်း မရှိဘဲ၊
သဗ္ဗတော ပတံ - ဘယ်တရားနှင့်မဆို တရားမှန်လို့ရှိရင် ဒီနိဗ္ဗာန်ဝင်ဖို့ရန် အဆင်သင့်ဖြစ်သော၊
ယံ - အကြင် နိဗ္ဗာန်သည်၊
အတ္ထိ - ရှိ၏၊
ဧတ္ထ - ဤနိဗ္ဗာန်ကို ရောက်တဲ့အခါကျမှ၊
ပထဝီစ - ပထဝီဓာတ်သည်လည်းကောင်း၊
အာပေါ စ - အာပေါဓာတ်သည်လည်းကောင်း၊
တေဇော စ - တေဇောဓာတ်သည်လည်းကောင်း၊
ဝါယော စ - ဝါယောဓာတ်သည် လည်းကောင်း၊
န ဂါဓတိ - ထောက်ရာ တည်ရာ မရနိုင်။
နိဗ္ဗာန်ကို ဉာဏ်မျက်စိနဲ့သာ မြင်ရ
နိဗ္ဗာန်ဆိုတဲ့တရားဟာ ဧကန်ရှိတယ်၊ ဒါပေမယ့် ဉာဏ်နဲ့သာ မြင်ရမယ်၊ ဒီဉာဏ် မရှိဘဲနဲ့ ပကတိမျက်စိနဲ့တော့ ကြည့်လို့ မမြင်ဘူး၊ ဉာဏ်နဲ့ မြင်ရမယ်၊ အင်မတန်လဲ သိမ်မွေ့တာ ဖြစ်တော့ ဒီဉာဏ်နဲ့ မြင်တဲ့တရားဟာ ဘယ်တုန်းက စဖြစ်သလဲလို့ သိရအောင် အဲဒီ စဖြစ်ဆိုတဲ့ ဇာတိကို မရှိဘူး၊
စဖြစ်ဆိုတဲ့ ဇာတိ မရှိတော့ ဆုံးတဲ့မရဏ ဘယ်မှာ ရှိမလဲ၊ အစ မရှိဘူး, အဆုံး မရှိဘူး၊ ဒါဖြင့် အလယ်မှာ တည်နေတဲ့ အရာဝတ္ထုလဲ မဟုတ်ဘူး၊ ဉာဏ်နဲ့ မြင်အပ်တဲ့ သဘာဝတစ်မျိုး၊ အဲဒီတရား ရောက်လာလို့ရှိရင် ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးဟာ မဖြစ်တော့ပါဘူး၊ ထောက်တည်ရာ မရတော့ပါဘူးလို့ ဘုရားရှင် ကိုယ်တော်မြတ်က ဟောတယ်။
ဒီတော့ မြတ်စွာဘုရားဟောတဲ့ ဉာဏ်ဖြင့်သာ မြင်နိုင်တယ်ဆိုတဲ့ နိဗ္ဗာန်ကို ဘုန်းကြီးတို့တစ်တွေက ဘယ့်နဲ့လုပ်ပြီးတော့ ဒီအခုအမြင်မျိုး အခုအသိမျိုးနဲ့ မြင်မလဲ၊ ဉာဏ်ဖြင့်တော့ သေသေချာချာ သိတယ်၊ ဉာဏ်ဖြင့်တော့ သေသေချာချာ မြင်တယ်၊ ဒီတော့ ဒီနေရာမှာ မြတ်စွာဘုရားက ဥပမာတစ်ရပ် အမိန့်ရှိတယ်။
ဈာန်သမာပတ် ရတဲ့နည်း
ကိုရင်ကြီးကို မေး
ရှေးတုန်း ဇယသေနဆိုတဲ့ မင်းသား တစ်ယောက် တော်တော်ပညာတတ်တဲ့ ကိုရင်တစ်ပါးဆီ သူလမ်းလျှောက်ရင်း ရောက်လာတယ်၊ ရောက်လာတော့ ကိုရင်ကြီးကို မေးတယ်။ ကိုရင်-သမာဓိရှိရှိနဲ့ နေနိုင်တယ်ဆိုတာ, သမာပတ်တွေ ဘာတွေ ဝင်စားနိုင်တယ်ဆိုတာ ဟုတ်သလား၊ စိတ်တွေဟာ တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား၊
ဟုတ်တယ်၊ ဒါဖြင့် ကျုပ်ကို နည်းနည်း ပြောပေးစမ်းပါ၊ ဟင်အသင့်ကို ပြောရမှာဖြင့် ကျုပ်က သိပ်ပြီးတော့လဲ ဝေဝေဆာဆာ ပြောတတ်တာ မဟုတ်ဘူး၊ ဒီတော့ ကျုပ်ပြောတဲ့ဟာကိုလေ အသင် သဘောမကျလို့ရှိရင် သဘောမကျတဲ့အနေနဲ့ ထားပါနော်, ထပ်ပြီးတော့ စောဒက မတက်ပါနဲ့၊ ကောင်းပါပြီ, စောဒက မတက်ပါဘူး၊ ပြီးတော့ ဘာရယ် ညာရယ် မပြောပါနဲ့၊ မပြောပါဘူးလေ၊ ကဲ-ပြောစမ်းပါဦး။
ဒါနဲ့ သမာဓိရတဲ့ လမ်းစဉ်, ဈာန်သမာပတ်ရတဲ့ လမ်းစဉ်တွေ ပြောတော့ ကာမဂုဏ်တွေက ကင်းရတယ်၊ ဘာဘာ ညာညာစသည် အားဖြင့် ဈာန်အစဉ်တွေ ပြောပါလိမ့်မယ်၊ ပြောပြီးတော့ ဇယသေန မင်းသားက သူများကိုလဲပဲ ငဲ့ညှာတာ မဟုတ်ဘဲကိုး၊
ဇယသေနမင်းသားက ဘယ်တော့မှ မဖြစ်နိုင်ဘူးကိုရင်, မဟုတ်တာချည်းပဲ ဖြစ်မှာပဲဆိုပြီးတော့ တစ်ခါတည်း အပြစ်တွေ တင်ပြီးတော့ ပြန်သွားရော၊သူ့ခမျာ စောစောက သဘောမကျလို့ရှိရင် ဘာမှမပြောပါနဲ့နော်, စောဒက မတက်ပါနဲ့လို့ ပြောရှာသား၊ အဲဒါမရဘူး၊ စောဒကတက်ရုံတင် မကဘူး၊ အပြစ်ပြောပြီးတော့ ပြန်သွားတယ်၊
ဒါနဲ့ မြတ်စွာဘုရားဆီ ကိုရင်က သွားပြီးတော့ လျှောက်တော့ ဒီမင်းသားက လောကီအာရုံ ကာမဂုဏ်တွေထဲမှာပဲ စိတ်ကနေတာ၊ လောကီအာရုံ ကာမဂုဏ် ထဲမှာ နေတဲ့စိတ်က လောကီအာရုံ ကာမဂုဏ်တွေထဲက ခွဲခွာပြီးတော့ ဘယ်လိုနေမှ သမာဓိရတယ်ဆိုတဲ့ အကြောင်းအရာတွေကို သူ ဘယ့်နှယ်လုပ်ပြီးတော့ သဘော ပေါက်မလဲ၊ အကြောင်းအရာတွေကို သူ ဘယ့်နှယ်လုပ်ပြီးတော့ သဘောပေါက်မလဲ၊ သူ့ နေရာနဲ့သူ ရောက်မှ သဘောပေါက်တော့မှာပေါ့လို့ အဲဒီလို ဘုရားရှင်ကိုယ်တော် မြတ်က ဟောပြပြီး ဥပမာတစ်ခု အမိန့်ရှိတယ်။
နိဗ္ဗာန်နဲ့ ထိုက်တန်အောင်ကျင့်မှ
နိဗ္ဗာန်မြင်
သူငယ်ချင်းနှစ်ယောက် မြို့ထဲက ထွက်ပြီးတော့ တောထဲ လည်ကြတယ်၊ တောထဲ လည်ရာက တောင်ကြီးတစ်ခု တွေ့တော့ သူငယ်ချင်းတစ်ယောက်က မောမော ပန်ပန်းနဲ့ တောင်ခြေ နေရစ်ခဲ့တယ်၊ သူငယ်ချင်းတစ်ယောက်ကတော့ တောင်ပေါ် တက်ပြီး တော်တော်လေးရောက်တော့ အောက်လှမ်းကြည့်လိုက်တဲ့အခါ သိပ်ကြည့်လို့ ကောင်းတာနဲ့ အောက်က လူကို လှမ်းကြည့်လိုက်တယ်၊
အား-မိတ်ဆွေ သိပ်သာယာပါကလား၊ တောင်ပေါ်က ကြည့်ရတာ သိပ်ကောင်းတာ ပါလား၊ ကြည့်စမ်းဟိုမှာ ရှုမျှော်ခင်းတွေ ကောင်းလိုက်တာ၊ တစ်ခါတည်း ဟိုမြစ်တွေ ကြည့်လိုက်တော့လဲ ရေတွေက တစ်ခါတည်း ကြည့်လို့ကောင်းလိုက်တာ၊ မြို့တွေ ကြည့်လိုက်တော့လဲ တစ်ခါတည်း ဘုံတွေ ဗိမာန် တွေလိုပဲ၊ တောတွေ ကြည့်လိုက် ပြန်တော့လဲ သစ်ပင်တွေက စိမ်း စိမ်းစိုစိုနဲ့ ကြည့်လို့ကောင်းလိုက်တာလို့ သူက တောင်ပေါ်ကနေပြီးတော့ လှမ်းပြောတယ်၊
တောင်အောက်ကလူက အလကား မင်းညာတာ ဘာမှ မဟုတ်ဘူး၊ သူက တောင်အောက်ကနေပြီး ငြင်းချက် ထုတ်နေတယ်၊ ဒါနဲ့ အောက်ဆင်းပြီး ပြေးလာ ပြီးတော့ လာလာဆိုပြီး အတင်းဆွဲခေါ်ပြီးတော့ တောင်ပေါ် တက်တယ်၊ ခုနက သူမြင်တဲ့ နေရာက နေပြီးတော့ ကဲ-ကြည့်စမ်း အနောက် ကြည့်လိုက်စမ်း၊ အေး-ဟုတ်တယ်ဟေ့၊ မြို့ကြီး သိပ်သာယာပါ ကလား၊ ဟို တောင်ဘက် ကြည့်လိုက်စမ်း အား-ဟုတ်တယ်၊ ရေတွေ, တစ်ခါတည်း မြစ်တွေ ချောင်းတွေ သိပ်ကြည့်လို့ လှတာပါကလား၊ ဟိုမြောက်ဘက် ကြည့်လိုက်စမ်းဦး၊ ဟာဟုတ်တယ်၊ တောကြီးတွေက သိပ်ကြည်နူးစရာကောင်းတာပဲ။
မင်းဘယ့်နှယ်လဲ ခုနတုန်းကတော့ မင်း မဟုတ်ဘူးလို့ ဆိုပြီးတော့ ငါ့လှမ်း ငြင်းနေတယ်၊ ခုတော့ မင်း ဘယ့်နှယ်ကြောင့် သာယာတယ်လေး ဘာလေး ဖြစ်ကုန်တုန်း၊ ခုနက ငါက ဒီနေရာကို ရောက်မှ မရောက်ဘဲကိုကွာ၊ ဒီနေရာကို မရောက်တော့ ငါက ငြင်းမိတာပေါ့၊ အေး-မင်းခုနကသာ ငြင်းတယ်၊ ခု ဒီနေရာရောက် တော့ မှန်ပြီ မဟုတ်လား။
အဲသလိုပဲတဲ့၊ ဒီတရားနဲ့ တန်တဲ့နေရာရောက်လို့ ဒီတရားကို သိနိုင် မြင်နိုင် လောက်တဲ့ အကျင့်ကို ကျင့်လို့ရှိရင် ဒီတရား သိတာမြင်တာပဲ၊ ဒီတရားနဲ့ မတန်သေးခင်တုန်းကတော့ သူများ ပြောတဲ့ဥစ္စာ မငြင်းချင်လို့သာ မငြင်းတာ၊ ဒါမှ မဟုတ်ရင် ပြောတဲ့လူကို ယုံကြည်လို့၊ ဟုတ်မှာပဲ, အဲသလို အနေမျိုးနဲ့သာ နေရတာ၊
ဒါပေမယ့် တကယ် ကိုယ်တွေ့ သိမြင်လာတဲ့ အခါကျတော့ သေသေချာချာ ယုံတာပဲ၊ အဲဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က နိဗ္ဗာန်ကို သိနိုင် မြင်နိုင် လောက်အောင် နိဗ္ဗာန်နဲ့ထိုက်တန်အောင် ကျင့်တဲ့ ပုဂ္ဂိုလ်များသာ နိဗ္ဗာန်ရဲ့ သဘောကို ကောင်းကောင်းသိမယ် လို့ အမိန့်တော်ရှိတယ်။
သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္ထ စေတေ နိရုဇ္ဈန္တိ, တံ တေသံ ဒုက္ခသမ္မတံ။
သဒေဝကဿ - ဗြဟ္မာသိကြား, သတ္တဝါအများနှင့်တကွဖြစ်သော၊
လောကဿ - ပုထုဇဉ်ဟု, ဉာဏ်မြင်ပေတုံး, တစ်လောကလုံးသည်၊
ဧတေ - ရူပသဒ္ဒ, စသည့်အာရုံ, ဤကာမဂုဏ်တို့ကို၊
သုခသမ္မတာ - ချမ်းသာဖွယ်တောင်း, အကောင်းကြီးဟူ၍ သမုတ်အပ်ကုန်၏၊
ယတ္ထ - အရိယာအများ, လွန်လေးစားသည့် တရားမျက်ရှင်, အကြင်သို့သော နိဗ္ဗာန်၌၊
ဧတေ - ဤ ရူပသဒ္ဒ, စသည့်အာရုံ, ကာမဂုဏ်တို့သည်၊
နိရုဇ္ဈန္တိ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းကြလေကုန်၏၊
တံ စ - ထို ကာမဂုဏ်အားလုံး, ပြုတ်ပြုတ်ပြုန်းလျက်, ချုပ်ဆုံးရာအမှန်, မြတ်နိဗ္ဗာန် ကိုကား၊
ဒုက္ခသမ္မတံ - ခံစားဖွယ်ချက်မှ မရှိတွက်ကြောင့်, သက်သက်ရှုတ်ချ၍, ဒုက္ခဟု သမုတ်အပ်လေသတည်း။
အားလုံး အားလုံး ပုထုဇဉ်မှန်သမျှ (ပုထုဇဉ် သောတာပန်တို့ သကဒါဂါမ်တို့ လောက်ထိအောင်) ဒီကာမဂုဏ်တွေကို အကောင်းပဲလို့ သမုတ်ထားတယ်၊ သမုတ်ထားလို့လဲ မရမက ရှာကြ၊ ကာမဂုဏ်များလေ ကျေနပ်လေ၊ ဘယ်သူက ကျေနပ်, တဏှာက ကျေနပ်၊ ကာမဂုဏ်များလေ တဏှာက ကျေနပ်လေ။ အဲဒီ ကာမဂုဏ်တွေချည်းပဲ ရှာပြီးတော့ ခံစားကြတယ်။
“ဧတေ - ရူပသဒ္ဒ, စသည့်အာရုံ ဤကာမဂုဏ်တို့ကို၊
သုခသမ္မတာ - ချမ်းသာဖွယ်တောင်း အကောင်းကြီးဟူ၍ သမုတ်အပ်ကုန်၏၊
ယတ္ထ - အရိယာအများ လွန်လေးစားသည့် တရားမျက်ရှင်, အကြင်သို့သော နိဗ္ဗာန်၌၊
ဧတေ - ဤ ရူပသဒ္ဒ စသည့်အာရုံ ကာမဂုဏ်တို့သည်။
နိရုဇ္ဈန္တိ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းကြလေကုန်၏”
နိဗ္ဗာန်ကျတော့ ခုနက ကာမဂုဏ်တွေ ချုပ်တယ်၊ ကာမဂုဏ်တွေ ဘယ်ကမလဲ ကာမဂုဏ် ခံစားချင်တဲ့ တဏှာပါချုပ်တယ်။
ယတ္ထ - အရိယာအများ လွန်လေးစားသည့် တရားမျက်ရှင်, အကြင်သို့သော နိဗ္ဗာန်၌၊
ဧတေ - ဤ ရူပသဒ္ဒ စသည့်အာရုံ ကာမဂုဏ်တို့သည်။
နိရုဇ္ဈန္တိ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းကြလေကုန်၏
တံ စ - အရိယာအများမှ လွန်လေးစားသည့် တရားမျက်ရှင်, ထိုကဲ့သို့သော နိဗ္ဗာနန်းခွင်ကိုကား၊
တေသံ - ထိုပုထုဇဉ်ဟု ဉာဏ်မြင်ပေတုံး သတ္တဝါအားလုံးတို့သည်၊
ဒုက္ခသမ္မတံ - ခံစားဖွယ်ချက် မရှိတွက်ကြောင့် သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း”။
သာဓု...သာဓု...သာဓု …။
တဏှာကုန်စင် နိဗ္ဗာန်မြင်
နိဗ္ဗာန်မြင်ရင် တဏှာကုန်သွားပြီ၊ ဒီတော့ တဏှာကုန်သွားတဲ့ နိဗ္ဗာန် ကျတော့ ဘုန်းကြီးတို့ တဏှာသမားတွေက နိဗ္ဗာန်မှာ ဘာရှိတုန်း၊ ရူပါရုံ မရှိဘူး, သဒ္ဒါရုံ မရှိဘူး, ဂန္ဓာရုံ, ရသာရုံ ဖောဋ္ဌဗ္ဗာရုံ အာရုံငါးပါး ကာမဂုဏ်တရားတွေ ဘာမျှ မရှိဘူး၊ အို-ဒီလိုဆိုရင်တော့ ခံစားစရာတွေ ဘာမျှ မရှိရင် နိဗ္ဗာန်က မကောင်းပါဘူး၊
“ဒုက္ခသမ္မတံ - ခံစားဖွယ်ချက်မှ မရှိတွက်ကြောင့် သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း”
ဒီတော့ ဘုန်းကြီးတို့ ပုထုဇဉ်သတ္တဝါတွေရဲ့ အမြင်မျိုးနဲ့ ဒီနိဗ္ဗာန်ကို မမြင်နိုင်ဘူး၊ ပုထုဇဉ်သတ္တဝါတွေ လိုချင်နေတာက ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဆိုတဲ့ အာရုံတွေ များများ လိုချင်တယ်၊ တဏှာက များလေ သဘောကျလေ, များလေ သဘော ကျလေ ဒီလို ဖြစ်တယ်၊ အဲဟို နိဗ္ဗာန်ကျတော့ တဏှာချုပ်, တဏှာခံစားစရာဖြစ်တဲ့ အရာဝတ္ထုတွေကလဲကုန်ရော -
“ယတ္ထ - အကြင် ရူပ သဒ္ဒ စသည့်အာရုံ ကာမဂုဏ်တို့၏ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်၌၊
ဧတေ - ဤ ရူပသဒ္ဒ စသည့်အာရုံ ကာမဂုဏ်တို့သည်၊
နိရုဇ္ဈန္တိ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းကြလေကုန်၏” ဘာမျှ မရှိဘူး။
ဗြဟ္မာဘဝ ကာမဂုဏ်နည်း
ဒီတော့ တစ်ခု စဉ်းစားစရာရှိတယ်၊ ဘုန်းကြီးတို့ လူ့ပြည် နတ်ပြည် ခံစားစရာ ကာမဂုဏ်တွေနဲ့နေတော့ ကာမတဏှာဆိုတဲ့ အဲဒီတဏှာက နယ်ချဲ့လို့ ပျော်လို့ နတ်ပြည်ရောက်တော့လဲ နတ်တဏှာကျယ်ဝန်းလို့ အဲဒီလို ဖြစ်တယ်၊ နောက်တော့ ဗြဟ္မာပြည် တက်သွားတော့ နည်းနည်း သက်သာသွားတယ်၊ ဘာဖြစ်လို့ သက်သာသွားသတုန်း ဆိုတော့ ဗြဟ္မာဖြစ်ဖို့ရန် အားထုတ်တုန်းကိုက -
“ကာမေဟိ - ဝတ္ထုအာရုံ ကာမဂုဏ်တို့မှ၊
ဝိဝိစ္စေဝ - ကင်းဆိတ်၍သာလျှင်၊
အကုသလေဟိ - အကုသိုလ်တရား ဟူသမျှတို့မှ၊
ဝိဝိစ္စဧဝ - ကင်းဆိတ်၍သာလျှင်၊
သဝိတက္ကံ - ဝိတက်နှင့်လည်းတကွ ဖြစ်သော”
စသည်ဖြင့် ဗြဟ္မာ ဖြစ်အောင် ဈာန်ရအောင် အားထုတ်တုန်းကိုက ကာမဂုဏ်ကို သူက ဖယ်ပြီးတော့ လာခဲ့တာ, ဖယ်လာခဲ့တော့ ဗြဟ္မာပြည်ကျတော့ မိန်းမရယ်, ယောက်ျားရယ် ကာမဂုဏ် ခံစားဖို့ရန် မရှိတော့ဘူး။
ခမ်းခမ်းနားနား ဆိုတာတွေကတော့ ရှိပါရဲ့၊ ဒါပေမယ့် ဒီလောကီ အာရုံတွေ ခံစားတာကတော့ မရှိဘူး၊ ယောက်ျားအဖြစ်နဲ့လဲ မထင်ရှားဘူး၊ ပုံပန်းကတော့ ယောက်ျားမားမားကြီးပါပဲ၊ မိန်းမဆိုတာလဲ မရှိဘူး၊ အဲဒီ ရူပဗြဟ္မာက တက်ပြီးတော့ အရူပဗြဟ္မာကျတော့လဲ အဲဒီ ရုပ်တရားတွေပါ မရှိဘူး၊ သိပ်နည်းသွားတာပဲ၊ နာမ်တရားတွေ ချည်း ရှိတော့တယ်၊
အဲဒီ နာမ်တရားတွေက ဘာမျှ ကြီးကြီးကျယ်ကျယ် ခံစားတဲ့သဘောမျိုးလဲ မဖြစ်တော့ဘူး၊ ဒီတော့ ဖြည်းဖြည်း တက်တက် တက်တက်သွားတယ်၊ နောက် အဲဒီ အရူပဗြဟ္မာ အဆင့်အတန်းကို ကျော်လွန် မြင့်တက်သွားတဲ့ နိဗ္ဗာန်ဆိုတော့ ခုတင်က ရုပ်ရော နာမ်ရော အကုန်လုံးချုပ်တော့ ဒီကာမဂုဏ် ဆိုတာဟာ ပြောတောင် ပြောစရာ မလိုတော့ဘူး။
“ယတ္တ - အကြင် ရူပသဒ္ဒ, စသည့်အာရုံ ကာမဂုဏ်တို့၏ ချုပ်ရာ နိဗ္ဗာန်၌၊
ဧတေ - ဤရူပသဒ္ဒ စသည်အာရုံ ကာမဂုဏ်တို့သည်၊
နိရုဇ္ဈန္တိ - ကင်းပျောက်ချုပ်ငြိမ်း, ရုတ်သိမ်းကြလေကုန်၏၊
တံ စ - အရိယာအများ, လွန်လေးစားသည့် တရားမျက်ရှင်, ထိုကဲ့သို့သော နိဗ္ဗာန်နန်းခွင်ကိုကား၊
တေသံ - ထို ပုထုဇဉ်ဟု ဉာဏ်မြင်ပေတုံး, သတ္တဝါအားလုံးတို့သည်၊
ဒုက္ခသမ္မတံ - ခံစားဖွယ်ချက်မှ မရှိတွက်ကြောင့် သက်သက်ရှုပ်ချ ဒုက္ခဟုသမုတ်အပ် လေသတည်း”
ဒုက္ခလို့ သမုတ်ထားတယ်၊ ကြည့်စမ်း, ဘုန်းကြီးတို့ ပုထုဇဉ်တွေနဲ့ တစ်လမ်းကြီး တစ်လမ်းကြီး၊ အဲဒီလို ဒုက္ခလို့ သမုတ်ထားတော့ ဘုန်းကြီးတို့နဲ့ အရိယာဖြစ်ပြီးသား ဖြစ်တဲ့ သူတော်ကောင်းတွေနဲ့ ဘာဖြစ်နေသတုန်းလို့ဆိုတော့ -
“သက္ကာယဿ - ပရမတ္ထအားဖြင့် ထင်ရှားရှိတောင်း, ရုပ်နာမ် ခန္ဓာငါးပါးအပေါင်း၏၊
နိရောဓနံ - ကွယ်ပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော၊
တံ နိဗ္ဗာနံ - ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို၊
အရိယေဟိ - ဘုရားအစရှိတဲ့ အရိယာသခင်, သူတော်စင်တို့သည်၊
ဒိဋ္ဌံ - ဉာဏ်စက္ခု ဖြင့် စေ့ငုထင်ထင်, တွေ့မြင်အပ်လေပြီ”
အဲဒီလို အရိယာပုဂ္ဂိုလ်တွေကတော့ မြင်နေတယ်၊ ဘုန်းကြီးတို့ မမြင်တဲ့ နိဗ္ဗာန်ကို အရိယာ ပုဂ္ဂိုလ်တို့က မြင်နေတယ်၊
“တံ - ထိုနိဗ္ဗာနဓာတ်, တရားမြတ်ကို၊
ပဿတံ - ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင် တွေ့မြင်ကြကုန်သော အရိယာ သခင်တို့မှာ၊
သဗ္ဗလောကေန - အဝိဇ္ဇာတွင်, တဏှာယှဉ်၍၊ ဉာဏ်မြင်ပေတုံး, တစ်လောက လုံးနှင့်၊
ပစ္စနိကံ ဟောတိ - ကျောချင်းကပ်ယှဉ် ပြေးကြအင်သို့, အစဉ်ဆက်ဆက်, ဆန့်ကျင်ဘက်အနေ ဖြစ်ရလေတော့သတည်း”။
အရိယာနဲ့ ပုထုဇဉ် ဆန့်ကျင်
အရိယာတွေနဲ့ ဘုန်ကြီးတို့နဲ့ ပုထုဇဉ်တွေနဲ့ နေရာတိုင်း ဆန့်ကျင်ဘက်ဖြစ်တယ်၊ အဲဒါကို ဘုန်းကြီးက စဉ်းစားကြည့်တယ်။ နည်းနည်းသိတဲ့လူနဲ့ လုံးလုံးမသိတဲ့လူ ဒါလဲ ဆန့်ကျင်ဘက်ဖြစ်တယ်၊ တော်တော်များများ သိတဲ့လူနဲ့ နည်းနည်းသိတဲ့သူ, ဒါလဲ ဆန့်ကျင်ဘက် ဖြစ်နေတယ်၊ ဒီတော့ အကုန်လုံးသိတဲ့ ပုဂ္ဂိုလ်နဲ့ အကုန်လုံး မသိတဲ့ ပုဂ္ဂိုလ်တွေလဲ ဆန့်ကျင်ဘက်ဖြစ်ရမှာပဲ၊
ဘုန်းကြီးက ဒါလေး စဉ်းစားကြည့်တယ်၊ ကလေးကလေး ဘာမှမသိဘူး၊ မိဘက တော်တော်သိ၊ ကလေးကလေးက မတဲ့တာ စားချင်တယ်၊ မိဘက မစားနဲ့ ဟဲ့လို့ ဆိုတယ်၊ ကလေးကလေးက သဘောမကျဘူး၊ ပြန်ပြီးတော့ ပြောနိုင်လျှင် ပြောတယ်၊ မပြောနိုင်လျှင် ငိုတယ်၊
ဒါ နည်းနည်းသိတဲ့ သူနဲ့ လုံးလုံးမသိတဲ့လူ ဆန့်ကျင်တယ်၊ ကျောင်းထားချိန် အရွယ်ကျတော့ ကလေးကလေးက စာကောင်းကောင်း မသင်ချင်ဘူး၊ မိဘက သိပ်တတ်စေချင်တာပဲ၊ ဘာပြုလို့တုံး၊ မိဘက မြင်တယ်ကိုး၊ ကလေးက မမြင်ဘူး၊ မမြင်တော့ ကျောင်းသွား ပျင်းတယ်၊ စာသင် ပျင်းတယ်။ မိဘက ကျောင်းသွား စေချင်တယ်, စာသင်စေချင်တယ်။
သိသူနဲ့ မသိသူ ဆန့်ကျင်
ဒီတော့ တော်တော်ကလေး သိလာတဲ့ အချိန်တောင်မှ ဒီထက်ပိုသိတဲ့ အမိအဘနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ နောက်တော်တော်ကလေး အရွယ်ရောက်လို့ ပညာတွေ ဘာတွေ သင်ပြီးလို့ ဆိုပါတော့၊ အမိ အဘက သူ့အမြင်နဲ့ ဘယ်လိုအိမ်ရာနဲ့ နေရာချချင်တယ်၊ သူက ဒီလိုမဟုတ်ဘူး၊ သူ့အမြင်ကတစ်မျိုး ဖြစ်နေတယ်၊ တော်တော် ဆန့်ကျင်ဘက်ဖြစ်တယ်၊
ဘုန်းကြီးတို့ရဲ့ သာသနာတော်မှာလဲ ဆရာသမားကြီးတွေက အမြင်ကတစ်မျိုးမှ တပည့်တပန်းတွေက အမြင်က တစ်မျိုး၊ ခုနက တောင်ပေါ်ရောက်ပြီးသား လူနဲ့ တောင်အောက်ကလူ ငြင်းနေသလို ဆန့်ကျင်ဘက် ဖြစ်ကြတာပဲ၊ ဒီတော့ ဘုန်းကြီးက စဉ်းစားကြည့်တယ်၊ နိဗ္ဗာန်ကိစ္စကျတော့ ဒီသက္ကာယဆိုတဲ့ ခန္ဓာကိုယ် ကြီးက ချုပ်သွားတယ်၊
“သက္ကာယဿ - ပရမတ္ထအားဖြင့် ထင်ရှားရှိတောင်း, ရုပ်နာမ်ခန္ဓာငါးပါးအပေါင်း၏၊
နိရောဓနံ - ကွယ်ပျောက် ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော၊
တံ နိဗ္ဗာနံ - ထိုနိဗ္ဗာနဓာတ်,တရားမြတ်ကို၊
အရိယေဟိ - ဘုရားအစရှိတဲ့ အရိယာသခင်, သူတော်စင်တို့သည်၊
ဒိဋ္ဌံ - ဉာဏ်စဖြင့်, တွေ့ရှုထင်ထင် သိမြင်အပ်ပေပြီ”
အရိယာက ရုပ်နာမ်မရှိတာကောင်း
မြတ်စွာဘုရားက ထူးထူးခြားခြား မြင်ထားတယ်။ နိဗ္ဗာန်မှာ တဏှာ ကုန်ခန်း သွားတယ်၊ တဏှာ မရှိဘူး၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗဆိုတဲ့ ကာမဂုဏ်အာရုံ မရှိဘူး၊ အဲဒီ ကာမဂုဏ်အာရုံ မရှိရုံသာမကဘူး၊ ဒီရုပ် ဒီနာမ် ဒီခန္ဓာဆိုတဲ့ သက္ကာယလဲ မရှိဘူး၊
“သက္ကာယဿ - ပရမတ္ထအားဖြင့် ထင်ရှားရှိတောင်း, ရုပ်နာမ် ခန္ဓာငါးပါးအပေါင်း၏၊
နိရောဓနံ - ကွယ်ပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းရာဖြစ်သော၊
တံ နိဗ္ဗာနံ - ထိုနိဗ္ဗာနဓာတ်, တရားမြတ်ကို၊
အရိယေဟိ - ဘုရားအစရှိသော အရိယာသခင်, သူတော်စင်တို့သည်၊
ဒိဋ္ဌံ - ဉာဏ်စက္ခုဖြင့် စေ့ငုထင်ထင်, တွေ့မြင်အပ်လေပြီ၊
တံ - ထိုနိဗ္ဗာန ဓာတ်, တရားမြတ်ကို၊
ပဿတံ - ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင်, တွေ့မြင်ကြကုန်သော အရိယာအပေါင်း သူတော်ကောင်းတို့မှာ”။
အဲဒီ အရိယာပုဂ္ဂိုလ်တွေက ရုပ်နာမ်မရှိတာ ကောင်းတယ်။ ဘုန်းကြီးတို့က ရုပ်နာမ်များများ ရှိလေ, သဘောကျလေ၊ အဲဒီတော့ ဆန့်ကျင်ဘက်ကြီးဖြစ်လို့၊
“ပစ္စနိကံ ဟောတိ - ကျောချင်းကပ်ယှဉ်, ပြေးကြအင်သို့ အစဉ်ဆက်ဆက်, ဆန့်ကျင်ဘက်အနေ, ဖြစ်ရလေတော့သတည်း”
လို့ ကျောချင်းကပ်ပြီးတော့ ပြေးနေလိုက်တာ၊ တစ်ယောက်က တောင်ပြေးတယ်၊ တစ်ယောက်က မြောက်ပြေးတယ်၊ ကြာလေ ဝေးလေ, ကြာလေ ဝေးလေ၊ ဒီလိုပဲ ဘုရား, အရိယာ ပုဂ္ဂိုလ် အစရှိတဲ့ ပညာရှိတို့နှင့် ပုထုဇဉ်တွေ တဏှာသောင်းကျန်းသူ တွေနဲ့ ကြာလေ ဝေးလေ, ကြာလေ ဝေးလေ၊ ကြည့်လေ, တော် တော် သိတဲ့လူက ဒီလို အသောက်အစားတွေ မကောင်းဘူးတဲ့ ဆိုပြီးတော့ ရှောင်သွား၊ အဲဒါ အို-မင်းတို့ လူအတွေမို့ ရှောင်တာကိုးတဲ့၊ အဲဒီတော့ သိတဲ့လူနဲ့ မသိတဲ့လူဟာ ကျောချင်းကပ်ပြီးတော့ ပြေးနေသလိုပဲ အတော်လွဲနေကြတယ်။
နောက်ဆုံးပေါ့လေ၊ ခု လောကီရေးရာ နေရေးထိုင်ရေးတောင်မှ အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေက စီးပွား ဘယ်လိုရှာရတယ်, ဘယ်လို နေထိုင်ရတယ်, ဘယ်လို ပေါင်းသင်းဆက်ဆံရတယ်၊ မသိတဲ့လူက အဲဒီလိုလဲ စီးပွားမရှာတတ်ဘူး, အဲဒီလိုလဲ မပေါင်းသင်းတတ်ဘူး၊ ဒီတော့ အသိသမားနဲ့ မသိသမားဟာ နေရာတိုင်း ကွာတယ် ဆိုတာ ဘုန်းကြီးတို့က လက်တွေ့ကြည့်ပြီးတော့ မြတ်စွာဘုရားနှင့် တကွသော အရိယာပုဂ္ဂိုလ်တွေနဲ့ ဘုန်းကြီးတို့ ပုထုဇဉ်တွေဟာ နိဗ္ဗာန်ကိစ္စမှာ အတော်ကို ဝေးကြပါတယ်၊ အတော်ကို ကွာခြားကြပါတယ်။
နန္ဒမင်းသား
ဒါနဲ့ စပ်ပြီးတော့ ဘုန်းကြီး စဉ်းစားမိတယ်။ မြတ်စွာဘုရားဖြစ်တဲ့အခါ ကပ္ပိလဝတ်နေပြည်တော် ပထမ ရောက်တော့ နန္ဒမင်းသားကို မြတ်စွာဘုရားက ရဟန်းပြုပေးတယ်၊ နန္ဒမင်းသားရဲ့ ရဟန်းပြုပေးတဲ့အချိန်ကို စဉ်းစားရင် ယနေ့ “ဇနပဒကလျာဏီဆိုတာ အဲဒီနယ်မှာ အချောဆုံး အလှဆုံး မင်းသမီး”လို့ ဆိုလိုတယ်၊ အဲဒီ ဇနပုဒ်နယ်မှာ အလှဆုံး အချောဆုံး ဆိုတဲ့ မင်းသမီး၊ အဲဒီ ဇနပဒကလျာဏီမင်းသမီးနဲ့ လက်ထပ်မယ်၊ လက်ထပ်ပြီးတော့ အိမ်ရှေ့ထီးနန်းကို အပ်မယ်၊ အိမ်ရှေ့ထီးနန်းဆိုတဲ့ ထီးဖြူကို ဆောင်းရမယ်၊ အခြားအခြားသော နန်းသုံးမင်္ဂလာတွေ ဘာတွေ ကြုံရမယ်၊
လောကီဘက်က ကာမဂုဏ်မျက်စိနဲ့ ကြည့်လိုက်ရင် သိပ်ပြီး ထိပ်တန်းကျတာပဲ၊ ပြီးတော့ ခမည်းတော်ကြီး နတ်ရွာစံလို့ရှိရင် ရှင်ဘုရင်တက်ပြီးဖြစ်မယ်၊ ရှင်ဘုရင် တက်ဖြစ်ရုံတင် မကဘူး၊ သူ့ရဲ့ လက္ခဏာတွေ ဟောပြီးထားတဲ့ ပုဏ္ဏားတွေ အလို အားဖြင့် စကြာမင်းတောင် ဖြစ်နိုင်သေးတယ်၊ လောကီဘက်ကဖြင့် သူဟာ သိပ် အထက်တန်းကျတာပဲ၊
အဲဒါ ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းပြုပေးတယ်၊ ရဟန်းပြုပြီးတော့ ဘယ် အနေနဲ့ နေရမလဲ၊ ကမ္မဋ္ဌန်းကျောင်းနဲ့ နေရမယ်၊ ဆွမ်းခံပြီးတော့ စားရမယ်။ သင်္ကန်း သုံးလေးထည်လောက်နဲ့ နေရမယ်၊ အို-အကုန်လုံး လောကီဘက်ကဟာတွေ အကုန်လုံး ချုံးပစ်လိုက်တယ်၊ ချုံးပစ်လိုက်တော့ သင့်တော်ရုံကလေး နေရတယ်။
ဒီတော့ လောကီမျက်စိ သမားရဲ့ အကြည့်မျိုးနဲ့ကြည့်ရင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က နန္ဒမင်းသားကို မတန်မရာကြီး လုပ်ပစ်တယ်။
အကယ်၍များ နန္ဒ ရဟန်းမပြုရင်
ဒီတော့ဘုန်းကြီးတို့ လောကီအမြင်နဲ့ မြတ်စွာဘုရား ရွှေဉာဏ်တော်အမြင် ဘယ်လို ကွာခြားသွားသလဲ၊ ဟုတ်တယ်, နန္ဒ ရဟန်းပြု, သာသနာတော်ရောက်, ရဟန္တာဖြစ်၊
နောက်ဘဝ ပဋိသန္ဓေ မနေရတော့ဘူး၊
“ဇာတိပိ ဒုက္ခာ”ဆိုတဲ့ ဒုက္ခလဲ မတွေ့ရတော့ဘူး၊
“ဇရာပိ ဒုက္ခာ”ဆိုတဲ့ ဒုက္ခလဲ မတွေ့ရတော့ဘူး၊
“ဗျာဓိပိ ဒုက္ခာ မရဏံပိ ဒုက္ခံ”ဆိုတဲ့ ဒုက္ခတွေလဲ မတွေ့ရတော့ဘူး၊
“အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော”ဆိုတာလဲ မတွေ့ရတော့ဘူး၊
“ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော”လဲ မတွေ့ရတော့ဘူး၊
“ယံ ပိစ္ဆံ န လဘတိ, တံ ပိ ဒုက္ခံ”ဆိုတာလဲ နန္ဒ မတွေ့ရတော့ဘူး၊
အကယ်၍များ နန္ဒဟာ ရဟန်းမပြုဘဲ ထီးနဲ့နန်းနဲ့ စံစားပြီးတော့ နေလိုက်စမ်း, ခံစားလိုက်စမ်း၊ အချမ်းသာကြီး ချမ်းသာပြီးတော့ နန္ဒ နောက်ဆုံးတစ်ချိန် သေခါနီး အချိန် ဘာဖြစ်မလဲ၊ သူ့ ထီးနန်း သူစွန့်ရမယ်၊ သူ့ရဲ့ မိဖုရား မောင်းမမိဿံ အခြွေအရံတွေ သူ စွန့်ရမယ်၊
စွန့်ခါနီးကျလို့ရှိရင် “မရဏမ္ပိ ဒုက္ခံ”ဆိုတဲ့ ဒုက္ခမျိုးတွေနဲ့ တွေ့ကြုံပြီးတော့ အကြောင်းမသင့် အခွင့်မသာလို့ရှိရင် ဒီလောဘဇောတွေနဲ့ အပါယ်သွားရမယ်၊ လောဘဇောတွေ မဟုတ်လို့ ရိုးရိုး ကုသိုလ်ကံက ပစ်ချလို့ လူ့ပြည် ပြန်ရောက် လို့ရှိရင် “ဇာတိပိ ဒုက္ခာ”ပဋိသန္ဓေနေရတဲ့ ဒုက္ခတွေ သူတွေ့ရမယ်၊
အိုရတဲ့ ဒုက္ခတွေ နာရတဲ့ ဒုက္ခတွေ သေရတဲ့ ဒုက္ခတွေ တွေ့ရမယ်၊ သည်ဘဝ သေပြီးတော့ အကြောင်းမသင့် အခွင့်မသာလို့ရှိရင် ငရဲ ရောက်ရမယ်, တိရစ္ဆာန် ဖြစ်ရမယ်, ပြိတ္တာ ဖြစ်ရမယ်၊ ဒီဒုက္ခတွေနဲ့ သံသရာ ရှည်ပြီး ဒီရုပ်နာမ် ဒီခန္ဓာနဲ့ သံသရာထဲမှာ အဆုံးအသတ်မရှိအောင် ကျင်လည်ရဦးမယ်၊ ကျင်လည်နေသရွေ့ ဇာတိဒုက္ခ, ဇရာဒုက္ခ ဗျာဓိဒုက္ခ စပြီးတော့ ဒုက္ခပေါင်း သောင်းခြောက်ထောင် ဆိုတာကို တွေ့ရဦးမယ်။
နန္ဒအပေါ် ဘုရားအမြင်
ဒီတော့မြတ်စွာဘုရားရဲ့ အမြင်တော်က နန္ဒ ရဟန်းမပြုဘဲနဲ့သာ ထီးနန်းစည်း စိမ်တွေနဲ့ နေလိုက်လို့ရှိရင် တွေ့ရမယ့်ဒုက္ခတွေ ဘုရားရှင် ကိုယ်တော်မြတ်က မြင်တော်မူတယ်၊ ရဟန်းပြုပြီးတော့ ရဟန္တာဖြစ်တဲ့အခါ အဲဒီ ဒုက္ခတွေ အကုန်လုံး ပြုတ်ပြီးတော့ ဒီ မဂ်, ဖိုလ်, နိဗ္ဗာန်ဆိုတဲ့ တရားမြတ် တွေ့ရမယ်၊ ရုပ်နာမ်ခန္ဓာနဲ့ ပတ်သက်တဲ့ ဒုက္ခတွေ ဘာမျှ မရှိတော့ဘူး၊ မြတ်စွာဘုရားက အဲဒီလို မြင်တော်မူတယ်။
အဲဒီတော, နန္ဒအပေါ်မှာ မြတ်စွာဘုရားရဲ့ အမြင်ကတစ်မျိုး၊ အားလုံး သာကီဝင် မင်းမျိုးတွေရဲ့ အမြင်က တစ်မျိုး၊ အဲဒီလို ဖြစ်နေရတယ်။ ဒါတင်မကသေးဘူး, နောက်ရက်မကြာခင်ဘဲ ရာဟုလာ သတို့သား ကလေး အမွေတောင်း လိုက်လာ တော့ သားတော် ရာဟုလာကို လောကုတ္တရာအမွေ ပေးရမယ်လို့ အမိန့်ရှိပြီးတော့ အရှင်သာရိပုတ္တရာ က ခေါင်းရိပ်ပြီး ရှင်သာမဏေ ပြုပေးလိုက်တာယ်၊
ကိုင်း... အခု လူတွေရဲ့ အတွေးနဲ့ဆိုလို့ရှိရင် တကယ်ကို မတန်မရာ ပြုလုပ်ပေး တယ်၊ ဟိုတစ်ချိန်တုန်းကဆို ယသော်ဓရာ အတွေးနဲ့တောင်မှ သားတော်ကလေး ရှင်ပြုပေးတာကို မကျေနပ်ဘူး၊ သုဒ္ဓေါဒနမင်း ကြီးက သကဒါဂါမ် ဖြစ်ပြီးတာတောင် အားမရသေးဘူး၊ မကျေနပ်သေးဘူး၊ ဒီတော့ တကယ့် ထိပ်တန်းအမြင်နဲ့ အောက်တန်းက အမြင်ဟာ နေရာတိုင်းမှာ ကွာနေတယ်။
မကောင်း ကျောင်းပို့
ဘုန်းကြီးက ဒီတရားတော်နဲ့ စပ်ပြီးတော့ ထည့်စဉ်းစားတယ်၊ ခုလူတွေက သား ကလေးဆိုပါတော့ နှစ်ယောက်ရှိတယ်၊ တစ်ယောက်က သွက်သွက် လက်လက် ချက်ချက်ချာချာ ဉာဏ်နဲ့ သဘောနဲ့ စိတ်ကောင်း စေတနာကောင်းနဲ့ ၊ သတ္တိနဲ့ ဗျတ္တိနဲ့၊ တစ်ယောက်ကတော့ ရိုးရိုးအအ, အဲဒီ သားနှစ်ယောက် ရှိလို့ရှိရင် ဘယ်သားများ ရဟန်းပြုခွင့် ပေးမတုန်းဆိုရင်တော့ ရိုးရိုးအအဆိုတဲ့ သားကိုတော့ ရဟန်းပြုတော့၊ ဘာပြုလို့တုန်း၊ သူ လူရာဝင်အောင်နေဖို့ရာ တော်တော်ခဲယဉ်းတယ်၊
ဒီတော့ မင်း ရိုးရိုးအအဟာ ဘုန်းကြီးလုပ်သွားတာ ကောင်းတယ်လို့ အဲဒီလို အမြင်မျိုးနဲ့ မကောင်း ကျောင်းပို့ဆိုတဲ့နည်းနဲ့ ကျောင်း ပို့လိုက်ကြတာပဲ။
လောကကြီးနဲ့ အရိယာတို့အမြင်
တောရွာတွေ ဘာတွေမှာလဲ ဒီလိုပဲ၊ မြို့တွေပြတွေမှာ တော်တော် ပစ္စည်း တတ်နိုင်တဲ့သူက သား ရဟန်းပြုချင်တယ်ဆိုရင် သူတို့က ဒီကောင်ဟာ ဘာများ စိတ်ရူးပေါက်လာသလဲ၊ အမလေး - ရဟန်းပြုချင်တဲ့ စိတ်ကိုပဲ စိတ်ရူးပေါက်လာ သလို, လူရာမဝင်သလို၊ ဒီတော့ ဘုန်းကြီးက တို့သာသနာကြီးလေ ဘုရားရှင် ကိုယ်တော်မြတ် စကြာမင်းလောင်းကြီးက လက်ရှိထီးနန်းကို စွန့်ပြီးတော့ တည်ထောင်ခဲ့တဲ့ သာသနာတော်ကြီး၊
အဲဒီ သာသနာတော်ကြီးကို ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ညီ နန္ဒမင်းသားတို့လို, သားတော် ရာဟုလာတို့လို ညီတော် အနုရုဒ္ဓါတို့လို ညီတော် အာနန္ဒာတို့လို, ပြီးတော့ ဆွေတော် မျိုးတော် မစပ်ပေမယ့် အရှင်မဟာကဿပတို့လို စည်းစိမ်ရှင်ကြီးတွေ၊ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလ္လာန်တို့လို စည်းစိမ်ရော, ပညာရော ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေက ဝင်ပြီးတော့ သာသနာတော်တာဝန် ထမ်းလာလို့ ဒီသာသနာကြီး အခုအထိ တွေ့ ရတယ်၊
ယခုကျတော့ သာသနာတော်ကို စည်းစိမ်ရှင်က ဆိုရင်လဲပဲ မတန်မရာလုပ်၊ တော်တော်လေး တတ်တဲ့ သားကလေးဆိုရင်ပဲ သာသနာတော် မပေးနိုင်ပါဘူးလို့၊ ဒီလို ဖြစ်လာတော့ ဒီလောကကြီးနဲ့ အရိယာပုဂ္ဂိုလ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး တို့ရဲ့ အမြင်ဟာ ကျောချင်းကပ်ပြီးတော့ ပြေးနေသလိုပဲ ဆိုတဲ့ တရားကို သွားပြီးတော့ စဉ်းစားမိတယ်။
လူတွေအမြင်နဲ့ ဘုရားလမ်းစဉ်
ဒါကြောင့် ဘုန်းကြီးက ဒီသာသနာဟာ နောင် သိပ်ပြီးတော့ ပျော်စရာ မလွယ်ဘူး၊ လက်ရှိပုဂ္ဂိုလ်တွေ သဒ္ဓါတရား ထက်သန်အောင် ကြိုးစားမှ, လက်ရှိပုဂ္ဂိုလ်တွေ ဉာဏ်ရှိအောင် ကြိုးစားပြီးတော့ ထားခဲ့မှ ဒီသာသနာ တော်တော်ကြာကြာ ဆက်လို့ ရမယ်၊ ဒီလို မဟုတ်လို့ရှိရင် လူတွေရဲ့ အမြင်နဲ့ သာသနာတွင်းနေကြတဲ့ တချို့ ပုဂ္ဂိုလ်တွေရဲ့ အမြင်နဲ့ဆိုလို့ရှိရင် ဒီသာသနာဟာ တဖြည်းဖြည်း မှေးမှိန် မှေးမှိန်ပြီးတော့ ကွယ်ရလိမ့်မယ်လို့ အဲသလို မြင်နေတယ်၊
ဘာပြုလို့လဲဆိုတော့ “လူတွေရဲ့ မြင်ပုံနဲ့ မြတ်စွာဘုရား ချထားခဲ့တဲ့ စည်းမျဉ်းနဲ့က တစ်ဖက်တစ်လမ်း ဖြစ်နေလို့ပဲ၊ ယခု သာသနာတော်ကောင်း ရောက်လာတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလဲ မြတ်စွာဘုရား ချထားခဲ့တဲ့ စည်းမျဉ်းကို မလိုက်ဘဲနဲ့ လောကီ လူတို့ရဲ့ စည်းမျဉ်းတွေကို လိုက်လို့ဆိုတော့ ဒီသာသနာဟာ ဘုရားအလိုတော်ကျ ကြာရင် ဖြစ်တော့မှာ မဟုတ်တဲ့အပြင် ကွယ်တော့မှာပဲ”လို့ အဲဒီလို မြင်နေတယ်၊
ကဲ-ကဲ နိဗ္ဗာန်အကြောင်း ပြောရာက အမြင်ချင်းမတူတဲ့အကြောင်းကို ဘုန်းကြီး ပြောတယ်။ ဒါကြောင့် မြတ်စွာဘုရားက-
သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊
ယတ္ထ စေ တေ နိရုဇ္ဈန္တိ, တံ တေသံ ဒုက္ခသမ္မတံ။
သဒေဝကဿ - ဗြဟ္မာသိကြား, သတ္တဝါများနှင့်တကွဖြစ်သော၊
လောကဿ - ပုထုဇဉ်ဟု, ဉာဏ်မြင်ပေတုံး, တစ်လောကလုံးသည်၊
ဧတေ - ရူပသဒ္ဒ, စသည့်အာရုံ, ဤကာမဂုဏ်တို့ကို၊
သုခသမ္မတာ - ချမ်းသာဖွယ်ကောင်း, အကောင်းကြီးဟူ၍ သမုတ်အပ်ကုန်၏၊
ယတ္ထ - အကြင်ရူပသဒ္ဒ, စသည့်အာရုံ, ကာမဂုဏ်တို့၏ ချုပ်ရာဖြစ်တဲ့နိဗ္ဗာန်၌၊
ဧတေ - ဤ ရူပသဒ္ဒ, စသည့်အာရုံ, ကာမဂုဏ်တို့သည်၊
နိရုဇ္ဈန္တိ - ကင်းပျောက်ချုပ်ငြိမ်း, ရုပ်သိမ်းကြလေကုန်၏၊
တံ စ - ကာမဂုဏ် အားလုံး, ပြုတ်ပြုတ်ပြုန်း၍ ဆုံးရာအမှန်, ထို မြတ်နိဗ္ဗာန်ကိုကား၊
ဒုက္ခသမ္မတံ - ခံစားဖွယ်ချက် မရှိတွက်ကြောင့်, သက်သက်ရှုတ်ချ၍ ဒုက္ခဟု သမုတ်အပ်လေသတည်း။
သာဓု...သာဓု...သာဓု …။
ရှာဖွေစောင့်ရှောက်
ထိန်းသိမ်းရတဲ့ဒုက္ခ
ဒီခံစားဆိုတဲ့ဥစ္စာကိုက လူတွေ သေသေချာချာ မစဉ်းစားလို့သာ၊ သုခခံစားမယ် ဆိုရင်ပဲ ခံစားရအောင် ရှာရတယ်၊ ရူပါရုံ ခံစားတယ်ဆိုတဲ့ သူက အဲဒီ ရူပါရုံမျိုးကို အမြဲအစွဲ ခံစားရအောင် ရှာရတယ်၊ အဲဒီ ရှာရတဲ့ ဒုက္ခတွေ သူသတိမထားလို့မို့ ခံစားတဲ့ သုခကလေးကို သူ အရသာ ယူပြီးတော့နေတာ၊
ပြီးတော့ ခံစားတဲ့ ရူပါရုံက ပျက်စီးတော့ ဝမ်းနည်းပက်လက် သောကတွေဖြစ်လို့၊ ငိုကြွေးရတဲ့ ပရိဒေဝတွေဖြစ်လို့၊ အဲသလိုပေါ့လေ ကာမဂုဏ်တွေဟာက ခံစားတယ် လို့ဆိုပေမယ့် ရှေးက ရှာဖွေရတဲ့ဒုက္ခမှ နောက်ကို စောင့်ရှောက်ထိန်းသိမ်းရတဲ့ဒုက္ခ ပျက်စီးတဲ့အခါကျတော့ ဝမ်းနည်းပက်လက်ငိုကြွေးရတဲ့ဒုက္ခ၊ ဝမ်းနည်းရတဲ့ ဒုက္ခ, အဲဒီ ဒုက္ခတွေက ရှေ့ရော နောက်ရော ညှပ်နေတယ်။
အာရုံကောင်းပေမယ့်
ဆက်တိုက် မခံစားနိုင်
ပြီးတော့ အဲဒီ သုခတွေက ကောင်းတယ်လို့ ဆိုလို့ရှိရင် (ဥပမာဆိုပါတော့) ရှင်ဘုရင် တစ်ယောက်ဟာ အာရုံတွေကကောင်းလွန်းလို့ ခံစားလိုက်တာ တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် ဆက်နိုင်ရဲ့လား၊ မဆက်နိုင်ပါဘူး၊
ကဲ-ပွဲကြည့်တာပဲ ဆိုပါတော့၊ အင်မတန်ကောင်းတဲ့ပွဲ ယနေ့အထိ နေ့လည် ဆက်ကြည့် ကြည့်နိုင်ရဲ့လား၊ မကြည့်နိုင်ပါဘူး၊ အိပ်ချင်လာတယ်၊ ညဆက်ကြည့် ကြည့်နိုင်ရဲ့လား၊ နေ့လည်က မအိပ်ရရင် ညဆက်မကြည့်နိုင်ဘူး၊
ဒီလိုဆိုလို့ရှိရင် သူတို့ အာရုံတွေ ကောင်းတယ်ဆိုတာဟာ သေသေချာချာ မကောင်းလို့ပေါ့။ ဘေးက ဒုက္ခတွေ၊ နောက်လာမယ့် ဒုက္ခတွေ, အစတုန်းက ကြုံရတဲ့ ဒုက္ခ, ရှာရတဲ့ ဒုက္ခတွေ၊ အဲဒီ ဒုက္ခတွေ ပတ်ဝန်းကျင် ဝိုင်းနေလို့ ကောင်းကောင်း မကောင်းလို့ ဆက်ပြီးတော့ မခံစားနိုင်ဘူး။
နိဗ္ဗာန်မြင်တဲ့ အရိယာများ
ဟို-နိဗ္ဗာန်များ မြင်ရတဲ့ အရိယာပုဂ္ဂိုလ်တွေကျတော့ နိရောဓသမာပတ် ဝင်စားလိုက်, တစ်ခါတစ်ခါ ဖလသမာပတ် ဝင်စားလိုက်၊ ဖလသမာပတ် ဝင်စားတယ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုပြီး ဖိုလ်စိတ်လို့ခေါ်တဲ့ စိတ်တွေချည်း ဆက်ဆက်ဖြစ်နေတာ၊ သည့်ပြင် ဘာစိတ်မှ မဖြစ်ဘူး၊
အဲဒီ ဖိုလ်စိတ်တွေချည်း တစ်ဆက်တည်း ဖြစ်နေတဲ့အချိန်မှာ အာရုံကလဲ နိဗ္ဗာန်အာရုံ တစ်မျိုးတည်းသာ ရှိတယ်၊ သည့်ပြင် ဘာအာရုံမှ ဝင်လို့ မရနိုင်ဘူး၊ အဲဒီတော့ စိတ်ကလဲ ဖိုလ်စိတ် တစ်မျိုးတည်း၊ အာရုံကလဲ နိဗ္ဗာန်အာရုံ တစ်မျိုး တည်းဆိုတော့ သိပ်ပြီးတော့ ငြိမ်သက် တည်ကြည်နေတယ်။
အစာအတွက် ခုနှစ်ရက်သာ
ရဟန္တာပုဂ္ဂိုလ်ကြီး ဖလသမာပတ် ဝင်စားနေပြီဆိုရင် နိဗ္ဗာန်ကိုချည်းပဲ အာရုံပြုနေတယ်၊ နိဗ္ဗာန်ချည်း ထင်နေတယ်၊ ဘယ်လောက်ကောင်းသလဲ၊ ဘယ် နှစ်ရက်လောက် ဝင်စားနိုင်သလဲ၊ ခုနစ်ရက် ဝင်စားနိုင်တယ်၊ လူ့ ပြည်မှာ အစာ အတွက်ကြောင့်, အစာအတွက်ကြောင့် နိဗ္ဗာန်က အီသွားမှာ မဟုတ်ဘူး၊ နိဗ္ဗာန်ကတော့ အာရုံပြုလို့ ကောင်းရက်ပဲ၊
အစာ မစားရင် မဖြစ်နိုင်လို့ ခုနစ်ရက်ဝင်စားနိုင်တယ်လို့ပြောတာ၊ အကယ်၍များ အစာ မစားဘဲ နေနိုင်မယ်ဆိုရင် တစ်သက်လုံး ဝင်စားနိုင်တယ်၊ မြတ်စွာဘုရားများ တရားဟောတုန်းမှာ ပရိသတ်က သာဓု ခေါ်နိုင်တယ်ဆိုပါတော့ အဲဒီ သာဓုခေါ်တဲ့ အချိန်ကလေးမှာ ဖလသမာပတ် ဝင်စားတော်မူသေးတယ်၊ နိဗ္ဗာန် အာရုံပြုတော် မူတယ်။
နိဗ္ဗာန်အရသာ
ဘယ်လောက် နိဗ္ဗာန်အရသာရှိသလဲ၊ ဘယ်လောက် နိဗ္ဗာန် ကောင်းသလဲ စဉ်းစားကြည့်၊ ပရိသတ်က သာဓုခေါ်ပြီးသည်နှင့် တစ်ပြိုင်နက် သမာပတ်က ထပြီးတော့ တရား ဆက်ဟောတော်မူတယ်၊ အဲဒီလောက် နိဗ္ဗာန်အရသာ ရှိတယ်၊
ဒီနိဗ္ဗာန်ဟာ ဘုန်းကြီးတို့ ပုထုဇဉ်ရဲ့ အတွေးနဲ့ တွေးလို့မရတာဟာ ပုထုဇဉ်တွေမှာ နိဗ္ဗာန်အရသာကို မသိနိုင်အောင် တဏှာက ဖုံးလွှမ်းထားလို့ပဲ။ တဏှာသာ ကုန်သွားလို့ရှိရင် နိဗ္ဗာန်အရသာသိတာပဲ၊
ဒီတော့ ဘုန်းကြီး တို့က တဏှာကုန်အောင် တရားအားထုတ်ကြမှသာ ဖြစ်မယ်၊ အဲဒီ နိဗ္ဗာန်မှာ ဇာတိဒုက္ခ ရှိသလားလို့ ဒုက္ခနဲ့ ပြန်ပြီးတော့ စဉ်းစားကြည့်၊ ဇာတိဒုက္ခ မရှိဘူးနော်၊ ကောင်းတယ်၊ ဇရာဒုက္ခ ရှိသလားမှ မရှိဘူးနော်၊ ကောင်းတယ်၊ ဗျာဓိဒုက္ခ ရှိသလား, မရှိဘူးနော်၊ မရဏဒုက္ခ ရှိသလား၊ အဲသလို လျှောက်ပြီးတော့ ဒုက္ခရဲ့ စစ်တမ်းကြည့်တော့ နောက်ဆုံး -
“သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ဒုက္ခာ”
“သံခိတ္တေန - အကျဉ်းချုပ်အားဖြင့်၊
ပဉ္စ - ငါးပါးကုန်သော၊
ဥပါဒါနက္ခန္ဓာ - ဥပါဒါန်တရားတို့၏ စွဲလမ်းရာဖြစ်တဲ့ ရုပ်နာမ်ခန္ဓာတို့သည်၊
ဒုက္ခာ - ဆင်းရဲကြောင်းတို့ပေတည်း”
ဆိုတဲ့ အဲဒီ ဥပါဒါနက္ခန္ဓာဒုက္ခ ရှိသလား, မရှိဘူး၊ ဒီလိုဆိုလို့ရှိရင် နိဗ္ဗာန်ကြောင့်တော့ ဘာဒုက္ခမှ မဖြစ်ဘူး၊ တဏှာကြောင့်သာ ဖြစ်တယ်၊ တဏှာကြောင့်ဖြစ်တဲ့ ဒုက္ခတွေဟာ နိဗ္ဗာန် ရောက်တော့ မရှိတော့ဘူး၊ အဲဒါကြောင့် တဏှာအကြွင်းမဲ့ ချုပ်ပျောက်ရာတရား,ကုန်ဆုံးရာတရားဟာ နိဗ္ဗာန်ပဲလို့ စဉ်းစားပြီးတော့ -
သုခံ ဒိဋ္ဌ မရိယေဟိ, သက္ကာယဿ နိရောဓနံ၊
ပစ္စနိကမိဒံ ဟောတိ, သဗ္ဗလောကေန ပဿတံ။
သက္ကာယဿ - ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမ်ခန္ဓာ ဟူသော သက္ကာယ အပေါင်း၏၊
နိရောဓနံ - ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော၊
သုခံ - နိဗ္ဗာနဓာတ် ချမ်းသာမြတ်ကို၊
အရိယေဟိ - ဘုရားအစရှိသော အရိယာအပေါင်း, သူတော်ကောင်းတို့သည်၊
ဒိဋ္ဌံ - ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင်, တွေ့မြင်အပ်ပေပြီ၊
တံ - ထိုအရိယာအပေါင်း, သူတော်ကောင်းတို့ တွေ့မြင်အပ်တဲ့ နိဗ္ဗာန်ကို၊
ပဿတံ - မျက်ဝါးထင်ထင် တွေ့မြင်ရကုန်သော အရိယာအပေါင်း, သူတော် ကောင်းတို့မှာ၊
သဗ္ဗလောကေန - အဝိဇ္ဇာတွင်, တဏှာဝင်၍ ဉာဏ်မြင်ပေတုံး, တစ်လောကလုံးနှင့်၊
ပစ္စနိကံ ဟောတိ - ကျောချင်းကပ်ယှဉ်, ပြေးကြအင်သို့, အစဉ်ဆက်ဆက်, ဆန့်ကျင်ဘက် အနေနဲ့ ဖြစ်ရလေတော့သတည်း။
သာဓု...သာဓု...သာဓု …။
နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်မှ
ဒီတော့ ဘုန်းကြီးတို့ စဉ်းစားကြည့်ရမယ်၊ ဒီဒုက္ခကို ဒုက္ခလို့ မမြင်လို့ရှိရင် အဲဒီနိဗ္ဗာန်ရဲ့ သုခကို မသိဘူး၊ တဏှာက ကပ်သပ်ပြီးတော့ ကျန်နေလို့ရှိရင် အဲဒီနိဗ္ဗာန်ရဲ့ သုခကို မသိဘူး၊ ဒီတော့ကာ နိဗ္ဗာန်ကို မျက်ဝါးထင်ထင် မြင်ချင်လို့ရှိရင် နိဗ္ဗာန် ရောက်ကြောင်းဖြစ်တဲ့ တရားကို ကျင့်မှ, နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ လမ်းကို လိုက်နေမှ နိဗ္ဗာန်ကို မြင်တယ်၊
ဒါကြောင့် ယခု မြတ်စွာဘုရား ဟောတော်မူတဲ့ နိဗ္ဗာန်ကို ပါရမီပြည့်ပြည့်နဲ့လိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ မြတ်စွာဘုရားနဲ့တွေ့လို့ နိဗ္ဗာန်မြင်ကြတယ်၊ ဟို ပါရမီ မရှိသေးတဲ့ ပုဂ္ဂိုလ်တွေလဲပဲ ပါရမီပြည့်လာပြီ ဆိုတော့ မြတ်စွာဘုရားက နည်းနည်းကလေး ဉာဏ်မျက်စိ ဖွင့်ပေးလို့ရှိရင် နိဗ္ဗာန်ကို မြင်တယ်။
၇-နှစ်သမီး ဝိသာခါ
ဟိုရှေးတုန်းက ဝိသာခါတို့ ၇-နှစ်သမီး နိဗ္ဗာန် မြင်တယ်၊ ၇-နှစ်သမီးဆိုတော့ လွယ်လွယ်ကလေးနဲ့ မြင်တာပါလားလို့ ပြောစရာ ဖြစ်နေတယ်၊ ဒါပေမယ့် ၇-နှစ် သမီး နိဗ္ဗာန်မြင်ပါမယ် ဆိုတဲ့အကြောင်း ဘယ်လောက် ပါရမီဖြည့် ကြိုးစားလာ ခဲ့သလဲ၊ ကမ္ဘာပေါင်း တစ်သိန်းလောက် ကြိုးစားရတယ်။
ကမ္ဘာပေါင်းတစ်သိန်းတုန်းက ဘာကိုကြိုးစားလာခဲ့ သလဲ၊ နိဗ္ဗာန်မြင်ပြီးသားဖြစ်တဲ့ အရိယာသူတော်ကောင်းတွေ အားကျပြီးတော့ မြတ်စွာဘုရားရဲ့ ကျောင်းအမကြီး ဖြစ်ရပါလိုရဲ့ လို့ ဆုတောင်း ပြီးတော့ ဘဝတိုင်း ဘဝတိုင်း ပါရမီဖြည့်လာခဲ့တယ်၊
အဲဒီ ဘဝတိုင်း ပါရမီဖြည့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ဟောဒီနိဗ္ဗာန် မြင်တာပဲ၊ နည်းနည်းကလေး မြတ်စွာဘုရား ဟောလိုက်တယ်ဆိုရင် နိဗ္ဗာန်ကို မြင်တာပဲ၊
ဒါကြောင့် မြတ်စွာဘုရား ဟောတဲ့အခါ လွယ်လွယ်ကလေး မြင်တယ်လို့ ဆိုပေမယ့် ဒီလို လွယ်လွယ်ကလေး မြင်ဖို့ ပါရမီတွေ အများကြီး စုဆောင်းပြီးတော့ လာခဲ့တယ်၊ ဒါကြောင့် -
ယံ န ဒိဋ္ဌံ ပုရာဏေဟိ, တိတ္တိကာစရိယေဟိပိ၊
တံ ပဒံ သတ္တဝဿာဟိ, ကုမာရီဟိပိ ဝေဒိတံ။
ပုရာဏေဟိ - ဘုရားမပွင့်ခင်, ရှေးယခင်က, လူတွင်ကျော်ကြား, ထင်ရှားကြ ကုန်သော၊
တိတ္ထိကာစရိယေဟိပိ - အယူဝါဒ, ကိုယ်တိုင်စ၍, ဂဏဦးစီး, တိတ္ထိဆရာကြီး တို့သော်မှလည်း၊
ယံ ပဒံ - ရောက်သင့် ရောက်ထိုက်, ဉာဏ်အမြင်ဆိုက်မှ တိုက်ရိုက်သိရန်, အကြင် မြတ်နိဗ္ဗာန်ကို၊
န ဒိဋ္ဌံ - တွေးလိုက်ကြံလိုက်, အမှန်ဆိုက်အောင်, သိုက်မြိုက်ထင်ထင်, မသိမမြင် အပ်ခဲ့ချေ။
ဘုရားသာ မပွင့်လျှင်
ရှေးတုန်းကဘုရားသာ မပွင့်ဘူးဆိုလို့ရှိရင် သူတို့ခေတ်နဲ့ သူတို့ တိတ္ထိဆရာကြီးတို့ ဆိုတာ အလွန်ထင်ရှားတယ်၊ တိတ္ထိဆိုလို့ မိစ္ဆာဒိဋ္ဌိကြီးတွေပဲလို့များ အထင်မမှား လိုက်နဲ့၊ မြတ်စွာဘုရား ကိုယ်တိုင် ဘုရားလောင်းဘဝတုန်းက ဆရာနည်းခံယူခဲ့ဖူးတဲ့ အာဠာရရှင်ရသေ့ကြီးတွေ, ဥဒကရှင်ရသေ့ကြီးတွေမှ တကယ့်ပညာရှိကြီးတွေ ဂိုဏ်းရဲ့ ဦးစီးနာယကကြီးတွေ။
ဈာန်သမာပတ် ရကြပေမယ့်
“ပုရာဏေဟိ - ဘုရားမပွင့်ခင်, ရှေးယခင်က, လူတွင်ကျော်ကြား, ထင်ရှားကြ ကုန်သော၊
တိတ္ထိကာစရိယေဟိပိ - အယူဝါဒ, ကိုယ်တိုင်စ၍, ဂဏဦးစီး, တိတ္ထိဆရာကြီး တို့သော်မှလည်း၊
ယံ ပဒံ - ရောက်သင့် ရောက်ထိုက်, ဉာဏ်အမြင်ဆိုက်မှ တိုက်ရိုက်သိရန်, အကြင် မြတ်နိဗ္ဗာန်ကို၊
န ဒိဋ္ဌံ - တွေးလိုက်ကြံလိုက်, အမှန်ဆိုက်အောင်, သိုက်မြိုက်ထင်ထင်, မသိမမြင် အပ်ခဲ့ချေ။”
အဲဒီ အာဠာရ၊ ဥဒကစတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အကျင့်သီလဘက်ကရော ဉာဏ်ပညာ ဘက်ကရော အလွန်ထက်မြက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ၊ သူတို့ဟာ လောကီတရားအနေနဲ့ ဆိုရင် အရူပဈာန်သမာပတ်အထိ ရပြီးသား, သာမန်ပုဂ္ဂိုလ်တွေ မဆိုထားနဲ့ အဲဒီ ပုဂ္ဂိုလ်ကြီးတွေတောင်မှ မဂ် ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ လောကုတ္တရာတရားဘက် တက်နိုင်တဲ့နည်းလမ်းကို မရကြလို့ နိဗ္ဗာန်ကို မမြင်နိုင်ကြဘူး။
န ဒိဋ္ဌံ - တွေးလိုက်ကြံလိုက်, အမှန်ဆိုက်အောင်, တိုက်ရိုက်ထင်ထင်, မသိမမြင် အပ်ခဲ့ချေ၊
တံ ပဒံ - ရောက်သင့်ရောက်ရန်, ဧကန် ထင်ရှားရှိတဲ့ ထိုနိဗ္ဗာန်တရားကို၊
သတ္တဝဿာဟိ - ခုနစ်နှစ်အရွယ် ငယ်ရှာကြကုန်သေးသော၊
ကုမာရီဟိပိ - ရှေးဘုန်းရှေးကံ, ကုံတံမြင့်ပြီး အမျိုးသမီးတို့သော်မှလည်း၊
ဝေဒိတံ - ရှင်တော်ဘုရား ဟောတရားကြောင့်, မျက်ဝါးထင်ထင်, တွေ့မြင်အပ်ခဲ့ လေပြီတကား။
တဏှာလက်ရှိ နိဗ္ဗာန်အရသာ မသိ
ဒီတော့ ဒီနိဗ္ဗာန်ဟာ အင်မတန်လဲ ခက်တယ်၊ ဒီ အင်မတန် ခက်တာကလဲ ဘုန်းကြီးတို့ရဲ့ တဏှာက ကမ္ဘာ့ကမ္ဘာက အနမတဂ္ဂသံသရာက ပါလာတော့ ဒီတဏှာရဲ့ အလိုကျ မဟုတ်ဘဲကိုး၊ ဒီတဏှာကလဲ လောကီအာရုံတွေများမှ သဘောကျတယ်၊ အဲဒီတဏှာ ကုန်ခန်းမှ နိဗ္ဗာန်မြင်မယ်ဆိုတော့ ဘုန်းကြီးတို့က တဏှာလဲ လက်ရှိနဲ့ အာရုံငါးပါးတွေကို သဘောကျတဲ့ လက်ရှိနဲ့ဆိုတော့ ခုနက တောင်ပေါ်မရောက်တဲ့ သူကို တောင်ပေါ်ရောက်တဲ့ သူက ပြောလို့မယုံနိုင်သလို ဖြစ်နေတယ်။
အဲ-ဘုန်းကြီးတို့ တဖြည်းဖြည်း တက်တက် တက်တက်ပြီးတော့ သီလရော, သမာဓိရော, ပညာရော၊ အဲသလို တက်တက် တက်တက် ပြီးတော့ သွားရမယ့် အပြင် မိမိတို့ ရှေးကလဲပဲ ကုသိုလ်ပါရမီတွေ စုဆောင်းပြီးတော့ လာခဲ့ဦးမှ၊
ဒါဖြင့် ကုသိုလ်ပါရမီတွေ တပည့်တော်တို့ အကယ်၍ မရှိရင် ဒီဘဝ ဒီလမ်းကို မတက် ရတော့ဘူးလို့ဆိုတာ ဘယ်ဟုတ်မလဲ၊ ရှေးက ကုသိုလ်ပါရမီရှိလို့ ဒီလမ်းတက်ချင် လာတာ၊ ရှေးကုသိုလ်ပါရမီ မရှိတဲ့လူတွေဟာ ဒီလမ်း တက်ပါဆိုလို့ကို မတက်ချင်ဘူး။
နိဗ္ဗာန်ကို စိတ်ကမှန်း
ဒီတော့ ဘုန်းကြီးက နည်းနည်းလေး အားရတာက နိဗ္ဗာန်ကို မြင်တော့ မမြင်သေးဘူး၊ ဒါပေမယ့် စိတ်ကတော့ နိဗ္ဗာန်ဆီကို ညွတ်နေတယ်၊ နိဗ္ဗာန်ဆီကို မှန်းနေတယ်၊
ဥပမာဆိုပါတော့ ဒုက္ခတစ်ခုခု ဖြစ်လာပြီဆိုရင် “ဒီရုပ်တရား နာမ်တရားတွေ ရှိလို့သာ ဒီဒုက္ခနဲ့ တွေ့ရတာ၊ နိဗ္ဗာန်မှာတော့ ရုပ်တရား နာမ်တရားတွေ မရှိလို့ ဒီဒုက္ခတွေ မရှိ တော့ဘူး၊ သိပ်ချမ်းသာမှာပဲ၊ နိဗ္ဗာမ်မှာတော့ သိပ်အေးမြမှာပဲ, သိပ်ကောင်းမှာပဲ” အဲဒီလို နိဗ္ဗာန်ကို စိတ်နဲ့ မှန်းပြီး မြင်နိုင်တယ်၊
ဒီလိုမှန်းပြီး မြင်နိုင်ရင်ကိုပဲ တရားဓာတ်ခံဟာ တော်တော်ကလေး အဆင့်အတန်း မြင့်လာပြီလို့ ဆိုရမယ်။
တပည့်သံယောဇဉ်
တစ်ခါတုန်းက ဘုန်းကြီးရဲ့ တပည့် ကိုရင်တစ်ပါး အပြင်းအထန် မကျန်းမမာ ဖြစ်နေ တယ်၊ ပတ်ဝန်းကျင်မှာလဲ ဝမ်းရောဂါ ဖြစ်နေခိုက်ဆိုတော့ ကိုရင်ကလဲ အဲဒီရောဂါ ခပ်ဆန်ဆန် ဖြစ်နေတယ်၊ အပြင်းအထန် မမာတော့ တာဝန်က ရှိတယ်ကိုး၊ ဒါသားသမီး မဟုတ်သေးဘူး၊ ဘုန်းကြီးကို ယုံကြည်လို့ သူ့ဆရာများက အပ်ထားတယ်၊ ဘုန်းကြီးကို ယုံကြည်လို့ သူ့ မိဘများက အပ်ထားတယ်၊
ကိုရင်ကလဲ အရည်အချင်းက ခပ်ကောင်းကောင်း, ဉာဏ်ကလဲ ခပ်ရှိရှိ၊ ဒီလိုဆိုရင် မတော်တဆ ပျက်စီးသွားရင် သူ့ဆရာများက ကျေနပ်မှာ မဟုတ်ဘူး၊ သူ့မိဘများ ကလဲ ကျေနပ်နိုင်စရာ မရှိဘူး၊
အဲသလို အနေမျိုးရောက်နေတော့ ဘုန်းကြီးက သန်းခေါင်လောက် နိုးပြီးတော့နေတုန်း ဒီလို စဉ်းစားမိတယ်၊
သူတို့ရှိလို့ ဒီလို ဒုက္ခဖြစ်တာ, သူတို့မရှိရင် ငါဒါလောက် တာဝန်ကြီးတဲ့ဒုက္ခမျိုး မဖြစ်ဘူး၊ သူတို့မရှိရင် ကောင်းမယ်၊ သူတို့ မရှိရင်ကော ငါချည်း ရှိနေမလား၊ ငါရယ်လို့ ရှိနေပြန်တော့လဲ အမိရယ် အဘရယ်လို့ ရှိနေမှာပဲ၊ အဲဒါကြောင့် ငါချည်း ရှိတာလဲ မကောင်းပါဘူး၊ သူတို့လဲမရှိ ငါလဲမရှိဆိုတဲ့ မရှိမျိုးဟာ သိပ်ကောင်း တာပဲလို့ စဉ်းစားမိတယ်။
နိဗ္ဗာနံ ပရမံ သန္တံ, သန္တ သန္တေဘိ ပတ္ထိတံ၊
ဒုက္ခိနော ဒုက္ခမာသန္နေ, တဿ ရသော ပကာသတေ။
အမှတ်တရ ဒီဂါထာ ဘုန်းကြီးရေးတယ်၊ ဒီဒုက္ခကြောင့် ညဉ့်မှာ ဒီဂါထာရေးတယ်။
“ပရမံ သန္တံ - ဇာတိကွာကွင်း, ဇရာရှင်း၍, နာခြင်းသေရေး အရှည်ဝေးလျက်, အအေးဓာတ်တုံး, မပြတ်သုံးဖို့ အမြတ်ဆုံးမှန်သည့် သန္တိလက္ခဏာ, ငြိမ်သက် လှစွာသော”
“ပရမံ သန္တံ - ဇာတိ ကွာကွင်း, ဇရာရှင်း၍”
ဇာတိလဲ မရှိဘူး၊ ဇာတိရှိမှ ဇရာရှိမယ်, ဇာတိရှိမှ မရဏရှိမယ်၊ လူပဋိသန္ဓေ နေရမှ လူအို အိုပြီးတော့ လူသေ သေတာ, လူပဋိသန္ဓေ မနေရလို့ရှိရင် လူအိုကို မအိုဘူး, လူသေကို မသေဘူး၊ တိရစ္ဆာန်ပဋိသန္ဓေ နေရလို့ တိရစ္ဆာန် အို, တိရစ္ဆာန် နာ, တိရစ္ဆာန် သေဆိုတာရှိတယ်၊ နတ်ပဋိသန္ဓေ နေရလို့ နတ်ထုံးစံအတိုင်း သေရတယ်၊ အို, နာ မထင်ရှားပေမယ့် နတ်ထုံးစံ အတိုင်း သေရတယ်၊ ဗြဟ္မာဇာတိရှိမှ ဗြဟ္မာ ထုံးစံအတိုင်း သေရတယ်။
သုခနှစ်မျိုး
“ပရမံ သန္တံ - ဇာတိကွာကွင်း, ဇရာရှင်း၍ နာခြင်းသေရေး, အရှည်ဝေးလျက်”
ဇာတိမှ မရှိဘဲနဲ့ ဇရာ ဘယ်ရှိမလဲ, ဘယ်မှာ ဗျာဓိ ရှိမလဲ, ဘယ်မှာ သေမလဲ မရဏရှိမလဲ။
“ပရမံ သန္တံ - ဇာတိကွာကွင်း, ဇရာရှင်း၍ နာခြင်းသေရေး, အရှည်ဝေးလျက်, အအေးဓာတ်တုံး, မပြတ်သုံးဖို့ အမြတ်ဆုံးမှန်သည့် သန္တိလက္ခဏာ, ငြိမ်သက် လှစွာသော” သုခနှစ်မျိုး ရှိတယ်၊
ခံစားတဲ့ သုခ၊ ယခု ခံစားနေတာဟာ မကောင်းဘူး မဆိုလိုဘူး၊ အများသဘောအရ ကောင်းတယ်လို့ ဆိုရမှာပဲ၊ သို့သော်လဲ ရှေ့ရော နောက်ရော ဒုက္ခတွေ ညှပ်နေလို့၊ ပြီးတော့ ခံစားတဲ့ စိတ်ဓာတ်ကိုကလဲ ဖြစ်ပျက်နေတဲ့ မကောင်းဒုက္ခမို့လို့ မကောင်းဘူးလို့ သတ္တုချရမယ်၊
ပြီးတော့ သန္တိသုခဆိုတဲ့ သုခတစ်မျိုး ရှိသေးတယ်၊ အဲဒီ သန္တိသုခကတော့ အဲဒီလိုကို ခံစားတဲ့သုခမဟုတ်ဘူး၊ အလွန်အေးမြတယ်၊ သန္တိ-အေးမြတယ်ဆိုတာ ဘာအေး တာလဲဆိုတော့ ဇာတိဒုက္ခ အေးတယ်, ဇာတိမီး ငြိမ်းတယ်၊ ဇရာဒုက္ခ အေးတယ်, ဇရာမီး ငြိမ်းတယ်၊ ဗျာဓိဒုက္ခ အေးတယ်, ဗျာဓိမီး ငြိမ်းတယ်၊ မရဏဒုက္ခ အေးတယ်, မရဏဒုက္ခမီး ငြိမ်းတယ်၊
“ပရမံ သန္တံ - ဇာတိကွာကွင်း, ဇရာရှင်း၍ နာခြင်းသေရေး, အရှည်ဝေးလျက်, အအေးဓာတ်တုံး, မပြတ်သုံးဖို့ အမြတ်ဆုံးမှန်သည့် သန္တိလက္ခဏာ, ငြိမ်သက် လှစွာသော၊
နိဗ္ဗာနံ - တစ်ဆယ့်တစ်သီး, မီးအဆူဆူ, အပူဓာတ်ကိန်း တစ်ဇာတ်သိမ်း၍ ပြတ်ငြိမ်းရာမှန်, အေးနိဗ္ဗာန်ကြီးကို၊
သန္တသန္တေဘိ - သူတော်သေတ္တု အနှစ်စုသည့် ယခုရှေးခေတ်, ပညာရှိအစစ် တို့သည်၊
အဘိပတ္ထိတံ - လောကီဇာတ်ကြော, ဓာတ်သဘောကို ခပ်ပေါပေါထင်မြင်၍, ခင်မင် တောင့်တအပ်ခဲ့လေပြီ”
ရုပ်နာမ်ရဲ့ အပြစ်တွေ့မြင်လို့ နိဗ္ဗာန်တောင့်တရတယ်၊ ဒီနိဗ္ဗာန် တောင့်တတာကလဲ ဒီရုပ်နာမ်တွေဒုက္ခကို မြင်ပြီးတော့ အပြစ်တွေ ထင်နေမှ တောင့်တလို့ကောင်းတယ်၊ နိဗ္ဗာန်ရဖို့ တရားအားထုတ်တဲ့ နေရာကျတော့လဲ -
“အဒ္ဓါ ဣမာယ ပဋိပတ္တိယာ ဇရာမရဏမှာ ပရိမုစ္စိဿာမိ”
“အဒ္ဓါ - မချွတ်ဧကန် အမှန်စင်စစ်၊
ဣမာယ ပဋိပတ္တိယာ - ယခု တရားအားထုတ်တဲ့ အကျင့်ပဋိပတ်ဖြင့်၊
ဇရာမရဏမှာ - အိုနာသေရေး ဒုက္ခဘေးမှ၊
ပရိမုစ္စိဿာမိ - လွတ်မြောက်ရပေတော့မည်”
ငါဟာ ဒီတရားအားထုတ်တယ်၊ ဒီအကျင့် ကျင့်တယ်၊ အဲဒါကြောင့် အို, နာ, သေ, ဒုက္ခဘေး ဧကန်မုချ လွတ်မြောက်တော့မယ်လို့ အဲဒီလို ဒုက္ခရဲ့ အပြစ်ကိုမြင်ပြီး ဒုက္ခက တကယ်လွတ်မြောက်ချင်တဲ့စိတ်နဲ့ နိဗ္ဗာန်ကို ရည်မှန်းတောင့်တပြီး အားထုတ်ရမယ်။
ဒုက္ခပြည့်ညပ် အပ်ချစရာမရှိ
▬▬
“ဒုက္ခိနော - တစ်ရံတစ်ခါ, မခံသာအောင်, ဖန်လာစုပုံ, ဒုက္ခတွေ ကြုံ၍နေသော ပုထုဇဉ်လူပြိန်းအား၊
ဒုက္ခမာသန္နေ - ဇာတိမကင်း အကြောင်းရင်းကြောင့် ပေါင်းသင်းရှုပ်ပြန် ရုပ်နာမ်ချင်းတွဲ ဆင်းရဲမုချ ဒုက္ခ၏ အနီး၌၊
တဿ ရသော - သူလဲ မပါ, ငါလဲ မရှိ ဇာတိလဲကင်း, ဇရာရှင်း၍၊ နာခြင်းမှာဝေး, အေးတကြည်ကြည်, အားလုံးကုန် ကိန်းခန်းဆိုက်သဖြင့် ငြိမ်းချမ်းလိုက်မယ့် နိဗ္ဗာန်၏ အနှစ်အဆီသည်”လို့ “တဿ ရသော - သူလဲမပါ”
ဒီဒုက္ခရောက် နေတဲ့အခါကျတော့ သူတို့ကြောင့် ဒုက္ခရောက်တယ်၊ ဒီဆရာသမား လုပ်ပြီးတော့ တပည့် တပန်းတွေနဲ့ နေတော့ ဒီ တပည့်တပန်းတွေကြောင့် ဒုက္ခရောက်တာ၊ သူတို့မရှိရင် ကောင်းမယ်၊ ဒီလိုဆိုရင် သူတို့မရှိတော့ကော ငါချည်း ရပ်တည်လို့ ဖြစ်မလားဆိုတော့ အဖေ အမေ ဆွေမျိုးရယ်လို့ ရှိရပြန်တယ်၊ ငါ့ရုပ် ငါ့နာမ် ငါ့ခန္ဓာချည်းပဲ ရပ်တည်လို့ မဖြစ်ဘူး၊ အဲဒါကြောင့် ငါလဲ မရှိမှကောင်းတယ်။
“ဒုက္ခိနော - တစ်ရံတစ်ခါမှ မခံသာအောင်, ဖန်လာစုပုံ, ဒုက္ခတွေ ကြုံ၍နေသော ပုထုဇဉ်လူပြိန်းအား”
မစဉ်းစားလို့ပါ၊ တစ်နေ့တုန်းက ဘုန်းကြီး ဒုက္ခခန်း ပြောခဲ့တယ်၊ ဒုက္ခတွေ အပ်ချစရာ မရှိဘူး၊ ဒုက္ခတွေ, ဇာတိ, ဇရာ, ဗျာဓိ, မရဏဒုက္ခတွေ ပြည့်ညပ်လို့ အပ်ချစရာ မရှိဘူး၊ ဒုက္ခတွေဟာ တစ်ခါတည်း မောမောပန်းပန်းချည်းပဲ။ ပစ္စည်းရှာဖွေရင် တော့လဲ မောမောပန်းပန်းကြီး၊
တစ်နေ့တုန်းကပဲ ကျောင်းဒကာကို ဘုန်းကြီး ပြောလိုက်သေးတယ်၊ ဘုန်းကြီးလဲ မောမောပန်းပန်းနဲ့ သာသနာ့တာဝန်ကို ရွက်ဆောင်နေတယ်၊ သက်သက်သာသာ ချည်း ချမ်းချမ်းသာသာချည်း ရွက်ဆောင်တာ မဟုတ်ဘူး၊ တကယ်ကို မောမော ပန်းပန်း၊
ကျောင်းဒကာကလဲ ဒီ သာသနာပြုချင်တဲ့ အနေမျိုးနဲ့ ကျောင်း ဘာလိုတယ်, ကျောင်း ဘာထောက်မယ်ဆိုပြီး အစစအရာရာ ဆောင်ရွက်ရလို့ ကျောင်းဒကာ ကလဲ မောမောပန်းပန်း။
.
ရုပ်နာမ်ရှိသရွေ့ ဒုက္ခတွေ့
▬▬
ဒုက္ခိနော - တစ်ရံတစ်ခါမှ မခံသာအောင်, ဖန်လာ စုပုံ, ဒုက္ခတွေ ကြုံ၍နေသော ပုထုဇဉ်လူပြိန်းအား၊
ဒုက္ခမာသန္နေ - ဇာတိမကင်း အကြောင်းရင်းကြောင့် ပေါင်းသင်းရှုပ်ပြန်, ရုပ်နာမ်ချင်းတွဲ, ဆင်းရဲ မုချ ဒုက္ခ၏ အနီး၌”
ကိုယ့်ကိုယ်တိုင်က ရုပ်နာမ်ခန္ဓာ ဒုက္ခတုံး၊ ကိုယ်နဲ့စပ်တဲ့ တပည့်တစ်ပါးရှိတယ်၊ သူလဲ ရုပ်နာမ်ခန္ဓာ ဒုက္ခတုံး၊ အဲဒါကြောင့် နှစ်ပါးရှိရင် နှစ်ပါးအတွက် ဒုက္ခတွေ့ရမယ်၊ ၂၀-ရှိရင် ၂၀-အတွက်, ၂၀၀-ရှိရင် ၂၀၀-အတွက် ဒုက္ခတွေ များများ လာတယ်၊
လူတွေမှာလဲ သားတွေ သမီးတွေ မြေးတွေ မြစ်တွေ များရင် များသလောက် ဒုက္ခတွေ့ရတယ်၊ အဲဒီတော့ ပထမဆုံး ငါကိုယ်တိုင်ရှိနေတာ, ငါရယ်လို့ ဖြစ်နေတာ ကိုက မကောင်းဘူး။ ငါရှိနေတော့ ငါနဲ့ ပတ်သက်တဲ့ သူတို့တစ်တွေ တိုးလာ ပြန်တယ်။ သူတို့တစ်တွေလို့ခေါ်တဲ့ ရုပ်နာမ်ခန္ဓာဒုက္ခတွေ ယှဉ်တွဲလာပြန်တယ်
လူတွေမှာလဲပဲ ဇနီးမယား သမီးသားဆိုတဲ့ ဒုက္ခတွေနဲ့ တွေ့ရပြန်တယ်။ မြေးရယ် မြစ်ရယ်ဆိုတဲ့ ဒုက္ခတွေနဲ့ တွဲရပြန်တယ်၊ စီးပွားရယ် ဥစ္စာရယ်နဲ့ မရှာမကောင်းလို့ ရှာရပြန်တယ်၊ ရှာတော့လဲ မောလို့၊ ရှာပြီးတော့လဲ ထိန်းသိမ်းရစောင့်ရှောက် ရတာပန်းလို့၊ မတော်တဆ တစ်စုံတစ်ခုသော အကြောင်းကြောင့် ပျက်စီးသွားရင်လဲ ဝမ်းနည်းလို့။
“ဒုက္ခိနော - တစ်ရံတစ်ခါမှ မခံသာအောင်, ဖန်လာစုပုံ, ဒုက္ခတွေ ကြုံ၍နေသော ပုထုဇဉ်လူပြိန်း၏”
တစ်ခါတစ်ခါ ဒီခန္ဓာကိုယ်ကြောင့် မကျန်းမမာဖြစ်တဲ့အခါကျတော့ တစ်နေ့တုန်းက ဗျာဓိဒုက္ခ ပြောခဲ့သလို ဘာမျှ မသက်သာဘူး၊ ခုဟာ ကိုယ့်ကိုယ်တိုင် မခံရဘဲနဲ့ ကိုယ်နဲ့စပ်တဲ့သူတွေ တကတည်း သေလုမျောပါး ဖြစ်လို့ ကိုယ့်မှာ စိတ်ဆင်းရဲရတဲ့ ဒုက္ခတွေကို ပြောနေတာ၊ ကိုယ်ကိုယ်တိုင်ခံရတော့ကော သက်သာရဲ့လား, ဒါလဲ မသက်သာဘူး၊
“ဒုက္ခိနော - တစ်ရံတစ်ခါမှ မခံသာအောင်, ဖန်လာစုပုံ, ဒုက္ခတွေကြုံ၍နေသော ပုထုဇဉ် လူပြိန်းအား၊
ဒုက္ခမာသန္နေ - ဇာတိမကင်း, အကြောင်းရင်းကြောင့် ပေါင်းသင်းရှုပ်ပြန် ရုပ်နာမ်ချင်းတွဲ, ဆင်းရဲမုချ ဒုက္ခ၏ အနီး၌၊
တဿ ရသော - သူလဲ မပါ, ငါလဲ မရှိ”
ဒုက္ခအနီးမှာ နိဗ္ဗာန် ထင်ရှားလာတယ်၊ ဒုက္ခရဲ့ အနီးနားမှာ ကပ်ပြီးတော့ နိဗ္ဗာန် ပေါ်လာမယ်၊ ဘယ့်နှယ်ပေါ်လာတာတုံး၊
“တဿ ရသော - သူလဲ မပါ, ငါလဲ မရှိ”
နိဗ္ဗာန်မှာ သူလဲမပါ (သူဆိုတဲ့ ရုပ်နာမ်ခန္ဓာလဲ မပါဘူး၊) ငါလဲ မရှိ (ငါဆိုတဲ့ ရုပ်နာမ်ခန္ဓာလဲ မရှိဘူး, မပါဘူး၊) ဒါဖြင့်ရင် သူရယ် ငါရယ်လို့ မရှိတော့ ဇာတိကော ရှိဦးမလား, ဇရာကော ရှိဦးမလား, ဗျာဓိကော ရှိဦးမလား ဆိုတော့ အဲဒါတွေနဲ့ အလွန်ကို ဝေးလို့ -
“တဿ ရသော - သူလဲ မပါ, ငါလဲ မရှိ ဇာတိလဲကင်း ဇရာရှင်း၍ နာခြင်းမှဝေး, အေးတကြည်ကြည် အားလုံးကုန် ကိန်းခန်းဆိုက်သဖြင့် ငြိမ်းချမ်းလိုက်မယ့် နိဗ္ဗာန်၏ အနှစ်အဆီသည်၊
ပကာသတေ - တတွေး တတွေး, တရေးရေးနှင့် တအေးအေး လမ်းပြသကဲ့သို့ မှန်းဆတိုင်း ထင်ရှားလေတော့သတည်း”။
သာဓု...သာဓု...သာဓု …။
နိဗ္ဗာန်အေးမြ ရည်မှန်းဆ
▬▬
ဒီတော့နိဗ္ဗာန်ကို ပုထုဇဉ်အမြင်မျိုးနဲ့ အကြမ်းကြည့်လို့ မရဘူး၊ တွေးတွေးပြီး ကြည့်တော့မှ ဟုတ်တယ်, ရုပ်နာမ်မရှိတာ ကောင်းတယ်၊ ဒီလိုဆိုရင် အာရုံငါးပါးတွေ ခံစားစရာတွေ မရှိတာကောင်းတယ်၊ ဒီလိုဆိုရင် အတွင်းက တဏှာ ပြတ်သွားတာ ကောင်းတယ်၊
အဲသလို သဘောပေါက်ပြီး သကာလ ထပ်ပြန်တလဲလဲ နိဗ္ဗာန်ရဲ့ (ဥပသမာ နုဿတိ) အေးမြပုံတွေကို တွေ့ပြီးတော့ ဟုတ်တယ်, အေးမြပေလိမ့်မယ်, နိဗ္ဗာန်ဟာ အင်မတန် အေးမြပေလိမ့်မယ်၊ ပြီးတော့ ဒီရုပ်နာမ် တွေရဲ့ အပြစ်တွေ တွေးလို့, ပတ်ဝန်းကျင် အပေါင်းအသင်းတွေ တွေးလို့, စီးပွားဥစ္စာ ရှာရဖွေရ ထိန်းသိမ်းရတာတွေ ပျက်စီးသွားတာ တွေးလို့၊ အဲဒါတွေ တွေးပြီးတော့ ဧကန္တ နိဗ္ဗာန်သာ ကောင်းပေလိမ့်မယ်လို့၊ အဲသလို တရားသဘောအားဖြင့် နိဗ္ဗာန်ကိုတော့ ကိုယ်စီကိုယ်ငှ သဘောကျဖို့ ကောင်းမယ်နော်၊
အဲသလို သဘောကျ ပြီးသကာလ ဘာပဲလုပ်လုပ် ဒါနပဲ ပြုပြုမူ ဘုရားပဲ တည်တည်၊ ကျောင်းပဲ ဆောက်ဆောက်, သတ္တဝါတွေကိုပဲ ကျွေးမွေးကျွေးမွေး၊
“ဣမာယ ပဋိပတ္တိယာ - ဤကောင်းမြတ်တဲ့ အကျင့်ပဋိပတ်ဖြင့်၊
(ဒါနပဋိပတ်ဖြင့်, သီလပဋိပတ်ဖြင့်, ဘာဝနာပဋိပတ်ဖြင့်)
ဇရာ မရဏမှာ - အိုနာသေရေး, ဒုက္ခဘေးမှ၊
ပရိမုစ္စိဿာမိ - ဧကန်မုချ လွတ်မြောက်ရပေတော့မည်”
လို့ အဲဒီလို စိတ်က မှန်းထားရမယ်။ ပြီးတော့ ဘုရားအစရှိတဲ့ သူတော်ကောင်းတို့ ဒီဒုက္ခဘေးက လွတ်မြောက်တော်မူကြတယ်၊ ငါလဲပဲ ဒုက္ခဘေးက လွတ်မြောက်တဲ့ နိဗ္ဗာန်လမ်းကို တစ်နေ့ တစ်လှမ်း, တစ်နေ့ တစ်လှမ်းဆိုသလို လှမ်းသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားအားထုတ်ရင်း, ဘုရား ရှိခိုးရင်း
“အဒ္ဓါ ဣမာယ ပဋိပတ္တိယာ ဇရာမရဏမှာ ပရိမုစ္စိဿာမိ”
ဒီအကျင့် ပဋိပတ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရတော့မည်၊ ယခုလို တရားတွေ နာပြီးတော့ တရားဓာတ်ပြားတွေ နားထောင်ပြီးတော့ နေရင်း စိတ်ထဲက မြတ်စွာဘုရားကို လက်အုပ်ချီလို့
“ဤအကျင့် မြတ်ဖြင့် ဇရာ, မရဏမှ လွတ်မြောက်ရတော့မည်”
လို့ အဲသလို ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခတွေ မြင်ပြီးတော့ ဒီဒုက္ခ ဆရာဖြစ်တဲ့ နိဗ္ဗာန်ကို ငါလဲ ဧကန်မုချ မျက်မှောက်ပြုရ မယ်လို့ အဲသလို သဘောထားပြီးသကာလ နိဗ္ဗာန်ကိုသာ အာရုံပြုပြီးတော့ ဥပသမာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းပွားများဖို့ရန် ကြိုးစားနိုင်ကြစေကုန်သတည်း။
သာဓု...သာဓု...သာဓု …။
တတိယနေ့ ပြီး၏။
…
ဓမ္မစကြာတရားတော်
စတုတ္ထနေ့
သာသနာတော်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခုနှစ်က ဟောကြားတော်မူသည်။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
မဂ္ဂသစ္စာ ဟောကြားခြင်း
▬▬
ယနေ့ မဂ္ဂသစ္စာအခန်း ရောက်လာတယ်၊ မဂ္ဂသစ္စာကိုပဲ သတ်သတ် ယနေ့ ပြီးကောင်း ပြီးလိမ့်မယ်ထင်တယ်၊ ဘုန်းကြီးရဲ့ ဝါဒအတိုင်း ဘယ်တရားများမဆို တိတ်တိတ် ဆိတ်ဆိတ် လေ့လာရတာဟာ အင်မတန်ကောင်းတယ်၊ ဒါကြောင့် ဒီတရားနာတော့လဲ တောထဲ ရောက်နေကြတယ်လို့ သဘောထားပြီး နာယူကြပါ။ ဘုန်းကြီးကလဲ တောထဲမှာပဲ စိတ်ကို ရောက်အောင်ထားပြီး ဟောနေပါတယ်။
သန္ဒမာနဒကော သန္တော, ဖလပုပ္ဖောပသောဘိတော၊ သဉ္ဆန္နော နီလရုက္ခေဟိ, ပီနေတိ အဿမော မမ။
သန္ဒမာနဒကော - ငွေသောင်ကမ်းခြေ, အပန်းဖြေဖို့ စမ်းရေအလျဉ်, တသွင်သွင်နှင့်, အစဉ်မပြတ်, စီးသွားရာအရပ်လည်း ဖြစ်ပေထသော၊
သန္တော - လူသံတိတ်ချိန် ဆိတ်ငြိမ်အေးမြသော အရပ်လည်း ဖြစ်ပေထသော၊
ဖလပုပ္ဖောပသောဘိတော - သုံး၍မကုန်, သီးပွင့်စုံဖြင့်, ဖုံဖုံ မြင့်ကြွယ်, တင့်တယ် ပေထသော၊
နီလရုက္ခေဟိ - စိမ်းတစိုစို, ညိုတမှောင်မှောင်, ခိုရောင်မြသွေး, ကမ္ဘာ့ဆေးဖြင့်, အလှရေးသည့် အသွင်, သစ်ပင်ပိတ်ပေါင်းတို့သည်၊
သဉ္ဆန္နော - အပူမခ, မြူမကြွဖို့ သူကကယ်မည်, ငါကယ်မည်ဟု, ရည်ရွယ်သည့် အနေ ဖုံးလွှမ်းအပ် ပေထသော၊
အဿမော - ယခုလိုကံ, ကုသိုလ်ဖန်သဖြင့် အရံသင့် အစွမ်းကုန်, စခန်းစုံအောင်, တွေ့ရတဲ့ သင်္ခမ်းကျောင်းကလေးသည်။
မမ - ငါ၏၊
မနံ - မနောကြည်ကြည်, သဘောတည်လျက်, တောမှီလိုရိပ်, ယောဂီစိတ်ကို၊
ပီနေတိဝတ - ဝါဂွမ်းဆီထိ, အကြည်ပြည့်လို့ ပီတိဓာတ်ခိုး, မပြတ်တိုးလျက်, မြတ်နိုး နှစ်သက်နိုင်ပေစွတကား။
သာဓု...သာဓု...သာဓု …။
လူသံတိတ်ချိန် ဆိတ်ငြိမ်အရပ်
▬▬
ဘုန်းကြီးတို့ ရောက်နေကြတဲ့ ကျောင်းသင်္ခမ်း ကလေးရဲ့ အနီးအပါးမှာ ဘုန်းကြီးတို့ တစ်တွေ တရားစကားပြောလို့ နေကြတယ်၊ ကျောင်းသင်္ခမ်းရဲ့ ပတ်ဝန်းကျင် အခြေအနေက ဘယ်လိုရှိသလဲလို့ဆိုတော့
“သန္ဒမာနဒကော - ငွေသောင်ကမ်းခြေ အပန်းဖြေဖို့ စမ်းရေအလျဉ် တသွင်သွင်နှင့်, အစဉ်မပြတ်, စီးသွားရာ အရပ်လည်း ဖြစ်ပေထသော”
ဘုန်းကြီးတို့ ကမ္မဋ္ဌာန်းကျောင်းရဲ့ ခပ်လှမ်းလှမ်းမှာ ကြည့်လိုက်လို့ ရှိရင် စမ်းရေ ကလေးတွေ စီးလို့၊ တစ်ခါတစ်ခါ ညနေပိုင်းတို့ အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း စမ်းရေနားရောက်လို့၊
“သန္ဒမာနဒကော - ငွေဆောင်ကမ်းခြေ အပန်းဖြေဖို့စမ်းရေအလျဉ် တသွင်သွင်နှင့်, အစဉ်မပြတ်, စီးသွားရာအရပ်လည်း ဖြစ်ပေထသော”
ညနေပိုင်း သင်္ကန်းကလေး သေသေသပ်သပ် ညီညီညာညာ ဝတ်လို့, ရုံလို့၊ လူဝတ်ကြောင်တွေက ဝတ်ဖြူစင်ကြယ်နဲ့ သန့်သန့်ရှင်ရှင်းနဲ့ အဲသလို ဖြစ်နေပြီးတော့ ဘုန်းကြီးတို့ ညနေပိုင်းများ ဒီလမ်းလျှောက်ရင်း စမ်းရေလေးများ ကြည့်လို့၊
“သန္ဒမာနဒကော - ငွေသောင်ကမ်းခြေ, အပန်းဖြေဖို့ စမ်းရေအလျဉ်, တသွင်သွင်နှင့် အစဉ်မပြတ်, စီးသွားရာအရပ်လည်း ဖြစ်ပေထသော၊
သန္တော - လူသံတိတ်ချိန် ဆိတ်ငြိမ်အေးမြသော အရပ်လည်းဖြစ်ပေထသော”
တိတ်လို့ လူသံ သူသံ ဘာမျှ မကြားရဘူး၊
“သန္တော - မြို့ရွာလူသံ, မဆူညံသဖြင့်”
မြို့ရွာထဲက အသံနဲ့ဝေးလို့ ဘာမျှ မကြားရဘူး၊
“သန္တော - မြို့ရွာလူသံ, မဆူညံသဖြင့် လူသံတိတ်ချိန်, ဆိတ်ငြိမ်အေးမြသော အရပ်လည်းဖြစ်ပေထသော”
တိတ်တိတ် ဆိတ်ဆိတ် ဒါ ရှေးပုဂ္ဂိုလ်တွေ ဒီလမ်းအတိုင်း သွားကြတယ်။
.
တေမိမင်းသား
ဆွံ့အ-ယောင်ဆောင်
▬▬
အားလုံး ကြားဖူးတဲ့ တေမိမင်းဟာ ဒီလို တောထဲ ဒီလို နေချင်လွန်းလို့ တစ်ဆယ့် ခြောက်နှစ်လုံးလုံး ထီးနန်းထဲမှာ ပြုစုယုယတဲ့ လူတွေရဲ့ ကြားထဲ အ-ယောင် ဆောင်ပြီးတော့ နေတယ်။ မသွားမလာနိုင်တဲ့ အဆွံ့ယောင်ဆောင်ပြီးတော့ နေတယ်၊ ဒါဒီလို တောကလေး လိုချင်လို့ ဒီလို တောင်ကလေး လိုချင်လို့, ထီးထဲနန်းထဲ မပျော်လို့ တောထဲကျတော့ စိတ်ချမ်းသာလို့မို့ ကန်စွန်းရွက်ပြုတ် ကလေး စားလို့ အသားအရေတွေ ပြည့်ဖြိုးလို့, အင်မတန် သပ္ပာယ်လာတယ်၊
“သန္တော - မြို့ရွာလူသံ, မဆူညံဘဲ လူသံတိတ်ချိန် ဆိတ်ငြိမ် အေးမြသော အရပ်လည်း ဖြစ်ပေထသော၊
ဖလပုပ္ဖောပသောဘိတော - သုံး၍မကုန် သီးပွင့်စုံဖြင့် ဖုံဖုံမြင့်ကြွယ်, တင့်တယ် ပေထသော”
အသီးကလေးတွေကလဲ တောအလိုက် မာလကာသီးတို့လို တောမှာ ပေါက်နေတဲ့ ငှက်ပျောသီးတို့လို အဲဒီလို စားစရာ အသီးကလေးတွေ သုံးမကုန်ပါဘူး၊ နည်းနည်း ပါးပါး ရနိုင်ပါရဲ့၊
“နီလရုက္ခေဟိ - စိမ်းစိမ်းစိုစို, ညိုညိုမှောင်မှောင်ရှိတဲ့ သစ်ပင်ပိတ်ပေါင်းတို့က၊
သဉ္ဆန္နော - အမြဲမပြတ်, ဖုံးလွှမ်း၍ နေအပ်ပေထသော”
ခပ်လှမ်းလှမ်း စိမ်းလို့ သစ်ပင်တွေကဖုံးလို့ ဖုံလဲ မထဘူး, ပူလဲ မပူဘူး၊ ဒီလို နေရာ ရှေးသူတော်ကောင်းတွေ တောထွက်လို့ ကျင့်ကြတယ်။ ဒီရဟန်းသံဃာ ရသေ့ ရဟန်း မဟုတ်ဘဲနဲ့ ရှင်ဘုရင်ဘဝက တောထွက်သွားတဲ့ ပုဂ္ဂိုလ်တွေလဲ ဟိုကျ ရသေ့လုပ်ပြီးတော့ ဒီလို နေရာမျိုးမှာ နေကြတယ်၊
“အဿမော - ယခုလိုကံ, ကုသိုလ်ဖန်သဖြင့် အရန်သင့် အစွမ်းကုန် စခန်းစုံအောင် တွေ့ရတဲ့ သင်္ခမ်းကျောင်းကလေးသည်”
ရေနဲ့ သစ်သီးဝလံနဲ့ အင်း-အရိပ်အာဝါသနဲ့ အင်မတန် ပျော်စရာကောင်းတယ်၊ အဲသလို နေရာမှာ ဘုန်းကြီးတို့ အခုရောက်နေကြတယ်၊ ဘယ်မြို့ ဘယ်ပြည်နဲ့မှ နှိုင်းယှဉ်လို့မရအောင် စိတ်ထဲ ကြည်နူးစရာ ကောင်းတဲ့နေရာ ဘုန်းကြီးတို့ ရောက်နေကြတယ်၊ အဲဒီ နေရာမှာ ယနေ့ မြတ်စွာဘုရားရဲ့ လေးကြိမ်မြောက် ဟောတော်မူတဲ့ မဂ္ဂသစ္စာကို စဉ်းစားကြစို့။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
.
သစ္စာလေးစုံ ဟောပုံအစဉ်
▬▬
ဒီ မဂ္ဂသစ္စာဆိုတာ ပထမတုန်းက အဓိပ္ပာယ်ပြောခဲ့တဲ့ မဇ္ဈိမပဋိပဒါ ဆိုတဲ့ အကျင့်ပါပဲ၊ ဒီအကျင့်ကို ဒီနေရာမှာ မဂ္ဂသစ္စာအဖြစ်နဲ့ ဘုရားရှင်ကိုယ်တော်မြတ် ထပ်ပြီးတော့ ဟောတော်မူပြန်တယ်၊
“ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ ခေါ ပန - ဤဆိုအပ်လတ္တံ့သော အကြောင်းအရာသည်ကား၊
ဒုက္ခနိရောဓဂါမိနီ - ဒုက္ခ၏ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော၊
ပဋိပဒါ - အကျင့်ဖြစ်သော၊
အရိယသစ္စံ - အရိယာအဖြစ်ကို ပြုတတ်တဲ့ မဂ္ဂသစ္စာတစ်ပါးတည်း”
မြတ်စွာဘုရားက သစ္စာလေးပါးကို ဟောတော်မူတဲ့အခါမှာ လောကုတ္တရာ နယ်ပယ်မှာ ရောက်တော့ နိရောဓသစ္စာကို ရှေးဦးစွာ ဟောတော်မူတယ်၊ ဒီ နိရောဓသစ္စာဆိုတာ အကျိုးသစ္စာ၊ ပြီးတော့မှ ဒီ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို ရောက်ကြောင်းအကျင့်ဆိုတဲ့တရားက ဟောဒီ မဂ္ဂသစ္စာပဲလို့ အကြောင်းကို ဒုတိယ ပြတယ်၊
ဒါကြောင့် လောကီနယ်မှာ အကျိုးသစ္စာ, အကြောင်းသစ္စာ နှစ်ပါး၊ အကျိုးသစ္စာက ဒုက္ခသစ္စာ, အကြောင်းသစ္စာက သမုဒယသစ္စာ၊ လောကုတ္တရာ နယ်မှာ အကျိုး သစ္စာက နိရောဓသစ္စာ, အကြောင်းသစ္စာက မဂ္ဂသစ္စာ၊ သစ္စာလေးပါးတရား စီစဉ်တော်မူပုံ အင်မတန်မှ ကြည်ညိုစရာကောင်းတယ်၊
ဘုန်းကြီးတို့ရဲ့ မြတ်စွာဘုရားကျမှ ဒီလိုလေးပါးကို ဒီလို စီစဉ်သလားလို့ဆိုတော့ မဟုတ်ဘူး၊ ရှေးရှေး ဘုရားရှင် ကိုယ်တော်မြတ်များလဲ သစ္စာလေးပါးကို ဒီလိုပဲ စီစဉ်တော်မူကြသတဲ့။
“လောကီဘုံဝယ်, သာယာဖွယ်ဟု, တာတွယ်လေငြား, ဝေနေများကို, တရားသံဝေ, ရပစေဟု, ထွေထွေဒုက္ခ ဦးစွာပြခဲ့”
ဒီသတ္တဝါတွေ အဲဒီအချိန်မှာ စည်းဝေးရောက်လာတဲ့ နတ်ဗြဟ္မာတွေကလဲ ဘုံဗိမာန် တွေနဲ့ တယ်သာယာပြီးတော့ နေကြတယ်၊ အဲဒီလို သာယာနေကြတဲ့ ဝေနေယျ သတ္တဝါတွေကို သံဝေဂရအောင်လို့ ပထမဆုံး ဒုက္ခဒုက္ခ-ဒုက္ခ-ဒုက္ခ၊ ဇာတိလဲ ဒုက္ခ, ဇရာလဲ ဒုက္ခ, နောက်ဆုံး ရုပ်နာမ် ခန္ဓာကြီးလဲ ဒုက္ခပဲလို့ ဒုက္ခကို ပထမ ပြတော်မူတယ်၊ အဲဒီဒုက္ခတွေဟာ အကြောင်းမဲ့သက်သက် တစ်စုံတစ်ယောက်က ဖန်ဆင်းလို့ဖြစ်တာ မဟုတ်ဘူး၊ တဏှာဆိုတဲ့ သမုဒယသစ္စာကြောင့် ဖြစ်တာလို့။
“ဒုက္ခသောင်းပြောင်း, တရားပေါင်းလည်း အကြောင်းမဲ့စွာ, မဖြစ်ရာရှင့်, မဟာဗြဟ္မ, ထာဝရဟု, ဘုရားတစ်သင်း, မဖန်ဆင်းတည်း၊ ထန်ပြင်းသော့သွမ်း, တဏှာ စွမ်းကြောင့်, ပရမ်းပတာ, ဖြစ်ကြရာဟော, သမုဒယောတဲ့”
တဏှာကြောင့် အဲဒီ ဒုက္ခ ဖြစ်တယ်၊ ဒီတော့ သတ္တဝါတွေက ဒုက္ခ သိပ်ကြောက်တယ်၊ ဘယ့်နှယ်လုပ်ရပါ့မလဲ၊ ဒီဒုက္ခ လွတ်တဲ့ နေရာမှ ရှိမှ ရှိပါလေ သေးရဲ့လားလို့ အဲဒီလို စိတ်ထဲက တွေးပြီးတော့ ရတက်ဗျာပါရတွေ များနေတဲ့ အချိန်မှာ -
“သုံးလောကတွင် ဒုက္ခထင်၍ လွတ်ခွင်ထွက်ရာ, ရတက်ဖြာသော်, သက်သာစေရန် အနေဖန်လျက်, ဧကန်တတိယ, နိရောဓတဲ့”
သက်သာစရာ ရှိတယ်၊ ဒုက္ခချုပ်တဲ့နေရာ ရှိတယ်၊ ဒုက္ခမဖြစ်တဲ့ နေရာ ရှိတယ်လို့ သိရအောင် သုံးကြိမ်မြောက်မှာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကို ပြတော်မူတယ်။
“နိဗ္ဗာနနန်း ရောက်ဖို့မှန်းက, ဤလမ်းဖြင့်တက်, ဤမဂ်ကိုပွား၊ မိန့်သည့်လားသို့ လေးပါးမြောက်တွင်, မဂ်လမ်းထွင်သည် .... ဟောစဉ်လက်ရိုးဆူဆူတည်း”။
အဲဒီ နိဗ္ဗာန်ကို ဘယ်လိုများ ရောက်နိုင်ပါမတုန်းလို့ အဲသလို တွေးပြီးတော့ ရောက်ချင်လွန်းလို့ စဉ်းစားနေတဲ့အချိန်မှာ ဟောဒီလမ်းကို သွား, ဒီမဂ်ကို ပွား, ဒီတရားကို ယူလို့၊ အဲဒီလို မိန့်တော်မူတဲ့အနေမျိုးနဲ့ လေးပါးမြောက်မှာ မဂ္ဂသစ္စာကို ဟောတော်မူတယ်၊ အကြောင်းနဲ့ အကျိုးနဲ့ အကြောင်းနဲ့ အကျိုးနဲ့ အင်မတန်မှ ကြည်ညိုစရာကောင်းတယ်၊ ဒါကြောင့် နိဗ္ဗာနဓာတ်ကို တွေ့ချင် မြင်ချင်ကြလို့ရှိရင် မဂ်ကို ပွားပါ၊ ဒီတရားကိုပဲ အားထုတ်ပါလို့ မဂ္ဂသစ္စာကို လေးကြိမ်မြောက် ပြတော်မူတယ်၊ ဘုရားအဆူဆူ ဒီတိုင်း ပြတော်မူတယ်။
.
မာဂဏ္ဍိယအား ဘုရားဟောခြင်း
▬▬
ဒါနဲ့ စပ်ပြီးတော့ ဘုန်းကြီး ဟိုတစ်နေ့တုန်းက ပြောခဲ့တဲ့ မဂဏ္ဍိယသုတ်ကို နည်နည်း ပြန်ပြောဦးမယ်၊ မာဂဏ္ဍိယပရိဗိုဇ် (ဟိုတုန်းက မာဂဏ္ဍိယပုဏ္ဏားလို့ ပြောခဲ့တယ် ထင်တယ်နော်)
မာဂဏ္ဍိယပရိဗိုဇ်က မြတ်စွာဘုရားနဲ့ တွေ့တော့ မြတ်စွာဘုရားက အနူဥပမာနဲ့ အာရုံငါးပါး ခံစားတယ်ဆိုတာဟာ အနူယားတာပဲ ယားလို့ အယားဖျောက်တာပဲ၊ အဲဒီလို အမိန့်ရှိပြီးတော့ ထပ်ပြီး အမိန့်ရှိပြန်တယ်၊
“မာဂဏ္ဍိယ … အဲဒီ အနူဟာ ဒီလိုသာ ယားလို့ကုတ်, ကုတ်လို့ အားမရလို့ မီးကင်၊ ဒီလို လုပ်နေလို့များတော့ အနူ ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး”
လို့ အဲဒီလိုသိလို့ မိတ်ဆွေတွေက, ဆွေမျိုးတွေက အနူကို ကောင်းကောင်းနိုင်တဲ့ ဆရာနဲ့ ဆက်သွယ်ပြီးတော့ အနုကုလိုက်တယ်၊ အနူကုလိုက်တော့ တော်တော် ကြာတော့ အနူပျောက်သွားတယ်၊ အနုပျောက်သွားတဲ့ အချိန်ကျတော့ သူ ကုတ်ချင် သေးသလား, မကုတ်ချင်တော့ဘူး၊
အရင်တုန်းက ဆိုလို့ရှိရင် မီးကျီးကောင်းကောင်းနဲ့များ တွေ့ရင် အင်မတန် ဝမ်းမြောက်ဝမ်းသာနဲ့ ကင်ချင်တယ်၊ ယခု ကင်ချင်သေးသလား, မကင်ချင်တော့ဘူး၊ တကယ်လို့များ လူနှစ်ယောက်က အတင်းဆွဲပြီးတော့ လာကွာ, ဟိုမှာ မီးကျီးတွေ ကောင်းလွန်းလို့ အဲဒီလို ပြောပြီးတော့ အတင်းဆွဲပြီး ခေါ်သွားလို့ရှိရင် အတင်း ပြန်ရုန်းမှာပဲ၊
ဒါကြောင့် ဒီ အနူပျောက်တဲ့သူက မီးကျီးကို ယခု ကြောက်တာဟာ မီးကျီးက ယခုမှ ပူလို့လား, မဟုတ်ပါဘူး၊ ရှေးတုန်းကလဲ ပူတာပဲ၊ ရှေးတုန်းက ပူပေမယ်လို့ မီးကျီးကို တယ်နှစ်သက်တယ်၊ မီးကျီးနား ကပ်လိုက် ရတယ်ဆိုရင် ကျေနပ်သွားတယ်၊ ယခုတော့ မီးကျီးနား အတင်းဆွဲ ခေါ်တာတောင်မှ မီးကျီးနား မကပ်တော့ဘူး၊ မီးကျီးကို သိပ်ကြောက်သွားတယ်။
.
တဏှာကုန်တော့ အာရုံမခင်
▬▬
အဲဒီလိုပဲ သမုဒယသစ္စာ မကုန်ခင်တုန်းက အာရုံငါးပါး ကာမဂုဏ် တရားတွေကို ခံစားတာ အင်မတန် သဘောကျတယ်၊ နောက်တော့ တဏှာကုန်ခန်းတဲ့ အဖြစ် ရတော့ သူများခံစားတာကြည့်လဲ ကိုယ်က အားမကျတော့ဘူး၊ လုံးလုံး အားမကျတော့ဘူး၊ မိမိကို အတင်းဆွဲပြီး ခေါ်လဲပဲ အတင်းရုန်းတာပဲ၊
အဲဒီတော့ ကာမဂုဏ်တွေဟာ ခုမှ စက်ဆုပ်စရာကောင်းတာ မဟုတ်ဘူးလို့ နဂိုတုန်းကလဲ စက်ဆုပ်စရာ ကောင်းတာပဲ၊ တဏှာကုန်ခန်းမှ စက်ဆုတ်စရာလို့ သိမြင်သွားပေလိမ့်မယ်၊ နဂိုတုန်းကလဲ စက်ဆုတ်စရာပါပဲ၊ အဲဒီလို ဘုရားရှင် ကိုယ်တော်မြတ်က မိန့်တော့ ခုန မာဂဏ္ဍိယပရိဗိုဇ်က မြတ်စွာဘုရား တရားတွေ စဉ်းစားလို့ သိပ်သဘောကျတယ်၊ အနာပျောက်သွားတယ် ဆိုတာလဲ တယ် သဘောကျတယ်၊
ဟုတ်တယ်, အနာပျောက်သွား တော့ မီးကျီး မကင်ချင်တော့ဘူး၊ ကြောက်သွားပြီ၊ အဲဒီ အနာပျောက်နေတဲ့ ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို မြင်နိုင်တယ်၊ ဒီတော့ မြတ်စွာဘုရား-တပည့်တော်ကို နိဗ္ဗာန်မြင်အောင် ဟောပေးနိုင်ပါတယ်ဘုရား, ဟောပေးတော်မူပါ။
.
နိဗ္ဗာန်မြင်ချင်ရင်
သူတော်ကောင်းတွေ ဆည်းကပ်
▬▬
ဒီတော့ မြတ်စွာဘုရားက “ငါဟောပေမယ်လို့ သင်က နားမလည်ဘဲနဲ့ ဟောနေရ လို့ရှိရင် ပင်ပန်းရုံရှိမှာပေါ့” လို့ မိန့်တော်မူတော့၊ “ဟောတော်မူပါမြတ်စွာဘုရား၊ တပည့်တော်ကို နိဗ္ဗာန်မြင်အောင် ဟောလို့ ဖြစ်နိုင်ပါတယ်ဘုရား၊ တပည့်တော် ယုံကြည်ပါတယ်, ဟောတော်မူပါ”တဲ့၊
“မာဂဏ္ဍိယ … ငါဘုရားစကား နားထောင်မယ်ဆိုလို့ရှိရင်, နိဗ္ဗာန်မြင်ချင်လို့ရှိရင် ပထမဆုံး သူတော်ကောင်းတွေကို ချဉ်းကပ်, သူတော်ကောင်းတရားတော်တွေကို နာပြီးတော့ အဲဒီ တရားအတိုင်း ကျင့်လို့ရှိရင် နိဗ္ဗာန်မြင်လိမ့်မယ်”လို့ မြတ်စွာဘုရား က ဟောတော်မူတော့ -
“ဟာ-ဒီလိုဆိုရင် တပည့်တော်ကို ရဟန်းပြုခွင့် ပေးတော်မူပါဘုရား”လို့ ရဟန်းပြုခွင့်တောင်း, ရဟန်းပြုခွင့်တောင်းပြီးတော့ တရားအားထုတ်လိုက်တာ တော်တော်ကြာတော့ နိဗ္ဗာန်မြင်တဲ့ အရိယာပုဂ္ဂိုလ်ကြီး ဖြစ်သွားတယ်၊ နိဗ္ဗာန်နဲ့ ဆိုင်တဲ့နေရာရောက်မှ နိဗ္ဗာန်မြင်တယ်လို့ ဘုန်းကြီးပြောခဲ့တယ်မဟုတ်လား၊ ဒီတော့ ဒီ နိဗ္ဗာန်ကို လိုချင်လို့ရှိရင် ဒီတရား ကိုယ်သန္တာန်ရောက်အောင် ကျင့်ယူရမှာပဲ။
.
ကမ္မဋ္ဌာန်းထိုင်တဲ့ပုံအတိုင်း
နတ်ပြည်မှာဖြစ်
▬▬
ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားလက်ထက် ရဟန်းတစ်ပါးဟာ တယ် သူတော်ကောင်း ပီသတယ်၊ တောကျောင်းနေပြီးတော့ တရားအားထုတ်လိုက်တာ ပြင်းပြင်းပြပြ အားထုတ်လို့ တစ်ချိန် ကျတော့ တရားအားထုတ်ရတဲ့အချိန် နည်းတယ်ထင်ပြီးတော့ မစားမသောက်ဘူး၊ နေ့ရော ညပါ အားထုတ်လိုက်တာ လေသင်တုန်း ဖြတ်ပြီးတော့ ဖြတ်ကနဲ ဆုံးသွားတယ်၊
ဆုံးသွားရင်ပဲ ကမ္မဋ္ဌာန်း ထိုင်တဲ့ပုံကြီးအတိုင်း နတ်ပြည်ရောက်သွား၊ နတ်ပြည် ရောက်သွားတော့ နဂိုက နတ်ဘုံဗိမာန်မှာ နတ်သမီးတွေသာ ရှိတယ်, နတ်သားက မရှိဘူး၊ ယခုတော့ ချက်ချင်းပဲ ဘုံဗိမာန်အနီးမှာ နတ်သား ရောက်လာတော့ နတ်သမီးတွေက “ဟေ့-တို့ ဗိမာန်ရှင် ရောက်လာပြီ” ဆိုပြီးတော့ ဝမ်းသာအားရနဲ့ ထွက်လာကြတယ်။
.
နတ်ဖြစ်ပေမယ့်
ဘုန်းကြီးစိတ် မပျောက်
▬▬
ထွက်လာတော့ နတ်သားက ရဟန်းဘဝက တရားအားထုတ်ရင်း ဖြုန်းခနဲ ပျံလွန်တော်မူခဲ့တာဖြစ်တော့ ဘုန်းကြီးစိတ် မပျောက်သေးဘူး၊ သူ့ကိုယ်သူလဲ မကြည့်မိသေးဘူး၊ ဘုန်းကြီးပဲ ထင်နေတာပဲ, တရားထိုင်နေသလို အောက်မေ့ နေတာပဲ၊ ဒါနဲ့ နတ်သမီးတွေက လာတော့ -
“သြော် … ဒကာမတွေ ကျောင်းကြည့်လာဟန်တူပါရဲ့”
ဆိုပြီး စက္ခုန္ဒြေချပြီးတော့ နေတာပဲ၊ အနားရောက်လာတော့မှ ဘေးက နတ်သမီးတွေက အကဲကြည့်တော့ “သြော်-ဘုန်းကြီးဘဝကလာတဲ့ နတ်သား ပါလား”လို့ အဲဒီလို တွေးပြီးတော့ စကားပြောကြတယ်။
“ဒီနေရာဟာ နတ်ပြည်ပါ, တရားအားထုတ်တဲ့နေရာ မဟုတ်ပါဘူး၊ နတ်ပြည်ဆိုတာ စည်းစိမ်ခံစားတဲ့ နေရာဖြစ်တယ်”
လို့ အဲဒီလို ပြောပေမယ့် ဒကာမတွေ တောပြော တောင်ပြော ပြောနေတာပဲလို့ ထင်ပြီးတော့ ဒီလိုပဲ စက္ခုန္ဒြေချပြီး ဘုန်းကြီးထိုင် ထိုင်နေတာပဲ၊ နောက်တော့မှ မဖြစ်ချေဘူးဆိုပြီးတော့ တစ်ကိုယ်လုံးပေါ်တဲ့မှန်ကြီး ယူပြီးတော့ ရှေ့က ချပြတော့မှ မှန်ကြီးထဲကြည့်တော့ သင်္ကန်းမဟုတ်, နတ်ဝတ်နတ်စားတွေ ဖြစ်နေတော့မှ -
“ငါဟာ အင်မတန်ကြီးကျယ်တဲ့ အရဟတ္တဖိုလ်ဆိုတဲ့ ဆုလာဘ်ရအောင်လို့ စစ်ပွဲဝင်လိုက်တာ, ယခုတော့ ဘာမဟုတ်တဲ့ ရာထူး ဆုလာဘ်ကလေး ရနေပြီ”
ဆိုပြီး ဗိမာန်ထဲတောင် မဝင်ဘူး၊ တစ်ခါတည်း မြတ်စွာဘုရားဆီ လာပြီးတော့ လျှောက်တယ်။
အစ္ဆရာဂဏသင်္ယုဋ္ဌံ, ပိသာစဂဏသေဝိတံ၊ ဝနန္တံ မောဟနံ နာမ, ကထံ ယတြာ ဘဝိဿတိ။
“မြတ်စွာဘုရား … နန္ဒဝန်ဥယျာဉ်ကြီးထဲမှာ နတ်သမီးတွေ အဆို အတီးတွေနဲ့ ဆူညံနေကြတာကို တပည့်တော်ရဲ့ စိတ်ထဲမှာ ဘီလူးမတွေ လှည့်လည် သွားလာ နေကြတယ်လို့ ထင်နေပါတယ်၊ အဲဒါကြောင့် ဝဋ်ဆင်းရဲက လွတ်မြောက်အောင် ဘယ်ပုံဘယ်နည်း သွားရပါမတုန်းဘုရား”
လို့ လျှောက်တော့ မြတ်စွာဘုရားက စဉ်းစားတော်မူတယ်၊ ဒီနတ်သားဟာ ရဟန်း ဘဝတုန်းက အစာစားချိန်တောင်မှ အစာမစားဘဲ ဇွဲကောင်းကောင်းနဲ့ တရား အားထုတ်ရင်း ကွယ်လွန်လို့ ယခု နတ်သားဖြစ်နေတာပါလား၊ သူ့မှာ ရဟန်းသီလ တောင်မှ မပျက်သေးပါလားတဲ့။
အရိယမဂ်ရထား
ဥဇုကော နာမ သော မဂ္ဂေါ, အဘယာ နာမ သာဒိသာ၊
ဟောဒီ လမ်းကသွား, ဒီလမ်းကသွား၊ ဒီလမ်းဟာ ဖြောင့်တဲ့လမ်း၊ ဒီလမ်းကသွားရင် ဘာဘေးအန္တရာယ်မှ မရှိတဲ့နေရာ ရောက်မယ်လို့ အဲဒီလို နိဗ္ဗာန်ရည်ရွယ်ပြီး မိန့်တော်မူတယ်။
ဥဇုကော နာမ သော မဂ္ဂေါ, အဘယာ နာမ သာဒိသာ၊
ရထော အကူဇကောနာမ, ဓမ္မစက္ကေဟိ သံယုတော။
နိဗ္ဗာန်ဟာ ဘာဘေးအန္တရာယ်မှ မရှိဘူး၊ အဲဒီ နိဗ္ဗာန်ကို သွားချင်ရင် ဟောဒီရထား တက်စီး၊ ရထားက အလွန်ညင်သာတယ်။ ဘာသံမှ မမြည်ဘူး၊ အဲဒီရထားက ဘာရထားလဲဆိုရင် အရိယမဂ် ဆိုတဲ့ ရထား၊
အဲ-ယခုကာလ တချို့ ရထားတွေ၊ မော်တော်ကား တွေဟာ တစ်ခုခု ချို့ယွင်းနေရင် အသံမြည်တယ်၊ သိပ်မညင်သာဘူး၊ အဲဒီ အရိယမဂ်ရထားကတော့ ညင်သာ လိုက်တာ, ညင်သာလိုက်တာ၊ အဲဒီရထား တက်စီး။
ရထားရဲ့ စက်ဘီးတွေ, ရထားရဲ့ ဘီးတွေက တယ်ကောင်း၊ ကာယိကဝီရိယ, စေတသိကဝီရိယ၊ ကိုယ်ရော စိတ်ရော ကြိုးစားတဲ့ ဝီရိယတွေက တယ်လည်တယ်, တယ်မြန်တယ်၊ အဲဒီ ဝီရိယတည်း ဟူသော ဘီးတွေ တပ်ထားတဲ့ ရထား တက်စီး၊ ဘာသံမျှ မကြားရဘူး, ညင်သာတယ်။
ရထာ အကူဇနော နာမ, ဓမ္မစက္ကေဟိ သံယုတော၊
ဟိရီ တဿ အပါလမ္ဗော, သတျဿ ပရိဝါရဏံ။
ဘယ်သူမျှ မသိ, သိသိ မကောင်းတဲ့ အကုသိုလ်ဖြစ်မှာကို ရှက်တယ်, ကြောက်တယ်ဆိုတဲ့ ဟိရီတို့, ဩတ္တပ္ပတို့က ရထားရဲ့ အကာအရံတွေ, ရထားပေါ်က လိမ့်မကျအောင် ဟိရီနဲ့ ဩတ္တပ္ပ တရားများကို အကာအရံအနေနဲ့ ဆွဲကိုင်စရာ အနေနဲ့ တပ်ဆင်ထားတယ်၊
“ဟိရီ တဿ အပါလမ္ဗော, သတျဿ ပရိဝါရဏံ။ ”
ရထားကို အလှဆင်ပြီးတော့ ထားတာကတော့ သတိတရားတဲ့။ အမြဲသတိ ထားတယ်၊ မြူမှုန်ကလေး မတက်ရဘူး၊ ခါပစ်တယ်။ ဘာအကွက်အစွန်းမျှ မထင်ရဘူး၊ တစ်ခါတည်း ပွတ်သပ်ပစ်တယ်။
“ဓမ္မာဟံ သာရထိံ ဗြူမိ, သမ္မာဒိဋ္ဌိပုရေဇဝံ”
သမ္မာဒိဋ္ဌိကို ရှေ့သွား ခေါင်းဆောင် တင်မြှောက်ထားတဲ့ လောကုတ္တရာတရား ကိုတော့ ရထားထိန်းလို့ ခေါ်တယ်၊ အဲဒီ ရထားတက်စီး၊ အဲဒီ အရိယာမဂ် တည်းဟူသော ရထားကို တက်မောင်းတော့ သမ္မာဒိဋ္ဌိက ရှေ့က ပြေးလိမ့်မယ်၊
သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန် ဉာဏ်ပညာတရားက ရှေ့က ပြေးလိမ့်မယ်၊ အဲဒီ ရထား တက်စီးပေတော့လို့ မြတ်စွာဘုရားက အမိန့်ရှိပြီးတော့ တရားတွေ ဆက်ဟော လိုက်တာ တစ်ခါတည်း သောတာပန် ဖြစ်သွားတယ်၊ အဲဒီကျတော့မှ စိတ်ထဲက အေးပြီးတော့ နတ်ပြည်ပြန်ချင်လှလို့ မဟုတ်ဘူး၊ မလွှဲသာလို့ ပြန်တက်သွားတယ်။
ယဿ ဧတာဒိသံ ယာနံ, ဣတ္တိယာ ပုရိသဿ ဝါ၊
သ ဝေ ဧတေန ယာနေန, နိဗ္ဗာနဿေ၀ သန္တိကေ။
နိဗ္ဗာန်သွားတဲ့ရထား
ယောက်ျားဖြစ်ဖြစ်, မိန်းမဖြစ်ဖြစ်, နတ်ဖြစ်ဖြစ်, လူဖြစ်ဖြစ် အဲဒီ ယာဉ်ရထား ရှိလို့ရှိရင် -
“သ ဝေ ဧတေန ယာနေန, နိဗ္ဗာနဿေ၀ သန္တိကေ”
အဲဒီ ယာဉ်နဲ့သာ သွားလို့ရှိရင် နိဗ္ဗာန်ကို တောက်လျှောက် ရောက်သွားတာပဲ၊ နိဗ္ဗာန်ကို မြင်သွားတာပဲ၊ အဲသလို ဘုရားရှင်ကိုယ်တော်မြတ် ဟောတော်မူတယ်၊ ဒါ့ကြောင့် ဘုန်းကြီးတို့ ဒီမဂ္ဂင်တရားကို ဘုရားရှင်ကိုယ်တော်မြတ်က မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းလို့လဲ ဟောတော်မူတယ်၊ ပြီးတော့ အလွန်ညင်သာတဲ့ ယာဉ်ရထားလို့လဲ ဟောတော်မူတယ်၊
ဒီရထားနဲ့ သွားရမယ်၊ ဒီယာဉ်နဲ့ သွားရမယ်၊ ဒီယာဉ်ရထားနဲ့ နိဗ္ဗာန်ကို သွားနိုင်အောင် ကြိုးစားရမယ်၊ အဲဒီတော့ကာ တစ်သံသရာလုံးက အဝိဇ္ဇာတရားက ဖုံးပြီးတော့ တဏှာက ဟိုနှစ်သက်, ဒီနှစ်သက်, ဟိုတာတွယ်, ဒီတာတွယ်၊ အဲဒါကြောင့် ဒုက္ခတွေ များခဲ့ကြတာမို့၊ အဲဒီ တဏှာကို လက်ရ ဖမ်းပြီးတော့ တဏှာကို ညှင်းဆဲနိုင်မှ ဘုန်းကြီးတို့ လိုချင်တဲ့နိဗ္ဗာန်ကို မြင်မယ်၊ ဒီတော့ သမ္မာဒိဋ္ဌိနဲ့ ပထမဆုံး စဉ်းစားရအောင်၊ မြတ်စွာဘုရားက ဘဒ္ဒေကရတ္တသုတ်မှာ -
အတီတံ နာနွာဂမေယျ, နပ္ပဋိကင်္ခေ အနာဂတံ၊
ယဒတီတံ ပဟီနံ တံ, အပ္ပတ္တဉ္စ အနာဂတံ။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ, တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ, တံ ဝိဒွါ မနုဗြူဟယေ။
အတိတ်အရေး တွေးမနေနဲ့
ဒီတရား စဉ်းစားတဲ့အခါမှာ အတိတ်လွန်ခဲ့ပြီးတဲ့ အကြောင်းတရားတွေက တဏှာ ဒိဋ္ဌိနဲ့ ပြန်တွေးပြီးတော့ လွမ်းဆွေးမနေနဲ့၊ ဒါ လွန်ပြီးသားဟာ လွန်ပြီးသားပဲ၊
“ယဒတီတံ ပဟီနံ တံ, အပ္ပတ္တဉ္စ အနာဂတံ”
နောက်လာမည့် အကြောင်းတရားတွေ မျှော်ပြီးတော့ တဏှာဒိဋ္ဌိနဲ့ စောင့်ဆိုင်း ပြီးတော့ မနေနဲ့၊ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဆိုတာ ကတော့ ဒီအသွားအတိုင်း သွားမှာပဲနော်၊ ဟို-လောကီလူတွေမှာတော့ လောကီရေးရာ စဉ်းစားတဲ့ဉာဏ် ရှိရတယ်၊ ဟို-အတိတ် ရှေးတုန်းက ဘာဖြစ်ခဲ့တယ်၊ ကိုယ် ဘာဖြစ်ရုံတွင်မကဘူး၊ ဘယ်သူဟာ ဘယ်လိုနေလို့ ဘယ်လိုထိုင်လို့ ဘယ်လိုသွားလို့ လာလို့, ကူးသန်း ရောင်းဝယ်လို့ ဘာဖြစ်ခဲ့တယ်၊ အဲဒီလို လွန်ပြီးသားကိုလဲ စဉ်းစား ရတယ်၊
ဒီလိုဆိုလို့ရှိရင် ဘယ်လိုဖြစ်စရာရှိတယ်၊ နောက်နှစ် ဘယ်လိုဖြစ်စရာ ရှိတယ်၊ အဲဒီလို အနာဂတ်ကိုလဲ စဉ်းစားရတယ်။ လောကီနယ်က ယခုလက်တွေ့ ပစ္စုပ္ပန် ကျတော့လဲ ဘယ်နည်းဘယ်ပုံ ဖြစ်နေတယ် စသည်ဖြင့် စဉ်းစားရတယ်၊ လောကီ နယ်က အဲဒီလို စဉ်းစားနိုင်မှ အမြင်ကျယ်တယ်လို့ဆိုတယ်၊ ဘုန်းကြီးတို့ တရား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဒီလိုမဟုတ်ပါဘူး။
အတီတံ နာနွာဂမေယျ, နပ္ပဋိကင်္ခေ အနာဂတံ၊
အနာဂတ်အရေး မမျှော်တွေးနဲ့
“အတီတံ - လွန်လေပြီးတဲ့အာရုံဟူသမျှကို၊
နာနွာဂမေယျ - တဏှာ, ဒိဋ္ဌိဖြင့် အစဉ်လိုက်၍ မနေတော့ရာ”
လွန်ခဲ့ပြီးသားတွေ ဘာမျှ မစဉ်းစားနဲ့၊ တဏှာနဲ့ ဒိဋ္ဌိနဲ့ လိုက်မနေနဲ့၊ လွန်ပြီးသား လွန်ပြီးသားပဲ ပြီးပြီ၊
“အနာဂတံ - နောင်လာမည့်အာရုံ အမျိုးမျိုးကိုလဲ၊
နုပ္ပဋိကင်္ခေ - တဏှာ,ဒိဋ္ဌိဖြင့် မျှော်လင့်တောင့်တ၍ မနေရာ”
နောက်ဘယ်လိုလာလိမ့်ဦးမလဲ၊ ဆိုပါတော့ နတ်ပြည်ဘယ်လိုဖြစ်ရဦးမယ်၊ ယခု လူ့ပြည်မှာပဲ နောက်နေ့ နောက်ရက် ဘယ်လို ဖြစ်ရမယ်၊ ဒီလို စသည်အားဖြင့် တွေးမနေနဲ့၊ ဘာဖြစ်လို့တုန်း၊ လွန်ပြီးသားတွေက လွန်ပြီးပြီလေတဲ့၊ တွေးကော ဘာတတ်နိုင်သေးတုန်း၊ မလာသေးတဲ့ အနာဂတ်ကကော မလာမှ မလာသေးဘဲနဲ့ ဘာဖြစ်လို့ ခုတင်က အချိန်အပိုအလုပ်တွေ လုပ်နေဦးမတုန်း၊ ဘာမျှ အပိုလုပ်စရာ မရှိဘူး၊ အနာဂတ်ဟာလဲ မလာသေးပါဘူး။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ တတ္ထ တတ္ထ ဝိပဿတိ၊
ပစ္စုပ္ပန်တည့်တည့် ရှုနေ
“ယော - အကြင် ယောဂီပုဂ္ဂိုလ်သည်။
ယော - အကြင် ကမ္မဋ္ဌာန်းကို လုံးပမ်း ကြိုးကုတ် အားထုတ်၍နေတဲ့ ပုဂ္ဂိုလ်သည်၊
ပစ္စုပ္ပန္နံ - ယခုရောက်ဆဲ ဖြစ်တဲ့ ရုပ်တရား နာမ်တရားကို၊
တတ္ထ တတ္ထ - ထိုထို တွေ့မြင်ရာ နေရာတိုင်း နေရာတိုင်း၌၊
ဝိပဿတိ - အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲဟု ထူးထူးထွေထွေ ရှုဆင်ခြင်၍ နေရ၏”
ယခု လောလောဆယ်, ယခု လောလောဆယ်ဆိုတဲ့ စကားအရ ဘုန်းကြီးတို့ ခုပဲ ဆင်ခြင် ပြီးတော့ နေတယ်၊ သမ္မာဒိဋ္ဌိဉာဏ်နဲ့၊ “ဝိပဿတိ - ထူးထူးထွေထွေ ဆင်ခြင်၍ နေ၏”။
တောကျောင်းနေတော့လဲ တောကျောင်း အလျောက်ပဲဖြစ်တဲ့ ရုပ်နာမ်တွေ စဉ်းစားပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ၊ ရွာထဲ ရောက်နေပြန်တော့လဲ ရွာထဲ တွေ့နေတဲ့ ရုပ်နာမ်တွေကို အနိစ္စတွေမှ ဒုက္ခတွေ, အနတ္တတွေ၊ ဒုက္ခဆိုတာဟာ ဟိုတုန်းက ဘုန်းကြီးပြောခဲ့တဲ့ ဇာတိပိ ဒုက္ခာက စပြီးတော့ ဒုက္ခတွေ အများကြီးပဲ၊
ပြီးတော့ အသံ တစ်ခုခု ကြားပြီဆိုပါတော့ ဒီအသံဟာ စိတ်ကြောင့်ဖြစ်တဲ့အသံ။ စိတ်ကြောင့်ဖြစ်တယ်ဆိုတော့ စိတ်ကလဲ မမြဲတဲ့အနိစ္စ၊ စိတ်ကိုက မမြဲတဲ့ အနိစ္စဖြစ်ရင် အဲဒီစိတ်ကြောင့် ဖြစ်ရတဲ့ အသံကလဲ မမြဲတဲ့ အနိစ္စပဲ၊ မမြဲတဲ့ အရာဝတ္ထုမှန်သမျှဟာ ပျက်စီး ပျက်စီးနေတော့ အားလုံး ဒုက္ခတွေချည်းပါပဲ၊
လူတွေက ဒုက္ခဆိုလို့ရှိရင် နာကျင်မှ ကိုက်ခဲမှ, စိတ်မချမ်းသာမှ ဒုက္ခလို့ထင်တယ်၊ တရားတော်အလိုက အဲဒါကိုမှသာ ဒုက္ခခေါ်တာ မဟုတ်သေးဘူး၊ နာတယ်, ကျင်တယ်, ကိုက်ခဲတယ်, စိတ်မချမ်းသာတယ်ဆိုတဲ့ ဒုက္ခကတော့ တကယ့်ကို ဒုက္ခဆိုတဲ့ ဒုက္ခစစ်ဖြစ်နေတော့ အထူးပြောစရာတောင် မလိုဘူး၊
ဟို-ချမ်းချမ်းသာသာနဲ့ နေရတဲ့အခါမှာလဲ ချမ်းသာတယ်ဆိုတဲ့ ဝေဒနာလေးဟာ မမြဲဘူး၊ ပျက်ပျက် ပျက်ပျက်သွားတယ်၊ အဲဒါကြောင့် သူလဲပဲ မကောင်းဘူး၊ ဒုက္ခကလေး ဖြစ်တယ်၊ အဲဒါကိုတော့ ဝိပရိဏာမဒုက္ခလို့ ခေါ်တယ်၊
အဲဒါကြောင့် အဲဒီ ချမ်းသာတာရော, နာကျင် ကိုက်ခဲတာရော အားလုံးဒုက္ခချည်းပဲ။
အဲဒီတော့ အားလုံး တွေ့ရာမြင်ရာကို ဒုက္ခ, ဒုက္ခ, ဒုက္ခ, ဒုက္ခ၊ တွေ့ရာမြင်ရာ အနိစ္စ, အနိစ္စ, အနိစ္စ, အနိစ္စ၊ တောထဲက ကမ္မဋ္ဌာန်းကျောင်းနားလေးမှာ လမ်းလျှောက် နေတယ် ဆိုပါတော့၊ မိမိ လမ်းလျှောက်နေတဲ့ ရုပ်ကိုပဲ ခြေထောက်ကလေး မြှောက်လိုက်ချလိုက်၊ စိတ်ကြောင့် ဒီခြေထောက်ဟာ မြောက်တာ၊ မြှောက်ချင် တဲ့စိတ် မဖြစ်ခင်တုန်းက ဒီခြေထောက် မမြောက်ဘူး, မြှောက်ချင်တဲ့စိတ် ဖြစ်ပြီးတော့ ဒီခြေထောက် မြောက်လာတယ်။
စိတ်ကြောင့် ရုပ်ဖြစ်
ဒီတော့ စိတ်ကြောင့် ဒီခြေထောက်မြှောက်တယ်လို့ ပြောတယ်၊ စိစစ်ကြည့်ဦးမယ်။ စိတ်ကြောင့် ဘာဖြစ်လို့ ဒီခြေထောက် မြှောက်ရသလဲဆိုတော့ စိတ်ကြောင့် ရုပ်တွေဟာ တစ်ကိုယ်လုံးမှာဖြစ်တယ်၊ စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် ရုပ်တွေက ဖြစ်တယ်၊ လက်ဖြောက်တစ်ချက်တီးမှာ ကုဋေတစ်သိန်းမက စိတ်တွေက ဖြစ်တယ်၊ ဒီတော့ အဲဒီစိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေထဲမှာ ခြေဆုံး ခေါင်းဆုံး တစ်ကိုယ်လုံးမှာ ကုဋေ တစ်သိန်းမက ဖြစ်တယ်။ အထူးသဖြင့် ခြေထောက်မှာ ပိုပြီး အဖြစ် များတယ်၊
အဲဒီဖြစ်တဲ့ ရုပ်တွေထဲမှာ ဝါယောဓာတ်ဆိုတဲ့ ဒီလေဓာတ်ရဲ့ လွန်ကဲမှုကြောင့် ခြေထောက်ကြီးမှာဖြစ်တဲ့ ရုပ်တွေဟာ အကုန်လုံး မြောက်တက်လာတာ၊ အဲဒီလိုပေါ့ လေ စင်္ကြံသွားရင်းပဲ ခြေထောက် မြောက်တက်လာတဲ့အခါ ဝါယောဓာတ် လွန်ကဲတဲ့ရုပ်တွေ၊ ခြေထောက်ကြီး အောက်ကျကျ ကျကျသွားလို့ မြေကြီးထိတဲ့ အထိ ပထဝီဓာတ် လွန်ကဲတဲ့ရုပ်တွေ၊ ဒါတွေ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ, တတ္ထ တတ္ထ ဝိပဿတိ၊
ဘယ်နေရာမျိုးမဆို နောက်ဆုံး ဆွမ်းစားတဲ့အခါလဲပဲ လက်က ဆွမ်းလုတ်ကို ယူတယ်၊ အဲဒီလို ယူတဲ့အခါမှာ စားချင်တဲ့စိတ်ကြောင့်ဖြစ်တဲ့ ဝါယောဓာတ်လွန်ကဲတဲ့ စိတ္တဇရုပ်တွေဟာ လက်မှာရော ပါးစပ်မှာရော ထပ်ကာထပ်ကာ ဖြစ်တယ်၊
သည့်ပြင် ကိုယ်အင်္ဂါ အစိတ်အပိုင်းမှာထက် အဲဒီလက်နှင့် ပါးစပ်မှာ ပိုပြီးတော့ အများကြီး အများကြီး ဖြစ်တယ်၊ အဲဒါကြောင့် ဒီလက်ဟာ အငြိမ်မနေနိုင်တော့ ဆွမ်းလုတ်ကို ယူပြီး ပါးစပ်ထဲ သွင်းပေးရတယ်၊ ပါးစပ်ကလဲ သွားနဲ့ ဝါးဝါး ပေးရတယ်။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ တတ္ထ တတ္ထ ဝိပဿတိ၊
အဲဒီ ဝိပဿနာ ရှုရင်းလဲပဲ -
“အသံဟီရံ - တဏှာ,ဒိဋ္ဌိတို့ မဆွဲဆောင်အပ်, မဆွဲဆောင်နိုင်သော”
ဝိပဿနာရှုရင်း ရှုရင်းကလဲပဲ နောက်တော့ တဏှာကလေးက သာယာ သာယာ လာတယ်၊ အဲဒီ တဏှာမပါစေနဲ့တဲ့၊ တဏှာ, ဒိဋ္ဌိတွေက ဝိပဿနာကို ဆောင်မသွား ပါစေနဲ့ ၊
“အသံဟီရံ - တဏှာ, ဒိဋ္ဌိတို့ မဆွဲဆောင်အပ်, မဆွဲဆောင်နိုင်သော၊
အသံကုပ္ပံ - ပျက်စီးခြင်း မရှိသော၊
တံ - ထိုဝိပဿနာကို၊
အနုဗြူဟယေ - မပြတ်မလတ် ပွားများ၍ နေရာ၏”
စိတ်နဲ့ ဦးတည်နေတဲ့ အရာမှန်သမျှ ဘာမဆို ကမ္မဋ္ဌာန်းနဲ့ တွေးကြည့်၊ ဝိပဿနာနဲ့ ကြည့်၊ ဥပမာဆိုပါတော့ ကမ္မဋ္ဌာန်းကျောင်းက နေပြီးတော့ သစ်ပင်ကလေးတွေ ကြည့်လိုက်တယ်၊ ဒီသစ်ပင်ကလေးတွေဟာ ဥတုဇရုပ်ကလေးတွေ, ဥတုကြောင့် ဖြစ်တဲ့ ရုပ်ကလေးတွေ၊ ရေဥတု, မြေဥတု, လေဥတု, အဲဒီ ဥတုတွေကြောင့် မျိုးစေ့ အကြောင်းခံပြီးတော့ ပေါက်လာတဲ့သစ်ပင် ဥတုဇရုပ်ကလေးတွေ။
ဥတုဇရုပ်တွေလဲ ဒုက္ခပဲ
အဲဒီ မျိုးစေ့အရှိန် ရှိသမျှ မြေဥတု, လေဥတု, ရေဥတုက အားပေးနေသမျှ သစ်ပင်ကလေးတွေ စိမ်းလို့ စိုလို့၊ နောက်တစ်ချိန်မှာ နေပူလာလို့ ရေဓာတ်, မြေဓာတ်က အထက် မရောက်တော့ တဖြည်းဖြည်း သစ်ပင်ကလေးတွေ ညှိုး ညှိုး ညှိုးလာလို့ ကြွေကျလို့ အဲဒီသစ်ပင် ကလေးတွေလဲ အနိစ္စ၊
ကြည့်စမ်း အတွင်းက ရုပ်သာ အနိစ္စမဟုတ်ဘူး၊ ခန္ဓာကိုယ်ရဲ့ အပြင်က ရုပ်တွေကလဲ မမြဲတဲ့ အနိစ္စဖြစ်လို့ ပျက်နေတယ်၊ ပျက်ရင် ပျက်တာမှန်သမျှ မကောင်းတဲ့ ဒုက္ခချည်းပေါ့၊ ဒီမှာ နာတာ, ကျင်တာ, ကိုက်ခဲတာ မရှိပေမယ့် ဒုက္ခတွေပဲ၊ အဲဒီတော့ ဒီရုပ် ဒီနာမ် ဒီခန္ဓာကိုယ်ကြီးသာ ဒုက္ခမဟုတ်ဘူး၊ အပြင်ဘက်က သစ်ပင်, တော, တောင်ဆိုတဲ့ ဥတုဇရုပ်တွေလဲ ဒုက္ခချည်းပဲ။
ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ, တတ္ထ တတ္ထ ဝိပဿတိ၊
အသံဟီရံ အသံကုပ္ပံ တံ ဝိဒွါ မနုဗြူဟယေ။
အဲဒါ ပွားရမယ်, ဘယ်တော့ ပွားရမလဲ, ယနေ့ ပွားရမယ်။
အဇ္ဇေ၀ ကိစ္စမာတပ္ပံ, ကော ဧညာ မရဏံ သုဝေ၊
န ဟိ နော သင်္ဂရံ တေန, မဟာသေနေန မစ္စုနာ။
သေမင်းကို လက်ဆောင်
တံစိုး ထိုး၍မရ
“အဇ္ဇ၀ - နက်ဖြန်မရွေ့ ယခုနေ့၌ပင်၊
အာတပ္ပံ - လောဘ, ဒေါသ, မောဟအစရှိတဲ့ အစိုအစေးတို့ကို လောင်မြိုက်၍ နေတတ်တဲ့ လုံ့လဝီရိယကို၊
ကိစ္စ(ကာတဗ္ဗံ) - မနားမနေ ပြုသင့်ပေတော့သတည်း”
ဒီတရား ဘယ်တော့ ပွားရမတုန်းလို့ စဉ်းစား မနေနဲ့၊ ယနေ့ပွား၊
“သုဝေ - နက်ဖြန်ခါ၌၊
မရဏံ - သေရမည်ဟူ၍။
ကော - ဘယ်သူသည်၊
ဧညာ - သိနိုင်ပါတော့အံ့နည်း”
ယနေ့တော့ မပွားပါရစေနဲ့နော်၊ ဟို ညအိပ်ချိန်ကျမှ ပွားပါရစေ၊ မဟုတ်ဘူး၊ ခုပွား, ခုပွား၊ ဘာဖြစ်လို့တုံး, နက်ဖြန် မသေဘူးလို့ ဘယ်သူမှ မသိနိုင်ဘူး၊
“န ဟိ နော သင်္ဂရံ တေန မဟာသေနေန မစ္စုနာ၊
မဟာသေနေန - အတွင်းအပ ပတ်ပတ်လည်မှာ များသော စစ်သည် ဗိုလ်ပါရှိသော၊
တေန မစ္စုနာ - ထိုသေမင်းနှင့်၊
သင်္ဂရံ - မေတ္တာရှိအောင် ချော့မော့ ဖြားယောင်းလို့ ရနိုင်လောက်စရာ အကြောင်း သည်။
(သင်္ဂရံ - လက်ဆောင်တံစိုး ထိုး၍ရနိုင်စရာ အကြောင်းသည်၊
သင်္ဂရံ - စစ်တပ်နှင့်ချီ၍ တိုက်ဖျက်၍ ရနိုင်စရာ အကြောင်းသည်။)
နတ္တိဧဝ - ဘယ်သူ တစ်ယောက်အတွက်မျှ မရှိသည်သာလျှင်တည်း”။
သေမင်းစစ်တပ်တွေ
စစ်တပ်တွေ သိပ်များတယ်၊ သေမင်းက စစ်တပ်တွေ သိပ်များတယ်၊ ဘာစစ်တပ် တွေလဲဆိုတော့ -
သွားရင်းလာရင်းပဲ သေနိုင်တယ်၊
ဖျားလို့ နာလို့လဲ သေနိုင်တယ်၊
စားရင်းသောက်ရင်းလဲ သေနိုင်တယ်၊
အနာရောဂါကြောင့်လဲ သေနိုင်တယ်၊
ဘာတွေ ညာတွေ တိုက်ခိုက်လို့လဲ သေနိုင်တယ်၊
ရန်သူတွေက သတ်လို့ ဖြတ်လို့လဲ သေနိုင်တယ်၊
သေနိုင် စရာတွေ အများကြီးပဲ။
“မဟာသေနေန - တွင်းပ ပတ်လည်, များသော စစ်သည်ရှိသော၊
တေနု မစ္စုနာ - ထိုသေမင်းနှင့်တကွ၊
သင်္ဂရံ - ချော့မော့ဖြားယောင်းလို့ ရနိုင်စရာ အကြောင်းသည်၊
နတ္ထိ - မရှိနိုင်”
ချော့မော့ ဖြားယောင်းလို့ မရဘူး၊ သေမင်းရယ် နေစမ်းပါဦး၊ ကျုပ်ဘာကိစ္စလေးရှိလို့, တရားအားမထုတ်ရသေးလို့ နေစမ်းပါဦး ဆိုလို့မရဘူး၊ သေမင်းက မရဘူး၊ စစ်သည်တွေက သိပ်များတာ၊ ဟိုက ပစ်လိုက်မလား, ဒီက ပစ်လိုက်မလား မသိဘူး၊ ဟိုကပစ် သေ, ဒီကပစ် သေ၊ သေမင်းမှာ စစ်တပ် စစ်သည်တွေ သိပ်များတာပဲ၊ အဲဒီတော့ သူတို့ကို ချော့မော့လို့လဲ မရဘူး၊ ဒီနေရာက ချော့ရင် ဟိုနေရာက ပစ်လိုက်မယ်၊
“သင်္ဂရံ - ချော့မော့ဖြားယောင်း နိုင်ခြင်းသည်လည်း၊
နတ္တိ ဧ၀ - မရှိနိုင်သည်သာ”
ဒါဖြင့် လက်ဆောင် ပေးကြည့်စမ်း၊ ပုံပေး, စည်းစိမ်တွေ ပုံပေး၊ သေမင်းက မရဘူး၊ အို-ဒါဖြင့် ဒီလောက်တောင် မရလှတဲ့ သေမင်းတော့ ငါအပြုတ် တိုက်မဟဲ့လို့ ဆိုပြီးတော့ စစ်သည်ဗိုလ်ပါ စုဆောင်းပြီးတော့ အပြုတ် တိုက်ပြန်တော့ကော သေမင်းကို နိုင်မတဲ့လား၊ မနိုင်ဘူး၊ အေး- ဒါကြောင့် ယနေ့လုပ်ပါ၊ တရားဆိုရင်လဲ ယနေ့ပွားပါ။
အဇ္ဇေဝ ကိစ္စမာတပ္ပံ, ကော ဧညာ မရဏ သုဝေ၊
န ဟိ နော သင်္ဂရံ တေန, မဟာသေနေန မစ္စုနာ။
အဇ္ဇေဝ - နက်ဖြန်မရွှေ့ ယနေ့၌ပင်၊
အာတပ္ပံ - ကိလေသာ အစိုအစေးတို့ကို ခြောက်သွေ့၍ သွားစေနိုင်တဲ့ လုံ့လ ဝီရိယကို၊
ကိစ္စံ (ကာတဗွံ) - မနားမနေ ပြုသင့်လှပေ၏။
သုဝေ - နက်ဖြန်ခါ၌ မနက်ဖြန်မှ၊
မရဏံ - သေရမည်ဟူ၍၊
ကော - အဘယ်ပုဂ္ဂိုလ်သည်၊
ဧညာ - စောစောက ကြိုတင်၍ သိနိုင်ပါအံ့နည်း၊
မဟာသေနေ - တွင်းပပတ်လည်, များသောစစ်သည်ရှိသော၊
တေန မစ္စုနာ - ထိုသေမင်းနှင့်တကွ၊
သင်္ဂရံ - ချော့မော့ ဖြားယောင်းခြင်း, လက်ဆောင်တံစိုး ပေးခြင်း, စစ်သည် ဗိုလ်ပါစုဆောင်း၍ တိုက်ခိုက်ခြင်းသည်၊
န နော အတ္ထိ (နတ္ထိ ဧဝ) - ဘယ်သူတစ်ယောက်မျှမရှိ ဧကန် အမှန်ပင် ဖြစ်လေတော့သတည်း။
ဒီတော့ “အဇ္ဇေ၀ ကိစ္စမာတပ္ပံ”လို့ ဆိုတဲ့အတိုင်း နိဗ္ဗာန်ကို မြင်ရမယ်ဆိုပြီးတော့ အပြင်းအထန် အားထုတ်ရမှာ၊ မလိုလဲ လိုလဲ ပါရမီဖြစ်ရုံပဲလို့တောင် မဟုတ်ဘူး၊ ဒီတော့ ရှေးတုန်းက ပုဂ္ဂိုလ်တွေ အပြင်းအထန် အားထုတ်ကြတယ်၊ တစ်ခါတုန်းက စစ်သူကြီးတစ်ယောက် ရဟန်းပြုလာတယ်၊ ညကျတော့ အပြင်းအထန် အားထုတ်တယ်၊ အပြင်းအထန် အားထုတ်တော့ တရားက မရဘူး၊ မရတော့ ဘယ်လိုများ ကြိမ်းမောင်းလိုက်သတုန်းဆိုတော့ -
စစ်သူကြီး ကြိမ်းမောင်းပုံ
ဟတ္ထိခန္ဓာဝ ပတိတံ, ကုဉ္စရော စေ အနုက္ကမေ၊
သင်္ဂါမေ မေ မတံ သေယျော, ယဉ္စ ဇီဝ ပရာဇိတော။
ငါ ဟိုတုန်းက စစ်တိုက်တုန်းက ဆင်ကျောက်ကုန်းပေါ်က လိမ့်ကျလို့ ဆင်နင်းပြီး တော့ သေခဲ့ရတာက ကောင်းသေးတယ်။ ယခု ကိလေသာစစ်မြေပြင် ကိလေသာ တွေနဲ့ တိုက်ကာမှ ငါအရှုံး ပေးရမယ်ဆိုရင် နည်းနည်းကလေးမှ မကောင်းဘူး ဆိုပြီးတော့ အံကြိတ်ပြီး အတင်းအားထုတ်တာပဲ၊ ဒီလောက် အားထုတ်တယ်။ ညဉ့်အချိန်ကျတော့ ဒီစစ်သူကြီးက ဖြစ်လာတဲ့ ရဟန်းဟာ နဂိုက စစ်သူကြီး ဖြစ်ခဲ့လေတော့ စိတ်ကလဲ ခပ်ထက်ထက်။
န တာဝ သုပိတုံ ဟောတိ, ရတ္တိ နက္ခတ္တမာလိနီ၊
ပဋိဇဂ္ဂိတု မေဝေသာ, ရတ္တိ ဟောတိ ဝိဇာနတံ။
ဒီညဟာ နက္ခတ်ပန်းတွေနဲ့ တယ်ကောင်းတယ်၊ တယ်သာယာတယ်၊ ဒါ အိပ်ဖို့ ဖြစ်လာတာ မဟုတ်ဘူး၊ ငါတို့လို ပုဂ္ဂိုလ်များ အိပ်ဖို့ ဖြစ်လာတာမဟုတ်ဘူး၊ စိတ်ကို တစ်ခါတည်း သုတ်သင် ရှင်းလင်းပြီး သကာလ တရားအားထုတ်ဖို့ ဖြစ်လာတာပဲ လို့ဆိုပြီးတော့ သိပ်အားထုတ်တာပဲ၊ ဒါကြောင့် သမ္မာဒိဋ္ဌိ ရှေ့သွားပြုပြီးတော့ သမ္မာဝါယာမ ဆိုတဲ့ ဝီရိယက ဘယ်လောက်ကောင်းတုန်းဆိုတော့ -
ဝီရိယလေးမျိုး
၁။“အနုပ္ပန္နာနံ - မဖြစ်ကုန်သေးသော၊
ပါပကာနံ - အကုသိုလ်တရားတို့ကို၊
အနုပ္ပါဒါယ - ဘယ်နည်းနှင့်မျှ မဖြစ်ပေါ်လာခြင်း အကျိုးငှာ၊
ဝါယာမော - လုံးပမ်းကြိုးကုတ် အားထုတ်ခြင်း သဘောတရားလည်းကောင်း”
အကုသိုလ် ဘာမျှ မဖြစ်ဘူး၊ စားသောက်တဲ့အခါ တဏှာလောဘ မဖြစ်စေရဘူး၊ အဝတ်အပေါ်မှာ တဏှာလောဘ မဖြစ်စေရဘူး၊ ကျောင်းသင်္ခမ်း ကလေး အပေါ်မှာ တဏှာလောဘ မဖြစ်စေရဘူး၊ ဘယ်နေရာမှ အကုသိုလ် မဖြစ်အောင် ကြိုးစား အားထုတ်တယ်။
၂။ “ဥပ္ပန္နာနံ - ဖြစ်ကုန်ပြီးသော၊
ပါပကာနံ - အကုသိုလ်တရား တို့ကို၊
ပဟာနာယ - ယခုဘ၀ နောင်ဘဝ မဖြစ်အောင် ပယ်စွန့်ခြင်း အကျိုးငှာ၊
ဝါယာမော - လုံးပမ်းကြိုးကုတ် အားထုတ်ခြင်း သဘောတရားလည်းကောင်း”
လွန်ခဲ့ပြီးသော ဘဝသံသရာ တစ်လျှောက်လုံးက မသိမလိမ္မာသည့်အလျောက် တချို့ အကုသိုလ်များဖြစ်ခဲ့ပြီ၊ ဒီ အကုသိုလ်တွေ နောက်ထပ်များဖြစ်ရင် ခက်ရချည်ရဲ့ ဆိုပြီးတော့ ဖြစ်ပြီးသား အကုသိုလ်မျိုးကို မဖြစ်အောင် ကြိုးစားတယ်၊ ဖြစ်ပြီးသား တွေကတော့ မတတ်နိုင်ဘူးပေါ့ ၊ အဲဒီ အကုသိုလ်မျိုး မဖြစ်စေရဘူး။ ဒီဘဝမှာဆိုလို့ရှိရင် ငါ ငယ်ငယ်တုန်းက ဒီအကုသိုလ်မျိုး ပြုခဲ့မိတယ်၊ အဲဒီ အကုသိုလ်မျိုး ဘယ်တော့မှ မဖြစ်စေရဘူးတဲ့၊ သမ္မာဝါယာမဆိုတဲ့ ဝီရိယကလဲ အဲဒီလို ကြိုးစားတယ်။
၃။“အနုပ္ပန္နာနံ - မဖြစ်ကုန်သေးသော၊
ကုသလာနံ - ကုသိုလ်တရားတို့ကို၊
ဥပ္ပာဒါယ - မိမိသန္တာန်၌ ဖြစ်ပေါ်စေခြင်း အကျိုးငှာ၊
ဝါယာမော - လုံးပမ်းကြိုးကုတ် အားထုတ်ခြင်းလည်းကောင်း”
ဒီဘဝ မဂ်တရား မရသေးလို့ ရစေ့မယ်, ရကို ရစေ့မယ်၊ ရအောင်ကြိုးစားမယ်၊ သမ္မာဒိဋ္ဌိရဲ့ နောက်က သမ္မာဝါယာမ ကပ်လိုက်ပြီးတော့ ကြိုးစားမယ်, ရအောင် ကြိုးစားမယ်။
၄။“ဥပ္ပန္နာနံ - ဖြစ်ကုန်ပြီးသော၊
ကုသလာနံ - ကုသိုလ်တရားတို့ကို၊
ဘိယျောဘာဝါယ - တိုးသည်ထက်တိုး ပွားသည်ထက်ပွားများခြင်း အကျိုးငှာ၊
ဝါယာမော - လုံးပမ်းကြိုးကုတ် အားထုတ်ခြင်းလည်းကောင်း”
ကုသိုလ်တရားတွေ ယခု ရဟန်းဖြစ်ခါစ, ယခု ကမ္မဋ္ဌာန်း နှလုံးသွင်းခါစ, ယခု သူတော်ကောင်းဘဝ စခါစ ကုသိုလ်တရား တော်တော်များများဖြစ်တယ်၊ အဲဒီတော့ ဒီတရားတွေ တိုးအောင် လုပ်မယ်၊ ဘယ်ထိအောင် တိုးစေရမလဲ၊ မဂ်တရား ထိအောင် တိုး စေရမယ်၊ အဲဒီလို ဝီရိယက သိပ်အားထုတ်တာပဲ၊ ဒါကြောင့် သမ္မာဝါယာမဟာ တယ်ကောင်းတယ်၊ ဒါကြောင့် ဘုရားရှင်ကလဲ -
“အဇ္ဇေ၀ - နက်ဖြန်မရွှေ့ယနေ့၌ပင်၊
အာတပ္ပံ - ကိလေသာ အစိုအစေးတို့ကို ခြောက်သွေ့၍ သွားစေတတ်တဲ့ သမ္မပ္ပဓာန် ဆိုတဲ့ လုံ့လဝီရိယကို၊
ကိစ္စံ (ကာတဗ္ဗံ) - မနားမနေ ပြုသင့်ပေတော့၏”။
ရုပ်နာမ်မှတစ်ပါး အခြားဘာမျှမရှိ
ဒီလိုမှ ရမယ်၊ ဒီလိုမှ နိဗ္ဗာန်ရမယ်၊ သမ္မာဒိဋ္ဌိက ရုပ်, နာမ် တရားတွေကို အနိစ္စ,ဒုက္ခ, အနတ္တလို့ နည်းလမ်းကျကျနဲ့ မှန်ကန်စွာ ရှုတယ်,မြင်တယ်၊ သမ္မာဒိဋ္ဌိရှိတဲ့အတွက် အမြင်ဟာ မှားမသွားနိုင်တော့ဘူး၊ အမြင်မမှားတဲ့အတွက် သမ္မာဝါယာမလို့ ခေါ်တဲ့ ဝီရိယရဲ့ ကြိုးစားမှုဟာ ကောင်းသော ကြိုးစားမှုသာ ဖြစ်နိုင်တော့တယ်၊
သမ္မာသင်္ကပ္ပတရားက ကောင်းစွာ ကြံစည်တယ်။ သမ္မာဒိဋ္ဌိက မှန်ကန်စွာ နည်းလမ်းကျကျ မြင်ထားတာကိုပဲ သမ္မာသင်္ကပ္ပက ထပ်ထပ် စဉ်းစားတယ်, ကြံစည်တယ်၊ အဲဒီလို သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပစတဲ့ မဂ္ဂင်ရှစ်ပါးနဲ့ ရုပ်တရား နာမ်တရားတွေကို သေသေချာချာ ရှုလိုက်တဲ့အခါမှာ သံသရာတစ်လျှောက်လုံး သတ္တဝါတွေဟာ အထင်အမြင် မှားယွင်းလာခဲ့ကြတယ်ဆိုတာ ကောင်းကောင်းကြီး သိနိုင်တယ်၊
ဘယ်လို အထင်အမြင် မှားလာခဲ့ကြသလဲဆိုတော့ လူတဲ့ နတ်တဲ့ ယောက်ျားတဲ့, မိန်းမတဲ့, မင်းတဲ့, ငါတဲ့ ဘယ်သူ ဘယ်ဝါတဲ့ စသည်ဖြင့် အမျိုးမျိုး ခေါ်နေကြတယ်၊ အဲဒီလို ခေါ်နေ ကြတာဟာလဲ တကယ်ရှိတယ်ထင်ပြီး ခေါ်နေတာ။ လူရယ်, နတ်ရယ်, ယောက်ျားရယ်, မိန်းမရယ်, ဘယ်သူဘယ်ဝါ ရယ်လို့ တကယ် ရှိတယ်ထင်ပြီး ခေါ်နေကြရုံတင်မကဘူး၊ တဏှာနဲ့ အချင်းချင်းလဲ ခင်တွယ်လို့ ကိုယ့်ကိုယ်ကိုလဲ ငါ, ငါ, ငါနဲ့ အကြီး အကျယ် ခင်တွယ်လို့ စွဲလမ်းလို့၊ သူများကိုလဲ ဘယ်သူဘယ်ဝါ ငါ့ဟာငါ့ဥစ္စာ စသည်ဖြင့် အကြီးအကျယ် ခင်တွယ်လို့ စွဲလမ်းလို့၊ ဒီလို စွဲလမ်း ခင်တွယ်နေရာက တစ်ဆင့်တက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီး, သူတစ်ပါးကို အထင်သေး, မနာလိုဝန်တိုစတဲ့ အကုသိုလ်တွေက အမျိုးမျိုး ထပ်ဖြစ်လိုက်ချေသေးရဲ့၊
မဂ္ဂင်ရှစ်ပါးတရားတော်နဲ့ သေသေချာချာ သိမြင်လာတဲ့အခါကျတော့ လူရယ်လို့လဲ ရှာမရဘူး၊ ယောင်္ကျား,မိန်းမ,ငါ,သူဘယ်သူ ဘယ်ဝါရယ်လို့ ရှာမရဘူး၊ ဘာတွေသာ ရှာရသတုန်း၊ ဘာတွေသာ ရှာရသတုန်းဆိုတော့ အမြဲတမ်း ဖြစ်ပျက် ဖြစ်ပျက်နေတဲ့ အနိစ္စ, ဒုက္ခ, အနတ္တတွေချည်းသာဖြစ်တဲ့ ရုပ်တရား,နာမ်တရားတွေသာ ရှိပါတယ်၊ ရုပ်တရား, နာမ်တရားတွေ ကိုပဲ လူ, နတ်, ယောင်္ကျား, မိန်းမ စသည်ဖြင့် ခေါ်နေကြတာ၊
ပြီးတော့ လူရယ်လို့ ခေါ်နေကြတဲ့ ရုပ်ခန္ဓာကိုယ်ကြီးကို ခွဲဖျက်ကြည့်ဦး၊ ဆံပင်, အမွေး, ခြေသည်း, လက်သည်း, သွား, အရေ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, အညှို့ နှလုံးစတဲ့ အစိတ်အပိုင်း ကောဋ္ဌာသတွေသာ ရှိပါတယ်၊ အဲဒီတော့ လူဆိုတာ ဘယ်ဟာလဲ။
အိမ်ဥပမာ
ဥပမာ အိမ် ပြောပါတော့၊ ဒါ အိမ်လို့ ပြောနေတဲ့ အိမ်ဟာ သေသေချာချာ စစ်ကြည့်လိုက်၊ လက်ညှိုး ထိုးကြည့်လိုက်၊ ဘယ်ဟာအိမ်လဲ၊ အိမ်တဲ့ တိုက်တဲ့၊ ဘယ်ဟာတုန်း အိမ်၊ ဘယ်ဟာတုန်း တိုက်၊ လက်ညှိုးနဲ့ ထောက်ပြလိုက်တော့ သစ်သားတွေရင်လဲ လက်ညှိုးနဲ့ ထောက်မိမယ်၊ လက်ညှိုးနဲ့ ညွှန်မိမယ်၊ ဒါပေါ့ အိမ်၊ ဘယ်ဟာတုန်း ဟောဒါ ဟောဒါ၊ အင်းဘယ်နှယ် ဒါက သစ်သားပဲ၊ ဘယ် အိမ်ဟုတ်ရမလဲ၊ နံရံကြီးတွေပဲ၊ အုတ်တွေ အင်္ဂတေတွေပဲ၊ သံတိုင်တွေပဲ၊ အဲဒီတော့ အိမ်ဆိုတာ မရှိတော့ဘူး၊ အိမ်ဆိုတာ ပျောက်သွားပြီ၊
အိမ်လို့ ခေါ်တော့ ခေါ်တယ်။ ဒါတွေ ပေါင်းပြီးတော့ ခေါ်တာ၊ ဒါတွေ ပေါင်းပြီးတော့ အိမ်ခေါ်တာ၊ လူဆိုတဲ့ ငါဆိုတဲ့ သူဆိုတဲ့ သတ္တဝါတွေလဲ မျက်စိ၊နား၊နှာ၊အင်္ဂါ ခြေလက်တွေ ပေါင်းပြီး သူရယ်၊ ငါရယ် ပြောကြတာ၊ တကယ်ဆိုတော့ လူ၊ ပြောစမ်း၊ ဘယ်သူတုန်း၊ လက်ကိုင်ပြီးတော့ ပြောတယ်။ ဒါပေါ့ လူ၊ အဲဒါ လက်ပဲ၊ တစ်ခါ လက်ပြောစမ်း၊ ဒါဘာတုန်း၊ လက်ဆိုတာလဲ ဒါပဲ၊ အို-ဒါက ရုပ်တွေပဲ၊ ဘယ် ဟုတ်မလဲ။ ရုပ်မှန်ကလေးတွေ ပေါင်းပြီးတော့ နေတာပဲ၊ ဒီလိုဆိုရင် လူမရှိဘူးပေါ့။ ဘယ်ရှိမလဲ ရုပ်တွေသာ ရှိတာပေါ့၊ ဒါဖြင့် တို့လူတွေဆိုတာ အပြောရှိတာပေါ့၊ ဟုတ်တယ်၊ အပြောရှိတာ။
သံသရာချဲ့တဲ့ တရားသုံးပါး
ဒါပေမယ်လို့ တစ်သံသရာလုံး အဝိဇ္ဇာက ဒါတွေကို အကုန်လုံး ဖုံးထားတာ၊ အဝိဇ္ဇာက ဖုံးထားတော့ တဏှာနဲ့ လူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲ၊ ငါ့ပစ္စည်းပဲ ငါ့ဥစ္စာပဲလို့ တဏှာက စွဲလို့၊ အဲဒီထဲ ငါ၊ ငါ၊ ငါ၊ ငါလို့ မာနတွေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလို့၊ ပြီးတော့ ဒိဋ္ဌိဆိုတာ ကလဲ အမြင်မှား အထင်မှားဖြစ်လို့၊ ဖြစ်ပျက် ဖြစ်ပျက်နေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဖြစ်တဲ့ ရုပ်တရား နာမ်တရားတွေအပေါ်မှာ သူ၊ ငါ၊ ယောက်ျား မိန်းမရယ်လို့ ဒိဋ္ဌိက အမြင်မှာတော့ တဏှာက အလွန် ခင်မင်နေတယ်၊
အဲဒီလို တဏှာက ခင်တွယ်တဲ့အပြင် မာနက ငါမှငါ တကယ့်ငါဆိုပြီး စိတ်ကြီးတွေ ဝင်နေတယ်၊ အဲဒီ တဏှာ၊ မာန၊ ဒိဋ္ဌိ သုံးပါးကြောင့် သံသရာထဲမှာ ကြာပြီးတော့ နေခဲ့တာ၊ ယခု အဲဒီတဏှာ ကို သတ်မယ်၊ အဲဒီဒိဋ္ဌိကို သတ်မယ်၊ မာနဆိုတာ အပေါ်ယံကလေး။
ရဇ္ဇုယောဂါ ဒါရုယန္တံ၊ သဗျာပါရံဝ ခါယတိ၊
ဧဝံ သုညံ နာမရူပံ၊ အညမညသမာယုတံ။
အရုပ်ကလေးကို မင်းသမီး မင်းသားရုပ်ကလေးကို ကြိုးနဲ့တပ် လိုက်တဲ့အခါကျတော့ ဟို-ကြိုးဆွဲတဲ့လူက လှုပ်ပြတယ်၊ ဒီတော့ မင်းသမီး မင်းသားရုပ်ကလေးက ကလို့ ခုန်လို့၊ ဗျာပါရဆိုတဲ့ အလုပ် ကိစ္စ ရှိသလို ရွက်ဆောင်တတ်သလို ဒီလို ထင်ရတယ်၊
“ရဇ္ဇုယောဂါ - အရုပ်ကြိုးနှင့် အသင့်တွဲကပ်၊ ပေါင်းစပ်မိခြင်းကြောင့်၊
ဒါရုယန္တံ - သစ်သားကိုလုပ်၊ မင်းသမီး မင်းသားရုပ်သည်၊
သဗျာပါရံဝ - သွားရပ် ကခုန်၊ ဗျာပါရရှိပုံကဲ့သို့၊
ခါယတိ - ရှုသူ့စိတ်တွင်၊ မှတ်ထင်ရလေ၏”။
သစ်သားရုပ်နှင့်တူသော ခန္ဓာကိုယ်
အဲဒီ အရုပ်ကလေးလိုပဲ ခု ဒီ ရုပ်ခန္ဓာကိုယ်ကြီးလဲပဲ စိတ်ဆိုတဲ့ နာမ်တရားနဲ့ ပေါင်းမိလို့ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ လက်ဟာ သူ့ဟာသူ မလှုပ်ဘူး၊ စိတ်ထဲက လက်မြှောက်ချင်တယ်လို့ ဖြစ်ရင်ပဲ တစ်ကိုယ်လုံးမှာ စိတ္တဇရုပ်တွေ ပျံ့ပြီးတော့ ဝါယောဓာတ် အစွမ်းကြောင့် လက်ဟာ မြောက်ရတယ်၊ စိတ်က လက်ကို အောက်ချ ချင်တယ်ဆိုရင်ပဲ၊ တစ်ကိုယ်လုံးမှာရော၊ လက်တွေဆီမှာရော စိတ္တဇရုပ်တွေ အနှံ့ဖြစ်တဲ့အခါ ပထဝီဓာတ်လွန်ကဲတဲ့ ရုပ်ကလာပ်တွေများများ၊ များများလာတော့ လက်ဟာ အောက်ကျလာတယ်၊
“ရဇ္ဇုယောဂါ - အရုပ်ကြိုးနှင့် အသင့်တွဲကပ်၊ ပေါင်းစပ်မိခြင်းကြောင့်၊
ဒါရုယန္တံ - သစ်သားကိုလုပ်၊ မင်းသမီး မင်းသားရုပ်သည်၊
သဗျာပါရံဝ - သွားရပ် ကခုန်၊ ဗျာပါရရှိပုံကဲ့သို့၊
ခါယတိ - ရှုသူ့စိတ်တွင်၊ မှတ်ထင်ရလေ၏
ဧဝံ - ဤအတူ၊
နာမရူပံ - ရုပ်နာမ်နှစ်ဖြာ၊ ခန္ဓာငါးပါး တည်းဟူသော နာမ်ရုပ်တရားသည်၊
အညမညသမာယုတံ - အချင်းချင်း ပေါင်းစပ်မိသည်ဖြစ်၍၊
သဗျာပါရံဝ - သွားရပ်ထိုင်လျောင်း၊ လိုရာပြောင်းလျက်၊ အကြောင်းအားလျော်စွာ ဗျာပါရရှိလေသကဲ့သို့၊
ခါယတိ - ရုပ်နာမ်နှစ်ပါး မကွဲပြားက၊ အများစိတ်တွင် မှတ်ထင်၍ နေရလေ သတည်း။
သက်သက်တင်စား
အထင်မှားနေကြတာ
သမ္မာဒိဋ္ဌိဉာဏ်နဲ့ သေသေချာချာ ရှင်းပြီးတော့ ကြည့်၊ ရုပ်နဲ့ နာမ် ပေါင်းနေတယ်နော်။ ဟုတ်တယ်၊ ငါဆိုတဲ့ဥစ္စာဟာ သက်သက် တင်စားပြီးတော့ အထင်မှားနေတာ၊ **ငါမဟုတ်ဘူး**၊ ရုပ်နဲ့နာမ် ပေါင်းနေတာ၊ ရုပ်နာမ်နှစ်ခုကို ပယ်ပစ်လိုက်လို့ရှိရင် ဒီ ငါမရှိဘူး၊ ခုနေတဲ့ ကမ္မဋ္ဌာန်းကျောင်းကလေး ကြည့်စမ်း၊ အပေါ်က သက်ငယ်တွေ မိုးထားလို့၊ အဲ-ဘေးက ထရံတွေ ကာထားလို့၊ အရင်းက တိုင်ကလေးတွေ စိုက်ထားလို့၊ ဒါကို ကမ္မဋ္ဌာန်းကျောင်းလို့ သမုတ် ထားတာ၊
သေသေချာချာ ကြည့်လိုက်တော့ တိုင်၊ သစ်၊ ဝါး၊ သက်ငယ်၊ အမိုးကပ် ဒါတွေပဲ ရှိပါလား၊ ဘယ်မတုန်း ကမ္မဋ္ဌာန်းကျောင်း၊ အဲဒီလိုပဲ သူ၊ငါလို့ ပြောနေတာ၊ ဘယ်မလဲ သူ၊ ငါ၊ သူ၊ ငါဆိုတာ အမည်ပညတ်တွေ တင်ထားတာ၊ စင်စစ်တော့ **ရုပ်တရား၊ နာမ်တရားပဲ ရှိတယ်**၊
အဲဒီလို ရုပ်တရား နာမ်တရားတွေသာ ရှိပါလားဆိုတာ သိပြီးတော့ သူပဲ ငါပဲ၊ ဘယ်သူပဲ၊ ဘယ်ဝါပဲ၊ ငါ့ဟာပဲ၊ ငါ့ဥစ္စာပဲလို့ စွဲလမ်းစရာ ခင်တွယ်စရာ သူရယ် ငါရယ်လို့ မရှိပါလား၊ ငါမှ ငါရယ်လို့ စိတ်ကြီးဝင် မာနတက်စရာ ငါမရှိပါလား၊ အားလုံးဟာ ရုပ်တရား၊ နာမ်တရားတွေချည်းသာ ရှိပြီး ဒါတွေဟာလဲ ဖြစ်ပြီး ပျက်သွားတဲ့ အနိစ္စတွေချည်းပါလားလို့ ဝိပဿနာရှုရတယ်။
နိရုဒ္ဓါ.တီတသင်္ခါရာ၊ ပစ္စုပ္ပန္နာ စ ဘိဇ္ဇရေ၊
အနာဂတာ ဘိဇ္ဇိဿန္တိ၊ သဗ္ဗေပိ ဘာယိတဗ္ဗကာ။
ကာလသုံးဖြာ ရုပ်နာမ်ခန္ဓာ
“အတီတသင်္ခါရာ - ရှေးရှေးဘဝ၊ ရှေးကာလ၌ ဖြစ်ကြလေငြား၊ ရုပ်နာမ်သင်္ခါရ တရားတို့သည်၊
နိရုဒ္ဓါ - ငါ၏သန္တာန် အဖန်ဖန်ဖြင့် မှန်မှန်ပျက်ပြုန်း ကုန်ဆုံးကြလေကုန်ပြီ”
အတိတ်ကို မလိုက်ပါနဲ့ ဆိုတာ တဏှာ၊ ဒိဋ္ဌိနဲ့ မလိုက်ပါနဲ့လို့ ပြောတာ၊ တရားနဲ့တော့ လိုက်ရပါတယ်၊ လိုက်ကောင်းပါတယ်၊ အနာဂတ်ကို မတောင့်တပါနဲ့ ဆိုတာဟာလဲ တဏှာ၊ ဒိဋ္ဌိနဲ့ မတောင့်တပါနဲ့လို့ ပြောတာ၊ ခုလို တရားနဲ့ ဟောလိုက်ရပါတယ်၊
“အတီတသင်္ခါရာ - ရှေးရှေးဘဝ၊ ရှေးကာလ၌ ဖြစ်ကြလေငြား၊ ရုပ်နာမ်သင်္ခါရ တရားတို့သည်၊
နိရုဒ္ဓါ - ငါ၏သန္တာန် အဖန်ဖန်ဖြင့် မှန်မှန်ပျက်ပြုန်း ကုန်ဆုံးကြလေကုန်ပြီ”
ကုန်ခဲ့ပြီ၊ ရှေးတုန်းက၊ ရှေးတုန်းကဆိုတာ ဒီဘဝရဲ့ ရှေး၊ ဒီ ဘဝရဲ့ ရှေးတောင်မှ ခုချိန်ရဲ့ ရှေ့နားက ရှေး၊ အဲဒါလဲ ပျက်ခဲ့တယ်။ ဒီရုပ်တရား၊နာမ်တရားတွေဟာ ပျက်ခဲ့တယ်၊ ပျက်ခဲ့ကြတယ်။
“အနာဂတာ - နောက်နောက်ဘဝ၊ နောက်ကာလ၌ ဖြစ်ကြရန်သင့် အဆင့်ဆင့် ပွား၊ ရုပ်နာမ် သင်္ခါရတရားတို့သည်လည်း၊
ဘိဇ္ဇိဿန္တိ - ဒီပုတ်ထဲက ဒီပဲအနေ အကုန်ပင် ချုပ်ပျက်ကြလေကုန်လတ္တံ့”
နောက်လာမှာပေါ့၊ ဒီလိုပဲ ဒီလိုပဲ အရင်ပျက်သွားသလိုပဲ၊ နောက်လာမယ့် ဥစ္စာတွေကလဲ ပျက်မှာပဲ၊ နောက်လာမယ့် အနာဂတ် ဘဝကြည့်၊ ပျက်မှာပဲ၊ အနာဂတ် လာမယ့်ဘဝမဆိုထားနဲ့၊ ယနေ့ တော်တော်ကြာရင် ဖြစ်မယ့်ရုပ်တွေကလဲ ပျက်ကြဦးမှာပဲ၊ ပျက်ကြ ဦးမှာဆိုရင်လဲ **မဖြစ်တာကောင်းတယ်**။
ဟိုရှေးတုန်းက ဒကာမကြီးတစ်ယောက် သမီးကို အင်မတန် ချစ်တယ်၊ အဲဒီ အင်မတန်ချစ်တဲ့ သမီးကလေး သေသွားတော့ သူငိုတဲ့ထဲ တရားပါလာတယ်၊
“သမီးရယ် ချစ်အောင်တော့ သမီးက တတ်နိုင်တယ်၊ အခု သောကတွေ့ဖြစ်နေလို့ ဝမ်းနည်းတော့ သမီး ဘာမျှ မတတ်နိုင်တော့ဘူးလား”
အဲဒီ လောကကြီးထဲ ပျက်တဲ့ဟာ ဆိုလို့ရှိရင် **မဖြစ်တာက ကောင်းတယ်**၊ ပျက်မယ့် ဟာမှန်သမျှ မဖြစ်တာက ကောင်းသေးတယ်၊ ဒီတော့ အနာဂတ်မှာလဲ ပျက်မှာ ချည်းပဲ၊
“အနာဂတာ - နောက်နောက်ဘဝ၊ နောက်ကာလ၌ ဖြစ်ကြရန်သင့် အဆင့်ဆင့်ပွား၊ ရုပ်နာမ် သင်္ခါရတရားတို့သည်လည်း၊
ဘိဇ္ဇိဿန္တိ - ဒီပုတ်ထဲက ဒီပဲအနေ ဧကန်ပင် ချုပ်ပျက်ကြကုန်လတ္တံ့။
ပစ္စုပ္ပန္နာစ - ယခုလက်ငင်း၊ ပက်ပင်းတွေ့ကြုံ အဖုံဖုံသွား၊ ရုပ်နာမ် သင်္ခါရတရား တို့သည်လည်း၊
ဘိဇ္ဇရေ - နှမ်းအိုးကင်းထက်၊ နှမ်းတွေ ကျက်သို့ ရုတ်တရက်အနေ၊ ချုပ်ပျက်၍ နေကြလေကုန်သတည်း။
နှမ်းအိုးကင်းထက်၊ နှမ်းတွေကျက်သို့
ခုလဲ ချုပ်နေတာပဲ၊ ဒီ ရှေးတုန်းကဟာတွေ ရှေးတုန်းက ချုပ်သလို ခုဟာကလဲ ခုချုပ်နေတာပဲ၊ တကတည်း နှမ်းအိုးကင်းကလေးထဲ ထည့်ပြီးတော့ နှမ်းတွေ လှော်လိုက်တယ်၊ အောက်က မီးကျီးက ခပ်ကောင်းကောင်းနဲ့ လှော်လိုက်တယ်။ အဲဒီတော့ နှမ်းတွေဟာ
- အရှေ့ဘက်နားကလဲ ဖြစ်ဖြစ် ဖြစ်ဖြစ်၊
- အနောက်ဘက်နားကလဲ ဖြစ်ဖြစ် ဖြစ်ဖြစ်၊
- မြောက်ဘက်နားကလဲ ဖြစ်ဖြစ် ဖြစ်ဖြစ်၊
- တောင်ဘက်နားကလဲ ဖြစ်ဖြစ် ဖြစ်ဖြစ်၊
- အလယ်ကလဲ ဖြစ်ဖြစ် ဖြစ်ဖြစ်၊
အဲသလို ခြေဆုံးခေါင်းဆုံး တစ်ကိုယ်လုံးဖြစ်တဲ့ ရုပ်နာမ်တွေဟာလေ ခေါင်းပိုင်းကလဲ ဖြစ်ဖြစ် မမြည်တာတမယ်၊ ချုပ်လျက် ပျက်လျက်၊ အလယ်ပိုင်းကလဲ ဖြစ်ဖြစ် မမြည်တာတမယ်၊ ချုပ်လျက် ပျက်လျက်၊
“သဗ္ဗေပိ - ယခုရှေ့နောက်၊ ငါ့ထံရောက်လျက်၊ ချုပ်ပျောက် ပျက်ပြုန်း၊ ရုပ်နာမ် အားလုံးတို့သည်ပင်၊
ဘာယိတဗ္ဗကာ - ကြောက်ရွံ့စရာ၊ မလွန့်သာလျက်၊ စွန့်ခွာဖို့တွက်၊ သက်သက် တွေးဖွယ်၊ ဘေးအသွယ်သွယ်တို့ပါတကား”။
နာရီကစက် တချက်ချက်သို့
အဲဒီလို စဉ်းစားတယ်၊ တရားထိုင်ပြီးတော့ စဉ်းစားနေတယ်၊ ပစ္စုပ္ပန် ရုပ်တရားတွေ စဉ်းစားပြီးတော့ **အနိစ္စ ဒုက္ခ အနတ္တ**၊ ခြေဆုံး ခေါင်းဆုံး တစ်ကိုယ်လုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ ခြေဆုံး ခေါင်းဆုံး တစ်ကိုယ်လုံး ထဲမှာ ပါဝင်ပြီးတော့ ရုပ်တွေကို ဖြစ်စေ နိုင်တဲ့ နာမ်တရား စိတ်တရားလေးလဲ ဖြစ်ပျက်မှုဖြစ်ပျက်၊ တကတည်း နာရီ ကလေးက တချက်ချက် မြည်သလို၊ ဒီရုပ်တရား နာမ်တရားတွေကလဲ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်၊ ဒီလို ဖြစ်ပျက်ပြီးတော့နေတယ်၊
အဲဒါတွေ ပထမဆုံး ဆရာသမားက ဟောလို့ ကြားဖူးနားဝ ရှိခဲ့တယ်၊ ဒုတိယ စဉ်းစားတော့ ဟုတ်တယ်၊ သမ္မာသင်္ကပ္ပက စဉ်းစားကြည့်တော့ ဟုတ်တယ်၊ ဒီတိုင်း ပျက်နေတာပဲ၊ နောက် စိန္တာမယဉာဏ်နဲ့ သိပြီးတဲ့နောက် ဘာဝနာ ပွားတော့ ဟုတ်လိုက်တာမှ ဟုတ်လိုက်တာ၊
ဒီရုပ်ကြီးဟာ တကယ့်ကို ဖြစ်ပျက်နေတာ၊ ဒီစိတ်ကလေး တွေကကော တကယ့်ကို ဖြစ်ပျက်နေတာပဲ၊ စိတ်ကလေးတွေဟာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာပဲ၊ ဒီခန္ဓာကိုယ်ကြီး ရနေသရွေ့ ဒီလိုချည်း ဖြစ်ပျက်နေမှာပဲ၊ ဒီခန္ဓာကိုယ်ကြီး ဘာလို့ ရပါလိမ့်၊ အို-ရှေးက ကံတွေပြုခဲ့လို့ ရတာပေါ့။ ရှေးက ကံတွေပြုတဲ့ ဘုရား၊ ရဟန္တာတွေလဲ နောက်ဆုံးဘဝအထိ ခန္ဓာကိုယ် ကြီး ရနေတာကို မကျေနပ်လို့ အကြောင်းရင်း စဉ်းစားလိုက်တော့ **အဝိဇ္ဇာနှင့် တဏှာ**ဆိုတာ ပေါ်လာတယ်၊
အဲဒီထဲမှာ **တဏှာဟာ တယ်ဆိုးတယ်**၊ ယခုလဲပဲ ကမ္မဋ္ဌာန်းထိုင်ရင်းကိုပဲ တစ်ခါ တစ်ခါ ကိုယ့် စိတ်ကလေး ဖြစ်နေတာတောင် တဏှာနဲ့ သာယာသေးတယ်၊ အင်း တယ်ဆိုတဲ့ တဏှာပါလား၊ ကမ္မဋ္ဌာန်းထိုင်တဲ့ အခါတောင်မှ ဒီကမ္မဋ္ဌာန်း တရား ကလေးအပေါ်မှာတောင် ဒီတဏှာက သာယာလိုက်သေးတယ်၊ အလွန်သိမ်မွေ့တဲ့ တဏှာ၊ သိပ်ကြောက်စရာကောင်းတဲ့ တဏှာ၊ ဒင်းရှိနေသရွေ့ တော့ ဘယ်တော့မှ ဒီဘဝက လွတ်မှာမဟုတ်ဘူး။
ဘဝေ ဝါဟံ ဘယံ ဒိသွာ၊ ဘဝဉ္စ ဝိဘဝေသိနံ၊
ဘဝ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိဉ္စ န ဥပါဒိယိံ။
ဘုရားရှင်က ဘဝကို မတောင့်တ
“အဟံ - သင်လို ထပ်တူ နတ်လူဗြဟ္မာ သတ္တဝါတို့၏၊ ဆရာတစ်ဆူ ဖြစ်တော်မူသော ငါဘုရားသည်၊
ဘဝေ - ဖြစ်က ပျက်မြဲ၊ မလွဲတံထွာ၊ သံသရာနှောင်တွင်း ထောင်အကျဉ်း၌၊
ဘယံ - အိုနာသေရေး၊ ဒုက္ခဘေးမှ စ၍ရန်စွယ် အန္တရာယ်ဟု ဘေးအစုကို၊
ဒိသွာ ဧ၀ - ဆုံးစကုန်စင်၊ သိမြင်တော်မူခြင်းကြောင့်သာလျှင်၊
ကိဉ္စိ ဘဝံ - ကာမ ရူပ အရူပဟု၊ လောကသုံးဘုံ အလုံးစုံတွင် တစ်စုံတစ်ခုသော ဘဝကိုမျှ၊
နာဘိဝဒိံ - စုံစုံမက်မက်၊ နှစ်သက်ခင်မင်၊ လိုချင်တောင့်တတော်မမူ”
ဘုရားရှင်က ဘယ်ဘဝမှ မတောင့်တဘူး၊ ဘာပြုလို့တုန်း၊ အားလုံး ဘဝတွေဟာ အိုနာသေရေး ဒုက္ခဘေးတွေ ဝိုင်းရံနေတဲ့ ဘဝတွေမို့လို့ -
“နန္ဒိဉ္စ - ထိုထိုဘဝ၌၊ စုံစုံမက်မက်၊ နှစ်သက် တွယ်တာတတ်တဲ့ ဘဝတဏှာ ကိုလည်း၊
န ဥပါဒိယိံ - စွဲလမ်းလွတ်ကင်း၊ အမြစ်ရင်းက၊ အလျဉ်းပြတ်စေ၊ ဖြတ်တောက်တော် မူခဲ့ပေသတည်း”
လို့ အဲဒီဘဝတွေ နှစ်သက်တဲ့ တဏှာက စပြီးတော့ သေးသေးသိမ်သိမ် တဏှာပါ မကျန်အောင် ငါဘုရား ဖြတ်တောက်တော်မူခဲ့တယ်။
ဘဝမှန်သမျှ မကောင်း
ဘဝမှန်သမျှ ဘယ်ဘဝမှ မကောင်းဘူး၊ ပျက်စီးမှာ မှန်သမျှ မကောင်းတာချည်း ဘဲလေ၊ လက်တွေ့ပဲ စဉ်းစားကြည့်၊ ထမင်းကလေး စားကောင်းကောင်းနဲ့ စားလိုက်တာ တော်တော်ကြာတော့ ဓာတ်တွေပျက်၊ ဝမ်းတွေ လျှောဖြစ်တော့ ဒီလိုဆို မစားတာက ကောင်းသေး၊
အဲဒီလို အဲဒီလို ပျက်မှာဖြင့် ဒီဘဝဟာ မရတာက ကောင်းသေးတယ်၊ ဒီဘဝမျိုး မရအောင်ဟာ ဘာလုပ်ရမလဲ၊ **တဏှာကိုဖြတ်**၊ ဘုရားရှင်က တစ်ခါ ဥပမာ အမိန့်ရှိတယ်၊ ဟိုမစင်ကလေး မစင်ကလေး၊ ကြီးတဲ့မစင် များတဲ့မစင်သာ ရွံစရာ ကောင်းတာ မဟုတ်ဘူး၊ သေးသေးကလေး မစင်၊ နည်းနည်းကလေးမစင်လဲ ရွံစရာ ကောင်းတာပဲ၊
အဲသလိုပဲ ဘဝဟာ ဘဝအများကြီးသာ ရွံစရာကောင်းတာ မဟုတ်ဘူး၊ သောတာပန် ဖြစ်ရင် (၇)ဘဝလောက်သာ နေရတော့မယ်၊ အဲဒီဘဝလဲ ရွံစရာ ကောင်းတယ်၊ ဟို သကဒါဂါမ်၊ အနာဂါမ်ဖြစ်ပြီးတဲ့နောက် ရူပ၊ အရူပဘုံမှာ ရတဲ့ဘဝ နည်းနည်းကလေး ကလဲ ရွံစရာကောင်းတယ်၊ မစင်ကလေးသေးသေးကလေးဟာ ဘာမစင်ဖြစ်ဖြစ်၊ ဘယ်လောက်ကောင်းတဲ့ ထမင်းဟင်းစားပြီး စွန့်ချတဲ့ ဘာမစင်ဖြစ်ဖြစ် ရွံစရာ ကောင်းတယ်၊
အဲဒီလိုပဲ နတ်ဘုံဘဝလည်း ရွံစရာကောင်းတယ်၊ ဘာပြုလို့တုန်း၊ ဇာတိဆိုတာ ဗျာဓိ၊ မရဏတွေနဲ့ ဆက်သွားမှာ၊ ဗြဟ္မာဘဝလည်း ရွံစရာကောင်းတယ်၊ အနာဂါမ်ဖြစ်တော့ ရူပဘုံ၊ အရူပဘုံမှာ ဘဝရှိသေးတယ်၊ အဲဒီဘဝကိုလဲ မြတ်စွာဘုရားက အားပေးတော်မမူဘူး၊ နှစ်သက်တော်မမူဘူး။
ဘဝေ ဝါဟံ ဘယံ ဒိသွာ၊ ဘဝဉ္စ ဝိဘဝေသိနံ၊
ဘဝ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိဉ္စ န ဥပါဒီယိံ။
“အဟံ - သင်လိုထပ်တူ နတ်လူဗြဟ္မာ သတ္တဝါတို့၏၊ ဆရာတစ်ဆူ ဖြစ်တော်မူသော ငါဘုရားသည်၊
ဘဝေ - ဖြစ်လျှင်ပျက်မြဲ မလွဲတံထွာ၊ သံသရာနှောင်တွင်း၊ ထောင်အကျဉ်း၌၊
ဘယံ - အိုနာသေရေး၊ ဒုက္ခဘေးမှ စ၍ရန်စွယ်၊ အန္တရာယ်ဟု၊ ဘေးအစုကို၊
ဒိသွာ ဧ၀ - ဆုံးစကုန်စင်၊ သိမြင်တော်မူခြင်းကြောင့်သာလျှင်”
ကဲ .. ဒီလိုသိလေ၊ ဘဝကို မနှစ်သက်လေ၊ မသိလေ ဘဝကို နှစ်သက်လေ၊ အဝိဇ္ဇာက ဖုံးထားလို့ မသိလေ၊ တဏှာက နှစ်သက်လေ၊ အဝိဇ္ဇာတွေ ကုန်ခန်းလို့ သမ္မာဒိဋ္ဌိဉာဏ်အမြင်က အင်မတန်ကောင်းလေ၊ တဏှာက လျော့ပြီးတော့ မနှစ်သက်လေ၊
“ဘယံ - အိုနာသေရေး ဒုက္ခဘေးမှ စ၍ရန်စွယ်၊ အန္တရာယ်ဟု၊ ဘေးအစုကို၊
ဒိသွာ ဧ၀ - ဆုံးစကုန်စင်၊ သိမြင်တော်မူခြင်းကြောင့်သာလျှင်၊
ကိဉ္စိ ဘဝံ - ကာမ ရူပ အရူပဟု၊ လောကသုံးဘုံ အလုံးစုံတွင် တစ်စုံတစ်ခုသော ဘဝကိုမျှ၊
နာဘိဝဒိံ - စုံစုံမက်မက်၊ နှစ်သက်ခင်မင်၊ လိုချင်တောင့်တတော်မမူခဲ့ချေ၊
နန္ဒိဉ္စ - ထိုထိုဘဝ၌၊ နှစ်သက်စုံမက်တတ်တဲ့ တဏှာကိုလည်း၊
န ဥပါဒိယိံ - စွဲလမ်းလွတ်ကင်း၊ အမြစ်ရင်းက၊ အလျဉ်းပြတ်စေ၊ ဖြတ်တောက်တော် မူခဲ့ပေသတည်း”။
ဖြစ်သမျှခန္ဓာ၊ ပျက်မှာချည်းသာ
အဲဒီလိုပေါ့လေ၊ သမ္မဒိဋ္ဌိက လျှောက်ပြီးတော့ အမြင်ကောင်းလိုက်တာ ဒီလက်ရှိ ရုပ်နာမ်ကလေးကိုပဲ **အနိစ္စ ဒုက္ခ အနတ္တ**ပါလား၊ ဘာမျှ မကောင်းဘူး၊ဘာမျှ မကောင်းဘူး၊ လွန်ခဲ့ပြီးသားတွေ မကောင်းလို့လဲ အပျက်၊ လာမယ့်ဘဝတွေလဲ မကောင်းလို့အပျက်၊ လာမယ့်ဘဝတင် မဟုတ်ဘူး၊ ယခုလောလောဆယ်ဖြစ်နေတဲ့ ဒီရုပ်တရား၊နာမ် တရားတွေကလဲ ဖြစ်ပျက် ဖြစ်ပျက် ဖြစ်ပျက်၊
ငါ့ရဲ့ စိတ်ကလေးကလဲ သေသေချာချာကြည့်ရင် တော်တော်ကြာ တစ်မျိုး ပြောင်းလိုက်၊ တော်တော်ကြာ တစ်မျိုးပြောင်းလိုက်နဲ့ အမြဲတမ်း ပျက်ပျက်၊ ပျက်ပျက် နေတယ်၊ ဒီခန္ဓာကိုယ်ကြီး ရရှိထားတော့ အကြောင်းတွေ အမျိုးမျိုးကြောင့် စိတ်ဟာ ဖြစ်လာတယ်၊ အဲဒီလို ဖြစ်လာတိုင်း ပျက်ပျက်နေတယ်၊ ရုပ်တရားတွေ ကလဲ အဆက်မပြတ် ဖြစ်တယ်။
ဖြစ်တော့ ဖြစ်တိုင်းပျက် ဖြစ်တိုင်းပျက်၊ ကံက ရှိသေးတော့ ကံမကုန်သေးတော့ ဖြစ်တယ်၊ ဖြစ်တော့ပျက်၊ စိတ်ကလေး ရှိနေတော့ စိတ္တဇရုပ်တွေက ဖြစ်တယ်၊ ဖြစ်တော့ပျက်၊ ဘေးက ဥတုအငွေ့ တွေကတော့ အဲဒီ အငွေ့တွေကြောင့် ရုပ်တွေဖြစ်၊ ဖြစ်တော့ပျက်၊ အစာအာဟာရ စားတယ်၊ စားတော့ အစာ အာဟာရကြောင့် ရုပ်တွေဖြစ်၊ ဖြစ်တော့ ပျက်၊ အဲဒါကြောင့် ဒီခန္ဓာကိုယ်ကြီး တစ်ခုလုံးဟာ **အပျက်တွေချည်း** ဆိုတော့ သိပ်ကြောက်စရာ ကောင်းတယ်။
သံသရာကထွက်စေတဲ့ ပျော်နည်း
အဲဒီလို ကြောက်စရာကောင်းတဲ့ ဒီသံသရာမှာ ပျော်နေတာဟာ ဘာ့ကြောင့် ပျော်နေတာလဲ၊ ပျော်တော့ အကောင်းပျော်၊ ပျော်ရရဲ့လားဆိုတော့ အို၊နာ၊သေရေး ဒုက္ခဘေးတွေ အရင်းတည်ပြီးတော့ အဲဒီဒုက္ခ အမျိုးမျိုးတွေထဲက ပျက်ပျက် ပျက်ပျက်နေတဲ့ ရုပ်နာမ်တရား တွေ၊ ဒီရုပ်နာမ်တရားတွေကို အပြစ်မမြင်အောင်၊ အကောင်းထင်အောင် အဝိဇ္ဇာက ဖုံးဖိထားလို့ တဏှာက အကောင်းထင် သာယာပြီး တော့ အပျော်ကြီး ပျော်နေတာဟာ ဘယ်မှာ အကောင်းပျော် ပျော်တာ ဟုတ်ရမှာလဲ၊
သူတော်ကောင်းများက ဒါတွေမြင်ထားတော့ ဒီသံသရာထဲမှာ အဲဒီလို တဏှာနဲ့ ပျော်နေရမှာကို အပြစ်မြင်ပြီး စက်ဆုပ် ရွံရှာတော်မူကြတယ်၊ အဲဒါကြောင့် သံသရာထဲက ထွက်မြောက်ဖို့ အတွက် အဝိဇ္ဇာ၊ တဏှာ ကင်းကွာစေနိုင်တဲ့ အပျော်မျိုးဖြစ်အောင် ရုပ်နာမ်တရားတွေရဲ့ အဖြစ် အပျက်ကို ထပ်ကာ ထပ်ကာ ရှုတော့ သမ္မာဒိဋ္ဌိဉာဏ်အမြင် အလွန်သန့်ရှင်းတဲ့အခါ သမ္မာသင်္ကပ္ပက ရုပ် နာမ်တွေရဲ့ ဖြစ်ပျက်ပုံကို ထပ်ကာထပ်ကာ ကြံစည်လို့၊
သမ္မာဝါယာမ ကလဲ တကယ်ကို ကြိုးစားလို့၊ သမ္မာသတိဆိုတဲ့ သတိတရားကလဲ အမြဲစူးစိုက်ပြီး သမ္မာသမာဓိက အလွန်တည်ကြည်နေတဲ့အခါ ပီတိ တွေကို ဖြစ်လို့ ပျော်လို့၊ အဲဒါကသာ **အကောင်းပျော်နည်း**၊ သံသရာက ထွက်မြောက်စေနိုင်တဲ့ ပျော်နည်း။
သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော၊
အမာနုသီ ရတိ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။
သုညာဂါရံ - မြို့ရွာအူသံ၊ မဆူညံသဖြင့်၊ လူသံတိတ်ချိန် ဆိတ်ငြိမ်သော ကျောင်းသို့၊
ပဝိဋ္ဌဿ - မခေါ်အပို၊ ဖော်မလိုဘဲ၊ တစ်ကိုယ်တည်းပင်၊ ကပ်ဝင်၍နေသော၊
သန္တစိတ္တဿ - လောကီရေးရာ၊ ဗျာပါမဖက်၊ ငြိမ်သက်တည့်မတ်၊ စိတ်ကောင်း စိတ်မြတ်ရှိသော၊
ဘိက္ခုနော - ကမ္မဋ္ဌာန်း၌၊ လုံးပမ်းကြိုးကုတ် အားထုတ်သော ရဟန်းပုဂ္ဂိုလ်၏၊
သမ္မာ - မဖောက်မပြန်၊ ဟုတ်တိုင်းမှန်စွာ၊
ဓမ္မံ - တေဘူမက၊ သင်္ခါရဟု၊ ရုပ်နာမ်အစုကို၊
ဝိပဿတော - ဖြစ်ပုံပျက်ဟန်၊ အချက်မှန်အောင်၊ နက်သန်စေ့ငု၊ ကြည့်ရှု ဆင်ခြင်လိုက်သည်ရှိသော်၊
အမာနုသီ - ကာမဂုဏ်မြူဓာတ်၊ လွန်ထူထပ်သည့်၊ လူနတ်မွေ့လျော်၊ အပျော် မျိုးနှင့် မတူသော၊
ရတိ - အဝိဇ္ဇာ တဏှာ၊ ကင်းစင်ကွာကြောင်း၊ နှစ်ထောင်းမွေ့လျော်၊ ထူးကဲသော အပျော်မျိုးသည်၊
ဟောတိ - ဉာဏ်အဟုန်မြူးမှ မကြုံဖူးအောင်၊ အထူးအထွေ ဖြစ်ပေါ်၍လာတတ် ပေသတည်း။
နိဗ္ဗာန်ကို မဂ္ဂင်လမ်းနဲ့တက်မှ ရတယ်
ဒီတော့ ဒီအခြေအနေရောက်တော့ တရားမတက်ဘဲ ရှိပါ့မလား၊ စိတ်ကိုက ပျော်နေတယ်၊ ဒီ တရားကို မလွှတ်ချင်ဘူး၊ အဲဒီတင် နင်လားငါလား တွန်းပြီးတော့ သမ္မာဝါယာမက ကြိုးစားလိုက်တာ တော်တော်ကြာတော့ ဒီ သမ္မာဒိဋ္ဌိအဆင့်အတန်း မြင့်သည်ထက် မြင့်ပြီးတော့ နောက်ဆုံးမှာ **မဂ်ဉာဏ်**လို့ ခေါ်ဆိုနိုင်တဲ့ သမ္မာဒိဋ္ဌိ အဆင့်အထိ ရောက်သွားတယ်၊
အဲဒီ မဂ်ဉာဏ်ဆိုတဲ့ သမ္မာဒိဋ္ဌိအဆင့် ရောက်ရင်ပဲ သမ္မာသင်္ကပ္ပက မဂ်ဉာဏ်နဲ့ ယှဉ်တဲ့ သမ္မာသင်္ကပ္ပဖြစ်လို့၊ သမ္မာဝါယာမက မဂ်ဉာဏ်နဲ့ယှဉ်တဲ့ သမ္မာဝါယာမ ဖြစ်လို့၊ အဲဒီ မဂ္ဂင်တရားတွေဟာ ပထမဆုံး သောတာပတ္တိမဂ် အဆင့် ရောက်ရင်ပဲ တဏှာဟာ လျော့သွားတယ်၊ **နိဗ္ဗာန်ကိုလဲ မြင်လာတယ်**၊
သြော်-ဒါ အေးငြိမ်းချမ်းသာ ဟုတ်ပြီ၊ ရုပ်နာမ်ဒုက္ခ ချုပ်တဲ့ နိဗ္ဗာန်ဟာ တဏှာ ချုပ်ရာလဲ ဟုတ်တယ်၊ သူ့ စိတ်ထဲ ရှင်းလို့၊ သြော်-နိဗ္ဗာန်ဟာ ဟုတ်တယ်၊ ရုပ်နာမ်လဲ မရှိဘူး၊ တဏှာလဲ မရှိဘူး၊ တဏှာနဲ့ တွယ်စရာလဲမရှိဘူး၊
ဒီလိုဆိုရင် နိဗ္ဗာန်ရမှတော့ ဘယ်ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုတဲ့ ဒုက္ခတွေ ဖြစ်တော့မလဲလို့၊ အဲဒီလို ရှင်းသွား တယ်၊ မဂ်ဉာဏ်နဲ့ အဲဒီလို နိဗ္ဗာန်မြင်ပြီးတော့ သူများ အပြောနဲ့ မဟုတ်ဘဲ ကိုယ်တိုင်ကို သဘောပေါက်ပြီး ရှင်းသွားတယ်၊ ဒါကြောင့် တဏှာချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဒီမဂ္ဂင်လမ်းနဲ့ တက်မှရတယ်။
ခန္ဓာအပြစ် မြင်လေ
တဏှာ လျော့လေ
အဲဒီ မဂ္ဂင်လမ်းနဲ့ တက်လို့ ရုပ်နာမ်တရားတို့ရဲ့ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်အောင် တကယ်ကို ကြိုးကြိုးစားစား ကမ္မဋ္ဌာန်းအား ထုတ်တဲ့အခါ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်အမြင်ကလဲ တိုးတိုး၊ တိုးတိုးလာတယ်၊ အင်း-ဝီရိယကလဲ တိုးတိုး၊ တိုးတိုး လာတယ်၊ သမာဓိကလဲ တိုးတိုး၊ တိုးတိုးလာတယ်၊
အဲဒီတရားတွေ တိုးတိုးလာပြီး ရုပ်နာမ် အပြစ်မြင်လေ၊ တဏှာက နောက်ဆုတ် သွားလေ၊ ရုပ်နာမ်အပြစ် မြင်လေ၊ တဏှာက နောက်ဆုတ်သွားလေ၊ နဂိုတုန်းက ရုပ်နာမ်ပေါ်မှာ တဏှာက သာယာပြီးတော့ ကပ်နေတာ၊ တွယ်နေတာဟာ ရုပ်နာမ် အပြစ်ကို နည်းနည်းမြင်လိုက်၊ တဏှာက နည်းနည်း နောက် ဆုတ်လိုက်၊
အဲဒီလို နောက်ဆုတ် နောက်ဆုတ်သွားလို့ ရုပ်နာမ်တို့ရဲ့ အပြစ်တွေ အဖြစ်အပျက် တွေကို အလွန်ကို ရှင်းရှင်းလင်းလင်းကြီး မြင်သွားတဲ့အချိန် မဂ်ရတဲ့အချိန်မှာ တဏှာက တစ်ခါတည်းကို ဆုတ်သွားတယ်၊ သောတာပတ္တိမဂ်ရရင် အတော်ဆုတ်၊ သကဒါဂါမိ မဂ်ရရင် တော်တော် များများဆုတ်၊ အနာဂါမိမဂ် ရလို့ရှိရင် အဲဒီ တဏှာဟာ လောကီအာရုံ ကာမဂုဏ်တွေအပေါ်မှာ လုံးလုံးဆုတ်၊
အဲဒီလို လုံးလုံး ဆုတ်ရာက အရဟတ္တမဂ်ရတော့ အဲဒီ တဏှာဟာ နောက်ထပ် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး၊ အကြမ်းစား၊ အနုစား၊ အသေးအဖွဲ တဏှာတွေပါ **အားလုံး ကုန်ခန်းသွားတယ်**။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
ဒီတရားတွေနဲ့ သွားရတယ်၊ အဲဒီတရားကို ကိုယ့်သန္တာန်မှာဖြစ်အောင် ကြိုးစား ရတယ်၊ သူများ ဟောတာကို နာယူပြီးတော့ သွားရည်ကျနေလို့လဲ မဖြစ်ဘူး၊ သူများ ရသွားတာတွေ ကိုယ်က တွေးပြီးတော့ ဆုတောင်းနေလို့လဲ မဖြစ်ဘူး၊ မိမိကိုယ်တိုင် ကြိုးစားလို့ရှိရင် **မိမိကိုယ်တိုင် ရနိုင်တယ်**။
ဧတဒတ္တနိသမ္ဘူတံ၊ ဗြဟ္မယာနမနုတ္တရံ၊
နိယျန္တိ ဓီရာ လောကမှာ၊ အညဒတ္ထု ဇယံ ဇယံ။
အတ္တနိသမ္ဘူတံ - ကိုယ်တိုင်ကြိုးကုတ်၊ အားကုန်ထုတ်သဖြင့် သရုပ်မှန်စွာ၊ ဖြစ်ပေါ်၍ လာနိုင်ပေထသော၊
အနုတ္တရံ - လောကီယာဉ်မှာ၊ မယှဉ်သာအောင်၊ လွန်စွာမြတ်မွန်၊ တုဘက်လည်း လွန်ပေထသော၊
ဧတံ ဗြဟ္မယာနံ - နောက်လိုက်နောက်ပါ၊ များဗိုလ်ပါတို့ ဆောင်ကာယူတတ်၊ ဖြစ်ရပ်အကျော်၊ မဂ္ဂင်တည်းဟူသော ယာဉ်ပျံတော်ကြီးသည်၊
သံဝိဇ္ဇတိ - ဘုရားသာသနာ၊ ပွင့်သောခါဝယ်၊ ကောင်းစွာမြိုင်မြိုင်၊ ရရှိနိုင်ပါပေ၏၊
ဧတေန ယာနေန - ဤကဲ့သို့လျှင်၊ ကိုယ်ပိုင်ယာဉ်ဟု၊ မဂ္ဂင်တရား၊ မြတ်ရှစ်ပါးဖြင့်၊
ဓီရာ - ဘုရား ပစ္စေကာ၊ အရိယာ အပေါင်း၊ ပညာရှိသူတော်ကောင်းတို့သည်၊
အညဒတ္ထု - အမှန်စင်စစ်၊ မဆုတ်နစ်ကြကုန်ဘဲသာ၊
ဇယံ - အောင်သင့်အောင်ရာ၊ ကိလေသာဟု၊ လွန်စွာပြင်းထန်၊ အတွင်းရန်ကို၊
ဇယံ ဇယန္တာ - မဂ်လေးအောက်ထက်၊ အမြောက်စက်ဖြင့် ဖျောက်ဖျက်သတ်ညှဉ်း၊ အောင်တပ်ခင်းကြကုန်လျက်၊
လောကမှာ - ကျင်လည်ပြောင်းပြန်၊ ဗလောင်းဆန်အောင်၊ ကောင်းရန်လွတ်ကင်း၊ ဝဋ်အတွင်းမှ၊
နိယျန္တိ - ဓိဋ္ဌာန်သလောက်၊ နိဗ္ဗာန်ရောက်အောင်၊ ထွက်မြောက်တော်မူကြလေ ကုန်သတည်း။
ဘုရားရှင်ကိုယ်တော်မြတ်လဲပဲ ဤမဂ္ဂင်ယာဉ်ပျံတော်ကြီး စီးပြီးသကာလ နိဗ္ဗာန်နန်း မြန်းတော်မူခဲ့ပြီ၊ မြတ်စွာဘုရားနောက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန်၊ အရှင်မဟာကဿပ အမှူးထားတဲ့ သာဝကကြီးများလဲ အဲဒီ မဂ္ဂင်ယာဉ်ပျံတော်ကြီးစီးပြီး သကာလ နိဗ္ဗာန်တိုင်အောင် ကြွမြန်းတော်မူခဲ့ကြတယ်၊
အမျိုးသမီး ဘက်ကလဲ မိထွေးတော် ဂေါတမီတို့၊ ခေမာထေရီတို့ ဥပ္ပလဝဏ် ထေရီတို့ ယသော်ဓရာထေရီ၊ ဓမ္မဒိန္နာတို့ဆိုတဲ့ အမျိုးသမီး အများတို့လဲပဲ မဂ္ဂင်ယာဉ်ပျံတော်ကြီး စီးပြီးသကာလ နိဗ္ဗာန်ကို သွားကြပါတယ်၊
ဒါကြောင့် မြတ်စွာဘုရားရဲ့ တရားတော်ဟာ **လတ်လတ်ဆတ်ဆတ် ရှိပါသေးတယ်**၊ ဓမ္မစကြာတရားတော်သည် မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း ယခု ရှိပါ သေးတယ်၊ ဒီတော့ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြလို့ရှိရင် ဘယ်သူမဆို ယခုတိုင် ရနိုင်ပါသေးတယ်။
ကြိုးစားရင် ရဟန္တာဖြစ်နိုင်
“သုဘဒ္ဒ … ငါဘုရား ဟောတော်မူသည့်အတိုင်း ဤမဂ္ဂင်တရားတွေ ကို ကျင့်ကြလို့ ငါဘုရား ဟောတော်မူတဲ့အတိုင်း ဤမဂ္ဂင်တရားကို ကြိုးစားကြလို့ရှိရင် ဘယ်သူမဆို ရဟန္တာဖြစ်ပြီးတော့ လောကကြီးဟာ ရဟန္တာမှ မဆိတ်ဘဲ **ရဟန္တာတွေချည်း ဖြစ်နိုင်ကြတယ်**”
လို့ မိန့်တော်မူတယ်။
ဒါကြောင့် သာသနာတော်က နောက်ပိုင်းရောက်လာတယ်ဆိုပေမယ့် တရားတော်က မကွယ်ပျောက်ဘူး၊ တရားတော်အခြေအနေ မပျက်သေးဘူး၊ ဒါပေမယ့် ဖြုန်းကနဲ တရားထူးရဖို့ဆိုတာကတော့ သိပ်မလွယ်လှဘူး၊ သူဌေးဖြစ်ချင်တဲ့လူဟာ ဖြုန်းကနဲ သူဌေးမဖြစ် ပါဘူး၊ တဖြည်းဖြည်း တစ်စတစ်စ တက်တက် တက်တက်သွား ရာက နောက်တော့ အရင်းအနှီးတွေ များပြီးသကာလ သူဌေး ဖြစ်ကြတယ်၊ ဒါ အစက စတက်ရတယ်။
အဲဒီလိုပဲ မြတ်စွာဘုရားရဲ့ မဂ်ဖိုလ်နိဗ္ဗာန် တည်းဟူသော တရားကို ပိုင်တဲ့ သူဌေးကြီး ဖြစ်ဖို့ဆိုတော့လဲပဲ အစကစပြီးတော့ သီလက စပြီး အဆင့်ဆင့် တက်ပြီးသကာလ သွားရတယ်၊ ဒါကြောင့် တရားရဖို့ဆိုတာကို လွယ်လွယ်ကူကူကလေး ရမယ်လို့ မမျှော်ဘဲနဲ့ ကိုယ်တိုင် အားထုတ်လို့ရှိရင် **ရနိုင်တယ်**လို့ အဲဒီလို သဘောထားပြီး သကာလ ဒုက္ခနိရောဓဂါမိနီဆိုတဲ့ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး တည်းဟူသော အကျင့်မြတ်ကို မှန်မှန်ကန်ကန် ကိုယ်တိုင် ကြိုးစား ကျင့်နိုင်ကြစေကုန်သတည်း။
သာဓု...သာဓု...သာဓု …။
စတုတ္ထနေ့ ပြီး၏။
…
ဓမ္မစကြာတရားတော်
ပဉ္စမနေ့
[သာသနာတော်-၂၄၉၃၊ ကောဇာ ၁၃၁၁-ခုနှစ်က ဟောကြားတော်မူသည်]
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဉာဏ်တော်ခန်းနှင့် တရားတော်နိဂုံး
ဉာဏ်သုံးပါး
ယနေ့ ဓမ္မစကြာက သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်ဆိုတဲ့ အဲဒီ ဉာဏ်တော်ခန်း ရောက်နေတယ်၊ အကြောင်းညီညွတ်လို့ရှိရင် ယနေ့ပဲ ကုန်အောင် အသံသွင်းမယ်လို့ စိတ်ကူးပါတယ်၊
ဒါ ဘာကြောင့်တုန်းဆိုတော့ ဉာဏ်တော်များကို ဆက်ပြီးတော့ ပြောနေရရင် တော်တော်နဲ့ကို ပြီးနိုင်မယ် မဟုတ်ဘူး၊ ဒါကြောင့် လိုသလောက်လေးပဲ ပြောသွားရင် စာကရှည်နေပေမယ့် လိုရင်းလောက် ဘုန်းကြီး ပြောသွားမယ်၊
အရင်နေ့က ပြောခဲ့တဲ့အတိုင်း စိတ်က တောထဲမှာရောက်နေကြတယ်၊ ဘုန်းကြီးတို့ ဆရာတပည့် တစ်စု ဆရာဒကာတစ်စု တောထဲမှာ ကမ္မဋ္ဌာန်းကျောင်းကလေးမှာ ရောက်ပြီးတော့ နေကြတယ်၊ မြတ်စွာဘုရားရဲ့ မိဂဒါဝုန်တောမှာ ဟောတော်မူတဲ့ တရားအကြောင်းကို ဘုန်းကြီးတို့က ဆွေးနွေးပြီးတော့ နေကြတယ်၊ ဘုန်းကြီး ပြောလို့ နားထောင်နေကြတယ်၊ သစ္စာလေးပါးနဲ့ စပ်ပြီးတော့ ဉာဏ်တော်ဖြစ်ပုံ တရားတော် အစဉ်အတိုင်း ပြောရမယ်။
“ဣဒံ ဒုက္ခံ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ။
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ဘိက္ခဝေ - ပဉ္စဝဂ္ဂီအမှူးရှိတဲ့ နတ်ဗြဟ္မာများတို့၊
ဣဒံ - ဤတဏှာမှတစ်ပါးသော တေဘူမက ရုပ်နာမ်တရားအားလုံးသည်၊
ဒုက္ခံ - စင်စစ်ဧကန်, ဆင်းရဲမှန်သော၊
အရိယသစ္စံ - အရိယသစ္စာတည်း၊
ဣတိ - ဤသို့၊
မေ - ငါ ဘုရားမှာ၊
ပုဗ္ဗေ - ရှေးအခါကာလတုန်းက၊
အနနုဿုတေသု - ကြားမျှ မကြားအပ်ဖူးကုန်သော၊ (အနနုဿုတေသု - ဆရာတစ်ပါး ဟောသည့်အတွက် ကြားမျှ မကြားရဖူး ကုန်သော၊)
ဓမ္မေသု - ဒုက္ခသစ္စာတရားတို့၌၊
စက္ခု - မျက်စိဖြင့် မြင်ရသကဲ့သို့ မြင်၍နေတဲ့ ဉာဏ်သည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
မြတ်စွာဘုရား ဘုရားမဖြစ်ခင်တုန်းက ဒုက္ခသစ္စာဆိုတဲ့ တရားကို ကြားတောင် မကြားဖူးဘူး၊ ဘယ်သူ့ဆီကမှ တစ်ဆင့် မကြားခဲ့ဖူးဘူး၊ အာဠာရ၊ ဥဒကရသေ့ အရှင်ကြီးတွေဟာ အင်မတန်မှ လောကီ ရေးရာမှာ ပညာကြီးမားတော်မူကြတယ်၊ အဲဒီ ဆရာကြီးတွေထံ ချဉ်းကပ်ပြီးတော့ တရားယူတုန်းကလဲ ဒီတရားမျိုး မကြားခဲ့ရဘူး၊
ယခု ငါဘုရား ဗောဓိပင်အောက်မှာ တရားအားထုတ်ရင်း, တရားအားထုတ်ရင်း ဉာဏ်တော်တွေ ရင့်ကျက်လာတော့မှ ... ဒီရုပ်တရား နာမ်တရားတွေဟာ ဒုက္ခသစ္စာ ပါလားလို့ အဲဒီလို ဒုက္ခသစ္စာတရားကို ရှင်းရှင်း လင်းလင်း သိမြင်လာတယ်၊ အလိုအလျောက် ကိုယ်တော်တိုင် သိမြင်လာတယ်၊
လူတွေက တစ်စုံတစ်ခုသော အရာဝတ္ထုကို မျက်စိဖြင့် ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား မြင်ရသလို ဒီရုပ်နာမ်တရား တွေဟာ ဒုက္ခတွေပဲလို့ ငါဘုရားမှာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်တဲ့ ဉာဏ်မျက်စိ ဖြစ်ပေါ်လာတယ်၊
“စက္ခု - ရှင်းရှင်းလင်းလင်း သိမြင် နိုင်တဲ့ ဉာဏ်စက္ခုသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
ဉာဏံ - ဇာတိ, ဇရာ, ဗျာဓိ, မရဏကစ၍ ဤခန္ဓာကိုယ်ကောင်ဟာ ဒုက္ခပဲဟု သိမြင်တတ်တဲ့ဉာဏ်သည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
ပညာ - အမျိုးမျိုး အဖုံဖုံ သိနိုင်တဲ့ပညာသည်၊
ဥဒပါဒိ - ထင်ရှား ဖြစ်ပေါ်လာပြီ၊
ဝိဇ္ဇာ - ထိုးထွင်း၍ သိတတ်တဲ့ ဉာဏ်ဝိဇ္ဇာသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
အာလောကော - မောဟအမှောင်ကို ပယ်ဖျောက်နိုင်တဲ့ ဉာဏ်ရောင်အလင်းသည်၊
ဥဒပါဒိ - ဖြစ်ပေါ်လာပြီ”။
မြတ်စွာဘုရား ဗောဓိပင်အောက်မှာ ဒီဒုက္ခသစ္စာကို သိတာဟာ သာမန်ကာလျှံကာ သိတာမဟုတ်ဘူး၊ တကယ့်ကို နှစ်နှစ်ကာကာ သိတော်မူတာ၊ မှန်မှန်ကန်ကန်ကြီး သိတော်မူတာ၊ အဲဒီလို သိတဲ့ ဉာဏ်ဟာ ငါဘုရားဖြစ်ခဲ့တယ်လို့ ဟောတော်မူတယ်၊ အဲဒါ သစ္စဉာဏ်ပဲလို့ သိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့ ခေါ်တယ်။
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ကိစ္စဉာဏ်
“ဘိက္ခဝေ - ရဟန်းတို့၊
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ - ထို ဒုက္ခမည်သော အရိယာသစ္စာကို၊
ပရိညေယျံ - ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိနားလည်သင့် သိနားလည်ထိုက်၏။
ဣတိ - ဤသို့၊
မေ - ငါဘုရားသည်၊
ပုဗ္ဗေ - ရှေး၌၊
အနနုဿုတေသု - တစ်ရံတစ်ခါမျှ မကြားအပ်ဖူးကုန်သော၊
ဓမ္မေသု - ဒုက္ခသစ္စာတရားတို့၌၊
စက္ခု - ပကတိမျက်စိဖြင့် မြင်သကဲ့သို့ သိမြင်နိုင်သော ဉာဏ်မျက်စိသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ”
ဒီပါဠိတော်က “ကိစ္စဉာဏ်”ကိုပြတဲ့ ပါဠိတော်၊ ကိစ္စဉာဏ်ဆိုတာဘာလဲဆိုတော့ မိမိ ပြုလုပ်ရမည့် လုပ်ငန်းကိစ္စကို သိတဲ့ဉာဏ်ပါပဲ၊ ဘယ်လို သိသလဲဆိုရင် ဒီလုပ်ငန်း ကိစ္စတွေဟာ ပြုသင့်ပြုလိုက်တယ်၊ ပြုလုပ်ထားမှသာ သင့်လျော်မယ်လို့ သိသလို, ထို့အတူ ဒီရုပ်တရား နာမ်တရားတွေဟာ ဒုက္ခသစ္စာပဲလို့ သဘောပေါက်ထား သင့်တယ်။ သဘောပေါက်ထားမှသာ ဖြစ်မယ်လို့ သိတယ်၊ အဲဒီလို သိတဲ့ဉာဏ် (ဒုက္ခသစ္စာကို သဲသဲကွဲကွဲ သဘောပေါက်ထားလိုက်တယ်လို့ သိတဲ့ဉာဏ်)ကို “ကိစ္စဉာဏ်”လို့ ခေါ်တယ်။
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ကတဉာဏ်
“တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ - ထိုဒုက္ခမည်သော အရိယသစ္စာကို၊
ပရိညာတံ - ပိုင်ပိုင်နိုင်နိုင် ပိုင်းခြား၍ သိပြီးပြီ၊
ဣတိ - ဤသို့ ၊
မေ - ငါဘုရားမှာ၊
စက္ခု - ပကတိ စက္ခုဖြင့် မြင်သကဲ့သို့ မြင်တတ်တဲ့ ဉာဏ်စက္ခုသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ”
ဒါက “ကတဉာဏ်”ကိုပြတဲ့ ပါဠိတော်၊ လူတစ်ယောက်ဟာ သူလုပ်စရာရှိတဲ့ လုပ်ငန်းများကို ပြုလုပ်ပြီးပြီလား, မပြုလုပ်ရသေးဘူးလားလို့ စဉ်းစားကြည့်တဲ့အခါ ပြုလုပ်ပြီးပြီလို့ သိသလို, မြတ်စွာဘုရားမှာလဲပဲ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင်ကြီး သိပြီးသားဖြစ်ပြီလို့ သိတော်မူတယ်၊ အဲဒီလို သိတော်မူတဲ့ဉာဏ်ကို “ကတဉာဏ်” လို့ ခေါ်တယ်။
အဲဒီတော့ ထပ်ပြီး မှတ်ထားကြရမယ်၊ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်လို့ ဉာဏ်တော်သုံးပါး၊ ဒီရုပ်နာမ်တရားတွေဟာ ဒုက္ခသစ္စာ ပဲလို့ သိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့ ခေါ်တယ်၊ အဲဒီ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် သိမြင်ထားသင့်တယ်၊ သိမြင်ထားမှသာဖြစ်မယ်လို့ သိတဲ့ဉာဏ်ကို ကိစ္စဉာဏ်လို့ခေါ်တယ်၊ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် ကြီး သိပြီးသားဖြစ်ပြီလို့ သိတဲ့ဉာဏ်ကို ကတဉာဏ် ခေါ်တယ်။
ဒါက ဒုက္ခသစ္စာအတွက် ဉာဏ်သုံးပါး, သမုဒယသစ္စာအတွက်လဲ ဒီလို ဉာဏ်သုံးပါး ဖြစ်ဦးမှာပဲ။
“ဣဒံ ဒုက္ခသမုဒယော အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ။
ဒီပါဠိက သမုဒယသစ္စာအတွက် သစ္စဉာဏ်ဖြစ်ပုံကို ပြတဲ့ပါဠိ။
သမုဒယသစ္စာ၌ သစ္စဉာဏ်
ဣဒံ - ဤတရားကား၊
ဒုက္ခသမုဒယော - ပြခဲ့တဲ့ ဒုက္ခတွေ၏ ဖြစ်ကြောင်း သမုဒယ ဖြစ်သော၊
အရိယသစ္စံ - အရိယသစ္စာပေတည်း၊
ဣတိ - ဤသို့၊
မေ - ငါဘုရားမှာ၊
ပုဗ္ဗေ - ရှေးအခါကာလတုန်းက၊
အနနုဿုတေသု - တစ်ဆင့်စကား ကြားတောင်မှ မကြားအပ်ဖူးကုန်သော၊
ဓမ္မေသု - သမုဒယသစ္စာတရားတို့၌၊
စ - ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ မြင်တတ်တဲ့ ဉာဏ်စက္ခုသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
ဉာဏံ - ဇာတိ, ဇရာ, ဗျာဓိ, မရဏက စ၍ ဤခန္ဓာကိုယ်ကောင်ဟာ ဒုက္ခပဲဟု သိမြင်တတ်တဲ့ဉာဏ်သည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
ပညာ - အပြားအားဖြင့် သိတတ်တဲ့ ပညာသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
ဝိဇ္ဇာ - ထိုးထိုးထွင်းထွင်းသိတတ်တဲ့ ဝိဇ္ဇာသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
အာလောကော - အဝိဇ္ဇာမောဟကို ပယ်ဖျောက်တတ်တဲ့ ဉာဏ်ရောင်အလင်းသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
ဒီဒုက္ခတွေ ဘာ့ကြောင့် ဖြစ်ပါလိမ့်မတုန်းလို့ လိုက်ပြီးစဉ်းစားတဲ့ အခါ တဏှာ လောဘဆိုတဲ့ သမုဒယကြောင့် ဖြစ်တာပဲ၊ တဏှာလောဘ သမုဒယဟာ ဒုက္ခရဲ့ ဖြစ်ကြောင်း အမှန်ပဲလို့ဆိုတာ ဘယ်တုန်းကမှ မကြားဖူးဘဲနဲ့ ဉာဏ်ထဲမှာ ပေါ်လာတယ်၊ မျက်စိနဲ့ မြင်ရ သလောက် မြင်လာတယ်၊
သမုဒယသစ္စာကို ဖုံးကွယ်ထားတဲ့ အဝိဇ္ဇာ အမှောင်တွေ တစ်ခါတည်း ကင်းရှင်း ပြီးတော့ မြင်သွားတယ်၊ ဒီလို မြင်တဲ့ဉာဏ်ဟာ ဘာဉာဏ်လဲဆိုရင် သစ္စဉာဏ်ပဲ၊ တဏှာလောဘ သမုဒယကြောင့် ဒုက္ခဖြစ်ရတယ်လို့ အဲဒီလို သမုဒယသစ္စာကိုသိတဲ့ ဉာဏ်ကို သစ္စဉာဏ်လို့ ခေါ်တယ်။
“တံ ခေါ ပနိဒံ ဒုက္ခသမုဒယော အရိယသစ္စံ ပဟာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ။
ကိစ္စဉာဏ်နှင့် ကတဉာဏ်
အဲဒီ သမုဒယသစ္စာဟာ ပယ်ရှားသင့် ပယ်ရှားထိုက်တယ်လို့ အဲဒီလိုပဲ ဉာဏ်တော် ဖြစ်လာတယ်၊ ဒီဉာဏ်က ကိစ္စဉာဏ်၊ ဒီတဏှာလောဘဟာ သမုဒယသစ္စာပဲလို့ မြင်တဲ့ဉာဏ်က သစ္စဉာဏ်၊ သမုဒယသစ္စာက ဘာလုပ်ရမှာတုန်းလို့ ကိစ္စကို ကြည့်တဲ့အခါမှာ ပယ်ရှားပစ်ရမယ့် တရားပဲလို့ မြင်တဲ့ဉာဏ်က ကိစ္စဉာဏ်၊ သမုဒယ သစ္စာလို့ခေါ်တဲ့ တဏှာလောဘတွေကို ငါဘုရားမှာ ပယ်ရှားပစ်ပြီးပြီလို့ သိတော်မူတဲ့ ဉာဏ်က ကတဉာဏ်၊ အဲဒီတော့ သမုဒယသစ္စာအတွက်လဲ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်လို့ ဉာဏ်သုံးပါး ဖြစ်လာတယ်။
အကြောင်းတဏှာကို ပယ်ပါ
ဒီနား ရပ်ပြီးတော့ ကိုယ်ရေးကိုယ်တာအတွက် စဉ်းစားရဦးမယ်၊ ဒုက္ခကိုတော့ ဒုက္ခမှန်းသိဖို့ အရေးကြီးတယ်၊ အဲဒီဒုက္ခကို ပယ်လို့ မရဘူး၊ ဒုက္ခကို ဖြစ်စေတတ်တဲ့ အကြောင်းရင်း တဏှာကိုသာ ပယ်ရမှာပဲ၊ အဲဒါကြောင့် ပဋိသန္ဓေနေခြင်း ဆင်းရဲ လို့ဆိုတဲ့ ဇာတိ ဒုက္ခကို ကြောက်ရင် သေသေချာချာ စဉ်းစားပါ၊ ဒီဇာတိဒုက္ခနဲ့ ဘာ့ကြောင့် တွေ့ကြုံရသလဲ၊ တဏှာလောဘ အရင်းခံပြီး ကုသိုလ် အကုသိုလ်ဆိုတဲ့ ကံတွေကို ပြုလုပ်ခဲ့လို့ ဇာတိဒုက္ခနဲ့ တွေ့ကြုံရတာ၊ ဒီလိုဆိုရင် အဲဒီ အရင်းခံ တဏှာကို ပယ်ရမယ်။
ဘုရား, ရဟန္တာမှာ ကိရိယာဖြစ်
ဘုရား,ရဟန္တာအရှင်မြတ်များလဲ ကုသိုလ်ကံတွေ ပြုလုပ်ကြ ပါရဲ့၊ ဥပမာအားဖြင့် မြတ်စွာဘုရားမှာဆိုရင် သတ္တဝါတွေ လိမ္မာယဉ်ကျေးအောင်, ချမ်းသာအောင် နေ့စဉ် ဆုံးမဩဝါဒပေးတော်မူတယ်, တားဟောတော်မူတယ်၊ ရဟန္တာအရှင်မြတ်တွေကလဲ တရားဟောတယ်၊ သံဃာတော်တွေရဲ့ ဝေယျာဝစ္စတွေ ဆောင်ရွက်တယ်။
အဲဒီလို ဆုံးမဩဝါဒပေးတဲ့ ကုသိုလ်ကံတွေ, တရားဟောတဲ့ ကုသိုလ်ကံတွေ, သံဃာ့ဝေယျာဝစ္စ ဆောင်ရွက်တဲ့ ကုသိုလ်ကံတွေဟာ ဘုရား, ရဟန္တာ အရှင်မြတ် များအတွက် အကျိုးမပေးတော့ဘူး၊ ဘာ့ကြောင့်တုန်းဆိုတော့ ဘုရား, ရဟန္တာ အရှင်မြတ်များမှာ တဏှာလောဘကို ပယ်သတ်ပြီးဖြစ်တဲ့ အတွက် ပြုပြုသမျှ ကုသိုလ်ကံတွေဟာ တဏှာကို အရင်းခံပြီး ပြုထားတာမဟုတ်ဘူး၊ တဏှာလောဘနဲ့ ဘယ်တမလွန်အကျိုးကိုမှ မျှော်ကိုးပြီး ကုသိုလ်ပြုတာမဟုတ်ဘူး၊
အဲဒါကြောင့် တဏှာလောဘ ကင်းရှင်းပြီးတဲ့ ဘုရား ရဟန္တာ အရှင်မြတ်များမှာ ကုသိုလ်ကံတွေ ဘယ်လောက်ပဲ ပြုပြု အကျိုးမပေးတော့ဘူး၊ နောက်ထပ်ဘဝ အသစ် ထပ်မဖြစ်ကြရတော့ဘူး။
အဲဒီလိုဆိုတော့ ဘုရား,ရဟန္တာအရှင်မြတ်များမှာ နောက်ထပ် ပဋိသန္ဓေ နေရဦး မှာလား၊ မနေရတော့ဘူးနော်၊ သူတို့မှာ ဘယ်ဇာတိဒုက္ခ, ဇရာဒုက္ခ, ဗျာဓိဒုက္ခ, မရဏဒုက္ခတွေနဲ့မှ မတွေ့ကြရတော့ဘူး။ ဘယ်ဒုက္ခမှ မခံကြရတော့ဘူး၊ ပြီးတော့ တဏှာကင်းရှင်းပြီးတဲ့ ဘုရား,ရဟန္တာအရှင်မြတ်များ ပြုပြုသမျှ ကုသိုလ်ကံကိုလဲ “ကံ”လို့ မခေါ်ရတော့ဘူး၊
ဘယ်လိုခေါ်ရမတုန်း ဆိုတော့ အကျိုးမပေးတော့ တဲ့အတွက် “ကိရိယာ” လို့ခေါ်ရတယ်၊ ကိရိယာဆိုတာ ဘာဆိုလိုသလဲ၊ ပြုလုပ်ပြီးသည့်နောက်မှာ ပြီးပြီးပျောက်ပျောက် ဖြစ်သွားတဲ့တရားလို့ ဆိုတယ်၊ ဘဝအသစ်,ရုပ်နာမ်ခန္ဓာအသစ် မဖြစ်စေနိုင်တော့ဘူး၊ ဘာအကျိုးမှ မပေးတော့ဘူးလို့ ဆိုလိုတယ်၊
အဲဒီလို အကျိုးမပေးနိုင်တော့သည့်အတွက် ဘုရား,ရဟန္တာအရှင်မြတ်များ ပြုပြုသမျှ ကုသိုလ် ကံတွေကို “ကံ”လို့ မခေါ်ရတော့ဘူး၊ တဏှာလောဘအရင်းခံပြီးတော့ ပြုလုပ်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကိုသာ “ကံ”လို့ခေါ်တယ်။
ကံပြုပေမယ့် ဘဝဖြစ်မလာ
ဒါဖြင့် အဲဒီ တဏှာဟာ ဘယ်လိုသဘော ရှိတုန်းဆိုတော့ အချင်းချင်း ပူးကပ် စေတတ်တဲ့ အစေးဓာတ်သဘော ရှိတယ်၊ ဘုန်းကြီးတို့ အရာဝတ္ထု တစ်ခုနဲ့တစ်ခု ကပ်ချင်လို့ရှိရင် အစေးကလေး ကြားက ထားပြီးတော့ ကပ်လိုက်တယ်၊ အဲဒီလိုပဲ ယခုဘဝပြီးတော့ နောက် တစ်ဘဝရအောင်, အဲဒီဘဝပြီးတော့ ဟိုနောက်တစ်ဘဝ ရပြန်အောင် အဲဒီလိုနဲ့ တစ်ဘဝပြီး တစ်ဘဝ, တစ်ဘဝပြီး တစ်ဘဝ ဆက်ဆက် သွားအောင် တဏှာဆိုတဲ့အစေးက ဆက်စပ်ပူးကပ်ပေးတယ်၊
တဏှာ အစေးမရှိတဲ့ ဘုရားရဟန္တာအရှင်မြတ်များမှာတော့ ဘယ်လောက်ကောင်းတဲ့ ကုသိုလ်တွေပြုပြု ဘဝဆိုတာ ပေါ်မလာတော့ဘူး၊ အဲဒီ တဏှာအစေးမရှိတော့ဘူး, အစေးတွေ ခြောက်နေပြီ ဆိုလို့ရှိရင်ဖြင့် ကပ်ပါလို့ဆိုတောင် မကပ်ဘူး, ဘဝ ဖြစ်ပါဆိုလို့ကို မဖြစ်ဘူး၊ ဒီတော့ တဏှာကို ပယ်ရမယ်၊ ဒုက္ခကိုတော့ သက်သာတဲ့ နည်းလမ်း အကြံဉာဏ် အသုံးပြုရတယ်။
“သက္ကတေဝ ဇရာယ ပဋိကမ္မံ န ပန သက္ကတိ မရဏာယ ပဋိကမ္မံ”
မရဏကို ကုစားလို့မရ
ဇရာကိုတော့ ကုစားမယ်ဆိုရင် ကုစားလို့ ရပါတယ်၊ မရဏကိုတော့ ကုစားလို့ မရဘူးတဲ့၊ သူတို့က ဘာဆိုလိုသလဲဆိုတော့ အိုတာကို ဆေးနဲ့ မအိုနိုင်အောင်တော့ ရပါရဲ့၊ ဟုတ်တယ်၊ ဆေးသမား ကောင်းကောင်းတွေနဲ့ ဆိုပါတော့ အဲဒီလိုများ ပြုပြင်ပြီးတော့ ပေးရင်ဖြင့် ဇရာ ဒုက္ခဟာ ရှောင်လို့တိမ်းလို့ အတော်တော့ ရပါလိမ့်မယ်၊ လုံးလုံး မဖြစ်ဘူးတော့ မဆိုနိုင်ဘူး၊ ရှောင်လို့တိမ်းလို့ တော်တော် သက်သာ သွားတယ်၊ မရဏကတော့ ရှောင်လို့တိမ်းလို့ မရဘူး၊ ဘယ်သူမဆို နောက်ဆုံးသေရမယ်။
အိုနာအရေး ပြုပြင်ပေး
အဲဒီတော့ကာ တဏှာအကြောင်းခံပြီးတော့ ကံက ဒီဘဝကို ပစ်ချလိုက်တဲ့ အတွက် ဇာတိ, ဇရာ, ဗျာဓိ, မရဏဆိုတဲ့ ဒုက္ခတွေ အကုန်လုံးစုံအောင် တွေ့ကြရမယ်၊ ဒါပေမယ့် နည်းနည်း သက်သာအောင်ကတော့ ဉာဏ်ရှိရင် ရတယ်၊ ဒါကို ကိုယ်တွေ့ လုပ်ရမယ်၊
ဥပမာအားဖြင့် ဇာတိဒုက္ခ ဆိုပါတော့, မိခင်မှာ ကိုယ်ဝန်ရှိလာတဲ့အခါမှာ ကလေးမှာ ဒုက္ခရောက်လို့၊ မိခင်မှာလဲပဲ စိတ်ထဲမှာ မရှင်းမလင်းကြီး ဖြစ်လို့၊ အဲဒီအခါမှာ အသွားအလာ အနေအထိုင် ဆင်ခြင်ပြီးတော့ အပူအစပ် စတဲ့ မသင့်တဲ့ အစား အစာတွေ ရှောင်ကြဉ်ရင် မိခင်ရော ကလေးပါ ဇာတိဒုက္ခ သက်သာနိုင်တယ်၊
ဖွားတဲ့အချိန်မှာ ဆရာကောင်း သမားကောင်း ဆေးကောင်း ဝါးကောင်းနဲ့ တွေ့မယ် ဆိုရင်လဲ ဇာတိ ဒုက္ခဟာ နည်းနည်းတော့ သက်သာနိုင်တယ်၊ ပြီးတော့ ဗျာဓိဒုက္ခလဲ ရှောင်နိုင်တာပဲ၊ ကျန်းမာရေး မပျက်အောင် အသွားအလာ, အနေအထိုင်, အစားအသောက် ဆင်ခြင်မယ်, ကျန်းမာရေး လေ့ကျင့်မယ်, သင့်တော်တဲ့ ဆေးဝါး ဓာတ်စာ စားမယ်ဆိုရင် ဗျာဓိဒုက္ခဟာ တော်တော် နည်းသွားမယ်၊ နေမကောင်း ထိုင်မသာဖြစ်လဲပဲ ချက်ချင်း ဆေးကုလိုက်ရင် သက်သာသွားတာပဲ။
သေခါနီး သိပ်မကြောက်ရတဲ့နည်း
မရဏဒုက္ခဆိုတာလဲ အဆန်း မဟုတ်ဘူး၊ သေတာဟာ ဘာဆန်းသလဲ၊ လူတိုင်း သေရမှာပဲ၊ ဒါပေမယ့် သေခါနီးမှာ စိတ်သက်သာတဲ့ နည်းလမ်း (သိပ်မကြောက်ရတဲ့ နည်းလမ်း) ရှာရမယ်၊
စိတ်သက်သာတဲ့ နည်းလမ်းက ဘုရားအာရုံပြုလို့, တရားတော်များ အာရုံပြုလို့, တရားထဲ နားစိုက်လို့, ကမ္မဋ္ဌာန်းဘာဝနာ နှလုံးသွင်းလို့ ဒီလိုသေမယ်ဆိုတော့ သိပ်ကြောက်စရာ မရှိတော့ဘူး၊ တော်တော်ကို စိတ်သက်သာမယ်၊
အပ္ပိယေဟိ သမ္ပယောဂဒုက္ခဆိုတဲ့ မုန်းတဲ့သူတွေနဲ့ တွေ့ကြုံရ ပေါင်းသင်းရတဲ့ ဒုက္ခ၊ ဒီဒုက္ခမျိုးနဲ့ မတွေ့ရအောင် စောစောစီးစီးက ဉာဏ်နဲ့ ရှောင်လို့တိမ်းလို့, ပေါင်းသင်း ဆက်ဆံတဲ့ နေရာ သတိထားလို့ သတိနဲ့ ပေါင်းသင်းဆက်ဆံလို့၊
ဟော - ဒီလို ဆိုတော့ အဲဒီဒုက္ခဟာ သူများတွေ့သလောက် မတွေ့ရဘူး၊ ပြီးတော့ ပိယေဟိ ဝိပ္ပယောဂဒုက္ခ-ချစ်တဲ့သူနဲ့ မကွဲအောင်ဆိုတာလဲ အလိမ္မာတွေ ဘာတွေ သုံးရမှာပဲ၊ မတော်တဆ သေကွဲကွဲကြပြီဆိုရင်တော့ ကံကိုပဲ စဉ်းစားရတော့မယ်၊
ဘဝသံသရာက ကိုယ့်ကံနဲ့ ကိုယ်နဲ့ လာကြတာ၊
သားရဲ့ ကံကို အဖေက ဘယ့်နှယ် တတ်နိုင်မှာလဲ။
အဖေရဲ့ ကံကို သားက ဘယ့်နှယ်တတ်နိုင်မှာလဲ၊
ကိုယ့်ဇနီးရဲ့ ကံကို အိမ်သားက ဘယ့်နှယ် တတ်နိုင်မှာလဲ၊
အိမ်သားရဲ့ ကံကို ဇနီးက ဘယ့်နှယ်တတ်နိုင်မှာလဲ၊
ဟိုရှေးရှေးဘဝတွေတုန်းက ကိုယ့်ကံနဲ့ကိုယ် ပြုလာကြတာ၊ ငါက မသေပါနဲ့ဆိုလို့ ဘယ်မှာရမှာလဲ၊ သူ့ကံက ဘယ်လိုပြုလာမှန်းမှ မသိပါပဲဘဲ။
ဒုက္ခကို ပယ်လို့မရ
အဲဒီလို စသည်အားဖြင့် ကံကို ပုံချလိုက်တော့ ပိယေဟိ ဝိပ္ပယောဂဆိုတဲ့ ဒုက္ခလဲ အတော်ကြီး သက်သာတယ်၊ အဲဒီလို ဒီဒုက္ခတွေ သက်သာရာ သက်သာကြောင်း နည်းလမ်းကို ရှာရမယ်။ စောစောစီးစီးက ရှောင်ရှားလို့ ဖြစ်နိုင်ရင်လဲ သတိ ဝီရိယနဲ့ ရှောင်ရှားမယ်၊
ယခုတော့ ဒီလိုမလုပ်ဘဲနဲ့ တချို့ လူတွေဟာ ဒုက္ခနဲ့တွေ့ပြီဆိုမှ မခံမရပ်နိုင်ဖြစ်ပြီး အသက်ကို အဆုံးစီရင်ကြတယ်။ အဲဒါ အများကြီးမှားတယ်၊ ဒုက္ခဆိုတာ ဒီလို ပယ်လို့ ရတာ မဟုတ်ဘူး၊ အဆုံးစီရင်လို့ဖြစ်တာ မဟုတ်ဘူး၊ တဏှာလောဘဆိုတဲ့ သမုဒယကိုသာ အဆုံးစီရင်ရမှာ၊
ပြီးတော့လဲ တဏှာလောဘ မကင်းသေးသမျှကတော့ ဒီဒုက္ခတွေက လုံးဝလွတ် မြောက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး၊ တဏှာလောဘ မကင်းသေးသမျှ ကာလ ပတ်လုံး ပြုပြုသမျှ ကုသိုလ် အကုသိုလ်ကံတွေဟာ ထပ်ကာထပ်ကာ အကျိုးပေး ဦးမှာပဲ၊ ဒီလိုဆိုရင် နောက်ထပ် ကောင်းတဲ့ဘဝတွေရော, မကောင်းတဲ့ဘဝတွေရော ထပ်ကာထပ်ကာ ပေါ်လာပြီးတော့ ပဋိသန္ဓေနေ, အို,နာ,သေ အစရှိတဲ့ ဒုက္ခတွေဟာ တသီတတန်းကြီး လိုက်လာဦးမှာပဲ၊
တဏှာလောဘနဲ့ တမလွန် အကျိုးကို မျှော်ကိုးပြီး ကုသိုလ်ပြုတာ မဟုတ်ပါဘူး၊ မျှော်ကိုးပြီး ကုသိုလ်ပြုပါတယ်ဆိုပေမယ့်လဲ အနုသယဓာတ် တဏှာ လောဘက မပြတ်သေးတော့ ဒီဘဝတွေဟာ ထပ်ထပ်ဖြစ်, ဒီဒုက္ခတွေဟာ ထပ်ထပ်လိုက်နေ ဦးမှာပဲ၊ အဲဒါကြောင့် တဏှာလောဘကို ပယ်ရမယ်၊ ဒုက္ခကိုတော့ ပယ်လို့ရမှာ မဟုတ်ဘူး။
တဏှာကိုသာ ပယ်ဖြတ်ပါ
ဘုန်းကြီးတို့ ဘုရားလက်ထက်တုန်းကိုက အမျိုးမျိုးသော ရဟန်းတွေဟာ မကျေမနပ်ဖြစ်ပြီဆိုရင် ဒီခန္ဓာကိုယ်ကို နှိပ်စက်ကြတယ်။ ဒါ မဟုတ်ပါဘူး၊ ဒီ ခန္ဓာကိုယ်က နှိပ်စက်စရာကို မဟုတ်ဘူး၊ ဟို အတ္တကိလမထာနုယောဂ ဆိုတဲ့ တိတ္ထိတွေရဲ့ အကျင့်ဟာ ခန္ဓာကိုယ်ကို နှိပ်စက်တဲ့အကျင့်ပဲ၊
ဒီခန္ဓာကိုယ်ကြီး ဦးစားပေးလို့ မတော်ဘူး၊ ဒီ ခန္ဓာကိုယ်ကြီး ဦးစားပေးလို့ရှိရင် တဏှာလောဘ ထကြွလာလိမ့်မယ်၊ ကိလေသာတွေ ထကြွ သောင်းကျန်းလာ လိမ့်မယ်၊ ဒီတော့ ဒီခန္ဓာကိုယ်တော့ နှက်မှပဲဆိုပြီး ခန္ဓာကိုယ်ကို တစ်ခါတည်း မီးပူခံ တယ်, နေပူခံတယ်၊ အေးပေ့ဆိုတဲ့ အချိန်ထဲမှာ ရေထဲမှာ ဆင်းပြီး သကာလ နေတယ်၊
အဲဒီလို ခန္ဓာကိုယ် နှိပ်စက်တာဟာ ဟိုတဏှာလောဘကို နှိပ်စက်ရမှန်း မသိလို့မို့ သူတို့ အယူမှားပြီးသကာလ အတ္တကိလမထသမားတွေ ခန္ဓာကိုယ် နှိပ်စက်ကြတယ်၊ အမှန်တော့ ခန္ဓာကိုယ်က နှိပ်စက်စရာ မဟုတ်ဘူး၊ တဏှာကိုတော့ နှိပ်စက်ရမယ်၊ နှိပ်စက်ရုံတင် မကဘူး၊ အပြီးသတ် ကုန်ဆုံးအောင် သတ်ဖြတ်ရမယ်၊ ဒါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က တဏှာဆိုတဲ့ သမုဒယ သစ္စာကို ပယ်ရမယ်, သတ်ဖြတ်ရမယ်၊ ငါဘုရားလဲ ပယ်ပြီးပြီလို့ မိန့်တော်မူတယ်။
“ဣဒံ ဒုက္ခနိရောဓော အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ။
နိရောဓသစ္စာ၌ သစ္စဉာဏ်
ဣဒံ - ဤနိဗ္ဗာန်တရားသည်၊
ဒုက္ခနိရောဓော - ဒုက္ခအားလုံး၏ ကင်းပျောက်ချုပ်ငြိမ်း ရုပ်သိမ်းရာဖြစ်သော၊
အရိယသစ္စံ - မှန်ကန်တဲ့, အရိယာအဖြစ်ကို ပြုတတ်တဲ့ သစ္စာတရား တစ်ပါး ပေတည်း၊
ဣတိ - ဤသို့၊
ပုဗ္ဗေ - ရှေးအခါကာလတုန်းက၊
အနနုဿုတေသု - ကြားမျှ မကြားအပ်ဖူးကုန်သော၊
ဓမ္မေသု - နိရောဓသစ္စာတရားတို့၌၊
စက္ခု - ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ သိတတ်မြင်တတ်တဲ့ ဉာဏ်စက္ခုသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
မြတ်စွာဘုရားက ဒုက္ခသမုဒယဆိုတဲ့ တဏှာကိုပယ်တော့ ဘာနဲ့ ပယ်သလဲဆိုတော့ အရဟတ္တမဂ်နဲ့ပယ်တာ၊ အဲဒီ အရဟတ္တမဂ်နှင့် ပယ်တော့ နိဗ္ဗာန်ကို မြင်ပြီး နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ပယ်တယ်။ အလွတ်သက်သက် ပယ်တာ မဟုတ်ဘူး၊ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ ဒီတဏှာကို ပယ်တာ၊ ဟို-မဂ်ကိစ္စတွေထဲမှာ ကြားဖူးမှာပေါ့၊
ဒုက္ခသစ္စာကိုလဲ ပိုင်းခြား၍ သိတယ်၊
သမုဒယသစ္စာ တဏှာလောဘကိုလဲ ပယ်တယ်၊
နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ကိုလဲ မျက်မှောက်ပြုတယ်, အာရုံပြုတယ်၊
အဲဒီလို အာရုံပြုပြီးတော့ မြတ်စွာဘုရားက တဏှာကို ပယ်ခဲ့တာ၊ တဏှာကို ပယ်သတ်လိုက်လို့ တဏှာ ကင်းရှင်းသွားပြီဆိုရင် နောက်ထပ်ဘဝသစ်တွေ မဖြစ်တော့ဘူး၊ နောက်ထပ်ဘဝသစ် မဖြစ်ရင် ပဋိသန္ဓေ မနေ, အိုနာသေအစရှိတဲ့ ဒုက္ခတွေ ကုန်တော့တာပဲ၊ အဲဒါကြောင့် ဒုက္ခအားလုံး ကုန်ဆုံးရာ ဖြစ်တဲ့ နိဗ္ဗာန်ဟာ နိရောဓသစ္စာ အစစ်အမှန်ပဲလို့ မြတ်စွာဘုရား မှာ သစ္စဉာဏ် ဖြစ်ပေါ်လာတယ်။
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကာတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ။
ကိစ္စဉာဏ်
အဲဒီ ဒုက္ခချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာကိုတော့ ဉာဏ်နဲ့ မျက်မှောက်ပြုပြီး တော့ နေရမယ်၊ အာရုံပြုပြီးတော့ နေရမယ်၊ ပယ်ရမယ့်တရားလဲ မဟုတ်ဘူး၊ ပိုင်းခြား ၍ သိဖို့ရန်လဲ မဟုတ်ဘူး၊ မျက်စိနဲ့ မြင်ပြီးတော့ နေသလိုကို မြင်ပြီးတော့ နေရမယ့်တရားပဲ မြင်ရမယ့်တရားပဲ, အာရုံပြုဖွယ် မျက်မှောက်ပြုဖွယ်ကိစ္စရှိတဲ့ တရားပဲလို့ ကိစ္စဉာဏ် ပေါ်လာတယ်။
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓော အရိယသစ္စံ သစ္ဆိကတ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ။
ကတဉာဏ်
အဲဒီ ဒုက္ခနိရောဓဆိုတဲ့ နိဗ္ဗာန်ကို ငါဘုရား မျက်မှောက်ပြုပြီးလို့ သိတဲ့ ကတဉာဏ် ပေါ်လာတယ်။ အဲဒီ နိဗ္ဗာန်တရားဟာ နိရောဓသစ္စာပဲလို့ ပထမသိတဲ့ သစ္စဉာဏ်၊ အဲဒီ နိရောဓသစ္စာဟာ မျက်စိနဲ့မြင်သလို, မျက်စိအောက် ရောက်နေသလို မျက်မှောက် ပြုရမယ့်ကိစ္စ ရှိတယ်လို့ သိတဲ့ဉာဏ်က ကိစ္စဉာဏ်၊
အဲဒီ နိဗ္ဗာန်ကို ငါဘုရား မျက်မှောက်ပြုပြီးလို့ သိတဲ့ဉာဏ်က ကတဉာဏ်လို့ နိရောဓသစ္စာအတွက် ဉာဏ်သုံးပါး ပေါ်လာပြန်ရော၊ ဒီတော့ နိဗ္ဗာန်ဟာ ကိုယ်တိုင် မမြင်ရသေးဘဲနဲ့တော့ ဘယ်လိုမှ ပြောလို့ သဘောမပေါက်နိုင်ဘူးဆိုတာ ဘုန်းကြီး ပြောခဲ့ပြီ၊
ဘုန်းကြီး အရင်က ပြောတယ်မဟုတ်လား၊ တောင်အောက်က နေတဲ့သူအမြင်နဲ့ တောင်ပေါ်ကနေတဲ့သူရဲ့ အမြင်ဟာ မတူဘူး၊ တောင်ပေါ်ကနေတဲ့ သူရဲ့ အမြင် မျိုးကို ပြောပေမယ်လို့ တောင်အောက်က လူထု သဘောမပေါက်ဘူး၊ ကိုယ်တိုင် တောင်ပေါ် လိုက်ပြီး လာတော့မှ တောင်ပေါ်ကနေပြီး အား-ဟုတ်သားပဲကိုးလို့ အဲဒီလို မြင်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် နိရောဓသစ္စာကို မျက်မှောက်ပြုနိုင်တဲ့ အချိန်ကျတော့မှ နိရောဓအကြောင်း ကောင်းကောင်း သိမှာပေါ့ ။
“ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
မဂ္ဂသစ္စာ၌ သစ္စဉာဏ်
ဘိက္ခဝေ - ရဟန်းတို့၊
ဣဒံ - ဤသမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ အစရှိသော မဂ္ဂင်ရှစ်ပါးသည်၊
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ - ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ဖြစ်သော၊
အရိယသစ္စံ - အရိယသစ္စာဖြစ်၏၊
ဣတိ - ဤသို့၊
မေ - ငါဘုရားမှာ၊
ပုဗ္ဗေ - ရှေးအခါတုန်းက၊
အနနုဿုတေသု - မကြားအပ်ဖူးကုန်သော၊
ဓမ္မေသု - မဂ္ဂသစ္စာတရားတို့၌၊
စက္ခု - ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ သိတတ်မြင်တတ်တဲ့ ဉာဏ်မျက်စိသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
အဲဒီ ဒုက္ခ၏ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်က တော့ မဂ္ဂသစ္စာဆိုတဲ့ မဂ္ဂင်တရား ရှစ်ပါးပဲ၊ သမ္မာဒိဋ္ဌိအစရှိတဲ့ မဂ္ဂင်ရှစ်ပါးပဲ၊ အဲသလို ဘုရားရှင် ကိုယ်တော်မြတ် သိတဲ့ဉာဏ်ကို သစ္စဉာဏ်လို့ ခေါ်တယ်၊
နိဗ္ဗာန်ကို ဒီမဂ္ဂင်ဆိုတဲ့လမ်းနဲ့ သွားရမယ်။ ဒီလမ်းမှတစ်ပါး ဒီပြင်လမ်း မရှိဘူး၊ နိဗ္ဗာန်သွားဖို့ရန် သမ္မာဒိဋ္ဌိဆိုတဲ့ အမြင်မှန်ရှိရမယ်၊ ဘယ်လောက် အမြင်မှန်ရမလဲ၊ ပထမဆုံးတော့ ကံနဲ့ ကံအကျိုးကို ပိုင်ပိုင်နိုင်နိုင် သိမြင်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်ရမယ်။
ပြီးတော့ ရုပ်တရား နာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တလို့ သိမြင်တဲ့ ဝိပဿနာ သမ္မာဒိဋ္ဌိ ဖြစ်ရမယ်၊
အဲဒီက တစ်ဆင့်တက် ပြီးတော့ သောတာပတ္တိမဂ်, သကဒါဂါမိမဂ် အစရှိတဲ့ တစ်ဆင့်ထက် တစ်ဆင့် မြင့်မြင့်သွားတဲ့ မဂ္ဂသမ္မာဒိဋ္ဌိဖြစ်တဲ့ အခါကျတော့ ဒီ နိဗ္ဗာန်ကို ရောက်သွားပြီ၊ မျက်စိနဲ့ မြင်ရသလို နိဗ္ဗာန်ကို မြင်သွားပြီ။
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ”န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ကိစ္စဉာဏ်
ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ - ဒုက္ခ၏ ချုပ်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ဖြစ်သော၊
တံ ခေါ ပနိဒံ အရိယသစ္စံ - ထိုမဂ္ဂသစ္စာတည်းဟူသော အရိယသစ္စာကို၊
ဘာဝေတဗ္ဗံ - မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်လိုက်၏။
သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)တရား များကို မိမိသန္တာန်မှာ ဖြစ်ပေါ်လာအောင် ကြိုးစား အားထုတ်ရမယ် လို့ သိမြင်တဲ့ ဉာဏ်တော်ဟာ မြတ်စွာဘုရားမှာ ဖြစ်လာတယ်။ အဲဒီ ဉာဏ်တော်ကို ကိစ္စဉာဏ်လို့ ခေါ်တယ်။
“တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ” န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ - ထိုဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တဲ့ မဂ္ဂသစ္စာဟူသော တရားကို၊
ဘာဝိတံ - မိမိသန္တာန်၌ ဖြစ်စေအပ်ပြီးပြီ၊
ဣတိ - ဤသို့၊
ပုဗ္ဗေ - ရှေးအခါကာလတုန်းက၊
အနနုဿုတေသု - ကြားမျှ မကြားအပ်ဖူးကုန်သော၊
ဓမ္မေသု - မဂ္ဂသစ္စာတရားတို့၌၊
စက္ခု - ပကတိမျက်စိဖြင့် မြင်ရသကဲ့သို့ သေသေချာချာ သိမြင်တဲ့ ဉာဏ်စက္ခုသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ။
အဲဒီ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်စေနိုင်တဲ့ မဂ္ဂသစ္စာတရားကို ငါဘုရားရဲ့ သန္တာန်မှာ ဖြစ်စေပြီးပြီ၊ မဂ္ဂသစ္စာတရားများ ဖြစ်ပေါ် လာအောင် အားထုတ်ခြင်းကိစ္စ အားလုံးပြီးစီးပြီလို့ သိတဲ့ဉာဏ်ကို ကတဉာဏ်လို့ ခေါ်တယ်၊
အဲဒီတော့ သစ္စာလေးပါးရှိတဲ့အနက် တစ်ပါးတစ်ပါးမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်လို့ သုံးပါးစီ ဖြစ်လာတဲ့အတွက် သစ္စာလေးပါးဆိုတော့ ဉာဏ်တော် ၁၂-ပါး၊ ဖြစ်လာတယ်၊
အဲဒီ ဉာဏ်သုံးပါးအတွက် အဓိပ္ပာယ်အကျဉ်းချုံးပြီးတော့ မှတ်ရမယ်ဆိုရင် ဒီတရားများဟာ ဒုက္ခသစ္စာပဲ၊ ဒီဟာက သမုဒယသစ္စာပဲ စသည်ဖြင့် သစ္စာတရားကို သိတဲ့ဉာဏ်က သစ္စဉာဏ်၊
ပြီးတော့ အဲဒီ ဒုက္ခသစ္စာအစရှိတဲ့ သစ္စာများအတွက် ဘာလုပ်စရာကိစ္စ ရှိတယ်, ပြုလုပ်သင့်တဲ့ ကိစ္စကဘယ်ဟာပဲလို့ ကိစ္စကိုသိတဲ့ဉာဏ်က ကိစ္စဉာဏ်၊
အဲဒီ ပြုလုပ်သင့် ပြုလုပ်ထိုက်တဲ့ လုပ်ငန်းကိစ္စများ ပြုလုပ်ပြီးပြီလို့ သိတဲ့ဉာဏ်က ကတဉာဏ်၊ အဲဒီလို မှတ်ထားရမယ်။
ရှေးက ဘုရားဖြစ်ကြောင်း
ဝန်မခံဘဲ ယခုမှဝန်ခံပုံ
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။
အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။
ဘိက္ခဝေ - ရဟန်းတို့၊
ယာဝကီဝဉ္စ - အကြင်မျှလောက်သော ကာလပတ်လုံး၊
မေ - ငါဘုရားမှာ၊
စတူသု - လေးပါးကုန်သော၊
ဣမေသု အရိယသစ္စေသု - ဤအရိယသစ္စာတို့၌၊
ဧဝံ - ဤပြခဲ့သည့်အတိုင်း၊
တိပရိဝဋ္ဋံ - သုံးမျိုးသော ပြောင်းလွဲခြင်းရှိသော၊
(သစ္စာတစ်ပါးတစ်ပါးမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု ဉာဏ်သုံးမျိုးစီ ရှိသော၊)
ဒွါဒသာကာရံ - ၁၂ ပါးအပြားရှိသော၊
(သစ္စာတစ်ပါးတစ်ပါးမှာ ဉာဏ် သုံးမျိုးစီ ရှိတဲ့အတွက် သစ္စာလေးပါးဆိုတော့ ဉာဏ် ၁၂ပါး ရှိသော)
ယထာဘူတံ - အဟုတ်အမှန်အတိုင်း၊
ဉာဏဒဿနံ - သိနိုင်မြင်နိုင်သော ဉာဏ်အမြင်သည်၊
သုဝိသုဒ္ဓံ - ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသားရှိသည်၊
န အဟောသိ - မဖြစ်သေး၊
ဘိက္ခဝေ - ရဟန်းတို့၊
တာဝ - ထိုသစ္စာလေးပါး တရား၌ ဉာဏ်သုံးပါး, ဉာဏ်တစ်ဆယ့်နှစ်ပါး ရှင်းရှင်း လင်းလင်း မရှိသေးသမျှ ကာလပတ်လုံး၊
အဟံ - ငါ ဘုရားသည်၊
သဒေဝကေ - အောက်နတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့် တကွဖြစ်သော၊
သမာရကေ - မာရ်နတ်မင်းနှင့် တကွဖြစ်သော၊
သဗြဟ္မကေ - ဗြဟ္မာနှစ်ဆယ်နှင့် တကွဖြစ်သော၊
လောကေ - သြကာသလောက၌၊
သဿမဏဗြာဟ္မဏိယာ - ရဟန်းပုဏ္ဏားနှင့်တကွဖြစ်သော၊
သဒေဝမနုဿာယ - သမ္မုတိနတ်ဟုခေါ်သော ရှင်ဘုရင် အပါအဝင် ဖြစ်တဲ့ ရှိရှိသမျှ လူအပေါင်းနှင့်တကွဖြစ်သော၊
ပဇာယ - သတ္တလောက၌၊
အနုတ္တရံ - အမြတ်ဆုံးသော၊
သမ္မာသမ္ဗောဓိံ - သစ္စာလေးပါး, မြတ်တရားကို မမှားဧကန် အမှန်ပိုင်ပိုင်, ကိုယ်တိုင် သိမြင်တတ်သော အရဟတ္တမဂ်ဉာဏ်ကို၊
အဘိသမ္ဗုဒ္ဓေါ တိ - ထိုးထွင်း၍ သိပြီ, ရရှိပြီဟူ၍၊
နေဝ ပစ္စညာသိံ - ဝန်ခံတော်မမူ။
ဘိက္ခဝေ - ရဟန်းတို့၊
ယတော စ ခေါ - အကြင်အခါ၌ကား၊
မေ - ငါဘုရားမှာ၊
စတူသု - လေးပါးကုန်သော၊
ဣမေသု အရိယသစ္စေသု - ဤအရိယသစ္စာတို့၌၊ ပေ၊
ယထာဘူတံ - အဟုတ်အမှန်အတိုင်း၊
ဉာဏဒဿနံ - သိနိုင်သိမြင်နိုင်သော ဉာဏ်အမြင်သည်၊
သုဝိသုဒ္ဓံ - အလွန် ရှင်းလင်းပြတ်သားသည်၊
အဟောသိ - ဖြစ်ပြီ၊
ဘိက္ခဝေရဟန်းတို့၊
အထ - ထိုသို့ သစ္စာလေးပါးတရားအပေါ်၌ ဉာဏ်အမြင် ရှင်းလင်းပြတ်သားရာ အခါ၌သာလျှင်၊
အဟံ - ငါဘုရားသည်။
သဒေဝကေ - အောက်နတ်ပြည်ငါးထပ်ရှိ နတ်အပေါင်းနှင့် တကွဖြစ်သော၊
သမ္မသမ္ဗောဓိ - အရဟတ္တမဂ်ဉာဏ်ကို၊
အဘိသမုဒ္ဓေါဓိံ - ရပြီ, ဘုရားဖြစ်ပြီဟူ၍၊
ပစ္စညာသိံ - ဝန်ခံတော်မူပြီ။
ဒုက္ကရစရိယာ ခြောက်နှစ်ကြာ
ဥရုဝေဠတောထဲမှာ မြတ်စွာဘုရား ဒုက္ကရစရိယာ ကျင့်တော်မူခဲ့တာ ခြောက်နှစ်တိတိ ကြာခဲ့တယ်၊ အဲဒီ ခြောက်နှစ်အတွင်းမှာ အချိန်ရှိ သရွေ့ တရားချည်းပဲ အားထုတ် နေတယ်၊ ဆွမ်းကိုတောင် ဘုဉ်းမပေး တော့ဘဲ တစ်နေ့လုံးမှ ပဲပြုတ်ရည်လေး တစ်လက်ခုတ်စာလောက် သောက်လို့ တစ်ခါတလေ ဆီးသီးကလေး တစ်လုံးသာ ဘုဉ်းပေးလို့၊ အဲဒီလို အစာအာဟာရတွေကို အဆမတန် လျှော့ပြီးတော့ အပြင်း အထန် တရားအားထုတ်တော်မူခဲ့တယ်၊ သေလုမျောပါး တပင်တပန်းကြီး အားထုတ်တော်မူခဲ့တယ်၊
အဲဒီလောက် တရားကျင့်နေတဲ့အတွက် ပဉ္စဝဂ္ဂီရဟန်းငါးဦးကလဲ သိပ်ကျေနပ်ပြီး အမျှော်ကြီး မျှော်လင့်နေကြတယ်၊ ငါတို့ သိဒ္ဓတ္ထ အရှင်မြတ်တော့ ဘုရား ဖြစ်တော့မယ်။ ဒီလောက် ပြင်းပြင်းထန်ထန် ကျင့်မှတော့ ဧကန် ဘုရားဖြစ်တော့ မှာပဲလို့ အမျှော်ကြီးမျှော်ပြီး ရေပူရေချမ်း ကမ်းလှမ်း, ဝတ်ကြီးဝတ်ငယ် ပြုနေကြတယ်၊
ဒါပေမယ့် ခြောက်နှစ်တိတိသာ ကြာလာခဲ့တယ်၊ သူတို့ မျှော်လင့်သလို မဖြစ်သေးပါဘူး၊ အလယ်အလတ် မဇ္ဈိမ ပဋိပဒါလမ်းစဉ် မဟုတ်တဲ့အတွက် ခန္ဓာကိုယ်သာ ပင်ပန်းဆင်းရဲပြီး ဘုရားအဖြစ် မရောက်ပါဘူး၊
အဲဒီလို အချိန်မှာ အမျှော်ကြီး မျှော်နေကြတဲ့ ပဉ္စဝဂ္ဂီရဟန်းများအတွက် နည်းနည်း ပါးပါးမှ အားတက် ပါစေတော့ဆိုတဲ့ သဘောနဲ့ သူတို့ အားရှိရာ အားရှိကြောင်း စကားမျိုးကို မြတ်စွာဘုရားက တစ်ခွန်းတစ်ပါဒမျှ မမိန့်ခဲ့ပါဘူး၊ သင်တို့ မပျင်းကြနဲ့ မကြာခင် ငါ ဘုရားဖြစ်တော့မယ်, ဘုရား ဖြစ်တော့မှာ မကြာတော့ပါဘူးဆိုတဲ့ စကားမျိုးကို တစ်ကြိမ်တစ်ခါမျှ မိန့်မြွက်တော်မမူခဲ့ပါဘူး။
ဘုရားဖြစ်ကြောင်း မိန့်မြွက်ခြင်း
ယခုတော့ကာ အရင်ကလို အတ္တကိလမထာနုယောဂ ဆန်ဆန် တပင်တပန်းကြီး မကျင့်တော့ဘဲ ဆွမ်းခံဘုဉ်းပေးပြီး ခပ်မှန်မှန် တရားအားထုတ်လို့ မြတ်စွာဘုရားမှာ သစ္စာလေးပါးကို သိမြင်တဲ့ ဉာဏ်တော်များ ပေါ်ပေါက်လာပြီ၊ သစ္စာလေးပါးကို သိမြင်တဲ့ ဉာဏ်တော်များ အလွန်ကို ရှင်းလင်းပြတ်သားလာပြီ၊
အဲဒါကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတွေ စုဝေးနေထိုင်ရာ သြကာသလောကကြီးနဲ့ သတ္တလောက အတွင်းမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိ လို့ခေါ်တဲ့ အရဟတ္တမဂ်ဉာဏ်ကို ငါ ရရှိပြီ၊ ငါ ဘုရားဖြစ်ပြီလို့ ပဉ္စဝဂ္ဂီရဟန်းများကို မိန့်မြွက်တော်မူတယ်။ မယုံမကြည် ဖြစ်နေကြတဲ့ ပဉ္စဝဂ္ဂီရဟန်းများကို မြတ်စွာဘုရားက အဲဒီလို ပွင့်ပွင့် လင်းလင်း မိန့်တော်မူခဲ့တယ်။
အမြင့်မြတ်ဆုံး ဉာဏ်တော်
ဒီနေရာမှာ -
“အနုတ္တရံ - အခြားအခြားသော ရဟန္တာပုဂ္ဂိုလ်တို့၏ အရဟတ္တ မဂ်ဉာဏ်ထက် သာလွန်မြင့်မြတ်သော အမြင့်မြတ်ဆုံး အသာလွန်ဆုံး ဖြစ်သော၊
သမ္မာသမ္ဗောဓိံ - အရဟတ္တမဂ်ဉာဏ်ကို၊
(သစ္စာလေးပါး, မြတ်တရားကို, မမှားဧကန်, အမှန်ပိုင်ပိုင်, ကိုယ်တိုင်သိမြင်တဲ့ အရဟတ္တမဂ်ဉာဏ်ကို။)
အဘိသမ္ဗုဒ္ဓေါ - ရရှိတော်မူပြီ”
ရှိတော့ကာ မြတ်စွာဘုရား ရရှိထားတဲ့ အရဟတ္တ မဂ်ဉာဏ်တော်ဟာ အခြားအခြား သော ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ အရဟတ္တမဂ်ဉာဏ်ထက် သာလွန်မြင့်မြတ်တယ်၊ အဲဒီလို အသာလွန်ဆုံး အမြင့်မြတ်ဆုံး ဖြစ်တယ်၊ အဲဒါကြောင့် မြတ်စွာဘုရားရဲ့ အရဟတ္တမဂ်ဉာဏ်တော်ကို“အနုတ္တရသမ္မာသမ္ဗောဓိ” လို့ ခေါ်ဆို သတ်မှတ်ထား ရတယ်၊
ဘာ့ကြောင့်တုန်းဆိုတော့ မြတ်စွာဘုရားမှာ ဒီ အရဟတ္တမဂ်ဉာဏ်တော်ကြီး ရတော်မူသည်နှင့် တစ်ပြိုင်နက် အလုံးစုံကို အကုန်အစင်သိမြင်, ဘာမဆို အကုန်သိတဲ့ သဗ္ဗညုတဉာဏ်တော်ကြီးကိုပါ ရပြီးသား ဖြစ်သွားတယ်၊ မြတ်စွာ ဘုရားမှာ ဒီ အရဟတ္တမဂ်ဉာဏ်တော်ကြီး ရသည်နှင့် တစ်ပြိုင်နက် အကြောင်းအရာ တစ်ခုခု မည်သည့် အကြောင်းအရာကိုပဲ ဖြစ်ဖြစ် သိချင်လို့ စဉ်းစားလိုက်ရင် ဘာမဆို သိနိုင်တော့တယ်။
ရှင်ဘုရင်ဖြစ်မယ့် ပုဂ္ဂိုလ်တစ်ယောက်ဟာ ရှင်ဘုရင်အဘိသိက်လဲ သွန်းလိုက်ရော ဒီနိုင်ငံနှင့်ဆိုတဲ့ စိုးပိုင်စရာဟူသမျှ အကုန်လုံး ပိုင်ရော၊ အဲဒီလိုပဲ အရဟတ္တ မဂ်ဉာဏ်ဟာ ဗုဒ္ဓအဘိသိက် သွန်းလိုက်တာပဲ၊ အဲဒီ ဗုဒ္ဓအဘိသိက် အရဟတ္တ မဂ်ဉာဏ်လဲ ရရော အကုန်လုံး သိမြင်နိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကြီးလဲ မြတ်စွာဘုရားမှာ ရပြီး ပိုင်ဆိုင်ပြီး ဖြစ်သွားတယ်၊ အဲဒီ သဗ္ဗညုတဉာဏ်တော်ကြီးဟာ အားရစရာ ကြည်ညိုစရာ ကောင်းလောက်အောင် ဘယ်လောက်များ သတ္တိ ကြီးကျယ်ပါသတုန်းဆိုတော့ -
ဇာနိတဗ္ဗံ ပဇာနာတိ, ဒေသိတဗ္ဗမ္ပိ အာသယံ၊
ဒေသကော ယေန ဉာဏေန, ဒေသေတု တဿ တေဇသာ။
ဒေသကော - နည်းမှန်လမ်းကျ, ဟောညွှန်ပြသည့် ဒေသကထွတ်တင်, ဘုရားရှင်သည်၊
ယေန ဉာဏေန - အပေါင်းဂုဏ်အင်, ကြောင်းစုံလင်မှ အကြင်ဖြစ်ပေါ်, သဗ္ဗညုတ ဉာဏ်တော်ဖြင့်၊
ဇာနိတဗ္ဗံ - သိဖွယ် အများ, ဉေယျဓမ်တရားကို၊
ပဇာနာတိ - ဆုံးစကုန်စင်, သိမြင်တော်မူနိုင်ပါပေ၏၊
ဒေသိတဗ္ဗမ္ပိ - ဟောပြစဖွယ်, သွယ်သွယ်များဖြင့်, တရားဆင်နည်းကိုလည်း၊
ပဇာနာတိ - တရားတစ်ဖုံ, နည်းမျိုးစုံအောင်, အကုန်ဆင်ပြင်, သိမြင်တော် မူနိုင်ပေ၏၊
အာသယံ - သိန်းသန်းကုဋေ များဝေနေ၏, ထွေထွေဆန္ဒ အဇ္ဈာသယကိုလည်း၊
ပဇာနာတိ - ဣန္ဒြေနုရင့်, ခွဲဝေချင့်၍, အသင့်ပိုင်ပိုင်, သိမြင်တော်မူနိုင်ပါပေ၏၊
တဿ ဉာဏဿ - ပါရမီအပေါင်း, ဆင့်ဆင့်လောင်းသဖြင့်, အကောင်းဆုံးဖြစ်ပေါ်, ထိုသဗ္ဗညုတဉာဏ်တော်၏၊
တေဇသာ - အစွမ်းသုံးဖော်, တန်ခိုးတော်ဖြင့်၊
ဒေသေတု - ထိုထိုကိစ္စ, မလွဲရအောင်, နိစ္စပုံသေ, ညွှန်ပြတော်မူပါစေသတည်း။
ပါရမီကံကြောင့် သဗ္ဗညုတဉာဏ်ရ
သဗ္ဗညုတဉာဏ်ဆိုတဲ့ ဉာဏ်တော်ကြီးကို ရဖို့အတွက် ကျောထောက်နောက်ခံ ပါရမီကုသိုလ်ကံတွေကို ဘဝပေါင်းများစွာ ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ရလို့ အစပိုင်းတုန်းက ဘုန်းကြီးပြောခဲ့တဲ့ အတိုင်း မျက်လုံးတော်တွေ ထုတ်ပြီးတော့ လှူတဲ့အခါတုန်းက သဗ္ဗညုတဉာဏ် ရလိုပါ၏၊ ဝေဿန္တရာမင်းဘ၀ ဆင်ဖြူတော် လှူတော့လဲ သဗ္ဗညုတဉာဏ် ရလိုပါ၏၊ ဘယ်စည်းစိမ်ကိုမှ မရချင်ဘူး၊ အဲဒီဉာဏ်ကြီး ရချင်တာပဲ၊ အဲဒီလို အနေမျိုးနဲ့ ဆုတောင်းပြီးတော့ ပါရမီတွေ ဖြည့်လာခဲ့တယ်၊ အဲဒါကြောင့် ပါရမီတွေအကုန်လုံး အကြောင်းစုံမှ ဖြစ်ပေါ်လာတဲ့ ဉာဏ်တော်ကြီး
“ယေန ဉာဏေန - အပေါင်းဂုဏ်အင်, ကြောင်းစုံလင်မှ, အကြင်ဖြစ်ပေါ်, သဗ္ဗညုတ ဉာဏ်တော်ဖြင့်၊
ဇာနိတဗ္ဗံ - သိဖွယ်အများ, ဉေယျဓမ်တရားကို၊
ပဇာနာတိ - ဆုံးစကုန်စင်, သိမြင်တော်မူနိုင်ပါပေ၏”
သိစရာဟူသမျှ အကုန်သိတယ်။
အကုန်သိဆိုသည်ကို မယုံသူရှိ
ဘုန်းကြီးတို့ကတော့ မြတ်စွာဘုရားရဲ့ ရှေးအကြောင်းကံ ကြီးကျယ်ပုံကို သိထား တာဖြစ်တော့ အကုန်သိဆိုတာကို ယုံတာပဲ။ ဒါပေမယ့် တချို့လူများက မယုံကြဘူး၊ သည့်ပြင် ဘာသာဝင်တွေ မဆိုထားနဲ့ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေထဲက တောင်မှ တချို့က ဘယ်လို ယူဆကြသလဲဆိုတော့ သစ္စာလေးပါးတရားနဲ့ ဗုဒ္ဓ ဘာသာ ဆိုင်ရာ တရားတော်များကိုတော့ သိပါတယ်။
ဒါပေမယ့် လောကဓာတ်တွေ ဘာတွေတော့ သိနိုင်မယ် မဟုတ်ပါဘူးလို့ ယူဆ ကြတယ်။ ဘုန်းကြီးတို့ ပိဋကကျမ်းဂန်တွေထဲမှာ ဘုရားရှင်ရဲ့ ဉာဏ်တော်အမျိုး မျိုး ပြထားတာရှိတယ်၊ အဲဒီ ဉာဏ်တော်အများကြီးရှိတဲ့ အထဲမှာ ဣန္ဒြိယပရောပရိယတ္တ ဉာဏ်တော်နဲ့ အနေကဓာတု, နာနာဓာတု လောကဉာဏ်တော်နှစ်ပါး အကြောင်း ကိုပဲ ဘုန်းကြီး ပြောပြပါမယ်။
ဣန္ဒြိယပရောပရိယတ္တဉာဏ်
ဣန္ဒြိယပရောပရိယတ္တဉာဏ်တော် ဆိုတာ သတ္တဝါတွေရဲ့ အတွင်းဓာတ်ခံ စိတ်နေ သဘောထားကို သိနိုင်တဲ့ဉာဏ်တော်ပါပဲ၊ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှာ သတ္တဝါတစ်ဦးဦးကို မြင်တော်မူလိုက်တာနဲ့ တစ်ပြိုင်နက် ဒီသတ္တဝါဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ရမယ်, မရဘူး, ကျွတ်ထိုက်တယ်, မကျွတ်ထိုက်ဘူး၊ ဒီသတ္တဝါဟာဖြင့် သဒ္ဓိန္ဒြေ၊ ပညိန္ဒြေအရည်အချင်းက ဘယ်လိုအဆင့်အတန်း ရှိတယ်၊ အဲဒီလို ခွဲခြားသိနိုင်တဲ့ ဉာဏ်ကို ဣန္ဒြိယပရောပရိယတ္တဉာဏ်လို့ ခေါ်တယ်၊
အဲဒီတော့ကာ သတ္တဝါတစ်ယောက်ဟာ သဒ္ဓိန္ဒြေလို့ ခေါ်တဲ့ သဒ္ဓါတရား အရည် အချင်းက မဂ်ဖိုလ်ရနိုင်လောက်အောင် မြင့်နေပါရဲ့၊ ဒါပေမယ့် ပညိန္ဒြေလို့ခေါ်တဲ့ ဉာဏ်အရည်အချင်းက နိမ့်နေသေးတယ်။ အဲဒီလို သတ္တဝါကိုတော့ မြတ်စွာဘုရားက ဉာဏ်အရည်အချင်း မြင့်လာစေတဲ့တရားကို ဟောတော်မူတယ်၊ ဉာဏ်အရည် အချင်းကတော့ မြင့်ပါရဲ့၊ သဒ္ဓါတရား အရည်အချင်းက နိမ့်နေသေးတယ်။ ဒီလိုဆိုရင် သဒ္ဓါတရား မြင့်တက်စေနိုင်တဲ့ တရားကို ဟောတော်မူ တယ်၊
မြတ်စွာဘုရားမှာ အဲဒီလို သတ္တဝါတွေရဲ့ အတွင်းဓာတ်ခံ စိတ်ဓာတ်ကို သိထားတော့ သူတို့နဲ့ ထိုက်တန်ရာ ထိုက်တန်ရာ တရားကို ရွေးကောက် ရွေးကောက်ပြီး ဟောတော်မူတဲ့အခါ သတ္တဝါတွေဟာ သောတာပန်တို့၊ သကဒါဂါမ်တို့, အနာဂါမ်တို့ ရဟန္တာတို့ ဖြစ်ကုန်ကြတယ်၊ အဲဒါကြောင့် -
“အာသယံ - သိန်းသန်းကုဋေ များဝေနေ၏, ထွေထွေဆန္ဒ၊ အဇ္ဈာသယဓာတ်ခံ ကိုလည်း၊
ပဇာနာတိ - ဣန္ဒြေနုရင့်, ခွဲဝေချင့်၍ အသင့်ပိုင်ပိုင်, သိမြင်တော်မူနိုင်ပါပေ၏”
အဲဒီလို ဣန္ဒြိယပရောပရိယတ္တဉာဏ်တော်ဟာ သတ္တဝါတိုင်း သတ္တဝါတိုင်းရဲ့ အတွင်းဓာတ်ခံ အဇ္ဈာသယကို သိမြင်နိုင်တယ်၊ ဟောဒီ ဟောဒီ ပုဂ္ဂိုလ်တွေဟာဖြင့် သဒ္ဓါတရားက ဘယ်အခြေအနေရှိတယ်, ပညာက ဘယ်လိုရှိတယ်, ဝီရိယက ဘယ်လောက်, သမာဓိက ဘယ်အဆင့်အတန်း, အဲဒီလို ခွဲခြားပြီးတော့ သိမြင် နိုင်တယ်။
အနေကဓာတုနာနာဓာတုလောကဉာဏ်
ပြီးတော့ အနေကဓာတုနာနာဓာတု လောကဉာဏ်တော်ဆိုတာ ဘယ်လိုဉာဏ်လဲ ဆိုတော့ သက်ရှိသက်မဲ့ သင်္ခါရလောက အကြောင်းအရာတွေ ခန္ဓာ, အာယတန, ဓာတ်တွေ အဲဒါတွေ ကို သိမြင်နိုင်တဲ့ ဉာဏ်လို့ ဆိုတယ်၊
မြတ်စွာဘုရားမှာ အဲဒီ ဉာဏ်တော်ရှိတဲ့အတွက် ဒီတရားတွေက ခန္ဓာ, ဒီတရား တွေက အာယတန, ဒီတရားတွေက ဓာတ်လို့ သိတယ်၊ ပြီးတော့ သက်မဲ့လောကမှာ ဆိုရင် ဥပမာ-သစ်ပင်တစ်ပင် အကြောင်းကို စဉ်းစားလိုက်တဲ့အခါ ဒီသစ်ပင်ဟာ ဒီဓာတ်လွန်ကဲတဲ့အတွက် ပင်လုံးက ဖြူဖွေးနေတယ်။ ဒီဓာတ်လွန်ကဲလို့ မည်းနက် နေတယ်, ချောညက်နေတယ်, ဒီဓာတ် လွန်ကဲလို့ အခေါက်ထူတယ်, သို့မဟုတ် အခေါက်ပါးတယ်။ ဒီ ဓာတ်လွန်ကဲလို့ အရွက်က ဒီအဆင်းအရောင်နဲ့ ဒီပုံသဏ္ဌာန် ရှိတယ်။ အပွင့်က ဒီအရောင် ဒီအနံ့, အသီးက ဒီအရသာ စသည်ဖြင့် ခွဲခြား သိမြင်နိုင်တယ်၊
မြတ်စွာဘုရားမှာ အဲဒီလို သိမြင်တော်မူတဲ့အတိုင်း အဲဒီ သက်မဲ့လောက အကြောင်း တွေကို ဟောမယ်ဆိုရင် ဘယ်တော့မှ ဟောလို့ကုန်မှာ မဟုတ်တော့ဘူး၊ ပြီးတော့ ဒါတွေဟောလို့လဲ သတ္တဝါတွေ မဂ်ဖိုလ်နိဗ္ဗာန် ရမှာလဲမဟုတ်ဘူး၊ ဒီအကြောင်းအရာ တွေဟာ သံသရာဝဋ်ဆင်းရဲက ထွက်မြောက်ရာ ထွက်မြောက်ကြောင်း မဟုတ်တဲ့ အတွက် ဘယ်မှာ မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်ပါ့မလဲ။
လောကဓာတ်သိပ္ပံ
အကြောင်းလဲ သိတာပဲ
အဲဒီတော့ကာ ယခုခေတ် တချို့ပုဂ္ဂိုလ်တွေ ထင်သလို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က လောကဓာတ် အကြောင်းတွေကို မသိဘူးဆိုတာ မဟုတ်ပါဘူး၊ သိပါတယ်။ ဓာတ်တွေ အကုန်ခွဲပြီးတော့ သိပါတယ်၊ ဘုရားရှင်ကိုယ်တော်မြတ်မှာ ဒီသဗ္ဗညုတဉာဏ် ရပါမယ့်အကြောင်း ကမ္ဘာပေါင်းများစွာကတည်းက အသက်တွေ စွန့်၊ ကိုယ်လက်အင်္ဂါတွေ စွန့်၊ ဒီလို စွန့်ပြီးတော့ ဒီ တရားရအောင်လို့ ကြိုးစား လာတယ်၊ နောက်ဆုံးဘဝကျတော့လဲ သေသေကျေကျေ ကြိုးစားတယ်၊ ဒီပုဂ္ဂိုလ်မှာ သဗ္ဗညုတဉာဏ် မရဘဲနေမလား, အကုန်လုံး မသိဘဲ ရှိပါ့မလား။
မဟောဘဲ ကျန်တဲ့တရားများ
တစ်နေရာမှာ မြတ်စွာဘုရားက အမိန့်ရှိတယ်။ ယင်းတိုက်ပင် အောက်မှာ သံဃာတော်များနဲ့ သီတင်းသုံးပြီးတော့ နေတုန်း အောက်မှာကျနေတဲ့ ယင်းတိုက် ရွက်ကလေးတွေကို လက်နဲ့ ဆုပ်ယူပြီးတော့ -
“ရဟန်းတို့ ... ငါဘုရားလက်ထဲက ယင်းတိုက်ရွက်နဲ့ ဟိုသစ်ပင်ပေါ်မှာရှိတဲ့ အရွက်တွေဟာ ဘယ်ဟာက များတုန်း”
“မနှိုင်းယှဉ်လောက်အောင် ကွာပါတယ်ဘုရား၊ လက်တော်မှာရှိတဲ့ ယင်းတိုက်ရွက်က နည်းနည်းကလေးပဲရှိပါတယ်။ အပေါ်မှာရှိတဲ့ ယင်းတိုက်ရွက်တွေက မရေတွက် နိုင်အောင် များပါတယ်ဘုရား၊”
“အဲဒီလိုပဲ ငါဘုရား သိပေမယ်လို့ မဟောဘဲနဲ့ ချန်ထားတဲ့ တရားတွေက အပေါ်က အရွက်တွေလို အများကြီး ကျန်သေးတယ်၊ ယခု ငါဘုရားဟောတဲ့ တရားတွေ ကတော့ လက်ထဲမှာ ဆုပ်ထားတဲ့ သစ်ရွက်လောက်ပဲ ရှိတယ်”လို့ မိန့်တော်မူတယ်၊
အကြောင်းအားလျော်စွာ ဘုရားရှင်ကိုယ်တော်မြတ်က လေးဆယ့်ငါးဝါ ကာလပတ် လုံး ဟောတော်မူတယ်လို့ ဆိုပေမယ့် မဟောဘဲ မဟောဘဲနဲ့ ချန်ပြီးတော့ လိုရာလောက် လိုရာလောက် ကွက်ကွက်ပြီးတော့ ဟောတဲ့ တရားတွေသာ ဖြစ်တယ်၊ သိတော်မူရက်သားနဲ့ မဟောဘဲ ချန်တဲ့ တရားတွေ အများကြီး ကျန်ရစ်ပါသေးတယ်၊ ဘာဖြစ်လို့ မဟောပါသလဲ။
ခေတ်ကြီးတိုးတက်လေ
လောဘတိုးလာလေ
ဒီလိုလေ မြတ်စွာဘုရား ပွင့်တော်မူလာတာက သတ္တဝါတွေချမ်းသာဖို့ ပွင့်တော် မူလာတယ်၊ မဂ်ဖိုလ်နိဗ္ဗာန် ရမယ့်ပုဂ္ဂိုလ်တွေ မဂ်ဖိုလ်နိဗ္ဗာန်ရအောင် ပွင့်တော်မူ လာတယ်၊ ဒီတော့ သံသရာထဲမှာ ငြီးငွေ့ပြီးတော့ သံဝေဂဖြစ်တဲ့ တရားတွေကိုသာ ဘုရားရှင် ကိုယ်တော်မြတ် ဟောတော်မူလေ့ရှိတယ်၊ လောကကြီးမှာ ကြီးကျယ် ခမ်းနားပြီးတော့ တဏှာတွေပွားမယ့် တရားကိုတော့ ဘုရားရှင် ကိုယ်တော်မြတ် သိပေမယ့် မဟောပါဘူး၊
ကဲ ... စဉ်းစားကြည့်စမ်း, စဉ်းစားကြည့်စမ်း၊ အခုလောက အခုခေတ်က တိုးတက် လာလိုက်တာ တဲ့၊ ဉာဏ်တွေကြီးလွန်းလို့ တိုးတက်လာလိုက်တာတဲ့၊ အခြားနိုင်ငံကို မပြောနဲ့ မြန်မာနိုင်ငံမှာပဲ စစ်ပြီးတဲ့ခေတ်မှာ တိုးတက်လာလိုက်တာတဲ့။ တကတည်း ဘာတွေ တိုးတက်လာသလဲ၊ မော်တော်ကားတွေ လေယာဉ်ပျံတွေ တိုးတက် လာတယ်၊ သည့်ပြင် လိုချင်စရာပစ္စည်း အမျိုးမျိုး အလှပြင်စရာ ပစ္စည်းအမျိုးမျိုး တိုးလာတယ်၊
အဲဒါတွေ တိုးတက်လာတော့ ဒါတွေကို အကြောင်းပြုပြီးတော့ တဏှာလောဘတွေ, မနာလိုဝန်တို ဣဿာ မစ္ဆရိယတွေ တိုးလာတယ်၊ အဲဒီအလှအပ ပြင်ဆင်စရာ ပစ္စည်းပေါလေ, တဏှာလောဘတွေ ကြီးလေလေ, မတရားမှုတွေ နိုင်ငံမှာ ပြန့်လေလေ၊
ဒီတော့ ခေတ်ကြီးက တိုးတက်တဲ့ ခေတ်ကြီးလို့ ဘုန်းကြီးက ဝန်ခံပါတယ်၊ လောက အလိုက်တိုးတက်တာ မှန်ပါတယ်၊ မော်တော်ကားတွေ ကောင်းသည်ထက် ကောင်းလာတယ်၊ လေယာဉ်ပျံတွေ ကောင်းသည်ထက် ကောင်းလာတယ်၊ အစားအသောက်တွေဟာ တကတည်း ဓာတ်အမျိုးမျိုးတွေ သွင်းပြီး သကာလ ကောင်းအောင် လုပ်ပေးလာတယ်၊
မှန်တယ်၊ ဒါတိုးတက်တယ်၊ အဲဒါ တိုးတက်တော့ ဘာတိုးတက်သလဲ ဆိုတော့ တဏှာ တိုးတက်တယ်၊ တဏှာတိုးတက်လို့ရှိရင် ဘာဖြစ်သတုန်း ဒုက္ခတွေ တိုးတက်မယ်၊ ယခုဘဝလည်း ဒုက္ခတွေ တိုးတက်မယ်၊ နောင် သံသရာလဲ ဒုက္ခတွေ တိုးတက်မယ်။
ဘုရားရှင်ကိုယ်တော်မြတ်က ဒီတဏှာလောဘ တိုးတက်မယ့် တရားလမ်းတွေကို ဟောတော်မူမတဲ့လား၊ ယခု အနုမြူဓာတ်တွေ ဘာတွေကို ဘုရားရှင် ကိုယ်တော်မြတ် သိတော်မူတော့ သိတဲ့အတိုင်းပဲ ဟောပါပြီတဲ့၊ လက်တွေ့လဲ လုပ်ကြပါပြီတဲ့၊ ဒီလိုဆိုရင် တဏှာ လောဘတွေ တိုးတက်လာမှာပေါ့။
ဒါကြောင့် ဘုန်းကြီးက မတိုးတက်ရဘူးလို့ မဆိုလိုပါဘူး၊ မရှိရဘူးလို့ မဆိုလိုဘူး၊ သို့သော်လဲပဲ ဘုရားကို မပုတ်ခတ်ပါနဲ့၊ ဘုရားရဲ့ ဉာဏ်တော်ကိုတော့ မထိပါနဲ့၊ မသိလို့ မဟောတာ မဟုတ်ပါဘူး၊ လောကဓာတ်တွေကို ဘုရားရှင် ကိုယ်တော်မြတ်က အကုန်လုံး သိတော်မူပါတယ်။
ကိုယ်ကျိုးစွန့် အားထုတ်ခဲ့ခြင်း
ဒါကြောင့် ဘုန်းကြီးကလေ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သဗ္ဗညုတဉာဏ် မရခင် ကျင့်တော်မူတဲ့ စခန်းတွေကိုလဲ ကြည်ညိုလိုက်တာ, ကြည်ညိုလိုက်တာ၊ မြတ်စွာဘုရား အလောင်းတော် ဘဝတုန်းက ကိုယ်ကျိုးမငဲ့ဘဲနဲ့ သတ္တဝါတွေအတွက် ဖြည့်ကျင့်တော် မူတဲ့ ပါရမီတွေကို ကြည်ညိုလိုက်တာ၊ မျက်လုံးတော် ထုတ်ပြီးတော့ လှူတာဟာ ကိုယ်ကျိုးတဲ့လား, ကိုယ့်အတွက် ဂုဏ်ရှိလို့ တဲ့လား၊ ဘယ်ဟုတ်မှာလဲ, မျက်မမြင်တဲ့သူ မြင်ပါစေတော့လို့ ထုတ်ပြီးတော့ လှူတာ၊
ထီးနန်းကို စွန့်ပြီးတော့ တောထွက်တာဟာ ကိုယ်ကျိုးတဲ့လား၊ ဘယ်ဟုတ်မှာလဲ၊ စိတ်ဓာတ်ကို ပြုပြင်ပြီးသကာလ မေတ္တာဘာဝနာနဲ့ နေချင်လို့ တောထွက်တာ။ အဲဒီတော့ ဘုရားရှင် ကိုယ်တော်မြတ် ပါရမီဖြည့်တော်မူတဲ့အခါ တုန်းကလဲ ကိုယ်ကျိုး မပါပါဘဲလား၊ နောက်တော့ ဘုရားဖြစ်တော်မူ တဲ့အခါကျတော့လဲ ထီးနန်း စွန့်ပြီးတော့ တောထွက်လာတာဟာ ကြွားချင်လို့လား, ဂုဏ်ပကာသန လိုချင်လို့လား၊ အမလေး-သိဒ္ဓတ္ထတို့ ဘယ်လောက်များ စွမ်းသလဲဆိုတဲ့ နာမည် လိုချင်လို့တဲ့လား၊
ဘုန်းကြီးတို့ရဲ့ ဘုရားကို တချို့က ပေါ့ပေါ့ဆဆလေး တွေးကြတော့ ဘုန်းကြီးက မခံချင်လိုက်တာ၊ မခံချင်လို့ ဒေါသဖြစ်နေတာတော့ မဟုတ်ပါဘူး၊ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကို သူတို့ အကဲမခတ်နိုင်လေစွ၊ မြတ်စွာဘုရားရဲ့ ပါရမီတော်တွေကို သူတို့ အာရုံ မပြုနိုင်လေစွ၊ မြတ်စွာဘုရားရဲ့ သဗ္ဗညုတဉာဏ်တော်ကို မှန်းပြီး သကာလ မကြည်ညိုတတ်လေစွ၊ အဲသလိုပဲ ဘုန်းကြီးက သနားမိပါတယ်။
ဇာနိတဗ္ဗံ ပဇာနာတိ, ဒေသိတဗ္ဗမ္ပိ အာသယံ၊
ဒေသကော ယေန ဉာဏေန, ဒေသေတု တဿ တေဇသာ။
“ဒေသကော - နည်းမှန်လမ်းကျ ဟောညွှန်ပြသည့် ဒေသကထွတ်တင်, ဘုရားရှင်သည်၊
ယေန ဉာဏေန - အပေါင်းဂုဏ်အင်, ကြောင်းစုံလင်မှ အကြင်ဖြစ်ပေါ်, သဗ္ဗညုတ ဉာဏ်တော်ဖြင့်၊
ဇာနိတဗ္ဗံ - သိဖွယ်အများ, ဉေယျဓမ်တရားကို၊
ပဇာနာတိ - ဆုံးစကုန်စင်, သိမြင်တော်မူနိုင်ပါပေ၏၊
ဒေသိတဗ္ဗမ္ပိ - ဟောပြစဖွယ်, သွယ်သွယ်များဖြင့် တရားဆင်နည်းကိုလည်း၊
ပဇာနာတိ - တရားတစ်ဖုံ နည်းမျိုးစုံအောင်, အကုန်ဆင်ပြင်, သိမြင်တော် မူနိုင်ပေ၏”
တရားတစ်ပုဒ် တစ်ပုဒ်ဆိုရင် ဟိုလိုလဲ ဟောနိုင်, ဒီလိုလဲ ဟောနိုင် ဟောပုံ ဟောနည်း မျိုးမျိုး စီစဉ်ပြီးတော့ တရားနာပရိသတ်တွေ နားမလည်ဘူးလို့ မရှိရအောင် ဟောတော်မူတယ်။ အဲဒါကြောင့် တရားတစ်ဖုံတစ်ဖုံကို ဟောပုံ ဟောနည်း အမျိုးမျိုး စုံလင်သွားအောင် အစီအစဉ်အမျိုးမျိုး တရားဆင်နည်း အမျိုးမျိုးကို ဘုရားရှင် ကိုယ်တော်မြတ်က သိမြင်တော်မူတယ်။
ဣန္ဒြေအနုအရင့် သိတော်မူပုံ
“အာသယံ - သိန်းသန်းကုဋေ များဝေနေ၏, ထွေထွေဆန္ဒ အဇ္ဈာသယကိုလည်း၊
ပဇာနာတိ - ဣန္ဒြေနုရင့်, ခွဲဝေချင့်၍ အသင့် ပိုင်ပိုင် သိမြင်တော်မူနိုင်ပါပေ၏”
သတ္တဝါတွေရဲ့ အတွင်းဓာတ်ခံ အလိုက် ဆန္ဒလို့ခေါ်တဲ့ အဇ္ဈာသယကိုလဲ သိမြင်တော်မူတယ်၊ ဒီ သတ္တဝါဟာဖြင့် သူ့စိတ် သူ့ဆန္ဒ ဘယ်လိုရှိနေတယ်၊ သူ့မှာ သဒ္ဓါတရားဆိုတဲ့ ဣန္ဒြေက နုနေသေးတယ်၊ သို့မဟုတ် ရင့်သန်နေပြီ ထက်မြက် နေပြီ၊ ဉာဏ်ပညာဆိုတဲ့ ဣန္ဒြေက နုနေသေးတယ်။ သို့မဟုတ် ထက်သန်နေပြီ၊ ဘယ်တရား ဘယ်တရားဟောရင် အဲဒီသတ္တဝါဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြု သိမြင် လိမ့်မယ်။ အကျွတ်တရား ရလိမ့်မယ်ဆိုတာကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က သိမြင်တော်မူတယ်၊
ပြီးတော့ ဘယ်သတ္တဝါ ဘယ်သတ္တဝါတွေများ ရာဂ, ဒေါသ, မောဟဆိုတဲ့ ကိလေသာမြူ အညစ်အကြေးတွေ နည်းပါး နေပါလိမ့်မလဲ, သူတို့ရဲ့ သဒ္ဓါ ပညာ အစရှိတဲ့ ဣန္ဒြေအနုအရင့်က ဘယ်လိုလဲ, ဒီအချိန်မှာ တရားဟောရင် တရားထူးကို သူတို့ ရမလား, မရဘူးလား၊ ဒီတရားဟာ သူတို့ဆန္ဒ သူတို့စိတ်ဓာတ် သူတို့စရိုက်နဲ့ ကိုက်ညီမလား မကိုက်ညီဘူးလား၊ အဲဒီလို နေ့စဉ်နဲ့အမျှ သတ္တဝါတွေ တရားထူး ရဖို့အတွက် ကြောင့်ကြစိုက်တော်မူတယ်။ လုံ့လဝီရိယ ကြီးမားတော်မူတယ်။
ဒါကြောင့် -
“အာသယံ - သိန်းသန်းကုဋေ များဝေနေ၏, ထွေထွေဆန္ဒ အဇ္ဈာသယကိုလည်း၊
ပဇာနာတိ - ဣန္ဒြေနုရင့်, ခွဲဝေချင့်၍ အသင့်ပိုင်ပိုင်, သိမြင်တော်မူနိုင်ပါပေ၏၊
တဿ ဉာဏဿ - ပါရမီအပေါင်း, ဆင့်ဆင့်လောင်းသဖြင့်, အကောင်းဆုံးဖြစ်ပေါ် ထိုသဗ္ဗညုတဉာဏ်တော်၏၊
တေဇသာ - အစွမ်းသုံးဖော်, တန်ခိုးတော်ဖြင့်၊
ဒေသေတု - ထိုထိုကိစ္စ, မလွဲရအောင်, နိစ္စပုံသေ, ညွှန်ပြတော် မူပါစေသတည်း။
ဘုရားရှင်ထံ ဆုတောင်းခြင်း
ဘုန်းကြီး ကြိုးစား အားထုတ်နေတဲ့ လုပ်ငန်းကိစ္စတွေ မှားယွင်း မသွားရအောင် သဗ္ဗညုတဉာဏ်တော်အစွမ်းဖြင့် ညွှန်ပြတော်မူပါ ဘုရားလို့ မြတ်စွာဘုရားကို ဆုတောင်း တိုင်တယ်လိုက်တယ်၊ ဒီလိုဆိုရင် မေးစရာရှိတယ်၊ အဲဒီ သဗ္ဗညုတ ဉာဏ်တော်ကြီးနဲ့ ညွှန်ပြပါစေလို့ ဆုတောင်းတော့ ညွှန်သတဲ့လား၊ အဲဒီလို ကပ်တဲ့သူက ကပ်စရာရှိတယ်၊
ဒီလိုတော့လဲ မညွှန်ပါဘူး၊ ဟုတ်တယ်၊ ဘုရားရှင် ကိုယ်တော်မြတ်က ကြွပြီးတော့ ဒီလိုလုပ် ဒီလိုလုပ်လို့တော့ ဘယ်ညွှန်ပြပါ့မလဲ၊ ဒါပေမယ့် အလုပ်ကိစ္စ တစ်ခုခု လုပ်ခါနီးမှာ မြတ်စွာဘုရားကို အာရုံပြုလိုက်ရတော့ တစ်ခါတည်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းနဲ့ သမာဓိ တော်တော် ကောင်းသွားတယ်၊ သမာဓိ တော်တော် ကောင်းတော့ ဉာဏ်က ထက်လာတယ်၊ အဲဒီတော့ လုပ်လိုက်တဲ့ အလုပ်ဟာ မမှားနိုင်ဘူး၊
ဘာပြုလို့တုန်းဆိုတော့ ဘုရားကို အာရုံပြုနေတဲ့ စိတ်နဲ့ ဟိုဟိုဒီဒီ အာရုံတွေ ရောက်နေတဲ့စိတ်ဟာ အလွန်ကွာခြားတယ်၊ နည်းနည်းမှ မတူဘူး၊ အဲဒီလို ဘုရား အာရုံပြုလို့ သမာဓိရတဲ့အခါ ဉာဏ်ကောင်းကောင်းကလေး ပေါ်လာတယ်၊ အဲဒီ အခါမှာ အလုပ်ကိစ္စ မမှားနိုင်ဘူး၊ ဒါကြောင့်
“ဒေသေတု - ထိုထိုကိစ္စ, မမှားရအောင်, နိစ္စပုံသေ, ညွှန်ပြတော်မူပါစေသတည်း”
လို့ ဘုန်းကြီးက မြတ်စွာဘုရားကို တိုင်တည်ပြီးတော့ ဆုတောင်းတယ်။
ဇာနိတဗ္ဗံ ပဇာနာတိ, ဒေသိတဗ္ဗမ္ပိ အာသယံ၊
ဒေသကော ယေန ဉာဏေန, ဒေသေတု တဿ တေဇသာ။
“ဒေသကော - နည်းမှန်လမ်းကျ ဟောညွှန်ပြသည့် ဒေသကထွတ်တင်, ဘုရားရှင်သည်၊
ယေန ဉာဏေန - အပေါင်းဂုဏ်အင်, ကြောင်းစုံလင်မှ အကြင်ဖြစ်ပေါ်, သဗ္ဗညုတ ဉာဏ်တော်ဖြင့်၊
ဇာနိတဗ္ဗံ - သိဖွယ်အများ, ဉေယျဓမ်တရားကို၊
ပဇာနာတိ - ဆုံးစကုန်စင်, သိမြင်တော်မူနိုင်ပါပေ၏၊
ဒေသိတဗ္ဗမ္ပိ - ဟောပြစဖွယ်, သွယ်သွယ်များဖြင့် တရားဆင်နည်းကိုလည်း၊
ပဇာနာတိ - တရားတစ်ဖုံ နည်းမျိုးစုံအောင်, အကုန်ဆင်ပြင်, သိမြင်တော် မူနိုင်ပေ၏
အာသယံ - သိန်းသန်းကုဋေမှ များဝေနေ၏, ထွေထွေဆန္ဒ အဇ္ဈာသယကိုလည်း၊ ပဇာနာတိ - ဣန္ဒြေနုရင့်, ခွဲဝေချင့်၍, အသင့်ပိုင်ပိုင်, သိမြင်တော်မူနိုင်ပါပေ၏၊
တဿ ဉာဏဿ - ပါရမီအပေါင်း, ဆင့်ဆင့် လောင်းသဖြင့် အကောင်းဆုံးဖြစ်ပေါ်, ထိုသဗ္ဗညုတဉာဏ်တော်၏၊
တေဇသာ - အစွမ်းသုံးဖော်, တန်ခိုးတော်ဖြင့်၊
(၁) သိစရာတွေ အကုန်လုံး သိတဲ့အစွမ်း၊
(၂) တရားတစ်မျိုး တစ်မျိုးအတွက် ဟောပုံ ဟောနည်း အမျိုးမျိုး တီထွင်နိုင် စီစဉ်နိုင်တဲ့အစွမ်း၊
(၃) သတ္တဝါတွေရဲ့ စိတ်ကြိုက် အလိုဆန္ဒ အဇ္ဈာသယကို သိနိုင်တဲ့အစွမ်း”
အဲဒီလို သဗ္ဗညုတဉာဏ်တော်ရဲ့ အစွမ်းသုံးဖော် တန်ခိုးတော်ဖြင့်၊
ဒေသေတု - ထိုထိုကိစ္စ, မလွဲရအောင်, နိစ္စပုံသေ, ညွှန်ပြတော်မူပါစေသတည်း။
အဲဒီလို ဘုရားရှင် ကိုယ်တော်မြတ်က ဒီ သဗ္ဗညုတဉာဏ်တော်ကြီး ရပြီလို့ ဝန်ခံတော်မူတာဟာ ဘယ်အခါကျမှ ဝန်ခံတော်မူသလဲဆိုကော ဒီသစ္စာလေးပါး တရားကို သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဆိုတဲ့ ဉာဏ်သုံးမျိုးမှ ဉာဏ် တစ်ဆယ့်နှစ်မျိုးနဲ့ သိတော်မူတဲ့အခါကျမှ ဝန်ခံတော်မူတယ်၊ ဒါကြောင့် -
“ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ။
အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ “အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ”တိ ပစ္စညာသိံ။”
လို့ ဟောတော်မူတယ်၊ အဲဒီလို ဝန်ခံတော်မူပြီးတဲ့နောက်မှာ -
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိ မာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။
မေ - ငါဘုရားမှာ၊
ဒဿနံ - ရရှိပြီးသော မဂ်ဉာဏ် ဖိုလ်ဉာဏ် စသည်ကို ပြန်လှန်စဉ်းစား သိမြင် နိုင်သော၊
ဉာဏံ - ပစ္စဝေက္ခဏာ ဉာဏ်သည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ၊
ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ
ငါဘုရားမှာ အရဟတ္တမဂ်ဖိုလ်ကို ရပြီးတဲ့ နောက်မှာပဲ ပစ္စဝေက္ခဏာဉာဏ်ခေါ်တဲ့ ဉာဏ်တစ်မျိုး ထပ်ဖြစ်လာတယ်။ ပစ္စဝေက္ခဏာဉာဏ် ဆိုတာ နောက်ထပ် ပြန်ပြီးတော့ စဉ်းစားဆင်ခြင်တော်မူတယ်၊ ဘယ်လို စဉ်းစား ဆင်ခြင်တော်မူသလဲ ဆိုတော့ ...
“မေ - ငါဘုရား၏၊
ဝိမုတ္တိ - ယခု ရရှိထားတဲ့ အရဟတ္တဖိုလ်သည်၊
အကုပ္ပါ - မည်သည့်အကြောင်းကြောင်းမျှ မပျက်စီးနိုင်တော့ပြီ၊
အယံ - ဤ ယခုဘဝ ပဋိသန္ဓေ နေခဲ့ခြင်းသည်၊
အန္တိမာဇာတိ - နောက်ဆုံးပဋိသန္ဓေ နေခဲ့ခြင်းပေတည်း၊
ဒါနိ - ယခု၊
ပုနဗ္ဘဝေါ - နောက်ထပ်ဖြစ်စရာ ဘဝသစ်သည်၊
နတ္ထိ - မရှိတော့ပြီ”
ငါဘုရားမှာရှိတဲ့ အရဟတ္တဖိုလ် တရားဟာ ဘယ်နည်းနဲ့မှ မပျက်စီးနိုင်အောင် ခိုင်မြဲတဲ့တရားဖြစ်တယ်၊ အဲဒီလို ခိုင်မြဲတဲ့ အရဟတ္တဖိုလ်ကို ရရှိထားတဲ့အတွက် ငါဘုရားမှာ နောက်ထပ် ပဋိသန္ဓေ မနေရတော့ဘူး၊ ယခု ဒီဘဝ ပဋိသန္ဓေ နေခဲ့တာဟာ နောက်ဆုံး ပဋိသန္ဓေနေခြင်း ဖြစ်တယ်၊
နောက်ထပ် ငါဘုရားမှာ ဘဝသစ်ဖြစ်စရာ မရှိတော့တဲ့အတွက် ယခုဘဝဟာ နောက်ဆုံးဘဝဖြစ်တယ်လို့ အဲဒီလို စဉ်းစားဆင်ခြင် သိမြင်တဲ့ ပစ္စဝေက္ခဏာ ဉာဏ်ဟာ မြတ်စွာဘုရားမှာ ဖြစ်ပေါ်လာတယ်။
တဏှာလောဘတွေ ဘုရားမှာ လုံးဝမရှိ
မြတ်စွာဘုရားမှာ ဘယ်အာရုံကိုမှ တဏှာလောဘဆိုတဲ့ အစိုအစေးနဲ့ ငြိကပ် တွယ်တာ မနေဘူး၊ စွဲလမ်းခင်မင်မနေဘူး၊ ဒီဘဝ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်ကြီး ကိုလဲ ခင်မင်တွယ်တာ မနေဘူး၊ ကိုယ့်ကိုယ်ကိုတောင်မှ ခင်မင်တွယ်တာ မနေ တော့ရင် ဘယ်မှာ သူတစ်ပါးကို ခင်မင်တွယ်တာတော့မှာလဲ။ ဒီပြင် ပစ္စည်းပစ္စယ တွေ ခင်မင်တွယ်တာဖို့ဆိုတာလဲ ဘယ်မှာ ဖြစ်နိုင်တော့မလဲ၊
ပြီးတော့ မြတ်စွာဘုရားမှာ အဲဒီလို ဒီဘ၀ ဒီခန္ဓာကိုယ်တောင် မခင်မင် မတွယ်တာ တော့ဘူးဆိုရင် နောက်ဘဝ ခန္ဓာကိုယ်ကိုလဲ ဘယ်မှာ ခင်မင်တွယ်တာ နေတော့မလဲ၊ အဲဒါဟာ တဏှာလောဘဆိုတဲ့ သမုဒယတွေ မြတ်စွာဘုရားမှာ လုံးဝ မရှိတော့လို့ဘဲ၊
မြတ်စွာဘုရားမှာ ရှေးရှေးဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေနဲ့ ဒီဘဝမှာ ပြုခဲ့တဲ့ ကုသိုလ်ကံတွေ အများကြီး ရှိပါရဲ့ ၊ ဒါပေမယ့် တဏှာလောဘဆိုတဲ့ အစေး မရှိတော့တဲ့အတွက် ဟိုဘ၀ ဒီဘဝတွေ ငြိကပ် ထပ်ဖြစ်မနေတော့ဘူး၊ အဲဒါကြောင့် မြတ်စွာဘုရားမှာ ဒါ နောက်ဆုံးဘဝ, ဒါ နောက်ဆုံး ပဋိသန္ဓေနေခြင်း ဖြစ်တယ်။
ပုထုဇဉ်မှာ တဏှာအစေးကပ်ပုံ
ဘုန်းကြီးတို့လို ပုထုဇဉ်တွေကျတော့ တဏှာအစေးက ရှိနေတော့ ဟိုအာရုံ ဒီအာရုံတွေမှာ ငြိကပ်နေတတ်တယ်။ ဥပမာ .. ဆိုပါတော့ ဒီပြင်ဟာ မဆိုထားနဲ့ ဘုန်းကြီး အခု တရားဟောနေတာလေးကိုပဲ ကိုယ့်ဟာကိုယ် ကျေနပ်သာယာပြီး နေမိတတ်သေးရဲ့၊ ဆွမ်း စားတဲ့အခါမှာလဲ ဆွမ်းဟင်း ဆွမ်းတွေ အရသာခံ သာယာလို့ ပြီးတော့ ကိုယ့်ကျောင်းကလေးကိုလဲ တစ်ခါ တစ်ခါ သာယာလို့၊
အဲဒီလို တဏှာလောဘ အစေးတွေဟာ ဆွမ်း, ကျောင်းစတဲ့ ဟိုအာရုံ ဒီအာရုံတွေ လိုက်ကပ်နေတယ် အဲဒီလို တဏှာဆိုတဲ့ အစေး မရှိတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကတော့ -
“အယံ - ဤယခုဘဝ အတွက် ပဋိသန္ဓေ နေခဲ့ခြင်းသည်၊
အန္တိမာဇာတိ - နောက်ဆုံးပဋိသန္ဓေ နေခဲ့ခြင်းပေတည်း၊
ဒါနိ - ယခုအခါ၌၊
ဝါ - ယခုကစ၍၊
ပုနဗ္ဘဝေါ - နောက်ထပ်ဖြစ်စရာ ဘဝအသစ်သည်၊
နတ္ထိ - မရှိတော့ပြီ၊
ဣတိ - ဤသို့၊
ဉာဏဒဿနံ - ပြန်၍ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်သည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပေါ်လာပြီ”
လို့ ဟောတော်မူတယ်။
ဘုရားမှာ ဇာတိရှိလို့ ဇရာဒုက္ခရှိ
ဘုရားရှင်ကိုယ်တော်မြတ်မှာ တဏှာလောဘ မကုန်ခန်း သေးတဲ့ ရှေးရှေးဘဝတွေ တုန်းက ကုသိုလ် အကုသိုလ်ဆိုတဲ့ ကံတွေကို ပြုလုပ်ခဲ့တယ်၊ အဲဒီ ရှေးရှေးဘဝ ကုသိုလ် အကုသိုလ် ကံတွေကြောင့် ဒီဘဝမှာ ဒုက္ခအမျိုးမျိုး တွေ့ရတယ်၊ ကိုယ်တော်မြတ်မှာ ဇာတိဒုက္ခ ရှိတော့ ဇရာ, ဗျာဓိဆိုတဲ့ ဒုက္ခတွေလဲ ရှိရပြန်တယ်။
ဒေဝဒတ်က ကျောက်တုံးနဲ့ လှိမ့်ချလို့ ခြေမတော်မှာ သွေးခြည်ဥလို့ အင်မတန် ခံတော်မူရတယ်၊ နောက်ဆုံး ပရိနိဗ္ဗာန်စံတော်မူခါနီးကျတော့ ဝမ်းတော် လားတော်မူရတယ်၊ ဒါတွေကတော့ တဏှာ မကင်းဘဲ စီမံခဲ့တဲ့ ရှေးကံတွေက ဘုရားရှင် ကိုယ်တော်မြတ်ကို အကျိုးပေးနေသေးတာပဲ၊ တော်တော် ကြောက်စရာ ကောင်းတယ်၊
ဒီခန္ဓာကိုယ်ဆိုတဲ့ ဥပါဒါနက္ခန္ဓာ ရှိနေသေးသရွေ့တော့ တဏှာ အရင်း ခံပြီးပြုတဲ့ ကံတွေကတော့ နှိပ်စက်နိုင်သမျှ လိုက်နှိပ်စက်နေတာပဲ။ ဘုရားရှင်ကိုယ်တော်မြတ် ကိုယ်တော်ရင့်မကြီးကိုပဲ ဒီဒုက္ခလိုက် ပေးနေသေးတာပဲ၊ ဒါကြောင့် နောက်ထပ် ပဋိသန္ဓေ မနေရတော့ပေမယ်လို့ ဒီဘဝမှာတော့ ရသင့်ရထိုက်တဲ့ ဒုက္ခတွေ ဘုရားရှင်ကိုယ်တော်မြတ် ခံတော်မူရပါသေးတယ်၊
ဒီတော့ ဘုန်းကြီးက တစ်ခါတစ်ခါ မှာဆိုရင် အို-မြတ်စွာဘုရားတောင်မှ ဒီဒုက္ခတွေ ခံရသေးတာ၊ ငါက ဘာမို့လို့လဲ, တကတည်း ကြိတ်ခံ, အံကြိတ်ခံ၊ ဒီဒုက္ခတွေဟာ ပယ်ရှားပစ်လို့လဲ ရတာမဟုတ်ဘူး၊ ဘဝသံသရာက ပြုခဲ့တဲ့ အမှားတွေ ယခု အကြွေးဆပ်ပေါ့လို့ ဆိုပြီးတော့ ကြိတ်မှိတ်ခံတယ်၊
ဟို တစ်ခါတုန်းက ပခုက္ကူမှာ နေစဉ်အခါတုန်းက ဆွမ်းတွေ ဘာတွေ ဆင်းရဲတော့ အို-ဘုရားရှင်ကိုယ်တော်မြတ်လေ သူရှေးကံကြောင့် ဝေရဉ္ဇာပြည်မှာ သီတင်းသုံးတဲ့ အခါတုန်းက ဝါတွင်းသုံးလပတ်လုံး မုယောဆန်အစိမ်းကို ဘုဉ်းပေးရတယ်၊ ဘုရားရင့်မကြီး ကိုယ်တော်မြတ်က မုယောဆန် ဘုဉ်းပေးပြီးတော့ ဝါတွင်းသုံးလ နေတော်မူခဲ့ရတယ်ဆိုရင် ငါတို့က သုံးနှစ် သုံးဘဝ သုံးသက်ခံပေါ့၊ ဘာ ကြောက်စရာ ရှိသလဲလို့ အဲဒီလို စိတ်ထဲမှာ ဘုရာကို အာရုံပြုလိုက်တော့ အဲဒီ ဒုက္ခ တော်တော်ကို သက်သာသွားတယ်။
ဣဒမဝေါစ ဘဂဝါ။
အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
ပဉ္စဝဂ္ဂီရဟန်းတို့ တရားကိုနှစ်သက်ကြပုံ
ဘဂဝါ - မြတ်စွာဘုရားသည်၊
ဣဒံ - ဤဓမ္မစကြာတရားတော်ကို၊
အဝေါစ - မိန့်တော်မူပြီ၊
ဘဂဝတော - မြတ်စွာဘုရား၏၊
ဘာသိတံ - ဟောတော်မူအပ်သော ဓမ္မစကြာတရားတော်ကို၊
ပဉ္စဝဂ္ဂိယာ - ပဉ္စဝဂ္ဂီ အမည်ရှိကုန်သော၊
ဘိက္ခု - ရသေ့တို့သည်၊
အတ္တမနာ - လွန်စွာ နှစ်သက် ရွှင်လန်းဝမ်းမြောက်ကြ ကုန်သည်၊
ဟုတွာ - ဖြစ်၍၊
အဘိနန္ဒုံ - နှစ်နှစ်သက်သက် လက်ခံတော် မူကြလေကုန်ပြီ၊
မြတ်စွာဘုရားက“နတ္ထိ ဒါနိ ပုနဗ္ဘဝေါ”လို့ဆိုရင်ပဲ ဘုရား တရားတော် ကုန်သွားပြီ၊ ဓမ္မစကြာတရား ဒီတင် ကုန်သွားပြီ၊
အဲဒီနောက်မှာ “ဣဒမဝေါစ” အစရှိတဲ့ ပါဠိတော်များကတော့ ဟို သံဂါယနာ တင်တော့မှ သံဃာတော်အရှင်မြတ်တို့က ဓမ္မစကြာ တရားတော်ရဲ့ အကြောင်းအရာ တွေ ဖြစ်စဉ်အတ္ထုပ္ပတ္တိတွေ စုံစုံ လင်လင် သိရအောင် မိန့်ဆိုထားတဲ့ စကားများပါပဲ။
အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ “ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ”န္တိ။
ဝေယျာကရဏ
“ဝေယျာကရဏ”ဆိုတဲ့ စကားကို လူတွေက နားမလည်ဘူး၊ မြတ်စွာဘုရားရဲ့ တရားတော်များမှာ နာမည်အမျိုးမျိုးရှိတယ်၊
တချို့တရားတော်ကို သုတ္တလို့ ခေါ်တယ်၊
တချို့ကို ဂေယျလို့ ခေါ်တယ်၊
တချို့တရားတော်ကို ဂါထာလို့ ခေါ်တယ်၊
တချို့တရားတော်ကျတော့ ဝေယျာကရဏ လို့ ခေါ်တယ်၊
အဲဒီ ဝေယျာကရဏဆိုတဲ့ တရားတော်မှာ ဂါထာ မပါဘူး၊ မေးခွန်းထုတ်လိုက် ဖြေဆိုလိုက်နဲ့ပဲ ဒီလို စကားပြေရိုးရိုးနဲ့ပဲ ဟောသွားတယ်၊ ဥပမာအားဖြင့် မြတ်စွာဘုရားက “သေယျထိဒံ”လို့ မေးခွန်းထုတ်လိုက်ရော၊ ပြီးတော့ မြတ်စွာဘုရားကပဲ ပြန်ပြီးတော့ “သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ”စသည်ဖြင့် ဖြေဆိုပြန်ရော၊ အဲဒီလို အမေးတို့ အဖြေတို့နဲ့ သွားပြီးတော့ ဂါထာမပါဘဲ ဟောတော်မူတဲ့ တရားတော်ကို ဝေယျာကရဏလို့ ခေါ်တယ်။
“ဣမသ္မိံ ဝေယျာကရဏသို့ - ဤဂါထာမဖက် အမေးအဖြေ သက်သက်သာ ဖြစ်သော တရားတော်ကို၊
ဘညမာနေ - ဟောတော်မူအပ်သည်ရှိသော်၊
အာယသ္မတော ကောဏ္ဍညဿ - အရှင်ကောဏ္ဍည၏၊
ဝိရဇံ - အပါယ်သို့ ရောက်ကြောင်း မကောင်းသော ရာဂ, ဒေါသ, မောဟတည်း ဟူသော မြူမှကင်းသော၊
ဝီတမလံ - ဒိဋ္ဌိ, ဝိစိကိစ္ဆာ ဟူသော အညစ်အကြေးကင်းသော၊
ဓမ္မစက္ခု - သစ္စာလေးပါးတရားကို ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်တဲ့ သောတာပတ္တိ မဂ်ဉာဏ်ဟူသော စက္ခုသည်၊
ဥဒပါဒိ - ထင်ရှားဖြစ်ပြီ၊
ယံကိဉ္စိ - ကြွင်းမဲ့ဥဿုံ အလုံးစုံသော တေဘူမကတရား ဟူသမျှသည်၊
သမုဒယဓမ္မံ - ဖြစ်ခြင်းသဘောရှိ၏။
တံ သဗ္ဗံ - ထိုဖြစ်ခြင်းသဘောရှိတဲ့ တေဘူမကတရား ဟူသမျှသည်၊
နိရောဓဓမ္မံ - ချုပ်ခြင်းသဘောရှိ၏”။
ဖြစ်တာမှန်သမျှ ပျက်တာချည်းပဲ
အရှင်ကောဏ္ဍညမှာ သစ္စာလေးပါးတရားကို သိမြင်နိုင် တဲ့ သောတာပတ္တိမဂ်ဆိုတဲ့ ဉာဏ်စက္ခုပေါ်လာတယ်၊ ပကတိမျက်စိမှာ မြူတွေ အညစ်အကြေးတွေ မရှိသလိုဘဲ အရှင်ကောဏ္ဍညရဲ့ သောတာပတ္တိမဂ်ဉာဏ်စက္ခုမှာလဲပဲ -
“ဝိရဇံ-အပါယ်သို့ လာရောက်ကြောင်း မကောင်းသော ရာဂ, ဒေါသ, မောဟ တည်းဟူသော မြူ မရှိဘူး”
အပါယ်သို့ ရောက်နိုင်တဲ့မြူ မရှိဘူး၊ နည်းနည်းကလေး နူးညံ့တဲ့မြူတော့ ရှိတယ်နော်၊ မြူကြမ်းကြီးတွေတော့ မပါဘူး၊
“ဝီတမလံ - ဒိဋ္ဌိ, ဝိစိကိစ္ဆာဟူသော အညစ်အကြေးမှ ကင်းသော၊
ဓမ္မစက္ခု-သစ္စာလေးပါးတရားကို သိမြင်တတ်တဲ့ သောတာပတ္တိမဂ်ဉာဏ်သည်၊
ဥဒပါဒိ-ထင်ရှားဖြစ်ပြီ”
လို့ ဒီဓမ္မစကြာ အဆုံးမှာ အရှင်ကောဏ္ဍည သောတာပန်ဖြစ်တာပဲ၊ အဲဒီ သောတာပတ္တိမဂ် ဉာဏ်က ဘယ်လောက် ကောင်းတုန်းဆိုတော့ ဘာမြူမှ မရှိဘူး၊ အပါယ်ကို ရောက်စေနိုင်တဲ့ ရာဂကြမ်းကြမ်းတမ်းတမ်း, ဒေါသ ကြမ်းကြမ်းတမ်းတမ်း မရှိဘူး, မောဟကြမ်းကြမ်း တမ်းတမ်း မရှိဘူး၊ အတ္တလို့ စွဲလမ်းတဲ့ ဒိဋ္ဌိဆိုတာလဲ မရှိဘူး၊
ဘုရားရှင်ကိုယ်တော်မြတ် အပေါ်မှာဖြစ်ဖြစ်, တရားတော်မြတ် အပေါ်မှာဖြစ်ဖြစ်, သံသယ ဖြစ်တဲ့ ဝိစိကိစ္ဆာလဲ မဖြစ်ဘူး၊ အရှင်ကောဏ္ဍညမှာ အဲဒီလို အင်မတန် ကောင်းတဲ့ သောတာပတ္တိမဂ်ဉာဏ် ပေါ်လာတယ်၊ အဲဒါကြောင့် အရှင်ကောဏ္ဍညက ဘယ်လို စဉ်းစားဆင်ခြင်လိုက်သလဲ ဆိုတော့
“ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်တာ ပျက်တာချည်းပါပဲလား”
လို့ အဲဒီလို နောက်ဆုံး ကောက်ချက်ချတဲ့ အနေနဲ့ စဉ်းစားဆင်ခြင်တယ်။
ဖြစ်တာမှန်သမျှ ပျက်တာချည်းပဲ၊ ဖြစ်အောင် လုပ်နေသရွေ့ ပျက်အောင် လုပ်နေတာပဲ၊ အဖြစ်တွေ များများနေသရွေ့ အပျက်တွေ များများခံနေရမှာပဲ၊ အဲဒါတွေ ကောက်ချက်ချပြီးတော့
“ယံကိဉ္စိ - ကြွင်းမဲ့ဥဿုံ အလုံးစုံသော တေဘူမကတရား ဟူသမျှသည်။
သမုဒယဓမ္မံ - ဖြစ်ခြင်းသဘော ရှိ၏”
အသက်ရှိတာ ဖြစ်ဖြစ်, အသက်မရှိတဲ့ စီးပွားဥစ္စာ ဖြစ်ဖြစ်
“တံ သဗ္ဗံ - ထိုဖြစ်ခြင်းသဘော ရှိတဲ့ တေဘူမကတရား ဟူသမျှသည်၊
နိရောဓဓမ္မံ - ချုပ်ပျောက်ခြင်း သဘောရှိ၏”
အားလုံး ဖြစ်ပျက်ပဲ, ဖြစ်ပျက်ပဲ၊ ဖြစ်တာမှန်သမျှ ပျက်တာချည်းပဲ၊ သတ္တဝါတွေက မျက်စိနဲ့ မမြင်လို့ ပျက်တာကို မမြင်ရပေမယ့် ခုဖြစ် ခုပျက်, ခုဖြစ် ခုပျက်၊ မမြဲတဲ့ ရုပ်နာမ်ချည်းပဲလို့ အဲသလို ကောက်ချက်ချတော်မူလိုက်တယ်။
နတ်ဗြဟ္မာတို့ ကောင်းချီးပေးပုံ
ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ”န္တိ။
ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဓမ္မစက္ကေ - တရားတည်းဟူသော စကြာရတနာကို၊
ပဝတ္တိတေ - လည်စေတော်မူအပ်ပြီးသည်ရှိသော်၊
ဘုမ္မာ - မြေကြီးပေါ်၌ မှီတည်နေကုန်သော၊
ဒေဝါ - နတ်တို့သည်၊
(ဘုမ္မာဒေဝါ - ဘုမ္မစိုးနတ်တို့သည်၊)
သဒ္ဒံ - အသံကို၊
အနုဿာဝေသုံ - တစ်ဆင့်ကြားအောင် ကြွေးကြော်ကြကုန်ပြီ၊
(ဘယ်လို ကြွေးကြော် ကြသလဲဆိုရင်)
“ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဗာရာဏသိယံ - ဗာရာဏသီမြို့၏အနီး၌၊
ဣသိပတနေ - ဣသိပတန အမည်ရှိသော၊
မိဂဒါယေ - မိဂဒါဝုန်တော၌၊
အနုတ္တရံ - အမြင့်မြတ်ဆုံးဖြစ်သော၊
ဧတံ ဓမ္မစက္ကံ - ဤတရားရတနာ, ယာဉ်စကြာကို၊
ပဝတ္တိတံ - လည်စေတော်မူအပ်ပြီ၊
လောကသ္မိံ - သတ္တလောက၌၊
သမဏေနဝါ - ရဟန်းသည်သော် လည်းကောင်း၊
ဗြာဟ္မဏေနဝါ - ပုဏ္ဏားသည်သော် လည်းကောင်း၊
ဒေဝေနဝါ - နတ်သည်သော် လည်းကောင်း၊
မာရေန ဝါ - မာရ်နတ်သည်သော် လည်းကောင်း၊
ဗြဟ္မုနာဝါ - ဗြဟ္မာသည်သော် လည်းကောင်း၊
ကေနစိဝါ - အခြားသော မည်သည့် ပညာရှိ တစ်ဦးတစ်ယောက်မျှသည်သော် လည်းကောင်း၊
ဧတံ - ဤ တရားစကြာ ရတနာကို၊
အပ္ပဋိဝတ္တိယံ - ပြောင်းပြန်လည်သွားအောင် မလှည့်နိုင်၊
ဣတိ - ဤသို့၊
အနုဿာဝေသုံ - တစ်ဆင့်ကြားအောင် ကြွေးကြော်ကြကုန်ပြီ၊
တရားစကြာ ရတနာ
ဓမ္မစက္ကဆိုတဲ့ ပါဠိစကားကို မြန်မာလို ဓမ္မစကြာလို့ပဲ ခပ်လွယ်လွယ် ခေါ်ထား ပါတယ်၊ ဓမ္မဆိုတာက သဒ္ဓါ,ပညာစတဲ့ ဣန္ဒြေတရားများကို ပြောတာ၊ စက္ကဆိုတာက စကြာတို့ စက်ဝန်း စက်ဝိုင်း စက်ဘီးတို့ကို ပြောတာ၊ အဲဒီ စကြာတို့ စက်ဘီးတို့ဟာ အဆက်မပြတ် လည်နေသလို သဒ္ဓါ, ပညာစတဲ့ တရားများကလဲ အဆက်မပြတ် လည်နေတယ် ဆက်ကာဆက်ကာ ဖြစ်နေတယ်၊ အဲဒါကြောင့် သဒ္ဓါ, ပညာစတဲ့ တရားတွေကိုလဲ စကြာလို့ စက်ဘီးလို့ တင်စားခေါ်ဝေါ်ထားတာ၊ အဲဒီတော့ တိုတိုပြောရရင်“ဒီဓမ္မစက္က (ဓမ္မစကြာ)ဆိုတာ သဒ္ဓါ, ပညာ စတဲ့ တရားစကြာ တရားစက်ဝန်း, တရားစက်ဘီး”လို့ ဆိုလိုတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
“ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ”
စသည်ဟောပြီး ပတ်ပတ်လည်အောင် လှည့်လိုက်တဲ့ အခါကျတော့ အရှင်ကောဏ္ဍညစတဲ့ တရားနာပုဂ္ဂိုလ် များမှာ သဒ္ဓါ, ပညာစတဲ့ တရားစကြာဟာ ဆက်ကာဆက်ကာ လည်သွားတယ်၊ ဆက်ကာဆက်ကာ ဖြစ်သွားတယ်လို့ ဆိုလိုတယ်။ ဘယ်လောက်ထိအောင် လည်သွားသလဲဆိုရင် တရားနာပုဂ္ဂိုလ်များမှာ မဂ်ဖိုလ်ရသည်အထိ, မဂ်ဖိုလ်အဆင့် ရောက်သည်အထိ သူတို့ရဲ့ သဒ္ဓါ,ပညာစတဲ့ တရားစကြာရတနာကြီး လည်သွားတယ်။
အဲဒါကြောင့် -
“ဘဂဝတာ - မြတ်စွာဘုရားသည်၊
ဓမ္မစက္ကေ - တရားရတနာ, ယာဉ်စကြာကို၊
ပဝတ္တိတေ - လည်အောင် လှည့်အပ်ပြီးသည်ရှိသော်” လို့ ဆိုထားတယ်၊
ဒါဖြင့် တရားရတနာ ယာဉ်စကြာကို လည်အောင် လှည့်တယ်ဆိုတာ ဘာပြော တာလဲ၊“တရားစကြာကို လည်အောင် လှည့်တယ်ဆိုတာ ရှင်းရှင်းပြောရရင် ဓမ္မစကြာတရား ဟောတော်မူတယ်”လို့ ပြောတာပါပဲ။
နတ်ဗြဟ္မာများရဲ့ အဆင့်ဆင့် ကြွေးကြော်သံ
အဲဒီလို ဓမ္မစကြာတရား ဟောတော်မူပြီးတဲ့ အခါကျတော့ ဘုမ္မစိုးနတ်တွေက ကြွေးကြော်ကြတယ်၊ ဘုမ္မစိုးနတ်ဆိုတာ သစ်ပင်ပေါ်မှာ ရှိတဲ့နတ်တို့ တောတွေ တောင်တွေမှာ ရှိတဲ့နတ်တို့ စသည်ဖြင့် ဒီမြေပြင်နဲ့ ဆက်စပ်တည်မှီနေတဲ့ နတ်တွေကို ပြောတာ။
အဲဒီ ဘုမ္မစိုးနတ်တို့ရဲ့ ကြွေးကြော်သံကို ကြားရတော့ စတုမဟာရာဇ် နတ်တွေကလဲ ထပ်ကြွေးကြော်ကြပြန်တယ်။ ပြီးတော့ အဲဒီအသံ ကြားရတော့ တာဝတိံသာနတ်တို့ ယာမာနတ်တို့ တုသိတာနတ်တို့ နိမ္မာနရတိနတ်တို့ ပရနိမ္မိတဝသဝတ္တီနတ်တို့ အဲဒီလို အထက်အထက် နတ်တွေကလဲ ဆင့်ကဲဆင့်ကဲ ထပ်ကြွေးကြော် ကြပြန်တယ်၊ နောက်ဆုံးမှာ ဗြဟ္မာတွေကပါ ကြားတော့ တစ်ခါ ထပ်ကြွေးကြော်ကြ ပြန်တယ်၊ အဲဒီ နတ်တွေ ဗြဟ္မာတွေက ဘယ်လိုကြွေးကြော်ကြသလဲ -
“ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိံ”န္တိ-တဲ့။
ဗာရာဏသီမြို့အနီး ဣသိပတန အမည်ရှိတဲ့ မိဂဒါဝုန်တောမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ တရားစကြာကြီးကို မြတ်စွာဘုရားက လည်အောင် လှည့်နေပါတယ်၊ အဲဒီလို လှည့်လို့ တရားစကြာ ရတနာကြီး ပတ်ပတ်လည်နေတာကို ဘယ် ရဟန်း ပုဏ္ဏား, ဘယ် လူနတ်ဗြဟ္မာ ပညာရှိ တစ်ဦးတစ်ယောက်မှ ပြောင်းပြန်လည်သွားအောင် မလှည့်နိုင်ဘူးလို့ ကြွေးကြော်ကြတယ်။
သူတို့ဆိုလိုတာက “မြတ်စွာဘုရား ဓမ္မစကြာတရား ဟောတော်မူတယ်၊ အဲဒီ ဓမ္မစကြာ တရားတော်ကို ဘယ်သူကမှ မှားတယ်လို့ မကန့်ကွက်နိုင်ဘူး”လို့ ဆိုလိုတာပါ။
ဘုရားဟောတာ မည်သူမျှ မငြင်းနိုင်
လောကမှာ သမဏ ဗြာဟ္မဏဆိုတဲ့ ပညာရှိ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်၊ မြတ်စွာဘုရားရဲ့ ဓမ္မစကြာကြီး လည်နေတာကို အဲဒီပုဂ္ဂိုလ်တွေက ပြောင်းပြန် ပြန်ပြီးတော့ တွန်းလိုက်စမ်း၊
“ဒုက္ခော အနရိယော အနတ္ထသံဟိတော = အတ္တကိလမထာနုယောဂ အကျင့်ဟာ ဒုက္ခသာဖြစ်တယ်၊ ဘာမျှ အကျိုးမရှိဘူး”
လို့ မြတ်စွာဘုရားက ဟောတော်မူတယ်လေ၊ အဲဒါကို သမဏဗြာဟဏဆိုတဲ့ ပညာရှိ တစ်ယောက်ယောက်က -
“အို-မဟုတ်ပါဘူး၊ အတ္တကိလမထာနုယောဂအကျင့်ဟာ သုခရှိပါတယ်, အကျိုး ရှိပါတယ်”
လို့ ပြောလို့ ဖြစ်ပါ့မလား၊ မဖြစ်နိုင်ဘူးနော်၊ ပြီးတော့
“ဇာတိပိ ဒုက္ခာ, ဇရာ ဒုက္ခာ”လို့ မြတ်စွာဘုရားက ဟောတော်မူတယ်၊ အဲဒါကို ပြောင်းပြန် ပြန်တွန်းလိုက်စမ်း၊
“ဇာတိပိ သုခါ, ဇရာပိ သုခါ”လို့ ပြောင်းပြန် ပြောလိုက်စမ်း, ဆန်ကျင်ဘက် ပြောလိုက်စမ်း၊ ဘယ်ပညာရှိကမှ အဲဒီလို ပြောင်းပြန် ပြန်ပြောလို့မဖြစ်ဘူး။
ဘယ်လောက်ပဲ တန်ခိုးကြီးတဲ့ နတ်တို့, သိကြားတို့, မာရ်နတ်တို့ကမှ အဲဒီလို ဆန့်ကျင်ဘက် မပြောနိုင်ပါဘူး၊ ပြီးတော့ ဗြဟ္မာမင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာကြီးကို သူဖန်ဆင်းတယ်လို့ သူ့ကိုသူ အထင်ကြီးနေတယ်
“ကမ္ဘာကြီးကို ငါဖန်ဆင်းထားတာ,သတ္တဝါတွေအားလုံးကိုလဲ ငါဖန်ဆင်းထားတာ”
လို့ ထင်နေတယ်၊ အဲဒီဗြဟ္မာမင်းကြီးကလဲ ဓမ္မစကြာကို ပြောင်းပြန် ပြန်တွန်း ကြည့်စမ်းဦး၊ မြတ်စွာဘုရားက “ဒုက္ခဟာ တဏှာသမုဒယကြောင့် ဖြစ်တယ်”လို့ ဟောတော်မူတယ်။ “အဲဒါ မှားပါတယ်၊ တဏှာသမုဒယကြောင့် ဒုက္ခဖြစ်တာ မဟုတ်ပါဘူး”လို့ ဧရာမ တန်ခိုးရှင်ဖြစ်တဲ့ အဲဒီ ဗြဟ္မာကြီးက မပြောနိုင်ပါဘူး၊ ဟုတ်ပါတယ်, မှန်ပါတယ်လို့သာ သူဝန်ခံရလိမ့်မယ်၊
ပြီးတော့ “ဒုက္ခအားလုံး ချုပ်ဆုံး ကုန်ခန်းရာ ဖြစ်တဲ့ နိရောဓလို့ ခေါ်တဲ့ နိဗ္ဗာန် ရှိတယ်”လို့ မြတ်စွာဘုရား ဟောတော်မူတယ်။“အဲဒီနိဗ္ဗာန်ကို သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ အစရှိတဲ့ မဂ္ဂင်ရှစ်ပါး တည်းဟူသော မဇ္ဈိမပဋိပဒါလမ်းစဉ်နဲ့သာ ရောက်နိုင်တယ်၊ နိဗ္ဗာန်ကို ဆိုက်ရောက်စေနိုင်တဲ့ လမ်းစဉ်ဟာ အဲဒီ မဇ္ဈိမပဋိပဒါ လမ်းစဉ်သာ ဖြစ်တယ်”လို့ မြတ်စွာဘုရား ဟောတော်မူတယ်၊
အဲဒီလို ဘုရားဟောထားတဲ့ တရားတော်တွေ မှားနေပါတယ်လို့ ဗြဟ္မာမင်းကြီး မပြောနိုင်ဘူး၊ အဲဒီလို မြတ်စွာဘုရားရဲ့ ဓမ္မစကြာ ရတနာမြတ်ကြီး လည်ပတ်နေ တာကို ပြောင်းပြန် ပြန်လည်သွားအောင် ဗြဟ္မာမင်းကြီးက တွန်း လှည့်မပစ်နိုင်ဘူး၊ အဲဒါကြောင့် -
“အပ္ပဋိဝတ္တိယံ - ဆန့်ကျင်ဘက် မလည်စေနိုင်သော၊
ဝါ - ပြောင်းပြန်လည်သွားအောင် တွန်းလှည့်ခြင်းငှာ မစွမ်းနိုင်သော၊
ဧတံ ဓမ္မစက္ကံ - ဤတရားရတနာ ယာဉ်စကြာကို၊
ပဝတ္တိတံ - လည်စေတော်မူအပ်ပေပြီ”
လို့ နတ်ဗြဟ္မာတွေက ကြွေးကြော်လိုက်ကြတာ၊ တရားနာတဲ့နေရာမှာ နတ်တွေ ဗြဟ္မာတွေ အများကြီးပေါ့။ သူတို့ကလဲ ဝမ်းသာအားရနဲ့ ကြွေးကြော်ကြမှာပဲ။
တစ်သောင်းသော လောကဓာတ် တုန်လှုပ်ပုံ
ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။
အယဉ္စ ဒသသဟဿီ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊
အပ္ပမာဏော စ ဥဠာရော သြဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။
ဣတိ - ဤသို့ ကြွေးကြော်လိုက်ခြင်းကြောင့်၊
တေန ခဏေန - ထိုတစ်ခဏချင်းမှာပင်၊
တေန လယေန - ထိုလယလို့ခေါ်တဲ့ အခိုက်အတန့်ကာလ အတွင်းမှာပင်၊
တေန မုဟုတ္တန - ထိုတစ်မုဟုတ်အချိန် ကာလအတွင်းမှာပင်၊
ယာဝ ဗြဟ္မလောကာ - ဗြဟ္မာ့ပြည်တိုင်အောင်၊
သဒ္ဒေါ - ဓမ္မစကြာတရား ဟောတော်မူပြီဆိုတဲ့ ကြွေးကြော်သံသည်၊
အဗ္ဘုဂ္ဂစ္ဆိ - လွှမ်းမိုး ပျံ့နှံ့သွားလေပြီ၊
အယဉ္စ ဒသသဟဿိ လောကဓာတု - ဤ တစ်သောင်းသော စကြဝဠာ လောကဓာတ်သည်လည်း၊
သံကမ္ပိ - အထက်တက်ကာ လွန်စွာတုန်လှုပ်ပြီ၊
သမ္ပကမ္ပိ - တက်ချီတစ်လှည့် သက်ချီတစ်ခါ လွန်စွာတုန်လှုပ်ပြီ၊
သမ္ပဝေဓိ - အရပ်လေးမျက်နှာ ယိမ်းနွဲ့ ကာဖြင့် လွန်စွာတုန်လှုပ်ပြီ၊
အပ္ပမာဏော - အတိုင်းအတာ ပမာဏ မပြနိုင်လောက်အောင် များပြားလှစွာသော၊
ဥဠာရော - ပြန့်ပြောသော၊
သြဘာသော စ - ဒေသနာဉာဏ်တန်ခိုး, နတ်တန်ခိုးကြောင့်ဖြစ်သော အရောင် အလင်းသည်လည်း၊
လောကေ - တစ်သောင်းသော စကြဝဠာ လောကဓာတ်၌၊
ဒေဝါနံ - နတ်တို့၏၊
ဒေဝါနုဘာဝံ - ယူဇနာပေါင်းများစွာ အရောင်အလင်းဖြာနိုင်သော နတ် တန်ခိုးကို၊
အတိက္ကမ္မ - ကျော်လွန်၍၊
ပါတုရဟောသိ - ထင်ရှားဖြစ်ပြီ။
အဲဒီလို ကြွေးကြော်ကြတဲ့ အသံတွေ သာဓုအနုမောဒနာခေါ်တဲ့ အသံတွေဟာ ဗြဟ္မာပြည်အထိ လွှမ်းသွားလို့ နတ်တွေ ဗြဟ္မာတွေဟာ လှုပ်လှုပ်ရွရွ ဖြစ်သွားတဲ့ အပြင် ဒီ တစ်သောင်းသော စကြဝဠာ လောကဓာတ်ကြီးပါ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတယ်၊ အရောင် အဝါတွေလဲ ထိန်လင်းသွားတယ်။
မြတ်စွာဘုရား ဥဒါန်းကျူးပုံ
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော”တိ။
မြတ်စွာဘုရား ဒီဓမ္မစကြာတရား ဟောပြီးလို့ အရှင်ကောဏ္ဍည သောတာပန် ဖြစ်ရင်ပဲ ဘုရားရှင် ကိုယ်တော်မြတ်က ဥဒါန်းကျူးတော်မူတယ်၊
“ကောဏ္ဍညော - ကောဏ္ဍညသည်၊
အညာသိ ဝတ ဘော - သိပါပြီကလားဟရို့”
ကောဏ္ဍည သိပြီ၊ ငါဟောတဲ့ သစ္စာလေးပါးတရား သိသွားပြီ၊ အဲဒီလို ဘုရားရှင် ကိုယ်တော်မြတ်က ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးတော်မူတယ်၊ ဥဒါန်းကျူး ဆိုတာဟာ စိတ်ထဲမှာ မြုံပြီးတော့ မထားဘဲနဲ့ အပြင်ဘက် ထွက်လာတဲ့ ဝမ်းသာတဲ့ စကားကို ဥဒါန်းလို့ ခေါ်တယ်။
အညာသိ ကောဏ္ဍည အမည်ရပုံ
ဒီတော့ ဘုရားရှင်ကိုယ်တော်မြတ် လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်လာ တာဟာ ဒီလိုပုဂ္ဂိုလ်တွေ ကျွတ်တမ်းဝင်လာအောင် ပါရမီဖြည့်လာတာဖြစ်တော့ ပထမဦးဆုံး အရှင်ကောဏ္ဍည သစ္စာလေးပါးတရား သိတယ်ဆိုရင်ပဲ ဘုရားရှင် ကိုယ်တော်မြတ်မှာ အင်မတန် ပီတိသောမနဿ ဖြစ်ပြီးတော့ -
“အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော”
လို့ အဲဒီလို ဥဒါန်းတော်မူတယ်၊ အဲဒီလို ဥဒါန်းကျူးရင့်တာကို အကြောင်းပြုပြီးတော့ နဂိုက “ကောဏ္ဍည“ ဆိုတဲ့ အရှင်မြတ်ဟာ ယခု“အညာသိကောဏ္ဍည”လို့ နာမည်ရသွားတယ်၊
နဂိုတုန်းကတော့ “ကောဏ္ဍည” လို့ပဲ ခေါ်ကြတယ်၊ ယခု မြတ်စွာဘုရားက “အညာသိ ဝတ ဘော ကောဏ္ဍညော”လို့ အမိန့်ရှိတော်မူတဲ့ ဒီစကားလေးကို ယူပြီးတော့ “အညာသိ ကောဏ္ဍည, အညာသိ ကောဏ္ဍည”လို့ ခေါ်ကြတယ်။
အညာသိကောဏ္ဍည ရှင်ရဟန်းအဖြစ် တောင်းပုံ
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ “လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ ဘဘေယျံ ဥပသမ္ပဒ”န္တိ။
“အထခေါ - သောတာပန်ဖြစ်ပြီးရာ ထိုအချိန်အခါ၌၊
အာယသ္မာ အညာသိကောဏ္ဍညော - အရှင်အညာသိကောဏ္ဍညသည်၊
ဒိဋ္ဌဓမ္မော - မြင်အပ်ပြီးသော သစ္စာလေးပါးတရားရှိသည်။ (သစ္စာလေးပါးတရားကို မြင်ရပြီးသည်။)”
ဘယ်တော့မှ မမြင်ရဘူးတဲ့ သစ္စာလေးပါးတရားကို အရှင်ကောဏ္ဍည မြင်သွားပြီ၊ မြင်ဆိုတာကလဲ အဝေးကလှမ်းမြင်တဲ့ အမြင်မျိုးကို ဆိုလိုတာ မဟုတ်ဘူး၊ ဉာဏ်နဲ့ မြင်တာ, ဉာဏ်ထဲမှာ ဆိုက်ရောက်လာတာ၊ အဲဒါကြောင့် -
“ပတ္တဓမ္မော - ဉာဏ်ဖြင့် ရောက်အပ်သော သစ္စာလေးပါးတရား ရှိသည်၊
ဝိဒိတဓမ္မော - ဉာဏ်ဖြင့် သိအပ်ပြီးသော သစ္စာလေးပါးတရားကို ဉာဏ်ဖြင့် ဝင်ရောက်မွှေနှောက် သိမြင်ပြီးသည်၊
တိဏ္ဏဝိစိကိစ္ဆော - ယုံမှားသံသယကို ကျော်လွန်ပြီးသည်”
အရှင်ကောဏ္ဍညမှာ ယုံမှားသံသယလို့ခေါ်တဲ့ ဝိစိကိစ္ဆာ ဆိုလို့ ဘာမျှမရှိတော့ဘူး၊ မြတ်စွာဘုရားက သစ္စာလေးပါး တရားကို ဟောထားပြီးလို့ သူရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင် သိမြင်နေပြီကိုး။
“ဝိဂတကထံကထော - သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်၊
သတ္ထုသာသနေ - မြတ်စွာဘုရား၏ အဆုံးအမတော်ဖြစ်တဲ့ သာသနာတော်၌၊
ဝေသာရဇ္ဇပ္ပတ္တော - ရွံ့ရှားခြင်းကင်း ရဲတင်းသူအဖြစ်သို့ ရောက်သည်”
မြတ်စွာဘုရားရဲ့ အဆုံးအမတော်ကို ဘယ်သူက လာမေးမေး ရဲရဲဖြေနိုင်တာပဲ၊ ဒုက္ခသစ္စာအကြောင်း လာမေး, ရဲရဲပဲ, ရွံ့တွန့် ရွံ့တွန့်ကို မရှိဘူး၊ မြတ်စွာဘုရား ဟောတော်မူတဲ့ သာသနာ ဆိုတာ သစ္စာလေးပါးစတဲ့ တရားတော်တွေ, အဆုံးအမ တော်တွေပဲ။
ကိုယ်တိုင်သိမြင် ယုံကြည်ခြင်း
“အပရပ္ပစ္စယော - သူတစ်ပါးကို ယုံကြည်၍ မြတ်စွာဘုရားကို ကိုးကွယ်ခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင် ယုံကြည်ခြင်း ရှိသည်”
တချို့က အပြောကောင်းလို့ ယုံကြည်တာ၊ ပြီးတော့ သူတစ်ပါးကို ယုံကြည်တာနဲ့လဲ ကြည်ညိုတယ်၊ ခုကာလ ဘုန်းကြီးတစ်ပါးကို ကိုယ်တော့ တယ်အကြောင်း မသိပါဘူး၊ ဘယ်သူက ပြောတာနဲ့ ငါလဲ ကြည်ညိုလိုက်မိတာပဲ၊ အရှင်ကောဏ္ဍညက ဒီလိုကြည်ညိုမျိုး မဟုတ်ဘူး၊ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို သူကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် သိလို့သာ ဘုရားကို ကြည်ညိုတာ၊ အဲဒါကြောင့်
“အပရပ္ပစ္စယော - သူတစ်ပါးကို ယုံကြည်၍ ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ဘဲ ကိုယ်တိုင်ပင် သိမြင်ပြီးသည်ဖြစ်၍၊
ဘဂဝန္တံ - မြတ်စွာဘုရားကို၊
ဧတံ ဝစနံ - ဤစကားကို၊
အဝေါစ - လျှောက်ပြီ”။
နဂိုက ရသေ့ အခုမှ ရဟန်းအဖြစ်တောင်း
“ဘန္တေ - မြတ်စွာဘုရား၊
အဟံ - တပည့်တော်သည်၊
ဘဂဝတော - မြတ်စွာဘုရား၏။
သန္တိကေ - အထံတော်၌၊
ပဗ္ဗဇ္ဇံ - ရှင့်အဖြစ်ကို၊
လဘေယျံ - ရပါရစေဘုရား၊
ဘဂဝတော - မြတ်စွာဘုရား၏၊
သန္တိကေ - အထံတော်၌၊
ဥပသမ္ပဒံ - အထက်တန်း ရဟန်းအဖြစ်ကို၊
လဘေယျံ - ရလိုပါ၏ ရပါရစေဘုရား”
လို့ ရဟန်းပြုခွင့်တောင်းတာ၊ နဂိုတုန်းက ရသေ့, ယခုမှ ရဟန်းပြုခွင့်တောင်းတာ၊ ဒီတော့မှ ဘုရားရှင် ကိုယ်တော်မြတ်က
“ဘိက္ခု - ရဟန်း၊
ဧဟိ - သင်အလိုရှိတဲ့ ရှင်အဖြစ် ရဟန်းအဖြစ်ကို လက်ခံလော့”လို့ မိန့်တော်မူတယ်။
ဧဟိဘိက္ခုရဟန်းဖြစ်ပုံ
“သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ။
“မယာ - ငါဘုရားသည်၊
ဓမ္မော - သစ္စာလေးပါးတရားကို၊
သွာက္ခာတော - ကောင်းစွာဟောတော်မူအပ်ပြီ၊
သမ္မာ - ကောင်းစွာ၊
ဒုက္ခဿ - ဝဋ်ဒုက္ခ၏၊
အန္တကိရိယာယ - အဆုံးကို ပြုခြင်းအကျိုးငှာ၊
ဗြဟ္မစရိယံ - အကောင်းမြတ်ဆုံးဖြစ်တဲ့ သာသနာ့ဗြဟ္မစရိယကို၊
စရ - ကျင့်ကြံ ကြိုးကုတ် အားထုတ်ပေတော့”
လို့ ဘုရားက အပ်နှင်းတော်မူတယ်။
“ဧဟိ ဘိက္ခု - သင်အလိုရှိတဲ့ ရဟန်းအဖြစ်ကို လက်ခံ, ဒုက္ခကုန်အောင် ဒုက္ခဆုံးအောင် ငါဘုရားအထံ လာပြီးတော့ အမြတ်ဆုံး ဖြစ်တဲ့ ဗြဟ္မစရိယဆိုတဲ့ အကျင့်ကို ကျင့်လှည့်, အထက်မဂ်တရားကို ရအောင် ကျင့်လှည့်”လို့ မိန့်တော်မူတယ်၊
အဲဒီလို မြတ်စွာဘုရားက အမိန့်ရှိတဲ့ စကားတော်ထဲမှာ “ဧဟိ ဘိက္ခု” ဆိုတဲ့ စကားကို ထောက်ပြီးတော့ “ဧဟိဘိက္ခုရဟန်းအဖြစ်ကို ရရှိတယ်”လို့ အားလုံး အသိအမှတ်ပြုကြတယ်။
ရဟန်းအစ ကောဏ္ဍညက
“သာဝ - ထိုမြတ်စွာဘုရားက ဧဟိဘိက္ခုဟု ခေါ်တော်မူခြင်းကြောင့် ရရှိတဲ့ ရဟန်းအဖြစ်သည်ပင်၊
တဿ အာယသ္မတော - ထိုအရှင်ကောဏ္ဍည၏၊
ဥပသမ္ပဒါ - ရဟန်းအဖြစ်သည်၊
ဟောတိ - ဖြစ်လေတော့သတည်း”
အဲဒီကျမှ ရဟန်းဖြစ်တာ, အဲဒီမှာမှ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ် ပေါ်လာတယ်။
ရတနာသုံးလီ ယုံကြည်စရာ
ဒီနားမှာ နည်းနည်းကလေး စဉ်းစားကြည့်ကြဦးစို့၊
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဆိုပြီးတော့ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သင့်တယ်၊ ယုံကြည် အားထားသင့်တယ်၊ ဘာကြောင့်လဲဆိုရင် မြတ်စွာဘုရားမှာ လောဘ, ဒေါသ,မောဟဆိုတဲ့ မကောင်းတဲ့စိတ် အညစ်အကြေးတွေ မရှိဘူး၊ ပြီးတော့ မသိတာရယ်လို့ မရှိဘူး၊ ဘာမဆို အကုန်သိမြင်နိုင်တယ်။
အဲဒီလို သိတဲ့အတိုင်း သတ္တဝါတွေကို တစ်ဆင့် သိနားလည်အောင် မနားမနေ ဟောတော်မူတယ်၊ ပြီးတော့ တရားတော်ဆိုရင်လဲ ဘယ်လောက် ယုံကြည်သင့်လဲ၊ ဒီဓမ္မစကြာတရား တစ်မျိုးတည်းကိုပဲ ဘယ်လောက် ဆည်းကပ်ကိုးကွယ်စရာ ကြည်ညိုစရာကောင်းသလဲ၊ ဒီတရားကို ကိုယ့်သန္တာန်မှာဖြစ်အောင် ဘယ်လောက် ကြိုးစားစရာ ကောင်းသလဲ၊ ဥပမာအားဖြင့် မဂ္ဂသစ္စာဆိုတဲ့တရားကို ကိုယ့်သန္တာန်မှာ ဖြစ်စေရမယ်ဆိုတဲ့အတိုင်း ဘယ်လောက် ကြိုးစားစရာ ကောင်းသလဲ၊
“ဓမ္မံ သရဏံ ဂစ္ဆာမိ”
“ဓမ္မံ - မြတ်စွာဘုရား ဓမ္မစကြာ တရားတော်ကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ-ဆည်းကပ်ပါ၏၊
သံဃံ - အရိယာဖြစ်ပြီးသော အရှင်ကောဏ္ဍညကဲ့သို့သော သံဃာတော်ကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊
ဂစ္ဆာမိ - ဆည်းကပ်ပါ၏”
အရှင်ကောဏ္ဍညဆိုရင် သောတာပန်အဆင့်ကနေပြီး ရှေ့တိုးတက်ပြီးတော့ သကဒါဂါမ်, အနာဂါမ်, ရဟန္တာအထိ ဖြစ်သွားတယ်၊ ဖောက်ပြန်စရာ ပြောင်းလွှဲစရာ, နောက်ဆုတ်စရာ မရှိတော့ဘူး။
ရုပ်တုတော် ကိုးကွယ်နည်း
အဲဒီတော့ ဘုရား တရား သံဃာ ရတနာသုံးပါး ကိုးကွယ်တယ် ဆိုတာ ဒီရတနာမျိုးကို ပြောတာ၊ ဒီလိုရတနာမျိုးကို ပြောတာ၊
ဒီလောက် နှစ်နှစ်ကာကာ နားလည်တဲ့ပုဂ္ဂိုလ်က ဆင်းတုတော်, စေတီတော်များကို ကိုးကွယ်ပြီဆိုရင် တကယ်ရိုရိုသေသေ ကိုးကွယ်တယ်၊ အင်မတန် သပ်သပ် ပါယ်ပါယ် ဖြစ်အောင် သပ်သပ်ယပ်ယပ် ဖြစ်အောင် စီမံထားတယ်၊
ဘုရားရဲ့ အရိုးတော်တွေ (ပရိနိဗ္ဗာန် စံသွားလို့ ကျန်ရစ်တဲ့ အရိုးတော်တွေ)ကို ဌာပနာထားတဲ့ ဆင်းတုတော်နော်၊ အင်း... မြတ်စွာဘုရား၏ ပုံတော်ကို အတုခိုး ပြီးတော့ စီမံပြုလုပ်ထားတဲ့ ရုပ်ပုံတော် ရုပ်တုတော်နော်၊ အတုတော်နော်၊ ဘုရားလောက်တော့ ဘယ်သပ္ပာယ်မလဲ၊
ဒါပေမယ်လို့ ဒီရုပ်တုတော်မြင်ရတော့ ဘုရားကို သတိရလွန်းလို့ ဟိုအိမ်မှာ အမေ့ဓာတ်ပုံ အဖေ့ဓာတ်ပုံ မြင်ပြီးတော့ အဖေသတိရလို့, အမေသတိရလို့ ၊ အဲ-အမေက ဒီလို ပြောသွားတယ်၊ အဖေက ဒီလို ပြောသွားတယ်၊ အဲဒီလိုအနေမျိုးနဲ့ ပေါ့လေ၊ အမေသတိရ- အဖေသတိရတော့ အမေ အဖေစကားတွေ နားထောင်လို့၊ အဲဒီတော့ ဘုရားရုပ်ပွားတော် ကိုးကွယ်ပူဇော်တာလဲ ဒီနည်းအတိုင်း ပူဇော်ကြရတယ်။
တရား သံဃာ ပူဇော်နည်း
အဲဒါကြောင့် ရုပ်ပုံ ရုပ်ပွား ဆင်းတုတော်များကို အိမ်မှာ ပူဇော်ကြတဲ့အခါ အင်မတန် သပ္ပာယ်အောင် ပူဇော်ပြီး ထားရမယ်၊ ဒီလို အင်မတန် သပ္ပာယ်အောင် ပူဇော် ထားရင် သက်တော်ထင်ရှားရှိတဲ့ ဘုရားအစစ်ကို စိတ်ထဲမှာ ပိုမြင်လွယ်တယ်၊ ပိုသတိရလွယ်တယ်၊
ပြီးတော့ တရားပူဇော်တဲ့အခါမှာလဲ ဒီလို ဓမ္မစကြာတို့လို, အနတ္တလက္ခဏသုတ် တို့လို ဒီလိုတရားတော်တွေ ပူဇော်လို့၊ အဲဒါ အင်မတန် ကောင်းတယ်၊ အင်မတန် လူဖြစ်ရကျိုးနပ်တယ်၊ သံဃာတော်ကို ပူဇော်ပြန်တော့လဲ ခုနက ဘုရားရုပ်တုတော် ရုပ်ပွားတော်နဲ့ သက်တော်ထင်ရှားရှိတဲ့ တကယ့်ဘုရားအစစ် ကွာသလို, အရိယာ သံဃာနှင့် ပုထုဇဉ်သံဃာ ကွာတယ်၊
ရုပ်တုတော် ထုတဲ့သူက ကျောက်ဆစ်သမားကဖြစ်ဖြစ်, ပန်းပုသမားကဖြစ်ဖြစ် အထုကောင်းလေ ရုပ်တော်က သပ္ပာယ်လေ, ကြည်ညိုစရာကောင်းလေ၊ အထု မကောင်းလေ စိတ်ပျက်စရာကောင်းလေ။
ရဟန်းသာမဏေများ စဉ်းစားစရာ
အဲဒီလိုပဲ ယခု အရိယာအဖြစ်သို့ မရောက်သေးတဲ့ ပုထုဇဉ်သံဃာတွေက အတုတွေ အရုပ်တွေ, အရိယာသံဃာတွေရဲ့ အရုပ်တွေ အတုတွေ၊ ဒီတော့ ဆရာသမား တွေက အပြုအပြင် မကောင်းလေ စိတ်ပျက်စရာ အရုပ်တွေ ဖြစ်နေလေ၊
အဲဒါကြောင့် ဘုန်းကြီးတို့ ပုထုဇဉ်သံဃာတွေ သမ္မုတိသံဃာတွေ စာသင်သားဘဝနဲ့ ဆရာသမား ဘဝအဖြစ် နေထိုင်ကြတဲ့ ဘုန်းကြီး, ရဟန်း, သာမဏေတွေအားလုံး စဉ်းစားကြရမယ်၊ ငါတို့တစ်တွေ အရိယာမဖြစ်သေးသမျှ ရှက်စရာကြီးပါလား၊ တို့တစ်တွေဟာ အရိယာသံဃာရဲ့ အတုရုပ်တွေပါလား၊ အတုရုပ်အနေနဲ့ သံဃာလို့ ခေါ်ဝေါ်သမုတ်ထားတဲ့ သမ္မုတိသံဃာ တွေပါလား၊ ဘယ်နည်းနဲ့မှ မဖောက်ပြန် နိုင်တဲ့ အစစ်အမှန် ပရမတ္ထအရိယာသံဃာ မဟုတ်သေးပါလား၊
အရိယာပုဂ္ဂိုလ်တွေကျတော့ ဘယ်အာရုံနဲ့တွေ့တွေ့ မဖောက်ပြန် မပြောင်းလဲနိုင်တဲ့ ပရမတ္ထသံဃာ, သံဃာအစစ်၊ တို့ကျတော့ သမ္မုတိသံဃာတဲ့, သံဃာလို့ သမုတ်ထားတယ်တဲ့၊ နာမည်တပ်ပုံကလဲ တို့ ရှက်စရာကြီး၊ တို့ ဒီလို ပေါ့ပေါ့ဆဆ လေးများ နေထိုက်သလားလို့ အဲဒီလို ဘုန်းကြီးတို့ အတုဖြစ်တဲ့ သံဃာများမှာ အင်မတန်မှ သတိထားစရာ ကောင်းတယ်၊
ကိုးကွယ်တဲ့ ဒကာတွေကလဲပဲ ရုပ်ပွားတော် ကိုးကွယ်တဲ့အခါ တော်တော်လေး သပ္ပာယ်တဲ့ တော်တော်လေး ကောင်းတဲ့ ရုပ်တုတော်ဖြစ်အောင် ပြင်ဆင်ပေးရသလို ကိုယ့်ပုထုဇဉ်သံဃာတွေကိုလဲ“ကိုယ်တော်တို့ ကောင်းကောင်း နေကြပါ, ကောင်းကောင်း နေကြပါ”လို့ ပြုပြင်ပေးလို့၊
သံဃာတော်တွေကလဲ “တို့ကောင်းကောင်းနေမှ ဖြစ်မယ်” ဆိုပြီး ကိုယ့်ကိုယ်ကို ပြုပြင်လို့, အဲဒါမှသာ ဆရာရော ဒကာပါ ယခုဘ၀ နောက်ဘဝမှာ အားလုံး အကျိုးရှိမယ်၊ အဲဒီတော့ကာ ကိုးကွယ်ဆည်းကပ်တဲ့အခါ ဘုရားရတနာနဲ့ ဓမ္မစကြာ အစရှိတဲ့ တရားရတနာ, အရှင်ကောဏ္ဍည အစရှိတဲ့ မဖောက်ပြန်တော့တဲ့ အရိယာ သံဃာရတနာတွေကို အာရုံပြုပြီး -
ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ,
သံဃံ သရဏံ ဂစ္ဆာမိ”
လို့ဆိုပြီး အဲဒီဗုဒ္ဓ, အဲဒီဓမ္မမှ အဲဒီသံဃာတွေကို ကိုးကွယ်ရမှာပါ၊ ယခုလို အပြောင်းအလွှဲရှိနိုင်တဲ့ ပုထုဇဉ်သံဃာတွေ ဆိုတာကတော့ နောင်ရေး, နောင်ဘဝ ရေးကို သာသနာ့ဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုပြီးတော့ အားပေးကြရမယ်၊ ဒကာ-ဒကာမတွေက အားပေးကြရမယ်၊
အဲဒီလို အားပေးကြတဲ့အတွက် ဒကာ-ဒကာမတွေမှာ ကုသိုလ်တွေပွားလို့, မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေ ပွားလို့၊ ပြီးတော့ ဒီကသံဃာတော်တွေကလဲ စိတ်ကောင်းကောင်းထား ကောင်းကောင်းနေထိုင်မှု ကောင်းကောင်းကျင့်ကြတဲ့ အတွက် မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွားလို့ အဲဒီလို ဆိုတော့ကာ ဆရာရော ဒကာပါ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသလို အချင်းချင်း အားထားမှု ကုသိုလ်တွေပွားပြီးတော့ ဓမ္မစကြာမှာပါတဲ့ သစ္စာလေးပါး ကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ကြရလိမ့်မယ်။
သာဂါရာ အနာဂါရာ စ, ဥဘော အညောညနိဿိတာ၊
အာရာဓယန္တိ သဒ္ဓမ္မံ, ယောဂက္ခမမနုတ္တရံ။
သာဂါရာစ - အိမ်ရာတည်ထောင်, လူတို့ဘောင်၌ နေကြကုန်သော လူဝတ်ကြောင် သူတော်ကောင်းတို့သည်လည်းကောင်း၊
အနာဂါရာစ - အိမ်ရာ မထောင်, သာသနာ့ဘောင်၌ နေကြကုန်သော ရဟန်း သူတော်ကောင်းတို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်မျိုးတို့သည်၊
အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီမှီ ကျွန်းကိုင်းမှီသို့ ပမည်မယွင်း, အချင်းချင်း အားထားကြကုန်လျက်၊
ယောဂက္ခေမံ - ကာမယောဂ, ဘဝယောဂ, ဒိဋ္ဌိယောဂ, အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတို့၏ ပျောက်ပျက်ကုန်ဆုံးရာဖြစ်သော၊
အနုတ္တရံ - အတုမရှိ မြတ်သော၊
သဒ္ဓမ္မံ - သစ္စာလေးတန်, မဂ်ဖိုလ်နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားကို၊
အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ ပြီးစီးနိုင်ကြစေကုန်သတည်း။
ဝိသာခါ လျှောက်တဲ့စကား
ဘုရားရှင် လက်ထက်တော်တုန်းက သာသနာတော်တွင်းက အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန် အရှင်မဟာကဿပတို့ အမှူးရှိတဲ့ သံဃာတော်များစွာ အတွင်းလမ်း ကနေပြီးတော့ သူတော်ကောင်းတရားတွေ ပြီးစီးအောင် ကြိုးစားတော် မူခဲ့ကြတယ်၊
အနာထပိဏ်သူဌေး ဗိမ္မိသာရမင်းတို့ ဝိသာခါတို့ အဲဒီလို သူတော်ကောင်းတွေက အပြင်လမ်းက နေပြီးတော့ သာသနာတော်ကို ကူညီထောက်ပံ့ခဲ့ကြတယ်၊ အဲဒီတုန်းက ဝိသာခါတို့များ ဘယ်လောက် အမြင်ကျယ်သလဲ လို့ဆိုတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်၊
“အာဂန္တုတွေများ ကြွလာလို့ ရှိရင် တပည့်တော် အမြဲဆွမ်းကပ်ပါရစေဘုရား”တဲ့၊
“ဝိသာခါ … သင်က ဘယ်အကျိုးထူးကို မြင်လို့ အာဂန္တုက လာသမျှ ဆွမ်း ကပ်ချင်သတုန်း”လို့ မြတ်စွာဘုရားက မေးတော့ -
“တပည့်တော်များက နောင်ကျတော့ ဘယ်ရဟန်းဖြင့် ပရိနိဗ္ဗာန်စံသွားသတဲ့လို့ ကြားရတဲ့ အခါမှာ အဲဒီရဟန်း သာဝတ္ထိပြည် ကြွလာဖူးပါသလားလို့ မေးပါမယ် ဘုရား၊ အဲဒီလို မေးလို့ ကြွလာဖူးပါတယ် ဆိုတာ သိရတဲ့အခါ အဲဒီ ကိုယ်တော်မြတ်ဖြင့် ငါ့ရဲ့ဆွမ်း ဘုဉ်းပေးဖူးပြီဆိုပြီး အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါလိမ့်မယ်ဘုရား၊ အဲဒါကြောင့် ကြွလာသမျှ အာဂန္တုရဟန်းကို တပည့်တော် ဆွမ်းကပ်ပါရစေဘုရား”လို့ လျှောက်ပါတယ်။ ဒါကြောင့် -
“သာဂါရာစ - အိမ်ရာတည်ထောင်, လူတို့ဘောင်၌ နေကြသော ဗိမ္ဗိသာရမင်း, အနာထပိဏ်သူဌေး, ဝိသာခါ အစရှိတဲ့ လူဝတ်ကြောင်တို့သည်လည်းကောင်း၊
အနာဂါရာစ - အိမ်ရာမထောင်, သာသနာ့ဘောင်၌ နေကြကုန်သော အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ, အရှင်အာနန္ဒာ အစရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊
အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီသို့ ပမည်မယွင်း, အချင်းချင်း အားထားကြကုန်လျက်”
အကယ်၍များ ဝိသာခါတို့, အနာထပိဏ်တို့, ဗိမ္မိသာရတို့လို ခေါင်းဆောင်တွေ မရှိဘူး, နောက်လိုက်တွေလဲ မရှိဘူးဆိုရင် ဒီသာသနာတော်မြတ်ကြီးဟာ ကြာကြာ တည်နိုင်စရာ မရှိပါဘူး။
နောက်ဆုံးကျမှ ဆွမ်းခံကြွသော အရှင်သာရိပုတ္တရာ
ယခုတော့ အပြင်ဘက်ကနေပြီးတော့ ဒကာတွေကလဲ အားတက်သရော ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ သာသနာတော်ကို ချီးမြှောက်ခဲ့ကြတယ်၊ ပြီးတော့ အတွင်းဘက်က နေပြီးတော့ အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်တို့ကလဲ ရဟန္တာ ဖြစ်ပြီးတဲ့အချိန်မှာ သူတို့ရဲ့ ရဟန်းကိစ္စ ပြီးဆုံးသွားပေမယ်လို့ အေးအေး ဆေးဆေး ကြောင့်ကြမဲ့မနေကြဘူး၊ သာသနာ့တာဝန်ကို ကြိုးကြိုး စားစား ထမ်းဆောင်တော် မူကြတယ်၊
ကြီးကြီးမားမား ကိစ္စကို မဆိုထားနဲ့ သေးသေးဖွဲဖွဲ ကိစ္စပါမချန် ကြောင့်ကြ စိုက်တော်မူကြတယ်၊ အရှင်သာရိပုတ္တရာဆိုရင် ဆွမ်းခံကြွတာကိုပဲ အားလုံးရဲ့ နောက်ဆုံးမှ ကြွတော်မူတယ်၊ အားလုံး ဆွမ်းခံကြွကြတဲ့အချိန်မှာ ကိုယ်တော်မြတ် က နောက်ချန်ပြီးတော့ သိမ်းစရာရှိတာ သိမ်း, အမှိုက်သရိုက်တွေ ရှင်းစရာ ရှိရင် ရှင်းပြီးမှ ဆွမ်းခံကြွတော်မူတယ်၊
ဘယ်နားထားတာကလေးက ပြုပြင်ပြီးတော့ ထားတော်မူတယ်၊ သာသနာကို ကျက်သရေ ရှိစေချင်လွန်းလို့ အရှင်သာရိပုတ္တရာက အားလုံး ဆွမ်းခံထွက်ပြီးတဲ့ နောက် ကျောင်းတိုက်ထဲ သိမ်းပြုပြီးတော့မှရှင်းလင်းစရာရှိတာ ရှင်းလင်းပြီးတော့မှ ဆွမ်းခံကြွတော်မူတယ်၊ ရဟန္တာဖြစ်ပြီးသား, ရဟန္တာဖြစ်ပြီးသား။
အနာဂါရာစ - အိမ်ရာမထောင်, သာသနာ့ဘောင်၌ ခေါင်းဆောင် ရှေ့သွား အရှင်သာရိပုတ္တရာ အစရှိတဲ့ သူတော်ကောင်းတို့သည်လည်းကောင်း၊
ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊
အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီသို့, ပမည်မယွင်း, အချင်းချင်း အားထားကြကုန်လျက်၊
ယောဂက္ခေမံ - တစ်ဘဝနှင့်တစ်ဘဝ ကြိုးနှင့် ချည်သကဲ့သို့ ချည်တတ်တဲ့ လောဘ, မောဟ, ဒိဋ္ဌိဆိုတဲ့ ယောဂတရားတို့၏ ကုန်ရာဖြစ်သော၊
အနုတ္တရံ - အတုမရှိမြတ်သော၊
သဒ္ဓမ္မံ - သူတော်ကောင်းတရားကို၊
အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ, ပြီးစီးနိုင်ကြစေကုန်သတည်း။
ကိုင်း-ဓမ္မစကြာတရားကို ဘုန်းကြီးတို့ နိဂုံးအုပ်ကြစို့ရဲ့၊
ဘုန်းကြီး နဂိုတုန်းက ပါဠိတော်ကို တစ်ရက်သတ်သတ်, အဓိပ္ပာယ်ကို သုံးရက် လောက်နဲ့ ပြီးလိမ့်မယ်လို့ မှန်းခဲ့ပေမယ့် ဒုက္ခသစ္စာ, သမုဒယသစ္စာ ဆိုတဲ့ သစ္စာ နှစ်ပါးက တစ်ရက်ရခဲ့ရော၊ နိရောဓသစ္စာ ဆိုတဲ့ နိဗ္ဗာန်အကြောင်း ကောင်းကောင်း မသိမှာစိုးလို့ တစ်ရက် သတ်သတ် ဟောခဲ့ရတယ်၊ မဂ္ဂသစ္စာအကြောင်း မသိမှာစိုးလို့ တစ်ရက်သတ်သတ် ဟောခဲ့ရရော၊ သစ္စာလေးပါးက တစ်ရက်နဲ့ ပြီးလိမ့်မယ်လို့ မှန်းခဲ့ပေမယ့် တစ်ရက်တည်းနဲ့ မပြီးဘဲ သစ္စာလေးပါး သုံးရက် ကြာခဲ့တယ်။ ဒီအတွက်ကြောင့် ဒီမှန်းတဲ့ရက်ဟာ ပိုပြီးတော့ ယနေ့မှ ပြီးရတယ်။
တဏှာလောဘ လျော့အောင်လုပ်ကြ
ဒါကြောင့် ဓမ္မစကြာတရားကို နာရုံနဲ့ပြီးတဲ့တရားလို့ သဘောမထားဘဲနဲ့ ဓမ္မစကြာတရား နာရင်းနာရင်း ဘုန်းကြီးပြောခဲ့တဲ့ အတိုင်း ဒုက္ခသစ္စာခန်း နာလို့ရှိရင် ဒုက္ခတွေကို ဉာဏ်နဲ့မြင်အောင် ကြိုးစားလို့၊ သမုဒယသစ္စာခန်း နာလို့ရှိရင် တဏှာလောဘတွေ နည်းအောင်လုပ်ရတယ်နော်၊ ပစ္စည်းဥစ္စာ ရှာပေမယ်လို့လဲ လောဘတွေ သိပ်ကြီးပြီး မတရားတဲ့နည်းလမ်းနဲ့ မရှာနဲ့၊ ငါပစ္စည်းဥစ္စာ ရှာတာဟာ မရှိဆင်းရဲတဲ့ လူတွေကို တတ်နိုင်သလောက် ပေးနိုင် ကမ်းနိုင်အောင် မြတ်စွာဘုရား သာသနာတော်ကြီးကို ထောက်ပံ့နိုင်တန်သရွေ့ ထောက်ပံ့နိုင်အောင် ရှာတယ်လို့ ဒီလိုသဘောထားနဲ့ဆိုရင် တဏှာက လျော့လျော့သွားပြီးတော့ သစ္စာလေးပါးဆိုတဲ့ သဒ္ဓမ္မကို သိဖို့ရန် တော်တော် နီးကပ်သွားတယ်၊
ဒါကြောင့် တဏှာ သမုဒယခန်း ရောက်လို့ရှိရင် အဲ-ဝတ္တရားအတိုင်းတော့လေ သားတွေ, သမီးတွေမှ မိဘဆွေမျိုးတွေ စောင့်ရှောက်ရတယ်၊ ဒါပေမယ်လို့ တဏှာလောဘ သံယောဇဉ်နား မကပ်နဲ့နော်, မကပ်နဲ့၊ သို့သော် ဝတ္တရားအတိုင်း စောင့်ရှောက်ရမယ်နော်၊ အဲဒီလိုဆိုလို့ရှိရင် တဏှာ လောဘ သမုဒယတွေ နောက်ဆုတ် နောက်ဆုတ်သွားတယ်။
နိရောဓသစ္စာ နိဗ္ဗာန်တရားအကြောင်း နာပြီဆိုလို့ရှိရင် အင်း - ပုထုဇဉ်တွေကလေ နိဗ္ဗာန်ဟာ ခံစားစရာ မရှိဘူးတဲ့, နိဗ္ဗာန်ကို မကြိုက်ဘူးတဲ့၊ ခံစားချင်တဲ့လူတွေ ဒုက္ခနဲ့ တွေ့ကြရော၊ ခံစားချင်လိုက်တာ, ဒုက္ခနဲ့ တွေ့ရော၊
နိဗ္ဗာန်ဟာ ခံစားစရာ အာရုံငါးပါး မရှိလို့ သူတို့က ကြောက်သတဲ့၊ ဒါပေမယ့် အာရုံငါးပါး ခံစားချင်တဲ့ သူတွေဟာ လောဘကြီးသလောက် ဒုက္ခတွေ ပင်လယ် ဝေနေတယ် မဟုတ်လား၊ အဲဒါကြောင့် ဒီဒုက္ခတွေရဲ့ အကြောင်းရင်း တဏှာ လောဘ ကုန်ခန်းလို့ နိဗ္ဗာန်ကို မြင်မှသာ ဒုက္ခအားလုံးကုန်မယ်နော်။
မဂ္ဂသစ္စာဖြစ်အောင် ကြိုးစား
မဂ္ဂသစ္စာအကြောင်း ဟောနေတာကို နာတဲ့အခါကျတော့လဲ ဥပမာဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ဆိုပါတော့၊ ငါဟာ ဘုရားအာရုံပြုတဲ့အခါ မြတ်စွာဘုရားကို အာရုံ ရောက်ပြီးတော့ သမ္မာဒိဋ္ဌိဖြစ်တယ်၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ ငါစဉ်းစား ပြီးတော့ သမ္မာသင်္ကပ္ပဖြစ်တယ်၊
မြတ်စွာဘုရားနဲ့ စပ်တဲ့ ဝေယျာဝစ္စကို ငါဆောင်ရွက်ပြီးသကာလ သမ္မာကမ္မန္တ ဖြစ်တယ်၊ ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းလေးဟာ သမ္မာအာဇီဝဖြစ်ရမယ်၊ အဲသလို သတိရလို့ သမာဓိတည်လို့ ဘုရားရှေ့မှာ တရားနာလို့ ဘုရားရှေ့မှာ ဘုရား အာရုံပြုလို့၊ အဲသလို နေကြလို့ရှိရင် -
အာရာဓယန္တိ သဒ္ဓမ္မံ ယောဂက္ခေမမနုတ္တရံ။
ယောဂက္ခေမံ - ကာမယောဂ, ဘဝယောဂ, ဒိဋ္ဌိယောဂ, အဝိဇ္ဇာယောဂ ဆိုတဲ့ တဏှာ, အဝိဇ္ဇာ, ဒိဋ္ဌိတို့၏ ကုန်ခန်းရာဖြစ်သော၊
အနုတ္တရံ - အတုမရှိ မြတ်သော,အမြတ်ဆုံးဖြစ်သော၊
သဒ္ဓမ္မံ - သစ္စာလေးပါး, မဂ်ဖိုလ် တရားတည်းဟူသော သဒ္ဓမ္မကို၊
အာရာဓယန္တိ - ပြီးစီးစေနိုင်ကြကုန်၏။
အဲဒီလို မြတ်စွာဘုရား တိုက်တွန်းတဲ့အတိုင်း ငါတို့ဟာ ယခုရရှိတဲ့ လူ့ဘဝမှာ အင်မတန်ကောင်းတဲ့ ပါရမီဖြည့်ရုံတင် မဟုတ်ဘူး၊ အကြောင်းများ ညီညွတ်လို့ အကယ်၍ ပါရမီရင့်ပြီးသားဆိုလို့ရှိရင် မဂ်ပေါက် ဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်တဲ့ ဘဝမျိုး ဖြစ်ရမယ်၊ ကိုယ့်ရဲ့ဘဝကို တန်ဖိုးရှိတဲ့ဘဝမျိုး ဖြစ်စေရမယ်၊
ပြီးတော့ ကိုယ် သာသနာပြုတဲ့ကိစ္စဟာ သန့်သန့်ရှင်းရှင်းနဲ့ သာသနာတိုးတက် စေတာ ဖြစ်ရမယ်၊ ယခု သာသနာ စလာပုံကို သိပြီလေ၊ ဘုရား ပွင့်တော်မူ လာတယ်, ဓမ္မစကြာတရားကို ဟောတော်မူတယ်။ အင်မတန် အဖိုးတန်တဲ့ သစ္စာလေးပါး တရားကို အရှင်ကောဏ္ဍည မထေရ်ကြီးတို့ မြင်တော်မူရတယ်၊ အဲဒီတော့ သာသနာဟာ ဒါပဲ, ဘုရား, တရား, သံဃာဆိုတာ ဒါပဲလို့ ထင်ထင် လင်းလင်း သိရတယ်။
ဆရာဒကာ ညီညာကြိုးပမ်း
အဲဒီ သာသနာကြီး မကွယ်အောင် ငါပြုမယ်၊ အဲဒီ သာသနာကြီး တိုးတက်အောင် ငါပြုမယ်၊ အဲဒီ ငါရှာတဲ့ ပစ္စည်းဥစ္စာတွေဟာ သာသနာရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်စေရမယ်၊ ဝတ္တရား အတိုင်း သားသမီးတွေ မြေးတွေကိုလဲပဲ စောင့်ရှောက်မယ်ပေါ့။
အဲဒီ ဝတ္တရားတွေလဲ ကျေပွန်လို့ သာသနာတော်ကြီးကိုလဲ ချီးမြှောက်လို့, အဲဒါမှသာ ပါရမီတွေ ပြည့်ပြီးတော့ မိမိတို့ရဲ့ လူ့ဘဝဟာ အဖိုးအတန်ဆုံး လူ့ဘဝ ဖြစ်လာမယ်၊ ဘုန်းကြီးတို့ သာသနာ့ဝန်ထမ်း ရဟန်းတွေကလဲ ကိုယ့်ကျောင်းကိုယ့်ကန်တွေ သာယာနေတာမျိုး၊ ဘုန်းကြီးတယ်ဆိုပြီး မာနတက်တာမျိုးဟာ ငါတို့ရဲ့ သီလ သိက္ခာကို မည်းညစ်စေတတ်ပါကလားလို့, တို့ဟာ စင်စစ် ပရိယာယ်မာယာ ဟန် မပါဘဲနဲ့ ဘုရားသာသနာတော်ကို တို့ ဆရာ တပည့်တစ်စု ကောင်းကောင်း ရွက်ဆောင်ကြလို့ရှိရင် ဒီဘဝမှာ ပါရမီတွေ ရင့်သွားမယ်၊
အကယ်၍များ ဒီထဲက တချို့တလေ ပုဂ္ဂိုလ်တွေက တရားထိုင်ရင် တရားမရဘူးလို့ မဆိုနိုင်ဘူး၊ တရား အင်မတန်ကောင်းနေတယ်၊ တရား အင်မတန် လမ်းမှန် ကျနေတယ်၊ အဲဒီ အမှန်ဆုံးဖြစ်တဲ့ တရားကို တို့ ဒီဘဝမှာသာ တွေ့ရမှာ, နောက်ဘဝ ဆိုလို့ရှိရင် သာသနာတော် ပျောက်ကွယ်သွားချင်သွားမယ်၊ နောက် ဘဝမှာ ဘုရားရဲ့ အဆုံးအမတရားတော်တွေ ငါတို့ မြင်ချင်မှ မြင်ရတော့မယ်၊
အဲဒါကြောင့် တို့ဟာ အကောင်းဆုံး ဘဝမှာ အကောင်းဆုံး သာသနာ့ဝန်ထမ်းမယ်လို့ အဲဒီလို ကြိုးစားပြီးသကာလ အတွင်းကနေတဲ့ အနာဂါရဆိုတဲ့ အိမ်ရာမထောင် သူတော်ကောင်းများ ကလဲပဲ သဒ္ဓမ္မဆိုတဲ့ သူတော်ကောင်းတရားကို ဖြစ်စေရမယ်၊
သာဂါရဆိုတဲ့ အိမ်ရာတည်ထောင် လူ့ဘောင်ကနေပြီးတော့ သာသနာ ပြုတဲ့ ဒကာ-ဒကာမတစ်စုကလဲပဲ သာသနာတော်ကို တိုးတက်စေရမယ်, တို့ပါရမီဟာ ရင့်သန်စေရမယ်လို့ အဲဒီလို နှလုံးထားပြီး သကာလ ကိုယ်စီကိုယ်ငှ အားရပါးရ ဝမ်းမြောက်ဝမ်းသာနဲ့ မြတ်စွာဘုရားရဲ့ သာသနာတော်ကို ကြည်ကြည်ညိုညိုနဲ့ ချီးမြှောက်နိုင်ကြစေကုန်သတည်း။
သာဓု...သာဓု...သာဓု …။
ပဉ္စမနေ့ ပြီး၏။
ဓမ္မစကြာတရားတော် ပြီးပြီ။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။
အနာဂတေ ဗုဒ္ဓသာသနံ လဇ္ဇီ ရက္ခိဿတိ။
…
ဓမ္မစကြာတရားတော်
ဖတ်ကြားနာယူပြီးသူများအတွက်
ဗုဒ္ဓါနုဿတိဘာဝနာ
ဓမ္မစကြာ တရားတော်မြတ်ကြီးကို ဖတ်ကြား နာယူပြီးသူ သူတော်ကောင်းအပေါင်း တို့သည် သက်တော်ထင်ရှား ဗုဒ္ဓရှင်တော် မြတ်ဘုရား၌ အာရုံပြု၍ နှလုံးသွင်း ရှိခိုးပူဇော်ခြင်း ပြုနိုင်ကြရန် အလိုရှိသူများအတွက် အောက်ပါ ပထမရွှေကျင် ဆရာတော်ဘုရားကြီးမှ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်, သပြေကန် မဟာဓမ္မိကာရာမတိုက် ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသတို့၏ ရေးသားထား တော်မူသော သက်တော်ထင်ရှား မြတ်ဘုရား၏ ဂုဏ်တော်များဖြင့် ပူဇော် ကန်တော့၍ နိဂုံးချုပ်ထားပါသည်။
အလောင်းတော်မြတ်ကြီး၏ ဆန္ဒတော်
ကိံ မေ ဧကေန တိဏ္ဏေန, ပုရိသေန ထာမဒဿိနာ၊
သဗ္ဗညုတံ ပါပုဏိတွာ, သန္တာရေဿံ သဒေဝကံ။
ထာမဒဿိနာ - မိမိသတ္တိ, မျှော်မှန်းကြည့်၍, သိရှိထင်ထင်, စွမ်းရည်ကို မြင်ပါလျက်၊
ဧကေန - အများထိုထို, မကယ်လိုဘဲ, တစ်ကိုယ်ထီးတည်း, ဖော်မမှီဘဲသာလျှင်၊
တိဏ္ဏေန - သံသရာပြင်, ရေအလျဉ်ဝယ်, မဂ္ဂင်လှော်ခတ်, ကူးသွားတတ်သော၊
ပုရိသေန - ယောက်ျားဇာနည်, မပီစတောင်း, ကိုယ်ကောင်းငဲ့လျှိုး, ယောက်ျား မျိုးဖြင့်၊
မေ - ဒီပင်္ကရာ, စောမြတ်စွာကို သေချာဖူးတွေ့, ငါရသေ့အား၊
ကိံ ပယောဇနံ - အဘယ်သို့နည်း, အထင်ကြီး၍, ခိုမှီးအားရ အသုံးချတော့အံ့နည်း၊
နိပ္ပယောဇနမေဝ - သူငါရိုးရိုး, သတ္တဝါမျိုးသို့ အားကိုးရာမရသဖြင့် အသုံးမကျတော့ သည်သာတည်း။
သဗ္ဗညုတံ - ကြွင်းမဲ့ဥဿုံ, အလုံးစုံကို အကုန်သိသူ ဘုရားတစ်ဆူ အဖြစ်သို့၊
ပါပုဏိတွာ - ဘုရားဆူဆူမှ ကျင့်နည်းယူလျက်, ထပ်တူဆင့်ဆင့် ရောက်အောင် ကျင့်ပြီး၍၊
သဒေဝကံ - နတ်နှင့်တကွ ဝေနေယျဟု, များလှစွာတောင်း, သတ္တဝါအပေါင်းကို၊
သန္တာရေသံ - သမုဒ်နက်ကျယ်, သံသာနယ်မှမှ ထုတ်ဆယ်အတူ, ကယ်တင်တော် မူပေအံ့။
(အဋ္ဌသာလိနီဘာသာဋီကာ)
အရှင်သာရိပုတ္တရာနှင့်
ဘုရားရှင်၏ဂုဏ်တော်
စကြဝဠာ ကုဋေတစ်သိန်းဟူသော ဗုဒ္ဓခေတ်၌ ရှိသမျှသော သတ္တဝါအပေါင်းတို့တွင် မြတ်စွာဘုရားကို ထား၍ အကျွန်ုပ်သည် ပညာအားဖြင့် အမြတ်ဆုံးဖြစ်၏၊ အကျွန်ုပ်နှင့် တူသောသူသည် မရှိ။
ဘုရားရှင်၏ ဂုဏ်
အကျွန်ုပ်သည် မြတ်စွာဘုရားကို မိမိအစွမ်းရှိသလောက် ချီးမွမ်းအပ်ပါ၏၊ ပညာရှိ တို့သည် ကမ္ဘာကုဋေတို့ ကာလပတ်လုံး ချီးမွမ်းကုန်သော်လည်း ဤထက်လွန်၍ မချီးမွမ်းနိုင်ကုန်ရာ။
ပညာကြီးခြင်း၏ အကြောင်းရင်း
အကျွန်ုပ်၏ ပညာသည် အကယ်၍ အစိုင်အခဲ ဖြစ်ခဲ့ပါလျှင် မဟာပထဝီမြေကြီးသည် မဆန့်ရာ၊ ဤအကျိုးသည် “အနောမဒဿီ” မြတ်စွာဘုရား၏ ဉာဏ်တော်ကို ချီးမွမ်းရခြင်း၏ အကျိုးပေတည်း။
ဆရာကို ရိုသေခြင်း
အကျွန်ုပ်၏ ဆရာဖြစ်သော“အဿဇိ”မည်သော မြတ်စွာဘုရား၏ တပည့် သားတော်သည် အကြင်အရပ်၌ နေ၏၊ ထိုအဿဇ္ဇိထေရ် နေရာအရပ်ကို အကျွန်ုပ်သည် ဦးခေါင်းရင်း ပြုပါ၏။
အာသီသ
ယုတ်မာသော အလိုရှိသော, ပျင်းရိသော, လုံ့လဝီရိယ လျော့နည်းသော, အကြားအမြင်နည်းသော, အဆုံးအမဩဝါဒ၌ ရိုသေခြင်း ကင်းသောသူသည် တစ်စုံတစ်ခုသော အရပ်၌ ငါနှင့်အတူ ပေါင်းဖော်ရခြင်းသည် တစ်ခါတစ်ရံမျှ မဖြစ်ပါစေလင့်။
အကြင်ပုဂ္ဂိုလ်သည် များသော အကြားအမြင် ရှိသူလည်းဖြစ်၏။ လျင်မြန်သော ပညာရှိသူလည်း ဖြစ်၏။ သီလတို့၌ ကောင်းစွာထား ခြင်းနှင့် ယှဉ်သူလည်းဖြစ်၏။ ထိုသို့သော ပုဂ္ဂိုလ်သည် အကျွန်ုပ်၏ ဦးထိပ်ထက်၌သော်လည်း တည်ပါစေ သတည်း။
ဆုတောင်းခန်းပျို့
အရိယာဝံသ, ဓမ္မလေးထွေ, တရားမြေ၌, မြစ်ခြေဖားဖား, အကိုက်ပွားသား, ဆယ်ပါးကုသိုလ်, စိုက်ပင်ပျိုမှ, မဂ်ဖိုလ်မည်သီး, ဈာန်ငါးစီးကို ချက်ပြီးလှမ်းမှီ, ဆွတ်ကာသီ၍, ကိုယ်စီလက်ရ, ပြလှာကုန်ပြီး, ငါ့ပွဲကြီးတွင်, ခသီးဝပ်ဝပ်, ကိုယ်လုံးအပ်၍, နပ်ရာအကျိုး, ငါ့ကိုယ်ကိုးသော်, အမျိုးလေးမည်, မဟာထေရ်တို့ မလည်နားတွင်, စေးမစင်လည်း, သွင်သွင်ဖြေနိုင်, ငါနှင့်ပြိုင်သည် စည်ခိုင်ပညာ သာရိပုတ္တရာ။
ဤမျှကြီးမားလှသော ပညာနှင့် ပြည့်စုံသော လက်ယာတော်ရံ အရှင်သာရိပုတ္တရာ (အလောင်းတော်) မထေရ်မြတ်သည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတို့ကို ဖော်ထုတ် ပူဇော်ရာဖြစ်သော ဂါထာအချို့ကို နှုတ်ရဆောင်ထား၍ ပူဇော်လိုသော် ပူဇော်နိုင်ရန် လည်းကောင်း, စာအုပ်နှင့်ပင် ပူဇော်လိုက ပူဇော်နိုင်ရန်လည်းကောင်း ထည့်သွင်း ဖော်ပြလိုက်ပါသည်၊ အလွန်ကြည်ညိုအားရဖွယ် ကောင်းလှပါသည်။
ယခုဖော်ပြပါ ဂါထာများမှာ အလိုရှိ၍ လျှောက်ထားသဖြင့် သပြေကန် အရှင် ဝါသေဋ္ဌာဘိဝံသ ဆရာတော် ရေးသားချီးမြှင့်တော် မူအပ်သော ဂါထာများ ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ ချီးမွမ်းအပ်သော ဗုဒ္ဓဂုဏ်တော်များမှ ဂါထာ(၆)ပုဒ် ကိုသာ ဖော်ပြပါသည်။
၁။ သမုဒ္ဓရသိမံ လောကံ, သယမ္ဘူ အမိတောဒယ၊
တဝ ဒဿနမာဂမ္မ, ကင်္ခါသောတံ တရန္တိ တေ။
သယမ္ဘူ - ဆရာ မရှိ, ကိုယ်တိုင်သိကာ, ဘုရား ဖြစ်လာသော၊
အမိတောဒယ - အနဂုဏ်တော်တို့ ထွက်ပေါ်ထွန်းရာ, ရတနာသခင်, ရှင်တော်မြတ်ဘုရား၊
တွံ - ရှင်တော်မြတ်ဘုရားသည်။
ဣမံ လောကံ - လူနတ်ဗြဟ္မာ, ဤသတ္တဝါအပေါင်းကို၊
သမုဒ္ဓရသိ - သံသရာကိုဆန်, နိဗ္ဗာန်ရောက်အောင်, ထုတ်ဆောင်ကယ်တင်တော်မူ တတ်ပါပေ၏။
တဝ - ရှင်တော်မြတ်ဘုရားအား၊
ဒဿနံ - ဖူးမြော်တွေ့ဆုံရခြင်းကို၊
အာဂမ္မ - အကောင်းအမှု, အကြောင်းပြု၍၊
တေ - ထိုလူနတ်ဗြဟ္မာ, ပေါင်းများစွာတို့သည်၊
ကင်္ခါသောတံ - ဝိစိကိစ္ဆာ, သင်္ကာဗွေပြင်, ရေအလျဉ်ဩဃကြီးကို၊
တရန္တိ - မဂ်တိုင်ဖိုလ်ရောက်, အထူးပေါက် သဖြင့်, ကူးမြောက်နိုင်ကြရပါကုန်သည် ဘုရား။
၂။ တုဝံ သတ္ထာ စ ကေတု စ, ဓဇော ယူပေါ စ ပါဏိနံ၊
ပရာယဏော ပတိဋ္ဌာ စ, ဒီပေါ စ ဒွိပဒုတ္တမော။
တုဝံ - ရှင်တော်မြတ်ဘုရားသည်၊
သတ္တာစ - လူနတ်ဗြဟ္မာ သတ္တဝါတို့၏, ဆရာအစစ်, ဖြစ်လည်း ဖြစ်တော်မူပါပေ၏၊
ကေတုစ - လောကဓာတ်လုံး, အမြတ်ဆုံးမှန်, အလံများတွင်, ထွတ်ဖျားတင့်ဖုံး, အမြင့်ဆုံးဧကန်, အလံသဖွယ်လည်း ဖြစ်တော်မူပါပေ၏။
ဓဇောစ - ဂုဏ်တော်အစဉ်,လွန်ပေါ်လွင်လျက်, ထင်ရှားလွန်စွာ, တံခွန်ပမာလည်း ဖြစ်တော်မူပါပေ၏၊
ယူပေါစ - နတ်လူများသော်, ပူဇော်ရာအစစ်, ယဇ်တိုင်ကြီးသဖွယ်လည်း ဖြစ်တော်မူပါပေ၏၊
ပါဏိနံ - သတ္တဝါ မှန်သမျှတို့၏၊
ပရာယဏောစ - အမြတ်ဆုံးမှန်စွာ, ကိုးကွယ် ဆည်းကပ်ရာလည်း ဖြစ်တော်မူပါပေ၏၊
ပတိဋ္ဌာစ - သံသရာချောက်, မကျရောက်ဖို့ ထောက်ရာ တည်ရာလည်း ဖြစ်တော်မူပါပေ၏၊
ဒီပေါစ - ကျွန်းကြီးပမာ, မှီခိုအားထားရာလည်း ဖြစ်တော်မူပါပေ၏။
ဒွိပဒုတ္တမောစ - ခြေနှစ်ချောင်းရှိသူ, နတ်လူများတွင်, ဉာဏ်အင်လွှမ်းဖုံး, အမြတ်ဆုံးလည်း ဖြစ်တော်မူပါပေ၏။
၃။ သက္ကာ သမုဒ္ဒေ ဥဒကံ, ပမေတုံ အာဠှကေန ဝါ၊
န တွေ၀ တဝ သဗ္ဗညု၊ ဉာဏံ သက္ကာ ပမေတဝေ။
သမုဒ္ဒေ - မဟာသမုဒ္ဒရာ၌၊
ဥဒကံ - တည်နေရှိနေ ရေမှန်သမျှကို၊
အာဠှကေန - ပြည်ဝင်ခွက်ဖြင့်၊
(ဝါ အနက်မရှိ)
ပမေတုံ - အဘယ်မျှရှိ သိသာစရာ, ချင့်တာ ရေတွက်ခြင်းငှာ၊
သက္ကာ - စွမ်းနိုင်ဖွယ်အရေး ရှိသော် ရှိရာသေး၏၊
သဗ္ဗညု - သိစရာအစုံ, အကုန်အစင်, စုံလင်သိတတ်, ရှင်တော်မြတ်ဘုရား၊
တဝ - ရှင်တော်မြတ်ဘုရား၏၊
ဉာဏံ - သူငါမပိုင်, ဉာဏ်မမီနိုင်ခဲ, နက်နဲဧကန်, ဉာဏ်တော်မြတ်ကို၊
ပမေတဝေ - ဤရွေ့ဤမျှ ဂဏန်းချလျက်, မှန်းဆရေတွက်ခြင်းငှာ၊
န တွေဝ သက္ကာ - ဉာဏ်ကားမကုန် အစွမ်းကုန်လျက်, လုံးစုံပြီးပိုင်, မတတ်နိုင် သည်သာ ဖြစ်ပါတော့သည် ဘုရား။
၄။ ဓာရေတုံ ပထဝိံ သက္ကာ, ထပေတွာ တုလမဏ္ဍလေ၊
န တွေဝ တဝ သဗ္ဗညု ဉာဏံ သက္ကာ ဓရေတဝေ။
ပထဝိံ - ကမ္ဘာမြေကြီးကို၊
တုလမဏ္ဍလေ - ချိန်ခွင်ခွက်ဝိုင်း၌၊
ထပေတွာ - တင်ထား၍၊
ဓာရေတုံ - ဆောင်ခြင်းငှာ၊
သက္ကာ - တတ်နိုင်ဖွယ်ရာ, ရှိကောင်းရှိပါသေး၏။
သဗ္ဗညု - အလုံးစုံသိမြင်,သဗ္ဗညုမြတ်အရှင်၊
တဝ - ရှင်တော်မြတ်ဘုရား၏၊
ဉာဏံ - နှိုင်းဆဖို့ရန်, အမှန်မလျော်, ဉာဏ်တော်မြတ်ကြီးကို၊
ဓရေတဝေ - ခံနိုင်လောက်သား, အားရှိမယွင်းမှ ဆောင်ထားခြင်းငှာ၊
န တွေဝ သက္ကာ - ထုထည် ပမာဏ, တားမရသဖြင့်, ဘာမျှထမ်းပိုင်, မစွမ်းနိုင်တော့ပါ ဘုရား။
၅။ အာကာသော မိနိတုံ သက္ကာ, ရဇ္ဇုယာ အင်္ဂုလေန ဝါ၊
န တွေ တ၀ သဗ္ဗညု, ဉာဏံ သက္ကာ ပမေတဝေ။
အာကာသော - ဆုံးစမထင်, ကောင်းကင်ပြင်ကို၊
ရဇ္ဇုယာ - တာကြိုးဖြင့်သော်လည်းကောင်း၊
အင်္ဂုလေနဝါ - လက်သစ်ဖြင့်သော်လည်းကောင်း၊
မိနိတုံ - တိုင်းတာခြင်းငှာ၊
သက္ကာ - တတ်နိုင်ဖွယ်ရာ ရှိပါသေး၏၊
သဗ္ဗညု - သိဖွယ်မှန်သမျှ မကျန်ရအောင်, လုံးဝသိမြင်, ရှင်တော်မြတ်ဘုရား၊
တဝ - ရှင်တော်မြတ်ဘုရား၏၊
ဉာဏံ - သဗ္ဗညုတ, မည်ရအကျော်, ဉာဏ်တော်ကြီးကို၊
ပမေတဝေ - ဘယ်မျှဟုပိုင်း နှိုင်းကာနှိုင်းကာ, တိုင်းတာခြင်းငှာ၊
န တွေဝ သက္ကာ - ဘယ်အတိုင်းအတာ, ဘယ်သင်္ချာမျှ မပြမှမ်းပိုင်, မစွမ်းနိုင်တော့ပါ ဘုရား။
၆။ မဟာသမုဒ္ဒေ ဥဒကံ, ပထဝီစာ.ခိလံဇဋံ၊
ဗုဒ္ဓညာဏံ ဥပါဒါယ, ဥပမာတော န ယုဇ္ဇရေ။
မဟာသမုဒ္ဒေ - သမုဒ္ဒရာပြင်ကျယ်, ပင်လယ်ပြင်ကြီးအတွင်း၌၊
ဥဒကံစ - ရေမှန်သမျှသည် လည်းကောင်း၊
ပထဝီစ - ကမ္ဘာမြေကြီးသည် လည်းကောင်း၊
အခိလံ - အလုံးစုံသော၊
အဇဋံစ - အဇဋာပြင်, ကောင်းကင်တစ်ဝန်းလုံးသည် လည်းကောင်း၊
တေ - ကြီးကျယ်လှဆို, ထိုအရာအားလုံးတို့သည်၊
ဗုဒ္ဓညာဏံ - ဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးကို၊
ဥပါဒါယ - ထောက်စာသည်ရှိသော်၊
ဥပမာတော - တူတန်လိမ့်နိုး, ချိန်ထိုးဖွယ်ရာ, ဥပမာအားဖြင့်၊
န ယုဇ္ဇရေ - ဉာဏ်တော်ထူးကဲ, တူနိုင်ပဲမို့, အကဲသွင်ပြ, ယှဉ်မရကြပါကုန်ဘုရား။
[အပြည့်အစုံ အလိုရှိသူများ အပဒါန်ပါဠိတော်မှာ ရှုပါ။]
အတုမရှိသော လုံ့လတော်
အတ္ထိ တေ ဇိန ဝါယာမော, ယေန လောကဂရူ ဘဝေ၊
ပယတ္တဂုဏသမ္ပန္န, ဝန္ဒနံ မေ ပဋိဂ္ဂဟ။
ဇိန - ငါးမာရ်အောင်မြင်, ရှင်တော်မြတ်ဘုရား၊
ယေန - ပါရမီမြောက်, ပေါက်ရောက်ခဲ့ရာ, သမ္မာဝါယာမ, အကြင် ဝီရိယတော်မြတ်ကြောင့်၊
လောကဂရူ - တစ်လောကလုံး, ညွှတ်ရုံးလေးမြတ်, မြတ်နိုးအပ်ရာ, မြတ်ဆရာသည်၊
ဘဝေ(ဘဝတိ) - အားကိုးထောက်တည် မှီရာအနေ ဖြစ်ပါပေ၏၊
တေ - အများတွက်တာ, သက်ညှာကြိုးစား, ရှင်တော်မြတ်ဘုရားအား၊
သော ဝါယာမော - လောကဓာတ်သား, နတ်များလူတို့ အားထားစလောက် ပြောင်မြောက်ခဲ့ရာ, သမ္မာဝါယာမ, ထိုဝီရိယတော်မြတ်သည်၊
အတ္ထိ - အလွန်သွက်လက်, ကျိန်းစက်နည်းပါး, အနားမနေ, ရှိခဲ့ပါပေ၏၊
ပယတ္တဂုဏသမ္ပန္န - အကျိုးရှိသူ, နတ်လူအရပ်ရပ်, အမှတ်တရ မပြတ်တသည့်, ပယတ္တ ဂုဏ်ရည်, စုံညီထင်ရှား, ရှင်တော်မြတ်ဘုရား၊
မေ - အရှင်မြတ်၏, ဝီရိယဂုဏ်, အာရုံပွားသည့် ဘုရားတပည့်တော်၏၊
ဝန္ဒနံ - သဒ္ဓါပွင့်ဖတ်, အထပ်ထပ်တို့ ချပ်လွှာပွင့်ဖြိုး, ဆင့်ဆင့်တိုးလျက်, ရှိခိုး ကန်တော့ခြင်းကို၊
ပဋိဂ္ဂဟ - ကရုဏာမှီ, နှလုံးရည်ဖြင့်, အကြည်အသာ, ခံယူတော်မူပါ အရှင်မြတ်ဘုရား။
(ဆရာတော်အရှင်ဝါသေဋ္ဌာဘိဝံသ)
မိမိသိသလို အများကို သိစေတော်မူခြင်း
ပညတ္တာ တေန နိဗ္ဗာန-ဂါမိနီ ယာ ပဋိပဒါ၊
ဂင်္ဂေါဒံ ယမုနာဒေန သမေတီဝ ဒ္ဓယမ္ပိ စ၊
ပညာပေတာရမေဝညံ, န ပဿာမ ကဒါစိပိ။
တေန - မဟေသီဟု, ဂုဏ်ရည်ထင်ရှား, ထို ငါတို့ ရှင်တော်မြတ်ဘုရားသည်၊
နိဗ္ဗာနဂါမိနီ - နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ကြောင်းအစစ်, အမှန်ပင် ဖြစ်ပေထသော၊
ယာ ပဋိပဒါ - ပဇ္ဈိမပဋိပတ်, အကြင်မဂ္ဂင်အကျင့်မြတ်ကို၊
ပညတ္တာ - ကိုယ်တော်တိုင်သိ, တပည့်တစ်တွေ သိစေထုတ်ဖော်, ပညတ်တော် မူအပ်ပါပေ၏။
ဧတံ ဒွယမ္ပိစ - ထို နိဗ္ဗာန်နှင့်ပဋိပတ်, အမြတ်နှစ်ပါးတရားတော်သည်လည်း၊
ဂင်္ဂေါဒံ - ဂင်္ဂါမြစ်ရေသည်၊
ယမုနောဒေန - ယမုနာမြစ်ရေနှင့်၊
သမေတိဝ - မကွဲမပြား, အခြားမရှိ နှီးနှောညီညွတ်လေဘိ သကဲ့သို့၊
သမေတိ - နှီးနှောမိလေ, ညီညွတ်ပါပေ၏၊
ဧဝံ - ဤသို့ နိဗ္ဗာန်နှင့် ပဋိပတ်, စပ်မိလေအောင်, ထုတ်ဆောင်ညွှန်ကြား တို့ ဘုရားမြတ်ကဲ့သို့၊
ပညပေတာရံ - အများအသိ, တရားမိအောင်, ထုတ်ဆောင်ပညတ်နိုင်သော၊
အညံ - တို့ဘုရားနှင့်, မခြားမကွာ, တစ်ပါးဆရာတစ်ယောက်ကို၊
ကဒါစိပိ - အတိတ်ရှေးခါ, ယခုခါနှင့် နောင်ခါသမယမှ ဘယ်အခါကာလမှာမှ၊
န ပဿာမ - တို့သခင်နှင့်, ယှဉ်ဖွယ်ထောက်ဆ, တစ်ယောက်မျှပင်, မတွေ့မမြင်ကြရပါပေ။
ပြောသလို လုပ်
လုပ်သလို ပြောသောဂုဏ်
ယထာဝါဒီ တထာကာရီ, ယထာကာရီ တထာဝါဒီ၊
ဇိနော နော နေဒိသံ အညံ, တီတေ ပဿာမ ဒါန စ။
နော ဇိနော - ငါးပါးမာရ်စုံ, ရန်သူပုန်ကို, အကုန်နှင်တတ်, ငါတို့ရှင်တော်မြတ် ဘုရားသည်၊
ယထာဝါဒီ - အကြင်သို့သော်, နှုတ်တော်ချက်ကျ မြွက်ဟတော်မူတတ်၏၊
တထာကာရီ - နှုတ်တော်မြွက်ငြား, ထိုစကားနှင့် မပြားမကွဲ, မလွဲစေမှု, ပြောသလို ပြုတတ်ပါပေ၏၊
ယထာကာရီ - ကိုယ်တော်တိုင်ပြု, အမှုဆင့်ဆင့်, အကြင်သို့ ပြုကျင့်တော်မူတတ်၏၊
တထာဝါဒီ - အပြုတစ်ပါး ပြောတခြားဟု, ကွဲပြားမရှိ, တိကျသေချာ, ပြုသလို ပြောတော်မူတတ်ပါပေ၏၊
ဤဒိသံ - ပြောသလိုပြုမူ ပြုသလိုပြော, သဘောနှစ်ပါးမှ မကွဲပြားဘဲ, လွဲမှား မရှိ, မုနိထွတ်ထား, တို့ဘုရားနှင့် မခြားတမူ, အလားတူဖြစ်သော၊
အညံ - တို့ဘုရားလို, အားထားစလောက်, အခြားဆရာတစ်ယောက်ကို၊
အတီတေစ - လွန်ခဲ့လေရာ, ရှေးအတိတ်အခါက လည်းကောင်း၊
ဒါနိစ - မျက်မြင်လောက, ယခုကာလ၌လည်းကောင်း။
န ပဿာမ - အကျင့်အရာ, အဆင့်သာသဖြင့်, အဘယ်မှာမှ ရှာမရ၍ မတွေ့မမြင် ကြရပါပေ၏။
[ဤနှစ်ဂါထာမှာ သုတ်မဟာဝါပါဠိတော်မှ ထုတ်နုတ်၍ အရှင် ဝါသေဋ္ဌာဘိဝံသ ချီးမြှင့်ပါသည်။]
အတုမရှိသော သြဝါဒ
နမတ္ထု အတုလောဝါဒဿ။
အတုလောဝါဒဿ - သုံးဆယ့်တစ်ဘုံ, အလုံးစုံတွင်, ဘက်မမြင်သော ဩဝါဒရှိတော်မူထသော၊
ဝါ - တူသောဩဝါဒရှိသော ပစ္စေက ဗုဒ္ဓသာဝက စသည်တို့လည်းမဟုတ်ထသော၊
ဝါ - တူသောဩဝါဒရှိသော ပစ္စေကဗုဒ္ဓါ, သာဝကတို့ထက် ကြီးကဲ လွန်မြတ်တော်မူထသော၊
ဝါ - ကာမသုခလ္လိကာနုယောဂေါဝါဒ, အတ္တကိလမထာနုယောဂေါဝါဒ ကဲ့သို့ ယုတ်လွန်း လွန်လွန်းသော ဩဝါဒကိုမပြု၊ ဟိုဘက် သည်ဘက်မပါ အလယ် တည့်မတ်စွာသော စည်းချိန်ခွင်ညှာ နှင့်အတူ အလှူပေးခြင်း ဒါန, ငါးပါး-ရှစ်ပါး-ဆယ်ပါး,၂၂၇-ပါးသော သီလ,ဘာဝနာကုသိုလ် တရားတို့ဖြင့်ပြီးသော မဂ္ဂင်ရှစ်ပါး ဟူသော မဇ္ဈိမပဋိပဒေါဝါဒရှိတော်မူထသော၊
ဝါ - ချိန်နှင့်မတူ, ယုတ်လွန်း, လွန်လွန်းသော ဩဝါဒရှိသူ မိစ္ဆာဒိဋ္ဌိလူတို့နှင့် အယူဝါဒ အားဖြင့် ဆန့်ကျင်ဘက် ဖြစ်ထသော၊
ဝါ - ချိန်လိုမဟုတ်, ယုတ်လွန်း လွန်လွန်းသောဩဝါဒ နှစ်မျိုးကို ကောင်းကောင်းကြီး ချိုးဖဲ့ ကဲ့ရဲ့တော်မူလေ့ရှိတော်မူထသော၊
ဝါ - ကိုယ်တော်မြတ်နှင့် ဖက်ပြိုင်အံတု ဆုံးမခြင်းကို ပြုနိုင်သူတို့မှ ဆိတ်တော် မူထသော၊
ဝါ - အတုမရှိသော ဩဝါဒရှိတော်မူသော ရှေးဘုရားရှင်တို့နှင့်သာ တူတော် မူထသော။
ဝါ - တူသောဩဝါဒရှိသော ပုဂ္ဂိုလ်တို့မှ ဂုဏ်အားဖြင့် တစ်ပါးတခြား ချည်းလည်း ဖြစ်တော်မူထသော၊
ဝါ - တူသော ဩဝါဒရှိသူတို့မှ လွန်စွာ ကွာဝေးတော်မူထသော၊
ဝါ - သေးသေးသိမ်သိမ် နှိုင်းချိန်လောက်သော ဩဝါဒ ရှိသည်မဟုတ်, ကြီးကြီးကျယ်ကျယ ပိဋကတ် သုံးသွယ် အံ့ဖွယ်သော ဩဝါဒ ရှိတော်မူထသော၊
တဿ - ထို မြတ်စွာဘုရားသခင်, သုံးဦးလူတို့၏ ကျေးဇူးရှင်အား၊
မေ - ကျွန်ုပ်၏။
နမော - ရိုသေညွတ်နူး, အထူး ရှိခိုးခြင်းသည်၊
အတ္ထု - ဖြစ်ပါစေသတည်း။
(ပထမရွှေကျင်ဆရာတော်ဘုရားကြီး)
Comments
Post a Comment