Skip to main content

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပ-ဒု

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ပတွဲ

ကမ္ဗောဇပုစ္ဆာအဖြေ

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်

ပထမတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ကမ္ဗောဇပုစ္ဆာအဖြေ

တောင်ပိုင်းရှမ်းပြည်-စကားမြို့ ဒကာတော် စော်ဘွားကြီးက ကျေးဇူးတော်ရှင် မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးထံ လျှောက်လွှာ

ဘုရားတပည့်တော်-စကားမြို့ ဒကာတော် စော်ဘွားကြီးက ရိုသေလေးမြတ်စွာ လျှောက်ထားပါသည်၊ ကျေးဇူးတော်ရှင် ဆရာ တော်မြတ်ကြီးဘုရား၊ လျှောက်ထားရန်အကြောင်းထူးမှာ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ရေးထုတ်နုတ်တော်မူသည့် အမျိုးမျိုးသော ကျမ်းစာများကို ဘုရားတပည့်တော် ဝါသနာအလျောက် လေ့လာကြည့်ရှု ရာ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကြောင့် အနည်းငယ် သိရှိရိပ်မိပါ၏ဘုရား၊ ဉာဏ်မမီ၍ ဝိဝါဒမကွဲသည့် အချက်မှာ အောက်ပါ အချက်များဖြစ်ပါသောကြောင့်ဘုရား၊ တပည့်တော်တို့ စိတ်ဒွိဟ ကင်းရှင်းပါရအောင် သနားတော်မူပါသဖြင့် ဥပမာအမျိုးမျိုးနှင့် ဖြေကြားတော်မူပါမည့်အကြောင်းကို ရိုသေစွာ လျှောက်ထား အသနား တော် မြတ်ခံပါသည်၊ ကျေးဇူးတော်သခင် အရှင်မြတ်ကြီးဘုရား။

၁။ ငယ်စဉ်အခါကလည်း ကံ,စိတ်,ဥတု, အာဟာရနှင့် ဖြစ်ကြ ပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၂။ ငယ်စဉ်အခါကလည်း ဓာတ်လေးပါး, အဋ္ဌကလာပ် ရုပ် ရှစ်ပါးနှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၃။ ငယ်စဉ်အခါကလည်း ခဏိကဇာတိ,ဇရာ,မရဏ, ဥပါဒ်, ဌီ,ဘင်နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၄။ သို့ပါလျက် တပည့်တော်တို့ လူများသည် မည်သည့် အတွက်ကြောင့် အိုရကြောင်းကို သိလိုပါသည်ဘုရား။

ဒကာတော်စကားစော်ဘွားကြီး လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် သတ္တဝါတို့၌ တေဇောဓာတ်လေးပါးရှိကြောင်းကို ပါဠိတော်၌ လာရှိ၏၊

လေးပါးဆိုသည်ကား

၁။ သန္တပ္ပနတေဇော,

၂။ ဒါဟတေဇော,

၃။ ဇိရဏတေဇော,

၄။ ပါစကတေဇော,

ဤလေးပါးတည်း။

၁။ သန္တပ္ပနတေဇော-ဆိုသည်ကား ရက်ဆက် ရက်ခြားဖျားခြင်း အစရှိသည်ဖြင့် အလွန်ပူသော တေဇောပေတည်း။

၂။ ဒါဟတေဇော-ဆိုသည်ကား ကျောက်နာ, ဝက်သက်နာ, ဝက်ခြင်နာအစရှိသည်ဖြင့် ပကတိအသွေး အသားတို့ကို သွေးပုပ်,ပြည်ပုပ်ဖြစ်အောင် လောင်တတ်သော တေဇော ပေတည်း။

၃။ ဇိရဏတေဇော-ဆိုသည်ကား ဆံဖြူခြင်း,သွားကျိုးခြင်း, အရေတွန့်ခြင်း,မျက်စိနာစသော အင်္ဂါတို့၏ ဆုတ်ယုတ်ခြင်း, အားခွန်ဗလလျော့ပါးခြင်း-စသည်ဖြင့် အိုချိန်ကျလျှင် အိုရုပ် ပေါ်အောင် လောင်တတ်သော တေဇောပေတည်း။

၄။ ပါစကတေဇော-ဆိုသည်ကား စားအပ်,မျိုအပ်သော အစာ အာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောပေ တည်း။

အထက်လျှောက်လွှာတွင်

၁။ ငယ်စဉ်အခါကလည်း ကံ,စိတ်,ဥတု,အာဟာရနှင့် ဖြစ်ကြ ပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၂။ ငယ်စဉ်အခါကလည်း ဓာတ်လေးပါး,အဋ္ဌကလာပ်ရုပ်ရှစ်ပါး နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၃။ ငယ်စဉ်အခါကလည်း ခဏိကဇာတိ,ဇရာ,မရဏ,ဥပါဒ်,ဌီ, ဘင်နှင့်ဖြစ်ကြပါသည်၊ ကြီးလာလည်း ၎င်းအတိုင်းပင် ဖြစ်ကြပါသည်။

၄။ သို့ပါလျက် တပည့်တော်တို့ လူများသည် မည်သည့် အတွက်ကြောင့် အိုရကြောင်းကို သိလိုပါသည်-ဟူသော ပုစ္ဆာလေးချက်၌အဖြေကား။။ ပြဆိုခဲ့ပြီးသော တေဇောလေးပါးတို့တွင် ဇိရဏ တေဇောလောင်မှုကြောင့် အိုရသည်-ဟု မှတ်ရမည်၊ ထိုတေဇောသည် ဇာတိမီး,ဇရာမီး,မရဏမီး-ဟူသော သုံးပါးတို့တွင် သန္တတိဇရာမီးကို လွန်စွာ တောက်ပစေနိုင်၏၊ မြက်ပင်မျိုး, ကောက်စပါးမျိုး, သစ်ပင်မျိုး, ချုံနွယ်မျိုးတို့၌ ချင့်ချိန်ကျလျှင် ရင့်ရခြင်း, အိုချိန်ကျလျှင် အိုရခြင်း များသည်လည်း ထိုဇိရဏတေဇော၏ လောင်မှုပေတည်း၊ မီးနှစ်ပါးတို့၏ အထူးကား- ပူလောင်မှုသည် ဇိရဏတေဇောမီးပေတည်း၊ ပူလောင် သည့်အတွက် အပူလောင်ခံရသော ဝတ္ထုတို့၌ ဆုတ်ယုတ် လျော့ပါး ဖောက်ပြန်၍ သွားမှုသည် ဇရာမီးပေတည်း။

ကံ,စိတ်,ဥတု,အာဟာရ-ဟူသော အကြောင်းတရားလေးပါးရှိ သည်တွင် အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ ကောင်းသောစိတ် သည် ပွါးစီး၏၊ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ,ရေ,တော,တောင်,နေ,လ, နက္ခတ်,တာရာတို့မှ ဖြစ်ကုန်သော ဥတု,အာဟာရတို့သည် အလွန်အဆီ အနှစ်ဩဇာနှင့် ပြည့်စုံကုန်၏၊ သတ္တဝါတို့သန္တာန်၌ ဥတု,အာဟာရတို့၏ အထောက်အပံ့ကိုခံရသော ဇီဝိတိန္ဒြေစသော ကမ္မဇရုပ်တရားတို့သည် အလွန်ထက်သန် ရွှင်လန်းကုန်၏၊ ဇိရဏတေဇော မပွါးစီးနိုင်ရှိ၏၊ သတ္တဝါတို့ အသက်ရှည်ကြကုန်၏၊ တက်ကပ်အလားပေတည်း။ အကြင်အခါ ကမ္ဘာနေလူအပေါင်းတို့၌ မကောင်းသော စိတ်သည် ပွါးစီး၏၊ ထိုအခါ ဗဟိဒ္ဓသန္တာန်၌ မြေ,ရေ,တော,တောင်, နေ,လ,နက္ခတ်,တာရာတို့မှ ဖြစ်ကုန်သော ဥတု,အာဟာရတို့သည် အဆီအနှစ်ကုန်ခန်း ကြမ်းတမ်းကုန်၏၊ သတ္တဝါတို့၏သန္တာန်၌ ထိုဥတု, အာဟာရတို့၏ အထောက်အပံ့ကိုခံရသော ဇီဝိတိန္ဒြေစသော ကမ္မဇရုပ် တရားတို့သည် အလွန်နုံ့နဲ့ညှိုးနွမ်းကုန်၏၊ ဇိရဏတေဇောပွါးစီးနိုင်ရှိ၏၊ သတ္တဝါတို့ အသက်တိုကြကုန်၏၊ ဆုတ်ကပ်အလားပေတည်း။ သတ္တဝါတို့ အရွယ်သုံးပါးရှိသည်တွင် ပထမအရွယ်၌ ရုပ်တရား တို့သည် တိုးပွါးကုန်၏၊ ဒုတိယအရွယ်၌ တိုးပွါးပြီးသည့်အတိုင်း တည်နေ ကုန်၏၊ တတိယအရွယ်၌ ဆုတ်ယုတ်၍ သွားကုန်၏၊

[ဤကား-ဓမ္မတာပေတည်း။]

ထိုသုံးပါးတို့တွင်

၁။ တိုးပွါးသောအခါ၌ အစစွာတစ်ခုသောဥတု, တစ်ခုသော အာဟာရမှ ရုပ်ကလာပ်ပေါင်းအနည်းငယ် မျှသာပွါးစီး၏၊ ထို့ထက် အားရှိလာသောအခါ တစ်ခုသောဥတု, တစ်ခုသောအာဟာရမှ ရုပ်ကလာပ်ပေါင်း အမြောက်အမြားပွါးစီး၍လာ၏၊ အဆင့်ဆင့်အားရှိ သည်ထက် အားရှိလေလေ ရုပ်ကလာပ်အပွါးများသည်ထက် များလေ လေဖြစ်၏၊

[ဤကား ပထမအရွယ်၌ ရုပ်တရားတို့၏ တိုးပွါးပုံတည်း။]

၂။ ဒုတိယအရွယ်၌ကား အတိုးအပွါးရပ်၍ တိုးပွါးပြီးသော အတိုင်း အစဉ်ဖြစ်ပွါး၍ နေလေ၏၊

၃။ တတိယအရွယ်၌ကား တိုးပွါးမြဲတိုင်း အစဉ်ပွါး၍နေရာမှ အစဉ်အတိုင်း ရုပ်ကလာပ်ပွါးမှုဆုတ်ယုတ်၍ သွားလေ၏၊ ရုပ်ကလာပ် ပွါးမှု ကုန်ဆုံး၍သွားသောအခါ ထိုအစဉ်ချုပ်ကွယ်၍သွားလေ၏၊ စိတ္တဇရုပ်,ကမ္မဇရုပ်တို့ သည်လည်း ဥတုဇရုပ်,အာဟာရဇရုပ်တို့နှင့်အတူ တိုးပွါးလျှင်တိုးပွါးခြင်း, တည်လျှင်တည်ခြင်း, ဆုတ်ယုတ်လျှင် ဆုတ်ယုတ် ခြင်းရှိကြကုန်၏၊

[ဤကား မည်သည့်အတွက်ကြောင့် ဆိုရကြောင်းကို သိလိုပါသည်-ဟူသော အမေးကို ဖြေဆိုချက်တည်း။] ဇိရဏတေဇောကို အဘယ်ဆေးဝါးဓာတ်စာများနှင့်ကွယ်ကာ တားဆီးနိုင်ပါသနည်းဟူမူ ငွေဓာတ်, ရွှေဓာတ်,သံဓာတ်,ပြဒါးဓာတ်တို့ကို ဝိဇ္ဇာမယလုပ်ရတ်လမ်းတို့ဖြင့် ကောင်းစွာစီရင်အောင်မြင်ထမြောက် ပြီးသော ဓာတ်ပြာဆေးဝါးများသည် ထိုဇိရဏတေဇောကို တားဆီး ကာကွယ်နိုင်၏၊

ထို့ကြောင့် နေတ္တိပါဠိတော်၌

သက္ကတေဝ ဇရာယ ပဋိကမ္မံ ကာတုံ။

ဟု လာ၏၊

အနက်ကား။။ ဇရာယ=အိုခြင်းတရားကို၊ ပဋိကမ္မံ=မအိုရ အောင်တားဆီးကာကွယ်မှုကို၊ ကာတုံ=ပြုခြင်းငှါ၊ သက္ကတေဝ=တတ် ကောင်းသည်သာလျှင်တည်း။

ဝိသုဒ္ဓိမဂ် မဟာဋီကာ၌လည်း

သာယနဘေသဇ္ဇံ ပန သုစိရံပိ ကာလံ ဇီဝိတံ ပဝတ္တေတုံ သက္ကောတိ။

ဟူ၍လည်း လာ၏၊

အနက်ကား။။ ရသာယနဘေသဇ္ဇံ ပန=ရသာယနဆေးမျိုး သည်ကား၊ သုစိရံပိ ကာလံ=အလွန်ရှည်မြင့်စွာသော ကာလတိုင် အောင်လည်း၊ ဇီဝိတံ=အသက်ကို၊ ပဝတ္တေတုံ=တည်စေခြင်းငှါ၊ သက္ကောတိ=တတ်နိုင်၏၊

တစ်ရာတမ်းမှာပင် တစ်ထောင်ရှည်အောင်, တစ်သောင်းရှည် အောင်တတ်နိုင်၏-ဟူလို၊ ရသာယနဆေးဆို သည်ကား အထက်၌ပြ ဆိုခဲ့ပြီးသော ဓာတ်ပြာကြီးပွါးမှုပေတည်း၊ ဒဗ္ဗဂုဏဆေးကျမ်းများ, သာရကောမုဒိဆေးကျမ်း များတွင်လည်း ရသာယနဆေးအမျိုးမျိုးတို့ လာရှိ၏၊ ဓာတ်ပြာကြီးလုပ်လမ်းများသည် သာသနာတော်ထမ်းရဟန်း တော်များ၏ လုပ်ငန်းမဟုတ်၊ ကံထူး,ဉာဏ်ထူး,ဝီရိယထူးများ၏ အလုပ် ပေတည်း။

ကမ္ဗောဇပုစ္ဆာအဖြေပြီး၏၊

--------

ဓားဝယ်ပုစ္ဆာအဖြေ

လျှောက်လွှာ

ဘုရားတပည့်တော်တို့ စိတ်ဒွိဟမကင်း၍ အလင်းကိုမသိရသော ဒါယကာ,ဒါယိကာမတစ်စုတို့က လက်စုံမိုး၍ ရှိခိုးလျှောက်ထား တောင်း ပန်ကြပါသည် လယ်တီဆရာတော်ကြီးဘုရား။

တပည့်တော်,တပည့်တော်မတို့အား အစဉ်သနားသည်ကို အကြောင်းပြု၍ အောက်၌ဖော်ပြထားသော အချက်များကို ငဲ့ကွက်ခြင်း မရှိ၊ ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ အကျိုးအပြစ်ကို ထင်ရှားသိသာကြ စေရန် အလုံးစုံအကုန် အတ္ထုပ္ပတ္တိနှင့်တကွရှင်းလင်းအောင် အတိုကောက် ရေးသား၍ ဖြေကြားဟောတော်မူမှ စိတ်ဒွိဟ ကင်းကြပါမည်ဖြစ်ပါသော ကြောင့် မနှောင့်မနှေးပြေရှင်းအောင် အမြိုက်ဆေးတိုက်ကျွေးတော် မူခဲ့စေလိုပါကြောင်း တောင်းပန်လျှောက်ထားကြပါသည် အရှင်ဘုရား။

၁။ လောကမာရဇိန် ဘုရားကြီးဝတ်တော်အတွင်း ရဟန်းများ ဝါကပ်သော် မည်သို့အပြစ်၊ အာပတ်သင့် မသင့်ကို သိလိုပါ ကြောင်း။

၂။ လောကမာရဇိန် ဘုရားကြီးဝတ်အတွင်း ရုပ်ပွါး ဆင်းတု တော်နှင့် ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော်များ သင်္ကန်း ဝတ်ရုံလျက် တရားဟောသော် မည်သို့အပြစ် အာပတ်သင့် ပါမည်နည်း။

၃။ သာသနာမြေအပေါ်တွင် ဂိုဏ်း,ဂဏ,သံဃာကြီးများထံ ကိုဖြစ်စေ, မြို့လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မည်သည့် အဆောက်အအုံမျိုးမဆို ရဟန်းသံဃာတို့ ဆောက်လုပ်အပ် မအပ်ကို သိလိုပါကြောင်း။

၄။ ၎င်းဆောက်လုပ်သော အဆောက်အအုံသည် ရဟန်း, သံဃာတော်ကိုယ်တိုင် တောင်းရမ်းပြုပြင် စီမံဆောက် လုပ်ပါက ဆောက်လုပ်သောရဟန်းမှာဘယ်လို, နေထိုင်မိ သောရဟန်းသံဃာတော်များမှာ ဘယ်လိုအပြစ် ရှိမည်ကို သိလိုပါကြောင်း။

၅။ အလှူဝတ်ဆယ်မျိုးအတွက် အသုံးချရန်ဝတ္ထုကြေးငွေများကို ဒါယကာ,ဒါယိကာမတို့က ရေစက်သွန်းချ၍ လှူဒါန်း ထားခဲ့ ကြသော ဝတ္ထုကြေးငွေများကို ရဟန်းသံဃာတို့က သိမ်းပိုက် က်ခံ ထားပြီးနောက် ထိုငွေများကို အလှူဆယ်မျိုးစေ့ အောင်သုံးစွဲခြင်း မပြုခဲ့ပါက ထိုရဟန်းသံဃာများမှာ ဘယ်လို အပြစ်,ဘယ်လို အာပတ်ထိုက်သင့်ပါမည်နည်း။

၆။ ရဟန်းသံဃာဖြစ်ပါလျက် ဝိသုဒ္ဓိနတ်မင်းကြီးလေးပါးမှတစ်ပါး အခြားသောနတ်ကို ရှိခိုးထိုက်ပါသေး သလော၊ အကယ်၍ ရှိခိုးငြားအံ့၊ ရှိခိုးသောရဟန်းသံဃာများမှာ မည်သို့အပြစ် အာပတ်များ ရှိပါသနည်း။

၇။ ရဟန်းသားမြေးဖြစ်ပါလျက် ရပ်ရွာရှိ နတ်ကွန်း, နတ်ကန္နား များကို အသစ်ဆောက်လုပ်စီမံအားထုတ်ခြင်း၊ မိမိကိုယ်တိုင် နတ်ရုပ်ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်ခြင်း၊ ၎င်းနတ် ရုပ်ကြီးများအား အသက်သွင်းသည်ဆို၍ ပွဲတင်မြှောက် ပူဇော်ခြင်း၊ ဤသို့စသည်ဖြင့် ပြုလုပ်ခြင်းများသည် ဝိနည်း သိက္ခာပုဒ်တော်အတိုင်း ထိုသံဃာ၌ အပြစ်ရှိသည်မရှိသည်ကို သိလိုပါကြောင်း။

၈။ ဉာတိပဝါရိတမဟုတ်သော ဒါယကာ,ဒါယိကာမတို့အား တောင်းရမ်းပြောဆို၍ရအပ်သောပစ္စည်းနှင့် အခြားသော သံဃာတို့အား ကျွေးမွေးလှူဒါန်းခဲ့ပါလျှင် ထိုသုံးစားသော ရဟန်းတို့အား အပ်မအပ်ပြုလုပ် တောင်းရမ်းသော ရဟန်း တို့အား အဘယ်ကဲ့သို့သော အပြစ်ဟူ၍သေချာစွာ သိချင်ပါ ကြောင်း။

၉။ ပစ္စည်းလေးပါးဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ပစ္စည်းလေး ပါး မဟုတ်သော ဒါယကာ,ဒါယိကာမတို့ ထံဖြစ်စေ၊ ခေတ္တ ကြေးငွေများကို ချေးငှါးပြီးတစ်ခုခုတွင် အသုံးချလိုက်ပြီး နောက် ထိုဝတ္ထုငွေများကို ပြန်၍မပေးနိုင်သော ရဟန်းတော် များမှာ ဘယ်လိုအပြစ်, ဘယ်လိုအာပတ်သင့်မည်ကို သိချင် ပါကြောင်း။

၁၀။ ဒါယကာ,ဒါယိကာမတစ်ဦးတစ်ယောက်ထံက အကြွေး ငွေ ကျပ် ၁၀၀ိ-ဖိုးလောက် ဝယ်ခြမ်းသုံးစွဲပြီး ထိုအကြွေးကို မဆပ်ပေးနိုင်ခဲ့ပါမူ ထိုရဟန်းမှာ ဘယ်လိုကံ,ဘယ်လို အာ ပတ်ဟု သိလို ပါကြောင်း။

၎င်းအထက်က ဖော်ပြထားသော အမေးပုစ္ဆာဆယ်ချက်ကို ရွာထောင်အာလံမြဝတီဆရာတော်ထံ ဖြေရှင်းပေးတော်မူပါမည့် အကြောင်း ၁၂၈၂-ခု၊ တပို့တွဲလဆန်း ၅-ရက်၊ စနေနေ့ ၁၀-နာရီအချိန် လျှောက်ထားတောင်းပန်ရာ အဖြေမပြ တုဏှိဘာဝဖြစ်နေသောကြောင့် ကမ္ဘာသူကမ္ဘာသားတို့၏ တကယ့်မှီခိုရာ ကမ္ဘာ့မဏ္ဍိုင်ကြီးဖြစ်တော်မူ သော ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ ဤအမေးပုစ္ဆာ ဆယ်ချက်လျှောက်လွှာကြီး ဆိုက်ရောက်လာပြန်ရာ အောက်ပါအတိုင်း အဖြေရေးသားပေးသနားတော်မူပါကြောင်း။

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

၁။ ''လောကမာရဇိန် ဘုရားကြီးဝတ်တော်အတွင်း ရဟန်းတော် များဝါကပ်သော် မည်သို့အပြစ်၊ အာပတ်သင့် မသင့်ကို သိလိုပါကြောင်း'' ဟူသော ပုစ္ဆာ၌

အဖြေကား။။ ဘုရားကြီးဝတ်တော်အတွင်း ဝါကပ်သော်

ဝတ်နိဗဒ်ဆောင်ရွက်၍နေပေက မည်သည့် အာပတ်မျှမသင့်၊ ဝါဆို၍ နေအပ်ပါ၏၊ ဝါတွင်းအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကိန်းဝပ် တော်မူရာ ဂန္ဓကုဋိတိုက်တော်အတွင်း၌ ဝါကပ်ရလေသကဲ့သို့တည်း။

၂။ ''လောကမာရဇိန် ဘုရားကြီးဝတ်အတွင်း ရုပ်ပွါးဆင်းတု တော်နှင့်ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော်များ သင်္ကန်းဝတ်ရုံလျက် တရားဟောသော် မည်သို့အာပတ်သင့်ပါမည်နည်း''ဟူသော ပုစ္ဆာ၌အဖြေကား။။ ဘုရားကြီးဝတ်အတွင်း ရုပ်ပွါးဆင်းတုတော်နှင့်

ပလ္လင်ချင်းကျောခိုင်း၍ ရဟန်းတော် များသင်္ကန်းဝတ်ရုံလျက် တရား ဟောသော် ကန့်လန့်ကာ အကွယ်အကာရှိသည်ဖြစ်အံ့၊ မည်သည့် အာပတ်မျှမသင့်၊ ကန့်လန့်ကာ အကွယ်အကာမရှိသည်ဖြစ်အံ့၊ ဗုဒ္ဓ အဂါရဝ ဒုက္ကဋ်အာပတ်သင့်တတ်၏၊ ရဟန်းတော်များနေရာ ကျောင်း ခန်းတွင်း၌ စာတိုက်ပလ္လင်နှင့် ရုပ်ပွါးဆင်းတုတော်များရှိနေခဲ့သော် ရုပ်ပွါးဆင်းတုတော်၏ရှေ့၌ ကန့်လန့်ကာ ကာရံ၍နေကြမြဲ ထုံးစံဖြစ်၏၊

၃။ ''သာသနာမြေအပေါ်တွင် ဂိုဏ်း,ဂဏ,သံဃာကြီးများထံ ကိုဖြစ်စေ, မြို့လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မည်သည့် အဆောက် အအုံမျိုးမဆို ရဟန်းသံဃာတို့ဆောက်လုပ်အပ်မအပ်ကို သိလိုပါ ကြောင်း'' ဟူသော ပုစ္ဆာ၌

အဖြေကား။။ ဆောက်လုပ်သောရဟန်းသည် မိမိနေထိုင်ရန်

အဖို့ဆောက်လုပ်သည်လည်းရှိရာ၏၊ ဘုရားရုပ်ပွါးတည်ထားရန် အဖို့ကိုလည်း ဆောက်လုပ်သည်လည်းရှိရာ၏၊ ရောက်လာသမျှသော ရဟန်းသံဃာများ နေထိုင်ရန် ဆောက်လုပ်သည်လည်းရှိရာ၏၊ ထိုတွင် သာသနာမြေပေါ်တွင် ရဟန်းသံဃာတော်ကြီးများထံကို ဖြစ်စေ, မြို့ လူကြီးများထံကိုဖြစ်စေ မပန်ကြားဘဲ မိမိနေထိုင်ဖို့ရန် ဆောက်လုပ် သည်ဖြစ်အံ့၊ မပန်ကြားဘဲ ဆောက်လုပ်သည့်အတွက် စောင့်ရှောက်သူ တို့ကို မရိုမသေမှုအပြစ်ရှိ၏၊ ဘုရားရုပ်ပွါးတည်ထားရန်အဖို့ ဆောက်လုပ်ခဲ့သော်လည်းကောင်း, ရောက်လာသမျှသော ရဟန်း သံဃာများ နေထိုင်ရန်အဖို့ ဆောက်လုပ်ခဲ့သော်လည်းကောင်း အပြစ်မရှိ၊ သို့သော် ထိုသာသနာမြေကို စောင့်ရှောက်သော ဂိုဏ်း,ဂဏ, သံဃာကြီး များ, မြို့လူကြီးများထံကို တိုင်ကြားပြောဆို၍ ထိုသူတို့က အခွင့်ပေးရာ၌ ဆောက်လုပ်ခြင်းငှါ သင့်လျော်၏၊

၄။ ''၎င်းဆောက်လုပ်သော အဆောက်အအုံသည် ရဟန်း, သံဃာတော်ကိုယ်တိုင် တောင်းရမ်းပြုပြင် စီမံဆောက်လုပ်ပါက ဆောက် လုပ်သောရဟန်းမှာ ဘယ်လို, နေထိုင်မိသောရဟန်းသံဃာတော်များမှာ ဘယ်လို အပြစ်ရှိမည်ကို သိလိုပါကြောင်း''ဟူသော ပုစ္ဆာ၌အဖြေကား။။ ရွှေငွေစသော အကပ္ပိယဝတ္ထုများကို အကပ္ပိယ

စကားဖြင့် ခံယူဆောက်လုပ်ခဲ့သော် ခံယူဆဲအခါ၌ ခံယူမှုအတွက် နိဿဂ္ဂိယပါစိတ်အာပတ်သင့်၏၊ ထိုရဟန်းနေထိုင်ခဲ့သော် နေထိုင်သည့် အတွက် ဒုက္ကဋ်အာပတ်သင့်၏၊ နေထိုင်မိသော ရဟန်းသံဃာများမှာ အကပ္ပိယအဆောက်အအုံမှန်းသိလျက် နေထိုင်ခဲ့သော် ဒုက္ကဋ်အာပတ် သင့်၏၊ မသိ၍ နေထိုင်ခဲ့သော် အာပတ်လွတ်၏၊ ဤပုစ္ဆာ၌ အကျယ် ဖြေဆိုရန် နည်းလမ်းကိုမူကား ''ပဏ္ဍိတ''ဆရာဖြေဆိုလိုက်သော ဝိသဇ္ဇနာမှာ ပြည့်စုံစွာ ပါရှိလေ၏၊

၅။''အလှူဝတ်ဆယ်မျိုးအတွက် အသုံးချရန်ဝတ္ထုကြေးငွေများကို ဒါယကာ,ဒါယိကာမတို့က ရေစက်သွန်းချ ၍လှူဒါန်းထားခဲ့ကြသော ဝတ္ထုကြေးငွေများကို ရဟန်းသံဃာတို့က သိမ်းပိုက်လက်ခံထားပြီးနောက် ထိုငွေများကို အလှူဆယ်မျိုးစေ့အောင်သုံးစွဲခြင်းမပြုခဲ့ပါက ထိုရဟန်း သံဃာများမှာဘယ်လိုအပြစ်,ဘယ်လိုအာပတ်ထိုက် သင့်ပါမည်နည်း'' ဟူသော ပုစ္ဆာ၌

အဖြေကား

၁။ အန္နံ=ဆွမ်းတည်းဟူသော အလှူဝတ္ထု,

၂။ ပါနံ=အဖျော်တည်းဟူသော အလှူဝတ္ထု,

၃။ ဃရံ=ရဟန်းသံဃာတို့နေရန် ကျောင်းတည်းဟူသော အလှူဝတ္ထု,

၄။ ဝတ္ထံ=အဝတ်သင်္ကန်းတည်းဟူသော အလှူဝတ္ထု,

၅။ မာလာ=ပန်းတည်းဟူသော အလှူဝတ္ထု,

၆။ ဂန္ဓော=နံ့သာတည်းဟူသော အလှူဝတ္ထု,

၇။ ဝိလေပနံ=နံ့သာပျောင်းတည်းဟူသော အလှူဝတ္ထု,

၈။ သေယျာ=ညောင်စောင်းဖထိုင်၊ ဖျာယိုင်သင်းဖြူးစသော အိပ်ရာထိုင်ရာတည်းဟူသော အလှူဝတ္ထု,

၉။ အာဝါသထော=ဧည့်သည်တို့ တည်းခိုရန် ဇရပ် တန် ဆောင်းဟူသော အလှူဝတ္ထု,

၁၀။ ပဒီပေယျံ=ဆီမီးထွန်းရန် အဆောက်အအုံဟူသော အလှူဝတ္ထု,

ဤကား-အလှူဝတ္ထုဆယ်ပါးတည်း၊ ဤဆယ်ပါးကို လှူရာ မှာလည်း

၁။ စေတီတော်အဖို့ လှူသည်လည်းရှိ၏၊

၂။ စာတုဒ္ဒိသာသံဃာအဖို့ သံဃိကလှူသည်လည်းရှိ၏၊

၃။ ပုဂ္ဂိုလ်အဖို့ ပုဂ္ဂလိကလှူသည်လည်းရှိ၏၊

ထိုသုံးပါးလုံး၌ပင် လှူဒါန်းသူဒါယကာမှာ စေတနာပြဋ္ဌာန်း၍ လှူဒါန်းပြီးသောကြောင့် တောင်းရမ်းပြောဆို နိုင်ခွင့် မရှိပြီ၊ စေတီအဖို့ လှူဒါန်းသောအရာ ဖြစ်ခဲ့အံ့၊ စေတိယသန္တကဖြစ်၏၊ စာတုဒ္ဒိသာသံဃာ အဖို့ လှူဒါန်းသည်ဖြစ်အံ့ သံဃိကဖြစ်၏၊ ပုဂ္ဂိုလ်အဖို့ လှူဒါန်းသည်ဖြစ်အံ့ ပုဂ္ဂလိကဖြစ်၏၊

ထိုသုံးပါးတို့တွင်

၁။ စေတိယသန္တက၌ ထိုစေတီမှာ စေတီစောင့်များ, ဘုရား ဘဏ္ဍာတော်ထိန်းလူကြီးများရှိခဲ့သော် ထိုဝတ္ထုများကို သိမ်းပိုက်၍ ထားသော ရဟန်းတော်များကို ထိုစေတီဘဏ္ဍာတော်ထိန်းများက တောင်းရမ်းပြောဆိုနိုင်၏၊ မပေးမဆပ်ဘဲ သုံးစွဲ၍နေခဲ့သော် ထိုရဟန်းမှာ စေတီနှင့်စပ်သော ဘဏ္ဍာစားထိုက်၏၊

၂။ သံဃိကသန္တက၌ ထိုဝတ္ထုများကို သိမ်းပိုက်၍ထားသော ရဟန်းတော်များကို သံဃာက တောင်းရမ်း ပြောဆိုနိုင်၏၊ မပေးမဆပ်ဘဲ သုံးစွဲ၍နေခဲ့သော် ထိုရဟန်းမှာ သံဃာနှင့်စပ်သော ဘဏ္ဍာစားထိုက်၏၊

၃။ ပုဂ္ဂလိကသန္တက၌ ထိုပုဂ္ဂိုလ်အား လှူဒါန်း၍ထားသော အရာဖြစ်သောကြောင့် အလှူဆယ်မျိုးစေ့အောင် သုံးစွဲခြင်း မပြုသော် လည်း ဘဏ္ဍာစားအဖြစ်မဆိုသာပြီ၊ မစွန့်ထိုက်သောအရာ၌ စွန့်ခဲ့သော် လည်းကောင်း၊ မသုံးထိုက်သောအရာ၌ သုံးခဲ့သော်လည်းကောင်း၊ ထိုရဟန်းမှာ သဒ္ဓါဒေယျဝိနိပါတနဒုက္ကဋ် အာပတ်သင့်၏၊ အလှူဆယ် မျိုးအတွက် အသုံးချရန် လှူဒါန်းရာ၌လည်း ပြည့်စုံလုံလောက်ရှိရန် အသုံးမချ၌ မပြည့်စုံမလုံလောက် ရှိရာ၌ အသုံးချလျှင် အသုံးချထိုက်၏၊ အထူးမှာမူကား- ဃရ,သေယျ,အာဝါသထ-ဟူသော အလှူဝတ္ထု များသည် ထာဝရမျိုးဖြစ်၍ ထိုဝတ္ထုများအတွက်ကို ထိုဝတ္ထုများ၌သာ အသုံးပြုထိုက်၏၊

၆။ ''ရဟန်းသံဃာဖြစ်ပါလျက် ဝိသုဒ္ဓိနတ်မင်းကြီးလေးပါးမှ တစ်ပါး အခြားသောနတ်ကို ရှိခိုးထိုက်ပါသေးသလော၊ အကယ်၍ ရှိခိုးငြားအံ့၊ ရှိခိုးသောရဟန်းသံဃာများမှာ မည်သို့အပြစ်အာပတ်များ ရှိပါသနည်း''ဟူသော ပုစ္ဆာ၌

အဖြေကား။။ ဝိသုဒ္ဓိနတ်မင်းကြီးမှတစ်ပါး အခြားသောနတ်ကို ရှိမခိုးအပ်၊ ရှိခိုးခဲ့သော် ရှိခိုးသောရဟန်း မှာ ဒုက္ကဋ်အာပတ်သင့်၏၊

၇။ ''ရဟန်းသားမြေးဖြစ်ပါလျက် ရပ်ရွာရှိနတ်ကွန်း,နတ်ကန္နား များကို အသစ်ဆောက်လုပ်စီမံအား ထုတ်ခြင်း၊ မိမိကိုယ်တိုင် နတ်ရုပ် ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်စေခြင်း၊ ၎င်းနတ်ရုပ်ကြီးများအား အသက်သွင်းသည်ဆို၍ ပွဲတင်မြှောက်ပူဇော်ခြင်း၊ ဤသို့စသည်ဖြင့် ပြုလုပ်ခြင်းများသည် ဝိနည်းသိက္ခာပုဒ်တော်အတိုင်း ထိုသံဃာ၌ အပြစ်ရှိ သည် မရှိသည်ကို သိလိုပါကြောင်း''ဟူသော ပုစ္ဆာ၌

အဖြေကား။။ လူဖြစ်သူတို့မှာ နတ်တို့၌ ပြုသင့်ပြုထိုက်သော အမှုကို ရှေးဦးစွာပြဆိုရာ၏၊ အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် မုဏ္ဍရာဇဝဂ် ပထမသုတ်၌ အနာထပဏ်သူဌေးကြီးအား ဤသို့ဟောတော်မူ၏၊ ပုနစပရံ ဂဟပတိ အရိယသာဝကော ဥဋ္ဌာနဝီရိယာဓိ ဂတေဟိ ဘောဂေဟိ ဗာဟာဗလပ ရိစိတေဟိ သေဒါဝက္ခိတ္တေဟိ ဓမ္မိကေဟိ ဓမ္မလဒ္ဓေဟိ ပဉ္စဗလိံ ကတ္တာ ဟောတိ ဉာတိဗလိံ အတိထိဗလိံ ပုဗ္ဗပေတဗလိံ ရာဇဗလိံ ဒေဝတာဗလိံ၊ အယံ စတုတ္ထော ဘောဂါနံ အာဒိယော။ [၎င်းပါဠိတော်] အနက်ကား။။ ဂဟပတိ=သူကြွယ်၊ ပုနစပရံ=ထိုမှတစ်ပါးလည်း၊ အရိယသာဝကော=တပည့်သားဖြစ်သောသူသည်၊ ဥဋ္ဌာနဝီရိယာဓိ ဂတေဟိ=ထကြွ,လုံ့လ,ဝီရိယတို့ဖြင့် ရအပ်ကုန်သော၊ ဗာဟာဗလ ပရိစိတေဟိ=လက်ရုံးအားဖြင့် စုဆောင်းအပ်ကုန်သော၊ သေဒါ ဝက္ခိတ္တေဟိ=ချွေးထွက်စာဖြစ်ကုန်သော၊ ဓမ္မိကေဟိ=တရားနှင့် လျော်ကုန်သော၊ ဓမ္မလဒ္ဓေဟိ=တရားသဖြင့်ရအပ်ကုန်သော၊ ဘောဂေဟိ=စည်းစိမ်ဥစ္စာတို့ဖြင့်၊ ပဉ္စဗလိံ=ငါးပါး သောပူဇော်ခြင်းကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ဉာတိဗလိံ=ယခုဘဝတွင် အသက်ဝိညာဉ်ထင်ရှားရှိသော မိဘဘိုးဘွားစသော ဆွေမျိုးတို့အား ကျွေးမွေးပံ့ထောက် ချီးမြှောက်ပူဇော်ခြင်းကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ အတိထိဗလိံ=မိမိနေရာသို့ရောက်လာသော ဧည့်သည် အာဂန္တုတို့အား ကျွေးမွေးပံ့ထောက် ချီးမြှောက် ပူဇော်ခြင်းကို၊ ကတ္တာ= ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ပုဗ္ဗပေတဗလိံ=တမလွန်ဘဝသို့ ပြောင်းသွားလေပြီးသော မိဘ ဘိုးဘွာတို့အား မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်းတည်းဟူသော ပူဇော်မှုကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ရာဇဗလိံ=အစိုးရမင်းတို့အား မိမိ၌ကျရောက်သော အခွန်ဘဏ္ဍာတို့ကို ကျေကုန်စွာ ဆောင်ရွက်ခြင်းဟူသော ပူဇော်မှုကို၊ ကတ္တာ=ပြုလေ့ရှိသည်၊ ဟောတိ=ဖြစ်၏၊ ဒေဝတာဗလိံ=ကိုယ်စောင့်နတ်, အိမ်စောင့်နတ်,ရပ်စောင့်နတ်,မိရိုးဖလာ ကိုးကွယ်ရာပြုကြသော နတ်အပေါင်းတို့အား ပြုလုပ်တင်သမြဲဖြစ်သော ပူဇော်မှုကို၊ ကတ္တာ=ပြုလေ့ ရှိသည်၊ ဟောတိ=ဖြစ်၏၊ အယံ=ဤသည်ကား၊ စတုတ္ထော=လေးခုမြောက် သော၊ ဘောဂါနံ=စည်းစိမ်တို့၏၊ အာဒိယော=ယူထိုက်ရထိုက်သော အကြောင်းအရာများ ပေတည်း။

ဤငါးပါးတို့တွင် ''ဒေဝတာဗလိံ''ဟူသော ပုဒ်အရကို မဟာ ပရိနိဗ္ဗာနသုတ်၌ ဤသို့ဟောတော်မူ၏၊

ကိန္တိ တေ အာနန္ဒ သုတံ၊ ဝဇ္ဇီ ယာနိ တာနိ ဝဇ္ဇီနံ

ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရောန္တိ ဂရုံကရောန္တိ မာနေန္တိ ပူဇေန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေန္တီတိ။

သုတမေတံ ဘန္တေ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရောန္တိ ဂရုံကရောန္တိ မာနေန္တိ ပူဇေန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေန္တီတိ။

ယာဝကီဝဉ္စ အာနန္ဒ ဝဇ္ဇီ ယာနိတာနိ ဝဇ္ဇီစေတိယာနိ အဗ္ဘန္တရာနိစေဝ ဗာဟိရာနိစ၊ တာနိ သက္ကရိဿန္တိ ဂရုံကရိဿန္တိ မာနေဿန္တိ ပူဇေဿန္တိ၊ တေသဉ္စ ဒိန္နိပုဗ္ဗံ ကတပုဗ္ဗံ ဓမ္မိကံ ဗလိံ နောပရိဟာပေဿန္တိ၊ ဝုဒ္ဓိယေဝ အာနန္ဒ ဝဇ္ဇီနံ ပါဋိကင်္ခါ၊ နောပရိဟာနိ။

[၎င်းပါဠိတော်] အနက်ကား။။ အာနန္ဒ=အာနန္ဒာ၊ ကိန္တိ=အသို့လျှင်၊ တေ=သင်သည်၊ သုတံ=ကြားဖူးသနည်း၊ ဝဇ္ဇီ=ဝေသာလီပြည်ဝဇ္ဇီမင်း တို့သည်၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်းအစဉ်အဆက်တို့၏၊ အဗ္ဘန္တရာနိစေဝ=မြို့တွင်း၌ လည်းဖြစ်ကုန်ထသော၊ ဗာဟိရာနိစ=မြို့ပ၌လည်းဖြစ်ကုန်ထသော၊ ယာနိတာနိဝဇ္ဇီစေတိယာနိ=အကြင်ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ်နေရာသစ်ပင်တည်းဟူသော နတ်စေတီ တို့သည်၊ သန္တိ=ရှိကုန်၏၊ တာနိ=ထိုနတ်စေတီတို့ကို၊ သက္ကရောန္တိ= အရိုအသေပြုမြဲပြုကြကုန်၏လော၊ ဂရုံကရောန္တိ=အလေးအမြတ် ပြုမြဲပြုကြကုန်၏လော၊ မာနေန္တိ=အမြတ်တနိုးပြုမြဲ ပြုကြကုန်၏လော၊ ပူဇေန္တိ=ပူဇော်မြဲ ပူဇော်ကြကုန်၏လော၊ တေသဉ္စ=ထိုနတ်စေတီတို့အား လည်း၊ ဒိန္နိပုဗ္ဗံ=ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ ကတပုဗ္ဗံ= ရှေးပြုလုပ်မြဲ အရိုးအစဉ်ဖြစ်ထသော၊ ဓမ္မိကံ=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်းသည်ဖြစ်၍ တရားနှင့်လျော်သော၊ ဗလိံ=ပူဇော်မှုကို၊ နော ပရိဟာပေန္တိ=မဆုတ်မယုတ်စေဘဲ ပြုမြဲပြုကြကုန်၏လော၊ ဣတိ=ဤသို့၊ ပုစ္ဆိ=မေးတော်မူ၏၊ ဘန္တေ=အရှင်ဘုရား၊ ဧတံ=ဤအကြောင်း အရာကို၊ မေ=အကျွန်ုပ်သည်၊ သုတံ=ကြားဖူးပါ၏၊ ဝဇ္ဇီ=ဝေသာလီပြည် ဝဇ္ဇီမင်း တို့သည်၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်းအစဉ်အဆက်တို့၏၊ အဗ္ဘန္တရာနိစေဝ=မြို့တွင်း၌ လည်းဖြစ်ကုန် ထသော၊ ဗာဟိရာနိစ=မြို့ပ၌လည်းဖြစ်ကုန်ထသော၊ ယာနိတာနိဝဇ္ဇီစေတိယာနိ=အကြင်ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ်နေရာသစ်ပင်တည်းဟူသော နတ် စေတီတို့သည်၊ သန္တိ=ရှိကုန်၏၊ တာနိ=ထိုနတ်စေတီတို့ကို၊ သက္ကရောန္တိ= အရိုအသေပြုမြဲပြုကြကုန်၏၊ ဂရုံကရောန္တိ=အလေးအမြတ် ပြုမြဲပြုကြ ကုန်၏၊ မာနေန္တိ=အမြတ်တနိုးပြုမြဲ ပြုကြကုန်၏၊ ပူဇေန္တိ=ပူဇော်မြဲ ပူဇော်ကြကုန်၏၊ တေသဉ္စ=ထိုနတ် စေတီတို့အားလည်း၊ ဒိန္နိပုဗ္ဗံ= ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ ကတပုဗ္ဗံ=ရှေးပြုလုပ်မြဲ အရိုးအစဉ်ဖြစ်ထသော၊ ဓမ္မိကံ=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်း သည်ဖြစ်၍ တရားနှင့်လျော်သော၊ ဗလိံ=ပူဇော်မှုကို၊ နောပရိဟာပေန္တိ= မဆုတ်မယုတ်စေဘဲ ပြုမြဲပြုလုပ်ကြကုန်၏၊ ဣတိ=ဤသို့၊ သုတံ=ကြား ဖူးပါ၏၊ အာနန္ဒ=အာနန္ဒာ၊ ယာဝကီဝဉ္စ=အကြင်မျှလောက်လည်း၊ ဝဇ္ဇီ=ဝေသာလီပြည်ဝဇ္ဇီမင်းတို့သည်၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်း အစဉ်အဆက်တို့၏၊ အဗ္ဘန္တရာနိစေဝ=မြို့တွင်း၌လည်းဖြစ်ကုန်ထသော၊ ဗာဟိရာနိစ= မြို့ပ၌လည်းဖြစ်ကုန်ထသော၊ ယာနိတာနိဝဇ္ဇီစေတိယာနိ=အကြင် ဝဇ္ဇီတိုင်းတို့၏ ပူဇော်ရာဖြစ်သော နတ်စင်,နတ်ကွန်း,နတ်နန်း,နတ် နေရာသစ်ပင် တည်းဟူသော နတ်စေတီတို့သည်၊ သန္တိ=ရှိကုန်၏၊ တာနိ=ထိုနတ်စေတီတို့ကို၊ သက္ကရိဿန္တိ=အရိုအသေပြုမြဲ ပြုကြကုန်လတံ့၊ ဂရုံကရိဿန္တိ=အလေးအမြတ် ပြုမြဲပြုကြကုန်လတံ့၊ မာနေဿန္တိ= အမြတ်တနိုးပြုမြဲ ပြုကြကုန်လတံ့၊ ပူဇေဿန္တိ=ပူဇော်မြဲ ပူဇော်ကြ ကုန်လတံ့၊ တေသဉ္စ=ထိုနတ်စေတီတို့အားလည်း၊ ဒိန္နိပုဗ္ဗံ=ရှေးတင်မြဲ ပသမြဲ အရိုးအစဉ်ဖြစ်ထသော၊ ကတပုဗ္ဗံ=ရှေးပြုလုပ်မြဲ အရိုးအစဉ် ဖြစ်ထသော၊ ဓမ္မိကံ=သတ်မှုဖြတ်မှုဒုစရိုက်မှ လွတ်ကင်းသည်ဖြစ်၍ တရားနှင့်လျော်သော၊ ဗလိံ=ပူဇော်မှုကို၊ နောပရိဟာပေဿန္တိ=မဆုတ် မယုတ်စေဘဲ ပြုမြဲပြုလုပ်ကြကုန်လတံ့၊ အာနန္ဒ=အာနန္ဒာ၊ ဝဇ္ဇီနံ=ဝဇ္ဇီမင်း ဆက်တို့၏၊ ဝုဒ္ဓိယေဝ=ပစ္စုပ္ပန်သံသရာ ချမ်းသာနှစ်ပါးပွါးများခြင်းကို သာလျှင်၊ ပါဋိကင်္ခါ=အလိုရှိအပ်၏၊ ပရိဟာနိ=ဆုတ်ယုတ်ခြင်းကို၊ နောပါဋိကင်္ခါ=အလိုမရှိအပ်။

ဤပါဠိတော်ကိုထောက်၍ လူဖြစ်သောသူတို့မှာ ပစ္စုပ္ပန်အကျိုး အတွက် လောကပါလနတ်များကို ရှိခိုးကောင်း၏၊ ပူဇော်ကောင်း၏၊ နတ်ကွန်း,နတ်ကန္နားကို ဆောက်လုပ်ကောင်း၏၊ စီမံကောင်း၏၊ မိမိကိုယ်တိုင် နတ်ရုပ်ကြီးများ ကံကျွေးလက်ခပေး၍ ထုလုပ်ကောင်း၏၊ ပွဲတင်မြှောက် ပူဇော်ခြင်းကို ပြုလုပ်ကောင်း၏၊ ရဟန်းဖြစ်သော သူတို့မှာမူကား- နတ်များကို ရှိခိုးခြင်းငှါမပအ်၊ နတ်ကွန်း,နတ်ကန္နားများကို ကိုယ်တိုင်မဆောက်ကောင်း၊ လူများကို ဆောက်လုပ်ကြစေရန် စေ့ဆော်ကောင်း၏၊ နတ်ရုပ်ကြီးများကို ရဟန်းကိုယ်တိုင် မထုလုပ် ကောင်း၊ လက်ခကံကျွေးပေး၍ လူများကို ထုလုပ်စေအပ်၏၊ ၎င်းနတ်ရုပ် ကြီးများအား ပွဲတင်မြှောက်ပူဇော်ခြင်းကို ရဟန်းကိုယ်တိုင်မပြုအပ်၊ လူများကို ပြုလုပ်စေအပ်၏၊ ဤအလုံးစုံကိုလည်း ယခုဘဝ၌ အန္တရာယ် ကင်း၍ ချမ်းသာသုခကိုရခြင်းငှါ ပြုအပ်၏၊ ရတနာသုံးပါးကိုလည်း အမြတ်တနိုး ကိုးကွယ်လျက်ရှိသောကြောင့် နတ်များကို ထိုသို့ပြုသော် လည်း သရဏဂုံမပျက်။

၈။ ဉာတိပဝါရိတမဟုတ်သော ဒါယကာ,ဒါယိကာမတို့အား တောင်းရမ်းပြောဆို၍ရအပ်သော ပစ္စည်းနှင့် အခြားသောသံဃာတို့အား ကျွေးမွေးလှူဒါန်းခဲ့ပါလျှင် ထိုသုံးစားသော ရဟန်းတို့အား အပ်မအပ်၊ ပြုလုပ် တောင်းရမ်းသော ရဟန်းတို့အား အဘယ်ကဲ့သို့သော အပြစ်ဟူ၍ သေချာစွာ သိချင်ပါကြောင်း။

၉။ ပစ္စည်းလေးပါးဖိတ်ကြားသူ ဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ပစ္စည်းလေးပါးမဖိတ်ကြားသူ ဒါယကာ,ဒါယိကာမတို့ထံဖြစ်စေ၊ ခေတ္တ ကြေးငွေများကို ချေးငှါးပြီးတစ်ခုခုတွင် အသုံးချလိုက်ပြီးနောက် ထိုဝတ္ထုငွေများကို ပြန်၍မပေးနိုင်သော ရဟန်းတော်များမှာ ဘယ်လိုအပြစ်,ဘယ်လိုအာပတ်သင့်မည်ကို သိချင်ပါကြောင်း။

၁၀။ ဒါယကာ,ဒါယိကာမတစ်ဦးတစ်ယောက်ထံက အကြွေး ငွေကျပ် ၁၀၀ိ-ဖိုးလောက် ဝယ်ခြမ်းသုံးစွဲပြီး ထိုအကြွေးကို မဆပ်ပေး နိုင်ခဲ့ပါမူ ထိုရဟန်းမှာ ဘယ်လိုကံ,ဘယ်လိုအာပတ်ဟု သိလိုပါကြောင်း။ [ဤအမေး ၃-ချက်မှာ ''ပဏ္ဍိတ''ဆရာ အဖြေရှိလေပြီ။]

၁၂၈၂-ခု၊ တပေါင်းလဆန်း ၁၅-ရက်နေ့ ၃-နာရီ မိနစ်-၃၀ အချိန်တွင် ပဲခူးဒိစတြိတ် ကဝမြို့ ငါးထပ်ဘုရားကြီး ပရဝဏ်အတွင်း ခေတ္တလယ်တီစံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဖြေဆိုတော်မူအပ်သော ဓားဝယ်ပုစ္ဆာအဖြေ ပြီး၏၊

ပဏ္ဍိတဆရာဖြေဆိုချက်

ဇယတု။။ မြဝတီဆရာတော်ဘုရားထံလျှောက်ထားသော ပုစ္ဆာဆယ်ချက်ကို မဖြေမကြားဘဲနေသည့်အတွက် ဒါယကာတို့က စိတ်ဒွိဟမကင်း ရှင်းလင်းဖြေဆိုစေလိုကြောင်းနှင့် လျှောက်ထား တောင်းပန်ကြရာ ဆရာပဏ္ဍိတက အကျဉ်းသင်္ခေပဖြင့် အများသိကြ စေရန် ပါဌ်သံပါဠိမရှိမပါ ကျမ်းလာအဟုတ် စကားပြင်ဖြင့် ဖြေထုတ်လိုက် သော ဝိသဇ္ဇနာကား

ဆယ်ချက်သောပုစ္ဆာတို့တွင် အစဉ်ကိုမပြဘဲ မိဿကရော ယှဉ်တွဲ၍ ကွဲကွဲပြားပြား ခြားနားသိသာအောင် ဖြေဆိုပေတော့အံ့။

ကောသလအိပ်မက်ခန်းတွင် ဘုရားသခင် ဟောကြားတော်မူခဲ့ သည်မှာ

''ငါဘုရားသာသနာဆုတ်ယုတ်သောအခါ ပါပမင်းလက်ထက် လောလုပ္ပတဏှာအတွက်ကြောင့် ပစ္စည်းများကို ငဲ့ကွက်ခြင်းသဘော ထား၍ ငါဘုရားတရားကို သာယာစွာအသံနေအသံထားနှင့် ဟောကြား ပြသကုန်လတံ့၊ ထိုရောအခါ ၎င်းသဒ္ဒတဏှာကာမဂုဏ်အဟုန်သံကို ကြားနာရ၍ များစွာသောပစ္စည်း, များစွာသောရွှေငွေတို့ကို လှူကြကုန် လတံ့၊ ထိုသို့ဟောပြောသော အလဇ္ဇီပါပဘိက္ခုရဟန်းစုတို့သည် အဖိုးနဂ္ဃ ထိုက်သော စန္ဒကူးနံ့သာများကို မစင်ဘင်ပုပ်နှင့်လဲ၍ စားဘိသကဲ့သို့ အဖိုအနဂ္ဃထိုက်သော လောကုတ္တရာတရားကို မစင်ဘင်ပုပ်နှင့်တူသော ရွှေငွေပစ္စည်းဘဏ္ဍာတို့ဖြင့် လဲ၍စားသော အလဇ္ဇီပါပဘိက္ခုရဟန်း တို့သည် ပေါ်ပေါက်လတံ့''

ဟု ဟောတော်မူသော ပါရာဇိကဏ်အဋ္ဌကထာ, တေရသကဏ် ဋီကာတွင် လာသည်ကိုထောက်ထား၍ သာသနာတော်မရွေ့ရှားရအောင် သတိထားကြရမည်။

[ဤကား-ပထမသာသနာပြုစာတမ်းတည်း။]

၈။ ရဟန်းတို့မှာ ဉာတိပဝါရိတမဟုတ်သောသူတို့ထံ ဝစီဝိညတ် ဖြင့်တောင်းခံ၍ရသော ပစ္စည်းများကို သုံးစွဲစားသောက်ခဲ့လျှင် အာပတ် သင့်ကြောင့်၊ ရွှေငွေတို့ကို ကိုယ်တိုင်ခံခြင်း, သူတစ်ပါးကိုခံစေခြင်း, အနီး၌ ထားသည်ကို သာယာခြင်းကြောင့် နိဿဂ္ဂိပါစိတ်အာပတ်သင့်ခြင်း, ၎င်းရွှေငွေတို့ဖြင့် ရောင်းဝယ်၍ရသော ပစ္စည်းများနှင့်ဇရပ်,တန်ဆောင်း, ကျောင်း,ကန်,အာဝါသပြုလုပ်ခြင်း, ၎င်းဇရပ်,တန်ဆောင်း,ကျောင်း,ကန်, အာဝါသတို့၏ အရိပ်ကိုပင်မခိုအပ်ကြောင်း၊ ၎င်းရွှေငွေတို့ဖြင့် ရောင်းဝယ်၍ရအပ်သောပစ္စည်းရပ်ဟူသမျှကိုပင် မသုံးဆောင်အပ် ကြောင်း၊ ထိုဝတ္ထုပစ္စည်းဖြင့် တူးအပ်သောရေတွင်း,ရေကန်စသည်တို့မှ ထွက်သော ရေကိုပင် မသောက်အပ်ကြောင်း၊ ၎င်းဝတ္ထုတို့ဖြင့် ဝယ်၍ရအပ်သောမျိုးစေ့တို့ကို စိုက်၍ရအပ်သော သစ်သီးများကိုလည်း မစားကောင်း၊ ဤသို့စသည်ဖြင့် မအပ်ကြောင်းကို ပါရာဇိကဏ် အဋ္ဌကထာတို့၌ များစွာပင်လာသည် မယုံလျှင် ကြည့်ကြပါလေ။

သီတင်းသုံးဘော်ငါးယောက်တို့မှာကား အကြင်မျှလောက် သောကာလပတ်လုံး မသိသေး၊ ထိုမျှလောက်သောကာလပတ်လုံး သုံးဆောင်ခဲ့လျှင် အာပတ်မှလွတ်ပါသေး၏၊ သိသောအခါကစ၍ သုံးဆောင်ခဲ့လျှင် အာပတ်သင့်တော့သည်၊ ၎င်းမအပ်သောအမှုတို့ကို ပြုကျင့်သောရဟန်းတို့ကို တစ်ပါးသောသူတို့က ချီးမွမ်းထောမနာခြင်း, တရားဟောတိုက်တွန်းခြင်း-စသည်တို့ကိုပြုလုပ်သော ရှင်လူရဟန်း တို့ကိုလည်း သာသနာတော်ကို ကွယ်စေသောဟူ၍ မှတ်ကြရမည်ဟု ၎င်းအဋ္ဌကထာတွင်လာသည်၊ မယုံလျှင် လှန်၍ကြည့်ကြလေ။ [ဤကား-ဒုတိယသာသနာပြုစာတမ်းတည်း။]

၃-၄။ မအပ်မရာသော သင်္ကန်းသပိတ်ပရိက္ခရာတို့ကို ဝတ်ရုံ သုံးစွဲသောရဟန်းတို့ကို မြင်ခဲ့ပါလျှင် ၎င်းသင်္ကန်းသပိတ်ပရိက္ခရာတို့ကို ဖျက်ဆီးဖြိုခွဲခြင်းကိုပြုကြသော ရဟန်းများမှာ အပြစ်မရှိဟုလာ သည်တစ်ရပ်၊ တစ်ပါးသောသူတို့ စိုးပိုင်းသောသိမ်တွင်း,အရာမ်တွင်း၌ မင်းကျွမ်းဝင်သော ရဟန်းတို့က အသင်းအပင်းကိုရ၍ အတင်းအဓမ္မ ဆောက်လုပ်ထားသော ဝတ္ထုများကို သုံးကြိမ်တိုင်တိုင် ပြောဆို၍မရခဲ့လျှင် အစဉ်အတိုင်းအမိုးအကာများကို ဖျက်ဆီး၍ပုံထား၊ တိုင်,အုတ်စသော ဝတ္ထုများကို ဖျက်ဆီး၍ပုံထားပြီးလျှင် ဥစ္စာရှင်တို့ကို လာ၍ယူကြပါဟု စေခိုင်းရမည်၊ လာ၍မယူဘဲပျောက်ပျက်သွားခဲ့သော်လည်း ဖျက်ဆီးဖြိုခွဲ သောသူမှာ အပြစ်မရှိကြောင်းကို ၎င်းအဋ္ဌကထာ အဒိန္နာဒါန်သိက္ခာ ပုဒ်မှာ ကြည့်ကြပါလေ၊ တွေ့ပါလိမ့်မည်။

[ဤကား-တတိယသာသနာပြုစာတမ်းတည်း။] ၆-၇။ နတ်တို့ကိုကိုးကွယ်သောအရာမှာ နတ်ဝင်မ(နတ်ကတော်) တစ်ယောက်သည် နတ်တို့၏နေရာ နတ်ကွန်း,နတ်တဲ၌နေပြီးလျှင် လာလာသမျှသောသူတို့ကို နတ်တို့အား ပူဇော်ကိုးကွယ်သောသူတို့မှာ အကျိုးစီးပွါး များလတံ့-ဟု အယူမှားအောင်ပြုလုပ်ခြင်း, လှည့်ဖြား၍ စားသောက်ခြင်းကြောင့် ပြိတ္တာဘုံ၌ကြီးစွာသောဒုက္ခကို ခံစား၍နေ ရကြောင်းကို ပါရာဇိကဏ်အဋ္ဌကထာ စတုတ္ထသိက္ခာပုဒ်တွင် လာသည် ကိုထောက်၍ အလွန်ကြောက်အပ်ကြောင်း၊ ရှိခိုးကိုးကွယ်အပ်သော ပုဂ္ဂိုလ်ထဲတွင်မပါခြင်းကြောင့် ရဟန်းတို့မှာနတ်တို့ကို ရှိခိုးကိုးကွယ်လျှင် အာပတ်သင့်ကြောင်းကို သိကြလေ။

[ဤကား-စတုတ္ထသာသနာပြုစာတမ်းတည်း။]

၉-၁၀။ ရဟန်းတို့မှာ တစ်စုံတစ်ယောက်သော သူတို့ထံ ဝတ္ထုကြေးငွေကို ချေးငှား၍မပေးနိုင်လျှင် ဘဏ္ဍာ စားထိုက်ကြောင်း ဘဏ္ဍာစားဆိုသည်မှာ ဥစ္စာရှင်ကတောင်း၍မရလျှင် ငါတို့ဥစ္စာမရပြီ ဟုဝန်ချခြင်း၊ ရဟန်းကလည်း မပေးပြီဟုဝန်ချခြင်း၊ နှစ်ပါးစုံဝန်ချလျှင် ရဟန်းတို့မှာ အဒိန္နာဒါန်ကံထိုက်၍ ပါရာဇိကကျကြောင်း ကို အဒိန္နာဒါန် သိက္ခာပုဒ်အဖွင့် ပါရာဇိကဏ် အဋ္ဌကထာ၌လာသည်၊ မယုံလျှင်ကြည့်ကြ ပါလေ။

[ဤကား-ပဉ္စမသာသနာပြုစာတမ်းတည်း။]

၅။ အလှူဆယ်ပါးတို့တွင် တစ်ပါးပါးကိုရည်မှတ်၍ လှူလိုက် သောပစ္စည်းတို့ကို အလှူဆယ်ပါးတို့တွင် တစ်ပါးပါးကိုမျှ မပြုလုပ်ဘဲ သုံးစွဲစားသောက်ခဲ့လျှင် ရှေးနည်းအတူ ဘဏ္ဍာစားထိုက်၍ နှစ်ဦးနှစ်ဝ ဝန်ချခဲ့လျှင် ရဟန်းမှာ ပါရာဇိကကျကြောင်း၊ ၎င်းအဋ္ဌကထာတွင် လာပြန်သည်၊ မယုံလျှင်ကြည့်ကြပါလေ။

[ဤကား-ဆဋ္ဌမသာသနာပြုစာတမ်းတည်း။]

ဤမျှလောက်အကျဉ်းအားဖြင့် ပဏ္ဍိတ-ဆရာဖြေဆိုလိုက်သော ဝိသဇ္ဇနာကို ယခုထင်ရှားရှိသော မြဝတီဆရာတော်၊ လယ်တီဆရာ တော်၏ တပည့်ဦးပညာသီလ, အောင်မင်္ဂလာဆရာတော်ကလေး ဓားဝယ်မြို့ ပညာရှိတို့ထံ ဟုတ်-မဟုတ်၊ မှန်မမှန်ကို ဧကန်-ဧကသိကြလို လျှင် မြန်မြန်ပင် ပုံနှိပ်တင်၍ပြကြလေ။

[၁၂၈၂-ခု၊ တပို့တွဲလပြည့်ကျော် ၅-ရက်နေ့တွင် ပဏ္ဍိတဆရာ ဖြေဆိုလိုက်သော

ဝိသဇ္ဇနာ-သာသနာပြုစာတမ်းတည်း။]

ဆောင်ပုဒ်လင်္ကာ

၁။ ရပ်ရပ်ရွာရွာ၊ သာသနာ၊ ရောင်ဝါဧကန်ညှိုးလတံ့။

၂။ အသံသာသာ၊ တရားစာ၊ ဆွဲခါ-ငင်ခါဟောလတံ့။

၃။ တရားနာလာ၊ ထိုသူမှာ၊ တဏှာဧကန်ပွါးလတံ့။

၄။ တဏှာပွါးလျှင်၊ ဒုက္ခပင်၊ လျင်လျင်ခံရပေလတံ့။

၅။ တဏှာကိုပင်၊ ကုသိုလ်ထင်၊ အမြင်မှားလတံ့။

၆။ တရားမှန်းမသိ၊ လူဒုဗ္ဗိ၊ ပေါ်ရှိထိုခါ များလတံ့။

၇။ တရားဆိုတာ၊ ဘယ်လိုဟာ၊ မသိရှာထိုခါ များလတံ့။

၈။ တရားအမှန်၊ ဟောကြပြန်၊ မနာခံသူများလတံ့။

၉။ များသောအခါ၊ သာသနာပ၊ ကွယ်ကြသည်ပဲဗျို့။ ''ပဏ္ဍိတ''ဆရာ-ဖြေဆိုချက်ပြီး၏၊

ဓားဝယ်ပုစ္ဆာအဖြေပြီး၏၊

* -------- -------- *

ဓညဝတီပုစ္ဆာအဖြေ

လျှောက်လွှာ

ဓညဝတီရဟန်းတော်များက အောက်ပါအမေးပုစ္ဆာ ၈-ချက်ကို ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးထံ အဖြေရေးသား ပေးသနား တော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ပါသည် ဆရာတော်ဘုရား။

၁။ ရဟန်းတို့၏ဥစ္စာဖြစ်သော ကျောင်းပစ္စည်းများကို ခိုးသူတို့ ခိုးယူရာ၌ ဥစ္စာရှင်ဖြစ်သောရဟန်းမူကား အစိုးရတရားသူကြီးများထံ တရားစွဲဆိုခြင်းကိုမပြု၊ ၎င်းရဟန်းအား အမြဲကိုးကွယ်နေသူ လူဒါယကာ တို့ကသာ တရားစွဲဆိုခြင်းကို ပြုသည့်အတွက် အစိုးရတရားသူကြီးများ သည် ၎င်းခိုးသူအား အမှုအားလျော်စွာ ရာဇဒဏ်ကိုပေးအံ့၊ ဥစ္စာရှင်ဖြစ် သောရဟန်းအား အာပတ်မှလွတ်ကင်းပါမည်လော။

၂။ ရဟန်းတို့သည် ရွှေငွေစသည်များကို ရွာနေသူလူဒါယကာ တို့အား ချေးငှားအပ်နှံထားရာ၌ ၎င်းဒါယကာသည် ဥစ္စာရှင်ရဟန်း အားပြန်၍ မပေးမဆပ်ခြင်းကြောင့် ဆိုင်ရာတရားသူကြီးများထံ တောင်းခံရာ တရားသူကြီးများက ချေးရင်းငွေနှင့်ကုန်ကျသော စရိတ်ငွေ တို့ပါပေးလျော်စေ-ဟု စီရင်ချက်ချပေးသောကြောင့် ၎င်းဒါယကာသည် ချေးရင်းငွေနှင့်ကုန်ကျသောစရိတ်ငွေတို့ပါ တရားလိုဖြစ်သောရဟန်းအား ပေးလျော်ရငြားအံ့၊ ချေးရင်းငွေထက်ပိုမိုသော စရိတ်ငွေကို ''ဒဏ်''ဟူ၍ ဆိုသင့်ပါမည်လော။

၃။ ဟောင်းနွမ်းယွင်းယိုကွဲပြိုပျက်စီးရှိနေပြီးသော စေတီတော် ကိုဖြိုဖျက်၍ မဟာရာမ်တံတိုင်းနှင့်ဘုရား ရုပ်ပွါးဆင်းတုမျှကိုသာ ချန်ထားပြီးလျှင် ၎င်းအုတ်ကျောက်အင်္ဂတေများကို အခြားတစ်ရပ်သို့ ရွေ့ပြောင်းစုပုံထား၍ ၎င်းအရံအတွင်း၌ ဘုရားသိမ်တော်ဆောက်လုပ် ကောင်းပါမည်လော။

၄။ လူဖြစ်သောဒါယကာတို့သည် ကာလပိုင်းခြား၍ရှစ်ပါး, ဆယ်ပါးသီလများကို ခံယူဆောက်တည်၍နေရာ မသာအသုဘအလှူ ဇရပ်စသည်၌ ငါးပါးသီလကိုခံယူသော်လည်း သီလမပျက်ခံယူကောင်း ၏-ဟု အချို့အယူရှိကြ၏၊ ၎င်းစကားသည် ကျမ်းဂန်များနှင့်ညီညွတ် ပါမည်လော။

၅။ ရဟန်းသံဃာတော်များထင်ရှားရှိလျက် ဘုရားရုပ်ပွါး ဆင်းတု တော်ထံမှာ သီလခံယူသော်လည်း သီလမရ-ဟု အချို့သော ပုဂ္ဂိုလ်တို့ ထုတ်ဆိုမိန့်ဟပြောဆိုကြ၏၊ ထိုစကားသည် ဘုရားအလိုတော်ကျ ဗုဒ္ဓမတ္တညုကျမ်း ပြုလိမ်မာ အဋ္ဌကထာဆရာ၏ အယူနှင့်တူပါမည်လော။

၆။ ချောမောဆန်းကြယ်တင့်တယ်လျောက်ပတ်သော စေတီ တော်မြတ်၏ အရံအကာမဟာရာမ်တံတိုင်းကို ဖြိုဖျက်၍ ၎င်းဘုရား အတွင်းအောက်မြေအပြင်၌ သမံတလင်းအခင်းပြုလုပ် ကောင်းပါ မည်လော။

၇။ ဝေရီဝိသဘာဂ-ဝဂ္ဂဖြစ်သောသံဃာသည် ကျောင်းတိုက် အနီးရှိလျက် ၎င်းပုဂ္ဂိုလ်တို့အား ဝတ်ကိုမကြားဘဲ ပရိဝတ် မာနတ်ဆောက် တည်ရာ စူဠဝါပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်ပါမည်လော။

၈။ လူအဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်တို့သည် မိမိနေထိုင်ခဲ့သော ကျောင်းကို ငါပိုင်ဆိုင်သောကျောင်း-ဟုပြောဆိုကြရာ ထိုသူတို့ပိုင်ဆိုင် ထိုက်, မပိုင်ဆိုင်ထိုက်ကြောင်းများကို သိလိုပါသည်ဘုရား။

--------

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

၁၂၈၂-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၀-ရက်နေ့

ပထမပုစ္ဆာအဖြေ

လျှောက်လွှာပါ ၈-ချက်တို့တွင်

၁။ ရဟန်းတို့၏ဥစ္စာဖြစ်သော ကျောင်းပစ္စည်းများကို ခိုးသူတို့ ခိုးယူရာ၌ ဥစ္စာရှင်ဖြစ်သောရဟန်းမူကား အစိုးရတရား သူကြီးများထံ တရားစွဲဆိုခြင်းကိုမပြု၊ ၎င်းရဟန်းအား အမြဲကိုးကွယ်နေသူ လူဒါယကာ တို့ကသာ တရားစွဲဆိုခြင်းကို ပြုသည့်အတွက် အစိုးရတရားသူကြီး များသည် ၎င်းခိုးသူအား အမှုအားလျော်စွာ ရာဇဒဏ်ကိုပေးအံ့၊ ဥစ္စာ ရှင်ဖြစ်သောရဟန်းအား အာပတ်မှလွတ်ကင်းပါမည်လော။ [ဤကား-အမေး။]

အဖြေကား။။ ရဟန်းအား အမြဲကိုးကွယ်နေသူ လူဒါယကာ တို့ကသာ တရားစွဲဆိုရာ၌ (၁)ပစ္စည်းရှင် ရဟန်းတော်၏ စေခိုင်းခြင်း ပယောဂနှင့်လွတ်ကင်း၍ လူဒါယကာတို့က အလိုအလျောက်စွဲဆိုခြင်း တစ်ပါး၊ (၂) ပစ္စည်းရှင် ရဟန်းတော်က သင်တို့တရားစွဲကြကုန်လော့ဟု တိုက်တွန်း၍ လူဒါယကာတို့စွဲဆိုခြင်းတစ်ပါး-ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်

၁။ လူဒါယကာတို့ အလိုအလျောက်တရားစွဲဆိုရာ၌ လူဒါယကာ တို့က တရားစွဲဆိုခြင်းကို ပြုသည့်အတွက် အစိုးရတရားသူကြီးများက ၎င်းခိုးသူအား အမှုအားလျော်စွာ ရာဇဒဏ်ကိုပေးသော်လည်း ပစ္စည်းရှင် ရဟန်းတော်မှာ တစ်စုံတစ်ခုမှုပြစ်မရှိ၊ လွတ်ကင်းလေ၏၊ ၂။ ရဟန်းတော်၏ တိုက်တွန်းချက်နှင့် လူဒါယကာတို့ စွဲဆိုရာ၌မူကား- ရဟန်းတော်ကိုယ်တိုင်စွဲဆိုသည်နှင့် အတူတူပင်ဖြစ်၏၊

ရဟန်းတော်၏ တိုက်တွန်းချက်သည်လည်း ဥဒ္ဒိဿ,အနုဒ္ဒိဿဟူ၍နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်

၁။ ဥဒ္ဒိဿဆိုသည်ကား- ခိုးသူ၏နာမည်ကို ထုတ်ဖော် ပြော ကြား၍ တိုက်တွန်းခြင်းတည်း။

၂။ အနုဒ္ဒိဿဆိုသည်ကား- ခိုးသူ၏နာမည်ကို ထုတ်ဖော် ပြောကြားခြင်းကိုမပြုမူ၍ တိုက်တွန်းခြင်းတည်း။

ထိုတွင် ဥဒ္ဒိဿ၌ အစိုးရတရားသူကြီးတို့ ငွေဒဏ်,ကြေး ဒဏ်တပ်ခဲ့သော် ပစ္စည်းရှင်ရဟန်းတော်မှာ ဘဏ္ဍာစားထိုက်၏၊ အနုဒ္ဒိဿမှာမူကား- အစိုးရတရားသူကြီးတို့က ခိုးသူအား ငွေဒဏ်, ကြေးဒဏ်တပ်ခဲ့သော်လည်း ဘဏ္ဍာစားမထိုက်၊ တစ်စုံတစ်ခု မှုပြစ် မရှိဟု-မှတ်လေ။

ပထမပုစ္ဆာအဖြေပြီး၏၊

--------

ဒုတိယပုစ္ဆာအဖြေ

၂။ ဒုတိာအချက်၌-ရဟန်းတို့သည် ရွှေငွေစသည်များကို ရွာနေသူလူဒါယကာတို့အား ချေးငှားအပ်နှံ ထားရာ၌ ၎င်းဒါယကာသည် ဥစ္စာရှင်ရဟန်းအား ပြန်၍မပေးမဆပ်ခြင်းကြောင့် ဆိုင်ရာတရားသူကြီး များထံ တောင်းခံရာ တရားသူကြီးများက ချေးရင်းငွေနှင့်ကုန်ကျသော စရိတ်ငွေတို့ပါ ပေးလျော်စေဟု စီရင်ချက်ချပေးသောကြောင့် ၎င်း ဒါယကာသည် ချေးရင်းငွေနှင့်ကုန်ကျသောစရိတ်ငွေတို့ပါ တရားလို ဖြစ်သောရဟန်းအား ပေးလျော်ရငြားအံ့၊ ချေးရင်းငွေထက် ပိုမိုသော စရိတ်ငွေကို ''ဒဏ်''ဟူ၍ ဆိုသင့်ပါမည်လော။

[ဤကား-အမေး။]

အဖြေကား။။ ချေးရင်းငွေထက် အပိုအမိုကုန်ကျသော စရိတ် ငွေကိုဒဏ်ဟူ၍ မဆိုသင့်၊ အကြောင်းမူကား ရာဇဝတ်မှုစုကို ကျူးလွန်မှု အတွက် ထောင်ဒဏ်ဖြစ်စေ, ကြိမ်ဒဏ်ဖြစ်စေ, ငွေဒဏ်ဖြစ် စေတပ်ရာ ၌သာဒဏ်ဟူ၍ ဆိုသင့်သည်၊ ဤအရာ၌ကား တရားနိုင်သူ တရားလို၌ အပိုအမိုကုန်ကျသော တရားစရိတ်ကို တရားရှုံးသူ တရားခံက ကျခံစေ ဟူ၍ ဆုံးဖြတ်ခြင်းသည် မြန်မာဓမ္မသတ်တို့၌လည်းကောင်း၊ အိန္ဒိယ ရာဇသတ်တို့၌လည်းကောင်း ဆုံးဖြတ်မြဲအရိုးအစဉ်ဖြစ်ပေသည်၊ သို့သော် တရားနိုင်သူ ရဟန်းတော်က အပိုအမိုကုန်ကျသော စရိတ်လျော်ကြေး များကို ခံယူခြင်းငှါမအပ်၊ ချေးငှါးအပ်နှံရင်းဖြစ်သောငွေကိုသာ ကပ္ပိယ နည်းလမ်းအားဖြင့် ခံယူအပ်၏၊

ဒုတိယပုစ္ဆာအဖြေပြီး၏၊

--------

တတိယပုစ္ဆာအဖြေ

၃။ တတိယအချက်၌-ဟောင်းနွမ်းယွင်းယိုကွဲပြိုပျက်စီးရှိ နေပြီးသော စေတီတော်ကိုဖြိုဖျက်၍ မဟာရာမ် တံတိုင်းနှင့်ဘုရား ရုပ်ပွါး ဆင်းတုမျှကိုသာ ချန်ထားပြီးလျှင် ၎င်းအုတ်ကျောက်အင်္ဂတေများကို အခြားတစ်ရပ် သို့ရွေ့ပြောင်းစုပုံထား၍ ၎င်းအရံအတွင်း၌ ဘုရားသိမ် တော်ဆောက်လုပ်ကောင်းပါမည်လော၊ သို့မဟုတ်-ခဏ္ဍသိမ် ဆောက် လုပ်ကောင်းပါမည်လော။

[ဤကား-အမေး။] အဖြေကား။။ အဖိုးတန်ခြင်း,အကျိုးကျေးဇူးများခြင်း နှိုင်း ယှဉ်ရာ၏၊ နောက်လုပ်သော အဆောက်အအုံကအဖိုးတန် အကျိုး ကျေးဇူးလည်းမများခဲ့သော် မဆောက်လုပ်ကောင်း၊ နောက်လုပ်သော အဆောက်အအုံက အဖိုးသာတန်ခဲ့သော်လည်းကောင်း၊ အကျိုးကျေးဇူး သာ၍များခဲ့သော်လည်းကောင်း ဆောက်လုပ်ကောင်း၏၊

တတိယပုစ္ဆာအဖြေပြီး၏၊

--------

စတုတ္ထပုစ္ဆာအဖြေ

၄။ စတုတ္ထအချက်၌-လူဖြစ်သောဒါယကာတို့သည် ကာလ ပိုင်းခြား၍ရှစ်ပါး,ဆယ်ပါးသီလများကို ခံယူဆောက်တည်၍နေရာ မသာအသုဘအလှူဇရပ်စသည်၌ ငါးပါးသီလကိုခံယူသော်လည်း သီလမပျက်ခံယူ ကောင်း၏-ဟု အချို့အယူရှိကြ၏၊ ၎င်းစကားသည် ကျမ်းဂန်များနှင့်ညီညွတ်ပါမည်လော။

[ဤကား-အမေး။]

အဖြေကား။။ ခံယူပြီးသော ရှစ်ပါး,ဆယ်ပါးသီလများပျက်ရန် အကြောင်းနှစ်ပါးသာ ကျမ်းဂန်များလာ၏၊ နှစ်ပါးဆိုသည်ကားကာလအပိုင်းအခြားအတွင်း၌ သိက္ခာပုဒ်ကိုလွန်ကျူး၍ ပျက်ခြင်းတစ်ပါး၊ ကာလအပိုင်းအခြား လွန်၍ ပျက်ခြင်းတစ်ပါး-ဟူ၍ နှစ်ပါးတည်း၊ ဆယ်ပါးသီလကို ခံယူပြီးသောသူသည် ရှစ်ပါးသီလ,ငါးပါးသီလများကို တစ်ဖန်ခံယူခဲ့သော်လည်းကောင်း၊ ရှစ်ပါးသီလကို ခံယူပြီးသောသူသည် ငါးပါးသီလကိုခံယူခဲ့သော်လည်းကောင်း ခံယူပြီးသော သီလပျက်သည် ဟူ၍ သီလပျက်အင်္ဂါ၌မလာ၊ စင်စစ်မူကား နောက်ထပ်မံ၍ခံသော ငါးပါးသီလသည် ဆယ်ပါး,ရှစ်ပါးသီလတို့၌ အတွင်းဝင်လျက်ရှိသော ကြောင့် ဆယ်ပါး,ရှစ်ပါးတို့ကို တစ်စိတ်တစ်ဒေသအားဖြင့် ထောက်ပံ့ သကဲ့သို့ ဖြစ်ပေ၏၊

စတုတ္ထပုစ္ဆာအဖြေပြီး၏၊

--------

ပဉ္စမပုစ္ဆာအဖြေ

၅။ ပဉ္စမအချက်၌-ရဟန်းသံဃာတော်များထင်ရှားရှိလျက် ဘုရားရုပ်ပွါးဆင်းတုတော်ထံမှာ သီလခံယူ သော်လည်း သီလမရ-ဟု အချို့သောပုဂ္ဂိုလ်တို့ထုတ်ဆိုမိန့်ဟပြောဆိုကြ၏၊ ထိုစကားသည် ဘုရားအလိုတော်ကျ ဗုဒ္ဓမတ္တညုကျမ်းပြုလိမ်မာ အဋ္ဌကထာဆရာ၏ အယူနှင့်တူပါမည်လော။

[ဤကား-အမေး။]

အဖြေကား။။ လူတို့သီလ၌ သီလခံယူသူ၏ နှုတ်ပဋိညာဉ် အတွက်ရသည်မဟုတ်၊ လူတို့အား သီလပေးမှု မည်သည် သိက္ခာပုဒ် အစဉ်ကို ကျေပွန်စွာရရှိခဲ့သော် ရဟန်းများအထံသို့မသွားမူ၍, စေတီရှိရာ သို့မသွားမူ၍ မိမိနေရာ၌ပင်လျှင် မိမိအလိုအလျောက်နှုတ်မြွက်၍ ဆောက်တည်လျှင်လည်း ရတော့သည်သာဖြစ်၏၊ ဘုရားရုပ်ပွါး ဆင်းတု တော်ထံမှာ ခံယူရာ၌ဆိုဖွယ်မရှိ၊ သီလလည်းရ၏၊ ဘုရားကို ရိုသေမှု ကုသိုလ်လည်းပွါးများ၏၊ ထို့ကြောင့် ရဟန်းသံဃာတော်များ ထင်ရှားရှိ လျက်ဘုရားရုပ်ပွါးဆင်းတုတော်ထံမှ ခံယူသော်လည်း သီလမရဟုဆိုကြသောပုဂ္ဂိုလ်များ၏စကားသည် ကျမ်းဂန်မရှိ၊ ယုတ္တိမရ၊ မန္ဒပုဂ္ဂိုလ်တို့၏စကားသာတည်း။

ပဉ္စမပုစ္ဆာအဖြေပြီး၏၊

ဆဋ္ဌမပုစ္ဆာအဖြေ

၆။ ဆဋ္ဌမပုစ္ဆာ၌-ချောမောဆန်းကြယ်တင့်တယ် လျောက် ပတ်သော စေတီတော်မြတ်၏ အရံအကာ မဟာရာမ်တံတိုင်းကို ဖြိုဖျက်၍ ၎င်းဘုရားအတွင်းအောက်မြေအပြင်၌ သမံတလင်း အခင်းပြုလုပ် ကောင်းပါမည်လော။

[ဤကား-အမေး။]

အဖြေကား။။ အကျိုးကျေးဇူးချင်းနှိုင်းယှဉ်ရာ၏ မဟာရာမ် တံတိုင်းရှိနေသည့် အကျိုးကျေးဇူးအောက် သမံတလင်းအကျိုးကျေးဇူးက နည်းပါးခဲ့လျှင် မလုပ်ကောင်း၊ သမံတလင်းအကျိုးကျေးဇူးက များမြတ် ခဲ့လျှင် လုပ်ကောင်း၏၊

ဆဋ္ဌမပုစ္ဆာအဖြေပြီး၏၊

--------

သတ္တမပုစ္ဆာအဖြေ

၇။ သတ္တမပုစ္ဆာ၌-ဝေရီဝိသဘာဂ-ဝဂ္ဂဖြစ်သောသံဃာသည် ကျောင်းတိုက်အနီးရှိလျက် ၎င်းပုဂ္ဂိုလ်တို့အား ဝတ်ကိုမကြားဘဲ ပရိဝတ် မာနတ်ဆောက်တည်ရာ စူဠဝါပါဠိအဋ္ဌကထာတို့နှင့် ညီညွတ်ပါမည်လော။

[ဤကား-အမေး။]

အဖြေကား။။ ကြားထိုက်သော အရပ်ဒေသဌာနဥပစာ အတွင်း၌ရှိနေခဲ့သော် ဝေရီဝိသဘာဂဖြစ်ခဲ့ပါလျှင် အပြစ်မရှိဟု ပါဠိ အဋ္ဌကထာတို့၌အနုတ်မရှိ၊ ထို့ကြောင့် ကြားထိုက်သော အရပ်ဒေသဌာန ဥပစာအတွင်း ဖြစ်ခဲ့သော် ဝေရီဝိသဘာဂဖြစ်သော်လည်း ကြားရမည်၊ မကြားလျှင် အနာရောစနဒုက္ကဋ်ရတ္တိစ္ဆေဒဖြစ်လိမ့်မည်။

ကြားထိုက်သော ဥပစာဆိုသည်ကား ရဟန်းတို့၏အဆင်းကို မြင်သော်လည်းကောင်း၊ အသံကိုကြားသော်လည်းကောင်း နီးသည် ဖြစ်စေ၊ ဝေးသည်ဖြစ်စေ ဟစ်အော်၍သော်လည်း ကြားအပ်၏၊ အဆင်းကိုမမြင်ရာ၊ အသံကို မကြားရာ၌မူကား ကျောင်းတိုက်မှ အပ၌ဖြစ်ခဲ့သော် တစ်ဆယ့်နှစ်တောင်ဥပစာလည်း ကြားထိုက်သော ဥပစာဖြစ်၏၊ ကျောင်းတိုက်တွင်း၌ဖြစ်ခဲ့သော် ထိုကျောင်းတိုက်တစ်ခု လုံးသည် ကြားထိုက်သောဥပစာဖြစ်၏၊ ဤဥပစာအတွင်း၌ ရဟန်းရှိမှန်း သိလျက်နှင့် မကြားမူ၍ အရုဏ်တက်ခဲ့သော် ဝတ္တဘေဒကဒုက္ကဋ် လည်းသင့်၏၊ ရတ္တိစ္ဆေဒလည်းဖြစ်၏၊ ရဟန်းရှိမှန်းမသိ၍ မကြားခဲ့သော် ဝတ္တဘေဒကဒုက္ကဋ်ကား လွတ်၏၊ ရတ္တိစ္ဆေဒမူကားဖြစ်တော့သည် သာလျှင်တည်း။

ဋီကာတို့၌မူကား နိက္ခတ္တဝတ်သားဖြစ်ခဲ့သော် ကျောင်းတိုက် အတွင်း၌ဖြစ်ခဲ့သော်လည်း တစ်ဆယ့်နှစ်တောင်မျှသာ အာရောစန ခေတ်ဖြစ်သည်-ဟု ရှင်ပဒုမဝါဒတွင် ဖွင့်ဆိုကြ၏၊ ဆင်ခြင်ကြလေ။

သတ္တမပုစ္ဆာအဖြေပြီး၏၊

--------

အဋ္ဌမပုစ္ဆာအဖြေ

၈။ အဋ္ဌမပုစ္ဆာ၌-လူအဖြစ်သို့ရောက်ပြီးသောပုဂ္ဂိုလ်တို့သည် မိမိနေထိုင်ခဲ့သောကျောင်းကို ငါပိုင်ဆိုင်သော ကျောင်း-ဟုပြောဆိုကြရာ ထိုသူတို့ပိုင်ဆိုင်ထိုက်, မပိုင်ဆိုင်ထိုက်ကြောင်းများကို သိလိုပါသည်ဘုရား။

[ဤကား-အမေး။]

အဖြေကား။။ ထိုကျောင်းသည် ထိုရဟန်း၏ပုဂ္ဂလိက အဖြစ်နှင့်ရေစက်ချ၍ လှူသောကျောင်းဖြစ်ခဲ့အံ့၊ လှူထွက်၍သွားသော် လည်း ထိုသူ၏ သန္တကပင်ဖြစ်၏၊ သို့သော် ထိုလူထွက်သည် ထိုကျောင်း သည် ငါ၏သန္တက ဖြစ်သည်ဟု ရောင်းချစားခြင်းငှါလည်း မအပ်၊ သဒ္ဓါဒေယျ ဝိနိပါတဖြစ်၏၊

သဒ္ဓါဒေယျဝိနိပါတဆိုသည်ကား ပစ္စည်းရှင်ဒါယကာတို့က နောင်သံသရာအကျိုးကို ယုံကြည်အားကိုး၍ လှူဒါန်းသော ပစ္စည်း လေးပါးတို့ကို သံဃာအကျိုး,သာသနာအကျိုးမှ တစ်ပါးသောအရာ၌ ပေးစွန့်ရောင်းချခြင်းကို ပြုခြင်းတည်း၊ လောက၌ အလွဲသုံးစားမှု ဟုခေါ်၏၊ ဝိနည်းတော်၌ ဒုက္ကဋ်အာပတ်သင့်သည်ဟုလာ၏၊ သုတ္တန်တို့၌ မူကား အလွန်အပြစ်ကြီးသည်ဟုလာ၏၊ ထို့ကြောင့် သဒ္ဓါဒေယျလှူဒါန်း ၍ထားသော ကျောင်းပစ္စည်းမျိုး,ပရိက္ခရာ ဘဏ္ဍာမျိုး,ဘုရားဆင်းတု, စာထုပ်,စာအုပ်စသည်တို့ကို ငါ၏ပုဂ္ဂလိကသန္တကဖြစ်သည်ဟု အလွဲ သုံးစားမှုကို ပြုခြင်းငှါ မထိုက်ဆင်ခြင်ကြလေကုန်။

အဋ္ဌမပုစ္ဆာအဖြေပြီး၏၊

--------

ဓညဝတီပုစ္ဆာအဖြေပြီး၏၊

--------

ရန်ကုန်ပုစ္ဆာအဖြေ

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

[မုံရွာမြို့၊ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၈၀- ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၃-ရက်နေ့ စစ်ကိုင်းတောင်ရိုး စိတ္တသုခ ချောင်၌ သီတင်သုံးတော်မူစဉ် ရန်ကုန်မြို့၊ သရက်တော ကျောင်းတိုက် ဘုန်းကြီးဦးရဝိန္ဒ မေးလျှောက်ချက်ကို အောက်ပါအတိုင်း ဖြေဆိုတော်မူ သည်။]

၁။ သက္ကာယဒိဋ္ဌိ-ဟူသောပုဒ်၌ သက္ကာယ-ဟူသောပုဒ် တစ်စိတ် အရ မည်သည့်တရားကို တရားကိုယ် အဖြစ်ဖြင့် ကောက်သင့်ကြောင်းဟူသော အမေး၌

အဖြေကား။။ ကတမော စ ဘိက္ခဝေ သက္ကာယော၊

ပဉ္စုပါဒါနက္ခန္ဓာ တိဿ ဝစနီယံ၊ ကတမေ ပဉ္စ၊ သေယျထိဒံ၊ ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါနက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သက္ကာယော။

ဘိက္ခဝေ သက္ကာယော။

ဟံသာဝတီရိုက် စာအုပ်မျက်နှာနံပါတ် ၁၁၆-ကြောင်းရေ-၁၂။] သက္ကာယော သက္ကာယောတိ အာဝုသော သာရိပုတ္တ ဝုစ္စတိ၊ ကတမော နုခေါ အာဝုသော၊ သက္ကာယောတိ ပဉ္စိမေ အာဝုသော ဥပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာ၊ သေယျထိဒံ၊ ရူပုပါဒါနက္ခန္ဓော ဝေဒနုပါဒါနက္ခန္ဓော သညုပါဒါ နက္ခန္ဓော သင်္ခါရုပါဒါနက္ခန္ဓော ဝိညာဏုပါဒါနက္ခန္ဓော၊ ဣမေ ခေါ အာဝုသော ပဉ္စုပါဒါနက္ခန္ဓာ သက္ကာယော ဝုတ္တော ဘဂဝတာတိ။

[သဠာယတနသံယုတ်ပါဠိတော် ပေါင်-၅၀ ဟံသာဝတီရိုက်

စာအုပ်မျက်နှာနံပါတ်-၁၈၈၊ ကြောင်းရေ-၉။]

ဤပါဠိတော်များကိုထောက်၍ ပထမပုစ္ဆာအရ သက္ကာယဆို သည်ကား- ဥပါဒါနက္ခန္ဓာငါးပါးကိုဆိုသည်-ဟု သိအပ်၏၊ သက္ကာယ ဟူသောပုဒ်အနက်မှာလည်း ''သက္ကာယဒိဋ္ဌီတိ ဝိဇ္ဇမာနဋ္ဌေန သတိ ခန္ဓပဉ္စကသင်္ခါတေ ကာယေဒိဋ္ဌိ''-ဟူသော အဋ္ဌသာလိနီပါဌ်နှင့် အညီ ''သန္တော သံဝိဇ္ဇမာနော ကာယောတိ သက္ကာယော''ဟု ဝိဂြိုဟ်ပြု။ အနက်ကား။။ သန္တော သံဝိဇ္ဇမာနော=ပရမတ္ထအားဖြင့် ထင်ရှားရှိသော၊ ကာယော=ရုပ်အပေါင်းအစု, နာမ်အပေါင်းအစုတည်း၊ ဣတိ=ထို့ကြောင့်၊ သက္ကာယော=သက္ကာယမည်၏-ဟု ၎င်းပုဒ်အနက် ကိုမှတ်လေ။

ပထမပုစ္ဆာအဖြေပြီး၏၊

--------

ဒုတိယပုစ္ဆာအဖြေ

၁။ ''ဘုရားရဟန္တာအရိယာအရှင်မြတ်တို့၌ မဂ်ပယ်ပြီးမှ ကြွင်းကျန်ရှိနေသော ပစ္စုပ္ပန်လောကီခန္ဓာစုသည် သက္ကာယမည် မမည်''ဟူသော အမေး၌

အဖြေကား။။ ဘုရားရဟန္တာအရှင်မြတ်တို့၌ မဂ်ပယ်ပြီးမှ

ကြွင်းကျန်ရှိနေသော ပစ္စုပ္ပန်လောကီခန္ဓာ စုသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသောရုပ်အပေါင်း, နာမ်အပေါင်းပင်ဖြစ်လေသောကြောင့် သက္ကာယမည်သည်သာလျှင်ဖြစ်၏၊ သက္ကာယမမည်ဟု မဆိုထိုက်၊ သို့သော် ''ကတမော စ ဘိက္ခဝေ သက္ကာယော ပဉ္စုပါဒါနက္ခန္ဓာ တိဿ ဝစနီယံ''ဟူသည်နှင့်အညီ ဥပါဒါန်လေးပါးတို့၏အာရုံဖြစ်သော လောကီ ခန္ဓာစုသည်သာလျှင် သက္ကာယမည် သင့်ပါသည်၊ ဘုရား ရဟန္တာတို့၌ ဥပါဒါန်တို့ကိုပယ်ပြီးဖြစ်လေသောကြောင့် ဘုရားရဟန္တာတို့၏ခန္ဓာစုသည် ဥပါဒါနက္ခန္ဓာမဟုတ်ပြီဆိုငြားအံ့၊ ဘုရားရဟန္တာတို့၌ ဥပါဒါန်လေးပါး မရှိငြားသော်လည်း ဘုရားရဟန္တာတို့၏ခန္ဓာစုသည် မယ်တော်, ခမည်း တော်, ဆွေတော်,မျိုးတော်-အစရှိသော သူတစ်ပါးတို့၏ ဥပါဒါန်တို့၏ စွဲလမ်းရာအာရုံဖြစ်ကောင်းလျက်ရှိသောကြောင့် ဥပါဒါနက္ခန္ဓာမည် သည်သာလျှင်တည်း။

ဥပမာကား။။ ရွှေ,ငွေ,ပုလဲ,ပတ္တမြား,ဝတ်စား တန်ဆာ အစရှိသည်တို့သည် ထိုဝတ္ထုတို့၌ အဇ္ဈတ္တဥပါဒါန် မရှိကုန်ငြားသော်လည်း လူတို့၌ရှိသော ဥပါဒါန်တို့၏စွဲလမ်းရာ အာရုံဖြစ်လေသောကြောင့် ဥပါဒါနက္ခန္ဓာတို့ချည်းသာတည်း၊ ရဟန္တာရှင်မဟာကစ္စည်း၏ ကိုယ်ခန္ဓာ၌ စွဲလမ်းသော သောရေယျသူဌေးသားဝတ္ထု၊ ဥပ္ပလဝဏ်ရဟန္တာ မဟာ ထေရ်မ၏ ကိုယ်ခန္ဓာ၌စွဲလမ်းသော နန္ဒလုလင် သူဌေးသားဝတ္ထုများကို ထောက်လေ၊ အချို့သောသူတို့သည် မြတ်စွာဘုရား၏ ခန္ဓာတော်၌ ကေသာ,လောမာ-စသော ဒွတ္တိံသာကာရအစုတို့သည်လည်း လောကီ မဟုတ်ကုန်၊ လောကုတ္တရာသာဖြစ်ကုန်၏-ဟု ယူကြကုန်၏၊ ထိုအယူ မူကား အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ တိုက်ရိုက်ပယ်ဖျက်လျက် ရှိလေ၏၊

ဒုတိယပုစ္ဆာအဖြေပြီး၏၊

--------

တတိယပုစ္ဆာအဖြေ

၃။ သဗ္ဗေ သတ္တာ မရိဿန္တိ၊

မရဏံ တံ ဟိ ဇီဝိတံ။

ယထာကမ္မံ ဂမိဿန္တိ၊

ပုညပါပဖလူပဂါ။

ဟူသော ဂါထာ၏ အဖွင့်နေတ္တိပါဠိတော်၌

သဗ္ဗေ သတ္တာတိ အရိယာ စ အနရိယာ စ သက္ကာယ ပရိယာပန္နာ စ သက္ကာယ ဝီတိဝတ္တာ စ-ဟူသောပါဌ်၌ သက္ကာယ ပရိယာပန္နပုဂ္ဂိုလ်ဟူသည် မည်သည့်ပုဂ္ဂိုလ်မျိုး, သက္ကာယဝီတိဝတ္တပုဂ္ဂိုလ် ဟူသည် မည်သည့် ပုဂ္ဂိုလ်မျိုးကို ကောက်ယူရမည်ကိုလည်းကောင်း၊ မရိဿန္တီတိ ဒွီဟိ မရဏေဟိ ဒန္ဓမရဏေနစ အဒန္ဓမရဏေနစဟူသောပါဌ်၌ ဒန္ဓမရဏ,အဒန္ဓမရဏသေခြင်းဟူသည် မည်သည့်ပုဂ္ဂိုလ် တို့၏ သေခြင်းမျိုးဖြစ်မည်ကိုလည်းကောင်း သိလိုပါသည်''ဟူသော တတိယအမေး၌

အဖြေကား။။ ယေ ပိ တေ ဘိက္ခဝေ ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ ဥစ္စေသု ဝိမာနေသု စိရဋ္ဌိတိကာ တေပိ တထာဂတဿ ဓမ္မဒေသနံ သုတွာ ယေဘုယျေန ဘယံ သံဝေဂသန္တာသံ အာပဇ္ဇန္တိ ''အနိစ္စာဝ ကိရ ဘော မယံ သမာနာ နိစ္စမှာတိ အမညိမှ အဒ္ဓုဝါဝ ကိရ ဘော မယံ သမာနာဓုဝမှာတိ အမညိမှ၊ အသဿတာဝ ကိရ ဘော မယံ သမာနာသဿ တမှာတိ အမညိမှ၊ မယံပိ ကိရ ဘော အနိစ္စာ အဒ္ဓုဝါ အသဿတာ သက္ကာယပရိယာပန္နာ''တိ ဧဝံ မဟိဒ္ဓိကော ခေါ ဘိက္ခဝေ တထာဂတော သဒေဝကဿ လောကဿ ဧဝံ မဟေသက္ခော ဧဝံ မဟာနုဘာဝေါတိ။ ယဒါ ဗုဒ္ဓေါ အဘိညာယ၊ ဓမ္မစက္ကံ ပဝတ္တယိ။ သဒေဝကဿ လောကဿ၊ သတ္ထာ အပ္ပဋိပုဂ္ဂလော။ သက္ကာယဿ နိရောဓံ စ၊ သက္ကာယဿ စ သမ္ဘဝံ။ အရိယံ စဋ္ဌင်္ဂီကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမီနံ။ ယေပိ ဒီဃာယုကာ ဒေဝါ၊ ဝဏ္ဏဝန္တော ယသဿိနော။ ဘိတာ သန္တာ သမာပါဒုံ၊ သီဟေဿဝိတ ရေမိဂါ။ အဝီတိဝတ္တာ သက္ကာယံ၊ အနိစ္စာ ကိရ ဘော မယံ။ သုတွာ အရဟတော ဝါကျံ၊ ဝိပ္ပမုတ္တဿ တာဒိနောတိ။ [ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ခဇ္ဇနိယဝဂ်၊ စတုတ္ထသုတ်၊ နံပါတ်-၆၁။]

ဤပါဠိတော်ကိုထောက်၍ သက္ကာယဒိဋ္ဌိရှိနေကြသော ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို သက္ကာယပရိယာပန္နပုဂ္ဂိုလ်တို့ ဟူ၍, သက္ကာယဒိဋ္ဌိ ကျွတ်လွတ်ပြီးသော အရိယာပုဂ္ဂိုလ်တို့ကို သက္ကာယဝီတိဝတ္တ ပုဂ္ဂိုလ် တို့ဟူ၍ မှတ်လေ။

[မရဏမေးခွန်း၌လည်း ကာလမရဏကို ဒန္ဓမရဏဆိုသည်၊ အကာလမရဏကို အဒန္ဓမရဏဆိုသည်-ဟု မှတ်ယူလေ။] တတိယပုစ္ဆာအဖြေပြီး၏၊

--------

စတုတ္ထပုစ္ဆာအဖြေ

၄။ ''လူများနှင့် ခွေး,ဝက်,ကြက်,ငှက်-စသော တိရစ္ဆာန်တို့၏ ပဋိသန္ဓေတည်နေပုံ သတ္တာဟအစဉ်ကို ကျမ်းဂန်များ၌ ခွဲခြမ်း၍ပြသည်ကို မတွေ့မိသဖြင့် အတူတူပင် ယူရမည်၊ သို့တည်းမဟုတ်၊ တခြားစီပင် ယူရမည်ကို သိလိုပါသည်''ဟူသော စတုတ္ထအမေး၌

အဖြေကား။။ ၎င်းသတ္တာဟအစဉ်မှာ လူတို့၌လည်းကောင်း,

လူနှင့်အသက်တမ်းတူမျှသော တိရစ္ဆာန်တို့၌ လည်းကောင်း မှတ်ရမည်၊ လူတို့မှာလည်း ယခုကာလ တစ်ရာ့တမ်း၌သာ မှတ်ရမည်၊ ထို့ထက် အသက်အလွန် ရှည်သောတမ်း,အလွန်တိုသောတမ်းများ၌မှာမူကားထိုထိုတမ်းအားလျော်စွာယူသင့်သည်။

စတုတ္ထပုစ္ဆာအဖြေပြီး၏၊

--------

နောက်ထပ်ပုစ္ဆာအဖြေ

၁၂၈၄-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈-ရက်နေ့စွဲနှင့် ထပ်မံ လျှောက်ထားလိုက်သော စကားအချက်စုတွင် တတိယပုစ္ဆာအရမှာ သက္ကာယပရိယာပန္နပုဂ္ဂိုလ်, ၎င်းဝီတိဝတ္တပုဂ္ဂိုလ်ဟု နှစ်စုဒုကပြု၍ ဟော တော်မူရကား သက္ကာယပရိယာပန္နဟူသော ပထမပုဒ်ကို ဝတ္တမီတပ္ပုရိသ် သမာသ်ပြုလုပ်၍ ပရမတ္ထအားဖြင့်ထင်ရှားရှိသော ရုပ်အပေါင်း, နာမ်အပေါင်းဟု အနက်ပေး၍ ၎င်း၌ အကျုံးဝင်ရကား ဘုရားရဟန္တာ အရိယာအရှင်များကိုလည်း သက္ကာယပရိယာပန္နဟူသော ပထမပုဒ်သို့ သွင်းမည်ဆိုလျှင် ဤနေတ္တိပါဠိတော်၌ မည်ကဲ့သို့သွင်းသင့်ကြောင်းကို ထပ်မံလျှောက်ထားအသနားခံပါသည်ဟူသော စကား၌''ဘုရားရဟန္တာအရိယာအရှင်များကိုလည်း သက္ကာယ ပရိယာပန္န

ဟူသော ပထမပုဒ်သို့ သွင်းမည်ဆိုလျှင်'' ဟူသော စကားသည်မသင့်၊ အကြောင်းမူကား ထိုထိုဘုရားရဟန္တာအရိယာအရှင်များကိုသည် သက္ကာယပရိယာပန္န ပုဂ္ဂိုလ်များ မဟုတ်၊ သက္ကာယဝီတိဝတ္တ ပုဂ္ဂိုလ်များ ဖြစ်ပေသောကြောင့် သက္ကာယပရိယာပန္နပုဂ္ဂိုလ်များ မဟုတ်၊ သက္ကာယ ဝီတိဝတ္တပုဂ္ဂိုလ်များဖြစ်ပေသောကြောင်းတည်း။

ဤအရာ၌ ပရိယာပန္နဖြစ်ပုံ,ဝီတိဝတ္တဖြစ်ပုံကို ပြဆိုလိုက်ဦးအံ့၊ ဝေါဟာရသည် ဓမ္မဝေါဟာရ,ပုဂ္ဂလ ဝေါဟာရ-ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင်

၁။ ဓမ္မဝေါဟာရဆိုသည်ကား ပရမတ္ထဓမ္မတို့၏ အမည်ပေ

တည်း။

၂။ ပုဂ္ဂလဝေါဟာရဆိုသည်ကား ပုဂ္ဂိုလ်တို့၏ အမည်ပေတည်း။ ထိုနှစ်ပါးတို့တွင်

၁။ ''သက္ကာယပရိယာပန္နဟူသော ပထမပုဒ်ကို သတ္တမီ

တပ္ပုရိသ်သမာသ်ပြုလုပ်၍ မရမတ္ထအားဖြင့်ထင်ရှားရှိသော ရုပ်အပေါင်း, နာမ်အပေါင်း၌ အကျုံးဝင်သောခန္ဓာဟု အနက်ပေး၍''ဟူသော စကား သည် ဓမ္မဝေါဟာရ စကားမျိုးဖြစ်၏၊ ဤဓမ္မဝေါဟာရအလိုမှာ ဘုရား ရဟန္တာအရှင်မြတ်တို့၏သန္တာန်၌ မဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်များကိုချန် လှပ်၍ ကျန်ရှိနေသမျှသော ခန္ဓာတော်တစ်ခုလုံးသည် တေဘုမ္မကဓမ္မ ချည်းဖြစ်၏၊ လောကိယဓမ္မချည်း ဖြစ်၏၊ သက္ကာယဓမ္မချည်းဖြစ်၏၊

[ဤကား ဓမ္မဝေါဟာရအလိုပေတည်း။]

၂။ ပုဂ္ဂလဝေါဟာရအလိုမှာမူကား ထိုဘုရားရဟန္တာ အရှင်များ သည် တေဘုမ္မကဓမ္မ၌ အကျုံးမဝင်သော လောကုတ္တရာဘုံ၌ အကျုံးဝင်သော မဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ထိုဘုရား ရဟန္တာအရှင်မြတ်များသည် တေဘုမ္မကဘုံသားမဟုတ်၊ အနာသဝ စတုတ္ထဘုံသားများဖြစ်ကြ၏၊ လောကိယဘုံသားများမဟုတ်၊ လောကုတ္တရာ ဘုံသားများဖြစ်ကြ၏၊

[ဤကားပုဂ္ဂလဝေါဟာရအလိုပေတည်း။]

ဥပမာကား။။ ရူပါဝစရဗြဟ္မာ့သန္တာန်၌ ဘဝင်စိတ္တုပ္ပါဒ်, စျာန်စိတ္တုပ္ပါဒ်များကို ချန်လှပ်၍ ကျန်ရှိသမျှသော ဗြဟ္မာ့ခန္ဓာ တစ်ခု လုံးသည် ကာမာဝစရခန္ဓာချည်းဖြစ်၏၊

[ဤကား ဓမ္မဝေါဟာရအလိုပေတည်း။]

ပုဂ္ဂလဝေါဟာရအလိုမှာမူကား ထိုရူပါဝစရဗြဟ္မာများသည် ကာမာဝစရဘုံ၌အကျုံးမဝင်သော ဘဝင်စိတ္တုပ္ပါဒ်,စျာန်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ထိုရူပါဝစရဗြဟ္မာများသည် ကာမာဝစရပုဂ္ဂိုလ်မဟုတ်၊ ရူပါဝစရဘုံသားများသာဖြစ်ကြ၏၊

[ဤကား ပုဂ္ဂလဝေါဟာရအလိုပေတည်း။]

ဤဥပမာအတူ ဘုရားရဟန္တာအရိယာဟူသော ဝေါဟာရများ သည်လည်း တေဘုမ္မကဓမ္မဟူသော သက္ကာယ၌ အကျုံးမဝင်သော မဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ခေါ်ဝေါ်ကြရသော ပုဂ္ဂလ ဝေါဟာရများ ဖြစ်ကြ၍ သက္ကာယပရိယာပန္နဝေါဟာရမျိုးမဟုတ်၊ သက္ကာယဝီတိဝတ္တဝေါဟာရမျိုးသာ အမှန်ဖြစ်ပေသတည်း၊ ဘုရား ရဟန္တာအရိယာဟူသော လျှောက်ချက်စကားတွင်လည်း အရိယာဟူသော စကားဖြင့် သောတာပန်, သကဒါဂါမ်,အနာဂါမ်ပုဂ္ဂိုလ်တို့ကို ယူရမည်၊ ထိုပုဂ္ဂိုလ်များသည်လည်း သက္ကာယပရိယာပန္နပုဂ္ဂိုလ်များမဟုတ်၊ သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်များသာဖြစ်ကြ၏၊

ဖြစ်ကြပုံကား။။ သောတာပန်ပုဂ္ဂိုလ်ဟူသော ဝေါဟာရများ သည် တေဘုမ္မကဓမ္မဟူသော သက္ကာယ၌ အကျုံးမဝင်သော သောတာ ပတ္တိမဂ်စိတ္တုပ္ပါဒ်,ဖိုလ်စိတ္တုပ္ပါဒ်တို့ကို အစွဲပြု၍ ခေါ်ဝေါ်ကြရသော ပုဂ္ဂလဝေါဟာရများ ဖြစ်ကြ၍ သက္ကာယပရိယာပန္နဝေါဟာရမျိုးမဟုတ်၊ သက္ကာယဝီတိဝတ္တဝေါဟာရမျိုးသာ အမှန်ဖြစ်ပေသတည်း။

[သကဒါဂါမ်,အနာဂါမ်ပုဂ္ဂိုလ်တို့၌လည်း ဤနည်းအတူသိလေ။] ဤသို့ဆိုလျှင် ဓမ္မဝေါဟာရနှင့် ပုဂ္ဂလဝေါဟာရခြားနားပုံကို နေရာကျသိပြီးမှ ပုဂ္ဂလဝေါဟာရ၌ သက္ကာယပရိယာပန္နပုဂ္ဂိုလ်မျိုး၊ သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်မျိုး ၂-ပါးခြားနားပုံကိုလည်း ရှင်းလင်းစွာ သိနိုင်လေသတည်း၊ ထို့ကြောင့် ယခင်အထက်ဖြေဆိုချက်တွင် ပါရှိ သည့်အတိုင်း သက္ကာယဒိဋ္ဌိရှိနေကြသော ပုထုဇဉ်ပုဂ္ဂိုလ်တို့ကို သက္ကာယ ပရိယာပန္နပုဂ္ဂိုလ်တို့ဟူ၍ သက္ကာယဒိဋ္ဌိကျွတ်လွတ်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့ကို သက္ကာယဝီတိဝတ္တပုဂ္ဂိုလ်တို့ဟူ၍ မှတ်လေ။

နောက်ထပ်ပုစ္ဆာအဖြေပြီး၏၊

[ဆရာတော်မှာ မကျန်းမမာရှိသည်နှင့် စာပေကျမ်းဂန်ကြည့်ရှုမှု အခွင့်မရသေးရှိနေသောကြောင့် အကျယ်ဝိတ္ထာရမဖြေလိုက်ရ၊ အကျဉ်း သင်္ခေပမျှသာဖြေလိုက်ရပေသည်။]

အမိန့်ရ-လယ်တီဝဏ္ဏိတ ခေတ္တစစ်ကိုင်း စိတ္တသုခချောင် ကဆုန်လပြည့်ကျော် ၁၀-ရက်၊ ၁၂၈၀-ပြည့်နှစ်

ရန်ကုန်ပုစ္ဆာအဖြေပြီး၏၊

--------

ဆပဂံပုစ္ဆာအဖြေ

လျှောက်လွှာ

ဆပဂံ-ဒါယကာ မောင်စံဦး အထူးဂါရဝအဘိယာစကတရားဖြင့် လျှောက်ထားတောင်းပန်ပါသည်-ကျေးဇူးရှင်လယ်တီဆရာတော် မဟာထေရ်မြတ်ကြီးဘုရား။

လျှောက်ထားရန်မှာ မြတ်စွာဘုရားသာသနာ တော်မြတ်နှင့် တွေ့ကြုံကြိုက်သည့်အားလျော်စွာ ပြုသင့်ပြုထိုက်သောဒါန, ကျင့်သင့် ကျင့်ထိုက်သောသီလတို့ကို ပြုကျင့်လုပ်ကိုင်ကြသည်မှာ လွန်စွာ များပြားကြ ပါသည်။

သို့ပြုကျင့်လုပ်ကိုင်ကြသော်လည်း ဒါနအပြား,သီလအပြား, ပေးလှူပုံနည်းလမ်း,ဆောက်တည်ပုံနည်းလမ်း စည်းကမ်းတို့မှာမူ သိရှိကြသူ လွန်စွာနည်းပါးကြပါသည်၊ သို့ပါ၍ ဒါနအပြား, သီလ အပြားခြားနားစွာသိမြင်နိုင်ကြစေရန် အကျဉ်းချုပ်ရေးသား ပေးသနား တော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ထား တောင်းပန်ပါသည်ကျေးဇူးရှင်လယ်တီဆရာတော် မဟာထေရ်မြတ်ကြီးဘုရား။

မောင်စံဦး၊ ဆပဂံရွာ။

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

ဆပဂံရွာ-ဒါယကာမောင်စံဦး၏ ဒါနကထာ, သီလကထာ အမေးလျှောက်လွှာသည် ဆပဂံတောရငါတို့ ထံသို့ကောင်းစွာ ဆိုက် ရောက်လာသောကြောင့် ထိုအမေးလျှောက်လွှာကို ကျေလည်စေရန် ပါဠိ, အဋ္ဌကထာ,ဋီကာ, ဂန္ထန္တရတို့၌လာရှိသော သဘောသကံတို့ကို ကျန သေချာစွာ ရေးသားဖြေဆိုပေအံ့။

လယ်တီဆရာတော်၊ ဆပဂံတောရ။

ဒါနကထာ-ဒါနခန်း

(အရကျက်ရန်)

၂-ပါးစုမာတိကာ

၁။ ဒါနံ=ဒါနသည်

(က) အာမိသ ဓမ္မတော=ပစ္စည်းဝတ္ထုကိုပေးလှူသော ''အာမိသ ဒါနဒါန''၊ မိမိသိသော တရားကျမ်းဂန် ပညာသိပ္ပကို သူတစ်ပါး တို့အား ဖြန့်ဖြူးသော ''ဓမ္မဒါနဓမ္မဒါန'' ဟူ၍လည်းကောင်း။

( ခ ) သက္ကစ္စ အသက္ကတော=အရိုအသေပြု၍လှူသော ''သက္ကစ္စ ဒါနဒါန''၊ အရိုအသေမရှိပဲ လှူသော ''အသက္ကစ္စဒါနအသက္ကစ္စဒါန'' ဟူ၍ လည်းကောင်း။

( ဂ ) ပူဇာနုဂ္ဂဟတော=မြတ်သောသူကို ပူဇော်မှုဖြင့် လှူဒါန်းသော ''ပူဇာဒါန'ပူဇာဒါန''၊ ယုတ်ညံ့သောသူကို ချီးမြှင့်မှုဖြင့် လှူဒါန်းသော ''အနုဂ္ဂဟ ဒါနအနုဂ္ဂဟ ဒါန'' ဟူ၍လည်းကောင်း။

(ဃ) သာဟတ္ထိက အာဏတ္တိကတော=ကိုယ်တိုင်လှူသော ''သာဟတ္ထိကဒါနသာဟတ္ထိကဒါန''၊ သူတစ်ပါးကို စေခိုင်း၍လှူ သော ''အာဏတ္တိကဒါန'' အာဏတ္တိကဒါန'' ဟူ၍လည်းကောင်း။

( င ) ထာဝရ အထာဝရတော=စေတီပုထိုး စရပ်တန်ဆောင်း ဂူကျောင်း ဘုရား တံတား စောင်းတန်း ရေတွင်း ရေကန် အာရာမ် ဥယျာဉ် သစ်ပင်တောစိုး အစရှိသော ''ထာဝရ ဒါနဒါန''၊ ဆွမ်းသင်္ကန်းစသော ''အထာဝရဒါနအထာဝရဒါန'' ဟူ၍လည်း ကောင်း။

( စ ) သပရိဝါရ အပရိဝါရတော=အမွမ်းအမံ အခြံအရံ ဝတ္ထုတို့နှင့် အစုံအလင်ပြု၍ လှူသော ''သပရိဝါရဒါနသပရိဝါရဒါန''၊ အခြံအရံမပါဘဲလှူသော ''အပရိဝါရဒါနအပရိဝါရဒါန'' ဟူ၍လည်း ကောင်း။

(ဆ) နိစ္စ အနိစ္စတော=အမြဲဝတ်တည်၍လှူသော ''နိစ္စဒါနနိစ္စဒါန''၊ ရံခါ ရံဖန်လှူသော ''အနိစ္စဒါနအနိစ္စဒါန'' ဟူ၍ လည်းကောင်း။

(ဇ) သသင်္ခါရ အသင်္ခါရတော=သူတစ်ပါးတို့ နှိုးဆော်တိုက်တွန်း ၍ လှူသော ''သသင်္ခါရဒါနသသင်္ခါရဒါန''၊ မိမိစိတ်သဘော သက်သက် နှင့် လှူသော ''အသင်္ခါရဒါနအသင်္ခါရဒါန'' ဟူ၍လည်းကောင်း။

(စျ) ဇာန အဇာနတော=အကျိုးကို သိ၍ပြုသော ''ဇာနဒါနဇာနဒါန''၊ အကျိုးကို မသိဘဲပြုသော ''အဇာနဒါနအဇာနဒါန''ဟူ၍လည်း ကောင်း။

(ည) ဝဋ္ဋ ဝိဝဋ္ဋတော=လောကီချမ်းသာကို တောင့်တ၍လှူသော ''ဝဋ္ဋနိဿိတဒါန'ဝဋ္ဋနိဿိတဒါန''၊ လောကုတ္တရာ ချမ်းသာကို တောင့်တ ၍လှူသော ''ဝိဝဋ္ဋ နိဿိတဒါနဝိဝဋ္ဋ နိဿိတဒါန'' ဟူ၍လည်းကောင်း။

(ဋ) ဓမ္မ အဓမ္မတော=ထမင်း အဖျော်စသော လှူထိုက်သော ဝတ္ထုကိုလှူသော ''ဓမ္မဒါနဓမ္မဒါန''၊ မကောင်းမှုကို လိုလား သောသူတို့အား သေရည်သေရက် လက်နက်ကိရိယာ စသော မလှူထိုက်သော ဝတ္ထုတို့ကို ပေးလှူသော ''အဓမ္မ ဒါနဒါန'' ဟူ၍လည်းကောင်း။

(ဌ) ဓမ္မိက အဓမ္မိကတော=ရည်စူးရင်း ပုဂ္ဂိုလ် သံဃာ, စေတီ ပုထိုးကိုလှူသော ''ဓမ္မိကဒါန ၉-ပါးဓမ္မိကဒါန ၉-ပါး''၊ နဂိုရည်စူးရင်းမှ ပြောင်းလွှဲ၍ လှူသော ''အဓမ္မိကဒါန ၉-ပါးအဓမ္မိကဒါန ၉-ပါး'' ဟူ၍ လည်းကောင်း။

(ဍ) ဝတ္ထုဒါန အဘယဒါနတော=ပစ္စည်းဝတ္ထုကို ပေးလှူသော ''ဝတ္ထုဒါန'ဝတ္ထုဒါန''၊ အသက်စည်းစိမ် ဘေးမဲ့ ချမ်းသာကို ပေးလှူ သော ငါးပါးသီလ စသော ''အဘယဒါနအဘယဒါန'' ဟူ၍လည်း ကောင်း။

(¡) အဇ္ဈတ္တိက ဗာဟိရတော=အသက်ခန္ဓာ ကြီးငယ်ကိုလှူသော ''အဇ္ဈတ္တိကဒါနအဇ္ဈတ္တိကဒါန''၊ အပဝတ္ထုကိုလှူသော ''ဗာဟိရဒါနဗာဟိရဒါန'' ဟူ၍လည်းကောင်း။

(ဏ) သာဝဇ္ဇ အနဝဇ္ဇတော=သမင် ငါး သား နွား ကျွဲ ကြက် ဝက်တို့ကို သတ်ဖြတ် ညှင်းပန်းမှုနှင့် ရော၍ အပြစ်မကင်း သော ''သာဝဇ္ဇဒါနသာဝဇ္ဇဒါန''၊ အသက်သတ်ခြင်း ညှဉ်းဆဲခြင်းမှ ကင်း၍ သန့်ရှင်းစင်ကြယ်သော ''အနဝဇ္ဇဒါန'အနဝဇ္ဇဒါန'' ဟူ၍လည်း ကောင်း။

(တ) အဂ္ဂ ဥစ္ဆိဋ္ဌတော=အဦးအဖျား အမွန်အမြတ်ကိုလှူသော ''အဂ္ဂဒါနအဂ္ဂဒါန''၊ အယုတ်အညံ့ အကြွင်းအကျန်ကို လှူသော ''ဥစ္ဆိဋ္ဌဒါနဥစ္ဆိဋ္ဌဒါန'' ဟူ၍လည်းကောင်း။

(ထ) ဟီန ပဏီတတော=မိမိ သုံးဆောင်သည့်အောက် အယုတ် အညံ့ကိုလှူသော ''ဟီနဒါနဟီနဒါန''၊ မိမိသုံး ဆောင်သည်ထက် အကောင်းအမွန်ကိုလှူသော ''ပဏီတဒါန'ပဏီတဒါန''ဟူ၍လည်း ကောင်း။

ဒုဝိဓံ=အယုတ်, အမြတ်အားဖြင့် ၂-ပါး အပြားရှိ၏၊။ ၂-ပါးစု မာတိကာပြီး၏၊

--------*--------

၂။ ဒါနံ=ဒါနသည်

(က) ဟီန မဇ္ဈိမ ပဏီတတော=ယုတ်ညံ့သော ''ဟီနဒါန''၊ အလယ် အလတ်ရှိသော ''မဇ္ဈိမဒါန''၊ အထွတ်အမြတ်ဖြစ်သော ''ပဏီတဒါန'' ဟူ၍လည်းကောင်း။

( ခ ) ဒါသ သဟာယ သာမိတော=မိမိသုံးဆောင်သည့်အောက် ယုတ်ညံ့သောဝတ္ထုကို လှူသည်ဖြစ်၍ ကျွန်နှင့်တူသော ''ဒါသဒါန'ဒါသဒါန''၊ မိမိသုံးဆောင်သည်နှင့် တူရုံရှိသော ဝတ္ထုကို လှူသည်ဖြစ်၍ အပေါင်းအဖေါ်နှင့်တူသော ''သဟာယဒါန''၊ မိမိသုံးဆောင်သည်ထက် ကောင်းမွန်သော ဝတ္ထုကို လှူသည် ဖြစ်၍ အရှင်သခင်နှင့်တူသော ''သာမိဒါန'' ဟူ၍လည်း ကောင်း။

( ဂ ) ဝတ္ထု အဘယ ဓမ္မတော=ပစ္စည်းဝတ္ထုကို ပေးလှူသော ''ဝတ္ထု ဒါန''၊ သူတစ်ပါးအသက် သူတစ်ပါးဥစ္စာကို ကယ်ဆယ်သော ''အဘယဒါန''၊ တရားကျမ်းဂန်ကို ပြောဟောပြသသော ''ဓမ္မဒါန'' ဟူ၍လည်းကောင်း။

(ဃ) လောက အတ္တ ဓမ္မတော=လောကကို အလေးပြု၍လှူသော ''လောကာဓိပတေယျဒါန''၊ မိမိဂုဏ်ကို အလေးပြု၍ လှူသော ''အတ္တာ ဓိပတေယျဒါန''''အတ္တာ ဓိပတေယျဒါန''၊ သူတော်ကောင်း တရားကို အလေးပြု၍လှူသော ''ဓမ္မာဓိပတေယျဒါန'' ဟူ၍လည်းကောင်း။

တိဝိဓံ=အယုတ်, အလတ်, အမြတ်အားဖြင့် ၃-ပါးအပြားရှိ၏၊ ၃-ပါးစု မာတိကာ-ပြီး၏၊

၃။ ဒါနံ=ဒါနသည်

(က) စတုပစ္စယတော=အဝတ်သင်္ကန်းကို လှူသော ''စီဝရဒါန''၊ အစာအာဟာရကိုလှူသော ''ပိဏ္ဍပါတဒါန''၊ စရပ် တန်ဆောင်း ကျောင်း အရိပ်အာဝါသကိုလှူသော ''သေနာ သနဒါန''၊ ဆေးဝါး ဓာတ်စာကိုလှူသော ''နဘေသဇ္ဇဒါန'' ဟူ၍လည်းကောင်း။

( ခ ) ဒက္ခိဏဝိသုဒ္ဓိတော=လှူသူ သီလရှိ၍ ခံသူ သီလမရှိသော ဒါန, ခံသူ သီလရှိ၍ လှူသူ သီလမရှိသော ဒါန, လှူသူ ခံသူ ၂-ပါး သီလမရှိသော ဒါန, လှူသူ ခံသူ ၂-ပါး သီလ ရှိသော ဒါနဟူ၍လည်းကောင်း။

စတုဗ္ဗိဓံ၊ ၄-ပါးအပြားရှိ၏၊။

၄-ပါးစု မာတိကာ-ပြီး၏၊

--------*--------

၅-ပါးစု မာတိကာ

၄။ ဒါနံ=ဒါနသည်

၁။ အဓမ္မဒါနတော=မူးယစ်စေတတ်သော သေရည်သေရက်ကို လှူသော ''အဓမ္မဒါန'' တစ်ပါး။

၂။ ရုပ်သေး အငြိမ့်စသော ကချေသည်ကိုလှူသော ''အဓမ္မဒါန'' တစ်ပါး။

၃။ ကာမဂုဏ်အတွက် နွားလားဥသဘကိုလှူသော ''အဓမ္မ ဒါန''တစ်ပါး။

၄။ ကာမဂုဏ်အတွက် မိန်းမတို့ကိုလှူသော ''အဓမ္မဒါန'' တစ်ပါး။

၅။ မိန်းမယောကျ်ား ရွှင်ခြင်းအစရှိသော ကိလေသာတို့ကို ဖြစ်စေတတ်သော ပန်းချီဆေးရေးရုပ်လှူသော ''အဓမ္မဒါန'' တစ်ပါး-ဟူ၍ အဓမ္မဒါန အပြားအားဖြင့်။ ပဉ္စဝိဓံ= ၅- ပါး အပြားရှိ၏၊ ။

၅-ပါးစုမာတိကာပြီး၏၊

--------*--------

၆-ပါးစု မာတိကာ

၅။ ဒါနံ=ဒါနသည်

(က) ၁။ ဝဏ္ဏဒါနံ=အဆင်းအရောင်ကောင်းသော ပန်းမျိုး, အဝတ် အထည်မျိုးဟူသော '' ရူပါရုံအလှူ''။

၂။ သဒ္ဒဒါနံ=အသံ သာယာသော ကြေးစည် ခေါင်းလောင်း စောင်း ပတ္တလားစသော ''သဒ္ဒါရုံအလှူ''။

၃။ ဂန္ဓဒါနံ=အနံ့အထုံကောင်းသော ပန်းမျိုး နံ့သာမျိုးဟူသော ''ဂန္ဓာရုံအလှူ''။

၄။ ရသဒါနံ=လျှာအရသာကောင်းသော ခဲဘွယ် ဘောဇဉ် ဟူသော ''ရသာရုံအလှူ''။

၅။ ဖောဋ္ဌဗ္ဗဒါနံ=အတွေ့ကောင်းသော အခင်းမျိုး, အရုံမျိုး ဟူသော ''ဖောဋ္ဌဗ္ဗာရုံအလှူ''။

၆။ ဓမ္မဒါနံ=အသက်ရှည်ကြောင်း ဩဇာကောင်းသော ဆီဦး ထောပတ် ဆေးမျိုး ဝါးမျိုးဟူသော ''ဓမ္မာရုံအလှူ'' ဟူ၍လည်းကောင်း။

တစ်နည်း

( ခ ) ၁။ အာရာမော=လူအများသုံးဆောင်ရန် သစ်သီးအာရာမ် ပန်း အာရာမ်ဟူသော ''ထာဝရအလှူ''။

၂။ သေတု=တံတား နင်းကြမ်း စောင်းတန်းလှေကား ဟူသော ''ထာဝရအလှူ''။

၃။ ဝနပ္ပတိ=အရိပ်ကောင်းသော တောစိုးသစ်ပင်ကြီး ဟူသော ''ထာဝရအလှူ''။

၄။ ပပါ=အမြဲ ရေချမ်းစင်တည်သော ''ထာဝရအလှူ''။

၅။ ဥဒပါနံ=သောက်ရေကန် သောက်ရေတွင်းဟူသော ''ထာဝရ အလှူ''။

၆။ ဥပဿယော=စရပ်တန်ဆောင်း ဂူကျောင်း ဥမင်ဟူသော ''ထာဝရ အလှူ''ဟူ၍လည်းကောင်း၊ ဆဗ္ဗိဓံ=၆-ပါးအပြား ရှိ၏၊

၆-ပါးစု မာတိကာ ပြီး၏၊

--------*--------

၇-ပါးစု မာတိကာ

၆။ ဒါနံ=ဒါနသည်

၁။ သံဃိကတော=ဘုရားအမှူးရှိသော ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံအား လှူသော သံဃိကဒါန တစ်ပါး။

၂။ သက်သက်သော ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံ အား လှူသော သံဃိကဒါနတစ်ပါး။

၃။ ဘိက္ခုသံဃာ သက်သက်အားလှူသော သံဃိကဒါန တစ်ပါး။

၄။ ဘိက္ခုနီသံဃာ သက်သက်အားလှူသော သံဃိကဒါန တစ်ပါး။

၅။ ဘိက္ခုသံဃာ, ဘိက္ခုနီသံဃာ နှစ်ပါးစုံတို့မှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိကဒါနတစ်ပါး။

၆။ ဘိက္ခုသံဃာမှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိက ဒါနတစ်ပါး။

၇။ ဘိက္ခုနီသံဃာမှ ညွှန်း၍ရသော သံဃာအားလှူသော သံဃိကဒါနတစ်ပါး။

ဟူ၍ သံဃိကဒါန အပြားအားဖြင့်၊ သတ္တဝိဓံ=၇-ပါး အပြား ရှိ၏၊

၇-ပါးစု မာတိကာပြီး၏၊

--------*--------

၈-ပါးစု မာတိကာ

၇။ ဒါနံ=ဒါနသည်

၁။ ဒါနုပပတ္တိ=လူ့ချမ်းသာကို တောင့်တ၍ ပြုသော ဒါနသည် လူ့ချမ်းသာ၌သာဖြစ်သော ဒါနတစ်ပါး။

၂။ နတ်ချမ်းသာကို အသီးအသီး တောင့်တ၍ပြုသော ဒါနသည် နတ်ပြည်ခြောက်ထပ်၌သာဖြစ်သော ဒါန ၆- ပါး။

၃။ ဗြဟ္မာ့ချမ်းသာကို တောင့်တ၍ပြုသောဒါနသည် ဗြဟ္မာ့ ချမ်းသာ၌သာဖြစ်သော စျာနလာဘီပုဂ္ဂိုလ်တို့၏ ဒါန တစ်ပါး-ဟူ၍။ အဋ္ဌဝိဓံ=၈-ပါး အပြားရှိ၏၊ ၈-ပါးစု မာတိကာ-ပြီး၏၊

--------*--------––

၉-ပါးစုမာတိကာ

၈။ ဒါနံ=ဒါနသည်

၁။ အဓမ္မိကတော=တစ်ပါးသောပုဂ္ဂိုလ် ညွတ်ပြီးမှ တခြား သော ပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါနတစ်ပါး။

၂။ ပုဂ္ဂိုလ်ကိုညွတ်ပြီးမှသံဃာကိုလှူသော အဓမ္မိကဒါန တစ်ပါး။

၃။ ပုဂ္ဂိုလ်ကိုညွတ်ပြီးမှစေတီကိုလှူသော အဓမ္မိကဒါန တစ်ပါး။

၄။ သံဃာကိုညွတ်ပြီးမှပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါန တစ်ပါး။

၅။ တစ်ပါးသောသံဃာကိုညွတ်ပြီးမှ တခြားသောသံဃာကို လှူသော အဓမ္မိကဒါနတစ်ပါး။

၆။ သံဃာကိုညွတ်ပြီးမှစေတီကိုလှူသော အဓမ္မိကဒါန တစ်ပါး။

၇။ စေတီကိုညွတ်ပြီးမှပုဂ္ဂိုလ်ကိုလှူသော အဓမ္မိကဒါန တစ်ပါး။

၈။ စေတီကိုညွတ်ပြီးမှ သံဃာကိုလှူသော အဓမ္မိကဒါန

၉။ တစ်ပါးသောစေတီကိုညွတ်ပြီးမှ တခြားသောစေတီကို လှူသော အဓမ္မိကဒါနတစ်ပါး-ဟူ၍ အဓမ္မိကဒါန အပြားအားဖြင့်၊ နဝဝိဓံ=၉-ပါး အပြားရှိ၏၊ ၉-ပါးစု မာတိကာ ပြီး၏၊

--------*--------

၁၀-ပါးစု မာတိကာ

၉။ ဒါနံ=ဒါနသည်

၁။ အန္နံ=ထမင်းအစာမျိုးကိုလှူသော ''အန္နဒါန'' တစ်ပါး။

၂။ ပါနံ=အဖျော်မျိုးကိုလှူသော ''ပါနဒါန''တစ်ပါး။

၃။ ဃရံ=နေရာ အိမ် ကျောင်းကိုလှူသော ''ဃရဒါန''တစ်ပါး။

၄။ ဝတ္ထံ=အဝတ် အထည်မျိုးကိုလှူသော ''ဝတ္ထဒါန''တစ်ပါး။

၅။ မာလာ=ပန်းမျိုးကိုလှူသော ''မာလာဒါန''တစ်ပါး။

၆။ ဂန္ဓော=နံ့သာမျိုးကိုလှူသော ''ဂန္ဓဒါန''တစ်ပါး။

၇။ ဝိလေပနံ=အညက်ကြိတ်ပြီးသော နံ့သာပျောင်းကို လှူသော ''ဝိလေပနဒါန''တစ်ပါး။

၈။ သေယျံ=ညောင်စောင်း ခုတင် အင်းပျဉ် ကွပ်ပျစ် ဖျာ ယိုင် သင်ဖြူး အခင်းအနှီးမျိုးကိုလှူသော ''သေယျဒါန'' တစ်ပါး။

၉။ အာဝါသထော=ဧည့်သည်တို့ တည်းခိုရန် စရပ် တန် ဆောင်းကို လှူသော ''အာဝသထဒါန''တစ်ပါး။ ၁၀။ ပဒီပေယျံ=အရောင်အလင်း အဆောက်အဦးကို လှူသော ''ပဒီပေယျဒါန''တစ်ပါး၊ ဣတိ=ဤသို့၊ ဝတ္ထုတော=ဝတ္ထု အားဖြင့်၊ ဒသဝိဓံ=၁၀-ပါး အပြားရှိ၏၊

၁၀-ပါးစု မာတိကာ-ပြီး၏၊

--------*--------

၁၄-ပါးစု မာတိကာ

၁၀။ ဒါနံ=ဒါနသည်

၁။ ပုဂ္ဂလိကတော=''တိရစ္ဆာန်''သတ္တဝါအား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၂။ မူဆိုး, တံငါစသော ''ဒုဿီလ''တို့အား ပေးလှူသော ပုဂ္ဂလိက ဒါနတစ်ပါး။

၃။ သရဏဂုံမရှိသော သာသနာပ ''လူသီလဝန္တ''တို့အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၄။ သာသနာပ ''စျာန်ရ ရသေ့''တို့အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၅။ သရဏဂုံ သီလရှိသော ''လူ, သာမဏေ''တို့မှစ၍ ''သောတာပတ္တိမဂ်ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၆။ ''သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိက ဒါန တစ်ပါး။

၇။ ''သကဒါဂါမိမဂ် ပုဂ္ဂိုလ်''အားပေးလှူသော ပုဂ္ဂလိကဒါန

၈။ ''သကဒါဂါမိဖိုလ် ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိက ဒါနတစ်ပါး။

၉။ ''အနာဂါမိမဂ်ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိက ဒါနတစ်ပါး။

၁၀။ ''အနာဂါမိဖိုလ် ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၁၁။ ''အရဟတ္တမဂ် ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၁၂။ ''အရဟတ္တဖိုလ် ပုဂ္ဂိုလ်''အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး။

၁၃။ ''ပစ္စေကဗုဒ္ဓါ'' အား ပေးလှူသော ပုဂ္ဂလိကဒါနတစ်ပါး။

၁၄။ ''သဗ္ဗညုတဘုရား'' အား ပေးလှူသော ပုဂ္ဂလိကဒါန တစ်ပါး- ဟူ၍ ပုဂ္ဂလိကဒါန အပြားအားဖြင့်၊ စုဒ္ဒသဝိဓံ= ၁၄-ပါးအပြားရှိ၏၊။

၁၄-ပါးစု မာတိကာပြီး၏၊

[အလှူခံပုဂ္ဂိုလ် ၁၄-ယောက်]

ဒါနကထာ-ဒါနခန်း၌ မာတိကာပြီး၏၊

--------*--------

အရကျက်ရန်

၁။ သုဿုသာ လဘတေ ပညံ၊ ဥဋ္ဌာတာ ဝိန္ဒတေ ဓနံ။။ သုဿုသာ=ပညာရှိတို့စကားကို ရိုသေလေးမြတ်စွာနာခံမှ၊ ပညံ=အသိပညာ အလိမ္မာကို၊ လဘတေ=ရတတ်၏၊ ဥဋ္ဌာတာ=နေ့နေ့ ညည ထကြွပေါ့ပါး အလကား မနေတတ်မှ၊ ဓနံ=ဥစ္စာကို၊ ဝိန္ဒတေ= ရတတ်၏၊

[ပါဠိတော်ရစေ။]

၂။ သုဝိဇာနော ဘဝံ ဟောတိ၊ ဒုဗ္ဗိဇာနော ပရာဘဝေါ။။ သုဝိဇာနော=ကောင်းကောင်း လိမ်မာသောသူသည်၊ ဘဝံ= ပစ္စုပ္ပန်, သံသရာ နှစ်ဖြာကောင်းကျိုး တိုးပွါးစည်ကားသည်၊ ဟောတိ= ဖြစ်၏၊ ဒုဗ္ဗိဇာနော=အသိအလိမ္မာ ပညာနည်းပါးသောသူသည်၊ ပရာဘဝေါ=ဘဝအဆက်ဆက် ပျက်စီးယုတ်ညံ့သည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ]

၃။ ဓမ္မကာမော ဘဝံ ဟောတိ၊ ဓမ္မဒေဿီ ပရာဘဝေါ။။ ဓမ္မကာမော=အသိတရား အကျင့်တရားကို လိုလားသော သူသည်၊ ဘဝံ=ပစ္စုပ္ပန်, သံသရာ ချမ်းသာစီးပွါး များမြတ်သည်၊ ဟောတိ=ဖြစ်၏၊ ဓမ္မဒေဿီ=အသိတရား အကျင့်တရားကို မလိုလား သောသူသည်၊ ပရာဘဝေါ=ဘဝအဆက်ဆက် ပျက်စီး ဆုံးရှုံးသည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ။]

၄။ ကလျာဏကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ။ ။ ကလျာဏကာရီ=အကောင်းအမွန်ကို ပြုလေ့ရှိသောသူသည်၊ ကလျာဏံ=အကောင်းအမွန်ကို၊ လဘတေ=ရတတ်၏၊ ပါပကာရီ= မကောင်းမှုကို ပြုလေ့ရှိသောသူသည်၊ ပါပကံ=မကောင်းမှုကို၊ လဘတေ= ရတတ်၏၊

ယခုဘဝ အကောင်းကိုပြုမှ နောက်နောက်ဘဝ အကောင်းကို ရသည်၊ ယခုဘဝ မကောင်းသည်ကိုပြုလျှင် နောက်နောက်ဘဝ မကောင်းသည်ကို ရသည်။

[ပါဠိတော်ရစေ။]

၅။ ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။ ။ ယာဒိသံ=အကြင်သို့သဘောရှိသော၊ ဗီဇံ=မျိုးစေ့ကို၊ ဝပတေ= စိုက်ပျိုး၏၊ တာဒိသံ=ထိုသို့သဘောရှိသော၊ ဖလံ=အသီးကို၊ ဟရတေ= ဆောင်၏၊

ဆန်ဖြူ ဆန်ကောင်းမျိုးကို စိုက်ပျိုးမှ ဆန်ဖြူစပါး, ဆန်ကောင်း စပါး ဖြစ်ထွန်းသည်၊ ဆန်နီ, ဆန်ကြမ်းမျိုးကို စိုက်ပျိုးလျှင် ဆန်နီစပါး, ဆန်ကြမ်းစပါး ဖြစ်ထွန်းသည်၊ အချဉ်မျိုး, အခါးမျိုးကိုစိုက်လျှင် အချဉ်သီး, အခါးသီးသာသီးသည်၊ အချိုမျိုး, အဆိမ့်မျိုးကိုစိုက်မှ အချိုသီး, အဆိမ့် သီးကို သီးသည်၊ လောကမျက်မြင် ဥပမာ။

[ပါဠိတော်ရစေ။]

၆။ သဒိသံ ပါကံ ဇနေတိ။။

သဒိသံ=အကြောင်းကံနှင့် တူသော၊ ပါကံ=အကျိုးကို၊ ဇနေတိ= ဖြစ်စေတတ်၏၊

ကုသိုလ်ကံ, အကုသိုလ်ကံကျိုးတို့မည်သည် များသောအားဖြင့် ကံနှင့် အလားတူတတ်သည်။

[အဋ္ဌကထာ ရစေ။]

၇။ မနာပဒါယီ လဘတေ မနာပံ။။

မနာပဒါယီ=အလှူခံပုဂ္ဂိုလ် နှစ်သက်ဖွယ်ကို လှူဒါန်းလေ့ရှိသော သူသည်၊ မနာပံ=နှစ်သက်ဖွယ်သော အကျိုးကို၊ လဘတေ=ရတတ်၏၊ [ ပါဠိတော် ရစေ။]

တစ်နည်းကား။ ။ မနာပဒါယီ=မိမိနှစ်သက်သော ဝတ္ထုကို လှူဒါန်းသော သူသည်၊ မနာပံ=နှစ်သက်ဖွယ်သော အကျိုးကို၊ လဘတေ= ရတတ်၏၊

မိမိနှစ်သက်မှ သူတစ်ပါးလည်း နှစ်သက်မည်, အလှူခံနှစ်သက်မှ အလှူလည်း အကျိုးကြီးမည်-ဟုသိ၍ မိမိနှစ်သက် လောက်မှ သူတစ်ပါး ကိုလည်း ပေးလှူသူသည် မနာပဒါယီမည်၏၊ အလှူခံနှစ်သက်သည်သာ လိုရင်း။

[သည်ကနောက်ကို စကားပြင်သက်သက်စုမှာ အရမကျက်နှင့်၊ မှတ်မိ အောင်ကြည့်၊ ပါဠိအနက်ဖြစ်လျှင် အရကျက်။]

--------*--------

ကျက်မှတ်ကြည့်ရှုရန်

၂-ပါးစုအဓိပ္ပါယ်

၁။ ဒါနနှစ်ပါးစုတို့တွင်

(က) အာမိသဒါန, ဓမ္မဒါနနှစ်ပါးတွင် ဓမ္မဒါန မြတ်သည်။။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။။

သဗ္ဗဒါနံ=အလုံးစုံသော အာမိသအလှူကို၊ ဓမ္မဒါနံ=တရား

အလှူက၊ ဇိနာတိ=အောင်၏၊

[ပါဠိတော်ရစေပါဠိတော်ရစေ။]

အာမိသအလှူ, ဓမ္မအလှူ နှစ်ပါးပြိုင်ကြလျှင် ဓမ္မအလှူက နိုင်သည်သာ-ဟူလို၊ အာမိသအလှူကား ဥစ္စာစည်းစိမ်ကို ပေးတတ်သည်၊ ဓမ္မအလှူကား အသိအလိမ္မာ ဉာဏ်ပညာကို ပေးတတ်သည်။ ( ခ ) သက္ကစ္စဒါန, အသက္ကစ္စဒါန နှစ်ပါးတွင် သက္ကစ္စဒါနမြတ်သည်၊

သက္ကစ္စမမြောက်သော အလှူသည် အကျိုးပေးသောအခါ ထိုသူကို မိမိ၏ သားမယား ကျေးကျွန်တို့ကပင် ရိုသေခြင်းမရှိကုန်၊ သက္ကစ္စမြောက်သော အလှူသည် အကျိုးပေးသောအခါ ထိုသူကို အများရိုသေရသည်။

[သဒိသံ ပါကံ ဇနေတိ။ ]

( ဂ ) ပူဇာဒါန, အနုဂ္ဂဟဒါန နှစ်ပါးတွင် ပူဇာဒါနမြတ်သည်၊ သို့သော်လည်း အနုဂ္ဂဟဒါနကိုလည်း အလေးပြုရသည်ပင်၊ အနုဂ္ဂဟ ဒါနပင်ဖြစ်သော်လည်း စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင် လှူရမည်။

ခွေး, ဝက်, ကြက်, ငှက်ကိုပင် ကျွေးမွေးသော်လည်း ကောင်း မွန်စွာ စီစဉ်၍ ကျွေးမွေးလျှင် သက္ကစ္စဒါနဖြစ်၍၊ မြေအလူးလူး ရွှံ့အလူးလူး ပုံ၍ ကျွေးလျှင် အသက္ကစ္စဒါနဖြစ်၏၊

(ဃ) သာဟတ္ထိကဒါန, အာဏတ္တိကဒါန နှစ်ပါးတွင် သာဟတ္ထိကဒါန မြတ်၏၊ ကိုယ်တိုင်ပင်မထပဲ သူတစ်ပါးကိုသာ ခိုင်းစေ၍ လှူသော ဒါနသည် အကျိုးပေးသောအခါ အခြွေအရံ နည်းတတ်သည်၊ ရာဇညမင်းကြီးသည် အာဏတ္တိကဒါနအတွက် စာတုမဟာရာဇ် နတ်ပြည်တွင် ဘုံဟောင်း ဗိမာန်ဟောင်းကြီးတစ်ခု၌ အခြွေအရံမရှိဘဲ တစ်ယောက်အထီးတည်း နတ်ကြီးဖြစ်ရသည်-ဟု ကျမ်းဂန်ရှိသည်၊ ထို့ကြောင့် တတ်နိုင်လျက်နှင့် အထပျင်းသည့်အတွက် သူတစ်ပါးကိုသာ မခိုင်းကြနှင့်၊ သာဟတ္ထိက မြောက်အောင်ပြုကြ။

( င ) ထာဝရဒါန, အထာဝရဒါန အကျိုးပေးခိုင်မြဲသည်၊ နေ့စဉ် ဝတ်တည်၍ပြုသော ဆွမ်းစသော နိစ္စဘတ်ဒါနသည်လည်း ထာဝရဒါန အလားရှိ၏၊

တေသံ ဒိဝါစ ရတ္တောစ၊ သဒါ ပုညံ ပဝဍ္ဎတိ။ ။ တေသံ=ထိုထာဝရဒါန, နိစ္စဘတ်ဒါန ရှိကြကုန်သော သူတို့အား၊ ဒိဝါစ=နေ့၌လည်းကောင်း၊ ရတ္တောစ=ညဉ့်၌လည်းကောင်း။ သဒါ=အခါ ခပ်သိမ်း၊ ပုညံ=ကုသိုလ်သည်၊ ပဝဍ္ဎတိ=မြစ်ရေ အယဉ်ကဲ့သို့ ပွားစီး၏၊

[ပါဠိတော်ရစေ။ပါဠိတော်ရစေ။]

( စ ) သပရိဝါရဒါန, အပရိဝါရဒါနနှစ်ပါးတွင် သပရိဝါရဒါန မြတ်၏၊

၁။ သင်္ကန်းကိုလှူလျှင် သင်္ကန်းသက်သက် လှူသည်ကား အပရိဝါရ ဒါနမည်၏၊

၂။ သင်္ကန်းကိုလှူလျှင် သင်္ကင်္နးနှင့်စပ်သော အခြံအရံစုကို အစုံအလင်ပြု၍ လှူသည်ကား သပရိဝါရ ဒါနမည်၏၊

[အလုံးစုံသော အလှူဝတ္ထုတို့မှာလည်း ဤနည်းချည်း။]

၁။ အပရိဝါရဒါနသည် အကျိုးပေးသောအခါ ထမင်းကိုလိုလျှင် ထမင်းသက်သက်ကိုသာ ရတတ်၏၊ ''ပျားရှိ၍ ဖက်မရှိ, ဖက်ရှိ၍ ပျားမရှိ'' ဆိုဘိသကဲ့သို့ ဖြစ်တတ်၏၊

၂။ သပရိဝါရဒါနမှာ အကျိုးပေးသောအခါ ထမင်းကိုအလိုရှိလျှင် ထမင်း၏ အခြံအရံဖြစ်သော ဟင်းကျွေး ဟင်းလျာ အစုံအလင် ဘောဇဉ်ခဲဘွယ် ပန်းကန်အုပ်ခွက် လက်ဘက် ဆေးကွမ်းနှင့် တကွ ရတတ်၏၊

[သဒိသံ ပါကံ ဇနေတိ။]

(ဆ) နိစ္စဒါန, အနိစ္စဒါန နှစ်ပါးသည် ထာဝရဒါန, အထာဝရဒါနနှင့် အလားတူ၏၊

နိစ္စဒါန, ထာဝရဒါန တစ်ခုခုရှိသောသူသည် သောတာပန်နှင့် အလားတူ၏၊ သေလျှင် နတ်ရွာသုဂတိ ဘဝမြဲ၏-ဟု အင်္ဂုတ္တိုရ် အဋ္ဌကထာမှာဆို၏၊ ထို့ကြောင့် လူဖြစ်သောသူသည် တစ်ခုခုသော နိစ္စဒါန, တစ်ခုခုသော ထာဝရဒါန ရှိသင့်လှတော့သည်။

(ဇ) သသင်္ခါရဒါန, အသင်္ခါရဒါန နှစ်ပါးတွင် အသင်္ခါရဒါန မြတ်၏၊

၁။ သူတစ်ပါးတိုက်တွန်း၍ ပြုရသော အလှူသည် အကျိုးပေး သောအခါ လူလည်း ထိုင်းမှိုင်းတတ်၏၊ ပစ္စည်းဥစ္စာ အကျိုးပေးလည်း ထိုင်းမှိုင်း တတ်၏၊

၂။ အသင်္ခါရအလှူသည် အကျိုးပေးသောအခါ လူလည်း သွက်လက် တတ်၏၊ ပစ္စည်းဥစ္စာ အကျိုးပေးလည်း သွက်လက်တတ်၏၊ [သဒိသံ ပါကံ ဇနေတိ။]

(စျ) ဇာနကတ, အဇာနကတနှစ်ပါးတွင် ဇာနကတမြတ်၏၊

၁။ အကျိုးအာနိသင်ကို မသိဘဲ လှူသောဒါနသည် အကျိုးပေးသော အခါ ဒွိဟိတ်အကျိုးကိုသာ ပေး၏၊ ဉာဏ်ပညာ နုံ့တတ်၏၊

၂။ အကျိုး အာနိသင်ကိုသိ၍ လှူသောဒါနသည် တိဟိတ်အကျိုး ကို ပေးတတ်၏၊ ဉာဏ်ပညာ ထက်တတ်၏၊ ။

[သဒိသံ ပါကံ ဇနေတိ။]

[ဤ ''သဒိသံပါကံဇနေတိ'' ပါဠိနှင့် ဆိုင်သမျှမှာ ''ယာဒိသံ ဝပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ''ဟူသော ပါဠိနှင့်လည်းဆိုင်လေ၏၊]

(ည) ဝဋ္ဋနိဿိတဒါန, ဝိဝဋ္ဋနိဿိတဒါန နှစ်ပါးတွင်

၁။ ဝဋ္ဋနိဿိတ ဒါနကား ပါရမီဆယ်ပါးတွင် မဝင်၊ လူ, နတ် ချမ်းသာကိုသာပေးနိုင်၏၊ နိဗ္ဗာန် မဂ်ဖိုလ်ကိုမဆောင်နိုင်။

၂။ ဝိဝဋ္ဋနိဿိတ ဒါနသည်သာ ပါရမီဆယ်ပါးတွင် ဒါန ပါရမီမည်၏၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ တည်းဟူသော ချမ်းသာသုံးပါးကို ဆောင်နိုင်၏၊ ၁။ ဒါနပါရမီ,

၂။ သီလပါရမီ,

၃။ နိက္ခမပါရမီ,

၄။ ပညာပါရမီ,

၅။ ဝီရိယပါရမီ,

၆။ ခန္တီပါရမီ,

၇။ သစ္စာပါရမီ,

၈။ အဓိဋ္ဌာန်ပါရမီ,

၉။ မေတ္တာပါရမီ,

၁၀။ ဥပေက္ခာပါရမီ။

[ပါရမီဆယ်ပါးရစေ။]

(ဋ) ဓမ္မဒါန, အဓမ္မဒါန နှစ်ပါးတွင် အဓမ္မဒါနသည် ကုသိုလ် ရသော ဒါနမဟုတ်၊ အကုသိုလ်ဖြစ်သော ဒါနသာတည်း၊ အထက်၌ အဓမ္မဒါန ၅-ပါး လာလိမ့်မည်။

(ဌ) ဓမ္မိကဒါန, အဓမ္မိကဒါန နှစ်ပါးတွင် အဓမ္မိကဒါနသည် ကုသိုလ်မရဟု ဆိုကြ၏၊ ကုသိုလ်မရ လုံးလုံးမဟုတ်၊ အရနည်းသည်ဟု ဆိုကြကုန်၏၊ အဓမ္မိကဒါန ၉-ပါး အထက်မှာလာလတ္တံ့။

(ဍ) ဝတ္ထုဒါန, အဘယဒါနနှစ်ပါးတွင် အဘယဒါနမြတ်သည်၊ ငါးပါးသီလများသည် အဘယဒါနမျိုးတွင် ဝင်၏၊

(¡) အဇ္ဈတ္တိကဒါန, ဗာဟိရဒါနနှစ်ပါးတွင် မွန်မြတ်သော ကိုယ်အင်္ဂါကိုလှူသော အဇ္ဈတ္တိကဒါနမြတ်၏၊

(ဏ) သာဝဇ္ဇဒါန, အနဝဇ္ဇဒါနနှစ်ပါးတွင် အနဝဇ္ဇဒါနမြတ်၏၊ သာဝဇ္ဇဒါနသည် အကျိုးပေးသောဘဝ၌ ကိုယ်တွင်းရန် ကိုယ်ပရန် များတတ်၏၊ စည်းစိမ်ဥစ္စာအတွက် အသက်ခန္ဓာ ဆုံးရတတ်၏၊

(တ) အဂ္ဂဒါန, ဥစ္ဆိဋ္ဌဒါနနှစ်ပါးတွင် အဂ္ဂဒါနမြတ်၏၊

သို့သော်လည်း အလှူခံပုဂ္ဂိုလ် နှစ်သက်လျှင် အကြွင်းအကျန် အယုတ်အညံ့ပင်ဖြစ်သော်လည်း အကျိုးကြီးပါ၏၊ စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင်သာပြု၊ ချမ်းသာသောသူတို့၏ အကြွင်း အကျန် သည် ဆင်းရဲလှသောသူတို့မှာ အကောင်းအမွန်ပင်ဖြစ်၏၊ လူတို့၏ အကြွင်းအကျန်သည် ခွေးဝက်ကြက်ငှက်တို့မှာ အကောင်းအမွန်ပင် ဖြစ်ပေ၏၊

(ထ) ဟီနဒါန, ပဏီတဒါနနှစ်ပါးတွင် ပဏီတဒါနမြတ်၏၊ သို့သော်လည်း အလှူခံပုဂ္ဂိုလ်မှာ အကျိုးများ ခဲ့သော်လည်းကောင်း, အလှူခံပုဂ္ဂိုလ် နှစ်သက်ခဲ့သော်လည်းကောင်း ယုတ်ညံ့သော အလှူဝတ္ထု ပင်ဖြစ်သော်လည်း စေတနာထက်ထက်နှင့် သက္ကစ္စမြောက်အောင်လှူလျှင် အကျိုးကြီးပါ၏၊

၂-ပါးစုအဓိပ္ပါယ်-ပြီး၏၊

--------*--------

၃-ပါးစု အဓိပ္ပါယ်

၂။ သုံးပါးစုတို့၌

(က) ၁။ အကျော်အစောကို တောင့်တ၍လှူသော ဒါနသည် ဟီနဒါန ဖြစ်၏၊

၂။ လူချမ်းသာ နတ်ချမ်းသာဟူသောအကျိုးကို တောင့်တ၍ လှူသောဒါနသည် မဇ္ဈိမဒါနဖြစ်၏၊

၃။ အရိယာတို့၏ အလေ့အကျက် အလောင်းအလျာတို့၏ အလေ့အကျက်ကို အလေးဂရုပြု၍ လှူသော ဒါနသည် ပဏီတဒါနမည်၏၊

တစ်နည်းကား

၁။ လူချမ်းသာ နတ်ချမ်းသာဟူသော အကျိုးကို တောင့် တ၍လှူသော ဒါနသည် ဟီန,

၂။ သာဝကဗောဓိ,ပစ္စေကဗောဓိကို တောင့်တ၍ပြုသော ဒါနသည် မဇ္ဈိမ,

၃။ သဗ္ဗညုဗောဓိကို တောင့်တ၍ပြုသောဒါနသည် ပဏီတ, ထို့ကြောင့် ကုသိုလ်ကောင်းမှုကို ပြုလျှင် အမှတ်တမဲ့မပြုရ၊ ဗောဓိသုံးပါးတွင် တစ်ပါးပါးကိုရည်သန်ရမည်, တောင့်တရမည်ဟု ပြောဆိုလေ့ ရှိကြပေကုန်၏၊ ဗောဓိ-ဆိုသည်ကား မဂ်ဉာဏ်ပေတည်း။ ဗောဓိ ဝုစ္စတိ စတူသု မဂ္ဂေသု ဉာဏံ။။ စတူသု မဂ္ဂေသု=မဂ်လေးပါးတို့၌၊ ဉာဏံ=ဉာဏ်ကို၊ ဗောဓိ=ဗောဓိ ဟူ၍၊ ဝုစ္စတိ=ဆိုအပ်၏၊[ပါဠိတော်။]

၁။ ဗောဓိဆိုသည်- သာဝကဗောဓိ, ပစ္စေကဗောဓိ, သဗ္ဗညု ဗောဓိ-ဟူ၍ သုံးပါးရှိ၏၊

၂။ သာဝကဗောဓိသည် အဂ္ဂသာဝကဗောဓိ, မဟာသာဝက ဗောဓိ, ပကတိသာဝကဗောဓိဟူ၍ သုံးပါးရှိပြန်၏၊ ၃။ သဗ္ဗညုဗောဓိသည်လည်း- ပညာဓိက, သဒ္ဓါဓိက, ဝီရိယာ ဓိက ဟူ၍ သုံးမျိုးရှိပြန်၏၊

၁။ ပညာဓိကမှာ- လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်သည်။

၂။ ဝီရိယာဓိကမှာ- ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။ ၃။ သဒ္ဓါဓိကမှာ- တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။ ၄။ ပစ္စေကဗောဓိမှာ- နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း။ ၅။ ရှင်သာရိပုတ္တရာ, ရှင်မောဂ္ဂလာန် နှစ်ပါးတို့ကဲ့သို့ အမြတ်ဆုံး ဖြစ်သော လကျ်ာရံကြီး လက်ဝဲရံကြီးနှစ်ပါးသည် ''အဂ္ဂ သာဝက'' မည်၏၊ ထိုအဂ္ဂသာဝကဗောဓိမှာ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှရသည်။

၆။ ရှင်အာနန္ဒာ, ရှင်အနုရုဒ္ဓါ, ရှင်မဟာကဿပ အစရှိကုန် သော လကျ်ာရံ ၄-ကျိပ်, လက်ဝဲရံ ၄-ကျိပ် ဤ ၈-ကျိပ် သော ပုဂ္ဂိုလ်တို့သည် ''မဟာသာဝကမဟာသာဝက'' မည်ကုန်၏၊ ထိုမဟာသာဝကဗောဓိသည် ကမ္ဘာတစ်သိန်း ပါရမီဖြည့်မှရ သည်။

၇။ သည်မှကြွင်းသော ဘုရားတပည့်သား အရိယာသာဝက ဟူသမျှသည် လူဖြစ်စေ, ရဟန်းဖြစ်စေ, နတ်ဗြဟ္မာဖြစ်စေ ''ပကတိသာဝကပကတိသာဝက'' မည်၏၊ ထိုပကတိသာဝက ဗောဓိမှာ ကမ္ဘာတစ်ရာ, ကမ္ဘာတစ်ထောင် ပါရမီဖြည့်ရသည် ဟုဆို ကြ၏၊ ပကတိသာဝကဆုကိုမူကား ကောင်းကောင်း ပါရမီဖြည့်နိုင်လျှင် နှစ်ဘဝသုံးဘဝနှင့်ပင် ရပါ၏ဟူ၍လည်း ဆိုကြကုန်၏၊

( ခ ) ဒါနဒါသ, ဒါနသဟာယ, ဒါနသာမိသုံးရပ်တွင် ဒါနသာမိ မြတ်၏၊ သို့သော်လည်း အလှူခံပုဂ္ဂိုလ်အားလျော်စွာရှိသေး၏၊ အလှူခံ ပုဂ္ဂိုလ်မှာ အကျိုးများ၍ အလှူခံနှစ်သက်၍ရှိလျှင် ဒါသ, သဟာယပင် ဖြစ်သော်လည်း အကျိုးကြီးပါ၏၊ စေတနာထက်ထက်နှင့် သက္ကစ္စမြောက် အောင်သာလိုသည်။

( ဂ ) ဝတ္ထု, အဘယ, ဓမ္မဒါနမှာ ထင်ရှားပြီ။

(က) ၁။ လူကဲ့ရဲ့မည်စိုး၍ လှူသောဒါနသည် လောကာဓိပတေယျ ဒါနမည်၏၊ ရံခါရံဖန် စေတနာသဒ္ဓါ မရှိလှဘဲနှင့် လူကဲ့ရဲ့ မည်စိုး၍ ပေးလှူရသော ဒါနလည်း ရှိကြ၏၊ ထိုဒါနကို လောကာဓိပတေယျဒါန ဆိုသည်။

၂။ စေတနာသဒ္ဓါ မရှိလှပါဘဲလျက် မိမိဂုဏ်သိရ် အရှိန်အဝါနှင့် ပေးလှူမှပင် လျော်မည်ဟု ပေးလှူကြသော အရာလည်း ရှိကြသည်၊ ထိုအလှူသည် အတ္တာဓိပတေယျ ဒါန မည်၏၊

၃။ ဆိုက်ရောက်လာသော အလှူခံပုဂ္ဂိုလ်အလိုရှိ၍ တောင်းရမ်း သော သူတို့အား တတ်နိုင်သမျှ ဝေငှပေးကမ်း လှူဒါန်း စွန့်ကြဲ ကျွေးမွေး ထောက်ပံ့မှုသည် ဘုရားအလောင်း, ပစ္စေကအလောင်း, အဂ္ဂသာဝက, မဟာသာဝက, ပကတိ သာဝကအလောင်း သူတော်ကောင်းတို့၏ အမှုပေတည်းဟု သူတော်ကောင်းတရားကို အလေးပြု၍ ပေးလှူသော ဒါနသည် ဓမ္မာဓိပတေယျဒါနမည်၏၊ ဤဓမ္မာဓိပတေယျ ဒါနသည် မြတ်၏၊ ။

၃-ပါးစုအဓိပ္ပါယ်-ပြီး၏၊

--------*--------

၄-ပါးစုအဓိပ္ပါယ်

၃။ (က) စတုပစ္စယဒါန၌ ပစ္စည်းဝတ္ထု အလှူစုတွင် သံဃိက ကျောင်း အလှူသည် အမြတ်ဆုံးပေတည်း။

ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။။ သံဃဿ=စတုဒိသာ လာလာသမျှသော သင်္ဃာအား၊ ဝိဟာရ ဒါနံ=ကျောင်းအလှူကို၊ အဂ္ဂံ=အမြတ်ဆုံး ဟူ၍၊ ဗုဒ္ဓေန=ငါဘုရားသည်၊ ဝဏ္ဏိတံ=ချီးမွမ်းအပ်၏၊

[ပါဠိတော်ရစေ။]

တခြားတစ်ပါးသော အလှူတို့မှာ ''သဒိသံ ပါကံ ဇနေတိ'' ဟူသည်နှင့်အညီ အလှူနှင့် လျော်ရာလျော်ရာ ပေးကြသည်သာများ သည်၊ ကျောင်းအလှူမှာမူကား အလုံးစုံကိုပေးနိုင်သည်ဟု ဟောတော် မူသည်လည်းရှိ၏၊

သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။။ ယော=အကြင်သူသည်၊ ဥပဿယံ=ကျောင်းအလှူကို၊ ဒဒါတိ= ဆောက်လုပ်လှူဒါန်း၏၊ သောစ=ထိုသူသည် လည်း၊ သဗ္ဗဒဒေါ=အလုံးစုံကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ။]

( ခ ) ဒက္ခိဏဝိသုဒ္ဓိလေးပါးတွင် အလှူပေး, အလှူခံ ၂-ပါး သီလ ရှိသော အလှူသည် မြတ်သည်။ တစ်ပါးပါး ပါရှိလျှင်လည်း သင့်ရုံရှိ၏၊ ၄-ပါးစုအဓိပ္ပါယ်-ပြီး၏၊

--------*--------

၅-ပါးစုအဓိပ္ပါယ်

၂။ ၅-ပါးစုတို့၌

၁။ သေလိုသောသူကို သူ့အလိုပြည့်ပါစေဟု အဆိပ်ဆေးကို ပေးလှူအံ့, ကြိုးကိုပေးလှူအံ့, ဓားလက်နက်ကို ပေးလှူအံ့, သေတဲ့ရန် နည်းကို ပြောဟောအံ့- ကုသိုလ်မဖြစ်၊ ပါဏာတိပါတကံသာဖြစ်၏၊ သူတစ်ပါးကို သတ်လိုသော သူကို သူ့အလိုပြည့်စေခြင်းငှာ ပေးလှူ ရာ၌လည်း ဤအတူမှတ်၊ အဆိပ်ဆေးနှင့်မှ ပျောက်ငြိမ်းမည့် အနာရောဂါ ရှိသူကို အနာရောဂါ ပျောက်ငြိမ်းစေခြင်းငှါ စင်ကြယ်စွာသောစိတ်ဖြင့် အဆိပ်ဆေးကို ပေးလှူရာ၌ကား ကုသိုလ်ဒါနဖြစ်ရပါသေး၏၊ ၂။ ပိုက်ကွန်, လေး, မြှားစသော လက်နက်ကိရိယာမျိုးကို အထည် ပျက်အောင် ဖျက်ဆီး၍ ကျောင်း, ဘုရားကိစ္စမှာ လှူဒါန်းလျှင်လည်း ကုသိုလ်ဒါန ဖြစ်ရပါသေး၏၊

၃။ သေရည် သေရက်စသော ယစ်မျိုးများကိုလည်း မူးလောက် ယစ်လောက်အောင် မဟုတ်ဘဲ အနည်းငယ်မျှ ဆေးဖေါ် ဝါးဖက် အနေနှင့် ပေးလှူရာ၌လည်းကောင်း, နူနာစသော အပဗာဟိရအနာမျိုး ကို ပျောက်ငြိမ်းစေခြင်းငှါ လိမ်းကျံရန်ပေးလှူရာတို့၌လည်းကောင်း ကုသိုလ်ဒါန ဖြစ်ရပါသေး၏၊

၄။ ကချေသဘင်အလှူ၌ ကိလသာတရား ပွားများရန် သက် သက်ဖြစ်သော အကအခုန်, အဆို, အဖွဲ့, ဇာတ်, ရုပ်သေးကို ပေး လှူရာ၌သာ အကုသိုလ်ဒါန အဓမ္မအလှူဖြစ်သည်၊ တီးသော အဆောက် အဦ, မှုတ်သော အဆောက်အဦ ကိရိယာမျိုးကိုလှူရာ၌လည်းကောင်း, တီးစေ, မှုတ်စေ၍ တီးသော အသံမျိုး မှုတ်သောအသံမျိုးကို လှူရာ၌ လည်းကောင်း, ရတနာသုံးပါးနှင့် သင့်လျော်လောက်သော အသံမျိုးကို မိမိကိုတိုင်ပင် တီး၍မှုတ်၍ လှူရာ၌လည်းကောင်း ကုသိုလ်မဖြစ် မဆိုသာ၊ လှူရိုးထုံးစံလည်း ကျမ်းဂန်များ တွင်လာပေသည်။

၅။ အထီး, အမအလှူတို့မှာလည်း ကာမဂုဏ်မှုကိုမငဲ့ဘဲ အလုပ် အကျွေးကိစ္စနှင့်လှူလျှင် အဓမ္မဒါန မဆိုသာ။

၅-ပါးစုအဓိပ္ပါယ်ပြီး၏၊

--------*--------

၅။ ခြောက်ပါးစု ထင်ရှားပြီ။

--------*--------

၇-ပါးစုအဓိပ္ပါယ်

၆။ ခုနစ်ပါးစု၌- ညွှန်း၍ရသော သင်္ဃာဆိုသည်ကား မိမိက ဘယ်ပုဂ္ဂိုလ်ဟု မရည်စူးဘဲ သင်္ဃာအများထဲကို ''တပည့်တော်ကို သင်္ဃာ တစ်ပါး ပေးပါ, နှစ်ပါးပေးပါ''ဟု မိမိအလိုရှိသလောက် မထေရ်ကြီး များကို လျှောက်ထားလေရာ မထေရ်ကြီးများက စာရင်းစဉ်ကျရာ ပုဂ္ဂိုလ်ကို ညွှန်ပြပေ၏၊ မထေရ်ကြီးများညွှန်ပြ၍ ကျရာပုဂ္ဂိုလ်ကို လှူသော အလှူပေတည်း။

၇-ပါးစုအဓိပ္ပါယ် ပြီး၏၊

--------*--------

၈-ပါးစုအဓိပ္ပါယ်

၇။ ရှစ်ပါးစု၌- ဒါနုပပတ္တိရှစ်ပါးသည် ဝဋ္ဋနိဿိတ ဒါနစုသာ တည်း၊ ဟီနဒါနဟူ၍ပင် ဟောတော်မူသည်။

တဿ တံ စိတ္တံ ဟီနာဓိမုတ္တံ ဟောတိ။။

တဿ=ထိုအလှူဒါယကာ၏၊ တံစိတ္တံ=ထိုစိတ်သည်၊ ဟီနာဓိ မုတ္တံ=အယုတ်အညံ့သို့ညွတ်သည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ။]

လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာချမ်းသာမျှတောင့်တသော စိတ်သည် အယုတ်အညံ့သို့ ညွတ်သော စိတ်မည်၏၊ နောက်ဆုံး၌ ဗြဟ္မာ ချမ်းသာလာသည်မှာ ဒါနနှင့်ဗြဟ္မာချမ်းသာကို ရနိုင်သည်မဟုတ်၊ စျာန်ရသော အလှူဒါယကာဖြစ်၍ ဗြဟ္မာချမ်းသာ လာလေသည်။

၈-ပါးစုအဓိပ္ပါယ်-ပြီး၏၊

--------*--------

၉-ပါးစုအဓိပ္ပါယ်

၈။ ကိုးပါးစု၌- တစ်ပါးသောပုဂ္ဂိုလ်ကို ညွတ်ပြီးမှ တစ်ခြားသော ပုဂ္ဂိုလ်အားသော်၎င်း, သင်္ဃာအားသော်၎င်း, စေတီအား သော်လည်း ကောင်း လှူသော ဒါနသုံးပါးသည် အဓမ္မိကဒါနမည်၏-ဟူရာ၌ မည်သည့်ပုဂ္ဂိုလ်အား လှူမည်, မည်သည့်ပုဂ္ဂိုလ်ဖို့ ဆောက်လုပ်မည်ဟု နှုတ်မြွက်ပြောကြားပြီးသော အလှူထည်ကို ညွတ်ပြီးဆိုသည်။

ပရိဏတံနာမ ဒဿာမ ကရိဿာမာတိ ဝါစာ ဘိန္နာ ဟောတိ။ ပရိဏတံနာမ=ညွတ်ပြီးသော ဝတ္ထုမည်သည်ကား၊ ဒဿာမ= လှူကုန်အံ့။ ကရိဿာမ=ဆောက်လုပ်ကုန်အံ့၊ ဣတိ=ဤသို့၊ ဝါစာ=နှုတ်ကို၊ ဘိန္နာ=မြွက်ပြီးသည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ။“

စိတ်ထဲကရည်စူးရုံမျှကို ညွတ်ပြီးမဆိုရ၊ စိတ်ထဲကရည်စူးရုံမျှ ရှိသေးသော အလှူဝတ္ထုကို တစ်ခြားတစ်ပါးသို့ ပြောင်းလွှဲ၍ လှူရာ၌ အဓမ္မိကဒါန ဖြစ်သည်မဆိုသာပေ၊ နောက်နောက် သုံးပါး, သုံးပါးတို့၌ လည်း ဤနည်းအတူမှတ်၊ အဓမ္မိကဒါနဖြစ်ခဲ့လျှင် ကုသိုလ်မရဟု ဆိုကြ၏၊ မရလုံးလုံး မဟုတ်၊ ပုဗ္ဗစေတနာကတစ်လမ်း, မုဉ္စစေတနာအပရ စေတနာတို့က တစ်လမ်းစီနေ၍ စေတနာထောင့်သည့်အတွက် အဓမ္မိကဒါနဆိုသည်။ ကုသိုလ်မှာ ဖြစ်ပါ၏ဟူ၍လည်း ဆိုကြကုန်၏၊ မည်သည့်ပုဂ္ဂိုလ်ကို လှူမည်, မည်သည့်ပုဂ္ဂိုလ်ဖို့ ဆောက် လုပ်မည်ဟု နှုတ်မြွက်ပြီးသောဝတ္ထုသည် နှုတ်မြွက်သည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်ပါပြီးသကဲ့သို့ ဖြစ်၏၊ ထို့ကြောင့် ရွှေ့ပြောင်း၍လှူခြင်းငှါ မထိုက်ပေပြီ၊ ရွှေ့ပြောင်း၍လှူခဲ့လျှင် ဝစီသစ္စာလည်းပျက်၏၊ ထိုပုဂ္ဂိုလ် ဖက်သို့ တစ်ဝက်ပါပြီးသော အဖို့ကိုလုယက်၍ တစ်ပါးသောပုဂ္ဂိုလ်အား ပေးသည်လည်းမည်၏၊ ထို့ကြောင့် အဓမ္မိကဒါနဟူ၍ ဟောတော်မူသည်။

ထိုဝတ္ထုကို အလှူခံသောအမှုသည်လည်း အဓမ္မိကပဋိဂ္ဂဟ ကိုးပါးဟူ၍ ဟောတော်မူသည်၊ မတရားသော အလှူခံကိုးပါးဆိုလိုသည်။ ထိုကဲ့သို့သောဝတ္ထုများကို လှူသောသူကပင် လှူသော်လည်း ခံသော ပုဂ္ဂိုလ်ကသိလျှင် အလှူမခံရ၊ စေတီတော်မူကား အသက်မရှိ၍ ကိစ္စမရှိ၊ နှုတ်မြွက်ပြီးသည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်ပါပြီး ဟူသော ယုတ္တိမှာ ထိုဝတ္ထုသည် သင်္ဃာကိုမြွက်ဆို ပြောကြားပြီးဖြစ်၍ သံဃိက ဟူ၍ပင် ပါဠိတော်၌ဟောတော်မူသည်၊ ဤသံဃိကဟူသော ပုဒ်၏အဖွင့် အဋ္ဌကထာကို ကြည့်ကြလျှင် နှုတ်မြွက်သည့်အတွက် ထိုပုဂ္ဂိုလ်ဖက်သို့ တစ်ဝက်တစ်စိတ်ပါပြီးရောက်ပြီးဟူသောစကား ထင်ရှားလိမ့်မည်။

ဒုစ္စရိုက်မှုနှင့်ရရှိသော ပစ္စည်းဝတ္ထုကို လှူဒါန်းသော အလှူသည် ကုသိုလ်ပင် ဖြစ်ငြားသော်လည်း ပစ္စည်းမစင်ကြယ် သည့်အတွက် ကဲ့ရဲ့ဖွယ်သောအလှူပင် ဖြစ်ပြန်သကဲ့သို့ ထို့အတူ နှုတ်မြွက်ပြီး၍ ညွတ်ပြီး ကိုင်းပြီး ထိုရသောဝတ္ထုကို တစ်ပါးသောပုဂ္ဂိုလ်, သင်္ဃာ, စေတီသို့ ပြောင်းရွှေ့၍ လှူသော အလှူကိုးပါးသည်လည်း ကုသိုလ်ပင်ဖြစ်သော် လည်း ကဲ့ရဲ့ဖွယ်သော အလှူပင်ဖြစ်ခဲ့၍ အဓမ္မိကဒါနဟူ၍ ဟောတော် မူသည်၊ ကုသိုလ်မဖြစ်ဟူ၍ကား မဆိုသာပေ၊ ညွတ်မိသောပုဂ္ဂိုလ်ကို ကြေကြေချမ်းချမ်းပြော၍ ပြောင်းရွှေ့မှ သင့်တင့်ပါ၏၊

မေးမြန်းဖွယ်

မေး။ လဇ္ဇီ သူတော်ကောင်းထင်၍ လှူမည်, ဒါန်းမည် ဆိုပြီးနောက်မှ ထိုပုဂ္ဂိုလ် အလဇ္ဇီဒုဿီလဖြစ်၍ နေသည်ကိုသိ၍ ပြောင်းရွှေ့လျှင် အဓမ္မိကဖြစ်ဦး မည်လော-ဟု မေးရန်ရှိ၏၊

ဖြေ။ အဓမ္မိကပင်ဖြစ်မည်၊ သို့သော်လည်း လဇ္ဇီ ပုဂ္ဂိုလ်သို့ ပြောင်းရွှေ့သည့်အတွက် အကျိုးပေးသာ၍ပေးရန်ရှိ၏၊ အဓမ္မိကဖြစ် သည့်အတွက်လည်း အကျိုးပေး မချောမောရှိ၏၊

၉-ပါးစု အဓိပ္ပါယ်-ပြီး၏၊

--------*--------

၁၀-ပါးစု အဓိပ္ပါယ်

၉။ ဆယ်ပါးစု၌- အစာအာဟာရကို လှူသောအလှူသည် အားခွန် ဗလကို အထူးအကျိုးပေး၏၊

အန္နဒေါ ဗလဒေါ ဟောတိ။

အန္နဒေါ=အစာထမင်းကို ပေးလှူသောသူသည်၊ ဗလဒေါ= အားခွန်ဗလကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ]

အဝတ်တန်ဆာကို ပေးလှူသောသူသည် အဆင်းအရောင်၏ ကောင်းခြင်းကို အထူးအကျိုးပေးတတ်၏၊

ဝတ္ထဒေါ ဝဏ္ဏဒေါ ဟောတိ။

ဝတ္ထဒေါ=အဝတ်သင်္ကန်းကို ပေးလှူသောသူသည်၊ ဝဏ္ဏဒေါ= အဆင်းအရောင်ကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ။]

''ယာနံ=ယာဉ်အလှူ'' မည်သည်ကား ဘိနပ်, ခြေစွပ်ကိုလှူသည်၊ ယာဉ်မျိုး, ရထားမျိုးကိုလှူသည်၊ လှည်း, လှေ, ဖောင်, သင်္ဘောကိုလှူသည်၊ ဆင်, မြင်းကိုလှူသည်၊ မိမိ၌ရှိသော လှည်း, လှေတို့နှင့် သူတပါးတို့ကို လိုရာအရပ်သို့ ချမ်းသာစွာ ရောက်ပါစေခြင်းငှါ လှေကူးတို့, လှည်းကူးတို့ ပို့သည်၊ လှေခ, လှည်းခ, ရထားခ, သင်္ဘောခပေးလှူသည်၊ ဤအလှူစု သည် ယာဉ်အလှူမည်၏၊ ဤယာဉ်အလှူကို လှူသောဒါနသည် ဖြစ်လေ ရာဘဝတို့၌ ရောဂါခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်း၍ ဣရိယာပုထ် လေးပါးတို့၌ ချမ်းသာခြင်းကို အထူးပေးတတ်၏၊

ယာနဒေါ သုခဒေါ ဟောတိ။ ။

ယာနဒေါ=ယာဉ်အလှူကို လှူသောသူသည်၊ သုခဒေါ=ဣရိယာ ပုထ် လေးပါး ချမ်းသာခြင်းကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏၊ [ပါဠိတော်ရစေ။]

ဆီမီးအရောင်အလင်းကို ပေးလှူသောဒါနသည် ဖြစ်လေရာ ဘဝတို့၌ မျက်စိအမျိုးမျိုးတို့ကို အထူးပေးတတ်၏၊ ပသာဒစက္ခု, ဒိဗ္ဗစက္ခု, ဓမ္မစက္ခု, ပညာစက္ခု, သမန္တစက္ခု, မျက်စိ အမျိုးမျိုး၊ မျက်စိအမြင်ထက် ကောင်းမြတ်သော အကျိုးမရှိပြီ။

ဇရပ်, တန်ဆောင်း, ကျောင်း, အရိပ်အာဝါသအလှူသည် အားခွန် ဗလ အဆင်းအရောင် ဣရိယာပထ သုခ အစရှိသော အလုံးစုံကို ပေးတတ်၏၊

သောစ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။။ ယော=အကြင်သူသည်၊ ဥပဿယံ= သူအများမှီခိုရာ စရပ်, တန်စောင်း, ကျောင်း, အရိပ်, အာဝါသကို၊ ဒဒါတိ=ပေးလှူ၏၊ သောစ= ထိုသူသည်လည်း၊ သဗ္ဗဒဒေါ=အလုံးစုံကို ပေးလှူသည်မည်သည်၊ ဟောတိ=ဖြစ်၏၊

[ပါဠိတော်ရစေ။]

ဝတ္ထုပစ္စည်းအလှူစုတွင် သံဃိကကျောင်းအလှူထက် အကျိုးကြီး သောအလှူ မရှိပြီ။

၁၀-ပါးစု အဓိပ္ပါယ် ပြီး၏၊

--------*--------

၁၄-ပါးစုအဓိပ္ပါယ်

၁၀။ ၁၄-ပါးစု၌- ပုဂ္ဂလိကအလှူ ၁၄-ပါးတို့တွင်

၁။ တိရစ္ဆာန် သတ္တဝါတို့အား တစ်နပ်စာဝအောင် ကျွေးမွေး သောအလှူသည် ဘဝတစ်ရာတို့၌ အာယု, ဝဏ္ဏ, သုခ, ဗလ, ပဋိဘာနဟူသော ကောင်းကျိုး ငါးပါးတို့ကို ပေး နိုင်၏၊

၂။ လူဒုဿီလအား တနပ်စာဝအောင် ပေးလှူလျှင် ဘဝ တစ်ထောင်,

၃။ သရဏဂုံမရှိသော သာသနာပ လူသီလဝန္တတို့အား တစ်နပ်စာပေးလှူလျှင် ဘဝတစ်သိန်း,

၄။ စျာန်ရ ရသေ့တိုအား တစ်နပ်စာပေးလှူလျှင် ဘဝကုဋေ တစ်သိန်း,

၅။ သရဏဂုံသီလရှိသော လူ-သာမဏေမှစ၍ သောတာ ပတ္တိမဂ်ပုဂ္ဂိုလ်တို့အား ပေးလှူလျှင် ဘဝအသင်္ချေ, [သည်ကအထက် ဘဝအသင်္ချေချည်း၊ အသင်္ချေတွေကိုသာ အဆင့်ဆင့်ကြီးလေ။]

ဤအလှူခံ ၁၄-ပါးတွင် ရဟန်းဒုဿီလပုဂ္ဂိုလ် မပါသောကြောင့် ရဟန်းဒုဿီလသည် အလှူခံ ပုဂ္ဂိုလ်မထိုက်၊ လှူသူမှာကုသိုလ်မရဟု ဆိုကြကုန်၏၊ ရဟန်းဒုဿီလသည် လူဒုဿီလထက် ဆယ်ပါးသော အကြောင်းတို့ဖြင့် ဆယ်ဆသာကြောင်း မိလိန္ဒပဥှာမိလိန္ဒပဥှာတွင် လာသည်။ ဝေလာမသုတ်ပါဠိတော်၌ကား

၁။ ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက် ပတ်လုံး ဇမ္ဗူဒီပါတကျွန်းလုံးကို ဘိတ်၍လှူဒါန်းသော ဝေလာမပုဏ္ဏား၏ အလှူထက် သောတာပန် တစ်ယောက်အား ဆွမ်းတစ်နပ်စာ ကျွေးရသော အလှူသည် အကျိုးကြီး၏၊

၂။ သောတာပန်တစ်ရာအား ဆွမ်းကျွေးရသည်ထက် သကဒါ ဂါမ်တစ်ယောက်အား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏၊

၃။ သကဒါဂါမ်တစ်ရာအား ကျွေးမွေးရသည်ထက် အနာဂါမ် တစ်ယောက်အား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏၊ ၄။ အနာဂါမ်တစ်ရာအား ကျွေးမွေးရသည်ထက် ရဟန္တာ တစ်ပါးအား ကျွေးမွေးရသောအလှူသည် အကျိုးကြီး၏၊

၅။ ရဟန္တာတစ်ရာအား ဆွမ်းတစ်နပ်စာ ကျွေးမွေးရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးအား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏၊

၆။ ပစ္စေကဗုဒ္ဓါတစ်ရာအား ကျွေးမွေးရသည်ထက် သဗ္ဗညုတ ဘုရားတစ်ပါးအား ကျွေးမွေးရသော အလှူသည် အကျိုးကြီး၏၊

၇။ သဗ္ဗညုတဘုရားတစ်ပါးအား ကျွေးမွေးရသည်ထက် ဘုရား အမှူးရှိသော သံဃာတော်တို့အား ကျွေးမွေး ရသောအလှူသည် အကျိုး ကြီး၏၊

၈။ ဘုရားအမှူးရှိသော သံဃာတော်တို့အား ကျွေးမွေးရသည် ထက် စတုဒိသာ သံဃိကကျောင်းတစ်ခုကို ဆောက်လုပ်လှူဒါန်းမှုသည် အကျိုးကြီး၏၊

၉။ စတုဒိသာ သံဃိကကျောင်းကို ဆောက်လုပ်လှူဒါန်းရသည် ထက် သရဏဂုံသုံးပါးကို ဆောက်တည်ရခြင်းသည် အကျိုးကြီး၏၊

၁၀။ သရဏဂုံသုံးပါး ဆောက်တည်ရခြင်းထက် သရဏဂုံနှင့် တကွ ငါးပါးသီလ ဆောက်တည်ရခြင်းသည် အကျိုးကြီး၏၊

၁၁။ သရဏဂုံသုံးပါးနှင့်တကွ ငါပါးသီလကို ဆောက်တည်ရခြင်း ထက် နွားနို့တညှစ်ခန့် ကာလမျှပင် မေတ္တာတရားကို ပွားများရခြင်းသည် အကျိုးကြီး၏၊

၁၂။ မေတ္တာတရားကို ပွားများရသည်ထက် အနိစ္စဘာဝနာတရား ပွားများရခြင်းသည် အကျိုးကြီးမြတ်လှ၏-ဟု ဟောတော်မူသည်။ ဒါနကထာ အဓိပ္ပါယ်ပြီး၏၊

ဒါနကထာ-ဒါနခန်းပြီး၏၊

--------*--------

သီလကထာ-သီလခန်း

အယုတ်,အလတ်,အမြတ်ဖြစ်ပုံ

သီလအဆင့်တန်း ခြားနားပုံ

(က) ၁။ ဟီနေန ဆန္ဒေန စိတ္တေန ဝီရိယေန ဝီမံသာယ ပဝတ္တိတံ

ဟီနံ။

၂။ မဇ္ဈိမေဟိ ဆန္ဒာဒီဟိ ပဝတ္တိတံ မဇ္ဈိမံ။

၃။ ပဏီတေဟိ ပဏီတံ။

( ခ ) ၁။ ယသကာမတာယ ဝါ သမာဒိန္နံ ဟီနံ။

၂။ ပုညဖလကာမတာယ မဇ္ဈိမံ။

၃။ ကတ္တဗ္ဗမေဝိဒန္တိ အရိယဘာဝံ နိဿာယ သမာဒိန္နံ ပဏီတံ။ ( ဂ ) ၁။ အဟမသ္မိ သီလသမ္ပန္နော၊ ဣမေ ပန ဘိက္ခူ ဒုဿီလာ ပါပဓမ္မာတိ ဧဝံ အတ္တုက္ကံသန ပရဝမ္ဘနာဒီဟိ ဥပက္ကိလိဋ္ဌံ ဝါ ဟီနံ။

၂။ အနုပက္ကိလိဋ္ဌံ လောကိယသီလံ မဇ္ဈိမံ။

၃။ လောကုတ္တရံ ပဏီတံ။

(ဃ) ၁။ တဏှာဝသေန ဝါ ဘဝဘောဂတ္ထာယ ပဝတ္တိတံ ဟီနံ။

၂။ အတ္တနော ဝိမောက္ခတ္ထာယ ပဝတ္တိတံ မဇ္ဈိမံ။

၃။ သဗ္ဗသတ္တ ဝိမောက္ခတ္ထာယ ပဝတ္တိတံ ပါရမိတာ သီလံ ပဏီတံ။

အပိစ ခေါ အညတရံ ဒေဝနိကာယံ ပဏိဓာယ ဗြဟ္မစရိယံ စရတိ၊ ''ဣမိနာဟံ သီလေနဝါ ဝတေနဝါ တပေနဝါ ဗြဟ္မစရိယေနဝါ ဒေဝေါဝါ ဘဝိဿာမိ ဒေဝညတရောဝါ တိ'' သော တဒဿာဒေတိ တန္နိကာမေတိ၊ တေနစ ဝိတ္တိံ အာပဇ္ဇတိ၊ ဣဒမ္ပိ ခေါ ဗြဟ္မဏ ဗြဟ္မစရိယဿ ခဏ္ဍမ္ပိ ဆိဒ္ဒမ္ပိ သဗလမ္ပိ ကမ္မာသမ္ပိ။

[သီလ၌ ဟီနဖြစ်ရန် အကြောင်းစုသည် ဒါနမှာလည်း ဟီနဖြစ်ရန်ပင် ဖြစ်၏၊ မဇ္ဈိမ ပဏီတ အတူတူ။]

အယုတ်,အလတ်,အမြတ်ဖြစ်ပုံပြီး၏၊

--------

၂-ပါးစုမာတိကာ

အရကျက်ရန်

၁။ သီလံ=သီလသည်

(က) ဂဟဋ္ဌ ပဗ္ဗဇိတတော=လူတို့သီလ, ရဟန်းတို့သီလ

ဟူ၍လည်းကောင်း။

( ခ ) ဂဟဋ္ဌေ=လူတို့၏ဂဟဋ္ဌသီလ၌၊ နိစ္စာနိစ္စတော=အမြဲထိန်း ရသော ငါးပါးသီလ, အာဇီဝဋ္ဌမကသီလ, ဆယ်ပါးသီလဟူသော ''နိစ္စ သီလ''၊ အမြဲတတ်နိုင်လျှင် အမြဲ, ရံခါတတ်နိုင်လျှင် ရံခါထိန်းရသော အဋ္ဌင်္ဂဥပုသ်ဟူသော ''အနိစ္စသီလ''ဟူ၍လည်းကောင်း။

( ဂ ) စာရိတ္တ ဝါရိတ္တတော=ထိန်းနိုင်လျှင် အကျိုးရှိ၍၊ မထိန်း နိုင်လျှင် အပြစ်မရှိသော ဝိကာလဘောဇန သိက္ခာပုဒ်စသော ''စာရိတ္တသီလ''၊ ထိန်းနိုင်လျှင် အကျိုးကြီးလှ၍ မထိန်းနိုင်လျှင် အပြစ်ကြီး လှသော ပါဏာတိပါတ သိက္ခာပုဒ်စသော ''ဝါရိတ္တ သီလ'' ဟူ၍လည်း ကောင်း။

(ဃ) နိဿိတာ နိဿိတတော=တဏှာဒိဋ္ဌိနှင့်ယှဉ်သော ''နိဿိတသီလ''၊ တဏှာ, ဒိဋ္ဌိနှင့်မယှဉ်သော ''အနိဿိတသီလ'' ဟူ၍ လည်းကောင်း။

( င ) လောကိယ လောကုတ္တရတော=''လောကိယသီလ, လောကုတ္တရာသီလ'' ဟူ၍လည်းကောင်း။

ဒုဝိဓံ= ၂-ပါး, ၂-ပါး အပြားရှိ၏၊

နှစ်ပါးစု မာတိကာပြီး၏၊

--------*--------

၃-ပါးစုမာတိကာ

၂။ သီလံ=သီလသည်

(က) ဟီန မဇ္ဈိမ ပဏီတတော=ယုတ်ညံ့သော ''ဟီနသီလ''၊ အလယ်ဖြစ်သော ''မဇ္ဈိမသီလ''၊ အမြတ်ဖြစ်သော ''ပဏီတ သီလ''ဟူ၍ လည်းကောင်း။

( ခ ) အတ္တ လောက ဓမ္မာဓိပတေယျတော=ဒါန၌ကဲ့သို့ မိမိ ကိုယ်ကို အလေးပြု၍ဖြစ်သော ''အတ္တာဓိပတေယျသီလ''၊ လောကကို အလေးပြု၍ဖြစ်သော ''လောကာဓိပတေယျသီလ''၊ သူတော်ကောင်း တရားကို အလေးပြု၍ဖြစ်သော ''ဓမ္မာဓိပတေယျသီလ'' ဟူ၍ လည်း ကောင်း။

( ဂ ) ပရာမဋ္ဌာဒိတော=တဏှာ, ဒိဋ္ဌိသုံးသပ်သော ''ပရာမဋ္ဌသီလ''၊ တဏှာ, ဒိဋ္ဌိမသုံးသပ်သော ''အပရာမဋ္ဌသီလ''၊ ကိလေသာငြိမ်းပြီးသော ''ပဋိပဿဒ္ဓိသီလ''ဟူ၍လည်းကောင်း။

တိဝိဓံ= ၃-ပါး, ၃ပါးအပြားရှိ၏၊

၃-ပါးစု မာတိကာ-ပြီး၏၊

--------*--------

၃။ သီလံ=သီလသည်

(က) ဟာန ဘာဂိယာဒိတော=ဆုတ်ယုတ်ခြင်း အဖို့ရှိသော ''ဟာနဘာဂိယသီလ''၊ တည်တံ့ခြင်း အဘို့ရှိသော ''ဌိတိ ဘာဂိယသီလ''၊ တိုးတက်ခြင်း အဖို့ရှိသော ''ဝိသေသဘာဂိယသီလ''၊ ထိုးထွင်း၍သိခြင်း အဖို့ရှိသော ''နိဗ္ဗေဓဘာဂိယသီလ''ဟူ၍လည်းကောင်း။

( ခ ) ပကတိယာဒိတော= ပကတိသီလ, အာစာရသီလ, ဓမ္မတာ သီလ, ပုဗ္ဗဟေတုကသီလဟူ၍ လည်းကောင်း။

စတုဗ္ဗိဓံ= ၄-ပါး, ၄-ပါး အပြားရှိ၏၊

၄-ပါးစုမာတိကာ-ပြီး၏၊

--------*--------

၅-ပါးစုမာတိကာ

၄။ သီလံ=သီလသည်

(က) ဝေရမဏိယာဒိတော=ဝိရတိသီလ, စေတနာသီလ, စေတသိကသီလ, သံဝရသီလ, အဝီတိက္ကမသီလ ဟူ၍ လည်းကောင်း။

( ခ ) ပဉ္စင်္ဂတော=သတ်မှုမှ ကြဉ်ရှောင်ခြင်း, ခိုးမှုမှ ကြဉ်ရှောင်ခြင်း, မလွန်ကျူးအပ်သော နှစ်ကျိပ်သော မိန်းမမှ ကြဉ်ရှောင်ခြင်း, မုသားမှ ကြဉ်ရှောင်ခြင်း, ယစ်မျိုးမှ ကြဉ်ရှောင်ခြင်းဟူသော အင်္ဂါအားဖြင့်လည်း ကောင်း။

၅။ (က) ၁။ ပါဏာတိပါတာ=အသက်သတ်မှုမှ၊ ဝေရမဏီ=ကြဉ်ရှောင် ခြင်း လည်းတစ်ပါး။

၂။ အဒိန္နာဒါနာ=အရှင်မပေးသော ဥစ္စာကို ခိုးယူမှုမှ၊ ဝေရ မဏီ=ကြဉ်ရှောင်ခြင်းလည်းတစ်ပါး။

၃။ ကာမေသုမိစ္ဆာစာရာ=ဗောဋ္ဌဗ္ဗအာရုံ ကာမဂုဏ်တို့၌ မှား ယွင်းသောအကျင့်မှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်း တစ်ပါး။

၄။ မုသာဝါဒါ=မဟုတ်စကားပြောဆိုခြင်းမှ၊ ဝေရမဏီ=ကြဉ် ရှောင်ခြင်းလည်းတစ်ပါး။

၅။ ပိသုဏဝါစာ=ကုန်းတိုက်စကားပြောဆိုခြင်းမှ၊ ဝေရမဏီ= ကြဉ်ရှောင်ခြင်းလည်းတစ်ပါး။

၆။ ဖရုသဝါစာ=အကြမ်းအတန်း ပြောဆိုမှုမှ၊ ဝေရမဏီ=ကြဉ် ရှောင်ခြင်းလည်းတစ်ပါး။

၇။ သမ္ဖပ္ပလာပါ=ပစ္စုပ္ပန်အကျိုး သံသရာအကျိုး မရှိသော ရာမ, အီနောင်, ငွေတောင်, ဘာရတ စသော ဒဏ္ဍာရီစကား မျိုးကို ပြောဆိုမှုမှ၊ ဝေရမဏီ=ကြဉ်ရှောင်ခြင်းလည်း တစ်ပါး။

၈။ မိစ္ဆာဇီဝါ=ယုတ်မာသော အသက် မွေးမှုမှ၊ ဝေရမဏီ=ကြဉ် ရှောင်ခြင်းလည်းတစ်ပါး။

ဣတိ=ဤသို့၊ အာဇီဝဋ္ဌမကဝသေန=အာဇီဝလျှင် ရှစ်ခုမြောက် ရှိသော နိစ္စသီလ၏ အစွမ်းအားဖြင့်လည်းကောင်း။

( ခ ) ဥပေါသထဝသေန=အင်္ဂါရှစ်ပါးရှိသော ဥပေါသထသီလ၏ အစွမ်းအားဖြင့်လည်းကောင်း၊ အဋ္ဌဝိဓံ=၈-ပါး, ၈-ပါး အပြားရှိ၏၊

( ဂ ) ပုန=တစ်ဖန်၊ ဥပေါသထေ=အဋ္ဌင်္ဂဥပုသ်၌၊ ပါကတိကံ= ပကတိ ဥပုသ်နေ့၌ စောင့်ထိန်းသော ''အဋ္ဌင်္ဂဥပုသ်'' ဟူ၍လည်းကောင်း၊ ပါဋိဟာရိယံ=လေးလတန်သည် သုံးလတန်သည် နှစ်လတန်သည် တစ်လ တန်သည် တစ်ပက္ခတန်သည် အမြဲစောင့်ထိန်းသော ''ပါဋိဟာရိယ ဥပုသ်'' ဟူ၍လည်းကောင်း၊ ပဋိဇာဂရံ=အကြိုရက် အပိုရက်တို့၌ စောင့်ထိန်းသော ''ပဋိဇာဂရဥပုသ်''ဟူ၍လည်းကောင်း၊ အဋ္ဌဝိဓံ= ၈- ပါး, ၈-ပါး အပြားရှိ၏၊

(ဃ) ပုန=တစ်ဖန်၊ ဂေါပါလကံ=နွားငှါးကျောင်းသော သူ၏ အမှုနှင့်အလားတူသော ''ဂေါပါလဥပုသ်'' ဟူ၍လည်းကောင်း၊ နိဂဏ္ဌကံ= နိဂဏ္ဌတက္ကတွန်းတို့၏ ဥပုသ်နှင့်တူသော ''နိဂဏ္ဌဥပုသ်'' ဟူ၍လည်း ကောင်း၊ အရိယကံ=အရိယာတို့၏ ဥပုသ်နှင့်တူသော အရိယာတို့၏ဥပုသ် ဟူ၍လည်းကောင်း၊ အဋ္ဌဝိဓံ=၈-ပါး, ၈-ပါး အပြားရှိ၏၊

ပဉ္စဝိဓံ= ၅-ပါး, ၅-ပါး အပြားရှိ၏၊ ၅-ပါးစုမာတိကာ-ပြီး၏၊

--------

၈-ပါးစုမာတိကာ-ပြီး၏၊

--------*--------

၉-ပါးစုမာတိကာ

၆။ နဝင်္ဂုပေါသထဝသေန=မေတ္တာဘာဝနာနှင့်တကွ အင်္ဂါကိုးပါး ရှိသော နဝင်္ဂဥပုသ်၏ အစွမ်းအားဖြင့်၊ နဝဝိဓံ=ကိုးပါး အပြားရှိ၏၊

၉-ပါးစုမာတိကာ-ပြီး၏၊

--------*--------

၇။ ဒသန္နံ=ဆယ်ပါးကုန်သော၊ ဒုစ္စရိတာနံ=ဒုစ္စရိုက်တို့ကို၊ ပဟာန ဝသေန=ပယ်စွန့်သည်၏ အစွမ်းအားဖြင့်၊ စတ္တာလီသဝိဓံ= လေးဆယ် အပြားရှိ၏၊ တံ=ထိုဂဟဋ္ဌသီလအပြားကို၊ ဒေသေန္တံ=ဟောတော်မူသော မြတ်စွာဘုရားကို၊ အဟံ=အကျွန်ုပ်သည်၊ နမာမိ=ရှိခိုးပါ၏၊

[ဒုစ္စရိုက်တို့၌ မနောကံသုံးပါးကို သီလအပြား၌ သွင်းလိုက်သည်ကား သီလအစစ်ဖြစ်၍ သွင်းသည်မဟုတ်၊ မနောကံ သီလဟူ၍မရှိ၊ ဒုစ္စရိုက်တို့ကို အစုံအလင် ထုတ်ပြ၍ သွင်းလိုက်သည်၊ ဒုစ္စရိုက်လေးဆယ်ဆိုသည်ကား ဒုစ္စရိုက်ဆယ်ပါးတွင် တစ်ပါးပါး၌ ကိုယ်တိုင်ပြုခြင်း, သူတစ်ပါးကိုစေခိုင်းခြင်း, ထိုဒုစ္စရိုက်မှုကို ချီးမွှမ်းခြင်း, ထိုဒုစ္စရိုက်မှုကို နှစ်သက်ခြင်းဟူ၍ ၄-ပါး, ၄-ပါး စီပွား၍ ဒုစ္စရိုက်လေးဆယ် ဖြစ်သတည်း။]

၄၀-ပါးစုမာတိကာပြီး၏၊

သီလကထာ-သီလခန်းပြီး၏၊

--------*--------

ဓမ္မဝိနယစာတမ်းရှင်းလင်းချက်

ဇယတု။။ ဓမ္မဝိနယကျမ်းစာ ၁၉-နံပါတ်တွင်ပါဝင်သော ဒါနသည်

၁။ အကျိုးဖလကိုသာ ရသောဒါန,

၂။ အကျိုးဖလကို မရသောဒါန,

၃။ အကျိုးဖလကိုမျှ မရသည့်ပြင် အလှူခံ, အလှူပေးနှစ်ပါးလုံး သာသနာဖျက်ဖြစ်၍ အဝီစိငရဲသို့ သွားကြရသော ဒါန-ဟူ၍ သုံးပါး အပြားရှိသည် ဆိုပြီးလျှင်

ဒုတိယဒါနစိစစ်ပုံ

အကျိုးဖလမျှ မရသောဒုတိယဒါန၏ အကျယ်သရုပ်ကို ထုတ်ပြရာ၌

၁။ အလှူခံပုဂ္ဂိုလ်က အလဇ္ဇီလည်းဖြစ်စေ,

၂။ အလှူပေးဒါယကာကလည်း မိစဉ်ဘဆက်ပင် မဟာဂီရိ နတ်ကို ကိုးကွယ်ဘိသကဲ့သို့ မိမိတို့အစဉ်အဆက် ကိုးကွယ်ရင်းဖြစ်၍ အမှတ်တမဲ့ လှူဒါန်းသည်လည်း ဖြစ်စေ, ထိုဒါနသည် အနည်းငယ်သော အကျိုးဖလမျှကို မရသောဒါန မှတ်ရမည်''

ဟု ပြပေ၏၊ ထိုစကားသည် ကျမ်းဂန်တို့၌အဆိုမရှိ၊ အတ္တနော မတိ မိမိသဘောအရကို ပြဆိုချက်သာဖြစ်သည်၊ အတ္တနောမတိပင် ဖြစ်သော်လည်း ကျမ်းဂန်တို့နှင့် နှီးနှော၍ညီညွတ်ပေလျှင် ယူထိုက် မှတ်ထိုက်ပါ၏၊

--------*--------

မိရိုးဖလာနတ်ကိုးကွယ်မှု

ကျမ်းဂန်တို့နှင့် ညီညွတ်သည် မညီညွတ်သည်ကို စစ်တမ်း ထုတ်၍ ပြလိုက်အံ့။

၁။ မဟာဂီရိအစရှိသော မိရိုးဘလာ ကိုးကွယ်ကြသော နတ်များ ကို အရိုးအစဉ်မပျက် ကိုးကွယ်ခြင်းအမှုသည် လူတို့၌ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရန် အမှုတစ်ခု ဖြစ်ကြောင်းကို အင်္ဂုတ္တိုရ်ပါဠိတော်အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဟော တော်မူသည် တစ်ချက်။

၂။ ရွာစောင့်နတ်, မြို့စောင့်နတ်, တိုင်းစောင့်နတ်, ပြည်စောင့် နတ်တို့ကို အစဉ်အလာမပျက်ရအောင် ကိုးကွယ်ကြသော မြို့ရွာတိုင်း ပြည်များသည် အကျိုးစီးပွား မဆုတ်မယုတ်နိုင်သော ''အပရိဟာနိယဓမ္မ'' တစ်ပါးဖြစ်ကြောင်းကို မဟာပရိနိဗ္ဗာနသုတ်မဟာပရိနိဗ္ဗာနသုတ်၌ ဟောတော်မူသည် တစ်ချက်။

၃။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊

မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊

ဒိဝါစ ရတ္တောစ ဟရန္တိ ယေ ဗလိံ

ဟူ၍ နေ့နေ့ညည ပူဇော်သက္ကာရများကို ဆောင်ယူပူဇော်ကြ ပေကုန်သောလူတို့အား နတ်အပေါင်းတို့ သည် ချစ်ခြင်း မေတ္တာကို ပြုကြပေကုန်လော့-ဟု ရတနသုတ်ရတနသုတ်တွင် ဟောတော်မူသည်တချက်။

၄။ ယာ တတ္ထ ဒေဝတာ အာသုံ၊ တာသံ ဒက္ခိဏမာဒိသေ။

တာ ပူဇိတာ ပူဇယန္တိ၊ မာနိတာ မာနယန္တိ နံ။

ဒေဝတာနုကမ္ပိတော ပေါသော၊ သဒါ ဘဒြာနိ ပဿတိ

ဟူ၍ လူတို့သည် အိမ်သစ်တက်သောအခါ ရဟန်းသံဃာ တော်များကို လှူဒါန်းကျွေးမွေးရာ မဟာဂီရိအစရှိသော အိမ်စောင့် နတ်များကို အမျှဝေရမည်၊ ငါတို့ကို အမျှဝေပေသည်ဟူ၍ ထိုအိမ်ရှင် တို့ကို အိမ်စောင့်နတ်က ဘေးကင်းအောင်, အန္တရာယ်ကင်းအောင် စောင့်ရှောက်ခြင်းဖြင့် ထိုအိမ်ရှင်တို့ကို တစ်ဖန် ပူဇော်ကြကုန်သည်၊ မြတ်နိုးတနာ ပြုကြကုန်သည်၊ ထိုနတ်တို့သည် ချစ်ကြင်သနား၍ စောင့်ရှောက်ကုန်သည်ရှိသော် ထိုအိမ်ရှင်တို့သည် အခါခပ်သိမ်း ကောင်းမြတ်သောမင်္ဂလာ ကျက်သရေတို့ကိုသာ မြင်ရတွေ့ရ ကြုံရကုန် သည်ဟု ဟောတော်မူသည်-တစ်ချက်။

ဤသို့လျှင် လူတို့၏ကောင်းကျိုးစီးပွား များမြတ်ရာသော တရားတို့ကို ဟောတော်မူသော မြတ်စွာဘုရား သည် မဟာဂီရိစသော မိရိုးဘလာ ကိုးကွယ်ကြသောနတ်များကို အစဉ်အလာ မပျက်ရအောင် ကိုးကွယ်ပူဇော်ကြသောအမှုကို သုတ္တန်အရပ်ရပ်တို့၌ ချီးမွမ်းတော်မူသည်၊ အစဉ်အလာ ကိုးကွယ်မြဲတိုင်း မကိုးကွယ်ကြသော လူတို့အား အကျိုး စီးပွား ဆုတ်ယုတ်ရန် အကြောင်းတစ်ခု ဖြစ်ကြောင်းကိုလည်း ''မဟာ ပရိနိဗ္ဗာနသုတ်''၌ ဟောတော်မူသည်။

မဟာဂီရိစသောနတ်တို့ကို အစဉ်အလာ မပျက်ရအောင် ကိုးကွယ်မှု-ဟူသည်လည်း ထိုနတ်တို့သည် သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့နှင့် ပြည်စုံကြပေကုန်သည်-ဟု ဒက္ခိဏေယျအနေနှင့် ကိုးကွယ်ရသည်လည်း မဟုတ်၊ ကံကိုလုံးလုံး လွှတ်၍ ထိုနတ်တို့သည်သာ ကောင်းကျိုး, မကောင်းကျိုးကို ပေးနိုင်သည်-ဟု ကိုးကွယ်ရသည်လည်း မဟုတ်၊ လောက၌ အနာရောဂါ မကပ်မရောက်ပါစေခြင်းအကျိုးငှာ ဆေးသမားကြီးများကို ကိုးကွယ်ကြရသကဲ့သို့, ဥစ္စာပစ္စည်း ပေါများစေခြင်း အကျိုးငှာ သူဌေးကြီး သူကြွယ်ကြီးများကို ကိုးကွယ်ကြရသကဲ့သို့, ခပ်သိမ်းသောစည်းစိမ် ကြက်သရေတို့ကို ရပါစေခြင်းငှာ မင်းစိုးရာဇာ တို့ကို ကိုးကွယ်ကြရသကဲ့သို့ ကိုးကွယ်သည်သာ ဖြစ်သတည်း။

ကောင်းကောင်းတတ်ပေသော ဆေးသမားကြီးများကို ကောင်းစွာကိုးကွယ်လျှင် ရောဂါပျောက်ငြိမ်းမှု, သူဌေးကြီး သူကြွယ်ကြီး များကို ကောင်းစွာကိုးကွယ်ဆည်းကပ်လျှင် ပစ္စည်းဥစ္စာဖြစ်ထွန်းမှု, မင်းစိုးရာဇာတို့ကို ကောင်းစွာကိုးကွယ်လျှင် ခစားလျှင် စည်းစိမ် ကျက်သရေတို့ကို ခံစံရမှုများသည်လည်း လောကမျက်မြင်ပင် ဖြစ်ကြ သည်၊ မင်းစိုးရာဇာတို့ကို မရိုမသေ ပြုကျင့်လျှင် စည်းစိမ်ဥစ္စာ ပျက်စီးမှု, အသက်ခန္ဓာ ပျက်စီးမှုများသည်လည်း လောက၌ မျက်မြင်ပင်ဖြစ် ကြသည်။

အချို့သောလူပြိန်းတို့သည် ထိုအစဉ်အလာ ကိုးကွယ်ရိုးဖြစ်သော နတ်များကို ကိုးကွယ်ရမည်, ရိုသေရ မည်ဆိုလျှင် ကံကိုသာအားကိုး၍ ထိုသို့သော ကိုးကွယ်ရိုသေမှုများကို လုံးလုံးပစ်ပယ်ကြကုန်၏၊ ထိုသူ တို့သည် မင်းစိုးရာဇာတို့ အမိန့်အာဏာ နှင့်စပ်လျှင် ကံကိုသာ အားကိုး၍ မနေဝံ့၊ ယခု သေရတော့မည်လောက်ကြောက်ရွံ့ကြကုန်၏၊

အကြောင်းမှာမူကား မင်းစိုးရာဇာတို့ အမျက်ထွက်၍ အသက် ခန္ဓာ ဆုံးရှုံးမှု, စည်းစိမ်ဥစ္စာ ဆုံးရှုံးမှုများကို မျက်မြင်ဖြစ်၍ ကြောက်ရွံ့ကြ ကုန်သည်၊ နတ်တို့အမျက်ထွက်၍ အသက်ခန္ဓာ ဆုံးရှုံးမှု, စည်းစိမ်ဥစ္စာ ဆုံးရှုံးမှုများကိုမူကား နတ်ကောင်နှင့်တကွ မမြင်ရ၍ ထိုလူပြိန်းတို့ မကြောက်ကြကုန်သည်။

[ဤစကားရပ်တို့ကား ဤကျမ်းစာ၌ အကျိုးမရှိသော ဒါနကိုပြရာဝယ် မိရိုးဘလာ ကိုးကွယ်သော မဟာဂီရိနတ်ကို ကိုးကွယ်မှုကို ဥပမာပြု၍လာသောကြောင့် ဤကျမ်းစာကို ကြည့်ရှုသော လူပြိန်းတို့သည် ထိုမဟာဂီရိနတ်များကို မရိုမသေ ပြုမိကြချေလျှင် မိမိတို့ အသက်ခန္ဓာ, သားငယ် မြေးငယ်တို့ အသက်ခန္ဓာ, ဥစ္စာစည်းစိမ် ဆုံးပါးခြင်းသို့ ရောက်ရာ သော အချက်ကြီးတစ်ခုဖြစ်ချေ၍ အသေအချာပြလိုက်သော စကားရပ်တည်း။]

--------*--------

အလဇ္ဇီပုဂ္ဂိုလ်ကို လှူဒါန်းမှု

''မိမိတို့အစဉ်အလာ ကိုးကွယ်ရင်းဖြစ်၍ အလဇ္ဇီပုဂ္ဂိုလ်ကိုပင် အမှတ်တမဲ့ လှူဒါန်းခဲ့သည်လည်းဖြစ်စေ''ဟု အကျိုးမရှိသော အင်္ဂါ တစ်ပါးကို ပြရာ၌

အလဇ္ဇီမှန်းသိလျက် လှူဒါန်း၍နေလျှင်သာ အကျိုးမရှိ ဆိုလျှင်

ဆိုရမည်၊ အလဇ္ဇီမှန်းမသိဘဲ အမှတ်တမဲ့ လှူဒါန်း၍နေသည်မှာ အဘယ့်ကြောင့် အကျိုးမရှိဘဲ ရှိအံ့နည်း၊ အလဇ္ဇီမှန်းသိလျက်ပင် လှူဒါန်း စေဦးတော့၊ တစ်ပါးသော လဇ္ဇီရဟန်းတို့နှင့် ဘက်ပြိုင်နိုင်စေခြင်းငှာ တစ်ပါးသော လဇ္ဇီရဟန်းတို့၏ အနှိပ်အကြိတ်ကို ခုခံနိုင်စေခြင်း အကျိုးငှာ ဟု မသင့်သောနှလုံးသွင်းခြင်းဖြင့် လှူဒါန်း၍နေလျှင်သာ အကျိုးမရှိ အပြစ်သာရှိသည်-ဟု ဆိုခွင့်ရှိသည်။

ဤရဟန်းသည် မည်သည့် သိက္ခာပုဒ်ကို သိလျက်နှင့်လွန်ကျူး၍ နေသောကြောင့် ထိုသိက္ခာပုဒ်အတွက် အလဇ္ဇီဧကန်ဖြစ်၍နေ၏၊ သို့သော်လည်း မလွန်ကျုးဘဲ အမြဲတည်၍နေသော သိက္ခာပုဒ်တို့သည် လည်း ထိုပုဂ္ဂိုလ်မှာ အရာမကများလျက်ရှိပေသေးသည်၊ ထိုရှိ၍နေသော သိက္ခာပုဒ်တို့တွင်လည်း တစ်ခုခုသောသိက္ခာပုဒ်တော်သည်ပင်လျှင် အဘိုးအနဂ္ဃထိုက်တန်လှပေသေးလျက်ရှိသည်-ဟု မြတ်စွာဘုရား ပညတ်တော်မူသော တစ်ခုခုသော သိက္ခာပုဒ်ဂုဏ်ကျေးဇူးကိုသိ၍ ထိုမလွန်ကျူးဘဲတည်နေသော သိက္ခာပုဒ်တို့၏အတွက် သဒ္ဓါတရား မပျက် လှူဒါန်း၍နေပေမူကား အသင်္ချေယျ, အပ္ပမေယျအကျိုးပေး မည်ပင် ဖြစ်သတည်း။

ဥပမာကား။။ အညာမိုးကုတ် ကျောက်တွင်း၌ အချို့သော မြကျောက်ကြီးများသည် အပေါ်ရံပြင်ပ၌ အကာဖုံးအုပ်၍နေ၏၊ အတွင်း၌ကား အဘိုးအနဂ္ဃထိုက်တန်သော အရည်အသွေးရှိ၏၊ မျက်စိ အားနည်းသော ပါဒရက်သည် ကျောက်တူးသမားသည် ထိုကျောက်ကို တွေ့လျှင် အပေါ်ရံအကာသက်သက်ကိုသာမြင်၍ အတွင်း၌ရှိသော အရည်အသွေးတို့ကို မမြင်ခြင်းကြောင့် အဘိုးမတန်ထင်မှတ်လျက် လွတ်ရာသို့ဖယ်ရှား၍ ထား၏၊ မျက်စိအမြင်ကောင်းသော ကျောက်တူး သမားသည် ထိုကျောက်ကိုတွေ့မြင်၍ ကြည့်ရှုလေရာ အပေါ်ရံ အကာကို ဖောက်ပြီးလျှင် အတွင်း၌ပြည့်သော အရည်အသွေးတို့ကို တွေ့မြင်၍ ဆောင်ယူခွဲစိတ် ရောင်းချလေရာ များစွာသော ရွှေ, ငွေ, ဥစ္စာတို့ကိုရ၍ ကြွယ်ဝချမ်းသာလေ၏၊

ဤအတူ ရဟန်းတို့မှာ ''နဝကောဋိသဟဿာနိ''အစရှိသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာပါဌ်နှင့်အညီ ကုဋေကိုးထောင်မျှမကသော သိက္ခာပုဒ်တော်တို့သည် ဉတ်ကမ္မဝါစာဘတ်ရွတ်၍ ပြီးဆုံးသည်နှင့် တပြိုင်နက် တည်ကုန်၏၊ ပညာမျက်စိ အားနည်းလှသော လူရှင်တို့သည် မြကျောက်မှအကာနှင့်တူသော ပျက်စီး၍နေသော သိက္ခာပုဒ် ငယ်များ တွင်သာ မျက်စိဆုံး၍ မပျက်မစီးတည်နေသော ကုဋေကိုးထောင်မျှ မကသော သိက္ခာပုဒ်တော်တို့ကိုမူကား မမြင်ကြကုန်။ သဒ္ဓါဗလ, ပညာဗလနှင့်ပြည့်စုံသော သူတို့သည်မူကား မြင်နိုင်ကြကုန်သည် ဖြစ်၍ ထိုအလဇ္ဇီကိုပင် ကြည်ညိုသောစိတ်ဖြစ်နိုင်ကြကုန်၏၊

တစ်နည်းလည်း။။ အလဇ္ဇီကို လှူသောဒါနသည် အကျိုးမကြီး၊ လဇ္ဇီ ပုဂ္ဂိုလ်ကိုလှူမှ အကျိုးကြီးသည်ဟု အကျိုးကိုခင်မင်၍ ရွေးချယ်ချက် နှင့် တကွလှူဒါန်းသောဒါနသည် ''ပုညဖလကာမတာယ ဟီနံ''ဟူသော ဝိသုဒ္ဓိ မဂ်အဋ္ဌကထာပါဌ်နှင့်အညီ သီလမှာကဲ့သို့ ဟီနဒါနသာဖြစ် ချေသည်၊ ပါရမီမြောက်သော ဒါနပင်မဟုတ်ချေ၊ ပုညာဘိသင်္ခါရအစစ် ဖြစ်ချေသည်၊ သံသရာဝဋ်မှ ထွက်မြောက်အောင် ဆောင်နိုင်သောဒါန မဟုတ်ချေ- ဟု အလိမ္မာဉာဏ် အမြင်သန်၍ လဇ္ဇီ, အလဇ္ဇီဟူ၍လည်း အမှုမစိုက်၊ အကျိုးကြီးသည်, မကြီးသည်ဟူ၍လည်း အမှုမစိုက်၊ အလှူခံပုဂ္ဂိုလ်ဆိုလျှင် အယုတ်အလတ် အမြတ်မရွေး လှူနိုင်စွန့်နိုင်သော ပါရမီဒါနကိုသာ အလေးပြုလျက် အမှတ်တမဲ့ လှူဒါန်း၍နေသော ဒါနသည် အလောင်းအလျာတို့၏ အလေ့အလာ ပါရမီမြောက်သော ဒါနပင်ဖြစ်ပေရကား အကျိုးမရှိ မဆိုသာပေ။

ထိုစကားမှန်၏၊ ပုညဖလ-ဟု ဆိုအပ်သောအကျိုးကို အလိုရှိ လှ၍ လှူကြသော ဟီနဒါနရှင်တို့မှာသာ လဇ္ဇီ, အလဇ္ဇီ အမှုစိုက်ဘွယ် ရှိကြသည်၊ အကျိုးကြီးမှုအတွက်နှင့် လဇ္ဇီ, အလဇ္ဇီရွေးချယ်၍ လဇ္ဇီပုဂ္ဂိုလ် ကို လှူဒါန်းကြသောဒါနစုသည် ဟီနဒါနချည်းသာတည်း၊ ပါရမီမြောက် သော ဒါနစုပင် မဟုတ်၊ သံသရာဝဋ်မှ ကျွတ်လွတ်စေတတ်သော ဒါနစုပင် မဟုတ်၊ ''ပုည ဖလကာမတာယ ဟီနံ''ဟူသော ဝိသုဒ္ဓိမဂ်ဝိသုဒ္ဓိမဂ် သီလနိဒ္ဒေသ ကို ရှုကြလေ။

ပုညဖလကာမတာယ=ကောင်းမှုအကျိုးကို အလိုရှိခြင်းကြောင့်၊ သမာဒိန္နံ=ဆောက်တည်အပ်သော သီလသည်၊ ဟီနံ=ဟီနသီလမည်၏၊

[အနက်နှင့်သီလ အတူတူပင်]

ယခုကာလ အချို့သောလူ- ရှင်တို့သည် ဤဝိသုဒ္ဓိမဂ်အဋ္ဌ ကထာကို သတိမထားမိကြကုန်သည်ဖြစ်၍ အကျိုးကြီး မကြီးအတွက်နှင့် လဇ္ဇီ, အလဇ္ဇီ ရွေးချယ်မှုများကို အလွန်အလေးပြုကြကုန်၏၊ ဟီနဒါနကို အားပြုမှုသာ ဖြစ်သတည်း၊ ထို့ကြောင့် သံသရာဝဋ်မှ ကျွတ်လွတ်တဲ့ရန် ပါရမီဒါနမြောက် လှူသောသူတို့သည် ဒါနအတွက် အကျိုးကြီးမှု, မကြီး မှုကို အကြောင်းပြု၍လဇ္ဇီ, အလဇ္ဇီရွေးချယ်မှုများကို ဝေးစွာကြဉ်ရှောင်၍ ဖလအကျိုးကို မငြိမတွယ်ဘဲ ကျွတ်ကျွတ်လွတ်လွတ် ဝံ့ဝံ့ရဲရဲ စွန့်ကြဲ ပေးကမ်း လှူဒါန်းဝေငှခြင်းငှါ စွမ်းနိုင်ရာသော အမှုကိုသာ ကောင်းစွာ အလေးပြုကုန်ရာသတည်း။

''ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ''ဟူ၍ အကျိုးကြီး ရာကိုရွေးချယ်၍ လှူရမည်-ဟု ဟောတော်မူသည်မှာ ပါရမီမြောက် မမြောက်ကို ပဓာနမပြုဘဲ ပုဂ္ဂလဇ္ဈာသယ အားလျော်စွာ အကျိုးကို ပဓာနပြု၍ ဟောတော်မူသော ဒေသနာဟု မှတ်ရမည်။

[ဤစကားရပ်တို့ဖြင့်- အလဇ္ဇီပုဂ္ဂိုလ်ကိုပင် မိရိုးဘလာအားဖြင့် အမှတ်တမဲ့ လှူဒါန်း၍နေသောဒါနသည် အကျိုးသက်သက်မရှိသော ဒါနမည်၏-ဟု ပြအပ် သော ဒုတိယနည်းကို အမှန်အားဖြင့် မယူသာကြောင်းကို ထင်လင်းစွာ ပြလိုက် သတည်း-တစ်ရပ်။]

ဒုတိယဒါန စိစစ်ပုံပြီး၏

--------*--------

တတိယဒါနစိစစ်ပုံ

''အကျိုးဖလကို မရသည့်ပြင် အလှူခံ, အလှူပေးနှစ်ပါးလုံး သာသနာဖျက်ဖြစ်၍ အဝီစိငရဲသို့ သွားကြသောဒါန'' ဟူသော တတိယ ဒါန အကျယ်သရုပ်ကို ထုတ်ပြရာ၌

အလှူခံပုဂ္ဂိုလ်က အလဇ္ဇီဒုဿီလဖြစ်စေ, အလှူပေး ဒါယကာ ကလည်း ထိုအလဇ္ဇီဒုဿီလ ပုဂ္ဂိုလ်တို့၏ အမူအရာဟု ဆိုအပ် သော ဆေးကုခြင်း, ဗေဒင်ဟောခြင်း, အစေအပါးခံခြင်း, သစ်သီးပေးခြင်း, ပန်းပေးခြင်း, စသောအမူအရာ အလ့အကျက် တို့ကို ကြိုက်နှစ်သက်၍ လှူဒါန်းသည်လည်းဖြစ်စေ, သာသနာ တော်ကို ဖျက်ဆီးလိုသော စေတနာမပါသော်လည်း ဧကန် သာသနာဖျက်ဖြစ်သော အလဇ္ဇီတို့ အပြောအဟော အမူအရာ ဒိဋ္ဌာနုဂတိသို့ အစဉ်လိုက်မှားခြင်းကြောင့် အလှူခံပုဂ္ဂိုလ် အလှူပေးဒါယကာ နှစ်ဦးလုံးပင် သာသနာဖျက်ဖြစ်ဖြစ်သော ကြောင့် ဒါယကာဆရာ ထိုထက်,အောက်အဝီစိငရဲကြီး၌ ခံကြရမည်

ဟု ဆုံးမတော်မူသည်- ဟူသောစကားသည် ကျမ်းမမြင် ဂန်မမြင် ဆိုချင်အားကြီး အချည်းနှီးသက်သက် နောက်လှ၍ ထွက်လိုက် သော အယူပျက်စကားသာတည်း။

လင်း၍ပြအံ့။။ အလဇ္ဇီဆိုသည်ကား ရဟန်းတို့မှာ သီလဆောက်တည်မှုသည် လူကဲ့သို့နှုတ်မြွက်၍ ဆောက်တည်ရတော့သည်မဟုတ်၊ ဉတ်ကမ္မဝါစာဖတ်ရွတ်၍ပြီးဆုံးလျှင် အလုံးစုံ ရဟန်းသီလတို့သည် ဆောက် တည်ခြင်း သမာဒါနကိစ္စမြောက်ကုန်တော့သည်၊ ထိုသမာဒါန ကိစ္စသည် သိက္ခာချ၍ လူ,သာမဏေအရာ၌ တည်ခဲ့သော်လည်းကောင်း, ပါရာဇိကကျ၍ ရဟန်းပဋိညာဉ်ကိုစွန့်ပြီးလျှင် လူ,သာမဏေအရာ၌ တည်ခဲ့သော် လည်းကောင်း, ဉတ်ကမ္မဝါစာမှု အကုန်ငြိမ်း၍ သီလ သမာဒါနကိစ္စအကုန်ပျက်၏၊ ထိုပုဂ္ဂိုလ်ကို အလဇ္ဇီဟူ၍လည်းကောင်း, ဒုဿီလဟူ၍လည်းကောင်းမဆိုရပေ၊ ပါရာဇိကကျပြီးဖြစ်လျက် ရဟန်းဟုပဋိညာဉ်ဝန်ခံ၍နေသော ပုဂ္ဂိုလ်ကိုမူကား အလဇ္ဇီဟူ၍၎င်း, ဒုဿီလဟူလည်းကောင်းဆိုရသည်။

ပါရာဇိက မကျမရောက်မူ၍ သံဃာဒိသိသ်စသော သိက္ခာပုဒ် ငယ်များကိုသိလျက် စိတ်စေတနာနှင့်တကွ လွန်ကျူးသောပုဂ္ဂိုလ်မှာမူကား ထိုလွန်ကျူးသော သိက္ခာပုဒ်မှာပင် သမာဒါနကိစ္စပျက်သည်မဟုတ်၊ ထိုသိက္ခာပုဒ်အတွက် ဉတ်ကမ္မဝါထပ်၍ဘတ်ဘွယ်ကိစ္စမရှိ၊ စောင့် ရှောက်ခြင်းဟူသော သံဝရဓမ္မမျှသာပျက်ပေသည်၊ သမာဒါနကိစ္စ မပျက်ပေ၍လည်း ထိုပုဂ္ဂိုလ်ကို ဒုဿီလ ဟူ၍ မဆိုရ၊ အလဇ္ဇီဟူ၍သာ ဆိုရသည်၊ အာယတိံ သံဝရ၌တည်၍ ဝုဋ္ဌာနကံ ဒေသနာကံတို့ဖြင့် ကုစားလျှင် သံဝရဓမ္မ၌တည်ပြန်၍ လဇ္ဇီ ပုဂ္ဂိုလ်ဖြစ်ပြန်၏၊ ဤသို့ အလဇ္ဇီနှင့် ဒုဿီလတို့၏ အထူးအပြားကို ခြားနားအောင် မှတ်ရမည်။

ဤဓမ္မဝိနယ ကျမ်းစာဆရာကား အလဇ္ဇီနှင့် ဒုဿီလ ခြားနား ချက်ကို မသိရှာသောကြောင့် အလဇ္ဇီအမူအရာမျှသာဖြစ်သော ဆေးကုခြင်း, ဗေဒင်ဟောခြင်း, အစေအပါးခံခြင်း, သစ်သီးပေးခြင်း, ပန်း ပေးခြင်းအစရှိသော သိက္ခာပုဒ်ငယ်များကိုပင် အလဇ္ဇီ, ဒုဿီလတို့၏ အမူအရာဟု မှောက်မှားစွာ ဆိုမိလေသည်-တစ်ချက်။

သာသနာဖျက်ဆိုသည်ကား။။ အလဇ္ဇီပုဂ္ဂိုလ်ကို အားပေး အားမြှောက်ထောက်ပံ့ချီးမြှင့်သော သူတယောက်ကို ရူပိယသိက္ခာပုဒ် အဋ္ဌကထာ၌ သာသနာဖျက်ပုဂ္ဂိုလ်-ဟူ၍လာသည်၊ ဝိနည်း,သုတ္တန်, အဘိဓမ္မာ ကောင်းစွာလှလှ ကျကျနန မတတ်ပါဘဲလျက် ဤဓမ္မဝိနယ ကျမ်းစာကို ရေးသားသောဆရာကဲ့သို့ တရားကျမ်းဂန် အသံပေး၍ တရားကျမ်းဂန်ကိုမကျွမ်းရှာသော လူ,ရှင်,ရဟန်းတို့ကို တရားအမှန် ကျမ်းဂန်အထွက်ဘဲ-ဟု ထင်ရှားကြလေအောင် တရားယောင် တရားတု တို့ကို ရေးသား၍ ကျမ်းစာထုတ်ကြသောသူတို့ကို သာသနာဖျက် ဟူ၍ ကဿပသံယုတ်ပါဠိတော်-၌ ဟောတော်မူသည်၊ ဤကဲ့သို့သော သူများကို သာသနာဖျက်- ဟူ၍လာသည်။

အစောင့်အစည်းမရှိသည်ဖြစ်၍ မိမိနေရာ၌ မိမိဘာသာ သိက္ခာပုဒ်တော်များကို လွန်ကျူး၍နေသော ပုဂ္ဂိုလ်များကို မိမိကိုယ်ကို မိမိသတ်သောသူ-ဟူ၍သာ ဆိုရသည်၊ သာသနာဖျက်-ဟူ၍ မဆိုရ၊ ဤဓမ္မဝိနယ ကျမ်းစာဆရာကား သာသနာဖျက်-ဟူ၍ ကျမ်းဂန်တို့၌ လာသည်ကို ခြားခြားနားနား မသိရှာသောကြောင့် ဆေးကုခြင်း, ဗေဒင် ဟောခြင်းအစရှိသော အမှုကိုပြုကျင့်သော အလဇ္ဇီမျှကိုသာ သာသနာ ဖျက်-ဟူ၍ ဆိုမှားလေသည်။

''ထိုပုဂ္ဂိုလ်၏ အမူအရာကိုကြိုက်၍ လှူဒါန်းကာနေသော ဒါယကာကို သာသနာဖျက်''ဟူ၍ ဆိုရာ၌လည်း

ထိုဒါယကာသည် မိမိကိုယ်ကိုသာ မိမိဖျက်သည် သာသနာ ဖျက်မဆိုရ၊ ဤကဲ့သို့ မိမိကိုယ်ကို မိမိဖျက်သောရဟန်းသည် အပါယ်သို့ ကျတတ်သည်ဟူ၍သာ ကျမ်းဂန်တို့၌ လာသည်၊ ''အဝီစိငရဲကြီးသိ့ု ကျသည်'' ဟု ကျမ်းဂန်မရှိ၊ ထိုရဟန်းကို လှူဒါန်းသော ဒါယကာမှာလည်း အကျိုးများစွာ မကြီးကြောင်းကိုသာ ကျမ်းဂန်၌ လာသည်၊ အဝီစိငရဲမှာ ကျရမည်-ဟု ကျမ်းဂန်၌မရှိ၊ ကဿပဘုရားလက်ထက် ကပိလရဟန်း သည် အမိ, နှမတို့နှင့်တကွ အဝီစိငရဲ၌ကျကြောင်းကို လာသည်မှာလည်း ရဟန္တာ,ရဟန်းကောင်းတို့ကို ကြမ်းတန်းစွာသော ဝစီကံတို့ဖြင့် ပြစ်မှား မှုဖြစ်သည်၊ ဆေးကုမှု ဗေဒင်ဟောမှုမျိုး မဟုတ်၊ ပေတဝတ္တု၌ ကျောင်း ဒါယကာနှင့် ကျောင်းနေဆရာနှစ်ဦး ကုဋီအိမ်အတွင်းမှာ အထက်, အောက် နှစ်ယောက်သား ပြိတ္တာဖြစ်၍ နေကြသည်မှာလည်း မစ္ဆေရမှုသာ ဖြစ်သည်။

ဓမ္မဝိနယ ကျမ်းစာဆရာကား ဤပေတဝတ္ထုကို သူပြော, လူပြော ရိပ်ဖမ်း သံဖမ်းကြားဘူးသည်ကို အဝီစိငရဲ အမှတ်လွဲရှာ၍ ''ဒါယကာ, ဆရာ အထက်,အောက် အဝီစိငရဲကြီး၌ ခံကြရသည်- ဟု ဆုံးမတော်မူ သည်''-ဟု ဆိုမှားဟန်ရှိသည်၊ ကျမ်းဂန် လာသည်လည်း မဟုတ်၊ ယုတ္တိ ယုတ္တာလည်း သက်သက်မရှိပါဘဲနှင့် အဝီစိငရဲကြီး၌ ခံကြရမည်ဟု ဝန်ခံပေသော ဤဆရာသည် နောက်၌သူဆိုလတ္တံ့သော ''အလိကံ ဘဏံ''ဟူသော ရဟန်းပျက် အင်္ဂါနှင့် ညီရှာလျက်ရှိချေ၏၊

နောက်၌လည်း တစ်ရပ်တစ်ကျေးကလာသော အလဇ္ဇီကို လဇ္ဇီ ထင်မှတ်၍ လှူဒါန်းမှုသည် အကျိုးမရှိ-ဟု ဆိုသောအချက်၊ ''ဓာတ်တော် မဟုတ်သည်ကို ဓာတ်တော်ဟု ထင်မှတ်၍ ရှိခိုးခြင်း၊ ဓာတ်တော်မရှိသော စေတီပျက် ကို ဓာတ်တော်ရှိသည်မှတ်၍ ရှိခိုးခြင်းများကဲ့သို့''ဟုဆိုသော စကားစုသည်လည်း ပရမတ္ထသဘောသကန်တို့၌ ဉာဏ်အလိမ္မာ သက်သက်ကင်း၍ မှောက်မှားခြင်းစုသာတည်း၊

မှောက်မှားပုံကို အကုန်လင်း၍ ပြလိုက်အံ့၊ ဆေးကုခြင်း, ဗေဒင်ဟောခြင်းစသော သိက္ခာပုဒ်ငယ် များအတွက်နှင့် အလဇ္ဇီဖြစ်ခါမျှ သော ရဟန်းကို ဦးပြည်းကာ သင်္ကန်းဝတ်ကာမျှ အကာသာရှိ၍ အနှစ်သာရဟုဆိုအပ်သော အကျင့်သိက္ခာအား ထိုအလဇ္ဇီပုဂ္ဂိုလ်၏ သန္တာန်၌ အလျဉ်းပင် မရှိ-ဟု ဆိုသည်ကား အလွန်ကြည်လင်သော ကောင်းကင်၌ရှိသော တန်ဆောင်မုန်းလပြည့်နေ့တွင် လွင်တီးခေါင်၌ ပက်လက်အိပ်ပျော်၍နေသော ဒူလာပါဒရက်သည်ကြီး တစ်ယောက် သည် ဝမ်းတွင်းရင်တွင်းမှ သလိပ်ခိုးတို့သည် ထ၍ မျက်လုံးနှစ်ခု အပြည့်ဖုံးလေ၏၊

ဖုံးသည်ကိုလည်း ရုတ်တရက်မသိတဲ့၍ ကောင်းကင်သို့ မျှော် ကြည့်လေရာ ကောင်းကင်အပြင်မှာ လဝန်းကြီးလည်း ကွယ်ပျောက် သည်၊ နက္ခတ် တာရာတို့လည်း အကုန် ကွယ်ပျောက်ကုန်လေသည်၊ အလွန်မဲလှ မိုက်လှစွာသော တိမ်ပုပ် အတိ ဖုံးလွမ်းခဲ့သည်၊ မှောင်ကြီး အတိ မိုက်ခဲ့ပြီ၊ တန်ဆောင်မုန်းလ မိုဃ်းကြီးသည်းထန်စွာ ရွာတော့မည်ဟု မြည်တွန် တောက်တီးသောသူနှင့် အလားတူစွာ ထိုအလဇ္ဇီသန္တာန်မှာ ကုဋေကိုးထောင်မျှမက ရှိနေသော သိက္ခာပုဒ်တွေကို ဓမ္မဝိနယဆရာ မမြင်ရှာလေ။

''အလဇ္ဇီပုဂ္ဂိုလ်ကို လှူဒါန်း၍အကျိုးမရှိ'' ဆိုသောစကားသည် ပုဂံပြည်တွင် တူရွင်းတောင်ခြေ တောရကျောင်းနေ ရဟန်းသိက္ခာပျက် လူထွက်ဆရာ ရေးသားစီရင်သည်ဟု အစဉ်အလာပြောရိုးရှိကြသော စူဠဂဏ္ဌိကျမ်းတွင်သာ လာရှိသည်၊ ကျမ်းကောင်း ဂန်ကောင်းတို့မှာ တထွာ လေးသစ် မလာမရှိ၊ ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းလျှင် အကျိုးမကြီး ကြောင်းကိုသာ ကျမ်းကောင်း,ဂန်ကောင်းများ၌ လာပေသည်။

''ဓာတ်တော်အစစ် မဟုတ်သည်ကို ဓာတ်တော်အစစ်ထင်မှတ်၍ ရှိခိုးလျှင် အကျိုးမရှိ''ဟု ဆိုခြင်းသည်လည်း မဟုတ်၊ အတုမရှိသော သဗ္ဗညုဘုရားကြီးကို အထူးကြည်ညိုလှသော သဒ္ဓါမှန် သဒ္ဓါစစ်နှင့်ပြည့်စုံ ပြီးသော လူမျိုးအပေါင်းတို့သည် ကျောက်ခဲ, ကြေးခဲ, ရွှေခဲ, အမြုတေ, ဂေါရာဇဉ်းတို့ကိုပင် ဓာတ်တော်စစ် ထင်မှတ်၍ ရှိခိုးကိုးကွယ်သော်လည်း ထိုလူမျိုးတို့၏ စိတ်စေတနာ သဒ္ဓါပညာတို့သည် သဗ္ဗညုမြတ်စွာဘုရား ကြီး၌ ဆိုက်၍တည်ကုန်သည်သာ ဖြစ်ပေရကား ကုသိုလ်အစစ်အမှန် ဖြစ်၏၊

ဓာတ်တော်မရှိသော စေတီပျက်ကို မဆိုထားဘိ တောင်ပို့ပျက် ကိုပင် ရှိခိုးငြားသော်လည်း သည်တောင်ပို့ မြေမျိုးသည် သဗ္ဗညုတ ဉာဏ်တော်ရှိသော မြေမျိုးဖြစ်သည်ဟု ရှိခိုးသည်မဟုတ်၊ စေတီထင် မှတ်၍ ရှိခိုးခြင်းသာ ဖြစ်ပေရကား သဗ္ဗညုမြတ်စွာဘုရားကြီးသို့ဆိုက်၍ တည်သည်သာဖြစ်၏၊ ကပိလဝတ်ပြည်တော်မှ တောထွက် တော်မူ၍ ဗောဓိမဏ္ဍိုင်၌ ဘုရားအဖြစ်သို့ ရောက်တော်မူကာ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံတော်မူသော သဗ္ဗညု မြတ်ဘုရားကြီးသည်သာလျှင် သဗ္ဗညု အစစ်အမှန် ဖြစ်သည်ဟု အတပ်သိပြီး ကြည်ညိုပြီးသော လူမျိုးအပေါင်း တို့မှာ ဘယ်သင်း ဘယ်ဟာကိုပင် ကိုးကွယ်သော်လည်း မမှားနိုင်ပြီ၊ ဘုရား မလွဲနိုင်ပြီ။

''သဒ္ဓါဓိကော=သဒ္ဓါလွန်ကဲသော၊ မန္ဒပညော=နုံ့သောပညာ ရှိသောသူသည်၊ အဝတ္ထုသ္မိံ=မကြည်ညိုထိုက် သောဝတ္ထု၌၊ ပသီဒတိ= ကြည်ညိုမိတတ်၏'' ဟုလာသည်မှာ ဘုရားအမှန်, တရားအမှန်, သံဃာ အမှန်ကို မသိဘူးကြ၍ ပူရာဏကဿပ, မက္ခလိဂေါသာလစသော တိတ္ထိကြီးတို့ကိုသာ ဘုရား-ဟူ၍ ကြည်ညိုကြသော သူတို့ကိုသာ ဆို သည်။ ဘုရားတပည့်သားဖြစ်လျက် ဘုရားကို မကြည်ညိုမူ၍ တိတ္ထိ တို့ကိုသာ ကြည်ညိုကြသော လိစ္ဆဝီမင်းမျိုးဖြစ်သော သုနက္ခတ္တ ရဟန်း လိုဟာကို ဆိုသည်တစ်ရပ်။

ဆေးကုခြင်း,ဗေဒင်ဟောခြင်းစသော သိက္ခာပုဒ်ငယ်များ အတွက် အလဇ္ဇီဖြစ်၍နေသောရဟန်းကို လှူဒါန်း၍ အကျိုးမရှိကြောင်း ကို ပါဠိသာဓကပြသည်ကား

န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။

ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။

ဟူသော ဓမ္မပဒပါဠိတော်ကိုပြပေ၏၊

ထိုပါဠိတော်၏ပါဌ်လျှောက်အဓိပ္ပါယ်ကား

ဦးပြည်းကာမျှဖြင့် ရဟန်းသမဏ မဟုတ်သေး၊ သိက္ခာသီလ အကျင့်, ဓုတင်အကျင့်လည်းမရှိသော မဟုတ်မမှန်သောစကားကိုလည်း ပြောဟောလေ့ရှိသေစကား, မရောက်သေးသော ဝတ္ထုအာရုံကာမဂုဏ်ကို တောင့်တသော ဣစ္ဆာတရား, ရပြီး,ရောက်ပြီးသောဝတ္ထုအာရုံ ကာမဂုဏ် တို့၌ သာယာသော လောဘတရားတို့နှင့် ပြည့်စုံသောသူသည် အဘယ် မှာရဟန်း ဟုတ်ပချေအံ့နည်း။

ဓမ္မဝိနယကျမ်းဆရာသည် ''အဝီစိငရဲကြီး၌ကျရမည်-ဟု ဆုံးမ တော်မူသည်''ဟု မဟုတ်မမှန်သော စကားကိုပြောသော သူဖြစ်ပေရကားဤဒေသနာတော်တွင် သူလည်း အပါအဝင်ဖြစ်လေတော့သည်။

ရဟန်း ၃-မျိုး

အလင်္ကတောပိ စေ သမံ စရေယျ၊

သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊

သသမဏော သဗြာဟ္မဏော သဘိက္ခု။

ဟူသော ဓမ္မပဒပါဠိတော် ဓမ္မပဒပါဠိတော်နှင့်အညီ ရဟန်းသည် ဝိနည်း ရဟန်း, သုတ္တန်ရဟန်း, ပရမတ်ရဟန်း-ဟူ၍ သုံးမျိုးရှိသည်။

၁။ ဉတ်ကမ္မဝါစာနှင့် ဘတ်ရွတ် သမုတ်၍ဖြစ်သော သမ္မုတိ ရဟန်းသည် လာဠုဒါယီမထေရ်ကြီးတို့ကဲ့သို့ အလွန်ပင် ပညာနည်းစွာ သောသူပင် ဖြစ်ငြားသော်လည်း ဝိနည်းရဟန်းဝိနည်းရဟန်းပေတည်း၊ ထိုဝိနည်း ရဟန်းသည်လည်း မြတ်စွာဘုရား၏ ဉတ်ကမ္မဝါစာဖြင့် ရဟန်းဖြစ်လေ သောကြောင့် မြတ်စွာဘုရား၏ သမ္မုတိသမ္မုတိသားတော်မည်၏၊ ထိုသမ္မုတိ ရဟန်းသည် အရိယာအစစ်သို့ရောက်သောအခါ ပရမတ်ရဟန်း မည်ပြန်၏၊ မြတ်စွာဘုရား၏ ပရမတ္ထ သားတော်အစစ်လည်းမည်၏၊ သမ္မုတိသံဃာ, ပရမတ္ထသံဃာ-ဟူသည်လည်း ဤအတူပင်မှတ်။

[ဤကား ဝိနည်းရဟန်းတည်း။]

၂။ သုတ္တန်ရဟန်း-ဆိုသည်ကား ဆိုခဲ့ပြီးသောဝိနည်း ပညတ် တော်၏အစွမ်းအားဖြင့် သမ္မုတိရဟန်း ဖြစ်ပြီးသော လာဠုဒါယီမထေရ်, န မုဏ္ဍကေန သမဏော-ဟူသောဂါထာ၏ ဝတ္ထုတွင်လာသော ဟတ္ထက မထေရ်, အဿဇိ, ပုနဗ္ဗသုက အစရှိသော ဆဗ္ဗဂ္ဂီရဟန်းတို့ကဲ့သို့သော လောဘတထောင်ထောင်၊ ဒေါသ, မောဟ တထောင်ထောင် ရုန့်ရင်း ကြမ်းတန်းသော ကာယကံ, ဝစီကံ, မနောကံ အပြည့်နှင့်နေသော သူတို့ကို သုတ္တန်ပရိယာယ် အလိုအားဖြင့် သမဏမဆိုအပ်ကုန်၊ လူပုထုဇ္ဇန်ပင် ဖြစ်ငြားသော်လည်း ကိလေသာတရားတို့ ငြိမ်သက်၍ ဣန္ဒြေ ၆-ပါး၊ ဒွါရ ၃-ပါး ငြိမ်သက်ကြပေမူကား သမဏဟူ၍ပင် ဆိုရ၏၊

[ဤကား သုတ္တန်ရဟန်းတည်း။]

၃။ ပရမတ်ရဟန်း- ဆိုသည်ကား- သုဒ္ဓေါဒနမင်းကြီး, သန္တတိ အမတ်ကြီး တို့ကဲ့သို့ မင်းမြောက်တန်ဆာ ဆင်ယင်လျက်ရှိသော လူပင် ဖြစ်ငြားသော်လည်း, နတ်ပင်ဖြစ်ငြားသော်လည်း, သိကြား, ဗြဟ္မာပင် ဖြစ်ငြားသော်လည်း အရိယာမဂ်ကို ရသောအခါမှစ၍ သမဏော=ရဟန်း လည်းမည်၏၊ ဗြဟ္မဏော=ဗြဟ္မဏလည်းမည်၏၊ ဘိက္ခု=ဘိက္ခုလည်း မည်၏၊

[ဤကား ပရမတ္ထ ရဟန်းတည်း။]

ထိုသုံးပါးသော ရဟန်းတို့တွင် သုတ္တန်ရဟန်း, အဘိဓမ္မာရဟန်း အစစ်ပင် မဖြစ်တတ်သေးသော်လည်း ဝိနည်း ရဟန်းဟုဆိုအပ်သော သမ္မုတိရဟန်း သမ္မုတိသံဃာဖြစ်ပေလျှင်ပင် အခိုက်အတန့်အားဖြင့် တစ်ခုသော, နှစ်ခုသော, သုံးခုသော သိက္ခာပုဒ်ငယ်တို့ကို ကျူးလွန်မှုနှင့် အလဇ္ဇီပုဂ္ဂိုလ်ပင် ဖြစ်စေဦးတော့ အလှူခံမြတ်တွင် ပါဝင်ပေသည်သာ ဖြစ်၏၊

''န မုဏ္ဍကေန သမဏော''ဟူသော ထိုဂါထာသည်ကား သုတ္တန်ဂါထာ,သုတ္တန်ဒေသနာ ဖြစ်ပေရကား ဣန္ဒြေခြောက်ပါး, ဒွါရသုံးပါး-မငြိမ်သက်သော ဝိနည်းရဟန်းမျှကိုသာ ရဟန်းဟူ၍ မဆိုလို၊ ထို့ကြောင့် ''သမဏော ကိံ ဘဝိဿတိ'' ဟူ၍ ကဲ့ရဲ့တော်မူသည်။

ကိလေသေ သမေတီတိ သမဏော။။ ယော=အကြင်သူသည်၊ ကိလေသေ=ကိလေသာတို့ကို၊ သမေတိ=ငြိမ်းစေနိုင်၏၊ ဣတိ= ထို့ ကြောင့်၊ သော=ထိုသူသည်၊ သမဏော=သမဏမည်၏၊ ဝါ=ရဟန်း မည်၏၊

ဤသို့သော အနက်သွားနှင့် ညီညွတ်သောသူကိုမှ သုတ္တန်အလို ရဟန်းဆိုသည်။ ထို့ကြောင့် မဟုတ်လော နောက်ဂါထာ၌ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော၊ သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပဝုစ္စတိ။

ဟူ၍ ဟောတော်မူသည်တကား

[ ဤကား ရဟန်းတို့ကို ခြားနားသိသာအောင် ပြလိုက်သောအချက်တည်း။]

ထိုသုံးပါးတွင် အလဇ္ဇီရဟန်း, ဒုဿီလရဟန်းဟူသော ရဟန်းစု သည် ဝိနည်းသိက္ခာပုဒ်နှင့် စပ်၍ဖြစ်ရသောအရာဖြစ်ရလေကား ဝိနည်း ရဟန်းအရာ၌သာရှိပေသည်၊ သုတ္တန်ရဟန်း, အဘိဓမ္မာရဟန်းတို့မှာ အလဇ္ဇီဟူ၍ မရှိ၊ ဒုဿီလဟူ၍ မရှိကြပေ၊ ဤဓမ္မဝိနယကျမ်း ဆရာကား ယခုခြားနား၍ပြခဲ့သော ရဟန်းဟူသော ဝေါဟာရ အထူးအပြားကို သက်သက်မသိဘူး,မကြားဘူးရှာသောကြောင့် ဆေးကုခြင်း, ဗေဒင် ဟောခြင်းစသော အပြစ်ငယ်စုနှင့် အလဇ္ဇီဖြစ်သော ရဟန်းအား လှူဒါန်း၍ အကျိုးမရှိကြောင်းကို သုတ္တန်ရဟန်း အခြေအနေကို ဟောသော ဂါထာကို သက်သေလုပ်၍ ပြလေသည်တစ်ရပ်။

သံဃေ စိတ္တိကာရံ ကာတုံ သက္ကောန္တဿ ဟိ ခီဏာသဝေ ဒိန္နဒါနတော ဥဒ္ဒိသိတွာ ဂဟိတ ဒုဿီလေပိ ဒိန္နံ မဟပ္ဖလတရမေဝ။

ဟူသော ဒက္ခိဏဝိဘင်္ဂသုတ်ဒက္ခိဏဝိဘင်္ဂသုတ်အဋ္ဌကထာ၌လည်း မြတ်စွာ

ဘုရားလက်ထက်တော်မှာပင်ဖြစ်စေ သံဃာမှ ညွှန်းချ၍ရအပ်သော ဒုဿီလရဟန်းကို သံဃာ၌တည်သော ရိုသေခြင်းဖြင့် လှူဒါန်းသော အလှူသည် ရဟန္တာပုဂ္ဂိုလ်ကို ပုဂ္ဂလိကလှုသောအလှူထက် အကျိုးကြီး ၏ဟု အဘယ်ကာလမဆို သာဓာရဏအားဖြင့် သံဃိကအလှူ အကျိုး ကြီးကြောင်းကို ပြတော်မူသည်။

ဓမ္မဝိနယကျမ်းဆရာကား။။ သံဃတော ဥဒ္ဒိသိတွာ ဂဟိတ ဒုဿီလေပိ''ဟူသောပါဌ်ကို ကြောင်ကြောင် မြင်လျက်နှင့် အနက်သွား အဓိပ္ပါယ်သွားကို သက်သက် မသိရှာသည့်အတွက်ကြောင့် ထိုအဋ္ဌကထာ ပါဌ်၏ အဓိပ္ပါယ်ကို သီလသိက္ခာ သာသနာကွယ်၍ သံဃာအစစ်မရှိသော လိင်္ဂသာသနာမျှသာရှိသော နောက်ကာလ၌ ကာသာဝကဏ္ဌ ဒုဿီလ ရဟန်းတို့ကို ထုတ်၍ ပြဘိသည်၊ ထိုအခါမှာ ''သံဃတော ဥဒ္ဒိသိတွာ'' သံဃာအစစ် အဘယ်မှာရှိတော့အံ့နည်း၊ ထိုအအခါ၌ သံဃာအစစ်တို့၏ ဂုဏ်ကျေးဇူးကို ကြားဘူးရုံမျှ ရှိကြသေးသော လူပညာရှိတို့သည် ကြားဘူးသော သံဃာကို ရည်မှတ်၍ ထိုအခါတွင်ရှိသော ဒုဿီလ ဂေါတြဘူ ရဟန်းတုတို့ကို လှူဒါန်းသည်, သံဃာမှ ညွှန်းချသည်ဟုဆိုရန် ညွှန်းချသော သံဃာအစစ်ဟူ၍ ထိုအခါမရှိပြီ။

[သင်္ဂဇာဆရာတော်ဘုရား ဆုံးမချက်ပြီး၏''ဟု ပါရှိသည်ကား အဟုတ်အမှန်ကို သိ၍ ဆိုခဲ့သောအချက်-ဟူ၍ တချက်မျှ လှလှမပါ, စိတ်ထင်ရာကို ဆိုခဲ့သောအရာစုကြီး ဖြစ်၍ ဆရာတော်ဘုရားကြီးကို ကျောက်ကြီးငါးခို နံပါတ်တင်၍ ထားလေသည်။]

တတိယဒါနစိစစ်ပုံပြီး၏၊

ဆပဂံပုစ္ဆာအဖြေပြီး၏၊

--------*--------

ပရမတ္ထဒီပနီဋီကာပုစ္ဆာအဖြေ

၁၂၈၀-ပြည့်နှစ်၊ တန်ခူးလဆန်း ၁၅-ရက်၊ မုံရွာမြို့၊ လယ်တီတိုက်၊ နိုင်ငံခြားဗုဒ္ဓသာသနာပြု အသင်းကြီးတွင် ဒုတိယနာယက နယ်လှည့်ဓမ္မကထိက လယ်တီဦးဝဏ္ဏိတထံမှ ကျေးဇူးရှင်လယ်တီ ဆရာတော် မဟာထေရ်မြတ်ကြီးထံသို့ လျှောက်လွှာ

တပည့်တော် ဝဏ္ဏိတ အတိသက္ကစ္စဂါရဝတရားဖြင့် ရိုသေ လေးမြတ်စွာ လျှောက်ထားဝံ့ပါသည် မဟာမေရု နှိုင်းတုမမြင် အနန္တ ဂုဏ်အင် ကျေးဇူးရှင် မဟာထေရ်မြတ်ကြီးဘုရား။

လျှောက်ထားရန်မှာ- သင်္ခါရစု ဖြစ်ပျက်မှုကို မရှုမကြံ လိမ္မာ ဉာဏ်မဝင် ပုထုဇဉ်အပေါင်းတို့အား တရားအမှန် ရရန်အကျိုး မျှော်ကိုး ရည်ဆ ဉာတ,တိဂုဏ် ပဟာနံဟု သုံးတန်ပိုင်းခြား ပရိညာတရားတို့ဖြင့် သဘာဝဓမ္မ ပစ္စုပဋ္ဌာန်အခန်း နည်းဆန်းနာကြယ် သွယ်သွယ်ဝဝ ဓိပ္ပါယ် ပြရာ ''မဟာဉာဏံ ဝတဘော'' အံ့ဩမမီ ဂမ္ဘီရတိက္ခာ ပညာဝါအစစ် ဖြစ်တော်မူသော ကျေးဇူးရှင် မဟာထေရ်မြတ်ကြီးသည် သုဒုဒ္ဒသ သုနိပုဏ သုဂမ္ဘီရ အတက္ကာဝစရ အတိစိတြကထာ ယထာဓမ္မသာသနာ ပရမတ္ထဒေသနာတော်၏ အရာ၌

အစိန္တေယျ ဝါစော ဗုဒ္ဓေါ၊

မူလဘာသာယ ဒေသယိ။

နာနာဘာသာ ဇနာ သေသာ၊

သကံသကာယ ဗုဇ္ဈရေ။။

ဗုဒ္ဓေါ=မြတ်စွာဘုရားသည်၊ အစိန္တေယျ ဝါစော=မကြံအပ် မကြံနိုင် သောစကား ရှိတော်မူသည်ဖြစ်၍၊ ဝါ=မကြံအပ် မကြံနိုင်သောစကား ရှိတော်မူသော၊ ဗုဒ္ဓေါ=မြတ်စွာဘုရားသည်၊ မူလဘာသာယ=မာဂဓ ဘာသာ တစ်ခုဖြင့်၊ ဒေသယိ=ထိုထိုများတောင်း ဝေဏေယျသတ္တဝါ အပေါင်းတို့အား ကောင်းစွာဟောကြားတော်မူ၏၊ နာနာဘာသာ=ထူးထူး အပြား ဘာသာများကုန်သော၊ ဇနာ=အမျိုးမတူ ထိုထိုသူတို့သည်၊ အသေသာ=အကြွင်းအကျန်မရှိကုန်ဘဲ၊ သကံသကာယ=မိမိတို့၏ ဘာသာစကား အလေ့အကျက်အားဖြင့်၊ ဗုဇ္ဈရေ=ပိုင်းပိုင်းခြားခြား သိကြား နားလည်ကြကုန်၏၊

မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါအမျိုးဘာသာ အပေါင်းအစုတို့အား တစ်ခုတည်းသော ''မာဂဓ'' ဘာသာဖြင့် ဟောကြား ပြသတော်မူငြားလည်း မကြံအပ်,မကြံစည်နိုင်သော တန်ခိုးတော်၏ အစွမ်းအားဖြင့် အကြွင်းအကျန်မရှိ မိမိတို့ဘာသာစကားနှင့် မှတ်ယူ နားလည်နိုင်ရန်အခွင့်ကို ရရှိကြကုန်၏၊ ယခုအခါ ထိုပရမတ္ထ ဒေသနာ တော်ကြီး၏ အရာ၌ တတ်သိလိမ္မာနိုင်ရန်

၁။ ပါဠိဘာသာ၏ ခက်ခဲခြင်းကြီးတစ်ပါး,

၂။ အနက်ဘာသာ၏ ခက်ခဲခြင်းကြီးတစ်ပါး,

၃။ အဓိပ္ပါယတ္ထ၏ ခက်ခဲခြင်းကြီးတစ်ပါး,

ဤကဲ့သို့ ခက်ခဲခြင်းကြီးသုံးပါးခုခံကာကွယ်နေသည့်အတွက်

သာမညပုဂ္ဂိုလ်တို့သည် ထိုအရာ၌ အသိအလိမ္မာဉာဏ်ပညာပွင့်လင်း ထက်သန်ခြင်းငှါ မစွမ်းနိုင်ကြသည်ကို လွန်စွာထောက်ထား ညှာတာ သနား ကြည့်ရှုတော်မူသဖြင့် နက်နဲခက်ခဲကျယ်ဝန်းလှစွာသော ဉာဏ သာဂရ ဉာဏသမုဒ္ဒရာ အဘိဓမ္မာ သဘောသကံများကို ယောကျ်ား, မိန်းမ,ကလေး,သူငယ်,လူမမယ်ကလေးများမှစ၍ သက်ရွယ်ကြီးမြင့် ဇရာရင့်၍ အိုခွင့်,ကြီးခွင့်ဆိုက်ရောက်လျက်ရှိကြကုန်သော ပုဂ္ဂိုလ်ကြီးများ တိုင်အောင်

သရုပ်အဓိပ္ပါယ်နှင့်တကွ အလွယ်တကူ သင်ယူတတ်မြောက်နိုင်

ရန်ကြံဖန်ကြိုးကုတ်၍ မြန်မာဘာသာဖြင့် ထုတ်ဖော်ရေးသားတော်မူသော ''ပရမတ္ထသံခိပ်ကျမ်း''ကို လွယ်ကူစွာ သင်ယူတတ်မြောက်ကြရသဖြင့် အထက် အောက်မြန်မာ များပြားသော မြို့ရွာဒေသတို့၌ ခန္ဓာ,အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ်, ဗောဓိပက္ခိယ တရားများနှင့် ရုပ်ကလာပ် အဖွဲ့အစည်းတို့ကို တတ်မြောက်လိမ္မာမှုကို ရရှိကြပါသည်၊ ထိုသို့ ရုပ်နာမ်ဓမ္မနှစ်ဌာနတို့ကို သဘာဝဓမ္မကျနပိုင်နိုင်ရန် အဘိဓမ္မဉာဏ်ပညာ အလင်းရောင်ကြီးကို ပေးသနားတော်မူသည်လည်း-တစ်ရပ်။

ပိဋကတ်သုံးပုံကျမ်းအကုန်တို့ကို လုံခြုံစွာစောင့်ရှောက်သဖြင့် ပျောက်ပျက်မှားယွင်း အပြစ်ကင်းခြင်း အရာ၌ လွန်စွာအသုံးပြုကြရသော ကစ္စည်းသဒ္ဒါကျမ်းကြီးကိုလည်း ပင်ပန်းခြင်းမရှိစေဘဲ တတ်သိလိမ္မာ သဒ္ဒါဉာဏ် ပွင့်လင်းရန်အခွင့်ကို မျှော်လင့်တော်မူပြီးကာ ''သဒ္ဒသံခိပ်'' ဟူသော ''ပိဋကပါလက-ပိဋကတ်စောင့်ကျမ်း''ကိုလည်း ကြိုးပမ်း အားထုတ်တော်မူသည်လည်း-တစ်ဖြာ။

မြတ်စွာဘုရားသာသနာတော်မြတ်ကြီး၌ ''ဝိနယောနာမ သာသနဿ အာယု''ဟူသည်နှင့်အညီ ထိုဝိနည်း တရားတော်မြတ်သည် သာသနာတော်၌ ''မူလ အာယု သုခ နိဒါန''၊ အစစ်ကြီးဖြစ်သဖြင့် စင်စစ်တတ်မြောက်အပ်သော တရားပင်မှန်ငြားသော်လည်း ဝိနည်း ငါးကျမ်း နက်ကျယ်ဝန်း၍ သိခြင်းငှါမစွမ်းနိုင်သော ရဟန်းရှင်လူတို့ အတွက်လိုရင်းအချက် ပဓာနစတုပစ္စယမှီရာလေးပါးနှင့်တကွ များပြားစွာအသုံးပြုကြရသော ဌာနဆိုင်ရာဘုရား ဥပဒေတော်တို့ကို ထုတ်ကွက်နုတ်ယူရေးသားတော်မူပြီးကာ-''ဝိနယသံခိပ်''ဟူသော ''သာသနပါလက-သာသနာတော်စောင့်ကျမ်း''ကိုလည်း ကြိုးပမ်း အားထုတ်တော်မူသည်လည်း-တစ်ဌာန။

နာနာသတ္ထာရာနံ မုခံ ဥလ္လောကေန္တီတိ ပုထုဇ္ဇနာ။။ ကျင်လည်များစွာ သံသရာ၌ ရောက်ရာရောက်ရာသော ဘာသာတရား အမျိုးမျိုးတို့ကို အားကိုးကျင့်ကြံကြရပြန်သည်နှင့်ညီစွာ မိစ္ဆာမှောင်ကြီး အမိုက်ဆီး၍ ''နာနာသတ္ထာရ ဥလ္လောကန'' ဘေးကြီးနှင့်တွေ့ကြိမ် လျက်ရှိကြသော အမျိုးဘာသာအတွက်လည်း ပဋိစ္စသမုပ္ပါဒ်, မဂ္ဂင်္ဂနိယာမ, မူလပရိယာယ, သမ္မာဒိဋ္ဌိ,ဥတ္တမပုရိသ, အနတ္တာနိသံသ, ကမ္မဋ္ဌာန, ဗောဓိပက္ခိယ, ဝိဇ္ဇာမဂ္ဂ, နိဗ္ဗာနဝိဿဇ္ဇနာ, ဘာဝနာဒီပနီ, ရူပဒီပနီ-စသော ဒီပနီကျမ်းပေါင်းတစ်ရာကျော်တို့ကိုလည်း မာဂဓမဖက် မြန်မာဘာသာ သက်သက်ဖြင့် စီရင်ရေးသားကြိုးစား အားထုတ်တော်မူသည်လည်းတစ်ဝ။

ဤကဲ့သို့ ဝေနေယျ သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွါး, သာသနာတော်မြတ်ကြီး၏အကျိုးစီးပွါး များရာများကြောင်းကောင်း မြတ်သော ဒီပနီကျမ်းစာတို့ကို ထုတ်ဖော်ရေးသား၍ သနားဖြန့်ဖြူး တော်မူပေသော ''မဟာဂန္ထကာရ''အရှင် ကျေးဇူးတော်သခင် မဟာ ထေရ်မြတ်ကြီးဘုရား။

လျှောက်ထားတောင်းပန်လိုသော အချက်ကြီးတစ်ခုမှာ-မဟာ ထေရ်မြတ်ကြီး စီရင်ရေးသားတော်မူအပ်သော ''ပရမတ္ထဒီပနီ မဟာ ဋီကာ''သစ်ကျမ်းကြီးသည် မာဂဓဘာသာဖြစ်၍ ပါဠိဘာသာ သိကျွမ်း နားလည်ကြသော ပုဂ္ဂိုလ်တို့သာလျှင် ဓမ္မရသ,အတ္ထရသများကို လွယ် ကူစွာ ခံစားရသည် ဖြစ်ပါသည်၊ ပါဠိဘာသာနှင့်ဝေးကြသော ပုဂ္ဂိုလ်တို့မှာ ထိုအရသာများကို ခံစားမှုအရေးသည် လွန်စွာဝေးကွာကြပါသည်။

သို့ပါ၍ ပါဠိဘာသာတတ်မြောက်ခြင်းမရှိကြကုန်သော (ပါဠိဘာ သာနှင့်ဝေးကြကုန်သော) ပုဂ္ဂိုလ်တို့အတွက် ထိုပရမတ္ထဒီပနီမဟာဋီကာ သစ်ကျမ်းကြီး၏ သဘောသကံများကို ပါဠိမဖက်မြန်မာစကားပြင် သက်သက်ဖြင့် ရေးသားတော်မူပါမည့်အကြောင်း ရိုသေလေးမြတ်စွာ လျှောက်ထားတောင်းပန်အပ်ပါသည်-တစ်နိုင်ငံလုံး၏ ကျေးဇူးတော် အရှင်ဆရာတော်မဟာထေရ်မြတ်ကြီးဘုရား။

လယ်တီဝဏ္ဏိတ နယ်လှည့်ဓမ္မကထိက နိုင်ငံခြားဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီး ဒုတိယနာယက လယ်တီတိုက်၊ မုံရွာမြို့။

--------

ဘူမိဘေဒ လေးပါး

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

နမော ဗုဒ္ဓဿ။။ လေးပါးသော အဘိဓမ္မတ္ထတို့တွင် စိတ်သည် ဘူမိဘေဒအားဖြင့် ကာမာဝစရစိတ်, ရူပါဝစရစိတ်, အရူပါဝစရစိတ်, လောကုတ္တရာစိတ်-ဟူ၍လေးပါး၊ ဘူမိဘေဒဟူရာ၌ ဘုံသည် အာရမ္မဏဘုံ, သဟဇာတဘုံ, ဌာနဘုံ, အဝတ္ထာဘုံ-ဟူ၍ လေးပါးရှိပါသည်။

၁။ မခွါအပ်သေးသော အနုသယကိလေသာ တို့၏လည်း ကောင်း, ဝိပဿနာဉာဏ်တို့၏လည်းကောင်း, အာရုံပြုရာ ဖြစ်သော ခန္ဓာငါးပါးသည် အာရမ္မဏဘူမိမည်၏၊

၂။ သုခဘူမိယံ ကာမာဝစရ-စသည်ဖြင့်လာသော သုခဝေဒနာ ဖြစ်ရာဖြစ်သော သုခသဟဂုတ် ၆၃-ခုစသည်သည် သဟ ဇာတဘုံမည်၏၊

၃။ အပါယ်ဘုံ,မနုဿဘုံ-စသော ဩကာသလောကသည် ဌာနဘုံမည်၏၊

၄။ တစ်ရာတမ်း၌ ပထမဆယ်နှစ်ရွယ်သည် မန္ဒဘူမိမည်၏၊ ဒုတိယဆယ်နှစ်ရွယ်သည် ခိဋ္ဋါဘူမိမည်၏၊ တတိယ ဆယ်နှစ်ရွယ်သည် ဝဏ္ဏဘူမိမည်၏၊ ထို့အတူ ဗလဒသက အရွယ်သည် ဗလဘူမိမည်၏၊ ပညာဒသက အရွယ်သည် ပညာဘူမိမည်၏-စသည်ဖြင့်ဆိုလေ။

လူအဖြစ်သည် ဂဟဋ္ဌဘူမိ၊ သာမဏေအဖြစ်သည်ကား သာမဏေရဘူမိ၊ ထိုနှစ်ပါးစုံသည် အနုပသမ္ပန္နဘူမိ၊ ရဟန်း အဖြစ်သည် ဥပသမ္ပန္နဘူမိမည်၏၊ ပုထုဇဉ်အဖြစ်သည် ပုထုဇ္ဇနဘူမိမည်၏၊ အရိယာအဖြစ်သည် အရိယာဘူမိ မည်၏၊ သေက္ခပုဂ္ဂိုလ်အဖြစ်သည် သေက္ခဘူမိမည်၏၊ ရဟန္တာအဖြစ်သည် အသေက္ခဘူမိမည်၏၊ သောတာပန် အရိယာအဖြစ်သည် ပထမဘူမိမည်၏၊ သကဒါဂါမ်အဖြစ် သည် ဒုတိယဘူမိ၊ အနာဂါမ်အဖြစ်သည် တတိယဘူမိ၊ ရဟန္တာအဖြစ်သည် စတုတ္ထဘူမိမည်၏၊ ဤသို့လျှင် အဆင့် ဆင့်ဖြစ်ပေါ်ကူး ပြောင်း၍ ရောက်အပ်သော ပရမတ္ထဓမ္မ တို့၏ အခိုက်အတန့်ကို စွဲ၍ခေါ်သောဘုံသည် အဝတ္ထာဘုံ မည်၏၊

[မဂ်တရား,ဖိုလ်တရားများသည် တဏှာသုံးပါး၏ အုပ်စိုးခြင်းမှ လွတ်၍ အဝတ္ထာဘုံခေါ်သည်၊ နိဗ္ဗာန်သည် တဏှာသုံးပါး၏အုပ်စိုးခြင်းမှ လည်းကောင်း, သင်္ခတအဖြစ်မှလည်း လွတ်၍ အဝတ္ထာဘုံခေါ်သည်၊ ကာမဘုံ,ရူပဘုံ, အရူပဘုံခေါ်သည်မှာ ဌာနဘုံ,အဝတ္ထာဘုံနှစ်ချက်သင့်၏၊ ဌာနလည်း ခြားနားလျက်ရှိပေ၍ ဌာနဘုံလည်း သင့်ပေသည်၊ အုပ်စိုးသော တဏှာသုံးပါးလည်း ခြားနားလျက်ရှိပေ၍ အဝတ္ထာဘုံလည်း သင့်ပေ သည်။]

ကာမာဝစရပုဒ်စစ်ချက်

ကာမာဝစရပုဒ်၌-ကာမပုဒ်, အဝစရပုဒ်, ကာမသည် ကိလေသာ ကာမ, ဝတ္ထုကာမ-ဟူ၍ နှစ်ပါး။

၁။ မဟာနိဒ္ဒေသပါဠိ၌ ဝေဖန်သောသုတ္တန်နည်းအားဖြင့် ကာမတဏှာ, ရူပတဏှာ, အရူပတဏှာဟူ၍ တဏှာရာဂလောဘ အားလုံးသည် ကိလေသာကာမမည်၏၊

၂။ တေဘူမက ဓမ္မအားလုံးသည် ဝတ္ထုကာမမည်၏၊ ကာမာဝစရံပုဒ်ကိုဖွင့်ကြသော အဋ္ဌကထာဋီကာကြီးငယ်တို့၌ ဤသုတ္တန်နည်းအတိုင်းသာ ဖွင့်ကြကုန်သည်၊ ဖွင့်ကြသော်လည်း စိတ်ကို ဘူမိဘေဒအားဖြင့် ပိုင်းခြားဝေဖန်ရာဌာန၌ ထိုသုတ္တန်နည်းကို မလိုအပ်၊ ရူပ,အရူပ တရားများကို ကာမဆိုသော အဘိဓမ္မာပါဠိမရှိ၊ ထို့ကြောင့် ဤအရာ၌ အဘိဓမ္မာနည်းအားဖြင့်

၁။ ကာမစိတ်စတုပညာသ, စေတသိက်ဒွေပညာသ, ရုပ်အဋ္ဌ ဝီသကိုသာ ဝတ္ထုကာမဆိုရမည်။

၂။ ထိုကာမကို သာယာသောတဏှာ လောဘကိုသာ ကိလေ သာကာမဆိုရမည်။

ထိုနှစ်ပါး၏ဖြစ်ထွန်းရာဖြစ်သော ကာမဘုံသည် ကာမဿ= နှစ်ပါးသောကာမ၏၊ ဘဝေါ=ဖြစ်ပွါးရာတည်း၊ ဣတိ=ဤအကြောင်း ကြောင့်၊ ကာမော=ကာမမည်၏-ဟု ဝိဂြိုဟ်ပြု၍ ကာမမည်၏၊ ထိုကာမ ဘုံသည် ဌာနဘုံ, အဝတ္ထာဘုံဟူ၍ နှစ်ပါးရှိ၏၊

၁။ အပါယ်လေးဘုံ,လူ့ဘုံ,နတ်ပြည်ခြောက်ထပ်,နတ်ဘုံသည် ဌာန ကာမဘုံမည်၏၊

၂။ ရူပါဝစရဗြဟ္မာဘုံအတွင်းတွင် ပါဝင်ကုန်သော ဘုံဗိမာန်, ရေကန်ဥယျာဉ်-စသည်တို့သည်လည်းကောင်း၊ ရူပဗြဟ္မာတို့၏ ရုပ်ခန္ဓာအစုတို့သည်လည်းကောင်း၊ ထိုဗြဟ္မာတို့၏ သန္တာန်၌ ဖြစ်သော လောဘမူ,မောဟမူ, စက္ခုဝိညာဉ်,သောတဝိညာဉ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, အာဝဇ္ဇန်းဒွေ, ဟသိတုပ္ပါဒ်, မဟာကုသိုလ်, မဟာကြိယာစိတ်အစု စိတ်အစဉ်တို့သည်လည်းကောင်း အဝတ္ထာကာမဘုံမည်ကုန်၏၊ အရူပဗြဟ္မာတို့၏ သန္တာန်၌ ဖြစ်သော လောဘမူ, မောဟမူ, မနောဒွါရာဝဇ္ဇန်း, မဟာကုသိုလ်, မဟာကြိယာစိတ်အစု စိတ်အစဉ်တို့သည် အဝတ္ထာကာမဘုံ မည်ကုန်၏၊

ဌာနဘုံ,အဝတ္ထာဘုံနှစ်ပါးတို့တွင်လည်း အဝတ္ထာဘုံသည်သာ ပဓာနပေတည်း။

ကာမပုဒ်စစ်ချက်ပြီး၏၊

--------

အဝစရံပုဒ်စစ်ချက်

အဝစရံဟူသော အဝသဒ္ဒါသည် ရောနှောပေါင်းယှဉ်အကျုံး ဝင်ခြင်းအနက်ကို ဟော၏၊ စရသဒ္ဒါသည် ကျင်လည်ခြင်း, ဖြစ်ခြင်း အနက်ကိုဟော၏၊

ကာမေ အဝစရတီတိ ကာမာဝစရံ။

အနက်ကား။ ။ ယံစိတ္တံ=အကြင်စိတ်သည်၊ ကာမေ=ဌာန ကာမဘုံ, အဝတ္ထာကာမဘုံ-နှစ်ပါးစုံ၌၊ အဝစရတိ= တစ်မျိုးတည်း, တစ်နွယ်တည်းရောနှောသက်ဝင်၍ ကျင်လည်တတ်ဖြစ်တတ်၏၊ ဣတိ= ဤသို့သောအကြောင်းကြောင့်၊ တံစိတ္တံ=ထိုစိတ်သည်၊ ကာမာဝစရံ= ကာမာဝစရစိတ်မည်၏၊

ဌာနဘုံ,အဝတ္ထာဘုံဖြစ်သော ကာမတရားတို့နှင့် ကာမတစ်မျိုး တည်း, ကာမတစ်နွယ်တည်းဖြစ်အောင် ရောနှော၍ဖြစ်သောစိတ်ကိုသာ ကာမာဝစရဆိုရမည်၊ ကာမပုဂ္ဂိုလ်သန္တာန်၌ ဥပါဒ်ကာမျှဖြစ်ကာမျှနှင့် ကာမာဝစရ မဆိုရ-ဟူလိုသည်။

ရူပစိတ်,အရူပစိတ်,လောကုတ္တရာစိတ်များသည် ကာမပုဂ္ဂိုလ် သန္တာန်၌ဖြစ်ပါသော်လည်း ကာမဘဝင်တို့နှင့် တစ်မျိုးတည်း, တစ်နွယ် တည်းဖြစ်အောင် ရောနှောသက်ဝင်၍ ဖြစ်ကြမည် မဟုတ်ပေ၊ ကာမမျိုး, ကာမနွယ်မှ ကျွတ်လွတ်၍ အဝတ္ထာဘုံအသီးတည်ထောင်ကာ ဖြစ်ကြပေသည်၊ ထို့ကြောင့် ထိုစိတ်များကို ''ကာမေ အဝစရတိ'' အနက်နှင့်သက်သက်မဆိုင်ပေရကား-ကာမာဝစရမခေါ်ရပေ။

ကာမပုဂ္ဂိုလ်သန္တာန်မှာ အသီးတည်ထောင်ကာဖြစ်လာသော ထိုအဝတ္ထာဘုံသည် ရူပဘုံ,အရူပဘုံ, လောကုတ္တရာဘုံသာဖြစ်ပေရကားထိုစိတ်များသည် ''ရူပေ အဝစရတိ၊ အရူပေ အဝစရတိ၊ အနုတ္တရေ အဝစရတိ'' အနက်၌သာ သက်ဝင်သင့်ပေသောကြောင့် ရူပါဝစရစိတ်, အရူပါဝစရစိတ်,လောကုတ္တရာစိတ်ဟူ၍သာ ခေါ်ခွင့်သာ ရှိပေသည်။

ရူပဘုံ,အရူပဘုံတို့၌ဖြစ်ကြသော လောဘမူစိတ်, မောဟမူစိတ် စသည်များသည်လည်း ရူပဘဝင်, အရူပဘဝင်တို့နှင့်တစ်မျိုးတည်း, တစ်နွယ်တည်းဖြစ်အောင် ရောနှောသက်ဝင်၍ ဖြစ်ကြသည်မဟုတ်ပေ၊ မဟဂ္ဂုတ်မျိုး, မဟဂ္ဂုတ်နွယ်မှ ကျွတ်လွတ်၍ အဝတ္ထာဘုံ အသီးတည် ထောင်ကာဖြစ်ကြပေသည်၊ ထို့ကြောင့် ထိုစိတ်များကို ''ရူပေ အဝစရတိ၊ အရူပေ အဝစရတိ''အနက်တို့နှင့် သက်သက်မဆိုင်ပေရကား ရူပါဝစရ, အရူပါဝစရမခေါ်ရပေ၊ ''ကာမေ အဝစရတိ''အနက်၌သာ ဆိုက်တိုက်လာ သည်နှင့် ကာမာဝစရသာခေါ်ရပေသည်။

[ကာမမျိုး,ကာမနွယ်မှ ကျွတ်လွတ်သည်ဟူရာ၌ ကာမတဏှာ၏ ကျက်စားရာ အာရုံအဖြစ်မှ လွတ်သည်ကိုယူ၊ မဟဂ္ဂုတ်မျိုး,မဟဂ္ဂုတ်နွယ်မှ ကျွတ်လွတ်သည် ဟူရာ၌လည်း ရူပတဏှာ,အရူပတဏှာတို့၏ ကျက်စားရာအာရုံအဖြစ်မှ လွတ်သည်ကိုယူ။]

ကာမာဝစရံပုဒ်စစ်ချက်ပြီး၏၊

ရူပါဝစရံ,အရူပါဝစရံပုဒ်စစ်ချက်

ရူပါဝစရံပုဒ်, အရူပါဝစရံပုဒ်တို့၌လည်း ဤနည်းအတိုင်း ဝေဖန်လေ၊ ရူပသဒ္ဒါ,အရူပသဒ္ဒါများသည် ကသိုဏ်းစသော အာရုံကို လည်းကောင်း, စျာန်ကိုလည်းကောင်း, စျာန်၌သာယာသော တဏှာကို သော်လည်းကောင်း, ထိုတဏှာ၏ကျက်စားရာဘုံကိုလည်းကောင်း ဟောသတည်း။

၁။ ရူပစိတ် ၁၅-ခုသည် ဝတ္ထုရူပမည်၏၊

ထိုဝတ္ထုကို သာယာသောတဏှာသည် ကိလေသရူပမည်၏၊ ရူပဿ=နှစ်ပါးသောရူပ၏၊ ဘဝေါ=ဖြစ်ပွါးရာတည်း၊ ရူပံ=နှစ်ပါး

သောရူပ၏ဖြစ်ပွါးရာ၊ ရူပ ၁၆-ဘုံရ၏၊

၁။ ထိုရူပ ၁၆-ဘုံသည် ဌာနရူပဘုံမည်၏၊

၂။ ပုဂ္ဂိုလ်သန္တာန်မှာဖြစ်ခိုက်သော ရူပစျာန်တရားသည် အဝတ္ထာရူပဘုံမည်၏၊

[အရူပမှာလည်း ဤနည်းအတိုင်းခွဲလေ၊ ကာမပုဂ္ဂိုလ်,ရူပပုဂ္ဂိုလ်တို့၌ဖြစ်ခိုက်သော အရူပစျာန်စုကို အဝတ္ထာ အရူပဘုံယူလေ၊ အဝစရသဒ္ဒါ၏အနက်ကိုလည်း ဆိုခဲ့ပြီးသော အတိုင်း ကျနအောင်ယူလေ။]

ဋီကာကျော်ဝါဒ

ဋီကာကျော်တို့၌ကား

ထိုထိုဘုံ,ပုဂ္ဂိုလ်သန္တာန်၌ ဖြစ်လာကာမျှကို အဝစရအနက်ပြု၍ ဖွင့်ကြကုန်၏၊ ပါဠိတော်ကို သတိမရ၍ ဖွင့်ကြကုန်သည်။

ကတမေ ဓမ္မာ ကာမာဝစရာ၊ ဟေဋ္ဌတော အဝီစိနိရယံ ပရိယန္တံ ကရိတွာ ဥပရိတော ပရနိဓမ္မိတဝသဝတ္တိ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထာပရိယာပန္နာ ခန္ဓ။ လ။ ဣမေဓမ္မာ ကာမာဝစရာ။

ကတမေ ဓမ္မာ ရူပါဝစရာ၊ ဟေဋ္ဌတော ဗြဟ္မာလောကံ ပရိယန္တံ ကရိတွာ ဥပရိတော အကနိဋ္ဌေ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထာပရိယာပန္နာ ခန္ဓ။ လ။ ဣမေဓမ္မာ ရူပါဝစရာ။

ကတမေ ဓမ္မာ ရူပါဝစရာ၊ ဟေဋ္ဌတော အာကာသာနဉ္စာ ယတနုပဂေ ဒေဝေ ပရိယန္တံ ကရိတွာ ဥပရိတော နေဝသညာ နာသညာယတနုပဂေ ဒေဝေ အန္တော ကရိတွာ ယံ ဧတသ္မိံ အန္တရေ ဧတ္ထာဝစရာ ဧတ္ထာပရိယာပန္နာ ခန္ဓ။ လ။ ဣမေဓမ္မာ ရူပါဝစရာ။

[ဓမ္မဟဒယဝိဘင်းပါဠိတော်။]

ပါဠိသုံးရပ်တို့တွင် ရှေ့ပါဠိ၌ ''အန္တောကရိတွာ'' တိုင်အောင်သော ပါဌ်တို့ဖြင့် ကာမ၏အရ ဌာနဘုံကိုပိုင်းခြား၍ ပြတော်မူသည်၊ ''ဧတ္ထာဝစရာ''ဟူသောပါဌ်ဖြင့် သတ္တမီတပ္ပုရိသ်သမာသ်ကို ပြတော်မူ သည်၊ ''ဧတ္ထပရိယာပန္နာ''ဟူသောပါဌ်ဖြင့် အဝစရသဒ္ဒါ၏အနက်သွားကို ပြတော်မူသည်၊ ဖြစ်ကာမျှသော ဥပ္ပန္နအနက်ကို မလိုအပ်၊ ဖြစ်ရာ ဘုံ၌ရှိသော တရားတို့နှင့်အမျိုးတူအနွယ်တူဖြစ်အောင် ရောနှောဖက် ယှဉ်အကျုံးဝင်သော ပရိယာပန္နအနက်ကိုယူလေ-ဟူလိုသည်၊ နောက် ပါဠိနှစ်ချက်တို့၌လည်း ဤနည်းတူယူလေ၊ ပါဠိနှင့်မညီရုံတွင်မက အတ္ထယုတ္တိလည်း မရှိသောကြောင့် အဗျာပိတဒေါသ, အတိဗျာပိတ ဒေါသဆိုထိုက်လေ၍ ယေဘုယျဝုတ္တိနည်းနှင့် အပြီးသတ်ရလေသည်။

[ပယ်ချက်-၂။]

ရူပါဝစရံ,အရူပါဝစရံပုဒ်စစ်ချက်ပြီး၏၊

လောကုတ္တရံပုဒ်စစ်ချက်

လောကုတ္တရံပုဒ်၌- လောကပုဒ်, ဥတ္တရပုဒ်၊ လုဇ္ဇတိ ပလုဇ္ဇတီတိ

လောကော၊ ဖရိုဖရဲပြိုကွဲပျက်ပြားဆုံးပါး ကွယ်ပျောက်တတ်သော အနက်ကြောင့် ကာမ,ရူပ,အရူပဟူသော ဥပါဒါနက္ခန္ဓာတရားငါးပါးကို လောကဆိုသည်။

လုဇ္ဇတိ ပလုဇ္ဇတီတိ ခေါ ဘိက္ခု တသ္မာ လောကောတိ ဝုစ္စတိ၊ ''သံယုတ်ပါဠိတော်''၊ လုဇ္ဇတီတိ ဘိဇ္ဇတိ၊ ''အဋ္ဌကထာ''၊ လောကသဒ္ဒါ အနိစ္စပရိယာယ်။

နိစ္စဟူသောမိစ္ဆာသည် ဥပါဒါနက္ခန္ဓာတို့၌သာ ရောက်နိုင်

လေရကား- ထိုမိစ္ဆာကိုပယ်ခြင်းငှါ ဥပါဒါနက္ခန္ဓာကိုသာ လောကဟု ဆိုအပ်သည်၊ ဥပါဒ်,ဌီ,ဘင် အထင်အရှားရှိ၍ ပျက်စီးခြင်းသဘောရှိပါ သော်လည်း လောကုတ္တရာစိတ်များကို လောကဟု မဆို့ရပေ၊ တစ်ယောက်သောပုဂ္ဂိုလ်၏သန္တာန်၌ ခန္ဓာငါးပါးသည် လောက ငါးခုမည်၏၊ လူငါးယောက်မည်၏၊

စက္ခုသည် တစ်လောကတည်း, လူတစ်ယောက်တည်း၊ သောတသည် တစ်လောက,လူတစ်ယောက်-စသည်ဖြင့် အာယတန လောက ၁၂-ပါး, လူ ၁၂-ယောက်၊ ဓာတ်လောက ၁၈-ပါး, လူ ၁၈- ယောက်၊ ရုပ်ကလာပ်တစ်ခုကို တစ်လောကပြု၍ ရေတွက်သော် သတ္တဝါ တစ်ကောင်ဟူရာမှာ လူပေါင်းလောကပေါင်း အနန္တ၊ ပထဝီသည် တစ်လောက၊ အာပေါသည် တစ်လောက-စသည်ဖြင့် ရေတွက်သော် ရုပ်ကလာပ်တစ်ခုတွင် ပင် လူပေါင်းလောကပေါင်း ရှစ်ခု,ကိုးခု,ဆယ်ခုစသည်ဖြစ်၏၊

ဖဿသည် တစ်လောက၊ ဝေဒနာသည် တစ်လောက၊

သညာသည်, စေတနာသည်, ဝိတက်သည်, ဝိစာရသည်, မောဟသည်, လောဘသည်, ဒေါသသည်, သဒ္ဓါသည်, သတိသည် တစ်လောကစသည် ဝေဖန်လေ၊ လူပေါင်းအနန္တစုမိကြမှ လူတစ်ယောက်သာ ခေါ်သည်၊ တစ်ယောက်တည်းအမှန်ဖြစ်၍ ခေါ်သည်မဟုတ်၊ ဤဥပါဒါ နက္ခန္ဓာငါးပါးဟူသော လောကသုံးပါးသည်ကား အာသဝတရားလေးပါး တို့၏ဖြစ်ပွါးရာ အာရုံအစုဖြစ်ခဲ့၍ အာသဝမျိုး,သာသဝနွယ်သာတည်း။

လောကပုဒ်စစ်ချက်ပြီး၏၊

--------

ဥတ္တရပုဒ်စစ်ချက်

ဥတ္တရသဒ္ဒါသည် လွန်မြောက်ခြင်းအနက်ကို ဟော၏၊ သဘာဝ ဓမ္မတို့၏ သန္တာန်၌ဖြစ်ကုန်ငြားသော်လည်း ထိုသဘာဝဓမ္မတို့၏ သာသဝမျိုး,သာသဝနွယ်ကိုလွန်၍ အနာသဝဟူသော အဝတ္ထာဘုံသည် အသီးတည်ထောင်၍ ဖြစ်ကြပေကုန်ရကား- လောကတော=လောက သုံးပါးမှ၊ ဥတ္တရံ=လွန်မြောက်သည်တည်း-ဟု ဝိဂြိုဟ်ပြု၍ မဂ်စိတ်, ဖိုလ်စိတ်တို့ကို လောကုတ္တရာခေါ်သည်။

[ယခုဆိုခဲ့ပြီးသော ပါဠိတော်နည်းမှတစ်ပါး ဉာဏ်ရှိတိုင်းဆိုကြသော ဝိဂြိုဟ် များကို ဋီကာတို့မှယူလေ။]

သာသပ္ပမုခဋ္ဌော မံသော၊ ဇေဂုစ္ဆောဝ ယထာတထာ။ သာသဝါပိ ဓမ္မာ တသ္မာ၊ နာသဝတ္ထံ ပရိဗ္ဗဇေ။။ ဂါထာအနက်ကား။။ သာသပ္ပမုခဋ္ဌော=ခွေး၏ခံတွင်း,

အဆိပ်ထန်သောမြွေ၏ ခံတွင်း၌တည်သော၊ မံသော=အသားဟင်းလျာ တုံးသည်၊ ဇေဂုစ္ဆောဧဝယထာ=စက်ဆုပ်အပ်သည်သာလျှင်ဖြစ်သကဲ့သို့၊ တထာ=ထို့အတူ၊ သာသဝါဓမ္မာပိ=ခွေးမြွေတမျှ အာသဝတို့၏ခံတွင်း၌ တည်ကုန်သော တေဘူမကတရားတို့သည်လည်း၊ ဇေဂုစ္ဆော ဧဝ=စက်ဆုပ် အပ်ကုန်သည်သာလျှင်တည်း၊ တသ္မာ=ထို့ကြောင့်၊ ဝိညူ=ပညာရှိသည်၊ အနာသဝတ္ထံ=အနာသဝ တရားကို ရခြင်းအကျိုးငှါ၊ ပရိဗ္ဗဇေ=ကျင့်ရာ၏၊

ခွေးငုံ၍ထားသော အမဲသားသည် ခွေး၏လျှာရည်တံတွေးနှင့် ရောနှောသည်ဖြစ်၍ စက်ဆုပ်ဖွယ်သာ ဖြစ်၏၊ အဆိပ်ထန်သော မြွေငုံ၍ထားသော အမဲသားသည် မြွေ၏လျှာရည်တံတွေးနှင့်လည်း ကောင်း, မြွေဆိပ်နှင့်လည်းကောင်း ရောသည်ဖြစ်၍ စက်ဆုပ်ဖွယ်သာ ဖြစ်၏၊ ထို့အတူ သာသဝတရား၏အာရုံဖြစ်၍ ခံတွင်းတည်သည် ဟု ဆိုအပ်ကုန်သော လူ့ဘဝ,လူ့စည်းစိမ်, နတ်ဘဝ,နတ်စည်းစိမ်, ဗြဟ္မာ့ဘဝ, ဗြဟ္မာ့စည်းစိမ်တို့သည်လည်း အရိယာ မျက်စိအမြင်ရှိကုန်သော သူတို့၏ စက်ဆုပ်ဖွယ်တို့သာတည်း၊ ထို့ကြောင့် ထိုတရားတို့ကိုစွန့်၍ အနာသဝ တရား တို့ကိုရခြင်းငှါ လွန်စွာအားထုတ်ရာ၏-ဟူလိုသည်။

လောကုတ္တရံပုဒ်စစ်ချက်ပြီး၏၊

ဘူမိဗေဒ လေးပါးပြီး၏၊

--------

အကုသိုလ်စိတ် ၁၂-ခု

အကုသိုလ်စိတ်စစ်ချက်

အကုသိုလ်စိတ်၌- မောဟစသည်တို့သည် သဒ္ဓါစသည်တို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ကြကုန်၏၊ ထို့ကြောင့် ထိုမောဟစသော စေတသိက် ၁၄-ပါးတို့သည်သာ အကုသိုလ်အစစ်တို့မည်ကုန်၏၊ စိတ်မှာ ထိုအကုသိုလ်အစစ်တို့နှင့်ယှဉ်မိ၍သာ အကုသိုလ်မည်သတည်း၊ ဖဿစသော အညသမာန်း ၁၃-ခုတို့၏ အမူအရာသည် သာဝဇ္ဇလည်းမဟုတ်၊ အနဝဇ္ဇလည်းမဟုတ်၊ ထို့အတူ စိတ်၏စိန္တန အမူအရာသည်လည်း သာဝဇ္ဇလည်းမဟုတ်၊ အနဝဇ္ဇလည်းမဟုတ်၊ ရှေး၌ဆိုခဲ့ပြီးသော ရေဥပမာ ကဲ့သို့ မောဟစသော ဧကန္တသာဝဇ္ဇဓမ္မတို့နှင့် ပေါင်းမိသောအခါ ထိုသာဝဇ္ဇဓမ္မတို့၏ အကြီးအမှူးဦးစီးဦးကိုင်ဖြစ်၏၊ သဒ္ဓါစသော ဧကန္တအနဝဇ္ဇဓမ္မတို့နှင့် ပေါင်းမိသောအခါ ထိုအနဝဇ္ဇဓမ္မတို့၏ အကြီး အမှူးဦးစီးဦးကိုင်ဖြစ်၏၊ ထို့ကြောင့် စိန္တနကြိယာဖြစ်သော ဤစိတ်သည် ဖဿစသည်တို့ကဲ့သို့ အညသမာန်းသက်သက်သာတည်း။

[ဝေဒနာ,ဒိဋ္ဌိ,လောဘ,ပဋိဃ,မောဟ,ဝိစိကိစ္ဆာ,ဥဒ္ဓစ္စတို့၏ ဝစနတ္ထလက္ခဏာ စသည်ကို နောက်မှ ဆိုပေအံ့။]

--------

သသင်္ခါရိကံ,အသင်္ခါရိကံပုဒ်အနက်စစ်ချက်

အသင်္ခါရိကံပုဒ်၌ နသဒ္ဒါမြစ်ခြင်းအနက်ဟော၊ သင်္ခါရသဒ္ဒါ ဥပါယအနက်, ပယောဂအနက်ဟော၊ ဣကသဒ္ဒါဥပ္ပန္နအနက်ဟော၊ သသင်္ခါရိကံပုဒ်၌ သဟသဒ္ဒါတကွဟူသော သမဝါယအနက်ဟော၊ သင်္ခါရသဒ္ဒါဥပါယအနက်, ပယောဂအနက်, ဣကသဒ္ဒါ ဥပ္ပန္န အနက် ဟော၊ ဖြစ်ခွင့်ဆိုက်ပါလျက် ဖြစ်ခြင်းငှါမဝံ့ဘဲ တွန့်၍နေသော စိတ် အစဉ်ကို မတွန့်မနစ်ဖြစ်စေခြင်းငှါ ဖြစ်ထိုက်သောအကြောင်းနှင့် နှိုးဆော် တိုက်တွန်းခြင်းအမှုသည် ပယောဂလည်းမည်၏၊ ဥပါယလည်းမည်၏၊ ထိုအမှုကို သင်္ခါရဆိုပေသည်၊ တရားကိုယ်အားဖြင့်-စေတနာလည်း သင့်ပါ၏၊ ဝါယာမလည်းသင့်ပါ၏၊

ထိုသင်္ခါရသည် နောက်၌ဖြစ်သော သသင်္ခါရိကစိတ်နှင့် သန္တာန်တူလည်းရှိ၏၊ သန္တာန်ကွဲလည်းရှိ၏၊

၁။ ကောင်းမှုအရာ၌လည်းကောင်း, မကောင်းမှုအရာ၌လည်း ကောင်း ပြုခွင့်ဆိုက်ပါလျက် မပြုလိုဘဲ တွန့်တိုဆုတ်နစ်၍နေသောအခါ မိမိကိုယ်ကို မိမိတိုက်တွန်းမှ ထမြောက်သည်ကား-သန္တာန်တူပေတည်း။

၂။ သူတစ်ပါးတိုက်တွန်းမှ ထမြောက်သည်ကား-သန္တာန်ကွဲ ပေတည်း။

သဟသင်္ခါရေန ယော ဝတ္တတီတိ သသင်္ခါရော။။

ယောပစ္စယဂဏော=အကြင်စိတ်ဖြစ်ရန်အကြောင်း အပေါင်း သည်၊ သင်္ခါရေန=ပုဗ္ဗပယောဂဟုဆိုအပ်သော သင်္ခါရနှင့်၊ သဟ=တကွ၊ ဝတ္တတိ=ဖြစ်၏၊ ဣတိ=ထို့ကြောင့်၊ သောပစ္စယဂဏော=ထိုစိတ်ဖြစ်ရန် အကြောင်းအပေါင်းသည်၊ သသင်္ခါရော=သသင်္ခါရမည်၏၊

အကြောင်းအပေါင်းဟူသည်ကား- ကုသိုလ်အရာ၌ သပ္ပုရိသူပ နိဿယ စသော အကြောင်းအပေါင်း, အကုသိုလ်အရာ၌ အသပ္ပုရိသူပ နိဿယစသော အကြောင်းအပေါင်းပေတည်း၊ ဤအကြောင်းအပေါင်း သည် ရံခါသင်္ခါရမတူဘဲနှင့်ပင် ကုသိုလ်စိတ်, အကုသိုလ်စိတ်တို့ကို ဖြစ်စေနိုင်သည်၊ ရံခါမူကား- သင်္ခါရကူပါမှ ကုသိုလ်စိတ်, အကုသိုလ်စိတ် တို့ကို ဖြစ်စေနိုင်သည်။

၁။ သင်္ခါရကူပါမှဖြစ်စေနိုင်သောအခါ ထိုအကြောင်းအပေါင်း သည် သသင်္ခါရမည်၏၊

၂။ သင်္ခါရမကူဘဲ သက်သက်အားဖြင့်ပင် ကုသိုလ်စိတ်, အကုသိုလ်စိတ်တို့ကို ဖြစ်စေနိုင်သောအခါ အသင်္ခါရမည်၏၊

နတ္ထိ သင်္ခါရော ဧတဿာတိ အသင်္ခါရော။။ ဧတဿ=ထိုစိတ်ဖြစ်ရန်အကြောင်းအပေါင်းအား၊ သင်္ခါရော= အကူအပံ့ဖြစ်သော သင်္ခါရသည်၊ နတ္ထိ=မရှိ၊ ဣတိ=ထိုကြောင့်၊ အသင်္ခါရော=အသင်္ခါရမည်၏၊ (ဝိဂြိုဟ်။) ဤသို့လျှင် ပုဗ္ဗပယောဂ ဟုဆိုအပ်သော သင်္ခါရနှင့်တကွဖြစ်သည်, မဖြစ်သည်ဟူသောအချက်၊ သင်္ခါရရှိသည်, မရှိသည်ဟူသော အချက်များသည် ပကတိအကြောင်း အပေါင်း၌သာ ဆိုထိုက်သော အချက်စုပေတည်း။

သက်သေကား

သဟ သင်္ခါရေနာတိ သသင်္ခါရော၊ တေန သသင်္ခါရေန သပ္ပယောဂေန သဥပါယေန ပစ္စယဂဏေနာတိ အတ္ထော။

[အဋ္ဌသာလိနီ။]

သသင်္ခါရေန ဥပ္ပန္နံ သသင်္ခါရိကံ။။ ယံစိတ္တံ=အကြင်စိတ်သည်၊ သသင်္ခါရေန=အကူအပံ့ သသင်္ခါရနှင့်တကွ ဖြစ်သော အကြောင်းအပေါင်း ကြောင့်၊ ဥပ္ပန္နံ=ဖြစ်ပေါ်လာသည်တည်း၊ ဣတိ=ထို့ကြောင့်၊ တံစိတ္တံ= ထိုစိတ်သည်၊ သသင်္ခါရိကံ=သသင်္ခါရိကမည်၏၊

အသင်္ခါရေန ဥပ္ပန္နံ အသင်္ခါရိကံ။။ ယံစိတ္တံ=အကြင်စိတ်သည်၊ အသင်္ခါရေန=အကူအမသင်္ခါရမဖက်သက်သက်သော အကြောင်း အပေါင်းကြောင့်၊ ဥပ္ပန္နံ=ဖြစ်ပေါ်သည်တည်း၊ ဣတိ=ထို့ကြောင့်၊ တံစိတ္တံ=ထိုစိတ်သည်၊ အသင်္ခါရိကံ=အသင်္ခါရိကမည်၏၊။ ဤသို့ ဣကပစ္စည်းကို အသီးထုတ်၍ ဥပ္ပန္နတဒ္ဓိတ်ဆိုမှ စိတ်ကိုရထိုက်ပေ သတည်း။

သက်သေကား

ယသ္မိံ သမယေ ကာမာဝစရံ။ လ။ စိတ္တံ ဥပ္ပန္နံ ဟောတိ သသင်္ခါရေန။

[ဓမ္မသင်္ဂဏီပါဠိတော်။]

ဋီကာဝါဒများ

ဋီကာတို့၌ကား-ဤအဋ္ဌကထာပါဠိများကို သတိမမူကြကုန်မူ၍ သဟနှင့်သင်္ခါရ-ပထမဝိဂြိုဟ်တွင်ပင် စိတ်ကိုအရပြုခြင်း၊ နောက်၌ဖြစ် သော စိတ်နှင့်ရှေ့၌လည်းကောင်း၊ သန္တာန်ကွဲ၌လည်းကောင်းဖြစ်သော ပုဗ္ဗပယောဂကို သဟအနက် အပြိုင်ခက်သောကြောင့် နောက်စိတ်၏ ထက်သည်၏ အဖြစ်တည်းဟူသော တိက္ခဘာဝကို သင်္ခါရအမည်ပေးခြင်း၊ ဣကပစ္စည်းကို အနက်မရှိပြုခြင်းများသည် ဋီကာဆရာသုံးပါးတို့ ဉာဏ်သွား ချော်ချက်စုသာတည်း။

[ပယ်ချက်-၃။]

သသင်္ခါရိကံ,အသင်္ခါရိကံပုဒ်အနက်စစ်ချက်ပြီး၏၊

--------

သမ္ပယုတ်,ဝိပ္ပယုတ်စစ်ချက်

လောဘမူစိတ်၌ စေတသိက် ၂၂-ယှဉ်၏၊ ဒေါသမူစိတ်၌လည်း ၂၂-ပင်၊ မောဟမူဒွေ၌ ၁၆၊ လောဘမူယှဉ် ၂၂-တွင် ပီတိ,ဒိဋ္ဌိ,မာန, ထိန,မိဒ္ဓ၊ ဤငါးခုသည် အချို့ယှဉ်သည်သာတည်း၊ အကြွင်း ၁၇-ခုသည် အကုန်ယှဉ်ပေတည်း၊ အချို့ငါးခုတွင်လည်း မာန,ထိန,မိဒ္ဓ၊ ဤသုံးခုသည် ရံခါယှဉ်သတည်း၊ အမြဲယှဉ်မဟုတ်၊ ဒေါသမူယှဉ် ၂၂-တွင်လည်း ဣဿ, မစ္ဆရိယ,ကုက္ကုစ္စ,ထိန,မိဒ္ဓ၊ ဤငါးခုသည် ရံခါယှဉ်သတည်း။

အချို့ယှဉ်, ရံခါယှဉ်ဟူသမျှသည် စိတ်ကို အထွေအပြား များအောင် အထူးပြုနိုင်သည်ချည်းတည်း။

ပြုပုံကား

၁။ ဒိဋ္ဌိသည် အချို့ယှဉ်ဖြစ်၍ ယှဉ်သောစိတ်သည် ဒိဋ္ဌိဂတသမ္ပ ယုတ်, မယှဉ်သောစိတ်သည် ဒိဋ္ဌိဂတဝိပ္ပယုတ် နှစ်ထွေထုတ်ရ သကဲ့သို့ အချို့ယှဉ်ပြန်သော ပီတိအတွက်နှင့်လည်း ပီတိ သမ္ပယုတ်, ပီတိဝိပ္ပယုတ် နှစ်ထွေထုတ်ခွင့်ရှိသည်။

၂။ အချို့ယှဉ်,ရံခါယှဉ်ဖြစ်သော မာန,ထိန,မိဒ္ဓတို့အတွက်နှင့်လည်း မာနသမ္ပယုတ်, မာနဝိပ္ပယုတ်, ထိနမိဒ္ဓသမ္ပယုတ်, ထိနမိဒ္ဓ ဝိပ္ပယုတ်နှစ်ထွေထုတ်ခွင့်ရှိသည်။

၃။ ဒိဋ္ဌိဝိပ္ပယုတ်လေးခုသည်ပင် မာနသမ္ပယုတ်လေးခု၊ မာန ဝိပ္ပယုတ်လေးခုဖြစ်ပေလတံ့။

၄။ သသင်္ခါရိကလေးခုသည်ပင် ထိန,မိဒ္ဓသမ္ပယုတ်လေးခု၊ ထိန,မိဒ္ဓ ဝိပ္ပယုတ်နှစ်ခုဖြစ်လာလတံ့။

၅။ ဒေါသမူဒွေသည်လည်း ဣဿာသမ္ပယုတ်နှစ်ခု၊ ဣဿာ ဝိပ္ပယုတ်နှစ်ခု၊ မစ္ဆရိယသမ္ပယုတ်နှစ်ခု၊ မစ္ဆရိယဝိပ္ပယုတ်နှစ်ခု၊ ကုက္ကုစ္စသမ္ပယုတ်နှစ်ခု၊ ကုက္ကုစ္စဝိပ္ပယုတ်နှစ်ခုဖြစ်လာလတံ့။

၆။ သသင်္ခါရိကတစ်ခုပင်လျှင် ထိန,မိဒ္ဓ-သမ္ပယုတ်တစ်ခု၊ ထိန,မိဒ္ဓ ဝိပ္ပယုတ်တစ်ခုဖြစ်လာလတံ့။

မေးမြန်းဖွယ်

မေး။ ဤသို့စိတ်ကို အထွေအပြားများအောင် အထူးပြုတတ် ကုန်သော သမ္ပယုတ်တရားတို့သည် များစွာရှိကြပါကုန် လျက် အဘယ့်ကြောင့် လောဘမူမှာ ဝေဒနာနှင့်ဒိဋ္ဌိကိုသာ၊ ဒေါသမူမှာ ဝေဒနာနှင့် ပဋိဃကိုသာ၊ မောဟမူမှာ ဝေဒနာ, ဝိစိကိစ္ဆာ,ဥဒ္ဓစ္စတို့ကိုသာ သဟဂုတ်သံ, သမ္ပယုတ်သံနှင့် ဝေဖန် ထုတ်ဆိုလေသနည်း-မေးရန်။

ဖြေ။ ဝေဒနာသည် ခံမှုစံမှုဖြစ်ပေ၍ အလွန်ထင်ရှားသဖြင့် ခန္ဓာငါးပါးအသီးထား၍ ရှုရန်တရားလည်း ဖြစ်ပေသည်၊ သူမှပြားသော သုခသဘော, ဒုက္ခသဘောစသည်တို့သည် လည်း အသီးအသီး ထင်ရှားကုန်သည်၊ ထို့ကြောင့် စိတ်ကို ဝေဒနာအပြားနှင့်ဖက်တွဲ၍ အထွေအပြားဝေဖန်ပေသည်၊ ဝေဒနာသင်္ဂဟ, တသင်္ဂဟထုတ်ရလေသည်၊ ဒိဋ္ဌိ,ဝိစိကိစ္ဆာ တို့သည် မဂ်ဖြင့်ပယ်ခန်းသို့ရောက်သောအခါ ပထမမဂ်၏ အသီးဝေပုံကျဖြစ်၍ မဂ်တို့၏အစွမ်း အထူးကိုပြရာ၌ အစဉ်ထင်ရှားကြပေကုန်သည်၊ ထို့ကြောင့် ပဟာတဗ္ဗဖြစ် သော အကုသိုလ်စိတ်ကို ဒိဋ္ဌိ,ဝိစိကိစ္ဆာတို့နှင့်အသီး ဝေဖန် ပေသည်။

ပဋိဃသည်လည်း တတိယမဂ်၏ ဝေပုံကျပေတည်း၊ ဥဒ္ဓစ္စမှာ မူကား အကုသိုလ်အကုန်နှင့် ဆက်ဆံသည် ဖြစ်၍လည်းကောင်း, အကြွင်းမရှိပယ်ခန်းသို့ရောက်မှ ပယ်ရာပါလေသည်ဖြစ်လည်းကောင်း, ယှဉ်ခန်း,ပယ်ခန်းတို့၌ အထူးထွက်သော တရားမဟုတ်ပေ၊ ထိုသို့မဟုတ် သော်လည်း အထူးအားရှိရာအတွက်ကိုပြလို၍ ဥဒ္ဓစ္စသမ္ပယုတ် အသီးထုတ်လေသည်။

ပီတိ, မာန, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ၊ ဤခုနစ်ပါး တို့တွင် ပီတိသည် သောမနဿ၏ နောက်လိုက်ဖြစ်ပေသည်၊ ထို့ကြောင့် ဝေဒနာဘေဒနှင့်ပင် ပြီးတော့သည်၊ မာန,ထိန,မိဒ္ဓတို့အတွက်နှင့် သမ္ပယုတ်, ဝိပ္ပယုတ် နှစ်ထွေထုတ်သင့်ပါသော်လည်း သမ္ပယောဂ အစီအရင်တွင် မာနဝိပ္ပယုတ်, ထိန,မိဒ္စဝိပ္ပယုတ်တွင် ဘယ်တရားယှဉ် သည်ဟု အထူးစီရင်မှုလည်းမရှိ၊ မဂ်ဖြင့်ပယ်ခန်းတွင် သမ္ပယုတ်ကို ဘယ်မဂ်ပယ်သည်၊ ဝိပ္ပယုတ်ကို ဘယ်မဂ်ပယ်သည်-ဟု အထူးပယ် ချက်လည်းမရှိ၊ ထို့ကြောင့် ထိုတရားတို့ကို အပြားဘေးဒအမှု၌ ဂရုမစိုက် လေသည်။

ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စတို့သည်ကား- အာရုံအများနှင့် ဆက်ဆံသော တရားစုမဟုတ်၊ မိမိတို့ဆိုင်ရာ အာရုံအနည်းငယ်မျှသာ ဆက်ဆံကြကုန်သည်၊ ထို့ကြောင့် ထိုတရားတို့ကို အပြားဘေဒမှု၌ ဂရုမစိုက်လေသည်၊ ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့်ပင်လျှင် ပါဠိတော်၌လည်း ထိုမာန,ဣဿာ,မစ္ဆရိယ,ကုက္ကုစ္စ,ထိန,မိဒ္ဓတို့ကို ''ယေဝါ ပနက''အဖြစ်နှင့်ဟောတော်မူသည်။

မေးမြန်းဖွယ်

မေး။ စိတ်တို့ကို မည်သည့်စိတ်, မည်သည့်စိတ်ဟု အမည်တစ်ခု ထားရန် အထွေအပြားပြု၍ ဝေဖန်သော အမှုသည် အရာတစ်ပါး, ဌာနတစ်ပါးသို့ရောက်လျှင်လည်း ဝေဖန် ခွဲခြမ်းမှုအစဉ်၌ တွင်ကျယ်လောက်မှ ဝေဖန်ရသည်၊ မာနစသည်တို့သည် အမြဲယှဉ်သော နိယတယောဂီ မဟုတ် ကြ၍ သမ္ပယောဂမှု၌ မထွက်ရကုန်သည် မဟုတ်လောဟူမူ။

ဖြေ။ ဒိဋ္ဌိသမ္ပယုတ်အသီးထုတ်ချက်ရှိ၍သာ ဒိဋ္ဌိသည် သမ္ပယုတ် မြဲသည်-ဟု ဆိုရသည်၊ ထို့အတူ မာနသမ္ပယုတ်အသီး ထုတ်ပေလျှင် မာနသည် မာနသမ္ပယုတ်စိတ်၌ အမြဲယှဉ် သည်-ဟု ဆိုရသည်ပင်၊ ဣဿာ စသည်တို့၌လည်း ဤအတူ၊

ဋီကာကျော်ဝါဒ

ဋီကာကျော်၌ကား

''ဝေဒနာ, ဒိဋ္ဌိ, ပဋိဃ, သင်္ခါရ, ဝိစိကိစ္ဆာတို့သည်သာလျှင် အချို့စိတ်၌ယှဉ်ခြင်း၊ အချို့စိတ်၌ မယှဉ်ခြင်း အထူးရှိကြကုန်၍ စိတ်ကို အထွေအပြားပြုနိုင်ကြကုန်၏၊ သည်မှ တစ်ပါးသော တရားတို့သည် မပြုနိုင်ကြကုန်၊ ယှဉ်ခြင်း, မယှဉ်ခြင်းအထူးရှိ ကြကုန်သည်မှာလည်း ယှဉ်ဖို့အကြောင်း, မယှဉ်ဖို့အကြောင်း အသီးအသီးဖြစ်ကြ၍ အထူးရှိကြကုန်သည်''

ဟု အကျယ်ဆိုပေ၏၊ ပီတိ,မာန,ထိန,မိဒ္ဓ-စသည်တို့သည်လည်း

အချို့စိတ်၌ယှဉ်ခြင်း, အချို့စိတ်၌မယှဉ်ခြင်း အထူးရှိကြကုန်သည်ပင်၊ အကြောင်းလည်း အသီးအသီးအထူးရှိကြကုန်သည်ပင်၊ စိတ်ကိုလည်း မာနသမ္ပယုတ္တ,မာနဝိပ္ပယုတ္တစသည်ဖြင့် အထူးပြုနိုင်ကြကုန်သည်ပင်၊ ထို့ကြောင့် ဋီကာကျော်အဖွင့်ကို အသင့်ဟု မယူသာချေ။

[ပယ်ချက်-၄။]

ဒေါသမူဒွေမှာလည်း ဝေဒနာအတွက်, သမ္ပယုတ်အတွက် အထွေအပြားမရှိပါဘဲလျက် ဒေါမနဿ သဟဂတံ ပဋိဃသမ္ပယုတ္တံဆိုရပြန်သည်မှာ

၁။ မင်းတို့သည် ပျော်မြူးကုန်လျက် အသက်သတ်မှုကို စေခိုင်းသောအခါ၌လည်းကောင်း, လုလင်ပျိုတို့ သည် ပျော်မြူးကုန်လျက် သူ့အသက်သတ်မှုကို ပြုကြကုန်သော အခါ၌လည်းကောင်း, မိစ္ဆာအယူရှိသော သူတို့သည် အသက်ကို သတ်ညှစ်၍ ယဇ်ပူဇော်ရာနှစ်သက်ကြသော အခါ၌လည်းကောင်း, သောမနဿဇောတိုအလယ်၌ အနည်းငယ်မျှဖြစ်ကြကုန်သော ပါဏာတိပါတမှုတို့သည် သောမနဿ နှင့်သော်လည်းကောင်း, ဥပေက္ခာနှင့်သော် လည်းကောင်း ယှဉ်ကုန်ရာသည်-ဟု ယူရန်ရှိသည်လည်း တစ်ကြောင်း,

၂။ ဆိုခဲ့ပြီးသော မိစ္ဆာလူညစ်တို့ ယဇ်ပူဇော်မှု၌လည်းကောင်း, အချို့သော ကုလားလူမျိုးတို့ကဲ့သို့ တိရစ္ဆာန်ကို သတ် ကောင်း၏၊ ချွတ်သည်မည်၍ ကောင်းမှုအထူးဖြစ်၏ဟူသော မိစ္ဆာအယူနှင့်ကုသိုလ် ရအောင် သင်ကြားရာ၌ လည်းကောင်း, ပါဏာတိပါတမှုသည် မိစ္ဆာဒိဋ္ဌိယှဉ် လေရာသည်-ဟု ယူရန်ရှိသည်လည်းတစ်ကြောင်း,

၃။ သေခွင့်ဆိုက်ပြီ၊ ဒုက္ခကြီးစွာမြင်ရရာ၌ ကြင်နာလှထွေ မြန်မြန်သေမှု ကောင်းလေ၏-ဟု အကြံဖြစ်ရာ လည်း ကောင်း, သေတည့်စိမ့်ငှါ ဝါစာကာယ ပယောဂမှု လုလ္လ ပြုရာ၌လည်းကောင်း ကရုဏာဇောတို့၏အလယ်၌ အနည်းငယ်ဖြစ်လေသော ဝိဟေသဇောစုသည် ကရုဏာ နှင့်ပင် ယှဉ်လေရာသည်-ဟု ယူရန်ရှိသည်လည်း တစ် ကြောင်း,

သို့အကြောင်းများကြောင့် ထိုသောမနဿဝေဒနာ-ဥပေက္ခာ ဝေဒနာတို့ကိုလည်းကောင်း, ထိုမိစ္ဆာဒိဋ္ဌိ ကရုဏာတို့ကိုလည်းကောင်း ပယ်ခြင်း-နစ်စေခြင်းငှါ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ်တို့ကို ဖော်ထုတ်၍ ဆိုပြန်ရသတည်း။

ဒေါမနဿနှင့်ပဋိဃတို့၏ အဝိနာဘာဝကိုပြလို၍ဆိုသည်ဟူသော ဋီကာကျော်၌လည်း ဤနည်းနှင့် လိုက်အောင်ယူလေ၊ စင်စစ် အားဖြင့်မူကား- စိတ်ကို အထူးပြုခွင့်ရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ ဝေဒနာမည်သည် အစွဲအလမ်း အလွန်ကြီးရာဌာနဖြစ်၍ အသီးရှုထိုက် သော တရားဖြစ်ပေရကား- စိတ်တိုင်းမှာပင် ဝေဒနာယောဂကို မလွှတ်ရရှိသည်နှင့်ဒေါမနဿသဟဂုတ်ကို ထုတ်ရလေသည်၊ ထို့ကြောင့် မဟုတ်လော၊ မောဟမူဒွေ,စက္ခုဝိညာဉ်ဒွေ စသော စိတ်တကာတိုင်းမှာ ပင် ဝေဒနာကိုမလွှတ်နိုင်ဘဲအမြဲမူတည်ရလေသည်။

ဒေါသသည် ပူပြင်းသောတရားဖြစ်ခဲ့၍ ဒေါသနှင့်ယှဉ်သော စိတ်၌ ဝေဒနာသည် ဥပေက္ခာသဘောအနေ နှင့်ပင် မတည်နိုင်၊ သောမနဿအနေမှာ ဝေးလှစွာ၏၊ ထို့ကြောင့် ဤစိတ်၌ ဒေါမနဿ ဝေဒနာမြဲလေသတည်း။

၁။ မောဟမူဒွေ၌ကား- ရှေးစိတ်တို့၌ လောဘ, ဒေါသမင်းမူ ရာဖြစ်၍ မောဟသည် မော်ခွင့်မရ၊ ဤစိတ်နှစ်ခု၌သာ မော်ခွင့်ရသည်နှင့်အဆမတန်တွေဝေ ထိုင်းမှိုင်းသော မောဟနှင့်ယှဉ်သည်လည်း တစ်ကြောင်း,

၂။ အာရုံ၌တည်တံ့ခြင်းမရှိဘဲ အမြဲလှုပ်ရှား လွင့်ပါး၍နေသော

ဝိစိကိစ္ဆာဥဒ္ဓစ္စတို့နှင့် ယှဉ်ရသည်လည်း တစ်ကြောင်း။ သို့အကြောင်းများကြောင့်နှစ်ပါးသော ဤစိတ်သည် ဣဋ္ဌ, အနိဋ္ဌ၌ပင် ရွှင်ခြင်းညှိုးခြင်းကင်းတုံသမှု လျစ်လျူရှုသော ဥပေက္ခာ ဝေဒနာနှင့်သာ ယှဉ်လေသည်။

သမ္ပယုတ်,ဝိပ္ပယုတ်စစ်ချက်ပြီး၏၊

--------

သင်္ခါရစစ်ချက်

သင်္ခါရအပြားကိုမဆိုသည်မှာ ပါဠိတော်၌မလာ၍ မဆိုသည်၊ ပါဠိတော်၌ လောဘမူစိတ်, မဟာကုသိုလ် စိတ်တို့မှာပင် အသင်္ခါရဟူ၍ အဟောမရှိ၊ နောက်နောက်စိတ်၌ သသင်္ခါရေန-ဟု ဟောတော်မူသည် ကိုထောက်၍ ရှေးရှေးစိတ်ကို အဝုတ္တသိဒ္ဓိနည်းအားဖြင့် အသင်္ခါရိက ခေါ်ကြရသည်။

မောဟမူဒွေသည်လည်း ထိုအဝုတ္တသိဒ္ဓိနည်းအဝင် အသင်္ခါရိက သက်သက်ဟုယူရမည်၊ သင်္ခါရဝိမုတ်ဟု မယူသင့်။

သက်သေကား

ပဋိစ္စသမုပ္ပါဒနိဒ္ဒေသ၌ အဝိဇ္ဇာ၏အပြားကိုဆိုရာဝယ် သသင်္ခါရ, အသင်္ခါရအားဖြင့် နှစ်ပါးရှိကြောင်းကိုသာ အဋ္ဌကထာတို့၌ဆိုပေသည်၊ သသင်္ခါရ,အသင်္ခါရ,သင်္ခါရဝိမုတ်အားဖြင့် သုံးပါးရှိကြောင်းကို မဆိုပေ။

ခန္ဓဝိဘင်းအဋ္ဌကထာ၌လည်း အကုသိုလ်စိတ်တို့၏ ဩဠာရိက, သုခုမကိုဝေဖန်ရာ၌ သသင်္ခါရိက, အသင်္ခါရိကနှစ်ထွေသာလာပေသည်၊ သင်္ခါရဝိမုတ်ဟူ၍ မလာပေ၊ ဤသက်သေဖြင့်လည်း မောဟမူဒွေကို သသင်္ခါရိကပေ-ဟု ပုံသေမှတ်အပ်၏၊

ဋီကာကျော်ဝါဒ

ဋီကာကျော်၌ကား

ဤမောဟမူဒွေသည် မိမိသဘောအားဖြင့် ထက် သန်ခြင်းမရှိလေသောကြောင့် အသင်္ခါရိကလည်း မမည်၊ မတိုက်တွန်းဘဲပင် အဖြစ်များလှ၍ တိုက်တွန်းအပ်သော သဘောမရှိသောကြောင့်လည်း သသင်္ခါရိကလည်းမမည်၊ နှစ်ပါးစုံမှလွတ်သော သင်္ခါရဝိမုတ်သာတည်းဟု-ဆို၏၊ လောဘမူ,ဒေါသမူတို့ကဲ့သို့ အမှင်နှင့် ရဲရဲထက်မှသာ တိက္ခဘာဝဆိုရသည်မဟုတ်၊ မတိုက်တွန်း ဘဲနှင့် ဖြစ်ပေါ်နိုင် ခါမျှကိုလည်း တိက္ခဘာဝဆိုရပါ၏၊ တွေဝေခြင်းကိစ္စရှိသော မောဟမူမှာ အတိုင်းထက်အလွန် တွေဝေခြင်းကိုပင် တိက္ခဆို ရမည်၊ ထို့ကြောင့် ထိုဋီကာကျော်စကားကို အမြတ်အားဖြင့် မယူအပ်။

[ပယ်ချက်-၅။]

သင်္ခါရစစ်ချက်ပြီး၏၊

--------

အကုသိုလ်စိတ်တို့၏အကြောင်း

သမ္ပတ္တိစက်လေးပါးသည် ကုသိုလ်စိတ်တို့၏ အကြောင်းတည်း၊ ဝိပ္ပတ္တိစက်လေးပါးသည် အကုသိုလ်စိတ် တို့၏ အကြောင်းတည်း။

၁။ အပ္ပဋိရူပဒေသဝါသော=သူတော်ကောင်းတရား ရှစ်ပါး ခြောက်တပ် မလျောက်ပတ်သော အရပ်ဒေသ၌ နေခြင်းတစ်ပါး,

၂။ အသပ္ပုရိသူပနိဿယော=သူတော်မဟုတ် သူယုတ်သူမာ သူမိစ္ဆာတို့ကို မှီရာမှီကြောင်း အပေါင်းအသင်း အရင်းပြု၍ နေရခြင်း တစ်ပါး,

၃။ ပုဗ္ဗေအကတပုညတာ=ပြုဖူးသော ရှေးဘုန်းရှေးကံ အခံသေး နုတ်ခြင်းတစ်ပါး,

၄။ အတ္တမိစ္ဆာပဏီဓိ=စိတ်ထားသဘောထား ယွင်းမှားတိမ်း စောင်း မကောင်းသော အလေ့အကျက်ရှိခြင်း တစ်ပါး,

[ဝိပ္ပတ္တိစက် ၄-ပါး။]

အယောနိသောမနသိကာရသည်လည်း အကုသိုလ်စိတ်တို့၏ နည်းစွာသော အကြောင်းပင်တည်း။

အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာစေဝ အကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ အကုသလာ ဓမ္မာ အဘိဝဍ္ဎန္တိ၊ အနုပ္ပန္နာစ ကုသလာဓမ္မာ န ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာစ ကုသလာဓမ္မာ ပရိဟာယန္တိ။

[ပါဠိတော်။]

အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ အယောနိသော=မသင့် သောအကြောင်းအားဖြင့်၊ မနသိကရောတော=နှလုံးသွင်းသောသူအား၊ အနုပ္ပန္နာစေဝ အကုသလာဓမ္မာ=ဖြစ်နေကျမဟုတ်သော အကုသိုလ် တရားတို့သည်လည်း၊ ဥပ္ပဇ္ဇန္တိ=ဖြစ်ပေါ်လာကုန်၏၊ ဥပ္ပန္နာစ အကုသလာ ဓမ္မာ=ဖြစ်နေကျဖြစ်သော အကုသိုလ်တရားတို့သည်လည်း၊ အဘိဝဍ္ဎန္တိ= တိုးပွါးကုန်၏၊ အနုပ္ပန္နာစ ကုသလာဓမ္မာ=မဖြစ်ဘူးသေးသော ကုသိုလ်တို့ သည်လည်း၊ န ဥပ္ပဇ္ဇန္တိ=ဖြစ်ခွင့်မရကုန်၊ ဥပ္ပန္နာစ ကုသလာဓမ္မာ= ဖြစ်မိသမျှသောကုသိုလ်တရားတို့သည်လည်း၊ ပရိဟာယန္တိ=ဆုတ်ယုတ် ရကုန်၏၊

လောကအလုံးစုံသော သက်ရှိသက်မဲ့ ဣဋ္ဌ, အနိဋ္ဌဝတ္ထုစု၊

အလုံးစုံသော ဖြစ်မှု,ပျက်မှုစုသည် နှလုံးထားလိမ္မာလျှင် ကုသိုလ်ဖြစ် ဖို့ချည်း၊ နှလုံးထားမလိမ္မာလျှင် အကုသိုလ်ဖြစ်ဖို့ချည်း၊ အကုသိုလ် လွတ်ဖို့လမ်း သည် ယောနိသောလမ်းမည်၏၊ အကုသိုလ်ဖြစ်ဖို့လမ်းသည် အယောနိသောလမ်းမည်၏၊ သက်တော်ထင်ရှား ဘုရားနှင့်ပင်တွေ့သော် လည်း အယောနိသောလမ်းသို့ စိတ်ဦးလှည့်ခဲ့လျှင် အကုသိုလ်ဖြစ်ဖို့ သာဖြစ်၏၊ မိမိအလိုသို့ လိုက်ပါသော တာဝတိံသာနတ်သမီးနှင့်ပင် တွေ့သော်လည်းကောင်း, မိမိအသက်ကို ဖျက်ဆီးမည့်သူနှင့်ပင် တွေ့ သော်လည်းကောင်း၊ ယောနိသောလမ်းသို့ ဦးလှည့်ခဲ့လျှင် ကုသိုလ်ဖြစ်၏၊

အဇ္ဈတ္တဝိသဋံ ဝိသံ၊

အဇ္ဈုပေက္ခေယျ ပဏ္ဍိတော။

နတွေ ဝုဗ္ဗထ မနက္ကာရံ၊

သောဟာပါယပထော ဥဇု။။

အနက်ကား။။ ပဏ္ဍိတော=ပညာရှိသည်၊ အဇ္ဈတ္တဝိသဋံ=ကိုယ် တွင်း မဆန့်ပျံ့နှံ့ပူလောင်၍နေသော၊ ဝိသံ=မြွေပွေးဆိပ်ကို၊ အဇ္ဈု ပေက္ခေယျ=ကြောင့်ကြမပြု လျစ်လျူရှုသော်လည်း ရှုရာသေး၏၊ ဥဗ္ဗထ မနက္ကာရံ=ကိုယ်တွင်းမှထ၍လာသော အယောနိသောမနသိကာရကို၊ နတွေဝ-အဇ္ဈုပေက္ခေယျ=လျစ်လျူရှုကာ မနေရာသည်သာလျှင်တည်း၊ ဟိကသ္မာ=ဘယ်အတွက်ကြောင့်ဟူမူကား၊ သော=ထိုအယောနိသော မနသိကာရမည်သည်၊ ဥဇု=မသွေမထောင့် အလွန်ဖြောင့်သော၊ အပါယပထော=အပယ်လမ်းကြောင်းပေတည်း။

လောဘမူစိတ်၏အကြောင်း

၁။ လောဘခြံရံသော ကံနှင့်ရသော ပဋိသန္ဓေရှိခြင်းတစ်ပါး,

၂။ လောဘအဖြစ်များသော မင်းစိုးရာဇာဘဝ, နတ်ဘဝတို့မှ လာခဲ့သောသူ ဖြစ်ခြင်းတစ်ပါး,

၃။ ဣဋ္ဌာရုံနှင့်တွေ့ကြုံခြင်းတစ်ပါး,

၄။ သာယာဖွယ်ဟု ရှုလေ့ရှိခြင်းတစ်ပါး,

ဤလေးပါးသည် လောဘမူစိတ်၏ ဝိသေသအကြောင်းစု ပေတည်း။

ဒေါသမူစိတ်၏အကြောင်း

၁။ ဒေါသခြံရံသော ကံနှင့်ရသော ပဋိသန္ဓေရှိခြင်းတစ်ပါး,

၂။ ဒေါသအဖြစ်များသော အချို့သော ငရဲဘဝ,ပြိတ္တာဘဝ, ကြောင်,ကျားစသော တိရစ္ဆာန်ဘဝတို့မှလာခဲ့သောသူ ဖြစ်ခြင်းတစ်ပါး,

၃။ အနိဋ္ဌာရုံနှင့်တွေ့ကြုံခြင်းတစ်ပါး,

၄။ ရန်ပေါက်တွေမှာ မသာယာဖွယ်ဟု ရှုလေ့ရှိခြင်းတစ်ပါး, ဤလေးပါးသည် ဒေါသမူစိတ်၏ ဝိသေသအကြောင်းစု ပေတည်း။

မောဟမူစိတ်၏အကြောင်း

၁။ မောဟခြံရံသော ကံနှင့်ရသော ပဋိသန္ဓေရှိခြင်းတစ်ပါး,

၂။ မောဟအဖြစ်များသော အချို့သော လူ့ဘဝ, တိရစ္ဆာန် ဘဝတို့မှ လာခဲ့သောသူ ဖြစ်ခြင်းတစ်ပါး,

၃။ မဇ္ဈတ္တာရုံနှင့် တွေ့ကြုံခြင်းတစ်ပါး,

၄။ မညီမညွတ် တရားလွတ်၍ စွပ်မိစွပ်ရာ ဗလဖွာ လျောက် လျားထင်တိုင်းအားဖြင့်ရှုလေ့ရှိခြင်းတစ်ပါး, ဤလေးပါးသည် မောဟမူစိတ်၏ ဝိသေသအကြောင်းစုပေ တည်း။

ဣဋ္ဌာရုံ, အနိဋ္ဌာရုံ, မဇ္ဈတ္တာရုံဟူရာ၌ သဘာဝ,ပရိကပ္ပ နှစ်ပါးစီခွဲ၍ယူ၊ ဝိပါက်အကြိုက်မှာ သဘာဝ,ဇောအကြိုက်မှာ ပရိကပ္ပ၊ မိစ္ဆာဒိဋ္ဌိတို့မှာ ဘုရားတည်းဟူသော အာရုံသည် ပရိကပ္ပအနိဋ္ဌာရုံမည်၏၊ ခွေး,ကျီး,လင်းတတို့မှာ မစင်ခွေးကောင်ပုပ်များသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏၊

ပါပဟေတုပရိက္ခိတ္တံ၊

ပုညံ ယဿ ဒုမေဓိနော။

ပုညပါက မနုဘောန္တိံ၊

တေဝ မာရေန္တိ ဟောတဝေါ။။ အနက်ကား။။ ဒုမေဓိနော=ပညာနည်းသော၊ ယဿ=အကြင် သူ၏၊ ပုညံ=ကုသိုလ်ကံသည်၊ ပါပဟေတုပရိက္ခိတ္တံ= အကုသိုလ် ဟိတ်ခြံရံ၏၊ ပစ္စ=တမလွန်ဘဝသို့ရောက်၍၊ ပုညပါကံ=ထိုကုသိုလ်ကံ၏ အကျိုးကို၊ မနုဘောန္တိံ=ခံစားစေ၍နေသော၊ တံ=ထိုသူကို၊ တေ ဟေတဝေါ=ကံပြုစဉ်က ခြံရံကြသော ထိုတိဟိတ်တရားတို့သည် ပင်လျှင်၊ မာရေန္တိ=သတ်တတ်ကုန်၏၊

အကုသိုလ်စိတ်တို့၏အကြောင်းပြီး၏၊

--------

ဝေဒနာသုံးပါးတို့အကြောင်း

သောမနဿ၏အကြောင်း

၁။ သောမနဿဝိပါက်စိတ်နှင့် ပဋိသန္ဓေနေခြင်းတစ်ပါး,

၂။ မနက်နဲသောသဘော ရှိခြင်းတစ်ပါး,

၃။ သဘာဝဣဋ္ဌာရုံ, ပရိကပ္ပဣဋ္ဌာရုံတို့နှင့် တွေ့ကြုံခြင်းတစ်ပါး,

၄။ နှောင့်ယှက်ပူပန်ခြင်းမှ ကင်းခြင်းတစ်ပါး,

ဤလေးပါးသည် သောမနဿ၏အကြောင်းတည်း။

ဥပေက္ခာ၏အကြောင်း

၁။ ဥပေက္ခာစိတ်နှင့် ပဋိသန္ဓေနေခြင်းတစ်ပါး,

၂။ နက်နဲသောသဘော ရှိခြင်းတစ်ပါး,

၃။ မဇ္ဈတ္တာရုံတို့နှင့် တွေ့ကြုံခြင်းတစ်ပါး,

ဤသုံးပါးသည် ဥပေက္ခာ၏အကြောင်းတည်း။

[ဆိုခဲ့ပြီးသော မောဟမူစိတ်၏ အကြောင်းလေးပါးသည်လည်း ဥပေက္ခာ၏ အကြောင်းပင်၊ ဆိုခဲ့ပြီးသော ဒေါသမူစိတ်၏ အကြောင်းလေးပါးသည်ပင် ဒေါမနဿ၏ အကြောင်းဖြစ်၏၊]

ဝေဒနာသုံးပါးတို့၏အကြောင်းပြီး၏၊

--------

သမ္ပယုတ်လေးပါးအကြောင်း ဒိဋ္ဌိ၏အကြောင်း

၁။ ဒိဋ္ဌိကျမ်း,ဒိဋ္ဌိတရားကို ကြားနာဖန်များခြင်း,

၂။ ဒိဋ္ဌိအယူရှိသောသူနှင့် အပေါင်းအသင်းပြုခြင်း,

၃။ သူတော်ကောင်းတရားတို့နှင့် ကွာဝေးခြင်း,

၄။ နှလုံးသွင်းချော်ချွတ်ခြင်း,

[အဋ္ဌကထာတွင်လာသော ဒိဋ္ဌိအကြောင်း။]

[ဋီကာကျော်၌ သသတုစ္ဆေဒါသယတာဟု အပိုလာ၏၊ မိစ္ဆာဒိဋ္ဌီဘဝ အဆက်နီးခဲ့၍ ဒိဋ္ဌာနုသယတရား အထူးအားကြီးသောသူသည် သသတုစ္ဆေဒါသယပုဂ္ဂိုလ် မည်၏၊ ပဋိဃ၏အကြောင်းမှာ ဒေါသမူ၏အကြောင်းစုပင်။]

ဝိစိကိစ္ဆာ၏အကြောင်း

၁။ ပညာရှိတို့ကို မေးမြန်းလေ့မရှိခြင်း,

၂။ မိမိဉာဏ်နှင့် မတန်သောအရာ၌ မိစ္ဆာဝိတက်များခြင်း

များသည် ဝိစိကိစ္ဆာ၏ အကြောင်းတည်း။

ဥဒ္ဓစ္စ၏အကြောင်း

၁။ မောဟလွန်ကဲခြင်း,

၂။ မတည်မကြည်သောသူတို့နှင့် အပေါင်းအသင်းများခြင်း,

၃။ အတ္တဟိတမှု,ပရဟိတမှုဟူ၍ အလျဉ်းမရှိခြင်းများသည် ဥဒ္ဓစ္စသမ္ပယုတ်၏အကြောင်း။

သမ္ပယုတ်လေးပါးအကြောင်းပြီး၏၊

--------

သင်္ခါရတို့၏အကြောင်း

လျောက်ပတ်သော ဥတုဘောဇဉ်စသည်သည် အသင်္ခါရိက၏ အကြောင်း- ဋီကာကျော်၌ ဤမျှသာလာ၏၊ အဋ္ဌကထာကြီး၌ လောဘမူ ဒုတိယစိတ်၌ သမ္မာဒိဋ္ဌိအမျိုးသားတည်း၊ မိစ္ဆာဒိဋ္ဌိအမျိုးသမီးကို ယူလို၍ တောင်းရမ်းပြောဆိုကြလေရာ အယူမတူ၍ မပေးနေ၏၊ သင်တို့ပြု တိုင်းပြုပါစေမည်ဆိုမှ ပေးလေ၏၊ ထိုသမ္မာဒိဋ္ဌိအမျိုးသားသည် ထိုသူ တို့နှင့်အတူ တိတ္ထိဆရာတို့သို့ကပ်လေရာ အစ၌မယုံနိုင်သေး၊ ကြာမြင့် လတ်သော် နှစ်သက်ခြင်းဖြစ်၍ ထိုမိစ္ဆာကိုယူလေ၏၊ ဤကဲ့သို့နေရာ၌ ဤဒုတိယစိတ်ဖြစ်၏-ဟု လာ၏၊

သင်္ခါရိကတ္တာ သပ္ပယောဂေန သဥပါယေန ဥပ္ပဇ္ဇနတောဟူ၍လည်း ယုတ္တိအကြောင်းကိုဆို၏၊ ဤကိုထောက်၍ ယခုအခါ ဘုရားတရားကို ကြားဖူးနာဝရှိကြကုန်သော သမ္မာဒိဋ္ဌိလူမျိုးတို့အား သဒ္ဓါ၏အစွမ်းဖြင့်ပင် ဒိဋ္ဌိကိုပွါးနိုင်ကြသည်ဖြစ်၍ ဒိဋ္ဌိဂတသမ္ပယုတ် ဖြစ်ခြင်းမရှိဟုသိရမည်၊ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်သို့ရောက်မှ ဒိဋ္ဌိကွာသည် ဟုဆိုသည်မှာ အကွာကြီးကွာသည်ကို ဆိုလိုသည်။

သမ္မာဒိဋ္ဌိလူမျိုးဖြစ်ပါလျက် ပုဂ္ဂိုလ်,သတ္တဝါ,ငါ့ကိုယ်,ငါဟု စွဲယူထင်မှတ်လျက်ရှိကြသည်မှာ သညာစိတ္တဝိပ္ပလ္လာသအတွက်သာတည်း၊ ဒိဋ္ဌိဝိပ္ပလ္လာသအတွက် မဟုတ်ပေ၊ ဤစိတ်၌ ဒိဋ္ဌိဆရာတို့က အခါခါဖြား ယောင်းသွေးဆောင်မှုသည်ပင် သင်္ခါရမည်၏၊

အထက်အောက်နေ၍ ပွဲသဘင်ကြည့်ကြရာ၌ အထက်မှမြေမှုန့် တံတွေးကျမည်ကို ကြောင့်ကြတစ်ခု လုံ့လပြုလျက် ကြည့်ရှုကြသော အောက်လူတို့အားလည်းကောင်း၊ ပြည့်ရှင်မင်းထွက်တော်မူလာရာ ပုန်းကွယ်ခိုအောင်း၍ ကျဉ်းမြောင်းလှစွာသော နံရံပေါက်စသည်မှ ကြည့်ကြကုန်သော သူတို့အားလည်းကောင်း၊ ဤသို့သောအခါ၌ သသင်္ခါရိကစတုတ္ထစိတ်ဖြစ်သည်ဟု လာပေ၏၊

ဤစကားရပ်ဖြင့် ကောင်းမြတ်သောဣဋ္ဌာရုံကိုတွေ့ပါလျက် အနှောင့်အယှက်တစ်ဖက်နီးလှ၍ ကျီးလန့်စာစား ခံစားရသူတို့အား လည်းကောင်း၊ ကြောင့်ကြဗျာပါရတစ်ဖက်နှင့် ဝိတက်ရှုပ်ထွေးအရေ တင်းလင်း အခင်းနီးကြပ် ကတ်ကတ်သတ်သတ်ခံစားရသော ဤသူတို့ အားလည်းကောင်း၊ သသင်္ခါရိကစိတ်သာဖြစ်သည်- ဟုသိလေ၊ ဤ၌ ခံစားသောအာရုံကိုမလွှတ်နိုင်လှ၍ ကြောင့်ကြဗျာပါရထဲမှစိတ်ကို အာရုံ၌ အခါခါထားရခြင်း အမှုကိုပင် သင်္ခါရယူ၊ ဆဋ္ဌစိတ်,အဋ္ဌမစိတ်တို့မှာ ဒုတိယစိတ်,စတုတ္ထစိတ်တို့နှင့် အလားတူကုန်၏၊

ဒေါသမူသသင်္ခါရိကစိတ်၌

ဒသမံ သသင်္ခါရတ္တာ ပရေဟိ ဥဿာဟိတဿဝါ, ပရေသံ ဝါ အပရာမံ သာရိတဿ, သယမေဝ ဝါ ပရေသံ အပရာမံ အနုဿရိတွာ ကုဇ္ဈမာနဿ ဥပ္ပဇ္ဇတိဟုလာ၏၊

အနက်ကား။။ ဒသမံ=ဒသမစိတ်သည်၊ သသင်္ခါရတ္တာ=သင်္ခါရနှင့် တကွဖြစ်လေသောကြောင့်၊ ပရေဟိ=တစ်ပါးသောသူတို့သည်၊ ဥဿာဟိတဿဝါ=တိုက်တွန်းအပ်သောသူအားလည်းကောင်း၊ ပရေသံ=တစ်ပါးသောသူတို့၏၊ အပရာဓံ=မိမိအားပြုဖူးသောအပြစ်ကို၊ သာရိတဿဝါ=သူတစ်ပါးတို့က အမှတ်ရစေသောသူအား လည်းကောင်း၊ ပရေသံ=တစ်ပါးသောသူတို့၏၊ အပရာဓံ=ပြုဖူးသောအပြစ်ကို၊ သယမေဝ= မိမိသည်ပင်လျှင်၊ အနုဿရိတွာ=အမှတ်ရ၍၊ ကုဇ္ဈမာနဿဝါ=ဒေါသ အမျက်ထွက်၍လာသောသူအားလည်းကောင်း၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊

ဤသုံးနည်းတို့တွင် နောက်နှစ်နည်း၌ ပယောဂမထင်ရှား၊ သူတစ်ပါးတို့က အမှတ်ရအောင်ပြောမှု, မိမိကိုယ်ကိုမိမိ လည်လည် ပတ်ပတ်အမှတ်ရအောင် အောက်မေ့မှုဟုဆိုအပ်သော ဥပါယသည်ပင် သင်္ခါရမည်သာတည်း။

[ဤကား အဋ္ဌကထာ၌လာသော အသင်္ခါရိကစိတ်ငါးခုတို့၏ ဖြစ်ပုံတည်း။]

လောဘမူရှစ်ခုတို့တွင် စတုတ္ထစိတ်အားအနည်းဆုံး၊ စတုတ္ထထက် အဋ္ဌမသာသည်၊ အဋ္ဌမထက် တတိယသာသည်၊ တတိယထက် သတ္တမသာသည်၊ သတ္တမထက် ဒုတိယသာသည်၊ ဒုတိယထက် ဆဋ္ဌသာသည်၊ ဆဋ္ဌထက် ပထမသာသည်၊ ပထမထက် ပဉ္စမသာသည်ဟု ဋီကာတို့၌ဆိုပေ၏၊

ဖြစ်ပုံအစီအရင်များကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ, ဋီကာကျော် တို့မှယူ။

သင်္ခါရတို့၏အကြောင်းပြီး၏၊

--------

အကုသိုလ်များ မီးတောက်မီးလျှံနှင့်တူပုံ

၁။ ဧတေ မာရဿ ဒါဟဂ္ဂီ၊

ဟဒယမှိ နိပါတိနော။

နိပစ္စ ဆဟိ ဒွါရေဟိ၊

သဒ္ဓမ္မသာရဒါဟိနော။။

၂။ န စ ဇ္ဇ ဇလာ ဝုဋ္ဌန္တိ၊

ဘသ္မာ ဆန္နာဝ တိဋ္ဌရေ။

ပစ္စ ဇာလာ သမ္ပဇ္ဇန္တိ၊

ပေတေသု နိရယောသုစ။။

၃။ သုဂုတ္တဒွါရိနော ဟောထ၊

အပါယဂ္ဂိသုဘာယိနော။

အမှိဘူတာဝ တေ အဇ္ဇ၊

ပစ္စ ဇာလာ ဘဝန္တိ တေ။။

အနက်ကား

၁။ ဧတေ=ဤ ၁၂-ပါးသောတရားတို့သည်၊ မာရဿ= မာရ်မင်း၏၊ ဒါဟဂ္ဂီ=လောင်မီးလက်နက်တို့ပေတည်း၊ ဟဒယမှိ=နှလုံး အိမ်၌သာလျှင်၊ နိပါတိနော=ကျရောက်စွဲငြိတတ်ကုန်၏၊ ဆဟိ ဒွါရေဟိ= မျက်စိပေါက်,နားပေါက်စသော အပေါက်ခြောက်ပါးတို့မှ၊ နိပစ္စ= ဝင်ရောက်ကျစွဲ၍၊ သဒ္ဓမ္မသာရဒါဟိနော=သူတော်ဥစ္စာ ခုနစ်ဖြာတည်း ဟူသော ရတနာအစစ်အနှစ်အဆီတို့ကို ပြာမကြွင်းအောင် အလျဉ်းဥဿုံ အကုန်အပြောင်လောင်တတ်ကုန်၏၊

၂။ စ=သို့ပင်လောင်ကုန်သော်လည်း၊ တေ=ထိုအကုသိုလ်၁၂- ပါးတရားလောင်မီးတို့သည်၊ အဇ္ဇ=ဤဘဝ၌၊ ဇာလာ=မီးတောက် မီးလျှံကြီးတို့သည်၊ ဟုတွာ=ဖြစ်၍၊ နဝုဋ္ဌန္တိ=မထကုန်သေး၊ ဘသ္မာ ဆန္နာဝ=ပြာဖုံးသောမီးတို့ကဲ့သို့၊ တိဋ္ဌရေ=တည်နေကုန်၏၊ ပစ္စ=နောင်ဘဝ ၌မူကား၊ တေ=ထိုအကုသိုလ်ဓမ္မတို့သည်၊ ပေတေသု=ပြိတ္တာဘုံတို့၌ လည်းကောင်း၊ နိရယေသုစ=ငရဲဘုံတို့၌လည်းကောင်း၊ ဇာလာ=မီး တောက်မီးလျှေံတို့သာ၊ သမ္ပဇ္ဇန္တိ=ကောင်းစွာဖြစ်လာကုန်၏၊

၃။ အပါယဂ္ဂိသုဘာယိနော=အပါယ်မီးကိုကြောက်ကြကုန်မူကား၊ သုဂုတ္တဒွါရိနော=အလွန်လုံခြုံသောတံခါး ခြောက်မျက်နှာရှိကြကုန်သည်၊ ဟောထ=ဖြစ်ကြကုန်လော့၊ တေဓမ္မာ=ထိုအကုသိုလ် ၁၂-ပါးတို့သည်၊ အဇ္ဇ=ဤဘဝ၌၊ အမှိဘူတာဝ=ငါ့ရုပ်-ငါ့ဟန် ငါ့သဏ္ဌာန်ဖြစ်ကြကုန်၍ သာလျှင်၊ ပစ္စ=နောက်ဘဝ၌၊ တေ=ထိုအကုသိုလ်ဓမ္မတို့သည်၊ ဇာလာ= ငရဲမီးတောက်,ပြိတ္တာမီးတောက်တို့သည်၊ ဘဝန္တိ=ဖြစ်ကုန်၏၊

ယခုဘဝ၌မူကား- အကုသိုလ်ဓမ္မတို့ကိုပင် ငါပြုကြကုန်သည်၊ ငါ့ကိုယ်ပြုကြကုန်သည်၊ နောက်ဘဝ၌ ဤဓမ္မတို့သည်ပင် ငရဲမီး, ပြိတ္တာမီးတွေဖြစ်လာကုန်သည်-ဟူလိုသည်။

အကုသိုလ်များမီးတောက်မီးလျှံနှင့်တူပုံပြီး၏၊

--------

အဟိတ်စိတ် ၁၈-ခု အကုသလဝိပါက်

အဟိတ်စိတ်၌ စက္ခုဝိညာဉ်၌

စက္ခုသည် ဝိညာဉ်၏မှီရာပသာဒရုပ်ပေတည်း၊ ယင်းကို ဒွါရသင်္ဂဟ၌ စက္ခုဒွါရခေါ်သည်၊ ဝတ္ထုသင်္ဂဟ၌ စက္ခုဝတ္ထုခေါ်သည်၊ ယင်းစက္ခုသည် မိမိကိုမှီသောဝိညာဉ်အား ဝတ္ထုပုရေဇာတပစ္စည်း, ဝတ္ထုပုရေဇာတနိဿယပစ္စည်း, ဝတ္ထုပုရေဇာတိန္ဒြိယပစ္စည်း, ဝတ္ထု ပုရေဇာတဝိပ္ပယုတ္တပစ္စည်း, ဝတ္ထုပုရေဇာတတ္ထိပစ္စည်း, ဝတ္ထုပုရေဇာတ အဝိဂတပစ္စည်း၊ ဤခြောက်ပစ္စည်းတို့နှင့်ကျေးဇူးပြုပေသည်၊ ပစ္စုပ္ပန် ရူပါရုံသည် ဤဝိညာဉ်အား အာရမ္မဏပစ္စည်း, ပုရေဇာတပစ္စည်း, အတ္ထိ ပစ္စည်း, အဝိဂတပစ္စည်း၊ ဤလေးပစ္စည်းတို့နှင့်ကျေးဇူးပြုပေသည်။ သောတဝိညာဉ်, ဃာနဝိညာဉ်, ဇိဝှါဝိညာဉ်, ကာယဝိညာဉ် တို့၌လည်း သောတ,ဃာန,ဇိဝှါ,ကာယတို့သည် ဝိညာဉ်၏မှီရာပသာဒ ရုပ်တို့ပေတည်း၊ သောတဒွါရ,သောတဝတ္ထု၊ ဃာနဒွါရ,ဃာနဝတ္ထု၊ ဇိဝှါဒွါရ,ဇိဝှါဝတ္ထု၊ ကာယဒွါရ,ကာယဝတ္ထု-ဆိုမြဲ၊ ဝတ္ထုခြောက်ပစ္စည်းဆိုမြဲ၊ ပစ္စုပ္ပန်ဖြစ်သော သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့သည် ဤဝိညာဉ် အား လေးပစ္စည်းဆိုမြဲ၊ ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဝိညာဉ်အား အနန္တရပစ္စည်း, သမနန္တရပစ္စည်း, ဥပနိဿယပစ္စည်း, နတ္ထိပစ္စည်း, ဝိဂတပစ္စည်း၊ ဤငါးပစ္စည်းတို့နှင့် ကျေးဇူးပြုပေသည်။

လက္ခဏာ,ရသ,ပစ္စုပဋ္ဌာန်,ပဒဋ္ဌာန်

စက္ခုဝိညာဏံ=စက္ခုဝိညာဉ်သည်

၁။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ=စက္ခု၌မှီ၍ ရူပါရုံကို သိခြင်းလက္ခဏာရှိ၏၊

၂။ ရူပမတ္တာရမ္မဏရသံ=ရူပါရုံမျှလျှင် အာရုံပြုခြင်းကိစ္စရှိ၏၊

၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ=ရူပါရုံသို့ရှေးရှုသည်၏ အဖြစ်လျှင် ထင်သောအခြင်းအရာရှိ၏၊

၄။ ရူပါရမ္မဏာယ=ရူပါရုံလျှင် အာရုံရှိသော၊ ကြိယာမနော ဓာတုယာ=ပဉ္စဒွါရာဝဇ္ဇန်း၏၊ အပဂမပဒဋ္ဌာနံ=ကင်းခြင်း,ချုပ်ခြင်းလျှင် နီးစွာသောအကြောင်းရှိ၏၊

[အဋ္ဌသာလိနီ။]

သောတဝိညာဉ်စသည်တို့၌ ဝတ္ထုအာရုံလဲ၍ဆိုလေ၊ ရသမှာရူပဒဿနရသံ=ရူပါရုံကိုမြင်ခြင်းကိစ္စ၊ သဒ္ဒသဝနရသံ= သဒ္ဒါရုံကို ကြားခြင်းကိစ္စ၊ ဂန္ဓဃာယနရသံ=ဂန္ဓာရုံကိုနံခြင်းကိစ္စ၊ ရသသာယနရသံ= ရသာရုံကိုလျက်ခြင်းကိစ္စ၊ ဖောဋ္ဌဗ္ဗဖုသနရသံ=ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်း ကိစ္စရှိ၏-ဟူ၍လည်း သင့်ပါ၏၊

စက္ခုဝိညာဉ်၏အကြောင်း

၁။ စက္ခုဝတ္ထုရုပ်လည်း အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ,

၂။ ရူပါရုံလည်း မြင်လောက်သောအရပ်၌ ထင်ရှားရှိ သည်ဖြစ်စေ,

၃။ ထိုရူပါရုံမှာ နေရောင်,လရောင်, ကြယ်ရောင်, မီးရောင်, ပတ္တမြားရောင်စသော ထွန်းပြနိုင်သော အရောင်အလင်း ဝန်းဝိုင်းခြံရံ လျက်ရှိသည်လည်းဖြစ်စေ,

၄။ ထိုရူပါရုံလျှင် အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်းဖြစ်ပေါ်သည် လည်းဖြစ်စေ, ဤအင်္ဂါလေးပါးစုံမှ စက္ခုဝိညာဉ်ဖြစ်နိုင်သည်။ အရောင်အလင်းမှာ ရူပါရုံကိုခြံရံသော အရောင်အလင်း, စက္ခုဝတ္ထုကိုခြံရံသော အရောင်အလင်းနှစ်ပါးပင် သင့်ရာ၏၊ တောတောင်အခြားမရှိ၊ မှောင်အခြားမရှိ၊ နေ့စဉ်မရွေး ဝေးလှစွာ သော ရူပါရုံကိုပင်မြင်နိုင်သော နတ်ဗြဟ္မာ တို့၏မျက်စိ၊ ညဉ့်အခါပင် ဝန်းကျင်တစ်ယူဇနာအတွင်းမြင်နိုင်သော ဘုရားမျက်စိ၊ ကျား,ကြောင်, မိန်ကောင်,ခင်ပုပ်-စသော ညဉ့်၌ကျက်စားသော သတ္တဝါတို့၏ မျက်စိများ သည် စက္ခုဝတ္ထုတွင်ခြံရံသော အရောင်အလင်း၏ ကျေးဇူးပေတည်း၊ ညဉ့်ကိုစာမြင်သော မျက်မှန်, နေ့ကိုအဝေးအသေးမြင်သော မျက်မှန်မှ စ၍ မြင်သောအရာများသည်လည်း စက္ခု၌ခြံရံသော အရောင်အလင်း ကျေးဇူးပေတည်း။

သန်းခေါင်လကွယ်, တောင်အုပ်လယ်၌နေ၍လည်း အဝေး၌ တည်သော ကြယ်တို့ကိုလည်းကောင်း၊ တောင်ထိပ်မီးတို့ကိုလည်းကောင်း၊ ထိုကြယ်,ထိုမီးတို့၏ အနီးအပါး၌ရှိသော ဝတ္ထုတို့ကိုလည်းကောင်း မြင်ရခြင်းများသည် ရူပါရုံတွင်ခြံရံသော အရောင်းအလင်း၏ ကျေးဇူး ပေတည်း၊ အလွန်ကြည်လှစွာသော ဝေဘူလပတ္တမြားသည် အလင်း တစ်ပါးမရှိသော်လည်း မိမိအတွင်း၌တည်သော အကြည်၏တန်ခိုး ကြောင့် မြေ,မိုး,ကောင်းကင်, တောင်စဉ်ခုနစ်ထပ်, နတ်ဘုံနတ်နန်း အခမ်းအနားအလုံးစုံအလင်းအထင်ရသကဲ့သို့ သမ္ဘာရစက္ခု၏အတွင်း၌ တည်ရှိသော အကြည်သည်လည်း အစွမ်းအားလျော်စွာ ပြနိုင်ပါသည်။ အဋ္ဌကထာဝါဒ

ဤအရာတွင် အဋ္ဌကထာ၌

စက္ခုသ္မိံ=စက္ခုဝတ္ထုသည်၊ အသမ္ဘိန္နေပိ=မပျက်မပြား ထင်ရှား ရှိပါသော်လည်း၊ ဗဟိဒ္ဓါ=အပက၊ ရူပါရမ္မဏေ=ရူပါရုံသည်၊ အာပါထံ= ထင်ခြင်းသို့၊ အနာဂစ္ဆန္တေ=မရောက်ခဲ့သည်ရှိသော်၊ စက္ခုဝိညာဏံ=စက္ခု ဝိညာဉ်သည်၊ နုပ္ပဇ္ဇတိ=မဖြစ်နိုင်။

တသ္မိံ=ထိုရူပါရုံသည်၊ အပါထံ=ထင်ခြင်းသို့၊ အာဂစ္ဆန္တေပိ= ရောက်ပါသော်လည်း၊ အာလောကသန္နိဿယေ=အရောင်အလင်း ဟူသောမှီရာသည်၊ အသတိ=မရှိပြန်သော်၊ စက္ခုဝိညာဏံ=စက္ခုဝိညာဉ် သည်၊ နုပ္ပဇ္ဇတိ=မဖြစ်နိုင်။

တသ္မိံ=ထိုအရောင်အလင်းဟူသောမှီရာသည်၊ သန္တေပိ=ရှိပါသော် လည်း၊ ကြိယာမနောဓာတုယာ=ပဉ္စဒွါရာ ဝဇ္ဇန်းစိတ်သည်၊ ဘဝင်္ဂေ=ဘဝင် ကို၊ အနာဝဋ္ဋိတေ=မလည်စေအပ်သည်ရှိသော်၊ စက္ခုဝိညာဏံ=စက္ခု ဝိညာဉ်သည်၊ နုပ္ပဇ္ဇတိ=မဖြစ်နိုင်-ဟု လာ၏၊

စဉ်းစားဖွယ်

ဤစကားတွင် ရူပါရုံပင် ထင်ပါသော်လည်း အရောင်အလင်း မရှိပြန်သော် စက္ခုဝိညာဉ်မဖြစ်နိုင်-ဟူသော စကားသည် စဉ်းစားရန် ရှိချေ၏၊ အာရုံခြောက်ပါးတို့တွင် ရူပါရုံ,သဒ္ဒါရုံ,ဓမ္မာရုံ-ဤသုံးပါးတို့သည် အရိပ်ခိုက် အရိပ်ထင်တို့သာတည်း၊ ဝတ္ထုခိုက် ဝတ္ထုထင်မဟုတ်ပေကုန်၊ ဃာနဒွါရ,ဇိဝှါဒွါရ,ကာယဒွါရ၌ ခိုက်ကြ ထင်ကြသော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ ဤသုံးပါးတို့သည်ကား ဝတ္ထုခိုက်တို့ပေတည်း၊ အရိပ်ခိုက်မျှ မကပေကုန်၊ ဤသုံးပါးတို့သည်လည်း မနောဒွါရတွင်ထင်သောအခါ အရိပ်ခိုက်အရိပ်ထင်သာတည်း၊ ထို့ကြောင့် အရိပ်ခိုက် သက်သက်သာ ဖြစ်သော ရူပါရုံသည် အလင်းရောင်ခြံရံလျက် နှစ်ပါးတွင် တစ်ပါးပါး ကိုရမှသာ ပသာဒအကြည်တွင် အရိပ်ထင်နိုင်သည်၊ မှန်အပြင် ရေအပြင်စသော အကြည်ဟူသမျှ၌ ထင်ကြခိုက်ကြသော မျက်နှာရိပ် စသည် များသည်လည်း အမိုက်ကင်း၍ အလင်းတစ်ပါးကိုရမှ ထင်နိုင်ကြ ခိုက်နိုင်ကြကုန်သည်၊ ဤနှင့်မခြားအလားထပ် တူသာဖြစ်သင့်ရာသည်။

အဋ္ဌကထာအဆိုမှာ-မှောင်ကြီးစွာ၌ ဖွင့်ကာထားခဲ့လျှင် အနား အနီးရှိ ဝတ္ထုစုသည် စက္ခု၌ထင်သည်သာဖြစ်၏၊ အလင်းမရှိ၍ ဝီထိမူကား-မကျသည်-ဟု ရောက်ချသည်၊ ကြံကြလေကုန်၊ မျက်စိ မမှိတ်ဘဲ အိပ်ပျော်သောသူအား မျက်နှာပေါ်၌ ထွန်းထားသော မီးရောင် အဆင်း, မီးတောက်အဆင်းသည် အလင်းသူပင်ဖြစ်ခဲ့၍ မျက်စိအကြည် တွင် တထင်တည်းထင်သည်ပင်၊ ဘဝင်အယဉ်ထန်လှ၍ စလနမဖြစ် သောကြောင့် အာဝဇ္ဇန်းမထွက်သည်နှင့် စက္ခုဝိညာဉ်မပေါ်လေသတည်း။

စက္ခုဝိညာဉ်၏အကြောင်းပြီး၏၊

--------

သောတဝိညာဉ်၏အကြောင်း

သောတဝတ္ထုသည်

၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ,

၂။ သဒ္ဒါရုံအများလည်း ကြားနိုင်လောက်အောင်အရပ်အတွင်း၌ ဖြစ်ဆဲရှိသည်ဖြစ်စေ,

၃။ သောတဝတ္ထု, သဒ္ဒါရုံနှစ်ပါးစုံသည်ပင် အကုန်ပိတ်ခြင်း အမှုကင်း၍ အလင်းအာကာသ နှစ်ဖက်ရသည်လည်းဖြစ်စေ, ၄။ ထိုသဒ္ဒါရုံလျှင်အာရုံရှိသော ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော မနသိကာရပေါ်ခွင့်ရသည်လည်းဖြစ်စေ,

လေးထွေအင်္ဂါစုံလင်ပါမှ သောတဝိညာဉ်ဖြစ်ပေသည်။ ဤ၌ကား- သောတဝတ္ထုမှာလည်း အာကာသလင်းမှ, သဒ္ဒါရုံမှာ လည်း အာကာသလင်းမှ၊ တစ်ဖက်လင်းမျှနှင့် မရပေ၊ ကြွင်းသောစကား ရပ်မှာ အသမ္ပတ္တဝါဟချင်း, အရိပ်ခိုက်ခြင်း တူပေမှုကြောင့် စက္ခုအတိုင်း အကုန်ချဲ့၍ပြောလေ။

အထူးမူကား။။ စက္ခုမှာ အာလောက၏ ဆန့်ကျင်ဘက် ဖြစ်သောအမိုက်ဓာတ်,အမှောင်ဓာတ်သည်သာ ပိတ်ဆီးနိုင်သည်၊ ပထဝီသဘော,အာပေါသဘောများသည် မပိတ်ဆီးနိုင်၊ ထို့ကြောင့် အတောင်တစ်ရာထူလှစွာသော ဖန်တိုက်မှန်တိုက်ခြားရာ၌ လည်း ကောင်း, အတောင်တစ်ရာနက်ကြည်လှစွာသော ရေ၏အတွင်း၌ လည်း ကောင်း၊ မှောင်နှင့်ကင်းသဖြင့်ဖောက်ထွင်းကာမြင်နိုင်သည်၊ သောတမှာ အာကာသ၏ ဆန့်ကျင်ဘက်ဖြစ်သော ပထဝီဓာတ်,အာပေါဓာတ် တို့သည်သာ ပိတ်ဆီးနိုင်သည်၊ မှောင်ဓာတ်တို့ကို မပိတ်ဆီးနိုင်။ မှောင်ဓာတ်ဟူသည်ကား-အကြည်မျိုး, အလင်းမျိုးမဟုတ်၊ မဲပုပ်မည်းညစ်ပစ်ထိုင်းနောက်ကျုသော ရူပါရုံမျိုးတို့ပင်တည်း၊ ထို့ကြောင့် အလွန်ပါးသော သစ်ရွက်ခြောက်ကိုမျှဖောက်၍ မမြင်နိုင်ရှိကြသည်၊ နတ်မျက်စိမှာမူကား- သမ္ဘာရဓာတ်သဟဇာတ် အကြည်အလွန်အား ကောင်းလှ၍ အန္ဓကာရခေါ်သော အမိုက်ဓာတ်အစု, အမှောင်ဓာတ်စုတို့ မခုခံနိုင်ကုန်။

သောတဝိညာဉ်၏အကြောင်းပြီး၏၊

အရိပ်ခိုက်နှစ်ပါးပြီး၏၊

အထည်ခိုက်သုံးပါး

ဃာန,ဇိဝှါ,ကာယဝိညာဉ်တို့၏အကြောင်း

ဃာနဝတ္ထုသည်

၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ,

၂။ ဂန္ဓာရုံအပေါင်းလည်း အနီးအပါးထင်ရှားရှိသည်ဖြစ်စေ,

၃။ ပသာဒကလာပ်နှင့်ထိစပ်မိအောင် ဂန္ဓာရုံကိုဆောင်၍ ဝင်ပေ သောလေဓာတ်လည်းရှိစေ,

၄။ ဘဝင်အယဉ်ကို တွန်းဖဲ့ကန့်ကွက်၍ ပေါ်ထွက်လာသော အာဝဇ္ဇန်းမနသိကာရလည်းရှိစေ, လေးထွေ အင်္ဂါစုံလင်ပါမှ ဃာန ဝိညာဉ်ဖြစ်သတည်း။

ဇိဝှါဝတ္ထုလည်း

၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ,

၂။ ရသာရုံလည်း ရှိသည်ဖြစ်စေ,

၃။ လျှာအပြင်ကို စိမ့်စိုနူးနှံ့ခိုင်သော အရည်အစက်လည်း ရှိသည်ဖြစ်စေ,

၄။ ဘဝင်အယဉ်ကို အစဉ်ဖြတ်တောက်နိုင်သော အာဝဇ္ဇန်း မနသိကာရလည်းရှိစေ, လေးထွေအင်္ဂါ စုံလင်ပါမှ ဇိဝှါဝိညာဉ်ဖြစ် သတည်း။

[ဤ၌ အရည်အစက်ဟူသော အာပေါမှာ လျှာမှထွက်သော အရည်, ရသ ဝတ္ထုမှာပါရှိသော အရည် နှစ်မည်ပင်ရှိ၏၊]

ကာယဝတ္ထုလည်း

၁။ အကြည်အလင် ထင်ရှားရှိသည်ဖြစ်စေ,

၂။ ပထဝီ,တေဇာ,ဝါယော-ဟူသော ဖောဋ္ဌဗ္ဗာရုံ ၃-ပါးတွင် တစ်ပါးပါးလည်း ထင်ရှားရှိသည်ဖြစ်စေ,

၃။ ကာယဝတ္ထုမှာလည်း ထိခိုက်ခြင်းငှါ တတ်ကောင်းရာအောင် ခက်မာသော ပထဝီအခံရှိသည်လည်းဖြစ်စေ,

၄။ မနသိကာရဖြစ်ခွင့်ရသည်လည်းဖြစ်စေ, လေးထွေအင်္ဂါစုံလင် ပါမှ ကာယဝိညာဉ်ဖြစ်သတည်း။

ကြမ်းသည်နုသည်ကား- ပထဝီဖောဋ္ဌဗ္ဗတည်း၊ ပူသည် အေးသည်ကား- တေဇောဖောဋ္ဌဗ္ဗတည်း၊ တောင့်တင်းသည်, လျော့ရဲ သည်ကား- ဝါယောဖောဋ္ဌဗ္ဗတည်း၊ ဤသို့ နှစ်မျိုးနှစ်မျိုးစီခွဲ၍ ခြောက် ထွေဖြစ်၏၊ ဤခြောက်ထွေတွင်မှ တစ်ခုခုမျှကို ကာယဝိညာဉ်ယူနိုင်သည်၊ နှစ်ခုပြိုင်၍မယူနိုင်။

အလွန်သေးနုသော မြူမျိုး,အရိပ်မျိုး,အရောင်မျိုး, အသံကလာပ်, အနံ့ကလာပ်မျိုးတို့သည် ကိုယ်ကိုထိပါး၍ သွားသော်လည်း မြေဓာတ် အထုသေးငယ်မှုကြောင့် ထိမှန်းမသိရှိသည်များကိုထောက်၍ အချို့သော ဖောဋ္ဌဗ္ဗာရုံသည်လည်း မိမိတွင်ရံသော အခံပထဝီကောင်းမှ ထင်နိုင် သည်ဟု သိသာ၏၊ အဝီစိငရဲမီး-စသော အပူတေဇော, လောကန္တရိက် ရေစသော အအေးတေဇောများမှာမူကား- ပကတိနေပူ,မီးပူ, လေအေး, ရေအေးများမှာပင် သဟဇာတ်ပထဝီအခံများစွာ အားမကြီးဘဲပင် ထင်နိုင်သည်။

[ဤဃာန,ဇိဝှါ,ကာယ,ဂန္ဓ,ရသ,ဖောဋ္ဌဗ္ဗတို့သည်ကား- သမ္ပတ္တဂါဟဖြစ်ကုန်ကြ၍ အရိပ်မျှနှင့်မပြီးကုန်၊ အထည်ချင်းချင်းထိရ, ခိုက်ရမှထင်နိုင်ကြ၍ ဝိသယဝိသယီကိစ္စ ပြီးစီးကြလေသတည်း။]

ဃာန,ဇိဝှါ,ကာယဝိညာဉ်တို့၏အကြောင်းပြီး၏၊

အထည်ခိုက်သုံးပါးပြီး၏၊

ဝတ္ထုဘေဒဝိညာဉ်ငါးပါး

ကြွင်းကျန်သော သဘောသကံ၌ ဝေဖန်စိတ်ဖြာမှုတို့မှာ ဝတ္ထုသင်္ဂဟ,ဝီထိသင်္ဂဟ,ရူပသင်္ဂဟတို့မှာ လာလတံ့၊ တစ်ခုတည်းသာ ဖြစ်သောဝိညာဏ်သည် မှီရာဝတ္ထု ၅-ခုအပြားကြောင့် ငါးပါးဖြစ်ရလေ သတည်း၊ အရေးပိုင်တစ်ယောက်တည်းပင်လျှင် မန္တလေးရုံးမှာထိုက်ခိုက် မန္တလေးအရေးပိုင်၊ အဝမြို့ရုံးမှာထိုင်ခိုက် အဝအရေးပိုင်၊ စစ်ကိုင်းမြို့ ရုံးမှာထိုင်ခိုက် စစ်ကိုင်းအရေးပိုင်၊ လှေကူးမြို့ရုံးမှာထိုင်ခိုက် လှေကူး အရေးပိုင်၊ တပယင်းမြို့ရုံးမှာထိုင်ခိုက် တပယင်းအရေးပိုင်-ဆိုသည်၊ ဤအတူမှတ်။

၁။ ဗလဝါမုခိယော ဧတာ၊

ပဉ္စဝိညာဏဓာတုယော။

ဧတာသု သတ္တာ သီဒန္တာ၊

သဗ္ဗဒုက္ခာ န မုစ္စရေ။။

၂။ တသ္မာ ပဏ္ဍိတော ဧတေ၊

ဒဠှံ ဝိဓေယျ ဘေရဝေ။

သံဝရေ နာတိမညေယျ၊

နော သိယာ မုတ္တသံဝရော။။

အနက်ကား

၁။ ဧတာပဉ္စဝိညာဏဓာတုယော=ဤငါးခုသော ပဉ္စဝိညာဉ်ဓာတ် တို့သည်၊ ဗလဝါမုခိယော=ဗလဝါမုခ ဝဲပေါက်ကြီးပါးခုတို့ပေတည်း၊ ဧတေသု=ဤဝဲကြီးငါးခုတို့၌၊ သတ္တာ=သတ္တဝါတို့သည်၊ သီဒန္တာ=နစ်ကာ မြောကာနေကြ ရကုန်သည်ဖြစ်၍၊ သဗ္ဗဒုက္ခာ=ဒုက္ခခပ်သိမ်းမှ၊ န မုစ္စရေ= မလွတ်နိုင်ကြကုန်။

၂။ တသ္မာ=ထို့ကြောင့်၊ ပဏ္ဍိတော=လိမ္မာသောပညာရှိသည်၊

ဘေရဝေ=စေ့စေ့တွေးက အရေးကြီးကျယ် ကြောက်မက်ဖွယ်ကောင်း လှကုန်သော၊ ဧတေ=ဤငါးပေါက်တို့ကို၊ ဒဠှံ=အတင်းအကျပ်၊ ဝိဓေယျ= ပိတ်ဆို့ရာ၏၊ သံဝရေ=သံဝရတရားငါးပါးတို့ကို၊ နာတိမညေယျ=မလေး မစားမပြုရာ၊ မုတ္တသံဝရော=စွန့်လွှတ်သောသံဝရတရား ရှိသည်၊ နောသိယာ=မဖြစ်လေသင့်။

၁။ သမုဒြာဝယ် စကြဝဠာတောင်ခြေမှ အဝီစိနယ်သို့ ကျအောင် ထင်သော ဝဲကြီးတို့ကို ဗလဝါမုခ ဝဲဆိုသတတ်။

၂။ ထိုဝဲဂယက်နယ်သည် ယူဇနာ အရာမက ကျယ်သတတ်။

၃။ လမ်းမှားသော လှေသင်္ဘောတို့သည် အစွန်အဖျားမိခဲ့လျှင် ဂယက်ငင်ရာဝဲသို့ပါ၍ ဗလဝါပေါက် အောက်အဝီစိထိ သွားရ လေတော့သတတ်။

ယခု အဝီစိငရဲ၌ရှိကြသော သူအပေါင်းတို့သည် ပဉ္စဝိညာဉ်ဟူသော ဗလဝါမုခဝဲကြီးစုပ်ရာပါ၍ ကျရောက်သောသူတို့သာတည်း။

ဝတ္ထုဘေဒဝိညာဉ် ၅-ပါးပြီး၏၊

--------

ကိစ္စဘေဒစိတ်

သမ္ပဋိစ္ဆနပုဒ်၌- သံပုဒ်, ပဋိပုဒ်, ဣသုဓာတ်, ယုပစ္စည်း သုကို စ္ဆပြု၊ ယုကိုအနပြု၊ လောက၌ပေးအပ်လွှဲပုံသော ပစ္စည်းဝတ္ထု, အမှုအခင်း တို့ကို ဝန်ခံသိမ်းပိုက်ခြင်းသည် သမ္ပဋိစ္ဆနမည်၏၊ ဤ၌လည်း ပဉ္စဝိညာဉ် တို့၏ အာရုံကို ထိုပဉ္စဝိညာဉ်တို့ချုပ်သည်နောက် မပျောက်မကွယ်အောင် တွယ်တာဆက်လက်၍ လက်ခံသိမ်းပိုက်မှုကိုပင် သမ္ပဋိစ္ဆိုင်းဆိုသည်။ သန္တီရဏပုဒ်၌- သံပုဒ်, ဓာတ်, ယုပစ္စည်း၊ ယုကို အနပြု၊ နငယ်ကို

ဏကြီးပြု၊ လောက၌ စုံစမ်းစစ်ဆေး ဖွယ်ရှိသော ပစ္စည်းဝတ္ထု, အမှုအခင်း တို့ကို အလင်းသိသာအောင် စုံစမ်းစစ်ဆေးမှုသည် သန္တီရဏမည်၏၊ ဤ၌လည်း သမ္ပဋိစ္ဆိုင်းခံယူသိမ်းပိုက်၍ထားသော ပဉ္စာရုံကို ဣဋ္ဌ, အနိဋ္ဌ သိသာရအောင် စုံစမ်းစစ်ဆေးမှုကိုပင် သန္တီရဏဆိုသည်။

ထို့ကြောင့် ဤနှစ်ပါးသောစိတ်သည် ကိစ္စများ၍နှစ်ပါးဖြစ် လေသတည်း၊ ပညာအများတတ်သော လူတစ်ယောက်သည် ပန်းပဲ အလုပ်နှင့်နေခိုက် ပန်းပဲဆရာခေါ်ရသတည်း၊ ပန်းတိမ်အလုပ်နှင့်နေခိုက် ပန်းတိမ်ဆရာခေါ်ရသည်၊ ဤအတူမှတ်။

ကိစ္စဘေဒစိတ်ပြီး၏၊

အကုသုလဝိပါက်ပြီး၏၊

--------

ကုသလဝိပါက်

ကုသလဝိပါက်နှစ်ပါးမှာလည်း ဝတ္ထုဘေဒငါးပါး, ကိစ္စဘေဒ နှစ်ပါး၊ ဝတ္ထုဘေဒငါးပါးမှာလည်း အရိပ်ခိုက်နှစ်ပါး, အထည်ခိုက်သုံးပါး၊ ကိစ္စဘေဒနှစ်ပါးတွင် သန္တီရဏကိစ္စမှာ ဝေဒနာဘေဒအားဖြင့် နှစ်ပါး။

ကုသလဝိပါက်ပြီး၏၊

--------

အဟိတ်ကြိယာ

အာဝဇ္ဇနပုဒ်၌- အာပုဒ်,ဝဇ္ဇဓာတ်,ယုပစ္စည်း၊ ယုကိုအနပြု၊ လောက၌ အညာမှလာသောမြစ်ရေသည် ရေကြောင်းလိုက် တစ်ကြောင်း တည်းသွားရမည်ကို မသွားဘဲနှင့် ဝဲကြီးဝဲငယ်နှင့် တွေ့သောအခါ လာခဲ့သော အစဉ်မှဖဲ၍ ဝဲသို့သက်ကာ ချာချာပတ်ပတ် ချားရဟတ် ကဲ့သို့လှည့်လည်ခြင်းသည် အာဝဇ္ဇနမည်၏၊ အာဝဋ္ဋနမည်၏၊ အာဘောဂ မည်၏၊

ဤ၌လည်း- ကံ,ကမ္မနိမိတ်,ဂတိနိမိတ်တည်း- ဟူသော အာရုံ၌တည်၍ မြစ်ရေအယဉ်ကဲ့သို့ ဘဝင်ကိစ္စနှင့် သွားမြဲ သွားရပါ မည်ကို မသွားလေဘဲ လမ်းမှဖဲကာ အာရုံဟောင်းကိုလွှတ်ပစ်၊ အာရုံသစ် ကိုတွယ်တာလျက် ချာကနဲလှည့်ဝဲလည်၏သို့ အတည်မသုံးဖဲ၍ရုန်း သည်ကို အာဝဇ္ဇန်းဆိုသည်၊ ထိုအာဝဇ္ဇန်းသည် ကိစ္စအားဖြင့် တစ်ပါး တည်းသာ၊ ဒွါရဘေဒအားဖြင့် နှစ်ပါးဖြစ်၏၊

ဟသိတုပ္ပါဒ၌- ဟသိတပုဒ်,ဥပ္ပါဒပုဒ်၊ ပြုံးခြင်းကိစ္စကို ဖြစ်စေ နိုင်သောစိတ်ဆိုလိုသည်၊ ပြုံးခြင်းကိစ္စဆိုသည်မှာလည်း ကာမဂုဏ်နှင့် စပ်၍ပြုံးမှု, အချော်အသောနှင့်စပ်၍ပြုံးမှု မဟုတ်ပေ၊ မရုန့်မရင်း အပြစ်ကင်း၍ သန့်ရှင်းသိမ်မွေ့သော အနောဠာရိကအာရုံ၌ တစ်စုံ တစ်ခုသောအချက်နှင့်မျက်နှာဣန္ဒြေ အနေစွင့်စွင့်ပွင့်ကာမျှသာတည်း၊ ရှေ့သွားသော ဘုရားပြုံးတော်မူသည်ကို နောက်နေအာနန္ဒာသိ သည်မှာ ကား- နှုတ်ခမ်းတော်စဉ်းငယ်အဖွင့်ဝယ် စွယ်တော်လေးဆူမှ တူယူအရပ် သို့ ထန်းလုံးသဏ္ဌာန်သောက်ရှူးကြယ်ပြန်သကဲ့သို့ အလျှံဝင်းဝင်း တောလုံးလင်းမျှ ထွက်သွားသောရောင်ခြည်တော်တို့ကို မြင်ပေ၍ နောက်နေ အာနန္ဒာ သိနိုင်ပါသတည်း။

[ဤကိုထောက်၍ ဘုရားရဟန္တာတို့ပြုံးမှုဝယ် အနည်းငယ်သွားပေါ် သည်လည်း ရှိ၏-ဟုသိသာရန်။]

အလင်္ကာ၌လည်း ရယ်ခြင်းခြောက်ပါးတွင် သွားပေါ်ရုံ ရယ်ခြင်း ဟူသော ဟသိတကို ဇေဋ္ဌပုဂ္ဂိုလ်၌ သွင်းပေသည်၊ အဟိတ်ကြိယာသည် ကိစ္စအားဖြင့်နှစ်ပါးသာ၊ ဒွါရဘေဒနှင့်မှသုံးပါးရသည်၊ ဆိုရန်ကြွင်းကျန် သမျှကို အထက်မှာမှ ဆိုလတံ့။

အဟိတ်ကြိယာပြီး၏၊

--------

စိစစ်ဖွယ်

ပဉ္စဝိညာဉ်

ယခုအခါ အဟိတ်စိတ်ဝယ် စိစစ်ဖွယ်တို့ကို ရွေးချယ်ထုတ်နုတ်၍ သရုပ်ထင်အောင်ဆိုအံ့။

ပဉ္စဝိညာဉ်ငါးခုတွင် ရှေ့လေးခုမှာ ဥပေက္ခာမြဲကြောင်းကား

စက္ခု,ရူပါရုံနှစ်ပါးစုသည် အားနည်းလှစွာသော ဥပါဒါရုပ်စု သာတည်း၊ ဂွမ်းစိုင်,ဂွမ်းလုံးခြင်းတိုက်သော်လည်း မခိုက်မနာသကဲ့သို့ ဥပါဒါရုပ်ချင်းတိုက်မှုသည်လည်း မခိုက်မနာ၊ မနာခြင်းကြောင့် အခံဝတ္ထုမှ ပွင့်သောဝိညာဉ်သည် အလွန်အားနည်း၏၊ ဖဿသည် အလွန်အား နည်း၏၊ ဖဿတရားအားနည်းသည့်အတွက်ကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာသည် ဥပေက္ခာအမှုနှင့် လျစ်လျူသာခံစားနိုင်လေသတည်း၊ ဝေဒနာတရားအားရှိအားမဲ့, သုခဒုက္ခဖြစ်ရသည်မှာ ဖဿသည်သာ မူလတည်း။

ဖဿပစ္စယာ ဝေဒနာ၊ (ပါဠိ)

ယထာ ဖဿံ ဝေဒနာ ဝဝတ္ထာနတော၊ (အဋ္ဌကထာ)

(အနက်)-ယထာဖဿံ=ဖဿအားလျော်စွာ၊ ဝေဒနာဝဝတ္ထန တော=ဝေဒနာအစားခြားနားစွာဖြစ်ပေါ်ခြင်းကြောင့်။

ဖဿသည် ကပ္ပိယနှင့်တူသည်၊ ဝေဒနာသည် ကြောင့်ကြ မစိုက်အလိုက်နှင့်ပြီးသော ဘုန်းကြီးနှင့်တူသည်၊ အချို,အချဉ်,အလေး, အပေါ့, အကောင်းအဆိုးမှာ ကပ္ပိယဖြစ်သူပြုလုပ် ချက်ပြုတ်စီမံ၍ ပေးရာ ခံစားရတော့သည်။

[နောက်ဝိညာဉ် သုံးပါးလည်းနည်းတူ။]

ကာယဝိညာဉ်ဒွေတို့၌ ဥပေက္ခာမဟုတ် ဒုက္ခသုခဖြစ် ကြောင်းကား

အမှီမှာ ကာယဝတ္ထုဟူသော ဥပါဒါရုပ်ပင်၊ အာရုံမှာမူကားမဟာဘုတ်ကြီးတို့ပေတည်း၊ ဂွမ်းလုံးကို ပေပေါ်မှာတင်၍ တူနှင့်အလွှတ် ထုရာ၌ တူချက်သည် အထုခံအားမတန်၍ ဂွမ်းတွင်မနေ၊ ပေအပြင်၌ တူချက်ရိုက်သဖြင့် အရိုက်ပြင်းထန် အသံပြင်းပြစွာဖြစ်သကဲ့သို့ ထို့အတူ မဟာဘုတ်တို့သည် ကာယဝတ္ထု၌ ခိုက်သောအခါ ကာယဝတ္ထုတွင်မက ကာယဝတ္ထု၏ မှီရာမဟာဘုတ်၌ အာရုံဆိုက်သဖြင့် အခိုက်ပြင်းထန် လေ၏၊

ဘယ်အခါ၌ ခိုက်သနည်း၊ ခိုက်သောအခါ သာယာဖွယ်ဖြစ်မှုအံ့၊ ဝတ္ထုမှီရာ မဟာဘုတ်တို့သည် အေးမြသောရေနှင့် တွေ့သောကြာပန်း တို့ကဲ့သို့ ချမ်းမြေ့သောအခြင်းအရာသို့ရောက်သဖြင့် နောက်ကာယ ဝိညာဉ်ပေါ်သော ကာယသုခဝေဒနာဖြင့်ပေါ်လာရန် ဧကန္တအကြောင်း ဖြစ်ကြပေကုန်၏၊

မသာယာဖွယ်မှုဖြစ်အံ့၊ ပွက်ပွက်ကြိုက်ဆူပူသော ရေနှင့် တွေ့သော ကြာပန်းတို့ကဲ့သို့ မချမ်းမြေ့သောအခြင်း အရာသို့ရောက် သဖြင့် နောက်ကာယဝိညာဉ်ပေါ်သော ကာယဒုက္ခဝေဒနာဖြင့် ပေါ်လာ ရန် ဧကန္တအကြောင်းဖြစ်ကြပေကုန်၏၊ ဤ၌လည်း ခိုက်မှုနှင့်လျော်စွာ ဖဿထူးပေါ်သည်၊ ဖဿနှင့်လျော်စွာ ဝေဒနာထူးပေါ်သည်။

ပဉ္စဝိညာဉ်ပြီး၏၊

--------

သမ္ပဋိစ္ဆိုင်း

ပဉ္စဝိညာဉ်တို့သည်ကား- ပဉ္စဝတ္ထုကိုမှီကုန်သည်၊ သမ္ပဋိစ္ဆိုင်း တို့ကား- ဟဒယဝတ္ထုကိုမှီကုန်သည်၊ ဝိညာဉ်တို့ကား- အနန္တရပစ္စည်း၊ သမ္ပဋိစ္ဆိုင်းတို့ကား- ပစ္စယုပ္ပန်၊ ဤသို့မှီရာကွဲပြားတရားတို့မှ အနန္တရပစ္စည်း၊ သမ္ပဋိစ္ဆိုင်းတို့ကား-ပစ္စယုပ္ပန်၊ ဤသို့မှီရာ ကွဲပြားသောတရားတို့မှ အနန္တရ ပစ္စည်းကို အားယူ၍ ထူထောင်ရသောကြောင့် သမ္ပဋိစ္ဆိုင်းဒွေတို့မှာလည်း ဥပေက္ခာဝေဒနာသာ မှန်သည်ဟုလာ၏၊

ဟဒယဝတ္ထုသည် အာရုံထကောင်းသော အကြည်မျိုးမှာကားမဟုတ်ပေ၊ ရွှေစင်ပကတိ, ဘော်စင်ပကတိတို့ကဲ့သို့ အနှစ်အတံ အားအင် ရှိသော ဓာတ်ပေတည်း၊ ပဉ္စဝတ္ထုတို့သည်ကား- အနှစ်ရှိသောဓာတ် မျိုးမဟုတ်၊ ဖန်ဓာတ်မှန်ဓာတ်တို့ကဲ့သို့ အကြည်ဓာတ်သက်သက်သာ တည်း၊ ထိုဝိညာဏဓာတ်သည်မူကား- ဝေဘူလပတ္တမြား ကဲ့သို့ အကြည် လည်းဖြစ်၊ အနှစ်လည်းမှန်ပေ၏၊ ဤတွင် အနှစ်မျိုးမဟုတ်သော ပဉ္စဝတ္ထု ကိုမှီရ၍ အားနွဲ့လှသော ပဉ္စဝိညာဉ်တို့မှ အနန္တရပစ္စည်းမှုကို အားယူ၍ ထူထောင်ရသောကြောင့် ဣဋ္ဌ,အနိဋ္ဌမှာပင် ဥပေက္ခာသာမှန်သည်ဟု ဆိုသင့်ပါ၏၊

သမ္ပဋိစ္ဆိုင်းပြီး၏၊

--------

သန္တီရဏ

သုခဒုက္ခဝေဒနာတို့မှာ အချင်းချင်းထိခိုက်ကြသော ဣဋ္ဌ,အနိဋ္ဌ မဟာဘုတ်တို့၏တန်ခိုးကြောင့် တစ်မျိုးပေါ်လာသော ဝေဒနာစုဖြစ် ပေ၏၊ ကာယဝတ္ထု၌မှီကြသော ကာယဝိညာဉ်ဒွေတို့မှတစ်ပါး တခြားသောစိတ်တို့နှင့် မဆိုင်ကုန်၊ ဒေါမနဿဝေဒနာမှာလည်း ပကတိ သောရေသည် မီးနှင့်ပေါင်းခိုက် ကြိုက်ကြိုက်ပွက်ဆူ ရေပူရေနွေး ဖြစ်ရသကဲ့သို့ ဒေါသဟူသော ဓာတ်ပူဓာတ်လောင်နှင့်ပေါင်းရမှ ဒေါမနဿဝေဒနာဟူ၍ဖြစ်နိုင်သည်၊ ထို့ကြောင့် ဒေါသမူဒွေမှ တစ်ပါး တခြားသောစိတ်တို့နှင့် မဆိုင်ကုန်၊ အနိဋ္ဌာရုံ၌သာဖြစ်ရသော အကုသလ ဝိပါက်စိတ်တို့ကား သောမနဿနှင့်မထိုက်၊ ထို့ကြောင့် အကုသလ ဝိပါက်သန္တီရဏမှာလည်း ဥပေက္ခာသာယှဉ်လေသည်၊ ကုသလဝိပါက်၌ မူကား-ဣဋ္ဌမဇ္ဈတ္တာရုံ,အတိဣဋ္ဌာရုံတို့၏ တန်ခိုးကြောင့် နှစ်မျိုးဖြစ် ရလေသည်။

မေးမြန်းဖွယ်

မေး။ အကုသလဝိပါက်၌လည်း အနိဋ္ဌမဇ္ဈတ္တာရုံ, အတိဣဋ္ဌာရုံ တို့၏တန်ခိုးကြောင့် နှစ်မျိုးပင်ရှိကောင်းသည်မဟုတ်လော-ဟူမူ။

ဖြေ။ နှစ်မျိုးလုပ်လိုလျှင် ဒုက္ခဝေဒနာနှင့်သော်လည်း လုပ်ရလိမ့် မည်၊ ဒေါမနဿဝေဒနာနှင့်သော်လည်း လုပ်ရလိမ့်မည်၊ ဒုက္ခဝေဒနာ သည် ကာယဝိညာဉ်စိတ်မှ ရွှေ့နိုင်သောအခွင့်မရှိ၊ ဒေါမနဿသည် ဒေါသနှင့်ခွဲနိုင်သောအခွင့်မရှိ၊ ဒေါသ၌ အဗျာကတလည်း ဖက်၍မရ။

သန္တီရဏပြီး၏၊

--------

အာဝဇ္ဇန်း

ပဉ္စဒွါရာဝဇ္ဇန်းမှာ အာရုံခုနစ်ချက်လက်ဦး ဆုံးကျခဲ့၍ ခံစားခွင့် မသာသောကြောင့် ဥပေက္ခာယှဉ်လေသည်၊ ဝုဋ္ဌောခေါ် မနောဒွါရာ ဝဇ္ဇန်းမှာလည်း ဝိပါက်အစဉ်ကိုဖြတ်၍ ဇောအစဉ်လာအောင် ပဲ့ပြင်မှု ကိစ္စနှင့်ကြောင့်ကြ ဖွယ်ရှိနေ၍ ခံစားမှုမှာ ဥပေက္ခာမျှဖြစ်ရလေသည်ဟု ဆိုကြ၏၊

အာဝဇ္ဇန်းပြီး၏၊

--------

ဝိပါက်မည်ခြင်း

ဝိပါက်မည်ခြင်းကား- စိတ်သန္တာန်၌ဖြစ်သော စေတနာတည်း ဟူသောကံသည် ဘင်ခဏနှင့်ချုပ်သည်ရှိသော် တစ်ခုသောအခြင်း အရာကို ထိုစိတ်သန္တာန်၌ ထားခဲ့၍ချုပ်သည်၊ ထိုအခြင်းအရာကို အဟိတဝိသေသလည်း ခေါ်သည်၊ ဗီဇဘာဝလည်းခေါ်သည်၊ ထိုဗီဇ ဘာဝသည် အကြင်မျှလောက် ပရမတ္ထဓမ္မအသီးဖြစ်၍မပေါ်သေး၊ ထိုမျှလောက် ထိုစိတ်သန္တာန်တွင် အစဉ်လိုက်ရော၍သာနေ၏၊ ကုသိုလ်, အကုသိုလ်,ဝိပါက်,ကြိယာအားလုံးနှင့်ပင် မခြားမနားရောနိုင်၏၊

ဗဟိဒ္ဓသန္တာန်မှ ရင့်ရန်အကြောင်းနှင့်ဆိုက်တိုက်မိသောအခါ ထိုဗီဇဘာဝသည် ပရမတ္ထအသီးဖြစ်၍ပေါ်ပေမူ ထိုပရမတ္ထကို ''ဝိပစ္စတိ ပရိဏတဘာဝံ ဂစ္ဆတီတိ ဝိပါကော''ဟူသောအနက်နှင့် ဝိပါက်ခေါ်ပေ သတည်း၊ ဝိပစ္စတိ=ရင့်တတ်၏၊ ပရိဏတဘာဝံ=ရင့်မာသောအဖြစ်သို့၊ ဂစ္ဆတိ=ရောက်တတ်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ဝိပါကော=ဝိပါက် မည်၏၊ ပရမတ္ထဓမ္မအသီးအခြားအနေနှင့် မပေါ်သေးသမျှကာလပတ်လုံး နုသောအခိုက်ဖြစ်ခဲ့၍ ဝိပါကမဆိုရ၊ ကမ္မဇရုပ်တရားများသည်မူကားထိုဗီဇဓာတ်မှ ဆက်လက်ဖြောင့်တက်၍ ဖြစ်ပေါ်သည်မဟုတ်၊ ဗီဇဓာတ် ၏အရှိန်အဝါကြောင့် ဝိပါကဓာတ်၏ အခြံအရံအသုံး အဆောင်အလို့ငှါ ဖြစ်လာသော အာနိသံသဖလစုသာတည်း၊ ထို့ကြောင့် နုသည်,ရင့်သည်ဟု ဆိုခွင့်မရှိ၍ ဝိပါကမခေါ်ရ။

[ဤအနက်ကို အထက်သို့ရောက်မှ အကျယ်ဆိုမည်၊ ဝိပါကပုဒ်ကို ဖွင့်ကြသော ဆရာတို့ကား-ရုဠှီအလိုနှင့် ဖွင့်ဆိုကြကုန်၏၊ ရုဠှီမဟုတ်ပေ။]

ဝိပါကမည်ဖြင်းပြီး၏၊

--------

ကြိယာမည်ခြင်း

ကြိယာမည်ခြင်းကား နှစ်ပါးရှိ၏

၁။ အနုသယမရှိ၍ဖြစ်လာသော ကြိယာတစ်မျိုး,

၂။ ကိစ္စမအောင်မြင်၍ဖြစ်လာသော ကြိယာတစ်မျိုး,

၁။ လောကီကုသိုလ်တို့သည် အနုသယဓာတ်အစေးပြတ်သော အခါ အကျိုးပေးမှုငြိမ်းကြကုန်၏၊ ကြီးငယ်ကိစ္စဆောင်ဖို့မျှသာ ဖြစ် နေကြကုန်၏၊ ထိုကုသိုလ်တို့ကိုလည်း ရဟန္တာအဖြစ်သို့ရောက်သောအခါ ကြိယာခေါ်သည်တစ်မျိုး၊

၂။ ဝိပါက်မည်သည် သူ့ဗျာပါရနှင့်သူ ထူထောင်၍ထနိုင်သော တရားစုမဟုတ်၊ ကဆုန်,နယုန်တွင် မြေမှထ၍တက်သော ဓာတ်ခိုးတို့ သည် မိုးရည်မိုးပေါက်အဖြစ်သို့ရောက်သောအခါ လှုပ်ဖို့,ပွါးဖို့အား အစွမ်းလမ်းဆုံးသဖြင့် ဓာတ်ဆုံးဓာတ်သေဖြစ်၍ မြေ၌ကျဖို့သာဖြစ် ကြကုန်သကဲ့သို့ ကံစေတနာဖြစ်ခဲ့ရာမှ ထိုသန္တာန်တွင် အစဉ်တက်ပွါး၍ လာသော ထိုဗီဇဘာဝဓာတ်နုသည် ဝိပါက်အဖြစ်သို့ရောက်သောအခါ လှုပ်ဖို့,ပွါးဖို့အားအစွမ်းလမ်း ဆုံးသဖြင့် ဓာတ်ဆုံးဓာတ်သေ ဖြစ်ကြ လေကုန်၏၊ အနုသယရှိသောသန္တာန်၌ အောင်မြင်သော ကိုယ်စွမ်း ကိုယ်ရေး နှင့်ထကြ၍ ချုပ်ပြီးကာလလည်း ဗီဇဘာဝမျိုးဆက်ချနိုင်သော တရားစုကို ကုသိုလ်,အကုသိုလ်ခေါ်သည်။

ဝုဋ္ဌောအာဝဇ္ဇန်းတို့သည်ကား- သူတို့အစွမ်းနှင့်သူ ထူထောင်၍ ထကြကုန်၏၊ ကံ၏အစက်အနက်မဟုတ်ကြပေကုန်၊ ထို့ကြောင့် ဝိပါက်လည်း မဟုတ်ကြလေကုန်၊ ဓာတ်ဆုံးဓာတ်သေဖြစ်ကြကုန်သော ဘဝင်သန္တီရဏတို့မှ ဆက်လက်ရကုန်သည်ဖြစ်၍လည်း ဗီဇဘာဝ မျိုးဆက်ချဖို့ လှလှအောင်မြင်သော ကိစ္စလည်းမရှိကြကုန်၊ ကုသိုလ်, အကုသိုလ်အဖြစ်သို့လည်း မရောက်ကြကုန်၊ ဝီထိစိတ်,ဇောစိတ်တို့ကို ရှေးဦးစွာအစထူထောင်ရသော ကိစ္စကြိယာမျှသာဖြစ်ကြကုန်၍ ကြိယာ မျှသာခေါ်ရကုန်သည်။

[ဤအနက်သည် အထက်၌လည်းလာလတံ့။]

ကြိယာမည်ခြင်းပြီး၏၊

--------

အဟိတ်မည်ခြင်း

အဟိတ်မည်ခြင်းကား အထူးယှဉ်သော သမ္ပယုတ်ဟိတ်-ဟူ၍ မရှိခြင်းပင်တည်း၊ အဘယ့်ကြောင့် သမ္ပယုတ်ဟိတ်မရှိသနည်း၊ ကိစ္စ ဌာနသေးနုတ်လှ၍ မရှိသည်ဟုတ်၏၊

၁။ ဟိတ်တို့မည်သည် အရှိန်အဝါကြီးလှစွာသော မဟာသာလ နာမမည်တွင် အင်ကြင်းပင်တို့နှင့် တူကုန်၏၊

၂။ အာဝဇ္ဇန, ဒဿန, သဝန, ဃာယန, သာယန, ဖုသန, သမ္ပဋိစ္ဆန, သန္တီရဏ, ဝဝတ္ထာပန၊ ဤကိစ္စ, ဤဌာနတို့သည် ရပ်နီးရွာနီး ကျတ်တီးမြေကြော အင်တိုင်းတောတို့နှင့်တူကုန်၏၊

၃။ ဇောစသော ကိစ္စကြီး,ဌာနကြီးတို့သည် ဟိမဝန္တာတောကြီး

နှင့်တူကုန်၏၊

အင်တိုင်းတော၌ပေါက်သော သစ်ပင်လည်း မဟာသာလ မဖြစ်နိုင်၊ မဟာသာလဖြစ်သော သစ်ပင်သည်လည်း အင်တိုင်းတော၌ မပေါက်နိုင်၊ ဟိမဝန္တာ၌သာ ပေါက်လေသတည်း၊ ဟိမဝန္တာ၌ပေါက်မှသာ မဟာသာလကြီး ဖြစ်နိုင်လေသတည်း။

သန္တီရဏသုံးခုသည် တဒါရုံဌာန, ပဋိသန္ဓိဌာန, ဘဝင်ဌာနဟူသော ဌာနကြီးတို့၌ဖြစ်ပါကုန်သော်လည်း ဇနကကံအားမသန်၍ အဟိတ်ဖြစ်ရကုန်သည်၊ တိဟိတ်ဥက္ကဋ္ဌကံပင်ဖြစ်သော်လည်း ဆိုခဲ့ပြီး သောကိစ္စသေး, ဌာနသေးတို့၌ ပေးရသောအခါ အဟိတ်ဝိပါက်ကိုသာ ပေးရလေသည်၊ ကိစ္စဌာနပင်ကြီးသော်လည်း ချို့တဲ့သော အကြောင်း ရှိပြန်လျှင် အဟိတ်သာဖြစ်ရသည်။

ဟသိတုပ္ပါဒ်စိတ်သည် ဇောကိစ္စရှိပါသော်လည်း အကြံအဖန် နှင့်မဖက်သော သက်သက်ပြုံးမှု၏ သေးနုသောကိစ္စဖြစ်၍ ဟိတ်တို့ မယှဉ်သည်၊ သဟိတ်ဝိပါက်တို့သည် အကြံအဖန်ပင် မရှိကုန်သော်လည်း ဇနကကံ၏အစွမ်းကြောင့် ဟိတ်ယှဉ်ကုန်သည်။

အဟိတ်မည်ခြင်းပြီး၏၊

--------

သမ္ဘဝ

မေး။ ကုသိုလ်ဝိပါက်အရာ၌-တိဟိတ်ကံကြောင့် တိဟိတ် ဝိပါက်လည်း ဖြစ်လာသည်၊ ဒွိဟိတ်ဝိပါက်လည်း ဖြစ် လာသည်၊ အဟိတ်ဝိပါက်လည်း ဖြစ်လာသည်၊ ဒွိဟိတ် ကံကြောင့် ဒွိဟိတ်ဝိပါက်လည်း ဖြစ်လာသည်၊ အဟိတ် ဝိပါက်လည်း ဖြစ်လာသည်၊ ထို့အတူ ဒွိဟိတ်ဖြစ်သော အကုသိုလ်ကံစုကြောင့် ဒွိဟိတ်ဖြစ်သော သဟိတ်အကု သလဝိပါက်စိတ်သည်လည်း ဖြစ်ကောင်းသေးသည် မဟုတ်ပါလော၊ အဘယ့်ကြောင့် အကုသလဝိပါက်မှ အဟိတ်သာရှိလေသနည်း-မေးရန်။

ဖြေ။ အကုသိုလ်ဟိတ်တို့နှင့် ယှဉ်သောစေတနာသည် လွန်စွာ လှုပ်ရှား၏၊ ကံဖြစ်၍ချုပ်ပြီးနောက် ဗီဇဘာဝ အနေမှ တက်၍ ဝိပါက်ဖြစ်ပေါ်သောအခါ ကောင်းစွာ တည်တံ့ခြင်း ကိစ္စရှိသော ဟိတ်နှင့်ယှဉ်၍ မပေါ်နိုင်၊ အကုသိုလ် စေတနာကို မဆိုထားဘိ တိဟိတ်စသော ကုသိုလ်စေတနာ စုသည်ပင် အကုသိုလ်ဟိတ်ခြံရံခဲ့လျှင် အကျိုးပေးသော အခါ ကံနှင့်တူစွာ ဟိတ်မပါနိုင် ရှိရချေသည်၊ ထို့ကြောင့် အကုသုလဝိပါက်စိတ်မှာ သဟိတ်ဟူ၍ မရှိပေသည်။

ဋီကာကျော်ဝါဒ

ဋီကာကျော်နည်းနှင့် ဖြေလျှင်လည်း ပြေပါ၏၊ သကုသလ ဝိပါက်စိတ်စုသည် အဗျာကတဧကန်၊ အသောဘနဟိတ်စုသည် အကုသိုလ်ဧကန်၊ ထို့ကြောင့် အကုသိုလ်ဟိတ်တို့နှင့်လည်း ယှဉ်ခွင့်မရှိ၊ အကုသိုလ်၏ အကျိုးဖြစ်သော ထိုဝိပါက်စု၌ ကုသိုလ်၏အကျိုးဖြစ်သော အလောဘစသော ဟိတ်တို့သည်လည်း မယှဉ်ထိုက်ကုန်၊ ထို့ကြောင့် အကုသလဝိပါက်စိတ်မှာ အဟိတ်သာရှိလေသတည်း။

[ဋီကာကျော်ဝါဒ]

သမ္ဘဝ, ဗျဘိစာရဟူရာ၌

၁။ လောက၌ ရေမှာအေးရန်, ပူရန်အကြောင်းနှစ်ပါး ထင်ရှားရှိနေသည်ကား-သမ္ဘဝ,

၂။ ယင်းသမ္ဘဝကြောင့် ရေဆိုလျှင်အအေးသာဟူ၍လည်းမကျ၊ အပူသာဟူ၍လည်းမကျ၊ နှစ်ဖက်ရဖြစ်နေသည်ကား ဗျဘိစာရ,

၃။ မီးမှာ မီးအေး,မီးပူဖြစ်ရန် အကြောင်းနှစ်ပါးထင်ရှား မရှိသည်ကား-အသမ္ဘဝ,

၄။ ယင်းအသမ္ဘဝကြောင့် မီးဆိုလျှင်ပင် အပူသာဟုဆိုကြ သည်ကား-အဗျဘိစာရ,

ထို့ကြောင့် မီးယူခဲ့ရာ၌ ပူသောမီးယူခဲ့ဟု ထည့်ဖွယ်မရှိ၊ ရေယူခဲ့ ဟူရာ၌ ပူသောရေယူခဲ့၊ အေးသောရေယူခဲ့ဟု ထည့်သင့်သောအခါ၌ ထည့်မှသာ ကွဲပြားသည်၊ ဤအတူ

၁။ အကုသလဝိပါက်စိတ်စုမှာ ဟိတ်နှင့်ယှဉ်ရန် အကြောင်း မရှိသည်ကား-သမ္ဘဝ မရှိခြင်းတည်း။

၂။ အကုသလဝိပါက်ဆိုလျှင် အဟိတ်သာဟုဆိုကြသည်ကား ဗျဘိစာရကင်းရှင်းခြင်းတည်း။

၃။ ကုသလဝိပါက်စိတ်မှာ ဟိတ်နှင့်ယှဉ်ရန် အကြောင်းတရား ထင်ရှားရှိနေသည်ကား-သမ္ဘဝရှိခြင်းတည်း။ ၄။ ယင်းသမ္ဘဝကြောင့် ကုသလဝိပါက်ဆိုကာမျှနှင့် အဟိတ်သာ ဟူ၍လည်းမကျ၊ နှစ်ဖက်ရဖြစ်နေသည်ကား- ဗျဘိစာရ ရှိခြင်းတည်း။

ထို့ကြောင့် အကုသလဝိပါက်ဟူရာ၌ အဟေတုက သဒ္ဒါထည့် ခွင့်မရှိ၊ ကုသလဝိပါက်ဟူရာ,ကြိယာဟူရာ၌သာ အဟေတုကသဒ္ဒါ ထည့် ရလေသည်။

သမ္ဘဝပြီး၏၊

--------

သင်္ခါရစစ်ချက်

မေး။ အဟိတ်စိတ်အဋ္ဌာရသကို သသင်္ခါရိကဆိုမည်လော၊ အသင်္ခါရိကဆိုမည်လော၊ နှစ်ပါးဆိုရမည်လော၊ နှစ်ပါးမှ အလွတ်ဆိုရမည်လော-မေးရန်။

ဖြေ။ ဋီကာကျော်အလိုနှင့်ဆိုပေမူ-ထက်မြက်သော တိက္ခ သဘော မရှိကြသောကြောင့် အသင်္ခါရိက မဆိုသာ၊ တိုက်တွန်းလောက်သော ကိစ္စမနွယ်ကြ၍ တိုက်တွန်းဖွယ် ကိစ္စ မရှိကြသောကြောင့်လည်း သသင်္ခါရိက မဆိုသာ၊ အလွတ်သာတည်းဟုဆိုရပေမည်၊ အချို့ဆရာတို့ကားအသင်္ခါရိက ယူကြကုန်၏၊

စင်စစ်မူကား။။ ပဋိသန္ဓေ,ဘဝင်,စုတိကိစ္စရှိသော မဟာဝိပါက် တို့မှာသေခါနီးတွင် တိုက်တွန်း၍ထင်ရသော ကံ,ကမ္မနိမိတ်,ဂတိနိမိတ်ကို ယူ၍ဖြစ်ကြလျှင် သသင်္ခါရိက, ကံ၏အစွမ်းဖြင့် အလိုလိုထင်သော နိမိတ်ကိုယူ၍ ဖြစ်ကြလျှင် အသင်္ခါရိကမှတ်ကြရမည်၊ တဒါရုံကိစ္စရှိသော မဟာဝိပါက်စုမှာ လျောက်ပတ်သော ဥတု,အာဟာရ-စသည်နှင့်ဖြစ် ရလျှင် အသင်္ခါရိက၊ မလျောက်ပတ်စုနှင့်ဖြစ်ရလျှင် သသင်္ခါရိက မှတ်ကြရသည်။

၁။ ပဋိသန္ဓေ,ဘဝင်,စုတိကိစ္စရှိသော သန္တီရဏနှစ်ခု၊ တဒါရုံ ကိစ္စရှိသော သန္တီရဏသုံးခုတို့ကို ထိုမဟာဝိပါက် နှင့်တစ်ချက် တည်းဆိုခွင့် မဆိုက်လော။

၂။ ရှေးအဖို့၌ဖြစ်သောသင်္ခါရနှင့် သသင်္ခါရခေါ်သော အကြောင်း စုကြောင့် ယခုဖြစ်လာသော ဆဒွါရိကဇောတို့ကို သသင်္ခါရိက ဆိုရသဖြင့် ထိုဇောတို့၏ ရှေ့သွားနောက်လိုက်ဖြစ်ကြသော ဆဒွါရိကအဟိတ် စိတ်တို့ကို သသင်္ခါရိကဆိုခွင့် မဆိုက်လော။

၃။ အသင်္ခါရိကဇောတို့၏ ရှေ့သွားနောက်လိုက်ဖြစ်ကြသော ဆဒွါရိကအဟိတ်စိတ်တို့ကို အသင်္ခါရိက ဆိုခွင့် မဆိုက်လော။

၄။ ဟသိတုပ္ပါဒ်မှာလည်း ဖြစ်ခွင့်နှင့်ယှဉ်၍ပေးလျှင်ဖြစ်မည်၊ မယှဉ်လျှင်လည်း မဖြစ်ပေရကား- နှစ်ပါးဆိုခွင့် ရှိသည်ပင်။ ထို့ကြောင့် အဟိတ်စိတ်အဋ္ဌာရသကို နှစ်ပါး၌ပင်ထည့် ခွင့်မြင် သည်၊ ဓမ္မသင်္ဂဏီ၌ မဟောသည်မှာ သူတို့အတွက်နှင့် အသီးထွက် လောက်သော သင်္ခါရကိစ္စမရှိကြ၍ မဟောသည်ဆိုရမည်။

သင်္ခါရစစ်ချက်ပြီး၏၊

အဟိတ်စိတ် ၁၈-ခုပြီး၏၊

--------

ကာမာဝစရစိတ် ၂၄-ခု သောဘဏမည်ခြင်း

သဒ္ဓါ,သတိ,ဟိရီ,ဩတ္တပ္ပ-စသော ၂၅-ပါးသော စေတသိက် တို့သည်သာလျှင် စင်ကြယ်ကောင်းမြတ် ချီးမွမ်းအပ်သော ကိစ္စလက္ခဏာ ရှိကြပေကုန်သည်ဖြစ်၍ စင်စစ်အားဖြင့် သောဘဏမည်ကုန်၏၊ ထိုစေတသိက်တို့ နှင့်ယှဉ်ကုန်သော တရားတို့သည်လည်း အလားတူ ကောင်းမြတ်ကြကုန်သည်ဖြစ်၍ သောဘဏမည်ကုန်၏၊ အဟိတ် တရားသည် ထိုသောဘဏအစစ်တို့နှင့် ယှဉ်ခြင်းမရှိကုန်၊ အကုသိုလ် စိတ်တို့သည်ကား-ထိုသောဘဏ အစစ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ် ကုန်သော မောဟ,အဟိရိက,အနောတ္တပ္ပ-စသည်တို့နှင့် ယှဉ်ကြကုန် သည်၊ ထို့ကြောင့် ထိုနှစ်ပါးတို့ကို အသောဘဏဆိုရကုန်သည်။

သောဘဏမည်ခြင်းပြီး၏၊

--------

လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်

ကာမာဝစရံ=ကာမာဝစရစိတ်သည်၊ ပရိတ္တလက္ခဏံ=သေးငယ် နုတ်ဖွဲ့သောလက္ခဏာရှိ၏၊ ကာမတဏှာယ=ကာမတဏှာ၏၊ ဂေါစရ ဘာဝရသံ=ကျက်စားကျင်လည်ရာဖြစ်ခြင်းကိစ္စရှိ၏၊ စဉ္စလပစ္စုပဋ္ဌာနံ= တုန်လှုပ်လွယ်သောအဖြစ်လျှင် ထင်ရသောအခြင်းအရာရှိ၏၊ အကုန် နှံ့စပ်အောင် ပဒဋ္ဌာန်ရှာလေ။

လက္ခဏ,ရသ,ပစ္စုပဋ္ဌာန်,ပဒဋ္ဌာန်ပြီး၏၊

--------

ကုသလသဒ္ဒါ၏အနက်

ဆောင်။ ။အနာကင်းလစ်၊ အပြစ်ကင်းကွာ၊ အလိမ္မာနှင့်၊ ချမ်းသာကောင်းကျိုး၊ လေးမျိုးအချက်၊ ကုသိုလ်နက်။

ကုသလသဒ္ဒါသည် အနာကင်းသည်ကိုလည်းဟော၏၊ ကောင်း ကျိုးပေးသည်ကိုလည်းဟော၏-ဟူလိုသည်၊ အနိဋ္ဌရုပ်စုသည် ရုပ်၏ ရောဂါမည်၏၊ ကိလေသာစုသည် နာမ်၏ရောဂါမည်၏၊ စိတ်သန္တာန်၌ နာမ်ရောဂါစွဲ၍ အပါယ်ငရဲ၌ တလူးလဲလဲခံနေကြရသည်၊ ဘုရားကားနာမ်ရောဂါကို ကုသသောဆေးသမားကြီး ပင်တည်း။

တိကိစ္ဆကောတိ ခေါ ဘိက္ခဝေ တထာဂတေဿတံ အဓိဝစနံ။ အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ တိကိစ္ဆကောတိ ဧတံ= ဆေးသမား ဆေးသမားဆိုသည်ကား၊ ခေါ=ဧကန်စင်စစ်၊ တထာဂတဿ= ငါဘုရား၏၊ အဓိဝစနံ=အမည်တည်း။

အနာကင်းခြင်းအနက်

ငါဘုရားမှ ဆေးသမားအစစ်၊ သည့်ပြင်-သမားတုသမား ယောင်သာ-ဟူလိုသည်၊ သည့်ပြင်ဆေးဆရာတို့မှာ ရုပ်နာမ်ကိုသာ ကုနိုင်သည်၊ ရုပ်နာမ်တွင်လည်း တစ်ဘဝတွင်သာ ကုနိုင်သည်၊ နာမ် နာမငြိမ်းလျှင် ရုပ်နာတလဲလဲသာနေ၏၊ ဘုရားမှာ နာမ်နာကိုကုသည်၊ နာမ်နာငြိမ်းလျှင် ရုပ်နာလည်း အမြစ်ပြတ်တော့သည်၊ အမြစ်ပြတ်အောင် ကုနိုင်မှ ဆေးသမားလမ်းဆုံး, ကမ်းဆုံးရောက်သည်၊ ဆေးသမားလမ်း ဆုံး,ကမ်းဆုံးရောက်အောင်တတ်မြောက်ပေသည်ကား-ဘုရားရှင်ပင် တည်း၊ ထို့ကြောင့် ငါဘုရားသာလျှင် ဆေးသမားအစစ်ဖြစ်သည်-ဟု ဟောပေသည်၊ ကုသိုလ်တရားတို့ကား- နာမ်နာကို ပယ်ရှားသော ဆေးဝါးဓာတ်စာတို့ပေတည်း။

အနာကင်းခြင်းအနက်ပြီး၏၊

--------

အပြစ်ကင်းခြင်းအနက်

သံကိုဖျက်သည်ကား-သံချေးတည်း၊ သံချေး၏ကိစ္စကားမှီရာသံကို မကျန်မကြွင်း, အတင်းစားမှုပေတည်း၊ စားဖန်များလျှင် သံသားကုန်းဆုံး, သံသက်ပြုန်း၍ လုံးလုံးဖွဲပြာဖြစ်လေ၏၊ ဤကားအညစ်အကြေးအချေးအညှော်တို့၏ ဓမ္မတာတည်း၊ ထိုအညစ်အကြေး ဟူသော ဓာတ်ချေးသည် စင်စစ်အားဖြင့် နိဗ္ဗာန်တစ်ခု၌သာ အရှင်း လွတ်၏၊ မဂ်ဖိုလ်တို့မှာပင် ဇရာ,မရဏ-ဟူသော ဓာတ်ချေး, ဓာတ်လောင် ရှိကြကုန်၏၊ တေဘူမကဓမ္မတို့ဝယ် ဆိုဖွယ်မရှိ၊ ဤအရာ၌ကား ဖြူစင်သောစိတ်သန္တာန်ကို သံချေးအလား အကုန်စားတတ်သော ကိလေသာတို့ကိုအပြစ်ဆိုသည်၊ ထိုအပြစ်ကို ပယ်မှုကြောင့် ကုသိုလ် ခေါ်သည်။

အပြစ်ကင်းခြင်းအနက်ပြီး၏၊

[အလိမ္မာကောင်းကျိုးပေးတို့မှာ သိသာပြီ၊ အစဉ်အလာ မှန်လှစွာ သော ဤအနက် လေးဦးတို့ကို အထူးမြတ်နိုးရမည်။]

သတလိင်္ဂဿ အတ္ထဿ၊

သတလက္ခဏဓာရိနော။

ဧကင်္ဂဒဿီ ဒုမ္မေဓော၊

သတဒဿီ စ ပဏ္ဍိတော။။

အနက်ကား။။ ဒုမ္မေဓော=ပညာနည်းသောသူသည်၊

သတလိင်္ဂဿ=အရာမကသော ပဝတ္တနိမိတ်ရှိ ထသော၊ သတလက္ခဏ ဓာရိနော=အရာမကသော သဘောလက္ခဏာကို ဆောင်ပေထသော၊ အတ္ထဿ=အနက်ဒြဗ်၏၊ ဧကင်္ဂဒဿီ=တစ်ခုသောအစိတ်ကိုသာ မြင်နိုင်၏၊ ပဏ္ဍိတောစ=ပညာရှိသည်သာလျှင်၊ သတဒဿီ=အရာမကကို မြင်နိုင်၏

ဟု လာသော ထေရဂါထာပါဌ်နှင့်အညီ-သတဒဿီဖြစ်တော် မူကြပေကုန်သော ဆရာမြတ်တို့၏ ဉာဏ်စွမ်း ပြဆိုကြသော ဝိဂြိုဟ် လက်သစ်များကို လျစ်လျူရှုအံ့။

[ကုသိုလ်၏ လက္ခဏာဒိကို ရှေး၌ဆိုခဲ့ပြီ။]

ကုသလသဒ္ဒါ၏အနက်ပြီး၏၊

--------

ကုသိုလ်၏အကြောင်း

၁။ ပဋိရူပဒေသဝါသ=သူတော်ကောင်းတရား ထွန်းကားပေလတ် လျောက်ပတ်သင့်တင့်သော မြို့ရွာဒေသ၌ နေထိုင်ခြင်းတစ်ပါး,

၂။ ပုဗ္ဗေစကတပုညတာ=ပြုခဲ့ဖူးသော ဘုန်းကံ ပါရမီရှိခြင်း တစ်ပါး,

၃။ သပ္ပုရိသူပနိဿယော=သူတော်ကောင်းတို့ ကြည်ညို လေး မြတ် ဆည်းကပ်မှီတွယ်ခြင်းတစ်ပါး,

၄။ အတ္တသမာပဏိဓိ=စိတ်ထား, သဘောထား ကောင်းခြင်း တစ်ပါး,

ကုသိုလ်ဖြစ်ရန်အကြောင်းလေးပါး၊ ဤလေးပါးသည် တစ်ခုခု သောဘဝ၌ တစွန်းတစ ထူထောင်မိသည်ရှိသော် အဆက်ဆက် အဆင့်ဆင့် အပြန်ပြန်လည်၍ သွားတတ်သောကြောင်း စက်လေးပါး မည်၏၊

ကုသိုလ်၏အကြောင်းပြီး၏၊

--------

သောမနဿ၏အကြောင်း

၁။ သောမနဿပဋိသန္ဓိကတာ=သောမနဿ ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း,

၂။ သဒ္ဓါဗဟုလတာ=သဒ္ဓါစရိုက်ပြောခြင်း,

၃။ ဝိသုဒ္ဓဒိဋ္ဌိ=သမ္မာအယူဖြူစင်ခြင်း,

၄။ အာနိသံသဒဿာဝိတာ=ကံတို့၏ အကျိုးအာနိသင်ကို မြင်နိုင်ခြင်း,

၅။ ဣဋ္ဌာရမ္မဏသမာယောဂေါ=အလိုရှိအပ်သော အလှူဝတ္ထု, အလှူခံပုဂ္ဂိုလ်စသော ဣဋ္ဌာရုံနှင့်တွေ့ကြုံခြင်း,

၆။ ကဿစိ ပိဠာဘာဝေါ=အနှောင့်အယှက်မှကင်းခြင်း, [သောမနဿဖြစ်ရန်အကြောင်းစု။]

ဆောင်။။ သန္ဓေ,သဒ္ဓါ၊ သမာ, နိသင်၊ လိုအင်ပြည့်နက်၊ နှောင့်ယှက်မသန်း၊ ဤခြောက်ခန်း၊ ဝမ်းမြောက် ကုသိုလ်ချက်။

၁။ ဗုဒ္ဓါနုဿတိ=ဘုရားဂုဏ်၌သက်ဝင်ခြင်း,

၂။ ဓမ္မာနုဿတိ=တရားဂုဏ်၌သက်ဝင်ခြင်း,

၃။ သံဃာနုဿတိ=သံဃာဂုဏ်၌သက်ဝင်ခြင်း,

၄။ သီလာနုဿတိ=မိမိသီလဂုဏ်၌သက်ဝင်ခြင်း,

၅။ စာဂါနုဿတိ=မိမိ၏ဒါနဂုဏ်၌သက်ဝင်ခြင်း,

၆။ ဒေဝတာနုဿတိ=နတ်မျိုးစေ့,သိကြားမျိုးစေ့ဖြစ်ပေသော မိမိလက်ရှိ သူတော်ကောင်းဥစ္စာရတနာ ခုနစ်ပါးတို့၏ ဂုဏ်ကျေးဇူး၌သက်ဝင်ခြင်း,

၇။ ဥပသမာနုဿတိ=နိဗ္ဗာန်၏ဂုဏ်ကျေးဇူး, ယခုဘဝတွင် ကိလေသာတို့မှ ငြိမ်းခွင့်ရဖူးသော ကျေးဇူးကို အောက် မေ့ခြင်း,

၈။ လူခပုဂ္ဂလပရိဝဇ္ဇနံ=သဒ္ဓါနည်း၍မွဲခြောက်သော စိတ်နှလုံး ရှိသော သူကို ဝေးစွာရှောင်ကွင်းခြင်း,

၉။ သိနိဒ္ဓပုဂ္ဂလသေဝနာ=သဒ္ဓါပို၍ယိုယွင်းသော စိတ်နှလုံး ရှိသော သူနှင့်အတူ ပေါင်းသင်းခြင်း,

၁၀။ ပသာဒနိယသုတ္တန္တပစ္စဝေက္ခနာ=အထူးကြည်ညိုဖွယ် ကောင်းလှသော သုတ္တန်တရားများကို ကြားနာသက်ဝင် ဆင်ခြင်မှုများခြင်း,

၁၁။ တဒဝိမုတ္တတာ=ပီတိသောမနဿဖြစ်လိုလှသော စိတ် သဘောအမြဲညွတ်ခြင်း,

ဤပီတိသမ္ဗောဇ္ဈင်ပွါးရန် တရား ၁၁-ပါးသည်လည်း သော မနဿအကြောင်းစုပင် လာ၏၊

ဆောင်။။ ဗုဓ်, ဓံ, သံ, သီ၊ စာဂီ, ဒေဝ၊ သတ္တဓနိ၊ ကြဉ်ဘိ လူခြောက်၊ ပေါင်းမြောက်လူစို၊ ကြည်ညိုဖွယ်မှု၊ သုတ်စုလေ့ကျက်၊ နှစ်သက်ဆန္ဒ၊ လိုလှစွဲလမ်း၊ ဆယ့်တစ်ခန်း၊ ဝမ်းမြောက်ကုသိုလ်ချက်။

[ဤ၌ ရှေးခုနစ်ခုမှ တစ်ခုတစ်ခုနှင့် နောက်လေးခုကိုတွဲ၊ ၅-ခု ၇-လီဖြစ်၏၊] သောမနဿ၏အကြောင်းပြီး၏၊

ဥပေက္ခာ၏အကြောင်း

၁။ ဥပေက္ခာပဋိသန္ဓိကတာ=ဥပေက္ခာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း,

၂။ အပ္ပသဒ္ဓတာ=သဒ္ဓါနည်ပါးခြင်း,

၃။ အဝိသုဒ္ဓဒိဋ္ဌိတာ=အယူမစင်ကြယ်ခြင်း,

၄။ အာနိသံသအဒဿာဝိတာ=ကံ၏အကျိုးအာနိသင်ကို အမြင်နည်းပါးခြင်း,

၅။ မဇ္ဈတ္တာရမ္မဏသမာယောဂေါ=မမြတ်နိုးလောက်သော မဇ္ဈတ္တာရုံနှင့်တွေ့ကြုံခြင်း,

၆။ ပိဠိကတာ=အနှိပ်အစက်အနှောင့် အယှက်မကင်းခြင်း,

[ဥပေက္ခာဖြစ်ရန်အကြောင်းစု။]

ဤဥပေက္ခာကုသိုလ်စုသည်ကား- သောမနဿကုသိုလ် အောက်ယုတ်ညံ့၏၊ အချို့သူတို့ကား သမ္ပယုတ်သင်္ခါရတူခဲ့ကြလျှင် သောမနဿထက် ဥပေက္ခာကသာရမည်-ဟူကြကုန်၏၊ သဒ္ဓါနည်းလှ၍ ဖြစ်ရသော ဥပေက္ခာကုသိုလ်စု, အယူမစင်ကြယ်၍ဖြစ်ရသော ဥပေက္ခာ ကုသိုလ်စု, အကျိုးအာနိသင်ကို အမြင်နည်းပါး၍ဖြစ်ရသော ဥပေက္ခာ ကုသိုလ်စုသည် ချို့ငဲ့မှုကြောင့်ဖြစ်ပေရကား အလွန်ယုတ်ညံ့သော ဥပေက္ခာကုသိုလ်စုသာတည်း။

မောဟစရိုက်အားကြီးသောသူအားလည်း ကုသိုလ်ဖြစ်သည် ရှိသော် ဥပေက္ခာကုသိုလ်သာ ဖြစ်ခွင့်ရှိသည်၊ ဤသို့စသည်ဖြင့် အဇ္ဈတ္တ သန္တာန်မပြူစင်၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု, ဗဟိဒ္ဓအတွက် နှင့်နှောင့်ယှက် ခြင်းရှိနေ၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု, အလှူဝတ္ထုမစင်ကြယ်၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု, အလှူခံပုဂ္ဂိုလ်ယုတ်ညံ့လှ၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု, ပစ္စည်းဝတ္ထုကို စွန့်မှုငြိတွယ်သည် ဖြစ်၍ ဥပေက္ခာအနေမျှဖြစ်ရသော ကုသိုလ်မှု, မိမိပြုကျင့်ရင်းမဟုတ်ဘဲနှင့် မလွဲသာ၍ပြုရသော ဥပေက္ခာမှုဟူသမျှသည် ဥပေက္ခာယုတ်,ဥပေက္ခာညံ့သာတည်း။

သောမနဿထက် မြတ်သောဥပေက္ခာမူကား သမာဓိကြီးလှ ၍ဖြစ်သောဥပေက္ခာ, ဉာဏ်ပညာအမြင်ကြီး လှ၍ဖြစ်သောဥပေက္ခာ, အဇ္ဈာသယကြီးမြတ်လှ၍ဖြစ်သောဥပေက္ခာစုသည်သာလျှင် သမ္ပယုတ် သင်္ခါရတူမျှပါလျက် သောမနဿထက် ဥပေက္ခာအတွက် သာလွန် မြင့်မြတ်ပေသတည်း၊ အပ္ပနာအရာ၌ သမာဓိကြီးသည် အတွက်ကြောင့် အထက်အထက်သော ဥပေက္ခာစျာန်စုမြတ်ပေသတည်း၊ ဉာဏ်ပညာ အမြင်ကြီးလှသောသူတို့မှာ ဒါနစသော အောက်အောက်သော ကုသိုလ်မှု နယ်များသည် အားရဖွယ်မဖြစ် လျစ်လျူရှုမှုသာဖြစ်သတည်း။

ဘုရားအမှူးရှိသော သံဃာလေးသိန်းကို သိကြားဖန်ဆင်းသော မဏ္ဍပ်၌ ခုနစ်ရက်ဃနာဆွမ်းလှူသော် လည်း လျစ်လျူမျှသာဖြစ်သော မဟာသင်္ခပုဏ္ဏား, အသက်ထက်ဆုံး တစ်နေ့တစ်နေ့လျှင် ငါးသိန်း ငါးသိန်းကုန်အမြဲ လှူသော်လည်း လျစ်လျူမျှသာဖြစ်သော မဟာသီဝလိ မင်းကြီးတို့မှာကား အဇ္ဈာသယကြီးမြတ်လှသော အတွက်ပေတည်း။

ဥပေက္ခာသမ္ဗောဇ္ဈင်အရာ၌

၁။ သတ္တမဇ္ဈတ္တတာ=သတ္တဝါ၌ လျစ်လျူရှုနိုင်ခြင်းတစ်ပါး,

၂။ သင်္ခါရမဇ္ဈတ္တတာ=ပစ္စည်းဝတ္ထုသင်္ခါရအစုတို့၌ လျစ်လျူရှုနိုင် ခြင်းတစ်ပါး,

၃။ သတ္တသင်္ခါရ ကေလာယန ပုဂ္ဂလပရိဝဇ္ဇနတာ=သတ္တဝါနှင့် ပျော်တတ်သောသူ, ပစ္စည်းဝတ္ထုတို့နှင့် ပျော်တတ်သောသူ, သတ္တဝါကို စုံမက်ခင်မင်တတ်သောသူတို့ကို ဝေးစွာရှောင်ကွင်းခြင်းတစ်ပါး,

၄။ သတ္တသင်္ခါရမဇ္ဈတ္တ ပုဂ္ဂလသေဝနတာ=သတ္တဝါ, သင်္ခါရနှစ်ပါး တို့၌ လျစ်လျူအားကြီးသောသူှနှင့် ပေါင်းဖက်ခြင်းတစ်ပါး,

၅။ တဒဝိမုတ္တာ=ထိုဥပေက္ခာသမ္ဗောဇ္ဈင်၌ ညွတ်သောစိတ်ရှိခြင်း တစ်ပါး,

ဤငါးပါးသည်လည်း ဥပေက္ခာဖြစ်ကြောင်း-ဟုလာ၏၊ ဤ ဥပေက္ခာသည်ကား အထွတ်အမြတ်ပေတည်း။

ဥပေက္ခာ၏အကြောင်းပြီး၏၊

--------

ဉာဏသမ္ပယုတ်၏အကြောင်း

၁။ ဉာဏသမ္ဘာရကုသိုလ်ကံအကျိုးပေးသော ပဋိသန္ဓေရှိခြင်း,

၂။ စိုးရိမ်မှု,ကြောင့်ကြမှုကင်းရှင်းသော ဘဝဖြစ်ခြင်း,

၃။ ဣန္ဒြေကြီးသောအရွယ်သို့ရောက်ခြင်း,

၄။ ကိလေသာနိုင်ငံသို့ အလိုက်အစားနည်းပါးခြင်း, [ဤလေးပါးသည် ဉာဏသမ္ပယုတ်၏အကြောင်းတည်း။] ကမ္မတော ဥပပတ္တိတော ဣန္ဒြိယပရိပါကတော ကိလေသဒူရိဘာဝတော။

[အဋ္ဌသာလိနီ။]

ကုသိုလ်သည် ပုညသမ္ဘာရ ကုသိုလ်, ဉာဏသမ္ဘာရ ကုသိုလ် နှစ်ပါး၊ လောက၌ အပြစ်ကင်းသော အတတ်မျိုး, ပညာမျိုး, ဝိဇ္ဇာမျိုး, သာသနာ၌ တရားကျမ်းဂန်မျိုးတို့ကို လေ့လာအားထုတ်ခြင်းအမှု, သူတစ်ပါးတို့ကို သင်ကြားပြောဟောသောအမှု, အများတတ်ရန် ကျမ်းဂန်စာအုပ် ပြုလုပ်စီရင်သောအမှု၊ ဤအမှုများသည် ဉာဏသမ္ဘာရ ကုသိုလ်မှုပေတည်း။

မိမိမလေ့လာနိုင်ရှိရသည်ကို ရှုတ်ချ၍ သူတစ်ပါးလေ့လာ သည်ကို ကြည်ညိုမှု, ရိုသေမှု, ချီးမွမ်းမှု, ပူဇော်မှု, ချီးမြှောက်မှု, ထောက်ပံ့မှု, ပြုစုပျိုးထောင်မှု, ကျမ်းစာဆောင်တို့ကို အရှည်စည်ကား ပွါးများဖြစ် ထွန်းအောင် ကြေးငွေပေး၍ ရေးသားထူထောင်မှုများသည်လည်း ကောင်း၊ အလိမ်အမာဉာဏ်ပညာကို တောင့်တ၍ ပြအပ်သောဒါနမှု, သီလမှု, ဝေယျာဝစ္စမှုစသည်များသည်လည်းကောင်း ဉာဏသမ္ဘာရတွင် အဝင်အပါဖြစ်၏၊

ယော ဟိ ပရေသံ ဓမ္မံ ဒေသေတိ၊ အနဝဇ္ဇာနိ သိပ္ပါယတနကမ္မာယတနဝိဇ္ဇာဌာနာနိ သိက္ခာပေတိ၊ ဓမ္မကထိကံ သက္ကာရံ ကတွာ ဓမ္မံ ကထာပေတိ၊ အာယတိံ ပညဝါ ဘဝိဿာမီတိ ပတ္ထနံ ပဋ္ဌပေတွာ နာနပ္ပကာရကံ ဒါနံ ဒေတိ၊ တဿ ဧဝရူပံ ကမ္မံ ဥပနိဿာယ ကုသလံ ဥပ္ပဇ္ဇမာနံ ဉာဏသမ္ပယုတ္တံ ဥပ္ပဇ္ဇတိ။

[အဋ္ဌသာလိနီ။]

အနက်ကား။။ ယော=အကြင်သူသည်၊ ပရေသံ=သူတစ်ပါး တို့အား၊ ဓမ္မံ=တရားကို၊ ဒေသေတိ=ဟောပေ၏၊ (တရားကျမ်းဂန် ဟောပြောပို့ချသည်ကိုယူ။) အနဝဇ္ဇာနိ=အပြစ်ကင်းကုန်သော၊ သိပ္ပါယတန ကမ္မာယတန ဝိဇ္ဇာဌာနာနိ=အသက်မွေးကျောင်းဖြစ်သော အတတ်မျိုး, အမှုမျိုး, ပညာမျိုးတို့ကို၊ သိက္ခာပေတိ=သင်ကြားပြသ၏၊ (ပန်းရန်,ပန်းပု,ပန်းပဲ,ပန်းတိမ်စသည်ကား-သိပ္ပ၊ ကုန်သွယ်မှု, လယ်လုပ်မှု စသည်ကား-ကမ္မ၊ ပကတိလူတို့၏ ကြံဖန်ပြုလုပ်ခြင်းငှါ မတတ်ကောင်း သော ဂါထာမန္တရား ဆေးဝါးအင်းအိုင်ပညာမျိုး, ဗေဒင်ပညာမျိုး စသည်ကား-ဝိဇ္ဇာ၊ ဤသိပ္ပ,ကမ္မ,ဝိဇ္ဇာတို့ကို စင်ကြယ်သောစိတ်ဖြင့် သူတစ်ပါးတို့အား သင်ကြားပြသခြင်းသည် ဉာဏသမ္ဘာရ ကုသိုလ်မည်၏ဟူလိုသည်။) ဓမ္မကထိကံ=တရားဟောပုဂ္ဂိုလ်ကို၊ သက္ကာရံကတွာ= ပူဇော်သက္ကာရပြု၍၊ ဓမ္မံ=တရားကို၊ ပရေသံ=သူတစ်ပါးတို့အား၊ ကထာပေတိ=ဟောပြောစေ၏၊ (မိမိကပစ္စည်းဝတ္ထုစိုက်ပျိုးလျှင် လူပညာရှိ, ရဟန်း ပညာရှိတို့ကိုပင့်ခေါ်၍ ပရိသတ်အများအားတရားနာ အစည်း အဝေးပြု၍ပေးသည်။) အာယတိံ=နောင်သောအခါ၌၊ ပညဝါ= ပညာရှိသည်၊ ဘဝိဿာမိ=ဖြစ်ရလတံ့၊ ဣတိ=ဤသို့၊ ပတ္ထနံ=ဆုတောင်း ခြင်းကို၊ ပဋ္ဌပေတွာ=ဖြစ်စေ၍၊ နာနပ္ပကာရကံ=အထူးထူးအပြား ပြားသော၊ ဒါနံ=ကုသိုလ်ကောင်းမှုကို၊ ဒေတိ=ပေးလှူ၏၊ တဿ= ထိုပုဂ္ဂိုလ်အား၊ ဧဝရူပံ=ဤသို့သဘောရှိသော၊ ကမ္မံ=ကံကို၊ ဥပနိဿာယ= မှီ၍၊ ကုသလံ=ကုသိုလ်သည်၊ ဥပ္ပဇ္ဇမာနံ=ပြုသည်ရှိသော်၊ ဉာဏ သမ္ပယုတ္တံ=ဉာဏ်ပညာသည်၊ ဥပ္ပဇ္ဇတိ=ဖြစ်ပေါ်လာ၏၊

တရားကျမ်းဂန်မျိုးဆိုခဲ့ပြီးသော သိပ္ပ,ကမ္မ,ဝိဇ္ဇာတို့ကို ဆိုသောလောကီကျမ်းဂန်မျိုးတို့ကို လက်ခကံကျွေးပေး၍ ရေးသား ပြုစုမှုများသည် ဆိုဖွယ်မရှိ၊ ဉာဏသမ္ဘာရ ကုသိုလ်အထူးဖြစ်သည်၊ ပုညသမ္ဘာရ ကုသိုလ်မည်သည်ကား ပညာကို အထူးမရည်စူးမူ၍ ပြုအပ် သောဒါနမှု,သီလမှုစသည်တို့တည်း။

ပုညသမ္ဘာရနှင့်ဉာဏသမ္ဘာရအထူး

၁။ ဤပုညသမ္ဘာရကုသိုလ်သည် ဘဝ၏မြင့်မြတ်ခြင်း, ဘောဂ၏ မြင့်မြတ်ခြင်းကိုသာ သန်သန်ပေးနိုင်သည်၊ အလိမ္မာကို သန်သန်မပေးနိုင်။

၂။ သင်ကြားပို့ချမှုဟူသော ဉာဏသမ္ဘာရကုသိုလ်သည် အလိမ္မာကိုသာ သန်သန်ပေးနိုင်သည်၊ ဘဝဘောဂကို လွန်စွာမပေးနိုင်။ မဟောသဓာနှင့်ဝိဒေဟရာဇ်မင်းကိုရှု၊ မဟောသဓာသည် ထိုဘဝ၌ ဉာဏသမ္ဘာရ အကျိုးသက်သက်ပေ တည်း၊ ဝိဒေဟရာဇ်မှာ ပုညသမ္ဘာရ အကျိုးသက်သက်ပေတည်း၊ ထို့ကြောင့် ဉာဏသမ္ဘာရ ကုသိုလ် အထူးဆိုခဲ့ ပေသည်။

၁။ ပရိပုစ္ဆကထာ=ပညာရှိထံချဉ်းကပ်၍ မေးလေ့မြန်းလေ့ ရှိခြင်း,

၂။ ဝတ္ထုဝိသဒကရိယာ=ကိုယ်အင်္ဂါနှင့်တကွ အတွင်းအပ ဖြစ်သော ဝတ္ထုတို့ကို အသန့်အရှင်းဖြစ်စေခြင်း,

၃။ ဣန္ဒြိယသမတ္တပဋိပါဒနာ=သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ကို အယုတ်အလွန် မရှိစေရအောင် မျှတညီညွတ် စေခြင်း,

၄။ ဒုပ္ပည ပုဂ္ဂလ ပရိဝဇ္ဇနာ=ပညာနည်းပါးလှသော ပုဂ္ဂိုလ်ကို ကြဉ်ရှောင်ခြင်း,

၅။ ပညာဝန္တပုဂ္ဂလသေဝနာ=ပညာရှိပုဂ္ဂိုလ်ကို မှီဝဲခြင်း,

၆။ ဂမ္ဘီရဉာဏစရိယ ပစ္စဝေက္ခဏာ=နက်နဲသောဉာဏ်၏ ကျက်စားရာဖြစ်သော တရားကျမ်းဂန်များကို ဆင်ခြင်ခြင်း,

၇။ တဒဝိမုတ္တတာ=ဓမ္မဝိစယဉာဏ်ဖြစ်ရန်အမှု၌ အမြဲညွတ် သောစိတ်ရှိခြင်း,

ဤဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ရန် တရားခုနစ်ပါးသည်လည်း ဉာဏသမ္ပယုတ် အကြောင်းစုပင်တည်း။

ဉာဏသမ္ပယုတ်၏အကြောင်းပြီး၏၊

[ဉာဏဝိပ္ပယုတ်မှာ ဉာဏသမ္ပယုတ်မှ ပြန်လှန်လေ။]

ဉာဏဝိပ္ပယုတ်၏အကြောင်းပြီး၏၊

သင်္ခါရစစ်ချက်

ရှေး၌ဆိုခဲ့ပြီးပင်ဖြစ်ငြားသော်လည်း အဋ္ဌကထာမှာ ဤမဟာ ကုသိုလ်တွင် ဖွင့်ဆိုရင်းဖြစ်ပေ၍ အဆင့်ဆင့် ထင်လင်းစေခြင်းငှါ သင်္ခါရ အဖြစ်ကို ဆိုဦးအံ့။

သသင်္ခါရိကကို အလျင်ဆိုမည်။

ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ သသင်္ခါရေန၊ [ဓမ္မသင်္ဂဏီပါဠိတော်။]

သဟသင်္ခါရေနာတိ သသင်္ခါရော၊ တေန သသင်္ခါရေန သပ္ပယောဂေန သဥပါယေန ပစ္စယဂဏေနာတိ အတ္ထော၊ ယေနဟိ အာရမ္မဏာဒိနာ ပစ္စယဂဏေန ပထမံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ၊ တေနေဝ သပ္ပယောဂေန သဥပါယေန ဣဒံ ဥပ္ပဇ္ဇတိ။ [အဋ္ဌသာလိနီ။]

ဤအဋ္ဌကထာ၌ အာရမ္မဏစသော သာမညအကြောင်းစုကို ပစ္စယဂဏ-ဟူ၏၊ ကုသိုလ်၏ ဝိသေသအကြောင်းစုကိုယူမှ ပါကဋ ဖြစ်သည်။

သဟသင်္ခါရေနာတိ သသင်္ခါရော၊ သပ္ပုရိသူပနိဿယစသော ပစ္စည်းအပေါင်းရ၏၊ ယင်းပစ္စည်းအပေါင်းသည်ပင် ပယောဂ-ဟုဆိုအပ် သော သင်္ခါရအထောက်အကူရှိမှ စိတ်ကိုဖြစ်စေနိုင်သောအခါ သသင်္ခါရမည်၏၊ သသင်္ခါရေန ဥပ္ပန္နံ သသင်္ခါရိကံ၊ သင်္ခါရကူရသော အကြောင်းအပေါင်းကြောင့် ဖြစ်ပေါ်သောစိတ်-ဟူလိုသည်။ နတ္ထိ သင်္ခါရော ဧတဿာတိ အသင်္ခါရော၊ သင်္ခါရမကူဘဲနှင့် စိတ်ကိုဖြစ်စေနိုင်သော ယခင်အကြောင်း အပေါင်းပင် ရ၏၊ အသင်္ခါရေ ဥပ္ပန္နံ အသင်္ခါရိကံ၊ ထိုသုဒ္ဓအကြောင်းအပေါင်းကြောင့် ဖြစ်သောစိတ်ရ၏၊ အသို့နည်းဟူမူ

၁။ လူလူရှင်ရှင် နေ့စဉ်ထပ်ထပ် ဝတ်ကပ်မှု၌ အချိန်ကျ၍ ကြေးစည်ခေါင်းလောင်းထိုးလျှင် ပကတိသောစိတ်ဖြင့် ပေါ့ပေါ့ပါးပါးသွားရောက် ဖြည့်ကျင့်သောအခါ ပယောဂ မကူဘဲ သွားမြဲသွား၍ဖြစ်သော ကုသိုလ်သည် အသင်္ခါရိက မည်၏၊

၂။ ရံခါတစ်စုံတစ်ခု အတွက်ကြောင့် စိတ်အခြေပျက်၍ နေ၏၊ ကြေးစည်လောင်းသံ ကြားသော်လည်း သွားချင်စိတ် အလွန် နုံ့၏၊ မသွက်မသံရှိ၏၊ မသွားအံ့သောအခွင့်ကို ရှေးရှု၏၊ ထိုအခါ မိမိစိတ်ကို မိမိသော်လည်း ပြုပြင်၍သွားရသည်၊ အဖော်အပေါင်းဆိုမည် ကဲ့ရဲ့မည်ကို ကြောက်၍သော်လည်း သွားရသည်၊ အဖော်အပေါင်း မရိုမသေမည်ကို ကြောက်၍ သော်လည်း သွားရသည်၊ လာဘ်သပ်ပကာကို အကြောင်း ပြု၍သော်လည်း သွားရသည်၊ အကျော်အစောရမည်ကို အရင်းပြု၍သော်လည်း သွားရသည်၊ မသွားလျှင် အများ အစည်းအဝေးပျက်မည်ကို အကြောင်းပြု၍ သွားရသည်၊ ဤသို့သွား၍ဖြစ်သော ကုသိုလ်သည် သသင်္ခါရိကမည်၏၊ ၁။ အစ၌ ထိုဝတ်မှုဖြစ်လာခြင်း၏ အကြောင်းကားသပ္ပုရိသူပနိဿယ၊ သဒ္ဓမ္မသဝန-စသော အကြောင်းပေ တည်း၊ ထိုအကြောင်းစုသည် ပကတိပစ္စည်း အပေါင်းမည်၏၊ ထိုအကြောင်းစု အနေအတိုင်းနှင့်မတွန့်မတောင့် အဖြောင့် သွား၍ဖြစ်သော ကုသိုလ်သည် အသင်္ခါရိက မည်၏၊ ၂။ ရံခါ ထိုအကြောင်းစုအနေအားဖြင့် သွားဖြစ်တော့မည်မဟုတ်၊ မိမိစိတ်ကို မိမိတိုက်တွန်းခြင်း, သူတစ်ပါး တို့ခေါ်ငင်ဆော် ဩခြင်း-ဟူသော အကူအမပယောဂမှု, အပေါင်းအဖော်တို့ ဆိုမည် ကဲ့ရဲ့မည်ကို ကြံစည်ခြင်းစသော အကူအမဥပါယမှု တို့နှင့်ဖက်၍သာ သွားဖြစ်ပြုဖြစ်သော ကုသိုလ်သည် သ သင်္ခါရိက မည်၏၊

[ကုသိုလ်တိုင်းမှာ ဝတ်တက်မှုနှင့်ယှဉ်၍ယူလေ။]

ဣဓ=ဤလောက၌၊ ဧကစ္စော=အချို့သော၊ ဘိက္ခု=ရဟန်းသည်၊ ဝိဟာရပစ္စန္တေ=အစွန်းအဖျားဖြစ်သောကျောင်း၌၊ ဝသမာနော=နေလျက်၊ စေတိယင်္ဂဏသမ္မဇ္ဇနဝေလာယဝါ=စေတီပြင်တွင် တံမြက်လှည်းသော အခါသည်လည်းကောင်း၊ ထေရုပဋ္ဌာနဝေလာယဝါ=ထေရ်ကြီးတို့အား ခစားသောအခါသည်လည်းကောင်း၊ သမ္ပတ္ထာယ=ရောက် လတ်သည် ရှိသော်၊ ဓမ္မသဝနဒိဝသေ=တရားနာနေ့သည်၊ သမ္ပတ္တေ=ရောက်လတ် သည်ရှိသော်၊ မယိ=ငါသည်၊ ဂန္တွာ=သွားပြီး၍၊ ပစ္စာဂစ္ဆန္တေ=ပြန်သည် ရှိသော်၊ အတိဒူရံ=အလွန်ဝေးသည်၊ ဘဝိဿတိ=ဖြစ်လတံ့၊ နဂမိဿတိ= မသွားတော့အံ့၊ ဣတိ=ဤသို့၊ စိန္တေတွာ=ကြံပြီး၍၊ ပုန=တစ်ဖန်၊ စိန္တေတိ= ကြံပြန်၏၊ ဘိက္ခုဿနာမ=ရဟန်းအားမည်သည်၊ စေတိယင်္ဂဏံဝါ= စေတီပြင်သို့လည်းကောင်း၊ ထေရုပဋ္ဌာနံဝါ=ထေရ်ကြီးတို့အား ခစားရာ အစည်းအဝေးသို့လည်းကောင်း၊ ဓမ္မသဝနံဝါ=တရားနာ အစည်းအဝေးသို့ လည်းကောင်း၊ အဂန္တုံ=မသွား မလာနေခြင်းငှါ၊ အသာရုပ္ပံ=မလျောက် ပတ်ပေ၊ ဂမိဿာမတိ=သွားပေမှလျော်မည်ဟူ၍၊ ဂစ္ဆာတိ=သွားပြန်၏၊ ဧဝံ=ဤသို့၊ အတ္တနော=မိမိ၏၊ ပယောဂေနဝါ=ပယောဂဖြင့်

လည်းကောင်း၊ ပရေန=သူတစ်ပါးသည်၊ ဝတ္တာဒီနိ=ဝတ်စသည်တို့ကို၊ အကရဏေစ=မပြုဘဲနေခြင်း၌လည်း၊ အာဒီနဝံ=အပြစ်ကို၊ ကရဏေစ= ပြုကျင့်သည်၌ လည်း၊ အာနိသံသံ=အကျိုးအာနိသင်ကို၊ ဒေဿတွာ= ဟောပြ၍၊ ဩဝဒိယမာနဿဝါ=ဆုံးမအပ်သည်ဖြစ်၍လည်းကောင်း၊ နိဂ္ဂဟဝသေနဝါ=အနိုင်အနင်းနှိပ်သည်၏ အစွမ်းဖြင့်လည်း၊ ဧဟိ=လာ လော့၊ ဣဒံ=ဤအမှုကို၊ ကရောဟိ=ပြုလော့၊ ဣတိ=ဤသို့၊ ကာရိယ မာနဿဝါ=အပြုခိုင်းအပ်သည်ဖြစ်၍လည်းကောင်း၊ ဥပ္ပန္နံ=ဖြစ်ရသော၊ ကုသလစိတ္တံ=ကုသိုလ်သည်၊ သသင်္ခါရေန=သင်္ခါရနှင့်တကွသော၊ ပစ္စယ ဂဏေန= အကြောင်းအပေါင်းကြောင့်၊ ဥပ္ပန္နံနာမ=ဖြစ်သည်မည်သည်၊ ဟောတိ=ဖြစ်၏၊

[အဋ္ဌသာလိနီ။]

အချိန်အခါ ဆိုက်ရောက်လာ၍ပင်ဖြစ်စေ, သူတစ်ပါးတို့ဆော်ဩ ဖိတ်ကြားလာ၍ပင်ဖြစ်စေ၊ ကြားသည်, သိသည်မှစ၍ ကုသိုလ်ကို လိုလားမှု, ပြဋ္ဌာန်း၍သွားရောက်ပြုကျင့်အပ်သော ကုသိုလ်သည်သာလျှင် အသင်္ခါရိကဖြစ် ပေသတည်း။

အသင်္ခါရိကနှင့်သသင်္ခါရိကအထူး

၁။ အသင်္ခါရိကနှင့် လူဖြစ်သောသူသည် ခပ်သိမ်းသော အမှု၌ နုံ့နှေးသောမည်သည်မရှိ၊ ရှေ့သွားရှေ့ ဆောင် သာဖြစ်၏၊ လျင်မြန်ပေါ့ပါး၏၊ ရဲရင့်၏၊ ရက်စက်၏၊ ကျွတ်ကျွတ်လွတ်လွတ်ပြုလေ့ရှိ၏၊ အကျိုးပေးလည်း သန်သန်ရဲရဲပေးတတ်၏၊

၂။ သသင်္ခါရိကနှင့် လူဖြစ်သောသူသည် ခပ်သိမ်းသော အမှု၌ နုံ့နှေး၏၊ သူတစ်ပါးနောက်လိုက်သာဖြစ်၏၊ လေးလံ၏၊ ရွံ့၏၊ တွန့်တို၏၊ ချွဲနွဲ၏၊ အကျိုးပေးလည်း နှောင့်နှောင့်ယှက်ယှက် ရှိတတ်၏၊

အသင်္ခါရိက၏အကြောင်း

၁။ အသင်္ခါရိကကံနှင့်ရသော ပဋိသန္ဓေရှိသည်လည်းဖြစ်စေ,

၂။ ရှေးရှေးဘဝ၌ လေ့ကျင့်ဖူးသော အထုံနည်းသည် လည်း ဖြစ်စေ,

၃။ လျောက်ပတ်သော ဥတုဘောဇနအခါသမယနှင့် ပြည့်စုံ သဖြင့် ကိုယ်စိတ်နှစ်ဖြာချမ်းသာခိုက်လည်းဖြစ်စေ,

၄။ မြော်မြင်တတ်သောအရွယ်သို့ ရောက်သည်လည်းဖြစ်စေ,

၅။ သဒ္ဓါပညာနှင့်ပြည့်စုံသည်လည်းဖြစ်စေ,

၆။ ကြည်လင်ဖွယ်သော အပေါင်းအာဘော်, အလှူဝတ္ထု, အလှူခံ ပုဂ္ဂိုလ်စသည်နှင့် ပြည့်စုံသည်လည်းဖြစ်စေ,

[အသင်္ခါရိကဖြစ်ကြောင်း။]

တစ်နည်း။။ ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ၁၀-ပါး၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ဖြစ်ကြောင်းတရား ၇-ပါးတို့သည်လည်း အသင်္ခါရိကနှင့် လျောက်ပတ်၏၊ ဝိဘင်းအဋ္ဌကထာမှာယူ။

အသင်္ခါရိက၏အကြောင်းပြီး၏၊

[သသင်္ခါရိကအကြောင်းမှာ အသင်္ခါရိကမှပြန်၍ယူလေ။] မဟာကုသိုလ်ပြီး၏၊

--------

မဟာဝိပါက်

ဝိပါကသဒ္ဒါ၏အနက်ကို ဆိုခဲ့ပြီးသော်လည်း အသစ်အသစ်ထင် လင်းစေခြင်းငှါ ဥပမာနှင့်တကွ ပြဆိုဦးအံ့။

ဒါနပြုရာ၌ ဇော ၇-ကြိမ်ဖြစ်၍ ချုပ်လေသောအခါ ထိုစိတ် သန္တာန်မှာ အာဟိတဝိသေသ ဗီဇဘာဝကို ထားခဲ့၍ချုပ်သည်၊ ထိုဗီဇဘာဝသည် ဝိပါက်ဖြစ်ရန်ကိစ္စ, အာသေဝနကိစ္စ, ဥပနိဿယကိစ္စ, ဝသီဝါသနာကိစ္စ, အနုသယကိစ္စ, စရိုက်ကိစ္စ, အဇ္ဈာသယကိစ္စ, အဓိမုတ္တိကိစ္စ, ပါရမီသမ္ဘာရကိစ္စဟူ၍ ချုပ်လေသော တရားအားလျော်စွာ များစွာသော ကိစ္စစွမ်းရည်ရှိ၏၊ ယင်းကိစ္စစွမ်းရည်တို့ကိုဆောင်လျက် ထိုစိတ်သန္တာန်တွင် အစဉ်လိုက်ပါ၍နေ၏၊

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။

မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။

တတော နံ သုခ မနွေတိ၊ ဆာယာဝ အနုပါယိနီ။။

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။

မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။

တတော နံ ဒုက္ခ မနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။။

န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။

ဒဟန္တံ ဗာလ မနွေတိ၊ တသ္မာ ဆန္နောဝ ပါဝကော။။

[ဓမ္မပဒ။]

ချုပ်လေပြီးသော စိတ္တုပ္ပါဒ်၌ သမ္ပယုတ်တရားစုမှ ဗီဇဘာဝအသီး အသီးကျန်ရှိကြ၏၊ ထိုတွင် စေတနာဗီဇ ဘာဝသည် ကုသိုလ်သဘော ဖြစ်အံ့၊ သုဂတိဘုံ၌ ပဋိသန္ဓေဝိပါက်, ပဝတ္တိဝိပါက်ဖြစ်၍ထွက်၏၊ အကုသိုလ်သဘော ဖြစ်အံ့၊ ဒုဂ္ဂတိ၌ ထွက်ပေါ်၏၊ ပညာဗီဇဘာဝသည် နောင်ပညာကြီးမြတ်ဖို့အာသေဝနကိစ္စ, ဥပနိဿယကိစ္စ-စသည်ကို ဆောင်ပေ၏၊ မောဟဗီဇဘာဝသည် နောင်မောဟထက်သန်ဖို့ အာသေဝနကိစ္စစသည်ကို ဆောင်ပေ၏၊ သမ္ပယုတ်တရားကုန်အောင် ဝေဖန်၍ဆိုလေ။

အထူးကား။။ ဝိပါက်ဖြစ်ရန်ကိစ္စမှာ စေတနာ၏ ကိစ္စအသီးသီး ပေတည်း၊ အနုသယကိစ္စမှာ အကုသိုလ်နှင့်သာယှဉ်၊ ပါရမီကိစ္စမှာ ကုသိုလ်နှင့်သာယှဉ်၊ ကြွင်းကိစ္စစုမှာ ကုသိုလ်,အကုသိုလ်နှစ်ဖက်ရ၊ အထူး တစ်ခုမှာလည်း လောဘတွင် သမုဒယသစ္စာ ကိစ္စလွန်၏၊ ထိုသမုဒယကိစ္စ နှင့်ဖက်တွဲရမှ စေတနာသည် ဝိပါကကိစ္စကို စွမ်းနိုင်သည်၊ ပညာဗီဇ ထက်သန်လှသောသူအား ပညာဖြစ်ရန်အခွင့်နှင့် တွေ့တိုင်းတွေ့တိုင်း ပညာတောက်ထွန်း၏၊ လောဘဗီဇထက်သန်သောသူအား လောဘဖြစ် ပေါ်ရန်အခွင့်နှင့်တွေ့တိုင်းတွေ့တိုင်း လောဘတောက်ထွန်း၏၊ ရံခါ သူတော်ကောင်းတရားနှင့်တွေ့ပြန်၍ အလောဘကို မွေးမြူပြန်လျှင် လောဘမှိန်ပြန်၏၊ အဒေါသကိုမွေးမြူပြန်လျှင် ဒေါသမှိန်ပြန်၏၊ အမောဟကို မွေးမြူပြန်လျှင် မောဟမှိန်ပြန်၏၊ ကုသိုလ်ပက္ခနှင့်ဝေးပြန် လျှင် အဆင့်ဆင့်အားကြီး၍ သွားပြန်၏၊ မဂ်ကုသိုလ်နှင့်တွေ့ကြမှ ထို အကုသိုလ်ဗီဇတို့သည် ဓာတ်သက်ကုန်၍ မျိုးဆက်ဆုံးကြကုန်သည်။

အကုသိုလ်မျိုးဆက် ဆုံးသည်နှင့်တစ်ပြိုင်နက် တစ်ချက်တည်း၊ ကုသိုလ်ဗီဇတို့သည်လည်း မျိုးဆက်ဆုံးကြကုန်၍ ကြိယာအကျိုးငှါ ဖြစ်ကြကုန်၏၊ ထိုဗီဇဓာတ်နုတို့သည် ဗီဇဘာဝအခိုက်၌ အောင်မြင်သော ကုသိုလ်အဖြစ်လည်း မရှိကုန်၊ အောင်မြင်သော အကုသိုလ်အဖြစ်လည်း မရှိကုန်၊ ထို့ကြောင့် ကုသိုလ်,အကုသိုလ်,အဗျာကတတို့နှင့်မကွဲမပြား ရောနှောကာလိုက်ပါ၍ နေကြကုန်သည်၊ ထိုသို့နေကြကုန်သော်လည်း ဥပါဒ်,ဌီ,ဘင်နှင့် အောင်မြင်စွာပေါ်ကြသော စိတ္တုပ္ပါဒ်အစုတို့၌ ဝိညာဉ် လည်း ဓာတ်အသီး, ဖဿလည်း ဓာတ်အသီး, ဝေဒနာလည်း ဓာတ် အသီး၊ ဤသို့ အသီးအသီးဓာတ်တွဲ၍ ပေါ်ကြကုန်သကဲ့သို့ ထိုဗီဇဓာတ် တို့မူကား ဓာတ်မကွဲကြကုန်။

ထို့ကြောင့် ထိုဗီဇဓာတ်တို့အတွက်နှင့် သမ္ပယောဂနည်း, သင်္ဂဟနည်းတို့၌ အရေအတွက် မထွက်ရကုန်၊ ပရမတ္ထအရာ၌ အကြံအဖန်အလေ့ပြုသော သူတို့ကို အကြံပွါးရန် နည်းပြလိုက်သည်၊ ကုသိုလ်စေတနာစသည်မှဖြစ်သော ဗီဇဓာတ်သည်လည်း ဗလဝ, ဒုဗ္ဗလနှစ်ပါး ဥက္ကဋ္ဌ,ဩမက-ဆိုလိုသည်၊ ဥက္ကဋ္ဌမှာလည်း ဥက္ကဋ္ဌထက် ဥက္ကဋ္ဌအရာ အထောင်မကဆင့်လေ၊ ဩမကမှာလည်း ဩမကအောက် ဩမကအရာမကဆုတ်လေ၊ ကံကိုပြုစဉ်အခါအားရှိ အားမဲ့အတိုင်း သန္တာန်၌အစဉ်ပါသော ဗီဇဓာတ်သည် အားရှိအားမဲ့ဖြစ်၏၊

၁။ ဝိပါက်ဖြစ်၍ ထွက်ပေါ်သောအခါ အားရှိသောဗီဇဓာတ် ဖြစ်ပေလျှင် ဖြစ်ပေါ်ရာဘာဝသည် မြင့်မြတ်၏၊ အရှိန်အဝါတောက် ထွန်း၍ ကမ္မဇအစဉ်,ဘဝင်အစဉ်ခိုင်ခံ့၏၊ အသက်တမ်းအားလျော်စွာ ဘဝင်သန္တာန်ရှည်၊ ခြောက်ဒွါရတို့၌ ဣဋ္ဌဝိပါက်တို့သည် စည်ကားကုန်၏၊ ထိုဝိပါက်တို့စည်ကားရန် ရွှေငွေစသော စည်းစိမ်အဆောက်အအုံတို့သည် ဖြစ်ထွန်းလာရကုန်၏၊

၂။ အားနွဲ့သော ဗီဇဓာတ်ဖြစ်ပေလျှင် ဖြစ်ပေါ်ရာဘာဝသည် ယုတ်နိမ့်၏၊ အရှိန်အဝါ သေးနုတ်၏၊ ကမ္မဇအစဉ်, ဘဝင်အစဉ် လျော့ရဲ၏၊ ဘဝင်သန္တာန်တို့၏ ခြောက်ဒွါရတို့၌ ဣဋ္ဌဝိပါက်တို့သည် ပါးရှားကုန်၏၊ အသုံးအဆောင်မရှိ၊ တစ်နေ့စာကို တစ်နေ့လုံး ပင်ပန်းမှရ၏၊ ပဝတ္တိ၌ ထောက်ပံ့သော ဗီဇဓာတ်မရှိလျှင် တစ်သက် လုံးမွဲ၏၊

လေးဥပမာ

ဒူးလေးတွင် မြားတင်၍ပစ်ရာ၌

၁။ အသားလည်း မှန်စေ,

၂။ အလုပ်လည်း ကောင်းစေ,

၃။ လေးမှု၌လည်း ကျွမ်းကျင်စေ,

၄။ မြားလမ်းလည်း သာစေ,

၅။ လေမိုးလည်း ကောင်းစေ,

ပစ်လျှင် တစ်ဥသဘနှစ်ဥသဘသွား၏၊

နှိုင်းယှဉ်ပြချက်

၁။ လေးကိုယ်နှင့်လူကိုယ်တူ၏၊

၂။ လေးကိုင်းနှင့်ကမ္မဒွါရ သုံးပါးတူ၏၊

၃။ လေးကြိုးနှင့်ဇောခုနစ်ကြိမ်, စေတနာခုနစ်ချက်တူ၏၊

၄။ မြားနှင့်စိတ်သန္တာန်တူ၏၊

၅။ မြားတွင်ပါသောအဟုန်နှင့် ဗီဇဓာတ်တူ၏၊

၆။ မြားလမ်းနှင့်စိတ်သန္တာန်တူ၏၊

၇။ အသားမှန်နှင့်တိဟိတ်,ဒွိဟိတ်ဘဝင်တူ၏၊

၈။ အလုပ်ကောင်းနှင့် ကုသိုလ်မှုစင်ကြယ်ချက်တူ၏၊

၉။ လေးမှု၌ကျွမ်းကျင်သည်နှင့် တရားကျမ်းဂန် ဗဟုသုတ တူ၏၊

၁၀။ မြားလမ်းသာသည်နှင့် သမာအာဇီဝတူ၏၊

၁၁။ လေမိုးကင်းသည်နှင့် ဘဝဘဝ၌ ကံကြီးမထိုက် အပြစ်ကြီး ကင်းမှုတူ၏၊

လေးကိုင်းအချက်သည် လေးကြိုး၌ခိုက်၏၊ လေးကြိုးအချက် သည် မြား၌ခိုက်၏၊ လေးကြိုးအခိုက် အရိုက်သံလျှင် မြားအားသံ၏၊ မြားလမ်းသာလျှင် အဟုန်ကုန်မှကျ၏၊ မြားလမ်းမသာလျှင် ခိုက်မိ တိုက်မိရာ၌ ကျ၏၊ လေကြမ်းမိုးကြမ်းတွေ့လျှင် တွေ့ရာတွင် အသွား ပျက်၏၊ လေးကြိုးသည် တစ်ချက်ရိုက်ပြီးလျှင် ပြီး၏၊ မြားသွားရာသို့ ထက်ကြပ်မလိုက်၊ မလိုက်သော်လည်း တစ်ကြိမ်ရိုက်သော အဟုန်အရှိန် သည် တစ်ဥသဘ, နှစ်ဥသဘတိုင် မြားတွင်ပါလေ၏၊ အဟုန်ကုန်ရာ၌ မြားကျ၏၊

စိတ်သန္တာန်မှာမူကား-ကျသည်ဟူမရှိ၊ ပရိဗ္ဗာန်စိတ်တွင် မှကျသည်၊ ဗီဇဓာတ်ဟုန်မှာကား-အကြင်အခါ အခွင့်ပေါ်ဖို့အကြောင်း ကိုရ၏၊ ထိုအခါ ဝိပါက်ခေါ်ရသော ဓာတ်စု,ဓာတ်ခဲအဖြစ်နှင့် အသီး ပေါ်ထွက်၍ စိတ်သန္တာန်တစ်မျိုးထူထောင်၍ မြစ်ရေအလျဉ်ကဲ့သို့ အဟုန်နှင့်တကွ ပြေးသွား၍ အဟုန်သေလျှင် စုတိဖြစ်၍ ဆုံး၏၊ အဟုန်သေရသည်မှာလည်း အချိန်ရောက်၍ သေရသည်လည်းရှိ၏၊ တိုက်မိခိုက်မိ၍ ကျရသောမြားကဲ့သို့ အကြောင်းတစ်ပါးနှိပ်စက်၍ သေရ သည်လည်းရှိ၏၊ စုတိကျ၍ တစ်ဘဝဆုံးလျှင် ပဋိသနှေအတွက်နှင့် စေတနာတစ်ချက်စာငြိမ်း၏၊ ပဝတ္တိဝိပါက်အတွက်မှာ ဘဝတစ်ရာ, ဘဝတစ်ထောင်မကသွားနိုင်၏၊

[ဤကား လေးဥပမာတည်း။]

မီးခြစ်ဥပမာ

မီးခြစ်နှင့်လည်းတူပါ၏၊ မီးကိုတောက်စေနိုင်သော ဓာတ်ဆေး တို့ကိုစု၍ မီးခြစ်ဖြစ်၏၊ ထိုမီးခြစ်၌ပါသော အဂ္ဂိဗီဇဓာတ်သည် ကော်ပတ် နှင့်မတွေ့သမျှကာလပတ်လုံး ယမ်းတိုက်ထဲမှာပင် ထားသော်လည်း မီးတောက်ဖြစ်၍ မထွက်သေး၊ ကော်ပတ်နှင့်တိုက်မှသာ မီးတောက် မီးလျှံဖြစ်၍ ထွက်ပေါ်သည်။

နှိုင်းယှဉ်ပြချက်

၁။ မီးခြစ်တံနှင့် စိတ်သန္တာန်တူ၏၊

၂။ ကော်ပတ်တိုက်သည်နှင့် ဆိုက်တိုက်လာသော အကြောင်း စုတူ၏၊

[ပဋိသန္ဓေတို့မှာ ကံ,ကမ္မနိမိတ်,ဂတိနိမိတ်၏ ထင်လာခြင်းများ ကိုယူ၊ ပဝတ္တိဆဒွါရိကဝိပါက်တို့မှာ ခြောက်ဒွါရတွင် ဣဋ္ဌာရုံတို့၏ ထင် လာခြင်းများကိုယူ။]

၃။ ကော်ပတ်အတိုက်တွင်မှ ထိုအဂ္ဂိဗီဇဓာတ် မီးတောက် မီးလျှံဖြစ်၍ ထွက်ပေါ်သည်နှင့်ထင်လာသော ထိုအာရုံတို့ကိုစွဲ၍ ထိုကုသိုလ်ဗီဇဓာတ်သည် ဝိပါက်နာမ်ကလာပ်ဖြစ်၍ ထွက်ပေါ်မှုတူ၏၊ မီးတောက်မီးလျှံဖြစ်၍ထွက်ပေါ်ပြီးလျှင် မီးတောက်မီးလျှံ အချုပ်တွင် အဂ္ဂိဗီဇဓာတ်သက်ဆုံး၏၊ မီးစနှင့်တို့သော်လည်း မ တောက်ပြီ။

ထို့အတူ ကုသိုလ်စေတနာ ဗီဇဓာတ်သည်လည်း ဓာတ်အသီး ဖြစ်၍ မထွက်ရသေးသမျှကာလပတ်လုံး ငုတ်ဓာတ်,ဝပ်ဓာတ်အနေ နှင့်သာ ကမ္ဘာအထောင်မကလိုက်၍ အစွမ်းရှိသလောက် ပဋိသန္ဓေ ဝိပါက်,ပဝတ္တိဝိပါက် အနေနှင့်ထွက်ပေါ်ရညပီးနောက် ဓာတ်သက်ကုန် ဆုံး၏၊ ထွက်ပေါ်ခွင့်မရခဲ့လျှင် ပရိနိဗ္ဗာန်စံမှဆုံးသည်၊ ဓာတ်အသီးဖြစ်၍ မထွက်သေးသမျှကာလပတ်လုံး ငုတ်ဓာတ်အစု၊ ဝပ်ဓာတ်အစုအနု အကင်းအခိုက်၌ တည်လျက်ရှိသေး၍ ဝိပါက်မဆိုရကုန်သေး၊ ဥပါဒ်,ဌီ, ဘင်အသီးနှင့်ဓာတ်အသီးဖြစ်၍ ပေါ်ဓာတ်,ပွင့်ဓာတ်,ထွက် ဓာတ်အဖြစ် သို့ ရောက်သောအခါမှ၊ ဝိပစ္စတိ=ရင့်သောအဖြစ်သို့ ရောက်တတ်၏၊ ဣတိ=ထို့ကြောင့်၊ ဝိပါကော=မည်၏-ဆိုရသော ဝိပါကအဖြစ်ဖြင့်လာကုန် သတည်း၊ လောက၌ဖြစ်ပေါ်သမျှသော သက်ရှိသက်မဲ့စုမှာ ဗီဇဘာဝ အသီးသီးရှိကြသည်ချည်း။

သောမနဿစသည်တို့၏အကြောင်း

သောမနဿ,ဥပေက္ခာဖြစ်ကြောင်းမှာ အတိဣဋ္ဌာရုံ, ဣဋ္ဌ မဇ္ဈတ္တာရုံနှင့်ယှဉ်လေ၊ ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စတပ်သော ဝိပါက်တို့မှာ တိဟိတ်ဥက္ကဋ္ဌကံသည် သမ္ပယုတ်ဖြစ်ကြောင်း, တိဟိတ်ဩမကကံသည် ဝိပ္ပယုတ်ဖြစ်ကြောင်း၊ တဒါရုံကိစ္စမှာ တိဟိတ်ဥက္ကဋ္ဌကံ, တိဟိတ်တွင် တိဟိတ်ဇောတို့သည် သမ္ပယုတ်ဝိပါက်ဖြစ် ကြောင်း၊ တိဟိတ်ဩမကကံ, ဒွိဟိတ်ဘဝင်, ဒွိဟိတ်ဇော, အဟိတ်ဇော, အကုသိုလ်ဇောများသည် ဝိပ္ပယုတ်ဝိပါက် ဖြစ်ကြောင်း၊ သင်္ခါရမှာ-ပဋိသန္ဓေ,ဘဝင်ကိစ္စတို့၌ ကံ၏အစွမ်းသက်သက်နှင့် အလိုလိုထင်သောကံ, ကမ္မနိမိတ်, ဂတိနိမိတ် နှင့်ဖြစ်ရလျှင် အသင်္ခါရိက၊ ပယောဂစိုက်၍ ထင်သော နိမိတ်နှင့်ဖြစ် ရလျှင် သသင်္ခါရိက။

သောမနဿစသည်တို့၏အကြောင်း မဟာဝိပါက်ပြီး၏၊ [မဟာကြိယာရှစ်ခုမှာ အထူးဆိုဖွယ်မရှိပြီ။]

မဟာကုသိုလ်နှင့်မဟာကြိယာအထူး

မဟာကုသိုလ်နှင့်မဟာကြိယာတို့၏ အထူးကိုဆိုအံ့။ သရက်,ပိန္နဲတို့၏အစေ့မှာ ဟာရိတမည်သော အစေးနုသည်ရှိ သည်ရှိ၏၊ ထိုအစေးနုရှိသမျှကာလပတ်လုံး မြေဥတု,ရေဥတုတည်း ဟူသော ထူတတ်,နှိုးတတ်,ထကြွစေတတ်သော အကြောင်းတို့နှင့် ပေါင်းယှဉ်မိလျှင် အပင်အညှောက် ပေါက်ရောက်ဖြစ်ပွါး၏၊ မီး၌လှော်၍ ဖုတ်၍ပြုတ်၍ ထိုအစေးအနုကုန်ခန်းလျှင် မြေဥတုစသည် တို့နှင့် ပေါင်းယှဉ်ရသော်လည်း အပင်အညှောက်ပေါက်ခြင်းမရှိပြီ၊ ထိုအစေး တို့ကိုသာ အလိုရှိရာ အသုံးချရတော့သည်၊ ထိုအစေးတို့ဆွေး၍ အောက်၌ ပျောက်ပျက်လျှင်ပြီးတော့သည်။

ထိုအတူ စိတ်သန္တာန်၌ တဏှာနုသယဟူသော အစေးနုရှိ၏၊

ထိုအစေးနု၏ရသကား အဇ္ဈတ္တခန္ဓာတို့ကို ငါ့ကိုယ်,ငါ့ဟာ,ငါ့ဥစ္စာ-ဟု တွယ်တာဖွဲ့စည်းခြင်းပေတည်း၊ ထိုအစေးနုရှိသမျှကာလပတ်လုံး လောကီကုသိုလ် စေတနာတို့သည် ငါ့ကိုယ်ခုပျက်ပြန်လျှင် ငါ့ကို ယခု အသစ်တည်ထောင်မှု, ငါ့ဥစ္စာတစ်ခု ထူထောင်မှု၌ ဥဿာဟ ဗျာပါရ တင်းလင်းနှင့်သာဖြစ်ကြချုပ်ကြ၏၊ ယင်းဥဿဟကို အာယုဟန ဓာတ်ခေါ်သည်၊ အရဟတ္တမဂ်ကိုရသောအခါ ထိုတဏှာနုသယဟူသော အစေးနုသည် အကြွင်းမဲ့ချုပ်လေ၏၊

အစေးနုချုပ်သည်နှင့်တစ်ပြိုင်နက် ထိုစိတ်သန္တာန်၌ အာယုဟန ဓာတ်လည်း ကွယ်ဆုံးလေ၏၊ ထိုအခါ ထိုလောကီကုသိုလ်စေတနာ တို့သည် မီးပူအပြင်းထည့်၍ ဟရိတဓာတ်စေးကုန်ပြီးသော သရက်စေ့, ပိန္နဲစေ့တို့နှင့်အတူ ဗီဇကိစ္စမှငြိမ်းကြကုန်၏၊ ပရိနိဗ္ဗာန်မစံမီအတွင်း ကိုယ်နှင့်ဆောင်ရွက်ဖွယ်အမှု, နှုတ်နှင့်ဆောင်ရွက်အမှု, နှလုံးနှင့် ဆောင်ရွက်ဖွယ်အမှုတို့ကို ဆောင်ရွက်ရုံသာ ကြိယာကိစ္စဖြင့် ဖွင့်ဖြစ်ကြ လေကုန်၏၊

၁။ သစ်စေ့နှင့် ကုသိုလ်,

၂။ ဟရိတဓာတ်နုနှင့် အနုသယဓာတ်စေး,

၃။ မဂ္ဂင်ရှစ်ပါးှနင့် ပူပြင်းလှသော မီးဓာတ်စပ်လေ။

ယထာပိ မူလေ အနုပဒ္ဒဝေ၊

ဆိန္နောပိ ရုက္ခော ပုနဒေဝ ရုဟတိ။

ဧဝံ တဏှာနုသယေ အသမူဟတေ၊

နိဗ္ဗတ္တတိ ဒုက္ခမိဒံ ပုနပ္ပုနံ။။

[ဓမ္မပဒ။]

အနက်ကား။။ မူလေ=ရေသောက်မြစ်သည်၊ အနုပဒ္ဒဝေ= ဘေးရန်မရှိ ပကတိစိမ်းရှင်လျက် ရှိနေသည်ရှိသော်၊ ရုက္ခော=သစ်ပင် သည်၊ ဆိန္နောပိ=ပြတ်ပါသော်လည်း၊ ပုနဒေဝ=တစ်ဖန်သာလျှင်၊ ရုဟတိယထာပိ=ပေါက်မြဲပေါက် စည်မြဲစည်ပြန်သကဲ့သို့၊ ဧဝံ=ဤအတူ၊ တဏှာနုသယေ=သတ္တဝါတို့၏ စိတ်သန္တာန်ထဲတွင် အမြဲကိန်းဝပ် စိုစွတ်စေးနဲ၍နေသော တဏှာနုသယဓာတ်ဆေးကို၊ အသမူဟတေ= အဆုံးပယ်နုတ်၍ မပစ်သေးသည်ရှိသော်၊ ဣဒံဒုက္ခံ=ဤလူနတ်ဗြဟ္မာ ခန္ဓာငါးခု ဓာတ်အစုတည်းဟူသော ဒုက္ခသစ္စာသည်၊ ပုနပ္ပုနံ=အဖန်တ လဲလဲ၊ နိဗ္ဗတ္တတိ=ဖြစ်ပေါ်ကာနေ၏၊

၁။ မံသဂိဒ္ဓါ ဗဟူ မစ္ဆာ၊

ဒဠှံ ဗလိသလဂ္ဂိတာ။

ဖန္ဒမာနာ ဝိဝတ္တန္တိ၊

မစ္ဆာဗန္ဓဝသံ ဂတာ။။

၂။ ကာမဂိဒ္ဓါ ဣမေ သတ္တာ၊

ဒဠှံ သေနဟလဂ္ဂိတာ။

ဖန္ဒမာနာ ဝိဝတ္တန္တိ၊

မစ္စုရာဇ ဝသံ ဂတာ။။

၃။ ဗန္ဓနံ မစ္စုနော ဧတံ၊

ယေန ဗဒ္ဓေါ န မုစ္စတိ။

ဒါဌာပေသာ မရဏဿ၊

ယာယ ဒဋ္ဌော န ဇီဝတိ။။

၄။ ဝဇိရဂ္ဂေါ သရောစေသော၊

ယေန ဝိဒ္ဓေါ ဝိရုပ္ပတိ။

ဝိသံပေတံ ဟလာဟလံ၊

ယေန ဖုဋ္ဌော ဝိဝတ္တတိ။။

၅။ မစ္စုဝေသော ဂုဟာသယော၊

ယေနာ ဝိဋ္ဌော သဒါ မတော။

သေနဟံ တံ ဝိဝဇ္ဇေယျ၊

ပဿန္တော မစ္စုနော ဘယံ။။

အနက်ကား

၁။ မံသဂိဒ္ဓါ=သားတစ်၌မက်မောကုန်သည်ဖြစ်၍၊ ဒဠှံ=ပြင်းစွာ၊ ဗလိသလဂ္ဂိတာ=အဦ,အသည်း၌ ငါးမြားချိတ်ငြိကုန်သော၊ ဗဟူ=များစွာ ကုန်သော၊ မစ္ဆာ=ငါးမိုက်တို့သည်၊ မစ္ဆာဗန္ဓဝသံ=တံငါယောကျ်ား၏ အလိုသို့၊ ဂတာ=ရောက်ကြကုန်၍၊ ဖန္ဒမာနာ=တုန်လှုပ်ကုန်လျက်၊ ဝိဝတ္တန္တိ=တလူးလဲလဲနေကြကုန်၏၊

၂။ ဧဝံ=ဤအတူ၊ ကာမဂိဒ္ဓါ=ကာမတရားတို့၌ မက်မောကြကုန် သည်ဖြစ်၍၊ ဒဠှံ=မြဲစွာ၊ သေနဟလဂ္ဂိတာ=နှလုံး၌ချစ်ခြင်းဟူသော တဏှာနုသယငြိကြကုန်သော်၊ ဣမေသတ္တာ=ဤသတ္တဝါတို့သည်၊ မစ္စုရာဇဝသံ=သေမင်း ၏အလိုသို့၊ ဂတာ=လိုက်ကြရကုန်သည်ဖြစ်၍၊ ဖန္ဒမာနာ=တုန်လှုပ်ကုန်လျက်၊ ဝိဝတ္တန္တိ=တလူးလဲလဲနေကြကုန်၏၊

၃။ ဧတံ=ဤချစ်ခြင်းအမှုသည်၊ မစ္စုနော=သေမင်း၏၊ ဗန္ဓနံ= နှောင်ကြိုးပေတည်း၊ ယေန=အကြင်နှောင်ကြိုး နှင့်၊ ဗဒ္ဓေါ=ချည်မိသော သူသည်၊ နမုစ္စတိ=ကမ္ဘာစဉ်ဆက် သေမင်းလက်မှ မလွတ်ရလေ၊ ဧသာ=ဤချစ်ခြင်းအမှုသည်၊ မရဏဿ=သေမင်း၏၊ ဒါဌာပိ=အစွယ် လည်းမည်၏၊ ယာယ=အကြင်အစွယ်ဖြင့်၊ ဒဋ္ဌော=ကိုက်အပ်သော သူသည်၊ နဇီဝတိ=သုဂတိသက်မရှင်နိုင်။

၄။ ဧသော=ဤချစ်ခြင်းအမှုသည်၊ ဝဇိရဂ္ဂေါ=ဝရဇိန်စင်းသွား တတ်သော၊ သရောစ=သေမင်း၏မြားလည်းမည်၏၊ ယေန=အကြင်မြား ဖြင့်၊ ဝိဒ္ဓေါ=စူးသောသူသည်၊ ဝိရုပ္ပတိ=အထူးထူးအထွေထွေဖောက်ပြန်၏၊ ဧတံ=ဤချစ်ခြင်းအမှုသည်၊ ဟလာဟလံ=လတ်တလော သေစေတတ် သော၊ ဝိသံပိ=အဆိပ်စေလည်းမည်၏၊ ယေန=အကြင် အဆိပ်စေးဖြင့်၊ ဖုဋ္ဌော=တွေ့ထိပျံ့နှံ့သောသူသည်၊ ဝိဝတ္တတိ=ဖြတ်ဖြတ်လူးကာ နေရ လေ၏၊

၅။ ဧသော=ဤချစ်ခြင်းအမှုသည်၊ ဂုဟောသယော=သတ္တဝါတို့၏ ကိုယ်တည်းဟူသော လိုဏ်ဂူ၌ ကိန်းအောင်းသော၊ မစ္စုဝ=သေမင်းပင် တည်း၊ ယေန=အကြင်သေမင်းသည်၊ အာဝိဋ္ဌော=အမြဲပူးသောသူသည်၊ သဒါ=အခါခပ်သိမ်း၊ မတော=သေပြီးသာမည်၏၊ မစ္စုနော=သေမင်း၏၊ ဘယံ=ဘေးကို၊ ပဿန္တော=သိမြင်သော ပညာရှိသည်၊ တံသေနဟံ= ထိုကာမတရားတို့၌ဖြစ်သော ချစ်ခြင်းကို၊ ဝိဝဇ္ဇေယျ=ဝေးစွာရှောင်ကြဉ် ရာ၏၊

ကာမာဝစရတရားတို့ကို အစာအာဟာရပြု၍ ကြီးပွါးကာ နေသော ချစ်ခြင်းခင်ခြင်းဟူသော ကာမတဏှာ၏ အပြစ်ကိုဆိုလိုသည်၊ ကာမတဏှာသည် မီးတည်း၊ ကာမစိတ်စတုပညာသသည် မီးစာထင်း တည်း၊ ထင်းကောင်းလေလေ မီးတောက်လေလေ၊ ထင်းမှလွတ်လျှင် မီးငြိမ်း၏၊ အထူးအားဖြင့် ကာမသုခသောမနဿ သည် ထင်းကောင်းပင် တည်း၊ လူကာမထက် နတ်ကာမ၊ နတ်တွင်မှာလည်း အထက်အထက် နတ်ကာမသုခ သောမနဿများသည် အလွန်ထက်, အလွန်အနှစ်အဆီ အားကြီးလှသော ထင်းကောင်းမီးစာကောင်းပေတည်း။

ကာမာဝစရစိတ် ၂၄-ခုပြီး၏၊

--------

ရူပါဝစရစိတ် ၁၅-ခု

ရူပစိတ်ကိုဆိုအံ့၊ လက္ခဏာအားဖြင့် တစ်ခုတည်းသောစိတ်ကို ပင်လျှင် အခိုက်အတန့်အထူးကို အစွဲပြု၍ ကာမစိတ်,ရူပစိတ်, အရူပစိတ်, လောကုတ္တရာစိတ်ဆိုရသည်၊ အသို့နည်းဟူမူ-ကာမတဏှာအာရုံပြုနိုင် လောက်အောင် ရုန်းရင်းပေါ်လွင်သောအခိုက်ကို ကာမစိတ်သည် ကာမတဏှာအာရုံ မပြုနိုင်လောက်အောင် သိမ်မွေ့နက်နဲခြင်းသို့ ရောက် သောအခိုက်ကို မဟဂ္ဂုတ်ခေါ်သည်၊ ထိုမဟဂ္ဂုတ်မှာလည်း ရူပတဏှာ အာရုံပြုနိုင်အောင် ရုန်းရင်းသောအခိုက်ကို ရူပစိတ်ခေါ်သည်၊ ရူပတဏှာကား- အာရုံမပြုနိုင်ပြီ၊ အရူပတဏှာသာ အာရုံပြုနိုင်လောက် အောင် သိမ်မွေ့နက်နဲခြင်းသို့ ရောက်သောအခိုက်ကို အရူပစိတ် ခေါ်သည်၊ တဏှာသုံးပါးအာရုံပြုနိုင်လောက်အောင် ရုန်းရင်းသော အခိုက်မှ ကျွတ်လွတ်၍အတုမရှိ သိမ်မွေ့နက်နဲခြင်းသို့ ရောက်သော အခိုက်ကို လောကုတ္တရာ စိတ်ခေါ်သည်။

[ဝိတက်,ဝိစာရ,ပီတိ,သုခ,ဥပေက္ခာ,ဧကဂ္ဂတာတို့၏ အခြင်းအရာကို နောက်ပိုင်းသို့ရောက်မှ ဆိုမည်။]

စျာန်မည်ကြောင်း

မေး။ စေတသိက်တို့ကိုသာ အဘယ့်ကြောင့် စျာန်ခေါ်သနည်း။ ဖြေ။ အာရုံခြောက်ပါး၌ မတန့်မနား လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသောအာရုံ၌ စိုက်၍ထားရန် ကိစ္စထူး ရှိကြ၍ စျာန်ခေါ်ပေသည်။

အသို့နည်းဟူမူ-လောက၌ အဆင့်ဆင့်မြင့်မြတ်၍သွားဖို့, အဆင့်ဆင့်ယုတ်နိမ့်၍သွားဖို့ အာရုံဝတ္ထုအမှုကိစ္စသည်ရှိ၏၊ အပြစ် အညစ်အဆင့်ဆင့် စင်ကြယ်၍သွားဖို့ဖြစ်သော အာရုံဝတ္ထုအမှု ကိစ္စများ သည် မြင့်မြတ်ဆန်တက်သော လမ်းပေတည်း၊ အပြစ်အညစ် အဆင့်ဆင့် ထူပြောသိမ်ဖျင်း၍သွားဖို့ အာရုံဝတ္ထုအမှုကိစ္စများသည် ယုတ်နိမ့် စုံမျောသောလမ်းပေတည်း။

နှိုင်းယှဉ်ပြချက်

၁။ ကိလေသာအာသဝေါစုသည် နိမ့်ရာသို့ အမြဲကျဆင်းစီး သွားသော မြစ်ရေနှင့်တူ၏၊

၂။ မိစ္ဆာဝိတက်စုသည် အောက်အကျေသို့ ရေကိုအပြင်း တိုက်ပို့သော လေကြမ်းနှင့်တူ၏၊

၃။ စိတ်သည် လှေနှင့်တူ၏၊

၄။ ပညာသည် ပဲ့ကြီးနှင့်တူ၏၊

၅။ ယောနိသောမနသိကာရသည် ပဲ့တက်မကြီးနှင့်တူ၏၊ ၆။ ဝီရိယသည် လှော်ခတ်သော ယောကျ်ားနှင့်တူ၏၊ ၇။ သမ္မာဝိတက်သည် လှော်တက်ခတ်တက်နှင့်တူ၏၊

ထင်ရှားစေအံ့

၁။ စိတ်မည်သည် သမ္မာဝိတက်နှင့် တက်သုတ်ရိုက်၍ အပြင်း လှော်နိုင်ခတ်နိုင်မှ အပြစ်အညစ်စင်ဖို့ရာ အာရုံဝတ္ထုအမှုကိစ္စ သို့တက် သည်၊ မလှော်မခတ်လျှင် မိစ္ဆာဝိတက် လေဟုန်လှိုင်းဟုန်နှင့် အာသဝေါ မျောရာ အလွတ်ပါမှု တစ်လမ်းသာရှိသည်။

၂။ ဝိတက်လှော်ခတ်၍ ကသိုဏ်းအာရုံသို့ ရှေးရှုဆန်တက် သောစိတ်ကို ထိုအာရုံမှဆုတ်ခွါလွင့်ပါး၍ မသွားရအောင် ဖွဲ့နှောင်ချုပ် တဲမှုကား-ဝိစာရပေတည်း၊ ဖွဲ့နှောင်ချုပ်တဲသူ မရှိမှုကား-ဝိတက်ပင် လှော်သော်လည်း လိပ်အိုတောင်ပေါ်သို့ တက်သကဲ့သို့ အထက်ကို တစ်လှမ်း အောက်ကိုနှစ်လှမ်းနေမည်။

၃။ ထိုအာရုံအမှုတို့၌ ထိုစိတ်ကိုမငြီးမငွေ့ ပျော်မွေ့ပျော်ပါး အောင်ဖြေဖျော်မှုကား-ပီတိပေတည်း၊ ဖျော်ဖြေသူမရှိ၍ ချောက်ချား သွေ့သွေ့ ငြီးငွေ့ခြင်းဖြစ်ခဲ့လျှင် ဖွဲ့နှောင်ချုပ်တဲသော်လည်း မနိုင်မနေ အတင်းဆုတ်ခွါ လွင့်ပါးသွားမည်။

၄။ မငြီးမငွေ့ပျော်မွေ့ခြင်းရှိသောစိတ်ကို ထိုအာရုံ,ထိုအမှုတို့မှ လေးလေးနက်နက် မြိန်မြိန်ယှက်ယှက် မလွှတ်ရက်,မခွါရက်သော အရသာကို ထုတ်၍ပေးသည်ကား-သုခပေတည်း၊ အဖျော်အဖြေပင် ကောင်းပါသော်လည်း ခင်ခင်မက်မက် မလွှတ်ရက်အောင် လေးနက် သော အရသာကို မခံစားရလျှင် နဝံပိယံမျှသာဖြစ်၍ မကြာခင်ငြီးငွေ့၍ ခွါဆုတ်မည်။

၅။ ပကတိအခါက ရွာသူတို့၏မစင်နှင့် ကြီးပွါးခဲ့သောခွေးသည် နောက်အခါ၌ မင်းစိုးရာဇာတို့မွေးမြူ၍ သားပြွမ်းထမင်းအရသာကို စိတ်ရှိတိုင်းစားကာနေရပါသော်လည်း ဇာတိငယ်ကြိုက်ကို မမေ့နိုင်၊ အစော်အနံ့ရလျှင် သားပြွမ်းထမင်းကိုစွန့်၍ ဇာတိငယ်ကြိုက်သို့ပါမည်၊ မပါစေခြင်းငှါ သံကြိုးနှင့်ဖွဲ့ထားမှ နေမည်၊ ထို့အတူ ဘဝအဆက်ဆက်၌ ကာမဂုဏ်မစင်တောကြီး၌ ကြီးပွါး၍လာခဲ့သော ဤစိတ်သည် ယခုအခါမှ ဘာဝနာအာရုံ, ဘာဝနာမှုတို့၌ အလွန်မြတ်သော သုခအရသာကို ခံစားရပါသော်လည်း ဇာတိငယ်ကြိုက်ကိုသာ အမှတ်ရ၍ တကြွကြွနေ ဦးမည်၊ ထို့ကြောင့် မလှုပ်မကြွစေခြင်းငှါ ထိုအာရုံ,ထိုအမှုတို့၌ အမြစ် စိုက်၍ထားခဲ့ကာ-ဧကဂ္ဂတာ ပေတည်း။

ဝိတက်သည် အာရုံသို့ ရှေးရှုထင်ခြင်းကိစ္စ, ဝိစာရသည် အာရုံ၌ အစဉ်ဖွဲ့ခြင်းကိစ္စ, ပီတိသည် စိတ်ကိုပျို့စေခြင်းကိစ္စ,သုခသည် စိတ်ကို ပွါးစေခြင်းကိစ္စ, သမာဓိသည် ကောင်းစွာထားခြင်းကိစ္စ-ဟူ၍ လာသော ကိစ္စငါးပါးကို ထင်ရှားအောင်ပြလိုက်သည်။

ဤသို့လျှင် ဤငါးပါးသောတရားတို့သည် ဘာဝနာအာရုံ၌ စိတ်ကိုနှစ်နှစ်ခြိုက်ခြိုက် အမြစ်စိုက်၍နေ အောင် ဆောင်ရွက်ကြသော တရားစုဖြစ်ပေ၍ စျာန-ဟုခေါ်ရပေသည်။

စျာနသဒ္ဒါသည် တစ်ခုခုသောအာရုံ၌ မတုန်မလှုပ်မငဲ့မတိမ်း စိမ်းစိမ်းစိုက်၍ရှုခြင်း အနက်ဟော ထိုသို့ရှု၍ နေသောအခါ စိတ်သန္တာန် တွင် အစဉ်ထုံစွဲ၍နေကုန်သော အကြမ်းအထော် အစော်အပြစ် အညစ်အကြေး အခိုးအကင်းတို့သည် တစ်နာရီထက်တစ်နာရီ, တစ်နေ့ ထက်တစ်နေ့ တရွေ့ရွေ့ကျွတ်ငြိမ်းကုန်သဖြင့် ထိုစိတ်အစဉ်သည် ဆွတ်ဆွတ်ဖြူစင် ကြည်လင်ထွန်းတောက်၍လာ၏၊

[ဤကား-စျာနသဒ္ဒါ၏အာရုံ၌ စိုက်ထားခြင်း-ဟူသောအနက်မှ ထွက်သော မျောလမ်းပေတည်း။]

စျာနသဒ္ဒါသည် လောင်ခြင်း, ကျွမ်းခြင်း, ဖုတ်မြိုက်ခြင်းအနက် ကိုလည်း ဟောပြန်၏၊ အသို့နည်းဟူမူ

၁။ စိတ်ကိုအာရုံ၌ အတင်းစိုက်၍ထားပေသော ဧကဂ္ဂတာသည် ထကြွလှုပ်ရှားတတ်သော ကာမစ္ဆန္ဒ အခိုးအကင်းကို အတင်းသတ်ပေ၏၊

၂။ စိတ်ကို ရွှမ်းစိုရွှင်လန်းအောင် ဖျော်ဖြေပေသော ပီတိသည် စိတ်ကိုငြီးငွေ့ခြောက်သွေ့အောင် ပြုတတ်သောဗျာပါဒ အခိုးအကင်းကို အတင်းသတ်ပေ၏၊

၃။ ဘာဝနာ၏အာရုံသို့ စိတ်ကိုအတင်းမောင်းနှင် ရိုက်ခိုင်း ပေသော ဝိတက်သည် ပျင်းရိလိမ်လစ်ဆုတ်နစ် ထိုင်းမှိုင်းစေတတ်သော ထိန,မိဒ္ဓအခိုးအကင်းကို အတင်းသတ်ပေ၏၊

၄။ ငြိမ်းချမ်းခြင်းကိုပြုတတ်သော သုခသည် မငြိမ်မသက် မအေးမချမ်းခြင်းကိုပြုတတ်သော ဥဒ္ဓစ္စ,ကုက္ကုစ္စ အခိုးအကင်းတို့ကို အတင်းသတ်ပေ၏၊

၅။ အဖန်ဖန်သုံးသပ်ခြင်းကိစ္စကိုပြုသဖြင့် ဘာဝနာမှု၌ အဆင့် ဆင့်ကြည်လင်၍သွားအောင် ရွက်ဆောင်ပေသော ဝိစာရသည် စိတ်ကို နှစ်ခွပြု၍ နောက်ကျုစေတတ်သော ဝိစိကိစ္ဆာ,တွေဝေမှိန်မှေးစေတတ် သော အဝိဇ္ဇာအခိုးအကင်းတို့ကို အတင်းသတ်ပေ၏၊

ဤသို့သတ်သည်ကိုပင် ထိုအညစ်အကြေးတို့ကို လောင်ကျွမ်း ဖုတ်မြိုက်မှု ဆိုရသည်။

ကုသိုလ်စိတ်အစဉ်မှာ ထိုနီဝရဏတရားတို့ မယှဉ်ကြကုန်သော် လည်း အခိုးအကင်းမှာ အပြည့်အနက် ပါရှိသည်သာတည်း၊ ထိုအခိုး အကင်းအညစ်အကြေးတို့ကို သတ်သည်ကိုပင် ထိုနီဝရဏတို့ကို အသတ်-ဆိုရကုန်သည်။

သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော၊ ပီတိ ဗျာပါဒဿ၊ ဝိတက္ကော ထိနမိဒ္ဓဿ၊ သုခံ ဥဒ္ဓစ္စ ကုက္ကုစ္စဿ၊ ဝိစာရော ဝိစိကိစ္ဆာယ။

[ပေတကောပဒေသကျမ်း။]

စျာန်မည်ကြောင်းပြီး၏၊

--------

ဥပစာရဘုံအခန်း

နီဝရဏတို့၏အခိုက်သည် ဝီတိက္ကမအခိုက်, ပရိယုဋ္ဌာနအခိုက်, အနုသယအခိုက်-ဟူ၍ သုံးပါးရှိသည်။

၁။ ကာယကံမှု,ဝစီကံမှုကို လွန်ကျူးသော အခိုက်သည် ဝီတိက္ကမအခိုက်မည်၏၊

၂။ ကာယဒွါရ,ဝစီဒွါရတို့၌ ထကြွသောင်းကျန်းသော အခိုက် သည် ပရိယုဋ္ဌာနအခိုက်မည်၏၊ မနောဒုစရိုက်မှုစုပေ တည်း။

၃။ ဒွါရသုံးပါးတို့၌ ထကြွခြင်းမရှိမူ၍ ကုသိုလ်,အကုသိုလ်, အဗျာကတစိတ် အစဉ်၌သာ အကျပ်အတည်း အမြဲကိန်း ဝပ်၍ နေသောအခိုက်သည် အနုသယအခိုက်မည်၏၊ ဥပမာ

၁။ ရင့်ပြီးသော အုန်းသီး၏အုန်းဆံ၌ ကိန်းဝပ်သော ဗီဇ ဓာတ်နုနှင့်အနုသယအခိုက်သည် တူ၏၊

၂။ ထိုဓာတ်နုဖြစ်သော ဆံခြည်ထွေးခေါ်သောအခဲနှင့် ပရိယုဋ္ဌာနအခိုက်သည် တူ၏၊

၃။ ထိုအခဲမှဖြစ်၍ထွက်သော အညှောက်အပင်နှင့် ဝီတိက္ကမ အခိုက်သည် တူ၏၊

သီလဝိသုဒ္ဓိသို့ရောက်လျှင် ဝီတိက္ကမအပြစ်ဒေါသငြိမ်း၏၊ ထိုအခါ မဟာကုသိုလ်သည် သီလဘုံမည်၏၊ သီလဘုံ၌တည်၍ ဘာဝနာဘုံကိုကူးရာ ပရိကမ္မဘာဝနာအခိုက်၌ ပရိယုဋ္ဌာနသည် မငြိမ်း သေး၊ အားနည်းရုံမျှသာ ရှိသေးသည်၊ နိမိတ်ထင်၍ နီဝရဏလည်းကွာ, စျာန်အင်္ဂါလည်းပေါ်သော ဥပစာရဘာဝနာသို့ရောက်မှ နီဝရဏတို့၏ ပရိယုဋ္ဌာနအပြစ်ဒေါသငြိမ်းသည်၊ ထိုအခါ မဟာကုသိုလ်သည် ဥပစာရမည်၏၊ နီဝရဏကွာသည်၊ စျာန်အင်္ဂါပေါ်သည်-ဟူသော စကား၌ ဘာဝနာဘုံသို့ မတက်မီကာလ၌လည်း နီဝရဏတို့၏ မင်းမူရာနယ်ပေ တည်း၊ ထိုအခါ ဧကဂ္ဂတာသည် ကာမစ္ဆန္ဒဖိစီးချက်ကို မလှန်သာလှ၍ ကာမစ္ဆန္ဒ၏အမှုဆောင်ဖြစ်နေရသတည်း။

ဘာဝနာဘုံသည်ကား-စျာန်အင်္ဂါတို့၏ မင်းမူရာနယ်ပေတည်း၊ ကသိုဏ်းစသည်တို့တွင် တစ်ခုခုသော အာရုံနှင့်စိုက်ထားသော ဘာဝနာ ဘုံသို့ရောက်သောအခါ ဧကဂ္ဂတာသည် တစ်နာရီထက် တစ်နာရီကြီး ပွါးထွားကျိုင်း၍လာ၏၊ ကာမဂုဏ်တည်းဟူသော အစာရေစာမှဝေး သော ကာမစ္ဆန္ဒသည် တစ်နာရီထက်တစ်နာရီ ကြုံလှီလျောပါး ၍သွား၏၊ နိမိတ်ထင်၍ ထိုအာရုံ၌ စိတ်အခြေစိုက်မိသောအခါ ကာမစ္ဆန္ဒ၏ ပရိယုဋ္ဌာနအကင်းသည် ကျွတ်လွတ်ကာလွင့်လေ၏၊ ရှေးအခါ၌ မိုးတိမ်ဖုံးသောလဝန်းနှင့်တူသော ဧကဂ္ဂတာသည် ထိုအခါတွင် အရောင် အဝါရွှန်းစက်စွာပေါ်ပေ၏၊ ငါ၏စိတ်သည် တည်ကြည်လေစွဟု ယောဂီ ပုဂ္ဂိုလ်၏ဉာဏ်တွင်ထင်ပေါ်လာ၏၊

[ဤကား-ကာမစ္ဆန္ဒတည်းဟူသောမိုးတိမ်လွင့်ကွာ၍ ဧကဂ္ဂတာစျာန်အင်္ဂါလဝန်း ထွက်ပေါ်လာပုံကို ဆိုသောအချက်တည်း။]

ကာမစ္ဆန္ဒကွာလျှင်ပင် ထိန,မိဒ္ဓနီဝရဏတည်းဟူသော မိုးတိမ် လည်းလွင့်ကွာ၏၊ ဝိတက်တည်းဟူသော စျာန်အင်္ဂါလဝန်းလည်း ထွန်းပေါ်၍လာ၏၊ ယောဂီပုဂ္ဂိုလ်၏ဉာဏ်မှာ ငါ၏စိတ်သည် နိမိတ် အာရုံကိုသာ ကိုင်းရှိုင်း၏-ဟုထင်ရှားလာ၏-ဟူလိုသည်၊ ဝိစိကိစ္ဆာ နီဝရဏလည်းကွာ၏၊ ဝိစာရစျာန်အင်္ဂါလည်း ပေါ်လာ၏၊ ငါ၏စိတ်သည် နိမိတ်အာရုံ၌သာ ရစ်ဝဲကာနေတော့သည်-ဟု ဉာဏ်၌ထင်လာ၏ဆိုလိုသည်၊ ဗျာပါဒနီဝရဏလည်း ကွာ၏၊ ပီတိစျာန်အင်္ဂါလည်းပေါ်၏၊ မကြုံဖူးသောနှစ်သက်ခြင်းကို ယခုအခါ ငါရလာပေ၏-ဟု သိသည်ဟူလို၊ ဥဒ္ဓစ္စ,ကုက္ကုစ္စလည်းကွာ၏၊ သုခစျာန်အင်္ဂါလည်း ပေါ်လာ၏၊ သိသာပြီ။

နီဝရဏကွာ၏ဟူသော်လည်း ဗျာပါဒနီဝရဏ, ကုက္ကုစ္စ နီဝရဏ တို့သာ အရှင်းကွာကုန်သည်၊ ကာမစ္ဆန္ဒမှာမူကား-ရုန့်ရင်းသော ကာမဂုဏ်၌သာ သာယာသော ကာမစ္ဆန္ဒအစေးအညှော်သာကွာသည်၊ ငါ့ကိုယ်ဟုသာယာ သောလောဘ၊ ငါ့စိတ်,ငါ့ပရိက္ခရာ-ဟု သာယာသော လောဘတို့မှာမူကား-ရှိနေသည်သာဖြစ်၏၊ ဥဒ္ဓစ္စလည်း လောဘအတူ၊ ထိန,မိဒ္ဓ,ဝိစိကိစ္ဆာတို့လည်း ရုန့်ရင်းသော အဖို့သာကွာကုန်သည်။

[ဤကား-ဥပစာရဘုံသို့ရောက်သောအခါ နီဝရဏကွာပုံ,စျာန်အင်္ဂါပေါ်ပုံတည်း။]

ဤဥပစာရဘုံမှာ နီဝရဏကွာ၍ စျာန်အင်္ဂါပေါ်သော်လည်း အပ္ပနာမဆိုက်သေး၍ ကာမဘုံမှ မပြောင်းနိုင်သေး၊ အပ္ပနာမဆိုက် ကြောင်းကား-ဥပစာရဘုံခေါ်ရသော ထိုကာမကုသိုလ်စိတ္တုပ္ပါဒ်၌ နီဝရဏ အစေးအညှော်တို့ပင် ကွာပါကုန်သော်လည်း ထိုနီဝရဏတရားတို့နှင့် မပြားမထူးရူးဖော်ရူးဖက် နောက်ဖော်နောက်ဖက် မိုက်ဖော် မိုက်ဖက် အဆက်များစွာ ကျင်လည်၍လာကုန်သော ဖဿ,ဝေဒနာ-စသော အညသမာန်းတရားတို့သည်ရှိကုန်၏၊ တည်ကြည်မှု၌ ရုတ်တရက် ကြိုးမကျတဲ့နိုင်ရှိနေသော ထိုတရားတို့အတွက်ကြောင့် စိတ်သည် ထိုအာရုံ၌ စေ့သားကိုက်သို့ ချိုက်ချိုက်မကျ ကြွစောင်းစောင်းပင်ရှိ သေးသည်၊ ထို့ကြောင့် ခုနစ်ကြိမ်ထက်ဇောသက်မရှည်နိုင် လေသည်၊ ဂေါတြဘုစိတ်တိုင်အောင်ပင် ထိုအခြင်းအရာဖြင့် ရုန့်ရင်းပေါ်လွင့်၍ စျာန်အင်္ဂါမသိမ်မွေ့သောကြောင့် ကာမနွယ်ကို မလွန်နိုင်သေးရှိလေ သည်၊ စိတ္တုပ္ပါဒ်၌ပါသော စေတနာသည် ကာမဘုံတွင်း၌သာ ပဋိသန္ဓေကို ပေးနိုင်သည်။

ဥပစာရဘုံအခန်းပြီး၏၊

--------

ပထမစျာန်

ထိုအခြင်းအရာစုသည် ဂေါတြဘုတွင်ဆုံး၏,ပြတ်၏၊ ဂေါတြဘု ၏ဘင်၌ ရုန့်ရင်းရိုင်းပျသော ကာမနွယ်, ကာမမျိုး,အခိုင်းအကင်း အကုန်ငြိမ်းကုန်၏၊ ထို့ကြောင့်ပင်လျှင် ''ဂေါတ္တံ=ကာမနွယ်,ကာမမျိုးကို၊ အဘိဘဝတိ=နှိပ်စက်တတ်၏၊ ဣတိ=ထို့ကြောင့်၊ ဂေါတြဘု=ဂေါတြဘု မည်၏''ဟုဆိုရသည်၊ ထိုဂေါတြဘုစိတ်၏ အခြားမဲ့၌ကား- အလုံးစုံသော စိတ္တုပ္ပါဒ်တို့သည် သစ်သားစို၌ သံမှိုနက်စိုက် တစ်သားတည်းကိုက်သကဲ့သို့ အာရုံနိမိတ်၌ ခြိုက်ခြိုက်ချပ်ချပ် ပြားပြားဝပ်လျက် နှံ့စပ်သက်ဝင်၍ တည်ခြင်းဟူသော အပ္ပနာကိစ္စသို့ ဆိုက်ကြပေကုန်၏၊

ထိုအခါ စျာန်အင်္ဂါတို့သည် ကာမမျိုးရိုး အခိုးမသန်း လွန်အေး ချမ်းသဖြင့် ဆဒ္ဒန်အိုင်ကြီး၌ လှည်းဘီးရှိ ပေါက်လာသော ပဒုမာကြာပန်း ကဲ့သို့ သန်စွမ်းရွှင်ကြည် စည်ပင်ထွားကျိုင်းကြပေကုန်၏၊ ထိုပုဂ္ဂိုလ်သည် လည်း အပူကြီးမားငရဲသားကို ပတ္တမြားရည် လွန်ချမ်းကြည်သော သီတာမြစ်၌ နှစ်လိုက်ဘိသကဲ့သို့ ပီတိဖရဏာ ကိုယ်လုံးဖြာ၍ ချမ်းသာ သုခ အနဂ္ဃကိုရလေ၏၊ ဤစိတ္တုပ္ပါဒ်၌ပါသော စေတနာသည်ကားကာမအခိုးအကင်းမှ အရှင်းလွတ်စင်၍ မုဆိုး၏ ချိုင့်တွင်းမှလွတ်ရသော ရွှေဟင်္သာမင်းသည် စိတ်ရွှင်လက်ရွှင် ကောင်းကင်တိမ်ထဲသို့ အလွှတ် ပျံတက်လေဘိသကဲ့သို့ ကာမဘုံမှလွန်၍ ရူပပထမစျာန်ပဋိသန္ဓေဝိပါက် ဖြစ်၍ ထွက်နိုင်သော အစွမ်းထိအောင် မြင့်မြတ်လေ၏၊ ဤအပ္ပနာ ကုသိုလ်ကား-မဟဂ္ဂုတ်ဘုံပေတည်း။

ရွှေဟင်္သာငှက်သည် နေလသွားရာကောင်းကင်သို့ ဆိုက်အောင် ပျံနိုင်-ဟူသော်လည်း အတောင်ဟုန်တို့၏ အစွမ်းဖြင့်သာပျံနိုင်သည်၊ အတောင်မခတ် အဟုန်သတ်ပြန်လျှင် မြေအပြင်မှာ တမားမားနေပြန်၏၊ ထို့အတူ ဤစိတ်သန္တာန်၏ အပ္ပနာအခိုက်မည်သည် ပရိကံဘာဝနာ ဟုန်၏အစွမ်းဖြင့်သာ ပျံတက်ဆိုက်ထိရသော အမှုပေတည်း၊ ပရိကံ ဘာဝနာဟုန် စဲပြန်,ငြိမ်းပြန်လျှင် ကာမအခိုက် တလဲလဲဖြစ်မြဲတည်း၊ မဟဂ္ဂုတ်ဝိပါက်စုမှ တစ်ပါးလောကီ,လောကုတ္တရာအပ္ပနာဟူသမျှ ဤနည်းချည်း၊ ထို့ကြောင့် အပ္ပနာအခိုက်မှ လျောပြန်လျှင် ထိုပုဂ္ဂိုလ် သည်လည်း ကာမစိတ်တို့နှင့်သာ နေရပြန်၏၊

[ဤကား-ဂေါတြဘုစိတ်တည်းဟူသော ကာမဘုံ ကာမဘာဝမှ ပထမစျာန်စိတ် တည်းဟူသော မဟဂ္ဂုတ်ဘုံ မဟဂ္ဂုတ်ဘဝသို့ တဆင့်ကူးပုံကိုဆိုသော စကားရပ်တည်း။] ပထမစျာန်ပြီး၏၊

--------

ဒုတိယစျာန်

ယခုအခါ ဂေါတြဘုတည်းဟူသော ကာမဘုံမှ ဒုတိယစျာန် စသော အပ္ပနာဘုံသို့ကူးပုံများကို အကျဉ်းမျှဆို လိုက်အံ့၊ ဘုံကူးသည်ဟူရာမှာ မဟဂ္ဂုတ်ဘုံ,မဟဂ္ဂုတ်ဘုံအချင်းချင်း ကူးသည်ဟူ၍မရှိ၊ မဟဂ္ဂုတ်ဘုံမှ လောကုတ္တရာ ဘုံသို့ ကူးသည်လည်းမရှိ၊ လောကုတ္တရာဘုံလောကုတ္တရာဘုံချင်းချင်း ကူးသည်ဟူ၍လည်းမရှိ၊ အနုလုံ,ဂေါတြဘု, ဝေါဒါန်-ဟူသော ကာမဘုံမှသာ မဟဂ္ဂုတ်ဘုံအမျိုးမျိုး, လောကုတ္တရာ ဘုံအမျိုးမျိုးသို့ ကူးနိုင်သည်။

မဟာကုသိုလ်ဟူသော ကာမဘုံကြီးသည် သိကြားဖန်ဆင်းသော ပဒေသာပင်ကြီးနှင့်တူပေ၏၊ ပထမစျာန်သည်လည်း သူမှထွက်သော အညွန့်သာတည်း၊ ဒုတိယစျာန်သည်လည်း သူမှထွက်သော အညွန့်သာ တည်း၊ နေဝသညာနာသညာသည်လည်း သူမှထွက်သော အညွန့်သာ တည်း၊ အဘိညာဉ်အမျိုးမျိုးတို့သည်လည်း သူမှထွက်သော အညွန့်အဖူး တို့သာတည်း၊ သောတာပတ္တိမဂ်သည်လည်း သူမှပင်ထွက်သည်။ လ။ အရဟတ္တမဂ်သည်လည်း သူမှပင်ထွက်သည်၊ သမာပတ္တိဝီထိ၌ ဖိုလ်လေး ခုသည်လည်း သူမှထွက်သော အညွန့်အဖူးတို့သာတည်း၊ ထို့ကြောင့် မဟာသဒ္ဒါနှင့် မဟာကုသိုလ်ဆိုရပေသည်။

မဟာကြိယာဟူသည်ကား-ကျွတ်ပြီးသော မဟာကုသိုလ်

ပင်တည်း၊ ထိုပထမစျာန်၌ သာယာစွဲလမ်းသော နိကန္တိသည် အလွန် အားကြီး၏၊ ထိုနိကန္တိကို ရူပတဏှာလည်းခေါ်သည်၊ ရူပရာဂ လည်းခေါ်သည်၊ ဘဝတဏှာလည်းခေါ်သည်၊ ဘဝရာဂလည်းခေါ် သည်၊ ထိုပုဂ္ဂိုလ်စိတ်သန္တာန်မှာ ထိုတဏှာသည် အပြစ်ဒေါသကြီး တစ်ခုပင် ဖြစ်၏၊ စျာန်အင်္ဂါငါးပါးတို့တွင် အကြီးအမှူးဦးစီးဦးကိုင်ဖြစ်သော ဝိတက်သည်လည်း အလွန်ငြိမ်သက်သော တရားပင်မဟုတ်၊ ထို့ကြောင့် ထိုဝိတက်သည်လည်း အပြစ်ဒေါသတစ်ပါးပင် ဖြစ်ပြန်၏၊

ဤအပြစ်နှစ်ပါးတို့လက်၌တည်ရှိသော ဧကဂ္ဂတာများသည် လေပေါင်းလေဆုံ၌ ထွန်းထားသော မီးတောက်နှင့်တူ၏၊ စေတနာသည် ထိုမီး၏ အရောင်နှင့်တူ၏၊ အသင်္ချေယျကပ်မှ အသက်တမ်းရှိသော ပထမစျာန် ဘုံထက်လွန်၍ တတ်နိုင်သော အစွမ်းမရှိ၊ ဝင်စားဖန်ဆင်း ကြိမ်ဖန်များလှသောအခါ ထိုဝိတက်လှုပ်လှက်လှုပ်လှက် ပြုသည်ကိုပင် မနှစ်သက်ခြင်းဖြစ်ပြန်၏၊ ထိုအခါမှ ထိုနိကန္တိအစေး ပြည်ပြန်၍ ဝိတက်မပါသောစျာန်ကို ရပြန်လိုသော သဘောဆန္ဒဖြစ်လာလေ သတည်း၊ ရှေး၌ထင်ပြီးသော နိမိတ်မှာ ဝိတက်မပါသော စျာန်ကိုဝင်စား လို၍ မဟာကုသိုလ်-ဟူသော ပရိကမ္မဘုံ,ဥပစာရဘုံတို့ကို အသစ်တည် ထောင်ရပြန်သည်။

၁။ ပထမစျာန်နိကန္တိစင်ကြယ်စွာ မကွာမီအတွင်းကို ပရိကမ္မ ဘုံခေါ်သည်။

၂။ စင်ကြယ်စွာကွာသည်မှစ၍ ဂေါတြဘုတိုင်အောင် ဥပစာရ ဘုံခေါ်သည်။

ဂေါတြဘု၏ဘုံတွင် ကာမမျိုး,ကာမနွယ်ပြတ်ပြန်၍ ဝိတက်မပါ၊ ဝိစာရ,ပီတိ,သုခ,ဧကဂ္ဂတာ-ဟူသော စျာန်အင်္ဂါလေးပါးသာပါသော စျာန်သည် အပ္ပနာဆိုက်လာ၏၊ ကြွင်းသမျှကို ရှေးကဆိုခဲ့ပြီးနှင့်ယှဉ်လေ၊ ပထမ စျာန်စေတနာမှ အသင်္ချေယျကပ်ငယ်တစ်ကပ်မျှ အသက်တမ်း ရှိသော ပထမစျာန်ဘုံ၌သာ ရောက်နိုင်သည်၊ ဤဒုတိယစျာန်စေတနာမှာ မဟာကပ်ကြီးရှစ်ကပ် အသက်တမ်းရှိသော ဒုတိယစျာန်ဘုံ၌ရောက်နိုင် သည်၊ နိကန္တိကြမ်း,အင်္ဂါကြမ်းတည်းဟူသော အပြစ်ဒေါသတို့ကို ချွတ်မှု ကြောင့် တိုးတက်သော ဆုံပေတည်း။

ဒုတိယစျာန်ပြီး၏၊

[နောက်နောက် စျာန်တို့ကိုလည်း ဆိုခဲ့ပြီးသောနည်းနှင့် နှိုင်းယှဉ်၍သိလေ၊ ကျယ်မည်စိုး၍မရေးပြီ၊ မရေးသော်လည်း သိနိုင်လောက်ပြီ။]

ဝိစာရ,ပီတိ,သုခတို့၏ အပြစ်ဒေါဖြစ်ကြောင်းထည့်ရန် စျာန်ငါးပါး ဘုံဆင့်ဆင့် ဖြစ်သွားပုံပြီး၏၊

ဝေဒနာစသည်စစ်ချက်

ဤရူပစိတ် ၁၅-ပါးတွင် ပဉ္စမစျာန်သုံးခုကား-ဥပေက္ခာ သဟဂုတ် တည်း၊ ကြွင်း ၁၂-ခုကား-သောမနဿသဟဂုတ်တည်း၊ ၁၅-ခုလုံး သည်ပင် ဉာဏသမ္ပယုတ်ပေတည်း၊ ဝိပ္ပယုတ်မရှိ။

အသင်္ခါရိက-သသင်္ခါရိကနှစ်ပါးမှာ အဘယ်နည်း။

၁။ အသင်္ခါရိကသာ-သသင်္ခါရိက မဟုတ် ဆိုမည်လော။

၂။ သသင်္ခါရိကသာ-အသင်္ခါရိက မဟုတ် ဆိုမည်လော။

၃။ နှစ်ပါးစုံပင် မဟုတ်၊ သင်္ခါရဝိမုတ်သာ ဆိုမည်လော။

၄။ နှစ်ပါးစုံပင် ဟုတ်၏-ဆိုမည်လော။

[အမေး လေးချက်။]

စျာန်အပြားကို ရှေးဦးစွာဆိုမည်၊ ဘဝသိဒ္ဓစျာန်,မဂ္ဂသိဒ္ဓစျာန်, ယောဂသိဒ္ဓစျာန်-ဟူ၍ သုံးပါးရှိသည်။

၁။ ဗြဟ္မာဘုံ၌ဖြစ်သောသူသည် အတီတာနန္တရဘဝ၌ ရခဲ့ဖူး သောစျာန်တို့ကို ထိုနောက်ဘဝ၌ အသစ်အားထုတ်ဖွယ်ကိစ္စမရှိ၊ ရပြီးဖြစ်၍ နေ၏၊ ဝင်စားလိုသောအခါ ပထဝီ,ပထဝီ-ဟုနှလုံးပြုရုံမျှနှင့် ပေါ်လာ၏၊ အရူပဘုံ၌ကား-အောက်စျာန်ကိုလွှတ်၍ တက်ရသော ကြောင့် အထက်အရိယာပုဂ္ဂိုလ်မှာ အောက်မဂ်,အောက်ဖိုလ်မဖြစ်လာ သည်နှင့်တူ၏၊

[ဤကား-ဘဝသိဒ္ဓစျာန်ပေတည်း။]

၂။ ပါရမီအထူးရှိသော အရိယာပုဂ္ဂိုလ်တို့အား စျာန်ကို တခြား အားမထုတ်ရ၊ မဂ်ကိုရလျှင်ပင် စျာန်ရ, အဘိညာဉ်ရဖြစ်တော့သည်၊ ဝင်စားလိုသောအခါ ကသိုဏ်းစသည်ကို နှလုံးသွင်းကာမျှနှင့် ဝင်စား နိုင်သည်။

[ဤကား-မဂ္ဂသိဒ္ဓစျာန်ပေတည်း။]

၃။ ပရိကမ္မဘာဝနာ,ဥပစာရဘာဝနာအစဉ်တို့ဖြင့် တမင် အားထုတ်၍ဖြစ်လာသော စျာန်စုသည် ယောဂသိဒ္ဓစျာန်မည်၏၊

[ဤကား-စျာန်အပြားတည်း။]

ဋီကာကျော်ဝါဒ

ရှေးပုစ္ဆာလေးချက်၌ ဋီကာကျော်အဖြေကို ဆိုပေအံ့၊ ရူပစိတ်, အရူပစိတ်,လောကုတ္တရာစိတ်များသည် သသင်္ခါရိကလည်းမဟုတ်၊ အသင်္ခါရိကလည်းမဟုတ်၊ သင်္ခါရဝိမုတ်သာတည်း၊ တစ်နည်းမှာသသင်္ခါရိကသာတည်း၊ နှစ်ချက်ဖြေသည်။

ယုတ္တိကား။။ စျာန်မည်သည် မဂ္ဂသိဒ္ဓစျာန်, ဘဝသိဒ္ဓစျာန်

ပင်ဖြစ်စေဦးတော့၊ ဝင်စားလိုသောအခါ၌ ပထဝီ,ပထဝီ-စသည်ဖြင့် မနသိကာရပရိကံကိုပြုမှသာ ဖြစ်လာသည်၊ မနသိကာရပရိကံနှင့်ကင်း၍ အလိုလိုဖြစ်လာသော စျာန်-ဟူ၍မရှိ၊ ဤမနသိကာရပရိကံမှုသည်လည်း ပုဗ္ဗပယောဂမှု, သင်္ခါရမှုပင်ဖြစ်သည်၊ ထို့ကြောင့် စျာန်-ဟူသမျှသည် အသင်္ခါရိကဆိုရရန် အခွင့်မရှိ၊ မနသိကာရပရိကံမှုကို အစွဲပြု၍ သသင်္ခါရိကသာ-ဟုဆိုမည်လည်း ထိုမနသိကာရပရိကံကို ပြုရုံမျှနှင့် ဖြစ်ပေါ်လာသည်မဟုတ်၊ ရှေးရှေးဘဝတို့ကပြုခဲ့ဖူးသော အဓိကာရ, ဥပနိဿယလည်း အခံရှိဖူးမှဖြစ်ပေါ်လာသည်၊ ထို့ကြောင့် သသင်္ခါရိက ဆိုရရန် အခွင့်လည်းမရှိ၊ နှစ်ပါးစုံမှ အလွတ်သာဖြစ်သည်။

[ပထမဖြေဆိုချက်၌ယုတ္တိ။]

ဒုတိယဖြေချက်ကား-စျာန်ဟူသမျှသည် မနသိကာရပရိကံကို ပြုမှသာဖြစ်ပေါ်လာသည်၊ ထို့ကြောင့် သသင်္ခါရိကချည်းသာတည်း၊ အသင်္ခါရိကဟူ၍မရှိ၊ ဖော်၍မဆိုသည်မှာ သသင်္ခါရိကအဖြစ် အလွန် ထင်ရှားလှ၍ အသင်္ခါရိကဟု သင်္ဂြီုဟ်၌မဆိုလေသည်။

[ဒုတိယဖြေဆိုချက်၌ယုတ္တိ။]

နှစ်ချက်လုံးသည်ပင်လျှင် မဟုတ်ကြောင်းကို ယုတ္တိသာဓက နှင့်ပြလိုက်အံ့၊ စျာန်အရာ၌ ပရိကံသည် ဘာဝနာပရိကံ, မနသိကာရ ပရိကံဟူ၍ နှစ်ပါးရှိ၏၊

၁။ မရဖူးသေးသော စျာန်ကိုရလို၍ အစမှစ၍ အားထုတ်သော အာဒိကမ္မိကပုဂ္ဂိုလ်အား ဂေါတြဘုတိုင်အောင်သော ဘာဝနာမှုသည် ဘာဝနာပရိကံမည်၏၊

၂။ ရပြီးသောစျာန်ကို ဝင်စားရုံမျှကိစ္စနှင့် ပထဝီ,ပထဝီ-စသည် ဖြင့် နှလုံးသွင်းကာမျှသော ပရိကံသည် မနသိကာရပရိကံမည်၏၊

ဋီကာကျော်ဆရာသည် ဤပရိကံနှစ်ပါးကိုပင် ပုဗ္ဗပယောဂ ပြုဘိ၏၊ သင်္ခါရပြုဘိ၏၊

ဤပရိကံနှစ်ပါးသည် စျာန်၏ရိုးရာပရိကံမှုသာတည်း၊ ဒုက္ခ, အနတ္တ-ဟုပွါးများခြင်း,နှလုံးသွင်းခြင်းများသည် မဂ်,ဖိုလ်တို့၏ ရိုးရာ ပရိကံမှုသာတည်း၊ ဤကဲ့သို့သော ရိုးရာအမှုများကို ပယောဂမှု,သင်္ခါရမှု မဆိုရ၊ ဘာဝနာအရာ၌သာ မဟုတ်သေး၊ ခပ်သိမ်းသောဒါနမှု, သီလမှု တို့၌လည်းကောင်း၊ ဒုစရိုက်မှုတို့၌လလည်းကောင်း၊ အကြီးအငယ် ဖြစ်သော အမှုအားလျော်စွာ ပုဗ္ဗာဘိသင်္ခါရဟူသော ပရိကံမှုရှိမြဲ ပေတည်း၊ ကွမ်းတစ်ယာကို လှူဒါန်းလိုလျှင် အလှူဝတ္ထုကိုရှာရခြင်း, စီစဉ်ရခြင်း,အလှူခံပုဂ္ဂိုလ်သို့ ရှေးရှုဆောင်ရခြင်း-စသော ပုဗ္ဗာဘိသင်္ခါရ သည် ရှိသည်သာဖြစ်၏၊ ကြီးသောအမှုတို့၌ ဆိုဖွယ်မရှိ၊ ဤကဲ့သို့သော ရိုးရာမှုများကို ပယောဂမှု,သင်္ခါရမှုမဆိုရ၊ ဆိုချေသော် ခပ်သိမ်းသော ကုသိုလ်,အကုသိုလ်သည် အသင်္ခါရိကဟူ၍ပင် မရှိရာပြီ၊ သသင်္ခါရိက ချည်းရှိတော့သည်။

ပယောဂမှု,သင်္ခါရမှုဆိုရသည်မှာ ရိုးရာပရိကံမှုတို့နှင့် မထမြောက်နိုင်ဘဲ တွန့်တိုဆုတ်နစ်၍ နေရာ၌ မနေရအောင်ထူထောင် ထမြောက်အောင် ပေါင်မြှောင်ကူပံ့ရသော အမှုကိုသာဆိုရမည်၊ ထို့ကြောင့် ထိုရိုးရာပရိကံမှုကို ပုဗ္ဗပယောဂသင်္ခါရပြု၍ ထိုနှင့်မကင်းနိုင် သော စျာန်စိတ်ကို သသင်္ခါရိကဆိုသော ထိုဋီကာကျော် စကားကို အမှားစင်စစ်မှတ်ရမည်။

[ပယ်ချက်-၇။]

စျာန်ကို ရှေးရှေးဘဝ၌ ပြုအပ်သော အဓိကာရရှိမှ ရနိုင်သည်ဟူသော စကားသည်လည်း အဋ္ဌကထာများနှင့် မညီလေ၊ အဋ္ဌကထာများ ၌ကား

သမထမှု၌ အဓိကာရ မရှိခဲ့ဖူးသောသူအား သုခပဋိပဒါစျာန် ကိုရသည်၊ ဝိပဿနာ၌ အဓိကာရ မရှိခဲ့ဖူးသောသူအား ဒန္ဓာဘိညာဉ် စျာန်ကိုရသည်၊ ရှိခဲ့ဖူးသောသူအား ခိပ္ပါဘိညာဉ်စျာန်ကိုရသည်-ဟု လာပေသည်၊ ရှေးဘဝက အဓိကာရရှိခဲ့ဖူးမှ စျာန်ကိုရသည်-ဟု မလာပေ၊ မဂ်ဉာဏ်,ဖိုလ်ဉာဏ်အစု၌သာလျှင် ပါရမီမရှိလျှင်မရ၊ ပါရမီရှိမှရသည်ဟု လာပေသည်။

ထို့ကြောင့် ထိုဋီကာကျော်စကားကို အမြတ်အားဖြင့် မယူအပ်။

[ပယ်ချက်-၈။]

စင်စစ်အမှန်အားဖြင့်ကား-ဤရူပ,အရူပ, လောကုတ္တရာ စိတ်သည် သင်္ခါရဘေဒအားဖြင့် သသင်္ခါရိက, အသင်္ခါရိကဟူ၍ နှစ်ပါး အပြားရှိသည် အမှန်ဖြစ်၏၊ ထို့ကြောင့် နေတ္တိပါဠိတော်၌ဒုဝိဓော သမာဓိ သသင်္ခါရော သမာဓိ အသင်္ခါရော သမာဓိဟူ၍ ဟောတော်မူသည်။

နေတ္တိအဋ္ဌကထာဋီကာတို့၌လည်း

၁။ သသင်္ခါရ သမာဓိဆိုသည်ကား-ဒုက္ခပဋိပဒါဒန္ဓာ ဘိညာဉ် စျာန်တစ်ပါး, ဒုက္ခပဋိပဒါခိပ္ပါဘိညာဉ်စျာန် တစ်ပါး၊ ဤဒုက္ခပဋိပဒါ စျာန်နှစ်ပါးကို ဖွင့်ပေသည်။

၂။ အသင်္ခါရ သမာဓိဆိုသည်ကား-သုခပဋိပဒါဒန္ဓာဘိညာဉ် စျာန်တစ်ပါး, သုခပဋိပဒါခိပ္ပါဘိညာဉ်စျာန် တစ်ပါး၊ ဤသုခပဋိပဒါစျာန် နှစ်ပါးကို ဖွင့်ပေသည်။

ပဋိပဒါအဘိညာဉ်တို့ကို ဆိုကြသော အဘိဓမ္မာအဋ္ဌကထာ တို့၌လည်း

ယော အာဒိတော ကိလေသေ ဝိက္ခမ္ဘေန္တော ဒုက္ခေန သသင်္ခါရေန သပ္ပယောဂေန ကိလမန္တော ဝိက္ခမ္ဘေတိ၊ တဿ ဒုက္ခာ ပဋိပဒါနာမ ဟောတိ၊ ယော ကိလေသေ ဝိက္ခမ္ဘေန္တော သုခေန အကိလမန္တော ဝိက္ခမ္ဘေတိ၊ တဿ သုခါ ပဋိပဒါနာမ ဟောတိ။

[အဋ္ဌသာလိနီ။]

ဉာဏဝိဘင်းအဋ္ဌကထာ, ဝိသုဒ္ဓိမဂ်အဋ္ဌကထာတို့၌လည်း ဤနည်းအတူလာသည်၊ ဤသို့လျှင် သုတ္တန်, အဘိဓမ္မာတသန်တည်းလာ သောကြောင့် ဒုက္ခပဋိပဒါစျာန်ဟူသမျှတို့ကို သသင်္ခါရိကတို့ပေ-ဟု, သုခပဋိပဒါစျာန် ဟူသမျှတို့ကို အသင်္ခါရိကတို့ပေ-ဟု, ပုံသေမုချမှတ် အပ်၏၊

ထိုသို့ဖြစ်ပါလျက် မဟဂ္ဂုတ်,လောကုတ္တရာစိတ်တို့၌ သင်္ခါရဘေဒ ကို ဓမ္မသင်္ဂဏီ၌ မဟောသည်မှာမူကား-ဤမဟဂ္ဂုတ်,လောကုတ္တရာ ဓမ္မတို့သည် ဘာဝနာတည်းဟူသော ပဋိပဒါဖြင့်သာရအပ်ပြီးစေအပ် သောတရားတို့ ဖြစ်ပေ၍ ထိုအားလျော်သော ပဋိပဒါဘေဒကို ဟော တော်မူသဖြင့် သင်္ခါရဘေဒသည်လည်း အန္တောဂဓဖြစ်လေ၍ အသီး အခြားမဟောလေသည်။

ဒုက္ခပဋိပဒါ-ဟုဆိုအပ်သော သသင်္ခါရိကစျာန်, သုခပဋိပဒါဟုဆိုအပ်သော အသင်္ခါရိကစျာန်တို့ကို ခြားနားအောင်ဆိုဦးအံ့။

ပရိကမ္မဘုံ, ဥပစာရဘုံ, အပ္ပနာဘုံ၊ ဤဘုံသုံးပါးကို ပိုင်းခြား လေဦး။

၁။ ပရိကမ္မဘုံဆိုသည်ကား-ကောင်းစွာထူထောင်ပြီးသော သီလဘုံ၌တည်၍ တစ်ခုတည်းသောအာရုံ၌ ဘာဝနာကိုရှေးရှုသည်မှစ၍ ပဋိဘာဂနိမိတ်မထင်မီ,နီဝရဏမကွာမီ,စျာန်အင်္ဂါမပေါ်မီအတွင်း၌ ပွါးများသောကိစ္စနှင့်ဖြစ်သမျှသော မဟာကုသိုလ်စုသည် ပရိကမ္မဘုံ မည်၏၊

၂။ ပဋိဘာဂနိမိတ်ထင်သည်နှင့်တစ်ပြိုင်နက် နီဝရဏလည်းကွာ, စျာန်အင်္ဂါလည်းပေါ်သည်မှစ၍ ဂေါတြဘုတိုင်အောင် ဤအတွင်း၌ ပွါးများခြင်းကိစ္စနှင့် ဖြစ်သမျှသော မဟာကုသိုလ်စုသည် ဥပစာရဘုံ မည်၏၊

၃။ အပ္ပနာစျာန်သည် အပ္ပနာဘုံမည်၏၊

ဒုတိယစျာန်ကို ရဖို့ပွါးများရာ၌ကား-ပထမစျာန် နိကန္တိမကွာမီ အတွင်းသည် ပရိကမ္မဘုံမည်၏၊ ထိုနိကန္တိ ကွာသည်မှစ၍ ဒုတိယစျာန်၏ ဂေါတြဘုတိုင်အောင်သည် ဥပစာရဘုံမည်၏၊ နောက်နောက်စျာန်တို့၌ လည်း ဤနည်းအတိုင်း ပိုင်းခြားလေ။

[ဤကား-ဘုံသုံးပါး ပိုင်းခြားချက်ပေတည်း။]

(က) ၁။ ပရိကမ္မဘုံသည် ပဋိပဒါ၏နယ်တည်း။ ၂။ ဥပစာရဘုံ,အပ္ပနာဘုံသည် အဘိညာဉ်၏ နယ် တည်း။

( ခ ) ၁။ ပရိကမ္မဘုံအတွင်း၌ ပယောဂမကူဘဲ ထမြောက်၍ သွားပေလျှင် အပ္ပနာစျာန်သည် သုခပဋိပဒါစျာန် ဖြစ်ပေ၍ အသင်္ခါရိက စျာန်မည်၏၊

၂။ ပရိကမ္မဘုံအတွင်း၌ မချောမောရှိ၍ ပယောဂကူမှ ထမြောက်၍သွားခဲ့လျှင် အပ္ပနာစျာန်သည် ဒုက္ခပဋိပဒါစျာန်ဖြစ်၍ သသင်္ခါရိကစျာန်မည်၏၊

( ဂ ) ၁။ ပရိကမ္မဘုံမဟာကုသိုလ်သည် သသင်္ခါရိကဖြစ်အံ့၊

နောက် ဥပစာရဘုံ,အပ္ပနာဘုံ အလုံးစုံ တို့သည် သသင်္ခါရိကချည်းဖြစ်ကုန် တော့သည်-ဟူလိုသည်။

(ဃ) ၁။ ဥပစာရဘုံအတွင်း၌ နေ့ရက်ကြန့်ကြာ၍ အပ္ပနာ အဆိုက်နှောင်းလျှင် ဒန္ဓာဘိညာဉ်စျာန် မည်၏၊

၂။ မကြန့်ကြာဘဲ အပ္ပနာအဆိုင်မြန်လျှင် ခိပ္ပါဘိညာဉ် စျာန်မည်၏၊

[အကျယ်ကို အဋ္ဌကထာမှာ ယူလေ။]

ရူပါဝစရစိတ် ၁၅-ခုပြီး၏၊

--------

အရူပါဝစရစိတ် ၁၂-ခု သာသနာပ,သာသနာတွင်းရနိုင်ပုံ

အရူပါဝစရစိတ်၌ အရူပစျာန်ကိုရအောင် အားထုတ်ကြသော သူတို့သည် သာသနာပရသေ့တို့လည်း အားထုတ်ကြကုန်၏၊ သာသနာ တွင်း၌ ဘုရားတပည့်သားရဟန်းတော်တို့လည်း အားထုတ်ကြကုန်၏၊

အထူးကား။။ သာသနာပတို့မှာ ရုပ်နာမ်ကိုလွန်ခြင်းငှါ အားထုတ်ကြကုန်သည်၊ ရုပ်တရားတို့မည်သည် အလွန်ရုန့်ရင်းသော ကိလေသာတို့၏ အာရုံဖြစ်၏၊ မွေးမြူရသော ပရိကံမှု အလွန်ကြီးကျယ်၏၊ အလွန်ကြမ်းတမ်းသော အတွင်းဘေး,အပဘေးတို့နှင့်ဆက်ဆံ၏၊ အနှစ်အမာမရှိ၊ အရှည်မခိုင် ယိုယွင်းလွယ်၏၊ အပါယ်ဘေးနှင့်နီး၏၊ ရုပ်တရားကိုမှီတွယ်သော ဤဝိညာဉ်သည် ကမ်းနားသစ်ပင်နှင့်တူ၏၊ မျက်မှိုက်ကောက်ရိုးမှတောက်သော မီးနှင့်တူ၏၊ ရူပါဝစရစျာန်စုသည် ရုပ်နိမိတ်မှ တွယ်တာသော စျာန်စုဖြစ်၍ အနှစ်မရှိသော ကြက်ဆူပင် ငယ်ကို တွယ်တာ၍ပေါက်သော ရုက္ခစိုးဗိမာန်ကဲ့သို့ အရှည်တည်နိုင်သော အခွင့်မရှိ၊ ရုပ်၌သာယာသော နိကန္တိတဏှာ တည်းဟူသော သံကြိုး သံလွန်အနှောင်အဖွဲ့ရှိနေသည်ဖြစ်၍လည်း ရုပ်နယ်ကိုလွန်နိုင်သော အစွမ်းမရှိ၊ ထို့ကြောင့် ရုပ်နိမိတ်နှင့် မစပ်မယှက်သက်သက်သော ကောင်းကင်၌ရအပ်သောစျာန်ကို ရပါမူကောင်းလေ၏-ဟု အားထုတ်ကြ ကုန်သည်။

[ဤသို့-အမြော်အမြင်များသည် သာသနာတွင်း၌ မဆက်ဆံ၊ သာသနာပ ရသေ့တို့၏ အမှုသာတည်း။]

သာသနာတွင်း၌ကား-အရူပစျာန်များသည် အထူးသိမ်မွေ့ သည်၊ အထူးအားရှိသည်ဖြစ်၍ ဝိပဿနာ အခြေပြုရန်, အဘိညာဉ် အခြေပြုရန်, ရံခါရံဖန်ဝင်စားဖို့သာ အားထုတ်ကြကုန်သည်၊ ''ရှေးရှေး စျာန်၌ အပြစ်ကိုမြင်မှ နောက်နောက် စျာန်ကိုရနိုင်သည်''ဟူသော စကားများကိုလည်း ယေဘုယျသာ မှတ်ရမည်။

''ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ'' ဟူသည်နှင့်အညီ ဖြူစင်သောအဖို့၌ တည်ပေသော ယောကျ်ားမြတ်တို့၏ အလိုဆန္ဒသည် တောင့်တတိုင်းပြီးစီးမြဲဖြစ်ပေရကား- ပထမစျာန်ကို ရပြီးနောက် ဒုတိယစျာန်ကိုရလိုသော ဆန္ဒနှင့်အားထုတ်လျှင် ဒုတိယ စျာန်ပင်ဖြစ်လာပေသည်၊ နောက်နောက်စျာန်တို့၌လည်း ဤအတူ ဝသီပေါ်သို့ရောက်ပြီးသော ရူပပဉ္စမစျာန်၌တည်၍ ကသိုဏ်းကိုခွါ၍ ပွါးများလျှင် ပထမာရုပ္ပစျာန်ဖြစ်လာမည်၊ ''ရုပ်၌အပြစ်ကိုမြင်၍ ပဉ္စမ စျာန်၌ နိကန္တိကိုစွန့်ခြင်းဖြစ်မှ အရူပစျာန်ကိုရသည်''အဆိုမှာ ပုဂ္ဂိုလ် သာမန်၌သာမှတ်။

ပထမာရုပ္ပစျာန်

ဤအရူပစျာန်၌လည်း

(က) ၁။ ကသိုဏ်းကိုးပါးတွင် တစ်ပါးပါးကိုခွါ၍ ကောင်းကင် နိမိတ်ကိုရပြီးနောက် ထိုကောင်းကင် နိမိတ်ကိုရှု၍ ''အနန္တံ အာကာသံ, အနန္တံ အာကာသံ''ဟု စီးဖြန်းသည်မှစ၍ ရူပပဉ္စမစျာန်၌ သာယာသော နိကန္တိတဏှာ မကွာမီအတွင်း၌ဖြစ်သော မဟာကုသိုလ်သည် ပရိကမ္မ ဘုံမည်၏၊

၂။ တဏှာနိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင် ဤ အတွင်း၌ ပွါးများသော မဟာကုသိုလ်သည် ဥပစာရဘုံမည်၏၊

၃။ ဂေါတြဘု၏နောက်၌ ကျရောက်လာသော ပထမာရုပ္ပ စျာန်သည် အပ္ပနာဘုံမည်၏၊ မဟဂ္ဂုတ်ဘုံမည်၏၊ အရူပဘုံမည်၏၊ ပထမာရုပ္ပဘုံမည်၏၊

( ခ ) ၁။ ဤစျာန်သည်လည်း ပရိကမ္မဘုံအတွင်းက မချော မမော၍ ပယောဂကူခဲ့ရလျှင် ဒုက္ခပဋိပဒါစျာန် မည်၏၊ သသင်္ခါရိက စျာန်မည်၏၊

၂။ ပရိကမ္မဘုံအတွင်း၌ ချောမော၍ ပယောဂလွတ်ခဲ့လျှင် သုခပဋိပဒါစျာန်မည်၏၊ အသင်္ခါရိကစျာန် မည်၏၊

( ဂ ) ၁။ ဥပစာရဘုံတွင် ကာလကြာမြင့်၍နေခဲ့လျှင် ဒန္ဓာ ဘိညာဉ်စျာန်မည်၏၊

၂။ မကြာလှဘဲ တစ်လျောက်ထဲတတ်လာခဲ့လျှင် ခိပ္ပါဘိညာဉ် စျာန်မည်၏၊

ဥပစာရဘုံ၌ကွာခဲ့ပြီးသော ရူပတဏှာသည် ဂေါတြဘု၏ ဘင်တွင် အကြွင်းမဲ့ချုပ်၏၊ ထို့ကြောင့် ထိုရူပတဏှာ၏လက်မှ ထွက် မြောက်သော ဥပေက္ခာ,ဧကဂ္ဂတာ-ဟူသော ဤပထမာရုပ္ပစျာန်သည် ရာဟု အသုရိန်၏ ခံတွင်းမှလွတ်သော လဝန်းကဲ့သို့ အလွန်ကြည် လင်လှ၏၊ အားခွန်ဗလထက်သန်လှ၏ ဝသီဘာဝပြု၍ ဤစျာန်ကို ဝင်စားကာနေသောသူအား ပဉ္စဒွါရတွင် ရုန့်ရင်းပြင်းထန်သော အာရုံပင် ထင်လာခိုက်လာသော်လည်း စျာန်ဇောအစဉ် အယိမ်းအယိုင်မရှိသော ကြောင့် ''နဣဉ္ဇတိ=မတုန်မလှုပ်တတ်၊ ဣတိ=ထို့ကြောင့်၊ အာနဉ္ဇံ= အာနဉ္ဇသမာပတ်ခေါ်ဝေါ်အပ်သတည်း။

ဤဥပေက္ခာ,ဧကဂ္ဂတာ-ဟူသော စျာန်နှင့်ယှဉ်သော စေတနာ သည်လည်း ရာဟုလက်မှ ကျွတ်လွတ်သော လဝန်း၏ အရောင်အဝါကဲ့သို့ အလွန်တရာကြည်လင်၍ အားအင်ကောင်းလှလေသောကြောင့် အကနိဋ္ဌဘုံမှ အထက်ယူဇနာငါးသောင်း,ရှစ်ထောင်မြင့်သော ကောင်း ကင်၌ မဟာကပ်တစ်သောင်း အသက်တမ်းရှိသော ပထမာရုပ္ပဘုံ၌ ပထမာရုပ္ပဝိပါက်အဖြစ်နှင့် ဖြစ်ပေါ်ပြီးလျှင် မဟာကပ်နှစ်သောင်း တိုင်အောင် ဘဝင်အယဉ်အစဉ် ရှည်ကြာဖြစ်ပွါးကာနေပေ၏၊

အာကာသာနဉ္စာယတနပုဒ်၌- အာကာသပုဒ်, အနန္တပုဒ်, အာယတနပုဒ်အားဖြင့် အာကာသသည် လေးမျိုး ရှိ၏၊

၁။ အနန္တကောင်းကင်ကြီးသည် အဇဋာကာသမည်၏၊

၂။ လေသာပြတင်းပေါက်စသော ကသိုဏ်းဆယ်ပါးတွင်ပါ ဝင်သော ကောင်းကင်သည် ပရိစ္ဆိန္နာကာသ မည်၏၊

၃။ အာကာသကသိုဏ်းမှတစ်ပါးသော ကသိုဏ်းကိုးပါးကိုခွါ၍ ရအပ်သော ကောင်းကင်သည် ကသိဏုဂ္ဃ ဋိမာကာသမည်၏၊

၄။ ရုပ် ၂၈-ခုတွင် အတွင်းဝင်သော အာကာသဓာတ်သည် ပရိစ္ဆေဒါကာသမည်၏၊

ဤနေရာဝယ် ကသိဏုဂ္ဃဋိမာကာသကိုယူ၊ ဤကောင်းကင်သည် ဥပါဒ်ခြင်း,ချုပ်ခြင်းဟူသော ရှေ့အဆုံး, နောက်အဆုံးမရှိခြင်းကြောင့် အနန္တမည်၏-ဟု ဖွင့်ကြ၏၊ အာယတနသဒ္ဒါသည် တည်ရာအနက်ဟော၊ အဆုံးမရှိသော ကောင်းကင်လျှင်တည်ရာ အာရုံရှိသောစျာန်သည် အာကာသာနဉ္စာယတနစျာန်မည်၏၊ ဤစျာန်၌ လွန်အပ်စွန့်အပ်သော အာရုံတစ်ပါး,ပြုအပ်သောအာရုံတစ်ပါး။

၁။ ဘာဝနာစိတ်ဖြင့် မှုတ်လွှင့်ဖျောက်ဖျက်၍ပစ်ခဲ့သော ကသိုဏ်းအာရုံသည် လွန်အပ်စွန့်အပ်သော အာရုံမည်၏၊

၂။ တွယ်တာကိုင်ဖက်၍လာခဲ့သော ကောင်းကင်အာရုံသည် ပြုအပ်ယူအပ်သော အာရုံမည်၏၊

အကယ်၍ အာရုံမပြောင်းဘဲ ကသိုဏ်းနှင့်သာ အားထုတ်၍ နေခဲ့အံ့၊ ရူပစျာန်သာ တလဲလဲနေမည်၊ ကမ္ဘာငါးရာမျှ အသက်တမ်း ရှိသော ဝေဟပ္ဖိုလ်ထက်လွန်နိုင်သော အစွမ်းမလာ၊ ကသိုဏ်းမပြောင်း၍ ကောင်းကင်၌တွယ်တာသော စျာန်သည်မူကား-ကမ္ဘာနှစ်သောင်း အသက်တမ်းရှိသော ပထမာရုပ္ပဘုံသို့ ဆောင်နိုင်သောအစွမ်းရှိသည်၊ ဤသို့ အာရုံကောင်းချက်ကြောင့် တိုးတက်သောအစွမ်းကို သိအပ်၏၊

ပထမာရုပ္ပစျာန်ပြီး၏၊

--------

ဒုတိယာရုပ္ပစျာန်

တစ်ဖန် ထိုကောင်းကင်ကို လွှတ်ပြန်၍ ထိုကောင်းကင်ကို တွယ်တာသော အာကာသာနဉ္စာယတနစိတ်ကို အာရုံပြု၍ ဒုတိယာရုပ္ပစျာန်ဖြစ်သည်။

ဤ၌လည်း

(က) ၁။ ပထမာရုပ္ပဝိညာဉ်ကို အာရုံပြု၍ ''ဝိညာဏံ အနန္တံ''ဟု

စီးဖြန်းသည်မှစ၍ ပထမာရုပ္ပဝိညာဉ်၌ သာယာသော တဏှာနိကန္တိ မကွာမီအတွင်း၌ ပွါးများသော မဟာကုသိုလ်သည် ပရိကမ္မဘုံမည်၏၊ ၂။ နိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင် ဤအတွင်း၌ ပွါးများသော မဟာကုသိုလ်သည် ဥပစာရဘုံ မည်၏၊

၃။ ဂေါတြဘု၏အခြားမဲ့၌ ကျရောက်လာသော ဝိညာဏဉ္စာ ယတနစျာန်သည် အပ္ပနာဘုံမည်၏၊

( ခ ) ၁။ ဤစျာန်သည်လည်း ပရိကမ္မဘုံအတွင်းက ဆင်းရဲ ငြိုငြင်ခဲ့လျှင် ဒုက္ခပဋိပဒါစျာန်မည်၏၊ သသင်္ခါရိကစျာန်မည်၏၊

၂။ မငြိုငြင်ခဲ့လျှင် သုခပဋိပဒါစျာန်မည်၏၊ အသင်္ခါရိကစျာန် မည်၏၊

( ဂ ) ၁။ ဥပစာရဘုံတွင် ကာလကြာမြင့်ခဲ့လျှင် ဒန္ဓာဘိညာဉ် စျာန်မည်၏၊

၂။ မကြာမြင့်ခဲ့လျှင် ခိပ္ပါဘိညာဉ်စျာန်မည်၏၊

ဥပစာရဘုံ၌ ကွာခဲ့ပြီးသော ပထမာရုပ္ပတဏှာသည် ဂေါတြဘု၏ ဘင်၌ အကုန်ချုပ်၏၊ ထို့ကြောင့် ဤဒုတိယာရုပ္ပစျာန်သည် ရုန့်ရင်းသော ပထမာရုပ္ပတဏှာမှ ကျွတ်လွတ်သည်ဖြစ်၍လည်းကောင်း၊ အလွန် ကောင်းမြတ်သော ပထမာရုပ္ပဝိညာဉ်ဟူသောအာရုံ၌ တွယ်ရသည်ဖြစ်၍ လည်းကောင်း၊ ပထမာရုပ္ပစျာန်ထက် အလွန်ထက်သန်ကြည်လင် အားအင်ဗလကောင်းပေသည်နှင့် မဟာကပ်လေးသောင်းရှည်သော ဒုတိယာရုပ္ပဘုံ၌ အကျိုးဖြစ်၍ ပေါင်းနိုင်လေသည်။

ဝိညာဏဉ္စာယတနပုဒ်၌-ဝိညာဏပုဒ်,အနန္တပုဒ်,အာယတနပုဒ်၊ ကြို့ပင်၌စောင့်နတ်ကို ကြို့ဟူ၍, ထိန်ပင်၌စောင့်သောနတ်ကို ထိန်ဟူ၍ ခေါ်ရသကဲ့သို့ အနန္တအမည်ရှိသော ကောင်းကင်၌ဖြစ်သော ပထမာရုပ္ပ ဝိညာဉ်ကို အနန္တဝိညာဉ်ခေါ်သည်၊ ထိုအနန္တဝိညာဉ်ကို တွယ်တာသမှု အာရုံပြု၍ဖြစ်သော ဤဒုတိယာရုပ္ပဝိညာဉ်သည် ဝိညာဏဉ္စာယတနမည်၏၊

၁။ ဤစျာန်၌ လွန်အပ်စွန့်အပ်သော အာရုံကား-အနန္တကောင်း ကင်ပေတည်း။

၂။ ပြောင်းရွေ့တွယ်တာသော အာရုံကား-ပထမာရုပ္ပဝိညာဉ် ပေတည်း။

ဒုတိယာရုပ္ပစျာန်ပြီး၏၊

--------

တတိယာရုပ္ပစျာန်

တစ်ဖန် ထိုပထမာရုပ္ပဝိညာဉ်ကို လွှတ်ပြန်၍ ထိုပထမာရုပ္ပ ဝိညာဉ်၏ မရှိခြင်း-ဟူသော နတ္ထိဘော ပညတ်ကို အာရုံပြု၍ တတိယာ ရုပ္ပစျာန်ဖြစ်လာသည်။

ဤ၌လည်း

၁။ ပထမာရုပ္ပဝိညာဉ်ကိုလွတ်ပြန်၍ ထိုဝိညာဉ်၏မရှိခြင်း ဟူသော နတ္ထိဘောပညတ်ကိုအာရုံပြု၍ ''နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စ''ဟု စီးဖြန်းသည်မှစ၍ ဒုတိယာရုပ္ပစျာန်ကို သာယာသော တဏှာ နိကန္တိ မကွာမီအတွင်းဖြစ်ပွါးသော မဟာကုသိုလ်ကံသည် ပရိကမ္မဘုံမည်၏၊ ၂။ နိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင်ဖြစ်ပွါးသော မဟာကုသိုလ်ကံသည် ဥပစာရဘုံမည်၏၊

၃။ ဂေါတြဘုနောက်၌ကျရောက်လာသော အာကိဉ္စညာယတန စျာန်သည် အပ္ပနာဘုံမည်၏၊

[ပဋိပဒါ,အဘိညာသင်္ခါရခွဲမြဲ၊ အကြွင်းဆိုမြဲ။]

အာကိဉ္စညာယတနပုဒ်၌ နပုဒ်, ကိဉ္စနပုဒ်, အာယတနပုဒ်၊ အာကိဉ္စနသဒ္ဒါ-အနည်းငယ်ဟော၊ နနှင့်ကိဉ္စန ဖက်၍ ပထမာရုပ္ပ ဝိညာဉ်၏ အနည်းငယ်မျှအကြွင်းမရှိသော နတ္ထိဘောပညတ်ဟု အနက် ထွက်သည်၊ ထိုနတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥပေက္ခာ, ဧကဂ္ဂတာကို အာကိဉ္စညာယတနစျာန်ခေါ်သည်။

၁။ ဤစျာန်၌ လွန်အပ်စွန့်အပ်သော အာရုံကား- ပထမာရုပ္ပ ဝိညာဉ်ပေတည်း။

၂။ ပြောင်းရွေ့တွယ်တာသော အာရုံကား-နတ္ထိဘောပညတ် ပေတည်း။

တတိယာရုပ္ပစျာန်ပြီး၏၊

--------

စတုတ္ထာရုပ္ပစျာန်

တစ်ဖန် ထိုတတိယာရုပ္ပစျာန်ကို လွှတ်ပြန်၍ ထိုတတိယာ ရုပ္ပစျာန်ကိုပင် အာရုံပြု၍ စတုတ္ထာရုပ္ပစျာန် ဖြစ်လာလေသည်။

ဤ၌လည်း

၁။ နတ္ထိဘောပညတ်ကို လွှတ်ပြန်၍ ထိုတတိယာရုပ္ပစျာန်ကိုပင် အာရုံပြု၍ ''သန္တမေတံ,ပဏီတမေတံ''ဟု စီးဖြန်းသည်မှစ၍ တတိယာရုပ္ပ စျာန်ကိုသာ သာယာသော တဏှာနိကန္တိမကွာမီအတွင်းဖြစ်ပွါးသော မဟာကုသိုလ်သည် ပရိကမ္မမည်၏၊

၂။ နိကန္တိကွာသည်မှစ၍ ဂေါတြဘုတိုင်အောင်ဖြစ်ပွါးသော မဟာကုသိုလ်သည် ဥပစာရဘုံမည်၏၊

၃။ ဂေါတြဘု၏နောက်၌ကျရောက်လာသော ဥပေက္ခာ, ဧကဂ္ဂတာ-ဟူသော နေဝသညာနာသညာ ယတနစျာန်သည် အပ္ပနာ ဘုံမည်၏၊

[ပဋိပဒါ,အဘိညာသင်္ခါရခွဲမြဲ၊ အကြွင်းဆိုမြဲ။]

နေဝသညာနာသညာယတနပုဒ်၌-နေဝပုဒ်, သညာပုဒ်, နပုဒ်, နပုဒ်, သညာပုဒ်, အာယတနပုဒ်၊ ၆-ပုဒ်၊ သညာသဒ္ဒါဖြင့် ဤစျာန်၌ရှိ အလုံးစုံသော စိတ်, စေတသိက်တို့ကို အကုန်ယူ၊ ပကတိသော ကာမာဝစရစိတ်, စေတသိက်သည် အလွန်ရုန့်ရင်း၏၊ ထို့ထက် ဥပစာရဘုံ အဖြစ်သို့ရောက်သော ကာမာဝစရသည် သိမ်မွေ့၏၊ ထို့ထက် ပထမ စျာန်သည် အလွန်သိမ်မွေ့၏၊ ထို့ထက် ဒုတိယစျာန်။ လ။ ထို့ထက် အာကိဉ္စညာယတနစျာန်သည် အလွန်သိမ်မွေ့၏၊ ဤသို့ အလွန့်ထက် အလွန်အဆင့်ဆင့်သိမ်မွေ့၍လာခဲ့သဖြင့် နေဝသညာနာသညာယတန စျာန်သို့ ဆိုက်သောအခါ စိတ်,စေတသိက်အပေါင်းသည် အထွတ်အထိပ် သိမ်မွေ့သောအဖြစ်သို့ရောက်၏၊ သည့်ထက်သိမ်မွေ့ရန် မရှိပြီ၊ သည့်ထက်တိုးလျှင် အကြွင်းမဲ့ချုပ်သော နိရောဓသမာပတ်သို့ ရောက်လေ တော့သည်။

ထို့ကြောင့် ဤစျာန်၌ ရှိသောတရားစုသည် လက္ခဏာ,ရသ, ပစ္စုပဋ္ဌာန်,ပဒဋ္ဌာန်တို့နှင့် နာမ်တရားတို့ကို သိမ်းဆည်းသော ယောဂီ ပုဂ္ဂိုလ်၏ဉာဏ်၌ မိမိရရထင်လောက်အောင် မရှိလေရကား-နေဝသညာ မည်၏၊ မရှိသည်လုံးလုံးလည်း မဟုတ်လေရကား-နနသညာမည်၏၊ ထိုတရားစုသည် အချို့မနာယတန,အချို့ဓမ္မာယတန ဖြစ်ကြ၍ အာယတနမည်၏၊ သုံးပါးသောအနက်ကိုပေါင်း၍ နေဝသညာနာသညာ ယတနမည်၏၊ ဤအရာ၌ကား-ဥပေက္ခာ,ဧကဂ္ဂတာ-ဟူသော ဤစျာန်နှင့် ယှဉ်သော စိတ်သည် နေဝသညာနာသညာယတနစိတ်မည်၏၊

၁။ နတ္ထိဘောပညတ်သည် လွန်သောအာရုံပေတည်း။ ၂။ တတိယာရုပ္ပဝိညာဉ်သည် ယူအပ်သော အာရုံပေတည်း။

[အကြွင်းကို ရှေး၌ဆိုခဲ့ပြီးသောအတိုင်း စေ့စုံအောင်ဆောင်၍ သိလေ။] စတုတ္ထာရုပ္ပစျာန်ပြီး၏၊

အရူပါဝစရစိတ် ၁၂-ခုပြီး၏၊

ပရမတ္ထဒီပနီဋီကာ ပုစ္ဆာအဖြေပြီး၏၊

--------*--------

မောင်လူကလေး၏ပုစ္ဆာအဖြေ

လျှောက်လွှာ

နယ်ပိုင်ဝန်ထောက် မောင်လူကလေးက ဥတ္တမပုရိသဒီပနီကျမ်း စာမျက်နှာနံပါတ် ၁၀၉-၌ ''ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ''ဆိုရာ မိ-အက္ခရာတွင် မဟာကုသိုလ်ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ၇-ကြိမ်ဖြစ်သည်-ဟု ရေးသားပါရှိပါသည်ဘုရား။

ဤတွင် မိ-ဟူသော အက္ခရာကိုအဆုံးထား၍ ရေးသားတော်မူ သောကြောင့် အထက်ဇော ၆-ခုတို့၏ အထောက်အပံ့ကိုရသော သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ်မှာမှဖြစ်သော၁ ၂ ၃ ၄ ၅ ၆ ၇ ၈

''ဗု ဒ္ဓံ သ ရ ဏံ ဂ စ္ဆာ မိ''

အထိ ရှစ်လုံးသောအက္ခရာတို့၏ အပေါင်းဟူသော အသံဖြစ် သည်ဟူ၍-ယူရမည်လားဘုရား၊ သို့တည်းမဟုတ် တစ်ခုတစ်ခုသော သတ္တမဇောကြောင့်ဖြစ်သော ပထဝီဓာတ် တစ်ခုတစ်ခုစီမှာမှဖြစ်သော ဗု-ဟူသော, ဒ္ဓံ-ဟူသော, သ-ဟူသော, ရ-ဟူသော, ဏံ-ဟူသော, ဂဟူသော, စ္ဆာ-ဟူသော, မိ-ဟူသော၊ အက္ခရာ တစ်လုံးတစ်လုံးစီတို့၏ အသံတစ်ခုစီဟူ၍ပင် ယူရမည်လော-ဟု ဝါဒပြားလျက်ရှိနေပါသော် ကြောင့် မည်ကဲ့သို့ မှတ်ယူရမည်-ဟု အမိန့်တော်ကို နာခံလိုပါသော ကြောင့် ၎င်းဝီထိမျိုးနှင့်စပ်သော ပါဠိအနက်များကို ချီးမြှင့်တော်မူပါရန် လျှောက်ထားတောင်းပန်ပါသည်-ကျေးဇူးတော်သခင် အရှင်မြတ်ကြီး ဘုရား။

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

''ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ''၌ အက္ခရာရှစ်လုံးသည်တွင် တစ်လုံး တစ်လုံးမှာပင် ဇော ၇-ကြိမ်စီဖြစ်၍ ရှေးအက္ခရာ ၇-လုံးတို့မှာလည်း မဟာကုသိုလ်ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ၇-ကြိမ်ပင်ဖြစ်၏၊ သို့သော်လည်း ရှေးအက္ခရာတို့၌ ကြိယာကာရက စကားဝါကျ မပြီးဆုံးသေးသောကြောင့် ဝစီဘေဒသရဏဂုံကိစ္စ မပြီးမြောက်သေး၊ မိ-အက္ခရာသို့ရောက်မှ ကြိယာကာရက စကားဝါကျပြီးဆုံးသောကြောင့် ဝစီဘေဒသရဏဂုံကိစ္စ ပြီးမြောက်လေသည်။

ထို့ကြောင့် ဥတ္တမပုရိသဒီပနီကျမ်းစာမှာ မိ-အက္ခရာတွင်ပါ ရှိသော မဟာကုသိုလ်ဉာဏသမ္ပယုတ် ဥက္ကဋ္ဌတိဟိတ်ဇော ၇-ကြိမ်ကိုသာ ဝိသေသထုတ်ဖော်၍ ဆိုပေသည်၊ အက္ခရာရှစ်လုံးရှိရာ၌ တစ်လုံး တစ်လုံးသော အက္ခရာမှာပင် ဇော ၇-ကြိမ်စီ ဖြစ်ကြောင်းကိုလည်း ဤပြဆိုလတံ့သော အဋ္ဌသာလိနီ အဋ္ဌကထာပါဌ်ကိုထောက်၍ သိအပ် ၏၊

ဣဒံ ဝက္ခာမိ၊ ဧတံ ဝက္ခာမီတိ ဥပ္ပဇ္ဇမာနံ ပန စိတ္တံ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတု ဝဏ္ဏော ဂန္ဓော ရသော ဩဇာတိ အဋ္ဌ ရူပါနိ သမုဋ္ဌာပေတိ၊ တေသံ အဗ္ဘန္တရေ စိတ္တသမုဋ္ဌာနာ ပထဝီဓာတု ဥပါဒိဏ္ဏကံ ဃဋ္ဋယမာနာဝ ဥပ္ပဇ္ဇတိ၊ တေန ဓာတုသံဃဋ္ဋနေန သဟေဝ သဒ္ဒေါ ဥပ္ပဇ္ဇတိ၊ အယံ စိတ္တသမုဋ္ဌာန သဒ္ဒေါနာမ။ ဣဒံ=ဤစကားကို၊ ဝက္ခာမိ=ဆိုအံ့၊ ဧတံ=ထိုစကားကို၊ ဝက္ခာမိ=

ဆိုအံ့၊ ဣတိ=ဤသို့၊ ဥပ္ပဇ္ဇမာနံ= ဖြစ်ပေါ်လာသော၊ စိတ္တံ=ဇောစိတ်သည်၊ ပထဝီဓာတု=ပထဝီဓာတ်လည်းကောင်း၊။ လ။ ဩဇာ=လည်းကောင်း၊ ဣတိအဋ္ဌရူပါနိ=ဤရှစ်ပါးသောရုပ်တို့ကို၊ သမုဋ္ဌာပေတိ=ဖြစ်စေ၏၊ တေသံ=ထိုရှစ်ပါးသောရုပ်တို့၏၊ အဗ္ဘန္တရေ=အတွင်း၌၊ စိတ္တသမုဋ္ဌာနာ= ထိုဇောစိတ်ကြောင့်ဖြစ်သော၊ ပထဝီဓာတု=စိတ္တဇပထဝီဓာတ်သည်၊ ဥပါဒိဏ္ဏကံ=ကမ္မဇပထဝီဓာတ်ကို၊ ဃဋ္ဋယမာနာဝ=ထိခိုက်လျက်သာလျှင်၊ ဥပ္ပဇ္ဇတိ=ဖြစ်၏၊ တေန ဓာတုသံဃဋ္ဋနေန=ထိုပထဝီဓာတ် နှစ်ပါး တို့၏ထိခိုက်ခြင်းနှင့်၊ သဟေဝ=တကွသာလျှင်၊ သဒ္ဒေါ=သည်၊ ဥပ္ပဇ္ဇတိ=၏၊ အယံ=ဤအသံသည်၊ စိတ္တသမုဋ္ဌာနသဒ္ဒေါနာမ=စိတ္တဇအသံမည်၏၊

ဤအဋ္ဌကထာပါဌ်မှာ အက္ခရာတစ်လုံးတစ်လုံး၌ ဇော ၇-ကြိမ် ဖြစ်သည်-ဟု အသေအချာမပါသော်လည်း ဤစကား၏အဆုံး၌- ''ပူရိမ စိတ္တ သမုဋ္ဌာနာယ ဥတ္ထမ္ဘနကိစ္စံပိ နတ္ထိ''ဟူ၍ ပါရှိ၏၊

အဓိပ္ပါယ်ကား။။ ဤဝစီဝိညတ်အရာမှာ ကာယဝိညတ်၌ ဤကဲ့သို့ရှေးရှေးစိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့မှု, နောက်နောက်စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ်ကို ထောက်ပံ့မှု ကိစ္စလည်း မရှိ၊ ဇော ၇-ကြိမ်တို့မှာပင် သူ့ဇောနှင့် သူ့အက္ခရာ အသီးသီး ဖြစ်နိုင်ကြသည် ချည်းဖြစ်သည်-ဟူလို၊ သူ့ဇောနှင့် သူ့အက္ခရာဟူရာမှာ လည်း ဗုဒ်-ဟု ရွတ်ဆိုဆဲအခါ၌ ဇော ၇-ကြိမ်ပင် ဗုဒ်သံ ၇-ကြိမ်ဖြစ် သည်ကိုဆိုသည်၊ ဓံ,သ, ရ,ဏံ,ဂစ်,ဆာ,မိ-တို့၌လည်း ထိုနည်းတူ၊ ဤအရာဌာနသည် အလွန်သိမ်မွေ့သောအရာဖြစ်၍ ဋီကာ,အနု,မဓု, လက်သန်း-ကျမ်းဆရာတို့သည် အဆအယူမတူကွဲပြား အဆိုများပြား လျက်ရှိကြကုန်၏၊ ငါတို့စီရင်သော ပရမတ္ထဒီပနီဋီကာရုပ်ပိုင်း ဝစီဝိညတ် အဖွင့်မှာလည်း ငါတို့သဘောသက်သာရာကိုသေချာစွာ ဆိုလျက်ရှိလေ၏၊ သို့ရာတွင် ဆရာတော်မှာ ယခုအခါသည် နိုင်ငံခြားသာသနာပြု အရေး ကိစ္စနှင့်စပ်လျဉ်း၍ အရေးကိစ္စအလွန်များ ပြားလျက်ရှိနေသောကြောင့် မောင်လူကလေး အမေးပြေလောက်ရုံမျှကိုသာရေးပေးလိုက်သည်။

မန္တလေးမြို့၊ ၁၂၇၆-ခုနှစ်၊ ဝါခေါင်လဆုတ် ၁၃-ရက်၊ မောင်လူကလေး၏ပုစ္ဆာအဖြေပြီး၏၊

--------*--------

မောင်သာတိုး၏ပုစ္ဆာအဖြေ

လျှောက်လွှာ

စကုမြို့၊ နေ့စွဲ- ၁၅ - ၄ - ၁၄၊ ဘုရားတပည့်တော် စကုမြို့ ဒုတိယတန်း အမိန့်တော်ရရှေ့နေ မောင်သာတိုး ခြေတော်ဦးခိုက် ရိုသေစွာ လျှောက်ထားဝံ့ပါသည်-ကိုယ် တော်အရှင်သူမြတ်ကြီးဘုရား။

တပည့်တော်သည် ဗုဒ္ဓဘာသာကျမ်းဂန်များကို အလေ့အထ ပြု၍ကြည်ရှုသင်ကြားရာ သတ္တဝါတို့၏ တည်နေရာဘုံဌာနကို ''ဩကာသ လောက''၊ ၎င်းလောကသည်လည်း ဘုံ-၃၁-ကိုပင်ဆိုကြောင်း သိရပါ သည်၊ ''လောက''ဆိုသော အနက်စကားမှာ ဖြစ်တတ် ပျက်တတ်ခြင်း သဘောတရားဟုလည်း သိရပါသည်။

ထို့ကြောင့် ''လောက''ဟုဆိုသော ဘုံ ၃၁-၏ ဖြစ်ပုံ,ပျက်ပုံကို ကြည့်ရှုစုံစမ်းသောအခါ ''မီး,ရေ,လေ''တို့ကြောင့် တတိယစျာန်သုံး ဘုံအထိသာ ဖြစ်ပုံ,ပျက်ပုံကို သိရပါသည်၊ အထက်အထက်သော ဗြဟ္မာ့ဘုံတို့၏ ဖြစ်ပုံ,ပျက်ပုံကို မတွေ့မသိရပါ၊ ''လောက''ဆိုလျှင် ဖြစ်ပုံ,ပျက်ပုံမည်-ဟု သဘောရပါသည်။

သို့အတွက် ထိုအချက်ကို ပညာအမြော်အမြင်နှင့်ပြည့်စုံ၏-ဟု အထင်ရသော ''ရဟန်း,ရှင်,လူ''တို့ကိုပင် လျှောက်ထားမေးမြန်းကြည့်ရာ ကျမ်းဂန်၌ တိုက်ရိုက်ရှိမည်မထင်၊ ''သဗ္ဗေ သင်္ခါရာ အနိစ္စာ''ဟူသော တရားတော်အရဖြင့် မပျက်ဘဲမနေနိုင်၊ အမှန်ပျက်မည်ဖြစ်မည် အထင်ရကြောင်းနှင့် ထင်မြင်ချက်ကိုသာ ပေးနိုင်ကြပါသည်။ တပည့်တော်၏စိတ်ထင်မှာ ''သဗ္ဗေ သင်္ခါရာ အနိစ္စာ''ဟူသော

တရားတော်အရ-တတိယစျာန်သုံးဘုံအထိ၊ မီး,ရေ,လေတို့ကြောင့် ဖြစ်ပုံ,ပျက်ပုံကို အနိစ္စတရားထင်ရှားဖို့ရာ မြတ်စွာဘုရားဟောထားခဲ့ ပါလျှင် အထက်အထက်သော ဘုံဌာနတို့၏ ဖြစ်ပုံ,ပျက်ပုံကိုလည်း သဗ္ဗညုတရွှေဉာဏ်တော်ရသော ဘုရားဖြစ်၍ မဟောခဲ့ဘဲဖြင့် ရှိနေတော့မည်မဟုတ်-ဟု သဘောရပါသည်။

တပည့်တော်၏အထင်အတိုင်း တိုက်ရိုက်ဟောထားချက် မရှိခဲ့ပါလျှင် အခြားဘာသာကွဲတို့က ကောင်းကင်ဘုံသည် ဘယ်အခါမှ မပျက်မစီးထာဝရအမြဲပင်တည်လျက်ရှိ၏-ဟုဆိုသော စကားကို ငြင်းဆန်နိုင် တော့မည်မဟုတ်ပါ။

သို့ပါ၍ တတိယစျာန်သုံးဘုံ၏ အထက်က ရှိရှိသမျှသော ဘုံဌာနအသီးအသီးတို့မှာ ဘာသာခြားလူမျိုးများ အယူတရားအတိုင်း မပျက်ဘဲအမြဲတည်လျက်နေသည်ဆိုသော စကားမှန်ပါသလား။

သို့တည်းမဟုတ်လျှင် တတိယစျာန်သုံးဘုံ၏ အထက်အထက်က ရှိရှိသမျှသော ဘုံဌာနအသီးအသီးတို့၏ ဖြစ်ပုံ,ပျက်ပုံကို ခိုင်မာသော ကျမ်းဂန်အထောက်အထား အကိုးအကားနှင့်တကွ တပည့်တော်အား ခြားနားစွာသိသာရန် ကိုယ်တော်တိုင်ဖြေဆိုချက်ကို ကယ်မပေးသနာ းတော်မူပါမည့်အကြောင်း ခြေတော်ဦးခိုက်၍ ရိုသေစွာလျှောက်ထားဝံ့ ပါသည်ဘုရား။

ဖြေဆိုချက်ပေးသနားလိုက်စေလိုသော နေရာဌာနမှာမောင်သာတိုး ဒုတိယအမိန့်တော်ရရှေ့နေ၊ စကုမြို့ အထက်နိုင်ငံ မင်းဘူးစီရင်စု

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

စကုမြို့ ဒုတိယတန်းရှေ့နေ မောင်သာတိုး၏ လျှောက်လွှာ ဆရာတော်၏ထံသို့ရောက်လာ၍ ၎င်းလျှောက်လွှာကို အကျဉ်းဖြေဆို ပြန်ကြားချက်ကား

ဩကာသလောက၏အရ- ၃၁-ဘုံတို့တွင် ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ, သုဒ္ဓါဝါသဘုံ,အရူပလေးဘုံ၊ ဤ ၁၁-ဘုံတို့သည် ကမ္ဘာပျက်မှုနှင့်ပျက်ခြင်း မရှိကြကုန်၊ ကမ္ဘာပျက်မှုနှင့်ပျက်ခြင်း မရှိကြသည့်အတွက် နိစ္စဘုံ,ထာဝရဘုံ-ဟူ၍ပင် ဆိုထိုက်ကြကုန်၏၊ သင်္ခါရဓမ္မတို့၏ ဖြစ်မှု,ပျက်မှုနှင့်ပြောဆိုမူကား-ထိုဘုံတို့၌ ရှိရှိသမျှသော ရုပ်နာမ်ဓမ္မသင်္ခါရတို့သည် တစ်နာရီမျှအသက်ရှည်၍ တည်နေနိုင်သည် မရှိကြကုန်၊ ထိုဘုံသားတို့သည်လည်း မိမိတို့ဘုံမှာ ထာဝရအမြဲ တည်နေ ကြရသည် မဟုတ်ကုန်၊ အသက်တမ်းရှိသမျှသာလျှင် တည်နေကြကုန် သည်၊ အသက်တမ်းကုန်ဆုံးလျှင် သေဆုံးကြရကုန်သည်။

အရူပလေးဘုံတို့၌ ထိုကောင်းကင်အရပ်ကိုပင် အရူပဘုံခေါ် ရသည်၊ ထိုကောင်းကင်ဟူသည် အထည်အသားရှိတော့သည်မဟုတ်၊ ဖြစ်မှု,ပျက်မှုရှိတော့သည်မဟုတ်၊ ထိုအရူပဘုံခေါ်သော ဩကာသ လောက၌ တည်ရှိကြကုန်သော နာမ်တရားအစုဟူသော သင်္ခါရလောက, ထိုနာမ်တရားအစုကိုအစွဲပြု၍ အရူပဗြဟ္မာဟူ၍ ခေါ်ဆိုရသော ကမ္ဘာလောက ဤလောကနှစ်ပါးတို့သည်မူကား ဖြစ်မှု,ပျက်မှုအစဉ်ရှိ သည်သာ ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုအရူပဘုံတို့မှာ ကမ္ဘာပျက်မှုနှင့် ဖြစ်ခြင်း,ပျက်ခြင်း မရှိကြကုန်ငြားသော်လည်း သင်္ခါရအတွက်နှင့် ဖြစ်ခြင်း,ပျက်ခြင်းတို့သည်မူကား- ဧကန္တရှိကြကုန်တော့သည်၊ ကြွင်းသော ဘုံတို့မှာလည်း ဤနည်းအလားတူ ဆင်ခြင်လေ၊ ဤမျှလောက်သော ဖြေချက်နှင့်ပင် မောင်သာတိုး၏စိတ်သဘောကျေနပ်လောက်သင့်လေပြီ။

မုံရွာမြို့၊ ၁၂၇၆-ခု၊ ကဆုန်လဆုတ် ၃-ရက်၊ မောင်သာတိုး၏ပုစ္ဆာအဖြေပြီး၏၊

--------*--------

မောင်သာထွန်း၏ပုစ္ဆာအဖြေ

လျှောက်လွှာ

စစ်ကိုင်းမြို့ စီရင်စု ကျားမင်းကြီးရွာနေ မောင်သာထွန်း ရှိခိုးနားတော်လျှောက်ပါသည် ဆရာတော်အရှင် သူမြတ်ဘုရား။

၁။ ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ် ဆယ့်တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီ သိရပါမည့်အကြောင်း။

၂။ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ဗိုလ်, မဂ္ဂင်, စျာနင်-စသော အဘိဓမ္မာကျမ်းကို တတ်ကျွမ်း သည်နှင့်မဂ်လမ်းကိုပိုင်တော့မည်-ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ် ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကိုရမည်-ဟု ဘာဝနာမယ ကို အားကျသူတစ်မျိုး၊ မတိုးသာမရှောင်သာ လူနှစ်ဦးတို့ ဆည်းပူး ကြသည့်အရာမှာ ဂင်္ဂါဝါဠု၊ သဲစုမကပွင့်ကြတော်မူကြသော ဘုရားရှင် တို့လက်ထက် အာသဝေါကင်းကွာ၍ ရဟန္တာယောကျ်ား,ရဟန္တာမိန်းမ ဖြစ်ကြသည်အနက်မည်သည့်တရားကထက်မြက်၍ ဖိုလ်မဂ်ကို လျင်စွာ ရသည်ဟုမ-စ ချီးမြှင့်တော်မူပါမည့်အကြောင်းကိုလည်း ရှိခိုးနားတော် လျှောက်ပါသည်-ဆရာတော်အရှင်သူမြတ်ဘုရား။

လယ်တီဆရာတော်ကြီးဖြေဆိုချက်

ပထမပုစ္ဆာအဖြေ

၁။ ဘုံသုံးပါးမှာ ဗျာဓိတရားသည် မကင်းဘဲလျက် မီးတစ်ဆယ့် တစ်ပါးတွင် ၎င်းတရားမပါ၊ ကြွင်းကျန်ရှိသည်ကို ကျမ်းဂန်အညီသိရ ပါမည့်အကြောင်း-ဟူသော ပထမပုစ္ဆာ၌

အဖြေကား။။ ဇရာမီး၌ပါဝင်သည်-ဟူ၍ ကျမ်းဂန်နှင့်အညီ မှတ်ရမည်၊ အကြောင်းမှာမူကား-သစ်လွင်ရွှင် လန်းသော ရုပ်တရား,နာမ် တရားတို့ကို ဟောင်းနွမ်းညှိုးခြောက်စေမှုကို ဇရာမီးလောင်သည်-ဟု ဆိုရသည်၊ ဗျာဓိ-ဟူသည်လည်း ခံ့ကျန်းရွှင်လန်းသော ရုပ်တရား, နာမ် တရားတို့ကို ကုန်ခန်းညှိုးနွမ်းစေမှုမျိုးဖြစ်၍ ဇရာမီးသဘော ရှိလေသည်။

ပထမပုစ္ဆာအဖြေပြီး၏၊

--------

ဒုတိယပုစ္ဆာအဖြေ

၂။ အဘိဓမ္မာတတ်ကျွမ်းလှ၍ မဂ်လမ်းကိုပိုင်တော့မည်-ဟု နေထိုင်သူတစ်ရပ်၊ ပဋိပတ်ကျင့်စဉ်ကို ကုန်စင်အောင် သိကျွမ်းမှ မဂ်လမ်းကိုရမည်-ဟု ဘာဝနာမယကို အားကိုးသူတစ်မျိုး၊ ၎င်းနှစ်မျိုး တို့တွင် ဘယ်အမျိုးက သာလွန်ထက်မြက်၍ ဖိုလ်မဂ်ကို မြန်မြန်ရနိုင်မည်ဟု သိလိုပါကြောင်း-ဟူသော ဒုတိယပုစ္ဆာ၌

အဖြေကား။။ သဗ္ဗညုဗုဒ္ဓပါရမီမျိုးနှင့် ပစ္စေကဗုဒ္ဓပါရမီမျိုးကဲ့သို့မှတ်ရမည်၊ အဘိဓမ္မာတတ်ကျွမ်းလှသော သူ၏အမှုသည် သဗ္ဗညုဗုဒ္ဓပါရမီဖြည့်မှုနှင့် အလားတူ၏၊ မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကို ဖြည်း ဖြည်းနှေးနှေးသာရောက်တတ်၏၊ ရောက်သောအခါ၌ ကြီးကျယ်စွာ ဖြစ်တတ်၏၊ အဘိဓမ္မာမတတ်ကျွမ်းလှဘဲ မိမိ၏အတ္တဟိတအကျိုးမျှကို ရွယ်ကိုး၍ ဘာဝနာမယကို အားကျသောသူသည် ဖြောင့်မတ်စွာသွားပါမူ မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကို မြန်မြန်ရောက်နိုင်၏၊ ရောက်သောအခါ၌ ကြီးကျယ်စွာမဖြစ်တတ်၊ အဘိဓမ္မာတတ်ကျွမ်းလှသူ၏ အမှုသည် သရက် ဥယျာဉ်ကြီး, ပိန္နဲဥယျာဉ်ကြီးကို စိုက်ပျိုးသူနှင့်တူ၏၊ ဘာဝနာမယသမား၏ အမှုသည် ဘူးခင်း,ဖရုံခင်း,မုန်လာခင်းစိုက်ပျိုး နှင့်တူ၏၊

ဒုတိယပုစ္ဆာအဖြေပြီး၏၊

မောင်သာထွန်း၏ပုစ္ဆာအဖြေပြီး၏၊

--------*--------

ဥက္ကံပုစ္ဆာအဖြေ

မြန်မာသက္ကရာဇ် ၁၂၈၁-ခု၊ တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့၊ ဥက္ကံ ဘုရားကြီးကျောင်းဘုန်းကြီး တောင်းပန်လျှောက်ထားချက်။ ပုစ္ဆာ-ငါးရပ်

၁။ သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ် တို့သည် အဘယ့်ကြောင့် ပစ္စည်းမထိုက်ပါသနည်း။

၂။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၌ အဘိညာဉ်ဒွေ ရသင့် မရသင့်၊ ရသော် ဝီထိနှင့်တကွ ပစ္စည်းတပ်ပုံကို သိလိုပါသည်။

၃။ ပကတူပနိဿယ၌ ဗလဝဖြစ်သောစိတ်ကိုသာ ပစ္စည်း ကောက်ပါသည်၊ ဒုဗ္ဗလဖြစ်သောစိတ်သည် ပစ္စည်းတပ်သင့်မတပ်သင့်။

၄။ ၎င်းပစ္စည်း၌-ပစ္စည်းထိုက်သော အချို့သော ပညတ်ဟူ၍သာ ဆိုပါသည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်းထိုက်သည်၊ အဘယ် ကဲ့သို့သော ပညတ်သည် ပစ္စည်းမထိုက်သည်-ဟု ခွဲခြမ်းဝေဖန်၍ မိန့် တော်မူပါ။

၅။ ကမ္ဘာပျက်ရာတွင် သုဒ္ဓါဝါသငါးဘုံ၏ ဖြစ်ပုံ,တည်ပုံအခြင်း အရာကို သိလိုပါသည်ဘုရား။

လယ်တီဆရာတော်ကြီးဖြေဆိုချက်

မြန်မာသက္ကရာဇ် ၁၂၈၁-ခု၊ တန်ဆောင်မုန်းလဆန်း ၅-ရက်နေ့၊ ဥက္ကံဘုန်းကြီး တောင်းပန်လျှောက်ထား ချက် ပုစ္ဆာငါးရပ်ကို အစဉ်အတိုင်း သိသာထင်ရှားရုံ အကျဉ်းအားဖြင့် ဖြေဆိုပေအံ့။

၁-အမေး။။ သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ်တို့သည် အဘယ့်ကြောင့် ပစ္စည်းမထိုက်ပါ သနည်း။

အဖြေ။။ မောဟမူဒွေသည် လောဘ,ဒေါသ-ဟူသော မူလ တစ်ပါးမှကင်းသဖြင့် ရအပ်သောအခွင့်ရှိ သည်ဖြစ်၍ အလွန်အားကြီး သော မောဟနှင့်ယှဉ်သည်တစ်ကြောင်း၊ သိုလော,သိုလော တွေးတော သောအားဖြင့် ရွေ့လျားတတ်သော ဝိစိကိစ္ဆာအာရုံ၌ အလွန်ပျံ့လွင့် တတ်သော ဥဒ္ဓစ္စနှင့်ယှဉ်သည်တစ်ကြောင်း၊ ထိုအကြောင်းများ ကြောင့် အလွန်တုန်လှုပ်ခြင်းရှိ၏၊ အလွန်တုန်လှုပ်ခြင်းရှိသောကြောင့် ဤစိတ် နှစ်ပါး၌ယှဉ်သော ဝီရိယသည်လည်း ဝီရိယာအဓိပတိကိစ္စ မတပ်နိုင်၊ စိတ်သည်လည်း စိတ္တာအဓိပတိကိစ္စမတပ်နိုင်၊ ဟသိတုပ္ပါဒ်သည် ဘုရား ရဟန္တာတို့အား တွေ့ရှိရာအရေးထူး အခွင့်ထူးတို့၌ ဉာဏ်အထူးဖြစ် ပေါ်မှုကို အစွဲပြု၍ ရုတ်တရက်အားဖြင့် ပြုံးရွှင်မှုမျှသာ ဖြစ်ချေ၍ အာရုံ၌ အနက်အနဲ သက်ဝင်မှုမရှိ၊ ထို့ကြောင့် ထိုစိတိ၌ရှိသော ဝီရိယသည် ဝီရိယာဓိပတိ မတပ်၊ စိတ်သည်လည်း စိတ္တာဓိပတိမတပ်၊ ထို့ကြောင့် သဟဇာတာဓိပတိပစ္စည်း၌ မောဟမူဒွေ, ဟသိတုပ္ပါဒ်တို့သည် သဟ ဇာတာဓိပတိပစ္စည်းကို မရထိုက်ကြလေကုန်။

၂-အမေး။။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၌ အဘိညာဉ်ဒွေ ရသင့်မရသင့်၊ ရသော် ဝီထိနှင့်တကွ ပစ္စည်းတပ်ပုံကို သိလိုပါသည်။ အဖြေ။ ။အချို့သော နောက်ဖြစ် သုံးချက်စု ဇယား၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယ၊ ပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေမပါ၊ မပါခြင်းအကြောင်းကား- ဝတ္ထာရမ္မဏပုရေဇာတပစ္စည်းမည်သည် မရဏာသန္နအခါသာရ နိုင်၏၊ အဘိညာဉ်ဒွေသည် မရဏာသန္နဇော ကိစ္စမတပ်နိုင်၊ မရဏာသန္နဇောသည် ကာမဇောများ၌သာဖြစ်နိုင်၏ဟု နှလုံးပိုက်၍ ထိုသုံးချက်စုများ၌ ဝတ္ထာရမ္မဏပုရေဇာတနိဿယ ပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေမပါဝင်လေ သတည်း။

ရှေးရှေးသော သုံးချက်စုဟောင်းများ၌ကား- ၎င်းပစ္စယုပ္ပန်တွင် အဘိညာဉ်ဒွေသည် ပါရှိ၏၊ ပါရှိခြင်းအကြောင်းကား- မရဏာသန္နဇော မည်သည် ကာမဇော၌သာ ဖြစ်သင့်သည်မဟုတ်၊ စျာန်ဇော,အဘိညာဉ် ဇောများသည်လည်း မရဏာသန္နဇောဖြစ်နိုင်၏၊ အထောက်ကားအထခေါ အာယသ္မာ ဒဗ္ဗော မလ္လပုတ္တော ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ဝေဟာသံ အဗ္ဘုဂ္ဂန္တွာ အာကာသေ အန္တလိက္ခေ ပလ္လင်္ကေန နိသီဒိတွာ တေဇော ဓာတုံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပရိနိဗ္ဗာယိ။

[ဥဒါန်းပါဠိတော် စာအုပ်နံပါတ်-၁၁၁၊ ကြောင်းရေ ၂၉။]

ဝုဋ္ဌဟိတွာ ပရိနိဗ္ဂာယီတိ ဣဒ္ဓိစိတ္တတော ဝုဋ္ဌဟိတွာ ဘဝင်္ဂစိတ္တေန ပရိနိဗ္ဗာယိ။

[၎င်းအဋ္ဌကထာ။]

ဤပါဠိအဋ္ဌကထာများကိုထောက်၍ အဘိညာဉ်ဇောသည် မရဏာသန္နဇော ဖြစ်နိုင်ကြောင်းကို သိအပ်၏၊

၁။ ကောင်းကင်၌ ဒဗ္ဗမထေရ်ထက်ဝက်ဖွဲ့ခွေနေရာ၌ အဘိညာဉ် ဝီထိတစ်ခန်း,

၂။ တေဇောကသိုဏ်းစျာန်ကို ဝင်စား၍ ထိုစျာန်မှထ၍ ပရိနိဗ္ဗာန်စံရာ၌ အဘိညာဉ်ဝီထိတစ်ခန်း,

ထိုတွင် နောက်အခန်း၌ ရှေးဦးစွာ အဓိဋ္ဌာန်၏ အဓိဋ္ဌာန်ပါဒ ကစျာနဝီထိတစ်၊ ဆောက်တည်မှု-ဟူသော အဓိဋ္ဌာန်ဝီထိနှစ်၊ အဘိညာဉ်၏ ပါဒကစျာနဝီထိသုံး၊ အဘိညာဉ်ဝီထိလေး။

ထိုတွင်

၁။ အဓိဋ္ဌာန်၏ ပါဒကစျာနဝီထိဖြစ်ပုံကား- ဘဝင်္ဂ စလန, ဘဝင်္ဂုပစ္ဆေဒနှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, ရူပါဝစရပထမစျာန်ဇောများစွာ။

၂။ ထိုနောင်ဘဝင် အဓိဋ္ဌာန်ဝီထိဖြစ်ပုံကား-ဘဝင်္ဂ စလန, ဘဝင်္ဂုပစ္ဆေဒနှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ ဉာဏသမ္ပယုတ် ဇော ၇-ကြိမ်, ထိုနောင်ဘဝင်၊ ဤဝီထိဖြင့် ငါ၏ကိုယ်မှ တေဇောဓာတ် သည် မီးတောက်မီးလျှံထ၍ ဤခန္ဓာကိုယ်ကို လောင်စေသတည်း-ဟု အဓိဋ္ဌာန်၏၊

၃။ အဘိညာဉ်၏ ပါဒကစျာနဝီထိမှာ ရှေးပါဒကစျာနဝီထိ အတိုင်းပင်။

၄။ အဘိညာဉ်ဝီထိဖြစ်ပုံကား- ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ နှစ်ကြိမ်, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, မဟာ ကြိယာပရိကံဇော လေးကြိမ်, ထိုနောင် ဣဒ္ဓိဝိဓအဘိညာဉ်ဇောတစ်ကြိမ်, ထိုနောင်ဘဝင်တစ်ကြိမ်, ထိုနောင် ပရိနိဗ္ဗာနစုတိတစ်ကြိမ်။

[ဤကား-အဘိညာဉ်ဝီထိဖြစ်ပုံတည်း။]

ပစ္စည်းတပ်ပုံကား။။ ဤဝီထိ၌ အလုံးစုံသောစိတ်သည် စုတိစိတ် မှ ပြန်၍ရေသည်ရှိသော် ၁၇-ချက်မြောက်သော ဘဝင်စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတစ်ခုကိုသာ မှီကြကုန်၏၊ ဤဝီထိ၌ အလုံးစုံသော စိတ်တို့သည် ဟဒယဝတ္ထုတစ်ခု၌သာ မှီကြကုန်၏၊ အဘိညာဉ်နှင့်တကွသော ဝီထိစိတ်တို့သည်လည်း ရှေးအဓိဋ္ဌာန်ချက် အတိုင်း ရူပကာယခန္ဓာကိုယ်ကို အာရုံပြုကြကုန်၏၊ ထိုဟဒယဝတ္ထုသည် ရူပကာယခန္ဓာကိုယ်၌ အတွင်းဝင်လျက်ရှိ၏၊ ထို့ကြောင့် ထိုဟဒယ ဝတ္ထုသည် ရှေး၌ဖြစ်၍ အဘိညာဉ်နှင့်တကွသော ထိုဝီထိစိတ်တို့မှီရာ ဝတ္ထုလည်းဖြစ်, အာရုံပြုရာလည်းဖြစ်သောကြောင့် ဝတ္ထာရမ္မဏပုရေဇာတ ပစ္စည်းမည်၏၊

၃-အမေး။။ ပကတူပနိဿယ၌ ဗလဝဖြစ်သောစိတ်ကိုသာ ပစ္စည်းကောက်ပါသည်၊ ဒုဗ္ဗလဖြစ်သော စိတ်သည် ပစ္စည်းတပ်သင့် မတပ်သင့်။

အဖြေ။။ ဒုဗ္ဗလဖြစ်သောစိတ်သည် ပစ္စည်းမတပ်သင့်၊ မတပ် နိုင်ပုံကား- လမ်းခရီးသွားရာ၌ ထိုလမ်းတစ်လျှောက်တွင် အဆင်းအမျိုး မျိုး, အသံအမျိုးအမျိုး-အစရှိသော အာရုံတို့သည် ထိုပုဂ္ဂိုလ်၏ ခြောက်ဒွါရ တို့၌ ထိုက်သည်အားလျော်စွာ ထင်ခြင်း, ထိခိုက်ခြင်းသို့ ရောက်ကြကုန်၏၊ ဝီထိစိတ်တို့သည်လည်း ဘဝင်ခြားလျက် မစဲအောင် ဖြစ်ကြုန်၏၊ ထိုပုဂ္ဂိုလ်သည်လည်း မိမိနေရာသို့ ရောက်သောအခါ၌ ထိုအာရုံတို့တွင် အချို့ကိုသာ အမှတ်ရနိုင်၏၊ အချို့ကို အမှတ်မရနိုင်၊ ဤကား-ကိုယ်တွေ့ဒိဋ္ဌပေတည်း။

ဤ၌ပြန်၍ အမှတ်ရနိုင်ခြင်း,မရနိုင်ခြင်းသည် ရှေး၌ဖြစ်ခဲ့သော ဝီထိစိတ်များ၏ ဗလဝ,ဒုဗ္ဗလအထူးကို အစွဲပြု၍ ဖြစ်ရလေသတည်း၊ ထိုတွင် ဗလဝဖြစ်သော စိတ်သည်သာလျှင် နောက်၌အမှတ်ရသော စိတ်အား ပကတူပနိဿယပစ္စည်းတပ်၏၊ ရှေး၌ ဒုဗ္ဗလဖြစ်သော စိတ်သည်ကား- နောက်၌အမှတ်ရသောစိတ်ကို မဖြစ်စေနိုင်သောကြောင့် ပကတူပနိဿယပစ္စည်းမတပ်၊ ဤယုတ္တိကိုထောက်၍ လောက၌ ပကတူပနိဿယပစ္စည်း ဖြစ်ပုံအလုံးစုံကို မြင်လေ။

၄-အမေး။။ ၎င်းပစ္စည်း၌-ပစ္စည်းထိုက်သော အချို့သော ပညတ်ဟူ၍သာ ဆိုပါသည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်း ထိုက်သည်၊ အဘယ်ကဲ့သို့သော ပညတ်သည် ပစ္စည်းမထိုက်သည်-ဟု ခွဲခြမ်းဝေဖန်၍ မိန့်တော်မူပါ။

အဖြေ။။ ကသိုဏ်းပဋိဘာဂနိမိတ်တည်းဟူသော ပညတ် အထူးသည် အထက်အရူပစျာန်ကိုရခြင်းငှါ ကျေးဇူးပြုနိုင်သော ပညတ် အထူးဖြစ်၍ ထိုကသိုဏ်းပဋိဘာဂနိမိတ် ပညတ်မျိုးကို ပစ္စည်းထိုက်သော အချို့သောပညတ်ဟု ပြောရိုးဆိုရိုးရှိကြ၏၊ ''ပုဂ္ဂလောပိ ဥတုပိ ဘောဇနံပိ သေနာသနံပိ ဥပနိဿယပစ္စယေန ပစ္စယော''ဟူ၍ ဟောတော်မူသော ကြောင့် သဗ္ဗညုဗုဒ္ဓဟူသော ပညတ်အထူး, အရိယသံဃ-ဟူသော ပညတ်အထူး, မာတာပိတုအာစရိယ-ဟူသော ပညတ်အထူး၊ ဤသို့စ သော ပုဂ္ဂလပညတ်များသည်လည်း ပစ္စည်းထိုက်သော ပညတ်ပင်ဖြစ် သည်ဟု ဆိုရန်ရှိ၏၊ ပိဋကသုံးပုံတည်းဟူသော အက္ခရာဝဏ္ဏနာမပညတ် သည်လည်း အနက်ကိုသိသောဉာဏ်အား လွန်စွာကျေးဇူးပြုနိုင်၏၊ လောက၌ ပြောဆို၍နေကြသော နာမပညတ်များသည် ထို့အတူပင် တည်း။

၅-အမေး။။ ကမ္ဘာပျက်ရာတွင် သုဒ္ဓါဝါသငါးဘုံ၏ ဖြစ်ပုံ, တည်ပုံအခြင်းအရာကို သိလိုပါသည်ဘုရား။

အဖြေ။။ ကမ္ဘာပျက်ရာ၌ မီးဖျက်သောကမ္ဘာ၌ ပထမစျာန်ဘုံ တိုင်အောင် ပါဝင်လေ၏၊ ရေဖျက်သောကမ္ဘာ၌ ဒုတိယစျာန်သုံး ဘုံတိုင်အောင် ပါဝင်လေ၏၊ လေဖျက်သောကမ္ဘာ၌ တတိယစျာန်သုံးဘုံ တိုင်အောင် ပါဝင်လေ၏၊ ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ, သုဒ္ဓါဝါသ ငါးဘုံတို့သည် ကမ္ဘာပျက်ဘေးမှ အခါခပ်သိမ်းလွတ်ကြ ကုန်၏၊ ထို့ကြောင့် ထိုဘုံများသည် ကမ္ဘာပျက်, ကမ္ဘာတည်မှုနှင့်စပ်၍ ဖြစ်ပုံ,တည်ပုံအထူးကို ဆိုဖွယ်မရှိ။

မေးမြန်းဖွယ်

အထူးကိုဆိုဖွယ်ရှိသည်မှာမူကား- ဘုရားပွင့်ခြင်းမရှိသော သုညကမ္ဘာတွေ အသင်္ချေကြုံကြိုက်၍ နေသောအခါ၌ ထိုသုဒ္ဓါဝါသ ဘုံများသည် အဘယ်သို့ပြု၍ နေပါသနည်း-ဟု မေးရန်ရှိ၏၊

ဖြေ။။ သုဒ္ဓါဝါသငါးဘုံတို့တွင် အကနိဋ္ဌဘုံသည် ကမ္ဘာတစ် သောင်းခြောက်ထောင် အသက်တမ်းရှိ၏၊ လောက၌ ကမ္ဘာတစ်သောင်း ခြောက်ထောင်လွန်၍ သုညကမ္ဘာတွေကြုံကြိုက်သောအခါ၌ ထို သုဒ္ဓါဝါသဘုံမှာ ဘုံများသာရှိ၍ ဗြဟ္မာမရှိကြကုန်ပြီ၊ မင်းတို့၏ စံနန်း ဟောင်းများကဲ့သို့ ဖြစ်၍နေသည်-ဟု အဋ္ဌကထာတို့၌ ဆိုပေ၏၊

ဤသုဒ္ဓါဝါသပြဿနာသည် ရှေးအခါ၌ သီဟိုဠ်ကျွန်းမှာဖြစ်ဖူး၏၊ ဖြစ်ဖူးပုံကား-မြတ်စွာဘုရားတို့၏ ပွင့်တော်မူကြရာ ဇာတိခေတ်ဖြစ်သော စကြဝဠာတစ်သောင်း၌ သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ သကဲ့သို့ ဇာတိခေတ်မှအလွတ်ဖြစ်သော စကြဝဠာအနန္တတို့မှာ သုဒ္ဓါဝါသ ငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီး ရှိကြလိမ့်မည်လော၊ မရှိကြလိမ့် မည်လော-ဟု အမေးပုစ္ဆာဖြစ်ဖူး၏၊ ထိုပုစ္ဆာပြဿနာသည် မန္တလေးမြို့ တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးထံသို့ ရောက်လေ၏၊ မင်းတရားကြီးက ငါတို့ကျေးဇူးရှင် စံကျောင်းဆရာတော်ဘုရားကြီးကို ဖြေဆိုရန်လွဲအပ်၏၊ ဆရာတော်ဘုရားကြီးသည် အဘိဓမ္မတ္ထဝိဘာဝနီ အမည်ရှိသော အဘိဓမ္မာဝတာရဋီကာအဆိုနှင့် ဖြေဆိုလိုက်လေသည်။

၎င်းဋီကာအဆိုကား

''ထိုစကြဝဠာ အနန္တတို့မှာလည်း သုဒ္ဓါဝါသငါးဘုံ နှင့်တကွ ၃၁-ဘုံ အသီးအသီးရှိကြ၏၊ သို့သော် သုဒ္ဓါဝါသငါးဘုံ မည်သည် အရိယာပုဂ္ဂိုလ်တို့သာ နေရာဖြစ်၏၊ ထို့ကြောင့် စကြဝဠာအနန္တတို့မှာ အရိယာပုဂ္ဂိုလ်ဟူ၍ မရှိ၊ ထိုသုဒ္ဓါဝါသ ဘုံတို့မှာ အရိယာပုဂ္ဂိုလ် အဘယ်မှာရနိုင်မည်နည်း-ဟု ဆိုရန် ရှိ၏၊ ဤဇာတိခေတ်စကြဝဠာ တစ်သောင်းမှ အရိယာဗြဟ္မာ များသည် ဝိဝေဂသုခအကျိုးငှါ သွား၍နေကြသည်''ဟု ၎င်းဋီကာ အဆိုရှိ၏၊

အချို့ကဆိုကြပြန်၏၊ စကြဝဠာသည် အနန္တဖြစ်၍ သုဒ္ဓါဝါသ ဘုံသည်လည်း အနန္တဖြစ်၏၊ ဤဇာတိခေတ် စကြဝဠာတစ်သောင်းမှ အရိယာဗြဟ္မာများသည် ထိုသုဒ္ဓါဝါသအနန္တတို့၌ အနှံ့အပြားရောက် နိုင်ခွင့်မရှိ၊ ထို့ကြောင့် ဤဇာတိခေတ် စကြဝဠာတစ်သောင်း၌သာ သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ၏၊ ထိုစကြဝဠာ အနန္တ တို့၌မူကား-သုဒ္ဓါဝါသဘုံဟူ၍ မရှိကြပြီ၊ ပုထုဇဉ်တို့၏နေရာ ၂၆- ဘုံသာရှိကြ၏-ဟု ယူသင့်ကြောင်းကို ဆိုကြကုန်၏၊

အချို့ကလည်း ဤသို့ဆိုကြကုန်သေး၏၊ ထိုစကြဝဠာ အနန္တ တို့မှာလည်း ဘုရားပွင့်ရာ ဇာတိခေတ်ပေါင်း တစ်သောင်းစီ အသီး အသီးရှိကြ၏၊ ဘုရားလည်း အသီးအသီးပွင့်ကြ၏၊ အရိယာပုဂ္ဂိုလ်နှင့် တကွ, သုဒ္ဓါဝါသငါးဘုံနှင့်တကွ ၃၁-ဘုံအသီးအသီးရှိကြ၏-ဟုဆိုကြ ကုန်သေး၏၊

အဋ္ဌကထာတို့၌မူကား- ဤဇာတိခေတ်မှတစ်ပါး စကြဝဠာ အနန္တတို့၌ ဘုရားတို့၏ပွင့်ခြင်း မရှိကြောင်းကို ဆိုကြ၏၊ ကြိုက်ရာယူကြ လေကုန်၏၊

ဥက္ကံပုစ္ဆာအဖြေပြီး၏၊

--------

ကျွန်းကုန်းကြီးပုစ္ဆာအဖြေ

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

သင်္ခတပရမတ်, အသင်္ခတပရမတ် နှစ်ပါးကိုခွဲပြခြင်း

သင်္ခတပရမတ်, အသင်္ခတပရမတ်၊ ဤပရမတ်နှစ်ပါး ခွဲနည်းကို မေးလျှောက်ချက်၌

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သလာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနာ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

[ဤဒေသနာသည် သင်္ခပရမတ် အဆက်ပွါး၍နေပုံကို ဟောတော်မူသော ဒေသနာတော်ပေတည်း။]

အနက်ကား။။ အဝိဇ္ဇာပစ္စယာ=သစ္စာလေးပါးတရားတို့ကို မသိမမြင် မထင်မလင်းတည်းဟူသော အကြောင်းတရား အဝိဇ္ဇာတရား ထင်ရှားရှိနေခြင်းကြောင့်၊ သင်္ခါရာ=ဘဝကိုပြုပြင်တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံ-ဟူသောသင်္ခါရမှုတို့သည်၊ သမ္ဘဝန္တိ=ထင်ရှားဖြစ် ပေါ်ကုန်၏၊ သင်္ခါရပစ္စယာ=သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့်၊ ဝိညာဏံ=နောက်ဘဝသစ်တွင် ပဋိသန္ဓေဝိညာဉ်, ပဝတ္တိဝိညာဉ်တည်း ဟူသော ဝိညာဉ်ခြောက်ပါး အကျိုးတရားသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ် ပေါ်၏၊ ဝိညာဏပစ္စယာ၊ ဝိညာဏ်ခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်း ကြောင့်၊ နာမရူပံ=ဝိညာဉ်၏အဲခံအရံဖြစ်သော ဖဿ,ဝေဒနာ-အစရှိ သောနာမ်တရား၊ ပထဝီ,အာပေါ-အစရှိသောရုပ်တရား ဤနာမကာယ, ရူပကာယတရားနှစ်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊

နာမရူပပစ္စယာ=နာမကာယ,ရူပကာယ တရားနှစ်ပါး ထင်ရှား ဖြစ်ပေါ်ဖြင်းကြောင့်။ သဠာယတနံ=လူအများတို့၏ သက်ရောက်ရာ ရေဆိပ်ကြီးသဖွယ်ဖြစ်သော စက္ခာယတန, သောတာယန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန-ဟု ဆိုအပ်သော ခြောက်ပါး သော အာယတနတရားသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊ သဠာယတနပစ္စယာ=အာယတနတရား ခြောက်ပါး ထင်ရှားဖြစ် ပေါ်ခြင်းကြောင့်၊ ဖေဿာ=အာရုံကို ထိခိုက်ခြင်း တည်းဟူသော ဖဿတရားခြောက်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊ ဖဿ ပစ္စယာ=ဖဿတရားခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ ဝေဒနာ= အရုံ၏ အရသာကိုခံစားခြင်းတည်းဟူသော ဝေဒနာခြောက်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊

ဝေဒနာပစ္စယာ=ဝေဒနာခြောက်ပါးထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ တဏှာ=အာရုံ၌ တပ်မက်မောခြင်းဟူသော ရူပတဏှာအစရှိသော တဏှာခြောက်ပါးသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊ တဏှာပစ္စယာ= တဏှာခြောက်ပါး ထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ ဥပါဒါနံ=အပြင်းအထန် စွဲလမ်းခြင်းဟူသော ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒု ပါဒါန်-ဟုဆိုအပ်သော ဥပါဒါန်တရားလေးပါးသည်၊ သမ္ဘဝတိ=ထင်ရှား ဖြစ်ပေါ်၏၊ ဥပါဒါနပစ္စယာ=ဥပါဒါန်တရားလေးပါး ထင်ရှားဖြစ်ပေါ်ခြင်း ကြောင့်၊ ဘဝေါ=သံသရာ၏အကျိုးစီးပွားဖြစ်သော သုစရိုက်တရား, ဒုစရိုက်တရားဟူသော ကာမတရား၊ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဟုဆို အပ်သော ဥပပတ္တိဘဝတရား၊ ဤဘဝတရားနှစ်ပါးသည်၊ သမ္ဘဝတိ=ထင် ရှားဖြစ်ပေါ်၏၊ ဘဝပစ္စယာ=ဘဝတရားနှစ်ပါးထင်ရှား ဖြစ်ပေါ်ခြင်း ကြောင့်။ ဇာတိ=ပဋိသန္ဓေအဖန်ဖန် နေရခြင်းတည်းဟူသော ဇာတိ တရားသည်၊ သမ္ဘဝတိ=ထင်ရှားဖြစ်ပေါ်၏၊

ဇာတိပစ္စယာ=ဇာတိတရားထင်ရှားဖြစ်ပေါ်ခြင်းကြောင့်၊ ဇရာမရဏံ=အအဖန်ဖန်အိုရခြင်း တည်းဟူသော ဇရာတရား, အဖန်ဖန် သေရခြင်းတည်းဟူသော မရဏတရား၊ ဤဇရာ,မရဏတရား နှစ်ပါးသည်လည်းကောင်း၊ သောက ပရိဒေဝ ဒုက္ခ သောမနဿု ပါယာသာ=စိုးရိမ်ပူပန်ရခြင်းအမျိုးမျိုးတည်းဟူသော သောကတရား, ငိုကြွေးမြည်တမ်းရခြင်းတည်းဟူသော ပရိဒေဝတရား, ကိုယ်၏ဆင်းရဲခြင်း တည်းဟူသော ဒုက္ခတရား, စိတ်၏ဆင်းရဲခြင်း တည်းဟူသော ဒေါမနဿ တရား, သက်ကြီးရှိုက်တငင်ငင် ပင်ပန်းရခြင်း တည်းဟူသော ဥပါယာသ တရားတို့သည်လည်းကောင်း၊ သမ္ဘဝန္တိ=ထင်ရှားဖြစ်ပေါ်ကုန်၏၊ ဧဝံ=ဤသို့၊ ကေဝလဿ=ချမ်းသာသုခနှင့် မရောမယှက်သက်သက်သော၊ ဧတဿဒုက္ခက္ခန္ဓဿ=ဤဒုက္ခသစ္စာတရားအစု၏၊ သမုဒယော=မပြတ်မစဲအမြဲဖြစ်ပွါးရခြင်းသည်၊ ဟောတိ=ဖြစ်၏၊ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏ နိရောဓော၊ ဝိညာဏ နိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿ နိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာ နိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါန နိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိ နိရောဓာ ဇရာမရဏံ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုစ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

[ဤဒေသနာသည် အသင်္ခတပရမတ်ကို ဟောတော်မူသော ဒေသနာပေတည်း။]

အနက်ကား။။ အဝိဇ္ဇာယတွေဝ=အဝိဇ္ဇာ၏သာလျှင်။ အသေသ ဝိရာဂနိရောဓာ=နောင်တစ်ဖန် ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိဘဲ အရိယာမဂ်ဖြင့် ချုပ်ငြိမ်းခြင်းကြောင့်၊ သင်္ခါရနိရောဓော=နောင်ဘဝ အသစ်အသစ်ကို ပြုပြင်တတ်သော ကုသိုလ်ကံ, အကုသိုလ်ကံသင်္ခါတ တရား၏ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ သင်္ခါရနိရောဓာ=သင်္ခါရ တရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဝိညာဏနိရောဓော=နောင်ဘဝသစ်ဟု ဆိုအပ်သော ပဋိသန္ဓေဝိညာဉ်၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဝိညာဏနိရောဓာ=ဝိညာဏ်၏ချုပ်ခြင်းကြောင့်၊ နာမ ရူပနိရောဓော= နာမကာယ, ရူကကာယတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊

နာမရူပနိရောဓာ=နာမကာယ,ရူကကာယတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ သဠာယတန နိရောဓော=အာယတနတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ သဠာယတန နိရောဓာ=အာယတနတရားခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဖဿနိရောဓော=ဖဿတရားခြောက်ပါးတို့၏ ချုပ်ငြိမ်ခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဖဿနိရောဓာ=ဖဿတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်း ခြင်းကြောင့်၊ ဝေဒနာနိရောဓော=ဝေဒနာ တရားခြောက်ပါးတို့၏ ချုပ်ငြိမ်း ခြင်းသည်။ ဟောတိ=ဖြစ်၏၊

ဝေဒနာနိရောဓာ=ဝေဒနာတရားခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ တဏှာနိရောဓော=တဏှာတရား ခြောက်ပါးတို့၏ ချုပြ်ငိမ်းခြင်း သည်၊ ဟောတိ=ဖြစ်၏၊ တဏှာနိရောဓာ=တဏှာတရား ခြောက်ပါးတို့၏ ချုပ်ငြိမ်းခြင်းကြောင့်၊ ဥပါဒါနနိရောဓော=ဥပါဒါန်တရား လေးပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊

ဥပါဒါနနိရောဓာ၊ ဥပါဒါန်တရားလေးပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ ဘဝနိရောဓော=ဘဝတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊ ဘဝနိရောဓာ=ဘဝတရားနှစ်ပါးတို့၏ ချုပ်ငြိမ်းခြင်း ကြောင့်၊ ဇာတိနိရောဓော=ပဋိသန္ဓေအသစ်အသစ်ဖြစ် ပေါ်မှု၏ ချုပ်ငြိမ်း ခြင်းသည်၊ ဟောတိ=ဖြစ်၏၊

ဇာတိနိရောဓာ=ပဋိသန္ဓေအသစ်အသစ်ဖြစ်ပေါ်မှု၏ ချုပ်ငြိမ်း ခြင်းကြောင့်၊ ဇရာမရဏံ=အဖန်ဖန်အိုရခြင်း, အဖန်ဖန်သေရခြင်း ဟူသောဇရာ,မရဏတရားနှစ်ပါးသည်လည်းကောင်း၊ သောကပရိဒေဝ ဒုက္ခ ဒေါမနဿုပါ ယာသာ=အဖန်ဖန်စိုးရိမ်ရခြင်း, အဖန်ဖန်ငိုကြွေးရခြင်း, အဖန်ဖန်ကိုယ်၏ဆင်းရဲရခြင်း, အဖန်ဖန်စိတ်၏ ဆင်းရဲရခြင်း, အဖန်ဖန် သက်ကြီးရှိုက်တငင်ပင်ပန်းရခြင်းတို့သည်လည်းကောင်း၊ နိရုစ္ဈန္တိ= အရဟတ္တမဂ် ဖြစ်ပေါ်ဆဲခဏ၌ အဝိဇ္ဇာနှင့်တကွ ချုပ်ငြိမ်းကြလေကုန်၏၊

ဧဝံ=ဤသို့၊ ကေဝလဿ=ချမ်းသာသုခနှင့်မဖက် သက်သက် သော၊ ဧတဿ ဒုက္ခက္ခန္ဓဿ=ထိုဒုက္ခသစ္စာ တရားအစု၏၊ နိရောဓော= ချုပ်ငြိမ်းခြင်းသည်၊ ဟောတိ=ဖြစ်၏၊

ဤဒေသနာ၌

၁။ အဝိဇ္ဇာသည် သင်္ခတပရမတ်မည်၏၊ အဘယ်ကြောင့် သင်္ခတ ပရမတ်မည်သနည်း-ဟူမူ ''အာသဝသမုဒယာ အဝိဇ္ဇာ သမုဒယော'' ဟူသော ပါဌ်နှင့်အညီ အာသဝတည်းဟူသော အကြောင်း တရားတို့၏ ဖြစ်ပွါးမှုကြောင့် အဝိဇ္ဇာသည် အသစ်အသစ်ဖြစ် ပေါ်မှုထင်ရှား ရှိနေသောကြောင့် သင်္ခတပရမတ်ခေါ်ပေသည်။

၂။ ထိုအဝိဇ္ဇာ၏ နောင်တစ်ဖန်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ၊ အရိယာမဂ်၏အစွမ်းဖြင့် အကုန်အစင် ချုပ်ငြိမ်းခြင်းသည် အသင်္ခတ ပရမတ်မည်၏၊ အဘယ့်ကြောင့် အသင်္ခတဓာတ်ပရမတ်မည်သနည်းဟူမူ ''အာသဝနိရောဓာ အဝိဇ္ဇာနိရောဓော''ဟူသော ပါဌ်နှင့်အညီ အာသဝတည်းဟူသော အကြောင်းတရားတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အဝိဇ္ဇာ၏ အသစ်အသစ်ဖြစ်ပေါ်မှုမရှိသော ချုပ်ငြိမ်းမှုဖြစ်လေသော ကြောင့် ထိုချုပ်ငြိမ်းမှုကို အသင်္ခတပရမတ်ခေါ်ပေသတည်း။

သင်္ခတပရမတ်,အသင်္ခတပရမတ်နှစ်ပါးကို ခွဲပြခြင်းပြီး၏၊

--------

နိဗ္ဗာန်၏ ဘာဝ,သဘာဝကိုပြဆိုခြင်း

ဤသို့လျှင် အဝိဇ္ဇာဟူသော သင်္ခတပရမတ်၏ အသစ်အသစ် ဖြစ်ပေါ်မှုမရှိခြင်းဟူသော အဝိဇ္ဇာ၏အဘာဝသည် အသင်္ခတဓာတ် ပရမတ်မည်၏၊ ဤစကား၌ အဘာဝဆိုသော်လည်း အဝိဇ္ဇာ၏ မရှိခြင်း ကိုဆို၏၊ သန္တိလက္ခဏာအားဖြင့်မူကား- အရိုးအစဉ်ထင်ရှားရှိသော ဘာဝကြီးတစ်ပါးပင်ဖြစ်၏၊

[သင်္ခါရချုပ်ငြိမ်းမှုစသည်တို့၌လည်း ဤနည်းအတူ အဘာဝနှင့်ဘာဝနှစ်ပါးကို ခြားနား၍သိလေ။]

ဤဒေသနာ၌ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်သည်၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်သည်၊ အစရှိသည်ဖြင့် အဆင့်ဆင့် ဟောတော်မူရသည်မှာလည်း အကြောင်း, အကျိုးဖြစ်ထိုက်သော တရားအစဉ်သို့လိုက်၍ ဟောတော်မူခြင်းမျှသာတည်း၊ ထိုတရားတို့၏ ချုပ်ငြိမ်းမှုကား- အရဟတ္တမဂ်ခဏ၌ အဝိဇ္ဇာချုပ်ငြိမ်းမှုတွင် တစ်ပေါင်း တစ်စုတည်းပါလေ၏၊ အဝိဇ္ဇာချုပ်ငြိမ်းမှုနှင့်တစ်စုတည်းသော ချုပ်ငြိမ်း မှုဖြစ်လေ၏၊ ထိုချုပ်ငြိမ်းမှုသည် ထိုပုဂ္ဂိုလ်ခန္ဓပရိနိဗ္ဗာန်စံသည်မှ နောက်၌ အနမတဂ္ဂသံသရာနှင့်အမျှ နိစ္စထာဝရတည်ရှိလေ၏၊

ထိုချုပ်ငြိမ်းမှုတွင်

၁။ ငရဲဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုလည်း ပါဝင်လေ၏၊

၂။ တိရစ္ဆာန်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု,

၃။ ပြိတ္တာဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု,

၄။ အသုရကာယ်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုလည်း ပါဝင်လေ၏၊

၅။ ထို့အတူ လူ့ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု,

၆။ နတ်ဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှု,

၇။ ဗြဟ္မာဘဝအဆက်ဆက် အနန္တချုပ်ငြိမ်းမှုတို့သည်လည်း ပါဝင်လေကုန်၏၊

အဝိဇ္ဇာ၏ ချုပ်ငြိမ်းမှုဟူသောစကားတွင်

ဤမျှလောက်ကြီးကျယ်သော အသင်္ခတဓာတ် ပရမတ်နယ်ကြီး သည် အဘိညာဏ်တွင် ထင်မြင်ထင်ရှား ရှိလေ၏၊ ထိုပုဂ္ဂိုလ်တို့၏ သန္တာန်တွင် ရှေ့သို့အစဉ်ဖြစ်ပွါးလတံ့သော သင်္ခတတရားတို့၏ ချုပ်ငြိမ်းမှု သည်သာလျှင် တစ်ခုတည်းဖြစ်သည်မဟုတ်သေး၊ လွန်လေပြီးသော အတိတ်သံသရာ၌ ပရိနိဗ္ဗာန်စံကြကုန်ပြီးသော ခပ်သိမ်းသောဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့၏ အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီးနှင့်လည်း တစ်ခုတည်းရောမိလေ၏၊ ယခုဘုရား သာသနာတော်မှာ ပရိနိဗ္ဗာန်စံကြ သော ပုဂ္ဂိုလ်တို့၏ အသင်္ခတဓာတ် ပရမတ်ကြီး, နောင်အနမတဂ္ဂ သံသရာတွင် ပရိနိဗ္ဗာန်စံကြကုန်လတံ့သော ဘုရား,ပစ္စေကဗုဒ္ဓါ, ရဟန္တာ တို့၏ အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီးနှင့်လည်း တစ်ခုတည်းဖြစ် လေ၏၊

ဥပါဒ်စွန်း,ဘင်စွန်း, ရှေ့အစွန်း,နောက်အစွန်း, အောက်အစွန်း, အထက်အစွန်း,လက်ဝဲအစွန်း, လက်ယာအစွန်းမရှိသော အနိမိတ္တ တရားဖြစ်၍ ပစ္စုပ္ပန်,အတိတ်,အနာဂတ် ကာလအပြားအားဖြင့် လည်း ကွဲပြားခြင်းမရှိ၊ ပုဂ္ဂိုလ်သန္တာန်အားဖြင့်လည်း ကွဲပြားခြင်းမရှိလေ။

[ဤကား-အနမတဂ္ဂသံသရာတွင်အစဉ်ထာဝရတည်ရှိသော အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်ကြီး၏ သန္တိသဘောဟူသော ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိနေပုံကို ပြဆိုခန်းတည်း။]

နိဗ္ဗာန်၏ဘာဝ,အဘာဝကိုပြဆိုခြင်းပြီး၏၊

--------

နိဗ္ဗာန်၏ အမေးလေးချက်

၁။ အဝိဇ္ဇာ၏မရှိခြင်းတည်းဟူသော အဘာဝကို နိဗ္ဗာန်ဟူ၍ ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ပရမတ္ထအားဖြင့် ထင်ရှား ရှိပါသနည်း။

၂။ အဘယ်သို့လျှင် ပရမသုခဖြစ်နိုင်ပါသနည်း။

၃။ အဘယ်သို့လျှင် အနန္တဂုဏ်ကျေးဇူးနှင့် ပြည့်စုံနိုင်ပါသနည်း။

၄။ အဘယ်သို့လျှင် အပ္ပမေယျဂမ္ဘီရ ဖြစ်နိုင်ပါသနည်း။ [အမေးလေးချက်။]

နိဗ္ဗာန်သည် ပရမတ္ထအားဖြင့် ထင်ရှားရှိပုံ

၁။ ထိုအဝိဇ္ဇာ၏ အဘာဝဟုဆိုအပ်သော နိဗ္ဗာန်သည် သန္တိ လက္ခဏာအားဖြင့် အရိုးအစဉ်ထင်ရှားသော ဘာဝကြီးတစ်ပါးဖြစ်ပေ၍ ပရမတ္ထအားဖြင့် ထင်ရှားရှိပေ၏၊

ထင်ရှားရှိပုံကား။။ ခပ်သိမ်းသော မြတ်စွာဘုရားတို့သည် ဘုရားအဖြစ်သို့မရောက်မီ ရှေးကာလ၌ သစ္စာလေးပါးတရားကို ထိုးထွင်း၍ မသိခြင်းတည်းဟူသော အဝိဇ္ဇာတရားရှိနေကြကုန်၏၊ အဝိဇ္ဇာ တရားရှိနေသည့် အတွက်ကြောင့် သင်္ခါရအစရှိသော သံသရာဝဋ်တရား တို့သည်လည်း ရှိနေကြကုန်၏၊ အဆုံးဘဝသို့ရောက်၍ အရဟတ္တမဂ် ဉာဏ်ကြီးကို ရကြသောအခါ၌ ထိုအဝိဇ္ဇာတရားသည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကွယ်ပျောက် အဘာဝအဖြစ်သို့ ရောက်လေ၏၊

အဘာဝဟူသော်လည်း အဇဋာကာသ ကောင်းကင်ကဲ့သို့ အချည်းအနှီး,တုစ္ဆ,နိရတ္ထက,အဘာဝမျိုးမဟုတ်၊ ထိုမြတ်စွာဘုရားတို့မှာ ထိုခဏမှစ၍ ခပ်သိမ်းသောကိလေသာတို့၏ ချုပ်ငြိမ်းခြင်း, ဒုတိယ ဘဝမှစ၍ ခပ်သိမ်းသော ဝဋ်ဒုက္ခတို့၏ချုပ်ငြိမ်းခြင်းဟူသော သန္တိ လက္ခဏာနှင့်တကွ အနမတဂ္ဂသံသရာတွင် အရိုးအစဉ်အားဖြင့် ထင်ရှား လျက်ရှိနေသော ပရမတ္ထဘာဝကြီးတစ်ပါးဖြစ်ပေ၏၊ ထိုနိဗ္ဗာန်သည် ဤသို့လျှင် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏၊

နိဗ္ဗာန်သည် ပရသုခဖြစ်ပုံ

၂။ ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် ပရမသုခဖြစ်နိုင်ပါသနည်းလူ့ချမ်းသာအပေါင်းတို့တွင် လေးကျွန်းလုံးကို အစိုးရသော စကြာမင်း တို့၏ချမ်းသာသည် အကြီးအကျယ်ဆုံးသော ချမ်းသာဖြစ်၏၊ ထိုစကြာမင်း ချမ်းသာသည် အနိစ္စမျိုးစင်စစ်ဖြစ်၏၊ ပျက်စီးခြင်းသည်လျှင် အဆုံးရှိ၏၊ ထိုစကြာမင်းသည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိသေးသောကြောင့် ယခုနေ့ စကြာမင်း, နောက်နေ့၌ ခွေးဘဝ, ဘက်ဘဝ-အစရှိသော အပါယ်ဘဝသို့ ကျရောက် ရန် ဝဋ်ဒုက္ခဘေးကြီး တင်းလင်းရှိနေ၏၊

ထိုအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည် မူကား-နိစ္စမျိုးဖြစ်၏၊ အနမတဂ္ဂသံသရာတွင် ဘယ်အခါမှ ပျက်ဆုံး ခြင်းမရှိ၊ မြတ်စွာဘုရားတို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်လေကုန်သောကြောင့် ခွေးဘဝ, ဘက်ဘဝ-အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသော ဘဝသို့ ကျရောက်ခြင်း မရှိကြကုန်ပြီ၊ ဤသို့လျှင် လေးကျွန်းလုံးကို အစိုးရသော စကြာမင်း၏ အကြီးအကျယ်ဆုံးသော လူ့ချမ်းသာထက် ဤအဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာန်သုခသည် အဆသိန်းသန်းမက သာလွန်မြင့်မြတ်သော ပရမသုခကြီးဖြစ်ပေ၏၊

နတ်ချမ်းသာအပေါင်းတို့တွင်လည်း သိကြားမင်းကြီး, နတ်

မင်းကြီးတို့၏ချမ်းသာသည် အကြီးအကျယ်ဆုံးသောချမ်းသာဖြစ်၏၊ ဗြဟ္မာချမ်းသာအပေါင်းတို့တွင်လည်း မဟာဗြဟ္မာမင်းကြီးတို့၏ ချမ်းသာ သည် အကြီးအကျယ်ဆုံးသောချမ်းသာဖြစ်၏၊ ဤနတ်မင်းကြီး, ဗြဟ္မာ မင်းကြီးတို့၏ ချမ်းသာသည် အနိစ္စစင်စစ်သာဖြစ်ကုန်၏၊ ပျက်စီးခြင်းလျှင် အဆုံးရှိကြကုန်၏၊ ထိုသိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာမင်းကြီး တို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်, ကမ္မဝဋ်,ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ခြင်း မရှိကြသေးသောကြောင့် ယခုနေ့ သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာမင်းကြီး၊ နောက်နေ့ ခွေးဘဝ,ဝက်ဘဝအစ ရှိကုန်သော အပါယ်ဘဝသို့ကျရောက်ရန် ဝဋ်ဒုက္ခဘေးကြီးတင်းလင်း ရှိနေကြကုန်၏၊

အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည်မူကားနိစ္စမျိုးဖြစ်၏၊ အနမတဂ္ဂသံသရာတွင် ဘယ်အခါမှပျက်ဆုံးခြင်းမရှိ၊ မြတ်စွာဘုရားတို့သည်လည်း အဝိဇ္ဇာအစရှိသော ကိလေသဝဋ်,ကမ္မဝဋ်, ဝိပါကဝဋ်တို့မှ ကျွတ်လွတ်ကြလေကုန်သော ကြောင့် ခွေးဘဝ,ဝက်ဘဝ- အစရှိသော အပါယ်ဘဝတို့နှင့်တကွ ခပ်သိမ်းသောဘဝသို့ ကျရောက် ခြင်း မရှိကြကုန်ပြီ။

ဤသို့လျှင် သိကြားမင်းကြီး, နတ်မင်းကြီး, မဟာဗြဟ္မာ မင်းကြီး တို့၏ အကြီးအကျယ်ဆုံးသော နတ်ချမ်းသာ, ဗြဟ္မာချမ်းသာထက် ဤ အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်းတည်းဟူသော နိဗ္ဗာနသုခသည် အဆသိန်းသန်း မက သာလွန်မြင့်မြတ်သော ပရမသုခကြီးဖြစ်ပေ၏၊ ဤသို့လျှင် ပရမ သုခဖြစ်နိုင်၏၊

နိဗ္ဗာန်သည် အနန္တဂုဏ်ကျေးဇူးနှင့်ပြည့်စုံပုံ

၃။ ထိုနိဗ္ဗာန်သည် အဘယ်သို့လျှင် အနန္တဂုဏ်ကျေးဇူး နှင့်ပြည့် စုံနိုင်ပါသနည်း၊ အနမတဂ္ဂသံသရာ၌ တစ်ထောင့်ငါးရာ ကိလေသာ တို့တွင် တစ်ခုတစ်ခုသော ကိလေသာဓမ္မ၏ အကျိုးယုတ်, အကျိုးမဲ့ကြီး သည် အနန္တကြီးကျယ်ကုန်၏၊ အဝိဇ္ဇာချုပ်ငြိမ်းခဲ့သည်ရှိသော် ထို တစ်ထောင့်ငါးရာကိလေသာတို့၏ ချုပ်ငြိမ်းမှုသည် အကုန်လုံးပါ ဝင်လေ ၏၊ ထို့တစ်ခုတစ်ခုသော ကိလေသာဓမ္မ၏ အကျိုးယုတ်, အကျိုးမဲ့ကြီး အနန္တတို့သည်လည်း အကုန်ချုပ်ငြိမ်းကြလေကုန်၏၊ ထိုအကျိုးယုတ်, အကျိုးမဲ့ကြီးအနန္တတို့၏ ချုပ်ငြိမ်းမှုသည် နိဗ္ဗာန်၏အနန္တဂုဏ်ကျေးဇူး ဖြစ်လေ၏၊

ကမ္မဝဋ်အနန္တတို့၏ ချုပ်ငြိမ်းမှု, ဝိပါကဝဋ် အနန္တတို့၏ ချုပ်ငြိမ်း မှုတို့ကို အစွဲပြု၍လည်း နိဗ္ဗာန်၏အနန္တဂုဏ် ကျေးဇူးတို့ကို ဆိုလေ၊ ဤသို့လျှင် နိဗ္ဗာန်သည် အနန္တဂုဏ်ကျေးဇူးနှင့် ပြည့်စုံနိုင်၏၊

နိဗ္ဗာန်၏ အပ္ပမေယျ ဂမ္ဘီရ ဖြစ်ပုံ

၄။ ရူပသင်္ခါ ဝိမုတ္တော ခေါ မဟာရဇ တထာဂတော အပ္ပမေယျော ဂမ္ဘီရော၊ သေယျထာပိ မဟာသမုဒ္ဒေါ၊ ဝေဒနာသင်္ခါဝိမုတ္တော။ လ။ သညာသင်္ခါဝိမုတ္တော။ လ။ သင်္ခါရ သင်္ခါဝိမုတ္တော။ လ။ ဝိညာဏ သင်္ခါဝိမုတ္တော။ လ။ သေယျထာပိ မဟာသမုဒ္ဒေါ။

ဟူသော ကောသလသံယုတ်ပါဠိတော်၌ အဓိပ္ပါယ်ကားရဟန္တာပုဂ္ဂိုလ်၏သန္တာန်၌ သတ္တဝါ-ဟူသောပညတ်သည် သဘောအားဖြင့်ရှိသည်မဟုတ်၊ သဘောအားဖြင့်ရှိသော ပရမတ္ထတရား ကို အမှီပြု၍ သိအပ်,ခေါ်ဝေါ်အပ်သော ပညတ်တရားမျှသာဖြစ်၏၊ ထိုပညတ်သည်လည်း ခန္ဓပရိနိဗ္ဗာန်မစံမီရှေ့အဖို့၌ သင်္ခတဖြစ်သော ရုပ်နာမ်တို့၏အပေါ်၌သာလျှင် ထင်မြင်နိုင်၏၊ ပညတ်နိုင်၏၊

ခန္ဓပရိနိဗ္ဗာန်စံပြီးသည်နောက်၌ အသင်္ခတဖြစ်သောနိဗ္ဗာန်ဟူသော ပရမတ္ထတရားသည်ကား-အလွန်သိမ် မွေ့သော တရားဖြစ်ချေ၍ ထိုတရား၏အပေါ်၌ မထင်မြင်နိုင်၊ မဟာသမုဒ္ဒရာအတွင်းသို့ သက် ဆင်းသောသူသည် ထောက်ရာတည်ရာ-ဟူ၍ တစ်စုံတစ်ခုကိုမျှ မရနိုင် သကဲ့သို့ ထိုနိဗ္ဗာန်သို့ ဆိုက်ရောက်သော သတ္တဝါသည် ထိုနိဗ္ဗာန် ၌ ပုဂ္ဂိုလ်,သတ္တဝါ-ဟူသော ပညတ်၏တည်ရာမှီရာ တစ်စုံတစ်ခုသော ထောက်ရာတည်ရာကိုမရလေပြီ၊ နိဗ္ဗာန်သည် မဟာသမုဒ္ဒရာသဖွယ် နက်နဲသကဲ့သို့ ထိုပညတ်သည်လည်း မဟာသမုဒ္ဒရာသဖွယ် နက်နဲ လေ၏၊ ထို့ကြောင့် အပ္ပမေယျော ဂမ္ဘီရော သေယျထာပိ-ဟူ၍ ဟော တော်မူသည်-မှတ်ရမည်။

နိဗ္ဗာန်၏ အမေးလေးချက်အဖြေကို ပြခြင်းပြီး၏၊

--------

နိဗ္ဗာန်မှာ ရုပ်ထူး,နာမ်ထူး မရှိကြောင်းကိုပြခြင်း

နိဗ္ဗာနံ သုခုမရူပ ပကတိကန္တိ ဝိညာယတိ-ဟူသော အနုဋီကာပါဌ် မှာလည်း နိဗ္ဗာန်ကို သုခုမရုပ် ၁၆-ခုနှင့် ဓမ္မယတန,ဓမ္မဓာတ်၌ အကျုံးဝင် ခြင်းတူသောကြောင့် နိဗ္ဗာနံ သုခုမ ရူပ ဂတိတံ-ဟုဆိုသည်၊ နိဗ္ဗာန်လည်း အလွန်သိမ်မွေ့သောရုပ်နှင့် အလားတူသောကြောင့် ဆိုသည်မဟုတ်။

နိဗ္ဗာန်ကို နာမ်ဟုခေါ်ရသည်မှာလည်း စိတ်နာမ်,စေတသိက် နာမ်မျိုးဖြစ်၍ ခေါ်ရသည်မဟုတ်၊ ရုပ်တရားကဲ့သို့ စမ်းသပ်တွေ့ထိ၍ သိနိုင်သောတရားမျိုးမဟုတ်၊ အမည်နာမကို အစဉ်မှီးပြီးလျှင် အနက် သဘောကို ဆင်ခြင်၍ သိရသောကြောင့် နာမ်ဟူ၍ခေါ်လေသည်။

နိဗ္ဗာန်မှာ အမှန်အားဖြင့် ဝဋ်ဒုက္ခဘေးတို့မှ ငြိမ်းအေးခြင်း တည်းဟူသော သန္တိသဘောသည်သာလျှင် အသင်္ခတနိဗ္ဗာန်အမည် ဖြစ်၏၊ ထိုနိဗ္ဗာန်မှာ ခန္ဓာဟူ၍ တစ်စုံတစ်ခုမျှမရှိပြီ၊ ခန္ဓာမရှိသည့် အတွက်ကြောင့် ပရိနိဗ္ဗုတ ဟူ၍လည်း ခေါ်စရာပညတ်လည်း မရှိပြီ။

နိဗ္ဗာန်မှာ ရုပ်ထူး,နာမ်ထူးမရှိကြောင်းကို ပြခြင်းပြီး၏၊

--------

မိစ္ဆာဒိဋ္ဌိဖြစ်ပုံကိုပြခြင်း

သဿတဒိဋ္ဌိဖြစ်ပုံ

အကယ်၍ ထိုနိဗ္ဗာန်မှာ ထိုခန္ဓာသည်လည်ကောင်း, ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်သည်လည်းကောင်း ဧကန်ရှိသည်ဆိုငြားအံ့၊ သဿတဒိဋ္ဌိ အမှန် ဖြစ်၏၊ သဿတဒိဋ္ဌိဆိုသည်ကား- ထိုခန္ဓာကိုပင် ထိုပုဂ္ဂိုလ်၏အတ္တပြု၍ ထိုအတ္တနှင့်ထိုပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံရာ၌ ချုပ်ဆုံးခြင်းမရှိဟူ၍ အနုပါဒိသေသနိဗ္ဗာန်ဘက်သို့ ကူးပြောင်းတည်နေသည်-ဟု ယူခြင်းသည် သဿတဒိဋ္ဌိမည်၏၊

ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံ

ဥစ္ဆေဒဒိဋ္ဌိဆိုသည်ကား-ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးအဖို့၌ ထိုခန္ဓာ ကိုပင် ထိုပုဂ္ဂိုလ်၏အတ္တဟူ၍ စွဲယူခဲ့ပြီးလျှင် ထိုအတ္တနှင့်ထိုပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံရာတွင် အကုန်ချုပ်ဆုံးလေ၏-ဟုယူခြင်းသည် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏၊

ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံကို ပြခြင်းပြီး၏၊

--------

သမ္မာဒိဋ္ဌိဖြစ်ပုံကိုပြခြင်း

ဤအရာ၌ သဿိဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ-ဟူသော အယုတ်တရားနှစ်ပါးနှင့် သမ္မာဒိဋ္ဌိဟူသော မဇ္ဈိမပဋိပဒါတို့၏ အထူးကိုပြဆိုရာ၏၊ အထူးဆိုသည်ကား-ခန္ဓပရိနိဗ္ဗာန်စံခြင်းသို့ မရောက်မီ ရှေး ကာလ၌ ခန္ဓာကု်ပင် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တပြု၍ ပုဂ္ဂိုလ်သည် အမှန်ရှိ၏၊ သတ္တဝါသည် အမှန်ရှိ၏၊ အတ္တသည်အမှန်ရှိ၏-ဟု ခိုင်မြဲစွာယူရှိကြသော သူတို့၏အယူမှာ ခန္ဓပရိနိဗ္ဗာန်နှင့်စပ်လျှင် သဿတဒိဋ္ဌိသော်လည်း ဖြစ်ရာ၏၊ သို့မဟုတ် ဥစ္ဆေဒဒိဋ္ဌိသော်လည်း ဖြစ်ရာ၏၊ ထိုအယုတ်တရား နှစ်ပါးဟူသော လမ်းလွဲလမ်းမှားကို ဘယ်လိုနည်းနှင့်မှ မရှောင်သာပြီ၊ အဘယ့်ကြောင့်နည်းဆိုသော် ခန္ဓပရိနိဗ္ဗာန်မစံမီ နောက်ကာလကပင် ခန္ဓာကိုပင် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တပြု၍ ပုဂ္ဂိုလ်သည်အမှန်ရှိ၏၊ သတ္တဝါ သည် အမှန်ရှိ၏၊ အတ္တသည်အမှန်ရှိ၏-ဟု ခိုင်မြဲသော ယူခြင်းဟူသော အတ္တဒိဋ္ဌိကြီးအရင်း ခံရှိနေသောကြောင့်တည်း၊ ထိုအတ္တဒိဋ္ဌိအရင်းခံရှိ နေသော သူတို့မှာ သေသောအခါနှင့်စပ်လျှင် သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးတွင် တစ်ပါးပါးသို့ ရောက်လေတော့သည်။

ထို့ကြောင့် ကထာဝတ္ထုပါဠိတော်၌

ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္တမှီတိ အတ္ထတ္တမှီ၊ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ နဟေဝံ ဝတ္တဗ္ဗေ-ဟူ၍လည်းကောင်း, နတ္ထတ္တမှီတိ အာမန္တာ၊ ပရိနိဗ္ဗုတော ပုဂ္ဗလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေဟူ၍လည်းကောင်း။ အစွန်းနှစ်ဖက် မလွတ်နိုင်ချက်ကို ဟောတော်မူပေ၏၊ ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးကာလကပင် ထိုခန္ဓာသည် ပုဂ္ဂိုလ်, သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်, သတ္တဝါ၏ အတ္တလည်း မဟုတ်၊ သဘာဝဓမ္မ သက်သက်သာဖြစ်၏၊ ထိုခန္ဓာမှအလွတ်ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, အတ္တဟူ၍သဘောအားဖြင့် မရှိပြီ-ဟု သိမြင်သောဉာဏ်သည် သမ္မာဒိဋ္ဌိ မည်၏၊ ထိုသမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိသော သူတို့မှာ အတ္တဒိဋ္ဌိအရင်းခံ မရှိသည့်အတွက်ကြောင့် ခန္ဓပရိနိဗ္ဗာန်နှင့်စပ်၍ သဿတဒိဋ္ဌိ, ဥစ္ဆေဒ ဒိဋ္ဌိသို့ ရောက်ဖွယ်မရှိပြီ၊ မဇ္ဈိမပဋိပဒါ၌ တည်လေ၏၊

သမ္မာဒိဋ္ဌိဖြစ်ပုံပြီး၏၊

--------

မဇ္ဈိမပဋိပဒါကိုပြခြင်း

မဇ္ဈိမပဋိပဒါဆိုသည်ကား- အဝိဇ္ဇာသည်ရှိသော် သင်္ခါရစသော ဝဋ်တရားတို့သည် ဘဝအဆက်ဆက် ဆက်လက်ဖြစ်ပွါး၍သာ နေ ကုန်၏၊ ဥစ္ဆေဒသို့ရောက်သည်မရှိ၊ အရဟတ္တမဂ်သို့ရောက်၍ အဝိဇ္ဇာ အကုန်ချုပ်ငြိမ်းလျှင် သင်္ခါရစသောဝဋ်တရားတို့သည် ထိုဘဝမှ နောက်၌ဖြစ်ပေါ်ခြင်း မရှိကြကုန်ပြီ။

[ဤကား-မဇ္ဈိမပဋိပဒါတည်း။]

ဤမဇ္ဈိမပဋိပဒါလမ်း၌ အတ္တဒိဋ္ဌိဟူသော အရင်းခံမရှိသည့် အတွက်ကြောင့် သေကြသောအခါနှင့် စပ်လျဉ်း၍သော်လည်းကောင်း, ခန္ဓပရိနိဗ္ဗာန်စံမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိ ဟူသော အကိုင်းအခက် ဒိဋ္ဌိနှစ်ပါးဖြစ်ဖွယ် မရှိပြီ။

မဇ္ဈိမပဋိပဒါပြီး၏၊

ဤတွင်ရှေ့ကား- အထူးထူးအထွေထွေမေးခြင်းကို ဖြေဆိုချက်ပြီး၏၊

ဤမျှလောက်သောစကားအစဉ်ဖြင့် လူ,ရှင်,ရဟန်းတို့၏ ဉာဏ် အလင်းပေါက်မြောက်ရန် ဖြေကြားသော အဖြေကျမ်းသည် ၁၂၇၉-ခုနှစ်၊ တန်ဆောင်မုန်းလအတွင်း ပြီးစီးအောင်မြင်ခြင်းသို့ရောက်၏၊

ပြည်သူတို့အတွက် နှိုးဆော်ချက်

သဗ္ဗကောဝိဒ ကိစ္စေသု၊

ဇနိစ္ဆန္တံ ယထာ ပန။

သမ္မာဆန္ဒော မဟာထေရော၊

ပဿန္တုတ္တိ တထာ ပန။။

အနက်ကား။။ သဗ္ဗကောဝိဒကိစ္စေသု=အလုံးစုံသော လိမ္မာရေး ကိစ္စကြီးတို့၌၊ မဟာထေရော=ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး သည်၊ ယထာပနသမ္မာဆန္ဒော=အကြင်သို့မူကား-အလိမ္မာဉာဏ်ရကြောင်း အလိုကောင်း ဆန္ဒတော်ကြီးသည်၊ အတ္ထိ=အမြဲပင်ရှိတော်မူ၏၊ တထာပန ဣစ္ဆန္တံ=ထိုသို့မူကား အလိမ္မာဉာဏ်ရကြောင်း အလိုကောင်းဆန္ဒကြီးရှိတော် မူသည့်အတိုင်း၊ ဇနာ=တိုင်းသူပြည်သား လူများအပေါင်းတို့သည်၊ ကောဝိဒါယ=အရာရာတို့၌ အလိမ္မာဉာဏ်ရောင် ဝင်းပြောင်ထိန်လင်း ကြစေခြင်းအကျိုးငှါ၊ ပဿန္တု=ပေါက်ရောက်ထင်မြင်အောင် ကြည့်ရှုနိုင် စေကုန်သတည်း။

ကျွန်းကုန်းကြီးပုစ္ဆာအဖြေပြီး၏၊

--------

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်ကျမ်း ပဌမတွဲ ပြီးပြီ။

* * *

နိုင်ငံတွင်းပုစ္ဆာအဖြေပေါင်းချုပ်-ဒု-တွဲ

ဘုရား ရဟန္တာတို့၏ စုတိအာရုံ ပုစ္ဆာအဖြေ ပုစ္ဆာ ၅-ရပ်

နိုင်ငံတွင်း ပုစ္ဆာအဖြေပေါင်းချုပ်

ဒုတိယတွဲ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဘုရား ရဟန္တာတို့၏ စုတိအာရုံ ပုစ္ဆာအဖြေ ပုစ္ဆာ ၅-ရပ်

၁။ ဘုရားရဟန္တာတို့၏ စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံပြု သလော၊ ထိုသို့မဟုတ်-တစ်ပါးသော သတ္တဝါတို့၏ စုတိ စိတ်ကဲ့သို့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါး ကိုပင် အာရုံပြုသလော။

၂။ ဘုရားရဟန္တာတို့၏ စုတိစိတ်သည် မနောဒွါရဝီထိနောင် သာ ကျကောင်းသလော၊ ပဉ္စဒွါရဝီထိ, မနောဒွါရဝီထိ, နှစ်ပါးနာင်မှာပင် ကျကောင်းသလော။

၃။ မြတ်စွာဘုရားသည် သောမနဿသဟဂုတ်စိတ်, ဥပေက္ခာ သဟဂုတ်စိတ် နှစ်ပါးတို့တွင် အဘယ်စိတ်ဖြင့်ပဋိ သန္ဓေနေ တော်မူသနည်း။

၄။ မြတ်စွာဘုရား၏ ပဋိသန္တေစိတ်သည် အသင်္ခါရိကစိတ်, သသင်္ခါရိကစိတ်နှစ်ပါးတို့တွင် အဘယ်စိတ်ပါသနည်း။

၅။ မြတ်စွာဘုရား၏ ပဋိသန္ဓေစိတ်သည် ကံ, ကမ္မနိမိတ်, ဂတိ နိမိတ်သုံးပါးတို့တွင် အဘယ်အာရုံကို အာရုံပြုပါသနည်း။

လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုချက်

၁။ ဘုရားရဟန္တာတို့၏ စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံပြုသ လော ထိုသို့မဟုတ် တစ်ပါးသော သတ္တဝါတို့၏ စုတိစိတ်ကဲ့သို့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါးပါးကိုပင် အာရုံပြုသလောဟူသော ပထမပုစ္ဆာ၌

အဖြေကား။ ဘုရားရဟန္တာတို့၏ စုတိစိတ်သည် နိဗ္ဗာန်ကို အလျင်အာရုံမပြု၊ တစ်ပါးသော သတ္တဝါတို့၏စုတိ စိတ်ကဲ့သို့ ကံ, ကမ္မ နိမိတ်, ဂတိနိမိတ်သုံးပါးတို့တွင် တစ်ပါးပါးကိုပင် အာရုံပြုသည်-ဟု မုချဆတ်ဆတ် ဧကန်မှတ်အပ်သည်၊ ဤအရာ၌ ယုံကြည်လောက်အောင် ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို ထုတ်ပြ၍ ဆုံးဖြတ်လိုက်အံ့။

ကတမေ ဓမ္မာ ပရိတ္တာရမ္မဏာ၊ သဗ္ဗော ကာမာဝစရဿ ဝိပါကော ကိရိယာ မနောဓာတု ကိရိယာ ဟေတုက မနောဝိညာဏဓာတု သောမနဿသဟဂတာ ဣမေဓမ္မာ ပရိတ္တာရမ္မဏာ၊ ကတမဓ္မာ မဟဂ္ဂတာရမ္မဏာ ဝိညာဏဉ္စာယတနံ၊ နဝသညာယတနံ၊ ဣမေဓမ္မာ မဟဂ္ဂတာရမ္မဏာ၊ ကတမေ ဓမ္မာ အပ္ပမာဏာရမ္မဏာ၊ စတ္တာရော မဂ္ဂါ အပရိယာပန္နာ စတ္တာရိစ သာမညဖလာနိ၊ ဣမေ ဓမ္မာ အပ္ပမာဏာ ရမ္မဏာ။

ကာမာဝစရကုသလတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ၊ ကိရိယာတော စတ္တာရော ဉာဏဝိပ္ပယုတ္တ စိတ္တုပ္ပါဒါ၊ သဗ္ဗံ အကုသလံ၊ ဣမေ ဓမ္မာ သိယာ ပရိတ္တာ ရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ၊ သိယာ နဝတ္တဗ္ဗာ ပရိတ္တာရမ္မဏာတိပိ၊ ကာမာဝစရကုသလတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ၊ ကိရိယာတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ၊ ရူပါဝစရစတုတ္ထစျာနံ ကုသလတောစ ကိရိယာတောစ၊ ကိရိယာဟေတုက မနောဝိညာဏဓာတု ဥပေက္ခာသဟဂတာ၊ ဣမေ ဓမ္မာ သိယာ ပရိတ္တာ ရမ္မဏာ၊ သိယာ မဟဂ္ဂတာ ရမ္မဏာ၊ သိယာ အပ္ပမာဏာရမ္မဏာ၊ သိယာ နဝတ္တဗ္ဗာ ပရိတ္တာရမ္မဏာတိပိ၊ မဟဂ္ဂတာရမ္မဏာတိပိ၊ အပ္ပမာဏာရမ္မဏာတိပိ၊ ရူပါဝစရတိက စတုက္ကစျာနံ ကာသလတောစ ဝါပါကတောစ ကိရိယာတောစ၊ စတုတ္ထဿ စျာနဿ ဝါပါကော အာကာသာနဉ္စယတနံ၊ အာကိဉ္စညာယတနံ၊ ဣမဓမ္မာ နဝတ္တဗ္ဗာ၊ ပရိတ္တာရမ္မဏာတိပိ၊ မဟဂ္ဂတာရမ္မဏာတိပိ၊ အပ္ပမာဏာရမ္မဏာတိပိ၊ ရူပဉ္စ နိဗ္ဗာနဉ္စ အနာရမ္မဏာ။

[အဋ္ဌကထာကဏ္ဍလာ ဓမ္မသင်္ဂဏီပါဠိတော်။]

အနက်ကား=ပရိတ္တာရမ္မဏာ=ကာမအာရုံကို အာရုံပြုကုန်သော တရားတို့သည်၊ ကတမေ ဓမ္မာ=အဘယ်တရားတို့နည်း၊ သဗ္ဗော= အလုံးစုံသော၊ ကာမာဝစရဿ ဝိပါကော=ကာမာဝစရဝိပါက် တေဝီသ ၎င်း၊ ကိရိယာ မနောဓာတု=ပဉ္စဒွါရာဝဇ္ဇန်းစိတ်၎င်း၊ ကိရိယာ ဟေတုက မနောဝိညာဏဓာတု သောမနဿသဟဂတာ=ဟသိတုပ္ပါဒ် စိတ်၎င်း၊ ဣတိ=ဤသို့၊ ဣမေဓမ္မာ=ဤ ၂၅-ပါး တရားတို့သည်၊ ပရိတ္တာရမ္မဏာ= ကာမအာရုံကိုသာ အာရုံပြုသော တရားတို့မည်ကုန်၏၊

[ ဤပါဠိအစဉ်ဖြင့် ကာမဧကန် ၂၅-ကို ပြတော်မူသည်။]

မဟဂ္ဂတာရမ္မဏာ=မဟဂ္ဂုတ်အာရုံကို အာရုံပြုကုန်သော တရားတို့သည်၊ ကတမေမဓ္မာ=နည်း၊ ဝိညာဏဉ္စာယတနံ=ဝိညာဏဉ္စာ ယတနစိတ်၎င်း၊ နေဝသညာနာသညာယတနံ=စိတ်၎င်း၊ ဣတိ=သို့၊ ဣမေဓမ္မာ=ဤခြောက်ပါးသော တရားတို့သည်၊ မဟဂ္ဂတာရမ္မဏာ= မဟဂ္ဂုတ်အာရုံကို အာရုံပြုသော တရားတို့မည်ကုန်၏၊

[ဤပါဠိစဉ်ဖြင့် မဟဂ္ဂုတ်ဧကန် ခြောက်ပါးကို ပြတော်မူသည်။]

အပ္ပမာဏာရမ္မဏာ=အပ္ပမာဏဟုဆိုအပ်သော နိဗ္ဗာန်ကို အာရုံပြုကုန်သော တရားတို့သည်၊ ကတမေ ဓမ္မာ=နည်း၊ အပရိယာပန္နာ= သံသရာဝဋ်၌ အကျုံးမဝင်ကုန်သော၊ စတ္တာရော မဂ္ဂါ=မဂ်စိတ်လေးခု တို့၎င်း၊ အပရိယာပန္နာနိ=ကုန်သော၊ စတ္တာရိစ သာမညဖလာနိ=ဖိုလ်စိတ် လေးခုတို့၎င်း၊ ဣတိ=သို့၊ ဣမေဓမ္မာ=ဤလောကုတ္တရာစိတ်ရှစ်ပါး တရားတို့သည်၊ အပ္ပမာဏာရမ္မဏာ=အပ္ပမာဏဟုဆိုအပ်သော နိဗ္ဗာန် ကိုသာ အာရုံပြုသော တရားတို့မည်ကုန်၏၊

[ဤပါဠိအစဉ်ဖြင့် လောကုတ္တရာဧကန် ရှစ်ပါးကို ပြတော်မူသည်။]

ကာမာဝစရကုသလတော=ကာမာဝစရကုသိုလ်စိတ် ရှစ်ခုမှ၊ စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ=ဉာဏဝိပ္ပယုတ်စိတ် လေးခုတို့၎င်း၊ ကိရိယာတော=မဟာကိရိယာစိတ်ရှစ်ခုမှ၊ စတ္တာရော ဉာဏဝိပ္ပယုတ္တ စိတ္တုပ္ပါဒါ=တို့လည်းကောင်း၊ သဗ္ဗံအကုသလံ=အလုံးစုံသော အကုသိုလ် စိတ် ၁၂-ခု၎င်း၊ ဣတိ=သို့၊ ဣမေဓမ္မာ=ဤ ၂၀-သောတရားတို့သည်၊ သိယာ=တစ်ရံတစ်ခါ၊ ပရိတ္တာရမ္မဏာ=ကာမအာရုံကို အာရုံပြုကုန်၏၊ သိယာ=ရံခါ၊ မဟဂ္ဂတာရမ္မဏာ=မဟဂ္ဂုတ်အာရုံကို အာရုံပြုကုန်၏၊ သိယာ=ရံခါ၊ အပ္ပမာဏာရမ္မဏာ=နိဗ္ဗာန်အာရုံကို အာရုံပြုကုန်၏၊ သိယာ= ရံခါ၊ ဝါ=ပညတ်ကို အာရုံပြုသောကာလ၌၊ ပရိတ္တာရမ္မဏာတိပိ=ကုန်၏ ဟူ၍၎င်း၊ မဟဂ္ဂတာရမ္မဏာတိပိ=ကုန်၏ဟူ၍၎င်း၊ နဝတ္တဗ္ဗာ=မဆိုသင့် မဆိုထိုက်ကုန်။

[ဤပါဠိတော်အစဉ်ဖြင့် ကာမအာရုံ, မဟဂ္ဂုတ်အာရုံ, ပညတ်အာရုံကို အာရုံပြုသော အကုသိုလ် ၁၂-ဉာဏဝိပ္ပယုတ်ဇာ ၈-ပေါင်းအနေကန် ၂၀-ကို ပြတော်မူသည်။]

ကာမာဝစရ ကုသလတော စတ္တာရော ဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ၊ ကိရိယာတော စတ္တာရော ဉာဏဝိပ္ပယုတ္တ စိတ္တုပ္ပါဒါ၊ ရူပါဝစရစတုတ္ထစျာနံ ကုသလတောစ ကိရိယာတောစ၊ ကိရိယာဟေတုက မနောဝိညာဏ ဓာတု ဥပေက္ခာသဟဂတာ၊ ဣမေ ဓမ္မာ သိယာ ပရိတ္တာရမ္မဏာ၊ သိယာ မဟဂ္ဂတာရမ္မဏာ၊ သိယာ အပ္ပမာဏာ ရမ္မဏာ၊ သိယာ နဝတ္တဗ္ဗာ ပရိတ္တာ ရမ္မဏာတိပိ၊ မဟဂ္ဂတာရမ္မဏာတိပိ၊ အပ္ပမာဏာရမ္မဏာတိပိ၊ ရူပါဝစရတိက စတုက္ကစျာနံ ကာသလတောစ ဝါပါကတောစ ကိရိယာတောစ၊ စတုတ္ထဿ စျာနဿ ဝါပါကော အာကာသာနဉ္စယတနံ၊ အာကိဉ္စညာယတနံ၊ ဣမဓမ္မာ နဝတ္တဗ္ဗာ၊ ပရိတ္တာရမ္မဏာတိပိ၊ မဟဂ္ဂတာရမ္မဏာတိပိ၊ အပ္ပမာဏာရမ္မဏာတိပိ၊ ရူပဉ္စ နိဗ္ဗာနဉ္စ အနာရမ္မဏာ။

[အဋ္ဌကထာကဏ္ဍလာဓမ္မသင်္ဂဏီပါဠိတော်]

အနက်ကား။ ။။ပရိတ္တာရမ္မဏာ=ကာမအာရုံကို အာရုံပြု ကုန်သောတရားတို့သည်၊ ကတမေဓမ္မာ=အဘယ်တရားတို့နည်း၊ သဗ္ဗော=အလုံးစုံသော၊ ကာမာဝစရဿဝိပါကော=ကာမာဝစရဝိပါက် တေဝီသလည်းကောင်း၊ ကိရိယာ မနောဓာတု=ပဥ္ဓဒွါရာဝဇ္ဇန်းစိတ် လည်းကောင်း၊ ကိရိယာဟေတုကမနောဝိညာဏဓာတု သောမနဿ သဟဂတာ=ဟသိတုပ္ပါဒ်စိတ်လည်းကောင်း၊ ဣတိ=ဤသို့၊ ဣမေဓမ္မာ= ဤ ၂၅- ပါးတို့သည်၊ ပရိတ္တာရမ္မဏာ=ကာမအာရုံကိုသာ အာရုံပြုသော တရားတို့မည်ကုန်၏၊

[ဤပါဠိအစဉ်ဖြင့် ကာမဧကန် ၂၅- ကို ပြတော်မူသည်။]

မဟဂ္ဂတာရမ္မဏာ=မဟဂ္ဂုတ်အာရုံကို အာရုံပြုကုန်သော တရား တို့သည်၊ ကတမေဓမ္မာ=နည်း၊ ဝိညာဏဉ္စာယတနံ=ဝိညာဏဉ္ဆာယတန စိတ်၎င်း၊ နေဝသညာနာသညာယတနံ=စိတ်၎င်း၊ ဤခြောက်ပါးသော တရားတို့သည်။မဟာဂ္ဂတာရမ္မာဏာ=မဟာဂ္ဂုတ်အာရုံကို အာရုံပြုသော တရားတို့မည်ကုန်၏၊

[ဤပါဠိအစဉ်ဖြင့် မဟာဂ္ဂုတ်ဧကန် ခြောက်ပါးကိုပြတော်မူသည်။]

အပ္ပမာဏာရမ္မဏာ=အပမ္မာဏဟုဆိုအပ်သော နိဗ္ဗာန်ကို အာရုံပြုကုန်သောတရားတို့သည်၊ ကတမေဓမာ=နည်း၊ အပရိယာပန္နာ= သံသရာဝဠ်၌အကျုံးမဝင်ကုန်သော၊ စတ္တာရောမဂ္ဂါ=မဂ်စိတ်လေးခု တို့၎င်း၊ အပရိယာပန္နာနိ=ကုန်သော၊ စတ္တာရိသာမညာဖလာနိ=ဖိုလ်စိတ် လေးခုတို့၎င်း၊ ဣတိ=သို့၊ ဣမေဓမ္မာ=ဤလောကုတ္တရာ စိတ်ရှစ်ပါး တရားတို့သည်၊ အပ္ပမာဏာရမ္မဏာ=အပ္ပမာဏဟုဆိုအပ်သော နိဗ္ဗာန် ကိုသာ အာရှံပြုသော တရားတို့ မည်ကုန်၏၊

[ဤပါဠိအစဉ်ဖြင့် လောကုတ္တရာဧကန် ရှစ်ပါးကိုပြတော်မူသည်။]

ကာမာဝစရကုသလတော=ကာမ္မာဝစရကုသိုလ်စိတ်ရှစ်ခုမှ၊ စတ္တာရောဉာဏဝိပ္ပယုတ္တစိတ္တုပ္ပါဒါ= ဉာဏဝိပ္ပယုတ် စိတ်လေးခုတို့၎င်း၊ ကိရိယတော=မဟာကိရိယာစိတ်ရှစ်ခုမှ၊ စတ္တာရောဉာဏဝိပ္ပယုတ္တ စိတ္တုပ္ပဒါ=တို့၎င်း၊ သဗ္ဗံ အကုသလံ=အလုံးစုံသော အကုသိုလ်စိတ်၁၂- ခု၎င်း၊ ဣတိ=သို့၊ ဣမေဓမ္မာ=ဤ၂၀-သောတရားတို့သည်၊ သိယာ= တစ်ရံတစ်ခါ၊ ပရိတ္တာရမ္မဏာ=ကာမအာရုံပြုကုန်၏၊ သိယာ=ရံခါ၊ မဟဂ္ဂတာရမ္မဏာ=မဟဂ္ဂုတ်အာရုံကို အရုံပြုကုန်၏၊ သိယာ=ရံခါ၊ အပ္ပမာဏာ ရမ္မာဏာ=မဟဂ္ဂုတ်အာရုံကို အာရုံပြုကုန်၏၊ သိယာ=ရံခါ၊ အပ္ပမာဏာ ရမ္မာဏာ=နိဗ္ဗန်အာရုံကို အရုံပြုကုန်၏၊ သိယာ=ရံခါ၊ ဝါ=ပညတ်ကို အရုံပြုသောကာလ၌၊ ပရိတ္တာရမ္မဏာတိပိ=ဟူ၍၎င်း၊ မဟာဂ္ဂတာ ရမ္မဏာတိ=၎င်း၊ အပ္ပမာဏာရမ္မဏာတိပိ=၎င်း၊ နဝတ္တဗ္ဗာ=ကုန်၏၊

[ဤပါဠိအစဉ်ဖြင့် ကာမမဟဂ္ဂုတ်လောကုတ္တရာပညတ်အာရုံကို အာရုံ ပြုသော ဉာဏသမ္ပယုတ်ဇောရှစ်, အဘိညာဉ်ဒွေ, မနောရာဝဇ္ဇန်း, ပေါင်းအနေကန် ၁၁-ပါးကိုပြတော်မူသည်။]

ကုသလတော စ=၎င်း၊ ဝိပါကတောစ=၎င်း၊ ကိရိယတောစ=၎င်း၊ ရူပါဝစရတိက စတုက္ကစျာနံ=ရူပါဝစရတိကစျာန်၎င်း, ရူပါဝရစတုက္က စျာန်၎င်း။

[စတုက္ကနည်း, ပဉ္စကနည်းဖြင့်ဟောတော်မူသည်ဟုမှတ်၊ ရူပါဝစရတိကစျာနံ-ဟုရှိမူ ယုတ္တတရ။]

စတုတ္တဿစျာနဿဝိပါကော=ရူပဝိပါက် ၄-ပါး,၅-ပါး၎င်း၊ အာကာသာနဉ္စာယတနံ=၎င်း၊ အာကိဉ္စာညာယတနံ=၎င်း၊ ဣတိ=သို့၊ ဣမေဓမ္မာ=ဤ ၁၆-ပါးသောတရားတို့ကို၊ ဝါ=(၈)ပါးသောတရားတို့ကို၊ ပရိတ္တာရမ္မဏာတိပိ=၎င်း၊ မဟဂ္ဂတာရမ္မဏာတိပိ=၎င်း၊ အပ္ပမာဏာ ရမ္မဏာတိပိ=၎င်း၊ နဝတ္တဗ္ဗာ=ကုန်၊ ရူပဉ္စ=ရုပ်အဋ္ဌဝီသသည်၎င်း၊ နိဗ္ဗာနဉ္စ=သည်၊ အနာရမ္မဏာ=အာရုံကိုမယူတတ်၊ အာရုံမပြုတတ်။

[ဤပါဠိအစဉ်ဖြင့် ပညတ်ဧကန်(၆)ပါးကိုပြတော်မူသည်၊ ဤပါဠိတော် အလုံးစုံဖြင့် ကာမဝိပါက်မှန်က ကာမအာရုံကိုသာ အာရုံပြုနိုင်ကြောင်း, နိဗ္ဗာန် စသည်ကိုအာရုံမပြုနိုင်ကြောင်း အလွန်သေချာသည်။ ]

အဋ္ဌ ပန သဟေတုကဝိပါကစိတ္တုပ္ပါဒါ ဧတ္ထ ဝုတ္တနယေနေဝ တဒါရမ္မဏဝသေန ပဋိသန္ဓိဘဝင်္ဂစုတိဝသေန စ ပရိတ္တဓမ္မေယေဝ အာရဗ္ဘ ပဝတ္တန္တိ။

[၎င်းအဖွင့် အဋ္ဌသာလိနီ။]

အနက်။။ ပန=ဥပေက္ခာသဟဂုတ်စိတ် ၂-ခု၏ ကာမအာရုံကို အာရုံပြုပုံမှတစ်ပါး မဟာဝိပါက်စိတ် ၈-ခု၏ ကာမအာရုံကို အာရုံပြုပုံကို ဆိုဦးအံ့၊ အဋ္ဌသဟေတုကဝိပါကစိတ္တုပ္ပါဒါ=မဟာဝိပါက်စိတ် ၈- ခုတို့သည်၊ ဧတ္ထ=ဤဥပေက္ခာသဟဂုတ်စိတ် ၂-ခု၌၊ ဝုတ္တနယေနေဝ= သာလျှင်၊ တဒါရမ္မဏဝသေနစ=၎င်း၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေနစ=၎င်း၊ ပရိတ္တဓမ္မေယေဝ=ကာမတရား, ကာမအာရုံတို့ကိုသာလျှင်၊ အာရဗ္ဘ=၍၊ ပဝတ္တန္တိ=၏၊

ဤအဋ္ဌကထာ၌ ဧဝသဒ္ဒါဖြင့် မဟာဝိပါက်မှန်က အဘယ်အခါ ကာလမှ မဟဂ္ဂုတ်အာရုံ, နိဗ္ဗာန်စသော လောကုတ္တရာအာရုံ, ပညတ် အာရုံများကိုအာရုံပြု၍ မဖြစ်နိုင်ဟူသောအနက်ကိုပြတော်မူသည်။

''ဧဝမိ မေ ပဉ္စဝီသတိ စိတ္တုပ္ပါဒါ ဧကန္တေနေဝ ပရိတ္တာရမ္မဏာတိ ဝေဒိတဗ္ဗာ''။

[၎င်းအဖွင့် အဋ္ဌသာလိနီ။]

အနက်။ ။ ဧဝံ=ဤသို့၊ ဣမေပဉ္စ ဝီသတိ စိတ္တုပ္ပါဒါ= ဤစိတ် ၂၅-ပါးတို့ကို၊ ဧကန္တေနေဝ=သာလျှင်၊ ပရိတ္တာရမ္မဏာတိ=ဟူ၍၊ ဝေဒိတဗ္ဗာ=ကုန်၏၊

[ဤစကားရပ်ဖြင့် ပဉ္စဒွါရာဝဇ္ဇ ဟသိတုပ္ပါဒ်နှင့်တကွ မဟာဝိပါက်မှန်က ကာမအာရုံကိုသာပြုနိုင်သည်၊ အဘယ်အခါကာလမှ မဟဂ္ဂုတ်အာရုံ, နိဗ္ဗာန်စသော လောကုတ္တရာအာရုံ, ပညတ်အာရုံများကို အာရုံမပြုနိုင်-ဟူသော အနက်ကိုပြတော် မူသည်။]

''တာ တာ သတ္တာရမ္မဏတ္တာ ဝိပါကသု နသန္တိ၊ ဧကန္တ ပရိတ္တာရမ္မဏာနိ ဟိ ကာမာဝစရဝိပါကာနိ''။

[စိတ္တုပ္ပါဒကဏ္ဍအဖွင့်အဋ္ဌသာလိနီ၊ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ၂-ကျမ်းလာ။]

အနက်။။ တာ=ထိုကရုဏာ, မုဒိတာနှစ်ပါးတို့သည်၊ သတ္တရမ္မဏတ္တာ=သတ္တဝါပညတ်ကိုအာရုံပြု၍ ဖြစ်သည်၏အဖြစ်ကြောင့်၊ ဝိပါကေသု=ဝိပါက်စိတ်တို့၌၊ နသန္တိ=မဖြစ်ကုန်၊ ဟိ=အကြင်ကြောင့်၊ ကာမာဝစရ ဝိပါကာနိ=ကာမဝိပါက်တေဝီသတို့သည်၊ ဧကန္တ ပရိတ္တာ ရမ္မဏာနိ= စင်စစ်ကာမအာရုံကိုသာ အာရုံပြုနိုင်ကုန်၏၊

[ဤအဋ္ဌကထာ၌ ဧကန္တသဒ္ဒါဖြင့် ကာမဝိပါက်မှန်က အဘယ်အခါကာလမှ မဟဂ္ဂုယ်အာရုံ, နိဗ္ဗာန်စသော လောကုတ္တရာအာရုံ, ပညတ်အာရုံများကို အာရုံမပြုနိုင်ဟူသော အနက်ကိုပြတော်မူသည်။]

သတ္တာရမ္မဏတ္တာတိသတ္တပညတ္တိအာရမ္မဏတ္တာ၊ နနုပညတ္တိ အာရမ္မဏာပိ ဝိပါကာ ဟောန္တီတိ စောဒနံ သန္ဓာယာဟဧကန္တ။ ပ။ ဝိပါကာတိ။

[ဝိသုဒ္ဓိမဂ်မဟာဋီကာ။]

အနက်။။ သတ္တာရမ္မဏတ္တာတိ=ကား၊ သတ္တပညတ္တိ အာရမ္မဏတ္တာ=သတ္တဝါပညတ်ကို အာရုံပြုသည်၏အဖြစ်ကြောင့်၊ ပညတ္တိအာရမ္မဏာပိ=ပညတ်ကိုလည်း အာရုံပြုကုန်သော၊ ဝိပါကာ= တို့သည်၊ ဟောန္တိနနု=ရှိကုန်သည်မဟုတ်ဘာ၊ ဣတိစောဒနံ=ဤသို့အဖြစ် တင်ခြင်းကို၊ သန္ဓာယ=၍၊ ဧကန္တ။ ပ။ ဝိပါကာတိ=ဟူ၍၊ အာဟ= ဆိုတော်မူပြီ။

တာ သတ္တာရမ္မဏတ္တာ ဝိပါကေသု နုပ္ပဇ္ဇန္တိ၊ ကာမာဝစရဝိပါကာနံ ဧကန္တ ပရိတ္တာရမ္မဏတ္တာ။

[အဘိဓမ္မဝတာရ အဋ္ဌကထာ၊ အနက်လွယ်ပြီ၊ ကာမဝိပါက်မှန်ကာမ ဧကန်ဟူလို။]

ပရိတ္တာရမ္မဏတ္တာဟိ တေသမေကန္တတောပန ကရုဏာမုဒိတာ တေသု နဇာယန္တိ ကဒါစိပိ။

[၎င်းအဋ္ဌကထာ။]

အနက်။။ တေသံ=ထိုမဟာဝိပါက်စိတ်ရှစ်ခုတို့၏၊ ဧကန္တတော= စင်စစ်ဧကန် အမှန်မုချအားဖြင့်၊ ပရိတ္တာရမ္မဏတ္တာဟိ=ကာမအာရုံကိုသာ အာရုံပြုနိုင်သည်၏ အဖြစ်ကြောင့်သာလျှင်၊ တေသု=ထိုမဟာဝိပါက်စိတ် ရှစ်ခုတို့၌၊ ကရုဏာ, မုဒိတာ=တို့သည်၊ ကဒါစိပိ=တစ်ရံတစ်ခါမျှလည်း၊ နဇာယန္တိ= မဖြစ်နိုင်ကုန်။

သဗ္ဗော ကာမာဝစရဝိပါကောစ=အလုံးစုံသော ကာမဝိပါက် တေဝီသ၎င်း၊ ကိရိယာဟေတုဒွယံပိစ=ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ် စိတ် နှစ်ပါး၎င်း၊ ဣတိ=ဤသို့၊ [ထည့်] ပဉ္စဝီသတိ=တို့သည်၊ ဧကန္တပရိတ္တာ ရမ္မဏာ=စင်စစ်ကာမအာရုံကိုသာ အာရုံပြုနိုင်ကုန်သည်၊ သိယုံ=ကုန်၏၊

ဣဒံဟိ ပဋိသန္ဓိဘဝင်္ဂစုတိ တဒါရမ္မဏဝသေန ပရိတ္တဓမ္မပရိယာ ပန္နေသုယေဝ ဆသုအာရမ္မဏေသု ပဝတ္တတိ။

[၎င်းအဋ္ဌကထာ။]

ဟိ=ချဲ့၍ပြဦးအံ့၊ ဣဒံ=ဤမဟာဝိပါက်ရှစ်ခုသည်၊ ပဋိသန္ဓိဘဝင်္ဂ စုတိတဒါရမ္မဏဝသေန=ပဋိန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စ, တဒါရုံကိစ္စ တို့၏ အစွမ်းသတ္တိဖြင့်၊ ပရိတ္တဓမ္မပရိယာပန္နေသုယေဝ=ကာမအာရုံ၌သာ အကျုံးဝင်သည်သာလျှင်ဖြစ်ကုန်သာ၊ ဆသုအာရမ္မဏေသု=တို့၌၊ ပဝတ္တတိံ=၏၊

ဝိပါကဿ သင်္ကပ္ပေတွာ အာရမ္မဏာဂဟဏဘာဝတော ကမ္မာနုရူပမေဝ ပဝတ္တတီတိ ပရိတ္တကမ္မဝိပါကော ပရိတ္တာရမ္မဏေယေဝ ပဝတ္တိတုမဟရတိ၊ နမဟဂ္ဂတ အပ္ပမာဏာရမ္မဏေတိ ဝုတ္တံ ပရိတ္တ ဓမ္မပရိယာပန္နေသူတိ။

[စတုတ္ထ စကားရပ်အဖွင့် အဘိဓမ္မာဝတာရဋီကာ။]

ဝိပါကဿ=ဝိပါက်တရား၏၊ သင်္ကပ္ပေတွာ=ကြံကြံစည်စည် တွေးတွေးဆဆပြု၍၊ အာရမ္မဏာ ဂဟဏ ဘာဝတော=အာရုံကိုမယူ နိုင်သည်၏ အဖြစ်ကြောင့်၊ ကမ္မာနုရူပမေဝ=ကံအားလျော်စွာ သာလျှင်၊ ပဝတ္တိ=ဖြစ်ရရှာ၏၊ ဣတိ=ဤသို့သော အကြောင်းကြောင့်၊ ပရိတ္တ ကမ္မဝိပါကော=ကာမကုသိုလ်ကံ အကုသိုလ်ကံ၏ ဝိပါက်သည်၊ ဝါ=ကာမ ဝိပါက်တေဝီသသည်၊ ပရိတ္တာရမ္မဏေယေဝ=ကာမအာရုံ၌သာလျှင်၊ ပဝတ္တိတုံ=ငှါ၊ အရဟတိ=၏၊ မဟဂ္ပတအပ္ဗမာဏာရမ္မဏေ=မဟဂ္ဂုတ်အာရုံ, နိဗ္ဓာန်စသောလောကုတ္တရာအာရုံ၌၊ ပဝတ္တိတုံ=ငှါ၊ န အရဟတိ=မထိုက်၊ ဣတိတသ္မာ=ထိုအကြောင်းကြောင့်၊ ပရိတ္တဓမ္မပရိယာပန္နေသူတိ=ဟူ၍၊ ဝုတ္တံ=ပြီ။

ယသ္မာ ဧတေ ပရိတ္တာရမ္မဏာ၊ ကရုဏာမုဒိတာစ ပညတ္တာ ရမ္မဏာ သတ္တပညတ္တိယံ ပဝတ္တနတော၊ တသ္မာ ဒွိန္နမာလမ္ဗဏာနံ ဧကစိတ္တဿ ဝိသယဘာဝါနုပဂမနတော။ နတေသု ကရုဏာမုဒိတာ ကဒါစိပိ ဇယန္တီတိ အယမေတ္ထ ပထမဂါထာယ အဓိပ္ပါယော။

ဒုတိယစကားရပ်အဖွင့်-၎င်းဋီကာ၊ အနက်လွယ်ပြီ။ သတ္တာရမ္မဏတ္တာတိ သတ္တပညတ္တာရမ္မဏတ္တာ နနုပညတ္တာရမ္မဏာပိ ဝိပါကာ ဟာန္တီတိ စောဒနံ သန္ဓာယာဟ ကာမ။ပ။ ဏတ္တာတိ။ [ပထမစကားရပ်အဖွင့် ၎င်းဋီကာ အနက်လွယ်ပြီ၊ တတိယစကားရပ်အဖွင့် မထူးလှပြီ။]

ဤသို့ ဆိုအပ်ခဲ့ပြီးသော အဘိဓမ္မာပါဠိတော်၊ ၎င်းအဖွင့်

အဋ္ဌသာလိနီ အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ၎င်းအဖွင့် မဟာဋီကာ၊ အဘိဓမ္မာ ဝတာရ အဋ္ဌကထာ၊ ၎င်းအဖွင့် အဘိဓမ္မတ္ထ ဝိကာသိနီဋီကာ၊ ဤစကားအရပ်ရပ်တို့ဖြင့် ကာမဝိပါက်မှန်က ကာမအာရုံကိုသာ အာရုံပြုနိုင်သည်၊ မဟဂ္ဂုတ်အာရုံ, နိဗ္ဗာန်စသော လောကုတ္တရာအာရုံ, ပညတ်အာရုံများကို အာရုံမပြုနိုင်-ဟု အလွန် သေချာသည်။

ဤပါဠိ, အဋ္ဌကထာ, ဋီကာတို့၌သာ သေချာသည်မဟုတ်၊ ''ပဉ္စဝီသပရိတ္တမှီ'' ပဉ္စဝီသ၊ ကာမဝိပါက်တေဝီသ, ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပါဒ်အားဖြင့် ၂၅-ပါးသော စိတ်တို့သည်။ ပရိတ္တမှိဧဝ=၌သာလျှင်၊ ဟောန္တိ=ကုန်၏၊

''တေဝီသတိ ကာမာဝစရဝိပါက ပဉ္စဒွါရာဝဇ္ဇန ဟသနဝသေန ပဉ္စဝီသတိစိတ္တာနိ ပရိတ္တမှိ ကာမာဝစရာရမ္မဏေယေဝ ဘဝန္တိ။ ပ။ သဗ္ဗတ္ထ သာဝဓာရဏ ယောဇနာ ဒဋ္ဌဗ္ဗာ''

အနက်။ တေဝီသ=ဝသေန၊ ကာမဝိပါက်တေဝိသ, ပဉ္စဒွါရာ ဝဇ္ဇန်း, ဟသတုပ္ပါဒ်စိတ်တို့၏ အစွမ်းဖြင့်၊ ပဉ္စဝီသတိစိတ္တာနိ=တို့သည်၊ ပရိတ္တမှိ ကာမာဝစရာရမ္မဏေယေဝ=ကာမအာရုံ၌သာလျှင်၊ ဘဝန္တိ= ကုန်၏၊။ပ။ သဗ္ဗတ္ထ=အလုံးစုံးသောဝါကျတို့၌၊ သာဝဓာရဏယောဇနာ= ဧဝသဒ္ဒါ ထည့်၍ အနက်ပေးခြင်းကို၊ ဒဠဗ္ဗာ=၏၊ ''ဆစိတ္တာနိ။ ပ။ ဒဠဗ္ဗာ၊ သဗ္ဗာဝါကျနမဝဓာရဏန္တောဂဓတ္တာတိအဓိပါယော။

[မဏိမဉ္ဇူသာအနက်လွယ်ပြီ၊ ဤသင်္ဂြီုဟ်ဋီကာကျော် မဏိ မဉ္ဇူသာ သုံးကျမ်းတို့၌လည်း အလွန်သေချာသည်ပင်။]

ပဋိသန္ဓိဘဝင်္ဂဉ္စ၊ တထာ စဝနမာနသံ။

ဧကမေဝ တထေဝေက၊ ဝိသယေဉ္စက ဇာတိယံ။။

[သဂြုႌဟ်။] ပဋိသန္ဓေစိတ်,စုတိစိတ်တို့သည် ဇာတိ, ဘူမိ,သမ္ပယုတ္တ ဓမ္မ,သင်္ခါရ, အာရုံအားဖြင့် တူမြဲထုံးစံ-ဟူလို။

ကတ္ထစိ ပန အနုပ္ပဇ္ဇမာနဿ ခီဏာသဝဿ ယထောပဋ္ဌိတံ နာမရူပါဒိကမေဝ စုတိပရိယောသာနာနံ ဂေါစရဘာဝံ ဂစ္ဆတိ၊ န ကမ္မကမ္မ နိမိတ္တာဒယော။

[ဋိကာကျော်။]

အနက် ပန=အကြင်ကြောင့်၊ ကတ္ထစိ=တစ်စုံတစ်ခုသောဘဝ၌၊ အနုပ္ပဇ္ဇမာနဿ=မဖြစ်လတ္တံ့, ပဋိသန္ဓေမနေရ လတ္တံ့သော၊ ခီဏာ သဝဿ=ဘုရားရဟန္တာအရှင်မြတ်၏၊ ယထောပဋ္ဌိတံ=အကြင်အကြင် ထင်လာတိုင်းသော၊ နာမရူပါ ဒိကမေဝ=နာမ်ရုပ်တရားအစရှိသော အာရုံသည်သာလျှင်၊ စုတိပရိယောသာနာနံ=စုတိအဆုံးရှိကုန်သော ဝီထိစိတ်တို့၏၊ ဂေါစရဘာဝံ အာရုံ၏အဖြစ်သို့၊ ဂစ္ဆတိ=၏၊ ကမ္မ, ကမ္မနိ မိတ္တာဒယော=ကမ္မ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါးတို့သည်၊ ဂေါစရဘာဝံ= သို့၊ နဂစ္ဆန္တိ=ကုန်။

ဗုဒ္ဓေါ ပမုခေါ ယဿတိ ဗုဒ္ဓမုခေါ ဗုဒ္ဓပမုခဿ ဒါနံဒေတိ၊ လမ္ဓာ ကဏ္ဏော ယဿတိ လမ္ဓကဏ္ဏာ လမ္ဓကဏ္ဏော အာဂစ္ဆတိ။

အနက်။။ယဿ=အကြင်ရဟန်းသံဃာအား၊ ဗုဒ္ဓေါ=မြတ်စွာဘုရားဟုဆိုအပ်သော၊ ပမုခေါ=အကြီးအမှုး အဦးသည်၊ အတ္ထိ=၏၊ ဣတိ=ကြောင့်၊ ဗုဒ္ဓပမုခေါမည်၏၊ ဗုဒ္ဓပမုခဿ=ဘုရားအမှူးရှိသော သံဃာတော်အား၊ ဒါနံ=လှူဖွယ်ဝတ္ထုကို၊ ဒေတိ=လှုဒါန်း၏၊ ယဿ=အကြင်သူအား၊ လမ္ဓော=ရှည်သော၊ ကဏ္ဏော=နားသည်၊ အတ္ထိ=ရှိ၏၊ ဣတိ=ကြောင့်၊ လမ္ဗကဏ္ဏော=ရှည်သော နားရှိသောသူသည်၊ အာဂစ္ဆတိ=လာ၏၊

ဤကား-တဂ္ဂုဏသံညာဏဟုဗ္ဗီဟိပြယုဂ်၊ ဤတဂ္ဂုဏသံညာဏ ဗဟုဗ္ဗီဟိသမာသ်သဘောကား- သမာသ်ပုဒ်အနက်ကို၎င်း, နှစ်ပါးသော အနက်ကိုယူရသည်၊ ဗုဒ္ဓပမုခဿဟူသောပြယုဂ်၌ ဗုဒ္ဓပမုခအရဖြစ်သော ဘုရားကို၎င်း၊ ယဿဟူသော အညပုဒ်အရဖြစ်သော ရဟန်းသံဃာ ကို၎င်း လှုဒါန်း၏ဟူရာ၌ နှစ်ပါးသောအနက်ကိုယူရသည်၊ လမ္ဗကဏ္ဏော ဟူသော ပြယုဂ်၌ လမ္ဗကဏ္ဏအရဖြစ်သော ရှည်သောနားရွက်ကို၎င်း, ယဿဟူသောအညပုဒ် အရဖြစ်သော လူကို၎င်း, လာ၏ဟူရာ၌ နှစ်ပါး သောအနက်ကို ယူရသည်။

ဗဟူနိဓညာနိ ဧတဿတိ ဗဟုဓညောအာဂစ္ဆတိ၊ နိဂ္ဂတာဇနော၊ နိဂ္ဂဇနံဒဟာပေတိ။

အနက်။ ဧတဿ=ထိုသူအား၊ ဗဟူနိ=များစွာကုန်သော၊

ဓညနိ=တို့သည်၊ သန္ထိ=ရှိကုန်၏၊ ဣတိ=ကြောင့်၊ ဗဟုဓညော=မည်၏၊ ဗဟုဓညော=များသောစပါးရှိသောသူသည်၊ အာဂစ္ဆတိ=၏၊ ဧတသ္မာ= ထိုရွာမှ၊ ဇနာ=တို့သည်၊ နိဂ္ဂတာ=ထွက်ပြေးကုန်ပြီ၊ ဣတိ=ထို့ကြောင့်၊ နိဂ္ဂတဇနော=မည်၏၊ နိဂ္ဂတဇနံ=ထွက်၍ပြေးသောလူရှိသောရွာကို၊ ဒဟာပေတိ=မီးတိုက်၏၊

ဤကား-အတဂ္ဂုဏသံ ဝိညာဏဗဟုဗ္ဗဟိ ပြယုဂ်တည်း၊ ၎င်း၏ သဘောကား- သမာသ်ပုဒ်အနက်ကိုမယူ၊ သမာသ်ပုဒ်အနက်မှတပါး အညပုဒ်အနက်ကိုသာယူရသည်၊ ဗဟုဓညောဟူသော သမာသ်ပုဒ် အရဖြစ်သော များသောစပါးကိုမယူရ၊ ဧတဿဟူသော အညပုဒ်အရ ဖြစ်သောလူကိုသာ ယူရသည်၊ နိဂ္ဂတဇနောဟူသောပြယုဂ်၌ နိဂ္ဂတဇ ဟူသော အညပုဒ်အရဖြစ်သောရွာကိုသာ ယူရသည်၊ အကျဉ်းအားဖြင့် သမာသ်ပုဒ်အနက်နှင့်တကွ အညပုဒ်အနက်ကိုယူလျှင် တဂ္ဂုဏသံ ဝိညာဏ၊ သမာသ်ပုဒ်အနက်ကိုစွန့်ပစ်၍, လွှက်၍ အညပုဒ်သက် သက်ကိုသာယူရလျှင် အတဂ္ဂုဏသံဝိညာဏ၊ ဤသို့လျှင် အထူးကိုနာ နာကြီး မှတ်ခဲ့ပါ။

ယခင်ဋီကာကျော်ပါဌ်၌ စုတိပရိယောသာနာနံ- ဟူသောပုဒ်ကို၊ ''စဝနသင်္ခါတံစုတိစိတ္တံ ပရိယောသာနံ ဩသာနံအန္တောယေသန္တိစုတိ ပရိယောသာနာနိ'' ဟုဗဟုဗ္ဗီဟိသမာသိပြု၊ တဂ္ဂုဏသံဝိညာဏဗဟုဗ္ဗီဟိ၊ အတဂ္ဂုဏသံညာသံဝိညာဏ ဗဟုဗ္ဗီဟိနှစ်ပါးတို့တွင် စုတိပရိယောသာန ဟုသော သမာသ်ပုဒ်အရဖြစ်သော အဆုံးဆုံးဖြစ်သော စုတိစိတ်ကို စွန့်ပစ်သင့်, စွန့်ပစ်ထိုက်, လွှတ်ထိုက်ရကား အတဂ္ဂုစသံဝိညာဏဟု ဗ္ဗီဟိသမာသ် ဟု ဆတ်ဆတ်မုချ ဧကန္တမှတ်ယူပါ၊ ထို့ကြောင့်မဟုတ်လော၊ ဤဋီကာကျော်အဖွင့် အဖေဂ္ဂုသာရ ဒီပနီကျမ်း၌

''ပရိယောသာသန သဒ္ဒေါ အနဘိဝိဓျတ္ထော အတဂ္ဂုဏတ္ထောဝဒဋ္ဌဗ္ဗေ၊ ဣတရထာ စုတိ ပဋိသန္ဓီနံ သမာနာရမ္မဏတာ နသိယာ'' ဟုဆိုအပ်ပြီ။

အနက်။ ပရိယောသာနသဒေါ=ကို၊ အနဘိဝိဓျတ္ထောဝ= အနဘိ ဝိမိအနက်ရှိ၏ဟူ၍သာလျှင်၊ အတဂ္ဂုဏတ္ထောဝ=အတဂ္ဂုနအနက်ရှိ၏ ဟူ၍သာလျှင်၊ ဝါ=အတ္တဂ္ဂုဏသံသိညာဏဗဟုဗ္ဗီဟိသမာသ် ဟူ၍သာ လျှင်၊ ဒဋ္ဌဗ္ဗော=မှတ်အပ်၏၊ ဣတရထာ=ဤငါဆိုအပ်ခဲ့ပြီးသော အနက်မှ တပါး, အဘိဝိမိအနက်, တဂ္ဂုဏသံဝိညာဏ ဗဟုဗ္ဗီဟိသမာသ်ဟူ၍၊ ဂယှမာန=ယူကြသည်ရှိသော်၊ စုတိပဋိသန္ဓီနံ=စုတိစိတ်တို့, ပဋိသန္ဓေ စိတ်တို့၏၊ သမာနာရမ္မဏတာ=အာရုံတူမြဲ ထုံးစံသည်၊ န သိယာ= မဖြစ်နိုင်ရာ။

ဤအဖေဂ္ဂုသာရ ဒီပနီဆရာစကားသည် ပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့်ညီညွတ်သောကြောင့် သင့်မြတ်ပေစွ။ နာဟုအဿာသပဿာသော၊ ဌိတစိတ္တဿ တာဒိနော၊

အနေဇော သန္တိမာရဗ္ဘ၊ ယံ ကာလမကရီ မုနိ။။

[သုတ်မဟာဝါမဟာ ပရိနိဗ္ဗာနသုတ်ပါဠိတော်။]

အနက်။ အနေဇော=အာရုံတွေ့က, ဆွဆွဖြတ်ဖြတ်, တုန်လှုပ် တတ်သော ဇောတရားမှကင်းစင်တော်မူပြီးထသော၊ ယံ မုနိ=အကြင် ဘုရားသခင်သည်၊ သန္တိံ=ဆင်ရဲတကာ ကင်းငြိမ်းရာမှန် ပြည်နိဗ္ဗာန်ကို၊ အရဗ္ဘ,စွဲ၍, ရည်စူး၍, မျှော်ခေါ်၍, အကြောင်းပြု၍၊ ကာလံ=ပရိနိဗ္ဗာန် စံတာ်မူခြင်းကို၊ အကရိ=ပြုတော်မူပြီ၊ ဌိတစိတ္တဿ=မရွ့မပြန့် တည်တံ့ သော စိတ်နှလုံးရှိတော်မူထသော၊ တာဒိနော=လာဘာ, လာဘစသည် ရှစ်တန် လောကဓံကြောင့် ဖောက်ပြန် တုန်လှုပ်ခြင်း ကင်းစင်တာ်မူပြီး ထသော၊ တဿ=ထိုမြတ်စွာဘုရားအား၊ အဿာသပဿသာ=ထွက် သက်ဝင်သက်လေ ၂-ချက်သည်၊ နာဟု=မရှိမဖြစ် ကင်းတုံလစ်ပြီ၊ ဤသို့သဗ္ဗန်။

ထို့ကြောင့် ၎င်းအဖွင့်အဋ္ဌကထာ၌''အာရဗ္ဘ ပဋိစ္စ သန္ဓာယ'' ဟုဖွင့်တော်မူသည်။ အာရုံပြု၍ဟူသောအနက်ကို အလိုရှိအပ်သည် ဖြစ်အံ့၊ ''ယေ အတီတေ ဓမ္မေ အာရဗ္ဘ''ဟူသော ဓမ္မသင်္ဂဏီပါဠိတော်၌ အာရဗ္ဘဟူသောပုဒ်ကို ''အာရဗ္ဘာတိ အာရမ္မဏံကတွာ'' ဟုအဋ္ဌသာလိနီ ဖွင့်သကဲ့သို့ ''အာရဗ္ဘ အာရမ္မဏံ ကတွာ'' ဟုအဋ္ဌကထာဆရာ ဖွင့်ခဲ့ရာ၏၊ ထိုသို့လည်းမဖွင့်ခဲ့၊ ထိုကြောင့် အာရုံပြု၍ဟူသောအနက်ကို အလို မရှိအပ်၊ ထို့ကြောင့် ပရိနိဗ္ဗာန် စံတော်မူခါနီး စတုတ္ထစျာန်ကိုမဝင်စားမီ ပရိနိဗ္ဗာန်စံတော့အံ့ဟုဖြစ်သော ဇောဝီထိဖြစ်သည်ကိုသာ ရည်၍ သန္တိမာရဗ္ဘဟူ၍ ဟောတော်မူသည်ဟုမှတ်ပါ။

မြတ်စွာဘုရား၏စုတိစျတ်အာရုံကို မုံရွေးဆရာတော်ကမေး၍ ကျေးကံရှင်ကျော်က နိဗ္ဗာန်ဘုံထဲ အာရုံမြဲ၏-ဟုဖြေ လိုက်သည်၊ အမှား အလွှဲဟုဧကန်အမှန်မုချမှတ်၊ အဘယ့်ကြောင့်နည်းဟူမူ၊ သုတ္တန်, အဘိဓမ္မာပါဠိတော်, အဋ္ဌကထာ, ဋီကာ, သင်္ဂြီုဟ်ဋီကာကျော်, မဏိမဉ္ဇူ သာ, အဖေဂ္ဂုသာရဒီပနီ အစရှိသော အလုံးစုံသော ကျမ်းဂန်တို့နှင့် ဆန့်ကျင်သောကြောင့်၎င်း၊ နိဗ္ဗာန်ကို အာရုံပြု၏ဟု ဆိုရာ၌အကြောင်း အမြွက်မျှ မရလေသောကြောင့်၎င်းတည်း။

ဋီကာကျော်ပါဌ်၌ စုတိပရိယောသာနံ-ပုဒ်ကို တဂ္ဂုဏ သံ ဝိညာဏသမာသ်ယူ၍ ရဟန္တာတို့၏ စုတိသည်လည်း ထင်တိုင်းသာ ဖြစ်သော နာမ်, ရုပ်တရားကို အာရုံပြုဟန်နှင့် ဝီထိပုံ ချရိုးပြုကြသည်လည်း အမှားဧကန်ပင်၊ သင်္ဂြီုဟ်နိဿယသစ်၌ကား-ထိုသို့ဝီထိချရိုးပြုကြသည်ကို အဖေဂ္ဂုသာရဒီပနီနှင့် မညီသောကြောင့် မသင့်ဟု မဆိုသာ၊ အဖေဂ္ဂု သာရဒီပနီနှင့် ညီခြင်းမညီခြင်းသည် အကြောင်းမဟုတ်၊ မှန်, မမှန်သာ အကြောင်းဖြစ်သည်၊ မှန်သည် မမှန်သည်ကိုလည်း ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ် မြတ်များကိုထား၍ တပါးသောသူတို့သည် သိနိုင်ခဲ၏၊ ဤကား-ခဲရပ်ဟု မှာထားခဲ့သည်။

ထိုသို့မှာထားခြင်းသည်လည်း ဉာဏ်မမှီနိုင်သောကြာင့်သာ မှာထားရှာသည်၊ အမှုမှာ အလျင်းမဟုတ်ချေ၊ အဘယ်ကြောင့်နည်းဟူမူ အဖေဂ္ဂုသာရဒီပနီနှင့်သာ မညီရုံမဟုတ်၊ ကာမဝိပါတ်မှန်က ကာမအာရုံ ကိုသာ အာရုံပြုနိုင်၏-ဟူ၍၎င်း၊ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ် တို့သည် အာရုံတူဟူ၍၎င်း၊ ဟောတော်မူ, ဆိုတော်မူကြသော အလုံး စုံသော ပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့်လည်း မညီသောကြောင့်၎င်း၊ တပါးသောသတ္တဝါတို့၏ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့၏ အာရုံစသော အဘိဓမ္မာအရာများကို ပဋိသမ္ဘိဒါပတ္တမဟုတ်သော်လည်း ပါဠိ, အဋ္ဌကထာ, ဋီကာတို့ဖြင့် သိသင့်သိထိုက်သောကြောင့်၎င်းတည်း။ သင်္ဂြီုဟ်ဂဏ္ဌိသစ်၌လည်း ၎င်းဋီကာပါဌ်၌ စုတိပရိယော သာနာနံ ပုဒ်ကို တဂ္ဂုဏသံဝိညာဏသမာသ်ယူ၍ ရဟန္တာတို့၏ စုတိစိတ်ကိုလည်း ထင်တိုင်းသော နာမ်ရုပ်တရားကို အာရုံပြု၍ဝီထိချကြသည်၊ ''ပရိယော သာနသဒ္ဒေါ အနဘိဝိဓျတ္ထော အတဂ္ဂုဏတ္ထောဝ ဒဋ္ဌဗ္ဗော၊ ဣတရထာ စုတိပဋိသန္ဓီနံ သမာနာရမ္မဏတာ နသိယာ'' ဟူသော အဖေဂ္ဂုသာရ ဒီပနီနှင့်မညီ၊ ယင်းသို့မညီသော်လည်း မှန်ရာသာအကြောင်းဖြစ်တော့သည်၊ ပဋိသမ္ဘိဒါပတ္တ ပုဂ္ဂိုလ်ကိုထား၍ တပါးသောသူတို့ သိခြင်းငှါခဲ၏၊ ပဋိသန္ဓေဘဝင်စုတိတို့အာရုံတူ၏ ဟူသော စကားကို ယေဘုယျဟုဆိုပြီးလျှင်

''န ဟိ ဣဒမေကံဌာနံ ဝဇ္ဇေတွာ ပဋိသန္ဓိဘဝင်္ဂါနံ ဝိသဒိသတာ အတ္ထိ''

ဟု ဋီကာဆိုသကဲ့သို့ ဤ၌လည်း၊

''နဟိဣဒမေကံဌာနံ ဝဇ္ဇေတွာ ပဋိသန္ဓိစုတီနံ ဝိသဒိသတာ အတ္ထိ''ဟု ဋီကာဆိုမူ သင့်ငြားအံ့လည်း မသိ။

အဓိပ္ပါယ်ကား-အာဂန္တုကဘဝင်ကိစ္စဖြစ်သော အရာဌာန တစ်ခုကိုကြဉ်၍ ပဋိသန္ဓေဘဝင်တို့၏ အာရုံမတူသော မည်သည် မရှိသကဲ့သို့ ရဟန္တာတို့၏ စုတိကိစ္စဖြစ်သော အရာဌာနကိုကြဉ်၍ ပဋိသန္ဓေစုတိတို့၏ အာရုံမတူသော မည်သည် မရှိဟူလို၊ ခဲရပ်။ ''စုတိဧဝ ပရိယောသနံ ဧတေသန္တိ စုတိပရိယောသနာ'' ဆရာတို့လည်း တဂ္ဂုဏ၊ အဖေဂ္ဂုသာရဆရာလည်း အတဂ္ဂုဏဟုဆိုသောစကားနှစ်ရပ်သည် မစပ်မိကြဆန့်ကျင်လှ၏-ဟု မှာထားခဲ့ သည်၊ ထိုဂဏ္ဌိသစ် မှာထားသော စကားစုတွင် သိခြင်းငှါခဲ၏ဟု တိုင်အောင်သောစကားကို နိဿယသစ်ဝါဒကိုပယ်သော ရှေးအကြောင်း နှင့်ပင် ပယ်လေ၊ နာက်ခဲရပ်တိုင်အောင်သော စကားစုသည်လည်း မသင့်၊ အဘယ်ကြောင့်နည်းဟူမူ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ကို တပါးသော ပဋိသန္ဓေကိစ္စနှင့် မဖြစ်နိုင်ခြင်းစသော အကြောင်းရှိ သကဲ့သို့၎င်း၊ ကာမအာရုံကိုသာ အာရုံပြု၏-ဟူသောပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့် မဆန့်ကျင်သကဲ့သို့၎င်း၊ ထို့အတူ ဤအရာ၌ ရဟန္တာတို့၏ စုတိစိတ်သည် ကံ, ကမ္မနိမိတ်, ဂတိနိမိတ် သုံးပါးတို့တွင် တစ်ပါးပါးကို မပြုနိုင်ခြင်း-ဟူသော အကြောင်း မရှိသောကြောင့်၎င်း၊ ကာမအာရုံ ကိုသာ အာရုံပြု၏-ဟူသောပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့် ဆန့်ကျင်သော ကြောင့်၎င်းတည်း၊ ဆန့်ကျင်လှ၏တိုင်အောင်သော စကားကိုလည်း ဤသို့မဆိုထိုက်၊ အဘယ်ကြောင့်နည်းဟူမူ တဂ္ဂုဏသံဝိညာဏဟု ဆိုကြသော ဆရာတို့ဝါဒသည် အဖေဂ္ဂုသာရဒီပနီနှင့် မညီသော ကြောင့်၎င်း၊ ကာမအာရုံကိုသာ အာရုံပြု၏-ဟူသောပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့်ဆန့်ကျင်သောကြောင့်၎င်း မသင့်အနေတည်း-ဟူ၍သာ ဆိုထိုက်သောကြောင့်၎င်းတည်း။

သမန္တစက္ခုဒီပနီ၌လည်း ဘုရားရဟန္တာတို့၏ စုတိစိတ်သည် နိဗ္ဗာန်ကို အာရုံပြု၏-ဟု အထောက်အထားမပြဘဲ ဖြေဆိုလိုက်သော စကားသည်လည်း အမှားပင်၊ ဇိနတ္ထပကာသနီကျမ်း၌လည်း ထိုစတုတ္ထ စျာန်မှထ၍ စျာန်အင်္ဂါတို့ကို ဆင်ခြင်တော်မူသော ပစ္စဝေက္ခဏာ ဇောတို့သည် အကြိမ်များစွာဖြစ်ကုန်၏၊ ထိုသို့ဖြစ်သရွေ့ဝီထိတွက်ရေ ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်ကို ဝင်စားတော်မူပြီးမှ စတုတ္ထစျာန်အင်္ဂါကိုဆင်ခြင်သော ပစ္စဝေက္ခဏာ ဝီထိ၏အဆုံး၌ အလုံးစုံ သောသင်္ခါရတရားတို့၏ ကုန်ငြိမ်းရာ နိရောဓသစ္စာကို အာရုံပြုသော မဟာဝိပါက် ပထမအသင်္ခါရိက အဗျာကတ ဒုက္ခသစ္စာဖြင့် နိဗ္ဗာန်စံ၏ဟု အထောက်အထားမပြဘဲ ဆိုလိုက်သောစကားသည်လည်း အမှားပင်၊ စွယ်စုံကျော်ထင်-ဝိသဇ္ဇာကျမ်း၌လည်းရဟန္တာတို့၏ စုတိသည်မည်သည့် အာရုံပြုလိမ့်မည်နည်း-ဟုသော အမေးပုစ္ဆာ၌ အဖြေဝိသဇ္ဇာနာကားနိဗ္ဗာန်ကိုအာရုံပြု၍ စုတိ၏-ဟုပေ-ဟုအထောက်အထား မပါဘဲဖြေ လိုက်သော စကားသည်လည်းအမှားပင်။

ဤအရာ၌ ကျမ်းပြုဂန်ပြု-ပုဂ္ဂိုလ်ကြီးတို့မှသော်လည်း ချော်ကြီး ချော်, အယောင်ကြီးယောင်, အမှားကြီးမှား ချေသေး၏ရှင့်၊ ယခုကာလ နောက်ပေါ်လူသာမာန်တို့ နိဗ္ဗာန်ကို အာရုံပြု၍စုတိ၏ဟု ယောင်ရမ်း မြည်တမ်း ပရမ်းအတာပကာ ပြောဆိုကြသည်မှာ ဆိုရာဆို ခွင့်ပင် မရှိချေ။ ပညတ်ကိုအာရုံပြုသေး၏ဟု ဆိုသေး၏ဟုဆိုသော ဝိမတိနော ဒပနီဝါဒကိုလည်း အလုံးစုံသောပါဠိ, အဋ္ဌကထာ, ဋီကာတို့နှင့် ဆန့် ကျင်သောကြောင့် ငါတို့သခင် ကျေးဇူးရှင်ပင် ပယ်လေပြီဟု မုံရွာမြို့ လယ်တီဆရာတော်ဖြေဆို ဆုံးဖြတ်လိုက်သည်။

ဘုရား ရဟန္တာတို့၏ စုတိစိတ်အာရုံကို ကျမ်းဂန်စုံညှိ၍ ဖြေရှင်းခန်း ပြီး၏၊

--------

ရွှေဥဒေါင်း ပုစ္ဆာအဖြေ

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လျှောက်လွှာ

တပည့်တော် ရွှေဘိုမြို့-ရွှေဥဒေါင်းတောရဘုန်းကြီးကုသလ ရိုသေစွာလျှောက်ထားပါသည် အရှင်သူမြတ်ဘုရား...

သမ္မုတိသစ္စာ, ပရမတ္ထသစ္စာ, ထိုသစ္စာ ၂-ပါးတို့ကို ပိုင်းခြား ဝေဘန်၍ မှန်ရာတည့်တည့် သိမြင်လိုပါသည် တစ်ရပ်၊ ဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ တရားများကိုလည်း ခြားနားသေချာ သိလိုပါသည် တစ်ကြောင်း၊

ဗုဒ္ဓဘာသာ သာသနာဝင် လူရှင်အပေါင်းတို့သည် သိအပ် သိထိုက်လှပေသော အနတ္တအချက်တို့ကိုလည်း ကွက်ကွက်ကွင်းကွင်း ထင်လင်းသေချာ ဝိပဿနာ ဉာဏဒဿနအဖွင့်ကို ချီးမြှင့်ရေးသား ပေးသနားတော်မူပါမည့်အကြောင်း ဦးခေါင်းရိုကျိုး ရှိခိုးလျှောက်ထား အသနားတော်မြတ် ခံပါသည်ဘုရား။

ဦးကုသလ ရွှေဥဒေါင်းတောရဘုန်းကြီး ရွှေဘိုမြို့။

------------ * ------------

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

ပဋိညာဉ်

ယခုအခါ ဗုဒ္ဓဘာသာ၌ လွန်စွာ အရေးကြီးသော အနတ္တအချက် ကြီးတို့ကို တပည့်ရှင်ကုသလ လျှောက်ထား တောင်းပန်ချက်အရ မုံရွာ လယ်တီတောရဆရာငါသည် ဗုဒ္ဓဘာသာဝင်ရှင်လူအပေါင်းမှစ၍ ယောဂါဝစရပုဂ္ဂိုလ် တောတောင်ခို ၍ ကြည်ညိုလေးမြတ် ဝိပဿနာ လုပ်ရပ် အထပ်ထပ် ကြိုးစားကြသဖြင့် ဉာဏ်သွားဝရဇိန် တက်ထွန်း ထိန်၍ အရှိန်ကြီးမား အမျိုးသားတို့အား ထောက်ထားမြော်ရှု ဟောပြော မှုအရာဝယ် ပဒေသာဉာဏ်ကဲ့သို့ ဝေဘန်ပိုင်းခြားဟောကြားဆုံးမ သာသနာတော်ကိုပြုစုကြရန် ရည်သန်စိတ်ထားဖြင့် တရားသဘော ပေါ်လွင်၍ဉာဏ်အမြင်ဖေါက်ထွင်း သန့်ရှင်းစေသောအား မေးလျှောက် သောတရားတို့ကို ရေးသားချီးမြှောက်ပေအံ့သတည်း။

--------

သစ္စာနှစ်ပါးခွဲပြခန်း

ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝခွဲချက်

သမ္မုတိသစ္စာ။။ရှေးဦးစွာ သစ္စာနှစ်ပါးခွဲခန်းကို ပြဆိုရာ၏၊ သစ္စာနှစ်ပါးဆိုသည်ကား

၁။ သမ္မုတိသစ္စာ,

၂။ ပရမတ္ထသစ္စာ

ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်

၁ - သမ္မုတိသစ္စာ။ သမ္မုတိသစ္စာဆိုသည်ကား-လောက၌၁။ ပုဂ္ဂိုလ်မည်သည် အမှန်ရှိ၏၊

၂။ သတ္တဝါမည်သည် အမှန်ရှိ၏၊

၃။ အတ္တမည်သည် အမှန်ရှိ၏၊

၄။ ဇီဝမည်သည် အမှန်ရှိ၏၊

ထိုပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝတို့သည် အနမတဂ္ဂသံသရာ၌ ကုသိုလ်ကံ, အကုသိုလ်ကံပစ်ချရာသို့ အစဉ်တစိုက်လိုက်၍ အစဉ်မပြတ် ကျင်လည် ပြောင်းရွှေ့၍ နေကြရကုန်၏ဟု အခိုင်အမြဲ မှန်ယူစွဲလမ်း ခေါ်ဝေါ် ပြောဆိုကြခြင်းသည် သမ္မုတိသစ္စာမည်၏၊

ထိုတွင်- သတ္တဝါရှိ၏ဟူသောစကားဖြင့်...

၁-ပုဂ္ဂိုလ်။ ၁-ပုဂ္ဂိုလ်။ ပုဂ္ဂိုလ်ရှိ၏ဟူသောစကားသည် သတ္တဝါရှိ၏ ဟူသော စကားနှင့် အထူးအခြား မရှိကြ။

၂-သတ္တဝါ။ ၂-သတ္တဝါ။ လူဟူ၍ အမှန်ရှိ၏၊ နတ်ဟူ၍ အမှန်ရှိ၏၊ နွား ကျွဲ-ခွေး-ဝက်-ကြက်-ငှက်-တိရစ္ဆာန် သတ္တဝါဟူ၍ အမှန်ရှိ၏၊

ယောက်ျား, မိန်းမ်ဟူ၍ အမှန်ရှိ၏၊ ငါဟူ၍, သူတပါးဟူ၍အမှန်ရှိ၏၊

ဦးခေါင်း-ခြေလက်-မျက်စိ-နား-နှာခေါင်းစသော အင်္ဂါကြီးငယ်ဟူ၍ အမှန်ရှိ၏၊ ဆံပင်-မွေးညင်း-ခြေသည်း-လက်သည်း-သွား-အရေ အသား-အကြော-အရို်းဟူ၍ အမှန်ရှိ၏ စသည်ဖြင့် ထင်မှတ်စွဲလမ်းခေါ် ဝေါ်ပြောဆိုခြင်းများသည်လည်း သတ္တဝါရှိ၏ ဟူသောစကား၌ ပါဝင်လေ၏၊

၃-အတ္တ။ ၃-အတ္တ။ အတ္တရှိ၏ဟူသောစကား၌ အတ္တဆိုသည်ကား

သတ္တဝါတို့၏သန္တာန်မှာ အမာခံဖြစ်သော အနှစ်သာရကို အတ္တဟူ၍ဆို၏၊ ဥပမာကား...မြေအိုးဟူသောစကား၌ မြေဆိုသည်ကားပထဝီဓာတ်၏အမည်ပေတည်း၊ အိုးဆိုသည်ကား-အဝန်း အဝိုင်းစသော အိုးသဏ္ဌာန်ပညတ်၏အမည်ပေတည်း။

ပညတ်ဟူသည်လည်း သဘောအားဖြင့် အမှန်ရှိရင်းမဟုတ်၊ မြေဓာတ်အပေါင်းအစုကို အစွဲပြု၍ သတ္တဝါတို့၏ စိတ်ထဲတွင် ဝန်း သည်ဝိုင်းသည်ဟူ၍ထင်မြင်ရသော အခြင်းအရာမျှသာတည်း၊ သို့သော် ပရမတ်နှင့် ပညတ်ကို ခြားနား၍သိနိုင်ရန် ဉာဏ်ပညာမရှိသော လောကီဘုံသားတို့မှာ မြေဓာတ်အပေါင်းအစုသည်ပင်လျှင် အိုးဖြစ်၏ဟု မြေနှင့်အိုးကို တစ်ခုတည်းပြု၍မှတ်ယူကြ၏၊ ထိုသို့မှတ်ယူရာ၌ အမှန်ရှိသောမြေသည် အမှန်မရှိသောအိုး၏ အမာခံ အနှစ်သာရ အတ္တဖြစ်ရလေ၏၊ မြေမရှိခဲ့သော် မြေအိုးဟူ၍မရှိနိုင်၊ မြေရှိမှသာလျှင် မြေအိုးဟူ၍ ရှိနိုင်၏၊ ထို့ကြောင့် မြေသည် အိုး၏အနှစ်သာရ အတ္တ မည်ပေသတည်း။

ထို့အတူ အမှန်ရှိဖြစ်သော ခန္ဓာငါးပါးနှင့် အမှန်ရှိမဟုတ်သော သတ္တဝါဟူသော သဏ္ဌာနပညတ်ကို တစ်ခုတည်း ပြု၍ မှတ်ယူကြရာ၌ လည်း၊ ခန္ဓာငါးပါးသည် သတ္တဝါပညတ်၏ အမာခံ အနှစ်သာရ အတ္တမည် လေ၏၊ ခန္ဓာငါးပါးမရှိခဲ့သော် သတ္တဝါဟူ၍မရှိနိုင်၊ ခန္ဓာငါးပါးရှိမှသာလျှင် သတ္တဝါဟူ၍ရှိနိုင်၏၊ ထို့ကြောင့် ခန္ဓာငါးပါးသည် သတ္တဝါ၏ အနှစ်သာရ အတ္တ မည်လေသတည်း။ ဤကား-ခန္ဓာငါးပါးကို အတ္တဟူ၍ ပြဆိုချက် တည်း၊ ထိုမှတပါးလည်း ခန္ဓာငါးပါးမှ အလွတ်ဖြစ်သော ခန္ဓာအိမ်၏ အရှင်သခင်ဟူသော အတ္တသည်ရှိ၏၊

ဥပမာကား..

လူသေကောင်မှာ ဘုတ်တဇ္ဇေ ဝင်ပူး၍နေရာ၌ လူသေကောင် သည်တခြား, ဘုတ်တဇ္ဇေသည်တခြားဖြစ်သကဲ့သို့ ခန္ဓာငါးပါးတခြား, ခန္ဓာငါးပါးကို အုပ်စိုး၍နေသောအတ္တသည် တခြားဟူ၍လည်း ယူကြ၏၊ ၄ -ဇီဝ။ ဇီဝဆိုသည်ကား..ထိုအတ္တ၏ဦးခေါင်းသဘွယ်ဖြစ်၍ ထိုအတ္တကို နှစ်ရှည်လများ တည်နေနိုင်အောင် စောင့်ရှောက်၍နေသော အသက်ရှိ၏၊ ထိုအသက်ကို ဇီဝဆို၏၊

[ဤကား-ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ, လေးပါးခွဲပြခြင်းတည်း။]

-----------

သဏ္ဌာန်စသည်ခွဲပြချက်

၁။ သဏ္ဌာန်သည် အမှန်ရှိ၏၊

၂။ သန္တတိသည် အမှန်ရှိ၏၊

၃။ နိမိတ္တသည် အမှန်ရှိ၏၊

၄။ အနုဗျဉ္ဇနသည် အမှန်ရှိ၏

ဟူ၍ မှတ်ယူကြကုန်၏၊

၁။ သဏ္ဌာန်။န်။န်။ သဏ္ဌာန်ဆိုသည်ကား... ပရမာဏုမြူ သဏ္ဌာန်,အဏုမြူသဏ္ဌာန်တို့မှစ၍ မဟာပထဝီမြေကြီးသဏ္ဌာန်, မြင့်မိုရ်တာင်သဏ္ဌာန်တိုင်အောင် အဝန်းအဝိုင်း အလုံးအပြား အထောင့် ကွေး အရှည်အတိုစသော သဏ္ဌာန်ပညတ်ကို သဏ္ဌာန်ဆိုသည်။ ၂။ သန္တတိ။ သန္တတိဆိုသည်ကား... တစ်ခုတည်းသော ဝတ္ထုသည် တစ်မိနစ်တည်န၏၊ တစ်နာရီ တည်နေ၏၊ နာရီပေါင်းများစွာ တည်နေ၏၊ ရက်ပေါင်းများစွာ, လပေါင်းများစွာတည်နေ၏၊ နှစ်ပေါင်း များစွာ တည်နေ၏၊ သတ္တဝါတစ်ယောက်သည် အနမတဂ္ဂသံသရာ၌ ဘဝပေါင်းများစွာ ကျင်လည်၍နေရ၏ဟု ယူခြင်း ပေတည်း။ ၃။ နိမိတ္တ။ နိမိတ္တဆိုသည်ကား...သတ္တဝါသဏ္ဌာန်, ဦးခေါင်း သဏ္ဌာန်, ခြေသဏ္ဌာန်, လက်သဏ္ဌာန် စသော သဏ္ဌာန်နိမိတ်မျိုး ကိုဆို၏၊

ထိုနိမိတ္တသည်

ဘုဘနိမိတ္တ, အသုဘနိမိတ္တဟူ၍ မှတ်ယူကြသော သဏ္ဌာန် မျိုးသည် သုလနိမိတ်မည်၏၊ အသုဘနိမိတ်ဆိုသည်ကား.. မလှမပ မတင့်မတယ်ဟူ၍ မှတ်ယူကြသော သဏ္ဌာန်မျိုးသည် အသုဘနိမိတ် မည်၏၊

၄- အနုဗျဉ္ဇန။ အနုဗျဉ္ဇနဆိုကား...အနေ-အထိုင်-အထအကြွ-အသွား-အလာ- အပြု-အမူ-အပြော--အဆို-အမူ-အရာ-အထအရာမျိုးကို အနုဗျဉ္ဇနဆို၏၊ ထိုအနုဗျဉ္ဇနုသည်လည်းသုဘ-အသုဘဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင် နေပုံယဉ်ကျေးသည်၊ ကြွပုံ ထပုံ ယဉ်ကျေး သည်စသည်ဖြင့် မှတ်ယူကြသော အမူအရာမျိုးသည် သုဘအနုဗျဉ္ဇန မျိုးမည်၏၊ အနေအထိုင်ရိုင်းစိုင်းသည်၊ အကြွအထရိုင်းစိုင်းသည် စသည်ဖြင့် မှတ်ယူကြသော အမူအရာမျိုးသည်၊ အသုဘ အနုဗျဉ္ဇနမျိုး မည်၏၊ သတ္တဝါတို့၏ ကိုယ်အင်္ဂါ၌ ကောင်းသောလက္ခဏာ, မကောင်း သော လက္ခဏာ, သူမြတ်လက္ခဏာ, သူယုတ်၏လက္ခဏာစသော လက္ခဏာများသည်လည်း သုဘ-အသုဘ-အနုဗျဉ္ဇန မည်၏၊

[ဤကား-သဏ္ဌာန၊ သန္တတိ၊ နိမိတ်၊ အနုဗျဉ္ဇနခွဲခန်းတည်း။]

မဆိုခဲ့သော ပုဂ္ဂိုလ်- သတ္တဝါ- အတ္တ-ဇီဝ-သဏ္ဌန-သန္တတိ- နိမိတ်အနုဗျဉ္ဇန-အလုံးစုံသည် သမ္မုတိ သစ္စာနည်၏၊

[ဤကား- သမ္မုတိသစ္စာကို ပြခန်းပေတည်း။]

၂။ ပရမတ္တသစ္စာ။ ပရမတ္တ သစ္စာဆိုသည်ကား... လောက၌သဘောအားဖြင့် ထင်ရှားရှိနေကြသော ပထဝီဓာတ်, အာပေါ ဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်, ဖဿဝေဒနာ အစရှိသော စေတသိဓာတ်, စက္ခုသောတစသော ရုပ်ဓာတ်, နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်များကို ပရမတ္ထသစ္စာ ဟူ၍ဆို၏၊

[ဤကား-ပရမတ္ထသစ္စာကိုပြဆိုခဏ်းတည်း။]

သမ္မုတိနှင့် သစ္စာခေါ်ကြောင်း

ထိုသစ္စာနှစ်ပါးတို့တွင် သမ္မုတိသစ္စာဟူသောစကား၌

၁။ အဘယ့်ကြောင့် သမ္မုတိဆိုသနည်း။

၂။ အဘယ့်ကြောင့် သမ္မုတိဆိုသနည်းဟူမူကား။ ၁-သမ္မုတိ။ ။သတ္တ-ပုဂ္ဂလ-အတ္တ-ဇီဝအစရှိသည်တို့သည် အထဝီဓာတ်, အာပေါဓာတ် အစရှိသည်တို့ကဲ့သို့ သဘောအားဖြင့် အသီးအခြားထင်ရှားရှိကုန်သည်မဟုတ်၊ ပထဝီဓာတ်, အာပေါဓာတ် အစရှိသည်တို့ကိုစွဲမှီ၍ သတ္တဝါတို့၏စိတ်ထဲတွင် ထင်မြင်အပ်သော အခြင်းအရာမျှတို့သာတည်း၊ ထိုအခြင်းအရာမျှတို့ကိုပင် ဧကန်ရှိ , အမှန်ရှိဟု အခိုင်အမြဲစွဲလမ်းကြကုန်ပြီးလျှင် အမည်နာမအသီးအသီး တင်၍ လောကီဘုံသားလူအများတို့ အစဉ်အဆက် ခေါ်ဝေါ်သမုတ်၍ နကြသည့်အတွက်ကြောင့် သမ္မုတိခေါ်ပေတည်း။

၂-သစ္စာ။။ထို့သို့ ခေါ်ဝေါ်ကြရာ၌လည်း လောကီဘုံသားတို့ အများညီညာ ခေါ်ဝေါ်ရိုးရှိကြသည့်အတိုင်း ပုဂ္ဂိုလ်သည်အမှန်ရှိ၏၊ သတ္တဝါသည်အမှန်ရှိ၏၊ အတ္တဇီဝသည် အမှန်ရှိ၏ဟူ၍ ထိုသူတို့ အလယ်၌ ပြောဆိုငြားသော်လည်း တစ်စုံတစ်ယောက်သော သူကိုမျှ လှည့်စားခြင်းမဖြစ်၊ မုသာဝါဒမဖြစ်၊ မုသာဝါဒမဖြစ်သောကြောင့် သစ္စာ ဟူ၍ဆိုရသတည်း။

[ဤကား- သမ္မုတိခေါ်ကြောင်း, သစ္စာခေါ်ကြောင်းကို ပြဆိုချက်ပေတည်း။]

သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ

၁-သမ္မုတိသစ္စာ။ ဤသမ္မုတိသစ္စာသည် မုသာဝါဒမျှကိုသာ ပယ်နိုင်၏၊ သဘောအားဖြင့် ဧကန်ရှိ၏ဟု မှတ်ယူသိမြင်ကြသောသညာဝိပလ္လာသ, စိတ္ကဝိပလ္လာသ, ဒိဠိဝိပလ္လာသ ဟူသော ဝိပလ္လာသတရားများကိုမူကား- မပယ်နိုင်ချေ၊ အဘယ်ကြောင့်နည်းဆိုသော် ဝိပလ္လာသတရားတို့၏ ပညတ်ချက်ထဲတွင် အပါ အဝင်ဖြစ်သောကြောင့်တည်း၊ ထို့ကြောင့်ပင်လျှင် ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝအစရှိသော အခြင်းအရာများသည် ဖောက်လဲဖောက်ပြန်ဖြစ်တတ် သောကြောင့်၊ သမ္မုတိသစ္စာဟူ၍သာ ဆိုအပ်၏၊ ပရမတ္ထသစ္စာဟူ၍ မဆိုအပ်။

အဘယ်သို့ ဖောက်လဲဖောက်ပြန် ဖြစ်သနည်းဟူမူကားဝိပလ္လာသတရား ထင်ရှားရှိနေသောသူမှာ ထိုသဏ္ဌာနပညတ်, သန္တတိ ပညတ် အစရှိသောပညတ်များသည် ဧကန်ရှိ ,အမှန်ရှိဟု ဖြစ်၍နေ၏၊ ဝိပလ္လာသတရားကု် ပယ်ပြီးသောအခါ ထိုသူမှာပင် ထိုပညတ်များသည် ဧကန်ရှိမဟုတ်၊ အမှန်ရှိမဟုတ်ဟု ဖြစ်ရပြန်၏၊ ဤသို့ဖောက်လဲ ဖောက်ပြန်ဖြစ်တတ်သောကြောင့် ပရမတ္ထသစ္စာဟူ၍ မခေါ်အပ်။

၂-ပရမတ္ထသစ္စာ။။ပထဝီဓာတ်, အာပေါဓာတ် အစရှိသည် တို့ကို အဘယ့်ကြောင့် ပရမတ်ခေါ်သနည်းဟူမူကား- ပထဝီဓာတ်, အာပေါဓာတ်အစရှိသော ဓာတ်သဘာဝများသည် ပုဂ္ဂိုလ်သဏ္ဌာန်, သတ္တဝါသဏ္ဌာန် အစရှိသည်များကဲ့သို့ စိတ်ထဲတွင် ထင်မြင်ရသော အနက်မျိုးမဟုတ်၊ သဘောအားဖြင့် ဧကန်ရှိသော အနက်မျိုးဖြစ် သောကြောင့် သမ္မုတိပညတ် အနက်များထက် လွန်ကဲသော အနက်များ ဖြစ်ချေ၍ ပရမတ္ထခေါ်ဆိုရသတည်း။

ထိုပထဝီဓာတ်, အာပေါဓာတ် အစရှိသော သဘောများသည် လည်း လောကတွင် ဧကန်ရှိ, အမှန်ရှိဟု မှတ်ယူသည် အတိုင်းဘယ် အခါမှာမှ ဧကန်ရှိမဟုတ်ပြန်ပြီ၊ အမှန်ရှိမဟုတ်ပြန်ပြီဟု ဖောက်ပြန်ခြင်း မရှိခြင်းကြေင့် သစ္စာခေါ်ပေတည်း၊ ဤပရမတ္ထသစ္စာသည်သာလျှင် မုသာဝါဒနှင့်တကွ သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ, ဒိဋ္ဌိပလ္လာသ ဟူသော ဝိအလ္လာသတရားတို့ကို အကုန်အစင်ပယ်ဖျောက်နိုင်၏၊

[ဤကား- သမ္မုတိသစ္စာ, ပရတ္ထသစ္စာမည်ကြောင်းကို ပြဆိုချက်ပြီး၏၊]

ဤပရမတ္ထသစ္စာသည်လည်း

၁။ သဘာဝ သစ္စာ,

၂။အရိယသစ္စာဟူ၍နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်

သဘာဝသစ္စာဆိုသည်ကား။ ။ ကောင်းသော ချမ်းသာကို ပေးတတ်သောသဘာဝကြောင့် ကုသိုလ်ဆိုရ သော တရားသည်ရှိ၏၊ ချမ်းသာစွာခံစားမှုသဘာဝကြောင့် သုခဝေဒနာခေါ်ရသော ဝေဒနာ ကောင်းသည်လည်းရှိ၏၊ ဤကား-သဘာဝ သစ္စာပေတည်း။ သဘာဝသစ္စာဆိုသည်ကား။။မကောင်းကျိုးကို ပေး သောသဘာဝကြောင့် အကုသိုလ်ဆိုရသောတရား သည်ရှိ၏၊ ဆင်းရဲစွာ ခံစားမှု သဘာဝကြောင့် ဒုက္ခဝေဒနာခေါ်ရသော ဝေဒနာဆိုးသည် လည်းရှိ၏၊ ဤသို့ သဘာဝခြင်း ခြားနားလျက် ရှိနေသောကြောင့် ကုသလ, အကုသလဟူ၍ နှစ်မျိုးခေါ်ရပြန်၏၊ ဤသို့သဘာဝနှစ်ပါး ခြားနား ခေါ်ရပြန်၏၊

[ဤကား-သဘာဝသစ္စာအလိုတည်း။]

အရိယာသစ္စဆိုသည်ကား။။အဘယ်အခါမှာမှ သဘာဝ ဝေါဟာရအားဖြင့် လှုပ်ရှားခြင်းမရှိသောကြောင့် အရိယသစ္စာ ဆိုပေ သတည်း။

လှုပ်ရှားခြင်းမရှိပုံကား။ ။သဘာဝသစ္စာ၌ လောကီ ကုသိုလ် တစ်ဆဲ့ခုနစ်ခုသည် ကောင်းသောအကျိုးကို ပေးတတ်သည် ဟုဆို၏၊ အရိယသစ္စာသို့ ရောက်သည်ရှိသော် ထိုလောကီကုသိုလ် တစ်ဆဲ့ခုနစ်ခုသည်ဖြစ်, ချုပ်တတ်သော မကောင်းသောတရားမျိုး ဖြစ်သောကြောင့် ဒုက္ခသစ္စာဖြစ်ရပြန်၏၊ ထိုကုသိုလ်တို့၏ အကျိုးုဖြစ် သော ကုသလဝိပါက် တရားများသည်လည်း ဒုက္ခသစ္စာ ဖြစ်ရပြန်၏၊ ထိုကုသိုလ်တို့၏အကျိုးဖြစ်သော ကုသလဝိပါက်တရားသည်လည်း ဒုက္ခသစ္စာဖြစ်ရပြန်၏၊ မကောင်းသောသစ္စာ, မကောင်းသောတရား, မချမ်းသာသော တရားများဟူ၍ဆိုလို၏၊

အဘယ်ကြောင့် မကောင်းသနည်း, မချမ်းသနည်း, မချမ်းသာ သနည်းဆိုသော်- ကိလေသာတရားတို့၏ စားဖတ်, ဝါးဖတ် သုံးသပ် နင်းနယ်ရာ အာရုံတရားများ ဖြစ်သောကြောင့်၎င်း, လောဘမီး, ဒေါသမီး, မောဟမီးအစရှိသော မီးတစ်ဆဲ့တစ်ပါးတို့၏ တောက်လောင်ရာ မီးစာ တရားများဖြစ်လေသောကြောင့်၎င်းတည်း။

ဤသို့လျှင် သဘာဝသစ္စာသည် အရိယသစ္စာကို ထောက်သော် လှုပ်ရှားခြင်းရှိ၏၊ အရိယသစ္စာမူကား- အသင်္ခတဖြစ်သော နိဗ္ဗာန်သည် သာလျှင် ကောင်းကျိုးချမ်းသာအမှန်ဖြစ်၏၊ နိဗ္ဗာန်သို့ရောက်စေတတ် သော လောကုတ္တရာ မဂ္ဂင်ရှစ်ပါးသည်သာလျှင် ကောင်းကျိုးချမ်းသာကို ပေးတတ်သော တရားဖြစ်၏၊ ဤ၌နိဗ္ဗာန်ကို ကောင်းကျိုးချမ်းသာ ဆိုခြင်းသည် လှုပ်ရှားခြင်းမရှိ၊ အခါခပ်သိမ်းမြဲ၏၊ မြဲသောကောင်း ကျိုးချမ်းသာကို ပေးတတ်သောကြောင့် မဂ္ဂင်ရှစ်ပါးသည် ကောင်းကျိုး ချမ်းသာကို ပေးတတ်သောတရားအမှန်ဖြစ်၏၊ လှုပ်ရှားခြင်းမရှိ၊ ထို့ကြောင့် အရိယာသစ္စာခေါ်ပေသတည်း။

[ဤကား-သဘာဝသစ္စာ, အရိယသစ္စာနှစ်ပါးခွဲခန်းတည်း။]

ဤသို့သမ္မုတိသစ္စာ, ပရမတ္တသစ္စာအားဖြင့် နှစ်ပါးရှိသည်တွင် သတ္တ, ပုဂ္ဂလအစရှိသာ သမ္မုတိသစ္စာဖက်၌ ၎င်းသမ္မုတိသစ္စာကို အစွဲပြု၍ ဖြစ်ပွားသော တရားမျိုးကား- အကုသိုလ်တရား, ကုသိုလ်တရားဟူ၍ နှစ်မျိုးရှိ၏၊

ထိုနှစ်ပါးမျိုးတို့တွင် -

အကုသိုလ်တရားမျိုးကား

ဒုစရိုက်တရားဆယ်ပါး,

အကုသလကမ္မပထတရားဆယ်ပါး,

မာတုဃာတက, ပိတုဃာတက အစရှိသော ပဉ္စနန္တရိယ ကံကြီးငါးပါး,

သက္ကာယဒိဋ္ဌိနှစ်စ်ဆယ်,

မိစ္ဆာဒိဋ္ဌိခြောက်ဆဲ့နှစ်ပါး,

နိယတမိစ္ဆာဒိဋ္ဌိကြီးသုံးပါး,

ဤတရားတို့သည် သမ္မုတိသစ္စာကို အစွဲပြု၍ဖြစ်ပွါးသော ကုသိုလ်တရားတို့ပေတည်း။

သမ္မုတိသစ္စာကို အစွဲပြု၍ဖြစ်ပွါးသော ကုသိုလ်တရားမျိုးကား

ဒါန, သီလ, ဘာဝနာတရားသုံးပါး,

သုစရိုက်တရားဆယ်ပါး,

သမာပတ်ရှစ်ပါး,

လာကီအဘိညာဉ်ခြေက်ပါး,

''စဗ္ဗေသတ္တာ သဗ္ဗေပါဏာ'' အစရှိသည်ဖြင့်လာသော ဗြဟ္မဝိဟာရတရားကြီးလေးပါး,

ဘုရားအလောင်း, ပစ္စေကဗုဒ္ဓါလောင်း, အရိယာ သာဝက အလာင်း-ဟူသော လောင်းလျာတို့ ဖြည့်ကျင့် ပွါးများကြရသော ဒါနပါရမီ, သီလပါရမီ အစရှိသော ပါရမီဆယ်ပါး,

ဒါနဥပပါရမီ, သီလဥပပါရမီ အစရှိသော ဥပပါရမီဆယ်ပါး, ဒါနပရမတ္ထပါရမီ, သီလပရမတ္ထ အစရှိသော ပရမတ္ထပါရမီဆယ်ပါး, ဤတရားတို့သည် သမ္မုတိသစ္စာကို အစွဲပြု၍ ဖြစ်ပွါးသော ကုသိုလ်တရားတို့ပေတည်း။

ပထဝီဓာတ်, အာပေါဓာတ် အစရှိသော ပရမတ္ထသစ္စာဖက်၌၎င်း ပရမတ္ထသစ္စာကို အစွဲပြု ဖြစ်ပွါးသော ကုသိုလ်တရားမျိုးကား

ဝိသုဒ္ဓိ ခုနစ်ပါးတို့တွင်- ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော အထက် ဝိသုဒ္ဓိငါးပါး,

ဝိပဿနာ ဉာဏ်ဆယ်ပါး, မဂ်လေးပါး,

နိဗ္ဗာန်တရားများပေတည်း။

ဤတရားတို့သည် ပရမတ္ထသစ္စာကို အစွဲပြု၍ ဖြစ်ပွါးသော ကုသိုလ်တရားတို့ပေတည်း။

လောက၌ အကြင်သူတို့သည် သမ္မုတိသစ္စာ ငြင်းပယ်ကြကုန်၏၊ ထိုသူတို့သည် ဒါန, သီလ, ဘာဝနာ အစရှိသော ကုသိုလ်တရားမျိုး, အလောင်းအလျာတို့ ဖြည့်ကျင့်ပွါးများအပ်သော ပါရမီမျိုးတို့နှင့် ဝေးကွာကြကုန်၏၊

အကြင် သူတို့သည် ပရမတ္ထသစ္စာကို ငြင်းပယ်ကြကုန်၏၊ ထိုတို့ သည် ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော တရား, မဂ်ဉာဏ်, ဖိုလ်ဉာဏ် နိဗ္ဗာန်တရား တို့မှ ဝေးကွာကြကုန်၏၊

ဤအရာ၌ ပရမတ်သင်္ဂြီုဟ်ကို လေ့ကျက်ကြကုန်သော အချို့သောသူတို့သည် သမ္မုတိသစ္စာကို လုံးလုံးပယ်ကြကုန်၏၊

ပယ်ပုံကား။ ။လောက၌ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ- ဟူ၍ ရုပ်, နာမ်တရား ခန္တာငါးပါးသာအမှန်ရှိ၏၊ ခန္ဓာငါးပါးသည်လည်း ဘဝအဆုံးသို့ကျ၍ စုတိကမ္မရုပ်ချုပ်ရာတွင် အကုန်လုံး ချုပ်ဆုံးကြ လေကုန်၏၊ ဘဝတစ်ပါး ကူးပြောင်း၍ သွားနိုင်သွားတရား-ဟူ၍ တခုမျှမရှိ၊ သတ္တဝါ, အတ္တ, ဇီဝ-ဟူ၍လည်း ခန္ဓာငါးပါးကို စွဲမှီ၍ သမုတ်အပ်သော ပညတ်တရားသည်လည်း ယခုဘဝသေကြသောအခါ ခန္ဓာငါးပါးပျက်ဆုံးရာတွင် အကုန်ပျက်ဆုံးရာတွင် အကုန်ပျက်ဆုံး ကြရ၏၊ ဘဝတစ်ပါးသို့ ပြောင်းသွားနိုင်သော ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ-ဟူ၍ တစ်စုံတစ်ခုမျှမရှိ၊ လာက၌ပုဂ္ဂိုလ်ရှိသည်, သတ္တဝါရှိသည်, အတ္တရှိသည်, ဇီဝရှိသည်-ဟု မှတ်ယူပြောဆိုကြသော အရာသည် အလွန်မှား၏၊

[ဤကား-သမ္မုတိသစ္စာကို လုံးလုံးပယ်ပုံတည်း။]

ဤ၌အဖြေကား။ ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ-ဟူသော ပညတ်များသည် ခန္ဓာငါးပါးကို အစွဲပြု၍ဖြစ်၏၊

ဖြစ်ပုံကား။ ။ခန္ဓာငါးပါး အပေါင်းအစုကို အစွဲပြု၍ ပုဂ္ဂိုလ်ရှိ၏၊ သတ္တဝါရှိ၏၊ အတ္တရှိ၏၊ ဇီဝရှိ၏ဟု- ဖြစ်၏၊ ခန္ဓာငါးပါးသည် မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ်ဆက်လက်ဖြစ်ပွါးလျက် နေသည်ကို အစွဲ၍ ဤသတ္တဝါသည် အထမအရွယ်မှလည်း ဒုတိယအရွယ်သို့ ရောက်၏၊ ဤဘဝမှလည်း ထိုဘဝသို့ရောက်၏၊ ထိုဘဝမှလည်း ဤဘဝသို့ရောက်၏-ဟု သမ္မုတိသစ္စာတရားထင်ရှား ရှိနေ၏၊ အကြင်မျှ လောက်သော ကာလပတ်လုံး ကိလေသာ အာသဝေါကင်း၍ ပရိနိဗ္ဗာန် စံခြင်းသို့မရောက်သေး ကိလေသာ အာသဝေါကင်း၍ ပရိဗ္ဗာန် စံခြင်းသို့ မရောက်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ခန္ဓာငါးပါးက မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ်ဖြစ်ပွါးလျက်သာနေ၏၊ ခန္ဓာငါးပါးသည် မြစ်ရေအယဉ်ကဲ့သို့ အစဉ်အပြတ်ဖြစ်သမျှကာလပတ်လုံး ဤသတ္တဝါ သည် ထိုဘဝသို့ရောက်၏၊ ထိုသတ္တဝါသည် ဤဘဝသို့ ရောက်လာ၏ဟူသော သမ္မုတိသစ္စာတရားသည်လည်း အစဉ်တည်ထွန်းလျက် ရှိသည်သာလျှင်တည်း။

ဤအရာ၌ မေးရန်ရှိ၏၊။အဘယ်သို့ မေးရန်ရှိသနည်းဟူမူကား- ဤဘတွင် မသေမီအတွင်း၌ ခန္ဓာငါးပါးသည် မြစ်ရေအယဉ် ကဲ့သို့ အစဉ်မပြတ် ဖြစ်နေခြင်းကြောင့် သတ္တဝါပညတ်သည်လည်း ထိုအစဉ်ကိုအမှီပြု၍ တည်နေသည်ကား -မှန်ပေသည်၊ ဤလူ့ပြည်မှ စုတေ၍ အထက်နတ်ပြည်, ဗြဟ္မာပြည်တို့၌ ဖြစ်ရသည်-ဟူသော စကား, ဤလူပြည်မှ စုတေ၍ အောက်ငရဲပြည်တို့၌ ဖြစ်ရသည်-ဟူသော စကားများမှာ စုတေရာဌာနနှင့် ဖြစ်ရာ ဌာနများသည် အလွန်ဝေးစွာ ကွာခြားလျက်ရှိသောကြောင့် ခန္ဓာငါးပါးသည် အစဉ်အပြတ်ကြီးပြတ် သည် မဟုတ်ပါလော၊ ခန္ဓာငါးပါးသည် အစဉ်အပြတ်ကြီးပြတ်ခဲ့သော် ပုဂ္ဂိုလ်, သတ္တဝါသည်လည်း အပြတ်ကြီး ပြတ်လေတော့သည် မဟုတ်ပါ လော-ဟု မေးရန်ရှိသည်။

အဖြေကား။။ဤလူ့ပြည်မှ စုတေ၍ အထက်နတ်ပြည်, ဗြဟ္မာပြည်တို့၌ ဖြစ်ရသည်-ဟူသောစကား, ဤလူပြည်မှ စုတေ၍ အောက်ငရဲပြည်တို့၌ ဖြစ်ရသည်-ဟူသော စကားများမှာ စုတေရာဌာနနှင့် ဖြစ်ရာဌာနများသည် အလွန်ဝေးစွာ ကွာခြားလျက်ရှိသောကြောင့်ဌာန, ဒေသအလိုအားဖြင့် အလွန်ဝေးစွာ ကွာခြားလျက်ရှိသော်လည်း ခဏ ကာလအလိုအားဖြင့် အစဉ်မပြတ်သည်သာဖြစ်၏၊

မပြတ်ပုံကား။။ဤလူ့ပြည်မှ စုတေ၍ အထက်နတ်ပြည်, ဗြဟ္မာပြည်တို့၌ ဖြစ်ကြရသည်မှာလည်း ဤလူ့ပြည်၌ စုတိစိတ်နှင့် ဘင်ခဏနှင့် နတ်ပြည်, ဗြဟ္မာပြည်တို့၌ ပဋိသန္ဓေစိတ်၏ဥပါဒ်ခဏသည် မျက်တောင်တစ်ခတ်, လျှပ်တစ်ပြက် ခဏကာလကို အစိတ်တစ်ထောင် စိတ်သော်လည်း တစ်စိတ်စာမျှ ကွာခြားခြင်းမရှိ၊ တစ်စဉ်တည်း, တစ်ဆက် တည်းပင် ဆက်လျက် ရှိ၏၊ နတ်, ဗြဟ္မာတို့၏နတ်မျက်စိ, အဘိညာဉ်ရ သော ရသေ့, ရဟန်းတို့၏ အဘိညာဉ်မျက်စိတို့ကို လူ့ပြည်, နတ်ပြည်, ဗြဟ္မာြ့ပည်, ငရဲပြည်တို့၌ အနှံအပြားဖြန့်ခင်း၍ ထိုလူ့ပြည်မှ သေသော သူ၏ အလားအလာကို ကြည့်ရှု၍နေခဲ့သော် ဤသူသည် လူ့ပြည်မှ စုတေ၍ အထက်ဘယ်ဘုံ ဘယ်ဘဝမှာဖြစ်လေ၏-ဟူ၍ တစ်ဆက် တည်း, တစ်စဉ်တည်း ထင်နိုင်ကြ, မြင်နိုင်ကြသည်သာဖြစ်၏၊

ဥပမာကား။။တိမ်တိုက်မှာ လျှပ်ပြက်သည်ကို ကြည့်ရှု၍ နေကြရာ၌ လျှပ်ပြက်သည်ကိုကြည့်ရှု၍နေကြရာ၌ လျှပ်ပြက်ရာဌာနနှင့် လျှပ်ရောင်ရောက်ရာ မြေအပြင်သည် အလွန်ကွာခြားလျက်ရှိသော်လည်း တိမ်တိုက်၌ လျှပ်ဖြစ်ပေါ်သော ခဏနှင့် မြေအပြင်၌ လျှပ်ရောင် ကျရောက်သော ခဏသည် တစ်ပြိုင်နက် တစ်ချက်တည်းကဲ့သို့ ဆက် လျက်ရှိသောကြောင့် တိမ်တိုက်က လျက်သည်ပင်လျှင် မြေအပြင်သို့ ရောက်လာသည်ဟု- မျက်မြင်ဒိဋ္ဌ မှတ်ယူ နိုင်ကြသကဲ့သို့တည်း။

ဤစကား၌ နတ်မျက်စိ, အဘိညာဉ်မျက်စိတို့ဖြင့် ကြည့်ရှု၍နေ သာသတို့မှာ စုတေသောသူ၏ စုတိစိတ်၏ ဘင်ခဏကိုပင် မြင်နိုင်ကြ သည်မဟုတ်၊ ထိုသတ္တဝါသည်ပင်လျှင် ထိုခန္ဓာမှထွက်၍ ဘယ်ဘုံ ဘယ်ဘဝမှာ ဖြစ်လေ၏-ဟု တစ်ဆက်တည်း ဆက်လျက်ထင်မြင် ရလေ၏၊ အကြား၌မူကား- အတ္တ,ဇီဝမည်သည် အလွန်သိမ်မွေ့လှ၏၊ အကူးအပြောင်းလည်း အလွန်လျင်မြန်လှ၏၊ဤသို့အလွန်သိမ်မွေ့လှ, အလွန်လျင်မြန်လှသောကြေင့် ရှေ့ဘဝစုတိနှင့် နောက်ဘဝပဋိသန္ဓေ၏ အကြား၌ကူးပြောင်း၍ သွားသည်ကိုမူကား-မထင်နိုင်ကြ, မမြင်နိုင် ကြရှိ၏-ဟု မှတ်ယူကြကုန်၏၊

လျှပ်ဥပမာ၌လည်း လျှပ်ဖြစ်ရာဌာနနှင့် လျှပ်ရောက်ရာဌာန၏ အကြားကောင်းကင်ပြင်တွင် လျှပ်သွားသည်ကို မမြင်ရသေညာ်လည်း အလွန်လျင်မြန်လှသောကြောင့်သာလျှင် မမြင်ရသည်၊ ထိုလျှပ်သည် မူကား- ဖြစ်ရာ တိမ်တိုက်မှသည် မြေပြင်ကျအောင် ကောင်းကင်မှာပင် လွင့်စင်၍လာခဲ့သည် အမှန်ဖြစ်၏-ဟု မှတ်ယူနိုင်ကြသကဲ့သို့တည်း။

ဤသို့လျှင် လူ့ပြည်မှ စုတေ၍ နတ်ပြည်,ဗြဟ္ဓာ့ပြည်, ငရဲပြည် တို့မှာ ဖြစ်ကြရာ၌လည်း ခန္ဓာအစဉ် မပြတ်ခဲ့သော် ထိုသတ္တဝါ ပညတ် လည်း မပြတ်လေတော့သည်သာလျှင်တည်း၊ လောက၌မူကား အချို့ အချို့သောသူတို့သည် စုတိနှင့်ပဋိသန္ဓေသည် ခဏကာလအားဖြင့် တစ်ဆက်တည်း ဆက်လျက်ရှိနေသည်ကို မကြံမိကြမူ၍ ဌာနဒေသ အားဖြင့် အလွန်ဝေးစွာ ကွာခြားလျက်ကိုသာ ထင်မြင်နေကြသဖြင့် ရှေ့ဘဝနှင့် နောက်ဘဝဆက်လက်ရန်မရှိ-ဟု ရောင်ဝါးကြီးဖြစ်၍ နေကြ၏၊

ဤတွင်-သစ္စာနှစ်ပါး ခွဲပြခန်း ဒိဋ္ဌိနှစ်ပါး ပြဆိုခန်းတည်း။

လျှောက်လွှာတွင် ပါရှိသော သဿတဒိဋ္ဌိ နှစ်ပါးကိုပြဆိုပေအံ့။ ထိုဒိဋ္ဌိနှစ်ပါးသည် အတ္တဒိဋ္ဌိလျှင် အရင်းရှိ၏၊ အတ္တဒိဋ္ဌိရှိနေသော သူတို့၌သာဖြစ်၏၊ အတ္တဒိဋ္ဌိရှိ်နေပုံကား

အတ္တဒိဋ္ဌိ၏အစွမ်းသတ္တိသည်လည်း

၁။ ဝီတိက္ကမ အစွမ်းသတ္တိတပါး,

၂။ ပရိယုဋ္ဌာန မစွမ်းသတ္တိ တပါး,

၃။ အနုသယ အစွမ်းသတ္တိတပါး-ဟူ၍ သုံးပါးရှိ၏၊ ထိုသုံးပါးတွင်

ဝီတိက္ကမ အစွမ်းသတ္တိဆိုသည်ကား။ အတ္တဒိဋ္ဌိနှင့် ယှဉ်သော လောဘမှုစိတ်ဖြင့် ကိုယ်အင်္ဂါ, နှုတ် အင်္ဂါတို့ကို လှုပ်ရှားစေနိုင်သော သတ္တိဆိုလိုသည်။

ပရိယုဋ္ဌာန အစွမ်းသတ္တိဆိုသည်ကား။ စိတ်မနော၏ အတွင်း၌သာဇောကိစ္စနှင့် ထကြွခြင်းငှါ စွမ်းနိုင်သော အစွမ်းသတ္တိသည် ပရိယုဋ္ဌာနအစွမ်းသတ္တိမည်၏၊

အနုသယ အစွမ်းသတ္တိဆိုသည်ကား။ ဇောကိစ္စနှင့်မျှ ထကြွခြင်းမရှိမှု၍ စိတ်အစဉ်၌ အမြဲကိန်းဝပ်ငုံ့ လျှိုးလျက် ပါရှိနေသော အစွမ်းသတ္တိသည် အနုသယ အစွမ်းသတ္တိမည်၏၊

စိတ်သန္တာန်၌ ထိုအနုသယအစွမ်းသတ္တိ ရှိနေသေးသရွေ့ ကာလပတ်လုံး ထိုသူမှာ အတ္တဒိဋ္ဌိမရှိပြီ-ဟူ၍ မဆိုအပ်၊ အတ္တဒိဋ္ဌိမျိုး ပြတ်သည်မဟုတ်သေး၊ နောင် အတ္တဒိဋ္ဌိဖြစ်ပေါ်ခွင့် ဆိုက်ရောက်လာ ခဲ့သော်- ဝီတိက္ကမ ကိစ္စတိုင်အောင် ထကြွသောင်းကျန်း၍ လာလတံ့။ ဥပမာကား။ ။ဗြဟ္မာ့ပြည်၌ ဖြစ်သောသူတို့မှာ အသက် ထက်ဆုံးဒေါသ-ဟူ၍ ငွေ့အသက်မျှ မထင်၊ အထက်ဆုံးဖြစ်သော ဘဝဂ်ဘုံ၌ ဖြစ်သော သူတို့၏ စိတ်သန္တာန်မှာ ကမ္ဘာကြီးရှစ်သောင်း လေးထောင်ကာလလုံး ဒေါသ-ဟူ၍ အငွေ့အသက်မျှမထင်၊ သို့သော် လည်း ထိုသူတို့မှာ ဒေါသမရှိ-ဟူ၍ မဆိုရ၊ ထိုသူတို့၏ စိတ်သန္တာန်မှာ ဒေါသသည် အနုသယကိစ္စနှင့်တည်ရှိ၏၊ ထိုသူများသည် ကာမဘုံသို့ ရောက်လာကြ၍ အနိဋ္ဌအာရုံတို့နှင့် တွေ့ကြုံကြသောအခါ ထိုဒေါသ သည် ဝီတိက္ကမ ကိစ္စတိုင်အောင် ထကြွသောင်းကျန်း၍ လာလတံ့။ ထို့အတူ-အတ္တဒိဋ္ဌိသည်လည်း အကြင်မျှလောက်သော ကာလ ပတ်လုံးသမထ, ဝိပဿနာဘာဝနာတို့ဖြင့် ဖိနှိပ်ပယ်ရှား၍ထား၏၊ ထိုမျှလာက်သော ကာလပတ်လုံး ထိုသူ၏စိတ်သန္တာန်မှာ အတ္တဒိဋ္ဌိသည် အငွေ့အသက်မျှ မထင်၊ သို့သော်လည်း ထိုသူမှာ အတ္တဒိဋ္ဌိမရှိပြီဟူ၍ မဆိုရ၊ အနုသယကိစ္စနှင့် တည်ရှိသည်သာဖြစ်၏၊ နောင်သမထ, ဝိပဿနာအလုပ်ကို လက်လွှတ်၍ အတ္တဒိဋ္ဌိဖြစ်ရန် အခွင့်နှင့်တွေ့ ကြုံသောအခါ အတ္တဒိဋ္ဌိသည် ဝီတိက္ကမကိစ္စတိုင်အောင် ထကြွသောင်း ကျန်း၍ လာလတံ့။

ဤသို့အနုသယကိစ္စနှင့် တည်ရှိသာသူသည် အတ္တဒိဋ္ဌိရှိနေ သောသူမည်၏၊ ဤအတ္တဒိဋ္ဌိရှိနေသော သူ၌သာလျှင် ထိုဒိဋ္ဌိနှစ်ပါး သည်ဖြစ်နိုင်၏၊ ထိုနှစ်ပါးတို့တွင်- အကြင်သူသည် ခန္ဓာငါးပါးနှင့် အတ္တ, ဇီဝကို တစ်ခုတည်းပြု၍ ယူ၏၊ ထိုသူသည် ဥစ္ဆေဒဒိဋ္ဌိသို့ရောက်၏၊ ရောက်ပုံကား။။ခန္ဓာငါးပါးနှင့် အတ္တ, ဇီဝသည် တစ်ခုတည်း ဖြစ်၏၊ ခန္ဓာငါးပါးသည်လည်း တစ်ဘဝတွင် တစ်ခါ အကုန်ချုပ်ဆုံးလေ တော့သည်သာဖြစ်၏၊ ဘုံတစ်ပါး, ဘဝတစ်ပါးသို့ပြောင်းသွားခြင်းဟူ၍မရှိ၊ ပုဂ္ဂိုလ်, သတ္တဝါသည် သေသည်မှနောက်၌ဘုံတစ်ပါး, ဘဝတစ်ပါးသို့ ပြောင်းသွားရသည်ဟူသော အယူစကားသည်မဟုတ်၊ အလွန်မှား၏၊

[ဤကား-ဥစ္ဆေဒဒိဋ္ဌိဖြစ်ပုံတည်း။]ျ

ဤဒိဋ္ဌိသည် အလွန်ဆိုးဝါး၏၊ ကုသိုလ်ကံ, အကုသိုလ်ကံ တို့ကို၎င်း, ထိုကံ၏ အကျိုးတိ့ုကို၎င်း ပယ်ဖျက်၏၊

ပယ်ဖျက်ပုံကား။။ထိုဒိဋ္ဌိအလိုအားဖြင့် ခပ်သိမ်းသော သတ္တဝါတို့မှာ ပစ္စုပ္ပန်တဘဝသာရှိကြ၏၊ အတိတ်ဘဝဟူ၍လည်းမရှိ၊ အနာဂတ်ဘဝဟူ၍လည်း မရှိကြသောကြောင့် အနာဂတ်ဘဝအကျိုးငှာ ပစ္စုပ္ပန်ဘဝ၌ပြုလုပ်ကြသော ကုသိုလ်, အကုသိုလ်မှုတို့သည်လည်း အကျိုးမရှိ၊အချည်းနှီးသာ ဖြစ်ကုန်၏၊ ကုသိုလ်အရာ၌ စျာန်သမာပတ်ကြီး တို့ကို ပွါးများ၍ထားသော်လည်း နောက်ဘဝအတွက်အကျိုးမရှိ၊ အကုသိုလ်အရာ၌ အမိအဘတို့ကိုသတ်သော်လည်း နောက်ဘဝအတွက် အပြစ်မရှိ၊ ဤကား-ကံကို၎င်း, ကံ၏အကျိုးကို၎င်း အချင်းခပ်သိမ်း ပယ်ခြင်းတည်း။

ဤကား-ဥစ္ဆေဒဒိဋ္ဌိ အယူရှိသောသူသည် သေသည်၏အခြားမဲ့၌ သူဂတိဘဝသို့မရောက်နိုင်ပြီ၊ အပါယ်လေးပါး တစ်လမ်းသွားသာရှိ၏၊ ထိုမှတစ်ပါးလည်း အတ္တ, ဇီဝသည် အထက်နတ်ဘုံ, ဗြဟ္မာ့ဘုံတို့တွင် ဘယ်ဘုံသို့ ရောက်မှ ပြတ်သည်ဟူ၍ ယူကြသော ဥစ္ဆေဒဒိဋ္ဌိအယူများ သည် ရှိသေး၏၊

[ဤကား-ဥစ္ဆေဒဒိဋ္ဌိသဘောကို ပြဆိုပုံတည်း။]

သဿတဒိဋ္ဌိ၌။။အကြင်သူသည် ခန္ဓာငါးပါးနှင့် အတ္တ, ဇီဝကို တစ်ခြားစီဟု ယူ၏၊

ဥပမာကား။ လောက၌ အိမ်ဟူ၍ရှိ၏၊ အိမ်ရှင်ဖြစ်သော လူဟူ၍ရှိ၏၊ ထိုလူသည် အိမ်နှင့်စပ်သောအမှုကိစ္စတို့ကို စီရင်ဆောင် ရွက်ပေ၏၊ အိမ်စောင့်နတ်ဟူ၍လည်းရှိ၏၊ ထိုနတ်သည် ရိုသေစွာ ကိုးကွယ်သည်ရှိသော် ထိုအိမ်ကို၎င်း, ထိုအိမ်ရှင်ကို၎င်း အန္တရာယ်မရှိ၊ အသက်ရှည်စွာ နေရအာင်စောင့်ရှောက်ပေ၏၊

ဤဥပမာ၌ ခန္ဓာငါးပါးသည် အိမ်နှင့်တူ၏၊ အတ္တသည် အိမ်ရှင် နှင့်တူ၏၊ ခန္ဓာငါးပါးကို အုပ်စိုး၍မြင်ခြင်း, ကြားခြင်း, သွားခြင်း, လာခြင်း, ပြောခြင်း, ဆိုခြင်း, ကြံခြင်း, စည်ခြင်းအစရှိသော ကိစ္စတို့ကို စီရင် ဆောင်ရွက်ပေ၏၊ ဇီဝသည် အိမ်စောင့်နတ်နှင့်တူ၏၊ ထိုခန္ဓာ, ထိုအတ္တ တို့ကို အသက်ရှည်အောင် စောင့်ရှောက်ပေ၏၊

သေသောအခါ၌မူကား- ခန္ဓာသည်သာလျှင် ချုပ်ဆုံး၏၊ အတ္တ, ဇီဝသည်မူကား- ချုပ်ဆုံးသည်ဟူ၍မရှိ၊ ထိုခန္ဓာမှထွက်၍ ကုသိုလ်ကံ, အကုသိုလ်ကံ ပစ်ချရာ ခန္ဓာအသစ်သို့ ပြောင်းရွှေ့လေ၏၊ ပုဂ္ဂိုလ်, သတ္တဝါသည်လည်း အတ္တ, ဇီဝ ပြောင်းရွှေ့ရာ အမြဲလိုက်ပါရလေ၏၊ အနမတဂ္ဂသံသရာမှာ ဤနည်းအတိုင်း ကျင်လည်ပြေးသွား၍ နေကြရ လေ၏၊

[ဤကား- သဿတဒိဋ္ဌိဖြစ်ပုံတည်း။]

ဤဒိဋ္ဌိ၌ ကံနှစ်ပါးအကျိုးကို ပြစ်ပယ်ခြင်းမရှိ၊ စုတေသည်မှ နောက်၌ သုဂတိဘဝသို့လည်း ရောက်နိုင်၏၊ ဤဒိဋ္ဌိကို မစွန့်နိုင်သမျှ ကာလပတ်လုံး ပရမတ္ထသစ္စာနှင့်ဝေးကွာ၏၊ ထိုမှတစ်ပါးလည်း အထက် နတ်ဘုံ, ဗြဟ္မာ့ဘုံတို့တွင် ဘယ်ဘုံသို့ရောက်လျှင် အိုခြင်း, သေခြင်း, ပြောင်းရွှေ့ခြင်းမရှိ၊ ထာဝရအမြဲတည်နေရခြင်း, ထိုဘုံသို့မရောက်သမျှ ကာလပတ်လုံး အိုခြင်း, သေခြင်း, ပြောင်း ရွှေ့ခြင်းကိုမလွန်ကြဟု ယူသောသဿတဒိဋ္ဌိ များလည်းရှိကြ၏၊

ထိုမှတစ်ပါးလည်း အထက်ဆုံးဖြစ်သော ကောင်းကင်ဘုံကြီးမှာ အနမတဂ္ဂသံသရာတွင် အစဉ်ထာဝရအမြဲ တည်နေသော ဗြဟ္မာမင်းကြီး သည်ရှိ၏၊ ကမ္ဘာကိုလည်းကောင်း, သတ္တဝါတို့ကိုလည်းကောင်း ထိုဗြဟ္မာ မင်းကြီးသည် ဖန်ဆင်းပေ၏၊ ထိုဗြဟ္မာမင်းကြီးသည် မိမိကိုယုံကြည်စွာ ကိုးကွယ်ကြသော သူအပေါင်းတို့ သေသည်၏အခြားမဲ့၌ အနန္တတန်ခိုး တော်ဖြင့်မိမိထံသိုရောက်အောင် ကယ်တင်ပေ၏၊ ထိုသိုရောက်ကြကုန် သော သူအပေါင်းတိုသည် ထိုတနန္တ ကောင်းကင်ဘုံကြီးမှာ အိုခြင်း, သေခြင်းတို့မှ ကင်းလွတ်၍ ထာဝရချမ်းသာကြီးကိုရကြလေကုန်၏-ဟူ၍ ယူသော သဿတဒိဋ္ဌိလည်း ရှိ၏၊

ထိုမှတစ်ပါးလည်း ဤသတ္တဝါအပေါင်းတိုသည် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကိုမရသေးသမျှ ကာလပတ်လုံး သံသရာမှာ အတ္တ,ဇီဝ နှင့်တကွ ကျင်လည်၍နေကြရကုန်၏၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကိုရ၍ ပရိနိဗ္ဗာန်စံသောအခါမှ အတ္တ, ဇီဝနှင့်အကွပြတ်ငြိမ်းကြကုန်၏-ဟူ၍ ယူသောသဿဒိဋ္ဌိလည်းရှိ၏၊

အချိုသောသူတို့က ပရိနိဗ္ဗာန်စံသောအခါ၌လည်း မပြတ်ကြ ကုန်သေး၊ အသင်္ခတနိဗ္ဗာန်ဘုံသို့ ကူးပြောင်းကြကုန်၍ ထိုနိဗ္ဗာန်ဘုံမှာ အိုခြင်း, နာခြင်း,သေခြင်းမရှိ၊ ထာဝရချမ်းသာကို ခံစား၍ နေကြရကုန်၏ဟူသော သဿတဒိဋ္ဌိလည်း ရှိ၏၊

(ဤကား-သဿဒိဋ္ဌိသဘောတည်း။)

ဤတွင်-ဒိဋ္ဌိနှစ်ပါး ပြဆိုခန်းပြီး၏၊

--------*------

ဒိဋ္ဌိနှစ်ပါး ပယ်ပုံပြဆိုခန်း

ထိုဒိဋ္ဌိနှစ်ပါးတို့ကို ပယ်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်သည်ကား

၁။ သမ္မုတိသစ္စာဖက်၌ သမ္မုတိသစ္စာအနေနှင့် ဖြောင့်မတ်စွာ မြင်နိုင်သော သမ္မာဒိဋ္ဌိဉာဏ်လည်းတစ်ပါး,

၂။ ပရမတ္ထသစ္စာအနေနှင့် ဖြောင့်မတ်စွာမြင်နိုင်သော သမ္မာဒိဋ္ဌိ ဉာဏ်လည်းတစ်ပါး,

ထိုနှစ်ပါးတို့တွင်- ပရမတ္ထသစ္စာဖက်၌ သမ္မာဒိဋ္ဌိဉာဏ်တို့သည်၁။ ဒိဋ္ဌိဝိသုဒ္ဓိဉာဏ်တစ်ပါး,

၂။ ကင်္ခါဝိတရဏဝိသုဒိဉာဏ်တစ်ပါး,

၃။ ဝိပဿနာဉာဏ်တစ်ပါးဟူ၍ လေးပါးရှိ၏၊ ထိုလေးပါးသောဉာဏ်တို့ဖြင့် အတ္တဒိဋ္ဌိကို အယ်ဖျက်ရာ၏၊ အတ္တဒိဋ္ဌိသည် အနုသယကိစ္စမျှ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသည်ရှိသော် အထက်နတ်ဘုံ, ဗြဟ္မာ့ဘုံတို့တွင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိနှစ်ပါးတို့သည် လည်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကုန်၏၊

သမ္မာဒိဋ္ဌိဉာဏ်လေးပါးတို့တွင်

ဒိဋ္ဌိသုဒ္ဓဉာဏ်ဆိုသည်ကား။ ။ပရမတ္ထတရားနှင့် ပညတ် တရားတို့၏ ခြားနားချက်ကို ကောင်းစွာ မြင်နိုင်သောဉာဏ်တည်း၊ ထိုဉာဏ်သည် အတ္တဒိဋ္ဌိမှ အထူးစင်ကြယ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဉာဏ် မည်၏၊

ကင်္ခါဝိတရဏ ဝိသုဒ္ဓိဉာဏ်ဆိုသည်ကား။။ပရမတ္ထသစ္စာ ဖက်၌ ပဋိစ္စသမုပ္ပါဒ်နည်း, ပဋ္ဌာန်းနည်းတို့ဖြင့် အကြာင်းတရား, အကျိုးတရားတို့ကို ကောင်းစွာ မြင်နိုင်သောဉာဏ်တည်း၊ ထိုဉာဏ်သည် အတ္ထဒိဋ္ဌိလျှင် အရင်းရှိသောယုံမှားခြင်း ရှစ်ပါး, ယုံမှားခြင်းတစ်ဆယ့် ခြောက်ပါးတို့မှ အထူးစင်ကြယ်သောကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ် မည်၏၊

ဝိပဿနာဉာဏ်ဆိုသည်ကား။ ။ပရမတ္ထသစ္စာဖက်၌ လောကီခန္ဓာတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် တို့ကို ကောင်းစွာမြင်နိုင်သောဉာဏ်ပေတည်း။

အရိယမဂ်ဉာဏ်ဆိုသည်ကား။ ။လောကုတ္တရာမဂ္ဂင် ရှစ်ပါးတို့တွင် ပါဝင်သော သမ္မာဒိဋ္ဌိဉာဏ်ပေတည်း။

ထိုဉာဏ်သည်

၁။ သောတာပတ္တိမဂ်ဉာဏ်,

၂။ သကဒါဂါမိမဂ်ဉာဏ်,

၃။ အနာဂါမိမဂ်ဉာဏ်,

၄။ အရဂါမိမဂ်ဉာဏ်, လေးပါးရှိ၏၊ ထိုလေးပါးတို့တွင် သောတာပတ္တိမဂ်ဉာဏ်သည် အတ္တဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ ပယ်ဖြတ်နိုင်၏၊

အတ္တဒိဋ္ဌိကို ပယ်သည်ဟူသောစကား၌လည်း အတ္တဒိဋ္ဌိ၏ အနုသယကိစ္စကို ပယ်သည်ဟု ဆိုလို၏၊

ထိုအနုသယကစ္စသည်လည်း အကြမ်း, အလတ်, အနု, အနုထက် အနုဟူ၍ လေးပါးရှိ၏၊

ထိုလေးပါးတို့တွင်

ဒိဋ္ဌိသုဒ္ဓိဉာဏ်သည် အကြမ်းကိုသာ ပယ်နိုင်၏၊

ကင်္ခါဝိတရဏဝိသုဒ္ဓိဉာဏ်သည် အလတ်ကိုသာ ပယ်နိုင်၏၊

ဝိပဿနာဉာဏ်သည် အနုကိုသာ ပယ်နိုင်၏၊

သောတာပတ္တိမဂ်ဉာဏ်သည် အနုထက်အနုကို အကြွင်း အကျန်မရှိ ပယ်နိုင်၏၊

ဝိစိကိစ္ဆာကို ပယ်သည်ဟူသည်သောစကား၌လည်း ထို့အတူအနုသယကို ပယ်ခြင်းပင်တည်း။

ပရမတ္ထသစ္စာကို ပယ်သည်ဟူသောစကား၌လည်း ထို့အတူအနုသယကို ပယ်ခြင်းပင်တည်း။

ပရမတ္ထသစ္စာဖက်၌ ဘယ်မျှလောက်သောတရားကို ကောင်းစွာ မြင်နိုင်သည်ရှိသော် အတ္တဒိဋ္ဌိ၏ အနုသယကိစ္စလေးချက်တို့ကို အစဉ် အတိုင်း ပယ်နိုင်ပါသနည်းဟူမူကား

ရုပ်တရားဖက်၌

၁။ ပထဝီဓတ်တစ်ပါး,

၂။ အာပေါဓာတ်တစ်ပါး,

၃။ တေဇောဓာတ်တစ်ပါး,

၄။ ဝါယောဓာတ်တစ်ပါး,

၅။ အာကာသဓာတ်တစ်ပါး ဟူ၍ ငါးပါး။

နာမ်တရားဖက်၌

၁။ ဝိညာဏ်တစ်ပါး,

၂။ ဝေဒနာတစ်ပါး,

၃။ စေတနာတစ်ပါး ဟူ၍လေးပါး။

ထိုရုပ်,နာမ်တရားတို့၌ရှိနေသော

၁။ ဇာတိတစ်ပါး,

၂။ ဇာရာတစ်ပါး,

၃။ မရာနတရား သုံးပါးဟူ၍။

ထိုရုပ်,နာမ်တရားတို့ကိုဖြစ်စေတတ်သော

၁။ ကံ,

၂။ စိတ်,

၃။ ဥတု,

၄။ အဟာရ ဟူ၍ အကြောင်းတရားလေးပါး။ ဤတစ်ဆယ့်ခြောက်ပါးသော တရားတို့ကို ကောင်းစွာမြင်သည် ရှိသော် အတ္တဒိဋ္ဌိ၏ အနုသယကိစ္စ လေးချက်တို့ကို အစဉ်အတိုင်း ပယ်နိုင်၏၊

ဤတွင်-ဒိဋ္ဌိနှစ်ပါး ပယ်ပုံပြဆိုခန်း ပြီး၏၊

--------ဝ-----

အကြောင်းတရားလေးပါးပြဆိုခန်း

ထိုဒိဋ္ဌိပယ်ခန်းတွင် ပါရှိသောအကြောင်းတရားလေးပါးကို ရှေးဦးစွာ ပြဆိုရာ၏၊

ကံဆိုသည်ကား။ ။ကုသိုလ် စေတနာ, အကုသိုလ် စေတနာကိုဆို၏၊

ထိုကံ၏ အခိုက်အတန့်သည် သုံးပါးရှိ၏၊

၁။ စေတနာ အခိုက်အတန့်တစ်ပါး,

၂။ ပရိယုဋ္ဌာန် အခိုက်အတန့်တစ်ပါး,

၃။ ကမ္မပစ္စယ အခိုက်အတန့်တစ်ပါး,

ဟူ၍ သုံးပါးပေတည်း။

ထိုသုံးပါးတွင်

စေတနာအခိုက်အတန့်ဆိုသည်ကား။ ပါဏာတိပါတ အမှုပြုရာ၌ရိုက်ခြင်း, နှက်ခြင်းအစရှိသော အမှုကို ပြုဆဲအခိုက် အတန့် သည် စေအနာအခိုက်အတန့်မည်၏၊

ပရိယုဋ္ဌာန်အခိုက်အတန့်ဆိုသည်ကား။ ထိုစေတနာချုပ်ပြီးသည်နောက် ထိုသူ၏စိတ်သန္တာန်မှာ ထိုအမှုအတွက်နှင့် လှုပ်ရှား လျက်နေရစ်သော အခိုက်အတန့်သည် ပရိယုဋ္ဌာန် အခိုက်အတန့်မည်၏၊ ကမ္မပစ္စယအခိုက်အတန့်ဆိုသည်ကား။။ထိုလှုပ်ရှားခြင်း ငြိမ်းသည်မှနောက်၌လည်း အခွင့်သာရာ၌ အကျိုးပေးရန် ထိုပါဏာတိ ပါတအမှုသည်ထိုသူဖြစ်လေရာရာ အစဉ်ပါ၍နေ၏၊ ထိုပါရှိ၍နေသော အခိုက်အတန့်သည် ကမ္မပစ္စယအခိုက်အတန့်မည်၏၊

ဥပမာကား။။ကြမ်းတမ်းလှစွာသော အမိသည်သားငယ် ကလေးကို ပြင်းထန်လှစွာရိုက်ရာ၌ ထိုရိုက်မှုမှာ အခိုက်အတန့် သုံးပါးရှိ၏၊

၁။ ရိုက်ဆဲကြိယာ အခိုက်အတန့်တစ်ပါး,

၂။ ထိုကြိယာပြတ်စဲပြီးနောက် ထိုသားငယ်မှာ ငါးရက်, ဆယ်ရက်စသည်ဖြင့် ကျင်နာ၍နေသော အခိုက် အတန့်တစ်ပါး,

၃။ ကျင်နာခြင်း ပျောက်ငြိမ်းသောအခါ၌ ထိုသားငယ် သန္တာန်မှာ အသက်အရွယ်ကြီးရင့်သောအခါ၌ ဒဏ်နာ ကြီး ဖြစ်ပေါ်ရန်ပါရှိ၍နေသော ဒဏ်မှုကြီးအခိုက် အတန့်တစ်ပါး-ဟူ၍ သုံးပါပေတည်း။

ထိုသူငယ်မှာ ဆယ်နှစ်အရွယ်က ရိုက်နက်သောဒဏ်ရာ ဒဏ် ချက်သည် အရွယ်ကောင်းတုန်းအခါ၌ မပေါ်သေး၊ အရွယ်ဆုတ် ယုတ်သောအခါ ထိုဒဏ်နာသည် ပေါ်လာတတ်၏၊ မောနာ, ပန်းနာ စသည်တစ်ပါးပါး ဖြစ်ပေါ်လာတတ်၏၊

ထိုတွင်-သူငယ်၌ ရိုက်နက်ဆဲကြိယာ အခိုက်အတန့်နှင့် ကံ အရာ၌ စေတနာအခိုက်အတန့်သည်တူ၏၊

သူငယ်မှာကျင်နာ၍ နေသော အခိုက်အတန့်နှင့် ကံရာ၌ ပရိယုဋ္ဌာန် အခိုက်အတန့်သည်တူ၏၊

သူငယ်ဒဏ်နာပါ၍နေသော အခိုက်အတန့်နှင့် ကံအရာ၌ ကမ္မ-ပစ္စယ အခိုက်အတန့်သည်တူ၏၊

သူငယ်မှာ ဒဏ်နာမပေါ်သေးမှီ အခိုက်အတန့်နှင့် ကံအရာ၌ ထိုကံ အကျိုးမပေးသေးသော အခိုက်အတန့်သည်တူ၏၊ အထူးကား။ သူငယ်၌ ဒဏ်နာသည် ရုပ်တရားမျိုးဖြစ်၍ ဤ ဘဝတွင်သာ လိုက်နိုင်၏၊ ဘဝတစ်ပါးသို့ မလိုက်နိုင်။

ကံအရာမှာ ပါဏာတိပါတကံသည် နာမ်တစ်မျိုးဖြစ်၍ အကျိုး ပေးခွင့် မရသေးလျှင် ထိုကံသည် သတ္တဝါတို့မှာ ဘဝများစွာ, ကမ္ဘာများစွာ လိုက်ပါလေ၏၊

ကံအရာ၌ ဇောခုနစ်ချက်ရှိသည်တွင် ပထမဇောသည် ဒိဋ္ဌ ဓမ္မဝေဒ နီယကံမျိုးဖြစ်၍ အကျိုးပေးခွင့်ရလျှင် ယခုဘဝအကျိုးပေး၏၊ အကျိုးပေးခွင့်မရလျှင် ယခုဘဝကုန်ဆုံး၏၊

သတ္တမဇောသည် ဥပပဇ္ဇဝေဒနီယ ကံမျိုးဖြစ်၍ အကျိုးပေး ခွင့်ရလျှင် အနန္တရဘဝ၌ အကျိုးပေး၏၊

အကျိုးပေးမှုဆိုသည်ကား- ယခုဘဝ သေသည်မှနောက်၌ ထိုသတ္တမဇောကံ၏ ဒဏ်ချက်သည် အပါယ်ဘုံ ပဋိသန္ဓမှစ၍ ဘဝတစ်ခု ဖြစ်ပေါ်၍သွားလေ၏၊ အကျိုးပေးခွင့်မရလျှင် ဒုတီယဘဝ၏အဆုံးမှာ ကုန်ဆုံး၏၊

အလယ်ဇောငါးချက်သည် အပရာပရိယဝေဒနီယ ကံမျိုးဖြစ်၍ ဒုတီယဘဝ၏နောက်၌ တတီယဘဝမှစ၍ အခွင့်ရရာဘဝ၌ အသီးအသီး တစ်ဘဝစီ အကျိုးပေး၏၊ အခွင့်မရခဲ့သည်ရှိသော် နိဗ္ဗာန်ရသည် ဘဝတိုင်အောင် လိုက်ပါသည်ဟု ကျမ်းဂန်တို့၌ဆို၏၊

[ဤကား- ပဋိသန္ဓေ အကျိုးပေးပုံတည်း။]

ဝိပါက်အကျိုးရှိသေး၏၊ ။ ထိုငါးချက်သော ဇော စေတနာတို့တွင် ဒုတီယဇောစေတနာကံသည် ပဋိသန္ဓေ အကျိုးကိုပေး ၍ လူ့ဘဝစသည်၌ ထိုလူဖြစ်၍နေရာမှာ အသက်တိုခြင်း, အနာရောဂါ များခြင်း, ရန်သူရန်ဖက်များခြင်း အစရှိသည်တွင် ကြွင်းကျန်သော ဒုစရိုက်ကံ, သုစရိုက်ကံတို့၌လည်း စေတနာအခိုက်အတန့်, ပရိယုဋ္ဌာန် အခိုက်အတန့်, ကမ္မပစ္စယအခိုက်အတန့်-ဟူ၍ အခိုက်အတန့်သုံးပါး စီရှိကြောင်းကို သိလေ။

[ဤကား- ကံဟူသော အကြောင်းတရား၏ အခြင်းအရာကို ပြဆိုချက်တည်း။]

စိတ်ဆိုသည်ကား။ ။ ကြံမှု, သိမှုကိုဆို၏၊ အနန္တရပစ္စည်း, သမနန္တရပစ္စည်း, အာစေဝနပစ္စည်းတို့၏ အစွမ်းဖြင့် စိတ်အစဉ်ကို မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ် ဖြစ်ပွါးလျက် နေစေရန် ကျေးဇူးပြုပေ၏၊

ကိုယ်ခန္ဓာတစ်ကောင်လုံး၌ စိတ္တဇရုပ်တို့ကို အနှံ့အပြားဖြစ်ပွါး၍ နေစေရန် အမြဲကျေးဇူးပြုပေ၏၊

ကိုယ်အင်္ဂါ, နှုတ်အင်္ဂါတို့၏ လှုပ်ရှားမှု, သွားလာမှု, ပြောမှု, ဆိုမှုစသည်တို့၌ စိတ္တဇရုပ်တို့၏ ကိစ္စသည် ထင်ရှား၏၊

ထိုစိတ်-ဟူသော အကြောင်းမှာလည်း ကုသိုလ်စိတ်, အကုသိုလ် စိတ်တို့၌ အခိုက်အတန့်သုံးပါးစီ ရှိကြ၏၊

၁။ အာရုတင်းလင်း, အမှုတင်းလင်းနှင့် ဖြစ်နေဆဲအခိုက်အတန့်တစ်ပါး,

၂။ ထိုမှနောက်၌ ထိုအာရုံ, ထိုအမှုလွန်ပြီးသောအခါ၌ လွန်ပြီးသောထိုအာရုံ, ထိုအမှုကိုအာရုံပြု၍ ထကြွကြွ တရွရွ ထကြွလှုပ်ရှား၍နေသော အခိုက်အတန့်တစ်ပါး,

၃။ ထိုအခိုက်အတန့်ပျောက်ငြိမ်းပြီးနောက် စိတ်သန္တာန်မှာ ထိုအလေ့အလာ ဝါသနာအထုံပါ၍နေသော အခိုက် အတန့်တစ်ပါးဟူ၍ သုံးပါးရှိ၏၊

ထိုသုံးပါးတို့တွင်- ဝါသနာအခိုက်အတန့်သည် နောက်နောက် သော ဘဝသို့ပင် လိုက်ပါ၍နေတတ်၏၊

[ဤကား-စိတ်အကြောင်းအရာကို ပြဆိုချက်ပေတည်း]

ဥတုဆိုသည်ကား။ ။ တေဇောဓာတ်ပေတည်း။ တေဇောဓာတ်ဆိုသည်ကား- မီးဓာတ်ပေတည်း။ ထိုမီးဓာတ်သည်

၁။ သီတ,

၂။ ဥဏှ- ဟူ၍နှစ်ပါးရှိ၏၊

သီတဆိုသည်ကား- အေးမှုပေတည်း။

ဥဏှဆိုသည်ကား- ပူမှုပေတည်း။

ပူမှုတွင်လည်း ပူသည်ထက် ပူမှုအဆင့်ဆင့်ရှိ၏၊ အေးမှုတွင် လည်း အေးသည်ထက် အေးမှုအဆင့်ဆင့် ရှိ၏၊

ဤဥတုခေါ်သော မီးဓာတ်သည် ရုပ်တရားတို့ကို ပွါးများစေမှု၌ အကြီးကျယ်ဆုံးသော အကြောင်းဖြစ်သည်။

ဗဟိဒ္ဓသဏ္ဌာန်မှာ ကမ္ဘာတည်မှု, ကမ္ဘာပျက်မှုသည် ဥတုကိစ္စ ပေတည်း။

ထိုဥတုတွင်လည်း အလွန်သိမ်မွေ့၍ တန်ခိုးအစွမ်းသတ္တိ အထူးရှိသော ဗီဇခေါ်သော မျိုးစေ့ဓာတ် အထူးသည်လည်းရှိ၏၊ သရက်မျိုးစေ့, ပိန္နဲမျိုးစေ့ အစရှိသည်ဖြင့် ထိုမျိုးစေ့ဓာတ်သည် အနန္တများပြား၏၊

ထိုမျိုးစေ့ဓာတ်၏ အစွမ်းသည်လည်း အလွန်ကြီးမား၏၊ ကြီးမားပုံကား။ ။ သရက်ပင်-ဟူ၍ မရှိဘူးသေးသော အရပ်ဒေသ၌ သရက်မျိုးစေ့ကို စိုက်ပျိုး၍ထားခဲ့သော် ထိုအရပ်ဒေသမှာ သရက်ပင်ပေါင်း သိန်း, သောင်းမက ဖြစ်ပွါးစေတတ်၏၊ ဖြစ်ပွါးရာ၌လည်း အပင်သဏ္ဌာန်, အကိုင်းသဏ္ဌာန်, အခက်သဏ္ဌာန်, အရွက်သဏ္ဌာန်, အပွင်းသဏ္ဌာန်, အသီးသဏ္ဌာန်တို့သည် ပထမမျိုးစေ့ရင်း၏ ဒြဗ်ဟူသော အနွယ်ကို မကျူးလွန်မူ၍ ထိုအနွယ်အတိုင်းသာ ဖြစ်ကြရကုန်၏၊ [ဤကား- မျိုးစေ့ဓာတ်၏ တန်ခိုးသတ္တိ ကြီးကျယ်ပုံတည်း။]

သတ္တဝါတို့၏ အဇ္ဈတ္တသဏ္ဌာန်မှာမူကား

၁။ ရှေ့ကံဟောင်းသည်လည်း ဗီဇမျိုးတစ်ပါး,

၂။ အမိ, အဘတို့မှ ဆက်နွယ်၍လာသော ဥတု-ဟူသော မီးဓာတ်သည်လည်း ဗီဇမျိုးတစ်ပါး-ဟူ၍ မျိုးဓာတ်နှစ်ပါး ရှိ၏၊ ထိုနှစ်ပါးတို့တွင်

ရှေ့ကံဟောင်း-ဟူသော မျိုးဓာတ်သည် သတ္တဝါတို့၏ သဏ္ဌာန် မှာ ပဓာနအင်္ဂါဖြစ်သာ စိတ်ဓာတ်, စက္ခုဓာတ်, သောတဓာတ် အစရှိသော အတွင်းဓာတ်တို့ကို ဖြစ်ပွါးစေတတ်၏၊

ကျီးတိရစ္ဆာန်မျိုးမှ ဖြစ်ပွါးသောသား, သမီး အဆက်ဆက်သည် ကျီးအဆင်း, ကျီးသဏ္ဌာန်အတိုင်းသာ ဖြစ်ပွါးကြရ၏၊ ဗျိုင်းတိရစ္ဆာန်မျိုး စသည်တို့၌လည်း ထို့အတူပင်တည်း။

[ဤကား- ဥတုအကြောင်းကို ပြဆိုချက်တည်း။]

အာဟာရဆိုသည်ကား။။ မျိုအပ်သော အရေ, မျိုအပ်သော အဖတ်မျိုးကိုလည်း ဆိုရ၏၊ ထိုအရေမျိုး, အဖတ်မျိုးတို့၌ ပါရှိသော ဩဇာဟူ၍ ခေါ်ဝါ်အပ်သော အဆီဓာတ်မျိုးသည် မုချ အာဟာရမည်၏၊

ထိုအာဟာရသည်လည်း

၁။ စားဆဲအခိုက်အတန့်တစ်ပါး,

၂။ ဝမ်းတွင်း၌တည်ရှိဆဲ အခိုက်အတန့်တစ်ပါး,

၃။ တစ်ကိုယ်လုံး၌ ခုနှစ်ရက်တိုင်တိုင် ဩဇာဟူသော အဆီဓာတ်တို့၏ ပျံ့နှံ့မှု အခိုက် အတန့် တစ်ပါး-ဟူ၍ အခိုက်အတန့် သုံးပါး ရှိ၏၊

[ဤကား- အာဟာရအကြောင်းအရာကို ပြဆိုချက်တည်း။] ဤတွင်- အကြောင်းတရားလေးပါး ပြဆိုခန်းပြီး၏၊

----

ရုပ်ဓာတ်ငါးပါးပြဆိုခန်း

ကျန်ရှိသော တရားတစ်ဆယ့်နှစ်ပါးတို့တွင်

ပထဝီဓာတ် ဆိုသည်ကား။။ခက်မာမှုပေတည်း၊ ခက်မာမှု ဆိုသည်လည်း ခပ်သိမ်းသာရုပ်ကလာပ်တို့၏ အမာခံမှုပေတည်း၊ ခပ် သိမ်းသောရုပ်ကလာပ်တို့သည် ထိုအမာခံမှုကိုစွဲမှီ၍ ဖြစ်ကြရကုန်၏၊ လရောင်ခေါ်သော ရုပ်ကလာပ်, နေရောင်ခေါ်သော ရုပ်ကလာပ်တို့မှာ လည်း ထိုအမာခံမှုသည် ပါရှိ၏၊

ထိုပထဝီဓာတ်သည်လည်း

၁။ ခက်မာသော ပထဝီဓာတ်,

၂။ နူးညံ့သော ပထဝီဓာတ် ဟူ၍ နှစ်ပါးရှိ၏၊ ထိုနှစ်ပါးတို့တွင်

ခက်မာသော ပထဝီဓာတ်သည်လည်း ခက်မာသည်ထက် ခက် မာမှု အဆင့်ဆင့်ရှိ၏၊

နူးညံ့သော ပထဝီဓာတ်သည်လည်း နူးညံ့သည်ထက်နူးညံ့မှု အဆင့်ဆင့်ရှိ၏၊

ပထဝီဓာတ်၏ အနိစ္စအချက်ကိုရှုသော ယောဂီပုဂ္ဂိုလ်သည် ခက်မာမှုအဆင့်ဆင့် ပြောင်းရွေ့ချက်, နူးညံ့မှု အဆင့်ဆင့်ပြောင်းရွေ့ ချက်တို့ကို ကိုယ့်ဉာဏ်ဖြင့် စေ့စုံစွာရှာကြံ၍ ကြည့်ရှုရသည်၊ ပြောင်း ရွေ့မှုတို့သည်လည်း ကိုယ်အင်္ဂါတို့၏ လှုပ်ရှားမှုတို့မှာ ထင်ရှားကုန်၏၊ လှုပ်ရှားမှုဆိုသည်ကား- ရုပ်ကလာပ်ဟောင်းတို့၏ အကုန်ကွယ် ပျောက်၍ ရုပ်ကလာပ်သစ်တို့၏ ဖြစ်ပေါ်မှုကိုဆိုသတည်း။

အာပေါဓာတ်ဆိုသည်ကား။ ဖွဲ့တွယ်မှု, စေးကပ်မှု, စေးချွဲမှု, အရည်ကျဲ အရည်ကြည် ဖြစ်မှုတို့ကိုဆိုသတည်း။

ထိုအာပေါဓာတ်သည်လည်း

၁။ တင်းကျပ်စွာ ဖွဲ့မှု,

၂။ ရော့ရဲစွာ ဖွဲ့မှုဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်- ကျပ်တင်းစွာ ဖွဲ့မှုသည်လည်း ကျပ်တင်းသည် ထက်ကျပ်တင်းမှု အဆင့်ဆင့်ရှိ၏၊ ရော့ရဲစွာဖွဲ့မှု သည်လည်း ရော့ရဲ သည်ထက်ရော့ရဲမှု အဆင့်ဆင့်ရှိ၏၊ ဤကျပ်တင်းမှု, ရော့ရဲမှုတို့၏ အဆင့်ဆင့်ပြောင်းလဲခြင်းသည် အာပေါဓာတ်၏ အနိစ္စအချက်ပေ တည်း။

တေဇောဓာတ်ဆိုသည်ကား။။မီးဓာတ်ပေတည်း၊ ထိုမီးဓာတ်ဆိုသည်ကား- ပူမှု, အေးမှုပေတည်း။

ထိုတေဇောဓာတ်သည်လည်း

၁။ သီတ,

၂။ ဥဏှ ဟူ၍ နှစ်ပါးရှိ၏၊

သီတဆိုသည်ကား- အေးမှုပေတည်း၊ ဥဏှဆိုသည်ကား- ပူမှု ပေတည်း၊ အေးမှုသည်လည်း အေးသည်ထက် အေးမှု အဆင့်ဆင့်ရှိ၏၊ ထိုအေးမှု, ပူမှုတို့၏ အဆင့်ဆင့်ပြောင်းလဲခြင်းသည် တေဇောဓာတ်၏ အနိစ္စအချက်ပင်တည်း။

ဝါယောဓာတ်ဆိုသည်ကား။။ထောက်ကန်မှု, ဖောင်းကြွမှု, ကြွရွမှု, လှုပ်ရှားမှု, တွန်းဝှေ့မှု, လွင့်ပါးမှုတို့ကို ဆိုသတည်း။

ထိုဝါယောဓာတ်သည်လည်း

၁။ တောင့်တင်းစွာ ထောက်ကန်မှု, ၂။ ရော့ရဲစွာ ထောက်ကန်မှု ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်- တောင့်တင်းစွာ ထောက်ကန်မှုသည်လည်း တောင့်တင်းသည်ထက် တောင့်တင်းမှု အဆင့်ဆင့်ရှိ၏၊ ရော့ရဲစွာ ထောက်ကန်မှုသည်လည်း ရော့ရဲသည်ထက်ရော့ရဲမှု အဆင့်ဆင့်ရှိ၏၊ ထိုအဆင့်ဆင့် ပြောင်းလဲမှုသည်လည်း ဝါယောဓာတ်၏ အနိစ္စအချက် ပင်တည်း။

ထိုဓာတ်လေးပါးတို့တွင်လည်း တစ်ပါးပါးပြောင်းခဲ့လျှင် ကျန်သုံး ပါးတို့သည်လည်း ပြောင်းလဲကြကုန်သည်သာတည်း။

အာကာသဓာတ်ဆိုသည်ကား။။ရုပ်ကလာပ်တို့၏ အချင်းချင်းခြားမှုတည်း၊ ဤခြားမှုကိုအစွဲပြု၍ ဤသည်ကား-ရုပ် ကလာပ်တစ်ခု, ဤသည်ကား-ရုပ်ကလာပ်တစ်ခုဟု ပိုင်းခြားမှု, ဤဝတ္တု၌ ရုပ်ကလာပ်ပေါင်း တစ်ဆယ်ရှိသည်, တစ်ရာရှိသည်, တစ်ထောင်ရှိသည် စသည်ဖြင့် ရေတွက်မှုများသည် ထင်ရှားရှိနေ၏၊

ဥပမာကား။ အလွန်ခက်မာသော မြေဆိုင်ခဲကို ကြည့်ရှုရာ၌ ဤကား-မြေမှုန့်တစ်ခု, ဤကား-မြေမှုန့်တစ်ခုဟု ခွဲနိုင်ခြင်းသည် အာကာသဓာတ်၏ အစွမ်းပေတည်း။

ဤရုပ်ကလာပ်တို့၏ အချင်းချင်း ခြားမှုဆိုသည်ကား - ကလာပ် တစ်ခုအတွင်း၌ရှိသော ရုပ်တို့၏ အချင်းချင်းခြားမှု မဟုတ်၊ တစ်ခုသော ကလာပ်အတွင်း၌ ရုပ်အချင်းချင်း ခြားမှု အာကာသဟူ၍ မရှိပြီ။

ရှိသည်ဟူ၍ ဆိုငြားအံ့- ကလာပ်တစ်ခုအတွင်း၌ ရှိသောရုပ် တို့တွင် ဤရုပ်ကား-အထက်, ဤရုပ်ကား-အောက်, ဤရုပ်ကား- လက်ဝဲ, ဤရုပ်ကား-လက်ျာဟူ၍ ပိုင်းခြားနိုင်ရာ၏၊ ထိုသို့ပိုင်းခြားနိုင်ကောင်း သည်မဟုတ်။

လောကမှာ ထိုသို့အထည်, ဝတ္ထုတို့ကို ထုခွဲတြိတ်နယ်ကြရာ၌ ထိုအာကာသရှိသေးသမျှ ကာလပတ်လုံး အစိတ်စိတ် အမွှာမွှာ ကွဲလေရာ ၏၊ အလွန်သေးနုတ်၍သွားသဖြင့် ကလာပ်တစ်ခုစီ အသီးသီးဖြစ်ကြ သောအခါ ကြွဲပားခြင်း မရှိပြီ၊ ကုန်ဆုံးခြင်းသို့ ရောက်ကြကုန်ရာ၏၊ ရုပ်ကလာပ်တို့၏ ကွဲပြားမှုသည် အာကာသဓာတ်၏ အနိစ္စပင်တည်း။ ဤတွင်-ရုပ်ဓာတ်ငါးပါးပြဆိုခန်းပြီး၏၊

------------

နာမ်ဓာတ်လေးပါးပြဆိုခန်း

နာမ်ဓာတ်လေးပါးတို့တွင်-စိတ်ဆိုသည်ကား-ကြံမှု,သိမှု, ပေ တည်း။ ဝိညာဏ်လည်း ခေါ်၏၊

ထိုဝိညာဏ်သည်လည်း

၁။ စက္ခုဝိညာဏ်,

၂။ သောတဝိညာဏ်,

၃။ ဃာနဝိညာဏ်,

၄။ ဇိဝှါဝိညာဏ်,

၅။ ကာယဝိညာဏ်,

၆။ မနောဝိညာဏ် ဟူ၍ ခြောက်ပါးအပြားရှိ၏၊ ထိုခြောက်ပါးတို့တွင်-မျက်စိ၌ဖြစ်၍ မျက်စိ၌ပျက်ရသော ဝိညာဏ်သည် စက္ခုဝိညာဏ်မည်၏၊ အဆင်း အမျိုးမျိုးကို မြင်မှုပေတည်း။

နားတွင်း၌ဖြစ်၍ နားတွင်း၌ပျက်ရသောဝိညာဏ်သည် သောတ ဝိညာဏ်မည်၏၊ အသံအမျိုးမျိုးကို ကြားမှုပေတည်း။

နှာခေါင်းတွင်း၌ဖြစ်၍ နှာခေါင်းတွင်း၌ပျက်ရသော ဝိညာဏ် သည် ဃာနဝိညာဏ်မည်၏၊ အနံ့အမျိုးမျိုးကို နံမှုပေတည်း။

လျှာပေါ်၌ဖြစ်၍ လျှာပေါ်၌ပျက်ရသော ဝိညာဏ်သည် ဇိဝှါ ဝိညာဏ်မည်၏၊ အရသာအမျိုးမျိုးကို သိမှုပေတည်း။

အောက်၌ ခြေဘဝါးအပြင်မှစ၍ အထက်၌ငယ်ထိပ်အပြင် တိုင်အောင် တစ်ကိုယ်လုံးတွင် ထိုထိုအပအင်္ဂါ, အတွင်းအင်္ဂါတို့၌ ပျက်ရ သောဝိညာဏ်သည် ကာယဝိညာဏ်မည်၏၊ ပထဝီ၏ အတွေ့အထိ, တေဇော၏အတွေ့အထိ, ဝါယော၏အတွေ့အထိတို့ကို သိမှုပေတည်း။ ရင်တွင်း,နှလုံးတွင်း၌ စမ်းရေထွက်သကဲ့သို့ အစဉ်အမြဲ ဖြစ် ပေါ်၍နေသောဝိညာဏ်သည် မနောဝိညာဏ် မည်၏၊ ခပ်သိမ်းသော အာရုံတို့ကို ကြံမှု, သိမှုပေတည်း။

ထိုတွင်-စက္ခုဝိညာဏ်ဟူသောမြင်မှု၌

၁။ မြင်သေး၏,

၂။ မမြင်ပြီဟူ၍ နှစ်မျိုးရှိ၏၊

မြင်သေး၏ဆိုသည်ကား-စက္ခုဝိညာဏ်၏ဖြစ်ပေါ်မှုပေတည်း။ မမြင်ပြီဆိုသည်ကား-စက္ခုဝိညာဏ်၏ ချုပ်ဆုံးမှုပေတည်း။ ထိုအတူ-သောတဝိညာဏ်ဟူသော ကြားမှု၌လည်း

၁။ ကြားသေး၏,

၂။ မကြားပြီ ဟူ၍နှစ်မျိုးရှိ၏၊

ဃာနဝိညာဏ်ဟူသော နံမှု၌လည်း

၁။ နံသေး၏၊

၂။ မနံပြီဟူ၍ နှစ်မျိုးရှိ၏၊

ဇိဝှါဝိညာဏ်ဟူသော အရသာသိမှု၌လည်း

၁။ အရသာကို သိသေး၏,

၂။ မသိပြီဟူ၍ နှစ်မျိုးရှိ၏၊

ကာယဝိညာဏ်ဟူသော တွေ့ထိမှု၌လည်း

၁။ တွေ့ထိမှု ရှိသေး၏,

၂။ တွေ့ထိမှု မရှိပြီဟူ၍ နှစ်မျိုးရှိ၏၊

ဤဝိညာဏ်လေးပါးတို့၌လည်း ရှိသေး၏ဆိုသည်ကား-ထိုထို ဝိညာဏ်၏ဖြစ်ပေါ်မှုပေတည်း၊ မရှိပြီ ဆိုသည်ကား- ထိုထိုဝိညာဏ်၏ ချုပ်ဆုံးမှုပေတည်း။

မနောဝိညာဏ်သည်လည်း

၁။ ကုသိုလ်မနောဝိညာဏ်,

၂။ အကုသိုလ်မနောဝိညာဏ်,

၃။ ဝိပါက်မနောဝိညာဏ်,

၄။ ကြိယာမနောဝိညာဏ် ဟူ၍ လေးပါးရှိ၏၊ ထိုလေးပါးတို့တွင်-ကုသိုလ်ဝိညာဏ်မှာလည်း ငါ၌ယခု ကုသိုလ် စိတ်ဖြစ်၍နေသည်၊ ယခု ထိုကုသိုလ်စိတ် မရှိပြီဟုသိ ကြ၏၊

အကုသိုလ်တွင်လည်း လောဘအကြံဖြစ်မှု, ထိုအကြံပျောက် ကွယ်မှု, ကုသိုလ်တွင်လည်း သဒ္ဓါစိတ်, ပညာစိတ်ဖြစ်မှု, ထိုသဒ္ဓါစိတ်, ပညာစိတ်ပျောက်ကွယ်မှုတို့ကို ထင်ရှားသိကြ၏၊ ထိုလေးပါးသော ဝိညာဏ်တို့တွင်လည်း တစ်ပါးတစ်ပါးသောဝိညာဏ် ချုပ်ကွယ်မှ တစ်ပါးတစ်ပါးသော ဝိညာဏ်ဖြစ်ပေါ်နိုင်၏၊ ဤ၌လည်း ချုပ်ဆုံးမှု ဟူသမျှသည် ထိုထိုဝိညာဏ်တို့၏ အနိစ္စအချက်ပင်တည်း။

ဝေဒနာဆိုသည်ကား။ ခံစားမှုပေတည်း။

သညာဆိုသည်ကား။ မှတ်သားမှုပေတည်း။

စေတနာဆိုသည်ကား။ သမ္ပယုတ်တရားတို့ကို စေ့ဆော်မှု ပေတည်း။

ဤတရားသုံးပါးတို့သည် ဝိညာဏ်နှင့်ဖြစ်အတူ, ပျက်အတူ အမြဲ ယှဉ်ဖော်ယှဉ်ဖက်တရားတို့ပေတည်း၊ ထိုဝိညာဏ်၏ အနိစ္စအချက်စု သည် ဤတရားတို့၏အနိစ္စအချက်အစုပေတည်း။

တစ်နည်းကား-ဝေဒနာသည်

၁။ သုခဝေဒနာ,

၂။ ဒုက္ခဝေဒနာ,

၃။ သောမနဿဝေဒနာ,

၄။ ဒေါမနဿဝေဒနာ,

၅။ ဥပေက္ခာဝေဒနာ ဟူ၍ ငါးပါးရှိ၏၊

သုခဝေဒနာဆိုသည်ကား- ချမ်းသာစွာခံစားမှုပေတည်း၊

ဒုက္ခဝေဒနာဆိုသည်ကား- ဆင်းရဲစွာ ခံစားမှုပေတည်း၊

သောမနဿဝေဒနာဆိုသည်ကား-ဝမ်းမြောက်မှု,ဝမ်းသာ မှုပေတည်း၊

ဒေါမနဿဝေဒနာ ဆိုသည်ကား-နှလုံး မသာယာမှုပေတည်း၊

ဥပေက္ခာဝေဒနာဆိုသည်ကား-မထင်မရှား လျစ်လျူအားဖြင့် ခံစားမှုပေတည်း။

ထိုငါးပါးတို့တွင်-သုခဝေဒနာ,ဒုက္ခဝေဒနာနှစ်ပါးသည် ခြေဖဝါး အပြင်မှစ၍ ငယ်ထိပ်အပြင်တိုင်အောင် တစ်ကိုယ်လုံးတွင် အထိအပါး ရှိရာဌာန၌ ဖြစ်ပေါ်၏၊

သောမနဿ,ဒေါမနဿနှစ်ပါးသည် နှလုံးအိမ်တွင်း၌သာ ဖြစ်ပေါ်၏၊

ဥပေက္ခာသည် စက္ခု,သောတ, ဃာန, ဇိဝှါတို့၌၎င်း, နှလုံးအိမ် တွင်း၌၎င်း ဖြစ်ပေါ်၏၊ ဤဝေဒနာငါးပါးတို့သည် တစ်ပါးချုပ်ဆုံးမှ တစ်ပါးဖြစ်ပေါ်လာကြရကုန်၏၊ နှစ်ပါးပြိုင်၍ ဖြစ်သည်မရှိ။ [ဤကား-ဝေဒနာ၏ အနိစ္စပင်တည်း။]

သညာသည် ကုသိုလ်သညာ, အကုသိုလ်သညာစသည်ဖြင့်၎င်း, ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ စသည် ဖြင့်၎င်း အလွန်များပြား၏၊ များပြားရာတွင်လည်း တစ်ခုချုပ်ဆုံးမှ တစ်ခုဖြစ်ပေါ်၏၊ နှစ်ခုပြိုင်၍ ဖြစ်ပေါ်သည်မရှိ။

[ဤကား- သညာ၏ အနိစ္စပင်တည်း။]

စေတနာသည်လည်း ကုသိုလ်စေတနာ, အကုသိုလ်စေတနာ စသည်ဖြင့်၎င်း, ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ စသည်ဖြင့်၎င်း အလွန်များပြား၏၊ များပြားရာတွင်လည်း တစ်ခုချုပ်ဆုံးမှ တစ်ခုဖြစ်ပေါ်၏၊ နှစ်ခုပြိုင်၍ ဖြစ်ပေါ်သည်မရှိ။

[ဤကား- စေတနာ၏ အနိစ္စပင်တည်း။]

ဤတွင်-နာမ်ဓာတ်လေးပါး ပြဆိုခန်းပြီး၏၊

--------*------

ဇာတိ, ဇရာ, မရဏ ပြဆိုခန်း

ဇာတိ, ဇရာ, မရဏ သုံးပါးတို့တွင်--

ဇာတိဆိုသည်ကား။။ ဇာတိဆိုသည်ကား။။ ရုပ်, နာမ်ခန္ဓာတို့၏ ဖြစ်ပေါ်မှု, ပေါက်ပွါးမှု, ကြီးထွားဖွံ့ဖြိုးမှု, တိုးတက်မှု, စည်ကားမှုပေတည်း။

ဇရာဆိုသည်ကား။။ ဇရာဆိုသည်ကား။။ ရုပ်, နာမ်ခန္ဓာတို့၏ အိုမင်းမှု, ရင့်ဆွေးမှု, ဆုတ်ယုတ်လျော့ပါးမှု, ညှိုးနွမ်းပိန်ချုံးမှုများပေတည်း။

မရဏဆိုသည်ကား။။ ရုပ်, နာမ်ခန္ဓာတို့၏ သေကြေပျက်စီးမှု, ကုန်ဆုံးကွယ်ပျောက်မှု, ဆုံးပါးပျောက်ပျက်မှုပေတည်း။

သမ္မုတိဇာတိ, သမ္မုတိဇရာ, သမ္မုတိမရဏ, သန္တတိဇာတိ, သန္တတိဇရာ, သန္တတိမရဏ, ခဏိကဇာတိ, ခဏိကဇရာ, ခဏိကမရဏ-ဟူ၍ သုံးပါးစီရှိကြ၏၊

သမ္မုတိ ပြဆိုချက်

ထိုတွင် လောကီဘုံသား လူအများတို့သည် တစ်ဘဝတစ်ခါ ပဋိသန္ဓေနေမြဲဓမ္မတာ, တစ်ဘဝတစ်ခါ အိုမြဲဓမ္မတာ, တစ်ဘဝတစ်ခါ သေမြဲဓမ္မတာ-ဟူ၍ ခေါ်ဝေါ်သမုတ်လျက်ရှိကြသော ဇာတိ, ဇရာ, မရဏသည် သမ္မုတိဇာတိ, သမ္မုတိဇရာ, သမ္မုတိမရဏမည်၏၊။ ဤ၌ အသက်တစ်ရာတမ်းမှာ တစ်ကြိမ်တစ်ခါသာ သေမြဲဓမ္မတာရှိ၏၊ [ဤကား- သမ္မုတိဇာတိ, ဇရာ, မရဏပေတည်း။]

သန္တတိပြဆိုချက်

သန္တတိဇာတိ, ဇရာ, မရဏတို့၌ သန္တတိသည် အမျိုးမျိုးရှိ၏၊ အသက်တစ်ရာတမ်း၌--

၁။ ပထမအရွယ်,

၂။ ဒုတိယအရွယ်,

၃။ တတိယအရွယ်, ဟူ၍ အရွယ်သုံးပါး-ဟူသော သန္တတိကြီးသုံးပါး။

မန္ဒဒသကအရွယ်,

ခိဍ္ဍာဒသကအရွယ်,

ဝဏ္ဏဒသကအရွယ်, အစရှိသည်ဖြင့် လာသော အရွယ်ဆယ်ပါး-ဟူသော သန္တတိ ဆယ်ပါး။

မွေးဖွားသည်မှစ၍ တစ်နှစ်အရွယ်, နှစ်နှစ်အရွယ်, သုံးနှစ် အရွယ်စသည်ဖြင့် လာသော နှစ်-သန္တတိတစ်ရာ။

တစ်နှစ် တစ်နှစ်တွင်လည်း နွေဥတု, ဆောင်းဥတု, မိုးဥတုဟူ၍လာသော ဥတု-သန္တတိပေါင်းသုံးရာ။

တစ်နှစ် တစ်နှစ်တွင်လည်း တန်ခူးလ, ကဆုန်လစသည်ဖြင့် ခေါ်ဆိုကြသော လ-သန္တတိ ပေါင်း တစ်ထောင်နှစ်ရာ။

တစ်လ တစ်လတွင်လည်း တစ်ရက်, နှစ်ရက်စသည်ဖြင့် ခေါ်ဆို ကြသော ရက်-သန္တတိပေါင်း သုံးသောင်း ခြောက်ထောင်, တစ်ရက် တစ်ရက်၌လည်း နေ့အဖို့, ညဉ့်အဖို့-ဟူ၍ ခေါ်ဆိုကြသော နေ့, ညဉ့်သန္တတိပေါင်း ခုနစ်သောင်း နှစ်ထောင်။

နေ့အဖို့, ညဉ့်အဖို့မှာလည်း ပထမယာမ်, ဒုတိယယာမ်, တတိယ ယာမ်-ဟူ၍ ခေါ်ဆိုကြသော အယာမ်-သန္တတိပေါင်း နှစ်သိန်းတစ် သောင်းခြောက်ထောင်ရှိ၏၊

အယာမ် သုံးပါးတို့တွင်လည်း တစ်ပါးတစ်ပါး၌ အစ, အလယ်, အဆုံး-ဟူ၍အပိုင်းအခြား သုံးပါးစီရှိကြ၏၊ ထိုသုံးပါးတို့တွင်- အစသည် သန္တတိဇာတိ၏ ခေတ်မည်၏၊ အလယ်သည် သန္တတိဇရာ၏ ခေတ် မည်၏၊ အဆုံးသည် သန္တတိမရဏ၏ ခေတ်မည်၏၊

အရွယ်ဆယ်ပါးစသည်တို့၌လည်း ထို့အတူ သန္တတိဇာတိ, သန္တတိ ဇရာ, သန္တတိမရဏ-ဟူ၍ သုံးပါးစီ, သုံးပါးစီ ဝေဖန်လေ။

ဤ၌သန္တတိ အမျိုးမျိုးဆိုသည်ကား- အမျိုးမျိုးသော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ အစဉ်အမျိုးမျိုးကိုဆို၏၊ အရွယ်သုံးပါးတို့တွင်-ပထမ အရွယ်သည် ပျိုနုသော ရုပ်ခန္ဓာ, နာမ်ခန္ဓာ အမျိုးမျိုးတို့၏ အစဉ်ပေ တည်း၊ ထိုအရွယ်၏ ကုန်ဆုံးမှုသည် ပထမအရွယ်၏ သေဆုံးခြင်းဟူသော သန္တတိမရဏကြီးတစ်ပါးပေတည်း။

အသက်တစ်ရာတမ်းတွင် သန္တတိမရဏကြီး သုံးပါးရှိ၏၊ သေမြဲ မရဏကြီးပေါင်း သုံးခါဖြစ်၏၊ သို့သော် ရုပ်ခန္ဓာ, နာမ်ခန္ဓာ အစဉ်ပြတ် ဆုံးခြင်း မရှိသည့်အတွက် သတ္တဝါသေဆုံးသည်-ဟူ၍ မခေါ်ကြ၊ ပထမအရွယ်ဆုံးသည်-ဟူ၍သာ ခေါ်ကြ၏၊

ဒုတိယအရွယ်သည် ရင့်သန်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာမျိုးတို့၏ အစဉ်ပေတည်း၊ တတိယအရွယ်သည် ဆုတ်ယုတ်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာမျိုးတို့၏ အစဉ်ပေတည်း၊ ဤအရွယ်နှစ်ပါး၌လည်း သေဆုံးမှုကြီး အသီးသီးရှိကြ၏၊ တတိယအရွယ်၏ သေဆုံးမှုသည် သမ္မုတိမရဏ ကြီးပင်ဖြစ်သတည်း။

ဤနည်းအတူ- အရွယ်ပါးမှစ၍ အယာမ်သုံးပါး ပိုင်းခြားမှု တိုင် အောင် အမျိုးမျိုးသော ရုပ်ခန္ဓာ, နာမ်ခန္ဓာ အစဉ်တို့၏ သေဆုံးမှုကြီး အသီးသီးရှိသည်ကို သိကြလေ။

ထိုမှတစ်ပါး--

၁။ သွားခြင်း-ဣရိယာပထသန္တတိတစ်ပါး,

၂။ ရပ်ခြင်း-ဣရိယာပထသန္တတိတစ်ပါး,

၃။ ထိုင်ခြင်း-ဣရိယာပထသန္တတိတစ်ပါး,

၄။ အိပ်ခြင်း-ဣရိယာပထသန္တတိတစ်ပါး,

ဟူ၍ ဣရိယာပထသန္တတိကြီးလေးပါးရှိ၏၊

ထိုလေးပါးတို့တွင်လည်း တစ်ပါးတစ်ပါး၌ အဆုံးဟူသော သန္တတိမရဏကြီး အသီးသီးရှိကြ၏၊ သွားမှုတွင်လည်း ပထမခြေလှမ်း, ဒုတိယခြေလှမ်း, တတိယခြေလှမ်းစသည်ဖြင့် ခြေလှမ်းအပိုင်းအခြား အရေအတွက်များစွာရှိ၏၊ တစ်ခုတစ်ခုသော ခြေလမ်း၏အဆုံးသည် တစ်ခုတစ်ခုသောခြေလမ်း၏ သေဆုံးမှုကြီးပေတည်း၊ ခြေလှမ်း သေဆုံးမှုဆိုသည်လည်း တစ်ခုတစ်ခုသောခြေလှမ်းအတွင်း၌ ရှိနေကြ ကုန်သော ကိုယ်ခန္ဓာကြီး ငယ်တို့၏ သေဆုံးမှုပေတည်း။

ထိုစကားမှန်၏၊။တစ်ခုတစ်ခုသော ခြေလှမ်းအတွင်း၌ ရှိနေကြကုန်သော ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့သည် နောက်နောက်သော ခြေလှမ်းသို့ကူးပြောင်း၍ လိုက်နိုင်သောရုပ်တရား, နာမ်တရားဟူ၍ တစ်ခုမှမရှိကြကုန်၊ သူ့ခြေလှမ်းအဆုံးမှာပင် သူတို့အကုန်ကွယ်ကြ ကုန်လေ၏၊

ထိုတွင်-သွားခြင်းဣရိယာပုထ် ဆိုသည်ကား-ပရမတ္ထသစ္စာ ဖက်၌ အစဉ်အားဖြင့် သွားသော အခြင်းအရာနှင့် ဖြစ်ပွား၍ နေကြကုန် သော ရုပ်ခန္ဓာ,နာမ်ခန္ဓာတို့ကို သွားခြင်းဟူ၍ဆို၏၊ သမ္မတိသစ္စာဖက်၌ ပုဂ္ဂိုလ်သွား၍နေသည် သတ္တဝါသွား၍နေသည်ဟု ခေါ်ဝေါ်ကြ၏၊

ထို့အတူ-ရပ်ခြင်းဣရိယာပုထ်, ထိုင်ခြင်းဣရိယာပုထ်, အိပ်ခြင်း ဣရိယာပုထ်တို့၌လည်း ပရမတ္ထသစ္စာဖက်၌ အစဉ်အားဖြင့် ရပ်သော အခြင်းအရာနှင့် ဖြစ်ပွါး၍နေကြကုန်သော ရုပ်ခန္ဓာ,နာမ်ခန္ဓာ,ထိုင်သော အခြင်းအရာနှင့် ဖြစ်ပွါး၍နေကြကုန်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာ, အိပ်သော အခြင်းအရာနှင့်ဖြစ်ပွါး၍နေကြကုန်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကို ရပ်ခြင်း,ထိုင်ခြင်း,အိပ်ခြင်းဟူ၍ဆို၏၊

သမ္မုတိ သစ္စာဖက်၌ကား-ပုဂ္ဂိုလ်ရပ်သည်, သတ္တဝါရပ်သည်, ပုဂ္ဂိုလ်ထိုင်သည်, သတ္တဝါထိုင်သည်, ပုဂ္ဂိုလ်အိပ်သည်, သတ္တဝါအိပ်သည် ဟူ၍ခေါ်ဝေါ်ကြ၏၊ ထိုဣရိယာပုထ်လေးပါးသည် သစ္စာနှစ်ပါးလုံး၌ပင် တခြားစီဖြစ်ကြ၏၊ တစ်ပါးနှင့်တစ်ပါး ကူးစက်ခြင်းမရှိ၊ ရောနှော၍လည်း မရကောင်း။

သမ္မတိသစ္စာဖက်၌လည်း သွားဆဲအခါမှာ ဤသူသွားနေသည် ဟုမျက်မြင်ဒိဋ္ဌသိမြင်ကြ၏၊ နောက်ရပ်ခြင်းသို့ ရောက်သောအခါ သွား နေသောအခြင်းအရာနှင့်တကွ သွားနေပုံစဏ္ဌာန်ကြီး ကွယ်ပျောက်၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏၊

ရပ်ဆဲအခါမှာ ဤသူရပ်နေသည်ဟု မျက်မြင်းဒိဋ္ဌ သိမြင်ကြ၏၊ နောက်ထိုင်ခြင်းသို့ရောက်သောအခါ ရပ်နေသော အခြင်းအရာနှင့်တကွ ရပ်နေပုံသဏ္ဌာန်ကြီးကွယ်ပြောက်၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌ သိမြင်ကြ၏

ထိုင်နေဆဲအခါမှာ ဤသူထိုင်နေသည်ဟု မျက်မြင်ဒိဋ္ဌ သိ မြင်ကြ၏၊ နောက်အိပ်ခြင်းသို့ရောက်သောအခါ ထိုင်နေသော အခြင်းအရာနှင့်တကွ ထိုင်နေပုံသဏ္ဌာန်ကြီး ကွယ်ပျောက်၍ သွား သည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏၊

အိပ်နေဆဲအခါမှာ ဤသူအိပ်နေသည်ဟု မျက်မြင်ဒိဋ္ဌသိမြင် ကြ၏၊ နောက်ထိုင်ခြင်းသို့ ရောက်သောအခါ ထိုအိပ်နေသော အခြင်း အရာနှင့်တကွ အိပ်နေပုံ သဏ္ဌာန်ကြီးကွယ်ပျောက်၍ သွားသည်ကို လည်း မျက်မြင်ဒိဋ္ဌ သိမြင်ကြ၏၊

သွားခြင်းဣရိယာပုထ်၌လည်း ပထမခြေလှမ်းသို့ ရောက်နေဆဲ အခါမှာ ဤသူပထမခြေလှမ်းကို လှမ်းနေသည်ဟု မျက်မြင်ဒိဋ္ဌ သိမြင်ကြ၏၊ နောက်ဒုတိယခြေလှမ်းသို့ ရောက်နေဆဲသော အခါမှာ လည်း ပထမခြေလှမ်း လှမ်းနေသော အခြင်းအရာနှင်တကွ ပထမခြေ လှမ်း လှမ်းနေပုံသဏ္ဌာန်ကြီး ကွယ်ပျောက်၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏၊

ဒုတိယခြေလှမ်းမှ လှမ်းနေဆဲအခါမှာလည်း ဤသူဒုတိယ ခြေလှမ်းကို လှမ်းနေသည်ဟု မျက်မြင်ဒိဋ္ဌ သိမြင်ကြ၏၊ နောက်တတိယ ခြေလှမ်းသို့ ရောက်နေဆဲအခါမှာလည်း ဒုတိယခြေလှမ်း လှမ်းနေသော အခြင်း အရာနှင့်တကွ ဒုတိယခြေလှမ်း လှမ်းနေပုံ သဏ္ဌာန်ကြီးကွယ် ပျောက်၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌ သိမြင်ကြ၏၊ နောက် နောက်ခြေလှမ်းတို့၌လည်း ထို့အတူသိလေ။

ခြေတစ်လှမ်းအတွင်းမှာလည်း ချီနေပုံသဏ္ဌာန်ကြီးတစ်မျိုး, ချနေပုံသဏ္ဌာန်ကြီးတစ်မျိုးဟူ၍ နှစ်မျိုးရှိကြ၏၊ ချီနေပုံ သဏ္ဌာန်ကြီး ကွယ်ပျောက်မှ ချနေပုံသဏ္ဌာန်ကြီးဖြစ်နိုင်သည်ကိုလည်း မျက်မြင်ဒိဋ္ဌ သိမြင်ကြ၏၊ ချီနေပုံသဏ္ဌာန်မှာလည်း အဆင့်ဆင့်မြင့်ရာသို့ ပြောင်းရွေ့၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏၊ ချနေသော သဏ္ဌာန်မှာ လည်း အဆင့်ဆင့် နိမ့်ရာသို့ပြောင်းရွေ့၍ သွားသည်ကိုလည်း မျက်မြင်ဒိဋ္ဌသိမြင်ကြ၏၊ ဤအရာ၌ ရုပ်ခန္ဓာ, နာမ်ခန္ဓာတရားတို့သည် မိမိတို့ဖြစ်ရာ ဌာနမှ ဌာနတစ်ပါးသို့ တစ်ဆံဖျားမျှ ပြောင်းရွေ့ခြင်း မရှိကြကုန်-ဟု ကျမ်းဂန်တို့မှာ အဆိုရှိကြ၏၊

ပြောင်းရွေ့ခြင်းမရှိပုံကား။။ ခြေလှမ်း တစ်ခုအတွင်းမှာ ခန္ဓာကိုယ်ကြီးပေါင်း အရာမက နဘေထပ် စီစဉ်ဆက်လက် ဖြစ်ပွါးနိုင်မှ ခြေလှမ်းဖြစ်ပွါးနိုင်ရာ၏၊ ထိုတွင်-ရှေ့သို့ အဆင့်ဆင့် အသစ်သစ် ဖြစ်ပေါ်၍သွားသော ခန္ဓာကိုယ်ကြီးပေါင်းလည်း အရာမကရှိရာ၏၊ နောက်နောက်က အဆင့်အဆင့် ချုပ်ပျက် ကွယ်ပျောက်၍, ကွယ် ပျောက်၍သွားသော ခန္ဓာကိုယ်ကြီးပေါင်းလည်း အရာမကရှိရာ၏၊ ထို့ကြောင့် မျက်မြင်မှာ ခန္ဓာကိုယ်ကြီး တစ်ခုသာ ထင်မြင်ရ၏၊ ဒိဋ္ဌသက် သေမှာမူကား-ခြေလှမ်း တစ်ခုအတွင်းမှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံး အနှံ့အပြား လှုပ်ရှားမှုကြီး ထင်ရှားရှိနေသည်ကား- ဒိဋ္ဌသက်သေပေ တည်း၊ ဤစကား၌ လှုပ်ရှားမှုဆိုသည်ကား- ရုပ်တရား အသစ်, အဟောင်းပြောင်းလဲမှုပေတည်း၊ လှုပ်ရှားမှု အကြိမ်ပေါင်း အရာမကရှိ၍ ရုပ်တရား ပြောင်းလဲမှုပေါင်း အရာမကရှိမှ ခြေတစ်လှမ်းဆုံးရာ၏၊ ဤအရာ၌ ကျမ်းဂန်တို့မှာ ''နဒီသောတောဝိယ=မြစ်ရေအယဉ်ကဲ့သို့ဟူ၍၎င်း၊ ဒီပသောတောဝိယ=ဆီမီးလျှံ ဆီမီးတောက်ကဲ့သို့-ဟူ၍၎င်း'' ဥပမာကို ပြဆိုကြပေ၏၊

ထိုတွင်-မြစ်ရေဥပမာ၌ အစဉ်မပြတ် သွား၍နေသော မြစ်ရေ ကိုကြည့်ရှု၍ နေကြရာမျက်မြင်ဒိဋ္ဌအလိုမှာ ရေသည်စီးသွား၍နေ၏၊ ဤအရပ်မှရေသည်ပင် ထိုအရပ်သို့ရောက်လေ၏-ဟု ပြောရိုး ဆိုရိုး ရှိကြ၏၊ ဉာဏ်အမြင် အလိုမှာ မြစ်ရေကိုအနီးမှကပ်၍ ကြည့်ရှုဆင်ခြင်ရာ လှုပ်လှုပ်ရွရွရှိနေသည်ကို သိမြင်ရသဖြင့် အဆင့်ဆင့် အသစ်အသစ် ဖြစ်ပေါ်တိုး ပွါး၍နေသော ရေကို၎င်း, နောက်နောက်က အဆင့်ဆင့် ကွယ်ပျောက်၍သွားသော ရေကို၎င်း အမှန်သိမြင်နိုင်လေ၏၊

မြစ်ရေသည် ဖြစ်ရာဌာနမှ ဌာနတစ်ပါးသို့ တစ်ဆံဖျားမျှ ရွေ့ရှား ခြင်းမရှိ၊ ဖြစ်ရာဌာန၌သာ ကွယ်ပျောက်လေသည်- ဟု အမှန်ဆိုနိုင်၏၊ ဤအရာ၌ လှုပ်ရှားမှုသည် အသစ်, အဟောင်းပြောင်းလဲမှုမှာ ခိုင်လုံစွာ သော ဒိဋ္ဌသက်သက်ဖြစ်၏၊ လှုပ်ရှားမှုရှိသည်-ဟုဆိုခဲ့လျှင် အသစ်, အဟောင်းပြောင်းလဲမှုရှိသည်-ဟု အမှန်ဆိုနိုင်၏၊ လှုရှားမှုရှိသည်-ဟု ဆိုလျှင် အခြေပျက်, အနေပျက်ရှိသည်-ဟု အမှန်ဆိုနိုင်၏၊

အခြေပျက်, အနေပျက်ဆိုသည်ကား- ရုပ်ခန္ဓာဟောင်းတို့ ပျက်ဆုံးမှုပင်ဖြစ်၏၊

ဆီမီးလျှံ ဥပမာ၌။။ တစ်ညဉ့်လုံး အစဉ်မပြတ်တောက်၍ နေသောမီးတောက်မီးလျှံကို ကြည့်ရှု၍နေကြရာ မျက်မြင်ဒိဋ္ဌ အလိုမှာ ညဉ့်ဦးယာမ်ကမီးတောက်သည်ပင်လျှင် သန်းခေါင်ယာမ် တိုင်အောင် ရှိနေ၏၊ ဤအရာမှာ ညဉ့်ဦးယာမ်က မီးတောက်သည် သန်းခေါင်ယာမ်, မိုးသောက်ယာမ်တိုင်အောင်ရှိ၏-ဟု ပြောရိုး ဆိုရိုးရှိကြ၏၊ စိတ်၌လည်း ထင်၍နေ၏၊

ဉာဏ်အမြင်အလိုမှာ မီးတောက်ကို အနည်းငယ်ကပ်၍ ကြည့်ရှု ဆင်ခြင်ရာ လှုပ်လှုပ်ရွရွရှိနေသည်ကို မြင်ရသဖြင့် ရှေ့သို့အဆင့် ဆင့်ဖြစ်ပေါ်တိုးပွါး၍နေသောမီးကို၎င်း, နောက်နောက်က အဆင့်ဆင့် ကွယ်ပျောက်၍ သွားသော မီးကို၎င်း အမှန်သိမြင်နိုင်ကြလေ၏၊

မီးဓာတ်သည် ဖြစ်ရာဌာနမှ ဌာနတစ်ပါးသို့ တစ်ဆံဖျားမျှ ရွေ့ရှား ခြင်းမရှိ၊ ဖြစ်ရာဌာန၌သာ ကွယ်ပျောက်လေသည်-ဟု အမှန်ဆိုနိုင်၏၊ ဤမီးဓာတ်၌လည်း ဖြစ်ရာအယဉ်ကဲ့သို့ ဒိဋ္ဌသက်သေ ထောက်ခံမှု အပြည့်အစုံဆိုလေ။

ဤသို့ ကျမ်းဂန်တို့၌လာသော မြစ်ရေဥပမာ, ဆီမီးလျှံ ဥပမာအတိုင်း ခြေလှမ်းတစ်ခုအတွင်း၌လည်း ကိုယ်ခန္ဓာကြီးပေါင်း အရာမကပြောင်းလဲဆက်လက်သွားပုံတို့ကို သိလေ။

ဤနည်းအတိုင်း-သွားခြင်းဣရိယာပုတ် ကွယ်ဆုံး၍ ရပ်ခြင်း ဣရိယာပုထ်သို့ ပြောင်းလဲရာ၌၎င်း, ရပ်ခြင်းဣရိယာပုထ် ကွယ်ဆုံး၍ ထိုင်ခြင်းဣရိယာပုထ်သို့ ပြောင်းလဲရာ၌၎င်း, ထိုင်ခြင်းဣရိယာပုထ် ကွယ်ဆုံး၍ အိပ်ခြင်း ဣရိယာပုထ်သို့ ပြောင်းလဲရာ၌၎င်း, လှုပ်ရှားမှု, ပြောင်းလဲမှု, အခြေအနေပျက်မှုတို့ကို စေ့စုံစွာသိမြင်လေ။

တစ်ဖန်-အိပ်ခြင်း ဣရိယာပုထ်မှထ၍ ထိုင်ခြင်းဣရိယာပုထ်သို့ ပြောင်းရာ--

၁။ အိပ်ရုပ်, အိပ်ဟန်, အိပ်သဏ္ဌာန်ကတစ်မျိုး,

၂။ ထိုင်ရုပ်, ထိုင်ဟန်, ထိုင်သဏ္ဌာန်ကတစ်မျိုး,

၃။ ထ-ရုပ်, ထ-ဟန်, ထ-သဏ္ဌာန်ကတစ်မျိုး,

ဟူ၍ သုံးမျိုးရှိ၏၊

ထိုသုံးပါးတို့တွင်-အိပ်ရုပ်, ထိုင်ရုပ်တို့သည် လှုပ်ရှားခြင်းမရှိ၊ ငြိမ်သက်ကြကုန်၏၊ အကြား၌ ထ-ရုပ်သည် ငြိမ်သက် ခြင်းမရှိ၊ လှုပ်ရှား ၏၊

အိပ်နေသော သူသည် ထ-တော့မည်-ဟု အားယူလိုက်သော အခါ၌ တစ်ကိုယ်လုံး လှုပ်ရှားမှုကြီးသည် မျက်တောင်တစ်ခတ် လျှပ် တစ်ပြက်အတွင်းမှာပင် တစ်ကိုယ်လုံး ပျံ့နှံ့လှုပ်ရှား၍ သွား၏၊ လှုပ်ရှား သော ရုပ်တို့သည်ကား-အိပ်ခြင်း ဣရိယာပုထ်၏ ဆိုင်ရာ မဟုတ်, ထခြင်းဣရိယာပုထ်၏ ဆိုင်ရာသာဖြစ်ကုန်၏၊ အိပ်ခြင်း ဣရိယာပုထ်၌ တည်ရှိသော ရုပ်ခန္ဓာကြီးသည် ထိုလှုပ်ရှားမှုကြီး ပျံ့နှံ့သည်နှင့် တစ်ပြိုင် နက် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက် အတွင်းမှာပင် အကုန်လုံးကွယ် ဆုံးလေ၏၊

ဤအရာ၌ ကိုယ်ခန္ဓာကြီး တစ်ကောင်လုံးသည် မျက်တောင် တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာ ရုတ်တရက်ဖြစ် ပေါ်နိုင်ရာ, ကွယ် ပျောက်နိုင်ရာတို့၌--

ဥပမာကား။။ ဓာတ်ရှင်ရုပ်စုံပွဲ ကျင်းပရာ၌ လူလောက်ရှိသော လူရုပ်သဏ္ဌာန်ကြီး၏ အရိပ်တို့သည် တခဏချင်း ဖြစ်ပေါ်မှု, ကွယ် ပျောက်မှုသည် လုံလောက်သောဥပမာ, လုံလောက်သော သက်သေကြီး ပေတည်း၊ မျက်မြင်ဒိဋ္ဌပြောင်းလဲပုံ ထင်ရှားစွာ ပြဆိုချက်ပေတည်း။

ရှေ့၌ပြဆိုခဲ့ပြီးသော ခြေတစ်လှမ်း၏အတွင်း၌ ခန္ဓာကိုယ်ပေါင်း အရာမက ဆက်လက်ရသည်ဟူသော စကားမှာလည်း ဤဓာတ်ရှင် ရုပ်ကြီးခြေတစ်လှမ်း လှမ်းသွားရာ၌ ဓာတ်ရှင်ရုပ်ကြီးပေါင်း အကြိမ်များစွာ ဆက်လက် ရခြင်းသည် လုံလောက်သောဥပမာ, လုံလောက်သော သက် သေကြီးပေတည်း။

ဝိပဿနာယောဂီပုဂ္ဂိုလ်တို့မှာကား- ဤသို့ ပြဆိုခဲ့ပြီးသော ဣရိယာပုထ်လေးပါးတို့၏ ပြောင်းရွေ့မှု၌လည်း အစ, အလယ်, အဆုံး ဟူ၍ အသီးသီးရှိသည်ကို သိကြ၏၊ အဆုံးဟူသမျှသည် အနိစ္စ၏ အချက်ကြီးပေတည်း။

ထိုတွင်-အိပ်ခြင်း ဣရိယာပုတ်၏အတွင်း၌ ထွက်သက်ရှုမှုနှင့် လှုပ်ရှားခြင်း, ဝင်သက်ရှိုက်မှုနှင့် လှုပ်ရှားခြင်း, ကိုယ်အင်္ဂါတို့ကို မှောက်မှု လှန်မှု, ဝဲ-ယာစောင်းမှု, ကွေးမှု, ဆန့်မှုစသည်ဖြင့် လှုပ်ရှားခြင်း အမျိုးမျိုး ရှိပြန်၏၊

ထိုင်ခြင်းဣရိယာပုထ်၌လည်း ရှေ့သို့ထိုင်ခြင်း, နောက်သို့ ဆုတ်ခြင်း လက်ဝဲ-လကျ်ာ ကိုင်းရှိုင်းခြင်း,ကွေးခြင်း, ဆန့်ခြင်း အစရှိ သည်ဖြင့် လှုပ်ရှားခြင်းအမျိုးမျိုးရှိပြန်၏၊ ရပ်ခြင်းဣရိယာပုထ်၌လည်း ထို့အတူပင်တည်း။

ဤကား သန္တတိဇာတိ, သန္တတိဇရာ, သန္တတိမရဏတို့ကို ပြဆိုချက်ပေတည်း။

ဤ၌ အရွယ်သုံးပါးမှစ၍ ပြဆိုခဲပြီးသော သန္တတိတို့တွင် ဝိပဿနာယောဂီတို့မှာ ဣရိယာပထသန္တတိသည် လိုရင်းပဓာနခြစ်၏၊ သန္တတိပြဆိုချက်ပြီး၏

-----------

ခဏိကပြဆိုချက်

ခန္ဓာငါးပါးသည် ဒုက္ခမျိုးအစစ်အမှန်ဖြစ်သည်ဟု အတတ် သိနိုင်ရန် အကျဉ်းအမြွက်မျှ ပြဆိုပေအံ့။

၁။ ခဏိကဇာတိ,

၂။ ခဏိကဇရာ,

၃။ ခဏိကမရဏ ဟူ၍ သုံးပါးရှိ၏၊

ထိုသုံးပါးတွင်

ခဏိကဇာတိဆိုသည်ကား။

ခဏိကဇာတိဆိုသည်ကား။ တစ်ခုသောရုပ်, တစ်ခုသော နာမ်တရားတို့၏အစ၌ ဖြစ်ပေါ်မှုကို ခဏိက ဇာတိဆိုသတည်း။

ခဏိကဇရာဆိုသည်ကား။ ခဏိကဇရာဆိုသည်ကား။ အလယ်၌ ရင့်ရော်ဆုတ်ယုတ် မှုကို ခဏိကဇရာဆိုသတည်း။

ခဏိကမရဏဆိုသည်ကား။ ခဏိကမရဏဆိုသည်ကား။ အဆုံး၌ချုပ်ကွယ်မှုကို ခဏိက မရဏဆိုသတည်း။

ဤခဏိကဇာတိ,ဇရာ,မရဏတို့သည်ကား-မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ်ပေါင်း ကုဋေအရာမကဖြစ်မှု, ပျက်မှု လျင်မြန်လှကုန်သည်ဟု ကျမ်းဂန်တို့၌ လာရှိသောကြောင့်သာ ပြဆိုသည်၊ သာဝက ဝိပဿနာယောဂီပုဂ္ဂိုလ်တို့ ဉာဏ်မှီနိုင်ကြသော အရာမဟုတ် ကုန်၊ ထို့ကြောင့် ဤအရာ၌ ကျယ်ဝန်းစွာ မဆိုလိုက်ပြီ။

(ဤကား-ပရမတ္တသစ္စာဖက်၌ အကျဉ်းအားဖြင့် ရုပ်၌ငါးပါးနာမ်၌လေးပါး ဇာတိ, ဇရာ, မရဏသုံးပါး-ကံ, စိတ်, ဥတု အာဟာရ တည်းဟူသော အကြောင်းတရားလေးပါး-ဤတစ်ဆယ့်ခြောက်ပါးသော အရာအချက်တို့ကို ကောင်းကောင်းကြီးသိနိုင် မြင်နိုင် ထင်နိုင်ကြလျှင် ဒိဋ္ဌိဝိသုဒ္ဓိစသော အထက်ဝိသုဒ္ဓိကြီးငါးပါးပေါက်ရောက်နိုင်ရန် အစီ အရင်ကို ပြဆိုချက်ပေတည်း။)

ဤတွင်-ခဏိက ဇာတိ ဇရာ မရဏ ပြဆိုခန်းပြီး၏

------------------------

လက္ခဏာရေးသုံးပါးပြဆိုခန်း

လက္ခဏာရေး သုံးပါးဆိုသည်ကား

၁။ အနိစ္စလက္ခဏာတစ်ပါး,

၂။ ဒုက္ခလက္ခဏာတစ်ပါး,

၃။ အနတ္တလက္ခဏာတစ်ပါးပေတည်း။

ထိုသုံးပါးတို့တွင်

အနိစ္စဆိုသည်ကား။ မမြဲတတ်သော တရားမျိုးပေတည်း။

အနိစ္စလက္ခဏာဆိုသည်ကား။ ထိုအနိစ္စ တရားမျိုး၌ ပါရှိ၍ နေသောဇာတိအချက်, ဇရာအချက်, မရဏ အချက်များပေတည်း၊ ထိုအချက်များကိုမြင်၍ ဤတရားမျိုးသည် မမြဲတတ်သော တရားမျိုး တည်းဟု အတတ် သိမြင်နိုင်၏၊ ဤသို့လျှင် မမြဲတတ်သော တရားမျိုး တို့ကို ဤတရားကား-မမြဲတတ်သောတရားဟု အတတ်သိနိုင်ရန် အကြောင်းမျိုးဖြစ်၍ ဇာတိ, ဇရာ, မရဏသုံးပါးကို အနိစ္စလက္ခဏာဟု ဆိုအပ်၏၊

''လက္ခဏာ'' သဒ္ဒါသည် အတတ်သိကြောင်း အနက်ကိုဟော၏၊ ဤလက္ခဏာသုံးပါးတို့ကို အချက်ကျကျ မသိတတ်, မမြင်တတ်, မထင် တတ်ကြသော လောကီဘုံသား လူအများတို့မှာ တစ်နေ့တစ်ရက်မျှ မမြဲတတ်သော ပထဝီဓာတ်ကိုပင် တစ်သက်လုံး တစ်ဘဝလုံးမြဲသည်ဟု စွဲလမ်းမှုကြီး ရှိနေ၏၊

ထိုစွဲလမ်းမှုကြီးကို ပယ်ဖျောက်၍ ပထဝီဓာတ်သည် တစ်နေ့ တစ်ရက်မျှ မြဲသောတရားမဟုတ်ဟု အတတ်သိနိုင်ကြစေခြင်းငှါ ပထဝီဓာတ်၌ ရှိနေသော ဤဇာတိအချက်, ဇရာအချက်, မရဏအချက် တို့ကို သက်သေပြု၍ ပထဝီဓာတ်သည် တစ်နေ့တစ်ရက်မျှမြဲနိုင်သော ဓါတ်မဟုတ်၊ မမြဲတတ်သောတရားတည်းဟု ပြောကြ-ဟောကြရ ကုန်၏၊ ဤအနိစ္စလက္ခဏာကိုလည်း အရွယ်ကြီးသုံးပါး ပိုင်းခြားသည်မှ စ၍ ဣရိယာပထခန်းတွင် မြစ်ရေအယဉ် ဥပမာ, ဆီမီးလျှံ ဥပမာများတိုင် အောင် သေခြာစွာပြဆိုခဲ့ပြီ။

(ဤကား-အနိစ္စဖြစ်ပုံကို အကျဉ်းအမြွက်မျှ ပြဆိုခြင်းတည်း။)

ဒုက္ခလက္ခဏာဆိုသည်ကား။ ထိုအနိစ္စ အချက်စုပင်လျှင် ကြောက်ဖွယ်ကောင်းသော အနက်ကြောင့် ဒုက္ခလက္ခဏာမည်၊ ဤ၌ လည်း ပထဝီဓာတ်သည် ကြောက်မက်ဖွယ်ကောင်းသော တရားမျိုး ဖြစ်၍ ဒုက္ခတရားမျိုး အမှန်ဖြစ်၏၊ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း ထိုပထဝီဓာတ်၌ ပါရှိ၍နေသော ဇာတိအချက်, ဇရာအချက်, မရဏ အချက်တိုကို မြင်သဖြင့် သိအပ်၏၊ ထိုကြောင့် ထိုအချက်တို့ကို ဒုက္ခ လက္ခဏာဆို၏၊

ကြောက်မက်ဖယ်ကောင်းပုံကား။။သတ္တဝါအပေါင်းတိ့ုမှာ ပဋိသန္ဓေစွဲနေသည်မှစ၍ ပထမရက်, ဒုတိယရက် အစရှိသည်ဖြင့်ရှိနေကြ သော ရက်အစဉ်တို့တွင် မသေနိုင်သောရက်, မသေတတ်သောရက်ဟူ၍ တစ်နေ့တစ်ရက်မျှ မရှိ၊ ဤနေ့, ဤရက်သည်ကား-မသေနိုင်သောရက်, မသေတတ်သောရက်သည်ဟု စိတ်ချ၍ နေချင်တိုင်းနေနိုင်သောရက်, ကျင့်ချင်တိုင်း ကျင့်သောရက်, တစ်ရက်မျှမရှိဟု ဆိုလိုသည်။

ထိုစကားမှန်၏၊ ပဋိသန္ဓေစွဲနေသော ပထမရက်အတွင်း၌ ပင်လျှင် အမိဖြစ်သူသည် နေချင်တိုင်းနေ, ကျင့်ချင်တိုင်းကျင့်ခဲ့ငြားအံ့၊ သူငယ်၏ရုပ်အစဉ်, နာမ်အစဉ်သည် ဖေါက်ပြန်ဖြစ်၍ ထိုနေ့အတွင်းမှာ ပင် ပျက်ဆုံး လေရာ၏၊

နောက်နောက်သော ရက်တို့မှာလည်း ထို့အတူပင်တည်း၊ ဖွားမြင်ပြီသော နောက်၌လည်း ထိုသူငယ်ကို တစ်စုံတစ်ယောက်သော သူမျှ ပြုစုစောင့်ရှောက်သူ မရှိငြားအံ့၊ ထိုသူငယ်သည် ဖွားမြင်ရာဌာန၌ပင် ဖေါက်လဲ ဖေါက်ပြန်ဖြစ်၍ သေဆုံးလတံ့၊ ဤ၌ ဖေါက်လဲဖေါက်ပြန် ဟူသောစကားသည် ဇာတိ,ဇရာ, မရဏတို့ကို ဆိုသော စကားပင်တည်း။

ထိုသုံးပါးတို့တွင်ဇာတိဆိုသည်ကား။။ပကတိ ညီညွတ်စွာဖြစ်၍နေသော ရုပ်အစဉ်, နာမ်အစဉ်သည်ပင်လျှင် မညီညွတ်သောအနေနှင့် ဖြစ်၍လာ သည်ကို ဆိုသတည်း။

ဇရာဆိုသည်ကား။ ညီညွတ်စွာဖြစ်၍နေသော ရုပ်အစဉ်, အစဉ်တို့၏ ဆုတ်ယုတ်လျော့ပါးခြင်းကို ဆိုသတည်း။

မရဏဆိုသည်ကား။ ညီညွတ်စွာဖြစ်နေသော ရုပ်အစဉ်, နာမ်အစဉ်တို့၏ ကုန်ဆုံးခြင်းကို ဆိုလိုတည်း။

ဤသို့လျှင် ထိုသူငယ်မှာ ပထမရက်အတွင်း၌ပင်လျှင် ဇာတိဘေး, ဇရာဘေး,မရဏဘေးဟုဆိုအပ်သော ဘေးကြီးသုံးပါးသင့်နိုင်သော အခွင့်,သင့်တတ်သောအခွင့်ကြီး ပါရှိလျက်နေ၏၊

ထိုကြောင့် ထိုပထမရက်အတွင်း၌ရှိနေသော ရုပ်အစဉ်,နာမ် အစဉ်သည်လည်း စိုးရိမ်ကြောင့်ကြဖွယ်ရှိနေသော ရုပ်အစဉ်ဖြစ်ချေ၍ ဒုက္ဓသာ အမှန်ဖြစ်၏၊ နောက်နောက်သော ရက်တို့၌လည်း ထို့အတူပင် တည်း။ ဖွါးမြင်ပြီး နောက်၌လည်း ထိုသူငယ်ကို တစ်စုံတစ်ယောက်သော သူမျှ ပြုစုစောင့်ရှောက်သူ မရှိငြားအံ့၊ ထိုသူငယ်သည် ဖွားမြင်ရာ ဌာန၌ပင်လျှင် ဖေါက်လွှဲ ဖေါက်ပြန်ဖြစ်၍သေဆုံးလတံ့၊ ဤဖေါက်လွှဲ ဖေါက်ပြန်ဟူသောစကားသည် ဇာတိ, ဇရာ, မရဏတို့ကို ဆိုသောစကား ပင်တည်း။

ဤ၌နောက်နောက်သော ရက်တို့၌လည်း အစာအဟာရ စား သောက်ခြင်းအစရှိသော ပြုပြင်စောင့်ရှောက်မှုကို မပြု မမူ၍ နေချင် တိုင်းနေ, ကျင့်ချင်တိုင်းကျင့်ခဲ့သော် ထိုသူ၏ ရုပ်ခန္ဓ, နာမ်ခန္ဓာ အစဉ်သည် ထိုရက်, ထိုခဏ၌ပင် ဖေါက်လဲဖေါက် ပြန်ကြီးဖြစ်၍ သေဆုံးလတံ့၊ ဘယ်အခါ၌မဆို သေဆုံးပြန်လျှင်လည်း ထိုခန္ဓာသည် သေသည်၏ အခြားမဲ့၌ ပရမ်းပတာကျ ရောက်တတ်သောအလေ့ရှိ၏၊ ပရမ်းပတာ ကျရောက်ခြင်းဆိုသည်ကား- ပုထုဇဉ်ဖြစ်ကြသော လူ, နတ်,ဗြဟ္မာသတ္တဝါအပေါင်းတို့သည် သေသည်မှနောက် ဘယ်ဘုံသို့ ငါသွားရမည်, ဘယ်သတ္တဝါမျိုး၌ငါဖြစ်မည်ဟု ရည်ရွယ်မှန်းထား၍ သွားနိုင်သော သတ္တဝါမည်သည် အလွန်နည်းပါးကြကုန်၏၊ သတ္တဝါ တစ်သိန်း, တစ်သန်းတွင် တစ်ယောက်တစ်လေမျှသာ ရှိလေရာ၏၊ ကျန်ရှိသောသတ္တဝါတို့မှာ ဘယ်ဘုံ-ဘယ်ဘဝသို့ ကျရောက်မည်မသိ။ ထန်းပင်ပေါ်, အုန်းပင်ပေါ်တို့မှ ထန်းသီးခိုင်, အုန်းသီးခိုင်များ ကျသကဲ့သို့ ဤခန္ဓာကြီးသည် အပါယ်ဘုံသို့သာ ပရမ်းပတာ ကျတတ် သောအလေ့ရှိ၏၊ ခန္ဓာကျလျှင်လည်း ထိုခန္ဓာကို ငါ၏ကိုယ်, ငါ၏အတ္တဟု စွဲလမ်းသူ သတ္တဝါလည်း ပါရလေတော့သည်။

အပါယ်ဘုံသို့ တစ်ကြိမ်ကျပြန်လျှင်လည်း လူ့ဘုံ-လူ့ဘဝသို့ ပြန်ရရန်အရေး အလွန်ဝေးလှပေ၏၊ အပါယ်ဘုံ တွင်သာ ယုတ်နိမ့်သည် ထက် ယုတ်နိမ့်ရာသို့ ဘဝအဆက်ဆက် လျှောကျ၍ ဘဝပေါင်း အသောင်းများစွာ ထိုခန္ဓာသည် အပါယ်ဘုံ၌သာ အဆက်ဆက် ဖြစ် လေ၏၊

[ဤကား-ခန္ဓာငါးပါးသည် ဒုက္ခမျိုးအစစ်အမှန်ဖြစ်သည်ဟု အတတ်သိ နိုင်ရန် အကျဉ်းအမြွက် ပြဆိုချက်တည်း။]

အနတ္တလက္ခဏာ၌။ ပဋိသန္ဓေနေပြီး၍ ပထမနေ့အတွင်းမှာ သေရသောသူ၌ သမ္မုတိသစ္စာအလိုအားဖြင့် တစ်ရက်မျှ အသက်ရှည် သောသတ္တဝါတည်ရှိ၏၊ ထိုသတ္တဝါ၏အတ္တသည်ရှိ၏၊ ဇီဝသည်ရှိ၏ဟုစွဲလမ်းချက်ကြီးရှိကြ၏၊ ဘယ်ဝတ္ထုကို အတ္တ, ဇီဝခေါ်သနည်းဟု မေးခဲ့သော် ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့ကိုပင် အတ္တ, ဇီဝခေါ်သည်ဟု ပြောကြ ကုန်ရာ၏၊

ဤ၌အတ္တဟူသည်ကား။ သတ္တဝါ၏အမာခံအနှစ်သာရဟု ဆိုလို၏၊ အမာခံအနှစ်သာရဆိုသည်ကား- ထိုအတ္တမရှိခဲ့သော် သတ္တဝါမည်သည် မရှိနိုင်၊ မြေရှိမှ မြေအိုးမည်သည် ရှိနိုင်၏၊ မြေမရှိခဲ့ သော် မြေအိုးမည်သည် မရှိနိုင်သကဲ့သို့တည်း။

ထိုအတ္တသည် မချုပ်မပျက် အသက်ရှည်စွာတည်နေပါမှ သတ္တဝါမည်သည်လည်း မချုပ်မပျက်တည်နေနိုင်၏၊ ထိုအတ္တချုပ်ရာ၌ သတ္တဝါသည်လည်း ချုပ်ဆုံးရလေ၏၊

[ဤကား-သတ္တဝါ၏ အမာခံအနှစ်သာရဟူသောစကား၏အဓိပ္ပါယ်တည်း။]

ဤသမ္မုတိသစ္စာအလို၌ ထိုသတ္တဝါ, အတ္တ, ဇီဝများသည် တစ်ဘဝအတွင်းမှာ တစ်ကြိမ်သာ သေရမြဲဓမ္မတာရှိ၏၊ တစ်ဘဝ အတွင်းမှာ အခါခါသေဆုံးသည်ဟူ၍ မရှိကြ။

[ဤကား-သမ္မုတိသစ္စာ၏ အလိုသာတည်း။]

ပရမတ္ထသစ္စာ အလိုမှာမူကား။ ပထမ နေ့ရက်မျှနေ၍ သေဆုံးရသော ထိုသတ္တဝါမှာ ထိုပထမနေ့ ရက်အတွင်း၌ အမိဖြစ်သူ၏ ဣရိယာပုတ်ပြောင်းရွှေ့ချက်, ထွက်သက် ရှူချက်, ဝင်သက်ရှိုက်ချက် စသော လှုပ်ရှားချက် အမျိုးမျိုးကိုအစွဲးပြု၍ ထိုနေ့ရက်အတွင်းမှာပင် ထိုသူ၏ ရုပ်ခန္ဓာအစဉ် လှုပ်ရှားပြောင်းလဲးချက်ပေါင်း ထောင်, သောင်း မက ရှိလေရာ၏၊ ဇာတိမှု, ဇရာမှု, မရဏမှုပေါင်းလည်း ထောင်, သောင်း မက ရှိလေရာ၏၊

ထို့ကြောင့် ထိုရုပ်ခန္ဓာ, နာမ်ခန္ဓာတို့သည် ထိုနေ့ရက်အတွင်းမှာ ပင်အကြိမ်ပေါင်းများစွာ သေဆုံးမှု ရှိနေသည်ဖြစ်၍ ထိုနေ့ရက်အတွင်းမှာ အနိစ္စမျိုသာဖြစ်လေ၏၊ ဤသို့လျှင် ထိုသတ္တဝါ, အတ္တ, ဇီဝများသည် နိစ္စမျိုးဖြစ်၏၊ ရုပ်ခန္ဓာ,နာမ်ခန္ဓာသည်ကား-အနိစ္စမျိုးဖြစ်၏၊

ထိုကြောင့် အနိစ္စမျိုးဖြစ်သော ရုပ်ခန္ဓာ, နာမ်ခန္ဓာသည် နိစ္စမျိုး ဖြစ်သော ထိုသတ္တဝါ, အတ္တ, ဇီဝ၏ အမာခံ အနှစ်သာရ ဖြစ်သည်ဟူသော အယူသည်လွဲ၏၊ ရုပ်ခန္ဓာ, နာမ်ခန္ဓာသည်ပင်လျှင် သတ္တဝါဖြစ်၏၊

ဇီဝဖြစ်၏ဟူသော အယူသည် အလွန်မှား၏၊

ရုပ်ခန္ဓာ, နာမ်ခန္ဓာသည် သတ္တဝါမဟုတ်, ဇီဝလည်းမဟုတ်, အနတ္တသာဖြစ်၏-ဟူသောအယူသည်ဖြောင့်မှန်၏၊ နိစ္စမျိုးနှင့် အနိစ္စမျိုး သည် အလွန်ကွာခြားကြသည်ဖြစ်၍ ဤရုပ်ခန္ဓာ နာမ်ခန္ဓာသည်ပင်လျှင် ပုဂ္ဂိုလ်ဖြစ်၏၊ သတ္တဝါဖြစ်၏၊ ငါဖြစ်၏၊ သူဖြစ်၏-ဟုတခုတည်းပြုခြင်းငှါ မထိုက်ချေ။

[ဤကား-''အသာရကဋ္ဌေန အနတ္တာ'' ဟူသော စကား၏ အနက်အဓိပ္ပါယ်တည်း။]

''အဝသဝတ္တနဋ္ဌေန'' ''အဝသဝတ္တနဋ္ဌေန'' ဟူသောစကား၏ အနက်ဓိပ္ပါယ်ကား။ ထိုသူငယ်သည် တစ်နေ့တစ်ရက်မျှသာနေ၍ သေခြင်းကိုအလိုမရှိ၊ သူတစ်ပါးများကဲ့သို့ အသက်ရှည်ရှည် နေခြင်းငှါ အလိုရှိ၏၊ ထိုသူငယ်၏ ရုခန္ဓာ, နာမ်ခန္ဓာသည်မူကား-ထိုသူငယ်၏အလိုသို့မလိုက်၊ တစ်ရက်မျှ နေ၍ သေဆုံးလေ၏၊ ထိုသူငယ်၏အလိုနှင့် အလွန်ဝေးကွာလျက်ရှိ၏၊ ထိုသို့ဝေးကွာလျက်ရှိသောကြောင့် ရုပ်ခန္ဓာ, နာမ်ခန္ဓာသည်ပင်လျှင် ငါဖြစ်၏-ဟု မှတ်ယူခြင်းသည် အလွန်မှား၏၊

ရုပ်ခန္ဓာ,နာမ်ခန္ဓာသည် ငါမဟုတ်, ငါ၏အတ္တလည်းမဟုတ်, ဇီဝလည်းမဟုတ်, အနတ္တသာဖြစ်၏-ဟုမှတ်ယူခြင်းသည်မှန်၏၊ တစ်သက် လုံး နေ့ရှည်သမျှတို့မှာ ဤနည်းအတိုင်းစစ်လေ၊

ဤစစ်နည်း၌

၁။ အနတ္တာ-အစိုးမရဟူသော အနက်တစ်ချက်, ၂။ အနတ္တ-အလိုသို့မလိုက်ဟူသော အနက်တစ်ချက်, ဤနှစ်နက်သည် အတူတူပင်တည်း၊ အလိုသို့လိုက်မှာသာလျှင် အစိုးရသည်ဟု ဆိုနိုင်၏၊ အလိုသို့မလိုက်လျှင် အစိုးရသည်ဟု မဆိုနိုင်။ ''အနတ္တာ'' ငါ၏ကိုယ် မဟုတ်ဟူသော အနက်သည်ကားအနှစ်သာရ မဟုတ်ဟူသောအနက်, အလိုသို့မလိုက်ဟူသော အနက်နှစ် ချက်နှင့် ဆက်ဆံ၏၊

[ဤကား-အနတ္တဟူသောစကား၏ အနက်အဓိပ္ပါယ်တည်း။] ဤတွင်-လက္ခဏာရေးသုံးပါးပြဆိုခန်းပြီး၏၊

----------

ဒုက္ခကြီးမားပုံ ပြဆိုခန်း

ထိုမှတစ်ပါးလည်း အနမတဂ္ဂ သံသရာ၌ ဘဝအဆက်ဆက် ဖြစ်ပွားလျက်နေသော ဤခန္ဓာကိုယ်ကြီးမှာ

၁။ စုန်လမ်း,

၂။ ဆန်လမ်းဟူ၍ နှစ်လမ်းရှိ၏၊

၃။ ဓမ္မတာလမ်း,

၄။ သင်္ခါရလမ်းဟူ၍လည်း နှစ်လမ်းရှိ၏၊

ထိုလမ်းတို့တွင်-အပါယ်လေးဘုံသည် ဤခန္ဓာကြီး၏ စုန်လမ်း မည်၏၊ ဓမ္မတာလမ်းလည်းမည်၏၊

လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ ဟူသော သုဂတိဘုံသည် ဆန်လမ်း မည်၏၊ သင်္ခါရလမ်းမည်၏၊

ထိုလမ်းတို့တွင်-စုန်လမ်း, ဓမ္မတာလမ်းသည်လည်း ယုတ်ညံ့ သည်ထက် ယုတ်ညံ့ရာ, မိုက်မဲသည်ထက်မိုက်မဲရာ, ဆင်းရဲဒုက္ခကြီးမား သည်ထက်ကြီးမားရာသို့ ကျရောက်ခြင်းသည် စုန်လမ်း, ဓမ္မာတာလမ်း ပင်မည်၏၊

ဆန်လမ်း, သင်္ခါရလမ်းသည်လည်း မြင့်မြတ်သည်ထက် မြင့်မြတ်ရာ, လိမ်မာသည်ထက်လိမ်မာရာ, ချမ်းသာသုခ ကြီးမားသည် ထက်ကြီးမားရာသို့ဆန်တက်ခြင်း, ရောက်နိုင်ခြင်းသည်ဆန်လမ်း, သင်္ခါရလမ်းမည်၏၊

အဘယ့်ကြောင့် သင်္ခါရလမ်းဖြစ်သနည်း၊ အထက်အထက်သို့ ဆန်တက်မှုမည်သည် ဒါနမှု, သီလမှု, ဘာဝနာမှုကို ပြုနိုင်ပါမှ ဆန် တက်နိုင်၏၊ ဆန်တက်နိုင်ပါသော်လည်း ဒါနအဟုန်, သီလအဟုန်, ဘာဝနာအဟုန် ရှိနေခိုက်သာ တည်တံ့နိုင်၏၊ ထိုအဟုန် ကုန်ဆုံးခဲ့သော် စုန်လမ်း, ဓမ္မတာလမ်းသို့သာ ကျရောက်လာရပြန်၏၊ ထို့ကြောင့် ဤခန္ဓာကြီးသည် အနိစ္စမျိုးသာ အမှန်ဖြစ်သည်ဟု သိရ၏၊

အဘယ့်ကြောင့်စုန်လမ်းကို ဓမ္မတာလမ်းဟု ဆိုသနည်းဟူမူကားစုန်လမ်းမည်သည် နိမ့်ရာသို့ လျှောကျလမ်းဖြစ်၍ ပြဆိုခဲ့ပြီးသော သင်္ခါရမှုနှင့် ကင်းကွာခဲ့သည်ရှိသော် မကျချင်သော်လည်းမနေနိုင်၊ ကျရောက်မြဲဖြစ်သော နိယာမတရားမျိုးဖြစ်၍ ဓမ္မတာလမ်းမည်၏၊

သို့သော်လည်း အပါယ်ခန္ဓာ, အပါယ်ဘဝများသည်လည်း သင်္ခါရမျိုးပင် မဟုတ်ပါလောဟုဆိုရန်ရှိ၏၊ သင်္ခါရမျိုးပင် မှန်၏၊ ထိုသင်္ခါရ မျိုးသည်မူကား-နိမ့်သည်ထက် နိမ့်ရာ, နက်သည်ထက်နက်ရာသို့ တွင် တွင်ကြီးပို့နိုင်ရန် သင်္ခါရမျိုးဖြစ်ကြ၏၊

ထိုစကားမှန်၏၊ အပါယ်ဘုံသားတို့၏သဏ္ဌာန်၌ နေ့, ညဉ့်မစဲ ဖြစ်ပွါး၍နေသော ကာယကံမှု, ဝစီကံမှု, မနောကံ မှုများသည် ဘဝအ ဆက်ဆက်နိမ့်သည်ထက်နိမ့်ရာ, နက်သည်ထက်နက်ရာသို့ ဘဝအဆက် ဆက်တွင် ကျဖို့သာ ဖြစ်လေ၏၊

ထို့ကြောင့် အပါယ်သို့တစ်ကြိမ်ကျလေသောသူသည် တစ်ဘဝ ထက် တစ်ဘဝ ယုတ်နိမ့်ရာသို့သာ မြုပ်မျော၍ သွားလေတော့သည်၊ သုဂတိဘဝသို့ ပြန်ရောက်ရန်အရေး အဝေးကြီး ဝေးလေတော့သည်၊ လိပ်ကာဏ်းပမာဖြင့် ညွှန်ပြအပ်သော ကာဏကစ္ဆောပမ သုတ္တန်ဒေသနာ တော်ကြီးကို ထောက်၍မြော်လေ။

ဆန်တက်မှုဟူသော သင်္ခါရလမ်းမှာလည်း ဒါနမှု, သီလမှု, ဘာဝနာမှုမည်သည် အလွန်ဖြစ်နိုင်ခဲ၏၊ ကုသိုလ်မှန်, အကုသိုလ်မှန်, သုဂတိမှန်, ဒုဂ္ဂတိမှန် သိနိုင်သောဘဝသည် အလွန်နည်းပါးလှ၏၊

ဘဝထောင်, သောင်းတွင် သိနိုင်သောဘဝ တစ်ကြိမ်တစ်ခါမျှ အလွန်ကြုံကြိုက်ခဲလှ၏၊

ဤအရာ၌ သင်္ခါရလမ်းနှင့်ဓမ္မတာလမ်းနှစ်ပါးတို့၏အားရှိ, အားမဲ့ကို သိနိုင်ရန် ဥပမာကား- ဂင်္ဂါမြစ်ရေမှာ စုန်လမ်း, ဆန်လမ်းဟူ၍ နှစ်လမ်းရှိ၏၊ ဓမ္မတာလမ်း, သင်္ခါရလမ်းဟူ၍လည်း နှစ်လမ်းရှိ၏၏

ထိုနှစ်လမ်းတွင်- စုန်လမ်းဆိုသည်ကား- နိမ့်သည်ထက်နိမ့်ရာ သို့စီးသွားမှု, လျှောကျမှုပေတည်း၊ ဆန်လမ်းဆိုသည်ကား- အထက်မြစ် ညာသို့ ဆန်တက်မှုပေတည်း။

စုန်လမ်းသည် ဓမ္မာတာလမ်းမည်၏၊ အဆီးအတားမရှိခဲ့သော် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှ ရပ်တန့်၍နေနိုင်သောလမ်းမျိုး မဟုတ်၊ ထိုမြစ်ရေသည် အောက်မြစ်စဉ်တစ်လျောက်သို့ မရပ်မနား စီးသွားပြီးလျှင် ကမ်းမမြင်သော ပင်လယ်ပြင်ကြီးသို့ ဆိုက်ရောက်၍ တစ်ဝဲလည်လည်နေရလေတော့သည်။

[ဤကား- ဂင်္ဂါမြစ်ရေ၏ ဓမ္မတာလမ်းကိုပြဆိုချက်တည်း။] သင်္ခါရလမ်းဆိုသည်ကား။ ထိုမြစ်ရေကို အညာသို့ ဆန်တက်စေရန်လှော်မှု, ပက်မှု, ခပ်မှု, ပိတ်မှုများ ပေတည်း၊ ထိုအမှုများကို ပြုမှပင်ဆန်တက်၏၊ ဆန်တက်သော်လည်း ထိုပြုပြင်မှု၏ အရှိန်ရှိသမျှ သာလျှင်ဆန်တက်၏၊ အရှိန်ကုန်လျှင် စုန်မြဲ, မျောမြဲဓမ္မတာအတိုင်းသာ စုန်လေ, မျောလေ၏၊

သံသရာကြောင်းကြီးသည် ဂင်္ဂါမြစ်ကြောင်းနှင့်တူ၏၊ အပါယ်ဘုံ ကြီးသည် ကမ်းမမြင်သော ပင်လယ်ကြီးနှင့် တူ၏၊ ပုထုဇဉ်သတ္တဝါတို့၏ ခန္ဓာတွေသည် ဂင်္ဂါမြစ်ရေသည် ကမ်းမမြင်သော ပင်လယ်ရေပြင်ကြီးသို့ ရောက်သောအခါ ပင်လယ်ကြီး၌သာတစ်ဝဲလည်လည် စီးသွား၍ နေလေဘိသကဲ့သို့ ဤခန္ဓာတွေသည်လည်းအပါယ်ဘုံ အပါယ်ဘဝသို့ ကျရောက်သောအခါ အပါယ်ဘုံကြီးအတွင်း၌သာ ဘဝအဆင့်ဆင့် ဖြစ်ပွား၍ နေရတော့သည်။

အကြောင်းမူကား။ ထိုခန္ဓာအစဉ်မှာ အနီးအစပ်ဖြစ်သော ဘဝတို့၌ ဖြစ်ခဲ့သော အကုသိုလ်ကံမျိုးသိန်း, သန်း, ကုဋေ, အသင်္ချေ များစွာပါရှိလျက် နေသည်ကတစ်ကြောင်း, အပါယ်ဘဝတို့၌လည်း အကုသိုလ်ကံတရား နေ့စဉ်ဖြစ်ပွားသဖြင့် ထိုအပါယ်ဘုံဘဝ၌ဖြစ်သော အကုသိုလ်ကံသစ်တွေ တစ်ဘဝထက် တစ်ဘဝပွားများ၍ သွားသည် တစ်ကြောင်း ထိုအကြောင်းများကြောင့် ထိုခန္ဓာမှာ ''အပရာပရိယ ဝေဒနီယ'' ကုသိုလ်ကံဟောင်းများ ပါရှိသော်လည်း ထိုကံဟောင်းများ အခွင့်ရနိုင်ရန် အလွန်ဝေးကွာလျက် ရှိလေ၏၊

[ဤကား-လူ, နတ်, ဗြဟ္မာ, ပုထုဇဉ် သတ္တဝါတို့၏ခန္ဓာကြီး ငယ် သည် သုခမျိုးမဟုတ်၊ အလွန်ကြီးကျယ်သောဒုက္ခမျိုးသာဖြစ်သည်ဟု ဒုက္ခအချက်ကြီးကိုပြဆိုပုံတည်း။]

ဤတွင်-ဒုက္ခကြီးမားပုံ ပြဆိုခန်းပြီး၏၊

စွဲလမ်းမှု, ထင်မြင်မှုပြဆိုခန်း

အတ္တစွဲလမ်းမှု၏အပြစ်, အတ္တထင်ဲမြင်မှု၏အကျိုးကို ပြဆိုးရာ၏၊ စွဲလမ်းမှုသည် သုံးပါးရှိ၏

၁။ တဏှာ၏စွဲလမ်းမှု တစ်ပါး,

၂။ မာန၏၏စွဲလမ်းမှု တစ်ပါး,

၃။ ဒိဋ္ဌိ၏စွဲလမ်းမှု တစ်ပါး ဟူ၍ သုံးပါးရှိ၏၊

ထိုသုံးပါးတို့တွင်

တဏှာ၏စွဲလမ်းမှုမည်သည်ကား။ ငါ၏ကိုယ်အင်္ဂါ, ငါ၏ ဦးခေါင်းအင်္ဂါ, ငါ၏ခြေအင်္ဂါ, ငါ၏လက်အင်္ဂါ, ငါ၏မျက်စိအင်္ဂါ, ငါ၏နား အင်္ဂါစသည်ဖြင့်၎င်း၊ ငါ၏အမိ,ငါ၏အဘ, ငါ၏မယား, ငါ၏သား, ငါ၏ သမီး စသည်ဖြင့်၎င်း၊ ငါ၏နွား,ငါ၏ကျွဲ,ငါ၏မြင်း စသည်ဖြင့်၎င်း၊ ငါ၏အိမ်, ငါ၏တိုက်, ငါ၏လယ်, ငါ၏ယာ, ငါ၏ရွှေ, ငါ၏ငွေ စသည်ဖြင့် ၎င်း၊ မိမိကိုယ်ကို အပိုင်အရှင်ပြု၍ ကိုယ်အင်္ဂါ, ဦးခေါင်း အင်္ဂါစသည်တို့ကို ပိုင်နိုင်ရာ ဥစ္စာပြု၍ စွဲလမ်းမှုသည် တဏှာ၏စွဲလမ်းမှုမည်၏၊

မာန၏စွဲလမ်းမှုမည်သည်ကား။

ဤကိုယ်အင်္ဂါသည်

ပင်လျှင် ငါဖြစ်၏, ဤဦးခေါင်းသည်ပင်လျှင် ငါဖြစ်၏-စသည်ဖြင့် မိမိကိုယ်အင်္ဂါ၌ ထောင်ထောင်လွှားလွှား ငါတကား-ဟု စွဲလမ်းမှုသည် မာန၏စွဲလမ်းမှုမည်၏၊

ဒိဋ္ဌိ၏စွဲလမ်းမှုမည်သည်ကား။ ဤကိုယ်အင်္ဂါသည်ပင်လျှင် ငါ၏အနှစ်သာရ အတ္တဖြစ်၏-စသည်ဖြင့် ကိုယ်ခန္ဓာကို အမာခံအနှစ် သာရ အတ္တအနေနှင့်စွဲလမ်းမှုသည် ဒိဋ္ဌိ၏စွဲလမ်းမှုမည်။

ထိုသုံးပါးသော စွဲလမ်းမှုတို့တွင်

တဏှာ၏ စွဲလမ်းမှုသည် လျော့သေး၏၊ မိမိကိုယ်ခန္ဓာမှ အပ ဝထ္ထုများသို့ ထွက်၍ စွဲလမ်း၏၊

မာန၏ စွဲလမ်းမှုသည် တဏှာ၏ စွဲလမ်းမှုထက် တင်းကြပ်၏၊

အပဝထ္ထုသို့ မထွက်ပြီ။

ဤမာန၏ စွဲလမ်းမှုထက် ဒိဋ္ဌိ၏ စွဲလမ်းမှုသည် အလွန်တင်း ကြပ်၏၊

ဥပမာကား။ မာန၏ စွဲလမ်းမှုသည် ဂင်္ဂါရေနှင့် ယမုနာရေကို တစ်ခုတည်းဖြစ်အောင် ရောနှောသကဲ့သို့ ငါနှင့်ခန္ဓာကိုယ် တစ်ခုတည်း ဖြစ်အောင် ရောနှောခြင်းမျှသာ ဖြစ်၏၊

ဒိဋ္ဌိ၏ စွဲလမ်းမှုသည်။ ခဲနှင့် ငွေကို၎င်း, တစ်ခုတည်းဖြစ်အောင် ရောနှောရာ၌ ခဲသည်ကား-အကာမျှသာ ဖြစ်၏၊ ရွှေ, ငွေသည်ကား အနှစ်သာရ ဖြစ်၏-ဟုဆိုသကဲ့သို့ ငါသည်ကား-အကာကဲ့သို့ဖြစ်၏၊ ငါ၏ရုပ်ခန္ဓာ, နာမ်ခန္ဓာသည်ကား-ငါ၏အနှစ်သာရ အတ္တဖြစ်၏-ဟု စွဲလမ်းမှုဖြစ်၏၊

ဤဒိဋ္ဌိ၏ စွဲလမ်းမှုသည် မာန၏ စွဲလမ်းမှု, တဏှာ၏ စွဲလမ်းမှု ထက် အလွန်တင်းကြပ်၏၊ ခင်တွယ်မှု အပေါင်းတို့တင် ကမ်းကုန်, လမ်းကုန်-ခင်တွယ်ခြင်းဖြစ်၏၊ ထို့ကြောင့်''အတ္တသမာ ပေမာ နတ္ထိ'' ဟု ဆိုရိုးကြီးရှိကြ၏၊

[ဤကား-အတ္တစွဲလမ်းမှု၏ နက်နဲပုံ, နက်နဲချက်တို့ကို ပြဆိုခြင်းတည်း။]

ဤမျှလောက် နက်နဲသော စွဲလမ်းမှုဖြင့် မိမိခန္ဓာကိုယ်ကို, ငါ၏အတ္တ-ဟု အခိုင်အမြဲ စွဲလမ်းမှုသည် မိမိ၏အလိုကို လုံးလုံး လွတ် ထား၍ ခန္ဓာ၏ အလိုကိုသာ ငါလိုက်မည်-ဟု သံသရာစာချုပ်ကြီး ချုပ် လုပ်မှုဖြစ်၏၊ ထိုသံသရာ စာချုပ်ကြီးအတိုင်း ခန္ဓာ၏အလိုကို လိုက်စား၍ နေကြသည့်အတွက် မိမိကိုယ်ခန္ဓာ သွားရာဓမ္မတာ လမ်းကြီးသို့ ယနေ့ထက်တိုင် လိုက်ပါ၍နေကြကုန်၏၊

ထိုသံသရာစာချုပ်ကြီးသည် အဘယ်မျှလောက် ခိုင်မြဲသနည်း ဟူမူကား-အပယ်လေးဘုံ၌ ကျရောက်နေကြကုန်သော သတ္တဝါတိုကို အဘယ်သူပစ်ချ၍ ရောက်ကျလေသနည်းဆိုသော်...အဘယ်သူ တစ်ဦးတစ်ရောက်မျှ ပစ်ချနိုင်သည်မဟုတ်၊ မိမိကိုယ်ခန္ဓာသာလျှင် ပစ်ချ၍ ကျရောက်ကြလေကုန်၏၊ အစီစိငရဲထဲမှာ အနှစ်တစ်သိန်း, နှစ်သိန်းစသည်ဖြင့် နစ်မြုပ်၍နေကြသော သတ္တဝါတို့ကိုလည်း အဘယ်သူ တစ်ယောက်မျှ ပစ်ချရသည် မဟုတ်၊ မိမိကိုယ်ခန္ဓာသည်သာလျှင် ပစ်ချရသည်။

ထိုငရဲ၌ အနှစ်တစ်သိန်း, နှစ်သိန်းစသည်ဖြင့် အလွန်ကာလ ရှည်ကြာစွာ လောင်ထားမှုသည်လည်း သူတစ်ပါး လှောင်ထားသည် မဟုတ်၊ မိမိကိုယ်ခန္ဓာသည်ပင်လျှင် လှောင်ထား၏၊ ထိုငရဲသားတို့သည် ထိုမျှလောက်နှိပ်စက်တတ်သော ခန္ဓာကိုယ်ပင်လျှင် အပြစ်မထင်နိုင်၊ ထိုစာချုပ်ကိုမဖျက်နိုင်၊ ငါ၏အတ္တ, ငါ၏အတ္တ-ဟု မိမိခန္ဓာကိုယ်ကိုပင် အခိုင်အမြဲ စွဲလမ်းလျက်ပင်ရှိ၏၊

ဤစကားရပ်ဖြင့် မိမိတို့မှာ မိမိတို့၏ခန္ဓာကိုယ်ထဲသို့ ကြီးကျယ် သော ရန်သူဟူ၍မရှိ၊ မိမိတို့၏ခန္ဓာသာလျှင် မိမိတို့မှာ အကြီးကျယ် ဆုံးသော ရန်သူဖြစ်၏-ဟုထင်ရှားလေ၏၊ ထို့ကြောင့် ''အတ္တသမာ ဝေရီနာမ နတ္တိ'' ဟုဆိုရိုးကြီးရှိ၏၊

(ဤကား-အတ္တစွဲလမ်းမှုကြီး၏ အပြစ်ကြီးပုံကို ပြဆိုချက်တည်း)

အကြင်အခါ၌ အနတ္တဉာဏ်သည် ပေါက်ရောက်၏၊ ထိုအခါ၌ အတ္တဒိဋ္ဌိသည် အကြွင်းမဲ့ချုပ်ငြိမ်း၏၊ အတ္တဒိဋ္ဌိချုပ်ငြိမ်းသည်နှင့် တစ်ပြိုင် နက် အနမတဂ္ဂသံသရာ၌ အတ္တ၏ သိမ်ပိုက်ချက်တွင် ထိုခန္ဓာမှာ အစဉ်ပါရှိ၍ နေကြကုန်သော ဒုစရိုက်ကံဟောင်းပေါင်းအနန္တတို့သည် အကုန်ချုပ်ငြိမ်ကြရကုန်၏၊ အတ္တဒိဋ္ဌိကို အကြီးအမှုးပြု၍ ထိုခန္တာမှာ သောင်းကျန်း၍ နေကြကုန်သော ကိလေသာ အပေါင်းတို့သည်လည်း ကမ္မပထ မြောက်လောက်အောင် ထကြွသောင်းကျန်းခြင်း မရှိကြကုန်ပြီ။

ထိုအခါမှစ၍ ဤခန္ဓာကြီးမှာ အောက်သို့လျှောကျခြင်း-ဟူသော ဓမ္မတာလမ်းကြီး ကွယ်ဆုံးလေ၏၊ အထက်သိုဆန်တက်ခြင်း-ဟူသော သင်္ခါရလမ်းကြီးသည် အတည်အမြဲဖြစ်၍ ထိုသတ္တဝါသည် တစ်ဘဝထက် တစ်ဘဝ, မြတ်သည်ထက် မြတ်ရာ, မြင့်သည်ထက် မြင့်ရာသို့သာ ဆန် တက်သွားလေတော့၏၊

(ဤကား-အနတ္တဉာဏ်ပေါက်ရောက်မှု၏ အကျိုးကြီးပုံကို ပြဆိုချက်တည်း။)

-------*------

သံသရာပြဆိုခန်း

သံသရာဒုက္ခမှ ကျွတ်လွတ်ခြင်း, ထွက်မြောက်ခြင်းတို့ကို ဆိုပေအံ့။

ဤစကား၌

၁။ သံသရာသည်ရှိ၏,

၂။ သံသရာဝဋ်သည်ရှိ၏,

၃။ သံသရာဝဋ်ဒုက္ခသည်ရှိ၏,

၄။ သံသရာဝဋ်ဒုက္ခမှ ကျွတ်ခြင်းသည်ရှိ၏၊

ထိုလေးပါးတို့တွင်

၁-သံသရာဆိုသည်ကား။။တစ်ယောက် တစ်ယောက် သော သတ္တဝါ-ဟုခေါ်ဝေါ်အပ်သော ခန္ဓာ, အာယတန, ဓာတ်တို့၏ အနမတဂ္ဂ သံသရာကာလ၌ ဘဝအဆက်ဆက်, ကမ္ဘာအဆက်ဆက်အားဖြင့် မပြတ်မလပ် ဆက်လက်ဖြစ်ပွားလျက်နေသောအစဉ်သည် သံသရာ မည်၏၊

ထိုသံသရာသည်

၁။ အောက်သံသရာ,

၂။ အလယ်သံသရာ,

၃။ အထက်သံသရာ-ဟူ၍သုံးကြောင်း သုံးသွယ် ရှိ၏၊

အပါယ်သံသရာ, ကာမသုဂတိ သံသရာ, ဗြဟ္မာ သံသရာဟူ၍လည်းဆို၏၊

ထိုသုံးပါးတို့တွင်

အပါယ်လေးဘုံနယ်ပယ်ကြီးသည် အောက်သံသရာမည်၏၊

လူ့ပြည်နှင့် နတ်ပြည် ခြောက်ထပ်သည် အလယ်သံသရာမည်၏၊

ဗြဟ္မာ့ပြည် နှစ်ဆယ်သည် အထက်သံသရာမည်၏၊

[ဤကား- သံသရာသုံးကြောင်းကို ပြဆိုချက်တည်း။]

၂။ သံသရာဝဋ်ဆိုသည်ကား

၁။ ကိလေသဝဋ်တစ်ပါး,

၂။ ကမ္မဝဋ်တစ်ပါး,

၃။ ဝိပါကဝဋ်တစ်ပါး- ဟူ၍ သုံးပါးရှိ၏၊

ထိုသုံးပါးသည်လည်း

၁။ အောက်သံသရာကြီး၏ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုး,

၂။ အလယ် သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုး,

၃။ အထက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုးဟူ၍ သုံးမျိုး သုံးလီရှိ၏၊

ထိုသုံးပါးတို့တွင်

အောက် သံသရာကြီး၏ဆိုင်ရာဖြစ်သော -ဝဋ်သုံးပါး၌ကိလေသဝဋ်ဆိုသည်ကား။ ။အတ္တဒိဋ္ဌိကြီးကိုဆို၏၊

ကမ္မဝဋ်ဆိုသည်ကား။။တစ်ယောက်သော သတ္တဝါ၏ သဏ္ဌာန်မှာ ရှေးရှေးသော ဘဝအနန္တတို့၌၎င်း, ယခုဘဝ၌၎င်း, အမိုက် အမှားဖြစ်ပွါးခဲ့၍ အတ္တဒိဋ္ဌိ၏ သိမ်းပိုက်ချက်ဖြင့် အတ္တဒိဋ္ဌိ၏ လက် ဆုပ်ထဲတွင် ယနေ့ထက်တိုင် ပါရှိ၍နေကြကုန်သော အပါယ်လား ကြောင်း အကုသိုလ်ကံဟောင်း အနန္တတို့သည်လည်းရှိကုန်၏၊ နောက် အတ္တဒိဋ္ဌိ ရှိနေသမျှ ကာလပတ်လုံး ထိုအတ္တဒိဋ္ဌိမှ ဖြစ်ပွါးလတံ့ကုန်သော အပါယ်လားကြောင်း အကုသိုလ်ကံပေါင်း အနန္တကို ကမ္မဝဋ်ဆို၏၊

ဝိပါကဝဋ်ဆိုသည်ကား။ ။ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဟုဆိုအပ်သော အပါယ်လေးဘုံသားတို့၏ ခန္ဓာကိုယ်တွေကို ဝိပါကဝဋ်ဆို၏၊

အဘယ်ကြောင့် အတ္တဒိဋ္ဌိကို အပါယ်သံသရာကြီး၏ဆိုင်ရာ ဖြစ်သော ကိလေသဝဋ်-ဟူ၍ ဆိုသနည်းဟူမူကား-ထိုအတ္တဒိဋ္ဌိရှိ နေသောသူသည် လူ့ဘုံ, လူ့ဘဝမှာဖြစ်နေသော်လည်း အပါယ်ဘုံသို့ တလဲလဲသာကျ ရောက်ရ၏၊ ထို့အတူ-နတ်ဘုံ နတ်ဘဝ, ဗြဟ္မာ့ဘုံ ဗြဟ္မာ့ဘဝဖြစ်နေသော်လည်း အပါယ်ဘုံသို့ တလဲလဲသာကျ ရောက်ရ၏၊ ထို့ကြောင့် အတ္တဒိဋ္ဌိကို အပါယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ကိလေသဝဋ်ဆိုသတည်း။

အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ကိလေသဝဋ်ဆို သည်ကား ကာမတဏှာကြီးကိုဆို၏၊

ကာမတဏှာဆိုသည်ကား

၁။ မျက်စိအရသာ အကောင်းကြိုက်မှုကြီးတစ်ပါး,

၂။ နားအရသာ အကောင်းကြိုက်မှုကြီးတစ်ပါး,

၃။ နှာခေါင်းအရသာ အကောင်းကြိုက်မှုကြီးတစ်ပါး,

၄။ လျှာအရသာ အကောင်းကြိုက်မှုကြီးတစ်ပါး,

၅။ ကိုယ်အင်္ဂါ အရသာ အကောင်းကြိုက်မှုကြီးတစ်ပါး,

ဤအကောင်းကြိုက်မှုကြီး ငါးပါးတို့ကို ကာမတဏှာကြီး-ဟု ဆို၏၊ ကာမဂုဏ်ငါးပါးတို့၌ သာယာမက်မောမှုကြီး ငါးပါးတို့ပေတည်း။ အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ကမ္မဝဋ်ဆိုသည်ကား-လူ့ချမ်း သာ, နတ်ချမ်းသာကို တောင့်တ၍ ပြုအပ်သော ဒါနမှု, သီလမှု, ဘာဝနာမှုတို့ကို အလယ်သံသရာကြီး၏ဆိုင်ရာဖြစ်သော ကမ္မဝဋ်ဆို၏၊ ထိုကမ္မဝဋ်သည်လည်း ကံဟောင်း, ကံသစ်နှစ်မျိုးရှိ၏၊

အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝိပါကဝဋ်ဆိုသည်ကား လူ့ဘုံသား, နတြ်ပည်ခြောက်ထပ် နတ်ဘုံသားတို့၏ ခန္ဓာတွေကို ဝိပါက ဝဋ်ဆို၏၊

အဘယ်ကြောင့် ကာမတဏှာကြီးကို အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ကိလေသဝဋ်-ဟူ၍ ဆိုသနည်းဟူမူကား- ထိုကာမ တဏှာနုသယကြီးရှိနေသောသူသည် အထက်ဘဝဂ်ဘုံမှာ ဖြစ်နေသော် လည်း အောက်လူ့ဘုံ, နတ်ဘုံတို့ကို တလဲလဲသာကျရောက်ရ၏၊ ထို့ကြောင့် ကာမတဏှာနုသယကြီးကို အလယ်သံသရာကြီး၏ ဆိုင်ရာ ဖြစ်သော ကိလေသဝဋ်- ဆိုသတည်း။

နောက်၌လည်း ထို့အတူပင်တည်း။

အထက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ကိလေသဝဋ်ဆို သည်ကား-ဘဝတဏှာကြီးကိုဆို၏၊

ဘဝတဏှာကြီးကိုဆိုသည်ကား

၁။ ဗြဟ္မာတို့၏ သန္တာန်၌ရှိသော စျာန်, အဘိညာဉ်, သမာပတ်ဟု ဆိုအပ်သော ကမ္မဘဝ၌ သာယာသော တဏှာတစ်ပါး,

၂။ ထိုကမ္မဘဝ၏ အကျိုး တန်ခိုးဣဒ္ဓိပါဒ်တို့၌် သာယာသော တဏှာတစ်ပါး,

ဤတဏှာနှစ်ပါးကို အထက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ကိလေသဝဋ်ဆို၏၊

ကမ္မဝဋ်ဆိုသည်ကား-ပထမစျာန်ကုသိုလ်, ဒုတိယစျာန်ကုသိုလ်, အစရှိသော ရူပကုသိုလ်ငါးပါး, အရူပကုသိုလ်လေးပါး, ဤမဟဂ္ဂုတ် ကုသိုလ်ကိုးပါးကို ကမ္မဝဋ်ဆိုသည်။

ဝိပါကဝဋ်ဆိုသည်ကား-ရူပဗြဟ္မာ, အရူပဗြဟ္မာတို့၏ ခန္ဓာကိုယ် ကို ဝိပါကဝဋ်ဆို၏၊

[ ဤကား-ဝဋ်သုံးပါး သုံးလီကို ပြဆိုချက်တည်း ]

၃။ သံသရာဝဋ်ဒုက္ခဆိုသည်ကား

၁။ ဇာတိဒုက္ခတစ်ပါး,

၂။ ဇရာဒုက္ခတစ်ပါး,

၃။ မရဏဒုက္ခတစ်ပါး,

၄။ သောကဒုက္ခတစ်ပါး,

၅။ ပရိဒေဝဒုက္ခတစ်ပါး,

၆။ ဒုက္ခ, ဒုက္ခတစ်ပါး,

၇။ ဒေါမနဿဒုက္ခတစ်ပါး,

၈။ ဥပယာသဒုက္ခတစ်ပါး,

၉။ အပိယ သမ္ပယောဂဒုက္ခတစ်ပါး,

၁၀။ ပိယ ဝိပ္ပယောဂဒုက္ခတစ်ပါး,

၁၁။ ဣစ္ဆာဝိဃာတဒုက္ခတစ်ပါး,

ဤဆယ်တစ်ပါးသော အချက်ကြီးတို့ကို သံသရာဝဋ်ဒုက္ခ ဟုဆို၏၊

[ထိုသံသရာဝဋ်ဒုက္ခ၏ အကျယ်ကိုမူကား-ဒုက္ခသစ္စာမှာ သစ္စနိဒ္ဒေ၌လေ။]

ထိုသံသရာဝဋ်ဒုက္ခသည်လည်း

၁။ အောက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော သံသရာဝဋ် ဒုက္ခတစ်မျိုး,

၂။ အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော သံသရာဝဋ် ဒုက္ခတစ်မျိုး,

၃။ အထက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော သံသရာဝဋ် ဒုက္ခတစ်မျိုးဟူ၍ ထိုက်သည့်အားလျော်စွာ သုံးမျိုးစီ ရှိကြ၏

[ ဤကား-သံသရာဝဋ်ဒုက္ခသုံးမျိုးကို ပြဆိုချက်တည်း။ ] ဤတွင်-သံသရာပြဆိုခန်းပြီး၏၊

-----*---

နိဗ္ဗာန်ပြဆိုခန်း

သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်ခြင်းဆိုသည်ကား- နိဗ္ဗာန်ကို ဆိုသတည်း။

ထိုနိဗ္ဗာန်သည်လည်း

၁။ ပထမနိဗ္ဗာန်,

၂။ ဒုတိယနိဗ္ဗာန်,

၃။ တတိယနိဗ္ဗာန်- ဟူ၍ သုံးပါးရှိ၏၊

ထိုသုံးပါးတို့တွင်

ပထမနိဗ္ဗာန်ဆိုသည်ကား။။ အပါယ်သံသရာ၏ ဆိုင်ရာ ဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ပထမနိဗ္ဗာန်ဆို၏၊

ဒုတိယနိဗ္ဗာန်ဆိုသည်ကား။။ လူ့ဘဝ, နတ်ဘဝ အဆက် ဆက်ဟုဆိုအပ်သော အလယ်သံသရာကြီး ၏ ဆိုင်ရာဖြစ်သော ဝဋ်ဒုက္ခ တို့၏ နောင်ဖြစ်ဖေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ဒုတိယ နိဗ္ဗာန်ဆို၏၊

တတိယနိဗ္ဗာန်ဆိုသည်ကား။ ။ ရူပ, အရူပ ဗြဟ္မာ့ဘဝ အဆက်ဆက်ဟုဆိုအပ်သော အထက်သံသရာကြီး၏ဆိုင်ရာဖြစ်သော ဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ဖေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို တတိယနိဗ္ဗာန်ဆို၏၊

ထိုသုံးပါးတို့တွင်-မိမိခန္ဓာ၌ အနတ္တဉာဏ်အမြင်ပေါက်ရောက်၍ အတ္တဒိဋ္ဌိအကြွင်းအကျန်မရှိ ချုပ်ငြိမ်းပြီး သောသူသည် ခပ်သိမ်းသော ဒိဋ္ဌိအမှောက်အမှားတို့မှလည်း ကျွတ်လွတ်ကြလေ၏၊ ခပ်သိမ်းသော အပါယ်လားကြောင်း မကောင်းမှု ကံဟောင်း, မကောင်းမှု ကံသစ်တို့မှ လည်းကျွတ်လွတ်ကြလေ၏၊ နောင်အပါယ်သံသရာ၌ ဖြစ်လတံ့သော အပါယ်ခန္ဓာ, အပါယ်ဘဝအနန္တတို့မှလည်း အတ္တဒိဋ္ဌိ ကျွတ်လွတ်သည်နှင့် တစ်ပြိုင်နက် အကြွင်းအကျန် မရှိ ကျွတ်လွတ်ကြလေ၏၊ ထိုသူများ၏ ခန္ဓာအစဉ်မှာ အပါယ်ဘုံ, အပါယ်ဘဝ, အောက်ဘုံ, အောက်ဘဝသို့ လျှောကျမြဲဓမ္မတာ လမ်းကြီးသည်လည်း ကွယ်ပျောက် လေ၏၊ မိမိအလိုရှိရာ သုဂတိဘုံဘဝမြင့်သည်ထက် မြင့်ရာ ဘဝအဆက် ဆက်သို့ ဆန်တက်ခြင်းဟူသော ဓမ္မတာလမ်းသစ်ကြီး တစ်ခုတည်းသာ တည်ရှိလေ၏၊ လူ့ဘုံ, လူ့ဘဝတွင်လည်း သီလ, သိက္ခာ, အလိမ္မာယုတ် ညံ့သော လူ့ဘဝ, စည်းစိမ်ချမ်းသာ ကိုယ်အင်္ဂါယုတ်ညံ့သော လူ့ဘဝတို့မှ လည်းကျွတ်လွတ်လေ၏၊ သီလ, သိက္ခာ, အလိမ္မာ၏ကြီးမြတ်သော လူ့ဘဝ, စည်းစိမ်ချမ်းသာ ကိုယ်အင်္ဂါမြင့်မြတ်သော လူ့ဘဝတို့၌သာ ဖြစ်ရလေ၏၊ နတ်ဘုံ, နတ်ဘဝတို့၌လည်း ထို့အတူပင်တည်း၊ ထိုပထမ နိဗ္ဗာန်၌တည်သောသူသည် ပုထုဇဉ်အဖြစ်မှ ကျွတ်လွတ်၍ အရိယာ အဖြစ်၌တည်လေ၏၊ လောကီဘုံသားအဖြစ်မှ ကျွတ်လွတ်၍ လောကုတ္တရာဘုံသားအဖြစ်၌ တည်လေ၏၊ ပထမနိဗ္ဗာန်ဘုံသားအဖြစ်၌ တည်လေ၏၊ ထိုသူသည် လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံတို့၌ ဘဝများစွာ, ကမ္ဘာများစွာ သံသရာ၌ ကျင်လည်ရငြားသော်လည်း သံသရာအယဉ်၌ မြုပ်သောသွားခြင်း, မျောသောသွားခြင်းဟူ၍ မရှိလေပြီ။ အတ္တဒိဋ္ဌိရှိနေကြသောသူတို့၏ သံသရာ၌ ကျင်လည်ခြင်းသည် မြစ်ရေအယဉ်၌ ကျရောက်ခြောက်သွေ့သော သစ်တုံးကဲ့သို့ မြုပ်သော ကျင်လည်ခြင်း, မျောသောကျင်လည်ခြင်းဖြစ်လေ၏၊ အတ္တဒိဋ္ဌိ အကြွင်းအကျန်မရှိ ကျွတ်လွတ်ကုန်သောသူတို့၏ ကျင်လည်ခြင်းမှာ မူကား-မြုပ်သော ကျင်လည်ခြင်း, မျောသောကျင်လည်ခြင်းလည်း မဟုတ်၊ မြစ်ရိုးမြစ်စဉ်တလျှောက်၌ သင်္ဘောကြီးငယ်တို့သည် အလိုရှိရာ မြစ်ရိုးမြစ်စဉ် တလျှောက်သို့သွားလာ၍ နေဘိသကဲ့သို့ မိမိတို့အလိုရှိရာ သုဂတိဘုံဘဝတလျှောက်သို့ သွားလာ၍သာ နေကြကုန်၏၊ ဖြစ်လေရာ ဘုံဘဝ၌လည်း လောကီချမ်းသာ, လောကုတ္တရာချမ်းသာနှစ်ပါးကို အစုံခံစားရလေ၏၊ လူဖြစ်သောဘဝ၌ လူ့ချမ်းသာ, နိဗ္ဗာန်ချမ်းသာဟု ဆိုအပ်သော ချမ်းသာနှစ်ပါးကို အစုံခံစားရလေ၏၊

[ထိုတွင်-လူ့ချမ်းသာကို ခံစားမှုကား ထင်ရှားသိသာပြီ။]

နိဗ္ဗာန်ချမ်းသာကို အဘယ်သို့ ခံစားသနည်းဟူမူကား- ဒုစရိုက် မှုကို ပြုကျင့်၍နေသော သူများကို မြင်ရ, ကြားရသည်ရှိသော် ဤသူများ သည် ဒုစရိုက်အမှုကို ပြကြပေ၏၊ အပါယ်သို့ ကျရှာကြရလိမ့်မည်။ ငါ့မှာကဲ့သို့သော ဒုစရိုက်မှ ဘဝအဆက်ဆက် လွတ်ငြိမ်းပေပြီဟု ဝမ်း မြောက်ခြင်း ကြီးစွာဖြစ်ရလေ၏၊ ခွေး, ဝက်, ကြက်, ငှက်အစရှိသော အပါယ်ဘုံသား သတ္တဝါများကို တွေ့မြင်ရာ၌ ဤသတ္တဝါများသည် ဆင်းရဲတွင်းကြီး နက်နဲလေစွ၊ ငါ့မှာဤကဲ့သို့သော အပါယ်ဆင်းရဲ ဒုက္ခမှလွတ်ငြိမ်းပေပြီဟု ဝမ်းမြောက်ခြင်းကြီးစွာ ဖြစ်ရလေ၏၊

[ဤကား-နိဗ္ဗာန်ချမ်းသာကို ခံစားရပုံတည်း]

ဤ၌ လောကီချမ်းသာမှာ မျက်မြင်ဒိဋ္ဌဖြစ်ကြ၍ အလွန်ကြီး ကျယ်ကောင်းမြတ်သည်ဟု ထင်တတ်ကြ၏၊ နိဗ္ဗာန်ချမ်းသာမှာ လွတ်ငြိမ်း မှုဖြစ်၍ အထည်ဝတ္ထုကို မမြင်ရသောကြောင့် ကြီးမြတ်သည်ဟု မထင်တတ်ကြ၊ ထိုသို့ကား မဟုတ် လောကီချမ်းသာတို့ထက် လွတ်ငြိမ်းမှု ဟူသော နိဗ္ဗာန်ချမ်းသာသည် ကြီးကျယ်မြင့်မြတ်၏၊

လေးကျွန်းလုံးကို အစိုးရသော စကြမန္ဓာတ်မင်းတို့၏ စည်းစိမ် ချမ်းသာထက် ငရဲဘဝမှ အစဉ်ထာဝရ လွတ်ငြိမ်းမှုသည် အဆသိန်း, သန်း, ကုဋေမရေတွက်နိုင်အောင် ကြီးမြတ်၏၊ ထို့အတူ- နတ်မင်း, သိကြားမင်း, ဗြဟ္မာမင်းတို့၏ လောကီစည်းစိမ် ချမ်းသာထက် အဆသိန်း, သန်း, ကုဋေမရေတွက်နိုင်အောင် ကြီးမြတ်၏၊

မြတ်စွာဘုရား သာသနာတော်ကြီးကို တွေ့ကြုံလိုသည်ဟု

လွန်မင်းစွာ တောင့်တကြရာ၌ လောကီချမ်းသာအတွက်နှင့် တောင့်တ ကြရသည်မဟုတ်၊ ဤလွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာအတွက်နှင့်သာ တောင့်တကြရကုန်၏၊

[ဤကား- ပထမနိဗ္ဗာန်ဘုံသူ, ဘုံသားတို့၏

ပထမနိဗ္ဗာန်ချမ်းသာကို ခံစားရပုံတည်း။]

ဒုတိယနိဗ္ဗာန်၌ ။ ။ ကာမတဏှာကြီးကိုပယ်ဖြတ်ခြင်းငှါ လူ့ခန္ဓာ, နတ်ခန္ဓာတို့၏ ဒုက္ခအချက်တို့ကို ထင်လင်းစွာ ကြည့်ရှုရာ အနာဂါမိမဂ်ကိုရသဖြင့် ထိုကာမတဏှာကြီးသည် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းလေ၏၊

ကာမတဏှာကြီး ချုပ်ငြိမ်းသည်နှင့် တပြိုင်နက် ဗြဟ္မာအဖြစ်ကို ပေးနိုင်သော ကုသိုလ်ကမ္မဘဝတို့သည်လည်းကောင်း, ဗြဟ္မာ့ခန္ဓာ အဆက်ဆက်တို့သည်လည်းကောင်း အကြွင်းအကျန်မရှိ ချုပ်ငြိမ်းကြ လေကုန်၏၊

လူ့ခန္ဓာ, နတ်ခန္ဓာတို့၏ ဒုက္ခအချက်ကို မြင်ရာ၌ ဥပမာကား မစင်ပုတ်သေတ္တာကြီးသည်ရှိလေရာ၏၊ ထိုသေတ္တာ၏ပြင်ပ၌အနီ, အဝါစသော ဆေးအမျိုးမျိုး, ပိုးဖဲ, ကတ္တီပါအစရှိသော အထည်အမျိုးမျိုး ခြယ်လယ်လျက်ရှိ၏၊ အတွင်း၌မူကား-မစင်ဘင်ပုပ်တွေအပြည့်ရှိ၏၊ ဘီလူးကြီး, သရဲကြီး, သဘက်ကြီး သုံးကောင်လည်းရှိ၏၊ အဆိပ် ထန်သောမြွေဆိုး, ကင်းဆိုးအမျိုးမျိုးလည်းရှိ၏၊ မစင်ဘင်ပုပ်ကို စား သောက်၍နေသော ပိုးမျိုးလည်း အပြည့်ရှိလေ ရာ၏၊

ဤဥပမာ၌ ကာမဘုံသားတို့၏ခန္ဓာသည် မစင်ဘင်ပုပ်တို့ဖြင့် ပြည့်သော သေတ္တကြီးငယ်နှင့်တူ၏၊ တဏှာ, မာန, ဒိဋ္ဌိသုံးပါးသည် သေတ္တာတွင်း၌ ရှိနေသောဘီလူးကြီး, သရဲကြီး, သဘက်ကြီး သုံးကောင် နှင့်တူ၏၊

ကျန်ရှိနေသော ကိလေသာ တရားများသည် သေတ္တာတွင်း ၌ရှိနေသော အဆိပ်ထန်သောမြွေဆဆိုး, ကင်းဆိုး အမျိုးမျိုးနှင့်တူ၏၊

[ဤကား- ဒုတိယနိဗ္ဗာန်ဘုံသူ, ဘုံသားတို့၏ လူ့ခန္ဓာ, နတ်ခန္ဓာတို့၌ ဒုက္ခထင်မြင်ပုံတည်း။ ]

တတိယနိဗ္ဗာန်၌။ ။ဘဝတဏှာကြီးကို ပယ်ဖျောက် ခြင်းငှါ ဗြဟ္မာခန္ဓာတို့၏ ဒုက္ခအချက်ကြီးကို ထင်လင်းစွာ ကြည့်ရှုကြ လေရာ၏၊

အရဟတ္တမဂ်ကို ရသဖြင့် ဘဝတဏှာကြီးသည် အကြွင်းအကျန် မရှိ ချုပ်ငြိမ်းလေ၏၊

ဗဟ္မာ့ခန္ဓာတို့၏ ဒုက္ခအချက်ကိုမြင်ရာ၌ ဥပမာကား ဖွဲသေတ္တာ ကြီးတစ်ခုသည် ရှိလေရာ၏၊ ထိုဖွဲသေတ္တာကြီး၏ ပြင်ပ၌ အနီ, အဝါ စသော ဆေးအမျိုးမျိုး, ပိုးဖဲ, ကတ္တီပါအစရှိသော အထည်အမျိုးမျိုး ခြယ်လယ်လျက်ရှိ၏၊ အတွင်း၌မူကား-ဖွဲကြမ်းတွေလည်းရှိ၏၊

ဘီလူးကြီး, သရဲကြီး, သဘက်ကြီး သုံးကောင်လည်းရှိ၏၊ အဆိပ်ထန်သောမြွေဆိုး, ကင်းဆိုးအမျိုးမျိုးလည်းရှိ၏၊ ဖွဲကြမ်းကို စားသောက်၍နေသော ပိုးမျိုးလည်းအပြည့်ရှိ၏၊

ဤဥပမာ၌ ဗြဟ္မာတို့၏ခန္ဓာသည် ဖွဲနု, ဖွဲကြမ်းတို့ဖြင့် ပြည့်သော သေတ္တာကြီးငယ်နှင့်တူ၏၊ တဏှာ, မာန, ဒိဋ္ဌိသုံးပါးတို့သည် ထိုသေတ္တာ တွင်း၌ရှိနေသော ဘီလူးကြီး, သရဲကြီး, သဘက်ကြီး သုံးကောင်နှင့်တူ၏၊ ထိုမှတစ်ပါးသော ကိလေသာ တရားများသည် သေတ္တာတွင်း၌ ရှိနေသော အဆိပ်ထန်သောမြွေဆိုး, ကင်းဆိုး အမျိုးမျိုးနှင့်တူ၏၊ ဇာတိ, ဇရာ,မရဏဒုက္ခများသည် ထိုသေတ္တာအတွင်း၌ ဖွဲနု, ဖွဲကြမ်းတို့ကို စားနေကြသော ပိုးနှင့်တူ၏၊ ဗြဟ္မာ့ခန္ဓာသည် ဖွဲနု, ဖွဲကြမ်း တို့ဖြင့်ပြည့်သော သေတ္တာကြီးနှင့်တူပုံကား- ဖွဲကြမ်းမည်သည် ဘယ်ဟာမှ အသုံးမကျ၊ ပိုးစာ, မွှားစာ, မီးစာမျှသာဖြစ်လေ။၊ ထိုအတူ ဤသတ္တဝါများ သည် အနမတဂ္ဂ သံသရာ၌ ဘဝခန္ဓာကိုရခဲ့ကြသည်မှာ အနန္တရှိကြလေပြီ၊ သို့သော်အပါယ်ဝဋ်ဒုက္ခ အပေါင်းတွင် ယနေ့ထက်တိုင် အဘယ်ဝဋ် ဒုက္ခတစ်ခုကိုမျှ ပယ်ဖြတ်နိုင်ပြီဟု-မရှိသေး၊ ဇရာ, မရဏမီးစာမျှသာ ဖြစ်၍ကုန်ဆုံးခဲ့လေ၏၊ ထို့ကြောင့် ဗြဟ္မာ့ခန္ဓာသည် ဖွဲကြမ်းသေတ္တာ ကြီးနှင့်တူလှ၏၊

[ ဤကား- တတိယနိဗ္ဗာန်ဘုံသူ, ဘုံသားတို့၏ ဗြဟ္မာ့ ခန္ဓာတို့၌ ဒုက္ခထင်မြင်ပုံတည်း။ ]

ဤတွင်- နိဗ္ဗာန်ပြဆိုခန်းပြီး၏၊

-----*---

စဉ်းစားကြရန်အချက်ကြီး

ဤနိဗ္ဗာန်သုံးရပ်တို့တွင် ယခုအခါ ဗုဒ္ဓဘာသာ သာသနာတော် အတွင်း၌ ပထမနိဗ္ဗာန်ကိုရခြင်းငှါ အလွန်အရေး ကြီးလှ၏၊ ထိုနိဗ္ဗာန်ကို လည်း ယခုလူ့ဘဝ၌သော်လည်း ရနိုင်သော အခွင့်ကာလရှိနေ၏၊ နတ်ပြည်သို့ရောက်၍ နတ်ဘဝ၌သော်လည်း ရနိုင်သောအခွင့်ကာလ ရှိနေ၏၊ နတ်ပြည်သို့ရောက်၍ နတ်ဘဝ၌သော်လည်း ရနိုင်သော အခွင့်ကာလရှိနေ၏၊

ဘုရားသာသနာတော်ကြီးနှင့် တွေ့ကြုံပါလျက် ဤပထမနိဗ္ဗာန် ကိုမျှ မရရှိသော် ဗုဒ္ဓုပ္ပါဒ ဒုလ္လဘကို တွေ့ကြုံရပါလျက် လိုရင်းအကျိုးကို မရဘဲရှိကြလေ၏၊

ယခုကာလ၌ လူအများတို့သည် မိမိတို့ကိုယ်ကို ယခုဘုရား

သာသနာတော်အတွင်းမှာ နိဗ္ဗာန်ကို မရနိုင်ကြကုန်ပြီ၊ နောက် အရိ မေတ္တေယျ မြတ်စွာဘုရားသာသနာတော်သို့ ရောက်မှရနိုင်ကြလိမ့် မည်ဟု မှတ်ထင်လျက် ရှိကြကုန်၏၊ ထိုမှတ်ထင်ချက်သည် နိယတဗျာဒိတ် ရပြီးသော ပုဂ္ဂိုလ်တို့မှသာ မှတ်ထင်ချက်အတိုင်းရကုန်လတံ့၊ နိယတ ဗျာဒိတ်ကို မရဘူးသော အနိယတပုဂ္ဂိုလ်တို့မှာမူကား-မှတ်ထင်ချက် အတိုင်း ရနိုင်ကြရန် အလွန်ခဲယဉ်းလှ၏၊

ခဲယဉ်းပုံကား။ ယခုအခါ ဘုရားသာသနာ ကွယ်လွန်ပြီး သည့်နောက် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူရာကာလသည် အလွန်ဝေကွာလျက်ရိုသေး၏၊ လူ့ဘဝပေါင်း, နတ်ဘဝပေါင်း သိန်း, သောင်းများစွာ ကျင်လည်ကြရသော်လည်း ထိုမြတ်စွာဘုရားသာသနာ တော်သို့ ရောက်နိုင်ကြမည်မဟုတ်သေး၊ စပ်ကြား၌လည်း သာသနာပ အမိုက်တောကြီးမှာ ကျင်လည်ကြရလိမ့်မည်။

အတ္တဒိဋ္ဌိကြီး တင်းလင်းနှင့် ထိုအမိုက်တောကြီးအတွင်းမှာ ဘဝပေါင်းများစွာ ကျင်လည်ရသည်ရှိသော် အပါယ်ဘုံသို့ဘဝပေါင်း မည်မျှကျရလိမ့်မည် မသိ၊ အပါယ်ဘုံသို့ တစ်ကြိမ်တစ်ခါ ကျခဲ့ပြန်လျှင် လည်း ပြဆိုခဲ့ပြီးသော ခန္ဓာဓမ္မတာလမ်းကြီးအတိုင်း အပါယ်နယ်မှာပင် ဘဝပေါင်း သိန်း,သောင်းများစွာကျင်လည်၍ နေရသည်ရှိသော် ထို မြတ်စွာဘုရား သာသနာတော်နှင့်တွေ့ကြုံရန် အဝေးကြီးဝေးကွာ၍ နေကြရလိမ့်မည် မသိ။

[ဤကား-ပညာရှိတို့ အထူးစဉ်းစားကြရန် အချက်ကြီးပေတည်း။]

-------------*---------

ဤတွင်ရွေ့ကား---သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့၏ သဘာ, သမ္မာဒိဋ္ဌိဉာဏ်၏သဘောကို သိလိုပါသည်ဟု ''ရှင်ကုသလ'' လျှောက်ထား ချက်ကို ဖြေဆိုခြင်း အရင်းပြုသဖြင့်၎င်း, အထူးပြဆိုရာဖြစ်သော အနတ္တဒီပနီကျမ်းသစ်သည် မြန်မာသက္ကရဇ် ၁၂၈၀-ပြည့် ပြာသိုလဆန်း ၈-ရက် ဗုဒ္ဓဟူးနေ့တွင် အောင်မြင် ပြီးစီးပေသတည်း။

ရွှေဥဒေါင်း ပုစ္ဆာအဖြေပြီး၏၊

----------*----------

နိဗ္ဗာန ပုစ္ဆာဝိသဇ္ဇနာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝန်ထောက်မင်း ဦးရွှေစံအောင် လျှောက်ထားစာ

ဘုရားတပည့်တော် မောင်ရွှေစံအောင် ရှိခိုးလျှောက်ထား ပါသည်ကျေးဇူးရှင်ဘုရား....

တေနာဟ ဧကဥှိ သစ္စံ န ဒုတီယ မတ္ထီတိ။ ဟူ၍ ဝိသုဒ္ဓိမဂ်ဋီကာ ဥပသမာနုဿတိ အဖွင့်တင်ပါရှိပါ ကြောင်း။

မြစ်ရေအယဉ်ခဲ့သို့ တသန်တည်း စီးလျက်နေသော ရဟန်းသာ ၏ပရမတ္ထခန္ဓာအစဉ်တစ်ခုကို အပြင်ဘက်ကနေ၍ ရှုသော ဉာဏ်အား ၎င်းခန္ဓာသည် ခဏတ္တယသို့ ရောက်တတ်သော တရားဟု ထင်လိမ့်မည်၊ မြစ်ထဲ၌ စီးနေသော ရေတစ်ပေါက်သည်တစ်နေရာမှ တစ်နေရာသို့ ရွေ့သည်တွင် ပထမနေရာ၌ဖြစ်သော ရေပေါက်သည် ဒုတိယနေရာ သို့ရောက်သော် ရှေးရေပေါက်ချုပ်၍ နောက်ရေပေါက်ဥပါဒ်သည်ဟု ပြောဆိုရတကဲ့သို့ ခန္ဓာအစဉ်၌လည်း ပရမတ္ထတရားတို့ အစဉ်မပြတ် ပြောင်းလဲးရွေ့လျားနေသည်တွင်ရှေးခဏ၌ဖြစ်သော ပရမတ္ထတရား တို့သည် ချုပ်ပြီးမှ နောက်ခဏ၌ တရားသစ်ဥပါဒ်သည်ဟု ပြောဆိုကြ၏၊

ဤအရာ၌ သမနန္တရပစ္စည်းဆက်ပုံကို ကောင်းစွာ နားလည်လျှင် ဥပါဒ်, ဌီ, ဘင်ဟူသောအခိုက်အတန့် ခဏငယ်တို့သည်လည်း မဟာ ကာလကြီးကို စိတ်ဖြင့်ခွဲစိတ်၍ရအပ်သောကာလ ပညတ်ပင်ဖြစ် ကြောင်းကို သိရလတံ့၊ ဤသို့ပညတ်ဖြင့်တင်၍ ဥပါဒ်သည်ဟုဆိုရ သောကြောင့် ခန္ဓာအစဉ်ကို ဇာတိဓမ္မဟူ၍၎င်း, ဌီ, ဘင်တို့ဖြင့် ရင့်ရော် ပျက်စီးသည်ဟူ၍ ဆိုရသောကြောင့် ဝိပရိဏာမဓမ္မ ဟူ၍၎င်း ခေါ်ဝေါ် ရပြန်၏၊ ထို့ကြောင့် ထိုခန္ဓာအစဉ်သည် အကြောင်းနှင့် စပ်၍ဖြစ်သည် ဟုထင်မြင်ရသောကြောင့် သင်္ခတဓမ္မဟူ၍၎င်း, ပစ္စည်းတို့နှင့် စပ်လျက် ဖြစ်မည်ဟု ထင်မြင်ရသောကြောင့် သပစ္စယဓမ္မ ဟူ၍၎င်း ခေါ်ဝေါ်ပြော ဆိုရပြန်၏၊ ၎င်းပရမတ္ထခန္ဓာသည် သံဝိဇ္ဇမာန တရားဖြစ်သော ကြောင့်ကောင်းစွာဖြစ်ဆဲဖြစ်သော ပစ္စုပ္ပန္နဓမ္မဟု ထင်ရမည်။

သို့ရာတွင် ထိုခန္ဓာအစဉ်ကိုပင် အတွင်းကနေ၍ ဝါ၊ ထိုးထွင်း၍ သိသော ပဋိဝေဓဉာဏ်အား အဇာတိ, အဝိပရိဏာမ, အသင်္ခတ, အပစ္စယ, ကာလဝိမုတ်ဟု ထင်လိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ရဟန္တာတစ်ပါးသည် ဖိုလ်ဝင်၍ နိဗ္ဗာန်ဟုဆိုအပ်သော အရဟတ္တဖိုလ်ကို အာရုံပြုခိုက် ကာလပညတ်, အာကာသပညတ်စသော ပညတ်ဟူသမျှကို လွှတ်၍ ဝါ=လွန်၍ အတွင်းကနေ၍ သိလိမ့်မည်၊ ဤသို့ မိမိအာသဝေါ ကုန်ပြီးသောခန္ဓာကို မိမိအတွင်းကဝင်၍ ဝါ=ထိုးထွင်း၍သိသည့်အခိုက် သင်္ခါရ၏ အကြောင်းနမိတ် တစ်စုံတရာကို အာရုံမပြုပေပြီ၊ ထို့ကြောင့် အပြင်ကသိမှု, အတွင်းကသိမှုဟု ဆိုအပ်သောသိပုံ နှစ်မျိုးကိုလိုက်၍ ပရမတ္ထတရားတစ်ခုတည်းပင် သင်္ခတ, အသင်္ခတဟု ပရိယာယ်နှစ်မျိုး ကိုရသည်၊ ထိုနည်းအတူ နိဗ္ဗာန်သည် တစ်ခုသောတရားဖြစ်ပါလျှက် သိပုံနှစ်မျိုးကိုလိုက်၍ သဥပါဒိသေသနိဗ္ဗာန်, အနုပါဒိသေသနိဗ္ဗာန်ဟု ပရိယာယ်နှစ်မျိုးထွက်ပြန်သည်၊ ထို့ကြောင့် ပရိယာယ်ဝေဝုစ်ကိုလွှတ်၍ ပရမတ်ဆတ်ဆတ်ကို ပြောဆိုရမည်ဆိုလျှင် ရဟန္တာ၏ ခန္ဓာသည်ပင် နိဗ္ဗာန်၊ နိဗ္ဗာန်သည်ပင် ခန္ဓာဖြစ်တော့သည်၊ ဤသို့ယူမှသာလျှင်(က) နိဗ္ဗာနမ္ပိခန္ဓပဋိဗဒ္ဓမေဝဟူ-၍ဝိသုဒ္ဓိမဂ် ဋီကာ၌လာ သော စကားရပ်၊

( ခ ) နိဗ္ဗာနမ္ပိ ဟိ ခန္ဓေ ပဋိစ္စ ပညာပနတော သရီရသ္မိံ ယေဝပညပေသိ-ဟူ၍ သာရတ္ထဒီပနီ၌လာသော စကားရပ်၊

( ဂ ) အညေ ခန္ဓာ၊ အညံ နိဗ္ဗာနံ၊ အညော ပုဂ္ဂလောတိ၊ နဟေဝံဝတ္တဗ္ဗေ-ဟူ၍ ကထာဝတ္ထု၌ လာသော စကားရပ်၊

(ဃ) ဣမသ္မိံ ယေဝ ကဠေဝရေ ဗျာမမတ္တေ သသညိမှိ သမနကေသဝိညာဏကေ လောကဉ္စေဝ ပညပေမိ၊ လော ကသမုဒယဉ္စ၊ လောကနိရောဓဉ္စ၊ လောက နိရောဓဂါမိနိဉ္စပဋိပဒံ-ဟူ၍ သဂါထာဝဂ္ဂ သံယုတ်ပါဠိ တော်၌လာသော စကားရပ်

တို့နှင့် ညီညွတ်မည်၊ ၎င်းစကားတို့၌ သဥပါဒိသေသနိဗ္ဗာန်ဟူ၍ မဆိုဘဲ နိဗ္ဗာန်ဟူ၍သာဆိုသည်၊ ထို့ကြောင့်ပရိယာယ်နိဗ္ဗာန် တစ်စိတ် တစ်ဒေသကိုသာ မမှတ်သင့်။

ဤသို့ယူသည်ရှိသော် အနုပါဒိသေသ နိဗ္ဗာန်၌ခန္ဓာရှိရာ ရောက်သောကြောင့် ခန္ဓပရိနိဗ္ဗာန်ဟူသောစကားနှင့် မဆန့်ကျင်ပြီလော ဟူငြားအံ့၊ ဆန့်ကျင်မည်မထင်၊ အဘယ့်ကြောင့်ဆိုသော် ခန္ဓပရိနိဗ္ဗာန် ဟူသောစကားသည် အပြင်ဘက်က သိကြရှုကြသော သူအပေါင်း အတွက် ပြောဆိုသောစကားဟုမှတ်ရန်ရှိ၏၊ အပြင်ဘက်က သိရှိကြ ရပြီးသော ဥပဓိဟုဆိုအပ်သော ခန္ဓာကြမ်းကြီးသည် ချုပ်ငြိမ်းလေငြား သော်လည်း အလွန်သိမ်မွေ့နက်နဲလှ၍ အတွင်းကသာ သိုထိုက်သိ အပ်သော သန္တိဝန္တခန္ဓာနု၏အစဉ်သည်ကား-ထင်ရှားရှိသည်သာဟု ယူရန်သင့်၏၊ ဤသို့ထင်ရှားရှိသော်လည်း ခန္ဓာဟူသော ပညတ်ဟောင်း ကိုစွန့်၍ '' ရူပါဒိသင်္ခါဝိမုတ္တိ '' ဟု မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ကောသလမင်းကြီးအား ဟောတော်မူလေသည်၊ ဤသို့ဟောတော် မူခြင်းမှာ အပြင်ဘက်ကသိသော သူတို့အဘို့ဖြစ်ပေသည်။

''ရူပါဒိသင်္ခါဝိမုတ္တ'' ဆိုသော်လည်း အနုဋီကာဆရာက ''နိဗ္ဗာနံ သုခုမရူပဂတိကန္တိ ဝိညာယတိ'' ဆိုသောကြောင့် ''သညာသင်္ခါဝိမုတ္တ၊လ၊ ဝိညာဏသင်္ခါဝိမုတ္တ'' ဟုဆိုသော်လည်း မူလယမိုက် အဋ္ဌကထာဆရာ အလိုအားဖြင့် ''နာမဓမ္မာ တိ စတ္တာရော အရူပိနော ခန္ဓာနိဗ္ဗာနဉ္စ'' ဟုဆိုသောကြောင့်နိဗ္ဗာန်ကို နာမ်ဘက်သို့ ဆွဲ၏၊ ထို့ကြောင့်ရုပ် နာမ်ကြမ်း မဟုတ်သော်လည်း ရုပ်နာမ်အလားရှိသော အသင်္ခတဓာတ် ပရမတ္ထ တရားကို နိဗ္ဗာန်ဟူ၍လည်းကောင်း၊ နိဗ္ဗာန်၏ပရိယာယ် အသွယ်သွယ်ဖြင့် တန်ဆာဆင်၍ အပြင်ဘက်က သိကြသောပုထုဇဉ် လောကီသားတို့အဖို့ ဟောရပေသည်။

ဤသို့ဆိုအပ်ပြီးသော သန္တိဝန္တခန္ခာအစဉ်သည် သဿတလည်း မဟုတ်, ဥစ္ဆေဒလည်းမဟုတ်ဖြစ်ပါလျှက် အဘယ့် ကြောင့် သဿတဓုဝ ဟု ဆရာတို့ဆိုကြပြန်သနည်းဟူမူကား- အတွင်းကဝင်၍ သိသောသူ၏ အသိဉာဏ်မှာ ဥပါဒ်, ဌီ, ဘင်ဟူသော ပညတ်မထင်သော်လည်း အစဉ် မပြတ်ဖြစ်ဖြစ်နေသောကြောင့် '' ဓုဝန္တိ နိဗ္ဗာနေဿဝ အဓိဝစနံ ဘဝိတုံ အရဟတိ'' ဟူသော သဒ္ဒနီတိဆရာ စကားအရ ဓုဝဟု ခေါ်ထိုက်သည်၊ ဤသို့ အတွင်းအပြင်သိခြင်းဖြင့် ပရမတ်တစ်ခုတည်းသည် သင်္ခတ, အသင်္ခတဟု နှစ်မျိုးကွဲနေပုံကို ယူလျှင်သင့်မည်, မသင့်မည်ကို သိလိုပါ သည်ဘုရား။

ရွှေစံအောင်

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးတွင် အကြီးအချုပ် ဖြစ်တော်မူသော လယ်တီဆရာတော်ထံမှ ပေးစာ။

၁၂၇၉-ခု၊ တန်ဆောင်မုန်းလဆန်း ၄-ရက်နေ့။

ပထမပုစ္ဆာအဖြေ

မောင်ရွှေစံအောင် လျှောက်လွှာပါ '' တေနာဟ ဧကဥှိ သစ္စံန ဒုတီယမတ္တီတိ-ဟူသော ဝိသုဒ္ဓိမဂ်ဋီကာ ဥပသမာနုဿတိ-အဖွင့်စာ မျက်နှာနံပါတ် ၂၉၂-စာကြောင်းရေ ၂၃-၌ အဓိပ္ပါယ်ကား-တဏှာ၏ အကြွင်းအကျန်မရှိ- ချုပ်ငြိမ်း ခြင်းတစ်ခုသာလျှင် ဒုက္ခ၏ချုပ်ငြိမ်းခြင်း အမှန်အစစ်ဖြစ်၏၊ ဤမှတစ်ပါး တိတ္ထိဆရာတို့ဟောအပ်သော ၂- ခုမြောက်ဖြစ်သော ဒုက္ခ၏ချုပ်ငြိမ်းခြင်း အမှန်အစစ်မည်သည် မရှိ ဟုဆိုလိုသည်။

ပထမပုစ္ဆာအဖြေပြီး၏၊

---------

ဒုတိယပုစ္ဆာအဖြေ

ပြင်သိ, အတွင်းသိ-ဟူသော သိခြင်းနှစ်ပါး၌

၁။ ပြင်သိ ဆိုသည်ကား- ပုထုဇဉ်အဘို့၌ တည်ရှိကြ ကုန်သော ဝိပဿနာ ယောဂီပုဂ္ဂိုလ်တို့၏ အနုဗောဓ ဉာဏ် ကိုဆိုသတည်း၊ အနုဗောဓဉာဏ်ဆိုသည်ကားမဂ်ဉာဏ်၏ ကိစ္စဖြစ်သော ပဋိဝေဓခေါ်သော ထိုးထွင်း ခြင်းသို့ မရောက်မီ ရှေးအဘို့၌ လက္ခဏရေး ၃-ပါးကို အာရုံပြုဖြစ်သော ဝိပဿနာဉာဏ် ၃-ပါးကို အနုဗောဓ ခေါ်သည်။

၂။ အတွင်းသိ ဆိုသည်ကား- မဂ်ဉာဏ်၏ကိစ္စဖြစ်သော ထိုးထွင်း၍သိခြင်းသို့ရောက်သော အရိယာ ပုဂ္ဂိုလ်တို့၏ ပဋိဝေဓဉာဏ်ကို ဆိုသတည်း၊ အရိယာပုဂ္ဂိုလ်တို့သည် အရိယာမဂ်ဉာဏ်၏ခဏ၌ သစ္စာ ၃-ပါးကို ထိုးထွင်း၍ သိခြင်းတည်း-ဟူသော ပဋိဝေဓဉာဏ်သို့ ရောက်ကြ လေကုန်၏၊

ထိုသိခြင်းနှစ်ပါူတို့တွင်

၁။ ဒုက္ခသစ္စာကို ထိုထွင်း၍သိခြင်းဆိုသည်ကား-ဒုက္ခ သစ္စာကို ဖုံးလွှမ်းလျက်ရှိနေသော မောဟတရားကို ပယ်သတ်ခြင်းတည်း။

၂။ သမုဒဒယသစ္စာကို ထိုထွင်း၍သိခြင်းဆိုသည်ကားတဏှာကိုပယ်ခြင်းတည်း။

၃။ နိရောဓသစ္စာကို ထိုထွင်း၍ သိခြင်းဆိုသည်ကား-မဂ္ဂင် ၈-ပါးတို့ကို တလုံးတစည်းတည်း ဖြစ်ပေါ်စေခြင်း တည်း။

၄။ မဂ္ဂသစ္စာကို ထိုးထွင်း၍ သိခြင်းဆိုသည်ကား-တဏှာ ၏ချုပ်ငြိမ်းခြင်း-ဟူသော နိဗ္ဗာန်ကို အာရုံပြုခြင်း တည်း။

ဤသို့ကိစ္စ ၃-ပါးသည် မဂ်ခဏ၌ တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစီး၍ သွားသည်ရှိသော် ထိုပုဂ္ဂိုလ်သန္တာန်မှာ ထိုခဏမှစ၍ သစ္စာ၄- ပါးကို ဖုံးလွှမ်းတတ်သော အမိုက်တရားသည် ပျောက်ကင်း၍ ထိုပုဂ္ဂိုလ်မှာ သစ္စာ ၄-ပါး တရားတို့သည် အခါခပ်သိမ်း အထင်အလင်းဖြစ်၍ တည်လေကုန်၏၊ ထိုပုဂ္ဂိုလ်သည် ဘယ်အခါမဆို အလိုရှိသောအခါ အလိုရှိသော သစ္စာကို လွယ်ကူစွာ အာရုံပြု၍ ကြည့်ရှုနိုင်၏၊ ဤသို့ဖြစ် သည်ကို သစ္စာ ၄-ပါးကို ထိုထွင်း၍ သိခြင်း-ဟု ဆိုသတည်း။

မျက်စဉ်းဆေး ဥပမာ

ဥပမာကား။ တစ်ယောက်သော သူမှာမျက်စိ ၂-ဘက်တို့၌ တိမ်သလာတွေ ထူထပ်စွာ ဖံးလွှမ်း၍နေ၏၊ တစ်ခုသော အဆင်းကိုမျှ မမြင်ရ ရှိနေ၏၊ တစ်ခုသော ဝိဇ္ဇာမယ ပညာလမ်းမှဖြစ်သော အလွန် ကေင်းမြတ်သော မျက်စဉ်းဆေးတစ်ခုကို ရလေ၏၊ ထိုသူသည် အိပ်ရာ၌ လျောင်း၍ ထိုမျက်စဉ်းကို မျက်စိနှစ်ဘက်၌ ခတ်၍အိပ်လေ၏၊ ထိုသူသည် မျက်စိနာဒုက္ခဖြင့် နေ့ရက်များစွာ မအိပ်ရရှိသည်နှင့် ထိုမျက်စဉ်းအတွက် ချမ်းသာသုခရသဖြင့်အိပ်စက်၍ ထင်မြင် ရသော ကြောင့် ''သပစ္စယဓမ္မ'' ဟူ၍၎င်း ခေါ်ဝေါ်ပြေားဆိုရပြန်၏'' ဟူသော စကား၌

ခန္ဓာအစဉ်၌ အသစ်အသစ်ဖြစ်ပေါ်ခြင်း တည်းဟူသော

ပရမတ္ထတရားသည် ဧကန္တရှိသည်ဖြစ်၍ ထိုသဘော အားလျော်သော ဥပါဒ်ဟူသောပညတ်, ဇာတိဓမ္မဟူသောပညတ်, ဇာတိဓမ္မဟူသောပညတ် တို့သည် ဉာဏ်၌ ပေါ်လာရကုန်၏၊ ထို့အတူ ထိုခန္ဓာအစဉ်၌ ရင့်ရော် ပျက်စီးခြင်းဟူသော ပရမတ္ထသဘောသည် ဧကန္တ ရှိသည်ဖြစ်၍ ထိုသဘောအားလျော်စွာ ဝိပရိဏာမ ဓမ္မဟူသောပညတ်သည် ဧကန္တ ဉာဏ်၌ ပေါ်လာရ၏၊ ထိုခန္ဓာအစဉ်သည် အကြောင်းနှင့်စပ်၍ ဧကန္တစင်စစ် ဖြစ်သည်ဖြစ်၍ ထိုသဘောအားလျော်စွာ '' သင်္ခတဓမ္မ '' ဟူ၍၎င်း ''သပစ္စယဓမ္မ '' ဟူ၍၎င်း ခေါ်ဆိုရပြန်၏၊

စတုတ္ထပုစ္ဆာအဖြေပြီး၏၊

---------

ပဉ္စမပုစ္ဆာအဖြေ

၎င်းနောက် ''ပရမတ္ထခန္ဓာသည် သံဝိဇ္ဇာမာနတရားဖြစ်သော ကြောင့် ကောင်းစွာဖြစ်ဆဲဖြစ်သော ပစ္စုပ္ပန္နဓမ္မဟု ထင်ရမည်'' ဟူသော စကား၌

သံဝိဇ္ဇာမာန-ဟူသော ဝေါဟာရသည် ကောင်းစွာဖြစ်ဆဲဖြစ်

သော ပစ္စုပ္ပန္နဓမ္မကိုသာ ဆိုလိုရင်း မဟုတ်၊ အတိတ်, အနာဂတ် ဖြစ်သော ကာလသုံးပါး၌ပင် ပရမတ္ထသဘောအားဖြင့် ထင်ရှားရှိသည်ကို ဆိုသော ဝေါဟာရ ဖြစ်သည်။

ပဉ္စမပုစ္ဆာအဖြေ ပြီး၏၊

---------

ဆဋ္ဌမပုစ္ဆာအဖြေ

၎င်းနောက် ''ထိုခန္ဓာအစဉ်ကိုပင် အတွင်းကနေ၍၊ ဝါ=ထိုးထွင်း ၍သိသော ပဋိဝေဓဉာဏ်အား အဇာတိ, ဝိပရိဏာမ, အသင်္ခတ, အပစ္စယ, ကာလဝိမုတ်ဟု ထင်လိမ့်မည်'' ဟူသောစကား၌ဗာလပုထုဇဉ်တို့၏ စိတ်၌မှာသာ သန္တတိပညတ် ဖုံးလွှမ်းမှု

ကြောင့်အဇာတိ, အဝိပရိဏာမ, အသင်္ခတ, အပစ္စယ ဟုထင်ရ၏၊ အရိယာတို့၏ဉာဏ်၌မူကား- ထိုသန္တတိပညတ်ကိုဖောက်ထွင်းနိုင်သော ပဋိဝေဓဉာဏ်သို့ ရောက်သည်ဖြစ်၍ ထိုခန္ဓာအစဉ်သည် အမြဲလျှင် ဇာတိဓမ္မ, ဝိပရိဏာမဓမ္မ, သင်္ခတဓမ္မ, သပစ္စယဓမ္မဟု ဟုတ်မှန်တိုင်း ထင်ရ၏၊

ဆဋ္ဌမပုစ္ဆာအဖြေပြီး၏၊

---------

သတ္တမပုစ္ဆာအဖြေ

၎င်းနောက် ''အဘယ့်ကြောင့်ဆိုသော် ရဟန္တာတစ်ပါးသည် ဖိုလ်ဝင်၍ နိဗ္ဗာန်ဟုဆိုအပ်သော အရဟတ္တဖိုလ် ကိုအာရုံပြုခိုက် ကာလ ပညတ်, အာကာသပညတ်စသော ပညတ်ဟူသမျှကိုလွှတ်၍၊ ဝါ=လွန်၍ အတွင်းကနေ၍သိလိမ့်မည်၊ ဤသို့ မိမိအာသဝေါကုန်ပြီးသောခန္ဓာကို မိမိအတွင်းဝင်၍၊ ဝါ=ထိုးထွင်း၍ သိသည်အခိုက် သင်္ခါရ၏အကြောင်း နိမိတ် တစ်စုံတစ်ရာကို အာရုံမပြုပေပြီ '' ဟူသောစကား၌ဖိုလ်ဝင်သောရဟန္တာသည် ဖိုလ်ဝင်စားဆဲခဏ၌ နိဗ္ဗာန်ကိုသာ

အာရုံပြု၏၊ အရဟတ္တဖိုလ်ကိုအာရုံမပြု၊ နိဗ္ဗာန်သည်ကား- အသင်္ခတ တရားတည်း၊ အရဟတ္တဖိုလ်သည်ကား- စိတ်, စေတသိတ်တရားအစု ဖြစ်သောသင်္ခတတရားပေတည်း၊ ထိုပုဂ္ဂိုလ်သည် ထိုခဏ၌ ကာလ ပညတ်, အာကာသပညတ်စသော ပညတ်ဟူသရွေ့တို့ကိုလည်းကောင်း, အရဟတ္တ ဖိုလ်စသောခန္ဓာဟူသော သင်္ခတပရမတ်တရားတို့ကို လည်းကောင်း လွှတ်၍၊ ဝါ=လွန်၍ ပဋိဝေဓဉာဏ်ဖြင့် နိဗ္ဗာန်ကိုသာ အာရုံပြုလေ၏၊ အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် ဖိုလ်ဝင် စားဆဲခဏ၌ မိမိခန္ဓာ အလွတ်ဖြစ်သော နိဗ္ဗာန်ကိုသာအာရုံပြု၏၊ မိမိခန္ဓာကို အာရုံမပြု။

သတ္တမပုစ္ဆာအဖြေပြီး၏၊

---*--

အဋ္ဌမပုစ္ဆာအဖြေ

၎င်းနောက် ''အပြင်ကသိမှု, အတွင်းကသိမှုဟု ဆိုအပ်သော သိပုံနှစ်မျိုးကိုလိုက်၍ ပရမတ္ထတရား တစ်ခုတည်းပင် သင်္ခတ, အသင်္ခတဟု ပရိယာယ်နှစ်မျိုးကိုရသည်'' ဟူသောစကား၌အပြင်သိမှု, အတွင်းသမှုနှစ်ပါးကို ရှေး၌ထင်ရှားစွာပြဆိုခဲ့ပြီ၊

ထိုသိမှုနှစ်ပါးသည် သင်္ခတတရားတို့ကို လျော်ကန်စွာသိမှု, ထိုးထွင်း၍သိမှု ဤမျှသာ ခြားနားကြကုန်သည်၊ ထို့ကြောင့် ပရမတ္ထတရားတစ်ခုသည် သိပုံနှစ်မျိုးကိုလိုက်၍သင်္ခတတရား, အသင်္ခတတရားဟုပရိယာယ် နှစ်မျိုးမရှိ၊ သင်္ခတတရားမျိုးသည် ဘယ်အခါမှာမှ အသင်္ခတ ဟူသော ပရိယာယ်ကိုမရနိုင်၊ အသင်္ခတတရားမျိုးသည်လည်း ဘယ်အခါမှာမှ သင်္ခတဟူသော ပရိယာယ်ကိုမရနိုင်လေ၊ အဘယ့်ကြောင့် ဤသို့ဆိုနိုင်ပါ သနည်းဟူမူ- ဓမ္မသင်္ဂဏီ ဒုကမာတိကာ၌

၁။ သပစ္စယာဓမ္မာ၊

၂။ အပစ္စယာဓမ္မာဟူ၍၎င်း,

၁။ သင်္ခတာဓမ္မာ၊

၂။ အသင်္ခတာ ဓမ္မာဟူ၍လည်းကောင်း နှစ်ဘို့နှစ်စုသာ လာရှိ ချေသည်၊ သင်္ခတ, အသင်္ခတနှစ်မည်ရသော တတီယအဖို့အစု မလာချေ။ ''အဘိဓမ္မေ အဘာဝေါပိ နိသေဓော ယေဝ သဗ္ဗထာ။'' ဟူသော ဋီကာကျော်စကားနှင့်အညီ အဘိဓမ္မာတွင် တစ်စုံတစ်ခု သောနေရာမှာမှ မဟောသည်ရှိသော် ထိုတရားသည်မရှိပြီဟု မြစ် ပယ်ခြင်းဖြစ်လေသောကြောင့် သင်္ခတ, အသင်္ခတနှစ်မည်ရသော တစ်ခု သောတရားမျှ မရှိဟု မြစ်ပယ်အပ်လေသည်၊

သုတ္တန်၌လည်း

ဒွေမာ ဘိက္ခဝေ ဓာတုယော သင်္ခတာ စ ဓာတု အသင်္ခတာ စ ဓာတု၊ ဣမာ ခေါ ဘိက္ခဝေ ဒွေ ဓာတုယော။ ဟူ၍ နှစ်ဘို့နှစ်စုသာ လာရှိချေသည်၊ သင်္ခတ, အသင်္ခတ နှစ်မည်ရသော တတီယအဘို့ဟူ၍ မလာချေ၊ ဤအရာ၌ ကထာဝတ္ထု ပါဠိတော်ပုဂ္ဂလကထာကြီး ရှိလေပြီ။

အဋ္ဌမပုစ္ဆာအဖြေပြီး၏၊

--------

နဝမ ပုစ္ဆာအဖြေ

၎င်းနောက် ''ပရိယာယ်ဝေဝုစ်ကိုလွှတ်၍ ပရမတ်ဆတ်ဆတ်ကို ပြောဆိုရမည်ဆိုလျှင် ရဟန္တာ၏ခန္ဓာသည်ပင် နိဗ္ဗာန်၊ နိဗ္ဗာန်သည်ပင် ခန္ဓာဖြစ်တော့သည်'' ဟူသောစကား၌

ပရိယာယ်ဝေဝုစ်ဆိုသည်ကား- အပြင်သိတွင် ပြဆိုခဲ့သော ဥပါဒ်, ဌီ, ဘင် ခဏငယ်အစဉ် ဇာတိဓမ္မ, ဝိပရိဏာမဓမ္မ, သင်္ခတဓမ္မ, သပစ္စယဓမ္မ တို့ကို ဆိုလိုသည်။

ပရမတ်ဆတ်ဆတ် ဆိုသည်ကား- အတွင်းသိတွင် ပြဆိုခဲ့သော အဇာတိ, အဝိပရိဏာမ, အသင်္ခတ, အပစ္စယ, ကာလဝိမုတ်တို့ကို ဆိုလို၏၊

ဤအဖြေတွင် ရှေ့၌ ရှင်းလင်းခဲ့ပြီးဖြစ်၍ ရဟန္တာ၏ခန္ဓာသည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်သည် ရဟန္တာ၏ ခန္ဓာမဟုတ်ဟု ထင်ရှားလေပြီ။

နဝမပုစ္ဆာ အဖြေပြီး၏၊

----------

ဒသမပုစ္ဆာအဖြေ

၎င်းနောက်''ဤသို့ ယူမှသာလျှင်

(က) နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ-ဟူ၍ ဝိသုဒ္ဓိမဂ်ဋီကာ၌လာ သောစကားရပ်။

( ခ ) နိဗ္ဗာနမ္ပိ ဟိ ခန္ဓေ ပဋိစ္စ ပညာပနတော သရီရသ္မိံ ယေဝပညပေသိ-ဟူ၍ သာရတ္ထဒီပနီ၌ လာသော စကားရပ်။

( ဂ ) အညေ ခန္ဓာ၊ အညံနိဗ္ဗာနံ၊ အညော ပုဂ္ဂလောတိ၊ နဟေဝံဝတ္တဗ္ဗေ-ဟူ၍ ကထာဝတ္ထု၌ လာသောစကားရပ်။

(ဃ) ဣမသ္မိံ ယေဝ ကဠေဝရေ ဗျာမမတ္တေ သသညိမှိ သမနကေသဝိညာဏကေ လောကဉ္စေဝ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဂါမိနိဉ္စပဋိပဒံ-ဟူ၍ သဂါထာဂဂ္ဂသံယုတ် ပါဠိတော်၌ လာသော စကားရပ် တို့နှင့် ညီညွတ်မည်'' ဟူသောစကား၌

(က) ခန္ဓာသည်ပင်လျှင် နိဗ္ဗာန်, နိဗ္ဗာန်သည်ပင်လျှင် ခန္ဓာ-ဟု ယူခဲ့သည် ရှိသော် '' နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ'' ဟူသော မိမိကိုးကားရင်း ဝိသုဒ္ဓိမဂ်ကာနှင့်ပင် မညီညွတ်လေ၊

မညီညွတ်ပုံကား- ကာယပဋိဗဒ္ဓ-ဟူသော စကားမျိုး၌

၁။ ''ကာယ'' ဟူသော စကားဖြင့် ခြေ, လက်စသော ကိုယ် အင်္ဂါကို ယူရမည်။

၂။ ''ကာယပဋိဗဒ္ဓ'' ဟူသော စကားဖြင့် ကိုယ်အင်္ဂါ မဟုတ် သော ကိုယ်အင်္ဂါနှင့်စပ်သော အဝတ်သင်္ကန်း စသည်ကို ယူရသည်။

ထို့အတူ ဤ၌လည်း ''ခန္ဓပဋိဗဒ္ဓမေဝ'' ဟူသော စကားဖြင့် ခန္ဓာမဟုတ်သော ခန္ဓာနှင့်စပ်သော တရားကို နိဗ္ဗာန်-ဟု ယူရမည်၊ ခန္ဓာနှင့်စပ်သော တရားဆိုသည်ကား- အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်း, ကိလေသာတို့၏ ချုပ်ငြိမ်းခြင်း, နာမ်ရုပ်တရားတို့၏ ချုပ်ငြိမ်းခြင်း-ဟူသော စကားမျိုး၌ ချုပ်ငြိမ်းခြင်း-ဟူသော နိဗ္ဗာန်ကို အဝိဇ္ဇာ, တဏှာ, ကိလေသာ, နာမ်ရုပ် -ဟူသော ခန္ဓာတို့နှင့် ဖက်စပ်၍သိရ, ပြောဟောရသောကြောင့် ''နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ'' ဟူသော စကားကို ဆိုပေသတည်း၊ ထို စကားဖြင့်ပင်လျှင် ခန္ဓာသည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်သည် ခန္ဓာမဟုတ်ဟု ထင်ရှားလေသတည်း။

(က) နိဗ္ဗာနမ္ပိ ဟိ ခန္ဓေ ပဋိစ္စ ပညာပနတော သရီရသ္မိံယေဝ ပညပေသိ-ဟူသော ဒုတိယစကားသည် ''ခန္ဓပဋိဗဒ္ဓ မေဝ'' ဟူသော ပထမစကားနှင့် တထပ်တည်းပင် တည်း။

(ဂ ) အညေခန္ဓာ, အညံနိဗ္ဗာနံ, အညော ပုဂ္ဂလော, နဟေဝ ဝတ္တဗ္ဗေ-ဟူသောတတိယစကားမှာလည်း ''အညေ ခန္ဓော, အညံ နိဗ္ဗာနံ '' ဟူသော စကားနှစ်ရပ်ကားအမှန်ပင်ဖြစ်၏၊ အညော ပုဂ္ဂလော-ဟူသော စကား သည်ကား-အမှန်မဟုတ်၊ ထို့ကြောင့် ''န ဟေဝံ ဝတ္တဗ္ဗေ'' ဟု ပယ်ချက်ထွက်ရလေသတည်း၊ ထို့ကြောင့် ရဟန္တာ၏ ခန္ဓာသည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်သည် ရဟန္တာ၏ ခန္ဓာမဟုတ်-ဟု ယူသော်လည်း ဤပါဠိနှင့် မဆန့်ကျင်လေ။

(ဃ) ဣမသ္မိံ ယေဝ ကဠေဝရေ ဗျာကမတ္တေ သသညိမှိ သမနကေသဝိညာဏကေ လောကဉ္စေဝ ပညပေမိ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောက နိရောဓဂါမိနိဉ္စပဋိပဒံ-ဟူသော စတုတ္ထစကားမှာလည်း ''ဣမသ္မိံ ယေဝကဠေဝရေ'' ဟူသော အာဓာရပုဒ်နှင့် လောကဉ္စ-ဟူသောပုဒ်, လောက သမုဒယဉ္စ-ဟူသော ပုဒ်, လောကနိရောဓဂါမိနိဉ္စ ပဋိပဒံ-ဟူသောပုဒ် တို့သည် အပေါင်းအစိတ်, အာဓာရ, အာဓေယ် ဖြစ်ကြကုန်၏၊ လောကနိရောဓဉ္စ-ပုဒ်သည်ကားခန္ဓပဋိဗဒ္ဓမေဝ-ဟူသောပုဒ်၌ ပြဆိုခဲ့သည့်အတိုင်း အဝိဇ္ဇာ၏ ချုပ်ငြိမ်းခြင်း, တဏှာ၏ချုပ်ငြိမ်းခြင်း စသည်ဖြင့် ခန္ဓာနှင့်စပ်လျက် ရှိသောကြောင့် ''ဣမသ္မိံ ယေဝ ကဠေဝရေ လောနိရောဓဉ္စ ပညပေမိ''ဟူ၍ ဟောတော်မူပေ၏၊ ထို့ကြောင့်ခန္ဓာ နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်သည်ခန္ဓာ မဟုတ်ဟု ယူသော်လည်း ဤ ပါဠိတော်နှင့် မဆန့်ကျင်လေ။

ဒသမပုစ္ဆာအဖြေပြီး၏၊

---------

ဧကာဒသမပုစ္ဆာ အဖြေ

၎င်းနောက် ''၎င်းစကားတို့၌ သဥပါဒိသေသ နိဗ္ဗာန်-ဟူ၍ မဆိုဘဲ နိဗ္ဗာနံ-ဟူ၍သာ ဆိုသည်၊ ထို့ကြောင့် ပရိယာယ်နိဗ္ဗာန် တစ်စိတ် တစ်ဒေသကိုသာ မမှတ်သင့်''ဟူသောစကား၌ ပရိယာယ် နိဗ္ဗာန် တစ်စိတ်တစ်ဒေသ ဆိုသည်ကား- သဥပါဒိသေသနိဗ္ဗာန်ကိုဆိုလို၏၊ ထိုသဥပဒိသေသ နိဗ္ဗာန်သည် ပရိယာယ်နိဗ္ဗာန်မဟုတ်၊ မုချဆတ်ဆတ် ပရမတ်နိဗ္ဗာန်ပင် ဖြစ်သတည်း၊ ဖြစ်ပုံကား-အရဟတ္တမဂ်ခဏ၌ အဝိဇ္ဇာစသော ကိလေသာတို့၏ ချုပ်ငြိမ်းခြင်းသည် ပရိယာယ် ချုပ်မဟုတ်၊ တစ်ဖန်ဖြစ်ပေါ်ခြင်း အကြွင်းအကျန်မရှိသော ပရမတ္ထ ချုပ်ကြီးပင် ဖြစ်ပေသတည်း၊ ထိုနိဗ္ဗာန် တစ်စိတ်တစ်ဒေသကိုမမှတ်သင့်၊ အနုပါဒိ သေသ နိဗ္ဗာန်နှင့်တစ်ကွ အကုန်လုံးကို ''နိဗ္ဗာနံ'' ဆိုသည်-ဟု မှတ်သင့် သည်-ဟု ဆိုလို၏၊

ထိုစကားမှန်လှပေ၏၊ ရဟန္တာ၏ ခန္ဓပရိနိဗ္ဗာန်စံပြီး သည်မှ နောက်၌ အနန္တရဘဝမှစ၍ နောင်အနမတဂ္ဂ သံသရာ၌ အနာဂတ် ခန္ဓာတို့၏ချုပ်ငြိမ်းမှုသည်လည်း ထိုရဟန္တာ၏သန္တာန်တွင် အဝိဇ္ဇာချုပ် ငြိမ်းမှုနှင့်တစ်ခုတည်းပင် ဖြစ်လေသောကြောင့် ထိုအနုပါဒိသေသ နိဗ္ဗာန်ကို ပြောဆိုရာ၌လည်း အဝိဇ္ဇာ, တဏှာ, ကိလေသာ, နာမ်ရုပ် ဟူသော ခန္ဓာတို့နှင့် ဘက်စပ်၍ပင် ပြောဆိုရလေသတည်း၊ နောင် အနာဂတ်ကို မြော်၍ပြောရာ၌လည်း အနန္တရဘဝမှစ၍ နောင်ဘဝ အဆက်ဆက်တို့သည် ထိုရဟန္တာပုဂ္ဂိုလ်၏သန္တာန်မှာ အကြွင်းအကျန် မရှိချုပ်ငြိမ်းလေကုန်၏-ဟု ဘဝအဆက်ဆက်ဟူသော ခန္ဓာနှင့် စပ်လျဉ်း ၍ ပြောဆိုရလေသတည်း။

ဤသို့ ပြောဆိုမှု၌ ခန္ဓာနှင့် အမြဲစပ်လျဉ်းလျက်ရှိသောကြောင့်(က) နိဗ္ဗာမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ- ဟူသောစကား၊

(ခ ) နိဗ္ဗာနမ္ပိ ဟိ ခန္ဓေ ပဋိစ္စ ပညာပနတော ဟူသောစကားတို့ကို ဆိုကြပေကုန်၏၊

ခန္ဓပရိနိဗ္ဗာန် စံပြီးသည်မှနောက်၌ ကိလေသာ အာသဝေါ ကုန်ပြီးသော ထိုရဟန္တာ၏ အလွန်သိမ်မွေ့သော ခန္ဓာအစဉ်သည် နောင် အနမတဂ္ဂ သံသရာနှင့်အမျှ အနုပါဒိသေသ နိဗ္ဗာန်နှင့်အတူတကွ နိစ္စဓုဝအဖြစ်ဖြင့်ပါရှိ၍ နေသောကြောင့်ဆိုသည်မဟုတ်ပေ၊ ဤမျှသော စကားရပ်တို့ဖြင့်

ဤသို့ ယူသည်ရှိသော် အနုပါဒိသေသနိဗ္ဗာန်၌ ခန္ဓာရှိရာရောက်

သောကြောင့် ခန္ဓပရိနိဗ္ဗာန်ဟူသော စကားနှင့် မဆန့်ကျင်ပြီလော ဟူငြားအံ့၊ ဆန့်ကျင်မည်မထင်၊ အဘယ့်ကြောင့်ဆိုသော် ခန္ဓပရိနိဗ္ဗာန် ဟူသော စကားသည် အပြင်ဘက်က သိကြရှုကြသောသူ အပေါင်း အတွက် ပြောဆိုသောစကားဟု မှတ်ရန်ရှိ၏၊ အပြင်ဘက်က သိရှိရကြ ပြီးသော ဥပစာဟု ဆိုအပ်သော ခန္ဓာကြမ်းကြီးသည် ချုပ်ငြိမ်းလေငြား သော်လည်း အလွန်သိမ်မွေ့နက်နဲလှ၍ အတွင်းကသာ သိအပ် သိထိုက် သော သန္တိဝန္တ ခန္ဓာစု၏ အစဉ်သည်ကား- ထင်ရှားရှိသည်သာ ဟုယူရန် သင့်၏ ဟူသောစကားတို့ကို ဖြေဆိုခြင်းကိစ္စပြီးလေ၏၊

ဧကာဒသမပုစ္ဆာ အဖြေပြီး၏၊

--------

ဒွါဒသမပုစ္ဆာအဖြေ

၎င်းနောက်၌

''ရူပါဒိသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော အပ္ပမေယျော ဂမ္ဘီရော၊ သေယျထာပိ မဟာသမုဒ္ဒေါ၊ ဝေဒနာ သင်္ခါဝိမုတ္တော။လ။ သညာသင်္ခါဝိမုတ္တော။လ။ သင်္ခါရသင်္ခါဝိမုတ္တော။လ။ ဝိညာဏ သင်္ခါဝိမုတ္တော။လ။ ဝိညာဏသင်္ခါဝိမုတ္တော။လ။ သေယျထာပိ မဟာသမုဒ္ဒေါ''

ဟူသော ကောသလသံယုတ် ပါဠိတော်၌အဓိပ္ပါယ်ကားရဟန္တာပုဂ္ဂိုလ်၏သန္တာန်၌ သတ္တဝါဟူသော ပညတ်သဘော အားဖြင့် ရှိသည်မဟုတ်၊ သဘောအားဖြင့်ရှိသော ပရမတ္ထတရားကို အမှီပြု၍ သိအပ် ခေါ်ဝေါ်အပ်သော ပညတ်တရားမျှသာဖြစ်၏၊ ထိုပညတ်သည်လည်း ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးအဘို့၌ သင်္ခတဖြစ်သောရုပ်, နာမ် ခန္ဓာတို့၏ အပေါ်၌သာလျှင် ထင်မြင်နိုင်၏၊ ပညတ်နိုင်၏၊ ခန္ဓပရိ နိဗ္ဗာန်စံပြီးသည်နောက် အသင်္ခတဖြစ်သော နိဗ္ဗာန်ဟူသော ပရမတ္ထ တရားသည်ကား- အလွန်သိမ်မွေ့သောတရား ဖြစ်ချေ၍ ထိုတရား၏ အပေါ်၌ မထင်မြင်နိုင်၊ မပညတ်နိုင်။

မဟာသမုဒ္ဒရာတွင်းသို့ သက်ဆင်းသောသူသည် ထောက်ရာ တည်ရာဟူ၍ တစ်စုံတစ်ခုမျှ မရနိုင်သကဲ့သို့ ထိုနိဗ္ဗာန်သို့ ဆိုက်ရောက် သောသတ္တဝါသည် ထိုနိဗ္ဗာန်၌ ပုဂ္ဂိုလ်, သတ္တဝါဟူသော ပညတ်၏ တည်ရာ မှီရာတစ်စုံတစ်ခုသော ထောက်ရာတည်ရာကို မရလေပြီ၊ နိဗ္ဗာန်သည်မဟာသမုဒ္ဒရာသဘွယ် နက်နဲသကဲ့သို့ ထိုပညတ်သည်လည်း မဟာသမုဒ္ဒရာသဘွယ် နက်နဲလေ၏၊ ထို့ကြောင့် အပ္ပမေယျော ဂမ္ဘီရောသေယျထာပိ-ဟူ၍ဟောတော်မူသည်ဟုမှတ် ရမည်၊ ပြင်ဘက် သိသောသူတို့အဘို့ဟု မမှတ်ရာ။

နိဗ္ဗာနံ သုခုမရူပဂတိကန္တိ ဝိညာယတိ-ဟူသောအနုဋီကာ ပါဌ်မှာလည်း နိဗ္ဗာန်ကို သုခုမုရုပ် ၁၆-ခုနှင့် ဓမ္မာယတန, ဓမ္မဓာတ်၌ အကျုံးဝင်ခြင်း တူသောကြောင့် ''သုခုမရူပဂတိကံ ''ဟုဆိုလိုသည်၊ နိဗ္ဗာန်သည် အလွန်သိမ်မွေ့သော ရုပ်နှင့် အလားတူသောကြောင့် ဆိုသည်မဟုတ်။

နိဗ္ဗာန်ကိုနာမ်-ဟု ခေါ်ရသည်မှာလည်း စိတ်နာမ်, စေတသိက် နာမ်မျိုးဖြစ်၍ ခေါ်ရသည်မဟုတ်၊ ရုပ်တရားကဲ့သို့ စမ်းသပ်တွေ့ ထိ၍သိနိုင်သော တရားမျိုးမဟုတ်၊ အမည်နာမကို အစဉ်မှီးလျက် အနက်သဘောကို ဆင်ခြင်၍ သိရသောကြောင့် နာမ်-ဟူ၍ ခေါ်လေ သည်။

ဒွါဒသမပုစ္ဆာ အဖြေပြီး၏၊

---------

တေရသမပုစ္ဆာ အဖြေ

၎င်းနောက် ''ထို့ကြောင့် ရုပ်နာမ်ကြမ်း မဟုတ်သော်လည်း ရုပ်နာမ်အလားရှိသော၊ ဝါ-ခန္ဓာ-ဟု မခေါ်ဆိုအပ်သော်လည်း ခန္ဓာ အလားရှိသော အသင်္ခတဓာတ် ပရမတ္ထတရားကိုနိဗ္ဗာန်-ဟူ၍ ၎င်းနိဗ္ဗာန် ၏ ပရိယာယ် အသွယ်သွယ်တို့ဖြင့် တန်ဆာဆင်၍ အပြင်ကသိကြသော ပုထုဇဉ်လောကီသားတို့အဘို့ ဟောရပေသည် '' ဟူသော စကား၌နိဗ္ဗာန်သည် ရုပ်နာမ်ကြမ်းလည်း မဟုတ်၊ ရုပ်နာမ်အလား

လည်းမရှိ၊ ရုပ်နာမ်ကြမ်းတို့နှင့် အလွန်ဝေးကွာသော သဘောရှိ၏၊ ခန္ဓာဟူ၍လည်း မဆိုအပ်၊ ခန္ဓာအလားလည်းမရှိ၊ ခန္ဓာအလားနှင့် အလွန်ဝေးကွာသော သဘောရှိ၏၊ ရုပ်နာမ်အလားရှိသော, ခန္ဓာအလား ရှိသော အသင်္ခတဓာတ် ပရမတ်-ဟူ၍လည်း မရှိ၊ ၎င်းနိဗ္ဗာန်ကို ပရိယာယ် အသွယ်သွယ်တို့ဖြင့် တန်ဆာဆင်၍ ဟောတော်မူခြင်းသည် အပြင်ဘက်ကသိကြသော ပုထုဇဉ် လောကီသားတို့အဘို့ ဟောရသည် မဟုတ်၊ ''ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ'' ဟူသော တရားဂုဏ်တော် ပုဒ်နှင့်အညီ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့နှင့်တကွ ပဋိဝေဓဉာဏ်သို့ ပေါက်ရောက်ပြီးသော အရိယာပုဂ္ဂိုလ်တို့၏ အဘို့ဟောရပေသည်။

တေရသမပုစ္ဆာအဖြေပြီး၏၊

---------

စုဒ္ဒသမပုစ္ဆာ အဖြေ

၎င်းနောက် ''ဤသို့ဆိုအပ်ပြီးသော သန္တိဝန္တခန္ဓာအစဉ်သည် သဿတလည်း မဟုတ်၊ ဥစ္ဆေဒလည်း မဟုတ် ဖြစ်ပါလျက် အဘယ့် ကြောင့် သဿတ, ဓုဝ-ဟု ဆရာတို့ ဆိုကြပြန်သနည်းဟူမူ အတွင်းက ဝင်၍ သိသောသူ၏ အသိဉာဏ်မှာ ဥပါဒ်, ဌီ, ဘင်-ဟူသော ပညတ် မထင်သော်လည်းအစဉ်ဖြစ် ဖြစ်နေသောကြောင့် ''ဓုဝန္တိ နိဗ္ဗာနေဿဝ အဓိဝစနံ ဘဝိတုံ အရဟတိ'' ဟူသော သဒ္ဒနီတိဆရာစကားအရ ''ဓုဝ- ဟုခေါ်ထိုက်သည်'' ဟူသောစကား၌

သန္တိဝန္တ ခန္ဓာအစဉ်ဆိုသည်ကား- မိမိ၏အလိုအားဖြင့် အနုပါဒိ

သေသနိဗ္ဗာန်၌ တည်ရှိသော အလွန်သိမ်မွေ့သော, ရုပ်ဝိသေသ, နာမ်ဝိသေသ-ဟူသော ခန္ဓာအစဉ်ကို ဆိုလို၏၊ ထိုခန္ဓာအစဉ်သည် ဝဋ်ဒုက္ခဘေးတို့မှငြိမ်းအေး ခြင်း-ဟူသောသန္တိဂုဏ်နှင့်ပြည့်စုံသောကြောင့် သန္တိဝန္တ ခန္ဓာမည်၏၊ ထိုခန္ဓာသည်ပင်လျှင် နိဗ္ဗာန်ဖြစ်၏၊ ထိုခန္ဓာသည် ပင်လျှင် ပရိနိဗ္ဗုတပုဂ္ဂိုလ်လည်းဖြစ်၏-ဟု ဆိုလိုသည်။

ဤစကား၌ အမှန်အားဖြင့်

(က) ဝဋ်ဒုက္ခဘေးတို့မှ ငြိမ်းအေးခြင်း-တည်းဟူသော သန္တိ သဘောသည်သာလျှင် အသင်္ခတနိဗ္ဗာန် အမှန်ဖြစ်၏၊

( ခ) ထိုနိဗ္ဗာန်မှာ တည်ရာ မှီရာ ခန္ဓာ-ဟူ၍ တစ်စုံတစ်ခုမျှ မရှိပြီ။

( ဂ) ခန္ဓာမရှိသည့် အတွက်ကြောင့် ပရိနိဗ္ဗုတ-ဟူ၍လည်း ခေါ်စရာပညတ် မရှိပြီ။

အကယ်၍ ထိုနိဗ္ဗာန်မှာ ထိုခန္ဓာသည်၎င်း, ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ် သည်၎င်း ဧကန်ရှိသည်ဆိုငြားအံ့၊ သဿတဒိဋ္ဌိအမှန်ဖြစ်၏၊ သဿတ ဒိဋ္ဌိဆိုသည်ကား-ထိုခန္ဓာကိုပင် ထိုပုဂ္ဂိုလ်၏အတ္တပြု၍ ထိုအတ္တနှင့် ထိုပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံရာ၌ ချုပ်ဆုံးခြင်းမရှိမူ၍ အနုပါဒိသေသ နိဗ္ဗာန်ဘက်သို့ ကူးပြောင်းတည်နေသည်-ဟု ယူခြင်းသည်သဿတဒိဋ္ဌိ မည်၏၊

[ဤလျှောက်လွှာ၌ ''အတွင်းကဝင်၍ သိသောသူ၏ အသိဉာဏ် တွင်ထင်မြင်ချက်''ဆိုသမျှသည် သဿတဒိဋ္ဌိ အခြင်းအရာချည်းပေ တည်း။]

ဥစ္ဆေဒဒိဋ္ဌိဆိုသည်ကား-ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးအဘို့၌ ထိုခန္ဓာ ကိုပင် ထိုပုဂ္ဂိုလ်၏ အတ္တ-ဟူ၍ စွဲယူခဲ့ပြီးလျှင် ထိုအတ္တနှင့် ထိုပုဂ္ဂိုလ်သည် ခန္ဓပရိနိဗ္ဗာန်စံရာတွင်အကုန်ချုပ်ဆုံးလေ၏-ဟုယူခြင်းသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏၊

သဿတဥစ္ဆေဒမဇ္ဈိမပဋိပဒါ ၃-ပါး အထူး

ဤအရာ၌

၁။ သဿတဒိဋ္ဌိ,

၂။ ဥစ္ဆေဒဒိဋ္ဌိ-ဟူသော-အယုတ်တရားနှစ်ပါးနှင့်၃။ သမ္မာဒိဋ္ဌိ-ဟူသော မဇ္ဈိမပဋိပဒါတို့၏အထူးကို ပြဆိုရာ၏၊

အထူးဆိုသည်ကား-ခန္ဓပရိနိဗ္ဗာန်စံခြင်းသို့ မရောက်မီ ရှေး ကာလ၌ ခန္ဓာကိုပင် ပုဂ္ဂိုလ်သတ္တဝါ၏ အတ္တပြု၍ ပုဂ္ဂိုလ်သည် အမှန်ရှိ၏၊ သတ္တဝါသည်အမှန်ရှိ၏၊ အတ္တသည်အမှန်ရှိ၏-ဟုခိုင်မြဲစွာ ယူကြသော သူတို့၏ အယူမှာ ခန္ဓပရိနိဗ္ဗာန်နှင့်စပ်လျှင် သဿတဒိဋ္ဌိသော်လည်း ဖြစ်ရမည်၊ သို့မဟုတ် ဥစ္ဆေဒဒိဋ္ဌိသော်လည်း ဖြစ်ရမည်၊ ထိုအယုတ် တရား ၂-ပါးဟူသော လမ်းလွှဲလမ်းမှားကို ဘယ်လိုနည်းနှင့်မှ မရှောင်သာပြီ။ အဘယ့်ကြောင့်နည်းဆိုသော် ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးကာလက ပင် ခန္ဓာကိုယ်ကိုပုဂ္ဂိုလ်သတ္တဝါ၏အတ္တပြု၍ အမှန်ရှိ၏၊ အတ္တသည်အမှန် ရှိ၏-ဟုခိုင်မြဲစွာ ယူခြင်းဟူသောအတ္တဒိဋ္ဌိကြီး အရင်းခံရှိနေသောကြောင့် တည်း၊ ထိုအတ္တဒိဋ္ဌိ အရင်းခံရှိနေသောသူတို့မှာ သေသောအခါနှင့် စပ်လျှင် သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ ၂-ပါးတွင် တစ်ပါးပါးသို့ ရောက်လေ တော့သည်၊ ထို့ကြောင့် ကထာဝတ္ထုပါဠိတော်၌

ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္တမှီတိ၊ အာမန္တာ၊ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ၊ နဟေဝံ ဝတ္တဗ္ဗေ ဟူ၍၎င်း, နတ္ထတ္တမှီတိ၊ အာမန္တာ၊ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆေန္နောတိ၊ နဟေဝံ ဝတ္တဗ္ဗေ-ဟူ၍၎င်း အစွန်း ၂-ဘက် မလွတ်နိုင်ချက်ကို ဟော်တော်မူပေ၏၊

မဇ္ဈိမပဋိပဒါ သမ္မာဒိဋ္ဌိ

ခန္ဓပရိနိဗ္ဗာန်မစံမီ ရှေးကာလကပင် ထိုခန္ဓာသည် ပုဂ္ဂိုလ် သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါ၏အတ္တလည်းမဟုတ်၊ သဘာဝဓမ္မသက် သက်သာဖြစ်၏၊ ထိုခန္ဓာမှအလွတ် ပုဂ္ဂိုလ်ဟူ၍, သတ္တဝါဟူ၍, အတ္တဟူ၍ သဘောအားဖြင့် မရှိပြီ- ဟု သိမြင်သောဉာဏ်သည် သမ္မာဒိဋ္ဌိမည်၏၊ ထိုသမ္မာဒိဋ္ဌိဉာဏ်အမြင်ရှိသောသူတို့မှာ အတ္တဒိဋ္ဌိ အရင်းခံ မရှိသည့် အတွက်ကြောင့် ခန္ဓပရိနိဗ္ဗာန်နှင့်စပ်၍ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိသို့ ရောက်ဘွယ်မရှိပြီ၊ မဇ္ဈိမပဋိပဒါ၌ တည်လေ၏၊

မဇ္ဈိမပဋိပဒါဆိုသည်ကား- အဝိဇ္ဇာရှိသည်ရှိသော် သင်္ခါရ စသောဝဋ်တရားတို့သည် ဘဝအဆက်ဆက် ဆက် လက်ဖြစ်ပွား၍သာ နေကုန်၏၊ ဥစ္ဆေဒသို့ရောက်သည်မရှိ၊ အရဟတ္တမဂ်သို့ရောက်၍ အဝိဇ္ဇာ အကုန်ချုပ်ငြိမ်းလျှင် သင်္ခါရစသောဝဋ်တရားတို့သည် ထိုဘဝမှ နောက်၌ ဖြစ်ပေါ်ခြင်း မရှိကြကုန်ပြီ၊ ဤကား-မဇ္ဈိမပဋိပဒါလမ်းပေတည်း။

ဤမဇ္ဈိမပဋိပဒါလမ်း၌ အတ္တဒိဋ္ဌိဟူသော အရင်းခံမရှိသည့် အတွက်ကြောင့် သေကြသောအခါနှင့် စပ်လျဉ်း၍ ၎င်းသဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိဟူသော အကိုင်းအခက် ဒိဋ္ဌိ ၂-ပါး ဖြစ်ဘွယ်မရှိပြီ၊ ဤအချက်၌ ကြွင်းကျန်သော စကားရပ်မှာ အထူးဖြေဆိုဘွယ် မရှိလှပြီ။

စုဒ္ဒသမပုစ္ဆာအဖြေပြီး၏၊

----------------------

ပန္နရသမပုစ္ဆာအဖြေ

''ဤသို့အတွင်း, အပြင် သိခြင်းဖြင့် ပရမတ်တစ်ခုတည်းသည် သင်္ခတ, အသင်္ခတဟု နှစ်မျိုးကွဲနေပုံကိုယူလျှင် သင့်မည်, မသင့်မည်'' ဟူသော နောက်ဆုံးစကား၌

ပရမတ္ထဓမ္မတစ်ခုတည်းသည်ပင်လျှင် အပြင်သိအစွမ်းဖြင့်

သင်္ခတဖြစ်၏၊ အတွင်းသိအစွမ်းဖြင့် အသင်္ခတဖြစ်၏-ဟု ဆိုလို၏၊ အမှန်မှာမူကား- ခန္ဓာ တရားတို့တွင် တစ်ခုခုသော တရားသည် အပြင်မှသိကြသော လောကီဘုံသားတို့၏ဘက်၌သာ ဥပါဒ်, ဌီ, ဘင်ကို မမြင်နိုင်ကြသည်ဖြစ်၍ နိစ္စသညာစသော ဝိပလ္လာသတရားတို့၏ ဖုံးလွှမ်းမှုကြောင့် အသင်္ခတ အရိပ်အသွင် ထင်မြင်ကြလျက်ရှိ၏၊ နိစ္စသညာဆိုသည်ကား-ဤသတ္တဝါတို့မှာ မွေးတစ်နေ့-သေတစ်နေ့ဟု အဆိုရှိ ကြ၏၊ မွေးတစ်နေ့ဆိုသည်ကား- တစ်သက်လုံးတွင်အစဆုံးနေ့၌ ဖြစ်ပေါ်ပေါက်ပွါးမှု တစ်ကြိမ်သာရှိ၏၊ သေတစ်နေ့ဆိုသည်ကားထိုဘဝတွင် နောက်ဆုံးနေ့တစ်နေ့၌ သေဆုံးမှုတစ်ကြိမ်သာရှိ၏၊ ထိုမွေးနေ့-သေနေ့နှစ်ပါးတို့၏ အကြား၌ နှစ်သင်္ချေပင် ရှည်သော်လည်း အသစ်အသစ် ဖြစ်ပေါ်ပေါက်ပွားမှု ဟူ၍လည်း မရှိလေပြီ၊ သေဆုံးမှုဟူ ၍လည်းမရှိလေပြီဟူ၍ ယခုလောကတွင်ဗဟုသုတ မရှိသောသူများတို့ မှတ်ထင်သိမြင်၍နေကြသောအရာသည် နိစ္စသညာ, နိစ္စစိတ္တ, နိစ္စဒိဋ္ဌိမှု ပေတည်း၊ ပုဂ္ဂလ, သတ္တ, အတ္တ, ဇီဝများသည် ပညတ်မျိုးဖြစ်၍ အသင်္ခတ တစ်မျိုးပေတည်း။

ခန္ဓာကို ပုဂ္ဂိုလ်ဟူ၍ စွဲလမ်းခြင်းသည် သင်္ခတဖြစ်သော ခန္ဓာကို အသင်္ခတဖြစ်သော ပုဂ္ဂိုလ်ပြုလုပ်၍ ယူခြင်းဖြစ်၏၊ ထိုအတူ ခန္ဓာကို သတ္တဝါဟူ၍ အတ္တဟူ၍, ဇီဝဟူ၍ စွဲလမ်းခြင်းသည် သင်္ခတဖြစ်သော ခန္ဓာကို အသင်္ခတဖြစ်သော သတ္တဝါ, အတ္တ, ဇီဝဟု စွဲလမ်းခြင်းဖြစ်၏၊ ခန္ဓာတရားတို့တွင် တစ်ခုခုသောတရားသည် အတွင်းမှသိကြသော ဝိပဿနာယောဂီဖြစ်သော ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်, အရိယာပုဂ္ဂိုလ် တို့ဘက်၌မူကား- ဥပါဒ်, ဌီ, ဘင်တို့ကို အလင်း မြင်နိုင်ကြကုန်သည်ဖြစ်၍ နိစ္စသညာစသော ဝိပလ္လာသတရားတို့ကို တဒင်္ဂပဟာန်, ဝိက္ခမ္ဘန ပဟာန်သမုစ္ဆေဒပဟာန်အားဖြင့် ပယ်ရှားနိုင်ခြင်းကြောင့် သင်္ခတအသွင် အလင်းထင်မြင်ကြလျက်ရှိ၏၊

ဤသို့လျှင် ဥပါဒ်, ဌီ, ဘင်တို့နှင့် အစဉ်အဆက် ဖြစ်တုံပျက်တုံ နေကြသော ခန္ဓာတရားတို့သည် ဝိပလ္လာသ အပြည့်အစုံရှိနေသော ပုထုဇဉ်တို့၏ ထင်မြင်ချက်၌သာ အသင်္ခတအရိပ်အသွင် ရှိနေကြကုန်၏၊ မိမိတို့၏ သဘာဝအားဖြင့်မူကား-ဘယ်အခါမှာမှ အသင်္ခတ မဖြစ်နိုင် ကြကုန်၊ အနုဗောဓဉာဏ်, ပဋိဝေဒဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ ဉာဏ်၌မူကား-ပုဂ္ဂိုလ် သတ္တဝါစသောကို အသင်္ခတအရိပ်အသွင် ထင်ချက်မရှိကြကုန်ပြီ၊ အခါခပ် သိမ်းဖြစ်ခြင်း, ရင့်ခြင်း, ပျက်ဆုံးခြင်း ဟူသော ဇာတိမီး, ဇရာမီး, မရဏမီး အမြဲတောက်လောင်၍နေသော သင်္ခတ အရိပ်အသွင် ထင်ရှားလျက်ရှိနေကြကုန်၏၊

ထို့ကြောင့် အတွင်းအပြင် သိခြင်းဖြင့် ပရမတ်တစ်ခုတည်းသည် သင်္ခတ, အသင်္ခတနှစ်မျိုး ကွဲရိုးမရှိ၊ မိမိတို့၏ သဘာဝအားဖြင့်သာလျှင် ခန္ဓာတရားတို့သည် သင်္ခတသာအမှန်ဖြစ်ကုန်၏၊ ဘယ်အခါမှာမှ အသင်္ခတအဖြစ်သို့ မရောက်ကြကုန်၊ ခန္ဓာတရားတို့နှင့် သဘောအားဖြင့် အလွန်ဝေးကွာလျက်ရှိသော ဝဋ်ဒုက္ခတို့၏ ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန် တရားသည်မူကား-နိစ္စဓူဝအားဖြင့် အသင်္ခတအဖြစ်၌သာ အမြဲတည်၏၊ ဘယ်အခါမှာမှ သင်္ခတအဖြစ်သို့ မရောက်လေပြီ။

ဤအရာ၌ ဝဋ်ဒုက္ခတို့၏ ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန်ဘက်၌ ခန္ဓာဟူသော ရုပ်တရား, နာမ်တရားမရှိကြောင်းကို ဤပါဠိတော်တို့ဖြင့် ပြဆိုရာ၏၊

ဧဝဉ္စ ခေါ ဧသော ဘိက္ခု ပေဥှာ ပုစ္ဆိတဗ္ဗော။

(က)

ကတ္ထ အာပေါစ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။

ကတ္ထ ဒီဃဉ္စ ရဿဉ္စ၊ အဏုံ ထူလံ သုဘာသုဘံ။

ကတ္ထ နာမဉ္စ ရုပဉ္စ၊ အသေသံ ဥပရုဇ္ဈတီတိ။

တတြ ဝေယျာကရဏံ ဘဝတိ။

( ခ )

ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗတောပဘံ။

ဧတ္ထ အာပေါစ ပထဝီ၊ တေဇော ဝါယော န ဂါဓတိ။

ဧတ္ထ ဒီဃဉ္စ ရဿဉ္စ၊ အဏုံ ထူလံ သုဘာသုဘံ။

ဧတ္ထ နာမဉ္စ ရုပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။

ဝိညာဏဿ နိရောဓေန၊ ဧတ္ထတံ ဥပရုဇ္ဈတီတိ။

ဟူသော ဒီဃနိကာယ် သုတ်သီလက္ခန်ပါဠိတော် ကေဝဋ္ဋသုတ်။

အတ္ထိ ဘိက္ခဝေ တဒါယတနံ၊ ယတ္ထ နေဝ ပထဝီ၊န အာပေါ၊ န တေဇော၊ န ဝါယော၊ န အာကိဉ္စညာယတနံ၊ န နေဝသညာ နာသညာယတနံ၊ နာယံလောကော၊ န ပရလောကော၊ နဥဘော စန္ဒိမသူရိယာ၊ တတြာပါဟံ ဘိက္ခဝေ နေဝအာဂတိံ ဝဒါမိ၊ န ဂတိံ၊ န ဌိတိံ၊ န စုတိံ၊ န ဥပပတ္တိံ၊ အပ္ပတိဌံ အပ္ပဝတ္တံ အနာရမ္မဏ မေဝတံ၊ ဧသေဝန္တော ဒုက္ခဿာတိ။

ဟူသော ဥဒါန်းပါဠိတော် ပါဋလိဂါမဝဂ် တဒါယတနသုတ်။

ဤပါဠိတော်များကို ထောက်၍ နိဗ္ဗာန်၌ အလွန်သိမ်မွေ့သော ခန္ဓာအလားရှိသော တစ်စုံတစ်ခုသော တရားမရှိပြီဟု သိအပ်၏၊

ကေဝဋ္ဋသုတ်ပါဠိ၌ အနက်ကား-ဘိက္ခု=ရဟန်း၊ ဧသော ပေဥှာ=ဤပြသနာကို၊ ဧဝဉ္စခေါ=ဤသို့လျင်၊ ပုစ္ဆိတဗ္ဗော= မေးအပ်၏၊

နိဗ္ဗာနပုစ္ဆာ ဝိသဇ္ဇနာ

(က) ကတ္တ=အဘယ်၌၊ အာပေါစ=ရေဓာတ်သည်၎င်း၊ ပထဝီစ= မြေဓာတ်သည်၎င်း၊ တေဇောစ=မီးဓာတ်သည် ၎င်း၊ ဝါရောစ= လေဓာတ် သည်၎င်း၊ နဂါဓတိ=ထောက်ရာတည်ရာ မရနိုင်သနည်း၊ ကတ္တ= အဘယ် ၌၊ ဒီဃဉ္စ=အရှည်သည်၎င်း၊ ရဿဉ္စ=အတိုသည်၎င်း၊ အဏုံစ=အသေး သည်၎င်း၊ ထူလဉ္စ=အကြီးသည်၎င်း၊ သုဘဉ္စ=တင့်တယ်သော ဝတ္ထု သည်၎င်း၊ အသုဘဉ္စ=မတင့်တယ်သောဝတ္ထုသည်၎င်း၊ နဂါဓတိ= ထောက်ရာတည်ရာ မရနိုင်သနည်း၊ ကတ္ထ=အဘယ်၌၊ နာမဉ္စ=နာမ် ခန္ဓာသည်၎င်း၊ ရူပဉ္စ=ရုပ်ခန္ဓာသည်၎င်း၊ အသေသံ=အကြွင်းမရှိ၊ ဥပရုဇ္ဈ=ချုပ်သနည်း၊ ဣတိ=ဤသို့၊ ပုစ္ဆိတဗ္ဗော=မေးအပ်၏၊

တတြ=ထိုအမေး၌၊ ဝေယျာကရဏံ=အဖြေသည်၊ ဘဝတိ= ဖြစ်၏၊

( ခ ) ယံဓမ္မဇာတံ=အကြင်တရားသဘောသည်၊ ဝိညာဏံ= အရိယာတို့၏ ဉာဏ်ဖြင့်သာ အထူးသိအပ်၏၊ အနိဒဿနံ= ဤကဲ့သို့ဟုညွှန်းပြစရာ ဥပမာလည်းမရှိ၊ အနန္တံ=ဖြစ်ခြင်းပျက်ခြင်း မရှိသည်ဖြစ်၍ ရှေ့အစွန်း, နောက်အစွန်းလည်းမရှိ၊ သဗ္ဗတောပဘံ=ခပ်သိမ်းသော အရပ်တို့၌ ထွန်းတောက်ပလျက်ရှိ၏၊ ဧတ္ထ=ဤသဘောတရား၌၊ အာပေါစ=ရေဓာတ်သည်၎င်း၊ ပထဝီစ=မြေဓာတ်သည်၎င်း၊ တေဇောစ= မီးဓာတ်သည်၎င်း၊ ဝါယောစ=လေဓာတ်သည်၎င်း၊ နဂါဓတိ=ထောက်ရာ တည်ရာ မရနိုင်၊ ဧတ္ထ=ဤတရား၌၊ ဒီဃဉ္စ=အရှည်သည်၎င်း၊ ရဿဉ္စ= အတိုသည်၎င်း၊ အဏုံစ= အသေးသည်၎င်း၊ ထူလဉ္စ=အကြီးသည်၎င်း၊ သုဘဉ္စ=တင့်တယ်သောဝတ္ထုသည်၎င်း၊ အသုဘဉ္စ=မတင့်တယ်သော ဝတ္ထုသည်၎င်း၊ နဂါဓတိ=ထောက်ရာတည်ရာ မရနိုင်၊ ဧတ္ထ=ဤတရား၌၊ နာမဉ္စ=နာမ်ခန္ဓာသည်၎င်း၊ ရူပဉ္စ=ရုပ်ခန္ဓာသည်၎င်း၊ အသေသံ= အကြွင်းမရှိ၊ ဥပရုဇ္ဈတိ=ချုပ်၏၊ ဝိညာဏဿ=ပဋိသန္ဓေဝိညာဏ်၏၊ နိရောဓေန=ဖြစ်ပေါ်ခြင်းမရှိသောအားဖြင့် ချုပ်ခြင်းကြောင့်၊ ဧတ္ထ= ဤဝိညာဏ်၏ ဖြစ်ပေါ်ခြင်းမရှိ ချုပ်ခြင်း-ဟူသော နိဗ္ဓာန်၌၊ ဧတံ= ဤရေဓာတ်, မြေဓာတ်အစရှိသော အလုံးစုံသည်၊ ဥပရုဇ္ဈတိ= ချုပ်ငြိမ်း လေ၏၊ ဣတိ=ဤသို့၊ ဝေယျာကရဏံ= အဖြသည်၊ ဘဂတိ=ဖြစ်၏၊ (က) ဤပါဠိတော်၌ နိဗ္ဗာန်မှာရေဓာတ်, မြေဓာတ်, မီးဓာတ်, လေဓာတ်များသည် ထောက်ရာတည်ရည်ရာမရ-ဆိုသော ကြောင့် အလုံးစုံသော ရုပ်-ဟူသမျှသည် နိဗ္ဗာန်မှာ မရှိဟုသိအပ်၏၊

( ခ ) နိဗ္ဗာန်မှာ အရှည်, အတို, အကြီး, အငယ်, တင့်တယ်သော ဝတ္ထု, မတင့်တယ်သော ဝတ္ထုများသည် ထောက်ရာ တည်ရာမရ-ဆိုသောကြောင့် ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ စသော ပညတ်များသည်လည်း နိဗ္ဗာန်မှာမရှိ ဟုသိ အပ်၏၊

( ဂ ) နိဗ္ဗာန်မှာ နာမ်ခန္ဓာ, ရုပ်ခန္ဓာများသည် အကြွင်းမရှိ ချုပ်ငြိမ်းသည်-ဟု ဆိုခြင်းကြောင့် ရုပ်ကြမ်း, နာမ်ကြမ်း မဟုတ်သောလည်း ရုပ်နာမ် အလားရှိသော အလွန်သိမ်မွေ့ သောတရား အကြွင်းအကျန်-ဟူ၍လည်း နိဗ္ဗာန်မဗာမရှိ၊ ခန္ဓာ-ဟုမခေါ်ဆိုအပ်သော်လည်း ခန္ဓာအလားရှိသော အလွန်သိမ်မွေ့သောတရား အကြွင်းအကျန်ဟူ၍လည်း နိဗ္ဗာန်မှာ မရှိ-ဟုဆိုအပ်၏၊

ချုပ်ခြင်း-ဟူသော နိရောဓသည် နှစ်မျိုးရှိ၏၊

(၁) အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ ဖြစ်ပေါ်ပြီး သောတရား၏ ပျက်ဆုံးခြင်း-ဟူသော ဘင်္ဂနိရောဓ လည်းတစ်ပါး။

(၂) အကြောင်းတို့၏ ချုပ်ငြိမ်းခြင်းကြောင့် ဖြစ်ပေါ်ခြင်း ဟူ၍ပင် မရှိခြင်းတည်းဟူသော အနုပ္ပါဒနိရောဓလည်း တစ်ပါး။

ထိုနှစ်ပါးတို့တွင်-ဝိညာဏဿနိရောဓေန-ဟူသော ပါဌ်၌ ဘင်္ဂ နိရောဓ-ကို မလိုအပ်၊ အနုပ္ပါဒနိရောဓ-ကိုသာ လိုအပ်၏၊ ဤပါဠိတော်၌ ဝိညာဏသဒ္ဒါနှစ်ချက်ပါသည်တွင်-ရှေ့ဝိညာဏသဒ္ဒါ၌ အာရုံကို သိခြင်းဟူသော အနက် ကိုမယူအပ်၊ အရိယာတို့၏ ဉာဏ်ဖြင့်အထူးသိအပ်၏ဟူသော အနက်ကိုသာ ယူအပ်၏၊

ဥဒါန်းပါဠိတော်၌အနက်ကား

ဘိက္ခဝေ=ရဟန်းတို့၊ တဒါယတနံ=ထိုသို့ သဘောရှိသော မှီခိုရာ, ခိုကိုးရာ တရားအထူးသည်၊ အတ္ထိ=ရှိ၏၊ ယတ္ထ=အကြင်တရား၌၊ ပထဝီ= မြေဓာတ်သည်လည်း၊ နေဝအတ္ထိ=မရှိ၊ အာပေါ=ရေဓာတ်သည်လည်း၊ နအတ္ထိ=မရှိ၊ တေဇော=မီးဓာတ်သည်လည်း၊ နအတ္ထိ=မရှိ၊ ဝါယော= လေဓာတ်သည်လည်း၊ နအတ္ထိ=မရှိ၊ အာကာသာနဉ္စာယတနံ= အာကာသာနဉ္စယတနနာမက္ခန္ဓာ ၄-ပါးသည်လည်း၊ နအတ္ထိ=မရှိ၊ ဝိညာဏဉ္စာယတနံ=ဝိညာစဉ္စာယတနနာမက္ခန္ဓာ ၄-ပါးသည်လည်း၊ နအတ္ထိ= မရှိ၊ အာကိဉ္စညာယတနံ=အာကိဉ္စညာယတနနာ မက္ခန္ဓာ ၄- ပါးသည်လည်း၊ နအတ္ထိ=မရှိ၊ နေဝသညာနာသညာယတနံ=နေဝသညာ နာသညာယတန နာမက္ခန္ဓာ ၄-ပါးသည်လည်း၊ နအတ္ထိ=မရှိ၊ အယံ လောကော=ဤပစ္စုပ္ပန်လောကမည်သည်လည်း၊ နအတ္ထိ=မရှိ၊ ပရလောကော=တမလွန်လောကမည်သည်လည်း၊ နအတ္ထိ=မရှိ၊ ဥဘော= နှစ်ပါးကုန်သော၊ စန္ဒိမသူရိယာ=လ, နေ တို့သည်လည်း၊ နသန္တိ=မရှိကုန်၊ ဘိက္ခဝေ=ရဟန်းတို့၊ အပိ=စင်စစ်၊ တတြ=ထိုတရားအထူး၌၊ အာဂတိံ= တစ်ခြားတစ်ပါးမှ လာရောက်ခြင်းကိုလည်း၊ အဟံ=ငါဘုရားသည်၊ နေဝ ဝဒါမိ=မဟော၊ ဂတိံ=ထိုမှဘဝတစ်ပါးသို့လားခြင်းကိုလည်း၊ နဝဒါမိ= ငါမဟော၊ ဌိတိံ=ထိုတရား၌ တည်နေခြင်းကိုလည်း၊ နဝဒါမိ=ငါမဟော၊ စုတိံ=ထိုမှဘဝတစ်ပါးသို့ ရွှေ့ရှားခြင်းကိုလည်း၊ နဝဒါမိ= ငါမဟော၊ ဥပပတ္တိံ=ထိုမှရွှေ့ရှား၍ဘဝတစ်ပါးသို့ ကပ်ရောက်ခြင်းကိုလည်း၊ နဝဒါမိ=ငါမဟော၊ ဇတံ=ဤတရားအထူးသည်၊ အပ္ပတိဋ္ဌံ=မဟာ သမုဒ္ဒရာကဲ့သို့ ထောက်ရာတည်ရာလည်းမရှိ၊ အပ္ပဝတ္တံ=အစဉ် မပြတ်ဖြစ်, ဖြစ်နေခြင်းလည်းမရှိ၊ အနာရမ္မဏမေဝ=စိတ်, စေတသိက် တရားတို့ကဲ့သို့ တစ်ခြားတစ်ပါးသော တရားတို့ကို အာရုံပြုခြင်း မရှိသည် သာလျှင်တည်း၊ ဧသေဝ-ဧသောဧဝ=ဤတရားအထူးသည်သာလျှင်၊ ဒုက္ခဿ=သံသရာ ဝဋ်ဒုက္ခ၏၊ အန္တော= အဆုံးတရားပေတည်း။ [အဓိပ္ပါယ်သိသာပြီ။] ပန္နရသမ ပုစ္ဆာအဖြေပြီး၏၊

----------

နိဂုံးချုပ်အဖြေ

လျှောက်လွှာ၌ ''ရုပ်နာမ်ကြမ်း မဟုတ်သော်လည်း ရုပ်နာမ် အလားရှိသော၊ ဝါ-ခန္ဓာဟု မဆိုအပ်သော်လည်း ခန္ဓာအလားရှိသော အသင်္ခတဓာတ်ပရမတ်ကို နိဗ္ဗာန်ဟူ၍ ဟောရပေသည်''-ဟူသော စကားသည်

အဘိဓမ္မာနှင့် ဆန့်ကျင်၏၊ ဆန့်ကျင်ပုံကား- အဘိဓမ္မာ၌ ရူပိနော

ဓမ္မာ၊ အရူပိနော ဓမ္မာ-ဟူ၍ ရုပ်ဟုတ်, မဟုတ် နှစ်ဘို့နှစ်စုသာ လာသောကြောင့် ရုပ်ကြမ်းမဟုတ်သော်လည်း ရုပ်ကြမ်းအလားရှိသော နေဝရူပီ၊ နာရူပီ-ဟူ သော တတီယကောဋိ မရှိကြောင်းကို သိအပ်၏၊

စိတ္တာ ဓမ္မာ၊ နော စိတ္တာဓမ္မ-ဟူ၍၎င်း, စေတသိကာ ဓမ္မာ၊ နော စေတသိကာ ဓမ္မာဟူ၍၎င်း စိတ်ခန္ဓာ ဟုတ်, မဟုတ်၊ စေတသိက်ခန္ဓာ ဟုတ် မဟုတ် နှစ်ဘို့နှစ်စုသာလာသောကြောင့် နာမ်ခန္ဓာကြမ်း မဟုတ် သော်လည်း နာမ်ခန္ဓာ အလား ရှိသော နေဝစိတ္တနာစိတ္တ, နေဝစေတသိက နာစေတသိက-ဟူသော တတီယကောဋိ မရှိသောကြောင်းကို သိအပ်၏၊

ဤတွင်ရွှေ့ကား- မောင်ရွှေစံအောင်၏ လျှောက်လွှာကို ဖြေဆိုချက်ပြီး၏၊

[ဤဖြေဆိုချက်နှင့် မကျေမလည်ရှိသေးလျှင် ထပ်မံ၍လျှောက်။] နိဂုံးချုပ်အဖြေပြီး၏၊

--------

သတိပေးချက်

ဤကဲ့သို့နက်နဲသော တရားအချက်ကြီးများကို ဆုံးဖြတ်ရာ၌ အစွန်အဖျားဖြစ်သော ဋီကာစကား အတိုအနှောင်းများကို အားကိုး အားထား မပြုရာ၊ ပါဠိတော်ကြီးများကိုသာ အားကိုးအားထားပြုရာ၏၊

နိဗ္ဗာနပုစ္ဆာဝိသဇ္ဇာနာပြီးပြီ။

------*----

ဇေယျပူရ ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဇေယျပူရဇာမရီ ရှင်စန္ဒာဝရ လျှောက်ချက်

၁။ မြတ်စွာဘုရားသည် အကြည်အပြု ခွင့်ပြုတော်မူ အပ်သော ပုဏ္ဍိယာလောပ ဆွမ်းပစ္စည်း, ပံသုကူလ သင်္ကန်းပစ္စည်း, ရုက္ခမူလကျောင်းပစ္စည်း, ပုတိမုတ္တ ဆေးပစ္စည်း ဤလေးပါးတစ်ရပ်။

၂။ မြတ်စွာဘုရားသည် ဝေနေယျဇ္ဈာသယကိုငဲ့သဖြင့် ခွင့်ပြုတော်မူအပ်သော အတိရေက လောဘ မျိုးဖြစ် သော ပစ္စည်းလေးပါးတစ်ရပ်။

၁။ ဤသို့ ပစ္စည်းလေးပါးနှစ်ရပ်ရှိနေရာရဟန်းတော်တို့မှာ ဣဏပရိဘောဂမဖြစ်စေရန် ပစ္စဝေက္ခဏာဆင်ခြင်ရာ၌ ပထမပစ္စည်း ရပ်မှာ မြတ်စွာဘုရား၏ အလိုတော်ကျ ခွင့်ပြုတော်မူသော ပစ္စည်းများ ဖြစ်ပေ၍ ပစ္စဝေက္ခဏာ ဆင်ခြင်ဘွယ်မရှိ၊ မဆင်ခြင်သော်လည်း ဣဏ ပရိဘောဂ မဖြစ်၊ အတိရေက လာဘပစ္စည်းမျိုး၌သာ မြတ်စွာဘုရား ၏အလိုတော်ကျမဟုတ်၊ ဝေနေယျဇ္ဈာသယကို ငဲ့သဖြင့် ခွင့်ပြုတော် မူအပ်သော ပစ္စည်းမျိုးဖြစ်ချေ၍ ပစ္စဝေက္ခဏာ ဆင်ခြင်ရမည်၊ မဆင်ခြင် လျှင် ဣဏပရိဘောဂ ဖြစ်မည်-ဟူ၍ တစ်ဝါဒ။

၂။ ရှေ့ပစ္စည်းရပ်, နောက်ပစ္စည်းရပ် နှစ်ရပ်လုံး၌ပင် ပစ္စဝေက္ခဏာဆင်ခြင်ရမည်၊ မဆင်ခြင်လျှင် ဣဏပရိဘောဂ ဖြစ်မည်-ဟူ၍ တစ်ဝါဒ။

ဤဝါဒနှစ်ရပ်တွင် ဘယ်ဝါဒ သင့်မြတ်သည်-ဟု ဆုံးဖြတ်တော် မူပါမည့်အကြောင်းနှင့် မြန်မာသက္ကရာဇ် ၁၂၇၈-ခု၊ တော်သလင်း လအတွင်း စစ်ကိုင်းချောင် ဇာမရီတိုက်-ရှင်စန္ဒာဝရ လျှောက်ထားချက်။

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် ဝါဒနှစ်ပါးကို ရှင်းလင်းချက်

ဤဝါဒနှစ်ပါးတွင် လိုရင်းမှာ- ပိဏ္ဍိယာလောပ ဆွမ်းစသော ရှေ့ပစ္စည်းရပ်၌ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲသုံး ဆောင်၍နေလျှင် ဣဏပရိဘောဂ ဖြစ်,မဖြစ် မေးလိုရင်းပေတည်း၊ ထို့ကြောင့် ပရိဘောဂ ၏အရကို ရှေးဦးစွာ ပြဆိုရာ၏၊

ပရိဘောဂ ၄-ပါး

လောက၌ လူတို့မှာ ပစ္စည်းဝတ္ထုတို့ကို သုံးဆောင်ခြင်းသည် လေးမျိုးရှိ၏၊

လေးမျိုးဆိုသည်ကား

၁။ ခိုး၍ တိုက်၍ လိမ်လည်စဉ်းလဲ၍ ရသောပစ္စည်းကို သုံးဆောင်ခြင်းတစ်ပါး၊

၂။ သူတစ်ပါးပစ္စည်းကို နောင်ပေးဆပ်ပါမည်-ဟု အကြွေးယူ၍ သုံးဆောင်ခြင်းတစ်ပါး၊

၃။ မိဘတို့၏ပစ္စည်းဝတ္ထုတို့ကို သားသမီးတို့က အမွခံကိစ္စနှင့် ရယူ၍ သုံးဆောင်ခြင်းတစ်ပါး၊

၄။ မိမိကိုယ်တိုင်လုပ်ကိုင် ရှာကြံ၍ ရရှိသော ကိုယ်ပိုင်ပစ္စည်းကို သုံးဆောင်ခြင်းတစ်ပါး၊ ဟူ၍ လေးမျိုးရှိ၏၊

ထို့အတူ သာသနာ၌လည်း ရဟန်းတော်များမှာ ပစ္စည်းလေး ပါးတို့ကို သုံးဆောင်ခြင်းသည် လေးပါးရှိ၏၊

၁။ ထေယျ ပရိဘောဂတစ်ပါး,

၂။ ဣဏ ပရိဘောဂတစ်ပါး,

၃။ ဒါယဇ္ဇ ပရိဘောဂတစ်ပါး,

၄။ သာမိ ပရိဘောဂတစ်ပါး,

ထိုလေးပါးတို့တွင် ထေယျ ပရိဘောဂကို ရှေးဦးစွာပြဆိုရာ၏၊

ထေယျ ပရိဘောဂ

၁။ ထေယျ ဆိုသည်ကာ ထေယျ ဆိုသည်ကား။ ။သူတစ်ပါးပစ္စည်းကို လိမ် လည် စဉ်းလဲ၍ ယူခြင်းတည်း၊ ရဟန်းသိက္ခာ လုံးလုံး မရှိပါဘဲလျက် ငါရဟန်းဟု ဝန်ခံ၍ ရဟန်းအနေနှင့် ခံယူသုံးဆောင်ခြင်းသည် အလွန် နက်နဲသော စဉ်းလဲမှုကြီးနှင့် ရယူသုံးဆောင်ခြင်းဖြစ်၍ ထေယျပရိဘောဂ မည်၏၊

စတုတ္ထပါရာဇိကနိဒါန်းတွင်လာသော ပါပဘိက္ခု မဟာစောရ ကြီးငါးဦးတို့၏ ပစ္စည်းလေးပါးကို သုံးဆောင်မှုသည်လည်း ဤထေယျ ပရိဘောဂတွင် ပါဝင်၏၊ ပါပဘိက္ခု ဆိုသည်ကား-ရဟန်းသိက္ခာလုံး လုံးမရှိသော ဒုဿီလရဟန်းကို ဆိုလိုရင်းတည်း၊ ထိုတွင်ပထမ မဟာစောရဆိုသည်ကား

ရဟန်းစစ်မဟုတ်၊ ရဟန်းတု ရဟန်းယောင် ဖြစ်လျက် အခြံအရံ အကျော်အစော လာဘ်လာကို တောင့်တ၍ ရဟန်းစစ်အနေနှင့် သာသနာပြုဆရာ, ဓမ္မကထိ ကဆရာပြုလုပ်၍ မြို့, ရွာ လှည့်လည်သော သူပေတည်း၊ ရဟန်းစစ် ဖြစ်ခဲ့ပေမူကား-ထိုသို့ပင် တောင့်တ၍ လှည့် လည်ရရှိသုံးဆောင်သော်လည်း နက်နဲသော စဉ်းလဲမှုကြီးမပါသော ကြောင့် မဟာစောရ- ဟူ၍လည်း မဆိုရ၊ ထေယျပရိဘောဂလည်းမဖြစ်။

ဒုတိယ မဟာစောရဆိုသည်ကား

တရားတော်ကိုခိုးယူသော ဓမ္မထေနက မဟာစောရကြီး ပေတည်း၊ ဘုရားဟောသောတရားကိုသင်ကြား၍ တတ်သိသောအခါ သူတစ်ပါးတို့ကို ဘုရားဟော- ဟု မသိစေဘဲ မိမိကိုယ်တိုင်သိ ပြုလုပ်၍ ပြောဟောသော သူပေတည်း၊ ဤဓမ္မထေနက ပုဂ္ဂိုလ်သည်မူကား ရဟန်းစင်စစ်ပင် ဖြစ်သော်လည်း မဟာစောရထေယျပရိဘောဂတို့မှ လွတ်ခွင့်မရှိ၊ အဝီစိသို့ ကျရောက်တတ်သည်-ဟူ၍ ပသူရဝတ္ထုတွင် ဟောတော်မူ၏၊

တတိယ မဟာစောရဆိုသည်ကား

တစ်ပါးသော ရဟန်းစစ်ဖြစ်သော ပုဂ္ဂိုလ်ကို ရဟန်းဘောင်မှ ပျက်စီးစေလို၍ ဒိဋ္ဌ, သုတ, ပရိသင်္ကီတ-မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်း အရင်းမူလ မရှိဘဲလျက် ငါမြင်သည်, ငါကြားသည်, ငါယုံမှားင်္ကာရှိသည်ဟု မဟုတ်တရုတ် လုပ်ကြံ၍ ပါရာဇိကမှုကြီးနှင့် စွပ်စွဲဖျက်ဆီးသော မုသားဒမြကြီးပေတည်း၊ သူတစ်ပါးတို့၏ ရဟန်းသီလကို တိုက်ခိုက်သော ဝါဒ ဖျက်ဆီးသောဒမြကြီး ဆိုလိုသည်။

စတုတ္ထ မဟာစောရဆိုသည်ကား

မစွန့်ထိုက် မဝေဖန်ထိုက်သော သံဃိကဂရုဘဏ်ပစ္စည်း ဝတ္ထုများကို မိမိကိုယ်ပိုင်အနေနှင့် လူတို့အား ပေစွန့် ချီးမြှောက် ထောက်ပင့်၍ သံဃိကကို ခိုးယူဖျက်ဆီးသော သူခိုးဒမြကြီးပေတည်း၊

ဤ တတိယ, စတုတ္ထနှစ်ဦးတို့ကို ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်၌ အပါယ်ငရဲသို့ မလွဲမသွေဧကန်မုချ ကျရောက်လိမ့်မည်-ဟူ၍ ဟော တော်မူချက်ရှိ၏၊

ဒွေမေ ဘိက္ခဝေ ပုဂ္ဂလာ ယထာဘတံ နိက္ခိတ္တော ဧဝံ နိရရေ၊ ကတမေ ဒွေ၊ ယောစ သုဒ္ဓံ ဗြဟ္မစာရိံ အမူလကေန အန္တိမ ဝတ္ထုနာ အနုဒ္ဓံသေတိ၊ ယောစ သဒ္ဓါဒေယျံ ဝိနိပါတေတိ၊ ဣမေခေါ ဘိက္ခဝေ ဒွေ ပုဂ္ဂလာ ဘတံ နိက္ခိတ္တော ဒဝံနိရယေ။

[ပါဠိတော်]

ဤသုတ္တန်ပါဠိတော် ရှိပြန်သောကြာင့် ထိုတတီယ, စတုတ္ထ မှုကြီးများကို ကံမြောက်အောင်ပြုပြီးသောသူသည် ရဟန်းစင်စစ်ပင် ဖြစ်သော်လည်း မဟာစောရ ထေရပရိဘောဂမှ လွင့်မရှိရာချေ။

၎င်းပါဠိတော်တွင် သဒ္ဓါဒေယျ ဆိုသည်ကား-သက်သက် ကုသိုလ်ကိုလို၍ ကုသိုလ်ဖြစ်ချင်လှ၍ လှူဒါန်းအပ်သော ပစ္စည်းလေး ပါးကို ဆိုသည်၊ ဝိနိပါတေတိဆိုသည်ကား- ပါဠိအဋ္ဌကထာများ၌ လာသော စွန့်ထိုက်, ပေးထိုက်သော အကြောင်းအခွင့်တို့မှ လွတ်၍ သဒ္ဓါဒေယျ ပစ္စည်းဝတ္ထုကို မလျော်ရာ၌ သုံးခြင်း-တည်းဟူသော အယုတ္တ ပရိဘောဂဖြစ်အောင် စွန့်မှု, သုံးစွဲမှု, ပေးကမ်းမှုကို ဆိုသည်။

စတုတ္ထမှုမှာ ဝိနည်းပါဠိတော်၌ ဂရုဘဏ်သံဃိက ဝတ္ထုများကို ဝိသေကထုတ်ဖော်လျက် ဟောတော်မူ၏၊ သုတ္တန်ပါဠိတော်၌ သဒ္ဓါဒေယျဟု သာမညလာ၏, သံဃိက, ပုဂ္ဂလိက, ဂရုဘဏ်, လဟုဘဏ်များနှင့် ဆက်ဆံ၏၊ ဝိနည်းပါဠိတော်၌ ဂရုဘဏ်သံဃိက-ဟု ဝိသေသထုတ် ဘော်သည်မှာ မဟာစောရ-ဟု ဝိသေသဆိုထိုက်သူကို ယူလိုသည်၊ သုတ္တန်၌ သာမညလာသည်မှာ စောရ, မဟာစောရ-ဟု အကုန်လုံး သိမ်း ကျုံး၍ ယူလိုသည်၊ ဂရုဘဏ် သံဃိက သဒ္ဓါဒေယျဝတ္ထုကို အယုတ္တ ပရိဘောဂပြုလျှင် မဟာစောရဖြစ်ရ၏၊ ဂရုဘဏ်သံဃိက ဝတ္ထုမှတစ်ပါး သော သဒ္ဓါဒေယျ-ဟူသမျှကို အယုတ္တပရိဘောဂပြုလျှင် လောက၌ အစိုးရဥပဒေများတွင် သူတစ်ပါးတို့က အတိုးအပွား ဖြစ်စေရန် အပ်နှံသောပစ္စည်းစုကို အလွဲသုံးစားမှု, မတော်မတရား သုံးစားမှုများကဲ့သို့ မသင့်မလျော် မတော်မတရား သုံးစွဲမှုအတွက် စောရသာမညဖြစ်၏ဟု ခွဲခြမ်းရန်ရှိ၏၊

သုတ္တန်၌ ထိုပုဂ္ဂိုလ်များသည် အပါယ်ငရဲသို့ မလွဲမသွေ ဧကန်မုချ ကျရောက်လိမ္မည်-ဟု ဟောတော်မူသည်မှာ ဂရုဘဏ်သံဃိက သဒ္ဓါ ဒေယျဝတ္ထုများကိုရည်၍ ဟောတော်မူသည်-ဟု ယူရန်လည်းရှိ၏၊ စွပ်စွဲမှု၌ အန္တိမဝတ္ထုဖြင့် စွပ်စွဲသည်-ဟူ၍ ဝိသေသထုတ်ဖော်သကဲ့သို့ ဤ၌လည်း ယောစ သံဃိကံ သဒ္ဓါဒေယျံ ဂရုဘဏ္ဍံ ပရိက္ခာရံ ဝိနိပါ တေတိ၊ ဟု ဝိသေသထုတ်ဖော်ချက် မပါသောကြောင့် ကျန်ရှိသော သဒ္ဓါဒေယျဝတ္ထုများမှာလည်း မပေါ့သာချေ၊ ထို့ကြောင့် သဒ္ဓါဒေယျ ပစ္စည်းမျိုးဖြစ်ခဲ့လျှင် မိမိ၏ပုဂ္ဂလိကရရှိသော အပ်ချည်မျှင်တမျှင်မျှပင် ဖြစ်သော်လည်း အယုတ္တ ပရိဘောဂမဖြစ်စေရန် သတိပြုထိုက်လှချေ၏၊

ပဉ္စမ မဟာစောရ ဆိုသည်ကား

စျာန်မဂ်ဖိုလ်တရားတို့ကို မရဘဲလျက် ငါရသည်ဟုလှည့်စားမှုဖြင့် ပြောကြားသော ရဟန်းပေတည်း၊ လောကသုံးပါး၌ အကြီးဆုံးသော အဂ္ဂမဟာစောရကြီးဟု ဟောတော်မူ၏၊ အကြီးဆုံးသော ထေယျ ပရိဘောဂကြီးတည်း၊ သိက္ခာပုဒ် နိဒါန်းပါဠိတော်ကြီး ထင်ရှားရှိလေပြီ၊ ဤပဉ္စမအဂ္ဂမဟာစောရကြီး၏ အခြံအရံဖြစ်သော စောရမှု, ထေယျမှု တို့သည်လည်း ရှိကုန်၏၊ ကုဟနဝတ္ထုသုံးပါးတို့ပေတည်း၊ ကုဟနဝတ္ထု ဆိုသည်ကား- မဟုတ်မမှန်ဘဲ စဉ်းလဲလိမ် လည်မှုဖြင့် လူအများတို့၏ အံ့ဩဖွယ်ကို ပြုလုပ်ခြင်းတည်း။

လိုရင်းအချုပ်ကား တဏှာ

၁။ မဟိစ္ဆာတဏှာ,

၂။ ပါပိစ္ဆာတဏှာ,

ဟူ၍ နှစ်ပါးရှိ၏၊

ထိုနှစ်ပါးတို့တွင်

၁။ မိမိ၌အမှန်ရှိသော သဒ္ဓါဂုဏ်, သီလဂုဏ်, သုတဂုဏ်, စာဂဂုဏ်, ပညာဂုဏ်, ဟီရိဩတ္တပ္ပဂုဏ် စသည်ကို သူတစ်ပါးတို့ သိစေ လိုခြင်း၊ လူအများတို့အား ပြလိုခြင်း, ပြောလိုခြင်းသည် မဟိစ္ဆာတဏှာ မည်၏၊ ဤမဟိစ္ဆာ တဏှာမူကား လိမ်လည်စဉ်းလဲမှု မဟုတ်ပေ။

မိမိ၌မရှိသော သဒ္ဓါဂုဏ် စသည်ကို မိမိ၌ရှိသည်ဟု သူတစ်ပါးတို့ မှတ်ယူစေလိုခြင်း, ပြောလိုခြင်းသည် ပါပိစ္ဆာတဏှာမည်၏၊ ဤပါပိစ္ဆာ တဏှာသည်ကား- လိမ်လည်စဉ်းလဲခြင်းဟူသော ထေယျမျိုးပင် ဖြစ်၏၊ ထိုထေယျမှုမျိုး ကိုပြု၍ ရရှိသော ပစ္စည်းလေးပါးကို သုံးဆောင်ခြင်း သည်လည်း ထေယျပရိဘောဂဖြစ်၏၊ ပစ္စဝေက္ခဏာ ဆင်ခြင်သော်လည်း ထေယျပရိဘောဂမှမလွတ်၊ ဤထေရပရိဘောဂ၏ အပြစ်ကို အဂ္ဂိခန္ဓော ပမသုတ်၊ စတုတ္ထပါရာဇိကတို့ မှာ ကြောက်မက်ဖွယ်ရာ ဟောတော်မူ၏၊ ဝတ္ထုတို့မှာ စတုတ္ထပါရာဇိက၌လည်းကောင်း, ပေတဝတ္ထုတို့၌လည်း ကောင်း, လက္ခဏသံယုတ်၌လည်းကောင်း ကြောက်မက်ဖွယ်ရာများစွာ လာရှိကုန်၏၊

[ ဤကား- ထေယျပရိဘောဂကို အကျဉ်းပြဆိုချက်တည်း။ ]

ဣဏပရိဘောဂ

၂။ ဣဏပရိဘောဂ၌ ဣဏဆိုသည်ကား- ကြွေးတင်မှု, မြီတင်မှု, ဝန်တင်မှု, အပြစ်ကြီးငယ် အဖတ်တင် မှုကို ဆိုသည်၊ လောက၌ ရက်, လပိုင်းခြား၍ ပဋိညာဉ်စာချုပ်နှင့် ကြွေးမြီယူကြရာ၌ ရက်, လစေ့ရောက် သည့်အခါ ကျေလည်စွာပေးဆပ်နိုင်သောသူလည်း ရှိသည်၊ မပေးဆပ် နိုင်၍ အတိုးထက်အတိုး၊ အစီးအပိုးခံရသောသူလည်း ရှိသည်၊ ထိုတွင် ရဟန်းတော်တို့မှာ တရားသဖြင့်ရရှိသော ပစ္စည်းလေးပါးတို့ကို အာရုဏ် ဖြင့်ပိုင်းခြား၍ သူ့နေရာနှင့် သူကြေလည်စွာ ပစ္စဝေက္ခဏာ ဆင်ခြင်မှု ရှိနေသောရဟန်းသည် ရက်လစေ့ရောက်သည့်အခါ ကြေလည် စွာဆပ် ပေးနိုင်သောသူနှင့် တူ၏၊ သူ့နေ့နှင့်သူ ကြေလည်စွာ ပစ္စဝေက္ခဏာ ဆင်ခြင်မှု မရှိသောရဟန်းသည် မဆပ်မပေးနိုင်၍ အတိုးထက်အတိုး အစီးအပိုးခံနေရသောသူနှင့် တူ၏၊ ဤနောက် ရဟန်း၏သုံးဆောင်မှုကို ဣဏပရိဘောဂ ဆိုသည်၊ အတ္တဒိဋ္ဌိ ရှိနေကြသော ပုထုဇဉ်ရဟန်းတို့မှာ ပစ္စည်းလေးပါးကို အလှူခံမှုသည် ကြွေးမြီ ယူမှုနှင့် တူသည်၊ အကျဉ်းချုပ် အဓိပ္ပါယ်တည်း။

ရဟန်းတော်တို့မှာ ပစ္စည်းလေးပါးမှဖြစ်သော ကြွေးမြီတင်မှု နှစ်ပါးရှိ၏၊

၁။ လှူဒါန်းသူ ဒါယကာ၌ အကျိုးယုတ်လျော့ခြင်းတစ်ပါး,

၂။ အလှူခံ၍ သုံးဆောင်သူမှာ သမ္မောဟ, ဂေဓ, မဒ, ပမာဒ ဟူသော ကိလေသာအညစ် အပြစ်လေးချက် တိုးတက်ပွားများခြင်းတစ်ပါး,

ထိုနှစ်ပါးတို့တွင် လှူဒါန်းသူဒါယကာ၌ ဒါနအကျိုးယုတ်လျော့ ခြင်းဆိုသည်ကား-ပစ္စဝေက္ခဏာ မဆင်ခြင်လျှင် ထိုရဟန်းမှာ စတုပါရိ သုဒ္ဓိ သီလလေးပါးတွင် ပစ္စယသန္နိဿိတ သီလမရှိ၊ ထိုသီလ မရှိသည့် အတွက်ကြောင့် ဒက္ခိဏဝိသုဒ္ဓိအင်္ဂါတွင် အလှူခံပုဂ္ဂိုလ် သီလရှိစေ ရမည်ဟူသော ပဓာန အင်္ဂါယုတ်လျော့၏၊

ဥပမာ- ထိုသီလမရှိခဲ့ပါလျှင် တစ်ထောင်တန် အကျိုးပေး မည့်ဒါနသည် အလှူခံပုဂ္ဂိုလ်က ထိုသီလမရှိသည့် အတွက် ငါးရာတန်မျှ ပေးနိုင်တော့သည်၊ ငါးရာတန်မျှ ယုတ်လျော့လေ၏၊ ဒါယကာဘက်၌ ထိုမျှလောက် အကျိုးပေးယုတ်လျော့ခြင်းသည် အလှူခံပုဂ္ဂိုလ်အတွက် ဖြစ်ချေ၍ ထိုအမှုသည် အလှူခံပုဂ္ဂိုလ်၏အပေါ်၌ ပညာရှိတို့ကဲ့ ရဲ့ဖွယ် သော အပြစ်တာဝန်ကြီးတစ်ခု အဖတ်တင်လေ၏၊ ဥပမာ ထိုရဟန်းသည် ထိုကြွေးမြီလွတ်ခဲ့ပါလျှင် တာဝတိံသာဘုံမှာ ဖြစ်ဖို့ရှိလေရာ၊ ထိုကြွေးကြီး မြီကြီးဖိစီးသည့်အတွက် စတုမဟာရာဇ်ဘုံမှာ ဖြစ်ရလေ၏၊ အထက် စတုမဟာရာဇ်ဘုံမှာ ဖြစ်ဖို့ရှိလေရာ ဤမြေအပြင်မှာ ဘီလူးကြီး, သားရဲကြီး, သားဘက်ကြီး ဖြစ်လေ၏၊ စသည်ဖြင့် အလှူခံ ရဟန်းအတွက် ကြောင့် နှစ်ဖက်အကျိုးယုတ်လျော့၍ သွားပုံကို သိရာ၏၊ ဤစကားရပ်၌ ထိုရဟန်းမှာ ထိုသီလမရှိ ဆိုသည်ကား- ထိုဒါယကာ၏အလှူကို မခံမီက ပင် ထိုသီလမရှိသည်ကို ဆိုလိုသတည်း၊ ဤကား

ဣဏဝသေန ပရိဘောဂေါ ဣဏပရိဘောဂေါ၊ ပဋိဂ္ဂါဟကတော ဒက္ခိဏဝိသုဒ္ဓိယာ အဘာဝတော ဣဏံ ဂဟေတွာ ပရိဘောဂေါ ဝိယာတိ အတ္ထော။ ဟူသော မဟာဋီကာနှင့်အညီ လှူဒါန်းသူဒါယကာ၌ ဒါနအကျိုး ယုတ်လျော့ခြင်းသည် အလှူခံရဟန်းမှာ ကြွေးမြီတင်မှုကြီးတစ်ပါး ဖြစ်ကြောင်းကို ပြဆိုချက်တည်း။

ဤအရာ၌ စီစစ်ဖွယ်ရှိချေ၏၊

သီလဝတော အပစ္စဝေက္ခိတွာ ပရိဘောဂေါ ဣဏ ပရိဘောဂေါ နာမ။

ဟု အဋ္ဌကထာဆိုသောကြောင့် ဣဏပရိဘောဂသည် သီလဝန္တ ပုဂ္ဂိုလ်မှာရ၏၊ ဒက္ခိဏဝိသုဒ္ဓိအရာ၌ သီလ ဝန္တရဟန်းသည် အလှူခံပုဂ္ဂိုလ် အတွက် အကျိုးကြီးသောဘက်မှာ လာရှိ၏၊ ဒုဿီလရဟန်းသည်သာ အလှူခံပုဂ္ဂိုလ်အတွက် အကျိုးယုတ်လျော့သောဘက်မှာ လာရှိ၏၊ ပစ္စဝေက္ခဏာ မဆင်ခြင်၍ ပစ္စယသန္နိဿိတေ သီလမရှိရုံမျှနှင့် လည်း သီလဝန္တမဟုတ်၊ ဒုဿီလဖြစ်ပြီဟု မဆိုရ၊ ထိုဋီကာအလို ဒုဿီလဆိုရာ ကျနေဘိ၏၊ ပါဠိအဋ္ဌကထာများနှင့် မညီ-ဟု ဆိုရန်ရှိ၏၊ အဖြေကား-ပါရာဇိက လေးပါးလုံးခြုံ၍ ရဟန်းစစ်မှန်ပေလျှင် ဒုဿီလမဆိုရ၊ သီလဝန္တ ဆိုရပေပြီ၊ သို့သော် ထိုသီလဝန္တ သည် အဆင့် ဆင့်ရှိပြန်၏၊ ပါရာဇိက လေးပါးတွင်လုံခြုံ၍ အထက်သိက္ခာပုဒ်တွေ အားလုံးမလုံခြုံသော သီလဝန္တ, ပါရာဇိကလေးပါးနှင့် သံဃာဒိသေသ် တစ်ဆယ့်သုံးပါးတွင် လုံခြုံ၍ အထက်သိက္ခာပုဒ်တွေ အားလုံး မလုံခြုံ သော သီလဝန္တ စသည်ဖြင့် အဆင့်ဆင့်များပြားလျက် ရှိပြန်ရာ၏၊ စတုပါရိသုဒ္ဓိသီလ လေးပါးတွင်လည်း

၁။ ပထမသီလတွင်မျှ လုံခြုံသောသီလဝန္တ,

၂။ နှစ်ပါးသာ လုံခြုံသော သီလဝန္တ,

၃။ သုံးပါးသာ လုံခြုံသော သီလဝန္တ,

၄။ လေးပါးသာလုံခြုံသော သီလဝန္တ

ဟူ၍ အဆင့်ဆင့်ရှိရာချေသည်၊ သီလဝန္တအဆင့်ဆင့် ရှိကြသည့်အတွက် အလှူဒါယကာ၌လည်း အကျိုးပေးအဆင့်ဆင့် ရှိရာ၏၊ ထို့ကြောင့် ဋီကာဆရာသည်လည်း သီလတစ်ပါးယုတ်လျော့ ခဲ့လျှင်ယုတ်လျော့သည့် သီလအတွက် ဒါယကာမှာ အကျိုးပေးယုတ် လျော့ရန်ရှိသည်ဖြစ်၍ ထိုစကားကို ဆိုပေသည်ဟုဖြေလေ။

ပထမ ကြွေးမြီ အချက် ပြီး၏၊

ဒုတိယ ကြွေးမြီအချက်၌

သမ္မောဟ, ဂေဓ, မဒ, ပမာဒ-ဟူသော အညစ်အကြေး လေးပါးတွင်

၁။ သမ္မောဟ-ဆိုသည်ကား မသိမှုတွေဝေမှုတည်း၊ ထိုတွေဝေမှုသည်အကြမ်းအားဖြင့် ပုတီးစိပ်လေးပုဒ် မှာလာသော ပစ္စည်းလေးပါး၏ အကျိုး, အပြစ်ကိုမျှ မသိမှုတည်း၊ အလတ်အားဖြင့် ပဋိကူလ မနသိကာရ, သမ္ပဇညမသိကာ ရအချက်ကိုမျှ မသိမှုတည်း။

၂။ ဂေဓ-ဆိုသည်ကား မသိသည့်အတွက်ကြောင့် ပစ္စည်း လေးပါး၌ ခင်မင်မှုတည်း။

၃။ မဒ-ဆိုသည်ကား ပစ္စည်းလေးပါး ပြည့်စုံသည့် အတွက် နှင့်တက်ကြွယစ်မူးမှုတည်း။

၄။ ပမာဒ-ဆိုသည်ကား ယစ်မူးမှုအတွက်ကြောင့် ကုသိုလ် ဘက်နှင့်ဝေးကွာ၍ အကုသိုလ်ဘက်မှာ အချိန်ကာလ များစွာကုန်ဆုံးမှုတည်း။

ဤသို့လျှင် ရဟန်းတော်တို့မှာ ပစ္စည်းလေးပါးနှင့် စပ်လျဉ်း၍ ပစ္စဝေက္ခဏာ ဆင်ခြင်မှု ကင်းသဖြင့် ကိလေသာ အညစ်အကြေးလေးပါး နေ့စဉ် တိုးပွားမှုသည်လည်း ကြွေးမြီတင်မှုကြီး တစ်ပါးပေတည်း။ ဤကား အကျဉ်းပြချက်တည်း။

ဤအရာ၌ ပုတီးစိပ်လေးပုဒ်၏ အဓိပ္ပါယ်ကို အကျဉ်းပြဆိုပေအံ့၊ သင်္ကန်းပစ္စည်း၌ ယာဝဒေဝ သီတဿ ပဋိဃာတာယ၌ယာဝဒေဝါတိ ပယောဇနာဝဓိပရိစ္ဆေနိယမဝစနံ၊ ဧတ္ထကမေဝဟိ ယောဂိနော စီဝရပဋိသေဝနေ ပယော ဇနံ၊။ ယဒိဒံ သီတဿ ပဋိဃာတာယာတိအာဒိ၊ န ဣတော ဘိယျော။ [ဝိသုဒ္ဓိမဂ်] ဆိုလိုရင်းကား- ယာဝသဒ္ဒါသည် အကျိုးတို့၏ အဆုံးစွန် စည်းကမ်းကို ပိုင်းခြားသော သဒ္ဒါတည်း၊ ဧဝသဒ္ဒါသည် ထိုအပိုင်းအခြားကို မလွန်ကျူးစေရန် ခိုင်မြဲစေသော သဒ္ဒါတည်းဟု ဆိုလိုသည်၊ ဧတ္တကမေဝ ဟိ စသည်ဖြင့် ထိုအနက်ကိုပင် ထင်ရှားစေသည်၊ ထိုတွင် န ဣတော ဘိယျော ဟူသော ပါဌ်ဖြင့် ပိဏ္ဍပါတ ပုတီးစိပ်မှာကဲ့သို့ နေဝ ဒဝါယ, နမဒါယ, နမဏ္ဍနာယ, နဝိဘူသနာယ-ဟူသော ဧဝအနက် ဧဝတ္တ လေးချက်ကိုပြဆိုသည်၊ ဋီကာ၌ပြသော ဧဝတ္တလေးချက်သည်လည်း အသံမျှသာကွံ၏၊ အနက်မှာ ဤလေးချက်အတိုင်းပင်ကျ၏၊

ဆိုလိုရင်းအဓိပ္ပါယ်ကား

ဆောင်းရာသီ၌ လူတစ်ယောက်သည် သင်္ကန်းကြီးနှစ်ထည်ကို ယူခဲ့၍ ရဟန်းတော်အား အလိုရှိရာတစ်ထည် ထည်ကိုဖြစ်စေ, နှစ်ထည် လုံးကိုဖြစ်စေ အလှူခံတော်မူပါဟု ဆို၏၊ နှစ်ထည်တွင်လည်း တစ် ထည်ကားပိုးချည်သင်္ကန်းတည်း၊ တစ်ထည်ကား ဝါချည်သင်္ကန်းတည်း၊ ထိုအခါ ရဟန်းတော်မှာ ယာဝဒေဝ သီတဿ ပဋိဃာတာယနှင့် ညီစွာ ခံယူရာ၏၊ ပိုးချည်သင်္ကန်းကို မခံလိုဟု ပယ်လိုက်ရာ၏၊ သို့မှ ယာဝဒေဝ နှင့်လည်းညီမည်၊ ယောနိသောလမ်းလည်း ဖြောင့်မည်၊ ညီပုံ ဖြောင့်ပုံကား ရဟန်းတော်၌ ထိုသင်္ကန်းအတွက် လိုအပ်သော အကျိုးမှာ

၁။ ဟိရီဩတ္တပ္ပကို စောင့်ရှောက်ရန်တစ်ချက်,

၂။ ဆောင်းရာသီဖြစ်၍ အေးချမ်းမှုကို ကာကွယ်ရန်တစ်ချက်,

ဤနှစ်ချက်သာ လိုရင်းဖြစ်၏၊ ဤနှစ်ချက် လုံလောက်လျှင် ဆောင်းရာသီ၌ သင်္ကန်းအတွက် ကိစ္စကုန်၏၊ ကိစ္စကုန်ရုံမျှတွင် စည်းကမ်း ပိုင်းပိုင်းခြားခြား ခိုင်မြဲစွာထားရမည်၊ စည်းကမ်းကို ကျူးလွန်၍ တဏှာ အတွက်နှင့် မရောင့် တက်ရ၊ ယာဝသဒ္ဒါကိုကြည့်၊ ထို လိုရင်းနှစ်ချက် တွင်လည်း အေးချမ်းခြင်းကို ကာကွယ်မှုမှာ ဝါချည်သင်္ကန်းသည် သာ၍စွမ်းနိုင်၏၊ ဟိရီဩတ္တပ္ပကို စောင့်ရှောက်မှုမှာလည်း စွမ်းနိုင် သည်သာ ဖြစ်၏၊ ထိုလိုရင်းအကျိုးနှစ်ချက်မှာပိုး ချည်သင်္ကန်းက ဝါချည်သင်္ကန်းလောက်မစွမ်းနိုင်။

ဧဝ-သဒ္ဒါဖြင့် ပယ်လှန်ရသော အပြစ်စုနှင့် မြှော်ရှုပြန်သော် ဒဝတဏှာ, မဒမာန, မဏ္ဍနတဏှာ, ဝိဘူသန တဏှာစုသည် ဝါချည် သင်္ကန်းမှာ နည်းပါး၏၊ ပိုးချည်သင်္ကန်းမှာ အလွန်အားကြီး၏၊ အထက်က ပြဆိုခဲ့သော သမ္မောဟ, ဂေဓ, မဒ, ပမာဒ-ဟူသော ကိလေသာအညစ် အပြစ်လေးချက် တိုးတက်ပွားများရန်မှာလည်း ဝါချည်သင်္ကန်းမှာ နည်းပါး၍ ပိုးချည်သင်္ကန်းမှာ အလွန်အားကြီး၏၊ ပျောက်မည်, ပျက်မည် အတွက် ကြောင့်ကြဗျာပါရ ပိုမိုမှုသည်လည်း ဝါချည်သင်္ကန်းမှာ နည်း ပါး၏၊ ပိုးချည်သင်္ကန်းမှာ များပြား၏၊ ရဟန်းတော်တို့ အထူးနှစ်သက် အပ်သော ဂုဏ်တော် သုံးပါးနှင့်လည်း ဝါချည်သင်္ကန်းက ညီညွတ်၏၊ ပိုးချည်သင်္ကန်းက မညီညွတ်။

ဂုဏ်သုံးပါးဆိုသည်ကား

အပ္ပဂ္ဃါနိစ ဟောန္တိ သုလဘာနိစ အနဝဇ္ဇာနိစ၊

ဟုဟောတော်မူအပ်သော ဂုဏ်သုံးပါးပေတည်း။

၁။ အဘိုးမထိုက်ခြင်းဂုဏ်တစ်ပါး,

၂။ ဘယ်အခါမဆို ဘယ်အရပ်မဆို ရလွယ်ခြင်းဂုဏ်တစ်ပါး,

၃။ ပြဆိုခဲ့ပြီးသော အပြစ်မျိုးတို့မှ ကင်းလွတ်ခြင်း ဂုဏ်တစ်ပါး ဟူလိုသည်။ ဤသို့စသည်ဖြင့် ပိုးချည်သင်္ကန်းဘက်မှ အလွန်အပြစ်များ၏၊

ထို့ကြောင့် ပိုးချည်သင်္ကန်းကို ပယ်လှန်၍ ဝါချည်သင်္ကန်းကို ခံယူမှ ယာဝဒေဝနှင့်လည်း ညီမည်၊ ယောနိသော လမ်းလည်းဖြောင့် မည်ဟု ဆိုပေသတည်း။

ဥဏှဿပဋိဃာတာယမှာ နွေလအခါ၌ နေပူကိုကာကွယ် ရန်ကိစ္စ, ဓံသ, မကသ။လ။ ပဋိဃာတာယမှာ မိုဃ်း လအခါ၌ ခြင်, မှက် စသည်ကို ကွယ်ကာရန်ကိစ္စတို့နှင့် ဟိရီဩတ္တပ္ပကိုစောင့်ရှောက်ရန် ကိစ္စဘက်တွဲ၍ ယောနိသော အနက်သွား, ယာဝဒေဝ အနက်သွားကို ဖြောင့်မတ်စွာဆိုလေ၊ နောက် ပုတီးစိပ်သုံးမျိုးတို့မှာလည်း ဤနည်းကိုမှီး၍ ကြံကြလေ။ အထက်စကား၌

ဒဝ-ဆိုသည်ကား ထိုသင်္ကန်းကိုဝတ်ရုံ၍ စိတ်နောက်ကိုယ်ပါ အပျော်အပါး လိုက်စားမှုတည်း၊

မဒ-ဆိုသည်ကား ထိုသင်္ကန်းကိုဝတ်ရုံ၍ စိတ်၏တက်ကြွ ယစ်မူးမှုတည်း၊

မဏ္ဍန-ဆိုသည်ကား အသွေးအရောင်ပြောင်မှု ရွှန်းမှုကို သာယာ၍ဝတ်ရုံခြင်းတည်း၊

ဝိဘူသန-ဆိုသည်ကား လုံးရပ်သဏ္ဍာန်တင့်တယ်ရန် သာယာ၍ ဝတ်ရုံမှုတည်း၊

[ဤကား ပုတီးစိပ်ပါဠိတွင်လာသော အပြစ်လေးပါးတည်း။]

လောက၌ လူအများတို့သည် အဝတ်ကိုဝတ်ကြ ရုံကြရာ၌ ပစ္စဝေက္ခဏာဆင်ခြင်မှုဟူ၍ မရှိကုန်ပြီ၊ ဝတ်မြဲ, ရုံမြဲ အများနဲ အတိုင်းသာ ဝတ်ကြ, ရုံကြ၏၊ သမ္မောဟ အမှုကြီးပေ တည်း၊ ရဟန်းတို့မှာ ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍ ဝတ်မြဲ, ရုံမြဲအများနဲအနေနှင့် ဝတ်ရုံမှုကြီး သည် သမ္မောဟအမှုကြီးပေတည်း၊ သမ္မောဟရှိနေလျှင် ဂေဓ, မဒ, ပမာဒ တို့လည်း ပါရှိကြကုန်တော့သည်၊ ဤသတ္တဝါတို့မှာ အဝတ်အရုံကို စွဲ၍ ဖြစ်သော အဝိဇ္ဇာနုသယ, တဏှာနုသယ, မာနာနုသယတို့သည် တစ်နေ့ တစ်ခြားတိုးပွား၍သာ နေကုန်၏၊

ဤသာသနာ၌ ရဟန်းပြုကြရသည်မှာ အနုသယဟောင်းတို့ကို အကုန်ပယ်သတ်ရန် ပြုကြရ၏၊ ပစ္စဝေက္ခဏာ ဆင်ခြင်မှုသည် အသစ်တိုးပွားသည့် အနုသယတို့ကို မတိုးပွားရအောင် ပယ်ရှားမှုကြီး ပေတည်း၊ အသစ်တိုးပွားမှုကို ပစ္စဝေက္ခဏာဆင်ခြင်မှုဖြင့် သုတ်သင် ပယ်ရှင်း၍ အနုသယဟောင်းတို့ကို ဝိပဿနာဉာဏ်, မဂ်ဉာဏ်တို့ဖြင့် ပယ်ဖြတ်ရသတည်း၊ ဝိပဿနာကို မလုပ်နိုင်သေး၍ အနုသယဟောင်း တို့ကို မပယ်နိုင်သေးလျှင် ရှိစေဦး၊ ရဟန်းပြုလုပ်ရာမှ အနုသယသစ် တွေနေ့စဉ်မတိုးပွားစေအပ်-ဟူလိုသည်။

သီလဝန္တဆိုရသော ရဟန်းတော်တို့မှာ ပစ္စဝေက္ခဏာ မဆင်ခြင် လျှင် ဣဏပရိဘောဂဖြစ်သည့်အတွက် အပါယ်သို့ ကျရောက်ကြောင်းကို ဓမ္မပဒပါဠိတော်၌ ဟောတော်မူ၏၊

အယသာဝ မလံ သမုဋ္ဌာယ၊

တဒုဋ္ဌာယ တမေဝ ခါဒတိ။

ဧဝံ အတိဓောန ခါရိနံ၊

တာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

၎င်းပါဠိတော်အနက်ကား-အယသာ=သံတုံးသံခဲမှ၊ မလံ= သံချေး

သည်၊ သမုဋ္ဌာယ=ဖြစ်ပွား၍၊ တဒုဋ္ဌာယ=ထိုသံတုံးသံခဲမှထ၍၊ တမေဝ= ထိုသံတုံးသံခဲကိုသာလျှင်၊ ခါဒတိဣဝ= စားသကဲ့သို့၊ ဧဝံတထာ= ထို့အတူ၊ အတဓော နခါရိနံ=ပစ္စည်းလေးပါး၌ သမ္မောဟ, ဂေဓစသော အညစ် အကြေးတို့ကို ခါတွက်ဆေးလျှော်ကြောင်းဖြစ်သော ပစ္စဝေက္ခဏာ ဉာဏ်ပညာကို ကျူးလွန်၍ကျင့်သော ဣဏပရိဘောဂအမှုတို့သည်၊ ဒုဂ္ဂတိ=အပါယ်လေးပါးသို့၊ နယန္တိ=ပို့ချကြကုန်၏၊

ဤဂါထာတွင် အတိဓောနရိနံပုဒ်၌- ကိလေသာမလာနိ ဓုနိန္တိ ဧတေနာတိ ဓောနံ-ဟူ၍၎င်း, ဓောဝန္တိ ဧတေနာ တိ ဓောနံ-ဟူ၍၎င်း ဝိဂြိုဟ်ပြု၍ ပစ္စဝေက္ခဏာ ဉာဏ်ပညာကို ဓောနဟူ၍ ဆိုသည်၊ ပစ္စဝေက္ခဏာဆင်ခြင်မှုနှင့်ကင်း လွတ်၍သုံးဆောင်သည်ကို အတိဓောတ ခါရီဆိုသည်၊ ဝတ္ထုမှာ ဇေတဝန်ကျောင်းတော်တွင်း၌ တိဿအမည် ရှိသော ရဟန်းတော်သည် ရုတ်တရက်ရောဂါနှင့် သေဆုံး လေရာ သင်္ကန်း၌ သာယာသောတဏှာကြောင့် ထိုသင်္ကန်းမှာပင် သန်း တိရစ္ဆာန် ဖြစ်၍ အပါယ်သို့ကျလေသော ဝတ္ထုကို အဋ္ဌကထာ၌ ထိုဂါထာ၏ နိဒါန်းတွင်ပြဆိုသည်။

ရှေး၌သမ္မောဟ, ဂေဓ, မဒ, ပမာဒ-ဟူသော ကိလေသာ အညစ် အပြစ်လေးပါး နေ့စဉ်ပွားမှု စကားကိုလည်း ဤဂါထာ၌ လာသော သံချေးဥပမာကိုမြှော်၍ ဆိုသည်၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ, ဋီကာများမှာ လည်း ထိုအပြစ်လေးပါး လာရှိ၏၊ ရဟန်းတော်တို့မှာ ဣဏပရိဘောဂ အတွက် အပါယ်သို့ ကျရောက်ကြောင်းကို ဧကနိပါတ်ဇာတ်အဋ္ဌကထာ ၌လည်း အသေအချာလာသည်။

လိတ္တံ ပရမေန တေဇသာတိ ဣဒံ သတ္ထာ ဇေတဝနေ

ဝိဟရန္တော အပစ္စဝေက္ခိတွာ ပရိဘောဂံ ဘိက္ခုံ အာရဗ္ဘ ကထေသိ၊ တသ္မိံ ကိရ ကာလေ ဘိက္ခူ စီဝရာဒီနိ လဘိတွာ ယေဘုယျေန အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ၊ တေ စတ္တာရော ပစ္စယေ အပစ္စဝေက္ခိတွာ ဘုဉ္ဇမာနာ ယေဘုယျေန နိရယ တိရစ္ဆာနယောနိတော န မုစ္စန္တိ။၁။

အစရှိသည်ဖြင့် ဧကကနိပါတ်လိတ္တဇာတ် အဋ္ဌကထာ၌လာ၏၊

အနက်ကား- လိတ္တံ ပရမေန တေဇသာတိ=ဟူသော၊ ဣဒံ= ဤလိတ္တဇာတ်ကို၊ သတ္ထာ=မြတ်စွာဘုရားသည်၊ ဇေတဝနေ=ဇေတဝန် ကျောင်း၌၊ ဝိဟရန္တော=နေတော်မူစဉ်၊ အပစ္စဝေက္ခိတွာ=ပစ္စဝေက္ခဏာ မဆင်ခြင်မူ၍၊ ပရိဘောဂံ=သုံးဆောင်သော၊ ဘိက္ခုံ=ရဟန်းကို၊ အာရဗ္ဘ= အကြောင်းပြု၍၊ ကထေသိ=ဟောတော်မူ၏၊ ကိရ=အစဉ်စကား ကြားရ ဘူးသည်ကား၊ တသ္မိံကာလေ=ထိုအခါ၌၊ ဘိက္ခူ=ရဟန်းတို့သည်၊ စီဝရာဒီနိ=သင်္ကန်းစသော ပစ္စည်းလေးပါးတို့ကို၊ လဘိတွာ=ရကုန်သည် ရှိသော်၊ ယေဘုယျေန=များသောအားဖြင့်၊ အပစ္စဝေက္ခိတွာ= ပစ္စဝေက္ခဏာ မဆင်ခြင်ကုန်မူ၍၊ ပရိဘုဉ္ဇန္တိ=သုံးဆောင်ကြကုန်၏၊ တေ= ထိုရဟန်းတို့သည်၊ စတ္တာရောပစ္စယေ=ပစ္စည်းလေးပါးတို့ကို၊ အပစ္စဝေက္ခိတွာ=ပစ္စဝေက္ခဏာမဆင်ခြင်ကြကုန်မူ၍၊ ပရိဘုဉ္ဇမာနာ=သုံးဆောင်ကြ ကုန်သောကြောင့်၊ ယေဘုယျေန=များသောအားဖြင့်၊ နိရယတိရစ္ဆာန ယောနိတော=ငရဲဘဝ, တိရစ္ဆာန်ဘဝတို့မှ၊ နမုစ္စန္တိ=မလွတ်ကြလေကုန်။

ဤပါဠိ၌ယေဘုယျေန-ဆိုသည်ကား ထိုလက်ထက်တော် အခါမှာပင် ပစ္စဝေက္ခဏာမဆင်ခြင်သောရဟန်းတို့သည် ပျံလွန်တော်မူ ကြသည့်အခါ တစ်ကျိပ်မှာ ၆-ပါး, ၇-ပါး-မနည်းဘဲ ငရဲ တိရစ္ဆာန်ဘဝသို့ ကျရောက်ကြလေကုန်၏၊ တစ်ရာမှာ ၆၀, ၇၀-မနည်းဘဲ, တစ်ထောင်မှာ ၆၀၀, ၇၀၀-အောက်မနည်းဘဲ ငရဲ တိရစ္ဆာန်ဘဝသို့ ကျရောက်ကြလေ ကုန်၏-ဟူလိုသည်၊ လက်ထက်တော်မှာပင် ထိုမျှလောက်ရှိနေသေး၏၊ ယခုအခါ ငါတို့လက်ထက်မှာ ဘုန်းကြီးပျံတွေ ဘယ်လိုနေကြမည်မသိဟု သံဝေဂရဘို့ကောင်းလှ၏၊

နမုစ္စန္တိဆိုသည်ကား- ယထာဘတံ နိက္ခိတ္တော ဧဝံ နိရယေဟူသည်နှင့်အတူပေတည်း၊ ရေနက်ထဲ၌ခဲထုတ်ကို ချလိုက်ဘိသကဲ့သို့ဟူလိုသည်။

ဘိက္ခဝေ စတ္တာရော ပစ္စယေ ဧဝံ ပစ္စဝေက္ခိတွာ ပရိဘုဉ္ဇိတုံ ဝဍ္ဍတိ၊ အပစ္စဝေက္ခိတွာ ပရိဘောဂေါနာမ ဟလာဟလဝိသ ပရိဘောဂသဒိသော။

[ ၎င်းအဋ္ဌကထာ။ ] အနက်ကား- ဘိက္ခဝေ=ရဟန်းတို့၊ စတ္တာရော ပစ္စယေ=ပစ္စည်း လေးပါးတို့ကို၊ ဧဝံ= ဤသို့၊ ပစ္စဝေက္ခိတွာ= ဆင်ခြင်၍၊ ပရိဘုဉ္ဇိတုံ=သုံး ဆောင်ခြင်းငှါ၊ ဝဋ္ဋတိ=အပ်၏၊ အပစ္စဝေက္ခိတွာ=မဆင်ခြင်မူ၍၊ ပရိဘော ဂေါနာမ=သုံးဆောင်ခြင်းမည်သည်၊ ဟလာဟလဝိသပရိ ဘောဂသဒိ သော=လတ်တလောသေစေတတ်သော အဆိပ်ဆေးကို သုံးဆောင် သည်နှင့် တူ၏၊

သဒ္ဓါဒေယျလှူဒါန်းအပ်သော ပစ္စည်းလေးပါးများသည် ထေယျ ပရိဘောဂမှာ ရဲရဲငြိသောသံထွေခဲနှင့် တူ၏၊ ဤဣဏပရိဘောဂမှာ လတ်တလောသေစေတတ်သော အဆိပ်ဆေးနှင့် တူ၏၊ ဤမျှသာ ကွဲကြ၏ မိမိတို့သန္တာန်၌ အတ္တဒိဋ္ဌိဟူသော အနာဆိုးကြီး, ရောဂါဆိုးကြီး ရှိနေကြသည့်အတွက်ပေ တည်း၊ သင်္ကန်းမည်သည် အရဟတ္တဓဇ ရဟန္တာတို့၏ တန်ခွန်ပေတည်း၊ သင်္ကန်းဝတ်ရုံမှုသည် ငါကားရဟန္တာတို့၏ အနွယ်ပေတည်းဟု ဝန်ခံချက်ကြီးပေတည်း၊ ထိုဝန်ခံချက်ကြီးကို ယုံကြည်အားကိုး၍ လှူဒါန်းကြသည့်အတွက် ထိုမျှလောက်နက်နဲလျက် ရှိလေသတည်း။

၎င်းဧကကနိပါတ် ဝိဿာသဘောဇန ဇာတ်၌လည်းတသ္မိံကိရသမယေ ယေဘုယျေန ဘိက္ခူ မာတရာ နောဒိန္နံ၊ ပိတရာ နော ဒိန္နံ၊ ဘာတရာ ဘဂိနိယာ စူဠမာတရာ စူဠပိတရာ မာတုလေန မာတုလာနိယာ ဒိန္နံ၊ အမှာကံ ဂိဟိကာလေပိ ဘိက္ခုကာလေပိ ဧတေ ဒါတုံ ယုတ္တရူပါဝါတိ ဉာတီဟိဒိန္နေ စတ္တာရော ပစ္စယေ ဝိဿတ္ထာ ဟုတွာ အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ၊ သတ္ထာ တံကာရဏံ ဉတွာ မယာ ဓမ္မဒေသနံ ကာတုံဝဍ္ဍတီတိ ဘိက္ခူ သန္နိပါတာ လေတွာ ဘိက္ခဝေ ဘိက္ခုနာမ ဉာတီဟိပိ အညာတီဟိပိ ဒိန္နကေ စတ္တာရော ပစ္စယေ ပစ္စဝေက္ခိတွာဝ ပရိဘောဂေါ ကာတဗ္ဗော၊ အပစ္စဝေက္ခိတွာ ပရိဘောဂံ ကတွာ ဟိကာလင်္ကုရုမာနော ဘိက္ခု ယက္ခပေတ အတ္တဘာဝတော နမုစ္စတိ၊ အပစ္စဝေက္ခိတ ပရိဘောဂါနာမေသ ဝိသရိဘောဂ သဒိသော။

စသည်ဖြင့်လာ၏၊

ပါဌ်လျှောက်အဓိပ္ပါယ်ကား-ထိုလက်ထက်တော်အခါ၌ပင်လျှင် ရဟန်းတို့သည် များသောအားဖြင့် ငါ့အမေကလှူသော ပစ္စည်းဖြစ်သည်၊ ငါ့အဘေက, ငါ့ဘထွေးက, ငါ့ဦးရီးက, ငါ့အရီးကလှူသော ပစ္စည်း ဖြစ်သည်၊ ငါတို့မှာ လူဖြစ်သောအခါ၌သော်၎င်း, ရဟန်းဖြစ်သောအခါ၌ သော်၎င်း ထိုသူတို့သည်ငါတို့အား ပေးထိုက်သောသူများဖြစ်ကြ ကုန်သည်ဟု နှလုံးပြုကြကုန်၍ ဆွေမျိုးဖြစ်ကြကုန်သော သူတို့က လှူဒါန်းအပ်သော ပစ္စည်းလေးပါးတို့ကို ရဲရဲဝံ့ဝံ့မရွံ့ကြကုန်မူ၍ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ကြကုန်၏၊ ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူ၍ ငါသည် ရဟန်းတို့အား တရားဒေသနာ ဟောခြင်းငှါသင့်၏ဟု အကြံပြုတော်မူ၍ ရဟန်းတို့ကိုစည်းဝေးစေပြီးလျှင် ရဟန်းတို့ ရဟန်းမည်သည် ဆွေမျိုးတို့ကပင်ဖြစ်စေ, ဆွေမျိုးမဟုတ် သူတို့ကပင်ဖြစ်စေ လှူဒါန်းအပ်သော ပစ္စည်းလေးပါးတို့ကို ပစ္စဝေက္ခဏာ ဆင်ခြင်၍သာ သုံးဆောင်ခြင်းကိုပြုအပ်၏၊ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်၍သေလွန်သော ရဟန်းသည် ဘီလူးဘဝ, တိရစ္ဆာန်ဘဝ တို့မှမလွတ်နိုင်၊ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်မှုမည်သည် လတ်တလော သေစေတတ်သော အဆိပ်ဆေးကို သုံးဆောင်သည်နှင့် တူ၏-စသည်ဖြင့်ဟောတော်မူသည်ဟူလို။

အစ၌ယေဘုယျပုဒ်ကို အပစ္စဝေက္ခိတွာ ပရိဘုဉ္ဇန္တိ, ယက္ခပေတ အတ္တဘာဝတောနမုစ္စတိ-တို့၌စပ်၊ တစ်ကျိပ် မှာ ၆-ပါး, ၇-ပါး ဘီလူး, သားရဲ, သဘက်, ပြိတ္တာဖြစ်လေ၏၊ တစ်ရာမှာ ၆၀, ၇၀, တစ်ထောင်မှာ ၆၀၀, ၇၀၀-ဘီလူး, သားရဲ, သဘက်, ပြိတ္တာဖြစ်လေ၏-ဟု အဓပ္ပါယ် ဆိုလေ၊ လက်ထက်တော်မှာပင် ထိုမျှလောက်ရှိနေသေး၏၊ ယခုကာလ ငါတို့လက်ထက်မှာ ဘုန်းကြီးပျံတွေ ဘယ်လိုနေကြမည်မသိဟု သတိ သံဝေဂယူကြလေ၊ လက်ထက်တော် ဆိုရာမှာလည်း ပစ္စဝေက္ခဏာကို ဘုရားမဟောမီဆိုလိုသည်၊ ဤအဋ္ဌကထာ၌ ဘီလူးနှင့်ပြိတ္တာ ဖြစ် ကြောင်းလာသည်၊ ရှေ့ဇာတ်အဋ္ဌကထာ၌ ငရဲနှင့်တိရစ္ဆာန်ဖြစ်ကြောင်း လာသည်၊ နှစ်ချက်စပ်မိလျှင် လေးမျိုးရ၏၊ ဘုန်းကြီးသေ၍ ဘီလူး ဖြစ်သောဝတ္ထုတို့မှာ ဟေမဝတာ, သာတာဂိရိ, အာဠာဝက, သူစိလောမ, ခရလောမတို့ဝတ္ထု၊ ပြိတ္တာဖြစ်ကြသော ဝတ္ထုမှာ ပေတဝတ္ထုရှိလေပြီ။ ၁၂၆၅-ခုနှစ်မှစ၍ အထက်အောက် မြန်မာနိုင်ငံမှာ နှစ်ရှည် လများ တရားဟောလှည့်လည်ရာ ဆရာတော်ကိုယ်တိုင် တွေ့မြင်ကြား သိရသော ဘုန်းကြီးပျံတွေကို သက်သေထုတ်ပြရန် အချက်ကြီးပေတည်း။ ဤနှစ် ဇာတ်လုံးမှာပင် လိုရင်းမျှကို ထုတ်ပြလိုက်သည်၊ အဆိပ်ဆေးကို မျိုမိကြသည့်အတွက် ဒုက္ခကြီးရောက်ကြ, သေဆုံးကြသော ဇာတ် ဝတ္ထု တို့နှင့် အကျယ်ကိုအလိုရှိလျှင် ထိုနိပါတ်, ထိုဇာတ်တို့မှာ ယူကြလေ။

သီလဝန္တရဟန်းတို့ အပါယ်ကျရန်အကြောင်းစုကား

၁။ ဤပစ္စည်းလေးပါး၌ တွယ်ငြိသော ဣဏပရိဘောဂ မှုကြီးတစ်ပါး,

၂။ ဝိနည်းတရားစီရင်ရာ၌ ဆန္ဒာဂတိ လိုက်စားမှုကြီး တစ်ပါး,

၃။ မာန်မာနကြီးတစ်ပါး,

၄။ ဣဿာမစ္ဆရိယကြီးမှုတစ်ပါး,

၅။ အမဲသားငါး အစားကောင်း အသောက်ကောင်း ကြိုက် မှုကြီးတစ်ပါး,

ဤကား- ဘုန်းကြီးသေလျှင် ဘီလူး, သဘက်ဖြစ်ကြောင်း စုတည်း၊ ဘယ်လိုပင် ဝိနည်းသိက္ခာသီလ ကောင်းသော်လည်း, ဘယ်လိုပင် စာပေကျမ်းဂန်တတ်သော်လည်း ထိုအမှုစုတစ်ခု ခုအားကြီး လျက် ရှိနေခဲ့လျှင် ဝိနည်း သိက္ခာ သီလကောင်းမှုလည်း မကယ်နိုင်၊ စာပေကျမ်းဂန်တတ်မှုလည်း မကယ်နိုင်၊ ဘီလူး, သားရဲ, သဘက်နှင့် ထိုက်သက်ရာ ငရဲ, တိရစ္ဆာန်, ပြိတ္တာမလွဲနိုင်ပြီ။

ဤအရာ၌ အချို့သူတို့သည် ဝိနည်းသိက္ခာပုဒ် လုံခြုံလျှင် အပါယ်သို့မကျနိုင်-ဟု ထင်နေကြကုန်၏၊ အချို့သူတို့သည် ကမ္မပထ မြောက်လောက်သော ဒုစရိုက်မှု ကင်းလွတ်လျှင် အပါယ်သို့မကျနိုင်ဟု ထင်နေကြကုန်၏၊ ဝိနည်းသိက္ခာပုဒ်လုံခြုံသော်လည်း အပါယ်သို့ ကျနိုင်သည်သာ အမှန်ဖြစ်၏၊ အဘယ်သို့ ကျနိုင်သနည်း-ဟူမူ ဤသတ္တ ဝါတို့မှာ အနမတဂ္ဂ သံသရာမှ ကမ္မပထမြောက်ပြီး ဒုစရိုက်ကံကြီးပေါင်း အသောင်း အသိန်းမက ဖြစ်လေရာရာ အစဉ်ပါရှိ၍ နေကြ၏၊ လူတို့မှာ ယစ်မျိုးစွဲလမ်းမှုများသည် ထိုကဲ့သို့သော ကံဟောင်းမျိုး၏ ဥပနိဿယ ကြီးဖြစ်၍ ထိုကံဟောင်းက ဇနကကိစ္စ, ယစ်မျိုးစွဲမြဲမှုက ဥပနိဿယကိစ္စ ဘက်တွဲကြပြီးလျှင် ထိုသူကိုအပါယ်ငရဲသို့ မချွတ်မလွဲ အမြဲချနိုင်သကဲ့သို့ ရဟန်းတို့မှာလည်း ကံဟောင်းက ဇနကကိစ္စ, ဣဏပရိဘောဂမှု စသည် တို့က ဥပနိဿယကိစ္စ ဘက်တွဲကြပြီးလျှင် ထိုရဟန်းကိုအပါယ် ငရဲသို့ မချွတ်မလွဲ အမြဲချနိုင်ကြကုန်၏၊

ရှေးကံဟောင်းသည် စပါးမျိုးစေ့နှင့်တူ၏၊ ယခုလက်ငင်း ရှိနေကြသော ဣဏပရိဘောဂမှုစသည်များသည် တောင်သူ ယောကျ်ား နှင့်တူ၏၊ တောင်သူယောက်ျားသည် မျိုးစေ့ကိုလက်ကိုင်ပြု၍ ကောက် စပါးများကို ဖြစ်ပွားစေရ၏၊ မျိုးစေ့သည် တောင်သူယောကျ်ား၏ ပြုလုပ်ချထားရာမှာ အပင် အညှောက်ပေါက်ပွားရ၏၊ ယစမျိုးသောက်မှု သည် ကမ္မပထမှုမျိုး မဟုတ်ဆိုသော်လည်း သေခါနီး တိုင်အောင်စွဲ မြဲသောသူမှာ ထိုယစ်မျိုးမှုအတွက် အပါယ်ငရဲသို့ မလွဲနိုင်ရာပြီ၊ သတ္တဝါတို့မှာ အကုသိုလ်ကံဟောင်းသာရှိကြသည်မဟုတ်၊ ကုသိုလ် ကံဟောင်းများလည်းရှိကြသည်ပင် မဟုတ်လော-ဟူမူ အတ္တဒိဋ္ဌိရှိ နေကြသောသူတို့မှာ ကုသိုလ်၏အင်အားထက် အကုသိုလ်၏အင် အားက အထောင်အသောင်း မကကြီးကျယ်လျက် ရှိနေကြ၏၊ ထို့ကြောင့် ဝိနည်းသိက္ခာပုဒ်လုံခြုံသော်လည်း ဣဏပရိဘောဂမှု အားကြီးစွာရှိနေ ကြသော ရဟန်းတို့မှာ ထိုအမှုအတွက်ယေဘုယျအားဖြင့် အပါယ်သို့ ကျရောက်ကြကုန်၏၊ နောက်ကမ္မပထဒုစရိုက် ဆရာတို့ အထင်သည် လည်း ဤအဖြေမှာ ပါဝင်လေပြီ။

မြတ်စွာဘုရားသည်လည်း ဣဏပရိဘောဂ အတွက် ယေဘုယျ အပါယ်ကျအပြစ်ကြီးကို မြင်တော်မူသည် ဖြစ်၍ ဓမ္မဒါယာဒသုတ်၌ဓမ္မဒါယာဒါမေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသ ဒါယာဒါ၊ အတ္ထိ မေ တုမှေသု အနုကမ္ပာ၊ ကိန္တိ မေ သာသကာ ဓမ္မဒါယာဒါ ဘဝေယျုံ၊ နော အာမိသဒါယာဒါ။

ဟူ၍ဟော်တော်မူသည်။

အနက်ကား-ဘိက္ခဝေ=ရဟန်းတို့၊ တုမှေ=သင်တို့သည်၊ မေ= ငါဘုရား၏၊ ဓမ္မဒါယာဒါ=ဗောဓိပက္ခိယတရားတည်း-ဟူသော ဓမ္မ အမွေကိုသာ ခံယူကြကုန်သည်၊ ဘဝထ=ဖြစ်ကြကုန်လော၊ အာမိသ ဒါယာဒါ=ပစ္စည်းလေးပါး-တည်းဟူသော အာမိသအမွေကို ခံယူကြကုန် သည်၊ မာဘဝထ=မဖြစ်ကြကုန်လင့်၊ မေ=ငါဘုရားအား၊ တုမှေသု= သင်တို့၌၊ အနုကမ္ပါ=အစဉ်သနားခြင်းသည်၊ အတ္ထိ=ရှိ၏၊ ကိံအတ္ထိ= အဘယ်သို့ရှိသနည်း-ဟူမူကား၊ မေ=ငါ၏၊ သာဝကာ=တပည့်သား အဆက်ဆက်တို့သည်၊ ကိန္တိ=အဘယ်သို့လျှင်၊ ဓမ္မဒါယာဒါ=တရား အမွေကိုသာ ခံယူကြကုန်သည်၊ ဘဝေယျုံ=ဖြစ်ကြကုန်အံ့နည်း၊ အာမိသဒါယာဒါ=ပစ္စည်းလေးပါး-တည်းဟူသော အာမိသအမွေကိုခံယူ ကြကုန်သည်၊ နောဘဝေယျုံ=မဖြစ်ကြကုန်အံ့နည်း၊ ဣတိ=ဤသို့၊ အနုကမ္ပါ=အစဉ်သနားခြင်းသည်၊ အတ္ထိ=ရှိ၏၊

ဤ၌အာမိသအမွေကိုခံယူဆိုသည်ကား

ဣဏပရိဘောဂ အနေနှင့် ခံယူသုံးဆောင်မှုကို ဆိုသတည်း၊ ထိုအာမိသ အမွေကို ခံယူမှုမှ ကင်းလွတ်ကြစေရန် ပုတီးစိပ်လေးပုဒ်နှင့် ပစ္စယသန္နိဿိတသီလအစီအရင်ကို စီရင်ဟောကြား ထားတော်မူခဲ့ ပေသတည်း။

အနုကမ္ပါဆိုသည်ကား

မြတ်စွာဘုရားတို့၏ ကြောင့်ကြတော်ကြီးဆိုလိုသည်။ ဤအရာ၌ ဣဏပရိဘောဂမှု လွတ်ကင်း၍ ပစ္စယသန္နိဿိတ သီလဖြစ်စေခြင်းငှါ ပစ္စဝေက္ခဏာဆင်ခြင်ရာ၌ အချို့ဆရာတို့သည် ပဋိသင်္ခါယောနိသောအစရှိသော ပုတီးစိပ်ပါဠိကို အခေါက်များစွာ ရွတ်ဆို၍ ပုတီးစိပ်ကိစ္စပြီးစီး၏ ဟုပြောဆိုကြကုန်၏၊ အချို့ဆရာတို့သည် အနက်ပါဆင်ခြင်နိုင်မှ ကိစ္စပြီးစီးသည်ဟု ပြောဆိုကြကုန်၏၊ အမှန်မှာ မူကား-ပဋိသင်္ခါယောနိသော ဟူသည်နှင့်အညီ ပစ္စယသန္နိဿိတသီလ ဆိုသည်ကား-ပဋိသင်္ခါနဉာဏ်ကို ဆိုလိုသည်၊ ရှေး၌ပြဆိုခဲ့ပြီးသည့် အတိုင်း ယောနိသောအနက်သွားလမ်း, ယာဝဒေဝအနက်သွားလမ်းတို့ကို ဖြောင့် တန်းစွာမြှော်မြင်နိုင်သော ပစ္စဝေက္ခဏာဉာဏ်ပညာပေတည်း၊

ထိုဉာဏ်ပညာဖြင့်ဆင်ခြင်၍ စင်ကြယ်မှု တည်ရှိနေသည်ကိုလည်း ပစ္စယ သန္နိဿိတသီလဆိုရာ၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌

ပစ္စယသန္နိဿိတသီလံ ပညာယ သမ္ပာဒေတဗ္ဗံ၊ ပညာသာဓနံ ဟိ တံ၊ ပညာဝတော ပစ္စယေသု အာဒီနဝါနိ သံသဒဿနသမတ္ထ ဘာဝတော။။

ဟူ၍မိန့်ဆိုကြပေ၏၊ ထိုကြောင့် ပုတီးစိပ်ပါဠိမျှကို အခေါက်များ စွာရွက်ဆို၍ ပုတီးစိပ်ရုံမျှနှင့် ကိစ္စမပြီးလေ၊ ဆင်ခြင်မှုဉာဏ် ပညာမပါဘဲ ကျက်အံ၍ကြေလည်စွာရသဖြင့် အနက်မျှကို ရွတ်ဆို၍ ပုတီးစိပ်သော် လည်း ကိစ္စမပြီးလေ၊ ဣဏပရိဘောဂမှ မလွတ်ဟူလိုသည်။

ယောနိသောအနက်လမ်း ဖြောင့်တန်းစွာ မြှော်မြင်နိုင်ပါ၏၊ ပစ္စည်းလေးပါး၌ ဂေဓ, မဒ, ပမာဒတို့သည်မူကား-မလွတ်ကင်းကုန်၊ ပစ္စည်းလေးပါး၌ အကာင်းထက်အကောင်းခံယူမူ, သိမ်းဆည်းမူတို့ သည်ကား ရှိနေပြန်၏၊ ထိုရဟန်းမှာ ပစ္စယသန္နိဿိတသီလ တည်ပါမည် လောဟု မေးရန်ရှိ၏၊

သမ္မောဟလွတ်ကင်းသည့်အတွက် တစ်စိတ်တစ်ဒေသမျှ တည်ရှိပါ၏၊ ဂေဓ,မဒ,ပရှိနေသည့်အတွက် ဣဏပရိ ဘောဂမှ မလွတ်ဟု ဖြေလေ။

အချို့သော ပုဂ္ဂိုလ်တို့သည် နဂိုစရိုက် စင်ကြယ်သည့် အတွက် ပစ္စည်းလေးပါး၌ ဂေဓ, မဒ, ပမာဒတို့မှ လွတ်ကင်းပါ၏၊ ဆင်ခြင်မူကား မရှိ၊ ထိုသူမှာ ထိုသီလတည်ရှိပါမည်လောဟူမူ-မြောက်ကျွန်းသူများ၏ ငါးပါးသီလသည် စေတနာသီလ, ဝိရတီသီလ,သံဝရသီလကားမဟုတ်၊ ပကတိသီလဟူ၍ ဆိုရသကဲ့သို့ ပဋိသင်္ခါနသီလကားမဟုတ်၊ ပကတိ သီလဆိုရ၏၊ သမ္မောဟအတွက် ဣဏပရိဘောဂအစွန်း မလွတ်ချေ၊ သို့သော် သီလအရာမျှဖြစ်၍ သမ္မောဟကို သုတ်သင်မှုသည်လည်း အရေးကြီးလှသော ဂေဓ, မဒ, ပမာဒတို့ကို သုတ်သင်နိုင်ရန်အတွက်ပေ တည်း၊ ထို့ကြောင့် သမ္မောဟအတွက်ဝန်မလေးလှပေ။

အချို့သောသူတို့သည်ကား စာပေကျမ်းဂန်မှုနှင့်သော်၎င်း, ဘာဝနာမှုနှင့်သော်၎င်း နေ့နေ့ညည အချိန်ကုန်ကြ သောရဟန်းတို့မှာ ပစ္စဝေက္ခဏာ အထူးစင်ခြင်ဘွယ်မရှိ၊ ထိုကုသိုလ်နှင့်ပင် ဣဏပရိဘောဂ မှလွတ်ကင်း စင်ကြယ်လေတော့သည်ဟု အယူရှိကြကုန်၏၊ ထိုသူတို့မှာ အလွန်အရေးကြီးလှသော ဂေဓ, မဒ လွတ်ကင်းကြ၏လော-ဟု ဆင်ခြင် ရန်ရှိချေ၏၊ ပမာဒမှုမရှိကြသည့်အတွက် အပြစ်မူကား-ပေါ့ရာ၏၊

ဣဏပရိဘောဂအမြွက် ပြီး၏၊

--------

ဒါယဇ္ဇ ပရိဘောဂ

၃။ ဒါယဇ္ဇပရိဘောဂ၌ အမွေခွဲမှုနှင့် ရရှိ၍ သုံးဆောင်မှုကို ဒါယဇ္ဇပရိဘောဂဆိုသည်၊ မြတ်စွာဘုရား၏ အမွေတော်ကို ခံယူသုံး ဆောင်ခြင်းဟူလိုသည်၊ မြတ်စွာဘုရား၏ အမွေတော်သည် အာမိသ အမွေ, ဓမ္မအမွေဟူ၍ နှစ်ပါးရှိ၏၊

ထိုတွင်

၁။ ပစ္စည်းလေးပါးကို အာမိသ အမွေဆိုသည်။

၂။ ဗောဓိပက္ခိရတရား ၃၇-ပါးကို ဓမ္မအမွေဆိုသည်။ ရဟန်းန္တာပုဂ္ဂိုလ်မှတစ်ပါး သေက္ခအရိယာ ပုဂ္ဂိုလ် ၇-ယောက် တို့သည် မြတ်စွာဘုရား၏ သားတော်အစစ်ဖြစ်ကြကုန်၍ အမွေခံပုဂ္ဂိုလ် တို့ပေတည်း၊ သားတော်အစစ် ဖြစ်ပုံကား-ဒိဋ္ဌိ, ဝိစိကိစ္ဆာရှိနေကြ ကုန်သော ပုထုဇဉ် ပုဂ္ဂိုလ်သည် ရဟန်းတော်ပင် ဖြစ်ကြကုန်သော်လည်း သားတော်အစစ် မဟုတ်ကြကုန်၊ အကြောင်းမူကား ထိုသူတို့သည် ထိုတရားနှစ်ပါးရှိကြသည့်အတွက် ယခုနေ့မှာ ဘုရားတပည့်၊ နက်ဖြန်မှာ ဘုရားရန်သူ ဖြစ်နိုင်သောအဘို့၌ တည်နေလျက်ရှိကြကုန်သော ကြောင့်တည်း၊ ထိုဒိဋ္ဌိ, ဝိစိကိစ္ဆာကို အမြစ်ပါပယ်ရှင်းကြကုန်ပြီးသော ထိုအရိယာပုဂ္ဂိုလ်တို့သည်မူကား- ထိုပယ်ရှင်းသော ခဏမှစ၍ နိဗ္ဗာန် ဝင်ကြသည့်ဘဝတိုင်အောင် ဘုရား၏ သားတော်အဖြစ်အစဉ် မြဲကြလေ တော့သည်၊ ထို့ကြောင့် ထိုအရိယာပုဂ္ဂိုလ်တို့သည်သာလျှင် ပရမတ္ထသား တော်အစစ် ဖြစ်ကြပေကုန်သည်၊ သားတော်အစစ်ဖြစ်ကြကုန်သည်နှင့် တစ်ပြိုင်နက် ဣဏပရိဘောဂနယ်ကိုလည်း လွန်မြောက်ကြကုန်၏၊ မြတ်စွာ ဘုရား၏ အမွေခံသားတော်အဖြစ်သို့ရောက်ကြကုန်၏၊

ဣဏပရိဘောဂကိုလွန်မြောက်ပုံကား

ထိုအရိယာပုဂ္ဂိုလ်တို့မှာ သီလသိက္ခာ ပျက်ကွက်လျော့ပါး သောပုဂ္ဂိုလ်, သီလသိက္ခာ တည်ခိုင်ပြည့်စုံသော ပုဂ္ဂိုလ်-ဟူ၍ အထူး မရှိကြကုန်ပြီ။ သီလေသုပရိပူရကာရီ ပုဂ္ဂိုလ်ချည်းဖြစ်ကြ၍ သီလသိက္ခာ တည်ခိုင် ပြည့်စုံသည်ချည်းဖြစ်ကြကုန်၏၊ သို့အတွက် လှူဒါန်းသူ ဒါယကာတို့၌ အလှူခံပုဂ္ဂိုလ်အတွက်နှင့် အကျိုးပျက်ကွက် ယုတ် လျော့ခြင်းမရှိလေပြီ၊ သောတာပန် ရဟန်းကိုလှူလျှင် သောတာပန် အလိုက်ရထိုက်သော အကျိုးကို ရနိုင်ကြကုန်တော့သည်၊ သကဒါဂါမ် ရဟန်းကိုလှူလျှင် သကဒါဂါမ်အလိုက်, အနာဂါမ်ရဟန်းကို လှူလျှင် အနာဂါမ်အလိုက် ရထိုက်သောအကျိုးကို ရနိုင်ကြကုန်တော့သည်၊ ထို့ကြောင့် အလှူဒါယကာတို့၌ အကျိုးပေးပျက်ကွက် ယုတ်လျော့မှု အတွက်နှင့် အလှူခံပုဂ္ဂိုလ်မှာ ကြွေးမြီအတင်အရှက် မရှိပြီ၊ သင်္ကန်း ဟူသော အရဟတ္တဓဇကို ဝတ်ဆင်သော ပဋိညာဉ်မှုကြီးလည်း ပြေကုန် လေတော့သည်။

အနတ္တသမ္မာဒိဋ္ဌိ ဉာဏ်ကြီးအလင်းပေါက်သည့်အတွက် အတ္တဒိဋ္ဌိ နှင့်ယှဉ်သော အလွန်နက်နဲသော သမ္မောဟ, ဂေဓ, မဒ, ပမာဒ အညစ် အမိုက်အပြစ်ကြွေးမြီတို့သည် မရှိကြကုန်ပြီ၊ အတ္တဒိဋ္ဌိနှင့် မယှဉ်သော သမ္မောဟ, ဂေဓ, မဒ, ပမာဒ အညစ် အပြစ် ကျန်ရှိကြရာမှာလည်း ဗောဓိပက္ခိယ ဓမ္မအမွေကြီး ခိုင်မြဲပြီးဖြစ်၍ သုဂတိဘဝ၏ အန္တရာယ်, ဗောဓိပက္ခိယဓမ္မ၏ အန္တရာယ်ကို မပြုကြကုန်ပြီ။

[ဤကား-ဣဏပရိဘောဂနယ်ကို လွန်ကြပုံတည်း]

မြတ်စွာဘုရား၏ အမွေခံအစစ်အဖြစ်သို့ရောက်ပုံမှာ သားတော် အစစ်အဖြစ်သို့ရောက်ပုံအတိုင်းပင်တည်း၊ ဥပမာကား-လောက၌ ပစ္စည်းဥစ္စာကုဋေများစွာ ချမ်းသာသော သူဌေးကြီး၏ သားပင်ဖြစ် သော်လည်း မိဘအမွေကို ရရှိပြီးနောက် အနွယ်ကို မစောင့်ရှောက်ဘဲ ပစ္စည်းဥစ္စာတို့ကို အတ္တဟိတမပြီ, ပရဟိတမပြီ ဖြုန်းတီးမှု၌ စိုးရိမ်ဘွယ် ရှိနေသော သားသည် အမွေခံထိုက်သော သားမဟုတ်၊ အနွယ်ကို စောင့်ရှောက်၍ ပစ္စည်းဥစ္စာတို့ကို အတ္တဟိတ, ပရဟိတတို့၌ဖြောင့်မတ်စွာ ကြီးပွားစေနိုင်လိမ့်မည်-ဟု ယုံကြည်ရသော သားသည်သာလျှင် အမွေကို ခံထိုက်သော သားကောင်းရတနာ ဖြစ်ပေသကဲ့သို့တည်း။

ဤအရာ၌ အာမိသအမွေတော်ဘက်မှာ စောဒနာရန်ရှိ၏၊ ဤပရိဘောဂအရာတွင်ပစ္စည်းလေးပါး-ဟူသော အာမိသအမွေ တော်ကိုခံယူသုံးဆောင်မှုကို ဒါယဇ္ဇပရိ ဘောဂဖြစ်၍အပြစ်မရှိသော သုံးဆောင်ခြင်းဟု ဆို၏၊ ဓမ္မဒါယာဒသုတ်၌မူကား- တပည့်သား အဆက်ဆက်တို့ သည်အာမိသအမွေတော်ကို ခံယူကြမည်ကို အကြောင့် ကြကြီး ကြောင့်ကြတော်မူကြောင်း ဟောတော်မူသည်နှင့် မဆန့်ကျင် ပါလော-ဟုဆိုရန်ရှိ၏၊

ဓမ္မဒါယာသုတ်၌ အကြောင့်ကြကြီး ကြောင့်ကြတော်မူသည်မှာ

ဣဏပရိဘောဂ နယ်သားများအတွက်-ဟုယူလျှင် မဆန့်ကျင်ဟုဖြေလေ၊ အကြောင်းမူကား-အတ္တဒိဋ္ဌိရှင် ပုထုဇဉ်ရဟန်းများမှာ ဣဏပရိဘောဂဖြစ်ခဲ့သော် အတ္တဟိတ, ပရဟိတနှစ်ပါး ပိုင်းပိုင်းလဲ၍ သွား၏၊

အနတ္တသမ္မာဒိဋ္ဌိ ရှင်အရိယာပုဂ္ဂိုလ်တို့မှာ ထိုအကျိုးနှစ်ပါး ပျက်ကွက်လမ်းမရှိကြကုန်ပြီ၊ သို့သော် ထိုဒါယဇ္ဇ ပုဂ္ဂိုလ်တို့မှာ ပစ္စည်း လေးပါးကိုသုံးဆောင်ကြရာ၌ ပစ္စဝေက္ခဏာဆင်ခြင်မှု မရှိကြပြီလား၊ မရှိဟုဆိုခဲ့သော် ထိုပစ္စယသန္နိ ဿိတသီလတည်နိုင်မည်လား-ဟု မေး ရန်ရှိ၏၊

သင်္ခါယ သေဝေ ဝရပညသာဝကော-ဟူသော ပုဒ်အဘွင့်

မဟာဋီကာ၌ကား-ဥတ္တမပညဿ ဘဂဝတော သာဝကော သေက္ခောဝါ ပုထုဇ္ဇနောဝါ-ဟုဆင်ခြင်သောပုဂ္ဂိုလ်စုမှာ သေက္ခအရိယာများလည်း လာပေ၏၊ သို့သော် ထိုပစ္စဝေက္ခဏာ ဆင်ခြင်မှုဟူသော ဉာဏ်အစိတ် သည် အနိစ္စ ထင်မြင်မှု, ဒုက္ခ ထင်မြင်မှု, အနတ္တ ထင်မြင်မှု-ဟူသော သမ္မာဒိဋ္ဌိနယ်ကြီးအတွင်း၌ ပါဝင်လေပြီးဖြစ်၍ ထိုပုဂ္ဂိုလ်တို့မှာ ပစ္စဝေက္ခဏာ အထူးဆင်ခြင်သည်ဖြစ်စေ, မဆင်ခြင်သည်ဖြစ်စေ ထိုသီလ အမြဲတည်လေတော့သည်ဟုဖြေ။

ပစ္စဝေက္ခဏာ ကြေလည်စွာဆင်ခြင်၍ ပစ္စယသန္နိဿိသီလ နှင့်ပြည့်စုံသောပုထုဇဉ်ရဟန်းကို သေက္ခပုဂ္ဂိုလ်၌ ထည့်သွင်းမြဲ ကျမ်းဂန် ထုံးစံရှိသည်ဖြစ်၍ ထိုပုဂ္ဂိုလ်၏ သုံးဆောင်မှုကိုလည်း ဒါယဇ္ဇပရိဘောဂ တွင် ထည့်သွင်းရမည်-ဟူ၍ အဋ္ဌကထာတို့၌ ဆိုပေသည်။

ဒါယဇ္ဇပရိဘောဂအမြွက်ပြီး၏၊

--------

သာမိပရိဘောဂ

၄။ သာမိပရိဘောဂ ဆိုသည်ကား-စိုးစိုးပိုင်ပိုင် သုံးဆောင်ရခြင်း တည်း၊ ရဟန္တာပုဂ္ဂိုလ်တို့၏ ပစ္စည်းလေးပါး သုံးဆောင်မှုကိုဆိုသည်၊ မြတ်စွာဘုရား၏ အမွေခံသားတော်ကြီး ဖြစ်ကြကုန်၍ သူတို့၏ သုံးဆောင်မှုသည် ဒါယဇ္ဇ ပရိဘောဂပင်ဖြစ်၏၊ သို့သော်တဏှာ မရှိသည့် အတွက် တဏှာ၏ကျွန်အဖြစ်မှ ကျွတ်လွတ်ကြကုန်ပြီဖြစ်၍ ပစ္စည်း လေးပါးကို သုံးဆောင်ရာ၌ မိမိတို့၏စိတ်ကို မိမိတို့စိုးပိုင်မှု အထူး ရှိကြသည့်အတွက် သာမိပရိဘောဂဟု ဆိုရပြန်သည်။

တဏှာရှိနေကြသော သေက္ခပုထုဇဉ်တို့မှာ ပစ္စည်းလေးပါးကို သုံးဆောင်ကြရာ၌ မိမိတို့စိတ်ကိုမိမိတို့က အစိုး မရကြကုန်၊ တဏှာကသာ အစိုးရ၏၊ တဏှာ၏အစာ, တဏှာ၏အာရုံ, တဏှာ၏အကြိုက်နှင့် တွေ့ကြုံကြလျှင် မိမိတို့ဉာဏ်က ရွံ့ဘွယ်, စက်ဆုပ်ဘွယ်ဟုသိ၏၊ ပြော၏၊ ဟော၏၊ စိတ်ကမူကားမရွံ့လေ၊ မစက်ဆုပ်လေ၊ ထိုအာရုံသို့သာ ဆွဲ၏၊ စိတ်ရောကိုယ်ပါ မြိန်ရှက်စွာခံစား၏၊ မိမိတို့ဉာဏ်က ကြောက်ဘွယ်, ထိတ်ဘွယ်, လန့်ဘွယ်ဟုသိ၏၊ ပြော၏၊ ဟော၏၊ စိတ်ကမူကား မကြောက်လေ၊ မလန့်လေ၊ မထိတ်လေ၊ ထိုအာရုံသို့သာဆွဲ၏၊ စိတ်ရော ကိုယ်ပါ ခင်မင်စွာ ခံစား၏၊ ရဟန်းကိစ္စမကုန်ကြသေးသောရဟန်းတို့မှာ ပံသုကူလသင်္ကန်း, ပဏ္ဍိယာလောပဆွမ်း, ရုက္ခမူလကျောင်း, ပူတိမုတ္တ ဆေးများသည် အကောင်းဆုံးအမြတ်ဆုံးပေဟု သိကြ၏၊ ပြောတတ် ဟောတတ်ကြ၏၊ စိတ်ကမူကားမကြိုက်၊ အတိရေကလာဘဘက်၌သာ နစ်မြုပ်၍နေကြ၏၊ ဤကား-မိမိတို့၏စိတ်ကို မိမိတို့က အစိုးမရ၊ တဏှာကသာ အစိုးရပုံ, တဏှာ့ကျွန်ဖြစ်နေကြပုံတည်း။

ရဟန္တာပုဂ္ဂိုလ်တို့မှာမူကား- ထိုကဲ့သို့မဟုတ်ကြကုန်ပြီ၊ မိမိတို့ ဉာဏ်ကရွံ့ဘွယ်, စက်ဆုပ်ဘွယ်ဟုရှုလိုက်လျှင် စိတ်ကလည်းရွံ့၍, စက်ဆုပ်၍လိုက်တော့သည်၊ ဤအရာ၌သုတ္တန်ပါဠိတော်ရှိ၏၊

ဣဓာနန္ဒ ဘိက္ခုနော စက္ခုနာ ရူပံ ဒိသွာ ဥပ္ပဇ္ဇတိ မနာပံ ဥပ္ပဇ္ဇတိ အမနာပံ ဥပ္ပဇ္ဇတိ မနာပံ အမနာပံ၊ သေ သစေအာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ အပ္ပဋိကူလေပဋိကူလသညီ ဝိဟရေယျန္တိ၊ ပဋိကူလသညီ တတ္ထ ဝိဟရတိ။ သစေ အာကင်္ခတိ ပဋိကူလေစ အပ္ပဋိကူလေစ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ၊ သစေ အာကင်္ခတိ အပ္ပဋိကူလေစ ပဋိကူလေစ ပဋိကူလသညီ ဝိဟရေယျန္တိ ပဋိကူလသညီ တတ္ထဝိဟရတိ၊ သစေ အာကင်္ခတိ ပဋိကူလဉ္စ အပ္ပဋိကူလဉ္စ တဒုဘယံ အဘိနိဝဇ္ဇိတွာ ဥပေက္ခကော ဝိဟရေယျံ သတော သမ္ပဇာနောတိ၊ ဥပေက္ခကော တတ္ထ ဝိဟရတိ သတောသမ္ပဇာနော။

အဆင်းဟူသော ရူပါရုံနှင့်တွေ့ကြုံရာ၌ စိတ်ကိုအစိုးရပုံ ငါးချက်တည်း၊ နောက်အာရုံငါးပါးတို့နှင့် တွေ့ကြုံရာ တို့၌လည်း စိတ်ကို အစိုးရပုံ ငါးချက်စီလာ၏၊ အကျဉ်းချုပ် အဓိပ္ပါယ်ကား- အာရုံခြောက်ပါး တို့တွင် တစ်ပါးတစ်ပါး၌ ဣဋ္ဌာရုံ, အနိဋ္ဌာရုံဟူ၍ နှစ်မျိုးစီရှိကြ၏၊

ထိုနှစ်မျိုးတို့တွင်

ရဟန္တာပုဂ္ဂိုလ်တို့မှာ-ဣဋ္ဌာရုံခြောက်မျိုးတို့နှင့်သော်လည်း ကောင်း,

အနိဋ္ဌာရုံ ခြောက်မျိုးတို့နှင့်သော်လည်း

ကောင်း, ဣဋ္ဌာရုံ အနိဋ္ဌာရုံအရောအားဖြင့်သော်လည်းကောင်း တွေ့ကြုံရာ၌ မိမိတို့စိတ်ကို အာရုံအလိုသို့မလိုက်စေ မူ၍ မိမိတို့ အလိုရှိတိုင်း ထားနိုင်ကြကုန်၏၊ ရွံ့ရှာဖွယ်ရှိသော အနိဋ္ဌာရုံကိုပင် ဣဋ္ဌာရုံ အနေဖြင့် နှလုံးထားလိုက်သော် စိတ်သည် ရွံ့ရှာတော့သည်၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံနှစ်မျိုး၌ပင် လျစ်လျူရှုလိုက်သော် ဥပေက္ခာစိတ်တည်လေ တော့သည်၊ ဣဋ္ဌာရုံမှာ ဣဋ္ဌာရုံအတိုင်း, အနိဋ္ဌာရုံမှာ အနိဋ္ဌာရုံအတိုင်း စိတ်ထားမှုနှစ်ပါးမှာ သာ၍လွယ်ကူတော့သည်၊ ဘုရား အဆင်းတော်, အသံတော်အစရှိသော ဣဋ္ဌာရုံမျိုးမှာ ဣဋ္ဌာရုံအတိုင်း ကြည်ညိုစိတ် နှစ်သက်စိတ်ကိုထား၏၊ ကာမဂုဏ်ငါးပါးနှင့်စပ်သော ဣဋ္ဌာရုံမျိုးမှာ ရွံ့ရှာစိတ်ကိုသော်လည်းကောင်း, လျစ်လျူစိတ်ကိုသော်လည်းကောင်း ထား လိုရာထားနိုင်၏- စသည်ဖြင့် ဆိုလေ။

သာမိပရိဘောဂအမြွက်ပြီး၏၊

[ ဤပရိဘောဂ အနက်၌ကျန်ရှိသော အနက်အဓိပ္ပါယ် အကျယ်ကိုမူကား- ဝိသုဒ္ဓိမဂ်အဋ္ဌကထာဋီကာတို့မှာယူကြလေ။ ]

ပရိဘောဂလေးပါးအမြွက်စကားပြီး၏၊

----*---

ရှင်းလင်းချက်

ယခုအခါ အထက်လျှောင်လွှာတွင် ပါရှိသည့် အချက်စုကို ရှင်းလင်းပေအံ့၊ မြတ်စွာဘုရားသည်အကြည်အဖြူ ခွင့်ပြုတော်မူအပ်သော ပိဏ္ဍိယာလောပဆွမ်း, ပံသုကူလသင်္ကန်း, ရုက္ခမူလကျောင်း, ပူတိမုတ္တ ဆေး-ဤပစ္စည်းလေးပါးတို့၌ ပစ္စဝေက္ခဏာဆင်ခြင်ဖွယ်ရှိမရှိ၊ မဆင်သော် လည်း ဣဏပရိဘောဂဖြစ်,မဖြစ်။

[ ဤကား လိုရင်းအချက်ပေတည်း။ ]

အထက်က ပရိဘောဂလေးပါးကို ထင်ရှားစွာဖော်ပြရသည်မှာ ဤအချက် ရှင်းလင်းဖို့ပင်ဖြစ်၏၊ ထိုအချက်၌ အကြည်အဖြူခွင့်ပြု တော်မူသော- ဟူသောဟေတုဝိသေသန စကားဖြင့်ရဟန်းတို့၏ အသုံး အဆောင်ဖြစ်သော ပစ္စည်းလေးပါးသည် မြတ်စွာဘုရား၏ အမွေတော် ဖြစ်၍ မြတ်စွာဘုရားသည် အမွေရှင်ဖြစ်၏၊ အမွေရှင်ကြည်ဖြူစွာ ခွင့်ပြု သည့်အတွက်ကြောင့် ထိုပဏ္ဍိယာလောပဆွမ်းစသော ပစ္စည်းများ၌ ပစ္စဝေက္ခဏာ မဆင်ခြင်သော်လည်း ဣဏပရိဘောဂမဖြစ်၊ မြတ်စွာ ဘုရားသည် အလိုတော်ရှိရင်းမဟုတ်ဘဲ မလွှဲသာ၍သာ ခွင့်ပြုတော် မူရသော အတိရေကလာဘ ပစ္စည်းမျိုး၌မူကား- ပစ္စဝေက္ခဏာ မဆင်ခြင် လျှင် အမွှေရှင်မြတ်စွာဘုရား အလိုတော်မကျသည့်အတွက် ဣဏ ပရိဘောဂဖြစ်၏၊ ပစ္စဝေက္ခဏာဆင်ခြင်မှ အလိုတော်ကျသည့်အတွက် ဣဏပရိဘောဂမှလွတ်၏- ဟုဆိုလိုရိပ်ထွက် ၏၊

ဤအလို၌မြတ်စွာဘုရား အလိုတော်မကျမှု, မြတ်စွာဘုရား အပြစ်တင်တော်မူရန်အမှုကို ဣဏဟူ၍ဆိုလို၏၊ ဆိုထိုက်ပေ၏၊ ပိဏ္ဍိယာလောပစသော ပစ္စည်းများမှာ လှူဒါန်းသူ ဒါယကာအတွက်နှင့် လည်း တာဝန်ကြီးစွာမရှိ၊ သမောဟ, ဂေဓ, မဒ, ပမာဒအတွက်နှင့်လည်း တာဝန်မရှိသောကြောင့်လည်း ဣဏပရိဘောဂဖြစ်ဘွယ်မရှိဟုဆို လို၏၊ ဆိုခွင့်လည်းရှိပေ၏၊ သို့သော်ပိဏ္ဍိယာလောပဆွမ်းမှာ လှူဒါန်းသူ ဒါယကာအတွက်နှင့်လည်း မပေါ့သာချေ၊ သမ္မောဟ, ဂေဓ, မဒတို့ အတွက်လည်း မပေါ့သာချေ၊ တစ်အိမ်မှတစ်လုပ်စာမျှ ဖြစ်သော်လည်း လတ်တလော သေစေတတ်သော အဆိပ်ဆေးနှင့် အလားတူမျိုးမဟုတ်ဟူ၍လည်းမဆိုသာချေ၊ လှူဒါန်းသူမရှိဘဲ ရနိုင်သောပံသုကူလ သင်္ကန်း, ရုက္ခမူလကျောင်း, ပူတိမုတ္တဆေးတို့မှာလည်း သမ္မောဟအဖြစ်နှင့် လျဉ်းပါးဘွယ်ရှိချေသည်၊ ရှေးပညာရှိတို့သည်လည်း သောက်ရေ, သုံးဆောင်ရေတို့၌ပင် ပစ္စဝေက္ခဏာ ဆင်ခြင်စမှတ်ပြုကြကုန်သည်။

ပုဏ္ဍံ ဝိဟာရံ သယနာသနဉ္စ၊

အာပဉ္စ သံဃာဋိ ရဇူပဝါဟနံ။

သုတွာန ဓမ္မံ သုဂတေန ဒေသိတံ၊

သင်္ခါယ သေဝ ဝရပညသာဝကော။။

[ဝိသုဒ္ဓိမဂ်အဋ္ဌကထာ။]

အနက်ကား- ဝရပညသာဝကော=မြတ်သောသဗ္ဗညုတ ဉာဏ်ရှင်ကြီး၏ တပည့်သားတော်ဖြစ်သော ရဟန်း သည်၊ သုဂတေန= မြတ်စွာဘုရားသည်၊ ဒေသိတံ=ဟောတော်မူအပ်သော၊ ဓမ္မံ=တရားကို၊ သုတွာန=ကြားနာ ၍၊ ပိဏ္ဍဉ္စ=ဆွမ်းကို၎င်း၊ ဝိဟာရဉ္စ=ကျောင်းကို၎င်း၊ သယနာသနဉ္စ=အိမ်ရာနေရာကို၎င်း၊ အာပဉ္စ=သောက်ရေကို၎င်း၊ သံဃာဋိရဇူပဝါဟနဉ္စ=သင်္ကန်း၌လိမ်းကပ်သော မြူအညစ်အကြေးတို့ကို ဆေးလျှော်မျှောချကြောင်းဖြစ်သော ဆေးရေကြောရေကို၎င်း၊ သင်္ခါယ= ပစ္စဝေက္ခဏာဆင်ခြင်၍၊ သေဝေ=မှီဝဲသုံးဆောင်ရာ၏၊

ဤသို့လာသောကြောင့် ပိဏ္ဍိယာလောပဆွမ်း, ပံသုကူလ သင်္ကန်းတို့မှာလည်းမပေါ့သာချေ၊ သံဃရက္ခိတသာ မဏေရ ဝတ္ထု၌ လည်း

ဥပဇ္ဈာယော မံ ဘုဉ္ဇမာနံ၊ သာလိကူရံ သုနိဗ္ဗုတံ။

မာဟေဝတွံ သာမဏေရ၊ ဇိဝှံ စျာပေဟိ အသညတော။။ ဟုလာ၏၊

အနက်ကား- ဥပဇ္ဈာယော=ဥပဇ္ဈာယ်ဆရာသည်၊ သုနိဗ္ဗုတံ= ကောင်းကောင်းကြီး အေးလေပြီးသော၊ သာလိကူရံ=သလေးဆွမ်းကို၊ ဘုဉ္ဇမာနံ=စား၍နေသော၊ မံ=ငါ့ကို၊ သာမဏေရ=သာမဏေ၊ တွံ=သင် သည်၊ အသညတော=မစောင့်စည်းမူ၍၊ ဇိဝှံ=လျှာကို၊ မာဟေဝစျာပေဟိ= ဆွမ်းပူမလောင်စေနှင့်၊ ဣတိ=ဤသို့၊ အာဟ= ဆိုလေ၏၊

အသညတောတိ အပစ္စဝေက္ခဏံ သန္ဓာယာဟ။၁

[မဟာဋီကာမဟာဋီကာ]

ကောင်းကောင်းကြီး အေးလေပြီးသော ဆွမ်းဖြစ်ပါလျက် လျှာကိုဆွမ်းပူမလောင်စေနှင့်ဆိုသည်ကား အလွန်ပူလောင်သော အဆိပ် ဆေးဥပမာအတိုင်းဆိုပေသည်၊ အသညတော- ဟူသည်နှင့်အညီ ပစ္စဝေက္ခဏာ မဆင်ခြင်က ပိဏ္ဍိယာလောပဆွမ်း-ဟူ၍လျှာကို မလောင်နိုင်ဘူး-ဟု မဆိုသာချေ၊ မဆိုသာရုံမျှမက ပဏ္ဍိာယာလောပဆွမ်း အတွက် ပျက်စီးဘူးသော ပိဏ္ဍပါတ် ဓုတင်ဆောင် ရဟန်းဝတ္ထုနှင့်တကွ တဏှာတကာ့ တဏှာတွင် ဤရသတဏှာသည် အကြီးကျယ်ဆုံး ဖြစ်ကြောင်းကို ဧကကနိပါတ် ဝါတမိဂဇာတ်၌ လာပေ၏၊

လာပုံကား- မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အလွန်ကြွယ်ဝသော သူဌေး၏သား တိဿအမည်းရှိသော လုလင်သည် မြတ်စွာဘုရားထံ တရားတော်ကို ကြားနာရသဖြင့် သံဝေဂရ၍ ရဟန်းပြုခြင်းငှါ လျှောက်ထားရာ မိဘတို့အခွင့်ပြုသူကိုမှ အခွင့်ပေးသည်-ဟု မိန့်တော်မူ၏၊ သူဌေးသား သည်မိဘ တို့ထံပြန်၍ ခွင့်တောင်းလေရာ တစ်ယောက်ထည်းသော သားဖြစ်၍ မိဘတို့က အခွင့်မပေးနိုင်ရှိနေ၏၊ ထိုအခါ ရဟန်းမပြုရလျှင် သည်နေရာအသေခံတော့မည်-ဟု အစာမစားဘဲ ထိုနေရာတွင် ခုနစ်ရက်ပတ်လုံးအိပ်နေလေ၏၊ ထိုအခါ မိဘတို့သည် အခွင့်ပေးရ ကုန်၏၊ မိဘတို့ထံမှအခွင့်ရသဖြင့် မြတ်စွာဘုရားထံသို့သွား၍ ရဟန်းပြု လေ၏၊ မြတ်စွာဘုရားသည် သူဌေးသားကို ရဟန်းပြုစေပြီးနောက် တစ်ဆယ့်ငါးရက်မျှ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၍ သာဝတ္ထိ ပြည်သို့ပါလေ၍ဇေတဝန်ကျောင်းတော်မှာ နေပြီးလျှင် ဓုတင်တစ်ဆယ့် သုံးပါးကို ဆောက်တည်၍ သာဝတ္ထိ ပြည်၌ အိမ်စဉ်အတိုင်း ပိဏ္ဍပါတ် ဆွမ်းအမြဲခံလေ၏၊ စူဠပိဏ္ဍပါတိကတိဿ အမည်နှင့် သာဝတ္ထိပြည်တွင် ထင်ရှား ကျော်စောလေ၏၊

ကုလပုတ္တော တေရသဓုတင်္ဂါနိ သမာဒါယ သာဝတ္ထိယံ သပဒါနံ ပိဏ္ဍယ စရမာနော ကာလံဝီတိနာမေတိ၊ စူဠပိဏ္ဍပါတိကတိဿတ္ထေရောနာမာတိဖုတ္တေကာနတလေ ပုဏ္ဏစန္ဒောဝိယ ဗုဒ္ဓသာသနေ ပါကတော ပညာတော အဟောသိ။

[၎င်းဇာတ်အဋ္ဌအထာ။]

ထိုအခါ ရာဇဂြိုဟ်ပြည်မှာ မိဘဖြစ်သူများသည် ပူဆွေးဒုက္ခ ဖြစ်ကြ၍ငိုယိုမြည်တမ်းကြရာ အရွယ်အဆင်းနှင့် ပြည့်စုံသော သူငယ်မ တစ်ယောက်က ကျွန်တော်မကို စည်းစိမ်ဥစ္စာနှင့်တကွ အပ်နှင်းကြမည် ဖြစ်ပါလျှင် အရှင့်သားကို ကျွန်တော်မ ဤအိမ်သို့ရောက်အောင် သွေးဆောင်မည်ဟုဆိုပေ၏၊ မိဘတို့ကလည်း အပ်နှင်းမည်ဟုဆိုကြ၏၊ ထိုအခါ ထိုသူငယ်မသည် ပစ္စည်းဥစ္စာကို၎င်း, သင့်လျော်ရာ အဖော် အသင်းပင်းကို၎င်းတောင်းယူ၍ သာဝတ္ထိပြည်သို့သွားပြီးလျှင် ထိုရဟန်း ငယ် ဆွမ်းခံလမ်းတွင် အိမ်ဆောက်လုပ်၍ နေထိုင်ကြလျက် အလွန် ကောင်းမွန်စွာ ကျိုချက်၍ တစ်မုတ်စာသော ယာဂုကို၎င်း, တစ်ဇွန်းကြီးမျှ သော အလွန်အရသာရှိသောဆွမ်းကို၎င်း လောင်းလေ၏၊

ရဟန်းငယ် ထိုဆွမ်းအရသာကို လွန်စွာစွဲလမ်းခြင်းဖြစ်၍ ထိုသူငယ်မ ပြောဆိုရာပါလေ၏၊ ထိုအခါအိမ်ပေါ်သို့ ပင့်တင်၍ ထိုင်နေ စေပြီးလျှင် လောင်းလှူ၏၊ ထိုသူငယ်မသည် မိမိအလိုရှိရာ ပါရာပြီဟု သိလတ်သော တစ်နေ့သ၌ မကျန်းမမာယောင်ပြု၍ တိုက်ခန်းမှ မထွက်ဘဲနေလင့်၏၊ ရဟန်းငယ်ရောက်လာသော် မမြင်၍မေးမြန်း လေရာ အိမ်သားတို့က သူငယ်မ မကျန်းမမာရှိကြောင်း, အရှင်ဘုရားကို လည်း ဖူးမြင်ရန်အလွန်တောင့်တကြောင်း လျှောက်ကြရာ သူငယ်မ တိုက်ခန်းသို့ ဝင်ရောက်သဖြင့် ရဟန်းသိက္ခာပျက်ဆုံးပြီးလျှင် မိဘတို့ရှိရာ ရာဇဂြိုဟ်ပြည်သို့ပြန်ရလေ၏၊

[ဤကား-ပိဏ္ဍယာလောပဆွမ်းအတွက်နှင့် ပျက်စီးဘူးသောဝတ္ထုပေတည်း။]

ထိုအခါ၌ တရားသဘင်မှာ ထိုရဟန်းငယ်၏ အကြောင်းကို ရဟန်း ပရိသတ်တို့ပြောဆို၍နေကြရာ မြတ်စွာဘုရား ကြွလာတော် မူပြီးလျှင် ထိုအကြောင်းကိုမေးတော်မူ၍ လျှောက်ထားကြသဖြင့် ဤသူငယ်မသည် ဤရဟန်းငယ်ကို ယခုမှာသာ ဖျက်ဆီးသည် မဟုတ်၊ ရှေးဘဝကလည်းဖျက်ဆီးဘူးလေပြီဟု မိန့်တော်မူပြီး၍ ဝါတမိဂဇာတ်ကို ဟောတော်မူ၏၊ ဝါတမိဂဆိုသည်ကား- လေအဟုန်ကဲ့သို့ အပြေး လျင်မြန်သော သမင်တစ်မျိုးတည်း၊ သမင်ပျံဟု ခေါ်ကြ၏၊

လွန်လေပြီးသောအခါ၌ မြတ်စွာဘုရားအလောင်းတော်သည် ဗာရာဏသီမင်းဖြစ်တော်မူစဉ် မင်းဥယျာဉ်၌ သဉ္ဇယ မည်သောသူကို ဥယျာဉ်မှူးခန့်ထားလေ၏၊ ထိုသမင်သည်တောမှလာ၍ ထိုဥယျာဉ်၌ မြက်နုတို့ကိုစား၏၊ ဥယျာဉ်မှူးသည် ထိုသမင်ကို မချောက်မလှန့်မူ၍ ယဉ်ပါးအောင်ပြု၏၊ ဥယျာဉ်၌ဖြစ်သော ပန်းသစ်သီးများကို မင်းကြီးအား ဆက်သရန် နန်းတော်သို့ဝင်၍ မင်းအားထိုသမင်အကြောင်းကိုပြော၏၊ သင်ရအောင်ဖမ်းနိုင်မည်လောဟု မေးလေရာ ပျားရည်လုံလောက်စွာ ရပါလျှင် ဖမ်းနိုင်ပါ၏၊ နန်းတော်တွင်းသို့ဝင်အောင်ပင် တတ်နိုင်ပါ၏ဟုလျှောက်၏၊

ပျားရည်လုံလောက်စွာရ၍ ဥယျာဉ်သို့ ပြန်ရောက်လေသော် ထိုသမင်စားရာဌာန၌ မြက်နုတို့ကိုပျားရည်ဆွတ် လူး၍ထား၏၊ သမင်သည်ပျားရည်လူးသော မြက်နုတို့ကိုစား၍ ပျားအရသာ၌ စွဲလမ်း သောအခါတောသို့မပြန်ဘဲ ဥယျာဉ်ထဲမှာနေ၍ တစ်ခြားမြက်ကိုမစားနိုင် ပျားရည်လူးသောမြက်ကိုသာ စား၏၊ ယဉ်ပါးလတ်သော် ဥယျာဉ်မှူး၏ လက်၌ရှိသော မြက်ကိုပင်လာ၍စား၏၊ ထိုအခါ နန်းတော်တွင်းသို့ သွင်းရန် မင်းကြီးအားပြောကြား၍ လမ်းတစ်လျှောက်၌ စိမ်းရှင်သော သစ်ကိုင်းသစ်ခက်တို့ကိုကာရန်စေပြီးလျှင် ဥယျာဉ်မှူးသည် ပျားရည် လူးသော မြက်စိမ်းတို့ကို ကိုင်ယူ၍ သမင်ကိုပြလျက် ရှေ့ကသွားလေရာ သမင်သည် နန်းတော်တွင်းသို့ ရောက်လေ၏၊ ထိုအခါ များစွာသော လူတွေကိုမြင်၍ ကြောက်လန့်ခြင်းပြင်းစွာဖြစ်သဖြင့် ထိုမှဤမှ မရပ် မတည်ပြေး၍နေ၏၊ မင်းကြီးမြင်တော် မူလတ်သော် သနားခြင်းဖြစ်ပြီး လျှင် ရသတဏှာ၏အပြစ်ကို မြင်တော်မူ၍ တရားဂါထာဖွဲ့ပြီးလျှင် မင်းပရိသတ်အပေါင်းတို့အား ဟောကြားပေ၏၊

တရားဂါထာကား

နကိရတ္ထိ ရသေဟိ ပါပိယော၊

အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ။

ဝါတမိဂံ ဂဟန နိဿိတံ၊

ဝသမာနေသိ ရသေဟိ သဉ္ဇယော။

အနက်ကား- ကိရ=ပညာရှိသောစကားကြားရဘူးသည်ကား၊

ရသေဟိ=ရသာရုံတို့ထက်၊ ပါပိယော=လွန်၍ ယုတ်မာသော တရားသည်၊ နတ္ထိ=မရှိ၊ အာဝါသေဟိဝါ=တိုက်အိမ်ဘုံနန်း စသည်တို့ထက်၎င်း၊ သန္ထဝေဟိဝါ=သားမယားစသောချစ်ကျွမ်းဝင်သူတို့ထက်၎င်း၊ ရသာဧဝ= ရသာရုံတို့သည်သာလျှင်၊ ပါပိယာ=ထောင်သောင်းမက အဆများစွာ သာလွန်ထူးကဲ၍ယုတ်မာလှကုန်၏၊ ဂဟနနိဿိတံ=တောရပ် ဂနိုင်မြိုင် ကြီးအတွင်း၌ မှီတင်းနေထိုင်သော၊ ဝါတမိဂံ=သမင်ပျံကို၊ သဉ္ဇယော= ဥယျာဉ်မှူးသဉ္ဇယသည်၊ ရသေဟိ=ပျားရည်ဟူသောရသာရုံတို့ဖြင့်၊ ဝသံ= မိမိအလိုသို့၊ အာနေသိ=ဆောင်နိုင်ပါ၏၊

အဘယ့်ကြောင့် ရသာရုံ, ရသတဏှာတို့သည် အယုတ်မာဆုံး ဖြစ်ကြကုန်သနည်းဟူမူကား-မိမိအသက်ကိုလည်း ဆုံးရှူံးစေတတ် ကုန်၏၊ သူတစ်ပါးတို့၏ အသက်တို့ကိုလည်း များစွာဆုံးရှုံးစေ တတ်ကုန်၏၊ တစ်ဦး တစ်ယောက်သော သတ္တဝါ၏ရသတဏှာကြောင့် မိမိအသက်လည်းဆုံးရှုံးတတ်၏၊ အထောင်အသောင်းမကသော သတ္တဝါတို့၏ အသက်တို့သည်လည်း ဆုံးရှုံးရကုန်၏၊ ထို့ကြောင့် အယုတ်မာဆုံးဖြစ်ကြကုန်၏၊ ထိုတွင်သမင်ပျံဝတ္ထုသည် မိမိအသက်ကို ထိခိုက်ရာ၌သက်သေဖြစ်၏၊ တရားစောင့်သောမင်းနှင့်တွေ့သောကြောင့် အသက်ချမ်းသာရာရ၏၊

အဋ္ဌကထာအဖွင့်ကား

ကိရာတိ အနုဿဝနတ္ထေ နိပါတော၊ ရသေဟီတိ ဇိဝှါဝိညေယျေတိ မဓုရမ္ဗိလာဒီဟိ၊ ပါပိယောတိ ပါပတရော၊ အာဝါသေဟိဝါ သန္တဝေဟိဝါတိ နိဗဒ္ဓဝသနဋ္ဌာန သင်္ခါတေသု အာဝါသေသုပိ မိတ္တသန္တဝေသုပိ ဆန္ဒရာဂေါ ပါပကောဝ၊ ဧတေဟိ ပန သဆန္ဒရာဂပရိဘောဂေဟိ အာဝါသေဟိဝါ မိတ္တသန္ထဝေဟိ ဝါ သတဂုဏေန စ သဟဿဂုဏေနစ သတသဟဿဂုဏေန စ ဓုဝပဋိသေဝနဋ္ဌေန အာဟာရံ ဝိနာ ဇီဝိတိန္ဒြိယ ပါလနာယ အဘာဝေန စ သဆန္ဒရာဂပရိဘောဂရသာဝ ပါပတရာ။

အနက်ကား။ ။ ကိရာတိ- ကိရဟူသည်ကား၊ အနုဿဝ နတ္ထေ=အဆင့်ကြားဖူးခြင်းအနက်၌၊ နိပါတော=နိပါတ်ပုဒ်တည်း၊ ရသေဟီတိ=ရသေဟိဟူသည်ကား၊ ဇိဝှါဝိညေယျေဟိ=လျှာဖြင့်သိ အပ်ကုန်သော၊ မဓုရမ္ဗိလာဒီဟိ=အချိုအချဉ်စသည်တို့ထက်၊ ပါပိရောတိ= ပါပိရောဟူသည်ကား၊ ပါပတရော=အလွန်ယုတ်မာသည်တည်း၊ အာဝါသေဟိဝါသန္ထဝေဟိဝါတိ=ဟူသည်ကား၊ နိဗဒ္ဓဝသနဋ္ဌာနသင်္ခါ တေသု=အမြဲနေရာဌာနဟု ဆိုအပ်ကုန်သော၊ အာဝါသေသုပိ=အိမ်ရာ တိုက်တာဘုံနန်းဗိမာန်တို့၌လည်းကောင်း၊ မိတ္တသန္ထဝေသုပိ=သား မယားစသော မိတ်ဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၌လည်းကောင်း၊ ဆန္ဒရောဂါ=အားကြီးသော တဏှာရာဂသည်၊ ပါပကောဝ=ယုတ်မာလှ သည်သာတည်း၊ ပန=ထိုထက် အထူးအချွန် အလွန်ကို ဆိုပြန်သည်ရှိ သော်ကား၊ သဆန္ဒရာဂ ပရိဘောဂေဟိ=ဆန္ဒရာဂနှင့်တကွ သုံးဆောင် ကြကုန်သော၊ ဧတေဟိအာဝါသေဟိဝါ=ထိုအိမ်ရာတိုက်တာဘုံနန်း ဗိမာန်တို့ထက်လည်းကောင်း၊ ဧတေဟိ အာဝါသေဟိဝါ၊ ထိုအိမ်ရာ တိုက်တာဘုံနန်းဗိမာန်တို့ထက်၎င်း၊ ဧတေဟိ မိတ္တသန္တဝေဟိဝါ၊ ထိုသား မယားစသော အဆွေခင်ပွန်းချစ်ကျွမ်းဝင်သူတို့ထက်၎င်း၊ သတ ဂုဏေနစ=အဆအရာအားဖြင့်၎င်း၊ သဟဿဂုဏေနစ၊ အဆအထောင် အားဖြင့်၎င်း။ သတသဟဿဂုဏေစ၊ အဆအသောင်း အသိန်းအား ဖြင့်၎င်း၊ ဓုဝမဋိသေဝနဠေန=အိပ်ပျော်ဆဲအခါကိုချန်လှပ်၍နာရီစဉ် ပဟိုစဉ် နေ့စဉ် ရက်စဉ် မပြတ်မစဲ အမြဲမှီဝဲရခြင်းကြောင့်၎င်း၊ အာဟာရံ= အာဟာရကို၊ ဝိနာ=ကြဉ်၍၊ ဇီဝိတိန္ဒြိယပါလနာယ=အသက်ဇီဝိတိန္ဒြေကို စောင့်ရှောက်တတ်သော တရားတစ်ပါး၏၊ အဘာဝေနစ=မရှိခြင်း ကြောင့်၎င်း၊ သဆန္ဒရာဂပရိဘောဂရသာဝ= ဆန္ဒရာဂနှင့်တကွ သုံးဆောင် အပ်ကုန်သော ရသာရုံတို့သည်သာလျှင်၊ ပါပတရာ=အလွန်အကြူး အထူးအကဲ ယုတ်မာလှကုန်၏၊ အဘယ့်ကြောင့်နည်းဆိုသော် အိပ်နေဆဲ ကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ဘဲ အမြဲသုံးဆောင်ရခြင်း ကြောင့်၎င်း အစာအာဟာရမှတစ်ပါး အသက်ကိုစောင့်ရှောက်နိုင်သော ဝတ္ထု-ဟူ၍ တစ်စုံတစ်ခုမျှ မရှိသော အသက်မွှေးမှုကြီးဖြစ်နေသော ကြောင့်၎င်းတည်း။

ဤစကား၌အာဝါသတဏှာ၊ ဉာတိမိတ္တသန္ထဝတဏှာတို့ထက် အဆရာထောင်မက ကြီးကျယ်လှ၏-ဟူသော စကား၌ ပေါရိသာဒမင်း သည် ရသတဏှာအတွက်နှင့် တိုင်းပြည်နိုင်ငံဘုံနန်းဗိမာန်တို့ကို၎င်း, မောင်းမမိဿံ, မိဖုရား, သားတော်, သမီးတော်, ဆွေတော်မျိုးတော် အလုံးစုံတို့ကို၎င်း စွန့်ပစ်၍ရသတဏှာ၏ ကျွန်လုပ်၍နေရ၏၊ ဤသို့ စသည်ဖြင့် ရသတဏှာလွန်ကဲမှုဖြင့် စပ်သော ဇာတ်နိပါတ် ဝတ္ထုသက် သေတို့ကို ထုတ်ဖော်၍ပြဆိုလေ၏၊

အိပ်နေဆဲကို ချန်လှပ်၍ တစ်နာရီမျှ အပြတ်မခံနိုင်ပဲ အမြဲမှီဝဲ သုံးဆောင်ရခြင်းဆိုသည်ကား-ထမင်း အစာ အာဟာရကိစ္စများလည်း တစ်နေ့လျှင်နှစ်ထပ်, သို့မဟုတ်တစ်ထပ် နေ့စဉ်မြဲကြရ၏၊ တစ်နေ့ တစ်ရက်မှ အလှပ်မခံနိုင်ကြ၊ ထမင်းနပ်တို့၏ အကြား၌ မုံ့ပဲ, သစ်သီး ခဲဖွယ်, အလှော်အကြော်, အဖျော်အရည်, အရက်မျိုး ရှိတိုင်းတွေ့တိုင်း စားကြရ, သောက်ကြရသေး၏၊ လဖက်ဆေးကွမ်းတို့မှာ ခံတွင်း၌ မပြတ်ဝါးရန်, ငုံရန်, သောက်ရန်, ရှူရန်အမြဲရှိကြစေရ၏၊ ဤသို့လျှင် လျှာခံတွင်းမည်သည် သာယာဖွယ်အာရုံ, သာယာခြင်း တဏှာနှင့် တစ်နာရီမျှ မပြတ်ခံနိုင်ကြသော ဌာနဖြစ်၏၊ ကျန်ရှိသောမျက်စိ အရာ, နားအရာစသည်တို့မှာကား-သာယာဖွယ်သော အဆင်း, အသံ အစရှိသော အာရုံ၊ သာယာခြင်းတဏှာတို့နှင့် တစ်နာရီမက အပြတ်ခံ နိုင်ကြကုန်၏၊ တစ်ရက်မက, တစ်လမက, တစ်နှစ်မက အပြတ်ခံနိုင်ကြ ရကုန်၏၊ ထို့ကြောင့် ရသတဏှာသည် အကြီးအကျယ်ဆုံးသော တဏှာ ဖြစ်၏-ဟူလိုသည်။

အသက်မွေးမှုကြီးဖြစ်နေကြသည်-ဟူသော စကား၌ လောက၌ အသက်မွေးမှုသည် အရေးအကြီးဆုံးဖြစ်၏၊ ရေသတ္တဝါအနန္တ, ကုန်းသတ္တဝါအနန္တတို့မှာ ထိုအမှုကြီးသည် အချုပ်အချာဖြစ်၏၊ အသက် မွေးမှု-ဟူသည်မှာလည်း ကဗဠီကာရအစာ အာဟာရ ဖြည့်စွမ်းမှု ကြီးသည် အသက်ကို ပွါးစီးစေခြင်း, ရသတဏှာကို ပွါးစီးစေခြင်းအကျိုး နှစ်ပါးကို အမြဲဆောင်ရွက်ပေ၏၊ ဤသို့လျှင် အသက်မွေးမှုသည် တစ်ခြားတစ်ပါးသော အမှုခပ်သိမ်းတို့ထက် အဆအရမက, အဆ အထောင်မက, အဆအသောင်းအသိန်းမက ကြီးကျယ်လှသော အမှုကြီး ဖြစ်သောကြောင့် ရသတဏှာသည်လည်း ခပ်သိမ်းသောတဏှာ-ဟူသမျှ တို့ထက် အဆအရာ, အထောင်, အသောင်း, အသိန်းမက ကြီးကျယ်လှ သောတဏှာကြီး ဖြစ်လေသတည်း။

ထိုရသတဏှာသည် အဘယ်မျှလောက်ယုတ်မာမှု, အကျိုးမဲ့မှု ကြီးကျယ်သနည်း-ဟူမူကား အသက်ကို ပွါးစီးစေခြင်း ကိစ္စသည်လည်း အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး တစ်ပါးဖြစ်၏၊ ရသတဏှာ တိုးတက်ပွါးစီးခြင်း ကိစ္စသည်လည်း အလွန်ကြီးကျယ်သော ဒုစရိုက် နယ်ကြီးတစ်ပါးဖြစ်၏၊ ဤငါတို့ဗုဒ္ဓဘာသာနိုင်ငံမှာပင် နွားသတ်ရုံ, သားသတ်ရုံတို့၌ နွားကောင်ရေပေါင်း, သားကောင်ရေပေါင်း, ကြက်ကောင်ရေ ငှက်ကောင်ရေပေါင်း တစ်နေ့တစ်ရက် အတွက်မှာပင် အသောင်းများစွာသေဆုံးရ၏၊ တစ်လတစ်လ အတွက်မှာပင် အသိန်း များစွာ သေဆုံးရာ၏၊ ဤရသတဏှာ၏ စက်ကြီးပင်တည်း၊ ကမ္ဘာပေါ်၌ ဘီလူးသဘက်တို့၏ အတတ်ကြောင့် ကပ်ရောဂါကြီးတွေ ဖြစ်ပေါ်၍ နေခြင်းသည်လည်း ဤရသတဏှာ၏ စက်ကြီးပင်တည်း။

သေဆုံးကြရာ၌လည်း သေဆုံးကြသောသတ္တဝါတို့၏ ကိုယ်ခန္ဓာ တို့၌ရှိနေကြသော အသား, အသွေး ရသာရုံတို့သည် အတွင်းရန်သူ တို့ပေတည်း၊ ထိုရသာရုံတို့သည် သတ်သောသူတို့ကိုလည်း တွင်တွင် သတ်အောင် နှိုးဆော်ကုန်၏၊ စားသောသူများကိုလည်း တွင်တွင်စား အောင်နှိုးဆော်ကုန်၏၊ ဥပမာ-အသီးအရွက် စားကောင်းသော သစ်ပင်မှာ အသီးအရွက်သည် အတွင်းရန်သူဖြစ်၏၊ အသီးအတွက်, အရွက်အတွက် အခုတ်အချိုင်ခံရ၏၊ အသီးအရွက် မစားကောင်းသော သစ်ပင်သည် ချမ်းသာ၏၊ ဤဥပမာကဲ့သို့တည်း၊ ရေသတ္တဝါအနန္တ, ကုန်းသတ္တဝါအနန္တတို့မှာ အသက်လွတ်အစာအာဟာရကို စားကြသူ အလွန်နည်းပါး၏၊ နိုင်ရာနိုင်ရာဖမ်းယူ၍ စားကြသူအလွန်များ၏၊ ဤရသတဏှာ၏ စက်ကြီးပင်တည်း၊ အဘယ်မျှလောက် နည်းပါးသည်, အဘယ်မျှလောက်များပြားဟူမူ-ဤအရာ၌ မဟာဝဂ္ဂသံယုတ်တွင်လာ သော နခသိခသုတ် ဒေသနာကိုထုတ်ဖော်ပြဆိုရာ၏၊

ထိုသုတ်ဒေသနာ၏ အချုပ်အဓိပ္ပါယ်ကိုမျှ ပြဆိုပေအံ့။ မြတ်စွာဘုရားသည် လက်သည်းတော်အဖျား၌ မြေမှုန့်ကိုတင် ထား၍ ရဟန်းတို့ကိုမေးတော်မူ၏၊ ရဟန်းတို့ ငါ၏လက်သည်းဖျားမှာ တင်ထားသောမြေမှုန့်စုနှင့် မဟာပထဝီအပြင်မှာရှိသော မြေမှုန့်စုသည် အဘယ်ကများသနည်းဟု မေးတော်မူ၏၊ ရဟန်းတို့က လက်သည်း တော်ဖျား၌ တင်ထားသောမြေမှုန့်စုက အလွန်နည်းပါးလှသောကြောင့် မဟာပထဝီမြေပြင်မှာရှိသော မြေမှုန့်စုက အလွန်များလှပါကြောင်း လျှောက်ကြကုန်၏၊ ထိုအခါ ဤသို့ဟောတော်မူ၏၊

ဧဝမေဝ ခေါ ဘိက္ခဝေ အပ္ပကာ တေ သတ္တာ, ယေ ပါဏာတိပါတာ ပဋိဝိရတာ၊ အထခေါ ဧတေဝ ဗဟုတရာ သတ္တာ, ယေ ပါဏာတိပါတာ အပ္ပဋိဝီရတာ။

အဓိပ္ပါယ်ကား-ဤသတ္တလောကကြီး၌ သူ့အသက်သတ်မှုမှ ကြဉ်ရှောင်သူသည် လက်သည်းတော်ဖျားမှာ တင်ထားသောမြေမှုန့်စု ကဲ့သို့ အလွန်နည်းပါး၏၊ သူ့အသက်ကို သတ်မှုမှ မရှောင်ကြဉ်သူသည် မဟာပထဝီမြေပြင်မှာရှိနေသော မြေမှုန့်ကဲ့သို့ များပြား၏ဟု-ဟော တော်မူ၏၊ အဒိန္နာဒါန်စသည်တို့မှာလည်း ဤနည်းတူဟောတော်မူ၏၊ ဤဒေသနာတော်များကိုထောက်၍ အသက်လွတ် အစာအာဟာရကို စားကြသူဘယ်မျှလောက်နည်းပါးသည်, နိုင်ရာနိုင်ရာစားကြသူ ဘယ်မျှ လောက်များပြားသည်ဟု သိနိုင်ရာ၏၊ ဤသည်လည်း ရသတဏှာ၏ စက်ကြီးပင်တည်း၊ ဤ၌လည်း နိုင်ရာ နိုင်ရာကို စားကြသူအများတွင် အသက်လွတ်စားရန်မရှိ၍ အသက်ရှိကို စားရသူများလည်း ရှိရာ၏၊ ရေသတ္တဝါများကိုမြှော်လေ၊ အသက်လွတ်စားရန်ရှိလျက်နှင့် ရသ တဏှာအတွက် အသက်ရှိကိုစားကြသူသည် အလွန်များ၏၊ ကုန်းသတ္တဝါ များကိုမြှော်လေ၊ ဤသို့လျှင် တစ်လောကလုံး ဒုစရိုက်တောကြီး ဖြစ်နေမှု သည် ရသတဏှာ ယုတ်မာမှုကြီးပေတည်း။

ထို့ကြောင့် ဤအသက်မွေးမှုကြီး, ရသတဏှာ မွေးမှုကြီး နှစ်ပါးသည် အလွန်ကြီးကျယ်သော ဒုစရိုက်နယ်ကြီး နှစ်ပါးဖြစ်ကြောင်း, အလွန်ယုတ်မာသော တဏှာကြီးဖြစ်ကြောင်းထင်ရှား၏၊ သေကြသည့် အခါ၌လည်း သုဂတိဘဝ၌ဖြစ်သော သတ္တဝါသည် လက်သည်းတော် ဖျား၌ တင်ထားသောမြေမှုန့်စုကဲ့သို့ အလွန်နည်းပါး၏၊ အပါယ်၌ဖြစ် ရသော သတ္တဝါသည် မဟာပထဝီမြေပြင်ကြီးမှာ ရှိနေသော မြေမှုန့်စု ကဲ့သို့ အလွန်များပြား၏ဟု သုတ်ဒေသနာတော် များစွာလာရှိပြန်၏၊ ဤဒေသနာတော်များကိုထောက်၍ အပါယ်သို့ကျရောက်လေသော သတ္တဝါဟူသမျှသည် သုဂတိဘဝသို့ပြန်ရောက်ဘို့ အလွန်ခဲယဉ်းကြောင်း၊ ဘဝတစ်သောင်းနှင့်လည်းပြန်နိုင်ခွင့်မရှိ၊ ဘဝတစ်သိန်းနှင့်လည်း ပြန်နိုင်ခွင့်မရှိ၊ များစွာသော ကျောက်တုံးကျေက်ခဲတို့ကို သမုဒ္ဒရာရေ အပြင်မှာ ပစ်ချလိုက်ရာ အောက်သို့သာ နစ်မြုပ်၍သွားကြကုန်သကဲ့သို့ ထိုသတ္တဝါတို့သည် တစ်ဘဝထက်တစ်ဘဝ နစ်မြုပ်၍သာ သွားကြ ကြောင်းကို သိနိုင်ရာသတည်း။

ဤအရာ၌ ၎င်း မဟာဝဂ္ဂသံယုတ်တွင်ပင် လာရှိသော လိပ် ကာဏ်းဥပမာ-ကာဏကစ္ဆပေါပမသုတ်ကိုလည်း ထုတ်ဖော်၍ ပြဆိုရာ၏၊ ဤအလုံးစုံသည်ကား-ရသတဏှာသည် ခပ်သိမ်းသော တဏှာတို့ထက် အဆသိန်းသောင်း လွန်ကဲကြောင်း, ယုတ်မာကြောင်းကို ဖွင့်ဆိုပေသော ဝါတမိဂဇာတ်အဋ္ဌကထာစကားကို ထင်ရှားစေရန် ဝေဖန်ဖော်ပြချက် ပေတည်း။

[ဤကား- ပိဏ္ဍိယာလောပ ဆွမ်းစသော ပစ္စည်းလေးပါးတို့မှာ ပစ္စဝေက္ခဏာ ဆင်ခြင်ဖွယ်မရှိ-ဟူသော အယူဝါဒကို သုတ်သင်ချက် တည်း။]

ယခုအခါ၌ ထိုရသတဏှာသည် ရဟန်းတော်တို့ဘောင်မှာ

မင်းမူ၍နေကြ၏၊ မင်းမူပုံကား-လူတို့မှာ နေ့စဉ် ဟင်းကောင်းကျွေး ကောင်းစားနိုင်ကြသူ အလွန်နည်းပါး၏၊ အထိုက်အလိုက်နှင့်ပြီးကြ သူများ၏၊ ရဟန်းတော်တို့မှာ တက်နိုင်သူတို့က လှူဒါန်းကြသည်ဖြစ်၍ နေ့စဉ်ဟင်းကောင်းကျွေးကောင်းစားရသူများ၏၊ မကောင်းလျှင် မစားနိုင်သူများ၏၊ ဘုန်းတန်ခိုးကြီးလေလေဟင်းကောင်းကျွေးကောင်း, အစားကောင်း, အသောက်ကောင်း ပြည့်စုံလေလေဖြစ်၏၊ သက်သတ် ဟင်း မပါလျှင် မစားနိုင်သူများ၏၊ လောက၌ အာရုံအပေါင်းတို့တွင် ရသာရုံသည် အယုတ်မာဆုံးဖြစ်၏၊ သူတစ်ပါးတို့၏အသက်ကို ထိခိုက် သည်ဖြစ်၍ အကြီးအကျယ်ဆုံးသော အကျိုးမဲ့ကြီး ဖြစ်၏-ဟု ပြဆိုခဲ့သော ပါဠိအဋ္ဌကထာများနှင့် ဘယ်လိုနေကြမည်မသိ-ဟု သံဝေဂယူကြဘို့ ကောင်းလှ၏၊ ရသတဏှာတွင်လည်း လူတို့၏ အသက်သခင် စည်းစိမ် သခင် ဖြစ်ကြကုန်သော နွားသတ္တဝါ, ကျွဲသတ္တဝါတို့၏ အသားတို့၌ စွဲလမ်းသော တဏှာသည် အယုတ်မာဆုံးသော ရသတဏှာမျိုးစုံတို့တွင် အတုမရှိသော ဘုရင်ချုပ်ကြီးဖြစ်ပေ၏၊ ''နကိရတ္ထိရသေဟိ ပါပိယော'' ဟူသော ဂါထာပဒကို နှုတ်တက်၍ ရကြဘို့လည်းကောင်းလှ၏၊

အထက်၌ပြဆိုခဲ့သည့်အတိုင်း ဒုစရိုက်နယ် အပါယ်နယ်ကြီး ဖြစ်ချေ၍ အယုတ်မာဆုံးဖြစ်သော ဤ ရသတဏှာကြီးသည် ယခုအခါ ရဟန်းတော်တို့ဘောင်မှာ မင်းမူ၍နေရခြင်း, ရဟန်းတော်များဖြစ်လျက် တဏှာ့ တကာတို့ထက် အယုတ်မာဆုံးကြီးဖြစ်သော ရသတဏှာကြီး၏ ကျွန်ဖြစ်၍ နေကြရခြင်းသည်လည်း ဝမ်းနည်းဘွယ် ကောင်းလှ၏၊

[ဤကား-ဣဏပရိဘောဂအရ တဏှာခြောက်ပါးတို့တွင် ရသ တဏှာသည် အယုတ်မာဆုံးကြီး ဖြစ်ကြောင်း, ဒုစရိုက်နယ်ကြီး, အပါယ်နယ်ကြီးဖြစ်ကြောင်း ပါဠိအဋ္ဌထာလာရှိသည့်အတိုင်း ထုတ်ဖော်၍ ပြဆိုချက်ပေတည်း။]

ရှင်းလင်းချက်ပြီး၏၊

-----------------

ရှေး၌ပြဆိုခဲ့ပြီးသော ပါဠိတော်လာ ဥပမာစုကို ပြဆိုခန်း

ထေယျပရိဘောဂ၌ သံတွေခဲဥပမာ လာပုံကားအညထာ သန္တ အတ္တာနံ၊

အညထာ ယော ပဝေဒယေ။

နိကစ္စ ကိတဝေဿဝ၊

ဘုတ္တံ ထေယျာယ တဿ တံ။။

သေယျော အယောဂုဠော ဘုတ္တော၊

တတ္တော အဂ္ဂိသိခူပမော။

ယေဉ္စ ဘုေဉ္စယျ ဒုဿီလော၊

ရဌပိဏ္ဍံ အသညတော။။

အနက်ကား-ယော= အကြင်ရဟန်းစစ်မဟုတ်ဘဲ ရဟန်းစစ် လုပ်၍နေသော ရဟန်းတု, ရဟန်းယောင်သည်၊ အညထာ=တပါးသော ဒုဿီလအခြေအနေအားဖြင့်၊ သန္တံ=အမှန်အဟုတ်ဖြစ်၍နေသော၊ အတ္တာနံ=မိမိကိုယ်ကို။ နိကစ္စ=ဖုံးရှက်စဉ်းလဲ၍၊ အညထာ=တပါးသော သီလဝန္တ အခြေအနေအားဖြင့်၊ ပဝေဒယေ-ပဝေဒတိ=ဖော်ပြ ပြောကြား၏၊ ယထာ=ဥပမာကား၊ ကိတဝဿ=ငှက်သတ်မုဆိုး၏၊ နိကစ္စ= စဉ်းလဲ၍၊ ပဝေဒနံဣဝေ=ထိထိကိုယ်ကို ဖော်ပြခြင်းကဲ့သို့တည်း၊ တဿ=ထိုရဟန်းတု ရဟန်းယောင်၏၊ တံ ဘုတ္တံ=ထိုလူတို့လှူဒါန်းသော ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည်၊ ထေယျေန=အနက်အနဲ စဉ်းလဲသော ခိုးခြင်းဖြင့်၊ ဘုတ္တံ=သုံးဆောင်ခြင်းဖြစ်၏၊

တတ္တော=ရဲရဲညိသော၊ အဂ္ဂိသိခူပမော=မီးတောက်မီးလျှံနှင့် တူသော၊ အယောဂုဋ္ဌော=သံတွေခဲကို၊ ဘုတ္တော= စားအပ်မျိုအပ်သည် ရှိသော်၊ သေယျော=ကောင်းမြတ်သေး၏၊ အသညတော=သီလကို မစောင့်ထိန်းမူ၍၊ ဒုဿီလော=ရဟန်းသီလပျက်ဆုံးလျက်ရှိနေသော ရဟန်းတုသည်၊ ရဋ္ဌပိဏ္ဍံ=တိုင်းသူပြည်သားလူအများတို့က လှူဒါန်း၍ ရသော ဆွမ်းကို၊ စေ=အကယ်၍၊ ယံဘုေဉ္ဇယျ=အကြင်စားရာ၏၊ တတော=ထိုဒုဿီလရဟန်းတို့မှာ တိုင်းသူပြည်သားတို့ ၏ ဆွမ်းကိုစားရ ခြင်းထက်၊ အယောဂုဋ္ဌော=သံတွေခဲကို၊ ဘုတ္တော=စားအပ်သည်ရှိသော်၊ သေယျော=ကောင်းမြတ် လှသေး၏၊

ငှက်သတ်မုဆိုးသည် မိမိကိုယ်ကို သစ်ခက်စိမ်း, သစ်ရွက်စိမ်း တို့ဖြင့် စည်းနှောင်ပြီးလျှင် သစ်ပင်ယောင်, ချုံယောင်လုပ်၍ ငှက်အများ ကျရောက်ရာဌာန၌ နေလင့်၏၊ ငှက်တို့သည် သစ်ပင်တောချုံမှတ်၍ အနီးအပါး၌ ကျရောက်ကြကုန်၏၊ မုဆိုးသည် မိမိအပါး၌ ရောက်လာ သောငှက်တို့ကို ယမ်းမီးစသည်ဖြင့် ပစ်သတ်၍ ယူလေ၏၊ ဒုဿီလ ရဟန်းသည် ထိုမုဆိုးနှင့်တူ၏ ဟူလိုသည်၊ သားကောင်တို့ကို ထိုနည်း မျိုးဖြင့် စဉ်းလဲ၍သတ်သော သားသတ်မုဆိုး နှင့်လည်းတူ၏၊

ထိုရဟန်းတုမှာ ရွာသူတို့ကလှူဒါန်းကြသော ဆွမ်းပစ္စည်းလေးပါး ကို သုံးဆောင်ရသည်ထက် ရဲရဲညိသော သံတွေခဲကို သုံးစားရခြင်းသည် ကောင်းမြတ်သေး၏ဟူရာ၌ ကောင်းမြတ်ပုံကား

ထိုရဟန်းတုသည် သံတွေခဲကို သုံးစားခဲ့သော် သုံးစားမှုအတွက် ထိုခဏ၌သေသော်လည်း သေရာ၏၊ သေလုနီးပါး ဒုက္ခကြီးသော်လည်း တွေ့ကြုံရာ၏၊ သံတွေခဲကို သုံးစားမှုအတွက်နှင့် အပါယ်သို့ကျရောက် မှုမရှိလေ၊ ရဟန်းကောင်းထင်မှတ်၍ ရွာသူတို့ကလှူဒါန်းကြသော ပစ္စည်းလေးပါးတို့ကို သုံးစားမှုသည်ကား- အပါယ်သို့ကြရောက်စေ နိုင်သော အမှုကြီးဖြစ်၏၊ ထိုရဟန်းတုသည် အပါယ်သို့ကျရောက်ပြီးလျှင် ကြီးစွာသောအပါယ်ဒုက္ခကို ခံစားရလေ၏၊ ခံရပုံကား- ထိုရဟန်းတုမှာ ယခုဘဝတွင် ရဟန်းသံဃာတို့နှင့် ပေါင်းဖော်ရာတို့၌ ရဟန်းကောင်း ပြုလုပ် စဉ်းလဲခြင်းသည်လည်းကောင်း, လူတို့နှင့်ဆက်ဆံရာတို့၌ ရဟန်းကောင်းပြုလုပ်စဉ်းလဲခြင်းသည်လည်းကောင်း ဤစဉ်းလဲ မှုကြီးသည် သံဃဘေဒကဖြစ်သော မုသာဝါဒကိုချန်လှပ်၍ လောက သုံးပါးတွင် အတုမရှိနက်နဲသော မုသာဝါဒကံ ကြီးပေတည်း၊ နောက်ဘဝ ၌ အလွန်ကြီးကျယ်သော အပါယ်ဒုက္ခသို့ပစ်ချနိုင်သော ကံကြီးပေတည်း။

ထိုသို့ရဟန်းတို့နှင့်ပေါင်းဖော်စဉ်အခါ လူတို့နှင့်ဆက်ဆံစဉ် အခါတို့၌ ရဟန်းတို့၏အရိုအသေပြုမှု၊ လူတို့၏ရှိခိုးမှု၊ ပူဇော်မှု၊ အလှူအတန်းခံ၍ရသော ပစ္စည်းတို့ကိုသုံးဆောင်မှုတို့၌ နေ့ရက်ရှည်စွာ သာယာရွှင်လန်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့သည် နောက်ဘဝ၌ ငရဲမီးတောက်မီးလျှံတွေ၊ ပြိတ္တာ မီးတောက် မီးလျှံတွေ ဖြစ်ဘို့ တို့ပေတည်း၊ သေခါနီးအခါ၌ ထိုအာရုံစုတို့တွင် တစ်ခုခုသော် လည်း နိမိတ်ထင်လာလတံ့၊ သို့မဟုတ် အပါယ်ဂတိ နိမိတ်သော်လည်း ထင်လာလတံ့၊ ထင်သည်နှင့် တစ်ပြိုင်နက် ထိုမုသာဝါဒကံကြီးသည် ထိုရဟန်းတုကို အပါယ်သို့ ပစ်ချခွင့်ရလေ၏၊ နေ့ရက်ရှည်စွာ သာယာရှွှင် လန်းနေသော ထိုကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့သည်လည်း ထိုသူအပါယ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ငရဲမီးတောက်မီးလျှံတွေ၊ ပြိတ္တာ မီးတောက်မီးလျှံတွေကို ဖြစ်ပေါ်စေကြကုန်သည်။

ဆွမ်းပစ္စည်းမှာ သာယာမှုအတွက်နောက်ဘဝ၌ ထိုသူမှာမျိုသမျှ အာဟာရတို့သည်ခံတွင်းသို့ ရောက်လျှင်ရဲရဲညိ သောသံတွေခဲတွေဖြစ်၍ လည်ချောင်းတွင်း၊ ရင်တွင်း၊ ဝမ်းတွင်းသို့အတင်းဝင်ကြလေကုန်၏၊ အေးမြသောရေကိုပင် သောက်သော်လည်းခံတွင်းသို့ရောက်လျှင် လျှံလျှံတောက်သော သံပူရေဖြစ်၍ ဝင်လေတော့သည်၊ အရဟတ္တဓဇ သင်္ကန်းကို ဝတ်ရုံမှုအတွက် ရဲရဲညိသော သံပြားသင်္ကန်းကြီးအပြီး သပိတ် ပရိက္ခရာ အမျိုးမျိုးတို့ကို ဆောင်မှုအတွက် နောက်ဘဝ၌် ရဲရဲညိသော သံမီးသပိတ်ပရိက္ခရာ အမြဲပါလေတော့သည်၊ ကျောင်းပစ္စည်းအတွက် နောက်ဘဝမှာ ရဲရဲတောက်သော သံအိမ်ကြီးအပြီးတည်ရှိလေ၏၊ ဘုရား တစ်ဆူနှင့်ဘုရားအကြားမှာ ဤမဟာပထဝီမြေကြီး အထက်သို့ အမြင့် တစ်ယူဇနာတက်သည်တိုင်အောင်ပင် အပါယ်ဘဝမှ မလွတ်နိုင်ကြကုန်၊ ကဿပဘုရားလက်ထက်တော်က ကျရောက်ကြကုန်သော ပါပရဟန်းမျိုး တို့သည် ယခုတိုင်ပင် ဂိဇ္ဈကုဋ်တောင်မှာ ရှိနေကြကုန်၏၊

ထေယျပရိဘောဂအဖြစ်ပြီး၏၊

--------------

ဣဏပရိဘောဂ၌အဆိပ်လောင်ပုံ အဆိပ်ဆေးဥပမာ

အဆိပ်မျိုမိသောသူမှာ ထိုအဆိပ်သည် ဝမ်းတွင်းသို့ရောက် သည်နှင့်တစ်ပြိုင်နက် အသည်း၊ အဆုတ်၊ အူမ၊ အူသိမ်တို့ကို လောင် လေ၏၊ အသွေး၊ အဆီ၊ ဩဇာတို့ကို ကုန်ခန်းစေ၏၊ အပေါက်အပေါက် အပြတ်အပြတ်တွေ ဖြစ်၍ကုန်စေ၏၊ ထိုသူမှာ မလွန်ကတင်ကူး၍ အန်ဆေးကိုသော်လည်းကောင်း, အဆိပ်ပြေဆေးကိုသော်လည်းကောင်း သောက်မျိုခဲ့လျှင် ချမ်းသာခွင့်ရသေး၏၊ လွန်ခဲ့လျှင် ချမ်းသာခွင့်မရပြီ၊ သေဆုံးရလေတော့သည်၊ ထို့အတူ ဤသာသနာတော်၌ ရဟန်းတော် တို့မှာလည်း ပစ္စည်းလေးပါးကိုရရှိ၍ သမ္မောဟ, ဂေဓ, မဒ, ပမာဒပက္ခသို့ ရောက်ခဲ့လျှင် အဆိပ်ကို မျိုမိကြကုန်ပြီ၊ ထိုပက္ခသို့ ရောက်ခဲ့လျှင် အလုံးစုံသော လောကာမိသ, လောကပသာဒတို့ကိုလည်း အကျိုးပေး သမျှ သာယာကြကုန်တော့သည်။

ဤသာသနာတော်၌ အသွေး, အဆီ, ဩဇာ, အနှစ်သာရ ဆိုသည်ကား- အရိယဝံသတရားလေးပါးနှင့်တကွ သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး, ဣဒ္ဓိပါဒ်လေးပါး, ဣန္ဒြေငါးပါး, ဗိုလ်ငါးပါး, ဗောဇ္ဈင် ခုနစ်ပါး, မဂ္ဂင်ရှစ်ပါးဟု ဆိုအပ်သော ဗောဓိပက္ခိယ တရားတို့ပေတည်း၊ ထိုတရားတော်တို့သည် ရဟန်းတော်တို့မှာ ယခုဘဝ၌ပင် မဂ်, ဖိုလ်, နိဗ္ဗာန်, စျာန်သမာပတ်တို့သို့ ပေါက်ရောက်ကြီးပွါးနိုင်ကြရန် ကျေးဇူးပြု နိုင်ဆောင်ရွက်နိုင်သော အသွေး, အဆီ, ဩဇာ, အနှစ်သာရတို့ပေတည်း၊ သမ္မောဟ, ဂေဓ, မဒ, ပမာဒပက္ခ၌ တည်နေကြကုန်သော ရဟန်းတော် တို့မှာမူကား- ပစ္စည်းလေးပါးနှင့်တကွ လောကာမိသ, လောကပသာဒ တို့၌သာ အလေးဂရု အရေးပြုကြကုန်တော့သည်၊ သတိပဋ္ဌာန် စသော ထိုတရားတို့ကို အားထုတ်လိုသော သဒ္ဓါ, ဆန္ဒအားထုတ်နိုင်သော သတိ, ဝီရိယပင်မရှိကြကုန်ပြီ။

ဂေဓ, မဒ, ပမာဒအဆိပ်ကင်းတို့သည် နေ့စဉ်တိုးပွါးလျက်ရှိ နေကြသဖြင့် ထိုသူတို့၏ စိတ်သန္တာန်သည် ထိုသဒ္ဓါဆန္ဒတို့ ခန်းခြောက်ပြီး လျှင် နိဒ္ဓါမတာ-အစရှိသော အပေါက်ခြောက်ပါးခေါ်သော ကိလေသာ တရားတို့၏ ပွါးစီးချက်နှင့် အပေါက်ပေါက်အပြတ်ပြတ် ရတတ်စရာ မရှိနေကြ၏၊ မသေမီ, အရွယ်မလွန်မီ သတိပဋ္ဌာန်ဟူသော အဆိပ် အန်ဆေး, အဆိပ်ပြေဆေးများကို ပွါးများသောက်မျိုမိကြလျှင် အပါယ်ဘေးမှ ချမ်းသာခွင့်ရှိသေး၏၊ မသောက်မျိုဘဲ ထိုအနေနှင့်ပင် သေလွန်ကြလျှင် ဝါတမိဂဇာတ် အဋ္ဌကထာလာရှိသည့်အတိုင်း အပါယ် ကျမှ လွတ်နိုင်ကြရန် အတန်ကြီးခဲယဉ်းလှချေ၏၊

အရိယဝံသ တရားလေးပါးဆိုသည်ကား

၁။ စီဝရသန္တောသ-သင်္ကန်းပစ္စည်း၌ ရောင့်ရဲခြင်းတစ်ပါး,

၂။ ပိဏ္ဍပါတသန္တောသ-ဆွမ်းပစ္စည်း၌ ရောင့်ရဲခြင်းတစ်ပါး,

၃။ သေနာသနသန္တောသ-ကျောင်းပစ္စည်း၌ ရောင့်ရဲခြင်း တစ်ပါး,

၄။ ဘာဝနာရာမ-သမထဘာဝနာ, ဝိပဿနာ ဘာဝနာ တို့၌ ပျော်ပိုက်ခြင်းတစ်ပါး,

ဆွမ်းပစ္စည်း, သင်္ကန်းပစ္စည်း, ကျောင်းပစ္စည်းတို့၌ ရောင့်ရဲခြင်း သုံးပါး၊ သမထ, ဝိပဿနာဘာဝနာမှုတို့၌ ပျော်ပိုက်ခြင်းတစ်ပါး၊ ဤလေးပါးပေတည်း။

ထိုလေးပါးတို့တွင် သင်္ကန်း၌ရောင့်ရဲခြင်း, ဆွမ်း၌ရောင့်ရဲခြင်း ဆိုသည်ကား

သော သန္တုဋ္ဌော ဟောတိ ကာယပါရိဟာရိယေန စီဝရေနကုစ္ဆိပါရိဟာရိယေနပိဏ္ဍပါတေန၊ သောယေနစ ပက္ကမတိ။ ပ။ သမာဒါယေဝ ပက္ကမတိ၊ သေယျထာပိနာမ ပက္ခီသကုဏော ယေနယေနဝ ဍေတိ၊ သပတ္တဘာရောဝဍေတိ။

ဟူ၍ ဟောတော်မူသည်နှင့်အညီ-ကျေးငှက်များသည် တော တစ်ခုမှ တောတစ်ခု, သစ်တစ်ပင်မှ သစ်တစ်ပင်သို့ ပြောင်းသွားရာ၌ ကိုယ်သွားလျှင် အတောင်ပါတော့သည်၊ အတောင် အပိုအမိုထားခြင်းမရှိ၊ ကိုယ်သွားလျှင် ဝမ်းပါတော့သည်၊ ဝမ်းပါလျှင် အစာအာဟာရပါ တော့သည်၊ အစာအာဟာရ အပိုအမိုထားခြင်းမရှိ၊ ထို့အတူ ရဟန်းတို့မှာ လည်း ကိုယ်သွားလျှင် ကိုယ်မှာသင်္ကန်း အပြီးပါတော့သည်၊ ဆွမ်းလည်း အပြီးပါတော့သည်၊ ကိုယ်မှာဝတ်ရုံလျက်ရှိသော သင်္ကန်းစုထက် အပိုအမိုသင်္ကန်းမရှိပြီ၊ ဝမ်းမှာမျို၍ထားသော ဆွမ်းထက် အာဟာရ ကိစ္စ၌ အပိုအမိုတစ်စုံတစ်ခုမျှမရှိပြီ-ဟူလိုသည်။

ကျောင်းပစ္စည်း၌ ရောင့်ရဲခြင်းဆိုသည်ကား

သော ဝိဝိတ္တံ သေနာသနံ ဘဇတိ အရညံ ရုက္ခမူလံ ပဗ္ဗတံကန္ဒရံ ဝိရိဂုဟံ သုသာနံ ဝနပတ္တံ အဗ္ဘောကာသံ ပလာလပုဉ္ဇံ။

ဟူ၍ဟောတော်မူသည်နှင့်အညီ မြို့ကျောင်း ရွာကျောင်းမှ စွန့်ခွါ၍ ဆိပ်ငြိမ်သော တောကျောင်း, သစ်ပင်ရင်း, တောင်ပေါ်, ချောက်မြောင်, တောင်မှာရှိနေသော ကျောက်ဂူများ, သုသာန် ရွာမှ ကွာလှမ်းသော တောအရပ်, လွင်တီးခေါင်များ၌ နေခြင်းကိုဆိုသည်။

ဘာဝနာ၌ပျော်ပိုက်ခြင်းဆိုသည်ကား

သမထဘာဝနာ အလုပ်နှင့်ဖြစ်စေ, ဝိပဿနာဘာဝနာအလုပ် နှင့်ဖြစ်စေ လွတ်ကင်း၍ မနေနိုင်သည်ကို ဆိုသည်၊ မိမိတို့သည် အရိယဝံသ တရား, ဗောဓိပက္ခိယတရားတို့၌ သဒ္ဓါ, ဆန္ဒ, သတိ, ဝီရိယခန်းခြောက်၍ နေကြကုန်သည့်အတွက် သူတစ်ပါးတို့အား ထိုတရားများကို ပြောခြင်း ဟောခြင်းကိုမျှ မပြုကြ၊ သူတစ်ပါးတို့ ပြောဟောသည်ကိုမျှ မကြားလိုမနာလိုကြ၊ မည်သူသည် ထိုတရားများကို အားထုတ်ကျာင့်ဆောင်သည်ဆိုလျှင် ထိုသူလိုမိမိတို့က မကျင့်ဆောင် နိုင်ကြသည့်အတွက် ထိုသူကိုသာပြောပေါက် ဆိုပေါက်ရှာ၍ အကောင်း မဖြစ်စေရန် ကြံဖန်အားထုတ်ကြကုန်၏၊

[ဤကား- ဣဏပရိဘေဂ အဆိပ်ဖမ်း၍ လူမှန်းမသိ ရှိနေကြကုန်သော ပုဂ္ဂိုလ် တို့၏ တန်ခွန်တွေကို ပြဆိုချက်တည်း၊ ထိုပုဂ္ဂိုလ်တို့၏ နောက်ဘဝ အလားကို မူကား- ဇာတ်အဋ္ဌကထာတို့၌ ပြဆိုချက်ရှိလေပြီ။]

အဆိပ်ဆေးဥပမာပြီး၏၊

------------

သံချေးဥပမာ

သံချေးဥပမာ၌- သံဖြူလင်ပန်းကြီးမှာ ခဲဖွယ် ဘောဇဉ်တို့ကို ထည့်၍စားကြရာ၌ စားပြီးလျှင် ထိုလင်ပန်းကို ထိုနေ့တွင် နေ့စဉ်ဆေး မိအောင် ဆေးကြောရကည်၊ မဆေးမိဘဲ နေ့ကူးအောင်ပစ်၍ မထားရ၊ နေ့ကူးအောင် ပစ်ထားကဲ့သော် ခဲဖွယ်ဘောဇဉ် အညစ်အကြေးက လည်းတွယ်ကိုက်, သံချေးကလည်း တစ်နေ့တစ်ခြားအားကြီးစွာ တက်ပွား သဖြင့် ထိုလင်ပန်းသည် မကြာမီပစ်ရလတံ့၊ ထို့အတူပစ္စည်းလေးပါးတို့ကို သုံးဆောင်ကြရာမှာလည်း သုံးဆောင်၍ပြီးလျှင် နေ့မလွန်ခင် ပစ္စဝေက္ခဏာ ဆင်ခြင်၍ နေ့စဉ်ဆေးကြောရမည်၊ မဆင်ခြင်မိဘဲနေ့ မကူးစေရ၊ မဆင်ခြင်မိဘဲမိမိစိတ်ကို ပစ်၍မထားရ၊ ပစ်ထားခဲ့လျှင် မဆေးမကြောဘဲ နေ့ဆက်ရက်ဆက် သုံးဆောင်၍နေသော လင်ပန်နှင့် အတူ မိမိစိတ်သည်လည်း ပစ်ရတော့မည်၊ အပါယ်လေးပါးသို့ သွားရ တော့မည်-ဟူလို၊ ဇာတ်အဋ္ဌကထာတွင် လာရှိသည့်အတိုင်း ဘီလူး, သဘက် သားရဲတွေ ဖြစ်ကြသည်ကိုမူကား-တွေ့ကြုံ ကြားသိဘူးလှလေပြီ။

သံချေးဥပမာပြီး၏၊

ဣဏပရိဘောဂ၌ အဆိပ်လောင်ပုံပြီး၏၊

သတိပေးဂါထာမူကား

အတ္တာနံ စေ ပိယံ ဇညာ၊

ရက္ခေယျ နံ သုရက္ခိတံ။

တိဏ္ဏံ အညတရံ ယာမံ၊

ပဋိဂ္ဂေယျ ပဏ္ဍိတော။။

[ ဓမ္မပဒပါဠိတော်]

အနက်ကား- ပဏ္ဍိတော=ပညာရှိသောရဟန်ရှင်လူသည်၊ အတ္တာနံ=မိမိကိုယ်ကို၊ ပိယံ=ချစ်အပ်၏-ဟူ၍၊ စေဇညာ=အကယ်၍ သိရင်းရှိသည် ဖြစ်ပြားအံ့၊ နံ=ထိုမိမိကိုယ်ကို၊ သုရက္ခိတံ=ကောင်းကောင်း ကြီး စောင့်ရှောက်မှုကို၊ ကတွာ=ပြု၍၊ ရက္ခေယျ=စောင့်ရှောက်ရာ၏၊ တိဏ္ဏံ=အရွယ်သုံးပါးတို့တွင်၊ အညတရံ ယာမံ=တစ်ပါးပါးသော အရွယ်၌၊ ပဋိဇဂ္ဂေယျ=ဆေးကြောသုတ်သင်ရာ၏၊

ပရိယတ္တိဓမ္မတို့၌ မိမိတို့တတ်သိလိမ်မာရှိကြစေရန် သင်မှု, ကြားမှု, သူတပါးတို့ကို တတ်သိ လိမ်မာရှိကြစေရန် ချမှု, ပို့မှုတို့နှင့် နေကြရသဖြင့် ထိုအရိယဝံသတရား, သတိပဌာန်တရားများကို ပထမ အရွယ်မှာ အားမထုတ်နိုင် ရှိနေကြသော် ဒုတိယအရွယ်မှာ တောတောင် ထွက်၍အားထုတ်ကြကုန်ရာ၏၊ ဒုတိယအရွယ်မှာ အား မထုတ်နိုင်ရှိ ကြသော် တတိယအရွယ်မှာ တောတောင်ထွက်၍ အားထုတ်ကြကုန် ရာ၏၊ မိမိတို့ကိုယ်ကိုချစ်ကြလို့ရှိလျှင် လာကာမိသ, လောက ပသာဒ အသိုက်အအုံကြီးထဲမှာသေသည့်တိုင်အောင် အနစ်ခံ၍ မနေကြကုန် ရာဟူလိုသည်၊ ပရိယတ္တိဓမ္မအလုပ်ပင်မရှိသော ဣဏပရိဘောဂသမား တို့မှာ သံဝေဂယူကြဘို့သာရှိတော့သည်။

ဤဂါထာတွင် ရှေ့ဝါကျ၌ ရက္ခေယျ-ဟူ၍, နောက်ဝါကျ၌

ပဋိဇဂ္ဂေယျ-ဟူ၍ ဟောတော်မူသည့်အလိုကား-ရှေ့အရွယ်တို့၌ ပရိယတ္တိ ဓမ္မအတွက်နှင့် ဣဏပရိဘောဂတောကြီးအတွင်းမှာ နေရခိုက်အခါ၌ မိမိတို့ကိုယ်ကို ထိုပရိဘောဂမှ ကင်းလွတ်အောင် ကောင်းကောင်းစောင့် ရှောက်ကြရမည်၊ စောင့်ရှောက်ပါသော်လည်း ထိုတောကြီးအတွင်းမှာ နေခဲ့ရသည့် အတွက်ကြောင့် လုံးလုံးစင်ကြယ်နိုင်ရန် ခဲယဉ်းလျက်ရှိ၏၊ ထို့ကြောင့်လုံးလုံးစင်ကြယ်ပြီးမှ သေရလေအောင် နောက်အရွယ်မှာ ထိုတောကြီးအတွင်းမှထွက်ကြကုန်ပြီးလျှင် ထိုအရိယဝံသတရား, သတိပဋ္ဌာန် တရားတို့ကို အားထုတ်၍ မိမိတို့ကိုယ်ကိုခရုသင်း ပွတ်သစ် အသွင်ကဲ့သို့ ကောင်းကောင်းစင်ကြယ်အောင် သုတ်သင်ဆေးကြောရ မည်ဟု ဆိုလိုသည်။

အသက်ငါးဆယ့်ငါးနှစ်ထက် နောက်မကျစေကုန်မူ၍ တော တောင်သို့ထွက်ပြီးလျှင် အရိယဝံသတရား, သတိပဋ္ဌာန်တရားတို့ကို အားထုတ်၍ မိမိတို့စိတ်, မိမိတို့ကိုယ်ကို ဖြူဖြူဆွဆွ ခဝါချပြီးမှ သေကြရသော် အသေလှကြမည်ဟုမုချမှတ်ယူကြကုန်ရာသည်၊ ခဝါမချခဲ့ သော် အသေမလှပုံကား- ထုတ်ပြခဲ့ပြီးသောဇာတ်တို့၌ ငရဲ, တိရစ္ဆာန်, ဘီလူး, ပြိတ္တာ ဖြစ်ရကြောင်း တိုက်ရိုက်လာရှိလေပြီ၊ ထိုတွင်သူတစ်ပါး တို့ကို ထိုခိုက်ပုတ်ခတ်မှု ဝစီကံများလှသောသူသည် ကဿပဘုရား လက်ထက်၌ ကပိလရဟန်းကြီးကဲ့သို့ ပဒုမငရဲ၌ကျတတ်၏၊ ထိုပဒုမ ငရဲသည်လည်း အဝီစိငရဲနယ်တွင် အပါအဝင်ပေတည်း၊ အဗ္ဘုဒငရဲ, နိရဗ္ဘုဒငရဲ စသည်ဖြင့် ငရဲမျိုးဆယ်မျိုးရှိသည်တွင် ထိုပဒုမ ငရဲအိုးကြီးသည် ဝစီကံမှုတွင်အကြီးဆုံးသော ငရဲဗိုလ်ချုပ်ကြီးပေတည်း။

ရှေ့ငရဲကိုးမျိုးတို့သည်ကား- ထိုပဒုမငရဲအိုးကြီး၏ ဘက်ပါ

အခြံအရံအသင်းအပင်းတို့ပေတည်း၊ ထိုငရဲ ဆယ်မျိုးတို့၌ တစ်ကြိမ်ကျ ရောက်ခဲ့သော် အနှစ်ရှည်ကြာစွာ ခံနေကြရသောငရဲသက်ကိုလည်း အသေအချာ ဟောတော်မူလေပြီ၊ နှမ်းစေ့ပေါင်း အတင်းရှစ်ဆယ်သည် ကောသလတိုင်း၌ လှည်းတစ်စီးတိုက်ဖြစ်၏၊ ထိုလှည်း တစ်စီးတိုက် ရှိသောနှမ်းစေ့ပုံကြီးမှတစ်ရာတစ်ရာလျှင် တစ်စေ့တစ်စေ့မျှယူ၍ ပစ်ခဲ့သော် ထိုနှမ်စေ့ပုံသည် ကုန်ရာ၏၊ ထိုငရဲဆယ်မျိုးတွင် အစဆုံးဖြစ် သော အဗ္ဘုဒငရဲသက်သည် မကုန်လေရာ၊ ထိုငရဲမှအဆနှစ်ဆယ်စီ အစဉ်အတိုင်း တိုးပွား၍သွားသော် ပဒုမငရဲအိုးကြီး၏အသက်တမ်းဖြစ် လေ၏၊ ပဒုမဆိုလျှင် ထိုငရဲအိုးကြီးကို အမှတ်ရဘို့ကောင်းလှ၏၊ ထိုပဒုမ ငရဲအိုးကြီးကို သံယုတ်ပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့မှာ ဟော တော်မူ၏၊

ထိုတိရစ္ဆာန်ဖြစ်ရပုံကား- လူတို့မှာမြေ၌ မြှပ်ထားသော ဥစ္စာကို သာယာမှုအထုံအားကြီးသည့်အတွက် နောက်ဘဝ၌ ထိုဥစ္စာရှိရာမှာကြွက် တိရစ္ဆာန်, မြွေတိရစ္ဆာန်ဖြစ်ရသော ဝတ္ထုများရှိ၏၊ ရှေ့မှာပြဆိုခဲ့ပြီးသော ဓမ္မပဒဂါထာ၏ နိဒါန်းတွင် ထိုတိဿရဟန်းသည် သင်္ကန်း၌ သာယာမှု တင်းလင်းရှိနေသည့်အတွက် နောက်ဘဝ၌ ထိုသင်္ကန်းမှာသန်း တိရစ္ဆာန် ဖြစ်ရသည်ဟု အဋ္ဌကထာရှိ၏၊ ဤသို့ရှိကြသော ဇာတ်ဝတ္ထုများကို ထောက်မြှော်သည်ရှိသော် သင်္ကန်းပစ္စည်း၌ သာယာမှုကြွေး မြီတင်း လင်းနှင့် သေလွန်ခဲ့လျှင် နောက်ဘဝ၌ အဝတ်သင်္ကန်းတို့၌ ပိုးမွှား တိရစ္ဆာန်ဖြစ်၍ မဆုံးနိုင်ရှိနေတတ်၏၊

ဆွမ်းပစ္စည်း၌ သာယာမှု ကြွေးမြီတင်းလင်းနှင့်သေခဲ့လျှင် အစာအာဟာရဝတ္ထုမျိုးတို့၌ ပိုးမွှားတိရစ္ဆာန်ဖြစ်၍ မဆုံးနိုင် ရှိနေတတ်၏၊ ဝက်သားကြိုက်မှု ကြွေးမြီတင်းလင်းနှင့်သေခဲ့လျှင် ဝက်တို့၏ကိုယ်ခန္ဓာမှာ ဝက်ပိုးဝက်မွှားဖြစ်၍ မဆုံးနိုင် ရှိနေတတ်၏၊ ကြက်သားကြိုက်မှု ကြွေးမြီတင်းလင်းနှင့် သေခဲ့လျှင် ကြက်တို့၏ကိုယ်ခန္ဓာမှာ ကြက်ပိုး ကြက်မွှားဖြစ်၍မဆုံးနိုင် ရိနေတတ်၏၊ နွားသားကြိုက်မှု, ကျွဲသားကြိုက်မှု စသည်တို့၌လည်း ထို့အတူ အကုန်မြှော်လေ။

ကျောင်းပစ္စည်း၌ သာယာမှု ကြွေးမြီတင်လင်းနှင့် သေခဲ့သော် သီလရှိခဲ့ပါလျှင် ထိုကျောင်းမှာ ကျောင်း သဘက်ကြီး, ကျောင်းသားရဲကြီး, ကျောင်းတစ္ဆေကြီးသော်လည်း ဖြစ်နေတတ်၏၊ သီလမရှိခဲ့ပါလျှင် ကျောင်းမှီ ကျောင်းကပ်အရပ်ရပ်သော ကျောင်းပိုး, ကျောင်းမွှားဖြစ်၍ မဆုံးနိုင် ရှိနေတတ်၏၊ ကမ္ဘာဦးအခါ၌ မဟာပနာဒမင်းအား သိကြားမင်း သည် ရတနာနန်းပြာသာဒ် ကြီးဖန်ဆင်း၍ ပေး၏၊ ထိုပြာသာဒ်ကြီးသည် ယခုဂင်္ဂါမြစ်တွင်းမှာ တုံးလုံးလဲလျက်ရှိ၏၊ ထိုအခါ၌ ထိုနန်းပြာသာဒ်မှာ နေကြကုန်သော နန်းတော်သူ, နန်းတော်သား အပေါင်းတို့သည် ထိုနန်းပြာသာဒ်ကို သာယာသောတဏှာကြောင့် ထိုနန်းပြာသာဒ်ကြီး အတွင်းမှာ ရေပိုးရေမွှားအမျိုးမျိုးဖြစ်ကြ၍ ငါတို့ဘုရားလက်ထက်တိုင် ရှိနေကြသည်ဟု အဋ္ဌကထာများတွင်လာသည်ကို ထောက် မြှော်လေ။

ဘီလူးဘဝ, ပြိတ္တာဘဝတို့သို့ ကျတတ်သည်ဟူရာ၌ ဝိနည်း သိက္ခာလုံခြုံ၍ မာန်မာန ဒေါသလွန်စွာကြီးခဲ့သော်၎င်း၊ ဝက်သား, ကြက်သား, ငါး, အမဲရသတဏှာ လွန်စွာကြီးခဲ့သော်၎င်း သေလွန် သည့်အခါ အပါယ်သို့မကျမူ၍ ဘီလူးတန်ခိုးကြီး, သဘကတန်ခိုးကြီး, သားရဲတန်ခိုးကြီးဖြစ်တတ်၏၊ နောက်ဘဝ၌လည်း မာန, ဒေါသ, ရသ တဏှာလွန်စွာကြီးသည်ထက် ကြီးပြန်၏၊ လူတို့၏အသွေး, အဆီကို လွန်စွာကြိုက်၏၊ နွား, ကျွဲ, သိုး, ဆိတ်တို့၏ အသွေး, အဆီကိုလည်း လွန်စွာကြိုက်၏၊ ထိုသတ္တဝါတို့၌အနာဆိုး, ရောဂါဆိုးအမျိုးမျိုးတို့ကို မိမိတို့တန်ခိုးဖြင့် ဖြစ်ပွါးစေပြီးလျှင် တစ်ကိုယ်လုံးရှိသော အသွေးအဆီ တို့ကို စုတ်ယူမျိုသောက်နိုင်၏၊ ကမ္ဘာပေါ်၌ ကပ်ဝေဒနာ ကပ်ရောဂါ ပြုလုပ်ကြသူ မကောင်းဆိုးဝါးတို့၏ဘောင်မှာ ဗိုလ်ချုပ် ကြီးတွေဖြစ်ကြ လေ၏၊ သူတို့ကို ပရိတ်တော်ရိုး, ဂုဏ်တော်ရိုး, ကမ္မဝါရိုးများကို ဘတ်ရွတ် နှင်ထုတ်၍ မရနိုင်ပြီ၊ သူတို့ကပင်သာ၍ ကြေကြလျက်ရှိနေ၏၊ ထိုဗိုလ်ချုပ်ကြီးတွေကို မြို့ရွာနယ်ပယ်မှ နှင်ထုတ်နိုင်ရန် ဆရာတော်မှာ ပဗ္ဗာဇနိယကမ္မဝါစာ ခေါ်သော ကမ္မာဝါစာတစ်မျိုးစီရင်၍ထား၏၊

သတိထားကြရန် အချက်တစ်ခုမှာ- ရဟန်းသေ၍ ဘီလူး, သားရဲ, သဘက်ဖြစ်၍ သွားကြလျှင် ရဟန်းဘဝ၌ တပည့်ရင်း, တပန်းရင်း, ဒကာရင်း, ဒကာမရင်း, ဆွေရင်း, မျိုးရင်းတွေကို ရှေးဦးစွာ တွင်တွင် ကြီးစားတတ်ကြ၏၊ အဘယ့်ကြောင့်နည်းဆိုသော် နောက်ဘဝ၌ မိမိမှာ အခြံအရံပရိသတ်လို၍နေ၏၊ ထိုသူတို့ကိုပင် အခြံအရံပရိသတ် ပြုလို၍ ရှေးဦးစွာတွင်တွင်ကြီး စားလေသည်ဟု ပြောဆိုကြ၏၊ ဟုတ်ဘွယ်ရှိ၏၊ စားလည်းစားရသေး၏၊ မိမိမှာ အခြံအရံလည်း အလျင်အမြန်ရသေး၏၊ ဟင်းလျာကောင်းကြိုက်သော ဆရာ၏တပည့်, ဒကာများ သတိထား ကြရန်။

ပြိတ္တာဖြစ်ပုံမှာ- ဝိနည်းသိက္ခာ လုံခြုံလျက် သူတစ်ပါးတို့၌ ဣဿာတရား, မစ္ဆရိယတရား အလွန်အားကြီးသော ဣဏပရိဘောဂ သမားတို့၏ လမ်းပေတည်း၊ ဣဿာဆိုသည်ကား-မိမိထက်သာသည်ကို မနာလိုခြင်းတည်း၊ သာသောသူနှင့်စပ်၍ ကောင်းစကားကိုမပြောချင်၊ မကြားချင်၊ အကောင်းပြောသူကိုမတွေ့ချင်၊ မမြင်ချင်၊ မကောင်း စကားကိုသာ ပြောချင်၏၊ ကြားချင်၏၊ မကောင်းပြောသူကိုသာ တွေ့ချင်မြင်ချင်၏၊

[ဤကား-ဣဿာခေါ်သော ပြိတ္တာလမ်းကြီးတစ်လမ်းပေတည်း။]

မစ္ဆရိယသည် ငါးပါးရှိ၏၊

၁။ အာဝါသမစ္ဆရိယ တစ်ပါး,

၂။ ကုလမစ္ဆရိယ တစ်ပါး,

၃။ လာဘမစ္ဆရိယ တစ်ပါး,

၄။ ဝဏ္ဏမစ္ဆရိယ တစ်ပါး,

၅။ ဓမ္မမစ္ဆရိယ တစ်ပါး,

ထိုငါးပါးတို့တွင်

၁။ အာဝါသ မစ္ဆရိယဆိုသည်ကား- ကျောင်းကန် တိုက်တာ နေရာထိုင်ခင်းတို့နှင့် စပ်လျဉ်း၍ သဝန်တိုခြင်းတည်း၊ မိမိသည်သာ အစိုးတရပြုလုပ်လို၏၊ သူတစ်ပါးတို့ အစိုး တရပြုလုပ်မည်ကို အလိုမရှိ။

၂။ ကုလမစ္ဆရိယဆိုသည်ကား- မိမိနှင့်ရင်းရင်းနှီးနှီး ဆက်ဆံ၍ နေကြသောရပ်သူရွာသား ဒကာ, ဒကာမများနှင့် စပ်လျဉ်း ၍ သဝန်တိုခြင်းလည်း၊ ထိုသူများတို့သည် သူတစ်ပါး၏ ဘက်သို့ပါ၍ သွားမည်ကို ပူပန်ခြင်းတည်း၊ မပါရလေ အောင် ကန့်ကွက်ဖျက်ဆီးခြင်းတည်း။

၃။ လာဘမစ္ဆရိယဆိုသည်ကား- ရရှိပြီးသောပစ္စည်းပရိက္ခရာ, ရရန်ရှိသော ပစ္စည်းပရိက္ခရာတို့နှင့် စပ်လျဉ်း၍ သဝန်တို ခြင်းတည်း၊ သူတစ်ပါးဘက်သို့ပါ၍ သွားမည်ကို သဝန်တို ခြင်းတည်း၊ မပါရလေအောင် ကန့်ကွက် ဖျက်ဆီးခြင်း တည်း။

၄။ ဝဏ္ဏမစ္ဆရိယဆိုသည်ကား- မိမိ၌ ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ၊ သူတစ်ပါးက ချီးမွမ်းဘွယ်ရာ ထင် မှတ်၍ နေကြသောလောကဂုဏ်, ဓမ္မဂုဏ်တစ်စိတ် တစ်ဒေသသည်ရှိ၏၊ ထိုဂုဏ်များသည် မိမိ၌သာရှိလို၏၊ သူတစ်ပါးတို့၌ ပြန့်ပွားအောင်မပြုလို၊ ပြန့်ပွားသည်ကို အလိုမရှိ၊ သူတစ်ပါးတို့၌ ထိုဂုဏ်မျိုးပေါ်လာလျှင် မဟုတ် တယုတ်လုပ်ကြံဖျက်ဆီး၏၊

၅။ ဓမ္မမစ္ဆရိယဆိုသည်ကား- တရားကျမ်းဂန် အတတ်ပညာ မျိုးနှင့် စပ်လျဉ်း၍ သဝန်တိုခြင်း, မိမိမှာ နည်းနိဿယ ကောင်းမွန်လှသော အတတ်ပညာတရား ကျမ်းစာသည် ရှိ၏၊ ထိုအတတ်ပညာ တရားလည်း ပြိတ္တာ ဖြစ်ရန်လမ်းကြီး စုပေတည်း။

[ဤဣဿာတရား မစ္ဆရိယတရားတို့သည် ဣဏပရိဘောဂနယ်၌ တန်ခွန်စိုက်ကြီးတို့ပေတည်း။]

ထိုတံခွန်ကြီးတွေကို မြင်သဖြင့် ထိုသူသည် ဣဏပရိဘောဂ သမားပေ-ဟုသိနိုင်ရာ၏၊ ပြိတ္တာဖြစ်ရန် လမ်းကြီးတို့ ပေတည်း၊ ဤသို့လျှင် မိမိတို့ကိုယ်ကိုအရွယ်ရောက်လျက် အချိန်ရောက်လျက် ခဝါမချမူ၍ ဣဏပရိဘောဂ တင်းလင်းနှင့် သေလွန်ကြကုန်သည်ရှိသော် အသေ မလှကြသဖြင့် နောက်ဘဝတို့၌ ဘီလူးဇာတ်ထွက်၍ မဆုံးနိုင်, ပြိတ္တာ ဇာတ်ထွက်၍မဆုံးနိုင်, ငရဲဇာတ် တိရစ္ဆာန်ဇာတ်ထွက်၍ မဆုံးနိုင်ရှိကြ မည်ကို မြင်တော်မူ၍

တိဏ္ဏံ အညတရံ ယာမံ၊ ပဋိဇဂ္ဂေယျ ပဏ္ဍိတောဟူ၍ ဟောတော်မူပေသတည်း၊ ကဿပဘုရားလက်ထက်က

ထိုကဲ့သို့ ဇာတ်ထွက်ကြကုန်သော သူတို့သည် ငါတို့ ဘုရားလက်ထက်မှာမှ အသီးအသီးဇာတ်လုံးပေါ်ကြလေကုန်၏၊ ယခုငါတို့ဘုရားလက်ထက်မှာ ထိုကဲ့သို့ ဇာတ်ထွက်ကြကုန်သော သူတို့သည်လည်း ဇာတ်လုံးရှင် မေတ္တေယျ ဘုရားလက်ထက်တော်မှာမှ အသီးအသီး ဇာတ်လုံးပေါ်ကြ ကုန်လတ္တံ့။

သတိပေးဂါထာ၏ အနက်အဓိပ္ပါယ်ကို ပြဆိုချက်ပြီး၏၊

-------------

နိဂုံး

ပျဉ်းမနားမြို့ စမ်းကျတောကျောင်းအနီး အင်ကြင်းမြိုင်စင်္ကြန် ကျောင်း၌ မြန်မာသက္ကရာဇ်- ၁၂၈၇ ခုနှစ်တွင် သီတင်း ဝါကပ်ဆို နေထိုင်စဉ် စစ်ကိုင်းချောင်မှ ရောက်လာသော ဣဏပရိဘောဂပုစ္ဆာကို ဖြေဆိုရာ သီတင်းကျွတ် လဆန်း၂-ရက်နေ့တွင် အောင်မြင်ပြီးစီးလေ သတည်း။

ဇေယျာပူရ ဇာမရီ ရှင်စန္ဒာဝရ ပုစ္ဆာအဖြေပြီး၏၊

-----------------------

မော်လမြိုင်- ကော့နှတ်ပုစ္ဆာအဖြေ

-----ဝ----

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ကော့နှတ်အမေးပုစ္ဆာကို လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

၁၂၈၃- ခုနှစ်၊ နတ်တော်လဆန်း ၂- ရက်၊ မော်လမြိုင်မြို့ ကော့နှတ်တိုက်နေ သင်္ဃာတော်ခြောက် ဆယ် ကျော်တို့က ရိုသေစွာလျှောက်ထားပါသည်- ကျေးဇူးတော်ရှင် ဆရာ တော်မြတ်ကြီးဘုရား။

၁။ အချို့သော သင်္ဃာတော်တို့က ''ပုရေ ဥပသမ္ပန္နေနပစ္ဆာ ဥပသမ္ပန္နော အဝန္ဒိယော'' ဟူသော ပါဌ်ကို ထောက် သဖြင့် ဝါငယ်သောရဟန္တာပုဂ္ဂိုလ်သည် အာသဝေါ တရား ကုန်ခမ်းသော်လည်း ဝါငယ်သည့် အတွက် ကြောင့် အာသဝေါတရားမကုန်သေးသော ဝါကြီးသော ပုထုဇဉ်ရဟန်းကို ရိုသေမြတ်နိုး ရှိခိုးဦးချ ကန်တော့ ရမည်။

၂။ အချို့သောသင်္ဃာတော်တို့က ''အာဟုနေယျော ပါဟုနေယျော'' ဟူသော ပါဌ်ကိုထောက်သဖြင့် ပုထုဇဉ် ရဟန်းက ဝါကြီးသော်လည်း အာသဝေါတရား မကုန် သေးသောကြောင့် အာသဝေါတရား ကုန်ပြီးသော ဝါငယ်သော ရဟန္တာပုဂ္ဂိုလ်ကို ရိုသေမြတ်နိုး ရှိခိုးဦးချ ကန်တော့ရမည်။

ဤသို့ ဝါဒနှစ်မျိုး ကွဲပြားနေသည်ကို ဘုရားတပည့်တော်တို့အား ကရုဏာရှေ့ထား၍ဖြေကြားပေးသနားတော်မူပါမည့်အကြောင်း ရိုသေစွာ လျှောက်ထားပါသည်-ကျေးဇူးတော်ရှင် ဆရာတော်မြတ်ကြီးဘုရားဟူသော လျှောက်လွှာ၌-အဖြေကား-ဝါငယ်သော ရဟန္တာ ပုဂ္ဂိုလ်က အာသဝေါတရား ကုန်ခန်းသော်လည်း ဝါငယ်သည့်အတွက်ကြောင့် အာသဝေါတရား မကုန်သေးသော ဝါကြီးသော ပုထုဇဉ်ရဟန်းကို ရိုသေမြတ်နိုး ရှိခိုးဦးချကန်တော့ရမည်-ဟူသော အယူဝါဒသည်သာ သင့်မြတ်သည်၊ သင့်ကြောင်းကိုလည်း စူဠဝါပါဠိတော် သေနာသနခန္ဓက နံပါတ် ၂၇၅-၂၇၆၊ ကြောင်းရေ ၁၃-၌--

ကော ဘိက္ခဝေ အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ခတ္တိယကုလာ ပဗ္ဗဇိတော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ဗြဟ္မဏကုလာ ပဗ္ဗဇိတော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ဂဟပတိကုလာ ပဗ္ဗဇိတော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။

ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ သုတ္တန္တိကော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ဝိနယဓရော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ဓမ္မကထိကော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။

ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ပထမဿ စျာနဿ လာဘီ, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ဒုတီယဿ စျာနဿ လာဘီ, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ တတီယဿ စျာနဿ လာဘီ, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ စတုတ္ထဿ စျာနဿ လာဘီ, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။

ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ သောတာပန္နော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ သကဒါဂါမီ, ယော ဘဂဝါ အနာဂါမီ, ယော ဘဂဝါ အရဟာ, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။

ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ တေဝိဇ္ဇော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ၊ ဧကစ္စေ ဘိက္ခူ ဧဝ မာဟံသု၊ ယော ဘဂဝါ ဆဠာဘိညော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။

ဟူ၍ဟောတော်မူသည်။

အနက်ကား။။ ဘိက္ခဝေ=ရဟန်းတို့၊ ကော=အဘယ် ရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်သနည်း၊ ဣတိ= ဤသို့မြတ်စွာ ဘုရားက မေးတော်မူ၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏ ဘဂဝါ=မြတ်စွာဘုရား၊ ယော= အကြင်ရဟန်းသည်၊ ခတ္တိယကုလာ=မင်းမျိုးမှ၊ ပဗ္ဗဇိတော=ရဟန်းပြု၏၊ သော=ထိုရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ= ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ= ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ= ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ ဗြဟ္မဏကုလာ=ပုဏ္ဏားမျိုးမှ၊ ပဗ္ဗဇိတော=ရဟန်းပြု၏၊ သော=ထိုရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ် သောနေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ= ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြ ကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ ဂဟပတိ ကုလာ=သူကြွယ်မျိုးမှ၊ ပဗ္ဗဇိတော=ရဟန်းပြု၏၊ သော=ထိုရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ= ရေဦးကို၊ အဂ္ဂပိဏ္ဍံ= ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု= လျှောက်ကြ ကုန်၏၊

ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင် ရဟန်းသည်၊ သုတ္တန္တိကော=သုတ္တန်ကိုဆောင်၏၊ သော=ထိုသုတ္တန်ဆောင် ရဟန်းသည်၊ အဂ္ဂါသနံ= မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု= လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ ဝိနယဓရော=ဝိနည်းကိုဆောင်၏၊ သော= ထိုဝိနည်း ဆောင်သောရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ= ခံထိုက်၏၊ ဣတိ= ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ = ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ ဓမ္မကထိကော=အဘိဓမ္မာကို ဆောင်သည်၊ သော=ထိုအဘိဓမ္မာဆောင်ရဟန်းသည်၊ အဂ္ဂါသနံ= မြင့်မြတ်သော နေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊

ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင် ရဟန်းသည်၊ ပထမဿ စျာနဿ=ပထမစျာန်ကို၊ လာဘီ=ရသည်၊ ဟောတိ= ဖြစ်၏၊ သော=ထိုပထမစျာန် ရသောရဟန်းသည်၊ အဂ္ဂါသနံ= မြင့်မြတ်သော နေရာကို၊အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟိတံ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု= လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ ဒုတိယဿ စျာနဿ=ဒုတိယစျာန်ကို၊ လာဘီ=ရသည်၊ ဟောတိ=ဖြစ်၏၊ သော=ထိုဒုတီယစျာန်ရသော ရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သော နေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ= ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဧကစ္စေ= အချို့ကုန်သော၊ ဘိက္ခု=ရဟန်းတို့သည်၊ ဧဝံ=ဣသို့၊ အဟံသု= လျှောက်ကြ ကုန်၏၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော= အကြင်ရဟန်းသည်၊ တတီယဿ စျာနဿ=တတီယစျာန်ကို၊ လာဘီ=ရသည်၊ ဟောတိ=ဖြစ်၏၊ သော= ထိုတတီယစျာန် ရသောရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သော နေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ= ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ စတုတ္ထဿစျာနဿ= စတုတ္ထစျာန်ကို၊ လာဘီ=ရသည်၊ ဟောတိ=ဖြစ်၏၊ သော=ထို စတုတ္ထ စျာန်ကို ရသောရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ= ဆွမ်းဦးကို၊ အရဟတိ= ခံထိုက်၏၊ ဣတိ= ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊

ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခု=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင် ရဟန်းသည်၊ သောတာပန္နော=သောတပန်တည်း၊ သော=ထိုသောတပန် ရဟန်းသည်၊ အဂ္ဂါသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ=ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦိးကို၊ အရဟတိ= ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု= လျှောက်ကြကုန်သည်၊ ဧကစ္စေ=အချို့သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ၏ ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော= အကြင်ရဟန်းသည်၊ သကဒါဂါမိ=သဒါဂါမ်တည်း၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်။၏၊ အနာဂါမီ=အနာဂါမ်တည်း၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော=အကြင်ရဟန်းသည်၊ အရဟာ=ရဟန္တာတည်း၊ သော=ထိုရဟန္တာသည်၊ အဂ္ဂါသနံ= မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒနံ= ရေဦးကို၊ အဂ္ဂပိဏ္ဍံ= ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊

ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ= ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ=မြတ်စွာဘုရား၊ ယော=အကြင် ရဟန်းသည်၊ တေဝိဇ္ဇော= တေဝိဇ္ဇာ ရဟန္တာတည်း၊ သော=ထိုတေဝိဇ္ဇာ ရဟန္တာသည်၊ အဂ္ဂါသနံ= မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒကံ= ရေဦးကို၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု= လျှောက်ကြကုန်၏၊ ဧကစ္စေ=အချို့ကုန်သော၊ ဘိက္ခူ=ရဟန်းတို့သည်၊ ဧဝံ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊ ဘဂဝါ= မြတ်စွာဘုရား၊ ယော= အကြင်ရဟန်းသည်၊ ဆဋ္ဌာဘိညော=ဆဋ္ဌဘိည ရဟန္တာတည်း၊ သော= ထိုဆဋ္ဌဘိညရဟန္တာသည်၊ အဂ္ဂသနံ=မြင့်မြတ်သောနေရာကို၊ အဂ္ဂေါဒနံ= ရေဦးကို၊ အဂ္ဂပဏ္ဍံ=ဆွမ်းဦးကို၊ အရဟတိ=ခံထိုက်၏၊ ဣတိ=ဤသို့၊ အဟံသု=လျှောက်ကြကုန်၏၊

[ဤကား- မြတ်စွာဘုရား၏ အမေးတော်က်ု ရဟန်းတို့က မိမိတို့ အလိုလျှောက် ဖြေကြပုံတည်း၊ မြတ်စွာဘုရား၏ အဖြေတော်ကား နောက်မှလာလတံ့။]

အဖြေတော်ဆိုသည်ကား

အနုဇာနာမိ ဘိက္ခဝေ ယထာဝုဍ္ဎံ အဘိဝါဒနံ ပစ္စုဋ္ဌာနံအဉ္ဇလိကမ္မံ သာမိစိကမ္မံ အဂ္ဂါသနံ အဂ္ဂေါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍံ၊ န စ ဘိက္ခဝေ သံဃိကံ ယထာဝုဍ္ဎုံ ပဋိဗာဟိတဗ္ဗံ၊ ယော ပဋိဗာဟေယျ အာပတ္တိ ဒုက္ကဋဿတိ။ ဒသယိမေ ဘိက္ခဝေ အဝန္ဒိယာ၊ အနုပသမ္ပန္နေန

ပစ္ဆာဥပသမ္ပန္နော အဝန္ဒိယော၊ အနုပသမ္ပန္နော အဝန္ဒိယော၊ နာနာသံဝါသကော ဝုဍ္ဎုတရော အဓမ္မဝါဒီ အဝန္ဒိယော၊ မာတုဂါမော အဝန္ဒိယော၊ ပဏ္ဍကော အဝန္ဒိယော၊ ပါရိဝါသိကော အဝန္ဒိယော၊ မူလာယ ပဋိကဿနာရဟော အဝန္ဒိယော၊ မာနတ္တာရဟောအဝန္ဒိယော၊ မာနတ္တစာရိကော အဝန္ဒိယော၊ အဗ္ဘာနာရဟော အဝန္ဒိယော၊ ဣမေခေါ ဘိက္ခဝေ ဒသအဝန္ဒယာ။

ဟူ၍ စူဠဝါပါဠိတော် သေနာသနခန္ဓကနံပါတ် ၂၇၇- ၌ဟောတော်မူသည်။

အနက်ကား- ဘိက္ခဝေ=ရဟန်းတို့၊ ယထာဝုဍ္ဎံ=သီတင်းကြီးအစဉ် အတိုင်း၊ အဘိဝါဒနံ=ရှိခိုးခြင်းကိုလည်းကောင်း၊ ပစ္စုဋ္ဌာနံ=ခရီးဦး ကြိုဆိုခြင်းကိုလည်းကောင်း၊ အဉ္ဇလိကမ္မံ=လက်အုပ်ချီခြင်းကိုလည်း ကောင်း၊ သာကမိစိမ္မံ=အရိုအသေ ပြုခြင်းကိုလည်းကောင်း၊ အဂ္ဂါသနံ= မြင့်မြတ်သော နေရာကိုလည်းကောင်း၊ အဂ္ဂေါဒကံ=ရေဦးကိုလည်း ကောင်း၊ အဂ္ဂပိဏ္ဍံ=ဆွမ်းဦးကိုလည်းကောင်း၊ အနုဇာနာမိ=ခွင့်ပြု တော်မူ၏၊ ဘိက္ခဝေ=ရဟန်းတို့၊ သံဃိကံ=သံဃိကဖြစ်သော၊ ယထာဝုဍ္ဎံ= သီတင်းကြီးအစဉ်အတိုင်းကျသော နေရာကို၊ နပဋိဗာဟိတဗ္ဗံ=မတား မြစ်အပ်၊ ယော=အကြင်ရဟန်းသည်၊ ပဋိဗာဟေယျ=တားမြစ်ငြားအံ့၊ ဒုက္ကဋဿ=ဒုက္ကဋ်အာပတ်သို့၊ အာပတ္တိအာပဇ္ဇနံ=ရောက်ခြင်းသည်၊ ဟောတိ=ဖြစ်။

ဘိက္ခဝေ= ရဟန်းတို့၊ အဝန္ဒိယာ=ရှိမခိုးအပ်သောပုဂ္ဂိုလ်တို့သည်၊ ဣမေဒသ=ဤဆယ်ပါးတို့တည်း၊ ကတမေဒသ=အဘယ်ဆယ်ပါး တို့နည်းဟူမူကား

၁။ ပုရေ=ရှေး၌၊ ဥပသမ္ပန္နေန=ပဉ္စင်းဖြစ်သော ပုဂ္ဂိုလ်သည်၊ ပစ္ဆာ=နောက်၌၊ ဥကသမ္ပန္နော=ပဉ္စင်းဖြစ်သော ပုဂ္ဂိုလ်ကို၊ အဝန္ဒယော= ရှိမခိုးအပ်။

၂။ အနုပသမ္ပန္နော= ပဉ္စင်းမဟုတ်သောသူကို၊ အဝန္ဒိယော= ရှိမခိုးအပ်။

၃။ အဓမ္မဝါဒီ=အဓမ္မဝါဒီဖြစ်သော၊ ဝုဍ္ဎုတရော=သီတင်း ကြီးသော၊ နာနာသံဝါသကော=နာနာသံဝါသက ပုဂ္ဂိုလ်ကို၊ အဝန္ဒိယော= ရှိမခိုးအပ်။

၄။ မာတုဂါမော=လူမိန်းမ, ဘိက္ခုနီမကို၊ အဝန္ဒိယော=ရှိ မခိုးအပ်။

၅။ ပဏ္ဍကော= မဏ္ဍုက်ကို၊ အဝန္ဒိယော=ရှိ မခိုးအပ်။ ၆။ ပါရိဝါသိကော=ပရိဝါသ်ကျင့်ဆဲဖြစ်သောရဟန်းကို၊ အဝန္ဒိယော=ရှိ မခိုးအပ်။

၇။ မူလာယပဋိကဿနာရဟော=အရင်းသို့ ငင်ခြင်းငှါ ထိုက် သောဒဏ်သားရဟန်းကို၊ အဝန္ဒိယော=ရှိမခိုးအပ်။ ၈။ မာနတ္တာရဟော=မာနတ်ထိုက်သော ဒဏ်သားရဟန်းကို၊ အဝန္ဒိယော=ရှိမခိုးအပ်။

၉။ မာနတ္တစာရိကော=မာနတ်ကျင့်ဆဲဖြစ်သော ဒဏ်သား ရဟန်းကို၊ အဝန္ဒိယော=ရှိမခိုးအပ်။

၁၀။ အဗ္ဘာနာရဟော=အဗ္ဘာန်ထိုက်သောရဟန်းကို၊ အဝန္ဒိယော=ရှိမခိုးအပ်။

ဘိက္ခဝေ= ရဟန်းတို့၊ အဝန္ဒိယာ= ရှိမခိုးအပ်သောပုဂ္ဂိုလ်တို့သည်၊ ဣမေဒသ=ဤဆယ်ပါးတို့တည်း။

[ဤကား- ခွင့်ပြုတော်မူခြင်း, အာပတ်ထပ်၍ ပညတ် တော်မူခြင်း, အဝန္ဒိယပုဂ္ဂိုလ် တစ်ကျိပ်ကို ပြတော်မူခြင်း တို့ကို အရင်းပြုသဖြင့် ''ကော စ ဘိက္ခဝေ အရဟတိ အဂ္ဂါဒကံ အဂ္ဂပိဏ္ဍန္တိ'' ဟူသော အမေးတော်ကို ဖြေဆို တော်မူခြင်းပေတည်း။]

အမေး၌မူကား- နေရာဦး, ရေဦး, ဆွမ်းဦး သုံးချက်သာပါရှိ၏၊

အဖြေ၌မူကား- ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, လက်အုပ်ချီခြင်း, အရို အသေပြုခြင်း, မြင့်မြတ်သောနေရာ, ရေဦး, ဆွမ်းဦးဟူ၍ ခုနစ်မျိုးပါရှိ၏၊

ဤအဖြေတော်ကြီးဖြင့်

ယော ဘဂဝါ ခတ္တိယကုလာ ပဗ္ဗဇိတော, သောအရဟတိအဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။လ။ယော ဘဂဝါ အရဟာ။လ။ ယော ဘဂဝါ တေဝိဇ္ဇော။လ။ ယော ဘဂဝါ ဆဠာဘိညော, သော အရဟတိ အဂ္ဂါသနံ အဂ္ဂေါဒကံ အဂ္ဂပိဏ္ဍန္တိ။

ဟူသောရဟန်းတို့ဖြေဆိုချက်ကို မြတ်စွာဘုရား ပယ်ဖျက် တော်မူ၏''အာဟုနေယျော, ပါဟုနေယျော'' ဟူသောပါဌ်ကို ထောက်၍ ယူကြသောအယူသည် မြတ်စွာဘုရားပယ်ဖျက်တော်မူချက်တွင် ပါဝင် လေ၏၊

၁၂၈၃-ခုနှစ်၊ နတ်တော်လဆန်း ၄-ရက်နေ့ စစ်ကိုင်းတောင်ရိုး ဇေတဝန်မဟာလယ်တီ စင်္ကြတိုက်ကျောင်းတွင် သီတင်းသုံးနေစဉ် ဖြေဆို တော်မူသည်။

မော်လမြိုင်-ကော့နှတ်ပုစ္ဆာအဖြေပြီး၏၊

ဦးရာဇိန္ဒ၏ ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လျှောက်လွှာ

၁၂၈၃-ခုနှစ်၊ တန်ခူးလဆုတ် ၁၂-ရက်နေ့။

ဟင်္သာတမြို့အပိုင် ကွင်းကောက်ရွာ တောင်ဘက် ကျောင်းကြီး နေ ဘုရားတပည့်တော်ရှင်ရာဇိန္ဒ-ရိုသေစွာ ရှိခိုးဝပ်တွား လျှောက် ထားဝံ့ပါသည်-ကျေးဇူးတော်သခင် ဆရာတော်အရှင်မြတ်ဘုရား၊ လျှောက်ထားရန်မှာ- အောက်ပါ အဓိကရုဏ်းများကို တပည့်များအား သနားတော်မူသောအားဖြင့် အခွင့်သာတော်မူသောအခါ ဝိနိစ္ဆယချ ပေးတော်မူရန် ရိုသေစွာ လျှောက်ဝံ့ပါသည်အရှင်မြတ်ဘုရား။

၁။ အချက်, အဓိကရုဏ်းမှာ-ဥပသမ္ပဒါပေက္ခ သာမဏေ တစ်ပါးသည် ဆရာပေးပြီးသင်္ကန်းကို ချွတ်ပြီးလျှင် လူဝတ်ဝတ်၍ ၂-ရက်, ၃-ရက်နေပြီးမှ ဆရာ့ထံမှာ သင်္ကန်း မတောင်းဘဲ မိမိအလျောက်သင်္ကန်းကို ပြန် ဝတ်နေခြင်း ၎င်းသာမဏေ၏အစစ်ခံချက်မှာ အောက် ပါအတိုင်း ဖြစ်ပါသည်ဘုရား၊ သင်္ကန်းကိုချွတ်စဉ်အခါ ဤသင်္ကန်းကို ဆရာ့ထံ မရောက်မီ ခရီးအကြား၌ ရဟန်းတွေ့လျှင် ရဟန်းထံတောင်း၍ ဆည်းမည်၊ မတွေ့လျှင်မိမိအလျောက် ဝတ်၍ ဆရာ့ထံ ပြန်မည်ဟူသော ဥဿာဟ မပျက်မကွက်ရှိပါသည်ဘုရား၊ ဝတ်စဉ် မအပ်သည်ကို မသိပါ၊ နေ့ဝတ်ပြီးလျှင် ညဉ့်ဝတ်တက်သည့်အခါ သီလပြန်ခံလျှင် သာမဏေ ဖြစ်သည်, ဝတ်ကောင်းသည် မှတ်ထင်၍ ဆရာအပြစ် တင်မည် ကြောက်သောကြောင့် ဝတ်မိပါသည်ဘုရား၊ ၎င်းအကြောင်းကို ၂-ရက်ခန့်ကြာမှ သိရပါသည်၊ ဤအမှုလွန်ကျူးသူ သာမဏေကို ဥပသမ္ပဒအဖြစ်ကို ချီးမြှောက် ပေးသင့် မပေးသင့် ဆရာတော်ဘုရား၏ အမိန့်သံ နာခံမှတ်သားလို၍ လျှောက်ထားရခြင်း ဖြစ်ပါသည် ကျေးဇူးတော်ရှင် ဆရာတော် အရှင်သူမြတ် ဘုရား။

၂။ အချက်, လျှောက်ထားရန်မှာ- မင်းဘေးကြောင့် မိမိအလိုအလျောက် သင်္ကန်းဝတ်လာသော သူသည် မင်းချင်းယောက်ျားထက်ချပ်ပါနေသဖြင့် နှိပ်စက်ကလူ ပြုမည်ကြောက်သောကြောင့် ရဟန်း ကောင်းများနှင့် ဆွမ်းအတူစားခြင်း- စသောသံဝါသများကို ပြုမိပါ သည်၊ ခိုးလိုဝှက်လို လှည့်ဖြားလိုသောစိတ် မရှိပါ ဘုရား၊ ထိုသူသည် သံဝါ ထေနကမှာ သက်ဝင်မည်, မသက်ဝင်မည်ကို အမိန့်သံ နာခံမှတ်သားလိုပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။

ပထမ ပုစ္ဆာအဖြေ

၎င်းလျှောက်ချက်အရ ၁၂၈၃-ခုနှစ်၊ ဝါဆိုလဆန်း ၁၀-ရက်၊ နတ်ကြီးချောင်းကျောင်း လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက်

၁။ လျှောက်လွှာပါစကားရပ်၌ သင်္ကန်းကို ချွတ်စဉ်အခါ ဤသင်္ကန်းကို ဆရာ့ထံ မရောက်မီ ခရီးအကြား၌ ရဟန်းတွေ့လျှင် ရဟန်းထံတောင်း၍ စည်းမည်၊ မတွေ့လျှင် မိမိအလျောက်ဝတ်၍ ဆရာ့ထံပြန်မည်-ဟူသော ဥဿာဟ မပျက်မကွက် ရှိပါသည်-ဟူ၍ ထွက်ဆိုချက် အထင်အရှားပါရှိသောကြောင့် ဝတ်မြဲရုံမြဲဖြစ်သော ထိုသင်္ကန်း၌ တစ်ဖန်ဝတ်ရန် ဥဿာဟရှိသည့်အတွက် ဝတ်ဆဲအခါ၌ လိင်္ဂထေနကအပြစ်မှလွတ်၏-ဟုမှတ်၊ ထို့ကြောင့် အဋ္ဌကထာ၌သစေပိ ကာသာယေသ ဥဿာဟော၊ ကာသာယာနိ အပနေတွာ မေထုနံ ပဋိသေဝိတွာ ပုနကာသာယာနိ နိ ဝါသေတိ၊ နေဝ ထေယျသံဝါသကော ဟောတိ။

ဟူ၍မိန့်၏ ''ခရီးအကြား၌ ရဟန်းတွေ့လျှင် ရဟန်းထံတောင်း၍ ဆည်းမည်'' ဟု ထွက်ဆိုချက်ပါရှိရာ၌ လူဝတ်လဲသောအခါ၌ လူဝတ်လဲ သောအကြောင်းကို ရဟန်းအား ပြောကြားမည်-ဟူသော အနက် အဓိပ္ပါယ်သည်လည်း ပြီးစီးတော့သည်သာလျှင် ဖြစ်သောကြောင့် ဝတ်ဆဲအခါ၌ သုဒ္ဓစိတ်ရှိကြောင်းထင်ရှားသည် ဖြစ်၍လည်း ဝတ်ဆဲ အခါ၌ လိင်္ဂထေနက အပြစ်မှလွတ်၏-ဟုမှတ်၊ ၎င်းလျှောက်လွှာ၌ ဝတ်စဉ်အခါမအပ်သည်ကို မသိပါ၊ နေ့အခါ၌ ဝတ်ပြီးလျှင် ညဉ့်အခါ၌ ဝတ်တက်သည့်အခါ သီလပြန်ခံလျှင် သာမဏေဖြစ်သည်၊ ဝတ်ကောင်း သည်-ဟု မှတ်ထင်ခြင်းများသည် လိင်္ဂထေနကအပြစ်မှ လွတ်ကင်း စေတတ်သော အချက်ကြီးဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ၌အပရော ဒဟရသာမဏေရော မဟန္တော ဝါပနာ

အဗျတ္တောသော ပုရိမနယေနေဝ ဥပ္ပဗ္ဗာဇိတွာ ဃရေ ဝေစ္ဆဂေါရက္ခဏာဒီနိကမ္မာနိ ကာတုံ န ဣစ္ဆတိ၊ တမေနံ ဉာတကာ တာနိယေဝ ကာသာယာနိ အစ္ဆာဒေတွာ ထာလကံ ဝါ ပတ္တံဝါဟတ္ထေ ဒတွာ ဂစ္ဆ သမဏောဝ ဟောဟီတိ ဃရာ နီဟရန္တိ၊ သောဝိဟာရံ ဂစ္ဆတိ၊ နေဝ နံ ဘိက္ခူ ဇာနန္တိ ''အယံဥပ္ပဗ္ဗဇိတွာပုနသယမေဝ ပဗ္ဗဇိတောတိ၊ နာပိ သယံဇာနာ'' တိ၊ ယော ဧဝံပဗ္ဗဇတိ, သော ထေယျသံဝါသကောနာမ ဟောတီတိ သစေတံ ပရိပုဏ္ဏဝဿံ ဥပသမ္ပာဒေန္တိ ဥပသမ္ပန္နော။ ဟုမိန့်၏၊

ဆရာနှင့်တွေ့သောအခါ မိမိလူဝတ်လဲမှုကို ဆရာအား ပြောကြားခြင်းကို မပြုရာ၌မူကား

၁။ သက်သက်လိမ်လည်လို၍ မပြောကြားခြင်း,

၂။ ရှက်၍မပြောကြားခြင်း,

၃။ ကြောက်၍မပြောကြားခြင်း,

ဟူ၍သုံးမျိုးရှိ၏၊ ထိုတွင် သက်သက်လိမ်လည်လို၍ မပြောကြား ရာ၌ထေနကဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ၌

အထာပိဿ ဂဟနကာလေ အာစိက္ခိဿာမီတိ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ ဝိဟာရဉ္စ ဂန္တွာ ကုဟိံ တွံ အာဝုသော ဂတောတိဝုတ္တော န ဒါနိ မံ ဣမေ ဇာနန္တီတိ ဝဉ္စတွယ နာစိက္ခတိ၊ နာစိက္ခာမီတိ သဟဓုရ နိက္ခေပေန အယံပိ ထေယျသံဝါယကောဝ။

ဟုမိန့်၏၊ ရှက်၍မပြောကြားရာ၌ကား-ထေနကအပြစ်မှလွတ်၏၊ ထို့ကြောင့် ဝိမတိဝိနောဒနီဋီကာ၌

ယော ပန ပထမံ ပဗ္ဗဇ္ဇာဧဝ မေ ဂဟိတာတိ သညီ ကေဝလံ အတ္တနာ အန္တရာ အတ္တနော သေတဝတ္ထ နိဝါသနာဒိဝိပ္ပကာရံ ပကာသေတုံ လဇ္ဇန္တော န ကထေတိ၊ သော ထေယျသံဝါသကော န ဟောတိ။

ဟုမိန့်တော်မူ၏၊ ရှက်၍မပြောကြားရာ၌ ထေနကအပြစ်မှ လွတ်သည်ဟူ၍ ဋီကာ၌ဆိုသဖြင့် ဆရာကို ကြောက်၍ မပြောကြား ရာ၌လည်းထေနကအပြစ်မှ လွတ်တော့သည်သာ-ဟူမှတ်အပ်၏၊ ပထမပုစ္ဆာအဖြေ ပြီး၏၊

--------------

ဒုတီယပုစ္ဆာ အဖြေ

၂။ အချက်, လျှောက်ထားရန်မှာ- မင်းဘေးကြောင့် မိမိအလို အလျှောက်သင်္ကန်းဝတ်လာသောသူသည် မင်းချင်းယောက်ျား ထက်ချပ် ပါနေသဖြင့် နှိပ်စက်ကလူပြုမည်ကြောက်သောကြောင့် ရဟန်းကောင်း များနှင့် ဆွမ်းအတူစားသောက် သံဝါသများကိုပြုမိပါသည်၊ ခိုးလို, ဝှက်လို, လှည့်ဖြားလိုသောစိတ် မရှိပါဘုရား၊ ထိုလူသည် သံဝါသထေနကမှာ သက်ဝင်မည်, မသက်ဝင်မည်ကို နာခံမှတ်သားလိုပါသည် ဆရာတော် အရှင်မြတ်ဘုရား-ဟူသော ပုစ္ဆာ၌

အဖြေကား- ထိုသူသည် သံဝါသထေနက၌ မသက်ဝင်၊

မသက်ဝင်ပုံကား- ထိုသူမှာရဟန်းသာမဏေတို့အား ဟုတ်သည့် အတိုင်းပြောကြားပါလျှင် ရဟန်းသာမဏေတို့က အပေါင်းခံကြမည် မဟုတ်၊ မိမိတစ်ကိုယ်တည်းသင်းခွဲ၍ နေပြန်လျှင်လည်း မင်းဘေးက လွတ်မည်မဟုတ်၊ ထို့ကြောင့် ရဟန်းသာမဏေများနှင့် မပေါင်းလိုပါ၊ မင်းဘေးအတွက် သက်သက် ပေါင်းရချေ၏၊ သုဒ္ဓစိတ်အမြဲတည် သည်ဖြစ်၍ သံဝါသထေနက၌ မသက်ဝင်လေသတည်း၊ ထို့ကြောင့် အဋ္ဌကထာ၌

သံဝါသံနာဓိဝါသေတိ၊

ယာဝ သော သုဒ္ဓမာနသော၊

ထေယျသံဝါသကောနာမ။

တာဝ ဧသ န ဝုစ္စတိ။။ ဟုမိန့်၏

သုဒ္ဓမာနသောဆိုသည်ကား- ရဟန်း သာမဏေများနှင့် မပေါင်းလိုဘဲ မင်းဘေးအတွက် သက်သက်ကြောင့် ပေါင်းရသည်၊ မင်းဘေးငြိမ်းလျှင် ငြိမ်းခြင်း ရဟန်းသာမဏေတို့အား ဟုတ်သည့်အတိုင်း ပြောကြားမည်ဟု အကြံရှိသည်ကို ဆိုသတည်း၊ အသွင်ယူရာ၌ ဘေး အတွက် သက်သက်နှင့်ယူလျှင် ထေနကမဖြစ်သကဲ့သို့ ဆွမ်းအတူ စားခြင်းစသော သံဝါသကိုပြုရာ၌လည်း ဘေးအတွက်သက်သက်နှင့် ပြုရသည်ဖြစ်ခဲ့လျှင် ထေနကမဖြစ်နိုင်-ဟုဆိုသည်၊ ဤကား-တေရ သကဏ်ဋီကာ၌လာသော-ကေစိဝါဒအလိုတည်း၊ ဋီကာဆရာကြီး တို့ကား-သံဝါသကို ပြုရာ၌ဘေးရှိ၍ ပြုရသော်လည်း ထေနကအပြစ်မှ မလွတ်-ဟု ဆိုလိုကြကုန်၏၊ ဆင်ခြင်၍ယူလေ။ ဒုတီယပုစ္ဆာအဖြေ ပြီး၏၊

ဦးရာဇိန္ဒအဖြေပြီး၏၊

-------------------

ဦးအာသဘ၏ ပုစ္ဆာအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

လျှောက်လွှာ

၁။ ယခုအခါ အချင်းချင်းဒေသနာကြားကြရာ၌ ဆရာတို့ ပြောရိုးပြုကြသည်မှာ-သတင်းငယ်အဆို၌ ''အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာရောစေမိ'' ဖြင့် ဂရုကအာပတ်များကို တားမြစ်ရန် ''အဟံဘန္တေ သမ္ပဟုလာ နာနာဝတ္ထုကာ။ပ။ ပဋိဒေသေမိ''ဖြင့် နာနာဝတ္ထုက လဟုက အာပတ်များကို ပပျောက်ရန် တစ်ဖန် ငယ်က ''အဟံဘန္တေ သမ္ပဟုလာ နာနာဝတ္ထုကာ။ပ။ ပဋိဒေသေမိ'' ဖြင့် ဝတ္ထုသဘာဂ အာပတ်ကိုကြားခြင်းကြောင့် သင့်သော ဒုက္ကဋ်အာပတ်ကို တားမြစ်ရန် ''အဟံ အာဝုသော သမ္ပဟုလာ နာနာဝတ္ထုကာ။ ပ။ ပဋိဒေသေမိဖြင့် ခံစက သင့်သော ဝတ္ထုသဘာဂဒုက္ကဋ်နှင့်တကွ နာနာ ဝတ္ထုကလဟုက အာပတ်တို့ကို ပယ်ရန်ဖြစ်သည်-ဟု ပြောရိုးပြုကြပါသည်။

၎င်းပြောရိုး ဆိုရိုးများသည် ခိုင်ခံ့သော ပါဠိ, အဋ္ဌကထာကြီးတို့၏ ပြဆိုဆုံးဖြတ်ပုံနှင့် မညီညွတ်-ဟုထင်ပါကြောင်း၊ မညီညွတ်ပုံမှာ အာပတ္တိဟူသော အမည်သည် အာပတ်ခုနစ်ဖုံလုံးနှင့် ဆက်ဆံသော သာမည အမည် ဖြစ်သည်၊ ပါရာဇိကဏ်ပါဠိတော် သံဃာဒိသေသ်အဖွင့် အဋ္ဌအထာ, ကင်္ခါအဋ္ဌကထာတို့၌လာရှိပါသည်၊ ထိုသို့လာရှိတိုင်းယူလျှင် သတင်းငယ်အဆို၌ ''အဟံဘန္တေ သဗ္ဗာအာပတ္တိယော။ပ။ စေမိ'' ဖြင့် ဂရုက-လဟုက အာပတ်နှစ်ရပ်လုံးပင် ပါသင့်သည်၊ ထိုနှစ်ရပ်တို့တွင် ဂရုကအာပတ်မှာ ရတ္တိစ္ဆိန္န မဖြစ်ဘဲတန့်ရပ်၍ ၎င်းအဆိုနှင့်ပင် လဟုကအာပတ်အရပ်ရပ်တို့ကို ပယ်နိုင်သည်၊ ''အဟံဘန္တေသမ္ပဟုလာ နာနာဝတ္ထုကာ။လ။ ပဋိဒေသေမိ'' ဖြင့် ခံခြင်း-တည်းဟူသော အကြောင်းကြောင့် သင့်သောဝတ္ထုသဘာဂ ဒုက္ကဋ်ကို ပယ်နိုင်သည်၊ သတင်းငယ်က နောက်ထပ်ကြားရန် မလို။

သတင်းကြီးမှာ ''အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာရောစေမိ'' ဖြင့်ပင် ဂရုကအာပတ်ကို တန့်စေ၍ ဝတ္ထုသဘာဂ အာပတ်ကို ခံခြင်း-တည်းဟူသော အကြောင်းကြောင့်သင့်သော ဒုက္ကဋ်၊ ကြွင်းသော နာနာဝတ္ထုက လဟုကအာပတ်တို့ကို အလုံးစုံပယ်နိုင်သည်၊ နောက်ထပ်၍ ''အာဟံ အာဝုသော သမ္ပဟုလာ။ပ။ ပဋိဒေသေမိ'' ဟု ဆိုရန်ပင် မလို၊ ''အာရောစေမိ, ပဋိဒေသေမိ, အာဝိကရောမိ'' ၎င်းပုဒ်တို့မှာ အပြောအဆိုမှာသာ ထူးကြ၍ ရှေးဆိုရိုးအတိုင်းပင် သင့်မည်၊ တပည့်တော်ပြင်ဆင်၍ လျှောက်ထားတိုင်ပင်သင့်မည်ကို အတိုချုပ်ဒီကရီဖြင့် အတည်ပြုစေလိုပါကြောင်း။

၂။ ယခုကာလ ဒွိသန္တာက အမျိုးမျိုးပြုလုပ်ကြရာ၌ မဟာဝါ ပါဠိတော်စီဝရခဏ္ဍက သမာနလာဘဂတိက အရာ၌သာ ဒွိသန္တကပြု အရိပ်ပါရှိ၍ ဝိနည်းပါဠိ, အဋ္ဌကထာ,ဋီကာတို့၌ ဒွိသန္တကပြုလုပ်နည်းဟူ၍ အခိုင်အခံ့ အပြောအဆိုမရှိ၊ ဝဇီရဗုဒ္ဓိဋီကာ၌ '' မမ သန္တကံ တဝ စ မမ ဟောတု'' စသည်ဖြင့် ပြဆိုသော ဒွိသန္တက ပြုလုပ်နည်းသည်လည်း ဝေဖန်ပုံ မတဲ့သည့်ပြင် မဟာဝါစီဝရ ပေသနဝတ္ထုများနှင့်အလွန် ဆန့်ကျင်ဘက်ဖြစ်၍ မသင့်သည်- တစ်ရပ်၊ အချို့ဆရာတို့လည်း ''မမ ဥပဒ္ဓဘာဂုံ တဝ စ မမ စ ဟောတု'' စသည်ဖြင့်ဆို၍ ပြုကြ၏၊ ဤနည်း လည်း ဝေဖန်ပုံ မတဲ့သည့်အပြင် ပဉ္စမီဝိဘတ်နှင့် ဆိုပြန်ရကား-၎င်းစီဝရ ပေသနဝတ္ထုနှင့် ဆန့်ကျင်ပြန်၏၊ ဤလည်းတစ်ရပ်။

အချို့ကြားသိရသော ဒွိသန္တက ပြုနည်းများမှာ- ငါပိုင်ပစ္စည်းကို သင့်အားပေးပါ၏-ဟု အချင်းချင်းအတုံ့ အပြန်ဆို၍ပြုကြသည်၊ ဤနည်း လည်း တစ်ယောက်ယောက်ဘက်သို့ အကုန်လုံးစု၍ ပါသွားသော ကြောင့် မသင့်၊ ဤလည်းတစ်ရပ်။

အချို့ပြုကြပုံမှာ- ဦးသီဟသည် ဦးတေဇနှင့် ဒွိသန္တကပြုလို သည်ဖြစ်အံ့၊ ဦးရေဝတကိုပင့်၍ ဦးသီဟ, ဦးတေဇတို့ အသီးသီးကိုယ်ပိုင် ပစ္စည်းများကို ဦးရေဝတသို့လှူ၍ ဦးရေဝတကမှ တစ်ဘန် ဦးသီဟ, ဦးတေဇ နှစ်ပါးတို့အားလှူ ဒွိသန္တကအစစ်ဖြစ်သည်ဟု ဆုံးဖြတ်ကြ၏၊ ဤနည်းလည်း မသင့်၊ အဘယ့်ကြောင့်နည်းဟူမူ ဦးသီဟ, ဦးတေဇတို့က ဦးရေတဝအား လှူခြင်းသည် သူတို့နှစ်ပါး ဒွိသန္တကပြုဖြစ်ရုံ အခိုက် အတန့်မျှ လှူဒါန်းခြင်းဖြစ်၍ အလှူမမြောက်၊ ဒွိသန္တကဆိုသည်နှင့်အညီ သန္တကကိုဖြစ်ပါမှ ဒွိသန္တကမြောက်နိုင်မည်၊ သန္တကဟူသည်လည်း'' သန္တကန္တိ မမာယံ တံရက္ခာ တံဂေါပိတံ ဒဏ္ဍာရဟံ'' စသည်ဖြင့် ပဒေ ဘာဇနီပါဠိတော်၌ လာသောကြောင့်တည်း၊ ဤလည်းတစ်ရပ်။

အထက်ပါနည်း အရပ်ရပ်တို့ဖြင့် ဒွိသန္တက မဖြစ်မူ၍ တပည့်တော်၏သဘောအရ- အစဒွိသန္တကပြုလုပ်ပုံမှာ- ကိုယ်ပိုင် သန္တကကို နှစ်ပါး, သုံးပါးစသည်တို့အား အာလယပြတ်လှူပါမှ ဒွိသန္တက အစစ်ဖြစ်သည်ဟု သဘောရပါသည်၊ ဤ၌လည်း အတိုချုပ် ဒီဂရီကို အတည်ကျချပေးတော်မူပါမည့်အကြောင်း။

၃။ ကျောင်းစသော အဝိသဇ္ဇိယ, အဝေဘင်္ဂီယ, အဝေဘင်္ဂီယ ထာဝရဂရုဘဏ်ပစ္စည်းများကို ပုဂ္ဂလိက ခံကောင်း, မခံကောင်း၊ အကယ်၍ ပုဂ္ဂလိကခံခဲ့လျှင် ဝိသဇ္ဇိယ, ဝေဘင်္ဂီယလ ဟုဘဏ်မျိုးဖြစ်၏၊ ယူရလျှင် ''သေနာသနတ္ထာယ နိယျာတိတ ကာလတော ပဋ္ဌာယ ဂရုဘဏ္ဍံ'' ဟူသော ပါရာဇိကဏ် အဋ္ဌကထာနှင့် မဆန့်ကျင်မည် မဟုတ်ပါလော၊ အကယ်၍ ပုဂ္ဂလိကကျောင်းအလှူ မြောက်ခဲ့သော် စူဠဝါသေနာသနဝတ်၌လာသော ဝတ်ကြီး ဝတ်ငယ် များကို မပြုအံ့၊ အာပတ်သင့်ခြင်းမှ လွတ်ကင်းနိုင်ပါမည်လော၊ စူဠဝါပါဠိတော် အဋ္ဌကထာတို့၌ ဒါယကာဆောက်လုပ်သော ကျောင်း မှန်က ပုဂ္ဂလိက ခံနည်းဟူ၍ပင် အလျင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒါယကာတို့ ဆောက်လုပ်သောကျောင်းများကို ပုဂ္ဂလိကခံကောင်း, မခံကောင်းကို သိလိုပါသည် တစ်ကြောင်း။

၄။ ယခုကာလ၌ ကျောင်းစသော ဂရုဘဏ်များကို ဝိဿာသဂါဟယူကြပါသည်၊ ပါဠိတော်ရင်း၌ ရောဇမည်သော မလ္လမင်း နှင့်ညီတော်အာနန္ဒာတို့ ဝတ္ထုတွင် လဟုဘဏ်သာ လာရှိသည်တစ် ကြောင်း၊ သင်္ကန်းအဓိဋ္ဌာန် ကျ, မကျကို ပြဆိုရာ လဟုဘဏ်သင်္ကန်းသာ လာရှိသည် တစ်ကြောင်း၊ ၎င်းအကြောင်းများကြောင့် ကျောင်းစသော ဂရုဘဏ်ပစ္စည်းများကို ဝိဿာသဂါဟယူ၍ ရ, မရကို သိလိုပါသည် ဘုရား။

ဦးအာသဘ

ရှမ်းစုကြီးကျောင်း

ပျဉ်းမနားမြို့

---------ဝ-------

လယ်တီဆရာတော်ဘုရားကြီးဖြေဆိုချက် ဒေသနာပုစ္ဆာအဖြေ

၁။ ဒေသနာကြားသောအရာတွင် ''အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာရောစေမိ'' ဟူသော ပထမဝါကျ၌ ''သဗ္ဗာ အာပတ္တိယော'' ဟု သဗ္ဗသဒ္ဒါနှင့် ဆိုခြင်းကြောင့်၎င်း, အာရောစေမိဟူသော ကြိယာသည် အာဝီကရဏကြိယာ, ဒေသနာကြိယာတို့နှင့် ပရိယာယ်မျှဖြစ်သောကြောင့်၎င်း ၎င်းပထမဝါကျတစ်ခုတည်းဖြင့်ပင် ဂရုက အာပတ်ကို တားမြစ်ရန်၊ လဟုကအာပတ်တို့တွင် ဝတ္ထုသဘာဂ အာပတ်မှ တစ်ပါးသောအာပတ်တို့ ထမြောက်လွတ်ကင်းရန် ပြီးစီးသော ကြောင့် မထေရ်ငယ်မှာလည်း နောက်ထပ်တစ်ဖန် ''အဟံ ဘန္တေ သမ္ပဟုလာ'' ဟူသောဝါကျကို ဆိုခွင့်မရှိ၊ မထေရ်ကြီးမှာလည်း ''အဟံ အာဝုသော သမ္ပဟုလာ'' ဝါကျကို ဆိုခွင့်မရှိပါဟူသော လျှောက်ချက်၌အဖြေကား- အာရောစေမိ ကြိယာသည် သဒ္ဒတ္ထအနေအားဖြင့်

အာဝိကရဏကြိယယာ, ဒေသနာကြိယာတို့နှင့် တူပေ၏၊ အာပတ်ကို ကုစားသောအရာ၌ကား မတူကြပေ၊ မှန်၏၊ ဂရုကအာပတ်သည် ပြောကြားအပ်, ထင်စွာပြုအပ်သော အာပတ်မျိုးသာဖြစ်၏၊ ဒေသနာကြား အပ်သော အာပတ်မျိုးမဟုတ်၊ လဟုကအာပတ်သည် ဒေသနာကြားမှထ မြောက်သော အာပတ်မျိုးဖြစ်၏၊ ကြားကာမျှ, ထင်စွာပြုကာမျှနှင့် ထမြောက်သောအာပတ်မဟုတ်၊ ထို့ကြောင့် ပရိဝါပါဠိတော် ဒိဋ္ဌာ ဝိကမ္မဝဂ်၌--

ကတိ နုခေါ ဘန္တေ အဓမ္မိကာ ဒိဋ္ဌာဝိကမ္မာတိ၊ ပဉ္စိမေ ဥပါလိ အဓမ္မိကာ ဒိဋ္ဌိဝိကမ္မာ၊ ကတမေ ပဉ္စ အနာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ၊ ဒေသနာဂါမိနိယာ အာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ၊ ဒေသိတာယ အာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ။ ပ။ ဣမေခေါ ဥပါလိ ပဉ္စ အဓမ္မိကာ ဒိဋ္ဌာဝိကမ္မာ။

ဟုမိန့်အပ်ပြီ၊ ၎င်းအဋ္ဌကထာ၌လည်း--

ဒိဋ္ဌာဝိကမ္မာတိ ဒိဋ္ဌီနံ အာဝိကမ္မာနိ လဒ္ဓိပကာသနာနိ၊ အာပတ္တိဒေသနာသင်္ခါတာနံ ဝိနယကမ္မာနမေတံ အဓိဝစနံ၊ အနာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတီတိ အနာပတ္တိမေဝ အာပတ္တီတိ ဒေသေတီတိ အတ္ထော၊ အဒေသနာဂါ မိနိယာတိ ဂရုကာပတ္တိယာ ဒိဋ္ဌိံ အာဝိကရောတိ၊ သံဃာဒိသေသဉ္စ ပါရာဇိကဉ္စ ဒေသေတီတိ အတ္ထော။

ဟုမိန့်အပ်၏၊

ဤပါဠိတော်, အဋ္ဌကထာတို့ဖြင့် ဒေသနာဂါမ်မဟုတ်သော သံဃာဒိသိသ် အာပတ်ကို ပဋိဒေသေမိကြိယာဖြင့် မကြားအပ်ကြောင်း တိုက်ရိုက်ထင်ရှား၏၊ ထိုသို့ ဂရုကအာပတ်ကို ပဋိဒေသေမိကြိယာဖြင့် မကြားအပ်သောကြောင့် ဒေသေတဗ္ဗ, အာရောစေတဗ္ဗ အာပတ်တို့ကို အသီးအသီိးခွဲခြမ်း၍ ပြဆိုရာ တေရသကဏ် ဋီကာ၌

အာပဇ္ဇိတွာ ဝုဋ္ဌိတောတိဧတ္ထ အာရောစိတာပိ အာပတ္တိ အသန္တီနာမ ဟောတီတိ ဝေဒိတဗ္ဗံ၊ တေနေဝ ဟိ မာတိကာဋ္ဌကထာယံ ''ယဿ ပန ဧဝံ အနာပန္နာ ဝါ အာပတ္တိ အာပဇ္ဇိတွာ စပန ဝုဌိတာ ဝါ ဒေသိတာဝါ အာရောစိတာ ဝါ၊ တဿ သာ အာပတ္တိ အသန္တီနာမ ဟောတီ'' တိ။

ဟု မိန့်အပ်၏၊ ဝိမတိဝိနောဒနီဋီကာ၌လည်း

အာပဇ္ဇိတွာ ဝါ ဝုဌိတောတိ ဧတ္ထဒေသနာ ရောစနာနမ္ပိ သင်္ဂဟော၊ တေနေဝ မာတိကာဋ္ဌကထာယံ ဝုတ္တံ ဝုဋ္ဌိတာ ဝါ ဒေသိတာ ဝါ အာရောစိတာ ဝါ၊ တဿ သာ အာပတ္တိ အသန္တီနာမ ဟောတီတိ ဝုတ္တံ။

ဟု မိန့်အပ်ပြီ၊ ကင်္ခါဋီသစ်၌လည်း

ဝုဋ္ဌိတာဝါတိ ပရိသာဝါ ဒိနာဝုဌိတာ ဝါ အာရောစိတာ ဝါ အဝိကတာ ဝါ၊ အာရောစေန္တော တုယှံ သန္တိကေ ဧကံ အာပတ္တိံ အာဝိကရောမီတိ ဝါ အာစိက္ခာမီတိ ဝါ အာရောစေမီတိ ဝါ၊ မမ ဧကံ အာပတ္တိ အာပန္နဘာဝံ ဇာနာတီတိ ဝါ ဝဒတု၊ ဧကံ ဂရုကံ အာပတ္တိံ အာဝိကရောမီတိအာဒိနာ နယေန ဝဒတု၊ သဗ္ဗေဟိပိ အာကာရေဟိ အာရောစိတာဝ ဟောတိ။

ဟု မိန့်အပ်၏၊

ဤဋီကာပါဌ်တို့ဖြင့် ဂရုကအာပတ်သည် အာရောစေတဗ္ဗ အာဝိကတအာပတ်မည်၏၊ လဟုကအာပတ် ငါးမျိုးသည် ဒေသေတဗ္ဗ အာပတ်မည်၏-ဟု အသီးအသီး ခွဲခြားစိပ်ဖြာလျက် ဖွင့်ဆိုတော်မူကြ ပါပေသည်။

ဤသို့လာသော ပါဠိ, အဋ္ဌကထာ, ဋီကာတို့ကို ထောက်ထား၍ ပဋိဒေသေမိကြိယာဖြင့် ဂရုကအာပတ်ကို မကြားအပ်- ဟု မှတ်ယူအပ်၏၊ ဤပါဠိ, အဋ္ဌကထာတို့၏ သာမတ္ထိယအားဖြင့်၎င်း, လဟုကအာပတ် ဒေသနာ ကြားမှုပြဆိုရာ မဟာဝါ ဥပေါသထခန္ဓက, စူဠဝါသမထခန္ဓက, ပရိဝါအဓိကရဏသမထတို့၌ ပဋိဒေသေမိကြိယာဖြင့်သာ မိန့်ဟော ဖွင့်လှစ်ကြသောကြောင့်၎င်း လဟုကအာပတ်ကို အာရောစေမိ, အာဝိကရောမိကြိယာတို့ဖြင့်ကြားသော်လည်း မထမြောက်ဟု ဆရာ အစဉ်အဆက်တို့ ဆုံးဖြတ်ခဲ့ဘူးပေ၏၊ ထို့ကြောင့် ''သဗ္ဗာ အာပတ္တိယော အာရောစေမိ'' ဟူသော မူလဝါကျဖြင့် ဂရုကအာပတ်ကို တားမြစ်မှု, လဟုကအာပတ်ကို ဖုံးလွှမ်းခြင်းအဖြစ်မှ လွတ်ကင်းမှုများသာ ပြီစီး၏၊

လဟုကအာပတ်တို့မှ မထမြောက်သေး။

''အဟံ ဘန္တေ သမ္ပဟုလာ။ပ။ ပဋိဒေသေမိ'' ဟူသော ဒုတိယဝါကျဖြင့် ဝတ္ထုသဘာဂအာပတ်ကို ကြားမှုကြောင့် သင့်သော အာပတ်ကို တစ်ပါးသော လဟုကအာပတ်တို့မှ ထမြောက်ကျွတ်လွတ် ပေ၏၊ ဝတ္ထသဘာဂ အာပတ်ကို ကြားမှုကြောင့် သင့်သောအာပတ်ကို နောက်ထပ်တစ်ဖန် ''အဟံ ဘန္တေ သမ္ပဟုလာ။ပ။ ပဋိဒေသေမိ'' ဝါကျဖြင့် ထမြောက်လွတ်ကင်း၏၊ ၎င်းဝတ္ထု သဘာဂအာပတ်ကို ကြားမှုကြောင့် သင့်သောအာပတ်မရှိခဲ့လျှင် နောက်ကြားဘွယ် မရှိပြီ။

အကြီးပုဂ္ဂိုလ်၏မူလ ''သဗ္ဗာ အာပတ္တိယော အာရောစေပိ'' ဝါကျဖြင့် ဂရုကအာပတ်ကို တားမြစ်မှု, လဟုကအာပတ်ကို ဖုံးလွှမ်းခြင်း အပြစ်မှလွတ်ကင်းမှုများပြီးစီး၏၊ လဟုကအာပတ်တို့မှ မထမြောက်သေး၊ ''အဟံ အာဝုသော သမ္ပဟုလာ။ပ။ ပဋိဒေသေမိ''ဝါကျဖြင့် ဝတ္ထုသဘာဂ အာပတ်ကိုခံခြင်းကြောင့် သင့်သောအာပတ်နှင့်တကွ ကြွင်းသော လဟုကအာပတ်တို့မှ ထမြောက်ကျွတ်လွတ်ပေ၏၊ အငယ်ပုဂ္ဂိုလ်အား ဝတ္ထုသဘာဂအာပတ် မရှိတော့ပြီဖြစ်၍ ဝတ္ထုသဘာဂအာပတ်ကို ကြားမှုကြောင့် သင့်သောအာပတ်ကို နောက်ထပ်တစ်ဖန် ''အဟံ ဘန္တေ သမ္ပဟုလာ။ပ။ ပဋိဒေသေမိ'' ဝါကျဖြင့် ထမြောက်လွတ်ကင်း၏၊ ၎င်း ဝတ္ထုသဘာဂအာပတ်ကို ကြားမှုကြောင့် သင့်သောအာပတ်မရှိခဲ့လျှင် နောက်ထပ်ကြားဖွယ် မရှိပြီ။

အကြီးပုဂ္ဂိုလ်၏မူလ ''သဗ္ဗာ အာပတ္တိယော အာရောစေမိ'' ဝါကျဖြင့်ဂရုကအာပတ်ကို တားမြစ်မှု, လဟုကအာပတ်ကို ဖုံးလွှမ်း ခြင်းအပြစ်မှ လွတ်ကင်းမှုများပြီးစီး၏၊ လဟုကအာပတ်တို့မှ မထ မြောက်သေး၊ ''အဟံ အာဝုသော သမ္ပဟုလာ။ပ။ ပဋိဒေသေမိ'' ဝါကျဖြင့် ဝတ္ထုသဘာဂအာပတ်ကိုခံခြင်းကြောင့် သင့်သောအာပတ်နှင့်တကွ ကြွင်းသော လဟုကအာပတ်တို့မှ ထမြောက်ကျွတ်လွတ်ပေ၏၊ အငယ်ပုဂ္ဂိုလ်အား ဝတ္ထုသဘာဂ အာပတ် မရှိတော့ပြီဖြစ်၍ ဝတ္ထုကဘာဂ အာပတ်ကိုကြားမှုကြောင့် မထေရ်ကြီးအား အာပတ်သင့်ဖွယ်မရှိ၊ ဤတွင်လည်း ဝတ္ထုသဘာဂအာပတ်ကိုကြားမှုကြောင့် အာပတ်သင့်ပြန် သောကြောင့် မထေရ်ကြီးလည်း တစ်ဖန်ကြားဦးမှ ထမြောက်သည်ဟု အချို့ယူကြ၏၊ မသင့်။

အဘယ့်ကြေင့်နည်းဟူမူကား-ပါဠိတော်၌ ဝတ္ထုသဘာဂ အာပတ်သို့သင့်ရောက်သဖြင့် စင်ကြယ်သော ပုဂ္ဂိုလ်တစ်ပါးထံမှာ ကြားပြီးလျှင် ဝတ္ထုသဘာဂအာပတ်သင့်ဘက်ပုဂ္ဂိုလ်များနှင့် ကြားအပ်၏ ဟု ပညတ်ရာတွင် အခြားသော တိုက်တာ, အခြားသောပုဂ္ဂိုလ်တို့ထံ ကြားပြီး၍ စင်ကြယ်သောရဟန်းနှင့် ဝတ္ထုသဘာဂ အာပတ်သင့်ဘက် ပုဂ္ဂိုလ်ထံ အာပတ်သင့်ခံ၍ ကြားပြီးဖြစ်သော ရဟန်းနှင့်အလားတူပင် ဖြစ်ပေသောကြေင့်တည်း။

[ဤကား-သဗ္ဗာအာပတ္တိယောပုဒ်၌ ဂရုက, လဟုက သိမ်းရုံး ရခြင်း၏ အကျိုးနှင့်တကွ ထုတ်ပြန် ရှင်းလင်းချက်ပေတည်း] အချို့ကား- ''အာရောစေမိ'' ဟူသော မူလဝါကျတွင် ကင်္ခါ အဋ္ဌကထာ, ၎င်းဋီကာ ယခင်ပြဆိုပြီးသော ကြိယာအသီးသီးနှင့် ဖွင့်ပြသော အဋ္ဌကထာ, ဋီကာနှင့်အညီ ဂရုကအာပတ် သက်သက်ကိုသာ ကြားမှုကိစ္စပြီးစီး၏ဟု ဆိုကြ၏၊ ''သဗ္ဗာ အာပတ္တိယော'' ဟု ဆိုရခြင်း၏ အကျိုးထင်ရှားသော ယခင်အဆုံးအဖြတ်ကိုသာ မှတ်ယူ ယုံကြည် ထိုက်ပေသည်။

ဒေသနာပုစ္ဆာအဖြေပြီး၏၊

------------------

ဒွိသန္တက ပုစ္ဆာအဖြေ

၂။ ဒွိသန္တကပြုသောအရာနှင့် စပ်လျဉ်း၍ မေးလျှောက်ချက်၌ အဖြေကား- ဣဒံတုယှံဒေမိ၊ ဒဒါမိ၊ ဒဇ္ဇာမိ၊ ဩဏောဇေမိ၊ ပရိစ္စဇာမိ၊ ဝိဿဇ္ဇာမိ၊ နိဿဇ္ဇာမိ၊ ဣတ္ထန္နာမဿ ဒေမိ။ပ။ နိဿဇ္ဇာမီတိသမ္မုခါဝါ ပရမ္မုခါဝါ ဝုတ္တေ ဒိန္နံယေဝ ဟောတီတိ ဒါနလက္ခဏဿစ တုယှံ ဂဏှာဟီဟိ ဝုတ္တေ မယှံ ဂဏှာဟီဟိ ဂဏှာတိ သုဂ္ဂဟိတန္တိ ဂဟဏလက္ခဏဿစ ဝုတ္တတ္တာ မမ သန္တကံ တဝ စ မမ စ ဟောတူတိဧဝမာဒိ ဝစနေနေ သမာနပရိက္ခာရံ ကာတုံ ဝဋ္ဋတီတိ အာစရိယာတိ လိခိတံ။

[ ဝဇီရဗုဒ္ဓိဋီကာ စီဝရခန္ဓကအဖွင့်။]

ဤဋီကာပါဌ်ဖြင့် ပိုင်ရှင်ရဟန်းသည် ''မမ သန္တကံ တဝ စ မမ စ ဟောတု'' ဟုနှုတ်မြွက်၍ ပေးခဲ့လျှင် သမာနပရိက္ခာရ ဒွိသန္တက မြောက်ကြောင်းကို ပြဆို၏၊ ပစ္စည်းသရုပ်ကိုဖော်ထုတ်၍ ခွဲခြားချက် ပြုခဲ့လျှင် အထူးပင် ထင်ရှားပေရာ၏၊ ဤဋီကာပါဌ်၌ ''ဟောတု'' ဟု ပဉ္စမီဝိဘတ်နှင့်ဆိုအပ်သောကြောင့် စီဝရပေသန ဝတ္ထုနှင့်ဆန့်ကျင်၏ဟု လျှောက်လွှာတွင်ပါရှိ၏၊ မဆန့်ကျင်ပေ၊ အဘယ့်ကြောင့်နည်း ဟူမူကား- ''တဝ စ မမ စ'' ဟူသောသမ္ပဒါန်ပုဒ်တို့နှင့် ဆိုအပ်သော ကြောင့်တည်း၊ မှန်၏၊ ပေးခြင်း, ယူခြင်းမမြောက်ဟု အဋ္ဌကထာပယ် အပ်သောဝါကျ၌ ''တဝသန္တကံ ကရောဟိ၊ တဝ သန္တကံ ဟောတု'' ဟုသမ္ပဒါန်ပုဒ်တို့ဖြင့်ပြဆို၏၊ သမ္ပဒါန်ပုဒ်ဖြင့်သာ မေးပါမူကား- ဟောတု ဟူ၍ပင် ဆိုငြားသော်လည်း သုဒိန္နမြောက်သည်သာဖြစ်၏၊ မြောက် နိုင်ကြောင်းကို

ဥပနိက္ခိတ္တံ ဝါ သာဒိယေယျာတိ ဣဒံ အယျဿ ဟောတူတိ ဧဝံ သမ္မုခါဝါ အသုကသ္မံနာမ ဌာနေ မမ ဟိရညသုဝဏ္ဏံ အတ္ထိ၊ တံ တုယှံ ဟောတူတိ ပရမ္မုခါ ဌိတံ ဝါ ကေဝလံ ဝါစာယဝါ ဟတ္ထမုဌိယာ ဝါ တုယှန္တိ ဝတွာ ပရိစ္စတ္တံ၊ ယော ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ စိတ္တေန အဓိဝါသေယျ၊ အယံသာဒိယေယျာတိ ဝုစ္စတိ။

ဟူသော ပါရာဇိကဏ် အဋ္ဌကထာဖြင့်၎င်း, ဣဒံ အယျဿ ဟောတူတိ ဧဝံ သမ္မုခါ ဝါ အသုကသ္မံနာ- မ ဌာနေ မမ ဟိရညသုဝဏ္ဏံ အတ္ထိ၊ တံတုယှံ ဟောတူတိ ဧဝံ ပရမ္မုခါဌိတံ ဝါ ကေဝလံ ဝါစာယ ဝါ ဟတ္ထမုဌိယာ ဝါ တုယှန္တ ဝတွာ ပရိစ္စတ္တဿ ကာယဝါစာဟိ အပ္ပဋိက္ခိပိတွာ စိတ္တေန သာဒိယနံ ဥပနိက္ခိတ္တသာဒိယနံ နာမ။

ဟူသော တေရသကဏ်ဋီကာဖြင့်၎င်း ယုံကြည်အပ်၏၊ ဤအဋ္ဌကထာ, ဋီကာတို့၌ ''အယျဿ'' ဟူသောသမ္ပဒါန်ပုဒ်နှင့် တကွ ဆိုသောကြောင့် ''ဟောတု'' ဟု ပဉ္စမီဝိဘတ်နှင့် ဆိုငြားသော်လည်း အပေး, အယူမြောက်ကြောင်းကို တိုက်ရိုက်တညီတည်း ဆိုအပ်သော ကြောင့် ဝဇီရဗုဒ္ဓိလာ ပထမအာစရိယ ဝါဒအရ-ဒွိသန္တကပြုပုံ အဆုံး အဖြတ်ကို ယုံမှတ်ထိုက်ပေပြီ။

[ဤကား- ပထမအာစရိယဝါဒ၌ စီစစ်ချက်ပေတည်း] အနုဂဏ္ဌိပဒေ ပန အတိပပဉ္စ ကတွာ ပုနဣဒမေတ္ထ အာစရိယာနံ သန္နိဋ္ဌာနံ၊ သစေသမ္ပဟုလာ ဒွေဝါ သမာနပရိက္ခာရံ ကတ္တုကာမာ ဟောန္တိ၊ တေသံ သဗ္ဗေသံ အတ္တနော သန္တကံ ဝတ္တမာနံ ဥပ္ပဇ္ဇနကေန သန္ဓိံ ပေသလဿ ဧကဿ ပရိစ္စဇန္တိ၊ သောပုန တေသမေဝရိစ္စတိ။ ဧတ္တာဝတာ တေ သမာနပရိက္ခာရိကာ ဟောန္တိ၊ ဣဒံ သမာနပရိက္ခာ လက္ခာဏံ၊ ပါဠိ-အာဒီသု ဝုတ္တလက္ခဏေယေဝ ပ တနတော အစလပတ္တံ ဟောတိ၊ တထာပိ ပေါရာဏဝိဓိံ အဇ္ဈောတ္ထရိတွာ ပဝတ္တနတော ပဋိသေဓေတဗ္ဗော၊ အာစရိယာနံ မတာနုသာရေန ကာတဗ္ဗံ ကာတုကာမေနာတိ အပရေတိ ဂုတ္တံ။

[ ၎င်း ဝဇီရဗုဒ္ဓိ ဋီကာ။]

ဤအပရေဝါဒ၌- ဒွိသန္တကပြုလိုရင်း ပုဂ္ဂိုလ်မှတစ်ပါး တစ်ဦးဦး သော ရဟန်းအား ''မမ သန္တကံ ဝတ္တမာနံ ဥပ္ပဇ္ဇနကဥ္ဓ တုယှံဒမ္မိ'' စသော သုဒိန္နဖြစ်လောက်သော ဝစီဘေဒဖြင့် အာလယပြတ်ပေးလျှင် ယူသူ ပုဂ္ဂိုလ်ကလည်း ''မယှံ ဂဏှာမိ၊ အဟံ ဂဏှာမိ'' ဟု သုဂ္ဂတိတ ဖြစ်နိုင် လောက်သော ဝစီဘေဒဖြင့် ယူပြီးမှတစ်ဖန် ဒွိသန္တကပြုလိုသူ ရဟန်း နှစ်ပါးတို့အား တုံ့ပြန်ပေးလှူခဲ့လျှင် ဒွိသန္တကသမန ပရိက္ခာရဖြစ်၏ဟုပြုဆိုပေ၏၊ ဖြစ်ဆဲဖြစ်လတံ့- ပစ္စည်းအရပ်ရပ်ကိုသာ မှတ်ချက်နှင့် တကွ ဆိုသောကြောင့် ဝေဖန်ချက် အထူးထင်ရှားပေ၏၊ ဤအပရဝါဒ၌ လည်း ပရိာ၏ယာယ်မျှ တာဝကာလိကအနေအားဖြင့် ပေးခြင်းကို မယူသင့်၊ ပိုင်ရှင်အစစ် ဖြစ်ပါစေ-ဟူသော မနော ပဏိဓိဖြင့် နိရာလက ကိုသာ နိဿံသယ မှတ်ယူအပ်၏၊

ဒွိသန္တကပုစ္ဆာအဖြေပြီး၏၊

----------

ပုဂ္ဂလိကဝိဟာရ ပုစ္ဆာအဖြေ

၃။ စူဠဝါပါဠိတော်, အဋ္ဌကထာတို့၌ ဒါယကာ ဆောက်လုပ် သော ကျောင်းမှန်က ပုဂ္ဂလိကခံနည်း-ဟူ၍ပင် အလျှင်းမပါ မရှိသော ကြောင့် ဒါယကာတို့ ဆောက်လုပ်သောကျောင်းများကို ပုဂ္ဂိုလ်က ခံကောင်း, မခံကောင်း-ဟူသော လျှောက်ချက်၌

အဖြေကား- စူဠဝါပါဠိတော်, အဋ္ဌကထာတို့၌ ပုဂ္ဂလိကခံနည်း ဟူ၍ တိုက်ရိုက်မပါမရှိသည်ကား-မှန်ပေ၏၊ သို့ရာတွင် ပုဂ္ဂလိက ခံယူခြင်း ကိုလည်း ခွင့်ပြုတော်မူလိုရိပ်ထင်ပါ၏၊ ထင်ပုံကား- မဟာဝါပါဠိတော် ဝဿူပနာယိက ခန္ဓက၌

ဣဓ ပန ဘိက္ခဝေ ဥပါသကေန သမ္ပဟုလေ ဘိက္ခူ ဥဒ္ဒိဿဧကံ ဘိက္ခုံ ဥဒ္ဒိဿဝိဟာရော ကာရပိတေတာ ဟောတိ။

စသည်ဖြင့်လာ၏၊

ဘိက္ခုပါစိတ်- နိက္ကဍ္ဎနသိက္ခာပုဒ် ပါဠိတော်၌ ပုဂ္ဂလိက သံဃိကအညီ အာပတ္တိ ဒုက္ကဋဿ၊ ပုဂ္ဂလိက သညီအညာဿ ပုဂ္ဂလိက အာပတ္တိ ဒုက္ကဋဿ၊ အတ္တနော ပုဂ္ဂလိကေ အနာပတ္တိ။ ဟုမိန့်အပ်၏၊

ဤပါဠိတော်နှစ်ရပ်တွင် ရှေ့ပါဠိတော်ဖြင့် ဒါယကာများပုဂ္ဂလိက ကျောင်းဆောက်လုပ်မှုအရေးဖြင့် ဝါပန်၍သွားရန် ခွင့်ပေးတော်မူ ချက်အရ ပုဂ္ဂလိကကျောင်း ခံယူမှုကိုလည်း ခွင့်ပြုရိပ် ထင်ပေ၏၊ ပါစိတ်ပါဠိတော်၌မူကား- ပုဂ္ဂလိကကျောင်း သာမန်ကိုပင် ပြဆိုချက် ထင်ပေ၏၊

ဤပါဠိတော်တို့၏ အရိပ်အမြွတ်ကို ထောက်ခံချက် ပြုလုပ်၍ ဝိနယာလင်္ကာရဋီကာ၌

ပေါရာဏကဝိဟာရပိ မူလေ ပုဂ္ဂလိကဝသေန ဒိန္နာ သန္ဓိဝိဟာရိကာယေဝဒီနံ ပုဂ္ဂလိကဝသေနေဝ ဒိယျမာ နောပိ၊ တသ္မိံဇီဝန္တေ ယေဝ ဝိဿာသဝနဂယှမာနပိ ပုဂ္ဂလိကာဟောန္တိ ယေဝ၊ တသ္မာ သဗ္ဗသော ပုဂ္ဂလိက ဟာရဿ အဘာဝဝါဒေါ ဝိစာရေတဗ္ဗောဝ-ဟူ၍၎င်း,

ကဿ ဒါတဗ္ဗောတိ သွဃဿ ဝါ ဂဏဿ ဝါ ပုဂ္ဂလဿဝါ ဒါတဗ္ဗော၊ ကထံ ဒါတဗ္ဗောတိ ယဒိ သံဃဿ ဒေတိ ဣမံ ဝိဟာရံ အာဂတာနာဂတဿ စာတုဒ္ဒိသဿ သံဃဿ ဒမ္မီတိ၊ ယဒိ ဂဏဿ ဣမံ ဝိဟာရံ အာယသ္မန္တာနံ ဒမ္မီတိ၊ ယဒိ ပုဂ္ဂလဿ ဣမံ ဝိဟာရံ အာယသ္မတော ဒမ္မီတိ ဒါတဗ္ဗော-ဟူ၍၎င်း မိန့်အပ်၏၊

ဤဋီကာပါဌ်ဖြင့် ဒါယကာတို့လှူဒါန်းအပ်သော ပုဂ္ဂလိက ကျောင်းကို ခံကောင်း၏-ဟူသာ အချက်ထင်ရှား၏၊ အဝိဿဇ္ဇိယ, အဝေဘင်္ဂီယ, ထာဝရဂရုဘဏ်ဟူသော အမည်ထူးတို့သည် စူဠဝါ အဋ္ဌကထာ, ဋီကာ, ကင်္ခါအဋ္ဌကထာ, ဋီကာတို့၌ ''သံဃဿဒိန္နကာလ တော ပဋ္ဌာယ'' ဟူ၍၎င်း, ''သံဃဿဒိန္နော'' ဟူ၍၎င်း ဝိသေသနပုဒ် တို့နှင့် လာရှိပေရကား- သံဃာအားလှူသဖြင့် သံဃိကအဖြစ်သို့ ရောက်မှပေါ်ပေါက်ရရှိသော အမည်ထူးတို့သာဖြစ်၏၊ ထို့ကြောင့် သံဃိကမဟုတ်သော ထာဝရဘဏ္ဍမျိုးကို ဂရုဘဏ်ဟူ၍ မဆိုအပ်ပေ။

'' သေနာသနတ္တာယ နိယျာတိကာလတော ပဋ္ဌာယ ဂရုဘဏ္ဍ'' ဟူသော ပါရာဇိကဏ်အဋ္ဌကထာ၌လည်း ယခင်အဋ္ဌကထာ, ဋီကာတို့ ပြအပ်သော ဝိသေသနပုဒ်တို့နှင့် မဆန့်ကျင်အောင် သံဃိကကျောင်း, သံဃိကအိပ်ရာ နေရာတို့ကိုသာ ယူလေ။

ပုဂ္ဂလိက အနေအားဖြင့်ကျောင်းကို ခံယူခြင်းငှါအပ်ခဲ့ပါလျှင် ၎င်းပုဂ္ဂလိကကျောင်း၌ သေနာသနဝတ်များကို မပြုအံ့၊ အာပတ်သင့်ခြင်းမှ လွတ်ကင်းပါမည်လော- ဟူသော လျှောက်ချက်၌

ဣဒမ္ပိ သံဃိကဝိဟာရေ ဧကဒေယ နိဗဒ္ဓဂမနတ္ထာယ ကတံဌာနံ ဟောတိ ပုဂ္ဂလိကဌာနံဝါ- ဟူသော စူဠဝါအဋ္ဌကထာကို ထောက်၍၎င်း။

အဓောတေန စ ပါဒေန၊

မက္ကမေ သယနာသနံ။

အလ္လပါဒေနဝါ ဘိက္ခု၊

တထေဝ သ ဥပါဟနော။။

ဘူမိယာ နိဋ္ဌုယန္တုဿ၊

ပရိကမ္မကထာယဝါ။

ပရိကမ္မကတံ ဘိတ္တိံ၊

အပေဿတဿ ဒုက္ကဋံ။။

ပရိကမ္မကတံ ဘူမိံ၊

သံဃိကံ မဉ္စပီဌကံ။

အတ္တနော သန္တကေနေဝ၊

ပတ္ထရိတွာန ကေနစိ။။

နိပ္ပဇ္ဇိတဗ္ဗံ သဟသာ၊

တဿနိဒ္ဒါယတော ယဒိ။

သရီရာဝယဝေါ ကောစိ၊

မဉ္စံ ဖုသတိ ဒုက္ကဋံ။။

လောမေသု ပန လောမာနံ၊

ဂဏနာယေဝ ဒုက္ကဋံ။

တလေန ဟတ္ထပါဒါနံ၊

ဝဋ္ဋကျက္ကမိတုံပန။။

ဟူသော ဝိနယ ဝိနိစ္ဆယ အဋ္ဌကထာပါဌ်၌ ''အတ္တနော သန္တကေနဝ ကေနစိ ပတ္ထရိတွာန နိပ္ပဇ္ဇိတဗ္ဗဟူသော အာပတ်ကင်း လွတ်ချက်ကို ထောက်သဖြင့်၎င်း,

ယောပန ဘိက္ခု သံဃိကံ မဉ္ဇံဝါ ပိဋ္ဌံ ဝါ အဇ္ဈောကာသေ သန္ထရိတွာဝါ။ပ။ ပါစိတ္တိယံ-ဟူသောသိက္ခာပုဒ်၏ အနာပတ္တိဝါရတွင် ပုဂ္ဂလိကေ ပုဂ္ဂလိကသညီ အညာဿ ပုဂ္ဂလိကေ အာပတ္တိဒုက္ကဋဿ၊ အတ္တနောပုဂ္ဂလိကေ အနာပတ္တိ၊ ဟုလာသော ကင်းလွတ်ချက်ပါဠိတော် များကိုထောက်သဖြင့်၎င်း,

ဒုပ္ပရိဘောဂဖြစ်မှုကြောင့် သင့်သောအာပတ်တို့မှ လွတ်ကင်း ကြောင်းထင်းရှားပေ၏၊

သေတာသနဝတ်တွင် အကျုံးဝင်သော တံမျက်လှည်းခြင်း အစ ရှိသော ကျင့်ဝတ်များကိုမူကား

သမာစာရံ ပုစ္ဆိဿန္တိ ဝုတ္တေ ဝတ္တခန္ဓကေ ဧကာ ဒုက္ကဋာပတ္တိ- ယေဝ၊ သာ သဗ္ဗဝတ္တေသု အနာဒရိယေန ဟောတိ။ [၁၃၃။]

ဟူသောပရိဝါအဋ္ဌကထာ၌ သဗ္ဗဝတ္တေသု ဟုသာမညဆိုအပ် သည်ကို အလေးဂရု မပြုသဖြင့် သံဃိက, ဂဏိက, ပုဂ္ဂလိကကျောင်း အားလုံးတို့၌လည်း မှုပြစ်မှလွတ်ကင်းရိပ် မထင်ပေ၊ ဖြည့်ကျင့်အား ထုတ်မှသာ ကင်းလွတ်ရာ ဖြစ်လိမ့်မည်ဟု ယုံကြည်သဖြင့် ဖြည့်ကျင့်အပ် ကြောင်းကို ကောင်းကောင်းကြီး ပြောဆိုပေသည်၊ ထို့ကြောင့်ဝတ္တံ အပရိပူရေန္တော၊

သီလံ နပပူရတိ။

မသုဒ္ဓသီလော ဒုပ္ပညော၊

စိတေဒ္ဓသီလော ဒုပ္ပညော၊

စိတ္တေကဂ္ဂံ န ဝိန္ဒတိ။။

ဝိက္ခိတ္တစိတ္တော နေကဂ္ဂေါ၊

သဒ္ဓမ္မံ န စ ပဿတိ။

အပဿ မာ နော သဒ္ဓမ္မံ၊

ဒုက္ခ န ပရိမုစ္စတိ။။

တဿ္မ ဟိ ဝတ္တံ ပူရေယျ

ဇိနပုတ္တော ဝိစက္ခဏော။

ဩဝါဒံ ဗုဒ္ဓသေဋ္ဌဿ၊

ကတွာ နိဗ္ဗာန မေဟိတိ။။

ဟူသော ဝိနယဝိနိစ္ဆ ယကျမ်းလာအတိုင်း သံဃိက, ဂဏိက, ပုဂ္ဂလိကကျောင်းတို့၌ အဘိသမာစာရိက ကျင့်ဝတ်တို့ကို မချွတ်ယွင်း အောင် ဖြည့်တင်း သင့်လှပါပေသည်။

ပုဂ္ဂလိကဝိဟာရပုစ္ဆာ အဖြေပြီး၏၊

-------------------

ဝိဿာသဂါဟ ပုစ္ဆာအဖြေ

၄။ ယခုကာလကျောင်းစသော ဂရုဘဏ်များကိုဝိဿာသဂါဟ ယူကြပါသည်၊ ပါဠိတော်ရင်း၌ ရောဇမည်သော မလ္လာမင်းနှင့်ညီတော် အာနန္ဒာတို့ဝတ္ထုတွင် လဟုဘဏ်သာ လာရှိသည်တစ်ကြောင်း, သင်္ကန်း အဓိဋ္ဌာန် ကျမကျကိုပြဆိုရာ လဟုဘဏ်သင်္ကန်းသာ လာရှိသည်တစ် ကြောင်း ၎င်းအကြောင်းများကြောင့်ကျောင်းစသော ဂရုဘဏ် ပစ္စည်း များကို ဝိဿာသဂါဟယူ၍ ရ,မရ ကို သိလိုပါသည်ဟူသော လျှောက် ချက်၌

အဖြေကား-ဘဏ္ဍခွဲခြမ်းချက်မပြုဘဲ သာမညအားဖြင့်

ဝိဿာသဂါဟ အင်္ဂါငါးပါးတို့ကို ဟောတော်မူရာ ပါဠိတော်တွင် ဖြစ်လာ သောအကြောင်းအရင်းမှာ လဟုဘဏ်မျိုးနှင့်သာ ဖြစ်သောကြောင့် လဟုဘဏ်မှာသာ ဤအင်္ဂါရွေးချယ်ထိုက်သည်၊ ကျောင်းစသော ထာဝရဘဏ္ဍာတို့၌ ဤအင်္ဂါမထိုက်သက်ပြီ- ဟုမဆိုသာပေ။

စီဝရက္ခန္ဓကအဋ္ဌကထာ၌လည်း

သစေ ပန သော ဇီဝမာနောယေဝ သဗ္ဗံ အတ္တနော ပရိက္ခာရံ နိဿဇ္ဇိတွာ ကဿစီ အဒါသိ၊ ကောစိဝါ ဝိဿာသံ အဂ္ဂဟေသိ၊ ယဿဒိန္နံ၊ ယေနစ ဂဟိတံ,

တေဿဝ ဟောတိ။

ဟုပရိက္ခာရ သဒ္ဒါနှင့်-သာမညပင် ဖွင့်ဆိုပေသည်၊ ၎င်း အဋ္ဌကထာလာ ပရိက္ခာရ၏ အနက်သရုပ်တွင် လဟုဘဏ်ကိုသာ ယူသင့်သည်ဟူက ၎င်းပါဠိတော်လာ အင်္ဂါအချုပ်တွင် ပစ္စည်းဝတ္ထု သရုပ်မပါသဖြင့် မပယ်သာအောင် ရှိပေသည်။

ထို့ကြောင့် မဟုတ်လော၊ ဝိနယာလင်္ကာရဋီကာပုဂ္ဂလိက ဝိဟာရေ ပန သော ဝိဟာရ သာမိကော အတ္တနော ဇီဝမာန ကာလေယေဝ သံဃဿဝါ ဂဏဿ ဝါ ပုဂ္ဂလဿ ဝါ ဒေတိ၊ တေ ဣဿရာ ဟောန္တိ၊ ယောဝါပန တဿ ဇီဝမာနေဿဝ ဝိဿာသဂ္ဂါဟဝသေန ဂဏှာတိ၊ သောဝ ဣဿရော ဟောတီတိ ဒဋ္ဌဗ္ဗော၊ ကထံ ဝိညာယတီတိစေ၊ သံဃိကေ ဂရုဘဏ္ဍတ္တာ အဝိဿဇ္ဇိယ အဝေဘင်္ဂီယံ ဟောတိ၊ န ကဿစိ ဒါတဗ္ဗံ၊ ဂဏသန္တက ပုဂ္ဂလိကေသု ပန တေသံ သာမိ ကတ္တာ ဒါနဝိဿာ သဂ္ဂါဟာ ရုဟန္တိ၊ တသ္မာ သော ဇီဝမာနော ယေဝသဗ္ဗံ အတ္တနော ပရိက္ခာရံ နိဿဇ္ဇိတွာ ကဿစိ ဒေတိ၊ ကောစိ ဝါ ဝိဿာသံ အဂ္ဂဟေသိ၊ ယဿ ဒိန္နံ၊ ယေန ဂဟိတံ, တေဿဝ ဟောတီတိစ၊ ဒွိန္နံ သန္တကံ ဟောတိ အဝိဘတ္တံ၊ ဧကသ္မိ ကာလင်္ကတေ ဣတရော သာမိ၊ ဗဟူနမ္ပိ သန္တကေ ဧသေဝန ယော တိစ အဋ္ဌကထာယံ ဝုတ္တတ္တာ ဝိညာယတိ။ဟုဖွင့်ဆိုအပ်ပြီ။

ဤဋီကာပါဌ်ဖြင့်''အတ္တနော ပရိက္ခာရံ'' ဟူသော အဋ္ဌကထာ လာပရိက္ခရာဟူသော ဂရုဘဏ်, လဟုဘဏ် အားလုံးပင် သက်ဝင်၏၊

ဂရုဘဏ်ကိုလည်း မိမိပိုင်ပုဂ္ဂလိကဖြစ်ပါမူ ပေးပိုင်၏, ယူပိုင်၏ ဟူသော အာဘောဂဖြင့် ဖွင့်ပြချက်ပင်တည်း။

ထို့ကြောင့် ဂရုဘဏ်ပစ္စည်းများကို ဝိဿာသဂါဟဖြင့် ယူခဲ့သော် ပါဠိတော်အလာ အင်္ဂါနှင့်စစ်ဆေး၍ အင်္ဂါညီညွတ်မှုရှိ၍ ကွက်ကွက် ကွင်းကွင်း ထင်လင်းစွာ ပြည့်စုံပေမူကား-ဝိဿသဂါဟမြက်၏-ဟူ၍ မှတ်ယူထိုက်ပေသည်။

ဝိဿာသဂါဟအင်္ဂါငါးပါးတွင်''ဂဟိတေ အတ္တမန'' အင်္ဂါမြောက် သည်, မမြောက်သည်ကို သေခါနီးအခါ စကားပြန် မရအခက်အခဲကြပ် တည်းသော အခါကြီးသို့ရောက်နေသဖြင့် အတ္တမနဖြစ်လေသလော, မဖြစ်လေသလောဟု တွေးတော ယုံမှားဖွယ်ရာကြီးဖြစ်ရကား-ဝိနယ ဂရုကပုဂ္ဂိုလ်တို့ အလွန်သတိထားသင့်သော အရေးကြီးပေတည်း။

ဝိဿာသဂါဟပုစ္ဆာအဖြေပြီး၏၊

ဤတွင် ဦးအာသဘ၏ ပုစ္ဆာအဖြေပြီး၏၊

-------- * -------

အာပတ္တိဝိနိစ္ဆယ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗာဒ္ဓဿ။

ဝိနည်းဒေသနာတော်နည်း

အာပတ္တာ ဓိကရဏံ သိယာ အကုသလံ၊ သိယာ အဗျာက-တံ၊ နတ္တိ အာပတ္တာဓိကရဏံ ကုသလံ။

ဟူသောပါဠိတော်သည် တိုက်ရိုက်ရှိတိုင်း အာပတ်အကုန် အလုံးစုံတို့ကိုခြုံ၍ သိအပ်သော နီတတ္ထဒေသနာ ပါလော၊ သို့တည်း မဟုတ် အချို့အဝက်၌သာ အချက်ဝိသေသနနှင့်သိအပ်သော နေယျတ္ထ ဒေသနာပါလော-မေးရန်ရှိ၍'' အာပတ္တာဓိကရဏံ။လ။ သန္ဓယ ဘာသိတဝသေန အတ္တော ဝေဒိတဗ္ဗော'' ဟုမိန့်၊ နေယျတ္ထဒေသနာဟူလို။

အဘယ့်ကြောင့် နေယျတ္ထဒေသနာအဖြစ်ကို သိနိုင်ပါသနည်း မေးရန်ရှိ၍ ဗျတိရေကဉာပက ပြတော်မူလိုရကား-''ယသ္မံ ဟိ ပထဝီခဏနာဒိကေ အာပတ္တာဓိကရဏေ ကုသလစိတ္တံ အင်္ဂံ ဟောတိ၊ တသ္မံ သတိ န သက္ကာ ဝတ္တုံ-နတ္ထိ အာပတာဓိကရဏံ ကုသလန္တိ'' မိန့်။

ကုသလစိတ္တံ အင်္ဂံ ဟောတိ၌ အာပတ္တိသမုဌာပကစိတ်ကို အင်္ဂါဆိုသည်ဟု ဋီကာတို့ဖွင့်ကြ၏၊ တသ္မံ၊ ထိုကုသိုလ်စိတ်အင်္ဂါဖြစ် ထိုက်သော ပထဝီခဏနအစရှိသော အာပတ္တာဓိကရုဏ်းသည်။ သတိ၊ ရှိသည်ရှိသော်။ ဝါ၊ ရှိသောကြောင့်။ (ဟေတုလက္ခဏာတည်း။) ''ဇာတိယာ သတိ ဇရာမရဏံဟောတိ၊ ဘဝေ သတိ ဇာတိ ဟောတိ'' ၌ကဲ့သို့မှတ်၊ သာရတ္ထဒီပနီ၌-'' တသ္မံ သတီတိ တသ္မံ ကုသလစိတ္တေ အာပတ္တိဘာဝေနဂဟိတေသတိ'' ဟုဖွင့်၍ အဘူတပရိကပ္ပလက္ခဏာ ကြံ၏၊ ကုသိုလ်စိတ်သည် အာပတ်ဖြစ်ခဲ့သည်ရှိသော် ''နတ္ထိ အာပတ္တာဓိ ကရဏံ ကုသလံ'' ဟု ဟောတော်မူခြင်းငှါ မတတ်ကောင်း၊ ကုသိုလ်စိတ် အာပတ်မဖြစ်သောကြောင့်သာ ထိုသို့ဟောခြင်းငှာ တတ်ကောင်း၍ ထိုသို့ဟောတော်မူသည်-ဟု အဓိပ္ပါယ်ဆိုလို၏၊

ယသ္မံ-ဟူသော အနိယတ်နှင့် မထပ်မိသောကြောင့် တအစွဲ လည်း ပျက်၏၊ ''နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ'' ကို နီတတ္ထ ဒေသနာအနေနှင့် ထင်မှတ်စွဲလမ်းရင်း ရှိကြသောကြောင့် မိမိအလိုနှင့် ဆွဲဆွဲငင်ငင် ဖွင့်သည်ဖြစ်၍ အဓိပ္ပါယ်လည်း ချွတ်၏၊ ''နသက္ကာ ဝတ္တုံ'' ဟောလျက်လည်း ရှိခဲ့ပြန်၏၊ ''တသ္မာ နယိဒံ အင်္ဂပ္ပဟောနကစိတ္တက ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးတို့၌ ကုသိုလ်စိတ်သည် ဧကန္တကင်္ဂပ္ပဟောနက ဖြစ်၏၊ ကုသိုလ်စိတ် အင်္ဂပ္ပဟောနက ဖြစ်သဖြင့်လည်း ထိုစိတ်နှင့် ယှဉ်သော ကုသိုလ်စေတနာသည် ဧကန္တ ကုသိုလ်အာပတ်ဖြစ်၏၊

ထိုသို့ဖြစ်သည်ရှိသော် ကုသိုလ်အာပတ္တာဓိကရုဏ်း ဧကန္တရှိ သည်သာဖြစ်၍ အင်္ဂပ္ပဟောနကစိတ်ကို ရည်၍ဟောတော်မူခဲ့လျှင် '' နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ'' ဟု မဟောသင့်၊ ဟောလျက်ရှိပြန် သောကြောင့်လည်း ဤဒေသနာသည် အင်္ဂပ္ပဟောနကစိတ်ကိုရည်၍ ဟောတော်မူသော ဒေသနာမဟုတ်ဟု သိအပ်သည်-ဟူလို။

[ အဖြောင့်အဓိပ္ပါယ်။]

အင်္ဂပ္ပဟောနကစိတ်ကို မရည်ခဲ့သော် အဘယ်ကိုရည်ပါသနည်း မေးရန်ရှိ၍ ''ဣဒံ ပန သန္ဓာယ ဝုတ္တံ'' မိန့်၊ ဣဒံ-သရုပ်ကိုထုတ်ပြလိုသော ဆရာသည် ရှေးဦးစွာ ဝဇ္ဇေတဗ္ဗကိုပြလို၍ ''ယံ တာဝ အာပတ္တာဓိကရဏံလောကဝဇ္ဇံ, တံ ဧကန္တတော အကုသလမေဝ၊ တတ္ထ သိယာ အကုသလန္တိ ဝိကပ္ပေါ နတ္ထိ'' မိန့်၊ လောကဝဇ္ဇ အာပတ်မျိုးသည် ဧကန္တအကုသိုလ် အာပတ်မျိုးသာ ဖြစ်ရကား-ရံခါ အကုသိုလ်ဟု ဆိုရန် ဝိကပ်မရှိ၊ ထို့ကြောင့် လောကဝဇ္ဇအာပတ်မျိုးကို ရည်၍ဟောသော ဒေသနာလည်းမဟုတ်- ဟူလိုသည်။

ဤမျှသော စကားရပ်တို့ဖြင့် ဤဒေသနာတော်သည် သစိတ္တက ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးနှင့်လည်း မဆိုင်ဟု ပြတော်မူ၏၊ အာပတ် ၄- မျိုးတို့တွင် အစိတ္တကပဏ္ဏတ္တိဝဇ္ဇအာပတ်တစ်မျိုးသာ ကျန်ရှိ၏၊ ဝဇ္ဇေတဗ္ဗကို ပြုပြီး၍ ဂဟေတဗ္ဗကိုပြလိုသောကြောင့်

ယံ ပန ပဏ္ဏတ္တိဝဇ္ဇံ၊ တံ ယသ္မာ သဉ္စိစ္စ ဣမံ အာပတ္တံ

ဝီတိက္ကမာမီတိ ဝီတိက္ကမန္တေဿဝ အကုသလံ ဟောတိ၊ အသဉ္စိစ္စ ပနကိဉ္စိ အဇာနန္တဿ သဟသေယျာဒိဝသေန အာပဇ္ဇတော အဗျာကတံ ဟောတိ၊ တသ္မာ တတ္ထ သဉ္စိစ္စာသဉ္စိစ္စဝသေန ဣမံ ဝိကပ္ပဘာဝံ သန္ဓာယ ဣဒံ ဝုတ္တံ၊ ''အာပတ္တာဓိကရဏံ သိယာ အကုသလံ၊ သိယာ အဗျာ ကတံ၊ နတ္ထိ အာပတ္တာဓိကရဏံ ကုသလန္တိ'' မိန့်။

ဤဝါကျ၌ သဉ္စိပုဒ်ဖြင့် ဝတ္ထုဝိဇာနနစိတ်ကို ''ဣမံအာပတ္တိံ ဝီတိက္ကမာမိ'' ပုဒ်ဖြင့် ပဏ္ဏတ္တိဇာနနစိတ် ၂-ပါးကို ပြတော်မူသည်၊ ''အသဉ္စိအဇာနန္တဿ'' ပုဒ်ဖြင့် ထိုစိတ် ၃-ပါးမှ ကင်းရှင်းသည်ကို ပြတော်မူသည်၊ အစိတ္တက သမုဌာနသော သဟသေယျ-အစရှိသော အစိတ္တက ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့၌သာလျှင် ရံခါ သဉ္စိစ္စပက္ခ၌ သင့်သောအာ ပတ်တစ်မျိုး, ရံခါအသဉ္စိစ္စပက္ခ၌သင့်သော အာပတ်တစ်မျိုး ဤသို့အာပတ် နှစ်ဝိကပ်ကို ရအပ်သည်၊ နှစ်ဝိကပ်တို့တွင်လည်း သဉ္စိစ္စပက္ခဖြစ်ခဲ့မူ အကုသိုလ်အာပတ်သာဖြစ်၏၊ အသဉ္စိစ္စပက္ခဖြစ်ခဲ့မူ အဗျာကတ အာပတ်သာဖြစ်၏၊ အကုသိုလ်အာပတ်ဟူ၍ ညှပ်စရာမရှိပြီ။

ပထဝီခဏန စသော သစိတ္တကပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်တို့မှာ ''အနာပတ္တိ အသဉ္စိစ္စ အဇာနန္တဿ'' ဟူ၍ အနာပတ္တိ ဝါရ၌ ဟော တော်မူကြောင့် အသဉ္စိစ္စ အဇာနန္တပက္ခ၌ အာပတ်ပင်မရှိ၊ အနာပတ္တိ သာဖြစ်၏၊ ထို့ကြောင့် သဉ္စိစ္စ, သဉ္စိစ္စနှစ် ဝိကပ်ကိုမရအပ်၊ လောကဝဇ္ဇ တို့တွင် သစိတ္တကဝဇ္ဇတို့၌ ထို့အတူ အနာပတ္တိ ''အသဉ္စိစ္စ အဇာနန္တဿ'' ဟု အနာပတ္တိဝါရ၌ လာ၏၊ သုရာပါနသိက္ခာပုဒ်၌ကား ထိုသို့မလာ၊ ဤသဉ္စိစ္စ နှစ်ဝိကပ်ပင် ရသင့်သကဲ့သို့ရှိ၏၊ ဤသုရာပါန အာပတ်၌ အလွန်ဝါဒများပြား၏၊

ပါဠိတော်၌ ဝိဝါဒါဓိကရုဏ်း၏ ပဋိနိဒ္ဒေသ၌-ယံ ကုသလ စိတ္တောဝိဝဒတိ, ဣဒံ ဝုစ္စတိ ဝိဝါဒါဓိကရဏံ ကုသလံ'' အစရှိသဖြင့် ဟောတော်မူခဲ့သဖြင့် ဤအာပတ္တာဓိကရုဏ်း၏ ပဋိနိဒ္ဒေသဝါဒ၌လည်း ''ယံ ကုသလစိတ္တော အာပဇ္ဇတိ, ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ ကုသလံ'' အစရှိသဖြင့်ဟောတော်မူရာပါသည် မဟုတ်လော၊ ထိုသို့ ဟောတော် မူခဲ့ပါလျှင် နိဒ္ဒေသ၌လည်း ''အာပတ္တာဓိကရံဏံ သိယာ ကုသလံ သိယာ ကုသလံ သိယာ အဗျာကတံ'' ဟု ဖြစ်သင့်လေရာ၏၊ အဘယ့်ကြောင့် ထိုသို့မဟောပါသနည်း မေးရန်ရှိ၍

''သစေ ပန ယံ ကုသလစိတ္တော အာပဇ္ဇတိ, ဣဒံ ဝုစ္စတိ

အာပတ္တာဓိကရဏံ ကုသလန္တိဝဒေယျ၊ အစိတ္တကာနံ ပန ဧဠကလောမ ပဒသော ဓမ္မသမုဋ္ဌာနာ နာနံပိ ကုသလတ္တံ အာပဇ္ဇေယျ'' မိန့်။

ယံ=အကြင်အာပတ်သို့၊ ကုသလစိတ္တော=ကုသိုလ်စိတ်နှင့်ပြည့်စုံ ဆဲဖြစ်၍၊ အာပဇ္ဇတိ=၏၊ ပေး။

စိတ်သည် အာပတ်မှုကိုဆေ့ဆော်အားထုတ်သော အာပတ္တိ သမုဋ္ဌာ ပကစိတ်တမျိုး, အာပတ်သင့်ဆဲအခါ၌ ထင်ရှားရှိ၍နေကာမျှ ဖြစ်သော သမင်္ဂိမတ္တစိတ်တစ်မျိုး-ဟူ၍ ၂-မျိုးရှိ၏၊ ''ယံ ကုသလစိတ္တေန အာပဇ္ဇေတိ၊ ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ ကုသလံ'' ဟုကရုဏ်းနှင့် ဆိုရာ၌ အာပတ်မှုကိုစေ့ဆော်သော အာပတ္တိသမုဋ္ဌာပက အာပတ္တိအင်္ဂ စိတ်ကိုသာရ၏၊ ''ယံ ကုသလ စိတ္တော အာပဇ္ဇတိ'' ဟုဟောတော်မူသော ပရိဝါပါဠိတော်မျိုးတို့၌ကား-အင်္ဂပ္ပဟောနကစိတ်, သမင်္ဂိမတ္တစိတ်၂- မျိုးနှင့်ပင် ဆက်ဆံ၏၊

သမင်္ဂိမတ္တစိတ်ဆိုသည်ကား -ညဉ့်အခါ သဟသေယျ လောက် သောနေရာ၌ ရဟန်းသည် လျောင်း၍ အိပ်နေ၏၊ မာတုဂါမသည် ဝင်၍အိပ်၏၊ ထိုရဟန်းသည်လည်း မာတုဂါမဝင်၍အိပ်သည်ကို မသိ၊ မာတုဂါမ အိပ်သည်နှင့်တစ်ပြိုင်နက် ရဟန်းမှာ အာပတ်သင့်၏၊ ထို အာပတ်သင့်ဆဲအခါ၌ ကမ္မဋ္ဌာန်းစသည်ကို နှလုံးသွင်းသော ကုသိုလ် စိတ် ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ ကာမဝိတက် စသည်တို့ကြုံဖန်သော အကုသိုလ်စိတ် ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ အိပ်ပျော်ဆဲဖြစ်၍ ဘဝင် အဗျာကတစိတ်ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်၍ အဗျာကတစိတ်ဖြစ်ဆဲသော်လည်း ကြုံရာ၏၊ ဤစိတ်မျိုးကား- အာပတ် မှုကို ရှေ့ရှု၍ စေ့ဆော်သော စိတ်မျိုးမဟုတ်၊ သမင်္ဂိမတ္တစိတ်မျိုးသာ တည်း။

ယံ ကုသလစိတ္တော အာပဇ္ဇတိ, ဣဒံ ဝုစ္စတိ အာပတ္တာဓိကရဏံ ကုသလံ- ဟု ဟော်တော်မူသည်ရှိသော် ထိုသမင်္ဂိမတ္တစိတ်မျိုးသည် အာပတ်မဟုတ်၊ အင်္ဂပ္ပဟောနကဖြစ်သော အာပတ္တိ သမုဋ္ဌော ပကတိ စိတ်နှင့်ယှဉ်သော စေတနာဓမ္မသည်သာ အာပတ်စင်စစ်ဖြစ်၏၊ ဋီကာတို့၌ကား- အာပတ်၏အင်္ဂါနှင့် အာပတ်ကို ပဘေဒူပစာပြု၍ အာပတ်၏အင်္ဂါဖြစ်သော စိတ်သည်ပင်လျှင် အာပတ်လည်းမည်၏- ဟု ဆိုကြကုန်၏၊ ဆိုဖွယ်အထူးမူကား -အစိတ္တက အာပတ်မျိုးတို့၌ အာပတ် သင့်သောအမှုကို စေ့ဆော်သော စိတ်သည်လည်း အာပတ်၏အင်္ဂါ မဟုတ်၊ အာပတ္တိ သမုဋ္ဌာပက မယုတ်၊ အင်္ဂပ္ပဟောနက မဟုတ်၊ အဘယ့် ကြောင့်နည်းဟူမူ အစိတ္တကမျိုးဖြစ်၍ ထိုသို့သောစိတ် မရှိဘဲနှင့်ပင် သင့်သည်သာဖြစ်သောကြောင့်တည်း။

သဟသေယျ၌ မာတုဂါမအိပ်၍နေနှင့်သည်ကို သိ၍ အာပတ် သင့်မည်ကို သိလျက်နှင့်ပင် သင့်ပလေစေ-ဟု လွန်ကျူးလိုသောစိတ်နှင့် စေ့ဆော်အားထုတ်၍ အိပ်ရာ၌ပင်လျှင် ထိုစိတ်သည် အာပတ်၏အင်္ဂါ မဟုတ်၊ အိပ်သော လျောင်းသော အခြင်းအရာအားဖြင့်ဖြစ်သော ရုပ်အစုသည်သာ အာပတ်၏အင်္ဂါလည်း မည်၏၊ အာပတ်လည်း မည်၏၊ အဋ္ဌကထာ၌ပြဆိုသော ဧဠကလောမ, ပဒသောဓမ္မသမုဋ္ဌာန်ရှိသော အစိတ္တကပဏ္ဏတ္တိဝဇ္ဇမျိုးဆိုသည်လည်း ဤသဟသေယျ-စသည်တို့ ပင်တည်း၊ ကုသလစိတ္တံ အာပဇ္ဇေယျ၌ သမင်္ဂိမတ္တအရာ၌ တည်သော ကုသိုလ်စိတ်ကို အာပတ္တာဓိကရုဏ်ဟူ၍ ဟောခဲ့သည်ရှိသော် အစိတ္တက အာပတ်မျိုး သင့်ဆဲခဏ၌ရှိနေသော ကုသိုလ်စိတ်ကိုလည်း အာပတ်ဟူ၍ ဆိုရရာ၏၊ ထိုသို့ဆိုရခဲ့သည်ရှိသော် အစိတ္တကမျိုးဖြစ်သော ဧဠကလောမ အာပတ်, ပဒသောဓမ္မအာပတ်မျိုးကိုလည်း ကုသိုလ်အာပတ်ဟူ၍ ဆိုရာ၏-ဟူလိုသည်

သိုးမွေးကိုယူဆောင်၍ ၃-ယူဇနာကို ကုသိုလ်စိတ်နှင့် လွန်သော အခါ၌၎င်း, လူသာမဏေကို ကုသိုလ်စိတ်နှင့် ပုဒ်ပြိုင်စာချသောအခါ၌၎င်း ကုသိုလ်စိတ်ထင်ရှားရှိနေသောကြောင့် ထိုအာပတ်များသည် ကုသိုလ် အာပတ်ပင် ဖြစ်သင့်သည်မဟုတ်လောမေးရန်ရှိ၍'' န စ တတ္ထ ဝိဇ္ဇမာနံပိ ကုသလစိတ္တံ အာပတ္တိယာ အင်္ဂံ ဟောတိ'' မိန့်၊ ဤ၌''အာပတ္တိ-ယာ အင်္ဂံနဟောတိ''ကို ''အာပတ္တိ န ဟောတီတိ အတ္ထော''ဟု ဋီကာတို့ ဖွင့်ကြ၏၊ တစ်နည်းကား-'' အာပတ္တာဓိကရဏံ သိယာ အကု-သလံ၊ သိယာ အဗျာကတံ၊ နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ'' ၌ သိယာ သဒ္ဒါကား-ဧကစ္စပရိယာယ်တည်း၊ သိယာ=အချို့သောအာပတ်ကား-ပေး။

အစိတ္တကဖြစ်သော လောကဝဇ္ဇ, ပဏ္ဏတ္တိဝဇ္ဇနှစ်မျိုးသည် အသဉ္စိစ္စဖြစ်၍-''သိယာအဗျာကတံ'' ၌ဝင်၏၊ သစိတ္တက ဖြစ်သော လောကဝဇ္ဇအာပတ်မျိုးသည် သဉ္စိစ္စအကုသလဓမ္မမျိုး ဧကန်ဖြစ်၍ ''သိယာအကု-သလံ''၌ဝင်၏၊ သစိတ္တကပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုး၌မူကားပညတ်တော်ကိုသိလျက် ကျူးလွန်၍သင့်သော အာပတ်ဖြစ်အံ့၊ '' သိယာ အကုသလံ'' ၌ဝင်၏၊ ပညတ်တော်ကိုမူကားမသိ၊ ဝတ္ထုဝီတိက္ကမမျှကိုသာ သိ၍ ပြုရာ၌ကား-ကုသိုလ်အာပတ်, အကုသိုလ်အာပတ်, အဗျာကတ အာပတ်သုံးမျိုးထွက်၍ ရဟန်းသည်ပညတ်, ဝတ္ထု, ဝီတိက္ကမ ၃-မျိုးကို သိလျက် မြက်သစ်ပင်ကို ဖျက်ဆီးခဲ့အံ့၊ အကုသိုလ်အာပတ် ဧကန်ဖြစ်၏၊ ''သိယာအကုသလံ'' ၌ ဝင်၏၊

ပညတ်တော်ရှိသည်ကို မသိမူ၍ဘုရားကို ကြည်ညိုသောစိတ်ဖြင့် စေတီပြင်မှာ မြက်သစ်ပင်ကို တူးဖြတ် ခုတ်ထွင်ရာ၌ ပုထုဇဉ် သေက္ခ ဖြစ်ခဲ့အံ့၊ ကုသိုလ်စိတ်သည်အင်္ဂါ, ကုသိုလ်စေတနာသည် အာပတ် ဖြစ်၏၊ ရဟန္တာဖြစ်ခဲ့အံ့၊ ကြိယာစိတ်သည်အင်္ဂါ, ကြိယာစေတနာသည် အာပတ် ဖြစ်၏၊ ပုထုဇဉ်သေက္ခဖြစ်၍ မြက်သစ်ပင်တို့ကို ဒေါသနှင့် တူးဖြတ် ခုတ်ထစ်ခဲ့အံ့၊ အကုသိုလ်သည်အင်္ဂါ, အကုသိုလ်စေတနာသည် အာပတ်ဖြစ်၏၊ ဤအကုသိုလ်စိတ်, အကုသိုလ်စေတနာသည်လည်း'' သိယာ အကုသလံ''၌ဝင်၏၊ ပြဆိုခဲ့ပြီးသော သဉ္စိစ္စအဖို့ရှိသော ကုသိုလ် အာပတ်, ကြိယာအာပတ် ၂-မျိုးသည် ကျန်ရှိ၍နေ၏၊ ပညတ်တော် ကိုသာ မသိသည် ဝတ္ထုနှင့်ဝီတိက္ကမကိုမူကား-ကြောင်ကြောင်သိ၍ ပြုကြသောအမှု အာပတ်စုဖြစ်သောကြောင့် သဉ္စိစ္စအဖို့ရှိသည်ဟု ဆိုသတည်း။

ပညတ်တော်ကို မသိသော်လည်း ဝတ္ထုဝီတိက္ကမကို သိလျက်နှင့် ပညတ်တော်ကို ကျူးလွန်မှုဖြစ်လေသောကြောင့် ဝိနည်းဝေါဟာရ အားဖြင့် အသဉ္စိစ္စအဖို့ရှိသော အာပတ်အစုကို '' သိယာအကုသလံ'' ၌ ပါဝင်ဟု ယူရမည်၊ ပေါရာဏဂဏ္ဌိပုဒ်၌ကား- ကုသိုလ်ပင်ဖြစ်သော်လည်း အာပတ်ဖြစ်ခဲ့၍ ကောင်းသောအကျိုးကို မပေးနိုင်သောကြောင့် ဝိနည်းဝေါဟာရအားဖြင့် အဗျာကတဆိုသည်ဟုယူလို၏၊

အဗျာကတ၏ ပဋိနိဒ္ဒေသ၌-''ယံ အဇာနန္တော၊ အသညာနန္တော၊ အစေစ္စ အနဘိဝိတရိတွာ ဝီတိက္ကမော'' ဟုလာ၏၊ ပြဆိုခဲ့ပြီးသော ထိုအမှုစုကား ဝတ္ထု ဝီတိက္ကမကိုသိလျက် လွန်ကျူးသော ဇာနန္တသဉ္စိစ္စစုမျှ ဖြစ်ခဲ့၏၊ ထို့ကြောင့် ဂဏ္ဌိပုဒ် အယူကို ဆင်ခြင်လေ၊ ဝိနည်းဝေါဟာရ အလိုအားဖြင့် ထိုကုသိုလ်, ကြိယာစုသည် အကုသိုလ်မည်၏-ဟု ဆိုခဲ့သော် ဝိနည်းအဘိဓမ္မာ ဆန့်ကျင်ရာ၏- ဆိုငြားအံ့၊ ထိုကုသိုလ်ကြိယာ စုသည် အဘိဓမ္မာအလို ကုသိုလ်သဘော, ကြိယာသဘောကို စွန့်သည် ကား-မဟုတ်၊ ပညတ်တော်ကို လွန်ကျူးမှုဖြစ်ခဲ့၍ ဝိနည်းတော်အလို ကဲ့ရဲ့ဖွယ်သော အမှုဖြစ်ခဲ့၏၊ သဘောကိုမစွန့်သည့်အတွက်ကြောင့် အဘိဓမ္မာအလို ကုသိုလ်ကြိယာပင်အမှန်ဖြစ်၏၊ ပညတ်တော်ကို လွန်ကျူးမှုဖြစ်သည့်အတွက်ကြောင့် ဝိနည်းတော်အလို အကုသိုလ်-ဟု ဆိုရ၏၊ တစ်ပါးကိုတစ်ပါး ပစ်ပယ်ခြင်း မရှိသောကြောင့် မဆန့်ကျင်လေ။

ဥပမာကား- တစ်ခုသော စန္ဒကူးနံ့သာတုံးသည် မစင်တွင်းမှာ ကျ၍ နေရာ၏၊ သူ ၂-ယောက်မြင်ကြလေရာ တစ်ယောက်သောသူက စန္ဒကူး၏သဘောကို မြှော်၍ စန္ဒကူးသည်ကောင်းလေစွ-ဟု ဆိုပေရာ၏၊ တစ်ယောက်သော သူက မစင်မှာနစ်၍ နေသည်ကိုမြှော်၍ စန္ဒကူးသည် မကောင်းလေစွ- ဟု ဆိုပေရာ၏၊ ၂-ယောက်အဆိုသည် ကိုယ့်လမ်းနှင့် ကိုယ် အမှန်ချည်းဖြစ်ကြ၏၊ ဆန့်ကျင်သည်မဆိုရ၊ ဤဥပမာကဲ့သို့တည်း။

ဤကား- အာပတ္တာဓိကရဏံ သိယာ အကုသလံ-အစရှိသော ပါဠိတော်ကို ဝိနည်းတော်အလိုအားဖြင့် သဗ္ဗာပတ္တိသာဓာရဏ နီတတ္တ ဒေသနာယူ၍ ပြောဆိုသောနည်းတည်း-တရပ်။

အဘိဓမ္မာ ဒေသနာတော်နည်း

ယခုအခါ အလုံးစုံသော အာပတ်- ဟူသမျှတို့ကို ကုသလတိက် အဘိဓမ္မာဒေသနာတော်နည်းအားဖြင့် ဝေဖန်သော အဋ္ဌကထာကို ပြဆိုပေအံ့။

အတ္ထိ သိက္ခာပဒံ ကုသလံ၊ အတ္ထ အကုသလံ၊ အတ္ထိ အဗျာကတံ၊ ဒွတ္တိံသေဝ ဟိ အာပတ္တိသမုဋ္ဌာပက စိတ္တာနိ, ဒသကာမာဝစရ ကြိယစိတ္တာနိ၊ ကုသလတော စ ကြိယတော စ ဒွေ အဘိညစိတ္တာနီတိ၊ တတ္ထ ယံ ကုသလ စိတ္တေန အာပဇ္ဇတိ, တံ ကုသလံ ဣတရေဟိ ဣတရံ၊ သဗ္ဗေဉ္စတံ အာပတ္တိယံယုဇ္ဇတိ၊ သိက္ခာပဒသီသေန ပန အဋ္ဌကထာသု ဒေသနာ အာရုဠာ။

[ပထမပါရာဇိက ပကိဏ္ဏက ကထာ အဋ္ဌကထာပါဌ်။]

ဤအဋ္ဌကထာ၌ ''သဗ္ဗေဉ္စတံ အာပတ္တိယံ ယုဇ္ဇတိ'' ဟူသော အချုပ်စကားဖြင့် ရှေ့၌ ''အတ္ထိသိက္ခာပဒံကုသလံ၊ အတ္ထိအကုသလံ၊ အတ္ထိအဗျာကတံ'' ဟူသော ဝါကျမှာ ''အတ္ထိအာပတ္တိကုသလာ၊ အတ္ထိအကုသလာ၊ အတ္ထိအဗျာကတာ'' ဟုပြင်ဆင်၍ အဖြောင့်ကိုသိလေ ''ယံ ကုသလစိတ္တေန အာပဇ္ဇတိ, တံ ကုသလံ ဣတရေဟိ ဣတရံ'' ဟူသော ဝါကျမှာလည်း ''ယံ ကုသလစိတ္တေန အာပဇ္ဇတိ, သာ ကုသလာဣတရေဟိ ဣတရာ'' ဟု အဖြောင့်သိလေ၊ ဣတရေဟိ ဣတရာ-၌ ''ယံ ကုသလစိတ္တေန အာပဇ္ဇတိ, သာ အကုသလာ၊ ယံ အဗျာကတစိတ္တေန အာပဇ္ဇတိ, သာ အဗျာကတာ'' ဟု ဘော်လေ။

'' ဒိတ္တိံ သေဝ ဟိ အာပတ္တိသမုဋ္ဌာပကစိတ္တာနိ'' ကို ထောက်၍ ယံ ကုသလစိတ္တေန အာပဇ္ဇတိ၌၊ ယံ၊ အကြင်ကုသိုလ် စေတနာ တည်းဟူသော အာပတ်သို့၊ ကုသလစိတ္တေန=ကုသိုလ်စိတ်ဖြင့်၊ အာပဇ္ဇတိ= ရောက်၏-ဟု ကြိယာသာဓကတမ ကရိုဏ်းအနက်ပေး၍ အင်္ဂပ္ပဟောနက စိတ်ဝိသေသကိုသာ ယူအပ်၏၊ ယံ=အကြင်အာပတ်သို့၊ ကုသလစိတ္တေန=ကုသိုလ်စိတ်ဖြင့်၊ အာပဇ္ဇတိ=ရောက်၏-ဟု သဟတ္ထ အနက်ပေး၍ သမင်္ဂီမတ္တစိတ် သာမညကို မယူအပ် ''နတ္ထိ အာပတ္တာ ဓိပရဏံ ကုသလံ'' ဟူသော ပါဠိတော်ကို နီတတ္ထဒေသနာ-ဟု စွဲလမ်း မှုရှိသော သာရတ္ထဒီပနီ ဋီကာဆရာကား- သမင်္ဂီမတ္ထစိတ်ကို အရစွဲ၍ အလွဲလွဲအချော်ချော်ဖွင့်ဆိုလေ၏၊ ''ယံ ကုသလစိတ္တော အာပဇ္ဇတိ'' ဆိုလျှင် သမင်္ဂိမတ္ထစိတ်ကိုရ၏၊ ''ကုသလစိတ္တေန အာပဇ္ဇတိ'' ဆိုလျှင် အင်္ဂပ္ပဟောနက စိတ်ကိုရ၏၊

ဤအဋ္ဌကထာ၌ကား- အင်္ဂပ္ပဟောနက စိတ်ကိုသာ ပြဆိုရင်း ပေတည်း၊ အင်္ဂါနှင့်အာပတ်ထပ်တူကျ၏၊ စိတ်ကား-အင်္ဂါ, စေတနာကားအာပတ်ယူလျှင် ကွဲကြ၏၊ သိုးမွေးကို ယူဆောင်၍ ၃-ယူဇနာကိုလွန်မှု ပုဒ်ပြိုင်ရွတ်ဆို၍ လူသာမဏေကို စာချမှုတို့၌ ကုသိုလ်စိတ် ထင်ရှား ရှိလေပါသော်လည်း ထိုသို့သော စိတ်မျိုးမရှိဘဲနှင့်ပင် သင့်နိုင်သော အစိတ္တက အာပတ်မျိုးဖြစ်သောကြောင့် ထိုကုသိုလ်စိတ်သည် အာပတ်၏ အင်္ဂါမဟုတ်၊ ထိုကုသိုလ်စိတ်နှင့်ယှဉ်သော ကုသိုလ်စေတနာသည် အာပတ်မဟုတ်-ဟူလိုသည်။

စောဒနာဘွယ်

မေး။ စိတ်သည် အာပတ်၏အင်္ဂါဖြစ်ခဲ့လျှင် စိတ်နှင့်ယှဉ်သော စေတနာသည် ဧကန်အာပတ် ဖြစ်တော့သည်ဖြစ်၍ အင်္ဂါကိုသာ အဋ္ဌကထာ၌ ပဓာနပြု၍ဆို၏၊ ဋီကာဆရာတို့ကား- အာပတ်ကို ဆိုလိုရင်းအရာဌာန၌ အင်္ဂါကို အဋ္ဌကထာဆိုသောကြောင့် အင်္ဂါနှင့် အာပတ် မခြားကြဟုယူကြကုန်၏၊ ထို့အမှုတို့၌ ကုသိုလ်စိတ်သည် အင်္ဂါမဟုတ်ဟုဆို၏၊ အဘယ်သည်အင်္ဂါဖြစ်ပါသနည်း-စုဒ်။

ဖြေ။ ကာယဝစီဝိညတ္တိဝသေန ပန စလိတပ္ပဝတ္တာနံ ကာယဝါစာနံ အညတရမေဝ အင်္ဂံ၊ တဉ္စ ရူပက္ခန္ဓပရိယာပန္နတ္တာ အဗျာကတံမိန့်၊ ကာယဝိညတ္တိဝသေန စလိတကာယော အင်္ဂံ၊ ဝစီဝိညတ္တိဝသေန ပဝတ္တဝါစာ အင်္ဂံ-ဆိုလိုသည်၊ ကာယဝိညတ်နှင့် သဟဇာတ်ဖြစ်သော ရူပကာယကိုယ်အင်္ဂါ, ဝစီဝိညတ်နှင့် သဟဇာတ်ဖြစ်သော စိတ္တဇသဒ္ဒါဝါ စာ၌ကိုယ်အင်္ဂါ၊ ဤနှစ်ပါးသည် အာပတ်၏အင်္ဂါဖြစ်၏၊ ဤအင်္ဂါ ၂- ပါးသည် ရူပက္ခန္ဓာ၌ အကျုံးဝင်သောကြောင့် အဗျာကတသာဖြစ်၏၊ ဤအဋ္ဌကထာပါဌ်၌ အာပတ်နှင့်, အင်္ဂါထပ်မိလျက်ရှိ၏၊ ဝိညတ်၂- ပါးသည်အင်္ဂါ, သဟဇာတ်ရုပ်စုသည် အာပတ်ဟုယူလျှင် ကွဲကြ၏၊ ဝိတ္တိစ္ဆာနေရာမျိုးဖြစ်၍ အဋ္ဌကထာ ဆရာလည်း နှုတ်တတ်ရာ မိန့်သ တည်း။

ထိုကာယဝိညတ်, ဝစီဝိညတ်ကိုဖြစ်စေတတ်သော ကုသိုလ်စိတ်သည်မူကား- အာပတ်၏အင်္ဂါမဟုတ်၊ သမင်္ဂိ မတ္တအရာ၌တည်လေ၏၊ အသိ ၃-မျိုးနှင့်ပြည့်စုံလျက် ကျူးလွန်သည်ဖြစ်၍ အကုသိုလ်ပင်ဖြစ် သော်လည်း ထိုအစိတ္တကမျိုးတို့၌ စိတ်သည်အင်္ဂါလည်းမဖြစ်ထိုက်၊ အာပတ်လည်း မဖြစ်ထိုက်၊ ရုပ်သည်သာ အင်္ဂါအာပတ်ဖြစ်ထိုက်၏၊ အစိတ္တက အာပတ်ခပ်သိမ်းတို့မှာ ဤနည်းချည်း၊ ထို့ကြောင့်ပင်လျှင် အစိတ္တက ခေါ်ပေသတည်း။

ဤမျှသော စကားရပ်တို့ဖြင့် ''အာပတ္တာဓိကရဏံ သိယာ အကုသလံ၊ သိယာ အဗျာကတံ၊ နတ္ထိအာပတ္တာ ဓိကရဏံ ကုသလံ'' ဟူသောပါဠိတော်သည် သဉ္စစ္စ, အသဉ္စိစ္စဟူသော အချက်ဝိသေသကို ပဓာနပြု၍ ဟောတော်မူသော နေယျတ္ထပါဠိတော်သာတည်း၊ ထို ၂- ချက်ကိုလည်း တစ်ခုတစ်ခုသော သိက္ခာပုဒ်၌ အလှည့်အလည် ဝိကပ် အားဖြင့်ရသည်ကို လိုရင်းတည်း၊ ထို ၂-ချက်ကိုလည်း အစိတ္တက ပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုးတို့၌သာလျှင်ရအပ်၏၊ သစိတ္တကပဏ္ဏတ္တိဝဇ္ဇ အာပတ်မျိုး, လောကဝဇ္ဇအာပတ်မျိုးတို့၌မရအပ်၊ ထို့ကြောင့် ဤပါဠိတော်ကို သဒ္ဓါယ အာသိတနေယျတ္ထဒေသနာ-ဟူ၍သာ သိအပ် သည်ဟု ဆုံးဖြတ်တော်မူသတည်း၊ တရပ်။

ဤသို့လျှင် အဋ္ဌကထာဆရာမြတ်ကြီးသည် ''အာပတ္တာဓိကရဏံ သိယာ။လ။ နတ္ထိ အာပတ္တာဓိကရဏံ ကုသလံ'' ဟူသော ပါဠိတော်၏ နေယျတ္ထဒေသနာ ဖြစ်ကြောင်းကို၎င်း, ယင်းပါဠိတော်ဖြင့် သိရမည့် အချက် အနက်ဝိသေသကို၎င်း သမထခန္ဓကအဋ္ဌကထာ၌ နေရာတကျ ဖွင့်ပြတော်မူပေ၏၊ ကုသလတိက်အလာ အဘိဓမ္မာဒေသနာတော် နည်းအားဖြင့် အဖြောင့်မုချ နေရာကျသိရမည့် နီတတ္ထစကားကို ဤပကိဏ္ဏကကထာ၌ အသေအချာပြဆိုတော်မူပေ၏၊ ထိုသို့အဋ္ဌကထာ ဆရာဖွင့်ပြတော်မူပါလျက် အရပ်ရပ်သောဂဏ္ဌိ ပုဒ်ဆရာ, ဝဇီရဗုဒ္ဓိဋီကာ ဆရာ, သာရတ္ထဒီပနီ ဋီကာဆရာတို့သည် ''နတ္ထိအာပတ္တာဓိကရဏံ ကုသလံ'' ဟူသောပါဠိတော်ကို နီတတ္ထဒေသနာ-ဟု စွဲလမ်းမှု ရှိနေကုန် သည့်အတွက်ကြောင့် ဤပကိဏ္ဏကကထာအရာ၌၎င်း, အထက်သမထ ခန္ဓကအဋ္ဌကထာ၌၎င်း အဖွင့်အဆို ချော်ချွတ်တိမ်းပါးလျက်ရှိကြကုန်၏၊

ဝိမတတိနောဒနီ ဋီကာဆရာမူကား- ဒုဋ္ဌဒေါသသိက္ခာပုဒ် အဋ္ဌကထာဝယ် ရှေးရှေးဂဏ္ဌိဆရာ, ဋီကာဆရာတို့ လက်ထက်၌လည်း မရှိ၊ ယခုကာလ၌လည်းမရှိကြသော'' အာဒိကမ္မိကဿ အနာပတ္တီတိ ဝစနတော'' အစရှိသော မသူတယူမူပျက်, ပါဌ်ပျက်, ဝါကျပျက်, ဝါကျပိုကြီးကို တွေ့ရှိ၍နေသည့်အတွက်ကြောင့်၎င်း, ပရမတ္ထဓမ္မ သဘာဝတို့၌ အသိဉာဏ်မပျံ့ပြူးသည့်အတွက်ကြောင့် အာပတ်ကို ကုသိုလ်, အကုသိုလ်, အဗျာကတ မုချပရမတ်ဆိုခဲ့လျှင် ဆန့်ကျင်ရန် အမှုအကြောင်းတု အကြောင်းယောင်တွေကို များစွာကြီးပြဆို၍ စွဲလမ်းသောပကိဏ္ဏကဝါဒကို အားကျ၍ဖွင့်ဆိုလေ၏၊ ဤဝိမတိ ဝိနောဒနီဋီကာဆရာသည် ဤအာပတ္တိသဘာဝ ဝိနိစ္ဆယအရာ၌၎င်း၊ ဥဒကုက္ခေပသိမ်, သတ္တဗ္ဘန္တရသိမ်အရာ၌၎င်း လွန်စွာအားထုတ်၍ ဖွင့်ဆို၏၊ ဖွင့်ဆိုသမျှသည်လည်း ပညာရှိပုဂ္ဂိုလ်တို့ ရယ်ဘွယ် အလွန် ကောင်း၏၊ သတိမူကြလေကုန်။

ပြဆိုခဲ့ပြီးသော ပကိဏ္ဏကကထာ၌၎င်း, ဒုဋ္ဌဒေါသသိက္ခပုဒ် အဋ္ဌကထာ၌၎င်း, သမထခန္ဓကအဋ္ဌကထာ၌၎င်း ဤ ၃-ဌာနတို့၌ ဝိမတိဝိနောဒနီဋီကာသည် ရစရာမရှိ၊ ယူစရာမရှိ၊ ယုတ္တိတု ယုတ္တိယောင် တွေနှင့်ပါစင်အောင်လွဲလှ၏၊ ယုတ္တိတု ယုတ္တိယောင်တွေ၏အဖြေကို အလိုရှိကြလျှင် ဒလမြို့ တော်ကူးကြီးရွာ သရက်တောကျောင်းတိုက် ဆရာတော် အရှင်ဇာဂရ တောင်းပန်ချက်နှင့်ရေးပေးသော''အာပတ္တိ သဘာဝဝိနိစ္ဆယ'' မှာကြည့်လေ။

လယ်တီဆရာတော်

၁၂၆၄-ခု ကဆုန်လဆန်း ၈-ရက်။

အာပတ္တိ ဝိနိစ္ဆယပြီး၏၊

------------------

သိမ်နိမိတ်ကြား အမေးအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အရှေ့အရပ်

၁။ မေး။ ပုရတ္ထိမာယ ဒိသာယ ကိံနိမိတ္တံ။။ အာဝုသော=ငါ့ရှင်၊ ဣမိဿာသီမာယ=မန္တလေး ရတနာပုံ ပထမမြို့ နန်းတည် နတ်ပြည်စံ ခမည်းတော်မင်းတရားကြီး, ဒုတိယမြို့တည် နန်းတည် ဣန္ဒိယနိုင်ငံပါ သားတော်မင်းတရား မင်းနှစ်ပါးတို့သည် ဆပွါးကြည်ဖြူ လေးမြတ် တော်မူကြ၍ ဇမ္ဗူဒီပေ ဤမြေဌာန ရပ်ဒေသ နယ်ခရိုင်ကို အပိုင်အပ်နှင်း စိုးပိုင်နင်း၍ သတင်းကြေညာ တေဇောတန်ခိုး တက်ဝေဖြိုးသော (မည်သည့်မြို့ သူကြီးသည်) ဤရပ်ဤမြေ ဤဌာနေဝယ် လူသုံးဦး တို့ထွတ်ထား ဘုရားမြတ်စွာ သာသနာ၏ ကြာရှည်မြင့်စွာ တည်ရာ တည်ကြောင်း အကြံကောင်းအစည်ကောင်း အလောင်းအလျာ တို့၏တရားကို မနော၌ဝင်စား၍ အားထုတ်စီမံအပ်သော'' သာသနသော ဘဏီ'' ဤမဟာသိမ်တော်ကြီး၏၊ ဝါ=ယခုသမုတ်လတ္တံ့သော ''သာသနသောဘဏီ'' ဤသိမ်ကြီး၏၊ ပုရတ္တိမာယဒိသာယ=စက်နဝင်း ဂုဏ် လင်းလင်းထုံ ယုန်စန္ဒြာ ကမ္ဘာဓလေ့ ကျားမင်းမွေ့သည့် အရှေ့ဒိသာ ရပ်ခန်းဝါ၌၊ ကိံနိမိတ္တံ=ဤရွေ့ဤမျှ ဤသိမ်ကျဟု မုချသိဘွယ် စီရင်ချယ်သည် အဘယ်နိမိတ်ပေနည်း။

ဖြေ။ ဥဒကံ ဘန္တေ။။ဘန္တေ=အရှင်ဘုရား၊ ဣမိဿာ သီမာယ= မန္တလေးရတနာပုံ ပထမမြို့ နန်းတည် နတ်ပြည်စံ ခမည်းတော် မင်းတရား ကြီး, ဒုတိယမြို့တည်နန်းတည် ဣန္ဒိယနိုင်ငံပါ သားတော်မင်းတရား မင်းနှစ်ပါးတို့သည် ဆပွါးကြည်ဖြူ လေးမြတ်တော်မူကြ၍ ဇမ္ဗူဒီပေ ဤမြေဋ္ဌာန ရပ်ဒေသနယ်ခရိုင်ကို အပိုင်အပ်နှင်း စိုးပိုင်နင်း၍ သတင်း ကြေညာ တေဇောတန်ခိုး တက်ဝေဖြိုးသော (မည်သည့်မြို့ သူကြီးသည်) ဤရပ်ဤမြေ ဤဌာနေဝယ် လူသုံးဦးတို့ထွတ်ထား ဘုရားမြတ်စွာ သာသနာ၏ ကြာရှည်မြင့်စွာ တည်ရာတည်ကြောင်း အကြံကောင်း အစည်ကောင်း အလောင်းအလျာတို့၏တရားကို မနော၌ဝင်စား၍ အားထုတ်စီမံအပ်သော'' သာသနသောဘဏီ'' ဤမဟာသိမ်တော်ကြီး ၏၊ ဝါ=ယခုသမုတ်လတ္တံ့သော''သာသနသောဘဏီ'' ဤသိမ်ကြီး၏၊ ပုရတ္တိမာယဒိသာယ=စက်နဝင်းဂုဏ် လင်းလင်းထုံ ယုန်စန္ဒြာ ကမ္ဘာဓလေ့ ကျားမင်းမွေ့သည့် အရှေ့ဒိသာ ရပ်ခန်းဝါ၌၊ ကိံနိမိတ္တံ၊ ဤရွေ့ ဤမျှ ဤသိမ်ကျဟု မုချသိစေ စီရင်ပေသည် ရေနိမိတ်ပါဘုရား။

အကြား။ ဧတံ ဥဒကံ နိမိတ္တံ။ ။ ဧတံ ဥဒကံ= ဤရေသည်၊ နိမိတ္တံ= နိမိတ်ပေတည်း။

နိမိနန္တိ သဉ္စနန္တိ ဧတေနာတိ နိမိတ္တံ။ ဟူသော ဝစနတ္ထဝိဂ္ဂဟနှင့်လျော်ညီစွာ သာသနာ ၅၀၀၀- နှစ်များမြောင်လျှင် အခေါင်ရှည်ကြာ တည်စိမ့်ငှါဟု သဒ္ဓါရှေ့ရှု အကြံပြုလျက် ယခုတည်ထောင်သမုတ် ပြုလုပ်စီမံအပ်သော ဤသိမ် သည် ဒိသာဒေသ ဌာနအခြား ခေတ်အလားအားဖြင့် ဤရွေ့ဤမျှ ရှိသည်ဟု သိရာသိကြောင်းဖြစ်သော အနက်ဗျုပ္ပတ် ဂုဏ်သကတ်ကြောင့် အဇ္ဈတ္တဘေးရန် ပူပန်ခြင်းခပ်သိမ်းတို့၏ အေးငြိမ်းရာအေးငြိမ်းကြောင်း ကောင်းမြတ်ချမ်းသာ မင်္ဂလာတစ်ထွေ ဤသည့်ရေကို သပြေတစ်စိတ် ရွမ်းရွမ်းဖိတ်သည့် နိမိတ်အောင်ရေ- ဟူ၍မှတ်။

အရှေ့အရပ်ပြီး၏၊

--------

အရှေ့တောင်အရပ်

၂- မေး။ ပုရတ္ထိမာယ အနုဒိသာယ ကိံ နိမိတ္တံ။။ ပုရတ္တိမာယ အနုဒိသာယ=ဟေမဝန်မြိုင် ဂနိုင်ဗွေချာ ဂြိုဟ်အင်္ဂါဟု တေဇာထန်ပြင်း ခြသေ့င်္မင်း၏ ပျော်ခင်းစံမွေ့ ရှေ့တောင်ဒိသာ ရပ်ခန်းဝါ၌၊ ဝါ= အင်္ဂါဂြိုဟ်နတ် ခြသေ့င်္မြတ်၏ စံမှတ်ပျော်ရွင် ရှေ့တောင်ခွင်၌၊ ကိံ နိမိတ္တံ=ဣရွှေ့ဤမျှ ဤသိမ်ကျဟု-မုချသိဖွယ် စီရင်ချယ်သည် အဘယ် နိမိတ်ပေတည်း။

အရှေ့တောင်အရပ်ပြီး၏၊

----------------

တောင်အရပ်

၃။ မေး။ ဒက္ခိဏာယ ဒိသာယ ကိံ နိမိတ္တံ။။ ဒက္ခိဏာယ ဒိသာယ=တိမ်စွယ်မို်းပျံ တန်ခိုးလျှံသည် ဆဒ္ဒန်သနင်း ဂြိုဟ်မင်းဗုဒ္ဓဟူး အထူးပွင့်လင်း မြတ်ဆင်မင်း၏ ပျော်ခင်းစံမှတ် တောင်ရပ်ဒိသာ ရပ်ခန်းဝါ၌၊ ဝါ=ဗုဒ္ဓဟူးဂြိုဟ်နတ် ဆင်းမင်းမြတ်၏ စံမှတ်ပျော်ရွှင် တောင်ရပ်ခွင်၌၊ ကိံ နိမိတ္တံ=ဣရွှေ့ဤမျှ ဤသိမ်ကျဟု-မုချသိဖွယ် စီရင်ချယ်သည် အဘယ်နိမိတ်ပေတည်း။

တောင်အရပ်ပြီိး၏၊

---------------

အနောက်တောင်အရပ်

၄။ မေး။ ဒက္ခိဏာယ ဒိသာယ ကိံ နိမိတ္တံ။။ ဒက္ခိဏာယ အနုဒိသာယ=ဂြိုဟ်စနေဟု တောက်ပရှိန်ဝါ ထိန်ထိန်ဖြာ တေဇာထန်ပြင်း ရေနတ်မင်၏ပျော်ခင်းစံထောက် နောက်တောင်ဒိသာ ရပ်ခန်းဝါ၌၊ ဝါ=စနေဂြိုဟ်နတ် မြွေမင်းမြတ်၏ စံမှတ်ပျော်ရွင် နောက်တောင်ခွင်၌၊ ကိံ နိမိတ္တံ=ဣရွှေ့ဤမျှ ဤသိမ်ကျဟု မုချသိဖွယ် စီရင်ချယ်သည် အဘယ်နိမိတ်ပေတည်း။

အနောက်တောင်အရပ်ပြီိး၏၊

--------------------

အနောက်အရပ်

၅။ မေး။ ပစ္ဆိမာယ ဒိသာယ ကိံနိမိတ္တံ။။ပစ္ဆိမာယ ဒိသာယ၊ ကြာသာပတေး ရန်ဘေးပယ်သတ် ကြွက်မင်းမြတ်၏ စံမှတ်ဒိသာ နောက်မျက်နှာ၌။ ဝါ=ကြာသာပတေးဂြိုဟ်နတ် ကြွက်မင်းမြတ်၏ စံမှတ်ပျော်ရွှင် နောက်ရပ်ခွင်၌၊ ကိံ နိမိတ္တံ=ဤရွေ့ဤမျှ ဤသိမ်ကျဟု မုချသိဘွယ် စီရင်ချယ်သည် အဘယ်နိမိတ်ပေနည်း။

အနောက်အရပ်ပြီး၏၊

------------------

အနောက်မြောက်အရပ်

၆-မေး။ ပစ္ဆိမာယ အနုဒိသာယ ကိံနိမိတ္တံ။။ပစ္ဆိမာယ အနုဒိသာယ၊ အသူရိန်ဟု အရှိန်ကြီးတု ရာဟုဂြိုဟ်နတ် ဟိုင်းမင်းမြတ်၏ ပျော်မှတ် စံထောက် နောက်မြောက်ဒိသာ ရပ်ခန်းဝါ၌။ ဝါ=ရာဟုဂြိုဟ်နတ် ဟိုင်းမင်းမြတ်၏ စံမှတ်ပျော်ရွှင် နောက်မြောက်ခွင်၌။ ကိံ နိမိတ္တံ= ဤရွေ့ဤမျှ ဤသိမ်ကျဟု မုချသိဘွယ် စီရင်ချယ်သည် အဘယ်နိမိတ် ပေနည်း။

အနောက်မြောက်အရပ်ပြီး၏၊

မြောက်အရပ်

၇-မေး။ ဥတ္တရာယ ဒိသာယ ကိံနိမိတ္တံ။။ဥတ္တရာယဒိသာယ၊ သောကြာဂြိုဟ်နတ် ပူးမင်းမြတ်၏ စံမှတ်ပျော်ရွှင် မြောက်ရပ်ခွင်၌။ ကိံနိမိတ္တံ=ဤရွေ့ဤမျှ ဤသိမ်ကျဟု မုချသိဘွယ် စီရင်ချယ်သည် အဘယ်နိမိတ်ပေနည်း။

မြောက်အရပ်ပြီး၏၊

---------------

အရှေ့မြောက်အရပ်

၈-မေး။ ဥတ္တရာယ အနုဒိသာယ ကိံနိမိတ္တံ။။ဥတ္တရာယ အနုဒိသာယ၊ တနင်္ဂနွေဂြိုဟ်နတ်ငှက်မင်းမြတ်၏ စံမှတ်ပျော်ရွှင် ရှေ့မြောက်ခွင်၌။ ကိံ နိမိတ္တံ=ဤရွေ့ဤမျှ ဤသိမ်ကျဟု မုချသိဘွယ် စီရင်ချယ်သည် အဘယ်နိမိတ် ပေနည်း။

အရှေ့မြောက်အရပ်ပြီး၏၊

သိမ်နိမိတ်ကြား အမေးအဖြေပြီး၏၊

------------------

သိမ်အောင် ဩဘာစာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဇယတု။ သက္ကရာဇ် ၁၂၀၄-ခုနှစ်တွင် မန္တလေးရတနာပုံ ရွှေပြည်တော်ကြီးကို အာဒိကမ္မိက အစလက်မွန် တည်ထောင် ဖန်ဆင်း တော်မူသော ဆဒ္ဒန်ဆင်မင်းသခင် လက်နက်စင်္ကြာရှင် ဘဝရှင် ပဉ္စမ သံဂါယနာတင် နတ်ပြည်စံ ခမည်းတော်မင်းတရားကြီး, သက္ကရာဇ် ၁၂၄၀-ပြည့်နှစ် မန္တလေးရတနာပုံ ဒုတီယမြို့တည် နန်းတည် သားတော် မင်းတရား မင်း၂-ပါးတို့သည် လက်ရုံးတဆူယုံမှတ်တော်မူကြ၍ (မည်သည့်မြို့ခရိုင်ကို၊ အပိုင်အပ်လွှဲ၊ ကြီးကဲ စိုးအုပ်သော၊ မည်သည့်မြို့ သူကြီးသည်) သာသနာတော်မြတ်၏ အကျိုးစီးပွားကို အလိုဆန္ဒရှိလှ ပါသည်ဖြစ်၍ (မုံရွာမြို့ လယ်တီဆရာတော်, မည်သည့်မြိ့ု ဆရာတော် တို့ကို ) ပင့်ဆောင်ပြီးလျှင် ၎င်းဆရာတော်တို့၏ ဝိနည်းဓမ္မကံနှင့်အညီ စီမံကြီးကြပ်ချက်ဖြင့် (မည်သည့်သက္ကရာဇ်. .လ..ရက်.. နေ့ အချိန်တွင် ) '' သာသနသောဘဏီ '' အမည်ရှိသော ဤသိမ်ကြီးကို အပြီးတိုင် သမုတ်လှူဒါန်းပါသည်။

ဤဘဝမှစ၍ ဖြစ်လေရာဘဝတို့၌ ဓမ္မာသောကမင်း, ဒေဝါနံပီယ တိဿမင်းတို့ကဲ့သို့ တန်ခိုးတေဇာဖြင့် သာသနာတော်မြတ်၏ ဘေး အန္တရာယ်ကို စင်ကြယ်စွာပယ်ရှား၍ သာသနာတော်မြတ်၏ အကျိုးစီး ပွားကို အားထုတ်ရွက်ဆောင်နိုင်သည်ဖြစ်စေသော်၊ အဆုံးဘဝနောက် ကာလ၌ ပညာအရာလွန်ကဲစွာသော ပညာဓိက ဗောဓိဆုကို ရစေသော်၊ မိဘဆရာ၊ ညာတကာနှင့်၊ နရာသနင်း၊ နှစ်ပါးမင်းက၊ အရင်းစ၍၊ သဗ္ဗသတ္တာ၊ သတ္တဝါကို၊ ငါလျှင်အမျှဝေ၏သော်။

တိတ်စေ။ ပရမေစိုးဆောင် တန်ခိုးရောင်ဖြင့်၊ မိုဃ်းခေါင်ဗြဟ္မာ၊ အရွာရွာလည်း၊ ပဏ္ဏာဦးခိုက်၊ ရှိဖြာစိုက်လျှက်၊ မကိုဋ်ပတ္တမြား၊ ပြရိုးရာလည်း၊ ရွှေဘဝါးတော်အောက်၊ စက်တော်မောက်သို့၊ အရောက် ဆက်သွင်း၊ အသက်နှင်း၏၊။ သီတင်းတောက်ထိန်၊ ဘုန်းတော်ရှိန် ကြောင့်၊ ဒေဝိန်တရိုး၊ နတ်အမျိုးလည်း၊ တန်ခိုးပေါ်မောက်၊ အရောက် ရှိပြောင်း၊ နေ့စဉ်ငြောင်း၏၊ သောင်းလောကဓာတ်၊ အနတ်နတ်နှင့်၊ အမြတ်လူတွင်၊ ဘုရင်အဆူဆူ၊ ရိပ်ဖြူထီးဆောင်း၊ မင်းအပေါင်းလည်း၊ ခငြောင်းဝပ်တွား၊ အသက်လား၏၊ ငါးပါးမာရ်အောင်၊ လျှံတပြောင်လျှင်၊ အခေါင်လူလူ၊ အောင်လံထူလျက်၊ ငါးဆူဘုန်းမီး၊ တောက်ထိန်ညီး၍၊ အသီးကြေညာ၊ ပွင်းလင်းသာသည်၊ ကမ္ဘာဘဒ္ဒ အံ့ဘွယ်သော်။

အံ့ဖွယ်ထွေလာ၊ ဤကမ္ဘာသည်၊ မဟာသမ္မတ၊ မင်းမှစ၍၊ ရာဇတွက်ကိန်း၊ ၃-သိန်း, ၃-သောင်း, ရှစ်ထောင်,ငါးရာ, ခြောက်ကျိပ်ငါး၊ ထင်ရှားနွယ်ရိုး၊ နေနတ်မျိုးတွင်၊ တန်ခိုးထင်ပေါ်၊ အဆုန်းမြှော်သည်၊ သုံးပေါ်အထွတ်၊ သာကီနတ်ဟု၊ သိဒ္ဓတ်မည်တွင်၊ ဘုရင်တစ်ဆူ၊ ဇမ္ဗူ ကျော်ဟိုး၊ ရွှေနန်းစိုးလှ၊ လေးမျိုးနိမိတ်၊ သံဝေစိတ်ဖြင့်၊ ဗဟိုရ်မြေလွင်၊ ရွှေပလ္လင်၌၊ အောင်မြင်မာရ်စစ်၊ ရွှေဉာဏ်လှစ်က ခေတ်ဇာတိလုံး၊ သိမ့်သိမ့်အုန်းလျှင်၊ ရိုက်ချုံးဝှန်းဆူ၊ ပွင့်တော်မူ၍၊ သုံးလူမကိုဋ်၊ သုံး တိုက်လုံးနတ်၊ သုံးရပ်ဘုရင်၊ သုံးခွင်လုံးထည်း၊ ထိန်ထိန်ညီးလျှင်၊ ဘုန်းမီး လျှံတောက်၊ မြောက်ကြီးမြောက်မှာ၊ ကျွတ်လောက် သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ မဟာအမတ၊ ဓမ္မရွှေနန်း၊ တင်ဆောင်မြန်း၍၊ အောင်ခမ်းနိဗ္ဗူ၊ စံတော်မူသည်၊ နတ်လူ သောင်းသောင်း၊ ညံ၏သော်။

သောင်းသောင်းနတ်လူ၊ ထိန့်ထိန့်ဆူလျှင်၊ နိဗ္ဗူပြည်ကြီး၊

စံကုန်ပြီးလျှင်၊ ခရီးလမ်းစဉ်၊ စခန်းယဉ်ဟု၊ မဂ္ဂင်တံခါး၊ ဖွင့်သောသားဖြင့်၊ အများဗိုလ်လူ၊ ပါစိမ့်ဟူ၍၊ သုံးလူ့သာသနာ၊ မြတ်ရိုက်ရာကို၊ နှစ်ကြာ ရှည်လျှား၊ ဗျာဒိတ်ထား၏၊ ဘုရားမိန့်ချက်၊ ဓမ္မစက်အာဏာ၊ သာသနာသည်၊ တည်ရာမူလ၊ ထာဝရကား၊ သီမအပြား၊ သိမ်နှစ်ပါးတွင်၊ အများသံဃာ၊ ထေရ်မဟာတို့၊ ညီညာဖြဖြ၊ သမုတ်ကြသည်၊ ဗဒ္ဓသိမ်လျှင်၊ အရင်းပင်တည်း၊ ပဉ္စင်းရဟန်း၊ ခံခမ်းတသီး၊ ကံကြီးကံငယ်၊ အသွယ် သွယ်လည်း၊ ဤဝယ်ပြုမှ၊ ပြီးမြောက်ရ၏၊ မုချမြှော်မြင်၊ ပညာယှဉ်လျက်၊ သခင်မြတ်စွာ၊ သာသနာကို၊ ငါလျှင်တစ်ယောက်၊ သဒ္ဓါမောက်လျက်၊ ချီးမြှောက်သသူ၊ ဖြစ်စိမ့်ဟူ၍၊ စင်ဖြူမနော၊ ကြံရည်စောသည်၊ သဘော ဖိတ်ဖိတ်ကြည် စေသော်။

ဤမြို့ဌာနာ၊ ဤရွာသူတို့၊ ကြည်ဖြူစိတ်ဝမ်း၊ ဘိတ်ဘိတ် လျှမ်းလျက်၊ ကျမ်းဂန်အရာ၊ ဋ္ဌကထာနှင့်၊ ဋီကာကြီးငယ်၊ အသွယ် သွယ်ကို၊ တစ်ကယ်နိုင်နင်း၊ ဂုဏ်ရောင်လင်းသော၊ (မည်သည့်မြို့ ဆရာတော်) ဤရွေ့ထင်ပေါ်၊ ဆရာတော်တို့၊ ရှုမြှော်တိုင်ပင်၊ ဉာဏ် အမြင်ဖြင့်၊ စီရင်ကြီးကြပ်၊ ဆောင်နှင်းအပ်၍၊ ဝိပတ္တိအတွက်၊ မညငိလျက်ပင်၊ ပြီးအောင်မြင်သည်၊ သိမ်တွင်သိမ်ထူး၊ သိမ်မြတ်သော်။

ဤသည့်ပုည၊ ကုသလကြောင့်၊ ဘဝမသွေ၊ မြေနှင့်ရေကို၊ ကုန်စေတျင်းတျင်း၊ စိုးပိုင်နင်း၍၊ ရှင်ရင်းမြတ်စွာ၊ သာသနာကို၊ ဓမ္မာသောက၊ မြှောက်ချီးပသို့၊ ဘဝထိုထို၊ ချီးမြှောက်လို၏၊ အဟို နောင်လာ၊ မေတ္တေယျာဟု၊ မဟာမုနိ၊ မာရဇိဝယ်၊ အသိပညာ၊ လွန်ကဲ စွာ၌၊ အရာဧတဒဂ်၊ မိန့်တော်ချက်ကို၊ ထိပ်ထက်အပြင်၊ ပန်ယူဆင်၍၊ ပြည်တွင်နိဗ္ဗူ၊ သောင်ဆိပ်ငူသို့၊ လွယ်ကူရောက်ရပါလိုသော်၊ ပုည ကုသိုလ်၊ အဖို့ကိုလည်း၊ မြင်းမိုရ်ကျေးဇူး၊ ရှိတင်ဘူးသည့်၊ နှစ်ဦး ဂုဏ်ရှင်၊ ဘမိခင်နှင့်၊ သခင်ဆရာ၊ ဉာတကာက၊ ရာဇာနေနတ်၊ နှစ်ထွေ မြတ်နှင့်၊ သဗ္ဗသတ္တာ၊ သတ္တဝါကို၊ ငါနှင့်အမျှ၊ ရကြပါစေ၊ ပေးငှဝေသည်၊ ကောင်းထွေသာဓုခေါ်စေသော်။

မန္တလေးရတနာပုံ ပထမမြို့နန်းတည် နတ်ပြည်စံ ခမည်းတော် မင်းတရားကြီး, ဒုတိယမြို့နန်းတည် ဣန္ဒိယနိုင်ငံပါ သားတော်မင်းတရား မင်းတရားတို့သည်၊ ဆပွါးကြည်ဖြူ သဒ္ဓါတော်မူကြ၍၊ ဇမ္ဗူဒီပေ၊ ဤမြေဋ္ဌာနေ၊ ရပ်ဒေသနယ်ခရိုင်ကို၊ အပိုင်အပ်နှင်း၊ စိုးပိုင်းနင်း၍ သတင်းကြေညာ၊ တောဇာတန်ခိုး၊ တက်ဝေဖြိုးသော (ဤမြို့သူကြီးသည်) သာသနာတော်မြတ်၏၊ အခြပါဒ၊ မူလသမုဋ္ဌာန်၊ မြဲမြံခိုင်ခံ့သော အဆောက်အအုံ ကတူပအနှုန်းကို၊ နှလုံးဉာဏ်ရည်၊ ကြံစည်ထောက် ထားလျက်၊ ဘုရားသာသနာတော်ထမ်း၊ ရဟန်းသံဃာတော်မြတ်တို့၏၊ အနှစ် ၅၀၀၀-များမြောင် ရှည်ကြာ၊ သာသနာတော်ထင်ပေါ် တည်ထွန်း သမျှကာလပတ်လုံး ရဟန်းပြုလုပ် ဥပုသ်ပဝါရဏာ၊ လေးဖြာ-လေးသွယ် ကံငယ်ကံကြီး၊ အသီးသီး-အခန်းခန်းတို့ကို၊ ချမ်းချမ်းသာသာ ကာယစိတ္တ၊ အမျှနှစ်လီ၊ သာမဂ္ဂီတို့ဖြင့်၊ အညီအညွတ် ဆောင်ရွက်တော်မူကြရန်။

ဤဒေသရပ်ခပင်းဝယ်၊ သီတင်းထင်ပေါ်၊ ဟိုးဟိုးကျော်လျက်၊ ရှင်တော်မြတ်ဘုရား၊ မိန့်ဖော်ကြားသည့်၊ သုံးပါးသော သာသနာမြတ် တို့၏၊တည်ထွန်းရာ၊ သညာနာမ၊ အနွတ္တမူ၊ ဤအမည်ရှိသော မြေတ လင်းဝယ်၊ အိပ်ခင်းတည်မှု၊ စီမံပြုလျက်၊ ဗဟုဿုတ၊ ဓမ္မတန္တီ၊ ကျမ်းဂန်မှီလျက်၊ လဇ္ဇီပေသလ၊ သိက္ခာကာမ၊ ဂဏာစရိယ၊ ဂဏပါမေက္ခ၊ ဖြစ်တော်မူသော၊ (မည်သည့်ဆရာတော်ကြီးကို) အကြီးအမှုးအဦးပြု၍၊ ၎င်းဆရာကြီးတို့ စီမံကြီးကြပ်သမုတ်အပ်သော ''သာသနသောဘဏီ'' အမည်ရှိသော ဤသိမ်ကြီးသည်။

ဧကာဒသဝိပ္ပတ္တိသီမာယော အတိက္ကမိတွာ တိဝိဓသမ္ပတ္တိယုတ္တာ၊ နိမိတ္တေန နိမိတ္တံ သမ္ဗိန္ဓိတွာ သမ္မတာ။ ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ၊ အတိခုဒ္ဒကာ, အတိမဟတီ အစရှိသော ဝိပ္ပတ္တိအပြားဆယ့်တစ်ပါးတို့ကို ကောင်းစွာလွန်မြောက်၍၊ နိမိတ္တသမ္ပတ္တိ, ပရိသသမ္ပတ္တိ, ကမ္မဝါစာသမ္ပတ္တိတည်းဟူသော အောင်မြင်ရာအောင်မြင်ကြောင်း ကောင်းမြတ်သော သမ္ပတ္တိဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍၊ ယူဇနာတွက်ကိန်း၊ နှစ်သိန်းလေးသောင်း (၂၄၀၀၀၀) ဓာတ်ပေါင်းအထု၊ ပံသုသီလာ၊ မြေလွှာတို့ကို၊ ကမ္မဝါမြတ်၊ ဉတ်၏တန်ခိုး၊ ဖျန်းဖျန်းကျိုးလျှင်၊ သက်လျှိုးထွင်းဖောက်၊ လင်းလင်းတောက်မျှ၊ အောက်ရေအပြင်၊ အစဉ်ထိဆိုက်၊ ချုန်းချုန်းရိုက်လျှင်၊ ဆူလှိုက်နှံ့မွှေ၊ တည်ထွန်းလေ၍၊ လူ့ပြည်နတ်ရွာ၊ ဗြဟ္မာခပင်း၊ ဘုံသုံးရပ်အတွင်းဝယ်၊ ရှင်ရင်းဥက္ကဌ်၊ ဝိသုဒ်နတ်၏၊ အမြတ်ပရမေ၊ လျှမ်းလျှမ်းဝေသည်၊ ဓာတ်မွေတော်ပေါင်း၊ အကုန်လုံးစုဆောင်း၍၊ သောင်းလောကစကြဝါကို၊ သွက်သွက်ခါတုံရိုက်လျက်၊ အမြိုက်မင်္ဂလာ၊ မဟာသဘင် ကျွတ်ပွဲကြီး ယဉ်လတ်၍၊ မြတ်ဓာတုနိဗ္ဗာန်၊ စံလွန်သည်ဆိုက်အောင်၊ (ဤနယ်မြို့ ခရိုင်ဝယ်) ဘုန်းခိုင်ထွတ်ထား၊ ဘုရားမြတ်စွာသာသနာတော်၏ ကြက်သရေအထွေထွေသော နည်းအတိတ်၊ နိမိတ်ဩဘာ၊ သောသော ညာလျက်၊ ပုဏ္ဏမီစက်၊ တိတီရက်တွင်၊ နရက်တုံဟီးအောင်မြင်ပြီးသည်၊ ကောင်းကြီးသာဓုခေါ်ကြစေ။

သိမ်အောင် ဩဘာစာပြီး၏၊

---------*-------

ပါတိမောက်အမေးအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပါတိမောက်တောင်း

သံဃော ဘန္တေ အာယသ္မန္တံ ပါတိမောက္ခုဒ္ဒေသံ အဇ္ဈေသတိ၊ ဥဒ္ဒိသတု ဘန္တေ အာယသ္မာ ပါတိမောက္ခံ။ [၃]။

အာယသ္မန္တော=အရှင်ဘုရားတို့၊ ဣမံ ပါတိမောက္ခံနာမ=

ဤပါတိမောက္ခသီလမည်သည်ကား၊ သာသနဿ=သာသနာတော်မြတ် ၏၊ မူလံ=အခြေအမြစ်အရင်းဖြစ်၏၊ ဘိက္ခူနံ=သာသနာတော်ထမ်း ရဟန်းတော်မြတ်တို့၏၊ အာယု=အသက်မည်၏၊ ဣမသ္မိံ=ဤပါတိ မောက္ခသီလသည်၊ နဋ္ဌေ=ကွယ်ပျောက်ခဲ့သည်ရှိသော်၊ သာသနံ= သာသနာတော်သည်၊ နတိဋ္ဌတိ=မတည်နိုင်၊ ဘိက္ခုဘာဝေါနာမ= ရဟန်း၏အဖြစ်သည်၊ နတ္ထိ= မရှိ၊ တသ္မာ=ထို့ကြောင့်၊ ဘန္တေ=အရှင်ဘုရား၊ သံဃော=သံဃာတော်သည်၊ အာယသ္မန္တံ=အသက်ရာကျော်ရှည် ပေအံ့သော အရှင်သူမြတ်ကို၊ ပါတိမောက္ခုဒ္ဒေသံ=ပါတိမောက် ပြခြင်းအမှုကို၊ အဇ္ဈေသတိ=တောင်းပန်တိုက်တွန်းပါ၏၊ အာယသ္မာ= အရှင်သူမြတ်သည်၊ ပါတိမောက္ခံ=ပါတိမောက်ကို၊ ဥဒ္ဒိသတု=အကျဉ်း သရုပ် အလင်းထုတ်ခါ ဟောပြပါလော့။

ပါတိမောက်တောင်းပြီး၏

-------*-----

ဥပုသ်အစီအရင်

သုတ္တုဒ္ဒေသံ, သံဃာ့ဥပုသ်အစီအရင်ကို ဆိုပေအံ့။ ၁။ စာတုဒ္ဒသီနေ့, ပန္နရသီနေ့, သာမဂ္ဂီနေ့သုံးပါးတွင် တစ်ပါးပါးကြိုက်ကြုံ၍ ထိုနေ့နံနက်မှသည် သံဃာ မစည်း ဝေးမီအတွင်း သိမ်အပြင်၌ တံမြက်လှည်း ခြင်းကို ပြုရာသည်၊ သံဃာစည်းဝေးခါနီးလျှင် နေရာ ခင်းခြင်း, သောက်ရေ သုံးဆောင်ရေတည်ခြင်း, ညဉ့် အခါဖြစ်ခဲ့လျှင် ဆီမိးထွန်းခြင်းများကို ပြုရာသည်။

၂။ သိမ်အတွင်း၌ သံဃာစည်းဝေးပြီးမှ ဆန္ဒကြားခြင်း, ပါရိသုဒ္ဓိကြားခြင်း, ဥတုပက္ခကြားခြင်း, ရဟန်းအရေ အတွက်ကိုကြားခြင်း, ဘိက္ခုနီမတို့စုံစမ်းလာသော ဩဝါဒရ-မရကိုကြားခြင်း များကိုပြုရာသည်။

၃။ ထိုနောက်မှ လူသာမဏေစသော ဝဇ္ဇနီယပုဂ္ဂိုလ်တို့ကို သံဃဘောင် နှစ်တောင့်ထွာဟတ္ထပါသ်မှ ထွက်စေခြင်း, အာပတ်ကိုဒေသနာကြားခြင်း, တဖန် ဟတ္ထပါသ်ကင်း အောင် ပြုခြင်းကိုပြုရာသည်။

၄။ ထိုနောက်မှ အစဉ်အတိုင်းပြုအပ်ပြီးသော ပုဗ္ဗကရဏ, ပုဗ္ဗကိစ္စ, ပတ္တကလ္လအမှုကို သံဃာအများ သိကြား ထင်လင်းစေခြင်းငှါ မေးခြင်း ဖြေခြင်းအမှုများကိုပြုရာ သည်။

အစဉ်အတိုင်းပြုအပ်ပြီးသော စကား၌လည်း ပုဗ္ဗကရဏလေးပါး ပုဗ္ဗကိစ္စငါးပါး, ပတ္တကလ္လအင်္ဂါလေးပါးတို့ကို အစဉ်အတိုင်းမှသာပြုရမည် မဟုတ်၊ အခွင့်အားလျော်စွာ ပြုရပါ၏၊ ထို့ကြောင့်ပင်လျှင် ပုဗ္ဗကရဏ လေးပါးကို ပါဠိတော်၌ဟောသောအစဉ်တစ်ခြား, အဋ္ဌကထာတို့၌လာ သော အစဉ်တစ်ခြားဖြစ်ရသည်၊ ပုဗ္ဗကိစ္စငါးပါး, ပတ္တကလ္လ အင်္ဂါလေးပါး တို့၌ကား- ပါဠိတော်မှာအစဉ်မရှိ၊ အဋ္ဌကထာဆရာတို့သာ ကောက်နုတ် ပေါင်းစု၍ထားပေသည်၊ ပါဠိတော်တို့၌ နံနက်စောစော၌သော်၎င်း, အမှတ်ရသောအခါ၌သော်၎င်း ယနေ့ဥပုသ်နေ့ဖြစ်သည်-ဟု သံဃာ့ ထေရ်က ပြောကြားရမည်-ဟူသော ဝတ်အစီအရင်လာသေး၏၊

ဥပုသ်အစီအရင်ပြီး၏၊

------------------------

ပုဗ္ဗကရဏ ၄-ပါး

၅-မေး။ ''ကိံသံဃဿ ပုဗ္ဗကိစ္စံ'' ဟူသောနိဒါန်းပါဠိ လာရှိသည်နှင့်အညီ သံဃာစည်းဝေးသည်မှ ရှေးကာလ၌ သံဃာ့ထေရ် ဖြစ်သော ရဟန်းသည်၎င်း, သံဃာ့ထေရ်မြတ် စေခိုင်းအပ်သော ရဟန်းသည်၎င်း ပြုလုပ်အားထုတ်အပ်သော ပုဗ္ဗကရဏလေးပါး ရှိပေသည်တွင် ဘုရားရှင်လက်ထက်တော်ဝယ် တံမြက်လှည်းမှုနှင့် ''အနုဇာနာမိ ဘိက္ခဝေ ဥပေါသထာဂါရံ သမ္မဇ္ဇိတုံ'' ဟုသုံးဘုံသခင် ဘုရင်မင်းမြတ် ပညတ်တော်မူအပ်သော ပဋိပတ် ကျင့်ဝတ်တော်ရှိ ပေသည်၊ သို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံဝယ် ထုံးစံမပျက် ရှေးစင်ဆက့်ဖြင့် တံမြက်လှည်းခြင်းကိစ္စ ပြီးပါပြီးလော။

ဖြေ။ အာမဘန္တေ။။ ''အနုဇာနာမိ ဘိက္ခဝေ ဥပေါသထာဂါရံ သမ္မဇ္ဇိတုံ'' ဟုသုံးဘုံသခင် ဘုရင်မင်းမြတ် ခွင့်ပြုပညတ်တော်မူပေသော ဥပဒေဗျာဒိတ် ရွှေခွန်းဟိတ်ကို ဦးထိပ်အပြင် ပန်ယူဆင်၍ ယနေ့ ဥပုသ်ကံဝယ် ထုံးစံမပျက် ရှေးစဉ်ဆက်ဖြင့် တံမြက်လှည်းခြင်းကိစ္စ ၂-မေး။ သာဓုသာဓုငါ့ရှင်.... ထို့ပြင်တချက် လက်ထက်

တော်အခါဝယ် သိမ်အပြင်မှာ နေရာခင်းခြင်းကိစ္စ မလုပ်ကြ၍ ဘုရား ရွှေနားကြားတော်မူရာ ''အနုဇာနာမိ ဘိက္ခဝေ ဥပေါသထာဂါရံ အာသနံ ပညာပေတုံ'' ဟုသုံးဘုံသခင် ဘုရင်မင်းမြတ် ပညတ်တော် မူအပ်သော ပဋိပတ်ကျင့်ဝတ်တော်ရှိပေသည်၊ သို့ဖြစ်ပါ၍ ယနေ့ ဥပုသ်ကံဝယ် ထုံးစံဓမ္မတာ ရှေးစဉ်လာဖြင့် နေရာခင်းခြင်းကိစ္စ ပြီးပါပြီ လော။

ဖြေ။ အာမဘန္တေ။။'' အနုဇာနာမိ ဘိက္ခဝေ ဥပေါသထာ-ဂါရံ အာသနံ ပညာပေတုံ''ဟု သုံးဘုံသခင် ဘုရင်မင်းမြတ် ပညတ်တော် မူပေသော ဥပဒေဗျာဒိတ် ရွှေခွန်းဟိတ်ကို ဦးထိပ်အပြင် ပန်ယူဆင်၍ ယနေ့ဥပုသ်ကံဝယ် ထုံးစံဓမ္မတာ ရှေးစဉ်လာဖြင့် နေရာခင်းခြင်းကိစ္စ ပြီးပါပြီဘုရား။

၃-မေး။ သာဓုသာဓုငါ့ရှင်....ထို့ပြင် ရှင်တော်ဘရား လက်ထက်တော်အခါဝယ် သိမ်အပြင်မှာ ညဆည်းဆာ၌ ရောင်ဝါအလင်း မီးနှင့်ကင်းက နင်းမိတိုက်မိ ရှိတုံဘိ၍ ဘုရားရွှေနားကြားတော်မူရာ'' အနုဇာနာမိ ဘိက္ခဝေ ဥပေါ- သထာဂါရေ ပဒီပံ ကာတုံ''ဟု သုံးဘုံသခင် ဘုရင်မင်းမြတ် ပညတ်တော်မူအပ်သော ပဋိပတ်ကျင့်ဝတ်တော်ရှိပေ သည်၊ ထိုသို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံဝယ် ထုံးစံတသီး ရှေးစဉ်နည်းဖြင့် ဆီမီးထွန်းခြင်းကိစ္စ ပြီးပါပြီလော။

ဖြေ။ အာမဘန္တေ။။ ''အနုဇာနာမိ ဘိက္ခဝေ ဥပေါသထာဂါရေ ပဒီပံ ကာတုံ-ဟု သုံးဘုံသခင် ဘုရင်မင်းမြတ် ပညတ်တော်မူ အပ်သော ဥပဒေဗျာဒိတ် ရွှေတံဆိပ်ကို ဦးထိပ်အပြင် ပန်ယူဆင်၍ ယနေ့ဥပုသ်ကံဝယ် ထုံးစံတသီး ရှေးစဉ်နည်းဖြင့် ဆီမီးထွန်းခြင်းကိစ္စ ၄-မေး။ သာဓုသာဓုငါ့ရှင်....ထို့ပြင်တစ်ချက် လက်ထက်

တော်အခါဝယ် တိုက်တာနေငြား ထေရ်အများတွင် တစ်ပါးတစ်ယောက် သဒ္ဓါပေါက်၍ သောက်ရေ သုံးဆောင်ရေ မတည်ပေက တပြေတပြည် ခရီးသည်တို့မကြည်မညို ဆိုကြသည်ကိုအကြောင်းပြု၍'' အနုဇာနာမိ ဘိက္ခဝေ ပါနီယံ ပရိဘောဇနီယံ ဥပဋ္ဌာပေတုံ''ဟု သုံးဘုံသခင် ဘုရင် မင်းမြတ် ပညတ်တော်မူပေသော ပဋိပတ်ဝိနည်းတော် ရှိပေသည်၊ သို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံဝယ် ထုံးစံဓမ္မတာ ရှေးစဉ်လာဖြင့် ရေတည် ခြင်းကိစ္စ ပြီးပါပြီလော။

ဖြေ။ အာမဘန္တေ။။ ''အနုဇာနာမိ ဘိက္ခဝေ ပါနီယံ ပရိဘောဇနီယံ ဥပဋ္ဌာပေတုံ''ဟု သုံးဘုံသခင်ဘုရင်မင်းမြတ် ပညတ်တော်မူ အပ်သော ဥပဒေဗျာဒိတ် ရွှေတံဆိပ်ကို ဦးထိပ်အပြင် ပန်ယူဆင်၍ ယနေ့ဥပုသ်ကံဝယ် ထုံးစံတမည် ရှေးစဉ်ရှည်ဖြင့် ရေတည်ခြင်းကိစ္စ ပြီးပါပြီဘုရား။

လေးအင်သရုပ် ဤအလုပ်ကို ပုဗ္ဗကရဏအမည်ပြကာ အဋ္ဌ ကထာသခင် ထေရ်အရှင်တို့ သင်္ဂဟအစစ်ဂါထာ လှစ်၍... သမ္မဇ္ဇနီ ပဒီပေါစ၊

ဥဒကံ အာသနေနစ။

ဥပေါသထဿ ဧတာနိ၊

ပုဗ္ဗကရဏန္တိ ဝုစ္စတိ။။

ဟု-ပါတိမောက်တွင် အဦးတင်လျက် အစဉ်ထားအပ်သည်ဟုမှတ်။

ပုဗ္ဗကရဏ ၄-ပါးပြီး၏၊

-----------------------

ပုဗ္ဗကိစ္စ ၅-ပါး

၂-မေး။ '' ကိံ သံဃဿ-ဟူသော နိဒါန်းပါဠိတော်လာရှိသည် နှင့်အညီ သံဃာစည်းဝေးပြီးသည်မှ ပါတိမောက်မပြမီ အကြားတွင် အများသံဃာထေရ်မဟာတို့ ယထာရဟ ပြုထိုက်လှသော ပုဗ္ဗကိစ္စအပြား ငါးပါးရှိပေသည်တွင် လက်ထက်တော်အခါဝယ် ဂိလာနကိစ္စနှင့် သံဃာဘောင်ရပ် ဟတ္ထပါသ်သို့ မကပ်နိုင်ရှိရာတွင် ''အနုဇာနာမိ ဘိက္ခဝေ ဂိလာနေန ဘိက္ခုနာ ပါရိသုဒ္ဓိံ ဒါတုံ၊ အနုဇာနာမိ ဘိက္ခဝေ ဂိလာနေန ဘိက္ခုနာ ပါရိသုဒ္ဓိံ ဒေန္တေန ဆန္ဒံပိ ဒါတုံ၊ သန္တိ သံဃဿ ကရဏီယံ'' ဟု နှုတ်သံနဂ္ဃိ ဗျာဒိတ်တော်ရှိပေသည်၊ သို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံဝယ် သံဃာ၏ဘောင် နှစ်တောင့်ထွာရပ် ဟတ္ထပါသ်သို့ မကပ်မဝင် မလာ လျှင်ဘဲ ပြင်၌နေကြသော ဂိလာနပုဂ္ဂိုလ်, ဂိလာနုပဋ္ဌာကပုဂ္ဂိုလ်, ကိစ္စ ပသုတပုဂ္ဂိုလ်, ကတုပေသထပုဂ္ဂိုလ်တို့အတွက်နှင့် ဝဂ္ဂကမ္မမဖြစ်ရအောင်, ဥပုသ်ကိစ္စ ပြီးစီးရအောင် ဆန္ဒဆောင်ခြင်း, ဆန္ဒကြားခြင်း, ဆန္ဒပါရိ သုဒ္ဓိဆောင်ခြင်း, ဆန္ဒပါရိသုဒ္ဓိကြားခြင်း ကိစ္စပြီးပါပြီလော။

ဖြေ။ အာမဘန္တေ။ ။ ''အနုဇာနာမိ ဘိက္ခဝေ ဂိလာနေန ဘိက္ခုနာ ပါရိသုဒ္ဓိံ ဒါတုံ၊ အနုဇာနာမိ ဘိက္ခဝေ ဂိလာနေန ဘိက္ခုနာ ပါရိသုဒ္ဓိံ ဒေန္တေန ဆန္ဒံပိ ဒါတုံ၊ သန္တိ သံဃဿ ကရဏီယံ'' ဟု နှုတ်သံနဂ္ဃိ ဗျာဒိတ်တော်ရှိပေ၍၊ ယနေ့ဥပုသ်ကံဝယ် ခဏ္ဍသိမ်ဖြစ်ပေ၍ ဆန္ဒ ဆောင်ဖွယ်, ပါရိသုဒ္ဓိဆောင်ဖွယ် အကျယ်ကိစ္စမရှိပါပြီ ဘုရား။

၃-မေး။ သာဓု သာဓုငါရှင့်.. ထို့ပြင်တစ်ချက် လက်ထက် တော်အခါဝယ် ဆွမ်းခံရွာက ပက္ခတိထီကိုမေး လျှောက်ရာ'' နဇာနာမိ ငါမသိဟု ဆိုမိလေမှုအကြောင်းပြု၍ ''အနုဇာနာမိ ဘိက္ခဝေ ပက္ခ ဂဏနံ ဥဂ္ဂဟေတုံ'' အာဂုမ်ဝိဓိ ပညတ်တော်ရှိပေသည်၊ သို့ဖြစ်ပါ၍ ယနေ့ ဥပုသ်ကံသည် ဝသန် ဟေမန် ဂိမှန်အစု သုံးဥတုတွင် ယခုရောက်ဆဲ ကား- အဘယ်ဥတု အဘယ်ပက္ခ အဘယ်မျှသော တိထီပေနည်း။

ဖြေ။ အာမဘန္တေ။ ။ ''အနုဇာနာမိ ဘိက္ခဝေ ပက္ခ ဂဏနံ ဥဂ္ဂဟေတုံ'' အာဂုမ်ဝိဓိ ပညတ်တော်ရှိပေ၍ ယနေ့ဥပုသ်ကံသည် ဝသန္တဥတု ပထမပက္ခ ပန္နရသီ ပြည့်စုံညီသော တိထီရက်ကြီးဖြစ်ပါ သည်ဘုရား။

[အဋ္ဌကထာ၌ကား- လွန်ပြီးသော ပက္ခပေါင်း, ကြွင်းကျန်သေးသော ပက္ခပေါင်း များကိုလည်း ကြားရမည်အရိပ်ရှိ၏၊ ကြားလျှင်လည်း ကောင်းပါ၏၊ ပါဠိတော်၌'' ကတိ ဘန္တေ ပက္ခဿ'' ဟု တိထီကိုမေးရာ မပြောနိုင်ရှိကြ၍ ပက္ခဂဏနကို သင်ကြားစေ-ဟု လာသည်ကိုထောက်သော် ရောက်ဆဲနေ့ရက်ကို မှတ်သား၍ ကြားလိုရင်းဖြစ်ကြောင်းကို သိသာလေသည်၊ ဤပက္ခဂဏနသိက္ခာပုဒ်မှတစ်ပါး ဥတုများကိုကြားရမည်၊ လာသော သိက္ခပုဒ်ရင်းပင် မရှိပေ။]

၄-မေး။သာဓု သာဓုငါရှင့်..ထို့ပြင်တစ်ချက် လက်ထက် တော်အခါဝယ် တိုက်တာနေဘိ ရဟန်းရှိကို မသိခဲ့ဟု ကဲ့ရဲ့မှုကြောင့် ''အနုဇာနာမိ ဘိက္ခဝေ ဘိက္ခူ ဂဏေတုံ'' ဟု အာဂုမ်ထုတ်ဖော် ပညတ် တော်ရှိပြန်သည်၊ သို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံ အစည်းအဝေးတွင် ပါဝင်ကြဘိ တိုက်တာရှိရဟန်း အပေါင်းကား- အဘယ်မျှ အရေအတွက် ရှိပါသနည်း။

ဖြေ။ အာမဘန္တေ။။''အနုဇာနာမိ ဘိက္ခဝေ ဘိက္ခူ ဂဏေတုံ'' ဟု အာဂုမ်ထုတ်ဖော် ပညတ်တော် ရှိပြန်သည်၊ သို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံ အစည်းအဝေးတွင် ပါဝင်ကြဘိ တိုက်တာရှိရဟန်း အပေါင်းကား- မည်မျှ အရေအတွက် ရှိပါသည်ဘုရား။

၅-မေး။ သာဓု သာဓုငါရှင့်.. ထို့ပြင်တစ်ချက် လက်ထက် တော်အခါဝယ် ဩဝါဒကိုရပါမည်လား, မရလားဟု ခြားနားသိမှု လျှောက်ထားပြုသည် ဘိက္ခုနီမအတွက်ကို လက်ခံရငြား ထေရ်တစ်ပါးက အများသံဃာ ရှေ့တွင်သာလျှင် ပါတိမောက်ပြ ထေရ်မြတ်လှအား ကြားရမည့်အရေးကို အလေးမပြု နေမိမှုကြောင့် ''အနုဇာနာမိ ဘိက္ခဝေ ဩဝါဒံ ဂဟေတုံ၊ နစ ဘိက္ခဝေ ဩဝါဒေါ န အာရောစေတဗ္ဗော၊ ယော နာရောစေယျ- အာပတ္တိဒုက္ကဋဿ'' ဟု ဓမ္မဝိဓိ ပညတ်တော် ရှိပေသည်၊ သို့ဖြစ်ပါ၍ ယနေ့ဥပုသ်ကံဝယ် ဘိက္ခုနီမတို့လျှောက်ထားသော ဩဝါဒကို ပါတိမောက်ပြ ထေရ်မြတ်လှအား လျှောက်ကြားခြင်းကိစ္စ ပြီးပါပြီလော။

ဖြေ။ ယခုအခါ ဘိက္ခုနီမတို့မရှိပေ၍ ယနေ့ဥပုသ်ကံဝယ် လျှောက်ထားဖွယ်ကိစ္စ မရှိပါပြီဘုရား။

သာဓု သာဓု ငါ့ရှင်...ငါးအင်သရုပ် ဤအလုပ်ကို ပုဗ္ဗကိစ္စ အမည်ပြု၍ အဋ္ဌကထာသခင် ထေရ်အရှင်တို့က သင်္ဂဟဂါထာသလျက်ဆန္ဒပါရိသုဒ္ဓိဥတုက္ခာနံ၊ ဘိက္ခုဂဏနာ စ ဩဝါဒေါ။

ဥပေါသထဿ ဧတာနိ၊

ပုဗ္ဗကိစ္စန္တိ ဝုစ္စတိ။။

ဟု-ပါတိမောက်တွင် အဦးတင်လျက် အစဉ်ထားအပ်သည်ဟုမှတ်။

ပုဗ္ဗကိစ္စငါးပါးပြီး၏၊

ပတ္တကလ္လအင်္ဂါ ၄-ပါး

၁-မေး။ ''ယဒိ သံဃဿ ပတ္တကလ္လံ'' ဟူသော နိဒါန်းပါဠိလာ ရှိသည်နှင့်အညီ ဥပုသ်ကံ၌ အမှန်မုချ ပြုထိုက်လှသော ပတ္တကလ္လအင်္ဂါ အပြားလေးပါးရှိပေသည်တွင် ဘုရားရွှေလက်ထက်တော်အခါဝယ် ဥပုသ်ရက် မဟုတ်သည်၌ ဥပုသ်ပြုကြ၍ '' န ဘိက္ခဝေ အနုပေါသထေ ဥပေါသထော ကာတဗ္ဗော၊ ယော ကရေယျ အာပတ္တိ ဒုက္ကဋဿ''ဟု ဘုရားဓမ္မစက် မိန့်ချက်အာဏာ ထင်ရှားလာပေသည်၊ သို့ဖြစ်ပါ၍ စာတုဒ္ဒသီ, ပန္နရသီ, သာမဂ္ဂီ-ဟု ၃လီ ၃-ခု ရက်အစုတွင် ယခု ဥပုသ်ကံ သည် အမှန်ဆက်ဆက် တစ်ရက်ရက်နှင့် ကြုံကြိုက်ခြင်း-ဟူသော ပတ္တကလ္လ ပထမအင်္ဂါနှင့် ပြည့်စုံပါ၏လော။

ဖြေ။ အာမဘန္တေ။။ '' အနုဇာနာမိ ဘိက္ခဝေ သကိံ ပက္ခဿ စာတုဒ္ဒသေ ဝါ ပန္နရသေ ဝါ ဥပေါသထံ ကာရေတုံ''ဟု အာဂုမ် ဓမ္မစက် မိန့်တော်ချက်နှင့်အညီ စာတုဒ္ဒသီ, ပန္နရသီ, တိထီ ၂-ချက် ဥပုသ်ရက်လျှင် ဆက်ဆက်ပြည့်လျှံ ဆယ့်ငါးရက်မှန်သား ပန္နရသီ တိထီပုဏ္ဏ ပြည့်စုံလှ၍ ပတ္တကလ္လ ပထမအင်္ဂါနှင့် ပြည့်စုံပါ၏ဘုရား။

၂-မေး။ သာဓု သာဓု ငါ့ရှင်....ထို့ပြင်တစ်ချက် ''စတုဝဂ္ဂ ကရဏကမ္မေ စတ္တာရော ဘိက္ခူ ပကတတ္တာ ကမ္မပတ္တာ၊ အဝသေသာ ပကတတ္တာ ဆန္ဒရဟာ''ဟု ကမ္မဝဂ်ပါဠိလာရှိသည်နှင့်အညီ ဤသည်ယခု ဥပုသ်မှုသည် စတုဝဂ္ဂ ဖြစ်ထရကား-လေးပါးထေရ်မြတ် ပကတတ်တို့ ဟတ္ထပါသ်တွဲ သိမ်မကွဲဘဲ တခဲတစု ညီညာမှုဖြင့် ပတ္တကလ္လ ဒုတိယအင်္ဂါ နှင့်လည်း ပြည့်စုံပါလော။

ဖြေ။ အာမဘန္တေ။။''အနုဇာနာမိ ဘိက္ခဝေ စတုန္နံ ပါတိမောက္ခံ

ဥဒ္ဒိသိတုံ''ဟု အာဂုမ်မိန့်ချက် ဓမ္မစက်နှင့်အညီ ဤသည်ယခု ဥပုသ်မှုသည် စတုဝဂ္ဂ ဖြစ်ထရကား- လေးပါးမထေရ်မြတ် ပကတတ်တို့ ဟတ္ထပါသ်တွဲ သိမ်မကွဲဘဲ တခဲတစု ညီညာမှုဖြင့် ပတ္တကလ္လ ဒုတိယအင်္ဂါနှင့်လည်း ပြည့်စုံပါ၏ဘုရား။

၃-မေး။ သာဓုသာဓုငါ့ရှင်....ထို့ပြင်တချက် လက်ထက် တော်အခါဝယ် သံဃာအများ တပါးမလွတ် ဝတ္ထုတူဘိ အာပတ်ရှိ၍ သုဒ္ဓိကိစ္စခွင့်မရဘဲ ''န ဘိက္ခဝေ သဘာဂါပတ္တိ ဒေသေတဗ္ဗာ၊ ယော ဒေသေယျ-အာပတ္တိ ဒုက္ကဋဿ၊ န ဘိက္ခဝေ သဘာဂါပတ္တိ ပဋိဂ္ဂဟေ တဗ္ဗာ၊ ယော ပဋိဂ္ဂဏှေယျ-အာပတ္တိ ဒုက္ကဋဿ၊ နဘိက္ခဝေ သာပတ္တိကေန ဘိက္ခုနာ ပါတိမောက္ခံ သောတဗ္ဗံ၊ ယော သုဏေယျ အာပတ္တိ ဒုက္ကဋဿ''ဟု ဘုရားမိန့်ချက် ဓမ္မစက် ၃-ထွေရှိပြန်ပေသည်၊ သို့ဖြစ်ပါ၍ ဤတိုက်ဤတာ သံဃာအများ တပါးမလွတ် ဝတ္ထုတူမျှ သင့်ကုန်ကြသော သဘာဂအာပတ်မှ လွတ်ကင်းကြခြင်း-ဟူသော ပတ္တကလ္လ တတိယ အင်္ဂါနှင့် ပြည့်စုံပါ၏လော။

ဖြေ။ အာမဘန္တေ။။''န ဘိက္ခဝေ သဘာဂါပတ္တိ'' အစရှိသော ပါဠိတော်မြတ် မုခပါဌ်နှင့်အညီ ဤသည်ယခု ဥပုသ်မှုကား-အတူတူမျှ သင့်ကုန်ကြသော သဘာဂအာပတ်မှ လွတ်ကင်းခြင်း -ဟူသောပတ္တကလ္လ တတိယ အင်္ဂါနှင့်လည်း ပြည့်စုံပါ၏ဘုရား။

၄-မေး။ သာဓုသာဓုငါ့ရှင်... ထို့ပြင်တချက် လက်ထက် တော်အခါဝယ် လူသာမဏေစသော ဝဇ္ဇနီယ ပုဂ္ဂိုလ်အစစ် နှစ်ကျိပ် တစ်အလယ်၌ မဖွယ်မလှ ပါတိမောက် ပြခြင်းကြောင့် '' န ဘိက္ခဝေ သဂဟဋ္ဌာယ ပရိသာယ ပါတိမောက္ခံ ဥဒ္ဒိသိတဗ္ဗံ၊ ယော ဥဒ္ဒိသေယျ, အာပတ္တိ ဒုက္ကဋဿ '' စသည်တွေလှစ် နှစ်ဆယ့်တစ်လျှင် အမြစ်အနုတ် သိက္ခာပုဒ်ကို သရုပ်စေ့ရေ ပညတ်တော်မူပေသည်၊ သို့ဖြစ်ပါ၍ လူ သာမဏေစသော ဝဇ္ဇနီယနှစ်ကျိပ်တစ်မှစင်စစ် လွတ်ကင်းခြင်းဟူသော ပတ္တကလ္လ စတုတ္ထအင်္ဂါနှင့်လည်း ပြည့်စုံပါ၏လော။

ဖြေ။ အာမဘန္တေ။။ '' ဧကဝီသတိပုဂ္ဂလာ ဝဇ္ဇနီယာနာမ၊ တေဟိ ဟတ္တပါသတော ဗဟိကရဏဝသေန ဝဇ္ဇိတဗ္ဗာ'' ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ ဟတ္ထပါသ်မှ အပပြုခါကျင့်အပ်စွာသော လူသာမဏေစသော နှစ်ကျိပ်တစ်မှ စင်စစ်လွတ်ကင်းခြင်းဟူသော ပတ္တကလ္လ စတုတ္ထအင်္ဂါနှင့်လည်း ပြည့်စုံပါ၏ဘုရား။

သာဓု.သာဓု.ငါ့ရှင်... အင်္ဂါအစုံ လေးပါးကြုံမှ သံဃာ့ဤကံ ပြုသင့်တန်ဟု ပတ္တကလ္လ အမည်ပြလျက် အဋ္ဌကထာသခင် ထေရ်အရှင် တို့ သင်္ဂဟမှု အချုပ်ပြု၍

ဥပေါသထော ယာဝတိကာ စ ဘိက္ခူ ကမ္မပ္ပတ္တာ။ သဘာဂါပတ္တိယော စ န ဝိဇ္ဇန္တိ။

ဝဇ္ဇနီယာ စ ပုဂ္ဂလာ တသ္မိံနဟောန္တိ။

ပတ္တကလ္လန္တိဝုစ္စတိ။။

ဟု- ပါတိမောက်တွင် အဦးတင်လျက် အစဉ်ထားအပ်သည်ဟုမှတ်။

ပတ္တကလ္လအင်္ဂါလေးပါး ပြီး၏၊

-------------------

''ပါတိမောက္ခံ ဥဒ္ဒိသိထုံ အာရာဓနံ ကရောမ'' ဟူသော ဝါကျမူကား ပါဠိတော်တို့၌လည်း မလာ၊ အဋ္ဌကထာကြီးတို့၌လည်း မရှိ၊ နောက်ဖြစ် ကျမ်းတို့မှ လာသောစကားသာ ဖြစ်သတည်း။

အနက်ကား- ပုဗ္ဗကရဏပုဗ္ဗကိစ္စာနိ=ပုဗ္ဗကရဏလေးပါး, ပုဗ္ဗကိစ္စ ငါးပါးတို့ကို၊ သမာဒပေတွာ=နှိုးဆော်တိုက်တွန်းပြီး၍၊ ဒေသိတာ ပတ္တိကဿ=အချင်းချင်းကြားအပ်ပြီးသော၊ သမဂ္ဂဿ=ညီညွတ်သော၊ ဘိက္ခုသံဃဿ=ရဟန်းသံဃာတော်၏၊ အနုမတိယာ=အလိုအားဖြင့်၊ ပါတိမောက္ခံ=ပါတိမောက်ကို၊ ဥဒ္ဒိသိတုံ=အကျဉ်းသရုပ်အားဖြင့် ဖော်ထုတ် ခင်းကျင်း ရွတ်ဆိုခြင်းငှါ၊ အာရာဓနံ=နှစ်သက်ခြင်းကို၊ မယံ=ငါတို့သည်၊ ကရောမ=ပြုကုန်၏၊

[ သမာဒပေတွာ- အရာ၌ သမ္ပာဒေတွာရှိမှု အလွန်သင့်ရာ၏၊ သမ္ပာဒေတွာ=ပြည့်စုံစေ၍- ဟုပေး။ ] ပါတိမောက်ပြ သံဃဥပုသ်ပြုရာ ပုဗ္ဗကိစ္စအစီအရင်ကို

အစဉ်မေးဖြေပုံအခန်း ဤတွင်ပြီး၏၊

နိဂုံး

ယခုအခါ ပါတိမောက် ပြပြီးသည်၏အဆုံး၌ နိဂုံးစကား လျှောက်ထားရန်ကို ဆိုပေအံ့။

''ဧတ္တကံ တဿ ဘဂဝတော သုတ္တာဂတံ သုတ္တပရိယာပန္နံ အနွဒ္ဓမာသံ ဥဒ္ဒေသံ အာဂစ္ဆတိ၊ တတ္ထ သဗ္ဗေဟေဝ သမဂ္ဂေဟိ သမ္မောဒမာနေဟိ အဝိဝဒမာနေဟိ သိက္ခိတဗ္ဗံ''။

ဟူသော အချုပ်စကား ဘုရားအမှာ ဒေသနာနှင့်အညီ မဟာ ကမ္ဘာ အသင်္ချေကြာသော်လည်း တစ်ခါတစ်ရက် တစ်နံနက်လျှင် အိမ်မက်တွင်မျှ မမြင်ဘူးကြ ထူးမြတ်လှသော နဝမခေတ် ဤအဖြစ်ဝယ် ဓမ္မရာဇ်မင်းဖျား မြတ်ဘုရား၏ သားတော်အစစ် ဖြစ်ကြသည်အခါ ဗာလအန္ဓ အစတုံးအစွန်းတုံး အဖြုန်းအဖျင်း လူတသင်းတို့၏ အမှုအရာ ကာယကံ၏ မငြိမ်သက်ခြင်း, ဝစီကံ၏ မငြိမ်သက်ခြင်း, ကာယကံ၏ မသိမ်မွေ့ခြင်း, ဝစီကံ၏ မသိမ်မွေ့ခြင်း, ကာယကံ၏ မသန့်ရှင်းခြင်း, ဝစီကံ၏ မသန့်ရှင်းခြင်း, ရုန့်ရင်းရိုင်းသော အလေ့ဝါသနာ မသမာသော အမှုတွေကို နာနာနှိပ်ကွပ် အတင်းသတ်၍ ပညတ်တော်အလာ ယခုနာကြသော သိက္ခာပဒသီလပရမတ် အလေးအမြတ်တို့ကိုသာ အကျပ်ကျပ်တည်းတည်း စောင့်စည်းသမှု အခြေစု၍ စတုပါရိသုဒ္ဓိသခင် အရှင်ကောင်းတဆူဖြစ်တော်မူကြမှ သမထဝိပဿနာ ရှစ်ဖြာဖိုလ်မဂ် ရဲရဲတက်သဖြင့် သက္ကာယဒိဋ္ဌိအစရှိသော ကိလေသာငန်းမန်း အပြင်း ဖမ်း၍ ချမ်းသာမငွေ့မေ့ကြီးမေ့လျက် ယနေ့ထက်တိုင်မျှ နေကြရသော ဗာလလပုထုဇဉ်အဖြစ်မှ စင်စစ်ထွက်မြောက် ချမ်းသာရောက်အောင် ကျင့်ဆောင်အားထုတ်တော်မူကြပါ-အရှင်သူမြတ်တို့ဘုရား။

[မုံရွာမြို့ သာဓုဇနပါသာဓိကတိုက်

လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုပြင်စီရင်အပ်သော ပါတိမောက်အမေးအဖြေပြီး၏၊]

----------

ဝါဆိုသင်္ကန်း အမေးအဖြေ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝါဆိုသင်္ကန်းအမေး

၁။ အာဂုသော=ငါ့ရှင်၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ယံဝဿဝါသိကံနာမ=အကြင်ဝါဆိုသင်္ကန်းမည်သည်ကို၊ ပညတ္တံ= ဝါဆိုသင်င်္ကန်းကို လှူဒါန်းကြသူ ဒါယကာ, ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား၊ သဒ္ဓါဗုဒ္ဓိယာ=သဒ္ဓါတရားပွား များကြစေခြင်းအကျိုးငှာ၊ တဿ=ထိုဝါဆိုသက်န်း၏၊ ကာရဏံ=အကြောင်းအရာကို၊ တေ=သင့်ငါ့ရှင်အား၊ ပုစ္ဆိဿံ= မေးမြန်းပါအံ့၊ ယထာဝိနယံ=ဝိနည်းကျမ်းဂန်လာရှိသည် အားလျော်စွာ၊ တွံ=သင်ငါ့ရှင်သည်၊ ဗျာကရောဟိ=ဖြေဆို လျှောက်ကြားပါလော့-။

၂။ သာဓု သာဓု ငါ့ရှင် ----နတ်လူတို့သခင် သုံးလောက ထိပ်တင် သုံးခွင်လုံးမကိုဋ် သုံးတိုက်လုံးနတ် သုံးလောက ဥက္ကဌ်သည် ပညက်တော်မူပေသော ဤဝါဆိုသင်္ကန်းသည် ''ဝဿံ ဝသန္တီတိ ဝဿဝါသာ၊ ဝဿဝါသံ အရဟတီတိ ဝဿဝါသိ ကံ''ဟူသော ဝစနတ္ထနှင့်လျော်ညီစွာ တစ်ခုသော တိုက်တာ၌ ဝါဆိုဝါကပ်၍ ဝါမပြတ် ဝါမကျိုး ကျင့်သိက္ခာမညှိုးဘဲ ဖြိုးမောက်သော အကျင့်ဝတ်နှင့် ဝါကျွတ်သော ရဟန်းတို့ သည်သာ ရယူခြင်းငှာ ထိုက်တန်သော ဗျုပ္ပတ္တိနိမိတ် ဂုဏ်သိမ်ဟိတ်ကြောင့်၎င်း, ''ဝဿဝါသာနံ ဣဒန္တိ ဝဿ ဝါဿိကံ'' ဟူသော ဝစနတ္ထနှင့် လျော်ညီစွာ တစ်ခုသော တိုက်တာ၌ ဝါဆိုဝါကပ်၍ ဝါမပြတ်ဝါမကျိုးသော ရဟန်း တို့၏သာ ပိုင်ဆိုင်ရာသော ပဝတ္ထိနိမိတ် ဂုဏ်သိမ်ဟိတ် ကြောင့်၎င်း, ဝဿဝါသိက မည်၏၊ ဤသို့သော ဝစနတ္ထဝိဂ္ဂဟ ကြောင့် ဝဿဝါသိက နာမသညာ ခေါ်မည်သာသော ဤဝါဆိုသင်္ကန်းသည် ''အဋ္ဌိမာ ဘိက္ခဝေ မာတိကာ စီဝရဿ ဥပ္ပါဒါယ၊ သိမာယဒေတိ၊ ကတိကာယဒေတိ၊ သိက္ခာ ပညတ္တိယာ ဒေတိ၊ သံဃဿ ဒေတိ၊ ဥမတောသံဃဿ ဒေတိ၊ ဝဿံဝုဋ္ဌ သံဃဿ ဒေတိ၊ အာဒိဿ ဒေတိ၊ ပုဂ္ဂလဿ ဒေတိ၊ '' ဟု ဝိနည်းမဟာဝါ ပါဠိတော် မြတ်၌ ပညတ်တော် မူသော သင်္ကန်းဖြစ်ရာ ရှစ်ဖြာသောမာတိကာပုဒ်တို့တွင် အဘယ်မာတိကာပုဒ်မှာ ပါဝင်ပေသနည်း-ငါ့ရှင်။

၃။ လူမင်းတကာတို့၏ဥက္ကဌ် နတ်မင်းတကာတို့၏ခေါင်ဖျား သိကြားမင်းတကာတို့၏ရာဇာ ဗြဟ္မာမင်းတကာတို့၏မကိုဋ် အမြိုက်ဥသျှောင် သုံးလောကတိုက်ဘောင်၌ အမိုက်မှောင် ပယ်ရှားသည့် ဘုရားတည်းဟူသော နေမင်းကြီးသည်ပညတ် တော်မူပေသော သင်္ကန်းဖြစ်ရာ ရှစ်ဖြာသော မာတိကာ ပုဒ်တို့တွင် ''ဝဿံဝုဋ္ဌ သံဃဿ ဒေတိ'' ဟူသောမာတိကာ ပုဒ်မှာ ပါဝင်သော-ဟူ၍ဆိုပြီ၊ ထိုဝါဆိုသင်္ကန်းသည် အဘယ်မျှ အပြားရှိပေသနည်း-ငါ့ရှင်။

၄။ ဘုန်းတော်အနန္တ ကံတော်အနန္တ စကြာဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့၏တည်ရာ သမ္မာသဗ္မုဒ္ဓ အတုလမှန်ကူ ဖြစ်တော်မူသော သဗ္ဗညုရှင်စော၏ သဘော တော်အလိုကို မပိုမယုတ် အဟုတ်အမှန် အမြင်သန်သဖြင့် ဉာဏ်ဗလဝ ကြီးမြင့်တော်မူလသော အဋ္ဌကထာဆရာသည် ''သစေ သံဃိကော စ သဒ္ဓါဒေယျော-စာတိ ဒွေစီဝရပစ္စယာ ဟောန္တိ'' ဟူ၍ သေနာသနက္ခန္ဓက အဋ္ဌကထာကျမ်း မြတ်၌ မိန့်ဆိုအပ်သည်နှင့်အညီ ဝါဆိုသင်္ကန်းအကျိုးငှါ ထာဝရ လှူဒါန်း၍ထားအပ်သော လယ်, ယာ, ဥယျဉ် စသည် တို့မှဖြစ်သော သံဃိက ဝါဆိုသင်္ကန်းလည်းတစ်မျိုး၊ သမယအခါ ဆိုက်တိုက်လာမှ သဒ္ဓါကုန်အားသမျှ လှူဒါန်း ကြသော သဒ္ဓါဒေယျ ဝါဆိုသင်္ကန်းလည်းတစ်မျိုးဟူ၍ ဝါဆိုသင်္ကန်းအပြား၂-ပါးရှိသော-ဟူ၍ဆိုပြီ၊ ထိုဝါဆိုသင်္ကန်း ကို လှူဒါန်းသူဒါယကာ, ဒါယိကာမတို့အား အဘယ်လ, အဘယ်နေ့မှစ၍ ရဟန်းတော်တို့က နှိုးဆော်သမှု မေးမြန်း မှုကို ပြုရပါသနည်း-ငါ့ရှင်။

၅။ ''အာသဠှိဇုဏှပက္ခ ပဉ္စမိတော ပဌာယ ဝဿဝါသိကံ ပုစ္ဆိတဗ္ဗံ'' ဟူ၍ဗုဒ္ဓမတညု ကျမ်းပြုသခင် အရှင်မဟာဗုဒ္ဓဃောသ ဆရာသည် သေနာသနက္ခန္ဓကထာကျမ်းမြတ် မိန့်ဆိုအပ်သည် နှင့်အညီ ဝါဆိုသင်္ကန်းလှူဒါန်းသူ ဒါယကာ, ဒါယိကာမတို့အား ဝါဆိုလဆန်း၅-ရက်နေ့မှစ၍ ရဟန်းသံဃာတော်တို့က နှိုးဆော်သမှု မေးမြန်းမှုကို ပြုရသော-ဟူ၍ဆိုပြီ၊ အဘယ် သို့သော သူတို့အား နှိုးဆော်သမှု မေးမြန်းမှုကို ပြုခြင်းငှါ အပ်ပါသနည်း-ငါ့ရှင်။

၆။ ''ယတော ပကတိယာ လဗ္ဘတိ'' ဟူသော အဋ္ဌကထာ

ပါဌ်နှင့်အညီ နှစ်စဉ်ထာဝရ လှူနေကျဖြစ်သော ဒါယကာ, ဒါယိကာမတို့ကိုသာ နှိုးဆော်သမှု မေးမြန်းမှုကိုပြုခြင်းငှာ အပ်စပ်သော-ဟူ၍ဆိုပြီ၊ အဘယ်အကြောင်းကြောင့် နှိုးဆော်သမှု မေးမြန်းမှုကို ပြုရပါသနည်း-ငါ့ရှင်။

၇။ ''ကဒါစိ ဟိ မနုဿာဒေန္တိ'' အစရှိသော အဋ္ဌကထာပါဌ် နှင့်အညီ နှစ်စဉ်ထာဝရ လှူနေကျဖြစ်သော ဒါယကာ၊ ဒါယိကာမတို့ကိုသာ နှိုးဆော်သမှု မေးမြန်းမှုကို ပြုရသောဟူ၍ဆိုပြီ၊ တိုက်တွင်းရှိ သံဃာတော်တို့အား ဝါဆိုသင်္ကန်း လက်မှတ်ကို အဘယ်နေ့ရက်မှာ ပေးအပ်ရပါသနည်း-ငါ့ရှင်။

၈။ ''အပရဇ္ဇဂတာယ အာသဠှိယာ ပုရိမတော ဂါဟေတဗ္ဗော'' ဟူသောပါဠိတော်မြတ် မုခပါဌ်နှင့်အညီ တိုက်နေ မဟာထေရ် သံဃာတို့ ကျောင်းနေရာချမှတ် ဝါဆိုနေ့ရက်မြတ်ဝယ်ကပ္ပိယ သင်္ကန်းလှူဒါန်းသူ ဒါယကာ၏ မည်သညာနာမနှင့် စီဝရ ထည်ရေကို ငွေစက္ကူလွင်လွင်၌ ရွှေမင်နှင့်ရေးမှတ်၍ ပေးအပ်ရကြောင်းကိုဆိုပြီ၊ အဘယ်ရက်, လ သမယသည် ဘုရားသခင်လက်ထက်တော်မှစ၍ ယနေ့တိုင်ပင် ချစ်ရှင် မြတ်စွာ သာသနာဝယ် အခါတွင်ဆန်း ရွှင်မခန်းသည့် သင်္ကန်း ပွဲသမယ ဖြစ်ပါသနည်း-ငါ့ရှင်။

၉။ ''စီဝရဒါနသမ ယောနာမအနတ္ထတေ ကထိနေ ဧကောကတ္တိကမာသော'' ဟူသောပါဠိတော်မြတ် မုခပါဌ်နှင့်အညီ အဇဋာဗွေ အာကာသေ ငွေဘုံရဟတ် ရောင်နဝင်းစုံ ပြောင်လင်းထုံ စန်းယုန်နတ်နှင့် နက္ခတ်တံခွန် ပုလဲစုနှယ် ရှုစဘွယ် ကြယ်အမွန်တို့ အဝှန်မြိုင်မြိုင် ဗဟိုမြင့်ဖြိုး စွင့်စွင့်မိုး တန်ခိုး ရောင်ပြိုင်ကြသည့် ဂနိုင်အပြင် မြိုင်တခွင်ဝယ် အိုင်စဉ်တလျှောက် ငါးမည်ကြာမျိုး ဖြာဖြာမိုး ဖြိုးဖြိုး မောက်လျှင် အံ့လောက်အမူ ရေအပြင်လုံး ပျားပိတုန်းသို့ အုန်းအုန်းသံ ဆူကြ၍ ပြည်တော် သူပေါင်း ကြာလက်စုံ ထိန်ဝေနှင့် စိန္တေမှာ ညောင်ရေလောင်း၍ ဆုတောင်းသည့် သမယ သီတင်းကျွတ် လပြည့်ကျော်တစ်ရက် ထိုနေ့မှ နောက်လပြည့်တန်ဆောင်မုန်း ဤတစ်လလုံးမှာ တစ်ပြည်လုံး တစ်မြို့လုံး အုန်းအုန်းဆူသိမ့်သိမ့်သဲ သာဝတ္ထိရွှေပြည်သူတို့ သင်္ကန်းလှူ သဘင်နွှဲကြသည့် သင်္ကန်းပွဲ သမယသည် ဘုရားလက်ထက်တော်မှစ၍ ယနေ့တိုင်ပင် ချစ်ရှစ်မြတ်စွာ သာသနာဝယ် အခါတွင်ဆန်း ရွှင်မခန်း သင်္ကန်းသမယ ဖြစ်သော-ဟူ၍ဆိုပြီ၊ ဝါဆိုသင်္ကန်း လှူဒါန်းသူ ဒါယကာ, ဒါယိကာမတို့မှာ မိမိတို့ ဆောက်လုပ်အပ်သော ကျောင်းရှိ သော ဒါယကာလည်းရှိသည်၊ ကျောင်းကားမရှိ၊ မိမိတို့ပြု လုပ်အပ်သော စေတီ, ပုထိုး, ဗောဓိအိမ်, သိမ်, တန်ဆောင်း, ရေတွင်း, ရေကန် စသည်ရှိသော သူလည်းရှိသည်၊ ထာဝရ ဝတ္တု တစ်စုံတစ်ခုမျှ မရှိသော သူလည်းရှိသည်၊ ထိုသူတို့ သင်္ကန်းကို အဘယ်သို့ သင်္ကန်းလက်မှတ် ပေးအပ်ရပါ သနည်း-ငါ့ရှင်။

၁၀။ သဒ္ဓါဒေယျပစ္စည်း၌ ဝါဆိုသင်္ကန်းလက်မှတ် ပေးအပ်သည် များကိုလျှောက်ဆို၍ သိရပေပြီ၊ ဝါဆိုသင်္ကန်းအကျိုးငှာ ထာဝရလှူဒါန်း၍ထားသော လယ်, ယာ, ဥယျဉ်တို့မှ ဖြစ်သော တတြူပ္ပဒပစ္စည်း၊ ဝါဆိုသင်္ကန်း အကျိုးငှာ ထာဝရလှူဒါန်း၍ ကြွေးမြီအတိုးအပွား ချထားသော ဥပနိကေထက္ခေပကစ္စည်း၊ ဤသံဃိက ပစ္စည်းများကို အဘယ်သို့ပြုရပါသနည်း-ငါ့ရှင်။

၁၁။ ထိုသို့သဒ္ဓါဒေယျတစ်မျိုး, သံဃိကပစ္စည်းတစ်မျိုး၊ ဤနှစ် မျိုးသော သင်္ကန်းပစ္စည်းတို့၌ တိုက်တာရှိ ရဟန်းတို့အား သင်္ကန်းလက်မှတ်ပေးအပ် ချထားရာသော အစီအရင်များကို ငါ့ရှင်လျှောက်ထား၍ ခြားနားစွာသိရပေပြီ၊ ဤသို့မေးအပ် သော နံပါတ်လက်မှတ်ကို ခံယူပြီးသော ရဟန်းသံဃာတို့သည် ဝါတွင်း သုံးလပတ်လုံး အဘယ်သို့ ပြုကြရပါသနည်း-ငါ့ရှင်။

၁၂။ ''သစေ မနုဿာ ဝဒန္တိ ယဿ အမှာကံ ဝဿဝါသိကံ ပါပုဏာတိ၊ သော တေမာသံ ပါနိယံ ဥပဋ္ဌာတု'' အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ ကျောင်းကိုသုတ်သင်ခြင်း, ကျောင်း တလင်းကို တံမြက်တလင်း လှည်းခြင်း, စေတီဗောဓိ ယင်ပြင်တို့၌ တံမြက်တလင်းလှည်းခြင်း, ဗောဓိပင်ကို နေ့စဉ် ရေလောင်းခြင်း-အစရှိသော ဝတ်နိဗဒ်တို့ကို ဝါတွင်းသုံးလ ပတ်လုံး အားထုတ်ကြရသော-ဟူ၍ဆိုပြီ၊ ထိုဝါတွင်း သုံးလ ပတ်လုံး သေနာသနဝတ်, စေတိယင်္ဂဏဝတ်, ဗောဓိယင်္ဂဏ ဝတ်တို့ကို ကောင်းမွန်စွာ အားထုတ်ပြီးမှ သင်္ကန်းပွဲနေ့မတိုင်မီ အကြား အရပ်တစ်ပါးသို့ ပြောင်းသွားသောရဟန်း, လူ၏ ဘောင်သို့ သက်လျောသော ရဟန်းတို့သည် ထိုသင်္ကန်းကို ရခြင်းငှါထိုက်ပါသလော-ငါ့ရှင်။

၁၃။ ထိုသူတို့သည် ယူလိုသော်ရခြင်းငှါ ထိုက်ပါသည်-ဟူ၍ဆိုပြီ၊ ဤတိုက်တာတွင် ဒုတိယဝါဆိုမှာမှ ဝါဆိုရသော ဒုတိယဝါ သားရဟန်း, ဝါဆိုပြီးမှ ဝါကျိုးဝါပျက်ကြသော ဆိန္နဝဿ ရဟန်းများသည် ထိုသင်္ကန်းကို ယူလိုသော် ရခြင်းငှါ ထိုက်ပါ သလော-ငါ့ ရှင်။

၁၄။ ''ပစ္ဆိမဝဿူပနာယိကဒိဝသေ ပန သစေ ကာလံ ဃောသေတွာ သန္နိပတိတေ သံဃေ'' အစရှိသော အဋ္ဌ ကထာပါဌ်နှင့်အညီ ဤတိုက်တာတွင် ဒုတိယဝါမှာမှ ဝါဆိုရ သော ဒုတိယဝါသားရဟန်းများမှာ ပထမဝါသား ရဟန်းများ နှင့်မခြား အတူယူထိုက် ရထိုက်ပါသည်၊ ဝါကျိုးဝါပျက်သော ရဟန်းတို့မှာ ပကတိအားဖြင့် ရထိုက်သောအခွင့်မရှိ၊ ကတိကဝတ်သော်လည်းရှိမှ, အပလောကနကံ ပြု၍သော် လည်းပေးပါမှ ရထိုက်ပါသည်-ဟူ၍ဆိုပြီ၊ ဤတိုက်တာမှာ လှူကြသော ဝါဆိုသင်္ကန်း အစရှိသော သံဃိက ပစ္စည်း ဝတ္ထုများကို အခြားတစ်ပါးသော တိုက်တာ၌ ဝါဆို ဝါကျွတ်သော ရဟန်းတို့သည် ဤတိုက်တာ၍ ဝါဆိုဝါကျွတ် သောရဟန်းတို့နှင့် မပြားမကွဲ တတိုက်ထဲကဲ့သို့ တလုံး တစည်းထဲ အညီအမျှ ရထိုက်ယူသော နည်းလမ်းသည် ကျမ်းဂန်မှာရှိပါသလော-ငါ့ရှင်။

၁၅။ ဤသို့လျှင် ဤတိုက်ဤတာ၌ ဝါဆိုသောရဟန်းတို့အား သင်္ကန်းလက်မှတ်ပေးအပ်ရာသော အစီအရင်များကို၎င်း, သင်္ကန်းလက်မှတ်ကို ခံယူပြီးသော ရဟန်းတို့၏ ဝါတွင်းသုံးလ ပတ်လုံးပြုရသော အစီအရင်များကို၎င်း ငါ့ရှင်လျှောက်ထား၍ ခြားနားစွာ သိရပေပြီ၊ သီတင်းကျွတ်လပြည့်ကျော် တရက် နေ့ နံနက် အရုဏ်တတ်သည်မှစ၍ တန်ဆောင်မုန်း လပြည့်နေ့တိုင် ဤတစ်လအတွင်း သင်္ကန်းပွဲသမယသို့ ဆိုက်ရောက်သောအခါ သင်္ကန်းရှင် ဒါယကာတို့သည် အဘယ်သို့ လှူဒါန်းကြကုန်သနည်း-ငါ့ရှင်။

၁၆။ အခါနေ့ရက် ချိန်းချက်စုပေါင်း ချိမ့်ချိမ့်ငြောင်းမျှ ကျောင်း သို့လာ၍ လှူဒါန်းနည်းတစ်ပါး၊ မိမိတို့၏ ဝါဆိုသင်္ကန်း ကျရောက်ရာရဟန်းကို စံခန်းနေရာ အိမ်ဂေဟာသို့ပင့်၍ လှူဒါန်းနည်းတစ်ပါး-ဟူ၍ ၂-ပါးအပြားရှိသော-ဟူ၍ဆိုပြီ၊ ထိုနည်း ၂-ပါးတို့တွင် ကျောင်းတိုက်သို့လာ၍ လှူဒါန်းသော နည်းမှာ အပိုအမိုမပါ ဝါဆိုဦးအခါက စာရင်ချမှတ် ပေးအပ် သည့်အတိုင်းသာ လှူဒါန်းသူလည်းရှိလိမ်မည်၊ ဉာတိမျိုးဆွေ အချွေအရံ မိတ်သင်္ဂဟ များပြားလှသော ဒကာ့မျက်နှာကြီး, ဒကာမမျက်နှာကြီးဖြစ်ပေ၍ နောက်တိုးနောက်ပွါး အများပါ ရှိသူလည်း ရှိပေလိမ့်မည်၊ ထိုသင်္ကန်းတို့ကို အဘယ်သို့ ရထိုက်ပါသနည်း-ငါ့ရှင်။

၁၇။ ထိုနည်း ၂-ပါးတို့တွင် ကျောင်းတိုက်သို့လာ၍ လှူဒါန်းသော နည်းကို လျှောက်ဆို၍သိရပါပြီ၊ ဝါဆိုသင်္ကန်း ကျရောက်သည့် ရဟန်းကို စံခန်းနေရာ အိမ်ဂေဟာသို့ပင့်ဆောင်ခေါ်ယူ၍ လှူဒါန်းသော တည်းလမ်းမှာ အဘယ်သို့ယူထိုက်ပါ သနည်းငါ့ရှင်။

၁၈။ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ တပေါင်းလပြည့် နေ့တိုင် ငါးလအတွင်း၌ ဝါဆိုသင်္ကန်းကို လှူဒါန်းပါ၏ဆို၍လှူခဲ့သည်ရှိသော် အဘယ်သူရထိုက်ပါသနည်း-ငါ့ရှင်။

၁၉။ တပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစ၍ ဝါဆိုလပြည့်နေ့တိုင် နွေလေးလအတွင်း၌ ဝါဆိုသင်္ကန်း လှူဒါန်းပါ၏-ဆို၍ လှူခဲ့သည်ရှိသော် အဘယ်သို့ပြုအပ်ပါသနည်း-ငါ့ရှင်။

၂၀။ အချို့အချို့သော ဒါယကာတို့သည် ဝါကျွတ်သောအခါ ဝါဆိုသင်္ကန်းလှူဒါန်းပါမည်-ဟု စာရင်ချမှတ်ပြီးသည်နောက် တစ်စုံတစ်ခုသော အကြောင်းရှိခဲ့၍ ဝါကျွတ်သည်တိုင်အောင် မစောင့်စားနိုင်ကြရှိသည်နှင့် ဝါတွင်းမှာပင် လှူကြကုန်၏၊ ထိုဒါယကာတို့၏ ဝါဆိုသင်္ကန်းကို အဘယ်သို့ပြုအပ်ပါ သနည်း-ငါ့ရှင်။

၂၁။ သာဓုသာဓု ငါရှင်...သုံးခွင်လုံးမကိုဋ် သုံးတိုက်လုံးနတ် သုံရပ်ဘုံသူ နတ်လူဗြဟ္မာ သတ္တဝါတို့၏ အချာအချုပ် အနုတ္တရ ဓမ္မသာမိ မုနိသယမ္ဘူ ဖြစ်တော်မူပေသော သဗ္ဗညုရှင်စောသည် ဟောကြား ပညတ်တော်မူအပ်သော ဝိနည်းတော်အလာ ဝါဆိုသင်္ကန်း ကပ်လှူပုံနည်းလမ်းများကို ကျမ်းဂန်ပါဠိ လာရှိတိုင်း အစီအရင်နှင့် ငါ့ရှင်ကလျှောက်ကြား ၍ အများသံဃာ ဒါယကာ, ဒါယိကာမ အပေါင်းသူတော် ကောင်းတို့ ကောင်းစွာကြားသိရပေကုန်ပြီ၊ ဓမ္မတန္တီ ကျမ်းဂမ္ဘီ တို့နှင့် ညီညွတ်စွာ ဖြစ်လာသော ယခုနှစ်ဝါဆိုသင်္ကန်းမှာ အဘယ်ရွာသူ သဒ္ဓါဖြူတို့ ကပ်လှူသောသင်္ကန်းဖြစ်ပါသနည်းငါ့ရှင်။

၂၂။ သာဓုသာဓု ငါ့ရှင်...ဘုရင်တကာတို့၏အထွဋ် တမွတ် ဥသျှောင် သောင်းလောကတိုက်ဘောင်၌ မင်းခေါင်မင်းဖျား မင်းတရားကြီးဖြစ်တော်မူပေသော သဗ္ဗညုရှင်စောသည် မိန့်ဟောပညတ် ထုတ်ပြန်တော်မူအပ်သော မုခပါဌ်ဗျာဒိတ် ဝိနည်းတော်ရွှေတံဆိပ်ကို ကရဝိက်ငှက်မင်း ဟေမဝန္တာ မြိုင်ရဂုံက ခွန်းသံစုံညှင်းသကဲ့သို့ ရှင်းလင်းစွာဖြေကြား ၍ အများသံဃာ နားထောင်သူ ဒါယကာတို့ ကောင်းမွန်စွာ သိရသဖြင့် မြတ်မုနိဘဂဝါ စောရှင်ချစ် သာသနာဝယ် ကြည် သဒ္ဓါညွတ်ညောင်း ဥပုသ်သည်အပေါင်းတို့ တောင်းပန်ချက် အမှုကို ကရုဏာရှေ့ထားလျက် တရားကျမ်းဂန်တို့နှင့်အညီ လယ်တီတိုက်သံဃာတို့ နေရာကျစီရင်အပ်သော ဤဝါဆို သင်္ကန်း လှူဒါန်းမှုကုသိုလ်ကို များလူဗိုလ်နတ်အပေါင်း ဆော်ပဲ့တင်ရိုက်ညောင်းအောင် သောင်းသောင်းသာဓု ခေါ်ကြစေ။

ဝါဆိုသင်္ကန်း အမေးပြီး၏၊

-------*------

ဝါဆိုသင်္ကန်း အဖြေ

၁။ ဇယတု။ အာမဘနေ႓။။ ဘန္တေ=အရှင်ဘုရား၊ ဘဂဝတာ=မြတ်စွာဘုရားသည်၊ ယံဝဿဝါသိကံနာမ=အကြင် ဝါဆိုသင်္ကန်းမည်သည်ကို ပညတ္တံ= ပညတ်တော်မူအပ်၏၊ ဒါယကာနံ= ဝါဆိုသင်္ကန်းကို လှူဒါန်းကြသူ ဒါယကာ, ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား၊ သဒ္ဓါဗုဒ္ဓိယာ=သဒ္ဓါတရား ပွါးများကြပါစေခြင်း အကျိုးငှါ၊ တဿ=ထိုဝါဆိုသင်္ကန်း၏၊ ကာရဏံ=အကြောင်းအရာကို၊ တေ=အရှင်ဘုရားအား၊ ယထာဝိနယံ=ဝိနည်းကျမ်းဂန် လာရှိသည် အားလျော်စွာ၊ အဟံ=အကျွန်ုပ်သည်၊ ဗျာကရိဿာမိ=ဖြေဆို လျှောက်ကြားပါအံ့၊ ယထိစ္ဆိတံ=အလိုတော်ရှိတိုင်း၊ ပုစ္ဆ=မေးတော် မူပါလော့။

၂။ ''အဋ္ဌိမာ ဘိက္ခဝေ မာတိကာ စီဝရဿ ဥပ္ပါဒါယ၊ သီမာယ ဒေတိ၊ ကတိကာယ ဒေတိ၊ ဘိက္ခာပညတ္တိယာ ဒေတိ၊ သံဃဿ ဒေတိ၊ ဥဘတော သံဃဿ ဒေတိ၊ ဝဿံ ဝုဋ္ဌသံဃဿ ဒေတိ၊ အာဒိဿ ဒေတိ၊ ပုဂ္ဂလဿ ဒေတိ''ဟူ၍ ဝိနည်းမဟာဝါ ပါဠိတော်မြတ်၌ ပညတ်တော်မူပေသော သင်္ကန်းဖြစ်ရာ ရှစ်ဖြာသော မာတိကာပုဒ်တို့တွင် ''ဝဿံဝုဋ္ဌသံဃဿဒေတိ''ဟူသော မာတိကာပုဒ်မှာ ပါဝင်ပါသည်ဘုရား။

၃။ ''သစေ သံဃိကောစ သဒ္ဓါဒေယျောစာတိ ဒွေ စီဝရပစ္စယာ ဟောန္တိ''ဟူသော သေနာသနက္ခန္ဓက အဋ္ဌကထာကျမ်းမြတ် မိန့်အပ်သည်အညီ ဝါဆိုသင်္ကန်းအကျိုးငှါ ထာဝရလှူဒါန်း၍ ထား အပ်သော လယ်, ယာ, ဥယျာဉ်- စသည်တို့မှဖြစ်သော သံဃိက ဝါဆို သင်္ကန်းတစ်မျိုး၊ သမယအခါ ဆိုက်တိုက်လာမှ သဒ္ဓါကုန်အားသမျှ လှူဒါန်းကြသော သဒ္ဓါဒေယျဝါဆိုသင်္ကန်းတစ်မျိုး-ဟူ၍ ဝါဆိုသင်္ကန်း အပြား ၂-ပါးရှိပါသည်ဘုရား။

၄။ ''အာသဠှီ ဇုဏှပက္ခပဉ္စမိတော ပဋ္ဌာယ ဝဿဝါသိကံ ပုစ္ဆိတဗ္ဗံ''ဟူသော သေနာသနက္ခန္ဓက အဋ္ဌကထာ မိန့်အပ်သည်နှင့်အညီ ဝါဆိုသင်္ကန်းလှူဒါန်းသူ ဒါယကာ, ဒါယိကာမတို့အား ဝါဆိုလဆန်း ၆- ရက်နေ့မှစ၍ ရဟန်းသံဃာတော်တို့က နှိုးဆော်သမှု မေးမြန်းမှုကို ပြုရပါသည်ဘုရား။

၅။ ''ယတော ပကတိယာ လဗ္ဘတိ''ဟူသော အဋ္ဌကထာ ပါဌ်နှင့်အညီ နှစ်စဉ်ထာဝရလှူနေကျဖြစ်သော ဒါယကာ, ဒါယိကာမ တို့ကိုသာ နှိုးဆော်သမှု မေးမြန်းမှုကို ပြုခြင်းငှါ အပ်စပ်ပါသည်ဘုရား။

၆။ ''ကဒါစိ ဟိ မနုဿာ ဒေန္တိ''အစရှိသော အဋ္ဌကထာပါဌ် နှင့်အညီ နှစ်စဉ်ထာဝရ လှူနေကျပင် ဖြစ်သော်လည်း အစာရောစာ ရှားပါးခြင်းအစရှိသော အကြောင်းကြောင့် လုံးလုံးမလှူနိုင်ကြသော နှစ်လည်းရှိပါသည်၊ အချို့သူကသာ လှူနိုင်၍ အချို့သူက မလှူနိုင် သောနှစ်လည်းရှိပါသည်၊ လှူနေကျမှလျော့ပေါ့၍ အချို့အဝက်သာ လှူနိုင်ကြသော နှစ်လည်းရှိပါသည်၊ နိုင်ငံပြည်ရွာ သာယာဝပြောလှ၍ လှူနေကျထက်ပို၍ လှူလိုကြသော နှစ်လည်းရှိပါသည်၊ တင်ကူး၍ မေးမြန်းခြင်းအမှုကို မပြုဦးဘဲ လှူမြဲတိုင်းစာရင်းနှင့် တိုက်တွင်းရှိ သံဃာတို့အား ဝါဆိုသင်္ကန်းလက်မှတ်ကို ပေးအပ်ချထားသည်ရှိသော် သီတင်းကျွတ်ခဲ့၍ သင်္ကန်းပွဲ သမယ ချိန်အခါကျလတ်သော် လက်မှတ် နှင့်သင်္ကန်း သူတလှမ်း ငါတနဲ အလွဲလွဲအချော်ချော် ဖြစ်ဖို့ရန်အရေးကို ရှေးဦးက မြင်မြှော်၍ နှိုးဆော်သမှု မေးမြန်းမှုကိုပြုရပါသည်ဘုရား။

၇။ ''အပရဇ္ဇုဂတာယ အာသဠှိယာ ပုရိမတော ဂါဟေ တဗ္ဗော''ဟူသော ပါဠိတော်မြတ် မုခပါဌ်နှင့်အညီ တိုက်တာနေ မဟာ ထေရ်သံဃာတို့ ကျောင်းနေရာချမှတ် ဝါဆိုရသည့်ရက်မြတ်ဝယ် ကပ္ပိယ သင်္ကန်း လှူဒါန်းသူ ဒါယကာ၏ မည်သညာနာမနှင့် စီဝရထည် ရေကို ငွေစက္ကူလွင်လွင်တွင် ရွှေမင်နှင့်ရေးမှတ်၍ ပေးအပ်ရပါသည်ဘုရား။

၈။ စီဒါနသမယော နာမ အနတ္ထကေ ကထိနေ ဧကော ကတ္တိကမာသော''ဟူသော ပါဠိတော်မြတ် မုခပါဌ်နှင့် အညီ အဇဋာဗွေ အာကာသေ ငွေဘုံရဟတ် ရောင်နဝင်းစုံ ပြောင်လင်းထုံ စန်းယုန်နတ်နှင့် နက္ခတ်တံခွန် ပုလဲစုနှယ် ရှုစဖွယ် ကြယ်အမွန်တို့ အဝှန်မြိုင်မြိုင် ဗဟိုမြင့် ဖြိုး စွင့်စွင့်မိုး တန်ခိုးရောင်ပြိုင်ကြသည့် ဂနိုင်အပြင် မြိုင်တစ်ခွင် အိုင်စဉ် တလျှောက် ငါးမည်ကြာမျိုး ဖြာဖြာမိုး ဖြိုးဖြိုးမောက်လျှင် အံ့လောက်အမူ ရေပြင်အလုံး ပျားပိတုန်းတို့ အုံးအုံးသံဆူကြ၍ ပြည်တော်သူပေါင်း ကြာလက်စုံထိန်ဝေနှင့် စိန္တေမှာညောင်ရေလောင်း၍ ဆုတောင်းသည့် သမယ သီတင်း ကျွတ်လပြည့်ကျော် ၁-ရက် ထိုနေ့မှ နောက်လပြည့် တန်ဆောင်မုန်း ဤတစ်လလုံးလုံး တစ်ပြည်လုံး တစ်မြို့လုံး အုန်းအုန်း ဆူသိမ့်သိမ့်သဲ သာဝတ္ထိပြည်သူတို့ သင်္ကန်းလှူသဘင် နွှဲကြသည့် သင်္ကန်း ပွဲသမယသည် ဘုရား လက်ထက်တော်မှစ၍ ယနေ့ထက်တိုင်ပင် ချစ်ရှင် မြတ်စွာ သာသနာဝယ် အလ့တွင်ဆန်း ရွှင်မခန်းသည့် သင်္ကန်းပွဲသမယ ဖြစ်ပါသည်ဘုရား။

၉။ ''တေသံ တေသံ သေနာသနေ ဘိက္ခူနံ ဝဿဝါသိကံ ဂါဟေတဗ္ဗံ''ဟူသော အဋ္ဌကထာပါဌ် မိန့်အပ်သည်နှင့်အညီ ဤတိုက် ဤတာတွင် ကျောင်းရှိသော ဒါယကာတို့၏ သင်္ကန်းကို သူ့ကျောင်းနှင့်သူ ဝယ်အပ်ရပါသည်၊ ''မနုဿာ ထူပံ ကတွာ ဝဿဝါသိကံ ဂါဟာပေန္တိ'' အစရှိသော အဋ္ဌကထာ ပါဌ်နှင့်အညီ ကျောင်းမဟုတ်သော စေတီ, ပုထိုးစသည်ရှိသော သူတို့၏သင်္ကန်းကို ထိုစေတီ, ပုထိုးစသည်တို့ အနီးအပါး၌ ကျောင်းလက္ခဏာရှိသော သစ်ပင်, မဏ္ဍပ်များမှာ ကပ်၍ပေးအပ်ပါသည်၊ ''ယေသံ ပန သေနာသနံ နတ္ထိ၊ ကေဝလံ ပစ္စယမေဝ ဒေန္တိ၊ တေသံ ပစ္စယံ အဝဿဝါသိကေ သေနာသနေ ဂါဟေတုံ ဝဋ္ဋတိ''ဟူသော အဋ္ဌကထာပါဌ်နှင့်အညီ ဤတိုက်ဤတာတွင်းမှာ ထာဝရဝတ္ထု တစ်ခုခုမျှ မရှိသော သူတို့၏ သင်္ကန်းကို ကျောင်းဒကာမရှိ၍ ဝါဆို သင်္ကန်းမရှိသော ကျောင်းမှာ ဆက်ကပ်လှူဒါန်း ရပါသည်ဘုရား။

၁၀။ ''တတြုပ္ပါဒေ ပန ကပ္ပိယကာရကာ ပုစ္ဆိတဗ္ဗာ'' အစရှိ သည်ဖြင့်လာသော အဋ္ဌကထာပါဌ်နှင့်အညီ ကပ္ပိာကာရက ပြုလုပ်သူ တို့ကို မေးမြန်း၍ ရဟန်းတော်တစ်ပါး တစ်ပါးလျှင် သင်္ကန်းလျာ ပိတ်ပုဆိုးမည်ရွေ့မည်မျှ ကပ်လှူပါမည်ဆိုလျှင် ထိုသူတို့အဆိုအတိုင်း ပေးအပ်ပါသည်၊ သင်္ကန်းလျာပိတ် ပုဆိုးကား-မရှိ၊ ရွှေငွေအသပြာ, ပိုက်ဆံ, ဒင်္ဂါး, ပျောင်း, စပါးသာရှိပါသည်ဆိုလျှင် ထိုရွှေငွေအသပြာ, ပိုက်ဆံ, ဒင်္ဂါး, ပျောင်း, စပါး-ဟူသော ဝေါဟာရသည် စာရင်းလက်မှတ် ပေးအပ်ခြင်းငှါ အပ်စပ်သော ဝေါဟာရ မဟုတ်သည်ဖြစ်ပါ၍ ဆန်ဟူသော ရုဠှီစကား, ပိတ်, ဖျင်-ဟူသော ရုဠှီစကားဖြင့် ရေးသားတင်မှတ်၍ ပေးအပ်ပါသည်ဘုရား။

၁၁။ ''သစေ မနုဿာ ဝဒန္တိ ယဿ အမှာကံ ဝဿဝါသိကံ ပါပုဏာတိ၊ သော တေမာသံ ပါနီယံ ဥပဋ္ဌာပေတု''အစရှိသော အဋ္ဌကထာပါဌ်နှင်အညီ ကျောင်းကိုသုတ်သင်ခြင်း, ကျောင်းတလင်းကို တံမြက်တလင်း လှည်းခြင်း, စေတီယင်ပြင်-ဗောဓိယင်ပြင်တို့၌ တံမြက် တလင်းလှည်းခြင်း, ဗောဓိပင်ကို နေ့စဉ်ရေလောင်းခြင်း-အရှိသော ဝတ်နိဗတ်တို့ကို ဝါတွင်းသုံးလပတ်လုံး အားထုတ်ကြရပါသည်ဘုရား။

၁၂။ ''တေမာသံ ပါနီယံ ဥပဋ္ဌာပေတွာ ဝိဟာရမဂ္ဂစေတိယင်္ဂဏ ဗောဓိယင်္ဂဏာနိ ဇဂ္ဂိတွာ ဗောဓိရုက္ခေ ဥဒကံ သိဉ္စိတွာ ပက္ကန္တော ဝိဗ္ဘမန္တောပိ ဝဿဝါသိကံ လဘတိယေဝ''ဟူသော အဋ္ဌကထာပါဌ် မိန့်အပ်သည်နှင့်အညီ ဝါတွင်းသုံးလပတ်လုံး သေနာသနဝတ်, စေတီ ယင်္ဂဏဝတ်, ဗောဓိယင်္ဂဏဝတ်တို့ကို ကောင်းမွန်စွာ အားထုတ်ပြီးမှ သင်္ကန်းပွဲနေ့ မတိုင်မီအကြား အရပ်တစ်ပါးသို့ ပြောင်းသွားသောရဟန်း, လူ၏ဘောင်သို့သက်လျောသော ရဟန်းတို့သည် ထိုသင်္ကန်းကိုယူလိုသော် ရခြင်းငှါထိုက်ပါသည်ဘုရား။

၁၃။ ''ပစ္ဆိမဝဿူပနာယိကဒိဝသေ ပန သစေ ကာလံ ဃောသေတွာ သန္နိပတိတေ သံဃေ''အစရှိသော အဋ္ဌကထာပါဌ်နှင့် အညီ ဤတိုက်ဤတာတွင် ဒုတိယဝါမှာမှ ဝါဆိုရသော ဒုတီယဝါသား ရဟန်းများမှာ ပထမဝါသား ရဟန်းများနှင့်မခြား အတူယူထိုက်ရထိုက်ပါ သည်၊ ဝါကျိုးဝါပျက်သော ရဟန်းတို့မှာ ပကတိအားဖြင့် ရထိုက်သော အခွင့်မရှိ၊ ပကတိဝတ်သော်လည်းရှိမှ, အပလောကနကံပြုသော်လည်း ပေးပါမှ ရထိုက်ပါသည်ဘုရား။

၁၄။ ''ကတိကာယ ဒေတိ၊ သမ္ဗဟုလာ အာဝါသာ သမာန လာဘာ ဟောန္တိ''အစရှိသောပါဠိတော်မြတ် မုခပါဌ်နှင့်အညီ ၂-တိုက် ၂-တာပင်ဖြစ်စေ, ထိုထက်အလွန် ဆယ်တိုက် ဆယ်တာပင်ဖြစ်စေ အညီအညွတ် ကတိကဝတ်ပြု၍ ထားကြသော တိုက်တာချင်းချင်း ဖြစ်ခဲ့ပါမူ တစ်ခုသောတိုက်တာမှာ လှူဒါန်းသော ဝါဆိုသင်္ကန်း အစရှိသော သံဃိကပစ္စည်း ဝတ္ထုများကို တစ်ခြားတစ်ပါးသော တိုက်တာ ၌ ဝါဆိုဝါကျွတ်သော ရဟန်းတို့သည် ဤတိုက်တာ၌ ဝါဆိုဝါကျွတ်သော ရဟန်းတို့နှင့် မပြားမကွဲ တစ်တိုက်ထဲကဲ့သို့ တစ်လုံး တစ်စည်း အညီအမျှ ရထိုက်ယူထိုက်သောနည်းလမ်းသည် ကျမ်းဂန် အထင်အရှားရှိပါ သည်ဘုရား။

၁၅။ အခါနေ့ရက် ချိန်းချက်စုပေါင်း ချိမ့်ချိမ့်ငြောင်းမျှ ကျောင်းသို့လာ၍ လှူဒါန်းနည်းတစ်ပါး၊ မိမိတို့၏ ဝါဆိုသင်္ကန်း ကျရောက်ရာ ရဟန်းကို စံခန်းနေရာ အိမ်ဂေဟာသို့ ပင့်ယူ၍ လှူဒါန်း နည်းတစ်ပါး-ဟူ၍ ၂-ပါး အပြားရှိပါသည်ဘုရား။

၁၆။ ''ဣဒံ ဝဿာဝါသိကံ အမှာကံ သေနာသနေ ဝုဋ္ဌဘိက္ခုနော ဒေမာတိ ဝုတ္တေ ယဿ ဂါဟိတံ, တေဿဝ ဟောတိ''အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ အပိုအမိုမပါ ဝါဆိုလဦးက စာရင်းချမှတ်ပေး သည့် အတိုင်းသာ လှူဒါန်းသူဖြစ်ခဲ့လျှင် ထိုသင်္ကန်းကို ထိုဒါယကာ၏ ကျောင်းပေါ်မှာ ဝါကျွတ်သော ရဟန်းတို့သာ ရထိုက်ပါသည်၊ ယင်းသို့ မဟုတ် ဤကျောင်းပေါ်မှာ ဝါဆိုဝါကျွတ်သော အရှင်တို့အား လှူဒါန်း ပါ၏-ဆို၍လှူခဲ့လျှင် ထိုကျောင်းပေါ်မှာ ဝါကျွတ်သောရဟန်းတို့သာ ရထိုက်ပါသည်၊ သို့တည်းမဟုတ် ဤကျောင်းအားလှူပါ၏-ဆို၍ လှူဒါန်း ခဲ့လျှင် တိုက်ရှိသံဃာ ပိုင်ဆိုင်ပါသည်ဘုရား။

၁၇။ ''သစေ ပန ဥဘောပိ ဃနံ နေတွာ ဘောဇေတွာ သယမေဝ ပါဒမူလေ ဌပေတွာ ယံ ယဿ ဒိန္နံ, တဒေဝ တဿ ဟောတိ'' ဟူသော အဋ္ဌကထာပါဌ်အညီ အိမ်သို့ပင့်ဆောင်၍ ဆွမ်းကွမ်းကျွေးမွေး၍ လှူဒါန်း သည်ရှိသော် ထိုရဟန်းတို့, သာမဏေတို့ပင် ရပါသည်ဘုရား။

၁၈။ ''စီဝရမာသတော ပဋ္ဌာယ ယာဝ ဟေမန္တဿ ပစ္ဆိမော ဒိဝသော'' အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ ထိုသို့ဆို၍ လှူဒါန်းခဲ့ သည်ရှိသော် ထိုတိုက်တာအတွင်း ကထိန်ခင်းသည်ဖြစ်စေ, မခင်းသည် ဖြစ်စေ, ထိုထိုတိုက်တာမှာ ဝါကျွတ်သော ရဟန်းတို့ ရထိုက်ပါသည် ဘုရား။

၁၉။ ''ဂိမှာနံ ပထမဒိဝသတော ပဋ္ဌာယ ဝုတ္တေ ပန မာတိကာ အာရောပေတဗ္ဗာ''အစရှိသော အဋ္ဌကထာပါဌ်နှင့်အညီ လွန်ခဲ့ပြီးသော အတိတ်ဝါကိုရည်၍လှူသလော၊ သို့တည်းမဟုတ် လာလတံ့သော အနာဂတ်ဝါကိုရည်၍ လှူသလော-ဟုမေးမြန်း၍ အတိတ်ဝါကိုရည်၍ လှူပါသည်-ဆိုခဲ့လျှင် အတိတ်ဝါကျွတ်သော ရဟန်းတို့ရထိုက်ပါသည်၊ အနာဂတ်ဝါကိုရည်၍ လှူပါသည်-ဆိုခဲ့လျှင် အလှူခံ၍ထားပြီးမှ ဝါဆိုနေ့သို့ကျသောအခါ ဝေခြမ်း၍ ယူရပါသည်ဘုရား။

၂၀။ ထိုဒါယကာတို့၏ ဝါဆိုသင်္ကန်းကို ဝါဆိုနေ့တွင် သင်္ကန်း လက်မှတ် ခံယူရသော ရဟန်းတို့အား ပေးအပ်ပါသည်၊ ''ယေန ဂဟိတံ, တေန ဝဿစ္ဆေဒေါ န ကာတဗ္ဗော၊ ကရောတိ စေ သံဃိကံ ဟောတိ'' ဟူသော အစ္စေကစီဝရ သိက္ခာပုဒ် အဋ္ဌကထာပါဌ်နှင့်အညီ ဝါတွင်း အခါတွင် ထိုသင်္ကန်းကိုခံယူကုန်သော ရဟန်းတို့သည် ဝါပျက်ခြင်း, ဝါကျိုးခြင်း မရှိစေရ၊ ကောင်းမွန်စွာစောင့်ထိန်းရပါကုန်သည်၊ ဝါဆို သင်္ကန်းဟူသောအမည်ဖြင့် လှူဒါန်းသော သံဃိကသင်္ကန်းမည်သည် ဝါမပျက်, ဝါမကျိုးသော ရဟန်းတို့သာ ရထိုက်ပါသည်၊ ဝါကျိုးခြင်း, ဝါပျက်ခြင်းရှိခဲ့သော် သံဃာကိုပြန်၍ တစ်ဖန်ပေးအပ်ရပါသည်ဘုရား။

၂၁။ ဂန္ဓမာဒန စိတြနှင့် သုဒဿန စသည်အမွန် ဟေမဝန္တာ မဟာဂနိုင် မြိုင်အတုလွတ် နဝဒတ်ဘွေဆိုင် နတ်ရေအိုင်က တပြိုင်တည်း လွှတ်လိုက်သည့် ကတွက်ရေနှယ် မြစ်ငယ်မြစ်ကြီး အသီးသီးတို့တွင် အံ့မချီးကုန် သာမျိုးစုံ ယမုန်ဂင်္ဂါ စံပမာဖြင့် သလ္လာဝတီ အမည်ရှိသော နဒီရေရှင် မြစ်စဉ်တလျှောက် ကောက်ကောက်စင်းစင်း ရပ်ခပင်းဝယ် တသင်းဖြိုးမော် ဟိုးဟိုးကျော်သည် ရှင်တော်ဘုရား မိန့်ဖော်ကြား သုံးပါးသာသနာ အဝါပြောင်ပြောင် နေရောင်ရွှန်းရွှန်း အစဉ်ထွန်းလျက် တောင်ကျွန်းဇေယျုံ သပြေဘုံထက် မုံရွာ-လှေကူး အထူးကြေညာ ရပ်ဂါမာ သဒ္ဓါပွင့်လင်း နှလုံးစင်းသည့် သီတင်ဥပုသ်သည် ဒါယကာ, ဒါယိကာမအပေါင်းတို့ ညွတ်ညောင်းကြည်ဖြူ သံသရာဘေး ခန္ဓာနှင့် ဝေးစေဖို့ အရေးယူလျက် နိဗ္ဗူသောင်ကမ်း ဘေးမသန်းသည့် အေးချမ်း ရာမှန် ပြည်နိဗ္ဗာန်သို့ လျင်မြန်ရောက်ကြောင်း ကုသိုလ်ဇောမြတ် သောမနသ်ကို မပြတ်လောင်းလျက် အပေါင်းတူစုံ မဂ္ဂင်္ဂရှစ်ယဉ်ပေါ်မှာ ရွှင်ပျော်ပျော် အတူဆုံ၍ ခေမာဘုံနန်းအမတကို လှမ်းကြမည်ကြံခဲလျက် ထူးကဲသည့်ပုည ခုဝါတွင်း သုံးလပတ်လုံး နေ့ညဉ့်စဉ်မပြတ် သင်္ကန်းစိတ် ဇောမြတ်နှင့် သောမနသ်ရွှင်ရွှင် သူ့ထက်ငါပြင်ဆင်၍ စီရင်ခါရက်ချုပ် ရွှေဖန် ရေဆိုးအုပ်၍ ပြုလုပ်လှူဒါန်းသော သင်္ကန်းဖြစ်ပါသည် ဘုရား။

ဝါဆိုသင်္ကန်းအဖြေပြီး၏၊

ဝါဆိုသင်္ကန်းအမေးအဖြေပြီး၏၊

--------*------

ဂတိနိမိတ္တ ဝိနိစ္ဆယ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သင်္ဂြီုဟ်ဘုံပိုင်း မရဏုပ္ပတ္တိ ဂတိနိမိတ်အရာ၌- ''မာတုကုစ္ဆိဝဏ္ဏ သင်္ခါတံ''စသော ဝိသုဒ္ဓမဂ်, ဝိဘင်းအဋ္ဌကထာ စကား၊ ''ဆဒွါရဂဟိတန္တိ ကမ္မနိမိတ္တံ ဆဒွါရဂဟိတံ၊ ဂတိနိမိတ္တံ ဆဒွါရဂဟိတန္တိ ယထာ သမ္ဘဝံ ယောဇေတဗ္ဗံ''ဟူသော ဋီကာကျော်စကား စသည်များကိုစွဲ၍ ဂတိနိမိတ် သည် ရူပါရုံတစ်ခုသာ၊ ထိုရူပါရုံသည်လည်း မနောဒွါရဂဟိတ ပစ္စုပ္ပန်ဟူ၍ များစွာပြောဆိုကြကုန်၏၊ သို့ဆိုကြသော်လည်း--

''နာစိန္တယန္တော ပုရိသော ဝိသေသ မဓိဂစ္ဆတိ''ဟူသော ဧကက နိပါတ်ဝဋ္ဋကဇာတ်ပါဠိတော်နှင့် မကြံမစည် သူတစ်ပါးပြောဆိုတိုင်းသာ မှတ်သားက အထူးမသိဟုဆိုသောကြောင့်၎င်း၊ ''စိန္တာလောကေ ကဋ္ဌာနမှိ၊ ဒဿိတေန သတောပန၊ နယေန တေန သဗ္ဗတ္ထ၊ စိန္တာယေဝ ယထာရဟံ'' ဟူသော အာစရိယဂါထာနှင့်အညီ အရာရာတို့၌ ထိုက်သည်အားလျော်စွာ ကြံစည်ရမည်ဆိုသောကြောင့် အထူးကြံစည်လိုက်သည်ရှိသော်-ထိုဂတိ နိမိတ်သည် ကမ္မနိမိတ်ကဲ့သို့ အာရုံခြောက်ပါး, ဆဒွါရဂဟိတ, ပစ္စုပ္ပန် အတိတ်လည်းဖြစ်သင့်၏၊

အဘယ်ကဲ့သို့ဖြစ်သနည်း ''ယုံဖွယ်ချွတ်ရွင်း၊ ထောက်ထား ကင်းက၊ ယင်းသည်စကား၊ ပေါ့ပျက်ငြား၍၊ အများလူလယ်၊ ရယ်ရဖွယ်တည့်'' ဟူ၍ ပညာရှိတို့ဆိုသောကြောင့် အထောက်အထား မရှိ ပေါ့ပျက်သော စကား လောဟူမူ

သိဒ္ဓလက္ချာနုသာရေန၊

ဝိဝစ္ဆာပျ နုဂမျတေ။

ဆိုသောအတိုင်း ထင်ရှားသောလက္ချ- ဥဒါဟရုဏ်နှင့် ထုတ် ဆိုပေအံ့။

နတ်ပြည်ခြောက်ထပ်မှ မိမိအထံသို့ ရှေ့ရှုလာကြကုန်သော နတ်ရထားခြောက်ဆူတို့ကို ဂတိနိမိတ်ပြု၍ စုတိကြကုန်သော ဓမ္မမာက သီတင်းသည်, ဒုဋ္ဌဂါမဏိမင်း- အစရှိသည်တို့အား ထင်လာသော ဂတိနိမိတ်သည်လည်း ကမ္မနိမိတ်ကဲ့သို့ အာရုံခြောက်ပါးသည်၎င်း, ဆဒွါရဂဟိတသည်၎င်း, ပစ္စုပ္ပန်အတိတ်သည်၎င်း ဖြစ်သင့်ဖြစ်ထိုက်၏၊ ဤသို့သော အဓိပ္ပါယ်ကိုရည်တော်မူ၍ ထိုဂတိနိမိတ်ကို ကမ္မနိမိတ်နှင့် မကွဲမပြား အထူးမရှိသည်ကိုပြု၍--

ကာမာဝစရပဋိသန္ဓိယာ ဆဒွါရဂဟိတံ ကမ္မနိမိတ္တဉ္စ ပစ္စုပ္ပန္န မတီတာလမ္ဗနံ ဥပလဗ္ဘတိ။

ဟူ၍ သင်္ဂြီုဟ်၌ မိန့်ဆိုပြီ။

ထိုစကားကို ထင်ရှားစေဦးအံ့၊ ယင်းဆိုခဲ့ပြီးသည့်အတိုင်း စုတိကြကုန်သော ဓမ္မိကသီတင်းသည်, ဒုဋ္ဌဂါမဏိမင်း-စသောသူတို့သည် နတ်တို့၏အဆင်းအရောင်ကို နတ်တို့၏ အာနုဘော်ကြောင့် မျက်စိဖြင့် မြင်အပ်၏၊ နတ်၌ဖြစ်သော အသံ, တူရိယာသံ, စကားသံတို့ကိုလည်း နားဖြင့်ကြားအပ်ကုန်၏၊ နတ်၌ဖြစ်သော ဂန္ဓာရုံတို့ကိုလည်း နှာခေါင်းဖြင့် တွေ့ ရကုန်၏၊ နတ်၌ဖြစ်သော အရသာတို့ကိုလည်း လျှာဖြင့်တွေ့ရ ကုန်၏၊ အဝီစိငရဲမှတက်လာသော မီးလျှံစွဲဟပ် ပူလောင်သောကိုယ်ဖြင့် စုတိကုန်သော ဒေဝဒတ်, ရှင်သာရိပုတ္တရာကို ဖလသမာပတ်ဝင်စားရာ၌ ပြစ်မှားမိသော နန္ဒဘီလူး, ဥပ္ပလဝဏ္ဏထေရီကို ပြစ်မှားမိသော နန္ဒ လုလင်တို့သည်၎င်း၊ သင်ဓုန်းစက်၌ ကပ်ငြိစွဲမိသော မိတ္တဝိန္ဒက စသော သူတို့သည်၎င်း ဖောဋ္ဌဗ္ဗာရုံကို ကာယပသာဒဖြင့် ထိတွေ့အပ်၏၊

ဤကဲ့သို့ဆိုခဲ့ပြီးသော အနက်သဘောကိုရည်၍ပင်--ပဉ္စဒွါရေ သိယာ သန္ဓိ၊ ဝိနာ ကမ္မံ ဒွိဂေါစရေ။။ ဟူ၍ သစ္စသံခိပ်၌ မိန့်၏၊

ဤ၌ ပဉ္စဒွါရဆိုသော်လည်း ပဉ္စဒွါရနှင့်အလျဉ်းသင့်၍သာ ဆိုသည်၊ မနောဒွါရ၌လည်း ကမ္မနိမိတ်, ဂတိနိမိတ်ဖြစ်သည်ပင်၊ ဝိသုဒ္ဓိမဂ်အဖွင့် မဟာဋီကာအရှင်သည် ဤကဲ့သို့ အနက်သဘောကို နှစ်သက်၍ပင် ဤနည်းအတိုင်းဆိုသေး၏၊

မေး။။ ဂတိနိမိတ်သည် ပစ္စုပ္ပန်သင့်တန်စေ၊ အတိတ် အဖို့ဖြစ်သည်နည်းဟူမူ--

ဖြေ။။ အကြင်အခါအဆုံးဖြစ်သော ဝီထိမှ ရှေ့နားဝီထိစု၌ ထင်ခဲ့တိုင်းသော ဂတိနိမိတ်အာရုံသည် အဆုံးဇော၏အာရုံလည်း ဖြစ်နိုင် ၏၊ ထိုအခါ အတိတ်လည်းဖြစ်သေးသည်သာမှတ်ပါ၊ အဋ္ဌကထာဆရာ အရှင်ကား- သန္တိသဘော၏အစွမ်းအားဖြင့် ထိုဂတိနိမိတ်၏ ပစ္စုပ္ပန် အဖြစ်ကိုဆိုတော်မူ၏၊ ထို့အတူပင် ထိုဂတိနိမိတ်၏ ရူပါရမ္မဏအဖြစ်, မနောဒွါရဂဟိတအဖြစ်ကို ယေဘုယျနည်းအားဖြင့် အဋ္ဌကထာဆရာ ဆိုတော်မူသည်-ဟုမှတ်ပါ။

ဆိုခဲ့ပြီးသောနည်းမှတစ်ပါး အထူးမကြံမစည်ဘဲ အဋ္ဌကထာပါဌ် ရှိတိုင်းယူခဲ့မူ ကမ္မနိမိတ်ကိုလည်း ပဉ္စဒွါရ၌ ပစ္စုပ္ပန်ဖြစ်သည်ကိုသာလျှင် အဋ္ဌကထာ၌ဆိုအပ်သောကြောင့် ထိုကမ္မနိမိတ်ကိုလည်း မနောဒွါ ရဂ္ဂဟိတ ပစ္စုပ္ပန်ပဉ္စာရုံသည်၎င်း, ဓမ္မရုံသည်၎င်း မဖြစ်သင့်ဟုဆို သင့်ရာ၏၊ ယင်းစကားမဆိုသင့်မဆိုသော၊ အဘယ်ကြောင့်နည်း ဟူမူ''စက္ခုံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ''ဤသို့စသော အားဖြင့် ပဋ္ဌာန်း၌ဟောအပ်သော ဆဠာရမ္မဏဖြစ်သော ပူရေဇာတ ပစ္စည်းကို မနောဒွါရိက မရဏာသန္နဇောတို့အားလည်း လိုအပ် ရအပ် သော ကြောင့်တည်း။

ထို့ကြောင့် ယခင်ဆိုခဲ့ပြီးသောစကားစုကို ဤကမ္မနိမိတ်၌ ယေဘုယျကဲ့သို့ ဂတိနိမိတ်၌လည်း အဋ္ဌကထာ စကားကို ယေဘုယျ အားဖြင့် မှတ်ပါ၊ ပါဌ်ရှိတိုင်းယူခဲ့လျှင် အနက်မစေ့မစုံ မလုံမလောက် ရှိလိမ့်မည်၊ ဤသို့ ယေဘုယျနည်းယူခြင်းသည်လည်း ''ယတ္ထ ယတ္ထ အတ္ထော န ဝိရုဇ္ဈတိ, တတ္ထတတ္ထ အတ္ထော ဂဟေတဗ္ဗော'' ဟူသော ပရိဘာသာနှင့်အညီပင်တည်း၊ ဤသည်ကား ''စတ္တာရော မေ ဘိက္ခဝေ ကဝီ''

စသော စတုကင်္ဂုတ္တရပါဠိတော်၊ ၎င်းကိုရည်၍ စိန္တေတွာ ကရဏံ စိန္တာ၊ သုတေနညံ ကတံ သုတံ၊ ဥပဒါရိယတ္ထ မတ္ထော၊ ဌာနုပ္ပတ္တိစ ပစ္ဆိမေ'' ဟူ၍ဆိုသော သဒ္ဒနီတိ ဂါထာနှင့်အညီ ကဝိလေးဦးတို့တွင် ''စိန္တေတွာ ကရဏံ စိန္တာ'' ဟူသော ပထမ ကဝိမြောက်အောင် ဆုံးဖြတ်သော စကားတည်း။

ဤဝိနိစ္ဆယကို

အဝနိံ ပရိဝတ္တေတွာ၊

ပထဝေါဇမဓုတ္တရာ။

သတေန သုဒုက္ကရေဒံ၊

စိန္တေတဗ္ဗံ ပုနပ္ပုနံ။။

ဟူသောသဒ္ဒနီတိ ဂါထာအတိုင်း ဉာဏ်ဖြင့် အထူးကြံစည်ရာ၏၊ ဋီကာကျော်၌ကား-ထိုကဲ့သို့ အထူးကြံစည် စိစစ်ခြင်းကို မပြုဘဲ ''ပစ္စုပ္ပန္နာလမ္ဗဏေသု အာပါထမာဂတေသု မနောဒွါရေ ဂတိနိမိတ္တ ဝသေန၊ ပဉ္စဒွါရေ ကမ္မနိမိတ္တဝသေန'' ဟူသော စကားကိုဆို၏၊ ထို ဋီကာကျော်စကားကို ''စူးစမ်းဆင်ခြင် အပြစ်မြင်သော် ဝမ်းတွင်မသို ဟုတ်တိုင်းဆိုသည်၊ သို့ကိုငါ့တို့ကြိုက်၏တည်း'' ဟူ၍ ဟတ္ထိပါလပျို့၌ ရှင်ရဋ္ဌသာရစပ်ဆိုသည်နှင့်အညီ သေချာစွာ စိစပ်၍ဟုတ်သော အတိုင်း ဆိုရလျှင်သင့်၏၊

သို့မထင် အပြစ်ကိုဆိုသော် ဤဋီကာကျော်စကား အဓိပ္ပါယ် အတိုင်းလိုအပ်ပါမူ'' ကမ္မံ ပန အတီတမေဝ၊ တဉ္စမနောဒွါရဂဟိတံ'' ဟူ၍ ကံကို ပက္ခန္တရတ္ထ ဇောတက-ပနသဒါ္ဒနှင့် အသီး အခြားဆိုသကဲ့သို့ ဂတိနိမိတ်ကိုလည်း အသီးဝါကျခွဲခြမ်း၍ အရှင်အနုရုဒ္ဓါဆရာဆိုရာ၏၊ ယင်းသို့ကား-မဆိုပါခဲ့''ကာမာဝစရပဋိသန္ဓိယာ ဆဒွါရဂတိတံ၊ ကမ္မနိမိတ္တံ ဂတိနိမိတ္တဉ္စ ပစ္စုပ္ပန္နမတီတာလမ္ဗဏံ ဥပလဗ္ဘတိ''ဟူ၍သာလျှင် ဂတိ နိမိတ်ကို ကမ္မနိမိတ်နှင့် တစ်ဝါကျတည်း စသဒ္ဒါစည်း၍ ဒွန်ပြ၏၊ ထိုဂတိနိမိတ်သည် ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ပဉ္စဒွါရဂဟိတ မဖြစ် သင့်သည်မဟုတ်၊ ဖြစ်သင့်သည်ပင်။

အခြားသော တစ်စုံတစ်ရာ၌ ''သက္ခရကဋ္ဌလိကမ္ပိ'' စသော သီလက္ခန်ပါဠိစသည်မှာ ယထာလာဘ, ယထာသမ္ဘဝ နည်းယူရသကဲ့သို့ ဤ၌လည်း ဋီကာကျော်ယူသောနည်းအတိုင်း သင့်သည်ပင်-ဟု ဆိုငြားအံ့၊ မသင့်၊ အဘယ်ကြောင့်နည်းဟူမူ ''တတ္ထ စ တထာ၊ ဣဓ စ အညထာ ကတဿ ဂဟေတဗ္ဗတ္တာ''ဟူ၍ ပရိဘာသာ လာသောကြောင့် ထို ဋီကာကျော်၌ပင် သမောအဋ္ဌကထာဋီကာတို့၌ ယေဘုယျနည်းအားဖြင့် ဆိုအပ်သော သာဝသေသပါဌ်ကိုတွေ့၍ ၎င်းတွေ့သောအတိုင်းပင် ရှေးစဉ်မိဘတို့ သုံးကြတိုင်း, စွဲကြတိုင်း ယိုင်းသည်လို့ မရှောင်ကြဉ်သည် လို့မဆောင် တောင်တောင်မြောက်မြောက် မကောက်ပြီ၊ မကွေ့ပြီ၊ ရှေး ပညာရှိတို့ ဆိုသော စကားကဲ့သို့ အထူးမကြံစည်ဘဲ ''အဋ္ဌကထာယံ ပန ဂတိနိမိတ္တံ။ လ။ န သမ္ပဋိစ္ဆန္တိ အာစရိယာ''ဟူ၍ ဆိုပြန်၏၊ ထိုစကား၌ ဋီကာကျော်ဆိုသော အတိုင်း ယခင်ဆိုခဲ့ပြီးသော အဓိပ္ပါယ်အတိုင်းဆိုသော ''ပဉ္စဒွါရေ သိယာ သန္ဓိ၊ ဝိနာ ကမ္မံ ဒွိဂေါစရေ'' ဟူသောစကားကို ဆရာတို့ဝန်မခံကြ, မနှစ်သက်ကြလျှင် ထိုဝန်မခံသော ဆရာတို့၏ အထူးအထွေ မကြံမစည်ခြင်းကို ကြဉ်ထား၍ တစ်ပါးသော သဘောအဓိပ္ပါယ်, ဥပါယ်အကြောင်းမရှိချေ၊ ဤသို့ဋီကာကျော် စကား ကိုပယ်လှန်၍ ဆိုခြင်းသည် ဟုတ်တိုင်း ဆိုသောကြောင့်--ယောစတ္တာန သမုက္ကံသေ၊ ပရေစ မဝဇာနာတိ။

နိဟီနော တေမာနေန၊

တံဇညာဝသလောဣတိ။။

ဟူသော သုတ္တနိပါတ် ဝသလသုတ် စကားနှင့် အပြစ်မငြိချေ၊

ကင်းစင်၏-ဟူလို၊ ဟုတ်မှန်တိုင်း ဆိုသောကြောင့်ပင်။

သုဒဿိ ဝဇ္ဇ မညေသံ၊

အတ္တနော ပန ဒုဒ္ဒသံ။။

ဟူသော ဓမ္မပဒနှင့်လည်း အပြစ်လွတ်ကင်းပါ၏၊ ထိုဋီကာ ကျော်ကို ကြည့်ရှု၍ ထိုဋီကာကျော်အတိုင်းပင် အများသူတို့ ပြောဆို ကြကုန်၏၊ ထိုပြောဆိုကြရာ၌ ဋီကာကျော်ဆရာနှင့် တကွအများသူတို့ကို အပြစ်ကြီးစွာမဆိုထိုက်, မကဲ့ရဲ့ထိုက်ပေ။

အပတွာပဒဝိညာဏံ၊

ပရဃောသာနုသာရိနော။

ပမာဒပရမာဗာလာ၊

တေဟေန္တိ ပရပတ္တိယာ။။

ဟူသော စတုကနိပါတ် ဒုဒ္ဒဘဇာတ်နှင့်အညီ နိယမဖြစ်သော သောတာပန်စသော အရိယာအဖြစ်သို့ မရောက်သေးသမျှသော ပုထုဇဉ် တို့မှာ စိတ်မချသာသော အနိယတဉာဏ်သာရှိကြ၍ သူတစ်ပါးတို့ စကား ကို မှတ်သား လိုက်နာရသော ပရဃောသာနုသာရီ-ပုဂ္ဂိုလ်ချည်း ဖြစ်ကြ သည်နှင့်အညီ အထူးမကြံစည်အားမူ သူတစ်ပါးတို့၏ စကားကို မှတ်သား လိုက်နာမြဲ ဓမ္မတာပေတည်း။။

လယ်တီဆရာတော် မုံရွာမြို့။ ဂတိနိမိတ္တ ဝိနိစ္ဆယပြီး၏၊

-------*------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ