Skip to main content

ကပ္ပိယကောင်းတစ်ယောက်

ကပ္ပိယကောင်းတစ်ယောက်

စိရံ တိဋ္ဌတု သဒ္ဓမ္မော

နိဒါန်း

လူနတ်ဗြဟ္မာ သတ္တဝါအားလုံးတို့၏ အကျိုးစီးပွား များပြားတိုးတက်စေရန်အတွက် မြတ်စွာဘုရားရှင်သည် ဤ ကမ္ဘာလောက၌ ပွင့်ထွန်းတော်မူခဲ့ပါသည်။ ယင်းကဲ့သို့ မြတ်စွာဘုရား ပွင့်တော်မူလာသောအခါ “ဘုရားရတနာ ဟူသော ရတနာမြတ်ကြီးတစ်မျိုးသည် လောကတွင် ထူးခြားစွာ ပေါ်ပေါက်လာပါသည်။ ထို့နောက် သက်တော် ထင်ရှား ထိုဘုရားသခင် ဟောကြားအပ်သောတရားရတနာ” ဟူသော ရတနာထူး တစ်မျိုးသည်လည်း ပေါ်ပေါက်လာခဲ့ပါသည်။ ထိုဘုရားရှင် ဟောကြားအပ်သော သံသရာ လွတ်မြောက်ရေး ဘဝငြိမ်းချမ်းရေး တရားတော်ကို လိုက်နာ ကျင့်ကြံကြသောသူများလည်း ပေါ်ထွက်လာပါသည်။ ထိုသူ များထဲမှ လောကီလူ့ဘောင်ကို ခွာရှောင်၍ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်လာသူများ ရှိလာကြပြန်သဖြင့် “သံဃရတနာ”လည်း ပေါ်ထွန်းလာပါသည်။ ထိုရတနာမြတ် သုံးပါးသည်ကား လူ့လောက၏ အမြင့်မြတ်ဆုံးသော ရတနာများ ဖြစ်ကြပါသည်။

[ခ]

ထိုရတနာမြတ်သုံးပါးတွင် သံဃာရတနာသည် မျက်ဝါးထင်ထင် ဖူးမြင်တွေ့ကြုံ ဆက်ဆံနေရသော ရတနာ ဖြစ်ပါသည်။ သံဃာတော်တို့ အဆက်မပြတ် ကြိုးပမ်းမှုကြောင့် ဓမ္မရတနာပိဋကစာပေပရိယတ္တိသာသနာတော်ကြီး ယခုထက်တိုင် အပြည့်အစုံ တည်ရှိနေခြင်း ဖြစ်ပါသည်။ သံဃာရတနာ၏ ကျေးဇူးကြောင့် ရတနာမြတ်သုံးပါးလုံး လောက၌ အထင်အရှား တည်ရှိနေခြင်း ဖြစ်ပါသည်။

အရိယာသံဃာ၊ သမ္မုတိသံဃာဟူ၍ နှစ်မျိုးရှိရာတွင် အရိယာသံဃာတော်များမှာ မဂ်ဉာဏ်ဖြင့် ကိလေသာတို့ကို ပယ်သတ်ပြီး ဖြစ်ပါသည်။ သောတာပန်အရိယာသံဃာတော် သည်ပင် ဒိဋ္ဌိ ဝိစိကိစ္ဆာ ကိလေသာ သောင်းကျန်းမှုကင်းစင်ပြီး ဖြစ်သဖြင့် လူနတ်ဗြဟ္မာသတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပြီ ဖြစ်ပါသည်။ သကဒါဂါမ် အရိယာသံဃာမှာ ကိလေသာများ ပို၍ နည်းပါးလာပါသည်။ အနာဂါမ်အရိယာ သံဃာမှာမူ ကာမရာဂ ဗျာပါဒတို့ကို ပယ်သတ်ပြီးဖြစ်၍ ကာမဂုဏ် လှုပ်ရှားမှုတို့ မရှိတော့ပါ။ ရဟန္တာ အရိယာ သံဃာတော် ဖြစ်ပါမူကား ကိလေသာဟူ၍ မြူငွေ့မျှမကျန် သန့်စင်ပြီး ဖြစ်သဖြင့် ဒက္ခိဏေယျ ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်ပါပေသည်။

[ဂ]

အရိယာသံဃာနှင့် အလားတူပင် မြတ်စွာဘုရား သာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် အားထုတ်ကြိုးပမ်းနေကြသော သမ္မုတိသံဃာတော်များလည်း ရှိပါသေးသည်။ သမ္မုတိသံဃာဟူသည်မှာ မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူထားသော ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ကံဆောင်ကာ သိမ်ဝင်၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူသော သံဃာတော်များ ဖြစ်ပါသည်။ ထိုသမ္မုတိ သံဃာတော်တို့မှာ မြတ်စွာဘုရား၏ ဝိနည်းဒေသနာ အာဏာတော်ပညတ်ချက်ဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်နေ ကြရသည့် ဘုရားသားတော် သံဃာတော်များ ဖြစ်ပါသည်။ အရိယာသံဃာဟု ခေါ်ဆိုရသော အရိယာပုဂ္ဂိုလ်တို့သည် ယနေ့နံနက်မှ သာသနာ့ဘောင်သို့ ဝင်ရောက်လာသော သမ္မုတိနွယ်ဝင် သာမဏေရှင်ငယ်ကိုပင် ရှိခိုးဦးချရလေသည်။ မြတ်စွာဘုရား၏ သားတော် ရဟန်းသာမဏေဘဝကား မြင့်မြတ်လှပေသည်။ လူ့ဘဝတုန်းက မည်သည့်မျိုးနွယ် မည်သို့ သော အခြေအနေပင်ရှိနေပါစေ သံဃာတော်ဘဝ ရောက်လာသည့်နှင့် တပြိုင်နက် သာကီဝင်မင်းသား ဘုရားသားတော် ဟူသော အမည်ထူးကို ရရှိကာ မြင့်မြတ်သူဘဝသို့ ရောက်လာတော့သည်။ လူနတ်ဦးခိုက် ပူဇော်ဖူးမြော်ထိုက်သူ

[ဃ]

ဖြစ်လာသည်။ မြတ်စွာဘုရား၏ အမိန့်အာဏာတော်သည်ကား ဤမျှပင် အင်အားသတ္တိ ပြည့်ဝလှပေသည်။

မြတ်စွာဘုရား၏ ဝိနည်းအာဏာတော်များကို လုံခြုံအောင် ထိန်းသိမ်းနေလျှင် တမလွန်ဘဝကောင်းသို့ ရောက်ရ မည်မှာ ဧကန်ပင် ဖြစ်လေသည်။ ထိုမျှ အစွမ်းထက်မြက် လှသည့် ဝိနည်းသိက္ခာပုဒ်တော်များကို လုံခြုံအောင် စောင့်ထိန်းရန် ခမည်းတော်ဘုရား၏ အမိန့်တော်စကားများကို မြေဝယ်မကျ လိုက်နာရန်မှာမူ ဘုရားသားတော် ရဟန်းတော်တို့၏ ကျင့်စဉ်ပင် ဖြစ်လေသည်။ ရဟန်းတော်တို့ ဘုရား စကားတော်ကို လိုက်နာလေလေ ဘုရားအဆုံးအမ သာသနာတော်သက်တမ်း ရှည်လေလေ ဖြစ်ပေသည်။

ထိုသို့ ရဟန်းတော်မြတ်တို့ သာသနာပြုနိုင်ရန်အတွက် ဒါယကာ၊ ဒါယိကာမများဘက်ကလည်း တတ်နိုင်သမျှ ကူပံ့ရန် လိုအပ်လာသည်။ သာသနာတော်နှင့် စပ်၍ အသက် အပ်ကာ ကြည်ညိုသဒ္ဓါဖြင့် ဆောင်ရွက်ပေးတတ်သည့် ကပ္ပိယ ကောင်းတို့ ပေါ်ထွက်လာရန် အထူးလိုအပ်လာပါသည်။ သာသနာတော်နေဝန်း အစဉ်ထွန်းလင်းတောက်ပနေစေရန် တာဝန်သည် ဗုဒ္ဓဘာသာဝင်တိုင်း၏ အဓိကတာဝန် ဖြစ်ပေသည်။

[င]

သို့ဖြစ်၍ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွား ထွန်းကားစေလိုသော ကောင်းမြတ်လှသည့် သမ္မာဆန္ဒ မနသိကာရ ရှိကြသော သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဒုတိယဝန်ကြီးဦးအောင်ခင် အမှူးပြုသော သာသနဒါယကာကြီးများက ကပ္ပိယများနှင့် စပ်ဆိုင်သော ဝိနည်းစာပေနှင့် ညီညွတ်သည့် စာအုပ်တစ်အုပ် ပေါ်ထွက် လာရန် တိုက်တွန်းခဲ့ပါသည်။

ထိုတိုက်တွန်းချက်ကို ခံယူ၍ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်သည် မိမိဌာနတွင်းရှိ ပိဋကစာပေ နှံ့စပ်ကျွမ်းကျင်သော ဓမ္မာစရိယဘွဲ့ရ ပုဂ္ဂိုလ်များကို စုစည်း၍ “ကပ္ပိယကောင်း တစ်ယောက်”စာအုပ် ပြုစုရန် အောက်ပါပုဂ္ဂိုလ်တို့ကို ဦးဆောင်စေလျက် တာဝန်ပေးအပ်ခဲ့ပါသည်-

(၁) ဦးအောင်သိန်းညွန့် လက်ထောက်ညွှန်ကြားရေးမှူး (ပထမကျော်၊ ဓမ္မာစရိယ၊ ဘီအေ-အင်္ဂလိပ်)
(၂) ဦးစိုးတင့် ဦးစီးအရာရှိ (သကျသီဟဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ အစိုးရ ဓမ္မာစရိယ)
(၃) ဦးကိုကိုမြိုင် ဦးစီးမှူး (ဓမ္မာစရိယ-ဘီအေ)

[စ]

(၄) ဦးလှသိန်းထွဋ် ဦးစီးမှူး ဦးစီးမှူး (ဘာသာပြန်) (ဓမ္မာစရိယ-ဘီအေ၊ ဗဟိုတရားရုံးရှေ့နေ)

“ကပ္ပိယကောင်းတစ်ယောက်”စာအုပ် ဖြစ်မြောက်ရေး အတွက် ပိဋကစာပေ အထောက်အထားများကို ဦးစိုးတင့်က ရှာဖွေပေးပြီး စုပေါင်းဆွေးနွေးကြကာ ပြုစုရေးတာဝန်ကို ဦးလှသိန်းထွဋ်က ထမ်းဆောင်ခဲ့ပါသည်။

ပြုစုပြီးစာမူများကို အကြိမ်ကြိမ် ညှိနှိုင်းကြပြီး နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများထံ စိစစ်တည်းဖြတ်နိုင်ရန် ကြပါသည်။ ဆရာတော်ဘုရားကြီးများက စိစစ်ပြင်ဆင် ဖြည့်စွက် ပြီးသော စာမူကို သာသနာရေးဝန်ကြီးထံ တင်ပြအစီရင်ခံပြီး ဗုဒ္ဓဘာသာဝင်တို့ လေ့လာလိုက်စား ကျင့်ဆောင်ခြင်းအားဖြင့် သာသနာတော် အရှည်တည်တံ့ ပြန့်ပွားထွန်းကားစေရန် ရည်သန်လျက် ဤစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤစာအုပ်သည် တစ်ဦးတစ်ယောက်၏ မူပိုင် မဟုတ်ပါကြောင်းနှင့် ကာယအား ဉာဏအားတို့ စိုက်ထုတ် ပါဝင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး၏ ကောင်းမှု ကုသိုလ် ဖြစ်ရကား ဦးစီးဌာန၏ မူပိုင်သဘောသာ ဖြစ်ပါသည်။ ဤစာအုပ် ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြသူအားလုံးကို သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာနက အထူးကျေးဇူးတင်ရှိ

[ဆ]

ပါကြောင်း ဖော်ပြအပ်ပါသည်။ သို့ပါ၍ ဦးစီးဌာန အနေဖြင့် ဆရာဒကာ ညီညွတ်စွာလက်တွဲလျက် သာသနာ့တာဝန်ကို ထမ်းဆောင်ကာ ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ ပြန့်စေလိုသော သာသနာပြုစိတ်ဓာတ်ဖြင့် ဖြည့်ကျင့် ဆောင်ရွက်နိုင်ကြပါစေဟု အလေးအနက် ဆန္ဒပြုအပ်ပါသည်။

*ခုနှစ်-၁၉၉၆ ခုနှစ်၊ ဇွန်လ

* အကြိမ် ပထမအကြိမ်

* အုပ်ရေ-၅၀၀၀

* ပုံနှိပ်သူ-ရွှေပြည့်စုံအော့ဖဲဆက် (မှတ်ပုံတင်အမှတ်-၁၂၇၈၅)၌ ရိုက်နှိပ်သည်။

* ထုတ်ဝေသူ-ဦးထင်မျိုး(ညွှန်ကြားရေးမှူး)

သာသနာရေးဝန်ကြီးဌာန သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန မှတ်ပုံထင်အမှတ်-၁၁/ ၉၄ (၁)က ထုတ်ဝေသည်။

နမော တဿ ဘဂဝတော အရဟတော သမ္ဗာသမ္ဗုဒ္ဓ

အခန်း (၁)

ဝိနည်းဒေသနာတော်နှင့် ကပ္ပိယကာရဏ

ဘုရားရှင်၏ ဝိနည်းတော်

မြတ်စွာဘုရားသည် သတ္တဝါအများအား သံသရာ ဝဋ်ဆင်းရဲမှ ကယ်တင်လိုသော ပြင်းပြသည့် ဆန္ဒတော်ကြောင့် ဘုရားဖြစ်ရန် ဆုပန်ဆင်ကာ ပါရမီဆယ်ပါးတို့ကို မနေမနား ဖြည့်ကျင့်တော်မူခဲ့ပြီးနောက်ဆုံးဘဝဝယ် သဗ္ဗညုတဉာဏ်တော်မြတ်သခင် ဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့သည်။

ဘုရားဖြစ်တော်မူပြီးနောက် သစ္စာလေးပါး မြတ် တရားတို့ကို ဟောကြားပြသတော်မူခဲ့ရာ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ

စာမျက်နှာ-၁

စသော ဘုရားသားတော် သံဃာတော်တို့ ပေါ်ပေါက်လာ ခဲ့သည်။ ပဉ္စဝဂ္ဂီ ၅-ဦး၊ အရှင်ယသနှင့် သူငယ်ချင်း ၅၅-ဦး၊ ဘဒ္ဒဝဂ္ဂီညီနောင်(၃) ကျိပ်၊ ဥရုဝေလကဿပ စသော ရသေ့ ညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ စသော ရဟန်းတော်ပေါင်း (၂၅၀)၊ အားလုံးသော ဧဟိဘိက္ခု ရဟန္တာ အရှင်မြတ်တို့သည် မဟာသက္ကရာဇ် ၁၀၄-ခုနှစ်၊ တပို့တွဲလပြည့် နေ့တွင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ စုဝေးကြသည်။ ဤသို့သော ပထမ သာဝကသန္နိပါတပွဲကြီးတွင် မြတ်စွာဘုရားရှင်သည် အဆူဆူသော ဘုရားရှင်တို့ ဆုံးမတော်မူရာ ဩဝါဒပါတိမောက်ကို ပြတော်မူခဲ့သည်။

ဤသို့ဖြင့် လပြည့် လကွယ်နေ့တိုင်း ဩဝါဒ ပါတိမောက် ပြတော်မူခဲ့ရာ ဝါတော်(၂၀)အထိ ဖြစ်လေသည်။ ဝါတော်(၂၀) ပထမဗောဓိအချိန် ကျော်လွန်လာသောအခါ ပြစ်မှုကျူးလွန်သူများ ပေါ်ပေါက်လာသဖြင့် အပြစ်အလျောက် သိက္ခာပုဒ်များကို ပညတ်တော်မူရလေသည်။ ထိုအခါမှ စ၍ ဘုရားရှင်ကိုယ်တော်တိုင် ဩဝါဒ ပါတိမောက် ပြတော်မူရာမှ ရဟန်းတော်တစ်ပါးက သံဃာတော်အား သိက္ခာပုဒ်များကို ရွတ်ဆိုပြသရသော အာဏာပါတိမောက်ပြခွင့်ကို ခွင့်ပြုတော် မူခဲ့လေသည်။ လပြည့် လကွယ်နေ့တိုင်း သံဃာတော်တို့သည် ပါတိမောက်ပြကြသည်၊ ဥပုသ်ပြုကြသည်။

စာမျက်နှာ-၂

သိက္ခာပုဒ်ပညတ်ခြင်း၏ ရည်ရွယ်ချက်

မြတ်စွာဘုရားရှင် ဝေရဉ္ဇာမြို့၌ သီတင်းသုံး နေတော် ေဝေမူစဉ် အရှင်သာရိပုတ္တရာမထေရ်ကြီးသည် ဆိတ်ငြိမ်ရာအရပ်၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အရှင်မြတ်အား ဤသို့ သောအကြံ ဖြစ်၏-

-“မည်သည့်ဘုရားရှင်တို့၏ သာသနာတော်သည် အရှည် တည်တံ့ပါသနည်း၊ မည်သည့်ဘုရားရှင်တို့၏ သာသနာတော်သည် အရှည် မတည်တံ့ပါသနည်း”

ထို့နောက် မထေရ်ကြီးသည် ညနေချမ်းအခါ မြတ်စွာဘုရား အထံတော်သို့ ချည်းကပ်၍ အထက်ပါ အကြံအစည်ကို လျှောက်ထားမေးမြန်း၏။ မြတ်စွာဘုရားက ဤသို့ဖြေကြားတော်မူ၏-

“သာရိပုတ္တရာ-ဝိပဿီ၊ သိခီ၊ ဝေဿဘူဘုရားရှင်တို့၏ သာသနာတော်သည် အရှည် မတည်တံ့ခဲ့ပေ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ ဘုရားရှင်တို့၏ သာသနာတော်သည် အရှည်တည်တံ့ခဲ့ပေ၏”

-“မည်သည့် အကြောင်းကြောင့် သာသနာတော် အရှည် တည်တံ့ပါသနည်း၊ မည်သည့်အကြောင်း

စာမျက်နှာ-၃

ကြောင့် သာသနာတော် အရှည် မတည်တံ့ပါသနည်း အရှင်ဘုရား”

“သာရိပုတ္တရာ-ဝိပဿီ၊ သိခီ၊ ဝေဿဘူ ဘုရားရှင် တို့သည် တပည့်သာဝကတို့အား အကျယ်တဝင့် တရားဟောပြောတော်မမူခဲ့ပေ၊ သုတ်တော်များ၊ ဂါထာများ၊ ဒေသနာတော်များသည် အနည်းငယ်သာ ရှိခဲ့ပေ၏။ တပည့်သာဝကတို့အတွက် သိက္ခာပုဒ်များကိုလည်း ပညတ်တော်မမူခဲ့ပေ၊ ပါတိမောက်ပြတော် မမူခဲ့ပေ။ ထိုဘုရားရှင်တို့ ပရိနိဗ္ဗာန် စံတော်မူပြီး ဘုရားလက်ထက်ရှိ တပည့်သာဝကတို့လည်း ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နောက်ဆက် တပည့် သာဝကတို့လက်ထက်တွင် သာသနာတော်ဆုတ်ယုတ် လာကာ မကြာခင်မှာပင် ကွယ်ပျောက်သွားခဲ့ပေ၏။ သာရိပုတ္တရာ-ပျဉ်ပြားပေါ်တွင် စုပုံတင်ထားသော ပန်းမျိုးစုံ ပန်းပုံကြီးသည် ကြိုးဖြင့် သီကုံးထုံးဖွဲ့ မထားသည်ရှိသော် လေတိုက်ခတ်လာသောအခါ ပြန့်ကြ ဖရိုဖရဲ ပြိုကွဲ အလွယ်တကူ လွင့်စဉ် ပျောက် ဆုံးသွားသကဲ့သို့ ထိုဘုရားရှင်တို့၏ သာသနာတော်သည်လည်း အလွယ်တကူ ပျောက်ကွယ်ကာ အရှည်တည်တံ့မှု မရှိခဲ့ပေ။

စာမျက်နှာ-၄

သာရိပုတ္တရာ-ကကုသန်၊ ကောဏဂုံ၊ ကဿပ ဘုရားရှင်တို့၏ သာသနာတော် အရှည်တည်တံ့ ရသည့် အကြောင်းရင်းမှာ ထိုဘုရားရှင်တို့သည် တပည့်သာဝကတို့အား အကျယ်တဝင့် တရား ဟောကြားတော်မူကြကုန်၏။ ထိုဘုရားရှင်တို့ ဟောပြောတော်မူသော သုတ်တော်များ၊ ဂါထာများ၊ ဒေသနာတော်များသည် အလွန်များပြားကြကုန်၏။ ဘုရားရှင်တို့သည် သာဝကတို့အတွက် သိက္ခာပုဒ်များကိုလည်း ပညတ်တော်မူကြကုန်၏။ ပါတိမောက်ကို ပြတော်မူကြကုန်၏။ ထိုဘုရားရှင်ကို ပရိနိဗ္ဗာန်စံတော်မူပြီး ဘုရားလက်ထက်ရှိ တပည့်သာဝကတို့လည်း ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နောက်ဆက် တပည့်သာဝကတို့ လက် ဝက်တွင် မြင့်မြတ်သော အကျင့်များကို ဆက်လက် ကျင့်သုံးနိုင်ကြသဖြင့် သာသနာတော် အရှည် တည်တံ့ခဲ့ပေ၏။

သာရိပုတ္တရာ-ပျဉ်ပြားပေါ်တွင် စုပုံတင်ထားသော ပန်းမျိုးစုံ ပန်းပုံကြီးသည် ကြိုးဖြင့် သီကုံးထုံးဖွဲ့ ထားသည်ရှိသော် လေတိုက်ခတ်လာသောအခါ ပြန့်ကြဲ ဖရိုဖရဲ ပြိုကွဲ အလွယ်တကူ လွင့်စဉ်

စာမျက်နှာ-၅

ပျောက်ဆုံးသွားခြင်းမရှိသကဲ့သို့ ထိုဘုရားရှင်တို့၏ သာသနာတော်သည် အလွယ်တကူ မပျောက်ကွယ်ဘဲ အရှည် တည်တံ့ခဲ့ပေ၏။

သာရိပုတ္တရာ-ဤအကြောင်းသည်ပင်လျှင် သာသနာတော် အရှည်တည်တံ့မှု၊ မတည်တံ့မှုအတွက် အကြောင်းအချက် ဖြစ်ပေ၏”ဟု ဟောတော်မူ၏။

ထိုအခါ အရှင်သာရိပုတ္တရာသည် ထိုင်နေရာမှ ထတော်မူပြီး လက်တစ်ဘက် လက်ကတော့ ထိုးကာ ဘုရား ရှိရာ လက်အုပ်ချီလျက် ဤသို့ လျှောက်ထား၏-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား-သာသနာတော်ကြီး အရှည်တည်တံ့ရန်အတွက် တပည့်သာဝက တို့အား သိက္ခာပုဒ် ပညတ်ရန် အချိန်တန်ပါပြီ ဘုရား၊ ပါတိမောက်ပြတော်မူရန် အချိန်တန်ပါပြီ ဘုရား”

-“သာရိပုတ္တရာ-ဆိုင်းလင့်ဦးလော့၊ စောင့်ဦးလော့၊ မြတ်စွာဘုရား ကိုယ်တော်တိုင်သာလျှင် အချိန်တန် မတန် သိပါလတ္တံ့၊ အာသဝတရား တိုးပွားစေမည့် မဧကာင်းသော အကျင့်တရားတို့ သံဃာတော်၌

စာမျက်နှာ-၆

ထင်ရှား မပေါ်ပေါက်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် သာဝကတို့အား သိက္ခာပုဒ် ပညတ်တော်မူမည် မဟုတ်သေးပေ။ ပါတိမောက် ပြတော်မူမည် မဟုတ်သေးပေ၊ သံဃာတော်၌ အာသဝတရား တိုးပွားစေမည့် မကောင်းသော အကျင့်တရားတို့ ထင်ရှား ပေါ်ပေါက်လာသောအခါမှသာလျှင် ထိုအာသဝတရား တိုးပွားမှုကို ဟန့်တား ပယ်ဖျောက်ရန်အတွက် မြတ်စွာဘုရားသည် သံဃာတော်တို့အား သိက္ခာပုဒ် ပညတ်တော်မူရသည်၊ ပါတိမောက် ပြတော်မူရသည်။

-သာရိပုတ္တရာ-သံဃာတော်သည် ... နှစ်ပရိစ္ဆေဒ ကြာညောင်း၊ ပရိသတ်အခြံအရံပေါများ၊ လာဘ် လာဘ အလျှံပယ်ရရှိ၊ အကြားအမြင် ဗဟုသုတ ကြွယ်ဝကာ အာသဝတရားတို့ တိုးပွားလာသောအခါမှသာလျှင် ထိုအာသဝတရားတို့ကို တားဆီး နိုင်ရန်အတွက် မြတ်စွာဘုရားသည် သာဝကတို့အား သိက္ခာပုဒ် ပညတ်ရပေ၏။

စာမျက်နှာ-၇

သာရိပုတ္တရာ ယခုလက်ရှိ သံဃာတော်သည် အပြစ် ကင်းစင်နေ၏။ အပြစ်ကျူးလွန်သူ မရှိပေ၊ အမဲစက် မထင် သန့်စင်နေ၏။ တရားဓမ္မ အနှစ် သာရကိုသာ လိုက်နာကျင့်သုံးနေ၏။

သာရိပုတ္တရာ-ဤ ရဟန်းပရိသတ်တွင် အနိမ့်ဆုံး ရဟန်းသည်ပင် သောတာပန် အရိယာ ဖြစ်ပေ၏။ အပါယ်လားရန် မရှိပေ၊ နိဗ္ဗာန်လမ်းသို့ လျှောက် လှမ်းနေသူ ဖြစ်ပေ၏။

သာရိပုတ္တရာ-သာဝကတို့အား သိက္ခာပုဒ် ပညတ်ရန် စောသေး၏၊ ဆိုင်းလင့်ဦး-စောင့်ဦးလော့၊ အာသဝတရား တိုးပွားစေမည့် မကောင်းသော အကျင့်တရားတို့ သံဃာတော်၌ ထင်ရှားပေါ်ပေါက် မှသာ မြတ်စွာဘုရားသည် သိက္ခာပုဒ် ပညတ်ရန် အချိန်ကို သိပါလိမ့်မည်”ဟု မိန့်တော်မူလေသည်။

ထိုအချိန်မှ နောက်ကာလဝယ် အရှင်သုဒိန်သည် မေထုန်အမှုကို ပြုချိန်မှစ၍ သိက္ခာပုဒ်ပညတ်ရန် အကြောင်း ပေါ်ပေါက်လာသည်။ ထိုအခါ မြတ်စွာဘုရားသည် သံဃာတော်တို့အား စည်းဝေးစေတော်မူပြီး သိက္ခာပုဒ်

စာမျက်နှာ-၈

ပညတ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးတရား ဆယ်ပါးကို ဖော်ပြတော်မူကာ သိက္ခာပုဒ်များကို စတင် ပညတ်တော်မူလေသည်။

သိက္ခာပုဒ် ပညတ်တော်မူခြင်းဖြင့် အောက်ပါ အကျိုးတရား ဆယ်ပါးကို ရရှိနိုင်ပေသည်။ ယင်းတို့မှာ-
(၁) သံဃာတော်များက ညီတူညီမျှ လက်ခံကျင့်သုံး လိုက်နာကြခြင်း၊
(၂) သံဃာတော်များ ချမ်းချမ်းသာသာ အသက်မွေး နေထိုင်နိုင်ခြင်း၊
(၃) ဝိနည်းသီလကို မကျင့်လိုသူတို့အား နှိပ်ကွပ်ဆုံးမ နိုင်ခြင်း၊
(၄) ဝိနည်းသီလကို ချစ်မြတ်နိုးသူတို့ ချမ်းသာစွာ နေထိုင်သီတင်းသုံးရခြင်း၊
(၅) ယခုဘဝ၌ တွေ့ကြုံရမည့် ဘေးရန်များကို မဖြစ်တွေ အောင် တားဆီးပေးနိုင်ခြင်း၊
(၆) နောင်ဘဝ၌ ကြုံတွေ့ရမည့် အပါယ်ဆင်းရဲတို့ကို ပယ်ဖျောက်ပေးနိုင်ခြင်း၊

စာမျက်နှာ-၉

(၇) သာသနာတော်ကို မကြည်ညိုသေးသူတို့ ကြည်ညိုလာစေနိုင်ခြင်း၊
(၈) ကြည်ညိုပြီးသူတို့ ပို၍ ကြည်ညိုလာကြခြင်း၊
(၉) ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာတော်သုံးရပ် အဓွန့် ရှည်ကြာ တည်တံ့ထွန်းကားခိုင်မြဲခြင်း၊
(၁၀) ဝိနယလေးဖြာ ဒေသနာတော်မြတ်ကို အထောက် အပံ့ ပြုခြင်းတို့ ဖြစ်ကြသည်။

ဝိနည်းသာသနာတော်

မြတ်စွာဘုရားသည် သာသနာတော် သုံးရပ် သန့်ရှင်း တည်တံ့ပြန့်ပွားစေရန် ရည်သန်တော်မူ၍ မဟာကရုဏာ ပြဋ္ဌာန်းသောစိတ်တော်ဖြင့် ရဟန်းတော်တို့အား ကျင့်ဝတ် သိက္ခာပုဒ်များကို ပညတ်တော်မူခဲ့သည်။ ပညတ်တော်မူခဲ့သော သိက္ခာပုဒ်များကို အားလုံးကုန် ရေတွက်သည်ရှိသော် ကုဋေကိုးထောင့်တစ်ရာ ရှစ်ဆယ်နှင့် ငါးသန်းသုံးသောင်း ခြောက်ထောင် (၉၁, ၈၀၅, ဝ၃၆, ဝဝဝ) တိတိ ကျယ်ဝန်း များပြားစွာ တည်ရှိလေသည်။ သိက္ခာပုဒ်များအလိုက် ဝတ္ထုကြောင်း အတိအကျ အပြည့်အစုံကို ဝိနယပိဋကအဖြစ်

စာမျက်နှာ-၁၀

မထေရ်မြတ်တို့က သံဂါယနာ တင်တော်မူခဲ့ကြသည်။ ပါရာဇိက၊ ပါစိတ္တိယ၊ မဟာဝဂ္ဂ၊ စူဠဝဂ္ဂ၊ ပရိဝါရဟူ၍ ကျမ်းဂန်စာပေ ခွဲဝေသတ်မှတ်ကာ ဝိနည်း ငါးကျမ်းအဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

၂၂၇-သွယ်

ရဟန်းတော်တို့ ကျင့်သုံးနေရသည့် သိလသိက္ခာကို သိက္ခာပုဒ်အားဖြင့် ခွဲခြမ်းကြည့်လျှင် ပါရာဇိက သိက္ခာပုဒ် (၄) ပါး၊ သံဃာဒိသေသ်(၁၃)ပါး၊ အနိယတ(၂) ပါး၊ နိဿဂ္ဂိယ ပါစိတ် (၃၀)၊ သုဒ္ဓပါစိတ် (၉၂)ပါး၊ ပါဋိဒေသနိယ(၄) ပါး၊ သေခိယ(၇၅)ပါး၊ အဓိကရဏသမထ (၇) ပါးအားဖြင့် (၂၂၇)ပါး ရှိလေသည်။ နှစ်ရာ့နှစ်ဆယ် ခုနစ်သွယ်သော ရဟန်းသိက္ခာပုဒ်များဟု ခေါ်ဝေါ်ကြလေသည်။

အာပတ်(၇)ပုံ

ထိုသိက္ခာပုဒ် သီလတော်မြတ်တို့ကို ကျူး လွန်သော ပြစ်မှုအလိုက် ကြီးစဉ်ငယ်လိုက် ခွဲခြားလျှင် အပြစ်(၇) မျိုး တွေ့ရသည်။ ထို(၇) မျိုးကို အာပတ်(၇) ပုံဟု ခေါ်ဝေါ်ကြသည်။ အာပတ်ဟူသည့် ဝေါဟာရမှာ အာပတ္တိဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ ရဟန်းတော်များ အပြစ်သင့်ခြင်း၊

စာမျက်နှာ-၁၁

အပြစ်သို့ ရောက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုအာပတ် (၇) ပုံမှာ-
(၁) ပါရာဇိကအာပတ်၊
(၂) သံဃာဒိသေသ်အာပတ်၊
(၃) ထုလ္လစ္စဉ်းအာပတ်၊
(၄) ပါစိတ်အာပတ်၊
(၅) ပါဋိဒေသနီအာပတ်၊
(၆) ဒုက္ကဋ်အာပတ်၊
(၇) ဒုဗ္ဘာသိတအာပတ်တို့ ဖြစ်ကြသည်။

အာပတ်အလိုက် ကုစားမှု

ပါရာဇိကအာပတ်သင့်လျှင်မူ ရဟန်းဘဝမှ ဆုံးရှုံး ရလေသည်။ လူဝတ်လဲလှယ်လျှင် စင်ကြယ်သည်။ လူ့ဘဝဖြင့် တရားအားထုတ်လျှင် ဈာန်တရား မဂ်တရားများကို ရနိုင်လေသည်။ သံဃာဒိသေသ် အာပတ်သင့်လျှင် သံဃာတော်တို့ထံ ပရိဝါသ်တောင်း၍ ပရိဝါသ် ဆောက်တည် ရသည်။ ထို့နောက် သံဃာ့ထံမှာပင် မာနတ်တောင်း၍

စာမျက်နှာ-၁၂

၆-ရက် မာနတ်ကျင့်ရသည်။ ပရိဝါသ်နေရင်း ဤအာပတ်မျိုး ထပ်မံဖြစ်ပွားလျှင် အစမှပြန်၍ ကျင့်ရသော မူလာယ ပဋိကဿနကံ ပြုရပြန်၏။ ထိုနောက်မှ သံဃာ့ထံခွင့်တောင်း၍ အဗ္ဗာန် သွင်းစေရ၏။ ဤသို့ ကုစားမှ ထိုအပြစ် ကင်းပျောက် စင်ကြယ်သည်။

ထုလ္လစ္စဉ်းစသော အာပတ်(၅) ပုံမှာမူ ရဟန်း တစ်ပါးပါးထံ ဒေသနာကြားခြင်းဖြင့် ကုစားနိုင်၏။ သို့ဖြစ်၍ သံဃာဒိသေသ်အာပတ်ကို ဝုဋ္ဌာနဂါမ်အာပတ် (ပရိဝါသ် စသည် ကျင့်မှ ထမြောက်စင်ကြယ်သော အာပတ်) ဟု လည်းကောင်း၊ ထုလ္လစ္စဉ်း စသော အောက်အာပတ်(၅) ပုံကို ဒေသနာဂါမ်အာပတ် (ရဟန်းတော်အချင်းချင်းထံ မိမိအပြစ်ကို ဖွင့်ဟပြောကြားရုံဖြင့် စင်ကြယ်သော အာပတ်) ဟု လည်းကောင်း ခွဲခြားခေါ်ဝေါ်ခဲ့ကြသည်။

သာသနာတော်မြတ်၏ အသက်

မြတ်စွာဘုရား၏ သာသနာတော်သုံးရပ် နှစ်ပေါင်း များစွာ ကာလကြာအောင် တည်တံ့ရေးအတွက် ဝိနည်း သိက္ခာပုဒ်များကို ရဟန်းတော်မြတ်တို့ ဂရုပြု လိုက်နာရေး

စာမျက်နှာ-၁၃

သည် အရေးပါလှသည်။ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် သိက္ခာပုဒ် ပညတ်ခြင်း၏ ရည်ရွယ်ချက် (၁၀) ချက်တွင် “သဒ္ဓမ္မဋ္ဌိတိယာ”သာသနာတော် တည်တံ့ ခိုင်မြဲစေရန်ဟု မူတစ်ခုအနေဖြင့် ဟောပြတော်မူခဲ့သည်။ ဝိနည်းသာသနာ တည့်တံ့ပါမှ သာသနာသုံးရပ်တည်တံ့နိုင်ပေလိမ့်မည် (ဝိ၊၁၊၂၄)။ ဝိနည်းသာသနာ ကွယ်ပျောက်လျှင် သာသနာတော်သုံးရပ် ကွယ်ပျောက်ပေလိမ့်မည်။ ထိုကို ရည်ရွယ်၍ပင် ပထမသံဂါယနာတင် မထေရ်မြတ်တို့က-

“ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု” ဝိနည်းတော်သည် ဗုဒ္ဓ သာသနာတော်မြတ်၏ အသက် ဖြစ်သည်။

“ဝိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ” ဝိနည်းသာသနာ တည်ရှိနေသမျှ ကာလပတ်လုံး သာသနာတော် သုံးရပ်တည်ရှိနေသည် မည်ပေ၏-ဟူ၍ တိုက်တွန်း နှိုးဆော်ခဲ့ကြလေသည်။ (ဝိ၊ဋ္ဌ၊၁၊၁၁)

စာမျက်နှာ-၁၄

ဝိနည်းတော်နှင့် နေရာဒေသ ခေတ်ကာလ ပြောင်းလဲမှု

ဝိနည်းသိက္ခာပုဒ် ပညတ်တော်မူရခြင်းသည် သဒ္ဓမ္မဋ္ဌိ တိယာဟူသော ဒေသနာတော်အရ သာသနာတော် တည်တံ့ရန် ဖြစ်သည်။ မြတ်စွာဘုရား၏ ရည်ရွယ်ချက်အတိုင်း သဒ္ဓမ္မဋ္ဌိတိဖြစ်ရန် သာသနာတော် တည်တံ့ရန်အတွက် ဘုရားသားတော် သံဃာတော်တို့က ဝိနည်း သိက္ခာပုဒ်များကို ကျင့်ကြံကြရပေမည်။ ကျင့်ကြံမှသာ သာသနာတော် တည်မြဲပေမည်။ မြတ်စွာဘုရားလက်ထက်တော်မှ စ၍ သီလကို ချစ်မြတ်နိုးကြကုန်သော သီလဝန္တ လဇ္ဇီ ပေသလ သိက္ခာကာမ ပုဂ္ဂိုလ်တို့သည် ပညတ်တော် သိက္ခာပုဒ်များကို လေးစား လိုက်နာခဲ့ကြသည်။ အသက်စွန့် ရမည့် ကိစ္စနှင့် ကြုံတွေ့ရသည့် အခါမှာပင်လျှင် သိက္ခာပုဒ်သီလကို မဖောက်ဖျက်ဘဲ အသက်ကိုသာ စွန့်လွှတ်ခဲ့ကြသည်အထိ မြတ်စွာဘုရား၏ အာဏာဒေသနာတော်ကို ထိန်းသိမ်းခဲ့ကြသည်။

ပါတိမောက္ခ ဝိသောဓေန္တော၊ အပ္ပေဝ ဇီဝိတံ ဇဟေ။
ပညတ္တံ လောကနာထေန၊ န ဘိန္ဒေ သီလသံဝရံ။

ဝိနည်းသိက္ခာပုဒ် ပါတိမောက္ခသံဝရသီလကို သန့်ရှင်း စင်ကြယ်အောင် ထိန်းသိမ်း စောင့်ရှောက်သည့်

စာမျက်နှာ-၁၅

ရဟန်းတော်သည် မိမိအသက်ကိုသာ စွန့်သင့်က စွန့်မည်၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ပညတ်ထားတော်မူသော သိက္ခာပုဒ်များကိုတော့ မဖောက်ဖျက် ရပေ၊ သီလအကျင့်ကို စောင့်ထိန်းရပေမည်-

ဟူသောဩဝါဒစကားဖြင့်လည်း နောင်လာ နောက်သား ညီတော် သံဃာများအား မိန့်မှာထားခဲ့လေသည်။ မိမိ ကိုယ်တိုင်လည်း သိက္ခာပုဒ် သီလတော်ကြီးကို စိတ်ပျော်ပျော် လိုက်နာကျင့်သုံးရန် အတန်တန် မှာကြားခဲ့လေသည်။ ဝိနည်းသီလတော်ဟူသည် အရေအတွက် မည်မျှပင် များသော်လည်း လေးစားလိုက်နာလိုသော စိတ်ကောင်း ရှိပါက လုံခြုံရမည်သာ ဖြစ်သည်။

ပထမသံဂါယနာတင်ခဲ့ရသည့် အကြောင်းရင်း

ဝိနည်း သိက္ခာပုဒ်များသည် မြတ်စွာဘုရား၏ စည်းကမ်း ဥပဒေများ ဖြစ်သည်။ တားမြစ်ချက်နှင့် ခွင့်ပြုချက်၊ ဆောင်ရန်နှင့် ရှောင်ရန်ဟု နှစ်မျိုးသာ ရှိသည်။ သာသနာတော်ကို ချစ်မြတ်နိုးသူတို့က ချုပ်ချယ်ချက်များဟု မယူဆသော်လည်း သဒ္ဓါတရား နည်းပါးသူတို့က ချုပ်ချယ် ချက်များဟု မှတ်ယူကြလေသည်။

စာမျက်နှာ-၁၆

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသော အချိန်တွင် အရှင်မဟာကဿပမထေရ်ကြီးသည် တပည့် ရဟန်းငါးရာ နှင့်အတူ ပါဝါပြည်မှ ကုသိနာရုံသို့ ကြွလာတော်မူချိန် ဖြစ်သည်။ မထေရ်ကြီး၏ တပည့်ပရိသတ်ထဲတွင် မြတ်စွာဘုရားအပေါ် မကျေမနပ်ဖြစ်ခဲ့သည့် သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီးတစ်ပါး ပါဝင်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီ ဖြစ်ကြောင်း သတင်းကို အာဇီဝက တက္ကတွန်းတစ်ဦးထံမှ ကြားရသောအခါ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်ရဟန်းတို့ အော်ဟစ်လူးလှိမ့် ငိုကြွေးကြသည်။ ထိုသို့ ငိုကြွေးသည်ကို သုဘဒ္ဒ တောထွက်ရဟန်းကြီး မြင်တွေ့ ရသောအခါ အောက်ပါအတိုင်း ပြောဆိုခဲ့သည်-

“ငါ့ရှင်တို့ —တော်လောက်ပါပြီ၊ ငိုမနေကြပါနှင့်၊ စိုးရိမ်ပူဆွေး မနေကြပါနှင့်၊ ခုဆိုလျှင် ငါတို့သည် ရဟန်းကြီးဂေါတမ လက်မှ လွတ်မြောက်ကြပြီ၊ သူရှိစဉ်တုန်းကဆိုလျှင် ဒါက အပ်စပ်တယ်၊ ဒါက မအပ်စပ်ဘူး၊ ဒီလိုလုပ်ရမယ်၊ ဒီလို မလုပ်ရဘူး စသည်ဖြင့် ငါတို့ကို ချုပ်ချယ်ခဲ့တယ်၊ ခုတော့ ငါတို့ လွတ်လပ်ပြီ။ ငါတို့ လုပ်ချင်တာကို လုပ်မယ်၊ မလုပ်ချင်တာကို ငါတို့ မလုပ်ဘူး၊ စိတ်တိုင်းကျ

စာမျက်နှာ-၁၇

ထင်သလို ကြိုက်သလို လုပ်နိုင်ကြပြီ၊ ငါ့ရှင်တို့ ငိုမနေကြနှင့်တော့”

အထက်ပါစကားကို ကြားရသောအခါ အရှင်မဟာကဿပ မထေရ်ကြီး ဓမ္မသံဝေဂ ဖြစ်တော်မူခဲ့သည်။ မြတ်စွာဘုရားမှ ပရိနိဗ္ဗာန်စံ၍ ရက်ပင်မလည်သေး၊ သာသနာတော်ကို နှောင့်ယှက်ဖျက်ဆီးမည့် သာသနာ့ ရန်သူတွေ ပေါ်ပေါက်လာပေပြီ၊ သာသနာတော် အရှည် တည်တံ့ရန်အတွက် သံဂါယနာတင်မှတော်တော့မည်ဟု စဉ်းစားတော်မူခဲ့လေသည်။ ပထမသံဂါယနာတင်ခဲ့ရသည့် အကြောင်းရင်းမှာ ဝိနည်းသိက္ခာပုဒ်များကို မကျင့်လိုသူတို့ ပေါ်ပေါက်လာသဖြင့် ထိုသူတို့၏ ရန်ကို ကာကွယ် တားဆီးရန် အဓမ္မဝါဒီများ အင်အားမကောင်းခင် ကြိုတင် တားဆီး ကာကွယ်ခြင်းပင် ဖြစ်လေသည်။

“အနာဂတေ လဇ္ဇီ ရက္ခိဿတိ”

အနာဂတ်သာသနာ အဓွန့်ရှည်ကြာ ခိုင်မာတည်တံ့ ရေးအတွက် လဇ္ဇီသူမွန် သီလဝန်ပုဂ္ဂိုလ်များ ကာကွယ် စောင့်ရှောက်ရစ်လိမ့်မည်ဟု ယုံကြည်စိတ်ချစွာ ဥဒါန်းကျူးခဲ့သည်။ (ဝိ၊ဋ္ဌ၊၁၊၁၉၉)

စာမျက်နှာ-၁၈

ဒုတိယသံဂါယနာတင်ရသည့် အကြောင်းရင်း

မြတ်စွာဘုရားသားတော် သံဃာတော် အရှင်သူမြတ်တို့သည် သိက္ခာပုဒ်တော်များကို အသက်ပမာ စောင့်ထိန်းခဲ့ ရာမှ ကာလ ကြာညောင်းလာသောအခါ အချို့သော ပုဂ္ဂိုလ်တို့သည် ကာလဒေသ ဌာနကိုလိုက်၍ အချို့သော သိက္ခာပုဒ်ငယ်များကို လိုက်နာမှု လျော့ရဲလာသည်။ အရှင်ယသ မထေရ်သည် ဝေသာလီပြည် ကုဋာဂါရသာလာ ကျောင်းတော်ကြီးသို့ ဒေသစာရီ ကြွရောက်လာသောအခါ ဝေသာလီပြည်သား ဝဇ္ဇီရဟန်းတော် အချို့တို့ ရွှေငွေ အလှူခံနေသည်ကို တွေ့ရသည်။ အချို့သော ရဟန်းတော်များသည် စားသောက်ဖွယ်များကို မအပ်သောနည်းဖြင့် ရက်ရှည် သိမ်းဆည်းသိုမှီး သုံးဆောင်နေသည်ကို တွေ့ခဲ့ရသည်။ အဝိနယဒသဝတ္ထုကခေါ် ဝိနည်းတော်နှင့် မလျော်ညီသော အရာဝတ္ထု၊ ဆယ်မျိုးကို ရဟန်းတော်အချို့ လက်ခံ သုံးစွဲ နေမှုသည် ဝိနည်းသာသနာတော် ဆုတ်ယုတ်ဖို့ရန် အခြေခံ ဖြစ်လာသည်ဟု မြင်တော်မူသဖြင့် ကြောင့်ကြမဲ့ နေတော်မမူဘဲ အရှင်သဗ္ဗကာမိ အရှင်ရေဝတ အရှင်သမ္ဘူတ စသော မြတ်စွာဘုရားကို ဖူးတွေ့လိုက် မှီလိုက်ဖူးသော သက်တော်ရှည် ဆရာတော်ကြီးများထံ တင်ပြ၍ သံဂါယနာတင်ရန် စီမံခဲ့သည်။

စာမျက်နှာ-၁၉

အရှင်ယသမထေရ်၏ ကြိုးပမ်းမှုကြောင့် ဒုတိယသံဂါယနာ တင်ပွဲ ကျင်းပခဲ့ရသည်။ သံဂါယနာတင်ရခြင်း၏အကြောင်း ရင်းမှာ အချို့သောရဟန်းတော်တို့မြတ်စွာဘုရား၏ ပညတ်ချက်အချို့ကို ဖောက်ဖျက်နေမှုကို ဟန့်တားရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။ ဝိနည်းသိက္ခာပုဒ်များကို နေရာဒေသ ခေတ်ကာလ ပြောင်းလဲမှုပေါ် မူတည်၍ မလိုက်နာ မကျင့်ကြံလိုမှုများ မကြီးထွားစေရန် တားဆီး ကာကွယ်ခြင်းပင် ဖြစ်ပေသည်။

တတိယသံဂါယနာတင်ရသည့် အကြောင်းရင်း

သာသနာသက္ကရာဇ် ၂၃၅-ခုနှစ်တွင် တတိယ သံဂါယနာ တင်ခဲ့ရပြန်သည်။ သံဂါယနာ တင်ရခြင်း၏ အကြောင်းရင်းကို လေ့လာ သုံးသပ်လျှင် ဝိနည်းသိက္ခာပုဒ်များကို လေးစားလိုက်နာမှု လျော့ကျခဲ့၍ ဖြစ်ကြောင်း တွေ့ရသည်။ သီရိဓမ္မာသောကမင်းကြီးသည် ဗြာဟ္မဏ ဘာသာ ကိုးကွယ်ရာမှ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဖြစ်လာသည်။ ဗုဒ္ဓဘာသာဝင် ဖြစ်လာသော မင်းကြီးသည် ရဟန်း သံဃာတော်တို့အား ပစ္စည်းလာဘ်လာဘ အလျှံပယ် လှူဒါန်း ခဲ့သည်။ သာသနာတော်ကို အကြီးအကျယ် ချီးမြှောက်သဖြင့် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ ချမ်းသာစွာ ရဟန်းတရား

စာမျက်နှာ-၂၀

အားထုတ်နိုင်ကြသည်။ ထိုသို့သော အခွင့်အရေးကောင်းကို တွေ့မြင်ရသောအခါ သာသနာပ တိတ္ထိတက္ကတွန်းတို့သည် မိမိတို့ဘာသာ သင်္ကန်းဝတ်၍ ရဟန်းယောင် ဆောင်ကာ သာသနာ့ဘောင်သို့ ဝင်ရောက်လာကြသည်။ သာသနာတော်သည် အတု အစစ် ရောပြွမ်းလာသည်။ အနေချောင် အစားချောင်၍ သာသနာ့ဘောင်သို့ ဝင်လာသူများ ဖြစ်သဖြင့် သဒ္ဓါစိတ် ကင်းမဲ့ကြသည်။ မြတ်စွာဘုရား၏ သိက္ခာပုဒ်တော်များကို လေးစားလိုက်နာမှု မပြုကြတော့ပေ၊ သာသနာတော်သည် သံဃာတော် အရေအတွက် များပြားမှုရှိသော်လည်း အရည်အချင်းရှိသော သီလ၊ သမာဓိ၊ ပညာ သိက္ခာ ပြည့်စုံသော သံဃာတော်တို့နည်းပါးလာသည်။

ထိုကဲ့သို့ ဝိနည်းကျင့်ကြံမှု လျော့ပါးလာသဖြင့် သံဃာတော် အစစ်အမှန်တို့သည် သံဃာ အတုအယောင်တို့နှင့် ဥပုသ်ပြုမှု စသော ကံကြီး ကံငယ် သံဃာ့ကိစ္စတို့ကို လက်တွဲ မဆောင်ရွက်ကြတော့ပေ။ ထို့ကြောင့် ပါဋလိပုတ် နေပြည်တော်ဝယ် ခြောက်နှစ်တာမျှ ဥပုသ်ပြုမှု ရပ်ဆိုင်းနေသည်။ ဘုရင်မင်းကြီးက သိမ်ဝင်ခိုင်း ဥပုသ်ပြုခိုင်းသော်လည်း သံဃာတော်အစစ်အမှန်တို့က ငြင်းဆန်နေသည်။ ဥပုသ်ပြုရန် ငြင်းဆန်သူတို့ကို အာဏာဖီဆန်သည်ဆိုကာ တာဝန်ခံအမတ်က သတ်ဖြတ်ပစ်၍ သံဃာတော် အစစ်

စာမျက်နှာ-၂၁

အမှန်တို့ အသတ်ခံခဲ့ရသည်။ မင်းကြီး ကြားသိရသဖြင့် စိတ်မသက်မသာ ဖြစ်ရလေသည်။ ထိုပြဿနာကို အဟော ဂင်္ဂါ အရပ်တွင် သီတင်းသုံးနေတော်မူသော အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်အား ပင့်လျှောက်ထားသဖြင့် အဖြေမှန်ရကာ စိတ်သက်သာခဲ့သည်။ သာသနာတော်၏ ရန်စွယ်ဖြစ်သော ဝိနည်းသိက္ခာ ကင်းမဲ့သည့် သံဃာတု သံဃာယောင်တို့အား စစ်ဆေး မေးမြန်းတော်မူပြီး လူဝတ်လဲစေကာ သာသနာတော် သန့်ရှင်းစင်ကြယ်အောင် ဆောင် ရွက်တော်မူသည်။ နောင်အခါတွင် ဤကဲ့သို့ ဝိနည်းတော်နှင့် ဆန့်ကျင်သော အပြုအမူတို့ မပေါ်ပေါက်စေရန် ရည်သန် တော်မူပြီး တတိယသံဂါယနာ တင်တော်မူခဲ့ကြသည်။

မြတ်စွာဘုရား ပညတ်တော်မူခဲ့သော ဝိနည်းတော် သည်ကား သံဃာတော်တို့အတွက် အစဉ်ထာဝရတည်ရှိ၍ ပြည့်စုံလျက်ပင် ရှိနေပါသည်။ သို့ဖြစ်စေကာမူ အချို့သော ပုဂ္ဂိုလ်တို့ ကျင့်ကြံလိုက်နာရန် သဒ္ဓါစိတ်လျော့ပါးမှုကြောင့် တခါတရံ အားနည်းလာတတ်ပါသည်။ နေရာ ဒေသ ခေတ်ကာလ ပြောင်းလဲမှုများကြောင့် တခါတရံ သိက္ခာပုဒ်များကို ဖြည့်ကျင့်ရန် အခက်အခဲနှင့် တွေ့ကြုံရတတ်ပါသည်။သို့သော်လည်း လူဒါယကာ ကပ္ပိယကာရကတို့က တတ်သိလိမ္မာ ကျွမ်းကျင်စွာ ကူညီ ဆောင်ရွက်ပေးကြလျှင်

စာမျက်နှာ-၂၂

ရဟန်းကော်တို့ ဝိနည်းသိက္ခာကို ချမ်းသာလွယ်ကူစွာ ဖြည့်ကျင့်နိုင်ကြမည် ဖြစ်ပေသည်။ သို့ဖြစ်၍ နေရာ ဒေသ ခေတ်ကာလ ပြောင်းလဲမှု အမျိုးမျိုးကြောင့် တွေ့ကြုံလာမည့် အခက်အခဲကို ဆရာ ဒကာ လက်တွဲကာ သာသနာတော် အဓွန့်ရှည်ရေးအတွက် အလေးပေး ဆောင်ရွက်သင့်ပေသည်။

ရဟန်းတော်များအတွက် လိုအပ်နေသော ကပ္ပိယ

ရဟန်းတော်များသည် သာသနာ့တာဝန်ကို ထမ်းဆောင်နေကြသော သာသနာ့ဝန်ထမ်း ပုဂ္ဂိုလ်တို့ ဖြစ်သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့မည်သည် ကိစ္စမြားမြောင် လူ့ဘောင်လောကမှ ခွာရှောင်နေသူများ ဖြစ်ပြီး နေ့စဉ်နှင့် အမျှ ပရိယတ် ပဋိပတ်သာသနာ့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်နေရသူများ ဖြစ်သည်။ လူဒါယကာများကဲ့သို့ စားဝတ်နေရေးကို မိမိကိုယ်တိုင် ပြုလုပ်ဖန်တီး သုံးစွဲ၍ မသင့်လျော်ပေ။ သာသနာ့ဝန်ထမ်းတို့ ရွှင်လန်းကျန်းမာ ချမ်းသာစွာဖြင့် ဝိနည်းကျင့်ဝတ်များကို ကျင့်သုံးနိုင်ပါမှ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ ခိုင်မြဲပေမည်။ သာသနာ့ဝန်ဆောင် ရဟန်းတော်တို့ ခက်ခဲ မရှိ ဝိနည်းကျင့်ဝတ်များကို ဖြည့်ဆည်းရန်အတွက် ကပ္ပိယ ကာရကခေါ် ကပ္ပိယတို့ လိုအပ်နေသည်။

စာမျက်နှာ-၂၃

ရဟန်းတော်များသည် ရဟန်းသိက္ခာနှင့်အညီ နေထိုင်သွားလာ ပြောဆိုဆက်ဆံ ဘုဉ်းပေးသုံးဆောင်နေရသဖြင့် အချို့သောကိစ္စများကို ကိုယ်တိုင်ကိုယ်ကျဆောင် ရွက်ခွင့်မရှိပေ။ ထိုသို့သော ကိစ္စများကို လူ သာမဏေတို့က ကူညီပေးနိုင်သည်။ သာမဏေသည်ပင် တခါတရံ သီလစောင့်ထိန်းမှုအရ မပြုလုပ်ကောင်းသော ကိစ္စများ ရှိပြန်သဖြင့် လူဒါယကာတို့သည် အကောင်းဆုံးသော ကပ္ပိယတို့ ဖြစ်ကြသည်။ လူကပ္ပိယတို့မှာမူ ရဟန်းတော် များအတွက် လိုအပ်ချက်များကို အပြည့်အဝ ဆောင်ရွက် ပေးနိုင်သူများ ဖြစ်၍ အမှန်ပင် လိုအပ်နေသူများဖြစ်သည်။ ကပ္ပိယကာရကတို့ မရှိသဖြင့် အချို့သောကိစ္စများကို ရဟန်းတော်များကိုယ်တိုင် မလုပ်မဖြစ်၍ လုပ်ကိုင်ရသည့်အတွက် အာပတ် ကျူးလွန်မိတတ်သည်လည်း ရှိသည်။ ထို့ကြောင့် ကပ္ပိယသည် အမှန်တကယ် လိုအပ်ပါသည်။

ဝိနည်းသာသနာတော်ကို အထောက်အကူပြုလျက် ရှိသော ကပ္ပိယကောင်းတစ်ဦး

မြန်မာတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြသောအခါ ဗုဒ္ဓမြတ်စွာ၏ ဓမ္မနှင့်ဝိနယတို့ကို သင်ယူ မှတ်သား အပြည့်အဝ ရယူ စုဆောင်း လေ့လာခဲ့ကြသည်။ မြန်မာလူမျိုး

စာမျက်နှာ-၂၄

တို့သည် ဗုဒ္ဓစာပေကို လေ့လာရာ၌ ထွန်းထွန်း ပေါက်ပေါက် အထက်တန်းရောက်အောင် လေ့လာခဲ့ကြသည်။ အဘိဓမ္မာ အရာဝယ် မြန်မာတို့သည် ပြိုင်ဘက်ကင်းလောက်အောင် ကျွမ်းကျင်ကြသည်ဟု ဆိုနိုင်လောက်အောင် လေ့လာ တတ်ကျွမ်းကြသည်။ ဝိနည်းအရာတွင်လည်း မြန်မာတို့သည် စံတင်လောက်အောင် ကျင့်ဆောင်နိုင်ကြသည်။ ဝိနည်း သိက္ခာပုဒ်တော်များကို မြန်မာဘာသာ စာပေ ကဗျာ စကားပြေမျိုးစုံဖြင့် ရေးသားဖြန့်ဝေ အသိပညာပေးခဲ့ကြသည်။ ရဟန်းတော်များသည် ဝိနည်းသိက္ခာကို အသက်ပမာ လေးစားစွာ ကျင့်ဆောင်ခဲ့ကြသည်။ ယနေ့အထိ ဝိနည်းသိက္ခာ အပြည့်အဝ ကျင့်ဆောင်နေကြသော မြန်မာရဟန်းတော်များကို နေရာအနှံ့ ဖူးတွေ့နိုင်သည်။ ဝိနည်းနှင့် ပတ်သက် လာလျှင် မြန်မာပြည်ဖွား ရဟန်းတော်များ၏ သဒ္ဓါစိတ်ကား လွန်စွာ အလေးထား ချီးမွမ်းဖွယ်ရာ ကောင်းလောက်အောင် ရှိပေသည်။

မြန်မာလူမျိုးများသည် ကပ္ပိယကောင်းများ

ထိုကဲ့သို့ ရဟန်းတော်တို့ ဝိနည်းပညတ်တော်ကို အပြည့်အဝ လိုက်နာနိုင်ခဲ့ကြသည်မှာ ကပ္ပိယကာရက ကောင်းတို့ ပြုစုလုပ်ကျွေးမှု ကောင်းမွန်သောကြောင့်ဟု

စာမျက်နှာ-၂၅

ဆိုသော် ဆိုနိုင်ပါ၏။ မြန်မာတို့သည် ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြသူများ ဖြစ်၏။ ဆရာဘုန်းတော်ကြီး များက မိမိတပည့်ကျောင်းသားတို့အား တတ်သိ နားလည်ထိုက်သော ဓမ္မဝိနယမျိုးစုံကို သင်ကြားပေးကြသည်။ ရဟန်း သံဃာတော်တို့အား ချဉ်းကပ်နေထိုင်နည်း၊ ကပ္ပိယကာရက အဖြစ် ဆောင်ရွက်လုပ်ကိုင်နည်း၊ ဆွမ်းကွမ်းဆေး ပစ္စည်းများ အချိန်အခါအလိုက် ဆက်ကပ်နည်း စသည့် ဝိနည်းဆိုင်ရာ ကပ္ပိယကောင်းတစ်ဦး၏ တာဝန်ဝတ္တရား ပြောဆိုပြုလုပ်နည်းတို့ကို လက်တွေ့ရော စာတွေ့ပါ လက်ထပ်သင်ကြားပေးလိုက် ကြသည်။

သို့ဖြစ်၍ ဘုန်းတော်ကြီးကျောင်းသား အဖြစ်မှ လူ့လောကသို့ ဝင်ရောက်လာသောအခါ ရှင်ဘုရင်ကလည်း ကပ္ပိယကောင်းအဖြစ် ဆောင်ရွက်တတ်သည်။ မှူးကြီး မတ်ရာ သေနာပတိ နိုင်ငံ့ဝန်ထမ်း မြို့စား ရွာစား သူကြီး အထိ ခေါင်းဆောင်လုပ်သူတိုင်းကလည်း ကပ္ပိယကောင်း တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ တောနေ ရွာနေ အောက်ခြေသိမ်း လူများပင်လျှင် ရဟန်းသံဃာတော်တို့နှင့် ပတ်သက်သော ကပ္ပိယတာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ကြသည်။ တပြည်ထောင်လုံး လူဒါယကာအားလုံးတို့သည် ရဟန်းသံဃာနှင့် ဆက်ဆံရာတွင် ဝိနည်းသိက္ခာနှင့်

စာမျက်နှာ-၂၆

အညီ ဆောင်ရွက်တတ်ကြ၍ ဝိနည်းသာသနာတော်ကို အထောက်အကူပြုလျက်ရှိသော ကပ္ပိယကောင်းတို့ ဖြစ်ခဲ့ ကြသည်။ သို့ဖြစ်၍ပင် မြန်မာတို့၏ ဗုဒ္ဓသာသနာသည် ဝိနယ ဓမ္မ နှစ်ဝစုံလင်စွာ ထွန်းတောက်ခဲ့သည်။ မြန်မာနှင့် ဗုဒ္ဓဘာသာသည် ရေကိုခြားသော် အကြားမထင် သကဲ့သို့ တသားတည်း တပြင်တည်း ရှင်နှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုနိုင်ခဲ့ကြသည်။

သို့သော် ကိုလိုနီခေတ်သို့ ကျရောက်သောအခါ ဘုန်းတော်ကြီးကျောင်း ပညာရေး တိမ်ကောလာသည်၊ ကျောင်းသားလူငယ်တို့ ကျောင်းမှထွက်၍ လူ့ဘောင်လောက တည်ဆောက်ကြသောအခါ သာသနာရေး အသုံး အနှုန်း၊ သာသနာ့ယဉ်ကျေးမှုတို့နှင့် စိမ်းလာကြသည်။ ရဟန်းတော်များ အပ်စပ်အောင် ပြောဆိုသုံးနှုန်းတတ်မှု ကင်းမဲ့လာ ကြသည်။ တဖြည်းဖြည်းနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတို့ လျော့ပါးလာသည်။ မြန်မာ့ယဉ်ကျေးမှု အမွေသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုမှ ရရှိခဲ့ခြင်း ဖြစ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှု လျော့ပါးလာသောအခါ မြန်မာ့ ယဉ်ကျေးမှု၊ အမျိုးသား ယဉ်ကျေးမှုတို့ပါ အားနည်းလာသည်။ ယဉ်ကျေးမှု လျော့ပါး လာမှုနှင့်အတူ ဘာသာ သာသနာစိတ်ဓာတ်တို့ အားနည်း

စာမျက်နှာ-၂၇

လာသည်။ တိုင်းတပါး ယဉ်ကျေးမှု ပြင်ပအယူဝါဒ လွှမ်းမိုးမှုတို့ နေရာယူလာကြသည်။ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာ အများစုသည် ရဟန်းသံဃာတော်တို့နှင့် ဆက်ဆံရာတွင် စနစ်ကျမှု နည်းပါးလာသည်။

ယခုအခါ နိုင်ငံနှင့်အဝန်း ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန် ကြိုးပမ်းနေကြသည်။ နိုင်ငံ ခေါင်းဆောင်ကြီး အသီးသီးတို့က ရှေ့က ဦးဆောင်ညွှန်ပြ အလှူဒါန ပြုလုပ်ကြသဖြင့် ပြည်ထောင်စုတဝန်းလုံး ဘာသာသာသနာနှင့် စပ်လျဉ်းသော ပွဲလမ်းသဘင်များဖြင့် ဖွံ့ဖြိုး စည်ပင်လာသည်။ မြန်မာတို့၏ ဓလေ့စရိုက်ကပင် ဘာသာရေးပွဲတော်များဖြင့် ပျော်ရွှင်တက်ကြွစွာ နေလေ့ ရှိသော ဓလေ့ဖြစ်သဖြင့် မြန်မာ့ယဉ်ကျေးမှုတို့ ပြန်လည် နိုးကြားလာပြီဟု ဆိုရမည်ဖြစ်သည်။ ထိုအခါ သာသနာရေး ကိစ္စ ဆောင်ရွက် ကြီးကြပ်သူတို့သည် ရဟန်းတော်တို့နှင့် ဆက်ဆံရာတွင် အပ်စပ်အောင်ပြုရမည့် ကပ္ပိယတာဝန်များကို တတ်ကျွမ်းနားလည်ထားရန် လိုအပ်လာသည်။ ကပ္ပိယကောင်းတို့သည် သာသနာပြုဖော်ပြုဖက် ဖြစ်၍ သာသနာတော် အဓွန့်ရှည်ကြာ တည်တံ့ရေးအတွက် လွန်စွာ လိုအပ်သူများ ဖြစ်သည်။

စာမျက်နှာ-၂၈

“တပည့်လိမ္မာ ဆရာ အာပတ်လွတ်” ဟူသော မြန်မာ စကားသည် လွန်စွာလေးနက် အဖိုးတန်လှသည်။ ကပ္ပိယ ကောင်းတစ်ဦးသည် ဝိနည်းသာသနာတော်ကို အထောက် အကူ များစွာပြုနိုင်သည်။ တပည့်ဒကာ ကပ္ပိယကာရကတို့ ဝိနည်းအရာ လိမ္မာကျွမ်းကျင်ပါမှ ဆရာတော် သံဃာတော်တို့ အာပတ်သင့်မှုမှ ကင်းလွတ်ကြမည် ဖြစ်သည်။ ရဟန်းတော်တို အာပတ်သင့်မှုမှ ကင်းလွတ်၍ သီလစင်ကြယ်ကြပါမှ သာသနာတော်ကြီး သန့်ရှင်း စင်ကြယ်ပေမည်။ သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်ရှိနေပါမှ လူဒါယကာတို့ လှူဒါန်းမှု ဒါန၊ ဆောက်တည်မှု သီလ၊ ပွားများမှု ဘာဝနာတရားတို့ အကျိုးများပေမည်။ မိမိတို့၏ ဒါန သီလ ဘာဝနာတို့ကို စင်ကြယ်စွာ ပွားများအားထုတ်မှသာလျှင် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမြတ်ကို ရရှိနိုင်ပေမည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းသည် ဝိနည်း သာသနာတော်ကို အထောက်အကူပြုလျက်ရှိသော ကပ္ပိယ ကောင်းတစ်ဦးဖြစ်ရန် အမှန်ပင် ကြိုးစားသင့်လှပေသည်။

စာမျက်နှာ-၂၉

အခန်း (၂)

ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယာဝန်များ

ကာလိက (၄) မျိုး

ရဟန်းသံဃာတော်တို့သည် လူများနှင့် မတူပေ။ မြတ်စွာဘုရား ပညတ်တော်မူထားသော သိက္ခာပုဒ်တော် များအရ ခဲဖွယ် ဆွမ်းဘောဇဉ် အဖျော် ဆေးဝါးတို့ကို အချိန်အခါအလိုက် အကပ်ခံ သုံးဆောင်ရသည်။ ရဟန်းတော် တစ်ပါး အချိန်အခါအလိုက် သုံးဆောင်ကောင်းသော အခြေအနေတို့ကို သိထားပါမှ ကပ္ပိယတို့သည်လည်း ဝိနည်းတော်နှင့်အညီ အပ်စပ်အောင် တာဝန်ယူနိုင်ပေမည်။ သို့ဖြစ်၍ ကာလိက လေးမျိုး၏ အဓိပ္ပာယ် အကျဉ်းကို သိထားသင့်ပေသည်။

စာမျက်နှာ-၃၁

ကာလိကဟူသော စကား၏ အဓိပ္ပာယ်မှာ ပိုင်းခြား သတ်မှတ်ထားသော အချိန်အတွင်း၌ သုံးဆောင် စားသောက်ရသော အစားအစာများဟု အဓိပ္ပာယ်ရသည်။ ကာလိက လေးမျိုး ရှိသည်။၎င်းတို့မှာ-
(၁) ယာဝကာလိက
(၂) ယာမကာလိက
(၃) သတ္တာဟကာလိက
(၄) ယာဝဇီဝိကတို့ ဖြစ်ကြသည်။

(၁) ယာဝကာလိက

အကပ်ခံပြီးနောက် မွန်းတည့်တိုင်အောင် အပ်စပ်သော (သုံးဆောင်နိုင်သော) ဘောဇဉ် (၅) ပါး၊ မုန့်ခဲဖွယ် ဟူသမျှနှင့် နွားနို့ နို့ဆီ စသော သောက်ဖွယ်များကို ယာဝကာလိကဟု ခေါ်၏။ “ယာဝကာလံ-မွန်းတည့်ကာလတိုင်အောင် + ပရိဘုဉ္ဇိတဗ္ဗံ-စားကောင်း၏” ဟူသော စကားအရ အရုဏ်တက်ပြီးမှစ၍ မွန်းတည့်တိုင်အောင် ရဟန်းတော်တို့ သုံးဆောင်ကောင်း၏။

စာမျက်နှာ-၃၂

(၂) ယာမကာလိက

အကပ်ခံပြီးနောက် ပစ္ဆိမယာမ် (နောက်တစ်နေ့ အရုဏ်မတက်မီ)တိုင်အောင်အပ်သော ဖျော်ရည်မျိုးကို ယာမကာလိကဟု ခေါ်သည်။ “ယာမကာလံ-နောက်ဆုံး ညဥ့်ယာမ်တိုင်အောင်+ပရိဘုဉ္ဇိတဗ္ဗံ-သုံးဆောင်ကောင်း၏” ဟူသော စကားအရ မွန်းတည့် ပြီးနောက်မှ နောက်တနေ့ အရုဏ်မတက်မီတိုင်အောင် သောက်ကောင်းသော အဖျော်ရည်များတည်း။

(၃) သတ္တာဟကာလိက

အကပ်ခံပြီးနောက် (၇) ရက်အတွင်းအပ်သော ဆေးပစ္စည်းများကို သတ္တာဟကာလိကဟု ခေါ်သည်။

“သတ္တာဟကာလံ-(၇) ရက်ကာလပတ်လုံး + ပရိဘုဉ္ဇိတဗ္ဗံ-သုံးဆောင်ကောင်း၏”ဟူသော စကားအရ (၇) ရက်လုံးလုံး ဘုဉ်းပေး သုံးဆောင်ကောင်းသော ဘေသဇ္ဇသိက္ခာပုဒ်လာ သပ္ပိ စသော ဆေး (၅) မျိုးကို သတ္တာဟကာလိကဟု ခေါ်၏။

စာမျက်နှာ-၃၃

(၄) ယာဝဇီဝိက

အကပ်ခံပြီးနောက် တစ်သက်လုံး သုံးဆောင် ကောင်းသော ဆေးဝါးပစ္စည်းများသည် ယာဝဇီဝိကမည်၏။

“ယာဝဇီဝံ-အသက်ရှည်သမျှ (အသက်ထက်ဆုံး) တသက် ပတ်လုံး + ပရိဘုဉ္ဇိတဗ္ဗံ-သုံးစွဲကောင်းသော အစားအစာတည်း” ဟူသော စကားအရ ယာဝကာလိက၊ ယာမကာလိက၊ သတ္တာဟကာလိကတို့တွင် မပါဝင်သော လူတို့သည် ထမင်း၊ ဟင်း အစားအစာ အဖြစ်ဖြင့် သုံးစွဲလေ့ မရှိသော (အဖျော်ရည်နှင့် သတ္တာဟကာလိက ဆေးမျိုးတို့ တွင်လည်း မပါဝင်သော) မန်ကျည်းရွက်အကြမ်း၊ ကင်ပွန်း ရွက်အကြမ်းစသော အရွက်၊ အခေါက်၊ အမြစ်၊ အဥတို့နှင့် ဆား၊ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန် စသည်တို့ကို ယာဝဇီဝိက ဟု ခေါ်သည်။ ဆား၊ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်တို့ကို ဟင်းလျာတွင် ထည့်သွင်းသုံးစွဲသော်လည်း ဟင်း၏ အထည် ကိုယ် ပဓာနအဖြစ်ဖြင့် သုံးစွဲသည်မဟုတ်၊ အဆာမျှသာ ဖြစ်သည်။ ထို့ကြောင့် ထိုပစ္စည်းတို့သည် ယာဝဇီဝိကများ ဖြစ်ကြသည်။ အဆာပြေ မသုံးဆောင်ကောင်း၊ ဆေးအဖြစ် သုံးစွဲနိုင်သည်။

စာမျက်နှာ-၃၄

ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်နိုင်သော ပစ္စည်းများကို ခွဲခြားလျှင် အထက်ပါအတိုင်း (၄) မျိုးသာ ရှိသည်။ အချိန်ကာလအလိုက် လေးမျိုးကွဲသဖြင့် ကာလိက လေးမျိုးဟု ခေါ်သည်။ ကာလိက လေးမျိုးကို သိထားမှသာလျှင် ဆက်ကပ်ရန်ကိစ္စ ပေါ်ပေါက်လာသောအခါ မှန်ကန်စွာ ကပ္ပိယတို့ ဆောင်ရွက်နိုင်ကြပေမည်။

ဗီဇဂါမ်နှင့် ဘူတဂါမ်

ဗီဇဂါမ်

မျိုးစေ့အားလုံးကို ဗီဇဂါမ = ဗီဇဂါမ်ဟု ခေါ်၏။ ထိုဗီဇဂါမ်သည် မူလ (အမြစ်)၊ ခန္ဓ (ပင်စည်)၊ ဖလု (အဆစ်)၊ အဂ္ဂ(အညွန့်)၊ ဗီဇ (အစေ့)အားဖြင့် (၅) မျိုး ရှိ၏။ မျိုးစေ့အဖြစ်၌ တည်ရှိသော ထိုဗီဇဂါမ်များကို ရဟန်းတော်တို့ မဖျက်ဆီးကောင်းသဖြင့် ကပ္ပိယတို့က အပ်စပ်မှုရှိအောင် ဆောင်ရွက်ပေးရသည်။

ဘူတဂါမ်

မျိုးစေ့မှ အမြစ်အညွန့်တက်ကာ အပင်အဖြစ်သို့ ရောက်လာသော သစ်ပင်အားလုံးကို ဘူတဂါမ = ဘူတဂါမ် ဟု ခေါ်၏။ ထိုမျိုးစေ့ကို စိုက်ပျိုးသည့်အခါ အမြစ်သာ

စာမျက်နှာ-၃၅

ထွက်၍ အညွန့်မထွက်သေးလျှင်သော်လည်းကောင်း၊ အညွန့်သာ ထွက်၍ အမြစ်မထွက်သေးလျှင်သော်လည်းကောင်း ဗီဇဂါမ်ဟုပင် ခေါ်၏။ အမြစ်အညွန့် နှစ်မျိုးလုံး ထွက်လျှင်ကား ဘူတဂါမ်တွင် ပါဝင်လေသည်။

မအပ်သောခိုင်းနည်း

ရဟန်းတော်များသည် ကပ္ပိယကာရကတို့အား ဤသစ်ပင်ကို ဖြတ်စမ်း၊ ခုတ်စမ်း၊ လှဲစမ်း၊ ချိုင်စမ်း၊ ဤအသီးကို ဆွတ်စမ်း၊ ခူးစမ်း၊ ငရုတ်သီး၊ ကြက်သွန် စသည်တို့ကို ထောင်းစမ်း၊ ချက်စမ်း၊ အပင်ပေါက်မည့်ကြံ စသည်တို့ကို ဖြတ်စမ်း စသောခိုင်းခြင်းမျိုးသည် မအပ်သော ခိုင်းခြင်းဖြစ်၍ အာပတ်သင့်၏။

အပ်သောခိုင်းနည်း

ရဟန်းတော်များသည် ကပ္ပိယကာရကတို့အား ဤသစ်ပင်ကို သိစမ်း၊ ကပ္ပိစမ်း၊ ဤငရုတ်သီးကို ကပ္ပိစမ်း စသော ဝိနည်းတော်နှင့်ညီသည့် ခိုင်းနည်းဖြင့်ခိုင်းမှအပ်သော ခိုင်းနည်း ဖြစ်သည်။

မည်သည့်သစ်ပင်၊ မည်သည့်ငရုတ်သီးဟု တိုက်ရိုက် မညွှန်ဘဲ “သစ်ပင်ခုတ်လိုက်၊ ငရုတ်သီး ထောင်းလိုက်” စသော

စာမျက်နှာ-၃၆

ခိုင်းနည်းဖြင့် ခိုင်းလျှင်လည်း အပြစ်မရှိပါ၊သို့ရာတွင် ရဟန်းတော်များအနေဖြင့် ဝိနည်းတော်နှင့် ကိုက်ညီသည့် “သိစမ်း၊ ကပ္ပိစမ်း”ဟု သုံးနှုန်းမှုက ပို၍ ကောင်းမွန်ပါသည်။

ဖျက်ဆီးလိုသောစိတ် မရှိဘဲ သစ်တုံးလှိမ့်ရာ၊ တောင်ဝှေးထောက်၍ စင်္ကြံသွားရာအခါတို့၌ မြက်သစ်ပင်တို့ ပျက်စီးသော်လည်း အာပတ်မသင့်ပါ။

ကပ္ပိခြင်း ဝိနည်းကံ

အထက်ပါအတိုင်း သစ်ပင် သစ်သီး ကြံ စသည်တို့ကို အပ်သောနည်းဖြင့် ဆွတ်ခြင်း၊ ခုတ်ခြင်းကို ပြုလုပ် စေပြီးသောအခါ ဘူတဂါမ်အဖြစ်မှ ကင်းလွတ်ပြီဖြစ်ပါသည်။ ကြံပင်ကို ခုတ်ယူလိုက်သောအခါ ဘူတဂါမ်ခေါ် အပင် ဘဝမှ ကင်းလွတ်သွားပါသည်။ သို့သော် နောက်ထပ် အပင် ပေါက်ဦးမည်ဖြစ်လျှင် ဗီဇဂါမ် ဖြစ်နေသေးသောကြောင့် ထိုဗီဇဂါမ်ကို ရဟန်းတော်တို့ မဖျက်ဆီးကောင်းသေးပေ။ ခုတ်ပြီး ဆွတ်ပြီး သစ်ပင်၊ သစ်သီး၊ ကြံ စသည်ကို ရဟန်းတော်များ သုံးဆောင်ကောင်းအောင် (ဗီဇဂါမ်ကို ဖျက်ဆီးရာ မရောက်အောင်) ကပ္ပိခြင်းခေါ် ဝိနည်းကံ တစ်ခုကို ပြုလုပ်ရသေးသည်။

စာမျက်နှာ-၃၇

ကပ္ပိနည်း (၅) မျိုး

ကပ္ပသဒ္ဒါသည် ဤနေရာ၌ သမဏဝေါဟာရ

ရဟန်းတော်တို့ ဝိနည်းတော်နှင့်အညီ အပ်အောင် အသုံးနှုန်းသော အခေါ်အဝေါ်ဟု အဓိပ္ပာယ်ရသည်။ ထိုသို့ အပ်အောင် ပြုလုပ်ပေးခြင်း(ကပ္ပိခြင်း)တို့သည်-

(၁) မီးဖြင့်တိုက်ခြင်း၊
(၂) ဓားဖြင့်ခုတ်ဖြတ်ခြင်း၊
(၃) လက်သည်း ခြေသည်းတို့ဖြင့် ဆိတ်ဖြတ်ထိုးဖောက်ခြင်း၊
(၄) ပင်ကိုကပင် အစေ့နုသေး၍ အပင်မပေါက် နိုင်ခြင်း၊
(၅) သရက်သီးမှည့် စသည်တို့ကဲ့သို့ အစေ့ကို ထုတ်ပစ် ခြင်းတို့ ဖြစ်သည်။
ဤ (၅) မျိုးလုံးကိုပင် ရဟန်းတော်တို့အား အပ်အောင် ပြုလုပ်ပေးခြင်း ဖြစ်သောကြောင့် ကပ္ပိခြင်းဟု ခေါ်သည်။

စာမျက်နှာ-၃၈

ခဲဖွယ်ဘောဇဉ်ကို အပ်စပ်အောင်ပြုလုပ်၍ ဆက်ကပ်ခြင်း

မုန့်ခဲဖွယ်ဘောဇဉ်

ဝိကာလဘောဇန သိက္ခာပုဒ်အရ ရဟန်းတော်များသည် ဆွမ်း ဘောဇဉ် ခဲဖွယ် သောက်ဖွယ်များကို အရုဏ်တက်မှ မွန်းတည့် တိုင်အောင်သာ ဘုဉ်းပေးနိုင်သဖြင့် ကပ္ပိယတို့သည် အချိန်ကာလအတွင်း အချိန်မီ နိုင်အောင် စီစဉ်ပေးရသည်။

ဘောဇဉ်(၅) မျိူး

ဩဒန-(ထမင်း)၊ သတ္တု-(ဆန်မှုန့်)၊ ကုမ္မာသ-(မုယောစပါးဖြင့် ပြုလုပ်ထားသော တဝက်လောက် ကျက်နေသည့် အစားအစာမျိုး)၊ မစ္ဆ-(ငါး)၊ မံသ-(အသား = နွားသား စသည်)ကို ဘောဇဉ်(၅) မျိုးဟု ခေါ်၏။

ဩဒနဟူသည် စပါးမျိုး (၇) မျိုး၏ ဆန်တို့ကို ချက်ထားသော ထမင်းတည်း။

သတ္တုဟူသည် စပါးမျိုး (၇) မျိုး၏ ဆန်ကို လှော်၍ အမှုန့်ပြုထားသော ဆန်မှုန့်ညက်တည်း၊ ထိုဆန်မှုန့်ညက်ကို

စာမျက်နှာ-၃၉

ထောပတ် ပျားရည် တင်လဲ စသည်ဖြင့် ရော၍ ရေအေးဖြင့် မွှေနှောက်လျက် စားသုံးလေ့ရှိကြသည်။

ကုမ္မာသဟူသည် ဆန်ကို တဝက်ကျက်ရုံမျှ ပြုတ်၍ ပြုလုပ်ထားသော အစားအစာတစ်မျိုးတည်း၊ ရှေးက မုယောမှုန့်ဟု ခေါ်ဆိုကြ၏။ ဂျုံမုယောဆန်တို့ဖြင့် ပြုပြင် ဖုတ်ထားသော မုန့်မျိုးစုံတည်း။

မစ္ဆဟူသည် ငါးမျိုးစုံတည်း။

မံသမှာ ရဟန်းတော်တို့ မစားကောင်းသော အသားကြီးဆယ်မျိုးမှ ကြွင်းကျန်သော အမဲသား၊ သိုးသား၊ ဝက်သား စသည့် အသားများတည်း။

အသားကြီး ဆယ်ပါး

ရဟန်းတော်တို့ မစားကောင်းသော (မအပ်သော) ဆယ်မျိုးကို အသားကြီးဆယ်မျိုးဟု ခေါ်သည်။ ၎င်းတို့မှာ-လူသား၊ ခွေးသား၊ မြင်းသား၊ ဆင်သား၊ သစ်သား၊ ကျားသား၊ ခြင်္သေ့သား၊ ဝံသား၊ အောင်းသား၊ မြွေသားတို့ ဖြစ်ကြသည်။ ထိုသတ္တဝါဆယ်မျိုး၏ အရိုး၊ အရေ၊ အသွေး၊ အမွေးတို့ပါ ရဟန်းနှင့် မဏေတို့ မအပ်စပ်ပေ။

ကပ္ပိယတို့သည် ရဟန်းသံဃာတို့အတွက် စီစဉ်သော ဆွမ်း ဟင်းလျာများကို သေချာစွာ စိစစ်ကြည့်သင့်

စာမျက်နှာ-၄၀

ပေသည်။ မအပ်သော အသားတို့ကို မ ဆက်ကပ်မိအောင် ဆောင်ရွက်ရပေမည်။

ခဲဖွယ်ဘောဇဉ်ထည့်သော သပိတ်

ရဟန်းတော်တို့၏ ပရိက္ခရာရှစ်ပါးတွင် သပိတ်သည် တစ်ပါး အပါအဝင်ဖြစ်သည်။ သပိတ်နှင့် ပတ်သက်၍ သံသပိတ်နှင့် မြေသပိတ်တို့သည် ရဟန်းတော်တို့ သုံးစွဲကောင်းသောသပိတ်များ ဖြစ်ကြသည်။ ထိုသပိတ်များဖြင့် ဆွမ်းဘုဉ်းပေးသောအခါ ကပ္ပိယတို့သည် သပိတ်ဆေးရေ၊ ဆပ်ပြာ၊ လက်သုတ်ပဝါ၊ ထွေးခံ စသည်တို့ကို အဆင်သင့် ပြင်ဆင် ထားကြရသည်။ ထိုသပိတ်များကို ဆေးကြောသောအခါ စနစ်တကျရှိရသည်။ ယခုခေတ်၌ သပိတ်များကို သပိတ်အိတ်ဖြင့် တင်းကျပ်စွာ ချုပ်ထားလေ့ ရှိသည်။ ဆေးကြောရန်အတွက် သပိတ်အိတ်ကို ယူသောအခါ သပိတ်လွယ်ကြိုးကို ဘေးဘက်ချ၊ သပိတ်ဖုံးကို ဖွင့်ပြီး ဘေးဘက်မှာချ၊ သပိတ်ထဲရှိ ဆွမ်းကျန်များကို ဖယ်ရှားပြီးမှ ရေအနည်းငယ် လောင်းထည့်ရသည်။

ထိုရေဖြင့် ပထမအကြိမ် အကြမ်းဆေးပြီး ဆပ်ပြာဖြင့် ပွတ်တိုက်ရသည်။ ထိုသို့ ဆပ်ပြာတိုက်ရာ၌ သပိတ်အတွင်း ဘက်ကိုသာ ပွတ်တိုက်ရသည်။၎င်းနောက် ရေအနည်းငယ်

စာမျက်နှာ-၄၁

ထည့်၍ သွန်ပစ်ပြီး ရေအသစ်ထည့်၍ ဆပ်ပြာရည်စင်အောင် ဆေးပါ၊ သပိတ်နှုတ်ခမ်းများကို ရေသန့် သန့်ဖြင့် ပွတ်သပ်ရုံသာ ဆေးရသည်။ အပြင်ဘက် သပိတ်အိတ်ကို ရေမစိုစေရပါ။ ဟင်းနံ့ စင်ကြယ်လျှင် သပိတ်ကို ရေစင်အောင် မှောက်သွန်ပါ၊ ၎င်းနောက် ပဝါ သန့်သန့်ဖြင့် သုတ်ပါ၊ သပိတ်အဖုံးကိုလည်း ထိုနည်းအတူ စင်ကြယ်အောင် ဆေးပါ၊ သုတ်ပါ။

သပိတ်နှင့် ပတ်သက်၍ ခုဒ္ဒသိက္ခာကျမ်းလာ မှတ်သားဖွယ်ရာတို့ကို လိုက်နာရပေမည်။ ကပ္ပိယကောင်းတို့ မည်သည် ရေမစင်သော သပိတ်ကို သိမ်းမထားရပါ၊ ရေမစင်ဘဲနှင့် သပိတ်ကို နေပူ မလှန်းရပါ၊ သပိတ်ရှိ ဟင်းနံ့များ သန့် ရှင်း စင်ကြယ်သွားစေရန် နေပူထဲတွင် ခဏမျှ လှန်းပါ၊ နေပူ ကျဲကျဲတွင် အချိန်ကြာမြင့်စွာ သပိတ်ကို နေမလှန်းရပါ၊ ကြမ်းတမ်းသောမြေပြင်ပေါ်၌ အခင်းမပါ သပိတ်ခြေ မပါဘဲ ချမထားရပါ၊ သံကောက် ဆင်စွယ်ကောက် စသည့်နေရာတို့၌ ချိတ်ဆွဲမထားရပါ၊ သပိတ်ကို သိမ်းဆည်းသောအခါ သပိတ် ဖုံးဖြင့် ဖုံးထားလျှင် အနံ့အသက် မကောင်းသောကြောင့် သပိတ်ဖုံးကို ဖွင့်၍ ထားရသည်။

ရှေးခေတ်က နံရံအခြေခိုင်အောင်၊ သို့မဟုတ် ထိုင်ရ အောင် နံရံ၏အတွင်းအပြင်၌ မြေခုံတစ်ခု အပိုလုပ်ထား

စာမျက်နှာ-၄၂

တတ်ကြသည်။ ထိုမြေခုံကို အကျည်ဟု ခေါ်သည်။ ထိုခုံ အကျည်၌ သပိတ်ထားလျှင် လိမ့်ကျမည်စိုး၍ အကျည်စွန်း၌ မထားရပါ၊ ယခုကာလ အုတ်တိုက်အစွန်းများ၌ အကျည်သဘောပင်ဖြစ်၍ မတင်ရ မထားရ၊ အကျည်က တစ်တောင်လောက် ကျယ်ဝန်း၍ လိမ့်ကျရန် မလွယ်လျှင်မူ ထားကောင်းပါ၏။ သပိတ်ခြေနှင့်အတူ စနစ်တကျ ထားရပါသည်။

ဆွမ်းစားပြီး၍ သပိတ်ကို ဆေးရန်ယူသောအခါ ပလုတ် ဆေးရေ၊ စားသောက်စွန့်ပစ်အပ်သော ဟင်းဖတ် အရိုးဖတ်များကို မထည့်ရပါ၊ သပိတ်သည် သာမန်ခွက်မျိုး မဟုတ်သည်ကို သတိပြုရပါမည်။ သပိတ်ကို လက်ဆေးခံ လုပ်၍ လက်မဆေးရပါ၊ သပိတ် လက်၌ ပိုက်လျက်ဖြစ်စေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုခုမှာ သပိတ် ရှိနေလျှင်ဖြစ်စေ တံခါးရွက်ကို မတွန်းရ၊ မင်းတုတ်ကလန်ကိုလည်း မဖြုတ်ရ၊ သပိတ်အိတ်ဖြင့် လွယ်ထားခိုက်ဖြစ်လျှင်ကား အခြေအနေ ကြည့်၍ လုပ်ကောင်းပါသည်။ သပိတ် ကျကွဲခြင်း၊ သပိတ် ပေါ်သို့ မင်းတုတ်ကလန့် လဲကျခြင်းတို့ မဖြစ်စေရန် အထူး သတိပြုရပါမည်။

စာမျက်နှာ-၄၃

ရဟန်းတော်တို့နှင့်အပ်သော ခွက်များ

ကြေးနီခွက်၊ မြေခွက်၊ သံခွက် ၃-မျိုးတို့သည် ရဟန်း သာမဏေတို့ကိုယ်ပိုင် (ပုဂ္ဂလိက)အဖြစ်ဖြင့် သုံးစွဲကောင်း၏၊ ထိုခွက်တို့၌ ထည့်၍ စားကောင်းသောက်ကောင်း၏။ သစ်သားခွက်၊ ရွှေခွက်၊ ငွေခွက်၊ ပတ္တမြားခွက်၊ ကြောင်မျက် ရွဲခွက်တို့သည် မအပ်ကုန်။

ရွှေခွက်စသော ရတနာခွက်တို့သည် ရဟန်းတော်များ ကိုင်ရုံ ထိရုံမျှ မအပ်စပ်ပေ၊ သစ်သားခွက်ကား ထည့်၍သာ မစားမသောက်ကောင်းပါ၊ ကိုင်ရုံကား ကိုင်ကောင်း၏။ ယခုကာလ ကွမ်းအစ် စသည်၌ ငွေထုံးဘူး စသည်တို့ကို မကိုင်ကောင်းပေ။ ထည့်၍လည်း မသုံး ဆောင်ကောင်းပေ၊ သို့ဖြစ်၍ ကပ္ပိယတို့သည် သတိထား၍ စီစဉ် ရပေမည်။ နိုးခွက်၊ နှီးကွမ်းအစ်၊ နှီးဖြင့် ပြုလုပ်သော လက်ဖက်အုပ်တို့ကိုပင် သစ်သားခွက်နှင့် အလားတူဟု သဘောထား၍ လက်ဖက်၊ ကွမ်းစသည် ထည့်စားမှုကို ရှောင်ကြဉ်ကြသည်။ သို့ဖြစ်၍ ကပ္ပိယတို့သည် ပန်းကန်များဖြင့် ဆက်ကပ်ကြရပေမည်။

စာမျက်နှာ-၄၄

ချက်ဖန်ခွက်၊ ချက်ကျောက်ခွက်၊ စဥ့်ခွက်၊ ကြေးဖြူ၊ ကြေးဝါခွက်တို့မှာမူ လူဥစ္စာ ဖြစ်သော်လည်းကောင်း၊ သံဃိကပစ္စည်း ဖြစ်သော်လည်းကောင်း ထည့်၍ သုံးဆောင် ကောင်းပါ၏။ ပုဂ္ဂလိကပိုင် (ရဟန်းတစ်ပါးတည်းပိုင်) အဖြစ်ဖြင့်မူ မသုံးစွဲအပ်ပေ။ ကြေးဝါဇွန်း၊ ဖန်ခွက်၊ ဖန်ချိုင့် စသည်တို့ကို ဆက်ကပ်ရာ၌ သတိပြုရမည် ဖြစ်ပါသည်။

နိုးခွက်၊ အိုးခွက်တို့သည် တခဏမျှ ထည့်၍ စားသောက်ကောင်းပါ၏။ သွားလေရာယူ၍ သပိတ်ကဲ့ သို့ကား အမြဲ မသုံးစွဲကောင်းပါ၊ ခဏလောက် ထည့်စား ရန်သာ နိုင်သည်။ ဖက်ရွက်သစ်ရွက်ဖြင့် ပြုလုပ်အပ်သော ဖက်ခွက်များလည်း ထို့အတူပင် တခဏမျှ ထည့်စားကောင်း၏ဟု သတိပြုကာ ရဟန်းတော်တို့အား ရာ၌ အပ်စပ်သောခွက်များဖြင့် ကြရန် သတိထားရပေမည်။

အကယ်၍ ရှောင်လွှဲမရသောအခါ နှီးကွမ်းအစ်ဖြင့် ထည့်၍ကပ်သော ကွမ်းကို လက်ပေါ် တဆင့်ပြောင်း၍ စားသုံးကြ၏။ ရဟန်းတော်များအတွက် အဆင်ပြေစေရန် ကပ္ပိယတို့က ကြိုးပမ်းကြရပေမည်။

စာမျက်နှာ-၄၅

ဆက်ကပ်နည်း

ရဟန်းတော်များသည် မိမိပိုင်ပစ္စည်းကို ဖြစ်စေ၊ သူတပါးပိုင် ပစ္စည်းကို ဖြစ်စေ၊ လူ သာမဏေ တိရစ္ဆာန် တစ်ဦးဦးက ဆက်ကပ်မှသာ ဘုဉ်းပေး သုံးဆောင်ကောင်းသည်။ ရေနှင့် ဒန်ပူမှတပါး အခြားသော မည်သည့်ပစ္စည်ကိုမှ အကပ်မခံဘဲ မသုံးဆောင်ကောင်းပေ။ ထို့ကြောင့် ကပ္ပိယကာရကတို့သည် နည်းစနစ်တကျ ဆက်ကပ်နည်း သိထားရပေမည်။ အကပ်ခံမြောက်ရန်အတွက် အင်္ဂါ (၅) ပါ ရှိသည်။၎င်းတို့မှာ-

(၁) ကပ်မည့် ကပ္ပိယကာရက က ရှေးရှု ဆောင်ယူလာခြင်း၊ လက်ဖြင့် ရှေ့တိုးပေးခြင်း၊ ဦးခေါင်း စသည်ဖြင့် ရွက်ထားသော စားဖွယ်ခွက်ကို လှူလိုမူ ဦးခေါင်းအနည်းငယ် စောင်းပေးခြင်းတို့ကို ပြုလုပ်ရမည်။

(၂) ကပ်မည့်သူက အကပ်ခံမည့် ရဟန်း၏ နှစ်တောင့်ထွာ (ဟတ္ထပါသ်)အတွင်း၌ ရောက်ရှိနေရမည် လှမ်းယူသော လက်မှတပါး အနီးဆုံးကိုယ်အင်္ဂါ နောက်ဘက်စွန်းမှ စတင်တိုင်းထွာ၍ (၂) တောင့်ထွာ ကွာဝေးသောအရပ်အတွင်း၌ အကပ်ခံရမည်

စာမျက်နှာ-၄၆

ရဟန်းနှင့် ကပ်လှူမည့်သူ ကပ္ပိယတို့ တည်ရှိနေရမည်။ အနီးကပ်ဆုံး ရှိနေရမည်။ နှစ်တောင့် ထွာထက် ဝေးကွာသောနေရာမှ မဆက်ကပ်ရ၊ ဆက်ကပ်လျှင် အကပ်မမြောက်၍ ရဟန်းတော်တို့အား အပြစ်ဖြစ်သည်။

(၃) အား အလယ်အလတ်ရှိသူ (သာမန်အင်အားရှိသူ တစ်ယောက်တည်း မြှောက် ချီမ, နိုင်သော ဝတ္ထု ပစ္စည်း ဖြစ်ရမည်။ စားပွဲခုံအကြီးကြီးများဖြင့် ဆက်ကပ်ရာ၌ အလွန်လေးလံလျှင် ဟင်းခွက်များကို တစ်ခွက်ချင်း ဆက်ကပ်ရမည်။ သို့မှ အကပ် မြောက်သည်။ ယင်းသို့ တစ်ခွက်ချင်း အကပ်ခံ ပြီးသောအခါ မိသားစုအားလုံး ကပ်လိုပါက စားပွဲခုံကြီးကို ညီညာစွာမ, ပြီး ထပ်မံ ကပ်နိုင်သည်။

(၄) ကိုယ်ဖြင့်ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသည့်ခွက် စသည်ဖြင့် ဖြစ်စေ၊ ပစ်၍ဖြစ်စေ ဤ(၃) မျိုးတွင် တစ်မျိုးမျိုးဖြင့် ကပ်သူက ပေးရမည်။

သို့သော်လည်း ပစ်ပေးခြင်းသည် အလွန်ရိုင်းပြသဖြင့် ကပ္ပိယတို့အနေဖြင့် ရှောင်ကြဉ်ရ ပေမည်။

စာမျက်နှာ-၄၇

(၅) ကိုယ်၏ အစိတ်အပိုင်း လက် စသည်ဖြင့် ဖြစ်စေ၊ ကိုယ်နှင့်စပ်သော ကိုင်ထားသည့်ခွက်၊ တုတ်၊ ခုံ စသည်ဖြင့် ခံ၍ ထိ၍ဖြစ်စေ ဤ(၂) မျိုးတွင် တစ်ပျိုးမျိုးဖြင့် အကပ်ခံသော ရဟန်းက ခံယူရမည်။

ဤအင်္ဂါငါးပါးနှင့် ပြည့်စုံမှသာ အကပ်ခံခြင်း မြောက်လေသည်။ အကပ်ခံပြီးမှသာ ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်ကောင်းသည်။သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် ဆွမ်းခဲဖွယ် ဖျော်ရည် ဆေးဝါးများကို လှူဒါန်းကြရာ၌ စည်းစနစ်တကျ ရန် လေ့လာထား ရပေမည်။

အကပ်ခံနည်းနှင့် ပတ်သက်၍ အချို့အချက်များမှာ ပို၍ ထင်ထင်ရှားရှား သိထားရန်လိုသဖြင့် အနည်းငယ် ဖော်ပြပါဦးမည်။ ယခုကာလ တစ်ယောက်တည်း ချီမ, နိုင်သော စားပွဲကို ဟင်းဖိတ်မည်စိုး၍ (၂) ယောက်၊ (၃) ယောက်ကိုင်လျက် ကပ်ခြင်း၊ စားပွဲအခင်းတို့ ကြမ်းပြင်မှာ ထိနေလျက် ကပ်ခြင်း၊ ကပ်မည့်သူက ရှေးရှုဆောင်၍ (၂) တောင့်ထွာအတွင်း ရောက် ရှိသော ဝတ္ထုကို လက်မြှောက်လှမ်းယူ၍ အကပ်ခံခြင်းများသည် အကပ်မြောက်ကြသည်။

စာမျက်နှာ-၄၈

ဟတ္ထပါသ် ထိုင်နည်း

အကပ်ခံသူနှင့် သူတို့ကြား (၂) တောင့်ထွာ ဟတ္ထပါသ် ရှိရမည်ဟု ဆိုသဖြင့် (၂) တောင့်ထွာ ဟတ္ထပါသ် ထိုင်နည်းကို သိရှိရန် လိုအပ်လာပါသည်။ (၂) တောင့်ထွာ ဟတ္ထပါသ် ထိုင်ရာ၌ ရှေ့ကလာ၍ ကပ်ရာဝယ် ရဟန်းက ထိုင်နေလျှင် တင်ပါး၏ နောက်ဘက်အစွန်းဖြင့်လည်းကောင်း၊ ရဟန်းက ရပ်နေလျှင် ဖနောင့်စွန်းဖြင့် လည်းကောင်း၊ စောင်းလျက် လှဲနေလျှင် စောင်းသောနံပါး၏ ပြင်ဘက်စွန်းဖြင့် လည်းကောင်း၊ ဝမ်းလျားမှောက်၍ နေလျှင် ဦးခေါင်းနား လာ၍ ကပ်မူ ဦးခေါင်းစွန်း၏ အနီးဆုံးဖြစ်သော လည်ပင်းဖြင့် လည်းကောင်း ဤသို့လျှင် လှမ်းယူသောလက်မှတပါး အနီးဆုံး ကိုယ်အင်္ဂါ၏ နောက်ဘက်စွန်းဖြင့် တိုင်းရမည်။ ကပ်သူ ဒကာဘက်ကလည်း လှမ်း၍ပေးသော လက်မှတပါး အခြားသော အနီးဆုံးအင်္ဂါ၏ ဤဘက်အစွန်းဖြင့် တိုင်းတာ ရသည်။ စားပွဲကြီးအလယ်ခြား၍ အကပ်ခံကြရာ၌ အနီးဆုံး အင်္ဂါချင်း ဟတ္ထပါသ်ဖြစ်ရန် ခဲယဉ်းသဖြင့် အနီးဆုံးဖြစ်အောင် ကပ်၍ ရမည်။

ကိုင်ရုံဖြင့် အကပ်ပျက်

အကပ်ခံရာ၌ အင်္ဂါငါးပါးသာရှိ၍ အကပ်ပျက် ကြောင်းကား အင်္ဂါ ၆-ပါးပင် ရှိသည်။ ကပ္ပိယကောင်း

စာမျက်နှာ-၄၉

တစ်ယောက် အနေဖြင့် အကပ်ပျက်ကြောင်း ခြောက်ပါးကို မသိနိုင်သော်လည်း ကိုင်ရုံဖြင့် အကပ်မပျက်သည်ကို သိထား ကိုသင့်သည်။ ရဟန်းတော်များအား ခဲဖွယ်ဘောဇဉ်တို့ကို ပြီးလျှင် (လက်နဲ့ သွားမထိနဲ့၊ အကပ်ပျက်လိမ့်မယ် ဟု ပြောတတ်ကြသည်။ ကပ်ထားသော ခဲဖွယ်ဘောဇဉ်ကို အကပ်ခံထားသော ရဟန်းတော်က မစွန့်လျှင် လူသာမဏေများ ကိုင်မိထိမိရုံဖြင့် အကပ်မပျက်ပါ။ အချို့က ကပ်ပြီးသားကို ကိုင်မိထိမိက “အကပ်ပျက်သွားပြီ၊ ပြန်ကပ်”ဟု ပြောတတ် ကြသည်။

မြူမှုန်မဝင်စေရန် သတိပြုဖွယ်

ကပ္ပိယကာရကတို့က သံဃာတော်တို့အား ဆွမ်း ဘောဇဉ် အာဟာရတို့ကို ပြီးနောက် ရဟန်းတော်တို့ ဘုဉ်းပေးသုံးဆောင်နေသောအခါ တံမြက်စီးလှည်းခြင်း၊ ဖုန်ခါခြင်း စသည်တို့ကို ဆွမ်းဝိုင်းအနီး၌ မပြုလုပ်ရပါ၊ အာဟာရများကို ရဟန်းတော်တို့ အကပ်ခံရာ၌ ရထရဏုမြူသည် အကပ်ခံနိုင်သော အသေးဆုံးအာဟာရ ဖြစ်သည်။ အကပ်ခံပြီးသော အာဟာရထဲသို့ ရထရေဏုမြူကျလျှင် အကပ်ပျက်တော့သည်သာ။ သို့ဖြစ်၍ ဆွမ်းခံတုန်းဖြစ်စေ၊ ဆွမ်းစားတုန်းဖြစ်စေ သပိတ်အတွင်း ခွက်များအတွင်းသို

စာမျက်နှာ-၅၀

ထိုမြူမှုန်မျိုးကျလျှင် ထိုမြူမှုန်နှင့်တကွ ဆွမ်းအနည်းငယ်ကို ယူပစ်ရမည်၊ ပို၍ ကောင်းသည်မှာ ထပ်၍ အကပ်ခံရမည်။ ဆွမ်းလုတ်ကို ပါးစပ်သို့ သွတ်သွင်းပြီးနောက် ဆွမ်းလုံးတစ်လုံး ဖြစ်စေ ပါးစပ်အတွင်းမှ သပိတ်ထဲသို့ ပြန်ကျလျှင် ထပ်၍ အကပ်ခံလေ့ရှိကြ၏။ သို့သော် ထိုပြန်ကျလာသော ဆွမ်းလုံးသည် ပါးစပ်ထဲ၌ရှိသော သွားရည် နှုတ်ခမ်းရည် စသည်နှင့် မလူးဘဲ ပြန်ကျလျှင် အကပ်မပျက်သေးပါ၊ သွားရည် စသည်နှင့် လူးပြီးမှ ပြန်ကျလျှင်သာ ထိုသွားရည်အတွက် အကပ်ပျက်ရသည်။ ထို့ကြောင့် ပါးစပ်မှ ဆွမ်းလုံးပြန်ကျသည့် အခါ ထပ်၍ အကပ်ခံလေ့ရှိရာ၌ ဆွမ်းတစ်လုံးကျသည့်အတွက် သပိတ်အတွင်းရှိဆွမ်းများ အကပ်ပျက်သောကြောင့် မဟုတ်ပါ။ ပြန်ကျလာသော ဆွမ်းလုံးက သွားရည် စသည်ဖြင့် လူးလာခဲ့လျှင် အကပ်ပျက်ရာ ရောက်သောကြောင့် ထိုပြန်ကျ လာသော ဆွမ်းလုံးကို ထပ်၍ အကပ်ခံခြင်း ဖြစ်ပါသည်။

ဆွမ်း-အချိုပွဲ စသည်တို့ကို ဘုဉ်းပေးရာ၌ လက် မဆေးဘဲ စားလျှင် လက်၌ ရထရေဏုမြူမျှလောက်ရှိသော မြူမှုန်များ ကပ်နေခဲ့သော် ထိုမြူမှုန်များအတွက် လက်ဖြင့်ထိရာ ခဲဖွယ်ဘောဇဉ်တို့ပါ အကပ်ပျက်တတ်ရကား ဆွမ်းစားခါနီး၌ လက်ဆေး၊ ဆွမ်းစားပြီးနောက် အချိုပွဲစားခါနီး လက်ဆေးတော်မူကြသည်။ အစားအစာ ဘုဉ်းပေးမည်ဟု လက်ဆေးပြီး

စာမျက်နှာ-၅၁

ပါက လက်သုတ် သင်္ကန်း စသည်ကို မကိုင်ဘဲ အားလုံး ကိစ္စပြီးမှ ထပ်မံ၍ လက်ဆေးတော်မူကြပြန်သည်။ ကပ္ပိယ ကာရကတို့သည် လက်ဆေးရေများ အလုံအလောက် အမြဲတမ်း ထားရှိရမည်။ လက်သုတ်ပဝါသန့်သန့်များကိုလည်း အဆင်သင့် ထားရှိရမည်။

ရထရေဏုမြူ

လှည်းရထား သွားသောအခါ ထွက်ပေါ်လာသော မြူမှုန်ကို ရထရေဏုမြူဟု ခေါ်၏။ တံမြက်စီးလှည်းခြင်း၊ ဖုန်ခါခြင်း၊ လေကြမ်းတိုက်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ် လာသော မြူမှုန်များကိုလည်း ရထရေဏုမြူဟုပင် ဆိုရ၏။ ထိုမြူအောက်ငယ်သော နံရံပေါက်မှ ဝင်သည့် နေရောင်ဖြင့်သာ မြင်နိုင်သောမြူကို တဇ္ဇာရီမြူဟု ခေါ်၏။ ထိုတဇ္ဇာရီမြူမှုန်နှင့် အဏုမြူ၊ ပရမာဏုမြူတို့မှာ အကပ်မပျက်ပါ။

သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် သံဃာတော်တို့ ဆွမ်းဘုဉ်းပေးနေစဉ် အနီးအပါး၌ တံမြက်လှည်းခြင်း၊ ဖုန်ခါခြင်း စသည်တို့ကို မပြုလုပ်ရပေ၊ စောစောကပင် ကြိုတင်၍ သန့်ရှင်းစင်ကြယ်အောင် တံမြက်လှည်းမှု၊ ဖျာခင်းမှု စသည်တို့ကို ဆောင်ရွက်ထားရပေမည်။

စာမျက်နှာ-၅၂

ရေ၊ ဒန်ပူတို့ကိုလည်း ပါ

ဒန္တပေါဏသိက္ခာပုဒ်အရ ရေနှင့် ဒန်ပူသည် အကပ်ခံစရာ မလိုပါ။ ရေဟူသည် ရထရေဏုမြူ ပမာဏရှိသော မြူမှုန် မပါသည့် သန့်ရှင်းသောရေတည်း၊ ထိုသန့်ရှင်းသောရေသည် ကာလိကလေးပါးမှ အလွတ်ဖြစ်၍ အကပ်မခံဘဲ သောက် ကောင်း၏။ ကိုယ်တိုင်လည်း ကျိုချက်ကောင်း၏။ ရထရေဏု မြူမှုန်များပါသောရေကား မြူအတွက် အကပ်မခံဘဲ မသောက် ရပေ၊ သို့ဖြစ်၍ သံဃာတော်တို့သည် သန့်စင်သောရေ ရရှိရန် ရေကိုစစ်၍ သောက်ရသည်။

ဒန်ပူတိုက်သည့် အလေ့သည် သံဃာတော်တို့၏ အလေ့တစ်ခု ဖြစ်သည်။ ရှေးခေတ် အိန္ဒိယထုံးစံမှာ သွားဖြင့် ဝါး၍ ဒန်ပူရည် ထွက်လာအောင် ဝါးပြီးမှ ဒန်ပူစားလေ့ရှိ၏။ ထိုသို့ အရည်ထွက်မှ သွားပိုးမစားနိုင်ဘဲ သွားစင်ကြယ်သည် ဟု အယူရှိသည်။ ထိုသို့ ဒန်ပူစားရာ၌ ဒန်ပူရည်များ လည်ချောင်းတွင်းမဝင်လျှင် အကပ်ခံဖွယ် မလိုသောကြောင့် ဒန္တပေါဏသိက္ခာပုဒ်အရ ခြွင်းချက်အဖြစ် ခွင့်ပြုတော်မူခဲ့သည်။ အကယ်၍ လည်ချောင်းအတွင်းသို့ ဒန်ပူရည်ဝင်လျှင်ကား အကပ်ခံမှသာ အပ်စပ်သည်။ အကပ်မခံလျှင် အပြစ်ရှိတော့ သည်သာ၊ သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် ဒန်ပူကို ဆက်ကပ်

စာမျက်နှာ-၅၃

ရာ၌ စနစ်တကျ ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ သံဃာတော်တို့အတွက် အကောင်းဆုံး ဖြစ်ပေသည်။

ကပ္ပိခြင်း

ကပ္ပိယကာရကတို့သည် သံဃာတော်တို့အား ခဲဖွယ် ဘောဇဉ်တို့ကို ဆက်ကပ်ရာ၌ အပ်စပ်အောင် ပြုလုပ်၍ ဆက်ကပ်ရသည်။

ခဲဖွယ်ဖြစ်သော အသီးအနှံတို့ကို ဆက်ကပ်ရာ၌ ထိုအသီးအနှံတို့၏ မျိုးစေ့မှ အပင်ပေါက်လောက်သော သစ်သီးများ၊ ကြံများ စသည်တို့ကို သောအခါ ရဟန်းတော်က “ကပ္ပိယံ ကရောဟိ”ဟု ဆိုပြီးနောက် ကပ္ပိယတို့က “ကပ္ပိယံ ဘန္တေ”ဟု ဆိုလျက် (ဆိုတုန်း ဖြစ်စေ၊ ဆိုပြီး ချက်ချင်းဖြစ်စေ) မီးဖြင့်သော်လည်း ထိုး၊ ဓားဖြင့်သော်လည်း ခုတ်၊ လက်သည်းဖြင့်သော်လည်း ဆိတ်လိုက် ရသည်။

ဓားလက်သည်းဖြင့် ထိုးခုတ်ဆိတ်ဖြတ်ရာ၌ ထက်ပိုင်း မပြတ်ဘဲ ဓားရာ လက်သည်းရာ အပေါက်အဖြတ် ထင်ရှားလျှင် အပ်စပ်ပြီ ဖြစ်ပါသည်။

စာမျက်နှာ-၅၄

ဓားဖြင့် ခုတ်သကဲ့သို့ပင် အပ်ဖြင့် ထိုးခြင်းသည်လည်း အပ်စပ်သည်ပင်။ ထိုသို့ကပ္ပိရာ၌ သစ်သီးစသော အရာဝတ္ထုက ရဟန်း၏ လက်ထဲ၌ ရှိနေမှ မဟုတ်၊ တောင်ပုံရာပုံ ပုံထားသော အကပ်မခံရသေးသည့် သစ်သီးပုံ၊ ကြံပုံ စသည် တို့ကိုလည်း ရဟန်းတစ်ပါးက မထိမကိုင်ဘဲ “ကပ္ပိယံ ကရောဟိ”ဟု ဆိုသောအခါ ကပ္ပိယကာရက-က တစပ်တည်း တည်နေသော သစ်သီးတစ်လုံး၊ ကြံတစ်ချောင်းကို “ကပ္ပိယံ ဘန္တေ”ဟု ဆို၍ ခုတ်လိုက် ထိုးလိုက်လျှင် အားလုံးသော အသီးများ အပင်များသည် တစပ်တည်း တည်ရှိနေသဖြင့် အားလုံးပင် ကပ္ပိပြီး ဖြစ်တော့၏။ တစ်ကြိမ် ကပ္ပိပြီးသော သစ်သီးများကို (အကပ်မခံရသေးလျှင်) နောက်ရက်များ၌ ထပ်မံ မကပ္ပိတော့ဘဲ အကပ်ခံ၍သာ ဘုဉ်းပေးနိုင်လေသည်။

ကပ္ပိယံ ကရောဟိ၊ ကပ္ပိယံ ဘန္တေ အဓိပ္ပာယ်

ကပ္ပိယံ ကရောဟိ = ကပ္ပိယံ - ရဟန်းတော်တို့အား အပ်စပ်အောင်၊ ကရောဟိ - ပြုလော့။

ကပ္ပိယံ ဘန္တေ = ဘန္တေ-အရှင်ဘုရား၊ ကပ္ပိယံ- ရဟန်းတော်တို့အား အပ်စပ်သည်ကို၊ ကရောမိ - ပြုပါ၏

ဟူ၍ မြန်မာလို အဓိပ္ပာယ်ရသည်။ ပါဠိလို ဆိုတတ်အောင် လေ့ကျင့်ထားရမည်။

စာမျက်နှာ-၅၅

ရဟန်းတော်- ကပ္ပိယံ ကရောဟိ။

ကပ္ပိယ- ကပ္ပိယံ ဘန္တေ။

အကယ်၍ ပါဠိလို မဆိုတတ်ပါက မြန်မာလို လျှောက်တတ်အောင်လည်း လေ့ကျင့်ထားရမည်။

ရဟန်းတော်-ကပ္ပိစမ်း (အပ်စပ်အောင်ပြုစမ်း)

ကပ္ပိယ-ကပ္ပိပါ၏အရှင်ဘုရား(အပ်စပ်အောင် ပြုပါ၏ အရှင်ဘုရား)ဟု ဆို၍ ဓား၊ လက်သည်း စသည်ဖြင့် ခုတ်လိုက် ဆိတ်လိုက်ကာ ကပ္ပိရလေသည်။

ဆွမ်း၊ ဆွမ်းဟင်းလိုက်ရာ၌ သတိပြုဖွယ်

ရဟန်းတော်သည် ဘောဇဉ် (၅) မျိုးကို ဘုဉ်းပေးနေရာ တစ်ဝက်လောက် ဘုဉ်းပေးပြီးနောက် ကျန်တချို့ကို ဆက်လက် ဘုဉ်းပေးနေစဉ် ဆွမ်း၊ ဆွမ်းဟင်းများ လာ၍ လိုက်ရာ “တော်ပြီ” ဟု တားမြစ်လျှင် ပဝါရိတ် သင့်၏။ ထိုသို့ ပဝါရိတ် သင့်ပြီးနောက် ဣရိယာပုထ် တစ်မျိုး ပြောင်းပြီးပါလျက် အတိရိတ်ဝိနည်းကံ မပြုဘဲ၊ ဂိလာန၏ အကျန်လည်း မဟုတ်ဘဲ ခဲဖွယ်ဘောဇဉ်ကို ဆက်စားလျှင် အာပတ် သင့်၏။

စာမျက်နှာ-၅၆

ရှေးအခါက ဆွမ်းကပ်ရာ၌ တစ်ပါးစီ တန်း၍ ဆွမ်းစားလေ့ ရှိကြ၏။ ဟင်း စသည်ကို လိုက်သူများက အစမှ အဆုံးတိုင် တစ်ပါးပြီးတစ်ပါး လှည့်၍ လိုက်ကြ၏။ မိမိမလိုသောဟင်း စသည်ကို ထည့်ရန် အနားရောက်လာလျှင် “မလို”ဟူသော အထိမ်းအမှတ်ဖြင့် လက်ကိုကာ၍ ပြုကြ၏။ “အလံ-အလံ” = “တော်ပြီ-တော်ပြီ”ဟု နှုတ်ဖြင့်သော်လည်း တားမြစ်ကြ၏။ ထိုသို့ တားမြစ်လျှင် ပဝါရိတ်သင့်သည်ဟု ခေါ်၏။

ပဝါရိတ်သင့်ရန် အင်္ဂါငါးတန် ရှိသည်။၎င်းအင်္ဂါ (၅) မျိုးမှာ-
(၁) ဘုဉ်းပေးနေဆဲ၊ စားသောက်၍ မပြီးသေး ဖြစ်ခြင်း၊
(၂) ဘောဇဉ်(၅) ပါးအနက် တစ်ပါးပါးကို ဘုဉ်းပေးနေခြင်း၊
(၃) ကပ်သူက (၂) တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ဝင်ရောက်ခြင်း၊ (ဟတ္ထပါသ်ပြင်ဘက်က မေးသည်ကို ပယ်သော်လည်း ပဝါရိတ် မသင့်ပါ)
(၄) ဆောင်ယူခိုက်ဖြစ်ခြင်း၊ (လက်မြှောက်၍ ဆောင်ယူထားခိုက်ကို ပယ်မှ ပဝါရိတ်သင့်သည်၊ “ယူမလား”ဟု နှုတ်ဖြင့်မေးသည်ကို ပယ်ရာ၌ ပဝါရိတ် မသင့်ပါ

စာမျက်နှာ-၅၇

(၅) ကိုယ်နှုတ်ဖြင့် ပယ်ခြင်းတို့ ဖြစ်သည်။ (လက်ကာခြင်း၊ ခေါင်းရမ်းခြင်း စသော ကိုယ် အမူအရာ၊ တော်ပြီ၊ မထည့်နှင့် စသော နှုတ်အမူအရာဖြင့် ပယ်ပြစ်မှ ပဝါရိတ်သင့်သည်)

အထက်ပါ အင်္ဂါ(၅) ပါးနှင့် ညီညွတ်၍ ပဝါရိတ် သင့်ပြီးသော ရဟန်းတော်သည် ပဝါရိတ်သင့်ရုံဖြင့် မည်သည့် အာပတ်မျှ မသင့်သေး။ ထိုင်လျက် ပဝါရိတ် သင့်လျှင် ထိုထိုင်ခြင်း ဣရိယာပုထ်ကို မဖျက်သေးဘဲ ဆက်၍ ဘုဉ်းပေးနိုင်၏။ လမ်းသွားရင်း စားနေခိုက် ပဝါရိတ် သင့်ပြန်လျှင်လည်း သွားခြင်း ဣရိယာပုထ်ကို မဖျက်ဘဲ မဝမချင်း ဘုဉ်းပေးနိုင် သေး၏။ ပဝါရိတ် သင့်ပြီး၍ ဣရိယာပုထ် ပြောင်းလွှဲပြီးနောက်ကား အတိရိတ်ဝိနည်းကံ မပြုဘဲ ခဲဖွယ်ဘောဇဉ်များကို မစားကောင်းတော့ပေ။

ဤနေရာ၌ ကပ္ပိယကာရကတို့ သတိပြုဖွယ် အချက်တို့ ပေါ်ပေါက်လာ၏။ သံဃာတော်တို့ကို ဆွမ်းကပ်ရာ၌ ဆွမ်းဘုဉ်းပေးနေကြစဉ် ဆွမ်းလိုက်မှု၊ ဟင်းလိုက်မှု၊ ဟင်းရည် ထပ်ဖြည့်မှု စသည်တို့ကို ပြုလုပ်ကြရသည်။ ထိုသို့ ပြုလုပ်ရာ၌ ရှေးဦးစွာ သံဃာတော်တို့အား “ဆွမ်း အလိုရှိပါသလား ဘုရား”ဟု နှုတ်ဖြင့် မေးပြီးမှ အလိုရှိလျှင် သင့်လျော်ရုံ အလွန် မများလွန်းစေဘဲ ထည့်ပေးကြရသည်။ ဆွမ်းဟင်းများကို

စာမျက်နှာ-၅၈

ထပ်မံ ဖြည့်စွက်ရန် လိုက်ကြရာ၌ ရှေးဦးစွာ လက်ဖြင့် မကော်မခပ်သေးဘဲ နှုတ်ဖြင့် မေးလျှောက်ပြီးမှသာ ထည့်သင့်သည်။ နှစ်တောင့်ထွာဟတ္ထပါသ် အပြင်ဘက်က နေ၍သော်လည်း မေးလျှောက်သင့်ပေသည်။ သံဃာတော်တို့ အပြစ် ကင်းစင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရပေမည်။ ဆွမ်း ဆက်ကပ်ရာ၌ ဘုဉ်းပေးစေလိုသော စေတနာဖြင့် လိုသည် မလိုသည်ကို မမေးမြန်းဘဲ ဆွမ်း၊ ဆွမ်းဟင်းတို့ကို လိုက်တတ်ကြသည်။ ထိုအခါ ရဟန်းတော်က တားမြစ်ပါလျှင် ပဝါရိတ်သင့်သည်။ လို မလို ရှေးဦးစွာ မေးပြီးလျှင် လိုမှ လိုက်သင့်သည်။

ခဲဖွယ်ဘောဉ်ကို အပ်စပ်အောင် သိမ်းဆည်းခြင်း

အကပ်ခံထားသော ခဲဖွယ် ဘောဇဉ်ကို သိုမှီးသိမ်းဆည်း၍ ဘုဉ်းပေးလျှင် အာပတ်သင့်၏။ ယနေ့နံနက်က အကပ်ခံထားသော ခဲဖွယ်ဘောဇဉ်ကို နက်ဖြန်နံနက်၌ စားလျှင် သိုမှီးသိမ်းဆည်း၍ စားသည် မည်၏။ နံနက်ခင်း၌ သုံးဆောင်စေကာမူ သိမ်းဆည်းထားသော ခဲဖွယ်ဘောဇဉ်များ ဖြစ်သောကြောင့် သန္နိဓိကာရက သိက္ခာပုဒ်အရ အပြစ် သင့်၏၊ မွန်းလွဲမှ ဘုဉ်းပေးလျှင်မူကား ဝိကာလေဘာဇန သိက္ခာပုဒ်အရ အာပတ် တိုး၍ သင့်နိုင်ပြန်၏။သို့ဖြစ်၍

စာမျက်နှာ-၅၉

ရဟန်းတော်များ အာပတ်မသင့်၊ အပြစ် မဖြစ်စေရေးအတွက် ကပ္ပိယကာရကတို့က သိမ်းဆည်းမှုတာဝန်ကို စနစ်တကျ ယူတတ်ကြရပေမည်။

ကာလိကလေးပါးကို သုံးဆောင်မှုနှင့် ပတ်သက်၍ ကပ္ပိယကာရကတို့ အကျဉ်းချုပ် မှတ်မိရန် ထပ်မံ ရေးသားပါ ဦးမည်။ ယာဝကာလိက ခဲဖွယ်ဘောဇဉ်များကို နေမွန်းလွဲအခါ စားသောက်လျှင် အပြစ်သင့်သည်။

ယာမကာလိကအဖျော်ရည်နှင့် သတ္တာဟကာလိကတွင် ပါဝင်သော ကြံရည်၊ ထန်းရည်ချိုဖျော်ရည် စသည်ကို မွတ်သိပ်ခြင်း အကြောင်းကြောင့် ဆာ၍ သောက်လျှင် အပြစ် မရှိပါ၊ အကြောင်းမဲ့သက်သက် သောက်လျှင် အာဟာရ အကျိုးငှာ သောက်ရာရောက်၍ အပြစ်ရှိပါသည်။ သတ္တာဟကာလိကဆေးဝါး၊ ယာဝဇီဝိက လျက်ဆား စသည်တို့ကို လေထခြင်း၊ လေနာခြင်း၊ အားနည်းခြင်း စသော ရောဂါကြောင့် စားသုံးလျှင် အပြစ်မရှိပါ။ အကြောင်းမဲ့ ဖြစ်စေ၊ ဆာလောင်ခြင်းကြောင့်ဖြစ်စေ စားသုံးလျှင်မူ အပြစ်ရှိပါသည်။

ဤအပိုင်းမှာ ရဟန်းတော်တို့အပိုင်း ဖြစ်ပါသည်။ ကပ္ပိယကာရကတို့အနေဖြင့် သိရှိထားရန် အတွက်သာ ဖြစ်ပါသည်။ ထိုသို့သိရှိထားမှသာ အချိန်ကာလအလိုက် သင့်လျော်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

စာမျက်နှာ-၆၀

ခဲဖွယ်ဘောဇဉ်နှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ ရဟန်းတော်များနှင့် ပတ်သက်၍ အဓိကအားဖြင့်-ဝိကာလဘောဇနသိက္ခာပုဒ်အရ ကာလိကလေးပါး၊
ဘူတဂါမသိက္ခာပုဒ်အရ ကပ္ပိခြင်း၊
ဒန္တပေါဏသိက္ခာပုဒ်အရ ဆက်ကပ်ခြင်း၊
သန္နိဓိကာရကသိက္ခာပုဒ်အရ သိမ်းဆည်းခြင်း-

တို့သည် အရေးပါလှသည်။ ကပ္ပိယကာရကတို့အနေဖြင့် အထူးသဖြင့် ထိုအချက် လေးချက်တို့ကို ပီပြင်စွာ နားလည် ထားမှ လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်စီမံနိုင်ပါလိမ့်မည်။

သိုမှီးသိမ်းဆည်းခြင်း

အကပ်ခံပြီးသော ခဲဖွယ်ဘောဇဉ်များကို လူသာမဏေတို့အား မစွန့်ဘဲ တစ်ညဥ့်လွန်အောင် ကိုယ်တိုင်သိမ်းဆည်း၍ ရဟန်းတော်များ မသုံးဆောင်ကောင်းပေ။ ထိုခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းတော်ကိုယ်တိုင် သိမ်းဆည်းထားလျှင် သန္နိ ဖြစ်သည်ဟု ခေါ်သည်။ ရဟန်းတော်တို့သည် ယာဝကာလိက ဆွမ်း ဘောဇဉ် ခဲဖွယ် မုန့်ပဲ သွားရေစာ အသီးအနှံတို့ကို အကပ်ခံပြီးနောက် ကပ္ပိယတို့အား မစွန့်ဘဲ နောက်တစ်နေ့ထိ သိမ်းထားမိလျှင် သန္နိဓိ ဖြစ်သွားသည်။ ကပ္ပိယကာရကတို့က ရဟန်းတော်အရေအတွက်ကို လိုက်၍ဖြစ်စေ၊ ရဟန်းတော်

စာမျက်နှာ-၆၁

တစ်ပါး၏ ဘုဉ်းပေးသုံးဆောင်နိုင်မှုကို လိုက်၍ဖြစ်စေ လိုသလောက်ကိုသာ ခွဲဝေစိစစ်၍ ဆက်ကပ်ကြရပေမည်။

အလှူအတန်း ပွဲလမ်းသဘင်များ၌လည်း ယာဝကာလိက အစားအစာများကို တစ်ခါတည်း မဆက်ကပ်မိကြရန် စီမံကြရပေမည်။ မုန့်ဘူးများ၊ အသားဘူးများ၊ ငါးသေတ္တာ၊ ငါးခြောက်၊ ပုဇွန်ခြောက်များ၊ ငါးပိ ငံပြာရည်များ စသည့် ယာဝကာလိက ပစ္စည်း ဝတ္ထုများမှာ အကပ်ခံပြီးပါက မျှော်လင့်ချက်မထားဘဲ ကပ္ပိယတို့ကို မစွန့်လျှင် သန္နိဓိ ဖြစ်သွားပါသည်။ သံဃာတော်တို့ကို လွယ်လင့်တကူ သုံးစွဲစေ လိုသော စေတနာ၊ သာဟတ္ထိက ကိုယ်ထိလက်ရောက် လှူလိုသော သဒ္ဓါတို့ကြောင့် ရဟန်းတော်များအဖို့ အပြစ် ရတတ်ကြပါသည်။ ထိုသို့ သန္နိအပြစ် မဖြစ်စေရေးအတွက် ကပ္ပိယကာရကတို့က စနစ်တကျ သိုမှီး သိမ်းဆည်းတတ်ရ ပေမည်။ ကပ္ပိယတို့ စနစ်တကျ သိမ်းဆည်းပေးခြင်း၊ နောက် တစ်နေ့တွင် ပြုပြင် ခြင်းဖြင့် ရဟန်းတော်တို့လည်း နေ့စဉ် ဘုဉ်းပေးနိုင်ပြီး အပြစ်လည်း ကင်းစင်နိုင်သဖြင့် သာသနာတော်အတွက် အလေးအနက်ထားကာ လိုက်နာ သင့်ကြပေသည်။

စာမျက်နှာ-၆၂

သပိတ် ပန်းကန် စင်ကြယ်အောင် ဆေးပါ

သပိတ် ပန်းကန်တို့၌ ထည့်၍ စားပြီးနောက် စင်ကြယ်စွာ မဆေးလျှင် ဆီစသော အာမိသကလေးများသည် ငြိကပ် ကျန်နေတတ်၏။ ထိုဆီ စသော အာမိသတို့သည် သန္နိဓိ ဖြစ်သွားကြပြီ ဖြစ်သည်။ ထိုသန္နိဓိအာမိသများသည် နက်ဖြန်နံနက်၌ ဆွမ်းပူ ဟင်းပူနှင့် ရောမိကာ ရဟန်းတော်၏ ခံတွင်းသို့ ဝင်သွားလျှင် သန္နိဓိအာမိသတို့အတွက် အပြစ်သင့်လေသည်။ ထို့ကြောင့် သပိတ် ပန်းကန်တို့၌ ဆီ စသော အာမိသ မကျန်ရအောင် စင်ကြယ်စွာ ဆေးကြရသည်။ ကွဲအက်ကြောင်းရှိသော သပိတ်ပန်းကန်များကိုလည်း ဖာထေး၍မှ အကောင်းမဖြစ်လျှင်တော့ စွန့်ပစ်ကြရမည်။

စွန့်လျှင် သန္နိဓိ မဖြစ်

အကပ်ခံပြီးနောက် ခဲဖွယ်ဘောဇဉ်များကို လူ သာမဏေတို့အား အာလျပြတ်ငဲ့ကွက်မှုမရှိဘဲ စွန့်ပေး လိုက်လျှင် သန္နိဓိ မဖြစ်တော့ပေ။ နက်ဖြန်နံနက်၌ ထိုလူ သာမဏေတို့ သိမ်းဆည်းထားအပ်သော အာမိသကို ထိုလူ သာမဏေတို့ထံမှတဖန် အကပ်ခံ၍ စားကောင်း၏။ သို့သော် စွန့်သောအခါ၌ကား အနပေက္ခဝိသဇ္ဇန” “ထိုအာမိသကို

စာမျက်နှာ-၆၃

ငါမစားတော့ပြီ”ဟု မငဲ့မကွက် (ငဲ့ကွက်စိတ် လုံးဝ မရှိဘဲ) စွန့်လိုက်ပေးလိုက်မှသာ စွန့်ရာရောက်သည်။

သန္နိဓိနှင့် စပ်၍ အောက်ပါအချက်များကို သတိပြုရပေမည်။ သပိတ်၊ ပန်းကန်ခွက်၊ လက်ဖက်ရည်ကရား စသည် များ၌ ထည့်၍ စားသောက် ဘုဉ်းပေးပြီးနောက် သပိတ် ခွက် စသည်နှင့်တကွ အကြွင်းအကျန်ကို လူသာမဏေ ကပ္ပိယတို့အား မပေးမစွန့်ဘဲ ထိုသပိတ်ခွက် စသည်တို့ကို ကိုယ်တိုင် ဆေးရာဝယ် မစင်ကြယ်၍ အာမိသကျန်နေလျှင် နက်ဖြန် နံနက်၌ အခြားအာမိသနှင့် ရောနှော၍ ဝမ်းတွင်းသို့ ပါသွားပါက အပြစ်ရှိလေသည်။ ထို့ကြောင့်ပင် အချို့ကျောင်းများ၌ ညနေတိုင်း သပိတ်ပန်းကန်ခွက်တို့ကို ဆေးကြောခြင်းကို ဝတ်တစ်ခုအနေဖြင့် ဆေးကြောရလေသည်။

ထို့ပြင် သပိတ် ခွက် စသည်တို့ကို လူသာမဏေတို့အား ပေးစွန့်လိုက်လျှင် ထိုသူတို့ ဆေးကြော၍ မစင် ကြယ်သော်လည်း သန္နိဓိ မဖြစ်တော့ပေ။ သို့ရာဝယ် ထိုအာမိသအဆီ ကပ်ကျန်နေခဲ့သော သပိတ် ပန်းကန်တို့ကို အသုံးပြုလိုလျှင် အကပ်ခံရမည်။ အကပ်မခံဘဲ ကိုင်တွယ်လျှင် အပြစ်ရှိနိုင်သည်။ အကပ်မခံဘဲ ထိုသပိတ် ခွက် စသည်တို့ကို အသုံးပြု၍ ဘုဉ်းပေးလျှင် အပြစ်ရှိနိုင်သဖြင့် ကပ္ပိယကာရကတို့က အမြဲတမ်း သင့်ပေသည်။

စာမျက်နှာ-၆၄

အခန်း(၃)

ဖျော်ရည်၊ ဆေးနှင့် စပ်လျဉ်းသော ကပ္ပိယ တာဝန်များ

အပ်စပ်သောဖျော်ရည်အမျိုးမျိုး

ဖျော်ရည်ရှစ်မျိုး

ရဟန်းတော်တို့နှင့် အပ်စပ်သော အဖျော်ရည်လုပ်ရန် အသီးများကို ကျမ်းဂန်များ၌ ရှစ်မျိုးဖော်ပြထား၏။

၎င်းတို့မှာ-
(၁) သပြေသီး
(၂) သရက်သီး
(၃) မုဒရက်သီး (သပျက်သီး)
(၄) ဖက်သက်သီး

စာမျက်နှာ-၆၅

(၅) သစ်မည်စည်သီး
(၆) တောငှက်ပျောသီး
(၇) အိမ်ငှက်ပျောသီး
(၈) ကြာစွယ်တို့ ဖြစ်ကြသည်။
၎င်းအသီးများဖြင့် ဖျော်၍လုပ်ထားသော အဖျော်ရည်သည် ရဟန်းတော်တို့အား အပ်စပ်သည်။

အနုလောမဖျော်ရည်

ထိုဖျော်ရည်ရှစ်မျိုးမှတပါး မန်ကျဉ်းဖျော်ရည်၊ ဇီးဖျော်ရည်၊ ရှောက်ဖျော်ရည်၊ သံပုရာဖျော်ရည်စသော အဖျော်ရည်တို့ကိုလည်း အနုလောမဖျော်ရည် (တိုက်ရိုက်ပြဆိုထားသော အဖျော်ရှစ်မျိုးအားလျော်သော အတူတူဖြစ်သောအဖျော်)ဟု ခေါ်သည်။ ထိုအနုလောမ ဖျော်ရည်သည်လည်း အပ်စပ်ပါသည်။ ကပ္ပိယတို့က ရဟန်းတော်တို့အား ဆက်ကပ်နိုင်ပါသည်။

မသောက်ကောင်းသောအဖျော်ယမကာများ

အဖျော်ရည် (၈) မျိုးနှင့် အနုလောမ အဖျော်ရည်တို့သည် ရဟန်းတော်များ သုံးဆောင်ကောင်းသော ယာမ

စာမျက်နှာ-၆၆

ကာလိကဝတ္ထုများ ဖြစ်ကြသည်။ ထိုဖျော်နှင့် ဆက်စပ်၍ ရဟန်းတော်တို့ မသုံးဆောင်ကောင်းသော အဖျော်ယမကာများကိုလည်း ကပ္ပိယကာရကတို့ သိရှိထားသင့်ပေသည်။ ရဟန်းတော်တို့ မသောက်ကောင်းသော ဖျော်ရည်ငါးမျိုး ရှိသည်။ ယင်း (၅) မျိုးကား-

(၁) ပိဋ္ဌသုရာ = ဆန်မှုန့်ကို လုပ်ထားသော သေရည်၊
(၂) ပူဝသုရာ = မုန့်ကို လုပ်ထားသောသေရည်၊
(၃) ဩဒနသုရာ = ထမင်းကို လုပ်ထားသောသေရည်၊
(၄) ကိဏ္ဏပက္ခိတ္တသုရာ = တဆေးမှုန့်ခေါ် သေရည်ဖြစ်ရန် မျိုးစေ့ထည့်၍ လုပ်ထားသော ဖျော်ရည်၊
(၅) သမ္ဘာရသံယုတ္တသုရာ = ဖန်ခါးသီး၊ မုန်ညင်းစေ့စသော ပစ္စည်းများ ရောစပ်၍ ပြုလုပ် ထားသောသေရည်တို့ ဖြစ်ကြသည်။

ထို့အတူပင် ရဟန်းတော်တို့ မသောက်ကောင်းသော အရက်ငါးမျိုး ရှိသည်။ ယင်းတို့မှာ-

စာမျက်နှာ-၆၇

(၁) ပုပ္ဖါသဝ = သစ်မည်စည်ပွင့်၊ ထန်းပွင့်၊ အုန်းပွင့်စသော ပန်းပွင့်တို့ကို ကြာမြင့်စွာ စိမ်ပြီး ချက်ထားသောအရက်၊
(၂) ဖလာသဝ = အသီးတို့ကို စိမ်၍ ချက်ထားသော အရက်၊
(၃) မဓူာသဝ = မုဒရက်ခေါ် သပျက်သီးစိမ်ရည်ကို ချက်ထားသောအရက်၊
(၄) ဂုဠာသဝ = ကြံရည်၊ ထန်းရည်တို့ကို စိမ်ပြီး ချက်ထားသောအရက်၊
(၅) သမ္ဘာရသံယုတ္တာသဝ = ဖန်ခါးသီး စသောပစ္စည်း အဆောက်အဦး အမယ် များစွာတို့ကို စိမ်၍ ချက်ထား သောအရက်တို့ ဖြစ်ကြသည်။

ဖျော်ရည်မအပ်သော သစ်သီးကြီး(၉) မျိုး

အဖျော်ယမကာအဖြစ် ဖျော်ရည် မအပ်သော သစ်သီးကြီး(၉) မျိုးကိုလည်း ကပ္ပိယကာရကတို့ သိထားသင့်ပေသည်။ ထိုဖျော်ရည်တို့ကို ရဟန်းတော်တို့ မသုံးစွဲသဖြင့် ဖျော်ရည်အဖြစ် မဆက်ကပ်မိကြရန် သတိပြုရပေမည်။ ယင်း

စာမျက်နှာ-၆၈

အသီးကြီး (၉) မျိုးတို့မှာ-
(၁) ထန်းသီး
(၂) အုန်းသီး
(၃) အိမ်ပိန္နဲသီး
(၄) တောင်ပိန္နဲသီး
(၅) ဘူးသီး
(၆) ဖရုံသီး
(၇) သခွား (ဆစ်သီး)
(၈) သခွား (ပြုတ်သီး)
(၉) သခွား (ကြောင်သီး)
တို့ဖြစ်ကြသည်။ အာဟာရအဖြစ် စားသုံးနိုင်သဖြင့် မွန်းလွဲသောအခါ ဖျော်ရည်အဖြစ် မဆက်ကပ်ရပေ။

ဖျော်ရည်တို့ကို အပ်စပ်အောင် ဆက်ကပ်ခြင်း

ရဟန်းတော်တို့အား အပ်စပ်သော ဖျော်ရည်များကို ပြုလုပ် ဆက်ကပ်ရမည့် ကပ္ပိယတို့သည် အဖျော်ရည်လုပ်ရာ၌ ရေစိမ်းဖြင့် ပြုလုပ်ကြရသည်။ မန်ကျည်း၊ ရှောက်၊ လိမ္မော်များကို မီးဖြင့်ချက်၍ ဖျော်ရည်လုပ်ထားလျှင် အမှုန့်များ

စာမျက်နှာ-၆၉

အဖတ်များ မပါဝင်ဘဲ သန့်ရှင်း စင်ကြယ်နေသော်လည်း ယာမကာလိက မဟုတ်တော့ဘဲ ယာဝကာလိက ဖြစ်သွား သည်ဟု ဆရာဟို မိန့်ဆိုကြသည်။ သို့ဖြစ်၍ မိမိကိုယ်တိုင် ဖျော်ရည်ဖျော်ရသောအခါ ကပ္ပိယတို့သည် မီးဖြင့် မကျိုချက်ဘဲ ရေအေးကိုသာ သုံးစွဲရန် သတိပြုရပေမည်။

မန်ကျည်းဖျော်ရည်၊ လိမ္မော်ရည်စသည့် ဖျော်ရည်များ ပြုလုပ်ရန်အတွက် မန်ကျည်းသီး၊ လိမ္မော်သီးများကို မွန်းလွဲလျှင် ရဟန်းတော်တို့ အကပ် မခံကောင်းတော့ပေ၊ ရဟန်းတော်တို့ ဖျော်ရည်သောက်လိုသည့် အခါ မန်ကျည်းသီး စသည်ကို ကိုယ်တိုင် အကပ်ခံ၍ မစိမ်ကောင်း၊ စစ်လည်းကို မစစ်ကောင်းပေ။ လူသာမဏေကပ္ပိယတို့ကို အစိမ်ခိုင်း၍ သူတို့ဘာသာ အဖတ်၊ အမှုန့် မပါအောင် စစ်ပြီးသော ဖျော်ရည်ကိုသာ မွန်းလွဲအခါ၌ သုံးဆောင်ကောင်းသည်။ ထိုအဖျော်ရည်သည်သာ ယာမကာလိက ဖြစ်သည်။ ထိုသို့ စစ်ပြီးသော ဖျော်ရည်ကိုကား ရဟန်းတော်များသည် နံနက် မွန်းမတည့်မီ အကပ်ခံထားစေကာမူ ထိုတစ်ညလုံး အရုဏ်မတက်မိတိုင်အောင် သောက်ကောင်း၏။ နေမွန်းတည့်သောအခါ၌မူ အကြောင်းမဲ့သက်သက် မသောက်ကောင်းပေ၊ ဝိပါသခေါ် မွတ်သိပ် ဆာလောင်နေမှသာ အဆာပြေအောင် သောက်ကောင်း၏။

စာမျက်နှာ-၇၀

ကပ္ပိယတို့သည် ဖျော်ရည် ရန်အတွက် အပ်စပ်သောနည်းများကို လေ့လာထားသင့်ပေသည်။ အလှူ များ၌ ဖျော်ရည်ပုလင်းများကို သံဃာတော်တို့အား တခါတည်း မဆက်ကပ်သင့်ပေ။ ယာမကာလိက ဖျော်ရည်များကိုမူ မွန်းတည့်ချိန်မှ အရုဏ်တက်ချိန်အတွင်း သုံးဆောင်ကောင်းသဖြင့် ရဟန်းတော် အနည်းအများကို လိုက်၍ဖြစ်စေ၊ သုံး ဆောင်မှု အနည်းအများကို လိုက်၍ဖြစ်စေ လိုအပ်သလောက်ကိုသာ ရမည်။ ဖျော်ရည်ပုလင်းများကို ပုလင်းလိုက် ထားပါက နောက်တစ်နေ့တွင် ဘုဉ်းပေး သုံးဆောင်ရန် မသင့်တော့သဖြင့် ကပ္ပိယတို့သည် ပုလင်းလိုက်၊ ဘူးလိုက် အများအပြား တစ်ခါတည်း မကပ်သင့်ပေ၊ တစ်နေ့စာ လိုအပ် သလောက်သာ ခွဲခြားဝေဘန်၍ ဆက်ကပ်သင့်ပေသည်။

အဖျော်ယမကာ

အဖျော်ယမကာဟူသော ဝေါဟာရသည် ယနေ့ အသုံးများကာ ရေပန်းစားလျက်ရှိ၏။ ယာမကာလိကမှ ယမကာဟု ပါဠိသက်၊ ပါဠိဖျက် ဝေါဟာရ ဖြစ်လာသည်။ ရဟန်းများသုံးဆောင်သော ဖျော်ရည်များသည် တယာမ်သာသုံးဆောင် ကောင်း၍ ယာမကာလိက ဖြစ်သည်။ ယနေ့ အဖျော်ယမကာ ဟူသော ဝေါဟာရ၌ “အရက်”ပါ ပါဝင်နေရာ သာသနာတော်၏ အသုံးဖြစ်သော“ယမကာ”ကို အရက်ဆိုင်၌ မသုံးသင့်ပေ။

စာမျက်နှာ-၇၁

ဆေး (၅)မျိုး

ဘေသဇ္ဇသိက္ခာပုဒ်တော်တွင် ဆေးပစ္စည်း (၅) မျိုးတို့ကို ဖွင့်ပြထား၏။ ယင်း ဆေးပစ္စည်းတို့မှာ-

(၁) သပ္ပိ = ထောပတ်၊
(၂) နဝနိတံ = ဆီဦး
(၃) တေလံ = ဆီ
(၄) မဓု = ပျားရည်
(၅) ဖာဏိတံ = တင်လဲတို့ ဖြစ်ကြသည်။

ထောပတ်စသည့် (၅) မျိုးကို အကပ်ခံပြီးနောက် (၇) ရက်အထိ သိမ်းဆည်း၍ ဆေးအဖြစ် သုံးဆောင်နိုင်၏၊ ဆာလောင်မွတ်သိပ်ရုံ သက်သက်ဖြင့် ရဟန်းတော်များ မသုံးဆောင်ကောင်းပေ၊ အားနည်းသောရောဂါ၊ ပိန်ခြောက်သော ရောဂါ၊ လေနာရောဂါ စသည်ရှိမှသာ သုံးဆောင်ကောင်းသည်။

တေလ-ဆီ ဟူရာ၌ နှမ်းဆီ၊ မုန်ညင်းဆီ၊ ကြက်ဆူဆီ၊ သားဆီများကိုပါ သွင်းယူကြသည်။ ဝံဆီ၊ ငါးဆီ၊ လင်းပိုင် (လပိုင်) ဆီ၊ ဝက်ဆီ၊ မြည်းဆီစသည်တို့ကို ဝသာတေလ = သားဆီဟု ဆိုသည်။ ငါးဆီများသည် ဆေးအဖြစ် အပ်စပ်သဖြင့် ငါးကြီးဆီများလည်း အပ်စပ်သည်၊ ဖာဏိတ (တင်လဲ)

စာမျက်နှာ-၇၂

ဟူသည်မှာ ကြံမှဖြစ်သော တင်လဲ၊ ထန်းပင်မှဖြစ်သော တင်လဲတို့တည်း။ အဖတ်မပါအောင် စစ်ပြီးသောကြံရည်မှစ၍ ကြံနှင့်ဆိုင်သမျှအားလုံးကို ဖာဏိတဟု ဆိုသဖြင့် သကြား၊ ထန်းရည်၊ သကာ၊ ထန်းလျက်များလည်း အပ်စပ်သည်။

ဘေသဇ္ဇခန္ဓက၌ “ဂိလာနအတွက် ကြံသကာ၊ ထန်းလျက် အခဲကိုလည်းကောင်း၊ ဂိလာန မဟုတ်သူအတွက် ကြံရည်၊ ထန်းရည်၊ ထန်းလျက်ရည်များကိုလည်းကောင်း ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူသောကြောင့် ဆာလောင် မွတ်သိပ်လျှင် သောက်ကောင်း၏။ ရဟန်းတော်များအတွက် သင့်လျော်သော ဆေးမျိုးများကို လေ့လာထားပြီး သန္နိဓိ မဖြစ်အောင် ကပ္ပိယတို့က ဆောင်ရွက် သင့်ပေသည်။ အစာအာဟာရအဖြစ် အသုံးမပြုသော အမြစ်၊ အခေါက်၊ အဥ၊ အရွက်၊ အသီးတို့ဖြင့် ပြုလုပ်ထားသော တိုင်းရင်း ဆေးများနှင့် နိုင်ငံခြားဖြစ် ဆေးဝါးအချို့မှာမူ ယာဝဇီဝိက ဆေးဝါးများ ဖြစ်ကြပါသည်။

ဆေးတို့ကို အပ်စပ်အောင် ဆက်ကပ်ခြင်း

သတ္တာဟကာလိကဖြစ်သော ဆေးဝါးပစ္စည်းများ၊ စတုမဓုများ၊ ပျားရည်၊ တင်လဲ၊ ထန်းလျက်၊ သကြား၊ ငါးကြီးဆီ စသည်များကို ဆက်ကပ်ရာ၌ ထိုဆေးဝါးတို့သည်

စာမျက်နှာ-၇၃

အကပ်ခံချိန်မှ ၇-ရက်အတွင်းသာ သုံးဆောင်ကောင်းသဖြင့် ကပ္ပိယကာရကတို့သည် ၇-ရက်စာလောက်သာ မှန်း၍ ဆက်ကပ်ရမည်။ ပုလင်းလိုက်၊ ဘူးလိုက် မဆက်ကပ် သင့်ပေ။ အလှူအတန်း ပူဇော်ပွဲများ၌လည်း ယာဝကာလိက၊ ယာမ ကာလိက၊ သတ္တာဟကာလိက အရာဝတ္ထုများကို ရဟန်း သံဃာတော်တို့အား တိုက်ရိုက် မကပ်သင့်ပေ။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သိမ်ဆင်းပွဲ စသည့်ပွဲကြီးများ၌ အလှူရှင်တို့သည် သာဟတ္ထိကဒါနခေါ် လက်ထိလက်ရောက် ဆက်ကပ်လိုသော စေတနာဖြင့် ဆွမ်းဆန် စသည်တို့ကို လေ့ရှိ၏၊ ထိုသို့ ဆက်ကပ်လိုက်သဖြင့် ထိုဆွမ်းဆန် စသော အရာဝတ္ထုများကို နောက်နေ့များ၌ သံဃာတော်တို့ မသုံးကောင်း တော့ပေ၊ သပိတ်၊ သင်္ကန်း၊ ထီး၊ ဖိနပ်စသော ပရိက္ခရာ ပစ္စည်း အသုံးအဆောင်များနှင့် ယာဝဇီဝိက ပစ္စည်းများမှ တပါး ကျန်လှူဘွယ်များကို သက်ဆိုင်ရာ ကပ္ပိယတို့အား လောင်းလှူလိုက်လျှင်လည်း သာဟတ္ထိကဒါနမြောက်ပြီ ဖြစ်သဖြင့် ရဟန်းတော်တို့အား တိုက်ရိုက်လောင်းလှူမှုမျိုးကို အားမထုတ်သင့်ပေ။

ယာဝဇီဝိကပစ္စည်းများနှင့်အချို့သော ဆေးဝါးများ မှာမူ အကပ်ခံပြီး မကုန်မချင်း သုံးစွဲကောင်းသဖြင့် ရဟန်းတော်တို့အား အဆင်ပြေသလို ကပ်ထားနိုင်ပါသည်။

စာမျက်နှာ-၇၄

ဖျော်ရည်တို့ကို အပ်စပ်အောင်သိမ်းဆည်းခြင်း

အကပ်ခံထားသော ယာမကာလိက ဖျော်ရည်များကိုလည်း တစ်ညဥ့်လွန်ပြီးနောက် နောက်တစ်နေ့နံနက်၌ စားသောက်လျှင် သန္နိဓိ ဖြစ်နိုင်သည်။ သို့ဖြစ်၍ ဖျော်ရည်များကို ဆက်ကပ်ရာ၌ ကုန်နိုင်သလောက် ချင့်ချိန်၍ လိုအပ် သလောက်ကိုသာ ဆက်ကပ်ရပေမည်။ အလှူပွဲများ၌လည်း ယာမကာလိကဖျော်ရည်ဘူးများကို တခါတည်း ဆက်ကပ်မှု မပြုလုပ်ကြဘဲ ကပ္ပိယမှတဆင့် လှူဒါန်းကြရန် သင့်လှပေသည်။ အများအပြား တစ်ခါတည်း ဆက်ကပ်လိုက်ပါက စွန့်လျှင် စွန့်၊ မစွန့်လျှင် သန္နိဓိ ဖြစ်နိုင်ပေသည်။

ကပ္ပိယကာရကတို့အနေဖြင့် ရဟန်းတော်များအတွက် ရည်မှန်းထားသောဖျော်ရည်များ၊ ဖျော်ရည်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန် အထူးလိုအပ်ပေသည်။ သံဃာတော်များအတွက် ရည်မှန်းထားသော ဖျော်ရည်များ မဖိတ်မစဉ် မလွင့်မပျောက် မပျက်မစီး အချီးနှီး ဖြစ်မသွား စေရန် ကြိုးပမ်းရပေမည်။ အချိန်မီ သံဃာတော်တို့ ဘုဉ်းပေး နိုင်ရန် စီမံရမည်။

စာမျက်နှာ-၇၅

ဆေးပစ္စည်းတို့ကို အပ်စပ်အောင် သိမ်းဆည်းခြင်း

သတ္တာဟကာလိကဖြစ်သော ဆေး(၅) မျိုးနှင့် ယခု ခေတ်ပေါ်ဆေးမျိုးများသည် တစ်ခါ အကပ်ခံပြီးပါက (၇) ရက်ထိ သုံးစွဲနိုင်သည်။ ထိုရက်ကို ကျော်လွန်သွားပါက သန္နိဓိ ဖြစ်သွားလေသည်။ သန္နိဓိဖြစ်ပြီးသောဆေးဝါးများကို သံဃာတော်တို့ မသုံးဆောင်ကောင်းပေ။ သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် ဆေးဝါးများကို စနစ်တကျ ဆက်ကပ်ရန်နှင့် သိမ်းဆည်းရန် တာဝန်ရှိလာပါသည်။

ကပ္ပိယကာရကတို့သည် သဒ္ဓါ၊ စေတနာ၊ ဉာဏ်ပညာ၊ ကြိုးစားမှု ဝီရိယနှင့် အစဉ်သတိရှိသော သူများ ဖြစ်သင့် ကြသည်။ သံဃာ့တာဝန်ကို ထမ်းဆောင်ရာ၌ မညည်းမညူ ကြည်ဖြူစွာ ထမ်းဆောင်သင့်ကြသည်၊ စေတနာ သဒ္ဓါ အပြည့်ဖြင့် ထမ်းဆောင်သင့်ကြသည်။ သံဃာတော်တို့ အပြစ် ကင်းစင်ရေးသည် ကပ္ပိယတို့အပေါ်တွင် တည်မှီနေသည်။ သို့ဖြစ်၍ ဆွမ်း၊ ကွမ်း၊ ဖျော်ရည်တို့ကို စနစ်တကျ သိမ်းဆည်းသလိုပင် ဆေးပစ္စည်းများကို ဆက်ကပ်ရာ၊ သိမ်းဆည်းရာ၌လည်း စနစ်တကျ ရှိရပေမည်။

ရဟန်းတော်၏ ကျန်းမာရေးအခြေအနေ၊ ရောဂါ အခြေအနေ၊ သုံးစွဲနိုင်မှုအခြေအနေတို့ကို သုံးသပ်ပြီး (၇) ရက်

စာမျက်နှာ-၇၆

စာလောက် မှန်း၍ ဆက်ကပ်ရမည်။ ကျန်သော ဆေးဝါးပစ္စည်းများကို စနစ်တကျသိမ်းဆည်းထားရမည်။ အလှူပွဲများ၌လည်း သတ္တာဟကာလိကဝတ္ထု ပစ္စည်းများကို တစ်ခါတည်း မဆက်ကပ် မိရန် သတိပြုသင့်ပေသည်။ ကပ္ပိယမှတဆင့်သာ လှူသင့်ကြသည်။

ကာလိကရောရာ၌ သတိပြုဖွယ်

ထို အကပ်ခံထားသော ယာဝကာလိကနှင့် ထိုနေ့ အကပ်ခံထားသော ယာမကာလိက၊ သတ္တာဟကာလိက၊ ယာဝဇိဝိကပစ္စည်းတို့ ရောနှောသွားလျှင် ထိုပစ္စည်း အားလုံးတို့သည် ရောရာနေ့၏ နံနက်အချိန်၌သာ အပ်တော့၏၊ ထိုနေ့ ညနေကစ၍ မအပ်တော့ပေ၊ ရှေ့နေ အကပ်ခံထားသော သတ္တာဟကာလိက၊ ယာဝဇီဝကတို့နှင့် ရောနှောရာ ၌ကား ယာဝကာလိက၊ ယာမကာလိကတို့ မအပ်ကြတော့ပြီ၊

ဥပမာ-ရှေ့နေက အကပ်ခံထားသော ထောပတ်၊ ဆား တို့နှင့် ထိုနေ့ အကပ်ခံသော ဆွမ်း၊ ဖျော်ရည်တို့ကို ရော၍ မစားကောင်းပေ။ အချို့ ဆွမ်းပွဲများ၌ ဆားခွက်ကို တစ်ရက် ကုန်ရုံတင်မဟုတ်ဘဲ အမြဲထည့်၍ထားတတ်သည်။ သတိပြုသင့် လှသည်။

စာမျက်နှာ-၇၇

သတ္တာဟကာလိက ထောပတ်နှင့် ယာဝဇီဝိကဆား စသည်တို့ ရောရာ၌ကား သတ္တာဟကာလိက၏ သက်တမ်း ရှိသမျှ ဆားက လိုက်ရသည်၊ သတ္တာဟကာလိကဝတ္ထုက အကပ်ခံရက် ၂-ရက်လွန်မှရောလျှင် နောက်ထပ် ၅-ရက်သာ အပ်၏ စသည်ဖြင့် သိရပေမည်။ အချုပ်အားဖြင့်ဆိုရလျှင် ကာလိကချင်းရောနှောသွားရာ၌ ရက်တို ကာလိကသဘောကို ရက်ရှည်ကာလိက က အမြဲလိုက်ရသည်။ သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် ကာလိကလေးပါးကို သတိထား၍ မရော နှောမိစေရန် ကြိုးပမ်းရပေမည်။ အာပတ်ကင်းဝေးစေရေးအတွက် အစဉ် သတိရှိနေရပေမည်။

စာမျက်နှာ-၇၈

အခန်း (၄)

သင်္ကန်း၊ ကျောင်းနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ

မြင့်မြတ်သူပီပီ ဝိနည်းတော်နှင့်အညီ

ရဟန်းတော်ဘဝဟူသည် မြင့်မြတ်သောဘဝ ဖြစ်သည်၊ ဥပသမ္ပဒကံဖြင့် ယုတ်နိမ့်သော အိမ်ရာတည်ထောင် လူတို့ဘောင်မှ မြင့်မြတ်သော အိမ်ရာမထောင် ရဟန်းဘောင်သို့ ရောက်ရှိခဲ့သည်။ အမျိုးလေးပါးတွင် မည်သည့်အမျိုး၊ မည်သည့်အဆင့်အတန်းမှ သာသနာ့ဘောင်သို့ ဝင်ရောက်သည်ဖြစ်စေ ရဟန်းဖြစ်သည်နှင့် တပြိုင်နက် သကျပုတ္တ သာကီဝင်မင်းသား ဘုရားရှင်၏သားတော်အဖြစ်ရောက်ရှိလာ

စာမျက်နှာ-၇၉

ကြသူများဖြစ်သည်။ သံသရာဘေးကို ကြံတွေးကြောက်ရွံ့၍ ရဟန်းပြုလာသူများဖြစ်သဖြင့် တစ်ဘဝတာ ခံစားရမည့် ယာယီ လောကီသုခချမ်းသာများကို ပယ်စွန့်ထားသည့်သူများ ဖြစ်သည်။ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးများကို အလှူခံ၍ သုံးဆောင်ကြသူများ ဖြစ်သည်။

ရဟန်းတော်ဘဝဟူသည် ငှက်နှင့်တူသည်ဟု ဆိုလေ့ရှိ ကြသည်။ ငှက်သည် တစ်ပင်မှ တစ်ပင်သို့ ပျံသန်းသွားသောအခါ မည်သည့်ဝန်ပိုမျှ မပါဘဲ လွတ်လွတ်လပ်လပ် ပျံသန်း သွားသကဲ့သို့ ရဟန်းတော်ဟူသည်လည်း ပရိက္ခရာရှစ်ပါးမှ တပါး အခြားဝန်ပို မပါဘဲ မိမိလိုရာသို့ ကြွသွားနိုင်သည်။ ပစ္စည်းပစ္စယ သံယောဇဉ်ဝန်ပိုမပါဘဲ ချမ်းသာ လွယ်ကူစွာ ကြွသွားနိုင်ကြသည်။

မြင့်မြတ်သောရဟန်းဘဝ ရရှိလာသူဖြစ်သဖြင့် မြင့်မြင့် မြတ်မြတ် ကျင့်ကြံနေထိုင်ရန် မြတ်စွာဘုရားသည် ဝိနည်း စည်းကမ်းများဖြင့် သတ်မှတ် ပညတ် ကန့်သတ်ပေးတော် မူခဲ့သည်။

ကုလဒူသကသိက္ခာပုဒ်တော်သည် မြင့်မြတ်သော ရဟန်းဘဝ ပီသစေရန် ရည်သန် ပညတ်တော်မူခဲ့သော သိက္ခာပုဒ်များစွာထဲမှ တစ်ပုဒ် ဖြစ်ပါသည်။ လူဒါယကာတို့နှင့် ကပ္ပိယကာရကတို့ သိထားလျှင် ရှောင်ကြဉ်နိုင်ရန် ရည်ရွယ်၍ ဖော်ပြပါမည်။

စာမျက်နှာ-၈၀

ကုလဒူသနအမှု

ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒ(ပင်း၊ ပုဏ္ဏား၊ ကုန်သည်၊ ဆင်းရဲသား)ဟူသော အမျိုး(၄) ပါးကို ဖျက်ဆီးသော ရဟန်းကို ကုလဒူသကရဟန်းဟု ခေါ်၏၊ ကုလဒူသကရဟန်းသည် ပုံမှန် သဒ္ဓါတရားဖြင့် လှူဒါန်းနေသူများကို ပန်းပေးခြင်း၊ သစ်သီး ပေးခြင်း၊ ရေချိုးဆပ်ပြာမှုန့် ပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါး ပေးခြင်း၊ ဒန်ပူပေးခြင်း၊ ခြေဖြင့် သွားရောက်၍ လူတို့၏ အမှုကိစ္စကို ဆောင်ရွက်ပေးခြင်း၊ ဆေးကုသပေးခြင်း ဟူ၍ စာပေကျမ်းဂန်တွင် ရှစ်မျိုး ဖော်ပြထားသည့် ကုလဒူသန အမှုများကို ပြုလုပ်ဆောင်ရွက်လေ့ရှိ၏။

လူတို့သည် ရဟန်းတော်များကို နဂိုက သဒ္ဓါတရားမှန် ကြည်ညို လှူဒါန်းနေကြသည်။သို့သော် “ဒါနံ သဗ္ဗတ္ထ သာဓကံ = ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေနိုင်၏” ဟူသော စကားကို သဘောကျ၍ ရဟန်းတစ်ပါးပါးက သူ့ကို ကြည်ညိုအောင် ထိုဒါယကာတို့အား ပန်းပေးခြင်း စသည်ကို ပြုလုပ်လိုက်၏။ ထိုရဟန်းအား လှူချင်စိတ်ဖြစ်ကာ ချစ်ခင် လာပေမည်။သို့သော် ထိုကဲ့သို့ ပေးကမ်းခြင်းမရှိသော လဇ္ဇီသူမွန်သီလဝန်အရှင်မြတ်တို့အား မလှူချင်၊ မတန်းချင်၊ မဆည်းကပ်ချင်၊ မကိုးကွယ်ချင်တော့သဖြင့် ထိုဒါယကာတို့၏

စာမျက်နှာ-၈၁

အစစ်အမှန် အဖိုးတန် သဒ္ဓါတရားကား ပျက်စီးသွားလေပြီ၊ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ ဆပ်ပြာမှုန့် ဆပ်ပြာခဲ၊ ဝါးများ သစ်များ၊ သွားပွတ်တံများပေး၍ မိမိကို ကြည်ညိ လာအောင် ပြုလုပ်မှုများသည် အဖိုးတန် သဒ္ဓါအစစ်ကို ဖျက်ဆီးရာရောက်သဖြင့် ကုလဒူသနအမှုဟု ခေါ်သည်။ ကုလဒူသနအမှုကြောင့် ဖြစ်ပေါ်လာသော ကြည်ညိုမှု၊ လှူဒါန်းမှု စသည်တို့သည် သဒ္ဓါတရား အတုများသာ ဖြစ်လေသည်။

လူဒါယကာများက စေခိုင်း၍ ခြေဖြင့် လျှောက်သွားကာ ပြောဆိုဆောင်ရွက်ပေးခြင်း၊ အစေအပါး အခိုင်းအစေ ခံခြင်း၊ ဆေးကုပေးခြင်းတို့ကိုလည်း ကုလဒူသနမှု ဟု ခေါ်ဆိုလေသည်။ အမျိုးလေးပါးတို့၏ သဒ္ဓါတရား အစစ်အမှန်ကို ဖျက်ဆီးသူကို ကုလဒူသက၊ ဖျက်ဆီးကြောင်း ဝတ္ထုရှစ်ပါးကို ကုလဒူသန၊ ဖျက်ဆီးမှုကို ကုလဒူသနအမှုဟု ခေါ်ဆိုကြသည်။

မိစ္ဆာဇီဝ

ကုလဒူသနအမှု ရှစ်မျိုးအပြင် ရဟန်းတော်တို့ မဆောင်ရွက်သင့်သော အမှုများလည်း ရှိသေးသည်၊ စာပေတို့တွင် အနေသနဟု ခေါ်သည်။ ရဟန်းတော်တို့နှင့် မသင့် လျော်သော ရဟန်းတော်တို့ မအပ်စပ်သော ပစ္စည်းရှာဖွေမှုဟု

စာမျက်နှာ-၈၂

အဓိပ္ပာယ်ရသည်။ ထိုအနေသနများကား-ပန်းပေးခြင်း စသောရှစ်ပါးအပြင် ဗေဒင်ဟောခြင်း၊ ဒကာ ဒကာမတို့ကို မြှောက်ပင့်ခြင်း၊ ကလေးများကို ချီပိုးယုယခြင်း စသည်ဖြင့် ဒကာ ဒကာမတို့ လှူချင်လာအောင် ပြုလုပ်ခြင်းများ ဖြစ်လေသည်။ ထိုကဲ့သို့ အနေသနမှု ပြုလုပ်၍ရသော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းကို “မိစ္ဆာဇီဝ = ယုတ်ညံ့သော အသက် မွေးခြင်း”ဟု ခေါ်လေသည်။

ရဟန်းတော်ဘဝဟူသည် ဂန္ထဓုရ (စာပေပရိယတ္တိ သင်ယူမှုတာဝန်)နှင့် ဝိပဿနာဓုရ (ကမ္မဋ္ဌာန်း ဘာဝနာ ပွားများမှု ပဋိပတ္တိတာဝန်) နှစ်ရပ်သာ ရှိသည်။ ဒကာ ဒကာမတို့အား ပေးဖို့ရန် ရည်မှန်း၍ ပန်းပင်စိုက်ခြင်း၊ ရေလောင်းခြင်း စသော ရဟန်းတို့နှင့် မလျော်သော အကျင့်များကို ပြုကျင့်နေလျှင် ပါပသမာစာရ = ယုတ်မာသောအကျင့် ကျင့်သူဖြစ်ပေမည်။

ကုလဒူသနအပြစ်

ကုလဒူသနအမှုကို ပြုလုပ်လျှင် အာပတ်သင့်၏၊ ထိုကုလဒူသနအမှုကြောင့် ရလာသော ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်းများကို ကုလဒူသက ရဟန်းနှင့်တကွ သီတင်းသုံးဘော်(၅) ဦးလုံးပင် မသုံးစွဲကောင်းပေ၊ သုံးစွဲသူတိုင်း အပြစ်သင့်၏။

စာမျက်နှာ-၈၃

သက်ဆိုင်ရာဝိနည်းကံဖြင့် ကုစားသဖြင့် ကံငြိမ်း ပြီးနောက် ရဟန္တာဘဝရောက်သော်လည်း ထိုကုလဒူသနမှဖြင့် ဆက်ဆံမိသော ဒကာဒကာမတို့ထံမှ ပစ္စည်းကို အလှူ မခံရပေ။ ဘာကြောင့် အလှူမခံပါသလဲဟု လူတို့က လျှောက် ကြလျှင် “ရှေးတုန်းက သင်တို့အား ကုလဒူသနအမှုဖြင့် ချီးမြှောက်မိလို့”ဟု ပြောရမည်။ ရှေးတုန်းက ချီးမြှောက် ပေးကမ်းခဲ့လို့ ယခုလို လှူခြင်းမဟုတ်ပါ၊ ယခုအခါ ကောင်းစွာ နေ၍ ကြည်ညို၍ လှူပါသည်ဟု လျှောက်လျှင်ကား ခံယူ ကောင်းပါသည်။

မသိစဉ်တုန်းက ကုလဒူသနအမှု ပြုမိခဲ့သူ ရဟန်းတော်များသည်လည်း နောင်တရ၍ ကောင်းစွာ နေထိုင်လျှင် ဤနည်းအတိုင်း အလှူမခံဘဲ ရှောင်ကြဉ်နေရမည်။ လူတို့က သဒ္ဓါတရားဖြင့် လှူပါကြောင်း လျှောက်ထား၍ အလှူခံလျှင် မူကား အပြစ်လွတ်ပါသည်။

ကပ္ပိယကာရကတို့သိမှတ်ဖွယ်

ကုလဒူသက သိက္ခာပုဒ်သည် မြင့်မြတ်သောသူ ဖြစ်ပါလျက် မြင့်မြင့်မြတ်မြတ်မနေသူများ၊ ပစ္စည်းလေးပါးကို မတရား ရှာဖွေလိုသူများအတွက် ဟန့်တားရန် ပညတ်အပ်သော သိက္ခာပုဒ် ဖြစ်ပါသည်။ လူမှုရေးအရ စာနာ

စာမျက်နှာ-၈၄

ထောက်ထား ကူညီသင့်သူများလည်း ရှိနေတတ်သေးသဖြင့် ကုလဒူသနမဖြစ်သော ခြွင်းချက်များကိုလည်း ပါရာဇိကဏ် အဋ္ဌကထာတွင် ဖွင့်ဆိုထားပါသည်။

မိဘနှစ်ပါး၊ မိမိ၏ဝေယျာဝစ္စများကို ပြုလုပ်ဆောင်ရွက် ပေးသူ၊ ရိက္ခာပြတ်၍ ကျောင်းကပ်လာသူ၊ ကျောင်းမှာ မကျန်း မမာ ဖြစ်နေသူ၊ ကျောင်းသားများ၊ ရှင်လောင်းများကိုမူ ပေးစရာရှိက ပေးကောင်း၏၊ ဆေးလည်း ကုကောင်း၏ဟု ခြွင်းချက်ထားသဖြင့် ရဟန်းတော်တို့သည် မိမိ၌ ပိုလျှံနေသော ပစ္စည်းများကို ဒကာဒကာမတို့အား စွန့်ကြဲပေးကမ်းလိုပါက ကုလဒူသနမှု မဖြစ်ရလေအောင် ကျောင်းပေါ်ကို တံမြက် လှည်းခိုင်းခြင်း၊ ကျောင်းဝင်းကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ သပိတ်များ ပန်းကန်များဆေးခိုင်းခြင်း စသည်ဖြင့် ဝေယျာဝစ္စများကို စေခိုင်းပြီးမှ စွန့်ပါမူ လွတ်နိုင်ကောင်းပါသည်။ ကပ္ပိယကာရကတို့က ပေးသင့်သူများကို ပေးကမ်းခြင်း၊ ဒကာ ဒကာမတို့ မှာကြားစေခိုင်းလိုက်သည်များကို ဆောင်ရွက်ပေး ခြင်းဖြင့် ရဟန်းတို့အား ကုလဒူသန မဖြစ်အောင် ကူညီဆောင်ရွက်ပေး နိုင်ပါသည်။

စာမျက်နှာ-၈၅

ဆွေမျိုးဉာတိများ

ရဟန်းတော်တို့သည် မိမိအတွက် လိုအပ်သောဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း(၄) ပါးတို့ကို တောင်းရမ်း အလှူခံ၍ မသုံးဆောင်ကောင်းပေ။ တောင်းရမ်းခြင်းသည် ရဟန်းတော်တို့အလုပ် မဟုတ်ပေ၊ ရဟန်းတော်တို့သည် အလှူခံပုဂ္ဂိုလ်သာဖြစ်သည်၊ ကာယဝိညတ်ဖြင့် ဆွမ်းခံကြွနိုင်၊ ဆွမ်းရပ်နိုင်သော်လည်း ဝစီဝိညတ်ဖြင့် ဆွမ်းတောင်း၍ မစားကောင်းပေ၊ စေတနာ သဒ္ဓါထက်သန်သူတို့က လှူဒါန်းမှသာ ခံယူသုံးဆောင်နိုင်ပေသည်။ ဤသည်မှာ ရဟန်းတော်တို့သည် တောင်းစားသူများ မဟုတ်ကြောင်း ပေါ်လွင်လေသည်။ ရဟန်းတော်တို့သည် မိမိနှင့် ဆွေမျိုးဉာတိတော်စပ် သူများထံတွင်ကား ပစ္စည်းလေးပါး လိုအပ်လျှင် တောင်းခံ နိုင်သည်။ သို့ဖြစ်၍ ဆွေ(၇) ဆက် မျိုး(၇) ဆက်အကြောင်း အနည်းငယ် ဖော်ပြလိုပေသည်။

ဉာယတိတိ ဉာတိ-အတွင်းသားဟု သိအပ်သောကြောင့် ဉာတိဟု ခေါ်၏၊ မိမိ၏. အတွင်းသား သွေးသားတော်စပ်သူကို ဉာတိ (ဆွေမျိုး) ဟု ခေါ်၏။ ဆွေ(၇) ဆက် မျိုး(၇) ဆက် ရှိသည်။ “ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘော့”ဟု မိမိအထက် ဆွေမျိုး (၇) ဆက်ရှိ၏။ “သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက်”ဟု မိမိအောက် ဆွေမျိုး (၇) ဆက်ရှိ၏။

စာမျက်နှာ-၈၆

ဤသို့ ဆွေ(၇) ဆက်၊ မျိုး(၇) ဆက်တွင် အထက် အောက် မပါဝင်သူ၊ သွေးသားချင်းဆက်သွယ်၍ မရနိုင်သူကို “အညာတိကံ”ဟု ခေါ်၏။ သား၏မယားနှင့် ထိုမယားဘက်မှ ဆက်သွယ်လာသူတို့သည် ယခုအခါ၌ လူ့လောကတွင် ဆွေမျိုး ဟု အသိအမှတ်ပြုရသော်လည်း ဝိနည်းတော်အရ ဆွေမျိုး မဟုတ်ကြပေ၊ မိမိ၏ ဇနီးဟောင်းနှင့် ဇနီးဘက်မှ ဆွေမျိုးများလည်း ရဟန်းဖြစ်သူအတွက် ဆွေမျိုး မဟုတ်ကြပေ။

ဆွေမျိုးဉာတိတို့သည် ဝိနည်းကြောင်းအရ အလှူခံ ထိုက်သူများ ဖြစ်ကြသဖြင့် ... ကပ္ပိယကာရကတို့သည်လည်း ဆွေမျိုးဉာတိအကြောင်းကို သိထားသင့်ပေသည်။ အညာတကဝိညတ္တိသိက္ခာပုဒ်အရ ဆွေမျိုးဉာတိတော်စပ်သူနှင့် ပဝါရိတ ဖိတ်ကြားထားသူများထံ သင်္ကန်းအလှူခံနိုင်သည်။ သူပေါဒန ဝိညတ္တိ သိက္ခာပုဒ်အရ ဆွမ်း၊ ဟင်းများကိုလည်း တောင်းနိုင် အလှူခံနိုင်သည်။

ပစ္စည်းလေးပါး ဖိတ်ကြားထားပါ

ဝိနည်းသိက္ခာပုဒ်တော်အရ ဉာတိ၊ ပဝါရိတတို့ထံ သင်္ကန်း ဆွမ်းအလှူခံနိုင်သောအခါမျိုးလည်း ရှိတတ်ပါသည်။ ဉာတိမှာမူ မိမိ၏ သွေးသားရင်းချာတော်စပ်သူဖြစ်သဖြင့် တောင်းရမ်း၍ အပြစ် မဖြစ်သကဲ့သို့ပင် ရဟန်းတော်တို့အား

စာမျက်နှာ-၈၇

“အလိုရှိသောအခါ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို တောင်းတော်မူပါ၊ အလိုရှိရာ အလှူခံတော်မူပါ၊ တပည့်တော် စွမ်းအားအလျောက် လှူဒါန်းပါမည်ဘုရား”ဟု လျှောက်ထားသူကို ပဝါရိတ (ဖိတ်မန်ထားသူ၊ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားထားသူ၊ ပစ္စည်းလေးပါး ဒကာ)ဟု ခေါ်၏။

ဤသို့ ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားထားသူသည် ဝိနည်းအရာဝယ် ဉာတိဆွေမျိုးရင်းချာနှင့် တူညီသွားလေသည်။ ရဟန်းတော်များ အလိုရှိသောအခါ အလှူခံနိုင်၊ တောင်းရမ်း နှုတ်မြွတ်နိုင်ခွင့် ရရှိသွားလေသည်။ ဒကာအနေဖြင့်လည်း မိမိဖိတ်မန်ထားသော ရဟန်းတော်များအတွက် ပစ္စည်းလေးပါး ကြိုးစား လှူဒါန်းနေရသဖြင့် ထာဝရကုသိုလ် တိုးပွားနေသည်။ သို့ဖြစ်၍ ဒကာဒကာမများသည် ပစ္စည်းလေးပါး ဖိတ်ကြားထားသူ ဖြစ်လာရန်အတွက် ကပ္ပိယ ကာရကတို့က ကူညီသင့်လှပေသည်။

ဆွေမျိုးနှင့် ဖိတ်ကြားထားသူ အတူတူ ဖြစ်သည်ဟု ဆိုသော်လည်း အနည်းငယ် သတိပြုစရာ ရှိသေးသည်။ ဖိတ်ကြားထားသူသည် ပစ္စည်း(၄) ပါးအနက် တစ်မျိုးကို ဖိတ်လျှင် တစ်မျိုးသာတောင်းရသည်။ ဆွမ်းဖိတ်လျှင် ဆွမ်းသာ တောင်းကောင်းသည်၊ အားလုံးဖိတ်မှ အားလုံး တောင်းကောင်း

စာမျက်နှာ-၈၈

သည်၊ ဖိတ်သူတို့ အကြည်ညိုပျက်မှန်း သိလျှင်မူ မတောင်းကောင်းတော့ပေ။

သင်္ကန်းနှင့်စပ်လျဉ်းသော ကပ္ပိယတာဝန်များ

သင်္ကန်း (၆) မျိုး

ရဟန်းတော်တို့အတွက် လိုအပ်သော ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်း(၄) ပါးအနက် ရှေ့အခန်းများတွင် ဆွမ်းနှင့်ဆေးကို ဖော်ပြပြီးပေပြီ။ ယခုအခါ သင်္ကန်းနှင့် စပ်လျဉ်း၍ ရေးသား ဖော်ပြရန် လိုအပ်ပါသည်။ ရဟန်းတော် တို့အတွက် အပ်စပ်သော သင်္ကန်းများနှင့် ပတ်သက်၍ အကျဉ်းမျှ သိထားသင့်ပေသည်။

သင်္ကန်းသည် ရက်လုပ်သောချည်ပေါ် မူတည်၍ (၆) မျိုး ရှိသည်။ ၎င်းသင်္ကန်း (၆) မျိုးမှာ-
(၁) ခေါမ = ခုပ်ချည်ဖြင့် ရက်အပ်သောအဝတ် သင်္ကန်း။ တစ်နည်း - ခေါမတိုင်းဖြစ် အဝတ်သင်္ကန်း
(၂) ကပ္ပါသိက = ဝါချည်ဖြင့်ရက်အပ်သော ပိတ်ဖျင်ဇင်အဝတ်သင်္ကန်း

စာမျက်နှာ-၈၉

(၃) ကောသေယျ = ပိုးချည်ဖြင့် ရက်အပ်သောပိုးထည် အဝတ်သင်္ကန်း
(၄) ကမ္ဗလ = သားမွေးဖြင့်ရက်အပ်သော ကမ္ဗလာ (သက္ကလတ်)အဝတ်အထည်သင်္ကန်း
(၅) သာဏ = = ပိုက်ဆံလျှော်ချည်ဖြင့် ရက်အပ်သော အဝတ်သင်္ကန်း
(၆) ဘင်္ဂ = ဘန်ချည်ဖြင့် ရက်အပ်သော၊ တနည်း- ရှေ့ကပြခဲ့သော ချည်(၅) မျိုး ရော၍ ရက်အပ်သောအဝတ်သင်္ကန်းတို့ ဖြစ်ကြသည်။

ထိုအဝတ်သင်္ကန်းများအနက် ဝဍ္ဎကီဟတ္ထ(လက်သမား အတောင်)ဟုလည်းကောင်း၊ မဇ္ဈိမပုရိသဟတ္ထ (သာမန်လူတို့၏ အတောင်)ဟုလည်းကောင်း ခေါ်ဆိုရသော လက်သမား အတောင်၊ ယခုခေတ်သုံး ကိုက်တောင်ဖြင့် အလျားတစ်တောင်၊ အနံတစ်ထွာရှိသော အဝတ်ဟူသမျှသည် အဓိဋ္ဌာန်တင် လောက်၊ ဝိကပ္ပနာပြုလောက်သော အဝတ်ဖြစ်သည်။ သင်္ကန်း ချုပ်ဖို့ရန် သင့်လျော်သော ပိတ်ဖျင်၊ မျက်နှာသုတ်ပဝါစသည်ကို ရလျှင် အထက်ပါ ပမာဏလောက်ရှိက ပရိက္ခာရစာဠ အဓိဋ္ဌာန်တင်၍ဖြစ်စေ၊ ဝိကပ္ပနာပြု၍ဖြစ်စေ သုံးစွဲရသည်။

စာမျက်နှာ-၉၀

အဓိဋ္ဌာန်တင်ခြင်း

ရဟန်းတော်တို့ ဆောင်ရွက်ရသော ဝိနည်းကိစ္စဖြစ်သော်လည်း ကပ္ပိယတို့ အနည်းငယ်သိထားပါက ပို၍ အကျိုးရှိ နိုင်သဖြင့် အဓိဋ္ဌာန်အကြောင်း အနည်းငယ် ဖော်ပြပါမည်။

အဓိဋ္ဌာန်တင်သည် ဆိုခြင်းမှာ စွဲမြဲစွာ မှတ်ယူ ဆောက်တည်ထားခြင်းဟု အဓိပ္ပာယ်ရသည်။ ထိုအဓိဋ္ဌာန် တင်ခြင်းသည် တိစီဝရိတ် အဓိဋ္ဌာန်တင်ခြင်း၊ ပရိက္ခာရစောဠ အဓိဋ္ဌာန်တင်ခြင်းဟု (၂) မျိုးရှိ၏၊ ရဟန်းတို့ ခါးဝတ်သင်္ကန်းကို သင်းပိုင်၊ ကိုယ်ဝတ်ကိုယ်ရုံသင်္ကန်းကို ဧကသီ၊ ဒုကုဋ်သင်္ကန်းကို (၂) ထပ်သင်္ကန်းကြီးဟု ခေါ်၏။ သင်းပိုင်၊ ဧကသီ၊ သင်္ကန်း ကြီး၊ ဤ (၃) ထည်ကို တိစီဝရိတ်ဟု ခေါ်၏၊ ထိုသင်္ကန်း (၃) ထည်အနက် အနီးရှိ ခါးဝတ်သင်းပိုင်ကို အဓိဋ္ဌာန် တင်လိုလျှင်-

ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို သင်းပိုင်ဟူ၍ အဓိဋ္ဌာန်ပါ၏” ဟူ၍လည်းကောင်း၊

ဧကသီခေါ် ကိုယ်ဝတ်သင်္ကန်းကြီးကို အဓိဋ္ဌာန် တင်လိုလျှင်-ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ=ဤသင်္ကန်းကို

ဧကသီဟူ၍ အဓိဋ္ဌာန်ပါ၏” ဟူ၍လည်းကောင်း၊

စာမျက်နှာ-၉၁

ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီးကို အဓိဋ္ဌာန် တင်လိုလျှင်-

ဣမံ သံဃာဋိံ အဓိဋ္ဌာမိ = ဤသင်္ကန်းကို (၂) ထပ် သင်္ကန်းကြီးဟူ၍ အဓိဋ္ဌာန်ပါ၏” ဟူ၍လည်းကောင်း အဓိဋ္ဌာန် တင်ရသည်။ နှုတ်ဖြင့် မရွတ်နိုင်လျှင် ကိုယ်ဖြင့် သင်္ကန်းကို ကိုင်၍ ဤ အဆိုအတိုင်း မှန်းလျက်လည်း အဓိဋ္ဌာန်တင် ကောင်းပါသည်။ ထိုသင်္ကန်းများကို ဝတ်ရုံသူကို ဝိနည်း တိစီဝရိတ်ဆောင်သူဟု ခေါ်၏။

တိစီဝရိတ်ဆောင်သူသည် ဤသင်္ကန်း (၃) ထည်ကို အမြဲ ဝတ်ရုံနေရသည်။ မဝတ်လျှင်လည်း အရုဏ်တက်ချိန်မှာ မိမိ၏ (၂) တောင့်ထွာအတွင်း၌ ရှိစေရမည်။ ဤသင်္ကန်းများကို သီးခြားသတ်မှတ်၍ ဆောင်ထားရသည်။

ဤတိစီဝရိတ်သင်္ကန်းများကို အသုံးမပြုလိုသောအချိန် သင်္ကန်းအသစ်ရသောအခါ နောက်သင်္ကန်းများကို တိစီဝရိတ် အဓိဋ္ဌာန်တင်လိုပါက ယခင်က အဓိဋ္ဌာန်တင်ပြီးသော အဟောင်းကို ပစ္စုဒ္ဓိရ်ဟူသော ဝိနည်းကံတစ်ခုကို ပြုပြီး စွန့်လွှတ်ပြီးမှ အဓိဋ္ဌာန်တင်ရသည်။ ပစ္စုဒ္ဓိရ် ပြုသည် ဆိုသည်မှာ ရုပ်သိမ်းခြင်းဟု အဓိပ္ပာယ်ရသည်။

ဣမံ အန္တရဝါသကံ ပစ္စုဒ္ဓရာမိ = ဤသင်္ကန်းကို သင်းပိုင်အဖြစ်မှ ရုပ်သိမ်းပါ၏”

စာမျက်နှာ-၉၂

ဣမံ ဥတ္တရာသင်္ဂံ ပစ္စုဒ္ဓရာမိ = ဤသင်္ကန်းကို ကိုယ်ဝတ်အဖြစ်မှ ရုပ်သိမ်းပါ၏”

ဣမံ သံဃာဋိံ ပစ္စုဒ္ဓိရာမိ = ဤသင်္ကန်းကို (၂) ထပ် သင်္ကန်းကြီးအဖြစ်မှ ရုပ်သိမ်းပါ၏” ဟုဆို၍ ရုပ်သိမ်းရသည်။၎င်းနောက် ရရှိလာသော သင်္ကန်းအသစ်ကို နာမည်အသီး သီးဖြင့် တိစိဝရိတ် အဓိဋ္ဌာန်တင်၍ သုံးစွဲရသည်။

ပရိက္ခာရစောဠအဓိဋ္ဌာန်

ထိုထိုကိစ္စများ၌ သုံးစွဲရန်ဖြစ်သော ပရိက္ခရာ အဝတ်များကို ပရိက္ခာရစောဠ ဟူသော နာမည်ဖြင့် တိစီဝရိတ်နှင့် တကွ မည်သည့်အဝတ်မဆို အဓိဋ္ဌာန် တင်ကောင်း၏၊ တိစီဝရိတ်သင်္ကန်း (၃) ထည်ကို သူ့နာမည်နှင့်သူ တစ်ထည်စီ ခွဲ၍ တိစီဝရိတ် အဓိဋ္ဌာန်တင်လိုက တင်နိုင်၏။ တိစီဝရိတ် အဓိဋ္ဌာန်မတင်ပါက အဓိဋ္ဌာန်လောက်သော ပိတ်တိုဖျင်စမှ စ၍ အခြားအဝတ်အထည်များကို ပရိက္ခာရစောဠဟူသော အမည်ဖြင့် အဓိဋ္ဌာန်တင်ကောင်း၏။ ဘုံလျှို၊ ခြုံစောင်၊ ခေါင်းအုံး၊ ကော်ဇော စသည်များမှာ သင်္ကန်းအဖြစ်သုံးရန် မဟုတ်သဖြင့် အဓိဋ္ဌာန်တင်ဘွယ် မလိုပါ။

ပရိက္ခာရာဠအဓိဋ္ဌာန်တင်လိုလျှင် တစ်ထည်တည်း ဖြစ်ပါက-“ဣမံ စီဝရံ ပရိက္ခာရစောဠံ အဓိဋ္ဌာမိ”ဟု လည်းကောင်း၊

စာမျက်နှာ-၉၃

အများဖြစ်ပါက-

ဣမာနိ စီဝရာနိ ပရိက္ခာရစောဠာနိ အဓိဋ္ဌာမိ” ဟု လည်းကောင်း ပရိက္ခာရစောဠအဓိဋ္ဌာန် တင်နိုင်ပါသည်။ ရဟန်းတော်တို့၏ အသုံးအဆောင် အဝတ်မှန်လျှင် စီဝရ-သင်္ကန်းဟု ခေါ်ဆိုနိုင်သဖြင့် အလျားတစ်တောင် အနံတစ်ထွာ ရှိ အဝတ်ဟူသမျှ ပရိက္ခာရစောဠအဓိဋ္ဌာန်တင်၍ သုံးစွဲကြ ရသည်။ ပရိက္ခာရစောဠအဓိဋ္ဌာန်ကား တိစီဝရိတ်အဓိဋ္ဌာန်နှင့် မတူပေ၊ မိမိနှင့် ညဉ့်မကင်းမကွာ ဆောင်စရာ မလိုပေ။ ချမ်းသာလွယ်ကူစွာ သုံးဆောင်နိုင်သည်။

သင်္ကန်း (၉) ထည်

သင်္ကန်းအဝတ်များကို ဖြစ်ရာဒေသဇာတိကို လိုက်၍ (၆) မျိုးရှိကြောင်း ပြပြီးခဲ့ပြီ ဖြစ်သည်။ ယခုအခါ ရဟန်း အသုံးအဆောင်ဖြစ်၍ သင်္ကန်းအမည်ဖြင့် ခေါ်ဝေါ်လေ့ရှိသည့် သင်္ကန်း (၉) ထည်ကို လေ့လာသိရှိထားရပေမည်။ ထိုသင်္ကန်း (၉) ထည်မှာ-

(၁) သင်းပိုင်
(၂) ဧကသီ
(၃) ဒုကုဋ်
(၄) အိပ်ရာခင်း

စာမျက်နှာ-၉၄

(၅) မျက်နှာသုတ်ပဝါ
(၆) ပရိက္ခာရစောဠ (သင်္ကန်းပရိက္ခရာ အဝတ်များဖြစ်သော ပိတ်တိုဖျင်စ သင်္ကန်းမချုပ်ရသေးသောအထည်များ)
(၇) နိသီဒိုင်
(၈) မိုးရေခံသင်္ကန်း
(၉) အမာလွှမ်းသင်္ကန်းတို့ ဖြစ်ကြသည်။

ထို (၉) မျိုးကို သင်္ကန်း (၉) ထည်ဟု ခေါ်ကြသည်။ ရဟန်းတော်တို့၏ အသုံးအဆောင် အခေါ်အဝေါ် ဝေါဟာရတို့ကို ကပ္ပိယကောင်းတို့သည် နားလည် သဘောပေါက် ထားပါမှ သံဃဝေယျာဝစ္စ ဆောင်ရွက်ရာ၌ ပိုမိုအဆင်ပြေနိုင်သဖြင့် အကျဉ်းမျှ ဖော်ပြထားပါသည်။

သင်္ကန်းကို အပ်စပ်အောင် လှူဒါန်းခြင်း

ရဟန်းတော်အတွက် သင်္ကန်းလှူလိုသော အလှူရှင်သည် သင်္ကန်းကို ကိုယ်တိုင်ဝယ်ယူလာပြီး ကိုယ်ထိလက်ရောက် ပါမူ အကောင်းဆုံးဖြစ်ပေသည်။သို့သော် အချို့သော အလှူရှင်တို့သည် သင်္ကန်းဖိုးဖြစ်သော ရွှေ၊ ငွေ စသော အကပ္ပိယဝတ္ထုကို လှူလာသောအခါ ရာဇသိက္ခာပုဒ်လာ ပညတ်တော်မူချက်အတိုင်း လိုက်နာဆောင်ရွက်ရပေမည်။

စာမျက်နှာ-၉၅

“ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ မည်သည့်ရဟန်းအား သင်္ကန်းလှူပါလေ”ဟု မှာပြီးလျှင် ရဟန်းကို ညွှန်ပြလျက် အလှူရှင်တို့က ကိုယ်စားလှယ် တမန် စေလွှတ်ကာ သင်္ကန်းဖိုးငွေကို ပို့တတ်ကြသည်။

ထို ကိုယ်စားလှယ်တမန်က ရဟန်းထံ ချဉ်းကပ်ပြီး “ဤ သင်္ကန်းဖိုးကို အရှင်ဘုရားဖို့ ယူလာခဲ့ပါသည်၊ သင်္ကန်းဖိုး ငွေကို အလှူခံတော်မူပါ”ဟု လျှောက်သည်။

ထိုရဟန်းက ထိုတမန်ကို “သင်္ကန်းဖိုး ရွှေ၊ ငွေ စသော အကပ္ပိယဝတ္ထုကို ငါတို့ လက်မခံကြကုန်၊ အလိုရှိသောအခါ အပ်စပ်သောသင်္ကန်းကိုသာ ခံယူကြသည်”ဟု ပြောဆိုရမည်။ ထိုသို့ ပြောဆိုသောအခါ ထိုတမန်က “အရှင်ဘုရား၏ ဝေယျာဝစ္စကို ရွက်ဆောင်ပေးမည့် ကပ္ပိယကာရက ရှိပါရဲ့လားဘုရား”ဟု လျှောက်သည်။

သင်္ကန်းကို အလိုရှိသောရဟန်းသည် အာရာမ်စောင့် နှင့် ဝေယျာဝစ္စလုပ်သူတို့ကို “ဤသူသည် ကပ္ပိယကာရက ဖြစ်သူတည်း”ဟု ညွှန်ပြနိုင်၏။ သီတင်းသုံးဘော်(၅) ဦးဖြစ်သော ရဟန်း၊ ရဟန်းမ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမတို့မှ တပါး အခြားသော မည်သူ့ကိုမဆို ကပ္ပိယကာရကအဖြစ် ညွှန်ပြနိုင်သည်။ ဤသို့ ညွှန်ပြရခြင်းမှာလည်း အလှူရှင်က၊

စာမျက်နှာ-၉၆

သို့မဟုတ် တမန်က ကပ္ပိယရှိရဲ့လားဘုရား ဟု မေးမှ၊ သို့မဟုတ် “ကပ္ပိယညွှန်ပါဘုရား”ဟု လျှောက်မှ ကပ္ပိယကို ညွှန်ပြခွင့်ရှိသည်။ ထိုသို့ မလျှောက်ဘဲ “ဤသင်္ကန်းဖိုးကို ယူပါ၊ အလှူခံပါ၊သို့မဟုတ် ဘယ်သူ့ကို ပေးခဲ့ရမလဲ”ဟု လျှောက်လျှင် ကပ္ပိယကို မညွှန်ကောင်းပါ။

ရဟန်းတော်က ကပ္ပိယကို ညွှန်ပြသောအခါ တမန်က ကပ္ပိယထံ သင်္ကန်းဖိုးအပ်နှံ၍ “ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ ဤအရှင်မြတ်အား ကပ်လှူလိုက်ပါဟု နားလည်အောင် ပြောပြပြီးနောက် ရဟန်းထံ ပြန်လာ၍ “ကပ္ပိယကို နားလည် အောင် မှာထားခဲ့ပြီးပါပြီ၊ အလိုရှိသောအခါ သင်္ကန်းကို အလှူခံရန် ကြွတော်မူပါ၊ သင်္ကန်းလှူပါလိမ့်မည်” ဟုဖြစ်စေ၊ “အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယ မည်သူ့ထံ သင်္ကန်း အလှူခံတော်မူပါ”ဟုဖြစ်စေ လျှောက်လျှင် ရဟန်းတော်သည် ကပ္ပိယထံကြွရောက်၍ “ဒကာ-ငါသင်္ကန်း အလိုရှိပြီ”ဟု မိန့် ကောင်းသည်။ တစ်ကြိမ်တည်းဖြင့်မရပါက (၂) ကြိမ်၊ (၃) ကြိမ် တောင်းကောင်းသည်။ သင်္ကန်းပေးပါ၊ သင်္ကန်းဝယ်ခဲ့ပါ စသည်ဖြင့်ကား မပြောကောင်းပေ။ (၃) ကြိမ် တောင်း၍မှ မရသေးလျှင် အလိုက်သိစွာ သင်္ကန်းလှူလိမ့်မည်ဟု သဘောထား၍ သင်္ကန်းကိုရည်မှတ်ပြီး (၆) ကြိမ်တိုင်တိုင် တိတ်ဆိတ်စွာ ရပ်ကောင်း၏။ (၃) ကြိမ်အထိ ဝစီဝိညတ်(နှုတ်)ဖြင့် တောင်းခြင်း၊

စာမျက်နှာ-၉၇

(၆) ကြိမ်ထိ ကာယဝိညတ်(ကိုယ်)ဖြင့် ရပ်ခြင်းကို ခွင့်ပြုတော်မူထား၏။

ထိုသို့ (၃) ကြိမ်တောင်း၊ (၆) ကြိမ်ရပ်၍မှ ထိုသင်္ကန်းကို မရလျှင် အလှူရှင်ထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ တစ်ယောက် ယောက်ကို စေလွှတ်၍ဖြစ်စေ “သင်တို့ ပို့လိုက်သော သင်္ကန်း ဖိုးသည် ထိုရဟန်းအတွက် သင်္ကန်းနှင့်ပတ်သက်သောအကျိုး တစ်စုံတစ်ရာ မပြီးစီးပါ၊ သို့ဖြစ်၍ ကိုယ့်ဥစ္စာကို ပြန်ရအောင် အားထုတ်ကြပါ၊ ကိုယ့်ဥစ္စာကို သူများ၏လက်၌ မပျောက်ပျက် စေသင့်ပါ”ဟု “ပြောဆိုရမည်။ ဤသို့ ပြောဆိုခြင်းသည် ဝိနည်းနှင့် မဆန့်ကျင်ရုံသာမက လောကုတ္တရာ တရားထူး ရဖို့ရန် လျော်ကန်သင့်မြတ်သော ကျင့်စဉ်ဖြစ်၏၊ ဤသို့ ပြောရမည့် ဝတ္တရားရှိပါလျက် မပြောလျှင်မူ ဝတ္တဘေဒဒုက္ကဋ (ဝတ္တရားပျက်ကွက်မှုဒုက္ကဋ်)အာပတ်ပင်သင့်နိုင်လေသည်။

ဤသည်မှာ သင်္ကန်းဖိုးလှူရာ၌ ကျင့်သုံးလိုက်နာရမည့် ကျင့်စဉ်ဖြစ်သည်။ ထို့အတူပင် ဆွမ်း၊ ခဲတံ၊ စာအုပ်စသည်တို့အတွက် အဖိုးငွေ လာလှူရာ၌လည်း ဤနည်းအတိုင်းပင် စီစဉ်ဆောင်ရွက်ရပေသည်။

စာပေတို့တွင် ကပ္ပိယ၊ ကပ္ပိယကာရကတို့ကို ဝေယျာဝစ္စကရဟု သုံးနှုန်းတတ်ကြသည်။ ဝေယျာဝစ္စကရမှာ ရဟန်း

စာမျက်နှာ-၉၈

သံဃာတော်တို့၏ အမှုကိစ္စအဝဝကို ဆောင်ရွက်ပေးရသူဟု အဓိပ္ပါယ်ရသည်။ ဝေယျာဝစ္စကရဟုဆိုလျှင် ကပ္ပိယ၊ ကပ္ပိယကာရကတို့ ပါဝင်ပြီး ဖြစ်သဖြင့် ခေတ်ဝေါဟာရအရ ကပ္ပိယကာရကဟုသာ သုံးစွဲပါမည်။

ကပ္ပိယကာရက အမျိုးမျိုးအကြောင်းကို ဝိနည်း ဒေသနာတော်တို့၌ အကျယ်ဖွင့်ပြပါသည်။ ယခုခေတ်အရ ကပ္ပိယကာရကတို့သည် ထိုမျှ များပြားစွာ ရှိကောင်းမှရှိ ကြမည်ဖြစ်သော်လည်း စာပေကျမ်းဂန်လာ ကပ္ပိယကာရကများကိုလည်း သိရှိထားရန် လိုအပ်လာပါသည်။ ရဟန်းတော်တို့သည် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကိုသာ လက်ခံသုံးစွဲကောင်းသဖြင့် ထိုပစ္စည်းလေးပါးမှတပါး အခြားသော ရွှေငွေစသော လူတို့ အသုံးအဆောင်များကို ကိုယ်တိုင်ခံယူဆောင်ရွက်၍ မရနိုင်ပေ၊ သံဃာတော်တို့အား အပ်စပ်အောင် ဖန်တီးထိန်းသိမ်း ဆောင်ရွက်ပေးနိုင်သူ လိုအပ်လာပါသည်။ ထိုသူသည်ကား ကပ္ပိယကာရကပင် ဖြစ်လေသည်။ ကပ္ပိယကောင်းဖြစ်လေလေ သံဃာတော်တို့အတွက် အကျိုးများလေလေ ဖြစ်သဖြင့် ကပ္ပိယ တစ်ကျိပ် အကြောင်း သိထားသင့်ပေသည်။

စာမျက်နှာ-၉၉

ကပ္ပိယတစ်ကျိပ်

“ကပ္ပိယံ-အပ်စပ်သည်ကို၊ ကရောတိ-ပြုတတ်၏” ဟူသော သဒ္ဒါစကားအရ ရဟန်းတော်များ အပ်စပ်အောင် ပြုလုပ်ဆောင်ရွက်ပေးတတ်သောသူကို ကပ္ပိယ၊ သို့မဟုတ် ကပ္ပိယကာရကဟု ခေါ်၏၊ စာပေကျမ်းဂန်တို့တွင် ကပ္ပိယ တစ်ကျိပ်ကို ဖော်ပြလေ့ရှိ၏၊ ထိုကပ္ပိယတစ်ကျိပ်မှာ-(က) ရဟန်းတော်က ညွှန်ပြသောကပ္ပိယ (၄) ယောက် (ခ) တမန်က ညွှန်ပြသောကပ္ပိယ (၄) ယောက် (ဂ) အနိဒ္ဒိဋ္ဌ(မည်သူမျှမညွှန်သော)ကပ္ပိယ (၂) ယောက်အားဖြင့် အားလုံး တစ်ကျိပ် (၁၀ယောက်)ရှိလေသည်။

ရဟန်းတော်က ညွှန်ပြသောကပ္ပိယ (၄) ယောက်

ရဟန်းတော်က ညွှန်ပြအပ်သော ကပ္ပိယ(၄) ယောက်မှာ-
(က) မျက်မှောက်အနီးအပါး၌ ညွှန်ပြအပ်သူတစ်ယောက်
(ခ) အဝေးသို့ လှမ်း၍ မျက်ကွယ်၌ ညွှန်ပြအပ်သူ သုံး ယောက်တို့ဖြစ်ကြသည်။

မျက်မှောက်အနီးအပါး၌ ညွှန်ပြအပ်သူ ကပ္ပိယထံ အလှူရှင်က သို့မဟုတ် အလှူရှင်၏ ကိုယ်စားလှယ်တမန်က

စာမျက်နှာ-၁၀၀

ငွေကို အပ်နှံ၍ “သင်္ကန်းဝယ်၍ လှူလိုက်ပါ”ဟု ပြောဆိုမှာထား သွားလျှင် ရဟန်းအား အထူး မလျှောက်ထားသော်လည်း မိမိရှေ့မှာပင် မိမိညွှန်ပြသူထံ အပ်နှံ၍ သင်္ကန်းလှူလိုက်ပါဟု မှာသွားသောကြောင့် သိက္ခာပုဒ်လာသည့်အတိုင်း တောင်းမှု ရပ်မှုကို ပြုနိုင်သည်။ မိမိရှေ့၌ အပ်သွားသော ကပ္ပိယတည်း။

မျက်ကွယ်ညွှန်ပြအပ်သူ ကပ္ပိယသုံးယောက် ဟူရာဝယ် ရဟန်းက အဝေးလှမ်း၍ ညွှန်ပြမှုကြောင့် (၃) ယောက် ကွဲပြား ရသည် မဟုတ်၊ အလှူလာသူ အလှူရှင်၏ ပြုမူမှုကြောင့် (၃) ယောက် ကွဲပြားရသည်။

(၁) အလှူရှင်သည် ကပ္ပိယထံ အပ်နှံပြောပြပြီးနောက် ရဟန်းထံပြန်၍ ကပ္ပိယနာမည်ကို ဖော်ပြလျက် “မည်သူ့အထံ ငွေ-၁၀၀၀ိ/ အပ်ခဲ့ပါသည်၊ အရှင်ဘုရား အလိုရှိသောအခါ အပ်စပ်သောပစ္စည်းကို အလှူခံတော်မူပါ”ဟု လျှောက်ထားသော ကပ္ပိယတစ်ယောက်။

(၂) အလှူရှင်သည် ကပ္ပိယထံ အပ်နှံပြောဆိုပြီးနောက် ကိုယ်တိုင်ပြန်၍ မလျှောက်နိုင်သဖြင့် တစ်ယောက်ယောက်ကို စေလွှတ်ကာ အထက်ပါအတိုင်း လျှောက်ထားခိုင်းသော ကပ္ပိယတစ်ယောက်။

စာမျက်နှာ-၁၀၁

(၃) အလှူရှင်ကိုယ်တိုင် ကပ္ပိယရှိရာသို့ သွားခါနီး (မသွားခင်)ကပင် “အရှင်ဘုရားညွှန်ပြအပ်သော ကပ္ပိယထံ သင်္ကန်းဖိုး အပ်နှံခဲ့ပါမည်၊ အလိုရှိသောအခါ တောင်းတော်မူပါ ဟုမှာကြား၍ လျှောက်ထားသွားသော ကပ္ပိယတစ်ယောက်။

ဤသို့ (၃) မျိုးကွဲသောကြောင့် အဝေးညွှန်ကပ္ပိယ (၃) ယောက် ပြားရသည်။ အတိုကောက်အားဖြင့် “ပြန်ကြား၊ စေလွှတ်၍ ကြား၊ မှာထားသွား” ဟု မှတ်သားထားကြသည်။

တမန်ညွှန်ကပ္ပိယ (၄) ယောက်

အလှူရှင်၏ ကိုယ်စားလှယ်တမန်ကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယလည်း (၄) မျိုးရှိ၏။ ရဟန်းကိုယ်တိုင် ညွှန်ပြအပ်သော ကပ္ပိယ(၄) မျိုးကဲ့သို့ပင် (၄) ယောက် ကွဲပြား၏။ တမန်ညွှန်ကပ္ပိယ ဖြစ်ပေါ်လာရခြင်းမှာ ကပ္ပိယ မရှိသောကြောင့်ဖြစ်စေ၊ ရှိသော်လည်း မညွှန်ပြလိုသောကြောင့်ဖြစ်စေ ရဟန်းက ကပ္ပိယမညွှန်းလျှင် အလှူရှင်ကိုယ်တိုင်သို့မဟုတ် အလှူရှင်၏ကိုယ်စား လှယ်တမန်ကိုယ်တိုင် ကပ္ပိယလုပ်မည့်သူကို ရှာ၍-

(၁) ရဟန်းတော်၏ ရှေ့မှာ အပ်နှံပြောဆိုခြင်း
(၂) အဝေးမှာရှိသည့်ကပ္ပိယထံအပ်နှံ၍ ပြန်လျှောက်ခြင်း

စာမျက်နှာ-၁၀၂

(၃) စေလွှတ်၍ လျှောက်ခြင်း
(၄) သွားခါနီးကပင် လျှောက်ထားသွားခြင်းအားဖြင့် ရှေ့နည်းအတိုင်းပင် (၄) မျိုးပြား၏။ လျှောက်ပုံစကားများမှာ ရဟန်းညွှန်းကပ္ပိယထံ အပ်နှံရာ၌ လျှောက်သည့်အတိုင်းပင် ဖြစ်သည်။

မညွှန်းအပ်သော ကပ္ပိယ(၂) ယောက်

အလှူရှင်ကသို့မဟုတ် ကိုယ်စားလှယ်တမန်က “ကပ္ပိယ ရှိပါသလား”ဟု လျှောက်သောအခါ ရဟန်းက ကပ္ပိယ မညွှန်ပြဘဲနေလျှင်-

(၁) အနီးအပါး မျက်မှောက်ရှိသူ လူတစ်ယောက်က “ကျွန်တော့်ထံ အပ်ခဲ့ပါ၊ ကျွန်တော်ဝယ်ပြီး လှူလိုက် ပါမည်”ဟု ပြောလေသော် ထိုသူ့အထံ၌ပင် အပ်နှံ သွား၏၊ တမန်က ကပ္ပိယကိုလည်း “လှူရစ်ပါ”ဟု မမှာ၊ ရဟန်းကိုလည်း “တောင်းတော်မူပါ”ဟု မလျှောက်။

(၂) တမန်တစ်ယောက်က ရဟန်း၏ ကွယ်ရာမှာပင် သင့်လျော်သူတစ်ဦးထံ အပ်နှံခဲ့၍ “သင်္ကန်းလှူ လိုက်ပါ” ဟု မှာကြားသွား၏။ သို့သော် ရဟန်းကို မလျှောက်ထားခဲ့ချေ။

စာမျက်နှာ-၁၀၃

ဤသို့လျှင် ရဟန်းကလည်း မညွှန်ပြအပ်၊ တမန် ကလည်း မညွှန်ပြအပ်သော ကပ္ပိယ (၂) ယောက် ရှိပြန်၏။ ကျမ်းဂန်စာပေတို့၌ ဤ(၂) ဦးအနက် ပထမ ကပ္ပိယကို “မုခဝေဝဋိက-သူ့နှုတ်ဖြင့် ထုတ်ဖော်ပြောဆို၍ ကပ္ပိယလုပ်သူ” ဟုခေါ်၏။ ဒုတိယကပ္ပိယကို “ပရမ္မုခအနိဒ္ဒိဋ္ဌ-ရဟန်း၏ မျက်ကွယ်၌ မညွှန်အပ်သူ”ဟု ခေါ်၏။

သိက္ခာပုဒ်အလိုက် ဆောင်ရွက်ကြပုံ

ကပ္ပိယကာရကတို့က အပ်နှံထားသော အကပ္ပိယ ဝတ္ထု၊ ရွှေငွေတို့နှင့် ပတ်သက်၍ ရဟန်းတော်တို့ လိုက်နာ ရမည့် ဝိနည်းစည်းကမ်းကို မြတ်စွာဘုရားက သိက္ခာပုဒ် အလိုက် ပြဋ္ဌာန်း ပညတ်တော်မူခဲ့သည်။

ရဟန်းညွှန်းအပ်သော ကပ္ပိယ (၄) ယောက်နှင့် စပ်လျဉ်း၍ ရာဇသိက္ခာပုဒ်ပညတ်ချက်အတိုင်း (၃) ကြိမ် တောင်းမှု၊ (၆) ကြိမ်ရပ်မှုကို ပြုလုပ်ဆောင်ရွက်တော်မူရ၏။

တမန်ညွှန်းအပ်သော ကပ္ပိယ (၄) ယောက်နှင့် စပ်လျဉ်း၍ မေဏ္ဍကသိက္ခာပုဒ်လာ နည်းလမ်းအတိုင်း ကျင့်သုံး လိုက်နာရ၏။ ကပ္ပိယက ရဟန်းမျက်ကွယ်မှာဖြစ်လျှင်၊ ရဟန်းကို တစ်နည်းနည်းဖြင့် “မည်သူ့အထံ၌ အပ်ထားသော

စာမျက်နှာ-၁၀၄

ပစ္စည်းကို တောင်းပါ”ဟု လျှောက်လျှင် အကြိမ်ရာထောင်မက (မရမချင်း) တောင်းနိုင်၏။

မည်သူမျှမညွှန်ပြအပ်သော အနိဒ္ဒိဋ္ဌကပ္ပိယ(၂) ယောက်တို့ကိုကား အညာတက (ဆွေမျိုးမတော်စပ်သူ)၊ အပ္ပဝါရိတ (ဖိတ်မန်မထားသူ)တို့အပေါ်၌ ကျင့်သုံးရသည့်အတိုင်း ကျင့်သုံးတော်မူရသည်။ မိမိကိုယ်တိုင် တောင်းခွင့်မရပေ။ သူတို့အသိဖြင့် လှူမှသာ အလှူခံရလေသည်။

ကျောင်း အိပ်ရာ နေရာတို့ကို အပ်စပ်အောင် လှူဒါန်းခြင်း

ကျောင်း

ရှေးခေတ် ရဟန်းတော်များသည် တောထဲတောင်ထဲ သစ်ပင်ရင်းကောင်ချောက် တောင်ခေါင်း သင်းချိုင်း တောအုပ် လွင်ပြင် ကောက်ရိုးပုံ နတ်ကွန်းစေတီ စသည့်နေရာမျိုးများတွင် ဝါကပ်နေထိုင်၍ ရဟန်းတရား ပွားများအားထုတ်ကြသည်။ မိမိတို့၏ ဘုဉ်းကံအလျောက် ကျောင်းလှူလိုသောအလှူရှင်တို့ ပေါ်ပေါက်လာသောအခါ အောက်ပါ ကျောင်းအမျိုးအစား ငါးပါး၌လည်း နေထိုင်သီတင်းသုံးနိုင်ကြောင်း မြတ်စွာဘုရားက ခွင့်ပြုတော်မူသည်။ ထိုကျောင်းငါးမျိုးမှာ-

စာမျက်နှာ-၁၀၅

(၁) ဝိဟာရ = လေးဘက်မိုးကျောင်း
(၂) အဍ္ဎယောဂ = နှစ်ဘက်မိုးကျောင်း
(၃) ပါသာဒ = အထွတ်ပါသော ပြာသာဒ်ရှည်ကျောင်း
(၄) ဟမ္မိယ = ပြာသာဒ်ဦးပြည်းကျောင်း
(၅) ဂုဟ = လိုဏ်ဂူကျောင်းတို့ဖြစ်ကြသည်။

အိပ်ရာနေရာများ

ကျောင်းနှင့်ပတ်သက်၍ ရဟန်းတော်များ အသုံးပြုနိုင်သော ပရိဘောဂများကို မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့ပါသည်။ ယင်းတို့မှာ-

(၁) မဉ္စ = ညောင်စောင်း၊ အိပ်ရာခဋင်အမျိုးမျိုး
(၂) ပီဌ = အင်းပျဉ်၊ စားပွဲကုလားထိုင်အမျိုးမျိုး
(၃) ဘိသိ = ဘုံလျှို၊ အပြင်ကအဝတ်သို့မဟုတ် သမင်ရေ စသော အပ်သောသားရေကို ချုပ်ပြီးလျှင် အတွင်း၌ အဆာသွတ်ထားသော ထိုင်စရာ အိပ်စရာ ဖုံမွေ့ယာ အမျိုးမျိုး (လဲ-ဝါဂွမ်း အဆာသွတ်ထားလျှင် မထိုင်ကောင်း၊ မအိပ်ကောင်းပေ။

စာမျက်နှာ-၁၀၆

အဝတ်အစား၊ သားမွေးသိုးမွေး အဆာ၊ ပိုးချည် အဆာ၊ မြက်သစ်ရွက် အဆာ၊ အုန်းဆံ အဆာ တစ်မျိုးမျိုးကို သွတ် ထားလျှင်ကား ထိုင်ကောင်း၊ အိပ်ကောင်း ပါသည်)

(၄) ဗိမ္မောဟနံ = ခေါင်းအုံး-မှီအုံး
(၅) ကောစ္ဆ = အလယ်၌ အတွင်းသို့ ကျုံ့ဝင်၍ အထက်အောက် မျက်နှာနှစ်ဘက် အပြန့်ကျယ်သော အခင်းမျိုး (ထက်စည်ပုံနှင့်တူသည်၊ ပလ္လင်ပုံ ထိုင်စရာ အသုံးအဆောင်)တို့ ဖြစ်ကြသည်။

ပရိဘောဂများ

ကျောင်းအသုံးအဆောင် ပရိဘောဂများအဖြစ် ရဟန်းတော်များ အသုံးပြုနိုင်သော အခင်းဆယ်မျိုးကိုလည်း မြတ်စွာဘုရား ခွင့်ပြုတော်မူထားပါသည်။ ယင်းတို့မှာ-

(၁) ဘိသိ = ဘုံလျှို၊
(၂) စိမိလိကာ = အဝတ်ကြမ်း၊ (အင်္ဂတေစသည့် အချောကိုင်အပ်သော ကျောင်း၌ အရောင် မပျက်အောင် ခင်းထားအပ်သော အခင်းကြမ်း)

စာမျက်နှာ-၁၀၇

(၃) ဥတ္တရတ္ထရဏ = အပေါ်ခင်း၊ (ညောင်စောင်း၊ အင်းပျဉ်စသည်တို့ အပေါ်၌ ခင်းအပ်သော အိပ်ရာခင်း စသောအခင်းမျိုး)
(၄) ဘူမတ္ထရဏ = မြေအခင်း၊ (စိမိလိကာရှိလျှင် စိမိလိကာအပေါ်က ခင်းရပြီး စိမိလိကာမရှိလျှင် မြေပေါ် အင်္ဂတေပေါ်၌ ခင်းရသော သင်ဖြူး၊ ဖယောင်းပုဆိုး စသော အခင်းမျိုး)
(၅) တဋ္ဋိကာ =ဖျာကြမ်း၊ (နှီး၊ ထန်းရွက် စသည်ဖြင့် ပြုလုပ်အပ်သော ဖျာကြမ်းအခင်းမျိုး)
(၆) ဓမ္မက္ခဏ္ဍ =သားရေပိုင်း၊ သားရေနွယ်၊ (ခြင်္သေ့ရေ၊ ကျားရေ၊ သစ်ရေစသော အားလုံးသောသားရေများတည်း၊ ခြင်္သေ့ရေ စသည်ကို ပုဂ္ဂလိကပိုင် အဖြစ်ဖြင့် ́ သွားလေရာယူ၍ မသုံးစွဲကောင်းသော်လည်း ကျောင်းအသုံး အဆောင်အဖြစ် သားရေအားလုံး သုံးဆောင်ကောင်းပါသည်)

စာမျက်နှာ-၁၀၈

(၇) နိသိဒန = နိသီဒိုင် (သင်းပိုင်အတွင်းက ခံ၍ ဝတ်ရန် ဖြစ်သည်၊ နေရာထိုင်ခင်းကဲ့သို့ ခင်း၍လည်း သုံးနိုင်သည်၊ ကျောင်းများကို မိမိ အညစ်အကြေးများ မပေကျံစေရန်၊ ဆွမ်းဟင်းစက်များ မပေစေရန် ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်၊ သုက်နှီးသင်္ကန်းဟုလည်း ခေါ်ဆိုကြသည်)
(၈) ပစ္စတ္ထရဏ =သီးခြားအခင်း၊ (သားမွေးကော်ဇောအခင်းအမျိုးမျိုး)
(၉) တိဏသန္ထရ =မြက်များကို တွဲစပ်၍ အခင်းပြုလုပ် ထားသောအခင်း၊
(၁၀) ပဏ္ဏသန္ထရ =သစ်ရွက်များကို တွဲစပ်၍ အခင်း ပြုလုပ်ထားသောအခင်း ( အင်ဖက်ခင်း ဓနိပျစ်ခင်း သက်ငယ်ပျစ်ခင်း စသည်တို့ကဲ့သို့ အခင်း ပြုလုပ်ထားသော အခင်းအမျိုးမျိုး)တို့ ဖြစ်ကြသည်။

စာမျက်နှာ-၁၀၉

အထက်ပါ အိပ်ရာနေရာ ပရိဘောဂအခင်းများသည် ကျောင်းနှင့်ဆက်စပ်သော ပရိဘောဂများ ဖြစ်သည်။ ကပ္ပိယ ကာရကတို့သည် ဝိနည်းတော်နှင့်အညီ ဆောင်ရွက်ကူညီ လုပ်ဆောင်ပေးရပေမည်။

ကျောင်းမြေပြုပြင်ခြင်း

ရဟန်းတော်များသည် ကျောင်းဆောက်မှုစသည်ကို ပြုလုပ်သောအခါ မြေတူးမှု မြေဆွမှု မြေတူးရန် ခိုင်းစေမှု စသည်ကို ပြုလုပ်ကြရသည်။ ထိုအခါ ဝိနည်းဒေသနာတော်နှင့် အညီ ကပ္ပိယကာရကတို့အား ခိုင်းစေပါမူ အပြစ်ကင်းစင် နိုင်ပေမည်။ ကပ္ပိယကာရကတို့လည်း ဝိနည်းဒေသနာ ဝေါဟာရများကို ကျွမ်းကျင်နားလည်ထားပါမှ ရဟန်းတော် များအား အကူအညီပေးနိုင်ပေလိမ့်မည်။ သို့ဖြစ်၍ ပထဝီခဏနသိက္ခာပုဒ်လာ ဝေါဟာရတို့ကို ဖော်ပြလိုပါသည်။

ရဟန်းတော်သည် မြေကို ကိုယ်တိုင် တူးလျှင် လည်းကောင်း၊ သူတပါးကို တူးစမ်းဟု ခိုင်းလျှင်လည်းကောင်း အာပတ်သင့်ပါသည်။ မြေကို တူးခြင်းဆိုရာ၌ တူးခြင်း တစ်မျိုးသာမက ဖောက်ခွဲခြင်း ခြစ်ခြင်း မီးတိုက်ခြင်းစသော ဖျက်ဆီးခြင်းအားလုံးကို ယူရပါသည်။

စာမျက်နှာ-၁၁၀

မြေအမျိုးမျိုး

ပထဝီမြေကြီးသည် ဇာတပထဝီ၊ အဇာတပထဝီဟူ၍ (၂) မျိုး ရှိသည်။ ထိုတွင် ဇာတပထဝီဟူသည်မှာ မြေဖြစ်ပြီးသော ပထဝီတည်း။ အဇာတပထဝီဟူသည်မှာ မြေအမျိုးတွင် မပါဝင်သော ပထဝီတည်း။ ဇာတပထဝီသည်လည်း သုဒ္ဓပထဝီ၊ မိဿပထဝီ၊ ပုဉ္ဇပထဝီဟူ၍ (၃) မျိုး ပြား၏။

သုဒ္ဓပထဝီမှာ-မြူမှူန်(ဖုန်)သက်သက်၊ သို့မဟုတ် မြေညက် သက်သက်တည်း၊ မြေမှုန့် မြူမှုန့်-ဖုန်ဟု ခေါ်သော အပေါ်မြေကို ပံသု-ဟုခေါ်၍ မြူဖုန်တို့၏ အောက်၌ရှိသော မြေသားကို မတ္တိကာ-မြေညက်ဟု ခေါ်၏။

မိဿပထဝီဟူသည်မှာ ကျောက်ခဲ ကျောက်စရစ် အိုးခြမ်း ကျောက်ပြုပ်ခဲတို့နှင့် ရောနေသော ပံသုနှင့်မတ္တိကာ ပထဝီများတည်း၊ ထိုသို့ ရောရာ၌ ပံသုဖြစ်စေ၊ မတ္တိကာဖြစ်စေ တစ်ဝက်၊ တစ်ဝက်ထက် များလျှင် ဇာတပထဝီတွင် ပါဝင်၏။ ပံသု-မတ္တိကာတို့က နည်း၍ ကျောက်ခဲစသည်က များလျှင် အဇာတပထဝီတွင် ပါဝင်၏။

ပုဉ္ဇပထဝီကား စုပုံထားသောမြေမှန်မြေညက်များတည်း၊ ထိုမြေပုံများသည် အမိုးအကာမရှိသော လွင်ပြင်၌ သို့မဟုတ် မိုးမလုံသောနေရာ၌ ပုံထားသဖြင့် တစ်ကြိမ်မိုးစွတ်

စာမျက်နှာ-၁၁၁

ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်တော့သည်။ အထက်ပိုင်းသာ မိုးစို၍ အောက်ပိုင်း အတွင်းပိုင်း၌ မိုးမစို လျှင်ကား ထိုနေရာသည် ဇာတပထဝီတွင် မပါဝင်သေးပေ။

ထို ဇာတပထဝီတွင် ပါဝင်သော သုဒ္ဓပံသု၊ သုဒ္ဓ မတ္တိကာ၊ မိဿပံသု၊ မိဿမတ္တိကာများကို တူးဖောက် ခွဲဖျက် မီးတိုက်ခြင်း၊ ထိုဇာပထဝီများကို ခြေလက် တုတ်ဖြင့် ခြစ်ခြင်း ရေးသားခြင်း၊ အယုတ်သဖြင့် မြေပျက်အောင် ကျင်ငယ်ကို ပြင်းပြင်းစွန့်ခြင်းတို့တွင် တစ်ခုခုကို ပြုလုပ်လျှင် အာပတ်သင့်၏။ ထိုဇာတပထဝီပေါ်၌ သပိတ်ဖုတ်ရန်၊ ဆိုးရည်ကျိုရန် မီးမွှေးလျှင်လည်း ထိုပထဝီကို မီးတိုက်ရာ ရောက်သောကြောင့် အပြစ်ဖြစ်သည်ပင်တည်း။

ပုဉ္ဇပထဝီနှင့်စပ်၍ လွင်ပြင်ရှိခြတောင်ပို့ ခြအိမ်များနှင့် ပန်းအိုး၌ တည်ထားအပ်သော မြေများလည်း ပထမ တစ်ကြိမ် မိုးစွတ်ပြီးနောက် လေးလကြာလျှင် ဇာတပထဝီတွင် ပါဝင်ကြသည်။ ထို့ကြောင့် ပန်းအိုး၌ရှိသော မြေများကို မတူးဆွကောင်း၊ မဖျက်ကောင်းပေ။

ဇာတပထဝီတွင် မပါဝင်သော အုတ်ကျောက်စသည်တို့ များစွာ ပါသောမြေ၊ သပိတ်ဖုတ်ဖူးသော နေရာဖြစ်၍ မီးလောင်ပြီးသောမြေ၊ မိုးမစွတ်သေးသော၊ စွတ်သော်လည်း

စာမျက်နှာ-၁၁၂

(၄) လမပြည့်သေးသော မြေပုံ၊ တောင်ပို့၊ ခြအိမ်များနှင့် ပန်းအိုးအတွင်းရှိ မြေများကိုမူ ဖျက်ဆီးသော်လည်း အပြစ် မရှိပါ။ ထိုဇာတပထဝီကိုပင် သစ်တုံးလှိမ့်ရင်း၊ တောင်ဝှေး ထောက်ရင်း၊ တံမြက်လှည်းရင်း ပျက်စေသော်လည်း ဖျက်ဆီး လိုသောစိတ် မရှိလျှင် အာပတ်မသင့်ပါ။ ဖျက်ဆီးလိုသော စိတ်ရှိလျှင်ကား မိမိ၏ စင်္ကြံသွားလမ်းကို သူတပါး သိအောင် ခြေဖြင့် ပြင်းပြင်းနင်း၍ သွားရုံမျှဖြင့် အာပတ်သင့်နိုင်ပါသည်။

အပ်သောမြေတူးခိုင်းနည်း

အတူးခိုင်းခြင်း၊ တူးစေခြင်းပြုလုပ်လျှင် အာပတ်သင့် နိုင်သဖြင့် ရဟန်းတော်များသည် ကပ္ပိယကာရကတို့အားအပ်သော ခိုင်းနည်းဖြင့် ခိုင်းကြရန်ဖြစ်သည်။

ခိုင်းနည်းအရ အပ်သောခိုင်းနည်းနှင့် မအပ်သော ခိုင်းနည်းဟူ၍ (၂) မျိုး ရှိ၏။

ဤမြေကို တူးစမ်း၊ ဤတွင်းကို တူးစမ်း၊ ဤမြေကို ခွဲစမ်း၊ ဖောက်စမ်း၊ ဖြိုဖျက်စမ်း၊ မီးတိုက်စမ်း စသည်ဖြင့် မြေကို တိုက်ရိုက် ညွှန်ပြ၍ ခိုင်းခြင်းသည် မအပ်သောခိုင်းခြင်း ဖြစ်သည်။

စာမျက်နှာ-၁၁၃

“ဤတွင်းကို ဤမြေကို ကပ္ပိစမ်း၊ သိစမ်း၊ ဤမြေဖြင့် အလိုရှိသည်၊ ဤမြေကို ယူခဲ့စမ်းပါ” စသော ခိုင်းခြင်းများသည် အပ်သောခိုင်းခြင်း ဖြစ်၏။

နေရာကို မသတ်မှတ်ဘဲ မြေပေါက်လိုက်၊ တွင်းတူးလိုက် စသောခိုင်းခြင်းများလည်း အာပတ်မသင့်ပါ၊ သို့ရာတွင် ဝိနည်းအရာ လိမ္မာစေရန်အတွက် “ကပ္ပိစမ်း၊ သိစမ်း” ဟူသော သာသနာဝေါဟာရ အသုံးများကိုသာ သုံးမိအောင် အသုံးပြုသင့်ပါသည်။ ကပ္ပိယကာရကတို့လည်း သံဃဝယျာဝစ္စ ကြိုးစားထမ်းဆောင်ကာ သံဃာတော်များ အပြစ်ကင်းစင် ရေးကို အကူအညီ ပေးသင့်ပေသည်။

ကျောင်းဆောက်ရာ၌ လိုက်နာဖွယ်

သံဃာတော်များ နေထိုင်ရန်အတွက် ကျောင်း ဆောက်လိုလျှင် ကျောင်းနေရာကို ညွှန်ပြဖို့ရာ ရဟန်းများကို ထိုကျောင်းဆောက်မည့် အရပ်သို့ ပင့်ရမည်။ ထိုရဟန်းတို့က ပိုးရွခြပုန်းကောက်ပဲသီးနှံ စသော ဘေးရန်မရှိရာအရပ်၊ လှည်း တစ်စီး လှည့်ပတ်လောက်ရာ ဥပစာမျက်နှာစာရှိသောအရပ်ကို ညွှန်ပြရမည်။

ပရွက်ခြစသည်ဖြင့် သနားဖွယ်သတ္တဝါကလေးများ၏ အမြဲ နေရာအရပ်၊ ဆင်၊ မြင်း၊ သစ်၊ ကျားစသော

စာမျက်နှာ-၁၁၄

ရန်မူတတ်သော သတ္တဝါကြမ်းများ၏ အမြဲနေရာ အမြဲ ကျက်စားရာအရပ်၊ ကောက်ပဲသီးနှံစိုက်ပျိုးရာအရပ်၊

ခိုးသူတို့ကို သတ်ဖြတ်ရာအရပ်၊ လမ်းဆုံကျသောအရပ် စသော မလွတ်လပ်သောအရပ်များ၌ ကျောင်း မဆောက်ရပေ။

အကြောင်းကိစ္စရှိ၍ ထိုကျောင်းပတ်ပတ်လည်ကို လှည့်လည်လိုလျှင် နွား(၂) ကောင်၊ နွား (၄) ကောင်တပ်ဆင် ထားသောလှည်းဖြင့် လှည့်ပတ်လောက်သော ဥပစာအကျယ် အဝန်း ထားရှိရမည်၊ ထိုသို့ မလှည့်ပတ်နိုင်လောက်အောင် ချောက်ကမ်းပါးစသည်နှင့် နီးကပ်နေလျှင် မဆောက်ရပေ။

ကပ္ပိယကာရကတို့သည် ကျောင်း ဆောက်ရာ၌ နေရာမှန်၊ နေရာကောင်းများရရှိအောင် ရှာဖွေခြင်း၊ ကျောင်း ဆောက်လုပ်ရေးကိစ္စများကို ကူညီပံ့ပိုးခြင်း စသည်ဖြင့် ဆောင်ရွက်သင့်ကြပေသည်။

ကျောင်း အိပ်ရာ နေရာတို့ကို အပ်စပ်အောင် လှူဒါန်းခြင်း

ကျောင်း အိပ်ရာ နေရာ ပရိဘောဂများကို ရဟန်းတော်များ သုံးစွဲနိုင်ကြောင်း မြတ်စွာဘုရားခွင့်ပြုတော် မူခဲ့သဖြင့် အပ်အပ်စပ်စပ်ဖြစ်ရန် လိုလာပါသည်။ ယခုခေတ်၌ ကျောင်း ပရိဘောဂများအတွက် အလှူရှင်တို့က ငွေကြေး

စာမျက်နှာ-၁၁၅

လှူဒါန်းတတ်ကြပါသည်။ ငွေရေးကြေးရေးနှင့် စပ်လျဉ်း လာလျှင် ကပ္ပိယကာရက ညွှန်း၍ စနစ်တကျ ဝိနည်းတော်နှင့် အညီ အလှူခံရန် လိုအပ်ပါသည်။ ငွေကြေးအလှူခံရာ၌ ဝိနည်းတော်နှင့် ညီညွတ်မှသာ ကျောင်း အိပ်ရာနေရာ ပရိဘောဂများ အပ်စပ်ပါလိမ့်မည်။

အလှူရှင်တို့က ငွေများကို ကျောင်းဆောက်ရန်အတွက် လှူဒါန်းလာလျှင် သံဃာတော်တို့က တိုက်ရိုက် ကိုင်တွယ် လက်မခံဘဲ ကပ္ပိယညွှန်းကာ ကပ္ပိယကာရကမှ တဆင့် ထိုငွေကြေးများကို စနစ်တကျ လက်ခံရပါမည်။

ဤသို့ဆောင်ရွက်လျှင် သံဃာတော်တို့အတွက် အပ်စပ်သော ကျောင်းလည်း ဖြစ်ပေါ်လာပါမည်။ အလှူရှင်တို့အတွက်လည်း အပ်စပ်သောအလှူ ဖြစ်လာနိုင်ပါသည်။ သာသနာတော်အတွက်လည်း ကျောင်းများပရိဘောဂများ တိုးတက်လာ နိုင်ပါသည်။ ထိုသို့ အပ်စပ်သော ကျောင်းဖြစ်ရေးအတွက် ကပ္ပိယကာရကတို့သည် စေတနာ သဒ္ဓါ ထက်သန်စွာ ဆောင်ရွက်ရပေမည်။

သံဃိကလာဘ် မညွတ်စေအပ်

မြတ်စွာဘုရားပညတ်တော်မူသော ပရိဏတသိက္ခာပုဒ်တော်အရ သံဃာအား ရည်မှန်းထားသော သံဃာအား

စာမျက်နှာ-၁၁၆

လှူဒါန်းပြီးသော လာဘ်လာဘ ငွေကြေး ပစ္စည်းပစ္စယ ကျောင်းကန်များကို မိမိသို့ ညွှတ်စေလျှင် မိမိပစ္စည်းဖြစ်အောင် ကြိုးပမ်းလျှင် ရဟန်းတော်တို့မှာ အာပတ်သင့်ပါသည်။

မည်သည့်ကျောင်းတိုက်ရှိ သံဃာအား လှူမည် သံဃာအတွက် ဆောက်လုပ်မည် စသည်ဖြင့် အလှူရှင်က နှုတ်မြွတ်ပြောဆိုဘူးလျှင် သို့မဟုတ် လက်ဖြင့် ပြဘူးလျှင် သံဃာသို့ ညွှတ်စေသည် မည်၏။ ထိုသို့ နှုတ်မြွက်ပြောဆိုပြီး သည်မှ စ၍ သံဃာ့ထံသို့ ပစ္စည်းမရောက်သေးသော်လည်း သံဃိကပစ္စည်းဟု ဆိုနိုင်ပါသည်။ ထိုသံဃိကပစ္စည်းကို မိမိ၏ ပုဂ္ဂလိကပစ္စည်းဖြစ်အောင် မကြိုးစားရပါ၊ ထိုသို့ သံဃာ့ထံ ညွှတ်ပြီးသော လာဘ်လာဘဖြစ်နေလျှင် မိမိ မယ်တော်၏ ပစ္စည်းပင်ဖြစ်ပါစေ မိမိထံသို့ မညွှတ်စေ ကောင်းပါ။ ညွှတ်စေလျှင် အာပတ်သင့်ပါသည်။

လာဘ်ညွှတ်စေမှုနှင့် ပတ်သက်၍ သိမှတ်ဖွယ်

သံဃိကလာဘ်လာဘကို မိမိထံသို့ မညွှတ်စေ ကောင်းသကဲ့သို့ပင် အခြားသောပုဂ္ဂိုလ်တစ်ဦးဦးအား ညွှတ်စေ ရာ၌လည်း အပြစ်ရှိပါသည်။ အခြားသံဃာသို့ ညွှတ်ပြီးသော လာဘ်လာဘကို နောက်ထပ် အခြားကျောင်းတိုက်ရှိ သံဃာ သို့ဖြစ်စေ၊ စေတီသို့ဖြစ်စေ ညွတ်လျှင်လည်း အပြစ်ရှိပါသည်၊

စာမျက်နှာ-၁၁၇

ရဟန်းတော်တို့လာဘ်လာဘကို သံဃာစေတီနှင့် အခြား တစ်ဦးဦးသို့ ညွှတ်စေလျှင်လည်း အပြစ်ရှိပါသည်။

“မည်သည့်နေရာ၌ လှူသင့်ပါသနည်း”ဟု တိုင်ပင်လာလျှင်ကား မိမိသဘောအတိုင်း ညွှန်ပြကောင်းပါ၏။

သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် အပ်စပ်သော ကျောင်း အိပ်ရာ နေရာတို့ကို လှူဒါန်းနိုင်အောင် အသိဉာဏ်ဖြင့် ချိန်ဆ၍ ကူညီပံ့ပိုးရပေမည်။

ကျောင်းပရိဘောဂများ ထိန်းသိမ်းပါ

ရဟန်းတော်များသည် သံဃိက ညောင်စောင်း စသည်ကို လွင်တီးခေါင်၌ ကိုယ်တိုင်ခင်းပြီးဖြစ်စေ၊ ကပ္ပိယတို့ကို အခင်းခိုင်း၍ဖြစ်စေ ထိုနေရာမှ အခြားတစ်နေရာသို့ သွားလိုလျှင် ကိုယ်တိုင်သိမ်း၍လည်းကောင်း၊ တစ်ယောက် ယောက်ကို အသိမ်းခိုင်း၍လည်းကောင်း သွားရမည်ဟု မြတ်စွာဘုရားက ပညတ်တော်မူခဲ့သဖြင့် ကပ္ပိယကာရက တို့သည် သံဃိကပစ္စည်းများ ကျောင်းပရိဘောဂများ မပျက်စီးစေရန် အမြဲ စောင့်ရှောက်ရမည်။ ရဟန်းသံဃာတော် တို့အတွက် ခင်းပေးပြီးလျှင် ကိစ္စပြီးပါက ချက်ချင်း သိမ်းဆည်းရမည်။ ပစ္စည်းများ ပျောက်ပျက်လေလွင့် ဆုံးရှုံးမှု မရှိရလေအောင် ကပ္ပိယကောင်း တစ်ယောက်ပီပီ အစဉ်သဖြင့် လေးလေးစားစား ထိန်းသိမ်းကြရပေမည်။

စာမျက်နှာ-၁၁၈

ဘုရားစေတီတို့ကို ရွှေသင်္ကန်းစသည် အပ်စပ်အောင် လှူဒါန်းခြင်း

ရဟန်းတော်တို့သည် ဘုရားစေတီတော်တို့ကို ရွှေသင်္ကန်းကပ်ခြင်းတို့ကို မပြုလုပ်ကောင်းပေ၊ ရွှေသင်္ကန်းကပ်ရန် ရွှေလှောင်စက္ကူရှိရွှေသည် ရဟန်းတော်တို့ကိုင်တွယ်ရန် မသင့်လျော်သည့်ရွှေ ဖြစ်နေသည်။ ထို့ကြောင့် ရဟန်းတော် ကိုယ်တိုင် ရွှေသင်္ကန်းကပ်လှူမှု မပြုသင့်ပေ။

ဘုရားတည်မှု စေတီတည်ထားကိုးကွယ်မှု စသည်တို့သည် ထာဝရတည်မြဲသောလုပ်ငန်းကြီးများ ဖြစ်ကြသည်။ ထိုဘုရားစေတီတော်တို့သို့ သံဃာတော်တို့ ပူဇော်ရန် လာရောက်ကြသည်၊ သို့ဖြစ်၍ ဘုရားစေတီတော်တို့သည် ဝိနည်းဒေသနာတော်နှင့် ကိုက်ညီသော သာသနိကအဆောက် အအုံတို့ ဖြစ်ရန် လိုအပ်လေသည်။

ဘုရားတည်ခြင်း၊ စေတီတည်ခြင်းကိစ္စကြီးများကို ပြုလုပ်ဆောင်ရွက်သောအခါ ကိစ္စကြီးမားလှသဖြင့် ဝိနည်းနှင့် အညီ ဆောင်ရွက်ရန် ခဲယဉ်းတတ်လေသည်။ မြေတူး၊ မြေဆွမှု၊ အုတ် ကျောက်ရောင်းဝယ်မှု၊ ပန်းရံ လက်သမား ခိုင်းစေမှု စသည့်လုပ်ငန်း အဆင့်ဆင့်တို့၌ ဝိနည်းတော်နှင့်အညီ ခိုင်းစေ လဲလှယ် ရောင်းဝယ် သုံးစွဲတတ်ဖို့ရန် ခဲယဉ်းလှသည်။

စာမျက်နှာ-၁၁၉

“တစ်ခါမဟုတ် တစ်ခါ” ဝိနည်းဒေသနာတော်နှင့် ကိုက်ညီမှု မရှိဘဲ ချွတ်ချော်တတ်လေသည်။ ထိုအခါ ဘုရားစေတီ တည်သူ ရဟန်းတော်မှာ သက်ဆိုင်ရာသိက္ခာပုဒ်တော်အရ အာပတ်သင့်တော့သည်။

ဘုရားတည်ရန် စေတီတည်ရန် အလှူခံသောအခါ၌လည်း ဝိနည်းဝေါဟာရနှင့်အညီ သုံးနှုန်းဆောင်ရွက်ရန် ခဲယဉ်းပြန်သည်၊ ဝိနည်းတော်နှင့် လျော်ညီစွာ ငွေရေး ကြေးရေးများကို စနစ်တကျ အလှူခံတတ်ဖို့ရန် လွန်စွာအရေး ကြီးလှသည်။

အလှူရှင်တို့က ဘုရားစေတီတည်ရန် ငွေကြေးပစ္စည်းများ၊ ရွှေငွေစိန်ကျောက်ပတ္တမြားရတနာများ၊ လယ်ယာမြေများ လှူဒါန်းလာသောအခါ မိမိကိုယ်တိုင် လက်မခံရပေ။ သက်ဆိုင်ရာကပ္ပိယကာရကကို ညွှန်ပြရသည်။ ကပ္ပိယကာရကတို့က ဝိနည်းတော်နှင့်အညီ စနစ်တကျ လက်ခံသိမ်းဆည်း ရသည်။ ထိုသို့ ခဲခဲယဉ်းယဉ်း စနစ်တကျ ဆောင်ရွက်မှသာ စေတီတစ်ဆူ ဘုရားတစ်ဆူသည် ပြီးမြောက်နိုင်ပေမည်။

သို့ဖြစ်၍ ဘုရားရှင်၏ ဆန္ဒတော်အရ ရဟန်းတော်များသည် စာပေသင်ကြား ပို့ချမှု ပရိယတ္တိဓုရနှင့် အကျင့် သိက္ခာ သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းမှု

စာမျက်နှာ-၁၂၀

ဝိပဿနာဓုရကိုသာ အားထုတ်တော်မူလေ့ ရှိကြသည်။ ရဟန်းတော်ကိုယ်တိုင် ဦးစီး၍ ဝိနည်းစည်းကမ်းနှင့် မညီဘဲ တည်ဆောက်ထားသော စေတီဘုရားများကို ရှေးခေတ် ဝိနည်းလေးစားသော ဆရာတော်တို့ ရှောင်ရှားလေ့ရှိကြသည်။

သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် ဘုရားစေတီတို့ကို တည်ဆောက်ခြင်း ရွှေသင်္ကန်းကပ်ခြင်းစသည့် ကိစ္စအရပ်ရပ်၌ အပ်စပ်အောင် လှူဒါန်းနိုင်ရန်အတွက် ကြိုးပမ်းရပေမည်။ စေတီတစ်ဆူသို့ ညွတ်ပြီးသော လာဘ်လာဘကို အခြားစေတီ တစ်ဆူသို့ ညွှတ်ရန် မဆောင်ရွက်ကောင်းသဖြင့် သာသနာတော်အတွက် အကောင်းဆုံး၊ ဝိနည်းဒေသနာတော် နှင့် အညီညွတ်ဆုံး စေတီဘုရားများပေါ်ထွက်ရန် သတိပြု ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ စေတနာသဒ္ဓါတရား ထက်သန် ပညာဉာဏ်ဖြင့် ဝေဖန်၍ စီမံ ဆောင်ရွက်တတ်သော ကပ္ပိယ ကောင်းများ ရှိမှသာ သာသနာတော် သန့်ရှင်းစွာ တည်တံ့ ထွန်းကားပြန့်ပွားပေမည်။

စာမျက်နှာ-၁၂၁

အခန်း(၅)

ရွှေ ငွေ ရတနာ ပစ္စည်းများနှင့် စပ်လျဉ်းသော ကပ္ပိယတာဝန်များ

ကပ္ပိယကောင်းတစ်ဦး၏ အလှူခံယူမှုဆိုင်ရာ တာဝန်များ မအပ်စပ်သော အကပ္ပိယဝတ္ထုများ

ရဟန်းတော်တို့ မကိုင်ကောင်း မသာယာကောင်း လက်မခံကောင်းသော ရဟန်းတော်တို့နှင့် မအပ်စပ်သော လှူဖွယ်ဝတ္ထု အစုစုတို့ကို အကပ္ပိယဝတ္ထုများဟု ခေါ်သည်။ ထိုမအပ်စပ်သော အကပ္ပိယ ဝတ္ထုများမှာ ရွှေတုံး ရွှေခဲ ရွှေဒင်္ဂါး၊ ရွှေထည်ပစ္စည်း လက်ဝတ်ရတနာများ၊ ငွေတုံး

စာမျက်နှာ-၁၂၂

ငွေခဲ ငွေဒင်္ဂါး၊ ငွေထည်ပစ္စည်းများ၊ ခေတ်ကာလ အလိုက် ဈေးဝယ်သုံးစွဲ၍ ရကောင်းသော ပိုက်ဆံအမျိုးမျိုး၊ ငွေစက္ကူ အမျိုးမျိုးကို ဇာတရူပရဇတသိက္ခာပုဒ်အရ “နိဿဂ္ဂိယ ဝတ္ထု”ဟု ခေါ်၏။ အလှူခံမိလျှင် ပယ်စွန့်ပြီး အာပတ်ကို ကုစားရမည့်ဝတ္ထုဟု ဆိုလိုသည်။

ပုလဲ၊ ပတ္တမြားစသော ရတနာများနှင့် ကျွန်မိန်းမ၊ ကျွန်ယောက်ျား၊ လယ်ယာ၊ အာရာမ်၊ ဥယျာဉ်များကို ဒုက္ကဋဝတ္ထုဟု ခေါ်၏။ အလှူခံမိလျှင် ဒုက္ကဋ်အာပတ်သင့် သည်ဟု ဆိုလိုသည်။ ထိုနိဿဂ္ဂိယဝတ္ထု၊ ဒုက္ကဋဝတ္ထု (၂) မျိုးစလုံးကိုပင် မိမိ ပုဂ္ဂလိကအတွက် ဖြစ်စေ၊ မိမိဂိုဏ်း အတွက်ဖြစ်စေ၊ သံဃာတော်အတွက်ဖြစ်စေ၊ စေတီတော် အတွက်ဖြစ်စေ မိမိထံ လာရောက် အပ်နှံလှူဒါန်းလာလျှင် ပယ်ရမည်သာ ဖြစ်သည်။

ရွှေ ငွေ ရတနာခံယူမှုနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ ဆန္ဒတော်ကို သုတ္တန်ဒေသနာတော်များတွင်လည်း တွေ့ရပါသည်၊ ဝိနည်းသိက္ခာပုဒ် အတိအကျ ပညတ်တော်မူပုံကို မဖော်ပြမီ သုတ္တန် ဒေသနာတော်အချို့ကို ဖော်ပြ လိုပါသည်။

စာမျက်နှာ-၁၂၃

သာသနာ့ဂုဏ်မှေးမှိန်စေနိုင်သည်

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတော်တို့အား အောက်ပါအတိုင်း မိန့်တော်မူပါသည်-“ရဟန်းတို့-တိမ်တိုက်၊ ဆီးနှင်း၊ မြူခိုး၊ ရာဟု အသူရိန်တို့သည် နေ၊ လများကို ညစ်နွမ်း စေသည့် ဘေးရန်လေးမျိုးဖြစ်သည်။ ထိုဘေးရန်များက ညစ်နွမ်းအောင်လုပ်ထားသည့် နေ၊ လများသည် မတောက်ပနိုင် မထွန်းလင်းနိုင် မတင့် တယ်နိုင်တော့ပေ။”

“ရဟန်းတို့ ထို့အတူပင် အရက်သေစာ သောက်စားခြင်း၊ မေထုန်မှီဝဲခြင်း၊ ယုတ်ညံ့သည့် အသက်မွေးမှုနှင့် အသက်မွေးခြင်း၊ ရွှေ ငွေကို ခံယူခြင်း ဤတရားလေးပါးတို့သည် ရဟန်း သူတော်ကောင်းများကို ညစ်နွမ်းစေတတ်သည့် ဘေးရန်များ ဖြစ်ကြသည်။ ထိုဘေးရန်များကြောင့် ညစ်နွမ်းနေကြရသည့် ရဟန်းသူတော်ကောင်းများသည် ဂုဏ်အားဖြင့် မတောက်ပနိုင် မထွန်း လင်းနိုင် မတင့်တယ်နိုင်တော့ပေ။”

စာမျက်နှာ-၁၂၄

ရွှေငွေအပ်က ကာမဂုဏ်အပ်သည်နှင့်တူနေသည်

ထို့အတူပင် မြတ်စွာဘုရားသခင်လက်ထက်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် ဘုရင်ဗိမ္ဗိသာရ၏ မင်းနန်းတော် အတွင်း၌ ပရိသတ်များ စည်းဝေးကြကာ “ရဟန်းတော်တို့အား ရွှေ ငွေသည် အပ်စပ်သည်၊ ရဟန်းတော်များသည် ရွှေငွေကို သာယာကြသည်၊ ရွှေ ငွေကို ခံယူနေကြသည်” ဟူသောစကား ဖြစ်ပွားပေါ်ပေါက်လာသည်။

ထိုအခါ ထိုပရိသတ်ထဲတွင် ပါဝင်နေသော မဏိစူဠကအမည်ရှိ ရွာသူကြီးတစ်ဦးက “မိတ်ဆွေတို့-ဒီလို မပြောကြပါနှင့်၊ ရဟန်းတော်တို့အား ရွှေငွေ မအပ်ပါ၊ ရဟန်းတော်များသည် ရွှေငွေကို မသာယာကြပါ၊ ခံလည်း မခံယူကြပါ၊ ရဟန်းတော်များသည် ပတ္တမြား ရွှေ ငွေကို ပယ်ကြပါသည်၊ ရွှေငွေနှင့် ကင်းကင်းရှင်းရှင်းဘဲ နေကြ ပါသည်” ဤသို့ပြောဆိုကာ ကန့်ကွက်ခဲ့ပါသည်။ ပရိသတ် ကလည်း နားလည်မှု ရသွားပါသည်၊ မဏိစူဠကရွာသူကြီး၏ စကားကို လက်ခံကြပါသည်။ ထို့နောက် မဏိစူဠက ရွာသူကြီးသည် မြတ်စွာဘုရားထံသို့ သွားရောက်၍ ထိုအကြောင်းကို လျှောက်ထားသည်။

စာမျက်နှာ-၁၂၅

မြတ်စွာဘုရားသည် မဏိစူဠက ရွာသူကြီး၏ စကားကို လက်ခံအတည်ပြုသည့်အပြင် ရွှေ ငွေ အပ်တဲ့ သူအတွက် ကာမဂုဏ်(၅) ပါးလည်း အပ်တော့မှာပေါ့၊ ကာမဂုဏ် (၅) ပါးအပ်သည် ဆိုကတည်းက ဘယ်မှာ ရဟန်းတရား အားထုတ်နိုင်ပါတော့မလဲ၊သို့သော်လည်း မြက်ကို အလိုရှိသော ရဟန်းသည် မြက်ကို ရှာနိုင်သည်၊ သစ်သားကို အလိုရှိသည့်ရဟန်းသည် သစ်သားကို ရှာနိုင်သည်၊ လုပ်အားကို အလိုရှိသည့်ရဟန်းသည် လုပ်အားပေး နိုင်သည့်ယောက်ျားကို ရှာနိုင်သည်။

“ရွာသူကြီး-မည်ကဲ့သို့သော အကြောင်းနှင့်မျှ ရွှေငွေကို သာယာနိုင်တယ်၊ ရှာနိုင်တယ်လို့ ငါဘုရား ဟောတော်မမူပေ”

ဤသို့လျှင် မဏိစူဠကရွာသူကြီး၏စကားကို လက်ခံတော်မူကာ ရွှေငွေနှင့် ပတ်သက်၍ အပြည့်အစုံ ဖြည့်စွက် ဟောကြားတော်မူခဲ့သည်။

ရွှေငွေဆိုင်ရာ ပညတ်တော်

ရွှေငွေဆိုင်ရာကို ကိုယ်တိုင်ခံယူသည် ဖြစ်စေ၊ မိမိအတွက် သူတပါးကို ခံယူခိုင်း၊ ယူလိုက်ဟု ခိုင်းသည် ဖြစ်စေ၊ တစ်ခုခုသော နေရာ၌ အပ်နှံ၍ လှူဒါန်းအပ်သော

စာမျက်နှာ-၁၂၆

ရွှေငွေကို ကိုယ်နှုတ်ဖြင့် မပယ်ဘဲ သာယာသည်ဖြစ်စေ ထိုရွှေငွေများ နိဿဂ္ဂိထိုက်၍ ရဟန်းမှာ အာပတ်သင့်သည်။

ရူပိယသိက္ခာပုဒ်တွင် ဇာတရူပအရ ရွှေတုံး ရွှေခဲ ရွှေဒင်္ဂါးများကိုလည်းကောင်း၊ ရဇတအရ ငွေတုံး ငွေခဲ ငွေဒင်္ဂါး ငွေစက္ကူ၊ ငွေအဖြစ်ဖြင့် သုံးစွဲရသော ပိုက်ဆံ အမျိုးမျိုးကိုလည်းကောင်း ပညတ်တော်မူခဲ့သည်။

မယူရ-အယူမခိုင်းရ

ထိုအကပ္ပိယဝတ္ထုတို့ကို မယူရသည်မှာ အလှူရှင်တို့ လှူအပ်သော ရွှေငွေကို ဖြစ်စေ၊ လမ်းလယ်၌ ဥစ္စာရှင် မရှိသော ရွှေ ငွေကို ဖြစ်စေ ကိုယ်တိုင်ယူခြင်း မပြုရဟု ပညတ်တော်မူခဲ့သည်။ ထိုရွှေ ငွေတို့ကို ကိုယ်တိုင်မယူဘဲ တစ်ယောက်ယောက်ကို အယူခိုင်းခြင်းမျိုးကိုလည်း မပြုရဟု ပညတ်တော်မူခဲ့သည်။

ထိုသို့ အယူခိုင်းရာ၌ မိမိအဖို့ အယူခိုင်းလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါသည်၊ အခြားသီတင်းသုံးဘော် များအတွက် အယူခိုင်းလျှင် ဒုက္ကဋ်အာပတ် သင့်ပါသည်။

စာမျက်နှာ-၁၂၇

လူများပိုင်ဆိုင်သော ရွှေ ငွေများကို “ယူလော့-သိမ်းထား လော့၊ မည်သည့်အဖိုး ပေးချေလိုက်လော့” စသည်ဖြင့် မစီမံကောင်းကြောင်း သာရတ္ထဒီပနီဋီကာ၌ ဖွင့်ဆိုသည်။

အပ်နှံငွေ

မိမိအနီးအပါးမျက်မှောက်၌ လာရောက်ပြီးလျှင် “ဤရွှေ ငွေသည် ဤဝတ္ထုသည် အရှင်ဘုရားဖို့ ဖြစ်ပါသည်”ဟု လျှောက်ထား၍ လှူအပ်သော ရွှေ ငွေ၊ “မည်သည့်အရပ်မှာ၊ မည်သည့်ဘဏ်တိုက်မှာ၊ သို့မဟုတ် မည်သူ့လက်မှာရှိသော ရွှေငွေများသည် အရှင့်ဖို့ ဖြစ်ပါစေ၊ အရှင့်အား လှူဒါန်းပါ၏”ဟု အဝေးအရပ်ကို ညွှန်ပြ၍ လှူအပ်သော ရွှေ ငွေ၊

ဤရွှေ ငွေများကို ဥပနိက္ခိတ္တ = အပ်နှံလှူဒါန်း အပ်သော ရွှေငွေဟု ခေါ်၏။

သာယာခြင်း

ထိုကဲ့သို့ လှူရာ၌ ဦးခေါင်းခါ၍ဖြစ်စေ၊ ငါတို့မှာ ရွှေ ငွေ မအပ်၊ ရွှေငွေကို ငါတို့ အလိုမရှိဟု ပြော၍ဖြစ်စေ ကိုယ်နှုတ်တစ်ခုခုဖြင့် မပယ်ရှားဘဲ စိတ်ဖြင့် လက်ခံမှုကို သာယာခြင်းဟု ခေါ်၏။ သာယာမိ၍ နိဿဂ္ဂိပါစိတ်အာပတ် သင့်ရောက်သည်။

စာမျက်နှာ-၁၂၈

ရွှေငွေနှင့် ပတ်သက်၍ ကျင့်ဖွယ်ရာ

သိက္ခာပုဒ်တော်တွင် “သာဒိယေယျ-သာယာ ငြားအံ့”ဟု ဟောတော်မူသဖြင့် သာယာမှ နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါသည်၊ ယခုကာလ အလှူစသည်၌ ငွေကို လှူသောအခါ ထူးထူးခြားခြား ကိုယ်နှုတ်စိတ်ဖြင့် မင်း ပယ်သာလျှင် “ငါမယူလို-ငါမသာယာ၊ ကပ္ပိယ သုံးချင်ရာ သုံးပေစေ”ဟု အမှန်စင်ကြယ်သော မသာယာသော စိတ်ဖြစ် နိုင်ပါလျှင် အာပတ်မသင့်ပါ။

ထိုငွေကို ကပ္ပိယကာရက သို့မဟုတ် ကျောင်းသား ယူလာ၍ နည်းစနစ်တကျ-

အရှင်ဘုရား-မည်မျှတန်သောအပ်သောပစ္စည်းကို တပည့်တော်ထံ တောင်းတော်မူပါဟု လျှောက်လျှင် မူလက ငွေကို မသာယာခဲ့သောကြောင့် အပ်ဖွယ်ရှိပါသည်၊ ဤသို့ မလျှောက်ဘဲ ကျောင်းသား စသူတို့က ယူရုံသာယူထားလျှင် ထိုငွေနှင့်စပ်၍ ဘာမျှမအပ်တော့ပါ။

စွန့်ရခြင်းအကျိုး

ထိုသို့ အလှူခံမိသောရွှေငွေများသည် နိဿဂ္ဂိပစ္စည်း များဖြစ်သွားသဖြင့် စွန့်ရပါမည်။ ထိုသို့ ရွှေငွေကို စွန့်ရာ၌ သံဃာဂိုဏ်းပုဂ္ဂိုလ် အားလုံးပင် မအပ်သောကြောင့် အခြား

စာမျက်နှာ-၁၂၉

နိဿဂ္ဂိပစ္စည်းကဲ့သို့ သံဃာဂိုဏ်းပုဂ္ဂိုလ်အား စွန့်ခွင့်မရပါ။ သံဃာ့အလယ်တွင်-

“အဟံ ဘန္တေ ရူပိယံ ပဋိဂ္ဂဟသိံ၊ ဣဒံ မေ ဘန္တေ နိဿဂ္ဂိယံ၊ ဣမာဟံ နိဿဇ္ဇာ”ဟု-ပါဠိလို ဆို၍ ဖြစ်စေ၊

“အရှင်ဘုရား-တပည့်တော်သည် ရွှေငွေကို ခံယူမိပါပြီ၊ ဤရွှေငွေကို တပည့်တော် စွန့်ပါ၏”ဟု မြန်မာလို ဆို၍ ဖြစ်စေ စွန့်ရသည်။

ထိုကဲ့သို့ စွန့်ပြီးသောအခါ လူတစ်ယောက်ယောက် လာလျှင် “ဤဟာကို သိလော့”ဟု ပြောရမည်။ ဤငွေဖြင့် ဘာကို ယူခဲ့ရမည်နည်းဟု ဒကာကလျှောက်လျှင် “မည်သည့် ပစ္စည်းကို ယူစေလိုသည်”ဟု မပြောဘဲ “မည်သည့်ပစ္စည်း တော့ သံဃာမှာ အပ်တာဘဲ”ဟု ပြောနိုင်၏။ ထိုသို့ ပြော၍ ဝယ်ယူလာလျှင် ထိုပစ္စည်းကို သံဃာအားလုံး ဝေ၍ သုံးဆောင်ကောင်း၏။ ဤသို့မှ မစွန့်လျှင် မည်သည့် ရဟန်းမျှ မအပ်တော့ပေ။ စွန့်လျှင် သံဃာများ၌ ပစ္စည်း သုံးစွဲခွင့်ရခြင်းသည် ရွှေငွေကို စွန့်ရခြင်း၏ အကျိုးဖြစ်လေသည်။

ရွှေငွေကို အလှူခံမိသော ရဟန်းမှာမူ စွန့်လိုက်သည့်အတွက် မိမိမှာအပြစ်ကင်း၍ သန့်ရှင်းခြင်းအကျိုးသာ

စာမျက်နှာ-၁၃၀

ရှိ၏၊ ထိုစွန့်ပြီး ရွှေငွေမှ ပစ္စည်းကို ရဟန်းသာမဏေ ကပ္ပိယတို့က တဆင့်ပေးသော်လည်း မသုံးစွဲကောင်းပေ။ ထိုစွန့်ပြီး ရွှေငွေဖြင့် မျိုးစေ့ကိုဝယ်၍ စိုက်ထားအပ်သော သစ်ပင်၌သော်မှ ထိုရဟန်းမှာ အရိပ်မခိုကောင်း၊ ထိုငွေဖြင့် ဝယ်ထားအပ်သော ဆီ၊ ရေနံဆီ၊ ဖရောင်းတိုင်၊ မီးလုံးများ၏ မီးရောင်၌သော်ပင် စာမချကောင်း၊ မဖတ်ကောင်းဟု စာပေကျမ်းဂန်တွင် ပြဆိုထားလေသည်။

ဤသို့သော သံဃကိစ္စများ၌လည်း ကပ္ပိယကာရကတို့သည် ဝိနည်းအရာနားလည်မှုရှိစွာဖြင့် ဆောင်ရွက်တတ် ကြရလေသည်။

အပ်စပ်သော လှူဒါန်းနည်း

ရွှေငွေကို လှူဒါန်းကြရာ၌ အပ်စပ်အောင် လှူဒါန်းတတ်ဖို့ အရေးကြီးလှပါသည်။ ဒကာလုပ်သူက အပ်စပ်အောင် လှူဒါန်းပါလျှင် ရဟန်းတော်များအနေဖြင့် ပယ်မြစ်နေရန် မလိုတော့ပါ။ ကပ္ပိယညွှန်း၍ စီမံသုံးစွဲနိုင်ပါသည်။ ဒကာလုပ်သူက သံဃာ၊ ဂိုဏ်း၊ ပုဂ္ဂိုလ်ကို သီးခြား မသုံးသပ်ဘဲ “ဤရွှေငွေများကို စေတီတော်အတွက် လှူဒါန်း ကြပါကုန်၏၊ ကျောင်းအတွက် လှူဒါန်းကြပါကုန်၏၊ နဝကမ္မအတွက် လှူဒါန်းကြပါကုန်၏”ဟု ပြောဆို လှူဒါန်းကြပါလျှင်

စာမျက်နှာ-၁၃၁

မတားမြစ်ကောင်းကြောင်း ဝိနည်းအဋ္ဌကထာ၌ ဖွင့်ဆိုထား ပါသည်။

ထို့ကြောင့် ရွှေငွေလှူဒါန်းလိုကြသော ဒကာဒကာမတို့သည် သာသနာတော်အား အထောက်အပံ့ပြုကြရာ၌ ဘုရားစေတီတော်အား လှူဒါန်းလိုပါလျှင်-

“ဤရွှေငွေများကို စေတီတော်အား လှူဒါန်းပါကုန်၏ အရှင်ဘုရား”ဟု-

လျှောက်ထား၍ လှူဒါန်းရပါမည်။ ကျောင်းတိုက်တာအား လှူဒါန်းလိုပါလျှင်-

“ဤရွှေငွေများကို ကျောင်းအား လှူဒါန်းပါကုန်၏ အရှင်ဘုရား”ဟု-

လျှောက်ထား၍ လှူဒါန်းရပါမည်။ ရဟန်းသံဃာတော်များ၏ အမှုကိစ္စသစ်အား လှူဒါန်းလိုပါလျှင်-

ဤရွှေငွေများကို အရှင်ဘုရား၏ အမှုကိစ္စသစ် (နဝကမ္မ)အား လှူဒါန်းပါကုန်၏အရှင်ဘုရား”ဟု-

လျှောက်ထား၍ လှူဒါန်းရပါမည်။

ထိုသို့ သာသနာတော်အား လှူဒါန်းလာသော ရွှေငွေပစ္စည်းများကို ကိုယ်တိုင် ကိုင်တွယ်သုံးစွဲမှုကို မပြုဘဲ ကပ္ပိယကာရကညွှန်၍ ကပ္ပိယကာရကဖြင့် စီမံခန့်ခွဲ သုံးစွဲ နိုင်ပါသည်။

စာမျက်နှာ-၁၃၂

ကပ္ပိယညွှန်းပုံ

ယခုခေတ်၌ ငွေအသုံးချမှု ကျယ်ပြန့်လာသည်။ ငွေသည် ခရီးသွားလာရေး၊ ပစ္စည်းရောင်းဝယ်ရေး၊ လှူရေး တန်းရေး၊ သာရေး နာရေး၊ ကျန်းမာရေးတို့တွင် မပါမပြီး အရေးကြီးလာသည်၊ ရဟန်းတော်တို့သည် ငွေအလှူခံမှု-ငွေကိုင်တွယ်သုံးစွဲမှုများကို မလွှဲမရှောင်သာ ဆောင်ရွက် လာရသည့်အခါများ ရှိလာ၏။

မြတ်စွာဘုရားရှင်က ငွေရေး ကြေးရေးနှင့် ပတ်သက်၍ ဤသို့ ပညတ်တော်မူ၏။ သဒ္ဓါတရားရှိသူတို့က “ဤငွေဖြင့် ရဟန်းတော်တို့အား အပ်စပ်သော ပစ္စည်းကို ဘုန်းကြီးအား လှူပါ”ဟု မှာထား၍ ကပ္ပိယထံ ငွေကို အပ်နှံထားတတ်ကြသည်၊ ထိုသို့ အပ်ထားကြရာ၌ ထိုငွေမှ အပ်စပ်သောပစ္စည်းကို သာယာကောင်း၏၊ တောင်း ယူကောင်း၏၊ ရွှေ ငွေကိုကား မည်သည့်ပရိယာယ်နှင့်မျှ မသာယာကောင်းဟု မိန့်တော်မူ၏။

သို့ဖြစ်၍ ရွှေငွေကို အလှူခံဖွယ်ကိစ္စ ကြုံတွေ့ လာလျှင် အောက်ပါအတိုင်း ကပ္ပိယညွှန်၍ ဆောင်ရွက် သင့်ပေသည်။ ကပ္ပိယကာရကအဖြစ် သီတင်းသုံးဘော် (၅) ဦးဖြစ်သော ရဟန်း-ရဟန်းမ-သိက္ခမာန်-သာမဏေ-

စာမျက်နှာ-၁၃၃

သာမဏေမမှ တပါး အခြားမည်သူ့ကိုမဆို ကပ္ပိယအဖြစ် ညွှန်ပြနိုင်သည်၊ ယခုခေတ်၌ ရဟန်းနှင့်သာမဏေမှတပါး အားလုံးကို ညွှန်ပြနိုင်သည်ဟု ဆိုရပေမည်။ ငွေရေး ကြေးရေးကိစ္စသည် ယခုအခါ အရေးပါသောအရာ ဖြစ်လာသည်။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးကို စာပေအဆိုအတိုင်း ထပ်တူထပ်မျှ ကျင့်သုံးဖို့ရန် ခက်ခဲလာသည်။ အကပ္ပိယဝတ္ထုဖြစ်သော ငွေသည် အစစ အရာရာ အဆင်ပြေအောင် ဖန်တီးပေးနိုင်သောအရာ ဖြစ်လာသည်။ အလှူအတန်းများတွင် အလှူငွေ၊ ဝတ္ထုငွေ၊ အနာမာသဝတ္ထု-နဝကမ္မဝတ္ထု စသောအမည်များတပ်၍ လှူဒါန်းလာကြသည်၊ ငွေဆွမ်းလောင်းမှု၊ ငွေပဒေသာပင် လှူဒါန်းမှု၊ ငွေ မှုများကို ကိုယ်တိုင်ကိုယ်ကျ လှူလာ ကြသည်။

ရဟန်းတော်များအနေနှင့်လည်း ငွေကြေးကို တိုက်ရိုက်ကိုင်ကာ သုံးစွဲမှု မပြုလုပ်ချင်သော်လည်း ခေတ် ကာလ သွားရေးလာရေး၊ ဝယ်ရေးချမ်းရေး၊ ဆွမ်းကွမ်း ဆိုင်ရာ အဖြာဖြာတွင် ငွေကြေးမပါလျှင် ကိစ္စမပြီးသဖြင့် ငွေကြေးကိစ္စ ကိုင်တွယ်နေကြရသည်။ ငွေကြေးလောင်း လှူပွဲများတွင် တိုက်ရိုက် လက်ခံမှုကို ရှောင်လွှဲလိုသည့် တချို့သော ရဟန်းတော်များအနေဖြင့် ယပ်တောင်နှင့်

စာမျက်နှာ-၁၃၄

အလှူခံမှု၊ သပိတ်ဖြင့် အလှူခံမှု၊ သင်္ကန်းဖြင့်။ အိတ်ဖြင့် အလှူခံမှု စသည်ကို ပြုလုပ်လာကြရသည်။

ငွေလှူဒါန်းမှုကို တိုက်ရိုက်မပြုကောင်းဟု သဘော ပေါက်ထားကြသော အလှူရှင်များအနေဖြင့်လည်း ငွေစက္ကူများကို တိုက်ရိုက် ဆက်ကပ်မှုအစား စာအိတ်တွင်းထည့်၍ လှူဒါန်းမှု၊ စာအုပ်ကြားညှပ်၍ လှူဒါန်းမှု၊ အိတ်အမျိုးမျိုး ဖြင့်ထည့်ကာ ဖုံးဖိလှူဒါန်းမှု ပြုလာကြသည်။ ဘုရားပညတ်တော်အရ ဆိုရပါမူ မည်သည့်နည်းနှင့်မျှ ကိုယ်တိုင် ကိုင်တွယ်၍ တိုက်ရိုက် အလှူမခံကောင်းပေ။ ငွေရေး ကြေးရေးနှင့် ပတ်သက်လာလျှင် ကပ္ပိယနှင့် ဆက်သွယ် လှူဒါန်းခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။ ထိုအချက်ကို သာသနာပြုလိုသူတိုင်း အလေးအနက် သတိပြု သင့်ကြသည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ ရဟန်းတော်များသည် ဝိနည်းတော် ပညတ်တော်ကို အလေးဂရုပြု သောအားဖြင့် ဝိနည်းထုံးစံကို ကြိုတင် သင်ပြကောင်းသည့် အားလျော်စွာ ကပ္ပိယကာရကများကို ကြိုတင် သင်ပြထားသင့်သည်။ ထိုကပ္ပိယကာရကတို့သည် အလှူရှင်က ငွေများကို လာရောက် လှူဒါန်းသောအခါ၌လည်းကောင်း၊ ရဟန်းတော်တို့က ငွေကို အလှူမခံ ပယ်လှန်လိုက်သော်လည်းကောင်း၊ အလှူရှင်ကိုယ်တိုင်က ဝိနည်းပညတ်တော်ကို

စာမျက်နှာ-၁၃၅

နားလည်ပြီးဖြစ်၍ ကပ္ပိယထံ အပ်နှံသော်လည်းကောင်း ကပ္ပိယက ထိုငွေကို လက်ခံထားပြီးလျှင်-

“တပည့်တော် မောင်လှထံ ၁၀၀ ကျပ်တန် အပ်စပ်သော ပစ္စည်းများကို တောင်းခံတော်မူပါ ဘုရား၊ လုံခြုံရာအရပ်ကိုလည်း ညွှန်ပြတော်မူပါ ဘုရား”ဟု လျှောက်ထားကြရသည်။

ကပ္ပိယကာရက-က ထိုသို့ လျှောက်ထားလျှင် အလှူရှင်ဒကာက အထူး လျှောက်ထားသည်ဖြစ်စေ၊ မလျှောက်ထားသည်ဖြစ်စေ ပဝါရိတ(ဖိတ်မန်သူ) ဖြစ်သွားပြီ ဖြစ်သဖြင့် ထိုငွေနှင့်တန်သလောက် အလိုရှိရာအပ်သော ပစ္စည်းများကို တောင်းကောင်း၏။ ငွေကိုလည်း မည်သည့် နေရာ၌ လုံခြုံသည်ဟု ပြောပြကောင်းလေသည်။ “မည်သည့် နေရာမှာ ထားလိုက်”ဟုကား မပြောကောင်းပေ။

ဤသို့ ကပ္ပိယကာရက ညွှန်း၍ စနစ်တကျ သိမ်းဆည်းကာ အလိုရှိရာ သုံးစွဲခြင်းသည် ငွေကြေးဆိုင်ရာ ပညတ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း မည်ပေသည်၊ ဝိနည်းတော်နှင့်အညီ ငွေရေးကြေးရေးကို အလှူခံခြင်း ဖြစ်သဖြင့် ပိုမို ကောင်းမွန်လှပါသည်။

စာမျက်နှာ-၁၃၆

ကပ္ပိယကာရကနှင့် ဈေးဝယ်ခြင်း

မြတ်စွာဘုရားရှင်သည် ရွှေငွေတို့ကို လက်ခံခြင်း၊ မိမိ ကိုယ်ထိလက်ရောက် တိုက်ရိုက် လက်ခံထားသော အလှူခံထားသော ငွေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကပ္ပိယကို ခိုင်း၍ဖြစ်စေ ဈေးသည် စသူတို့၏ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းများကို လဲလှယ်ခြင်း၊ ဝယ်ယူခြင်းတို့ကို တားမြစ်တော်မူသည်။ ကယဝိက္ကယ သိက္ခာပုဒ်တော်ဖြင့် ပစ္စည်းမျိုးစုံ ရောင်းခြင်းဝယ်ခြင်း အရောင်းအဝယ် အလုပ်ကို တားမြစ်တော်မူသည်။ ကပ္ပိယဖြင့် ဈေးဆိုင်သို့ သွားပြီး သင်္ကန်းဝယ်ပေးပါ၊ သပိတ်ဝယ်ပေးပါဟု မပြောကောင်းပေ၊ ဤသင်္ကန်း အလိုရှိသည်၊ စာအုပ်အလိုရှိသည် စသည်ဖြင့် အလိုရှိကြောင်းကိုသာ ပြောကောင်းသည်၊ ကပ္ပိယကို ဘာဝယ်ပေးပါဟု ခိုင်းလျှင် ကိုယ်တိုင်ဝယ်သည်နှင့် အတူတူပင် ဖြစ်၏။

မအပ်သောလဲနည်း

ဈေးသည် ... စသူတို့အထံ၌ ရှိသောပစ္စည်းကို မိမိမှာရှိသော သင်္ကန်း ဖိနပ်စသည်ဖြင့် လဲလှယ်ယူလိုလျှင် မိမိကိုယ်တိုင် “ဤသင်္ကန်းဖြင့် ထိုသပိတ်ကို ပေးပါ” ဟူ၍ လည်းကောင်း၊ “ဤသင်္ကန်းကိုယူလော့၊ ထိုသပိတ်ကို

စာမျက်နှာ-၁၃၇

ပေးလော့”ဟူ၍လည်းကောင်း ပြောဆို၍ မလဲလှယ် ကောင်းပေ။ ဤသို့ လဲလှယ်သောစကားမျိုးကို ပြော၍ကား လူ့ပစ္စည်းမှန်လျှင် မိဘပစ္စည်းကိုပင် မလဲကောင်းပေ။

အပ်သောလဲနည်း

“ဈေးသည်ထံက ထိုသပိတ်ကို လိုချင်သည်၊ ဤ သင်္ကန်းဖြင့် လဲပေးစမ်း”ဟုကား ကပ္ပိယလုပ်သူကို ပြောကောင်းသည်၊ ကျောင်းသား ကပ္ပိယမရှိလျှင် မိမိကိုယ်တိုင် ဈေးဆိုင်သို့သွား၍ ဈေးသည်မှတပါး ဈေးသည်၏သားသမီး စသူကိုပင် “ငါ့မှာသင်္ကန်းရှိသည်၊ ဤသင်္ကန်းဖြင့် ထိုသပိတ်ကို လဲပေးပါ”ဟု စေခိုင်း၍ လဲကောင်း၏။ မည်သည့်နည်း နှင့်မျှ ကပ္ပိယရှာမရလျှင်သို့မဟုတ် ကပ္ပိယ မရှာလိုလျှင် ဈေးသည်ထံ သွား၍-

“ငါ့မှာ ဤသင်္ကန်းရှိသည်၊ သင်္ကန်းတော့ အသုံး မကျပါ၊ သပိတ်သာ လိုပါသည်”ဟု ပြောရာ ဈေးသည်က သင်္ကန်းကိုယူ၍ သပိတ်ကိုပေးလိုက်လျှင် ထိုသပိတ် အပ်၏၊ ဤနည်းဖြင့် ဈေးသည်များထံ အပ်သောပစ္စည်းဖြင့် လဲယူ နည်းကို သတိပြုရပေမည်။ အရောင်းအဝယ်ကိစ္စကို မြတ်စွာဘုရား လိုလားတော်မမူသဖြင့် မဖြစ်မနေ ဆောင်ရွက် ရသောအခါ ကပ္ပိယကာရကတို့နှင့် ဈေးဝယ်ခြင်းသည် အကောင်းဆုံး အပြစ်အကင်းဆုံး ဖြစ်ပေသည်။

စာမျက်နှာ-၁၃၈

ခိုင်းစေရာ၌ အပ် မအပ်

တောင်းရမ်း စားသောက်နေသော စားကြွင်း စားနှင့် လက်သမား စသူကို မြင်၍ “ဤထမင်းကို စားပြီးလျှင် ဆိုးရည်ခေါက် ခွါပေးစမ်းလော့၊ ကျောင်းကို ပြုပြင်ပေးစမ်းလော့”စသည်ဖြင့် ခိုင်းရာ၌ အာပတ်သင့်သည်။ ထိုသို့ ခိုင်းစေသည့်အတွက် ဆိုးရည်ခေါက်စသော ပစ္စည်းတစုံတရာရလျှင် ထိုပစ္စည်းပါ စွန့်ရ၏။ ကျောင်းပြင်၊ ခေါင်းရိတ်ခိုင်းခြင်းစသည်၌ ပစ္စည်းတစုံတရာမရလျှင် အာပတ်ကိုသာ ဒေသနာပြောရမည်။ “ထမင်းကိုစားပြီးလျှင် အလုပ်လုပ်”ဟု တဆက်တည်း (တစ်ခွန်းတည်း)မပြောဘဲ-

“ဤထမင်းကို စားလော့၊ ဤအလုပ်ကို လုပ်လော့”ဟု စကားနှစ်ဝါကျခွဲ၍ ပြောဆိုစေခိုင်းလျှင်မူ အပ်ပါ၏။

ရွှေ ငွေ ရတနာ ပစ္စည်းများကို သာသနာတော်အတွက် အသုံးဝင်အပ်စပ်အောင် ဆောင်ရွက်ခြင်း

ရွှေငွေပတ္တမြားစိန်စသော ရတနာပစ္စည်းတို့သည် လောကရှိ လူသားအားလုံး မြတ်နိုးတွယ်တာ ခုံမင်ကြသော ရတနာပစ္စည်းများ ဖြစ်ကြသည်။ ထိုရတနာ ပစ္စည်းတို့ဖြင့်

စာမျက်နှာ-၁၃၉

မိမိတို့လိုရာ နှစ်သက်ရာကို ဖန်တီးနိုင်ကြသည်။ ငွေသည် အရာဝတ္ထုအားလုံးကို ပြုလုပ်ဖန်တီးနိုင်သည်။ ထို့ကြောင့် ရွှေ ငွေ ရတနာများကို ရှာဖွေ စုဆောင်းကြသည်။ သာသနာ့ဝန်ထမ်း ရဟန်းတော်တို့မှာမူ လောကီ လူသားများ နှင့် လုံးဝမတူပေ၊ သံသရာဘေး မြော်တွေး ကြောက်ရွံ့သူများဖြစ်၍ လောကချမ်းသာများကို မသာယာ ကြတော့ပေ၊ ကာမဂုဏ် အာရုံငါးပါးကို ခေါင်းပါးအောင် ကျင့်ဆောင်နေကြသူများ ဖြစ်သည်။

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးသည် သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများနှင့် ပေးကမ်းလှူဒါန်းသူ ဥပါသကာ ဥပါသိကာမတို့ ညီတူလက်တွဲ ကြိုးပမ်း တည်ဆောက်မှသာ သာသနာရောင် ထွန်းလင်းပြောင်ကာ သာသနာ့သက်တမ်း ရှည်မြင့်စွာ တည်တံ့နိုင်ပေလိမ့်မည်။ လူဒါယကာ ဥပါသကာတို့ ပင်ပန်းကြီးစွာ ရှာဖွေ စုဆောင်းထားသော ရွှေ ငွေ ရတနာဥစ္စာများသည် သာသနာတော်အတွက် ဖြစ်သင့်ပေသည်။ သာသနာတော်အတွက် ရည်မှန်း၍ ဗုဒ္ဓဘာသာ ဥပါသကာတို့က ကြိုးပမ်းခဲ့ကြလေသည်။ ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက် အအုံကြီးများ၊ စေတီပုထိုးတော်များ၊ ရုပ်ပွားဆင်းတုတော်များ၊ ရေတွင်းရေကန်များသည် ဗုဒ္ဓဘာသာ ဥပါသကာ

စာမျက်နှာ-၁၄၀

တို့၏ စေတနာ သဒ္ဓါကို ဖော်ပြနေသည်။ မိမိတို့၏ ရွှေ ငွေ ရတနာဥစ္စာများဖြင့် သာသနာတော်အတွက် ပံ့ပိုးဆောင်ရွက်ခဲ့ကြသည်ကို အားရဝမ်းသာ ကျေနပ်ကြလေသည်။

ထို့အတူပင် မျက်မှောက်ခေတ် ဥပါသကာတို့သည်လည်း ပရိယတ္တိသာသနာတော် တိုးတက်ရေးအတွက် စာအုပ်စာပေ လှူဒါန်းခြင်း၊ စာသင်တိုက်များအား ထောက်ပံ့လှူဒါန်းခြင်း၊ စာမေးပွဲများ ကျင်းပခြင်း၊ စာအောင် ပုဂ္ဂိုလ်တို့အား ပူဇော်ချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက် နေကြသည်၊ ပဋိပတ္တိသာသနာတော် တိုးတက်ရေးအတွက် ရိပ်သာများ၊ ကမ္မဋ္ဌာန်းဌာနများ၊ တရားစခန်းများ၊ ဝိပဿနာ ကျင့်စဉ် တရားပွဲများ၊ ယောဂီပုဂ္ဂိုလ်များအား လှူဒါန်း ပေးကမ်းခြင်းများ စသည်တို့ကို ဆောင်ရွက်နေကြသည်။

သာသနာတော်တိုးတက်ရေးအတွက် စေတီတော် ဟောင်းများ ပြုပြင်ခြင်း၊ စေတီတော်အသစ်များတည်ဆောက်ခြင်း၊ ဘုရားရုပ်ပွား ဆင်းတုတော်အဟောင်း အသစ်ပြုလုပ်ခြင်း၊ ဘုရား၊ ကျောင်းကန်၊ သိမ်၊ ဓမ္မာရုံ စသည် ဆောက်လုပ်ခြင်း၊ ရှင်ပြုပွဲ ရဟန်းခံပွဲ သိမ်ထပ်ပွဲ စသည်ဖြင့် အမည်အမျိုးမျိုး လုပ်ငန်းအမျိုးမျိုးကို ဆောင်ရွက်နေကြသည်။ ဘက်စုံဖွံ့ဖြိုးတိုးတက်လျက် သာသနာတော်ကြီး

စာမျက်နှာ-၁၄၁

အရှည်တည်တံ့စေရန် ကြိုးစားအားထုတ် ဆောင်ရွက်နေ ကြသည်။

နိုင်ငံတော်အတိုင်းအတာမှသည် တိုင်းအဆင့်ဆင့် ပြည်နယ်အဆင့်ဆင့် ခရိုင် မြို့နယ် ကျေးရွာ အဆင့်ဆင့် အထိ သာသနာတော် တိုးတက်ရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေကြသည်။

ထိုသို့သောဆောင်ရွက်ချက်ဟူသမျှ၌ ငွေကြေးဥစ္စာ ရတနာတို့သည် မပါမပြီး ဖြစ်နေသည်။ ငွေရှိမှသာ မိမိလိုရာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ငွေကြေးကို အဓိကထား၍ လှူဒါန်းသူကလည်း လွယ်လင့်တကူ လှူဒါန်းကြသည်၊ အလှူခံသူများကလည်း အသုံးလွယ် အထားလွယ် သိမ်း ဆည်းရလွယ်ကူပြီး ပစ္စည်းမျိုးစုံ ကြိုက်ရာကို ဝယ်ယူနိုင်သောငွေကြေးကို လွယ်လင့်တကူပင် အလှူခံလိုက်ကြသည်။ ရွှေ ငွေ ရတနာပစ္စည်းများသည် ခေတ်ကာလ အခြေအနေအရ သာသနာတော်တိုးတက်ရေးအတွက် မရှိ မဖြစ်သော အရာများ ဖြစ်လာသည်။ အလှူပေးသူ အလှူ ခံသူ နှစ်ဦး နှစ်ဘက်အတွက် သယ်ယူသိမ်းဆည်းရ အလွယ်ဆုံးပစ္စည်းများ ဖြစ်နေသည်။

သို့သော် မြတ်စွာဘုရား ပညတ်တော်မူခဲ့သော ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ ဆောင်ရွက်ပါမှ လှူသူလည်း

စာမျက်နှာ-၁၄၂

အကျိုးရှိ၊ အလှူခံသူလည်း အကျိုးရှိ၊ သာသနာတော် အတွက်လည်း စင်စင် ကြယ်ကြယ် ရှိပေမည်။ သာသနာတော်အတွက် အသုံးဝင်အောင် အပ်စပ်အောင် ဆောင်ရွက် နိုင်ပါမှ အားလုံးအတွက် အကျိုးသက်ရောက်မှု ထက်မြက် ပေမည်။

သို့ဖြစ်၍ ရှေ့အခန်းများတွင် ဖော်ပြခဲ့သည့်အတိုင်း အကပ္ပိယ ဝတ္ထုများဖြစ်သော ရွှေ ငွေ ရတနာပစ္စည်းများကို ကပ္ပိယကာရကမှတဆင့် စနစ်တကျ ဝိနည်း နည်းလမ်း ကျအောင် ဆောင်ရွက်ကြပါမှ ဆရာဒကာ ကြည်နူး ဝမ်းသာ အပြစ်ကင်းစင်စွာ ဆောင်ရွက်နိုင်ကြပေလိမ့်မည်၊ ထို့ကြောင့် ရွှေ ငွေ ရတနာပစ္စည်းများကို သာသနာတော်အတွက် အသုံးဝင်အပ်စပ်အောင် ဆောင်ရွက်နိုင်ကြစေရန် ဆရာဒကာလက်တွဲ၍ ဆောင်ရွက်သင့်ကြပေသည်။ ဝိနည်း နည်းလမ်းတကျ ဆောင်ရွက်မှုကို အပန်းကြီးလှသည် ကျဉ်း ကြပ်လှသည် ရှုပ်လှသည်ဟု သဘောမထားဘဲ လေးစားစွာ လိုက်နာကြမှသာ သာသနာတော်အတွက် အမှန်တကယ် ဆောင်ရွက်ရာရောက်ပေမည်၊ မိမိ၏ စေတနာနှင့် သဒ္ဒါ တရားမှာ သာသနာတော် အရှည်တည်တံ့ ပြန့်ပွား ထွန်းကားရန် ရည်ရွယ်သော်လည်း ဘုရားစကားတော်ကို ဆန့်ကျင် ပြုမူနေကြပါမူ ဘုရားသာသနာပြုရာ မရောက်ဘဲ

စာမျက်နှာ-၁၄၃

ဖျက်ရာသာ ရောက်သွားနိုင်သဖြင့် သာသနာတော်အတွက် နှစ်ဦးနှစ်ဘက် တာဝန်ကိုယ်စီ ထမ်းဆောင်သင့်ပေသည်။

နဝကမ္မ

နဝကမ္မဟူသောဝေါဟာရသည် သာသနာတော်သုံး ဝေါဟာရတစ်ခု ဖြစ်ပါသည်၊ သာသနာတော်မြတ် အရှည် တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် ရဟန်းတော်များ၊ သာမဏေများသည် အဓိကတာဝန်ရှိသူများ ဖြစ်သည်၊ သာသနာ့ဝန်ထမ်းများဟုပင် ခေါ်ဝေါ်ကြသည်၊ သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတို့သည် မြတ်စွာဘုရား ပညတ်တော် မူခဲ့သည့် ဝိနည်းသိက္ခာပုဒ်တော်များကို အစွမ်းကုန် လိုက်နာ၍ သာသနာ့ဝန်ကို ထမ်းဆောင်ကြရသည်။

ထိုသာသနာ့ဝန်ထမ်းတို့၏ အဓိကတာဝန်နှစ်ရပ်မှာ ဂန္ထဓုရ နှင့် ဝိပဿနာဓုရတို့ ဖြစ်သည်။ တချို့က ဝိနည်းသိက္ခာကို လုံခြုံစွာစောင့်ထိန်းရင်း ဂန္ထဓုရ-ပရိယတ္တိစာပေ သင်ကြားပို့ချမှုတာဝန်ကို ယူကြသည်။ ဂန္ထဓုရဟူသည် မြတ်စွာဘုရား၏တရားတော် စကားတော်များ အမှားအယွင်း အပိုအလိုမရှိ မှတ်တမ်းတင်ထားသော ပိဋကသုံးပုံ စာပေများကို မပျောက်မပျက်ရအောင် တာဝန် ထမ်းဆောင်ရသောအလုပ် ဖြစ်သည်။ သာသနာတော်မြတ်

စာမျက်နှာ-၁၄၄

အရှည်တည်တံ့ရေးအတွက် ပဓာနကျသောတာဝန်ကြီး ဖြစ်သည်။ အသက်အရွယ် ပျိုနုနယ်၍ ဉာဏ်ပညာနှင့် ပြည့်စုံပြီး ကျန်းမာရေးကောင်းသူ ရဟန်းပျိုများနှင့် လွန်စွာသင့်လျော်သော တာဝန် ဖြစ်သည်။ ပရိယတ္တိသာသနာ အဓွန့်ရှည်ပါမှ သာသနာတော်သုံးရပ် အဆက်မပြတ် စည်ကားထွန်းကား နေပေမည်။

တချို့က ဝိပဿနာဓုရ = ပဋိပတ္တိကျင့်စဉ်တာဝန်ကို ထမ်းဆောင်ကြသည်။ ဤတာဝန်မှာ ရဟန်းသာမဏေ ဗုဒ္ဓ ဘာသာဝင်တိုင်း မချွတ်ထမ်းဆောင်ရမည့်တာဝန်ပင် ဖြစ်သည်။ သာသနာတော်မြတ်နှင့် တွေ့ကြုံရသည့်အခိုက် သာသနာတော်မြတ်၏ အနှစ်သာရ ဓမ္မကျင့်စဉ်များကို ကျင့်ဆောင်ပါမှသာ သာသနာတော်နှင့် တွေ့ကြုံရကျိုးနပ် ပေမည်။ သို့ဖြစ်၍ ပဋိပတ္တိတရားတော်များကို လိုက်နာ ပွားများ ကျင့်ကြံမှုသည် ရဟန်းကိစ္စအမှန်ပင် ဖြစ်လေသည်။

ရဟန်းကိစ္စ နှစ်ဌာနဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာ ဓုရုတို့သည် ဧကန်မလွဲမသွေကျင့်ရမည့် တာဝန်များဖြစ် သလို ရဟန်းတော်များအဖို့ ရှောင်လွှဲမရ၊ အပ်စပ်စွာ ဝိနည်းတော်နှင့်အညီ ဆောင်ရွက်သင့်သော ကိစ္စရပ်များလည်း ရှိသေးသည်။ လူ့လောကဝယ် လူရယ်လို့ ဖြစ်လာ

စာမျက်နှာ-၁၄၅

သောအခါ သဘာဝအရ ရှောင်လွှဲမရသော စားဝတ်နေရေး တာဝန်တို့ ရှိသေးသည်။ ရဟန်းတော်များအဖို့ ဆွမ်းကိစ္စ၊ ကျောင်းကိစ္စ၊ သင်္ကန်းကိစ္စ၊ ဆေးကိစ္စတို့ ရှိသေးသည်။ ထိုထိုကိစ္စ ကြီးငယ်တို့သည် အသက်ရှင် လှုပ်ရှားနေမှုအတွက် မပါမပြီး အရေးကြီးသော ကိစ္စများပင် ဖြစ်သည်။ သို့သော် ထိုတာဝန်တို့သည် ရဟန်းတော်တစ်ပါးအဖို့ ပင်မတာဝန် နှစ်ရပ်မှ တပါး အခြားတာဝန်သစ် လုပ်ငန်းသစ်များသာ ဖြစ်သည်။ သို့ဖြစ်၍ ထိုထိုများပြားလှသည့် ဆောင်ရွက်ဖွယ် တာဝန်တို့ကို “နဝကမ္မ” အလုပ်အကိုင်အသစ်အဆန်းများ၊ အပိုတာဝန်များဟု ဆိုကြသည်။ သင်္ကန်းဆိုး-သင်္ကန်း ဖွတ်-သင်္ကန်းချုပ်-ခေါင်းရိတ်-သပိတ်ဖုတ်-သပိတ်အိတ် ချုပ်-ကျောင်းဆောက်-ကျောင်းပြင်-ဆေးရှာ-ဆေးစပ် စသော မြတ်စွာဘုရား ခွင့်ပြုတော်မူခဲ့သော ရဟန်းတော်တို့နှင့် အပ်စပ်သော အလုပ်ကိစ္စများ အားလုံးသည် နဝကမ္မများ ဖြစ်ကြသည်၊ ပင်မတာဝန်ကြီးနှစ်ရပ်မှ အပိုတာဝန် အလုပ်အကိုင်အသစ်များပင် ဖြစ်သည်။

ထိုနဝကမ္မသည်လည်း သာသနာတော်ကြီ အရှည်တည်တံ့ ပြန့်ပွားထွန်းကား တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်သာ ဖြစ်သည်။ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက် ဆောင်ရွက်ရန် ဝိနည်းတော်က ခွင့်ပြု

စာမျက်နှာ-၁၄၆

တော်မူခဲ့သော ထိုနဝကမ္မအလုပ်များအတွက် ရဟန်းဟော်တို့သည် ကြောင့်ကြစိုက်သင့်က စိုက်ရမည်သာဖြစ်ပါသည်။

ယခုအချိန်၌ ဗုဒ္ဓမြတ်စွာသာသနာတော်သည် အခြားဘာသာကြီးများနှင့် ယှဉ်၍ ပြည်တွင်းပြည်ပ ကျယ်ပြန့်စွာ ထွန်းကားနေချိန် ဖြစ်ပါသည်။ သာသနာတော်သည် ပြည်တွင်း၌လည်း တောင်တန်းမြေပြန့်မကျန် တပြည်ထောင်လုံး ထွန်းကားနေပါသည်။ တချို့သော နယ်စပ်ဒေသ သာသနာတော် မရောက်ရှိသေးရာ အရပ် ဒေသများသို့ သာသနာတော်ရောက်ရှိရန် ကြိုးစား သာသနာပြုနေသောအချိန် ဖြစ်ပါသည်။ ထို့ကြောင့် ထိုထိုဒေသများသို့ သာသနာပြုကြွခြင်း၊ ဒေသခံ ကလေး သူငယ်များအား စာပေသင်ကြားခြင်း၊ ဗုဒ္ဓဒေသနာတော်များ ပို့ချပေးခြင်း၊ လူရွယ်လူလတ်တို့အား ဘုရားတည် ကျောင်းဆောက်ရန် ဟောပြောပြခြင်း၊ လူကြီးတို့အား ကမ္မဋ္ဌာန်းဝိပဿနာ ဟောပြောခြင်း၊ လက်တွေ့တရားစခန်း ဝင်ခိုင်းခြင်း စသည့် သာသနာပြုတာဝန်အရပ်ရပ်သည် မလွဲမသွေ ဆောင်ရွက်ရမည့် အလုပ်များ ဖြစ်သည်။ ထိုသို့ ဆောင်ရွက်မှသာ သာသနာတော်သည် ကျယ်ပြန့် တိုးတက် လာမည် ဖြစ်သည်။

စာမျက်နှာ-၁၄၇

မှသာ တွေ့ကြုံဖူးမြော် လှူဒါန်းခွင့်ရသော ရတနာမြတ် အမှန်ပင် ဖြစ်ပေသည်။ ဘုရားသာသနာတော် အဓွန့် ရှည်ကြာ တည်တံ့ခိုင်မြဲရေး ဓမ္မရတနာသည် ဘုရား ဟောတော်မူသည့် အတိုင်း သန့်ရှင်းမှန်ကန်တိကျစွာ တည်ရှိ ရေးအတွက် သံဃာတော်တို့သည် နေ့မနား ညမအား ပရိယတ္တိ ပဋိပတ္တိ တာဝန်များ ထမ်းဆောင်နေကြရသဖြင့် သံဃာတော်တို့သည် လူသားတို့အတွက် အကျိုးကျေးဇူး များပြားလှသည်။ ရဟန်းတော်များ ကျင့်ကြံနေထိုင်ကြ၍သာ ယနေ့ထက်တိုင် သာသနာတော်ကြီးကို တွေ့မြင်နေရခြင်း ဖြစ်သည်။ ထိုသို့ သာသနာ မကွယ်ပျောက်ရေးအတွက် အဓိကတာဝန် ထမ်းဆောင်နေကြသော သံဃာတော် အရှင်မြတ်တို့အား ဗုဒ္ဓဘာသာ ကိုးကွယ်သူတို့သည် အမြဲ ထာဝရ ပင့်ဖိတ်လှူဒါန်း ကျွေးမွေး ကာ သုမင်္ဂလ၊ ဒုမင်္ဂလအမှုတို့ကို ဆောင်ရွက်နေကြရသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ မွေးဖွားချိန်မှ ကွယ်လွန် ချိန်အထိ သံဃာတော်တို့နှင့် ကင်းကွာ၍ မရနိုင်ပေ။ ရဟန်းတော်များအား သာရေး နာရေးတို့အတွက် အစဉ် ထာဝရ ပင့်ဖိတ်ဆက်ဆံနေရ၏။ ရှေးအခါကမူ မြန်မာ ဟူသမျှ ဗုဒ္ဓဘာသာများဖြစ်ကြပြီး မြန်မာယောက်ျား ဟူသမျှ ဘုန်းကြီးကျောင်းထွက်များသာ ဖြစ်ကြသဖြင့် သံဃာတော်

စာမျက်နှာ-၁၅၀ (စာမျက်နှာ တစ်ချို့ ပျောက်နေ)

ရဟန်းသံဃာနှင့် လူဒကာများဆက်ဆံရေး

တို့အား ပင့်ဖိတ်ရေးအတွက် အခက်အခဲ အမှားအယွင်း မရှိ တိတိကျကျ အံဝင်ခွင်ကျ ဆောင်ရွက်နိုင်ကြသည်။ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် ရဟန်းတော်အရှင်မြတ် အာပတ်ကင်းကာ ဝိနည်းသိက္ခာကို ကောင်းမွန်စွာ ကျင့်ဆောင်နိုင်ခဲ့ကြသည်။ ရဟန်းတော်တို့ ဝိနည်းသိက္ခာ လေးစားလိုက်နာကြသဖြင့် မြတ်စွာဘုရား၏ သာသနာတော်သည် သန့်ရှင်းစွာ တည်တံ့ထွန်းကားပြန့်ပွားခဲ့သည်။

ယခုအခါမှာမူ လူငယ်လူရွယ်တို့သည် ဘုန်းတော်ကြီးကျောင်းတွင် စာပ မသင်ခဲ့ကြရသဖြင့် မြန်မာဟုသာ ဆိုရသော်လည်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို နားလည်သဘောပေါက်မှု နည်းပါးလာကြသည်။ လူတိုင်း မသိ နားမလည်မှု၊ သာသနာ့ ဝေါဟာရကို မသုံးတတ်မှု၊ ဝိနည်းဝေါဟာရ မကျွမ်းကျင်မှုတို့ကြောင့် ရဟန်းတော်တို့မှာ အာပတ်မသင့်သင့်ဘဲ သင့်ကြရသည်။ မပင့်ဖိတ်တတ်သဖြင့် ဒကာရောဆရာပါ ဝိနည်းသာသနာကို ညှိုးနွမ်းအောင်ပြုရာ ရောက်ခဲ့ကြသည်။ သို့ဖြစ်၍ ရဟန်းတော်များအား သုမင်္ဂလ ကိစ္စများအတွက် အပ်စပ်အောင် ပင့်လျှောက်ဖိတ်ကြားတတ် အောင် ကပ္ပိယကာရကတို့သည် အထူးကြိုးပမ်းရပေမည်။ သံဃာတော်တို့အား ပင့်ဖိတ်နည်းသည် အဓိကအားဖြင့် နှစ်မျိုးရှိသည်ဟု ဆိုနိုင်သည်။ သုမင်္ဂလခေါ် မင်္ဂလာ

စာမျက်နှာ-၁၅၁

ရှိသောကိစ္စများဖြစ်သည့် မွေးနေ့အလှူ၊ အိမ်တက်အလှူ၊ မင်္ဂလာဦးအလှူ၊ ရှင်ပြုရဟန်းခံ အလှူ၊ သံဃဒါန ဆွမ်းကျွေးအလှူ စသည့် အလှူမင်္ဂလာ ကိစ္စများအတွက် ပင့်လျှောက်နည်းနှင့် ဒုမင်္ဂလခေါ် နာရေးကိစ္စများအတွက် ပင့်လျှောက်နည်းကို ဖြစ်ကြသည်။

မအပ်သောပင့်ဖိတ်နည်း

ဝိနည်းသိက္ခာပုဒ်တော်တွင် ဂဏဘောဇန-ဂဏဘောဇဉ် ခေါ်သော ဝေါဟာရတစ်မျိုးရှိသည်၊ သံဃာတော် ၄-ပါး၊ ၅-ပါး စသူတို့ကို ဂိုဏ်းဟု ခေါ်၏။ ထိုသံဃာတော် ၄-ပါးမှစ၍ သံဃာတော်များသည် တစုတဝေးတည်း စုပေါင်းနေထိုင်ကြသည် ဖြစ်စေ၊ ကိုယ့်နေရာနှင့်ကိုယ် (ကိုယ့်ကျောင်းနှင့်ကိုယ်) အသီးသီးနေထိုင်ကြသည် ဖြစ်စေ ထိုရဟန်း ၄-ပါး၊ ၅-ပါးစသူတို့ထံ သွား၍ ပင့်လျှောက်၏—

“ဩဒနေနနိမန္တေမိ၊ ထမင်းစား ဖိတ်ပါ၏၊ ထမင်း ဘုဉ်းပေးကြွပါ”

ဤသို့ဖိတ်လျှင် မအပ်သောဖိတ်ခြင်း ဖြစ်၏ ထို့အတူပင် ဘောဇဉ် ၅-ပါးကို နာမည်တပ်၍ ဩဒန၊ သတ္တု၊ ကုမ္မာသ၊ မစ္ဆ၊ မံသ = ထမင်း၊ မုန့်၊ ငါးဟင်း၊ အမဲသားဟင်း၊ အသားဟင်း၊ ဝက်သားဟင်း၊ ကြက်သား

စာမျက်နှာ-၁၅၂

ဟင်း စသည်ဖြင့် အရပ်သုံး လူသုံး ဝေါဟာရများဖြင့် ဆွမ်းစားပင့်ဖိတ်လျှင် မအပ်သောဖိတ်နည်း ဖြစ်၏၊ ခေါက်ဆွဲ ဘုဉ်းပေးကြွပါ၊ မုန့်ဟင်းခါး ဘုဉ်းပေးကြွပါ၊ မုန့်ပေါင်း ဘုဉ်းပေးကြွပါ စသည်ဖြင့် ပင့်ဖိတ်လျှင် မအပ်သောပင့်ဖိတ်နည်း ဖြစ်သည်။ ရဟန်းသုံးမဟုတ်သော လူသုံးဝေါဟာရများဖြင့် မပင့်ဖိတ်ကောင်းပေ။

အပ်သောပင့်ဖိတ်နည်း

ရဟန်းတော်များကို ဆွမ်းကျွေးပင့်ဖိတ်သောအခါ ဘောဇဉ် ၅-ပါးနှင့်စပ်လျဉ်းလာလျှင် “ပိဏ္ဍပါတ”ဟူသော ပါဠိအသုံး၊ “ဆွမ်း ဆွမ်းဟင်း”စသော မြန်မာအသုံး အနှုန်းများသည် ကျောင်းသုံး သာသနာတော်သုံး စကားများ ဖြစ်၍ အပ်သောအသုံးအနှုန်းများ ဖြစ်သည်။ ဆွမ်းဟူသော ဝေါဟာရကိုသုံး၍ ခေါက်ဆွဲဆွမ်းဘုဉ်းပေး၊ မုန့်ဟင်းခါး ဆွမ်းဘုဉ်းပေး၊ မုန့်ပေါင်းဆွမ်းဘုဉ်းပေး စသည်ဖြင့် “ဆွမ်း”ဟူသော ဝေါဟာရနှင့် တွဲစပ်သုံးနှုန်း ပင့်ဖိတ်လျှင် အပ်သောပင့်ဖိတ်နည်း ဖြစ်သည်။

မအပ်သောတောင်းခံနည်း

ရဟန်း ၄-ပါး ၅-ပါးစသူတို့သည် ပေါင်း၍ဖြစ်စေ၊ အသီးသီး ဖြစ်စေ ဒကာ ဒကာမတို့ထံသွား၍ ဤသို့အလှူ

မခံကောင်းပေ-

စာမျက်နှာ-၁၅၃

“ဘတ္တံ မေ ဒေဟိ-ငါ့အား ထမင်း လှူစမ်းပါ၊ ထမင်း ပါ” စသည်ဖြင့် ဘောဇဉ် ၅-ပါးတွင် တပါးပါး၏ နာမည်ဖြင့် တောင်းခံလျှင် အလှူခံလျှင် (ဉာတိ ပဝါရိတကိုပင် တောင်းခံစေကာမူ) မအပ်သော တောင်းခံခြင်း အလှူခံခြင်း ဖြစ်ပေသည်။

သို့ဖြစ်၍ သံဃာတော်တို့ကို သုမင်္ဂလကိစ္စအတွက် ဆွမ်းကျွေးရန် ပင့်ဖိတ်သောအခါ ကပ္ပိယကာရကတို့သည် သာသနာ့ဝေါဟာရ ဝိနည်းတော်အသုံးအနှုန်းတို့ကို စနစ် တကျသုံး၍ ပင့်ဆောင်တတ်ကြရပေမည်။ “ဆွမ်းဘုဉ်းပေး ကြွတော်မူပါဘုရား” “ဆွမ်းဟင်းအလှူခံ ကြွတော်မူ ပါဘုရား”စသည်ဖြင့် အပ်စပ်သောအသုံးအနှုန်းတို့ကို သုံးစွဲ ရပေမည်။

ဆွမ်းဟင်းအတွက်သတိပြုဖွယ်

ယခုကာလ၌ ဆွမ်းစားကြွပါဘုရား၊ ဆွမ်းဘုဉ်းပေး ကြွတော်မူပါဘုရား” စသည်ဖြင့် ဆွမ်းဟူသောအသုံးအနှုန်းများ နှုတ်တက်ရနေကြပြီဖြစ်၍ ထမင်းအတွက် ဂဏ ဘောဇဉ်ဖြစ်ဖွယ် မရှိနိုင်ပေ၊ သို့သော် “ငါးကြော်ဘုဉ်းပေး ကြွပါဘုရား၊ ငါတို့အား ငါးကြော်လှူစမ်းပါ၊ ငါးခြောက် ဖုတ် ဘုဉ်းပေးပါဘုရား၊ ငါးဟင်း ဘုဉ်းပေးပါဘုရား၊

စာမျက်နှာ-၁၅၄

မုန့်ဟင်းခါးဘုဉ်းပေးပါဘုရား၊ မုန့်တီဘုဉ်းပေးပါဘုရား၊ နန်းကြီးသုပ် ဘုဉ်းပေးပါဘုရား၊ လဘက်သုပ်ဘုဉ်းပေးပါ စသော အသုံးအနှုန်းများသည် မအပ်သော အသုံးအနှုန်းများ ဖြစ်ပေသည်၊ ထိုအသုံးအနှုန်းမျိုးဖြင့် သံဃာတော် ၄-ပါး စသည်အား ပင့်ဖိတ်လာသော် ပယ်သာလျှင် ပယ်ရပေမည်။ မပယ်သာပါကလည်း ၃-ပါးစီ ခံယူကာ အခြားတစ်နေရာသို့ သွား၍ စားသောက်နိုင်၏။ ထိုဂဏ ဘောဇဉ်ကို ၄-ပါးလုံး တပြိုင်နက်မခံဘဲ တစ်ပါးက နောက်မှခံယူလျှင် အားလုံး အာပတ်ကင်းလွတ်ပါသည်။ သို့သော် လူဒါယကာတို့အနေဖြင့် သံဃာတော်တို့အား လေးစား ရိုသေသောအားဖြင့် ဆွမ်း-ဆွမ်းဟင်းအသုံး အနှုန်းကိုသာ အသုံးပြုရပေမည်။

အကယ်၍ မုန့်ဟင်းခါးစား ပင့်လိုပါက မုန့်ဟင်း ခါးဆွမ်း၊ မုန့်တီဆွမ်း၊ မုန့်ဟင်းခါးဆွမ်းဟင်း စသည်ဖြင့် အသုံးအနှုန်း မှန်ကန်စေရန် သတိပြုရပေမည်။

အလျင်ပင့်သူ၏ဆွမ်းကို အလျင်ခံယူရခြင်း

ရဟန်းသံဃာတော်တို့မည်သည် အလျင်ပင့်သူ၏ ဆွမ်းကို အလျင် ဘုဉ်းပေးကြရသည်၊ အထူးသဖြင့် အသုံး အနှုန်း မအပ်စပ်သော ဖိတ်နည်းဖြင့် ဖိတ်မန်ပင့်လျှောက်

စာမျက်နှာ-၁၅၅

ထားသော ဘောဇဉ်ရှိလျှင် ထိုသူ၏ ဘောဇဉ်ကိုသာ ပထမ ဘုဉ်းပေးရသည်၊ အနည်းဆုံး တစ်လုတ်လောက် ဖြစ်စေ စားသည် မည်ရုံမျှ ဘုဉ်းပေးရသည်။ မအပ်သောနည်းဖြင့် ၂-ဦး ၃-ဦး စသည်ဖိတ်ထားလျှင်လည်း အစဉ်အတိုင်း ဘုဉ်းပေးရသည်။ ရှေ့ဖိတ်သူ၏ ဆွမ်းကို နောက်မှ ဘုဉ်းပေးလျှင် နောက်ဖိတ်သူ၏ ဆွမ်းကို အလျင်ဘုဉ်း ပေးလျှင် ဆွမ်းလုတ်တိုင်း အာပတ်သင့်သည်။

ဒကာ ၂-ဦး ၃-ဦး စသည်တို့ မအပ်သောနည်းဖြင့် ဖိတ်ထားရာ၌ ပထမဒကာ၏ဘောဇဉ်ကို မစားခင် ဒုတိယ ဒကာ၏ဘောဇဉ်ကို ဘုဉ်းပေးလိုသော် ပထမဘောဇဉ်ကို အနီးအပါးရှိ မိမိနှစ်သက်ရာ သီတင်းသုံးဘော် ၅-ဦးတွင် တစ်ဦးဦးအား လွှဲပြောင်းပေးအပ်ရသည်၊ ထိုသို့ ဝိကပ္ပနာ ပြုပြီးမှ ဒုတိယဘောဇဉ်ကို စားရသည်။

ကပ္ပိယကာရကတို့က တိုက်ရိုက် အကူအညီ မပေး နိုင်သော်လည်း ဝိနည်းသိက္ခာပုဒ်အတိုင်း ရှေ့နောက် အစီအစဉ်ကျစေရန် မှတ်သား၍ လျှောက်ထားကူညီ နိုင်ပေသည်။

ဤသို့လျှင် ကပ္ပိယကာရကတို့သည် ရဟန်းတော် များအား သုမင်္ဂလကိစ္စများအတွက် ပင့်လျှောက်ဖိတ်ကြား ရာ၌ အပ်စပ်အောင် ပင့်ဖိတ်လျှောက်ထားတတ်ရမည်။

စာမျက်နှာ-၁၅၆

မွေးနေ့ပွဲအတွက် အရုဏ်ဆွမ်းဘုဉ်းပေးသုံးဆောင်ရန် သံဃာငါးပါး ကြွရောက်ချီးမြှင့်တော်မူပါဘုရား၊ ရှင်ပြုပွဲ အတွက်၊ ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲ၊ မင်္ဂလာဦး ဆွမ်းကျွေးပွဲ အတွက်၊ အိမ်တက်မင်္ဂလာ ဆွမ်းကျွေးပွဲအတွက်၊ သံဃဒါန ဆွမ်းကျွေးပွဲအတွက် ဆွမ်းဘုဉ်းပေး ကြွတော်မူပါဘုရား-စသည်ဖြင့် ဆွမ်း ဆွမ်းဟင်း အသုံးအနှုန်းမှန်ဖြင့် ပင့်ဖိတ် လျှောက်ထားတတ်အောင် အလေ့အကျင့် ပြုထားရပေမည်။

ရဟန်းတော်များအား ဒုမင်္ဂလကိစ္စများအတွက် အပ်စပ်အောင် ပင့်လျှောက်ဖိတ်ကြားခြင်း

ဒုမင်္ဂလကိစ္စများ ဟူသည်မှာ နာရေးကိစ္စများ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဖျားနာသောအခါ၊ အန္တရာယ်တစ်ခုခု ကျရောက်သောအခါ၊ ကွယ်လွန်သောအခါတို့၌ ဒုမင်္ဂလအဖြစ်သတ်မှတ်ကာ ဘာသာရေးထုံးစံ အတိုင်း ဆောင်ရွက်တတ်ကြသည်။ ဖျားနာသောအခါ၊ အန္တရာယ်ကျရောက်သောအခါတို့၌ ဆွမ်းကပ်ခြင်း၊ ပရိတ် တရားတော် နာယူခြင်း စသည်တို့ကို ပြုလုပ်တတ်ကြသည်။ အထူးသဖြင့် ကွယ်လွန်အနိစ္စရောက်သောအခါ သရဏဂုံတင်ကိစ္စ သက်ပျောက် သပိတ်သွပ် မြေချသပိတ်သွပ် ရက်လည်သပိတ်သွပ်ကိစ္စများကို ဆောင်ရွက်ကြသည်။

စာမျက်နှာ-၁၅၇

ထိုအခါ သံဃာတော်တို့ကို ပင့်ဖိတ်ကြရသည်၊ ထိုသို့ ပင့်ဖိတ်ရာ၌ ဆွမ်းစဉ်ကြွတော်မူပါ၊ သပိတ်သွပ်ကြွတော်မူပါ၊ ဆွမ်းဘုဉ်းပေးကြွတော်မူပါဟု စနစ်တကျ ပင့်ဖိတ်တတ်ရန် လိုပေသည်။

အထူးသဖြင့် မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် သင်္ချိုင်းကုန်းသို့ သံဃာတော်တို့ကို ပင့်ဖိတ်သောအခါ အသုံးအနှုန်း မှန်ကန်ရန် လိုအပ်လာသည်။

“မသာပို့ ကြွတော်မူပါဘုရား”
“သင်္ချိုင်းကုန်းသို့ ကြွတော်မူပါဘုရား”ဟု-မပင့်ရပေ။
“အသုဘရှု ကြွတော်မူပါဘုရား
“မြေချတရားတော် ချီးမြှင့်ရန် ကြွတော်မူပါဘုရား”
“မရဏာနုဿတိကမ္မဋ္ဌာန်း စီးဖြန်းရန် ကြွတော်မူပါ ဘုရား”

စသည်ဖြင့် ရိုသေလေးစားစွာ ပင့်လျှောက်ကြရသည်။ အပ်စပ်အောင် မပင့်ဖိတ်ဘဲ ကြွရောက်ချီးမြှင့်လျှင် အပြစ်ဖြစ်နိုင်သဖြင့် အပင့်အဖိတ် မှန်ကန်ရန် လျှောက်ထား တတ်ကြရပေမည်။

စာမျက်နှာ-၁၅၈

ရဟန်းသံဃာတော်များနှင့် ဆက်ဆံနည်း

သာဂါရာ အနဂါရာစ၊ ဥဘော အညောညနိဿိတာ ဟူ၍ ဘုရားဟောတော်မူသည်၊ သာသနာတော်၌ ရဟန်း သံဃာတော်များနှင့် လူဝတ်ကြောင် ဒကာများသည် အချင်းချင်း အမှီသဟဲပြုလုပ်၍ နေကြရသည်။ ဆရာဒကာ လက်ချင်းဆက် ယှဉ်တွဲနေထိုင်ကြရသည်။ ဆရာက တရားဓမ္မဖြင့် ဒကာကို ချီးမြှောက်သည်။ ဒကာက ဆရာကို ပစ္စည်းလေးပါးဖြင့် လှူဒါန်း ထောက်ပံ့သည်။

ဆရာတော် သံဃာတော်တို့မှာ ဘုရားသားတော် သာသနာ့ဝန်ထမ်းများ ဖြစ်သဖြင့် ဝိနည်းတော်နှင့်အညီ ဒကာများကို အကူအညီ ပေးခြင်းဖြင့် ဆက်ဆံကြရသည်။ ဝိနည်းတော်ကို လေးစားလိုက်နာ နေထိုင်ကြရသည်။ သံဃာတော်များအတွက် ဒကာများဘက်က လိမ္မာပါးနပ်ရန် အထူးလိုအပ်ပါသည်။

သံဃာတော်တို့ထံ ရောက်သောအခါ ပထမဦးဆုံး ရိုသေစွာ ရှိခိုးဦးချရသည်။ ပင့်လျှောက်စရာကိစ္စ ရှိပါက ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး လျှောက်ထားရမည်။

“ဆရာတော်ဘုရား—နက်ဖြန် တန်ဆောင်မုန်းလဆန်း ၂ ရက် နံနက် ၅ နာရီအချိန်တွင် ဘုရားတပည့်

စာမျက်နှာ-၁၅၉

တော်တို့ အိမ်သို့ သံဃာတော် ၅-ပါး အရုဏ်ဆွမ်း ဘုဉ်းပေးကြွတော်မူပါဘုရား”

အရုဏ်တက်ချိန် သံဃာတော်တို့ ကြွရောက် လာသောအခါ သံဃာတော်တို့ကို ကြိုဆိုပင့်ဆောင်ပြီး ခြေများကို အဝတ်ပုဆိုးများနှင့် သုတ်ပေးကြရသည်။ သံဃာတော်တို့ ထိုင်သောနေရာများတွင် အဝတ်အထည် အခင်းသစ်များဖြင့် ခင်းကျင်းထားကြရသည်။ ဆွမ်းဝိုင်း၊ ဆွမ်းခွက်များထဲတွင် ကပ္ပိရန်လိုအပ်သော အပင်အသီးများ ပါရှိပါက ကပ္ပိကြရသည်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဥ စသည်တို့မှာ မကြာမကြာ ပါရှိတတ်သဖြင့် ကပ္ပိရန် ဂရုစိုက်ရသည်၊ ဆွမ်းစားပွဲ ကြီးမား၍နေပါက တစ်ခွက်ချင်း ကပ်ကြရသည်။ ဆွမ်းဟင်းလိုက်သောအခါ ဟင်းလိုက်သည့် ဇွန်းကို ပြန်ရုပ်သိမ်းချိန်၌ ဇွန်းမှာကပ်ပါလာသော ဟင်းစက်များ ဘေးရှိ ဟင်းခွက်များပေါ်သို့ ကျမသွားအောင် ဂရုစိုက် ရသည်၊ ကျသွားပါက အကပ်ပျက်တတ်သဖြင့် ပြန်ကပ် ကြရသည်။ အကပ်မြောက်သည့်အင်္ဂါရပ်များတွင် အလှူရှင်က ရှေးရှုလာရမည်ဟူသော အင်္ဂါ ပါရှိသည်။ ဇွန်းပြန်အရုပ်မှာ ကျသွားသော ဟင်းရည်စက်သည် အကပ် မမြောက်နိုင်သည်ကို သတိပြုကြရပါမည်။

စာမျက်နှာ-၁၆၀

ဒကာ ဒကာမတို့သည် သံဃာတော်တို့ထံ ဖူးမြော်ရန် သွားရောက်ကြသောအခါ အဝတ်အင်္ကျီပုဆိုးများကို လဲလှယ်၍ ဝတ်ဆင်သွားကြရသည်။ နံစော်ညစ်ပတ် ပေါက်ပြဲစုတ်ပြတ်နေသော အဝတ်များကို မဝတ်သင့်ကြပေ။ အထူးသဖြင့် ဒကာမတို့သည် မလုံမလဲ ဝတ်စားဆင်ယင်မှု မျိုးနှင့် မသွားသင့်ပေ။ မိန်းမပျိုတို့သည် အင်္ကျီပါးများ၊ လက်တိုအင်္ကျီများ၊ ထမီတိုများ ဝတ်ဆင်၍ မသွားသင့်ပေ။ “ငါးဆိုး ငါးကြမ်းဘေး”ဟူ၍ မြတ်စွာဘုရားက အန္တရာယ် တစ်ရပ်အဖြစ် ဟောပြတော်မူပါသည်။ အမြင်မတော်သည်များကို မြင်တွေ့ရာမှ သာသနာ့ဘောင်က လျှောကျရသည် အထိ အန္တရာယ် ဖြစ်နိုင်သည်။ လူဒကာ ဒကာမများသည် ရဟန်းသံဃာတော်တို့ကို မထီလေးစား မပြုသင့်ပေ၊ လမ်းမှာ ရဟန်းတော်များကို တွေ့လျှင် လမ်းဖယ်ပေးရသည်။ လမ်းဘေးကို တိမ်းရှောင်ပြီး ထိုင်ခွင့်မသာလျှင် မတ်တတ် ရပ်ပြီး လက်အုပ်ချီနေသင့်သည်။

ထိုင်ရာက ထမပေးသူသည် မထီလေးစားပြုရာ ရောက်သည်ဟု ဟောတော်မူသဖြင့် ရဟန်းတော်များကြွလာသည့်အခါ ထိုင်ရာမှ ထပေးကြရသည်။ ရဟန်းတော်ထက် မြင့်ရာအရပ်မှာ မနေသင့်ပေ။ ဆင်ကျောက်ကုန်း

စာမျက်နှာ-၁၆၁

စသည်မှ ဆင်းမပေးသည့်လူသည် မထီလေးစားပြုရာ ရောက်သည်ဟု အဋ္ဌကထာဆရာတို့က ဖွင့်ပြထားသဖြင့် ရဟန်းတော်များကို တွေ့မြင်သည့်အခါ တတ်နိုင်သော အခြေအနေရှိပါက မော်တော်ကား၊ လှည်း၊ ဆိုင်ကယ်၊ ဆိုက်ကား၊ စက်ဘီးများပေါ်မှ ဆင်းပေးသင့်သည်။

ရဟန်းတော်များကို အောက်တန်းစားအနေနှင့် သဘောထားပြီး အခြားအလားတူ မလုပ်သင့်သည်များကို လုပ်သည့်လူသည်လည်း မထီလေးစားပြုရာရောက်သည်ဟု ဖွင့်ဆိုထားသဖြင့် ရဟန်းတော်များကို ပြောင်လှောင် ပြက် ရယ်ပြုခြင်းစသည့် အမူအရာအပြောအဆိုတို့ကို ရှောင် ကြရပါမည်။

ရဟန်း သံဃာတော်များသည် ကပ္ပိယကာရကတို့အား အစားအသောက်များကို ကျွေးမွေးနိုင်ကြသည်၊ ကျွေးမွေးသောအခါ ရှင်လောင်းများကို ရဟန်းတို့ စားသောက်သည့်ခွက်များမှာ ကည့်ပေးကောင်းသည်၊ ရှင်လောင်းမှတပါး အခြားလူဝတ်ကြောင်များကိုမူ အမိ အဘများ ဖြစ်နေတောင်မှ ရဟန်းတော်တို့စားသည့်ခွက်မှာ ထည့်မပေးကောင်းပေ၊ ရဟန်းသံဃာတော်တို့၏ အသုံး အဆောင်သည် လူဝတ်ကြောင်တို့အတွက် စေတီအရာမှာ

စာမျက်နှာ-၁၆၂

တည်နေပါသည်။ ရဟန်းတော်တို့၏ စားသောက်စရာခွက် စသော အသုံးအဆောင်များသည် လူဝတ်ကြောင်တို့ ရိုသေ လေးစားရာ ဖြစ်သည်၊ ထို့ကြောင့် လူဝတ်ကြောင်များသည် ရဟန်းတို့၏ အသုံးအဆောင်များကို မသုံးဆောင်ကောင်းပါ။

ကပ္ပိယကာရကတို့သည် ရဟန်းသံဃာတော်များနှင့် အနီးကပ်နေထိုင်ပြုစု လုပ်ကျွေးရသူများဖြစ်၍ သံဃာတော် များနှင့် ဆက်ဆံရေးတွင် လူမှုရေးအရ အဆင့်အမြင့်ဆုံး ဖြစ်အောင်၊ ဘာသာရေးအရ ဗုဒ္ဓဘာသာ သူတော်ကောင်း ပီသအောင်၊ ယဉ်ကျေးမှုအရ အသိမ်မွေ့ အနူးညံ့ဆုံးသူ ဖြစ်အောင်၊ ပြုစုလုပ်ကျွေးမှုအရ ဝိနည်းသိက္ခာ သာသနာ တော်မြတ် တိုးတက် စင်ကြယ်ရေးကို အထူးဂရုပြု၍ သာသနာ့ အသုံးအနှုန်း သာသနာ့ဝေါဟာရ သာသနာ့ အလေ့ အထတို့အတိုင်း ဂရုပြု လုပ်ကျွေးသူများဖြစ်အောင် အစဉ်သတိဆောင်၍ သယ်ပိုးဆောင်ရွက်သင့်ကြပေသည်။ ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံ မေတ္တာတရား ထာဝစဉ်ရှေ့ထား၍ စိတ်အားဖြင့်မျှ မပြစ်မှားမိ စိတ်မတွန့် မိစေဘဲ ပြုံးရွှင်ချိုသာ ဝမ်းမြောက်ဂုဏ်ယူ ကြည်ညိုသဒ္ဒါ ပြည့်ဝစွာဖြင့် သံဃာတော်တို့ အမှုကိစ္စအဝဝကို နေ့ညမရွေး ဆောင်ရွက်ကာ သံဃာ့ဝေယျာဝစ္စတို့ကို ပြုလုပ်သင့်ကြပေသည်။

စာမျက်နှာ-၁၆၃

ရဟန်းသံဃာတော်များနှင့် အတူတကွ နေထိုင်နည်း

လူ သာမဏေတို့နှင့် နေထိုင်အိပ်စက်ခြင်း

သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် လူ ယောက်ျား၊ သာမဏေများ၊ ကပ္ပိယများ၊ တိရစ္ဆာန်များနှင့် အတူ တမိုးတရံတည်းသော ကျောင်း၌ ၃-ညဥ့်ထက် ပို၍ မအိပ်ကောင်းပေ၊ ၃-ညဥ့်အထိသာ အိပ်ကောင်းသည်၊ အိပ်နိုင်သည်။ ၄-ညဥ့်အထိအိပ်လျှင် သဟသေယျ အာပတ် သင့်လေသည်။

တမိုးတရံတည်းသော ကျောင်းဟူသည်မှာ အရံ အကာသည် ဝဍ္ဎကီဟတ္ထခေါ် လက်သမားကောင် ကိုက် တောင်အားဖြင့် တစ်တောင့်ထွာမြင့်လျှင် အရံအကာမည်၏။ ၂-ထပ် ၃-ထပ်ကျောင်းများ၌ လှေကားသည် အတွင်း ဘက်မှာတပ်ထားပြီး အထက်ထပ်များကို အတွင်းလှေကား မှပင် ဆက်သွယ်နိုင်လျှင် အတက်အဆင်း ပြုလုပ်နိုင်လျှင် သဟသေယျ ဖြစ်သည်။ လှေကားသည် အပြင်ဘက်မှာ တပ်ထားပြီး အဆက်အသွယ်မရလျှင် သဟသေယျ မဖြစ်ပေ။

စာမျက်နှာ-၁၆၄

သဟသေယျ ဖြစ်လောက်သည့် တမိုးတရံတည်း ဖြစ်သော ကျောင်း ဇရပ် အိမ် ရထား သင်္ဘောများ၌ လူ သာမဏေ တိရစ္ဆာန် တစ်ဦးဦး ခေါင်းချအိပ်နေချိန်တွင် ရဟန်းတော်က ဦးခေါင်းချလျှင် အတူတကွ အိပ်ခြင်းမည်၏။ ဦးခေါင်းမချဘဲ ထိုင်၍အိပ်လျှင်သော်လည်းကောင်း၊ ခြေ(၂) ဘက်ကို ကြမ်းပြင်ပေါ်မှာထိလျက် ကုလားထိုင်ပေါ်၌ အိပ်လျှင်သော်လည်းကောင်း သဟသေယျ မဖြစ်ပါ။ ထိုသို့အိပ်ရာ၌လည်း ၃-ညဉ့်လုံးလုံး အရုဏ်တက် သည်အထိ မအိပ်ရ၊ အရုဏ်မတက်ခင် ထနေလျှင် အာပတ် မသင့်ပါ၊ ၃-ညဉ့် အဆက်မပြတ် အိပ်ပြီးလျှင်မူ ၄-ညဉ့် မြောက်နေ့ နေဝင်ချိန်မှစ၍ အတူအိပ်လျှင် အာပတ် သင့်တော့သည်။ ဘုရားရှင်နှင့် တရားတော်ကို စွပ်စွဲ၍ နှင်ထုတ်ခံရသော သာမဏေနှင့်မူ တညဉ့်ပင် အိပ်စက် ခွင့်မရပေ။ သဟသေယျအာပတ် ကင်းလွတ်အောင် ကပ္ပိယ ကာရကတို့သည် အစဉ်သတိရှိသင့်သည်။ ရဟန်းတော် များနှင့် တမိုးတရံတည်း မလွှဲသာ၍ အိပ်ရလျှင် အရုဏ် မတက်ခင် သာမဏေများ ကျောင်းသားများကို နှိုး၍ ထားသင့်သည်။

စာမျက်နှာ-၁၆၅

မာတုဂါမ(မိန်းမ)နှင့် တမိုးတရံတည်း၌ အိပ်ခြင်း နေထိုင်ခြင်း

ရဟန်းတော်များသည် မာတုဂါမ မိန်းမများနှင့် တမိုးတရံတည်းသော ကျောင်း အိမ် ဇရပ်စသည်၌ အိပ်လျှင် အပြစ်ရှိသည်၊ တညဉ့်မျှပင် အိပ်ခွင့်မရှိပေ၊ ပါရာဇိက လောက်သော အခြားသောတိရစ္ဆာန်မများနှင့်လည်း အတူ မအိပ်ရပေ၊ သဟသေယျအာပတ်သင့်သည်။ ထိုသဟသေယျ အာပတ်မျိုးမှာ အစိတ္တကအာပတ်မျိုး ဖြစ်သည်။ မိမိမသိဘဲ အတူတကွ အိပ်စက်မိလျှင်လည်း အာပတ်သင့်သည်သာ။

နေ့အခါ အိပ်စက်သော ရဟန်းတော်များသည် မိမိနှင့် သက်ဆိုင်ရာ အခန်းတံခါးကို ပိတ်၍ဖြစ်စေ၊ ဦးခေါင်း မဝင်သာရုံ စေ့ထား၍ဖြစ်စေ အိပ်ရသည်။

မာတုဂါမများကိုမူ တမိုးတရံတည်း၌ နေရာချထား မပေးဘဲ အခြားသင့်လျော်သည့် ဇရပ်များ၌ အိပ်စက်နိုင်အောင် စီစဉ်ပေးသင့်ကြသည်။

ရဟန်းတော်များသည် မျက်စိကွယ်ရာ နားကွယ်ရာ ဆိပ်ကွယ်ရာ အရပ်၌ အနီးအနားတွင် တတ်သိနားလည်သူ လူယောက်ျားမရှိဘဲ မာတုဂါမနှင့် အတူတကွ မနေထိုင် ကောင်းသဖြင့် မာတုဂါမတို့ ကျောင်းသို့လာလျှင် တစ်ဦး

စာမျက်နှာ-၁၆၆

ချင်းဖြစ်ပါက သာမဏေ ကျောင်းသားများကို အနီးအနား၌ ရှိနေစေရန် ကပ္ပိယတို့က စီမံသင့်ကြသည်။

မာတုဂါမတို့နှင့် ချိန်းချက်၍ ခရီးတစ်ကြောင်းတည်း အတူမသွားကောင်းသဖြင့် တတ်သိနားလည်သူတို့ ပါဝင်စေရန် ကပ္ပိယတို့က စီစဉ်နိုင်သည်။ သာသနာတော်ကို ပြုစုလုပ်ကျွေးသူ ကပ္ပိယကာရက ကပ္ပိယကာရက ဝေယျာဝစ္စကရ စသော သာသနာတော်၏ အသုံးအနှုန်းများသည် အဆင့်မြင့် ဝေါဟာရများ ဖြစ်သည်။ သာသနာတော်သုံးရပ် အဆက်မပြတ် ရှင်သန် တိုးတက်နေရေးအတွက် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့သည် အဓိကတာဝန်ယူ ထမ်းဆောင်နေကြ သကဲ့သို့ပင် ထိုသာသနာ့ဝန်ထမ်းတို့ ရွှင်လန်းတက်ကြွ အာပတ်ကင်းစင် ရအောင် ကူညီဆောင်ရွက်ပေးနိုင်သူ သာသနာပြုဖက်တို့မှာ ကပ္ပိယတို့ပင် ဖြစ်လေသည်။ ကပ္ပိယတို့၏ ဝိနည်း အရာ လိမ္မာပါးနပ်စွာ ဆောင်ရွက်နိုင်မှုကြောင့် ရဟန်းတော်တို့မှာ အာပတ်ကင်းလွတ်ရုံမျှမကဘဲ လောကဝတ် ချို့ယွင်းမှု မှလည်း လွတ်မြောက်နိုင်ကြသည်။ တခါတရံ ဝိနည်းတော် အရ စောင့်ထိန်းရမည် အမှန်ဖြစ်သော်လည်း ဝိနည်း နည်းစနစ် ကျွမ်းကျင်မှုကြောင့် အာပတ်မှ ကင်းလွတ်ကာ

စာမျက်နှာ-၁၆၇

ဆရာဒကာ ကျေနပ်နှစ်သိမ့်မှု ရတတ်ကြလေသည်။ ကုလဒူသက သိက္ခာပုဒ်တော်လာ ဆေးဝါးကုသမှုမျိုးသည် ဝိနည်း နည်းစနစ်ကျနရန် လွန်စွာ လိုအပ်ပါသည်။

“အရှင်ဘုရား ဆေးဝါးဖော်စပ်ပေးတော်မူပါဦး”

ဤသို့ လျှောက်ထားလျှင် ဆေးလည်း မပေးကောင်း၊ ဆေးလည်း မကုကောင်းပါ။

“အရှင်ဘုရား ဘယ်ရောဂါအတွက် ဘယ်ဆေးဝါးကို ပေးကြပါသလဲဘုရား”

ဤကဲ့သို့ လူနာနှင့်မစပ်ဘဲ လျှောက်ထားလာလျှင်မူ

“ဤဆေး ဤဆေးမြစ်များကို ဆောင်ယူပြီး သုံးစွဲ ကြတာဘဲ”ဤသို့ ပြောဆိုကောင်းပါသည်။

“အရှင်ဘုရား တပည့်တော်၏ မယ်တော် မကျန်း မမာ ဖြစ်နေပါသည့်၊ ဆေးကိုညွှန်ကြားတော်မူပါဦး”

ဤသို့ လူနာနှင့်စပ်၍ မေးလာလျှင်မူ တိုက်ရိုက် မပြောကောင်းပေ။ ရဟန်းတော်အချင်းချင်း သို့မဟုတ် ကိုရင် တပါးပါးနှင့် အောက်ပါအတိုင်း စကားပြောဆိုနိုင်သည်။

ဦးပဉ္စင်း-ကိုရင်-ဦးတိဿ နေမကောင်းတုန်းက ဒီလို ရောဂါမျိုး ဖြစ်တုန်းက ဘယ်ဆေးတွေ ပေးကြပါသလဲ”

စာမျက်နှာ-၁၆၈

“ဤဆေး ဤဆေးများကို ပေးကြပါသည်ဘုရား”

ဤသို့ပြောဆိုသံကို ကြားရသည့်အတွက် ဆေးညွှန်း ကြားရအောင် မေးလာသူသည် သူတို့မယ်တော်အတွက် ဆေးရှာကုနိုင်သည်၊ ထိုအခါ ရဟန်းတော်မှာ အာပတ်မသင့်ပါ။

သီဟိုဠ်နိုင်ငံတွင် ဝသဘမင်း အုပ်စိုးနေစဉ် တနေ့သော် မိဖုရားတစ်ဦး မကျန်းမမာဖြစ်၍ မဟာပဒုမ မထေရ်ထံ ဆေးဝါးမေးမြန်း လျှောက်ထားလာသည်။ မထေရ်က ရဟန်းတော်အချင်းချင်း ပြောဆိုမှုကို ပြုခဲ့သည်၊ ထိုရဟန်းတော်တို့၏ စကားတော်တို့ကို မှတ်သားလာပြီး မိဖုရားကို ဆေးဝါးကုသရာ ပျောက်ကင်းသွားသည်။

ထိုအခါ ဘုရင်ကြီးသည် တိစီဝရိတ် ငွေသုံးရာတို့ကို ဆေးကလပ်မှာထည့်ပြီး ယူလာသည်။ မဟာပဒုမထေရ်၏ ခြေရင်းမှာ ချထားပြီး-

“အရှင်ဘုရား ပန်းပူဇော်မှုကို ပြုတော်မူကြပါ” ဟု လျှောက်ထားသည်။ မထေရ်ကြီးလည်း လက်ခံတော်မူသည်။ “ငွေများကို ယူပါ”ဟု မသုံးဘဲ “ပန်းပူဇော်မှုကို ပြုတော်မူပါ”ဟု ကပ္ပိယဝေါဟာရနှင့် သုံးစွဲခဲ့သဖြင့် ကပ္ပိယကာရက-က ထိုငွေကို ယူကာ “၃၀၀ကျပ်တန်

စာမျက်နှာ-၁၆၉

အပ်စပ်သောပစ္စည်းကို အလိုရှိသည့်အခါ တောင်းတော်မူပါ”ဟု လျှောက်ထားသဖြင့် အပ်စပ်စွာ ရရှိခဲ့သည်။ ဝိနည်း အရာ လိမ္မာကျွမ်းကျင်လေလေ သံဃာတော်တို့မှာ အာပတ် ကင်းစင်လေလေ ဖြစ်သည်။ သံဃာတော်တို့ အာပတ် ကင်းစင်လေလေ မြတ်စွာဘုရား၏ သာသနာတော်ကြီး စင်ကြယ်သန့်ရှင်းလေလေ ဖြစ်သည်။ သာသနာတော်ကြီး စင်ကြယ်လေလေ သာသနာ့အရောင် ထွန်းပြောင် ထိန်လင်း ကာ တိုးတက်လေလေ ဖြစ်ပေမည်။ သို့ဖြစ်၍ ကပ္ပိယ ကာရကတို့သည် သာသနာတော်အတွက် လွန်စွာ အရေး ပါလှသော ပုဂ္ဂိုလ်တို့ ဖြစ်လေသည်။ သာသနာပြုဖော် ပြုဖက်များဖြစ်၍ အလွန်အရေးပါလှပါသည်။

ကပ္ပိယကောင်းတစ်ဦးအဖြစ် လူတိုင်းသာ ဆောင် ရွက်နိုင်ပါမူ ဤသာသနာတော်ကြီးသည် ပိုမို၍ ထွန်းတောက်မည်မှာ သေချာလှပါသည်။ ယခုအခါ ဗုဒ္ဓသာသနာတော်သည် မြန်မာသာမက ကမ္ဘာအထိပင် ထွန်းကား ပြန့်နှံ့လာပြီ ဖြစ်သဖြင့် သာသနာတော်ကို ပြုစု လုပ်ကျွေးသူ ကပ္ပိယကာရကကောင်းတို့ ကမ္ဘာနှင့်ချီ၍ လိုအပ်နေပါသည်။ ကမ္ဘာကို သာသနာပြုရေးအတွက် ကပ္ပိယကောင်းတို့ နေရာသည် ကျယ်ပြန့်စွာ ပေါ်ထွက်လာနေပါသည်။

စာမျက်နှာ-၁၇၀

သို့ဖြစ်၍ သာသနာတော်ကို ကြည်ညိုလေးစား မြတ်နိုးသူတိုင်း သံဃာတော်တို့အား ပြုစုလုပ်ကျွေးသူ ကပ္ပိယကောင်း တစ်ယောက်အဖြစ် ဆောင်ရွက်နိုင်ရန် ဂုဏ်ယူဝင့်ကြွားစွာ လေ့လာမှတ်သားသင့်ကြပေသည်။

ကံကောင်းလေစွ ကပ္ပိယ

ကပ္ပိယ သို့မဟုတ် ကပ္ပိယကာရကဟူသည် သာသနာ့ ဝန်ထမ်း ရှင်ရဟန်းတို့ကို ပြုစုလုပ်ကျွေး စောင့်ရှောက် ရသူများဖြစ်သဖြင့် သာသနာပြုဖော်ပြုဖက် သာသနာပြု ပုဂ္ဂိုလ်များ ဖြစ်သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်အောင် ဘဝများစွာ အနစ်နာခံ၍ ပါရမီဖြည့်ကျင့် ပြီးနောက်မှ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူလာ ရသော ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော် အနန္တသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး တည်ထောင်တော်မူခဲ့သော ပရိယတ် ပဋိပတ် ပဋိဝေဓ သာသနာတော်သုံးရပ် စဉ်ဆက်မပြတ် တည်တံ့ခိုင်မာ ထွန်းကားရေးအတွက် ဆောင်ရွက်ရသည့် အခွင့်အရေး မျိုးကို ကပ္ပိယကာရကတို့ ရရှိနေကြသည်မှာ လွန်စွာ ကံကောင်းကြသည်။

စာမျက်နှာ-၁၇၁

ဘုန်းရှင် ကံရှင် သမ္ဘာရှင်မြတ်စွာဘုရား၏ ရခဲလှစွာ သာသနာတော်မြတ်ကြီးကို ဘုန်းကံရှိသော သူများသာ ကိုးကွယ်နိုင် ဆည်းကပ်နိုင် ပြုစုနိုင် သာသနာ့ဝန်ကို ထမ်း ဆောင်နိုင်ကြလေသည်။ ထို့ကြောင့်ပင် ဆရာတော်အစဉ် အဆက်က အောက်ပါအတိုင်း နှုတ်မြွက်မိန့်ကြား အမှာ ထားခဲ့ကြသည်-

သာသနံ ပုညဝန္တဿ၊ ပုညဝန္တာဝ လဗ္ဘရေ။
အပ္ပညာ ကရဟစိ၊ ပဂ္ဂဏှိတုံ အဝိသယာ။

ပုညဝန္တဿ = ဘုန်းကံကြီးမား မြတ်ဘုရား၏၊ သာသနံ = ပရိယတ် ပဋိပတ် ထိုနှစ်ရပ်နှင့် မြင့်မြတ်ပဋိဝေဓသုံးဝ မည်သာ သာသနာတော်ကြီးကို၊ ပုညဝန္တာဝ = ထူးခြားပါရမီ စုံညီပြည့်ဝ ဘုန်းစကံထူး ရှိခဲ့ဘူးသော သူတို့သည်သာလျှင်၊ လဗ္ဘရေ = ပစ္စယဓမ္မ နှစ်ဌာနဖြင့် တောက်ပထွန်းရန် ကြိုးအား သန်၍ အမှန်ပင် ထောက်ပံ့ပြုစုနိုင်ခွင့် ရရှိကြပေကုန်၏။ အပ္ပပုညာ = ဘုန်းကံနည်းပါး အကုသိုလ်များသူတို့သည်ကား၊ ပဂ္ဂဏှိတုံ = ဘုရားမြတ်စွာ သာသနာကို မြင့်ကြာရှည်ရေး ချီးမြှောက်အားပေးရန်၊ ကရဟစိ = တစ်ကြိမ် တစ်ခါမျှ၊ အဝိသယာ = စေတနာသဒ္ဓါ ပညာဉာဏ်နည်း ကံပါမွဲသဖြင့် အနည်းငယ်မျှ မစွမ်းဆောင်နိုင်ကြကုန်သတည်း။

စာမျက်နှာ-၁၇၂

ထို့ကြောင့် ကပ္ပိယကာရကဟူသည် အတိတ်ကံ လွန်စွာကြီးမား များခဲ့ကြသည့် ပုဂ္ဂိုလ်ထူးတို့ပင် ဖြစ်ကြသည်။ ဆရာဒကာ ညီညာလက်တွဲ သာသနာပြုပွဲ ဝင်နိုင်ပါမူ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အရှည်တည်တံ့မည်မှာ ဆိုစရာမလိုပေ၊ သာသနာတော်မြတ်ကြီး၏ အသက်တမ်း ရှည်ကြာရေးအတွက် သာသနာ့အသက် အမှန်ဖြစ်သည့် ဝိနည်းသိက္ခာပုဒ်တော်များ၏ ခိုင်မြဲတည်တံ့ရေးသည် အရေး ပါလှသည်။ “ဝိနယော နာမ သာသနဿ အာယု ဝိနည်းတော်သည် သာသနာတော်၏အသက် ဖြစ်သည်။ သာသနာအသက်ရှည်စေရန်အတွက် သိက္ခာပုဒ်များကို လွန်စွာလေးစား လိုက်နာကျင့်သုံးသောပုဂ္ဂိုလ်များ ရှင်သန် တိုးတက်မှသာ သာသနာတော်အသက်ရှည်ပေမည်။

ထို သာသနာသက်ရှည်ရေး ဝိနည်းသက်ရှည်ရေးအတွက် သာသနာ့ဝန်ထမ်းတို့ ဝိနည်းသိက္ခာပုဒ်တော်ကို အပြည့်အဝ လိုက်နာနိုင်ရေးသည် အရေးပါလှသည်။ သိက္ခာကာမ-သိက္ခာပုဒ်ကို လိုလိုလားလား ကျင့်ဆောင်တော်မူကြရန် လိုအပ်ပါသည်။ လဇ္ဇီပေသလ-ဝိနည်းသိက္ခာပုဒ်တော်များကို ဖောက်ဖျက်ရန် ရှက်ရွံ့တော်မူ သီလကို ချစ်မြတ်နိုးသူ တို့ဖြစ်ရန် လိုအပ်ပါသည်။

စာမျက်နှာ-၁၇၃

ထိုကဲ့သို့ လဇ္ဇီပေသလ-သိက္ခာကာမ-ဝိနယဂရုက ဆရာတော် သံဃာတော်တို့ တိုးပွားများပြားလာစေရန်အတွက် လူဒါယကာ ဥပါသကာတို့က ဝိနည်းအရာ လိမ္မာကျွမ်းကျင်စွာ ကပ္ပိယကာရကအဖြစ် ထမ်းဆောင် ကြပါမူ“အတိုင်းထက် အလွန်” “တံခွန်နှင့် ဘုရား” “ရွှေနှင့်မြ “နေနှင့်လ”ပမာ လွန်စွာလိုက်ဖက် သာသနာတော်သက်ရှည် နိုင်ပါသည်။ သို့မှသာ ကပ္ပိယကာရကတို့သည် သာသနာပြု ရဲဘော်ရဲဘက် သာသနာပြုပုဂ္ဂိုလ်တို့ ဖြစ်ကြပေလိမ့်မည်။

ဘုရားလက်ထက်တော်ကပင် စိတ္တသူကြွယ် အနာထပိဏ် သူဌေး ဗိမ္ဗိသာရမင်း အဇာတသတ်မင်း ကောသလမင်း စသော သာသနာပြုပုဂ္ဂိုလ် ကပ္ပိယဘို့ကြောင့် ရဟန်းတော်များသည် ဆင်းရဲငြိုငြင်မှု မရှိဘဲ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ခဲ့ကြပါသည်။ ထိုသည့် ထုံးကို နှလုံးမူကာ ယခုအခါ၌လည်း ဘုရားမြတ်စွာ သာသနာ့ဝန်ကို ဆရာ ဒကာ ကိုယ့်ဝန်တာကို ကိုယ်စီခွဲ၍ ထမ်းဆောင်နိုင်ရန် ကြိုးပမ်းသင့်ကြပေသည်။

ကပ္ပိယကာရကဟူသည် မြင့်မြတ်သောဝေါဟာရ ဖြစ်ပါသည်။ သိကြားမင်းကိုယ်တိုင်သည်ပင် မြတ်စွာဘုရား၏ အလုပ်အကျွေးကပ္ပိယအဖြစ် မကြာမကြာ ဂုဏ်ယူ

စာမျက်နှာ-၁၇၄

ဝင့်ကြွားစွာ လျှောက်ထားလေ့ ရှိပါသည်။ သို့ဖြစ်၍ ဘုန်းတော်ကြီးမြတ်လှသည့် ဘုရားရှင်၏ သာသနာတော်ကို ပြုစုစောင့်ရှောက်ရသူကပ္ပိယမှာ ဘုန်းကံကြီးမား ကံကောင်း သူများသာ ဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံတွင် သာသနာပြုနေသော ဆရာတော်ကြီးတစ်ပါးသည် ထိုနိုင်ငံတွင် ဝိနည်းတော်နှင့်အညီ နေထိုင် သာသနာပြုနိုင်ရန်အတွက် မြန်မာနိုင်ငံမှ ကပ္ပိယတစ်ဦး လိုက်ပါလာရန် အမိန့်ရှိပါသည်။ မြန်မာနိုင်ငံမှ တပည့် ဒကာတို့က ကြိုးစားရှာဖွေကြပြီး လူငယ်တစ်ဦးကို အင်္ဂလန် နိုင်ငံသို့ စေလွှတ်ရန် ကြိုးစားကြပါသည်။ လူငယ်ကလည်း ဆရာတော်ကြီး၏ ငယ်တပည့်တစ်ဦး ဖြစ်သဖြင့် အနီးကပ် ပြုစုရန် စိတ်အားထက်သန်ပါသည်။

အဆင့်ဆင့်ကြိုးပမ်း၍ နောက်ဆုံးတွင် သက်ဆိုင်ရာ သံရုံးတာဝန်ခံနှင့် တွေ့ဆုံရန်အဆင့်သို့ ရောက်လာပါသည်။ စကားပြန်နှင့် အတူ သံရုံးတာဝန်ခံရှေ့သို့ ရောက်သောအခါ “ဘာကြောင့် အင်္ဂလန်နိုင်ငံ သွားချင်ပါသလဲ” ဟူသော မေးခွန်းကို မေးပါသည်။ ဆရာတော်ကြီး၏ ကပ္ပိယကာရက အဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန်အတွက် သွားလိုပါသည်ဟု ဖြေပါသည်။ ထိုအခါ တာဝန်ခံက “ကပ္ပိယကာရက ဆိုတာ

စာမျက်နှာ-၁၇၅

ဘာလဲ”ဟု မေးပါသည်။ “ကပ္ပိယကာရက ဆိုတာ ဝေယျာဝစ္စ ဆရာတော်ကြီး၏ ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးသူကို ခေါ်ပါသည်။ ထိုအလုပ်အတွက် အင်္ဂလန်နိုင်ငံသို့ ဝင်လို ပါသည်”ဟု ရှင်းပြပါသည်။

ထိုအခါ သံရုံးတာဝန်ခံက ဆရာတော်ကြီး၏ ကိစ္စ ကြီးငယ်ကို ဆောင်ရွက်ပေးမည့်သူကတော့ ဟိုနိုင်ငံမှာလည်း ရရှိနိုင်ပါသည်။ ဒီနိုင်ငံက လိုက်သွားပြီး နေထိုင်ဆောင်ရွက် ရန်မလိုပါ။ ထို့ကြောင့် မင်းကို အင်္ဂလန်နိုင်ငံသို့ နေထိုင်ခွင့် ဗီဇာ မပေးနိုင်ပါ။ ဟိုမှာပဲ ရအောင်ငှါးပါဟု ပြောဆိုပြီး ပယ်ချလိုက်ပါသည်။

အထက်ပါ အဖြစ်အပျက်မှာ အဖြစ်အပျက်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ဖြစ်ပါသည်။ ကပ္ပိယကာရက ဝေယျာဝစ္စကရ စသော သာသနာ့ဝေါဟာရတို့၏ အဓိပ္ပာယ် လေးနက်မှုကို ထိမိအောင် ဘာသာ မပြန်နိုင်ကြသဖြင့် ကိစ္စကြီးငယ် ဆောင်ရွက်ရသူဟုသာ အများသိသည့်အတိုင်း ပြောဆိုနေကြပါသည်။

ကပ္ပိယကာရကမရှိလျှင် ရဟန်းတော်တို့ ဝိနည်းသိက္ခာ ပြည့်ဝစွာ သာသနာမပြုနိုင်ကြောင်း သဘော မပေါက်ကြပေ။ ရဟန်းတော်ဘဝဟူသည် ကပ်မှ ဘုဉ်းပေး

စာမျက်နှာ-၁၇၆

ရပါသည်။ ကပ္ပိသည့်အခါမျိုးလည်း ရှိပါသည်။ ကိုယ်တိုင် ချက်ပြုတ် မစားရပါ။ ရွှေ ငွေ မကိုင်ရပါ၊ ဈေးမဝယ်ရပါ စသော ဝိနည်းသိက္ခာပုဒ်တော်များလာ ပညတ်ချက်များ အရ ကပ္ပိယကာရကဟူသည် ရဟန်းတစ်ပါးအဖို့ မရှိမဖြစ် အလွန့်အလွန် လိုအပ်သောသူ ဖြစ်ပါသည်။

သာသနာ့ဝေါဟာရ မကျွမ်းကျင်သော နိုင်ငံရပ်ခြားတွင် မည်သို့လျှင် ကပ္ပိယကာရကကောင်းတစ်ဦးကို ရနိုင်ပါ မည်နည်း။ ငွေဖြင့် ပေးဝယ်၍ ရနိုင်ကောင်းသော အလုပ် အကျွေးတို့တွင် ကပ္ပိယကာရက မပါဝင်ပါ။ ကပ္ပိယကောင်း ဟူသည် စေတနာသဒ္ဓါ ဉာဏ်ပညာနှင့် ဘုန်းကံကောင်းများ ရှိသူသာ ဖြစ်ပါသည်။

သို့ဖြစ်၍ ကပ္ပိယကောင်းတစ်ဦးဖြစ်ရန် ဗုဒ္ဓဘာသာ ဝင်တိုင်း လေ့လာရပါမည်၊ လေ့ကျင့်ရပါမည်၊ မှတ်သား ရပါမည်၊ ကြိုးစားရပါမည်၊ ကျင့်ကြံပြုမူဆောင်ရွက်ရပါမည်၊ ကံ ဉာဏ် ဝီရိယ ပြည့်ဝသူသာ ကပ္ပိယကောင်းတစ်ဦး ဖြစ်နိုင်သဖြင့် ကပ္ပိယဘဝဟူသည်ကား ကံကောင်းလှပေစွ။

********

စာမျက်နှာ-၁၇၇

ကျမ်းကိုးစာရင်း

၁။ ပါရာဇိကပါဠိ
၂။ ပါစိတ္တိယပါဠိ
၃။ မဟာဝဂ္ဂပါဠိ
၄။ စူဠဝဂ္ဂပါဠိ
၅။ ပရိဝါရပါဠိ
၆။ ပါရာဇိကကဏ္ဍအဋ္ဌကထာ
၇။ ပါစိတျာဒိအဋ္ဌကထာ
၈။ သာရတ္ထဒီပနီဋီကာ
၉။ ခုဒ္ဒသိက္ခာ
၁၀။ မူလသိက္ခာ
၁၁။ ပါတိမောက်ဘာသာဋီကာ
၁၂။ ဘုရားဥပဒေတော်ကြီး

စာစီ * သထပ-ကွန်ပျူတာ

စာမျက်နှာ-၁၇၈

ဤစာအုပ်တွင်

(၁) သာသနာ့အကျိုးဆောင် ကပ္ပိယတစ်ဦး၏ အရည်အချင်းများ
(၂) လုပ်ငန်းတာဝန်များ
(၃) သာသနာပြုရာ၌ ကပ္ပိယအရေးပါပုံ
(၄) သံဃာတော်များနှင့် ဆည်းကပ် ဆက်ဆံနည်းများ
(၅) သံဃာတော်အား ရွှေ ငွေ ရတန လှူဒါန်းနည်းများ
(၆) ပစ္စည်းလေးပါးနှင့် စပ်လျဉ်း၍ ပြုကျင့်ဖွယ်များ-
စုံစုံလင်လင် ပေါ်ပေါ်လွင်လွင် ပြုစုထားပါသည်။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ