Skip to main content

လူ့ချမ်းသာ

လူ့ချမ်းသာ

▬▬

အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)

သဗ္ဗညုတ ဉာဏ်တော် အစွမ်းတော် ၃-ပါး

▬▬

၁။ သိရန်မှန်က၊ မကျန်ရအောင်၊
လုံးဝစုံလင်၊ အကုန်မြင်၊
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

၂။ သိသည့်တရား၊ များအပြား၌၊
ဟောထားစဖွယ်၊ နည်းသွယ်သွယ်ကို၊
ခြယ်လှယ်စုံလင်၊ အကုန်မြင်၊
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။ ။

၃။ ကျွတ်ထိုက်ကြပေ၊ များဝေနေ၏၊
ဣန္ဒြေစရိုက်၊ သူ့အကြိုက်ကို၊
နှိုက်ချွတ်စုံလင်၊ အကုန်မြင်၊
သဗ္ဗဉ်ဉာဏ်တော် အစွမ်းတည်း။

သဗ္ဗဉ်ဉာဏ်အား၊ စွမ်း ၃-ပါးကြောင့်၊
အများဝေနေ၊ ကျွတ်လွတ်စေဖို့၊
မနေမနား၊ သက်တော်အားဖြင့်၊
ကြီးမားလေဘိ၊ ရှစ်ဆယ်ရှိ၍၊
ပရိနိဗ္ဗာန်၊ စံသည့်တိုင်အောင်၊
သယ်ယူဆောင်၊ ဘုန်းခေါင် ငါတို့ ဘုရားတည်း။

စဉ်ဆက်သာသနာ တည်စေသောဝ်

▬▬

အကယ်၍သာ -

မြတ်ဗုဒ္ဓသည် လူ့ရွာထင်ရှား မပွင့်ငြားက ဤကား ကုသိုလ် အကုသိုလ်နှင့် ထိုထို ဘုံဘ၀ မသိရ များလှ အပြစ်တွေ။

ယခုသော်ကား -

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ်တရားကြောင့် ဤကား ကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။

ဂန္ဓာရုံရှင် တို့သခင်သည် -

ထွဋ်တင်ဗုဒ္ဓံ ဟောညွှန်ပြသည့် ဓမ္မဒေသနာ အဖြာဖြာကို များစွာဗိုလ်လူ သိစိမ့်ဟူ၍ ဆူဆူကျမ်းစာ ကိုယ့်ဘာသာဖြင့် ဖွင့်ရာပြရာ များဋီကာဟု စာဝါမျိုးမျိုး ကမ္ပည်းထိုးခဲ့ နောင်ကျိုးကိုမျှော် ဆရာတော်၏ ဉာဏ်တော် စေစား နှလုံးသားမှ ကိုးစား လောက်ဖွယ် ကျမ်းသွယ်သွယ်ကို မကွယ်မပျောက် စဉ်ထွန်း တောက်ဖို့ များမြောက် ကျေးဇူး အထူးထူးကို ညွတ်နူးရည်လျက် တို့ဆောင်ရွက်သည်။

စဉ်ဆက်သာသနာ တည်စေသောဝ်။

ဣဒံ နော ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု

မာတိကာ

▬▬

၁။ ကျမ်းဦးအမှာစကား
၂။ အချီနိဒါန်း
၃။ ဆင်းရဲနှင့် ချမ်းသာပြခန်း
၄။ စကြဝဠာနှင့် သတ္တဝါအနန္တကို ပြခန်း
၅။ ပဋိသန္ဓေ အမျိုးအစားနှင့် လူ့ ပဋိသန္ဓေပြခန်း
၆။ ငါးနှစ်အရွယ် ချမ်းသာဖွယ်ပြခန်း
၇။ ၅-နှစ်မှ ၁၀-နှစ်သားအထိ အောက်တန်း ပညာသင်ချိန် ပြခန်း

လူ့ချမ်းသာ

▬▬

ကျမ်းဦးအမှာစကား

▬▬

ထူးခြားသော လူ့ဘဝ

ဒုလ္လဘော မနုသတ္တပဋိလာဘော - ဟု လူ့ဘဝကို ရခဲလှသော ဘဝအဖြစ် ဘုရားရှင်က ဟောတော်မူခဲ့၏။ ရခဲ့ရုံသာလော။ ဤမျှမကသေးပါ။ ထူးခြားသော ဂုဏ်များရှိနေ သော ဘဝလဲ ဖြစ်ပါ၏။ ရှင်တော်မြတ်ဘုရားက ဇမ္ဗူဒိပ်လူများသည် မြောက်ကျွန်းသူ-မြောက်ကျွန်းသား၊ တာဝတိံသာ နတ်များကို အကြောင်းသုံးပါး တို့ဖြင့် သာလွန် လွှမ်းမိုးနိုင်ကြောင်း၊ အကြောင်းသုံးပါးမှာ ရဲရင့်ခြင်းလွန်ကဲသော သတိရှိခြင်းဤ ဒေသက မဂ်ဟူသော ဗြဟ္မစရိယကျင့်သုံးမှု ရှိခြင်းများ ဖြစ်ကြောင်း ဟောတော်မူခဲ့၏။

နတ်ဘဝကား ချမ်းသာလှသော ဘဝဖြစ်ရာ ချမ်းသာဖြင့် ယစ်မူးမေ့လျော့ နေကြသော နတ်များမှာ ခိုင်မြဲသော သတိမရှိကြ။ မြောက်ကျွန်းလည်း လူ့ဘုံတွင် မပူပင် မကြောင့်ကြ အစစ ပြည့်စုံကာ ချမ်းသာသော ဒေသတခုဖြစ်ရာ ထို ချမ်းသာဖြင့် ကျေနပ်နေကြ မေ့နေကြ၍ ခိုင်မြဲသော သတိမရှိကြ။

ငရဲဘဝကျပြန်တော့ ဒုက္ခချည်း ခံနေရသော ဘဝဖြစ်ရာ ဘယ်မှာ သတိဖြစ်နိုင် ပါအံ့နည်း။ ထိုသို့ ချမ်းသာလှ, ဆင်းရဲလှသော ဘဝများဖြစ်၍ပင် ရဲရင့်မှုလဲ မရှိနိုင်ကြ။ လူ့ဘဝကား ချမ်းသာဆင်းရဲ ရောပြွမ်းနေသော ဘဝဖြစ်ရာ မြောက်ကျွန်းမှ တာဝတိံသာတို့ထက် ရဲရင့်ကြ သတိရှိကြ၏။ ဇမ္ဗူဒီပ လူ့ဌာနကား ဘုရား ပစ္စေကဗုဒ္ဓတို့ ပေါ်ထွန်းရာ အဖြစ်ဖြင့်လည်း ယခင် ဌာနတို့ထက် ထူးခြား ရ၏။ ဤကား မြောက်ကျွန်း လူ့ဘဝတို့ထက် ထူးခြားသော လူ့ဘဝဂုဏ်ရည်ပင် ဖြစ်ပါ၏။

နတ်များက ချီးကျူး ဂုဏ်တင်ရသော ဘဝ

▬▬

နတ်များက လူ့ဘဝကို ချီးကျူး ဂုဏ်ပြုပုံ ဗုဒ္ဓ ရှင်တော်ဘုရား ဟောကြားတော် မူသော ပဉ္စပုဗ္ဗနိမိတ္တသုတ်မှာ ဣတိဝုတ်ပါဠိတော်၌ လာ၏။ ရဟန်းတို့ ... နတ် တယောက်ယောက် စုတေမည် ရှိသောအခါ ပုဗ္ဗနိမိတ် (သေတော့မည့် ရှေ့ပြေး နိမိတ်များ) ထင်လာကြ၏။ ပန်းတွေညှိုးလာရ၏။ ဝတ်စားတန်ဆာတွေ ညစ်နွမ်း မှေးမှိန်လာရ၏။ ချိုင်းကြား ကိုယ်ခန္ဓာမှ ချွေးများ ယိုထွက်လာကြ၏။ ကိုယ်အဆင်း ယိုယွင်း ဖောက်ပြန်လာ၏။ နတ်ပြည်၌မပျော်တော့။ ထိုအခါ နတ်များက သုံးခွန်းသော စကားတို့ဖြင့် သက်သာရာရ ဝမ်းမြောက်စေကြကုန်၏။

ဣတော ဘော သုဂတိံ ဂစ္ဆ = အိုနတ်သား … ဤနတ်ပြည်မှ သုဂတိဘဝသို့ သွားပါလေ။
သုဂတိံ ဂန္တွာ သုလဒ္ဓလာတံ လဘ = သုဂတိဘဝရောက်တော့ ကောင်းစွာ ရအပ်သော လာဘ်လာဘကို ရအောင် ပြုပါလော။
သုလဒ္ဓလာဘံ လဘိတွာ သုပ္ပတိဋ္ဌိတော ဘဝါဟိ = ကောင်းစွာ ရအပ်သော လာဘ်လာဘကို ရပြီးသော် ကောင်းစွာ တည်တံ့သူ ဖြစ်ပါလေ။

ဤသို့ စုတေခါနီးနတ်အား နတ်အများက ဝမ်းမြောက် စေရေး အားပေးစကားသုံးခွန်း မြွက်ကြား အားပေးကြကြောင်း ဘုရားရှင်က မိန့်ကြားတော်မူခဲ့၏။

ရဟန်းအမေး ဘုရားအဖြေ

▬▬

ထိုအခါ ရဟန်းတပါးက လျှောက်ထား မေးမြန်း၏။ မြတ်စွာဘုရား ... သုဂတိဘဝ သွားခြင်းဟု နတ်တို့က ချီးကျူးဂုဏ်တင် ပြောကြားအပ်သည်မှာ ဘယ်လို ဘဝပါနည်း၊ ကောင်းစွာ ရအပ်သော လာဘ်လာဘဟု ဂုဏ်ပြုချီးကျူး အပ်သည်မှာ ဘယ်လို လာဘ်လာဘပါနည်း။ ကောင်းစွာ တည်တံ့သူဟု ဂုဏ်ပြုချီးကျူး ပြောဆိုအပ်သူမှာ ဘယ်လို ပုဂ္ဂိုလ်ပါနည်း။

ဘုရားရှင်၏အဖြေမှာ ဤသို့တည်း။

ရဟန်း … နတ်တို့က သုဂတိသွားခြင်းဟု ဂုဏ်ပြုချီးကျူးအပ်သော ဘဝမှာ လူ့ဘဝပင်ဖြစ်၏။ လူဖြစ်သည်ရှိသော် ငါဘုရား သာသနာ၌ သဒ္ဓါတရားကို ရ၏။ ဤ ရအပ်သော သဒ္ဓါတရားမှာ နတ်တို့က ကောင်းစွာရအပ်သော လာဘ်ဟု ဂုဏ်ပြု အပ်သော တရားပင်ဖြစ်၏။ ထိုသဒ္ဓါသည် ကောင်းစွာ တည်မြဲ အမြစ်စွဲလျက် မည်သည့် နတ်ဗြဟ္မာ သမဏ ဗြာဟ္မဏကမျှ ရွေ့ရှားတိမ်းပါးအောင် မတတ်နိုင် သည်ဖြစ်မူ ထိုပုဂ္ဂိုလ်မှာ နတ်များက ကောင်းစွာ တည်တံ့သူဟု ဂုဏ်ပြုအပ်သော ပုဂ္ဂိုလ်ပင် ဖြစ်တော့သည်။

လူချမ်းသာ လူတိုင်း မရ

▬▬

လူ့ဘဝကို နတ်တွေက သုဂတိဟု ဂုဏ်တင်၍ လိုလိုလားလား အရောက်သွားဖို့ ညွှန်ကြားကြသည်။ မိမိတို့ လူသားများအဖို့ ဂုဏ်ယူဖွယ်ပင် ဖြစ်ပါ၏။ တို့ အရတော်လှပါပေစွဟု အားရဖွယ်လဲ ဖြစ်ပါ၏။ သိုသော် နတ်တွေက ဂုဏ်တင်ရသော လူ့ဘဝ ရစေကာ လူ့ဘဝချမ်းသာကို လူတိုင်း ခံစားရသည်ကား မဟုတ်။ အချို့ချမ်းသာ၍ အချို့မှာ မချမ်းသာ။ ဤသို့ ဖြစ်ရသည်မှာ ချမ်းသာအောင် ပြုတတ် မပြုတတ်သော ဘယ်သူမပြု မိမိမှုပင်ဟု ဤလူ့ချမ်းသာ စာအုပ်က ထောက်ပြခဲ့ပါသည်။

ပယောဂလိုသည်

▬▬

နတ်ပြည်မှာ မပူပင် မကြောင့်ကြရ။ အဆင်သင့် အရံသင့်ရသော သုခတို့ဖြင့် တင့်တယ်စွာ ခံစား စံစား နေရသည်ဖြစ်ရာ သူတို့ချမ်းသာတွေမှာ ကံအကျိုးကြောင့် ရသော ချမ်းသာတွေဖြစ်၏။ သူတို့ကား - န ဥဋ္ဌာနဖလူပဇီဝီ = ဝီရိယအကျိုးမှီ အသက်မွေးကြရသူတို့ မဟုတ်။ ကမ္မဖလူပဇီဝီ = ကံကျိုးသက်သက်မှီလျက် အသက်မွေး ကြရသူတွေ ဖြစ်ပါ၏။ ကံတည်းဟူသော မိတ်ဆွေက ချမ်းသာတွေ ဆက်ပေးလျက်ရှိရာ ဘာမျှမပူကြရ မကြောင့်ကြရ အလိုအတိုင်း ပြည့်စုံလျက်သာ ရှိ၏။

လူ့ဘဝကား ဥဋ္ဌာနဖလူပဇီဝီ = လုံ့လဝီရိယ အကျိုးမှီလျက်လဲ အသက်မွေးရ, ကမ္မဖလူပဇီဝီ = ကံအကျိုးမှီလျက်လဲ အသက်မွေးရသော ပုဂ္ဂိုလ်မျိုးဖြစ်၏။ အချို့ လုပ်လုပ်စားစား ဆိုသလို စီးပွားမဖြစ်။ သူတို့ကား လုံ့လအကျိုးမျှ မှီလျက် အသက်မွေးရသော ပုဂ္ဂိုလ်မျိုးပင်။

အချို့ကမူ လုပ်သလောက် ခရီးရောက်လျက် ကြီးပွားတိုးတက် ကြ၏။ သူတို့ ကံ လုံ့လ နှစ်မျိုး အကျိုးမှီလျက် အသက်မွေး နေသူတွေ ဖြစ်၏။ ထို့ကြောင့် လူ့ဘဝ လူ့ချမ်းသာမှာ မကြိုးစားပဲ အရံသင့်ဖြစ်လာသည် မဟုတ်။ မိမိပယောဂ, မိဘ ဆရာသမား အစောင့်အရှောက်ကို ခံယူကြရ၏။ ထို့ကြောင့် ဆရာတော်က လူ့ဘဝ၌ အေးချမ်းသာယာစွာ နေရမည့် “လူ့ချမ်းသာ”ကို ထုတ်ဖော် တင်ပြခဲ့ပါပေသည်။

ကရုဏာရှင်

▬▬

လူ့ပြည်၌ ချမ်းသာစွာ နေနိုင်ပါလျက် မနေတတ်၍ မချမ်းမသာ ဖြစ်နေရသော လူတွေကို မြင်နေရသော ဆရာတော်အဖို့ လူ့ဘဝချမ်းသာရေး နည်းပေး လိုသောဆန္ဒ ကရုဏာ ဖြစ်လာသည်မှာ အဆန်း မဟုတ်ပါ။ ဆရာတော်ကား တကယ့် ကရုဏာရှင် ဖြစ်တော်မူပါသည်။ ဤကရုဏာက သာသနာ့အကျိုး, လောကအကျိုး အမြဲတမ်း သယ်ပိုးနိုင်အောင် နှိုးဆော်ပေးလျက် ရှိပါသည်။

ထိုသို့ ကရုဏာတရား စေစားချက်အရပင် ခေတ်ပြင် တရားများ ဟောပြောခဲ့၏။ စာပေပို့ချ သာသနာ့ဝန် စွဲစွဲမြဲမြဲ ထမ်းဆောင်ခဲ့၏။ ကျမ်းဂန်တွေ အများအပြား ရေးသားတော် မူခဲ့၏။ တကယ့် ပုဂ္ဂိုလ်မြတ်တို့၏ ကရုဏာ ဆိုသည်မှာလည်း ကိုယ်တွေ့ လက်ရှိ ကရုဏာရှင်ကိုသာ သိနိုင်၏။

“ပညာရှိတို့၏ ပင်ပန်းခြင်းကို ပညာရှိမှ သိနိုင်၏။ သားဖွားမှု ဒုက္ခကို အမြုံမက မသိ”ဟုပညာရှိတို့ ဆိုကြ၏။ သား၌ ချစ်မှု သနားမှု ဆိုသည်မှာလည်း အမြုံမအရာ မဟုတ်။ သားဖွားဘူးသော မိခင်၏အရာသာ။ ဤသို့ဆိုလျှင် ပညာရှိတို့သာ နားလည် နိုင်သော ပညာရှိဆရာတော်၏ ကရုဏာအရ ဤလူ့ချမ်းသာ ဖြစ်လာရခြင်းသည် သဘာဝအတိုင်းသာ ဖြစ်ပါပေ၏။

လူ့ချမ်းသာ ဆိုသည်မှာ

▬▬

အချို့က မင်းစိုး သဌေး သူကြွယ် စသည်တို့၏ ပြည့်စုံသော ဘဝ ချမ်းသာကို လူ့ချမ်းသာဟု ထင်ကြ၏။ အချို့က ပညာရှိမှ၊ အချို့က ကျန်းမာမှဟု မိမိအမြင်အရ အမျိုးမျိုး ဆိုကြပေလိမ့်မည်။ လူ့ချမ်းသာဆိုသည်မှာ အဘယ်နည်း မေးလျှင် အမျိုးမျိုးပင် ပြောကြမည်ဖြစ်၏။ အများကျေနပ်အောင် ပြည့်စုံ တိကျအောင် ပြောဖို့မလွယ်လှ။ ဤကျမ်း၌ ချမ်းသာဆင်းရဲ အခန်းဖြင့် ပထမစဖွင့်ခဲ့၏။ ကျမ်းဂန် အရ လည်းကောင်း၊ လောကသဘာဝ အရလည်းကောင်း ပြည့်ပြည့်စုံစုံ အကျိုးသင့် အကြောင်းသင့် တင်ပြထားသည်မှာ မှတ်သားဖွယ်ချည်းသာ ဖြစ်ပါပေ၏။

စကြဝဠာ သတ္တဝါ အနန္တ

▬▬

လူ့ချမ်းသာကို ရေးလိုသော် လူ့ဘဝ အစကိုရေးဖို့ လိုသေး၏။ ထိုအစ ပဋိသန္ဓေကို ရေးမည်ရှိသောအခါ ထိုဘဝဖြစ်ဖို့ အခြေခံကြောင်းများ ရှိနေရာ ထိုအကြောင်း များလဲ ချန်မထားသာ။ ထို့ပြင် ဘဝဟု ဖြစ်ရာ၌ လူသာမက အခြား သတ္တဝါ အနန္တလည်း ရှိနေကြသေး၏။ သူတို့မှာလဲ ဘဝဖြစ်လာဖို့ရာ အခြေခံအားဖြင့် လူနှင့် တူညီသော အကြောင်းများ ရှိခဲ့၏။ ထို့ပြင် သူတို့နေရာ စကြဝဠာအနန္တ တွေကလဲ ရှိနေသေး၏။ ထို့ကြောင့် စကြဝဠာနှင့် သတ္တဝါအနန္တဟု အခန်း တခန်း ဖွင့်ခဲ့ပြန်၏။ ဤအခန်းဖွင့်ရာ၌ အသိ ဉာဏ်ပညာ ကြီးမားခြင်းသည် စိတ်နေသဘောထား ကြီးမားကာ ချမ်းသာခြင်းအကြောင်း ဖြစ်၍ ပြရခြင်း ဖြစ်ကြောင်း မှာထားခဲ့ပါသည်။

လူ့ဘ၀ အစ

▬▬

လူ့ချမ်းသာ ရေးချင်က ဘဝအစ ပဋိသန္ဓေကရေးမှ ပြည့်စုံမည်မြင်၍ ပဋိသန္ဓေကို တခန်းရေးခဲ့၏။ ထိုအခိုက် ပြုပြင်ဖွယ်အမျိုးမျိုးနှင့်စပ် သိမှတ်ဖွယ်ရာ အဖြာဖြာတို့ကို ဝေဝေဆာဆာ ထုတ်ဖော် အပြည့်စုံအောင် ရေးထားပါသည်။ အဖြေခက်သော အချို့ အချက်အလက်များကိုလဲ အများကျေနပ်အောင် ရှင်းလင်း တင်ပြထားခဲ့၏။

ဤအခန်း၌လည်း ပဋိသန္ဓေနှင့်စပ်၍ အသိအလိမ္မာ ပညာ တိုးအောင် အမျိုးမျိုး စီစဉ်တင်ပြထားရာ ကျမ်းဆရာတဦး အနေဖြင့် တာဝန်ကျေလှပါသည်။

ငါးနှစ်အရွယ်အထိ

▬▬

ပဋိသန္ဓေမှ ငါးနှစ်အရွယ် ကလေးအတွက် မိဘတို့ တာဝန်လုံးလုံးလို ဖြစ်နေ၏။ ထို အချိန်ဝယ် ခန္ဓာကိုယ်အတွက် စိတ်အတွက် ပြုပြင်ပေးဖို့ရာ ပြုစုစောင့်ရှောက် သင်ပြနည်းများကို ပြသထားသည်မှာ တကယ် စိတ်ချမ်းသာမည့် ကလေး တယောက် ဖြစ်မြောက်လာဖို့ရာ လုံလောက်နေပါသည်။ ငါးနှစ်အရွယ် ချမ်းသာဖွယ် အခန်း၌ ကံ ဉာဏ် ဝီရိယနှင့် စပ်၍လည်းကောင်း၊ သမ္ပတ္တိ ဝိပတ္တိနှင့် စပ်၍ လည်းကောင်း သိမှတ်ဖွယ်ရာ အချက်အလက် များစွာကို ဝေဝေ ဆာဆာ ပြည့်စုံအောင် တင်ပြထားရာ လူအများ အသိဉာဏ်ပညာ တိုးပွားဖို့ရာ ဘယ်မျှ လိုလားတော်မူသည်ကို သိနိုင်ပါပေသည်။

နောက် အောက်တန်း ပညာသင်ချိန် အတွင်း မိဘ ဆရာ, ကလေးတို့၏ အသီးအသီး ပြုရမည့် တာဝန်များကို ပြထားသည်မှာလည်း ပြောဖွယ်ရာမရှိ စုံစီသေချာလှ ပါပေ၏။ သိမှတ်ဖွယ်ရာများလည်း မနည်းလှပေ။

ဖြည့်စရာရှိပါသည်

▬▬

ငါးနှစ်မှ ဆယ်နှစ်အထိ အောက်တန်းပညာ သင်ဖွယ်ရာအခန်းမှာ စာမူ အဆုံး သတ်သွားပါသည်။ ပျံလွန်တော်မူသည်အထိ ဤစာကို ဆက်မရေးဖြစ်ခဲ့။ သို့သော်လည်း ပြခဲ့ပြီး စာတွေအရ ရှေ့ဘာလုပ်သင့်သည်ကို ဆရာတော့် အာဘော်ကျ ပြည့်ပြည့်စုံစုံ မညွှန်ပြနိုင်သော်လဲ မှန်းဆနိုင်လောက်ပါ၏။

ဆရာတော့်အလိုမှာ လူတယောက် ချမ်းသာဖို့ ကိုယ်ကျန်းမာရေး စိတ်ထား မွန်မြတ်ရေး အသိအလိမ္မာ ဉာဏ်ပညာ ကြွယ်ဝရေး, အကျင့်စာရိတ္တ ကောင်းမွန်ရေး, တရားလိုက်နာ ကျင့်ကြံရေးများ သည်ပင် လူ့ချမ်းသာ ခံစားရဖို့ အကြောင်းများဟု ဆိုလိုပါလိမ့်မည်။

အကြောင်းမသင့် အခွင့်မသာ၍ ပြီးဆုံးအောင် မရေးဖြစ်သော်လည်း ဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာ ရတနာ့ဂုဏ်ရည် စသော ကျမ်းစာတို့က ကျန်နေသော အရွယ်ပိုင်းအတွက် လူ့ချမ်းသာ ခံစားဖို့ရာ ဖြည့်စွက်ညွှန်ကြားပေး နေလိမ့်မည်ဟု မြင်ရပါသည်။ ထိုကျမ်းတွေပါ ညွှန်ကြားချက် အတော် များများမှာ လူချမ်းသာခံစားဖို့ ညွှန်ပြနေသော အချက် အလက်တွေသာ ဖြစ်ကြောင်း ရေးသားတင်ပြ အမှာစကား ပါးလိုက်ရပါသတည်း။

အရှင်ဝါသေဋ္ဌာဘိဝံသ
၄၃၊ သီတင်းကျွတ်လဆန်း ၄-ရက်၊

......

လူ့ ချမ်း သာ

▬ஜ۩۞۩ஜ▬

အချီနိဒါန်း

▬▬

မြတ်စွာဘုရား၊ မြတ်တရားနှင့်၊ မြတ်သားသံဃာ။ အရိယာဟု၊ ရတနာ ၃-လီ၊ ဦးထိပ်စီလျက်၊ လောကီလူပေါင်း၊ အများကောင်းဖို့၊ ကျိုးကြောင်းစုံလင်၊ ရေးစီရင်အံ့၊ များဖြင့်လူ့ရွာ၊ လူဖြစ်ပါလည်း၊ လူသာမည၊ လူ့ဗာလတို့၊ ဒုက္ခထွေထွေ၊ ပင်လယ်ဝေသို့၊ ဖြစ်နေကြပုံ၊ စိတ်အာရုံကြောင့်၊ လူ့ဘုံလူ့လမ်း၊ လူ့အစွမ်းဖြင့်၊ လူ့ချမ်းသာ-သာ၊ ဖြစ်စေဟု၊ ကရုဏာထန်ပြင်း၊ မေတ္တာသွင်း၍၊ ဆွေရင်းမျိုးပေါင်း၊ သိဖွယ်ကောင်းသား၊ ထုံးဟောင်းသိပ်သည်း၊ ချမ်းသာနည်းကို သီးသီးခွဲခြမ်း၊ ခု ပေးကမ်းမည်။ လက်လှမ်းယူကြ...စေ... ခလို။

ဘဝ ၅-မျိုး အပြား နှင့် ငရဲပြိတ္တာ ဒုက္ခ

▬▬

ဘဝများစွာ သံသရာဝယ် သတ္တဝါ တယောက် အဖြစ်ဖြင့် ဖြစ်ခဲ့ရ ကျင်လည်ခဲ့ရသော ဘဝ အမျိုးမျိုးတွင် ဤလူ့ဘဝသည် အဖိုး အတန်ဆုံး ဖြစ်၏။ ရှင်းပြပါဦးမည်-ပဋိသန္ဓေ တည်နေသည်မှစ၍ သေသည့်တိုင်အောင် ကာလအတွင်း၌ အဖြစ်အပျက် (ခန္ဓာကိုယ်) တရပ်ကို “တဘဝ”ဟု ခေါ်ဆို သတ်မှတ်ရသည်။

ထိုဘဝသည် ငရဲဘဝ, ပြိတ္တာဘဝ, တိရစ္ဆာန်ဘဝ, လူ့ဘဝ, နတ်ဗြဟ္မာဘဝ အားဖြင့် ၅-မျိုးကွဲပြား၏။ ထို ၅-မျိုးသော ဘဝတို့တွင် ငရဲ ပြိတ္တာဘဝတို့ဝယ် များစွာသော အချိန်တို့၌ ဆင်းရဲဒုက္ခ တွေကိုသာ ခံနေကြရ၏။ ထိုဒုက္ခမှ လွတ်မြောက်အောင် ကြိုးစားခွင့်လည်း မရှိကြ။ တချို့ ပြိတ္တာများကား အနည်းငယ် ချမ်းသာခွင့်ရှိပါ၏။ သို့သော် ထိုချမ်းသာကလေးကို မျှလည်း ရရှိသူ နည်းပါးလှလေသည်။

တိရစ္ဆာန်ဒုက္ခ

▬▬

ယခု လူတို့သည် တိရစ္ဆာန်ဘဝ၏ ဒုက္ခကို တော်တော်များများ တွေ့မြင်ကြရ၏။ နွား ကျွဲ ခွေး ကြက် ငှက်စသော တိရစ္ဆာန်တို့သည် ဆင်းရဲစွာ နေကြရ၏။ ကောင်းကောင်း မွန်မွန်လည်း မစားကြရ။ တချို့ကား ဝအောင်မျှပင် မစားကြရ။ အရိုက်အနှက် အပစ်အခတ် အသတ်အဖြတ်လည်း ခံကြရ၏။ နိုင်ရာ တိရစ္ဆာန်များ၏ အညှဉ်းဆဲ ကိုလည်း ခံကြရ၏။

လူတို့၏ အခိုင်းအစေခံ တိရစ္ဆာန်တချို့မှာ ခိုင်းစေသူတို့၏ မညှာတာမှုကြောင့် မထမ်းဆောင်နိုင်သော တာဝန်ကို ထမ်းဆောင်ရာတွင် အရိုက်အနှက် အညှဉ်းဆဲ ကိုပါ ခံကြရရှာ၏။ ထိုတိရစ္ဆာန်များသည် မသေမီ ကာလ၌ ကြုံရသောဒုက္ခမှ လွတ်မြောက်အောင် မရှောင်နိုင်ရှာကြသည့်ပြင် အသတ်ခံဘဝသို့ ရောက်သောအခါ လည်ပင်းစင်း၍ အတင်းအသေခံကြရရှာတော့သည်။

နတ်ဗြဟ္မာနှင့် လူ၏ ထူးခြားချက်

▬▬

နတ်ဘဝတွင် လူတို့နှင့် နီးကပ်နေသော နတ်တမျိုးမှာ လူများလိုပင် ချမ်းသာ ဆင်းရဲ တွဲ၍နေ၏။ သို့သော် နတ်ဆင်းရဲတို့သည် ထိုဆင်းရဲမှ လွတ်မြောက်အောင် မတတ်နိုင်ကြချေ။ အောက်တန်းဝယ် ချမ်းသာသော နတ်ကြီးများနှင့် အထက် နတ်များ, ဗြဟ္မာများသည် ချမ်းသာကြပါပေ၏။ သို့သော် ရပြီးသော ချမ်းသာကို တိုးတက်အောင် လည်းကောင်း၊ တည်သင့်သည်ထက် ပို၍ တာရှည်တည်အောင် လည်းကောင်း မတတ်နိုင်ကြချေ။

အများအားဖြင့် နောင်ရေး နောင်တာ သံသရာခရီးအတွက် ကြိုတင်၍ ပြင်ဆင်မှု ပါရမီ တိုးပွားအောင် ကြိုးစားမှုလည်း မပြုနိုင်ကြချေ။ လူ့ဘဝ၌ကား သုခ ဒုက္ခ ၂-မျိုးလုံး ရှိသော်လည်း ရရှိသော ဒုက္ခကို သက်သာအောင်လည်း ပြုနိုင်၏။ လုံးလုံးလွတ်ကင်းအောင်လည်း ပြုနိုင်၏။ ရရှိသောသုခကိုလည်း တည်တံ့အောင် ပြုနိုင် တိုးတက်အောင်လည်း ပြုနိုင်၏။ နောင်ရေး နောင်တာ သံသရာခရီး အတွက်လည်း ကြိုတင်၍ ပြင်ဆင်နိုင်ပေသည်

လူ့ချမ်းသာ ကျမ်းစာ

▬▬

ထိုမျှလောက် (နတ်ဗြဟ္မာ ဘဝထက်ပင်) သာလွန်၍ အဖိုးတန်သော လူ့ဘဝကို လက်ကိုင်ရကြသူ လူအများသည် ယခုဘဝ, နောက်နောင်ဘဝအတွက် ဒုက္ခနည်းပါး၍ သုခကြီးမားအောင် နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ် စိတ်ထား တတ်ဖို့ အရေးကြီးလှပေသည်။ ယခု လူတို့၌ ဆင်းရဲဒုက္ခ (ကြုံသင့်သည် ထက်ပို၍) တွေ့ကြုံရခြင်းသည် ရှေးကံကြောင့်ချည်း မဟုတ်ပါ။ အများအားဖြင့် မနေတတ် မပြောတတ် စိတ်ထားမတတ် ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် လူအများပင် ဒုက္ခနည်းပါး၍ သုခကြီးမားလျက် ကောင်းမှုပါရမီ တိုးပွားကြောင်း ကောင်းသော အစီအစဉ်များကို ညွှန်ပြ၍ “လူ့ချမ်းသာ”ဟူသော အမည်အားဖြင့် ကျမ်းစာတစောင် စီစဉ်ရပါသည်။

ဤကျမ်းစာကို ကြည့်ရှုရုံမျှဖြင့် တာဝန်ကျေသည်ဟု သဘောမထားပဲ ကျမ်း ညွှန်ပြချက်အရ လိုက်နာပြုကျင့်မှသာ တာဝန်ကျေမည် ဖြစ်သောကြောင့် အောက်ပါ လင်္ကာ၏ကို ရွတ်ဖတ်ယင်း မိမိစိတ်ကို အဓိဋ္ဌာန်ပြုကြစေလိုပါသည်။

ဆောင်

သက်ဆုံးတည်အောင်၊ ဤကိုယ်ကောင်ကို၊
ရွက်ဆောင်လေးမူ၊ ငါမွေးမြူခဲ့၊
ငယ်မူယွင်းဖောက်၊ အိုချိန်ရောက်လည်း၊
မပျောက်မပျက်၊ စည်းစိမ် တက်၍၊
နှစ်သက်ကြည်မွေ့၊ တရားဖြေ့လျက်၊
စုတေ့သောခါ၊ ကိုယ့်လိုရာဝယ်၊
ဆက်ကာစံမြန်း၊ နိဗ္ဗာန်နန်းနှင့်၊
စခန်းမထောက်၊ လမ်းမကောက်အောင်၊
အရောက် ကြိုးစားမည်တကား

အချီနိဒါန်း ပြီး၏။

.....

၁။ ဆင်းရဲနှင့် ချမ်းသာ ပြခန်း

▬▬

ကိုယ်ဆင်းရဲ ပါဠိလို “ဒုက္ခ” မြန်မာလို “ဆင်းရဲ”ဟု ခေါ်ရသော တရားတမျိုးသည် မိမိတို့၏ ခန္ဓာကိုယ်၌ မကြာမကြာ ဖြစ်တတ်၏။ ထိုဒုက္ခသည် ကာယိကဒုက္ခ စေတသိက ဒုက္ခဟု ၂-မျိုးရှိ၏။

(ကာယိက = ကိုယ်၌ဖြစ်သော + ဒုက္ခ = ဆင်းရဲ။
စေတသိက = စိတ်၌ ဖြစ်သော + ဒုက္ခ = ဆင်းရဲ။)

ထို ၂-မျိုးတွင် ကိုယ်ဆင်းရဲမှုသည် ကိုယ်တွင်းက ရုပ်တရားတွေ မညီမမျှ ဖောက်ပြန် ကြသဖြင့် လေထိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မကျန်းမမာ ဖျားနာခြင်း၊ အနာ ပေါက်ခြင်း တို့ကြောင့်လည်း ဖြစ်တတ်၏။ တစုံတခုဖြင့် ထိုးမိ တိုက်မိ ခိုက်မိ ခြင်းကြောင့်လည်း ဖြစ်တတ်၏။ အပူဒဏ်၊ အအေးဒဏ် ခံရခြင်း၊ ပိုးမွှားတိရစ္ဆာန်တို့၏ ကိုက်ခဲ ခံရခြင်းတို့ကြောင့်လည်း ဖြစ်တတ်၏။ မနိုင်မနင်း ဝန်ထုပ်ကြီးကို ထမ်းရခြင်း၊ ပင်ပင်ပန်းပန်း အလုပ်-လုပ်ရခြင်း၊ တပင်တပန်း ခရီးသွားရခြင်း တို့ကြောင့်လည်း ဖြစ်တတ်၏။ သူတပါး၏ ရိုက်နှက် ပုတ်ခတ်ဒဏ်ကို ခံရခြင်းကြောင့်လည်း မခံမရပ် နိုင်အောင် ဖြစ်တတ်လေသည်။

စိတ်ဆင်းရဲ

▬▬

စိတ်ဆိုးခြင်း၊ စိတ်ကောက်ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ပင်ပန်းခြင်း၊ စိတ်မကြည်လင်ခြင်း၊ စိတ်ညစ်နွမ်းခြင်းတို့ကို “စိတ်ဆင်းရဲ” ဟု ခေါ်၏။ ထိုစိတ်ဆင်းရဲမှုသည် ပြခဲ့သော ကိုယ်ဆင်းရဲမှု တခုခုကို အကြောင်း ပြု၍လည်း ဖြစ်တတ်၏။ (ကိုယ်ဆင်းရဲမှု မရှိသော်လည်း) ချစ်သူနှင့် သေကွဲ ကွဲရခြင်း၊ ရှင်ကွဲ ကွဲရခြင်းကြောင့် လည်းဖြစ်တတ်၏။ မုန်းသူနှင့် တွေရ, ကြုံရ အတူနေရခြင်းကြောင့်လည်း ဖြစ်တတ်၏။ လိုချင်သောအရာကို မရခြင်းကြောင့် လည်း ဖြစ်တတ်၏။ မလိုချင်သော အရာကို ရခြင်းကြောင့်လည်း ဖြစ်တတ်၏။ ကြောက်စရာ လန့်စရာ ရွံစရာကောင်းသော အဆင်း, အသံ အနံ့ အရသာ, အတွေး တို့ကို မြင်ရ ကြားရ နံရ စားသောက်ရ, တွေ့ထိရခြင်းကြောင့်လည်း ဖြစ်တတ်၏။

ကိုယ့်ထက် သာသည်ကို မနာလိုသော “ဣဿာ” တရားကြောင့်လည်း စိတ်ဆင်းရဲ ရတတ်၏။ ပစ္စည်းဥစ္စာကို ကိုယ်ရသလို သူ့ကို မရစေလိုသော မစ္ဆရိယ၊ ကိုယ်လှသလို သူ့ကို မလှစေလိုသော မစ္ဆရိယ၊ ကိုယ်တတ်သလို သူ့ကို မတတ်စေ လိုသော မစ္ဆရိယ၊ ကိုယ်ဂုဏ်ရှိသလို သူ့ကိုဂုဏ် မရှိစေလိုသော မစ္ဆရိယ - ဤမစ္ဆရိယ အမျိုးမျိုး ကြောင့်လည်း စိတ်ဆင်းရဲရတတ်လေသည်။

မှတ်ချက်

▬▬

မှန်၌ မြူမှုန်တင်လျှင် မှန် မကြည်လင်သကဲ့သို့ ရေ၌ မြူမှုန်များနေလျှင် ရေ မကြည်လင်သကဲ့သို့ ထို့အတူ ပြခဲ့သော မချမ်းသာမှု တခုခုဖြစ်လျှင် စိတ်လည်း မကြည်မလင် ဖြစ်နေတတ်၏။ ပန်းကလေး မလန်း မဆန်းနှင့် နွမ်းနေသလို စိတ် ကလေးသည် မရွှင်မလန်း နွမ်းနေတတ်၏။

စိတ်မရွှင်လန်းသောအခါ ရုပ် ခန္ဓာကိုယ်လည်း (မျက်နှာပျက်နေသည်တိုင်အောင်) မရွှင်မပျ နွမ်းလျသဖြင့် ကာယိကဒုက္ခ ဖြစ်ရပြန်၏။ ဤသို့ စိတ်ကို မထိန်းနိုင်သူ မထိန်းတတ်သူ (ထိန်းနည်းကိုမသိသူ) တို့မှာ ကိုယ်ဆင်းရဲနှင့် စိတ်ဆင်းရဲ ဒွန်တွဲနေ တတ်သောကြောင့်“ကိုယ်ပန်းတော့-စိတ်နွမ်းသည်”ဟု လည်းကောင်း၊ “စိတ်ထောင်းတော့ ကိုယ်ကြေသည်” ဟု လည်းကောင်း ပြောစမှတ် ပြုကြသည်။

ကိုယ်ချမ်းသာ

▬▬

ပါဠိလို “သုခ” မြန်မာလို “ချမ်းသာ” ဟု ခေါ်ရသော တရား တမျိုးလည်း (ဒုက္ခကဲ့သို့) မိမိတို့၏ ခန္ဓာကိုယ်၌ မကြာမကြာ ဖြစ်တတ်၏။ ကာယိကသုခ (ကိုယ်ချမ်းသာခြင်း)၊ စေတသိကသုခ (စိတ်ချမ်းသာခြင်း)ဟု (ဒုက္ခကဲ့သို့) ၂-မျိုး ပင်ရှိ၏။

ထို၂-မျိုးတွင် ခန္ဓာကိုယ်၌ဖြစ်သော သာယာမှုကို “ကိုယ်ချမ်းသာ”ဟု ခေါ်၏။ ထိုကိုယ်ချမ်းသာမှုသည် နူးညံ့သော အတွေအထိကို တွေ့ရ ထိရခြင်းကြောင့်လည်း ဖြစ်တတ်၏။ ကာမချမ်းသာကို ခံစားခြင်းကြောင့်လည်း ဖြစ်တတ်၏။ သူတော်ကောင်း တို့မှာ တရားမှန်ကို သိရသဖြင့် စိတ်ရွှင်လန်းသည့်အတွက် တကိုယ်လုံး ရုပ်တွေ ရွှင်လန်းသဖြင့် ကိုယ်ချမ်းသာမှုဖြစ်တတ်ပေသည်။ (တရံတခါ စိတ်ချမ်းသာမှုကို အကြောင်းပြု၍ သို့မဟုတ် စကားပြောယင်း သဘောကျ၍ ကြက်သီး တဖြန်းဖြန်း ထတတ်၏။ ထို ကြက်သီးထခြင်း ဟူသည် ရုပ်ဓာတ် အချင်းချင်း ထိခိုက်ကြသော “ကိုယ်ချမ်းသာမှု” ပင်တည်း။)

စိတ်ချမ်းသာ

▬▬

ပြခဲ့သော စိတ်ဆင်းရဲမှုတို့မှကင်း၍ စိတ်ဖြူစင်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ ရွှင်ရွှင် လန်းလန်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းကို “စိတ်ချမ်းသာ”ဟု ခေါ်၏။ ထို စိတ်ချမ်းသာမှုသည် ပြခဲ့သော ကိုယ်ချမ်းသာမှု တခုခုကြောင့်လည်း ဖြစ်နိုင်၏။ ချစ်သူနှင့် အတူနေရ အတူသွားရ အတူစားရ, အတူစကားပြောနေရ ခြင်းကြောင့်လည်း ဖြစ်နိုင်၏။ မိမိလိုချင်သော အရာကို ရခြင်းကြောင့်လည်း ဖြစ်နိုင်၏။

သတ္တဝါတို့ကို “ကျန်းမာပါစေ - ချမ်းသာပါစေ၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းပါစေ၊ ဘေးရန် ခပ်သိမ်း အေးငြိမ်းပါစေ” ဟု တကယ့် စေတနာဖြင့် ပို့သသော မေတ္တာ ကြောင့်လည်း ဖြစ်နိုင်၏။ သူတပါး ကျန်းမာနေသည်ကို ဝမ်းမြောက်သော မုဒိတာ၊ သူတပါး ပစ္စည်းဥစ္စာရှာဖွေ၍ရသည်ကို ဝမ်းမြောက်သော မုဒိတာ၊ သူတပါး ပစ္စည်း ဥစ္စာ ပေါများနေသည်ကို ဝမ်းမြောက်သော မုဒိတာ၊ သူတပါး ပညာတတ်သည်ကို ဝမ်းမြောက်သော မုဒိတာ၊ သူတပါး ဂုဏ်သတင်း ကျော်ကြားသည်ကို ဝမ်းမြောက်သော မုဒိတာ၊ ဤ မုဒိတာ တရားကြောင့်လည်း စိတ်ချမ်းသာမှု ဖြစ်နိုင်ပေသည်။

မှတ်ချက်

မြူမှုန်ကင်းသော မှန်အပြင် ရေအပြင်သည် ကြည်လင်သကဲ့သို့ ပြခဲ့သော ကိုယ်ဆင်းရဲ့ စိတ်ဆင်းရဲတို့မှ ကင်းသော စိတ်အစဉ်သည် ကြည်လင်နေ၏။ ပန်းကလေး လန်းနေသလို ရွှင်ရွှင်လန်းလန်း ဝမ်းပန်းတသာ ဖြစ်နေ၏။ စိတ်၏ ရွှင်လန်းမှုကြောင့် မျက်နှာလည်း ရွှင်လန်း၍ တကိုယ်လုံး ချမ်းချမ်းသာသာနှင့် ကာယိကသုခ ဖြစ်၏။ ဤနည်းအားဖြင့် စိတ်ချမ်းသာမှုသည် ကိုယ်၏ ကျန်းမာ ချမ်းသာမှုကို ဖြစ်စေနိုင်၏။ ကိုယ်၏ ကျန်းမာမှုကလည်း စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်၏။ ထို့ကြောင့် “ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာ၊ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာ” ဟု အပြန်အလှန် လည်းကောင်း၊ “စိတ်ပျိုတော့ ကိုယ်နုတယ်”ဟု လည်းကောင်း ပြောစမှတ် ပြုကြရပေသည်။

ကိုယ်ဆင်းရဲထက်

စိတ်ဆင်းရဲက ကြောက်ဖွယ်

▬▬

လူ့ဘဝ၌ “လူအများတို့သည် အမှတ်တမဲ့ စဉ်းစားလျှင် စိတ်ဆင်းရဲမည်ထက် ခန္ဓာ - ကိုယ်၏ ဆင်းရဲမည်ကို ကြောက်ကြသည်” ဟု ထင်ရ၏။ လက်တွေ့အားဖြင့် ထို ထင်တိုင်း မဟုတ်ချေ။ ကိုယ်ဆင်းရဲဒဏ်ကို ခံနိုင်ကြသော်လည်း စိတ်ဆင်းရဲဒဏ်ကို မခံနိုင်ကြ

ချဲ့ပြပါဦးမည် -

အလုပ်သမား ဖြစ်စေ, လခစားဖြစ်စေ, လယ်ယာသမားဖြစ်စေ ဆိုင်ရာ အလုပ်ကို လုပ်ရသောအခါ ခန္ဓာကိုယ် ပင်ပန်းနွမ်းလျ၍ ကိုယ်ဆင်းရဲကြပေ၏။ သို့သော် ထို အလုပ်အတွက် ထိုက်တန်သော နေ့ခ လခ စပါး ပဲ စသည်ကို ရလိမ့်မည်ဟု မျှော်လင့်ချက်ကြောင့် စိတ်မဆင်းရဲကြပဲ ထိုအလုပ် လုပ်ရသော ဒုက္ခကို ခံနိုင်ကြ လေသည်။ အချိန်ကျ၍ မျှော်လင့်ထားသော နေ့ခ လခ စပါး ပဲ စသည် မရသော အခါ၌ကား အလွန်အမင်း စိတ်ဆင်းရဲကြရ၏

စိတ်ဆင်းရဲသောကြောင့်လည်း“ဖြစ်ချင်ရာ ဖြစ်စေ”ဟု နှလုံးသွင်းကာ တခါတရံ၌ တချို့ လူတို့မှာ အပျော်အပါးလိုက်၍ သောက်စားမှု စသော မတရားသော အမှုကိုပြု၍ စိတ်ဆင်းရဲမှုကို ဖြေမိကြသောကြောင့် သာ၍ ဆင်းရဲသော ဒုက္ခနှင့် တွေ့ကြ ရလေသည်။ ထို့ကြောင့် “ကိုယ် ဆင်းရဲမှုထက် စိတ်ဆင်းရဲမှုသည် သာ၍ ကြောက်မက်ဖွယ် ကောင်း၏”ဟု သိသာပေသည်။

ကိုယ်ချမ်းသာထက်

စိတ်ချမ်းသာမှုကို လိုလားပုံ

▬▬

ဤချမ်းသာ ၂-မျိုးတွင်လည်း အမှတ်တမဲ့ စဉ်းစားလျှင် “ကိုယ်ချမ်းသာမှုကို သာ၍ လိုလားသည်” ဟု ထင်ရ၏။ သို့သော် လက်တွေ့အားဖြင့်ကား စိတ်ချမ်းသာမှုကို သာ၍လိုလားကြောင်း သိရသည်

ချဲ့ပါဦးမည် -

တချို့လူတို့သည် အိမ်ကောင်း တိုက်ကျောင်း၌ နေ၍ စားကောင်း သောက်ဖွယ် များကို စားသောက်လျက် ပင်ပင်ပန်းပန်း အလုပ်မလုပ်ပဲ နေနိုင်သောကြောင့် ကာယိကသုခ (ကိုယ်ချမ်းသာမှု)ကို ရပါပေ၏။ ထိုသူ့ကိုမြင်ရသော တခြား လူတို့ကလည်း “စိတ်ပါ ချမ်းသာပေလိမ့်မည်” ထင်ကြပေလိမ့်မည်။ သို့သော် ကိုယ် ချမ်းသာသူတိုင်းကား စိတ်မချမ်းသာချေ။ ထို လူချမ်းသာသည် အလုပ်အကိုင် အရောင်းအဝယ် မကောင်းသောကြောင့် ဖြစ်စေ, ချစ်သူနှင့် အတူမနေရ သောကြောင့် ဖြစ်စေ, မုန်းသူနှင့် အတူနေရသောကြောင့် ဖြစ်စေ၊ အလိုရှိသလို မရသောကြောင့် ဖြစ်စေ စိတ်ဆင်းရဲမှု (စိတ်ဒုက္ခ) ရောက်နေရတတ်လေသည်

ထိုသို့ စိတ်ဒုက္ခရောက်သောအခါ ကိုယ်ချမ်းသာမှုက စိတ်ဆင်းရဲမှုကို မကာကွယ်နိုင်တော့ချေ။ ထို့ ကြောင့်ပင် ငယ်ရွယ်သူတချို့သည် စိတ်ဆင်းရဲဒဏ်ကို မခံနိုင်ရကား ထို စိတ်ဆင်းရဲမှုကြောင့်ပင် ကိုယ့်ကိုယ်ကို အဆုံးသော်လည်း စီရင် သွားတတ်၏။ ချမ်းသာဖွယ်ကောင်းသော အိမ်ယာ တိုက်တာနှင့် မိဘဆွေမျိုးများကို စွန့်ခွါ၍ (စိတ်ချမ်းသာလိမ့်မည် ဟူသော အထင်ဖြင့်) ချစ်သူ နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားမိတတ်လေသည်။ ဤ အချက်များကို ထောက်ထား၍ ကိုယ်ချမ်းသာမှုထက် စိတ် ချမ်းသာမှုကို သာ၍ နှစ်သက်ကြကြောင်း ထင်ရှားပေသည်

မကျန်းမာလျှင်လည်း မချမ်းသာနိုင်

▬▬

ကြီးကျယ်သောနေရာဝယ် စားကောင်း သောက်ဖွယ်နှင့်တကွ အဝတ်တန်ဆာ အသုံးအဆောင်တွေပါ ခမ်းနားပြည့်ကြွယ်၍ နေပါသော်လည်း ကျန်းမာမှုမရှိလျှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ မဖြစ်နိုင်ပေ။ မကျန်းမာလျှင် ဆေးဝါးဓာတ်စာ အရာရာ ပြည့်စုံစေကာမူ နာကျင်ကိုက်ခဲသော ကိုယ်ဆင်းရဲ ဒဏ်ကို ခံရ၏။ ထို ကိုယ်၏ ဆင်းရဲဒဏ်ကို အားတင်းသောစိတ် တရားသဘော ဆင်ခြင်တတ်သောစိတ်ဖြင့် မခံနိုင်သူတို့မှာ စိတ်ဆင်းရဲမှုလည်း ပါနေတတ်၏။ ထို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်နေချိန်မှာ ဆေးဝါးဓာတ်စာ၏ မပြည့်စုံခြင်း၊ ပြုစုမည့်သူ မရှိခြင်း၊ ရှိစေကာမူ စေတနာသန့်သန့်ဖြင့် ဂရုတစိုက် မပြုစု မယုယခြင်းတို့နှင့် တွေ့ကြုံနေရပြန်လျှင် ကိုယ်ရော စိတ်ပါ သာ၍ ဆင်းရဲရပြန်လေသည်

မန္တလေးမြို့ တိုက်ကြီး တတိုက်ပေါ်ဝယ် အချိန်အရွယ် ကောင်းသော အမျိုးသမီး တယောက်သည် မကျန်းမမာ ဖြစ်နေ၏။ သူတို့၏တိုက်နှင့် ကပ်လျက်နေရာ၌လည်း တိုက်တလုံး တည်ဆောက်နေ၏။ အလွန်နေပူသောအချိန်ဝယ် အုတ်များကို ရွက်၍ အမြင့်သို့တက်ရသော (ပန်းရန်ခကြေး) အလုပ်သူမကလေး သီချင်းတအေးအေးနှင့် ဝါးလှေကားကို တက်နေ၏။

ခမ်းနားသော ခုတင်ပေါ်ဝယ် မကျန်းမမာနှင့် လဲလျောင်းနေရသော အမျိုးသမီး ကလေး ညည်းညူရှာသည်မှာ “ငါဟာ သူ့လို အုတ်တွေရွက်၍ အမြင့်သို့ တက်နေရသော အလုပ်သူမကလေးသာ ဖြစ်ချင်ပါတော့တယ်”တဲ့။ ထို့ကြောင့် ကိုယ်ချမ်းသာ-စိတ်ချမ်းသာ (ကိုယ်မချမ်းသာ စေကာမူ စိတ်ချမ်းသာမှု) ကို ရလို သူတိုင်း ကျန်းမာမှုကိုလည်း အသက်တမျှ ဂရုပြုသင့်ကြပေသည်

ကိုယ်ချမ်းသာမှုကို

ကျန်းမာရေးက အားပေးပုံ

▬▬

ပြခဲ့သော အကျိုးအကြောင်း များကို စဉ်းစားလျှင် “ကိုယ်ခန္ဓာ၏ ချမ်းသာကြောင်း အစစ်အမှန်သည် အိမ်ကောင်း, ယာကောင်း ဝတ်ကောင်း စားကောင်း အသုံး အဆောင်ကောင်းများ မဟုတ်ကြ။ အနာရောဂါကင်း၍ ကျန်းမာခြင်းသာ ကိုယ်ခန္ဓာ၏ ချမ်းသာကြောင်း အစစ်အမှန် ဖြစ်သည်” ဟု ကောင်းကောင်း သိသင့်ပေပြီ။

ထို့ ကြောင့် ကိုယ်ချမ်းသာခြင်းကို အလိုရှိသူ လူအများသည် ကိုယ်၏ ကျန်းမာရေးကို အထူး ဂရုစိုက်ရပေလိမ့်မည်။ ကျန်းမာရေးကို ဂရုစိုက်ပြန်လျှင်လည်း ကျန်းမာခြင်း၏ အရင်းခံ ဖြစ်သော ကံ စိတ် ဥတု အာဟာရ အကြောင်းကို အတော် အတန် နားလည်မှသာ မှန်ကန်တိကျစွာ ဂရုစိုက်တတ်ပေလိမ့်မည်။

မှန်၏ - ဤခန္ဓာကိုယ်၏ ကျန်းမာမှု - မကျန်းမာမှုကို “ကံ စိတ် ဥတု အာဟာရ” ဟူသော အကြောင်း ၄-ခုက ပေါင်းစပ်၍ ပြုပြင်ထားကြလေသည်။ ထို့ကြောင့် ထိုအကြောင်း ၄-ခုကို ကောင်းအောင် ပြုနိုင်သူသည် ကျန်းမာ၏။ ကောင်းအောင် မပြုနိုင်သူကား ကျန်းကျန်းမာမာ နေလိုပါသော်လည်း မကျန်းမာနိုင်ချေ။

ကံကြောင့် ကျန်းမာပုံ

▬▬

ရှေးရှေးဘဝက ကံကောင်း အကျိုးပေး အခွင့်သာနေသူသည် ခန္ဓာကိုယ်၌ ထို ကံကောင်းကြောင့် ကောင်းသောရုပ်တွေ အမြဲပင်ဖြစ်နေ၏။ ခန္ဓကိုယ်၌ အမြဲ ရှိနေသော ကိုယ်ငွေ့သည် ထိုကံကြောင့်ဖြစ်သော ရုပ်ပင်တည်း။ ထို ကိုယ်ငွေ့ ကောင်းသူသည် အအေးဒဏ် အပူဒဏ်ကို ခံနိုင်၏။ အအေးမိခြင်း၊ အပူမိခြင်းကြောင့် အနာ ရောဂါမဖြစ်နိုင်။ ခန္ဓာကိုယ်၌ အစာကို ကြေကျက်စေနိုင်သော ဝမ်းမီးသည် အစာသစ်အိမ်၏ အနီးအပါး၌ ရှိ၏။ ထိုဝမ်းမီးသည်လည်း ကံကြောင့်ဖြစ်သော ဓာတ်မီးတမျိုးတည်း

ကံကောင်းလျှင် ထိုဝမ်းမီး ကောင်း၏။ ကံညံ့လျှင် ထိုဝမ်းမီး ညံ့၏။ (“အကောင်း-အညံ့”ဟူရာ၌ ဝမ်းမီး၏ မပြင်း-မညံ့ကို ဆိုလိုသည်။ ဝမ်းမီးလွန်ကဲလျှင်လည်း မကောင်းပင်တည်း။) ဝမ်းမီးကောင်းနေသူ၏ အစာအိမ်၌ စားသမျှ အစာသည် ကြေကျက်၏။ အစာ၏ ကြေကျက်မှုကြောင့် ထိုအစာ၏ အဆီ ဩဇာသည် တကိုယ်လုံးပျံ့နှံ၍ အားအင်ပြည့်ဖြိုး၏။ အားအင် ပြည့်သောကြောင့် တော်တော်တန်တန်နှင့် အနာရောဂါ မဖြစ်နိုင်ပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေနိုင်လေသည်

စိတ်ကြောင့် ကျန်းမာပုံ

▬▬

ချမ်းသာသော စိတ်သည် ကျန်းမာသောရုပ်ကို အချိန်ရှိသရွေ့ (စိတ်တိုင်း စိတ်တိုင်းကျ) ဖြစ်စေ၏။ “စိတ်ပျို၍ ကိုယ်နု” ဆိုသည်မှာ ချမ်းသာသော စိတ်ကြောင့် ကျန်းမာသောရုပ်များ ဖြစ်ခြင်းပင်တည်း။

မကျန်းမမာ ဖြစ်နေသူအား စိတ်ချမ်းသာမည့် အကြောင်းအရာကိုသာ ပြောပေးခြင်း၊ ရောဂါ သက်သာလာပြီဟု အားပေးစကား ပြောပေးခြင်း၊ ဆေးဝါးဓာတ်စာကို သူ ကျေနပ်အောင် ရှာဖွေပေးခြင်း၊ သူနှင့် ချစ်ခင်သူ အားကိုးသူကို အနီးအပါး၌ နေ၍ ပြုစုစေခြင်း၊ ဤ အားလုံးသည် “စိတ်ချမ်းသာမှု ရုပ်ကောင်းတွေဖြစ်၍ ကျန်းမာလွယ်မည်”ဟု နားလည်သူတို့က စိတ်ချမ်းသာအောင် ပြုစုပေးခြင်းများ ပေတည်း။

ဤနည်းအားဖြင့် စိတ်ချမ်းသာအောင် အပြုစုခံရသူ ပင်ကိုယ်အားဖြင့်ပင် စိတ်ချမ်းသာအောင် နေထိုင်တတ်သူသည် ထို စိတ်ချမ်းသာမှုကြောင့် ခန္ဓာ ကိုယ်လည်း ကျန်းမာ ချမ်းသာတတ်ပေသည်။ ဤအကြောင်းကို ကောင်းကောင်း နားမလည်သော လူမမာပြုစုသူတို့သည် လူမမာ အနီးအပါး၌ စိတ်မချမ်းသာဖွယ် စကားတွေကို ပြောခြင်း၊ လူမမာ၏အကျိုး မလိုလားသူတွေကို အနီးအပါး၌ လူမမာမေးလာခွင့်ပေးခြင်း တို့ဖြင့် ရောဂါ တာရှည်အောင် အားပေးသလို (မြန်မြန် ဆုံးအောင် နှိပ်စက်သလို) ဖြစ်တတ်ကြလေသည်။

ဥတုကြောင့်

ကိုယ်ပရုပ်များ ပြောင်းပုံ

▬▬

ဥတု” ဟူသည် ရုပ်တရားတို့တွင် ပါဝင်သော“တေဇော”ဟုခေါ်ရသော အငွေ့ဓာတ်တည်း။ အဘိမမ္မာတရားတော်၌ “ထိုဥတုက ရုပ်ကို ဖြစ်စေနိုင်၏”ဟု ဟောတော်မူသည်။

မြေ, ရေ, လေတို့၌ ထိုအငွေ့ဓာတ်ရှိ၏။ ခန္ဓာကိုယ်၏ အပြင်ဘက်၌ သစ်ပင် တော တောင် တို့သည်လည်းကောင်း၊ မြေ, ရေ, လေ တို့သည် လည်းကောင်း၊ ထို ဥတု အဆက်ဆက်ကြောင့် ဖြစ်နေသော ရုပ် အစိုင်အခဲ အစုအဝေးတို့သာ ဖြစ်ကြသည်။ မိုးအခါ၌ လည်းကောင်း၊ မိုးကောင်းသော အရပ်ဒေသတို့၌ လည်းကောင်း သစ်ပင်များ စိမ်းစိမ်းစိုစို စည်စည် ကားကား ဖြစ်နေခြင်းသည် မိုးရေ၌ပါသော ဥတုကြောင့် ရုပ်သစ်ကလေးတွေ ဖြစ်နေခြင်းတည်း။ မိုးကောင်းသော (အပူဓာတ် နည်းပါးသော) အရပ်ဒေသ၌ မြေကြီး၏ စိုစိုပြည်ပြည် ရှိခြင်းလည်း ထို ဥတုကြောင့် ရုပ်သစ်ကလေးတွေ ဖြစ်နေခြင်းပင်တည်း။

နွေအခါ၌ များသောအားဖြင့် အပူမကြိုက်သော သစ်ပင်များ၏ သွေ့ခြောက်ခြင်း၊ သစ်ရွက်ကလေးတွေ အစိုဓာတ် အစေးပျောက်၍ ကြွေကျခြင်းသည် နေပူ၌ပါသော အပူငွေ့ အပူဥတုကြောင့် သစ်ပင် သစ်ရွက်တို့၌ရှိသော ရုပ်ကလေးတွေ အဖြစ် နည်းပါး၍ အပျက် များနေခြင်းတည်း။ နွေအခါ၌ သစ်ပင်များကို ရေများများ လောင်းပေးခြင်းသည် အပူဥတုဒဏ်ကို ခံနိုင်အောင်နှင့် ထိုရေ၏ အငွေ့ကြောင့် သစ်ပင်ကလေးတွေ စိမ်းစိုနေအောင် အားပေးခြင်းတည်း။

ဥတုကြောင့်

ကိုယ်တွင်းရုပ်များ ပြောင်းပုံ

▬▬

ခန္ဓာကိုယ်၏ အပြင်အပ၌ ဥတုကြောင့် ဖြစ်သော ရုပ်ကလေးများ၏ ပြောင်းလဲ နေပုံကို စဉ်းစား၍ ခန္ဓာကိုယ်အတွင်း၌လည်း အတွင်းဥတု အပြင်ဥတုကြောင့် ရုပ်မှုန့်ကလေးတွေ ပြောင်းလဲနေဟန်ကို နားလည်လိုက်ပါသည်။ ခန္ဓာကိုယ်၌ အအေး အပူ (ရှိရိုးရှိစဉ်အတိုင်း) ညီညီမျှမျှ ရှိနေမှသာ ဖြစ်ရိုးဖြစ်စဉ် ရုပ်ကလေး များလည်း မှန်မှန် ဖြစ်နိုင်ကြသည်။

အအေးလွန်လျှင်ဖြစ်စေ၊ အပူလွန်လျှင်ဖြစ်စေ ထို လွန်လာသော ဥတုအငွေ့ကြောင့် ဖောက်ပြန်သော ရောဂါရုပ်များ ဖြစ်ကြလေသည်။ ညဉ့်အခါ အအေးမိ၍ နောက် တနေ့ ဖျားခြင်း၊ ရေချိုး, ခေါင်းလျှော်မှား၍ ဖျားခြင်း၊ အပူထဲ၌ သွားမိ၍ လည်ချောင်း နာခြင်း၊ မျက်စိနာခြင်း စသော ရောဂါများသည် ထို ဖောက်ပြန်သော ဥတုကြောင့် မကောင်းသော ရုပ်ကလေးတွေ ဖြစ်ခြင်းပင်တည်း

ဤသို့ အအေး အပူ လွန်ကဲမှုကြောင့် မကောင်းသော ရောဂါရုပ်တွေ ဖြစ်နိုင်သကဲ့သို့ အအေး, အပူ မျှတအောင် နေတတ်သူ အေးသောအခါ ရေချိုးလိုလျှင် ရေနွေးစပ်၍ ချိုးခြင်း၊ ရေချိုးကြာသောအခါ အဝတ်ထူထူ ဝတ်ခြင်း၊ ပူအိုက်သောအခါ လေညှင်း ခံခြင်း၊ ရေချိုးခြင်း စသည်ဖြင့် မိမိကိုယ်ကို စောင့်ရှောက်တတ်သူ၌ ထို ကောင်းသော ဥတုကြောင့် ကောင်းသော ရုပ်ကလေးတွေ ဖြစ်နေရကား မကျန်းမာ သူသည် တဖြည်းဖြည်း ကျန်းမာလာ၏။ ကျန်းမာနေသူကား ဝဝဖြိုးဖြိုး ကြည်ကြည် လင်လင်ဖြင့် ကိုယ်ချမ်းသာမှုကို ရနိုင်ပေသည်

ထိုပြင် ထိုင်သောအခါ ကွေး၍ ဒူးတုပ်၍ထိုင်လေ့ ရှိသူ၌ သွေးကြောကလေး တွေလည်း ကွေး၍ နေသောကြောင့် အကြာတို့၌ လျှောက်သော သွေးလေတို့သည် ချောချော မောမော မလျှောက်နိုင်ကြ၊ စုမိစုရာ ဖြစ်နေကြ၏။ ထို စုမိစုရာ၌ ရုပ်အချင်းချင်း မညီမမျှဖြစ်လျက် ရောဂါရုပ်ကလေး တွေဖြစ်ကာ ညောင်းညာ ကိုက်ခဲမှုစသော ရောဂါ ရုပ်တွေ ပေါ်လာတတ်လေသည်။ ထို ရုပ်ကလေးများကား ဖောက်ပြန်သော ဥတုကြောင့် ဖြစ်ရသော ရုပ်ကလေးများတည်း။

ထို့ကြောင့် ကိုယ်အတွင်း၌ ဥတုကြောင့် ရုပ်ကလေးတွေ ညီညီမျှမျှ ဖြစ်နိုင်ကြဖို့ရာ ကြာရှည်စွာ ကွေး၍ ထိုင်ခြင်း၊ ဒူးတုပ်၍ ထိုင်ခြင်းများကို ရှောင်ရှား၍ လမ်းမှန်မှန် လျှောက်ခြင်း၊ ရထား, လှည်းစသည် မစီးပဲ ဖြစ်နိုင်လောက်သော ခရီးကို သွားရာ၌ ခြေကျင်ခရီး သွားခြင်းတို့ဖြင့် ကျန်းမာရေးကို ဂရုစိုက်တတ်သူမှာ ကျန်းမာသော ရုပ်ကလေးများ မှန်မှန်ဖြစ် သောကြောင့် ကိုယ်ချမ်းသာမှု (ကာယိကသုခ) ကို ရနိုင် ပေသည်

အာဟာရကြောင့်

မကောင်းရုပ် ဖြစ်ပုံ

▬▬

စားသောက် အသမျှ အစာ ရေ တို့ကို ပါဠိလို “အာဟာရ”ဟုခေါ်၏။ “အစာ ရေ မရှိလျှင် ခန္ဓာကိုယ် မတည်တံ့နိုင်သောကြောင့် ခန္ဓာကိုယ်ဖြစ်နိုင် တည်နိုင်အောင် ဆောင်ရွက်တတ်သော ရုပ်ဝတ္ထု တမျိုး”ဟု မြန်မာလို ဆိုလိုသည်။

မှန်၏ - ဤခန္ဓာကိုယ်သည် အစားအသောက်တို့က ဆောင်ရွက် ထားသော ကြောင့်သာ ကြာရှည် တည်တံ့နိုင်၏။ အစာမစား, အရည်မသောက်လျှင် ကြာရှည် မတည်တံ့နိုင်။ ထိုမျှလောက် ခန္ဓာကိုယ်အား ကျေးဇူးများသော အစာ အာဟာရ၌ “ဩဇာ” ဟု ခေါ်အပ်သော ရုပ်ဓာတ်တမျိုး ပါရှိ၏

ထို အစာဩဇာသည် ခန္ဓာကိုယ်တွင်း၌ အမြဲဖြစ်လျက် ရှိသော ဩဇာနှင့်ပူးပေါင်း၍ မိမိအစွမ်းသတ္တိရှိသမျှ အသစ် အသစ်ရုပ်ကလေးများကို ဖြစ်စေနိုင်၏။ ထိုသို့ ဖြစ်စေရာဝယ် မိမိနှင့်မသင့်သောအစာ, ဆေးတို့၌ ပါသော ဩဇာသည် မိမိ အတွက် မကောင်းသော ရောဂါရုပ်ကလေးများကို ဖြစ်စေ၏

ထို့ကြောင့် အစာမှား၍ ဖျားနာတတ်ခြင်း၊ ဆေးထိုး မှား၍ ရောဂါရခြင်း၊ အဆိပ် တက်၍ မခံနိုင်မရပ်နိုင် ဖြစ်ခြင်း၊ သေခြင်းများသည် ထိုအစာ ထိုဆေး ထိုအဆိပ်တို့၌ ပါသော ဩဇာကြောင့် မကောင်းသော ရုပ်အသစ် ကလေးတွေ ခန္ဓာကိုယ်တခုလုံး၌ ပျံ့နှံ့၍ဖြစ်ခြင်းတည်း။

“ကျင်ကြီး ကျင်ငယ်” ဟူသည် စားသောက်အပ်သော အစာ၏ အဖတ်အရည်ပင် တည်း။ ထို ကျင်ကြီးကျင်ငယ်ကို စွန့်ချင်ပါလျက် အောင့်ထားသော အခါ ထိုအဖတ် အရည်သည် အခြားတနေရာ၌ တိုးဝှေ့နေတတ်၏။ ဓာတ်ချုပ် ဆီးချုပ်သောအခါ လည်း ထို့အတူပင် တိုးဝှေ့နေတတ်၏။ ထိုအခါ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲ ခြင်းသည် ထို အစာတို့ကြောင့် မကောင်းရုပ် ကလေးတွေ ဖြစ်နေခြင်းပင်တည်း။

အာဟာရကြောင့်

ကောင်းသောရုပ်ဖြစ်ပုံ

▬▬

မိမိနှင့် သင့်တော်သော အစားအသောက်၌ ပါသောဩဇာသည် (အစွမ်းရှိသမျှ) ကောင်းသော (ကျန်းမာစေနိုင်သော) ရုပ်များကို ဖြစ်စေ၏။ ထို့ ကြောင့် မိမိနှင့် သင့် မသင့်ကို သတိထား၍ သင့်တော်သောအစာကိုသာ စားလေ့ ရှိသူသည် ကျန်းမာ၏။ မကျန်းမာသောအခါ ဆရာတို့ပေး အပ်သော “ဓာတ်စာ ဆေး” ဟူသည် မကျန်းမမာ ဖြစ်နေသော ရုပ်ဓာတ်ကို ကျန်းမာသော ရုပ်ဓာတ်ဖြစ်အောင် (ဓာတ်တဲ့အောင်) ပေးအပ်သော အစာနှင့်ဆေးတည်း။

ထိုဓာတ်စာ ထိုဆေးသည် ဆရာမှန်းသည့်အတိုင်း သင့်မြတ်မူ ထိုဓာတ်စာ ဆေး တို့ကြောင့် ရုပ်ကောင်း ကလေးတွေ ဖြစ်၏။ ထိုအသစ် ဖြစ်သော ရုပ်ကောင်း ကလေးတွေက မကျန်းမမာသော ရုပ်မကောင်းကလေးတွေကို လွှမ်းမိုးသဖြင့် မကောင်းရုပ်တွေ အားနည်း၍ အားနည်း၍လာပြီးလျှင် မကြာခင် မကောင်းရုပ် အဆက်ပြတ်၍ ကောင်းသောရုပ်များ ဖြစ်သည်ကို “ကျန်းမာလာပြီ” ဟု ခေါ်ကြ ရသည်။ ထိုသို့ ကျန်းမာသောအခါ ညောင်းမှုကိုက်ခဲမှု စသော ဒုက္ခများ မရှိတော့သဖြင့် “ကာယိကသုခ” ခေါ်သော ကိုယ်ချမ်းသာမှုကို ရရှိကြလေသည်

စိတ်ချမ်းသာမှု စိတ်ပင်ပြု

▬▬

ခန္ဓာကိုယ်၏ ကျန်းမာ ချမ်းသာမှုကို ကံ စိတ် ဥတု အာဟာရ တို့က ပြုကြသကဲ့သို့ စိတ်ချမ်းသာမှုကို အခြား အကြောင်းများက မပြုနိုင်ပဲ မိမိစိတ်ကပင် ပြုနိုင်ပေသည်။ ချမ်းသာအောင် ပြုနိုင်သော စိတ်ဖြစ်ဖို့ရန်လည်း အရာရာ၌ စဉ်းစားတတ်သော အသိအလိမ္မာ ဉာဏ်ပညာရှိဖို့ လိုပေသည်။ အသိအလိမ္မာ ဉာဏ်ပညာရှိရန်လည်း အောက်ပါအကြောင်း များနှင့်ပြည့်စုံမှ ဖြစ်နိုင်စရာရှိပေသည်။ ထို အကြောင်းအရာ များကား-

  1. ငယ်ရွယ်စဉ်အခါကပင် အမြော်အမြင်ရှိသော မိဘ ဘိုးဘွားတို့၏ သင်ပြမှုကို ရရှိခြင်း။
  2. စာသင်ချိန်အရွယ် ရောက်သောအခါ အမြော်အမြင်နှင့် စာပေပညာရှိသော ဆရာကောင်းများ၏ သင်ပြ ဆုံးမမှုကိုရရှိခြင်း။
  3. ခေတ်အားလျော်စွာ (အနည်းဆုံး) အခြေခံစာပေကို တတ်မြောက်ခြင်း။
  4. အလိမ္မာကို လည်းကောင်း၊ စဉ်းစားဉာဏ်ကို လည်းကောင်း ပေးနိုင်သော စာကောင်းများကို ဖတ်ရှု လေ့လာခြင်း။
  5. လိမ္မာ၍ စဉ်းစားဉာဏ်ရှိသော မိတ်ကောင်း, ဆရာကောင်းများကို ဆည်းကပ်ခြင်း။

ဤအကြောင်းများနှင့် ပြည့်စုံသူသည် အသိအလိမ္မာ ဉာဏ်ပညာတိုးပွား၍ အကြောင်း အားလျော်စွာ ပေါ်လာသော ကိစ္စ၌ စဉ်းစား ဆင်ခြင်တတ်၏။ ထိုသို့ စဉ်းစားတတ် ဆင်ခြင်တတ်သောကြောင့် စိတ်ဆင်းရဲစရာနှင့် ကြုံစေကာမူ သက်သာခွင့် ရ၏။ လုံးလုံး စိတ်မဆင်းရဲပဲသော်လည်း ရှိတတ်၏။

ထို့ကြောင့် ဤကျမ်းစာကို ကြည့်ရှုသူတို့၌ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ သက်သာ နိုင်သမျှ သက်သာ၍ ကိုယ်ချမ်းသာ စိတ်ချမ်းသာခွင့်ကို ရနိုင်သမျှရဖို့ရန် အခြေခံ အသိအလိမ္မာ စဉ်းစားဉာဏ် ပညာကို အခန်းတိုင်း တွေ့ကြရပါလိမ့်သတည်း

ဆင်းရဲနှင့် ချမ်းသာ ပြခန်း ပြီး၏။

၂။ စကြဝဠာနှင့်

သတ္တဝါ အနန္တ ကို ပြခန်း

▬▬

အသိဉာဏ်ကြီးမှ သဘောထားကြီးပုံ

များစွာသော သတ္တဝါတို့သည် အသိဉာဏ် နည်းလျှင် စိတ်နေ စိတ်ထား (သဘောထား) လည်း သေးသိမ်တတ်ကြ၏။ စိတ်နေ သဘောထား သေးသိမ်သူသည် မည်သည့် ကိစ္စ၌မဆို ကိုယ်ကျိုး တခုလောက်ကိုသာ ကြည့်တတ်သောကြောင့် သူတပါးနှင့် (တရံတခါ လူအများနှင့်) ဆန့်ကျင်ဘက် ဖြစ်ကာ စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲ ဖြစ်ရတတ်၏

အသိဉာဏ်ကြီးသူကား စိတ်နေ သဘောထားလည်း ကြီးမားတတ်၏။ စိတ် သဘောထား ကြီးမားသောကြောင့် ကိုယ်ကျိုး တဘက် သတ်ကို ကြည့်လေ့မရှိ။ ကိုယ်ကျိုးသူကျိုး မျှမျှတတ ကြည့်လေ့ ရှိ၏။ ထိုသို့ မျှမျှတတ ကြည့်လေ့ရှိသော ကြောင့်လည်း ထိုထိုကိစ္စ၌ ပြေပြေပြစ်ပြစ်ဖြစ်လျက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရတတ်ပေသည်

ထို့ကြောင့် အရင်းခံဖြစ်သော အသိဉာဏ် ကျယ်ပြန့်ဖို့ရန် စကြဝဠာနှင့် သတ္တဝါတို့ အနန္တဟု ဆိုရလောက်အောင် မြားမြောင်ပုံကို ပြပါဦးမည်။

စကြဝဠာ အနန္တ

▬▬

စက္ကာဝါဋ” ဟူသော သက္ကတမှ “စက္ကာဝါလ” ဟု ပါဠိဖြစ်၏။ ဤ ကမ္ဘာ မြေပြင်ကို ပတ်ဝန်းကျင်က ဝိုင်းကာလျက်ရှိသော စက်ဝိုင်းနှင့် တူသော ကျောက်တောင် အဝိုင်းကြီးကို “စကြဝဠာ” ဟု ခေါ်၏။

ထိုကျောက်တောင် အဝိုင်းကြီး၏ အတွင်းဘက်၌ ရှိသော မြေ ရေ လေ အားလုံးနှင့် တကွ နေ လ နက္ခတ် တာရာတို့ ရှိကြ၏။ ထိုတောင်ဝိုင်းနှင့်တကွ နေ လ နက္ခတ် တာရာတို့၏ အထက်၌ တည်ရှိသော နတ်ပြည် ဗြဟ္မာပြည် တို့ကိုပါ သိမ်းကျုံး၍ “စကြဝဠာတခု” “ကမ္ဘာလောကဓာတ်တခု”ဟု ကျမ်းစာတို့၌ သတ်မှတ် ထားသည်။

ထိုကဲ့သိုသော စကြဝဠာ (ကမ္ဘာ) ပေါင်းသည် မရေတွက်နိုင်အောင် များစွာရှိ၏။ ထို့ကြောင့် “စကြဝဠာအနန္တ”ဟု ပြောစမှတ် ပြုကြရသည်။ (န+ အနန္တ = အနန္တ။ “ဤရွေ့ ဤမျှ ရှိ၏”ဟု ဂဏန်းချ၍ ပြနိုင်လောက်သော အပိုင်းအခြားသည် + န = မရှိ။)

လောဟိတဿ ရသေ့

▬▬

ဘုရားပွင့်တော်မမူမီ အလွန်ဝေးသော ရှေးကာလ၌ “လောဟိတဿ” မည်သော ရသေ့တယောက် ရှိ၏။ ထိုရသေ့သည် အလွန်တန်ခိုး ကြီး၏။ ထန်းပင်အရိပ်တွေ ဆက်ကာဆက်ကာနေသော အရိပ် အဆက်ဆက်ကို မြားဖြင့် ပစ်သောအခါ ထန်းပင်တပင်၏ အရိပ်ကို မြားလွန်သွားရာ အချိန်ကလေးလောက်ရှိလျှင် သူကလည်း စကြဝဠာ ကမ္ဘာတခုကို ဖြတ်ကျော်သွားနိုင်၏။

ထိုမျှလောက် တန်ခိုးကြီးရသေ့သည် တနေ့သ၌ စဉ်းစားမိသည်မှာ ဤစကြဝဠာ ကမ္ဘာအတွင်း၌ ရှိကြသော သတ္တဝါတွေသည် မည်သူတယောက်မျှ မအိုမသေ အမြဲ နေနိုင်သူ မရှိကြ။ ဤ စကြဝဠာ ကမ္ဘာအဆုံးမှာ ဘယ်လိုများ နေကြပါလိမ့်မည်နည်း။ ငါသည် စကြဝဠာ ကမ္ဘာအဆုံးကို ကြည့်ရလျှင် ကောင်းမည်။ ဤသို့ ကြံစည်ပြီးလျှင် သူ၏တန်ခိုးကို အားကိုးလျက် စကြဝဠာတခုပြီးတခု အမြန်ဆုံးသွားလေသည်။ စားရုံ ရေသောက်ရုံ အိပ်ချင်ဖြေရုံ ကျင်ကြီးကျင်ငယ်စွန့်ရုံလောက်သာ ရပ်နား၏။

ထိုသို့ စကြဝဠာအဆုံး ရောက်အောင်သွားဖို့ ကြံစည်ချိန်၌ ရသေ့ကြီးအသက်သည် အနှစ် တရာခန့် ကျန်သေး၏။ ထိုသို့သွားနေသည်မှာလည်း နှစ်ပေါင်း တရာလောက် ပင် ကြာသည်။ ထိုသို့သွားနေစဉ် စကြဝဠာ မကုန်ဆုံးသေးပဲ သူ၏အသက်သာ ကုန်ဆုံး၍ ဤကမ္ဘာဝယ် တွယ်တာမှုကြောင့် ဤကမ္ဘာက နတ်ပြည်ဝယ် နတ်သား ဖြစ်လာလေသည်။ ဘုရား ပွင့်တော်မူလာသောအခါ သူ၏အကြောင်းကို ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က “ဤကဲ့သို့ အသွားမျိုးဖြင့် လောကအဆုံးသို့မရောက်နိုင်”ဟု မိန့်တော်မူသည်။

(ဒေဝပုတ္တ သံယုတ်ပါဠိတော်။)

သတ္တဝါ အနန္တ

▬▬

မရေ မတွက်နိုင်အောင် များမြောင်လှစွာသော စကြဝဠာ ကမ္ဘာလောကဓာတ်တရပ် တရပ်၏အတွင်း၌ ငရဲကောင် တိရစ္ဆာန်ကောင် ပြိတ္တာကောင် တို့နှင့်တကွ လူနတ် ဗြဟ္မာဟု ခေါ်ရသော သတ္တဝါတို့သည် မရေမတွက်နိုင်အောင် များပြားလှ၏။ ကမ္ဘာတိုင်းမှာပင် ထိုသို့ အများအပြား ရှိကြသောကြောင့် သတ္တဝါ အနန္တ ဖြစ်ကြောင်းကို အထူးချဲ့ထွင်ဖွယ် မလိုတော့ပါ

ကုန်းနေသတ္တဝါ တို့တွင် “လူ”ဆိုသော သတ္တဝါသည်ပင် ဤကမ္ဘာ၌ ကုဋေ သိန်းပေါင်းများစွာ ရှိနေပြီ။ တိရစ္ဆာန်တွေကလည်း မရေ မတွက်နိုင်အောင် ရှိ၏။ တောင်ပို့တခု၌ ခြေအစုကလေးတွေ ပျားအုံတခု၌ ပျားကောင်ကလေးတွေ များနေပုံ၊ ရေနေ သတ္တဝါတို့တွင်လည်း သေးငယ်လှသော ငါးအုပ်တွေ ငါးဥတခု၌ ငါးဖြစ်ဖို့ ဥကလေးတွေ မရေမတွက်နိုင်အောင် များနေပုံကို ဤကမ္ဘာတရပ် အတွက်ပင် စဉ်းစားကြည့်ပါမူ အပိုင်း အခြားမရှိသောကြောင့် အနန္တဖြစ်ပုံကို သိနိုင်ပါသည်။ အခြား အခြား စကြဝဠာ ကမ္ဘာ လောကဓာတ်များ၌ ဤသို့ပင် သတ္တဝါ အပြည့် အနန္တ ရှိကြပေသည်။

မျက်မြင် မျက်ကွယ် သတ္တဝါ ၂-မျိုး

▬▬

ယခုအခါ များစွာသော လူတို့သည် မိမိတို့မျက်စိဖြင့် မြင်နိုင်သော သတ္တဝါတို့ကိုသာ ရှိမှန်းသိကြ၏။ အမှန်အားဖြင့်ကား မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါတို့သည် မျက်မြင် သတ္တဝါတို့ထက်ပင် များ၏

ထိုသတ္တဝါတို့ကို ဘုရားပွင့်တော်မူရာ အခါမဟုတ်လျှင် တန်ခိုးကြီးသော ပုဂ္ဂိုလ်အချို့ သိနိုင် မြင်နိုင်ကြ၏။ ဘုရားပွင့်တော်မူသောအခါ ရဟန္တာ တန်ခိုးရှင် များလည်း ကိုယ်တိုင် သိမြင်နိုင်ကြ၏။ တန်ခိုးမရှိသူတို့ကား ဘုရားရှင် ဟောပြတော်မူ သောကြောင့် ထိုမျက်မြင် မဟုတ်သော သတ္တဝါတွေ ရှိနေကြောင်းကို သိကြရ ပေသည်။ ဘုရားရှင်၏ တရားတော်ကို မယုံကြည်သူတို့ကား ထိုမျက်ကွယ် သတ္တဝါတွေ ရှိနေကြောင်းကို မယုံနိုင်ကြသဖြင့် မည်သည့် ကိစ္စ၌မဆို အတွေးအခေါ် ကျဉ်းမြောင်းလျက် (စဉ်းစားဉာဏ် ရှိသူချင်း တူလျှင်) ရှိကြလေသည်။

အရှင်မောဂ္ဂလ္လာန်၏ တန်ခိုး

▬▬

အခါတပါး၌ အရှင်မောဂ္ဂလ္လာန်နှင့် အရှင်လက္ခဏတို့သည် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်ဖို့ရန် သက်ဆင်းတော်မူလာကြ၏။ ထိုအခါ တောင်ခွတ်လတ် တနေရာဝယ် အရှင်မောဂ္ဂလ္လာန် ပြုံးတော်မူ၏။ ထို ပြုံးတော်မူသည်ကို အရှင်လက္ခဏ မြင်၍ “ဘာကြောင့် ပြုံးပါသနည်း”ဟု မေး လေသည်။ အရှင်မောဂ္ဂလ္လာန်သည် ဖြေတော်မမူသေးပဲ “ဆွမ်းစားပြီးနောက် ဘုရားအထံတော်ရောက်မှ မေး”ဟု ပြောလေသည်။ ထို့ နောက် ဘုရားအထံတော် ရောက်သော အခါ အရှင်လက္ခဏသည် ထပ်မံ၍ မေးလေသော် အရှင် မောဂ္ဂလ္လာန် ဖြေတော်မူသည်မှာ -

ဂိဇ္ဈကုဋ်တောင်မှ ဆင်းလာစဉ်ဝယ် ကောင်းကင်၌ သွားနေသောအရိုးစုပြိတ္တာကြီးကို မြင်ရပါသည်။ ထို ပြိတ္တာကြီးကို ပြိတ္တာကျီးကန်း ပြိတ္တာလင်းတ, ပြိတ္တာသိမ်း - စွန်တွေက လိုက်၍လိုက်၍ ထိုးကြ ဆိတ်ကြပါသည်။ ပြိတ္တာကြီးလည်း အလွန် နာကျင်သောအသံဖြင့် သနားစရာ အော်ရှာပါသည်။ ထိုအကြောင်းအရာကို မြင်ရသောကြောင့် “လောကကြီးမှာ ဤကဲ့သို့ အံ့သြစရာ သနားစရာ သတ္တဝါတွေလဲ ရှိကြသကို”ဟု တွေးတောကာ သနားကရုဏာဖြစ်ပြီးလျှင် “မိမိမှာတော့ ဤကဲ့သို့ ဘဝမျိုးမှ လွတ်ခဲ့ရပေပေါ့”ဟု စဉ်းစားမိကာ ပြုံးမိပါသည်

ဘုရားရှင် မိန့်တော်မူပုံ

▬▬

ထိုအခါ ဘုရားရှင်သည် အရှင်မောဂ္ဂလ္လာန်၏ ပြိတ္တာမြင်ပုံနှင့် စပ်၍ ကိုယ်တော်မြတ်၏ သာဝကတို့ တန်ခိုးအဘိညာဉ် ဉာဏ်အမြင် မျက်စိ ကောင်းကြပုံကို ချီးမွမ်းတော် မူပြီးလျှင် ဘုရားလည်း ဘုရားဖြစ်ခါနီး၌ပင် (ဒိဗ္ဗစက္ခု အဘိညာဉ် ရတော်မူချိန်၌) ဤ ပြိတ္တာ သတ္တဝါတွေကို မြင်တော်မူခဲ့၏။ သို့ရာတွင် ပုထုဇဉ် ဖြစ်သူတို့သည် ကြားလျှင် ယုံကြည်ဖို့ ခဲယဉ်းသောကြောင့် ဤပြိတ္တာမျိုးတွေ လောက၌ရှိနေကြောင်းကို မိန့်တော်မမူပဲ နေခဲ့သည်။ ယခုမှ မောဂ္ဂလ္လာန်၏ ကိုယ်တွေ့မျက်မြင် လျှောက်ထား ချက်ကို သက်သေခံရ၍ ဤပြိတ္တာမျိုးတွေ ရှိနေခြင်းကို မိန့်တော်မူရသည်။

မောဂ္ဂလ္လာန်မြင်ခဲ့သော ထိုအရိုးစု ပြိတ္တာသည် ဤရာဇဂြိုဟ်၌ နွားသတ်သမားလုပ်၍ အသက်မွေးခဲ့သူ ဖြစ်ခဲ့၏။ နွားသတ်စဉ်က အသားတွေကိုခွါ၍ အရိုးတွေကို ပုံထားခဲ့သည်။ ထိုကံကြောင့် ငရဲ၌ ကြာမြင့်စွာ ဖြစ်ပြီးမှ ကံအကြွင်းအကျန်ကြောင့် အရိုးစု ပြိတ္တာ ဖြစ်လာရသည်ဟု မိန့်တော်မူသည်။

ဝတ္ထုမှတ်ချက်

▬▬

ဤဝတ္ထုကိုထောက်၍ “ဘုရားရှင်သည် အများမျက်မြင်မဟုတ်သဖြင့် ယုံကြည်ဖို့ ခက်ခဲသော အကြောင်းအရာများကို ဟောပြတော် မူလေ့မရှိ”ဟု သိသာ၏။

အရှင်မောဂ္ဂလ္လာန်ကဲ့သို့ တန်ခိုးရှင်များလည်း ရိုးရိုးမျက်စိဖြင့် မမြင်နိုင်ကြ။ တန်ခိုး အဘိညာဉ်ကို အသုံးပြုမှသာ မြင်နိုင်ကြ၏။ ထို့ ကြောင့် အရှင်လက္ခဏသည် တန်ခိုးရှင်ဖြစ်ပါလျက် မမြင်ရချေ။ အရှင်မောဂ္ဂလ္လာန်လည်း ထိုအခါမှစ၍ တန်ခိုးဖြင့် ကြည့်ရှုလေရာ အလားတူ ပြိတ္တာတွေကို မကြာမကြာ တွေ့မြင်ရပေသည်။ ဤစကား အရ ငါတို့၏ မျက်မြင်မဟုတ်ကြသော ငရဲ သတ္တဝါ, ပြိတ္တာသတ္တဝါ တိရစ္ဆာန်သတ္တဝါ နှင့် လူနတ်ဗြဟ္မာ သတ္တဝါတွေ မရေမတွက် နိုင်အောင် အနန္တရှိကြသည်ဟု မှတ်ပါ

သတ္တဝါအနန္တ၏

သဘောတူ တူသော အချက်

▬▬

သတ္တ” ဟူသော ပါဠိစကား, “သတွ” သက္ကတစကားမှ “သတ္တဝါ = သတွာ” ဟူသော မြန်မာစကား ဖြစ်ပေါ်လာသည်။ ထို“သတ္တ”ဟူသော ပါဠိသည် “ရူပ သဒ္ဒ စသည့်အာရုံ ကာမဂုဏ်တို့၌ တပ်မက်တတ်”ဟူသော အဓိပ္ပါယ်ကိုပြ၏။

ထို့ကြောင့် သတ္တဝါ အနန္တရှိ၍ တယောက်နှင့်တယောက် တကောင်နှင့်တကောင် မတူသော်လည်း လှပသော ရူပါရုံကိုကြည့်ချင် သာယာသော အသံကို နားထောင်ချင်, မျိုးရိုးအလိုက် မွှေးသော အနံ့ကို နမ်းချင်ကောင်းသော အစာကို စားချင် ကောင်းသော အတွေ့ကို ထိတွေ့ချင်သော (နှစ်သက်ခင်မင်သော) တဏှာအားဖြင့်ကား သဘောတူလျက် ရှိကြ၏

ထိုသို့ တပ်မက်ရာ၌ အဖိုဓာတ်ပါသော (ပုရိသဘာဝ-ဟု ခေါ်ရသော ရုပ်တမျိုး ပါသော) သတ္တဝါ သည် အမဓာတ်ပါသော (ဣတ္ထိဘာဝ-ဟု ခေါ်ရသော ရုပ် တမျိုးပါသော) သတ္တဝါ၏ အဆင်း အသံ အနံ့ အရသာ အတွေကို သာ၍ တပ်မက်၏

အမဓာတ်ပါသော သတ္တဝါသည်လည်း အဖိုဓာတ် ပါသောသတ္တဝါ၏ အဆင်းအစရှိ သည်ကို သာ၍ တပ်မက်လေသည်။ ထိုသို့ သာ၍တပ်မက်သောကြောင့် ထိုအဖို အမသတ္တဝါ၂-မျိုးသည် အစုံအစုံနေလေ့ ရှိကြလေသည်။

တရားတော်

▬▬

ဘိက္ခုတို့… မိန်းမ၏ (အမသတ္တဝါ၏) အဆင်းသည် ယောက်ျား၏ (အဖို သတ္တဝါ၏) စိတ်ကို သိမ်းကျုံး၍ ယူနိုင်၏။ မိန်းမ အဆင်းလောက် ယောက်ျား၏စိတ်ကို သိမ်း၍ယူနိုင်သော အခြား အဆင်းကိုမြင်တော်မမူ

ဘိက္ခုတို့ … ယောက်ျား၏အဆင်းသည် မိန်းမ၏စိတ်ကို သိမ်းကျုံး၍ယူနိုင်၏။ ယောကျ်ား၏ အဆင်းလောက် မိန်းမ၏စိတ်ကို သိမ်းကျုံး၍ ယူနိုင်သော အခြား အဆင်းကို မြင်တော်မမူ

(အသံစသည်တို့ အတွက်လည်း ဤအတိုင်း ဟောတော်မူသည်။ အင်္ဂုတ္တိုရ် ပါဠိတော်။)

တပ်မက်ခြင်း၏ အကြောင်းရင်း

▬▬

သက်ရှိသတ္တဝါ အနန္တ၏ အခြေခံသည် အဝိဇ္ဇာနှင့် တဏှာ ဤ နှစ်ပါးတည်း။

အဝိဇ္ဇာသည် အရေးတကြီး သိရမည့် အချက်များကို မသိခြင်းသဘောဖြစ်၍ တဏှာကား တပ်မက်ခြင်း (ခင်မင်ခြင်း၊ လိုချင်ခြင်း၊ မက်မောခြင်း၊ ချစ်ခြင်း၊ ကြိုက်ခြင်း) သဘောဖြစ်သည်။ ထို တရား ၂ - ပါးသည် သတ္တဝါတိုင်း၏ အရင်း အကျဆုံးတရားများ ဖြစ်သောကြောင့် ထို တရားနှစ်ပါး မကုန်မဆုံးသေးသမျှ သိစရာ အမှန်ကိုလည်း ဧကန်မသိသေးပဲ ရှိဦးမည်သာ။ အဆင်း အသံ အနံ့ အရသာ, အတွေ အာရုံများကိုလည်း တပ်မက် ခင်မင်လိုချင်လျက် နေဦးမည်သာတည်း။ ထိုတရား ၂-ပါး ကုန်ဆုံးသော အခါ၌ကား သိစရာအမှန်ကိုလည်း ဧကန်သိပြီးဖြစ်၍ ကာမဂုဏ် အာရုံများကိုလည်း မလိုချင်တော့ပေ။ ထိုအခါ အဝိဇ္ဇာကုန်ခန်း တဏှာ ကုန်ခန်းသော ရဟန္တာဟု ခေါ်ရတော့၏။ ရဟန္တာ ဖြစ်ပြီးသော အခါလည်း (စုတေလျှင်) သတ္တဝါတယောက် အဖြစ်မှ လွတ်မြောက်လေတော့သည်

အဝိဇ္ဇာတဏှာ အရင်းခံပုံ

▬▬

မွေးဖွားခါစ ကလေး တယောက်ကို ကြည့်ပါ။ သူသည် အဝိဇ္ဇာ တဏှာ အရင်းခံပါသော သတ္တဝါ တယောက်ပင် ဖြစ်၏။ ထို့ကြောင့် မွေးဖွားခါစသာဖြစ်သော ထိုကလေးသည် အဝိဇ္ဇာအတွက်ကြောင့် ဘာဆိုဘာကိုမျှ မသိတတ်သေး။ တဏှာ အတွက်ကြောင့် လိုချင်မှုကား (မည်သူမျှသင်မပေးပဲ) ရှိနေပြီ။ တဏှာကြောင့် ဆာ၏။ စားချင် သောက်ချင်တတ်၏။ ရက်လ အနည်းငယ် ကြာလာလျှင် မိမိကို ယုယုယယနှင့် နို့ချို တိုက်ကျွေးသော အမိကို ချစ်တတ်လာ၏။

အတော်ကြာလာလျှင် နို့ချိုကိုသာမက ဟိုဟာ ဒီဟာ လိုချင်လာ၏။ မိဘ, ဆွေမျိုး တို့ကလည်း လိုချင်တတ်အောင် သင်ပေးသလို အရုပ်ကလေး ပြခြင်း၊ သီချင်းသံ ကလေး ဆိုပေးခြင်း၊ အမွှေးအကြိုင်လိမ်းပေး ခြင်းတို့ဖြင့် တဏှာကို တိုးပွားစေကြ၏။ အရွယ်ရောက်သည်မှ စ၍ကား လိုချင်မှုတွေ ပိုမိုကျယ်ပြန့်ကာ မီးခိုးမဆုံး မိုးမဆုံး ဆိုသလို လိုချင်မှု မဆုံးနိုင်အောင် ရှိတော့သတည်း။

တရားတော်

▬▬

နွားကလေး၏ ရှေးဦးစွာ ပေါက်လာသော ဦးချိုသည် နွားကလေးကြီးလေ ရှည်လေဖြစ်သကဲ့သို့ သူတော်ကောင်းတရားကို မသိမကျင့်သော (တရားဖြင့် ထိန်း၍ မထားသော) သတ္တဝါ၏ တဏှာသည်လည်း အရွယ်ကြီးလေ တဏှာကြီးလေ ဖြစ်သတည်း။ (ကာမဇာတ်တော်။)

တဏှာကို တရားဖြင့် ထိန်းမထားနိုင်သော ထိုသတ္တဝါကို မြန်မာစကား၌ “သံပရာသီးလို ကြီးလေချဉ်လေ” ဟု ပြောလေ့ရှိ၏။ ထို တဏှာကို မထိန်း နိုင်သော ဇရာအိုတို့ အတွက်ကား “ ရောင်ကြီးကျင်ငိုက် လူကြီးလျှင်မိုက်” ဟု ပြောစမှတ်ပြုကြသည်။

တဏှာဆန်းကြယ်လို့
သတ္တဝါ ဆန်းကြယ်

▬▬

တဏှာ၏ တပ်မက်ပုံ ဆန်းကြယ်သောကြောင့်ပင် တဏှာ အရင်းခံသော သတ္တဝါ အနန္တလည်း ထိုထိုကံကို ပြုရာဝယ် ဆန်းကြယ်စွာပြုကြ၏။ ကံဆန်းကြယ်သော ကြောင့်လည်း တမျိုးနှင့်တမျိုး မတူအောင် ဆန်းကြယ်၏။ တမျိုးတည်းမှလည်း တယောက်နှင့်တယောက်, တကောင်နှင့် တကောင် မတူအောင် ဆန်းကြယ်၏။

“လူ” ဟု ခေါ်ရသောသတ္တဝါ တမျိုးတည်းပင် လူတမျိုးနှင့် အခြားလူတမျိုးတို့ မတူထူးခြား ကွဲပြား ဆန်းကြယ်၏။ မြန်မာလူမျိုး တမျိုး၌လည်း လူချင်း မတူကြသေး။ တမိတဘတည်းမှ ပေါက်ဖွားသော ညီအစ်ကို မောင်နှမတို့သည်ပင် မတူကြ။ ဤသို့ မတူကွဲပြား ထူးခြား ဆန်းကြယ်အောင် ဆန်းကြယ်သော ကံက ပြု၏။ ကံဆန်း ကြယ်အောင်ကား တဏှာကပြုသည်။ ထိုကြောင့် သတ္တဝါ အနန္တ၏ ဆန်းကြယ်မှု အရင်းခံမှာ တဏှာသာ ဖြစ်သည်ဟု မှတ်ပါ။

အဖို အမ ကွဲမှု တဏှာပြု

▬▬

ယောက်ျား (အဖို-အထီး) ဖြစ်ကြသော သတ္တဝါတို့ သန္တာန်၌ (များသောအားဖြင့်) ယောက်ျား အဖြစ် ယောက်ျားအနေအားဖြင့်သာ ခံစားလိုသောတာဖြစ်၏။ ထို့ကြောင့် ကုသိုလ် အကုသိုလ်ကံ တခုခုကိုပြုတိုင်း ထိုတဏှာသည် အရင်းခံအဖြစ်ဖြင့် ပါရှိရကား ထိုကံများ အကျိုးပေးသောအခါ ယောက်ျား (အဖို-အထီး) သတ္တဝါ အဖြစ်ဖြင့်သာ အကျိုးပေး၏။ ထူးခြားသော တဏှာမဖြစ်သမျှ သို့မဟုတ် ယုတ်မာသော ကာမေသုမိစ္ဆာစာရကံ အကျိုးမပေးသမျှ အဖိုဘဝမှ အမဘဝသို့ ပြောင်းလဲလေ့မရှိ။

မိန်းမ (အမ) ဖြစ်ကြသော သတ္တဝါတို့ သန္တာန်မှာလည်း များသောအားဖြင့် မိန်းမ အဖြစ်ဖြင့်သာ ခံစားလိုသော တဏှာဖြစ်၏။ ထို့ကြောင့် ကုသိုလ် အကုသိုလ်ကံ ပြုတိုင်း၌ ထိုတဏှာသည် အရင်းခံအဖြစ်ဖြင့် ပါဝင်နေရကား ထိုကံ သတ္တဝါအနန္တ တခုခု အကျိုးပေးသောအခါ မိန်းမအဖြစ် အမသတ္တဝါ အဖြစ်ဖြင့် အကျိုးပေးသည်။

ယောက်ျားဖြစ်ဖို့ရန် စိတ်ထက်သန်၍ မိန်းမဖြစ်လိုစိတ် နည်းပါးသဖြင့် ကောင်းမှု ကုသိုလ် ပြုလျှင်ကား မိန်းမဘဝမှ ပြောင်းလဲ၍ ယောက်ျားဘဝကို ရနိုင်၏။ (ထိုသို့ ယောက်ျားဖြစ်လိုသူသည် မိမိယောက်ျားကို ဂရုစိုက်၍ ပြုစုရုံမျှဖြင့် ယောက်ျား ဘဝကို ရနိုင်၏ဟုလည်း ဟောတော်မူသည်။)

စကြဝဠာနှင့် သတ္တဝါအနန္တ ပြခန်းပြီး၏။

....

၃။ ပဋိသန္ဓေ အမျိုးအစားနှင့်
လူ့ပဋိသန္ဓေ ပြခန်း

▬▬

ပဋိသန္ဓေ

ပဋိသန္ဓိ” ဟူသော ပါဠိစကားကို မြန်မာလို “ပဋိသန္ဓေ”ဟု ခေါ်၏။ “ဆက်စပ်ခြင်း”ဟူသော အဓိပ္ပါယ်ရ၏။

ပြခဲ့သော အနန္တသတ္တဝါတွေသည် မည်သူမျှ မအိုမသေပဲ မနေနိုင်။ ရရှိသော ရုပ်ခန္ဓာကြီး ဆွေးမြည့်သောအခါ“အိုခြင်း”ဟု ခေါ်၏။ အလွန်အမင်း အိုသောအခါ တဘဝအတွက် အဆက်ပြတ်မှုကို“သေခြင်း”ဟု ခေါ်ရသည်။

တချို့ သတ္တဝါတွေမှာ သိသိသာသာ မအိုရသေးပဲ တစုံတခုသော အကြောင်း ကြောင့် သေကြရ၏။ မည်သည့် နည်းဖြင့်သေသေ တဘဝအတွက် ရပြီးသော ရုပ်ခန္ဓာကား အဆက်ပြတ်ရသည်သာ။ ထို ရုပ်ခန္ဓာ အဆက်ပြတ်လျှင် စိတ် စေတသိက်ဟု ခေါ်ရသော နာမ်ခန္ဓာလည်း အဆက်ပြတ်ရ၏။ ထိုသို့ ဘဝဟောင်းက ရုပ်နာမ်ခန္ဓာ တို့၏ အဆက်အပြတ်တွင် ချက်ချင်းဆက်စပ်၍ ရုပ်သစ် နာမ်သစ် တို့၏ ဖြစ်ခြင်းကို “ပဋိသန္ဓေ”ဟု ခေါ်သည်။

ယောနိ(ပဋိသန္ဓေ) ၄-မျိုး

▬▬

ယောနိ”ဟူသော ပါဠိစကားသည် “ရုပ်နာမ်ခန္ဓာ၏ စုဝေး တည်နေခြင်း” ဟူသော အနက်ကို ပြ၏။ ထိုယောနိကို “ပဋိသန္ဓေ”ဟုခေါ်လျှင် သာ၍ နားလည်လွယ်၏။ ထို့ကြောင့် ယောနိကိုပင် ပဋိသန္ဓေဟု ခေါ်ရာ၏။ အဏ္ဍဇပဋိသန္ဓေ ဗလာဗုဇပဋိသန္ဓေ သံသေဒဇပဋိသန္ဓေ သြပပါတိကပဋိသန္ဓေဟု ပဋိသန္ဓေ ၄-မျိုး ရှိ၏။

(မူလပဏ္ဏာသ၊ မဟာသီဟနာဒသုတ်။)

အဏ္ဍဇ ဇလာဗုဇ

▬▬

(အဏ္ဏဇ=ဥ၌+ဇ = ဖြစ်သော သတ္တဝါ။) ကြက် ငှက်စသော သတ္တဝါတို့သည် ဥ၌ သန္ဓေတည်၍ ဥမှ ပေါက်ဖွားကြရ၏။ ထို့ကြောင့် ထိုသတ္တဝါ တို့ကို အဏ္ဍဇသတ္တဝါ ဟုလည်းကောင်း၊ အဏ္ဍဇ ပဋိသန္ဓေ နေသူရှိဟုလည်းကောင်း ခေါ်ရ၏။

(ဇလာဗု = သားအိမ်၌ + ဇ= ဖြစ်သောသတ္တဝါ။) သားအိမ်၌ သန္ဓေတည်၍ ထို သားအိမ်မှ ပေါက်ဖွားရသော လူ, မြင်း, ခွေးစသော သတ္တဝါတို့ကို ဇလာဗုဇသတ္တဝါ ဟု ခေါ်ရ၏။

သံသေဒဇ သြပပါတိက

▬▬

(သံသေဒ=ငြိတွယ်ရာအရပ်၌+ဇ = ဖြစ်သော သတ္တဝါ။) ကျင်ကြီးကျင်ငယ်ပုပ်, ငါးပုပ် ခွေးသေကောင် - လူသေကောင်ပုပ် စသော အရပ်၌ဖြစ်ကြရသော ပိုးလောက်စသော သတ္တဝါ၊ မပုပ်သော နေရာဖြစ်သော်လည်း သက္ကလတ်စသော အရပ်၌ဖြစ်သော ပိုးငယ်ကလေးများ, ပဒုမ္မာ ကြာပန်း စသော အရပ်၌ဖြစ်သော ပဒုမဝတီစသော လူများကို သံသေဒဇသတ္တဝါ ဟု ခေါ်၏။

ထို ၃-မျိုး၌မဖြစ်ပဲ ခန္ဓာကိုယ် အထင်အရှား ဘွားကနဲ ဖြစ်ပေါ်လာသော ငရဲကောင် နတ်ဗြဟ္မာ စသော သတ္တဝါတို့ကို သြပပါတိက (ဥပပတ် ပဋိသန္ဓေ နေသော) သတ္တဝါများဟု ခေါ်ရသည်။

ဂတိ ၅-မျိုး

▬▬

သတ္တဝါတယောက် စုတေ (သေ) ပြီးနောက်၌ ရောက်ထိုက်သော ဘဝကို “ဂတိ” ဟု ခေါ်၏။ ထိုဂတိသည် နိရယ တိရစ္ဆာန ပေတ မနုဿ ဒေဝ အားဖြင့် ၅-မျိုးရှိ၏။ ငရဲ တိရစ္ဆာန် ပြိတ္တာ လူ နတ် ၅-မျိုး ဟူလို။

(အပါယ် ၄-ပါးတွင် ပါဝင်သော အသူရကာယ်ကို ပေတဂတိ၌ သွင်းထား၏။ ဗြဟ္မာများကိုလည်း ဒေဝဂတိ၌ သွင်းထားသည်။)

ထိုဂတိ ၅-မျိုးတွင် နိရယ တိရစ္ဆာန ပေတဂတိတို့သည် မကောင်းသော ဂတိများ ဖြစ်၏။ ပါဠိလို “ဒုဂ္ဂတိ”ဟု ခေါ်၏။ မနုဿနှင့် ဒေဝဂတိကား ကောင်းသောဂတိ (သုဂတိ) တည်း။

ပဋိသန္ဓေ ၄-မျိုးနှင့် ဂတိတွဲကြည့်

▬▬

နိရယဂတိ၌ ဥပပတ် ပဋိသန္ဓေ တမျိုး သာရနိုင်၏။ ဒုက္ခကြီးစွာ အမြဲ ခံနေရ သောကြောင့် မေထုန်မှီဝဲခြင်းကိစ္စ မရှိတော့ရကား အဏ္ဍဇ ဇလာဗုဇ (ဥ၌လည်းကောင်း၊ သားအိမ်၌ လည်းကောင်း ဖြစ်နိုင်ခြင်း) မရှိကြတော့။ ငြိတွယ်စရာ အစိုအစေး မရှိရကား သံသေဒဇလည်း မရှိကြတော့။

ပေတဂတိ၌ အမြဲ မီးလောင် ခံနေရသော ပြိတ္တာတမျိုး ရှိ၏။ “နိဇ္ဈာမတဏှိက ပြိတ္တာ” ဟု ခေါ်၏။ ထိုပြိတ္တာမျိုး၌လည်း ဥပပတ် တမျိုးသာရှိသည်။ အထက် နတ်ဗြဟ္မာ ဟူသော ဒေဝဂတိ ၌လည်း ဥပပတ် ပဋိသန္ဓေ တမျိုးသာရှိ၏။

တိရစ္ဆာနဂတိ မနုဿဂတိနှင့် များစွာသော ပေတဂတိတို့၌ ပဋိသန္ဓေ ၄မျိုးလုံး ရနိုင်၏။ ကမ္ဘာဦးက လူတို့သည် မိဘမရှိပဲ ဥပပတ် ပဋိသန္ဓေ နေသူများတည်း။ ဥမှ ပေါက်ဖွားသော အဏ္ဍဇ၊ ပဒုမဝတီ စသော သံသေဒဇ လူများလည်း ရှိကြသည်။ သားအိမ်၌ ဖြစ်ကြရ (ဇလာဗုဇ ) လူတွေသာ များသည်။

နတ်တို့တွင် ဘုမ္မစိုး၊ ရုက္ခစိုး ဟု ခေါ်ရသော သစ်ပင် တောတောင်တို့၌ ဖြစ်ကြသော နတ်များရှိ၏။ ထိုနတ်တို့ဝယ် ကိုယ်ဝန် ဆောင်ရသော နတ်မိန်းမများ ရှိသေး၏။ ထိုနတ်မိန်းမ တို့မှ ဖွားမြင်ရသော နတ်တို့ကို “ဗလာဗုဇ ပဋိသန္ဓေနေသောနတ်” ဟု ခေါ်ရ၏။ သို့သော် တခါတည်း ကိုယ်အထင်အရှား ဖြစ်ရသော ဥပပတ်နတ် တွေသာ များစရာရှိပေသည်။

သန္ဓေတည်ခြင်း၏ အင်္ဂါ ၃-ပါး

▬▬

လူ့ ဘဝ၌ ဇလာဗုဇ ပဋိသန္ဓေဖြင့် အမိ ဝမ်း၌ သန္ဓေတည်သောအခါ -

(၁) မိခင်လောင်း မိန်းမတို့ ဓမ္မတာပန်း ပွင့်လန်းပြီးဖြစ်ခြင်း
(၂) ဖခင်လောင်းနှင့် ပျော်ပါးခြင်း
(၃) ဖြစ်မည့် သတ္တဝါ၏ ဘဝဟောင်းမှ စုတေခြင်း

ဤအင်္ဂါ ၃-ပါးစုံမှ (အများအားဖြင့်) သန္ဓေ တည်နိုင်ကြသည်။

ထို ၃-ပါးတွင် ရှေ့အင်္ဂါ ၂-ပါးနှင့်ပြည့်စုံစေကာမူ ထိုဝမ်း၌ ဖြစ်ထိုက်သော သတ္တဝါ မရှိလျှင် ထိုမိန်းမသည် သန္ဓေမရနိုင်။ (၁) နှင့် (၃) အင်္ဂါပြည့်စုံလျှင်ကား မိခင်ဖခင် လောင်းတို့ တကြိမ်ပျော်လျှင် ၇-ရက်အတွင်းမှာ သန္ဓေတည်နိုင်၏ဟု ဆို၏။

ဋီကာတို့ကား ၁၅-ရက် အတွင်းမှာ သန္ဓေတည်နိုင်၏ဟုပင် ဖွင့်ကြသည်။ ထို့ကြောင့် မယ်တော် မာယာသည် ၈-ပါးသီလ ဥပုသ်စောင့်လျက်ပင် ဘုရားအလောင်းတော်ကို သန္ဓေရလေသည်။

မိမာတာ ကြာခန်းက
ပန်းရတုရာသီ၊
ပွင့်ဆဲစ ခါဆီ
တူယှဉ်မှီ ပျော်ပါး၊
ကိန်းထိုက်သည့် ထိုသသူငယ်
ထင်ရှေးရှု စုတိခိုက်ငြား။

သည်အင်္ဂါစုံစေ့မှ
ဘုံဓလေ့ ဤလူ့ပြည် တည်သန္ဓေအများ၊
ဤအင်္ဂါ ၃-ပါး၌
ယုံမှားဖွယ့် ဟိုအရာ၊
တူယှဉ်မှီ တကြိမ်စက်လျှင်
ခုနစ်ရက် ခေတ်ဖြစ်သည်သာ။

သို့တွက်ကြောင့် မယ်မာယာမှာ
အင် ၈-ဖြာသီလနှင့်၊
လောင်းဗုဒ္ဓ မြတ်သန္ဓေ
စွဲကပ်နိုင်ပေ၊
သန္ဓေခန်း အင်သုံးထွေကို
ခင်ဘုန်းဆွေ မှတ်စမ်းကွဲ့လေး။

(သတပဒိက ပုစ္ဆာလာ ကဗျာကို အနည်းငယ် ပြင်ထားသည်။)

သန္ဓေတည်စ
ရုပ်ခန္ဓာ၏ပမာဏ

▬▬

ဤ ရုပ်ခန္ဓာကိုယ်၏ ပဋိသန္ဓေ တည်စဉ် အရွယ် ပမာဏသည် အလွန့် အလွန် သေးငယ်လှ၏။ ကလာပ်တခုတခုလျှင် ရုပ်ပေါင်း ၁၀-ခုစီပါသော ရုပ်ကလာပ် ၃-ခု အစုများ ဖြစ်၏။ အသေးငယ်ဆုံးဖြစ်သော “ပရမာဏုမြူ” ခေါ် မြူမှုန်ကလေး၌ ဖြစ်ဆဲ ရုပ်ကလာပ်, တည်ဆဲ ရုပ်ကလာပ် အားဖြင့် ရုပ်ကလာပ်ပေါင်း ၁၆-ခုမျှ စုမိနေသေး၏။ သန္ဓေ တည်စဉ်ကား ရုပ်ကလာပ် ၃-ခုမျှသာ စုမိလေသည်။

ထို့ကြောင့် အကောင်းဆုံး မှန်ပြောင်းဖြင့် ကြည့်သော်လည်း မမြင်နိုင်လောက်အောင် သေးငယ်သော ရုပ်ခန္ဓာ ကိုယ်ကလေးသည် အမိဝမ်း သားအိမ်ဝယ် ငြိတွယ် စတည်မှုကို“ပဋိသန္ဓေတည်နေခြင်း” ဟု မှတ်ပါ။

မပါလျှင် မပြီးသော
ကလာပ်စည်း ၃-စည်း

▬▬

ထိုစတည်သော ရုပ်ကလာပ် ၃-ခု ဟူသည် “ကာယဒသက, ဘာဝဒသက, ဝတ္ထုဒသက” ဟူသော ရုပ်ကလာပ်စည်း ၃-စည်းတည်း။ ထို ၃-စည်းတွင် ကာယဒသကသည် ဤခန္ဓာ ကိုယ်ကာယ၏ အရင်းခံ ရုပ်ကလာပ်ဖြစ်၍ လူတို့အတွက် မပါလျှင် မပြီးသော ရုပ်ကလာပ်တစည်း ဖြစ်၏။

ဘာဝ” ဟူသည် မိန်းမဖြစ်ကြောင်းရုပ် ယောက်ျားဖြစ်ကြောင်းရုပ် တမျိုးတည်း။ ထို ရုပ်၌ အခြွေအရံ ရုပ်ကလေးပေါင်း ၉-ခု ပါရှိသောကြောင့် “ဘာဝဒသက”ဟု ခေါ်၏။ ယောက်ျား မိန်းမတိုင်း၌ ဤဘာဝဒသက ကလာပ်ပါရသောကြောင့် ဤကလာပ်လည်း မပါလျှင်မပြီးသော ရုပ်ကလာပ်တမျိုးပင်တည်း။

ဝတ္ထုရုပ်” ဟူသည် စိတ်ဝိညာဉ်၏ မှီရာရုပ်တမျိုးဖြစ်၍ ဤ ဝတ္ထုဒသက လည်း မပါလျှင် မပြီးသော ရုပ်ကလာပ်တမျိုးဖြစ်၏။

ဤသို့လျှင် ပဋိသန္ဓေ တည်ခါစ၌ ရုပ်ကလာပ်အပိုတွေ မပါပဲ အရေးအကြီးဆုံး ဖြစ်သော (မပါလျှင်မပြီးသော) ရုပ်ကလာပ် ၃-စည်းသာ စတည်ပေသည်။

စိတ် စေတသိက်များ ပါရှိပုံ

▬▬

ထိုရုပ်ကလာပ် ၃-ခု စတည်ချိန်ဝယ် “ဝိညာဉ်”ခေါ်သော စိတ်နှင့် စေတသိက် များလည်း တပြိုင်နက် ပါရှိကြ၏။ ထိုစေတသိက်သည် ဉာဏ်နှင့် ပီတိ (အသိဓာတ်နှင့် အရွှင်ဓာတ်) ပါရှိသူ၌ ၃၃-ပါးရှိ၏။ ဉာဏ်သာပါ၍ ပီတိမပါ။ ပီတိသာပါ၍ ဉာဏ်မပါ သူ၌ ၃၂-ပါးသာရှိ၍ ဉာဏ်ပီတိ ၂-မျိုးလုံး မပါ သူ၌ “၃၁-ပါးသာရှိသည်။

ဉာဏ်” ဟူရာ၌ ပထမတန်း ဒုတိယတန်း တတိယတန်း စသည်ဖြင့် ဉာဏ် အမျိုးမျိုး ကွဲပြားသေး၏။ ထိုတွင် ဉာဏ်ဓာတ်မပါသူသည် မွေးဖွားလာသောအခါ အသိဉာဏ်နည်းပါး၏။ ဉာဏ်ဓာတ် ပါလာသူကား မွေးဖွားလာသောအခါ ဉာဏ်ဓာတ် အမျိုးမျိုး အားလျော်စွာ ဉာဏ်ထက်မြက်သူ ဖြစ်လာ၏။ ပီတိဓာတ်မပါ သူလည်း မွေးဖွားလာသောအခါ ရွှင်ရွှင်ပျပျမရှိ။ ပီတိဓာတ် ပါလာသူကား မွေးစကပင် ရွှင်ရွှင်ပျပျ ရှိလေသည်။

စဉ်းစားပါ

▬▬

ပဋိသန္ဓေတည်စ အချိန်ကာလ၌ ပါရှိသော ကလာပ် ၃-စည်း (ရုပ်ကလေးပေါင်း-၃ဝ) နှင့် စိတ်တခု စေတသိက် ၃၃-ခု၊ သို့မဟုတ် ၃၂-၃၁ ပါရှိရကား ရုပ်တရားနှင့် စိတ်စေတသိက်ဟူသော နာမ်တရားသည် အလွန်နည်းပါးလှ၏။

ထိုနည်းပါးလှသော ရုပ်နာမ် ၂-မျိုးကို ပင် “ပုဂ္ဂိုလ်” “သတ္တဝါ” “ငါ” “သူ” “ယောက်ျား “မိန်းမ”ဟု ခေါ်နေကြရသည်။

အမှန်အားဖြင့် ထိုရုပ်နာမ် အစုကလေးမှတပါး“ပုဂ္ဂိုလ် သတ္တဝါ သူ ယောက်ျား မိန်းမ”ဟု သီးခြား မရှိပါတကားဟု စဉ်းစားခဲ့ပါလော။

သတ္တိထက်သော
တရားများ မပါသေး

▬▬

ထိုပဋိသန္ဓေစိတ် ဖြစ်ချိန်၌ သတ္တိ ထက်မြက်သော စေတသိက်များ မပါသေး

ချဲ့ဦးအံ့-

မကောင်းဘက်၌ သတ္တိထက်သော တရားဟူသည် -
လောဘ (လိုချင်မှု)၊
ဒေါသ (စိတ်ဆိုးမှု)၊
မောဟ (အမှန်မသိတတ်မှု)၊
မာန (ကိုယ့်ကိုယ်ကို အထင်ကြီးမှု)၊
ဣဿာ (ကိုယ့်ထက်သာလျှင် မနာလိုမှု)၊
မစ္ဆရိယ(ပစ္စည်းဂုဏ်သိန် စည်းစိမ်ပညာကို သူတပါး မရစေလိုသော ဝန်တိုမှု) ၊
ဒိဋ္ဌိ (အယူမှားမှု)၊
ဝိစိကိစ္ဆာ(ဘုရား စသော အမှန်အာရုံ၌ ယုံမှားသံသယဖြစ်မှု)
တရားစုတည်း။

ဤတရားစု မပါသေးသောကြောင့် ပဋိသန္ဓေသည် ဘာမျှ ထက်ထက်မြက်မြက် ဆိုးဆိုးရွားရွား မရှိချေ။ လူ့ပဋိသန္ဓေ တချို့၌ ဉာဏ်ပါသော်လည်း ထိုဉာဏ်သည် တစုံတခုကို ကြံစည်တတ်သော ဉာဏ်မဟုတ်ရကား သတ္တိမထက်ချေ။ ထို့ကြောင့် ပဋိသန္ဓေ တည်နေခါစ သတ္တဝါကလေးသည် အလွန်နုံ့သော ရုပ်နာမ်ခန္ဓာကလေး မျှသာ ဖြစ်သည်ဟု မှတ်ပါ။

ဓာတ်သတ္တိ ပါရှိနေပုံ

▬▬

ပဋိသန္ဓေခဏ၌ လောဘ ဒေါသ စသော တရားတို့သည် သရုပ်သကောင် အထင်အရှား မပါသေးသော်လည်း (နောင်ခါ လောဘ ဒေါသ စသည်ဖြစ်ရန်) အခြေခံ ဓာတ်သတ္တိကား ပါရှိသည်သာ။ မွေးဖွားလာသောအခါ -

တချို့က လောဘကြီးသူ ဖြစ်နေခြင်း
တချို့က ဒေါသ
တချို့က ဣဿာ
တချို့က မစ္ဆရိယ
တချို့က မာန
တချို့က ဒိဋ္ဌိ
တချိုက အဖျင်း အ-အ
တချို့က ပညာထက်
တချို့က သဒ္ဓါတရားထက် -

ဤသို့ အကွဲကွဲအပြား ပြား ဖြစ်နေခြင်းသည် ပဋိသန္ဓေခဏ၌ပင် ထိုဓာတ်သတ္တိ ပါရှိပုံ မတူသောကြောင့်တည်း။ လောဘဓာတ်သတ္တိ လွန်လွန်ကဲကဲ ပါရှိလျှင် မွေးဖွားလာသောအခါ သောဘကြီးသူ ဖြစ်နေ၏။ ဤသို့ စသည်ဖြင့် ချဲ့ထွင်သိပါ။

ရှေးဝါသနာကြောင့်
ဓာတ်သတ္တိ မတူ

▬▬

ဝါသနာ” ဟူသော ပါဠိပျက် စကားတမျိုးရှိ၏။ မြန်မာလို “အထုံ” ဟု ခေါ်၏။

အဝတ်၌ အပုပ်နံ့ဖြစ်စေ၊ အမွှေးအကြိုင်နံ့ဖြစ်စေ စွဲနေခြင်းကို “အထုံ” ဟု ဆိုလိုသည်။ စိတ်ဓာတ်၌ ထို အထုံတမျိုး စွဲနေတတ်၏။ တခုသော ဘဝ၌ လောဘကြီးသူ့ လောကီအာရုံ ကာမဂုဏ် လိုက်စားသူ ဖြစ်လျှင် ထို တဏှာရာဂ လောဘသည် စိတ်အစဉ်မှာ မကြာမဏ ဖြစ်နေသောကြောင့် ထိုစိတ်အစဉ်၌ လောဘ (တဏှာရာဂ) အထုံ ပါနေ၏။

ဒေါသကြီးသူ မာနကြီးသူ ဒိဋ္ဌိဖြစ်သူ ဣဿာ မစ္ဆရိယ အားကြီးသူတို့၌လည်း ထို တရားဆိုးတွေ အထုံပါနေတတ်၏။ သဒ္ဓါ ပညာ ဝီရိယ သတိ သမာဓိ ကြီးသူတို့ ၌လည်း ထိုသဒ္ဓါစသော တရားများ (အဝတ်မှာ. ရေမွှေးနံ့ ထုံနေသကဲ့သို့) စိတ် အစဉ်မှာ အထုံပါနေတော့၏။

ထို့ကြောင့် မကောင်းတရား အထုံပါနေသူ၌ နောက် ဘဝဝယ် ထိုမကောင်းတရား တွေပင် အဖြစ်များနေတတ်၏။ ကောင်းတရားတွေ အထုံပါနေသူ၌လည်း ထို ကောင်းတရား အထုံပါနေ၏။

ထို့ကြောင့် ပညာဘက်က ထက်မြက်လိုသော အရှင်သာရိပုတ္တရာသည် တသင်္ချေနှင့် ကမ္ဘာတသိန်းအောင် ပညာအထုံ ပါခဲ့ရကား နောက်ဆုံးဘဝ၌ ပညာဘက်က ဧတဒဂ်ရသော ပညာရှိပုဂ္ဂိုလ်ကြီး ဖြစ်လာရပေသည်။ ရှင်ဘုရင် ဘဝများစွာ ဖြစ်ခဲ့၍ မာနဘက်၌ အထုံရနေသော အရှင် ပိလိန္ဒဝစ္ဆေထေရ်ကား ရဟန္တာ ဖြစ်၍ မာနကုန်သွားသည့်တိုင်အောင် ထိုမာနအထုံ ဝါသနာ အရှိန်ကလေး ပါနေရကား သူတပါးကို ခေါ်သောအခါ“ဝသလ - ဟဲ့အကောင်”ဟူသော အသုံးအနှုန်းများကို ပြောဆို သုံးနှုန်းမိပါသေးသတဲ့။

ဤသို့လျှင် အထုံဝါသနာသည် စိတ်အစဉ်၌ စွဲကပ်နေ တတ်ရကား မကောင်းသော အထုံဝါသနာကို (ဆပ်ပြာဖြင့် စိမ်၍ အပုပ်ဓာတ်ကို ချွတ်ရသကဲ့သို့) အသုဘ ကမ္မဋ္ဌာန်းတရား မေတ္တာ ဘာဝနာ စသော တရားတို့ဖြင့် ချွတ်မှာ ပျက်ပြယ် ပျောက်ကင်းနိုင်၏။

ကောင်းသော အထုံ ဝါသနာကိုကား တိုးသည်ထက် တိုးပွားအောင် အလုပ်သဘော အားဖြင့် ကြိုးစား ရလေသည်။ ထို့ ကြောင့် ယခုအခါ လောဘ ဒေါသ စသော မကောင်းတရား ကြီးမားသူသည် ရှေးက ပါလာသော ဝါသနာကို မချွတ်နိုင်ခဲ့ရကား ပဋိသန္ဓေ စိတ်၌ပင် ထိုမကောင်းဓာတ် ပါနေသည်ဟု လည်းကောင်း၊ သဒ္ဓါပညာ ကြီးမားသူ၌လည်း ပဋိသန္ဓေစိတ်၌လည်း ထိုသဒ္ဓါပညာ ပါနေသည်ဟု လည်းကောင်း ခွဲခြား၍ မှတ်သားပါလော့။

ရှေးကံကြာင့်
ပဋိသန္ဓေ ရုပ် နာမ်ဖြစ်

▬▬

“လူ့ ပဋိသန္ဓေ”ဟုခေါ်ရသော ရုပ် ကလာပ် ၃-စည်းနှင့် စိတ် စေတသိက် ဟူသော နာမ်တရားအစုသည် လွန်ခဲ့သော ရှေးရှေး ဘဝများစွာတွင် တခုခုဘဝ၌ပြုခဲ့သော ကံကြောင့်ဖြစ်၏။ ထိုရုပ် ထိုနာမ် (ပဋိသန္ဓေ) သည် မိဘတို့၏ သွေးသားကြောင့် ဖြစ်သည်မဟုတ်။ ဖန်ဆင်းတတ်သူ၏ဖန်ဆင်းမှုကြောင့်လည်း ဖြစ်သည်မဟုတ်။ မိမိပြုခဲ့သော ကံကြောင့်သာ ဖြစ်ရ၏။

ထို့ကြောင့် ယောက်ျား ဖြစ်ထိုက်သော ကံကြောင့် ပဋိသန္ဓေရုပ်ကလာပ် ၃-စည်း တွင် ပုရိသဘာဝရုပ်ကလာပ်ပါရှိ၍ မိန်းမဖြစ်ထိုက်သော ကံကြောင့် ဣတ္ထိဘာဝ ရုပ်ကလာပ် ပါရှိလေသည်။ ထိုရုပ်ကလာပ် ၂-မျိုးသည် တဘဝအတွက် (ကံ အထူးမရှိလျှင်) အပြောင်းအလဲ မရှိတော့။ ပုရိသဘာဝ ရုပ်ကလာပ် ပါရှိနေသူသည် တဘဝလုံး ယောက်ျားသာဖြစ်ခွင့် ရှိ၍ ဣတ္ထိဘာဝ ရုပ်ကလာပ် ပါရှိသူကလည်း တဘဝလုံး မိန်းမသာ ဖြစ်ခွင့်ရှိတော့သည်။ သို့သော် ရှေးကံကြောင့် ဖြစ်စေ ဤဘဝ၌ ထူးခြားသော ကံကြောင့်ဖြစ်စေ နည်းနည်း ပါးပါး ပြောင်းလဲနိုင်ပါသေး၏။

စိတ်ချင်းမတူ၍
ကံချင်းလည်းမတူ

▬▬

“ဘာကြောင့် ရှေးကံချင်း မတူပါလိမ့် မည်နည်း”ဟု စဉ်းစားလျှင်“ရှေးရှေး ဘဝ၌ စိတ်ဖြစ်ပုံချင်း မတူသောကြောင့် ကံချင်းမတူ” ဟု အဖြေပေါ်လာ၏။ ယခုမျက်မြင် လူများ၏ စိတ်ဖြစ်ပုံကို စဉ်းစားပါ။ ယောက်ျားသည် ယောက်ျားလိုသာ ဝတ်စား ဆင်ခြင် လှပချင်၍ ကာမဂုဏ် ချမ်းသာကိုလည်း ယောက်ျားလိုသာ ခံစားလို၏။ မိန်းမဖြစ်သူလည်း မိန်းမလိုသာ ဝတ်စားဆင်ပြင် လှပချင်၍ မိန်းမလိုသာ ကာမဂုဏ် ခံစားလို၏။

ဤသို့ ယောက်ျားလိုဖြစ်ချင်သော တဏှာအထုံရသော သတ္တဝါသည် ကံတခုခုကို ပြုသောအခါ ထိုတဏှာကို အရင်းခံ၍ပြု၏။ ထိုကံသည် ယောက်ျားဘဝရဖို့ရန် ပဋိသန္ဓေခဏ၌ ပုရိသဘာဝ ရုပ်ကလာပ်ကို ဖြစ်စေ၏။ မိန်းမလို ဖြစ်ချင်သော တဏှာ အထုံရသော သတ္တဝါသည်လည်း ကံတခုခုကို ပြုသောအခါ ထိုတာကို အရင်းခံ၍ပြု၏။ ထိုကံသည် မိန်းမဘဝကို ရဖို့ရန် ပဋိသန္ဓေခဏ၌ ဣတ္ထိဘာဝ ရုပ်ကလာပ်ကို ဖြစ်စေ၏။

ဤသို့ စိတ်ချင်းမတူသောကြောင့် ကံချင်းမတူ၊ ကံချင်း မတူသောကြောင့် ဘာဝ ရုပ်ချင်းမတူ၊ ထိုဘာဝရုပ်ချင်း မတူသောကြောင့် “ ယောက်ျား - မိန်းမ” ဟု ကွဲပြားသော သတ္တဝါ ၂-မျိုးကို တွေ့ကြရလေသည်။

ဘာဝရုပ်၏ သတ္တိ

▬▬

ထိုသန္ဓေသား သတ္တဝါ၏ ရုပ်ကလာပ်တွေ တဖြည်းဖြည်း တိုးပွား လာသောအခါ ထို ဘာဝရုပ်သည် ထိုရုပ်ကလာပ် များစွာတို့၏ အကြားအကြား၌ ပါရှိရကား ပုရိသဘာဝရုပ်ကြောင့် အင်္ဂါဇာတ်နှင့်တကွ ကိုယ်လုံးကိုယ်ထည် မျက်နှာ လက် ခြေ တို့သည် ယောက်ျားပုံသဏ္ဌာန် ပေါ်လာကြရ၏။ ဣတ္ထိဘာဝရုပ်ကြောင့်လည်း ထိုအားလုံးပင် မိန်းမပုံသဏ္ဌာန် ပေါ်လာကြသည်။ ထို့ ကြောင့် ယောက်ျား မိန်းမကို ပုံသဏ္ဌာန်ချင်း မတူမှု၏ အကြောင်း အဆက်ဆက်သည် ဘာဝရုပ် ရှေးကံ ရှေးစိတ် များပင် ဖြစ်သည်ဟုမှတ်ပါ။

တော်တော်တန်တန်နှင့်
အဖြစ်မပြောင်း

▬▬

မိန်းမနှင့်ဆိုင်သော ဖြစ်ချင်မှု တဏှာ အရင်းခံ၍ ကံအဆက်ဆက်ကြောင့် ဘဝ အဆက်ဆက်၌ မိန်းမချည်း ဖြစ်နေ၏။ ဝိသာခါသည် ကမ္ဘာတသိန်းလောက် ဘုရား ကျောင်းအမ ဖြစ်လိုသောဆန္ဒဖြင့် လည်းကောင်း၊ မိန်းမလို ခံစားလိုသော တဏှာအရင်းခံဖြင့် လည်းကောင်း ကံအမျိုးမျိုး ကို ဘဝဆက်တိုင်း ပြုခဲ့သောကြောင့် မိန်းမဘဝချည်း ဆက် ကာဆက်ကာ ဖြစ်လာ၍ ဝိသာခါ ကျောင်းအမ ဖြစ်လာ၏။

ယသော်ဓရာသည် ၄-အသင်္ချေနှင့် ကမ္ဘာတသိန်း ပတ်လုံး မိန်းမချည်း ဆက်ကာ ဆက်ကာ ဖြစ်လာ၏။ ထို့ကြောင့် မိန်းမ ဘဝရပြီးသူသည် ယောက်ျားဘဝကို အထူးလိုလား တောင့်တသော စိတ်မပြောင်းသမျှ ယောက်ျား (အထီး) မဖြစ်နိုင်။ ယောက်ျားဖြစ်ပြီးသူလည်း တော်တော်တန်တန် ကံဆိုးမပါလျှင် မိန်းမဘဝသို့ မပြောင်းနိုင်။ ကာမေသုမိစ္ဆာစာရ ကံဆိုးကြီး ပါလာမူကား မိမိက မိန်းမဘဝကို မတောင့်တ စေကာမူ ငရဲ တိရစ္ဆာန် စသည် ဖြစ်ပြီးနောက် မိန်းမ (အမ) ဘဝသို့ ပြောင်းလဲနိုင်လေသည်။

ကံမတူ၍ ဉာဏ်လည်း မတူ

▬▬

သတ္တဝါတို့သည် ကံပြုစဉ်အခါ၌ စိတ်ချင်း မတူသောကြောင့် ကံချင်းလည်း မတူနိုင်ကြ

ဥပမာ ဘုရားရှိခိုးခြင်း စသောကုသိုလ်အလုပ် တမျိုးတည်းကို လူအများ တပြိုင်နက် ပြုကြရာ၌ စိတ်ထက်သန် မထက်သန်၊ သဒ္ဓါတရားအား ကောင်း မကောင်း၊ ဘုရားဂုဏ်တော်ကို သိသော ဉာဏ်ရှိမရှိ၊ ရှိပြန်လျှင် အသိချင်းမတူ ဉာဏ် အတိမ်အနက် ကွာခြားနေ၏။

ထို့ကြောင့် ထိုကံတမျိုးက လူ့ ဘဝအကျိုးပေးလျှင် ဘုရား ရှိခိုးစဉ်က စိတ် သဒ္ဓါ, ပညာ စသည် ကွဲပြားသလောက် လူချင်း ကွဲပြားရုံမက ဉာဏ်ချင်းလည်း ကွဲပြား၏။ ဉာဏ်ထက် သူချင်း တူစေကာမူ ပထမတန်း, ဒုတိယတန်း, တတိယတန်း အဖြစ်ဖြင့် ဉာဏ်ချင်း ကွဲပြားသေး၏။

ဤသို့လျှင် ကံမတူသောကြောင့် ယခုအခါ သတ္တဝါချင်းမတူ စည်းစိမ်ဥစ္စာချင်း မတူ ဉာဏ်ပညာချင်း မတူသော လူအမျိုးမျိုးကို တွေ့ကြရပေသည်။ ထို့ကြောင့် ဉာဏ်ကောင်း သူများကို တွေ့ရလျှင် ရှေးရှေးဘဝ တို့၌ ဉာဏ်ပညာ ထက်ထက် သန်သန် အမြော်အမြင် ကြီးကြီး မားမား ကံပြုခဲ့သူသော် လည်းကောင်း၊ ဉာဏ် ပညာကို အားပေးသော ကံကို ပြုလာခဲ့သူသော် လည်းကောင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းနိုင်ပါသည်။

တော်တော်နှင့် မယုံနိုင်စရာ

▬▬

“ပဋိသန္ဓေတည်စ ပထမအချိန်၌ ရုပ်ကလာပ် ၃-စည်းနှင့် စိတ်ဝိညာဉ် စေတသိက် များစ၍ တည်မိကြ၏” ဟူသောစကားကို တော် တော်တန်တန် ပညာဉာဏ်ရှိရုံ, စာပေကို တော်တော်တန်တန် လေ့လာရုံမျှဖြင့် မယုံကြည်နိုင် နားမလည် နိုင်ကြပေ

ချဲ့ဦးအံ့ -

လောက၌ “နားလည်မှု ယုံကြည်မှု” ဟူသည် မွေးဖွားစ ကတည်းက မိဘစသော အပေါင်းအသင်းနှင့် လေ့လာအပ်သော စာများကို အရင်းခံ၍ဖြစ်၏။ ထို့ကြောင့် ဤတရားမျိုးကို မကြားနာရ မသင်ယူရ မလေ့လာရသော ပုဂ္ဂိုလ်သည် ပညာဉာဏ် ရှိသူဖြစ်စေကာမူ ဤပဋိသန္ဓေတည်ခန်းကို မယုံကြည်နိုင်ပါ။

ဤတရား ဤစာမျိုးကို ကြားရ နာရ လေ့လာသင်ယူရ စေကာမူ အခြေအမြစ်မှစ၍ ကျကျနန မသင်ရ မနာရလျှင် (မိရိုးဖလာ ယုံကြည်မှုထက် ပို၍) နှစ်နှစ်ကာကာ မယုံကြည် နိုင်ပါ။

ထိုသို့ နှစ်နှစ်ကာကာ မယုံကြည်သူ ယောင်ဝါးဝါး ဖြစ်နေသူသည် ဤတရား ဤ စာနှင့် ဆန့်ကျင်သော လောကီ စာပေကို သင်ယူလေ့လာရပြန်လျှင် သာ၍ ဆန့်ကျင်သော အမြင်ကိုမြင်ကာ ဤ ပဋိသန္ဓေတည်ခန်းကို လုံးလုံး ပယ်လှန်ကြ လေတော့သည်။ ထို့ ကြောင့် ဤပဋိသန္ဓေတည်ခန်းကို ယခု ရေးပြအပ်သည်ထက် ပို၍ နားလည်ဖို့ရာ အဘိဓမ္မာတရားတော် ကို ပိုင်ပိုင်နိုင်နိုင် လေ့လာသင့်ကြပါသည်။

သေခါနီး အာရုံထင်လာပုံ

▬▬

“ရှေးကံကြောင့် ပဋိသန္ဓေ တည်နေရသည်”ဟူရာ၌“ရှေးကံ”ဟူရာဝယ် လွန်ခဲ့ပြီးစ ဒုတိယဘဝက ကံလည်းဖြစ်နိုင် တတိယဘဝမှစ၍ ရှေးရှေး ဘဝ များစွာက ကံလည်း ဖြစ်နိုင်၏။

ထိုကံသည် သူချည်းသက်သက် ဘွားကနဲပေါ်လာ၍ အကျိုးပေးသည် မဟုတ်ပါ။ ဒုတိယဘဝ စုတေခါနီး၌ မေ့မျောနေချိန်ဝယ် (မည်သူမဆို နောက်ဆုံးအချိန်၌ ခဏကလေးမျှ သတိလစ်သလို မေ့သွားရ၏။ ထိုအချိန်ဝယ်) အိပ်မက် မက်သကဲ့သို့ ရှေးရှေး မိမိပြုခဲ့သော ကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံ ဖြစ်စေထင်လာတတ်၏။

တချို့မှာ ယခုလောလောဆယ် ပြုနေရသလို ထင်နေ၏။ “ကံအာရုံထင်ခြင်း”ဟု ခေါ်၏။ ကုသိုလ် အကုသိုလ် မထင်လျှင် ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ခဲ့ ကြုံခဲ့ရသော အာရုံတွေ ထင်လာတတ်၏။ ထိုထင်လာမှုကို “ကမ္မနိမိတ်ထင် လာခြင်း”ဟု ခေါ်၏။ တချို့၌ကား ရောက်ရမည့် ဂတိဘဝက ငရဲမီးစသော နတ်ဘုံစသော အာရုံတွေ ထင်လာတတ်၏။ ထိုထင်လာမှုကို “ဂတိနိမိတ်ထင်ခြင်း” ဟုခေါ်၏။ (ကံ ကမ္မနိမိတ် ဂတိနိမိတ်။)

ထင်လာသော အာရုံအလိုက်
ကံက အကျိုးပေး

ထိုအာရုံတို့တွင် တမျိုး ဖြစ်စေ, နှစ်မျိုး ဖြစ်စေ သုံးမျိုးလုံးဖြစ်စေ ထင်လာခြင်းသည် (ရှေးကံအခွင့်ရဖို့ရန်) ရေလာမြောင်းပေး ပြုလုပ်ပေးခြင်း ဖြစ်၏။ ထို့ကြောင့် စုတေ ခါနီး၌ ကောင်းသောအာရုံတွေ (စုံတေစိတ် ကျခါနီးအထိ) ထင်နေလျှင် ထိုအာရုံနှင့် သက်ဆိုင်သော ရှေးကုသိုလ်ကံသည် နောက်ဘဝ၌ ပဋိသန္ဓေအကျိုး (ရုပ်ကလာပ် ၃-စည်းနှင့် စိတ် စေတသိက်များ) ကို ဖြစ်စေတော့၏။

စုတခါနီး၌ မကောင်းသော အာရုံတွေ ထင်နေပြန်လျှင်လည်း ထိုအာရုံနှင့် သက်ဆိုင် သော ရှေးအကုသိုလ်ကံသည် နောက်ဘဝ၌ ပဋိသန္ဓေအကျိုး ကို ဖြစ်စေတော့၏။ ဤစကားအရ “ရှေးရှေးကံသည် သူချည်းသက်သက် ဘွားကနဲပေါ်လာ၍ အကျိုး ပေးသည် မဟုတ်။ စုတေခါနီး၌ ထင်လာသော အာရုံအားလျော်စွာသာ အကျိုး ပေးရသည်”ဟု မှတ်ပါ

ရှေးကံကြောင့်
မဟုတ်လျှင် ဘာ့ကြောင့်လဲ

လောက၌ မိမိက သူတပါး၏ အယူဝါဒကို ပယ်လိုလျှင် မိမိအယူဝါဒကို ခိုင်ခိုင်မာမာ (အကြောင်းလုံလုံလောက်လောက်) ပြနိုင်မှ လမ်းမှန်ကျ၏။ မိမိက ခိုင်မြဲသော အကြောင်း ကို မပြနိုင်ပဲ သူတပါး၏ အယူဝါဒကို ပယ်ခြင်းသည် ရိုင်းစိုင်း၏။ စော်ကားရာလည်း ရောက်၏။

ထို့ ကြောင့် “ရှေးကံကြောင့် ပဋိသန္ဓေတည်ရပါသည်”ဟု ဆိုရာ၌ “ရှေးကံကြောင့် မဟုတ်လျှင် အဘယ်အကြောင်းကြောင့် ပဋိသန္ဓေ စတည်ရပါသနည်း”ဟု ပြန်၍ မေးဖို့ရာ ပြဿနာတခု ပေါ်လာသည်။

မိဘတို့၏သွေးကြောင့်
ပဋိသန္ဓေ တည်သလော

ထိုသို့ ပြဿနာ ပေါ်လာသောအခါ ယခုခေတ် လောကီ ပညာရှိတို့က“မိဘတို့၏ သုက်သွေး၌ ပါရှိသော ပိုးကောင်ငယ် ကလေးများမှ သန္ဓေသား၏ အစိတ်အပိုင်းအစ ကလေး ဖြစ်ပွား၏” ဟု ဆိုကြသတတ်။ ထိုအဆိုကို စဉ်းစားကြစို့။

၁။ အမြွာမွေးသော ကလေး ၂-ယောက်တွင် တယောက်သည် မိန်းကလေး၊ တယောက်က ယောက်ျားကလေး ဖြစ်နေရာ၌ သုက်သွေးချင်း တူပါလျက် မွေးဖွားချိန်လည်း တဆက်တည်း ဖြစ်နေပါလျက် အဘယ် အကြောင်းကြောင့် မိန်းမ - ယောက်ျား ကွဲပြားရပါသနည်း။

(ဗုဒ္ဓမြတ်စွာ၏ တရားတော်အလိုမှာ ပဋိသန္ဓေ တည်စ ပထမအချိန်၌ပင် ရှေးကံကြောင့် ဣတ္ထိဘာဝ ရုပ်ကလာပ် ပုရိသဘာဝ ရုပ်ကလာပ်ဟု ဘာဝရုပ်ချင်း ကွဲပြားခဲ့လေပြီ။)

၂။ အမြွှာမွေးကလေး ၂-ယောက်လုံးပင် ယောက်ျားချည်း၊ သို့မဟုတ် မိန်းမချည်း ဖြစ်နေပြန်လျှင် အဘယ် အကြောင်းကြောင့် တယောက်သည် ဉာဏ်ကောင်း၍ တယောက်က ဉာဏ်မကောင်း ဖြစ်ရသနည်း။

(ဗုဒ္ဓ မြတ်စွာ၏ တရားတော်အလိုမှာ ရှေးကံကြောင့် ရှေးကဉာဏ်နှင့် ဆိုင်သော ကောင်းမှုကို ပြုခဲ့ခြင်း မပြုခဲ့ခြင်း ကွဲပြားသောကြောင့်) ပဋိသန္ဓေ စိတ်၌ပင် ဉာဏ်ဓာတ်ခြင်း မပါခြင်းအားဖြင့် ကွဲပြားလေပြီ။ ထို့ကြောင့် ဖွားမြင်လာသောအခါ ဉာဏ် ကောင်း, မကောင်း ကွဲပြားရသည်။)

၃။ ထိုအမြွှာမွေး ညီအစ်ကို၊ သို့မဟုတ် ညီအစ်မ ၂-ယောက်တွင် အဘယ် အကြောင်းကြောင့် တယောက်သည် လောဘကြီး၍ တယောက်က လောဘ နည်းရ ပါသနည်း။

(ဗုဒ္ဓမြတ်စွာ၏ တရားတော် အလိုအားဖြင့် ရှေးဘဝက လောဘကြီးသူ လောဘခြံရံ၍ လူပဋိသန္ဓေ အကျိုးပေးမည့်ကံကို ပြုခဲ့သူသည် ဤဘဝ၌ လောဘ အထုံ ပါသောကြောင့် လောဘကြီးသူဖြစ်ရ၏။ ထိုသို့ လောဘ အထုံ မပါသူကား လောဘ နည်းသူ ဖြစ်လေသည်။)

၄။ ဒေါသကြီးခြင်း ဒေါသနည်းခြင်းအတွက်လည်း ဤနည်းအတိုင်း ရှေးဘဝ၌ ဒေါသအားကြီးသူ၊ ဒေါသ ခြံရံ၍ လူ့ ပဋိသန္ဓေကျိုးပေးမည့် ကံကို ပြုခဲ့သူသည် ဒေါသအထုံ ပါနေရကား ဒေါသကြီးသူ ဖြစ်တတ်လေသည်။

(မာနကြီးခြင်း မကြီးခြင်း၊ ဣဿာ မစ္ဆရိယ အားကြီးခြင်း မကြီးခြင်းများလည်း ဤနည်းအတိုင်း ရှေးက ပါလာသော အထုံဝါသနာနှင့် သက်ဆိုင်ကြသည်။)

၅။ ဤနည်းအတိုင်း အမြွှာမွေး ကလေး ၂-ယောက်၏ ရောဂါများခြင်း မများခြင်း၊ ဉာဏ် ဝီရိယ တူပါလျက် ပညာတတ်ခြင်း မတတ်ခြင်း၊ ဥစ္စာ ပေါခြင်း မပေါခြင်း၊ အသက် ရှည်ခြင်း မရှည်ခြင်း စသည်ကို စိစစ်ကြည့်ရာ၏။

ထိုသို့ စိစစ်တိုင်းပင် “မိဘတို့၏ သုက်သွေးကြောင့် သန္ဓေ သားကလေး ဖြစ်လာရ၏”ဟူသော အယူဝါဒ၌ ကျေနပ်ဖွယ် အဖြေ မထွက်နိုင်ပဲ ဗုဒ္ဓ မြတ်စွာ၏ “ရှေးကံကိုအခြေခံ၍ သန္ဓေတည်ရသည်” ဟူသော အယူဝါဒ၌သာ ကျေနပ်ဖွယ် အဖြေထွက်စရာ ရှိပါသည်

ပါရှားဘုရင်နှင့် မိဖုရား

လွန်ခဲ့သော ၂-နှစ် ကျော် လောက်က ပါရှားဘုရင်၏ မိဖုရားသည် သားသမီးမရ။ သားမရလျှင် ထီးနန်းအမွေ ဆက်ခံယူမည့်သူ မရှိ။ ထို့ကြောင့် မျိုးရိုး ထုံးစံအရ မိဖုရားကို ကွာရတော့မည်။ ဘုရင်ကလည်း မကွာရက်ရှာ။ ဘုရင်ရော မိဖုရား သားသမီးရအောင် ကြိုးစားရှာကြ၏။ နိုင်ငံခြား ဆရာဝန် များနှင့်တကွ ဆရာဝန် အမျိုးမျိုးဖြင့် သားသမီး ရဖို့ရန် ကြိုးစားကြ၏။ ၇-နှစ်လုံးလုံး ပေါင်းပါသော်လည်း သားသမီး မရသော မိဖုရားကို ကွာလိုက်ရတော့၏။ ထိုနောက် အမျိုးသမီး တယောက်ကို မိဖုရားမြှောက်သောအခါ တနှစ် အတွင်းမှာပင် သား ရတနာ ရပါသတဲ့။

(ဤနေရာဝယ် လောကဓာတ် ပညာရှိတို့က အဘယ်သို့ ဆိုလိုကြသနည်း။ “မိဖုရားမှာ ရောဂါရှိလို့”ဟုဆိုလျှင် ထိုရောဂါကို ဆရာဝန်မျိုးစုံနှင့် ကုမည် မဟုတ်ပါလော။ မိဖုရားကား ယခုတိုင်အောင်ပင် ကျန်းကျန်းမာမာကြီးပါတကား။)

ဗောဓိမင်းသားနှင့် မိဖုရား

ဘုရားလက်ထက်တော်၌ ဘဂ္ဂတိုင်းဝယ် ဗောဓိမင်းသား၏ မိဖုရားသည် သားသမီး မရ။ ထိုသူတို့သည် ရှေးတခုသော ဘဝ၌ ကျွန်းငယ်တခုသို့ (လှေသင်္ဘော ပျက်သောကြောင့်) ရောက်သွားကြ၏။ စားစရာ အစာ မရသောကြောင့် ငှက် ကလေးများကို သဘောတူ စားခဲ့ကြ၏။ ထိုကံ၏ အကျိုးပေးခွင့် ကြုံသောကြောင့် ယခုဘဝ၌ သားသမီး မရသော မင်းသားနှင့် မိဖုရားများ ဖြစ်လာကြသည်။

(ထိုငှက်ကလေးများကို စားစဉ်အခါ၌ တယောက်ယောက်က သဘော မတူလျှင် ထိုသဘောမတူသူ့ အတွက် သားသမီးရနိုင်စရာ ရှိ၏။ ယခုသော် နှစ်ယောက်လုံး သဘောတူ စားခဲ့ကြသောကြောင့် သားသမီးမရပဲ ရှိရသည်။)

တရားတော်

သင်္ခါရပစ္စယာ ဝိညာဏံ
ဝိညာဏပစ္စယာ နာမရူပံ

ကုသိုလ်ကံ အကုသိုလ်ကံ (ဟူသောသင်္ခါရ) ကြောင့် ပဋိသန္ဓေဝိညာဉ်စိတ် ဖြစ်ရ၏။ ပဋိသန္ဓေ ဝိညာဉ်စိတ်ကြောင့် (ထိုစိတ်နှင့် တပြိုင်နက်) နာမ်ဟူသော စေတသိက်နှင့် ရုပ်ကလာပ်များ ဖြစ်ကြရသည်။

သဗ္ဗေ ကမ္မဿကာ သတ္တာ
ကမ္မံ သတ္တေ ဝိဘဇ္ဇတိ
ဟီနပဏီတဘာဝါယ
န စိန္တာယ သမိဒ္ဓိနော

အားလုံးသော သတ္တဝါတို့သည် ကံသာလျှင် ကိုယ်ပိုင် ဥစ္စာ (မှီခို အားထားရာ) ရှိကြကုန်၏။ ကံသည် သတ္တဝါတို့ကို အယုတ် အမြတ် (အောက်တန်း -အထက်တန်း) ကွဲပြားဖို့ရန် ခွဲခြမ်း ဝေဖန်၏။ ကံမလုံလျှင် ကြံရုံဖြင့် မပြည့်စုံနိုင်ကြ

ရှေးကံမယုံသူများ ထပ်၍စဉ်းစား

မိမိတို့အိပ်ပျော်နေသောအခါ မည်သည့် အိပ်မက်မျှလည်း မမက်လျှင် “ဘဝင်”ဟု ခေါ်အပ်သော စိတ်အစဉ်ဖြစ်နေ၏။ စိတ်အမျိုးမျိုးလည်း မဖြစ်၊ စိတ်တမျိုးတည်းသာ (မနိုးမချင်း) ဆက်ကာ ဆက်ကာ ဖြစ်နေ၏။ ထိုစိတ်အစဉ်သည် ပဋိသန္ဓေစိတ်နှင့် အားလုံးတူရကား ပဋိသန္ဓေစိတ်ကဲ့သို့ ရှေးကံကြောင့် ဖြစ်သော စိတ်အစဉ်တည်း

ထိုအိပ်ပျော်ခိုက်၌ ဖြစ်နေသော စိတ်ကို (ရှေးကံကို မယုံသူတို့က) “မည်သည့် အကြောင်းကြောင့် ဖြစ်သောစိတ်”ဟု ညွှန်ပြသင့်ကြပေသနည်း။

ရှေးကံကြောင့် ဖြစ်သော စိတ်များ

အိပ်ပျော်သောအခါ ဖြစ်ပျက်နေသော စိတ်များသာမက နိုးနေသောအခါ “စက္ခုဝိညာဉ်” ဟု ခေါ်အပ်သော မြင်သိ-သိသော စိတ်လည်း ရှေးကံကြောင့် ဖြစ်သော စိတ်ပင်တည်း။ မကောင်းသော အဆင်းကို မြင်ရသောအခါ ဖြစ်သော စက္ခုဝိညာဉ်စိတ်သည် ရှေးက အကုသိုလ်ကံကြောင့် ဖြစ်၏။ ကောင်းသော လှပသောအဆင်းကို မြင်ရသောအခါ ဖြစ်သော စက္ခုဝိညာဉ်စိတ်သည် ရှေးက ကုသိုလ်ကံကြောင့် ဖြစ်၏။ ဤအတူ -

သောတဝိညာဉ် ( ကြားသိ-သိသော) စိတ်
ဃာန ဝိညာဉ် ( နံသိ-သိသော) စိတ်
ဇိဝှါဝိညာဉ် ( အရသာသိ-သိသော) စိတ်
ကာယဝိညာဉ် ( အထိအတွေ့ကို သိသော) စိတ်

များလည်း ရှေးကံကြောင့် ဖြစ်ရသော စိတ်များတည်း။ ဤသို့ စသည်ဖြင့် ရှေး ကံကြောင့်ဖြစ်ရသော စိတ်တွေများစွာ ရှိလေသည်။

ဘယ်ကလာ၍
ဘယ်မှာ စုနေသလဲ

ပြခဲ့သော ဘဝင် စက္ခုဝိညာဉ် စသော စိတ်တို့သည် မဖြစ်မီ (မထင်ရှားသော စိတ် အဖြစ်ဖြင့်) တနေရာမှာ စုနေကြ သည်မဟုတ်။ ဖြစ်ပြီးနောက် (တနေရာစုနေ ကြသည် မဟုတ်ပဲ) တခါတည်း ချုပ်ပျောက်ရကုန်၏။

ထို့ကြောင့် အကြောင်း ညီညွတ်သောအခါ ရှေးကံကြောင့် တခါတည်း ပေါ်လာ၍ တခဏလောက် တည်ပြီးနောက် ချုပ်ပျောက် ကြရခြင်းသည် စိတ်များ၏ ထုံးစံ ဓမ္မတာပင် ဖြစ်သည်ဟုမှတ်။

(တချို့က “စိတ်တို့သည် မထင်မရှားပဲ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေသော အောက်တန်းအထပ်အလွှာ စိတ်အစုတမျိုး၊ ထိုအောက်တန်း အထပ်အလွှာဝယ် တည်ရှိသော စိတ်အများထဲမှ အကြောင်း အားလျော်စွာ အထင် အရှား ထွက်ပေါ်လာသော အထက်တန်းလွှာ စိတ်တမျိုး”ဟု ၂-မျိုး ခွဲကြသတတ်။ ထိုသို့ ခွဲဖို့ရာ စုဝေးတည်ရှိနေသော စိတ်ဟူ၍ မရှိပါ။)

အကြောင်း ညီညွတ်

“အကြောင်းညီညွတ်သောအခါ”ဟု ဆိုခဲ့၏။ ထိုစကားကို ရှင်းပြပါမည်။

“ဘဝင်စိတ်”ဆိုသည်မှာ ကံအရှိန်ရှိသေးသမျှ ထိုဘဝ မပြတ်အောင် ဆက်စပ် ပေးသော စိတ်တမျိုး ဖြစ်၏။ ထို့ကြောင့် အခြား“ ဝီထိစိတ် ” ခေါ် စိတ်အစဉ်တရပ် ပြတ်ခြင်းသည် ရှေးကံကြောင့်ဖြစ်သော ဘဝင်စိတ် ဖြစ်ခြင်း၏ အကြောင်းတည်း

မြင်လောက်သော အရောင်ရှိ၍ စက္ခုပသာဒ အကြည်ဓာတ်ဝယ် ရူပါရုံဓာတ် ခိုက်သည့်အခါ ထိုရူပါရုံကို ဆင်ခြင်မှု (သတိထားမှု) ရှိခြင်းသည် စက္ခုဝိညာဉ် ဖြစ်ခြင်း၏အကြောင်းတည်း

ဤသို့ စသည်ဖြင့် ရှေးကံကြောင့် စိတ်ဖြစ်ရာ၌ အကြောင်းညီညွတ်မှ ဖြစ်နိုင်ပုံကို နားလည်သင့်ကြပါသည်။ ထို့ကြောင့် ပဋိသန္ဓေစိတ် စေတသိက်ရုပ်တို့ဖြစ်ရာ၌လည်း -

(၁) မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခြင်း၊
(၂) ဖခင်လောင်းနှင့် ပျော်ပါးခြင်း၊
(၃) သန္ဓေ တည်ထိုက်သော သတ္တဝါ၏ ဘဝဟောင်းမှ စုတေခဲ့ခြင်း ။

ဟူသော အကြောင်း ၃-ပါးညီညွတ်မှ ရှေးကံကြောင့် ဖြစ်ရပုံကို ယုံကြည်သင့်ကြ ပေသည်

မိဘ၏ သွေးက ကျေးဇူးပြုပုံ

“ရှေးကံကြောင့် ပဋိသန္ဓေ (ရုပ်နှင့် စိတ် စေတသိက် နာမ်တရားတို့) စတည်ရလျှင် ထိုသန္ဓေ သားကလေးအား မိဘတို့၏သွေးက ကျေးဇူးမပြုတော့ပြီလော” ဟု မေးဖွယ် ရှိ၏။

“မိဘတို့၏သွေးက ထိုသန္ဓေသားကလေးအား ကျေးဇူး ပြုသည်မှာ သာမန်မဟုတ်။ အလွန့်ကို ကျေးဇူးပြုပါသည်”ဟု ဖြေရပေလိမ့်မည်။

ထင်ရှားစေအံ့ - သန္ဓေတည်၍ ကြီးရင့် မွေးဖွားခြင်းသည် သစ်ပင်စိုက်၍ သစ်ပင် ကြီးထွားပုံနှင့်တူ၏။ သစ်ပင်စိုက်ရာ၌ -

၁။ မျိုးစေ့သည် အရေးအကြီးဆုံးဖြစ်၏။ မျိုးစေ့မရှိလျှင် သစ်ပင် မပေါက်နိုင်။ ထို့အတူ သန္ဓေ တည်ရာ၌ ရှေးကံသည် မျိုးစေ့နှင့်တူ၏။ ရှေးကံမရှိလျှင် သန္ဓေ မတည်နိုင်။

၂။ မျိုးစေ့ချည်းလည်း အပင်မပေါက်နိုင်။ မျိုးစေ့ကို အားပေးကူညီမည့် မြေ ရေ (အစိုဓာတ်) ရှိမှ အပင် ပေါက်နိုင်၏။ ထို့ အတူ မိဘတို့၏ သွေးသည် - မြေ, ရေနှင့် တူ၏။ ထိုသွေးမရှိလျှင် သန္ဓေမတည်နိုင်။

၃။ မျိုးစေ့ ကောင်းသလောက် ရေ မြေ ကောင်းသလောက် အပင်ကြီးထွားသကဲ့သို့ ထို့အတူ ရှေးကံ ကောင်းသလောက် မိဘ၏ သွေးသား ကောင်းသလောက် ထိုသန္ဓေ သားကလေးသည် ရုပ်အဆင်း အားဖြင့်လည်းကောင်း၊ ဉာဏ်ပညာ စသော အရည် အချင်းအားဖြင့်လည်းကောင်း ကြီးပွား ထွားကျိုင်းနိုင်သည်။

၄။ မျိုးစေ့က ညံ့သော် လည်းကောင်း၊ ရေ မြေက ညံ့သော် လည်းကောင်း ပေါက်လာသော အပင်သည် မကြီးပွားပဲ ငယ်ငယ်ကလေးနှင့် သေတတ်, မသေ သော်လည်း စည်စည်ပင်ပင် မရှိတတ်သကဲ့သို့ ရှေးကံက ညံ့သော်လည်းကောင်း၊ မိဘတို့၏ သွေးသားက (ကာလသားရောဂါစသော ရောဂါကြောင့်) ညံ့သော်လည်း ကောင်း ထိုသန္ဓေသားကလေးသည် အမိ ဝမ်းတွင်း၌ ဖြစ်စေ, ဖွား၍မကြာမီဖြစ်စေ ပျက်စီးတတ် မပျက်စီးသော်လည်း အသက်မရှည်ပဲ ရောဂါသည်ကလေး ဖြစ်နေတတ်လေသည်။

၅။ ဖွတ်၏အောင်းရာတွင်းသည် မြေနီ ဖြစ်နေလျှင် ထိုမြေနီမှ ဥတုဇရုပ်ဓာတ် ဆက်စပ် ကူးလာသောကြောင့် ဖွတ်သတ္တဝါ၏အဆင်းလည်းအနီ သို့မဟုတ် နီဝါဝါ ဖြစ်တတ်သကဲ့သို့၊ မြေနက် ဖြစ်လျှင်လည်း ဖွတ်နက် ဖြစ်တတ်သကဲ့သို့ -

ထို့အတူ မိဘတို့၏သွေးမှ ရုပ်ဓာတ်ချင်း ဆက်စပ်နေသောကြောင့် သန္ဓေသား ကလေး၏ အဆင်းအရောင်လည်း အဖြူ၊ အဝါ အနက် ဖြစ်လာရုံ မက လက်ခြေ အင်္ဂါတို့ပါ အထိုက်အလျောက် မိဘတို့နှင့် တူလာသည်။ ဤနည်းအားဖြင့် မိဘတို့၏သွေးသည် သန္ဓေသားကလေးအား ကျေးဇူးပြုလျက် ရှိပေကြောင်း ထင်ရှားပေသည်

အမိဝမ်း၌ ကြီးရင့်ပုံ

အမိဝမ်း၌ပဋိသန္ဓေတည်စ ပထမရုပ်နာမ်တို့သည် ရှေးကံကြောင့် ဖြစ်ပြီးနောက် ကံကြောင့်ဖြစ်သော ရုပ်အဆက်ဆက်နှင့် ဥတု စိတ် အာဟာရ တို့ကြောင့်ဖြစ်သော ရုပ်အဆက်ဆက်များလည်း ထိုသန္ဓေသား ၏ ကိုယ်၌ တိုးပွားလျက်ရှိ၏။ ထို့ ကြောင့် သန္ဓေသားကလေးသည် တဖြည်းဖြည်း ကြီး၍ ကြီး၍ လာရ၏

ထိုရုပ်တို့တွင် “ဥတု”ဟူသည် သန္ဓေသားကလေး၏ ရှေးရှေး ရုပ်များတွင် ပါဝင်သော အငွေ့ (တေဇော) ဓာတ်နှင့် အမိ၏ ကိုယ်ငွေ့ (တေဇော) ဓာတ်တည်း။ မိုးအခါ၌ ဥတုကြောင့်ဖြစ်သော ရုပ်တွေ စည်ကားတိုးပွား၍ သစ်ပင်များ စိမ်းစို လာသကဲ့သို့ သန္ဓေသားကလေး၏ ကိုယ်၌လည်း ထို ဥတု ၂-မျိုးကြောင့် ဖြစ်သော ရုပ်ကလေးတွေ တိုးပွားလျက် ရှိ၏။

ပဋိသန္ဓေစိတ် ဖြစ်၍ ချုပ်ပြီးနောက် ဘဝင်စိတ် ၁၆-ချက်ခန့်နှင့် မနောဒွါရာဝဇ္ဇန်းစိတ် ဆက်၍ဖြစ်ပျက်ပြီးလျှင် မိမိရရှိသော ရုပ်နာမ် (ဘဝ)အသစ်ကို နှစ်သက်တတ်သော လောဘဇော ၇-ကြိမ် ဖြစ်၏။ (မိမိဘဝ မိမိကိုယ်ကို ထိုအချိန်ကပင် ခင်မင်ခဲ့လေပြီ။) ထိုနောက်လည်း စိတ်အမျိုးမျိုး ဆက်ကာဆက်ကာ ဖြစ်ပျက်၏။

ယခု မျက်မြင်အားဖြင့် စိတ်ပြောင်းလဲသလောက် ရုပ်တွေ ပြောင်းလဲပုံကိုကြည့်၍ စိတ်ကြောင့်ဖြစ်သော ရုပ်များလည်း ရှိသကဲ့သို့ သန္ဓေသားကလေး၌လည်း ပဋိသန္ဓေစိတ်မှ နောက် နောက်ဖြစ်သော စိတ်များကြောင့် ရုပ်ကလေးများ တိုးပွား နေ၏။

သန္ဓေတည်၍ ရက် ၂-ပတ်လောက် ကြာလျှင် အမိ စားသော အစာရည်သည် ချက်ကြိုးဖြင့် ဆက်သွယ်၍ သန္ဓေသားကလေး၏ ရုပ်အစု၌ ထိတွေ့၏။ ထိုအခါ အစာအာဟာရကြောင့်ဖြစ်သော ရုပ်များလည်း သန္ဓေသားကလေး၌ တိုးပွားလျက် ရှိသည်။

(ထိုသို့ အာဟာရရုပ် တိုးပွားရာဝယ် အမိ စားအပ်သော အစာက အားကို ဖြစ်စေနိုင်သလောက် သန္ဓေသားမှာလည်း အားရှိသောရုပ်များ တိုးပွားရသည်။) ဤနည်းအားဖြင့် သန္ဓေသားကလေး၌ ကံ စိတ် ဥတု အာဟာရကြောင့်ဖြစ်သော ရုပ်တရားတွေ အမိဝမ်း၌ ရုပ် ခန္ဓာကိုယ် အဖြစ်ဖြင့် ကြီးပွားလျက် ရှိရပေသည်

ရုပ်ပုံ အပြောင်းအလဲ

သန္ဓေသားကလေးသည် ပထမ ၇-ရက်၌ ရေကြည် ကလေးမျှသာ ဖြစ်သေး၏။ ဒုတိယ ၇-ရက် အတွင်း၌ အမြှုပ်ပွက် ကလေး ဖြစ်လာ၏။ တတိယ ၇-ရက်အတွင်း၌ အသားတစ်ကလေး ဖြစ်လာ၏။ စတုတ္ထ ၇-ရက်အတွင်း၌ နေသော ထို အသားတစ် ကလေး မာမာကလေး ဖြစ်လာ၏။

ပဉ္စမ ၇-ရက် အတွင်း၌ ဦးခေါင်း ခြေလက်ပေါက်ဖို့ နေရာများ၌ အဖု ကလေးတွေ ပေါ်လာ၏။ ထိုအဖုကလေးတွေ့၌ ရုပ်ကလာပ် စည်းတွေ တဖြည်းဖြည်း တိုးပွားသောအခါ ဦးခေါင်းနေရာ ဝယ် မျက်စိ, နား, နှာခေါင်း လျာနေရာတို့၌ မျက်တွင်းချိုင့် စသော အမှတ်အသား ကလေးများ ပေါ်လာကြသည်။

ထို့ နောက် တဖြည်းဖြည်း ရုပ်ကလာပ်စည်းကလေးတွေ တိုးပွား ပြန်ရာ မွေးဖွားချိန် တိုင်အောင် အမိဝမ်း၌ ကြီးပွားရလေသည်

ဤကား ခုဒ္ဒကသံယုတ် ပါဠိတော်နှင့် အဋ္ဌကထာ ဖွင့်ပြချက်တည်း။

ခေတ် ဆေးပညာ

ယခုခေတ် ဆေးပညာရှိများသည် သူတို့၏ ခွဲစိတ်၍ သုတေသန လုပ်ရာ၌ လက်တွေ့မျက်မြင်ကို ညွှန်ပြ၍ ရုပ်ပြောင်းလဲပုံကို တမျိုးဖော်ပြကြ၏။ ထိုဖော်ပြပုံ၌ ပုံသဏ္ဌာန် အနေအထားကို အတိအကျ ဖော်ပြသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပေ၏

သို့သော် - “၄-လကျော်မှ (ဦးခေါင်း အထင်အရှားပေါ်ပြီးမှ) သန္ဓေ သားကလေး၌ အသက်ဝင်သည်” ဟူသော အယူအဆကား (ကံနှင့် ကံ၏အကျိုးကို ယုံကြည်သော) ကမ္မဿကတာ ဉာဏ်ရှိ သူတို့အတွက် များစွာစဉ်းစားဖွယ်ရှိလေသည်။ စဉ်းစားဖွယ် ကား-

၁။ လေးလကျော်မူ အသက် (စိတ်) ဝင်လျှင် ထိုအသက်သည် မိဘ၏ သွေးသားနှင့် ဆိုင်သလော၊ အဘယ် အကြောင်းကြောင့် ဖြစ်လာသနည်း။

၂။ ထိုလေးလကျော်မှ အသက် ဝင်လာသော ကလေးများ၌ မွေးဖွားလာသောအခါ အဘယ်အကြောင်းကြောင့် စိတ်ကောင်း စိတ်မကောင်း၊ ဉာဏ်ရှိဉာဏ်မရှိ (လောဘ ဒေါသ မာန ဣဿာ မစ္ဆရိယကြီး-မကြီး) ကွဲပြားကြရသနည်း။

၃။ ထိုအသက်ဆိုသော အရာသည် အဘယ်အရာပါနည်း။ ဤသို့ စဉ်းစား စိစစ်ဖွယ်များ ရှိနေပါသည်။

(ဗုဒ္ဓမြတ်စွာ၏ တရားတော် အလိုအားဖြင့်ကား ကံကြောင့် ဖြစ်သော ရုပ်၌ လည်းကောင်း၊ စေတသိက်၌ လည်းကောင်း – “ဇီဝိတ” ဟု ခေါ်အပ်သော ရုပ်တမျိုး စေတသိက်တမျိုး ပါရှိ၏။ ထိုဇီဝိတကိုပင် “အသက်” ဟုခေါ်၏။ “ထိုဇီဝိတသည် ပဋိသန္ဓေတည်စ ပထမဆုံးခဏ၌ပင် ပါရှိသည်” ဟု သိရပါသည်။)

၄။ ထို့ပြင် သန္ဓေသားကလေး၌ လက် ခြေ ဦးခေါင်းနှင့် မျက်စိ နား နှာခေါင်း လျှာတို့ ဖြစ်ဖို့ရာ အဘယ်သို့ အကြောင်း ရှာမည်နည်း။ “ထုံးစံဓမ္မတာ” ဟု ဆိုလျှင် ထိုဓမ္မတာသည် အဘယ်က လာသနည်း။ မိဘတို့၏ သွေး၌ပါသော ပိုးကလေး များသည် ထိုသို့ ဖြစ်အောင် ကျေးဇူးပြုနိုင်သလော။ ဤသို့ စသည်ဖြင့် စဉ်းစားဖွယ် လည်း ရှိပြန်၏။

ဗုဒ္ဓတရားတော် အလိုအားဖြင့် ကံပြုစဉ်ကပင် ယောက်ျားဘဝ, မိန်းမဘဝကို သာယာသော တဏှာ အရင်းခံ၍ ကံပြုခဲ့သောကြောင့် ထိုကံကြောင့် ဖြစ်ရသော သန္ဓေသားကလေး၌ ယောက်ျား ဆိုင်ရာ မိန်းမဆိုင်ရာ ရုပ်များသည် တဖြည်းဖြည်း ကြီးရင့်ရာဝယ် အပြည့်အစုံ ပေါ်ရသည်ဟု ယူရပါသည်။

ထို့ပြင်- “ဦးခေါင်းနှင့်ဦးနှောက် ပေါ်လာချိန်မှ သန္ဓေသား ကလေး၏ လှုပ်ရှားမှု ထင်ရှားသည်။ ထို့ကြောင့် သန္ဓေသား ကလေး၌ ၄-လကျော်မှ အသက်ဝင်သည်” ဟု ယူဆရသော ဆေးပညာရှိတို့၏ ဝါဒကို အခြေခံ အမှန်ယူ၍ “စိတ်သည် ဦးနှောက်မှာဖြစ်၏”ဟုပြောကြသော ဝါဒကိုလည်း “ဦးနှောက် မပေါ်မီ ပဋိသန္ဓေ တည်စကပင် စိတ်ဝိညာဉ် ဖြစ်နေပြီ” ဟု အသေအချာ ဆုံးဖြတ်ပြီး ဖြစ်နေသော တရားတော်က လက်မခံနိုင်ပါ

(စိတ်ရှိပါလျက် လှုပ်ရှားနိုင်လောက်အောင် အကြောင်းမစုံသေး၍ မလှုပ်ရှားခြင်းမှာ အိပ်ပျော် နေတုန်းအခါ မလှုပ်ခြင်းကို ထောက်ဆ၍လည်း စဉ်းစားသင့်ပါသည်။)

ထို့ပြင်- “၄-လ ကျော်မှ နှလုံးသား၏ ခုန်ခြင်းကို သိရသောကြောင့် နှလုံးသားသည် ၄-လကျော်မှ ဖြစ်၏” ဟု ဆိုရာ၌ ထိုနှလုံးသား ဆိုသော ရင်ဘတ်၏ ဝဲဘက်၌ တည်ရှိသော အရာသည် ပိဋကတ် ကျမ်းစာတို့၌ ဆိုထားသော ဟဒယဝတ္ထု (စိတ်) စေတသိက်တို့၏မှီရာ) မဖြစ်နိုင်ပါ။

ပိဋကတ်ကျမ်းစာ တို့၌ကား ဟဒယဝတ္ထုသည် ပဋိသန္ဓေတည်စ ပထမ အချိန်ကပင် (စိတ် စေတသိက်၏ မှီရာအဖြစ်ဖြင့်) ပါရှိခဲ့၏။ ရင်၏အလယ်မှာ တည်ရှိသည် ဟုလည်း ဆို ပါသည်။

အမိဝမ်း၌ အမိ၏တာဝန်

ရှေ့၌ သစ်ပင်၏ မျိုးစေ့မှ သစ်ပင် ပေါက်လာပုံကို ဥပမာပြ၍ ကံမျိုးစေ့မှ ပဋိသန္ဓေ ရုပ် နာမ်များ ဖြစ်လာပုံကို ရေးခဲ့ပြီ။ ထိုပေါက်လာသော သစ်ပင်၏ စည်ပင် သန်စွမ်းဖို့ တာဝန်သည် သစ်ပင်ရှင် (သစ်ပင်စိုက်သူ) ၏ တာဝန်ဖြစ် သကဲ့သို့ သန္ဓေ တည်ပြီးသော ကလေး၏ အမိဝမ်း၌ ကျန်းကျန်းမာမာရှိဖို့ တာဝန်သည် မိဘ၏ (အထူးသဖြင့် အမိ၏) တာဝန်ပင်ဖြစ်သည်

သန္ဓေ၏ သဘောကိုသိသော (သိသည့် အတိုင်းလည်း စောင့်ရှောက် ထိန်းသိမ်းသော) မိခင်သည် အနေအထိုင်ကိုလည်း သတိထား၏။ ကြမ်းကြမ်း တမ်းတမ်း သွားလာ နေထိုင်လေ့မရှိ။ အစားအသောက်ကိုလည်း သတိထား၏။ လူကြီးသူမ (ဆေးဆရာ) တို့က မသင့်မဉ်ဟု တားမြစ်ထားသော အစာကို (စားချင်သော်လည်း) မစား၊ သင့်တော်၍ အင်အားရှိစေနိုင်သော အစာကိုသာ စား၏။

ထိုသို့ အနေအထိုင် အသွားအလာ ဆင်ခြင်မှုကြောင့် ဝမ်းထဲက သန္ဓေသား ကလေးသည် မပင်မပန်း ချမ်းချမ်းသာသာ နေရ၏။ သင့်တော်၍ အားအင် ဖြစ်စေနိုင်သော အစာကိုသာ အမိက စားခြင်းကြောင့် သန္ဓေသားကလေး၌ (ချက်ကြိုးမှ စိမ့်၍ ဝင်လာသော အစာရည်သည် တကိုယ်လုံး ပျံ့နှံ့ရကား) အာဟာရကြောင့်ဖြစ်သော ရုပ်ကောင်းကလေးတွေ တိုးပွား၍ ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုးနှင့် အားအင်ပြည့်ဖြိုး၏။

ယခုခေတ်၌ကား မဖွားမီ စောစောကြီးက တင်ကြို၍ ကျွမ်းကျင်သော ဆရာမကြီး များထံ ပြသလေ့ ရှိကြ၏။ ထိုဆရာမကြီး များကလည်း နည်းကောင်းများကို ညွှန်ပြ၍ အချိန်ကျသော် ဖွားမြင်ရာ၌ တာဝန်ယူ၍ စောင့်ရှောက်ကြ၏။ ဤသို့နားလည်သော မိဘတို့ဝမ်း၌ သန္ဓေ တည်ရခြင်းသည်ပင် သန္ဓေသား ကလေး၏ ရှေးရှေး ဘဝက ကံကောင်း အခွင့်သာခြင်း၏ အထိမ်းအမှတ်ပင်တည်း

စိတ်ကိုလည်း ပြုပြင်ပါ

သန္ဓေရှိမှန်းသိလျှင် မိခင်သည် မိမိ၏ သန္ဓေသားကလေး အပေါ်မှာ ချစ်ခင်စိတ် ပေါ်လာပါလိမ့်မည်။ ထိုသို့ ချစ်ခင်ခြင်းသည် သန္ဓေသားကလေး၌ အကျိုးရစေဖို့ အကြောင်း ကောင်းသော ချစ်ခြင်းဖြစ်ပါစေ။

မိခင်သည် စိတ်ချမ်းသာအောင် သတိထားပါ။ ခါတိုင်း လောဘကြီးသူ ဖြစ်လျှင် သန္ဓေသား ကလေးကိုငဲ့၍ လောဘ (တဏှာရာဂ) နည်းအောင်ကြိုးစားပါ။ ခါတိုင်း ဒေါသ, မာန်မာန ဣဿာ မစ္ဆရိယ ဖြစ်တတ်လျှင် ထိုဒေါသစသည် မဖြစ်အောင် သတိထားပါ။ စိတ်ကြည်ကြည် လင်လင် ရွှင်ရွှင်ပျပျနှင့် နေ့စဉ်လုပ်စရာ အလုပ်များကို (မပင်ပန်းအောင်) လုပ်ပါ။

တတ်နိုင်သမျှ စွန့်ကြဲ ပေးကမ်းပါ။ ငါးပါးသီလကို အထူး လုံခြုံအောင် ထိန်းပါ။ သန္ဓေသား၌ မေတ္တာ ထားသလို သတ္တဝါ အများ၌လည်း တတ်နိုင်သမျှ မေတ္တာ ထားပါ။ ဖခင်ကလည်း ထိုအချိန်မှာ မိမိဇနီး စိတ်ချမ်းသာမှုမှစ၍ အရာရာ ညှာတာ လိုက်လျောပါ။

အကျိုး ရစေပုံ

အမိ၏ စိတ်ချမ်းသာမှု့ စိတ်ကောင်းမှု့ သီလစောင့်မှုသည် အမိ၏ကိုယ်၌ ကောင်းသော ရုပ် (စိတ္တဇရုပ်) များကို ဖြစ်စေ၏။ ထိုရုပ်တို့၌ပါသော ဥတုခေါ် အငွေ့သည် သန္ဓေသားကလေး၏ ကိုယ်၌ရှိသော ဥတု အငွေ့နှင့် ပူးပေါင်း၍ သန္ဓေသား၏ ကိုယ်ဝယ် ကောင်းသော ဥတုဇရုပ်များကို ဖြစ်စေ၏

ဤသို့ အမိ၏ စိတ်ချမ်းသာမှု့ စိတ်ကောင်းထားမှု ကိုယ်ကျင့်ကောင်းမှုသည် သန္ဓေ သားကလေး၌ ရုပ်ကောင်းများ တိုးပွားစေရုံမျှမက စိတ်ဓာတ်ကောင်း လည်း ရဖို့ရန် အခြေခံ ဖြစ်သည်။ ဘုရားအလောင်း၏ မယ်တော်သည် ဘုရားအလောင်းတော်ကို သန္ဓေရချိန်မှစ၍ ခမည်းတော်နှင့် မပျော်ပါးတော့။ သန္ဓေရသည့် နေ့ကလည်း ရှစ်ပါး သီလ ဥပုသ်နှင့် ဖြစ်၏။

ဤသို့ အမိကောင်း အဘကောင်း အထံ၌ သန္ဓေတည်မိခြင်းသည် သူတော်ကောင်းနှင့် ပေါင်းရသည့်အတွက် ရှေးကံကောင်းခြင်း၏ အထိမ်းအမှတ်ပင် ဖြစ်သည်

လူ့ပဋိသန္ဓေပြခန်း ပြီး၏။

.....

၄။ ငါးနှစ်အရွယ်
ချမ်းသာဖွယ်ပြခန်း

(လင်္ကာ)

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊
ဟောပြသည်မှာ၊ အရင်းသာရှင့်
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊
သုခပွားရန်၊ ဤလူ့ထံ၌၊
ဉာဏ်ဝီရိယ၊ ပယောဂတည်း
ကာလ ဒေသ၊ ပုဂ္ဂလကို၊
နှိုင်းဆအပ်ပုံ၊ ကံကိုယုံ၍၊
မီးပုံ အတွင်း၊ မဆင်းထိုက်စွာ၊
ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊
မရိုးကောင်းဟု၊ သူဟောင်း ရှေးက၊
ဆိုကုန်ကြ၏ ....။

အန္ဓဗာလ၊ လူ့ထိုမျှတို့၊
ကမ္မဝီရိယ၊ မယုံကြဘူး၊
သီဝမဟေ၊ ပရမေသွာ၊
ဗြဟ္မာဗိဿနိုး၊ ကမ္ဘာစိုးနှင့်၊
တန်ခိုးကြီးမား၊ နတ်ဘုရားတို့၊
ပေးစားဖန်ဆင်း၊ ဖြစ်တုံလျှင်းဟု၊
ချွတ်ယွင်းသမှု၊ အမှားရှုသည်၊
တောသူ တောင်သား အယူတည်း။

(မဃဒေဝပျို့။)

ကံဟုမူလ-အရင်းသာရှင့်

မြတ်စွာဘုရားသည် ကမ္မဿကော = သတ္တဝါသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏။ ကမ္မယောနိ = ကံသာလျှင် အကြောင်းရင်းရှိ၏ စသည်ဖြင့် ကံကို အရင်းမူလ ပဓာနထား၍ ဟောတော်မူ၏။

ထိုသို့ဟောတော် မူရာ၌ ကံသည် မျိုးစေ့နှင့် တူသောကြောင့် မျိုးစေ့ မရှိလျှင် (ဓာတ်သဘာဝမျိုးမှ မရှိလျှင်) သစ်ပင် မပေါက်နိုင်သကဲ့သို့ ကံမျိုးစေ့ မရှိလျှင် သူသူ ငါငါ ယောက်ျား မိန်းမ အထီး အမ မဖြစ်နိုင်သည့်အတွက် ကံကိုအရင်းခံ အကြောင်း အဖြစ်ဖြင့်သာ ဟောတော်မူခြင်း ဖြစ်ပါသည်

ဥစ္စာဘောဂ ... ပယောဂတည်း

(ဘောဂ = အသုံးအဆောင်၊ ဇီဝိတ = အသက်။) ပစ္စည်းဥစ္စာ, အိမ်ရာစသော အသုံးအဆောင် အသက်ရှည်ခြင်း၊ ချမ်းသာတိုးပွားခြင်းစသော ကောင်းကျိုး ရဖို့ရန်မှာ ဤလူ့ဘုံ၌ ကံတမျိုးတည်းဖြင့် မပြီးစီးနိုင်ပါ။ ဉာဏ် ဝီရိယဟူသော ပယောဂလည်း ကောင်းမှ ပြီးစီးနိုင်ပါသည်။

ပယောဂ

ပယောဂဟူသည် -

ကိုယ်ဖြင့်ပြုမှု ကာယပယောဂ
နှုတ်ဖြင့်ပြောမှု ဝစီပယောဂ
စိတ်ဖြင့် ကြံမှုမနောပယောဂ ဤသို့ ၃-ပါးရှိ၏။

ထို ၃-မျိုးကို ပြုလုပ်ရာ၌ အသိ အလိမ္မာ ဉာဏ်ပညာလည်း ပါရ၊ လုံ့လဝီရိယလည်း ပါရ၏။ ထို့ကြောင့် ဉာဏ်နှင့်ဝီရိယ ကောင်းမှုသည် ဥစ္စာဘောဂဇီဝိတနှင့် သုခတိုးပွားကြောင်း ကောင်းသောပယောဂ ဖြစ်သည်

ကာလ, ဒေသ-
ပုဂ္ဂလကို နှိုင်းဆအပ်ပုံ

လုံ့လ ဝီရိယ ပယောဂကို ပြုသောအခါ အချိန်ကာလကို လည်းကောင်း၊ အရပ် ဒေသကို လည်းကောင်း၊ ထိုကိစ္စနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်ကို လည်းကောင်း ဉာဏ်ဖြင့်နှိုင်းချိန်၍ စိစစ်၍ စဉ်းစား ၍ပြုရပါသည်။ မနှိုင်းချိန် မစဉ်းစားပဲ အရမ်းမဲ့ လုံ့လဝီရိယ ပြုလျှင် အကျိုးမရပ် အပြစ်တောင် ရတတ်သေးသည်-ဟူလို

ကာလနှိုင်းချိန်ပုံ

တောင်သူ လယ်သမားဖြစ်လျှင် “ဤအချိန်သည် ဤမျိုးကို စိုက်သင့် ပျိုးသင့်၏။ ဤအချိန်ကား ဤမျိုးကို မစိုက်သင့် မပျိုးသင့်” ဟု လည်းကောင်း၊ ကူးသန်း ရောင်းဝယ်သူ ဖြစ်လျှင်လည်း “ဤအချိန်မှာ အရောင်းအဝယ် လုပ်သင့်၏။ ကုန်လှောင်ထားသင့်၏။ ဤအချိန်မှာ မသင့်”ဟုလည်းကောင်း၊ အစိုးရအလုပ် လုပ်သူဖြစ်လျှင် လည်းကောင်း၊ အစိုးရဖြစ်လျှင်လည်းကောင်း ဤနည်းအတိုင်း ကာလကို ချင့်ချိန်ရပါသည်။

ဒေသကို နှိုင်းချိန်ပုံ

“ဤဒေသ ဤလယ်ယာ၌ ဤမျိုးကို စိုက်သင့်၏။ ဤဒေသ ဤလယ်၌ မစိုက်ပျိုးသင့်” ဟု လည်းကောင်း၊ ဤဒေသ၌ ဤကုန်ကို ရောင်းဝယ်သင့်၏။ ဤဒေသ၌ မသင့်”ဟု လည်းကောင်း ဤသို့ စသည်ဖြင့် နှိုင်းချိန်ရပါသည်။

(မြန်မာနိုင်ငံ၌ပင် အထက်နှင့် အောက်ဒေသ အနေအထိုင် အပြောအဆို အသုံး အနှုန်းချင်း မတူ။ ဤနိုင်ငံနှင့် နိုင်ငံခြားတို့၌လည်း အနေအထိုင် အပြော အဆို အသုံးအနှုန်း မတူ။ ထိုသို့ မတူရာ၌လည်း ဒေသအလိုက် နေထိုင်တတ် ပြောဆို တတ်ရသည်။)

ပုဂ္ဂိုလ်ကိုနှိုင်းချိန်ပုံ

ပုဂ္ဂိုလ်သည် လောဘကြီးသူ၊ ဤ ပုဂ္ဂိုလ်ကား ဒေါသကြီးသူ၊ ဤ ပုဂ္ဂိုလ်ကား မာနကြီး အမြှောက်ကြိုက်သူ၊ ဤ ပုဂ္ဂိုလ်ကား ပညာရှိသူ ရိုးသားဖြောင့်မတ်သူ၊ မရိုးသား မဖြောင့်မတ်သူ စသည်ဖြင့် မိမိနှင့်အလုပ်အကိုင် ဆက်သွယ်နေသော ပုဂ္ဂိုလ်၏ အကြောင်းကိုလည်း သိတန်သမျှ သိအောင် ပြုပြီးမှ ထိုသူနှင့် ဆက်ဆံ ရသည်။ တရံဆံ တခါတွေ့ပုဂ္ဂိုလ်ကို ယုံမိ၍ ပျက်စီး ရသူတွေ များလှ၏။

ပုဂ္ဂိုလ်ကို သိနိုင်ခဲပုံ

ပုဂ္ဂိုလ်ကို နှိုင်းချိန်၍ ပေါင်းသင်း ဆက်ဆံဖို့ရန် လင်္ကာပုဒ်က ညွှန်ပြပါသော်လည်း အမှန်အားဖြင့်ကား ပုဂ္ဂိုလ်တယောက်၏ သီလ အကျင့် စာရိတ္တ ပညာ အရည်အချင်း ကို အချိန် အတော်ကြာအောင် အကဲခတ်နိုင်မှပင် ကိုယ်က ဉာဏ်ရှိသူလည်းဖြစ်မှ သိနိုင်မည်။ အတွင်းသဘောကို ဖုံးဝှက်၍ ထားတတ်သောကြောင့် ရက်လ အနည်းငယ် စုံစမ်းရုံဖြင့် လည်းကောင်း၊ အကဲခတ်တတ်သော ဉာဏ်မရှိလျှင် လည်းကောင်း မသိနိုင်ပါ။

ကောသလမင်းနှင့် ဘုရားရှင်

အခါတပါး၌ ဘုရားရှင်သည် ပုဗ္ဗာရုံ ကျောင်းတိုက်၏ အပြင်တံခါးမုခ်၌ ခေတ္တ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းသည် ဘုရားအထံတော်သို့ ရောက်လာ၏။ ထိုအခိုက်မှာပင် -

ရသေ့ ၇-ယောက်၊
နိဂဏ္ဍ ၇-ယောက်၊
အစေလက ၇-ယောက်၊
အဝတ်တထည်သာ ဝတ်သူ ၇-ယောက်၊
ပရိဗိုဇ် ၇-ယောက်

တို့သည် အနီးဖြစ်သော လမ်း၌လာနေကြကုန်၏။

ထိုသူတို့ကို ကောသလမင်း မြင်လျှင် ဘုရားအနီး နေရာမှာ ထသွား၍ လက်ကတော့ တင်ကာ ဒူးထောက်၍ “ကျွန်ုပ်သည် ကောသလ မဟာရာဇာဖြစ်ပါသည်” ဟု ၃-ကြိမ် တိုင်တိုင် ရိုသေစွာ လက်အုပ်ချီမိုး ရှိခိုးလျှောက်ထားလေသည်။

ထို့နောက် ထိုသူတို့ လွန်သွားသောအခါ ဘုရားအနီးသို့ ပြန်လာ၍ “သူတို့လဲပဲ လောကမှာ ရဟန္တာ ရဟန္တာဖြစ်အောင် ကျင့်သူတို့တွင် အပါအဝင်ပါပဲ”ဟု မြတ်စွာဘုရားအား လျှောက်ထားလေသည်။

ထိုအခါ မြတ်စွာဘုရား မိန့်တော်မူသည်မှာ “သင်တို့လို လူ့ဘောင်မှာ စည်းစိမ်နှင့် နေသူတွေက ဤသူဟာ ရဟန္တာပဲ ဤသူဟာ ရဟန္တာဖြစ်အောင် ကျင့်သူပဲ” ဟု သိဖို့ရန် ခဲယဉ်းသည်။

“လူတယောက်၏သီလကို ပေါင်းကြည့်မှ ကြာကြာပေါင်းကြည့်မှ သတိထား၍ စဉ်းစားကြည့်မှ ဉာဏ်လည်းရှိမှ သိနိုင်သည်”ဟုလည်းကောင်း၊

“လူတယောက်၏ စင်ကြယ်သည် မစင်ကြယ်သည် (ရိုးသားသည် မရိုးသားသည်) ကို စကားပြောကြည့်မှ ကြာကြာကြီး ပြောကြည့်မှ သတိထား၍ စဉ်းစားကြည့်မှ စဉ်းစားဉာဏ်လည်း ရှိမှ သိနိုင်သည်”ဟုလည်းကောင်း၊

“လူတယောက်၏ ဉာဏ်အစွမ်းကို ဘေးရန် အန္တရာယ် ပေါ်လာမှ အတော်ကြီး ကြာမှ သတိထား၍ စဉ်းစားကြည့်မှ စဉ်းစားဉာဏ်လည်း ရှိမှ သိနိုင်သည်” ဟုလည်းကောင်း၊

“လူတယောက်၏ပညာ(မည်မျှထက်သည် မထက်သည်) ကို ဆွေးနွေးမေးမြန်း ကြည့်မှ အတော်ကြီး ကြာမှ သတိထား၍ စဉ်းစားကြည့်မှ စဉ်းစားဉာဏ်လည်း ရှိမှသိနိုင်သည်” ဟုလည်းကောင်း မိန့်တော်မူသည်။

(ကောသလ သံယုတ် ပါဠိတော်။)

အမှာ

ပြခဲ့သော ရသေ့စသူတို့သည် ကောသလမင်းက တိုင်းတပါးကို စုံထောက်ဖို့ရန် စေလွှတ်ထားသော စုံထောက်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ ပြန်လာသည်ကို မြင်လျက် ရိုသေ လေးစားမှုမပြုလိုက်လျှင် သူတို့ တွေ့မြင်ခဲ့သော တိုင်းတပါး၏ အကြောင်းအရာကို အကုန်မပြောပဲ ထိမ်ချန်ထားမည် စိုးသောကြောင့် လည်းကောင်း၊ မင်းနှင့် စုံထောက်တို့၏ အတွင်းကြိတ် အကြံကို တိုင်းသူ ပြည်သားတို့ မသိစေလိုသောကြောင့် လည်းကောင်း ကောသလမင်းက - မသိဟန်ဆောင်၍ အရိုအသေ ပြုလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာက ပုဂ္ဂိုလ်တယောက်၏ အကြောင်းကို သိဖို့ခဲယဉ်းကြောင်း မိန့်တော်မူသောအခါ ဘုရားရှင်၏ စကားတော်ကို သဘောကျ၍ ထိုသူတို့၏ စုံထောက်များ ဖြစ်ကြောင်း ဖွင့်၍ လျှောက်လေသည်။

မှတ်ချက်

လင်္ကာ၌ “ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ”ဟုဆိုသော်လည်း ပုဂ္ဂိုလ် တယောက်ကို ပေါင်းသင့်-မပေါင်းသင့် နှိုင်းဆဖို့ရန်မှာ သာမန် ပုဂ္ဂိုလ် မဆိုထားဘိ ဉာဏ်ရှိသူ အကဲခတ် ကောင်းသူသော်မှ ကာလအတော်ကြာအောင် ပေါင်းသင်းကြည့် အကဲခတ်ကြည့်မှ ထိုသူ၏ အကြောင်းကို ကောင်းကောင်း သိနိုင်မည်။ တစိမ်းတရံဆံ ပုဂ္ဂိုလ်များကို ပုံ၍မယုံကြည်သင့်ဟုသာ မှတ်ပါ။

ကံကိုယုံ၍ ... ဆိုကုန်ကြ၏

ရှေးလူကြီး သူမတို့သည် “ကံကိုယုံပြီး မီးပုံအတွင်း မဆင်းနဲ့၊ ကျားရဲရာ ကြမ္မာ မရိုးသာ”ဟု ပြောဆိုဆုံးမလေ့ရှိကြသည်။ ဆုံးမလိုရင်းကား -

ကံကိုယုံပြီး မီးပုံအတွင်းဆင်းစမ်းပါလား- မီးပူလောင်မှာ ဧကန်ပဲ၊ ကံက မီးမပူအောင် မတားနိုင်ပါဘူး။ ကျားဆိုး ထ နေတဲ့တောထဲသွားလျှင် ကျားကိုက်ခံရမှာပေါ့။ ထိုသို့ အကိုက် ခံရသောအခါ “ကံကြမ္မာမကောင်းလို့ ခံရတာပါ”ဟု ရှေးက ကံကြမ္မာကို မယိုးစွဲပါနှင့်ဟု ဆိုလိုသည်။

(ကံကို သက္ကတ၌ “ကရ်မ”ဟု ရေး၏။ မြန်မာလို “ကြမ”ဟု ဖတ်သောကြောင့် ကံကို “ကြမ္မာ”ဟု ခေါ်ထားသည်။)

ဤလင်္ကာပုဒ်ဖြင့် “မီးပုံဆင်းခြင်း၊ ကျားရဲရာ သွားခြင်း၊ ဟူသော ပယောဂ မကောင်းသူမှာ ကံက ကောင်းနေလည်း မီးမလောင် ကျားမကိုက်အောင် မကယ်နိုင်ပါ။ ထို့ကြောင့် ကံကောင်းသော်လည်း ဉာဏ် ဝီရိယ ပယောဂကောင်းမှ ကောင်းကျိုး ရနိုင်၏။ ကံကောင်းစေကာမူ ဉာဏ် ဝီရိယ ပယောဂမကောင်းလျှင် (မကောင်းကံ အခွင့်ရသဖြင့်) မကောင်းကျိုးကိုသာ ခံရမည်”ဟု ဉာဏ် ဝီရိယ၏ အစွမ်းကို သိစေသည်။

အန္ဓဗာလ ...
ကမ္မဝီရိယ မယုံကြဘူး

ပညာမျက်စိကန်း နေသော လူမိုက် လူဖျင်းတို့ကား ကံ(ဉာဏ်)ဝီရိယကို မယုံကြ။ “ကမ္မဝီရိယ ၃-မျိုးတွင်“ကမ္မ + ဝီရိယ”ဟု အစနှင့်အဆုံးကို ပြသဖြင့် အလယ်က ဉာဏ်ကိုလည်း ယူရသည်။ နည်းအမျိုးမျိုးတွင် မိဂပဒဝလဉ္ဇန (သားကောင်၏ခြေရာခံ) နည်းတည်း။

သိဝမဟေ ...
နတ်ဘုရားတို့ ပေးစားဖန်ဆင်း

သိ၀ = သိဝနတ်မင်း၊
မဟေ = မဟိဿရ(ပါဠိ) မဟေသာရ (သက္ကတ)ဟု ခေါ်အပ် သော နတ်မင်း၊
ပရမေသွာ = ပရမိဿရ (ပါဠိ) ပရမိသွာရ (သက္ကတ) ဟုခေါ်ရသော ပရမိသွာ နတ်မင်း၊
ဗြဟ္မာ = ဗြဟ္မာမင်း၊
ဗိဿဏိုး =“ဝိသျှဏု”ဟု သက္ကတလို ခေါ်ရသော ဗိဿဏိုး နတ်မင်း

ထိုနတ်မင်းတို့သည် ကမ္ဘာကို အစိုးရသော နတ်မင်း ဗြဟ္မာမင်းများဖြစ်၍ လူများ၏ ကောင်းကျိုး ဆိုးကျိုးသည် ထိုနတ်မင်းများ ဖန်ဆင်းမှုကြောင့် ဖြစ်ကြရ၏။ (ကံ ဉာဏ် ဝီရိယကြောင့် ဖြစ်ရသည် မဟုတ်) ဟု ယူဆသည်။

တောသူ တောင်သား အယူတည်း

ပါဠိ၌ မိလက္ခ (မိလက္မု) ကို “တောသူ တောင်သား”ဟု မြန်မာပြန်ထားသည်။ ထိုပါဠိ၏ဆိုလိုရင်းမှာ “ဘုရား တရားတော်ကို မနာရလောက်အောင် ဝေးသော တောတောင် အရပ်ဒေသ၌ နေရသူ”ဟု ဆိုလိုရင်းတည်း။

ထိုတောသူ တောင်သားတို့သည် (ယခုတိုင်အောင်ပင် အချို့နေရာ၌) နတ်မင်းကြီး သည် မိုးကောင်း မကောင်းကို ဖန်ဆင်းသည်။ လယ်ယာ ကောင်း, မကောင်းကို ဖန်ဆင်းသည်။ ရောဂါ များ, မများကို ဖန်ဆင်းသည်။ သေမှုရှင်မှုကို ဖန်ဆင်းသည်။ သမီး ခင်ပွန်းဖြစ်အောင် ဖူးစာရေးနတ်က ရေးသည်။ ဤကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ဗြဟ္မာမင်းကြီးက ဖန်ဆင်းသည်။ ထိုနတ်တွေ ဗြဟ္မာတွေကိုပင် ဘုရားဟု ယူ၍ ဘာမဆို ဘုရားပေးသည်။ ဘုရား ဖန်ဆင်းသည်ဟု ယူနေကြ၏။

ထိုအယူသည် ကံ ဉာဏ် ဝီရိယ၏ အစွမ်းကို နားမလည်သော အန္ဓဗာလ (အလွန် ပြိန်းသော လူပြိန်း လူအ) တောသူတောင်သားတို့၏ အယူသာ ဖြစ်သည်။ အမှန်ကား သူတို့ယူကြသလို မဟုတ်ပဲ ကောင်းကျိုး ဆိုးကျိုး အားလုံးပင် ကံ ဉာဏ် ဝီရိယ ကြောင့်သာ အကောင်း အဆိုး ဖြစ်ကြရသည်ဟူလို။

ဝိပတ္တိ ဆိုက်လျှင်
မကောင်းကျိုးရ

မကောင်းခြင်း၊ မပြည့်စုံခြင်းကို “ဝိပတ္တိ” ဟု ခေါ်၏။

ထိုဝိပတ္တိသည် “ဂတိဝိပတ္တိ၊ ကာလဝိပတ္တိ၊ ဥပဓိဝိပတ္တိ၊ ပယောဂဝိပတ္တိ”ဟု ၄-မျိုး ရှိ၏။

ထို ဝိပတ္တိတို့ -
၁-ပါးနှင့် ကြုံလျှင် ၁-ပါးအလိုက်
၂-ပါးနှင့် ကြုံလျှင် ၂-ပါးအလိုက်
၃-ပါးဆိုက်လျှင် ၃-ပါးအလိုက်
၄-ပါးလုံးဆိုက်လျှင် ၄-ပါး အလိုက်

မကောင်းကံသည် အကျိုးပေးခွင့်ရ၍ မကောင်းကျိုး ကို ပေးလေသည်။

သမ္ပတ္တိ ဆိုက်မှ ကောင်းကျိုးရ

ပြည့်စုံခြင်း၊ ကောင်းစွာ ပြီးစီးခြင်းကို“သမ္ပတ္တိ”ဟု ခေါ်၏။ ထိုသမ္ပတ္တိလည်း “ဂတိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိ”ဟု ၄-မျိုးပင် ရှိ၏။

ထိုသမ္ပတ္တိက တမျိုးနှင့်သာ ပြည့်စုံလျှင် ထိုတမျိုးအတွက် ကောင်းသောကံသည် အကျိုးပေးခွင့်ရ၍ ကောင်းကျိုးကို ပေး၏။ ၂-မျိုး ၃-မျိုး, ၄-မျိုးလုံး ပြည့်စုံနေလျှင် ထို ပြည့်စုံသလောက် ကောင်းသောကံသည် အကျိုးပေးခွင့် ရ၍ ကောင်းကျိုးကို ပေးလေသည်။

ဂတိဝိပတ္တိ

ပြခဲ့သော ဂတိ (လားရောက်ရာဘဝ) ၅-မျိုးတွင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဘဝကို “ဂတိ ဝိပတ္တိ”ဟု ခေါ်၏။ ထိုဘဝသို့ရောက်ရသော သတ္တဝါ၌ ရှေးရှေးက ကုသိုလ်ကံတွေ ပါရှိသော်လည်း ထိုကုသိုလ်က အကျိုး ပေးခွင့် (များများ) မရနိုင်။ အကုသိုလ်ကံ တွေသာ အကျိုး ပေးခွင့်သာ၍ အကျိုးပေးနေသောကြောင့် ငရဲ တိရစ္ဆာန် ပြိတ္တာ ဘဝ၌ ဖြစ်ရသော သတ္တဝါတို့မှာ ဒုက္ခအကျိုးကိုသာ များစွာ ခံရလေတော့၏။

ထို့ကြောင့် တိရစ္ဆာန် သတ္တဝါ တို့သည် နိုင်ရာနိုင်ရာကို သတ်ဖြတ် စားသောက်ကြ၊ လူတို့က သတ်ဖြတ် စားသောက်ကြခြင်းအားဖြင့် အသတ်အဖြတ် ဒဏ်ကို ခံကြရ၏။ အစားကို ဝအောင်လည်း မစားကြရ။ လူနှင့် ဆက်စပ်နေသော နွားမြင်း စသည်တို့မှာ တသက်လုံး လူ၏ အခိုင်းကို ခံရ၏။ မထမ်းဆောင်နိုင်သောဝန်ကိုလည်း အတင်း ရိုက်နှက်၍ ထမ်းဆောင်စေကြ၏။

ဤသို့စသည်ဖြင့် တိရစ္ဆာန် ဘဝ၌လည်းကောင်း၊ အစိမ်းသရဲ တစ္ဆေ ပြိတ္တာ ဖြစ်နေရသော သတ္တဝါတို့တွင်လည်း တချို့မှာ အာလုံးလုံးမရ၊ ရေကိုသော်မျှ မသောက်ရ၊ စားရပြန်လည်း သလိပ်သချွဲနှင့် လူတို့၏ အကြွင်းအကျန်ဖြစ်၍ စွန့်ပစ်လိုက်သော ထမင်းလုံး ဟင်း ပေါက် ကောက်၍ စားရ၏။ မီးသရဲစသူတို့မှာ အမြဲမီးလောင် ခံနေရ၏။

ရှေ့ အရှင်မောဂ္ဂလ္လာန်၏ တန်ခိုး၌ ပြခဲ့သော ဂိဇ္ဈကုဋ်တောင် ပြိတ္တာတို့ကား အမြဲ အနှိပ်စက် ခံနေကြရ၏။ ဤသို့ စသည်ဖြင့် ပြိတ္တာဘဝ၌လည်းကောင်း၊ လူတို့ မမြင်နိုင်သော ငရဲ၌လည်းကောင်း အကုသိုလ်ကံတွေသာ အကျိုးပေးခွင့်ရ၍ ဒုက္ခကိုသာ များစွာ ခံရတော့၏။

ထိုသူတို့၌ ရှေးရှေး ကုသိုလ်ကံတွေပါရှိသော်လည်း ထိုကုသိုလ်ကံများသည် အကျိုး ပေးနိုင်ရာ ဂတိ (ဘုံဌာန) မဟုတ်ကြောင့် အကျိုးပေးခွင့် မရကြတော့ချေ။ (တချို့ တိရစ္ဆာန်ဘဝ၌ နောက်၌ ပြမည့် ဥပဓိသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိ ရှိနေသူများသာ ကုသိုလ်ကံ အကျိုးပေးခွင့် သာသောကြောင့် ချမ်းသာသုခ ရနိုင်ကြပေသည်။)

ဂတိသမ္ပတ္တိ

ပြခဲ့သော ဂတိ ၅-ပါးတွင် မနုဿဂတိ ဒေဝဂတိ (လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်) “ဂတိသမ္ပတ္တိ”ဟု ခေါ်၏။ ထို ဂတိသမ္ပတ္တိ ဆိုက်နေသူကား ရှေးရှေးက အကုသိုလ်ကံ ပါရှိနေသော်လည်း ထို အကုသိုလ်ကံ သည် များများ အကျိုးပေးခွင့် မရ။ ကုသိုလ်ကံတွေသာ များစွာ အကျိုးပေးခွင့်ရ၍ ကောင်းကျိုးကို ပေးလေသည်။ ထို့ကြောင့် အထက်နတ်ပြည်တို့၌ နတ်တို့သည် ချမ်းသာသုခ များစွာရကြ၏။

လူနှင့် အောက်နတ်များ၌လည်း အောက်တန်းကပင် ဖြစ်စေကာမူ စားစရာ နေစရာ ရှိကြသေး၏။ မရှိလျှင် လည်း ရှာနိုင်လျှင် ရကြသေး၏။ သမီး-ခင်ပွန်း ပျော်ပျော် ပါးပါး ခံစားနိုင်သေး၏။

(နောက်၌လာမည့် ကာလဝိပတ္တိ ဥပဓိဝိပတ္တိ ပယောဂဝိပတ္တိ ဖြစ်နေလျှင်သာ လူ့ဘဝ၌ မကောင်းကံကလေးတွေ အနည်းငယ် အကျိုးပေးခွင့်ရသောကြောင့် မကောင်းကျိုးကို ခံကြရလေသည်။)

ကာလဝိပတ္တိ

တိုင်းသူပြည်သားကို ချမ်းသာအောင် မအုပ်စိုးနိုင်မင်း (ခေါင်းဆောင်) အညံ့စားတို့ အုပ်စိုးရာအခါ၊ စစ်ဖြစ်နေရာအခါ၊ သူပုန်ထနေရာအချို့ကို “ကာလဝိပတ္တိ”ဟု ခေါ်၏။

ထိုအခါမျိုး၌ ရှေးကုသိုလ်ကံ ပါရှိသော်လည်း ကောင်းကောင်း အကျိုးပေးခွင့် မရ။ ရှေးအကုသိုလ်ကံတို့သာ အကျိုးပေးခွင့် သာ၍ မကောင်းကျိုး ပေးကြလေသည်။ ထို့ကြောင့် ဒုတိယစစ် အတွင်း၌လည်း ကောင်း၊ သူပုန်ထရာအရပ်၌ လည်းကောင်း နေထိုင်ရသူတို့မှာ ဆင်းရဲဒုက္ခ ရောက်ကြရ၏။ ကုသိုလ်ကံ ကောင်းသူတို့သော်မှ လည်း ကောင်းကောင်းနေခွင့် မရကြ။ ပစ္စည်းလက်မဲ့ဖြစ်ကာ ဆင်းရဲစွာပင် နေကြရလေသည်။

ကာလသမ္ပတ္တိ

တိုင်းသူပြည်သားကို ချမ်းသာအောင် အုပ်စိုးတတ်သော မင်းကောင်း ခေါင်းဆောင် ကောင်းတို့ အုပ်စိုးရာအခါ၊ စစ်ဘေး, သူပုန်ဘေးတို့ ကင်းဝေးရာ အခါကို “ကာလသမ္ပတ္တိ”ဟု ခေါ်၏။

ထိုအခါမျိုး၌ ရှေးက အကုသိုလ်ကံ ပါရှိသော်လည်း မကောင်းကျိုးပေးခွင့် မရ။ ကုသိုလ်ကံတွေသာ အခွင့်သာ၍ ကောင်းကျိုး ပေးကြလေသည်။ ထို့ကြောင့် ကာလသမ္ပတ္တိ ကြုံနေသောအခါ၌ အလွန် ဆင်းရဲသူ ငတ်ပြတ်သေကြေသူ မရှိပဲ သာယာဝပြော အစာပေါ၏။ တိရစ္ဆာန်ကလေးများသော်မှ ဝဝလင်လင် စားသောက် ကြရ၏။လူ တိရစ္ဆာန် အားလုံးပင် ရောဂါကင်း၍ ကျန်းမာ-ချမ်းသာခြင်း ဟူသော ကိုယ်ချမ်းသာ စိတ်ချမ်းသာမှု ကို ကိုယ်စီကိုယ်င ရကြပေသည်။

ဥပဓိဝိပတ္တိ

ရုပ်အဆင်း၏ မလှခြင်း၊ မလှရုံတွင် မကပဲ အရုပ် ဆိုးနေခြင်း၊ အရုပ်ဆိုးရုံတွင် မကပဲ မျက်စိ လက်ခြေစသော ကိုယ်အစိတ်အပိုင်း၏ ချွတ်ယွင်းနေခြင်းကို “ဥပဓိဝိပတ္တိ” ဟုခေါ်၏။

ထိုသို့ ဥပဓိဝိပတ္တိဖြစ်နေသည့် ရှေးကုသိုလ်ကံများ ပါရှိသော်လည်း ကောင်းကောင်း အကျိုး ပေးခွင့် မရ။ အကုသိုလ်ကံတွေ အကျိုးပေးခွင့် သာ၍ ဆင်းရဲ ဒုက္ခ အကျိုးကို ပေးကြလေတော့သည်။ ထိုဥပဓိဝိပတ္တိကြောင့်ပင် အလုပ်အကိုင် ရှာဖွေရာ ပညာရှာဖွေရာ, အိမ်ထောင်ဖက် ရှာရာတို့၌ ထိုက်တန်အောင် မရနိုင်ကြ။ အလုပ် ကောင်း, ပညာကောင်း အိမ်ထောင်ကောင်း မရသောကြောင့်ပင် ဆင်းဆင်းရဲရဲနှင့် အသက်မွေးကြရလေသည်။ ထို ဥပဓိဝိပတ္တိဖြစ်သူကား တိရစ္ဆာန်ပင် ဖြစ်စေ ကြွယ်ဝချမ်းသာ သူတို့က မမွေးမြူလိုကြ၊ အိမ်သို့အလာပင် မခံချင်ကြရုံမက ရိုက်နှက်ပစ်ခတ် ခြောက်လှန့်ခြင်းကို ခံရကာ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံကြရလေသည်။

ဥပဓိသမ္ပတ္တိ

အရပ် အမောင်း ကိုယ်လုံး ကောင်းခြင်း၊ မျက်စိ၊ နှာခေါင်း လက်ခြေ စသော ကိုယ် အစိတ်အပိုင်း၏ အချိုးကျ၍ လှပခြင်းကို “ဥပဓိသမ္ပတ္တိ”ဟု ခေါ်၏။

ထိုသို့ ဥပဓိသမ္ပတ္တိ ပြည့်စုံသူ၌ အကုသိုလ်ကံ ပါရှိစေကာမူ အကျိုးပေးခွင့်မရပဲ ကုသိုလ်ကံတွေသာ အကျိုးပေးခွင့်သာ၍ ကိုယ်ချမ်းသာ စိတ်ချမ်းသာဖြစ်အောင် အကျိုးပေး ကြလေသည်။ မွေးဖွားခါစကလေးသည် ဥပဓိသမ္ပတ္တိဖြစ်၍ လှပနေပါမူ မိခင်ကလည်း အားရ၏။ ဖခင်ကလည်းကျေနပ်၏။ အဘိုးအဘွား အစ်ကို အစ်မ-စသော ဆွေမျိုးများကလည်း ချစ်ခင်ကြ၏။ ထို့ကြောင့် ယုယုယယပြုစုကြသဖြင့် ချမ်းသာသုခ ရှိလေသည်။

အတော်ကြီးရင့်သောအခါ မြင်သူတိုင်းက ချစ်ခင်ကြ သောကြောင့် အစားကောင်း အသောက်ကောင်း၊ အဝတ်ကောင်းကို ရ၍ သုခဖြင့် ကြီးရ၏။ အချိန်အရွယ် ရောက်သော အခါ မိမိက အဆင့်အတန်း နိမ့်ကျနေစေကာမူ အဆင့်အတန်း မြင့်သော အိမ်ထောင်ကောင်းနှင့် အကြောင်းသင့်ကာ (နောင်လာမည့် ပယောဂ သမ္ပတ္တိလည်း ရှိပါမူ) တဘဝလုံးအတွက် ချမ်းသာ သုခဖြင့် နေနိုင်ဖို့ အကြောင်း အကောင်းချည်း တွေ့နိုင်ပါသည်။ ထို့ကြောင့် ဥပဓိသမ္ပတ္တိ ပြည့်စုံသူ၌ ကုသိုလ်ကံတွေ အကျိုးပေးခွင့် သာချင်တိုင်း သာလေတော့သည်။

ဥပဓိသမ္ပတ္တိပြည့်စုံနေလျှင် တိရစ္ဆာန်ပင် ဖြစ်သော်လည်း မွေးချင်သူ၊ ကျွေးချင် သူများ၏။ အခိုင်းအစေခံ နွားမြင်း စသော တိရစ္ဆာန် ဖြစ်စေကာမူ ပင်ပင်ပန်းပန်း ဖြစ်အောင် မခိုင်းစေကြ။ သင့်တော်ရုံခိုင်းစေကာ ဝဝဖြိုးဖြိုးရှိအောင် ကျွေးမွေး ကြလေသည်။ ထို့ကြောင့် ဥပဓိသမ္ပတ္တိသည် မကောင်းသော ဂတိဝိပတ္တိ၌ပင် ကုသိုလ်ကံ အခွင့်သာအောင် ပြုစွမ်းနိုင်ပေသည်။

ပယောဂဝိပတ္တိ

ကိုယ်ဖြင့် ပြုမှုကို ကာယပယောဂ,
နှုတ်ဖြင့် ပြောဆိုမှုကို ဝစီပယောဂ,
စိတ်ဖြင့် စဉ်းစားကြံစည်မှု - စိတ်ကူးမှုကို မနောပယောဂ ဟု ခေါ်၏။

ထိုကိုယ်မှုနှုတ်မှုတို့သည် အတွင်းစိတ်ကြောင့်ဖြစ်ရကား အတွင်း စိတ်၌ ဉာဏ်ပညာ, သတိ, ဝီရိယတို့ ညံ့ဖျင်းနေလျှင် လည်းကောင်း၊ ထင်ထင်ရှားရှား မရှိလျှင် လည်းကောင်း ပယောဂ ဝိပတ္တိဖြစ်၏။

ပယောဂဝိပတ္တီဖြစ်နေ၌ ရှေးကုသိုလ်ကံတွေ ပါသော်လည်း ကောင်းကောင်း အကျိုး ပေးခွင့်မရ။ ပြခဲ့သော ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံသူဖြစ်စေကာမူ ပယောဂဝိပတ္တိဖြစ် (ကိုယ်မှု နှုတ်မှု စိတ်မှုက ညံ့ဖျင်း)နေလျှင် ကုသိုလ်ကံသည် ကောင်းသင့်သလောက် ကောင်းအောင် အကျိုးမပေးနိုင်။ သင့်တော်ရုံသာ အကျိုးပေးနိုင်၏။

မင်းသားတယောက်

သီဟိုဠ်ကျွန်း၌ မင်းသား ကလေးတယောက် ဖွားမြင်ခါစ၌ ဖခမည်းတော်က သားတော်အတွက် ဆုလာဘ်တခုကို (အလိုရှိရာယူဖို့ရန်) မိဖုရားအား ပေးထား၏။ မင်းသားသည် ကလေး အရွယ်၌ပင် ကြက်တိုက်ဝါသနာပါသောကြောင့် ကြက်တိုက် ရာ၌ ကြက်ကပျံ၍ အချလိုက်တွင် မျက်စိတဘက်ကို ကြက်၏ အတက်ဖြင့် စူးမိသောကြောင့် ထိုမျက်စိကွယ်လေ၏။ (ကြက်တိုက်ခြင်းသည် ပယောဂဝိပတ္တိပင် တည်း။)

နောင်ခါ အရွယ်ရောက်၍ မိဖုရားက သူ၏သားတော်အား ခမည်းတော်၏ အရိပ်အရာကို လွှဲပေးဖို့ရန် တောင်း၏။ ထိုအခါ ခမည်းတော် က “အသင် မိဖုရား၏ သားမှာ မျက်စိတဘက် မကောင်းသောကြောင့် သီဟိုဠ်တကျွန်းလုံးအတွက် ရှင်ဘုရင် မလုပ်ထိုက်ပါ။ ကျွန်းငယ်တခုကို ပိုင်စားယူ၍ ထိုကျွန်း၏ဘုရင်သာ လုပ်ပါစေ” ဟုဆို၍ ကျွန်းငယ်တခုကိုသာ ပေးလေသည်။

ပယောဂသမ္ပတ္တိ

အသိအလိမ္မာ ဉာဏ်ပညာ ရှိခြင်း၊ မမေ့မလျော့ မပေါ့မဆပဲ သတိနှင့် ဝီရိယ ရှိခြင်းကို“ပယောဂသမ္ပတ္တိ”ဟုခေါ်၏။

အသိအလိမ္မာရှိသောကြောင့် ဆရာမိဘ လူကြီးသူမ မိတ်ဆွေ အပေါင်းအသင်းတို့ နှင့် ဆက်ဆံရာဝယ် ကိုယ်အနေလည်း ယဉ်ကျေး၏။ နှုတ် အပြောလည်း ချိုသာ၏။ မနာလိုဝန်တိုစိတ်မရှိပဲ မေတ္တာ ကရုဏာ မုဒိတာစိတ်ရှိသောကြောင့် စိတ်အမူအရာ လည်းကောင်း၏။ ဉာဏ်ပညာ ရှိသောကြောင့်လည်းကောင်း၊ သတိ ဝီရိယ ရှိသောကြောင့်လည်းကောင်း၊ သိဝိသင်ရာ၌ တတ်လွယ်၏။

ထိုသို့ အသိအလိမ္မာ ဉာဏ်ပညာနှင့် သတိဝီရိယ ဟူသော ပယောဂသမ္ပတ္တိ ပြည့်စုံနေသူသည် နဂိုက အောက်တန်းကျနေစေကာမူ အထက်တန်းသို့ တက်လှမ်းနိုင်၏။ နဂိုက အထက်တန်းစား ဖြစ်နေပါမူကား ပြိုင်ဘက်ကင်းအောင် အထွတ်အထိပ် ရောက်နိုင်၏။ ထိုသို့ အထက်တန်း ရောက်ခြင်း၊ အထွတ်အထိပ် ရောက်ခြင်းကြောင့် စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်အောင် ရှေးကုသိုလ်ကံတွေ အကျိုးပေးချင်တိုင်း ပေးနိုင် လေတော့၏။

လုံ့လဝီရိယဟူသော ပယောဂသမ္ပတ္တိ တမျိုးလောက် ရှိသူပင် ဖြစ်ဦးတော့ လုံ့လ ဝီရိယ၏ အကျိုးကို ခံစားရသေး၏။ အလုပ်ကို မပျင်းမရိ ဝီရိယဖြင့် လုပ်ဖော် ရသောကြောင့် ခိုင်းလိုသူတွေ ပေါများ၍ အလုပ်လက်မဲ့မဖြစ်ရ။ ထိုအလုပ်ကြောင့် ငတ်ပြတ်လောက်အောင် ဒုက္ခမရောက်ရ။ အတော်အတန် ချမ်းသာသုခရဖို့ရန် ရှေးကုသိုလ်ကံတွေ အခွင့်သာပေ၏။

တိရစ္ဆာန်ပင် ဖြစ်စေကာမူ လိမ္မာသောတိရစ္ဆာန် အားခွန်ဗလနှင့် လုံ့လရှိသော တိရစ္ဆာန်သည် အိမ်၌ မွေးကျွေးထားလိုသူ ပေါများရကား ထိုက်တန်သော ချမ်းသာခွင့်ကို (ပယောဂ သမ္ပတ္တိမရှိသောသူများထက်) ရနိုင်ပါသေး၏။ ဉာဏ်သတိ ဝီရိယဟူသော ပယောဂသမ္ပတ္တိကား ဤမျှလောက် ရှေးကံ အကျိုးပေးခွင့်သာအောင် ရေလာမြောင်းပေး ပြုနိုင်ပါပေသည်။

မေးဖွယ်

ဉာဏ်, သတိ, ဝီရိယတို့ကြောင့် ဖြစ်သော ကိုယ်မှု နှုတ်မှု စိတ်မှုကို “ပယောဂ”ဟု ဆိုလျှင် ယခုအခါ မတရားသဖြင့် အသက်မွေးသူတို့ ချမ်းသာသုခ ရရှိနေရာ၌ ထို မတရားသော ကိုယ်မှု နှုတ်မှု စိတ်မှု ပယောဂကြောင့်ပင် ချမ်းသာကြသည် မဟုတ်ပါလော။

ဥပမာ- မတရားသောနည်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း၊ လုယက်တိုက်ခိုက်ခြင်း၊ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ပြည်၌ အမေရိကန်တို့က အဏုမြူဗုံး ချ၍ စစ်ပွဲကို အပြီးသတ်စေနိုင်ခြင်း၊ မတရားသဖြင့် အတိုး အပွားချထားခြင်း၊ မတရားသဖြင့် ရာထူးတိုးအောင် ကြံစည်ခြင်း စသော ပယောဂတို့သည် မတရားပါပဲလျက် ထို ပယောဂကြောင့်ပင် ချမ်းသာသုခရနေရာ၌ ရှေးကုသိုလ်ကံ အကျိုးပေးနေခြင်း မဟုတ်ပါလော-ဟု မေးဖွယ်ရှိနေ၏။

အဖြေကား

ယခုဘဝ မတရားသော ပယောဂကြောင့်လည်း ရှေး ကုသိုလ်ကံ အခွင့်သာ၍ ကောင်းကျိုး ပေးနိုင်ပါသည်။

ထင်ရှားစေအံ့ - ကာမာဝစရကုသိုလ်ကံသည် လောကီ အာရုံ ကာမဂုဏ်ကို မက်မောသော တဏှာအရင်းခံ ပါသောကံ ဖြစ်၏။ ထို့ကြောင့် လောကီအာရုံ ကာမဂုဏ် စည်းစိမ် ချမ်းသာကို ရအောင်ပြုလုပ်မှု ပယောဂဟူသမျှသည် တရား သည် ဖြစ်စေ မတရားသည် ဖြစ်စေ ကာမာဝစရကုသိုလ်ကံ အကျိုးပေးခွင့်ရအောင် ရေလာမြောင်းပေးပြုသော ပယောဂ ချည်း ဖြစ်သည်။

ထို့ကြောင့် မတရား စီးပွားရှာသူတို့၏ မတရားပယောဂကြောင့်လည်း ကာမာဝစရ ကံက အခွင့်သာ၍ ကောင်းကျိုးကို ပေးရသည်သာ။ အဏုမြူဗုံးချမှုကြောင့်လည်း စစ်ကြီး ပြီးဆုံး၍ နောက်နောက်လူတွေ မသေမပျောက် သုခရောက်ကြရသည်။ သို့သော် ထိုသို့ မတရားပြုသူ၏ သန္တာန်၌ ထို မတရားသော ပယောဂစုံကား နောင်သံသရာ၌ မကောင်းကျိုးပေးဖို့ရန် အခြေခံ အကုသိုလ်မျိုးစေ့ အဖြစ်ဖြင့် ကျန်ရစ်သည်သာ။

ထို့ ကြောင့် နောက်ဘဝ သံသရာ ရှိသေး၏-ဟု အယူရှိကြသူတို့က တဘဝ ချမ်းသာမှုကို မကြည့်ဝံ့ပဲ နောင်သံသရာ၌ ကြာရှည်စွာ ဆင်းရဲမည့်အရေးကို မျှော်တွေးကာ မတရားသော ကိုယ်မှု နှုတ်မှု စိတ်မှု ပယောဂစုကို (ယခုဘဝ ချမ်းသာကြောင်းမှန်း သိပါလျက်) ကြိုးစား၍ ရှောင်ကြဉ်ကြရပေသည်။

မှတ်ချက်

ဤစကားအရ “အသိအလိမ္မာ ဉာဏ်ပညာနှင့် သတိ ဝီရိယကို ပယောဂသမ္ပတ္တိ”ဟု ဆိုရာ၌ အပြစ်ကင်းသော ဉာဏ်ပညာအစစ် သတိအစစ် သာမက ပရိယာယ် မာယာဖြင့် လှည့်စားတတ်သော အကြံကောင်း ဝိတက် အမှတ်အသား ကောင်းသော သညာများလည်း (အလိမ္မာတို့ ဉာဏ်ပညာတူ သတိအတု အဖြစ်ဖြင့်) ပါဝင်နိုင်သည်ဟု မှတ်ပါ။

ထပ်၍ မေးဖွယ်

ယခုဘဝ အသိအလိမ္မာ ဉာဏ် ပညာနှင့် သတိ ဝီရိယကြောင့် ချမ်းသာသုခ ရနသည်မှာ လက်တွေ့မျက်မြင် ဖြစ်ပါလျက် “ရှေးကံက အကျိုးပေး သည်” ဟု ရှေးကံကို ဆွဲ၍ ယူခြင်းသည် လူအများ၏ ကြီးပွားရေးအလုပ်ကို တွန့်ဆုတ်အောင် တားဆီးရာ မရောက် ပလော”ဟု ထပ်၍ မေးဖွယ်ရှိ၏။

ဆိုလိုရင်းကား -

ဉာဏ်ပညာ ရှိ၍ ပညာရေးဆိုင်ရာကို သတိ ဝီရိယဖြင့် လုပ်လျှင် စီးပွား ဥစ္စာရ၍ စားဝတ်နေမှု၌ လွယ်ကူချမ်းသာခြင်း၊ လုံ့လ ဝီရိယ ဖြင့် မပျင်းမရိ အလုပ်လုပ်လျှင် နေ့စားအလုပ် လုပ်သူသော်မှ နေ့တွက်ရသဖြင့် စားဝတ်နေမှု ချောင်ချိခြင်း စသည်ဖြင့် ယခု ဘဝ ဉာဏ် သတိ ဝီရိယကြောင့် အကျိုးရနေသည်မှာ မျက်မြင် ဖြစ်ပါလျက် မျက်မြင်မဟုတ်သော ရှေးကံကို ဆောင်ယူ ညွှန်ပြ ဖို့ရန် မလိုတော့ပြီ-ဟု ဆိုလိုသည်။

အဖြေကား -

မည်သည့်သစ်ပင်မဆို မျိုးစေ့ မရှိလျှင် (အနည်းဆုံး ဓာတ်သဘာဝမျိုး မရှိလျှင်) အပင်မပေါက်နိုင် သကဲ့သို့ မည်သည့် ကောင်းကျိုး-ဆိုးကျိုး (သုခ-ဒုက္ခ) မဆို ရှေးကံ မပါလျှင် အမှန်ပင် မဖြစ်နိုင်ပါ။ “ရှေးကံ” ဟူရာ၌ သုခ-ဒုက္ခကို ပေးသော ရှေးကံ တမျိုးသာမက အကူအညီ ဖြစ်သော ရှေးကံ အများပင် ပါဝင်သည်။

ထို့ ကြောင့် -အသိအလိမ္မာ ဉာဏ်ပညာ ကောင်းအောင်ပြုသော ရှေးကံ သတိ ဝီရိယ ကောင်းအောင်ပြုသော ရှေးကံ, ဂတိ ကောင်းအောင်ပြုသော ရှေးကံ, ကာလကောင်းနှင့် ကြုံအောင် ပြုသော ရှေးကံ, ဥပဓိ ကောင်းအောင်ပြုသော ရှေးကံ-ဟု ရှေးကံ အမျိုးမျိုးက ကူညီမှသာ သုခအကျိုး အမျိုးမျိုးကို ပေးသော ရှေးကံက အခွင့်သာ၍ အကျိုး ပေးရသည်။

ကာမာဝစရကံ မှန်လျှင် ထို အကူအညီကံများ မပါပဲ ကံတခုတည်းက အကျိုးပေးဖို့ မတတ်နိုင်ပါ။ မကောင်းကံ တခုက မကောင်းကျိုး ပေးရာ၌ ထိုသို့သော မကောင်းကံတွေ အကူအညီပါရသည်သာ။

ထင်ရှားစေပါဦးမည် -

အမြွှာမွေး ညီနောင် ၂-ယောက်သည် ထို အမိဝမ်း၌ အတူဖြစ်ဖို့ရန် ရှေးကံချင်း အတော် တူနေ၏။ မွေးဖွားပြီးသော အခါ၌ကား တယောက်သည် ရုပ်ချော၏။ တယောက်ကား မချော။ တယောက်သည် ဉာဏ်ထက်၏။ တယောက်ကား ဉာဏ်မရှိ။ တယောက်သည် သတိ ဝီရိယ ရှိ၏။ တယောက်ကား သတိလည်းမရှိ။ ပျင်းလည်း ပျင်းတတ်၏။
မိခင် တဦးတည်းက မွေးဖွား၍ ထို မိခင်နှင့် ဖခင်တို့ အထံဝယ် သွန်သင်ပြသမှု အတူခံရပါလျက် အသိ အလိမ္မာ ဉာဏ်ပညာနှင့် သတိ ဝီရိယချင်း ကွာခြားရသည်မှာ ရှေးကံချင်း မတူသောကြောင့်သာ ဖြစ်ပါသည်။

ထို့ကြောင့် ရှေးကံကောင်းမှ ဂတိသမ္ပတ္တိ (ဘဝကောင်း)၊ ကာလသမ္ပတ္တိ (အခါကောင်း) ရ၏။ ဥပဓိသမ္ပတ္တိ (ရုပ်ချော) ဖြစ်၏။ ရှေးကံကောင်းမှ “ပတိရူပဒေသ”ဟု ခေါ် အပ်သော အရပ်ဒေသကောင်း၌ ဖြစ်၏။ ရှေးကံကောင်းမှ “သပ္ပုရိသူပနိဿယ”ဟုခေါ်အပ်သော မိကောင်း ဘကောင်း ဆရာသမားကောင်း ကို တွေရ၏။ ရှေးကံကောင်းမှ သွန်သင်ဆုံးမ အကောင်းကို ခံရ၏။ ရှေးကံကောင်းမှ အသိအလိမ္မာ ဉာဏ်ပညာလည်းကောင်း သတိလည်းကောင်း လုံ့လဝီရိယလည်း ကောင်း ဤစိတ်ကောင်း နှလုံးကောင်းရှိသူ ဖြစ်နိုင်သည်ဟု မုချ ဆတ်ဆတ် မှတ်ကြပါလေ။

တရားတော်

▬▬▬▬

အတ္ထေကစ္စာနိ ပါပကာနိ ကမ္မသမာဒါနာနိ ဂတိသမ္ပတ္တိ ပတိဗာနိ န ဝိပစ္စန္တိ = တချို့ အကုသိုလ်ကံတို့သည် ဂတိသမ္ပတ္တိက တားမြစ် အပ်ကုန်သည်ဖြစ်၍ အကျိုး မပေးကုန်။ တချို့ ကုသိုလ်ကံတို့ သည် ဂတိဝိပတ္တိက တားမြစ်အပ်ကုန်သည်ဖြစ်၍ အကျိုးမပေးကုန်။ အချို့ အကုသိုလ်ကံတို့သည် ဂတိဝိပတ္တိကိုရ၍ အကျိုး ပေးကုန်၏။ အချို့ ကုသိုလ်ကံတို့သည် ဂတိသမ္ပတ္တိကို ရ၍ အကျိုးပေးကုန်၏။ ဤသို့စသည်ဖြင့် ဉာဏဝိဘင်း ပါဠိတော်၌ ဟောတော်မူသည်။

ထိုပါဠိတော်ကို မှီ၍ အောက်ပါဂါထာကို ရှေးပညာရှိများ စီကုံးထားကြသည်။

ကာလာပဓိပယောဂါနံ၊
ဂတိယာ စ ယထာရဟံ။
သမ္ပတ္တိံ စ ဝိပတ္တိံ စ၊
ကမ္မမာဂမ္မ ပစ္စတိ။

ကာလာပဓိပယောဂါနံ၊ အခါကာလ ဆင်းရူပနှင့် ဝီရိယ ဉာဏ် အတန်တန်သော ပယောဂတို့၏လည်းကောင်း။
ဂတိယာ စ၊ ရောက်ရာဌာန ဘုံဘဝ၏လည်းကောင်း၊
ယထာရဟံ၊ တွေ့ခိုက် ကြုံခိုက် ထိုက်သည်အားလျော်စွာ။
သမ္ပတ္တိံ စ၊ အကြောင်းရင်းခံ ဖန်သည့်အလိုက် သမ္ပတ္တိ ဆိုက်မှုကိုလည်းကောင်း။
ဝိပတ္တိံ စ၊ အကြောင်းရင်းကံ ဖန်သည့်အလိုက် ဝိပတ္တိ ဆိုက်မှုကိုလည်းကောင်း။
အာဂမ္မ၊ စုဝေးပေါင်းစု အကြောင်းပြု၍။
ကမ္မံ၊ မီးခဲပြာဖုံး ပမာသုံးဖို့ လုံးလုံးမပြယ် ကိုယ်ဝယ်ဖန်ထား ကံတရားသည်။
ပစ္စတိ၊ မျိုးစေ့စောင့်ရှောက် အပင်ပေါက်၍ ထိုနောက်သီးကာ မှည့်ရင့်လာသို့ လျော်စွာ အကျိုးတွေ ရင့်ကျက်၍လာလေသတည်း။

(ပရမတ္ထဝိနိစ္ဆယ)

စဉ်းစားဖွယ်

▬▬▬▬

ယခုဘဝ ပြုအပ်သမျှသော ကောင်းမှု မကောင်းမှုတို့သည် နောင် သံသရာ ဘဝများ၌ အခွင့်သာလျှင် အကျိုးပေးဖို့ရန် (ကံပြုသူ၏ ခန္ဓာအစဉ်ဝယ်) ကံ အဖြစ်ဖြင့် တည်ရှိနေသည်”ဟု ဆိုလျှင် “ကံရှိ၏”ဟု အယူ ရှိကြသော ဘာသာဝင်တို့သည် လောကီကြီးပွားရေး၌ အမြဲ နောက်ကျ နေစရာ ရှိသည်။

ဘာ့ကြောင့်နည်း ... ကူးသန်း ရောင်းဝယ်မှုမှစ၍ ထိုထိုအသက်မွေးမှု၌ မတရား ရှာဖွေသူတို့က အမြတ်အစွန်း များစွာရ၍ တရားသဖြင့်ရှာဖွေသူတို့မှာ အမြတ်အစွန်း နည်းစရာရှိသောကြောင့်တည်း။ ဤသို့ စသည်ဖြင့် စဉ်းစားဖွယ် ရှိပေသည်။

အကြမ်းအားဖြင့် စဉ်းစားလျှင် ထိုအတိုင်းပင် မှတ်ထင်ဖွယ် ရှိ၏။ သို့သော် “ကံရှိ၏”ဟု အယူရှိသူတို့သည် မိမိ အနီးမှာကပ်နေသော မျက်မြင်အကျိုးကိုသာ မကြည့်သင့်ပါ။ ကွက်ကျော် အကျိုးကိုလည်း ကြည့်သင့်ပါသည်။ ဉာဏ်နှင့် သတိ ဝီရိယကိုလည်း အမြဲ အသုံးပြုသင့်၏။ မတရား စီးပွားရှာသူတို့သည် တခဏသော် အကျိုးပေးတတ်၏။

သို့သော် ထို မတရားမှုက ဤဘဝမှာပင် မိမိကိုပြန်၍ ရှေးမကောင်းကံ အခွင့် သာအောင် ပြုတတ်ပါသည်။ ဥပမာ - မတရားလုပ်မှုကြောင့် ထောင်ကျခြင်း၊ ပစ္စည်း အသိမ်းခံရခြင်း၊ ပတ်ဝန်းကျင် လူ အများ၏ (အတွင်းစိတ်၌) အထင်သေးအမြင်သေး ခံရခြင်း၊ ထိုမတရားသူ၌ ကြာရှည် မဆက်ဆံလိုကြခြင်း၊ အရောင်းအဝယ် မလုပ် လိုကြခြင်း၊ သားပေး သမီးယူ မလုပ်ကြခြင်း စသည်ဖြင့် မကောင်းကံ အခွင့်သာ၍ မကောင်းကျိုးပေးတတ်ခြင်း မျိုးတည်း။

ထို့ပြင် ထိုသူသည် “အမြင်အားဖြင့် ချမ်းသာသည်”ဟု ထင်ရသော်လည်း သူ၏ စိတ်မှာ မချမ်းသာနိုင်ပါ။ မျက်စိ ကန်းသူ တစ္ဆေမကြောက်သကဲ့သို့ သူ့စိတ်ကို သူလှည့်စား ထားသဖြင့် စိတ်ချမ်းသာစေကာမူ ထိုမကောင်းမှု၏အကျိုးကား တမျိုး မဖြစ် တမျိုးဖြစ်တတ်သည်သာ။ ထို့ပြင် ထိုသူ မတရား ရှာမှီးထားသော စီးပွားသည် သားစဉ်မြေးဆက်လည်း မတည်နိုင်ပါ။ သူ့ လက်ထက်သော်လည်း ပျက်စီးတတ် သားသမီးတို့၏ ဖြုန်းတီးမှုကြောင့်လည်း ပျက်စီးတတ်ပါသည်။

သူ၏ မတရားမှုကို မယားနှင့်သားသမီးတို့က သိ၍ မယားကလည်း မလေးစား သားသမီးတို့ကလည်း မလေးစားသောကြောင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ လုပ်ချင်ရာ လျှောက်လုပ်၍ အပျက်ကြီး ပျက်စီးတတ်ပါသည်။ (တအိမ်, တရွာ, တမြို့ တနိုင်ငံနှင့် တကမ္ဘာလုံးပင် မတရားမှုတွေ များလေ ဆင်းရဲ ဒုက္ခ ရောက်ရလေ ပင်ဖြစ်သည်။)

တရားသဖြင့် စီးပွားရှာသူမှာ အသိအလိမ္မာ ဉာဏ်ပညာနှင့် သတိ ဝီရိယ ပယောဂ သမ္ပတ္တိတို့ကို များအသုံးပြုတတ်ရပေလိမ့်မည်။ ထိုပယောဂသမ္ပတ္တိရှိပါ လျက်လည်း ပထမသော်အရနည်းပါလိမ့်ဦးမည်။ တဖြည်းဖြည်း ကြာသောအခါ သူ၏ တရားမှန်ကို သိ၍ သူနှင့် ဆက်သွယ် သူတွေများလာရကား အရမနည်းပဲ ရှိပါလိမ့်မည်။ မတရား သူတွေထက်ပင် အရများလာပါလိမ့်မည်။

သူ၏ တရားမှုကိုသိ၍ ပတ်ဝန်းကျင်က အထင်အမြင်ကြီးကာ ရိုသေလေးစား လာပါလိမ့်မည်။ အိမ်သူဇနီးနှင့် သားသမီးတို့ကလည်း ရိုသေ လေးစားကြပါ လိမ့်မည်။ ပြောဆို ဆုံးမသမျှကို နာခံကြပါလိမ့်မည်။ တရားသဖြင့် ဖြည်းဖြည်း စုဆောင်း ရသောပစ္စည်းကို ရိုရိုသေသေ သုံးစွဲကြပါလိမ့်မည်။ ထိုပစ္စည်းမျိုးကို ဓမ္မိယလဒ္ဓ (တရားနှင့်အညီ ရအပ်သော) ပစ္စည်းဟု ခေါ်၏။ ထို ပစ္စည်းမျိုးသာ သားစဉ်မြေးဆက် အရှည် တည်တံ့နိုင်ပါသည်။ သူ၏တရားမှုတွေကို စဉ်းစား၍ သူမှာလေ စိတ်ချမ်းသာ လေဖြစ်တတ်ပါသည်။

ထို့ကြောင့် မတရားမှုကို တရားမှုဖြင့် ပြိုင်ယှဉ်သောအခါ ကွက်ကျော်ကြည့်၍ အရှည်ပြိုင်မှ အနိုင်ကို တွေ့မြင်နိုင်ပါသည်။ ဤသို့ မတရားမှုကို ရွံမုန်း၍တရားသော စီးပွားရှာနည်းကို ပြုကြစေလိုသောကြောင့်ပင် ကမ္ဘာ့ပညာရှိများက စုပေါင်း ရောင်းဝယ်ခြင်း စသော သမဝါယာမ (သမဝါယမ) နည်းတွေကို တီထွင်နေကြ ပေသည်။ တအိမ် တရွာ တမြို့ တနိုင်ငံလုံးနှင့် တကမ္ဘာလုံးမှာ တရားမှုတွေ များလေ ချမ်းသာလေ ဖြစ်ပါလိမ့်မည်။

တရားတော်

▬▬▬▬

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ။
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ။

(တရားသည် တရားကို ပြုကျင့်သူကို ဧကန် စောင့်ရှောက်၏။
ကောင်းစွာ ပြုအပ်သော တရားသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှုကို ဆောင်နိုင်၏။)

မိဘများ၏တာဝန်

▬▬▬▬▬▬▬

ရှေ့၌ ကာလကောင်း ဟူသော ကာလသမ္ပတ္တိ၊ ရုပ်အဆင်းကောင်း ဟူသော ဥပဓိသမ္ပတ္တိ၊ ကိုယ်မှု နှုတ်မှု စိတ်မှု ကောင်းဖို့ရာ အသိအလိမ္မာ ဉာဏ် ပညာနှင့် သတိ ဝီရိယ ဟူသော ပယောဂသမ္ပတ္တိ ရှိသူ၌သာ (များသောအားဖြင့်) ကုသိုလ်ကံ အကျိုးပေးခွင့် သာသည်ဟု ရေးခဲ့ပြီး။

ထိုသမ္ပတ္တိတို့တွင် ကာလသမ္ပတ္တိ ဖြစ်အောင် လူတယောက်တည်း မတတ်နိုင်။ ခေါင်းဆောင်ကောင်းများသာ တတ်နိုင်စရာရှိသည်။ ဥပမိသမ္ပတ္တိ ပယောဂသမ္ပတ္တိ ဖြစ်အောင်ကား တယောက်တည်း တတ်နိုင်ပါ၏။ သို့သော် ကလေး အရွယ်မှာ ပြုပြင်ဖို့ရာ နားမလည်သေး

ထို့ကြောင့် မွေးဖွား သည်မှစ၍ ၅-နှစ်အရွယ်လောက် အထိ မိဘ ဘိုးဘွား တို့၏ ပြုပြင်မှု ပယောဂကိုသာ အားထားစရာ ရှိတော့သည်။ မိဘ ဘိုးဘွားတို့က အပြုအပြင် ကောင်းလျှင် ကလေးများ၌ ကုသိုလ်ကံအကျိုးပေးခွင့်ရ၍ မိဘ ဘိုးဘွား တို့က အပြုအပြင် မတတ်လျှင် ကလေးများ၌ အကုသိုလ်ကံများ အကျိုးပေးခွင့် ရစရာရှိ၏။

ထို့ကြောင့် ထို ငယ်ရွယ်ခိုက် အချိန်မှာ မိဘတို့ တာဝန်သာဖြစ်သည်ဟု ဆိုလိုပါသည်။

ကျန်းမာအောင် ပြုပြင်ပေးပါ

▬▬▬▬▬▬▬▬▬▬

ကလေးဖွားမြင်ပြီးသော အခါ မိခင်နှင့်ကလေးပါ ကျန်းမာဖို့ အရေးကြီးပါသည်။ မိခင်သည် မျက်နှာမြင်ပြီး၍ အားနည်းနေလျှင် ကျွမ်းကျင်သော ဆရာတို့နှင့် အားရှိ လာအောင် ဂရုတစိုက် ပြုပြင်သင့်ပါသည်။ သင့်တော်၍ အားအင် ပြည့်နိုင်သော အစား အသောက်ကို တောရွာ၌ ဖြစ်စေ၊ မြို့၌ဖြစ်စေ ရနိုင်ရာကို စားသောက်သင့်ပါသည်။

မိခင်ကျန်းမာမှ ကလေးလည်း ကျန်းမာဖို့ရန် အခွင့်အလမ်း များပါသည်။ မိခင် မကျန်းမာလျှင် မိခင်၏ နို့ရည်သည် မကောင်းနိုင်ပါ။ “နို့ရည်” ဟူသည် ကလေးကို ချစ်သော မေတ္တာကို အရင်းခံ၍ ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်နေသော သွေးပင် ဖြစ်ပါသည်။ ထိုနို့ရည်သည် မိခင်ကျန်းမာမှ နို့ရည်ကောင်း (သွေးကောင်း) ဖြစ်၍ ထိုနို့ရည်ကောင်းကို သောက်စို့ ရသောကလေးသာလျှင် အားအင်ပြည့်၍ ကြီးထွားလွယ်ပါသည်။

ကြီးထွားအောင် စောင့်ရှောက်ပါ

▬▬▬▬▬▬▬▬▬▬

ဖွားမြင်ခါစ ကလေးသည် ပေါက်ခါစ သစ်ပင်ကလေးနှင့် တူ၏။ သစ်ပင် ကလေးကို သစ်ပင်ရှင်က (ဥယျာဉ်စောင့်က) အပူမမိ အအေးမမိ ပိုးမွှား မရှိအောင် တကြည့်ကြည့် ကြည့်ကာ စောင့်ရှောက်နိုင်မှ သစ်ပင်ကလေးကြီးထွားလာသကဲ့သို့ ထိုသို့ မစောင့်ရှောက်လျှင် ထိုသစ်ပင်ကလေးသည် မကြီးနိုင်ပဲ ဖြစ်ရုံသာမက တရံတခါ သေသွားတတ်သကဲ့သို့ ထို့အတူ ဖွားမြင်ပြီးစမှစ၍ မတ်မတ် သွားနိုင်သော အရွယ် ကျအောင် ကလေးကို မိခင်က (ထိန်းသူက) အထူးသတိထား၍ စောင့်ရှောက်မှ ကျန်းကျန်းမာမာ နှင့် ထွားထွားကျိုင်းကျိုင်း ဝဝဖြိုးဖြိုးကြီးနိုင်ပါသည်။

ဥပဓိကောင်းအောင် ပြင်ပါ

▬▬▬▬▬▬▬▬▬▬

ဥပဓိသမ္ပတ္တိ ရှိခြင်းသည် ကုသိုလ်ကံ အကျိုးပေးခွင့်သာဖို့ရန် အကြောင်းတယ်” ဟု ရှေ့၌ ပြခဲ့ပါပြီ။ ထို့ကြောင့် မိခင်သည် မိမိကလေးကို ဥပဓိ (ရုပ်အဆင်း) ကောင်းတန်သမျှ ကောင်းအောင် ပြုပြင်ပါ။ နုနယ်သော ကလေး၌ ရုပ်ကလာပ် အသစ်ကလေးတွေ ကိုယ် အင်္ဂါ အစိတ်အပိုင်းမှာ ခပ်မြန်မြန် တိုးပွားနေပါသည်။ ထိုသို့ တိုးပွားနေရာ၌ (ဖြစ်သမျှ ပျက် = ဖြစ် + ပျက် နေသော်လည်း) ထပ်တိုး ရုပ်ကလာပ်တွေက များနေရကား ကလေး၏ ကိုယ်သည် ကြီးပွားလျက်ရှိပါသည်။

ထိုသို့ ကြီးပွားရာဝယ် အလွန် နုနယ်ရကား ထပ်တိုး ရုပ်သစ်များဖြင့် မိခင်က ပြုပြင်တတ်လျှင် ကိုယ်အနေအထား မျက်နှာ, ဦးခေါင်း, လက်, ခြေ အနေ အထားကို အချိုးကျတန်သမျှ ကျအောင် တိုးပွားကြပါသည်။ မိခင်က အပြုအပြင် မတတ်လျှင်ကား ပွေ့ချီပုံ အချိုးမကျမှု စသော အကြောင်းကြောင့် ကလေးငယ်၏ ကိုယ်အနေအထား လည်း အချိုးမကျ ပုံမလှပဲ ရှိတတ်ပါသည်။ ထို့ကြောင့် -

၁။ ကလေးကို နို့တိုက်သောအခါ (မိခင်၏ နို့တံဖြစ်စေ နို့ဗူး ဖြစ်စေ) ပက်လက် နေသော ကလေးငယ်၏ နှာခေါင်း ပါးစပ်တို့ကို ဖိ၍ မနေစေပဲ အဆင်သင့်ရုံး ထား၍ တိုက်ပါ။ ဖိနေလျှင် နှာခေါင်း ပိပြားဖြစ်နေတတ် ပါးစပ်လည်း ပြားနေတတ်သဖြင့် မျက်နှာပြား ကလေး ဖြစ်နေပါလိမ့်မည်

၂။ ထိုင်နိုင်သော အရွယ်ကို နို့တိုက်သောအခါ မိခင်သည် အရပ်ရှည်သူဖြစ်လျှင် ထိုင်နေသောကလေးနှင့် နိုတံကို ဝေးမနေပါစေနှင့်။ ဝေးနေလျှင် မော်၍ စို့ရသောကြောင့် ကလေး၏ မိခင်က ပုသူဖြစ်လျှင်လည်း ထိုင်၍ နို့စို့ရာ ကလေးသည် လည်တံတိုကလေး ဖြစ်နေတတ်၏-ဟု (တေမိယဇာတ် အဋ္ဌကထာ၌) ဆိုသည်။ ထို့ကြောင့် နို့တိုက်ရာ၌ အမိသည် ကလေးအနေအထား သင့်တော်အောင် ချိန်ဆ၍ တိုက်ကျွေးသင့်ပါသည်

၃။ အမိသည် မိမိနို့ရည် ကောင်းဖို့ရန်နှင့် နို့ရည်များဖို့ရန် သင့်တော်သော အစားအသောက်ကိုသာ စားသင့်ပါသည်။ အစားအသောက်က မိမိနှင့် သင့်တော် စေကာမူ ကလေးနှင့် မသင့်တော်လျှင် ထို အစားအသောက်ကို ရှောင်ရပါသည်။ ထိုသို့ မရှောင်ပဲ ကလေးနှင့် မသင့် သည်ကို စားသောက်မိလျှင် ထိုအစာမှဖြစ်သော နို့ရည်ကို သောက်စို့ ရသော ကလေးမှာ (ဝမ်းသွားခြင်း စသော) ရောဂါတခုခု ဖြစ်တတ်ပါသည်။ (ငယ်ရွယ်စဉ်က ဝမ်းပျက်လျှင် ကလေး အားနည်း၍ ပိန်ချိချိ ကလေး ဖြစ်နေပါလိမ့်မည်။)

၄။ မျက်နှာမြင်ပြီးသော မိခင်သည် ခါတိုင်းထက်ပို၍ စိတ်ချမ်းသာဖို့လည်း အရေးကြီးပါသည်။ အိမ်တွင်း အဆင် မပြေခြင်း၊ စီးပွားရေး အဆင်မပြေခြင်း စသည်ဖြင့် အပြင်က ရန်ဘေးတို့ကြောင့် စိတ်မချမ်းမသာ ဖြစ်ရလျှင် နို့ရည်လည်း ကောင်းကောင်းထွက်ပဲ ရှိတတ်ပါသည်။ ( “နို့ရည်ဟူသည် ကံ စိတ် ဥတု အာဟာရ တို့ကြောင့် ဖြစ်သောသွေး”ဟု ရေးခဲ့ပြီ။)

၅။ ထိုသို့ မိခင် စိတ်ချမ်းသာဖို့ရန် ခင်ပွန်းသည်က အထူး ယုယထိုက် ညှာတာ ထိုက်ပါသည်။ အတူနေ ယောက္ခမ မိဘ ဆွေမျိုးတို့ကလည်း ထိုအချိန်၌ အထူး စိတ်ချမ်းသာဖွယ်တို့ကိုသာ ပြောဆိုပြုစုထိုက်ကြပါသည်။

၆။ မိဘ ဘိုးဘွား တို့ကလည်း ရုပ်အဆင်း အားဖြင့် တောင့်တင်း ပြည့်ဖြိုး အလှတိုးနေသော ကလေးကို ကြည့်ကာ အလွန်စိတ်ချမ်းသာကြပါသည်။ ထို့ ကြောင့် ကလေး၏ ကျန်းမာရေးသာမက ဝဝဖြိုးဖြိုးနှင့် အလှတိုးအောင်လည်း ကြိုးစားကြရပါသည်။

၇။ ယခုကာလ၌ ပြုပြင်၍ရလောက်သောအရွယ်က မပြုပြင်ကြပဲ ဖြစ်ချင်သလို ဖြစ်ခဲ့ရသောကြောင့်
(က) ဦးခေါင်း မလှသူ၊
(ခ) နဖူးနှင့် နှာခေါင်း မလှသူ၊
(ဂ) ပခုံး ကျဉ်းနေသူ၊
(ဃ) ရင်ဘတ်ကျဉ်းနေသူ၊
(င) ခါးကော့နေသူ၊
(စ) ပေါင် ခြေသလုံးတို့ ခွင်နေသူ
များကို တွေ့ရပါသည်။ များစွာသော ကိုယ်အင်္ဂါ တို့တွင် ရှေးကံ မကောင်းလှ၍ ပြင်မရသော ကိုယ်အင်္ဂါကို မပြင်နိုင်သော်လည်း ပြင်၍ ရနိုင်သမျှကို ပြုပြင် ပေးသင့်ကြပါသည်

၈။ ဖွားပြီး၍ ရက်သား လသား ကလေးမျှသာ ရှိသော ကလေး၏ အရိုးများသည် အလွန်နုနယ်၏။ ပြင်တတ်လျှင် ပြင်တတ်သလောက် အချိုးကျဖွယ်ရှိ၍ မပြုပြင် တတ်လျှင်ကား အချိုးမကျပဲ ဖြစ်ရမည်မှာ ရှေးကံကြောင့်သာ မဟုတ်ပါ။ အပြုအပြင် မတတ်မှုက အနီးကပ်ဆုံး အကြောင်းဖြစ်ပါသည်။ ထို့ကြောင့် သူ့ဘာသာ ပက်လက်ကလေး အိပ်နေသော ကလေး၏ ဦးခေါင်းကို တဘက်သတ် စောင်း၍ မနေအောင် ဘေးက အဝတ်နုကလေးများခု၍ ပြုပြင်ပေးပါ။

၉။ ကလေးပက်လက်အိပ်နေစဉ် နဖူးကို လှအောင် ညင်ညင်သာသာ ပြင်ပေးပါ။ နှာခေါင်းကိုလည်း လူမျိုး အလိုက်လှအောင် (နှာခေါင်းဗုနှင့် နှာတံ ပိမနေအောင်) ပြုပြင်ပေးပါ။ မျက်ခုံးကလေးကိုလည်း မျက်ခုံးမွေး ပေါက်ချိန်ရောက်လျှင် ပြုပြင်ပေးပါ။ (အားလုံး ပြုပြင်နည်းကို လူကြီးများ သိပါလိမ့်မည်။)

၁၀။ ထိုကဲ့သို့ ပက်လက်အိပ်ရသော အရွယ် နုနယ်လှသော ကလေးကို မသိတတ်သော အစ်ကိုအစ်မ ကလေးများနှင့် ထား၍ အဝေးသို့မသွားပါနှင့်။ ဘာ့ကြောင့်နည်း - အထက်အောက် မွေးထားသော အစ်ကို အစ်မကလေးသည် ညီ- ညီမကလေးကို ချစ်လွန်းလှသဖြင့် မျက်စိ ကလေး ပါးစပ်စလေးများကို လက်ဖြင့် တို့၍ ကစား တတ်ကြ၏။ ထိုသို့ကစားရာမှ လက်လွန်၍ မျက်စိကို နာကျင်အောင် ထိုးမိတတ် သောကြောင့်တည်း။
တနည်းအားဖြင့် ကလေး၏ ပါးစပ်ထဲ၌ သူစားနေသော မုန့်ကလေးကို သွင်း၍ ပေးကာ ကလေး လည်ချောင်း၌ ဆို့နေတတ်သောကြောင့်တည်း။ ထို့ကြောင့် ကလေးငယ်အနား၌ မသိတတ်သေးသော အစ်ကိုလေး အစ်မလေးရှိလျှင် ထိန်းသူ မိခင်သည် သတိထားပါ။ (နားမလည်သူများ၏ အချစ်သည် အပြစ်ကို ဖြစ်စေတတ်သည်။)

၁၁။ ကလေးကို ပွေ့ချီသောအခါ ကလေး၏ လက်မောင်းအောက် ချိုင်းကြား ၂-ဘက်၌ လူကြီးက လက် ၂-ဘက် ဖြင့် ခပ်ကြပ်ကြပ်ကိုင်၍ ပွေ့ချီတတ်ကြ၏။ (ခပ်ကြပ်ကြပ် မကိုင်၍ မဖြစ်နိုင်ချေ။) ထိုသို့ ပွေ့ချီဖန်များလျှင် ကလေး၏ ရင်ဘတ်သည် ဧကန်သေး၍ လုံး၍နေတော့လတံ့။ ရင်ဘတ်သေးနေ၍ ရင်အုပ် ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် မရှိသည်နှင့်အတူ ပခုံး ၂-ဘက်လည်း ကျဉ်းသေး၍ နေတော့လတံ့။
ရင်အုပ်မကြီးလျှင် ရင်အတွင်းရှိသော အသည်းနှလုံး စသော အတွင်း ပစ္စည်း များလည်း အနေ အထား ကောင်းသင့်သလောက် ကောင်းမည်မထင်။ ထိုသို့ ရင်၏ မကြီး မကျယ်ခြင်းသည် ပုံမကျခြင်း၊ မလှခြင်းမှာ သေချာ ၏။ မလှရုံသာမက ထိုသို့ ရင်အုပ် မကြီးကျယ်သူမှာ အတွင်းပစ္စည်းများ အနေအထားလိုက်၍ အားခွန်ဗလ လည်း နည်းပါးလိမ့်မည် ထင်သည်။

၁၂။ တချို့ အဖ အဘိုးတို့သည် မိမိ၏ ပခုံးပေါ်၌ ကလေးကို မှောက်လျက်ထား၍ ချီတတ်ကြသေး၏။ မှောက်လျက် နေရသော ကလေး၏ရင်ဘတ်သည် လူကြီး၏ ပခုံး ပေါ်၌ဖိလျက် နေရကား ထိုကဲ့သို့သာ အချီများလျှင် ဧကန်မုချ ကလေး၏ ရင်သည် ချပ်ချပ်ကလေးနေပါ လိမ့်မည်။ ထိုသို့နေသော ရင်၏အတွင်းသား များလည်း အနေအထား မကျနရကား ရင်မလှရုံသာမက အားခွန် ဗလလည်း (ရှေးနည်းအတိုင်း) နည်းပါးစရာ ရှိပါသည်

၁၃။ တချို့ မိဘတို့သည် ကလေးကို ပက်လက်ချီတတ်ကြ၏။ ရှေးချီနည်း များနှင့်စာလျှင် တော်ပါသေး၏။ သို့သော် ဝဲဘက်၌ဖြစ်စေ, ယာဘက်၌ဖြစ်စေ ဦးခေါင်းကို နေ့စဉ်ထား၍လျှင် လူကြီး၏ရင်ဘတ်နှင့်မကြာမကြာ ကပ်နေရသော ကလေး၏ဦးခေါင်းသည် တဘက်ပြား (တဘက်စောင်း) ကလေး ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ဦးခေါင်းမစောင်းရအောင် ဝဲဘက်ယာဘက် ပြောင်း၍ ဦးခေါင်းကိုထားပါ။

၁၄။ ထိုကဲ့သို့ ပက်လက်ထား၍ ချီသောအခါ လူကြီး လက်တဘက်သည် ကလေးလေး၏ ဦးခေါင်းနား၌ မ-ကိုင် ၍ လက်တဘက်ကား ကလေး၏ တင်ပါး အထက် ခါး အောက်ပိုင်းနား၌ မ-၍ ထားလေ့ ရှိ၏။ ထိုသိုထားရာ၌ ကလေးတင်ပါးသည် လက်ဖြင့် ကိုင် မ-ထားရကား တင်ပါးက တွဲကျ၍ ခါးကလေးက အထက်တက်နေရသဖြင့် ကာလကြာသောအခါ ခါး ကော့သော ကလေးတယောက် ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ထိုသို့ အချိုးမကျ မလှမပ မဖြစ်အောင် မချီတတ်လျှင် ပေးမချီပဲ သူ့ဘာသာ အိပ်ရာ ပုခက်ထဲ၌ ထားခြင်းက သင့်တော်ပါသေးသည်။

၁၅။ ကလေး အတော် ကြီးလာသောအခါ ခါးထစ် ချထား၍ ချီတတ်ကြ၏။ (ကလေးကို နံဘေး၌ထားပြီး လျှင် ခါးနှစ်ဘက်၌ ကလေး၏ ခြေ ၂-ဘက်ကို ထား၍ ချီခြင်းကို “ခါးထစ်ခွ ချီခြင်း”ဟု ခေါ်၏။) ထိုသို့ ချီရာ၌ ချီသူသည် ဝလွန်းနေလျှင် ကလေး၏ ပေါင် ၂-ဘက်မှာအတော်ကျယ်ကျယ်ခဲ့ရသောကြောင့် အတော်ကြာလျှင် ကလေး၏ ပေါင် ၂-ဘက်သည် ခပ်ခွင်ခြင် ဖြစ်နေတတ်၏

၁၆။ ကလေးကို ခါးထစ်ခွ၍ ချီသူသည် ပိန်ကပ်ကပ် ဖြစ်နေပြန်လျှင် ကလေး၏ ခြေသလုံး ၂-ဘက် ထိုသူ၏ ကိုယ်ကို ကပ်၍ နေရသောကြောင့် ခြေသလုံး ၂-ဘက် အတွင်းဝင်ကာ တမျိုးခွင်နေတတ်ပြန်၏။ ထို့ ကြောင့် နုနယ်သော ကလေးကို အချိုးကျအောင် ပြုပြုပြင်ပြင် မချီတတ်လျှင် မချီပဲ အိပ်ရာထဲ ပုခက်ထဲ၌ အလိုက်သင့် ထားခြင်းသာ သင့်တော်ပါသည်။

၁၇။ ကလေးသည် ၇-လ ၈-လလောက် ရှိလျှင် ထိုင်နိုင်လောက်သောအခါ မိဘ ဘိုးဘွား အစ်ကို အစ်မများ သည် ကလေးထိုင်နေသည်ကို အလွန်ကြည့်လိုကြ၏။ သို့သော် အရိုး နုနေတုန်း၌ ကြာကြာ ထိုင်စေလျှင် အရိုးက ရှေ့သို့ညွတ်သဖြင့် ခါးကုန်းကလေး ဖြစ်နေတတ်၏

၁၈။ မတ်မတ် ရပ်နိုင်ခါစအခါ၌လည်း “ရပ်နိုင်ပေ့ ရပ်နိုင်ပေါ့”ဟု မြှောက်ပေးကြ သောကြောင့် အမြှောက်ကြိုက်သော ကလေးသည် မရပ်နိုင် ရပ်နိုင်ဖြင့် ရပ်ရ၏။ ထို အခါ ခြေသလုံးအရိုးတို့သည် ကောင်းကောင်း မရင့် သေးရကား ခြေသလုံး ရှေ့ခွင် နောက်ခွင် ဘေးခွင် အတွင်းခွင် ၄-မျိုးတွင် တမျိုးမျိုး ခွင်သွားတတ်ပါသည်။ တချို့ ကား မရပ်နိုင်သေးအချိန်မှာပင် ကလေး ၏ ရင်ဘတ်ကို လက် ၂-ဘက်ဖြင့် ညှပ်၍ မတ်တတ် ရပ်စေလျက် ချီကြ၏။ ထိုသို့ချီခြင်းသည် ခြေကို ခွင်စေတတ်သည်သာ။ (အမြှောက်ကြိုက်ခြင်းသည် တဏှာ သဘောတည်း။ ထိုတဏှာမျိုးကား ကလေး လူကြီး အားလုံးမှာ ရှိကြပေလိမ့်မည်။)

၁၉။ ထိုပြခဲ့သော အပြစ်များကို မဖြစ်စေလိုသောကြောင့် နားလည်သော ကလေး မိဘတို့သည် ကလေးကို နောက်မှီစရာလည်း ပါ, ထိုင်ခုံလည်း ပါ, ခြေ ၂-ဘက် ချထား စရာလည်း ပါ, ကိုယ်ကို မတ်မတ်ထားလျက် လက် ၂-ဘက် တင်စရာလည်း ပါသော လက်တွန်းလှည်း ကလေးပေါ် တင်၍ လေကောင်းလေသန့်ကိုလည်း ရှူရှိုက်စေကာ အအေးလည်း မမိအောင် ကိုယ်ကို လုံလုံခြုံခြုံ ထားလျက် ဟိုတွန်း သည်တွန်း တွန်းပေး ကြလေသည်။ ထိုသို့ တွန်းပေးသောအခါ ကလေးသည် စိတ်ရွှင်မြူးလာ၏။ ထိုလှည်းကလေးမျိုးကို ပုံစံကျအောင် (အကြမ်းလှည်းဖြစ်စေ) ပြုလုပ်ပေးသင့်ကြပါသည်။

၂၀။ တချို့လူမျိုး၌ မိခင်များသည် ကလေးကိုပျဉ်ချပ်ပေါ်၌ ပက်လက် သိပ်ကြသတဲ့။ ထိုသို့သိပ်ခြင်းဖြင့် ကျောပြင် ကို (ခါးမကုန်း မကော့စေလဲ) အချိုးကျ စေကြသည်။ တချို့ မိခင်များကား မိမိ၏ ပေါင် ခြေသလုံး၌ ပက်လက် သိပ်၍ နှာခေါင်းကလေးများ လှပအောင် ပြုပြင် ပေးကြပါသတဲ့

၂၁။ ကလေး၏ကျန်းမာရေးအတွက် အစာကျွေးမှုကိုလည်း သတိပြုဖွယ် ရှိသေး၏။ များစွာသော မိခင်တို့သည် ရှေးဦးစွာ အစာကျွေးစ၌ မိခင်ကိုယ်တိုင် ထမင်းကို (သား, ငါးကလေးများနှင့် အတူ) ကြေညက်အောင် ဝါးပြီးမှ ထမင်း ခွံ့လေ့ရှိကြ၏။ ထိုသို့ ဝါးဖတ်ကို ကျွေးရာ၌ အစာမှာရှိသော ဩဇာ (အဆီအရသာ) ဓာတ်တို့သည် အမိက ကြေညက်အောင် ဝါးရာတွင် အရည်အဖြစ်၌ များစွာသွား၏။ ထိုအရည်လည်း အမိဝမ်းထဲသို့ ရောက်သွား၏။
အဆီဩဇာနည်းသော (အရည်ညှစ်ပြီး ကြံဖတ်ကဲ့သို့သော) ဝါးဖတ်သည် ကလေး၌ ခွန်အားဗလကို လည်းကောင်း၊ အသား အသွေးကိုလည်းကောင်း များစွာ မဖြစ်စေနိုင်။ ထို့ကြောင့် ထိုဝါးဖတ်ခွံ့နည်းကို ခေတ်ဆရာကြီးများက သဘော မတူကြ။ နွားနို့ဖြင့် ကြေညက်အောင် ချက်ထားသော ထမင်းအပျော့ကိုသာ ခွံ့စေလိုကြသည်။ (နွားနို့မရနိုင်လျှင် ဆန်ကိုချည်း ညက်အောင်ချက်၍ အရည်နှင့်တကွ ထမင်းပျော့ကို ခွံသင့်သည်။)

၂၂။ ကလေး၏ သွေးကြောတို့သည် အလွန် သန့်ရှင်းခိုက် ဖြစ်ရကား အရသာကို ဆောင်ယူသော အကြောများ သည် သန့်ရှင်းကြ၏။ထို့ ကြောင့် ကလေးသည် စားရ သမျှ အစာ၌ အရသာရှိနေ၏။ အရသာရှိနေသည့် အတွက် (အဆီဩဇာ နည်းပါးလှသော) ဝါးဖတ်ကိုပင် စားချင်နေ၏။ စားချင်တိုင်းလည်း မကျွေးထိုက်ပါ။ အစာများလျှင် အစာသစ်အိမ် အောက်၌ရှိသော ဝမ်းမီးခေါ် အစာချေတ်မီးသည် မချေနိုင်ပဲ ရှိပါလိမ့်မည်။ ထို့ကြောင့် နို့ရည်ကိုလည်းကောင်း၊ အခြား သင့်တော်သော အစာကိုလည်းကောင်း အချိန်မှန်မှန်သာ ကျွေးသင့်ပါသည်

၂၃။ ကလေးသည် အတော်အတန် နားလည်သောအခါ မိဘအစ်ကိုအစ်မတို့ အစာ စားသည်ကိုကြည့်ကာ စားချင်သော အမူအရာကိုပြ၏။ မိဘ အစ်ကိုအစ်မတို့က လည်း ကျွေးချင်ကြ၏။ ထမင်းပွဲနား၌ ကလေးကို ချထား၍ ထမင်းစားကြ၏။ ကောင်းသော အစာဖတ် ကလေးကို ကလေးပါးစပ်တွင်းသို့ ခွံ့ပေးတတ်ကြ၏။ ကလေးသည် စားရမှန်းသိလေ စားချင်လေဖြစ်၏။ ၄-ဘက်သွားနိုင်သောအခါ လူကြီးများ၏ ထမင်းပွဲသို့ အတင်းလာ၍ နှိုက်တော့၏။ ထိုအားလုံးကား ကောင်းသော အလေ့အကျင့် မဟုတ်ပါ

၂၄။ ကလေးကို အလွန်နုနယ်သော အချိန်တုန်းကပင် သင့်သော အစာကိုသာ ကျွေး၍ သူ့အချိန်နှင့် သူသာ စားတတ်အောင် အလေ့အထ လုပ်ထားသင့်ပါသည်။ ကလေးနှင့်မသင့်သော အစာကို လူကြီးများက စားလိုလျှင် ကလေးမမြင်သော နေရာ၌သာ စားထိုက်ပါသည်။ ကလေးသည် မျက်စိဖြင့် ကြည့်တတ်သော အချိန်မှ စ၍ မိမိမျက်စိဖြင့် မြင်မြင်သမျှကို သင်ယူနေသောအခါဖြစ်၍ အနီးအပါး၌ အမြင်မတော်သော အပြုအမူများကိုလည်းကောင်း၊ မကြားကောင်းသော ဆဲဆိုမှု များကို လည်းကောင်း၊ ရောင်းဝယ်ပေးကမ်းမှု စသည်၌ လိမ်လည်ပြောမှုကို လည်းကောင်း ကလေးရှေ့၌ မပြုမိအောင် ရှောင်ရှား သင့်ကြ ပါသည်
(အချိန်ကန့်သတ်ချက်မရှိပဲ စားချင်သည့်အချိန် သင့်မသင့်ကို ရွေးချယ်လေ့မရှိပဲ စားချင်တာကို စားခြင်းကား မြန်မာတမျိုးလုံးအတွက် စည်းကမ်းမဲ့သော ချွတ်ယွင်းချက်ဖြစ်၏။ ထို ချွတ်ယွင်းချက်ကြောင့် စားစရိတ်လည်း ပိုလာ၏။ ကျန်းမာရေးလည်း မကောင်းကြ။)

၂၅။ ချစ်စရာကောင်းသော ကလေးကို ဟိုအိမ် သည်အိမ်ကလည်း ခေါ်ယူသွား တတ်၏။ ခေါ်ယူရုံတွင်မကပ် သင့်-မသင့် အစာကိုလည်း ကျွေးတတ်ကြ၏။ တခြား အိမ်သို့ ခေါ်သွားခြင်းကစ၍ ကောင်းသော အလေ့ အကျင့်များ မဟုတ်ကြပါ။ အနီးအပါး အိမ်များက မိဘဘိုးဘွားရင်း၏ ကွယ်ရာသို့ အလိုက်သိစွာ မခေါ်သွားခြင်းသာ အရာရာ အပြစ်ကင်းပါသည်

၂၆။ ကလေးသည် ၂-နှစ်သားလောက် အရွယ်ရောက်လျှင် အတော်အတန် ကစားတတ်လာ၏။ ရပ်ရွာမြို့ပြအလိုက် ကစားစရာကလေးများနှင့် ကစားနေခြင်း သည် ကလေး၏ စိတ်ရွှင်ကြောင်း ကျန်းမာခြင်း ဖြစ်သောကြောင့် ကစားနေပါစေ။ သို့သော် ကလေး၏ အနီး အပါး၌ စူးရှထက်မြက်သော တုတ်ချွန် ဓား သေနတ်များ မရှိစေသင့်ပါလောင်ကျွမ်း စေတတ်သော မီးခြစ် စသည်ကိုလည်း မရှိစေသင့်ပါ။ လူကြီးများ မျက်ကွယ်ဖြစ်သော ကလေးအနီးအပါး၌ လက်ဖက် ရည်အိုး, မီးခဲစသော ပူလောင်တတ်သော ပစ္စည်းများလည်း မရှိသင့်ပါ။ ထိုပစ္စည်းများကို ဆွဲကိုင် ကစားမိလျှင် ကလေးမှာလည်း ဘေးဖြစ်တတ် အိမ်မှာလည်း ဘေးဖြစ်တတ်ပါသည်။

၂၇။ ကလေးသည် အတော်ကလေး သွားလာ တတ်သောအခါ အနီးအပါး အိမ်သို့ လည်ချင်တယ် (လည်ပတ် နေချင်တတ်) ၏။ အလွန်စိတ်ချရအောင် ကြည့်ရှုဖော် ရသော အိမ်မှတပါး အခြားအိမ်များသို့ လည်တတ်ခြင်းကား မကောင်းပါ။ စိတ် လေလွင့်ခြင်း၊ မကောင်းသော အကျင့်ကို တတ်ခဲ့ခြင်း၊ ကလေးခြင်းရန်ဖြစ်၍ လူကြီးပါ ပါဝင်တတ်ခြင်း စသော အပြစ်များကို ဖြစ်စေတတ်ပါသည်။
ထို့ပြင် သူတပါးအိမ်သို့ (ဆွေ မျိုးအိမ်ဖြစ်စေ) စားချိန် လျှောက်ချိန်၌ မလည်စေသင့် ၏ပါ။ သူတပါး စားသောက်သည်ကို မြင်၍ စားချင် သောက်ချင် ဖြစ်နေပါလိမ့်မည်။ အိမ်ရှင် ကလည်း ရောက်နေသော ကလေးကို စားသောက်ဖို့ရန် မခေါ် မကောင်း, ခေါ်မကောင်း ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် မိမိအိမ် မိမိအိမ်ကဲ့သို့ ရင်းနှီး စိတ်ချရသော အိမ်၌သာ အခြားသော ကစားဖော်များကို ခေါ်၍ ကစားစေနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်

၂၈။ မိဘတို့သည် ကလေး၏ကျန်းမာရေးကိုအမြဲဂရုစိုက်ရပါမည်။ အနည်းငယ် မကျန်းမာလျှင် ကျွမ်းကျင်သော ဆရာကို ပြပါ။ မိမိမှာ ဆရာမရှိလျှင် ဆရာ ကောင်းကောင်းရှိသော အရပ်သို့လည်း မအေးလွန်း မပူလွန်းသောအချိန်မှာ ကလေးကို ခေါ်သွား၍ပြပါ။ ကလေးသည် စာသင်ချိန်မရောက်မီ ကျန်းကျန်းမာမာ ရှိရုံမက ဝဝဖြိုးဖြိုးရှိအောင်လည်းဂရုစိုက်သင့်ပါသည်

၂၉။ ကလေးသည် သတ္တိနည်းသူ ဖြစ်အောင် မခြောက်လှန့်ပါနှင့်။ (ကြောင်ကြီး ကိုက်လိမ့်မည် တစ္ဆေခြောက်တတ်တယ် စသည်ဖြင့် မခြောက်ပါနှင့်။) နားလည် အောင်သာ ပြောပြပါ။ ခြောက်သောအခါ ကလေးသည် လန့်သွား၏။ ထိုသို့ လန့်သောကြောင့် ခြောက်သည့်အတိုင်း ကြောက်စရာဟု မှတ်ထင်ကာ သတ္တိ နည်းသွားတတ်သည်။ မိန်းကလေး ဖြစ်စေ၊ ယောက်ျားကလေး ဖြစ်စေ ထိုက်တန်သော သတ္တိကား ရှိရပေသည်သာ

၃၀။ ကလေးသည် ပြောစကားကို နားလည်လောက် သောအခါ ရှေး သူတော်ကောင်းများ အကြောင်း ဘုရားအကြောင်း မိမိတို့အမျိုးထဲမှ လူတော် လူကောင်းတို့၏ အကြောင်း လူမျိုးထဲမှ လူတော် လူကောင်းတို့၏ အကြောင်း ရာဇဝင် ထင်ရှားသော သတ္တိကောင်းသူ တို့၏အကြောင်းများကို ပြောပြသင့်ပါသည်။ အိပ်ရာ ဝင် အိပ်ရာထဲ၌ ဘုရားကို တမိနစ်ခန့်ဖြစ်စေ ဝတ်ပြုဖို့ သင်ပေးပါ

၃၁။ မိဘ ဘိုးဘွားနှင့် လူကြီးများကို အထိုက်အလျောက် ရိုသေတတ်ဖို့ သင်ပေးပါ။ စကားပြော (စကားအသုံး အနှုန်း) ကိုလည်း ခေတ်အလိုက် ယဉ်ကျေးအောင် သင်ပေးပါစည်းကမ်း ရှိဖို့ကိုလည်း လက်တွေ့သင်ပေးပါ

၃၂။ မကောင်းသောစိတ်, သူတပါးကို မနာလို ဝန်တိုသောစိတ် အတိုင်းထက်အလွန် နှမြောစိတ် အလွန်အမင်း လောဘကြီးသောစိတ် အလွန်အမင်း ဒေါသကြီးသောစိတ် များ မဖြစ်အောင် သွန်သင်ပေးပါ

၃၃။ အထိုက်အလျောက် ပေးချင်စိတ်၊ သူတပါးကို သနား ညှာတာစိတ်၊ မကြောက်မရွံ့ ရဲဝံ့သောစိတ်၊ ကောင်း ကောင်း နေချင်သောစိတ်၊ ကောင်းကောင်း ပြောချင် သောစိတ်များ အလေ့အကျင့်ရအောင် သင်ပေးပါ။ ဤသို့ ကိုယ်ယဉ်ကျေးမှု နှုတ်ယဉ်ကျေး, စိတ်ယဉ်ကျေးအောင် သင်ပေးတတ်၊ ပုံတိုပတ်စ ပြောပြတတ်သော မိခင်ကို ရည်ရွယ်၍ “ပုခက်လွှဲသောလက်သည် တိုင်းပြည်ကို အုပ်စိုးနိုင်၏”ဟု ပြောစမှတ်ပြုကြပါသည်။

၃၄။ ဤသို့ မိဘလက်အောက်၌ပင် ကိုယ်ကျန်းမာ၍ စိတ်လည်း ရွှင်ပျနေအောင် ကိုယ် နှုတ် စိတ်ပါ ယဉ်ကျေးအောင် သင်ပေးယင်း သင်သလောက်လည်း တတ် မြောက်ယင်းပင် ကလေးသည် စာသင်ကျောင်းသို့ ပို့ရန် အချိန်အရွယ်သို့ ရောက်လာပါတော့သည်

၃၅။ တရားတော်၌လည်း ဤသို့ သွန်သင် ပြသဖော်ရသောမိဘ ဘိုးဘွားတို့ကို အမှီရခြင်းသည် “သပ္ပရိသူပနိဿယ သမ္ပတ္တိစက်နှင့် ပြည့်စုံခြင်း”ဟု ဟောတော်မူ၏။ ဤသို့ အမှီကောင်းရသူသာ ရှေးကံကောင်းများ အခွင့်သာ၍ ကောင်းကျိုးချမ်းသာ မင်္ဂလာကို တွေ့ကြုံရသည် ဟု ဟောတော်မူ၏။ ထို့ကြောင့် မင်္ဂလာရှိသော ကလေးများ ဖြစ်ကြဖို့ရန် မိဘတို့ကလည်း သပ္ပရိသ (အမှီကောင်း) များ ဖြစ်ကြပါစေသတည်း

ငါးနှစ်အရွယ် ချမ်းသာဖွယ်ပြခန်း ပြီး၏။

၅။ ၅-နှစ်မှ ၁၀-နှစ်သားအထိ

အောက်တန်း ပညာသင်ချိန်

▬▬

ဒုက္ခဖြင့် ရင်းနှီးမှ သုခ ရနိုင်

လူတိုင်း လူတိုင်း ချမ်းသာသုခကို အလိုရှိကြ၏။ ထိုသုခကို ဒုက္ခဖြင့် ရင်းနှီးမှ ရနိုင်၏။ ယခုကာလ၌ အထက်တန်းကျကျ နှင့် ချမ်းသာသုခ ရနေသူကို တွေ့ရလျှင် ထိုသူ၏ ရှေ့ပိုင်းက ဒုက္ခဖြင့် ရင်းနှီးခဲ့ရပုံကို တွေ့ပါလိမ့်မည်။ ဘုရားသခင်သည် ထီးနန်းစည်းစိမ်ဖြင့် သုခစံစား၍ နေစဉ်တုန်းက သဗ္ဗညုတ ဉာဏ်တော်ကို မရခဲ့ပါ။ ထီးနန်းကိုစွန့်ကာ ဒုက္ခခံ၍ ကျင့်တော်မူမှ သဗ္ဗညုတ ဉာဏ်တော်ကို ရ၍ ဗုဒ္ဓဖြစ်ရပါသည်။

ထို့ကြောင့် မိဘတို့သည် ကလေး ဆင်းရဲမည်စိုး၍ စာသင်ကျောင်းသို့ မပို့ပဲထားလျှင် အမှားကြီး မှားကြပါလိမ့်မည်။ ကလေး၏ နောင်ရေး မျှော်တွေးကာ ကြာရှည် ဆင်းရဲမည်ကို စိုးသောကြောင့်ပင် ၅-နှစ်လောက် အရွယ်မှာ စာသင်ကျောင်းသို့ ပို့သင့်ကြပါသည်။

တရားတော်

▬▬

န ခေါ သုခေန သုခံ အဓိဂန္တဗ္ဗံ
ဒုက္ခေန ခေါ သုခံ အဓိဂန္တဗ္ဗံ -

သုခတခုဖြင့် ရင်းနှီး၍ သုခတခုကို မရနိုင်။
ဒုက္ခဖြင့် ရင်းနှီးမှသာ သုခကို ရနိုင်သည်။

(မဇ္ဈိမပဏ္ဏာသ၊ ဗောဓိရာဇကုမာရသုတ်။)

အချိန်နှောင်းလျှင်
အကျိုးရနည်း

▬▬

လမ်းမှန်သော အလုပ်တခုကို အချိန်နှောင်းမှ လုပ်လျှင် အကျိုးရလည်း နည်းရ သည်မှာ ဓမ္မတာ (ထုံးစံ)ဖြစ်၏။ မှန်၏ - ဉာဏ် ဝီရိယ တူသူချင်း အလုပ်တခုကို လုပ်ကြရာ၌ အချိန်နှောင်းမှ လုပ်သူသည် အချိန်စောစော လုပ်သူလောက် အကျိုး မရနိုင်။ ရှေးရှေးဘဝက ကံကောင်း ပါစေကာမူ အလုပ် မလုပ်လျှင် ဆိုင်ရာအကျိုးကို မရပဲ ရှိတတ်၏။

ဝတ္ထု

▬▬

ဘုရား လက်ထက်တော်ဝယ် ဗာရာဏသီမြို့၌ ဓနသေဋ္ဌိ သဌေးသားကလေးသည် ပထမတန်းသဌေး ဖြစ်လောက် သို့မဟုတ် ရဟန္တာ ဖြစ်လောက်အောင် ကံကောင်း ပါလာသူတည်း။ သို့သော် မိဘတို့က “ငါတို့ သားသည် ပညာသင်ရလျှင် ဆင်းရဲလိမ့်မည်”ဟု အယူ ရှိသောကြောင့် ငယ်ရွယ်စဉ်က ပညာသင်ဖို့ရန် ကျောင်းသို့ မပို့ခဲ့ကြ။ အရွယ်ရောက်၍ သဌေးသမီး တယောက်နှင့် ထိမ်းမြား ပေးကာ ချမ်းချမ်းသာသာ နေစေခဲ့သည်။ သူတို့ သမီးခင်ပွန်း ၂-ယောက် လုံးပင် ပညာမတတ်ကြ။ အတီး အမှုတ် အဆို အက၌ကား မိဘတို့က သင်စေကြသဖြင့် ကျွမ်းကျင်ကြလေသည်။

၂-ဘက် မိဘတို့ ကွယ်လွန်ကြသောအခါ သူတို့ ၂-ယောက်လုံး စီးပွားကို မထိန်းသိမ်းတတ်ကြ။ သဌေးသားသည် အသောက်သမား တို့၏ မြှောက်စား မှုကြောင့် အသောက် သမားကြီး ဖြစ်ရာမှ အတီး အမှုတ် အဆို အကတို့ဖြင့် အပျော်အပါးကိုလည်း လိုက်စားလာလေသည်။

ထိုသို့ အသောက် အစား အပျော်အပါး လိုက်စားမှုကြောင့် ရှိသမျှ စည်းစိမ်တွေ တဖြည်းဖြည်း လျော့ရာမှ ကုန်ခန်းသွားလေတော့၏။ ထိုအခါ သမီးခင်ပွန်း ၂ ယောက်လုံး သူတပါး၏ အိမ်နောက်ဖေး၌ ကပ်၍နေလျက် တောင်းရမ်း စားသောက်ကြရလေသည်။

တနေ့သ၌ကား ဘုရားကျောင်းတော်၌ စားကြွင်း စားကျန်ကလေး တောင်းရမ်းနေစဉ် ဘုရားရှင် မြင်တော်မူ၍ အရှင်အာနန္ဒာအား မိန့်တော်မူသည်မှာ- “အာနန္ဒာ ... သဌေးသား သဌေးသမီး ဖြစ်ခဲ့ဘူးသော ဤသူတောင်းစား သမီး ခင်ပွန်းကို ကြည့်စမ်းလော့။ သူတို့သည်ပထမအရွယ်၌ ကူးသန်းရောင်းဝယ်ခြင်းစသော အလုပ် များကို လုပ်ကြလိုရှိလျှင် ဤမြို့၌ ပထမတန်း သူဌေး ဖြစ်နိုင်စရာရှိ၏။ ရဟန်းပြု၍ တရားကျင့်ကြလိုရှိလျှင်လည်း သဌေးသားသည် ရဟန္တာဖြစ်၍ သဌေးသမီးသည် အနာဂါမ် ဖြစ်စရာရှိသည်။

ဒုတိယအရွယ်ရောက်မှ သတိတရားရ၍ စီးပွားရေးကြိုးစားလျှင် ဒုတိယတန်းသဌေး ဖြစ်စရာရှိသေး၏။ ရဟန်းပြု၍ တရား ကျင့်ကြလျှင်လည်း သဌေးသားသည် အနာဂါမ်ဖြစ်၍ သဌေးသမီးက သကဒါဂါမ် ဖြစ်စရာရှိသေး၏။

တတိယအရွယ်ကျမှ သတိတရားရ၍ စီးပွားရေး လိုက်စားလျှင်လည်း တတိယတန်း သဌေး ဖြစ်စရာရှိသေး၏။ ရဟန်းပြု၍ တရားကျင့်ကြလျှင်လည်း သဌေးသားသည် သကဒါဂါမ်ဖြစ်၍ သဌေးသမီးက သောတာပန် ဖြစ်စရာရှိသေး၏။

ယခုသော်ကား အရွယ် သုံးပါး၌ သတိတရား မရခဲ့သောကြောင့် လူ့ ဘက် ရှင်ဘက် ၂-ဘက်လုံး၌ အရှုံးကြီး ရှုံးကာ ငါးမရှိ ရေမရှိသော ညွှန်အိုင်အတွင်းက အတောင် ကျိုးနေသော ကြိုးကြာအိုကြီး မှိုင်နေရှာသလို ဖြစ်ကြရသည်”ဟု မိန့်တော်မူသည်။

ဝတ္ထုမှတ်ချက်

▬▬

ဤဝတ္ထု၌ သားသမီးများကို ပညာသင်ဖို့ရန် ဆရာ့အထံသို့ မအပ်နှံခဲ့ခြင်းသည် မိဘ တို့၏ ကြီးလေးသောအပြစ် ဖြစ်၏။ ထို ပညာမတတ်မှုကြောင့်သာ မိဘတို့၏ အမွေ အနှစ်ကို မထိန်းသိမ်းတတ်ခြင်း၊ အသောက် အစားသမားတို့နှင့် ပေါင်းခြင်း ဟူသော အပြစ်များ ဖြစ်ရသည်။ အကယ်၍ ပညာတတ်များ ဖြစ်ပါမူ ထိုအဖြစ်မျိုး ရောက်အောင် လူဖြစ်မရှုံးနိုင်ပါ။ ထို့ကြောင့်ပင် နီတိကျမ်းများ၌ “ငယ်ရွယ်စဉ်က ပညာ သင်မပေးသော မိဘသည် သားသမီးတို့၏ ရန်သူဖြစ်၏”ဟု မိန့်ဆိုကြသည်။

ထို့ပြင်-ထိုဝတ္ထု၌ စီးပွားရှာရေးဝယ် ပထမအရွယ်က ရှာလျှင် ပထတန်းသဌေး, ဒုတိယအရွယ်မှရှာလျှင် ဒုတိယတန်း သဌေး စသည် ဖြစ်နိုင်ပုံကို စဉ်းစား၍ ပညာ သင်ရာ၌လည်း ၅-နှစ်၊ ၆-နှစ်အရွယ်ကစ၍ သင်လျှင် (သူ၏ ဉာဏ်အလိုက် တတ်ထိုက်သော ပညာတွင်) ပထမတန်း တတ်ဖွယ်ရှိ၍ ၇-နှစ်၊ ၈-နှစ် စသည် ကြီးမှ သင်လျှင် ဒုတိယတန်း လောက်သာ တတ်ဖွယ် ရှိပုံကိုလည်း မိဘတိုင်း သတိပြုသင့်ပါသည်။

ပညာရှိ သားသမီး ဖြစ်ပါစေ

▬▬

အို မိဘတို့ … သားသမီးရှိခြင်းသည် အိမ်မှာ ကျက်သရေမင်္ဂလာ ရှိကြောင်း အကောင်းပင် ဖြစ်ပါ၏။ သို့သော် ထို ရှိနေသော သားသမီးသည် ပညာလည်း မတတ်, ကိုယ်ကျင့်လည်း မကောင်းလျှင် ထိုသားသမီးအတွက် သက်သက် တာဝန် ပိုနေသည် မဟုတ်ပါလော။ ဥပမာ-လူတယောက်၌ မျက်စိ ပေါ်ပေါက်လာခြင်းသည် လောက အာရုံတွေကို မြင်နိုင်ဖို့ အကြောင်း အကောင်းပင်ဖြစ်၏။ သိုသော် ထို မျက်စိက ကွယ်၍ နေလျှင် ကျိန်းစပ်ခြင်း စသော ဒုက္ခကို ပေးနေသည့်အတွက် တာဝန် အပိုတက်ရုံသာ ဖြစ်သကဲ့သို့တည်း။ ထို့ ကြောင့် အသင်တို့၏ သားသမီးကို ပညာတတ်ဖြစ်ဖို့ရန် ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းသို့ ပို့ဖြစ်အောင် ပို့ပါလော့

ပညာမတတ်လျှင် အမြဲဒုက္ခပေး

▬▬

အို မိဘများ ... လောက၌ မွေးပြီးလျှင် ပြီးခြင်း သေသွားသော သားသမီး မသေပဲ အဖျင်း အအ ဖြစ်နေသော သားသမီး ၂-မျိုးတွင် ပထမ အမျိုးသည် သေတုန်းက တကြိမ်သာ ဒုက္ခပေး၏။ ဒုတိယအမျိုးကား နေ့တိုင်း နေ့တိုင်း ဒုက္ခပေးနေပါသည်။ ထို့ကြောင့် အသင်တို့၏ သားသမီးကို အဖျင်း အအ အန အထိုင်း မဖြစ်ဖို့ရန် ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းသို့ ဖြစ်အောင် ပို့ပါလော့

အမျိုး ထိန်းနိုင်မှ
သားသမီးကောင်း

▬▬

အို မိဘတို့ .. သေသည် ဆိုတာ အဆန်း မဟုတ်ပါ။ ထို့ကြောင့် သူ့ကံအားလျော်စွာ မွေးပြီး၍ သေချင်လျှင် သေပါစေ။ တပြောင်းပြန်ပြန် ကျင်လည်နေရသော ဤ သံသရာထဲ၌ မည်သူမဆို မွေးနေ့ရှိလျှင် သေနေ့လည်း ရှိရ, သေပြီးပြန်လျှင်လည်း တဖန်ပြန်၍ ဖြစ်ရသည်မှာ ထုံးစံ ဖြစ်နေပါသည်။

ထို့ ကြောင့် သတ္တဝါတမျိုး ဖြစ်ရိုး ဖြစ်စဉ် ဖြစ်ပေါ်လာခြင်းကို “မွေးဖွားလာသည်” ဟု စာမဖွဲ့ထိုက်ပါ။ ဖြစ်ပေါ်လာပြီးနောက် မိမိတို့၏ မိမျိုးဘမျိုး (လူမျိုး) တိုးတက်အောင် စွမ်းဆောင်နိုင်သော သား (သမီး) မွေးဖွားမှသာ “တကယ် မွေးဖွားလာသည်”ဟု ဆိုရပါသည်။

ထို့ကြောင့် တကယ် မွေးဖွားလာသူ-ဟု ဆိုရလောက်အောင် အသင်တို့၏ သား (သမီး) ကလေးကို မျိုးရိုး စောင့်ရှောက်နိုင်သော ပညာရှိ ဖြစ်ဖို့ရန် ငယ်ရွယ်စဉ် ကပင် စာသင်ကျောင်းသို့ ပိုဖြစ်အောင် ပို့ပါလော့

ဂုဏ်ရှိတယောက်၏ တန်ဖိုး

▬▬

အို မိဘတို့... သားသမီးအများ ရှိသည် တွင် ပညာတတ် အလိမ္မာ မျိုးရိုးဇာတိကို မြှင့်တင်နိုင်မည့် သားသမီးတယောက် သည် အဖျင်း အအ ဖြစ်ကြသော သားသမီး များစွာထက် တန်ဖိုးကြီးလှပါသည်။ ကောင်းကင်၌ လမင်းသည် တစင်းတည်း ဖြစ်သော်လည်း အမှောင်ကို ဖျောက်နိုင်ပါ၏။ ကြယ်တာရာတွေ ထောင်သောင်း များစွာ ရှိနေသော်လည်း အမှောင်ကို မဖျောက်နိုင်ပါ။ ထို့ကြောင့် အသင်တို့၏ သားသမီးကလေးကို ရွှေလမင်းကလေးလို တမျိုးလုံး ဝင်းထိန်နေအောင် ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းသို့ ပို့ဖြစ်အောင် ပို့ပါလော့

ဘယ်အမျိုးမဆို ပညာရှိထွက်ဖို့

▬▬

အို မိဘတို့ .... ဥစ္စာ ရှိသည်ဖြစ်စေ, ဥစ္စာ မဲ့သည် ဖြစ်စေ မည်သည့် အမျိုးအိမ်၌ ဖွားဖွား ပညာ မတတ်လျှင် မလေးစား ထိုက်ပါ။ ဥပမာ - လေးသည် မည်မျှ ကောင်းသောဝါးကို လုပ်ထားစေကာမူ လေးညှို့မရှိလျှင် အကျိုးမများ အလကား ဖြစ်သကဲ့သို့တည်း။ ထို့ ကြောင့် အသင်တို့၏ ကလေးကို အသုံးချ၍ မရသော အလကားအကောင် မဖြစ်ဖို့ရန် ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းသို့ ပို့ဖြစ်အောင် ပို့ပါလော့

ပညာ မရှိလျှင်
နစ်မြုပ်လိမ့်မည်

▬▬

အို မိဘတို့ ... အသင်တို့၏ ကလေးသည် ပညာမတတ်သော လူပြိန်းကလေး ဖြစ်နေမူ ညွှန်တွင်း၌ နွားကြီးမြုပ်နေသကဲ့သို့ ပညာတတ်သူ၏ အလယ်မှာ နစ်မြုပ် နေရပါလိမ့်မည်။ ထို့ကြောင့် အသင်တို့၏ ကလေးကို အောက်ကျ နောက်ကျ မဖြစ်ဖို့ရန် ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းသို့ ပိုဖြစ်အောင် ပို့ပါလော့။

ပညာမတတ်လျှင် မမြတ်နိုင်

▬▬

အို မိဘတို့ … ပေါက်ပွင့်သည် အဆင်း ရှိသော်လည်း အနံ့မရှိသဖြင့် လူအများ၏ လေးစား မြတ်နိုးခြင်းကို မခံရသကဲ့သို့ အသင်တို့၏ ကလေးသည် အဆင်းလှသူ အမျိုးအဆွေ ကောင်းသူ ဖြစ်စေကာမူ ပညာမတတ်လျှင် လူအများ၏ လေးစား မြတ်နိုးခြင်းကို ခံရလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် အသင်တို့၏ ကလေးကို လူအများ၏ လေးစားမြတ်နိုး အားကိုး ခံရလောက်အောင် ငယ်ရွယ်စဉ်ကပင် စာသင်
ကျောင်းသို့ ပို့ဖြစ်အောင် ပို့ပါလော့။

စာသင်ကျောင်း

▬▬

“စာသင်ကျောင်း”ဟူရာ၌ “ခေတ်အားလျော်စွာ သင်ပေးနိုင်သော စာသင် ကျောင်း” ကို ဆိုလိုပါသည်။ ထို့ကြောင့် စာသင်ကျောင်း မရှိသေးသော ကျေးရွာများ၌ ကလေးများအတွက် အလွန် လူဖြစ်ရှုံးလောက်အောင် ချွတ်ယွင်းခြင်း ရှိနေပါသည်။

ကလေး များများမရှိသော ရွာငယ်တို့၌ အစိုးရကလည်း စာသင်ကျောင်း ထူထားပေးဖို့ လွယ်ကူမည် မဟုတ်ပါ။ ထို ရွာငယ်များ၌ ရဟန်းတော်များ၏ ကျောင်းကား ရွာတိုင်းမှာပင် ရှိနေပါသည်။ ထိုကျောင်းများက ခေတ်အားလျော်သော အောက်တန်းပညာကို သင်ပြနိုင်ဖို့ရန် ရွာလူကြီးများနှင့် ဘုန်းတော်ကြီးများ ကိုယ်တိုင် ကြိုးစားနိုင်မှသာ ထိုကလေး များ လူဖြစ်မရှုံးပဲ ရှိပါလိမ့်မည်။

စာမတတ်သူ ပပျောက်ဖို့

▬▬

ယခုအခါ နိုင်ငံတိုင်းမှာပင် စာမတတ်သူ ပပျောက်အောင် ကြိုးစားနေကြ၏။ စာတတ်သူ ပေါများခြင်းကိုပင် နိုင်ငံ၏ ဂုဏ်တမျိုး ဟု မှတ်သားထားကြ၏။ ဤ မြန်မာနိုင်ငံ၌ ရွာကြီးနှင့် မြို့များ၌သာ စာသင်ကျောင်း ရှိနေရုံဖြင့် စာတတ်သူ မများနိုင်ပါ။ အခြေခံ စာမျှ မဖတ်တတ်လျှင် ထိုထို အကြောင်းအရာတွေကို ရေးသား ထားသော စာများကို မဖတ်ရသဖြင့် အသိဉာဏ် နည်းပါးလိမ့်မည်

အသိဉာဏ်နည်းလျှင် အကောင်း အဆိုး အကြောင်း အကျိုးကို မစဉ်းစားတတ် မဝေဖန်တတ်သောကြောင့် အမှားအယွင်း များကို ပြုမိကာ အမှန်ပင် လူဖြစ် ရှုံးပါသည်။ ထို့ကြောင့် ကျေးရွာများ၌ တနည်းနည်းဖြင့် စာသင်ကျောင်း ရှိဖို့ရန် ကြိုးစားနိုင်မှသာ ဤနိုင်ငံ၌ စာမတတ်သူ ပပျောက် နိုင်ပါလိမ့်မည်။

ကျောင်းနေစဝယ် သင်ပြဖွယ်

▬▬

ကျောင်း ရောက်ခါစ ကလေးသူငယ်တို့သည် “မိမိမှာ ဤကျောင်း၌ အသိ အလိမ္မာကို သင်ယူရလိမ့်မည်”ဟု အကြမ်းအားဖြင့် နားလည်ထားကြ၏။ ထို့ကြောင့် ဆရာကြီး တို့သည် ကျောင်းရောက်စ ကလေးကို သင်ရိုးစာများကို များများ မသင်သေးပဲ အနည်းအကျဉ်းသာ သင်၍ အလိမ္မာကိုသာ တနေ့လျှင် တမျိုးလောက် ရသွားအောင် သင်ပေးထိုက်ကြ ပါသည်

ထိုအလိမ္မာလည်း နေ့စဉ်တွေ့နေရသော ကိစ္စများနှင့် ဆိုင်သော လက်တွေ့ လိုက်နာ၍ (လုပ်ကိုင်၍) ဖြစ်နိုင်သော လူ့ကျင့်ဝတ် အမျိုးအစားထဲက ဖြစ်သင့် ပါသည်။ သင်ပေးရာ၌ အလွတ် ပြောပြခြင်းထက် လင်္ကာ သံပေါက်ကလေး လုပ်၍ ပြောပြနိုင်လျှင် သာ၍ သင့်လျော်ပါသည်။ ထိုသို့သင်ပေးလျှင် ကလေးများသည် ထိုသံပေါက်ကလေးကို ရွတ်ကာ ရွတ်ကာ အိမ်၌ဖြစ်စေ ကျောင်း၌ဖြစ်စေ လက်တွေ့ ကျင့်ဝတ်ကို ပြုကျင့်ကြပါလိမ့်မည်။

အိုးသစ်နှင့်တူသော
ကလေးအရွယ်

▬▬

ကလေးအရွယ်သည် အိုးလုပ်ပြီးစ မီးမဖုတ်ရသေးသော အိုးနှင့် တူ၏။ ထိုသို့ လုပ်ပြီးစအိုး၌ အိုးလုပ်သမားက တံဆိပ် တခုခု ဖြစ်စေ, ပန်းပြောက် စသည်ဖြစ်စေ ခတ်နှိပ်လိုက်လျှင် ထိုတံဆိပ် ထိုအပြောက်သည် အိုးကွဲသည့် တိုင်အောင် မပျက်တော့ပဲ ခိုင်မြဲ၏။ ကလေးအရွယ်၌ မိဘ ဆရာတို့က မျိုးရိုး အလိုက် ကျင့်ဝတ် ကောင်းကလေးများကို သင်ပြခြင်းသည် အိုးသစ်၌ တံဆိပ်ခတ်နှိပ်ခြင်းနှင့် တူ၏။ ထိုတံဆိပ်သည် အိုးကွဲ သည့်တိုင်အောင် ခိုင်မြဲသကဲ့သို့ ထို ကျင့်ဝတ်ကောင်း များလည်း သေသည့်တိုင်အောင် ခိုင်မြဲတတ်ပါသည်။ ထို့ ကြောင့် ကျောင်းသို့ အလိမ္မာသင်ဖို့ရန် မိဘတို့က အပ်နှံထားသော ကလေးငယ် များကို ဆရာတို့က ကျင့်ဝတ်ကောင်း အလိမ္မာပေးသော တံဆိပ်ကလေးများကို နေ့တိုင်း သင်ပြ ခတ်နှိပ်ကြပါလေ။

အိပ်ရာထချိန်

▬▬

အိပ်ပြီး၍ နိုးချိန် တန်သောအခါ အိပ်ရာမှ အချိန်မှန်မှန် ထသင့်သည်။ လူတို့၏ နိုးချိန်သည် ဒေသအလိုက် ကာလအလိုက် လူ့အဆင့်အတန်း အမျိုး အစားအလိုက် အမျိုးမျိုးရှိ၏။ တချို့ကျေးရွာ၌ စောစော ထကြ၏။ စောစောထ၍ အလုပ်လုပ်ဖို့ရန် သွားကြ၏။ မြို့များ၌ အရုဏ်တက်ပြီးနောက် အလင်းရောက်မှ အိပ်ရာက ထကြ၏။ ကာလ မကောင်းလျှင် စောစောထ၍ အလုပ်လုပ်သူမှာ ဘေးရန် များ၏။ ထိုကာလမျိုး၌ စောစော ထခြင်းသည် မကောင်း။

မိန်းမသားတို့သည် စောစောနိုးသော်လည်း အိမ်အပြင်ထွက်၍ လုပ်ရသောအလုပ်ကို မလုပ်ထိုက်။ ဘုရားရှိခိုး ဆွမ်းချက် လက်ဖက်ရည်တည် စသော အလုပ်များကိုပင် အိမ်တံခါးအတွင်း၌သာ ပြုလုပ်မှ ဘေးကင်းရန်ကင်း ရှိနိုင်သည်။ ဤသို့ လူကြီးများက သင့်တော်သော အချိန်ဝယ် ထပြီးမှ ကလေးများလည်း အိပ်ရာထရမည် ဖြစ်သောကြောင့် မည်သည့် အချိန်ဟု မသတ်မှတ်ပဲ အိပ်ရာထနေကျ အချိန်မှာ မှန်မှန် အိပ်ရာက ထကြပါ

လင်္ကာ

၁။ အိပ်၍တဖန်၊ နိုးချိန်တန်၊ မှန်မှန်ထပါကွယ်။

၂။ မှန်မှန်ထမှ၊ အားလုံးက၊ ချစ်ကြခင်ကြမယ်။

အီးအီးယို ရှူရှူပေါက်

▬▬

အိပ်ရာမှ ထပြီးသောအခါ နောက်ဖေးသွား ချင်စိတ် ရှိ မရှိကို သတိထား၍ နောက်ဖေး သွားချင်လျှင် မျက်နှာမသစ်ခင် နောက်ဖေး သွားပါ။ နောက်ဖေး သွားချင်စိတ် မရှိလျှင် အခင်းကလေး (ကျင်ငယ်) ပေါက်လိုစိတ်ကား ရှိရပေမည်။ သို့ဖြစ်၍ အခင်း ကလေးစွန့်ပါ

လူတို့သည် တညလုံး (၉-နာရီလောက် အိပ်၍ ၅-နာရီလောက် ထလျှင်) အိပ်ချိန် ၈-နာရီခန့်ရှိ၏။ (မစင်) အိမ်၌ စု၍ နေပါလိမ့်မည်။ အချို့ အစာလည်း အရည်ဖြစ်၍ ကျင်ငယ်အိမ်(ဆီးအိမ်)၌ စုနေပါလိမ့်မည်။ ထိုစုနေသော အစာဟောင်းနှင့်ဆီးများကို အိပ်ရာမှထသောအခါ အလျင်ဆုံး စွန့်ပစ်လိုက်မှ ကိုယ်လည်းပေါ့ပါး၍ ဝမ်းထဲမှာလည်း သန့်ရှင်း လျက် ကျန်းမာခြင်း ဖြစ်ပါလိမ့်မည်

ထို့ကြောင့် ကလေးများအား အိပ်ရာထလျှင် သင့်တော်သော နေရာသို့( အိမ်သာ သို့) သွား၍ အီးအီးယိုခြင်း၊ အီးအီးမယိုလျှင် ရှူရှူပေါက်ခြင်း အလေ့အကျင့်ရအောင် အကျိုးအပြစ်ကို ပြောပြကြပါလေ။ (ရှူရှူပေါက်သောအခါ လူကြီးများနှင့် ဝေးသော နေရာဝယ် သင့်တော်ရာဘက်သို့ မျက်နှာမူ၍ ပေါက်ရသည်။)

၃။ အိပ်ရာထပြီး၊ တော်ရာမှီး၊ အီးအီးယိုရတယ်။

၄။ မယိုချင်သူ၊ သင့်ရာမူ၊ ရှူရှူပေါက်ရတယ်။

သွားတိုက် လျှာခြစ်

▬▬

ထိုကိစ္စများပြီးလျှင် မျက်နှာ သစ်ရပါတော့မည်။ ထို့ကြောင့် မျက်နှာသစ် ခါနီး၌ သွားတိုက်၍ လျှာကိုလည်းခြစ်ပါ။ မနေ့လိုက စားထားသော အစာများကြောင့် သွားနှင့်လျှာသည် အညစ် အကြေး လိမ်းကျံလျက် ရှိ၏။ ထို အညစ်အကြေးသည် စားတုန်းက ကပ်နေသော အညစ်အကြေး မဟုတ်သေး။ အစာ၏ အတွက် ဝမ်းထဲမှ အပေါ်သို့ တက်လာသော အညစ် အကြေးများ ဖြစ်သည်။ ဥပမာ-မျက်ချေးများ ကဲ့သို့တည်း။

စားပြီးစက ကပ်နေသော အစာတို့သည် စားပြီးစထည်းကပင် တံပူ သွားတိုက်တံ တို့ဖြင့် ပွတ်ပစ်ခြင်းကြောင့် စင်ကြယ်ခဲ့ သော်လည်း မျက်ချေးနှင့် တူသော(နောက်မှ ထွက်လာသော) သွားချေး ချေးတို့ကား နံနက်စောစော မျက်နှာမသစ်မီ သွားကို တိုက်၍ လျှာကိုလည်း ခြစ်၍ ပစ်မှ ပြောင်စင်နိုင်ပါသည်။

ထိုသွားချေးလျားများ မစင်လျှင် ယနေ့နံနက် နောက်ထပ်စားသော အစာများ၌ ရော၍ ဝမ်းတွင်းသို့ ပါသွားမည် ဖြစ်သော်လည်း ထိုသို့ ရော၍ ပါသွားရခြင်းသည်ပင် မသန့်ရှင်းခြင်း၊ လူကြီးလူကောင်း၏ လက္ခဏာ ချွတ်ယွင်းခြင်း ဖြစ်ပါသည်။ ထို့ ကြောင့်ကလေးများကို မျက်နှာမသစ်မီ သွားတိုက်ခြင်း၊ ခြစ်ခြင်းကို အကျင့်ရအောင် သင်ပြပါ

သွားတိုက်ဆေး

▬▬

သွားတိုက်သောအခါ မြို့များ၌ သွားတိုက်ဆေး တမျိုးမျိုးနှင့် သွားပွတ်တံကို သုံးစွဲ ကြ၏။ ကျေးရွာများ၌ကား ထိုကဲ့သို့ သုံးစွဲဖို့ရန် လူတိုင်းမှာ ယခုအချိန် မလွယ်ကူသေးပါ။ ထို့ ကြောင့် အိမ်တိုင်းမှာ ရနိုင်သော ဆားဖြင့်ပင် သွားကို တိုက်နိုင်သည်။ သွားပွတ်တံ မရှိလျှင် လက်ညှိုး လက်မတို့ဖြင့် သင့်သလိုတိုက်ပါ။ တချို့ကား တမာခက်ကို ချိုး၍ ထိုတမာရိုးဖြင့်လည်း သွားကို တိုက်ကြပါသည်။ သွားတိုက်ခြင်းသည် သွား၏စင်ကြယ်ခြင်း အကျိုး သာမက သွားကို ကြာရှည် ခိုင်စေခြင်း အကျိုးကိုလည်း ရစေနိုင်ပါသည်။ လျှာကိုမူ လျှာခြစ်တံ တမျိုးမျိုးဖြင့် သို့မဟုတ် တံပူအပြားဖြင့် ခြစ်နိုင်ပါသည်။

မျက်နှာသစ်

▬▬

တညဉ့်လုံး အိပ်ပျော်နေသောအခါ ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးတို့သည် မျက်စိ သွား, လျှာတို့၌ ပေါ်ထွက်နေသလို တကိုယ်လုံးမှာလည်း အညစ် အကြေးတွေ ထွက်နေကြသည်။ ထို့ကြောင့် အိပ်ရာမှထလာ သူ၏ ကိုယ်နံ့သည် မသန့်ပြန့်ပဲ မကောင်းသော အနံ့ တမျိုး နံနေ၏။

စဉ်းစားကြည့်ပါ။ ထိုသို့ ကိုယ်တွင်းမှ အညစ်အကြေးသည် မထွက်လျှင် မကောင်း ထွက်မှသာ ကျန်းမာရေးကောင်းသည်။ အညစ်အကြေးမထွက်လျှင် ဆီပိတ်နေသော စက်ကဲ့သို့ ချွတ်ယွင်းချက်တခုခုရှိကာ မကျန်းမမာ ဖြစ်နေသည်သာတည်း။

ထို့ကြောင့် ကျန်းမာအောင် ထိုသို့ မကောင်းသော အနံ့ ပျံ့နှံလောက်အောင် တညဉ့်လုံး ထွက်နေသော အညစ်အကြေး များသည် မျက်နှာပေါ်၌လည်း ထွက်၍ နေရကား မျက်နှာတခုလုံး အညစ်အကြေးဖုံးကာ အဟောင်းကဲ့သို့ ဖြစ်နေ၏။ ထို့ ကြောင့် တကိုယ်လုံးတွင် လူမြင်ကွင်း အကျဆုံးဖြစ်သော မျက်နှာကို အသစ် ဖြစ်လာအောင် ဆေးကြော ပစ်ရခြင်းကိုပင် “မျက်နှာသစ်”ဟု ခေါ်ရသည်။

စင်ကြယ်အောင်သစ်ပါ

▬▬

ထို့ ကြောင့် မျက်နှာသစ်သောအခါ သန့်ရှင်းသောရေဖြင့် သစ်ပါ။ ဆပ်ပြာ ရနိုင်လျှင် ဆပ်ပြာဖြင့် မျက်နှာ ပတ်ဝန်းကျင်အနှံ့ တိုက်၍ ထိုဆပ်ပြာ စင်ကြယ်သွားအောင် သစ်ပါ။ တချို့လူကြီးများသည် မျက်နှာသစ်ယင်း မျက်စိအတွင်းသို့ မျက်စဉ်းခတ် သလို ရေကို လက်ခုပ်ဖြင့် အကြိမ်ကြိမ် သွင်းပေးကြ၏။ တချို့ကား ရေဇလုံထဲ၌ ရေများများထည့်၍ ထိုထဲ၌ မျက်စိနစ်အောင် နှစ်ပြီးလျှင် မျက်စိကိုဖွင့်ချည် မှိတ်ချည်ပြုလုပ်ကြ၏။

ထိုအလုပ်များလည်း မျက်စိ ကြည်လင်ခြင်း၊ မျက်စိ မမှုန်နိုင်ခြင်း၏ အကြောင်းဖြစ်၍ ကောင်းသော အလုပ်များပင် ဖြစ်ပါသည်။ ကလေးအရွယ်ကပင် ထိုအလုပ်များကို အလေ့အကျင့်ရအောင် သင်ပေးလိုက်လျှင် ကလေးအတွက် တသက်လုံး မျက်စိ ကျန်းမာရေး ဖြစ်ပါလိမ့်မည်။

မျက်နှာသစ်ပြီးလျှင်

▬▬

မျက်နှာ သစ်ပြီးသောအခါ မျက်နှာသုတ် ပဝါဖြင့် စင်ကြယ်အောင် သုတ်ပါ။ တောရွာတချို့၌ မျက်နှာသုတ်ပဝါ သီးခြား မထားပဲ တော်စွာ လျော်စွာဖြင့် သုတ်လေ့ရှိကြ၏။ ထိုအလေ့အကျင့်ကား မကောင်းပါ။ သင့်တော်သော (ဖွပ်လှန်း ထားသဖြင့်) သန့်ရှင်းသော မျက်နှာသုတ်ပဝါဖြင့် သုတ်ခြင်း အလေ့အထကို ကလေးဘဝမှစ၍ အကျင့်ရအောင် သင်ပြကြပါ။

မျက်နှာသုတ်ရာ၌ နားလည်သော မိခင်များသည် မိမိကလေးငယ်ကို မျက်နှာ သုတ်ပေးယင်း အနေအထားကိုလည်းကောင်း အချိုး ကျလှပအောင် ပြုပြင်ပေးလေ့ ရှိကြပါသည်။ ထိုသို့ ပြုပြင် ပေးဖို့ရန် မိခင်မှာ တာဝန်လည်း ရှိပါပေသည်။

၅။ မျက်နှာသစ်ရာ၊ သွားတိုက်ပါ၊ လျှာလည်း ခြစ်ရမယ်။

၆။ စင်ကြယ်ဖို့ရာ၊ သင့်မျက်နှာ၊ ဆပ်ပြာတိုက်ပါ့ကွယ်။

၇။ ရေစင်သန့်သန့်၊ မျက်နှာဖြန့်၊ နှံ့အောင် သစ်ရတယ်။

၈။ သစ်ပြီးသောခါ၊ စင်ကြယ်စွာ၊ မျက်နှာ သုတ်ရတယ်။

မျက်နှာသစ်ပြီး
စိတ်ကောင်းထား

▬▬

မျက်နှာသစ်ပြီးသောအခါ စိတ်ကြည်လင် အောင် အလေ့အကျင့်လုပ်ရသည်။ အလေ့အကျင့် လုပ်နည်းကား - ဘုရားကို စိတ်မှန်း၍ လက်အုပ်ချီပြီးလျှင် ကလေးရသော ဘုရားဂုဏ်တော်ကို ရွတ်ပါ။ အိမ်မှာ ပန်းရှိလျှင် ဘုရားကို မှန်း၍ ပန်းလှူပါ။ တမိနစ် ၂-မိနစ်လောက်သာ ကြာပါလိမ့်မည်။ ထို့နောက် မိမိအိမ်၌ လူကြီးမိဘတို့ကို ရည်စူး၍--

မေမေ ကျန်းမာပါစေ ချမ်းသာပါစေ၊
ဖေဖေ ကျန်းမာပါစေ ချမ်းသာပါစေ၊
အဘိုးအဘွား အစ်ကို-အစ်မ ဒေါ်ဒေါ်
ကြီးကြီး-စာသင်ပေးသော ဆရာ (ဆရာမ)
ဟု နာမည်ခေါ်၍ ကျန်းမာပါစေ ချမ်းသာပါစေ-

ဟု ၃-မိနစ်လောက် မေတ္တာပို့သော အလေ့အကျင့်ကို လုပ်ပါစေ။ ဤသို့မေတ္တာ ပို့လေ့ရှိသော ကလေးသည် အတော်ကြာသောအခါ မေတ္တာဓာတ်က တကိုယ်လုံး ထုံနေသောကြောင့် အမြဲ ကြည်လင်ရွှင်ပျ၍ လှပနေပါလိမ့်မည်

၉။ မျက်နှာသစ်လွင်၊ ဖြစ်ပြီးလျှင်၊ နေ့စဉ် ဘုရားရှိခိုးကွယ်။

၁၀။ ပန်းတော်ရှိက၊ ပန်းတင်ရ၊ သို့မှ စိတ်ကြည်မယ်။

၁၁။ မိဘ ဆွေညာ၊ ကျောင်းဆရာ၊ မေတ္တာပို့ပါကွယ်။

၁၂။ မေတ္တာသက်ဝင်၊ ကိုယ်လုံးရွှင်၊ ကြည်လင်လှပတယ်။

အစာစားပြီး စာကျက်

▬▬

ဘုရားအာရုံပြု၍ မေတ္တာလည်း ပို့ပြီးသောအခါ စာမကျက်ခင် အိမ်မှာ ရှိသော အစာတမျိုးမျိုးကို လေမထအောင် အနည်းငယ်စားပါ။ (အစာမရှိပဲ စာကျက်လေ့ ရှိသူသည် လ နှစ် ကြာသောအခါ လေထသော ရောဂါ တမျိုး ဖြစ်တတ်ပါသည်။) အစာစား ပြီးလျှင် ကျောင်းကပေးလိုက်သောစာကို ကျက်ပါ။ သို့မဟုတ် ကြည့်ပါ။

စာကျက်ပြီး စာကြည့်ပြီးမှ အလွန်ငယ်သေးသော ကလေးများ ကစားချင်လျှင် ကစားသင့်ပါသည်။ အတော် ကြီးသော ကျောင်းသားတို့မှာ နံနက် အချိန်၌ ကစားခွင့် ရလောက်အောင် အချိန်ပိုရမည် မဟုတ်ပါ။ ကျောင်းစာကို ကျက်ယင်း ကြည့်ယင်းပင် ကျောင်းသွားချိန် နီးလာပါလိမ့်မည်။ ထိုအခါ ရေချိုး၍ ထမင်းစား ပြီးလျှင် အဝတ်ကို သန့်ရှင်းစွာ ဝတ်ပါ။ ထို့နောက် ကျောင်းသွားရပါလိမ့်မည်။

(“ရေချိုး” ဆိုရာ၌ ကောင်းကောင်း နေကောင်းသူဖြစ်မှ ရေချိုးသင့်ပါသည်။ အလွန် အေးသောအခါ၌ ရေကလည်း အေးနေလျှင် ရေနွေးစပ်၍ချိုးသင့်ပါသည်။ သို့မဟုတ် ညနေ ကျောင်းပြန်မှ သော်လည်း ရေနွေးစပ်တန်လျှင် စပ်၍ချိုးသင့်ပါသည်။)

၁၃။ ဘုရားမေတ္တာ၊ ပြုပြီးခါ၊ အစာနည်းနည်း စားပါကွယ်။

၁၄။ စား၍ ပြီးလျှင်၊ စာအုပ်တွင်၊ နေ့စဉ် ကျက်၍ ကြည့်ရတယ်။

၁၅။ ကျောင်းချိန်နီးခါ၊ ရေချိုးပါ၊ အစာဝရုံ စားရမယ်။

၁၆။ ကျောင်းဝတ် လဲကာ၊ သန့်ရှင်းစွာ၊ ကျောင်းလာခဲ့ပါ့ကွယ်။

ကျောင်းတွင်း ကျင့်ဝတ်

▬▬

ကျောင်းသို့ရောက်သောအခါ ဆရာကိုလည်း လေးစားပါ။ ဆရာကိုမြင်လျှင် ထုံးစံ ရှိသလို အလေးပြုပါ။ ကျောင်းဝင်းအတွင်း၌ တွေ့ကရာ နေရာဝယ် အမှိုက် အနည်းငယ်မျှ မပစ်ပါနှင့်။ အမှိုက်ပုံး၌သာ အမှိုက်ပစ်ပါ။ စည်းကမ်းရှိသော နိုင်ငံများ၌ကား မီးခြစ်ဆံကလေးလို အမှိုက်ကိုမျှ လူသွားလမ်းပေါ် မြက်ခင်း ပေါ်တို့၌ မပစ်ကြပဲ မိမိအိတ်ထဲ၌ ထည့်ခဲ့၍ အမှိုက်ပုံးတွေ့မှ ထည့်လေ့ရှိကြပါသတဲ့။

တံတွေးနှပ် စသောအညစ်အကြေးကို လူသွားလမ်းပေါ်၌ လည်းကောင်း၊ လူအများ ရောက်သော နေရာ၌ လည်းကောင်း၊ အထူးအားဖြင့် သောက်ရေအိုးစင် အနား၌ လည်းကောင်း မထွေး, မညှစ်ပါနှင့်။ အစွန်အဖျား နေရာ, သီးသန့်ထားသော နေရာတို့၌သာ တံတွေးထွေးပါ။ နှပ်ညှစ်ပါ။ နှပ်ညှစ်ပြီးလျှင် လက်ကိုင်ပဝါဖြင့် နှာခေါင်း ဖျားကို သုတ်ပါ။

(တချို့ကား နှပ်ကို အပြင်၌ ညှစ်မချပဲ မိမိ လက်ကိုင်ပုဝါထဲ၌ ညှစ်ကြ၏။ ရောဂါ မကင်းသူ၏နှပ်၌ပါသော ပိုးမွှားကလေးများသည် အခြားလူကို ရောဂါ ကူးစေတတ် ပါသတဲ့။) ဤ နှပ် တံတွေး အမှိုက်နှင့် စပ်သော ကျင့်ဝတ်များကို အိမ်မှာလည်း ပြုကျင့်ရပါသည်။

၁၇။ ဆရာမြင်ငြား၊ ထုံးစံအား၊ လေးစားသင့်ပါတယ်။

၁၈။ အမှိုက်ပစ်ရေး၊ နှပ် တံတွေး၊ လူဝေးနေရာ စွန့်ရတယ်။

စာသင်ခြင်းနှင့် နေ့စာစားခြင်း

▬▬

စာသင်သောအခါ ဆရာ သင်ပေးသမျှကို နားစိုက်၍ စိတ်ဖြင့် မှတ်စရာကို စိတ်ဖြင့် မှတ်ပြီးလျှင် ရေးမှတ်စရာကိုလည်း ရေး၍ မှတ်ထားပါ။ ထိုမှတ်သားထားသောစာကို အိမ်ပြန်ရောက်သောအခါ ကျက်တန်လျှင်ကျက်ပါ။ နေ့လယ်အခါ၌ ကလေးများ ဆာပေလိမ့်မည်။ ထိုသို့ဆာလျှင် တွေကရာ ရောင်းချသော အစာကိုမစားပဲ အိမ်နီးလျှင် အိမ်သို့ပြန်စားပါ။ အိမ်မနီးလျှင် အိမ်၌ သားရေစာ တမျိုးမျိုးကို သန့်ရှင်းစွာထည့်၍ ဆိုင်ရာ လူကြီးများက ပေးလိုက်သင့်ပါသည်။

ထိုသို့ ပေးလိုက်သော သားရေစာကိုသာ စားသင့်ပါသည်။ ထိုသို့ မဖြစ်နိုင်သူများ အတွက် ကျန်းမာရေးနှင့် သင့်တော်သော သားရေကိုသာ ဈေးသည်များကို သန့်ရှင်းစွာဖြင့် ရောင်းခွင့်ပြု၍ ထိုသန့်ရှင်း၍ သင့်တော်သော သားရေစာကိုသာ ဝယ်၍ စားဖို့ရန် သင့်ပါသည်။ ဤအားလုံးကို ဆရာမိဘတို့က တာဝန်ကျေပွန်စွာ စီစဉ်သင့်ကြပါသည်

၁၉။ စာသင်တုံလတ်၊ စိတ်ဖြင့်မှတ်၊ ရေးမှတ် မှတ်ရတယ်။

၂၀။ ရေးမှတ်သည့်စာ၊ အိမ်ရောက်ခါ၊ ကောင်းစွာ ကျက်ရမယ်။

၂၁။ နေ့လယ်အစာ၊ သင့်အောင်သာ၊ နေ့ခါ စားနိုင်တယ်။

၂၂။ ကျန်းမာရေးနှင့်၊ လျော်အောင် ချင့်။ အသင့် စားပါကွယ်။

အိမ်ပြန်ချိန်

▬▬

စာသင်ချိန်ကုန်၍ အိမ်ပြန်ချိန်ကျသောအခါ အိမ်ရောက်အောင် ပြန်ပါ။ အိမ်က မိဘ ဆွေမျိုးတို့သည် ပြန်ချိန်တန်လျှင် မျှော်နေတတ်ပါသည်။ ပြန်ချိန်တန်၍ မရောက် လာလျှင်လည်း စိတ်ပူနေတတ်ပါသည်။ ထို့ ကြောင့် ဟိုဝင် သည်ဝင် မဝင်ပဲ အိမ်သို့ ရောက်အောင် ပြန်ပါ။ အိမ်ရောက်လျှင် မိမိ ပြန်လာကြောင်းသိရန် မိမိကို မမြင်သော လူကြီးများထံသွား၍ “မေမေ - သားသားပြန်လာပါပြီ။ မေမေ - သမီးပြန်လာပြီ” စသည်ဖြင့် ချိုသာစွာ ပြောပြပါလေ။ ကလေးတို့၏ ချိုသာသော စကားသည် လူကြီး မိဘများ၏နှလုံးကို အေးမြစေနိုင်ပါသည်။

၂၃။ စာသင်ပြီးပြန်၊ ပြန်ချိန်တန်၊ အိမ်ပြန်ရောက်စေကွယ်။

၂၄။ အိမ်ရောက်သောခါ၊ နှုတ်ချိုစွာ၊ ပြန်လာခဲ့ကြောင်း ပြောရမယ်။


အောက်တန်းပညာသင်ချိန် ပြခန်း ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...