Skip to main content

မဂ္ဂင်္ဂဒီပနီ

မဂ္ဂင်္ဂဒီပနီ

မဂ္ဂင် ၈-ပါး ပါဌ်အနက်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

-----------

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ။

၁။ သမ္မာဒိဋ္ဌိ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ဉာဏ်အမြင်။

၂။ သမ္မာသင်္ကပ္ပ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော အကြံအစည်။

၃။ သမ္မာဝါစာ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ဝစီကံမှု။

၄။ သမ္မာကမ္မန္တ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။

၅။ သမ္မာအာဇီဝ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ် သော အသက်မွေးမှု။

၆။ သမ္မာဝါယာမ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ် သော လုံ့လဝီရိယမှု။

၇။ သမ္မာသတိ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ် စင်ကြယ်သော မမေ့မလျော့မှု။

၈။ သမ္မာသမာဓိ=ဖြူစင်ဖြောင့်မတ် ကောင်းမြတ်စင်ကြယ် သော စိတ်တည်ကြည်မှု။

သမ္မာဒိဋ္ဌိ ၃-ပါး ပါဌ်အနက်

ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဒသဝတ္ထုကသမ္မာဒိဋ္ဌိ, စတုသစ္စ သမ္မာဒိဋ္ဌိ။

၁။ ကမ္မဿကတာသမ္မာဒိဋ္ဌိ=သတ္တဝါတို့အား မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာရှိကြကုန် သည်ဟု သိမြင်သော သမ္မာဒိဋ္ဌိ။

၂။ ဒသဝတ္ထုကသမ္မာဒိဋ္ဌိ=ဉာဏ်၏ သက်ဝင်ရာ ဝတ္ထုအပြား ဆယ်ပါး ရှိသော သမ္မာဒိဋ္ဌိ။

၃။ စတုသစ္စသမ္မာဒိဋ္ဌိ=ဉာဏ်၏ သက်ဝင်ရာ အဟုတ်ကြီး ၄-ပါး, အမှန်ကြီး ၄-ပါး ထင်ရှားရှိသော သမ္မာဒိဋ္ဌိ။

ကမ္မဿကတာ သမ္မာဒိဋ္ဌိ ပါဌ်အနက်

သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ၊ ကမ္မပ္ပဋိဿရဏာ ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒါ ဘဝိဿန္တိ။

၁။ သဗ္ဗေ=အလုံးစုံကုန်သော၊ သတ္တာ=သတ္တဝါတို့သည်၊ ကမ္မဿကာ=မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာ လျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ မိမိတို့သန္တာန်မှာ အစဉ်ပါသော ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊

၂။ ကမ္မဒါယာဒါ=မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂- ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ မိမိတို့ သန္တာန်မှာ အစဉ်ပါသော အမွေဥစ္စာ ရှိကြကုန်၏၊

၃။ ကမ္မယောနီ=မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂- ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ မိမိတို့ သန္တာန်မှာ အစဉ်ပါသော ပဓာနအကြောင်းရင်း ရှိကြကုန်၏။

၄။ ကမ္မဗန္ဓူ= မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါး သည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ အစဉ်ပါသော ဆွေမျိုးမိတ်စစ် ရှိကြကုန်၏။

၅။ ကမ္မပ္ပဋိသရဏာ= မိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါးသည်သာလျှင် ဘဝများစွာ, ကမ္ဘာများစွာ သွားလေရာရာ အစဉ်ပါ သော ကိုးကွယ်ရာ လည်းလျောင်းရာ ရှိကြကုန်၏။

၆။ ကလျာဏံ ဝါ=ကောင်းသည်လည်းဖြစ်ထသော၊ ပါပကံ ဝါ=မကောင်းသည်လည်းဖြစ်ထသော၊ ယံ ကမ္မံ=အကြင်ကိုယ်အမှု, နှုတ်အမှု, စိတ်အမှုကို၊ ကရိဿန္တိ=ပြုကြကုန်သည်ဖြစ်အံ့။ တဿ= ထိုမိမိတို့ပြုကြသော ကောင်းမှု, မကောင်းမှု ၂-ပါး၏၊ ဒါယာဒါ= ကောင်းကျိုး, မကောင်းကျိုးဟု ဆိုအပ်သော ကောင်းမွေမျိုး, ဆိုးမွေမျိုးကို ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် ခံစံကြရကုန်သည်၊ ဘဝိဿန္တိ ဖြစ်ကြကုန်လတ္တံ့။

ဒသဝတ္ထုက သမ္မာဒိဋ္ဌိ ပါဌ်အနက်

အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ၊ အတ္ထိသုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိမာတာ၊ အတ္ထိပိတာ၊ အတ္ထိသတ္တာ ဩပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရောလောကော၊ အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။

၁။ ဒိန္နံ=ပေးကမ်း လှူဒါန်းမှုဟူသော ဒါနကုသိုလ်မျိုး၏ အကျိုး ရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏၊

၂။ ယိဋ္ဌံ=ယဇ်ခေါ်သော ပူဇော်မှုကြီးမျိုး၏ အကျိုးရင်း အကျိုး ဆက်သည်၊ အတ္ထိ=အမှန်ရှိ၏၊

၃။ ဟုတံ=ဟုန်းခေါ်သော ပူဇော်မှုငယ်မျိုး၏ အကျိုးရင်း အကျိုး ဆက်သည်၊ အတ္ထိ= အမှန်ရှိ၏၊

၄။ သုကတဒုက္ကဋာနံ=ကောင်းစွာပြုအပ်, မကောင်းစွာ ပြုအပ် ကုန်သော၊ ကမ္မာနံ=သုစရိုက်ကံ, ဒုစ္စရိုက်ကံတို့၏၊ ဖလံ=အကျိုးဆက် သည်လည်းကောင်း၊ ဝိပါကော=အကျိုးရင်းသည်လည်းကောင်း၊ အတ္ထိ၊ အမှန်ရှိ၏၊

၅။ မာတာ=အမိ၌ ကောင်းစွာပြုမှု, မကောင်းစွာ ပြုမှု၏ အကျိုးရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏၊

၆။ ပိတာ=အဖ၌ ကောင်းစွာပြုမှု, မကောင်းစွာ ပြုမှု၏ အကျိုး ရင်း အကျိုးဆက်သည်၊ အတ္ထိ=အမှန်ရှိ၏၊

၇။ ဩပပါတိကာ သတ္တာ=လူတို့သည် မမြင်အပ်ကုန်သော ငရဲ ပြိတ္တာ နတ် သိကြား ဗြဟ္မာ ဟူကုန်သော ဥပပါတ် သတ္တဝါမျိုးတို့သည်၊ အတ္ထိ=အမှန်ရှိကြကုန်၏၊

၈။ အယံ လောကော= မျက်မြင်ဒိဋ္ဌ ဤလောကသည်၊ အတ္ထိ= အမှန်ရှိ၏၊

၉။ ပရောလောကော=သေသည့်နောက်မှာ ရောက်ကြရာသော လောကတစ်ပါး ဘုံတစ်ပါးသည်၊ အတ္ထိ=အမှန်ရှိ၏၊

တစ်နည်းကား။။အယံ လောကော=ဤလူ့လောကသည်၊ အတ္ထိ=အမှန်ရှိ၏၊ ပရောလောကော=အပါယ်လေးရပ် ခြောက်ထပ်နတ် ရွာ ဗြဟ္မာနှစ်ဆယ်ဟူသော တစ်ပါးသောလောကသည်၊ အတ္ထိ=အမှန် ရှိ၏၊

တစ်နည်းကား။။ အယံ လောကော= ဤလူ့ဘုံနှင့်တကွ အပါယ်လေးရပ် ခြောက်ထပ်နတ်ရွာ ဗြဟ္မာနှစ်ဆယ်ဟူသော ဤ စကြဝဠာ လောကဓာတ်သည်၊ အတ္ထိ=အမှန်ရှိ၏၊ ပရောလောကော= ရှစ်မျက်နှာ အားလုံးတို့၌ အဆုံး မရှိသော တစ်ပါးသော လောကဓာတ် အနန္တသည်၊ အတ္ထိ=အမှန်ရှိ၏၊

၁၀။ လောကေ=လူ့ဘုံ လူ့ဘဝ လူ့လောက၌၊ သမဂ္ဂတာ=စိတ် ငြိမ်သက်ခြင်းသို့ ရောက်ကြကုန်သော၊ သမ္မာပဋိပန္နာ=ကောင်းစွာ ကျင့်ကြပေကုန်သော၊ သမဏဗြာဟ္မဏာ=သဗ္ဗညုတဘုရား အစရှိကုန် သော ရဟန်းပုဏ္ဏားတို့သည်၊ အတ္ထိ=အမှန်ရှိကြကုန်၏၊ ယေ=အကြင် ရဟန်းပုဏ္ဏားတို့သည်၊ ဣမဉ္စလောကံ=ဤလောကကိုလည်းကောင်း၊ ပရဉ္စလောကံ=တစ်ပါးသော လောကကိုလည်းကောင်း၊ သယံ= မိမိတို့ကိုယ်တိုင်၊ အဘိညာ=အထူးသိမြင်ကြကုန်၍၊ သစ္ဆိကတွာ=မျက် မှောက်ပြုကြကုန်၍၊ ပဝေဒေန္တိ=လူအများကို ဟောကြားဖော်ပြကြ ကုန်၏၊

စတုသစ္စ သမ္မာဒိဋ္ဌိ ပါဌ်အနက်

ဒုက္ခေ ဉာဏံ, ဒုက္ခသမုဒယေ ဉာဏံ, ဒုက္ခနိရောဓေ ဉာဏံ, ဒုက္ခနိရောဓဂါမိနိပဋိပဒါယ ဉာဏံ။

၁။ ဒုက္ခေ=ဒုက္ခ အမှန်၌၊ ဉာဏံ=သိသောဉာဏ်လည်းကောင်း။

၂။ ဒုက္ခသမုဒယေ=ဒုက္ခ၏ ဖြစ်ပွားကြောင်း တရားအမှန်၌၊ ဉာဏံ= သိသောဉာဏ်လည်းကောင်း။

၃။ ဒုက္ခနိရောဓေ=ဒုက္ခ၏ ချုပ်ငြိမ်းရာ တရားအမှန်၌၊ ဉာဏံ= သိသော ဉာဏ်လည်းကောင်း။

၄။ ဒုက္ခနိရောဓဂါမိနီပဋိပဒါယ=ဒုက္ခ၏ ချုပ်ငြိမ်းခြင်းသို့ ပေါက် ရောက်တတ်သော ပဋိပတ်လမ်းအမှန်၌၊ ဉာဏံ=သိသောဉာဏ်လည်း ကောင်း။

သမ္မာသင်္ကပ္ပ ၃-ပါး ပါဌ်အနက်

နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အဝိဟိံသာသင်္ကပ္ပ။ ၁။ နေက္ခမ္မသင်္ကပ္ပ=လောဘအာရုံ ကာမဂုဏ်ခန္ဓာ သံသရာ ညွန်ဗွက်မှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း ကောင်းမြတ်သော အကြံအစည်။

၂။ အဗျာပါဒသင်္ကပ္ပ=အသက်ရှိသူ လူ, တိရစ္ဆာန် သတ္တဝါ မှန်သမျှတို့အား အသက်ခန္ဓာ ချမ်းသာစေလိုကြောင်း ကောင်းမြတ်သော အကြံအစည်။

၃။ အဝိဟိံသာသင်္ကပ္ပ=အသက်ရှိသူ, လူ တိရစ္ဆာန် သတ္တဝါ မှန်သမျှတို့အား ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေလိုကြောင်း ကောင်းမြတ် သော အကြံအစည်။

သမ္မာဝါစာ ၄-ပါးပါဌ်အနက်

မုသာဝါဒဝိရတိ, ပိသုဏဝါစာဝိရတိ, ဖရုသဝါစာဝိရတိ, သမ္ဖပ္ပလာပ ဝိရတိ။

၁။ မုသာဝါဒဝိရတိ= မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း။

၂။ ပိသုဏဝါစာဝိရတိ=နှစ်ဦးသော သူတို့၏ အကြား၌ ကုန်းတိုက် စကားကို ပြောဆိုခြင်းမှ ကြဉ်ရှောင်ခြင်း။

၃။ ဖရုသဝါစာဝိရတိ = သူတစ်ပါးတို့၏ စိတ်နှလုံး ခိုက်တိုက်ကျင်နာ မခံသာအောင် ကြမ်းကြုတ်စွာ ထိပါးလျက် ဆယ်ပါးသော ဆဲရေးခြင်း တို့ဖြင့် ဆဲရေးသော အမှုမှကြဉ်ရှောင်ခြင်း။

၄။ သမ္ဖပ္ပလာပဝိရတိ=ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုးနှင့် မစပ်မလျဉ်းဘဲ ပြိန်ဖျင်းလျက် ဆန်းကြယ်စွာသော ရာမဇာတ်, အီနောင် ဇာတ် အစရှိသော ဒဏ္ဍာရီစကားမျိုး, သုံးဆယ့် နှစ်ပါးသော တိရစ္ဆာန ကထာ စကားမျိုးတို့မှ ကြဉ်ရှောင်ခြင်း။

သမ္မာကမ္မန္တ ၃-ပါး ပါဌ်အနက်

ပါဏာတိပါတဝိရတိ, အဒိန္နာဒါနဝိရတိ, ကာမေသုမိစ္ဆာ စာရဝိရတိ။

၁။ ပါဏာတိပါတဝိရတိ=အသက်ရှိသူ လူ, တိရစ္ဆာန် သတ္တဝါ မှန်သမျှ တို့ကို သတ်ပုတ်ညှင်းဆဲခြင်းမှ ကြဉ်ရှောင်ခြင်း။

၂။ အဒိန္နာဒါနဝိရတိ=အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်း မှ ကြဉ်ရှောင်ခြင်း။

၃။ ကာမေသုမိစ္ဆာစာရဝိရတိ=ယစ်မျိုးငါးပါး သောက်စားမှုနှင့်တကွ မာတုရက္ခိတစသော နှစ်ကျိပ်သော မိန်းမတို့၌လည်းကောင်း, မိမိလင်မှ တစ်ပါးသောယောကျ်ားတို့၌လည်းကောင်း ဖောက်ပြန်စွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်း။

သမ္မာအာဇီဝ ၄-ပါး ပါဌ်အနက်

ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ, အနေသနမိစ္ဆာဇီဝဝိရတိ, ကုဟနာဒိမိစ္ဆာဇီဝဝိရတိ, တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ။

၁။ ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ = လူတို့မှာ ကာယဒုစ္စရိုက် ၃-ပါး၊ ဝစီဒုစ္စ ရိုက် ၄-ပါးတို့ဖြင့် ယုတ်မာစွာသော အသက်မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။

၂။ အနေသနမိစ္ဆာဇီဝဝိရတိ=ရသေ့, ရဟန်းတို့မှာ လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်းစသော နှစ်ဆယ့်တစ်ပါးသော အနေသန အမှုတို့ဖြင့် ယုတ်မာစွာသော အသက်မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။

၃။ ကုဟနာဒိမိစ္ဆာဇီဝဝိရတိ=ရသေ့ ရဟန်းတို့မှာ အံ့ဖွယ် သရဲကိုပြ၍ စဉ်းလဲလိမ်လည်ခြင်း အစရှိသော ငါးပါးသော အမှုတို့ဖြင့် ယုတ်မာစွာ သော အသက်မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။

၄။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ= ရသေ့ ရဟန်းတို့၏ အကျင့်သီလ နှင့် ဖီလာကန့်လန့် ဆန့်ကျင်ဖက်ဖြစ်ကုန်သော အင်္ဂဝိဇ္ဇာ, နိမိတ္တ ဝိဇ္ဇာ အစရှိကုန်သော တစ်ရာ့လေးဆယ်မျှလောက်သော အတတ်ပညာ ဝိဇ္ဇာမှု မျိုးတို့ဖြင့် ယုတ်မာစွာသော အသက်မွေးခြင်းမှ ကြဉ်ရှောင်ခြင်း။

သမ္မာဝါယာမ ၄-ပါး ပါဌ်အနက်

အနုပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဝါယာမော၊ ဥပ္ပန္နာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဝါယာမော၊ အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဝါယာမော၊ ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဘိယျောဘာဝါယ ဝါယာမော။

၁။ အနုပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ မဖြစ်ကုန်သေးသော၊ အကုသလာနံ ဓမ္မာနံ=မကောင်းသော တရားတို့ကို၊ အနုပ္ပါဒါယ= ဤဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် နောင် တစ်ရံတစ်ဆစ်မျှ မိမိသန္တာန်၌ မဖြစ်လာစေခြင်း အကျိုးငှါ၊ ဝါယာမော= မဂ္ဂင်ရှစ်ပါးတရားကို အားထုတ်ခြင်း။

၂။ ဥပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ ဖြစ်ပြီး, ဖြစ်ဆဲ ဖြစ် ကုန်သော၊ အကုသလာနံ ဓမ္မာနံ=မကောင်းသော တရားတို့ကို၊ ပဟာနာယ= ဤဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် နောင် တစ်ဖန် မိမိသန္တာန်၌ တစ်ရံတစ်ဆစ်မျှ မဖြစ်လာရအောင် ပယ်သတ် ခြင်းငှါ၊ ဝါယာမော=မဂ္ဂင်ရှစ်ပါးတရားကို အားထုတ်ခြင်း။

၃။ အနုပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ မဖြစ်ဖူးကုန်သော၊ ကုသလာနံ ဓမ္မာနံ=ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့ကို၊ ဥပ္ပါဒါယ= ယခုဘဝမှာပင် မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်းငှါ၊ ဝါယာမော=မဂ္ဂင် ရှစ်ပါးတရားကို အားထုတ်ခြင်း။

၄။ ဥပ္ပန္နာနံ=မိမိသန္တာန်မှာ ယခုဘဝ၌ ဖြစ်ပြီး, ဖြစ်ဆဲ ဖြစ်ကုန်သော၊ ကုသလာနံ ဓမ္မာနံ=သီလ အစရှိကုန်သော ကုသိုလ်တရားတို့ကို၊ ဘိယျော ဘာဝါယ=အဆင့်ဆင့်တိုးတက်၍ အနုပါဒိသေသ နိဗ္ဗာန်ရသည့် ဘဝတိုင် အောင် မပျက်မကွက်ပဲ အစဉ်မြဲ၍ သွားအောင် ပွားများစေခြင်းငှါ၊ ဝါယာမော=မဂ္ဂင်ရှစ်ပါးတရားကို အားထုတ်ခြင်း။

သမ္မာသတိ ၄-ပါး ပါဌ်အနက်

ကာယာနုပဿနာသတိပဋ္ဌာနံ, ဝေဒနာနုပဿနာ သတိပဋ္ဌာနံ, စိတ္တနုပဿနာသတိပဋ္ဌာနံ, ဓမ္မာနုပဿနာသတိ ပဋ္ဌာနံ။

၁။ ကာယာနုပဿနာသတိပဋ္ဌာနံ=ထွက်သက်၊ ဝင်သက်အစရှိ သော ကိုယ်အင်္ဂါ အစု၌ အရှုအမြင် အထင်အစွဲမြဲသော သတိတရား။

၂။ ဝေဒနာနုပဿနာသတိပဋ္ဌာနံ=သုခ, ဒုက္ခ စသော ဝေဒနာအစု၌ အရှုအမြင် အထင်အစွဲ မြဲသောသတိတရား။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာနံ=သရာဂ, သဒေါသစသော စိတ်အစု၌ အရှုအမြင် အထင်အစွဲ မြဲသော သတိတရား။

၄။ ဓမ္မာနုပဿနာသတိပဋ္ဌာနံ=ကာမစ္ဆန္ဒစသော ဓမ္မအစု၌ အရှု အမြင် အထင်အစွဲ မြဲသောသတိတရား။

သမ္မာသမာဓိ ၄-ပါး ပါဌ်အနက်

ပဌမဇ္ဈာနသမာဓိ, ဒုတိယဇ္ဈာနသမာဓိ, တတိယဇ္ဈာန သမာဓိ, စတုတ္ထဇ္ဈာနသမာဓိ။

၁။ ပဌမဇ္ဈာနသမာဓိ= ရှေးဦးစွာ ကသိုဏ်းစသော တစ်ခုသော သမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ်သော ပဌမစျာန်သမာဓိ။

၂။ ဒုတိယဇ္ဈာနသမာဓိ=နှစ်ကြိမ်မြောက် ကသိုဏ်းစသော တစ်ခု သော သမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲ တည်ငြိမ် သော ဒုတိယစျာန်သမာဓိ။

၃။ တတိယဇ္ဈာနသမာဓိ=သုံးကြိမ်မြောက် ကသိုဏ်းစသော တစ်ခု သော သမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲတည်ငြိမ် သော တတိယစျာန်သမာဓိ။

၄။ စတုတ္ထဇ္ဈာနသမာဓိ=လေးကြိမ်မြောက် ကသိုဏ်းစသော တစ်ခု သော သမထအာရုံ၌ တုန်လှုပ်ခြင်းမရှိဘဲ ရှုမြင်ထင်စွဲ ခိုင်မြဲတည်ငြိမ်သော စတုတ္ထစျာန်သမာဓိ။

[ဤမှနောက်၌ အရကျက်ဖွယ်မရှိ၊ ဉာဏ်၌ ထင်လင်းအောင် ကြည့်ရှုဖို့သာတည်း။]

မဂ္ဂင် ၈-ပါးသရုပ် ပြီး၏၊

သမ္မာဒိဋ္ဌိ ၃-ပါးဥဒ္ဒေသ

ကမ္မဿကတာသမ္မာဒိဋ္ဌိ, ဒသဝတ္ထုကသမ္မာဒိဋ္ဌိ, စတုသစ္စသမ္မာဒိဋ္ဌိ။

သမ္မာဒိဋ္ဌိ ၃-ပါးဥဒ္ဒေသ ပြီး၏၊

-----------

သမ္မာဒိဋ္ဌိ ၃-ပါးနိဒ္ဒေသ၊ ကမ္မဿကတာသမ္မာဒိဋ္ဌိနိဒ္ဒေသ

သဗ္ဗေ သတ္တာ ကမ္မဿကာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပ္ပဋိဿရဏာ ယံ ကမ္မံ ကရိဿန္တိ ကလျာဏံ ဝါ ပါပကံ ဝါ တဿ ဒါယာဒါ ဘဝိဿန္တိ။

၁- ကမ္မဿကာပုဒ်အဖွင့်

သဗ္ဗေ သတ္တာ ကမ္မဿကာ ဟူသော ပါဌ်၌ ယခုလောကတွင် ဆင်, မြင်း, ရထား, ကျွဲ, နွား, လယ်ယာ, တိုက်တာ အိမ်ခြေ, ရွှေ, ငွေ, ရတနာ အစရှိကုန်သော ဥစ္စာတို့သည် ရှိကြကုန်၏၊ ထိုဥစ္စာတို့သည် ယခုဘဝ မသေမီကာလ တစ်ခဏ၌သာလျှင် မိမိတို့ ဥစ္စာဟု ဆိုရကုန်၏၊ သေဆုံးသည်မှ နောက်၌ ထိုဥစ္စာတို့သည် ထိုသူ၏ နောက်သို့ မလိုက် ကုန်၊ လောက၌ အခိုက်အလှည့်အားဖြင့် ငှါးရမ်း၍ အသုံးပြုရသော သူတစ်ပါးတို့၏ ဥစ္စာနှင့် အလားတူကုန်၏၊ ယခုဘဝ၌လည်း ပျက်ခွင့် ဆိုက်လျှင် ခဏချင်း ပျက်တတ်ကုန်၏၊ ထို့ကြောင့် သံသရာ၌ ဘဝ အဆက်ဆက် ကျင်လည်ပြောင်းသွား၍ နေကြကုန်သော သတ္တဝါ တို့အား ထိုထိုဘဝ၌ ခဏခဏ တွေ့ကြုံ ရရှိကြကုန်သော ထိုဥစ္စာတို့သည် ထိုသူတို့၏ ပြောင်းသွားရာ ဘဝတစ်ပါးသို့ မလိုက်ကြကုန်မူ၍ ထိုထို ဘဝတို့၌သာ ကျန်ရှိနေရစ်ကြကုန်သောကြောင့် စင်စစ်အားဖြင့် သတ္တဝါ တို့၏ ကိုယ်ပိုင်ဥစ္စာဟူ၍ မဆိုထိုက်ကုန်။ ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မဿကာ'' ဟူ၍ ဟောတော်မူသည်။

ကံသာလျှင်ကိုယ်ပိုင်ဥစ္စာ

သတ္တဝါတို့သည် ပြုကြသော ကာယကံမှု, ဝစီကံမှု, မနော ကံမှုတို့သည်သာလျှင် ယခုဘဝ၌လည်းကောင်း, နောက်ဘဝ၌ လည်း ကောင်း မိမိတို့ ကိုယ်သန္တာန်၌ အစဉ်အမြဲ ပါရှိ၍ နေကုန်၏၊ မီးဘေး, ရေဘေး, သူခိုး ဓားပြဘေး အစရှိသည်တို့ကြောင့် ပျက်ဆုံးခြင်းမရှိကုန်၊ ထို့ကြောင့် ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည်သာလျှင် သတ္တဝါ တို့၏ ကိုယ်ပိုင်ဥစ္စာ မည်ကုန်၏၊ သတ္တဝါတို့သည် ထိုကာယကံ, ဝစီကံ, မနောကံတည်းဟူသော ဥစ္စာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏ဟု ဆိုလို သည်။

ကံသုံးမျိုး

ဤစကား၌ ကာယကံမှုဆိုသည်ကား လက် ခြေ အစရှိ ကုန်သော ကိုယ်အင်္ဂါတို့ဖြင့် အားထုတ် လုပ်ဆောင်မှုတည်း၊ ဝစီကံမှု ဆိုသည်ကား နှုတ်လျှာ ခံတွင်းဖြင့် ရွတ်အံပြောဆိုမှုတည်း၊ မနောကံမှု ဆိုသည်ကား စိတ်၌ ကြံဖန်မှုတည်း။

ဤကာယကံမှု, ဝစီကံမှု, မနောကံမှု သုံးမျိုးကို ဗုဒ္ဓဘာသာ ၌ ကံသုံးပါးဟူ၍ ဆိုသည်။

သတ္တဝါအပေါင်းတို့သည် အိပ်ပျော်ဆဲအခါကို ချန်လှပ်၍ ကြွင်းသော နေ့အဖို့ ညဉ့်အဖို့တို့၌ ဤကံ ၃-ပါးနှင့် နေကြရကုန်၏၊ အလုံးစုံသော ကိစ္စကြီးငယ်တို့ကို ကံ ၃-ပါးနှင့် ရွက်ဆောင်ကြရကုန်၏၊ အိပ်ပျော်ဆဲ အခါ၌ကား ကံ ၃-ပါးသည် ငြိမ်သက်၍ နေ၏၊ သေသော အလောင်းမှာ ကံ ၃-ပါး ချုပ်ကင်း၏၊

ဤကား လူ, တိရစ္ဆာန်အစရှိသော ပုဂ္ဂိုလ်သတ္တဝါတို့၌ ကံ ၃ပါး ဖြစ်ပွား၍ နေပုံတည်း။

ထိုကံ ၃-ပါးသည် ကောင်းသောကံ ၃-ပါး, မကောင်း သောကံ ၃ပါး-ဟူ၍၊ ၂-မျိုးရှိ၏၊ ကောင်းသောကံ ၃-ပါးသည်လည်း ယခုဘဝ အတွက် ပြုကြရသော ကံ၃-ပါး, နောက်နောက်ဘဝအတွက် ပြုကြ ရသော ကံ၃-ပါး ဟူ၍၊ ၂-မျိုး ရှိပြန်၏၊ မကောင်းသော ကံ ၃-ပါး သည်လည်း ယခုဘဝတွက် ပြုကြရသော ကံ၃-ပါး, နောက်နောက် ဘဝအတွက် ပြုကြရသော ကံ၃-ပါးဟူ၍ ၂-မျိုးစီ ရှိပြန်၏၊ ထိုတွင်

၁။ ပါဏာတိပါတ= လူ, တိရစ္ဆာန်စသော သတ္တဝါတို့ကို သတ်ပုတ် ညှဉ်းဆဲမှု တစ်မျိုး။

၂။ အဒိန္နာဒါန= သူတစ်ပါးတို့၏ သက်ရှိ, သက်မဲ့ဥစ္စာတို့ကို ခိုးဝှက် ဖျက်ဆီးမှု တစ်မျိုး။

၃။ ကာမေသုမိစ္ဆာစာရ= သူတစ်ပါးတို့၏ မယား, မိမိလင်မှ တစ်ပါး သော ယောကျ်ားတို့၌ ကျူးလွန်မှုတစ်မျိုး။

၄။ မုသာဝါဒ= မဟုတ်မမှန်သော စကားကို ပြောဆိုမှု တစ်မျိုး။

၅။ ပိသုဏဝါစာ= သူ ၂-ယောက်တို့၏ အကြား၌ ကုန်း တိုက်စကား ပြောဆိုမှုတစ်မျိုး။

၆။ ဖရုသဝါစာ= သူတစ်ပါးတို့ကို ထိပါးဆဲရေးသော စကား တစ်မျိုး။

၇။ သမ္ဖပ္ပလာပ= အကျိုးမရှိသော စကားကို များများကြီး ပြောဆိုမှု တစ်မျိုး။

၈။ အဘိဇ္ဈာ=သူတစ်ပါးတို့၏ သက်ရှိသက်မဲ့ ဥစ္စာကို ငါ့ဟာဖြစ် သော် ကောင်းလေစွဟု တောင့်တခြင်း တစ်မျိုး။

၉။ ဗျာပါဒ=သူတစ်ပါးတို့၏ အသက်ခန္ဓာ ပျက်ဆီးသော် ကောင်း လေစွဟု တောင့်တခြင်း တစ်မျိုး။

၁၀။ မိစ္ဆာဒိဋ္ဌိ= အလှူပေး၍ အကျိုးမရှိ စသည်ဖြင့် ယူသော မိစ္ဆာ ဒိဋ္ဌိတစ်မျိုး။

[ဤဆယ်မျိုးသည် မကောင်းမှု ဒုစ္စရိုက်ဆယ်ပါးမည်၏၊]

ပစ္စုပ္ပန်ကံ ၂-မျိုး

ဤမကောင်းမှု ဒုစ္စရိုက်ဆယ်ပါးမှ လွတ်ကင်းသော အလုံး စုံသော အသက်မွေးမှု, ဥစ္စာစီးပွားရှာမှု, ပညာရှာမှု, ကုန်သွယ်မှု, လယ်ယာဥယျာဉ်လုပ်မှု, အစိုးရ လခစားလုပ်မှု, သူဌေးလခစား လုပ်မှု, ကူလီလုပ်မှု အစရှိသော ခပ်သိမ်းသော ကာယကံမှုမျိုး, ဝစီကံမှုမျိုး, မနောကံမှုမျိုးသည် ယခုဘဝအတွက် ပြုကြရသော ကောင်းသောကံမျိုး မည်၏၊

မကောင်းမှု ဒုစ္စရိုက်ဆယ်ပါးမှ မလွတ်မကင်းသော အလုံးစုံ သော အသက်မွေးမှု, ဥစ္စာစီးပွားရှာမှု အစရှိသော ခပ်သိမ်းသော ကာယ ကံမှု, ဝစီကံမှု, မနောကံမှုမျိုးသည် ယခုဘဝအတွက် ပြုကြရသော မကောင်းသော ကံမျိုးမည်၏၊

အနာဂတ်ကံ ၂-မျိုး

နောက်နောက်ဘဝအတွက် ယခုဘဝက တင်ကူး၍ ပြုကြသော ကံ ၃-ပါးသည်လည်း ကောင်းသောကံ ၃-ပါး, မကောင်းသောကံ ၃- ပါးဟူ၍ ၂-မျိုးရှိ၏၊

မကောင်းမှု ဒုစ္စရိုက်ဆယ်ပါးမှ လွတ်ကင်းသော လှူဒါန်းမှု, ဥပုသ်သီလ စောင့်သုံးမှု, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှု, ဘုရား တရား သံဃာ ရတနာသုံးပါးတို့အား ရှိခိုးကိုးကွယ်မှု, အရိုအသေပြုမှု အစ ရှိသော ကာယကံမှု၊ ဝစီကံမှု, မနောကံမှုမျိုးသည် နောက်နောက်ဘဝ အတွက် ယခုဘဝက တင်ကူး၍ပြုကြသော ကောင်းမှုကံမျိုးမည်၏၊ နောက်နောက်ဘဝ၌ ကောင်းသောဘုံ ကောင်းသောဘဝသို့ ရောက်ဖို့ပြု ကြသော ကံမျိုးပေတည်း။

မကောင်းမှု ဒုစ္စရိုက်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဒုစ္စရိုက်မှု မျိုးသည် ယခုဘဝအတွက်နှင့် ပြုကြသည်ဖြစ်စေ, နောက်နောက်ဘဝ အတွက်နှင့် ပြုကြသည်ဖြစ်စေ, နောက်နောက်ဘဝ၌ အပါယ်ငရဲသို့ ချတတ်သော ကံမျိုးဖြစ်ခဲ့၍ နောက်ဘဝအတွက် ပြုကြသော မကောင်း သော ကံမျိုးမည်၏၊

ဤသို့ ကောင်းသောကံမျိုး, မကောင်းသောကံမျိုး ခွဲခြမ်း ဝေဖန်ရာ၏၊

ကျွန်းကြီးကျွန်းငယ်အပြင် ကုန်းနယ်တစ်ခွင်လုံး, ရေနယ် တစ်ခွင်လုံး, ကောင်းကင်နယ် တစ်ခွင်လုံးတို့၌ တအုန်းအုန်း တရုန်းရုန်း နေကြသော ကံ-၃ပါး အမှုတွေကို အကုန်မြော်လေ။

ယခုမျက်မြင် ထင်ရှားရှိသော ဤကမ္ဘာကြီး၌ ကံ ၃-ပါး တရုန်း ရုန်း တအုန်းအုန်း ဖြစ်၍နေသည်ကို သိမြင်ကြကုန်သဖြင့် ကွယ်လွန် လေပြီးသော အစအဆုံးမရှိ များပြားလှစွာကုန်သော ရှေးရှေးသော အတိတ်ကမ္ဘာကြီးတို့၌လည်းကောင်း, နောက်နောက် အသစ်အသစ် ဆက်ကာဆက်ကာ ဖြစ်ပေါ်လတ္တံ့ကုန်သော အနာဂတ် ကမ္ဘာကြီးတို့၌ လည်းကောင်း, ကုန်းသတ္တဝါခပ်သိမ်း, ရေသတ္တဝါ ခပ်သိမ်း, ကောင်း ကင်သတ္တဝါ ခပ်သိမ်းတို့၏ တရုန်းရုန်း တအုန်းအုန်း ကံ-၃-ပါး အမှုတွေ ကို အကုန်သိမြင်ကြကုန်ရာ၏၊

ဤလောကဓာတ်ကြီးမှာကဲ့သို့ အရှေ့အရပ်မှာလည်း လောက ဓာတ်တို့သည် အဆုံးမရှိကုန်၊ အနောက်အရပ်မှာလည်း အဆုံးမရှိကုန်၊ တောင်အရပ်မှာလည်း အဆုံးမရှိကုန်၊ မြောက်အရပ်မှာလည်း အဆုံး မရှိကုန်။

ထိုအဆုံးမရှိသော လောကဓာတ်အနန္တတို့၌လည်း ကုန်း သတ္တဝါ, ရေသတ္တဝါ, ကောင်းကင်သတ္တဝါတို့၏ ကံ၃- ပါးအမှုတွေကို မြော်လေ။

ကံသည်သာလျှင် ကိုယ်ပိုင်ဥစ္စာ

အကုန်မြော်မိကြကုန်သည်ရှိသော် ခပ်သိမ်းသော သတ္တဝါ တို့သည် မိမိတို့ ကိုယ်ခန္ဓာမှဖြစ်သော ကံ ၃-ပါးတို့ဖြင့် အသက် ရှည်ကြရကုန်၏၊ ကံ ၃ပါးတို့ဖြင့် ချမ်းသာသုခကို ရကြကုန်၏၊ ကောင်း သော ကံ ၃-ပါးကိုပြု၍ ကောင်းကျိုးသုခ အမျိုးမျိုးကို ရကြကုန်၏၊ မကောင်းသော ကံ ၃-ပါးကိုပြု၍ မကောင်းကျိုး ဒုက္ခအမျိုးမျိုးကို ရကြ ကုန်၏။

ကံသုံးပါးသည်သာလျှင် သတ္တဝါတို့မှာ အတွင်းဥစ္စာ အမှန် ဖြစ်၏၊ မီးဘေး, ရေဘေး, ခိုးသူ ဓားပြဘေးတို့ကြောင့် မပျက်မဆုံးနိုင်သော ထာဝရဥစ္စာ အမှန်ဖြစ်၏၊ တစ်ခြားတစ်ပါးသော ဥစ္စာဟူ၍ ကြေးနီပိုက်ဆံ တစ်ပြားတန်မျှ မရှိသော်လည်း အတတ်ပညာ အလိမ်မာဟူသော မနောကံရှိခဲ့လျှင် ချမ်းသာအောင် ကြံဆောင်နိုင်တော့သည်။

ရေတိရစ္ဆာန်, ကုန်းတိရစ္ဆာန်, ကောင်းကင်ပျံ တိရစ္ဆာန်တို့သည် ကံ ၃-ပါးသက်သက်နှင့် အသက်ရှည်ကြရကုန်၏၊

ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မဿကာသဗ္ဗေ သတ္တာ ကမ္မဿကာ'' ဟူ၍ ဟောတော် မူပေသည်။

ပစ္စုပ္ပန်ကံ-က ပေးပုံ

ယခုဘဝ၌ ပစ္စည်းဥစ္စာပေါများခြင်း, အစိုးရဂုဏ် ကျက်သရေနှင့် ပြည့်စုံခြင်း အစရှိသော ကောင်းကျိုးချမ်းသာတို့ကို အလို ရှိကြကုန်သော သူတို့သည် အတတ်ပညာ အလိမ်မာမျိုးကို ကောင်းစွာပြည့်စုံအောင် အားထုတ် လုပ်ဆောင်ပါလျှင် ထိုကောင်းကျိုး ချမ်းသာတို့ကို ရနိုင်၏၊ အတတ်ပညာ အလိမ်မာမျိုးကို အားမထုတ်ဘဲ ထာဝရဘုရားကို ယုံကြည် စွာ ရှိခိုး၍ ဤကဲ့သို့ ကောင်းကျိုးချမ်းသာကို ရသည်ဟူ၍မရှိ။

ထာဝရဘုရားကို ထာဝရဘုရားကို ယုံကြည် စွာ ရှိခိုး၍ ဤကဲ့သို့ ကောင်းကျိုးချမ်းသာကို ရနိုင်ကြကုန်သည်ဖြစ်ငြားအံ့၊ ထာဝရဘုရားကို ယုံကြည်ကြကုန်သော လူမျိုးတို့သည် ကုန်သွယ်ခြင်း, လယ်လုပ်ခြင်း, အတတ်ပညာ အလိမ်မာတို့ကို သင်ကြား အားထုတ်ခြင်း အစရှိကုန်သော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့ကို မပြုကြကုန်မူ၍ ထာဝရဘုရားကို ရှိခိုးခြင်း အလုပ်တစ်ခုကိုသာ ပြု၍ နေကြကုန်ရာ၏။

ထိုသို့ကား မဟုတ် ဗုဒ္ဓဘာသာလူမျိုးတို့ကဲ့သို့ပင် ကုန်သွယ်ခြင်း, လယ်လုပ်ခြင်း, အတတ်ပညာ အလိမ်မာတို့ကို သင်ကြားအားထုတ်ခြင်း အစရှိကုန်သော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့ကို ခရစ်ယာန် လူမျိုး, မဟာမက် လူမျိုး, ဘုရင်ဂျီ လူမျိုးတို့လည်း ပြုလုပ်အားထုတ်ကြကုန်၏၊ ထို့ကြောင့် ထိုလူမျိုးတို့ သည်လည်း ယခုဘဝ၌ ပစ္စည်းဥစ္စာနှင့် ပြည့်စုံခြင်း, အစိုးရ ဂုဏ်ကျက်သရေနှင့် ပြည့်စုံခြင်း အစရှိကုန်သော ကောင်းကျိုး ချမ်းသာတို့ကို ထာဝရဘုရားပေး၍ ရကြကုန်သည် မဟုတ်၊ ကာယကံ, ဝစီကံ, မနောကံဟူသော မိမိတို့ ပစ္စုပ္ပန်ကံ ပေး၍သာ ရကြကုန်သည်ဟု သိမြင် ယုံကြည်နိုင်ရာ၏။

ပစ္စုပ္ပန်ကံအချက်ကို ပြဆိုခန်း ပြီး၏၊

-----------

အတိတ်ကံ-က ပေးပုံ

ယခုဘဝ၌ ပစ္စည်းဥစ္စာပေါများခြင်း, အစိုးရဂုဏ် ကျက်သရေနှင့် ပြည့်စုံခြင်း အစရှိကုန်သော ကောင်းကျိုးချမ်းသာတို့ကို ထာဝရဘုရား ပေး၍ ရနိုင်ကြကုန်သည်မဟုတ်၊ မိမိတို့ ပြုကြသော အလိမ်မာမှု ဟူသော ကံပေး၍သာ ရနိုင်ကြကုန်သည်ဟု ဒိဋ္ဌမျက်မြင် ယုံကြည်နိုင်ကြကုန် သကဲ့သို့ သေသည်မှ နောက်ဘဝတို့၌ ပစ္စည်းဥစ္စာ ပေါများသော သူဌေး သူကြွယ်မျိုးတို့၌ လူအဖြစ်ကိုရခြင်း, နတ်ကောင်း သိကြားကောင်း အဖြစ်ကို ရခြင်းဟူသော ကောင်းကျိုးချမ်းသာတို့ကိုလည်း ထာဝရ ဘုရားကို ကိုးကွယ်ရှိခိုး၍ ထာဝရဘုရားပေး၍ ရကြကုန်သည် မဟုတ်၊ ရှေးရှေးဘဝ၌ မိမိတို့ပြုခဲ့ကြသော ဒါနမှု, သီလမှု အစရှိသော မိမိတို့ အတိတ်ကံပေး၍သာ ရကြကုန်သည်ဟု သိမြင် ယုံကြည်ကြကုန်ရာ၏၊ ဥစ္စာဓန ကြွယ်ဝသောအမျိုး၌ ရှေးကံပို့ချ၍ ပဋိသန္ဓေတည်နေသူမှာ ထိုအမျိုး၌ ရှိသမျှသော ဥစ္စာဓနတို့သည် ထိုသူ၏ဥစ္စာ ဖြစ်ကုန်၏၊ ထိုဥစ္စာစုသည် ထိုသူမှာ ရှေးကံပေး၍ ရသည်မည်၏၊

သစ်ပင်ဥပမာ

ဤအရာ၌ သစ်ပင်ဥပမာကို ပြဦးအံ့။ သစ်ပင် အစဉ်အဆက် ဖြစ်ရာ၌ လောကအလိုအားဖြင့် မျိုးစေ့မှဖြစ်သည်ဟု ပြောဆိုရာ၏၊ အဘိဓမ္မာ အလိုအားဖြင့် ဥတုခေါ်သော တေဇောဓာတ်အထူးမှ ဖြစ် သည်ဟု ပြောဆိုရာ၏။

မျိုးစေ့ဟူသည် တေဇောမျိုး အစုအခဲပင် ဖြစ်၏၊ ထိုတေဇော သည်သာလျှင် မျိုးစေ့အစစ် ဖြစ်၏၊

သစ်ပင်တို့သည် မျိုးစေ့ မရှိသေးမီ ကမ္ဘာဦးအခါ၌ ထိုဥတု ဟူသော တေဇောဓာတ်အထူးမှ ဖြစ်ကုန်၏၊ နောက်၌မူကား ထိုသစ်ပင်မှ အသီးမျိုးစေ့တို့သည် ဖြစ်လာကုန်၏၊ ထိုမျိုးစေ့တို့မှ သစ်ပင် အဆက် ဆက်တို့သည် ဖြစ်ကုန်၏၊ ထို့အတူ လူ, တိရစ္ဆာန် စသော သတ္တဝါ တို့၌လည်း ဒါန, သီလ အစရှိသော ကောင်းသောကံ, သူ့အသက်ကို သတ်ခြင်း အစရှိသော မကောင်းသောကံတို့သည် ရှိကြကုန်၏၊ ထိုကံတို့ သည် မျိုးစေ့တို့ပင်တည်း။

ရှေးရှေးကမ္ဘာ ရှေးရှေးဘဝတို့၌ မိမိတို့သန္တာန်မှာ ဖြစ်ခဲ့ကြ ကုန်သော ကံမျိုးစေ့တို့ကြောင့် နောက်နောက်ကမ္ဘာ, နောက်နောက် ဘဝတို့၌ လူ, တိရစ္ဆာန်စသော သတ္တဝါ အဆက်ဆက်တို့သည် ဖြစ်ကြ ကုန်၏၊ ဒါန, သီလစသော ကောင်းသော ကံမျိုးစေ့တို့မှ လူ့ဘဝ၊ နတ်ဘဝဟူသော ကောင်းသောဘဝတို့သည် ဖြစ်ကြကုန်၏၊ သူ့အသက် သတ်ဖြတ်ခြင်း အစရှိသော မကောင်းသော ကံမျိုးစေ့တို့မှ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဟူသော မကောင်းသော ဘဝတို့သည် ဖြစ်ကြ ကုန်၏၊

သစ်ပင်ဟောင်းတို့မှ အသီးမျိုးစေ့တို့သည် ဖြစ်ကုန်၏၊ ထိုအသီး မျိုးစေ့တို့မှ အသစ်အသစ်တို့သည် ဖြစ်ကုန်၏၊ ဤသို့လျှင် သစ်ပင်မှ မျိုးစေ့, မျိုးစေ့မှသစ်ပင် အစဉ်အဆက် ဖြစ်ပွား၍နေကြသကဲ့သို့ ထို့အတူ သတ္တဝါတို့မှာလည်း ရှေးရှေးသော ဘဝဟောင်းတို့မှ ကံမျိုးစေ့တို့သည် ဖြစ်ကုန်၏၊ ထိုကံမျိုးစေ့တို့မှ နောက်ဘဝ သစ်ပင်တို့သည် ဖြစ်ကုန်၏၊ ဤသို့လျှင် သတ္တဝါမှကံမျိုးစေ့, ကံမျိုးစေ့မှသတ္တဝါ အစဉ်အဆက် ဖြစ်ပွား၍ နေကြကုန်၏၊

သစ်ပင်တို့မှာ ရုပ်သန္တာန် တစ်ပါးသာရှိ၏၊ ထို့ကြောင့် သစ်ပင် တစ်ခုမှာ အသီးအများ သီး၍ ထိုအသီးတို့မှ သစ်ပင်အများ ဖြစ်ပွား နိုင်ကုန်၏၊

သန္တာန် ၂-မျိုး

သတ္တဝါတို့မှာ ရုပ်သန္တာန်, နာမ်သန္တာန် ၂-မျိုး ရှိကြကုန်၏၊ ထို ၂-မျိုးတွင် နာမ်သန္တာန်သည် အကြီးအကဲဖြစ်၏၊ နာမ်သန္တာန်တစ်ခုမှ နာမ်သန္တာန် တစ်ခုသာ ဖြစ်နိုင်၏၊ ထို့ကြောင့် သတ္တဝါတို့မှာ တစ်ခုသော ဘဝ၌ ကောင်းသော ကံမျိုးစေ့အများ, မကောင်းသော ကံမျိုးစေ့ အများ ဖြစ်ကြကုန်သော်လည်း နာမ်သန္တာန်ဟောင်းတစ်ခုမှ နောက်ဘဝ၌ နာမ်သန္တာန်သစ် တစ်ခုသာ ဖြစ်ပွားရိုးရှိ၏၊ နာမ်သန္တာန်ဟောင်းတစ်ခုမှ နောက်ဘဝ၌ နာမ်သန္တာန်သစ်အများ ဖြစ်ပွားရိုးမရှိ၊ နာမ်သန္တာန်သစ် အများ ဖြစ်ပွားရိုး မရှိသည့်အတွက်ကြောင့် ပုဂ္ဂိုလ် သတ္တဝါတို့မှာ ရုပ်သန္တာန်ဟောင်းတစ်ခုမှ နောက်ဘဝ၌ ရုပ်သန္တာန်သစ် တစ်ခုသာ ဖြစ်ရိုးရှိ၏၊ ရုပ်သန္တာန်အများ ဖြစ်ပွားရိုး မရှိ။

ဤသို့လျှင် မြေ, ရေ, တော, တောင်, နေ, လ, နက္ခတ်, တာရာ ကြယ်ကြီး ကြယ်ငယ်တို့မှ စ၍ ခပ်သိမ်းသော ကမ္ဘာ့အဆောက်အဦ တို့သည် ဥတုခေါ်သော တေဇော အမျိုးမျိုးဟူသော မျိုးစေ့တို့မှ ဖြစ်ပွား ကြကုန်၏၊ ထာဝရဘုရား ဖန်ဆင်း၍ ဖြစ်ကြကုန်သည် မဟုတ်၊ လူ, တိရစ္ဆာန်အစရှိကုန်သော သတ္တဝါအပေါင်းတို့သည်လည်း ရှေးရှေးကမ္ဘာ ရှေးရှေးဘဝတို့၌ မိမိတို့ပြုခဲ့ကြသော ကံတည်းဟူသော မျိုးစေ့တို့မှ နောက်နောက်ဘဝတို့၌ အသစ်အသစ်ဖြစ်ပွား၍ နေကြကုန်၏၊ ထာဝရ ဘုရားဖန်ဆင်း၍ ဖြစ်ကြကုန်သည် မဟုတ်ဟု သိမြင် ယုံကြည်မှုသည် သမ္မာဒိဋ္ဌိမည်၏။

ထာဝရဘုရား ဖန်ဆင်း၍ ဖြစ်ကြကုန်သည်ဟု သိမြင် ယုံကြည်မှု သည် မိစ္ဆာဒိဋ္ဌိမည်၏၊ ဟုတ်မှန်သော ဥတုအစွမ်း, ကံအစွမ်းတွေကို စေ့စေ့စုံစုံ မြင်နိုင်သော ဉာဏ်မရှိကြသည့်အတွက်ကြောင့် ထာဝရဘုရား ဖန်ဆင်းသည်ဟု ကြံဖန်ရမ်းဆ၍ ယူကြသော မိစ္ဆာအယူမျှသာဖြစ် သတည်း။

ထို့ကြောင့် ထိုအယူကို စွန့်ပစ်၍ အသိအလိမ္မာ ဉာဏ်ပညာ ကံတရားတို့ကိုသာ အားကိုးအားထား ကြိုးစား အားထုတ်စေခြင်းငှါ ''သဗ္ဗေ သတ္တာ ကမ္မဿကာသဗ္ဗေ သတ္တာ ကမ္မဿကာ'' ဟူ၍ ဟောတော်မူသည်။

သဗ္ဗေ သတ္တာ ကမ္မဿကာပုဒ်အဖွင့် ပြီး၏၊

---------------

၂-ကမ္မဒါယာဒါ-ပုဒ်အဖွင့်၊ အမွေနှင့် အမွေခံ

သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ ဟူသောပါဌ်၌ လောက၌ မိမိတို့၏ အမွေဥစ္စာတို့မည်သည် ရှိကြကုန်၏၊ ထိုအမွေဥစ္စာတို့ကို ခံယူကြရ ကုန်သော အမွေခံ သား, သမီးတို့မည်သည် ရှိကုန်၏၊ ထိုဥစ္စာတို့သည် မသေမီကာလ၌သာ မိမိတို့၏ ဥစ္စာဟု ဆိုရကုန်၏၊ သေကြသောအခါ ထိုဥစ္စာတို့ကို စွန့်ပစ်၍ သွားကြရကုန်၏၊ ထိုဥစ္စာတို့သည် ဘဝတစ်ပါးသို့ မလိုက်ကုန်၊ မသေမီကာလ၌လည်း မီးဘေး, ရေဘေး, ခိုးသူ ဓားပြဘေး တို့ကြောင့် ပျက်ဆုံးတတ်ကုန်၏၊ သုံးစား၍သော်လည်း ကုန်ဆုံးကုန်၏၊ သတ္တဝါတို့ပြုကြသော ဒါန, သီလ အစရှိသော ကံ ၃-ပါးတို့သည်မူကား သေသည်မှ နောက်ဘဝသို့လည်း အစဉ် လိုက်ကုန်၏၊ မီးဘေး စသည် တို့ကြောင့်လည်း ပျက်ဆုံးခြင်း မရှိကုန်။

ထိုကြောင့် ထိုကံတည်း ဟူသော အမွေဥစ္စာတို့သည် သာလျှင် သတ္တဝါတို့၏ အမွေဥစ္စာ အစစ်မည်ကုန်၏၊ ကံကို ပြုကြသော သတ္တဝါတို့သည် နောက်နောက်ဘဝတို့၌ ထိုကံ၏ အကျိုးကို ဧကန္တ ခံစံကြရကုန်၏၊

ဒါနစသည်၏ အကျိုး ပွားများပုံ

ခွေး, ဝက်, ကြက်, ငှက်တို့အား ကြည်ဖြူသောစိတ်ဖြင့် တစ်ကြိမ် ကျွေးမွေးသော ဒါနကုသိုလ်ကံသည် နောင်ဘဝ တစ်ရာလောက် သုဂတိဘဝကို ပေးနိုင်၏၊ သီလရှိသော ရဟန်းသံဃာတို့၌ တစ်ကြိမ် ကျွေးမွေးသော ဒါနကုသိုလ်ကံသည် နောင်ဘဝအသင်္ချေလောက် လူအဖြစ်, နတ်အဖြစ်ကို ပေးနိုင်၏၊ ယခုဘဝ၌ တစ်မတ်တန်မျှ လှူဒါန်းမှုသည် နောက်နောက်ဘဝ၌ အထောင်တန်မျှ မကသော အကျိုးကို ပေးနိုင်၏။

သား, ငါး, ကြက်, ဝက်စသော တိရစ္ဆာန်တစ်ကောင်ကို သတ်မိ သည်ရှိသော် နောင် အထောင်မကသော ဘဝတို့၌ အသတ်ခံရခြင်း တည်းဟူသော အကျိုးကို ခံရ၏၊

ညောင်စေ့ငယ်က ညောင်ပင်ကြီးဖြစ်လာပုံ

လောက၌ ညောင်မျိုးစေ့ငယ်တစ်ခုကို စိုက်ပျိုးလျှင် ညောင် ပင်ကြီးဖြစ်၍ အနှစ်တစ်ထောင်မက အသီးပေါင်း အနန္တ ဖြစ်ပွား၏၊ ထို့အတူ သရက်မျိုးစေ့ တစ်ခု, ပိန္နဲမျိုးစေ့ တစ်ခုကို စိုက်ပျိုးလျှင် သရက် ပင်ကြီး ပိန္နဲပင်ကြီးဖြစ်၍ အနှစ်များစွာ အသီးပေါင်း အသောင်းမက ဖြစ်ပွား၏။

ဤသို့လျှင် သစ်ပင်တို့၌ အနည်းငယ်မျှဖြစ်သော တစ်ခု တစ်ခုသော မျိုးစေ့သည် အဆအသောင်း အသိန်းမကသော အသီး အရွက် အခက်အညွန့် တို့ကို ဖြစ်ပွားစေနိုင်၏၊ ထို့အတူ တစ်ခုသော ဒါနကုသိုလ်, တစ်ခုသောသီလကုသိုလ်, တစ်ခုသော ဘာဝနာကုသိုလ် ဟူသော ကံမျိုးစေ့သည် နောက်ဘဝ အဆက်ဆက်တို့၌ အသိန်း အသောင်း မကသော ကောင်းကျိုးချမ်းသာကို ပေးနိုင်၏။

တစ်ခုသော တိရစ္ဆာန်ကို သတ်မှု အစရှိသော အကုသိုလ်ကံ သည်လည်း နောက်ဘဝ အဆက်ဆက်တို့၌ များစွာသော မကောင်း ကျိုးဒုက္ခကို ပေးနိုင်၏၊ ညောင်မျိုးစေ့, သရက်မျိုးစေ့, ပိန္နဲမျိုးစေ့ အစရှိ သော မျိုးစေ့ငယ်တို့နှင့် ကာယကံ, ဝစီကံ, မနောကံဟူသော ကံမျိုးစေ့ တို့သည် တစ်ခုသော မျိုးစေ့ငယ်မှ များစွာဖြစ်ပွားသော အသီးအရွက် အခက်အညွန့်တို့နှင့် ယခုဘဝ ပြုကြသော တစ်ခုသော မျိုးစေ့မှ နောက် နောက်ဘဝတို့၌ များစွာဖြစ်ပွားသော အကျိုးရင်း အကျိုးဆက်တို့သည် တူကုန်၏။

ကံတစ်ခုကို ပြုမိသောသူအား ထိုကံသည် ထိုသူ၏ စိတ် သန္တာန်မှာ ဘဝများစွာ ကမ္ဘာများစွာ အစဉ်ပါရှိ၍ ထိုသူအား အကြောင်း အခွင့် သင့်လျော်ရာကာလ၌ ကောင်းသောအကျိုး, မကောင်းသော အကျိုးကို ပေးကာ, ပေးကာ လိုက်ပါ၍ နေကုန်၏၊ ထိုကံကို စွန့်ပစ်ခြင်းငှါ မတတ်ကောင်း၊ ထိုကံ၏အကျိုးကို နောက်နောက်ဘဝတို့၌ အလျဉ်း သင့်ရာ ခံစံကြရမြဲ ဓမ္မတာဖြစ်ကုန်၏၊

ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ'သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ'' ဟူ၍ ဟော တော်မူသည်။

သဗ္ဗေ သတ္တာ ကမ္မဒါယာဒါ ပုဒ်အဖွင့် ပြီး၏၊

---------

၃-ကမ္မယောနီ-ပုဒ်အဖွင့်၊ အကြောင်းအမျိုးမျိုးခွဲပုံ

သဗ္ဗေ သတ္တာ ကမ္မယောနီ-ဟူသောပါဌ်၌ ညောင်ပင်တစ်ခု ဖြစ်ပွားရာ အကြောင်းစုသည် အများရှိ၏၊

ညောင်မျိုးစေ့သည်လည်း အကြောင်းတစ်ပါး, မြေသည်လည်း အကြောင်းတစ်ပါး, ရေသည်လည်း အကြောင်းတစ်ပါး။

ထိုအကြောင်းစုတွင် ညောင်မျိုးစေ့သည် အကြောင်းရင်း ဖြစ်၏၊ မြေ, ရေသည် အခြံအရံအကြောင်းများဖြစ်ကြ၏၊ ထို့အတူ ကူလီ လုပ်မှုကြောင့် ကြေးငွေကို ရရာ၌ ကူလီလုပ်မှု ဟူသော ပစ္စုပ္ပန်ကံသည် အကြောင်းရင်းဖြစ်၏၊ ကူလီလုပ်ရာ ဌာန, ကူလီလုပ်ရန် ပေါက်တူး, ခြင်းတောင်း, အခပေးသူ, သူဌေး သူကြွယ်များသည် အခြံအရံ အကြောင်းများဖြစ်၏၊

နောက်ဘဝမှာ အမိဝမ်း၌ လူအဖြစ်ကို ပေးသော ကံမျိုး, အမိဝမ်း၌ ခွေးအဖြစ်, ဝက်အဖြစ်, ကြက်, ငှက် အဖြစ်ကိုပေးသော ကံမျိုးတို့မှာ ရှေးဘဝတို့က ပြုခဲ့ကြသော ဒါန သီလ-စသော ကောင်းသော ကံမျိုး, သူ့အသက်ကို သတ်ခြင်းစသော မကောင်းသော ကံမျိုးသည် အကြောင်း ရင်းဖြစ်၏၊ ညောင်မျိုးစေ့နှင့်တူ၍ အမိအဘ ဟူသော အကြောင်းသည် အခြံအရံအကြောင်းများဖြစ်ကြ၏၊ ညောင်ပင်ပေါက်ရာ၌ မြေအဖို့၊ မိုးရေ မိုးပေါက်အဖို့နှင့် တူ၏၊

ဤသို့လျှင် ပစ္စုပ္ပန်ကံဆိုင်ရာ ကောင်းကျိုး, မကောင်းကျိုး တို့၌လည်း မိမိတို့ပြုကြသော လိမ်မာမှု, မလိမ်မာမှုသည်သာလျှင် အကြောင်းရင်းဖြစ်၏၊ အတိတ်ကံ၏ ဆိုင်ရာ ကောင်းကျိုး, မကောင်းကျိုး တို့၌လည်း ရှေးဘဝတို့၌ မိမိတို့ ပြုခဲ့ကြသော ဒါန, သီလ-စသော လိမ်မာမှု, ပါဏာတိပါတစသော မလိမ်မာမှုသည်သာလျှင် အကြောင်း ဖြစ်၏၊ အမိ အဘသည် အကြောင်းရင်း မဟုတ်၊ ထာဝရ ဘုရားနှင့် မူကား သက်သက် မဆိုင်။

ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မယောနသဗ္ဗေ သတ္တာ ကမ္မယောနီ'' ဟူ၍ ဟောတော် မူသည်။

သဗ္ဗေ သတ္တာ ကမ္မယောနီပုဒ်အဖွင့် ပြီး၏၊

---------

၄-ကမ္မဗန္ဓူ-ပုဒ်အဖွင့်၊ အားကိုးရမည့် ဆွေမျိုးစစ်

သဗ္ဗေ သတ္တာ ကမ္မဗန္ဓူဟူသော ပါဌ်၌ လောက၌ လူတို့သည် အလွန်ချစ်ခင်မြတ်နိုး အားကိုးအားထား ပြုကြရသော အမိအဘ အစ်ကို ညီ သား အစရှိသော ဆွေမျိုးဉာတိ, ဆရာသမား အစရှိသော မိတ် သဟာယများသည် ရှိ၏၊ ထိုဉာတိ မိတ်သဟာယများသည် မသေမီ ကာလ တစ်ခဏ၌သာ ချစ်ခင်မြတ်နိုး အားကိုးအားထား ပြုကြရာဖြစ်၏။

မိမိတို့ပြုကြသော ကာယကံမှု, ဝစီကံမှု, မနောကံမှုသည် သာလျှင် နောက်နောက်ဘဝသို့ ပြောင်းသွားကြရာ မိမိတို့သန္တာန်မှာ မကွေမကွာ အတူပါ၍ ကောင်းကျိုးချမ်းသာကို ပေးနိုင်၏၊ ထို့ကြောင့် ဒါန သီလ အစရှိသော ကံသည်သာလျှင် အလွန်ချစ်ခင်မြတ်နိုး အားကိုး အားထား ပြုထိုက်သော ဆွေစစ်မျိုးစစ် သဟာယအစစ် ဖြစ်၏၊

ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မဗန္ဓူ သဗ္ဗေ သတ္တာ ကမ္မဗန္ဓူ '' ဟူ၍ ဟောတော် မူသည်။

သဗ္ဗေ သတ္တာ ကမ္မဗန္ဓူပုဒ်အဖွင့် ပြီး၏၊

--------------

၅-ကမ္မပ္ပဋိဿရဏာ-ပုဒ်အဖွင့်၊ ကိုးကွယ်ခြင်းအဓိပ္ပါယ်

သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ-ဟူသောပါဌ်၌ ကိုးကွယ်မှု ဆိုသည်ကား အားကိုးအားထားပြုမှု, ဒုက္ခဘေးတို့မှ ကွယ်ကာ ပုန်း အောင်းရာ ပြုမှုကိုဆိုလိုသည်၊ လောက၌ အသက်ရှည်ခြင်းကို အလို ရှိကြကုန်သော လူတို့သည် ထမင်းရေစာကို အားကိုးအားထား ပြုကြ ရကုန်၏၊ ထမင်းရေစာသည် လူကို ငတ်မွတ်ခြင်းဘေးမှ ကွယ် ကာနိုင်၏၊ ငတ်မွတ်ခြင်းဘေးကို မတွေ့လိုသော သူတို့သည် ထမင်းရေစာကို လက်ရှိပြုကြရကုန်၏၊ ထမင်းရေစာ ပြည့်စုံစွာရှိသောသူတို့၌ ငတ်မွတ် ခြင်းဘေး မလာနိုင်၊ ထို့ကြောင့် သတ္တဝါတို့သည် ငတ်မွတ် ခြင်းဘေး အတွက် ထမင်းရေစာကို ကိုးကွယ်ကြရကုန်၏၊ ထို့အတူ အနာရောဂါ အတွက် ဆေးဝါးကို ကိုးကွယ်ကြရကုန်၏၊ ဆေးဆရာကို ကိုးကွယ် ကြရကုန်၏၊ ရန်သူအတွက် လက်နက်ကို ကိုးကွယ်ကြရကုန်၏၊ ဤနည်းအတူ လောက၌ ကိုးကွယ်ရာ ခပ်သိမ်းတို့ကို အကုန်မြော်လေ။

ကိုးကွယ်မှုဆိုသည်ကား ရှိခိုးပူဇော်မှုကိုသာ ဆိုသည် မဟုတ်၊ အားကိုး အားထားပြုမှု, ကွယ်ရာ ကာရာပြုမှု အလုံးစုံသည် ကိုးကွယ်ရာမှု ချည်းပင်တည်း၊ ဘုရား, တရား, သံဃာ, ဆရာသမား စသော မိမိထက် မြတ်သော သူတို့ကိုမူကား ရှိခိုးပူဇော်၍ပင် ကိုးကွယ်ကြရကုန်၏၊ ယခု ဘဝ၌ ပစ္စည်းဥစ္စာ မရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏၊ ထိုဒုက္ခမှ ကြောက်ကြကုန်သဖြင့် ပစ္စည်းဥစ္စာတို့ကို ရစေနိုင်သော လုပ်မှု ဆောင်မှု အသိအလိမ္မာ ဉာဏ်ပညာဟူသော ကံကို အားကိုး ကြရကုန်၏။

ဒါန, သီလ-စသော ကုသိုလ်ကံမျိုး မရှိခဲ့လျှင် နောက်ဘဝ၌ အပါယ် သို့ကျ၍ ဒုက္ခကြီးစွာ ရောက်တတ်၏၊ ထိုဒုက္ခမှ ကြောက်ကြ ကုန်သဖြင့် နောက်ဘဝ၌ လူအဖြစ်, နတ်အဖြစ်ကို ပေးနိုင်သော ဒါန, သီလ အစရှိသော ကုသိုလ်ကံကို အားထုတ်ကြရကုန်၏။

လုပ်မှု ဆောင်မှု အသိအလိမ်မာ ဉာဏ်ပညာဟူသော ပစ္စုပ္ပန် ကံမှုသည် ပစ္စုပ္ပန်ဒုက္ခမှ ကယ်တင်နိုင်၏၊ ဒါန, သီလ အစရှိသော ကုသိုလ်ကံမှုသည် နောက်ဘဝ၌ အပါယ်ကျခြင်း ဒုက္ခမှ ကယ်တင်နိုင်၏၊ ယခုဘဝဒုက္ခအတွက် ပစ္စုပ္ပန်ကံ အမှုကို အားကိုးကြရကုန်၏၊ နောက် ဘဝ အပါယ်ဒုက္ခအတွက် ဒါန, သီလ အစရှိသော ကုသိုလ်ကံအမှုကို အားကိုးကြရကုန်၏၊ အားထုတ်၍ လုပ်ဆောင်ကြရကုန်၏၊

ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာသဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ'' ဟူ၍ ဟောတော် မူ၏၊

ကိုးကွယ်ရာလေးမျိုး

ဤအရာ၌ ကိုးကွယ်ရာ အမျိုးမျိုးတို့ကို ပေါင်းစု၍ စစ်ဆေး ရာ၏၊

ဗုဒ္ဓဘာသာ၌ နောက်ဘဝအတွက် ကိုးကွယ်ရာ ၄-ပါးရှိ၏၊

၁။ ဘုရားသည် ကိုးကွယ်ရာတစ်ပါး၊

၂။ တရားသည် ကိုးကွယ်ရာတစ်ပါး၊

၃။ သံဃာသည် ကိုးကွယ်ရာတစ်ပါး၊

၄။ ဒါန သီလအစရှိသော မိမိတို့ပြုကြသော ကုသိုလ်ကံသည် ကိုးကွယ်ရာတစ်ပါး၊

ဥပမာကား။ ။ လောက၌ အနာရောဂါရှိသူတို့အား ကိုးကွယ် ရာ -၄-ပါး ရှိ၏၊

၁။ ဆရာဝန်ကြီးသည် ကိုးကွယ်ရာတစ်ပါး၊

၂။ ဆေးကောင်းဝါးကောင်းများသည် ကိုးကွယ်ရာတစ်ပါး၊

၃။ လက်ထောက်ဆရာဝန်များသည် ကိုးကွယ်ရာတစ်ပါး၊

၄။ ထို ၃-ပါးကို ယုံကြည်၍ အနာရောဂါ ပျောက်ငြိမ်းတဲ့ရန် နေရာတကျ အားထုတ်သော မိမိတို့ အလိမ်မာမှုသည် ကိုး ကွယ်ရာတစ်ပါး။

ထိုလေးပါးတို့တွင် ဆရာဝန်ကြီးသည်လည်းကောင်း, လက် ထောက် ဆရာဝန်များသည်လည်းကောင်း, ဆေးနှင့် အနာရောဂါကို နေရာတကျသိ၍ ဆေးကောင်းဝါးကောင်းကိုပေးသည့်အတွက် သူနာတို့၏ ကိုးကွယ်ရာ မည်ကုန် ၏၊ ဆေးကောင်းဝါးကောင်းများသည် အနာရောဂါကို ပျောက်ငြိမ်း စေတတ်သည့်အတွက် သူနာတို့၏ ကိုးကွယ် ရာ မည်ကုန်၏၊ မိမိတို့၏ အလိမ်မာမှုသည်လည်း အနာရောဂါ ပျောက် ငြိမ်းရန် ကျေးဇူးပြုမှု ဖြစ်ပေ၍ ကိုးကွယ်ရာမည်၏၊ ထိုအလိမ်မာမှု မရှိခဲ့လျှင် ကြွင်းသော ကိုးကွယ်ရာ ၃-ပါးတို့သည် ထိုသူနာ၏ အနာ ရောဂါကို ပျောက်ငြိမ်းအောင် မတတ်နိုင်ကြကုန်၊ ထို့ကြောင့် ထို-၄-ပါး စုသည် အနာရောဂါ ပျောက်ငြိမ်းခြင်းငှါ သူနာတို့၏ ကိုးကွယ်ရာ ချည်း အမှန်ဖြစ်၏၊

ကိလေသာဒုစ္စရိုက် အမိုက်နာရှိကြကုန်သော သတ္တဝါတို့သည် အနာရောဂါ ရှိကြကုန်သော သူနာတို့နှင့် တူကုန်၏၊ မြတ်စွာဘုရားသည် ဆေးဝါးအရာ အနာရောဂါအရာတို့၌ အလွန်လိမ်မာသော ဆရာဝန် ကြီးနှင့်တူ၏၊ သံဃာတော်များသည် လက်ထောက်ဆရာဝန်များနှင့် တူ၏၊ တရားတော်များ သည် ဆေးကောင်းဝါးကောင်းများနှင့်တူ၏၊ ဒါန သီလ အစရှိသော မိမိတို့ ပြုကြသော ကာယကံ, ဝစီကံ, မနောကံများ သည် အနာရောဂါ ပျောက်ငြိမ်းတဲ့ရန် အားထုတ်ကြသော သူနာတို့၏ အလိမ်မာနှင့်တူ၏၊ ဤသို့လျှင် ဗုဒ္ဓဘာသာ၌ ကိုးကွယ်ရာ ၄-ပါး ဆိုရိုး ရှိကြ၏၊

ထို ၄-ပါးတို့တွင် ဘုရား, တရား, သံဃာဟူသော ကိုးကွယ်ရာ -၃-ပါးသည် ဘုရားသာသနာတွင်း၌သာ ရှိကြ၏၊ ဘုရားသာသနာမှ အပ၌ မရှိကြ၊ ကုသိုလ်ကံတည်းဟူသော ကိုးကွယ်ရာသည်မူကား ဘုရား သာသနာတွင်း၌လည်းရှိ၏၊ ဘုရားသာသနာပ၌လည်း ရှိ၏၊ လောက၌ ကံနှင့်ကင်းကွာသော အခါဟူ၍ မရှိ၊ စကြဝဠာ အနန္တတို့၌ ရှိ၏၊ ''သဗ္ဗေ သတ္တာ ကမ္မဿကာသဗ္ဗေ သတ္တာ ကမ္မဿကာ'' ဟူသော ဤဒေသနာတော် သည်လည်း သာသနာတွင်း သာသနာပ စကြဝဠာအနန္တတို့နှင့် သက်ဆိုင် သော ဒေသနာဖြစ်၏၊

ထို့ကြောင့် ဤဒေသနာတော်၌ ဘုရား တရား သံဃာဟူသော ကိုးကွယ်ရာ ၃-ပါးကို မဆိုမူ၍ ကံတည်းဟူသော ကိုးကွယ်ရာကို ဆိုပေသတည်း၊ ဤကား ယခုဘဝ၌ လိမ်မာကြရန်အတွက် နောက် ဘဝ၌ ကောင်းရာ မြတ်ရာသို့ ရောက်ကြရန် အတွက်နှင့် ကိုးကွယ် ကြရသော ကိုးကွယ်ရာဌာနကြီး လေးပါးတည်း။

အားကိုးရာဌာန အမျိုးမျိုး

ကိုးကွယ်ရာ ဌာနဆိုသည်ကား ကယ်ဆယ်နိုင်သော သူကို ဆိုသတည်း၊ ထို့ကြောင့် ထမင်းရေစာသည် အသက်ရှည်ရန်အတွက် သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်၏၊ ဆေးဝါးဓာတ်စာသည် အနာ ပျောက်ငြိမ်းရန်အတွက် ကိုးကွယ်ရာဖြစ်၏၊ မင်းစိုးရာဇာသည် ခိုးသူ ဓားပြ ကင်းငြိမ်းရန်အတွက် ကိုးကွယ်ရာဖြစ်၏၊ အိမ်ရာ, တိုက်တာသည် အနေအထိုင် ချမ်းသာရန်အတွက် ကိုးကွယ်ရာဖြစ်၏၊ လှေသင်္ဘောသည် ရေကြောင်းခရီးအတွက် ကိုးကွယ်ရာဖြစ်၏၊ မြေကြီးသည် တည်ရာမှီရာ အတွက် ကိုးကွယ်ရာဖြစ်၏၊ ထို့အတူ ရေသည် ရေကိစ္စအတွက်, မီးသည် မီးကိစ္စအတွက်, ကောင်းကင်၌ သွားသော လေသည် လေကိစ္စအတွက် ကိုးကွယ်ရာ ဖြစ်၏၊ ဤသို့ အစရှိသည်ဖြင့် ယခုဘဝ ကိုးကွယ်ရာဌာန ငယ်မျိုး အလွန်များပြား၏၊ ဤကား ဗုဒ္ဓဘာသာအလိုအားဖြင့် အားကိုး ရာဌာန အမျိုးမျိုးကို ပြဆိုခြင်းတည်း။

ဘာသာခြားတို့၏ စွဲလမ်းချက်

ဘာသာတစ်ပါးတို့၌ကား ကိုးကွယ်ရာဟူ၍ ထာဝရဘုရား တစ်ခုကိုသာ သိကြကုန်သည့်အတွက်ကြောင့် ခပ်သိမ်းသော ဖြစ်မှု ပျက်မှု တို့မှာ ထိုတစ်ခုသာ ကိုးတတ် ရိုးတတ်ကြကုန်၏၊

ထင်ရှားအောင် ပြဆိုဦးအံ့။ ခရစ်ယာန်ဘာသာ, မဟာမက်ဘာသာ, ဘုရင်ဂျီဘာသာတို့၌ ကိုးကွယ်ရာဟူသော စကား၏အနက်ကို နေရာတကျ မသိမလိမ်မာကြကုန်သည် ဖြစ်၍ ထာဝရဘုရားဟူသော ကိုးကွယ်ရာဌာန တစ်ခုကိုသာ မှတ်ယူစွဲလမ်းကြကုန်၏၊ ထာဝရဘုရား ဟူသော ကိုးကွယ်ရာဌာန တစ်ခုသာရှိသည်ဟု မှတ်ယူကြကုန်သည့် အတွက် ကမ္ဘာ၏အဖြစ်အပျက် သတ္တဝါတို့၏ အဖြစ်အပျက် အလုံးစုံတို့ သည် ထာဝရဘုရား၏ တန်ခိုးတော်ကြောင့်ချည်း ဖြစ်ကုန်သည်ဟု မှတ်ယူကြကုန်၏၊ ထာဝရဘုရားသည် မိမိကို ယုံကြည်စွာ ကိုးကွယ်ကြ ကုန်သော လူအပေါင်းတို့ကို တန်ခိုးတော်၏ အစွမ်းဖြင့် ကယ်တင်၏၊ ထိုလူတို့၌ ရှိသော ဒုစ္စရိုက်အပြစ်တို့ကို တန်ခိုးတော်၏ အစွမ်းအားဖြင့် ပျောက်ငြိမ်းစေ၍ သေသည်မှ နောက်၌ မိမိနေရာ ကောင်းကင်ဘုံသို့ ရောက်အောင်ကယ်တင်၍ ထာဝရအသက် ထာဝရသုခကို ပေးနိုင်သည် ဟု မှတ်ယူ စွဲလမ်းကြကုန်၏၊ သတ္တဝါတို့၌ ကောင်းကျိုး, မကောင်းကျိုး ဟူသမျှတို့သည် ထာဝရဘုရား ပြုပြင်ရာ ဖြစ်ရကုန်၏၊ ကံကြောင့် ဖြစ်ရကုန်သည် မဟုတ်ဟု ကံကိုလုံးလုံး ပစ်ပယ်ကြကုန်၏၊ မိမိတို့သည် ကံကိုအားထုတ်၍ နေကြရပါကုန်လျက် ကံကို လုံးလုံးပစ်ပယ်မှုသည် အံ့ဩဖွယ် ရှိလှ၏၊ ကံဆိုသည်ကား ဘာသာတရားကို ရိုသေစွာ နာခံမှု, ယုံကြည်မှု, ရေနှစ် ရေဖျန်း မင်္ဂလာပြုမှု, ထာဝရဘုရားကို နေ့စဉ် ရှိခိုးမှု, ဆုတောင်းမှု, ပညတ်တော်များကို မလွန်မကျူးမှု စသည်ဖြင့် ဘာသာ ဝဋ်တရားအတွက် နှင့် ပြုလုပ်ကြရသော ကာယကံမှု, ဝစီကံမှု, မနောကံမှု တို့ကို ကံဟုဆိုသတည်း။ ထာဝရဘုရားသည် ထိုကံအမှုတို့ကို ပြုကြသော သူတို့ကိုသာလျှင် ကယ်တင်နိုင်သည်၊ မပြုသောသူတို့ကို မကယ် တင်နိုင်ဟု ထို ဘာသာတို့၌ မှတ်ယူကြကုန်၏၊ ပြုကြရသည်ကို ကံဟူ၍ မသိကြကုန်။

ဘာသာခြားတို့၏ ကိုးကွယ်ရာ

ထိုဘာသာတို့၌လည်း

(၁) ထာဝရဘုရားသည် ကိုးကွယ် ရာတစ်ပါး၊

(၂) ထာဝရဘုရား၏ ပညတ်တော်သည် ကိုးကွယ်ရာတစ်ပါး၊

(၃) ကောင်းကင်တမန်များနှင့်တကွ ခရစ်ဆရာ, မဟာမက်ဆရာအစရှိသော သာသနာပြုဆရာများသည် ကိုးကွယ်ရာ တစ်ပါး၊

(၄) မိမိတို့ ပြုကြသော ဘာသာဝတ်တရားမှုဟူသော ကံသည် ကိုးကွယ်ရာ တစ်ပါး ဟူ၍ ဗုဒ္ဓဘာသာမှာကဲ့သို့ ကိုးကွယ်ရာ ၄-ပါးဖြစ်၏၊ ပြဆိုအပ်ခဲ့ပြီးသော ဆရာဝန်ကြီး ဥပမာ အတိုင်းပင်တည်း။

ထိုဘာသာတို့၌ ကျမ်းပြုဆရာ, သာသနာပြုဆရာတို့သည်မူကား မိမိတို့ ဘာသာ၌လည်း ကိုးကွယ်ရာ အမျိုးမျိုးရှိသည်ကို မကြံမိကြ ကုန်သောကြောင့် ကံကို လုံးလုံးပယ်၍ ထာဝရဘုရားဟူသော ကိုးကွယ် ရာ တစ်ပါးတည်း ကိုသာ မှတ်ယူသည့် အတွက်ကြောင့် လူတို့၌ ကောင်းမှု, ဆိုးမှု, ဖြစ်မှု, ပျက်မှု, သုခ, ဒုက္ခ အလုံးစုံတို့သည် ထာဝရဘုရား အစွမ်း ကြောင့်သာ ဖြစ်ရကုန်၏၊ ထာဝရဘုရားမှတစ်ပါး ဖြစ်နိုင်ရန် အကြောင်း မရှိဟု စွဲယူကြကုန်၏၊ ကောင်းမှု, ဆိုးမှု, ဖြစ်မှု, ပျက်မှု, သုခ, ဒုက္ခတို့ ဖြစ်ပွားရန် အကြောင်းအမျိုးမျိုး ရှိသည်ကို မသိကြကုန်။

ထာဝရဘုရား ရှိ၊ မရှိ စိစစ်ပုံ

လောက၌ ပစ္စည်းဥစ္စာ မရှိကြကုန်သော သူတို့အား ပစ္စည်း ဥစ္စာကို အလိုရှိကြကုန်သည်ရှိသော် ထာဝရဘုရား ကိုးကွယ် ဆုတောင်းမှ ပစ္စည်းဥစ္စာကို ရနိုင်သလော၊ သို့မဟုတ် ကူလီလုပ်ခြင်း, တောင်သူ လယ်ယာလုပ်ခြင်း, ကူးသန်း ရောင်းဝယ်ခြင်း အစရှိသော ပစ္စုပ္ပန်ကံကို ပြုလုပ်အားထုတ်မှ ပစ္စည်းဥစ္စာကို ရနိုင်သလော။

ထာဝရဘုရားကို ကိုးကွယ် ဆုတောင်းလျှင် ပစ္စည်းဥစ္စာ ရသည် ဟု ကမ္ဘာပေါ်မှာ အရိုးအစဉ်မရှိ၊ ပစ္စုပ္ပန်ကံကို ပြုလုပ်လျှင် ပစ္စည်းဥစ္စာ ရမှုသည်ကား ကမ္ဘာပေါ်မှာ အရိုးအစဉ် မျက်မြင်ဒိဋ္ဌဖြစ်၏၊

ထို့ကြောင့် ယခုဘဝ၌ ပစ္စည်းဥစ္စာရမှုသည် ထာဝရဘုရားနှင့် မသက်ဆိုင်၊ ပစ္စုပ္ပန်ကံနှင့်သာ သက်ဆိုင်သည်ဟု ယုံကြည်ထိုက်၏၊

ထာဝရ၌ တန်ခိုး ရှိ, မရှိ စိစစ်ပုံ

ထာဝရဘုရားသည် ပစ္စည်းဥစ္စာကို ပေးနိုင်သော တန်ခိုးမရှိ၊ ပစ္စုပ္ပန်မှု ကံသည်သာလျှင် ပစ္စည်းဥစ္စာကို ပေးနိုင်သော တန်ခိုးရှိ၏၊ အကယ်၍ ထာဝရဘုရားသည် ပစ္စည်းဥစ္စာကို ပေးနိုင်သော တန်ခိုး ရှိခဲ့ငြားအံ့၊ ထာဝရဘုရားကို ယုံကြည်စွာ ကိုးကွယ်ကြကုန်သော လူမျိုး တို့အား တစ်စုံတစ်ခုသော ပစ္စုပ္ပန်ကံအမှုကို ပြုလုပ်ဖွယ်မရှိ၊ ထာဝရ ဘုရားပေးသော ပစ္စည်းဥစ္စာနှင့် ချမ်းသာကြွယ်ဝ၍ နေကုန်ရာ၏၊ ထာဝရ ဘုရားကို မကိုးကွယ်ကြသော လူမျိုးတို့အား ကုန်သွယ်ခြင်း, လယ်လုပ် ခြင်း အစရှိသော ပစ္စုပ္ပန်ကံအမှုတို့ကို ပြုလုပ်အားထုတ်ရကုန်သော်လည်း ထာဝရဘုရားကို မကိုးကွယ်ကြသောကြောင့် တစ်မူးတစ်ပဲမျှသော ပစ္စည်းဥစ္စာကိုမျှ မရနိုင်ကြကုန်ရာ။

ထိုသို့ကားမဟုတ်၊ ထာဝရဘုရားကို အမြဲကိုးကွယ်ကြသော သူတို့သည်လည်း ပစ္စည်းဥစ္စာကို အလိုရှိကြကုန်သည်ရှိသော် ပစ္စုပ္ပန် ကံအမှုကို ပြုလုပ် အားထုတ်ကြမှပင် ရနိုင်ကြကုန်၏၊ ထာဝရဘုရားကို မကိုးကွယ်ကြသော လူမျိုးတို့သည်လည်း ပစ္စုပ္ပန်ကံအမှုကို ပြုလုပ် အားထုတ်ကြလျှင် ပစ္စည်းဥစ္စာကို ရနိုင်ကြကုန်၏၊ ထို့ကြောင့် ယခုဘဝ၌ ပစ္စည်းဥစ္စာချမ်းသာမှုသည် ထာဝရဘုရား၏ ဆိုင်ရာမဟုတ်၊ ပစ္စုပ္ပန်ကံ၏ ဆိုင်ရာသာ ဖြစ်သတည်း။

ဤနည်းတူ အတတ်ပညာ အလိမ်မာကို အလိုရှိခဲ့လျှင် သင် ကြား လေ့ကျက်မှု ဟူသော ပစ္စုပ္ပန်ကံကိုသာ အားထုတ်မှ ရနိုင်သည်၊ ထာဝရဘုရားကို ကိုးကွယ်လျှင် ရနိုင်သည်ဟု ကမ္ဘာ့အရိုးအစဉ်မရှိ၊ အစိုးရလုပ်လိုလျှင် အစိုးရ ဥပဒေများကို သင်ကြားအားထုတ်မှ အစိုးရ ဖြစ်နိုင်သည်၊ ထာဝရဘုရားကို ကိုးကွယ်လျှင် အစိုးရဖြစ်နိုင်သည်ဟု ကမ္ဘာ့အရိုးအစဉ်မရှိ၊ ဤသို့အစရှိသဖြင့် အလုံးစုံသော လောက စီးပွားတို့၌ ပစ္စုပ္ပန်ကံ၏ အစွမ်းသည် အရိုးအစဉ် မျက်မြင်ဒိဋ္ဌ ဖြစ်၏၊ ထာဝရဘုရား၏ အစွမ်းဟူ၍ အရိုးအစဉ်မရှိ။

ထာဝရဘုရားကို ကြည်ညိုစွာ ကိုးကွယ်ကြလျှင် မိမိတို့ ပြုမိကြသော ဒုစ္စရိုက်အပြစ်တို့မှ ကင်းလွတ်ကြကုန်သည်ဟု မှတ်ယူ စွဲလမ်းကြကုန်၏၊ ယခုဘဝ အနာရောဂါ စွဲကပ်ကြသော သူတို့သည် ထာဝရဘုရားကို ကိုးကွယ်လျှင် အနာရောဂါ အပြစ်တို့မှ လွတ်ကင်းကြ ကုန်သည်ဟု အရိုးအစဉ်မရှိ၊ ဆေးဝါးဓာတ်စာတို့ကို မှီဝဲခြင်းတည်း ဟူသော ပစ္စုပ္ပန်ကံကိုပြုလုပ်လျှင် အနာရောဂါ ပျောက်ငြိမ်းသည်မှာ မူကား အရိုးအစဉ် မျက်မြင်ဒိဋ္ဌ ဖြစ်၏၊

စွဲလမ်းချက် အံ့ဩဖွယ

ထာဝရဘုရားကို ကိုးကွယ်လျှင် ယခုဘဝ၌ ပွေး, ညှင်း, တင်း တိပ်နာ တစ်ခုကိုမျှ ပျောက်ငြိမ်းစေနိုင်သည်ဟူ၍ အရိုးအစဉ် မျက်မြင်ဒိဋ္ဌ မရှိကြပါဘဲလျက် ထာဝရဘုရားကို ကိုးကွယ်ကြလျှင် နောက်ဘဝ အတွက် ဒုစ္စရိုက်အပြစ်တို့မှ ကင်းလွတ်ကြကုန်သည်ဟု မှတ်ယူ စွဲလမ်းကြမှုသည် အလွန်အံ့ဩဖွယ် ရှိလှ၏။

ထာဝရဘုရားကို ကိုးကွယ်ဆုတောင်းလျှင် ယခုဘဝ၌ တစ်မူး တန် ချမ်းသာမှုကို ရသည်, တစ်မတ်တန် ချမ်းသာမှုကိုရသည်ဟု အရိုးအစဉ် မျက်မြင်ဒိဋ္ဌ မရှိကြပါကုန်ဘဲလျက် ထာဝရဘုရားကို ကိုးကွယ်လျှင် သေသည်မှနောက်၌ ကောင်းကင်ဘုံသို့ ရောက်၍ ထာဝရ အသက်, ထာဝရသုခကို ရကြကုန်သည်ဟု မှတ်ယူစွဲလမ်းကြမှုသည်လည်း အလွန်အံ့ဩဖွယ်ရှိလှ၏၊ ထို့ကြောင့် ယခုဘဝ၌ မရသေးသော ကောင်း ကျိုးချမ်းသာ အမျိုးမျိုးတို့ကို ရကြခြင်းသည် ပစ္စုပ္ပန် အလိမ်မာ ကံ အမျိုးမျိုး၏ ဆိုင်ရာသာဖြစ်၏၊ ထာဝရဘုရား၏ ဆိုင်ရာ မဟုတ်ဟု ကမ္ဘာပေါ်တွင် အရိုးအစဉ် မျက်မြင်ကိုယ်တွေ့ ဖြစ်ကြကုန်၍ သတ္တဝါ အပေါင်းတို့အား ပစ္စုပ္ပန် ကောင်းကျိုးချမ်းသာအတွက် ပစ္စုပ္ပန်အလိမ်မာ ကံသာလျှင် ကိုးကွယ်ရာရှိကြကုန်သည်ဟု ဧကန်မုချ ယုံကြည်ထိုက် လှ၏၊

ထာဝရနှင့် မသက်ဆိုင်ပုံ

ဤသို့ ပစ္စုပ္ပန် ကောင်းကျိုးချမ်းသာအရာ၌ သတ္တဝါ တို့အား ပစ္စုပ္ပန်အလိမ်မာ ကံသာလျှင် ကိုးကွယ်ရာရှိသည်၏ အဖြစ်ကို ကမ္ဘာပေါ် တွင် မျက်မြင်ကိုယ်တွေ့ ဖြစ်ကြကုန်သဖြင့် သေသည်မှ နောက်၌ အထက် ကောင်းကင်ဘုံ အစရှိသော ကောင်းမြတ်ရာ ဘုံဘဝသို့ ရောက်ကြရာ မှာလည်း ဒါနသီလ အစရှိသော အလိမ်မာကံအမျိုးမျိုး ၏သာ သက်ဆိုင် ရာဖြစ်၏၊ ထာဝရဘုရား၏ သက်ဆိုင်ရာမဟုတ်၊ ထာဝရဘုရားသည် ဒါန, သီလ အစရှိသော အလိမ်မာကံမျိုး မရှိသော သူတို့ကို ကောင်းမြတ် ရာ ဘုံဘဝရောက်အောင် မကယ်တင်နိုင်။

ထာဝရဘုရားကို မကိုးကွယ်သော်လည်း ဒါန, သီလ စသော အလိမ်မာကံရှိသောသူတို့သည် ကောင်းမြတ်ရာ ဘုံဘဝသို့ ရောက်နိုင်ကြကုန်သည်ဟု ယုံကြည်အပ်၏၊

နောင်ဘဝ ကောင်းကျိုးချမ်းသာ အမျိုးမျိုးဆိုသည်ကား သေ သည်မှ နောက်၌ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံ၌ ဖြစ်ရခြင်း သူဌေးမျိုး, သူကြွယ်မျိုး, မင်းမျိုး, စိုးမျိုးတို့၌ လူဖြစ်ရခြင်း အထက်ကောင်းကင်ဘုံ တို့၌ တန်ခိုးကြီးသော နတ်သိကြား ဗြဟ္မာဖြစ်ရခြင်း အစရှိသည်တို့တည်း။ ထို့ကြောင့် ''သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာသဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာ'' ဟူ၍ ဟောတော် မူသည်။

သဗ္ဗေ သတ္တာ ကမ္မပ္ပဋိဿရဏာပုဒ်အဖွင့် ပြီး၏၊

--------------

တဿ ဒါယာဒါ-ပုဒ်အဖွင့်

တစ်ယောက်သော သတ္တဝါ၏ ကိုယ်ခန္ဓာအစဉ်သည် ရုပ်ခန္ဓာ အစဉ်, နာမ်ခန္ဓာအစဉ်ဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင် ဦးခေါင်း ခြေလက် အစရှိသော ကိုယ်ခန္ဓာအစုသည် ရုပ်ခန္ဓာမျိုးမည်၏၊ စိတ်အကြံ အစည်မျိုးသည် နာမ်ခန္ဓာမျိုးမည်၏၊ ထိုနှစ်မျိုးတို့တွင် ရုပ်ခန္ဓာမျိုးသည် တစ်ဘဝလျှင် တစ်ခါတစ်ခါပြတ်၏၊ တစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ပြောင်းလဲ၏၊ နာမ်ခန္ဓာမျိုးသည်မူကား အစဉ်ပြတ်သည်ဟူ၍ မရှိ၊ တစ်ဘဝနှင့် တစ်ဘဝ အစဉ်မပြတ် ဆက်ကာ ဆက်ကာ သွား၏၊ ဒါန, သီလ အစရှိသော အလိမ်မာကံမျိုးသည် ထိုနာမ်ခန္ဓာကို ကောင်းမြတ်ရာ ဘုံဘဝတို့၌ အဆက်ဆက် ဖန်ဆင်း တည်ထောင်၍ သွား၏၊ နာမ်ခန္ဓာ ရောက်ရာ၌ ရုပ်ခန္ဓာ အသစ်အသစ် အမျိုးမျိုး ဖြစ်ပေါ်ရ၏၊ သူ့အသက် ကိုသတ်ခြင်း အစရှိသော မလိမ်မာသောကံမျိုးသည် နောက်ဘဝ၌ ခွေး, ဝက်, ကြက်, ငှက် အစရှိသော မကောင်းသောဘုံဘဝတို့၌ ထိုသူ၏ နာမ်ခန္ဓာကို ပစ်ချ၏၊

တဿ ဒါယာဒါ ပုဒ်အဖွင့် ပြီး၏၊

ကမ္မဿကတာ သမ္မာဒိဋ္ဌိနိဒ္ဒေသ ပြီး၏၊

------------

ဒသဝတ္ထုက သမ္မာဒိဋ္ဌိနိဒ္ဒေသ

အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ၊ အတ္ထိ ဟုတံ၊ အတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော၊ အတ္ထိ မာတာ၊ အတ္ထိ ပိတာ၊ အတ္ထိ သတ္တာ ဩပပါတိကာ၊ အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော၊ အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။

ပဌမ သမ္မာဒိဋ္ဌိ

ဒသဝတ္ထုက သမ္မာဒိဋ္ဌိဆယ်ပါးတို့၌

၁။ အတ္ထိ ဒိနအတ္ထိ ဒိန္နံ- ဆိုသည်ကား ရှေးရှေးဘဝတို့၌ ခွေး, ဝက်, ကြက်, ငှက်, လူ, ရဟန်း အစရှိသော တစ်ပါးသော သတ္တဝါတို့အား ကြည်ဖြူသော စိတ်စေတနာဖြင့် စွန့်ကြဲ, ပေးကမ်း လှူဒါန်းကျွေးမွေးခြင်း ကို ပြုကြသည်ရှိသော် နောက်နောက်သော ဘဝတို့၌ ကောင်းကျိုး ချမ်းသာကို ပေးနိုင်သော ဒါန မည်သော ကုသိုလ်မျိုးသည် လောက၌ ဧကန် ရှိ၏ဟု သိမြင် ယုံကြည်သော သမ္မာဒိဋ္ဌိတည်း။

ဒုတိယ သမ္မာဒိဋ္ဌိ

၂။ အတ္ထိ ယိဋ္ဌ အတ္ထိ ယိဋ္ဌံ- ဆိုသည်ကား ရှေးရှေးသော ဘဝတို့၌ ကံကို လည်းကောင်း, အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်ကို လည်းကောင်း ယုံကြည်သော သဒ္ဓါဖြင့် ပူဇော်လှူဒါန်းခြင်းကို ပြုကြ သည်ရှိသော် နောက်နောက်သော ဘဝတို့၌ ကောင်းကျိုးချမ်းသာကို ပေးခြင်းငှါ စွမ်းနိုင်သော ယဇ်မည်သော ကုသိုလ်မျိုးသည် လောက၌ ဧကန်ရှိ၏ဟု သိမြင်ယုံကြည်သော သမ္မာဒိဋ္ဌိတည်း။

တတိယ သမ္မာဒိဋ္ဌိ

၃။ အတ္ထိ ဟုတံ အတ္ထိ ဟုတံ- ဆိုသည်ကား ရှေးရှေးသော ဘဝတို့၌ ကြည်ဖြူသော စိတ်စေတနာဖြင့် ပဏ္ဏာလက်ဆောင်ကိစ္စနှင့် ပေးကမ်း ခြင်းကို ပြုကြသည်ရှိသော် နောက်နောက်ဘဝတို့၌ ကောင်းကျိုးချမ်းသာ ကို ပေးခြင်းငှါ စွမ်းနိုင်သော အာဟုန, ပါဟုန မည်သော ကုသိုလ်မျိုးသည် လောက၌ ဧကန်ရှိ၏ဟု သိမြင်ယုံကြည်သော သမ္မာဒိဋ္ဌိတည်း။

စတုတ္ထ သမ္မာဒိဋ္ဌိ

၄။ အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော- ဆို သည်ကား ရှေးရှေးသော ဘဝတို့၌ အသက်ရှိသည့် လူသတ္တဝါ, တိရစ္ဆာန် သတ္တဝါတို့ကို သတ်ပုတ်ညှဉ်းဆဲခြင်း အစရှိသော ဒုစ္စရိုက်မှု, သတ်ပုတ် ညှဉ်းဆဲခြင်းမှ ကြဉ်ရှောင်ခြင်း အစရှိသော သုစရိုက်မှုတို့ကို ပြုကြ သည်ရှိသော် နောက်နောက်သော ဘဝတို့၌ မကောင်းသော အကျိုးရင်း, အကျိုးဆက်၊ ကောင်းသော အကျိုးရင်း, အကျိုးဆက်မည်သည် လောက ၌ ဧကန်ရှိ၏ဟု သိမြင်ယုံကြည်သော သမ္မာဒိဋ္ဌိတည်း။

ပဉ္စမ သမ္မာဒိဋ္ဌိ

၅။ အတ္ထိ မာတာ အတ္ထိ မာတာ- ဆိုသည်ကား အမိ၌ ကောင်းစွာ ပြုစုခဲ့သည် ရှိသော်လည်းကောင်း, မကောင်းစွာ ပြစ်မှားခဲ့သည် ရှိသော်လည်း ကောင်း, နောက်နောက်သော ဘဝတို့၌ ကောင်းသော အကျိုး, မကောင်းသော အကျိုးကို ပေးခြင်းငှါ စွမ်းနိုင်သော ကံမည်သည် လောက၌ ဧကန် ရှိ၏ဟု သိမြင်ယုံကြည်သော သမ္မာဒိဋ္ဌိတည်း။

ဆဋ္ဌမ သမ္မာဒိဋ္ဌိ

၆။ အတ္ထိ ပိတာ အတ္ထိ ပိတာ- ဆိုသည်ကား အဖ၌ ကောင်းစွာ ပြုခဲ့သည် ရှိသော်လည်းကောင်း, မကောင်းစွာ ပြစ်မှားခဲ့သည် ရှိသော်လည်း ကောင်း, နောက်နောက်သော ဘဝတို့၌ ကောင်းသောအကျိုး, မကောင်း သော အကျိုး ပေးခြင်းငှါ စွမ်းနိုင်သော ကံမည်သည် လောက၌ ဧကန် ရှိ၏ဟု သိမြင်ယုံကြည် သော သမ္မာဒိဋ္ဌိတည်း။

သတ္တမ သမ္မာဒိဋ္ဌိ

၇။ အတ္ထိ သတ္တာ ဩပပါတိကာ အတ္ထိ သတ္တာ ဩပပါတိကာ- ဆိုသည်ကား လူတို့၏ ပကတိ မျက်စိဖြင့် မမြင်ကောင်းသော ဥပပါတ် သတ္တဝါတို့သည် လောက၌ ဧကန်ရှိ၏ဟု သိမြင်ယုံကြည်သော သမ္မာဒိဋ္ဌိတည်း၊ ဥပပါတ် သတ္တဝါမျိုး ဆိုသည်ကား အမိဝမ်း၌ ပဋိသန္ဓေ ယူရသော သတ္တဝါမျိုး မဟုတ်ကုန်၊ ကိုယ်အင်္ဂါ, ဦးခေါင်းအင်္ဂါ,လက်အင်္ဂါ, ခြေအင်္ဂါ အလုံးစုံတို့နှင့် ပြည့်စုံသည် ဖြစ်၍ နောက်၌ တစ်ဖန် ကြီးပွားရန် မရှိဘဲ ရှေးဘဝတို့၌ ပြုခဲ့ကြသော ကံအစွမ်းဖြင့် တစ်ခါတည်း အပြီးအစီး ဖြစ်ပေါ်ကြကုန်သော သတ္တဝါတို့ပေတည်း။

အောက်မြေကြီးအတွင်း မြေဥမင်ကြီး အသီးသီးတို့၌ အဆင့်ဆင့်တည်ရှိကုန်သော ငရဲကြီးရှစ်ပြည်ထောင်နှင့်တကွ အလုံးစုံသော ငရဲသတ္တဝါမျိုးတို့သည် ဥပပါတ် သတ္တဝါမျိုးတို့ပေတည်း၊ မြေအပြင် ရှိ တောအဖို့, တောင်အဖို့, သမုဒ္ဒရာအလယ် ကျွန်းငယ်အဖို့တို့၌ တည်ရှိကြကုန်သော အချို့သော ပြိတ္တာမျိုး, အသုရကာယ်မျိုးတို့သည် လည်း ဥပပါတ် သတ္တဝါမျိုးတို့ပေတည်း၊ မြေအပြင်၌ မြို့ရွာ တော တောင်ရှိ အချို့သော ဘူမစိုးနတ်မျိုး, သမုဒ္ဒရာအလယ် ကျွန်းငယ်တို့၌ ရှိနေသော အချို့သော ဘီလူးမျိုး, သူရဲသံဘက်မျိုး, ထိုထိုမြို့အနီး ရွာအနီးတို့၌ ရှိကြကုန်သော အချို့အချို့သော ဘီလူးမျိုး, သူရဲသံဘက် မျိုး, အချို့သော နဂါးမျိုး, ဂဠုန်မျိုးတို့သည်လည်း ဥပပါတ်သတ္တဝါမျိုး တို့ပေတည်း။

အထက် နေ, လ, နက္ခတ်တာရာ ကြယ်အပေါင်းတို့၏ တည် နေရာ ကောင်းကင်အရပ်မှစ၍ အထက်သို့ အဆင့်ဆင့် တည်ရှိကြ ကုန်သော စာတုမဟာရာဇ်ဘုံ, တာဝတိံသာဘုံ, ယာမာဘုံ အစရှိသော နတ်ပြည် ၆-ထပ် နတ်သိကြားတို့သည်လည်း ဥပပါတ်သတ္တဝါမျိုး တို့သာတည်း၊ နတ်ပြည် ၆-ထပ်မှ အထက်ကောင်းကင် အရပ်၌ အဆင့်ဆင့် တည်ရှိကြကုန်သော ပဌစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ, တတိယစျာန် ၃-ဘုံ, စတုတ္ထစျာန် ၇-ဘုံ, အရူပ ၄-ဘုံ ဤနှစ်ဆယ် အရေအတွက်ရှိသော ဗြဟ္မာ့ဘုံတို့၌ ဗြဟ္မာတို့သည်လည်း ဥပပါတ် သတ္တဝါမျိုးတို့ပေတည်း။

ထာဝရဟူသည် အဘယ်သူနည်း

ထိုနှစ်ဆယ်တို့တွင် အောက်ဆုံးဖြစ်သော ပဌမစျာန် ၃-ဘုံတို့၌ ဘုန်းတန်ခိုးကြီးသော ဗြဟ္မာမင်းကြီးသည်ရှိ၏၊ ထိုဗြဟ္မာမင်းကြီးကို ဘာသာ တစ်ပါးတို့၌ ထာဝရဘုရားဟူ၍ ထင်မှတ် ကိုးကွယ်ကြကုန်၏၊ ထိုဘုံမှ အထက်၌ အဆင့်ဆင့် တည်ရှိကြကုန်သော ကောင်းကင် ဘုံတို့ကိုမူကား ဘာသာတစ်ပါးတို့၌ မသိကြကုန်ပြီ၊ ကောင်းကင်၌ နေ, လ, နက္ခတ် တာရာ ကြယ်အပေါင်းတို့သည် နတ်တို့၏ နေရာ ကောင်းကင် ဘုံဗိမာန်တို့ပေတည်း၊ ထိုကောင်းကင် ဘုံဗိမာန်တို့ကို သိမြင်ကြကုန်သဖြင့် အထက်အထက်ဖြစ်သော ကောင်းကင် ဘုံဗိမာန် တို့ကိုလည်းကောင်း, အထက် အထက်ဖြစ်သော နတ်, သိကြား, ဗြဟ္မာ ဥပပါတ်သတ္တဝါ တို့ကိုလည်းကောင်း, ယုံကြည်ထိုက်ကုန်၏၊

ဥပပါတ်ပုဂ္ဂိုလ်ကို မြင်နိုင်, မမြင်နိုင်

ဥပပါတ်သတ္တဝါမျိုးတို့သည်မူကား လူသတ္တဝါတို့မှာ ကိုယ်ခန္ဓာ၌ ပူးကပ် တွယ်မှီ၍ နေကြကုန်သော်လည်း လူတို့၏ ပကတိမျက်စိတို့ဖြင့် မမြင်ကောင်းကြကုန်၊ လူတို့ မြင်နိုင်လောက်သော အဆင်းသဏ္ဌာန်ကို ဖန်ဆင်း၍ ဖော်ပြကြကုန်သော အခါ၌မူကား လူတို့မြင်ကြကုန်၏၊ ဘာသာတစ်ပါးတို့၌ ထာဝရဘုရားဆိုသော ဗြဟ္မာကြီးနှင့် ကောင်းကင် တမန်အမျိုးမျိုး နတ်ဆိုး နတ်ဝါးတို့ကဲ့သို့ လူတို့၏ ပကတိမျက်စိတို့ဖြင့် မမြင်ကောင်းကုန်သော သတ္တဝါမျိုးတို့ပေတည်း၊ ဤကဲ့သို့သော ဥပပါတ် သတ္တဝါမျိုးတို့သည် လောက၌ ဧကန် ရှိကုန်၏ ဟု သိမြင်ယုံကြည်ခြင်း သည် သမ္မာဒိဋ္ဌိကြီးတစ်ပါး ဖြစ်၏ ဟူလိုသည်။

အဋ္ဌမ, နဝမ သမ္မာဒိဋ္ဌိ

၈-၉။ အတ္ထိ အယံ လောကော၊ အတ္ထိ ပရော လောကော ဟူသော ပါဌ်၌ လူ့ဘုံသည် ဤလောကမည်၏၊ ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်ဟူသော အပါယ် ၄-ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံတို့သည် ပရလောကမည်၏၊ ဤသို့ လောကနှစ်ပါး ရှိသည်ကို သိမြင်ယုံကြည် သော သမ္မာဒိဋ္ဌိ ၂-ပါးဖြစ်၏၊ ဘာသာ တစ်ပါးတို့၌ ငရဲဘုံ, ပြိတ္တာဘုံ, အသုရကာယ်ဘုံတို့ကိုလည်း နေရာတကျ မသိကြကုန်ပြီ၊ အထက် နတ်ဘုံ, ဗြဟ္မာဘုံတို့ကိုလည်း နေရာတကျ မသိကြကုန်ပြီ။

တစ်နည်းကား- ဤစကြဝဠာတွင် ရှိနေကြသော လူ့ဘုံ, အပါယ် ၄-ဘုံ, နတ်သိကြား ဗြဟ္မာတို့နေရာ ကောင်းကင်ဘုံတို့သည် ဤလောက မည်၏၊ ဤလောကမှ အရှေ့အရပ်မျက်နှာတို့၌ ဤစကြဝဠာ ကဲ့သို့ အပါယ်လေးရပ် လူနတ်ဗြဟ္မာတို့နေရာ စကြဝဠာပေါင်း အဆုံးမရှိ အသင်္ချေယျ အနန္တ ရှိကြကုန်၏၊ ထို့အတူ ဤလောကမှ တောင်အရပ် မျက်နှာတို့၌လည်း စကြဝဠာပေါင်း အဆုံးမရှိ၊ အနောက်အရပ်မျက်နှာ တို့၌လည်း စကြဝဠာပေါင်း အဆုံးမရှိ၊ မြောက်အရပ် မျက်နှာတို့၌လည်း စကြဝဠာပေါင်း အဆုံးမရှိ၊ ဤသို့လျှင် ဤစကြဝဠာမှ တစ်ပါးကုန်သော အဆုံးမရှိသော စကြဝဠာအနန္တ လောကဓာတ်အနန္တတို့သည် ပရ လောကမည်၏၊

ဘာသာတစ်ပါးတို့၌ ဤလောကဓာတ်, အနန္တပရလောက ဓာတ်ကို မသိကြကုန်ပြီ။

ဒသမ သမ္မာဒိဋ္ဌိ

၁၀။ အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာ ပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စလောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ-ဟူသော ပါဌ်၌ အဘိညာခေါ်သော ဉာဏ်ပညာ ကြီးမျိုးသည် ရှိ၏၊ သဗ္ဗညုတဉာဏ် ခေါ်သောဉာဏ်ပညာကြီးမျိုးသည် ရှိ၏၊ ဤ လူ့ပြည်၌ ပါရမီအလုပ်, သမထ ဘာဝနာအလုပ်, ဝိပဿနာ ဘာဝနာ အလုပ်တို့ကို လွန်စွာကြိုးစားအားထုတ်နိုင်ကြကုန်သော ရဟန်း ပုဏ္ဏားတို့သည် ထိုထိုဉာဏ်ပညာကြီးမျိုးကို ရနိုင်ကြကုန်၏၊ ထိုထိုဉာဏ် ပညာကြီးမျိုးတို့ကို ပေါက်ရောက် ထမြောက်အောင် လုပ်ကြံနိုင်ကြ ကုန်သော သူတို့သည် ဤလူ့လောက၌ ရံဖန် ရံဖန် ပေါ်ပေါက်ကြကုန်၏။

ထို ၂-မျိုးတို့တွင် အချို့သောသူတို့သည် အဘိညာခေါ်သော ဉာဏ်ပညာကြီးတစ်မျိုးကိုသာ ပေါက်ရောက်နိုင်ကြကုန်၏၊ ထိုသူတို့သည် အပါယ်လေးဘုံနှင့်တကွ နတ်ပြည် ၆-ထပ်တို့ကိုလည်းကောင်း, အချို့ သော ဗြဟ္မာ့ပြည်တို့ကိုလည်းကောင်း, ပကတိ မျက်စိဖြင့် မြင်ကြ ကုန်သကဲ့သို့ ဉာဏ်ပညာ မျက်စိတို့ဖြင့် သိမြင်ကြကုန်၏။

အချို့သောသူတို့သည် အဘိညာခေါ်သော ဉာဏ်ပညာ ကြီးမျိုး တို့နှင့်တကွ သဗ္ဗညုတဉာဏ်ခေါ်သော ဉာဏ်ပညာကြီးမျိုးတိုင်အောင် ပေါက်ရောက်နိုင်ကြကုန်၏၊ ထိုသူတို့သည် အလုံးစုံသော သတ္တဝါအနန္တ, ကမ္ဘာအနန္တ, စကြဝဠာအနန္တ, လောကဓာတ်အနန္တတို့ကို အကုန်အစင် သိမြင်နိုင်ကြကုန်၏၊

ဤအကုန်အစင် သိမြင်သော သူတို့ကိုသာလျှင် ဗုဒ္ဓ ဘာသာ၌ ဘုရားဟူ၍ ခေါ်၏၊

ယုံကြည်ခြင်း သုံးပါး

ဤပုဂ္ဂိုလ် ၂-မျိုးတို့သည် လူ့လောက၌ ရံဖန်ရံဖန် ဖြစ်ပေါ် ကြကုန်၍ မိမိတို့ သိမြင်ကြကုန်သည့်အတိုင်း သတ္တဝါအပေါင်းတို့အား ဤလောကကိုလည်း ထုတ်ဖော်ပြောဟောကုန်၏၊ အပါယ် ၄-ဘုံ, နတ် ပြည် ၆-ထပ် နတ်ဘုံ, ဗြဟ္မာ့ဘုံ ဟုဆိုအပ်သော ပရလောကကိုလည်း ထုတ်ဖော် ပြောဟောကြကုန်၏၊ သဗ္ဗညုဘုရားတို့သည်မူကား အနမတဂ္ဂ သံသရာရှိကြောင်း, ကမ္ဘာအနန္တ ရှိကြောင်း, စကြဝဠာ အနန္တရှိကြောင်း ကို ထုတ်ဖော်ပြောဟောကြကုန်၏။

ဤကဲ့သို့သော အဘိညာပုဂ္ဂိုလ်, သဗ္ဗညုပုဂ္ဂိုလ်တို့သည် လူ့ပြည်၌ ရံဖန် ရံဖန် ဖြစ်ပေါ်ကြကုန်၏ဟု သိမြင်ယုံကြည်ခြင်း, ပုဂ္ဂိုလ် တို့ကို သိမြင် ယုံကြည်ကြသဖြင့် ထိုပုဂ္ဂိုလ်တို့ ထုတ်ဖော်ပြောဟောသော တရားစကားကို သိမြင်ယုံကြည်ခြင်း, ထိုပုဂ္ဂိုလ်တို့ ထုတ်ဖော်ပြောဟော သော တရားစကားကို ယုံကြည်သဖြင့် ပြဆိုခဲ့ပြီးသော ပရလောက ဟူသမျှတို့ကို သိမြင် ယုံကြည်ခြင်း, ဤယုံကြည်ခြင်း သုံးပါးသည် သမ္မာ ဒိဋ္ဌိကြီး တစ်ပါးဖြစ်၏။

ဤ သမ္မာဒိဋ္ဌိကြီးရှိသော သူတို့မှသာလျှင် အထက်ကောင်းကင် ဘုံတို့မှာ နတ်, သိကြား, ဗြဟ္မာတို့သာရှိကြကုန်၏၊ သဗ္ဗညုဘုရားဟူ၍ မရှိကြကုန်၊ လူ့ပြည်၌သာ သဗ္ဗညုဘုရားဟူ၍ ရှိကြကုန်သည်ဟု ယုံကြည် နိုင်ကြကုန်၏။

ဤသမ္မာဒိဋ္ဌိ မရှိကြသော ဘာသာတစ်ပါးတို့၌မူကား အလုံးစုံကို အကုန်သိမြင်နိုင်သော သဗ္ဗညုဘုရားတို့မည်သည် အောက်ကျသော လူ့ဘုံမှာ မဖြစ်နိုင်ရာ, အထက်ဆုံးဖြစ်သော ကောင်းကင်ဘုံကြီး၌သာ ဖြစ်နိုင်ကုန်ရာ၏ဟု ကြံဆ၍ ယူကြကုန်၏၊

အစွမ်း ၂-မျိုး

(၁) ကံ၏အစွမ်းကား တစ်မျိုး၊

(၂) ဉာဏ်၏အစွမ်းကား တစ်မျိုး၊

ထို၂-မျိုးတို့တွင် ကံ၏ အစွမ်း၌ ဘာဝနာစျာန် ကံ၏ အစွမ်း သည်အလွန် ထက်သန်၏၊ အထက်ဆုံးဖြစ်သော ကောင်းကင် ဘုံကြီး၌ အလွန် အသက်ရှည်သော ဗြဟ္မာကြီး အဖြစ်တိုင်အောင် ပေးနိုင်၏၊ သဗ္ဗညု ဘုရား အဖြစ်ကိုမူကားမပေးနိုင်၊ ထိုဗြဟ္မာကြီးမှာ အလုံးစုံကို အကုန်အစင် သိမြင်နိုင်သော ဉာဏ်မရှိ။

ထို့ကြောင့် ထိုဘာသာတို့၌ ထာဝရဘုရား ဟောကြားသော တရားဓမ္မဟူ၍ ဉာဏ်အရာ၌ နက်နဲဆန်းကြယ် အံ့ဩဖွယ်သော တရား မရှိ။ အဘယ့်ကြောင့်နည်းဆိုသော် ထိုဗြဟ္မာကြီးတို့၏ အဖြစ်သည် ဉာဏ်မျိုး မဟုတ်သောကြောင့်တည်း။

လူ့ပြည်၌သာလျှင် သဗ္ဗညုတဉာဏ် အလုပ်မျိုး ရှိ၏၊ သဗ္ဗညုတ ဉာဏ်အလုပ်ကို ထမြောက် ပေါက်ရောက်အောင် လုပ်ဆောင် နိုင်သော သူသည်သာလျှင် အလုံးစုံ အကုန်အစင် သိမြင်နိုင်သော သဗ္ဗညုတ ဉာဏ်ကို ရနိုင်၏။

ထို့ကြောင့် ဗုဒ္ဓဘာသာ၌သာလျှင် အလွန်တရာ နက်နဲဆန်း ကြယ် အံ့ဖွယ်သော တရားမျိုးရှိ၏၊ အဘယ့်ကြောင့်နည်းဆိုသော် ဉာဏ်လမ်းမျိုး ဖြစ်ပေသောကြောင့်တည်း။

လမ်းနှစ်သွယ်

လောက၌ ပစ္စည်းဥစ္စာ ပေါများ၍ သူဌေးကြီး ဖြစ်အောင် လုပ်ကြံမှုမျိုးကား တစ်လမ်း။

ရသေ့ ရဟန်းအလုပ်နှင့် အသိအမြင် ပေါက်ရောက်၍ လူအများ တို့၏ ဆရာကြီးဖြစ်အောင် လုပ်ကြံမှုမျိုးကား တစ်လမ်း။

ဗြဟ္မာကြီးလမ်းသည် သူဌေးကြီးလမ်းနှင့်တူ၏၊ ရသေ့ ရဟန်း တို့လမ်းသည် ဆရာကြီးလမ်းနှင့်တူ၏၊

ဥပမာ တစ်နည်း

ကျေးငှက်, ကျီး, လင်းတတို့သည် အတောင်ရှိကြကုန်၍ မြင့်စွာသော ကောင်းကင်၌ ပျံတက်သွားလာနိုင်ကြကုန်၏၊ လူတို့ကဲ့သို့ အသိအလိမ်မာဉာဏ်ပညာကား မရှိကြကုန်၊ လူတို့သည် အသိအလိမ်မာ ဉာဏ်ပညာကား ရှိကြကုန်၏၊ အတောင်မရှိကြကုန်၍ ကောင်းကင်၌ ပျံတက် သွားလာခြင်းငှါ မစွမ်းနိုင်ကြကုန်၊ ဤကား ဥပမာတည်း။

ဗြဟ္မာကြီး၏ ဘာဝနာစျာန် ကုသိုလ်ကံသည် ကျေးငှက် ကျီး လင်းတတို့၏ အတောင်နှင့်တူ၏၊ ရသေ့ ရဟန်းတို့၏ အဘိညာဉာဏ်, သဗ္ဗညုတဉာဏ်များသည် လူတို့၏ အသိအလိမ်မာ ဉာဏ်ပညာနှင့် တူ၏၊ နေ, လ, တာရာ, ကြယ်အပေါင်းဟူသော ကောင်းကင်ဘုံတို့၌ နေကြ ကုန်သော နတ်သမီး နတ်သားတို့၏ ကုသိုလ်ကံများသည် ကျေးငှက်, ကျီး, လင်းတတို့၏ အတောင်နှင့်တူ၏၊ ရသေ့ ရဟန်းတို့၏ အဘိညာ ဉာဏ်, သဗ္ဗညုတဉာဏ်များ သည် လူတို့၏ အသိအလိမ်မာ ဉာဏ် ပညာနှင့်တူ၏၊

ဘုရားမှန်က လူ့ဘုံမှာသာပွင့်ပုံ

အထက်အထက် ဖြစ်ကုန်သော နတ်ပြည် ၆-ထပ်, ဗြဟ္မာ့ပြည် အထပ်ထပ်ဟူသော ကောင်းကင်ဘုံတို့၌ ရှိနေကြကုန်သော နတ် သိကြား ဗြဟ္မာတို့၏ ကုသိုလ်ကံများသည် ကျေးငှက်, ကျီး, လင်းတတို့၏ အတောင်နှင့်တူ၏၊ ရသေ့ ရဟန်းတို့၏ အဘိညာဉာဏ်, သဗ္ဗညုတ ဉာဏ်များသည် လူတို့၏ အသိအလိမ်မာ ဉာဏ်ပညာနှင့်တူ၏၊ ထို့ကြောင့် ထိုဗြဟ္မာကြီးသည် ဘာဝနာစျာန် ကုသိုလ်ကံ၏ အစွမ်းကြောင့် နေနတ် သား, လနတ်သားတို့ကဲ့သို့ ထို့ထက်အလွန်မြင့်သော အထက် ကောင်း ကင်ဘုံကြီး၌ နေရ၏၊ တစ်ကမ္ဘာပတ်လုံး အသက်ရှည်ရ၏၊ ဘုန်းတန်ခိုး ကြီး၏၊ အဘိညာဉာဏ်, သဗ္ဗညုတဉာဏ် မရှိသည့်အတွက်ကြောင့် နက်နဲ သော တရားမျိုးတို့ကိုမူကား မသိနိုင်၊ မိမိ၏ ကိုယ်တွေ့ ဒိဋ္ဌမျိုး၌သာ အသိဉာဏ် ဖြစ်နိုင်၏။

ဤသို့လျှင် အလုံးစုံကို အကုန်သိမြင်နိုင်သော ဘုရားမည်သည် ကောင်းကင်ဘုံတို့မှာ ဖြစ်နိုင်သည်မဟုတ်၊ လူ့ဘုံမှာသာ ဖြစ်နိုင်သည်ဟု သိမြင်ယုံကြည်ကြရန်တစ်ချက်။

ပကတိလူတို့၏ မျက်မြင်ဒိဋ္ဌ မဟုတ်ကြသော ကမ္ဘာ့အခြင်း အရာ, လောကဓာတ်အခြင်းအရာ, သတ္တဝါတို့၏ ဘဝအဆက်ဆက် ကျင်လည်ပုံ အခြင်းအရာ, ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးပေးပုံ အခြင်းအရာများကို အဘိညာဉာဏ်, သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံကြကုန်သော လူမှ ဖြစ်သော သမဏ ဗြာဟ္မဏတို့သည်သာလျှင် ဟုတ်မှန်စွာ သိနိုင် မြင် နိုင်ကြကုန်သည်ဟု ယုံကြည်ကြရန် တစ်ချက်။

ထိုသို့ သိနိုင် မြင်နိုင်ကုန်သော သမဏဗြာဟ္မဏတို့၏ သုတ်, ဝိနည်း, အဘိဓမ္မာ ဒေသနာစကားတို့ကိုသာလျှင် အဟုတ်အမှန် အားဖြင့် ယုံကြည်ရန် တစ်ချက်။

ဤအချက်တို့ကို သိမြင် ယုံကြည်နိုင်ကြသော သမ္မာဒိဋ္ဌိဉာဏ် သည် ''အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မာဒိဋ္ဌိ ဉာဏ်အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမ္မာဒိဋ္ဌိ ဉာဏ်'' မည်၏၊

မိစ္ဆာဝါဒကို ပယ်သည်

အလုံးစုံကို အကုန်အစင် သိမြင်နိုင်သော ဘုရားမည်သည် အောက်ကျသော လူ့ဘုံ၌ မဖြစ်သင့်၊ အထက်ဆုံး, အမြင့်ဆုံးဖြစ်သော ကောင်းကင်ဘုံ၌သာ ဖြစ်သင့်၏၊ အမြတ်ဆုံးသော ဘုရားမည်သည် တစ်ဆူတည်းသာ ဖြစ်ရာ၏၊ အများ မဖြစ်ရာ၊ အစဉ်ထာဝရ မြဲရာ၏၊ အိုသည်, နာသည်, သေသည်ဟူ၍ မရှိရာ အစရှိသဖြင့် ကြံဆ၍ ယူကြသော မိစ္ဆာဝါဒကို ပယ်ရှားတော်မူ၏။

မိစ္ဆာဝါဒနှင့် စပ်လျဉ်းသော စကားအကျယ်ကိုမူကား ငါတို့ စီရင်သော ပါဠိဘာသာ သမ္မာဒိဋ္ဌိဒီပနသမ္မာဒိဋ္ဌိဒီပနီပါဌ် အနက်၊ မြန်မာဘာသာ သမ္မာဒိဋ္ဌိ ဒီပနီကျမ်းတို့မှာ ကြည့်ရှုလေ။

ဒသဝတ္ထုက သမ္မာဒိဋ္ဌိနိဒ္ဒေသ ပြီး၏၊

စတုသစ္စ သမ္မာဒိဋ္ဌိ နိဒ္ဒေသ

စတုသစ္စ သမ္မာဒိဋ္ဌိ ဆိုသည်ကား

၁။ ဒုက္ခအမှန်ကို သိသောဉာဏ်တစ်ပါး။

၂။ ဒုက္ခ၏ပွားစီးကြောင်းအမှန်ကို သိသော ဉာဏ်တစ်ပါး။

၃။ ဒုက္ခ၏ ငြိမ်းမှုအမှန်ကို သိသောဉာဏ်တစ်ပါး။

၄။ ဒုက္ခ၏ ငြိမ်းခြင်းသို့ ပေါက်ရောက်ကြောင်းဖြစ်သော ပဋိပတ် လမ်းမှန်ကို သိသော ဉာဏ်တစ်ပါး။

ဤ ၄-ပါးကို စတုသစ္စ သမ္မာဒိဋ္ဌိခေါ်သည်။

သစ္စာ ၄-ပါး၏ အကျယ်ကိုမူကား ငါတို့စီရင်သော စတုသစ္စ ဒီပနီကျမ်းမှာ ကြည့်ရှုကြလေ။ အကျဉ်းမျှသာ ဤကျမ်း၌ ပြဆိုပေအံ့။

၁- ဒုက္ခသစ္စသမ္မာဒိဋ္ဌိ၊ ဒုက္ခအမှန်

လူ့စက္ခု, နတ်စက္ခု, ဗြဟ္မာ့စက္ခု စသည်သည် မိမိ၌ တွယ်တာ သော လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ကို လွန်စွာ နှိပ်စက်ညှဉ်းပန်း တတ်သည်ဖြစ်၍ ကြောက်မက်ဖွယ်ကောင်းလှသော အနက်ကြောင့် ဒုက္ခသာ အမှန်ဖြစ်၏၊ ထို့အတူ လူ့သောတ, နတ်သောတ, ဗြဟ္မာ့သောတ သည်လည်းကောင်း၊ လူ့ဃာန, နတ်ဃာန သည်လည်း ကောင်း၊ လူ့ဇိဝှါ, နတ်ဇိဝှါသည်လည်းကောင်း၊ လူ့ကာယ, နတ်ကာယသည်လည်းကောင်း၊ လူ့မနော, နတ်မနော, ဗြဟ္မာ့မနော သည်လည်းကောင်း၊ မိမိ၌ တွယ်တာသော လူ, နတ်, ဗြဟ္မာ သတ္တဝါကို လွန်စွာနှိက်စက် ညှဉ်းပန်း တတ်သည်ဖြစ်၍ ကြောက်မက်ဖွယ် ကောင်းလှသော အနက်ကြောင့် ဒုက္ခအမျိုးသာ အမှန်ဖြစ်၏၊

နှိပ်စက်ပုံ

ထို၆-ပါးတို့တွင် စက္ခုသည် အဘယ်မျှလောက်သော ဒုက္ခ ဒဏ်ချက်တို့ဖြင့် သတ္တဝါကို နှိပ်စက် ညှဉ်းပန်းလေသနည်း ဟူမူကား သင်္ခါရ ဒဏ်ချက်ဖြင့် နှိပ်စက်၏၊ ဝိပရိဏာမဒဏ်ချက်ဖြင့် နှိပ်စက်၏၊ ဒုက္ခဒုက္ခဒဏ်ချက်ဖြင့် နှိပ်စက်၏၊ တစ်နည်းကား သင်္ခါရဒဏ်ချက်ဖြင့် နှိပ်စက်၏၊ သန္တာပဒဏ်ချက်ဖြင့် နှိပ်စက်၏၊ ဝိပရိဏာမဒဏ်ဖြင့် နှိပ်စက် ၏၊ တစ်နည်းကား ဇာတိဒဏ်ချက်ဖြင့် နှိပ်စက်၏၊ ဇရာဒဏ်ချက်ဖြင့် နှိပ်စက်၏၊ မရဏဒဏ်ချက်ဖြင့် နှိပ်စက်၏၊

တစ်နည်းကား ရာဂမီးကို ပွားစီးစေ၍ နှိပ်စက်၏၊ ဒေါသမီးကို ပွားစီးစေ၍ နှိပ်စက်၏၊ မောဟမီးကို ပွားစီးစေ၍ နှိပ်စက်၏၊ မာနမီးကို ပွားစီးစေ၍ နှိပ်စက်၏၊ ဒိဋ္ဌိမီးကို ပွားစီးစေ၍ နှိပ်စက်၏၊ ကိလေသာ အာသဝတရားကို ပွားစီးစေ၍ နှိပ်စက်၏၊ ပါဏာတိပါတ အစရှိသော ဒုစ္စရိုက်တရားတို့ကို ပွားစီးစေ၍ နှိပ်စက်၏၊ ဇာတိမီး, ဇရာမီး, မရဏမီး, သောကမီး, ပရိဒေဝမီး, ဒုက္ခမီး, ဒေါမနဿမီး, ဥပါယာသမီးတို့ကို ပွားစီးစေ၍ နှိပ်စက်၏၊

သင်္ခါရဖြင့် နှိပ်စက်ပုံ

သင်္ခါရဒဏ်ချက် ဆိုသည်ကား ရှေးဘဝ၌ ကုသိုလ်ကံကို အား ထုတ်နိုင်မှ နောက်ဘဝ၌ လူ့စက္ခု, နတ်စက္ခု, ဗြဟ္မာ့စက္ခု ဖြစ်ပေါ်၏၊ အားမထုတ်နိုင်ခဲ့လျှင် ငရဲစက္ခု, တိရစ္ဆာန်စက္ခု, ပြိတ္တာစက္ခု, အသုရကာယ် စက္ခု ဖြစ်၍ သွား၏၊ ထို့ကြောင့် သုဂတိစက္ခုသည် ကုသိုလ်မှုဟူသော သင်္ခါရဒုက္ခဒဏ်ချက်ဖြင့် သတ္တဝါတို့ကို အမြဲနှိပ်စက်၏၊ နောင်ဘဝ၌ လည်း မပျက်စီးရအောင် စောင့်ရှောက်ထောက်ပံ့မှုဟူသော သင်္ခါရဒုက္ခ ဒဏ်ဖြင့် အမြဲနှိပ်စက်၏၊ ဤသို့လျှင် သုဂတိ စက္ခုသည် သတ္တဝါတို့ကို သင်္ခါရဒုက္ခဒဏ်ချက်ဖြင့် အမြဲနှိပ်စက်၏။

အမြဲနှိပ်စက်မှု ဆိုသည်ကား အနမတဂ္ဂသံသရာ၌ သင်္ခါရမှု နှင့်ကင်း၍ဖြစ်ပေါ်သော သုဂတိစက္ခုဟူ၍ တစ်စုံတစ်ခုမျှ မရှိသော ကြောင့် ဆိုသတည်း။

ဝိပရိဏာမဖြင့် နှိပ်စက်ပုံ

ဝိပရိဏာမဒဏ်ချက် ဆိုသည်ကား ပျက်စီးခွင့် ဆိုက်ခဲ့လျှင် ခဏချင်း ပျက်စီးတတ်သော အလေ့ကို ဆိုသတည်း၊ ပဋိသန္ဓေမှ စ၍ မပျက်စီးနိုင်သောအခါဟူ၍ မျက်တောင်တစ်ခတ် လျှက်တစ်ပြက်မျှ မရှိ၊ ပျက်စီးမည်ကို ကြောင့်ကြရန် အခွင့်အလမ်း အမြဲပါရှိ၍ နေ၏၊ ပျက်စီး၍ သွားပြန်လျှင် ကြီးစွာသော ဒုက္ခဖြစ်၏၊ ဤသို့လျှင် သုဂတိစက္ခုသည် သတ္တဝါတို့ကို ဝိပရိဏာမ ဒုက္ခဒဏ်ချက်ဖြင့် အမြဲနှိပ်စက်၏၊

ဒုက္ခ ဒုက္ခဖြင့် နှိပ်စက်ပုံ

ဒုက္ခ ဒုက္ခ ဒဏ်ချက်ဆိုသည်ကား ကာယိကဒုက္ခ စေတသိက ဒုက္ခကိုဆိုသတည်း။ ငရဲစက္ခု, ပြိတ္တာစက္ခု, အသုရကာယ်စက္ခု ဖြစ် ခိုက်ကြုံသောအခါ ထိုဒုက္ခ ဒုက္ခဒဏ်ချက်ဖြင့် နှိပ်စက်မှု ထင်ရှား၏၊ နှလုံးမသာဖွယ်သော အာရုံကို တွေ့မြင်၍ နှလုံးမသာခြင်း ဖြစ်သော အခါ၌လည်းကောင်း၊ နှလုံးမသာရှိ၍ ထိုထို ကာယိကဒုက္ခမှုကို ပြုသော အခါ၌ လည်းကောင်း ဒုက္ခဒဏ်ချက်ဖြင့် နှိပ်စက်၏၊ မျက်စိ၌ ရောဂါဥပဒ် ဖြစ်လာသော အခါ၌လည်းကောင်း၊ စက္ခုကို စောင့်ရှောက် ထောက်ပံ့မှု မျိုးနှင့် စပ်လျဉ်း၍ ကာယိကဒုက္ခ စေတသိကဒုက္ခကို ခံရသောအခါ၌ လည်းကောင်း၊ စက္ခုသည် ဒုက္ခဒုက္ခဒဏ်ချက်ဖြင့် နှိပ်စက်၏၊ ဤသို့လျှင် စက္ခုသည် သတ္တဝါတို့ကို ဒုက္ခဒုက္ခဒဏ်ချက်တို့ဖြင့် အမြဲနှိပ်စက်၏၊

နောက်သုံးပါးတို့၌ သင်္ခါရဒဏ်ချက်, ဝိပရိဏာမ ဒဏ်ချက် တို့သည် ရှေ့သုံးပါးအတိုင်းပင်တည်း။

သန္တာပဖြင့် နှိပ်စက်ပုံ

သန္တာပဒဏ်ချက် ဆိုသည်ကား စက္ခု၌ ဖြစ်သော ကိလေသာ စသည်အတွက် ပူပန်မှုကိုဆိုသတည်း၊ ဤသန္တာပဒဏ်ချက်သည် နောက်၌ ရာဂမီးကို ပွားစီးစေခြင်း, ဒေါသမီးကို ပွားစီးစေခြင်း စသည်ပင်တည်း၊ စက္ခုသည် ဤမျှလောက်သော ဒုက္ခဒဏ်ချက်တို့ဖြင့် သတ္တဝါတို့ကို လွန်စွာနှိပ်စက်ညှဉ်းပန်းတတ်သည်ဖြစ်၍ အနမတဂ္ဂ သံသရာ၌ အတွင်းအင်္ဂါကြီး တစ်ခုပြုလုပ်၍ ကျင်လည်ရန်အတွက် ကြောက်မက် ဖွယ် ကောင်းလှသောကြောင့် ဒုက္ခမျိုးသာ အမှန်ဖြစ်သတည်း။

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌လည်း ထိုနည်းအတူ ဒုက္ခဒဏ်ချက်တွေကို အကျယ်ဆိုလေ။

ဤသို့လျှင် စက္ခု အစရှိကုန်သော တေဘူမကတရား တို့တွင် တစ်ခုခုသောတရား၌ များစွာသော ဒုက္ခဒဏ်ချက် ဒုက္ခလက္ခဏာတို့ကို ကောင်းစွာ ထင်မြင်နိုင်သော ဉာဏ်သည် ဒုက္ခအမှန်ကို မြင်သော သမ္မာဒိဋ္ဌိဉာဏ် မည်၏၊

ဒုက္ခသစ္စသမ္မာဒိဋ္ဌိ အမြွက်ပြီး၏၊

၂-သမုဒယသစ္စသမ္မာဒိဋ္ဌိ၊ ဒုက္ခပွားကြောင်းအမှန်

အကြင်မျှလောက်သော သံသရာကာလပတ်လုံး စက္ခုကို ငါ၏ဥစ္စာဟု တွယ်တာစွဲလမ်း၏၊ ငါဟူ၍ တွယ်တာစွဲလမ်း၏၊ ငါ၏ အတ္တဟူ၍ တွယ်တာစွဲလမ်း၏၊ ထိုမျှလောက်သော သံသရာ ကာလ ပတ်လုံး စက္ခုသည် ဘဝအစဉ်ပွားစီး၍သာနေ၏၊ စက္ခု၏ ဒဏ်ချက် တို့သည် ဘဝအစဉ်ပွားစီး၍သာ နေကုန်၏၊

ထို့ကြောင့် စက္ခု၌ တွယ်တာစွဲလမ်းသော တဏှာလောဘ သည် ဒုက္ခ၏ ပွားစီးကြောင်းအမှန် ဖြစ်၏၊

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌လည်း ထိုနည်းတူ မြင်လေ။

ဤသို့မြင်သောဉာဏ်သည် ဒုက္ခ၏ပွားစီးကြောင်း အမှန်ကို မြင်သော သမ္မာဒိဋ္ဌိဉာဏ်မည်၏၊

သမုဒယသစ္စသမ္မာဒိဋ္ဌိအမြွက် ပြီး၏၊

---------------

၃- နိရောဓသစ္စသမ္မာဒိဋ္ဌိ၊ ဒုက္ခငြိမ်းမှု အမှန်

အကြင်ဘဝ၌ စက္ခု၌ တွယ်တာသော တဏှာလောဘသည် အပြီး ချုပ်ငြိမ်း၏၊ ထိုဘဝမှ နောက်၌ စက္ခုသည် တစ်ဖန် ဖြစ်ပေါ်ခြင်း မရှိ ချုပ်ငြိမ်း၏၊ စက္ခု၏ ဒဏ်ချက်တို့သည် တစ်ဖန် ဖြစ်ပေါ်ခြင်း မရှိ ချုပ်ငြိမ်းကုန်၏။

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌လည်း ထို့အတူ မြင်လေ။

ဤသို့ သိမြင်သောဉာဏ်သည် ဒုက္ခငြိမ်းမှု အမှန်ကို မြင်သော သမ္မာဒိဋ္ဌိဉာဏ် မည်၏၊

နိရောဓသစ္စ သမ္မာဒိဋ္ဌိအမြွက် ပြီး၏၊

-------------

၄- မဂ္ဂသစ္စသမ္မာဒိဋ္ဌိဒုက္ခငြိမ်းကြောင်း အမှန်

အကြင်အခါ ကောင်းစွာ ပွားများအားထုတ်သဖြင့် စက္ခု၏ သဘာဝကို ကောင်းစွာမြင်၏၊ စက္ခု၏ ဒဏ်ချက်တို့ကို ကောင်းစွာမြင်၏၊ ထိုအခါ၌ စက္ခု၌ တွယ်တာသော တဏှာလောဘသည် ချုပ်ငြိမ်းခြင်းသို့ ရောက်၏၊ သေသည်မှ နောက်၌ စက္ခုသည် ချုပ်ငြိမ်းခြင်းသို့ ရောက်၏၊ စက္ခု၏ ဒဏ်ချက်တို့သည် ချုပ်ငြိမ်းခြင်းသို့ ရောက်ကုန်၏၊

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌လည်း ထို့အတူ မြင်လေ။

ဤသို့ ဒုက္ခ၏ ငြိမ်းကြောင်း ကောင်းစွာ ပွားများ အားထုတ်ရန် လမ်းမှန်ကို သိမြင်သော ဉာဏ်သည် ဒုက္ခ၏ ငြိမ်းခြင်းသို့ ပေါက် ရောက် ကြောင်းဖြစ်သော ပဋိပတ်လမ်းမှန်ကို မြင်သော သမ္မာဒိဋ္ဌိ ဉာဏ် မည်၏၊ မဂ္ဂသစ္စ သမ္မာဒိဋ္ဌိအမြွက် ပြီး၏၊

စတုသစ္စ သမ္မာဒိဋ္ဌိနိဒ္ဒေသ ပြီး၏၊

မဂ္ဂင်ရှစ်ပါးအရာ၌ ဤစတုသစ္စ သမ္မာဒိဋ္ဌိသည် လိုရင်းဖြစ်သတည်း။ သမ္မာဒိဋ္ဌိ ၃-ပါး နိဒ္ဒေသ ပြီး၏၊

-------------

သမ္မာသင်္ကပ္ပနိဒ္ဒေသ

၁။ နေက္ခမ္မသင်္ကပ္ပ၊

၂။ အဗျာပါဒသင်္ကပ္ပ၊

၃။ အဝိဟိံသာ သင်္ကပ္ပ

ဟူသော သမ္မာသင်္ကပ္ပ ၃-ပါးတို့တွင်

၁။ နေက္ခမ္မသင်္ကပ္ပ ဆိုသည်ကား ကောင်းသောအဆင်း, ကောင်းသောအသံ, ကောင်းသောအနံ့, ကောင်းသောအရသာ, ကောင်း သော အထိအတွေ့မျိုးဟူသော ကာမဂုဏ်ငါးပါးတို့၌လည်းကောင်း၊ ခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့၌လည်းကောင်း၊ တပ်ခြင်း, တွယ်တာခြင်း, စွဲလမ်း ခြင်းကို ပယ်စွန့်နိုင်သော အလောဘတရားသည်ရှိ၏၊ ထိုအလောဘ တရားနှင့်ယှဉ်သော အကြံအစည်မျိုးသည် '' နေက္ခမ္မသင်္ကပနေက္ခမ္မသင်္ကပ္ပ '' မည်၏၊

၂။ အဗျာပါဒသင်္ကပ္ပ ဆိုသည်ကား လူ, တိရစ္ဆာန် အစရှိသော ခပ်သိမ်းသောသတ္တဝါတို့၌ ကောင်းကျိုးချမ်းသာကို လိုလားသော မေတ္တာတရားသည် ရှိ၏၊ ထိုမေတ္တာတရားနှင့်ယှဉ်သော အကြံအစည် မျိုးသည် ''အဗျာပါဒ သင်္ကပအဗျာပါဒ သင်္ကပ္ပ '' မည်၏၊

၃။ အဝိဟိံသာသင်္ကပ္ပ ဆိုသည်ကား ခပ်သိမ်းသော ဒုက္ခိတ သတ္တဝါတို့ကို သနားညှာတာတတ်သော ကရုဏာတရားသည်ရှိ၏၊ ထိုကရုဏာတရားနှင့်ယှဉ်သော အကြံအစည်မျိုးသည် ''အဝိဟိံသာ သင်္ကပ္ပ '' မည်၏၊

သမ္မာသင်္ကပ္ပနိဒ္ဒေသ ပြီး၏၊

--------------

သမ္မာဝါစာနိဒ္ဒေသ

၁။ မုသာဝါဒ ဝိရတိ၊

၂။ ပိသုဏဝါစာ ဝိရတိ၊

၃။ ဖရုသဝါစာ ဝိရတိ၊

၄။ သမ္ဖပ္ပလာပ ဝိရတိ၊

ဟူသော သမ္မာဝါစာ လေးပါးတို့တွင်

၁။ မုသာဝါဒ ဝိရတိ မုသာဝါဒ ဝိရတိ ဆိုသည်ကား မဟုတ်သည်ကို အဟုတ် ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်း, ဟုတ်သည်ကို မဟုတ်ဟူ၍ ယူမှတ်အောင် ပြောဆိုခြင်းသည် မုသာဝါဒ မည်၏၊ ထိုမုသာဝါဒမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် '' မုသာဝါဒ ဝိရတမုသာဝါဒ ဝိရတိ '' မည်၏။

၂။ ပိသုဏဝါစာ ဝိရတိ ပိသုဏဝါစာ ဝိရတိ ဆိုသည်ကား အချင်းချင်း ယုံကြည် လေးမြတ်၍ နေကြကုန်သော ၂-ဦးသောသူတို့ကို အယုံအကြည် အလေးအမြတ်ပျက်အောင် ပြောဆိုခြင်း, စိတ်ဝမ်းကွဲပြားအောင် ပြော ဆိုခြင်း, ၂-ဦးသောသူတို့၏အကြား၌ ကုန်းတိုက်ခြင်းသည် ပိသုဏဝါစာ မည်၏၊ ထိုပိသုဏဝါစာမှ ကြဉ်ရှောင်ခြင်းသည် ''ပိသုဏဝါစာဝိရတပိသုဏဝါစာဝိရတိ'' မည်၏၊

၃။ ဖရုသဝါစာဝိရတိ ဖရုသဝါစာဝိရတိ ဆိုသည်ကား ဆဲရေးလိုသော ဒေါသစိတ်ဖြင့် သူတစ်ပါးအား အမျိုးကိုထိခိုက်အောင် ဆိုခြင်း, အနွယ်ကို ထိခိုက်အောင် ဆိုခြင်း, သဏ္ဌာန်ကို ထိခိုက်အောင် ဆိုခြင်း, အလုပ် အကိုင်ကို ထိခိုက်အောင်ဆိုခြင်း အစရှိသည်တို့သည် ဖရုသဝါစာ မည်၏၊ ထိုဖရုသဝါစာမှ ကြဉ်ရှောင်ခြင်းသည် '' ဖရုသဝါစာ ဝိရတိ ဖရုသဝါစာ ဝိရတိ '' မည်၏။

၄။ သမ္ဖပ္ပလာပဝိရတိ သမ္ဖပ္ပလာပဝိရတိ ဆိုသည်ကား လောက၌ ဆန်းကြယ်စွာ လုပ်ကိုင်၍ ထားကြကုန်သော ရာမဇာတ်ဝတ္ထု, အီနောင်ဇာတ်ဝတ္ထု, ငွေတောင်ဇာတ်ဝတ္ထု, ဘာရတဇာတ်ဝတ္ထု အစရှိကုန်သော ဒဏ္ဍာရီ ဝတ္ထုဇာတ်တို့သည် ရှိကုန်၏၊ ထိုဇာတ်ဝတ္ထုတို့၌ ကြားနာသော သူတို့အား အလိမ်မာတိုးပွားရန် အတ္ထနှင့် စပ်ယှဉ်သော စကား, ဓမ္မနှင့် စပ်ယှဉ်သော စကား, ဝိနယနှင့် စပ်ယှဉ်သောစကားဟူ၍ မပါမရှိ၊ သက်သက်အားဖြင့် စိတ်ပျော်မွေ့ဖွယ်တို့ကို လုပ်ကြံထားသော စကားမျိုး သာပါရှိ၏၊

အတ္ထ, ဓမ္မ, ဝိနယ

'' အတ္ထနှင့် စပ်ယှဉ်သော စကားမျိုး '' ဆိုသည်ကား အသက် ရှည်ခြင်း, အနာကင်းခြင်း, ဓမ္မိယလဒ္ဓဖြစ်သော စည်းစိမ်ချမ်းသာတို့ကို ရနိုင်ခြင်း အစရှိသော ပစ္စုပ္ပန်အကျိုး, နောက်ဘဝတို့၌ လူ့ချမ်းသာ ကိုရခြင်း အစရှိသော ကောင်းကျိုးချမ်းသာမျိုးကို ပြဆိုသော စကားမျိုး တည်း။

''ဓမ္မနှင့် စပ်ယှဉ်သော စကားမျိုး '' ဆိုသည်ကား ထိုအကျိုးတို့ကို ရရာရကြောင်း ဖြစ်သော နည်းလမ်း ဥပဒေသစကားမျိုးတည်း။

'' ဝိနယ နှင့် စပ်ယှဉ်သောစကားမျိုး '' ဆိုသည်ကား လူ့ကျင့်ဝတ် တရား, ရှင့် ကျင့်ဝတ်တရားတို့နှင့် စပ်ယှဉ်သော စကားမျိုး, လောဘကို ဖြေဖျောက်ရန် တရားမျိုး, ဒေါသကို ဖြေဖျောက်ရန် တရားမျိုး စသည် တည်း။

ဤ အတ္ထ, ဓမ္မ, ဝိနယတို့နှင့် စပ်ယှဉ်သော စကားမျိုးတို့သည် ထိုဇာတ် ဝတ္ထုတို့၌ မပါမရှိကုန်၊ ထိုသို့သော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို သူတစ်ပါးတို့အား ပြောဟောခြင်းသည် သမ္ဖပ္ပလာပမည်၏၊ ထို သမ္ဖပ္ပလာပစကား မျိုးမှ လွတ်ကင်းအောင် ကြဉ်ရှောင်ခြင်းသည် '' သမ္ဖပ္ပလာပဝိရတိ '' မည်၏၊

၃၂-ပါးသော တိရစ္ဆာနကထာ စကားမျိုးသည်လည်း သမ္ဖပ္ပလာပ သာမညမျိုးမည်၏၊

အတ္ထ, ဓမ္မ, ဝိနယတို့၌ အလိမ်မာပွားစီးခြင်းကို အလိုရှိကုန်သော သူတို့သည် ထို၃၂-ပါးသော တိရစ္ဆာနကထာ စကားမျိုးတို့နှင့် အချိန်နာရီ ကုန်ခြင်းကို ဝေးစွာကြဉ်ရှောင်ကြကုန်ရာ၏၊ သမထဘာဝနာ, ဝိပဿနာ ဘာဝနာ, အလုပ်များကို တည်ထောင်ကြကုန်သော သူတို့သည်မူကား အတ္ထ, ဓမ္မ, ဝိနယနှင့် စပ်ယှဉ်သော စကားမျိုးတို့ကိုသော်လည်း အတိုင်း အရှည်သိ၍ ပြောဆိုကြ ကုန်ရာ၏၊

သမ္မာဝါစာနိဒ္ဒေသ ပြီး၏၊

--------

သမ္မာကမ္မန္တ နိဒ္ဒေသ

၁။ ပါဏာတိပါတဝိရတိ၊

၂။ အဒိန္နာဒါနဝိရတိ၊

၃။ ကာမေသု မိစ္ဆာစာရဝိရတိ၊

ဟူသော သမ္မာကမ္မန္တ ၃-ပါးတို့တွင်

၁။ ပါဏာတိပါတဝိရတိ ပါဏာတိပါတဝိရတိ ဆိုသည်ကား ကိုယ်ဝန်ကို ဖျက်ဆီး ခြင်း, သန်းဥ, ကြမ်းပိုးဥကို ဖျက်ဆီးခြင်းတို့မှစ၍ အသက်ရှိသော သတ္တဝါကို သေပျောက် ပျက်ဆုံးစေလိုသောစိတ်ဖြင့် သေပျောက်ပျက်ဆုံး ရန် ကိုယ်ပယောဂ, နှုတ်ပယောဂကို ပြုခြင်းသည် ပါဏာတိပါတမည်၏၊

ထို ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းသည် '' ပါဏာတိပါတဝိရတိ '' မည်၏၊

၂။ အဒိန္နာဒါနဝိရတိ အဒိန္နာဒါနဝိရတိ ဆိုသည်ကား မြက်, ထင်း, ရေ တို့မှစ၍ သူတစ်ပါးတို့၏ ဥစ္စာဟူ၍ သိမ်းပိုက်ဆဲဖြစ်သော သက်ရှိ သက်မဲ့ဝတ္ထုကို ဥစ္စာရှင် မမြင်မသိအောင် ခိုးယူလိုသောစိတ်ဖြင့် ခိုးယူခြင်း, ကိုယ် ပယောဂ, နှုတ်ပယောဂကို ပြုခြင်းသည် အဒိန္နာဒါနမည်၏၊ ထို အဒိန္နာဒါနမှ ကြဉ်ရှောင်ခြင်းသည် ''အဒိန္နာဒါနဝိရတအဒိန္နာဒါနဝိရတိ'' မည်၏။

၃။ ကာမေသုမိစ္ဆာစာရဝိရတိ ကာမေသုမိစ္ဆာစာရဝိရတိ ဆိုသည်ကား အမိစောင့်သော မိန်းမ, အဘစောင့်သော မိန်းမတို့မှ စ၍ မလွန်ကျူးထိုက်သော မိန်းမတို့၌ လွန်ကျူးသော ယောကျ်ား၏ လွန်ကျူးမှုသည်လည်းကောင်း၊ လင်ရှိလျက် မိမိလင်မှ တစ်ပါးသော မလွန်ကျူးထိုက်သော ယောကျ်ားနှင့် လွန်ကျူး သောမိန်းမ၏ လွန်ကျူးမှုသည်လည်းကောင်း, ကာမေသု မိစ္ဆာ စာရ မည်၏၊ ယစ်မျိုးငါးပါး သောက်စားမှုကို လည်းကောင်း၊ ဖဲ, ပဆစ်, ကြွေ, အန်အစရှိသောကစားမှုများကိုလည်းကောင်း၊ ကာမေသု မိစ္ဆာစာရ ၌ သွင်း၏၊ ထိုကာမေသုမိစ္ဆာစာရမှ ကြဉ်ရှောင်ခြင်းသည် '' ကာမေသု မိစ္ဆာစာရ ဝိရတိ '' မည်၏၊

သမ္မာကမ္မန္တနိဒ္ဒေသ ပြီး၏၊

-----------

သမ္မာအာဇီဝ နိဒ္ဒေသ

၁။ ဒုစ္စရိတမိစ္ဆာဇီဝ ဝိရတိ၊

၂။ အနေသနမိစ္ဆာဇီဝ ဝိရတိ၊

၃။ ကုဟနာဒိမိစ္ဆာဇီဝ ဝိရတိ၊

၄။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝ ဝိရတိ၊

ဟူသော သမ္မာအာဇီဝ ၄-ပါးတို့တွင်

၁။ ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ ဒုစ္စရိတမိစ္ဆာဇီဝဝိရတိ ဆိုသည်ကား ပါဏာတိပါတ အစ ရှိသော ကာယဒုစ္စရိုက်သုံးပါး, မုသာဝါဒအစရှိသော ဝစီဒုစ္စရိုက် လေးပါးတို့တွင် တစ်ပါးပါးသော ဒုစ္စရိုက်မှုနှင့် ပစ္စည်းဥစ္စာရှာကြံ၍ အသက်မွေးခြင်းသည် ဒုစ္စရိတမိစ္ဆာဇီဝ မည်၏၊

[မရောင်းအပ်သော ကုန်မျိုးငါးပါးတို့ကို ရောင်းချ၍ အသက် မွေးခြင်း ကိုလည်း ဤမိစ္ဆာဇီဝ၌ သင်္ဂြီုဟ်ရေတွက်အပ်၏၊] ထိုဒုစ္စရိတ မိစ္ဆာဇီဝမှ ကြဉ်ရှောင်ခြင်းသည် '' ဒုစ္စရိတမိစ္ဆာဇီဝ ဝိရတိ ဒုစ္စရိတမိစ္ဆာဇီဝ ဝိရတိ '' မည်၏။

၂။ အနေသန မိစ္ဆာဇီဝဝိရတိ အနေသန မိစ္ဆာဇီဝဝိရတိ ဆိုသည်ကား လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်းစသော ၂၁-ပါးသော အနေသနမှုတို့ဖြင့် ပစ္စည်းလာဘ်လာဘကို ဖြစ်စေ၍ ရသေ့ရဟန်းတို့၏ အသက်မွေးမှုသည် အနေသန မိစ္ဆာဇီဝမည်၏၊ ထိုမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှုသည် '' အနေသန မိစ္ဆာဇီဝဝိရတိ '' မည်၏။

၃။ ကုဟနာဒိမိစ္ဆာဇီဝဝိရတိ ကုဟနာဒိမိစ္ဆာဇီဝဝိရတိ ဆိုသည်ကား ကုဟန, လပန, နိမိတ္တ, နိပ္ပေသန, လာဘေန လာဘ နိဇိဂီသန ဟူ၍ မိစ္ဆာဇီဝ ဝတ္ထု ငါးပါးရှိ၏၊

(က) '' ကုဟန ကုဟန '' ဆိုသည်ကား အံ့ဖွယ်သရဲဖြစ်အောင် လုပ်ကြံ စဉ်းလဲမှုတည်း၊ သီလမရှိဘဲလျက် သီလရှိသည်ဟု ထင်မှတ်ရအောင် ဟန်ဆောင်ခြင်း အစရှိသည်ဖြင့် မိမိ၌မရှိသော အံ့ဖွယ်သရဲ ထူးကဲ လွန်မြတ်သော ဂုဏ်တို့ကို မိမိ၌ရှိသည်ဟု ထင်မှတ်ရအောင် ကြံဆောင် စဉ်းလဲ၍ လာဘ်လာဘကို ဖြစ်စေမှု ဆိုလိုသည်။

( ခ ) ''လပန လပန'' ဆိုသည်ကား ပစ္စည်း လာဘ်လာဘနှင့် စပ်လျဉ်း၍ အပြောအဆို ရဲရင့်ခြင်းတည်း။

( ဂ ) '' နိမိတ္တနိမိတ္တ '' ဆိုသည်ကား မိမိအား ပစ္စည်း ဝတ္ထုလှူဒါန်း စေရန် အရိပ်နိမိတ်ကို ပြခြင်းတည်း။

(ဃ) '' နိပ္ပေသနနိပ္ပေသန'' ဆိုသည်ကား မလှူဘဲ မနေသာအောင် စကားဖြင့် ကြိတ်ခြင်း နှိပ်ခြင်းတည်း။

( င ) '' လာဘေန လာဘ နိဇိဂီသနလာဘေန လာဘ နိဇိဂီသန'' ဆိုသည်ကား တစ်အိမ်၌ တစ်မတ်တန်ရပြီးသော လာဘ်ကို တစ်အိမ်၌ပေး၍ ထိုအိမ်မှ တစ်ကျပ် တန် လာဘ်ကို ရအောင် ပြုခြင်းတည်း။

ဤငါးပါးသော မိစ္ဆာဇီဝတို့မှ ကြဉ်ရှောင်ခြင်းသည် ''ကုဟနာဒိ မိစ္ဆာဇီဝ ဝိရတိ'' မည်၏၊

၄။ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ တိရစ္ဆာနဝိဇ္ဇာမိစ္ဆာဇီဝဝိရတိ ဆိုသည်ကား အင်္ဂဝိဇ္ဇာ အတတ်, လက္ခဏဝိဇ္ဇာအတတ် အစရှိသော လောကီအတတ်ပညာမျိုး သည် ရသေ့ရဟန်းတို့၏ ပဋိပတ္တိဓမ္မနှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက် မျိုးဖြစ်၍ တိရစ္ဆာနဝိဇ္ဇာမည်၏၊ ထိုအတတ်ပညာဖြင့် အင်္ဂါလက္ခဏာ စသည်တို့ကို ကြည့်ရှု၍ အကျိုးအပြစ်ကို ဟောကြားလျက် အသက်မွေးမှု သည် ရသေ့ ရဟန်းတို့မှာ တိရစ္ဆာနဝိဇ္ဇာ မိစ္ဆာဇီဝ မည်၏၊ ထိုမိစ္ဆာဇီဝမှ ကြဉ်ရှောင်မှု သည် ''တိရစ္ဆာနဝိဇ္ဇာ မိစ္ဆာဇီဝဝိရတတိရစ္ဆာနဝိဇ္ဇာ မိစ္ဆာဇီဝဝိရတိ'' မည်၏၊ သမ္မာအာဇီဝနိဒ္ဒေသ ပြီး၏၊

--------------

သမ္မာဝါယာမ နိဒ္ဒေသ အကုသိုလ် ၂-မျိုး

သမ္မာဝါယာမ ၄-ပါးတို့၌ သတ္တဝါတို့ကို အမြဲလျှင် ပူပန်စေ တတ်, ညစ်ညူးစေတတ်, ယုတ်ညံ့သိမ်ဖျင်းခြင်းသို့ ရောက်စေတတ်သော အကုသိုလ်တရားသည်

(က) ဥပ္ပန္န အကုသိုလ်

( ခ ) အနုပ္ပန္န အကုသိုလ် ဟူ၍ ၂-မျိုးရှိ၏၊

ကုသိုလ်၂-မျိုး

သတ္တဝါတို့ကို အေးငြိမ်းစေတတ်, ဖြူစင်စေတတ်, မြင့်မြတ်ကြီးပွားခြင်းသို့ ရောက်စေတတ်သော ကုသိုလ်တရားသည်

(က) ဥပ္ပန္နကုသိုလ်

( ခ ) အနုပ္ပန္နကုသိုလ် ဟူ၍ ၂-မျိုးရှိ၏၊

ဒုစ္စရိုက်ဆယ်ပါးတို့တွင် အကြင် ဒုစ္စရိုက်တရားသည် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသည်ဟူ၍ သိရှိ၏၊ ဖြစ်ဆဲဟူ၍သိရှိ၏၊ ထိုဒုစ္စရိုက်တရားသည် မိမိမှာ ဥပ္ပန္နအကုသိုလ်မည်၏၊

အကြင် ဒုစ္စရိုက်တရားသည် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူး သည် လည်းမဟုတ်၊ ဖြစ်ဆဲလည်းမဟုတ်၊ ရှေ့သို့ ဖြစ်လတ္တံ့သော အဖို့၌တည်နေ၏၊ ထိုဒုစ္စရိုက်တရားသည် မိမိမှာ အနုပ္ပန္နအကုသိုလ် မည်၏၊

သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ, လောကုတ္တရ ဉာဏဒဿန ဝိသုဒ္ဓိဟုဆိုအပ်သော ဝိသုဒ္ဓိ -၇-ပါးတို့တွင် အကြင် ဝိသုဒ္ဓိ တရားသည် ယခုဘဝ၌ မိမိသန္တာန်မှာဖြစ်ဘူး၏၊ ဖြစ်၍တည်၏၊ ထို ဝိသုဒ္ဓိတရားသည် မိမိမှာ ဥပ္ပန္နကုသိုလ် မည်၏၊

အကြင်ဝိသုဒ္ဓိတရားသည် ယခုဘဝ၌ မိမိသန္တာန်မှာ မဖြစ် ဘူးသေး၊ မရဘူးသေး၊ ထိုဝိသုဒ္ဓိတရားသည် မိမိမှာ အနုပ္ပန္နကုသိုလ် မည်၏၊

ဤသို့လျှင် အကုသိုလ်သည်လည်း ဥပ္ပန္န, အနုပ္ပန္နဟူ၍ ၂-မျိုး

ကုသိုလ်သည်လည်း ဥပ္ပန္န, အနုပ္ပန္န ဟူ၍ ၂မျိုးရှိ၏၊

မဂ္ဂင်၏ အာနုဘော်

ပစ္စုပ္ပန်ဘဝ၌ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်သည် ရှိသော် ယခုဘဝ၌ မိမိသန္တာန်မှာ ဖြစ်ဘူးသော ဥပ္ပန္နဒုစ္စရိုက်တို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင်မိမိသန္တာန်မှာ တစ်ဖန် မဖြစ် ပေါ်လာကုန်ပြီ၊ ယခုဘဝ၌ မိမိသန္တာန်မှာ မဖြစ်ဘူးသေးကုန်မူ၍ နောင်ဖြစ်လတ္တံ့သော အဖို့၌ တည်နေကုန်သော အနုပ္ပန္နဒုစ္စရိုက်တရား တို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် ယခုဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင်မိမိ သန္တာန်မှာ တစ်ရံတစ်ဆစ်မျှ မဖြစ်လာကုန်ပြီ၊ ဥပ္ပန္န, အနုပ္ပန္နဒုစ္စရိုက် နှစ်ပါးတို့သည် မဂ္ဂင်ရှစ်ပါး၏အာနုဘော်ကြောင့် ယခုဘဝတွင် အမြစ်အရင်းနှင့်တကွ ကုန်ဆုံးခြင်းသို့ ရောက်ကြလေကုန်၏၊

ဝိသုဒ္ဓိ ၇-ပါးဖြစ်ပုံ

ထို့အတူ ယခုဘဝ၌ မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ကြ ကုန်သည်ရှိသော် ဝိသုဒ္ဓိ ၇-ပါးတို့တွင် ယခုဘဝ၌ မိမိသန္တာန်မှာ ရရှိ၍ နေသော ဝိသုဒ္ဓိတရားသည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော်ကြောင့် အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် မိမိသန္တာန်၌ တစ်ဖန် ပျက်စီးခြင်းမရှိသော နိယာမသဘောသို့ ဆိုက်ရောက်၍ တည်လေ၏၊ ယခုဘဝ၌ မိမိသန္တာန်မှာ မဖြစ်ဘူးကုန်သေး, မရဘူးကုန်သေး, မရောက် ဘူးကုန်သေးသော ဝိသုဒ္ဓိတရားတို့သည်လည်း မဂ္ဂင်ရှစ်ပါး၏ အာနုဘော် ကြောင့် ယခုဘဝ၌ပင်လျှင် မိမိသန္တာန်၌ ဖြစ်ပေါ်လာကြကုန်၏၊ ရကြရ ကုန်၏၊ ရောက်ကြရကုန်၏၊

ကိုယ်ကျိုးအမှန်

ထို့ကြောင့် ဘုရားသာသနာတွင်း၌ ကြုံကြိုက်ကြရကုန် သော လူရှင်အပေါင်း သူတော်ကောင်းတို့မှာ မဂ္ဂင်ရှစ်ပါးကို ပွားများ အားထုတ်ခြင်းဟူသော သမ္မာဝါယာမကိစ္စတစ်ခုသည်သာလျှင် ကိုယ်ကျိုး ကိုယ်စီးပွားအမှန် ဖြစ်ချေသည်ဟု သိမြင်ကြရကုန်၏၊ တစ်ပါးသော လူ့ကိစ္စ, ရှင့်ကိစ္စများသည် မနေသာလှ၍ မလွှဲသာလှ၍ မရှောင်သာလှ၍ ပြုကြရသော အပကိစ္စမျိုးသာ ဖြစ်သည်ဟု သိမြင်ကြရကုန်၏၊ ဤကား ဗုဒ္ဓဘာသာ သာသနာ၌ လိုရင်းပဓာနဖြစ်သော သမ္မာဝါယာမကိစ္စကြီးကို ပြဆိုခြင်းတည်း။

ဥပ္ပန္န, အနုပ္ပန္န ကိုပြဆိုလျှင် အကုသိုလ်၌ ဒုစ္စရိုက် ၁၀-ပါးနှင့် ပြဆိုမှ လူတို့သိလွယ်သည်၊ ကုသိုလ်၌ ဝိသုဒ္ဓိ ၇-ပါးအစဉ်နှင့် ပြဆိုမှ လူတို့သိလွယ်သည်။

သမ္မာဝါယာမ ၄-ပါး

၁။ ယခုဘဝတွင် မိမိသန္တာန်မှာ ဖြစ်ဘူးကုန်သော ဒုစ္စရိုက် တရားတို့ကို နောင်ဤဘဝမှစ၍ ဘဝအဆက်ဆက်တို့၌ မိမိသန္တာန်မှာ တစ်ရံတစ်ဆစ်မျှ တစ်ဖန်ဖြစ်ပေါ်ခြင်းမရှိလေအောင် မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း ''သမ္မာဝါယာမ တစ်ပါးသမ္မာဝါယာမ တစ်ပါး''။

၂။ ယခုဘဝတွင် မိမိသန္တာန်၌ မဖြစ်ဘူးကုန်မူ၍ နောင် မိမိသန္တာန်မှာ ဖြစ်လတ္တံ့သော အဖို့၌ တည်နေကုန်သော ဒုစ္စရိုက်တရား တို့ကို အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် နောင် မိမိ သန္တာန်မှာ တစ်ရံတစ်ဆစ်မျှ ဖြစ်လာခြင်း မရှိလေအောင် မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း '' သမ္မာဝါယာမ တစ်ပါးသမ္မာဝါယာမ တစ်ပါး ''။

၃။ ယခုဘဝတွင် မိမိသန္တာန်၌ မဖြစ်ဘူးကုန်သေးသော အထက် အထက်သော ဝိသုဒ္ဓိတို့ကို ယခုဘဝ၌ပင် မရလျှင်မနေရ မရောက်လျှင် မနေရအောင် မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း ''သမ္မာ ဝါယာမတစ်ပါး'သမ္မာ ဝါယာမတစ်ပါး''။

၄။ ယခုဘဝတွင် မိမိသန္တာန်မှာ ကျင့်သုံးဆောက်တည်၍ နေသော ငါးပါးသီလ အာဇီဝဋ္ဌမကသီလ ဟူသော သီလဝိသုဒ္ဓိတရားကို နိယာမအဖြစ်သို့ ရောက်၍ နောင်နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အစဉ် အမြဲတည်စေခြင်းငှါ မဂ္ဂင်ရှစ်ပါးကို အားထုတ်ခြင်း '' သမ္မာဝါယာမ တစ်ပါး ''။

ဤကား လူတို့သိလွယ်ရန် ဝေဖန်၍ ပြဆိုသော သမ္မာဝါယာမ ၄-ပါးတည်း။ ၄-ပါးဆိုသော်လည်း ကိစ္စအားဖြင့်သာ ၄-ပါးရှိသည်၊ တရားကိုယ်မှာ ဝီရိယ တစ်ပါးသာတည်း။ တစ်ခုသော ဝိသုဒ္ဓိကို ရရှိအောင် အားထုတ်သော အခါ၌ တစ်ခုသော ဝီရိယမှာ ထိုကိစ္စ ၄- ပါး တစ်ပေါင်းတည်း ပါဝင်၏။

သမ္မာဝါယာမနိဒ္ဒေသ ပြီး၏၊

--------------

သမ္မာသတိနိဒ္ဒေသ သူရူးဥပမာ

သမ္မာသတိ ၄-ပါး၌ သတ္တဝါတို့၏ ပကတိစိတ်သည် ရပ်တည် မရ လွင့်ပါးပြေးသွား၍နေ၏၊ ကမ္မဋ္ဌာန်းအာရုံ၌ မိမိတို့စိတ်ကို တည်ငြိမ် စွာ ထားခြင်းငှါ အစိုးမရကြကုန်၊ စိတ်ကို အစိုးမရကြကုန်သော် သူရူး သူနှမ်းတို့နှင့် တူကုန်၏၊ ထိုသူရူး သူနှမ်းတို့သည် စိတ်ကို အစိုးမရကြကုန် သည့်အတွက် တစ်စုံတစ်ခုသော လူ့အရေး လူ့အရာတို့၌ လူရာ မဝင်ကုန်။

ထို့အတူ ဘာဝနာကိစ္စတို့၌ မိမိတို့ စိတ်ကို တည်ငြိမ်စွာ ထား ခြင်းငှါ အစိုးမရကြကုန်သော ရှင်လူအပေါင်းတို့သည် တစ်စုံတစ်ခုသော ကမ္မဋ္ဌာန်းအာရုံကို နှလုံးသွင်း၍စမ်းလျှင် သူရူးသူနှမ်းနှင့် အလားတူဖြစ်၍ နေကြကုန်၏၊ ကမ္မဋ္ဌာန်းအာရုံနှင့် တွေ့ကြုံလျှင် မိမိတို့စိတ်ကို မိမိတို့ အစိုးမရ ရှိနေကြသည်ကို သိကြကုန်၏၊ ထို့ကြောင့် ရပ်တည်မရ လှုပ်ရှား လွင့်ပါး ပြေးသွား၍နေသော စိတ်ရူးစိတ်နောက်တို့ကို ပယ်ဖျောက်၍ အလိုရှိရာ ကမ္မဋ္ဌာန်းအာရုံစိတ်ကို တည်ငြိမ်စွာ ထားနိုင်ခြင်းငှါ လေးပါး သော သတိပဋ္ဌာန်တရားတို့ကို အားထုတ်ကြရကုန်သတည်း၊ ထို ၄- ပါးသော သတိပဋ္ဌာန်တရားတို့တွင်

၁။ ကာယာနုပဿနာ သတိပဋ္ဌာန် ကာယာနုပဿနာ သတိပဋ္ဌာန် ဆိုသည်ကား မိမိ၏ ရူပကာယ ခန္ဓာကိုယ်၌ မိမိစိတ်ကို သမ္မာသတိတည်းဟူသော ကြိုးလွန်ဖြင့် အကြပ်အတည်း ဖွဲ့ချည်၍ထားခြင်းတည်း၊ ထွက်သက်ဝင်သက် စသော တစ်ခုတစ်ခုသော ရူပကာယကို စွဲမြဲစွာ ရှုခြင်းဆိုလိုသည်၊ ထိုသို့ထားဖန် များ၍ ၃-လ ၄-လ စသည်ရှိလတ်သော် စိတ်ရူးစိတ်နောက်သည် ပျောက် ငြိမ်း၏၊ တစ်နေ့တစ်နေ့လျှင် ၁-နာရီတန်သည်, ၂-နာရီ, ၃-နာရီ, ၄- နာရီ, ၅နာရီ, ၆နာရီတန်သည် ထွက်သက် ဝင်သက်စသော မိမိရူပကာယ ခန္ဓာကိုယ်၌ မိမိစိတ်ကို တည်ငြိမ်စွာထားနိုင်၏၊ ထိုအခါ အလိုရှိရာ ကမ္မဋ္ဌာန်းအာရုံ၌ တည်ငြိမ်စွာထားခြင်းငှါ မိမိစိတ်ကို မိမိ အစိုးရ၏။

၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဝေဒနာနုပဿနာ သတိပဋ္ဌာန် ဆိုသည်ကား မိမိသန္တာန် မှာ အလှည့်အလည်အားဖြင့် မပြတ်မစဲဖြစ်၍နေသော သုခဝေဒနာ ဒုက္ခဝေဒနာ စသော ဝေဒနာကာယ ခန္ဓာကိုယ်၌ မိမိစိတ်ကို သမ္မာသတိ တည်းဟူသော ကြိုးလွန်ဖြင့် အကြပ်အတည်း ဖွဲ့ချည်၍ ထားခြင်းတည်း၊ ထိုသို့ ထားဖန်များလတ်သော် စိတ်ရူး စိတ်နောက် ပျောက်ငြိမ်း၏၊ ထိုအခါ အလိုရှိရာ ကမ္မဋ္ဌာန်းအာရုံ၌ တည်ငြိမ်စွာ ထားခြင်းငှါ မိမိစိတ်ကို မိမိအစိုးရ၏။

၃။ စိတ္တာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဆိုသည်ကား မိမိသန္တာန်မှာ အလှည့်အလည်အားဖြင့် မပြတ်မစဲဖြစ်၍နေသော လောဘနှင့် ယှဉ်သောစိတ်၊ ဒေါသနှင့် ယှဉ်သောစိတ်စသော စိတ်အမျိုးမျိုးတို့၌ မိမိစိတ်ကို သမ္မာသတိတည်းဟူသော ကြိုးလွန်ဖြင့် အကြပ်အတည်း ဖွဲ့ချည်၍ ထားခြင်းတည်း၊ ထိုသို့ ထားဖန်များလတ်သော် စိတ်ရူး စိတ်နောက်သည် ပျောက်ငြိမ်း၏၊ ထိုအခါ အလိုရှိရာ ကမ္မဋ္ဌာန်း အာရုံ၌ တည်ငြိမ်စွာထားခြင်းငှါ မိမိစိတ်ကို မိမိအစိုးရ၏။

၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဆိုသည်ကား မိမိသန္တာန်၌ ရှိနေသော ကာမစ္ဆန္ဒ, ဗျာပါဒ, ထိန, မိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ အစရှိသော တရားတို့၌ မိမိစိတ်ကို သမ္မာသတိတည်းဟူသော ကြိုး လွန်ဖြင့် အကြပ်အတည်း ဖွဲ့ချည်၍ ထားခြင်းတည်း၊ ထိုသို့ ထားဖန်များ လတ်သော်၊ စိတ်ရူးစိတ်နောက်သည် ပျောက်ငြိမ်း၏၊ ထိုအခါ အလိုရှိရာ ကမ္မဋ္ဌာန်း အာရုံ၌ တည်ငြိမ်စွာထားခြင်းငှါ မိမိစိတ်ကို မိမိအစိုးရ၏၊

ကြိုးလွန်ဖြင့် ဖွဲ့ထား

မိမိကိုယ်ခန္ဓာကို ရူပကာယမျိုး, ဝေဒနာကာယမျိုး, စိတ္တ ကာယမျိုး, ဓမ္မကာယမျိုးဟု ၄-ပုံ၊ ၄-စု ပြု၍ ထားပြီးလျှင် ပိုင်းခြားရာ နာရီအတွင်း၌ မိမိ ခန္ဓာကိုယ်မှအပအာရုံသို့ မိမိစိတ်ကို မထွက် မသွား စေမူ၍ ထို ၄- ပါးသော မိမိအဇ္ဈတ္တကာယတို့၌သာလျှင် သတိတည်းဟူသော ကြိုး လွန်ဖြင့်ဖွဲ့ထား၍ ဘဝအဆက်ဆက်တို့က အစဉ် ပါလာသော စိတ်ရူး, စိတ်နောက်, စိတ်ပူ, စိတ်လောင်တွေကို ပျောက်ငြိမ်းအောင် ပြုမှုကို သတိပဋ္ဌာန်အလုပ်ဆိုသည်။

[အကျယ်ကိုမူကား မဟာသတိပဋ္ဌာနသုတ်ကြီးမှ ယူလေ၊ ထွက်သက်, ဝင်သက်ရှုနည်းကို ငါတို့စီရင်သော အာနာပါနဒီပနီကျမ်း မှာ ယူလေ၊]

တစ်နေ့တစ်နေ့တွင် ညဉ့်အခါ၌ ၂-နာရီတန်သည် ၃-နာရီ တန်သည် အချိန်ကို ပိုင်းခြားထား၍ အားထုတ်ရမည်။

သမ္မာသတိနိဒ္ဒေသ ပြီး၏၊

-------------

သမ္မာသမာဓိနိဒ္ဒေသ စာသင်ပုံ ဥပမာ

သမ္မာသမာဓိ ၄-ပါး၌ လောက၌ စာပေကျမ်းဂန် သင်ကြား မှုမှာ သင်ပုန်းကြီးသည် အစအဦးဖြစ်၏၊ သင်ပုန်းကြီး ကြေလည်မှ အထက်စာကို သင်ကြား၍ ဖြစ်သည်၊ ထို့အတူ ဘာဝနာအလုပ်မှာလည်း သတိပဋ္ဌာန်သည် အစအဦးဖြစ်၏၊ သတိပဋ္ဌာန်အလုပ် နေရာကျ၍ စိတ်ရူးစိတ်နောက် ပျောက်ငြိမ်းမှ အထက်အထက်သော ကမ္မဋ္ဌာန်း ဘာဝနာအမှုများကို တည်ကြည်စွာ အားထုတ်နိုင်သည်။

ထို့ကြောင့် သတိပဋ္ဌာန်အလုပ် နေရာကျ၍ မိမိကိုယ်ခန္ဓာ အစုတို့၌ တစ်နေ့လျှင် ၁-နာရီ, ၂-နာရီ, ၃-နာရီ စသည်ဖြင့် မိမိစိတ်ကို တည်ငြိမ်စွာ ထားနိုင်ကြသောအခါ၌ သင်ပုန်းကြီးကြေလည်ပြီးသောအခါ မင်္ဂလသုတ်, နမက္ကာရ, ပရိတ်ကြီး, သဒ္ဒါ, သင်္ဂြီုဟ်စသည်များကို တက်၍ သင်ကြားရသကဲ့သို့ စိတ္တဝိသုဒ္ဓိဘာဝနာဟုဆိုအပ်သော သမထစျာန် သမာဓိ ၄-ပါးကို အားထုတ်ရာသတည်း။

ထို ၄-ပါးတို့တွင်

၁။ ပထမစျာန်သမာဓိ ပထမစျာန်သမာဓိ ဆိုသည်ကား ကသိုဏ်းဆယ်ပါး၊ အသုဘ ဆယ်ပါး၊ ကေသာ လောမ စသော ဒွတ္တိံသာကာရ တစ်ပါး၊ အာနာပါန တစ်ပါး၊ မေတ္တာ, ကရုဏာ, မုဒိတာဟူသော ဗြဟ္မာဝိဟာရ ၃-ပါး, ဤ ၂၅-ပါးသော ကမ္မဋ္ဌာန်း တို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်း၌ ပရိကမ္မ ဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာ ဘာဝနာတည်းဟူသော ဘာဝနာ အစဉ်အားဖြင့် လွန်မင်းစွာအားထုတ်၍ ရှေးဦးစွာရအပ်သော ပဌမစျာန် သမာဓိကို ဆိုသတည်း၊ ယခုကာလ၌ စိတ်ရူး စိတ်နောက် ပျောက်ငြိမ်းရုံမျှ အားထုတ်သော အာနာပါနအလုပ်သည် ပဌမစျာန် သမာဓိအလုပ်၌ အတွင်းဝင်၏၊

[သတိပဋ္ဌာန်အလုပ်, ပဌမစျာန်သမာဓိအလုပ် ၂-ချက်ရ ၏၊ ဤသမာဓိစျာန် ၄-ပါးတို့၏ အစီအရင်ကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ ယူလေ။]

သမ္မာသမာဓိ နိဒ္ဒေသ ပြီး၏၊

ဤတွင်ရွေ့ မဂ္ဂင် ၈-ပါး သရုပ် အကျယ် ပြီး၏၊

------------

ဝဋ် ၃-ပါး ၄-လီ ပြဆိုခန်း

ယခုအခါ ဘုရားသာသနာတွင်း၌ မဂ္ဂင်ရှစ်ပါးကို ပွားများ အားထုတ်သည်ရှိသော် အကြင်ဝဋ်ဒုက္ခတရားတို့မှ လွတ်ငြိမ်းခြင်းသို့ ရောက်ကြကုန်၏၊ ထိုဝဋ်ဒုက္ခတရားတို့ကို ပြဆိုပေအံ့။

ဝဋ်ဒုက္ခတရားဆိုသည်ကား ကိလေသဝဋ်တရား, ကမ္မဝဋ် တရား, ဝိပါကဝဋ်တရား ဤသုံးပါးကို ဆိုသတည်း။

ထိုဝဋ်သုံးပါးသည်လည်း

(က) အပါယ်သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၊

( ခ ) ကာမသုဂတိ သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၊

( ဂ ) ရူပသံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၊

(ဃ) အရူပသံသရာ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး

ဟူ၍ ၃-ပါး ၄-လီရှိ၏၊

ထို ၃-ပါး ၄-လီတွင်

(က) အပါယ်သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၌၁။ သက္ကာယဒိဋ္ဌိတစ်ပါး, ဝိစိကိစ္ဆာတစ်ပါး ဤကိလေသာ ၂-ပါး သည် ကိလေသဝဋ် မည်၏၊

၂။ ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ, မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိဟူသော အကုသလကမ္မပထတရား ဆယ်ပါးတို့သည် ကမ္မဝဋ်မည်၏၊

၃။ ငရဲသတ္တဝါ, တိရစ္ဆာန်သတ္တဝါ, ပြိတ္တာသတ္တဝါ, အသုရကာယ် သတ္တဝါ ဟုဆိုအပ်သော ဝိပါက်ကဋတ္တာ ခန္ဓာငါးပါးသည် ဝိပါကဝဋ် မည်၏၊

ဝဋ်အဓိပ္ပါယ်

အကြင်ပုဂ္ဂိုလ်တို့အား သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာသည် ရှိနေ၏၊ ထိုပုဂ္ဂိုလ်တို့သည် အထက်ဆုံးဖြစ်သော ဘဝဂ်ဘုံ၌ ဘဝပေါင်း အသင်္ချေ အနန္တတိုင်အောင် အဖန်ဖန် ရောက်ကြကုန်သော်လည်း တံငါ မုဆိုး သူခိုး ဓားပြစသော အကုသိုလ်ကမ္မပထတွင်းသို့ တလဲလဲကျရောက် လာကြရကုန်၏၊ အဝီစိ အစရှိသော အပါယ်ခန္ဓာတွင်းသို့လျှင် တလဲလဲ ကျရောက်လာကြရကုန်၏၊ ဤသို့လျှင် မကျွတ်နိုင်ဘဲ တဝဲလည်လည် ပြန်လှန်၍နေသည်ကို ဝဋ်ဟူ၍ ဆိုသတည်း။

( ခ ) ကာမသုဂတိသံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၌၁။ ကောင်းသော အဆင်းမျိုး, အသံမျိုး, အနံ့မျိုး, အရသာမျိုး, အတွေ့အထိမျိုးတို့၌ သာယာခင်မက် နှစ်သက်တွယ်တာသော ကာမတဏှာသည် ကိလေသဝဋ်မည်၏။

၂။ ဒါန သီလ ဘာဝနာစသော ကာမာဝစရပုညကိရိယဝတ္ထုဆယ် ပါးသည် ကမ္မဝဋ် မည်၏၊

၃။ လူသတ္တဝါ နတ်ပြည် ၆-ထပ် နတ်သတ္တဝါ ဟုဆိုအပ်သော ဝိပါက်ကဋတ္တာ ခန္ဓာငါးပါးသည် ဝိပါကဝဋ် မည်၏၊ အကြင်ပုဂ္ဂိုလ်တို့အား ကာမတဏှာသည် ရှိနေ၏၊ ထို ပုဂ္ဂိုလ် တို့သည် အထက်ဖြစ်သော ဘဝဂ်ဘုံသို့ အဖန်ဖန် ရောက်ကုန်ငြား သော်လည်း ကာမတဏှာ၏ ကျွန်အဖြစ်သို့ တလဲလဲ ကျရောက်လာကြ ကုန်၏၊

(ဂ-ဃ) ရူပ, အရူပသံသရာ၏ ဆိုင်ရာဝဋ်သုံးပါးတို့၌ ၁။ ရူပဘဝ, အရူပဘဝတို့၌ သာယာတွယ်တာသော ရူပတဏှာ, အရူပတဏှာများသည် ကိလေသဝဋ် မည်၏၊

၂။ ရူပကုသိုလ်, အရူပကုသိုလ်များသည် ကမ္မဝဋ် မည်၏၊

၃။ ရူပဗြဟ္မာဟုဆိုအပ်သော ဝိပါက်ကဋတ္တာခန္ဓာငါးပါး, အရူပ ဗြဟ္မာဟုဆိုအပ်သော ဝိပါက်နာမက္ခန္ဓာလေးပါးသည် ဝိပါကဝဋ် မည်၏၊

ရူပတဏှာ, ရူပကုသိုလ်, ရူပဗြဟ္မာ့ခန္ဓာ, အရူပတဏှာ, အရူပ ကုသိုလ်, အရူပဗြဟ္မာ့ခန္ဓာဟူ၍ ဝဋ်သုံးပါးနှစ်လီ ဝေဖန်လေ။ ဝဋ် ၃-ပါး ၄-လီ ပြဆိုခန်း ပြီး၏၊

------------

မဂ္ဂင်နှင့် ဝဋ် တွဲဖက်ခဏ်း

ရှေး၌ ပြဆိုခဲ့ပြီးသော မဂ္ဂင်ရှစ်ပါးသည်လည်း သောတာ ပတ္တိမဂ္ဂင်ရှစ်ပါး, သကဒါဂါမိမဂ္ဂင်ရှစ်ပါး, အနာဂါမိမဂ္ဂင်ရှစ်ပါး, အရဟတ္တမဂ္ဂင်ရှစ်ပါးဟူ၍ ရှစ်ပါးလေးလီ ရှိပြန်၏၊

ထို ၈-ပါး ၄-လီ တို့တွင်

၁။ သောတာပတ္တိမဂ္ဂင်ရှစ်ပါးသည် အပါယ်သံသရာ၏ ဆိုင်ရာ ဖြစ်သော ဝဋ် ၃-ပါးကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏၊ ကာမသုဂတိ၏ ဆိုင်ရာ ဖြစ်သော ဝဋ်သုံးပါး၌မူကား နောက် ၇-ဘဝကို ချန်လှပ်၍ ၇-ဘဝမှ အထက်ဖြစ်လတ္တံ့သော ကာမသုဂတိ၏ ဆိုင်ရာဝဋ် ၃-ပါးကိုလည်း သောတာပတ္တိ မဂ္ဂင်ရှစ်ပါးသည် အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏။

၂။ သကဒါဂါမိမဂ္ဂင်ရှစ်ပါးသည် အကျန် ၇-ဘဝတို့တွင် ၂-ဘဝကို ချန်လှပ်၍ ၂-ဘဝအထက်၌ ဖြစ်လတ္တံ့သော ၅-ဘဝတို့၌ ကာမသုဂတိ၏ ဆိုင်ရာဝဋ် ၂-ပါးကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏။

၃။ အနာဂါမိမဂ္ဂင်ရှစ်ပါးသည် အကျန်ကာမသုဂတိ ၂-ဘဝကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏၊ ရူပဘဝ အရူပဘဝသာ ကျန်ရှိ၏၊

၄။ အရဟတ္တမဂ္ဂင်ရှစ်ပါးသည် ရူပသံသရာ အရူပသံသရာတို့၏ ဆိုင်ရာဖြစ်ကုန်သော ဝဋ်သုံးပါးတို့ကို အကြွင်းမဲ့ ချုပ်ငြိမ်းစေ၏၊ အလုံးစုံသော ကိလေသာတို့သည် ချုပ်ငြိမ်းကုန်၏၊

မဂ္ဂင်နှင့် ဝဋ် တွဲဖက်၍ ပြဆိုခန်း ပြီး၏၊

----------------

ဒိဋ္ဌိ၏ ပဌမ ဒုတိယ တတိယဘုံ

သက္ကာယဒိဋ္ဌိသာ ပဓာန

ဝဋ်သုံးပါးလေးလီရှိသည်တွင် ယခုကာလ၌ ဗုဒ္ဓဘာသာဝင် ရှင်လူအပေါင်းတို့မှာ အပါယ်သံသရာ၏ ဆိုင်ရာဖြစ်သော အပါယ်ဝဋ် သုံးပါးသည် လိုရင်းဖြစ်၏၊ ဦးခေါင်း၌ လောင်မီးကျလောင်၍နေသော ယောက်ျားအား ထိုအခါ၌ ထိုမီးကိုသတ်တဲ့ရန် အရေးသည် အကြီးဆုံး သော အရေးဖြစ်၏၊ တစ်မိနစ်မျှ ကြာမြင့်ဖင့်နှေး၍ မနေသာမှုကြီးဖြစ်၏၊ မြတ်စွာဘုရား သာသနာတော်တွင်း၌ ကြုံကြိုက်ကြကုန်သော သူတို့မှာ ဦးခေါင်း၌ လောင်မီးကျလောင်၍နေသော အမှုထက်ပင် အပါယ်ဝဋ် သုံးပါးကို အကြွင်းမဲ့ ပယ်သတ်ရန်အမှုသည် အရေးတကြီးလိုလှ၏၊ ထို့ကြောင့် ဤကျမ်း၌ အပါယ်ဝဋ်သုံးပါး၏ ချုပ်ငြိမ်းကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးအစီအရင်ကို ရှေးဦးစွာဆိုပေအံ့၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ၂- ပါး တို့တွင် သက္ကာယဒိဋ္ဌိသည်သာ လိုရင်းပဓာန ဖြစ်၏၊ သက္ကာယဒိဋ္ဌိ အကြွင်းမဲ့ ချုပ်ငြိမ်းလျှင် ဝိစိကိစ္ဆာလည်း အကြွင်းမဲ့ ချုပ်ငြိမ်းတော့သည်၊ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့တွင်လည်း အကြွင်းမဲ့ ချုပ်ငြိမ်း လေကုန်တော့သည်၊ အပါယ်သံသရာလည်း အကြွင်းမဲ့ ချုပ်ငြိမ်းလေ တော့သည်။

သက္ကာယဒိဋ္ဌိ အဓိပ္ပါယ်

သက္ကာယဒိဋ္ဌိ ဆိုသည်ကား အတ္တဒိဋ္ဌိကို ဆိုသတည်း။ စက္ခုကို ငါ ငါဟူ၍လည်းကောင်း, ငါ၏အတ္တဟူ၍ လည်းကောင်း, ကြောင် ကြောင်ကြီး ထင်မြင် စွဲလမ်း၍နေသော ဒိဋ္ဌိတည်း၊ သောတကို, ဃာနကို, ဇိဝှါကို, ကာယကို, မနောကို ငါ ငါဟူ၍လည်းကောင်း, ငါ၏အတ္တ ဟူ၍လည်းကောင်း, ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍နေသော ဒိဋ္ဌိတည်း။

ငါ ငါဟု စွဲလမ်းပုံ

ထိုထို အဆင်းသဏ္ဌာန်ကို မြင်ကြသောအခါ ငါမြင်သည် ငါမြင်သည်ဟု ကြောင်ကြောင်ကြီး ထင်မြင်စွဲလမ်း၍ နေမှုသည် စက္ခုကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏၊ ထိုထိုအသံကို ကြားကြသောအခါ ငါကြားသည် ငါကြား သည်ဟု၊ ထိုထိုအနံ့ကို နံကြသောအခါ ငါနံသည် ငါနံသည်ဟု, ထိုထို အရသာကို စားကြသောအခါ ငါစားသည် ငါစား သည်ဟု, ကိုယ်၌ ပူခြင်း, အေးခြင်း, ညောင်းခြင်း, ညာခြင်း, နာခြင်း, ကျင်ခြင်း စသည် ဖြစ်ပေါ်လာသောအခါ ငါပူသည်, ငါအေးသည်, ငါ ညောင်းညာသည်, ငါကျင်သည်ဟု, ထိုထို အရာကို ကြံဖန်ကြသော အခါ ငါကြံသည် ငါကြံသည်ဟု ကြောင်ကြောင်ကြီး ထင်မြင် စွဲလမ်း၍ နေမှု သည် မနောကို ငါ-ငါဟူ၍ ထင်မြင်စွဲလမ်းမှု မည်၏၊ ဤကား အတွင်း အာယတန ခြောက်ပါးတို့၌ သက္ကာယဒိဋ္ဌိ စွဲလမ်း၍ နေပုံတည်း။

ပထမနိဗ္ဗာန်သို့ ရောက်ပုံ

ရှေးရှေးသောဘဝတို့၌ မိုက်မဲမှောက်မှားခဲ့ကုန်သော ခပ်သိမ်း သော ဒုစ္စရိုက်ကံဟောင်းတို့သည် ထိုသက္ကာယဒိဋ္ဌိမှ တွယ်တာ၍ သတ္တဝါတို့၏သန္တာန်၌ အစဉ်လိုက်၍ နေကြကုန်၏၊ နောက်နောက်သော ဘဝသစ်တို့၌ မိုက်မဲ မှောက်မှားလတ္တံ့ကုန်သော ခပ်သိမ်းသော ဒုစ္စရိုက်ကံ သစ်တို့သည် ထိုသက္ကာယဒိဋ္ဌိမှ ဖြစ်ကြရ၏၊ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း သည်ရှိသော် အဟောင်းအသစ်ဖြစ်ကုန်သော ထိုဒုစ္စရိုက်ကံတို့သည် တစ်ခုမကျန် အကြွင်းမဲ့ ချုပ်ငြိမ်း၏၊ ထိုသူမှာ အပါယ် သံသရာကြီးသည် အကြွင်းမဲ့ ချုပ်ငြိမ်း၏၊ ယခုဘဝမှစ၍ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်တိုင်အောင် ထိုသူ့သန္တာန်မှာ ခပ်သိမ်းသော ဒုစ္စရိုက် အမိုက် အမဲ တို့သည်လည်းကောင်း, ခပ်သိမ်းသော ဒိဋ္ဌိအမှောက်အမှားတို့သည် လည်းကောင်း, ခပ်သိမ်းသော ငရဲ, တိရစ္ဆာန်, ပြိတ္တာ, အသုရကာယ်, အပါယ်ဘဝတို့သည်လည်းကောင်း, သက္ကာယဒိဋ္ဌိနှင့် တစ်ပြိုင်နက် တစ်ချက်တည်း အကြွင်းမဲ့ချုပ်ငြိမ်းကြကုန်၏၊ ထိုသူသည် အပါယ် သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း ဟူသော သဥပါဒိသေသ ပထမနိဗ္ဗာန်သို့ရောက်၏၊ ဘုံစဉ်စံအရိယာ လောကုတ္တရာ ဘုံသားအဖြစ်သို့ ရောက်လေ၏၊ ဤကား သက္ကာယဒိဋ္ဌိ၏ အချက်အရာကို ပြဆိုခန်းတည်း။

သက္ကာယဒိဋ္ဌိ၏ ဘုံ ၃-ဆင့်

ထိုသက္ကာယဒိဋ္ဌိသည် သတ္တဝါ၏ ခန္ဓာကိုယ်၌ ဘုံသုံးဆင့်ဖြင့် တည်ထောင်၍နေ၏၊

ပဌမဘုံကား - အနုသယဘုံတည်း။

ဒုတိယဘုံကား - ပရိယုဋ္ဌာနဘုံတည်း။

တတိယဘုံကား - ဝီတိက္ကမဘုံတည်း။

ကာယကံ သုံးပါး, ဝစီကံ လေးပါးကို ဝီတိက္ကမဘုံဆိုသည်၊ မနောကံကို ပရိယုဋ္ဌာနဘုံဆိုသည်၊ ကံသုံးပါးသို့ မရောက်သေးမူ၍ ကံသုံးပါး၏ အမြစ်မူလ ဗီဇမျိုးစေ့အနေနှင့် ကိုယ်ခန္ဓာတစ်ခုလုံး၌ ကိန်းဝပ်တည်ထောင်၍ အနမတဂ္ဂ သံသရာ၌ အစဉ်အမြဲလိုက်ပါ၍ နေသော ဒိဋ္ဌိကို အနုသယဘုံဆိုသည်။

ဒိဋ္ဌိဒုစ္စရိုက်တို့ကို ဖြစ်ပွားနိုင်စေသော အာရုံတရားတို့သည် စက္ခု စသော ဒွါရခြောက်ပါးတို့တွင် တစ်ခုခုသောဒွါရ၌ ထိခိုက်လာကုန် သည်ရှိသော် ထိုဒိဋ္ဌိ၏အပွားအစီးဖြစ်သော အကုသိုလ်စုသည် အနုသယ ဘုံမှ ထကြွ၍ ပရိယုဋ္ဌာနဘုံကို ပြည့်စေ၍ တည်လေ၏၊ မနောကံအဖြစ်သို့ ရောက်၍ တည်လေ၏ ဆိုလိုသည်။ မနောကံအဖြစ်တွင် မငြိမ်းနိုင်ရှိပြန်သော် ပရိယုဋ္ဌာနဘုံမှ ထကြွ သောင်းကျန်း၍ ဝီတိက္ကမဘုံကို ပြည့်စေ၍ တည်လေ၏၊ ကာယကံ, ဝစီကံအဖြစ်သို့ရောက်၍ တည်လေ၏ ဆိုလိုသည်။

မီးခြစ်, မီးတောက်ဥပမာ

ဒိဋ္ဌိအနုသယဘုံသည် မီးခြစ်ဆေးခဲအတွင်း၌ ကိန်းဝပ်၍ နေသော ဓာတ်နှင့် တူ၏၊ ပရိယုဋ္ဌာန ဒုတိယဘုံသည် ကော်ပတ်နှင့် တိုက်သဖြင့် တောက်ထ၍ မီးခြစ်တံ၌ တောက်လောင်၍နေသော မီးတောက်နှင့်တူ၏၊ ဝီတိက္ကမ တတိယဘုံသည် မီးခြစ်တံမှကူး၍ အမှိုက်ပုံ စသည်ကို တောက်လောင်သော မီးတောက်နှင့်တူ၏၊ အပ၌ ကောင်း သောအဆင်း, ကောင်းသောအသံ အစရှိသော အာရုံ ၆-ပါး သည် ကော်ပတ်နှင့် တူ၏၊

ဒိဋ္ဌိ၏ ပဌမဘုံ, ဒုတိယဘုံ, တတိယဘုံကို ပြဆိုခန်း ပြီး၏၊

မဂ္ဂင်ကို ခန္ဓာ ၃-ပါးဖွဲ့ပုံ

၁။ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ [ ဤ မဂ္ဂင် သုံးပါးသည် သီလက္ခန္ဓ မည်၏၊ ]

၂။ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ [ ဤ မဂ္ဂင် သုံးပါး သည် သမာဓိက္ခန္ဓ မည်၏၊]

၃။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ [ ဤမဂ္ဂင်နှစ်ပါးသည် ပညာက္ခန္ဓ မည် ၏၊]

သီလ, သမာဓိ, ပညာဟူသော သာသနာတော် သုံးပါးဖြစ်၏၊ သီလက္ခန္ဓ မဂ္ဂင် ၃-ပါးကို အကျယ် ဝေဖန်သည်ရှိသော် အာဇီဝဋ္ဌမကသီလ ဖြစ်၏၊ ဖြစ်ပုံကား

၁။ ပါဏာတိပါတာ ဝေရမဏိ။

၂။ အဒိန္နာဒါနာ ဝေရမဏိ။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ။

ဤသုံးပါးသည် သမ္မာကမ္မန္တမဂ္ဂင် ပေတည်း။

၁။ မုသာဝါဒါ ဝေရမဏိ။

၂။ ပိသုဏဝါစာ ဝေရမဏိ။

၃။ ဖရုသဝါစာ ဝေရမဏိ။

၄။ သမ္ဖပ္ပလာပါ ဝေရမဏိ။

ဤ ၄-ပါးသည် သမ္မာဝါစာမဂ္ဂင် ပေတည်း။

အသက်မွေးကြောင်းဖြစ်သော ပါဏာတိပါတစသည်မှ ကြဉ် ရှောင်ခြင်းသည် သမ္မာအာဇီဝ မဂ္ဂင်ပေတည်း။

ဤသို့လျှင် သီလက္ခန္ဓမဂ္ဂင် ၃-ပါးဟူသည် အာဇီဝဋ္ဌမက သီလ ပင်တည်း။

လူတို့၏ ငါးပါးသီလ, ရသေ့ပရိဗိုဇ်တို့၏ ဒသသီလ, သာမဏေ တို့၏ ဒသသီလသည်လည်းကောင်း, ရဟန်းတို့၏ ၂၂၇-ပါးသော သိက္ခာပုဒ်တော် တို့သည်လည်းကောင်း, ဤနိစ္စ သီလမျိုးစုသည် အာဇီဝဋ္ဌမကသီလ၌ အကျုံးဝင်ကုန်၏၊ လူတို့၏ အဋ္ဌင်္ဂဥပေါသထသီလ, ဒသသီလများသည်လည်း လူတို့၏ ပဉ္စသီလ, အာဇီဝဋ္ဌမကသီလ ပေါ် တွင် အမွှမ်းတင်သီလ အရောင်တင်သီလ ပေတည်း။

ပယ်ဖျက်ပုံ ပြဆိုချက်

ဤသမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဟူသော သီလက္ခန္ဓ မဂ္ဂင် သုံးပါးသည် သက္ကာယဒိဋ္ဌိ၏ တတိယဘုံကို ပယ်ဖျက်ရန် တရား စုပေတည်း၊ ကာယဒုစ္စရိုက် ၃-ပါး, ဝစီဒုစ္စရိုက် ၄-ပါးတို့ကို ပယ်ဖျက်ရန် တရားစုဆိုလိုသည်၊ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာ သမာဓိ ဟူသော သမာဓိက္ခန္ဓမဂ္ဂင် ၃-ပါးသည် သက္ကာယဒိဋ္ဌိ၏ ဒုတိယဘုံ ကို ပယ်ဖျက်ရန် တရားစုပေတည်း၊ မနောဒုစ္စရိုက် ၃-ပါးကို ပယ်ဖျက်ရန် တရားစု ဆိုလို သည်၊ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဟူသော ပညာက္ခန္ဓ မဂ္ဂင်နှစ်ပါးသည် သက္ကာယဒိဋ္ဌိ၏ ပထမဘုံကြီးကို ပယ်ဖျက်ရန် တရားစုပေတည်း၊ သတ္တဝါတို့၏ ကိုယ်ခန္ဓာတစ်ခုလုံး၌ အနမတဂ္ဂ သံသရာတွင် အစဉ်အမြဲ ကိန်းဝပ်၍နေသော အနုသယဘုံကြီးကို ပယ်ဖျက်ရန် တရားစုဆို လိုသည်။

မဂ္ဂင်ကို ခန္ဓာ ၃-ပါးဖွဲ့ပုံ ပြီး၏၊

ဒိဋ္ဌိ၏ဘုံနှင့် မဂ္ဂင်ကို နေရာချ၍ ပြဆိုခန်း

သက္ကာယဒိဋ္ဌိ၏ အစီးအပွားဖြစ်သော ကာယဒုစ္စရိုက် ၃-ပါး ဝစီဒုစ္စရိုက် ၄-ပါးတို့ကို ပယ်ရှားခြင်းငှါ သီလက္ခန္ဓမဂ္ဂင် ၃-ပါးကို ထူ ထောင်ရမည်၊ အာဇီဝဋ္ဌမကသီလကို ခံယူဆောက်တည်၍ စောင့်ထိန်းရ မည် ဆိုလိုသည်။

သက္ကာယဒိဋ္ဌိ၏ အစီးအပွားဖြစ်သော မနောဒုစ္စရိုက် ၃-ပါးကို ပယ်ရှားခြင်းငှါ သမာဓိက္ခန္ဓမဂ္ဂင် ၃-ပါးကို ထူထောင်ရမည်၊ အာနာပါန ကမ္မဋ္ဌာန်းအလုပ်, အဋ္ဌိကကမ္မဋ္ဌာန်းအလုပ်, ကသိုဏ်း ကမ္မဋ္ဌာန်း အလုပ်စသည်တို့တွင် တစ်ခုခုကို တည်ထောင်၍ ယုတ်စွအဆုံး တစ်နေ့ တစ်ညဉ့်အဖို့တွင် တစ်နာရီမျှသော်လည်း စိတ်တည်ကြည်ခွင့်ရ အောင် နေ့စဉ်စွဲမြဲရမည် ဆိုလိုသည်။

ထို့နောက် သက္ကာယဒိဋ္ဌိ၏ ပထမဘုံကြီးကို ပယ်သတ်ခြင်းငှါ ပညာက္ခန္ဓမဂ္ဂင် ၂-ပါးကို ထူထောင်ရမည်၊ မိမိသန္တာန်၌ ရှိသော ရုပ် တရား, နာမ်တရားတို့တွင် ထင်ရှားလှစွာသော တစ်ခုခုသော ရုပ်တရား, နာမ်တရား၌ အနိစ္စရှုနည်းကို ထူထောင်၍ အသက်ထက်ဆုံး အခွင့် သာသမျှ ကြိုးစား အားထုတ်၍ ရှုရမည် ဆိုလိုသည်၊ ဤကား ဒိဋ္ဌိဘုံ ၃- ခုနှင့် မဂ္ဂင် ၃-မျိုးကို နေရာချ၍ ပြဆိုခန်းတည်း။

ဒိဋ္ဌိ၏ဘုံနှင့် မဂ္ဂင်ကို နေရာချ၍ ပြဆိုခန်း ပြီး၏၊

------------

သီလက္ခန္ဓမဂ္ဂင်ထူထောင်ပုံ

အာဇီဝဋ္ဌမကသီလ ခံယူပုံ

ရှေးဦးစွာ ဒိဋ္ဌိ၏တတိယဘုံကြီးကို ပယ်ဖျက်ခြင်းငှါ လူဖြစ်သော သူတို့သည် အာဇီဝဋ္ဌမကသီလကို ခံယူဆောက်တည်၍ လုံခြုံစွာ စောင့်ထိန်းသဖြင့် သီလဝိသုဒ္ဓိ၌ တည်ကြကုန်ရာ၏၊ မိမိတို့ အလို အလျောက် နှုတ်မြွက်၍ ဆောက်တည်လျှင်လည်း ပြီးပါ၏၊ နှုတ်မြွက်၍ မဆောက်တည်သော်လည်း ပါဏာတိပါတအစရှိသော ရှစ်ပါးသော အမှု တို့ကို ယခုနေ့မှစ၍ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်မည် ဟု ဓိဋ္ဌာန်၍ ကြဉ်ရှောင်လျှင်လည်း ပြီးပါ၏။

မိမိအလိုအလျောက်ဆောက်တည်ရာ၌ သီလတောင်းဖွယ် ကိစ္စ မရှိပြီ။

၁။ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပါဏာတိပါတာ ဝိရမာမိ။

၂။ အဇ္ဇတဂ္ဂေ ပါဏုပေတံ အဒိန္နာဒါနာ ဝိရမာမိ။

၃။ အဇ္ဇတဂ္ဂေ ပါဏုပေတံ ကာမေသုမိစ္ဆာစာရာ ဝိရမာမိ။

၄။ အဇ္ဇတဂ္ဂေ ပါဏုပေတံ မုသာဝါဒါ ဝိရမာမိ။

၅။ အဇ္ဇတဂ္ဂေ ပါဏုပေတံ ပိသုဏာယ ဝါစာယ ဝိရမာမိ။

၆။ အဇ္ဇတဂ္ဂေ ပါဏုပေတံ ဖရုသာယ ဝါစာယ ဝိရမာမိ။

၇။ အဇ္ဇတဂ္ဂေ ပါဏုပေတံ သမ္ဖပ္ပလာပါ ဝိရမာမိ။

၈။ အဇ္ဇတဂ္ဂေ ပါဏုပေတံ မိစ္ဆာဇီဝါ ဝိရမာမိ။

အနက်ကား

၁။ အဟံ=ငါသည်၊ အဇ္ဇတဂ္ဂေ=ယနေ့ကို အစပြု၍၊ ပါဏုပေတံ= အသက်ရှည်သမျှ ကာလပတ်လုံး၊ ပါဏာတိပါတာ=သူ့အသက်ကို သတ်ခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏။

၂။ အဒိန္နာဒါနာ=အရှင်မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊

၃။ ကာမေသုမိစ္ဆာစာရာ=ယစ်မျိုးငါးပါးနှင့်တကွသော ကာမေသုမိစ္ဆာစာရမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊

၄။ မုသာဝါဒါ=မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊

၅။ ပိသုဏာယ ဝါစာယ=သူ ၂-ယောက်တို့၏ အကြား၌ ကုန်းတိုက်စကားမျိုးကို ပြောဆိုခြင်းမှ၊ ဝိရမာမိ= ကြည်ရှောင်ပါ၏၊

၆။ ဖရုသာယဝါစာယ=အမျိုးကို ထိအောင်ဆိုခြင်း အစရှိသော ကြမ်းတမ်းသော စကားမျိုးကို ပြောဆိုခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊

၇။ သမ္ဖပ္ပလာပါ=ပစ္စုပ္ပန်အကျိုး, သံသရာအကျိုး, လောကုတ္တရာ အကျိုးတို့မှ လွတ်ကင်းသဖြင့် ပြိန်ဖျင်းသော စကားမျိုးကို သူတစ်ပါး တို့အား အရှည်အမြော ပြောဟောခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊

၈။ အဟံ=ငါသည်၊ အဇ္ဇတဂ္ဂေ=ယနေ့ကို အစပြု၍၊ ပါဏုပေတံ= အသက်ရှည်သမျှ ကာလပတ်လုံး၊ မိစ္ဆာဇီဝါ=ယုတ်မာ မှောက်မှား မတရားသော အသက်မွေးခြင်းမှ၊ ဝိရမာမိ=ကြဉ်ရှောင်ပါ၏၊ [အလယ်သိက္ခာပုဒ်တို့၌လည်း ''အဟံ=ငါသည်၊ အဇ္ဇတဂ္ဂေ= ယနေ့ကိုအစပြု၍၊ ပါဏုပေတံ=အသက်ရှည်သမျှ ကာလပတ်လုံး၊'' ပုဒ်တို့ကို အသီးသီး ထုတ်ဖော်၍ဆိုလေ။]

နိစ္စသီလမျိုးဖြစ်ပုံ

တစ်ခါခံယူဆောက်တည်၍ ထားလျှင် မကျူးမလွန်သမျှ ကာလ ပတ်လုံး မပျက်ပြီ၊ ကျူးလွန်မိပြန်လျှင် ကျူးလွန်မိသော သိက္ခာပုဒ်ကိုသာ ထပ်၍ ဆောက်တည်ရသည်၊ မကျူးလွန်မိသော သိက္ခာပုဒ်ကိုကား ထပ်၍ ဆောက်တည်ဖွယ် မရှိပြီ၊ ထပ်၍ ဆောက်တည်သော်လည်း အပြစ်မရှိ၊ ခိုင်မြဲစေရခြင်း အကျိုးရှိ၏၊ တစ်နေ့တစ်ခါ နေ့တိုင်းနေ့တိုင်း ဆောက်တည်လျှင်လည်း ကောင်းပါ၏၊ ဤအာဇီဝဋ္ဌမက သီလမည်သည် ငါးပါးသီလကဲ့သို့ နိစ္စသီလမျိုးဖြစ်၏၊ ဥပုသ်နေ့မှာမှ ဆောက်တည်ရသော သီလမျိုးမဟုတ်၊ ဥပုသ်နေ့၌ ဥပုသ်စောင့်ထိန်းသူတို့မှာ ဥပေါသထ သီလကိုသာ ဆောက်တည်ဖွယ်ရှိ၏၊ ဆယ်ပါးသီလကို အမြဲစောင့် ထိန်းရသော သာမဏေ, ရသေ့, ပရိဗိုဇ် တို့သည်လည်းကောင်း, ၂၂၇- ပါးသော သိက္ခာပုဒ်တို့ကို အမြဲစောင့်ထိန်းရသော ရဟန်းတို့သည် လည်းကောင်း, အာဇီဝဋ္ဌမကသီလကို အထူး ခံယူဖွယ်ကိစ္စ မရှိပြီ။

အာဇီဝဋ္ဌမကသီလ ခံယူပုံကို ပြဆိုခန်း ပြီး၏၊

ဒုစ္စရိုက် ၇-ပါး အင်္ဂါများ

ပါဏာတိပါတအင်္ဂါ ၅-ပါး

၁။ ပါဏော= အသက်ရှိသော သတ္တဝါလည်းဖြစ်စေ။

၂။ ပါဏသညိတာ= သတ္တဝါဟု သိရှိသည်လည်းဖြစ်စေ။

၃။ ဝဓကစိတ္တံ= သတ်လိုသောစိတ် ရှိသည်လည်းဖြစ်စေ။

၄။ ဥပက္ကမော=သတ်အံ့သော ပယောဂကို ပြုသည်လည်း ဖြစ်စေ။

၅။ တေန=ထိုပယောဂကြောင့်၊ မရဏံ= သေသည်လည်း ဖြစ်စေ။

ဤအင်္ဂါငါးပါးနှင့် ပြည့်စုံအောင်ကျူးလွန်မိလျှင် ပထမသိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

အဒိန္နာဒါန အင်္ဂါ ၅-ပါး

၁။ ပရပရိဂ္ဂဟိတံ=သူတစ်ပါး သိမ်းပိုက်သော ဝတ္ထုလည်း ဖြစ်စေ။

၂။ ပရပရိဂ္ဂဟိတသညိတာ = သူတစ်ပါး သိမ်းပိုက်သော ဝတ္ထု ဟု သိရှိသည်လည်းဖြစ်စေ။

၃။ ထေယျစိတ္တံ= ခိုးလိုသောစိတ် ရှိသည်လည်းဖြစ်စေ။

၄။ ဥပက္ကမော = ခိုးအံ့သော ပယောဂကို ပြုသည်လည်းဖြစ်စေ။

၅။ တေန=ထိုပယောဂဖြင့်၊ ဟရဏံ=ဆောင်ယူခြင်း မြောက် သည်လည်းဖြစ်စေ။

ဤအင်္ဂါ ငါးပါးနှင့် ပြည့်စုံအောင် ကျူးလွန်မိလျှင် ဒုတိယသိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

ကာမေသုမိစ္ဆာစာရ အင်္ဂါ ၄-ပါး

၁။ အဂမနီယဝတ္ထု=မသွားလာထိုက်သော ယောကျ်ား, မိန်းမလည်း ဖြစ်စေ။

၂။ တသ္မံ = ထိုမသွားလာထိုက်သော ယောကျ်ား မိန်းမ၌၊ သေဝန စိတ္တံ = ပေါင်းဖော်မှီဝဲလိုသော စိတ်ရှိသည်လည်းဖြစ်စေ။

၃။ သေဝနပယောဂါ = ပေါင်းဖော်မှီဝဲအံ့သော ပယောဂကိုပြုသည် လည်းဖြစ်စေ။

၄။ မဂ္ဂေနမဂ္ဂပ္ပဋိပတ္တိအဓိဝါသနံ=မဂ်အင်္ဂါချင်း တွေ့ထိမှုကို သာယာ ခြင်း ရှိသည်လည်း ဖြစ်စေ။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံအောင် ကျူးလွန်မိလျှင် တတိယ သိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

မုသာဝါဒ အင်္ဂါ ၄-ပါး

၁။ အတထဝတ္ထု= မဟုတ်မမှန်သော ဝတ္ထုလည်း ဖြစ်စေ။

၂။ ဝိသံဝါဒနစိတ္တံ=ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ။

၃။ တဇ္ဇောဝါယာမော= ထိုစိတ်အားလျော်သော လုံ့လပယောဂကို ပြုသည်လည်းဖြစ်စေ။

၄။ ပရဿ=သူတစ်ပါးက၊ တဒတ္ထဝိဇာနနံ= ထိုစကား၏ အနက်ကို သိသည်လည်းဖြစ်စေ။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံအောင် ကျူးလွန်မိလျှင် စတုတ္ထ သိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

ပိသုဏဝါစာ အင်္ဂါ ၄-ပါး

၁။ ဘိန္ဒိတဗ္ဗောပရော=ကွဲပြားစေအပ်သော သူတစ်ပါးလည်းရှိစေ။

၂။ ဘေဒပုရေက္ခာရတာ=သူ ၂ - ဦးတို့ ကွဲပြားခြင်းကို ရှေ့ရှုသည် လည်း ဖြစ်စေ။

၃။ တဇ္ဇော ဝါယာမော=ထိုစိတ်အားလျော်သော လုံ့လပယောဂကို ပြုသည်လည်းဖြစ်စေ။

၄။ တဿ= ထိုသူတစ်ပါးက၊ တဒတ္ထဝိဇာနနံ= ထိုကုန်းတိုက်သော စကား၏ အနက်ကို သိသည်လည်းဖြစ်စေ။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံအောင် ကျူးလွန်မိလျှင် ပဉ္စမ သိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

ဖရုသဝါစာ အင်္ဂါ ၃-ပါး

၁။ အက္ကောသိတဗ္ဗောပရော= ဆဲရေးအပ်သော သူတစ်ပါးလည်း ရှိစေ။

၂။ ကုပိတစိတ္တံ= အမျက်ထွက်သော စိတ်လည်းရှိစေ။

၃။ အက္ကောသနာ= ဆဲရေးသည်လည်းဖြစ်စေ။

ဤအင်္ဂါသုံးပါးနှင့် ပြည့်စုံအောင် ကျူးလွန်မိလျှင် ဆဋ္ဌမ သိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

သမ္ဖပ္ပလာပ အင်္ဂါ ၂-ပါး

၁။ နိရတ္ထက ကထာပုရေက္ခာရတာ=အကျိုးမရှိသောစကားကို ရှေ့ရှု ရင်းလည်းဖြစ်စေ။

၂။ တထာရူပီကထာကထနံ= ထိုသို့ သဘောရှိသော စကားမျိုးကို ပြောဆိုသည်လည်းဖြစ်စေ။

ဤအင်္ဂါနှစ်ပါးနှင့် ပြည့်စုံအောင် ကျူးလွန်မိလျှင် သတ္တမ သိက္ခာပုဒ် ပျက်၏၊ ထပ်မံ၍ ခံယူဆောက်တည်ရမည်။

ဒုစ္စရိုက် ၇-ပါး အင်္ဂါပြီး၏၊

----------

သိက္ခာပုဒ်ပျက်ခြင်းနှင့် ကမ္မပထမြောက်ခြင်း

အကျိုးမရှိသော စကားမျိုးဆိုသည်ကား ဆန်းကြယ်စွာ လုပ်ကြံ၍ ထားသော ထိုးဇာတ်မျိုးတည်း၊ ရာမဇာတ်, အီနောင်ဇာတ်, ငွေတောင်ဇာတ် စသည်တို့တည်း၊ ယခုကာလတို့၌ သမ္ဖပ္ပလာပအင်္ဂါ ဖြစ်သော ထိုးဇာတ်ဝတ္ထုမျိုး များစွာပေါ်ပေါက်လျက်ရှိကြ၏။

မုသာဝါဒ, ပိသုဏဝါစာ, သမ္ဖပ္ပလာပတို့၌ ပြဆိုခဲ့သော အင်္ဂါ တို့ကား သိက္ခာပုဒ်ပျက်ကြောင်း အင်္ဂါတို့သာတည်း၊ ကမ္မပထမြောက် ကြောင်း အင်္ဂါတို့ မဟုတ်ကုန်သေး။

မုသာဝါဒ၌ သူတစ်ပါးတို့၏ အကျိုးစီးပွားပျက်စီးခြင်းအင်္ဂါ။ ပိသုဏဝါစာ၌ သူတစ်ပါး စိတ်ဝမ်းကွဲပြားခြင်းအင်္ဂါ။ သမ္ဖပ္ပလာပ၌ ထိုးဇာတ်ဝတ္ထုများကို အဟုတ်အမှန်ဟူ၍ သူတစ်ပါး မှတ်ယူခြင်းအင်္ဂါ။

ဤအင်္ဂါတို့ကိုထည့်မှ ကမ္မပထမြောက်ကြောင်း အင်္ဂါဖြစ်သည်၊ ပါဏာတိပါတစသော ကြွင်းလေးပါးတို့၌မူကား ပြဆိုခဲ့ပြီးသော အင်္ဂါတို့ သည်ပင်လျှင် သိက္ခာပုဒ်ပျက်ကြောင်း ကမ္မပထမြောက်ကြောင်း ၂-ချက် ရကြကုန်၏၊ ဤကား အာဇီဝဋ္ဌမကသီလကို နိစ္စပြု၍ ခံယူ စောင့်ထိန်း ကြကုန်သောသူတို့သည် သိသင့်သိထိုက်သော ဒုစ္စရိုက် ၇-ပါးတို့၏ အင်္ဂါ တို့တည်း၊ ဤကား သီလက္ခန္ဓမဂ္ဂင် ၃-ပါးထူထောင်ပုံ အမြွက်တည်း။

သီလက္ခန္ဓမဂ္ဂင် ထူထောင်ပုံ ပြီး၏၊

-------------

သမာဓိက္ခန္ဓမဂ္ဂင်ထူထောင်ပုံ

ကမ္မဋ္ဌာန်းအလုပ် တည်ထောင်ရန်

သီလက္ခန္ဓမဂ္ဂင်သုံးပါးကို ခံယူထူထောင်၍ လုံခြုံစွာ စောင့် ထိန်းသဖြင့် သီလဝိသုဒ္ဓိဘုံ၌ ကောင်းစွာတည်သောသူအား သက္ကာယဒိဋ္ဌိ ၏ အစီးအပွား ဖြစ်ကုန်သော မိစ္ဆာဇီဝနှင့် တကွကုန်သော ကာယဒုစ္စရိုက် ၃-ပါး, ဝစီဒုစ္စရိုက် ၄-ပါး, ဤဒုစ္စရိုက် ၇-ပါးတို့သည် ကင်းရှင်းကုန်၏၊ ဒိဋ္ဌိ၏တတိယဘုံကြီးသည် ထကြွသောင်းကျန်းခြင်းမရှိ ငြိမ်ဝပ်လေ၏၊ ထိုအခါ၌ ဒိဋ္ဌိ၏ ဒုတိယဘုံဟုဆိုအပ်သော မနောဒုစ္စရိုက် ၃-ပါးတို့ကို ပယ်သတ်ခြင်းအကျိုးငှါ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဟု ဆိုအပ်သော သမာဓိက္ခန္ဓမဂ္ဂင်သုံးပါးတို့ကို ထူထောင်ရမည်၊ သမာဓိက္ခန္ဓ မဂ္ဂင်သုံးပါး ထူထောင်မှုဆိုသည်ကား ကသိုဏ်း ၁၀-ပါး အစရှိသော သမထကမ္မဋ္ဌာန်း လေးဆယ်တို့တွင် တစ်ခုခုသော ကမ္မဋ္ဌာန်း အလုပ်ကို တည်ထောင်မှုပေတည်း။

အာနပါနအားထုတ်ပုံ

ဤအရာ၌ အာနာပါနကမ္မဋ္ဌာန်းအလုပ်ကို အနည်းငယ် ပြဆိုပေအံ့၊ ဃရာဝါသ သမ္ဗာဓ၌ နေကြရကုန်သော လူတို့သည် နေ့အဖို့၌ အခွင့် မရကြကုန်သည်ရှိသော် ညဉ့်အဖို့၌ မအိပ်မီ ၁-နာရီခန့်, ၂-နာရီခန့် နံနက်၌ မထမီ တစ်နာရီမျှသော်လည်း အာနာပါနအလုပ်ကို အားထုတ် စွဲမြဲကြရကုန်၏၊ အားထုတ်ပုံကား '' သတောဝ အဿသတိ၊ သတောဝ ပဿသတိ '' ဟူသော ပါဠိတော်မြတ်နှင့်အညီ ပိုင်းခြားသော နာရီ အတွင်း၌ မိမိစိတ်ကို ထွက်သက်ဝင်သက် အာရုံမှတစ်ပါး အခြားသို့ မထွက်စေမူ၍ ထိုနာရီအတွင်းမှာ ထွက်သက်ဝင်သက် အာရုံ၌သာ မိမိ စိတ်ကို တည်ငြိမ်စွာနေအောင် ကာယိကဝီရိယ, စေတသိကဝီရိယ ၂- ပါးနှင့် အားထုတ်၍ ရှုကြရမည်။

ဝီရိယ ၂-ပါး

'' ကာယိက ဝီရိယ '' ဆိုသည်ကား ပိုင်းခြားသော နာရီမှ တစ်နေ့ တစ်ရက်မျှ မပျက်မကွက်စေရအောင် ထကြွလုံ့လ ဝီရိယကို ပြုမှုတည်း။

'' စေတသိကဝီရိယ '' ဆိုသည်ကား ထွက်သက်ဝင်သက် တည်း ဟူသောအာရုံမှ တစ်ခြားတစ်ပါးသောအာရုံသို့ စိတ်ကိုမထွက် စေရ အောင် ကြောင့်ကြစိုက်ထုတ်ခြင်း, ငိုက်မျဉ်းမှု, မှိုင်ငေးမှု, မေ့မောမှု မရှိ စေရအောင် မိမိစိတ်ကို ထွက်သက်ဝင်သက် တည်းဟူသော အာရုံ၌ အတွင် စေ့ဆော်ခြင်းကို ဆိုသတည်း။

စိတ်အမှတ်ပြုမှု မြဲစေ

နှာခေါင်းဝ၌ မိမိစိတ်ကို အခိုင်အမြဲစိုက်ထား၍ ထိုအရပ်၌ ထွက်သက်လေ ခပ်လာသောအခါ ထွက်သက်ဟူ၍, ဝင်သက်လေ ခပ်လာသောအခါ ဝင်သက်ဟူ၍ စိတ်အမှတ်ပြုမှုမြဲစေရမည်၊ ထိုသို့ အားထုတ်သော ကာယိက ဝီရိယ, စေတသိက ဝီရိယ ၂-ပါးသည် သမ္မာ ဝါယာမ မဂ္ဂင်မည်၏၊ ထိုသို့ အားထုတ်၍ လခွဲ, ၁-လ, ၂-လ စသည် ရှိလတ်သော် ထွက်သက်ဝင်သက်၌ သတိတရားသည် ခိုင်စွာတည်၏၊ ထိုသတိတရားသည် သမ္မာသတိမဂ္ဂင်မည်၏၊ ထွက်သက် ဝင်သက် အာရုံ၌ စိတ်၏တည်ငြိမ်ခြင်း သမာဓိတရားသည် တိုးပွား၍လာ၏၊ ထိုသမာဓိတရားသည် သမ္မာသမာဓိမဂ္ဂင်မည်၏၊ သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင်မိ၏၊ စိတ်ရူး စိတ်နောက်သည် တစ်နေ့တစ်ခြား ပျောက် ကင်း၍သွား၏၊ ကမ္မဋ္ဌာန်းအာရုံနှင့် တွေ့ကြုံလျှင် မိမိတို့စိတ်ကို အစိုးမရမှုသည် လူတိုင်းမှာပင် သိမြင်ထင်ရှားလျက် ရှိကြ၏၊ လောက၌ စိတ်ကိုအစိုးမရကြသော သူရူးသူနှမ်းများသည် လောကအရေးအရာတို့၌ အသုံးမကျဖြစ်၏၊ ထို့အတူ လောက၌ လူကောင်းသူကောင်းဆိုရသော သူတို့သည် ကမ္မဋ္ဌာန်းမှု၌ကား စိတ်ကို အစိုးမရကြသော သူရူး သူနှမ်း အရာ၌ပင် တည်ကြကုန်၏၊ ကမ္မဋ္ဌာန်းမှုနှင့်ပင် တွေ့ကြုံလျှင် အသုံးမကျ ရှိနေကြကုန်၏၊ ထို့ကြောင့် စိတ်ရူးစိတ်နောက်တို့ကို ပျောက်ကင်း ကြစေခြင်းငှါ ဤသမာဓိက္ခန္ဓမဂ္ဂင်သုံးပါးကို အားထုတ်ကြရကုန်သတည်း။

[ဤသမာဓိမဂ္ဂင်အရာ၌ ကြွင်းကျန်သော ပြောဆိုဖွယ် အရပ် ရပ်တို့ကို ငါတို့စီရင်သော ဗောဓိပက္ခိယဒီပနီ, အာနာပါနဒီပနီ စာအုပ်တို့မှာ ယူကြလေ။]

စိတ်ရူးပျောက်နိုင်ပုံ

ဥပစာရဘာဝနာ, အပ္ပနာဘာဝနာများသို့ မပေါက် မရောက်ကြ ကုန်သော်လည်း တစ်နေ့, တစ်နေ့လျှင် ၁-နာရီ အတွင်း, ၂-နာရီ အတွင်း မှာ အာနာပါနအာရုံ၌ မိမိစိတ်ကို ထားခြင်းငှါ လွယ်ကြကုန်တော့သည်၊ သမာဓိက္ခန္ဓ မဂ္ဂင်သုံးပါး ထူထောင်၍ စိတ္တဝိသုဒ္ဓိဘုံ၌ တည်သောသူအား သက္ကာယဒိဋ္ဌိ၏ အစီးအပွားဖြစ်ကုန်သော အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဟူသော မနောဒုစ္စရိုက် သုံးပါးတို့သည် ကင်းကွာကုန်၏၊ ဒိဋ္ဌိ၏ မနောကံဟူသော ဒုတိယဘုံကြီးသည် ထကြွလှုပ်ရှားခြင်းမရှိ၊ ငြိမ်ဝပ် လေ၏၊ နီဝရဏတရားတို့ကြောင့်ဖြစ်သော စိတ်ရူး စိတ်နောက် သည် ပျောက်ငြိမ်းလေ၏၊ ဤကား သမာဓိက္ခန္ဓမဂ္ဂင်သုံးပါး ထူထောင် ပုံတည်း။

ပညာက္ခန္ဓထူထောင်ရာကာလ

သီလက္ခန္ဓမဂ္ဂင်သုံးပါးတို့သည် ခံယူဆောက်တည်မိလျှင်ပင် ထိုပုဂ္ဂိုလ်၌ တည်ကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုခဏမှစ၍ မကျူးလွန်သမျှ ကာလပတ်လုံး သီလဝိသုဒ္ဓိနှင့် ပြည့်စုံသောသူမည်၏၊ ခံယူဆောက်တည် သောနေ့၌ပင်လျှင် သမာဓိက္ခန္ဓမဂ္ဂင် အလုပ်ကို အားထုတ်ထိုက်၏၊ သမာဓိက္ခန္ဓမဂ္ဂင် သုံးပါးတို့သည်လည်း လုံ့လဝီရိယ ကောင်းလှသော သူတို့မှာ ၅-ရက်, ၁၀-ရက်မျှနှင့်ပင် စိတ်ရူး စိတ်နောက် ပျောက်၍ ထွက်သက် ဝင်သက်အာရုံရ၍ စိတ်၏ တည်ကြည်ခြင်းသို့ ရောက်ကြ ကုန်သဖြင့် ၅-ရက်, ၁၀-ရက်ပင် ထိုပုဂ္ဂိုလ်၌ တည်ကုန်၏။

ထိုပုဂ္ဂိုလ်သည် ထိုအခါမှစ၍ စိတ္တဝိသုဒ္ဓိ တစ်စိတ်နှင့် ပြည့်စုံသော သူမည်၏၊ ထိုအခါမှစ၍ပင်လျှင် ပညာက္ခန္ဓမဂ္ဂင် အလုပ်ကို အားထုတ်ထိုက်၏၊

သမာဓိက္ခန္ဓမဂ္ဂင် ထူထောင်ပုံ ပြီး၏၊

------------

ပညာက္ခန္ဓမဂ္ဂင်ထူထောင်ပုံ ပညာဝိသုဒ္ဓိ ၅-ပါး တည်ထောင်ပုံ

ဤသို့လျှင် သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိတို့၌ ကောင်းစွာ တည်သောသူသည် သက္ကာယဒိဋ္ဌိ၏ ပဌမဘုံကြီးကို တူးဖြို ဖျက်ဆီးခြင်းငှါ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဟူသော ပညာက္ခန္ဓမဂ္ဂင်တရား ၂-ပါးကို ထူထောင်ရာ၏၊ ပညာက္ခန္ဓ မဂ္ဂင်တရား ၂-ပါးထူထောင်မှု ဆိုသည်ကား- ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါဉာဏ ဒဿနဝိသုဒ္ဓိ, လောကုတ္တရဉာဏဒဿနဝိသုဒ္ဓိဟု ဆိုအပ်သော ပညာ ဝိသုဒ္ဓိ ၅-ပါးတို့ကို အစမှစ၍ တည်ထောင်မှုတည်း။

တည်ထောင်ပုံကို အကျဉ်းအားဖြင့် ပြဆိုအံ့၊ မိမိတို့၏ ကိုယ်ခန္ဓာ တစ်ခုလုံး၌ ခက်မာမှု, နူးညံ့မှု ၂-ပါးသည် ပထဝီဓာတ် မည်၏၊ ဖွဲ့စေးမှု, ယိုစီးမှု ၂-ပါးသည် အာပေါဓာတ် မည်၏၊ ပူနွေးမှု, ချမ်းအေးမှု ၂-ပါး သည် တေဇောဓာတ် မည်၏၊ ထောက်ကန်မှု, လှုပ်ရှားမှု ၂-ပါးသည် ဝါယောဓာတ် မည်၏။

ဦးခေါင်းအင်္ဂါတစ်ခုလုံးသည် ဓာတ်လေးပါး အစုအခဲသာ ဖြစ်၏၊ အလုံးစုံသော ကိုယ်အင်္ဂါ, အလုံးစုံသော ခြေအင်္ဂါ, လက်အင်္ဂါ ဟူသမျှ သည် ဓာတ်လေးပါး အစုအခဲသာ ဖြစ်၏၊ အလုံးစုံသော ဆံပင်, အလုံးစုံ သော မွေးညင်း, အလုံးစုံသော ခြေသည်း လက်သည်း, အလုံးစုံ သော သွား, အလုံးစုံသော အရေ, အလုံးစုံသော အသားစိုင် အသားခဲ, အလုံးစုံ သော အကြော, အလုံးစုံသော အရိုး, အလုံးစုံသော ရိုးတွင်းခြင်ဆီ, အလုံးစုံသော အညှိခဲ, နှလုံးခဲ, အသည်းခဲ, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်ဟူသမျှသည် ဓာတ် လေးပါး အစုအခဲချည်း ဖြစ်၏၊

''ခက်မာ, ဖွဲ့စေး, ပူအေး, ထောက်ကန်'' ဓာတ်လေးပါးအစဉ်

ခက်မာ၌ ခက်မာ, နူးညံ့ ၂-ပါးကိုယူ၊ ဖွဲ့စေး၌ ဖွဲ့စေး, ယိုစီး ၂- ပါးကိုယူ၊ ပူအေး၌ ထက်သော တေဇော, နုံ့သော တေဇော ၂-ပါးကိုယူ၊ ထောက်ကန်၌ ထောက်ကန်, လှုပ်ရှား ၂-ပါးကိုယူ။

၁။ ခက်မာမှုကား ထက်သန်သော ပထဝီတည်း, နူးညံ့မှုကား နုံ့သော ပထဝီတည်း။

၂။ ဖွဲ့စေးမှုကား နုံ့သော အာပေါတည်း, ယိုစီးမှုကား ထက်သော အာပေါတည်း။

၃။ ပူနွေးမှုကား ထက်သော တေဇာတည်း, အေးချမ်းမှုကား နုံ့သော တေဇောတည်း။

၄။ ထောက်ကန်မှုကား နုံ့သော ဝါယောတည်း, လှုပ်ရှားမှုကား ထက်သော ဝါယောတည်း။

ခက်မာ, နူးညံ့မှု ဖြစ်ပုံ

ပကတိသော ချိပ်ခဲ၌ ထက်သော ပထဝီမျိုး တည်ရှိ၏၊ ခက်မာမှု ထင်ရှား၏၊ မီးထိသောအခါ၌ ခက်မာသော ပထဝီမျိုးသည် အစဉ် အတိုင်း ချုပ်ပျောက်၏၊ နူးညံ့သော ပထဝီမျိုးသည် အစဉ်အတိုင်း ဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့်ကင်းကွာပြန်သောအခါ နူးညံ့သော ပထဝီ အစဉ်အတိုင်း ချုပ်ပျောက်၏၊ ခက်မာသော ပထဝီမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏၊

ဖွဲ့စေး, ယိုစီးဖြစ်ပုံ

ထိုပကတိသော ချိပ်ခဲ၌ နုံ့သော အာပေါမျိုး တည်ရှိ၏၊ ဖွဲ့စေးမှု ထင်ရှား၏၊ မီးထိသောအခါ ဖွဲ့စေးသော အာပေါမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ ယိုစီးသော အာပေါမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့်ကင်းကွာပြန်သောအခါ ယိုစီးသော အာပေါမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ ဖွဲ့စေးသော အာပေါမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏၊

အေးချမ်းမှု, ပူနွေးမှုဖြစ်ပုံ

ထိုပကတိသော ချိပ်ခဲ၌ နုံ့သော တေဇောမျိုး တည်ရှိ၏၊ အေးချမ်းမှု ထင်ရှား၏၊ မီးထိသောအခါ အေးချမ်းသော တေဇောမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ နွေးသော ပူသော တေဇောမျိုး အစဉ် အတိုင်း ဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့် ကင်းကွာပြန်သောအခါ နွေးသော ပူသော တေဇောမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ အေးချမ်းသော တေဇောမျိုး အစဉ်အတိုင်း ဖြစ်ပေါ်၏၊

ထောက်ကန်- လှုပ်ရှားဖြစ်ပုံ

ထိုပကတိသော ချိပ်ခဲ၌ နုံ့သော ဝါယောမျိုး တည်ရှိ၏၊ ထောက်ကန်မှု ထင်ရှား၏၊ မီးထိသောအခါ ထောက်ကန်သော ဝါယောမျိုး အစဉ်အတိုင်း ချုပ်ပျောက်၏၊ လှုပ်ရှားသော ဝါယောမျိုး ဖြစ်ပေါ်၏၊ တစ်ဖန် မီးနှင့်ကင်းကွာ ပြန်သောအခါ လှုပ်ရှားသော ဝါယောမျိုး ချုပ်ပျောက်၏၊ ထောက်ကန်သော ဝါယောမျိုး ဖြစ်ပေါ်၏၊

ဖြစ်ပေါ်မှုစုသည် '' ဥဒယ'' မည်၏၊ ချုပ်ပျောက်မှုစုသည် ''ဝယ'' မည်၏၊ ဥဒယဗ္ဗယဖြစ်၏၊

ဤကား ဝိပဿနာအရာ၌ ဖြစ်မှု, ချုပ်မှုခေါ်သော ဥဒယဗ္ဗယ သဘောကို ကြံဖန်နိုင်ကြစေခြင်းငှါ ချိပ်ခဲ၌ ထင်ရှားလှစွာသော ဓာတ်တို့၏ ဖြစ်မှုပျက်မှုကို စံပြုရန် ဖော်ပြသော စကားရပ်တည်း။

တိုး-ဥဒယ, ဆုတ်-ဝယ

ဦးခေါင်းအင်္ဂါစု, ကိုယ်အင်္ဂါစု, ခြေအင်္ဂါစု, လက်အင်္ဂါစုသည် ထိုချိပ်ခဲနှင့်တူ၏၊ တစ်ကိုယ်လုံး၌ အေးမှုဟူသော ဥတုဓာတ်မီး ၂-ပါး သည် အမြဲလျှင် ဆုတ်ချည်တက်ချည် နေကြ၏၊ နေထွက်သည်မှစ၍ မွန်းတိမ်း ၂-နာရီတိုင်အောင် တစ်ကိုယ်လုံး၌ ပူသောဥတုအဆင့်ဆင့် တိုးတက်၏၊ အေးသော ဥတုအဆင့်ဆင့် ဆုတ်ယုတ်၏၊ ထိုမှနောက်၌ အေးသောဥတု တိုးတက်၏၊ ပူသောဥတု ဆုတ်ယုတ်၏၊ ကိုယ်တွေ့ဒိဋ္ဌမှု ဖြစ်ကြသည်၊ အနည်းငယ်မျှ အချက်ကို ဖော်ပြလျှင် အချက်များစွာကို မြင်နိုင် ကြကုန်ရာ၏။

အပူဥတု တိုးတက်သောအခါ ဦးခေါင်းအင်္ဂါ အစရှိသော ကိုယ်ခန္ဓာစုသည် ချိပ်ခဲကို မီးထိသောအခါနှင့် တူ၏၊ အအေးဥတု တိုးတက်သောအခါ ကိုယ်ခန္ဓာစုသည် ချိပ်ခဲမှာ မီးနှင့်ကင်းကွာသော အခါနှင့် တူ၏၊ အေးမှုပူမှု ဥတု၂-ပါးသည် နာရီအစဉ်အတိုင်း တက်တုံ ဆုတ်တုံ နေကြကုန်၏၊ အေးမှုတိုးတက်လျှင် ပူမှုဆုတ်လျော့၏၊ ပူမှု တိုးတက်လျှင် အေးမှုဆုတ်လျော့၏၊ တိုးတက်သည်ကို ''ဥဒယ'' ဆို၏၊ ဆုတ်လျော့သည်ကို ''ဝယ'' ဆို၏၊

ပူမှု၊ အေးမှု ၂-ခုတို့တွင် တစ်ခုတိုးတက်မှုနှင့် တစ်ခု ဆုတ်လျော့ မှု ၂-ပါးသည် ပြိုင်မြဲတည်း။

တက်မှု, ကျမှု ဓာတ် ၄-ခု

ဤအေးမှု ပူမှု ဥတု ၂-ပါးတို့၏ တက်မှု ဆုတ်မှုကို အစွဲပြု၍ ခက်မာမှု, နူးညံ့မှုဟူသော ပထဝီ ၂-မျိုးတို့သည်လည်း အမြဲလျှင် တက်တုံ ကျတုံ နေကြကုန်၏၊ ထို့အတူ ဖွဲ့စေးမှု ယိုစီးမှုဟူသော အာပေါ ၂-မျိုး, ထောက်ကန်မှု လှုပ်ရှားမှု ဟူသော ဝါယော ၂-မျိုးတို့သည်လည်း အမြဲလျှင် တက်တုံကျတုံ နေကြကုန်၏၊ ဦးခေါင်းအင်္ဂါ အစရှိသော ကိုယ်ခန္ဓာအစုတို့၌ ဓာတ်လေးပါးတို့သည် ပွက်ပွက်ဆူသော အိုးကြီး၏ အတွင်း၌ တဆူဆူ တရွရွ ဖြစ်ကာပျက်ကာ နေကြကုန်သော ရေပွက် ငယ်တို့နှင့် အလားတူကုန်၏၊ ကိုယ်ခန္ဓာကြီး တစ်ခုလုံးသည် ရေမြုှပ် တုံးကြီး ရေမြှုပ်ခဲကြီးနှင့် တူလှ၏၊ ရေပွက်ငယ်တို့၌ အခိုးရိပ် အငွေ့ရိပ် တို့သည် ထင်ကုန်၏၊ ရေပွက်ငယ်တို့ ချုပ်ပျက်တိုင်း ချုပ်ပျက်တိုင်း ရေပွက်ငယ်တို့၌ မှီသော အရိပ်တို့သည် ချုပ်ပျက်လေကုန်၏၊

အနိစ္စ, ဒုက္ခ, အနတ္တထင်ရန်

ထို့အတူ ဓာတ်လေးပါးတို့၌ မှီကြကုန်သော မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု, သိမှုဟူသော နာမ်တရားတို့သည်လည်း ထိုထို ဓာတ်လေးပါး ချုပ်ပျက်ရာသို့ ပါကြလေကုန်၏၊ ထို့ကြောင့် ဝိညာဏ် ခြောက်ပါးတို့နှင့်တကွသော ဓာတ်လေးပါးတို့သည် ခိုင်မြဲသောသဘော မရှိကြကုန်သောကြောင့် အနိစ္စတို့ သာတည်း၊ ဖြစ်ခြင်း ပျက်ခြင်းဘေးနှင့် အမြဲယှဉ်သောကြောင့် ဒုက္ခတို့သာတည်း၊ အနှစ်သာရမျိုး မဟုတ်ကြကုန် သောကြောင့် အနတ္တတို့သာတည်း။

ဤကား ဦးခေါင်းအင်္ဂါမှစ၍ ကိုယ်အင်္ဂါ အရပ်ရပ်တို့၌ ပညာက္ခန္ဓ မဂ္ဂင် ၂-ပါး ထူထောင်ပုံတည်း။

ပညာက္ခန္ဓမဂ္ဂင် ထူထောင်ပုံ ပြီး၏၊

ဦးခေါင်း၌ သက္ကာယဒိဋ္ဌိ, သမ္မာဒိဋ္ဌိဖြစ်ပုံ ဦးခေါင်းအင်္ဂါ ဓာတ် ၄-ဖြာ

ဦးခေါင်းအင်္ဂါရှိ ဓာတ်လေးပါးတို့၌ သက္ကာယဒိဋ္ဌိ ဖြစ်ပုံ, သမ္မာဒိဋ္ဌိ ဖြစ်ပုံကို ပြဆိုပေအံ့၊ ဦးခေါင်းမှာ ဆံပင်အင်္ဂါ, မွေးညှင်းအင်္ဂါ, အရိုး အင်္ဂါတို့၌ ခက်မာမှု အပြည့်ရှိ၏၊ အရေအင်္ဂါ, အသားအင်္ဂါ, အသွေးအင်္ဂါ, ဦးနှောက်အင်္ဂါတို့၌ နူးညံ့မှု အပြည့်ရှိ၏၊ ၎င်းခက်မာမှု, နူးညံ့မှု ၂-ပါးသည် ပထဝီဓာတ်မည်၏၊ ဦးခေါင်းအင်္ဂါ တစ်ခုလုံးသည် ထိုပထဝီ ၂-မျိုး ပြည့်လျက်ရှိ၏၊ အာပေါလည်း ပြည့်လျက်ရှိ၏၊ တေဇောလည်း ပြည့်လျက်ရှိ၏၊ ဝါယောလည်း ပြည့်လျက်ရှိ၏၊ ပထဝီသည် ဦးခေါင်း မဟုတ်၊ အာပေါ, တေဇော, ဝါယောသည် ဦးခေါင်းမဟုတ်၊ ဓာတ် လေးပါးမှအလွတ် ဦးခေါင်းဟူ၍ အသီးအခြားလည်း မရှိ။

မှားသော သိမှတ်ထင်မြင်မှု

အကြင်သူတို့သည် ဓာတ်လေးပါးကို ပိုင်းပိုင်းခြားခြား မသိကြကုန်၊ ထိုသူတို့သည် ခက်မာမှု စသည်တို့ကို ထိုထိုဓာတ်ဟူ၍ မသိကြကုန်၊ ဦးခေါင်းဟူ၍သာ သိကြကုန်၏၊ ဦးခေါင်းဟူ၍သာ မှတ်ကြ ကုန်၏၊ ဦးခေါင်းဟူ၍သာ ထင်ကြကုန်၏၊ ဦးခေါင်းဟူ၍သာ မြင်ကြ ကုန်၏၊ ဦးခေါင်းဟူ၍သာ သိမှုသည်ကား စိတ်၏ဖောက်ပြန်မှုတည်း။

ဦးခေါင်းဟူ၍ မှတ်မှုသည်ကား သညာ၏ ဖောက်ပြန်မှုတည်း၊ ဦးခေါင်းဟူ၍ ထင်မှုသည်ကား မာန၏ အထင်ကြီးမှုတည်း၊ ဦးခေါင်း ဟူ၍ မြင်မှုကား ဒိဋ္ဌိ၏ဖောက်ပြန်မှုတည်း။

ဓာတ်လေးပါးတို့ကို ဦးခေါင်းဟူ၍ သိမှု, မှတ်မှု, ထင်မှု မြင်မှု သည် ဓာတ်လေးပါးတို့ကို နိစ္စဟူ၍ အတ္တဟူ၍ သိမှု, မှတ်မှု, ထင်မှု, မြင်မှုပေတည်း၊ ထို့ကြောင့် ထိုအမှုစုသည် အနိစ္စ, အနတ္တဖြစ်သော ဓာတ်လေးပါးကို နိစ္စ, အတ္တဟူ၍ ဖောက်ပြန်သော သိမှတ် ထင်မြင်မှု ဖြစ်လေသတည်း။

ဓာတ်လေးပါးသည် တစ်နာရီအတွင်းမှာပင် အခါတစ်ရာ မက ချုပ်ပျက်ခြင်း ရှိသောတရားမျိုးဖြစ်သောကြောင့် ''ခယဋ္ဌေန အနိစ္စံ, အသာရ ကဋ္ဌေန အနတ္တာ'' ဟူသည်နှင့် အညီ အနိစ္စတရားမျိုး, အနတ္တ တရားမျိုးသာ အမှန်ဖြစ်၏၊ ဦးခေါင်း မည်သည် လူသေ၍မှ မပျက်သေး၊ သင်းချိုင်းသုသာန်သို့ ရောက်အောင် ဦးခေါင်းအတိုင်း တည်ရှိသေး၏၊ ထို့ကြောင့် နိစ္စမျိုး, အတ္တမျိုး မည်၏။

ထို့ကြောင့် ဓာတ်လေးပါးကို ဦးခေါင်းဟူ၍ သိမှတ် ထင်မြင်မှု သည် အနိစ္စကို နိစ္စဟူ၍, အနတ္တကို အတ္တဟူ၍ ဖောက်ပြန် မှောက်မှားမှု ဖြစ်လေသတည်း။

ဦးခေါင်း အင်္ဂါအစိတ်တို့မှာလည်း ဓာတ်လေးပါးတို့ကို ဆံပင် ဟူ၍ သိမှတ်ထင်မြင်မှု, ဓာတ်လေးပါးတို့ကို မွေးညှင်းဟူ၍, သွားဟူ၍, အရေဟူ၍, အသားဟူ၍, အကြောဟူ၍, အရိုးဟူ၍, ဦးနှောက်ဟူ၍ သိမှတ် ထင်မြင်မှုသည် အနိစ္စဖြစ်သော ဓာတ်လေးပါးတို့ကို နိစ္စဟူ၍, အနတ္တဖြစ်သော ဓာတ်လေးပါးတို့ကို အတ္တဟူ၍, ဖောက်ပြန် မှောက် မှားသော အမှုတို့သာတည်း၊ ခက်မာမှု အစရှိသော ဓာတ်လေးပါးတို့ကို ဓာတ်ဟူ၍ မသိကြကုန်သည့်အတွက် ခက်မာမှု အစရှိသည်တို့ကို ပင်လျှင် ဦးခေါင်းဟူ၍, ဆံပင်ဟူ၍, မွေးညှင်းဟူ၍, သွားဟူ၍, အရေဟူ၍, အသားဟူ၍, အကြောဟူ၍, အရိုးဟူ၍, ဦးနှောက်ဟူ၍ စိတ်၌ ကြောင်ကြောင်ကြီး ထင်မြင်၍ နေမှုသည် သက္ကာယဒိဋ္ဌိတည်း။

ကောင်းစွာ ထင်မြင်မှု

ခက်မာမှုသည် ပထဝီဓာတ် ပေတည်း၊ ဦးခေါင်းမဟုတ်, ဆံပင် မဟုတ်, မွေးညှင်းမဟုတ်, သွားမဟုတ်, အရေမဟုတ်, အသား မဟုတ်, အကြော မဟုတ်, အရိုးမဟုတ်, ဦးနှောက်မဟုတ်။

ဖွဲ့စေးမှုသည် အာပေါဓာတ်ပေတည်း၊ ပူမှု, အေးမှုသည် တေဇော ဓာတ်ပေတည်း၊ ထောက်ကန်မှု, လှုပ်ရှားမှုသည် ဝါယောဓာတ်ပေတည်း။

ဦးခေါင်းမဟုတ်, ဆံပင်မဟုတ်, မွေးညှင်းမဟုတ်, သွားမဟုတ်, အရေမဟုတ်, အသားမဟုတ်, အကြောမဟုတ်, အရိုးမဟုတ်, ဦးနှောက် မဟုတ်။

သဘောအားဖြင့် ဦးခေါင်းဟူ၍ မရှိ, ဆံပင်ဟူ၍ မရှိ, မွေးညှင်း ဟူ၍ မရှိ, သွားဟူ၍ မရှိ, အရေဟူ၍ မရှိ, အသားဟူ၍ မရှိ, အကြော ဟူ၍ မရှိ, အရိုးဟူ၍ မရှိ, ဦးနှောက်ဟူ၍ မရှိဟု စိတ်၌ ကောင်းစွာ ထင်မြင်မှုသည် သမ္မာဒိဋ္ဌိတည်း။

ကြွင်းသော ကိုယ်အင်္ဂါတို့၌လည်း ဦးခေါင်းအင်္ဂါ၌ကဲ့သို့ သက္ကာယ ဒိဋ္ဌိ, သမ္မာဒိဋ္ဌိဖြစ်ပုံကို အကုန်သိမြင်လေ။

မြား, မြားနှင့် ချိန်သောလက် ဥပမာ

ဓာတ်လေးပါးတို့ကို ခြားနားစွာ ထင်မြင်ခြင်းငှါ ယုတ္တိ နည်း လမ်းတို့ကို ကြံဖန်မှုသည် သမ္မာသင်္ကပ္ပမည်၏၊ သမ္မာဒိဋ္ဌိသည် မြား နှင့်တူ၏၊ သမ္မာသင်္ကပ္ပသည် မြားကိုစက်ကွင်း၌ ဖြောင့်မတ်စွာ ဝင်စေခြင်း ငှါ ချိန်ရွယ်သော လက်နှင့်တူ၏၊ ဤကား အကျဉ်းအားဖြင့် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဟူသော ပညာက္ခန္ဓမဂ္ဂင် ၂-ပါးတို့ကို ထူထောင်ပုံတည်း။

[အကျယ်ကိုမူကား ငါတို့စီရင်သော ဝိဇ္ဇာမဂ္ဂဒီပနီ, ဘာဝနာ ဒီပနီ စသည်တို့မှာ ယူလေ။]

နှစ်မျိုးအားထုတ်ကြရမည်

ဤသို့လျှင် ဦးခေါင်းအင်္ဂါမှစ၍ တစ်ကိုယ်လုံး၌ ဓာတ်ကြီး လေးပါးနှင့် မြင်မှု ကြားမှု အစရှိသော ဝိညာဏ်ဓာတ်တို့၏ ပွက်ပွက်ဆူ သော အိုးတွင်း၌ ရေပွက်ငယ်တို့ကဲ့သို့ ခဏမစဲ ဖြစ်ပေါ်မှု, ပျက်ဆုံးမှု, ဥဒယဗ္ဗယအချက် အနိစ္စလက္ခဏာ, အနတ္တလက္ခဏာ ၂-ပါးကို ရှုမှု, ကြံဖန်မှုဟူသော ပညာက္ခန္ဓမဂ္ဂင် ၂-ပါး ထူထောင်မိသည်ရှိသော် အဆင့် ဆင့် အထင်အမြင် တိုးပွား၍ သွားစေခြင်းငှါ အသက်ထက်ဆုံး စွဲမြဲကြရ မည်၊ တောင်သူလယ်ယာ လုပ်သောသူတို့မှာ တောင်သူလယ်ယာ လုပ်ကိုင်မှု တစ်ဖက်, ဦးခေါင်းစသော ကိုယ်အင်္ဂါတို့၌ ဓာတ်သဘာဝတို့၏ ဥဒယဗ္ဗယကို ရှုမှုတစ်ဖက်, ဤသို့ အလုပ် ၂-ခု ဖက်တွဲ၍ အားထုတ်ကြရ မည်။

ဘုံစဉ်စံ အရိယာဖြစ်ပုံ

စွဲမြဲဖန်များလတ်သော် ဓာတ်အစုတို့၏ ဖြစ်မှုပျက်မှုကို အလင်း မြင်သော သမ္မာဒိဋ္ဌိဉာဏ်အမြင်သည် တစ်ကိုယ်လုံး အလင်းပေါက်၏၊ တစ်ကိုယ်လုံး၌ သက္ကာယဒိဋ္ဌိ၏ ပဌမဘုံကြီးသည် ကွယ်ပျောက်၏၊ အနမတဂ္ဂသံသရာက အစဉ်အမြဲ တည်ထောင်၍ လာခဲ့သော သက္ကာယ ဒိဋ္ဌိပဌမဘုံကြီးသည် ချုပ်ငြိမ်း၏၊ တစ်ကိုယ်လုံးသည် သမ္မာဒိဋ္ဌိနိုင်ငံ ကြီးဖြစ်၏၊ ဒုစ္စရိုက်ဆယ်ပါးတို့သည် အကြွင်းမဲ့ ချုပ်ငြိမ်းကုန်၏၊ သုစရိုက် ဆယ်ပါးတို့သည် အစဉ်အမြဲ တည်ကုန်၏၊ အပါယ်သံသရာကြီးသည် အကြွင်းမဲ့ ချုပ်ငြိမ်း၏၊ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာ့ဘဝဟူသော သုဂတိ သံသရာသည်သာလျှင် ကျန်ရှိ၏၊ ဘုံစဉ်စံအရိယာ အဖြစ်သို့ ရောက်၏။

ဤတွင်ရွေ့ကား သီလက္ခန္ဓမဂ္ဂင်သုံးပါး, သမာဓိက္ခန္ဓမဂ္ဂင် သုံးပါး, ပညာက္ခန္ဓမဂ္ဂင်နှစ်ပါးဟူသော မဂ္ဂင်ရှစ်ပါးအလုပ်ကို အကျယ်ပြဆိုပုံ တည်း။

ဦးခေါင်း၌ သက္ကာယဒိဋ္ဌိ သမ္မာဒိဋ္ဌိဖြစ်ပုံ ပြဆိုခန်း ပြီး၏၊

----------

မဂ္ဂင် ၈-ပါး ထူထောင်ပုံအကျဉ်း

အကျဉ်းပြဆိုမူကား အာဇီဝဋ္ဌမကသီလကို လုံခြုံစွာစောင့် ထိန်းမှုသည် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဟူသော သီလက္ခန္ဓ မဂ္ဂင် အလုပ်တည်း။

အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်မှုသည် သမ္မာဝါယာမ, သမ္မာ သတိ, သမ္မာသမာဓိဟူသော သမာဓိက္ခန္ဓမဂ္ဂင် အလုပ်တည်း။

ဦးခေါင်းအင်္ဂါမှစ၍ ဓာတ်ကြီးလေးပါး ဝိညာဏ်ခြောက်ပါး တို့၏ အဖြစ်အပျက် အထင်အမြင် ပေါက်အောင် ရှုမှုသည် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ ဟူသော ပညာက္ခန္ဓမဂ္ဂင် ၂-ပါးအလုပ်တည်း။

သုက္ခဝိပဿက နည်းလမ်း

သုက္ခဝိပဿက ပုဂ္ဂိုလ်တို့၏ နည်းလမ်းအားဖြင့်မူကား အာနာ ပါန အစရှိသော သမထအလုပ်ကို အသီးအခြား မလုပ်ပြီ၊ သီလက္ခန္ဓ မဂ္ဂင်သုံးပါးကို ဆောက်တည်ပြီးလျှင် ပညာက္ခန္ဓမဂ္ဂင်အလုပ်ကို ထူထောင် ၍ အားထုတ်၏၊ သမာဓိက္ခန္ဓ မဂ္ဂင်သုံးပါးသည် ပညာက္ခန္ဓမဂ္ဂင် ၂- ပါးနှင့် ဖက်တွဲ၍ပါလေ၏၊ ပဉ္စင်္ဂီကမဂ်ဟူ၍ခေါ်၏၊ မဂ္ဂင်ငါးပါး တစ်ပေါင်း တည်း ဖြစ်ပွား၍သွား၏၊ ရှေးသီလက္ခန္ဓမဂ္ဂင်သုံးပါးနှင့် ပေါင်းသော် မဂ္ဂင်ရှစ်ပါးဖြစ်၏၊ စိတ်ရူးစိတ်နောက် ပျောက်ကင်း၏၊ ဉာဏ်စွမ်း, ဝီရိယစွမ်း ကောင်းလှမှတော်သည်။

သမ္မာဒိဋ္ဌိအမြင် ဆင်ခြင်တိုင်း ပေါက်ပုံ

ယခုဘဝ၌သော်လည်းကောင်း, နောက်ဘဝ၌သော်လည်း ကောင်း, အကြင်အခါ၌ သမ္မာဒိဋ္ဌိဉာဏ်အမြင်သည် တစ်ကိုယ်လုံး၌ အလင်းပေါက်၏၊ ထိုအခါ၌ ဉာဏ်နှင့် ဆင်ခြင်တိုင်း ဆင်ခြင်တိုင်း ပုဂ္ဂိုလ်ဟူ၍ မရှိဟု ဉာဏ်၏ ပြဋ္ဌာန်းခြင်းသည် ထင်ရှားပေါ်လာ၏၊ သတ္တဝါဟူ၍ မရှိ၊ မိန်းမ, ယောကျ်ားဟူ၍ မရှိ၊ ငါဟူ၍ မရှိ၊ မည်သူဟူ၍ မရှိ၊ ဦးခေါင်း ခြေ လက် စသည် မရှိ၊ ဆံပင် မွေးညင်း စသည်မရှိဟူ၍ ဉာဏ်၏ ပြဋ္ဌာန်းခြင်းသည် ထင်ရှားပေါ်လာ၏၊ ထိုသို့ ပေါ်လာသော အခါ၌ ဦးခေါင်းအင်္ဂါ၌ ရှိသော ခက်မာမှု စသည်ကို ဦးခေါင်းဟူ၍ အရိုးအစဉ် ကြောင်ကြောင်မြင်၍နေသော သက္ကာယဒိဋ္ဌိသည် ကွယ် ပျောက်၏၊ ဦးခေါင်းဟူ၍ မရှိ, ဓာတ်အစုသာ ရှိသည်ဟူသော သမ္မာဒိဋ္ဌိ ဉာဏ်အမြင်သည် ဆင်ခြင်တိုင်း ပေါက်၏၊ တစ်ကိုယ်လုံး၌ ထိုနည်းတူ သိလေ။

ချမ်းသာသုံးပါး ခံစားပုံ

ဤသို့လျှင် တစ်ကိုယ်လုံး၌ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ ဟူသော ပညာက္ခန္ဓမဂ္ဂင်ကြီး ၂-ပါးတည်ရှိသောအခါ အပါယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးသည် အကြွင်းမဲ့ ချုပ်ငြိမ်း၏၊ ထိုသူသည် ထိုခဏမှစ၍ အပါယ်သံသရာ၏ ဆိုင်ရာဖြစ်သော ဝဋ်ဒုက္ခ အပြီး ကျွတ်လွတ်၏၊ သဥပါဒိသေသ ပဌမနိဗ္ဗာန်သို့ ရောက်လေ၏၊ ပဌမ နိဗ္ဗာန်ဘုံသူ ပထမနိဗ္ဗာန်ဘုံသား အဖြစ်၌တည်၏၊ ဒုက္ခလက္ခဏာ ဉာဏ်အမြင် ကျန်ရှိသေးသောကြောင့် လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ ချမ်းသာတို့ကို သာယာသော တဏှာမာနတို့လည်း ကျန်ရှိကုန်သေး၏၊ ဘုံစဉ်စံအဖြစ်၌ တည်၍ ထိုချမ်းသာသုံးပါးတို့ကို ခံစား စံစားလျက် ရှိသေး၏၊။ ဤကား အကျဉ်းပြဆိုနည်းတည်း။

ဤတွင်ရွေ့ မဂ္ဂင် ၈-ပါး ထူထောင်ပုံ ပြီး၏၊ မဂ္ဂင်္ဂဒီပနီကျမ်း ပြီးပြီ။

------------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ