Skip to main content

သင်္ဂြိုဟ်ဘာသာဋီကာ

သင်္ဂြိုဟ်ဘာသာဋီကာ

အရှင်ဇနကာဘိဝံသ

အမှတ် {၄} ကျမ်းစာ

အရှင်အနုရုဒ္ဓါမဟာထေရ်၏ အဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာကို ခက်ဆစ်အဓိပ္ပာယ်စုံလင်စွာတန်ဆာဆင်၍

အရှင်ဇနကာဘိဝံသ

စီရင်အပ်သော

(အခြေပြုသင်္ဂြိုဟ်လာ ပါဌ်လျှောက်အဓိပ္ပာယ်နှင့် သရုပ်ကျေပွန်ပြီးပုဂ္ဂိုလ်များ လေ့လာရန် ဆိုင်ရာစာပြန်ပွဲများ၏ လတ်–ကြီး–ကျော်အတွက် တာဝန်ခံသည်။)

"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"

သင်္ဂြိုဟ်ဘာသာဋီကာ စာအုပ်လေးသည် အဘိဓမ္မာအခြေခံသင်ယူတတ်မြောက်ထားသူ ရဟန်းရှင်,လူ မည်သူမဆို မရှိမဖြစ် လက်ကိုင်ထားသင့်သော စာအုပ်ဖြစ်သည်၊ ဤစာအုပ်ကြောင့် အဘိဓမ္မာဆိုင်ရာ သဘောများ မိမိ၏ဉာဏ်၌ ထင်လွယ်၍ အလွန်ရှင်းလင်းပြတ်သားသော အဆုံးအဖြတ်များဖြင့် အဘိဓမ္မာ သဘောများ ကျက်စားနိုင်ခွင့်ရရှိခဲ့ပါသည်။

သို့ပါ၍ ဤစာအုပ်အား ဝယ်ယူရန်ခက်ခဲသူများနှင့် ဖုန်း, တပ်ဘလက်၊အိုက်ပတ်နှင့် ကွန်ပျူတာတို့တွင် အလွယ်တကူဆောင်ထား ဖတ်ရှုလိုသူများ, online တွင် ဖြန့်ဝေလိုသူများအတွက်ပါ အဆင်ပြေလွယ်ကူစေ ခြင်းအကျိုးငှာ ၊ စာများအား ရှာဖွေနိုင် ကော်ပီ ယူနိုင်သော PDF အဖြစ် ဖန်တီးနိုင်ရန် ဆန္ဒဖြစ်ခဲ့သည်၊ ဆန္ဒရှိသော်လည်း မိမိတစ်ဦးတည်းအားဖြင့် ကြိုးစားခြင်းငှာ မစွမ်းသာခြင်းကြောင့် ၊ Facebook ပေါ်မှ တစ်ဖက်စာမျက်နှာတွင်ဖော်ပြသော ဓမ္မမိတ်ဆွေတို့၏ ဝိုင်းဝန်း ထောက်ပံ ကူညီပေးခြင်းကြောင့် အမျိုးမျိုး သောအခက်ခဲများမှ ကြန့်ကြာနေရသော သူတော်ကောင်း ဓမ္မမိတ်ဆွေ လူပုဂ္ဂိုလ်အပေါင်းနှင့် ရှင်ရဟန်း အပေါင်းတို့ မျှော်လင့်နေသော သင်္ဂြိုဟ်ဘာသာဋီကာစာအုပ် PDF လေးအား ယခင် နှစ်ပိုင်းခွဲ၍ ပြုလုပ် ပေးပြီးဖြစ်ကာ ယခု တပေါင်းတစ်အုပ်တည်းအဖြစ် စီစဉ် ပြုလုပ်ပေးလိုက်ပါသည်။

ဤစာအုပ်အား PDF အဖြစ် ဖန်တီး၍ ရတနာမြတ်သုံးပါးနှင့်တကွ အမိအဘ,သင်ဆရာ,မြင်ဆရာ,ကြား ဆရာတို့အားအမှူးထား၍ အထူးသဖြင့် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသအား ပူဇော်သောအား ဖြင့် စီစဉ်ရခြင်း စင်စစ် ဖြစ်ပါသည်၊ မအားလပ်သည့်ကြားမှ အပင်ပန်းခံ ပြုစီစဉ်ရသော ဤဉာဏသမ္ပယုတ် ကာမာဝစရ ကုသိုလ်သည် ဗောဓိဉာဏ်သို့ ကြီးစွာသော အထောက်ပံ့သည် ဖြစ်ရပါလို၏ ၊ PDF ဖြစ်မြောက် ရန် အကူအညီပေးခဲ့ကြသော ဓမ္မမိတ်ဆွေတို့အားလည်း ဤနေရာမှတစ်ဆင့် အလွန်ကျေးဇူးတင်ရှိ ကြောင်းနှင့် သာဓုသာဓုသာဓု သုံးကြိမ်ခေါ်ဆိုသမှု ပြုလိုက်ရပါသည်။

ဤ PDFသည် စီးပွားဖြစ် စာအုပ် print ထုတ်ရန် ရည်ရွယ်ထုတ်လုပ်ခြင်း လုံးဝမဟုတ်သည်ကို တပါ တည်း အသိပေးလိုပါသည် ၊ online သာသနာပြုရန်နှင့် အလွန်ကျေးဇူးများသဖြင့် ပညာရှင်တိုင်း ဦးညွှတ် ရာကျမ်းဖြစ်၍ သံဃာတော်အရှင်သူမြတ်များနှင့် လူပညာရှိများ အလွန်တောင့်တအလိုရှိအပ်နေခြင်း ကြောင့်သာ ဓမ္မဒါနကုသိုလ်ယူ ထုတ်လုပ်ဖန်တီးရခြင်း ဖြစ်ပါသည်။

Aung AungZaw

09421021542 , 09795672113

PDF ဖြစ်မြောက်ရေး ဝိုင်းဝန်းပံပိုး ကူညီပေးခဲ့ကြသော ဓမ္မမိတ်ဆွေများ

မှတ်ချက်

ဧကာဒသမအကြိမ်ထုတ် မူရင်းစာအုပ်မှ ဇော်ဂျီဖောင့်ဖြင့် ရိုက်ကူးပူဇော်ထားပါသည် စာလုံးသတ်ပုံများ စာမျက်နှာအစီအစဉ်များ အမှားအယွင်းရှိပါက ခွင့်လွှတ်သည်းခံ ပေးပါရန်နှင့် အမှားများကို ဝိုင်းဝန်းထောက်ပြပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်။ မဟာဂန္ဓာရုံဆရာတော် (အရှင်ဇနကာဘိဝံသ) နှင့် မဟာဂန္ဓာရုံကျောင်းတိုက်အား credit ပေးပါသည်။

တစ်ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

အရှင်ဇနကာဘိဝံသ ၏

တစ်ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

ddddddd

၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်းလျာ သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄)ရက် [၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီ (၂၇) ရက်] အင်္ဂါနေ့တွင် ဖွားမြင်တော်မူသည်။

၂။ ၁၂၆၆-ခုနှစ်၌ (ပထမအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။

၃။ ၁၂၇၅-ခုနှစ်၌ (ဒုတိယအကြိမ်) ရှင်သာမဏေ ပြုတော်မူသည်။

၄။ ၁၂၇၉-ခုနှစ် သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။

၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌(ပထမအကြိမ်), ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ (ဒုတိယအကြိမ်), ၁၂၈၁-ခုနှစ် တပေါင်းလပြည့်နေ့၌ (တတိယအကြိမ်) ရဟန်းအဖြစ်ကို ခံယူတော်မူသည်။

၆။ ၁၂၈၃-ခုနှစ် ကဆုန်လဆန်း(၁) ရက်နေ့၌ ပခုက္ကူဆရာတော်ကြီးများ၏ "ပခုက္ကူစာချ" အဖြစ် တင်မြှောက်မှုကို ခံယူတော်မူရသည်။

၇။ ၁၂၈၇ (၁၉၂၆)ခုနှစ်၌ "ပထမကျော်" အောင်မြင်တော်မူသည်။

၈။ ၁၂၈၉- ခုနှစ်၌ သကျသီဟစာမေးပွဲခေါ် "ပရိယတ္တိသာသနဟိတဓမ္မာစရိယ" ဘွဲ့ ရရှိအောင်မြင်တော်မူသည်။

၉။ ၁၃၀၃-ခုနှစ်၊ ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရောက်သိမ်းပိုက်မည့်နှစ်တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူသည်၊ ပြောင်း ရွှေ့လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော် သီတင်း သုံးလျက်ရှိသည်။

၁၀။ (လွတ်လပ်ရေးရရှိပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ (ရှေးဦးစွာ) "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းကို ခံယူတော်မူရသည်။

၁၁။ ၎င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်း စာများကို ရေးသားတော်မူခဲ့သည်။

၁၂။ ၁၃၁၅-ခုနှစ်၌ (က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယသံဃနာယက,

(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,

(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,

(ဃ) ဆဋ္ဌသံဂီတိဩသာနသောဓေယျပတ္တပါဌက အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။

၁၃။ ၁၃၃၇-ခုနှစ်၊ ပဲခူးမြို့၌ ကျင်းပအပ်သော ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် အစည်းဝေးကြီးက ရွှေကျင် ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယသာသနာပိုင်) အဖြစ် တင်မြှောက်ခြင်းကို ခံယူတော်မူရသည်။

၁၄။ ၁၂၉၁-ခုနှစ်၊ သက်တော်(၃၀)မှစ၍ ကျမ်းစာများကို စတင် ပြုစုတော်မူခဲ့ရာ ၁၃၃၉-ခုနှစ်၊ နတ်တော်လ ဆန်း (၁၃)ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ (၅)ရက်အထိ ကျမ်းစာပေါင်းများစွာကို ရေးသားပြုစုတော် မူခဲ့ပါသည်။

၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော်(၇၈)နှစ်အရောက် နတ်တော်လပြည့်ကျော် (၂)ရက် [၂၇-၁၂-၇၇] အင်္ဂါနေ့ ညနေ (၄:၃၀) နာရီတွင် တစ်ဘဝ အတွက် ငြိမ်းတော်မူသည်။

YZYZYZYZ

နိဒါန်းအချီ

ဇာနိတဗ္ဗံ ပဇာနာတိ, ဒေသိတဗ္ဗံပိ အာသယံ ၊ ဒေသကော ယေန ဉာဏေန, ဒေသေသု တဿ တေဇသာ ။

ဒေသကော -နည်းမှန်လမ်းကျ,ဟောညွှန်ပြသည့်, ဒေသကထွက်တင်,ဘုရားရှင်သည် ၊ယေန ဉာဏေန- အပေါင်းဂုဏ်အင်,ကြောင်းစုံလင်မှ,အကြင်ဖြစ်ပေါ်, သဗ္ဗညုတာ ဉာဏ်တော်ဖြင့်၊ ဇာနိတဗ္ဗံ- သိဖွယ် အများ, ဉေယျဓမ်တရားကို၊ ပဇာနာတိ-သိမ်းကျုံး ကုန်စင်, သိမြင်တော်မူနိုင်ပေ၏၊ ဒေသိတဗ္ဗံပိ- ဟောပြစဖွယ်, သွယ်သွယ်များဖြင့်, တရား ဆင်နည်းကိုလည်း၊ ပဇာနာတိ-တရားတစ်ဖုံ, နည်းမျိုးစုံ အောင်,အကုန်ဆင်ပြင်, သိမြင်တော်မူနိုင်ပေ၏၊ အာသယံ-သိန်းသန်းကုဋေ,များဝေနေ၏,ထွေထွေ ဆန္ဒ, အဇ္စျာသယကိုလည်း၊ ပဇာ နာတိ-က္ကုန္ဒြေနုရင့်,ခွဲဝေချင့်၍,အသင့်ပိုင်ပိုင်, သိမြင်တော်မူနိုင်ပေ၏၊ တဿ ဉာဏဿ-ပါရမီအပေါင်း, ဆင့် ဆင့်လောင်းသဖြင့်, အကောင်းဆုံးဖြစ်ပေါ်, ထိုသဗ္ဗညုတာဉာဏ်တော်၏၊ တေဇသာ-အစွမ်းသုံးဖော်, တန်ခိုးတော်ဖြင့်၊ဒေသေတု-ကျမ်းဂန်အတွက်, လမ်းမှန် ထွက်အောင်, နှစ်သက်ဖွယ်ရာ, ညွှန်ပြတော်မူပါစေ သတည်း။

သဗ္ဗညုတာဉာဏ်တော်။ ။ပါရမီသုံးဆယ် စွန့်ဖွယ်ငါးဖြာ စရိယာသုံးရပ်တို့ကို မပြတ်ဆင့်ဆင့် ဖြည့်ကျင့်တော်မူပြီးမှ ဗုဒ္ဓစင်စစ် ဖြစ်တော်မူသော မြတ်ဘုရား၏ သဗ္ဗညုတာဉာဏ်တော်သည် ဉေယျ တရားအားလုံးကို သိမ်းကျုံးကုန်စင် သိမြင်တော်မူနိုင်ခြင်းဟူသော အစွမ်း, ထိုဉေယျဓမ်တရား အများအ ပြားတွင်လည်း တရားတစ်မျိုး တစ်မျိုး၌ ဟောပြထိုက်သော အခြင်းအရာ အဖြာဖြာသော တရားဆင်နည်း ကို နည်းအဖုံဖုံ အစုံအလင် သိမြင်တော်မူနိုင်ခြင်းဟူသော အစွမ်း, ဝေနေယျသတ္တဝါတို့၏ အဇ္ဈာသယ စိတ်အကြိုက်ကို နှိုက်နှိုက်ချွတ်ချွတ် သိမြင်တော်မူနိုင်ခြင်းဟူသော အစွမ်း ဤအစွမ်းသုံးပါးနှင့် ပြည့်စုံ တော်မူရကား ဝေနေယျတို့၏ အဇ္ဈာသယကို ဆင်ခြင်တော်မူကာ သင့်တော်ရာ တရားကို သင့်လျော် သောနည်းလမ်းဖြင့် သင့်တင့်အောင် ဆင်ပြင်၍ ဟောပြတော်မူသောအခါ တစ်ယောက်နှစ်ယောက်ကို မဆိုထားဘိ သိန်းသန်းကုဋေ အသင်္ချေသော ပရိသတ်များပင် တစ်ထိုင်တည်းဖြင့် အပြီးတိုင်အောင် နိဗ္ဗာန်ပေါက် သိရှိကြရပေသည်၊ ထို့ကြောင့် ဘုရားရှင်၏ သဗ္ဗညုတာဉာဏ်တော်သည် ကမ္ဘာသူ ကမ္ဘာ သားတို့ အပေါ်မှာ လွန်စွာအကျိုးများသော ဉာဏ်တော်ကြီး ဖြစ်ပါပေသတည်း။

အတုကလေးမျှ ရပါရလို။ ။ပါရမီအကျိုးကို ပထမမြော်မြင်၍ ဘုရားရှင်၏ တာဝန်တော်လက်စကို ဆက်လက်ရွက်ဆောင်ကြရသော ကျမ်းပြု, စာချ, ဓမ္မကထိက အပေါင်း သာဝကသူတော်ကောင်းတို့မှာ လည်း ထို သဗ္ဗညုတာဉာဏ်တော်၏

အစွမ်းသုံးပါးကို အတုယူကာ ရေးသားပို့ချဟောပြရမည့် ကျမ်းစာတို့၌ စွမ်းအားရှိသမျှ လေ့လာပြီးဖြစ်ခြင်း, ထိုကျမ်းစာတို့၌ ဆင်နည်း ပြင်နည်း အသီးသီးကို နည်းဖုံဖုံ အတော်စုံအောင် စဉ်းစားပြီးဖြစ်ခြင်း, ကြည့်ရှု နာယူမည့် ပုဂ္ဂိုလ်များ၏ အဇ္ဈာသယစိတ််အကြိုက်ကို အလိုက်သိခြင်းဟူသော အစွမ်းသတ္တိသုံးပါးကို ထိုက်တန်သလောက် ရရှိမှသာ ထိုကျမ်းစာ ထိုတရားက အများ၏ အကျိုးကို ပွားတိုးစေနိုင်မည် ဖြစ်၍ ဤသဂြိုလ်ဘာသာဋီကာကို စီစဉ်ခိုက်မှာလည်း သဗ္ဗညုတာဉာဏ်တော်စွမ်းကို ကြည်ညိုရသဖြင့် ထို ဉာဏ်တော်စွမ်း အတုကလေးမျှ ရပါရစေ, ရဖို့ရန် ညွှန်ပြတော်မူပါစေခလို။

ကျယ်ဝန်းသော အဘိဓမ္မာ။ ။ထိုအစွမ်းသုံးပါးနှင့် ပြည့်စုံတော်မူသော သဗ္ဗညုတာဉာဏ်တော်၏ ကျက်စားရာ အဘိဓမ္မာဒေသနာတော်သည် လွန်စွာကျယ်ဝန်း၏၊ ယခုကာလ ဆွမ်းတရား ဟောသကဲ့သို့ တစ်ထိုင်တည်း တစ်ခဏမျှ ဘုရားရွှေနှုတ်တော်ဖြင့် ထုတ်ဖော်ဟောပြအပ်သော တရားတော်သည်ပင် ဒီဃ နိကာယ် မဇ္ဈိမနိကာယ်ကြီးတို့အလား ရှည်လျားတော်မူ၏ ၊တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောပြတော်မူအပ်သော ဒေသနာတော်မှာ မည်မျှ ကျယ်ဝန်းဖွယ် ရှိသည်ဟု ခန့်မှန်းချက်ဂဏန်းကို ကုန် ခန်းစေလေတော့သည်၊ ယခုအခါ သင်ယူပို့ချအပ်သော အဘိဓမ္မာသည် ဘုရားရှင်က အရှင်သာရိပုတြာ အား ဟောပြ၍ အရှင်သာရိပုတြာကတစ်ဆင့် လင်းနို့ဘဝ၌ အဘိဓမ္မာအထုံရခဲ့ကြသော တပည့်ရဟန်း ငါးရာအား မကျဉ်းမကျယ် စီစဉ်ပို့ချအပ်သော ဒေသနာတော်ပေတည်း ၊ ထိုဒေသနာတော်သည်ပင် အဘိဓမ္မာ၌ အခြေမရသူတို့ အတွက်မဟာသမုဒ္ဒရာဝယ် ယုန်သူငယ် မထောက်နိုင်သကဲ့သို့ ရှိရလေသည်။

အဘိဓမ္မတ္ထသင်္ဂဟ။ ။ထိုကဲ့သို့အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းပုံနှင့်တကွအခြေပါဒ မရသေးသူ တို့ ထောက်တည်ရာ မရနိုင်ကြပုံကို အလုံးစုံမြော်မြင်တော်မူသော အရှင်အနုရုဒ္ဓါသည် အဘိဓမ္မာဒေသ နာတော်၏ လိုရင်းအချက် အနက် အဓိပ္ပါယ်ကို အကျဉ်းချုပ်အားဖြင့် သိနှင့်ဖို့ရန် ရည်သန်တော်မူပြီးလျှင် အဘိဓမ္မတ္ထသင်္ဂဟဟူသော အဋ္ဌကထာဝယ် တစ်ကျမ်းကို ကြိုးပမ်းစီရင်တော်မူခဲ့ပေပြီ၊ ထိုအဘိဓမ္မတ္ထ သဂြိုလ်ကျမ်းကား စာသွား စာလာ လွန်စွာညက်ညောသည့်အပြင် အဘိဓမ္မာဒေသနာတော်ကို အကျဉ်း ချုပ်ငုံမိသဖြင့် အလင်္ကာကျမ်းအလို ဩဇာဂုဏ်ရှိ၍ အဆီအနှစ်ပြည့်သောကျမ်းဟု ဆိုထိုက်ပါပေသည်၊ ထို့ကြောင့်ပင် အဘိဓမ္မာလေ့လာသူတိုင်း ဝိုင်းဝန်း၍ လက်ခံကြရကား မြန်မာ ယိုးဒယား သီဟိုဠ် အင်္ဂလိပ် အက္ခရာများဖြင့် အမျိးမျိုးဆင်ပြင်ကာ ကမ္ဘာကို လှည့်လည်နိုင်ခဲ့ပေသည်။

ကျမ်းဆရာ့ကာလ။ ။ထိုကဲ့သို့ ကမ္ဘာက လက်ခံနိုင်လောက်အောင် စီမံတော်မူစွမ်းသောကျမ်းပြုဆရာ အရှင်အနုရုဒ္ဓါကား နောင်ခေတ်နောင်ခါ သာသနာအရှိန်သေး၍ မှိန်မှေးမှ ထွက်ပေါ် လာသည် မဟုတ် ပါ ၊ သာသနာသက္ကရာဇ် (၉၀၀)ကျော်-အဓိပတိပုဂ္ဂိုလ်တို့ ထွန်းပေါ်တုန်းအခါကပင် ပါဝင်ထင်ရှားခဲ့သော ဆရာတော်တစ်ပါးပေတည်း ရှင်းပြဦးအံ-အရှင်ဗုဒ္ဓဒတ္တသည် ဗုဒ္ဓဝံသအဋ္ဌကထာ ဝိနယဝိနိစ္ဆယ အဘိဓမ္မာ ဝတရအဋ္ဌကထာတို့ကို စီရင်၍ အရှင်အနုရုဒ္ဓါက ပရမတ္ထဝိနိစ္ဆယ နာမရူပပရိစ္ဆေဒ အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာတို့ကို စီရင်သည် ၊ [အဘိဓမ္မာဂဏ္ဌိပဒကိုလည်း စီရင်သည်ဟု ယူကြသေး၏၊ ၊] ထိုနှစ်ပါးကား ဆရာတူတပည့် ဖြစ်သတတ်၊ အခါတစ်ပါး၌ မိမိတပည့်နှစ်ပါး၏ ကျမ်းစာများကို ရှုစားတော်မူရသော ဆရာတော်သည် "ဗုဒ္ဓဒတ္တ၏ ကျမ်းစာသည် ရွှေငွေစသော ရတနာများကို အပြည့်ထည့်သွင်း၍ လုံခြုံစွာ ပိတ်ထားအပ်သော ရတနာတိုက် နှင့်တူ၏ ၊ အနုရုဒ္ဓါ၏ကျမ်းစာကား ရတနာများကို အပြည့်သွင်း၍ဖွင့်ထား အပ်သော ရတနာတိုက်နှင့် တူသည်" ဟု မိန့်တော်မူသတတ်၊ အရှင်ဗုဒ္ဓဒတ္တကား အရှင်မဟာဗုဒ္ဓဃော သနှင့် တစ်ကာလတည်း၌ ထွန်းကားသော ပုဂ္ဂိုလ်ဟု အများပင်ယူဆကြသည်၊ သို့ဖြစ်၍ အရှင်မဟာ ဗုဒ္ဓဃောသတို့ ထွန်းကားရာ အချိန်အခါမှာပင် အရှင်အနုရုဒ္ဓါလည်း ကာလတူဖြစ်စေ, အနည်းငယ်နှောင်း သောအခါ၌ ဖြစ်စေ ထွန်းကားခဲ့သောပုဂ္ဂိုလ်တစ်ပါးပေတည်းဟု မှတ်ယူသင့်ပေသည်။

ကျမ်းဆရာ့ဒေသ။ ။" သေဋ္ဌေ ကိဉ္စိ ဝရေ ရဋ္ဌေ, ကာဝီရနဂရေ ဝရေ၊ ကုလေ သဥ္ဖာတဘူတေန, ဗဟုဿုတေန ဉာဏိနာ" ဟူသော ပရမတ္ထဝိနိစ္ဆယ နိဂုံးဂါထာအရ အရှင်အနုရုဒ္ဓါသည် ကိဉ္စိတိုင်း ကာဝီရ မြို့တွင် ဖွားမြင်သောပုဂ္ဂိုလ်တည်းဟု သိသာပြီ၊ ထိုကိဉ္စိတိုင်းကား ဣန္ဒိယတောင်ပိုင်း မဒရဋ္ဌ်နယ်၌ တည် ရှိ၏၊ ထိုအရပ်သည် ထိုစဉ်အခါက ဗုဒ္ဓသာသနာ များစွာထွန်းကားရာအရပ် ဖြစ်ဟန်တူ၏၊ ဗုဒ္ဓဘာသာ အဆောက်အဦးများ ယခုတိုင်ပင် တွေ့နိုင်သေးသည်သာမက, အရှင်မဟာဗုဒ္ဓဃောသသည်ပင် ထိုဒေသ ၌သီတင်းသုံးတော်မူဖူးကြောင်းလည်း….

"အာယာစိတော သုမတိနာ, ဘဒ္ဒန္တဇောတိပါလေန ၊ ကဉ္စိပုရာဒီသု မယာ, ပုဗ္ဗေ သဒ္ဓိံ ဝသန္တေန"

ဟူသော အင်္ဂုတ္တရဋ္ဌကထာ နိဂုံးဂါထာဖြင့် ထင်ရှားပေသည်၊ဤ ဣန္ဒိယတောင်ပိုင်း၌ ဗုဒ္ဓသာသနာထွန်း ကားခိုက် ဖြစ်ပါသော်လည်း ဗုဒ္ဓဘာသာဝင်မဟုတ်သော မင်းတို့၏အုပ်စိုးခြင်းက များနေသောကြောင့် လည်းကောင်း, သီဟိုဠ်ကျွန်း၌ ဗုဒ္ဓဘာသာဝင်မင်းတို့ သာသနာကို ချီးမြှောက်လျက် ရှိခြင်းကြောင့်လည်း ကောင်း, ဣန္ဒိယတောင်ပိုင်း အစွန်းနှင့် သီဟိုကျွန်း မြောက်အစွန်းမှာ လွန်စွာနီးကပ်လျက်ရှိသောကြောင့်လည်းကောင်း, ဣန္ဒိယတောင်ပိုင်းသား ဖြစ်ကြသော ကျမ်းတတ် ပုဂ္ဂိုလ်တို့သည် သီဟိုဠ်ကျွန်းသို့ကြွရောက်၍ သာသနာတော်ကိုချီးမြှောက်တော်မူကြရာဝယ် အရှင်အနုရု ဒ္ဓါလည်း အပါအဝင်ဖြစ်၍ ဤအဘိဓမ္မတ္ထသင်္ဂဟအဋ္ဌကထာကို စီရင်ချိန်အခါမှာ အနုရာဓမြို့တွင် (ယခု- ဟလာဝတဒိစတြိတ်တွင်) ပါဝင်သော မူလသောမကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက် ဖြစ်လေသည်။ [ထိုမူလသောမ ကျောင်းတိုက်ကား ယခုအခါ၌ ကျောင်းတိုက်မဟုတ်တော့ဘဲ "မုန်နေစ်သရမ်" မည်သော နတ်ကွန်းအဖြစ်ဖြင့် တည်ရှိသတတ်။]

မူလသောမအမည်။ ။အရှင်အနုရုဒ္ဓါ၏ ကျောင်းတိုက်နာမည်ကို မူလသောမဟု လည်းကောင်း , တုမူလသောမ ဟုလည်းကောင်း အမျိုးမျိုး မှတ်ယူကြ၏၊ ထိုသို့ကွဲပြားခြင်း၏ အရင်းကား "ပုညေနာနေန တု မူလသောမံ " ဟူသောနိဂုံးဂါထာပင်တည်း၊ ထိုနှစ်မျိုးတွင် "တုမူလသောမ" ဟု ယူဆသူတို့က တုမူလ သဒ္ဒါသည် မဟာ၏ ပရိယာယ် အကြီးအကျယ်ဟူသော အနက်ဟော ဖြစ်၍ "တုမူလသောမ-ကြီးကျယ် သော သောမတိုက်ဟု"ဟုဆိုလိုသတတ်၊ သို့သော်သက္ကဋ အဘိဓာန်၌ "တုမူလ"ဟု မရှိ, "တုမုလ" ဟုသာ ရှိ၏၊ထိုတုမုလသဒ္ဒါသည် မဟာ၏ပရိယာယ် မဟုတ် "ဗျာကုလ= နှောက်ယှက်ရှုတ်ထွေး"ဟူသော အနက် ဟောဟု လာ၏ ၊" အတ္ထေတ္ထ ဝတ္တတီ သဒ္ဒေါ, တုမုလော ဘေရဝေါ မဟာ"ဟူသော ဝေဿန္တရာဇာတ်၌ လည်း တုမုလသဒ္ဒါအပြင် မဟာဟုလည်းတိုက်ရိုက်ပါရှိသေးရကား ထိုတုမုလသဒ္ဒါသည် မဟာ၏ပရိယာယ် မဟုတ်နိုင်ကြောင်း ကောင်းကောင်းကြီး ထင်ရှားပြီ ၊ အရှင်အနုရုဒ္ဓါ၏ ဂါထာများ၌ "စျာနမေကေက. မန္တေ တု, ဆဓာနာမံ တု နာမဿ" စသည်ဖြင့် တုနိပါတ်ကို ဝါစာသိလိဋ္ဌအရာ၌ သုံးစွဲလေ့ရှိရကား ဤ"ပုညေ နာနေန တု မူလသောမံ" ပါဌ်၌ တုနိပါတ်ကိုလည်း ထိုဝါစာသိလိဋ္ဌအတွက် သုံးစွဲခြင်းသာ ဖြစ်ရာသော ကြောင့် လည်းကောင်း, သီဟိုဠ်ကျွန်းက အကြောင်းအရာများကို စာပေလိုက်စားသော ထိုကျွန်းပုဂ္ဂိုလ်များ သာ သိဖွယ်ရှိ၍ ပရမတ္ထဝိနိစ္ဆယသီဟဠနိဒါန်း၌ မူလသောမဟု ညွှန်ပြသောကြောင့်လည်းကောင်း, မူလ သောမ အမည်သာလျှင် အတည်ဖြစ်သင့်တော့သည်။

မှတ်ချက်။ ။မူလသောမအမည်ရခြင်း၏ အကြောင်းကိုကား မညွှန်ပြကြချေ၊ အရင်းမူလ အစဖြစ် သော သောမကျောင်းတိုက်ဟု ဆိုသင့်၏၊ အချို့က "မူလအမတ် လှူဒါန်းအပ်သော ကျောင်း, သောမဒေဝီ လှူဒါန်းအပ်သောကျောင်းဟု နှစ်ကျောင်းရှိသဖြင့် မူလသောမအမည်ရသည်" ဟုဆိုကြ၏၊ သို့သော် ထို တိုက်၌ နှစ်ကျောင်းသာမက, ကျောင်းပရိဝုဏ်ပေါင်း (၆၀)ကြီးကျယ် စည်ကားသည်ဟု အဆိုရှိရကား ထိုအချို့စကားလည်း အခြေအမြစ် မရှိချေ။

အခြေခံနိဒါန်း (ဆ)

ရှေးဋီကာများ။ ။ထိုသို့ အလွန်ရှေးကျ၍ ထက်မြတ်သော ပုဂ္ဂိုလ်တစ်ပါး စီစဉ်ထားအပ်သော အဘိဓိမ္မတ္ထသင်္ဂဟ အဋ္ဌကထာကို ပါဠိဘာသာ ဋီကာအစောင်စောင်တို့ သင့်တင့်အောင် ဖွင့်ပြီးဖြစ်သော် လည်း ပါဠိအဋ္ဌကထာကို ပိုင်နိုင်စွာ မလေ့လာရသေးသော မြန်မာတိုင်းဖွားတို့အတွက်မှာ ထိုမာဂဓဋီကာ တို့၌ အနက်ထင်ဖို့ရာ လွန်စွာ ဂရုစိုက်နေကြရသဖြင့် သဘာဝအဓိပ္ပါယ် လယ်ပတ်ဖို့ အရေး၌ နှောင့်နှေးကြံ့ကြာလျက် ရှိကြလေသည်၊ မြန်မာဘာသာဖြင့် စီစဉ်အပ်သော အဓိပ္ပါယ် အကောက်ကျမ်း များလည်း ရှိကြပါပေသည်၊ ထိုကျမ်းတို့ကား ကျမ်းရင်းစာသားကို အစဉ်အတိုင်း မဖွင့်ပြဘဲ စပ်မိစပ်ရာ ဗဟုဿုတမှတ်စု များကိုသာ လေးလေးစားစား ရေးထားသဖြင့် ကျမ်းရင်းစာသားကို လက်ကိုင်ပြု၍ ကြည့် ရှု့ပို့ချ လေ့လာကြရသော ပုဂ္ဂိုလ်များအတွက်မှာမူ " ဆေးအတွက် ဝန်တက်" သလိုဖြစ်တော့၏။

ရှေးစနစ်နှင့် ခေတ်သစ်။ ။ထို့ပြင်-မြန်မာအဓိပ္ပါယ်ရေး အကောက်တို့၌ ခက်ဆစ်အဓိပ္ပါယ်နှင့် သရုပ်အကောက်များကို တစ်ကျမ်းတည်း ရောနှောက်ထားသဖြင့် ရှေးခေတ်ကို ရှေးစနစ်အတိုင်းဆိုသော် "စုံပါပေသည်" ဟု ချီးမွမ်းဖွယ်ဖြစ်သော်လည်း ယခုခေတ်သစ်မှာ အဆင့်အတန်းခွဲ၍ သင်ပြမှ စည်းကမ်း ကျသည်ဟု အယူရှိကြသောခေတ် ဖြစ်ရကား ထိုရှေးစနစ်အတိုင်း စီစဉ်အပ်သော ကျမ်းစာများ၌ မူလအ ခြေပြုသူတို့နှင့်သာ သင့်တော်သော သရုပ်ခွဲတို့က အခြေရပြီး ပုဂ္ဂိုလ်တို့ကို ရှောင်လွဲစေပြီးလျှင် ခက် ဆစ်အဓိပ္ပါယ်များက အခြေမရသေးသူတို့ ဉာဏ်ကို တွန်းကန် ဖိနှိပ်ထားသကဲ့သို့ ရှိသောကြောင့် ရှေးစနစ် အရ စီစဉ်ထားအပ်သော ကျမ်းစာများကို ရှု့စား လေ့လာသူတို့မှာ လေယာဉ်ပျံ မော်တော်ကား အကြား ၌ လှည်းကြမ်းကြီးကို စီးသွားသူတို့ကဲ့သို့ များစွာနှောင့်နှေးကြတော့မည်ဟု ထင်မြင်မိပေသည်။

ဘာသာဋီကာ။ ။ထိုကဲ့သို့ ထင်မိသည်အားလျော်စွာ အခြေပြုသူတို့နှင့် လျော်ကန်အောင် စီမံ အပ်ပြီးသော အခြေပြုသင်္ဂြိုဟ်ကို လေ့လာကြပြီးနောက် တစ်ဆင့်တက်၍ ခက်ဆစ်အဓိပ္ပာယ်ကို သီးခြား ရှုစားကြဖို့ရာ မာဂဓဋီကာများဖွင့်သကဲ့သို့ တိုင်းရင်းဘာသာဖြင့် ဖွင့်ပြရာ "သင်္ဂြိုဟ်ဘာသာဋီကာ" ဟူသော အမည်ဖြင့် မြန်မာဘာသာ ဋီကာသစ်တစ်ကျမ်းကို ကြိုးပမ်းရပါသည်။ ဤဋီကာသစ်ကို စီစဉ်ရာဝယ် မာဂဓ ဋီကာတို့မှ မြန်မာဘာသာ ကူးပြောင်းခြင်းမျှဖြစ်သော ပြီးစလွယ် စီစဉ်ခြင်းမျိုး မဟုတ်ဘဲ အထူးအား ထုတ်၍ စီစဉ်ထားကြောင်းမှာ ထိုထိုအခန်းလာ အဓိပ္ပါယ်များဖြင့် ထင်ရှားပါလိမ့်မည်။

မှာထားချက်။ ။ဤသင်္ဂြိုဟဘာသာဋီကာ၌ အလွန်ခက်ပုံမရသော သာဓကပါဌ်များကို အနက် ပေးမည် မဟုတ်ပါ၊ သာဓကဟူသည် ယုတ္တိယတ္တာ ရှိရုံမျှဖြင့် အားမရနိုင်သော ပညာရှိများအတွက် ထုတ်ပြရသော သက်သေများတည်း၊ ထို့ကြောင့် သာဓကကို အနက်မပေးသော်လည်း ထိုပညာရှိများအတွက် ဝန်လေးဖွယ် မရှိပါ၊ တချို့အရာ၌ကား သာဓကပါဌ်ကိုပင် မပြတော့ဘဲ စိစစ်လေ့ရှိသော ပညာရှိများ ကျေနပ်ဖို့ရန် သက်ဆိုင်ရာကျမ်းကိုသာ ညွှန်ပြ၍ ဂန္ထဂရုကို ရှောင်ရှားလျက် စာသားကျဉ်းကျဉ်းနှင့် လိုရင်း ထိမိနိုင်ရန် ကြီးစွာသော သတိဖြင့် စီမံရပါသည်။

တိုက်တွန်းခြင်း။ ။ထိုမျှလောက်သတိထားပါသော်လည်း ပုထုဇဉ်တို့၏ ဉာဏ်အားသည် အမှားကို ရှောင်နိုင်လောက်အောင် အစွမ်းမရှိနိုင်ပါ၊ ရှေးပညာရှိကြီးများ ကျမ်းစာများကို ကြည့်လျှင် ဤကဲ့သို့ပမာ ဒလေခ (အမှတ်တမဲ့ရေးမိရာဌာန) တွေ့နိုင်ပါသည်၊ ထို့ကြောင့် ထိုကဲ့သို့သော ပမာဒလေခ ဌာန များဝယ် မိမိကျမ်းစာလို သဘောထား၍ ပြင်ကာဆင်ကာ ရှုစားနိုင်ကြပါရန် တောင်းပန်တိုက်တွန်း ပါသည် ၊ တိုက်တွန်းသင့်ပါ၏- ဤလောက၌ မသမာသူ အများလူတို့သည် သူတစ်ပါးတို့၏ အပြစ်ကိုသာ ရှာကြံ၍ ရှုတတ်ကြသော်လည်း လူကြီးလူကောင်းတို့ကား အပြစ်ကို ဖေးမ၍ ရှုကြပါသည်၊ ဥပမာ-လူတစ်ယောက် ချော်လဲရာ၌ မသူတော်တို့က ဟားတိုက်၍ ရယ်ကြသော်လည်း သူတော်သူမြတ်တို့ကား ထူ၍ ပေး တတ်ကြသကဲ့သို့ ဖြစ်ပါသည်။

ယဒိ ဥတ္တံ အယုတ္တေတ္ထ, ပမာဒေန ဘမေန ဝါ ၊ ဝစော မယာ ဒယာဝန္တော, သန္တော သံသောဓယန္တု တံ ။

ဧတ္ထ -ဤဘာသာဋီကာ, အမည်သာသည့်,မှီရာသိပ်သည်း,နိဿယည်း၌၊ ပမာဒေန- သတိပေါ့ကင်း, မေ့လျော့ခြင်းကြောင့်သော်လည်းကောင်း၊ ဘမေနဝါ- စိတ်စက်ချောက်ချား, လွင့်ပါးခြင်းကြောင့်သော် လည်းကောင်း၊ အယုတ္တံ-ဖောက်ပြန်ချို့ယွင်း,ယုတ္တိကင်း သော၊ ယံဝစော- အကြင်စကားကို၊ မယာ-ငါသည်၊ ယဒိဥတ္တံ-အကယ်ရေးသား,ဆိုမှားအပ်မိအံ့၊ တံ ဝစော-ထိုသို့ မှားအပ်,စကားရပ်ကို၊ ဒယာဝန္တော- ကရုဏာ မှု,မေတ္တာပြု၍ ရှု့လေ့ ရှုထ, ရှိတော်မူကြ ကုန်သော၊ သန္တော- အဘိဇ္စျာကင်း, ဣဿာရှင်း၍, ဝမ်းတွင်း စိတ်ကောင်း, သူတော်အပေါင်းတို့သည်၊ သံသောဓယန္တု-မိမိစီရင်, ကျမ်းအသွင်သို့, ပြင်ဆင်ပြုကာ, ရှုနိုင် ကြပါစသတည်း။

အရှင်ဇနကာဘိဝံသ မြန်မာသက္ကရာဇ် ၁၂၉၆-ခု ၊

အမှာ။ ။အချို့ နေရာ၌ အမှားအမှန် ပြင်ဆင်ရန် ရှိသော်လည်း စာရှုသူတို့ ပြင်ဆင် ၍ရှုနိုင်လောက် သောကြောင့် အမှား အမှန် မထည့်တော့ပါ၊ မိမိတို့ စိတ်၌ မှားသည်ဟု ထင်သောအရာကို် ပညာရှိများထံ မေးမြန်း၍ ပြင်ဆင် ကြည့်ရှုကြပါကုန်။

ပဏာမဂါထာအဖွင့်

သမ္မာသမ္ဗုဒ္ဓမတုလံ, သသဒ္ဓမ္မဂဏုတ္တမံ ၊ အဘိဝါဒိယ ဘာသိဿံ, အဘိဓမ္မတ္ထသင်္ဂဟံ ။

အနုသန္ဓေ။ ။ဘေးအန္တရာယ် အသွယ်သွယ်များသော လောကကြီးဝယ် ထိုအန္တရာယ် အမျိုးမျိုး ကို ကာကွယ်ပယ်ဖျောက်၍ ကျမ်းပြီးမြောက်အေင် စီရင်နိုင်ခြင်းအကျိုးငှာ အရှင်အနုရုဒ္ဓါသည် "သမ္မာသမ္ဗုဒ္ဓ မတုလံ" အစရှိသော ပဏာမမင်္ဂလာ ထောမနာစကားကို ရှေးဦးစွာ မိန့်တော်မူသတည်း၊ တစ်နည်း- ကျမ်းဂန်ကို ရေးသားစီရင်ခြင်းသည် ပညာပါရမီအတွက် နှစ်သက်ဖွယ်ရာ လွန်စွာအဖိုးတန်သော ကိစ္စလုပ် ငန်းကြီးပေတည်း၊ ထိုကိစ္စလုပ်ငန်းကြီးကို မစမီ ရှေးဦးစွာ ပီတိ သောမနဿ ဝေဆာလျက် နှစ်သက်ဖွယ်ရာ မင်္ဂလာစကားကို အားပါးတရ မြွက်ဟလိုကြပေသည်၊ ထို့ကြောင့် "ပူဇာ စ ပူဇနီယာနံ, ဧတံ မင်္ဂလ မုတ္တမံ" နှင့် အညီ ကျမ်းမပြုမီ ရှေးဦးစွာ မင်္ဂလာကိစ္စကို ပြုတော်မူလိုသော အရှင်အနုရုဒ္ဓါသည် "သမ္မာသမ္ဗု ဒ္ဓံ" အစချီသော မင်္ဂလာစကားကို ဝမ်းမြောက် နှစ်သက်စွာ မိန့်မြွက်သတည်း။ [ဤပမာဏ မင်္ဂလာကို "ပလ္လင်ခံနိဒါန်း" ဟု လည်းကောင်း "ဂန္ထာရမ္ဘ" ဟု လည်းကောင်း အမျိုးမျိုး ခေါ်ကြ၏၊ ဂန္ထ=ကျမ်းဂန်ကို + အာရမ ္ဘ= စတည်အားထုတ်ခန်း။]

ဂန္ထာရမ္ဘသုံးမျိုး။ ။ထိုဂန္ထာရမ္ဘာသည် ဝတ္ထုပုဗ္ဗကဂန္ထာရမ္ဘ, အာသီသပုဗ္ဗကဂန္ထာရမ္ဘ, ပဏာမပုဗ္ဗက ဂန္ထာရမ္ဘဟု သုံးမျိုးရှိ၏၊ ထိုသုံးမျိုးတွင် ဝိသုဒ္ဓိမဂ်အစ၌ "သီလေ ပတိဋ္ဌာယ နရော သပ္ပညော" စသော ဂါထာ ကို စတည်၍ နတ်သား၏ လျှောက်ထားပုံဝတ္ထုသွားကို ရှေးဦးထားလျက် အားထုတ်ခြင်းကဲ့သို့, ဝတ္ထု ကြောင်းရှေ့သွားရှိသော ဂန္ထာရမ္ဘသည် ဝတ္ထုပုဗ္ဗကဂန္ထာရမ္ဘမည်၏၊ [တစ်နည်း-"သီလေ ပတိဋ္ဌာယ"စသော ဂါထာသည် ဝိသုဒ္ဓိမဂ်တစ်ကျမ်းလုံး၏ တည်ရာဝတ္ထု ဖြစ်၏၊ ထိုတည်ရာဝတ္ထုဖြစ်သော စကားအကျဉ်းကို ရှေးဦးထား၍ အားထုတ်အပ်သောကြောင့် " ဝတ္ထုပုဗ္ဗကဂန္ထာရမ္ဘ" မည်သည်ဟုလည်း အဓိပ္ပါယ်တစ်မျိုး ပြောကြ၏။]

သုဗောဓာလင်္ကာရကျမ်းအစ၌ "မုနိန္ဒဝဒနမ္ဗောဇ"စသော ဂါထာဖြင့်"မိမိစိတ်ကိုနှစ်သက်ပါစေသတည်း" ဟု တောင့်တမှု အာသီသကို ရှေ့သွားပြုလျက် အားထုတ်ခြင်းကဲ့သို့, တောင့်တမှု ရှေ့သွားရှိသော ဂန္ထာ ရမ္ဘသည် အာသီသပုဗ္ဗကဂန္ထာရမ ္ဘ မည်၏၊ အဋ္ဌသာလိနီအစ၌ "တဿ ပါဒေ နမဿိတွာ"စသည်ဖြင့် ရှိခိုးမှု ပဏာမကို ရှေ့သွားပြုလျက် အားထုတ်ခြင်းကဲ့သို့, ပဏာမရှေ့သွားရှိသော ဂန္ထာရမ ္ဘသည် ပဏာမပုဗ္ဗက ဂန္ထာရမ ္ဘမည်၏။

ပမာဏသုံးမျိုး။ ။ထိုပဏာမသည် ကိုယ်ဖြင့် ကိုင်းညွတ်ရိုကျိုး ရှိခိုးဦးချခြင်းဟူသော ကာယ ပဏာမ,"ဝန္ဒာမိ, နမာမိ, ဝန္ဒိတွာ, အဘိဝါဒိယ "စသော ပဏာမစကားမျိုးကို ရွတ်ဆိုရှိခိုးခြင်းဟူသော ဝစီပဏာမ,ကိုယ်လည်းမလှုပ် နှုတ်လည်းမပါ,ဘာဝနာပွားသကဲ့သို့ စိတ်ဖြင့်သာ အာရုံပြုခြင်းဟူသော မနော ပဏာမဟု သုံးမျိုးရှိပြန်၏။

ဝစီပဏာမ၏ဂုဏ်ထူး။ ။ထိုသုံးမျိုးတွင် ဝစီပဏာမသည် သာလွန်၍ကျေးဇူးများ၏။ ထင်ရှားစေအံ့- ကာယပဏာမနှင့် မနောပဏာမသည် ကျမ်းဆရာတစ်ဦးတည်း၏ ရှိခိုးမှုကိုသာ ပြီးစီးနိုင်၍ သောတုအများ ၏ ရှိခိုးမှုကို မပြီးစေနိုင်၊ ဝစီပဏာမကား ကျမ်းဂန်ကို လေ့လာသူတိုင်း ထိုမင်္ဂလာစကားကို ရှေးဦးစွာလေ့ ကျက်ရမည်ဖြစ်သောကြောင့် နောင်လာနောက်သား သောတုအများ၏ ရှိခိုးမှုလည်း တစ်ပါတည်း ပြီးစေနိုင်၏၊ ဤသို့လျှင် ဝစီပဏာမသည် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ကျမ်းဆရာ၏ ရှိခိုးမှု,သောတု အများ၏ ရှိခိုးမှုဟူသော ကိစ္စနှစ်ခုကို ပြီးစေနိုင်သောကြောင့် ကာယပဏာမ မနောပဏာမတို့ထက် သာလွန်၍ ကျေးဇူးများပေသည်။

ကေဝလ , ထောမနာပဏာမ။ ။ထိုဝစီပဏာမသည်လည်း ရတနာသုံးပါး၏ဂုဏ်ထူးကိုမပြ-ဝိသေသန မကူမဘဲ "ဗုဒ္ဓံ ဝန္ဒာမိ" စသည်ကဲ့သို့ သက်သက်ရှိခိုးရုံမျှဖြစ်သော ကေဝလပဏာမ, အတုလံ စသည်ဖြင့် ဂုဏ်ထူးကို ဖော်ပြ၍ ဝိသေသနကူမလျက် ရှိခိုးခြင်းဟူသော ထောမနာပဏာမဟု နှစ်မျိုးရှိပြန်ရာ,ကေဝလပ ဏာမထက် ထောမနာပဏာမသည် သဒ္ဓာ ပညာစသည်ကို သာလွန်တိုးပွားစေနိုင်သောကြောင့် ဝစီပဏာမ မင်္ဂလာ ထောမနာစကားကိုသာ ကျမ်းဆရာအဆက်ဆက်တို့ မိန့်မြွက်လေ့ရှိကြပေသည်။

သမ္မာသမ္ဗုဒ္ဓံ။ ။ထိုထောမနာဂါထာဝယ် သမ္မာသမ္ဗုဒ္ဓံ၌ သမ္မာသဒ္ဒါသည် မဖောက်မပြန်အမှန်ဟူသော "အဝိပရီတ"အနက်ကိုဟော၏၊ သံသဒ္ဒါသည် သယံ သာမံပုဒ်တို့နှင့် အနက်တူ "ကိုယ်တော်တိုင်" ဟူသော အနက်ကိုဟော၏၊

ဗုဒ္ဓ၌ ဗုဓဓာတ်ကား"သိခြင်း"အနက်ကို ဟော၏၊ သမ္မာနှင့် သံပုဒ်တို့ကို ဗုဒ္ဓနှင့်တွဲစပ်၍ "သမ္မာဗုဒ္ဓ=အမှား မရှိ,အမှန်အတိုင်း သိတော်မူသောဘုရား"ဟုလည်းကောင်း,"သံဗုဒ္ဓ=သူတစ်ပါးက တစ်ဆင့်ဟောပြမှ သိရသည်မဟုတ်, ကိုယ်တော်တိုင်(ကိုယ်ပိုင်ဉာဏ်ဖြင့်)သိတော်မူသောဘုရား"ဟုလည်းကောင်း အဓိပ္ပာယ်မှတ် ရသည်၊ ဗုဓအရ"သိခြင်း"ဟူရာ၌ကား"မည်သည့်အရာကိုသိသည်"ဟု သိအပ်သော ကံကို ထုတ်ဖော်မပြချေ၊ ထိုသို့ ထုတ်ဖော်မပြလျှင်"အလုံးစုံကိုအကုန်သိနိုင်၏"ဟု အဓိပ္ပာယ်ရ၏၊ ဥပမာ- "ဒိက္ခိတော-ဦးပြည်းရဟန်းသည်၊ နဒဒါတိ-မပေးတက်" ဟူရာ၌ "မည်သည့်ဝတ္ထုကိုမပေးတက်"ဟု သတ်မှတ်မပြသဖြင့် (ဘယ်ဟာမ ဆို) အလုံးစုံကို မပေးတက်ဟု အမှတ်ရသကဲ့သို့တည်း။

ဝိဂ္ဂဟ။ ။ဤအဓိပ္ပာယ်အရ "သမ္မာ သာမဉ္စ သဗ္ဗဓမ္မေ ဗုဇ္ဈတီတိ သမ္မာသမ္ဗုဒ္ဓေါ''ဟု ဝိင်္ဂြိုဟ်ပြုပါ သမ္မာ-မဖောက်မပြန် အမှန်အတိုင်းလည်းကောင်း သာမဉ္စ-ကိုယ်တော်တိုင်လည်းကောင်း၊ သဗ္ဗဓမ္မေ-အလုံး စုံသော သိဖွယ်တရားတို့ကို၊ ဗုဇ္ဈတိ-သိတော်မူတက်၏၊ ဣတိ-ထို့ကြောင့်၊ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓမည် တော်မူ၏။ ဤ"သမ္မာသမ္ဗုဒ္ဓမတုလံ"စသော ဂါထာ၌ကား ထိုဝိဂြိုဟ်အနက်ကို အသုံးပြုဖွယ်မလို, ဘုရားရှင် ၏ "သမ္မာသမ္ဗုဒ္ဓ"ဟူသော နာမည်တော်ကိုသာ ပြသောအရာဖြစ်၍ "သမ္မာသမ္ဗုဒ္ဓံ-မြတ်စွာဘုရားကို"ဟု နာမည်ထင်ရှားရုံသာ အနက်ပေးစေလိုသည်။

သာမဉ္စ၌ စ၏ အနက်။ ။သာမဉ္စ၌ စသဒ္ဒါအတွက် ဧဝအနက်ကြံ၍ ထို စသဒ္ဒဖြင့် "သူတစ်ပါးက တစ်ဆင့်ဟောမှ သိရတဲ့ အသိမျိုးကို ကန့်ကွက်သည်" ဟု ဋီကာတို့ ဖွင့်ကြသေး၏ ၊ ဋီကာတို့အလို "သမ္မာ-မဖောက်မပြန်၊ သာမဉ္စ-ကိုယ်တော်တိုင်သာလျှင်" ဟု အနက်ဆိုပါ ၊ ဤကျမ်း၌ကား စသဒ္ဒါအတွက် "သမ္မာလည်းသိ, သာမံလည်းသိ" ဟု သမုစ္စည်းအနက်ကြံသည်။

အတုလံ။ ။"နတ္ထိ+တုလော ယဿာတိ အတုလော"၊ယဿ-အကြင်ဘုရားရှင်၏၊တုလော-တူသူသည်၊ နတ္ထိ-မရှိ၊ဣတိ-ထို့ကြောင့်၊သော-ထိုဘုရားရှင်သည်၊အတုလော-အတုလမည်တော်မူ၏၊ ပူရဏကဿပ အစ ရှိသော တိတ္ထိဆရာကြီးတို့သည် ဘုရားရှင်ကို တုပြိုင်ကြသော်လည်း သီလ သမာဓိ ပညာစသော ဂုဏ်အ ရည်အချင်းအားဖြင့် မတူတန်ကြချေ။

တစ်နည်း။ ။တုလာသဒ္ဒါသည် ချိန်ခွင်ကို ဟော၏၊ဤနေရာ၌"တုလာ ဝိယာတိ တုလာ"ဟု ဝိဂြိုဟ်ပြု၍ ချိန်ခွင်နှင့်တူသော ဉာဏ်ကို"တုလာ"ဟု ဆိုပါ၊ တုလာယ-ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့်၊ သမ္မိတော-နှိုင်းချိန် အပ်သူတည်း၊ တုလျော-ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်အပ်သူ၊ ဂုဏ်အရည်အချင်းအားဖြင့်"ဤမျှသာ ရှိသည်"ဟု ဉာဏ်ပညာဖြင့် နှိုင်းချိန်၍ ရလောက်သူကို တုလျဟု ဆိုသည်၊ [သမ္မိတတဒ္ဓိတ်ပုဒ်တည်း၊ သမ္မိတအနက်၌ ဏျပစ္စည်းသက်, အနုဗန်ချေ, တုလျဟုပြီး၏၊] တုလျောယေဝ တုလော၊ တုလျောယေဝ- ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်အပ်သူသည်ပင်၊ တုလော-တုလမည်၏၊ [သွတ္ထအနက်၌ အ-ပစ္စည်း, ယကို သုတ်ကြီးဖြင့်ချေ၊] န+တုလော အတုလော၊ တုလော-ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်အပ်သော ပုဂ္ဂိုလ်မဟုတ်၊ "ဘုရားရှင်၏ သီလ သမာဓိ ပညာစသော ဂုဏ်တော်တို့ကို အရှင်သာရိပုတြာကဲ့သို့သော ဉာဏ်ကြီးရှင်သည်ပင် ဉာဏ်ပညာဖြင့် နှိုင်းချိန်ကြည့်သောအခါ "ဤ၍ဤမျှသာ ရှိသည်" ဟု နှိုင်းချိန်၍ မရနိုင်ပါ ဟူလို။

သသဒ္ဓမ္မဂဏုတ္တမံ။ ။[သ+သဒ္ဓမ္မ+ဂဏ+ဥတ္တမ] သန္တော-ထင်ရှားရှိသော၊ ဓမ္မော-တရားတည်း၊ သဒ္ဓမ္မော-ထင်ရှားရှိသောတရား၊"တိတ္ထိတို့ ကြံဆအပ်သော အတ္တသည်အထင်အရှား မရှိသကဲ့သို့,ဘုရားရှင် ဟောပြအပ်သော သစ္စာလေးပါး ပဋိစ္စသမုပ္ပာဒ်စသော တရားတော်သည် အထင်အရှားမရှိ မဟုတ်, အထင် အရှားရှိသည်"ဟူလို၊ (တစ်နည်း) သန္တော-ချီးမွမ်းအပ်သော၊ဓမ္မော-တရားတည်း၊ သဒ္ဓမ္မော-ချီးမွမ်းအပ်သော တရား၊"ဟောတော်မူအပ်သည့်အတိုင်း မှန်လည်းမှန်,ကျင့်ကြံလျှင်လည်း ဆိုင်ရာအကျိုးကို ပြီးစေနိုင်သဖြင့် ချီးမွမ်းထိုက်သောတရားတော် ဖြစ်သည်"ဟူလို၊ အချုပ်မှာ-ပရိယတ် ပဋိပတ် ပဋိဝေဓဟူသော သဒ္ဓမ္မသုံးပါး တည်း၊ဥတ္တမော-မြတ်သော၊ဂဏော-ဂိုဏ်းတည်း၊ဂဏုတ္တမော-မြတ်သောဂိုဏ်း၊ "မွန်မြတ်သော အရိယာသံ ဃာတော်အပေါင်း" ဟူလို၊ သဒ္ဓမ္မော စ+ဂဏုတ္တမော စ သဒ္ဓမ္မဂဏုတ္တမာ, သဟ+သဒ္ဓမ္မဂဏုတ္တမေတိ ယော (သမ္မာသမ္ဗုဒ္ဓေါ) ဝတ္တတီတိ သသဒ္ဓမ္မဂဏုတ္တမော။

အဘိဝါဒိယ။ ။[အဘိ+ဝဒ-တွာ]အဘိသဒ္ဒါသည် အထူးဟူသော"ဝိသေသ"အနက်ကိုဟော၏၊ အထူး ဟူသည်လည်း ထူးကဲသော သဒ္ဓါ ပညာ သတိ ဝီရိယ စေတနာတို့တည်း၊ ချဲ့ဦးအံ့-ရှိခိုးခြင်းသည် မိမိ အထက်က အစိုးရသူကို ရှိခိုးခြင်းကဲ့သို့ ကြောက်ရွံ့၍ ရှိခိုးခြင်းဟူသော ဘယဝန္ဒနာ, တစ်စုံတစ်ခုသော ရာထူးဂုဏ်သိရ်စည်းစိမ်လာက်ကို မျှော်ကိုး၍ ရှိခိုးခြင်းဟူသော လာဘဝန္ဒနာ, စိတ်မပါသော်လည်း မျိုးရိုး စဉ်လာ ဓမ္မတာ ထုံးစံ ဖြစ်နေ၍ ရှိခိုးခြင်းဟူသော ကုလာစာရဝန္ဒနာ, လောကီပညာကို သင်ပေးဖူးသော ဆရာဖြစ်၍ ရှိခိုးခြင်းဟူသော အာစရိယဝန္ဒနာ,ဤသို့စသည်ဖြင့် အမျိုးမျိုးရှိ၏၊ ဤကျမ်းဆရာ၏ ရှိခိုးခြင်း ကား ထိုကဲ့သို့ သာမန် မဟုတ်, ရတနာသုံးပါး၏ ဂုဏ်ရည်ကို ယုံကြည်လျက် ထက်သန်သော စိတ်စေတ နာဖြင့် အထူးရှိခိုးခြင်းတည်း။

အဘိဝါဒိယပုဒ်နက်။ ။အဘိဝါဒိယပုဒ်၌ "ဝန္ဒိတွာတိ ဝန္ဒာမိ"ဟု ဖွင့်သော မဏိမဉ္ဇူသာဋီကာ နောက်သို့ လိုက်၍ "အဘိဝါဒိယ,အဘိဝန္ဒာမိ-ရှိခိုးပါ၏"ဟု ပစ္စုပ္ပန်ရှိခိုးခြင်း အနက်ကို အချို့သုံးစွဲကြ၏၊ "အဘိဝါဒိယ,အဘိဝန္ဒာမိ"ဟု အဘိဝန္ဒာမိကိုထည့်သည်ဖြစ်စေ, မထည့်သည်ဖြစ်စေ"အဘိဝါဒိယ-ရှိခိုးပါ၏" ဟု ထိုဆရာတို့ဆိုလိုရင်းတည်း၊ တွာပစ္စည်းတို့မည်သည် "ပုဗ္ဗကာလေ ကကတ္တုကာနံ တုန တွာန တွာ ဝါ" ကစ္စည်းသုတ်နှင့်အညီ, ရှေ့နောက်ကြိယာနှစ်ပါးရှိရာတွင် အပ္ပဓာနဖြစ်သောရှေ့ကြိယာ၌သာ သက်ရိုး ရှိသောကြောင့်"အဘိဝါဒိယ-ရှိခိုးပါ၏"ဟု တစ်ဝါကျအဆုံး ပဓာနကြိယာအနေမျိုးဖြင့် စကားသုံးခြင်းသည် သဒ္ဒါအသုံးလည်း မလှ, အဋ္ဌကထာ ဋီကာထုံးလည်း မကျချေ၊ အတိက်ရှိခိုးခြင်းနှင့် တကွ အပ္ပဓာနကြိယာ ဝိသေသနသက်သက် "အဘိဝါဒိယ-ရှိခိုးပြီး၍"ဟု အနက်ပေးမှသာ သဒ္ဒါအသုံးနှင့် အဋ္ဌကထာ ဋီကာထုံး ကျပေမည်။

ဥဿုက္ကဝစန။ ။ထိုစကားမှန်၏၊-ကျမ်းဂန်တို့၌ တွာပစ္စယန္တ ကြိယာမျိုးကို "ဥဿုက္ကကြိယာ" ဟု အခေါ်တစ်မျိုးပြုကြ၏၊ "ဥဿုက္က"ဟူသည် နောက်ပဓာန ကြိယာကို စပ်ဆိုက်ဖို့ရာ အားထုတ်မှုဗျာပါရ ရှိ ခြင်းတည်း၊[တုနတွာနတွာပစ္စယန္တာ ဥဿုက္ကနတ္ထေ ဘဝန္တိ၊-နာမရူပသိဒ္ဓိ၊..ဥဿုက္ကနံ ဥတ္တရကြိယာပေက္ခဏံ၊

-၎င်းဋီကာ၊...ဥဿုက္ကဝစနမေတံ သဉ္စိစ္စာတိ၊-တတိယပါရာဇိကအဋ္ဌကထာ၊...ဥဿုက္ကဝစနံတိ ပုဗ္ဗကာလကိ ရိယဝစနံ၊-သာရတ္ထဋီကာ။]

ပစ္စုန်ပ္ပန် ရှိခိုးမှုကို အနုမာနဖြင့် သိ။ ။''အဘိဝါဒိယ-ရှိခိုးပြီး၍''ဟု အတိက်ရှိခိုးမှုကိုယူလျှင်''ပစ္စုန်ပ္ပန် ရှိခိုးဆဲကို အဘယ်သို့ သိရမည်နည်း''ဟုမေး၊ အဖြေကား-အောက်အကြေမှာ ရေတိုးသည်ကို မြင်လျှင် အထက်အညာတွင် မိုးရွာကြောင်းကို သိရသကဲ့သို့, အတိက်ရှိခိုးမှုကိုမြင်လျှင် ပစ္စုန်ပ္ပန် ရှိခိုးဆဲကိုလည်း ဖလူပစာရသာမတ္ထိယ-ဖလာနုမာနနည်းအားဖြင့် သိနိုင်ပါသည်၊ထို့ကြောင့် ''အဟံ အတုလံ သသဒ္ဓမ္မဂဏုတ္တ မံ(အဘိဝန္ဒာမိ )”ဟု ပစ္စုပ္ပန်ရှိခိုးမှုကိုပြသော ကြိယာတစ်ခုထည့်၍ ”အဘိဝါဒိယ အဘိဓမ္မတ္ထသင်္ဂဟံ ဘာသိဿံ”ဟု ဆက်ရာ၏။

ဖလူပစာရ ,ဖလာနုမာန။ ။ဖလူပစာရ သာမတ္ထိယ=အကျိုးနာမည်ကအကြောင်းကိုလည်း ပြစွမ်းနိုင် သောသတ္တိ၊ဖလာနုမာန=အကျိုးကို အစဉ်လိုက်၍ အကြောင်းကို သိရသောနည်း၊ဤ ဥပစာနည်းများအရ ဝန္ဒိတွာ နမဿိတွာစသော အတိက်ရှိခိုးမှုကို ပြသော ကြိယာဝိသေသန တွေ့သမျှ၌လည်း "ဝန္ဒာမိ-နမာ မိ" စသော ပစ္စုပ္ပန်ကြိယာကို ထည့်နိုင်၏ ၊"ဝန္ဒာမိ-နမာမိ"စသော ပစ္စုပ္ပန် ကြိယာကို တွေ့ပြန်လျှင်(နောက် ၌ စပ်ဖွယ် ရှိသေးက) "ဝန္ဒိတွာ-နမာဿိတွာ" စသည်ကို ထည့်သွင်းရာ၏၊ "သို့မှ အဖုံးအပိတ် ညီမျှ၍ ပညာရှိစကားပီသမည်" ဟု မိန့်လေ့ရှိကြပေသည်- ။

အဘိဓမ္မတ္ထသင်္ဂဟံ။ ။အဘိဓမ္မာဒေသနာတော်ကို "အဘိဓမ္မ"ဟု ခေါ်၏၊ ထိုအဘိဓမ္မာဒေသနာ တော်၏ အနက်အဓိပ္ပာယ်များသည် အဘိဓမ္မတ္ထမည်၏၊ ထိုအဘိဓမ္မာပါဠိတော် (ပုဂ္ဂလပညတ်)၌ ပညတ် တရားတို့ကိုလည်း ဟောပြထားသောကြောင့် အဘိဓမ္မတ္ထအရ စိတ် စေတသိက် ရုပ် နိဗ္ဗာန်နှင် ပညတ် တရားများကို ယူပါ၊ ဤင်္ဂြိုဟ်ကျမ်းသည် ထိုအဘိဓမ္မတ္ထတရားများကို သိမ်းယူရာ (အကျဉ်းချုံး၍ပြရာ) ဖြစ် သောကျမ်းတည်း၊ ထို့ကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌ စိတ် စေတသိက် ရုပ် နိဗ္ဗာန်နှင့်တကွ ပစ္စည်းပိုင်းအဆုံး ဝယ် ပညတ်တရားတို့ကိုပါ အကျဉ်းချုပ် သိမ်းကျုံး၍ ပြထားပါလိမ့်မည်၊["နိဗ္ဗတ္တိတပရမတ္ထဘာဝေန အဘိဝိ သိဋ္ဌာ ဓမ္မာ ဧတ္ထ"ဟု ဝိဂြိုဟ်ပြုသော ဋီကာကျော်ကား အဘိဓမ္မတ္ထအရ၌ ပညတ်ကို မယူလို။]

ဝစနတ္ထ။ ။အတိရေကော-လွန်ကဲသော၊ ဓမ္မော-တရားသည်၊ (တစ်နည်း) ဝိသိဋ္ဌော-ထူးခြားသော၊ ဓမ္မော-သည်၊ အဘိဓမ္မော-အဘိဓမ္မမည်၏၊ သုတ္တန်ပါဠိတော်ထက် သာလွန်များပြား ထူးခြားသောပါဠိတော်- ဟူလို၊ အဘိဓမ္မဿ-အဘိဓမ္မာပါဠိတော်၏၊ အတ္ထာ-အနက်အဓိပ္ပာယ်တို့တည်း၊ အဘိဓမ္မတ္ထာ-အဘိဓမ္မာပါဠိ တော်၏ အနက်တို့၊["အဘိဓမ္မေ+ဝုတ္တာ+အတ္ထာ အဘိဓမ္မတ္ထာ"ဟုလည်း တစ်နည်းဝိဂြိုဟ်ပြု၏၊] "သံခိပိတွာ ဂယှန္တိ ဧတ္ထ ဧတေနာတိ သင်္ဂဟော၊ ဧတ္ထ-ဤကျမ်း၌၊ ဝါ-တစ်နည်း၊ဧတေန-ဤကျမ်းဖြင့်၊သံခိပိတွာ-အကျဉ်း ချုံး၍၊ ဝါ-သိမ်း၍၊ ဂယှန္တိ-ယူအပ်ကုန်၏၊ ဣတိ-ကြောင့်၊ သင်္ဂဟော-သင်္ဂဟမည်၏၊ အဘိဓမ္မတ္ထာနံ-အဘိဓမ္မာ ဒေသနာတော်၏ အနက်တို့ကို၊ သင်္ဂဟော-သိမ်းယူရာ သိမ်းယူကြောင်းကျမ်းတည်း၊ အဘိဓမ္မတ္ထသင်္ဂဟော- အဘိဓမ္မာဒေသနာတော်၏ အနက်တို့ကို သိမ်းယူရာ သိမ်းယူကြောင်းကျမ်း။

[][][][][][][]

ဥဒ္ဒေသဂါထာအဖွင့်

တတ္ထ ဝုတ္တာဘိဓမ္မတ္ထာ, စတုဓာ ပရမတ္ထတော၊ စိတ္တံ စေတသိကံ ရူပံ, နိဗ္ဗာနမိတိ သဗ္ဗထာ။

အနုသန္ဓေ။ ။"ဘာသိဿံ အဘိဓမ္မတ္ထသင်္ဂဟံ"ဟူသော ပဋိညာဉ်အရ ပဋိညာတ ပကရဏကို(ဝန်ခံ အပ်သောကျမ်းဂန်ကို) ပြတော်မူလိုသောကြောင့် "တတ္ထ ဝုတ္တာ" အစရှိသော ဂါထာကိုမိန့်သည်၊ ဆက်ဦး အံ- "တတ္ထချီလျက်, စကားတက်မူ, မှတ်ယူဝိတ္တာရ"ဟူသည်နှင့်အညီ, ဂန္ထရမ ္ဘအဆုံး၌ ကျမ်းရင်းစာသားကို ဖွင့်ပြခါနီးဝယ် တတ္ထ ဟူသော စကားကို စချီရိုး ရှိ၏၊ ထိုတတ္ထချီလျက် တက်လာသော စကားအားလုံးသည်(ကျမ်းဂန်စာသား ဆုံးသည့်တိုင်အောင်) ဝိတ္ထာရ (အကျယ်) စကားတည်း၊ ဂန္ထာရမ္ဘအခန်းတွင် ပါဝင်ခဲ့သော ပဋိညာတဗ္ဗစကား ကား သင်္ခေပစကားတည်း၊ဤကျမ်း၌ ပဏာမဂါထာတွင်ပါဝင်သော "အဘိဓမ္မတ္ထသင်္ဂဟံ ", ဟူသောစကားသည် သင်္ခေပစကားတည်း၊တတ္ထ ဝုတ္တာဘိဓမ္မတ္ထာမှစ၍ ကျမ်း၏ အဆုံး၌နိဂုံးရှေ့က "ဘာဝေတဗ္ဗံ ပနိစ္စေဝံ" ဂါထာတိုင်အောင် စကားစုသည် ဝိတ္ထာရစကားတည်း။

တတ္ထအစွဲ။ ။ဤတတ္ထ ဝုတ္တာ၌ တတ္ထ၏အနက်ကို အမျိုးမျိုးဖွင့်ကြ၏၊သို့သော် အဘိဓမ္မတ္ထသင်္ဂဟံဟူ သော အကျဉ်းသင်္ခေပကို အကျယ်ပြလို၍ တက်လာသော စကားဖြစ်ရကား, ထိုအကျဉ်းစကားတစ်ခုလုံးကို သိမ်းကျုံးလျက် "တတ္ထ-ထိုအဘိဓမ္မတ္ထသင်္ဂဟံဟူသော ပါဌ်၌" ဟုစွဲမှသာ "တတ္ထ ကေနဋ္ဌေန အဘိဓမ္မော" ဟူသော အဋ္ဌသာလိနီကို ဖွင့်ပြသော "တတ္ထာတိ ဝါ အဘိဓမ္မကထံတိ ဧတသ္မိံ ဝစနေ ယော အဘိဓမ္မော ဝုတ္တော, သော ကေနဋ္ဌေန အဘိဓမ္မောတိ အတ္ထော"ဟူသော မူလဋီကာနှင့် ညီညွတ်ဖွယ် ရှိသည်။

နှီးနှောချက်။ ။အဋ္ဌသာလိနီ၌ တတ္ထနှင့် ဤသင်္ဂြိုဟ်၌ တတ္ထသည် တူမျှ၏၊(အဋ္ဌသာလိနီဂန္ထရမ ္ဘတွင် "အဘိဓမ္မကထံ"ဟု ပါလေသည်၊) ထိုတတ္ထအနက်ကို "အဘိဓမ္မကထံတိ ဧတသ္မိံ ဝစနေ"ဟု မူလဋီကာစွဲ ခြင်းနှင့် ဤ၌ အဘိဓမ္မတ္ထသင်္ဂဟံ တစ်ပုဒ်လုံးကို စွဲခြင်းသည် ညီမျှ၏၊ ဋီကာ၌ "ယော အဘိဓမ္မော ဝုတ္တော ,သော"ဟု အဘိဓမ္မကထံဝယ် ကထံကိုဖြုတ်၍ အဘိဓမ္မပုဒ် တစ်စိတ်ကို စွဲခြင်း, ဝုတ္တောဟု အာဓေယ်ကို ထည့်စွက်ခြင်းတို့နှင့် ဤ၌ အဘိဓမ္မတ္ထသင်္ဂဟံဝယ် သင်္ဂဟကိုဖြုတ်လျက် ဝုတ္တာဟူသော အာဓေယ်နှင့်တကွ ပြအပ်သော ဝုတ္တာဘိဓမ္မတ္ထာ ပုဒ်တို့သည် ညီမျှကြ၏၊ သီလက္ခန်ဋီကာများ၌လည်း ဤနည်းပင်။

စတုဓာ ပရမတ္ထတော။ ။စတုဓာအရ လေးပါးဟူသည် ပရမတ္ထတရားတည်း၊ ပရမတ္ထတရားဟူသည် လည်း စတုဓာအရလေးပါးပင်တည်း၊ ဤသို့ စတုဓာနှင့် အနက်အရလည်း မကွဲပြား,စတုဓာကိုအထူးပြုသော ဝိသေသနလည်း ဖြစ်ရကား, ပရမတ္ထတောပုဒ်ကို "အဘိန္နဝိသေသနပုဒ်"ဟု ခေါ်သည်၊ ဤ ပရမတ္ထတောဟူ သော ဝိသေသနဖြင့် ပညတ္ထိအတ္ထကို နစ်စေ၏၊"ပရမတ္ထအားဖြင့်သာ လေးပါးရှိ၏,ပညတ္ထိအတ္ထအားဖြင့်ကား မရေတွက်နိုင်အောင်များသည်" ဟူလို။

ပညတ္တိအတ္ထ။ ။လူ နတ် ဗြဟ္မာစသော သက်ရှိသတ္တဝါအကောင်အထည်ဒြဗ်နှင့် ရေ မြေ တော တောင် အိမ် ကျောင်း စသော သက်မဲ့ အရာဝတ္ထုဟူသမျှသည် ပညတ္တိ အတ္ထမည်၏၊ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော အနက်ဒြဗ် ဖြစ်သောကြောင့်ထိုပညတ္တိအတ္ထ ကို သမ္မုတိအတ္ထ"ဟုလည်း ဆိုအပ်၏၊ [ပညပီယတိ- (ဤကဲ့သို့ အကောင်အထည်ဒြဗ်ကို လူဟုလည်း ကောင်း,ဤကဲ့သို့ သစ်ပင်တွေစုပေါးနေသောအရာကို "တော"ဟုလည်းကောင်း)ခေါ်ဝေါ်အပ်ပညတ်အပ်၏၊ ဣတိ-ထို့ကြောင့်၊ပညတ္တိ-ပညတ်မည်၏၊ ပညတ္တိ စ-ပညတ်လည်း ဟုတ်၏၊သာ-ထိုပညတ်ဟူသည်၊အတ္ထော စ-အနက်ဒြဗ်လည်းဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ ပညတ္ထိအတ္ထော-ပညတ္ထိအတ္ထမည်၏၊ သမ္မနီယတေ-(အထင် အရှား မရှိပါပဲ ရှေးလူကြီး သူမတို့) သမုတ်ထားအပ်၏၊ ဣတိ-ထို့ကြောင့်၊ သမ္မုတိ-သမ္မုတိမည်၏၊ သမ္မုတိ စ+သာ+အတ္ထော စာတိ သမ္မုတိအတ္ထော"။]

ပရမတ္ထ။ ။ပရမတ္ထ ဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက်သဘော,ဘလောင်းဘလဲ ပြောင်းလွဲခြင်း မရှိသော အနက်သဘောတည်း၊ နှမ်းမှ ဆီကို ညစ်ထုတ်ရသကဲ့သို့ ပရမတ္ထအနှစ်ကိုလည်း ပညတ္တိအတ္ထမှ ဉာဏ်ဖြင့် ညစ်ထုတ်ရမည်၊ ချဲ့ဦးအံ-လူဟူသော ပညတ္တိအတ္ထကို ဉာဏ်ဖြင့် ခွဲဖျက်၍,ဆံပင်တစ်ခြား အမွေး တစ်ခြား,ခြေသည်း လက်သည်း,သွား, အရေ စသည်တို့ကို တစ်ခြားစီခွဲထားလျှင် လူကောင်ပျက်၍, ဆံပင် စသည်သာ ရှိ၏၊ ထိုဆံပင် စသည်များလည်း ပညတ္တိအတ္ထပင် ဖြစ်၏, ဆံပင်ကို စစ်ဆေးကြည့်လျှင် အဋ္ဌ ကလာပ်ရုပ်ကလေးတွေ ပူးတွဲစီစဉ်နေခြင်းကိုသာ တွေ့ရ၏၊ အမွေးစသည်၌လည်း ဤနည်းပင်တည်း၊ ထို အဋ္ဌကလာပ်ရုပ်ကလေးတွေသာ ဧကန်ရှိသော ပရမတ္ထတည်း။

လူဒြဗ်၌အာရုံကို သိတက် ထိတက် ခံစားတက်သော(စိတ် ဖဿ ဝေဒနာ စသော)နာမ်ပရမတ္ထများလည်း ရှိသေး၏၊ ဤသို့လျှင် လူဟူသောသက်ရှိ ပညတ္ထိအတ္ထမှ ရုပ်နှင့်နာမ်ဟူသော ပရမတ္ထကို ထုတ်ယူရာ၏၊ သက်မဲ့ ပညတ္တိအတ္ထတို့တွင် တောဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထုသာတည်း၊ တကယ်"တော"ဟု လက်ညိုးညွှန်စရာ မရှိ၊ သစ်ပင်ဟူသည်လည်း ပညတ္တိအတ္ထပင် ဖြစ်၏၊ ထိုသစ်ပင်၏ အစိတ်စိတ်ဖြစ်သော အဋ္ဌကလာပ်ရုပ်မှုန့်ကလေးတွေသာ ပရမတ္ထဖြစ်သည်၊ ဤသို့လျှင် သက်ရှိ သက်မဲ့ ပညတ်စုမှ ဉာဏ်ဖြင့် ထုတ်ယူမှုကို ရည်ရွယ်၍"နိဗ္ဗတ္တိတပရမတ္ထဘာဝေနာတိ ပညတ္တိတော ဝိသုံ ဥဒ္ဓတပရမ တ္ထဘာဝတော"ဟု မဏိမဉ္ဇူသာဋီကာ ဖွင့်သည်။

နိဗ္ဗတ္တိတပုဒ် အနက်။ ။"နိဗ္ဗတ္တိတပရမတ္ထဘာဝေနာတိ-ဟူသည်ကား၊ပညတ္တိတော-ပညတ္တိအတ္ထမှ၊ဝိသုံ- သီးခြား၊ဥဒ္ဓတပရမတ္ထဘာဝတော-ထုတ်အပ်သော ပရမတ္ထ၏အဖြစ်ကြောင့်"ဟု အနက်ဆိုပါ၊ ဤ၌ နိဗ္ဗတ္ထိတ ပုဒ်ကို"ဝိသုံ ဥဒ္ဓဋ"ဟု ဖွင့်ခြင်းသည် အဓိပ္ပာယ်ဖွင့်သာ၊ နိဗ္ဗတ္တိပုဒ်မှာ နိ ပုဗ္ဗ ဝတုဓာတ် ဏေပစ္စည်း တပစ္စည်းဖြင့် ပြီးသောကြောင့် "နိဗ္ဗတ္တိတပရမတ္ထဘာဝေန-ပညတ်မှ နစ်စေအပ်သော ပရမတ္ထ ၏ အဖြစ်ကြောင့်"ဟု သဒ္ဒါနက် ဆိုရာ၏၊ ထို့ကြောင့် နိဗ္ဗတ္တိတတ္တာတိ-ယာဝကာလိကဝတ္ထုတော ဝိဝေစိတ တ္တာ"ဟု ဘေသဇ္ဇသိက္ခာပဒဋီကာတို့ ဖွင့်ကြသည်၊ နိဗ္ဗဋ္ဋိတတ္တာ, နိပ္ပဋ္ဋိတတ္တာ ("နိဗ္ဗတ္တဗီဇ,နိဗ္ဗဋဗီဇ"ဟု) ပါဌ် အထွေထွေ ရှိလေသေး၏။

ထင်ရှားမရှိနှင့် ထင်ရှားအရှိ။ ။ထိုနှစ်မျိုးသော အတ္ထတို့တွင် ပညတ္တိအတ္ထသည်ထင်ရှားမရှိ၊ ပုထုဇဉ်တို့က အဟုတ်ရှိ တကယ်ရှိဟု ထင်ကြသော်လည်း သေသေချာချာ စစ်လေ အဟုတ်မရှိ တကယ်မရှိ ဖြစ်နေ၏၊ လူ ကောင်ကြီးကို စစ်ဆေးလျှင် ဆံပင် အမွေးစသော ကောဋ္ဌာသ အစုအဝေးကိုသာ တွေ့ရ၏,လူကိုမတွေ့ရ၊ ဆံပင် အမွေးစသည်ကိုစစ်ဆေးပြန်လျှင် ဆံပင်ကို မတွေ့ရ အမွေးကို မတွေ့ရ၊ရုပ်အစုအဝေးသာ တွေ့ရ၏၊ ဤသို့လျှင် ပညတ္တိအတ္ထဟူသမျှသည် လောကအမှတ်အသားအတိုင်း "ရှိသည်"ဟု ဆိုရသော်လည်း ဉာဏ် ဖြင့် စစ်ဆေးကြည့်က အထင်အရှား မရှိကြတော့ချေ၊ ရုပ်နာမ်ဟူသော ပရမတ္ထကား စစ်ဆေးနိုင်လေ အဟုတ်ရှိကြောင်း ထင်ရှားလေ ဖြစ်၏။

ပညတ်သိမှုနှင့် ပရမတ်သိမှု။ ။လောကီဘုံသားတို့သည် အဟုတ်ရှိသော ပရမတ္ထကို မသိနိုင်ကြ၊အ ကောင်အထည် ပုံဟန်သဏ္ဌာန်ပညတ်က ဖုံးအုပ်ထားသဖြင့် ပညတ္တိအတ္ထ အပေါ်၌သာ စိတ်အစဉ်ကျက် စားနိုင်ကြသည်၊ ပရမတ်ဉာဏ် အမြင်သန်သော ဘုရား ရဟန္တာ အရိယာတို့ဉာဏ်ကား လူကောင် နတ် ကောင် ဗြဟ္မာကောင်စသော အကောင်အထည်ဒြဗ်၌ အဆုံးမသတ်ဘဲ, ပရမတ်တိုင်အောင် ကျက်စားနိုင် ကြပေသည်။

ထင်ရှားစေအံ့ –"လူသွားသည်"ဟု ဆိုရာ၌ တကယ်စင်စစ် လူကောင်ကြီးသွားသည်မဟုတ်,သွားနိုင်သော လူကောင်ကြီးပင် မရှိ၊ သွားလိုသော စိတ်ဆန္ဒဖြစ်ပေါ် လာသည်နှင့်တစ်ပြိုင်နက် ဝါယောဓာတ် လွန်ကဲသော စိတ္တဇရုပ်များ ဖြစ်ပေါ်လေရာ, ထိုရုပ်အပေါင်းကို လှေပဲ့သူပမာ လိုရာသို့ ပဲ့ပေးနိုင်သော သတ္တိထူး (ဝိညတ်) လည်း ပါဝင်၏၊ ထိုဝိညတ်နှင့်တကွ ဝါယောဓာတ်၏ တွန်းထိုးလှုပ်ရှားမှုကြောင့်သာ(စက်ခလုတ်ကို ဖွင့်လိုက် သောအခါ ဝါယောဓာတ်နှင့် တေဇောဓာတ်တို့ တွန်းထုတ်သဖြင့် တလှုပ်လှုပ်သွားသော ရထားကြီးကဲ့သို့) ရုပ်ကလာပ် အစုအဝေးတို့၏ နေရာ ရွေ့၍ ရွေ့၍ ဖြစ်ခြင်းကိုပင် "လူသွားသည်"ဟု နာမည်တပ်၍ ခေါ်ဝေါ် အပ်သတည်း။

စိတ္တနာနတ္တမာဂမ္မ,နာနတ္တံ ဟောတိ ဝါယုနော၊ ဝါယုနာနတ္တတော နာနာ,ဟောတိ ကာယဿ ဣဉ္ဇနာ။

စိတ္တနာနတ္တံ -သွားချင် လာချင်, ထိုင် ရပ်ချင်မှ, စ၍ထိုထို, အလိုထူးဆန်း, စိတ်အစွမ်းကို၊ အာဂမ္မ-အတွင်း သန္တာန်, အရင်းခံ၍၊ဝါယုနော-သွား လာ ထိုင် ရပ်, ဖြစ်စေတက်သည့်, ရုပ်ကလာပ်တွေ,ဝါယောလေ၏၊နာန တ္တံ-သွားလေ လာလေ,ထိုင် ရပ်လေဟု, အနေကွဲပြား,ထူးခြားသည်၏ အဖြစ်သည်၊ဟောတိ-စိတ်အစဉ်နှင့်, အဆင်သင့်အောင်,မလင့်ပုံသေ, ဖြစ်ရပေ၏၊ ဝါယုနာနတ္တတော-သွားစေ လာစေ, ဝါယောလေက, အနေကွဲ ပြား,ထူးခြားသည့်အတွက်ကြောင့်၊ ကာယဿ-ပုဂ္ဂိုလ် သတ္တဝါ, ငါ သူတစ်ပါး,ယောကျင်္ား မိန်းမ, မဟုတ်ကြ တောင်း, ရုပ်အပေါင်း၏၊ဣဉ္ဇနာ-ရုပ်သေးစင်တွင်,အရုပ်သွင်သို့, အထင်ကွဲပြား,လှုပ်ရှားမှုသည်၊နာနာ ဟော တိ-သွားဟန် လာဟန်, ယထိုင် ရပ်ဟန်ဖြင့်, သဏ္ဌာန်ထူးထွေ, ဖြစ်ရပေသတည်း။ ...သုတ္တနိပါတ (၁-ဝဂ္ဂ, ၁၁-သုတ်) အဋ္ဌကထာ။

ပရမတ္ထဝိဂ္ဂဟ။ ။ဤသို့ ပရမတ်အမြင်သန်သူတို့၏ ဉာဏ်သည် ပညတ္တိအတ္ထကို ထွင်းဖောက်၍ ပရမတ် ရောက်အောင် အာရုံပြုနိုင် ကျက်စားနိုင်ရကား-"ပရမဿ အတ္ထော+ပရမတ္ထော"ဟု ဝိဂြိုဟ်ပြုရာ၏၊ပရမဿ

-မြတ်သောဉာဏ်၏၊ အတ္ထော-ကျက်စားရာအာရုံတည်း၊ ပရမတ္ထော-မြတ်သောဉာဏ်၏ ကျက်စားရာအာရုံ၊ [ဤ၌ "ပရမ"အရ မြတ်သောဉာဏ်ကိုလည်းကောင်း, "အတ္ထ"အရ ဉာဏ်၏ ကျက်စားရာအာရုံကိုလည်း ကောင်း ယူစေလို၍ "ပရမဿ(ဥတ္တမဉာဏဿ)အတ္ထော(ဂေါစရော)ပရမတ္ထော"ဟု ဋီကာတို့ ဖွင့်ကြသည်၊ ဥတ္တမဉာဏအရ မြတ်သော သဗ္ဗညုတဉာဏ်ကို ဖွင့်သည်မှာ အထင်ရှားဆုံး ဉာဏ်ကို ဖွင့်ခြင်းသာဖြစ်သည်၊ ထက်မြက်သော ပုထုဇဉ်တို့ဉာဏ်လည်း ပရမတ္ထအပေါ်၌ ကျက်စားနိုင်ပါ၏၊] (တစ်နည်း) ပရမော အတ္ထော ပရမတ္ထော- (ပင်ကိုယ်သဘောမှ မဖောက်မပြန် မပြောင်းလွဲသောကြောင့် မှန်ကန်တည့်မတ်၍) မြတ်သော အနက်သဘောတည်း၊ လူနတ်စသော ပညတ္တိအတ္ထတို့သည် အတည်မမြဲ ပြောင်းလွဲဖောက်ပြန်လေ့ရှိကြ၏၊ ပရမတ်တရားတို့ကား ပင်ကိုယ်သဘောမှ ပြောင်းလွဲ၍ ဘလောင်းဘလဲ မရှိကြချေ၊ ထို့ကြောင့် ပညတ်ကို ပရမအတ္ထဟု မခေါ်ရဘဲ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ကိုသာ"ပရမအတ္ထ"ဟု ခေါ်ရသည်။

ပညတ်ဖောက်ပြန်ပုံ။ ။လူဟုခေါ်အပ်သော ခန္ဓာကိုယ်ဒြဗ် အထည်ပညတ်ကြီးကို ဖျက်စီး၍ ဆံပင်တစ် ပုံ,အမွေးတစ်ပုံ,ခြေသည်း လက်သည်းတစ်ပုံ,သွားတစ်ပုံ,အရေတစ်ပုံ စသည်ဖြင့်(၃၂)ပုံ စုထားလျှင် လူမ ဟုတ်ပြီ၊ လူဟူသော ပညတ်ကြီးဖောက်ပြန်သွား၏၊ ဆံပင် အမွေးစသော ပညတ်တွေသာ ရှိတော့၏၊ ထို(၃၂)ပုံတွင် အမာခံဖြစ်သော အရိုးပညတ် အထည်ဒြဗ်ကို မီးရှို့လျှင် အရိုးမဟုတ်တော့ပြီ၊ အရိုးဟူသော ပညတ်မှ မီးသွေးဟူသော ပညတ်သို့ ပြောင်းလဲသွားပြီ၊ ထိုမီးသွေးဟူသော ပညတ်ကို မှုန့်မှုန့်ညက်ညက် ထောင်းထုပြန်လျှင် မီးသွေးမဟုတ်တော့ဘဲ မြေမှုန့်အဖြစ်သို့ ပြောင်းလွဲ၏၊ ဤသို့လျှင် ပညတ္တိအတ္ထ ဟူ သမျှသည် မူလနေရာမှ ပြောင်းလွဲ၍ ဘလောင်းဘလဲ ရှိရကား အမြတ်ဟော ပရမသဒ္ဒါနှင့် တွဲစပ်၍ "ပရမ အတ္ထ"ဟု မခေါ်ဝေါ်အပ်ချေ။

ပရမတ်တို့မဖောက်ပြန်ပုံ။ ။ရုပ်နာမ်တရားတို့တွင် ပထဝီဓာတ်သည် ကက္ခဠ(ခိုင်မာခြင်း)သဘောရှိ၏၊ ယခင်မြေမှုန့်ထဲ၌ ဤပထဝီဓာတ်မှုန့်တွေ များစွာပါရှိ၏၊ ဤပထဝီဓာတ်၏ ကက္ခဠသဘောကို ဖွဲ့စည်းခြင်း (အာဗန္ဓန)စသောသဘောတစ်မျိုးသို့ ပြောင်းလွဲအောင်လည်းကောင်း,စိတ်၏အာရုံသိခြင်း(ဝိဇာနန)သဘော ကို ဖုသနစသောသဘောတစ်မျိုးသို့ ပြောင်းလွဲအောင်လည်းကောင်း, ဖဿ၏ တွေ့ထိခြင်း(ဖုသန)သဘော ကို ခံစားခြင်း (အနုဘာဝန) သဘောတစ်မျိုးသို့ ပြောင်းလွဲအောင်လည်းကောင်း, တစ်စုံတစ်ယောက်မျှ မတက်နိုင်၊ နိဗ္ဗာန်၏ သန္တိသဘော မဖောက်ပြန်ပုံမှာ ဆိုဖွယ်ရာ မရှိပြီ၊ ဤသို့လျှင် လောဘစသည်တို့က လည်း လိုချင်မှုစသော သဘောမှ မပြောင်းလွဲ၊ အလောဘစသည်တို့ကလည်း မလိုချင်မှုစသော သဘောမှ မပြောင်းကြဘဲ ကိုယ့်သဘောနှင့်ကိုယ် တည့်မတ်ကြသောကြောင့် ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ ချီးမွမ်းဖွယ်တွေပင်တည်း၊ "မကောင်းလည်း မကောင်းတဲ့အလိုက် ကောင်းလဲ ကောင်းတဲ့အလိုက်, တယ်- တည့်မတ်ကြပေတယ်"ဟု ဆိုလိုသည်၊ ထို့ကြောင့် အမြတ်အနက်ဟော ပရမသဒ္ဒါနှင့် တွဲစပ်၍ "ပရမော- မြတ်သော၊ အတ္ထော-အနက်သဘောတည်း၊ ပရမတ္ထော-မြတ်သောအနက်သဘော"ဟု ဆိုရပေသည်။

ဋီကာတို့ဖွင့်ပုံ။ ။ဋီကာတို့၌"ပရမော ဥတ္တမော အဝိပရီတော အတ္ထော ပရမတ္ထော"ဟု ဖွင့်ကြ၏၊ထိုတွင် ပရမသဒ္ဒါ၏ ပဓာနအနက် ဥတ္တမအနက် နှစ်မျိုးတွင် ပဓာနအနက်ကို မယူစေဘဲ ဥတ္တမအနက်ကို ယူစေလို၍ ပရမောကို ဥတ္တမောဟု ဖွင့်သည်၊ဥတ္တမအရ အမြတ်ဟူသည်လည်း ပဏီတ-အမြတ်မျိုးမဟုတ်,မူလသဘော အတိုင်း တည့်မတ်မှန်ကန်၍ မဖောက်ပြန်တဲ့"အမြတ်"ဟု ပြလိုသဖြင့်"အဝိပရီတော"ဟု ဖွင့်သည်၊ထို့ကြောင့် အဝိပရီတောပုဒ်သည် ဝိသေသနသာမညမဟုတ်, အတွင်း၌ ဟိတ်အနက်လည်း ရှိနေသော ဟေတုမန္တ ဝိသေသနပုဒ်တည်း၊ သို့ဖြစ်၍ "အဝိပရီတော-မဖောက်ပြန်သော၊ ဝါ-မဖောက်ပြန်သည်၏ အဖြစ်ကြောင့်၊ ပရမော ဥတ္တမော-သော၊ အတ္ထော-အနက်သဘောတည်း၊ ပရမတ္ထော-မဖောက်ပြန်သည့်အတွက် မြတ်သော အနက်သဘော"ဟု အနက်ဆိုပါ၊ [ဤနည်း၌ အတ္ထသဒ္ဒါသည် သဘောဟူသော အနက်ကို ဟော၏။] ဟီနာ ဓမ္မာနှင့် ပရမတ္ထ။ ။"ဟီနာ ဓမ္မာ"ဟူသော မာတိကာပုဒ်အရ၌ ယူရသော အကုသိုလ်စိတ် စေ

တသိက်တို့သည် ဤပရမတ္ထတွင်ပါဝင်ကြ၏၊ထို့ကြောင့် မာတိကာဝယ် ဟီနဆိုသောစကားနှင့် ဤ၌ ပရမတ္ထ ဆိုသောစကားသည် မဆန့်ကျင်ပါလောဟု မေးဖူး၏၊ အဖြေကား-အကုသိုလ်တရားများကို တကယ်ယုတ် ညံ့၍ မာတိကာ၌ "ဟီန"ဟု ဟောတော်မူသည်၊ ထိုသို့ ယုတ်ညံ့သော်လည်း လောဘမှန်လျှင် ခွေးသန္တာန်မှာ ဖြစ်ဖြစ်, ဗြဟ္မာကြီးသန္တာန်မှာဖြစ်ဖြစ် လိုချင်ခြင်းသဘောမှ မပြောင်းဘဲ ခိုင်မြဲတည့်မတ်သောကြောင့် "ပရမ" ဟု ဆိုအပ်၏၊ ပရမသဒ္ဒါသည် ဟီနသဒ္ဒါ၏ ဆန့်ကျင်ဘက် ပဏီတအနက်ကို မပြ, မဖောက်မပြန် မှန်ကန် တည့်မတ်ခြင်း အဝိပရီတအနက်ကို ပြရကား မာတိကာပုဒ်က ဟီနနှင့် ဤက ပရမတို့ မဆန့်ကျင်ကြပေ။

ဝိဂ္ဂဟတစ်မျိုး။ ။ပရမအရ ပဓာနအနက်ကို ယူ၍ "ပရမော ပဓာနော-ပြဌာန်းသော၊အတ္ထော-အနက်သ ဘောတည်း၊ ပရမတ္ထော-ပြဌာန်းသောအနက်သဘော"ဟု အနုဋီကာ၌ ဝိဂြိုဟ်တစ်မျိုး ပြသေး၏၊ ရေ မြေ တော တောင်, သားကောင် သတ္တဝါ, ဗြဟ္မာ လူ နတ်ဟု ပညတ်အမျိုးအစား အများအပြား ရှိသော်လည်း လို ရင်းအချုပ် အသားတင်စစ်ထုတ်လိုက်လျှင် စိတ် စေတသိက် ရုပ်နှင့် နိဗ္ဗာန်တရားသာ အထင်အရှား ရှိ တော့၏၊ ထို့ကြောင့် ဤလေးပါးကို "အချုပ်ပဓာနတရားများ"ဟု ဆိုလိုသည်။

စိတ္တံ၏ ဝစနတ္ထ။ ။အာရမဏံ စိန္တေတီတိ စိတ္တံ, ဝိဇာနာတီတိ အတ္ထော၊ အာရမဏံ-အာရုံကို၊ စိန္တေတိ- သိတက်၏၊ဣတိ-ထို့ကြောင့်၊စိတ္တံ-စိတ္တမည်၏၊ဝိဇာနာတိ-သညာ ပညာတို့ သိပုံမှ ထူးခြား၍ တစ်မျိုးအားဖြင့် သိတက်၏၊ ဣတိအတ္ထော-ဤကား စိန္တေတိဟူသော ဝစနတ္ထ၏အနက်တည်း၊ ချဲ့ဦးအံ့-အာရုံကို သိရာ၌ သညာသိ ပညာသိ ဝိညာဉ်သိဟု ကွဲပြားလျက်ရှိ၏၊ မှားသည်ဖြစ်စေ, မှန်သည်ဖြစ်စေ မှတ်မိရုံသာ သိခြင်း (မှတ်သိ သိခြင်း)သည် သညာသိတည်း၊အမှားမရှိ အမှန်အတိုင်း ထိုးထွင်း၍ သိခြင်းသည် ပညာသိတည်း၊ အာရုံတစ်ခုခုကို ရအောင် ယူခြင်းသည် ဝိညာဉ်သိတည်း။ [ဇနာနံ နာမ ဥပလဒ္ဓိ၊ ဇာနနံ နာမ-ဝိညာဉ်၏ သိခြင်းမည်သည်၊ ဥပလဒ္ဓိ-အာရုံကို ရခြင်းတည်း။]

ဝိဇာနာတိ။ ။ဤသို့လျှင် သညာသိ ပညာသိ ဝိညာဉ်သိဟု အသိသုံးမျိုး ရှိရာတွင် သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ ထူးခြားသော အသိတစ်မျိုးဖြစ်၍ "စိန္တေတိ"ဟူသော ဝစနတ်ကိုပင် "ဝိဇာနာတိ"ဟု ဖွင့် လှစ်ရပေသည်၊ ဝိဇာနာတိဟု ဝိသဒ္ဒါဖြင့် ဖွင့်သောကြောင့် "စိတ်က သညာ ပညာတို့ထက် သာလွန်၍ သိသည်"ဟုမမှတ်ရ, ဝိသဒ္ဒါအတွက် "မတူထူးခြား, တစ်မျိုးအားဖြင့် သိသည်"ဟု မှတ်ပါ။ ဤကား စိတ္တုပ္ပာဒကဏ္ဍ မူလဋီကာကိုမှီသော အဓိပ္ပာယ်တည်း၊ အများပြောရိုး အဓိပ္ပာယ်ကို စေတသိက်ပိုင်း ကျမှပြဦးအံ့။

[ဆောင်] အမှားလည်းရှိ,အမှန်ရှိ၍,မှတ်မိရုံသာ,သိသည်မှာလျှင်,သညာတွင်၏၊ အစဉ်ပိုင်နင်း,ထိုးထိုးထွင်း လျက်,ရှင်းလင်းသေချာ,သိပညာတည်း၊ဝိညာဏတုံ,စိတ်သိပုံကား,အာရုံယူမှု, ရအောင်ပြုသည်, ... သောတုမှတ်ဖွယ် အချုပ်တည်း။

အချို့အယူ။ ။အချို့ကား "ဝိတက်၏ ကြံစည်ခြင်း ဟူသော ဦဟနစိန္တာ, ဝိညာဏ်၏ သိခြင်းဟူသော ဝိဇာနနစိန္တာ, ပညာ၏ သိခြင်းဟူသော ပဇာနနစိန္တာဟု သုံးမျိုးရှိသည်တွင် "စိန္တေတိ"ဟူသော ဝစနတ်အရ ဝိဇာနနစိန္တာကို ယူစေလို၍ "ဝိဇာနာတီတိ အတ္ထော"ဟု ဖွင့်ပြကြောင်းကို မိန့်ဆိုကြလေသည်။

ကရဏသာဓ်တစ်နည်း။ ။စိန္တေန္တိ ဧတေနာတိ စိတ္တံ၊ ဧတေန-ဤတရားဖြင့်၊သမ္ပယုတ္တဓမ္မာ-သမ္ပယုတ် တရားတို့သည်၊ စိန္တေတိ-အာရုံကို သိကြရကုန်၏၊ ဣတိ-ထို့ကြောင့်၊ တံ-ထိုတရားသည်၊ စိတ္တံ-စိတ္တမည်၏၊ ဖဿစသော စေတသိက်တို့သည် စိတ်ကို အမှီပြုလျက်(စိတ်ပါမှ) အာရုံကို သိနိုင် ရနိုင်ကြ၏၊ ထို့ကြောင့် စိတ်သည် ဖဿစသည်တို့၏ အာရုံကို သိကြောင်း ရကြောင်း ဖြစ်၏။

ဘာဝသာဓ်တစ်နည်း။ ။စိန္တနံ စိတ္တံ၊စိန္တနံ-အာရုံကို သိခြင်း ရခြင်းသည်၊စိတ္တံ-စိတ္တမည်၏၊စိတ်၌မုချအား ဖြင့် သိတက်သော ကတ္တုသတ္တိလည်း မရှိ၊ သိကြောင်း ကရဏသတ္တိလည်း မရှိ, သိခြင်းအမူအရာ ကြိယာ သာ ဖြစ်သည်-ဟူလို၊ ဤသို့လျှင် ပရမတ္ထတရားစုကို ဟောသောသဒ္ဒါတို့၌ များသောအားဖြင့် ကတ္တုသာဓန ကရဏသာဓန ဘာဝသာဓနဟု (၃)ဝိဂြိုဟ် ပြုနိုင်သည်။

ကတ္တားအစစ် မရှိ။ ။ထိုတွင် ကတ္တုသာဓနနှင့် ကရဏသာဓနသည် ပရမတ္ထသဘောကို ထိမိသော ဝိဂြိုဟ်များ မဟုတ်, အတ္တ စွဲလမ်းသူတို့၏ အယူကို ပယ်ဖျက်ဖို့ရာ ပရိယာယ်ဆင် ဥပစာတင်၍ ပြုရသော ဝိဂြိုဟ်များတည်း၊ ချဲ့ဦးအံ့–ပရမတ်၌ မကျွမ်းကျင်သော ပုထုဇဉ်အချို့က "ထိုထိုအမှုကို ပြုလုပ်စီမံတတ်၍ ကာရက, အကျိုးကိုလည်း ခံစားတတ်သော ဝေဒက" ဟု ခေါ်ဆိုရသော အတ္တသည် ခန္ဓာကိုယ်တွင်း၌ ရှိ၏၊ "အာရုံကို သိရာ၌ သိခြင်းကြိယာသည် စိတ်တည်း၊ ထိုသိခြင်းကြိယာကို ဖြစ်စေတတ် (သိတတ်) သော ကတ္တားမှာ ယခင်အတ္တပင် ဖြစ်သည်" ဟု စွဲလမ်းမှတ်ထင်ကြလေသည်၊ ထိုယူမှားချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိတတ်သော ကတ္တုသတ္တိမရှိသော်လည်း ရှိသကဲ့သို့ တဒ္ဓမ္မူပစာရအားဖြင့် တင်စား၍ "စိန္တေတီတိ စိတ္တံ" ဟု ကတ္တုသာဓနဝိဂြိုဟ် မိန့်ဆိုရသည်၊

ဆိုလိုရင်းကား-အာရုံကို သိရာ၌ အတ္တက သိသည် မဟုတ်, အတ္တပင်အထင်အရှား မရှိ,စိတ်ကသာသိသည်, စိတ်ဟူသော သဘောတရားမှတစ်ပါး အခြား သိတက်သော ကတ္တားတစ်မျိုး မရှိတော့ပြီ" ဟူလို။

ကရိုဏ်းအစစ် မရှိ။ ။အချို့ကလည်း"ဖဿစသော တရားတို့သည် အတ္တကြောင့်သာ အာရုံကို သိရ၏၊ အတ္တသည် သိခြင်းကြိယာကို ပြီးစေနိုင်သော ကြိယာသာဓကတမသတ္တိ ရှိ၏"ဟု စွဲလမ်းကြပြန်၏၊ ထိုစွဲလမ်း ချက်ကို ပယ်ဖျက်ဖို့ရာ စိတ်၌ သိကြောင်းသတ္တိ မရှိသော်လည်း ရှိသကဲ့သို့ တဒ္ဓမ္မူပစာရအားဖြင့် တင်စား၍ "စိန္တေန္တိ ဧတေနာတိ စိတ္တံ"ဟု ကရဏသာဓ်ဝိဂြိုဟ် တစ်နည်းဆိုရပြန်သည်၊ ဆိုလိုရင်းကား–ဖဿစသည် တို့က အာရုံကို သိရခြင်း၏ အကြောင်းမှာ အတ္တမဟုတ်, အတ္တပင် အထင်အရှားမရှိ, စိတ်သာလျှင် ဖဿ စသည်တို့၏ အာရုံကို သိကြောင်းဖြစ်သည်"ဟူလို၊[တဒ္ဓမ္မ-ထိုကတ္တုသတ္တိ ကရဏသတ္တိ၏+ဥပစာရော-အနီး ၌ဖြစ်သော အခေါ်အဝေါ် နာမည်တည်း၊ တဒ္ဓမ္မူပစာရော-ထိုသတ္တိ၏အခေါ်အဝေါ် (ထိုသတ္တိ၏အမည်)။]

[ ဆောင်] ပရမတ်စု,ဝိဂြိုဟ်ပြုသော်,ကတ္တုကရဏတ်,ဘာဝသာဓ်ဟု,သုံးရပ်ခြားပိုင်း,အများနှိုင်းလော့, ကရိုဏ်းကတ္တု,ဤနှစ်ခုမှာ,ဥပစာတဲ့,ဘောသာမုချ,သရုပ်ရဟု,ထုတ်ပြမှီရာ,ညီတညာသည်, ဋီကာ ဋီကာ့ စောင်စောင်တည်း။

လက္ခဏာဒိစတုက္က။ ။ဤပရမတ္ထတရားတို့သည် အမှန်ရှိသော်လည်း အလွန်နက်နဲကုန်ရကား သာမန် ဉာဏ်မျိုးဖြင့် မသိမမြင်နိုင်ကြ၊ ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီသူမွန်သော်မှ အတော်ထင်မြင်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဖြင့် အဖန်ဖန် ဆင်ခြင်ရသည်၊ထို့ကြောင့်လက္ခဏာစသည်ကို ထည့်သွင်း ဖွင့်ပြပေအံ့။

သာမညံ ဝါ သဘာဝေါ ဝါ, ဓမ္မာနံ လက္ခဏံ မတံ၊ ကိစ္စံ ဝါ တဿ သမ္ပတ္တိ, ရသောတိ ပရိဒီပယေ။

ဖလံ ဝါ ပစ္စုပဋ္ဌာန, မုပဋ္ဌာနာကာရောပိ ဝါ၊ အာသန္နကာရဏံ ယံ တု, ပဒဋ္ဌာနံတိ တံ မတံ။

လက္ခဏာ။ ။ဓမ္မာနံ-ပရမတ္ထတရားတို့၏၊ သာမညံ ဝါ-အများနှင့်ဆက်ဆံ သာမန်အမှတ်အသားကို လည်းကောင်း၊ သဘာဝေါ ဝါ-မိမိတစ်ပါးတည်း၏ အမှတ်အသားကိုလည်းကောင်း၊ လက္ခဏံ-လက္ခဏာဟူ၍၊ မတံ-သိအပ်၏၊လူတစ်ယောက် တစ်ယောက်၌ အများသိဖို့ရန် အဖြူ အမည်း အပိန်အဝ စသည်ဖြင့် အမှတ် အသားတစ်မျိုးစီ ရှိရသကဲ့သို့, ထို့အတူ ပရမတ္ထတရားတို့၌လည်း

ယောဂီပုဂ္ဂိုလ်များ သိဖို့ရန် အမှတ်အသား တစ်မျိုးစီ ရှိကြ၏၊ ထိုအမှတ်အသားကို"လက္ခဏာ"ဟု ခေါ်သည်။ [လက္ခီယတိ အနေနာတိ လက္ခဏံ၊ အနေန-ဤအမှတ်အသားဖြင့်၊ လက္ခီယတိ-မှတ်သားအပ်၏၊ ဣတိ-ထို သို့ မှတ်သားကြောင်း၏ အဖြစ်ကြောင့်၊ တံ-ထိုအမှတ်အသားသည်၊ လက္ခဏံ-လက္ခဏာမည်၏။]

သာမည , သဘာဝ။ ။ထိုလက္ခဏာသည် အများနှင့်သက်ဆိုင်သော သာမညလက္ခဏာ,မိမိတစ်ပါးအ တွက်သာဖြစ်သော သဘာဝလက္ခဏာဟု နှစ်မျိုးရှိ၏၊ ထိုတွင် အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခ ဏာဟူသည် ရုပ်နာမ်သင်္ခါရဟူသမျှနှင့် သက်ဆိုင်သော သာမညလက္ခဏာတည်း၊ ရုပ္ပနလက္ခဏာဟူသည် ရုပ်အားလုံးနှင့် သက်ဆိုင်၍, နမနလက္ခဏာဟူသည် နာမ်အားလုံးနှင့် သက်ဆိုင်သောကြောင့် သာမည လက္ခဏာများပင်တည်း၊ ဤသို့ အများနှင့်သက်ဆိုင်သော အမှတ်အသားကို "သာမညလက္ခဏာ"ဟု ခေါ် ၏၊ "အာရမဏဝိဇာနနလက္ခဏာ"ဟူသည် စိတ်တစ်မျိုးနှင့်သာ သက်ဆိုင်၍, "ဖုဿနလက္ခဏာ" ဟူသည် ဖဿတစ်မျိုးနှင့်သာ, "အနုဘာဝနလက္ခဏာ" ဟူသည် ဝေဒနာတစ်မျိုးနှင့်သာ သက်ဆိုင်သောကြောင့် သဘာဝလက္ခဏာများတည်း၊ ဤသို့ မိမိတစ်မျိုးတည်း၏ အမှတ်အသားကို "သဘာဝလက္ခဏာ"ဟု ခေါ်သည်၊[သမာနာနံ-အများနှင့်တူသောတရားတို့၏+ဘာဝေါ-ဖြစ်ကြောင်း ဖြစ်ရာတည်း၊ သာမညံ-ရာ၊ သဿ- မိမိ တစ်ပါးတည်း၏+ဘာဝေါ-အမှတ်အသားတည်း၊ သဘာဝေါ-မိမိ၏ အမှတ်အသား။]

ရသ။ ။တဿ-ထိုမရမတ္ထတရားတို့၏၊ ကိစ္စံ ဝါ-ကိစ္စသည်လည်းကောင်း၊သမ္ပတ္တိ ဝါ-အကြောင်းစုံညီ၍ ဖြစ်ပုံသည်လည်းကောင်း၊ ရသော-ရသမည်၏၊ ဣတိ သို့၊ ပရိဒီပရေ-ပြရာ၏၊...ရသသည်လည်း ပရမတ္ထတ ရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်းစုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသဟု နှစ်မျိုးရှိ၏၊ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍, အချို့တရား၌ သမ္ပတ္တိရသ ထင်ရှား၏၊ ထိုရသများသည် ဆိုင်ရာတရား ၌ထင်ရှားလတ္တံ့။

ပစ္စုပဋ္ဌာန်။ ။ဖလံဝါ-အကျိုးသည်လည်းကောင်း ၊ဥပဋ္ဌာနာကာရောပိ ဝါ-ယောဂီတို့ ဉာဏ်အား ထင် လာသောာ အခြင်းအရာသည်လည်းကောင်း၊ (ဥပဋ္ဌာနနယောဟုလည်း အချို့စာရှိ၏၊)ပစ္စုပဋ္ဌာနံ-ပစ္စုပဋ္ဌာန် မည်၏၊...ပစ္စုပဋ္ဌာန်လည်း ဖလံပစ္စုပဋ္ဌာန်, ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟု နှစ်မျိုးရှိ၏၊ ထိုတွင် ဖလပစ္စုပဋ္ဌာန်ဟူသည် ကိစ္စရသကြောင့် ရထိုက်သော အကျိုးတည်း၊ ဥပမာ-ကိစ္စတစ်ခုကို ပြုလျှင် ထိုကိစ္စအတွက် အကျိုး တစ်မျိုးမျိုးကို ရသကဲ့သို့တည်း၊ ဥပဋ္ဌာနာပစ္စုပဋ္ဌာန်ဟူသည် ထိုတရားကို ဆင်ခြင်သောအခါ ယောဂီတို့ ဉာဏ်တွင်

ထင်မြင်လာသော အခြင်းအရာတည်း၊ ဥပမာ-လူတစ်ယောက်ကို အကဲခတ်သူ၏ စိတ်တွင် ထိုသူ၏ ဓာတ် သဘော တစ်မျိုးမျိုး ထင်လာသကဲ့သို့တည်း။

ပဒဋ္ဌာန်။ ။ယံ အာသန္နကာရဏံ-အကြင် နီးကပ်သောအကြောင်းသည်၊ အတ္ထိ-ရှိ၏၊ တံ တု-ထိုနီးကပ် သောအကြောင်းကိုကား၊ ပဒဋ္ဌာနန္တိ-ပဒဋ္ဌာန်ဟူ၍၊ မတံ-သိအပ်၏၊....အဝေးအကြောင်း,အနီးအကြောင်း နှစ် မျိုးရှိရာတွင် အနီးအကြောင်းကို ပဒဋ္ဌာန်ဟု ခေါ်၏၊ ပဒသဒ္ဒါ ဌာနသဒ္ဒါ နှစ်ခုလုံးပင် "အကြောင်း"ဟူသော အနက်ကို ဟော၏၊ သဒ္ဒါတစ်ခုအတွက် အနက်မသေချာလျှင် ထိုအနက်ကိုဟောသော ပရိယာယ်သဒ္ဒါတစ် ခုဖြင့် ကူမပေးရ၏၊ ထို့ကြောင့် ဤ၌ ဌာနကို ပဒသဒ္ဒါဖြင့်ကူမသည်၊ ဤအရာမျိုး၌ "အနက်တူသဒ္ဒါ, ဆင့်၍ လာ, သေချာမုချ, အနက်ပြ"ဟု နိယာမ်ပြုသင့်၏၊ ပဒမေဝ+ ဌာနံ ပဒဋ္ဌာနံ၊ ပဒမေဝ-အကြောင်းသာလျှင်ဖြစ် သော+ဌာနံ-အကြောင်းတည်း၊ ပဒဋ္ဌာနံ-အကြောင်းသာလျှင် ဖြစ်သောအကြောင်း။

ဝိဇာနနလက္ခဏံ စိတ္တံ, ပုဗ္ဗင်္ဂမရသံ တထာ၊ သန္ဓာနပစ္စုပဋ္ဌာနံ, နာမရူပပဒဋ္ဌာနံ။

စိတ္တံ -စိတ်သည်၊ ဝိဇာနနလက္ခဏံ-သညာ ပညာတို့ သိပုံမှ တစ်မျိုးတစ်ဖုံ အာရုံကိုသိခြင်းလက္ခဏာ ရှိ၏၊ ပုဗ္ဗင်္ဂမရသံ-ရှေ့သွား၏ အဖြစ်ဟူသောကိစ္စ ရှိ၏၊ တထာ-ထိုမှတစ်ပါး၊ သန္ဓာနပစ္စုပဋ္ဌာနံ-အဆက်မပြတ်ရ အောင်,နောက် နောက်စိတ်ကို စပ်သောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏၊ နာမရူပ ပဒဋ္ဌာနံ- ယှဉ်ဖက်စေတသိက်နာမ်, မှီရာဝတ္ထုရုပ်ဟူသော နီးသောအကြောင်း ရှိ၏။

ပုဗ္ဗင်္ဂမရသ။ ။ပုဗ္ဗင်္ဂမဟူသည် တကယ့်ကို ရှေ့ကသွားရ ရှေ့ကဖြစ်ရသော ပုရေစာရိကပုဗ္ဗင်္ဂမ,အချုပ် ပဓာန နာယကခေါင်းဆောင်ဖြစ်သော ပဓာနပုဗ္ဗင်္ဂမဟု နှစ်မျိုးရှိ၏၊ စိတ်သည်တကယ် ရှေ့ကသွားရ ဖြစ်ရသည်မဟုတ်, ယှဉ်ဖက်စေတသိက်များ၏ အာရုံယူမှု၌ ပဓာနအချုပ် ဖြစ်သောကြောင့် ပဓာနပုဗ္ဗင်္ဂမကိစ္စ ရှိသည်။ "မနော ပုဗ္ဗင်္ဂမာ ဓမ္မာ"ဟူသော ပါဠိတော်၌လည်း ဤအဓိပ္ပာယ်ပင်။

သန္ဓာနပစ္စုပဋ္ဌာန။ ။"အနန္တရ သမနန္တရ စသော ပဋ္ဌာနပစ္စယသတ္တိတို့ဖြင့် နောက်နောက်စိတ်များကို အဆက်မပြတ်ရလေအောင် ဖွဲ့စပ်တက်သောတရား"ဟု ယောဂီတို့ ဉာဏ်တွင် ထင်လာ မြင်လာပေသည်။

နာမရူပပဒဋ္ဌာန။ ။နာမ်ရုပ်နှစ်ပါး မရှိလျှင် စိတ်မဖြစ်နိုင်ရကား ယှဉ်ဖက်စေတသိက်နာမ်နှင့် မှီရာ ဟဒယဝတ္ထုစသော ရုပ်သည် စိတ်ဖြစ်ဖို့ရာ အနီးဆုံး အကြောင်းဖြစ်သည်၊...[အရူပဘုံ၌ ရုပ် မရှိသောကြာ င့် ရူပကို ယေဘုယျနည်းဟု မှတ်ပါ။]

စေတသိကံ၏ ဝစနတ္ထ။ ။စေတသိ+ဘဝံ တဒါယတ္တဝုတ္တိတာယာတိ စေတသိကံ၊ တဒါယတ္တဝုတ္တိတာယ

-ထိုစိတ်၌စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်၊ စေတသိကံ-စိတ်၌၊ ဘဝံ-ဖြစ်သောတရားတည်း၊ စေတ သိကံ-စိတ်၌ဖြစ်သောတရား၊ ဤဝဂ္ဂဟ၌"စေတသိ+ဘဝံ စေတသိကံ"သာ လိုရင်းတည်း၊ "တဒါယတ္တဝုတ္တိ တာယ"ကား ဌာန အာဓာရ+ဌာနီ အာဓေယ်အဖြစ်ကို ထင်မှားမည် စိုး၍ ထည့်စွက်အပ်သောစကားတည်း၊ ချဲ့ဦးအံ့–"စေတသိ +ဘဝံ စိတ်၌ဖြစ်သည်"ဟု ဆိုရာ၌ "စိတ်က ဖြစ်ရာဌာန အာဓာရ, စေတသိက ထိုစိတ် ပေါ်၌ တည်နေသော ဌာနီအာဓေယ်"ဟု ထင်မှားဖွယ်ရှိ၏၊ စင်စစ်မှာ ထိုကဲ့သို့ စိတ်အပေါ်၌ စေတသိက်က တည်နေသည် မဟုတ်, ဖဿ ဝေဒနာ စသော စေတသိက်တို့သည် အာရုံကို တွေ့ထိကြ ခံစားကြရာ၌ ခေါင်းဆောင်ရှေ့သွားဖြစ်သော စိတ်မပါလျှင် မဖြစ်နိုင်ကြ, စိတ်၌ ဆက်သွယ်၍သာ ဖြစ်ကြရသောကြောင့် "စေတသိ+ဘဝံ=စိတ်၌ +ဖြစ်၏"ဟု ဆိုရသည် ၊ လောက၌လည်း ရှေ့သွားခေါင်းဆောင်ကို ဌာနအာဓာရ အဖြစ်ဖြင့် သုံးစွဲလေ့ရှိ၏။

စိတ်ကို ဖဿိကစသည် မခေါ်ထိုက်။ ။စိတ်၌ ဆက်သွယ်၍ ဖြစ်ရသော ဖဿ ဝေဒနာ စသည်ကို "စေတသိက"ဟု ခေါ်ဆိုလျှင် စိတ်လည်း သူ့ချည်းသက်သက် မဖြစ်နိုင်၊ ဖဿ ဝေဒနာ စသည်တို့နှင့် တွဲဖက် ၍သာ ဖြစ်လေ့ရှိ၏၊ ထို့ကြောင့် စိတ်ကိုလည်း "ဖေဿ+ဘဝံ"အရ ဖဿိကဟုလည်းကောင်း, "ဝေဒနာ ယံ+ဘဝံ" အရ ဝေဒနိကဟုလည်းကောင်း, ဤသို့ စသည်ဖြင့် ခေါ်ဝေါ်သင့်သည် မဟုတ်လောဟုမေး၊ အဖြေကား-စိတ်သည် ဖဿ ဝေဒနာစသော စေတသိက်တို့နှင့် စပ်သွယ်၍ ဖြစ်လေ့ရှိသော်လည်း စိတ်က ပဓာနဖြစ်သောကြောင့် ဖဿ ဝေဒနာ စသည်ကို "ဖဿိက, ဝေဒနိက" စသည်ဖြင့် မခေါ်သင့်။

ချဲ့ဦးအံ့ –လောက၌ ဦးစီး ခေါင်းဆောင်ကိုသာ အစွဲပြု၍ နောက်လိုက်ငယ်သားတို့၌ နာမည်ထင်ရှားရိုး ရှိသည်,နောက်လိုက်ငယ်သားကို အစွဲပြု၍ ခေါင်းဆောင်ပုဂ္ဂိုလ်မှာ နာမည်ထင်ရှားရိုး မရှိ ၊ ဥပမာ–"ဗုဒ္ဓသာ ဝက=ဘုရားတပည့် "စသည်တည်း၊ ထို့ကြောင့် အပဓာန နောက်လိုက် စေတသိက်များကို မှီ၍ ပဓာနခေါင်း ဆောင်ဖြစ်သောစိတ်ကို"ဖဿိက,ဝေဒနိက"စသည်ဖြင့် မခေသင့်ချေ၊ စိတ်က ပဓာန,စေတသိက်က အပဓာ နဖြစ်ပုံကိုလည်း အာရုံယူရာတိုင်းဝယ် အချို့ စေတသိက်များ မပါဘဲ ဖြစ်နိုင်သော်လည်း စိတ်မပါလျှင် ဘယ်အခါမှ မဖြစ်နိုင်သည်ကို ထောက်၍သိရာ၏။

မီးခိုးကြွက်လျှောက် စောဒနာ။ ။မပါလျှင်မပြီး အရေးကြီးသောကြောင့် စိတ်ကိုပဓာနဆိုလျှင် ဖဿစသော သဗ္ဗစိတ္တသာဓာရဏစေတသိက်များလည်း မပါလျှင်မပြီး၍ အရေးကြီးသော ပဓာနတရားများဟု မဆိုထိုက်ပါလောဟုမေး၊ အဖြေကား–ဖဿစသော သဗ္ဗစိတ္တသာဓာရဏစေတသိတ်များလည်း မပါလျှင် မပြီးသည်ကား မှန်ပေ၏၊ သို့သော် အရေးကြီးသောတရားများ မဟုတ်ကြပါ၊ ဘုရင်ထွက်တော်မူလာရာ၌ သက်တော်စောင့် စသူတို့မှာ မပါလျှင် မပြီးချေ၊ သို့သော် အရေးကြီးသော ပဓာနပုဂ္ဂိုလ်များ မဟုတ်ကြ၊ ထို့ကြောင့် ထိုသူတို့ကို အထူးထုတ်ဖော်မပြောပဲ " ရာဇာ အာဂတော=မင်းတရား ထွက်တော်မူလာပြီ"ဟု ပဓာနပုဂ္ဂိုလ်ကိုသာ ထုတ်ဖော်ပြောဆိုသကဲ့သို့, ထို့အတူ ပဓာနဖြစ်သော စိတ်နှင့်စပ်၍ ဖဿစသည်ကို "စေတသိက"ဟု နာမည်တပ်ထားသော်လည်း အပဓာနဖြစ်သော စေတသိက်များနှင့် စပ်၍ကား စိတ်ကို "ဖဿိက"စသည်ဖြင့် နာမည်မတပ်ထိုက်။

ဉာဏ်မပိုင်လျှင် စောဒနာဦး။ ။"အာရုံယူရာတိုင်းဝယ် အချို့စေတသိက်များ မပါလျှင် ပြီးနိုင်သော် လည်း စိတ်မပါလျှင်ဘယ်အခါမှ မဖြစ်နိုင်"ဟု ဆို၏၊ ထိုစကားအရ"အာရုံယူရာတိုင်းဝယ် စိတ်အားလုံးလည်း တစ်ပြိုင်နက်ပါဝင်သည်"ဟု မဆိုသာ၊ ဥပမာ–ကုသိုလ်စိတ်တို့ အာရုံယူခိုက်၌ အကုသိုလ် အဗျာကတစိတ် များမပါ၊ ကုသိုလ်စိတ်တွင်လည်း မဟာကုသိုလ် ပဌမစိတ်က အာရုံယူခိုက်၌ အခြားကုသိုလ်စိတ်များ မပါ၊ ထို့ကြောင့် အာရုံယူရာတိုင်းဝယ် အချို့စိတ်များမပါဘဲ ပြီးနိုင်သည်မဟုတ်လောဟု မေး၊အဖြေကား–ဤစော ဒနာသည်မသင့်။

ချဲ့ဦးအံ့ –ဖုသနလက္ခဏာအားဖြင့် ဖဿတစ်မျိုးတည်းသာ, အနုဘဝနလက္ခဏာအားဖြင့် ဝေဒနာတစ် မျိုးတည်းသာ ရှိသကဲ့သို့,ထို့အတူ အာရမဏဝိဇာနနလက္ခဏာအားဖြင့် စိတ်တစ်မျိုးသာ ရှိ၏၊သို့သော် ယှဉ် ဖက်စေတသိက်တွေက အမျိုးမျိုး ကွဲပြားကြသောကြောင့် ဟိုမှာလည်း ယှဉ်ရ,သည်မှာလည်း ယှဉ်ရ၍ စိတ်အရေအတွက် များသည်ဟု ထင်ရလေသည်၊ စင်စစ်မှာ အကုသိုလ် စေတသိက်များနှင့် ယှဉ်ခိုက်လည်း ဤသိခြင်းသဘော, သောဘနစေတသိက်များနှင့် ယှဉ်ခိုက်လည်း ဤသိခြင်းသဘောပင်တည်း၊ ဥပမာ– ကောင်းသောကိစ္စ၌ဖြစ်စေ, မကောင်းသောကိစ္စ၌ဖြစ်စေ အရာရာ၌ ပါဝင်အုပ်ချုပ်နေသူတစ်ယောက်သည် "မည်သည့်အသင်း၏ဥက္ကဋ္ဌ, မည်သည့်အသင်း၏လည်း ဥက္ကဋ္ဌ"ဟု ဥက္ကဋ္ဌနာမည် အမျိုးမျိုးရနေသော်လည်း တစ်ယောက်တည်းသာ ဖြစ်သကဲ့သို့တည်း၊ ထို့ကြောင့် "အာရုံကို ယူရာတိုင်းဝယ် အချို့စိတ်များလည်း မပါ ဘဲ ပြီးနိုင်သည် မဟုတ်လော"ဟူသော စောဒနာသည် မသင့်၊ "စိတ်ဟူသော သဘာဝဓမ္မ၏ တစ်ခုတည်း ရှိကြောင်းကို နားမလည်၍ မေးအပ်သောကြောင့် အရင်းကစ၍ လွဲမှားလေပြီ"ဟူလို။

ရူပံ၏ ဝစနတ္ထ။ ။ရုပ္ပတီတိ ရူပံ၊ [ဤဝိဂြိုဟ်သည် သုဒ္ဓကတ္တုသာဓန ဟေတု ကမ္မသာဓန နှစ်ချက်သင့် တည်း၊] ယံ-အကြင်တရားသည်၊ သီတုဏှာဒိဝိရောဓိ ပစ္စယေတိ-အအေး အပူ အစရှိသော ဆန့်ကျင်ဘက် အကြောင်းတို့ကြောင့်၊ ရုပ္ပတိ-ဖောက်ပြန်တက်၏၊ (တစ်နည်း) သီတုဏှာဒိဝိရောဓိပစ္စယေဟိ-အအေး အပူ အစရှိသော ဆန့်ကျင်ဘက်အကြောင်းတို့သည်၊ ရုပ္ပတိ-ဖာက်ပြန်စေအပ်၏၊ ဣတိ-ကြောင့်၊ တံ-ထိုတရားသည်၊ရူပံ-ရုပ်မည်၏၊ ဤဝိဂြိုဟ်အရ အအေး အပူ စသော ဆန့်ကျင်ဘက်အကြောင်းတို့နှင့် ပေါင်းမိက ဖောက်ပြန်ချောက်ချား ပျက်ပြားတက်သော တရားကို"ရုပ်"ခေါ်သည်ဟု မှတ်ပါ၊ သီတုဏှာဒိ၌ အာဒိသဒ္ဒါဖြင့် ဇိဃစ္ဆာ (ထမင်းဆာမှု) ဝိပါသာ(ရေငတ်မှု) ဍံသမကသဝါတာတပသရီသပသမ္ဖဿ(မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ တွေ့ထိ ကိုက်ခဲမှု) စသော ဘေးရန်များကို ယူပါ။

ခန္ဓသံယုတ်။ ။ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ၊ ကေန ရုပ္ပတိ၊ သီတေနပိ ရုပ္ပတိ, ဥဏှေနပိ ရုပ္ပတိ, ဇိဃစ္ဆာယပိ ရုပ္ပတိ, ဝိပါသာယပိ ရုပ္ပတိ ဍံသမကသဝါတာ တပသရီသပသမ္ဖေဿနပိ ရုပ္ပတိ..... ။၃ ဝဂ်, ၇ သုတ်။

ဖောက်ပြန်ပုံ။ ။"ရုပ္ပတိ "အရ "ဖောက်ပြန်မှု"ဟူသည် ရှေးရုပ်အစဉ်မှ ထူးခြား၍ နောက်ရုပ်အစဉ်၏ တစ်မျိုးတစ်ဖုံဖြစ်မှုတည်း၊ ချဲ့ဦးအံ့–ရုပ်၏ ဌီအခိုက်သည် နာမ်၏ ဌီခဏထက် ကြာ၏၊ ထို့ကြောင့် ဌီအခိုက်၌ တည်ရှိစဉ်မှာပင် ဆန့်ကျင်ဘက်အကြောင်းများနှင့် ပေါင်းဆုံနိုင်၏၊ ဥပမာ–အပူဥတု စိုးအုပ်၍ အပူရုပ်အစဉ် ဖြစ်နေခိုက်၌ အအေးဥတုပေါ်လာ၍ ထိုအအေးဥတုနှင့် ဌီအခိုက်မှာ မဌမအကြိမ် တွေ့ဆုံမိကြ၏၊ သို့သော် မထင်ရှားသေး၊ ဒုတိယအကြိမ် တတိယအကြိမ် တွေ့ဆုံကြပြန်၏၊ ထိုကဲ့သို့ ဌီအခိုက် ဌီအခိုက်၌ ဆန့်ကျင် ဘက် အအေးဥတုနှင့် ပေါင်းမိဖန်များသောအခါ ရှေးက အပူရုပ်အစဉ်သည် ကွယ်ပျောက်၍ အအေးရုပ် အစဉ် ဖောက်ပြန်လာသည်၊ အအေးရုပ်အစဉ်ပျောက်၍ အပူရုပ်အစဉ် ဖောက်ပြန်ပုံကိုလည်း ချဲ့ထွင်ကြည့်ပါ၊ ဤသို့ ရှေးရုပ်အစဉ်နှင့် မတူသော နောက်ရုပ်အစဉ်တစ်မျိုး ဖြစ်ခြင်းကိုပင် "ရုပ္ပတိ"အရ "ဖောက်ပြန်ခြင်း"ဟု ယူရသောကြောင့် "ဝိကာရာပတ္တိစ-သီတာဒိသန္နိပါတေ ဝိသဒိသုပ္ပတ္တိယေဝ=ဖောက်ပြန်ခြင်းသို့ ရောက်ခြင်း ဟူသည် အအေး အစရှိသော ဆန့်ကျင်ဘက်ဥတုနှင့် ပေါင်းမိရာအခါ၌ ရှေးရုပ်အစဉ်မှ မတူသော နောက်ရုပ် အစဉ်၏ ဖြစ်ခြင်းပင်တည်း"ဟု ခန္ဓဝိဘင်းဋီကာ မိန့်သည်။

ဆက်ဦးအံ့ –အအေးကြောင့် ဖောက်ပြန်မှုဟူသည် အအေးမိ၍ ဖျားနာမှု, ဆောင်းအခါ၌ အသားအရေကွဲ မှု,လောကန္တရိက်ဟုခေါ်အပ်သော ငရဲ၌ အလွန်အေးသည့်အတွက် (၃)ဂါဝုတ်ရှိသော ခန္ဓာကိုယ်ကြီးတို့ မွမွကြေမှု စသည်တည်း၊ အပူကြောင့် အသားအရေ နီမြန်းပုံ, ထမင်းဆာမှု, ရေငတ်မှုကြောင့် ရုပ်ညှိုးနွမ်းပုံ, မှက် ခြင် နေပူ လေပူ မြွေ ကင်းတို့၏ တွေ့ထိကိုက် ခဲမှုကြောင့် အဖုအပိမ့် အပေါက်အကွဲဖြစ်ပုံ စသည်ကို ချဲ့ထွင်၍ကြည့်ပါ၊ ဤပြအပ်ခဲ့သော ဖောက်ပြန်မှုသည် ဥတုပျက်၍ ဖောက်ပြန်မှုတည်း၊ အကုသိုလ်ကံကြောင့် ကုဋ္ဌနူနာ စွဲကပ်ရပုံ, စိတ်ကြောင့် စိတ္တဇရောဂါ ဖြစ်ရပုံ, မသင့်သော အာဟာရကြောင့် တစ်ခဏချင်းတောင့်တင်း ကိုက်ခဲရပုံများကို ထောက်လျှင် ကံ စိတ် ဥတု အာဟာရတို့ကြောင့်လည်း ရုပ်ဖောက်ပြန်ကြောင်းကို သိနိုင်သည်။

နာမ်တရားကို ရုပ်ဟု မဆိုထိုက်။ ။ရှေးအစဉ်နှင့်မတူဘဲ နောက်အစဉ်၏ ပြောင်းလွဲခြင်းကို" ဖောက်ပြန် ခြင်း"ဟု ခေါ်လျှင်, နာမ်တရားများလည်း ကုသိုလ်အစဉ်မှ အကုသိုလ်အစဉ် ပြောင်းလွဲခြင်းစသည် ဖြစ် တက်သောကြောင့် "ရုပ်"ဟု ခေါ်ထိုက်သည်မဟုတ်လောဟု မေး၊ အဖြေကား–ရုပ္ပတိအရ အများမျက်မြင် အထင်အရှား ဖောက်ပြန်ခြင်းဟူသော ဝိဘူတတရရုပ္ပနကိုသာ အလိုရှိအပ်သောကြောင့် နာမ်တရား၏ မထင်မရှား ဖောက်ပြားမှုကို ရုပ်ဟု မခေါ်ထိုက်။[ဝိဘူတတရ=အထူးထင်ရှားသော+ရုပ္ပန။]

ချဲ့ဦးအံ့ –ဖာက်ပြန်မှုသည် ထင်ရှားသော ဖောက်ပြန်မှု, မထင်ရှားသော ဖောက်ပြန်မှုဟု နှစ်မျိုးရှိ၏၊ နာမ် တရားတို့၏ ဖောက်ပြန်မှုဟူသည် မထင်ရှားချေ, သူတစ်ပါး၏ စိတ်ကို သိနိုင်သူသာ ဖောက်ပြန်ကြောင်းကို သိနိုင်၏၊ ရုပ်တရားတို့၏ ဖောက်ပြန်မှုကား ကလေးများပင် သိနိုင်လောက်အောင်ထင်ရှား၏၊ အများသုံးနှုန်း ရမည့် နာမည်သည် အများထင်ရှားမှသာ သင့်လျော်၏၊ နာမ်တရားကို ရုပ်ဟုဆိုလျှင် ဖောက်ပြန်ပုံမထင် ရှားသဖြင့်"ရူပ"ဟူသော ပါဠိစကားနှင့် မသင့်ချေ၊ ပထဝီ အာပေါ စသည်ကို ရုပ်ဟုဆိုရာ၌ကား ဖောက်ပြန်ပုံ ထင်ရှားသဖြင့် နာမည်နှင့် သင့်တင့် လိုက်လျော၏ ၊ "သီတေနပိ ရုပ္ပတိ ဥဏှေနပိ ရုပ္ပတိ" စသည်ဖြင့် ဟော တော်မူသော ဘုရားရှင်လည်း အအေး အပူ စသည်ကြောင့် အထင်အရှားဖောက်ပြန်တက်ပုံကို ရည်ရွယ် တော်မူရင်း ဖြစ်သည်။

[ဆောင်] အများမျက်မြင်,အထင်အရှား,ဖောက်ပြားမှုဟူ,ဝိဘူတတရ,ရုပ္ပနကို,သည်မှာလို၍,ထိုထိုနာမ် စု,ဖောက်ပြန်မှု, ရုပ်ဟု မခေါ်အပ်။

အဝိပရီတနှင့်ရုပ္ပနသဘော။ ။ပရမတ္ထပုဒ်အဖွင့်နုန်းက ပရမတ်တရားတွေကို အဝိပရီတ (မဖောက်မ ပြန်)ဟု ဆိုပြီးလျှင် ဤနေရာ၌ ရုပ္ပန(ဖောက်ပြန်)ဟု ဆိုပြန်ရာ ရှေ့နောက် မဆန့်ကျင်ပါလောဟုမေး၊ အဖြေ ကား–အဝိပရီတ ဟူသည်

မူလပင်ကိုယ်သဘော၏ မဖောက်ပြန်ခြင်းတည်း၊ ရုပ္ပနဟူသည်ကား သန္တတိပညတ်၏ ဖောက်ပြန်ခြင်းတည်း ၊ ထို့ကြောင့် မဆန့်ကျင်ပါ။

ချဲ့ဦးအံ့ –ရုပ်ကလာပ်တွေ ဆက်၍ဆက်၍ ဖြစ်နေမှုကို သန္တတိ(အစဉ်အဆက်)ဟု ခေါ်၏၊ အအေးရုပ် တွေ ဆက်၍ဖြစ်နေလျှင် အပူရုပ်အစဉ်သို့ မပြောင်းသမျှ အအေးရုပ်အစဉ် တစ်ခုသာတည်း၊ အပူရုပ်တွေ ဆက်၍ဖြစ်နေလျှင် အအေးရုပ်အစဉ်သို့ မပြောင်းသမျှ အပူရုပ်အစဉ် တစ်ခုသာတည်း၊ ဤသို့ အစဉ် သန္တာန် တစ်ခုလုံးကို"သန္တတိပညတ်တစ်ခု"ဟု မှတ်ပါ၊ ထိုသို့ သန္တတိပညတ်တစ်ခုမှ သန္တတိပညတ်တစ်ခုသို့ ပြောင်း လွဲမှုကို ရုပ္ပန(ဖောက်ပြန်မှု)ဟု ခေါ်၏၊ ထိုသို့ သန္တိတိပညတ်တစ်ခု ပြောင်းလွဲသွားသော်လည်း ပင်ကိုယ်သ ဘောမှ မပြောင်းလွဲကြ၊ ပထဝီဓာတ်သည် ကက္ခဠ (ကြမ်းတမ်းခိုင်မာခြင်း )သဘောရှိ၏၊ ထိုကက္ခဠသဘော ကား ဘယ်အခါမှ မဖောက်ပြန်၊ အအေးရုပ်အစဉ်မှာပါသည့် ပထဝီဓာတ်လည်း ကက္ခဠသဘော, အပူရုပ်အ စဉ်မှာပါသည့် ပထဝီဓာတ်လည်း ကက္ခဠသဘောပင်၊ ဥပမာ–တမာပင်မှ ပေါက်ခါစ နုနယ်သောအစဉ် ကြီး ရင့်သောအစဉ် ဆွေးမြည့်သောအစဉ်ဟု အစဉ်သန္တတိအမျိုးမျိုး ပြောင်းလွဲလျက်ရှိသော်လည်း မူလဓာတ် ဖြစ်သော အခါးအရသာမှာ ဘယ်အခါမှ မပြောင်းလွဲသကဲ့သို့တည်း။

[ ဆောင်] ပထဝီ အပေါ,ရုပ်ဟုဟောလည်း,သဘောအရှိ,မပြောလှည့်၍,အဝိပရီတ,ဖွင့်ခဲ့ရ၏၊မူလအမှန်, မဖောက်ပြန်လည်း, သန္တာန်ပညတ်, ပြောင်းလွဲတက်သဖြင့်, သတ်မှတ်အလျော်, ရုပ်ဟုခေါ်သည်,...မြင်မြော်သူတို့ သိဖွယ်ကို့။

ဝါဒန္တရများ။ ။အချို့က ရှေ့ဖြစ်မြဲရုပ်အစဉ်ထက် တိုးတက်ကြီးပွား၍ နောက်ရုပ်အစဉ်များ တစ်မျိုးတစ်ဖုံ စည်ကားမှုကိုလည်း"ရုပ္ပန"အရ ဖောက်ပြန်ခြင်းဟု ဆိုကြ၏။ ဥပမာ–ဖျားနာ ညှိုးနွမ်းနေသော ရုပ်အစဉ်မှ အဖျားကင်း၍ သန့်ရှင်းသော ရုပ်အစဉ် ဖြစ်မှုမျိုးတည်း၊ တချို့ကလည်း ကွေးသောရုပ်အစဉ်မှ ဆန့်တန်း သော ရုပ်အစဉ်သို့ ပြောင်းလွဲခြင်း, ထိုင်နေသော ရုပ်အစဉ်မှ မတ်မတ်ရပ်သော ရုပ်အစဉ်သို့ ပြောင်းလွဲခြင်း, အသံမထွက် ငြိမ်သက်သောရုပ်အစဉ်မှ အသံထွက်၍ လှုပ်လှက်သော ရုပ်အစဉ်ဖြစ်ခြင်းများကိုလည်း"ရုပ္ပန" အရ "ဖောက်ပြန်ခြင်းပင် ဖြစ်သည်"ဟု ဆိုကြ၏၊ ထိုကဲ့သို့ ဖြစ်မှုများသည် မမြဲခြင်း အနိစ္စလက္ခဏာကို ထင်ရှားစေသော အရာသာ ဖြစ်သောကြောင့် ထိုအယူအားလုံးကို စည်းထုံးမကျချေ။

ချဲ့ဦးအံ့ –"ဖောက်ပြန်ဟူသောစကားသည်"ချွတ်ယွင်းခြင်း, ပျက်စီးခြင်း"ဟူသော အဓိပ္ပာယ်ကိုသာ ပြနိုင်၏၊ ကောင်းမွန် စည်ကား ကြီးပွားခြင်းကို"ဖောက်ပြန်"ဟု လောက၌ ဆိုရိုးမရှိ၊"ရုပ္ပတီတိ ကုပ္ပတိ ဃဋ္ဋီယတိ ပီဠီယတိ ဘိဇ္ဇတိ"ဟု ဖွင့်ပြသော ခန္ဓာဝိ ဘင်းအဋ္ဌကထာ စသည်၌လည်း ရုပ္ပတိအရ ဆုတ်ယုတ်ပျက်ပြားမှုကိုသာ ဖွင့်ပြသည်၊ "သီတေနပိ ရုပ္ပတိ ဥဏှေနပိ ရုပ္ပတိ ဇိဃစ္ဆာယပိ ရုပ္ပတိ"စသည်ဖြင့် ပါဠိတော်များ၌လည်း ဆုတ်ယုတ်ပျက်ပြားဖို့ရာ မကောင်း သော သီတ ဥဏှ ဇိဃစ္ဆ စသော အကြောင်းများကိုသာ ပြတော်မူ၏၊ ထို့ကြောင့် ထိုဆရာတို့၏ အယူအား လုံးပင် စည်းထုံးမကျချေ၊ [ရုပ္ပတီတိ-ဟူသည်ကား၊ ကုပ္ပတိ-ပျက်စီးတက်၏၊ ဃဋ္ဋီယတိ-ထိုခိုက်အပ်၏၊ ပီဠီ ယတိ-နှိပ်စက်အပ်၏၊ ဘိဇ္ဇတိ-ကွဲပျက်တက်၏၊ ဝါ-ခွဲဖျက်အပ်၏။]

ရူပဘုံကရုပ်။ ။ရူပဘုံ၌ အအေး အပူစသော ဆန့်ကျင်ဘက်အကြောင်းမရှိ,ဥတုညီမျှ၍ အားလုံးသပ္ပါယ ဖြစ်ရကား ရူပဘုံ၌ ပထဝီ အာပေါစသော ရုပ်ကလာပ်တို့မှာ ဖောက်ပြန်ဖွယ် မရှိ၊ ထိုသို့ ဖောက်ပြန်ခြင်း မရှိ လျှင် "ရုပ္ပတိ" အရ ရူပမမည်ထိုက်ဟု အချို့က စကားကပ်ကြ၏၊ ချေပရန်ကား"ဖောက်ပြန်တက်" ဟူရာ၌ "တကယ့်ကို ဖောက်ပြန်ရမည်"ဟု ပြလိုရင်းမဟုတ်, ဆန့်ကျင်ဘက်နှင့် မတွေ့သေး၍ မဖောက်ပြန်သေး သော်လည်း ဆန့်ကျင်ဘက်နှင့်တွေ့က မုချဖောက်ပြန်မည်ဖြစ်လျှင် "ဖောက်ပြန်တက်" ပင်တည်း၊ ရူပဘုံ၌ ရုပ်တို့လည်း ဆန့်ကျင်ဘက်အကြောင်းနှင့် ပေါင်းမိက ဖောက်ပြန်ကြမည်သာ၊ ဖောက်ပြန်ခြင်း သဘောကို မလွန်ဆန်နိုင်၊ ထို့ကြောင့် "ရုပ္ပတိ"ဟူသော ဝစနတ်အရ ရူပဘုံက ရုပ်များလည်း ရူပအမည် ရကြသည်သာ ဟုမှတ်ပါ။

နိဗ္ဗာနံ၏ ဝစနတ္ထ။ ။ဝါ နတော နိက္ခန္တန္တိ နိဗ္ဗာနံ၊ ဝါနတော-တဏှာမှ နိက္ခန္တံ-ထွက်မြောက်သောတရား တည်း၊ နိဗ္ဗာနံ-တဏှာမှ ထွက်မြောက်သောတရား၊ လောကီတရားကဲ့သို့ တဏှာ၏ အာရုံပြုကိုမခံရတော့ဘဲ တဏှာ၏ စက်ကွင်းမှ လွတ်ကင်းမှုကို "တဏှာမှ ထွက်မြောက်"ဟု ဆိုသည်။["နိ+ဝါန"ပုဒ်မှ ဝကို ဒွေဘော် ပြု, ဝနှစ်လုံးကို ဗနှစ်လုံးပြု၍ နိဗ္ဗာန ဟု ဖြစ်၏၊ သက္ကတ၌ နိရ်ဝါဏဟု ရှိသောကြောင့် "နိဗ္ဗာဏ"ဟုလည်း ရေးကြ၏။]

လောကုတ္တရစိတ်ကို နိဗ္ဗာန မဆိုရ။ ။တဏှာ၏ အာရုံအပြုကို မခံရသောကြောင့်"နိဗ္ဗာန"ဟုဆိုလျှင် လောကုတ္တရာစိတ် စေတသိက်များလည်း တဏှာ၏ အာရုံပြုကို မခံရသောကြောင့် "နိဗ္ဗာန" မည်သင့်သည် မဟုတ်လောဟု မေး၊ အဖြေကား–နိဗ္ဗာနသဒ္ဒါသည် တဏှာ၏ စက်ကွင်းမှရှင်းရှင်းကြီးလွတ်မြောက်ပြီးသော အသင်္ခတဓာတ်၌ ထင်ရှားသည့် အထင်ရုဠီသဒ္ဒါ ဖြစ်သောကြောင့် လောကုတ္တရာစိတ် စေတသိက်များကို နိဗ္ဗာနဟု မဆိုရ။

ချဲ့ဦးအံ့–လောကုတ္တရာစိတ်ကို တဏှာက အာရုံမပြုနိုင်ပါသော်လည်း ထိုစိတ်၏ တည်ရာ မဂ္ဂဋ္ဌ ဖလဋ္ဌပုဂ္ဂိုလ်များကိုကား တဏှာက အာရုံပြုလျက်ရှိသေး၏၊ ဥပ္ပလဝဏ် ရဟန္တာထေရီမ၌ နန္ဒလုလင် ဖျက်ဆီးပုံကို ထောက်ပါ၊ ဤသို့ တည်ရာပုဂ္ဂိုလ်က တဏှာ့စက်ကွင်းမှ မလွတ်ကင်းသောကြောင့် "တစ်နွယ်ငင် တစ်စင်ပါ" ဆိုသလို လောကုတ္တရာစိတ်ကိုလည်း တဏှာ့စက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်ပြီဟု မဆိုသာ၊ သို့အ တွက် လောကုတ္တရစိတ် စေတသိက်များ၌ နိဗ္ဗာနအမည် မရထိုက်။

သန္တတိလက္ခဏမစ္စုတ–ရသံ နိဗ္ဗာနအမတံ၊ အနိမိတ္တဥပဋ္ဌာနံ, ပဒဋ္ဌာနံ န လဗ္ဘတိ။

နိဗ္ဗာနအမတံ -နိဗ္ဗာန်ဟူသော အမြိုက်တရားတော်သည်၊ သန္တိလက္ခဏံ-ရုပ်နာမ်ခပ်သိမ်း,ချုပ်ငြိမ်းအေးမြခြင်း လက္ခဏာ ရှိ၏၊ အစ္စုတရသံ-ပင်ကိုယ်သဘောမှ မရွေ့လျောခြင်း သမ္ပတ္တိရသရှိ၏၊ အနိမိတ္တဥပဋ္ဌာနံ-အထည် ပုံဟန်, သဏ္ဌာန်နိမိတ်,အရိပ်အသွင် မရှိဟု ယောဂီတို့ဉာဏ်အား ထင်လာတက်၏၊ ပဒဋ္ဌာနံ-နီးကပ်သောအ ကြောင်းကို၊ န လဗ္ဘတိ-မရအပ်။

သန္တိလက္ခဏာ။ ။သုခသည် သန္တိသုခ ဝေဒယိတသုခဟု နှစ်မျိုးရှိ၏၊သန္တိသုခသည် ဝေဒယိတသုခကဲ့သို့ ခံစားရသော သုခမဟုတ်, တစ်စုံတစ်ခုကိုမျှ မခံစားရဘဲလျက် ငြိမ်သက်အေးမြသော သုခပေတည်း၊သန္တိသုခ သဘောကို ဥပသမာနုဿတိ၌ ရှုပါ။[အစ္စုတရသကား ထင်ရှားပြီ။]

ပစ္စုပဋ္ဌာန် ,ပဒဋ္ဌာန်။ ။စိတ် စေတသိက်များပင် ပုံသဏ္ဌာန်မထင်ရကား ထို့ထက်သိမ်မွေ့သော နိဗ္ဗာန်ဝယ် အဘယ်မှာ ပုံသဏ္ဌာန် ရှိတော့အံ့နည်း၊ ထို့ကြောင့် ယောဂီပုဂ္ဂိုလ်တို့ဉာဏ်တွင် ပုံသဏ္ဌာန်ဟူသော အရိပ်နိ မိတ် အသွင်အပြင် မရှိသောတရားဟု ထင်လာ၏၊ နိဗ္ဗာန်မှာ နီးကပ်သော ပဒဋ္ဌာန်အကြောင်းမရှိ, နိဗ္ဗာန် ကြောင့်သာ ကိလေသာတို့သည်လည်းကောင်း, ရုပ်နာမ်တို့သည်လည်းကောင်း အေးငြိမ်းကြရသည်၊ [နိဗ္ဗာန် ရဖို့ရန် ဝေးသောအကြောင်းများကား ပါရမီကုသိုလ်, ဝိပဿနာကုသိုလ်, မဂ်ဖိုလ်အားဖြင့် အများပင်ရှိနိုင်ပါသည်။]

နိဗ္ဗာနမိတိ သဗ္ဗထာ။ ။ထို၌ သဗ္ဗထာပုဒ်ကို စတုဓာ၌ အဘိန္နဝိသေသန အဖြစ်ဖြင့် စပ်၊ အလုံးစုံအပြား (အစွမ်းကုန်အပြား)အားဖြင့် "ပရမတ္ထတရား လေးပါးပြားသည်"ဟူလို၊ အချို့ကား သဗ္ဗထာကို ဝုတ္တာ၌ စပ်လို ကြ၏, စဉ်းစားကြပါ၊ ဤ"တတ္တ ဝုတ္တာဘိဓမ္မတ္ထာ" ဟူသော ဂါထာသည် ပရမတ္ထတရားလေးပါးကိုအကျဉ်းချုပ် သောကြောင့် ဥဒ္ဒေသဂါထာမည်၏၊ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟု ခေါင်းစဉ်မာတိကာကို ပြသောကြောင့် "မာတိကာဂါထာ"ဟုလည်း ခေါ်နိုင်ပါသည်။့

စိတ်ပိုင်းဘာသာဋီကာ

တတ္ထ စိတ္တံ တာဝ စတုဗ္ဗိဓံ ဟောတိ ကာမာဝစရံ ရူပါဝစရံ အရူပါဝစရံ လောကုတ္တရေဉ္စတိ။

" စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ သဗ္ဗထာ"ဟူသော ဥဒ္ဒေသစကားဝယ် စိတ္တံဟူသော ဥဒ္ဒေသ၏ နိဒ္ဒေသ ကို ပြတော်မူလိုသောကြောင့်"တတ္ထ စိတ္တံ တာဝ"စသည်ကို မိန့်သည်၊ ဤနိဒ္ဒေသနယ်ကား စိတ်ပိုင်းတစ်ပိုင်း လုံး "ဣတိ အဘိဓမ္မတ္ထ သင်္ဂဟေ စိတ္တသင်္ဂဟဝိဘာဂေါ နာမ" ဟူသော နိဂုံး၏ရှေ့က"ဧကဝီသသတံ ဗုဓာ" တိုင်အောင်တည်း၊ ထို့ကြောင့် "စိတ္တံသည် ဥဒ္ဒေသ, တတ္ထ စိတ္တံမှစ၍ စိတ်ပိုင်း တစ်ပိုင်းလုံးကား နိဒ္ဒေသ"ဟု မှတ်ပါ။

ကာမာဝစရ။ ။ကာမေ အဝစရတီတိ ကာမာဝစရံ၊ယံ-အကြင်စိတ်သည်၊ကာမေ-ကာမဘုံ၌၊အဝစရတိ- များသောအားဖြင့် ဖြစ်တက်၏၊ ဣတိ-ကြောင့်၊တံ-ထိုစိတ်သည်၊ ကာမာဝစရံ-ကာမာဝစရမည်၏၊"များသော အားဖြင့်" ဟူသည်ကား ကာမာဝစရစိတ်ဟူသော သဘောသည် တစ်မျိုးသာရှိ၏၊ ထိုစိတ်သည် လောဘမူ ပဌမအသင်္ခါရိကနာမည်, စက္ခုဝိညာဉ်နာမည် စသည်ဖြင့် အမျိုးမျိုး နာမည်ခံလျက် ကာမဘုံ၌ အဖြစ်များ၏၊ ရူပဘုံ၌ ဃာနဝိညာဉ် စသောနာမည်ဖြင့် တချို့မဖြစ်နိုင်၊ အရူပဘုံ၌ကား စက္ခုဝိညာဉ်စသော နာမည်ဖြင့် လည်းမဖြစ်နိုင်၊ ဤသို့ ကာမဘုံ၌ အဖြစ်များသောကြောင့် တဗ္ဗာဟုလ္လနည်းအားဖြင့် "ကာမာဝစရစိတ်" ဟု ခေါ်ရသည်-ဟူလို၊ ဤကာမာဝစရပုဒ်၌ အဋ္ဌကထာ ဋီကာတို့ကြံလုံးတွေ များစွာရှိသေး၏၊ကျယ်ဝန်းလှသော ကြောင့်လျစ်လျူရှုရတော့သည်၊ နောက်၌လည်း သဒ္ဒါနည်းဟူသမျှကို ချုံးနိုင်သမျှ ချုံးပြပါအံ့။

ရူပါဝစရ , အရူပါဝစရ။ ။ရူပဿ ဘဝေါ ရူပံ၊ ရူပဿ-ရုပ်၏၊ဘဝေါ-ဖြစ်ရာဘုံတည်း၊ရူပံ-ရုပ်၏ဖြစ်ရာဘုံ၊ "နာမ်ချည်းမက ရုပ်တရားပါ ဖြစ်ရာဘုံ"ဟူလို၊ ရူပဘဝဟု ဆိုလိုလျက် ဘဝဟူသော နောက်ပုဒ်ကို ချေ၍ "ရူပ"ဟု ဆိုထားသည်၊ရူပေ-ရူပဘုံ၌၊ အဝစရတိ-များသောအားဖြင့်ဖြစ်တက်၏၊ ဣတိ-ကြောင့်၊ ရူပဝစရံ-ရူပ ဝစရစိတ်မည်၏၊ ရူပကုသိုလ်ကြိယာများသည် ရူပဘုံ၌သာမက ကာမဘုံ၌လည်းဖြစ်သေး၏၊ သို့သော် ရူပ ဝိပါတ်ကား ရူပဘုံ၌သာဖြစ်သည်၊ ရုပ်မရှိသော(နာမ်တရားသာရှိသော)ဘုံဘဝကို "အရူပ"ဟု ခေါ်၏၏၊ အရူ ပေ-အရူပဘုံ၌၊အဝစရတိ-များသောအားဖြင့် ဖြစ်တက်၏၊ ဣတိ-ကြောင့်၊ အရူပါဝစရံ-အရူပဝစရစိတ်မည်၏၊ အရူပဝိပါတ်သည် အရူပဘုံ၌သာဖြစ်၏။

စိတ်လေးပါးခေါင်းစဉ်အဖွင့်

[စရတိ၌ စရဓာတ်သည် လှည့်လည်ခြင်းအနက်သာမက, ဖြစ်ခြင်းဟူသော ပဝတ္တနအနက်ကိုလည်း ဟော၏။]

လောကုတ္တရ။ ။လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော၊လုဇ္ဇတိ ပလုဇ္ဇတိ-ပျက်စီးတက်၏၊ဣတိ-ကြောင့်၊လော ကော-လောကမည်၏၊ သတ္တ, သင်္ခါရ, ဩကာသ ဟူသော လောကသုံးမျိုးတွင် သင်္ခါရလောကတည်း ၊သင်္ခါ ရလောကဟူသည်လည်း"ဥပါဒါနက္ခန္ဓာ"ဟု ခေါ်ရသော လောကီ ရုပ်နာမ်တရားများတည်း၊ ဥတ္တရီတိ ဥတ္တရံ၊ ဥတ္တရတိ-လွန်မြောက်ဆဲ၊ဣတိ-ကြောင့်၊ဥတ္တရံ-ဥတ္တရမည်၏၊ဤအလို လွန်မြောက်ဆဲဖြစ်သော မဂ်တရား ရ ၏၊ (တစ်နည်း) ဥတ္တိဏ္ဏံ-လွန်မြောက်ပြီး၊ ဣတိ-ကြောင့်၊ ဥတ္တရံ-ဥတ္တရမည်၏၊ ဤအလို လွန်မြောက်ပြီးသော ဖိုလ်တရားရ၏၊ လောကတော-ဥပါဒါနက္ခန္ဓာဟူသော သင်္ခါရလောကမှ၊ ဥတ္တရံ-လွန်မြောက်ဆဲ လွန်မြောက် ပြီးစိတ်တည်း၊ လောကုတ္တရံ-လောကမှလွန်မြောက်ဆဲ လွန်မြောက်ပြီးစိတ်။

မှတ်ချက်။ ။လုဇ္ဇတိ ပလုဇ္ဇတိကို "ဖြစ်တက် ပျက်တက်၏" ဟုလည်းကောင်း, ခဏဘင်အားဖြင့် ပျက် တက်,စုတိဘင်အားဖြင့် ပျက်တက်၏ ဟုလည်းကောင်း အနက်ဆိုကြသေး၏ ၊ထိုအနက်များကို"ပလုဇ္ဇနတာ ယာတိ ဗျာဓိအာဒိပကာရေဟိ ဘိဇ္ဇနတော" ဟူသော မဂ္ဂါ မဂ္ဂဉာဏဒဿနဝိသုဒ္ဓိမဂ် မဟာဋီကာဖြင့် ဆင် ခြင်ပါ။

တစ်နည်း။ ။လောကအရ သတ္တဝါအပေါင်းဟူသော သတ္တလောက, သတ္တဝါတို့နေရာ ဘုံဌာနဟူသော ဩကာသလောက, ရုပ်နာမ်သင်္ခါရဟူသော သင်္ခါရလောက ဤသုံးမျိုးလုံးကိုယူပါ၊ သောတာပတ္တိမဂ်သည် ပုထုဇဉ်အပေါင်းဟူသော သတ္တလောက, အပါယ်လေးဘုံဟူသော ဩကာသမှ လွတ်မြောက်၏၊ သကဒါဂါမိ မဂ်သည် သောတာပန်ပုဂ္ဂိုလ်အပေါင်းဟူသော သတ္တလောက,ကာဘုံတစ်စိတ်ဟူသော ဩကာသလောကမှ လွတ်မြောက်၏၊ [ကာမသုဂတိဘုံ၌ အထပ်ထပ် မဖြစ်ရ, တစ်ကြိမ်မျှသာ ဖြစ်ရတော့သဖြင့် "ကာမဘုံတစ် စိတ်မှလွတ်သည်"ဟု ဆိုသည်၊] အနာဂါမိမဂ်သည် သကဒါဂမ်ပုဂ္ဂိုလ်အပေါင်းဟူသော သတ္တလောက,ကာမ ဘုံဟူသောဩကာသမှ လွတ်မြောက်၏၊["အနာဂန္တာ ဣတ္တတ္တံ"အရ ကာမဘုံ၌ ပဋိသန္ဓေ မနေရတော့သ ဖြင့် ကာမလောကမှ လွတ်သည်ဟု ဆိုသည်] အရဟတ္တမဂ်သည် အနာဂါမ်ပုဂ္ဂိုလ်အပေါင်းဟူသော သတ္တ လောက, ရူပ အရူပဘုံဟူသော ဩကာသလောကမှ လွတ်မြောက်၏ ၊သတ္တ ဩကာသလောကတို့မှ လွတ်မြောက်လျှင် ဆိုင်ရာရုပ်နာမ်သင်္ခါရဟူသော သင်္ခါရလောကမှလည်း လွတ်မြောက်တော့၏၊ မဂ်တရား ကလွတ်မြောက်လျှင် ဖိုလ်တရားလည်း လွတ်မြောက်တော့သည်။

ခေါင်းစဉ်မာတိကာ။ ။ဤ"စိတ္တံ တာဝ စတုဗ္ဗိဓံ၊ပေ၊လောကုတ္တရေဉ္စတိ" ဟူသော စကားလည်း ဘုံလေး ပါးဖြင့်စိတ်ကို အကျဉ်းချုပ် ခွဲခြားပြသောဥဒ္ဒေသ(ခေါင်းစဉ်မာတိကာ)စကားပင် ဖြစ်သေး၏၊ ဤခေါင်းစဉ်အ တိုင်း ကာမာဝစရစိတ်(၅၄), ရူပစိတ် (၁၅) စသည်ဖြင့် အကျယ်ပြလိမ့်ဦးမည်။

•••••••••••••••

ကာမာဝစရစိတ်အကျယ်

တတ္ထ ကတမံ ကာမာဝစရံ

အနုသန္ဓေ။ ။"ကာမာဝစရံ ရူပါဝစရံ အရူပါဝစရံ လောကုတ္တရေဉ္စတိ " ဟူသောခေါင်းစဉ်မာတိကာအား လျော်စွာ ကာမာဝစရစိတ်ကို ရှေးဦးစွာ ချဲ့ပြလိုသောကြောင့် "တတ္တ ကတမံ ကာမာဝစရံ"ဟူသော ပါဌ်ကို မိန့်သည်။ [တတ္ထချီလျက်, စကားတက်မူ, မှတ်ယူ ဝိတ္တာရ။]

ပါပနှင့် အဟေတုကရှေ့ထား။ ။ကာမာဝစရစိတ်တွင်လည်း ကုသိုလ် အကုသိုလ် အဗျာကတအားဖြင့် သုံးမျိုးရှိသည်တွင် "ကုသလာ ဓမ္မာ အကုသလာ ဓမ္မာ အဗျာကတာ ဓမ္မာ"ဟူသော ဓမ္မသင်္ဂဏီပါဠိတော်နှင့် ညီစွာ ကုသိုလ်ကို ရှေးဦးစွာ ပြထိုက်သော်လည်း ကုသိုလ်သည် သောဘနတရားဖြစ်၍ မဟဂ္ဂုတ် လောကုတ္တ ရာ သောဘနများနှင့် ပေါင်းစပ်လျက်"သောဘနစိတ် တစ်ခုယုတ်ခြောက်ဆယ်" ဟု ရေတွက်၍ လွယ်ကူစေ ခြင်းငှာ ကုသိုလ်ကို နောက်ထားလျက် ပါပနှင့် အဟေတုကကို ရှေးဦးစွာ ပြသည်။

လောဘမူလကို ရှေ့ထား။ ။ပါပနှင့် အဟေတုကတွင်လည်း အဟေတုကသည် အဗျာကတဖြစ်၍ ကုသိုလ် အကုသိုလ်တို့၏ နောက်လိုက်ဖြစ်သောကြောင့်လည်းကောင်း, ဟိတ်နှင့် လုံးဝမယှဉ်သောကြောင့် လည်းကောင်း ပါပမည်သော အကုသိုလ်ကို ရှေးဦးစွာပြသည်၊ ပါပစိတ်တွင်လည်း ပဋိသန္ဓေနေသူတိုင်း၌ တစ်ဘဝဝယ် ဘဝနိကန္တိက(ဘဝကို နှစ်သက်သော)လောဘဇောက ရှေးဦးစွာဖြစ်ခြင်း, အဝိဇ္ဇာ, တဏှာဟူ သော မောဟ လောဘနှင့် ယှဉ်ရသဖြင့် ဝဋ္ဋမူလ(ဝဋ်ဘဝ၏ အခြေမြစ်)ဖြစ်ခြင်းကြောင့် လောဘမူစိတ်ကို ရှေးဦးစွာ ပြသည်၊ ထို့နောက် ဟိတ်နှစ်ပါးချင်း အယှဉ်တူ၍ ဒေါသမူစိတ်ကိုလည်းကောင်း, ဟိတ်တစ်ပါးနှင့် သာ ယှဉ်သောကြောင့် မောဟမူစိတ်ကိုလည်းကောင်း ရှေ့နောက်ဆက်၍ ပြသည်။

လောဘမူစိတ်အဖွင့်

သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံ, သောမနဿသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ ၊ပေ၊ ဥပေက္ခာသဟဂတံ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံတိ ဣမာနိ အဋ္ဌပိ လောဘသဟဂတစိတ္တာနိ နာမ။

သောမနဿသဟဂတံ။ ။သုန္ဒရံ-ကောင်းသော၊ မနော-စိတ်တည်း၊ သုမနော-ကောင်းသောစိတ်၊ သုမ နဿ-ကောင်းသောစိတ်၏၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာ ဝေဒနာတည်း၊ သောမနဿံ-ကောင်းသောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ ဝေဒနာ၊ "ကောင်းသောစိတ်"ဟူရာ၌ "အကောင်း"ဟူသည် ပညာရှိတို့ချီး မွမ်းဖွယ်ရာ အပြစ်အနာမရှိသော အကောင်းမဟုတ်, သာယာဖွယ်ကောင်းသည့် အကောင်းတည်း၊ ဤစကား မှန်၏... လောက၌ အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သာယာဖွယ်ဟူသမျှကို "အကောင်း" ဟုသမုတ်ကြ၏၊သုမန ၌ သုသဒ္ဒါလည်း သောမနဿဝေဒနာကို ပြ၏၊ ထိုသောမနဿဝေဒနာကို တစ်လောကလုံးက သာယာကြသည်၊ မိမိ သန္တာန်၌ သောမနဿ ဖြစ်ဖို့ရာ သောမနဿ၏ အဆောက်အဦးအာရုံတွေကို စုံစုံမက်မက် ရှာ ကြ၏၊ ထို့ကြောင့် ကုသိုလ်အရာဖြစ်စေ အကုသိုလ်အရာဖြစ်စေ သောမနဿဝေဒနာကို "သာတံ-သာယာ ဖွယ်သဘော၊ သုခံ-ချမ်းသာစေတက်သောသဘော"ဟု ဟောတော်မူသည်။

သဟဂတံ။ ။"အာရမဏေ စ သံသဋ္ဌေ, ဝေါကိဏ္ဏေ နိဿယေ တထာ၊ တဗ္ဘာဝေ စာပျဘိဓေယျ-လိင်္ဂေါ သဟဂတော ဘဝေ"ဟူသော အဘိဓာန်လာ သဟဂတသဒ္ဒါ၏ အနက်များစွာတို့တွင် ဤနေရာ၌ သဟဂတ သဒ္ဒါသည် ရောနှောခြင်းဟူသော သံသဋ္ဌအနက်ဟောတည်း၊ ထင်ရှားစေအံ့–သမုဒ္ဒရာအဝ၌ ဂင်္ဂါနှင့်ယမုံနာ မြစ်တို့ ရောနှောမိကြရာ,"ဤရေသည် ဂင်္ဂါရေ, ဤရေကား ယမုံနာရေ"ဟု ခွဲခြား၍မရအောင် ရောနှောမိကြ သံသဋ္ဌဖြစ်ကြသကဲ့သို့, ထို့အတူ သောမနဿဝေဒနာနှင့်စိတ်တို့ အတူတကွဖြစ်ရာ၌လည်း" ဤသဘောသည်စိတ်, ဤသဘောသည်ကား သောမနဿဝေဒနာ"ဟု ခွဲခြားမရအောင် ရောနှောမိကြ, သံသဋ္ဌဖြစ်ကြသည်၊ သောမနေဿ+သဟဂတံ သောမနဿသဟဂတံ။

ဒိဠိဂတ။ ။ဒိဋ္ဌိပုဒ်၏အနက်ကို စေတသိက်ပိုင်းကျမှ ဖွင့်ပြအံ့၊ ဂတသဒ္ဒါကား အနက်သီးခြားမရှိ,ဒိဋ္ဌိသဒ္ဒါ ၏ အနက်ကိုပင် တွဲဖက်ဟောသောတဗ္ဘာဝသဒ္ဒါတည်း၊

ဤတဗ္ဘာဝအဓိပ္ပာယ်ကို ဆိုင်ရာသဒ္ဒါကျမ်း၌ ရှုပါ၊"ဒိဋ္ဌိယေဝ ဒိဋ္ဌိဂတံ"ဟု ဤတဗ္ဘာဝဝုတ္တိကမ္မဓာရည်းဝိဂြိုဟ် ပြု၊ ဒိဋ္ဌိယေဝ-မိစ္ဆာအယူသည်ပင်၊ ဒိဋ္ဌိဂတံ-ဒိဋ္ဌိဂတမည်၏။

သမ္ပယုတ္တံ။ ။သမ္ပယုတ္တံ၌ သံဟူသော ဥပသာရပုဒ်သည် အညီအမျှ(သမ)ဟူသောအနက်ကို ဟော၏၊ ပ-ဥပသာရပုဒ်ကား"အပြား"ဟူသော(ပကာရ)အနက်ကို ဟော၏၊"အပြား"ဟူသည် ဧကုပ္ပာဒတာစသောအား ဖြင့် ပြားသော သမ္ပယောဂလက္ခဏာလေးပါးပင်တည်း၊ထို့ကြောင့် ဋီကာတို့၌"သမံ-အညီအမျှ၊ ဧကုပ္ပာဒတာဒိ ပ္ပကာရေတိ-ဧကုပ္ပာဒတော အစရှိသော အပြားတို့ဖြင့်၊ ယုတ္တံ-ယှဉ်သောစိတ်တည်း"ဟု ဖွင့်ကြသည်၊ ဒိဠိဂ တေန+သမ္ပယုတ္တံ ဒိဠိဂတသမ္ပယုတ္တံ။ [သံ၏ အတွက် သမဟူသောအနက်၏ အဓိပ္ပာယ်ကို သမ္ပယုတ္တ ပစ္စည်း၌ ပြထား၏။]

ဒိဠိဂတဝိပ္ပယုတ္တံ။ ။ဤပုဒ်၌ ဝိသဒ္ဒါသည် ပဋိသေဓ(တားမြစ်ခြင်း)အနက်ရှိ၏၊ န သဒ္ဒါနှင့် အနက်တူဟု ဆိုလိုသည်၊ ပသည် အပြားဟူသော ပကာရအနက် ဟောတည်း၊ ထို့ကြောင့် "န+ပယုတ္တံ၊ ဝိပ္ပယုတ္တံ ၊ ပ+ ယုတ္တံ-ဧကုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့်+ယှဉ်သောစိတ်သည်း၊ န-မဟုတ်၊ ဝိပ္ပယုတ္တံ-အပြားတို့နှင့် ယှဉ်သောစိတ် မဟုတ်, "မယှဉ်သောစိတ်"ဟူလို၊ ဒိဠိဂတေန+ဝိပ္ပယုတ္တံ ဒိဠိဂတဝိပ္ပယုတ္တံ။"

သင်္ခါရ။ ။အသင်္ခါရိက သသင်္ခါရိက၌ ရှေးဦးစွာ သင်္ခါရကို နားလည်သင့်၏၊ သင်္ခရောတိ-ပြုစီမံတက်၏၊ ဣတိ-ကြောင့်၊ သင်္ခါရော-သင်္ခါရမည်၏၊ ဤသင်္ခါရကို အဋ္ဌကထာတို့၌"ပယောဂ, ဥပါယ"ဟု ဖွင့်၏၊ "ပယော ဂ"ဟူသည် မိမိ၏ စိတ်ကိုထက်မြက်အောင် မိမိကိုယ်တိုင် ပြုပြင်မှုဟူသော ကာယပယောဂ ဝစီပယောဂ တည်း၊ ဥပါယသဒ္ဒါသည် အကြောင်းဟူသော အနက်ကို ဟော၏၊ "စိတ်ဖြစ်ခြင်း၏ ထိုထိုအကြောင်း" ဟူလို၊ ဤဥပါယကား ထိုထိုကိစ္စကိုမပြုခြင်းကြောင့် ရရှိမည့် အကျိုးအပြစ်ကို ဆင်ခြင်မှုဟူသောမိမိ၏ မနောပ ယောဂနှင့် ဆရာ မိဘ စသူတို့က ကိုယ် နှုတ်တို့ဖြင့် တိုက်တွန်းမှုဟူသော ကာယပယောဂ ဝစီပယောဂ တည်း၊ထို့ကြောင့် မိမိ၏ ကာယပယောဂ ဝစီပယောဂ မနောပယောဂနှင့် သူတစ်ပါး၏ ကာယပယောဂ ဝစီ ပယောဂများကို ဤအရာ၌"သင်္ခါရ" ခေါ်သည်ဟု မှတ်ပါ၊ ချဲ့ဦးအံ့–

သူတစ်ပါးပယောဂ။ ။ဥပုသ်နေ့၌ သူငယ်တစ်ယောက်သည် ဥပုသ်မစောင့်လိုဘဲ တွန့်ဆုတ်သောစိတ် ဖြစ်နေ၏၊ ထိုအခါ ဆရာ, သို့မဟုတ် မိဘ-သူငယ်ချင်းစသူ တစ်ဦးဦးက ဥပုသ်စောင့်ဖို့ရန် ခပ်ကြမ်းကြမ်း ငေါက်ငန်းစေခိုင်း၏၊ သို့မဟုတ်

မစောင့်လျှင် အပြစ်,စောင့်လျှင် အကျိုးရဖို့ကို ညွှန်ပြတိုက်တွန်း၏၊ ထိုကဲ့သို့ စေခိုင်း တိုက်တွန်းရာ၌ မေးထိုး ၍ လက်ပြ၍ခိုင်းလျှင် ကာယပယောဂ(ကိုယ်အမူအရာ)တည်း၊ နှုတ်ဖြင့်ပြောဆို၍ ခိုင်းလျှင် ဝစီပယောဂ (နှုတ်အမူရာ) တည်း၊ သူတစ်ပါးတို့၏ ထိုကာယပယောဂ ဝစီပယောဂသည် ဥပုလ်စောင့်ဖို့ ကိစ္စကို စီမံ တတ်သောကြောင့် "သင်္ခါရ"မည်၏။

မိမိပယောဂ။ ။တစ်ယောက်သောပုဂ္ဂိုလ်အား နံနက်စောစော အိပ်ရာမှထ၍ ဘုရားဝတ်ပြုသွားရန် တွန့်ဆုတ်နေ၏၊ ထိုအခါ ဘုရားဝတ်ပြုမလာလျှင် ဒဏ်ထမ်းရမည်ကိုလည်း တွေးမိ၏, သို့မဟုတ် သူများအ ပြစ်တင်မည်ကိုလည်း တွေးမိ၏၊ထိုတွေးမှုကြောင့် ဘုရားဝတ်ပြုသွား၏၊ဤသို့ မိမိကိုယ်တိုင် တွေးမှုဟူသော မနောပယောဂလည်း သင်္ခါရပင်တည်း၊ လောကီ လောကုတ္တရာ တိုးတက်ရေးကိစ္စဝယ် တွန့်ဆုတ်နေရာ၌ အားတက်ဖွယ်ကောင်းသော ပျို့ကဗျာ ဂါထာများကိုရွတ်ဆိုမှု, စိတ်ထက်သန်အောင် လက်သီးလက်ရုံးတန်း လျက် လမ်းလျှေက်မှုဟူသော ကာယပယောဂ ဝစီပယောဂများလည်း မဖြစ်သေးသောကိစ္စကို ဖြစ်ပေါ်လာ အောင် ပြုစီမံတက်သော သင်္ခါရပင်တည်း။ [ထိုထိုကိစ္စကို ဆိုင်ရာစိတ်ဖြင့်ပြုရသောကြောင့် "ကိစ္စကိုပြုစီမံ" ဟု ဆိုလိုက်သည်၊ စင်စစ်မှာ ထိုကိစ္စကို ပြုလုပ်ကြောင်းဖြစ်သော စိတ်ကို ပြုစီမံခြင်းပင်တည်း။]

[ ဆောင်] တစ်စုံတစ်ခု,ကိစ္စမှုကို,မပြုလို၍, တွန့်တိုဆုတ်နစ်,စိတ်ဖြစ်သောခါ,ဆရာမိဘ,ဟူသမျှတို့, ကာယ ဝစီ, ဤနှစ်လီဖြင့်, ထိုဤခိုင်းစေ, ငေါက်ငန်းလေတည့်၊ တစ်ထွေတိုက်တွန်း, ကျိုးပြစ်ညွှန်းလျက်, မေးထိုးလက်ပြ,ပယောဂနှင့်,တက်ကြွဖွယ်ရာ,ကိုယ့်ဘာသာလည်း,ကောင်းစွာကျိုးပြစ်,ကြံစိစစ်၍, အာသစ်ဖွယ်မျှို့,ဂါထာပျို့ကို, ရွတ်လို့တစ်ခန်း,လက်ရုံးတန်းလျက်, လမ်းလျှောက်မှု, အစုစုသည်, မှတ်ရှုသင်္ခါရချည်းတည်း။

အသင်္ခါရိကစိတ်။ ။စိတ်တစ်ခုဖြစ်ဖို့ရန် ဧကန်ရှိရမည့် အကြောင်းကား အာရုံတည်း၊အာရုံမရှိလျှင် မည်သည့်စိတ်မျှ မဖြစ်နိုင်၊ အရောင်အလင်းဟူသော အာလောက, နှလုံးသွင်းဆင်ခြင်မှုဟူသော မနသိကာရ စသော အချို့စိတ်နှင့် သက်ဆိုင်သော အကြောင်းများလည်း ရှိသေး၏၊ ပြခဲ့သော သင်္ခါရအကူအညီ မပါဘဲ ထိုရိုးရာအကြောင်းကြောင့် ဖြစ်သောစိတ်သည် အသင်္ခါရိကစိတ်တည်း၊ ဥပမာ–ဥပုသ်စောင့်ချိန်ကျလျှင် မည်သူမျှ မတိုက်တွန်းရ,မိမိ အလိုအလျောက်(မတွန့်ဆုတ်ဘဲ)ဥပုလ်စောင့်တဲ့စိတ်မျိုးတည်း၊နတ္ထိ+သင်္ခါရော ယဿာတိ အသင်္ခါရော ,အသင်္ခါရေန+ဥပ္ပန္နံ အသင်္ခါရိကံ၊ ယဿ-အကြင်အာရုံစသော အကြောင်းအပေါင်း ၏၊ သင်္ခါရော-သင်္ခါရအကူအညီသည်၊ နတ္ထိ-မရှိ၊ ဣတိ-

ထို့ကြောင့်၊ သော-ထိုအာရုံစသော အကြောင်းအပေါင်းသည်၊ အသင်္ခါရော-အသင်္ခါရမည်၏၊ အသင်္ခါရေန- သင်္ခါရမရှိသောအကြောင်းအပေါင်းကြောင့်၊ ဥပ္ပန္နံ-ဖြစ်သောစိတ်တည်း၊ အသင်္ခါရိကံ-သင်္ခါရမရှိသောအ ကြောင်းအပေါင်းကြောင့်ဖြစ်သောစိတ်။

သသင်္ခါရိကစိတ်။ ။မကျန်းမမာခြင်း, ထိန မိဒ္ဓနှင့် ပျင်းရိမှုဟူသော ကောသဇ္ဇ စသည်တို့၏ လွမ်းမိုးခြင်း ကြောင့် ထိုရိုးရာအကြောင်းများသည် ဥပုသ်စောင့်မှုစသော ကိစ္စကို ဖြစ်အောင် မတက်နိုင်၊ ပြအပ်ခဲ့သော သင်္ခါရတစ်ခုခု အကူအညီရမှသာ(စေခိုင်း တိုက်တွန်းမှသာ)ဖြစ်စေနိုင်၏၊ ထိုသို့ သင်္ခါရအကူအညီပါသောအ ကြောင်းများကြောင့် ဖြစ်သောစိတ်သည် သသင်္ခါရိကစိတ် မည်၏၊ သဟ+သင်္ခါရေန ယော ဝတ္တတီတိ သသင်္ခါရော၊ သသင်္ခါရေန+ဥပ္ပန္နံ သသင်္ခါရိကံ၊ယော-အကြင် အကြောင်းအပေါင်းသည်၊သင်္ခါရေန-သင်္ခါရနှင့်၊ သဟ-တကွ၊ ဝတ္တတိ-ဖြစ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအကြောင်းအပေါင်းသည်၊ သသင်္ခါရော-သသင်္ခါရိ မည်၏၊သသင်္ခါရေန-သင်္ခါရနှင့်တကွဖြစ်သောအကြောင်းအပေါင်းကြောင့်၊ဥပ္ပန္နံ-ဖြစ်သောစိတ်တည်း၊ သသင်္ခါ ရိကံ-သင်္ခါရနှင့်တကွဖြစ်သော အကြောင်းအပေါင်းကြောင့်ဖြစ်သောစိတ်၊ ဤကား ဓမ္မသင်္ဂဏီ (စိတ္တုပ္ပာဒ ကဏ္ဍ ဒုတိယ မဟာကုသိုလ်စိတ်) ပါဠိတော်နှင့် အဋ္ဌသာလီနိအဖွင့်ကို မှီ၍ ပြအပ်သော အဓိပ္ပာယ်တည်း၊ ဤနည်း၌ "သသင်္ခါရ, အသင်္ခါရ"အရ စိတ်မရသေးဘဲ, အာရုံစသော အကြောင်းအပေါင်းကိုသာ ရသည်ကို သတိပြုခဲ့ပါ။

ဋီကာကျော်ဝါဒ။ ။ရှေးရိုက်စာအုပ်၌ "ဋီကာကျော် "ဟု ခေါ်အပ်သော အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ၏ ဝါဒ ကို ဤနေရာ၌ပြထား၏၊ ယခုအခါ ဋီကာကျော်နိဿယကို ရေးသားပြီးဖြစ်သောကြောင့် ထိုအဓိပ္ပာယ်များကို ထိုဋီကာကျော် နိဿယ၌ ရှုပါ။

ဥပေက္ခာသဟဂတံ။ ။[ဥပေက္ခာ=ဥပ+ဣက္ခာ၊] ဥပဟူသော ဥပသာရပုဒ်သည် ဥပပတ္တိအနက်ကို ဟော၏၊ ဥပပတ္တိသဒ္ဒါကား ယုတ္တိ (အသင့်အတင့်) အနက်ဟောတည်း၊ ဣက္ခဓာတ်ကား အနုဘဝန (ခံစား ခြင်း) အနက်ဟောတည်း၊ ဥပပတ္တိတော(ယုတ္တိတော)ဣက္ခတိ အနုဘဝတီတိ ဥပေက္ခာ၊ ဥပပတ္တိတော ယုတ္တိတော-သင့်ရုံ တော်ရုံအားဖြင့်၊ ဣက္ခတိ အနုဘာဝတိ-အာရုံကိုခံစားတက်၏၊ ဣတိ-ကြောင့်၊ ဥပေက္ခာ- ဥပေက္ခာဝေဒနာမည်၏၊ သုခ ဒုက္ခ ဝေဒနာတို့သည် အာရုံကို လွန်လွန်ကဲကဲ ခံစားကြ၏၊ ဤဥပေက္ခာကား သင့်ရုံ တော်ရုံသာ ခံစားသည်၊ ထို့ကြောင့် ဥပေက္ခာ၏ ခံစားပုံကို အထင်အရှား မသိနိုင်ကြ။

တစ်နည်း။ ။သုခဟုက္ခာနံ-သုခ ဒုက္ခဝေဒနာတို့အား၊ ဝါ-တို့နှင့်၊ ဥပေတာ ယုတ္တာ-သင့်တော်သော၊ဣက္ခာအနုဘာဝနံ -ခံစားခြင်းသည်၊ဥပေက္ခာ-ဥပေက္ခာမည်၏၊ သုခနှင့်ဒုက္ခဝေဒနာသည် အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်၏၊ထို့ကြောင့် သုခ၏အခြားမဲ့၌ ဒုက္ခမဖြစ်,ဒုက္ခ၏အခြားမဲ့၌လည်းသုခမဖြစ်နိုင်၊ဥပေက္ခာကားနှစ်ပါးလုံးနှင့် သင့်၏၊ ထို့ကြောင့် ဒေါသဇောနောင် ဥပေက္ခာတဒါရုံ, သောမနဿဇောနောင် ဥပေက္ခာတဒါရုံ ကျနိုင်သည့် ပြင် ဥပေက္ခာသဟဂုတ်ဖြစ်သော အာဝဇ္ဇန်းနောင် သောမနဿဇော ဒေါသဇောတို့ စောနိုင်ကြသည်၊ ဥပေက္ခာယ+သဟဂတံ ဥပေက္ခာသဟဂတံ။

ဝိသေသနကူမရပုံ။ ။သောမနဿသဟဂတံ ဒိဠိဂတသမ္ပယုတ္တံ အသင်္ခါရိကံပုဒ်တို့သည် ဧကံကိုအထူး ပြုသော ဝိသေသနပုဒ်တို့တည်း၊ လောဘမူစိတ်၌ ဖဿ စသောအားဖြင့် စေတသိက် (၂၂)ပါး ယှဉ်ပါလျက် အဘယ့်ကြောင့် ဖဿစသောစေတသိက်တို့ဖြင့် ဝိသေသနမပြုဘဲ ဝေဒနာစသည် ဖြင့်လည်းကောင်း,ယှဉ်ဖက်စေတသိက်များတွင် မပါဝင်သော သင်္ခါရဖြင့်လည်းကောင်း ဝိသေသန ကူမရပါသနည်းဟု မေး၊ အဖြေကား-ဖဿစသည်တို့က စိတ်ချင်းကွဲအောင် မပြုနိုင်သောကြောင့် ဝေဒနာ ဒိဠိ သင်္ခါရတို့ဖြင့်သာ ဝိသေသန ကူမရသည်။

ချဲ့ဦးအံ့ –ဝိသေသနပုဒ်မတို့မည်သည် အများနှင့်ဆက်ဆံ၍ သာမန်ဖြစ်နေသောအနက်ကို ကွဲပြားအောင် ပြုနိုင်မှသာ ဝိသေသန ကူမရကျိုးရှိသည်၊ဖဿစေတသိက်ဖြင့် အထူးပြုလျက်"ဖဿသဟဂတံ"ဟု ဆိုလျှင် ဖဿကစိတ်အားလုံးနှင့် ယှဉ်သည့်အတွက် စိတ်ချင်းကွဲပြားအောင် မပြုနိုင်၊ "သညာသဟဂတံ,ဝိတက္ကသဟ ဂတံ,မောဟသဟဂတံ" ဟု တစ်ခုခုကို ဆိုပြန်လျှင်လည်း လိုရာစိတ်ကို မရနိုင်သေး၊ ဤသို့ ဖဿစသည်ဖြင့် ဝိသေသနကူမ၍ လိုရာစိတ်ကို မရနိုင်သောကြောင့် ဖဿစသည်ဖြင့် ဝိသေသန မပြုထိုက် ၊ ဝေဒနာကား သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာ ငါးမျိုးပြားသောကြောင့် "သောမနဿသဟဂတံ"ဟု ဆိုလျှင် ဒေါမနဿသဟဂုတ်စသော အခြားစိတ်များနှင့် ကွဲပြားတော့၏၊ ဒိဠိဂတသမ္ပယုတ္တံဟု တစ်ဖန် တွန့်လိုက်သည့်အတွက် ဒိဠိဂတဝိပ္ပယုတ်စိတ်များနှင့် ခြားနားလျက် ရှိချေပြီ၊ ထိုသောမနဿသဟဂုတ် ဒိဠိဂတသပ္ပ ယုတ်စိတ်သည် အချို့မှာ တိုက်တွန်းမှု သင်္ခါရကြောင့်ဖြစ်၍ အချို့မှာ တိုက်တွန်းမှုသင်္ခါရ မပါဘဲ ဖြစ်၏၊ ထို့ ကြောင့် ထိုနှစ်မျိုးကိုခြားနားစေခြင်းငှာ အသင်္ခါရိကံ သသင်္ခါရိကံဟု ထပ်မံ၍ အထူးပြုရပြန်သည်။ [ဆောင်] ဖဿ သဟ-ဂတံ စသည်ဖြင့်,ကူမ-ပချေ,များဝိသေကြောင့်,စိတ်နေခြားကာ,မပြားလာဘဲ၊ဝေဒနာ

-ဒိဋ္ဌိ,အစရှိသား,များဘိသင်္ခါ,ယင်းတို့တာမူ,ခြားကာစိတ်နေ,ပြားလာလေ၍၊ဝိသေသန,ယင်းတို့ပြ လျက်,မ-ရန်သင့်လျော်,အခွင့်တော်သည်,ချင့်မြော်နိုင်ကြစေ ခလို။

အမှာ။ ။"ဒိဋ္ဌိဂတသမ္ပယုတ္တံ ပဋိဃသမ္ပယုတ္တံ"စသည်ဖြင့် သမ္ပယုတ္တံနှင့်တွဲဖက်တရားတို့က ဒိဋ္ဌိ,ပဋိဃ, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ, ဉာဏ်အားဖြင့် များသည်ကို ရည်ရွယ်၍ "ဒိဋ္ဌိ, အစရှိသား များဘိ"ဟု ဆိုသည်။

သပ္ပီတိကံ စသည်လည်း မဆိုသင့်။ ။ပြခဲ့သောအဖြေအရဆိုလျှင် ပီတိ မာနနှင့် ထိနမိဒ္ဓတို့လည်း အချို့ စိတ်၌သာ ယှဉ်၍ အချို့စိတ်၌ မယှဉ်သောကြောင့် "သပ္ပီတိကံ-ပီတိရှိသော၊ နိပ္ပီတိကံ-ပီတိမရှိသော"စသည် ဖြင့်လည်းကောင်း "မာနသမ္ပယုတ္တံ, မာနဝိပ္ပယုတ္တံ"စသည်ဖြင့်လည်းကောင်း ဝိသေသနပြုသင့်သည် မဟုတ် ပါလောဟု မေးဖွယ်ရှိပြန်၏၊အဖြေကား-ပီတိသည် အချို့အရာ၌ သောမနဿနှင့်အလားတူဖြစ်၍"သပ္ပီတိကံ ဆိုလျှင် သောမနဿသဟဂတံကဲ့သို့ သင့်လျော်ရန် ရှိသော်လည်း "နိပ္ပီတိကံ"ဟု ဆိုရာ၌ စတုတ္ထစျာန်စိတ် သုခသဟဂုတ် ကာယဝိညာဉ်စိတ်များပါ နိပ္ပီတိက ဖြစ်နေသောကြောင့် "ဥပေက္ခာသဟဂတံ"ဟု ဆိုရသ လောက် အရာမရောက်နိုင်၊ မာနနှင့် ထိန မိဒ္ဓတို့ကား တစ်ခါတစ်ရံသာယှဉ်သော အနိယတယောဂီစေတ သိက်များ ဖြစ်သောကြောင့် ဝိသေသနအဖြစ်ဖြင့် အသုံးပြုရန် မလျော်ကန်ချေ၊ ထို့ကြောင့် သပ္ပီတိကံမာန သမ္ပယုတ္တံစသော ဝိသေသနတို့ကို မပြုသင့်တောပြီ။

အမှာ။ ။ဤအရာဝယ် သောမနဿ,ဥပေက္ခာ,ဒိဋ္ဌိ,အသင်္ခါရိက,သသင်္ခါရိကတို့၏ ဖြစ်ဖို့ အကြောင်းတို့ကို ဆောင်ပုဒ်နှင့်တကွ အကျယ်ပြဦးအံ့။

သောမနဿဖြစ်ကြောင်း။ ။၁-သဘာဝဣဋ္ဌာရုံ, ပရိကပ္ပဣဋ္ဌာရုံဟု ဣဋ္ဌာရုံနှစ်မျိုးရှိ၏၊ ထိုနှစ်ပါးတွင် တစ်ပါးပါးနှင့် တွေ့ကြုံရခြင်း, ၂-သောမနဿသဟဂုတ်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း, ၃-စိတ်နေစိတ်ထား မလေးနက်ခြင်း ဤသုံးပါးသည် သောမနဿ သဟဂုတ်စိတ်ဖြစ်ခြင်း၏ အကြောင်းတည်း။

ချဲ့ဦးအံ့ –(၁)အလတ်တန်းစားလူတို့ နှစ်သက်အပ်သောအာရုံကို သဘာဝဣဋ္ဌာရုံ(ရိုးရာဣဋ္ဌာရုံ)ဟု ခေါ်၏၊ အများအကြိုက်အားဖြင့် ဣဋ္ဌာရုံဟု မဆိုထိုက်သော်လည်း "ကိုယ်ထင်လျှင်,ကုတင်ရွှေနန်း"ဆိုသည့်အတိုင်း တစ်စုံတစ်ယောက်၏ စိတ်ထဲ၌ ဣဋ္ဌာရုံဟု ထင်မှတ်လောက်သော အနိဋ္ဌာရုံသည် ပရိကပ္ပဣဋ္ဌာရုံမည်၏၊ ဥပမာ–မစင် ခွေးကောင်ပုပ်၌ ခွေး လင်းတတို့၏ ဣဋ္ဌ ထင်နေပုံမျိုးတည်း၊

ဤသို့ သဘာဝဣဋ္ဌဖြစ်စေ, ပရိကပ္ပဣဋ္ဌဖြစ်စေ ဣဋ္ဌာရုံတစ်ခုခုနှင့် တွေ့ကြုံလျှင် သောမနဿ ဖြစ်တက်၏။

( ၂) သောမနဿစိတ်နှင့် ပဋိသန္ဓေနေခဲ့သူ၌ ပဋိသန္ဓေမျိုးစေ့ကပင် သောမနဿဖြစ်ခဲ့သောကြောင့် နောက် နောက်အခါလည်း ဥပေက္ခာ ဖြစ်လောက်သည့် အာရုံမှာပင် သောမနဿစိတ် ဖြစ်တက်ပေသည်။ [ဆရာတို့ ကား "သောမနဿနှင့် ပဋိသန္ဓေ နေလာသူ၌ ဘဝင်ကျသည့်အခါလည်း သောမနဿဘဝင်တွေသာ ဖြစ်ရ ကား တစ်သန္တာန်လုံး သောမနဿအထုံ ရနေ၏၊ထို့ကြောင့်သူတစ်ပါးတို့ ဥပေက္ခာဖြစ်လောက်သော အာရုံ၌ ထိုသူမှာ သောမနဿ ဖြစ်တက်သည်" ဟု အဓိပ္ပာယ် ပြောကြ၏။]

( ၃) ထို့ပြင် စိတ်နေသဘောထား မလေးနက်သူသည် မည်သည့်အရာ၌မဆို သဘောကျ ဝမ်းမြောက်လွယ် သောကြောင့် အတော်အတန်အာရုံကိုပင် ခုံမင်နှစ်သက်တက် ဝမ်းမြောက်တက်၏၊ ထို့ကြောင့် ဤပြအပ် ခဲ့သော အကြောင်းသုံးပါးသည် သောမနဿဖြစ်ခြင်း၏ အကြောင်းများတည်း။

မှတ်ချက်။ ။ဤသုံးပါးစုံမှ သောမနဿဖြစ်သည်ဟု မမှတ်ရ၊ဤသုံးပါးတွင်တစ်ပါးပါးရှိလျှင် သောမနဿ ဖြစ်တက်သည်ဟု မှတ်ပါ၊ ဤအကြောင်းအားလုံးသည် ပရမတ္ထသဘာဝကဲ့သို့ သောမနဿကို မုချဖြစ်စေနိုင်သည်ဟုလည်း မမှတ်ရ၊ ဖြစ်တက်သည်ကို ရည်ရွယ်၍ ပြအပ်သော အကြောင်းများဟုသာ မှတ်ပါ၊ နောက် နောက်လည်း ဤနည်းပင်။

[ဆောင်] သဘာဝ-ပရိကပ်,နှစ်ဣဋ္ဌာပ်နှင့်, သောမနသ်မည်,သန္ဓေတည်လျက်, မလေးနက်ငြား,သဘော ထား,သုံးပါး သောမန ဖြစ်ကြောင်းတည်း။

ဥပေက္ခာဖြစ်ကြောင်း။ ။[လွန်လွန်ကဲကဲ အလိုရှိအပ်သောအာရုံကို"အတိဣဋ္ဌာရုံ"ဟု ခေါ်၏၊တော်ရုံတန် ရုံ အလိုရှိအပ်သော အာရုံကို "ဣဋ္ဌမဇ္ဈတ္တာရုံ(အလတ်စား ဣဋ္ဌာရုံ)"ဟု ခေါ်၏၊] ၁-ဣဋ္ဌမဇ္ဈတ္တာရုံနှင့်တွေ့ကြုံ ရခြင်း,၂-ဥပေက္ခာသဟဂုတ်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့ခြင်း, ၃-စိတ်သဘောထား လေးနက်ခြင်း ဤသုံးပါးသည် ဥပေက္ခာသဟဂုတ်စိတ် ဖြစ်ခြင်း၏ အကြောင်းများတည်း၊ ထိုတွင် ရှေ့နှစ်ပါး၏ အကျယ်ကိုသောမနဿဖြစ် ကြောင်းမှီး၍ သိပါ။

( ၃) အရ အကျယ်ကား-စိတ်သဘောထား လေးနက်သူသည် အရာရာ၌ စဉ်းစား ဆင်ခြင်မှု အားကြီးသော ကြောင့် တွေ့သမျှ ဣဋ္ဌာရုံတိုင်း၌ တော်တော်နှင့်

ဝမ်းမမြောက်ဘဲ လျစ်လျူရှုကာ ဥပေက္ခာသဟဂုတ်စိတ်လောက်သာ ဖြစ်တက်၏၊ဤကား ဋီကာတို့၌ပြသော ဥပေက္ခာ ဖြစ်ကြောင်းတည်း။

မူဂဓာတုကတာ။ ။ဤဥပေက္ခာဖြစ်ကြောင်း၌ မူဂဓာတုကတာကိုလည်း ထပ်လောင်းသွင်းယူသင့်သေး၏၊ ထင်ရှားစေအံ့-ထိုင်းမှိုင်းဖျင်း(အ)ခြင်းကို မူဂဓာတုကတာဟု ခေါ်၏၊ [မူဂ+ဖျင်းအသော+ဓာတုက=ဓာတ် သဘောရှိသူ+တာ=အဖြစ်၊] ထိုင်းမှိုင်းဖျင်းအသူသည် အလွန်ဝမ်းမြောက်ဖွယ်အာရုံနှင့် တွေ့ကြုံရသော် လည်း ဝမ်းမြောက်ရမှန်း မသိတက်၍ ဥပေက္ခာပြုလျက် လျစ်လျူရှုတတ်သည်၊ ဤသို့လျှင် ဋီကာတို့ပြသော အကြောင်းသုံးပါးနှင့်တကွ မူဂဓာတုကတာပါထည့်၍ ဥပေက္ခာဖြစ်ခြင်း၏အကြောင်း (၄)ပါးဟု မှတ်ပါ။

[ဆောင်] ဣဋ္ဌမဇ္ဈာ, ဥပေက္ခာဖြင့်, ကောင်းစွာသန္ဓေ,စွဲကပ်ပေ၍, စိတ်နေလေးနက်, ဤသုံးချက်မှာ, ဥပေ က္ခာပေါင်း,ဖြစ်တတ်ကြောင်းတဲ့၊ထပ်လောင်းမူဂ-ဓာတုကတာ,ထည့်သောခါ,မှတ်ပါလေးချက်တည်း။

ဒိဋ္ဌိဖြစ်ကြောင်း။ ။၁-သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တစ်ပါးပါးဟူသော အာသယရှိခြင်း,၂-မိစ္ဆာအယူရှိသောတိတ္ထိ များကို လေးစားမြတ်နိုးလျက် ထိုသူတို့နှင့် တွဲဖက်ပေါင်းသင်းခြင်း ဤနှစ်ပါးသည် ဒိဋ္ဌိ၏ ဖြစ်ကြောင်းတည်း။

ချဲ့ဦးအံ့ –(၁) သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိအကြောင်းကို သမုစ္စည်းပိုင်း တဏှာအပြား၌ သိရလတ္တံ့၊အာသယဟူသည်ကား နေဆဲမဟုတ်သော်လည်း အချိန်ကျလျှင် လာ၍နေရာအရပ်တည်း၊ အာဂမ္မ သေန္တိ ဧတ္တာတိ အာ သယော၊ ဧတ္ထ-ဤအရပ်၌၊ အာဂမ္မ-လာ၍၊သေန္တိ-နေတတ်ကုန်၏၊ဣတိ-ထိုသို့ လာ၍နေရာ၏ အဖြစ်ကြောင့်၊ အာသယော-အာသယမည်၏၊ တော, တောင်, ချေက်ကြား၌ နေကြသော ခြင်္သေ့ သစ်ကျားတို့သည် အရပ် တစ်ပါးသို့ အစာရှာသွားသော်လည်း အချိန်ရောက်က မိမိတို့နေရာသို့သာပြန်လာကြ၏၊ထို့ကြောင့် ထိုခြင်္သေ့ သစ်ကျားတို့၏ နေရာကို အာသယဟု ခေါ်ရသကဲ့သို့...

ထို့အတူ သံသရာမှ လွတ်မြောက်မှုကို မမျှော်လင့်သော ဝဋ္ဋနိဿိတပုထုဇဉ် ပုဂ္ဂိုလ်များ၏ စိတ်နေစိတ် ထားလည်း သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ တစ်ပါးပါးတို့၌ သက်ဝင်ခိုအောင်းလျက် နေတတ်၏၊ ယခုလောလော ဆယ်အားဖြင့် ထိုမိစ္ဆာအယူကို မယူစေကာမူ ရှေးရှေးဘဝက မိစ္ဆာအယူ တစ်ခုခုကို စွဲမြဲခဲ့သူ ဖြစ်လျှင် ဆင် ခြင်စဉ်းစားတိုင်း ထိုမိစ္ဆာအယူကပင် မှန်ကန်သကဲ့သို့ ထင်တတ်လေသည်၊ ထို့ကြောင့် မိစ္ဆာအယူတစ်ပါးပါးသည် ဝဋ္ဋနိဿိတပုထုဇဉ်များ၏ အာသယပင်တည်း၊ အာသယော ဝိယာတိ အာသယော၊ အာသယော ဝိယ-သတ္တဝါတို့ လာရောက်နေထိုင်ရာ အရပ်နှင့် တူ၏၊ ဣတိ-ကြောင့်၊ အာသယော-အာသယမည်၏၊ ထိုကဲ့သို့ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟူသော အာသယတစ်ပါးပါးရှိခြင်းသည် ဒိဋ္ဌိအမျိုးမျိုး (ဒိဋ္ဌိဂတသမ္ပယုတ် စိတ်) ဖြစ်ခြင်း၏ အကြောင်းတည်း။

( ၂) ကံ-ကံ၏ အကျိုးကို မယုံကြည်သောလူမျိုး မှန်သမျှကို"တိတ္ထိယ"ဟု ဆိုလို၏၊ ထိုတိတ္ထိတို့နှင့် ပေါင်း သင်းဆက်ဆံများ၍ ထိုသူတို့ အပြုအမူကိုပင် အကောင်းထင်နေသူသည် မကြာခင် အယူမှားသဖြင့် တိတ္ထိ ဖြစ်သွားတက်၏၊ထို့ကြောင့် အယူမှားသူတို့နှင့် ပေါင်းသင်းမှု များခြင်းလည်း ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းတည်း၊

[ဆောင်] သဿတနှင့်,ဥစ္ဆေဒဟု,နှစ်ဝဒိဋ္ဌိ, အာသယရှိသား, ဒိဋ္ဌိများဟူ,ယူမှားသူကို, ကြည်ဖြူလေးမြတ်, ဤနှစ်ရပ်, မှတ်လေ ဒိဋ္ဌိဖြစ်ကြောင်းတည်း။

အသင်္ခါရိကဖြစ်ကြောင်း။ ။၁-အသင်္ခါရိကကံကြောင့် အသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေရခြင်း, ၂-ခန္ဓာ ကိုယ်၏ ခိုင်ခံ့ကျန်းမာခြင်း,("ကျန်းမာသည့်အခါ မည်သည့်ကိစ္စ၌မဆို မတွန့်မဆုတ်ဘဲ အသင်္ခါရိကစိတ်ဖြင့် ပြုလုပ်တတ်သည်"ဟူလို၊) ၃-နေပူ မိုးရွာ ဆောင်း နွေအခါတို့၌ အချမ်းအပူကို နှမ်းတစ်လုံးလောက်မျှ ထီမ ထင်ခြင်း ဂရုမစိုက်ခြင်း, ("ပင်ကိုယ်က စိတ်နေထက်၍ အချမ်းအပူကို ဂရုမစိုက်တက်လျှင် သူတစ်ပါးက မတိုက်တွန်းရဘဲ အသင်္ခါရိကစိတ်ဖြင့် ပြုလုပ်တတ်သည်"ဟူလို၊) ၄-လုံ့လ ဝီရိယ၏အကျိုးကို မျှော်ကိုးယုံ ကြည်ခြင်း၊ (ရှေးကံတစ်ခုကိုသာ အားမကိုးဘဲ ဝီရိယအကျိုးကိုလည်း အားကိုးသူသည် သူတစ်ပါးမတိုက် တွန်းရဘဲ အသင်္ခါရိကစိတ်ဖြင့် ပြုလုပ်တတ်သည်"ဟူလို၊)

၅ –မိမိ ပြုရိုးပြုစဉ်ကိစ္စ၌ အလေ့အကျင့်ရခြင်း,("ထိုကဲ့သို့ ကျင့်သားရနေပြန်လျှင်လည်း မတိုက်တွန်းရဘဲ ပြုလုပ်တက်သည်"ဟူလို၊) ၆-ဥတု ဘောဇဉ်တို့မျှတခြင်း, ("မိမိနှင့် သင့်တော်သော ဥတုဝယ် နှစ်သက်သော အစားအသောက်များကို စားသောက်ရလျှင် ဆိုင်ရာအလုပ်ကို အသင်္ခါရိကစိတ်ဖြင့် အားတက်သရော ပြုလုပ် တတ်သည်"ဟူလို၊) ဤကား အသင်္ခါရိကစိတ် ဖြစ်တက်ခြင်း၏ အကြောင်းများတည်း၊ ဤအကြောင်းတို့ကို ပြောင်းပြန်ပြု၍ သသင်္ခါရိကစိတ်ဖြင့် ပဋိသန္ဓေနေရခြင်း, ခန္ဓာကိုယ်၏ မကျန်းမမာခြင်း စသည်ကို သသင်္ခါရိ ကစိတ်ဖြစ်ကြောင်းများဟု သိရာ၏၊

[ ဆောင်] အသင်္ခါရံ,ဖြစ်ကြောင်းမှန်ကား, ယင်းကံမှန်လေ, တည်သန္ဓေနှင့်, ကိုယ်နေခံ့ကျန်း,ပူ အချမ်းကို, နှမ်းမျှလောက်ပင်, ထီမထင်ခဲ့၊ အစဉ်လုံ့လ, ဝီရိယကြောင့်, ရမည့်အကိျုး, ရည်မျှော်ကိုး၏၊ ပြုရိုး ကိစ္စ, လေ့ကျင့်ရနှင့်, ဘောဇနဥတု, မျှတမှုဟု,ခြောက်ခုကြောင်းအင်,ပြောင်းပြန်လျှင်-သသင်္ခါရ ဖြစ်ကြောင်းတည်း။

သောမနဿ ဥပေက္ခာသတ္တိထူး။ ။"သောမနဿသဟဂုတ်နှင့် ဥပေက္ခာသဟဂုတ်တွင် အဘယ်စိတ်က သတ္တိထက်၍ အကျိုးပေးရာ၌ အဘယ်စိတ်က သာလွန်သနည်းဟု မေး၊ အဖြေကား-ကာမာဝစရအရာ ဝယ် သောမနဿသဟဂုတ်က သာလွန်၍, မဟဂ္ဂုတ် လောကုတ္တရာအရာဝယ် ဥပေက္ခာသဟဂုတ်က သာလွန်သည်။"

ကာမာဝစရအရာ။ ။ကာမာဝစရလုပ်ငန်းကိစ္စ၌ မည်သည့် အလုပ်မဆို ဝမ်းသာရွှင်ပျ သောမနဿဖြင့် ရွက်ဆောင်လိုက်မှသာ အရာရာ၌ ခရီးရောက်၍ ပြီးမြောက်လွယ်သည်၊ အကျိုးပေးကို ထောက်ပြန်လျှင် လည်း ဘုရားအလောင်းတော်တို့ တိဟိတ်ဥက္ကဌ် အမြတ်ဆုံး ကာမပဋိသန္ဓေ တည်နေတော်မူရမည့် အခမ်း အနားဝယ် ပဌမမဟာကုသိုလ် သောမနဿသဟဂုတ်စိတ်၏ အကျိုးဖြစ်သော ပဌမ မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေ တည်နေတော်မူကြောင်းဖြင့် ညွန့်ပေါင်းစုံအဋ္ဌကထာ ဋီကာတို့ ဖွင့်ပြကြ၏၊ ထို့ကြောင့် ကာမာဝစရ အရာဝယ် သောမနဿက သာလွန်သည်၊[သဗ္ဗေပိ သဗ္ဗညုဗောဓိသတ္တာ ပစ္ဆိမပဋိသန္ဓိဂ္ဂဟဏေ ပဌမေန သောမနဿသဟဂတတိဟေတုကအသင်္ခါရိကမဟာဝိပါကစိတ္တေန ပဋိသန္ဓိံ ဂဏှန္တိ၊ အဋ္ဌသာလိနီ, မဟာဝိ ပါကစိတ်အဖွင့်။]

မဟဂ္ဂုတ် လောကုတ္တရာ။ ။မဟဂ္ဂုတ်အရာ လောကုတ္တရာအရာ၌ကား ဝမ်းသာအားရ သောမနဿဖြစ် နေမှုသည် သမာဓိကို အားသေးစေ၏၊ ဥပေက္ခာကား သမာဓိတရားဘက်၌ တအားတက်အောင် ရွက် ဆောင်ဖော်ရသော မိတ်ဆွေကောင်းပေတည်း၊ထို့ကြောင့်အောက်စျာန်လေးပါး၌ သုခနှင့်ယှဉ်၍ အထက်ဆုံး ပဉ္စမစျာန်ကျမှ ဥပေက္ခာယှဉ်ခွင့် ရပေသည်၊ အကျိုးပေးရာမှာလည်း သုခ (သောမနဿ) စျာန်များထက် ဥက္ခောစျာန်က ကမ္ဘာပေါင်းများစွာ သာလွန်ပေသည်။ [ဤပဉ္စမစျာန်၏ ရှေ့ပြေးဖြစ်သော ဥပစာရသမာဓိ ဇောအခန်း, ဥပေက္ခာဗြဟ္မာဝိဟာရအခန်းတို့၌ ကာမာဝစရအရာဖြစ်သော်လည်း သောမနဿထက် ဥပေ က္ခာက သာလွန်မည်ကို ခြွင်းချက်ပြုပါ။]

အချို့ဆရာတို့ဝါဒ။ ။သောမနဿဖြစ်ကြောင်း၌ စိတ်ထား မလေးနက်မှု ပါရှိ၍ ဥပေက္ခာဖြစ်ကြောင်း၌ စိတ်ထားလေးနက်မှု ပါရှိသောကြောင့် ကာမာဝစရအရာ၌လည်း သောမနဿထက် ဥပေက္ခာကထက်မြက်သည်ဟု အချို့ကယူကြ၏၊ "ဣမေသု အဋ္ဌသု လောဘမူလစိတ္တေသု သောမနဿသဟဂတော ဥပေက္ခာ သဟဂတံ ဗလဝတရံ"ဟု ဆိုသော မဏိမဉ္ဇူသာလည်း ဤသဘောပင်တည်း၊ "စိတ်နေလေးနက်သူသည် ထိုထိုအာရုံ၌ ဝမ်းမမြောက်တည့်ဘဲ ဥပေက္ခာသဘောဖြင့် အာရုံပြုတက်၏၊ သို့သော် စိတ်နေစိတ်ထား လေး နက်သည့်အတွက် ထိုသူ၏ ဥပေက္ခာသည် သောမနဿထက် မြင့်မြတ်သည်"ဟု ယူလိုသတက်။

ထိုအယူမသင့်။ ။အကြောင်းကား-စိတ်နေလေးနက်သူသည် (သမာဓိကြီးသူသည်) မိမိ ဝမ်းမြောက် လောက်သော အာရုံနှင့် မတွေ့ကြုံသေး၍သာ ဥပေက္ခာပြုနိုင်သည်၊ မိမိ အလွန်နှစ်သက်အပ်သောအာရုံနှင့် တွေ့ကြုံပါလျှင် ဥပေက္ခာလောက်တွင် မတန့်ရပ်ဘဲ သောမနဿဇောတွေ အလှိုင်းတကြီး ဖြစ်ပေါ်စေမည် သာ၊ ကုသိုလ်အရာမှာလည်း အလွန်ကြည်ညိုဖွယ်ရာ ဘုရားရှင်ကို ဖူးမြင်ရပါမူ ထိုသမာဓိကြီးသူသည် အဘယ်မှာ ဥပေက္ခာပြု၍ လျစ်လျူရှုနိုင်အံ့နည်း၊ ပီတိ သောမနဿတွေ များစွာဖြစ်စေမည် မဟုတ်ပါလော၊ ထို့ကြောင့် အချို့ဆရာတို့ ယူဆပုံသည် မသင့်၊ [သဘာဝချင်းသတ္တိပြိုင်ရာ၌ ပုဂ္ဂိုလ်ချင်းမပြိုင်သင့်ပါ၊ ပုဂ္ဂိုလ် တစ်ဦးတည်း၌ ရံခါ သောမနဿ ရံခါ ဥပေက္ခာဖြစ်ရာဝယ် ထိုပုဂ္ဂိုလ်တစ်ဦးတည်း၏ သောမနဿ ဥပေက္ခာ ချင်းသာ ယှဉ်ပြိုင်သင့်ပါသည်။]

သမ္ပယုတ် ,အသင်္ခါရိက။ ။ဝိပ္ပယုတ်ထက် သမ္ပယုတ်က ထက်၏၊ ဒိဋ္ဌိဂတသမ္ပယုတ်နှင့် ဒိဋ္ဌိဂတဝိပ္ပယုတ်, ဉာဏသမ္ပယုတ်နှင့် ဉာဏဝိပ္ပယုတ်စိတ်များကို နှိုင်းယှဉ်စဉ်းစားပါ၊ သသင်္ခါရိကထက် အသင်္ခါရိကစိတ်က ထက်မြက်သည်၊ ဤလောဘမူစိတ်ဖြင့် သူ့ဥစ္စာကို ခိုးယူရာ၌ တစ်ရံတစ်ခါ သူတစ်ပါး မတိုက်တွန်းဘဲ စိတ် ထက်သန်စွာ ခိုးယူ၏၊ ထိုစိတ်သည် အသင်္ခါရိကစိတ်တည်း၊ တစ်ရံတစ်ခါ၌ကား ခိုးလိုသောစိတ်ဆန္ဒ မရှိ ဘဲ အထက်လူက စေခိုင်းသောကြောင့် သို့မဟုတ် မခိုးလျှင် မဖြစ်နိုင်သော အကြောင်းတစ်ခုခုကြောင့် မခိုး ချင့်ခိုးချင့်ခိုးရ၏၊ ထိုစိတ်သည် သသင်္ခါရိကစိတ်တည်း။

မှတ်ချက်။ ။ဤနေရာဝယ် တိုက်တွန်းမှုရှိတိုင်းလည်း သသင်္ခါရိကဟု မဆိုရ၊ ပင်ကိုက စိတ်အား မထက်သန်ဘဲ တွန့်ဆုတ်နေခိုက်တွင် စေခိုင်းတိုက်တွန်း၍ မပြုချင့်ပြုချင် ပြုမှသာ သသင်္ခါရိကဟု ဆိုရမည်၊ မိမိဘာသာ ထက်သန်စွာ ပြုလုပ်မည်ဟု ကြံစည်စိတ်ကူးနေတုန်းမှာ "ဘုန်းကြီး ရှေ့ကသွား" ဆိုသလို အစီ အမံ ဝါသနာပါသူက စေခိုင်းသော်လည်း ထိုစေခိုင်းမှုမျိုးကို သင်္ခါရစာရင်း၌ မသွင်းထိုက်ပါ၊ ထို့ပြင် စေခိုင်းသ ဖြင့်စိတ်မထက်သန်ဘဲ ပြုလုပ်နေစဉ် အကျိုးရှိမှန်းသိ၍ ထက်ထက်သန်သန် ဆက်လက်ပြုလုပ်လျှင် ပြုခါစ တုန်းက သသင်္ခါရိကစိတ် ဖြစ်သော်လည်း ထက်ထက်သန်သန်ပြုလုပ်သော နောက်နောက်စိတ်များမှာ အသင်္ခါရိကစိတ်များချည်းသာတည်း။

သိ၍ လွန်ကျူး, မသိ၍ လွန်ကျူး။ ။"ဒိဋ္ဌိသမ္ပယုတ်စိတ်သည် ဒိဋ္ဌိဝိပ္ပယုတ်စိတ်ထက် သတ္တိထက်၏"ဟု ဆိုပြီ၊ မိစ္ဆာအယူ ရှိသူတို့သည် အပြစ်မရှိဟု အယူရှိသဖြင့် မကောင်းမှုကို ပြုကျင့်ကြကုန်၏၊ သမ္မာအယူ ရှိသူ တို့ကား အပြစ်ရှိမှန်းပင် တမင်လွန်ကျူးကြကုန်၏၊ ထိုသူနှစ်မျိုးတွင် အပြစ်မမြင်၍ ပြုမိသူမှာ မကောင်းမှုပြစ် သက်သာထိုက်၍, အပြစ်ရှိမှန်းသိလျက်ကျူးလွန်သူ၌ အပြစ်ကြီးလေးစွာ ရထိုက်သည် မဟုတ်လောဟု မေး။

အဖြေကား –ဤသို့ မမှတ်သင့်၊ ချဲ့ဦးအံ့-အပြစ်ရှိပါလျက် အပြစ်မရှိဟုယူခြင်းသည် မိစ္ဆာအယူတည်း၊ ထို မိစ္ဆာဒိဋ္ဌိအရင်းခံ၍ မကောင်းမှုကို ပြုရာ၌ တွန့်ဆုတ်ခြင်းမရှိ, ရဲရဲဝံ့ဝံ့ ပြုကျင့်၏၊ ထို့ကြောင့် မကောင်းမှုအကု သိုလ်သည် ထိုမိစ္ဆာအယူ ရှိသူတို့၏ သန္တာန်၌ ကြီးလေးစွာ အဖတ်တင်ရစ်၏၊ ဥပမာ-ရဲရဲညိသော သံတွေခဲ ကို ရွှေတုံးထင်၍ ကိုင်သူမှာ ပြင်းထန်စွာ အလောင်ခံရသကဲ့သို့တည်း၊အပြစ်ရှိမှန်းသိလျက် ကျူးလွန်သူကား ထိုအကုသိုလ်အပြစ်ကို ကြောက်ရွံ့တုန့်ဆုတ်လျက် မရှောင်ကြဉ်နိုင်၍ ပြုကျင့်မိ၏၊ ထို့ကြောင့် အကုသိုလ် အပြစ်လည်း ဒိဠိနှင့် ယှဉ်သလောက် မကြီးမားချေ၊ ဥပမာ-ယခင် သံတွေခဲကို မလွှဲသာ၍ ကိုင်ရသူ၌ အပူ သက်သာအောင် ကိုင်သကဲ့သို့တည်း။ [မိလိန္ဒပဥှာ (ဇာနန္တာ ဇာနန္တာနံ ပါပကရဏပဥှာ) ပါဠိတော်ကို မှီရေးသည်။]

ပညတ်တော်သိလျက် လွန်ကျူးပြစ်။ ။သို့ဖြစ်လျှင် "ရာဇသတ်ဥပဒေကိုလည်းကောင်း, ဘုရားပညတ် တော်ကိုလည်းကောင်း သိလျက် လွန်ကျူးသူတို့မှာ လောကဓမ္မဝယ် အဘယ့်ကြောင့် ကြီးလေးသောအပြစ် ကို ရကြပါသနည်း"ဟု မေးဖွယ်ရှိပြန်၏၊ အဖြေကား-သိလျက် ကျူးလွန်သူတို့၌ ရာဇသတ်ဥပဒေနှင့် ဝိနည်း ပညတ်ကို ကျူးလွန်ပြစ်သာမက,ဥပဒေပညတ်တော်ကို မလေးစားမှု အဂါရဝဒေါသစိတ်များလည်း ခြံရံလျက် ပါရှိ၏၊ ထို့ကြောင့် လောကဓမ္မအလိုက် ကြီးလေးသောအပြစ် ထိုက်၏၊ ထို့ပြင် ပညတ်တော်ဥပဒေများကို နားမလည်ခြင်းသည်လည်း ဒိဋ္ဌိမဟုတ်, အချို့အရာ၌ မောဟ, အချို့အရာ၌ မသိရုံမျှသာ ဖြစ်၏၊ ထို့ကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိသည့်အတွက် ဥပဒေပညတ်တော်ကို ကျူးလွန်ရာ၌ ဥပဒေပြုလုပ်သူ့အပေါ်၌လည်းကောင်, ဘုရားအပေါ်၌လည်းကောင်း, မလေးစားသောစိတ် မပါရကား လောကအလိုက်လည်း ညှာညှာတာတာ အပြစ်ပေးရ၏၊ သံသရာဘေးမှာလည်း သိလျက် ကျူးလွန်သူလောက် မကြီးလေးတက်ပေ။

အဋ္ဌပိ လောဘသဟဂတစိတ္တာနိ နာမ။ ။အဋ္ဌပိ၌ ပိသဒ္ဒါသည် အစိတ်ကိုဆည်းသော အဝယဝသမုစ္စည်း အနက် ရှိ၏၊ ထိုစကား မှန်၏-အပေါင်းစကား နောက်၌ ထိုင်သော စသဒ္ဒါ ပိသဒ္ဒါတို့သည် အစိတ်ကိုသာ ဆည်းမြဲတည်း၊ ဤ၌ လောဘမူစိတ် (၈) ပါးအ ပေါင်းနောက်၌ ထိုင်လျက်"အဋ္ဌပိ"ဟု ဆိုထားသဖြင့် "ပြခဲ့သောစိတ်များတွင် တစ်ပါးစီလည်း လောဘမူစိတ် မည်သည်"ဟု ထို ပိသဒ္ဒါက ဆည်းသည်၊ မာဂဓဋီကာတို့၌ကား-ပဉ္စမပရိစ္ဆေဒဝယ် ပြလတ္တံ့သော ကမ္မပထ တွင် လောဘနှင့် သက်ဆိုင်သော ကမ္မပထ (၇) ပါး ပါ၏၊ လောဘမူ(၈)ပါးကို ထိုကမ္မပထ(၇)ပါးဖြင့် မြှောက် ပွား၍ ရသင့်သော"၈×ရလီ"(၅၆)ပါးအပြားကိုလည်းကောင်း, အတိက်စသော ကာလ (၃)ပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန် (၂)ပါး, ရူပါရုံစသော အာရုံ (၆)ပါးတို့ဖြင့် အဆင့်ဆင့်မြှေက်ပွား၍ ရသင့်သော လောဘမူ စိတ်အပြားကိုလည်းကောင်း ပိသဒ္ဒါက ဆည်းသည်ဟု ဖွင့်ကြ၏၊ စဉ်းစားကြပါလေ၊နောက်၌ ဤပိသဒ္ဒါမျိုးကို ဖွင့်တော့မည်မဟုတ်။

[နိယာမ်] အပေါင်းနောက်ယိုင်,ထိုင်သည့် စ ပိ, ရှိသည့်သဒ္ဒါ, ဆည်းရာကြောင်းဟိတ်, ခတ်ကြိတ်ကြိတ်, အစိတ် အစိတ်နေ။

လောဘမူလဖြင့် အထူးပြုပုံ။ ။ဤလောဘမူစိတ် ၌ လောဘမူလအပြင် မောဟမူလလည်း ယှဉ်ရကား "မောဟသဟဂတစိတ္တာနိ နာမ" ဟု မဆိုဘဲ အဘယ့်ကြောင့် "လောဘသဟဂတစိတ္တာနိ နာမ"ဟု ဆိုပါသ နည်းဟု မေး၊ အဖြေကား–မာဟမူလသည် ဤလောဘမူလစိတ်သာမက, ဒေါသမူ မောဟမူစိတ်များနှင့် လည်းယှဉ်ရကား "မောဟသဟဂတစိတ္တာနိ"ဟု ဆိုလိုက်လျှင် ထိုဒေါသမူ မောဟမူစိတ်များနှင့် ရောနှော ဆက်ဆံဖွယ်ရှိသောကြောင့် ထိုစိတ်များနှင့် မဆက်ဆံစေခြင်းငှာ အသာဓာရဏနည်းအားဖြင့်"လောဘသဟ ဂတစိတ္တာနိ နာမ"ဟု ဆိုသည်၊ ဥပမာ–တုတ်ဖြင့် တီးခေါက်မှ စည်သံမြည်သဖြင့် စည်သံကို "ဒဏ္ဍသဒ္ဒ" ဟု ဆိုလျှင် တုတ်ဖြင့် တီးခေါက်အပ်သော တူရိယာအားလုံးနှင့် ရောထွေးမည်စိုး၍, ထိုကဲ့သို့ မရောနှောစေခြင်း ငှာ စည်သံကို "ဘေရိသဒ္ဒ"ဟု ဆိုသကဲ့သို့တည်း။

နာမသဒ္ဒါ။ ။နာမသဒ္ဒါသည် နိပါတ်ပုဒ် နာမ်ပုဒ်ဟု နှစ်မျိုးရှိ၏၊ ထိုတွင် စိတ္တာနိ နာမ၌ နာမသဒ္ဒါကို နာမံ, နာမေန စသည်ဖြင့် ဝိဘတ်အထင်အရှား မတွေ့ရသောကြောင့် နိပါတ်ပုဒ်ဟု မှတ်ပါ၊ ထိုနိပါတ်လည်း ဝိဘတ်၏ အနက် မထင်ရှားသော အဝိဘတ္တိယုတ္တနိပါတ်ဖြစ်သောကြောင့် ပဌမာသိဝိဘတ်သာသက်ရ၏၊ ထို့ကြောင့် "လောဘသဟဂတစိတ္တာနိ+ နာမ-လောဘသဟဂုတ်စိတ်တို့+ မည်၏"ဟု အနက်ပေးရသည်၊ "လောဘသဟဂုတ်စိတ်အမည် ရှိကုန်၏"ဟု ဗဟုဗ္ဗီဟိသမာသ်သံပါအောင် အနက်မပေးနှင့်၊ "တိဿနာ မေန" စသည်၌ လာသော နာမသဒ္ဒါကား ဝိဘတ်ထင်ရှားသောကြောင့် နာမ်ပုဒ်ပင်။

လောဘမူစိတ်(၈)ပါးဖြစ်ပုံ

၁ -၂။ နှစ်သက်ဝမ်းမြောက်စွာ သံသရာပြစ်မရှိဟု ယူ၍ မိစ္ဆာစာရမှု အဒိန္နာဒါနမှု တို့ကို ပြုကျင့်ရာ၌ မတိုက်တွန်းရဘဲ အားတက်သရောရှိလျှင် ပဌမလောဘမူစိတ်ဖြစ်၏၊ သူတစ်ပါး တိုက်တွန်း၍ ပြု ရသည့်အတွက် အားတက်သရော မရှိလျှင် ဒုတိယလောဘမူစိတ် ဖြစ်၏။

၃ -၄။ သံသရာပြစ် ရှိမှန်းသိ၍ နှစ်သက်ဝမ်းမြောက်စွာ မိစ္ဆာစာရ အဒိန္နာဒါနမှုကို ပြုကျင့်ရာ၌ မတိုက်တွန်း ရဘဲ အားတက်သရောရှိလျှင် တတိယလောဘမူစိတ်, တိုက်တွန်းသည့်အတွက်အားတက်သရော မရှိလျှင် စတုတ္ထလောဘမူစိတ် ဖြစ်၏။

၅-၆-၇-၈။ နှစ်သက်ဝမ်းမြောက်ခြင်း မရှိဘဲ ထိုဆိုခဲ့သည့် အစဉ်အတိုင်းဖြစ်လျှင် ဥပေက္ခာသဟဂုတ် လောဘမူစိတ် (၄) မျိုးဖြစ်၏။

မှတ်ချက်။ ။နှစ်သက်ဝမ်းမြောက်လျှင် သောမနဿ, ဝမ်းမမြောက်လျှင် ဥပေက္ခာ, သံသရာပြစ်မရှိဟု ယူလျှင် ဒိဋ္ဌိဂတသမ္ပယုတ်, သံသရာပြစ်ရှိမှန်းသိလျှင် ဒိဋ္ဌိဂတဝိပ္ပယုတ်,အားတက်သရောရှိလျှင် အသင်္ခါရိ က, အားတက်သရော မရှိလျှင် သသင်္ခါရိကဟု ခွဲခြား၍ လောဘဆိုင်ရာကိစ္စ၌ မိမိသန္တာန်ဝယ် ဖြစ်သမျှ စိတ်ကို မည်သည့်လောဘမူစိတ်ဟု ဆုံးဖြတ်ပါ။

---------

ဒေါသမူစိတ်အဖွင့်

ဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ အသင်္ခါရိကမေကံ, သသင်္ခါရိကမေကံတိ ဣမာနိ ဒွေပိ ပဋိဃသမ္ပယုတ္တစိတ္တာနိ နာမ။

ဒေါမနဿသဟဂတံ။ ။ဒုဋ္ဌု+မနော ဒုမ္မနော, ဒုမ္မနဿ+ဘာဝေါ ဒေါမနဿံ၊ဒုဋ္ဌု-မကောင်းသော၊မနော

-စိတ်တည်း၊ ဒုမ္မနော-မကောင်းသောစိတ်၊ ["ဒုဋ္ဌု+မနော ယဿာတိ ဒုမ္မနော"ဟု တစ်နည်းဝိဂြိုဟ်ပြု၍ မကောင်းသောစိတ်ရှိသူကိုလည်း "ဒုမ္မန"ဟု ခေါ်နိုင်၏၊ သုမနတုန်းကည်း ဤနည်းရနိုင်သည်၊] ဒုမ္မနဿ

-မကောင်းသောစိတ်၏၊ ဝါမကောင်းသောစိတ်ရှိသူ၏၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာသည်၊ ဒေါမနဿံ-

ဒေါမနဿမည်၏၊ ဒုမ္မန၌ ဒုသဒ္ဒါသည် မသာယာဖွယ်သဘောကို အကြောင်းပြု၍ဖြစ်၏၊ ဒုမ္မနဖြစ်ကြောင်း လည်း ထိုမသာယာဖွယ်သဘောဟု ဆိုအပ်သော ဒေါမနဿဝေဒနာပင်တည်း၊ ထို့ကြောင့် "ဒု" အရ မကောင်းဟူသည် အကုသိုလ်ပြစ် ရှိ၍ မကောင်းခြင်း မဟုတ်, မသာယာဖွယ်သဘောဖြစ်၍ "မကောင်းခြင်း"တည်း၊ ဒေါမနေဿန+သဟဂတံ ဒေါမနဿသဟဂတံ။ [ဒေါမနဿ၌ မ တစ်လုံး ချေ။]

ပဋိဃသမ္ပယုတ္တံ။ ။ဒေါသစေတသိက်ကို "ပဋိဃ"ဟုခေါ်၏၊ ပဋိဟညတီတိပဋိဃော၊ ပဋိဟညတိ- ယှဉ်ဖက်တရားများကို ဖျက်ဆီးတတ်၏၊ ဣတိ ပဋိဃော၊ ဒေါသနှင့်ယှဉ်သော တရားများသည်လူမိုက်နှင့် ပေါင်းမိသူများကဲ့သို့ ဒေါသ အလိုလိုက်၍ ကြမ်းတမ်းပျက်စီးရ၏၊ ထို့ကြောင့် "ဒေါသသည် ယှဉ်ဖက် တရားများကိုဖျက်ဆီးရာရောက်သည်"ဟု မှတ်ပါ။

တစ်နည်း။ ။ပဋိဟညတိ-မိမိကိန်းရာ သတ္တဝါကို နှိပ်စက်ဖျက်ဆီးတတ်၏၊ ဣတိ ပဋိဃော၊ ဒေါသ ဖြစ်လာသောအခါ ဒေါသ၏ မှီရာ ဟဒယဝတ္ထုရုပ်သည် ပူလောင်၏၊ ထို့နောက် ဒေါသအရှိန်ကြီးလျှင် ကြီးသလောက်, နည်းလျှင်နည်းသလောက် ရုပ်အဆက်ဆက် ထိခိုက်လောင်ကျွမ်းကာ မျက်စိ မျက်နှာ နီမြန်းလာအောင် ဖျက်ဆီးတတ်၏၊ ဒေါသအလွန်ပြင်းလျှင် မနောပဒေါသိက နတ်များကဲ့သို့ သေကြေ အောင် နှိပ်စက်ခံရလေသည်။

တစ်နည်း။ ။ပဋိဟညတိ-အာရုံကို ထိခိုက်သကဲ့သို့ ဖြစ်တတ်၏၊ ဣတိ ပဋိဃော၊ ဒေါသသည် အာရုံကို ရိုက်နှက်ပုတ်ခတ်ခြင်း မပြုတတ်သော်လည်း အာရုံယူရာ၌ အခြားစိတ်များလို ညင်ညင်သာသာ မရှိ၊ ဒေါသကြီးသောအခါ တစ်ဖက်သားကို စားမလို ဝါးမလို ကြည့်ရှုတတ်သည်ကို ထောက်ပါ၊ ပဋိဃေ န+သမ္ပယုတ္တံ ပဋိဃသမ္ပယုတ္တံ။

ဝိသေသန ကူမရကျိုး။ ။လောဘမူစိတ်၌ သောမနဿသဟဂုတ် ဥပေက္ခာသဟဂုတ်ဟု ဝေဒနာ အားဖြင့် အကွဲအပြားရှိသောကြောင့် "သောမနဿသဟဂတံ, ဥပေက္ခာသဟဂတံ" ဟု အထူး ကူမ ထိုက်ပေသည်၊ ဤဒေါသမူစိတ်၌ကား ထိုကဲ့သို့ ဝေဒနာအားဖြင့် အကွဲအပြား မရှိပါဘဲ အဘယ်အကျိုး ငှါ "ဒေါမနဿသဟဂတံ"ဟု ဝိသေသန ကူမရသနည်းဟု မေး၊ အဖြေကား- လောဘမူစိတ်ကဲ့သို့ ဝေဒ နာအားဖြင့် အကွဲအပြား မရှိသော်လည်း တစ်ပါးသောစိတ်တို့နှင့် မဆက်ဆံသော ဒေါမနဿဝေဒနာဖြင့် စိတ်ကို မှတ်သားခြင်းငှါ "ဒေါမနဿသဟဂတံ"ဟု ဝိသေသန ကူမရသည်။

ချဲ့ဦးအံ့ - ဝိသေသနသည် တစ်ပါးသောအနက်များကို ကန့်ကွက်လို၍ ကူမရသော ဝိသေသနလည်း ရှိ၏၊ "ဥပမာ- မဟန္တော ပုရိသော" ၌ မဟန္တောဟူသော ဝိသေသနသည် ယုတ်သောယောကျ်ားကို ကန့်ကွက် တားမြစ်သကဲ့သို့တည်း၊

ဤဝိသေသနမျိုးကို "ဗျဝစ္ဆေဒကဝိသေသန"ဟု ခေါ်၏၊ တစ်ပါးသောအနက်ကို တားမြစ်ဖွယ် မလိုသော် လည်း မိမိအနက်ကို ထင်ရှားအောင်ပြသော "ဘူတကထနဝိသေသန" လည်း ရှိ၏၊ ဥပမာ-"စိတြပက္ခော- ဆန်းကြယ်သော အတောင်ရှိသော၊ မယူရော- ဥဒေါင်း" စသည်တည်း၊ ဤ ဒေါမနဿသဟဂတံဟူသော ဝိသေသနလည်း ဤ ဒေါသမူစိတ်ကို ထင်ရှားအောင် ပြသော ဘူတကထနဝိသေသန ပင်တည်း။

ပဋိဃသမ္ပယုတ္တံ။ ။ဤ ဒေါသမူစိတ်ကို ထင်ရှားစေခြင်းငှါ ဒေါမနဿသဟဂတံဟူသော ဝိသေသနကို ဆိုလျှင် ရှိပါစေတော့, "ဣမာနိ ဒွေပိ ပဋိဃသမ္ပယုတ္တစိတ္တာနိ နာမ" ဟူသော စကားဖြင့် ဒေါသမူစိတ်၏ ပဋိဃသမ္ပယုတ် ဖြစ်ကြောင်းမှာ ထင်ရှားနိုင်ပါလျက် အဘယ့်ကြောင့် "ပဋိဃသမ္ပယုတ္တံ"ဟု ဝိသေသနအပို ထည့်စွက်ပြန်သနည်းဟု မေး၊ အဖြေကား-"ဒေါမနဿဖြစ်သော အခါတိုင်း၌ ပဋိဃခေါ် ဒေါသလည်း အမြဲ ပါ၏, ဒေါမနဿဝေဒနာနှင့် ဒေါသစေတသိက်တို့ အမြဲယှဉ်ကြ၏"ဟု သိစေလိုသောကြောင့် ပဋိဃသမ္ပ ယုတ္တံဟု ထပ်မံ၍ မိန့်ဆိုရပြန်သည်။

ဋီကာကျော်။ ။ဒေါမနဿသဟဂတဿ ဝေဒနာဝသေန အဘေဒေပိ အသာဓာရဏဓမ္မဝသေန စိတ္တဿ ဥပလက္ခဏတ္ထံ ဒေါမနဿဂ္ဂဟဏံ (ဝုတ္တံ)၊ ပဋိဃသမ္ပယုတ္တဘာဝေါ ပန ဥဘိန္နံ ဧကန္တ သဟစာ- ရိတာဒဿနတ္ထံ ဝုတ္တောတိ ဒဋ္ဌဗ္ဗော။ [အနက်ကို ဋီကာကျော်နိဿယ၌ ကြည့်ပါ၊ ဤ၌ "အသာဓာရဏ ဓမ္မဝသေန ဥပလက္ခဏတ္ထံ" တို့ဖြင့် နည်း(၄၀)၌ လာသော အသာဓာရဏနည်း ဥပလက္ခဏနည်းတို့ကို ပြလိုရင်းမဟုတ်, "အခြားစိတ်တို့နှင့် မဆက်ဆံသော ဒေါမနဿဝေဒနာဖြင့် ထင်ရှားပြခြင်း" ဟူသော ဘူတကထနဝိသေသန ဖြစ်ကြောင်းကို ပြလိုရင်းတည်း။]

ပရမတ္ထဒီပနီအဆို။ ။ဤဒေါသမူစိတ်၌ ဝေဒနာအားဖြင့် ကွဲပြားခြင်း မရှိသော်လည်း ဤဒေါသမူစိ တ်သည် သောမနဿ ဥပေက္ခာတို့နှင့် ယှဉ်လေသလားဟု ယုံမှားဖွယ်ရှိ၏၊ ချဲ့ဦးအံ့- တရားသူကြီး တို့သည် ပြုံးလျက်ပင် သတ်ဖို့ရန် အမိန့်ချတတ်ကြ၏၊ အချို့သူတို့သည် မိမိရန်သူတစ်ယောက် သေကြေ ပျက်စီးလျှင် အင်မတန် ပျော်ရွှင်ကြ၏၊ ကလေးတို့လည်း ရယ်ကာမောကာနှင့် သားငှက်ကလေးများကို ပစ်ခတ်ကြ၏၊ "ထိုအခါ သောမနဿနှင့်ယှဉ်၍ သတ်မှုဖြတ်မှု ပြုကြလေရော့သလား"ဟု ယုံမှားဖွယ် ရှိ၏၊ အကြား အကြား၌ ဥပေက္ခာနှင့်တကွဖြစ်လျက် ဒေါသမူစိတ် ဖြစ်လေသလား" ဟုလည်း ယုံမှားဖွယ်ရှိ၏၊ ထိုယုံမှားမှုများကို ပပျောက်စေရန် "ဒေါမနဿသဟဂတံ"ဟု ဝိသေသန ကူမရသည်၊ "ထိုသို့ ဝမ်းမြောက်ဝမ်းသာ သတ်ဖြတ်ရာ၌ ဝမ်းမြောက်အားရ သဘောကျမှုကား

လောဘမူ သောမနဿစိတ်များတည်း၊ သတ်ဖြတ်ကြောင်းစိတ်မှာ ဒေါမနဿနှင့် တကွဖြစ်သော ဒေါသ မူစိတ်သာ ဖြစ်သည်၊ ဤသို့ လောဘမူစိတ်၏ ရောနှောပါဝင်ပုံကို နားမလည်သူတို့က ဒေါသမူစိတ်မှာ ပင်သောမနဿနှင့်တကွဖြစ်သည်ဟု ထင်မှားကြသည်။

ဒိဋ္ဌိသမ္ပယုတ္တံကို ပယ်။ ။ထို့အတူ "ဒိဋ္ဌိစသည်နှင့် ယှဉ်လေသလား"ဟု ယုံမှားဖွယ်ရှိ၍ "ပဋိဃသမ္ပ ယုတ္တံ"ဟု ဝိသေသန ကူမရပြန်သည်၊ ချဲ့ဦးအံ့- မိစ္ဆာအယူရှိသူတို့က "သတ္တဝါဟူသမျှကို သတ်ဖြတ်ခြင်းသည် အကုသိုလ်မဖြစ်"ဟု ယူကြသည်၊ အချို့က "လူကို သတ်ရာ၌သာ အကုသိုလ်ဖြစ်၏၊ ဟင်းသီးဟင်း ရွက်အလား တိရစ္ဆာန်များကို သတ်ရာ၌ အပြစ်မရှိ"ဟု ယူကြ၏၊ အချို့ကမူ "သတ္တဝါကို သတ်၍ ယဇ်ပူ ဇော်ရာ၌ နတ်ပြည်ရောက်ကြောင်း ကောင်းမှုပင် ဖြစ်သေး၏" ဟု အယူရှိကြ၏၊ ထိုကဲ့သို့ အယူရှိသူ တို့၏ သတ်ဖြတ်ဖို့ရန် ခိုင်းစေမှုများ၌ ဒိဋ္ဌိနှင့် ယှဉ်လျက် ဒေါသမူစိတ်ဖြစ်လေရော့သလားဟု ယုံမှား ဖွယ်ရှိ၏၊ ထိုယုံမှားချက်ကို ပယ်ဖျက်ဖို့ရန် "ပဋိဃသမ္ပယုတ္တံ"ဟု ဝိသေသန ကူမရသည်။

ဝိစိကိစ္ဆာ - ဉာဏကို ပယ်။ ။ထို့ပြင်-တချို့ သမ္မာအယူ ရှိသူတို့သည် မိစ္ဆာလူမျိုးတို့နှင့် အပေါင်းအသင်း များသဖြင့် "သတ္တဝါကို သတ်ဖြတ်လျှင် အကုသိုလ်ဖြစ်၏"ဟူသော စကားကို ဝိစိကိစ္ဆာ ရှိလျက်ပင် သတ် ဖြတ်တတ်ကြကုန်၏၊ ထိုအခါ ဝိစိကိစ္ဆာနှင့် ယှဉ်လေသလားဟု ယုံမှားဖွယ်ရှိ၏၊ ထို့ပြင် မိမိကို သတ်မည် ကြံသော လင်ယောကျ်ားကို ချောက်ကမ်းပါးသို့ တွန်းချသော ကုဏ္ဍလကေသီကဲ့သို့ အချို့ သတ်ဖြတ်မှုသည် အလွန် အကြံပိုင်၏၊ ထိုအခါ "ဉာဏ်နှင့် ယှဉ်လေသလား"ဟု ယုံမှားဖွယ်ရှိပြန်၏၊ ထိုယုံမှားချက်ကို လည်း ပယ်ဖျက်ဖို့ရန် "ပဋိဃသမ္ပယုတ္တံ"ဟု မိန့်ရပြန်သည်။

ဒေါမနဿ ပဋိဃအထူး။ ။ဤဒေါမနဿ ပဋိဃတို့သည် အတူတကွ အမြဲယှဉ်ကြသောကြောင့် သဘောချင်း ကွဲပြားဟန်ကို သာမန် ပညာရှိသူတို့ သိနိုင်ခဲ၏၊ ထို့ကြောင့် ထိုနှစ်ပါးအထူးကို အဘယ်သို့ မှတ်ရပါအံ့နည်းဟု မေးမြန်းဖွယ် ရှိသည်၊ အဖြေကား- ဒေါမနဿသည် အနိဋ္ဌာရုံကို ခံစားခြင်းလက္ခဏာရှိ၍ ဝေဒနာက္ခန္ဓာ၌အကျုံးဝင်၏၊ ပဋိဃကား ခက်ထန်ကြမ်းတမ်းခြင်း လက္ခဏာရှိ၍ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊ ဤသို့ လက္ခဏာအားဖြင့်လည်းကောင်း, ခန္ဓာအားဖြင့်လည်းကောင်း ကွဲပြားကြသည်။

[ ဆောင်] အနိဋ္ဌာရုံ, ခံစားတုံလျက်, ဝေဒနာက္ခန်, သက်ဝင်မှန်လျှင်, မှတ်ရန်ဟောအပ်, ဒေါမနသ် တည်း၊ ကြွပ်ဆတ်ခက်မာ, လက္ခဏာဖြင့်, သင်္ခါရထည့်, သွင်းဖွယ်ရှိက, ပဋိဃဟု, ခွဲခြားပြုသည်...သောတမှတ်ဖွယ်အချုပ်တည်း။

ဖြစ်ခြင်းအကြောင်းများ။ ။ဤဒေါမနဿနှင့် ပဋိဃတို့သည် အတူတကွ ဖြစ်လေ့ရှိသောကြောင့် ဖြစ်ကြာင်းတရားမှာ တူလျက်ရှိ၏၊ ၁-ဒေါသဇ္စျာသယဓာတ်ခံရှိခြင်း, [ဒေါသဓာတ်ခံ ပါလာသူသည် စိတ်တိုစရာမဟုတ်ဘဲ စိတ်တိုတတ်၏၊] ၂-စိတ်သဘော၏ တိမ်ကော သေးနုခြင်း, [စိတ်သဘော မကြီး မား မလေးနက်သူသည် ဝမ်းမြောက်ဖို့လ အရေးကိစ္စဝယ် ဝမ်းသာလွယ်သလောက် မကြာမကြာလည်း စိတ်ကောက်တတ် ဝမ်းနည်းတတ်၏၊] ၃-အကြားအမြင်နည်းပါးခြင်း, [ဗဟုဿုတနည်းပါးသူသည် မိမိ အလုပ်ကိုသာ အဟုတ်ကြီး ထင်တတ်၍ ဆန့်ကျင်ဘက်တွေ့လျှင် စဉ်းစားဆင်ခြင် ပြင်ဆင်တတ်သော ဉာဏ်မရှိရကား စိတ်ဆိုးမှု၌ အဆုံးသတ်ရတတ်၏၊] ၄-အနိဋ္ဌာရုံနှင့် တွေ့ကြုံရခြင်း [ဤ(၄)နံပါတ် အကြောင်းကား ဒေါမနဿ ပဋိဃတို့ ဖြစ်ဖို့ရာ အချုပ်အခြာတည်း၊ ဒေါသဇ္စျာသယဓာတ်ခံရှိခြင်း စသော ရှေ့သုံးမျိုးမှာ အနိဋ္ဌာရုံမဟုတ်ဘဲ ဣဋ္ဌာရုံကိုပင် အထင်လွဲ၍ သဲသဲမဲမဲ ဒေါသဖြစ်တတ်သော အကြောင်းတည်း၊ တကယ် အနိဋ္ဌာရုံနှင့် တွေ့ကြုံလျှင်ကား သာမန်လူတို့ ဒေါသ မဖြစ်အောင် တိမ်းရှောင်နိုင်ခဲ၏၊ ထို့ပြင်-ဋီကာကျော်၌ အာဃာတဝတ္ထုကိုလည်း ထည့်သွင်းပြ၏၊ အနိဋ္ဌာရုံတွင် ပါဝင်ပြီဟု သဘောရ၍ ဤ၌ သီးခြား မပြတော့ပြီ၊ ထိုအာဃာတဝတ္ထုကို ဒေါသစေတသိက်ခန်း၌ ပြအံ့။]

[ ဆောင်] ဒေါမနဿ, ပဋိဃတို့, ဖြစ်ကြရန်လှစ်, အကြောင်းစစ်က, ဒေါသဇ္စျာသယော, စိတ်သဘော ၏, တိမ်ကောသေးနု, အပဿုနှင့်, တွေ့မှုအနိဋ္ဌ, ဤလေးဝသည်, မှတ်ကြနှင့်ဖွယ် အချုပ်တည်း။

ဒေါသမူစိတ်ဖြစ်ပုံ။ ။ပါဏာတိပါတအမှုသည် ဒေါသမူစိတ်ဖြင့် ဖြစ်၏၊ ထို့ကြောင့် တိုက်တွန်းမှု သင်္ခါရမပါဘဲ အားတက်သရော သတ်ဖြတ်ရာ၌ ပဌမဒေါသမူစိတ် ဖြစ်၏၊ တိုက်တွန်းသည့်အတွက် အားတက်သရောမရှိ, မသတ်ချင့် သတ်ချင် သတ်ရာ၌ ဒုတိယစိတ် ဖြစ်သည်၊ အသေမသတ်ဘဲ ညှဉ်းဆဲရုံ ညှဉ်းဆဲရာ၌လည်း ဤနည်းပင်တည်း။

-------------

မောဟမူစိတ်အဖွင့်

ဥပေက္ခာသဟဂတံ ဝိစိကိစ္ဆာသမ္ပယုတ္တမေကံ, ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စသမ္ပယုတ္တမေကံတိ ဣမာနိ ဒွေပိ မောမူဟစိတ္တာနိ နာမ။

ဥပေက္ခာသဟဂတံ။ ။ဤမောဟမူစိတ်၌ လောဘ ဒေါသဟူသော အခြားမူလတို့ မယှဉ်ကြ, မောဟမူလ တစ်ပါးသာ ယှဉ်သည်၊ ထိုသို့ တစ်ပါးတည်း ယှဉ်ရသော မောဟသည် လောဘမူစိတ်ကဲ့သို့ လောဘသဘောသို့လည်း မလိုက်ရောရ, ဒေါသမူစိတ်၌ကဲ့ သို့ ဒေါသသဘောသို့လည်း မလိုက်ရောရ, မိမိသဘောအတိုင်း လွတ်လွတ်လပ်လပ် တွေဝေခွင့် ရလေသည်၊ ထိုသို့ လွန်စွာတွေဝေခွင့် ရသောကြောင့် ထိုမောဟနှင့် ယှဉ်သောစိတ်လည်း ဣဋ္ဌာရုံနှင့် တွေ့ကြုံ စေကာမူ ဣဋ္ဌအရသာ ပေါ်လာအောင် အာရုံကို မခံစားနိုင်သဖြင့် သောမနဿဝေဒနာနှင့် ယှဉ်ခွင့်မရ၊ အနိဋ္ဌာရုံနှင့် တွေ့ပြန်လျှင်လည်း အနိဋ္ဌအရသာကို ပေါ်လာအောင် မခံစားနိုင်သဖြင့် ဒေါမနဿဝေဒနာနှင့် လည်း ယှဉ်ခွင့်မရချေ၊ ဥပမာ- အရက်သောက်ကြူး၍ အမူးကြီး မူးနေသူသည် ချော့မော့ ဖျောင်းဖျ သာယာ ဖွယ် ပြောပြသည်ကိုလည်း နားမဝင်, ဆဲဆို ငေါက်ငန်း ကြမ်းတမ်းစွာ ပြောနေသည်ကိုလည်း အရေးမကြီး သကဲ့သို့တည်း၊ ထိုကဲ့သို့ ဣဋ္ဌာရုံ အနိဋ္ဌာရုံကို သာယာခြင်းလည်း မရှိ, မသာယာခြင်းလည်း မရှိရကား သင့်တင့်ရုံ ခံစားတတ်သော ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ရသည်။

အကြောင်းတစ်မျိုး။ ။တစ်ကြောင်းမှာလည်း ဤမောဟမူစိတ်သည် အာရုံ၌ ကောင်းစွာမတည်, အလီ လီမှားတတ်သော ဝိစိကိစ္ဆာ, ပျံ့လွင့်တတ်သောဥဒ္ဓစ္စနှင့်ယှဉ်ရကား အာရုံ၌ တည်တံ့စွာ ယူရသလောက် အရသာပေါ်ပေါက်အောင် မခံစားနိုင်၊ ဥပမာ- ပြေးရင်းလွှားရင်းနှင့် စားရသောအာဟာရ၌ ငြိမ်သက်စွာ စားရသလောက် အရသာ မပေါ်ပေါက်သကဲ့သို့တည်း၊ ဤသို့ အကောင်းအဆိုး အာရုံ၏ အရသာ နှစ်မျိုးကို ထင်ရှားအောင် မခံစားနိုင်ရကား သင့်ရုံတော်ရုံခံစားတတ်သော ဥပေက္ခာဝေဒနာနှင့် ယှဉ်ရလေသည်။ [ဝိသုဒ္ဓိမဂ် မဟာဋီကာနှင့် ဋီကာကျော်ကို မှီးသည်။]

မူလန္တရဝိရဟေန, စိကိစ္ဆုဒ္ဓစ္စယောဂတော၊ သမ္မူဠံ စဉ္စလံ တေန, သောပေက္ခံ ဧကဟေတုကံ။

ဧကဟေတုကံ -ဧကဟိတ်ဟူ, မောဟမူစိတ်သည်၊ မူလန္တရဝိရဟေန-လောဘ ဒေါသဟူသော အခြားမူလ တို့မှ ကင်းသည့်အတွက်၊ သမ္မူဠံ-လွန်စွာကျန, တွေဝေခွင့်လည်း ရ၏၊ စိကိစ္ဆုဒ္ဓစ္စယောဂတော-ဝိစိကိစ္ဆာ ဥဒ္ဓစ္စတို့နှင့် ယှဉ်ခြင်းကြောင့်၊ စဉ္စလံ-အာရုံယူချက်, မငြိမ်သက်ဘဲ, စိတ်စက်လွင့်ပါး, လှုပ်ရှားလည်း လှုပ်ရှား တတ်၏၊ တေန-ထိုသို့ တွေဝေ ထန်ပြင်း, လှုပ်ရှားခြင်းကြောင့်၊ သောပေက္ခံ-ဥပေက္ခာနှင့်သာ ယှဉ်ရလေသည်။

ဥဒ္ဓစ္စသမ္ပယုတ္တံဟု ဆိုရပုံ။ ။ဥဒ္ဓစ္စသည် အကုသိုလ်စိတ် အားလုံးနှင့်ယှဉ်သည်မဟုတ်ပါလော, သို့ပါလျက် အဘယ့်ကြောင့် ဤနောက်ဆုံးစိတ်ကိုသာ "ဥဒ္ဓစ္စသမ္ပယုတ္တံ"ဟု ဆိုရသနည်း၊ "ဝိသေသနတို့ မည်သည် အများနှင့် ကွဲပြားအောင် ပြုရိုးဖြစ်၏၊ ဤဥဒ္ဓစ္စသည် အကုသိုလ်စိတ်အားလုံးနှင့် ယှဉ်ရကား ဥဒ္ဓစ္စသမ္ပယုတ္တံဟူသော ဝိသေသနသည် ရှေ့အကုသိုလ် စိတ် (၁၁)ပါးနှင့် ကွဲပြားအောင် အဘယ်မှာ ပြုနိုင်ပါအံ့နည်း" ဟူလို။

အဖြေကား -ဥဒ္ဓစ္စသည် အကုသိုလ်စိတ်အားလုံး၌ ယှဉ်သော်လည်း ရှေ့အကုသိုလ်စိတ်များ၌ သတ္တိ မထင်ရှားဘဲ နောက်လိုက်ငယ်သား အပဓာနအနေအားဖြင့်သာ ယှဉ်ခဲ့ရ၏၊ ဤနောက်ဆုံး အကုသိုလ် စိတ်၌ကား မိမိထက် သတ္တိထက်သော စေတသိက်များ မယှဉ်ရကား, ဥဒ္ဓစ္စသည် သတ္တိ ထင်ရှားလျက် ပဓာနခေါင်းဆောင် အနေအားဖြင့် ယှဉ်သည်၊ ထိုသို့ ပဓာနခေါင်းဆောင် အဖြစ်ဖြင့် ယှဉ်ရသည့်အတွက် ဥဒ္ဓစ္စသမ္ပယုတ္တံဟူသော ဝိသေသနသည် ရှေ့အကုသိုလ်စိတ်တို့နှင့် ကွဲပြားအောင် ပြုနိုင်ပါသည်။

ချဲ့ဦးအံ့-လောဘမူစိတ်၌ ဥဒ္ဓစ္စယှဉ်၏၊ သို့သော် လောဘ ဒိဋ္ဌိ မာန ဟူသော ထင်ရှားသော တရားတို့၏ သတ္တိက လွှမ်းမိုးနေသဖြင့် ဥဒ္ဓစ္စသည် အစွမ်းကုန်မပျံ့လွင့်နိုင်၊ ဒေါသမူ၌ ယှဉ်ခိုက်မှာလည်း ဒေါသ ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တရားတို့၏ သတ္တိက လွှမ်းမိုးနေသဖြင့် မိမိ၏ သတ္တိ မထင်ရှားနိုင်၊ တောသားလူလည်သည် ဘုရင့်ရှေ့တော်ဝယ် မှူးကြီးမတ်ကြီးတို့ အလယ်မှာ နာမည်မျှပင် မထင်ရှားတော့သကဲ့သို့တည်း၊ ဤနောက်ဆုံးစိတ်ကား ထင်ရှားသောစေတသိက်ကြီးများ မပါဝင် မယှဉ်ကြတော့သဖြင့် ဥဒ္ဓစ္စသည် မိမိ၏ ပျံ့လွင့်မှုသဘောကို အစွမ်းကုန်ပြ၍ ပဓာနခေါင်းဆောင် အနေမျိုးဖြင့် အထင်အရှား စိုးမိုးလျက်ယှဉ်သည်၊ ယခင် တောသားလူလည်သည် မိမိရွာ၌ တန်ခိုးကြီးသကဲ့သို့တည်း၊ ထို့ကြောင့် ဤနောက်ဆုံးစိတ်ကျမှ သာထင်ရှားသော ဥဒ္ဓစ္စကို ဝိသေသနပြုလျက် "ဥဒ္ဓစ္စသမ္ပယုတ္တံ"ဟု ဆိုရပေသည်။

ထို့ကြောင့်ပင် ဘုရားရှင်လည်း ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ရှေ့အကုသိုလ်စိတ်များ၌ "ဖေဿာ ဟောတိ, ဝေဒနာ ဟောတိ"ဟု ဖဿ ဝေဒနာ စသည်တို့၏ နာမည်ကို ထုတ်ပြသကဲ့သို့ "ဥဒ္ဓစ္စံ ဟောတိ"ဟု ဥဒ္ဓစ္စ၏ နာမည်ကိုမျှ ပြတော်မမူဘဲ "ယေဝါပန တသ္မိံ သမယေ အညေပိ အတ္ထိ=မထင်ရှားသော အခြား တရား များလည်း ရှိကြသေး၏"ဟု ယေဝါပနကတရား ရောပြွမ်းသောပြွမ်းအစားတွင် ဥဒ္ဓစ္စကို သွင်းထား တော်မူခဲ့၍, ဤနောက်ဆုံးစိတ်ကျမှ ဥဒ္ဓစ္စ၏ သတ္တိအင်အား ထင်ရှားသောကြောင့် "မျက်နှာကြီးရာဟင်း ဖတ်ပါ" ဆိုသကဲ့သို့ "ဥဒ္ဓစ္စသမ္ပယုတ္တံ"ဟု လည်းကောင်း, ဥဒ္ဓစ္စံ ဟောတိ"ဟု လည်းကောင်း အတိအလင်း နာမည်တပ်လျက် နှစ်ထပ်ပင် ဟောပြတော်မူသည်။ [ဟောပြပုံကို ဓမ္မသင်္ဂဏီ အကုသလပဒနိဒ္ဒေသမှာ ကြည့်ပါ၊ ယေဝါပနသဒ္ဒေန- ယေဝါပနသဒ္ဒါဖြင့်၊ ကီယတိ ကထီ ယတိ-ဟောပြအပ်၏၊ ဣတိ-ကြောင့်၊ ယေဝါပနကော-ယေဝါပနကတရား မည်၏။]

သဗ္ဗာကုသလယုတ္တံပိ , ဥဒ္ဓစ္စံ အန္တမာနသေ၊

ဗလဝံ ဣတိ တံယေဝ, ဝုတ္တမုဒ္ဓစ္စယောဂတော။

တေနေဝ ဟိ မုနိန္ဒေန, ယေဝါပနကနာမတော၊

ဝတွာ သေသေသု ဧတ္ထေဝ, တံ သရူပေန ဒေသိတံ။

[အနက်ကို ဋီကာကျော်နိဿယ၌ ကြည့်ပါ။]

သင်္ခါရ အဆုံးအဖြတ်။ ။"ဤ မောဟမူဒွေးသည် အသင်္ခါရိကလော, သသင်္ခါရိကလော"ဟု မေးမြန်း လေ့ရှိကြ၏၊ အဖြေကား- အသင်္ခါရိကလည်းမဟုတ်, သသင်္ခါရိကလည်း မဟုတ်၊ ဥပေက္ခာသဟဂုတ် ဝိစိ ကိစ္ဆာသမ္ပယုတ်, ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်သာ ဖြစ်ပါသည်။

ချဲ့ဦးအံ့ - ဓမ္မသင်္ဂဏီပါဠိတော်၌ လောဘမူ, ဒေါသမူ, ကာမသောဘနစိတ်များတွင် နောက်နောက်စိတ်ကို "သသင်္ခါရေန"ဟု ဘုရားရှင် ဟောပြတော်မူသောကြောင့် အဋ္ဌကထာဆရာတို့က ရှေးရှေးစိတ်ကို အသင်္ခါရိ က, နောက်နောက်စိတ်ကို သသင်္ခါရိကဟု ဖွင့်ပြတော်မူကြ၏၊ ဖွင့်ပြသည့်အတိုင်းလည်း အသင်္ခါရိက စိတ်သည် သသင်္ခါရိကစိတ်ထက် သတ္တိကောင်း၏၊ လောဘမူ ဒေါသမူစိတ်တို့၌ အသင်္ခါရိက သသင်္ခါရိ ကနှစ်မျိုးကို နှိုင်းယှဉ်ပြခဲ့ပြီ၊ ဤမောဟမူစိတ်၌ကား ထိုဓမ္မသင်္ဂဏီဝယ် သင်္ခါရနှင့်စပ်၍ အရိပ်အမြွက်မျှ ဟောပြတော်မမူခဲ့၊ အရှင်အနုရုဒ္ဓါလည်း စေတသိက်ပိုင်း အကုသလသင်္ဂဟနည်း၌ ရှေးအကုသိုလ်စိတ် (၁၀)ပါးကို "အသင်္ခါရိကပဉ္စက, သသင်္ခါရိကပဉ္စက"ဟု အတိအလင်း ပြပြီးလျှင် မောဟမူဒွေး၌ သင်္ခါရ အတွက် လေသံမျှ မမြွက်ခဲ့ပါ။

သဘောယုတ္တိ။ ။သဘောယုတ္တိကို စဉ်းစားပြန်လျှင် ဤမောဟမူစိတ်၌ တိုက်တွန်းမှုမရှိသည်ဖြစ်စေ, ရှိသည်ဖြစ်စေ အထက်တစ်မျိုး မထက်တစ်မျိုးဟု ကွဲပြားဖို့အချက်ကို မတွေ့ရ၊ ချဲ့ဦးအံ့- ဘုရားစသည်၌ ယုံမှားသံသယဖြစ်မှုသည် ဝိစိကိစ္ဆာသမ္ပယုတ်စိတ်တည်း၊ ထိုယုံမှားသံသယသည် ဘာသာခြား တရားဟော ဆရာတို့က ဘုရားရှင့်အပြစ်ကို ပြောပြသောအားဖြင့် ယုံမှားအောင် တိုက်တွန်းခြင်းကြောင့်လည်း "ဘုရားရှင်သည် ကမ္ဘာလောကကို မဖန်ဆင်းနိုင်လျှင် ဗုဒ္ဓအစစ်ဟုတ်ပါ့မလား" ဟု ယုံမှား ဖြစ်နိုင်၏၊ ဤသို့ မိမိဘာသာ ကြံစည်တွေးတောခြင်းကြောင့်လည်း ယုံမှားနိုင်၏၊ ထိုယုံမှားသော ဝိစိကိစ္ဆာသမ္ပယုတ် စိတ်မှာ အထက်တစ်မျိုး အနုံ့တစ်မျိုးဟု ကွဲပြားဖွယ် မရှိပြီ။

ဆက်ဦးအံ့ -အသင်္ခါရိက သသင်္ခါရိကဟု နာမည်တပ်ရာ၌လည်း သင်္ခါရရှိရုံ သင်္ခါရမရှိရုံမျှကို စွဲ၍ နာမည် တပ်ရသည်မဟုတ်၊ စိတ်တစ်မျိုးတည်း၌ အထက် အနုံ့ ကွဲပြားနေမှသာ အချင်းချင်းထောက်ဆ၍ ပင်ကို ထက်မြက်သောစိတ်ကို အသင်္ခါရိက, နုံ့ညံ့နေသည့်အတွက် သင်္ခါရကူစွက်မှ ဖြစ်နိုင်သောစိတ်ကို သသင်္ခါရိ ကဟု နာမည်တပ်ရသည်၊ ထို့ကြောင့် အထက်တစ်မျိုး အနုံ့အညံ့တစ်မျိုးဟု မကွဲပြားသော ဤဝိစိကိစ္ဆာ သမ္ပယုတ်စိတ်၌ သင်္ခါရဖြင့် ခြားနား၍ နှစ်မျိုးနှစ်စား မရှိသင့်တော့ပြီ၊ ပျံ့လွင့်ခြင်းသဘောရှိသော ဥဒ္ဓစ္စ သမ္ပယုတ်စိတ်များ၌လည်း ဤနည်းမှီး၍ သိပါ။

မဟာဋီကာ။ ။အာရမဏေ ဟိ သံသပ္ပနဝသေန ဝိက္ခိပနဝသေန ပဝတ္တမာနဿ စိတ္တဒွယဿ ကီဒိသေ ကိစ္စေ သဘာဝတိက္ခတာယ ဝါ ဥဿာဟေတဗ္ဗတာယ ဝါ ဘဝိတဗ္ဗံ၊ တသ္မာ န တတ္ထ သင်္ခါရဘေဒေါ အတ္ထိ။...ခန္ဓနိဒ္ဒေသအဖွင့်။

...[ ဟိ-ချဲ့ဦးအံ့၊ အာရမဏေ-၌၊ သံသပ္ပနဝသေန-ထက်ဝန်းကျင်ရွေ့လျားလျက် ယုံမှားခြင်း၏ အစွမ်း အားဖြင့်လည်းကောင်း၊ (ဝိစိကိစ္ဆာအတွက်သဘောပြ)၊ ဝိက္ခိပနဝသေန- ပျံ့လွင့်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်း၊ (ဥဒ္ဓစ္စ အတွက် သဘောပြ)၊ ပဝတ္တမာနဿ-ဖြစ်သော၊ စိတ္တဒွယဿ- မောဟမူဒွေး၏၊ ကီဒိသေ ကိစ္စေ-အဘယ် ကိစ္စ၌၊ သဘာဝတိက္ခတာယ ဝါ- ပင်ကိုထက်မြက်သည်၏ အဖြစ်သည်လည်း ကောင်း၊ ဥဿာဟေတဗ္ဗတာယ ဝါ- တိုက်တွန်းထိုက်သည်၏ အဖြစ်ဟူသော နူးညံ့သော သဘောသည်လည်းကောင်း၊ဘဝိတဗ္ဗံ- ဖြစ်ရာတော့အံ့နည်း၊ ("မဖြစ်တော့ပြီ"ဟူလို၊) တသ္မာ-ကြောင့်၊ တတ္ထ-ထိုမော ဟမူ ဒွေး၌၊ သင်္ခါရဘေဒေါ-သင်္ခါရအတွက် ကွဲပြားချက်သည်၊ နတ္ထိ-မရှိနိုင်။]

မောဟမူစိတ္တာနိ နာမ။ ။မောဟေန မုယှန္တီတိ မောမူဟာနိ၊ မောဟေန-မောဟဖြင့်၊ မုယှန္တိ-တွေဝေ တတ်ကုန်၏၊ ဣတိ-ကြောင့်၊ မောမူဟာနိ-မောမူဟ စိတ်တို့ မည်၏၊ "မောဟမူဟ"ဟု ဆိုသင့်လျက် ဟ ချေ, မုကို ဒီဃပြု၍ "မောမူဟ"ဟု ဖြစ်သတဲ့၊ မောဟသဒ္ဒါသည်လည်း တွေဝေခြင်းအနက်, မုဟသဒ္ဒါသည်လည်း တွေဝေခြင်းအနက်ကို ဟောသောကြောင့် "တွေဝေ့ တွေဝေသောစိတ်, ဝါ- အလွန်တွေဝေသောစိတ်"ဟု ဆိုလိုသည်၊ လောဘမူ ဒေါသမူစိတ်တို့၌ ပါသော မောဟသည် လောဘ ဒေါသတို့ သဘောကို လိုက်ရော နေရသဖြင့်အားရပါးရ တွေဝေခွင့် မရခဲ့၊ ဤမောဟမူစိတ်ကျမှသာ အားရပါးရ တွေဝေခွင့်ရသည်၊ ဤမော ဟမူစိတ် နှစ်ပါးဖြစ်ပုံမှာ စေတသိက်ပိုင်း ဝိစိကိစ္ဆာ ဥဒ္ဓစ္စတို့ အခန်း၌ ထင်ရှားလတ္တံ့။

အကုသိုလ်စိတ်နိဂုံးအဖွင့်

နိဂုံး ဣစ္စေဝံ သဗ္ဗထာပိ ဒွါဒသာကုသလစိတ္တာနိ သမတ္တာနိ ။

ဣစ္စေဝံ သဗ္ဗထာ၊ပေ၊ သမတ္တာနိ။ ။ဤဝါကျသည် နိဂုံးဝါကျတည်း၊ နိဂမီယန္တိ အပ္ပီယန္တိ ဧတေနာတိ နိဂမနံ၊ ဧတေန- ဤဝါကျဖြင့်၊ ဝုတ္တတ္ထာ-ဆိုအပ်ပြီးသော အနက်တို့ကို၊ နိဂမီယန္တိ အပ္ပီယန္တိ- အပ်နှံသွင်းဖုံး အပ်ကုန်၏၊ ဣတိ-ကြောင့်၊ တံ-ထိုဝါကျသည် ၊နိဂမနံ-နိဂုံးဝါကျ မည်၏၊ ဤ နိဂမနကို အဋ္ဌကထာတို့၌ အပ္ပနာဝါကျလည်း ခေါ်၏။

ဣစ္စေဝံ။ ။ထိုဝါကျ၌"ဣစ္စေဝံ"သည် နိဂုံးအုပ်ရာဝယ် မူတည်သဘောအားဖြင့် စချီရိုးဖြစ်သော နိပါတ် ပုဒ်အပေါင်းတည်း၊ ဣတိနှင့် ဧဝံနိပါတ် နှစ်ပုဒ်ကို ပေါင်းထားသည်၊ "ဣစ္စေဝံ-ဤသို့"ဟု အနက်ပေး၊ တစ် နည်း-ဣတိသဒ္ဒါသည် သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ စသောသဒ္ဒါနှင့် ထိုသဒ္ဒါတို့၏ ဟောနက် ကို ညွှန်ပြသော နိဒဿနတ္ထနိပါတ်တည်း၊ ဧဝံကား ထိုသဒ္ဒါနှင့် အနက်တို့၏ ရှေ့နောက်အစဉ်ကို ညွှန်ပြ သော နိပါတ်တည်း၊ "ဣစ္စေဝံ-ဤဆိုအပ်ပြီးသော သဒ္ဒါအနက်တို့၏ အစဉ်ဖြင့်"ဟု အနက်ပေးပါ။

သဗ္ဗထာပိ။ ။သဗ္ဗထာပိကို ဒွါဒသ၌ အဘိန္နဝိသေသန အဖြစ်ဖြင့် စပ်၊"ဝေဒနာ ဒိဋ္ဌိ ပဋိဃ ဝိစိကိစ္ဆာ ဥဒ္ဓစ္စတို့ဖြင့် အစွမ်းကုန် ခွဲခြားသော်လည်း အကုသိုလ်စိတ်(၁၂)ပါးသာ ပြားသည်"ဟူလို၊မှန်၏-အကုသိုလ် စိတ်သည် "သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ-အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသောအကျိုးရှိခြင်း လက္ခဏာ" အားဖြင့် တစ်မျိုးတည်းသာရှိ၏၊ ဝေဒနာ ဒိဋ္ဌိစသော ယှဉ်ဖက် စေတသိက်တို့၏ ကွဲပြားမှုကြောင့်လည်း ကောင်း, သင်္ခါရ ရှိ/မရှိ ကွဲပြားမှုကြောင့်လည်းကောင်း (၁၂)ပါး ပြားရသည်။

အကုသလ။ ။န+ကုသလာ အကုသလာ၊ ကုသလာကုသိုလ်တို့သည်၊ န-မဟုတ်ကုန်၊အကုသလာ- ကုသိုလ်မဟုတ်ကုန်၊ ဤ၌ (န) သဒ္ဒါသည် ရိုးရိုး တားမြစ်ခြင်း ပဋိသေဓမတ္တ မဟုတ်၊ ပဋိပက္ခ(ဆန့်ကျင် ဘက်) အနက်ကို ထွန်းပြသော ပဋိသေဓတည်း၊ "ကုသိုလ်က ပယ်သတ်တတ်သော ပဟာယကတရား, အကုသိုလ်က ပယ်သတ်အပ်သော ပဟာတဗ္ဗတရား ဖြစ်၍အချင်းချင်း မတည့်ကြ, ပဋိပက္ခ ဖြစ်နေကြသည်-ဟူလို။

မှတ်ချက်။ ။အချို့က "န-ကုသိုလ်၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော၊ ကုသလာ-အကုသိုလ်တို့တည်း" ဟု အနက်ဆိုကြ၏၊ ထိုအနက်ကား ပဋိသေဓ, အသံ မပါသဖြင့် မကောင်း၊ နသဒ္ဒါ၏ အရင်းခံဖြစ်သော ပဋိသေဓအနက်ကို အသံထွက်စေ၍, ပဋိပက္ခအနက်ကို ထွန်းပြရုံသာ ထွန်းပြရမည်၊[ဝိသုဒ္ဓိမဂ် ပညာဘူမိနိဒ္ဒေသ မဟာဋီကာ အဝိဇ္ဇာပုဒ်အဖွင့်ကို ကြည့်ပါ။]

သမတ္တာနိ။ ။[ရှေးရိုက်စာအုပ်၌ ဋီကာကျော်အတိုင်း ဖွင့်ခဲ့ပြီ၊ ထိုအဖွင့်ကို ဋီကာကျော်နိဿယ၌ ရှုပါ၊] ထောမနိဓိ၌ "သံ+အာပ-တ္တ"ဖြင့် "သမာ ပ"ဟု ဖြစ်၏၊ "အဝသာနပ္ပတ္တ-အပြီးအဆုံးသို့ ရောက်"ဟု လည်း အနက် ဖွင့်သည်၊ ပါဠိ၌ "သမတ္တ"နှင့် ဓာတ်တူ, တပစ္စည်းသာ ထူး၏။

-------------

အဟိတ်စိတ်အဖွင့်

ဥပေက္ခာသဟဂတံ စက္ခုဝိညာဏံ, တထာ သောတဝိညာဏံ, ဃာနဝိညာဏံ, ဇိဝှါဝိညာဏံ, ဒုက္ခသဟဂတံ ကာယဝိညာဏံ၊ပေ၊ ဣမာနိ သတ္တပိ အကုသလဝိပါကစိတ္တာနိ နာမ။

အကုသလဝိပါက်စိတ်။ ။အဟိတ်စိတ်သည် အကုသလဝိပါက် ကုသလဝိပါက် ကြိယာစိတ်အားဖြင့် (၃)မျိုးရှိ၏၊ ထိုတွင် အကုသိုလ်စိတ်၏ အခြားမဲ့၌ အကုသလဝိပါက်စိတ်ကို ဆက်လက်ပြခြင်းသာလျှင် လော ကထုံးစံ လျော်ကန်သောကြောင့် အကုသလဝိပါက်ကို ရှေးဦးစွာ ပြတော်မူလိုသော အရှင်အနုရုဒ္ဓါသည် "ဥပေက္ခာသဟဂတံ"အစရှိသော ပါဌ်ကို မိန့်သတည်း။

စက္ခုဝိညာဏံ။ ။စက္ခုသ္မိံ+နိဿိတံ+ဝိညာဏံ စက္ခုဝိညာဏံ၊ စက္ခုသ္မိံ-စက္ခုပသာဒ၌၊ နိဿိတံ-မှီသော၊ ဝိညာဏံ-ဝိညာဏ်သည်၊ စက္ခုဝိညာဏံ-စက္ခုဝိညာဏ်မည်၏၊ သောတဝိညာဏံ စသည်၌လည်း နည်းတူ၊ ဤ၌ စက္ခုစသည်တို့၏ ဝစနတ္ထနှင့် သရုပ်အရ, စက္ခုဝိညာဏ်၏ ဖြစ်ကြောင်းစသော မှတ်သားဖွယ်ရာများကို ပကိဏ်းပိုင်း ရုပ်ပိုင်းဆိုင်ရာဝယ် တွေ့ရလတ္တံ့။

တထာ သောတဝိညာဏံ။ ။တထာ သဒ္ဒါသည် ညွှန်ပြခြင်းဟူသော အတိဒေသအနက်, ရှေ့ကပုဒ်ကို ဆွဲငင်ခြင်းဟူသော အနုကဍ္ဎနအနက်, ကပ်၍ဆောင်ခြင်းဟူသော ဥပသံဟရဏအနက်, ဥပမေယျဇောတက ဟု ခေါ်ဝေါ်ရိုးပြုကြသော ဥပမာနိဂမနအနက်, အဖို့တစ်ပါးစကားတစ်ရပ်ကို ထွန်းပြသော ပက္ခန္တရဇောတက အနက်, သမုစ္စည်းအနက် စသည်ဖြင့် များသောအနက် ရှိ၏၊ ဤနေရာ၌ ရှေ့(၃)နက် ဖြစ်သင့်၏၊ ထိုတွင် အတိဒေသအနက်ဆိုလျှင်"တထာ-ထိုဥပေက္ခာသဟဂုတ်ဖြစ်သော"ဟု အနက်ပေး၊ အနုကဍ္ဎန,ဥပသံဟရဏ အနက်ဆိုလျှင် "တထာဥပေက္ခာသဟဂတံ-ဥပေက္ခာသဟဂုတ်ဖြစ်သော"ဟု ရှေ့က ဥပေက္ခာသဟဂတံပုဒ် ကို ဆွဲငင်ဆောင်ယူပေးပါ။

ယခုအခါ၌ကား "တထာ-ထို့အတူ"ဟု ဥပမာနိဂုံး(ဥပမေယျဇောတက)အသံပါအောင် အနက်ပေးကြ၏၊

ထိုအနက်သည် ကျမ်းရိုးစာသွား မကျချေ၊ ဥပမာပုဒ် တိုက်ရိုက်ရှိသော အရာ၌သာ ဤဥပမာနိဂုံးအနက်ကို သုံးရမည်၊ "တထာ-ထိုမှတစ်ပါး,ထို့ပြင်"ဟုပေးရသောပက္ခန္တရဇောတကအနက်ကား ဤနေရာ၌ လုံးဝမဆိုင်၊ "အတ္ထိ နာမ တာတ သုဒိန္န"ဟူသော ပါရာဇိက-သုဒိန္နကဏ္ဍ၌ "တထာ အတ္ထိ နု ခေါ"အဖွင့်ဝယ် တထာကို သမုစ္စယတ္ထဟု သာရတ္ထဒီပနီဋီကာ ဖွင့်၏၊ "တထာ-သည်သာမကသေး"ဟု အနက်ပေးရသည်၊ ထိုအနက် လည်း ဤနေရာ၌ မဆိုင်။

[ဆောင်] တထာအရှိ, ကျမ်းဂန်ညှိသော်, အတိဒေသ, နုကဍ္ဎနှင့်, ဥပသံဟရာ,ဥပမာနိဂုံး, တစ်ထုံးမြွက် ဟန်, ပက္ခန္တရ-ဇောတကတည်း,သမုစ္စည်းနက်, သင့်ရာဖက်၍, အနက် သုံးတတ်စေသတည်း။

ဒုက္ခသဟဂတံ။ ။ဒုပုဗ္ဗ+ခနုဓာတ်, ကွိပစ္စည်းဖြင့် "ဒုက္ခ"ဟု ပြီး၏၊ ဒုသဒ္ဒါသည် ကုစ္ဆိတအနက်ဟော တည်း၊ ကုစ္ဆိတံ-စက်ဆုပ်ဖွယ်သည်၊ ဟုတွာ-ဖြစ်၍၊ ခနတိ-သုခကို တူးဖြိုပစ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဒုက္ခံ

-ဒုက္ခမည်၏၊ ဒုက္ခဝေဒနာ ဖြစ်သောအခါ သုခဖြစ်ခွင့် မရသောကြောင့် ဒုက္ခက သုခကို တူးဖြိုပစ်၏၊ ဤဒုက္ခသည် (ကာယဒွါရ၌ဖြစ်သော-ခန္ဓာကိုယ်၌ဖြစ်သော) ကာယိကဒုက္ခ, စိတ်သက်သက်၌ဖြစ်သော မာနသိကဒု က္ခဟု နှစ်မျိုးရှိ၏၊ ထိုတွင် ဤဒုက္ခဝေဒနာကား ခန္ဓာကိုယ်မှာ ထိခိုက်သော ဒဏ်ရာ ဒဏ်ချက်ကို ခံစားတတ် သော ကာယိကဒုက္ခတည်း၊ ကာယဝိညာဉ်စိတ် ဖြစ်သောအခါ ဤကာယိကဒုက္ခဝေဒနာနှင့် တွဲဖက်၍ဖြစ် သောကြောင့် "ဒုက္ခသဟဂတံ ကာယဝိညာဏံ"ဟု မိန့်သည်။ [ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿဝေဒနာ ကိုပင် မာနသိကဒုက္ခဟုလည်းကောင်း, စေတသိကဒုက္ခဟုလည်းကောင်း ခေါ်သည်။

အကုသလဝိပါကစိတ္တာနိ။ ။ဝိပါက၌ ဝိသဒ္ဒါသည် ဝိရုဒ္ဓအနက်ဟောတည်း၊ "ဝိရုဒ္ဓါနံ+ပါကာတိ ဝိပါကာ၊ ပဟာယကပဟာတဗ္ဗဘာဝေန-ပယ်သတ်တတ်သော တရား ပယ်သတ်ထိုက်သောတရားတို့၏ အဖြစ်ဖြင့်၊ ဝိရုဒ္ဓါနံ-အချင်းချင်းဆန့်ကျင်ဘက်ဖြစ်သော ကုသိုလ် အကုသိုလ်တို့၏၊ ပါကာ-အကျိုးတို့တည်း၊ ဣတိ-ထို့ ကြောင့်၊ဝိပါကာ-ဝိပါကတို့မည်၏၊ ကုသိုလ်သည် ပယ်သတ်တတ်သော ပဟာယက, အကုသိုလ်သည် ပယ်သတ်ထိုက်သော ပဟာတဗ္ဗဖြစ်၍ အချင်းချင်း ဆန့်ကျင်ဘက် ဝိရုဒ္ဓဖြစ်ကြ၏၊ ထိုဝိရုဒ္ဓဖြစ်သော ကုသိုလ် အကုသိုလ်တို့၏ အကျိုးကို"ဝိပါက"ဟု ခေါ်သည်၊ (တစ်နည်း)ဝိသဒ္ဒါသည် မတူထူးခြား ကွဲပြားခြင်းဟူသော ဝိသိဋ္ဌအနက်ဟောတည်း၊ အကုသိုလ်သည် အပြစ်ရှိသော သာဝဇ္ဇတရား, မည်းနက်သော ကဏှတရား တည်း၊ ကုသိုလ်ကား အပြစ်မရှိသော အနဝဇ္ဇတရား, ဖြူစင်သောသုက္ကတရားတည်း၊ ဤသို့ သဘောအချင်း ချင်း ထူးခြားကြသောကြောင့် ကုသိုလ်နှင့် အကုသိုလ်ကို "ဝိသိဋ္ဌ"ဟု ဆို၏၊ ဝိသိဋ္ဌာနံ-အချင်းချင်းထူးခြား ကုန်သော ကုသိုလ် အကုသိုလ်တို့၏၊ ပါကာ-အကျိုးတို့သည်၊ ဝိပါကာ-ဝိပါကတို့ မည်၏။

ကမ္မဇရုပ်တို့ ဝိပါက မမည်။ ။ကုသိုလ် အကုသိုလ်တို့၏ အကျိုးကို "ဝိပါက"ဟု ဆိုလျှင် ကမ္မဇရုပ်များ လည်း ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုး ဖြစ်ရကား"ဝိပါက"မည်သင့်သည် မဟုတ်ပါလောဟု မေး၊ အ ဖြေကား-ဤအဘိဓမ္မာအရာ၌ ဝိပါကသဒ္ဒါသည် အကြောင်းဖြစ်သော ကုသိုလ် အကုသိုလ်နှင့် နာမ်တရား ချင်းအားဖြင့်လည်းကောင်း, အာရုံကို ယူတတ်သော သာရမဏတရားချင်း အားဖြင့်လည်းကောင်း ကဏှတ ရားချင်း (အကုသိုလ်နှင့် အကုသလဝိပါက်) သုက္ကတရားချင်း (ကုသိုလ်နှင့် ကုသလဝိပါက်) အားဖြင့်လည်း ကောင်း ချွတ်စွပ်သကဲ့သို့ တစ်ထပ်တည်း တူသော နာမ်အကျိုးတရားကိုသာဟောသော အထင်ရုဠှီသဒ္ဒါ ဖြစ်၏၊ ထို့ကြောင့် အကြောင်းကံများနှင့် နာမ်တရားချင်း စသည်အားဖြင့် မတူသော ကမ္မဇရုပ်များ၌ ဝိပါက အမည် မရထိုက်။

အဋ္ဌသာလိနီ။ ။ဝိပက္ကဘာဝမာပန္နာနံ အရူပဓမ္မာနမေတံ အဓိဝစနံ၊...ဧတံ-ဤဝိပါကဟူသော အမည်သည်၊ ဝိပက္ကဘာဝံ-ရင့်ကျက်ခြင်းသဘောသို့၊ အာပန္နာနံ-ရောက်ကုန်သော၊ အရူပဓမ္မာနံ-နာမ်တရားတို့၏၊ အဓိဝစနံ-အမည်တည်း၊...[မာတိကာ ဝိပါကတိက်အဖွင့်၊]...အဓိပ္ပာယ်ကား–သလေးမျိုးစေ့ကို စိုက်ပျိုးသော အခါ အကြောင်းမျိုးစေ့နှင့် ပုံသဏ္ဍာန်မတူသော အညွန့်အခက်အရွက်တွေ ထွက်သော်လည်း "ဝိပက္က, ဝိပါ က (သလေးမှည့်ပြီ)"ဟု မဆိုရ, အကြောင်းမျိုးစေ့နှင့်တူစွာ သလေးနှံထွက်၍ မှည့်သောအခါကျမှ "ဝိပက္က, ဝိပါက(သလေးမှည့်ပြီ)"ဟုဆိုရသကဲ့သို့,ထို့အတူအကြောင်းကံနှင့် နာမ်တရားချင်း စသည်အားဖြင့် တူသော နာမ်ဝိပါက်များကိုသာ "ဝိပါက"ဟု ခေါ်ရသည်။ [သလေးမျိုးစေ့နှင့် ကုသိုလ် အကုသိုလ်ကံ, အညွန့်အခက် အရွက်နှင့် ကမ္မဇရုပ်, သလေးမှည့်နှင့် နာမ်ဝိပါက်များ တူကြသည်။]

အထင်ရုဠှီ။ ။ဤသို့ ဟောစွမ်းနိုင်သော အနက်အားလုံးကို မဟောဘဲ အများ ထင်ရှားသောအနက်ကို သာဟောသောသဒ္ဒါကို"အထင်ရုဠှီသဒ္ဒါ"ဟု ဆိုရ၏၊ အဓိဝစနံ, နာမံပုဒ်တို့နှင့်တကွ ဖွင့်ပြရာဝယ် အထင်ရုဠှီ ပြဟု ပြောစမှတ်ပြုကြသည်၊ ဥပစာနည်းအားဖြင့် ဧကဒေသျူပစာသာ များသတဲ့၊ ဤ၌ ဝိပါကအရ ကုသိုလ် အကုသိုလ်၏ အကျိုးဖြစ်သော ရုပ်နာမ်နှစ်မျိုးလုံး ရနိုင်သော်လည်း ထိုရုပ်နာမ်နှစ်ပါး အပေါင်း၏ ဝိပါကနာမည်ကို အစိတ်ဖြစ်သော နာမ်ဝိပါက်အပေါ်၌သာ တင်စား၍ ခေါ်ဝေါ်ရသောကြောင့် ဤဝိပါက သဒ္ဒါကို "ဧကဒေသျူပစာရသဒ္ဒါ"ဟု ဆိုလိုသတတ်။

[နိယာမ်] ၁။ အဓိဝစနံ, နာမံရှိက, များလှနက်တွင်, လိုအင်နက်မှီ, ထင်ရုဠှီ။ ၂။ အဓိဝစနံ, နာမံရှိရာ, ဥပစာ, မြဲစွာ ဉာဏ်ဖြင့်ရှု။

ပရမတ္ထဒီပနီအဆို။ ။စေတနာသမင်္ဂိတာ, ကမ္မသမင်္ဂိတာ, ဥပဋ္ဌာနသမင်္ဂိတာ, ဝိပါကသမင်္ဂိတာဟု သမင်္ဂိတာ(၄)မျိုး ရှိကြ၏၊ [ဉာဏဝိဘင်္ဂဋ္ဌကထာ၌လာသော(၅)မျိုးတွင် အာယူဟနသမင်္ဂိတာကို ချန်ထားသည်၊] ထိုတွင် ကံကို အားထုတ်စဉ်အခါ၌ စေတနာ၏ ခဏတ္တယနှင့် ပြည့်စုံခြင်းသည် စေတနာသမင်္ဂိတာ မည်၏၊ ထို စေတနာသည် ဥပါဒ် ဌီ ဘင်စေ့၍ ချုပ်ရသော်လည်း တစ်ခါတည်း အမျိုးပြုတ်အောင် ချုပ်သွားသည် မဟုတ်၊ အခွင့်သာလျှင် သင့်ရာ၌ ရင့်ကျက်ဖို့ရန် (အကျိုးဖြစ်ဖို့ရန်) မိမိ၏ အမူအရာ ။သတ္တိထူးကို စိတ်အစဉ်ဝယ် အပြည့်အစုံသွင်းနှံ မြှုပ်ထား၍ူချုပ်သွားလေသည်၊ ဤအမူအရာသတ္တိထူးသည် "ကမ္မသမ င်္ဂိတာ-(ကံ၏ပြည့်စုံခြင်း)" မည်၏၊ ထိုအမူအရာသတ္တိထူးသည် မိမိနှင့်လျောက်ပတ်သောအထောက်အပံ့ကို ရသောအခါ ကံ ကမ္မနိမိတ် ဂတိနိမိတ်တစ်ပါးပါးကို ထင်လာစေ၏၊ ထိုထင်လာသောအာရုံကို မလွှတ်ဘဲ စုတေလျှင် အကျိုးပေးခွင့် သာတော့၏၊ ဤကား "ဥပဋ္ဌာနသမင်္ဂိတာ (ထင်လာသောအာရုံ၏ ပြည့်စုံခြင်း)" တည်း၊ ထိုထင်လာသောအာရုံကို မလွှတ်ဘဲ စုတေသူ၏သန္တာန်၌ ရှေးက မြှုပ်နှံအပ်ခဲ့သော အမူအရာသတ္တိ ထူးသည် စုတိအခြားမဲ့၌ သမ္ပယုတ်တရား အခြံအရံနှင့်တကွ အထင်အရှားပေါ်လျက် ရင့်ကျက်လာသည်၊ ဤကား "ဝိပါကသမင်္ဂိတာ (အကျိုးဝိပါက်၏ ပြည့်စုံခြင်း)"တည်း။

ထိုတွင် ရှေ့ သမင်္ဂိတာ (၃)ပါး၏ အခိုက်အတန့်သည် နုသေးသော အခိုက်အတန့် မည်၏၊ ဝိပါကသ မင်္ဂိတာကား ရင့်လာသော အခိုက်အတန့်မည်၏၊ "နုသောကံသည်ပင် အခွင့်သာ၍ ရင့်လာသောအခါ ဝိပါ ကဟု နာမည်ရသည်" ဟူလို၊ ထို့ကြောင့် "ဝိပစ္စန္တိ-ရင့်ကျက်လာကုန်၏၊ ဣတိထို့ကြောင့်၊ ဝိပါကာ-ဝိပါကတို့ မည်၏"ဟု ရုဠှီမပါ ဥပစာမဖက် သက်သက် မုချအားဖြင့် ဝိပါကအမည်ရကြောင်းကို ပရမတ္ထဒီပနီ ဖွင့်ဆို၏၊ ဆို၏၊ လောကုတ္တရာဝိပါက်နှင့် ပဝတ္တိကျိုး သက်သက်ဖြစ်သော နာမ်ဝိပါက်များ၌ ထိုအဆိုအတိုင်း မဖြစ်နိုင် သောကြောင့် ထိုဒီပနီစကားကို စဉ်းစားထိုက်သည်။

အဟိတ် ကုသလဝိပါက်စိတ်အဖွင့်

ဥပေက္ခာသဟဂတံ ကုသလဝိပါကံ စက္ခုဝိညာဏံ ၊ပေ၊ သုခသဟဂတံ ကာယဝိညာဏံ ၊ပေ၊ ဣမာနိ အဋ္ဌပိ ကုသလဝိပါကာဟေတုကစိတ္တာနိ နာမ။

သုခသဟဂတံ ကာယဝိညာဏံ။ ။ကာယစိတ္တာဗာဓံ-ကိုယ်နာ စိတ်နာ နှစ်ဖြာသော ရောဂါကို၊ ခန တိ-တူးပစ်တတ်၏၊ ဣတိ-ကြောင့်၊ သုခံ-မည်၏၊ ဤသုခလည်း ကာယိကသုခသည် ကာယိကဒုက္ခဟူသော ကိုယ်အနာကို တူးဖြိုပစ်၍, စေတသိကသုခဟု ခေါ်အပ်သော သောမနဿဝေဒနာက စေတသိကဒုက္ခဟူ သော စိတ်အနာကို တူးဖြိုပစ်သည်၊ ကာယဝိညာဉ်စိတ် ဖြစ်သောအခါ ကာယိကသုခဝေဒနာနှင့် အတူတ ကွ ဖြစ်သောကြောင့် "သုခသဟဂတံ ကာယဝိညာဏံ"ဟု မိန့်သည်။

ကုသလဝိပါကာဟေတုကစိတ္တာနိ။ ။"ကုသလဝိပါကံ စက္ခုဝိညာဏံ" ဟု ကုသလဝိပါကသဒ္ဒါကို ရှေ့နား က ဆိုအပ်ပြီးပါလျက် အဘယ့်ကြောင့်"ကုသလဝိပါကာဟေတုက"ဟု ကုသလဝိပါကသဒ္ဒါကို တစ်ဖန်ထပ်ရ ပါသနည်း"ဟု မေး၊ အဖြေကား-ရှေ့ကုသလဝိပါကသဒ္ဒါသည် စက္ခုဝိညာဏံ စသည်ကို အထူးပြုသော ဂုဏ ဝါစကသဒ္ဒါဖြစ်၍ ဤကုသလဝိပါကာဟေတုက၌ ကုသလဝိပါက သဒ္ဒါကား "ကုသလဝိပါက်အဟိတ်စိတ်" ဟု နာမည်ကိုပြသော နာမဝါစကသဒ္ဒါ ဖြစ်၏၊ ထို့ကြောင့် ရှေ့၌ ဆိုအပ်ပြီးလျက် ဤကုသလဝိပါကသဒ္ဒါကို ထပ်၍ ဆိုရပြန်သည်။

ဥပမာ –"ဣတိပိ သော ဘဂဝါ"ဟု ရှေ့က ဘဂဝါသည် ဘုရားနာမည်တော်ကို ပြသော နာမဝါစကသဒ္ဒါ ဖြစ်၍ "ဗုဒ္ဓေါ ဘဂဝါ" ၌ ဘဂဝါသဒ္ဒါကဂုဏ်တော်ကို ပြသော ဂုဏဝါစကသဒ္ဒါ ဖြစ်သောကြောင့် ဘဂဝါပုဒ် ကို နှစ်ထပ် ဟောတော်မူရသကဲ့သို့တည်း။

အဟေတုကဝိသေသန။ ။ဤကုသလဝိပါက်အဆုံး နိဂုံး၌ "ကုသလဝိပါကာဟေတုကစိတ္တာနိ" ဟု အဟေတုကဟူသော ဝိသေသနကို ကူမသကဲ့သို့ ရှေ့အကုသလဝိပါက်အဆုံး နိဂုံး၌ "အဟေတုက" ဟု ဝိသေသနမကူမဘဲ အဘယ့်ကြောင့် "အကုသလဝိပါကစိတ္တာနိ"ဟုသာ မိန့်ဆိုပါသနည်းဟု မေး၊ အဖြေ ကား–ဤကုသလဝိပါက်စိတ်၌သာ အခြားသော ကုသလဝိပါက်များနှင့် ယုံမှားဖွယ်ရှိ၍, ထိုအကုသလဝိ ပါက်စိတ်၌ ယုံမှားဖွယ်ရာ အခြား အကုသလဝိပါက်စိတ်မရှိသောကြောင့် ဤကုသလဝိပါက်စိတ်၏အဆုံး နိဂုံး၌ကဲ့သို့, ထိုအကုသလဝိပါက်စိတ်၏ အဆုံးနိဂုံး၌ အဟေတုကဟု ဝိသေသနမကူမဘဲ မိန့်ဆိုရပေသည်။

ချဲ့ဦးအံ့ –ဝိသေသနမည်သည် သမ္ဘဝ ဗျဘိစာရ နှစ်မျိုးရှိရာ၌သာ ကူမရကျိုး နပ်၏၊ ထိုတွင်"သမ္ဘဝ"ဟူသည် သာမညစကားတည်း၊ သမ္ဗဝနံ-အနက်အများ၏ ဖြစ်သင့်ခြင်း၊သမ္ဘဝေါ-အနက်အများ၏ ဖြစ်သင့်ခြင်း၊ ဥပမာ– "လူ"ဟူသော သာမညစကား၌ ယောကျ်ား မိန်းမ လူဟူသမျှကို ရနိုင်သကဲ့သို့တည်း၊"ဗျဘိစာရ" ဟူသည် ထို သာမညအနက်တို့၏ ရှေ့ရှုပါဝင်လာခြင်းတည်း၊ ဥပမာ–လူဟူသောစကား၌ လူဟူသမျှ ပါဝင် လာခြင်းကဲ့သို့တည်း၊ ဝိရုဒ္ဓါနံ+အဘိမုခံ+စရဏံ ပဝတ္တနံ ဗျဘိစာရော၊ ဝိရုဒ္ဓါနံ-မလိုရာ ဆန့်ကျင်ဘက် အနက်တို့၏၊ အဘိမုခံ-ရှေးရှု၊ စရဏံ ပဝတ္တနံ-ဖြစ်ခြင်း ပါဝင်ခြင်းတည်း၊ ဗျဘိစာရော-ခြင်း၊ ဤစကားအရ "သမ္ဘဝသည် အကြောင်း, ဗျဘိစာရသည် အကျိုး"ဟု သိသာပြီ။

သမ္ဘဝေ ဗျဘိစာရေ စ, ဝိသေသနံ သာတ္ထကံ သိယာ၊ သမ္ဘဝေါ နာမ သာမညံ, ဗျဘိစာရော တု တပ္ဖလံ။

သမ္ဘဝေ -အနက်အများ၏ ဖြစ်သင့်ခြင်းဟူသောသမ္ဘဝသည်လည်းကောင်း၊ ဗျဘိစာရေ စ-မလိုရာ ဆန့် ကျင်ဘက် အနက်တို့၏ ရှေးရှုပါဝင်လာခြင်းဟူသော ဗျဘိစာရသည်လည်းကောင်း၊ သတိ-ရှိမှသာ၊ ဝိသေ သနံ-ဝိသေသနသည်၊ သာတ္ထကံ-ကူမရကျိုး နပ်သည်၊ သိယာ-ဖြစ်ရာ၏၊ သမ္ဘဝေါ နာမ-သမ္ဘဝ မည်သည်၊ သာမညံ-သာမညတည်း၊ ဗျဘိစာရော တု-ဗျဘိစာရသည်ကား၊ တပ္ဖလံ-ထိုသမ္ဘဝ၏ အကျိုးတည်း၊[ဗျဘိစာ ရကို "အနေကန္တိဘာဝ"ဟုလည်းကောင်း,"ပသင်္ဂ"ဟုလည်းကောင်း ဆိုကြသေး၏၊ အနေကန္တိကဘာဝ-များ သောအနက်အဖို့ ရှိသည်၏ အဖြစ်၊ ပသင်္ဂ-များစွာသော အနက်တို့၏ ကပ်ငြိခြင်း, ပါဝင်ခြင်း။]

ဆက်ဦးအံ့ –ဤ ကုသလဝိပါက်စိတ်နိဂုံး၌ အဟေတုကဟု ဝိသေသန မကူမဘဲ သမ္ဘဝ သာမညစကား ကို ဆိုလိုက်လျှင် မဟာဝိပါက် မဟဂ္ဂုတ် လောကုတ္တရာဝိပါက်ဟူသော အခြားသဟိတ်ဝိပါက်တွေ ပါဝင်လာ ခြင်းဟူသော ဗျဘိစာရ ဖြစ်လေရာ၏၊ ထိုကဲ့သို့ ဗျဘိစာရ မဖြစ်ရလေအောင် ဤ ကုသလဝိပါက်စိတ် အဆုံးနိဂုံး၌ အဟေတုကဟု ဝိသေသန ကူမရသည်၊ အကုသလဝိပါက်စိတ် အဆုံးနိဂုံး၌ကား အဟေတုက ဟု ဝိသေသန မကူမသော်လည်း အခြား သဟိတ် အကုသလဝိပါက် မရှိသောကြောင့် ဗျဘိစာရ မဖြစ်နိုင် တော့ပြီ၊ ထို့ကြောင့် အဟေတုကသဒ္ဒါ မထည့်ဘဲ "အကုသလဝိပါကစိတ္တာနိ နာမ"ဟု မိန့်ဆိုတော်မူ ပေသည်။

အဟိတ်ကြိယာစိတ်အဖွင့် ဥပေက္ခာသဟဂတံ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ, တထာ မနောဒွါရာဝဇ္ဇနစိတ္တံ, သောမနဿသဟဂတံ ဟသိတုပ္ပာဒစိတ္တေဉ္စတိ ဣမာနိ တီဏိပိ အဟေတုကကြိယစိတ္တာနိ နာမ။

[ပဉ္စဒွါရာဝဇ္ဇန စသည်တို့၏ ဝစနတ္ထနှင့် သဘာဝသည် နောက်၌ ထင်ရှားလတ္တံ့။]

ဟသိတုပ္ပါဒစိတ္တံ။ ။ဟသိတမေဝ ဥပ္ပာဒေတီတိ ဟသိတုပ္ပာဒံ၊ ဟသိတမေဝ-ပြုံးရွှင်ခြင်းကိုသာ၊ ဥပ္ပာဒေ တိ-ဖြစ်စေတတ်၏၊ ဣတိ-ကြောင့်၊ ဟသိတုပ္ပာဒံ-ဟသိတုပ္ပာဒမည်၏၊ လောဘမူ ကာမသောဘနစိတ်တွေ လည်း ပြုံးရယ်ခြင်းကို ဖြစ်စေနိုင်ကြပေ၏၊ သို့သော် ထိုစိတ်တို့သည် ပြုံးရယ်ခြင်းကိစ္စအပြင် အခြားသော ကိုယ်မှု နှုတ်မှုများကိုလည်း ဖြစ်စေရသေးသောကြောင့် "ဟသိတုပ္ပာဒ"အမည် မရကြပေ၊ ဤစိတ်ကား ပြုံး ရယ်မှုမှတစ်ပါး အခြားသော ကိုယ်မှု နှုတ်မှုကို မဖြစ်စေတတ်, ပြုံးရယ်မှုတစ်ခုကိုသာ ဖြစ်စေတတ်သဖြင့် "ဟသိတုပ္ပာဒ"ဟု အမည်ရသည်၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ် ခန္ဓနိဒ္ဒေသ မဟာဋီကာ၌ "ဟသိတုပ္ပာဒနရသာတိ ဟသိတေဿဝ ဥပ္ပာဒနရသာ"ဟု ဧဝနှင့်တကွ မိန့်ပြီ၊ ထိုဧဝဖြင့် ရယ်ခြင်းမှ တစ်ပါး အခြားကိစ္စကို ကန့်သည်။

အလင်္ကာကျမ်းလာ ရယ်ခြင်း(၆)မျိုး

သိတမိဟဝိကာသိနယနံ, ကိဉ္စာလက္ခိယဒိဇံ တု တံဟသိတံ၊ မဓုရဿရံ ဝိဟသိတံ, အံသသိရောကမ္ပမုပဟသိတံ။ အပဟသိတံ သ ဇလက္ခိ, ဝိက္ခိတ္တင်္ဂံ ဘဝတျ. တိဟသိတံ၊ ဒွေ ဒွေ ကထိတာ စေသံ, ဇေဋ္ဌေ မဇ္ဈေ ဓမေ ကမသော။

နိဿယ။ ။ဣဟ-ဤဟာသအရာ၌၊ ဝိကာသိနယနံ-ပွင့်သောမျက်စိရှိရုံ ပြုံးခြင်းသည်၊ သိတံ-သိတ မည်၏၊ ယံ-အကြင်ပြုံးခြင်းသည်၊ ကိဉ္စိ အာလက္ခိယဒိဇံ-စဉ်းငယ်မှတ်သားအပ်သော သွားရှိ၏၊ (သွားအနည်း ငယ် ပေါ်၏၊) တံ တု-ထိုပြုံးခြင်းသည်ကား၊ ဟသိတံ-ဟသိတမည်၏၊ မဓုရဿရံ-သာယာသောအသံထွက် အောင် ရယ်ခြင်းသည်၊ ဝိဟသိတံ-ဝိဟသိတမည်၏၊ အံသသိရောကမ္ပံ-ပခုံးဦးခေါင်း လှုပ်အောင် ရယ်ခြင်းသည်၊ ဥပဟသိတံ-ဥပဟသိတ မည်၏၊ သဇလက္ခိ-မျက်ရည်ထွက်အောင် ရယ်ခြင်းသည်၊ အပဟသိတံ- အပဟသိတမည်၏၊ ဝိက္ခိတ္တင်္ဂံ-လက်ခြေအင်္ဂါကို ပစ်လွှဲ၍ ရယ်ခြင်းသည်၊ အတိဟသိတံ-အတိဟသိတ မည်သည်၊ ဘဝတိ-၏၊ ဧသံ-ဤ (၆)မျိုးတို့တွင်၊ ဒွေ ဒွေ-နှစ်မျိုးနှစ်မျိုးတို့ကို၊ ကမသော-အစဉ်အတိုင်း ဇေဋ္ဌေ-မြတ်သူ၌လည်းကောင်း၊

မဇ္ဈေ-အလတ်စား ဖြစ်သူ၌လည်းကောင်း၊ အဓမေ-ယုတ်ညံ့သူ၌လည်းကောင်း၊ ကထိတာ-ဆိုအပ်ကုန်၏။

ဆက်ဦးအံ့ –ဤ ဟသိတုပ္ပာဒ်စိတ်သည် ဘုရား ရဟန္တာ အရှင်မြတ်တို့၌သာ ဖြစ်နိုင်သောကြောင့် ဟသိတု ပ္ပါဒ၌ "ဟသိတ"အရ မြင့်မြတ်သူတို့ ပြုံးရိုးဖြစ်သော သိတ, ဟသိတ နှစ်ပါးကို ယူပါ၊ အချို့ကား ဘုရား ရှင်ပြုံးတော်မူရာ၌ "သိတံ ပါတွာကာသိ" ဟုချည်း လာ၏၊ ထို့ကြောင့် ဟသိတုပ္ပာဒ၌ ဟသိတအရ သိတ တစ်မျိုးကိုသာ ယူရမည်ဟု ဆိုကြ၏၊ ထိုဆရာတို့သည် "သိတံ ပါတွာကာသီတိ-အဂ္ဂဂ္ဂဒန္တေ ဒေဿန္တော သိတံ ပါတု အကာသိ"ဟူသော မဇ္ဈိမပဏ္ဏာသ မဃဒေဝသုတ္တဋ္ဌကထာကို တွေ့မိဟန်မတူ၊ ထိုအဋ္ဌကထာ၌ "အဂ္ဂဂ္ဂဒန္တေ-အဖျား အဖျားဖြစ်သော သွားတော်တို့ကို၊ ဒေဿန္တော-ပြတော်မူလျက်"ဟူသော စကားသည် "ကိဉ္စာလက္ခိယဒိဇံ တု တံ ဟသိတံ"ဟူသော အလင်္ကာစကားနှင့် တစ်သားတည်း တူနေပြီ မဟုတ်ပါလော၊ ထို့ကြောင့် ဘုရားရှင်လည်း သိတ, ဟသိတ နှစ်မျိုးတွင် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုံးတော်မူရကား ဟသိတု ပ္ပာဒ၌ ဟသိတအရ သိတ, ဟသိတ နှစ်မျိုးပင် ရသည်ဟု မှတ်ပါ။ ["ဟသိတံတိ သိတမေဝ သန္ဓာယ, ဝဒတိ" ဟု အင်္ဂုတ္တိုရ်ဋီကာ ဖွင့်ရာ၌ အလင်္ကာကျမ်းလာ ဟသိတကို ပယ်လို၍မဟုတ်, အဋ္ဌကထာ၌ အချို့ လူတို့ ရယ်ပုံကို "ဟသိတ"ဟု ဆိုထား၏၊ ထို ဟသိတကို ပယ်လို၍ ဖွင့်ခြင်း ဖြစ်သည်။]

အဟေတုကကြိယစိတ္တာနိ။ ။မဟာကြိယာ, မဟဂ္ဂုတ်ကြိယာဟူသော သဟိတ်ကြိယာများကို တား မြစ်လို၍ "အဟေတုက"ဟု ဝိသေသန ကူမသည်၊ အချို့က"အဟေတုကသဒ္ဒါဖြင့် ကာမာဝစရချင်းတူသော သဟိတ်မဟာကြိယာကိုသာ တားမြစ်ခွင့်ရှိသည်, မဟဂ္ဂုတ်ကြိယာများကို တားမြစ်ဖွယ် မလို"ဟု ဆိုကြ၏၊ ထိုဝါဒသည် သဒ္ဒထုံးစံ မကျပါ၊ အဟေတုကသဒ္ဒါဖြင့် သဟိတ်ဟူသမျှကို တားမြစ်လိုက်မှသာ သဒ္ဒထုံးစံကျ ပါသည်၊ ထင်ရှားစေအံ့ "အဟေတုကကြိယာစိတ္တာနိ"ဟူသော ပုဒ်ဝယ် ကြိယစိတ္တာနိ၌ ကြိယဟူသော ဝိ သေသနဖြင့် ကုသိုလ် အကုသိုလ် ဝိပါက်စိတ်များကို တားမြစ်လိုက်ပြီ၊ ကြိယာစိတ်အားလုံးနှင့်ကားဆက်ဆံ နေသေး၏၊ အဟေတုကဟု ထပ်မံ၍ ဝိသေသန ပြုလိုက်သောအခါ သဟိတ်ကြိယာစိတ် ဟူသမျှတို့ ဆုတ် နစ်ကြရတော့သည်၊ ထိုဆရာတို့ အလိုအတိုင်း"ကာမာဝစရအခန်းဖြစ်၍ မဟဂ္ဂုတ် လောကုတ္တရာများကို ထို အခန်းက တားမြစ်ပြီးပါ"ဟု ဆိုလျှင် "အဟိတ်ခန်းဖြစ်၍ သဟိတ်စိတ်များကို

တားမြစ်ပြီးပါ"ဟု ဆိုရလိမ့်မည်၊ သို့ဖြစ်လျှင် အဟေတုကသဒ္ဒါပင် အပိုဖြစ်လတ္တံ့၊ အဟေတုကကုသလဝိပါ ကစိတ္တာနိတုန်းကလည်း အဟေတုကအတွက် ဤအတိုင်း ကောက်ချက်ချပါ။

ဝေဒနာယှဉ်ပုံနှင့် ယောဂသင်္ခါရ

[ ဆောင်] နာလောစေ့စုံ, စိစစ်ကုန်အံ့၊...အာရုံဝတ္ထု,ထိခိုက်မှုက, ဥပါဒါချင်း, ဖြစ်တုံလျှင်း၍,ညှင်းညှင်း သာသာ, အားနည်းစွာကြောင့်,ရှစ်ဖြာဝိညာဉ်, ပေက္ခာယှဉ်၏၊ ထို့ပြင်ကာယ-ဝိညာဏတုံ, သူ့အာရုံကား, သုံးပုံဘုတ်ကြီး, ဖြစ်ခဲ့ပြီးမို့, ထန်သည်းဗလဝ, ထိခိုက်ကြသဖြင့်, ဣဋ္ဌနိဋ္ဌာ, သင့်ရာရာဝယ်, သုခါဒုက္ခ, ယှဉ်ကုန်ကြ၏ ၊ သမ္ပဋိစ္ဆာ, နှစ်ခုမှာမူ, မှီရာမမျှ, ဝိညာဏမှ, နန္တ ရသတ္တိ, ကျေးဇူးရှိသဖြင့်, အားမပြည့်ကြ, ဒုဗ္ဗလမို့, မုချ ပေက္ခာ,ယှဉ်ရ စွာရှင့်၊ သုံးဖြာသန္တီ- ရဏသည်ကား, အမှီတူလှိုင်း, ပဋိစ္ဆိုန်းမှ, ထောက်မှိုင်းကူမ, ကျေးဇူးရသဖြင့်, ဗလဝအား, စွမ်းပကားကြောင့်, နှစ်ပါးပေက္ခ-သောမနဟု, ကုသလဝိပါက်, အယှဉ်ထွက်၏၊ ဝိပါက်အကု

,သုအမှုမှာ, နှစ်ဖြာဒုက္ခ, ဒေါမနတို့, ယှဉ်ကြရန်ဖြင့်, ဆင်မသင့်၍, အခွင့်လျော်စွာ, ဥပေက္ခာသည်, နောင်လာမှတ်ဖွယ် စေ့စေ့တည်း။

[ ဆောင်] မှတ်သားစေ့င, ဆက်ကာပြပိမ့်၊...ပဉ္စဒွါရာ-ဝဇ္ဇနာမူ, မှီရာတူရိပ်, ဘဝင်စိတ်မှ, နန္တရပစ္စည်း, ကျေးဇူးကြီးကြောင့်, စိုးစည်းအားအင်, ကြီးမားပင်လည်း, ဘဝင်အခြာ, သူထွက်လာ၍, ဦး စွာအာရုံ, ယူပါတုံရ, တစ်ကြိမ်မျှသာ, မှီရာကွဲပြန်, နောက်ဝိညာဏ်အား, တစ်ဖန်နန္တရ-ပစ္စ ယဖြင့်, ကူမရတွက်, ဤသုံးချက်ကြောင့်, ဥပေက်ဝေဒနာ, ယှဉ်ရစွာသော, ဆရာဟောခဲ့၊ မနောဒွါရာ-ဝဇ္ဇနာလည်း, ဦးစွာအာရုံ, ယူပါတုံရ, နောက်မှစိတ်စဉ်, တစ်မျိုးပြင်ဖို့, တမင်ဗျာ ပါ-များရရှာ၍, ဝေဒနာပေက်, ယှဉ်တုံလစ်၏, ဆယ့်ရှစ်လုံးမှာ, ဝိယုတ်သာတဲ့, အသင်္ခါရိ, ဆိုစဉ်ရှိခဲ့၊ ကဝိနောက်ပွား, ဆရာများကား, နှစ်ပါးအသင့်, စကားဆင့်၏, သို့ဖြင့်တစေ, အဆိုထွေလည်း, စိတ်စေသတ္တိ, ထူးမရှိသဖြင့်, မုနိထွတ်ဖျား, စိတ်မခြားသည်,...စကား မကျယ် သင့်ပြီတည်း။

အာရုံဝတ္ထု , ထိခိုက်မှုက, ဥပါဒါချင်း။ ။စက္ခုဝိညာဉ်ဒွေးစသော ဝိညာဉ်(၈)ပါး၏ အာရုံသည် ရူပ, သဒ္ဒ, ဂန္ဓ, ရသာရုံများဖြစ်ရကား ရုပ်(၂၈)ပါးတွင်မဟာဘုတ်ကြီးများကိုမှီသောဥပါဒါရုပ်ကလေးများသာတ ည်း၊ မှီရာဝတ္ထုရုပ်ကလည်းစက္ခု, သောတ, ဃာန, ဇိဝှါဟူသော ဥပါဒါရုပ်ကလေးများပင်တည်း၊ စက္ခုဝိညာဉ် စိတ် သောတဝိညာဉ်စိတ် စသောစိတ်များ ဖြစ်ဖို့ရာ "ရူပါရုံစသော ဥပါဒါရုပ် အာရုံများက စက္ခုဝတ္ထုစသော ဥပါဒါရုပ်များကို ထိခိုက်ကြသည်" ဟူလို။

ညှင်းညှင်းသာသာ၊ပေ၊ပေက္ခာယှဉ်၏။ ။ထိုဥပါဒါရုပ်ကလေးချင်း ထိခိုက်မှုသည် မထန်မပြင်း ညှင်းညှင်း

သာသာ ရှိ၏၊ ဥပမာ–ဝါဂွမ်းစိုင်ကလေးနှစ်ခု ထိခိုက်ပုံကဲ့သို့တည်း၊ ဤသို့ အာရုံဝတ္ထု ထိခိုက်မှုက ညင်သာသည့်အတွက် ဣဋ္ဌာရုံ၌ဖြစ်စေ, အနိဋ္ဌာရုံ၌ဖြစ်စေ အရသာ မထင်ရှားလှချေ၊ ထို့ကြောင့် စက္ခုဝိညာဉ်ဒွေးစ သော ဝိညာဉ်(၈)ပါး၌ အာရုံ၏အရသာကို လွန်စွာခံစားသော သုခ ဒုက္ခဝေဒနာများ မယှဉ်ဘဲ ဥပေက္ခာဝေဒ နာသာ ယှဉ်ရသည်။

ထို့ပြင် ကာယ၊ပေ၊ သုံးပုံဘုတ်ကြီး။ ။ကာယဝိညာဉ်၏ အာရုံဖြစ်သော ဖောဋ္ဌဗ္ဗာရုံကား ပထဝီ,တေဇော, ဝါယောဟူသော မဟာဘုတ်ကြီး(၃)ပါးတည်း၊ မှီရာဝတ္ထုမှာ ကာယဝတ္ထုဟူသော ဥပါဒါရုပ်ကလေးပင်၊ [ကာယဝတ္ထုကားတကွဖြစ်ဖက် မဟာဘုတ်များကို တစ်ဆင့်မှီရပြန်သည်။]

ထန်သည်းဗလဝ , ထိခိုက်ကြသဖြင့်။ ။အင်အားကြီးမားသော ဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်ကြီးများက ကာယ ဝတ္ထုကို ထိခိုက်သောအခါ ကာယဝတ္ထုတွင် အရှိန်မရပ်ဘဲ ကာယဝတ္ထု၏မှီရာ မဟာဘုတ်ကိုလည်း ထိခိုက် မိပြန်၏၊ ဥပမာ– "ပေ"ဟု ခေါ်အပ်သော အောက်ခံသံတုံးပေါ်၌ ဝါဂွမ်းစိုင်ကိုတင်၍ သံတူဖြင့်နှက်သောအခါ ဝါဂွမ်းစိုင်တွင် အရှိန်မရပ်ဘဲ အောက်ခံပေကိုလည်း ထိခတ်မိသကဲ့သို့တည်း။ [ရိုက်ခတ်ဖန်များသဖြင့် (ပေ) နေသော အောက်ခံသံတုံးကို "ပေ"ဟု ခေါ်သည်။]

ဣဋ္ဌနိဋ္ဌာ၊ပေ၊ယှဉ်ကုန်ကြ၏။ ။ဤဆိုအပ်ပြီးသောနည်းအရ မဟာဘုတ်ချင်းထိခတ်မိလေရာ ထိခိုက် ချက်အားကြီးသောကြောင့် အရသာလည်း ထင်ရှားရကား အနိဋ္ဌာရုံနှင့် တွေ့ကြုံလျှင် ကာယဝိညာဉ်စိတ်မှာ ဒုက္ခဝေဒနာယှဉ်၍,ဣဋ္ဌာရုံနှင့်တွေ့ကြုံလျှင် သုခဝေဒနာ ယှဉ်ရပေသည်။[ဤစကားအရ ဥပေက္ခာထက် သုခ ဒုက္ခတို့က ထက်မြက်ပုံကို သတိပြုပါ။]

သမ္ပဋိစ္ဆာ ၊ပေ၊ ယှဉ်ရစွာရှင့်။ ။ပဉ္စဝိညာဉ်သည် စက္ခု ဝတ္ထု စသည်ကိုမှီ၏၊ သမ္ပဋိစ္ဆိုန်းကား ဟဒယဝတ္ထု ကို မှီ၏၊ ပဉ္စဝိညာဉ်စိတ်က သမ္ပဋိစ္ဆိုန်းအား အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏၊ ထို့ကြောင့် မှီရာ မတူသော ပဉ္စဝိ ညာဉ်၏ ကျေးဇူးပြုကို ခံရသော သမ္ပဋိစ္ဆိုန်းသည် မှီရာတူသောစိတ်၏ ကျေးဇူးပြုကို ခံရသလောက်အားမရှိ ချေ၊ ဥပမာ-သဘောမတူသူ့ အထံမှ အကူအညီရသူသည် သဘောတူသူ့ထံမှ အကူအညီရသလောက် အား မရှိသကဲ့သို့တည်း၊ ထို့ကြောင့် သမ္ပဋိစ္ဆိုန်းသည် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ရသည်။ သုံးဖြာသန္တီ ၊ပေ၊ အယှဉ်ထွက်၏။ ။သန္တီရဏသုံးပါးသည် သမ္ပဋိစ္ဆိုန်းကဲ့သို့ ဟဒယဝတ္ထုကို မှီ၍ သမ္ပဋိစ္ဆိုန်း

၏ အခြားမဲ့၌ ဖြစ်ကြ၏၊ သဘောတူသူ့ အထံမှ အကူအညီရသကဲ့သို့, ဟဒယဝတ္ထုကို အမှီချင်းတူသော သမ္ပဋိ စ္ဆိုန်းမှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုခြင်းကို ခံရသဖြင့် အားရှိကြပေသည်၊ ထို့ကြောင့် ကုသလဝိပါက် အရာဝယ် ဣဋ္ဌမဇ္ဈတ္တာရုံနှင့် တွေ့ကြုံရာ၌ ဥပေက္ခာဝေဒနာနှင့်ယှဉ်၍ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ သော မနဿဝေဒနာနှင့် ယှဉ်ရသည်။

ဝိပါက်အကု ၊ပေ၊ ဥပေက္ခာသည်။ ။အကုသလဝိပါက်အရာ၌ကား ထင်လာသော အာရုံသည် အနိဋ္ဌာရုံ သာဖြစ်၏၊ ထိုအနိဋ္ဌာရုံ၌ သောမနဿဝေဒနာကား လုံးဝ ဖြစ်ခွင့် မရှိပြီ၊ ဒုက္ခဒေါမနဿအတွက်သာ စဉ်းစား ဖွယ် ရှိ၏၊ ထိုတွင် ဒုက္ခဝေဒနာဟူသည် ကာယိကဒုက္ခတစ်မျိုးသာ ရှိရကား ကာယဝိညာဉ်နှင့်သာ အမြဲယှဉ် ရိုးတည်း၊ ဒေါမနဿဝေဒနာလည်း ဒေါသနှင့်ကင်း၍ ဖြစ်ခြင်း မရှိ၊ ဒေါသမှန်လျှင်လည်း ဧကန် အကုသိုလ် ဇာတ်တည်း၊ အကုသိုလ်ဇာတ်ဖြစ်သော ဒေါသနှင့် အဗျာကတဇာတ်ဖြစ်သော သန္တီရဏတို့ကား မုချမတွဲစပ် သင့်ချေ၊ ဒေါသနှင့် မစပ်သင့်လျှင် ဒေါသနှင့် မခွဲနိုင် မခွာရက်သော ဒေါမနဿဝေဒနာကလည်း ယှဉ်နိုင် မည်မဟုတ်၊ ဤသို့လျှင် ဒုက္ခ ဒေါမနဿဝေဒနာတို့နှင့် ယှဉ်ဖို့ရန် အဆင်မသင့်သောကြောင့် အနိဋ္ဌမဇ္ဈတ္တာ ရုံ၌ဖြစ်စေ, အတိအနိဋ္ဌာရုံ၌ဖြစ်စေ ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ရတော့သည်။

ပဉ္စဒွါရာ -ဝဇ္ဇနာမူ ၊ပေ၊ တစ်ကြိမ်မျှသာ။ ။ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မှီရာတူသော ဘဝင်စိတ်မှ အနန္တရ သတ္တိဖြင့် ကျေးဇူးပြုခံရခြင်းကြောင့် စိုးစဉ်းအနည်းငယ် အားရှိ၏၊ သို့သော်–ထင်လာသော အာရုံသစ်ကို ဘဝင်၏ အခြားမဲ့၌ ရှေးဦးစွာ ထွက်၍ ယူရခြင်း, ထိုသို့ ယူရာ၌လည်း တစ်ကြိမ်မျှသ ဖြစ်ခွင့်ရခြင်း တို့ကြောင့် အာရုံအရသာကို ကျနစွာ မခံစားလိုက်ရပေ၊ ဥပမာ–မည်သည့်ကိစ္စ၌ မဆို ရှေးဦးစွာ တစ်ကြိမ် မျှ ဆောင်ရွက်ရခြင်းသည် မကျန, မလေးနက် ပေါ့ပျက်ပျက် ရှိသကဲ့သို့တည်း။

မှီရာကွဲပြန် ၊ပေ၊ ဥပေက်ဝေဒနာ, ယှဉ်ရစွာသော။ ။ထို့ပြင် မိမိနောက်၌ ဖြစ်လေ့ရှိသော ပဉ္စဝိညာဉ်များ က မိမိနှင့်မှီရာ မတူချေ၊ ထိုသို့မှီရာမတူသောစိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုပေးရခြင်းသည်လည်း မှီရာတူသောစိတ်အား ကျေးဇူးပြုရသလောက် မသက်သာလှပေ၊ ဥပမာ–အတူနေမဟုတ်သူအား ကြီီးပွား အောင်စောင့်ရှောက်ရခြင်းသည် အတူနေသူအား စောင့်ရှောက်ရသလောက် မလွယ်ကူ သကဲ့သို့တည်း၊ [ဤအဓိပ္ပါယ်ကား ဋီကာတို့၌ တိုက်ရိုက်မလာ, မနောဓာတ် မနောဝိညာဏဓာတ်ခွဲကို ထောက်၍ ထည့် လိုက်ပါသည်၊] ဤသို့လျှင်(၁)အာရုံသစ်ကို ရှေးဦးစွာ ယူရခြင်း, (၂)ထိုသို့ ယူရာ၌ တစ်ကြိမ်မျှသာ ဖြစ်ခွင့် ရခြင်း,

(၃) မှီရာ မတူသော နောက်ဝိညာဉ်အား ကျေးဇူးပြုရခြင်း ဤသုံးချက်သော အကြောင်းကြောင့် အာရုံအရ သာကို ကျနစွာ မခံစားနိုင်ရကား ပဉ္စဒွါရာဝဇ္ဇန်း၌ ဥပေက္ခာဝေဒနာသာ ယှဉ်ရသည်။

မနောဒွါရာ ၊ပေ၊ ဝေဒနာပေက်, ယှဉ်တုံလစ်၏။ ။မနောဒွါရာဝဇ္ဇန်းစိတ်လည်း ပဉ္စဒွါရာဝဇ္ဇန်းကဲ့သို့ အာရုံ သစ်ကို ရှေးဦးစွာ ယူရ၏၊ ထို့ပြင်–မိမိတို့နှင့်အစဉ်မတူသော ဇောအစဉ်ဖြစ်ဖို့ရန် ကျေးဇူးပြုရသည့်အတွက် တမင်တကာ ဗျာပါရများသကဲ့သို့ ရှိရလေသည်၊ ပရိတ္တာရုံဝီထိဝယ် ဝုဋ္ဌောကိစ္စတပ်ခိုက်မှာလည်း အစဉ်မတူ သော ဘဝင်အစဉ်ကို ဖြစ်စေရပြန်၏၊ ထို့ကြောင့် ကိစ္စတစ်ခု၌ ဗျာပါရများနေသောအခါ မည်သည့်အရသာ ကိုမျှ ကျနစွာ မခံစားနိုင်သကဲ့သို့, မနောဒွါရာဝဇ္ဇန်းလည်း ဗျာပါရများနေသည့်အတွက် မည်သည့်အာရုံကိုမျှ ကျနစွာမယူနိုင်၊ ဤသို့လျှင် အာရုံသစ်ကို ရှေးဦးစွာ ယူရခြင်း ဗျာပါရများသကဲ့သို့ ဖြစ်ရခြင်းတို့ကြောင့် ဥပေ က္ခာဝေဒနာနှင့်သာ ယှဉ်ရသည်။

ဆယ့်ရှစ်လုံးမှာ ဝိယုတ်သာတဲ့။ ။သမ္ပယုတ်အဖြစ်ကို မှတ်သားသောဒိဋ္ဌိ, ပဋိဃ, ဝိစိကိစ္ဆာ, ဥဒ္ဓစ္စ, ဉာဏ် ဟူသော စေတသိက်တို့နှင့် မယှဉ်ရကား ဤအဟိတ်စိတ်(၁၈)ပါးလုံးပင် ဝိပ္ပယုတ်ချည်းသာတည်းဟု ပြော ရိုးပြုကြ၏၊ သို့သော်–မောဟမူဒွေးမှတစ်ပါး အခြားစိတ်များ၌သာ သမ္ပယုတ် ဝိပ္ပယုတ်ဟူသော နာမည်သည် အချင်းချင်းထောက်ဆ၍ ရအပ်သောနာမည်တည်း၊ ဒိဋ္ဌိစေတသိက်သည် လောဘမူတချို့၌ယှဉ်၍ လောဘမူ တချို့၌ မယှဉ်၊ ထိုကဲ့သို့နှစ်မျိုးကွဲပြားရာ၌ ယှဉ်ရာစိတ်ကို သမ္ပယုတ်ဟု နာမည်ပေးပြီးလျှင်, မယှဉ်ရာစိတ်တို့ ကို ဝိပ္ပယုတ်ဟု နာမည်ပေးရသည်၊ ဤအဟိတ်စိတ်၌ ထိုကဲ့သို့ ထောက်ထားစရာ မရှိချေ၊ ထို့ပြင်–နာမည် ဟူသည် အခြားတစ်နေရာ၌ သုံးစွဲဖို့ ခေါ်ဝေါ်ဖို့ဖြစ်၏၊ ဤအဟိတ်စိတ်များကို"ဝိပ္ပယုတ်"ဟု သုံးစွဲခေါ်ဝေါ် ထားသော နေရာလည်း မရှိ၊ ထို့ကြောင့်"အဟိတ်စိတ်အားလုံးကို သမ္ပယုတ်ဟုလည်းကောင်း, ဝိပ္ပယုတ်ဟု လည်းကောင်း မှည့်ခေါ်ဖွယ်မလို"ဟု ယူဆပါသည်။

အသင်္ခါရိ ၊ပေ၊ နှစ်ပါးအသင့်။ ။စိတ်ဖြစ်ဖို့ရန် ဆိုင်ရာအကြောင်းများပြည့်စုံလျှင် တိုက်တွန်းဖွယ် မလို သောကြောင့် (၁၈)ပါးလုံးကိုပင် အသင်္ခါရိကဟု ရှေးက ပြောကြ၏၊ နောက်ပုဂ္ဂိုလ်များကမူ အသင်္ခါရိက သသင်္ခါရိက နှစ်ပါးစုံဖြစ်သင့်သည်ဟု ပြောစမှတ်ပြုကြ၏၊ ဤပုဂ္ဂိုလ်တို့အလိုကား-အချို့အရာဝယ် မမြင်ချင် မကြားချင် မနမ်းချင် မတွေ့ထိချင်ပါဘဲလျက် ပိုင်နိုင်သူတို့ကတိုက်တွန်းမှုကြောင့် ကြည့်ရ နားထောင်ရ နမ်းရ စားရ တွေ့ထိရသောအခါ သသင်္ခါရိကသာဖြစ်သင့်၏၊ မြင်ချင်၍ ကိုယ့်ဘာသာကြည့်ရာအခါစသည်၌ကား အသင်္ခါရိက စက္ခုဝိညာဉ်စသည် ဖြစ်သင့်၏-ဟူလိုသတတ်။

သို့ဖြင့်တစေ ၊ပေ၊ စကားမကျယ်သင့်ပြီတည်း။ ။ထိုကဲ့သို့ ရှေးကတစ်မျိုး ယခုတစ်ဖုံဟု ယူဆပုံ ကွဲပြား သော်လည်း စက္ခုဝိညာဉ်စသော စိတ်တို့မှာ သင်္ခါရရှိသည်ဖြစ်စေ, မရှိသည်ဖြစ်စေ စိတ်ဓာတ်သတ္တိ ခြားနား ခြင်း မရှိတော့ရကား အသင်္ခါရိက သသင်္ခါရိကဟု နှစ်ပါးစုံပင် မဆိုရတော့ပြီ၊ ချဲ့ဦးအံ့-အသင်္ခါရိက သသင်္ခါရိ ကဟူသော နာမည်များလည်း အထက် အနုံ့ နှစ်မျိုးကွဲပြားရာ၌သာ အထက်ကို အသင်္ခါရိက, အနုံ့ကို သသင်္ခါရိကဟု အချင်းချင်း ထောက်ဆ၍ မှည့်အပ်သော နာမည်များပင် ဖြစ်၏၊ ထိုကဲ့သို့ ထောက်ဆစရာ လည်း လုံးဝမရှိ၊ စက္ခုဝိညာဉ်၏ မြင်ခြင်းကိစ္စဟူသော ဒဿနသတ္တိမှာလည်း မကြည့်ချင်ဘဲကြည့်ရသည် ဖြစ်စေ, ကြည့်ချင်လှ၍ ကြည့်ရသည်ဖြစ်စေ ထူးထွေတော့မည်မဟုတ်၊ ဤသို့ သင်္ခါရ ရှိ/မရှိကြောင့် စိတ် ဓာတ်သတ္တိမှာ မထူးခြားသဖြင့် အဋ္ဌကထာဆရာများနှင့် ဘုရားရှင်တို့လည်း အဟိတ်စိတ်ကို သင်္ခါရအတွက် ခွဲခြား၍ "၁၈ × ၂လီ" ၃၆-ပါးဟု မပြခဲ့ချေ၊ အရှင်အနုရုဒ္ဓါကိုယ်တိုင်ကား ဝီထိမုတ္တပရိစ္ဆေဒ "အသင်္ခါရံ သသင်္ခါရ, ဝိပါကာနိ န ပစ္စတိ" ဂါထာဝယ် အဟိတ်ဝိပါက်များ အသင်္ခါရိက သသင်္ခါရိက နှစ်ပါးတွင် မပါဝင် ကြောင်းကို အထင်အရှား ပြထားပေသည်၊ သို့အတွက် အဟိတ်စိတ်၌ သင်္ခါရနှင့် စပ်သွယ်၍ စကား မကျယ်သင့်, မရှည်သင့်တော့ပြီ။

••••••••••••••••••

သောဘနစိတ်များ

ပါပါ ဟေတုကမုတ္တာနိ, သောဘနာနီတိ ဝုစ္စရေ၊ ဧကူသဋ္ဌိ စိတ္တာနိ, အထေကနဝုတီပိ ဝါ။

သောဘန။ ။သောဘန္တီတိ သောဘနာနိ၊ သောဘန္တိ-ကိလေသာအပြစ် ကင်းသဖြင့် သန့်ရှင်းတင့် တယ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ သောဘနာနိ-သောဘနတို့ မည်၏။ [သုဘဓာတ် ယုကို အနပြု၍ပြီးသော ကြောင့် "သောဘန"ဟုသာ ပါဌ်ရှိစေရမည်၊ သောဘဏဟု ဏကြီးဖြင့် မရှိစေရ။]

စေတသိက်၏နာမည်ရင်း။ ။"ဤသောဘန နာမည်သည် စိတ်၏အမည်ရင်းလော, စေတသိက်၏ အမည်ရင်းလော"ဟု မေးဖူး၏၊အဖြေကား-စိတ်၏အမည်ရင်းမဟုတ်၊ စေတသိက်၏ အမည်ရင်းတည်း။

ချဲ့ဦးအံ့–စိတ်သည် အာရုံကို သိခြင်းသဘောအားဖြင့် တစ်ပါးသာ ရှိ၏၊ ပင်ကိုက"တင့်တယ်သည်" ဟူ၍ လည်းကောင်း "မတင့်တယ်"ဟူ၍လည်းကောင်း မဆိုနိုင်၊ သဒ္ဓါစသော စေတသိက်များကိုသာ ကိလေသာ

" သောဘန"ဟူသော နာမည်သည် သဒ္ဓါစသော စေတသိက်များ၏ နာမည်ရင်းတည်း၊ မဟာကုသိုလ် အစရှိ သော စိတ်များကား ထိုသဒ္ဓါစသော သောဘန စေတသိက်တို့နှင့် ယှဉ်ရသည့်အတွက် "ရွှေပင်နားလျှင် ရွှေ ကျေး"ဟု ဆိုသလို သောဘနအမည်ကို ရကြသည်။

အချို့ဝါဒ။ ။အချို့ကား– "မနောပုဗ္ဗင်္ဂမာ ဓမ္မာ"အရ စိတ်ကသာ ပဓာနဖြစ်သောကြောင့် သောဘန နာမည်သည် စိတ်၏ နာမည်ရင်းတည်းဟု ဆိုကြသည်၊ ပဓာနဖြစ်မှုသည် သောဘန နာမည်ရဖို့ အခင်း၌ လို ရင်းမဟုတ်ပါ၊ ပင်ကို တင့်တယ်ခြင်း ရှိမှုကသာ လိုရင်းဖြစ်ပါသည်၊ ထို့ကြောင့် ထိုဆရာတို့ စကားကို စဉ်းစား ပါ။

အသောဘန နာမည် မလို။ ။သောဘနအမည်တွင်မပါဝင်သော ပါပါဟေတုကစိတ်တို့ကို ဗျတိရေက အဝုတ္တသိဒ္ဓိနည်းတို့အရ "အသောဘန"ဟု နာမည်ပေးကြ၏၊ သို့သော် "နာမည်"ဟူသည် နောက်နောက် စကားတို့၌ ခေါ်ဝေါ်သုံးစွဲဖွယ် ရှိမှသာလျှင် မှည့်ရရိုးတည်း၊ ပါပ အဟေတုကစိတ်တို့၏ "အသောဘန"ဟူ သော အသုံးအနှုန်းကို နောက်နောက် အခန်းများ၌ မတွေ့ရ, အဋ္ဌကထာ ဋီကာတို့လည်း မဖွင့်ကြချေ၊ ထို့ ကြောင့် ဤအသောဘနဟူသော နာမည်ကို အတည်မပြုဘဲ လျစ်လျူရှုခြင်းသာ ရှင်းလင်းဖွယ် ရှိ၏၊ စာလာ ပေလာ မဟုတ်သော်လည်း ယခုခေတ်မှာ အများသုံးစွဲအပ်သော နာမည်ဖြစ်၍ မပစ်ရက်ပါလျှင် "န+သော ဘနာနိ, အသောဘနာနိ"ဟု ဝစနတ်ပြု၍ န သဒ္ဒါအတွက် အညအနက်ကို ထွန်းပြစေပြီးလျှင် "အသောဘ န=သောဘနစိတ်မှ တစ်ပါးသောစိတ်များ"ဟု ကြံပါလေ။

အချို့ဝါဒ။ ။တချို့က န သဒ္ဒါအတွက် တင့်တယ်ခြင်းဂုဏ်ကို တားမြစ်သော(ပဋိသေဓ)အနက်ကြံ၍ "အသောဘန=မတင့်တယ်သောစိတ်များ"ဟု မြန်မာပြန်ကြ၏၊ "အကုသိုလ်စိတ်များမှာ အပြစ်ရှိသော လော ဘဟိတ်စသည်တို့နှင့် ယှဉ်သည့်အတွက် မတင့်တယ်, အဟိတ်စိတ်တို့ကား အပြစ်ကင်းသော အလောဘ ဟိတ် စသည်တို့နှင့် မယှဉ်ခြင်းကြောင့် မတင့်တယ်"ဟု မဏိမဉ္ဇူသာ ဖွင့်၏။

စဉ်းစားဖွယ်။ ။ထိုစကား၌ ဟိတ်နှင့် မယှဉ်ခြင်းသည် ရေသောက်မြစ်မရှိသော သစ်ပင်ပမာ ဆိုင်ရာအာ ရုံ ယူမှု၌ မခိုင်မြဲရုံသာ ရှိမည်၊ ဟိတ်နှင့် မယှဉ်ရုံမျှဖြင့် "မတင့်တယ်"ဟု မဆိုနိုင်၊ ထို့ပြင်-အကုသိုလ်စိတ်နှင့် ကုသလဝိပါက်တို့သည် ဣဋ္ဌအမျိုးတွင် ပါဝင်ကြ၏၊ ဣဋ္ဌမှန်လျှင် ကန္တမနာပ သောဘန ဖြစ်တော့သည်သာ၊ ထို့ကြောင့် ကုသလဝိပါက်နှင့် ဘုရား ရဟန္တာတို့၌သာ ဖြစ်လေ့ရှိသော ဟသိတုပ္ပါဒ်စိတ်ကို "မတင့်တယ် သောစိတ်"ဟု ဆိုရမည်မှာ မကြားကောင်း မနာသာပါတကား၊ သို့အတွက် ထိုဝါဒကို စဉ်းစားသင့်ကြ ပေသည်။

•••••••••••••

ကာမသောဘနစိတ်အဖွင့်

သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ ၊ပေ၊ ဣမာနိ အဋ္ဌပိ ကာမာဝစရကုသလစိတ္တာနိ နာမ။

ဉာဏသမ္ပယုတ္တံ။ ။ဇာနာတိ ယထာသဘာဝံ ပဋိဝိဇ္ဈတီတိ ဉာဏံ၊ ဇာနာတိ-သိတတ်၏၊ ယထာသဘာဝံ- သဘောအလျောက်၊ ပဋိဝိဇ္ဈတိ-ထိုးထိုးထွင်းထွင်း သိတတ်၏၊ ဣတိ-ထို့ကြောင့်၊ ဉာဏံ- ဉာဏမည်၏၊ ဉာဏေန+သမ္ပယုတ္တံ ဉာဏသမ္ပယုတ္တံ၊ ဤ၌ "ဉာဏ"ဟူသည် စေတသိက်ပိုင်း၌လာမည့် ပညိန္ဒြေစေတသိက် ပင်တည်း။ [ဉာဏ၌ ဉာဓာတ် ယုပစ္စည်းကို အနပြု၍ "ဉာန"ဟု ဖြစ်သင့်၏၊ သက္ကတ၌လည်း နငယ်ဖြင့်ပင် ရှိ၏၊ သို့သော် ရူပသိဒ္ဓိ၌ နငယ်ကိုဏ ပြန်ထားသောကြောင့် "ဉာဏ"ဟု ရှေးက အရေးအသား ပြုကြသည်။]

ဉာဏ်ယှဉ်ကြောင်း။ ။ရှေးကပညာ, ထက်ဖို့ရာဟု, ကုသိုလ်ပြုခဲ့၊ ယခုရူပ-ဘုံဌာန၌, ဖြစ်ရပြန်ပေ၊ပညိန္ဒြေ တောက်, ရင့်ချိန်ရောက်လာ၊ ဘာဝနာစွမ်း, ကိလေခန်းဘိ, တိဟိတ်သန္ဓေ, စွဲကပ်နေသည်၊ ဉာဏ်ရွှေစိန် စက် ထက်ကြောင်းတည်း။

ရှေးက၊ပေ၊ကုသိုလ်ပြုခဲ့။ ။မည်သည့်ကောင်းမှုမဆို ရှေးပြုစဉ်အခါ တုန်းက "ဤကောင်းမှုကြောင့် ဖြစ် ရာဘဝ၌ ဉာဏ်ပညာထက်မြက်သူ ဖြစ်ရပါလို၏"ဟု ဆုတောင်း၍ ကောင်းမှုပြုခဲ့လျှင် ထိုကုသိုလ်ကံ အကျိုး ပေးရာဘဝ၌ ဉာဏ်ပညာ ထက်မြက်သူဖြစ်၍ ဉာဏသမ္ပယုတ်စိတ် အဖြစ်များတတ်သည်။ [ဤရှေးကံမျိုး ကို "ပညာသံဝတ္တနိကကံ (ပညာကို ဖြစ်စေတတ်သောကံ)"ဟု ဆို၏၊ ပညာရေးကိုအားပေးမှု သင်ပြပေးမှု လည်း ပညာသံဝတ္တနိကကံပင်။]

ယခုရူပ၊ပေ၊ဖြစ်ရပြန်ပေ။ ။ရူပဘုံ၌ ဥတုသပ္ပါယ မျှတခြင်း, လောကီအာရုံကာမဂုဏ် ကင်းဆိတ်ခြင်း, ဒေါသ ဗျာပါဒ မရှိခြင်း, ဤအကြောင်းတို့ကြောင့် ဉာဏသမ္ပယုတ်စိတ် အဖြစ်များ၏၊ [ဤအကြောင်းကို "အဗျာပဇ္ဇလောကူပပတ္တိ=ဒေါသ ဗျာပါဒမရှိသော ဗြဟ္မာပြည်၌ ဖြစ်ရခြင်း"ဟု ဆိုသည်။] ပညိန္ဒြေတောက် ရင့်ချိန်ရောက်လာ။ ။သတ္တဝါတို့သည် ငယ်ရွယ်စဉ်အခါ၌ လောကီအာရုံ ကာမဂုဏ်

ဘက်သို့ စိတ်စက်ညွတ်နေခြင်း, သမာဓိ နည်းပါးခြင်း, လောကီ လောကုတ္တရာဆိုင်ရာတို့၌ အကြားအမြင် ဗဟုဿုတနည်းပါးခြင်းတို့ကြောင့် ဉာဏ်ရှိသင့်သလောက် မရှိသေး၊ အသက်(၄၀)ကျော် (၅၀)အတွင်းကို "ပညာဒသက"ဟု ဆို၏၊ ထိုအရွယ်ကျမှ ကာမဂုဏ်စိတ် နည်းပါး သမာဓိကြီးမား၍ ဗဟုဿုတလည်း များ သဖြင့် ဉာဏ်ထက်ကြပေသည်၊"ထိုအခါဉာဏသမ္ပယုတ် အဖြစ်များသည်"ဟူလို။ [ဤအကြောင်းကို "ဣန္ဒြိ ယပရိပါက=ပညိန္ဒြေ၏ ရင့်ကျက်ရာအခါ"ဟု ဆိုသည်။]

ဘာဝနာစွမ်း , ကိလေခန်းဘိ။ ။ငယ်ပင်ငယ်သော်လည်း ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေသူဖြစ်လျှင် (သို့မဟုတ်-ပညာရေး၌ ဂရုစိုက်နေသူဖြစ်၍ ကိလေသာနည်းပါးလျှင်)ဉာဏ်ပညာ ထက်မြက်တတ်၏၊[ဤအ ကြောင်းကို "ကိလေသဒူရီဘာဝ=ကိလေသာတို့မှ ဝေးကွာနေသူ၏အဖြစ်"ဟု ဆိုသည်။]

တိဟိတ်သန္ဓေ , စွဲကပ်နေ။ ။တိဟိတ်ပဋိသန္ဓေ နေခဲ့သူ၌လည်း မူလရင်း ပဋိသန္ဓေမျိုးစေ့ကဉာဏ်ဓာတ် ပါလာသဖြင့် ဉာဏသမ္ပယုတ်စိတ်များသာ ဖြစ်တတ်သတဲ့။ [ဤအကြောင်းကို "တိဟေတုကပဋိသန္ဓိက တာ=တိဟိတ်ပဋိသန္ဓေ ရှိခဲ့သူ၏အဖြစ်"ဟု ဆိုသည်။]

ဤကား ဉာဏသမ္ပယုတ်စိတ် ဖြစ်ခြင်း၏အကြောင်း(၅)ပါးတည်း၊ ဉာဏ်တိုးပွားကြောင်း အခြား နည်းလမ်း များလည်း ရှိသေး၏၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဖြစ်ကြောင်းပြ အဋ္ဌကထာ ဋီကာတို့၌ ရှုပါ။

အမှာ။ ။သောမနဿ ဥပေက္ခာ သင်္ခါရတို့ ဖြစ်ကြောင်းမှာ များစွာမထူးလှ, အနည်းငယ် ထူးသည်မှာ လည်း ဉာဏ်ရှုပ်ထွေးစရာ ရှိသောကြောင့် လျစ်လျူရှုရတော့သည်၊ ဝိပါက် ကြိယာတို့၌ ဝေဒနာယှဉ်ပုံကား ဝီထိပိုင်း တဒါရမဏနိယမ၌ တိုက်ရိုက် လာလတ္တံ့။

အဋ္ဌပိ။ ။"ကမေန ပုညဝတ္ထူဟိ, ဂေါစရာဓိပတီဟိ စ၊ ကမ္မဟီနာဒိတော စေဝ, ဂဏေယျ နယကောဝိဒေါ"

ဟူသော ဋီကာကျော်အရ အစဉ်အတိုင်း မြှောက်ပွား၍ရသမျှကို ပေါင်းသော သမ္ပိဏ္ဍနအနက်ရှိသော ပိသဒ္ဒါ ဟု ဆိုကြ၏၊ မြှောက်ပွားပုံကား-ဤကုသိုလ်စိတ်(၈)ပါးကို "ပုညဝတ္ထူဟိ"အရ ပုညကြိယာဝတ္ထု(၁၀)ဖြင့် မြှောက်, (၈၀)ဖြစ်၏၊ တစ်ဖန်"ဂေါစရ"အရ အာရုံ(၆)ပါးဖြင့်မြှောက်, (၄၈၀)ဖြစ်၏၊ ထိုတွင်သမ္ပယုတ်(၂၄၀), ဝိပ္ပယုတ်(၂၄၀)ဟု ခွဲပြီးလျှင်, ဝိပ္ပယုတ် (၂၄၀)ကို "အဓိပတီဟိ"အရ (ဆန္ဒ, ဝီရိယ, စိတ္တ) အဓိပတိ (၃)ပါး ဖြင့် မြှောက်, (၇၂၀) ဖြစ်၏၊ [ဉာဏ်နှင့်

မယှဉ်သောကြောင့် ဝီမံသာဓိပတိဖြင့် မမြှောက်ရ၊] သမ္ပယုတ်(၂၄၀)ကိုကား အဓိပတိ (၄)ပါးလုံးဖြင့် မြှောက်, (၉၆၀)ဖြစ်၏၊ သမ္ပယုတ် ဝိပ္ပယုတ် နှစ်ရပ်ပေါင်းလျှင် (၁၆၈၀) ဖြစ်၏။

ဤအားလုံးကို "ကမ္မ"အရ ကာယကံ ဝစီကံ မနောကံ (၃)ပါးဖြင့် မြှောက်, (၅၀၄၀)ဖြစ်၏၊ ထို့နောက် "ဟီနာဒိတော"အရ ဟီနကုသိုလ် မဇ္ဈိမကုသိုလ် ပဏီတကုသိုလ် (၃)မျိုးဖြင့်မြှောက်, (၁၅၁၂၀)ဖြစ်၏၊ အတိတ်စသော ကာလ, ထိုထိုဒေသစသည်ဖြင့် မြှောက်ပွားမူ မရေမတွက်နိုင်အောင် များလတ္တံ့ဟု ပြောရိုး ပြုကြသည်၊ဤကျမ်းကား လောဘမူစိတ်၌ ပြခဲ့သည့်အတိုင်း အပေါင်းဖြစ်သောရှစ်ပါးနောင် "အဋ္ဌပိ"ဟု ထိုင် သောကြောင့် အစိတ်အစိတ်ကို ဆည်းသော "အဝယဝသမုစ္စည်း"အနက်ဟော ပိသဒ္ဒါဟုသာ ထင်ပေသည်။

ကာမာဝစရကုသလစိတ္တာနိ။ ။ကုသလပုဒ်၌ ပညတ်နက် သဒ္ဒါနက်ဟု နှစ်မျိုးရှိ၏၊ ထိုတွင် "ကုသလံ- ရာဂ စသား, လွန်ဆိုးဝါးသည့်, စိတ်ရောဂါ မရှိသောစိတ်၊ ဝါ-ရာဂ စလစ်, လွန်ဆိုးညစ်သည့်, အပြစ်မရှိ သောစိတ်၊ ဝါ-ကောင်းသောအကျိုးကို တိုးပွားစေတတ်သောစိတ်" ဤကား ပညတ်နက်တည်း၊ ဤအနက် များအရ ဝိဂြိုဟ်ဝါကျ ပြုဖွယ်မလို၊ "ကုသလံ-စက်ဆုပ်ဖွယ်ရာ, ယုတ်မာသော အကုသိုလ်တရားတို့ကို ဖျက်ဆီးတတ်သောစိတ်" ဤကားသဒ္ဒါနက်တည်း၊ ဤအနက်အလို "ကုစ္ဆိတေ ပါပဓမ္မေ သလယတိ (စလယ တိ ကမ္ပေတိ ဝိဒ္ဓံသေတီ)တိ ကုသလံ"ဟု ဝစနတ်ပြု၊ ကုပုဗ္ဗ+သလဓာတ်, အပစ္စည်းတည်း၊ ကုစ္ဆိတေ-စက် ဆုပ်အပ်ကုန်သော၊ ပါပဓမ္မေ-အကုသိုလ်တရားတို့ကို၊ သလယတိ စလယတိ ကမ္ပေတိ ဝိဒ္ဓံသေတိ-ဖျက်ဆီး တတ်၏၊ ဣတိ-ကြောင့်၊ ကုသလံ-မည်၏။ [အကျယ်ကို လိုလျှင် အဋ္ဌသာလိနီ- ကုသလာ ဓမ္မာ မာတိကာ အဖွင့်နှင့် ဝိသုဒ္ဓိမဂ် (ခန္ဓနိဒ္ဒေသ) မဟာဋီကာမှာ ရှုပါ။]

•••••••••••••••••

မဟာကြိယာစိတ်အဖွင့်

သောမနဿသဟဂတံ၊ပေ၊သဟေတုကကာမာဝစရကြိယစိတ္တာနိ နာမ။

သဟေတုကကာမာဝစရကြိယစိတ္တာနိ။ ။ကရဏံ ကရဏမတ္တံ ကြိယံ၊ ကရဏံ ကရဏမတ္တံ-အကျိုးမရ, ပြုရုံမျှသည်၊ ကြိယံ-ကြိယမည်၏၊ ကုသိုလ်စိတ်ကဲ့သို့ အကျိုးမရသဖြင့် ပြုသော်လည်း ပြုကာမတ္တ-ပြုရုံမျှသာ ဖြစ်သောစိတ်ကို "ကြိယစိတ်"ဟု ခေါ်သည်၊ ချဲ့ဦးအံ့- ရဟန္တာအရှင်တို့သည် ပုထုဇဉ် သေက္ခတို့ကဲ့သို့ ဒါနမှု သီလမှု ဘာဝနာမှုတို့ကို ပြုကြသေး၏၊ ထိုအမှုများကို တရားကိုယ်ကောက်လျှင် "သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်အသင်္ခါရိက" စသည်များ ပင်တည်း။

ထိုစိတ်များသည် အဝိဇ္ဇာ တဏှာတည်းဟူသော အနုသယဓာတ် မကင်းသေးသော ပုထုဇဉ် သေက္ခတို့၏ သန္တာန်၌ ထိုအဝိဇ္ဇာက ဘဝအပြစ်ကို ဖုံး၍ တဏှာအစေးက ဘဝမပြတ်အောင် စေးကပ် ဖွဲ့စည်းမှုကြောင့် နောက်နောက်ဘဝ၌ ဆိုင်ရာအကျိုးများကို ပေးကြရ၏၊ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား ဖုံးပေးမည့် အဝိဇ္ဇာ,ဖွဲ့စည်းပေးမည့် တဏှာ မရှိတော့သဖြင့် ထိုထို ဒါန သီလ စသည်တို့ကို ပြုကြောင်းဖြစ်သော ထိုစိတ် များသည် အကျိုးမပေးကြတော့ဘဲ ပြုကာမတ္တ-ပြုရုံမျှသာ ဖြစ်ရကား "ကြိယစိတ်"ဟု အမည်ရကြပေသည်၊ ထို့ကြောင့်ပင် ကုသိုလ်နှင့် ကြိယာတို့သည် စိတ်သဘောအားဖြင့်လည်းကောင်း, အရေအတွက် သင်္ချာအား ဖြင့်လည်းကောင်း အညီအမျှ ရှိကြရသည်။

ကုသိုလ် အကုသိုလ် ကြိယာ။ ။ဤစကားစဉ်အရ ရာဂ ဒေါသ မောဟစွမ်းကြောင့် ဖြစ်ရသောဇော စိတ်သည် အကုသိုလ်စိတ်(မကောင်းသောစိတ်)မည်၏၊ သဒ္ဓါ ပညာ စသည်တို့ကြောင့် ဖြစ်ရသော ဇောစိတ်သည် ကုသိုလ်စိတ်မည်၏၊ ထိုစိတ်သည်ပင် ရဟန္တာများ၏ သန္တာန်မှာဖြစ်လျှင် အဝိဇ္ဇာတဏှာတည်းဟူသော ဝဋ်မြစ်ကုန်ခန်းသဖြင့် အကျိုးမပေးနိုင်တော့သည့်အတွက် ကြိယာစိတ် မည်ရသည်ဟု မှတ်ပါ။ [အောက်ပါ ဂါထာသည် အရှင်အနုရုဒ္ဓါ စီရင်အပ်သော ပရမတ္ထဝိနိစ္ဆယ (၁၀၉) ဂါထာတည်း။]

ရဇ္ဇနာဒိဝသေနေတ္ထ, ဇဝနာ. ကုသလံ ဘဝေ၊ ကုသလံ ပန သမ္ဘောတိ, သဒ္ဓါပညာဒိသမ္ဘဝေ။ တဒေဝဝီတရာဂါနံ, ကြိယာ နာမ ပဝုစ္စတိ၊ အဝိပါကတ္တမာပန္နံ, ပဋ္ဋမူလပရိက္ခယာ။

မဟာတပ်ရပုံ။ ။ဤကာမာဝစရကုသိုလ် ဝိပါက် ကြိယာစိတ်တို့ကို အဘယ့်ကြောင့် "မဟာကုသိုလ်, မဟာဝိပါက်, မဟာကြိယာ"ဟု ခေါ်ဝေါ်ပါလိမ့်မည်နည်းဟု စဉ်းစားဖွယ် ရှိ၏၊ စဉ်းစားမိသည်ကား- မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့နှင့် ကုသိုလ်ချင်း ပြိုင်လျှင် ဤကာမကုသိုလ်က အရေအတွက်အားဖြင့် များ၏၊ ဝိပါက် ကြိယာချင်း ပြိုင်လျှင်လည်း ဤ ကာမစိတ်က များ၏၊ ထို့ကြောင့် "အများ"အနက်ကို ဟော သော "မဟာ" သဒ္ဒါဖြင့် အထူးပြု၍ "မဟာကုသိုလ်, မဟာဝိပါက် မဟာကြိယာ"ဟု သုံးစွဲဟန်တူသည်ဟု စဉ်းစားမိပါသည်။

အချို့အယူ။ ။မဟာကုသိုလ်သည် ရူပ အရူပ လောကုတ္တရာကုသိုလ်တို့ကဲ့သို့ မိမိဆိုင်ရာ အကျိုးတစ်ခု ကိုသာ ပေးသည်မဟုတ်၊ ကာမသုဂတိ (၇)ဘုံ၌ ကာမပဋိသန္ဓေကျိုး(၉)ပါးကို ထိုက်သင့်သလို ပေးနိုင်သည့် ပြင် ပဝတ္တိအခါ ပဒေသရာဇ်, ဧကရာဇ်, စကြာမင်းတိုင်အောင် စည်းစိမ်ကြီးတွေကိုလည်း ပေးနိုင် သောကြောင့်

အကျိုးပေးရာ နယ်ကျယ်သည့်အတွက် မဟာတပ်၍ ခေါ်အပ်ကြောင်းကို ဆိုကြ၏၊ ထိုကုသိုလ်၏ အကျိုးဖြစ် သောကြောင့် ဝိပါက်ကိုလည်း မဟာဝိပါက်ဟုလည်းကောင်း, ကြိယာမှာ ရဟန္တာသန္တာန် ဖြစ်သောကြောင့် သာ အကျိုးမပေးသည်၊ အကယ်၍ အကျိုးပေးရလျှင် ကုသိုလ်ကဲ့သို့ပင် ကျယ်ဝန်းစွာ အကျိုးပေးဖွယ်ရှိ၍ မဟာကြိယာဟုလည်းကောင်း ခေါ်ဝေါ်ရကြောင်းကို အချို့ဋီကာများပင် ဖွင့်ဆိုကြ၏၊ အချို့က "မဟာဝိပါက် စိတ်သည် ဘုရားရှင်၏ ပဋိသန္ဓေစိတ်ဖြစ်၍ ပူဇော်ထိုက်သောကြောင့် မဟာဝိပါက်(ပူဇော်ထိုက်သောဝိပါက်) ဟု ခေါ်ဝေါ်ရကြောင်းကိုလည်း ဖွင့်ဆိုသေး၏၊ ထိုအဖွင့်များ၏ သင့်/မသင့်ကို ပညာရှိတို့ နှိုင်းချင့်ကြပါလေ။

••••••••••••••••

ကာမသောဘန နိဂုံးအဖွင့်

ဣစ္စေဝံ သဗ္ဗထာပိ စတုဝီသတိ သဟေတုကကာမာဝစရ ကုသလဝိပါကကြိယစိတ္တာနိ သမတ္တာနိ။

သဟေတုကကာမာဝစရကုသလဝိပါကကြိယစိတ္တာနိ။ ။ကာမာဝစရာနိစ+တာနိ+ကုသလဝိပါကကြိ ယစိတ္တာနိ စာတိ ကာမာဝစရကုသလဝိပါကကြိယစိတ္တာနိ၊ ဤ၌ ကာမာဝစရဟူသော ဝိသေသနကို ကုသလ-ဝိပါက-ကြိယစိတ္တ သုံးပုဒ်လုံး၌စပ်၊ သဟေတုကာနိ စ+ တာနိ+ ကာမာဝစရကုသလဝိပါကကြိယစိတ္တာနိ စာတိ သဟေတုကကာမာဝစရကုသလဝိပါကကြိယစိတ္တာနိ၊ ဤ၌ သဟေတုကဟူသော ဝိသေသနကိုကား ဝိပါက, ကြိယ နှစ်ပုဒ်၌သာ စပ်၊ ကုသလပုဒ်၌ စပ်နေသဖြင့် ပယ်မြစ်ဖွယ်ရာ အဟိတ်ကုသိုလ် မရှိသော ကြောင့် အကျိုးမများ၊ ဝိပါကပုဒ် ကြိယပုဒ်တို့၌ စပ်မှသာ ပယ်မြစ်ဖွယ်ရာ အဟိတ်ကုသလဝိပါက် အဟိတ် ကြိယာရှိသောကြောင့် အကျိုးများ၏၊ ဤသို့ ရသင့်ရာ ပုဒ်၌သာ စပ်ခြင်းသည်"ယထာလာဘယောဇနာနည်း" မည်၏၊ ဤနည်းအရ-သဟေတုကဟူသော ဝိသေသနကို ကုသလပုဒ်၌ မစပ်ခြင်းသည် "ဣမာနိ အဋ္ဌပိ ကာမာဝစရကုသလစိတ္တာနိ နာမ"ဟု သဟေတုကသဒ္ဒါ မပါဘဲ ဆိုခဲ့သောနိဂုံးနှင့် ညီမျှ၍, ဝိပါက ကြိယပုဒ် တို့၌သာ စပ်ခြင်းသည် "သဟေတုက၊ ပေ၊ ဝိပါကစိတ္တာနိ နာမ, သဟေတုက၊ ပေ၊ ကြိယစိတ္တာနိ နာမ"ဟု သဟေတုကသဒ္ဒါပါသော ဆိုခဲ့ပြီး နိဂုံးများနှင့် ညီမျှသည်။

ဗျာဝစ္ဆေဒက။ ။အချို့ကား သဟေတုကသဒ္ဒါကို ကုသလ,ဝိပါက,ကြိယသုံးပုဒ်လုံး၌ စပ်ရမည်၊ ကုသလ ၌ စပ်ခိုက် ဘူတကထနဝိသေသန, ဝိပါက ကြိယပုဒ်တို့၌ စပ်ခိုက် ဗျဝစ္ဆေဒကဝိသေသနဟု ဆုံးဖြတ်ကြ၏၊ ချဲ့ဦးအံ့-သမ္ဘဝဗျဘိစာရနှစ်ပါးရှိသောကြောင့် ဝင်လာမည့်အနက်တစ်ပါးကို ပယ်ရှားဖြတ်တောက်တတ်သော

ဝိသေသနသည် ဗျဝစ္ဆေဒကဝိသေသန မည်၏၊ [ဝိ+အဝ+ဆိဒ-ဏွု၊] ဗျဝစ္ဆိန္ဒတီတိ ဗျဝစ္ဆေဒကံ၊ ဗျဝစ္ဆိန္ဒတိ- ဝင်လာမည့် အနက်များကို ပယ်ရှား ဖြတ်တောက်တတ်၏၊ ဣတိ-ကြောင့်၊ ဗျဝစ္ဆေဒကံ-မည်၏၊ ပုံစံကား- "နီလံ ဥပ္ပလံ"တည်း၊ ဥပ္ပလံဟူသော ဝိသေသျပုဒ်၌ ကြာညို ကြာဖြူ ကြာနီဟူသော အနက်များပါဝင်နိုင်၏၊ ထို့ကြောင့် ကြာဖြူ ကြာနီ အနက်နှစ်ပါးကို ပယ်ရှားဖို့ရာ "နီလံ"ဟု ဗျဝစ္ဆေဒကဝိသေသနကို ကူမရသည်။

ဘူတကထန။ ။သမ္ဘဝသာ ရှိ၍ ဗျဘိစာရ မရှိသောကြောင့် ပယ်ရှားဖွယ် အနက်တစ်ပါး မရှိသော်လည်း ဝိသေသျအနက်ကို ထင်ရှားအောင်ပြသော ဝိသေသနသည် ဘူတကထနဝိသေသန မည်၏၊ (တပ္ပါကဋီကရ ဏဝိသေသနဟုလည်း ခေါ်၏၊) ဘူတဿ-ဟုတ်မှန်တိုင်းသော အနက်ကို၊ ကထနံ-ထင်ရှားပြသော ဝိသေ သနသည်၊ ဘူတကထနံ-မည်၏၊ တံ-ထို ဝိသေသျ၏ အနက်ကို၊ ပါကဋံ ကရောတိ-ထင်ရှားအောင် ပြုတတ် ၏၊ ဣတိ-ကြောင့်၊ တပ္ပာကဋီကရဏံ-မည်၏၊ ပုံစံကား-"ကုဋိလတုဏ္ဍော-ကောက်သောနှုတ်သီးရှိသော၊ သူဝေါ-ကျေးငှက်၊ စိတြပက္ခော-ဆန်းကြယ်သော အတောင်ရှိသော+မယူရော-ဥဒေါင်း"တည်း၊ ကျေးငှက် မှန်လျှင် နှုတ်သီးကောက် တစ်မျိုးသာ ရှိ၍ နှုတ်သီးဖြောင့် ကျေးငှက်ကို ပယ်ရှားဖွယ် မလိုသော်လည်း

နှုတ်သီးကောက်ကြောင်း ထင်ရှားပြသောကြောင့်"ကုဋိလတုဏ္ဍော"ဟူသော ဝိသေသနသည် ဘူတကထန ဝိသေသန မည်၏၊ "စိတြပက္ခော မယူရော"ကိုလည်း စိစစ်ပါ။

ဗျဘိစာရေ အသန္တေပိ, ဟောတွေဝ သမ္ဘဝေါ ပန၊ တေနေတံ သာတ္ထကံ ဟောတိ, ဝိသေသနံ ဘူတဘာသနံ။

ဗျဘိစာရေ -ဗျဘိစာရသည်၊ အသန္တေ ပိ-မရှိပါသော်လည်း၊ သမ္ဘဝေါ ပန-သမ္ဘဝသာမညသည်ကား၊ ဟော တွေဝ-ဖြစ်နိုင်သည်သာ၊ ["ဝင်လာမည့်အနက် တစ်ပါး မရှိ၍သာ မဝင်လာသည်, ဝိသေသန မပါလျှင် ဝင်ဖို့ ရာ သာမညတော့ ဖြစ်နေပြီ"ဟူလို၊] တေန-ထို့ကြောင့်၊ ဘူတဘာသနံ-ဝိသေသျပုဒ်ကို ထင်ရှားအောင် ပြော ပြသော၊ ဧတံ ဝိသေသနံ-ဤဝိသေသနသည်၊ ဝါ-ဤဘူတကထနဝိသေသနသည်၊ သာတ္ထကံ-အကျိုးရှိသည်၊ ဟောတိ-ဖြစ်၏။

ဉာဏ်ဖြင့် မြှောက်သင့်ပုံ။ ။ကာမသောဘနစိတ်သည် သောမနဿ ဥပေက္ခာဟု ဝေဒနာနှစ်မျိုးနှင့် ယှဉ်သောကြောင့် ဝေဒနာအပြားအားဖြင့် ဤကာမသောဘနစိတ်ကို မြှောက်ပွားခြင်းသည် သင့်ပါစေတော့၊ ဉာဏ်မှာ တစ်ပါးတည်း ရှိရကား ဉာဏ်အပြားအားဖြင့် စိတ်ကို မြှောက်ပွားခြင်းသည် အဘယ်မှာ သင့်နိုင်ပါ အံ့နည်း၊ အဖြေကား-ဉာဏ်တစ်ပါးတည်းပင် ဖြစ်သော်လည်း အချို့စိတ်၌ ယှဉ်၍ အချို့စိတ်၌ မယှဉ်သော ကြောင့် "ဉာဏ်ယှဉ်ရာစိတ်က တစ်မျိုး, မယှဉ်ရာစိတ်က တစ်မျိုး"ဟု နှစ်မျိုးပြားအောင်

ဉာဏ်တစ်ပါးတည်းက ခွဲခြားနိုင်ပါသည်၊ ထို့ကြောင့် ဉာဏ်၏ အပြားဖြင့် စိတ်ကိုမြှောက်ပွားခြင်းသည် သင့်မြတ်သည်သာ၊ ဥပမာ-မိုးသည် တစ်မျိုးတည်းပင် ဖြစ်သော်လည်း ကောင်းစွာ ရွာလျှင် သုဘိက္ခဖြစ်စေ၍, ကောင်းစွာ မရွာလျှင် ဒုဗ္ဘိက္ခ ဖြစ်စေ၏၊ ဤသို့ သုဘိက္ခ ဒုဗ္ဘိက္ခ နှစ်မျိုးကွဲပြားအောင် မိုးတစ်ခုတည်းက ခွဲခြားနိုင်သကဲ့သို့တည်း။

မှတ်ချက်။ ။သုဘိက္ခ=သာယာဝပြောသည်၊ ဒုဗ္ဘိက္ခ=ငတ်မွတ် ခေါင်းပါးသည်၊ မိုးနှင့် ဉာဏ်, ကောင်းစွာ ရွာခြင်းနှင့် ဉာဏ်ယှဉ်ခြင်း, ကောင်းစွာမရွာခြင်းနှင့် ဉာဏ်မယှဉ်ခြင်း,သုဘိက္ခ ဒုဗ္ဘိက္ခ နှစ်မျိုး ကွဲပြားခြင်းနှင့် ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် နှစ်မျိုးကွဲပြားခြင်း တူသည်၊ သင်္ခါရတစ်မျိုးတည်း, ဒိဋ္ဌိတစ်မျိုးတည်းက စိတ်နှစ်မျိုး ကွဲပြားအော င် ပြုနိုင်ပုံများလည်း ဤနည်းပင်။

••••••••••••••••

ရူပါဝစရစိတ်အဖွင့်

ဝိတက္ကဝိစာရပီတိသုခေကဂ္ဂတာသဟိတံ ပထမဇ္ဈာနကုသလစိတ္တံ ၊ပေ၊ ဣမာနိ ပေဉ္စပိ ရူပါဝစရကုသလစိတ္တာနိ နာမ။

အနုသန္ဓေ။ ။"ကာမာဝစရံ ရူပါဝစရံ အရူပါဝစရံ လောကုတ္တရေဉ္စတိ"ဟု မာတိကာစဉ်ခဲ့သည့်အတိုင်း ကာမာဝစရစိတ်ကို အကျယ်ပြပြီး၍ ယခုအခါ ရူပါဝစရစိတ်ကို အကျယ်ပြလိုသော အရှင်အနုရုဒ္ဓါသည် "ဝိတက္ကဝိစာရပီတိသုခေကဂ္ဂတာသဟိတံ"စသော ပါဌ်ကို မိန့်သတည်း။

သဟိတ -သဟဂတစသည် တူပုံ။ ။ဤ၌ပါသော သဟိတပုဒ်နှင့် ရှေ့၌ပြအပ်ခဲ့သော သဟဂတပုဒ်သည် အနက်အဓိပ္ပာယ်အားဖြင့် တူ၏၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါ စီရင်အပ်သော နာမရူပပရိစ္ဆေဒကျမ်း၌ "သော မနဿသဟဂတံ, ဥပေက္ခာသဟိတံ တထာ"ဟု သဟဂတံနှင့် သဟိတံပုဒ်ကို အလဲအလှယ် ပရိယာယ် ပြု၍ သုံးစွဲသည် ဤသဟဂတ, သဟိတပုဒ်များနှင့် သမ္ပယုတ္တပုဒ်လည်း အဓိပ္ပာယ် တူပြန်၏၊ ထို့ကြောင့် ဤကျမ်း၌ "ဝိစိကိစ္ဆာသမ္ပယုတ္တံ ဥဒ္ဓစ္စသမ္ပယုတ္တံ"ဟူသောစကားကို နာမရူပပရိစ္ဆေဒ၌ "ဝိစိကိစ္ဆာသဟဂတံ, ဥဒ္ဓစ္စသဟိတံတိစ"ဟု သုံးစွဲပြန်သည်။

ပဌမဇ္ဈာနကုသလစိတ္တံ။ ။ဤ၌ စျာန်အင်္ဂါ, စျာန်, စျာန်စိတ်တို့၏ ခြားနားပုံကို အခြေပြုသင်္ဂြိုဟ်၌ ဆိုခဲ့ပြီ၊ ပဌမစျာန်စသည်၌ ပဌမ ဒုတိယစသော အမည်သည် တရားအားထုတ်သော ယောဂီတို့ ပဌမဆုံးရအပ် သောကြောင့် ရပုံ (ဖြစ်ပုံ)အစဉ်အားဖြင့်လည်းကောင်း, ဘုရားရှင်လည်း ရှေးဦးစွာ ဟောတော်မူအပ်သော ကြောင့် ဒေသနာအစဉ်အားဖြင့်လည်းကောင်း, ရေတွက်သည့်အခါလည်း ဤစျာန်ကို ပဌမဆုံးရေတွက်ရ သောကြောင့် သင်္ချာအစဉ်အားဖြင့်လည်းကောင်း "ပဌမစျာန်"ဟု ခေါ်သည်၊ ဒုတိယစျာန်စသည် ခေါ်ပုံ လည်း သိပါ။

ပဌမံ ပဋိလဒ္ဓတ္တာ, ဒေသိတတ္တာ စ ဝုစ္စတေ၊ သင်္ချာတော ပဌမံ ဈာနံ, တထာပိ ဒုတိယာဒီနိ။

ဝိတက်စသည်ကိုသာ စျာန်ဟုခေါ်ရပုံ။ ။ဤရူပါဝစရစိတ်၌ ဖဿစသော စေတသိက်အများ ရှိပါလျက် အဘယ့်ကြောင့် ဝိတက်စသော စေတသိက်(၅)ပါးကိုသာ "စျာန်"ဟု မှည့်ခေါ်အပ်ပါသနည်း-ဟု မေး၊ အဖြေ ကား-ဖဿစသော စေတသိက်များ ယှဉ်သော်လည်း ဝိတက်စသော (၅)ပါးကသာ အာရုံ၌ စူးစိုက်စွာ ရှုခြင်း ဟူသော ဥပနိဇ္ဈာနကိစ္စ, ဆန့်ကျင်ဘက် နီဝရဏတို့ကို ပယ်ရှားလောင်မြိုက်ခြင်းဟူသော စျာယနကိစ္စ ရှိသောကြောင့် ဝိတက်စသော စေတသိက်(၅)ပါးကိုသာ "စျာန်"ဟု မှည့်ခေါ်အပ်သည်။

အောက်ပါ ဂါထာသည် ဋီကာကျော်ဂါထာတည်း၊ အနက်ကို ထိုနိဿယ၌ရှု။

ဥပနိဇ္ဈာနကိစ္စတ္တာ, ကာမာဒိပဋိပက္ခတော၊ သန္တေသွပိ စ အညေသု, ပဉ္စေဝ ဈာနသညိတာ။

ဝစနတ္ထ။ ။ဤစကားအရ"ကသိဏာဒိအာရမဏံ စျာယတိ ဥပနိဇ္ဈာယတီတိစျာနံ, ပစ္စနီကဓမ္မေ စျာယ တီတိ စျာနံ"ဟု ဝစနတ်ပြုပါ၊ ကသိဏာဒိအာရမဏံ-ကသိုဏ်း အစရှိသော အာရုံကို၊ စျာယတိ ဥပနိဇ္ဈာယ တိ-စူးစိုက်စွာ ရှုတက်၏၊ ဣတိ-ထို့ကြောင့်၊ စျာနံ-စျာန်မည်၏၊ ပစ္စနီကဓမ္မေ-ဆန့်ကျင်ဘက် နီဝရဏတရား တို့ကို၊ စျာယတိ-လောင်မြိုက်တတ်၏။ [ရှေ့နည်း၌ စျေဓာတ် ယုပစ္စည်း၊ "စျေ=စိန္တာယံ(သိခြင်း)"ဟု ဓာတ် နက်ဆို၊ နောက်နည်း၌ စျေဓာတ် ယုပစ္စည်း၊ "စျေ=ဍဟနေ(လောင်မြိုက်ခြင်း၌)"ဟု ဆို။]

ပဌမဝိဂ္ဂဟအကျယ်။ ။"စျာယတိ ဥပနိဇ္ဈာယတိ"အရ အာရုံကို စူးစိုက်စွာ ရှုမှုဟူသည် ကသိုဏ်းစသော အာရုံကို သာမန်ကာလျှံကာ မဟုတ်ဘဲ,စူးစိုက်သလိုဖြစ်နေအောင်ရှုနေမှုတည်း၊ထို့ကြောင့် ဤဥပနိဇ္ဈာနကိစ္စသည် အထူးအားဖြင့် ဧကဂ္ဂတာစျာန်နှင့် သက်ဆိုင်၏၊ ထို့ကြောင့်ပင် စျာနင်(၅)ပါးတွင် ဧကဂ္ဂတာစျာနင်တစ် ခုသာ ပဉ္စမစျာန်တိုင်အောင် ယှဉ်နိုင်၍, စျာန်တရားများကို "သမာဓိတရား" စျာန်၏အာရုံများကို "သမထက မ္မဋ္ဌာန်း" စျာန်အားထုတ်မှုကို "သမာဓိလုပ်ငန်း"ဟု ဧကဂ္ဂတာ၏ နာမည်ကို နေရာတိုင်း အသုံးပြုသည်၊ သို့သော် ဧကဂ္ဂတာလည်း သူ့အစွမ်းသက်သက်ဖြင့် ဥပနိဇ္ဈာနကိစ္စကို ရွက်ဆောင်နိုင်သည်မဟုတ်၊ ဝိတက် ဝိစာရ ပီတိ သုခတို့က အာရုံသို့ တင်ပေးမှု သုံးသပ်မှု နှစ်သက်မှု သာယာမှုတို့ဖြင့် ဝိုင်းဝန်း၍ ကူညီထောက် ပံ့ ချီးမြှောက်ခြင်းတို့ကြောင့်သာ ဧကဂ္ဂတာကျ၍ သမာဓိရရနှင့် ဥပနိဇ္ဈာနကိစ္စကို ရွက်ဆောင်နိုင်သည်၊ ထို့ကြောင့် "ဥပနိဇ္ဈာနကိစ္စတွင် ဝိတက်စသော စျာနင်(၄)ပါးတို့၏ သတ္တိလည်း အထိုက်အလိုက် ပါဝင်ရသည်"ဟု မှတ်ပါ။[မဏိမဉ္ဇူသာ၌ ဝိတက်စသည်တို့၏ အာရုံသို့ တင်ပေးခြင်းစသော ကိစ္စကိုပင်"ဥပနိ ဇ္ဈာနကိစ္စ"ဟု ဆိုထား၏၊ စဉ်းစားကြပါလေ။]

ဒုတိယဝိဂ္ဂဟအကျယ်

ဝိတက်နှင့်ထိန မိဒ္ဓ။ ။ဝိတက်သည် ထိနမိဒ္ဓနီဝရဏကို လောင်မြိုက်၏၊ ချဲ့ဦးအံ့-ထိနမိဒ္ဓဟူသည် ထိုင်း မှိုင်းတွေဝေခြင်း သဘောတရားတည်း၊ အကြံအစည်ကင်းမဲ့သူ လူပြိန်း လူထိုင်းနှင့်တူ၏ ၊ ဝိတက်ကား သမ္ပယုတ်တရားစုကို အာရုံတစ်ခုခုသို့ ရောက်၍ ရောက်၍နေအောင် မနေမနား တင်ပေးတက်သော သဘောတရားတည်း၊ ကြံစည်လေ့ရှိသူနှင့်တူ၏၊ ထို့ကြောင့် ထိနမိဒ္ဓနှင့် ဝိတက်သည် ဖြောင့်ဖြောင့်ဆန့်ကျင် ဘက်ဖြစ်ရကား ဝိတက်စျာနင်က ထိနမိဒ္ဓနီဝရဏကို စိတ်အစဉ်မှာ မဝင်လာအောင် ပယ်ခွာသမှု စျာယနပြု လျက် ကသိုဏ်းစသော အာရုံထက်သို့ စိတ်အစဉ်တက်အောင် တင်ဆောင်ပေးသည်။ [အဂ္ဂိစျာယနပြုသည့် အခါ ဆိုင်ရာဝတ္ထုများကို လောင်မြိုက်သကဲ့သို့ ဝိတက်က ထိနမိဒ္ဓကို ပျောက်ပျက်သွားအောင် လောင်မြိုက်သည်-ဟူလို။]

ဝိစာရနှင့် ဝိစိကိစ္ဆာ။ ။ဝိစာရသည် ဝိစိကိစ္ဆာနီဝရဏကို လောင်မြိုက်၏၊ ချဲ့ဦးအံ့-ဝိစိကိစ္ဆာဟူသည် အာရုံ တစ်ခု၌ ကောင်းစွာမတည်, အလီလီ ယုံမှားတက်သော သဘောတည်း၊ ထို့ကြောင့် ဝိတက်၏ တင်ပေးမှုအ တွက် အာရုံသို့ တက်ရောက်နေသော စိတ်အစဉ်သည် ဝိစိကိစ္ဆာ နှောင့်ယှက်က ထိုကသိုဏ်းစသော အာရုံ မှ ဆုတ်နစ်ရလိမ့်မည်၊ ဝိစာရကား သမ္ပယုတ်တရားတို့ကို ရောက်ပြီးရာ အာရုံမှ မခွာအောင် အာရုံကို ထပ် တလဲလဲ စွဲမြဲစွာ သုံးသပ်ခြင်း သဘောတည်း၊ ထို့ကြောင့် ဝိစိကိစ္ဆာနှင့် ဝိစာရသည် ဖြောင့်ဖြောင့် ဆန့်ကျင် ဘက်ဖြစ်ရကား ဝိစာရစျာနင်က ဝိစိကိစ္ဆာနီဝရဏကို ပယ်ခွာသမှု စျာယနပြုလျက် ကသိုဏ်း စသော အာရုံ ကို ထပ်တလဲလဲ သုံးသပ်နေပေသည်။

ပီတိနှင့်ဗျာပါဒ။ ။ပီတိသည် ဗျာပါဒနီဝရဏကို လောင်မြိုက်၏၊ ချဲ့ဦးအံ့-ဗျာပါဒဟူသည် တရားကိုယ် အားဖြင့် ဒေါသပင် ဖြစ်ရကား ခက်ထန်ကြမ်းတမ်းလျက် အာရုံကို မနှစ်သက်နိုင်သော သဘောတည်း၊ထို့ ကြောင့် ဝိစာရက အထပ်ထပ် သုံးသပ်နေသော်လည်း ဗျာပါဒနှောင့်ယှက်၍ အာရုံကို မနှစ်သက်လျှင် ကြာ ရှည်စွာ သုံးသပ်ချင်မည် မဟုတ်၊ ပီတိကား အာရုံကို နှစ်သက်တက်သော သဘောတည်း၊ ထို့ကြောင့် ဗျာ ပါဒနှင့် ပီတိသည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ရကား ပီတိစျာနင်က ဗျာပါဒနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု စျာယနပြုလျက် ဝိတက်တင်ပေး၍ ဝိစာရက ထပ်တလဲလဲ သုံးသပ်အပ်သော အာရုံပေါ်မှာ လွန်စွာ နှစ်သက်၍ နေပေသည်။

သုခနှင့် ဥဒ္ဓစ္စကုက္ကုစ္စ။ ။သုခသည် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို လောင်မြိုက်၏၊ ချဲ့ဦးအံံ့-ဥဒ္ဓစ္စသည် တုန် လှုပ်လွင့်တက် မငြိမ်သက်ခြင်းသဘောဖြစ်၍, ကုက္ကုစ္စကား နောင်တတဖန် ပူပန်ခြင်းသဘောတည်း၊ ထို့ ကြောင့် ကသိုဏ်းစသော အာရုံ၌ စိတ်အစဉ်က နှစ်သက်အားရ ပီတိကျနေသော်လည်း သာယာဖွယ် အရ သာမပေါ်လျှင် ငြိမ်သက်စွာ တည်နေနိုင်မည်မဟုတ်၊ ဥဒ္ဓစ္စကုက္ကုစ္စတို့၏ နှောင့်ယှက်မှုကြောင့် မငြိမ်မသက် ပူပန်၍ အမြန်ပင် အာရုံမှ ထွက်ခွာရလိမ့်မည်၊ သုခကား အာရုံ၏ အရသာကို ခံစားလျက် ငြိမ်သက် အေးမြ ခြင်းသဘောတည်း၊ ထို့ကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနှင့် သုခသည် ဖြောင့်ဖြောင့်ဆန့်ကျင်ရကား သုခစျာနင်က ဥဒ္ဒစ္စ ကုက္ကုစ္စနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု စျာနယပြုလျက် ဝိတက် ဝိစာရ ပီတိတို့၏ ကိစ္စဖြင့် စွဲမြဲနှစ်သက်အပ်သော အာရုံအရသာကို မြိန်ယှက်စွာ ခံစားလေသည်။

သမာဓိနှင့် ကာမစ္ဆန္ဒ။ ။သမာဓိသည် ကာမစ္ဆန္ဒနီဝရဏကို လောင်မြိုက်၏၊ ချဲ့ဦးအံ့-ကာမစ္ဆန္ဒဟူသည် ကာမဂုဏ်ကို နှစ်သက်တက်သော လောဘတဏှာပင်ဖြစ်ရကား နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်နောက်သို့ လိုက်လျက် စိတ်ဓာတ်ကို ကလိန်းကလက် ဖြစ်စေနိုင်သောသဘောတည်း၊ ကာမစ္ဆန္ဒနီဝရဏက နှောင့်ယှက် လျှင် ဝိတက် ဝိစာရ ပီတိ သုခတို့ ခံနိုင်ကြမည်မဟုတ်၊ ကသိုဏ်းအာရုံမှ စိတ်အစဉ်ခွာရလိမ့်မည်၊ သမာဓိ ဟူသော ဧကဂ္ဂတာကားအာရုံ၌ ခြိုက်ခြိုက်မြိုက်မြိုက် တည်တံ့သောသဘောတည်း၊ ထို့ကြောင့် ကာမစ္ဆန္ဒ နီဝရဏနှင့် ဧကဂ္ဂတာသည် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်ရကား ဧကဂ္ဂတာစျာနင်က ကာမစ္ဆန္ဒနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု စျာနယပြုလျက် ရှေးစျာနင်(၄)ပါးအတွက် အရသာပေါ်ထွက်နေ သော အာရုံပေါ်၌ စူးစိုက်စွာ တည်တံ့စေ၏၊ ထို့ကြောင့် "ပစ္စနီကဓမ္မေ စျာယတိ"အရ ဝိတက်စသော စေတ သိက်(၅)ပါးကိုသာ "စျာန"ဟု ခေါ်အပ်သည်။

မှတ်ချက်။ ။အဝိဇ္ဇာနီဝရဏသည် စျာန်တရားကို မကွယ်ကာတတ်, မဂ် ဖိုလ် စသည်ကိုသာ ကွယ်ကာ တက်၏၊ ထို့ကြောင့် ဤစျာနင်တို့ ပယ်အပ်သော နီဝရဏတွင် အဝိဇ္ဇာနီဝရဏမပါဝင်ချေ၊ အနည်းငယ်ဖုံး ကွယ်တက်သောသတ္တိကား ရှေးနီဝရဏ (၅)ပါးကို ပယ်ရှားရာတွင် ပါဝင်လေပြီ။

ဝိတက္ကော ထိနမိဒ္ဓဿ, ဝိစိကိစ္ဆာယ ဝိစာရော၊ ပီတိ စာပိ ဗျာပါဒဿ, သုခံ ဥဒ္ဓစ္စကုက္ကုစ္စံ၊ သမာဓိကာမစ္ဆန္ဒဿ, ပဋိပက္ခောတိ ပေဋကေ။

ဝိတက္ကော -ဝိတက်စျာနင်သည်၊ ထိနမိဒ္ဓဿ-ထိနမိဒ္ဓနီဝရဏ၏၊ ပဋိပက္ခော-ဆန့်ကျင်ဘက်တည်း၊ ပေ၊ သုခံ-သုခစျာနင်သည်၊ ဥဒ္ဓစ္စကုက္ကုစ္စံ-ဥဒ္ဓစ္စကုက္ကုစ္စ နီဝရဏ၏၊ ပဋိပက္ခံ-တည်း၊ ပေ၊ ဣတိ-သို့၊ ပေဋကေ-ပိဋ ကတော်၏ နည်းဥပဒေကိုပြသော နေတ္တိပါဠိတော်၌၊ (အများပေးရိုးအနက် ဖြစ်၏,နေတ္တိပါဠိတော်မှာ ရှာမရ၊) ဝုတ္တံ-ဟာတော်မူအပ်ပြီ။

ဥပေက္ခာကို သုခဟုဆို။ ။ဤဆန့်ကျင်ဘက်တရားတို့ကိုပြရာ၌ ဥပေက္ခာစျာနင်မပါချေ၊ ဥပေက္ခာစျာနင်သည် အဘယ်နီဝရဏ၏ ဆန့်ကျင်ဘက် ဖြစ်သနည်းဟု မေး၊ အဖြေကား- ဥပေက္ခာစျာနင်သည် သုခစျာနင် ကဲ့သို့ ငြိမ်သက်ခြင်းသဘောရှိသောကြောင့် သုခကဲ့သို့ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၏ ဆန့်ကျင်ဘက်တည်း။ "ဥပေ က္ခာ ပန သန္တတ္တာ, သုခမိစ္စေဝ ဘာသိတာ"။

သင်္ခါရဝိနိစ္ဆယ။ ။သင်္ခါရအရကို လောဘမူစိတ်၌ ပြခဲ့ပြီ၊ မဟဂ္ဂုတ် လောကုတ္တရာရအောင် အားထုတ်ရာ ၌ သူတစ်ပါးက တိုက်တွန်းသည့်အတွက် အားမထုတ်ချင့်ထုတ်ချင် အားထုတ်သူမှာ စျာန် မဂ် ဖိုလ်မဆိုထား ဘိ နိမိတ်ထင်ဖို့ရာပင် မဖြစ်နိုင်၊ ထို့ကြောင့် မဟဂ္ဂုတ် လောကုတ္တရာစိတ်များကို သသင်္ခါရိကဟူ၍ မဆိုရ၊ အသင်္ခါရိကဟူသော နာမည်လည်း သသင်္ခါရိကကို ထောက်ဆ၍ ရအပ်သောနာမည် ဖြစ်၏၊ ထိုကဲ့သို့ ထောက်ဆဖွယ်ရာ သသင်္ခါရိက မရှိသောကြောင့် အသင်္ခါရိကဟူသော နာမည်လည်း မရထိုက်၊ ထို့ကြောင့် သင်္ခါရနှင့်စပ်၍ အထူးနာမည် မတပ်ပဲ "ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ စျာန်အင်္ဂါ(၅)ပါးရှိသော ပဌမ စျာန်စိတ်-၁"စသည်ဖြင့်သာ ရေတွက်ရာ၏။

ကျမ်းညှိဖွယ်။ ။နေတ္တိပါဠိတော် ပဋိနိဒ္ဒေသ အဓိဋ္ဌာနာဟာရဝိဘင်္ဂ၌ "သမာဓီတိ ဧကဂ္ဂတာ ၊ပေ၊ သ သင်္ခါရော သမာဓိ အသင်္ခါရော သမာဓိ"ဟု ရှိသည်ကား မှန်ပေ၏၊ ထိုသင်္ခါရကား ဤသင်္ဂြိုဟ်မှာ အသုံးပြုရ သောသင်္ခါရမျိုး မဟုတ်၊ ဒုက္ခပဋိပဒါဖြင့် ရအပ်သောသမာဓိကို သသင်္ခါရသမာဓိ, သုခပဋိပဒါဖြင့်ရအပ်သော သမာဓိကို အသင်္ခါရသမာဓိဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်၊ ချဲ့ဦးအံ့–ဥပစာရဘာဝနာသို့ မရောက်ခင် နီဝရဏကိ လေသာကို ပယ်ခွာရာ၌ အတော်ကြိုးကြိုးပမ်းပမ်း အားထုတ်ရသော ဘာဝနာအကျင့်သည် ဒုက္ခပဋိပဒါ မည်၏၊မပင်ပန်းဘဲ လွယ်ကူစွာ နီဝရဏကွာလျှင် ထိုလွယ်ကူစွာ အားထုတ်ရသော ဘာဝနာသည် သုခပဋိပ ဒါမည်၏၊ ထို့ကြောင့် ဤပဋိပဒါ နှစ်မျိုးလုံးပင် သင်္ဂြိုဟ်ကျမ်း၌ အသုံးပြုရသော သင်္ခါရမျိုးမဟုတ်ပါ။

ပရမတ္ထဒီပနီဝါဒ။ ။ပရမတ္ထဒီပနီကား"မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၌ အသင်္ခါရိက သသင်္ခါရိက နှစ်မျိုး လုံး ဖြစ်၏"ဟု ယူပြီးလျှင် ထိုသို့ နှစ်မျိုး ဖြစ်သင့်သော်လည်း ဤပုဗ္ဗပယောဂသင်္ခါရဟူသည် စျာန်တရားများနှင့်သာ ဆက်ဆံသည်မဟုတ်, အယုတ် သဖြင့် အကုသိုလ်များနှင့်လည်း ဆက်ဆံ၏၊ ပဋိပဒါဟူသည်ကား ပဋိပတ်တရားဖြစ်သော ဤစျာန်များနှင့် သာဆက်ဆံသည်၊ထို့ကြောင့် အများနှင့် ဆက်ဆံသောသင်္ခါရဖြင့် ဤစျာန်အခန်း၌ ဝိသေသနပြုတော်မမူဘဲ အများနှင့် မဆက်ဆံသော ပဋိပဒါဖြင့်သာ ဝိသေသနကူမတော်မူလျက်"ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ ဒုက္ခ ပဋိပဒံ ဒန္ဓာဘိညံ"စသည်ဖြင့် ဟောတော်မူကြောင်းကို ဖွင့်ဆိုလေသည်၊ "သုခပဋိပဒါစျာန်ဟု ဟောတော်မူ ခြင်းနှင့် အသင်္ခါရိကစျာန်ဟု ဟောတော်မူခြင်း, ဒုက္ခပဋိပဒါစျာန်ဟု ဟောတော်မူခြင်းနှင့် သသင်္ခါရိကစျာန် ဟု ဟောတော်မူခြင်းသည် သဘောတူပင်ဖြစ်၏"ဟု ဆိုလိုသတက်။

လဒ္ဓဒေါသ။ ။ဒုက္ခပဋိပဒါစျာန်ကို သသင်္ခါရိကစျာန်,သုခပဋိပဒါစျာန်ကို အသင်္ခါရိကစျာန်ဟု ဆိုလိုလျှင် ဆိုနိုင်ပါ၏၊ သို့သော်သင်္ဂြိုဟ်မှာ ခွဲခြားနေသော သင်္ခါရမျိုးကား မဟုတ်ချေ၊ ဤသင်္ဂြိုဟ်၌ သတ္တိချင်းကွာခြားမှ သာ အသင်္ခါရိက သသင်္ခါရိကဟု ခွဲခြားလိုရင်းဖြစ်၏၊ ဒုက္ခပဋိပဒါဖြစ်ခြင်းကြောင့်လည်း သတ္တိ ညံ့သည် မဟုတ်,သုခပဋိပဒါဖြစ်တိုင်းလည်း သတ္တိမထက်ပါ၊ စျာန်စိတ်များကိုပြရာ၌ ပဋိပဒါကို အမြဲတွဲဖက်လေ့လည်း မရှိပါ၊ ဓမ္မသင်္ဂဏီပါဠိတော်၌ပင် ပဋိပဒါမပါဘဲ စိတ်သရုပ်စေ့ရုံမျှ "ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ"စသည်ဖြင့် သုဒ္ဓိကနဝကကို ရှေးဦးစွာ ဟောတော်မူပြီးမှ အာရုံပဋိပဒါတို့ဖြင့် ရသင့်တိုင်း ချဲ့ပြတော်မူပါသည်၊ ဤသို့ လျှင် စိတ်သရုပ်စေ့ရုံကို ပြရာ၌ ပဋိပဒါကို မပြသောကြောင့်လည်းကောင်း, ထိုပဋိပဒါကို သင်္ခါရအတွက် အသုံးပြုရိုးမှန်လျှင် ရူပစျာန်စိတ်(၁၅)မက (၃၀)ရှိရာသောကြောင့်လည်းကောင်း ထိုဒီပနီစကားကို ပညာရှင် တို့ဆင်ခြင်ကြပါလေ။

အဘိဓမ္မတ္ထဝိဘာဝနီ။ ။ဋီကာကျော်၌"အသင်္ခါရိက သသင်္ခါရိက နှစ်ပါးလုံးပင် မဆိုထိုက်"ဟူသော ပဌမ ဝါဒ "သသင်္ခါရိကစင်စစ်တည်း"ဟူသော ဒုတိယဝါဒဟု နှစ်ဝါဒရှိ၏၊ ထိုဝါဒများ၌ အဓိကာရနှင့် ပုဗ္ဗာဘိသင်္ခါရသည် လက်ကိုင်ဖြစ်၏၊ အဓိကာရဟူသည် ရှေးဘဝက စျာန်ကိုရသည်ဖြစ်စေ, မရသည်ဖြစ်စေ ကြိုးကြိုးစား စား အားထုတ်ခဲ့ဖူးခြင်းတည်း၊ ပုဗ္ဗာဘိသင်္ခါရဟူသည်ကား ယခုဘဝတွင် စျာန်မရမီ ရှေ့အဖို့၌ ပထဝီ ပထဝီ စသည်ဖြင့် ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်မှုတည်း၊ [အဓိကာရ-အဓိ=လွန်လွန်ကဲကဲ+ကာရ=ပြုလုပ်အား ထုတ်ခဲ့ဖူးခြင်း၊ ပုဗ္ဗာဘိသင်္ခါရပုဗ္ဗ=ရှေးအဖို့၌+အဘိသင်္ခါရ=စျာန်ရဖို့ရန် ပြုစီမံခြင်း၊]ပုဗ္ဗာဘိသင်္ခါရကို မပြုဘဲ အဓိကာရသက်သက်ဖြင့် စျာန်ကို ရကောင်းလျှင်,ပု ဗ္ဗာဘိသင်္ခါရ မပါသောကြောင့် အသင်္ခါရိကစျာန်ဟု ဆို သင့်ရာ၏၊ သို့သော် ပုဗ္ဗာဘိသင်္ခါရ မရှိဘဲ အဓိကာရသက်သက်ဖြင့် စျာန်ကို မရနိုင်၊ ထို့ကြောင့် အသင်္ခါရိကဟု မဆိုထိုက်၊ အဓိကာရမရှိဘဲ ပုဗ္ဗာဘိသင်္ခါရသက်သက်ဖြင့် စျာန်ကိုရကောင်းလျှင်လည်း သသင်္ခါရိကစျာန်ဟု ဆိုသင့်ရာ၏၊ သို့သော် အဓိကာရ မရှိဘဲလည်း စျာန်ကို မရနိုင်၊ ထို့ကြောင့် သသင်္ခါရိက ဟုလည်း မဆိုထိုက်ဟု မချီနိုင် မချနိုင် မပိုင်သော စကားကို ဆိုထားလေသည်။

လဒ္ဓဒေါသ။ ။ဤဝါဒ၌ ကောက်ချက်ချလျှင်"အဓိကာရနှင့် ပုဗ္ဗာဘိသင်္ခါရနှစ်ပါးစုံမှသာ စျာန်ကို ရနိုင်၏" ဟု ဆိုလိုကြောင်း ထင်ရှား၏၊ ထိုတွင်"အဓိကာရ မရှိလျှင် စျာန်မရနိုင်"ဟူသော အယူသည် မသင့်၊ အဘယ့် ကြောင့်နည်း-အဓိကာရ မရှိလျှင် စျာန်ကို အားထုတ်ရာ၌ ရခဲရုံသာရှိသည်, လုံးလုံးမရနိုင်ဟုကား မဆိုထိုက်၊ လောကီတရားမည်သည် လောကုတ္တရာတရားမျိုးကဲ့သို့ ရှေးက ပါရမီရှိမှာသာ ရနိုင်သည်မဟုတ်၊ တိဟိတ် ပုဂ္ဂိုလ်မှန်လျှင် သန်သန်ကြီး အားထုတ်က လောကီစျာန်လောက်ကိုတော့ ရနိုင်ကြသည်သာ၊ထို့ကြောင့် ရူပါ ဝစရကုသလအဖွင့် အဋ္ဌသာလိနီ၌ "ယော စေ သမထေ အကတာဓိကာရော, တဿ ဒုက္ခာ ပဋိပဒါ ဟော တိ"ဟု မိန့်ပြီ၊ ယော စ-အကြင်ယောဂီသည်ကား၊ သမထေ-သမထ၌၊ အကတာဓိကာရော-ပြုအပ်ပြီးသော အဓိကာရ မရှိခဲ့၊ တဿ-ထိုယောဂီ၏၊ ပဋိပဒါ-စျာန်သို့ရောက်ကြောင်း အကျင့်သည်၊ ဒုက္ခာဟောတိ-ခဲ ယဉ်း၏။

ထို့ပြင် "ပုဗ္ဗာဘိသင်္ခါရနှင့် ကင်း၍ စျာန်ကို မရနိုင်"ဟူသော အယူလည်း အသင်္ခါရိက သသင်္ခါရိကအဖြစ်ကို စိစစ်ရာ၌ ရိုးရာအားထုတ်မှုဖြစ်သော ပုဗ္ဗာဘိသင်္ခါရကို ထည့်သွင်းခြင်းမှာ ဆင်၏ နားရွက်ကို ဝက်မှာတပ်သ ကဲ့သို့ဖြစ်၏၊ ထင်ရှားစေအံ့–ပထဝီ ပထဝီစသည်ဖြင့် စျာန်ရအောင် အားထုတ်မှုဟူသော ပုဗ္ဗာဘိသင်္ခါရသည် စျာန်ရဖို့ရန် ရိုးရာအကြောင်းမျှသာ ဖြစ်၏၊ မိမိ သူတစ်ပါးတို့၏ ပယောဂဟူသော သင်္ခါရမျိုးမဟုတ်၊ ဤရိုးရာ အားထုတ်မှုဟူသော ပုဗ္ဗာဘိသင်္ခါရတွေကို သင်္ခါရဟု ဆိုလိုပါမူ ဆွမ်းတစ်ဇွန်းလောက် လှူမှုမှာပင် ဆန်ဆေး ရမှု, မီးမွှေးရမှု, ထမင်းအိုးတည်ရမှု, ထမင်းရည်ငှဲ့ရမှု, ဆွမ်းခူးရမှု, အလှူခံပုဂ္ဂိုလ်ထံ ချဉ်းကပ်၍ လောင်းရမှု စသော ပုဗ္ဗာဘိသင်္ခါရတွေ မပါလျှင် မပြီးချေ၊ ထိုရိုးရာသင်္ခါရတွေအတွက် သသင်္ခါရိကဟု ဆိုလိုလျှင် မနော ကံမှတစ်ပါး အသင်္ခါရိက ကုသိုလ် အကုသိုလ်ကံများ မရှိသလောက်ပင် ရှိလိမ့်မည်၊ ထို့ကြောင့် အသင်္ခါရိက သသင်္ခါရိက အဖြစ်ကို စိစစ်ရာဝယ် ထိုပုဗ္ဗာဘိသင်္ခါရမျိုးကို ထည့်သွင်း၍ မစဉ်းစားထိုက်ပါ။

ဒုတိယဝါဒ။ ။စျာန်တရားတို့မည်သည် ပုဗ္ဗာဘိသင်္ခါရရရှိမှသာ ဖြစ်နိုင်သောကြောင့် "အသင်္ခါရိကစျာန် စိတ်"လုံးဝမရှိသင့်၊ထိုသို့ အသင်္ခါရိက မရှိသင့်ရကား"အသင်္ခါရိကလေလား,သသင်္ခါရိကလေလား"ဟု ယုံမှား ဖွယ် မရှိ, သသင်္ခါရိကဖြစ်ကြောင်းမှာ လယ်ပြင် ဆင်သွားသကဲ့သို့ ထင်ရှားလေပြီ၊ သို့ဖြစ်၍ "အသင်္ခါရိက"ဟု အထူးမမိန့်ခဲ့ဟု တစ်နည်းဆိုပြန်၏၊ ဤဒုတိယဝါဒသို့လိုက်၍ သရုပ်ခွဲဆရာတို့က မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကို သသင်္ခါရိက၌သွင်း၍ ခွဲရိုးပြုကြသည်၊ သို့သော် ပုဗ္ဗာဘိသင်္ခါရအတွက် သသင်္ခါရိက ဟု မဆိုထိုက်သောကြောင့် ဤ ဒုတိယဝါဒလည်း မသင့်သည်သာ။

••••••••••••••••

အရူပါဝစရစိတ်အဖွင့်

အာကာသာနဉ္စာယတနကုသလစိတ္တံ ဝိညာဏဉ္စာယတနကုသလစိတ္တံ အာကိဉ္စညာယတနကုသလစိတ္တံ နေဝသညာနာသညာယတနကုသလ စိတ္တေဉ္စတိ ဣမာနိ စတ္တာရိပိ အရူပါဝစရကုသလစိတ္တာနိ နာမ။

အာကာသာနဉ္စာယတနကုသလစိတ္တံ။ ။[အာကာသ+အာနဉ္စ+အာယတန၊] အာကာသဟူသည် ကသိုဏ်း(၉)ပါးတွင် တစ်ပါးပါးကို ခွာခြင်းကြောင့် ရအပ်သော ကောင်းကင်ပညတ်တည်း၊[အာကာသအပြား ကို ရုပ်ပိုင်း, ကသိုဏ်းခွာပုံကို ကမ္မဋ္ဌာန်းပိုင်းမှာရှု၊] ကောင်းကင်ပညတ်ဟူသည် ပရမတ်တရားကဲ့သို့ အထည် ကိုယ် မထင်ရှားရကား ဥပါဒ်ဟူသော အစ အပိုင်းအခြား, ဘင်ဟူသော အဆုံးအပိုင်းအခြား မရှိချေ၊ ထို့ ကြောင့်"အနန္တော-ဥပါဒ် ဘင်အားဖြင့် အပိုင်းအခြား မရှိသော၊ အာကာသော-ကောင်းကင်တည်း "ဤဝိဂြိုဟ် အရ "အနန္တာကာသ"ဟု ဖြစ်သင့်လျက် အနန္တဟူသော ဝိသေသနကို နောက်ထား၍ သဒ္ဒါနည်းအားဖြင့် "အာကာသာနန္တ"ဟု ဖြစ်ရသည်၊အာကာသာနန္တမေဝ အာကာသာနဉ္စံ၊သွတ္တအနက်၌ ဏျပစ္စည်းသက်၊ န္တ ၌ န အက္ခရာကို နိဂ္ဂဟိတ်, တကို ယသို့ကပ်, တျကို စ, နိဂ္ဂဟိတ်ကို "ဉ" ပြု၍ "အာကာသာနဉ္စ"ဟု ပြီးသည်၊ အာယတနသဒ္ဒါကား"တည်ရာ"ဟူသော အနက်ကိုဟော၏၊ ကောင်းကင်ပညတ်သည်ပင် အာရုံပြုသောစျာန် စိတ်၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏၊ အာကာသာနဉ္စံ စ-ဥပါဒ် ဘင်အားဖြင့် အဆုံးအပိုင်း အခြားမရှိသော ကောင်းကင်ပညတ်လည်း ဟုတ်၏၊ တံ-ထိုကောင်းကင်ပညတ်ဟူသည်၊ အာယတနဉ္စ-အာ ရုံပြုသောအားဖြင့် တည်ရာလည်း ဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ အာကာသာနဉ္စာယတနံ-မည်၏။

ဥပစာကြံ။ ။ဤစကားဖြင့်"အာကာသာနဉ္စာယတန" အရ ကောင်းကင်ပညတ်ကိုသာ ရ၏၊ စျာန်နှင့်တကွ သမ္ပယုတ်တရားတို့ကို မရသေး၊ ထို့ကြောင့် သသမ္ပယုတ္တစျာန်ကို ရအောင် ဌာနူပစာရ, ကာရဏူပစာရ ကြံ ပါ၊ "အကြောင်းဌာနဖြစ်သော အာရုံ၏ အာကာသာနဉ္စာယတနဟူသော နာမည်ကို အကျိုးဌာနီ အာရမဏိကဖြစ်သော သသမ္ပယုတ္တစျာန်(ယှဉ်ဖက်စိတ် စေတသိက်နှင့်တကွ ဖြစ်သောစျာန်)ပေါ်၌ တင်စား ၍ သသမ္ပယုတ္တစျာန်ကို အာကာသာနဉ္စာယတနဟု ခေါ်သည်"ဟူလို။

တစ်နည်း။ ။အာကာသာနဉ္စံ+အာယတနံ ယဿာတိ အာကာသာနဉ္စာယတနံ၊ဤသို့ ဗဟုဗ္ဗီဟိသမာသ် သော်လည်း ကြံရာ၏၊"ယဿ-အကြင် သသမ္ပယုတ္တစျာန်၏၊ အာကာသာနဉ္စံ-အပိုင်းအခြားမရှိသော ကောင်း ကင်ပညတ်ဟူသော၊ အာယတနံ-တည်ရာသည်၊ အတ္ထိ-ရှိ၏"ဟု ဆိုပါ၊ အာကာသာနဉ္စာယတနေ+ပဝတ္တံ+ ကုသလစိတ္တံ အာကာသာနဉ္စာယတနကုသလစိတ္တံ၊ အာကာသာနဉ္စာယတနေ-အပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဝယ် အပ္ပနာသို့ရောက်သော သသမ္ပယုတ္တစျာန်၌(ဥပစာကြံသောနည်း)၊ ဝါ-အပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာရှိသော သသမ္ပယုတ္တစျာန်၌(သမာသ်ကြံသောနည်း)၊ ပဝတ္တံ- ဖြစ်သော (ပါဝင်သော)၊ ကုသလစိတ္တံ-သည်၊ အာကာသာနဉ္စာယတနကုသလစိတ္တံ-မည်၏၊ ဤနည်းအရ အာကာသာနဉ္စာယတနစိတ်က ကောင်းကင်ပညတ်ကို အာရုံပြုကြောင်း သိရာ၏။

ဝိညာဏာနဉ္စာယတနကုသလစိတ္တံ။ ။[ဝိညာဏ+အာနဉ္စ+အာယတန၊]ဝိညာဏဟူသည် ဆိုအပ်ပြီး သော အာကာသာနဉ္စာယတနစိတ်ပင်တည်း၊ ထိုစိတ်ကို ပဌမာရုပ္ပဝိညာဏ်ဟု ခေါ်သည်၊ ထိုပဌမာရုပ္ပဝိ ညာဏ်က အနန္တမည်သော ကောင်းကင်ပညတ်ကို အာရုံပြုသောကြောင့် အာရုံ၏ အနန္တအမည်ကို ဝိညာဏ် ပေါ်၌ တင်စား၍ ဌာနူ, ကာရဏူပစာရအားဖြင့် ပဌမာရုပ္ပဝိညာဏ်ကို"အနန္တ"ဟု ဆိုသည်၊ တစ်နည်း-ယောဂီ ပုဂ္ဂိုလ်က"အနန္တံ ဝိညာဏံ"ဟု ကမ္မဋ္ဌာန်းစီးဖြန်းသောကြောင့် ယောဂီပုဂ္ဂိုလ်၏ ဘာဝနာကမ္မဋ္ဌာန်းအရ "အနန္တ ဝိညာဏ"ဟု ဆိုရသည်၊ [စီးဖြန်းပုံကို ကမ္မဋ္ဌာန်းပိုင်းမှာရှု၊]ဤစကားအရ"အနန္တံ+ဝိညာဏံ အနန္တဝိညာဏံ"ဟု ဖြစ်သင့်လျက် အနန္တဟူသော ဝိသေသနကို နောက်ထား၍ "ဝိညာဏာနန္တံ" ဖြစ်သည်ဟု မှတ်ပါ၊ ဝိညာဏာ နန္တမေဝ ဝိညာဏာနဉ္စံ"ဟု သွတ္တအနက်၌ ဏျပစ္စည်းသက်၊ ရှေးနည်းအတိုင်း စီရင်၍ "ဝိညာဏာနဉ္စ"ဖြစ်ပြီးမှ ဏာကို ရဿ, န ကို ချေ၊[အနန္တံ-အာရုံကို ထောက်ဆ၍ အနန္တမည်သော၊ဝါ-ယောဂီပုဂ္ဂိုလ်၏ ပွားများပုံအား ဖြင့် အနန္တဟု ဆိုအပ်သော၊ဝိညာဏံ-ပဌမာရုပ္ပဝိညာဏ်သည်၊ ဝိညာဏာနန္တံ-ဝိညာဏာနန္တမည်၏၊ ဝိညာဏာ နန္တ မေဝ-အနန္တမည်သော ဝိညာဏ်သည်ပင်၊ဝိညာဏဉ္စံ-ဝိညာဏဉ္စမည်၏၊]အာယတနကုသလစိတ္တပုဒ်တို့နှင့် ရှေးနည်းအတိုင်း တွဲပါ၊ ဤနည်းအရ ဝိညာဏဉ္စာယတနစိတ်က ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကြောင်းသိ ရာ၏။

အာကိဉ္စညာယတကုသလစိတ္တံ။ ။[အာကိဉ္စည+အာယတန] "နတ္ထိ +ကိဉ္စာနံ+ယဿာတိ အကိဉ္စနံ၊ ယဿ-အကြင် ပဌမာရုပ္ပဝိဉာဏ်၏၊ ကိဉ္စနံ-အနည်းငယ်စိုးစဉ်း,ဘင်မျှအကြွင်းသည်၊နတ္ထိ-မရှိ၊ဣတိ-ကြောင့်၊ တံ-ထိုပဌမာရုပ္ပဝိညာဏသည်၊ အကိဉ္စနံ-မည်၏၊ [ကိဉ္စနသဒ္ဒါသည် ကိဉ္စိသဒ္ဒါ၏ ပရိယာယ်, "စိုးစဉ်း အနည်း ငယ်" ဟူသော အနက်ဟောတည်း၊] ဥပါဒ်မှစ၍ ဖြစ်လာသော ပဌမာရုပ္ပဝိညာဏ်သည် "ရှိမည်ဆိုလျှင်" ဘင် အခိုက်အတန့်လောက်တော့ ရှိထိုက်၏၊ ယခုမှာ "ဘင်အခိုက်မျှ အကြွင်းအကျန် မရှိတော့ပြီ" ဟူလို၊ အကိဉ္စ နဿ+ဘာဝေါ အာကိဉ္စညံ၊ အကိဉ္စနဿ-နည်းငယ်စိုးစဉ်း ဘင်အကြွင်းမျှမရှိသော ပဌမာရုပ္ပဝိညာဏ်၏၊ ဘာဝေါ-ဖြစ်ကြောင်းသည်၊ အာကိဉ္စညံ-မည်၏၊ ဤသို့ စိုးစဉ်း အနည်းငယ်မျှ မရှိသည်၏အဖြစ်ကို ပါဠိလို "နတ္ထိဘာဝ", မြန်မာလို "နတ္ထိဘော"ဟု ခေါ်သည်၊ထို မရှိသည်၏ အဖြစ်ဟူသည် ပရမတ်မဟုတ်,ဘာမျှ မရှိ ခြင်း အဘာဝပညတ် ဖြစ်သောကြောင့်"အာကိဉ္စည" အရ နတ္ထိဘောပညတ်ကို ရသည်ဟု မှတ်ပါ၊အာယတန စသောပုဒ်များနှင့် ရှေးနည်းအတိုင်းတွဲပါ၊ ဤသဒ္ဒါနည်းအရ"အာကိဉ္စညာယတနစိတ်က နတ္ထိဘောပညတ်ကို အာရုံပြုကြောင်း"သိရာ၏။

နေဝသညာနာသညာယတနကုသလစိတ္တံ။ ။[နေဝ+သညာ+န+အ+သညာ၊]နေဝသညာ စ+သာ+ န အသညာ စာတိ နေဝသညာနာသညာ၊ နေဝသညာ စ-သညာလည်းမဟုတ်၊ သာ-ထိုသညာမဟုတ်ဟု ဆို အပ်သော တရားသည်၊ န အသညာ စ-သညာမဟုတ်သည်လည်း မဟုတ်၊ (ဟုတ်သလောက်တော့ ဟုတ် သေး၏-ဟူလို၊) ဣတိ-ထို့ကြောင့်၊ နေဝသညာနာသညာ-မည်၏၊ သညာစေတသိက်တစ်ခုကိုပင် ယောဂီ ပုဂ္ဂိုလ်အလိုအတိုင်း နေဝသညာဟုလည်းကောင်း, နာသညာဟုလည်းကောင်း ဆိုသည်၊ ထင်ရှားစေအံ့-ဤ စတုတ္ထာရုပ္ပဝိညာဏ်၌ရှိသော သညာစေတသိက်သည် အလွန်သိမ်မွေ့ရကား, အနိစ္စ ဒုက္ခ အနတ္တဟု လက္ခ ဏာတင်၍ သုံးသပ်လို့ မရနိုင်၊ သုံးသပ်သော်လည်း အနိစ္စသဘော စသည်မထင်နိုင်၊ ဤသို့ အနိစ္စစသည် မထင်နိုင်လောက်အောင် သိမ်မွေ့သောကြောင့်"နေဝသညာ(သညာပင်မဟုတ်တော့ပါဘူး)"ဟု ဆိုလိုသည်၊ သို့သော် ပရမတ္ထသဘောအားဖြင့် အလွန်သိမ်မွေ့စွာ ထင်ရှားရှိသေးသောကြောင့် "န အသညာ (သညာ မဟုတ်ဘူးဟုလဲ လုံးလုံးကြီး မဆိုထိုက်သေး, ဟုတ်သလောက်တော့ ဟုတ်သေးရဲ့)"ဟု ဆိုရပြန်သည်၊ ဥပမာ-ဆရာတပည့် ခရီးသွားစဉ် ရှေ့ကသွားသောတပည့်က ဖိနပ်စိုလောက်သောရေကို မြင်၍ ဖိနပ်ချွတ် စေလိုသောကြောင့် "ရေတွေပါဘုရား"ဟု လှမ်း၍လျှောက်လိုက်လျှင်,ရေချိုးချင်သောဆရာက"ရေသနုပ်ပေး စမ်း"ဟု အမိန့်ရှိပြန်ရာ, ချိုးလောက်အောင် မရှိခြင်းကြောင့် "ရေမရှိပါ"ဟု ထပ်မံ လျှောက်ရ လသည်၊ ဤ ဥပမာ၌ "ရေ မရှိပါ" ဟုလျှောက်ခြင်းနှင့် "နေဝ သညာ"ဟု ဆိုခြင်း, "ရေတွေပါ"ဟု လျှောက်ခြင်းနှင့် "န အသညာ"ဟု ဆိုခြင်းသည် တူ၏။

နေဝဖဿနာဖဿစသည်။ ။ဤစတုတ္ထာရုပ္ပဝိညာဏ်၌ သညာတစ်ခုသာ အလွန်သိမ်မွေ့သည်မဟုတ်၊ ဖဿစသော စေတသိက်များလည်း အလွန်သိမ်မွေ့ရကား "နေဝဖဿနာဖဿ, နေဝဝေဒနာနာဝေဒနာ" စသည်ဖြင့် ဆိုနိုင်သည်သာ၊ သို့သော် ဥပလက္ခဏနည်းအရ သညာတစ်ခုကိုသာ မှတ်သား၍ ဆိုသည်၊ ဤ၌ အာယတနသဒ္ဒါသည် ရှေးပုဒ်များ၌ကဲ့သို့"တည်ရာအာရုံ"ဟူသောအနက်ကို မဟော၊နိဿယပစ္စယသတ္တိဖြင့် သမ္ပယုတ်တရားတို့၏ "တည်ရာမှီရာ"ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် "နေဝသညာနာသညာ စ+သာ+အာယတနဉ္စာတိ နေဝသညာနာသညာယတနံ၊ နေဝသညာနာသညာယတနေန+သမ္ပယုတ္တ +ကုသလစိတ္တံ နေဝသညာနာသညာယတနကုသလစိတ္တံ"ဟု ဝစနတ်ပြု၊ နေဝသညာနာသညာ စ-နေဝသညာနာသ ညာမည်သည်လည်း ဟုတ်၏၊ သာ-ထိုနေဝသညာနာသညာဟူသည်၊ အာယတနဉ္စ-ယှဉ်ဖက်တရားတို့၏ တည်ရာလည်းဟုတ်၏၊ ဣတိ-ထို့ကြောင့်၊ နေဝသညာနာသညာယတနံ-မည်၏၊ ဤသဒ္ဒါနည်းအရ-"နေဝသ ညာနာသညာယတနစိတ်က တတိယာရုပ္ပဝိညာဏ်ကို အာရုံပြုကြောင်း "မထင်ရှားသေး၊ ကမ္မဋ္ဌာန်းပိုင်းကျမှ ထင်ရှားပါလိမ့်မည်။

•••••••••••••••••••

အရူပစိတ် နိဂုံး

အာလဗ္ဗနပဘေဒေန, စတုဓာရုပ္ပမာနသံ၊ ပုညပါကကြိယာဘေဒါ, ပုန ဒွါဒသဓာ ဌိတံ။

အာလဗ္ဗနပဘေဒေန။ ။ဤ၌ အာရုံသည် အာရုံပြုထိုက်သော အာလမ္ဗိတဗ္ဗအာရုံ,လွန်မြောက်ထိုက်သော အတိက္ကမိတဗ္ဗအာရုံဟု နှစ်မျိုးရှိ၏၊ ထိုတွင် အာကာသာနဉ္စာယတနစသော စိတ်လေးမျိုးတို့ အစဉ်အတိုင်း အာရုံပြုထိုက်သော အာလမ္ဗိတဗ္ဗ အာရုံများကား-၁-ကောင်းကင်ပညတ်, ၂-ပဌမာရုပ္ပဝိညာဏ်, ၃-နတ္ထိဘော ပညတ်, ၄-တတိယာရုပ္ပဝိညာဏ်တည်း၊ ထိုအာကာသာနဉ္စာယတနစသော စိတ်လေးမျိုးတို့ အစဉ်အတိုင်း လွန်မြောက်ထိုက်သော အတိက္ကမိတဗ္ဗ အာရုံကား-၁-ကသိုဏ်းပညတ်, ၂-ကောင်းကင်ပညတ်, ၃-ပဌမာရုပ္ပ ဝိညာဏ်, ၄-နတ္ထိဘောပညတ်တည်း၊ အာလမ္ဗနပဘေဒေနအရ၌ အာလမ္ဗိတဗ္ဗအာရုံကိုသာ ကျမ်းဆရာတို့ ဆိုလိုရင်းဖြစ်၏၊ အတိက္ကမိတဗ္ဗအာရုံကိုကား မကင်းစကောင်းသောကြောင့် ထည့်သွင်း ဖွင့်ပြကြရသည်။

အရူပစိတ်အဖွင့်

[ဆောင်] ၁။ ကောင်းကင်ခေါ်မှတ်, ပညတ်တစ်ဖြာ, ပဌမာရုပ္ပ-ဝိညာဏနှင့်, ဘာဝနတ္ထိ, တတိယာရုပ္ပံ- ဝိညာဏံ, လေးတန်အာရုံ စဉ်တိုင်းတည်း။

၂။ ကသိုဏ်းများဖြင့်, ကောင်းကင်ခေါ်မှတ်, ပညတ်တစ်ဖြာ, ပဌမာရုပ္ပ-ဝိညာဏနှင့်, ဘာဝနတ္ထိ, အတိက္ကမိတဗ်, လွန်မြောက်အပ်, လေးရပ်အာရုံ စဉ်တိုင်းတည်း။

အရူပစျာန်၌ အာရုံမများ။ ။ရူပစျာန်၌ စျာန်တစ်ပါး တစ်ပါးလျှင် ကသိုဏ်း(၁၀), ကောဋ္ဌာသ(၁၀)စသည် ဖြင့် အာရုံအများရှိသကဲ့သို့, ဤအရူပစျာန်၌ ထိုသို့မများဘဲ အဘယ့်ကြောင့် စျာန်တစ်ပါးလျှင် အာရုံတစ်မျိုး စီသာ ရှိသနည်းဟု မေး၊ အဖြေကား-ရူပါဝစရစျာန်တို့က အင်္ဂါတိက္ကမစျာန်ဖြစ်၍, အရူပါဝစရစျာန်တို့က အာရမဏာတိက္ကမစျာန်ဖြစ်သောကြောင့် ရူပစျာန်၌ စျာန်တစ်ပါး တစ်ပါးလျှင် အာရုံအများရှိသကဲ့သို့ အရူပ စျာန်၌ ထိုကဲ့သို့ မများဘဲ စျာန်တစ်ပါးလျှင် အာရုံတစ်မျိုးစီသာ ရှိရပေသည်။

ချဲ့ဦးအံ့ –ရူပစျာန်၌ အောက်အောက်စျာန်ကို ပယ်ခွာနိုင်မှ အထက်စျာန်များ ဖြစ်နိုင်ကြသည်၊ ပဌမစျာန်၌ စျာန်အင်္ဂါ(၅)ပါး, ဒုတိယစျာန်၌ စျာန်အင်္ဂါ(၄)ပါး စသည်ဖြင့် စျာန်အင်္ဂါလျော့ပုံကို စဉ်းစားပါ၊ ထို့ကြောင့် ရူပ စျာန်များကို အင်္ဂါတိက္ကမစျာန်ဟု ခေါ်၏၊ [အင်္ဂ=စျာန်အင်္ဂါကို+အတိက္ကမ=လွန်မြောက်ကြောင်းစျာန်၊] ဤသို့ လျှင် စျာန်အင်္ဂါကို ပယ်ခွာလွန်မြောက်ဖို့က အရေးကြီးသောကြောင့် ရူပစျာန်တို့၌ သက်ဆိုင်ရာ အာရုံအမျိုး မျိုးရှိသော်လည်း အနှောက်အယှက် မရှိနိုင်၊ အရူပစျာန်၌ကား ဥပေက္ခာ ဧကဂ္ဂတာဟု စျာန်အင်္ဂါ(၂)ပါးစီ အညီအမျှ ရှိသောကြောင့် စျာန်အင်္ဂါကို လွန်ဖွယ်မလို၊ အောက်အောက်စျာန်၏ အာရုံကို လွန်မြောက်နိုင်မှ အထက်ထက်စျာန်များ ဖြစ်ပေါ်လာကြသည်၊ "ရူပပဉ္စမစျာန်၏ အာရုံဖြစ်သော ကသိုဏ်းပညတ်ကို အာရုံမပြု ဘဲ လွန်မြောက်နိုင်မှ အာကာသာနဉ္စာယတနစျာန်ကို ရနိုင်သည်၊ အာကာသာနဉ္စာယတနစျာန်၏ အာရုံဖြစ် သော ကောင်းကင်ပညတ်ကို လွန်မြောက်နိုင်မှ ဝိညာဏဉ္စာယတနစျာန်ကို ရနိုင်သည်"စသည်ဖြင့် ချဲ့ပါ၊ ထို့ကြောင့် အရူပစျာန်ကို "အာလမ္ဗနာတိက္ကမစျာန်"ဟု ခေါ်ရသည်၊ [အာလမ္ဗန=အာရုံ+အတိက္ကမ=လွန် မြောက်ကြောင်းစျာန်၊] ဤသို့လျှင် အရူပသမာပတ်အရာဝယ် အောက်အောက်စျာန်၏ အာရုံကို လွန်မြောက်နိုင်မှသာ အထက်အထက်စျာန်ကိုရနိုင်သောကြောင့် စျာန်တစ်မျိုးလျှင် အာရုံတစ်မျိုးစီအားဖြင့် အာရုံ (၄)မျိုးသာ ရှိရသည်။

အာလမ္ဗနာတိက္ကမတော, စတေဿာပိ ဘဝန္တိမာ၊ အင်္ဂါတိက္ကမမေတာသံ, န ဣစ္ဆန္တိ ဝိဘာဝိနော။

စတေေဿာပိ -လေးပါးလည်းဖြစ်ကုန်သော၊ ဣမာ-ဤအရူပသမာပတ်တို့သည်၊ အာလမ္ဗနာတိက္ကမတော

-အောက်အောက်စျာန်၏ အာရုံကို လွန်မြောက်ခြင်းကြောင့်၊ ဘဝန္တိ-ဖြစ်ကုန်၏၊ ဧတာသံ-ဤအရူပသမာပတ် တို့၏၊ အင်္ဂါတိက္ကမံ-(ရူပသမာပတ်တို့ကဲ့သို့) အောက်အောက်စျာန်အင်္ဂါကို လွန်မြောက်ခြင်းကို၊ ဝိဘာဝိနော- ပညာရှိတို့သည်၊ န ဣစ္ဆန္တိ-အလိုမရှိကုန်။.....[အဋ္ဌသာလိနီ အရူပါဝစရကုသိုလ်အဖွင့်။]

တစ်နည်း။ ။ထိုထိုစျာန်ကို ရစေနိုင်သော အာရုံများကို ရှေးက ရသေ့ပညာရှိများနှင့် ဘုရားအစရှိသော ပုဂ္ဂိုလ်ထူးတို့သာ သိမြင်တော်မူနိုင်ကြ၏၊ အရူအစျာန်ကို ရစေနိုင်သော အာရုံတို့ အများအပြားရှိ၍ အရူပ ဈာန်ကို ရစေနိုင်သော အာရုံက တစ်စျာန်လျှင် တစ်ပါးစီသာ ရှိသောကြောင့် ရှိသည့်အတိုင်းပင် ပညာရှင်တို့ ပြထားရကား "အဘယ့်ကြောင့် ရူပစျာန်၏ အာရုံကများ၍ အရူပစျာန်၏ အာရုံမှာ တစ်ပါးစီသာ ရှိရသနည်း" ဟု မစောဒနာသင့်ပြီ။

စျာန်နှစ်မျိုး။ ။ဤရူပ, အရူပစျာန်သည် သမထာနုယောဂပဋိလဒ္ဓစျာန်, မဂ္ဂသိဒ္ဓစျာန်ဟု နှစ်မျိုးရှိ၏၊ ထို တွင် သမထကမ္မဋ္ဌာန်းကို တမင်တကာ အားထုတ်မှ ရအပ်သောစျာန်သည် "သမထာနုယောဂပဋိလဒ္ဓစျာန်" မည်၏၊ [သမထ=သမထကမ္မဋ္ဌာန်းကို+အနုယောဂ=အားထုတ်ခြင်းကြောင့်+ပဋိလဒ္ဓ=ရအပ်သောစျာန်၊] ရှေးရှေးက "သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသူ ဖြစ်ရပါလို၏"ဟု ဆုတောင်းပြည့်သူသည် မဂ်ကိုရလျှင် လောကီ စျာန်သမာပတ်များကိုလည်း အပြီးအစီး ရနိုင်၏၊ ထိုစျာန်ကို "မဂ္ဂသိဒ္ဓစျာန်"ဟု ခေါ်သည်။ [မဂ္ဂ=မဂ်ကြောင +သိဒ္ဓ=ပြီးစီးသောစျာန်။]

အချို့ဝါဒ။ ။အချို့ကား"ဥပပတ္တိသိဒ္ဓစျာန်"ဟု တစ်မျိုးရှိကြောင်းကို မိန့်ဆိုသေး၏၊ ကာမဘုံ၌ စျာန်ရပြီး နောက် စုတေသောအခါ ထိုစျာန် ကွယ်ပျောက်သော်လည်း ဗြဟ္မာ့ပြည်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ထို စျာန်ကို ထပ်၍ ရနိုင်သတဲ့၊ ထို့ကြောင့် ထိုဗြဟ္မာ့ပြည်ကျမှ တမင်အားမထုတ်ရဘဲ ထပ်၍ ရအပ်သောစျာန် ကို "ဥပပတ္တိသိဒ္ဓစျာန်"ဟု ဆိုလိုသတက်၊ [ဥပပတ္တိ=ပဋိသန္ဓေကြောင့်+သိဒ္ဓ-ပြီးသောစျာန်၊] ထိုဆရာတို့ဆို တိုင်း ပဋိသန္ဓေနှင့် တစ်ပြိုင်နက် ထပ်၍ ရတမ်းဆိုလျှင်,ထိုထပ်ကာ ထပ်ကာ ရအပ်သောစျာန်ကြောင့် ဗြဟ္မာ့ ပြည်၌ ပဋိသန္ဓေ ထပ်၍ ထပ်၍ ဖြစ်နေဖွယ်ရှိရကား ထိုစကားကို ပညာရှိတို့ စိစစ်ကုန်ရာသည်။ [ဝီထိဆိုရိုး အဓိပ္ပာယ်၌လည်း စိစစ်ထားသည်။]

လောကုတ္တရာစိတ်အဖွင့် တောပတ္တိမဂ္ဂစိတ္တံ သကဒါဂါမိမဂ္ဂစိတ္တံ အနာဂါမိမဂ္ဂစိတ္တံ အရဟတ္တမဂ္ဂစိတ္တေဉ္စတိ ဣမာနိ စတ္တာရိပိ လောကုတ္တရကုသလ စိတ္တာနိ နာမ။

သောတာပတ္တိမဂ္ဂစိတ္တံ။ ။[သောတ+အာပတ္တိ+မဂ္ဂ+စိတ္တံ၊ ] သဝတိ သန္ဒတိ-မဆုတ်နစ်ဘဲ, တစီးထဲ စီးသွားတတ်၏၊ ဣတိ-ကြောင့် သောတော-မည်၏၊ ဂင်္ဂါမြစ်စသည်၌ စီးသွားသော ရေအယဉ်တည်း၊ သော တော ဝိယာတိ သောတော-ထိုရေအယဉ်နှင့်တူသော အရိယအဋ္ဌင်္ဂိကမဂ်တည်း၊ ချဲ့ဦးအံ့-ဟိမဝန္တာတောင်မှ စ၍ စီးလာသော ဂင်္ဂါမြစ်ရေသည် ဆုတ်နစ်ခြင်းမရှိဘဲ သမုဒ္ဒရာသို့ ရောက်အောင် တစီးထဲ စီးသွားသကဲ့သို့, ထို့အတူ သမ္မာဒိဋ္ဌိစသော မဂ္ဂင်(၈)ပါးလည်း ရှေးဦးစွာ ဖြစ်ပေါ်ရာ သောတာပတ္တိမဂ်ခဏမှစ၍ သတ္တိအင်အား နည်းပါးဆုတ်နစ်ခြင်း မရှိ, တစ်ဆင့်ထက် တစ်ဆင့်ရင့်ကာ နိဗ္ဗာန်တည်းဟူသော သမုဒ္ဒရာသို့ ဝင်ရောက်လေ တော့၏ ။

ဆက်ဦးအံ့ -ပုထုဇဉ်တို့ သန္တာန်မှာလည်း လောကီကုသိုလ်၌ ယှဉ်သောမဂ္ဂင်တရားများ ဖြစ်ပေါ်လေ့ရှိကြ၏၊ သို့သော် ထိုလောကီမဂ္ဂင်များသည် မည်သည့်ကိလေသာကိုမျှ အကြွင်းမဲ့ မသတ်နိုင်၊ သို့ဖြစ်၍ ထိုမဂ္ဂင်များ အမြဲတိုးပွားလိမ့်မည်ဟု စိတ်မချရ၊ ယခုဘဝ ယခုအခါ မဂ္ဂင်တရားများ ဥပါဒ်လျက် သူတော်ကောင်းစိတ် ဓာတ်တွေ ဖြစ်ပေါ်နေသော်လည်း တော်တော်ကြာလျှင်, သို့မဟုတ် နောက်ဘဝရောက်လျှင် ဒုဿီလ အကြီး စား သူယုတ်မာကြီးများ ဖြစ်နိုင်၏၊ ယခု မျက်မြင်မှာပင် ငယ်ရွယ်စဉ်တုန်းက ကုသိုလ်မဂ္ဂင်တွေ အတော်ပေါ များသော တရားသမား ဖြစ်ပြီးနောက် ထိုထို ဤဤ အကြောင်းများကြောင့် ကုသိုလ်မဂ္ဂင်တွေပျက်ပြားလျက် သူယုတ်မာကြီးများ ဖြစ်သွားသည်ကိုလည်း မြင်ကြရလေပြီ၊ လောကုတ္တရာမဂ္ဂင်များကား ထိုကဲ့သို့ ဆုတ် ယုတ်ပျက်ပြားခြင်း မရှိ, နိဗ္ဗာန်တည်းဟူသော မဟာသမုဒ္ဒရာသို့ ဝင်မိအောင် အဆင့်ဆင့် တိုးပွားလေသည်၊ ဤကဲ့သို့ အဆင့်ဆင့် တိုးပွားခြင်းသည်လည်း မဂ်ဥပါဒ်သည်နှင့် တစ်ပြိုင်နက် ဒိဋ္ဌိ ဝိစိကိစ္ဆာ စသော ဆိုင်ရာ ကိလေသာတည်းဟူသော အနှောင့်အယှက်ကို တစ်ခါတည်း ကုန်ခန်းစေနိုင်သောကြောင့် စိတ်အစဉ်၌ ကိလေသာ အနှောက်အယှက် မရှိခြင်းကြောင့် ဖြစ်သည်။

သံယုတ်။ ။သေယျထာပိ ဘိက္ခဝေ ဂင်္ဂါ နဒီ သမုဒ္ဒနိန္န သမုဒ္ဒပေါဏာ သမုဒ္ဒပဗ္ဘာရာ၊ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဘာဝေန္တော အရိယံ အဋ္ဌင်္ဂိကံ မဂ္ဂံ ဗဟုလီကရောန္တော နိဗ္ဗာနနိန္နော ဟောတိ နိဗ္ဗာနပေါဏော နိဗ္ဗာနပဗ္ဘာရော။ [မဟာဝဂ္ဂ, မဂ္ဂသံယုတ်, ဂင်္ဂါပေယျာလဝဂ္ဂ။]

အာပတ္တိ။ ။အာဒိတော ပဇ္ဇနံ အာပတ္တိ၊ အာဒိတော-ရှေးဦးအစ၌၊ ပဇ္ဇနံ-ရောက်ခြင်းသည်၊ အာပတ္တိ-အာ ပတ္တိမည်၏၊ အာပတ္တိ၌ အာသဒ္ဒါသည် "အစ" ဟူသော အနက်ကို ဟော၏၊ "သကဒါဂါမိမဂ် စသည်တို့၏ ရှေးဦးစွာ ရောက်ခြင်း" ဟူလို၊ သောတဿ+အာပတ္တိ သောတာပတ္တိ, သောတာပတ္တိယာ, အဓိဂတော+ မဂ္ဂေါ သောတာပတ္တိမဂ္ဂေါ၊ သောတာပတ္တိယာ-ရေအယဉ်နှင့်တူသော အရိယအဋ္ဌင်္ဂိကမဂ်သို့ ရှေးဦးစွာ ရောက်ခြင်းဖြင့်၊ အဓိဂတော-ရအပ်သော၊ မဂ္ဂေါ-မဂ်သည်၊ သောတာပတ္တိမဂ္ဂေါ-မည်၏၊ [သောတနှင့် မဂ္ဂသည် အဋ္ဌင်္ဂိကမဂ်ကိုချည်း ရသောကြောင့် မပြားသော်လည်း အဘေဒဘေဒူပစာရနည်းအားဖြင့် ပြားသကဲ့ သို့ ဆိုထားသည်၊] သောတာပတ္တိမဂ္ဂေန+သမ္ပယုတ္တံ စိတ္တံ သောတာပတ္တိမဂ္ဂစိတ္တံ။

သကဒါဂါမိမဂ္ဂစိတ္တံ။ ။[သကိံ+အာဂါမီ၊ နိဂ္ဂဟိတ်ချေ, ဣကို အပြု, ဒ်လာ၍ သကဒါဂါမီဟု ပုဒ်ပြီးသည်၊] ဣမံ လောကံ သကိံ အာဂစ္ဆတိ သီလေနာတိ သကဒါဂါမီ၊ ဣမံ လောကံ-ဤကာမဘုံသို့၊ သကိံ-တစ်ကြိမ်၊ သီလေန-အလေ့အားဖြင့်၊ အာဂစ္ဆတိ-ပြန်လာတတ်၏၊ ဣတိ-ကြောင့်၊ သကဒါဂါမီ-သကဒါဂါမီ မည်၏၊ "တစ် ကြိမ်ကာမဘုံသို့ ပြန်လာတတ်၏" ဟူရာ၌ ဗြဟ္မာ့ပြည်မှ ပြန်လာမှုကို မဆိုလို၊ ကာမဘုံအချင်းချင်း ပဋိသန္ဓေ ပြန်၍နေမှုကို ဆိုလိုသည် ။ [ပရမတ္ထဒီပနီ၌ကား ဗြဟ္မာ့ပြည်မှ တစ်ကြိမ် ပြန်လာခွင့်ရှိကြောင်းကို အကျယ် ဆို၏၊] သကဒါဂါမိနော + မဂ္ဂေါ သကဒါဂါမိမဂ္ဂေါ၊ သကဒါဂါမိနော-သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်၏၊ မဂ္ဂေါ-မဂ်သည်၊ သကဒါဂါမိမဂ္ဂေါ-မည်၏၊ စိတ္တပုဒ်နှင့် ရှေ့နည်းအတိုင်း တွဲပါ၊ သကဒါဂါမ်အပြားကို ကမ္မဋ္ဌာန်းပိုင်းမှာ ကြည့်ပါ။

အနာဂါမိမဂ္ဂစိတ္တံ။ ။ဣမံ လောကံ န ဂစ္ဆတီတိ အနာဂါမီ၊ "ဣမံ လောကံ-ဤကာမဘုံသို့"ဟု ပေးပါ၊ အနာဂါမ် ဖြစ်ပြီးသူသည် ကာမဘုံ၌ တပ်မက်မှုကို အကြွင်းမဲ့ ပယ်ပြီးဖြစ်၍ စုတေပြီးနောက် ကာမဘုံသို့ ပဋိ သန္ဓေမနေလာတော့ပြီ၊ ရဟန္တာ မဖြစ်လျှင် ဗြဟ္မာ့ပြည်သို့ မုချ ရောက်ရတော့သည်၊ အနာဂါမိနော-အနာဂါမိ ဖလဋ္ဌပုဂ္ဂိုလ်၏၊ မဂ္ဂေါ-မဂ်သည်၊ အနာဂါမိမဂ္ဂေါ-မည်၏၊ [အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ သန္တာန်၌ အနာဂါမိမဂ် ထပ်၍ မဖြစ်နိုင်သော်လည်း တစ်ပါးသောမဂ်တို့နှင့် မရောစေခြင်းငှါ "အနာဂါမိနော"ဟု ဝိသေသန ကူမရသည်၊ "အခြား ပုဂ္ဂိုလ်၏ မဂ်မဟုတ်, အနာဂါမိဖလဋ္ဌ၏မဂ်" ဟူလို၊ "သကဒါဂါမိနော မဂ္ဂေါ" တုန်းကလည်း ဤနည်းပင်တည်း။]

အရဟတ္တမဂ္ဂစိတ္တံ။ ။အရဟတော-ရဟန္တာပုဂ္ဂိုလ်၏၊ဘာဝေါ-ဖြစ်ကြောင်းစိတ်သည်၊ အရဟတ္တံ-အရဟတ္တ မည်၏၊ အရဟတ္တဿ+မဂ္ဂေါ အရဟတ္တမဂ္ဂေါ=အရဟတ္တဖိုလ်စိတ်၏ မဂ်၊ အမိနှင့် သားတွင် အမိကအ ကြောင်း, သားကအကျိုးဖြစ်သော်လည်း အကျိုးဖြင့် အကြောင်းကို အထူးပြု၍ "တိဿမာတာ (တိဿ၏ မိခင်)"ဟု ဆိုအပ်သကဲ့သို့, ဤ၌လည်း အကျိုးဖိုလ်ဖြင့် အကြောင်းမဂ်ကို အထူးပြု၍ "အရဟတ္တဖိုလ်စိတ်၏ မဂ်"ဟု ဆိုသည်။

သောတာပတ္တိဖလစိတ္တံ။ ။ဤ၌ ဖလသဒ္ဒါသည် အကျိုးဖြစ်သောမဂ္ဂင်(၈)ပါးကို ဟော၏၊ ထို့ကြောင့် "သောတာပတ္တိယာ အဓိဂတံ ဖလံ သောတာပတ္တိဖလံ, တေန သမ္ပယုတ္တံ စိတ္တံ သောတာပတ္တိဖလစိတ္တံ" ဟု ဝိဂြိုဟ်ပြုပါ။

ဝိပါက်စိတ်ချင်း ကွဲပြားပုံ။ ။ရူပ အရူပ လောကုတ္တရကုသိုလ်တို့သည် (ကုသိုလ်(၅)ပါးရှိလျှင် ဝိပါက် လည်း (၅)ပါး စသည်ဖြင့်) တူသောအကျိုးကို ပေးကုန်၏၊ ကာမကုသိုလ်ကား အဟိတ်ကုသလ ဝိပါက်တည်းဟူသော မတူသောအကျိုးကိုလည်းပေး၏၊ မဟာဝိပါက်တည်းဟူသော တူသောအကျိုး ကိုလည်း ပေး၏၊ ထိုသို့ ပေးရာ၌ ရူပ အရူပကုသိုလ်သည် အနှောင့်အယှက် မရှိလျှင် အခြားမဲ့ဘဝ ၌ မြဲသောအကျိုးပေးရာ ကာလရှိသောကြောင့် တူသောအကျိုးကိုသာ ပေး၏ ၊ လောကုတ္တရာကု သိုလ်သည်လည်း မိမိအခြားမဲ့၌ မြဲသောအကျိုးပေးရာ ကာလရှိသောကြောင့် တူသောအကျိုးကိုသာ ပေး၏၊ ကာမကုသိုလ်ကား-ပစ္စုပ္ပန်ဘဝ၌ ဒိဋ္ဌဓမ္မအကျိုး, နောက်နောင်ဘဝ၌ ဥပပဇ္ဇဝေဒနီယအကျိုး, အပရာပရိယဝေဒနီယအကျိုးဟု အမျိုးမျိုးသော အကျိုးပေးရာ ကာလရှိသောကြောင့် တူ-မတူ နှစ် ပါးစုံ အကျိုးကို ပေးရသည်။

သင်္ခေပဝဏ္ဏနာ။ ။ရူပါဝစရာဒိကုသလံ ပန အနန္တရာယေ သတိ အနန္တရဘဝေ ဝိပါကဒါနကာလနိယ တတ္တာ သဒိသဝိပါကမေဝ ဒေတိ၊ လောကုတ္တရကုသလံ ပန အတ္တနော အနန္တရံ ဝိပါကဒါနကာလနိ ယတတ္တာ သဒိသဝိပါကမေဝဒေတိ၊ ကာမာဝစရကုသလံ ပန နာနာကာလဝိပါကကရတ္တာ သဒိသံပိ အသဒိသံပိ ဝိပါကံ ဒေတိ။

လောကုတ္တရာကြိယာစိတ် မရှိပုံ

[ မေး] လောကုတ္တရာ၌ အဘယ့်ကြောင့် ကြိယာစိတ် မရှိသနည်း။

[ဖြေ] မဂ်တို့၏ တစ်ကြိမ်တည်းသာ ဖြစ်ရိုးရှိသောကြောင့် လောကုတ္တရာ၌ ကြိယာစိတ် မရှိ။ [မေး] မဂ်တို့သည် အဘယ့်ကြောင့် တစ်ကြိမ်တည်းသာ ဖြစ်ရိုးရှိကုန်သနည်း။

[ဖြေ] တစ်ကြိမ်တည်းဖြင့် ဆိုင်ရာကိလေသာ ပယ်ခြင်းကိစ္စကို ပြီးစေနိုင်သောကြောင့် မဂ်တို့တစ်ကြိမ်မျှသာဖြစ်ရိုးရှိသည်။

[မေး] မဂ်တို့၏ တစ်ကြိမ်မျှသာ ဖြစ်ခြင်းနှင့် ကြိယာစိတ် မရှိခြင်းသည် အဘယ်သို့ သက်ဆိုင်သနည်း။

[ဖြေ] ရှေးရှေးစိတ်များ၌ ပုထုဇဉ် သေက္ခတို့သန္တာန်ဝယ် ဖြစ်လေ့ရှိသော ကုသိုလ်များသည်ပင် ရဟန္တာ သန္တာန်၌ ဖြစ်သောအခါ ကြိယာစိတ်ဟု အမည်ရ၏၊လောကုတ္တရာ၌လည်း မဂ်ကုသိုလ်သည် ရဟန္တာ သန္တာန်၌ ထပ်၍ဖြစ်သေးလျှင် ကြိယာဟု နာမည်ရလေရာ၏၊ မဂ်ကုသိုလ်ကား တစ်ကြိမ်တည်းသာ ဖြစ်ရိုးရှိသောကြောင့် ရဟန္တာသန္တာန်၌ ထပ်၍ မဖြစ်၊ ထို့ကြောင့် ကြိယာဟု နာမည်မရတော့ပြီ၊ မဂ်၏ တစ်ကြိမ်သာ ဖြစ်ရိုးရှိခြင်းနှင့် ကြိယာစိတ် မရှိခြင်းသည် ဤသို့ သက်ဆိုင်ပါသည်။

ချဲ့ဦးအံ့ –ရှေးဦးစွာ မဟာကြိယာ မဟဂ္ဂုတ်ကြိယာတို့၏ ကိစ္စကို စဉ်းစားရာ၏၊ ပုထုဇဉ် သေက္ခတို့သည် ရေလှူ ပန်းလှူစသော ဒါနမှု, ဆိုင်ရာသီလကို ဖြည့်ကျင့်မှု, ဘာဝနာပွားများမှုကို ပြုသကဲ့သို့ ရဟန္တာများ လည်း ထိုအမှုတို့ကို ပြုကြသေး၏၊ စျာန်ရ ပုထုဇဉ် သေက္ခတို့သည် စျာန်သမာပတ်ကို ဝင်စားကုန်သကဲ့သို့ ရဟန္တာများလည်း ဝင်စားတော်မူကြသေး၏၊ ပုထုဇဉ် သေက္ခတို့၏ သန္တာန်၌ ထိုကိစ္စများကို ပြီးစေနိုင်သော စိတ်ကို နောင်အခါ ကောင်းကျိုးပေးဦးမည် ဖြစ်သောကြောင့် မဟာကုသိုလ် မဟဂ္ဂုတ်ကုသိုလ်ဟု ဆိုရသော် လည်း ရဟန္တာများသန္တာန်၌ကား ထိုကိစ္စများကို ပြီးစေနိုင်သောစိတ်ကို နောက်ဘဝ၌ အကျိုးမရ-ပြုကာမတ္တ ပြုရုံမျှသာ ဖြစ်သောကြောင့် "ကရဏံ ကရဏမတ္တံ ကြိယာ" အရ မဟာကြိယာ မဟဂ္ဂုတ်ကြိယာစိတ်ဟု ခေါ်ရသည်။

ဤမဂ်တို့၏ ကိစ္စကား ကိလေသာကို ပယ်သတ်ခြင်း တစ်မျိုးသာတည်း၊ မဂ်လေးပါးတို့က ဆိုင်ရာကိလေ သာတွေကို လေးပုံခွဲ၍ ပယ်သတ်ရာ၌ ဝဇိရစိန်လက်နက် မိုးကြိုးစက်သည် တစ်ချက်တည်းဖြင့် ကျောက် တောင်ကြီးကို ခွဲနိုင်သကဲ့သို့, ဆိုင်ရာကိလေသာကို စိတ္တက္ခဏ တစ်ချက်တည်းဖြင့် အပြီးသတ်အောင် ခွဲ ဖြတ်နိုင်သည်၊ ထို့ကြောင့် ဆိုင်ရာကိလေသာကို ပယ်သတ်ဖို့ကိစ္စအတွက် နောက်ထပ် မဂ်ဥပါဒ်ဖွယ် မလို၊ စျာန်သမာပတ် ဝင်စားသကဲ့သို့ နောက်ထပ် သမာပတ်ဝင်စားဖို့ အတွက်မှာလည်း ဖိုလ်စိတ်၏ တာဝန်သာ ဖြစ်သည်၊ ဤသို့လျှင် ကိလေသာ သတ်မှု, သမာပတ်ဝင်စားမှု ကိစ္စနှစ်ခုအတွက် နောက်ထပ် မဂ်ဥပါဒ်ဖွယ် ရှိလျှင် ထိုမဂ်ကိုပင် ကြိယာဟု ခေါ်ရလေရာ၏၊ ယခုမှာ ထိုကိစ္စနှစ်ခုအတွက် နောက်ထပ် မဂ်ဥပါဒ်ဖွယ် မရှိ သောကြောင့် လောကုတ္တရာကြိယာစိတ်ဟူ၍ ဆေးဖော်ဝါးဖက်မျှ မရနိုင်တော့ပြီ။

ဘူမိဘေဒစိတ္တသင်္ဂဟ

စတုပညာသဓာ ကာမေ, ရူပေ ပန္နရသီရယေ၊ စိတ္တာနိ ဒွါဒသာ .ရူပေ, အဋ္ဌဓာနုတ္တရေ တထာ။

ဘုံလေးမျိုး။ ။ဘူမိအရ ဌာနဘုံ အဝတ္ထာဘုံဟု နှစ်မျိုးရှိကြောင်းကို အခြေပြုသင်္ဂြိုဟ်၌ ဆိုထားပြီ၊ အဝတ္ထာ၌ အဝရှေးရှိသော ထာဓာတ် အပစ္စည်း၊ တဏှာယ အဝတ္ထီယတိ ဝဝတ္ထပီယတီတိ အဝတ္ထာ၊ တဏှာ ယ-ကာမတဏှာ ရူပတဏှာ အရူပတဏှာဖြင့်၊ အဝတ္ထီယတိ ဝဝတ္ထပီယတိ-ပိုင်းခြားသတ်မှတ်အပ်၏၊ ဣတိ- ကြောင့်၊ အဝတ္ထာ-မည်၏၊ ကာမတဏှာ၏ အာရုံပြုရာ ကာမစိတ် စေတသိက် ရုပ်တရားများသည် "ကာမ တဏှာ၏ နယ်ပယ်တစ်ရပ်"ဟု ကာမတဏှာဖြင့် သတ်မှတ်အပ်သောကြောင့် "ကာမအဝတ္ထာဘုံ" မည်၏၊ ရူပ အရူပ အဝတ္ထာဘုံများ၌လည်း ဤနည်းပင်၊ လောကုတ္တရာတရားများကား ထို တဏှာ(၃)ရပ်မှ လွတ် လပ်သော နယ်ပယ်တစ်ရပ်ဟု သတ်မှတ်အပ်သောကြောင့် "လောကုတ္တရအဝတ္ထာဘုံ" မည်၏။

မှတ်ချက်။ ။ယခုကာလ၌ သတွာတို့ တည်နေရာ အရပ်ဌာနကိုသာ "ဘူမိ=ဘုံ"ဟု ထင်မှတ်ကြ၏၊ ပရမတ္ထတရားများလည်း သဟဇာတ နိဿယစသောသတ္တိဖြင့် အချင်းချင်း တည်ရာမှီရာ ဘူမိ ဖြစ်သည်၊ ထို တွင် ကာမ ရူပ အရူပဘုံများ၌ ဌာနဘုံ အဝတ္ထာဘုံ နှစ်ပါးစုံ ရ၏၊ လောကုတ္တရာဘုံဟူရာ၌ကား အဝတ္ထာဘုံ တစ်မျိုးသာ ရသည်။ [ဘူမိဘေဒတောတိ-ဘဝန္တိ ဓမ္မာ ဧတ္ထာတိ ဘူမိ, ဌာနံ အဝတ္ထာ စ ၊ပေ၊ လောကိယာ ဝါ ဌာနာဝတ္ထာဝသေန, လောကုတ္တရာ အဝတ္ထာဝသေနဝ၊-ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာ၊-ဝိညာဏက္ခန္ဓနိဒ္ဒေသ။]

အဋ္ဌဓာနုတ္တရေ တထာ။ ။"လောကုတ္တရေ-လောကုတ္တရာ အဝတ္ထာဘုံ၌၊ စိတ္တာနိ-တို့ကို"ဟု ဆိုခဲ့၏၊ ထိုသို့ ဆိုရာ၌ "ရုက္ခေ သာခါ" ကဲ့သို့ "အပေါင်းအာဓာရ, အစိတ်အာဓေယ်"ဟု ကြံပါ၊ ချဲ့ဦးအံ့–အကိုင်းအခက်နှင့် တကွ သစ်ပင်တစ်ပင်လုံးကို "ရုက္ခေ"ဟု အာဓာရသုံးစွဲ၍ ထိုသစ်ပင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော သစ်ခက် ကို "သာခါ"ဟု အာဓေယ်သုံးစွဲသကဲ့သို့ ဤ၌လည်း လောကုတ္တရာစိတ် စေတသိက် နိဗ္ဗာန်အားလုံးကို "လောကုတ္တရေ"ဟု အာဓာရသုံးစွဲ၍ ထိုအပေါင်း၌ တစ်စိတ်တစ်ဒေသ ပါဝင်သောစိတ်ကို "စိတ္တာနိ"ဟု အာဓေယ်အဖြစ်ဖြင့် သုံးစွဲသည်။

နိဂုံးနှင့် နိဒါန်း ဘဣတ္ထမေကူနနဝုတိ. ပဘေဒံ ပန မာနသံ၊ ဧကဝီသသတံ ဝါထ, ဝိဘဇန္တိ ဝိစက္ခဏာ။

နိဂုံး။ ။"ဣတ္ထမေကူနနဝုတိ"ဂါထာသည် နိဂုံးနှင့် နိဒါန်းပြ နှစ်ဖက်ရဂါထာတည်း၊ ထိုတွင် "ဣတ္ထမေကူန နဝုတိ, ပဘေဒံ ပန မာနသံ"ကား ဆိုခဲ့ပြီးကို ပြန်၍ ဖုံးသောနိဂုံး၊ "ဧကဝီသသတံ ဝါထ" စသည်ကား (၁၂၁) ပါးပြားပုံကို ပြလို၍ စချီသောနိဒါန်းတည်း၊ အချို့ကား ဤဂါထာ၌ "နိဂုံးမပါ, အချီနိဒါန်းသာတည်း"ဟု ဆိုကြ ၏၊ သို့သော် ဣတ္ထံသဒ္ဒါသည် ဣတိသဒ္ဒါကဲ့သို့ ဆိုခဲ့ပြီးကို ပြန်၍ ညွှန်ပြသော နိဒဿန (နိဂုံး)အနက်ဟော တည်း။

ဣတ္ထမေကူနနဝုတိ. ဝိဓံ စိတ္တံ ဘဝေ တထာ၊-ပရမတ္ထဝိနိစ္ဆယ။ ဧဝံ. ဣတိ.ဣတ္ထံ ဣစ္စေတေ နိဒဿနေ၊-ရူပသိဒ္ဓိ, နာမ်, နိပါတ်။

ဣတ္ထ၊ပေ၊မာနသံ။ ။ဖုသနလက္ခဏာအားဖြင့် ဖဿတစ်မျိုးတည်း၊ အနုဘဝနလက္ခဏာအားဖြင့် ဝေဒနာ တစ်မျိုးတည်းရှိသကဲ့သို့, ထို့အတူ အာရမဏဝိဇာနနလက္ခဏာအားဖြင့် တစ်မျိုးတည်းရှိသော စိတ်သည် "ဒွါဒသာကုသလာနေဝံ"ဂါထာအရ ဇာတ်အပြားအားဖြင့် ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာဟု(၄)မျိုးပြား ၏၊ ကုသိုလ်သည်လည်း "စတုပညာသဓာ ကာမေ" ဂါထာအရ ဘုံ(၄)မျိုး အပြားအားဖြင့် ကာမကုသိုလ်, ရူပကုသိုလ်, အရူပကုသိုလ်, လောကုတ္တရကုသိုလ်ဟု (၄)မျိုးပြားပြန်၏၊ ကာမကုသိုလ်သည်လည်း သော မနဿ ဥပေက္ခာဟူသော ဝေဒနာအားဖြင့်(၂)ပါး, သမ္ပယုတ် ဝိပ္ပယုတ်(ယောဂ)အားဖြင့်(၄)ပါး, သသင်္ခါရိက အသင်္ခါရိက(သင်္ခါရ)အားဖြင့် (၈)ပါး ပြား၏၊ "ပဉ္စဓာ စျာနဘေဒေန"အရ စျာန်အပြားအားဖြင့် ရူပကုသိုလ် လည်း (၅)ပါး ပြား၏၊ အာလမ္ဗနပဘေဒေနအရ အာရုံအပြားအားဖြင့် အရူပကုသိုလ်လည်း (၄)ပါးပြား၏၊ စတုမဂ္ဂပဘေဒေနအရ မဂ်အပြားအားဖြင့် လောကုတ္တရာကုသိုလ်လည်း (၄)ပါးပြား၏၊ ထို့ကြောင့် ကုသိုလ် စိတ်(၂၁)ပါး ပြားသည်၊ အကုသိုလ်စိတ်လည်း ဝေဒနာအပြား, ယောဂ(ယှဉ်ဖက် ဒိဋ္ဌိ ပဋိဃ ဝိစိကိစ္ဆာ ဥဒ္ဓစ္စ) အပြား, သင်္ခါရအပြားအား ဖြင့်(၁၂)ပါးပြား၏၊ ဝိပါက်ကြိယာတို့ ပြားပုံကိုလည်း ဤနည်းအတိုင်း ချဲ့ထွင် ကြည့်ပါ၊ အဟိတ်စိတ်တို့ကား အကုသလဝိပါက်, ကုသလဝိပါက်, ကြိယာအားဖြင့်လည်းကောင်း, စက္ခု အစရှိသော မှီရာအားဖြင့်လည်းကောင်း, မြင်ခြင်းကိစ္စ ကြားခြင်းကိစ္စစသော (ကိစ္စသင်္ဂဟ၌ ပြလတ္တံ့ဖြစ်သည့်) ကိစ္စအပြားအားဖြင့်လည်းကောင်း ပြားကြရသည်၊ ဤသို့ ဆိုအပ်ပြီးသော အပြားအားဖြင့် စိတ်တစ် မျိုးတည်းကပင် (၈၉)ပါး ပြားရသည်။

ဈာန်ငါးပါးဖြင့် မြှောက်ပုံ

ဝိတက္ကဝိစာရပီတိသုခေကဂ္ဂတာသဟိတံ ပဌမဇ္ဈာနသောတာပတ္တိမဂ္ဂစိတ္တံ ၊ပေ၊ ဣမာနိ ပဉ္စပိ သောတာပတ္တိမဂ္ဂစိတ္တာနိ နာမ။

ပဌမဇ္ဈာနသောတာပတ္တိမဂ္ဂစိတ္တံ။ ။စျာန်သည် အာရမဏူပနိဇ္ဈာန, လက္ခဏူပနိဇ္ဈာနဟု နှစ်မျိုး ရှိသည်၊ ထိုတွင် မဟဂ္ဂုတ်စျာန်သမာပတ်သည် ကသိုဏ်းစသော အာရုံကို စူးစိုက်စွာ ရှုတတ်သောကြောင့် အာရမဏူ ပနိဇ္ဈာန မည်၏၊ အာရမဏံ ဥပနိဇ္ဈာယတီတိ အာရမဏူပနိဇ္ဈာနံ၊ ကာမာဝစရဝိပဿနာနှင့် မဂ်ဖိုလ်တို့သည် လက္ခဏူပနိဇ္ဈာန မည်၏၊ ဝိပဿနာသည် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာကို စူးစိုက်စွာ ရှုတတ်၏၊ ဝိပဿနာ ၏ စူးစိုက်စွာ ရှုခြင်းကိစ္စသည် မဂ်အခိုက်ကျမှ ပြီးစီးသောကြောင့် မဂ်ကလည်း ထိုလက္ခဏာများကို ရှုရာ ရောက်၏၊ ဖိုလ်တရားကား နိရောဓသစ္စာဟူသော နိဗ္ဗာန်၏ တထလက္ခဏာကို ရှုတတ်၏၊ ထို့ကြောင့် ဝိပဿနာ မဂ် ဖိုလ်များသည် လက္ခဏူပနိဇ္ဈာနမည်၏၊ [မှန်ကန်သောသဘောကို "တထလက္ခဏာ"ဟု ခေါ်သည်၊ နိဗ္ဗာန်၏ သန္တိသဘောသည် ဘယ်ခါမျှ မဖောက်ပြန်သော တထလက္ခဏာတည်း၊ လက္ခဏံ ဥပနိဇ္ဈာ ယတီတိ လက္ခဏူပနိဇ္ဈာနံ၊ ဥပနိဇ္ဈာနဟူသည် နာမည်ထူး မဟုတ်၊ စျာယတိကို ဥပနိဇ္ဈာယတိဟု ဖွင့်သကဲ့ သို့, စျာနကို ဥပနိဇ္ဈာနဟု ဖွင့်ထားခြင်းဖြစ်သည်၊ အာရမဏစျာန် လက္ခဏစျာန်ဟု ဆိုလိုရင်းပင်တည်း။]

အဋ္ဌသာလိနီ။ ။စျာနန္တိ-ဒုဝိဓံ စျာနံ အာရမဏူပနိဇ္ဈာနံ လက္ခဏူပနိဇ္ဈာနံတိ၊ တတ္ထ အဋ္ဌ သမာပတ္တိယော ပထဝီကသိဏာဒိ အာရမဏံ ဥပနိဇ္စျာယန္တီတိ အာရမဏူပနိဇ္စျာနန္တိ သင်္ချံ ဂတာ၊ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနံ နာမ။ ...ရူပကုသလအဖွင့်။

ထိုနှစ်မျိုးတွင် လောကုတ္တရာစျာန်များသည် လက္ခဏူပနိဇ္ဈာန် ဖြစ်ရကား သောတာပတ္တိမဂ်စိတ် စသည်၌ ယှဉ်လျက်ပါသော ဝိတက်စသည်ကို မုချအားဖြင့်ပင် "စျာန်"ဟု ခေါ်ဝေါ်နိုင်၏၊ ထို့ကြောင့် "ပဌမဇ္ဈာနေန သမ္ပယုတ္တံ သောတာပတ္တိမဂ္ဂစိတ္တံ ပဌမဇ္ဈာနသောတာပတ္တိမဂ္ဂစိတ္တံ"စသည်ဖြင့် ဝစနတ်ပြု၊ အချို့ကား-"လော ကီဝိတက် စသည်သာ မုချစျာန် မည်၏"ဟု ယူပြီးလျှင် ေ လာကုတ္တရာစိတ်ကိုကား ထိုလောကီစျာန်များနှင့် တူသောကြောင့် "ပဌမစျာနံ ဝိယာတိ ပဌမစျာနံ"ဟု ဥပမာတဒ္ဓိတ်ကြံပြီးလျှင် "ပဌမစျာနံ စ+တံ+သောတာ ပတ္တိမဂ္ဂစိတ္တံ စာတိ ပဌမစျာနသောတာပတ္တိမဂ္ဂစိတ္တံ"ဟု ဝိဂြိုဟ်ပြုကြ၏၊ မုချ ရနိုင်သောအရာဝယ် ဥပစာကြံ နေသဖြင့် အကျိုးမရှိရုံသာမက, ပြအပ်ခဲ့သော အဋ္ဌကထာကြီးကို လွန်ဆန်ရာကျသောကြောင့် ထိုအယူဝါဒ ကို မမြတ်နိုးထိုက်။

လောကုတ္တရာ၌ ပဌမဈာန်စသည် ကွဲပြားပုံ။ ။မဂ်တို့သည် စိတ္တက္ခဏတစ်ချက်မျှသာ ဖြစ်လေ့ရှိသော ကြောင့် ပုဂ္ဂိုလ်တစ်ဦးတည်း၌ သောတာပတ္တိမဂ်(၅)မျိုးဖြစ်ခွင့် မရှိ, တစ်မျိုးမျိုးသာ ဖြစ်ခွင့်ရှိသည် ၊ ထို့ကြောင့် အဘယ်ပုဂ္ဂိုလ်မျိုး၌ ပဌမဈာန်သောတာပတ္တိမဂ် ဖြစ်သင့်၍, အဘယ်ပုဂ္ဂိုလ်မျိုး၌ ဒုတိယ ဈာန်သောတာပတ္တိမဂ် စသည်တို့ ဖြစ်သင့်ပါသနည်းဟု မေး၊ အဖြေကား-မဂ်ကို အားထုတ်သော ယောဂီ၏သန္တာန်၌ မဂ်ရခါနီးဝယ် ဝုဋ္ဌာနဂါမိနီခေါ် ဝိပဿနာဉာဏ် ဖြစ်ပေါ်လာ၏၊ ထိုဝိပဿနာ၏ သတ္တိအမျိုးမျိုးအလိုက် အချို့ယောဂီ၌ ပဌမစျာန်သောတာပတ္တိမဂ် ဖြစ်၍, အချို့အချို့၌ ဒုတိယစျာန် သောတာပတ္တိမဂ်စသည် ဖြစ်သင့်ကြပေသည်။

ချဲ့ဦးအံ့ –မဂ္ဂဝီထိကျခါနီး၌ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်နှင့် မဂ္ဂဝီထိတွင် ပါဝင်သော အနုလောမဉာဏ်ကို ဝုဋ္ဌာနဂါမိနီဝိပဿနာဟု ခေါ်သည်၊ [ကမ္မဋ္ဌာန်းပိုင်းကြည့်၊] အချို့ ယောဂီသန္တာန်၌ ထိုဝိပဿနာသည် ဝိတက်စသော စျာန်အင်္ဂါ(၅)ပါးတွင် တစ်ပါးပါးကိုမျှ စက်ဆုပ်ခြင်းမရှိ၊ ထိုဝိပဿနာဖြင့် တက်၍ရအပ်သော မဂ်၌ စျာန်အင်္ဂါ(၅)ပါး အပြည့်အစုံ ယှဉ်သည်၊ "ပဌမစျာန်မဂ်ကို ရသည်"ဟူလို၊ အချို့ ယောဂီသန္တာန်၌ကား ထိုဝိပဿနာသည် ဝိတက်ကို စက်ဆုပ်ခြင်းဟူသော သတ္တိထူးရှိ၏၊ ထိုဝိပဿနာဖြင့် တက်၍ရအပ်သောမဂ် ၌ ဝိပဿနာအားလျော်စွာ ဝိတက်မပါဘဲ ဒု တိယစျာန်နှင့်သာ ယှဉ်ရပေသည်၊ တတိယစျာန်မဂ် စသည်ကို ရရာ၌လည်း ဤနည်းပင်တည်း၊ ဤသို့လျှင် ပုဂ္ဂိုလ်အမျိုးမျိုး၏ မဂ်တို့၌ စျာန်အင်္ဂါအမျိုးမျိုးယှဉ်ရာဝယ် ဝုဋ္ဌာနဂါမိနီဝိပဿနာသာ အချုပ်အခြာ အခရာဖြစ်သည်၊ [သင်္ခါရုပေက္ခာဉာဏမေဝ ဟိ အရိယမဂ္ဂဿ ဗောဇ္ဈင်္ဂမဂ္ဂင်္ဂစျာနင်္ဂဝိသေသံ နိယမေတိ၊-အဋ္ဌသာလိနီ လောကုတ္တရာကုသလအဖွင့်။]

ဆက်ဦးအံ့ –မဂ်ကို အားထုတ်သူသည် သုက္ခဝိပဿကပုဂ္ဂိုလ်, စျာနလာဘီပုဂ္ဂိုလ်ဟု နှစ်မျိုးရှိ၏၊ သုက္ခဝိ ပဿကဟူသည် လောကီစျာန် မရသဖြင့် စျာန်အစေးမကပ်, ခြောက်ကပ်ကပ် ဝိပဿနာ ရှိသူတည်း၊ [သုက္ခာ လူခါ အသိနိဒ္ဓါ+ဝိပဿနာ ယဿာတိ သုက္ခဝိပဿကော၊ "သုက္ခာ-ခြောက်ကပ်သော၊ လူခါ-ကြမ်း တမ်းသော၊ အသိနိဒ္ဓါ-စိုစိုဖတ်ဖတ် စျာန်အစေးမကပ်သော၊ ဝိပဿနာ-သည်၊ အတ္ထိ-ရှိ၏"ဟု ပေး၊] လောကီ စျာန်ကို ရသောပုဂ္ဂိုလ်သည် စျာနလာဘီမည်၏၊ ထိုတွင် သုက္ခဝိပဿကသည် စျာန်ကို မရသောကြောင့် ဝိပဿနာရှုသောအခါ ကာမတရားကိုသာ ရှုနိုင်၏၊ ထို့ကြောင့် သုက္ခဝိပဿကသည် ဝိတက်စသော စျာန် အင်္ဂါ(၅)ပါးတွင် တစ်ပါးပါးကိုမျှ စက်ဆုပ်ခြင်း မရှိ၊ စျာနလာဘီလည်း မည်သည့် စျာန်ကိုမျှ ဝင်လည်း မဝင် စား, သုံးသပ်မှုကိုလည်း မပြုဘဲ, ကာမတရားကိုသာ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုသော်လည်းကောင်း, သို့မဟုတ် ပဌမစျာန်ကိုသာ ဝင်စားခြင်း, သို့မဟုတ် သုံးသပ်ခြင်း, သို့မဟုတ် ပဌမစျာန်ကိုသာ ဝင်စားမှု သုံးသပ်မှု နှစ်ပါးလုံးပြုခဲ့သော်လည်းကောင်း, မည်သည့်စျာန်အင်္ဂါကိုမျှ စက်ဆုပ် ခြင်းမရှိ၊ ထို့ကြောင့် သုက္ခဝိပဿကပုဂ္ဂိုလ်နှင့် ပြအပ်ခဲ့သော စျာနလာဘီပုဂ္ဂိုလ်များ၌ ပဌမစျာန်နှင့် ယှဉ် သောမဂ်သာ ရခွင့်ရှိသည်။

[ ဆောင်] သုက္ခဝိပဿက, ပုဂ္ဂလနှင့်, စျာနလာဘီ,ဖြစ်တုံပြီလည်း, ထိုဤစျာန်စု, ဝင်စားမှုကို, မပြုလုံးလုံး, မသုံးမသပ်, ကာမဓာတ်တွင်, လက္ခဏာတင်၏၊ ထို့ပြင်တစ်ဝ, ပုဂ္ဂိုလ်ကမူ, ပဌမစျာန်, ဝင်စံသော် ၎င်း, တစ်ကြောင်းသုံးသပ်, နှစ်ရပ်လုံးလည်း, ပြုသောနည်းဖြင့်, ခရီးဉာဏ်စဉ်, တက်သွားလျှင် သော်, စျာနင်ငါးဝယ်, ဘယ်ဟာတစ်ခု, စက်ဆုပ်မှုလျှင်း, မရှိခြင်းကြောင့်, ယင်းတို့မဂ္ဂ, ပဌမသည်... စျာန အယှဉ်မြဲသတည်း။

ထိုမဂ်၌ သောမနဿ အမြဲယှဉ်ထိုက်ပုံ။ ။ထိုယောဂီများ၏ ဝုဋ္ဌာနဂါမိနီဝိပဿနာသည် ဥပေက္ခာနှင့် ယှဉ်ခဲ့သော် "ဥပေက္ခာသဟဂတဇဝနာနန္တရံ ဥပေက္ခာသဟဂတာဝ"ဟူသော ဝီထိပိုင်း အပ္ပနာဇဝနဝါရနှင့်အ ညီ, မဂ်စိတ်သည် ဥပေက္ခာဝေဒနာနှင့်ယှဉ်ကာ ပဉ္စမစျာန်မဂ် ဖြစ်ရာသည် မဟုတ်လောဟု မေး၊ အဖြေကား- မဂ်နှင့် တော်တော်ဝေးသော ရှေးအဖို့က ဝိပဿနာစိတ်များသည် သောမနဿယှဉ်ချည်, ဥပေက္ခာယှဉ်ချည် အလီလီ ဖြစ်ရာသော်လည်း ဥပေက္ခာစျာန်ကို ဝင်စားမှု သုံးသပ်မှုကြောင့် သုခကို အပြစ်ရှုသော ယောဂီမှ တစ်ပါး အခြားယောဂီတို့ သန္တာန်၌ မဂ်ဥပါဒ်ခါနီးကာလ ဝုဋ္ဌာနဂါမိနီဝိပဿနာအခိုက်သို့ကျလျှင် နှစ်သက် ဝမ်းမြောက်မှုတွေ အလှိုင်းတကြီးထလျက် သောမနဿဝေဒနာသာလျှင် အမြဲတမ်း ယှဉ်ရလေသည်၊ ထို့ကြောင့် ပြအပ်ခဲ့သောယောဂီတို့၌ ပဉ္စမစျာန်မဂ် လုံးဝ မဖြစ်ထိုက်။

ပါဒကစျာနဝါဒ။ ။ဒုတိယစျာန်မဂ် စသည်တို့ဖြစ်ရာ၌ကား ပါဒကစျာနဝါဒ, သမ္မသိတစျာနဝါဒ, ပုဂ္ဂလ ဇ္ဈာသယဝါဒဟု (၃)ဝါဒရှိ၏၊ ထိုတွင် ပါဒကစျာနဝါဒကား-မဂ်ကို အားထုတ်သော စျာနလာဘီ အချို့ယောဂီသည် သမာဓိရရဖြင့် ဝိပဿနာကို အားထုတ်နိုင်ဖို့ရာ မိမိ ရအပ်ပြီးသော စျာန်တစ်ပါးပါးကို ဝင်စား၏၊ ထို စျာန်သည် ဝိပဿနာ၏ အခြေခံဖြစ်သောကြောင့် "ပါဒကဘူတံ+စျာနံ"အရ ပါဒကစျာန် မည်၏၊ ထိုပါဒက စျာန်ကို ဝင်စားပြီးနောက် ပါဒကစျာန်မှ တစ်ပါးသော လောကီသင်္ခါရတစ်ခုခုကို ဝိပဿနာရှုစဉ် ဝုဋ္ဌာနဂါမိနီ ဝိပဿနာတိုင်အောင် တက်၍ မဂ်ကိုရခဲ့သော်, ယခင် ပါဒကစျာန်သည် ပဌမစျာန် ဖြစ်အံ့, အထူးပြောဖွယ် မလို, ပဌမစျာန်မဂ်ကို ရမည်၊ ဝိတက်ကို စက်ဆုပ်တတ်သော ဒုတိယစျာန် ဖြစ်အံ့, ဝိပဿနာစိတ်အစဉ်မှာ လည်း ပါဒကစျာန်မှ အရှိန်ကူးစက်၍ ဝိတက်ကို စက်ဆုပ်သောသတ္တိထူးပါ၏၊ ထို့ကြောင့် ထိုဝိပဿနာအစဉ် ဖြင့် ရအပ်သောမဂ်သည် ဝိပဿနာနှင့် လိုက်လျောစွာ ဝိတက် မပါသော ဒုတိယစျာန်နှင့် ယှဉ်ရလေသည်၊ "ဝိတက်ကို စက်ဆုပ်ခြင်းသတ္တိထူးပါသော

ဝိပဿနာကြောင့် ဒုတိယစျာန်ကိုသာ ရသည်" ဟူလို၊ တတိယစျာန်ကို ပါဒကပြုလျှင် တတိယစျာန်မဂ်, စတုတ္ထစျာန်ကို ပါဒကပြုလျှင် စတုတ္ထစျာန်မဂ်, ပဉ္စမစျာန်ကို ပါဒကပြုလျှင် ပဉ္စမစျာန်မဂ်တို့ ဖြစ်ကြရမည်ကို လည်း ချဲ့ထွင်ကြည့်ပါ၊ ဤဝါဒ၌ ပါဒကစျာန်မှ တစ်ပါး အခြားသင်္ခါရကို သုံးသပ်ရာ၌ စျာန်ကိုလည်း သုံးသပ် ခွင့် ရှိ၏၊ ဤသို့လျှင် "သမ္မသိတသည် လိုရင်းမဟုတ်, ပါဒကစျာန်နှင့်သာ မဂ်၌ စျာန်အင်္ဂါယှဉ်ပုံ တူရမည်" ဟု ပြောဆိုကြောင်းဝါဒကို ပါဒကစျာနဝါဒဟု ခေါ်သည်။

[ဆောင်] ပဌမစျာန, စသည်တို့တွင်, မှတ်မထင်ကို,ဝင်စားပြီးမှ, သင်္ခါရစု, တစ်ခုခုကို, ရှု၍တိုးတက်, ရသည့် မဂ်ကား, မပျက်လာရ, ပါဒကနှင့်, စျာနတစ်မူ, အယှဉ်တူသည်,...အယူမှတ်ဖွယ် တစ်မျိုးတည်း။

သမ္မသိတစျာနဝါဒ။ ။အချို့သော စျာနလာဘီယောဂီတို့ကား မဂ်ကိုအားထုတ်သောအခါ မိမိ ရအပ်ပြီး သော လောကီစျာန် တစ်ပါးပါးကို အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ် တင်၍ ရှု၏၊ ထိုသုံးသပ်အပ်သော စျာန်ကို "သမ္မသီယတေ-(သုံးသပ်အပ်၏)" အရ သမ္မသိတစျာန်ဟု ဆိုအပ်၏၊ ထိုသမ္မသိတစျာန်သည် ပဌမ စျာန်ဖြစ်အံ့, ပဌမစျာန်မဂ်ကို ရမည်၊ ဝိတက်ကို စက်ဆုတ်သော ဒုတိယစျာန်ဖြစ်အံ့၊ ဝိပဿနာစိတ်အစဉ်မှာ လည်း သုံးသပ်အပ်သော စျာန်၏ အရှိန်ကူး၍ ဝိတက်ကို စက်ဆုပ်ခြင်း သတ္တိထူး ပါရှိလာသည်၊ ထို့ကြောင့် ထိုဝိပဿနာအစဉ်ဖြင့် ဝုဋ္ဌာနဂါမိနီဝိပဿနာတိုင်အောင် တက်၍ ရအပ်သောမဂ်သည်လည်း ဝိပဿနာနှင့် လိုက်လျောစွာ ဝိတက်မပါသော ဒုတိယစျာန်နှင့်သာ ယှဉ်သည်၊ တတိယစျာန်ကို သုံးသပ်လျှင် တတိယ စျာန်မဂ် ရမည်-စသည်ဖြင့် ချဲ့လေ၊ ဤဝါဒ၌ ပါဒကစျာန် ရှိ/မရှိမှာ လိုရင်းမဟုတ်ပါ၊ ဤသို့လျှင် "သမ္မသိတ စျာန်နှင့်သာ မဂ်၌ စျာန်အင်္ဂါယှဉ်ပုံ တူရမည်"ဟု ပြောဆိုကြောင်း ဝါဒကို သမ္မသိတစျာနဝါဒဟု ခေါ်သည်။

[ဆောင်] ပဌမစျာန, စသည်တို့တွင်, မှတ်မထင်ကို, ဆင်ခြင်သုံးသပ်, မဂ်ရလတ်မူ, သုံးသပ်အပ်ဘိ, သမ္မသိ တ၊ ထိုစျာနနှင့်, တူမျှစျာနင်, မဂ်၌ယှဉ်ဟု, တစ်နည်းပြုသည်,...သောတုမှတ်ဖွယ် တစ်မျိုးတည်း။

မှတ်ချက်။ ။အချို့ကား "ပါဒကစျာန်ဝါဒ၌ စျာနကို သုံးသပ်မှု မပြုရ, စျာန်ကို သုံးသပ်လျှင် သမ္မသိတ ဝါဒနှင့် ရောနှောသွားလိမ့်မည်၊ သမ္မသိတဝါဒ၌လည်း စျာန်ကို ပါဒက မပြုရ, စျာန်ကို ပါဒကပြုလျှင် ပါဒက စျာနဝါဒနှင့် ရောနှောနေလိမ့်မည်"ဟု ယူကြ၏၊ ထိုအယူဝါဒကို "ပကိဏ္ဏကသင်္ခါရေတိ-ပါဒကဇ္ဈာနတော အညသင်္ခါရေ၊ တေန ပါဒကဇ္ဈာနသင်္ခါရေသု သမ္မသိတေသု ဝတ္တဗ္ဗမေဝ နတ္ထီတိ ဒေဿတိ" ဟူသော အဋ္ဌသာလိနီ မူလဋီကာဖြင့် ဆင်ခြင်ပါ။

ပုဂ္ဂလဇ္ဈာသယဝါဒ။ ။ပုဂ္ဂလဿ-ယောဂီပုဂ္ဂိုလ်၏၊ အဇ္ဈာသယော-အလိုဆန္ဒသည်၊ ပုဂ္ဂလဇ္ဈာသယော- ပုဂ္ဂလဇ္ဈာသယ မည်၏၊ "စျာန်အင်္ဂါလေးပါးရှိသောမဂ်ကို ရသော် ကောင်းလေစွ, စျာန်အင်္ဂါ သုံးပါးရှိသော မဂ်ကို ရသော် ကောင်းလေစွ" စသည်ဖြင့် စျာန်ရသောယောဂီပုဂ္ဂိုလ်၏ အလိုဆန္ဒကို "ပုဂ္ဂလဇ္ဈာသယ"ဟု ခေါ်၏၊ [ထိုဆန္ဒဟူသည် ကုသိုလ်နှင့်ယှဉ်သော ဆန္ဒစေတသိက်တည်း၊] ထိုကဲ့သို့ အဇ္ဈာသယဖြင့် အား ထုတ်သောအခါ ဝုဋ္ဌာနဂါမိနီဝိပဿနာတိုင်အောင်တက်၍ မဂ်ကို ရလျှင် အဇ္ဈာသယအတိုင်း ဒုတိယစျာန်မဂ် ,သို့မဟုတ် တတိယစျာန်မဂ် စသည်ဖြင့် တစ်မျိုးမျိုးကို ရ၏၊ သို့သော် အဇ္ဈသယ ရှိရုံမျှဖြင့် မရနိုင်, အဇ္စျာသ ယအားလျော်စွာ လောကီစျာန်ကို ဝင်စားမှုဖြစ်စေ, သုံးသပ်မှုဖြစ်စေ, ဝင်စားသုံးသပ်မှု နှစ်ပါးစုံဖြစ်စေ ပြုရ သေး၏၊ "ဒုတိယစျာန်မဂ်ကို လိုချင်လျှင် လောကီဒုတိယစျာန်ကို ဝင်စားမှု သုံးသပ်မှု တစ်ခုခုဖြစ်စေ ပြုရ မည်"ဟူလို၊ တတိယစျာန်မဂ် စသည်ကို ရလိုရာ၌လည်း ဤနည်းပင်တည်း၊ ဤသို့လျှင် "ယောဂီပုဂ္ဂိုလ်၏ အဇ္ဈာသယအားလျော်စွာ မဂ်၌ စျာန်အင်္ဂါယှဉ်သည်"ဟု ပြောဆိုကြောင်းဝါဒကို ပုဂ္ဂလဇ္ဈာသယဝါဒဟု ခေါ်သည်။

ထူးခြားချက်။ ။ဤစကားစဉ်ဖြင့် ပုဂ္ဂလဇ္ဈာသယဝါဒသည် ရှေးဝါဒ နှစ်ပါး၌ အထိုက်အလိုက် ပါနိုင် ကြောင်း ထင်ရှား၏၊ မိမိ အလိုရှိအပ်သော မဂ်နှင့် စျာန်အင်္ဂါချင်းတူသော လောကီစျာန်ကို အခြေခံပြု၍ ဝင် စားလျှင် ပါဒကစျာနဝါဒနှင့် သဘောတူ၍, အခြေခံ မပြုဘဲ သုံးသပ်ရုံသာ သုံးသပ်လျှင် သမ္မသိတစျာန ဝါဒနှင့် သဘောတူ၏၊ ထူးခြားသော အချက်ကား-ဒုတိယစျာန်ကို အခြေခံပြု၍ တတိယစျာန်ကို သုံးသပ် လျှင် ပါဒကစျာနဝါဒအလို ဒုတိယစျာန်မဂ် ဖြစ်ခွင့်ရှိ၍, သမ္မသိတစျာနဝါဒအလို တတိယစျာန်မဂ် ဖြစ်ခွင့်ရှိသည်၊ ဤသို့ရှေးဝါဒ နှစ်ပါးအတွက် အခက်အခဲ ကြုံနေလျှင် "ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိ ဓိ, ဝိသုဒ္ဓတ္တာ=ဘိက္ခုတို့... သီလရှိသူ၏ စေတောပဏိဓိသည် တောင့်တသည့်အတိုင်း ပြီးစီး၏၊ ဘာ့ကြောင့် နည်း...တောင့်တမှုက သန့်ရှင်းသောကြောင့်တည်း"နှင့် အညီ, အဇ္ဈာသယအားလျော်စွာ ယောဂီပုဂ္ဂိုလ် လို လားအပ်သော မဂ်သာ ဖြစ်ရမည်၊ ဤကား ပုဂ္ဂလဇ္ဈာသယ၏ ထူးခြားချက်တည်း၊ ဤသို့ ပါဒကစျာန်က တစ်မျိုး, သမ္မသိတစျာန်က တစ်ဖုံ, နှစ်ပါးစုံ မညီမျှရာဝယ် အဇ္ဈာသယကလည်း အထူးမရှိပါမူ "မျက်နှာကြီး ရာ ဟင်းဖတ်ပါ" ဆိုသကဲ့သို့ အောက်စျာန်ကိုသာ စိတ်ညစ်ဖွယ်ရှိသောကြောင့် အထက်စျာန်နှင့်တူစွာ မဂ် ဖြစ်ပေါ်စရာ ရှိသည်။

မှတ်ချက်။ ။ပုဂ္ဂလဇ္စျာသယစျာန်ဟု အချို့က ခေါ်ဝေါ်လေ့ ရှိကြ၏၊ ပုဂ္ဂလဇ္ဈာသယ ဟူသည် စျာန် မဟုတ်, ပုဂ္ဂိုလ်၏ အလို ဆန္ဒသာတည်း၊

ထိုဆန္ဒကြောင့်လည်း စျာန်ကို မရ, ထိုထိုစျာန်နှင့် ယှဉ်သောမဂ်ကိုသာ ရသည်၊ ထိုမဂ်ကိုကား အကြောင်း အဇ္ဈာသယ၏ အမည်ကို အကျိုး မဂ်ပေါ် တင်စား၍ ကာရဏူပစာရအားဖြင့် "ပုဂ္ဂလဇ္ဈာသယမဂ်"ဟု ခေါ်နိုင် ပါသည်။

[ ဆောင်] ယောဂီပုဂ္ဂိုလ်, စိတ်အလိုကို, ခေါ်ဆိုပုဂ္ဂလ-အဇ္ဈာသယတည်း၊ အဇ္ဈာသယတွက်,ရသည့်မဂ်လည်း ,မပျက်မည်တူ, ကာရဏူတဲ့၊ တစ်မူမှတ်ကြ, ပါဒကနှင့်, သမ္မသိတဟု, တစ်ခုခုစျာန်, မရှိပြန်လျှင်, လိုအင်သက်သက်, ဆန္ဒတွက်ကြောင့်, ထက်မဂ် ထက်ဖိုလ်, မရဆို၏၊ ထိုဝါဒက, သမ္မသိတဟု, စျာနနှစ်လီ, မတူညီသော်, ယောဂီလိုရာ, မဂ်ပေါ်လာ၏၊ လိုရာသီးခြား, မရှိငြားမူ, နှစ်ပါးထိုတွင်, ထက်စျာနင်သို့ အယှဉ်မကွဲ, မဂ်ရမြဲသည်,...မှတ်စွဲဤနည်းအလိုတည်း။

•••••••••••••••••••

ဈာန်စိတ်အကျယ်သင်္ဂဟ

ယထာ စ ရူပါဝစရံ, ဂယှတာနုတ္တရံ တထာ၊ ပဌမာဒိစျာနဘေဒေ, အာရုပ္ပဉ္စာပိ ပဉ္စမေ။ ဧကာဒသဝိဓံ တသ္မာ, ပဌမာဒိကမီရိတံ၊ စျာနမေကေက .မန္တေ တု, တေဝီသတိဝိဓံ ဘဝေ။

ပဌမာဒိစျာနဘေဒေ။ ။ဤပုဒ်ကိုအမျိုးမျိုး အနက်ပေးကြ၏၊ မဏိမဉ္ဇူ၌ "ဘေဒေဝယ် သ္မိံဝိဘတ်ကို ကရိုဏ်းအနက် ရှိ၏"ဟု ဆို၏၊ သင်္ခေပဝဏ္ဏနာ၌"ဘေဒေန"ဟု ဆိုလိုလျက် "န" ကျေသည်ဟု ဆို၏၊ ထို ဆရာတို့သည် ဂယှတိ၌ ဂဟဓာတ်က ကရိုဏ်းပုဒ်ကို အငဲ့များသောကြောင့် "ပဌမာဒိစျာနဘေဒေ-ပဌမစျာန် အစရှိသော စျာန်တို့၏အပြားဖြင့်"ဟု ဆိုလိုကြသည်၊ ဂဟဓာတ်သည် ကရိုဏ်းကိုသာ ငဲ့သည်မဟုတ်, အာဓာရကိုလည်း ငဲ့၏၊ ထို့ကြောင့် သင်္ဂဟောပုဒ်ကို ဝိဂြိုဟ်လုပ်သောအခါ "သမ္ပိဏ္ဍေတွာ ဂယှန္တိ ဧတ္ထ ဧတေန ဝါတိ သင်္ဂဟော"ဟု ကရဏသာဓ် အဓိကရဏသာဓ် နှစ်ဝိကပ်ပင် ပြုကြရ၏၊ ထို့ကြောင့် "ပဌမာဒိ စျာနဘေဒေ-ပဌမစျာန်အစရှိသော စျာန်တို့၏ အပြား၌"ဟု တိုက်ရိုက် ပါဌ်ရှိတိုင်းလည်း အနက်ပေးသင့်သည်သာ၊ ပဉ္စမေပုဒ်၌လည်း ဤနည်းပင်တည်း။

ဥပမာန ဥပမေယျ ရှင်းလင်းချက်။ ။ဥပမာန, ဥပမေယျ နှစ်မျိုးတွင် ထင်ရှားသော ဝတ္ထုကို ဥပမာန, မထင်ရှားသော ဝတ္ထုကို ဥပမေယျ ပြု၍ သုံးစွဲရိုးရှိ၏၊ ထို့ကြောင့် ရူပစိတ်တို့ကို ပဌမစျာန်စသော အပြား၌ သွင်းယူရသည်မှာ ထင်ရှားသည့်အတွက် ဥပမာနဘက်၌ ထား၍, လောကုတ္တရာစိတ်တို့ကို ပဌမစျာန်စသောအပြား၌ သွင်းယူရပုံမှာ မထင်ရှားသောကြောင့် ဥပမေယျဘက်၌ထားပြီးလျှင် "ရူပါဝစရံ-ကို၊ ပဌမာဒိစျာနဘေဒေ-၌၊ ဂယှတိ ယထာ-သို့၊ တထာ-တူ၊ အနုတ္တရံ-ကို၊ ပဌမာဒိစျာနဘေဒေ-၌၊ ဂယှတိ-၏"ဟု အခြေပြု၌ အနက်ပေးခဲ့ပြီ၊ ဋီကာကျော် ဒုတိယနည်း အနက်ပေးကြပုံကို ဋီကာကျော်နိဿယ၌ ရှုပါ။

အန္တေတု။ ။ဤပုဒ်ကိုလည်း "အန္တံ ပန"ပြင်၍ အနက်ပေးကြ၏၊ အန္တံဟု ပဌမာအနက်လိုလျှင် "စျာနမေ ကေကမန္တံ တု"ဟု ကျမ်းဆရာ ဆိုခဲ့ရာ၏၊ အန္တံဟု မထားသဖြင့် စကားလည်း မထောင့်, ဆန်းကျမ်းလည်း ဖြောင့်ပါလျက်,အန္တံဟု မထားဘဲ"အန္တေ"ဟု ထားသည်ကို နောက်ဋီကာတို့က အန္တံဟု ဖွင့်ဖွယ် မလိုပါ။

•••••••••••••••••

မဟာနိဂုံး

ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ စိတ္တသင်္ဂဟဝိဘာဂေါ နာမ ပဌမော ပရိစ္ဆေဒေါ။

" ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ ၊ပေ၊ ပရိစ္ဆေဒေါ"သည် စိတ်ပိုင်းတစ်ပိုင်းလုံးကို ပြန်၍ဖုံးသော မဟာနိဂုံးတည်း ၊ဣတိသဒ္ဒါကား သမာပန(ပြီးဆုံးကြောင်းကို ပြခြင်း)အနက် ရှိ၏၊ ထို့ကြောင့် "ဣတိ(သမတ္တော) ပြီးပြီ"ဟု အနက်ဆိုကြသည်၊ သို့သော် ဣတိအတွက် "ဤကား"ဟု အနက်ဆိုလျှင်လည်း ပြီးကြောင်း ထင်ရှား၏၊ ထို့ကြောင့် "ဤကား အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်းဝယ် စိတ္တသင်္ဂဟ ဝိဘာဂမည်သော ပဌမပိုင်း"ဟုလည်း ဆိုနိုင် ပါသည်။

စိတ္တသင်္ဂဟဝိဘာဂေါ။ ။သင်္ဂယှန္တိ ဧတ္ထ ဧတေန ဝါတိ သင်္ဂဟော, ဝိဘဇီယန္တိ ဧတ္ထ ဧတေန ဝါတိ ဝိဘာ ဂေါ၊ "ဧတ္ထ-ဤအပိုင်း၌၊ ဝါ-တစ်နည်း၊ ဧတေန-ဤအပိုင်းဖြင့်၊ သင်္ဂယှန္တိ-အကျဉ်းချုပ် ယူအပ်ကုန်၏၊ ဝိဘဇီ ယန္တိ-အကျယ်ဝေဖန်အပ်ကုန်၏"ဟု ပေး၊ သင်္ဂဟအရ အကျဉ်းချုံးခြင်းဟူသည်ကား အဘိဓမ္မာပါဠိတော်၌ လာသော အကျယ်ကို အကျဉ်းချုံးခြင်းတည်း၊ ဝိဘာဂအရ အကျယ်ဝေဖန်ခြင်းဟူသည်မှာ ဤသင်္ဂြိုဟ်ကျမ်း အတွက် "စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနံ"ဟု ထားခဲ့သော ဥဒ္ဒေသဝယ် စိတ္တံဟူသော ဥဒ္ဒေသကို အကျယ်ဝေ ဖန်ခြင်းတည်း၊ ထို့ကြောင့် "သင်္ဂဟ"ဟူသော စကားနှင့် "ဝိဘာဂ"ဟူသော စကားသည် အနက်သံအားဖြင့် ဆန့်ကျင်ပုံရသော်လည်း အဓိပ္ပါယ်မှာ မဆန့်ကျင်ပါ၊ သင်္ဂဟော စ+သော+ဝိဘာဂေါ စာတိ သင်္ဂဟဝိဘာဂေါ, စိတ္တာနံ+သင်္ဂဟဝိဘာဂေါ စိတ္တသင်္ဂဟဝိဘာဂေါ။

ဤကား စိတ်ပိုင်းဘာသာဋီကာ

စေတသိက်ပိုင်းဘာသာဋီကာ

ဧကုပ္ပာဒနိရောဓာ စ, ဧကလမ္ဗနဝတ္ထုကာ စေတောယုတ္တာ ဒွိပညာသ, ဓမ္မာ စေတသိကာ မတာ။

အနုသန္ဓေကျမ်းတက်။ ။"စိတ္တံ စေတသိကံရူပံ နိဗ္ဗာန မိတိ" ဟု ခေါင်းစဉ် ရှိခဲ့သည့်အတိုင်း စိတ္တံဟူ သောဥဒ္ဒေသ၏ နိဒ္ဒေသကို ပြပြီး၍ ယခုအခါ စေတသိကံ ဟူသော ဥဒ္ဒေသ၏ နိဒ္ဒေသကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါဆရာသည် "ဧကုပ္ပါဒနိရောဓာ စ " စသော ဂါထာကို မိန့်တော်မူသည် ။ ဤဂါထာ၌ "ဧကုပ္ပါဒ နိရောဓာ စ, ဧကာလမ္ဗနဝတ္ထုကာ" ဖြင့် သမ္ပယောဂလက္ခဏာ လေးပါးကို ပြ၏။ "စေတောယုတ္တာ"ပါဌ်ဖြင့် စေတသိက်အားလုံး၏ အချုပ်သဘောကို ပြ၏။ "စိတ်နှင့် ယှဉ်သော သဘောတရားစုကို စေတသိက် ခေါ်သည်" ဟူလို ။ "ဒွိပညာသ" ဖြင့် စေတသိက်တို့၏ သင်္ချာကိုပြ၏။ [ပရမတ္ထဒီပနီ၌ စေတောယုတ္တာဖြင့် "စေတသိယုတ္တာ (စေတသာ ဝါ ယုတ္တာ ) စေတသိကာ " ဟူသော ဝစနတ္ထကို ပြ၏။ ဒွိပညာသ ဓမ္မာဖြင့် သရုပ်ကို ပြသည် ဆို၏ ၊ ဆင်ခြင်ပါ။.]

ဧကုပ္ပာဒနိရောဓာစ။ ။"ဧကော သမာနော+ဥပ္ပါဒေါ ဧတေသံတိ ဧကုပ္ပါဒါ, သမာနပစ္စယေဟိ သဟုပ္ပတ္တိ ကာတိ အတ္ထော" ဟူသော ဝေဒနာတိတ်အဖွင့် မူလဋီကာနှင့်အညီ , အတူဖြစ်ကြသော စိတ်စေတသိက်တို့ ၌ (စိတ်မှာလည်း စိတ်၏ ဥပါဒ် ,ဖဿမှာလည်း ဖဿ၏ ဥပါဒ်, စသည်ဖြင့်) ကိုယ့်ဥပါဒ်နှင့်ကိုယ် ရှိ၏၊ ထို့ ကြောင့် ဧကသဒ္ဒါအတွက် သမာနအနက်ကို ယူပါ။ [ဧတေသံ- ဤတရားတို့၏၊ ဧကော သမာနော- တူသော ၊ ဥပ္ပာဒေါ ဥပါဒ်သည် ၊ အတ္ထိ- ရှိ၏ ၊ ဣတိ ကြောင့်၊ ဧကုပ္ပာဒ- ဧကုပ္ပာဒ တို့ မည်၏၊ သမာန ပစ္စယေဟိ- တူမျှသောအာရုံ စသောအကြောင်းတို့ကြောင့် ၊သဟုပ္ပတ္တိကာ-အတူတကွဖြစ်ခြင်း ရှိသော တရားတို့တည်း၊ ဣတိ အတ္ထော- ဤကား အနက်။]

ဧက တပုဒ်ချေ။ ။"ဧကော + ဥပ္ပာဒေါ ဧတေသံတိ ဧကုပ္ပာဒါ, ဧကော+နိရောဓော ဧတေသံတိ ဧကနိ ရောဓာ, ဧကုပ္ပာဒါ စ+တေ+ ဧကနိရောဓာ စာတိ ဧကုပ္ပာဒနိရောဓော " ဟုဆိုသင့်လျက် နောက် ဧကသဒ္ဒါ ကို ချေ၍ "ဧကုပ္ပာဒ နိရောဓာ" ဟုဖြစ်သည်၊ အနက်ပေးသော အခါ ဧကုပ္ပာဒနိရောဓာ၏ နောက်၌ ဟုတွာ ထည့်ပြီးလျှင် , ထို ဟုတွာကို "စေတောယုတ္တာ" ၌ စပ်၍ " တူသောဖြစ်ခြင်း၊ တူသောချုပ်ခြင်း ရှိကုန်သည် ဖြစ်၍ စိတ်၌ ယှဉ်ကုန်သည်" ဟု အဓိပ္ပါယ် မှတ်ပါ၊ ဧကာလမ္ဗနဝတ္ထုကာ၌လည်း ဤနည်းပင်တည်း၊ ဤ ဧကု ပ္ပာဒစသော လေးပါးကို စေတောယုတ္တလက္ခဏာလေးပါးဟုလည်းကောင်း၊ သမ္ပယောဂ လက္ခဏာလေးပါး ဟုလည်းကောင်း ခေါ်နိုင်၏၊ စေတသိက်လက္ခဏာလေးပါးဟုလည်း ဋီကာတို့ ဖွင့်ကြသေး၏။

လက္ခဏာလေးပါးအဖွင့်

လက္ခဏာလေးပါးထားရခြင်း

ဧကနိရောဓ။ ။စေတောယုတ္တလက္ခဏာလေးပါးတွင် ဧကုပ္ပာဒလက္ခဏာတစ်ပါး ရှိလျင် စေတောယုတ္တ ဖြစ်နိုင်ပြီ မဟုတ်ပါလော ၊ အဘယ့်ကြောင့် ဧကနိရောဓလက္ခဏာကို ပြရပါသနည်း ဟုမေး ၊ အဖြေကား ဧကုပ္ပာဒလက္ခဏာ ရှိရုံမျှဖြင့် " စေတောယုတ္တ " ဟုဆိုလျှင် စိတ်နှင့်ပြိုင်တူ ဥပါဒ်ကြသော စိတ္တဇရုပ်နှင့် ကမ္မဇရုပ်တို့သည် စိတ်နှင့် တူ သော ဖြစ်ခြင်းရှိကုန်ရကား စေတောယုတ္တ ဖြစ်ကုန်ရလေရော့သလားဟု ယုံမှားဖွယ်ရှိ၏၊ ထို့ကြောင့် ထိုကမ္မဇရုပ်နှင့် စိတ္တဇရုပ်တို့ကို စေတောယုတ္တအဖြစ်မှ ပယ်မြစ်လိုရကား ဧကနိရောဓလက္ခဏာကို ပြရပေသည်။ [ ကမ္မဇရုပ်နှင့် စိတ္တဇရုပ်တို့သည် စိတ်နှင့်အတူ ဖြစ်ကြ၍ ဧကုပ္ပာဒ ဖြစ်သင့်သော်လည်း ထိုစိတ်ချုပ်လျင် မချုပ်ကြသေးပဲ စိတ္တက္ခဏ (၁၇) ချက်ကြာမှ ချုပ်ကြသောကြောင့် ဧကနိရောဓ မဖြစ်နိုင်ရကား ဧကနိရောဓလက္ခဏာဖြင့် ထိုကမ္မဇနှင့် စိတ္တဇ တို့ကို ပယ်ထုတ်သည် ဟူလို။]

[ဆောင်] စိတ်နှင့်တကွ , ဖြစ်ကုန်ကြသည့်, ကမ္မဇနှင့်, စိတ္တဇတစ်ဖြာ ,အရာရာကို, ပယ်ခွာလို , မိန့်ဆို ဒုတိယ- နိရောဓ။

ဧကာလမ္ဗန။ ။သို့ဖြစ်လျှင် ဧကုပ္ပာဒ, ဧကနိရောဓလက္ခဏာ နှစ်ပါးရှိက စေတောယုတ္တဖြစ်နိုင်ပြီ မဟုတ်ပါလော အဘယ့်ကြောင့် ဧကာလမ္ဗနလက္ခဏာကို ပြပြန်သနည်းဟု မေး၊ အဖြေကား - "စိတ္တာနုပရိဝတ္တိနော ဓမ္မာ" အရတွင် ပါဝင်သော ဝိညတ်ဒွေးသည် စိတ်ဖြစ်လျင်ဖြစ် ,စိတ်ချုပ်လျင် ချုပ်သောတရား ဖြစ်ရကား, စေတောယုတ္တ ဖြစ်ရော့သ လားဟု လျဉ်းပါးဖွယ် ရှိပြန်၏။ ထို့ပြင်- ရှေးရှေးစိတ်နှင့် ပြိုင်တူ ဥပါဒ်၍ (၁၇)ချက်မြောက် ဟို့ နောက်နောက်စိတ်နှင့် ပြိုင်တူချုပ်သော ကမ္မဇ စိတ္တဇရုပ်များကိုလည်း တချို့က "ဧကုပ္ပာဒ ဧကနိရောဓ " ဟု အယူရှိ၍ စေတောယုတ္တ ဖြစ်လေရော့သလား ယုံမှားဖွယ်ရှိ ပြန်သည်သာ၊ ထို့ကြောင့် ထိုဝိညတ်ဒွေးနှင့် ထို ကမ္မဇ စိတ္တဇရုပ်တို့ကို စေတော ယုတ္တာအဖြစ်မှ ပယ်မြစ်လိုရကား ဧကာလမ္ဗနလက္ခဏာကို ထပ်ရပြန်သည်၊"အတူဖြစ် အတူချုပ်ရုံသာမက, တူသော အာရုံလည်းရှိမှ စေတောယုတ္တ ဖြစ်သည်၊ အာရုံကို မယူနိုင်၍ အနာရမ္မဏ အမည်ရသော ထိုကမ္မဇ စိတ္တဇရုပ်များ ကား စေတောယုတ္တ မဖြစ်နိုင်"ဟူလို။ [အချို့ကား ဤအရာ၌ မရဏာသန္နအခါဝယ် စုတိမှ အထက် (၁၇) ချက် မြောက် စိတ်နှင့် ပြိုင်တူဥပါဒ်၍ စုတိစိတ်နှင့် ပြိုင်တူချုပ်သော ကမ္မဇရုပ်ကိုသာ စိစစ်လေသည်။

[ဆောင်] နှစ်ဖြာဝိညတ် ၊ရှေးစိတ်ဓာတ်နှင့် ၊ဖြစ်လတ်တူလျက်၊ ဆယ့်ခုနှစ်ချက်မြောက်၊ နောက်နောက်စိတ်ဘင်၊ ပြိုင်ယှဉ်ချုပ်ကြ၊ ကမ္မဇနှင့်၊ စိတ္တဇ တဖြာ၊ အရာရာကို ၊ ပယ်ခွာလို၊ မိန့်ဆို တတိယ-လမ္ဗန။

ဧကဝတ္ထုက။ ။သို့ဖြစ်လျှင် ရှေ့လက္ခဏာ ၃ ပါးနှင့် ညီညွတ်က စေတောယုတ္တ ဖြစ်နိုင်ပြီမဟုတ်လော, အဘယ့်ကြောင့် ဧကဝတ္ထုကလက္ခဏာကို ပြပြန်သနည်းဟု မေး ၊ အဖြေကား- ရှေ့လက္ခဏာ (၃)ပါးနှင့် ညီညွတ်သောတရားတို့သည် ပဉ္စဝေါကာရဘုံ၌ ဖြစ်လျှင် မှီရာဝတ္ထု အမြဲတူကြတော့သည်ဟု သိစေ

လိုသောကြောင့် ဧကဝတ္ထုကလက္ခဏာကို ပြရပြန်သည်။ [ ဤလက္ခဏာကို စတုဝေါကာရ ဘုံ၌ မရထိုက် သောကြောင့် ယထာလာဘနည်းဟု ကြံသင့်၏၊ ရှေ့လက္ခဏာသုံးပါးဖြင့် ပြီးပါလျက် အပိုဆိုသောကြောင့် အဓိကနည်းဟုလည်း ပြောကြ၏၊ နည်းလေးဆယ်၌ ဥက္ကဋ္ဌနည်းဆိုသည်ကိုကား ဆရာတို့ မနှစ်မြို့ ။]

[ဆောင်] ရှေ့ဖျားသုံးဝ ၊ ညီတုံကြက၊ မုချမှီရာ၊ တူသည့်တာကို၊ သိစေလို၊ မိန့်ဆို စတုတ္ထ-ဝတ္ထုက။

အမှာ။ ။ဤအမေး အဖြေများကို ဋီကာကျော်ကျမ်းလာအတိုင်း အများ တွင်ကျယ်သောကြောင့်သာ ရေး လိုက်ရသည်။ ကျမ်းဆရာ၏ အာဘော်ကျမည် မထင်၊ ကထာဝတ္ထု ပါဠိတော်ရင်းမှာ "ဧကုပ္ပါဒါ ဧကနိရောဓာ ဧကဝတ္ထုကာ ဧကလမ္ဗနာ" ဟု အစဉ်တစ်မျိုးရှိ၏။ သင်္ဂြိုဟ်ကျမ်း၌ကား စတုဝေါကာရဘုံ၌ ဖြစ်သော စေတ သိက်များအတွက် ဧကဝတ္ထုကလက္ခဏာ မရနိုင်သောကြောင့် ဧကဝတ္ထုကလက္ခဏာကို နောက်ထား၍ စဉ်ဟန်တူသည်၊ ပါဠိတော်လာအတိုင်း မူလဋီကာ၏ စောဒနာ သောဓနာကို ဝေဒနာတိတ်ဖွင့်၌ ရှုပါ။

••••••••••••••

အညသမာန်းရာသိအဖွင့်

သဗ္ဗစိတ္တသာဓာရဏ စေတသိက်။ ။ရှေ့ နောက် စဉ်ရာ၌ ဥပ္ပတ္တိက္ကမ, ဒေသနက္ကမ စသည်ဖြင့် (သမု စ္စည်းပိုင်း အာယတနခန်း၌ ပြလတ္တံ့အတိုင်း) အမျိုးမျိုး ရှိ၏၊ ထိုတွင် ဖဿ ဝေဒနာစသော အစဉ်သည် ဓမ္မ သင်္ဂဏီပါဠိတော်ကို နည်းမှီး၍ အရှင်အနုရုဒ္ဓါ စဉ်အပ်သော ဒေသနက္ကမ (ဒေသနာအစဉ်)သာတည်း၊ ဖဿ ဖြစ်ပြီးမှ ဝေဒနာဖြစ်, ဝေဒနာဖြစ်ပြီးမှ သညာဖြစ်စသော ဥပ္ပတ္တိက္ကမမျိုး မဟုတ်၊ သို့ဖြစ်၍ စေတသိက်တို့၏ ရှေ့နောက်စဉ်ပုံကို မစိစစ်ဘဲ၊ တရားသဘော ပေါ်လွင်အောင်သာ လက္ခဏာစသည်ဖြင့်သာ ဆင်ခြင်ရာ၏။

ဖဿ။ ။ အလမ္ဗံ ဖုသတိ ဖေဿာ, သွာယံ ဖုသနလက္ခဏော၊ သံဃဋ္ဋနရသော သန္နိ-ပါတပစ္စုပဋ္ဌာနကော၊ အာပါတဂတဝိသယ-ပဒဋ္ဌာနောတိ သညိတော။

ဝစနတ္ထ။ ။[အလမ္ဗံ-အာရုံကို၊ ဖုသတိ-တွေ့ထိတတ်၏၊ ဣတိ-ကြောင့်၊ ဖေဿာ-မည်၏၊ ] ....ဖုသန္တိ သမ္ပယုတ္တဓမ္မာ ဧတေနာတိ ဖေဿာ ၊ ဧတေန- ဤသဘောတရားဖြင့်၊ သမ္ပယုတ္တဓမ္မာ-ယှဉ်ဖက်စိတ် စေတ သိက်တရားတို့သည် ၊ အာလမ္ဗံ-အာရုံကို၊ ဖုသန္တိ ထိကြကုန်၏။ ဣတိ- ထိုသို့ သမ္ပယုတ်တရားတို့၏ အာရုံ ကို ထိကြောင်း၏ အဖြစ်ကြောင့်၊ သော-သည်၊ ဖေဿာ-မည်၏၊ " ဖုသနံ- တွေ့ထိခြင်း၊ ဖေဿာ- ခြင်း" ဟု ဘာဝသာဓ်လည်း ပြုပါ။

အညသမာန်းရာသိအဖွင့်

လက္ခဏာ။ ။[သွာယံ-ထိုဖဿသည် ၊ ဖုသနလက္ခဏော- အာရုံကိုတွေ့ထိခြင်း လက္ခဏာရှိ၏။ ] "တွေ့ထိ " ဟူသည် ရုပ်တရားချင်း(လက်နှစ်ဖက်ချင်း) ထိသကဲ့သို့, ထိမိ စပ်မိ ကပ်မိတဲ့ အထိမျိုး မဟုတ်, အာရုံတစ်ခုခု၌ ဓာတ်သဘာဝအားဖြင့် တွေ့ထိမှု ဓာတ်ခိုက်မှုမျိုးတည်း၊ ထိုဓာတ်ခိုက်မှုမျိုးသည် အချို့အရာ ၌ လက်တွေ့ ကိုယ်ထိလောက်ပင် ထင်ရှား၏။

ထင်ရှားစေအံ့ - ချဉ်စူးလှသော သံပုရာသီး စားနေသူကို မြင်ရသောအခါ ကိုယ်တိုင်မစားရဘဲလျက် ထိုအာ ရုံ၌ ဖဿ၏ဓာတ်ခိုက်မှုကြောင့် လျှာရည် ကျလာတတ်ခြင်း , သစ်ပင်ခေါင်ဖျား၌ လိမ့်ကျလုမျှ တက်ရောက် နေသူကို မြင်ရသောအခါ ကြောက်ရွံ့တတ်သူမှာ မြေပေါ်၌ နေရင်းပင် ခြေတုန်နေတတ်ခြင်း, ခြင်္သေ့ သစ် ကျားစသော သားကောင်ကြီးများကို မြင်ရသောအခါ ခွေးစသောသတ္တဝါတို့မှာ ခြေထောက် ကွတ ကွတဖြစ် ကာ မပြေးနိုင်ဘဲ ရှိခြင်း , ချစ်သူနှစ်ဦး ရွှင်မြူးကြည်စယ်နေသည်ကို မြင်ရသောအခါ မြင်ရသူမှာ နေမထိ ထိုင်မသာ ဖြစ်တတ်ခြင်း, ဤအလုံးစုံသည် ကိုယ်ထိလက်တွေ့ မဟုတ်ဘဲလျှက် ဖဿ၏ ဓာတ်ခိုက်မှု ကြောင့် အခြေပျက်အောင် ဖြစ်ရခြင်းများတည်း၊ ဤထင်ရှားသော အရာများကို ထောက်ထားလျက် အခြား သော အာရုံကို သိမှုများ၌လည်း ဤဖဿ၏ ဓာတ်ခိုက်မှု ပါဝင်သည်ချည်း မှတ်ပါ။

ရသ။ ။[သံဃဋ္ဋနရသော-အာရုံ စိတ်ဓာတ် ,ထိုနှစ်ရပ်ကို, ဆက်စပ်ခြင်းကိစ္စရှိ၏။] စိတ်သည် အာရုံကို ယူနိုင်သော်လည်း ဖဿ၏ ဆက်သွယ်မှုကြောင့်သာ ယူနိုင်သည်၊ ဖဿမပါလျှင် မည်သည့်စိတ်မှ အာရုံကို ထိအောင် ယူနိုင်မည် မဟုတ်ပါ၊ ထို့ကြောင့် လက်ခုတ်တီးရာ၌ လက်နှစ်ဖက်၏ ထိခိုက်မှုကဲ့သို့ စိတ်နှင့်အာရုံ တို့ အချင်းချင်း ဓာတ်ခိုက်မိခြင်းသည် ဖဿပင်တည်းဟု မှတ်ပါ။

ပစ္စုပဋ္ဌာန်။ ။[သန္နိပါတပစ္စုပဋ္ဌာနော-အာရုံ စိတ်တို့၏ ပေါင်းဆုံခြင်းတရားဟု ယောဂီတို့ဉာဏ်အား ထင်လာတတ်၏၊ "စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏ်, တိဏ္ဏံ သင်္ဂတိ ဖေဿာ" နှင့်အညီ, စက္ခု ဝတ္ထု, ရူပါရုံ, စက္ခုဝိညာဏံ, ဤသို့စသည်ဖြင့် "ဆိုင်ရာတရားတို့ ပေါင်းဆုံမိက အဆင်သင့် ဖြစ်သောတရား" ဟု ဝိပဿနာရှုသော ယောဂီတို့ဉာဏ်၌ ထင်လာ၏။

ပဒဋ္ဌာန်။ ။[အာပါတဂတဝိသယပဒဋ္ဌာနောတိ- ရှေးရှုကျရောက်သောအာရုံလျင် နီးစွာသောအကြောင်း ရှိ၏ ဟူ၍၊ သညိတော သိမှတ်အပ်၏။ ] "ဖဿ ဖြစ်ဖို့ရန်နီးစွာသောအကြောင်းမှာ ထင်လာသော အာရုံပင် ဖြစ်သည်" ဟူလို။

[ဆောင်] ရုပ်ဓာတ်သဖွယ်, ကပ်ငြိတွယ်လျက်, ဘယ်ဝယ်ထိပုံ, မရှိတုံလည်း, အာရုံထိမိ, ဓာတ်ခိုက်ဘိ, တွေ့ထိ ဖဿသဘောတည်း။

ဝေဒနာ။ ။ ယာ ဝေဒေတီတိ ဝေဒနာ, သာ ဝေဒယိတလက္ခဏာ၊ အနုဘဝနရသာ စေတ-သိကဿာဒုပဋ္ဌာနကာ၊ ပဿဒ္ဓိပဒဋ္ဌာနာတိ, ကုသလမှိ ပကာသိတာ။

ဝစနတ္ထ , လက္ခဏ, ရသ။ ။[ယာ- အကြင်သဘောတရားသည် ၊ ဝေဒေတီတိ- အာရုံအရသာကို ခံစား တတ်သည်၏ အဖြစ်ကြောင့် ၊ ဝေဒနာ- မည်၏။ သာ- ထိုဝေဒနာသည်၊ ဝေဒယိတလက္ခဏာ- အာရုံအရသာ ကို ခံစားခြင်းလက္ခဏာ ရှိ၏၊ အနုဘဝနရသာ- အာရုံအရသာကို ခံစားခြင်းကိစ္စပင် ရှိ၏။ ]...ချဲ့ဦးအံ့–ထိုထို အာရုံတိုင်း၌ ...၁- ဣဋ္ဌအခြင်းအရာ=အလိုရှိအပ် ကောင်းမြတ်သောအဖို့, ၂-အနိဋ္ဌအခြင်းအရာ = အလိုမ ရှိအပ် မကောင်းမြတ်သောအဖို့, ၃ မဇ္ဈတ္တအခြင်းအရာ = အလယ်အလတ်အဖို့ဟု သုံးမျိုးသော အခြင်း အရာတို့တွင် တပါးပါး ရှိစမြဲတည်း။ ထိုအခြင်းအရာကိုပင် အာရုံ၏ အရသာဟု ခေါ်၏၊ ဤဝေဒနာသည် ထို အရသာကို ခံစားခြင်းလက္ခဏာ , ခံစားခြင်းကိစ္စ ရှိ၏။

မှတ်ချက်။ ။ဤ၌ အာရုံနှင့် အာရုံ၏ အရသာသည် နှစ်မျိုးကွဲတော့သည် မဟုတ်, အာရုံသည်ပင် အရသာဖြစ်သည်၊ သို့မှ ဖဿ စသည်တို့က အာရုံကို ယူသောအခါ ဝေဒနာကလည်း ထိုအာရုံတည်းဟူ သော အရသာကိုပင် ခံစားသဖြင့် ဖဿစသည်နှင့် ဝေဒနာကို ဧကာရမဏ ဖြစ်ကြမည်။

ကျန်တရားတို့ ဝေဒနာလောက် မခံစား။ ။အာရုံနှင့်အရသာ ၂ မျိုးမပြားပါလျင် ဖဿစသော တရားတို့ လည်း မိမိ သဘောအားဖြင့် အာရုံကို ယူကြရာ၌ ထို ဣဋ္ဌ စသော အရသာကို ထိမိကြ သိရှိရသဖြင့် ခံစား ကြရသည်ဟုပင် ဆိုထိုက်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား- ဖဿစသော သဘောတရား တို့လည်း ခံစားကြသည်ဟုပင် ဆိုထိုက်ပါ၏၊ သို့သော် ဝေဒနာကဲ့သို့ အားရပါးရ ပိုင်စိုးပိုင်နင်း မခံစားရချေ၊ အာရုံကို တွေ့ထိခြင်းစသော သဘောအားဖြင့် တစိတ်တစ်ဒေသလောက်သာ ခံစားလိုက်ရသကဲ့သို့ ရှိသည် ။

ထင်ရှားစေအံ့ - ရှင်ဘုရင် ပွဲတော်တည်ဖို့ရန် ဆက်လာသော စားတော်ကဲသည် အဆိပ်အတောက် ပါ/မပါ ကို ရှင်ဘုရင် သိဖို့ရာ ပွဲတော်ပါ ထမင်းဟင်းလျာတို့မှ အနည်းငယ်စီကို ယူ၍ စားပြရသတဲ့၊ ထို့နောက် အဆိပ်အတောက် မပါကြောင်းကိုသိမှ ရှင်ဘုရင်က အလိုရှိတိုင်း ပွဲတော်တည်လေသည်၊ ဤ ဥပမာ၌ ဖဿ စသော တရားတို့သည် စားတော်ကဲနှင့်တူ၏၊ ဖဿစသောတရားတို့၏ အာရုံကိုခံစားမှုသည် စားတော်ကဲ၏ ပွဲတော်စာကို အနည်းငယ်မျှသာ မြီးရခြင်းနှင့်တူ၏၊ ဝေဒနာသည် ဘုရင်မင်းနှင့် တူ၏၊ ဝေဒနာ၏ အာရုံအရ သာကို ခံစားမှုသည် ရှင်ဘုရင်၏ ပွဲတော်တည်ခြင်းနှင့် တူ၏။ [ဖဿ၏ ဖုသနသဘော, သညာ၏ သဉ္ဇာနာန သဘော စသည်ကိုပင် "တစိတ်တဒေသ အားဖြင့် ခံစားခြင်း" ဟု ဆိုလိုသည်။]

ပစ္စုပ္ပဋ္ဌာန်။ ။[စေတသိကအဿာဒဥပဋ္ဌာနကာ- စိတ်၌မှီ၍ သာယာခြင်းသဘောရှိသောတရားဟု ယော ဂီတို့ဉာဏ်အား ထင်လာ၏၊.. ကုသိုလ်သောမနဿ ဝေဒနာကိုပြသော အဋ္ဌသာလိနီကို မှီ၍ဆိုသောကြောင့် "စေတသိကအဿာဒ"ဟု ဆိုသည်၊ ကာယိကသုခနှင့် ဒုက္ခ ဒေါမနဿ ဥပေက္ခာတို့အတွက် လက္ခဏာစသည်တို့မှာ တစ်မျိုးတစ်ဖုံရှိ ကြသေး၏၊ ဝိသုဒ္ဓိမဂ် ခန္ဓနိဒ္ဒေသ၌ ရှုပါ။]

ပဒဋ္ဌာန်။ ။[ပဿဒ္ဓိပဒဋ္ဌာနာတိ ပဿဒ္ဓိနှစ်ပါးလျှင် နီးစွာသောအကြောင်းရှိ၏ ဟူ၍၊ ကုသလမှိ- ကု သိုလ်သောမနဿဝေဒနာ၌၊ ပကာသိတာ- ပြအပ်၏။ ] "ပဿဒ္ဓကာယော-ငြိမ်းအေးသော နာမကာယ ရူပ ကာယရှိသူသည် ၊ သုခံ-သုခကို ၊ ဝေဒေတိ ခံစားရ၏" နှင့်အညီ ကိလေသာအပူမီးတို့မှ ငြိမ်းအေးသော နာမကာယ(နာမ်တရားအပေါင်း ) ရူပကာယ(ရုပ်တရားအပေါင်း) ရှိသူ၌ သုခဖြစ်လေ့ရှိသောကြောင့် သုခဝေ ဒနာ ဖြစ်ပေါ်ဖို့ရာ နီးစွာသောအကြောင်းမှာ ပဿဒ္ဓိတရားနှစ်ပါးပင် ဖြစ်သည်- ဟူလို။

[ဆောင်] ဘုရင်မင်းနှယ်, ပွဲတော်တည်သို့ ,သွယ်သွယ်အာရုံ , ရသာစုံကို, ကုန်အောင်မှန်ငြား ,ချန်မထား, ခံစားဝေဒနာ သဘောတည်း။

••••••••••••••

သညာ။ ။ အာလမ္ဗံ သဉ္ဇနာတီတိ, သညာ နီလာဒိဘေဒတော၊ သဉ္ဇာနာနလက္ခဏာ စေသာ, ပစ္စာဘိဉာဏရသကာ။ ယထာဂယှနိမိတ္တာဘိ-နိဝေသကရဏုပဋ္ဌနာ၊ ယထောပဋ္ဌိတဝိသယ-ပဒဋ္ဌာနာတိ သညိတာ။

ဝစနတ္ထ ,လက္ခဏာ။ ။[အလမ္ဗံ-အာရုံကို၊နီလာဒိဘေဒတော-အညိုအစရှိသော အပြားအားဖြင့်၊သဉ္ဇာနာတီ တိ-မှတ်သိ သိတတ်သည်၏ အဖြစ်ကြောင့်၊ သညာ-မည်၏၊ စ-ဆက်ဦးအံ့၊ ဧသာ-ဤသညာသည်၊သဉ္ဇာနာန လက္ခဏာ-မှတ်သိ သိခြင်းလက္ခဏာရှိ၏၊] အညို အရွှေ စသောအဆင်းကို အညိုပဲ အရွှေပဲစသည်ဖြင့်လည်း ကောင်း , အရှည် အတို စသောသဏ္ဌာန်ကို အရှည်ပဲ အတိုပဲ စသည်ဖြင့်လည်းကောင်း, အချို အချဉ်စသော အရသာကို အချိုပဲ အချဉ်ပဲ စသည်ဖြင့်လည်းကောင်း, သူငယ်များ မှတ်သားသကဲ့သို့ မှတ်သားမိရုံ သိခြင်း မျိုးကို "မှတ်သိ-သိခြင်း"ဟု ဆိုသည်၊ "ဘယ်ပုံ ညိုသည် ၊ ဘယ့်ကြောင့် ညိုသည်" စသောအားဖြင့် နှိုက်နှိုက် ချွတ်ချွတ် မသိနိုင်-ဟူလို။

ရသ။ ။[ပစ္စာဘိညာဏရသကာ-ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း ကိစ္စရှိ၏၊ ရှေးက မှတ်သားအပ်ဖူး သော အမှတ်အသားဖြင့် နောက်၌ ထပ်၍သိခြင်း ကိစ္စရှိ၏၊] ဗိသုကာ လက်သမားသည် တံခါးရွက်များကို ပြုလုပ်ပြီးလျင် "ဤ တံခါးရွက်သည် အထက်အဖို့ , ဤကားအောက်ဖို့ , အနောက်ဖို့ , အရှေ့ဖို့" စသည်ဖြင့် ခဲကြောင်း-ကဗျဉ်း ရေးမှတ်ပြီးလျှင် စုပေါင်းထားပြီးနောက် အချိန်ရောက်၍ တံခါးပေါင်ပေါ်၌ တပ်လိုသော အခါ ထိုရှေးက အမှတ်အသားအတိုင်း "ဤကားအောက် , ဤကားအထက် စသည်ဖြင့် မှတ်မိလေသည်၊ ဤသို့စသည်ဖြင့် ရှေးကအမှတ်အသားအတိုင်း နောက်ထပ်သိမှုသည် သညာ၏ ပစ္စာဘိညာဏကိစ္စတည်း။

မှတ်ချက်။ ။ဤလက္ခဏာနှင့်ကိစ္စကို ပေါင်းစပ်၍ ဆင်ခြင်လိုက်လျှင် "သညာသည် နောက်နောင် သိဖို့ ရန်လည်း မှတ်သားတတ်၏၊ ထိုအမှတ်အသား အတိုင်းလည်း ထပ်၍ သိတတ်၏၊ ထိုသို့ ထပ်၍ သိရာ၌ လည်း နောင်ခါ သာ၍မှတ်မိဖို့ရန် မှတ်သား လိုက်ပြန်၏"ဟူသော အဓိပ္ပါယ်များထင်ရှား၏၊ ထိုသို့ အဆက် ဆက် မှတ်၍သိမှုကြောင့် အလွဲအမှားကို စွဲမြဲ မှတ်သားမိလျှင် ဘုရားရှင်ပင် ထိုအမှတ် ပျောက်ကင်းအောင် မဖျောက်ဖျက်သာဘဲ ရှိရလေသည်၊ အချုပ်မှာ–" ရှေးသိဖြစ်စေ, နောက်သိဖြစ်စေ မှတ်မိရုံ သိခြင်းသည် သညာ၏ သဘောပင်တည်း "ဟုမှတ်။

ပစ္စုပဋ္ဌာန်။ ။[တထာဂယှနိမိတ္တာဘိနိဝေသကရဏဥပဋ္ဌာနာ-ယူအပ်တိုင်းသော အမှတ်အသားဖြင့် စွဲ လမ်းသမှု နှလုံးသွင်းခြင်းကို ပြုတတ်သောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာတတ်၏၊ ] မိမိယူအပ် သော အမှတ်အသားအတိုင်းမှားသည်ဖြစ်စေ, မှန်သည်ဖြစ်စေ နှလုံးသွင်းတတ် စွဲလမ်းတတ်သောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာသည်။

မှားသောအရာ၌ စွဲလမ်းပုံကို ဤသို့ ပြ၏။ ။မျက်စိမမြင်သောယောကျ်ား(၆)ယောက်တို့သည် အခါတစ် ပါး၌ ဆင်ပြောင်ကြီးကို စမ်းသပ်ကြရာ, တစ်ယောက်က လှုပ်လှုပ်ရှားရှားနေသေနှာမောင်းကို စမ်းမိ၍ အခြား (၅) ယောက်မှာလည်း အစွယ်, နားရွက်, ကိုယ် , ခြေထောက်နှင့် အမြီးတို့ကို အသီးသီး စမ်းမိကြ၏၊ ထိုသို့ မိမိတို့ သညာဖြင့် ထင်ရာကို မှတ်သားပြီးနောက် ခြောက်ယောက်သား စုပေါင်း၍ ဆင်အကြောင်းကို ပြောကြရာဝယ်, နှာမောင်းစမ်းမိသူက "ဆင်ဆိုတာ ငါတို့ မျက်စိမကွယ်ခင်က မြင်ခဲ့ရသောမြွေနှင့်တူသည်" ဟုပြော၏၊ ထို့နောက် တစ်ယောက်၏ မှတ်သားချက်ကို တစ်ယောက်က ကန့်ကွက်ပြီးလျှင် အစွယ်စမ်းမိသူ က "ဆင်သည် ကျည်ပွေ့(ကျပွေ့)နှင့် တူ၏ " ဟုလည်းကောင်း, နားရွက်စမ်းမိသူက " ဆင်သည် ဖျာသင် ဖြူးနှင့်တူ၏"ဟု လည်းကောင်း, ကိုယ်ကို စမ်းမိသူက "ဆင်သည် အိမ်နံရံနှင့်တူ၏" ဟုလည်းကောင်း, ခြေ ထောက်စမ်းမိသူက "ဆင်သည် အိမ်တိုင်နှင့်တူ၏ " ဟုလည်းကောင်း,အမြီးစမ်းမိသူက " ဆင်သည် တံမြက် စည်းနှင့် တူ၏ "ဟု လည်းကောင်း ပြောလေသည်၊ ဤသို့လျှင် သညာသည် မိမိမှတ်သားအပ်သည့် အတိုင်း စွဲလမ်းမှတ်ယူတတ်၏ဟု ယောဂီတို့ဉာဏ်အား ထင်လာသည်။

ပဒဋ္ဌာန်။ ။[ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ-ထင်လာတိုင်းသောအာရုံလျှင် နီးစွာသောအကြောင်းရှိ၏။] သမင်သည် မြက်ဖြင့် ပြုလုပ်အပ်သော တောစောင့်ယောကျ်ားအရုပ်ကို မြင်ရာ၌ ယောကျ်ားသဏ္ဌာန် ထင်လာသည့်အတိုင်း တကယ် တောစောင့်ယောကျ်ားဟု အမှတ်မှားသကဲ့သို့ , သညာသည် ထင်မြင်လာသော အာရုံကို အထူးမစဉ်းစားတော့ဘဲ ထင်မြင်တိုင်း မှတ်သားတတ်လေရကား ထင်လာသော အာရုံသည် သညာဖြစ်ဖို့ရာ နီးသောအကြောင်း ဖြစ်သည်။ [ဉာဏ သမ္ပယုတ်စိတ်၌ ယှဉ်သော သညာကား ဉာဏ်၏ နောက်လိုက်ဖြစ်လျက် မှန်ရာဘက်ကိုသာ မှတ်သားလေသည်၊ ထိုသို့မှတ်သားရာ၌လည်း ဉာဏ်ကဲ့သို့ သိသည်မဟုတ် မှတ်ရုံသာ မှတ်သည်။ ]

[ဆောင်] သူငယ် လက်သမား , မှတ်သည့်လားသို့ , အမှားလည်းရှိ, အမှန်ရှိ၍၊ မှတ်မိရုံသာ, သိသည်မှာ, သညာသဘောတည်း။

စေတနာ။ ။ ယာ စေတေတီတိ စေတနာ, သာ စေတယိတလက္ခဏာ၊ အာယူဟနရသာ သံဝိ- ဓာနပစ္စုပဋ္ဌာနကာ၊ သေသခန္ဓပဒဋ္ဌာနာ, ယထာ ထာဝရိယာဒယော။

ဝစနတထ္ထ ,လက္ခဏာ။ ။[ယာ-အကြင်သဘောတရားသည် ၊ စေတေတီတိ- မိမိနှင့်တကွ သမ္ပယုတ္တဓမ္မ ကို အာရုံ၌ စေ့ဆော် စပ်ဟပ်တတ်သည်၏အဖြစ်ကြောင့် ၊ စေတနာ-မည်၏၊ သာ-ထိုစေတနာသည် ၊ စေတ ယိတလက္ခဏာ-စေ့ဆော်ခြင်းလက္ခဏာ ရှိ၏။] ထိုထိုအာရုံနှင့် စေ့နေအောင် ယှဉ်ဖက်တရားစုကို နှိုးဆော်မှု ဆော်ဩမှုကို "စေ့ဆော်" ဟု မြန်မာပြန်ကြသည်၊ ထို့ကြောင့်ပင် စေတယတိကိုလည်း "အဘိသန္ဒဟတိ= စေ့စပ်တတ်၏ (စေ့နေအောင် စပ်ပေးတတ်၏) ဟု အဋ္ဌကထာ ဖွင့်သည်။

ရသ။ ။[အာယူဟနရသာ- ကြောင့်ကြဗျာပါရပြုခြင်းကိစ္စ ရှိ၏။] ထိုထို အာရုံကို ယူရာ၌ စေတနာသည် မိမိကိုယ်တိုင် ထိုအာရုံ၌ စပ်မိဖို့ရာလည်းကောင်း, မိမိနှင့်အတူ ယှဉ်ဖက်တရားတို့ကိုလည်း စပ်မိဖို့ရာလည်း ကောင်း, လွန်စွာ ဗျာပါရများ၏၊ ကိုယ်တိုင်ထွက်၍ ငယ်သားများနှင့်အတူ လယ်ရိတ်သော လယ်ပိုင်ရှင်သည် ကိုယ်တိုင်လည်း မနေမနား ရိတ်၍ ငယ်သားတို့ကိုလည်း ရိတ်ဖို့ တိုက်တွန်းကာ လွန်စွာ ဗျာပါရ များသကဲ့သို့တည်း။

ပစ္စုပဋ္ဌာန်။ ။[သံဝိဓာနပစ္စုပဋ္ဌာနကာ-စီမံတတ်သောတရားဟု ယောဂီ ပုဂ္ဂိုလ်တို့ ဉာဏ်အား ထင်လာ တတ်၏။] တပည့်ကြီးသည် အဝေးမှ ဆရာကြီး လာသည်ကို မြင်လျင် မိမိကိုယ်တိုင် စာအံသည့်ပြင်, အခြား တပည့်များကိုလည်း မိမိနှင့် အလားတူ စီမံတိုက်တွန်းသကဲ့သို့လည်းကောင်း, ဗိုလ်ချုပ်ကြီးသည် မိမိကိုယ် တိုင် တိုက်ခိုက်သည့်အပြင် , လက်အောက် စစ်သားများကိုလည်း အသီးသီး တိုက်ခိုက်ဖို့ရန် စီမံသကဲ့သို့ လည်းကောင်း, ထို့အတူ ဖဿစသော

တရားတို့ကို ဖုသနစသော ဆိုင်ရာကိစ္စ၌ ရွက်ဆောင်ကြဖို့ရန် စီမံသကဲ့သို့ ဖြစ်သောတရားဟု ယောဂီတို့ ဉာဏ်တွင် ထင်လာသည် ။

မှတ်ချက်။ ။ဤလက္ခဏ ရသ ပစ္စုပဋ္ဌာန်တို့ကို ဆင်ခြင်လိုက်လျှင် စေတနာသည် အာရုံကို ယူရာ၌ အခြား ယှဉ်ဖက်တရားတို့ထက် ဗျာပါရဘ လွန်ကဲကြောင်း ထင်ရှား၏ ၊ ထို့ကြောင့် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော ကိုယ်မှု နှုတ်မှု စိတ်မှုများ ဖြစ်ပေါ်သောအခါ ထိုအမှုရှင်လက်သည်ကို ရှာလျှင် စေတနာပေါ် မှာ သတ္တုကျရကား စေတနာကိုပင် "အမှုရှင်လက်သည်" ဟု စွဲချက်တင်ကာ "စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ, စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ" ဟု ဟောတော်မူသည်၊ ဘိက္ခဝေ-တို့၊ ယသ္မာ-အကြင်ကြောင့်၊ စေတယိတွာ-စေတနာဖြင့် စေ့ဆော်၍၊ ကာယေန-ကာယဒွါရဖြင့်လည်းကောင်း၊ ဝါ စာယ-ဝစီဒွါရဖြင့်လည်းကောင်း၊ မနသာ-မနောဒွါရဖြင့်လည်းကောင်း၊ ကမ္မံ-ကိုယ်မှု နှုတ်မှု စိတ်မှုကို၊ ကရော တိ-ပြု၏၊ တသ္မာ-ထို့ကြောင့်၊ စေတနံ-အမှုဖြစ်ရန် အရင်းခံစေတနာကို၊ ကမ္မံ-ကံဟူ၍၊ ဝဒါမိ-ဟောတော်မူ၏။

မှတ်ချက်။ ။"ကံ" ဟူသော အမည်သည် ကိုယ်မှု နှုတ်မှု စိတ်မှု၏ အမည်ရင်းတည်း၊ သို့သော် ထိုအမှု များသည် စေတနာကြောင့် ထမြောက်ရကား ဖလူပစာရအားဖြင့် အမှုရှင်ဖြစ်သော အရင်းခံ စေတနာကိုပင် "ကမ္မံ-ကံ"ဟု ဟောတော်မူသည် ဟူလို၊ ဒွါရကထာအဖွင့် မူလဋီကာ။

ပဒဋ္ဌာန်။ ။[သေသခန္ဓပဒဋ္ဌာနာ-ကြွင်းသော နာမ်ခန္ဓာသုံပါးလျှင် နီးစွာသော အကြောင်းရှိ၏၊ ထာဝရိ ယာဒယော ယထာ-လယ်ပိုင်ရှင် စသည်တို့နှင့် တူလှလေ၏။] ယှဉ်ဖက်နာမ်ခန္ဓာ(၃)ပါးကိုပင် စေ့ဆော်စီမံ ပေးတတ်ရကား စေတနာဖြစ်ဖို့ရာ နီးစွာသောအကြောင်းမှာ ယှဉ်ဖက်နာမ်ခန္ဓာ(၃)ပါးပင် ဖြစ်သည်။

ထာဝရိယာဒယော။ ။လယ်မြေသည် ခိုင်မြဲသော ထာဝရဥစ္စာတည်း၊ ထို ထာဝရဥစ္စာဖြစ်သော လယ် မြေရှိသူကို "ထာဝရိယ"ဟု ခေါ်သည်၊ စေတနာ၏ လယ်ပိုင်ရှင်နှင့် တူပုံကို ရသအခန်း၌ ပြထား၏၊ အာဒိဖြင့် တပည့်ကြီး စစ်ဗိုလ်ချုပ်ကြီးတို့ကို ယူ၍ တူပုံကို ပစ္စုပဋ္ဌာန်အခန်း၌ ပြခဲ့သည့်အတိုင်းသိပါ။

[ဆောင်] လယ်ပိုင်ရှင်ကြီး, တပည့်ကြီးတို့, ထုံးနည်းပုံကပ်, အာရုံရပ်၌, စေ့စပ်စေမှု, ဆော်ဩပြု, မှတ်ရှု စေတနာသဘောတည်း။

•••••••••••••••

ဧကဂ္ဂတာ။ ။ဧကဂ္ဂဘာဝေါ သမာဓိ, သော အဝိသာရလက္ခဏော၊ သမ္ပိဏ္ဍနရသော ဥပ-သမပစ္စုပဋ္ဌာနကော၊ သုခပဒဋ္ဌာနော ဌိတိ, နိဝါတေ အစ္စိနံ ဝိယ။

ဝစနတ္ထ။ ။[ဧကဂ္ဂဘာဝေါ-တစ်ခုတည်းသော အာရုံရှိသည်၏အဖြစ်ဟူသော ဧကဂ္ဂတာဟူသည်၊ သမာဓိ- သမာဓိတည်း။] ဧကံ+အဂ္ဂံ (အာရမ္မဏံ) ယဿာတိ ဧကဂ္ဂံ၊ ဧကဂ္ဂဿ ဘာဝေါ ဧကဂ္ဂတာ၊ ဤသို့ ဝစနတ် ပြု၍ အများပြောနေကျ သမာဓိကိုပင် ဧကဂ္ဂတာဟု ခေါ်သည်ဟု မှတ်ပါ။ [သက္ကတ၌ အဂ္ဂသဒ္ဒါ အာရုံဟူ သော အနက်လည်း လာ၏၊ ထို့ကြောင့် ပါဠိအဘိဓာန်၌ မပါသော်လည်း အဂ္ဂသဒ္ဒါ၏ အာရမ္မဏအနက်ကို ယူထားသည်။]

လက္ခဏ။ ။[သော-ထိုသမာဓိသည် ၊ အဝိသာရလက္ခဏော- မရွေ့မလည်, တည်ကြည်ခြင်း လက္ခဏာ ရှိ၏။] ဝိစိကိစ္ဆာသည် တစ်ခုသောအာရုံ၌ အဖုံဖုံ ယုံမှားလျက် ငြိမ်သက်စွာ မတည်နိုင်၊ ဥဒ္ဓစ္စလည်း အာရုံ တစ်ခု၌ တုန်လှုပ်လျက် ငြိမ်သက်စွာ မတည်နိုင်၊ ထိုတရားနှစ်ပါးလုံးကို "ဝိသရတီတိ ဝိသာရော" အရ "ဝိသာရ" ဟု ခေါ်သည်၊ [ဝိသရတိ-အမြဲမတည် ထိုဤရွေ့ရှား လွင့်ပါးတတ်၏၊] ဤ သမာဓိကား ထိုဝိစိကိ စ္ဆာနှင့် ဥဒ္ဓစ္စတို့ကို ဆန့်ကျင်ဘက်ပြုလျက် ငြိမ်သက် တည်ကြည်ခြင်း လက္ခဏာရှိသည်။

ရသ။ ။[သမ္ပိဏ္ဍနရသော-ဖရိုဖရဲ,မကြဲစေမှု, သမ္ပယုတ်တရားတို့ကို ပေါင်းစုခြင်းကိစ္စ ရှိ၏။ ] ရေသည် မုန့်မှုန့် ဆပ်ပြမှုန့် စသည်ကို ဖရိုဖရဲ မကြဲရအောင် တွေခဲ ပေါင်းစုစေသကဲ့သို့လည်းကောင်း, စစ်နှစ်ဖက် တိုက်ခိုက်ရာ၌ စစ်အား နိမ့်၍ ဖရိုဖရဲ ကွဲပျက်လုမတတ် ဖြစ်နေသော စစ်တပ်ကို ဘုရင်မင်းမြတ်ကိုယ်တိုင် ထွက်၍ အစည်းအရုံး မပျက်အောင် စည်းကြပ်သကဲ့သို့လည်းကောင်း, ယှဉ်ဖက်တရားတို့ကို စည်းစည်းလုံး လုံးရှိအောင် ပေါင်းစုပေးခြင်းသည် ဤ သမာဓိ၏ ကိစ္စပင်တည်း။

ပစ္စုပဋ္ဌာန်။ ။[နိဝါတေ-လေငြိမ်သက်သောအရပ်၌ ၊ အစ္စိနံ-မီးလျံတို့၏၊ ဌိတိ ဝိယ-တည်ငြိမ်ပုံကဲ့သို့၊ ဥပ သမပစ္စုပဋ္ဌာနကော- ငြိမ်သက်သောတရားဟု ယောဂီတို့ ဉာဏ်အားထင်လာ၏။] ဤစကားဖြင့် "ဧကဂ္ဂတာ ၏ အစွမ်းကြောင့် အာရုံတစ်ခု၌ စိတ်၏ တည်တံ့ခြင်းသည် စိတ္တက္ခဏ တစ်ချက်ခန့်မျှ တည်တံ့ခြင်း မဟုတ်၊ လေငြိမ်ရာ၌ မီးလျှံ တည်ငြိမ်ပုံကဲ့သို့ အာရုံတစ်ခုတည်း၌ စိတ်အစဉ် မပြတ် ထပ်ကာထပ်ကာ အာရုံပြုနေ ခြင်းဟု မှတ်ပါ၊ ထို့ကြောင့် "ဒီပစ္စိဒဿနေန- ဆီမီးတောက်ဟန်ကို ပုံစံပြသဖြင့် ၊ သမာဓိဿ- သမာဓိ၏၊ သန္တာနဋ္ဌိတိဘာဝံ- အစဉ်၏ တည်တံ့ကြောင်း၏ အဖြစ်ကို ၊ ဒေဿတိ-ပြ၏"ဟု မူလဋီကာမိန့်သည်။

ပဒဋ္ဌာန်။ ။[သုခပဒဋ္ဌာနော-သုခလျှင် နီးစွာသောအကြောင်း ရှိ၏။] များသောအားဖြင့် သုခရှိသူ၌ သမာဓိ အားကောင်းသောကြောင့် သုခသည် သမာဓိဖြစ်ဖို့ရာ နီးစွာသောအကြောင်း ဖြစ်သည်။ [အဋ္ဌကထာ၌ လက္ခဏ ရသ အမျိုးမျိုး ရှိသေး၏။]

[ဆောင်] လေငြိမ်သည့်ဋ္ဌာန်, မီးအလျံသို့, မပျံ့မလွင့်, ဆင့်ကာဆင့်ကာ, ယူမိရာတွင်, စိတ်စဉ်တည်မှု,

အကြောင်းပြု, မှတ်ရှု ဧကဂ္ဂတာတည်း။

••••••••••••••

ဇီဝိတိန္ဒြိယ။ ။ဇီဝိတမေဝ ဣန္ဒြိယံ, အနုပါလနလက္ခဏံ၊ ပဝတ္တနရသံ သဟ-ဇာနံ ထပနုပဋ္ဌာနံ။ ယာပေတဗ္ဗပဒဋ္ဌာနံ, ဒကံ ဓာတိ နိယာမကော။

ဝစနတ္ထ။ ။[ဇီဝိတမေဝ-ဇီဝိတသည်ပင်လျင်၊ ဣန္ဒြိယံ-ဣန္ဒြိယတည်း။] ဇီဝန္တိ တေနာတိ ဇီဝိတံ, ဇီဝိတ မေဝ ဣန္ဒြိယံ ဇီဝိတိန္ဒြိယံ၊ တေန-ထိုသဘောတရားဖြင့်၊ သဟဇာတဓမ္မာ-တကွဖြစ်ဖက်တရားတို့သည်၊ ဇီဝန္တိ-အသက်ရှည်ကြကုန်၏၊ ဣတိ-ကြောင့်၊ ဇီဝိတံ-မည်၏၊ ဇီဝိတသည်ပင် တကွဖြစ်ဖက်တရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်မှု၌ အစိုးတရဖြစ်သောကြောင့် ဣန္ဒြေ လည်းမည်၏၊ ဤဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေ, နာမ်ဇီဝိတိန္ဒြေအားဖြင့် နှစ်မျိုးရှိ၏၊ ရုပ်ဇီဝိတိန္ဒြေသည် တကွဖြစ်ဖက်ကမ္မဇရုပ်ကို အသက်ရှည် အောင်စောင့်ရှောက်၏၊ နာမ်ဇီဝိတိန္ဒြေကား ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အသက်ရှည်အောင် စောင့် ရှောက်၏၊ အချို့ကား "နာမ်ဇီဝိတိန္ဒြေသည် တကွဖြစ်ဖက် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်ကိုလည်း စောင့် ရှောက်၏" ဟု ဣန္ဒြိယပစ္စည်းကို ထောက်၍ ပြောဆိုကြ၏၊ ထိုစကားမသင့်ကြောင်းမှာ ပစ္စုပ္ပဋ္ဌာန်၌ ထင်ရှား လတ္တံ့။

လက္ခဏ။ ။[သဟဇာနံ-တကွဖြစ်ဖက် ရုပ်နာမ်တရားတို့ကို၊ အနုပါလနလက္ခဏံ-စောင့်ရှောက်ခြင်း လက္ခဏာ ရှိ၏၊ ဒကံ-ရေနှင့်လည်း တူ၏၊ ဓာတိ-အထိန်းနှင့်လည်း တူ၏၊ နိယာမကော-လှေလှော်သူနှင့် လည်းတူ၏။] ဤဇီဝိတ၏ စောင့်ရှောက်မှုကြောင့်သာ ခန္ဓာကိုယ်ကြီးသည် အသေကောင်ကြီးမှ ထူးခြား လျက်ရှိရပေ၏၊ အသက်ရှိသော သတ္တဝါတို့၏ အသက်ဟူသည်လည်း နှစ်မျိုးသော ဇီဝိတိန္ဒြေပင်တည်း။ "ဤဇီဝိတိန္ဒြေက စောင့်ရှောက်၏"ဟု ဆိုသော်လည်း ကြာပင်ကို စိမ်းရွှင်လန်းဆန်းအောင် စောင့်သောရေသည် ကြာပင်ရှိခိုက်သာ စောင့်ရှောက်နိုင်၍ ကြာပင်မရှိက မစောင့်ရှောက်နိုင်သကဲ့သို့ ထို့အတူ တကွဖြစ် ဖက် သဟဇာတ်တရားတို့ မချုပ်မီ ထင်ရှားရှိခိုက်၌သာ စောင့်ရှောက်နိုင်၏၊ ချုပ်မသွားအောင်ကား စောင့် ရှောက်၍ မထားနိုင်၊ အထိန်းသည်, သူတစ်ပါးကြောင့် ဖြစ်ပေါ်လာသော သား သမီးကို စောင့်ရှောက်သကဲ့ သို့ အာရုံ ကံ အစရှိသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသော ရုပ်နာမ်ကိုသာ စောင့်ရှောက်နိုင်၏၊ မိမိ တို့ကား သဟဇာတ် တရားတို့ကို ဖြစ်ပေါ်လာအောင် တာဝန်မယူနိုင်။ [နာမ်ဇီဝိတမှာ သဟဇာတိန္ဒြိယသတ္တိ ဖြင့် အတူဖြစ်အောင် တတ်နိုင်သေး၏၊ သို့သော် ကံတရား အာရုံတရားတို့ကဲ့သို့ မဖြစ်သေးသောတရား တို့ကို ဖြစ်လာအောင် မစွမ်းနိုင်ချေ။]

သူ့ကိုယ်သူစောင့်။ ။ဇီဝိတိန္ဒြေတို့က သဟဇာတတရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်ပေး

လျှင် မိမိအသက်ရှည်အောင်ကား မည်သည့်တရားက စောင့်ရှောက်သနည်းဟု မေး၊ အဖြေကား လှေကို တစ်ဖက်ကမ်းသို့ ပို့ဆောင်သော လှေသမားသည် ပို့ရင်းက လှေကိုသာပို့၏, သို့သော် လှေနှင့်တကွ ပါသွား သောကြောင့် မိမိကိုလည်း မိမိပို့ဆောင်ရာရောက်သကဲ့သို့ , ထို့အတူ ဇီဝိတသည် စောင့်ရင်းက သဟဇာတ် တရားတို့ကို စောင့်၏၊ သို့သော် သဟဇာတ်တရားများနှင့် စပ်လျက် ဖြစ်ရသောကြောင့် မိမိကိုလည်း မိမိပြန် ၍ စောင့်ပြီးသားဖြစ်သည်။

ရသ။ ။[သဟဇာနံ-တို့ကို၊ ပဝတ္တနရသံ-ဥပါဒ်မှ ဘင်တိုင်အောင် ဖြစ်စေခြင်း ကိစ္စရှိ ၏၊] "ဥပါဒ်မှ ဘင် တိုင်အောင် ဖြစ်စေ၏"ဟု ဆိုသော်လည်း မကွယ်မပျောက်သေးပဲ ထင်ရှားရှိစေခြင်းကို ဆိုသည်၊ မဖြစ်သေး သော တရားကို "ဖြစ်ပေါ်စေတဲ့" အဖြစ်မျိုး မဟုတ်၊ ရေက ကြာကို စောင့်ရှောက်ပုံမျိုးတည်း။

ပစ္စုပဋ္ဌာန်။ ။[သဟဇာနံ-တို့ကို၊ ထပနပစ္စုပဋ္ဌာနံ- ဘင် မတိုင်မီ ဖြစ်တည်အောင် ထားတတ်သော တရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏၊] ဘင်ခဏ၌ကား မိမိကပင် ပျက်ဆဲဖြစ်၍ သူတစ်ပါးကို မတည် တံ့စေနိုင်၊ ဤပစ္စုပဋ္ဌာန်ကိုထောက်လျင် မိမိချုပ်ပြီးနောက် မချုပ်သေးသော တကွဖြစ်ခဲ့သည့် စိတ္တဇ ကမ္မဇ ရုပ်များကို နာမ်ဇီဝိတက မစောင့်ရှောက်နိုင်ကြောင်း ထင်ရှားပေသည်။

ပဒဋ္ဌာန်။ ။ [ယာပေတဗ္ဗပဒဋ္ဌာနံ- ဥပါဒ်မှစ, ဘင်သို့ကျအောင်, မျှတစေအပ်သော တရားလျှင် နီးစွာ သောအကြောင်း ရှိ၏။]"တကွဖြစ်ဖက် သဟဇာတ်တရားလျှင် နီးစွာသောအကြောင်း ရှိ၏" ဟူလို။

မှတ်ဖွယ်။ ။ဤဇီဝိတိန္ဒြေတို့သည် မိမိတို့နှင့် တကွဖြစ်ဖက်တရားတို့ကို စောင့်ရှောက်ရုံသာမကသေး, မိမိတို့ချုပ်ပြီးနောက် ဇီဝိတနှင့်တကွ အလားတူ ရုပ်နာမ်များ အစဉ်မပျက် ဆက်လက်ဖြစ်ဖို့ရန်လည်း (အနန္တ ရသတ္တမျိုးကဲ့သို့) ကျေးဇူးပြုခဲ့ကြပေသည်၊ ထိုသို့ အဆက်ဆက် ကျေးဇူးပြုခဲ့ကြခြင်းကြောင့်သာ ကံအရှိန် ရှိသမျှ စုတိကျအောင်, သို့မဟုတ် ပရိနိဗ္ဗာန် စံသည့်တိုင်အောင် အစဉ်မပျက် ဆက်ကာဆက်ကာ ဖြစ်နိုင် ကြပေသည်၊ ထို့ကြောင့် ဤဇီဝိတိန္ဒြေ နှစ်ပါးကို ရုပ်နာမ်ခန္ဓာ အစဉ်၌ အကြီးအချုပ်တရားဟု အဋ္ဌကထာ၌ မိန့်ဆိုပေသည် [တံ-ထိုဇီဝိတိန္ဒြေသည် ၊ ပဝတ္တသန္တတာဓိပတေယျံ-ဥပါဒိန္နကခန္ဓာအစဉ်၌ အကြီးအကဲ၏ အဖြစ် ရှိသောတရားတည်း။]

[ဆောင်] ကြာစောင့်ရေနှယ်, အထိန်းသည်နှင့်, လှေငယ် လှော်သူ, ပုံယူ ယှဉ်စပ်, သဟဇာတ်တို့, မပြတ် အောင်တည်, အသက်ရှည်ကြောင်း, တရားကောင်း , မှတ်ငြောင်း ဇီဝိတိန္ဒြေတည်း။

မနသိကာရ။ ။ ဝိသယံ မနသိကာရော, ဧသော သာရဏလက္ခဏော၊ သမ္ပယောဇနရသော လမ္ဗာ-ဘိမုခီဘာဝုပဋ္ဌာနော ၊ အာလမ္ဗနပဒဋ္ဌာနော, ယထာ ဇာနီယသာရထိ။

ဝစနတ္ထ။ ။[ဝိသယံ-အာရုံကို၊ မနသိ-စိတ်၌၊ ကာရော- ပြုပေးခြင်းသည် ၊ မနသိကာရော မည်၏၊ ] "မနသိ+ကာရော မနသိကာရော" ဟု အလုတ္တသမာသ် ဝစနတ်ပြု၊ မနသိကာရသည် စိတ်၌ ယှဉ်လျက်ပါ သောကြောင့် စိတ်ကိုသာ အာရုံသို့ရောက်အောင် ပြုပေးနိုင်သည် ၊ သို့သော် စိတ်ကို အာရုံသို့ရောက်အောင် ပြုပေးလျင် အာရုံကိုလည်း စိတ်သို့ ရောက်အောင် ပြုပေးရာရောက်သောကြောင့် "မနသိ- စိတ်၌+ ကာရော-အာရုံကို ပြုပေးသောတရား" ဟု ဆိုရသည်။

လက္ခဏာစသည်။ ။အာဇာနီယသာရထိ ယထာ-အာဇာနည်မြင်းများကို လိုရာစခန်းသို့ ဖြောင့်တန်း အောင် သွားစေသော ရထားထိန်းကဲ့သို့ ၊ ဧသော-ဤမနသိကာရသည် ၊ သာရဏလက္ခဏော-သမ္ပယုတ် တရားတို့ကို အာရုံသို့ ဖြောင့်တန်းအောင် သွားစေခြင်းလက္ခဏာ ရှိ၏၊ သမ္ပယောဇနရသော-သမ္ပယုတ်တရား တို့ကို အာရုံနှင့် ယှဉ်စေခြင်းကိစ္စ ရှိ၏၊ အာလမ္ဗာဘိမုခီဘာဝဥပဋ္ဌာနော-အာရုံသို့ ရှေးရှုသည်၏ အဖြစ်ဖြင့် ယောဂီတို့ ဉာဏ်အား ထင်လာ၏၊ အာလမ္ဗနပဒဋ္ဌာနော အာရုံသာလျှင် နီးစွာသောအကြောင်း ရှိ၏။

ရထားထိန်းနှင့်တူပုံ။ ။ရထားထိန်းသည် အာဇာနည်မြင်းများကို လိုရာစခန်းသို့ ဖြောင့်တန်းစွာ သွားစေ သကဲ့သို့, ဤမနသိကာရလည်း ယှဉ်ဖက်တရားများကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်ဖို့ရာ အာရုံ ဘက်သို့ လှည့်ပြီးလျှင် သမ္ပယုတ်တရားတို့ကို အတင်းမောင်းနှင်သကဲ့သို့ ဖြစ်၏၊ မနသိကာရ၏ အစွမ်းသတ္တိ ကြောင့်ပင် စိတ်စေတသိက်တို့၌ ဘယ်အခါမျှ အာရုံမကင်းဆိတ်ပဲ အမြဲ အာရုံတစ်ခုခုကို ရလျက်ရှိကြသည်။ [ရထားထိန်းနှင့် မနသိကာရ , အာဇာနည်မြင်းများနှင့် သမ္ပယုတ်တရား, ရထားဆိုက်ရာအရပ်နှင့် အာရုံတို့ တူကြသည်။ ]

[ဆောင်] ဇာနည်မြင်းများ , ဖြောင့်ဖြောင့် သွားဖို့, ရထားထိန်းပုံ, များအာရုံကို, ထိုထိုစိတ်၌, မဆိတ်စေ လျှင်း, ပြုပေးခြင်း, မယွင်း မနသိကာရတည်း။

မနသိကာရသုံးမျိုး။ ။မနသိကာရသည် ဝီထိပဋိပါဒက, ဇဝနပဋိပါဒက , အာရမ္မဏပဋိပါဒကဟု သုံးမျိုး ရှိ၏၊ ထိုတွင် ဝီထိစိတ်အစဉ်ကို ဖြစ်ပေါ်စေတတ်သော မနသိကာရကို "ဝီထိပဋိပါဒကမနသိကာရ" ဟု ခေါ်သည်၊ [ဝီထိံ ပဋိပါဒယတီတိ ဝီထိပဋိပါဒကော ၊ ဝီထိံ ဝီထိစိတ်ကို ၊ ပဋိပါဒယတိ- ဖြစ်ပေါ်စေတတ်၏၊] တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်းတည်း၊ မှန်၏- ပဉ္စဒွါရာဝဇ္ဇန်းသည် မိမိနောက်၌ စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း စသော ဝီထိကို ဖြစ်စေတတ်သည်။

ဇောအစဉ်ကို ဖြစ်ပေါ်စေတတ်သော မနသိကာရကို " ဇဝနပဋိပါဒကမနသိကာရ " ဟု ခေါ်၏၊ တရားကိုယ် မှာ မနောဒွါရာဝဇ္ဇန်းတည်း၊ မှန်၏–မနောဒွါရာဝဇ္ဇန်းသည် မိမိ၏နောက်၌ ဇောအစဉ်ကို ဖြစ်ပေါ်စေတတ်သည်၊ ကျမ်းဂန်များ၌ အသုံးများသော ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသည် ဤ မနသိကာရနှစ်မျိုးပင်တည်း၊ ဤမနသိကာရကြောင့် ကုသိုလ် အကုသိုလ် ဖြစ်ပုံကို ဝီထိပိုင်း "ယံကိဉ္စိ လဒ္ဓပ စ္စယံ" အဖွင့်၌ ပြအံ့၊ ထိုအာဝဇ္ဇန်း နှစ်ပါးလုံးအတွက် "ပုရိမမနတော ဝိသဒိသံ ဝိသဒိသံ မနံ ကရောတီတိ မနသိကာရော" ဟု ဝစနတ်ပြု၊ [ပုရိမမနတေ ရှေ့ဘဝင် စိတ်အစဉ်မှ၊ ဝိသဒိသံ-မတူသော ၊ မနံ-ဝီထိစိတ်, ဇောစိတ်အစဉ်ကို ၊ ကရောတိ- ပြုတတ်၏၊] အာရမ္မဏပဋိပါဒကမနသိကာရကား စိတ်၌ အာရုံကို ပေါ်လာ စေတတ်သော ဤမနသိကာရစေတသိက်တည်း။ [ အချို့အရာ၌ ဉာဏ်ကိုလည်း ယောနိသောမနသိကာရ ဟု ကောက်ယူရသေး၏။ ]

သဗ္ဗစိတ္တသာဓာရဏ။ ။သမာနံ+ဓာရဏံ ယေသံတိ သာဓာရဏာ, သဗ္ဗစိတ္တာနံ+ သာဓာရဏာ သဗ္ဗစိတ္တ သာဓာရဏာ၊ ယေသံ-အကြင်စေတသိက်တို့၏၊ သမာနံ-တူမျှသော ၊ ဓာရဏံ-ဆောင်ခြင်းသည် ၊ အတ္ထိ- ၏၊ ဣတိ- ကြောင့် ၊ တေ-ထိုစေတသိက်တို့သည် ၊ သာဓာရဏာ-တို့မည်၏၊ သဗ္ဗစိတ္တာနံ- အလုံးစုံသောစိတ် တို့၏ ၊ ဝါ-တို့နှင့်၊ သာဓာရဏာ-တူမျှသော ဆောင်ခြင်းရှိသော (ဆက်ဆံသော) စေတသိက်တို့သည် ၊ သဗ္ဗ စိတ္တသာဓာရဏ-တို့မည်၏၊ ဤဝိဂြိုဟ်အရ သာဓာရဏ ဟူသောပါဠိသည် သဒ္ဒါနက်အားဖြင့် "တူမျှသော ဆောင်ခြင်းရှိသည်" ဟုဖြစ်၏၊ အဓိပ္ပါယ်အားဖြင့် "တန်းတူညီမျှ ရွက်ဆောင်သည်, ဘယ် နေရာ၌မဆို ပိုမို ယုတ်လျော့ခြင်း မရှိ" ဟု ဆိုလို၏၊ ထို့ကြောင့် မိမိတို့ဆိုင်ရာ စိတ်အားလုံး၌ တန်းတူညီမျှ ယှဉ်နိုင်မှသာ သာဓာရဏအမည်ရ၏၊ သောဘနသာဓာရဏ အကုသလသာဓာရဏအမည်ရသော စေတသိက်တို့၏ မိမိ တို့ဆိုင်ရာ စိတ်အားလုံး၌ ယှဉ်ပုံကိုလည်းကောင်း, သာဓာရဏအမည် မရသော အပ္ပမညာ,ဝိရတိ, ပညာနှင့် လောဘ စသည်တို့၏ ဆိုင်ရာစိတ်အားလုံး၌ မယှဉ်နိုင်ပုံကိုလည်းကောင်း သတိပြုပါ။

••••••••••••••

ပကိဏ်းစေတသိက်များ

ဝိတက္က။ ။ ဝိတက္ကေတီတိ ဝိတက္ကော, အဘိနိရောပနလက္ခဏော၊ အာဟနပ္ပရိယာဟန-ရသော အာနယုပဋ္ဌာနော။

ဝစနတ္ထ, လက္ခဏာ။ ။[ဝိတက္ကေတီတိ- အာရုံကိုကြံတတ်သည်၏ အဖြစ်ကြောင့်၊ ဝိတက္ကော- မည်၏၊ အဘိနိရောပနလက္ခဏော- အာရုံ၌ စိတ်ကို တင်ပေးခြင်း လက္ခဏာရှိ၏၊] စိတ်ကို အာရုံသို့ ရောက်၍ တင်ပေးမှုကိုပင် "ကြံစည်ခြင်း"ဟု ဆို၏၊အကြံအစည်များလျက် ဝိတက်အားကြီးနေသောအခါ အိပ်မပျော်နိုင် ခြင်းမှာလည်း ဝိတက်ကစိ်တ်ကို အာရုံသစ်သို့ ရောက်လျက် ရောက်လျက်သွားအောင် တင်ပေးနေခြင်း ကြောင့်ဖြစ်၏၊ ဝိတက်၏ အာရုံသစ်သို့ တင်ပေးပုံကို မင်းကျွမ်းဝင်သူဖြင့် ဥပမပြ၏၊ ဇနပုဒ်ကျေးတောသား တစ်ယောက်သည် မင်းအထံသို့ ဝင်ရောက်ခစားလိုသော်လည်း မိမိအလိုအလျောက် အထံတော်သို့ မဝင် ရောက်နိုင်သောကြောင့် မြို့ခံဖြစ်သော မင်းကျွမ်းဝင်သူ ဆွေမျိုးမိတ်ဆွေကို အမှီပြုကာ မင်းကျွမ်းဝင်သူက ပို့ဆောင်ပေးသဖြင့် ခစားခွင့်ရလေသည်။ [ ဘုရင်နှင့် အာရုံ , ဇနပုဒ်သားနှင့် သမ္ပယုတ်တရား, မင်းကျွမ်းဝင် သူနှင့် ဝိတက်တို့ တူကြ၏။

ရသ။ ။[အာဟနပ္ပရိယာဟနရသော-အစစွာ တီးခေါက်ခြင်း , အဖန်ဖန် တီးခေါက်ခြင်းကိစ္စ ရှိ၏၊] ကမ္မဋ္ဌာန်းအားထုတ်ရာ၌ "ပထဝီ ပထဝီ" ဟု အာရုံပြုနေခြင်းသည် ထိုအာရုံကို " ဒေါက် ဒေါက်" ဟု တပ်တ လဲလဲ ခေါက်သကဲ့သို့ဖြစ်၏၊ ကာမဂုဏ်ကို ထပ်တလဲလဲ ကြံစည်နေရာ၌လည်း ဤကိစ္စပင်တည်း။

ပစ္စုပ္ပဋ္ဌာန်။ ။[အာနယုပဋ္ဌာနော-အာရုံသို့ရောက်အောင် စိတ်ကိုဆောင်တတ်သော တရားဟု ယောဂီ တို့ဉာဏ်အား ထင်လာ၏၊] ပဒဋ္ဌာန်ကား အဋ္ဌကထာ၌ မလာ၊ "အာရုံလျှင် နီးစွာသောအကြောင်းရှိ၏" ဟု ဆိုထိုက်၏ ၊ ပဒဋ္ဌာန်မလာသမျှ ဤနည်းချည်း။

[ဆောင်] မင်းကျွမ်းဝင်သူ, ပမာယူလော့, အတူယှဉ်ဖက်, အာရုံထက်သို့, တက်ရောက်စေလျှင်း, ကြံစည် ခြင်း, မယွင်း ဝိတက်သဘောတည်း။

ဝိတက်မယှဉ်သောစိတ်များ အာရုံယူနိုင်ပုံ။ ။ဝိတက်တင်ပေးမှုကြောင့် သမ္ပယုတ်တရားတို့ အာရုံသို့ ရောက်နိုင်ကြလျှင် ဝိတက် မယှဉ်သော ဒွေပဉ္စဝိညာဏ်နှင့် ဒုတိယစျန်စိတ် စသည်တို့သည် အာရုံသို့ အဘယ်ပုံ တက်ရောက်နိုင်ကြသနည်းဟု မေး၊ အဖြေကား–ရူပါရုံစသော ပဉ္စာရုံတို့က စက္ခုဝတ္ထုစသော ပဉ္စ ဝတ္ထု၌ ထိခိုက်မှုအစွမ်း, ဥပစာရဘာဝနာအစွမ်းကြောင့် ဝိတက်မယှဉ်သော စိတ်တို့ အာရုံသို့တက်နိုင်ကြသည်။

ချဲ့ဦးအံ့ -ဒွေးပဉ္စဝိညာဏ်သည် တင်ပေးမည့် ဝိတက်နှင့် မယှဉ်သော်လည်း စက္ခုဝတ္ထုစသည်၌ ရူပါရုံစသော ပဉ္စာရုံတို့၏ ထိခိုက်မှုက ထင်ရှားလှသည့်အတွက် အာရုံသို့တက်ရောက်နိုင်၏၊" အင်မတန် ထင်ရှားနေသော အာရုံပေါ်၌ ဝိတက်က တင်ပေးဖွယ် မလိုပါ" ဟူလို၊ ဒုတိယစျန်စသည် မဥပါဒ်မီ ရှေ့အနီးအပါး၌ ဖြစ်သော ကာမာဝစရဘာဝနာစိတ်ကို "ဥပစာရဘာဝနာ" ဟု ခေါ်၏၊ ထိုဥပစာရဘာဝနာက ပထဝီကသိုဏ်းစသော အာရုံကို မိမိရရ အသားကျအောင် ယူပြီးမှ စျန်တရားတို့ ဥပါဒ်နိုင်ကြ၏၊ ဥပစာရဘာဝနာက ဝိတက်နှင့်တွဲ ဖက်၍ ပရိကံ ဥပစာ အနုလုံ ဂေါတြဘူတိုင်အောင်သော ကိစ္စဖြင့် ကျကျနန ယူအပ်ပြီးသော အာရုံကို " ခူးပြီးသား ထမင်း စားရသူကဲ့သို့" အလွယ်တကူ ဆက်လက်ယူရသော ဒုတိယဈာန် စသည်မှာလည်း ဝိတက်မပါသည့် အတွက် မယူနိုင်ရန် အချက် မရှိတော့ပြီ၊ ဤကား ယခုအခါ ပြောရိုးပြောစဉ် အဓိပ္ပါယ်တည်း။ [ဘာဝနာ အစွမ်းဟူရာ၌ အောက်ဈာန်ကို ဘာဝနာဟု မဏိမဉ္ဇူဖွင့်၏ , ဆင်ခြင်ပါ။ ]

[ ဆောင်] ဝိတက်မစုံ , ဖြစ်ကြတုံလည်း, အာရုံ-ဝတ္ထု, ထိခိုက်မှုက ထင်ရှားလှသဖြင့် , ပဉ္စဝိညာဏ်, တက် ရောက်ပြန်၏, ဈာန်ဒုတိယ, စသည်တို့မှာ, ဥပစာခေါ်မှန်း, ဘာဝနာစွမ်းကြောင့်, အလှမ်းသင့် လျက်, အာရုံထက်သို့, တက်နိုင်မျှို့သည်, မှတ်ဖို့ ကျမ်းလာအချုပ်တည်း။

စေတနာ , မနသိကာရ, ဝိတက်အထူး။ ။"စေတနာသည် အာရုံ၌ သမ္ပယုတ် တရားတို့ကို ဖွဲ့စပ်ခြင်း လက္ခဏာ ရှိ၏၊ မနသိကာရသည် သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်းကိစ္စ ရှိ၏၊" ဟုဆိုပြီးလျှင် " ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံသို့ တင်ပေးခြင်းလက္ခဏာရှိ၏"ဟု ဆိုပြန်ရာ, ထိုသုံးပါးသည် သဘောတူသကဲ့သို့ ရှိသောကြောင့် အဘယ်သို့ အထူးမှတ်အပ်ပါသနည်းဟု မေး၊ အဖြေကား–လှေအပြေး ပြိုင်ရာ၌ ဦးက ပန်းဆွတ်သူ, ဝမ်းက လှော်သူ, ပဲ့က ပဲ့ကိုင်သူ, ဤလူသုံးယောက်တို့ တစ်ပြိုင်နက် လှေကို လှော်ကြသော်လည်း ဝမ်းက လှော်သူမှာ ပန်းတိုင်သို့ အတွင်ရောက်အောင် လှော်ပေးဖို့သာ အရေးကြီး၏၊ ပဲ့ ကိုင်သူမှာ ပန်းတိုင်သို့ ဖြောင့်ဖြောင့်သွားစေဖို့သာ အရေးကြီး၏၊ ဦးကလှော်သူမှာ ပန်းတိုင်သို့အရောက်တွင် ပန်းဆွတ်မိဖို့သာ အရေးကြီးသည်။

ဤဥပမာအတိုင်း ဝိတက်မှာ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရောက်သွားအောင် အတွင်နှင်လျက် တင် ပေးဖို့တာဝန်ရှိ၏, လှေဝမ်းက လှော်သူနှင့် တူ၏၊ မနသိကာရမှာ အာရုံသို့ ဖြောင့်ဖြောင့်ရောက်အောင် သမ္ပ ယုတ်တရားတို့ကို ဖြောင့်ပေးဖို့တာဝန် ရှိ၏၊ ပဲ့က လှော်သူနှင့် တူ၏၊ စေတနာမှာ အာရုံ၌ သမ္ပယုတ်တရား တို့ကို စပ်ဖွဲ့ပေးဖို့ကိစ္စ ရှိ၏, ပန်းဆွတ်သူနှင့် တူ၏၊ [အာရုံက ပန်းတိုင်နှင့် တူပုံ, သမ္ပယုတ်တရားများက လှေနှင့်တူပုံကိုလည်း ချဲ့ထွင်၍ ယူရာ၏။ ] ဆောင်ပုဒ်ကို အခြေပြု၌ ပြထားပြီ။

ဝိစာရ။ ။ ဝိစရဏံ ဝိစာရော သော, အနုမဇ္ဇနလက္ခဏော၊ သဟဇာတာနုယောဇန-ရသောနုပဗန္ဓုပဋ္ဌာနော။

ဝစနတ္ထ , လက္ခဏာ။ ။[ဝိစရဏံ-အာရုံ၌ အဖန်ဖန် လှည့်လည်ခြင်းသည်၊ ဝိစာရော-မည်၏၊ သော-ထို ဝိစာရသည်၊ အနုမဇ္ဇနလက္ခဏော အာရုံကို အထပ်ထပ် ပွတ်တိုက်သုံးသပ်ခြင်းလက္ခဏာ ရှိ၏၊] ဝိတက်၏ အာရုံတခုခုသို့ ရောက်နေရာ ထိုအာရုံမှ မခွာပဲ ရစ်ဝဲလှည့်လည်နေခြင်းသည် ဝိစာရ၏ သဘောပင်တည်း၊ "ရစ်ဝဲလှည့််လည်ခြင်း" ဟူသော်လည်း အာရုံသို့ ထိထိရောက်ရောက် မဟုတ်ဘဲ ရစ်သီရစ်သီနှင့် ဝဲနေရုံမ ဟုတ်၊ ထိုအာရုံကို မလွှတ်ဘဲ ထပ်၍ထပ်၍ အာရုံပြုသောအားဖြင့် ပွတ်တိုက်သုံးသပ်နေသကဲ့သို့ ဖြစ်ခြင်း တည်း။

ရသ , ပစ္စုပဋ္ဌာန်။ ။[သဟဇာတာနုယောဇနရသော-တကွဖြစ်ဖက်တရားတို့ကို အာရုံ၌ ထပ်ကာ ထပ် ကာ ယှဉ်စေခြင်းကိစ္စ ရှိ၏၊ အနုပဗန္ဓဥပဋ္ဌာနော-ယူအပ်ပြီးသော အာရုံ၌ စိတ်အစဉ် မပြတ်အောင် ဖွဲ့ထား တတ်သောတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏၊] "သမ္ပယုတ်တရားတို့ကိုလည်း မိမိနှင့်အတူ အာရုံ၌ ထပ်၍ ထပ်၍ ထင်စေခြင်းကိစ္စ ရှိရကား အာရုံယူမိလျင် မလွှတ်ဘဲ အစဉ်မပြတ် ဖွဲ့ထားတတ်သည်" ဟူလို။

ဝိတက်နှင့် ဝိစာရအထူး။ ။ဝိတက်နှင့် ဝိစာရတို့သည် အချို့စိတ်၌ အတူတကွ ယှဉ်လျက် အာရုံကိုယူကြ သော်လည်း ဤပြအပ်ပြီးသော လက္ခဏာစသည်ကို ထောက်လျှင် "အာရုံကို ပထမအကြိမ် ယူသောအခါ ဝိတက်၏ သဘောသည် ထင်ရှား၏၊ ဝိစာရယှဉ်လျက် ပါသော်လည်း ဝိစာရသဘော မထင်ရှား၊ ပဌမအကြိမ် ယူအပ်ပြီးသောအာရုံကို ထပ်၍ ထပ်၍ ယူပြန်သောအခါ ဝိစာရ၏ သဘောက ထင်ရှား၍ ဝိတက်သဘောက မထင်ရှားကြောင်း" သိသာပြီ။ [ ပဌမအကြိမ် ဟူရာ၌ ဇောဝီထိ တစ်ဝီထိမျှကို ဆိုလိုသည်မဟုတ်, အရှိန်မရ ခင် အထပ်ထပ် အာရုံပြုခြင်းကိုလည်း ယူသင့်၏၊ သို့မှ ဝိတက်၏ ပရိယာဟနကိစ္စနှင့် သင့်တင့်မည်။

ဥပမာ။ ။ဤတရား နှစ်ပါးကို ခေါင်းလောင်း ကြေးစည်သံ ,ငှက်ကြီးပျံဟန်, ပျားပိတုန်း ရစ်ဝဲဟန်တို့ဖြင့် ဥပမာပြကြ၏၊ ခေါင်းလောင်း ကြေးစည်တို့ကို တီးခေါက်သောအခါ ရှေးဦးစွာ ထွက်လာသောအသံသည် ကြမ်း၏၊ ဝိတက်၏ အာရုံယူပုံသည် ထိုအသံဦးကဲ့သို့ ကြမ်း၏၊ ထို့နောက် တဟီဟီ မည်နေသော ကြေးညီး သံသည် သိမ်မွေ့၏၊ ဝိစာရ၏ အာရုံယူပုံသည်လည်း ထိုကြေးညီးသံကဲ့သို့ သိမ်မွေ့၏၊ ငှက်ကြီးသည် ကောင်းကင်သို့ ပျံတက်လိုသောအခါ ရှေးဦးစွာ အတောင်ကို အားကုန်ခတ်၏၊ ကောင်းကင်သို့ ရောက်သော အခါ အတောင်မခတ်တော့ပဲ ငြိမ်သက်စွာ ရစ်ဝဲ၏၊ ထို့အတူ ဝိတက်၏ အာရုံယူပုံသည် ငှက်ကြီး၏ ရှေးဦးစွာ အတောင်ခတ်ပုံကဲ့သို့ မငြိမ်မသက်ဘဲ တုန်တုန်လှုပ်လှုပ် ရှိ၏၊ ဝိစာရ၏ အာရုံယူပုံသည် ငှက်ကြီး၏ လေ ဟုန်စီးကာ ငြိမ်သက်စွာ ပျံပုံကဲ့သို့ ငြိမ်သက်လှပေသည်။

[ဆောင်] ကြေးငြီးသံနဲ, ငှက်ပျံဝဲသို့, ဖန်လဲအာရုံ, သုံးသပ်ပုံ, မှတ်တုံ ဝိစာရသဘောတည်း။

အဓိမောက္ခ။ ။အဓိမုစ္စနံ အဓိမောက္ခော, သော သန္နိဋ္ဌာနလက္ခဏော၊ အသံသပ္ပနရသော ဝိနိ-စ္ဆယပစ္စုပဋ္ဌာနကော၊ သန္နိဋ္ဌေယျပဒဋ္ဌာနော, ဣန္ဒခိလောဝ နိစ္စလော။

ဝစနတ္ထ လက္ခဏာ။ ။[အဓိမုစ္စနံ အာရုံ၌ သက်ဝင် ဆုံးဖြတ်ခြင်းသည် ၊ အဓိမောက္ခော-မည်၏။ သော- ထို အဓိမောက္ခသည် ၊ သန္နိဋ္ဌာနလက္ခဏော သန္နိဋ္ဌာန်ကျ, ဆုံးဖြတ်ချက်ချခြင်းလက္ခဏာ ရှိ၏။] မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ,မတွန့်မဆုတ်ပဲ သက်ဝင် ဆုံးဖြတ်နိုင်ခြင်းသည် အဓိမောက္ခ၏ အမှတ်အသားတည်း၊ ဤအဓိမေက္ခ၏ ဆုံးဖြတ်မှုကြောင့် ပါဏာတိပါတစသော ဒုစရိုက်, ပါဏာတိပါတဝိရတိစသော သုစရိုက်မှု များ ထမြောက်ရပေသည်။

ရသ ,ပစ္စုပဋ္ဌာန်။ ။[အသံသပ္ပနရသော-ထိုဤရွေ့ရှား မဆုံးဖြတ်နိုင်သော ဝိစိကိစ္စာတရား၏ ဆန့်ကျင် ဘက်ကိစ္စ ရှိ၏။ ဝိနိစ္ဆယပစ္စုပဋ္ဌာနကော- ဆုံးဖြတ်တတ်သောတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏ ] ဝိစိကိစ္ဆာသည် ယုံမှားခြင်းသဘောဖြစ်ရကား ထိုဝိစိကိစ္ဆာကို ဆန့်ကျင်ဘက်ပြုခြင်းသည် အဓိမောက္ခ၏ ကိစ္စ တည်း၊ ထို့ကြောင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ အဓိမောက္ခမယှဉ်ဘဲ ရှိရသည်။

ပဒဋ္ဌာန်။ ။[သန္နိဋ္ဌေယျပဒဋ္ဌာနော-ဆုံးဖြတ်အပ်သောတရားလျှင် နီးစွာသော အကြောင်းရှိ၏၊ ဣန္ဒခိလော ဝ- မယိမ်းမယိုင် တံခါးတိုင်ကဲ့သို့ ၊ နိစ္စလော- မလှုပ်မရှား ခိုင်မြဲသော သဘောတရားပေတည်း။] ...ယူအပ် သော အာရုံ၌ မြဲခိုင်တည်တံ့ရကား မြို့တံခါးအနီးဝယ် စိုက်ထားအပ်သော တံခါးတိုင်ကြီးနှင့် တူသော တရား ပေတည်း။

[ဆောင်] တံခါးတိုင်ကြီး ယိုင်မလည်းသို့,ခိုင်ဖြည်းတည့်မတ်,ဆုံးဖြတ်တတ်,မှတ်လေ အဓိမောက္ခ တည်း။

•••••••••••••••

ဝီရိယ။ ။ ဝီရိယဿ ဘာဝေါ ဝီရိယံ, ဧတံ ဥဿာဟလက္ခဏံ၊ ဥပ္ပတ္ထမ္ဘနရသံ စာ-သံသီဒနုပဋ္ဌာနကံ သံဝေဂပဒဋ္ဌာနံ ဝါ, ဝီရိယာရမ္ဘဝတ္ထု ဝါ။

ဝစနတ္ထ ,လက္ခဏာ။ ။[ဝီရိယဿ-ရဲရင့်သူ၏ ၊ ဘာဝေါ- ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် ၊ဝီရိယံ- မည်၏၊ ဧတံ-ဤဝီရိယသည်၊ ဥဿာဟလက္ခဏံ- ရသည့်ဆင်းရဲ, ကြိတ်အံခဲ၍, အမြဲသည်းခံခြင်းလက္ခဏာ ရှိ၏။] လုံ့လဝီရိယ ရှိသူသည် ထိုထိုကိစ္စ၌ ရဲရင့်၏၊ သို့အတွက် ရဲရင့်သူဖြစ်ကြောင်းဟူသည် ဝီရိယပင်တည်း၊ ဝီရိယရှိသူသည် တစ်စုံတစ်ခု အမှုကိစ္စကို ပြုရသည့်အတွက်

ရရှိမည့်ဒုက္ခကို မကြောက်မရွံ့သည်းခံနိုင်၏၊ [ ဥ (ဒုက္ခလာဘေ)ဆင်းရဲကို ရလတ်သော် + သဟနံ-သည်း ခံနိုင်ခြင်းသည်၊ ဥသာဟော-မည်၏။

ရသံ။ ။[ဥပတ္ထမ္ဘနရသံ-သမ္ပယုတ်တရားတို့ကို ထောင့်ပံ့ခြင်းကိစ္စ ရှိ၏။] လဲပြိုခါနီး အိမ်အိုကြီးကို ထောက်ကျားတိုင်က မလဲမပြိုရအောင် ထောက်ကန်ထားသကဲ့သို့ , သမ္ပယုတ်တရားတို့ကို ထိုထိုကိစ္စ၌ လျော့ရဲရဲ မရှိရအောင် ဝီရိယက ထောက်ပံ့၏၊ ထို့ကြောင့် ဝီရိယနှင့်ယှဉ်သောတရားတို့ ထထကြွကြွ ရှိကြသည်။

ပစ္စုပဋ္ဌာန်။ ။[ အသံသီဒနုပဋ္ဌာနကံ-ဆုတ်နစ်ခြင်းမရှိသည်၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏၊] ထိနမိဒ္ဓ ပြဋ္ဌာန်းသော အကုသိုလ်စိတ္တုပ္ပာဒ်ကို ကောသဇ္ဇဟု ခေါ်၏၊ ဝီရိယသည် ထိုကောသဇ္ဇတရား ပျင်း ကြောထမှုများကို လွှမ်းမိုးလျက် အရေးရောက်က နောက်မဆုတ်တတ်သောတရား ဟု ယောဂီတို့၏ ဉာဏ် တွင် ထင်လာသည်။

ပဒဋ္ဌာန်။ ။သံဝေဂပဒဋ္ဌာနံ ဝါ-သံဝေဂလျှင် နီးစွာသောအကြောင်းလည်းရှိ၏။] ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဘေးကြီးများကို ဆင်ခြင်၍ ကြောက်ရွံ့မှု ဟူသော ဩတပ္ပပြဌာန်းသောဉာဏ်ကို "သံဝေဂ " ဟုခေါ် ၏ ၊ ထို သံဝေဂဉာဏ်ရှိသူသည် ကုသိုလ်ကောင်းမှု တို့၌ အားတက်သရော ရှိရကား ဝီရိယဖြစ်ဖို့ရာ နီးစွာ သောအကြောင်းသည် ထိုသံဝေဂပင်တည်း၊ ဤပဒဋ္ဌာန်ကို ကုသိုလ် ဝီရိယ၌သာ ရကောင်း၏။

[ ဝီရိယာရမ္ဘဝတ္ထု ဝါ ဝီရိယာရမ္ဘဝတ္ထုလျှင် နီးစွာသောအကြောင်း ရှိ၏။ ]

ကမ္မ-မဂ္ဂ , ဂေလည, ပိဏ္ဍ လေးနှစ်လီ, ဝီရိယာရမ္ဘ, ဝတ္ထုပြ, အဋ္ဌမှတ်လေဤ

...ဟူသော ပရမတ္ထသရူပလင်္ကာနှင့်အညီ,

(၁) ကမ္မ –(က)တစုံတခုအမှုကိစ္စကို ပြုပြီးခြင်း ၊ (ခ) ပြုကာနီးနေခြင်း။

(၂) မဂ္ဂ –(က) ခရီးသွားပြီးစ ဖြစ်ခြင်း ၊ (ခ)ခရီးသွားခါနီးနေခြင်း။

(၃)ဂေလည –(က)ကျန်းမာပြီးစဖြစ်ခြင်း ၊ (ခ) မကျန်းမမာစ ပြုနေခြင်း။

(၄)ပိဏ္ဍ –(က) ဆွမ်းလုံလောက်စွာမရခြင်း ၊ (ခ)အလွန်ပေါများခြင်း။

ဤရှစ်ပါးကို ဝီရိယအားထုတ်ခြင်း၏ အကြောင်းဖြစ်၍ "ဝီရိယာရမ္ဘဝတ္ထု"ဟု ခေါ်၏၊ (၁-က) အချို့ပုဂ္ဂိုလ်သည် "ငါ့မှာ ကိစ္စတခုဖြင့် ပြီးခဲ့ပေပြီ, ထိုကိစ္စကို ရွက်ဆောင်စဉ်က ပြုလုပ်မြဲဖြစ်သော ကိစ္စများ လစ်ဟင်းခဲ့ ၏၊ ယခုအခါ ထိုပြုလုပ်မြဲကိစ္စကို ကြိုးစားလိုက်ဦးမှ တော်မည်" ဟု ပြီးခဲ့သော ကိစ္စကို ဆင်ခြင်ကာ လွန်စွာ အားထုတ်လေသည်၊ (ခ)အချို့ကား " ငါ့မှာ မည်သည့်ကိစ္စတစ်ခု ပေါ်လာလိမ့်မည်, ထိုအခါ အားထုတ်မြဲ ဤကိစ္စကို အားမထုတ်ရပဲ ရှိတော့လတ္တံ့ , ယခုနှယ်က ကြိုးစားလိုက်မှ တော်မည် " ဟု ဖြစ်ပေါ်လာမည့် ကိစ္စကို ဆင်ခြင်ကာ လွန်စွာ အားထုတ်ပြန်

လေသည်၊ ဤသို့လျှင် အမှုကိစ္စကို စွဲ၍ ဝီရိယနှစ်မျိုး ဖြစ်ပေါ်လာလေသည်။

( ၂) လမ်းခရီးကို စွဲ၍လည်း ဤနည်းပင်တည်း၊ (က) ခရီးသွားခဲ့ရပြီ၊ (ခ) ခရီးသွားစရာရှိသည် ဟုဆိုပါ ၊ (၃) မကျန်းမာမှုကို စွဲ၍လည်း ဤနည်းပင်တည်၊ (က)မကျန်းမမာဖြစ်၍ ယခု ကင်းပျောက်ခဲ့ပြီ၊ (ခ) မကျန်း မမာစ ပြုလာပြီ,သည့်ထက် တိုးလာလျှင် အားမထုတ်နိုင်ဘဲ ရှိတော့လတ္တံ့ဟု ဆိုပါ၊ (၄) ဆွမ်းဘောဇဉ်ကို စွဲ၍လည်း ဤနည်းပင်တည်း၊ (က)ဆွမ်းလုံလောက်စွာ မရ , သို့သော် မျှတသဖြင့် ခန္ဓာကိုယ် ပေါ့ပါး၍ ထိုထို အမှု၌ ခံ့ညား၏, အားထုတ်လိုက်မှ တော်မည်၊ (ခ) ဆွမ်းလုံလောက်စွာ ရ၏, ယခုလို ဘောဇန သပ္ပါယ ဖြစ်သည့်အခါ ကြိုးစားမှ တော်မည်၊ ဤသို့ ပြောင်းလွဲ၍ ဆိုပါ၊ ဤရှစ်ပါးသည်ပင် ယောနိသောမနသိကာရ မရှိသဖြင့် ကောသဇ္ဇအားကြီးသူမှာ ပျင်းရိခြင်း၏ အကြောင်းဝတ္ထုများ ဖြစ်ရပြန်သည်။ [သုတ်ပါထေယျ- သံဂီ ကိသုတ်။]

[ဆောင်] မယိမ်းမယိုင်,ခိုင်စေသောအား, ထောက်တိုင်ကျားသို့, တရားယှဉ်ဖက်, ကြွကြွတက်ရန်, အားအံ ခဲသဖြင့်, ရဲရင့်သသူ, ဖြစ်ကြောင်းဟူ, မှတ်ယူ ဝီရိယသဘောတည်း။

••••••••••••••••••

အဆင့်ဆင့်သော ပီတိ (၅) မျိုး

ပီတိ။ ။ပိဏေတိ ဣတိ ပီတိ သာ, သမ္ပိယာယနလက္ခဏာ၊ ကာယစိတ္တပီဏနရသာ, ဩဒဂျပစ္စုပဋ္ဌာနာ၊ ခုဒ္ဒိကခဏိကော-က္ကန္တိ-ကုဗ္ဗေဂါ ဖရဏာတိ စ။

ဝစနတ္ထ ,လက္ခဏာ။ ။[ပိဏေတိ- ကိုယ်စိတ်နှစ်ပါးကို နှစ်သက် ပြည့်ဖြိုး ပွားတိုးစေတတ်၏ ၊ ဣတိ- ထို့ကြောင့်၊ ပီတိ-မည်၏၊ သာ-ထို ပီတိသည်၊ သမ္ပိယာယနလက္ခဏာ-အာရုံ၌ နစ်သက်ခြင်းအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ကာယစိတ္တပီဏနရသာ-ကိုယ်စိတ်နှစ်ပါးကို နှစ်သက် ပြည့်ဖြိုး ပွားတိုးစေခြင်း ကိစ္စ ရှိ၏၊] ပီတိဖြစ်သောအခါ ပွင့်လန်းသော ပဒုမ္မာကြာပန်းကဲ့သို့ စိတ်ဓာတ်လည်း ပွင့်လန်းတိုးပွား၏၊ ရွှင်လန်းသော စိတ်ကြောင့် ပဏီတစိတ္တဇရုပ်များက တစ်ကိုယ်လုံး ပျံ့သဖြင့် ခန္ဓာကိုယ်လည်း စည်ပင်တိုးပွားသည်။

ဆက်ဦးအံ့ –တောစခန်း၌ မောပန်းသော ခရီးသွားယောကျ်ားသည် ခရီး ရင်ဆိုင်လာသူအား ရေရရှိမည့် နေရာကို မေးလေသော်," ဤခရီးခဲ အလွန်မှာ စိမ်းစို ညိုမှိုင်းသော တောအုပ်ကြီးဝယ် ဇတဿရရေအိုင်ကြီး ရှိပါသည် "ဟု ပြောအပ်သော စကားဖြင့် အားရ နှစ်သက်ခြင်း, ဆက်လက်သွားလေရာ ရေချိုးရာမှ လာလတ်၍ စိုစွတ်သောအဝတ်, ဆံပင်ရှိသူတို့ကို မြင်ရသဖြင့် အားရ နှစ်သက်ခြင်း, ဇာတဿရ ရေအိုင်အနီးက မြိုင်ကြီးနှင့်တကွ ကြာအမျိုးမျိုးတို့ု တန်ဆာဆင်လျက် ကြည်လင်သောရေများကိုပါ ဆက်ကာ ဆက်ကာ တွေ့မြင်ရ၍ နှစ်သက်ရွှင်လန်းခြင်းသည် ဤပီတိပင်ဖြစ်၏၊ ဤသို့လျင် " ဘယ်အာရုံ၌ မဆို နှစ်သက်ရွှင်လန်းသော အမူအယာကို ပီတိလက္ခဏာ" ဟု မှတ်ပါ။

ပစ္စုပဋ္ဌာန်။ ။ဩဒဂျပစ္စုပဋ္ဌာနာ-တက်ကြွသည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏။] ...ရေပေါ်၌ ဗူးတောင်းပေါ်သကဲ့သို့ ပေါ်လွင်တက်ကြွသော သဘောတရားဟု ယောဂီတို့ဉာဏ်တွင် ထင်လာသည် ၊ ..နှစ်သက်ရွှင်ပျို့ ပီတိဆို့နေသောအခါ တပြုံးပြုံး တရွှင်ရွှင် အလွန်ပေါ်လွင်နေပုံကို မြင်ရသဖြင့် ဤ ဩဒဂျ ပစ္စုပဋ္ဌာန်သဘော ထင်ရှား၏။

[ဆောင်] ခရီးမောပန်း,တောစခန်း၌,အေးချမ်းကြည်လင်,ရေကိုမြင်၍,ကြည်ရွှင်သောလား,ကိုယ်စိတ်များ ကို, တိုးပွားစေလျက်, လွန်နှစ်သက်, မှတ်ချက် ပီတိသဘောတည်း။

( ၁) ခုဒ္ဒိကာ= ကြက်သီးမွေးညှင်းထရုံမျှ သေးငယ်စွာဖြစ်သော ပီတိ။

(၂) ခဏိကာ= လျှပ်စစ်ပြက်သလို ခဏခဏဖြစ်၍ ခဏခဏပျက်သော ပီတိ။

(၃) ဩက္ကန္တိကာ= ဒီရေလှိုင်းလုံးကြီး လွှမ်းဖုံးလာသကဲ့သို့ တစ်ကိုယ်လုံး၌ လွှမ်းဖုံးသက်ရောက်သော ပီတိ။ (၄) ဥဗ္ဗေဂါ = မိမိအဟုန်ဖြင့် ကိုယ်ကို အထက်သို့ မြှောက်နိုင်သော ပီတိ။

(၅) ဖရဏာ= ဥဗ္ဗေဂါထက် ကြာရှည်စွာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့သော ပီတိ။

[ ဆောင်] ကြက်သီးမွေးညှင်း, ရွှင်စေခြင်းဟု, နည်းမင်းဖြစ်ဘိ, ထိုပီတိမှာ, ခုဒ္ဒိကာတည်း၊ မကြာဖြစ်ပျက်, လျှပ်စစ်ထွက်သို့ , ဆက်ဆက်ခဏ, ဖြစ်တုံကလျှင်, ခဏိကာတွင်၏၊ မြစ်ပြင်လှိုင်းလုံး,အိကာဖုံးသို့ ,ကိုယ်လုံးသက်ကျ, ဖြစ်ပြီးမှလျှင်, ကွယ်ပလေဘိ, ဩက္ကန္တိမှတ်၊ တစိကဲမောက်, ကိုယ်လုံးမြောက် အောင်, ပင့်မြှောက်နိုင်ပေ, ပီတိတွေမှာ, ဥဗ္ဗေဂါတဲ့၊ ကဲသာဆင့်ပေါင်း, ချိန်ခါညောင်းအောင်, ဆီ လောင်းဝါဂွမ်း, ပမာလွှမ်းလျက်, လန်းဆန်းစိမ့်စိမ့်, ကိုယ်လုံးဖိမ့်မျှ, ဆိမ့်အိမ့်သည်မှာ, ဖရဏာသည်...ငါးဖြာပီတိသဘောတည်း။

••••••••••••••••••••

ဆန္ဒ။ ။ဆန္ဒေတိ ဣတိ ဆန္ဒော သော, ကတ္တုကမျတာလက္ခဏော၊ အာလမ္ဗနပရိယေသန-ရသော အတ္ထိကျူပဋ္ဌာနော။ အာလမ္ဗနပဒဋ္ဌာနော, စေတောဟတ္ထပ္ပသာရဏံ။

ဝစနတ္ထ , လက္ခဏာ။ ။[ဆန္ဒေတိ အာရုံကို လိုလားတောင့်တတ်၏၊ ဣတိ- ကြောင့် ၊ ဆန္ဒော- မည်၏၊ သော- ထိုဆန္ဒသည် ၊ ကတ္တုကမျတာလက္ခဏော-အာရုံပြုလိုသည်၏ အဖြစ်ဟူသော လက္ခဏာရှိ၏၊] ဆန္ဒ သဒ္ဒါသည် "ဆန္ဒောကာမော ကာမစ္ဆန္ဒော" စသည်၌ တဏှာကို ဟော၏၊ "ဆန္ဒံ ဇနေတိ ဝါယမတိ" စသည်၌ ဝီရိယကိုဟော၏ ၊ ဤ၌ကား ကုသိုလ်, အကုသိုလ်အရာဖြစ်စေ, အဗျာကတအရာဖြစ်စေ အာရုံကို လိုလား တောင့်တခြင်းကို ဟောသည် ကတ္တုကမျတာဝယ် ကတ္တု၌ ကရဓာတ်သည် အလုံးစုံသောဓာတ်နက်၌ နှံ့၏ ။ ထို့ကြောင့် မြင်မှုကိုပြုလိုခြင်း, ကြားမှုကို ပြုလိုခြင်း, နမ်းမှုကို ပြုလိုခြင်း, အရသာခံစားမှုကို ပြုလိုခြင်း, ထိမှု ကို ပြုလိုခြင်း, သိမှုကို ပြုလိုခြင်းဟု အာရုံခြောက်ပါးလုံးကို အာရုံပြုလိုခြင်းနှင့် ဆိုင်၏၊ ထိုသို့ အာရုံပြုလိုခြင်းသည် ဆန္ဒ၏လက္ခဏာတည်း ။

ရသ။ ။[အာလမ္ဗနပရိယေသနရသော-အာရုံကို ရှာမှီးခြင်းကိစ္စ ရှိ၏။] အလိုရှိလျင် ရှာမှီးရမြဲဖြစ်ရကား လိုလားအပ်သောအာရုံကို ရှာမှီးခြင်းသည် ဆန္ဒ၏ ကိစ္စတည်း၊ လောက၌ လောဘနေယျအာရုံ ကာမဂုဏ်ကို ရှာမှီးမှုမှတစ်ပါး တရားရှာမှု, ပညာရှာမှု, နိဗ္ဗာန်ကို လိုချင်တောင့်တမှုများသည် ဤဆန္ဒ၏သဘော ကိစ္စချည်း တည်း၊ လောဘနေယျအာရုံ ကာမဂုဏ်ကို အလိုရှိရာ၌ကား လောဘက ပြဋ္ဌာန်းသောကြောင့် လောဘ သဘောသို့ ဆန္ဒက လိုက်လျောရသည်၊ လောဘနေယျ အာရုံပင် ဖြစ်စေကာမူ သူတစ်ပါးအား လှူဒါန်းလို ချီးမြှောက်လို၍ ပစ္စည်းဥစ္စာကို ရှာဖွေသိမ်းဆည်းရာ၌ ငြိကပ်တွယ်တာ တဏှာသဘော မပါသူတို့အတွက်မှာ လောဘသဘောမဟုတ်, ဆန္ဒသဘောသာ ဖြစ်သည်၊ ဥပမာ- မြှားပုံကြီးကို အနားထား၍ မြားပစ်သောလေး သမားသည် မြားတို့ကို ကောက်၍ ကောက်၍ ယူသော်လည်း ထိုမြားတွေအပေါ်၌ ငြိကပ်တွယ်တာမှုသဘော မပါသကဲ့သို့တည်း ။

ဋီကာကျော်။ ။ဒါနဝတ္ထုဝိသဇ္ဇနဝသေန ပဝတ္တကာလေပိ စေသ ဝိသဇ္ဇိ တဗ္ဗေန တေန အတ္ထိကောဝ ခိပိတဗ္ဗဥသူနံ ဂဟဏေ အထ္ထိကော ဣဿာသော ဝိယ။

-[အနက်ကို ထိုနိဿယ၌ ရှုပါ။]

ပစ္စုပဋ္ဌာန် ,ပဒဋ္ဌာန်။ ။[အတ္ထိကျုပဋ္ဌာနော-အာရုံကို အလိုရှိသည်၏ အဖြစ်ဖြင့် ယောဂီတို့ ဉာဏ်တွင် ထင်လာ၏၊ အာလမ္ဗနပဒဋ္ဌာနော-အာရုံလျင် နီးစွာသော အကြောင်းရှိ၏၊ စေတာဟတ္ထပ္ပသာရဏံ-အာရုံကိုယူ ခန်း၌ လက်လှမ်းနေပုံကဲ့သို့ ဖြစ်၏၊ အာရုံကို လိုလားတောင့်တမှုသည် စိတ်၏ အာရုံဘက်သို့ လက်လှမ်းနေ ပုံနှင့် တူသည်"ဟူလို၊ ဤစကားကား ဆန္ဒ၏ လိုလားတောင့်တပုံ ထင်ရှားစေရန် စိတ်၌ လက်မရှိသော်လည်း ဆန္ဒကို လက်ကဲ့သို့ တင်စား၍ ဆိုအပ်သော "တဒ္ဓမ္မူပစာ" စကား, စကားကြီး စကားကျယ် အလွန်အကျွံ ပြောဆိုအပ်သော

ဥပရိက္ချာ စကား, ဆန္ဒ၏ အာရုံလိုလားမှုကို လက်လှမ်းပုံသဏ္ဌာန်လုပ်၍ သရုပ်ပေါ်အောင်ပြသော "ရူပက အလင်္ကာ-သမာဓိအလင်္ကာ" စကားမျိုး ဖြစ်သည်။

[နိယာမ်] နိသတ္တိကို , သတ္တိရှိစွာ, ကျမ်း၌လာမူ ဥပစာ, ဥပရိက်, ကျမ်းရိပ်, ထောက်ဆ, ရူပက။

အညသမာန။ ။အညေသံ+သမာနာ, အညသမာနာ၊ အညေသံ-တစ်ပါးသော တရားတို့နှင့်၊ သမာနာ- သဘောတူသော စေတသိက်တို့ ၊–ဥဒ္ဓစ္စစသော စေတသိက်တို့သည် အကုသိုလ်သဘောတစ်မျိုးသာ ရှိ၏၊ သဒ္ဓါစသော စေတသိက်တို့သည် သောဘနသဘော တစ်မျိုးသာရှိ၏၊ အခြားသောတရားတို့၏ သဘောနှင့် မလိုက်လျောနိုင် သဘောမတူနိုင်ကြ ၊ ဤဖဿစသော စေတသိက်တို့ကား ထိုဥဒ္ဓစ္စ သဒ္ဓါစသည်တို့ကဲ့သို့ တစ်ဖက်သတ်သဘောမျိုး မဟုတ်, အခြားတရားတို်နှင့် လိုက်လျောတူမျှနိုင်ကြ၏ ၊ ထို့ကြောင့် သောဘနကို ထောက်စာလျှင် အသောဘနတို့သည် အညမည်၏၊ ထိုအညမည်သော အသောဘနတို့နှင့် လိုက်လျောညီ မျှနိုင်၏၊ အသောဘနကို ထောက်စာလျှင် သောဘနတို့သည် အညမည်၏၊ ထိုအညမည်သော သောဘန တို့နှင့်လည်း လိုက်လျောညီမျှနိုင်၏၊ ဥပမာ- နှစ်ဖက်ကွဲ၍ ရန်ပွဲဖြစ်နေရာဝယ် ဟိုဘက်လူတို့နှင့်လည်း သဘောတူ ,သည်ဘက်လူနှင့်လည်း သဘောတူလျက် နှစ်ဖက်လုံးမှာ လိုက်လျောနိုင်သူကဲ့သို့တည်း။

ဋီကာကျော်။ ။သောဘနာပေက္ခာယ ဣတရေ, ဣတရာပေက္ခာယ သောဘနာ အညေ နာမ၊ န ဥဒ္ဓစ္စသဒ္ဒါဒယော ဝိယအကုသလာဒိ သဘာဝါယေဝါတိ အညသမာနာ။ ...[အနက်ကို ထို နိဿယ၌ရှုပါ။]

ဝါဒန္တရများ။ ။အချို့ကား–"သောဘနနှင့်ယှဉ်ခိုက် အသောဘနမှတစ်ပါး သောဘနနှင့်တူ၍, အသော ဘနနှင့် ယှဉ်ခိုက်၌လည်း သောဘနမှတစ်ပါး အသောဘနနှင့်တူသောကြောင့် အညသမာနမည်၏" ဟု ယူ ပြီးလျှင် " သောဘနနှင့် ယှဉ်ခိုက် အသောဘနသည် အည၏ အပါဒါန်, အသောဘနနှင့်ယှဉ်ခိုက် သောဘနသည် အည၏ အပါဒါန်" ဟုဆိုကြ၏၊ ဤအယူ၌ "ယှဉ်ခိုက်"ဟူသော စကားသည် ကျမ်းရင်းအာဘော် မကျ ချေ၊ ကျမ်းဆရာသည် ယှဉ်ခိုက် မယှဉ်ခိုက်ကို စွဲ၍ " အည"ဟူသော နာမည်ကို ပေးခြင်းမဟုတ်၊ ပြခဲ့သည့် အတိုင်း တရားတစ်မျိုးကိုထောက်လျှင် အခြားတမျိုး၏ "အည" မည်ကြောင်း ရည်ရွယ်ရင်း ဖြစ်သည်၊ ယှဉ် ခိုက်သာ ယူလျှင် သောဘနနှင့် ယှဉ်ခိုက်ဝယ် အသောဘနသာ ကြွင်းကျန်သည် မဟုတ်သေး, သောဘန တစ်ခုမှာ ယှဉ်ခိုက် မယှဉ်နိုင်သော အခြားသောဘနတွေ အများရှိလေသေး၏၊ ထို့ကြောင့် "ယှဉ်ခိုက်" ဟူ သော စကားအသုံးသည် လုံးလုံး မသင့်။

တစ်နည်း။ ။အချို့က "သောဘနယှဉ်ခိုက် သောဘနမှတစ်ပါး အသောဘနနှင့်တူ , အသောဘန

ယှဉ်ခိုက် အသောဘနမှတစ်ပါး သောဘနနှင့်တူ၏" ဟု ယှဉ်ရာစိတ်ကို အပါဒါန်ခံ၍ ပြောင်းပြန်ဆိုပြီးလျှင် မိမိတို့ တိုက်တာ၌ နေခိုက် အခြားတိုက်တာ ပုဂ္ဂိုလ်များနှင့် ဆက်ဆံလေ့ရှိသူကို " အညသမာန်းဦးပဉ္စင်း" ဟု ဆရာတော်ကြီးများ ခေါ်စမှတ် ပြုကြသကဲ့သို့တည်းတဲ့၊ "ယှဉ်ခိုက်" ဟူသောစကားမှစ၍ မှားယွင်း၏၊ နှစ် ဖက်လုံးနှင့် ဆက်ဆံနိုင်သော ဦးပဉ္စင်းဖြစ်၍ " အညသမာန်း ဦးပဉ္စင်း" ဟု ဆရာတော်ကြီးများက သုံးနှုန်းကြသည်မှာမူ လမ်းမှန်ပင်တည်း။

•••••••••••••••••

အကုသလရာသိအဖွင့်

မောဟ။ ။ မုယှတီတိ မောဟော နာမ, ဧသော အညာဏလက္ခဏော ၊ အာလမ္ဗသဘာဝစ္ဆာဒ-ရသောန္ဓကာရုပဋ္ဌာနော ၊ အယောနိသောမနသိကာရ-ပဒဋ္ဌာနောတိ သညိတော ။

ဝစနတ္ထ ,လက္ခဏာ။ ။[မုယှတီတိ-အာရုံ၌ တွေဝေတတ်သည်၏အဖြစ်ကြောင့်၊ မောဟော နာမ-မည်၏၊ ဧသော-ဤမောဟသည်၊ အညာဏလက္ခဏော-ဉာဏ်၏ ဆန့်ကျင်ဘက်လက္ခဏာ ရှိ၏ ၊] –မုယှတိအရ အာရုံ၌ တွေဝေခြင်းဟူရာ၌ ဝိစိကိစ္ဆာသဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံ ၏ အမှန်သဘောကို မသိခြင်းပင်တည်း ၊ ထို့ကြောင့် မုယှတိကို "န ဗုဇ္ဈတိ" ဟုဋီကာတို့ ဖွင့်ကြသည်၊ ဘဝင် ကျ၍ အိပ်ပျော်နေသလို မသိရုံသက်သက် မဟုတ်,ဉာဏ်သည် အမှန်ကို သိသကဲ့သို့ မောဟသည် အမှားကို သိ၏ ၊ ထို့ကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း လက္ခဏာရှိသည် ။

ရသ ,ပစ္စုပဋ္ဌာန်။ ။[အာလမ္ဗသဘာဝစ္ဆာဒရသော-အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်းကိစ္စ ရှိ၏၊ အန္ဓကာ ရဥပဋ္ဌာနော-ပညာစက္ခုကို ကန်းအောင်ပြုတတ်သော တရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏ ။]အာရုံ၏ ဟုတ်မှန်သောသဘောဟူသည် ဒုစရိုက်တရားတို့၏ မကောင်းဆိုးဝါးသော သဘော, သုစရိုက်တို့၏ ကောင်း သောသဘော, ဒုက္ခသစ္စာစသည်တို့၏ သဘော, အတိတ်ဘဝနှင့် အနာဂတ်ဘဝတို့ ရှိခြင်းသဘော, ပဋိစ္စ သမုပ္ပာဒ်၏သဘောစသည်တည်း ၊ ဤသဘောမျိုးကိုမသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းသည် မောဟ၏ ကိစ္စတည်း ၊ ဤဖုံးလွှမ်း ကာကွယ်မှုကြောင့်ပင် ဒုစရိုက်သဘောကို သိပြီးသော ပညာရှိဖြစ်စေကာမူ မောဟ ဝင်လာသောအခါ ထိုဒုစရိုက်တို့၏ အပြစ်ကို မမြင်နိုင်ဘဲ ပြုမှားမိကြလေသည် ၊

ထို့ကြောင့် "ဤမောဟသည် ရှိပြီးသော ပညာစက္ခုကို ကန်းအောင်ပြုတတ်သောတရား" ဟု ယောဂီတို့ ဉာဏ်မှာ ထင်လာသည် ။

ပဒဋ္ဌာန်။ ။[အယောနိသောမနသိကာရပဒဋ္ဌာနောတိ-အယောနိသောမနသိကာရလျှင် နီးစွာသောအ ကြောင်း ရှိ၏ ဟူ၍ ၊ သညိတော-မှတ်အပ်၏ ။]- "အယောနိသော ဘိက္ခဝေ မနသိကရောတော အနုပန္နာ စေဝ အကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ" နှင့်အညီ မသင့်မတင့် နှလုံးသွင်းသူ၏ သန္တာန်၌ အကုသိုလ်တရား တိုးပွားမြဲ ဖြစ်ရကား အယောနိသောမနသိကာရသည် မောဟ၏ နီးစွာသော အကြောင်းတည်း ။

မှတ်ချက်။ ။ပဒဋ္ဌာန် မပါသော အကုသိုလ်အရာ၌ ဤအယောနိသောမနသိကာရကို ပဒဋ္ဌာန်ဟု မှတ်ပါ၊ မောဟနှင့် စပ်၍ အခြား မှတ်သားဖွယ်များကို ပစ္စည်းပိုင်း အဝိဇ္ဇာပုဒ်၌ ရှုပါ ။

[ဆောင်] သဘောမှန်ရာ, ဖုံးကွယ်ထား၍, ပညာစက္ခု, ကန်းအောင်ပြုလျှင်း, မိုက်မဲခြင်း, မယွင်း မောဟ သဘောတည်း ။

အဟိရိက။ ။န ဟိရီယတိ အဟိရိကော ၊ မရှက်တတ်သောပုဂ္ဂိုလ်, စိတ်, သမ္ပယုတ်တရားစုတည်း ၊ အဟိရိကဿ ဘာဝေါ (အဟိရိက္ကံဟု ဖြစ်သင့်လျက် က တစ်လုံးကို ချေ ၊) "အဟိရိကံ" ဟု ဖြစ်၏ ၊ဤအဟိ ရိကသည် မကောင်းမှုကို မစက်ဆုပ်ခြင်း အဇိဂုစ္ဆနလက္ခဏာ, တစ်နည်း-မရှက်ခြင်း အလဇ္ဇာလက္ခဏာရှိ၏ ၊ မကောင်းမှု ဒုစရိုက်မည်သည် သူတော်ကောင်းတို့ သဘောဖြင့် စဉ်းစားကြည့်လျှင် စက်ဆုပ်ဖွယ်သာတည်း ၊ ဒုစရိုက်ကို ပြုမိပြန်လျှင် ပညာရှိ သူတော်ကောင်းတို့ အလယ်မှာ ရှက်ဖွယ်ကောင်း၏ ၊ သို့သော် ရွာဝက် မစင်ဗွက်ကို မစက်ဆုပ် မရွံရှာနိုင်ဘဲ မစင်ဗွက်ထဲ၌ လူးကာ လှိမ့်ကာ စားကာ အိပ်ကာ လွန်စွာပျော်သကဲ့ သို့, ထို့အတူ အဟိရိက ကိန်းနေသူလည်း စက်ဆုပ်ရွံရှာ ရှက်စရာ ဒုစရိုက်တွေကို မောဟ၏ ကွယ်ဝှက်မှု ကြောင့် မရှက်သာ မရွံသာ လွန်စွာ နှစ်သက်လေသည် ။ [တောဝက်က မစင်မကြိုက်၍ ရွာဝက်ကို ဥပမာပြသည် ။]

[ဆောင်] ရွာသူတို့ဝက်, မစင်ဗွက်ကို, မစက်ဆုပ်အား, မရှက်အားသို့, များဒုစရိုက်, ပြုဖို့ချက်မှ, မရှက် သသူ, ဖြစ်ကြောင်းဟူ, မှတ်ယူ အဟိရိကတည်း ။

အနောတ္တပ္ပ။ ။န ဩတ္တပ္ပတီတိ အနောတ္တပ္ပံ-မကြောက်တတ်သောသဘောတရားတည်း၊ ဤအနောတ္တပ္ပသည် မကောင်းမှုကို မကြောက်မရွံ့ခြင်း အသာရဇ္ဇလက္ခဏာ, တစ်နည်း-မထိတ်လန့်ခြင်း အနုတ္တာသလက္ခ ဏာရှိ၏ ၊ မကောင်းမှုကို ပြုမိလျှင် ကိုယ့်ကိုယ်ကိုပင် မကြည်ညိုနိုင်ဘဲ စွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး, သူတစ်ပါးတို့က စွပ်စွဲကဲ့ရဲ့ခြင်းဟူသော ပရာနုဝါဒဘေး, မင်းပြစ် မင်းဒဏ်ခံရခြင်းဟူသော ဒဏ္ဍဘေး, ထို ဘေးတို့မှ အတိမ်းအရှောင် အပုန်းအကွယ် ကောင်းလှ၍ လွတ်ကင်းစေကာမူ တမလွန်၌ ခံရမည့် ဒုဂ္ဂတိ ဘေးတို့နှင့် ကြုံတွေ့ရတော့မည်ဖြစ်၍,စင်စစ် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှ၏၊ သို့သော် မီးတောက် မီးလျှံကို ပိုးပရန်ကောင်ကလေးတွေက (ရွှေတောင်ကြီး ထင်လေသလား မသိ) အတင်းတိုးဝှေ့ကြသကဲ့သို့, ထို့အတူ အနောတ္တပ္ပ ကိန်းသူများလည်း ကြောက်ရွံ့ဖွယ် ဒုစရိုက်တွေကို မကြောက်မရွံ့ဘဲ ရဲရဲကြီး ပြုဝံကြသည် ။

[ဆောင်] ပိုးပရန်မျိုး, မီးလျှံတိုးသို့, အကျိုးကိုထောက်, ရွံ့ကြောက်စဖွယ်,သွယ်သွယ် ဒုစရိုက်, ပြုဖို့ချက် မှ, သက်သက်မရွံ့, အရဲစွန့်, ပြုဝံ့ နောတ္တပ်တည်း ။

ဥဘော ဣမေ အဇိဂုစ္ဆ-အနုတ္တာသနလက္ခဏာ ၊ ပါပါနံ ကရဏရသာ, အသင်္ကောစနုပဋ္ဌာနာ ၊ အတ္တပရအဂါရဝ-ပဒဋ္ဌာနာတိ သညိတာ ။

ဥဘော -နှစ်ပါးကုန်သော ၊ ဣမေ-ဤ အဟိရိက အနောတ္တပ္ပတို့သည် ၊ အဇိဂုစ္ဆ အနုတ္တာသနလက္ခဏာ- ဒုစရိုက်တို့မှ မစက်ဆုပ်ခြင်း, မထိတ်လန့်ခြင်းလက္ခဏာ ရှိကုန်၏ ၊ ပါပါနံ-တို့ကို ၊ ကရဏရသာ-ပြုခြင်းကိစ္စ ရှိကုန်၏ ၊ အသင်္ကောစနဥပဋ္ဌာနာ-မကောင်းမှုမှ မတွန့်မဆုတ်သော တရားတွေဟု ယောဂီတို့ ဉာဏ်တွင် ထင်လာကုန်၏ ၊ အတ္တပရအဂါရဝဒဋ္ဌာနာတိ-မိမိ သူတစ်ပါးကို (အစဉ်အတိုင်း)မလေးစားခြင်းလျှင် ပဒဋ္ဌာန်ရှိ ကုန်၏ ဟူ၍ ၊ သညိတာ-မှတ်အပ်ကုန်၏ ၊ [ဤအဟိရိက အနောတ္တပ္ပတို့၏ ရသ, ပစ္စုပဋ္ဌာန်တို့ကို ဟိရီ ဩတ္တပ္ပတို့မှ ပြန်၍သိရမည် ဖြစ်သောကြောင့် ဟိရိ ဩတ္တပ္ပကျမှ သိရလတ္တံ့ ။]

•••••••••••••••

ဥဒ္ဓစ္စ။ ။ ဥဒ္ဓတဘာဝေါ ဥဒ္ဓစ္စံ, အဝူပသမလက္ခဏံ ၊ အနဝဋ္ဌာမရသံ ဘန္တ-ဘာဝပစ္စုပဋ္ဌာနကံ ။

ဝစနတ္ထ။ ။[ဥဒ္ဓတဘာဝေါ-အထက် အထက်သို့ လွင့်တက်သော စိတ်၏ ဖြစ်ကြောင်းသည် ၊ ဥဒ္ဓစ္စံ-မည် ၏ ။] ဥဒ္ဓံ ဥဒ္ဓံ+ဟနတီတိ ဥဒ္ဓတံ, ဥဒ္ဓတဿ ဘာဝေါ ဥဒ္ဓစ္စံ ၊ ဥဒ္ဓံ ဥဒ္ဓံ-အထက် အထက်သို့ ၊ ဟနတိ (ဂစ္ဆတိ)လွင့်တက်သကဲ့သို့ ဖြစ်တတ်၏ ၊ ဣတိ-ကြောင့် ၊ ဥဒ္ဓတံ-မည်၏ ၊ ဤဝိဂ္ဂဟဖြင့် စိတ်ကိုရသည်။ [ဥ+ဟန-တ၊ ဟန ကို ဓ, ဒွေးဘာဝဖြင့် ပြီးစေ ။] ဥဒ္ဓစ္စနှင့်ယှဉ်သော စိတ်သည် အာရုံတစ်ခုပေါ်၌ ငြိမ်သက်စွာ မတည်နိုင်၊ အထက် အထက်သို့ လွင့်ကာ လွင့်ကာ တက်နေသကဲ့သို့ ဖြစ်၏ ။

လက္ခဏ။ ။[အဝူပသမလက္ခဏံ-မငြိမ်သက်ခြင်းလက္ခဏာ ရှိ၏ ။]လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဉ်၏ မငြိမ်သက်ခြင်းကဲ့သို့, အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ လက္ခဏာတည်း ။

ရသ , ပစ္စုပဋ္ဌာန်။ ။[အနဝဋ္ဌာနရသံ-အာရုံတစ်ခု၌ မရပ်မတည် လည်ခြင်းကိစ္စ ရှိ၏ ၊ ဘန္တဘာဝပစ္စုပဋ္ဌာ နကံ-လှုပ်ရှားသောစိတ်၏ ဖြစ်ကြောင်းတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏ ။]တံခွန်တိုင်၌ ဆွဲထား အပ်သော တံခွန်သည် လေတိုက်တိုင်း လွင့်ကာ လွင့်ကာ ကောင်းစွာ မတည်သကဲ့သို့, အာရုံတစ်ခုပေါ်၌ ကောင်းစွာ မတည်ခြင်းသည် ဥဒ္ဓစ္စ၏ ကိစ္စတည်း ၊ ဤ အနဝဋ္ဌာနကိစ္စဖြင့် ဥဒ္ဓစ္စ၏ ဆွပေးမှုကြောင့် ယှဉ်ဖက် ဟူသမျှတို့ အာရုံကို တည်တံ့စွာ မယူနိုင်ကြချေ ၊ ဧကဂ္ဂတာခေါ် သမာဓိသော်မှလည်း ဥဒ္ဓစ္စနှင့် ယှဉ်ခိုက်မှာ အာရုံကို ယူမိရုံမျှသာ တည်နိုင်၏ ၊ အခြားသော ယှဉ်ဖက်စိတ်များ၌ ယှဉ်ရသလို ကျကျနန စိတ်အစဉ် တည် တံ့အောင် မယူနိုင်ချေ ၊ ထို့ကြောင့် ဥဒ္ဓစ္စသည် "ပြာပုံတစ်ခုဝယ် ကျောက်ခဲကို ပစ်ချလိုက်သည့်အခါ ထောင်း ကနဲ ပြာတွေ လွင့်လာသကဲ့သို့, စိတ်၏ လှုပ်လှုပ်ရှားရှား လွင့်ပါးကြောင်းတရား" ဟု ထင်လာသည်။ [မောဟ စသော ဤလေးပါးကို သဗ္ဗာကုသလသာဓာရဏဖြစ်၍ ရှေ့ဆုံးက ထားသည်။]

[ဆောင်] လေဟုန်အရှိန်, ရေမငြိမ်သို့ , မငြိမ်မသက်, အထက်ထက်၌, လွင့်တက်တတ်ရှောင်း, စိတ်ဖြစ် ကြောင်း, မကောင်း ဥဒ္ဓစ္စသဘောတည်း။

••••••••••••••••

လောဘ။ ။ လဗ္ဘတီတိ လောဘော ဧသော, အာလမ္ဗဂ္ဂါဟလက္ခဏော ၊ အဘိသင်္ဂရသော အပရိ-စ္စာဂပစ္စုပဋ္ဌာနကော ၊ သံယောဇနီယဓမ္မေသု, အဿာဒိက္ခပဒဋ္ဌာနော ။

ဝစနတ္ထ , လက္ခဏာ။ ။[လုဗ္ဘတီတိ-တပ်မက်ခင်မင်, လိုချင်တတ်သည်၏ အဖြစ်ကြောင့် ၊ လောဘော- မည်၏ ၊ ဧသော-ဤလောဘသည် ၊ အာလမ္ဗဂ္ဂါဟလက္ခဏော-အာရုံယူခြင်းလက္ခဏာ ရှိ၏ ။]-"အာရုံယူခြင်း" ဟူရာ၌ ယူကာမတ္တမဟုတ်,လောဘ၏ အကြီးအငယ်အလိုက် ထိုက်သည်အားလျော်စွာ တမ်းတမ်းစွဲ ငမ်းငမ်း တက် တပ်မက်ခင်မင် လိုချင်သော "အယူ" မျိုးတည်း ၊ ထိုလောဘ၏ အာရုံယူပုံကို မျောက်နှဲစေးက မျောက် ကို ဖမ်းထားပုံဖြင့် ဥပမာပြသည် ။

ချဲ့ဦးအံ့ –သစ်ပင်မှ ထွက်ကျနေသော "မျောက်နှဲစေး" ဟု ခေါ်အပ်သော သစ်စေးပုံ၏ အနီးသို့ အထူးအ ဆန်းမြင်လျှင် ဆော့ချင်သော မျောက်တစ်ကောင် ရောက်လာလေရာ, ထိုသစ်စေးပုံကို လက်တစ်ဖက် ဖြင့် နှိုက်စမ်း၏ ၊ သစ်စေးပုံက ထို လက်ကို စေးကပ် ဖမ်းယူထားသည် ၊ ပဌမလက် ကွာအောင် အခြား လက်တစ်ဖက်ဖြင့် ခွာပြန်၏ ၊ ထိုလက်ကိုလည်း စေးကပ်ထားပြန်သည် ၊ လက်နှစ်ဖက်လုံး ကွာအောင် ပါး စပ်ဖြင့် ကိုက်၍ ခွာပြန်၏ ၊ ပါးစပ်ကိုလည်း စေးကပ် ဖမ်းယူထားပြန်သည် ၊ လက်ရော ပါးစပ်ပါ တစ်ခါတည်း ကွာအောင် ခြေနှစ်ဖက်ဖြင့် ဘယ်ပြန် ညာပြန် တွန်းကန်၏ ၊ ခြေနှစ်ဖက်ကိုလည်း စေးကပ် ဖမ်းယူလိုက်ပြန်သည် ၊ ထိုအခါ "ကွာလို ကွာညား" ဟု သဘောထား၍ ကိုယ်ဖြင့် ဖိလျက် ခွာလိုက်ရာ အိကနဲနေကာ ခွာ၍ မရအောင် ဖွဲ့နှောင်သကဲ့သို့ , ထို့အတူ လောဘတရားလည်း ခြောက်ပါးသော အာရုံတို့ ထိခိုက်လာလျှင် တမ်းတမ်းစွဲ, ငမ်းငမ်းတက်, မခွာရက်အောင် ဖမ်းယူလေသည်၊ [မျောက်နှဲစေးနှင့် လောဘ, မျောက်၏ လက်, ခြေ, ပါးစပ်, ကိုယ် (၆)မျိုးနှင့် အာရုံ(၆)ပါး တူ၏ ။]

ရသ , ပစ္စုပဋ္ဌာန်။ ။[အဘိသင်္ဂရသော-အာရုံ၌ လွန်စွာ ငြိကပ်ခြင်းကိစ္စ ရှိ၏၊ အပရိစ္စာဂပစ္စုပဋ္ဌာနကော- မစွန့်နိုင်သောတရားဟု ယောဂီတို့ ဉာဏ်တွင်ထင်လာ၏ ။] ဒယ်အိုးခင်း ပူပူ၌ အမဲသားတစ်ကို ပစ်ချလိုက် ရာ တစ်ခါတည်း ကပ်ငြိသကဲ့သို့, အာရုံ၌ ငြိကပ်နေခြင်းသည် လောဘ၏ ကိစ္စတည်း၊ အဝတ်၌ အမဲဆီ စွဲနေ လျှင် တော်တော်နှင့် ချွတ်လို့ မစင်ကြယ်နိုင်သကဲ့သို့, အာရုံတစ်ခု၌ စွဲလမ်းငြိကပ်နေလျှင် စွန့်ခွာနိုင်ခဲသော တရားဟု ထင်လာသည် ။

ပဒဋ္ဌာန်။ ။[သံယောဇနီယဓမ္မေသု-သံယောဇဉ်၏ အာရုံဖြစ်သောတရားတို့၌ ၊ အဿာဒိက္ခပဒဋ္ဌာနော- သာယာဖွယ်ဟု ရှုတတ်သော ဒိဋ္ဌိလျှင် နီးစွာသောအကြောင်း ရှိ၏ ။] မသာယာဖွယ် အသုဘကို သာယာ ဖွယ် သုဘဟု အယူရှိသောကြောင့်သာ လောဘတဏှာ ဖြစ်တတ်ရကား ထိုအဿဒဒိဋ္ဌိသည် လောဘ ဖြစ် ဖို့ရာ နီးစွာသော အကြောင်းတည်း ။

[ဆောင်] မျောက်နှဲစေးပုံ, မခွာတုံသို့, အာရုံငြိကပ်, မခွာလတ်ဘဲ, တပ်မက်ခင်မင်, လိုချင်တတ်သော, ဤသဘော, မှတ်လော လောဘတည်း ။

လောဘနှင့်ဆန္ဒ။ ။လောဘ၏ လိုချင်မှု၌ အစေးရှိ၏, ဆန္ဒ၏ လိုချင်မှု၌ အစေးမရှိ ၊ ထို့ကြောင့် တွယ် တာငြိကပ် တပ်မက်မှုပါသော လိုချင်မှုသည် လောဘ၏ သဘောတည်း ၊ အာရုံကို ပြုလိုရုံ ရလိုရုံမျှသည် ဆန္ဒ၏ သဘောတည်းဟု မှတ်ပါ ၊ [မျှ-ဟူသောစကားဖြင့် လောဘကဲ့သို့ "ငြိကပ်မှုမရှိ" ဟုသာ ပြ၏၊ လော ဘလောက် မထက်မြက်ဟုကား မဆိုလိုပါ ၊ အချို့အရာမှာ ဆန္ဒာဓိပတိတပ်လျက် လောဘထက်ပင် ထက် မြက်သေး၏ ၊] [အခြေပြု၌ ဆောင်ပုဒ်ပြခဲ့ပြီ ။]

ဒိဋ္ဌိ။ ။ မိစ္ဆာ ပဿတီတိ ဒိဋ္ဌိ, အဘိနိဝေသလက္ခဏာ ၊ ပရာမာသရသာ မိစ္ဆာ-ဘိနိဝေသဥပဋ္ဌာနာ ၊ အရိယာနံ အဒဿန-ကာမတာဒိပဒဋ္ဌာနာ ။

ဝစနတ္ထ။ ။[မိစ္ဆာ-မှားယွင်းသောအားဖြင့် ၊ ပဿတီတိ-ရှုတတ်သည်၏ အဖြစ်ကြောင့် ၊ ဒိဋ္ဌိ-မည်၏ ၊] "ပဿတီတိ ဒိဋ္ဌိ" သာ လိုရင်းတည်း၊ မိစ္ဆာသဒ္ဒါကား အကုသိုလ်အရာဖြစ်၍ "မှားယွင်းစွာ မြင်တတ်ကြောင်း" ထင်ရှားဖို့ရာ ထည့်စွက်အပ်သော သဒ္ဒါဖြစ်သည် ၊ မှန်၏-သဒ္ဒါတစ်ခုကို တွေ့မြင်သောအခါ ထိုသဒ္ဒါက သာမ ည ဖြစ်နေ၍ အနက်အမျိုးမျိုးကို ဟောနိုင်သော်လည်း ဟောနိုင်သမျှ အနက်ကို မယူဘဲ ထိုဌာနာနှင့် သင့်/ မသင့်ကို နှိုင်းချင့်ပြီးမှ သင့်လျော်သော အနက်ကိုသာ သုံးစွဲရသည် ။

လက္ခဏ , ရသ, ပစ္စုပဋ္ဌာန်။ ။[အဘိနိဝေသလက္ခဏာ-မသင့်မတင့် နှလုံးသွင်းခြင်းလက္ခဏာ ရှိ၏ ၊ ပရာမာသရသာ-မှားယွင်းသောအားဖြင့် သုံးသပ်ခြင်းကိစ္စ ရှိ၏၊ မိစ္ဆာဘိနိဝေသဥပဋ္ဌာနာ-မှားမှားယွင်း ယွင်း နှလုံးသွင်းခြင်းရှိသော တရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏ ။] "မသင့်မတင့် နှလုံးသွင်းခြင်း" ဟူသည် အနိစ္စကို နိစ္စဟုလည်းကောင်း, ကမ္ဘာလောကရှိ အရာတွေကို ဖန်ဆင်းသူမရှိဘဲ "ရှိ၏" စသည်ဖြင့် လည်းကောင်း, စွဲလမ်းမှတ်ထင်မှုများတည်း ၊ ထိုသို့ မှတ်ထင်သည်အားလျော်စွာ ဆိုင်ရာအာရုံကို အမှားအ တိုင်း အာရုံပြုနေခြင်းကိုပင် "မှားသောအားဖြင့် သုံးသပ်ခြင်းကိစ္စ" ဟု ဆိုသည် ။

ပဒဋ္ဌာန်။ ။[အရိယာနံ-အရိယာသူတော်ကောင်းတို့ကို ၊ အဒဿနကာမတာဒိပဒဋ္ဌာနာ-ဖူးမြင်ခြင်းငှာ အလိုမရှိသူ၏အဖြစ် အစရှိသည်လျှင် နီးစွာသောအကြောင်း ရှိ၏။] မှန်ကန်သောတရားကို ကိုယ်တိုင်သိ ပြီးသော အရိယာများကိုလည်းကောင်း, သူတော်ကောင်းတရားတို့၌ အကြားအမြင်များသော ပုထုဇဉ် သူတော်ကောင်းတို့ကို လည်းကောင်း, မပြတ်မလပ် ဖူးတွေ့ရလျှင် သူတော်ကောင်းတရားမှန်ကို မကြာ မကြာ နာခံရသဖြင့် ဒုစရိုက် သုစရိုက်ဟူသော ကံ, ထိုကံ၏ အကျိုးအပြစ်ဟူသော ဖလကို ကျနစွာ နား လည်နိုင်သော ကမ္မဿကတာဉာဏ် သမ္မာအယူများ ဖြစ်ပေါ်လာတတ်၏ ၊ အရိယာသူတော်ကောင်းတို့ကို မဖူးမတွေ့လိုဘဲ မျက်နှာလွှဲ၍နေခြင်းကား မိစ္ဆာအယူကို ယူဖို့ရာ နီးစွာသောအကြောင်းဖြစ်တော့၏ ၊ မိစ္ဆာ အယူရှိသူတို့နှင့် ပေါင်းသင်းနေထိုင်ပါမူကား ပြောဖွယ်မရှိပြီ ။ [ကြွင်းသောမှတ်ဖွယ်ကို ဝီထိမုတ်ပိုင်း မိစ္ဆာ ဒိဋ္ဌိအဖွင့်၌ ရှုပါ ။]

[ဆောင်] အမှန်တရား, ဉာဏ်အလားသို့, အမှားကိုပင်, အမှန်ထင်၍, သိမြင်ယူမှား, သဘောထား, မှတ်သားဒိဋ္ဌိတည်း ။

မာန။ ။အဟံကာရော မညတီတိ-မာနော ဥန္နတိလက္ခဏော ၊ သမ္ပဂ္ဂဟရသော ကေတု-ကမျတာပစ္စုပဋ္ဌာနကော ၊ ဒိဋ္ဌိဝိပ္ပယုတ္တလောဘ-ပဒဋ္ဌာနောတိ သညိတော ။

ဝစနတ္ထ ,လက္ခဏာ။ ။[အဟံကာရော-ငါတကားဟု, ထောင်လွှားပြုလျက် ၊မညတီတိ-မှတ်ထင်တတ်သည်၏ အဖြစ်ကြောင့် ၊ မာနော-မည်၏ ၊ ဥန္နတိလက္ခဏော-ထောင်လွှားတက်ကြွခြင်း လက္ခဏာ ရှိ၏ ၊]လောက၌ ၁-သေယျပုဂ္ဂိုလ်=မြတ်သောလူမျိုး, ၂-သဒိသပုဂ္ဂိုလ်=သူများနှင့်တန်းတူလူမျိုး, ၃-ဟီနပုဂ္ဂိုလ် =သူများအောက်ကျသောလူမျိုးဟု သုံးမျိုးရှိ၏ ၊ တစ်မျိုးတစ်မျိုး၌-(က)သေယျမာန်=ဂုဏ်, သိရ်, ဥစ္စာ, ပညာ, အဆင်းစသည်အားဖြင့် တစ်ဖက်ဖက်ကသူများထက် သာ၏ဟု မှတ်ထင်ခြင်း, (ခ)သဒိသမာန်=ထို ဂုဏ်သိရ် စသည်ဖြင့် "သင်းတို့နှင့် ဘာထူးသလဲ" ဟု မိမိကိုယ်ကို မှတ်ထင်ခြင်း, (ဂ) ဟီနမာန်="သူတို့ အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ" စသည်ဖြင့် မာန်မူခြင်း, ဤသို့ သုံးပါးပြားပြန်၏ ။

ယာထာဝ , အယာထာဝမာန်။ ။ထိုတွင် သေယျပုဂ္ဂိုလ်၏ သေယျမာန်,သဒိသပုဂ္ဂိုလ်၏ သဒိသမာန်, ဟီနပုဂ္ဂိုလ်၏ ဟီနမာန်သည် "ယာထာဝမာန်" မည်၏ ၊ "ဟုတ်မှန်သည့်အတိုင်း မာန်မူခြင်း" ဟူလို ၊ ဤ ယာထာဝမာန်ကို အရဟတ္တမဂ်ကသာ ပယ်နိုင်၏ ၊ မိမိနှင့် မတန်သော အခြားမာန်နှစ်မျိုးသည် အယာထာဝ မာန် မည်၏၊ "မဟုတ်မမှန်သောမာန်" ဟူလို၊ ဤ အယာထာဝမာန်ကို သောတာပတ္တိမဂ်တုန်းကပင် ပယ်နိုင် ပြီ ၊ ထိုအလုံးစုံသော မာနသည် ခပ်ထောင်ထောင် ခပ်ကြွားကြွား ခပ်မာမာ ခပ်ကြွကြွနှင့် (နှလုံးကို လေပင့် ၍ ဘဝင်မြင့်နေသူကဲ့သို့) တက်ကြွ မော်မောက်ခြင်းလက္ခဏာ ရှိသည် ။

ရသ ,ပစ္စုပဋ္ဌာန်။ ။[သမ္ပဂ္ဂဟရသော-သမ္ပယုတ်တရားတို့ကို ချီမြှောက်ခြင်း ကိစ္စ ရှိ၏ ၊ ကေတုကမျ တာပစ္စုပဋ္ဌာနကော-ထူးကဲမြင့်ချွန်, တံခွန်ပမာ, အရာရာဝယ်, ကဲသာခြင်းကို လိုလားသူ၏ အဖြစ်ဖြင့် ယော ဂီတို့ ဉာဏ်အား ထင်လာ၏ ။]ပုဂ္ဂိုလ်က မြောက်ကြွသည်အားလျော်စွာ သမ္ပယုတ်တရားတို့ကိုလည်း မြောက်ကြွကြွနေအောင် ချီပင့်မြှောက်စားခြင်းသည် မာန၏ ကိစ္စတည်း၊ သို့ဖြစ်၍ ယောဂီတို့ဉာဏ်မှာ"တံခွန် အလံအလား တက်ကြွမြင့်မောက်လိုသောတရား" ဟု ထင်လာသည် ။ ["ကေတု" ကို "တုရင်မှန်ကင်း" ဟု အနက်ပြန်ကြ၏ ၊ "ကေတု ဝုစ္စတိ ဗဟူသု ဓဇေသု အစ္စုဂ္ဂတဓဇော" ဟု နိက္ခေပကဏ္ဍအဋ္ဌကထာဆိုရကား အမြင့်ဆုံး တံခွန်ကို "ကေတု" ဟု မှတ်ပါ ၊ ထိုတံခွန်သည် အများတံခွန်ထက် မြင့်မောက်သကဲ့သို့, အများ ထက် မြင့်မောက်လိုခြင်းကို "ကေတုကမျတာ" ဟု ဆိုလိုသည် ။

ပဒဋ္ဌာန်။ ။[ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနောတိ-ဒိဋ္ဌိနှင့် မယှဉ်သော လောဘလျှင် နီးစွာသောအကြောင်းရှိ၏ ဟူ၍ ၊ သညိတော-၏၊] ဒိဋ္ဌိသည် လောကီခန္ဓာငါးပါးကို "အတ္တ" ဟု စွဲလမ်း၏ ၊ မာနကား ထိုခန္ဓာငါးပါး ကိုပင် "အဟံ-ငါ" ဟု မှတ်ထင်၏ ၊ ဤသို့ ဒိဋ္ဌိနှင့်မာနသည် စွဲလမ်းမှတ်ထင်ပုံ ကွဲပြားသော်လည်း စွဲလမ်း မှတ်ထင်ရာတရားမှာ လောကီခန္ဓာငါးပါးချဉ်းသာတည်း ၊ "ခန္ဓာငါးပါးပေါ်၌ စွဲလမ်းမှတ်ထင်ပုံ ပြိုင်တူကျ လျက်ရှိ၏ ၊" ဟူလို ၊ "အတူ" ဟူရာ၌ သဘောချင်း လိုက်ရောညီမျှသော အတူမျိုးလည်း ရှိ၏ ၊ တစ်ဖက်နှင့် တစ်ဖက်အပြိုင်အဆိုင် ပြုနေရာ သူမနိုင် ငါမနိုင် "အပြိုင်တူ" မျိုးလည်း ရှိ၏ ၊ ဤနေရာ၌ ဒိဋ္ဌိနှင့်မာနသည် "အပြိုင်တူ" တူနေကြ၏၊ ထို့ကြောင့် " အကြံတူလျှင် ရန်သူ"ဟူသကဲ့သို့, ဒိဋ္ဌိယှဉ်ရာ၌ မာနမယှဉ်, မာနယှဉ် ရာ၌ ဒိဋ္ဌိမယှဉ်နိုင် ၊ [ဝိဘာဝနီ၌လာသည့် ခြင်္သေ့နှစ်စီးဥပမာလည်း ဤနည်းပင် ။]

မေးဖွယ်။ ။ဤသို့ ဒိဋ္ဌိနှင့် မယှဉ်နိုင်လျှင် အခြား ဒေါသစသည်တို့နှင့် ယှဉ်ပါတော့လောဟု မေး၊ အဖြေကား-စွဲလမ်းမှတ်ထင်မှု" ဟူသည် မိမိကိုယ်ကိုချစ်ခင်ခြင်း လောဘသာလျှင် အရင်းခံရှိသောကြောင့် လောဘမပါလျှင် မာန ဖြစ်ဖွယ်ပင် မရှိ ၊ ထို့ကြောင့် ဒိဋ္ဌိဝိပ္ပယုတ္တလောဘသည်သာ မာနဖြစ်ဖို့ရာ နီးစွာ သောအကြောင်း ဖြစ်သည် ။ [အဟံတိ ပဝတ္တနတော မာနဿ ဒိဋ္ဌိသဒိသပ္ပဝတ္တီတိ သော ဒိဋ္ဌိယာ သဒ္ဓိံ ဧကစိတ္တုပ္ပာဒေ န ပဝတ္တတိ ၊ အတ္တသိနေဟသန္နိဿယောစာတိ အာဟ "ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော" တိ ၊-မဟာဋီကာ ။]

[ဆောင်] အများထက်ချွန်, စိတ်နေလွန်၍, တံခွန်အလား, ငါတကားဟု, ထောင်လွှားပြုလျက်, ကြွကြွ တက်လျှင်း, မှတ်ထင်ခြင်း, မယွင်း မာနသဘောတည်း ။

ရှေ့ထားခြင်း။ ။လောဘသည် လောဘမူစိတ် အားလုံးနှင့်, ဒိဋ္ဌိသည် လောဘမူသမ္ပယုတ်နှင့် မာနသည် ဝိပ္ပယုတ်နှင့် ယှဉ်သည့်အတွက် ယှဉ်ရာစိတ်က ရှေ့ကျသောကြောင့် လောဘ,ဒိဋ္ဌိ,မာနကို ဒေါသစသည်တို့၏ ရှေ့ကထားရသည် ။

•••••••••••••••••

ဒေါသ။ ။ စဏ္ဍက္ကလက္ခဏော ဒေါသော, နိဿယဒါဟရသကော ၊ ဒုဿနပစ္စုပဋ္ဌာနော, အာဃာတဝတ္ထုပဒဋ္ဌာနော ။

လက္ခဏာ။ ။[ဒေါသော-သည်၊ စဏ္ဍိက္ကလက္ခဏော-ကြမ်းတမ်းသော ကိုယ်စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ လက္ခဏာ ရှိ၏ ၊]မြွေပွေး မြွေဟောက်ကို တုတ်ဖြင့် ပုတ်ခတ်သောအခါ ရူးကနဲ ထလာသကဲ့သို့, မနှစ် သက်ဖွယ် အာရုံနှင့်

တွေ့ကြုံသောအခါ ရှူးရှူးရှဲရှဲဖြစ်၍ ကိုယ်ရောစိတ်ပါ ကြမ်းလျက် အမျက်ထွက်ခြင်းသည် ဒေါသ၏ လက္ခ ဏာတည်း၊ ထို့ကြောင့် "ဒုဿတီတိ ဒေါသော"ဟု ဝစနတ်ပြု၊ ဒုဿတီတိ-ကိုယ်စိတ်နှစ်ပါးကို ဖျက်စီးတတ်သည်၏ အဖြစ်ကြောင့် ၊ ဒေါသော-မည်၏ ။

ရသ။ ။[နိဿယဒါဟရသကော-မိမိမှီရာ စိတ်, သတ္တဝါကို ပြင်းစွာ လောင်မြိုက်ခြင်းကိစ္စ ရှိ၏ ။]ဒေါသထွက်သောအခါ ယှဉ်ဖက်တရားတို့လည်း ပူပူလောင်လောင် ရှိကြ၏ ၊ ထိုစိတ်စေတသိက်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်များလည်း ဒေါသအရှိန်ကြောင့် ပူပူလောင်လောင် ရှိကုန်၏ ၊ ထိုစိတ္တဇရုပ်နှင့် ပူးကပ် လျက်ဖြစ်ရသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်များလည်း (အိမ်တစ်အိမ် မီးလောင်လျှင် အနီးအပါးအိမ်များ ကို ကူးစက်သကဲ့သို့) အပူဓာတ် ကူးစက်၍တစ်ကိုယ်လုံး လောင်မြိုက်တော့၏ ၊ ထို့ကြောင့် ဒေါသထွက် သောအခါ အသားအရေ နီမြန်းလျက် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေတတ်သည် ၊ ဒေါသအရှိန်အလွန် အားကြီးပါမူ မနောပဒေါသိကနတ်တိုကဲ့သို့ တစ်ခါတည်း ဘဝပြတ်အောင်ပင် လောင်မြိုက်တတ်လေသည်။ [မနောပဒေါသိကနတ်တို့၏ ဝတ္ထုကို သီလက္ခန်-ဗြဟ္မဇာလသုတ်မှာ ရှုပါ ။]

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[ဒုဿနပစ္စုပဋ္ဌာနော-ကိုယ်စိတ်နှစ်ပါးကို ဖျက်ဆီးတတ်သောတရားဟု ယော ဂီတို့ ဉာဏ်အား ထင်လာ၏၊ အာဃာတဝတ္ထုပဒဋ္ဌာနော-အာဃာတဝတ္ထုလျှင် နီးစွာသောအကြောင်း ရှိ၏။]

-ရန်ငြိုးဖွဲ့တတ်သော ဒေါသကို အာဃာတ, ထိုဒေါသ၏ဖြစ်ကြောင်း အချက်များကို "အာဃာတဝတ္ထု" ဟု ဟု ခေါ်သည် ၊ ထို အာဃာတဝတ္ထုသည် (၁၀)ပါး ရှိ၏ ၊(၁) မိမိ၏ စီးပွားမဲ့, (၂) ချစ်သူ၏ စီးပွားမဲ့, (၃) မိမိ မုန်းသူ၏ စီးပွား, ထိုသုံးမျိုးကို (က) ရှေးကပြုပြီးခြင်း, (ခ) ယခုပြုနေခြင်း, (ဂ) နောင်ပြုမည်ဖြစ်ခြင်း ဤသုံး ပါးဖြင့် မြှောက်လျှင်(၉)ပါး ဖြစ်၏ ၊ ခလုတ်တိုက်မိခြင်း, မိုးရွာလွန်းခြင်း, နေပူလွန်းခြင်း, မိုးမရွာခြင်း, မိမိ စီးပွား, ချစ်သူ၏စီးပွား, မုန်းသူ၏စီးပွားမဲ့တို့ကို မပြုခြင်းတို့ကြောင့် အရာမဟုတ်ဘဲလျက် အမျက်ထွက်ခြင်း ဟူသော "အဋ္ဌာနကောပ" ထည့်၍ (၁၀)ပါး ဖြစ်သည် ၊ "အဋ္ဌာနေ-ဒေါသဖြစ်ဖို့အကြောင်း မဟုတ်သည်၌+ ကောပေါ-စိတ်ဆိုးခြင်း ၊" ဤအားလုံးသည် ဒေါသဖြစ်ဖို့ နီးစွာသော အကြောင်းတည်း။ [အဋ္ဌသာလိနီ-နိက္ခေ ပကဏ္ဍ အဋ္ဌကထာ ဋီကာမှာရှုပါ ။]

[ဆောင်] မြွေဟောက်တမျှ, ထောင်းထောင်းထလျက်, ယှဉ်ဖက် စိတ်ဓာတ်, ကိန်းဝပ်မိရာ, သတ္တဝါကို, ပူဆာစေလျှင်း, ဖျက်ဆီးခြင်း, မယွင်း ဒေါသသဘောတည်း ။

ဣဿာ။ ။ ဣဿတီတိ ဣဿာ အည-သမ္ပတျုဿူယလက္ခဏာ ၊ တထာ ပရသမ္ပတ္တိယာ-နဘိရတိရသာ တတော ၊ ဝိမုခပစ္စုပဋ္ဌာနာ, ပရသမ္ပတ္တိပဒဋ္ဌာနာ ။

ဝစနတ္ထ , လက္ခဏာ။ ။[ဣဿတီတိ-ငြူစူတတ်သည်၏ အဖြစ်ကြောင့် ၊ဣဿာ-မည်၏၊ အညသမ္ပတ္တိ ဥဿူယလက္ခဏာ-သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်း လက္ခဏာရှိ၏ ။]ရှေးရှေးဘဝက ကံကောင်းထောက်မ လျက် ယခုဘဝ ဉာဏ်ဝီရိယတို့အတွက် ဥစ္စာစည်းစိမ် ဂုဏ်သိရ်တက်နေသူကို မြင်ရ ကြားရသည်ရှိသော် ဝမ်းမမြှောက်နိုင်ပါဘဲ မျက်နှာမဲ့ကာ ပါးစပ်ရွဲ့ကာ နှုတ်ခမ်းစူကာ စောင်းကာမြောင်းကာ ချိတ်ကာ ရိပ်ကာ ကြည့်ရှုပြောဆိုမှု, "ကိုယ့်ထက်သာ မနာလို" ဆိုသည့်အတိုင်း ထိုသူ၏ ဂုဏ်သတင်းကို မကြားလို နားမ ထောင်လိုမှု, "ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့,သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့" ဟု ကဲ့ရဲ့ရှုတ်ချမှုများသည် ဣဿာ၏ သဘောလက္ခဏာချည်းတည်း ။

ရသ , ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်။ ။[တထာ-ထိုမှတစ်ပါး ၊ ပရသမ္ပတ္တိယော-သူတစ်ပါးစည်းစိမ်၌ ၊ အနဘိရ တိရသာ-မမွေ့လျော်နိုင်ခြင်းကိစ္စ ရှိ၏၊ တတော-ထိုသူတစ်ပါးစည်းစိမ်မှ၊ ဝိမုခပစ္စုပဋ္ဌာနာ-မရှုစိမ့်ဘဲ, မျက်နှာ လွှဲသည်၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏ ၊ ပရသမ္ပတ္တိပဒဋ္ဌာနာ-သူ့စည်းစိမ်လျှင် နီးစွာသော အကြောင်း ရှိ၏ ၊]မုဒိတာသဘောရှိသော သူတော်ကောင်းတို့သည် သူတစ်ပါးတို့၏ ပြည့်ပြည့်စုံစုံ ကုံလုံ ကြွယ်ဝနေသည်ကို မြင်ရ ကြားရလျှင် ပျော်ရွှင်ဝမ်းမြောက်၏ ၊ ဣဿာကား ထိုကဲ့သို့ မပျော်ရွှင်နိုင်ဘဲ သူ တစ်ပါး၏ စည်းစိမ်မှ မျက်နှာလွှဲ နေပုံကဲ့သို့ ထင်ရသည်။ [ဤစကားအရ "ဣဿာသည် သူတစ်ပါး၏ စည်း စိမ်ဂုဏ်သိရ်ကို အာရုံပြုရကား ဗဟိဒ္ဓကိုသာ အာရုံပြုသောတရား" ဟု မှတ်ပါ ။]

[ဆောင်] ပရမ္ပရ, ကံကောင်း-မသဖြင့်, ပြည့်ဝဂုဏ်သိရ်, သူ့စည်းစိမ်ကို,မမြိန်နိုင်တောင်း, စောင်းမြောင်း- မဲ့ရွဲ့, ကဲ့ရဲ့-ငြူစူ, ရှုတ်ချမူ, မှတ်ယူ ဣဿာသဘောတည်း ။

•••••••••••••••••

မစ္ဆရိယ။ ။ မစ္ဆရဘာဝေါ မစ္ဆရိယံ, သမ္ပတ္တိဂူဟလက္ခဏံ ၊ သာဓာရဏက္ခမရသံ, သင်္ကောစနုပဋ္ဌာနကံ ၊ ကဋုကဉ္စုကဘာဝေါပိ, သသမ္ပတ္တိပဒဋ္ဌာနံ ။

ဝစနတ္ထ , လက္ခဏာ။ ။[မစ္ဆရဘာဝေါ-ဝန်တိုတတ်သူ၏ အဖြစ်သည် ၊ မစ္ဆရိယံ-မည်၏ ၊ သမ္ပတ္တိဂူဟ လက္ခဏံ-မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်းလက္ခဏာရှိ၏ ။] "မစ္ဆရဿ + ဘဝေါ, မစ္ဆရိယံ" ဟု ဝိဂြိုဟ်ပြု ၊ "မာ+ အစ္ဆရိယံ" ဟု

သမာသ်လည်း ကြံကြ၏။ [အစ္ဆရိယံ-ရလတ္တံ့ ရပြီး, ငါ့ပစ္စည်းနှယ်, အံ့ချီးဖွယ်သည် ၊ မာ ဟောတု-(ငါ့မှာသာ ဖြစ်၍)သူတစ်ပါးအား မဖြစ်ပါစေသတည်း ၊ဣတိ-ထိုသို့ ဖြစ်တတ်သည်၏ အဖြစ်ကြောင့် ၊ မစ္ဆရိယံ-မည်၏ ၊] ရလတ္တံ့ဖြစ်သော(ရပေါက်ရလမ်းရှိသော)ငါ့ပစ္စည်း, ရအပ်ပြီးသော ငါ့ပစ္စည်းသည်လည်းကောင်း,ငါ့ပစ္စည်းနှင့် အလားတူ ပစ္စည်းမျိုးသည်လည်းကောင်း, သူတစ်ပါးအား မဖြစ်ပါစေသားဟုဖြစ်သော သဘောတရားသည် မစ္ဆရိယတည်း ၊ [ဣဿာသဘောသည် သူတစ်ပါးရပြီးသော ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကို ကဲ့ရဲ့ရှုတ်ချလို၏ ၊ မစ္ဆရိယသဘောကား ကိုယ့်ဥစ္စာကိုလည်း မပေးလို, ကိုယ့်ဥစ္စာ ဂုဏ်သိရ်နှင့်တူသော ဥစ္စာစည်းစိမ်ဂုဏ် သိရ်ကို သူတစ်ပါးတို့ ရသွားမည်ကိုလည်း ဝန်တို၏ ။]

ရသ , ပစ္စုပဋ္ဌာန်။ ။[သာဓာရဏက္ခမရသံ-မိမိစည်းစိမ်၌ သူတစ်ပါးနှင့်ဆက်ဆံခြင်းကိုသည်းမခံနိုင် ခြင်းကိစ္စ ရှိ၏ ၊ သင်္ကောစနဥပဋ္ဌာနကံ-တွန့်တို ဆုတ်နစ်တတ်သောတရားဟု ယောဂီတို့ဉာဏ်အား ထင် လာ၏ ၊ ကဋုကဉ္စုကဘာဝေါပိ-ခါးစပ်သောအရသာကဲ့သို့ စိတ်ကို တွန့်စေတတ်သည်၏ အဖြစ်သည်လည်း ၊ ဥပဋ္ဌာနကံ-ပစ္စုပဋ္ဌာန်ပင်တည်း ။] မိမိစည်းစိမ်ကို မဖုံးလွှမ်း မဝှက်သာ၍ သူတကာနှင့် ဆက်ဆံရပြန်လျှင် လည်းသည်းမခံနိုင်ခြင်း ကိစ္စရှိ၏ ၊ စွန့်ကြဲပေးကမ်းလှူဒါန်းမှု, မိမိစည်းစိမ်ကို သူတကာနှင့် ဆက်ဆံစေမှု၌ တွန့်တိုဆုတ်နစ်သော တရားဟူ၍လည်းကောင်း, ခါးစပ်သောအရသာသည် စားသူကို နောက်တွန့်သွားစေ သကဲ့သို့, တောငါးရမ်းသူကို မြင်လျှင် စိတ်ရော ကိုယ်ပါ တွန့်သွားစေတတ်သော တရားဟူ၍လည်းကောင်း ယောဂီတို့ဉာဏ်မှာ ထင်လာသည် ။

ပဒဋ္ဌာန်။ ။[သသမ္ပတ္တိပဒဋ္ဌာနံ-မိမိစည်းစိမ်လျှင် နီးစွာသောအကြောင်း ရှိ၏ ၊] (၁) အာဝါသမစ္ဆရိယ- ကျောင်းကန် တိုက်တာ နေရာထိုင်ခင်းတို့၌ ဝန်တိုမှု ၊(၂) ကုလမစ္ဆရိယ-ဆွေးမျိုးဉာတိ တပည့် ဒကာ ဒကာမ တို့၌ ဝန်တိုမှု ၊ (၃) လာဘမစ္ဆရိယ-ပစ္စည်း လာဘ်လာဘတို့၌ ဝန်တိုမှု ၊ (၄) ဝဏ္ဏမစ္ဆရိယ-ကိုယ်အဆင်းဂုဏ် သတင်းတို့၌ ဝန်တိုမှု ၊ (၅)ဓမ္မမစ္ဆရိယ-မိမိတတ်သိသောအတတ်ပညာ၌ဝန်တိုမှု ၊ [ဤမစ္ဆရိယဖြစ်ပုံနှင့်တကွ အပြစ်ရပုံကို အဋ္ဌသာလိနီ နိက္ခေပကဏ္ဍ၌ ရှုပါ ။]

မှတ်ချက်။ ။ဤမစ္ဆရိယသည် ပြခဲ့သော အာဝါသစသည်တို့ကို အာရုံပြုရကား အဇ္ဈတ္တဖြစ်သော ဝဏ္ဏစသည်, ဗဟိဒ္ဓဖြစ်သော အာဝါသ စသည်ကို အာရုံပြုသည်ဟု မှတ်ပါ ၊ ယခုကာလ၌ "မစ္ဆရိယသည် ဗဟိဒ္ဓ တရားကို အာရုံမပြု" ဟု ဆိုပြီးလျှင် "ဗဟိဒ္ဓါရမဏာ" ဟူသော မာတိကာပုဒ်အရ၌ မစ္ဆရိယကို ချန်၍ကောက် ကြ၏ ၊ ထိုဆရာတို့ကား ကိုယ့်ပစ္စည်းမှန်လျှင် "အဇ္ဈတ္တ" ဟုချည်း ယူလိုဟန်တူသည် ၊ အဘိဓမ္မာထုံးစံမှာ မိမိ ခန္ဓာကိုယ်တွင် ပါဝင်သမျှကိုသာ "အဇ္ဈတ္တ" ဟု

ခေါ်ရ၏ ၊ ကိုယ့်ဥစ္စာပင်ဖြစ်သော်လည်း ခန္ဓာကိုယ်၏ ပြင်ပ၌ တည်ရှိသော ပစ္စည်းတွေမှာ ဗဟိဒ္ဓတရား ချည်းသာတည်း ၊ အဇ္ဈတ္တတိက်ကို ထောက်ပါ ။

[ဆောင်] ရလတ္တံ့ ရပြီး, ငါ့ပစ္စည်းနှယ်, အံ့ချီးဖွယ်ကား, များကြွယ် သူတစ်ပါး, မဖြစ်စေသားဟု, ဖြစ်ပွား တတ်လျှင်း, ဝန်တိုခြင်း, မယွင်း မစ္ဆရိယသဘောတည်း ။

•••••••••••••••••

ကုက္ကုစ္စ။ ။ ကုကတဘာဝေါ ကုက္ကုစ္စံ, ကုစ္ဆိတကိရိယာထဝါ ၊ ပစ္ဆာနုတာပလက္ခဏံ, အနုသောစနရသကံ ၊ ဝိပ္ပဋိသာရုပဋ္ဌာနံ, ကတာကတပဒဋ္ဌာနံ ။

ဝစနတ္ထ။ ။[ကုကတဘာဝေါ-ကုကတမည်သောစိတ်၏ ဖြစ်ကြောင်းသည်လည်းကောင်း၊ အထဝါ-ထို သို့မဟုတ်၊ ကုစ္ဆိတကိရိယာ-စက်ဆုပ်ဖွယ် အမူအရာသည်လည်းကောင်း၊ ကုက္ကုစ္စံ-မည်၏။] ကုစ္ဆိတံစက်ဆုပ် ဖွယ် ၊ ကတံ-ပြုအပ်သော(ကတဒုစရိုက်ကို အာရုံပြု၍လည်းကောင်း, အကတသုစရိုက်ကို အာရုံပြု၍လည်း ကောင်းဖြစ်သော) စိတ်သည် ၊ ကုကတံ-ကုကတမည်၏ ၊ ကုကတအရ ပြုအပ်ပြီးသော ဒုစရိုက်, မပြုအပ်မိ သောသုစရိုက်ကို မုချရ၏ ၊ဤ၌ကားထိုဒုစရိုက် သုစရိုက်ကို အာရုံပြု၍ ဖြစ်သောစိတ်ကို ကာရဏူပစာရအား ဖြင့် ရသည်၊ ကုကတဿ-ကုကတမည်သောစိတ်၏ ၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည်၊ ကုက္ကုစ္စံ-မည်၏ ၊ ဤကား အဋ္ဌသာလိနီစသည်၌ လာသောနည်းတည်း ။

တစ်နည်း။ ။ကုစ္ဆိတံ ကတံ, ကုကတံ၊ ကုစ္ဆိတံ-စက်ဆုပ်အပ်သော၊ ကတံ-အမူအရာတည်း၊ ကုကတံ- စက်ဆုပ်အပ်သောအမူအရာ ၊ ဒုစရိုက် ပြုပြီးနောက် ရရှိမည့်အပြစ်တွေကို ဆင်ခြင်မိသောအခါ, သို့မဟုတ် မကောင်းကျိူးကို ခံစားရသောအခါ "ထိုဒုစရိုက်မှုကို ပြုမိလေခြင်း" ဟူသော စိတ်၏ အမူအရာ ဖြစ်ပေါ်လာ တတ်၏ ၊ ပစ္စည်းဥစ္စာ ကုံလုံကြွယ်ဝသောအခါ, ငယ်ရွယ် ကျန်းမာသောအခါတုန်းက ကုသိုလ်ကောင်းမှုကို မပြုခဲ့ဘဲ ပစ္စည်းကုန်ခမ်းသောအခါ, ကြီးရင့်သောအခါ, မကျန်းမာသောအခါ ကျမှ "သုစရိုက်ကို မပြုခဲ့မိ လေခြင်း" ဟူသောစိတ်အမူအရာ ဖြစ်ပေါ်လာတတ်၏ ၊ ထိုအမူအရာသည် ပြုပြီး ဒုစရိုက်ကိုလည်း မပြုရာ ရောက်အောင်, မပြုခဲ့မိသော သုစရိုက်ကိုလည်း ပြုပြီးသားဖြစ်အောင်မတတ်နိုင် ၊ ပညာရှိတို့ အမြင်ကပ်စရာ အမူအရာသာဖြစ်၍ "ကုကတ" မည်၏ ၊ ထို အမူအရာမျိုး ဖြစ်သောအခါ စိတ်ထဲမှာ ပူပူပန်ပန် ဖြစ်တတ်၏၊ ထို့ကြောင့်ထိုအမူအရာကို "နောင်တတစ်ဖန် ပူပန်မှု" ဟု ပြောရိုးပြုကြသည် ။ [ဤနည်း၌ "ကုကတမေဝ ကုက္ကုစ္စံ" ဟု သွတ္ထတဒ္ဓိတ်ကြံပါ ၊ ပါရာဇိကအဋ္ဌကထာ သုဒိန္နကဏ္ဍ သာရတ္ထဋီကာကို ကြည့်၍ ရေးသည်၊ နောက်ဋီကာတို့ ဖွင့်ပုံကို ဆင်ခြင် ။]

လက္ခဏ ,ရသ,ပစ္စုပဋ္ဌာန်။ ။ပစ္ဆာနုတာပလက္ခဏံ-နောင်တတစ်ဖန်ပူပန်ခြင်း လက္ခဏာ ရှိ၏ ၊ အနု သောစနရသကံ-အဖန်ဖန်စိုးရိမ်ခြင်းကိစ္စ ရှိ၏ ၊ ဝိပ္ပဋိသာရိဥပဋ္ဌာနံ-စိတ်နှလုံးမသာယာခြင်းရှိသူ၏ အဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်အားထင်လာ၏ ။]

ပဒဋ္ဌာန်။ ။[ကတာကတပဒဋ္ဌာနံ-ပြုအပ်ပြီးသော ဒုစရိုက်, မပြုအပ်မိသောသုစရိုက်လျှင် နီးစွာသော အကြောင်း ရှိ၏ ။]ကတအရ ဒုစရိုက်ကိုသာယူ၍, အကတအရ သုစရိုက်ကိုသာ ယူပါ ၊ ပြုအပ်ပြီးသော ဒုစရိုက်, မပြုခဲ့မိသော သုစရိုက်သည်ကုက္ကုစ္စဖြစ်ဖို့ရာ နီးစွာသောအကြောင်းတည်း၊ သုစရိုက်ကို ဒုစရိုက်ထင် ၍ ပြုပြီးနောက်၌လည်းကောင်း, ဒုစရိုက်ကို သုစရိုက်ထင်၍ ပြုပြီးမှ ဒုစရိုက်မှန်းသိရာ အခါ၌လည်းကောင်း, ကုက္ကုစ္စဖြစ်တတ်သေး၏ ။ [ယသ္မာ ပနေတံ အကတံ ဝတမေ ကလျာဏံ, အကတံ ကုသလံ, အကတံ ဘီရုတ္တာဏံ, ကတံ ပါပံ, ကတံလုဒ္ဒံ, ကတံ ကိဗ္ဗိသံတိ ဧဝံ အနဝဇ္ဇေ ဝဇ္ဇသညိတာယပိ ကတေ ဝီတိက္ကမေ ဥပ္ပဇ္ဇတိ ၊-အဋ္ဌသာလိနီ, နိက္ခေပကဏ္ဍ ။]

ယသ္မာ ပန-အကြင်ကြောင့်ကား၊ ဧဝံ-ဤကုက္ကုစ္စသည်၊ (ဥပ္ပဇ္ဇတိ စပ်) ၊မေ-ငါသည်၊ ကလျာဏံ-ကောင်း မှုကို၊ အကတံ ဝတ-မပြုအပ်မိလေစွ၊ ကုသလံ-ကုသိုလ်ကို ၊ အကတံ ဝတ-စွ ၊ ဘီရုတ္တာဏံ-ကြောက်ခြင်းမှ စောင့်ရှောက်တတ်သော ကုသိုလ်ကို ၊ အကတံ ဝတ-စွ ၊ ပါပံ-မကောင်းမှုကို ၊ ကတံ ဝတ-ပြုအပ်မိလေခြင်း၊ လုဒ္ဒံ-ကြမ်းတမ်းသောမကောင်းမှုကို ၊ ပေ ၊ ကိဗ္ဗိသံ-မကောင်းကျိုးကိုပြုတတ်သောအမှုကို၊ ကတံ ဝတ-ခြင်း၊ ဣတိ ဧဝံ-သို့ ၊ အနဝဇ္ဇေ-အပြစ်မဟုတ်သည်၌ ၊ ဝဇ္ဇသညိတာယပိ-အပြစ်ဟုအမှတ်ရှိသူ၏အဖြစ်ဖြင့်လည်း၊ (ဝဇ္ဇေ အနဝဇ္ဇသညိတာတာယပိ ပါဌ်ကျဟန်တူသည် ၊) ဝီတိက္ကမေ-ကျူးလွန်မှုကို၊ ကတေ-ပြုအပ်ပြီးသော်၊ ဥပ္ပဇ္ဇတိ-ဖြစ်တတ်သေး၏ ၊-ဤအဋ္ဌကထာပါဌ်၌ "အကတံကလျာဏံ-ကတံ ပါပံ" ထောက်က "ကတံ" အရ ဒုစရိုက်သာဖြစ်ကြောင်း, "အကတံ" အရ သုစရိုက်သာဖြစ်ကြောင်း သိသာပြီ ။

ဝါဒန္တရ။ ။အချို့က "ကတအရ ပြုအပ်ပြီးသော ဒုစရိုက် သုစရိုက်, အကတအရလည်း မပြုခဲ့မိသော ဒုစရိုက် သုစရိုက်" ကို ယူ၍, ပစ္စည်းဥစ္စာပေါများတုန်းက အလှူပေးပြီးလျှင် တစ်စုံတစ်ခုသောအကြောင်း ကြောင့် ဆင်းရဲသောအခါ "ဟိုတုန်းကလှူမိတာ မှားလေခြင်း" ဟု နောင်တတစ်ဖန် ပူပန်တတ်၏ ၊ ထိုအခါ ပြုအပ်ပြီးသော သုစရိုက်ကိုအာရုံပြု၍ ကုက္ကုစ္စဖြစ်၏ဟု ပြောဆိုကြ၏၊ ထိုပူပန်မှုမျိုးသည် ကုက္ကုစ္စစေတသိက် မဟုတ် ၊ လှူပြီးပစ္စည်းကို ပြန်၍ နှမြောခြင်း, နှလုံးမသာယာခြင်း "ဒေါမနဿ" သာ ဖြစ်ရာ၏ ၊ မြွေဆိုးကို တွေ့တုန်းက မသတ်လိုက်ဘဲ နောင်ခါထိုမြွေက မိမိဆိုင်ရာ လူတစ်ယောက်ကို ကိုက်ခါမှ "မသတ်လိုက်မိ တာ မှားလေခြင်း"ဟု နောင်တတစ်ဖန် ဖြစ်၏ ၊ ထိုအခါ မပြုလိုက်မိသော ဒုစရိုက်ကို အာရုံပြု၍ ကုက္ကုစ္စဖြစ်၏ဟုလည်း ပြောဆိုကြသေး၏၊ ထိုကဲ့သို့ နောင်တရခြင်း မျိုးလည်း ကုက္ကုစ္စမဟုတ်, အမျက်ထွက် မှု ဒေါသသာတည်း ၊ ထို့ကြောင့် "ပြုအပ်ပြီးသောသုစရိုက်, မပြုခဲ့မိသောဒုစရိုက်ကို စွဲ၍ ကုက္ကုစ္စ ဖြစ်နိုင်၏" ဟု ပြောဆိုအပ်သောဝါဒသည် "အကတံ ကလျာဏံ, ကတံ ပါပံ" ဟူသော အဋ္ဌကထာကို ဆန့်ကျင်ရာကျသည် ။

[ဆောင်] ပြုပြီး ဒုစရိုက်, မပြုလိုက်မိ, သုစရိုက်အတွက်, စက်ဆုပ်အပ်စွာ, ကိရိယာဟု, နောင်ခါတစ်ဖန်, ပူပန်တည်သော, ထိုသဘော, မှတ်လော ကုက္ကုစ္စ ။

ကုက္ကုစ္စအပြား။ ။နီဝရဏကုက္ကုစ္စ=နီဝရဏတရားတွင် ပါဝင်သော ဤကုက္ကုစ္စစေတသိက် ၊ ဝိနယ ကုက္ကုစ္စ=အပ်လေသလား, မအပ်လေသလားဟု ဝိနည်းအရာ၌ စဉ်းစားကြံစည်မှုတည်း ၊ ဤဝိနယကုက္ကုစ္စ ကား ပုထုဇဉ် သေက္ခနှင့်ရဟန္တာများ၏ သန္တာန်၌ ဖြစ်နိုင်သည်၊ ကုသိုလ်ကြိယာ စိတ္တုပ္ပာဒ်ကို ထိုက်သင့်သလို ကောက်ပါ ၊ အသံယတကုက္ကုစ္စ=ဘုရားဝတ်ကပ် ပရိသတ်အစည်းအဝေး စသည်၌ကိုယ်နှုတ်ကို မစောင့်စည်း ဘဲလက်လှုပ်, ခြေလှုပ်, စကားပြော, ချွဲသလိပ်ဟက်မှုစသော မလျော်မလျောက်ပတ်သော မစောင့်စည်းမှု များတည်း ၊ များသောအားဖြင့် မောဟပြဌာန်းသော အကုသိုလ်စိတ္တုပ္ပာဒ် ဖြစ်၏ ။

အမှာ။ ။ဒေါသစသော စေတသိက်(၄)ပါးသည် ဒေါသမူဒွေး၌ ယှဉ်သောကြောင့် မာန၏နောက်,ထိန ၏ ရှေ့ကထားသည်၊ ထို(၄)ပါးတွင် ဒေါသမှာ နိယတယောဂီ ဖြစ်၍ ရှေ့က ထားပြန်သည်။

••••••••••••••

ထိန။ ။ ထိယတီတိ ထိနံ နာမ, အနုဿာဟနလက္ခဏံ ၊ ဝီရိယာဝနောဒနရသံ, သံသီဒပစ္စုပဋ္ဌာနံ ။

လက္ခဏာစသည်။ ။[ထိယတီတိ-စိတ်စက်မခံ့, အနေညံ့အောင်, ဖိဟန့်တတ်သည်၏ အဖြစ်ကြောင့် ၊ ထိနံ နာမ-မည်၏ ၊ အနုဿာဟနလက္ခဏံ-အားမထုတ်ခြင်း လက္ခဏာရှိ၏ ။]ဝီရိယသည် အားတတ်သရော ရှိသလောက် ထိနကားဆုတ်နစ်၏ ၊ ထို့ကြောင့် ထိနသည် ယှဉ်ဖက်စိတ်ဓာတ်ကိုလည်း အားတက်သရောမ ရှိစေဘဲ ညံ့ဖျင်းနေအောင် ဖိနှိပ်ဟန့်တားသကဲ့သို့ဖြစ်၏ ။ [ဝီရိယာဝနောဒရသံ-ဝီရိယကို ပယ်ရှားခြင်းကိစ္စ ရှိ၏ ၊ သံသီဒပစ္စုပဋ္ဌာနံ-ဆုတ်နစ်ခြင်းသဘောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏ ။]

[ဆောင်] စိတ်စက်မခံ့, အနေညံ့အောင်, ဖိဟန့်တတ်သော, ထိုသဘော မှတ်လော ထိနတည်း ။

မိဒ္ဓ။ ။ မေဓေတီတိ မိဒ္ဓံ နာမ, အကမ္မညတ္တလက္ခဏံ ၊ ဩနယှရသံ လီနတ္တော-ပဋ္ဌာနံပိ ပစလာယိတာ ။

ဝစနတ္ထ ,လက္ခဏာ။ ။မေဓေတီတိ-စေတသိက်တရား, မခံ့ညားအောင်,ဟန့်တားတတ်သည်၏အဖြစ် ကြောင့် ၊ မိဒ္ဓံ နာမ-မိဒ္ဓမည်၏ ၊ အကမ္မညတ္တလက္ခဏံ-ထိုထို အမှု၌ မခံ့ညားသည်အဖြစ်ဟူသော လက္ခဏာ ရှိ၏၊] ထိနက စိတ်ကို ဖိနှိပ်ဟန့်တားသကဲ့သို့, မိဒ္ဓကလည်း ယှဉ်ဖက်စေတသိက်များကို ထိုထိုလုပ်ငန်း ကိစ္စ ၌ တက်တက်ကြွကြွ မရှိရအောင် ဖိနှိပ်ဟန့်တားသကဲ့သို့ ဖြစ်သည်၊ ထိုထိန မိဒ္ဓတို့၏ အသီးအသီး ဖိနှိပ် ဟန့်တားမှုကြောင့် ထိုထိုကိစ္စ၌ စိတ်စေတသိက်တို့ ခံ့ခံ့ညားညား မရှိကြ၊ ထိနမိဒ္ဓကိန်းရာ သတ္တဝါတို့လည်း ပျင်းရိထိုင်းမှိုင်းကြလေသည် ၊ ထို့ကြောင့် ထိုထိန မိဒ္ဓနှစ်ပါးသည် ထက်ထက်သန်သန်မရှိသော သသင်္ခါရိက စိတ်များ၌သာ ယှဉ်ကြလေသည် ။

ရသ။ ။[ဩနယှရသံ-ဝိညာဏ် ဒွါရတို့ကို ဖွဲ့ထားခြင်းကိစ္စ ရှိ၏ ၊]မိဒ္ဓဖြစ်လာသောအခါ အိပ်ချင်မူး တူးဖြစ်လျက် ဘယ်အာရုံကိုမှ သွက်လက်စွာမယူနိုင်ဘဲ ဘဝင်ကျနေမှုကသာ များသောကြောင့် ဝီထိစိတ် အဖြစ်နည်းရကား စက္ခုဒွါရနှင့်စက္ခုဝိညာဏ် စသည်တို့ကို ပိတ်ဆို့ဖွဲ့ နှောင်၍ထားသကဲ့သို့ ဖြစ်ခြင်းသည် မိဒ္ဓ၏ကိစ္စတည်း ။ [ဤလက္ခဏ ရသများသည် ထိနနှင့်လည်း သက်ဆိုင်၏ ။]

ပစ္စုပဋ္ဌာန်။ ။လီနတ္တဥပဋ္ဌာနံ-တွန့်ဆုပ်သည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏ ၊ ပစလာ ယိတာပိ-မှိတ်တုတ် မှိတ်တုတ်, မျက်တောင်လှုပ်လျက်, အိပ်ငိုက်ခြင်းသည်လည်း ၊ ဥပဋ္ဌာနံ-ပစ္စုပဋ္ဌာန်ပင် တည်း ၊]လီနတ္တပစ္စုပဋ္ဌာန်ကားထင်ရှားပြီ ၊ ပစလာယိတာကား မိဒ္ဓ၏ အကျိုး(ဖလပစ္စုပဋ္ဌာန်) တည်း ၊ "မိဒ္ဓ" ဖြစ်သောအခါ မှိတ်တုတ်မှိတ်တုတ် မျက်တောင်လှုပ်လျက် အိပ်ငိုက်ခြင်းအကျိုး ဖြစ်ပေါ်လာသည်" ဟူလို ၊ ဤထိန မိဒ္ဓသည် ပုထုဇဉ် သေက္ခတို့၏ အိပ်ပျော်ခါနီး နိုးခါစတို့၌ များသောအားဖြင့် ဖြစ်တတ်၏၊ ခြိုက်ခြိုက်မြိုက်မြိုက် အိပ်ပျော်သည့်အခါ၌ကား ထိန မိဒ္ဓ မဖြစ်တော့ပြီ ၊ ဘဝင်အစဉ် (ဝိပါက်စိတ်သာ) ဖြစ်တော့၏ ။

ရဟန္တာများအိပ်ခြင်း။ ။ရဟန္တာပုဂ္ဂိုလ်များ၌ကား အိပ်ချိန်တန်သောအခါခန္ဓာကိုယ် မရွှင်လန်း ညှိုးနွမ်း အားနည်းသဖြင့် ထိုထိုအာရုံမှ ဆုတ်နစ်ပြီးလျှင်ဘဝင်အစဉ် ဖြစ်ရုံသာတည်း ၊ ရှေ့အဖို့ နောက်အဖို့၌ ထိန မိဒ္ဓ မပါ ၊ ထိုစကားမှန်၏-အချိန်ကျ၍ ညှိုးနွမ်းမှုဟူသည် ခန္ဓာကိုယ်၌သာမဟုတ်, ဗဟိဒ္ဓသစ်ပင်များ၌လည်း ညနေချမ်းအချိန်ကျက ညှိုးနွမ်းတွန့်ရှုံ့ကာ အိပ်သကဲ့သို့ ဖြစ်ကြသည် ၊ ထို့ကြောင့် လောက၌အိပ်ချင်ခြင်းဟူသည် သွားလာလုပ်ကိုင် နေထိုင်ပင်ပန်း၍ ခန္ဓာကိုယ် ညှိုးနွမ်းခြင်းကြောင့်လည်း ဖြစ်၏ ၊ ထိန မိဒ္ဓအတွက် ကြောင့်လည်း ဖြစ်၏ ၊

ထိုတွင် ရဟန္တာတို့၌ ရှေ့အကြောင်းကြောင့်သာ ဖြစ်၏ ၊ ပုထုဇဉ် သေက္ခတို့၌ကား နှစ်ပါးလုံးကြောင့် ထိုက် သလို ဖြစ်နိုင်သည် ။

အမှာ။ ။ထိနက စိတ်ကို ဖိနှိပ်, မိဒ္ဓက စေတသိက်ကို ဖိနှိပ်ရကား ခွဲ၍မရ,ပူးတွဲ၍ ယှဉ်ကြသည်၊ မိဒ္ဓ၏ နာမ်တရားမဟုတ်, ရုပ်တရားဟုအယူရှိသော ကေစိဝါဒအတွက် ပယ်ရှားချက်ကို အဋ္ဌသာလိနီ နိက္ခေပကဏ္ဍ ၌ရှုပါ ၊ ထိန မိဒ္ဓသည် လောဘမူ ဒေါသမူစိတ် နှစ်ပါးနှင့် ဆိုင်သောကြောင့် ဝိစိကိစ္ဆာ၏ ရှေ့ကထား၍, မောဟမူနှင့်သာ ဆိုင်သောကြောင့် ဝိစိကိစ္ဆာကို နောက်ဆုံးက ထားသည် ။

[ဆောင်] စေတသိက်တရား, မခံ့ညားအောင်, ဟန့်တားတတ်သော, ထိုသဘော, မှတ်လော မိဒ္ဓတည်း ။

••••••••••••••••

ဝိစိကိစ္ဆာ။ ။[သဘာဝံ ဝိစိနန္တော ကိစ္ဆတိ ကိလမတိ ဧတာယာတိ ဝိစိကိစ္ဆာ ၊ သဘာဝံ-ဟုတ်မှန်သော သဘောကို၊ ဝိစိနန္တော-စူးစမ်း ဆင်ခြင်လတ်သော်၊ ဧတာယ-ဤသဘောတရားဖြင့်၊ ကိစ္ဆတိ ကိလမတိ-ပင် ပန်းရ၏ ၊ ဣတိ-ကြောင့် ၊ ဝိစိကိစ္ဆာ-မည်၏ ။] ဘုရားစသည်, အနိစ္စစသည်တို့၏ သဘောကို စူးစမ်းလတ် သော် ကောင်းစွာ မဆုံးဖြတ်နိုင်ဘဲ ဆင်းရဲပင်ပန်းကြောင်းတရား ဖြစ်သည် ၊ "ဝိစိနန္တဿ+ကိစ္ဆာ, ဝိစိကိစ္ဆာ" ဟု ဝိဂြိုဟ်စစ် ပြု "နန္တ" ပုဒ် ကြေသည် ။

တစ်နည်း။ ။စိကိစ္ဆနံ စိကိစ္ဆာ, ဝိဂတာ စိကိစ္ဆာ ဝိစိကိစ္ဆာ၊ စိကိစ္ဆနံ-ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသခြင်းသည် ၊ စိကိစ္ဆာ-မည်၏ ၊ စိကိစ္ဆာ-ဉာဏ်ပညာဆေး, ကုသရေးမှ ၊ ဝိဂတာ-ကင်းသောတရားသည် ၊ ဝါ-ကင်းတော့မတတ် ခဲကပ်သောတရားသည် ၊ ဝိစိကိစ္ဆာ-မည်၏ ၊ [နောက်ဋီကာများကား "ဝိဂတာ စိကိစ္ဆာ ဣမိဿာ" ဟု ဝစနတ်ပြု၏ ၊ အဋ္ဌကထာနှင့် မညီ ။] ဘုရားစသည်တို့၌ ယုံးမှားမှု ဖြစ်နေလျှင် ထိုယုံမှားမှု ရောဂါ ကင်းအောင် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသဖို့ရန် အင်မတန် ခဲယဉ်းသည် ၊ ကုသ၍ လုံး လုံး မရနိုင်ခြင်းကား မဟုတ်ပါ ။

သံသယလက္ခဏာ ဝိစိ-ကိစ္ဆာ ကမ္ပနရသကာ ၊ အနိစ္ဆယဥပဋ္ဌာနာ, အနေကံသဂါဟောပိ ဝါ ။

လက္ခဏ ,ရသ။ ။[ဝိစိကိစ္ဆာ-သည် ၊ သံသယလက္ခဏာ-ယုံမှားခြင်းလက္ခဏာရှိ၏ ၊ ကမ္ပနရသကာ-တုန် လှုပ်ခြင်းကိစ္စ ရှိ၏ ။]- "သံသပ္ပနဝသေန သေတိပဝတ္တတီတိ သံသယော"နှင့်အညီ အာရုံတစ်ခုခု၌ ထက်ဝန်း ကျင် ဝေ့လည်လည် ဖြစ်တတ်သောသဘောကို "သံသယ-ယုံမှားမှု" ဟု ခေါ်သည် ၊ အာရုံတစ်ခု၌ ခိုင်မြဲစွာ မတတ်နိုင်ဘဲ "ဟိုဟာလေးလား-သည်ဟာလေးလား, ဟုတ်ပါ့မလား-မဟုတ်ဘဲများ ဖြစ်နေမလား" ဟု အမျိုးမျိုး တွေးတောမှုကို "ကမ္ပန=တုန်လှုပ်မှု"ဟု ခေါ်သည် ။

ပစ္စုပဋ္ဌာန်။ ။[အနိစ္ဆယဥပဋ္ဌာနာ-မဆုံးဖြတ်နိုင်သောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏၊ အနေကံ သဂါဟောပိ ဝါ-အမျိုးမျိုးအဖုံဖုံ ယူနေခြင်းသည်လည်း ပစ္စုပဋ္ဌာန်တစ်မျိုးပင်တည်း ။] ဤဝိစိကိစ္ဆာသည် ကုသိုလ်တရားကို ပိတ်ဆို့ တားမြစ်တတ်သော နီဝရဏတရားဖြစ်ရကား ဘုရား တရား သံဃာ သိက္ခာပုဒ် ခန္ဓာ အာယတန ဓာတ် ပဋိစ္စသမုပ္ပာဒ်တို့၌ ယုံမှားခြင်းသာ ဝိစိကိစ္ဆာအစစ် ဖြစ်၏ ၊ ထိုထိုကိစ္စ, ထိုထိုစာပေ ကြံစည်မှု စသည်တို့၌ ပိုင်နိုင်စွာ မဆုံးဖြတ်နိုင်ခြင်း ယုံမှားခြင်းကား ဝိစိကိစ္ဆာအတုသာတည်း ၊ တရားကိုယ် အားဖြင့် ပုထုဇဉ် သေက္ခ ရဟန္တာအားလျော်စွာ ကုသိုလ် အကုသိုလ် ကြိယာစိတ္တုပ္ပာဒ် တစ်မျိုးမျိုးကို ထိုက် သလို ကောက်ယူရသည် ။

[ဆောင်] သဘောမှန်, စူးစမ်းပြန်လျှင်, ဉာဏ်မနိုင်ဘဲ, ဆင်းရဲကြောင်းဟု,ယုံမှားမှု, မှတ်ရှု ဝိစိကိစ္ဆာတည်း။

•••••••••••••••

သောဘနရာသိအဖွင့်

သဒ္ဓါ။ ။ သဒ္ဒဟနလက္ခဏာ သဒ္ဓါ, ပသာဒနရသာ တထာ ၊ အကာလုဿိယုပဋ္ဌာနာ, သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ ။

လက္ခဏာ။ ။[သဒ္ဓါ-သဒ္နါသည်၊ သဒ္ဒဟနလက္ခဏာ-ယုံခြင်းလက္ခဏာ ရှိ၏၊] ဘုရားစသည်တို့၌ (ဟုတ် လေသလား-မဟုတ်ဘဲများ ရှိလေရော့သလား)ဟု ယုံမှားသံသယမရှိ, အမှန်ဟုတ်၏ဟု ယုံမှု စိတ်ချလက်ချ ရှိမှုကို "ယုံ" ဟု ဆိုသည် ၊ ထို့ကြောင့် ဤသဒ္ဓါကို "သဒ္ဓါဓိမောက္ခ-ယုံသောအားဖြင့် ဆုံးဖြတ်မှု" ဟု အချို့ အရာ၌ အသုံးပြုရသည် ။ [သဒ္ဒဟတိ-ယုံတတ်၏ ၊ ဣတိ-ကြောင့် ၊ သဒ္ဓါ-မည်၏ ။]

ရသ။ ။[ပသာဒနရသာ-ကြည်လင်စေခြင်းကိစ္စ ရှိ၏ ။]နောက်ကျုနေသော ရေအတွင်း၌ စကြာမင်း၏ ပတ္တမြားရတနာကို ထည့်လိုက်သောအခါ အနယ်တွေအောက်ကျ၍ ကြည်လာရသကဲ့သို့ ထို့အတူ စိတ်အ စဉ်၌ သဒ္ဓါယှဉ်သောအခါ ကိလေသာနီဝရဏတွေ အနယ်ကျသကဲ့သို့ ကွယ်ပျောက်၍ ကြည်လင်သော စိတ်အစဉ်သာ ဖြစ်လာသည်၊ ထိုကဲ့သို့ ကြည်လင်မှုကို "ကြည်" ဟု ခေါ်၏၊ ဤလက္ခဏနှင့် ရသ နှစ်ခုပေါင်း စပ်၍ "ယုံ+ကြည်" ခြင်းသဘောကို "သဒ္ဓါ" ဟု ခေါ်စမှတ်ပြုကြသည် ၊ ဤအဓိပ္ပာယ်ကို ကောက်ချက်ချ၍ "ယုံသဒ္ဓါ, ကြည်သဒ္ဓါ"ဟု သဒ္ဓါ၏ လက္ခဏနှင့် ရသကို ခွဲပါ။

ပစ္စုပဋ္ဌာန် ,ပဒဋ္ဌာန်။ ။[အကာလုဿိယဥပဋ္ဌာနာ-မနောက်ကျုသည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏ ၊ သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ-ယုံကြည်ထိုက်သောဝတ္ထုလျှင် နီးစွာသောအကြောင်း ရှိ၏ ။] သဒ္ဓေယျ ဝတ္ထုများကား ရတနာသုံးပါး, ကံ ကံ၏ ကောင်း/မကောင်းသောအကျိုး, ပစ္စုပ္ပန်လောက တမလွန် လောက တို့တည်း ၊ ဤစကားရပ်တို့ဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်ကိုယုံကြည်မှု, ပြုအပ်သမျှကံသည် သတ္တဝါတို့ သန္တာန်၌ သတ္တိတစ်မျိုးအားဖြင့် ရှိနေသည်ဟု ယုံကြည်မှု, ထိုကံ၏ ကောင်းကျိုး မကောင်းကျိုး ရှိ၏ဟု ယုံ ကြည်မှု, ရှေး အတိတ်ဘဝမှ ယခု ပစ္စုပ္ပန်ဘဝသို့ လားခဲ့ရသည်ဖြစ်၍ အတိတ်ဘဝကို ထောက်လျှင် "ပစ္စုပ္ပန်ဘဝ အမှန်ရှိ၏" ဟု ယုံကြည်မှု,"ပစ္စုပ္ပန်ဘဝကို ထောက်လျှင် နောင်တမလွန်ဘဝလည်း အမှန်ရှိ၏" ဟုယုံကြည်မှုမျိုးသာ သဒ္ဓါအစစ် ဖြစ်သည်ဟု သိသာပြီ ။

သဒ္ဓါတု။ ။ယခုကာလ၌ကား "ဘုရားတန်ခိုးပြသည်, ရောင်ခြည်တော်လွှတ်သည်, ဘုရားဓာတ်တော် အစစ်" စသည်ဖြင့် လိမ်လည်လှည့်ပတ်၍ ပြောအပ်သည်ကို တကယ်အစစ် ထင်မှတ်၍ "သဒ္ဓါတရား ဖြစ်ကြသည်"ဟု ဆို၏ ၊ထိုသို့ ဖြစ်ရာ၌ သဒ္ဓါအစစ် မဟုတ်နိုင် ၊ "မှားမှား မှန်မှန် ယုံကြည်တိုင်းသဒ္ဓါတရား" ဟု ဆို လျှင် မိစ္ဆာအယူ ရှိသူတို့လည်း မိမိတို့ ဘုရား တရားကိုလွန်စွာ ကျေနပ်ကြ၏ ၊ မဟာဒေဝဘုရား၏ ယော ကျ်ားအင်္ဂါဇာတ်နှင့် စန္ဒီနတ်သမီး (ဘုရားကြင်ယာ) ၏ မိန်းမအင်္ဂါဇာတ်ကို ပူးတွဲစပ်ထားပြီးလျှင် မဟာဒေဝ ဘုရားနှင့် စန္ဒီနတ်သမီးတို့၏ ကိုယ်စားရုပ်ပွားတော်အနေအားဖြင့် ပူဇော်ကြလေကုန်၏ ။

ကာဋံ ကောဋစိကံ စေတေ, မဟာဒေဝဿ စန္ဒိယာ ၊ ယမကံ ကတွာ ပူဇေန္တိ, တတ္ထ တတ္ထ အလဇ္ဇိနော ။

တတ္ထ တတ္ထ-အိန္ဒိယနယ်ပယ်,အသွယ်သွယ် အစို့စို့, ထိုထိုမြို့၌၊ ဧတေအလဇ္ဇိနော-ဤအရှက်မရှိသူ, များ စွာသောလူတို့သည် ၊ မဟာဒေဝဿ-မဟာဒေဝဘုရား၏ ၊ ကာဋံ စ-ယောကျ်ားနိမိတ်ကိုလည်းကောင်း ၊ စန္ဒိ ယာ-ဘုရားကြင်ယာ, ကညာဒေဝီ, မယ်စန္ဒီ၏ ၊ ကောဋစိကံ စ-မိန်းမနိမိတ်ကိုလည်းကောင်း ၊ ယမကံ

ကတွာ-အစုံ အစုံ ထားကြကုန်၍ ၊ ပူဇေန္တိ-မြတ်နိုးကော်ရော် ပူဇော်ကြလေကုန်၏ ။

မိစ္ဆာဓိမောက္ခ။ ။ဤသို့ စသည်ဖြင့် မိမိတို့ ဆိုင်ရာဝယ် လွန်စွာကြည်ညိုကြခြင်းသည် သဒ္ဓါစစ် မဟုတ်, "မိစ္ဆာဓိမောက္ခ" ခေါ် သဒ္ဓါအတုသာတည်း ၊ တရားကိုယ်အားဖြင့် မောဟ ဒိဋ္ဌိ တစ်ပါးပါး ပြဌာန်းသောအကု သိုလ်စိတ္တုပ္ပာဒ်များသာ လျော်စွာ ဖြစ်ရာ၏ ၊ ကာဠနဂါးမင်းက ဘုရားရှင်၏ ရုပ်ပုံတော်ဟန်ဖန်ဆင်း၍ ပြရာ၌ ဓမ္မာသောကမင်း၏ လွန်စွာကြည်ညိုသော သဒ္ဓါမျိုးကဲ့သို့

ဘုရားရှင်ကိုယ်တော်မြတ်၏ ဆင်းတုတော်, ဓာတ်တော်, စွယ်တော်တုများ၌ "အတုသည်ပင် ဤမျှ သပ္ပယ် တင့်တယ်တော်မူသေး၏" ဟု အောက်မေ့ကာ လွန်စွာကြည်ညိုသောအရာ၌ကား သဒ္ဓါအစစ်ပင် ဖြစ်ဖွယ်ရှိသည် ။

[ဆောင်] ရတနာသုံးတန်, ပစ္စုပ္ပန်နှင့်, သံသရာမျိုး, ကံအကျိုးတို့, ရှိရိုးဟုမြင်,သက်ဝင်ကျေနပ်, ယုံကြည် တတ်, မှတ်လေ သဒ္ဓါတည်း ။

•••••••••••••

သတိ။ ။ အပိလာပနလက္ခဏာ, အသမ္မောသရသယ သတိ ၊ အာရက္ခပစ္စုပဋ္ဌာနာ, ထိရသညာပဒဋ္ဌာနာ ။

လက္ခဏ , ရသ, ပစ္စုပဋ္ဌာန်။ ။[သတိ-သတိသည်၊ အပိလာပနလက္ခဏာ-ဗူးတောင်းအသွင်,မပေါ်လွင်ဘဲ, အာရုံ၌ ခိုင်မြဲခြင်းလက္ခဏာ ရှိ၏ ၊ အသမ္မောသရသာ-အာရုံကို မပျောက်ပျက်စေခြင်းကိစ္စ ရှိ၏ ၊ အာရက္ခပစ္စု ပဋ္ဌာနာ-အာရုံကိုစောင့်ရှောက်တတ်သောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏ ။] ဗူးတောင်းသည် ရေ ၌ ကောင်းစွာ မတည်ဘဲ ပေါလော မျောသွားသကဲ့သို့, အာရုံ၌ပေါ်လွင် မျောပါ၍ မသွားဘဲ ခိုင်မြဲ တည်တံ့ ခြင်း, သမ္ပယုတ်တရားတို့ကိုလည်း အာရုံ၌ ခိုင်မြဲစွာ ထားခြင်းသည် သတိ၏ လက္ခဏာတည်း ၊ အာရုံကို ပျောက်ကွယ် မသွားအောင် အောက်မေ့ခြင်း,အမှတ်ရနေခြင်းသည် သတိ၏ ကိစ္စတည်း၊ ထို့ကြောင့် ယောဂီ တို့ဉာဏ်မှာ "ယူပြီး,ယူဆဲ အာရုံများကို မပျောက်အောင် စောင့်ရှောက်တတ်သောတရား"ဟု ထင်လာသည်။ [သရတိ-အောက်မေ့တတ်၏ ၊ ဣတိ-ထို့ကြောင့် ၊ သတိ-မည်၏ ။]

ပဒဋ္ဌာန်။ ။[ထိရသညာပဒဋ္ဌာနာ-ခိုင်မြဲသော သညာလျှင် နီးစွာသောအကြောင်းရှိ၏။] ဤသတိ၏ အာရုံ ကို မမေ့မပျောက်အောင် စောင့်ရှောက်မှု၌သညာသည် များစွာကူညီ၏ ၊ ကုသိုလ်ကောင်းမှု ကိစ္စစု၌ မပြတ် လေ့လာအထုံပါ၍ သညာအမှတ်က ကြပ်ကြပ် ခိုင်မြဲပါမူ ဘဝဆုံးခါနီး လောလောဆယ်မှာပင် ထိုကောင်းမှု များ ပေါ်ထင်၍ လာတတ်ရာ၌ ကံ၏ အစွမ်းချည်းသာမဟုတ်, ခိုင်မြဲသော သညာအရင်းခံရှိသော သတိ အစွမ်းလည်း ပါသည် ။

သတိတု။ ။ဤသတိသည် မှန်ကန် ကောင်းမြတ်သော ဘုရားစသောအာရုံကို အမှတ်ရတတ်သော တရား ဖြစ်ရကား မိစ္ဆာအယူရှိသူ့တို့၏ မိမိဆိုင်ရာ ဘုရားတရားကို အောက်မေ့မှု, သတ္တဝါတို့၏ လောဘအာ ရုံ, ဒေါသအာရုံတွေကို အမှတ်ရနေမှုများသည် သတိအစစ် မဟုတ် ၊ "မိစ္ဆာသတိ" ဟု ခေါ်အပ်သောသညာ ပြဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာ ဖြစ်သည် ။

[ ဆောင်] ဘုရားစသား, အာရုံများ၌, မှတ်သားလေ့များ, အောက်မေ့ငြား,တရား သတိသဘောတည်း ။ ဟိရီ, ဩတ္တပ္ပ။ ။ဟိရီယတီတိ ဟိရီ-မကောင်းမှု ဒုစရိုက်မှ ရှက်တတ်, စက်ဆုပ်တတ်သောကြောင့် ဟိရီ မည်၏၊ ဩတ္တပ္ပတီတိ ဩတ္တပ္ပံ-မကောင်းမှု ဒုစရိုက်မှ ကြောက်ရွံ့ ထိန်လန့်တတ်သောကြောင့် ဩတ္တပ္ပ မည်၏ ။

ဥဘော ပါပါနံ ဇေဂုစ္ဆ-ဥတ္တာသလက္ခဏာ ကမာ ၊ တေသံ အကရဏရသာ, တတော သင်္ကောစုပဋ္ဌာနာ ၊ အတ္တပ္ပရသဂါရဝ-ပဒဋ္ဌာနာတိ သညိတာ ။

လက္ခဏ , ရသ, ပစ္စုပဋ္ဌာန်။ ။[ဥဘော-ဟိရီ ဩတ္တပ္ပ နှစ်ပါးတို့သည် ၊ ပါပါနံ-မကောင်းမှုဒုစရိုက်တို့ကို၊ ကမာ-အစဉ်အတိုင်း ၊ ဇေဂုစ္ဆဥတ္တာသလက္ခဏာ-စက်ဆုပ်ခြင်း, ထိန်လန့်ခြင်းလက္ခဏာရှိကုန်၏ ၊ တေသံ-ထို မကောင်းမှု တို့ကို ၊အကရဏရသာ-မပြုခြင်းကိစ္စ ရှိကုန်၏ ၊ တတော-ထိုဒုစရိုက်တို့မှ ၊ သင်္ကောစ ဥပဋ္ဌာနာ- တွန့်ဆုတ်သောတရားများဟု ယောဂီတို့ ဉာဏ်အား ထင်လာကုန်၏ ။] အဟိရိက အနောတ္တပ္ပ၌ ပြအပ်ခဲ့ သည့်အတိုင်း စက်ဆုပ်ထိုက် ကြောက်ရွံ့ထိုက်သော ဒုစရိုက်တို့ကို စက်ဆုပ်ရွံ့ရှာခြင်းသည် ဟိရီ၏ လက္ခ ဏာ, ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်းသည် ဩတ္တပ္ပ၏ လက္ခဏာတည်း၊ မကောင်းမှု ဒုစရိုက်ကို မပြုမိအောင် ရှောင်ကြဉ်မှုသည် ဟိရီ ဩတ္တပ္ပ နှစ်ပါးလုံး၏ ကိစ္စတည်း ၊ ဤတရားနှစ်ပါးသည် "ဒုစရိုက်မှ တွန့်ဆုတ်သော တရားများ" ဟု ယောဂီတို့ ဉာဏ်မှာ ထင်လာသည်။

ပဒဋ္ဌာန်။ ။[အတ္တပ္ပရသဂါရဝပဒဋ္ဌာနာတိ-မိမိ သူတစ်ပါးအပေါ်၌ လေးစား ရိုသေခြင်းရှိသူ၏ အဖြစ်လျှင် နီးစွာသောအကြောင်းရှိ၏ ဟူ၍ ၊ သညိတာ-သိမှတ်အပ်ကုန်၏ ။] ဟိရီသည် မိမိကို လေးစားမှုလျှင် နီးစွာ သောအကြောင်း ရှိ၍ , ဩတ္တပ္ပကား သူများကို လေးစားမှုလျှင် နီးစွာသောအကြောင်း ရှိသည် ၊ ထို့ကြောင့် ဟိရီသည် အမျိုးကောင်းသမီးနှင့် တူ၍ , ဩတ္တပ္ပကား ပြည့်တန်ဆာမနှင့် တူ၏ဟု အဋ္ဌကထာတို့၌ မိန့်ပြီ ။

ချဲ့ဦးအံ့ -အမျိုးကောင်းသမီးသည် မိမိ၏ မြင့်မြတ်သော မျိုးရိုးဇာတိရှိပုံကို လေးစားသောအားဖြင့် မိမိအိမ့် ရှင်မှ တစ်ပါးသော ယောကျ်ားနှင့် ဖောက်ပြန်ရမည်မှ စက်ဆုပ်၏ ၊ ထို့အတူ ဟိရီရှိသူသည်လည်း မိမိ၏ အမျိုးအနွယ်, ကြီးရင့်သောအရွယ်, အကြားအမြင် ဗဟုဿုတ, ရဲစွမ်းသတ္တိဟူသော ဂုဏ်ကို အစွဲပြု၍ "ငါကဲ့သို့သော သူသည် ဤကဲ့သို့သော ဒုစရိုက်ကို မပြုထိုက်" ဟု မိမိကိုယ်ကို အလေးပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာသည် ။

ပြည့်တန်ဆာမကိုယ်ဝန်တည်လျှင် ယောကျ်ားတို့က စက်ဆုပ်ကြ၏ ၊ ထို့ကြောင့် ယောကျ်ားတို့ကို လေး စားသောအားဖြင့် ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်မည့်

ဘေးမှ ကြောက်ရွံ့၏၊ " လောက၌ ကိုယ်စောင့်နတ် စသော နတ်များနှင့် အဘိညာဏ်ရသော တန်ခိုးရှင် တို့သည် တိတ်တဆိတ် မကောင်းမူှ ပြုနေသူတို့ကို သိမြင်ကြကုန်၏ ၊ ငါသည် လုံခြုံလှပြီဟုသဘောထား၍ ဒုစရိုက်ကို ပြုလျှင် ထိုပညာရှင်များ၏ အလယ်မှာ ကဲ့ရဲ့ဖွယ် ဖြစ်တော့လတ္တံ့" ဟု သူတစ်ပါးတို့ကို လေးစား သောအားဖြင့် ဩတ္တပ္ပသည် ဒုစရိုက်မှ ကြောက်ရွံ့၏၊၊

ဟိရီ , ဩတ္တပ္ပအတု ။ ။ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား , ကျောင်းတက်, ဥပုလ်စောင့်, တရားနာ, ကုသိုလ်ကောင်းမှုနှင့် ဆိုင်သောအရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ် တွန့်ဆုတ် လုပ် တက်သော အမူအရာမျိုးလည်း ရှိသေး၏၊ ထိုအရာမျိုးကား ဟီရိ ဩတ္တပ္ပ မဟုတ် , "မာယာ" တည်း၊ တရားကိုယ် အားဖြင့် တဏှာပြဌာန်းသော အကုသိုလ်စိတ္တုပ္ပာဒ်ပင် ဖြစ်သည် ၊ တစ်စုံတစ်ခု မကောင်းမှု အကုသိုလ်ကို ပြုပြီးနောက် သူတကာသိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဌာန်းသော အကုသိုလ် စိတ္တုပ္ပါဒ်သာတည်း ၊ ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုရသည့်အ တွက် ရှက်သော အမူအရာ, ကိုယ်လက် အညစ်အကြေး သုတ်သင်ရာ၌ ရှက်သော အမူအရာတို့ကား ရို သေလေးစားမှုအတွက် ကုသိုလ် ဖြစ်ထိုက်သော အချက်များဖြစ်၍ ဟိရီဩတ္တပ္ပအစစ်ဟု ဆိုရန်ရှိသည်။

ကမ္ဘာလောကစောင့်တရား။ ။ဤဟိရီ ဩတ္တပ္ပတရားနှစ်ပါးတို့က စောင့်ကြပ် နေသောကြောင့်သာ လူသတ္တဝါတို့သန္တာန်၌ အတော်အတန် စင်ကြယ်နေသည်၊ ဤတရားတို့ကင်းမဲ့လျှင် အမိနှင့်သား, အဘနှင့် သမီးတို့ဖောက်ပြား၍ တိရစ္ဆာန်တွေနှင့် မခြားဘဲ ရောရှက်ရှုပ်ထွေးကာ မကြားကောင်း မနာသာတွေ ဖြစ် ကုန်ရာ၏ ၊ထို့ကြောင့် ဤနှစ်ပါးကို "လောကပါလ=ကမ္ဘာစောင့်တရား" ဟု လည်းကောင်း, "သုက္ကဓမ္မ ဖြူ စင်သန့်ရှင်းကြောင်းတရား" ဟုလည်းကောင်း ဟောတော်မူသည် ။

[ဆောင်] ဒုစရိုက်ဆိုး, အမိုက်မျိုးမှ, ရှက်စနိုးမူ, ဟိရီဟူ, ကြောက်မူ ဩတ္တပ်တည်း ။

•••••••••••••

အလောဘ။ ။ န လုဗ္ဘတီတိ အလောဘော, အလဂ္ဂဘာဝလက္ခဏော၊ အပရိဂ္ဂဟရသော အန-လ္လီနဘာဝုပဋ္ဌာနကော။

ဝစနတ္ထ , လက္ခဏာ။ ။[န လုဗ္ဘတီတိ-မလိုချင်တက်သည်၏ အဖြစ်ကြောင့်၊ အလောဘော-မည်၏ ၊ အလဂ္ဂဘာဝလက္ခဏော-လိုချင်ဖွယ်အာရုံ၌ မငြိကပ်သူ၏ အဖြစ်ဟူသောလက္ခဏာ ရှိ၏ ။] လောဘသ ည် ရူပ သဒ္ဒ စသည်အာရုံ ကာမဂုဏ်ကို သာယာစုံမက် နှစ်သက်ငြိကပ် လိုချင်တတ်၏ ၊ အလောဘကား ထိုကာမဂုဏ်တွေက်ို မလိုချင်တက် ၊ ထို့ကြောင့် အလောဘသည် လောဘနှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်၏၊ ဤစကားအရ-တွေ့ရာ မြင်ရာ မလိုချင်မှု ဟူသမျှက်ို အလောဘဟု မမှတ်ရ၊ ကုသိုလ်နှင့်စပ်၍ ကောင်းမြတ်သောအရာကို မလိုချင်မှုမှာ သမ္မာဆန္ဒ ဝီရိယ နည်းပါး၍ ကောသဇ္ဇတရား စိတ်ညံ့ စိတ်ဖျင်းများသောကြောင့်သာ ဖြစ်သည်-ဟု မှတ်ပါ ။

ရသ။ ။[ အပရိဂ္ဂဟရသော- ငါ့ဥစ္စာဘဲ , တမ်းတမ်းစွဲလျက် , မသိမ်းဆည်းခြင်း ကိစ္စရှိ၏ ။] ရဟန္တာ ပုဂ္ဂိုလ်သည် မည်သည့်ဝတ္ထုကိုမျှ " ငါ့ဥစ္စာ" ဟု သိမ်းဆည်းခြင်း မပြုတော့သကဲ့သို့, အလောဘသည်လည်း လောဘ၏ မည်သည့်အာရုံ ကာမဂုဏ်ကိုမျှ "ငါ့ဥစ္စာ" ဟု မသိမ်းပိုက်ခြင်းကိစ္စ ရှိ၏ ၊ " မသိမ်းပိုက်ခြင်းကိစ္စ ကို အလောဘ၏ ကိစ္စ " ဟု ဆိုသော်လည်း " အရမ်းမဲ့ဖြုန်းတီးပစ်ခြင်းကို အလောဘ၏ ကိစ္စ, ဝါ-ကုသိုလ် ရသည်" ဟု မမှတ်ရ ၊ " ရှေ့နောက် တိုင်းထွာတက်သောအလိမ္မာ အဆင်ခြင် သမ္ပဇဉ်မရှိသဖြင့် မောဟအ တွက် မိုက်မှားချက်တစ်မျိုး" ဟု မှတ်ရမည် ၊ ရှေ့နောက်တိုင်းထွာ အရာရာ သိမ်းဆည်းမှုမှာ သတိသမ္ပဇဉ်၏ ကိစ္စသာတည်း ၊ မလှူဒါန်း မပေးကမ်း မသုံးစွဲပဲ သိမ်းဆည်း ထားမှုသာ လောဘ၏ ကိစ္စ ဖြစ်သည် ။

ပစ္စုပဋ္ဌာန် ။ ။[အနလ္လီနဘာဝဥပဋ္ဌာနကော-မငြိကပ်လိုသော သဘောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏၊] မစင်တွင်းသို့ ကျရောက်သောသူသည် မိမိ၌ မစင်တွေ ငြိကပ် ပေကျံနေသော်လည်း စိတ်အား ဖြင့် မငြိကပ်လိုသကဲ့သို့ , အလောဘဓာတ်ခံ ရှိသူသည် လောဘ၏ အာရုံ ကာမဂုဏ်တွေနှင့် မလွဲသာ၍ ထွေးရောရှက်တင် နေရစေကာမူ စိတ်အလိုအားဖြင့် ထိုအာရုံတို့၌ မငြိမကပ် ပြတ်ပြတ်ကင်းကင်း ရှင်းရှင်း နေလိုသော သဘောရှိ၏။

[ဆောင်] လောကီအာရုံ, ကာမဂုဏ်ကို, စုံစုံမက်မက်, နှစ်သက်မရှိ ၊ မကပ်ငြိပေ, မလိုပေ, ဆိုလေ အလောဘချည်းတည်း။

•••••••••••••

အဒေါသ။ ။ န ဒုဿတီတိ အဒေါသော, အစဏ္ဍိကတ္တလက္ခဏော ၊ အာဃာတဝိနယရသော, သောမ္မဘာဝုပဋ္ဌာနကော ။

ဝစနတ္ထ , လက္ခဏာ ။ ။[ န ဒုဿတီတိ- မဖျက်စီးတက်သည်၏ အဖြစ်ကြောင့်၊ အဒေါသော-မည်၏ ၊ အစဏ္ဍိကတ္တလက္ခဏော-မကြမ်းတမ်းသည်၏ အဖြစ်ဟူသော လက္ခဏာ ရှိ၏ ။] ဒေါသသည် ယှဉ်ဖက် စိတ်ဓာတ်နှင့် ကိန်းဝပ်ရာသတ္တဝါကို ဖျက်စီးတက်သကဲ့သို့ အဒေါသသည် မဖျက်စီးတက် ၊ ထို့ကြောင့် ဒေါသနှင့် ဆန့်ကျင်ကာ မကြမ်းတမ်းခြင်းလက္ခဏာ ရှိ၏ ။

ရသ , ပစ္စုပဋ္ဌာန် ။ ။[အာဃာတဝိနယရသော-ရန်ငြိုးဖွဲ့မှု, ဒေါသစုကို , တစ်ခုမကျန်, ပယ်လှန်ခြင်း ကိစ္စ ရှိ၏ ၊ သောမ္မဘာဝဥပဋ္ဌာနကော-စန်းလအသွင်, ကြည်လင် အေးမြသောတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏ ။]

မေတ္တာ။ ။ဤအဒေါသကိုပင် သတ္တဝါပညတ်ကို အာရုံပြု၍ ကြည်လင် အေးမြစွာ ဖြစ်နေသောအခါ အပ္ပမညာဗြဟ္မဝိဟာရ၌ပါသော "မေတ္တာ" ဟု ဆိုရ၏၊ ထို့ကြောင့် မေတ္တာစစ် မှန်သမျှ တရားကိုယ်မှာ အဒေါ သချည်းတည်း ၊ သို့သော် အဒေါသဟူသမျှကိုကား "မေတ္တာ" မည်၏ဟု မမှတ်သင့် ၊ သတ္တဝါပညတ်ကို အာရုံမပြုဘဲ ဘုရားဖူး တရားနာစသော အခြားကုသိုလ်အရာ၌ မေတ္တာမဟုတ်, အဒေါသသာ။ [မေတ္တာတု ကို ကမ္မဠာန်းပိုင်း၌ ပြအံ့ ။]

[ဆောင်] ယှဉ်ဖက်စိတ်ဓာတ်, ကိန်းဝပ်မိရာ, သတ္တဝါကို, ကြည်သာရွှင်ပျ, အေးမြစေသော, ထိုသဘော အဒေါသချည်းတည်း ။

အမှာ။ ။ဤအဒေါသ၏အခြားမဲ့၌ ပါဠိတော်မှာ အမောဟကို ဟောတော်မူပါသော်လည်း အမောဟ ဟူသည် တရားကိုယ်အားဖြင့် ပညာပင်ဖြစ်ရကား ဉာဏဝိပ္ပယုတ် သောဘနစိတ်များနှင့် မဆက်ဆံနိုင်၊ ထို့ကြောင့် "သောဘနသာဓာရဏ(သောဘနစိတ်အားလုံးနှင့် ဆက်ဆံသောတရား ) "ဟူသော နာမည် နှင့် မတန်ရကား , သောဘန သာမန်ကို ပြရာ နောက်ပိုင်းကျမှ "ပညိန္ဒြေ" ဟူသော အမည်ဖြင့် ပြလိမ့်မည်။

တတြမဇ္ဈတ္တတာ။ ။မဇ္ဈတ္တ၌ အတ္တသဒ္ဒါသည် "သဘော" ဟူသောအနက်ကို ဟော၏၊ မဇ္ဈေ +ဌိေ တာ+ အတ္တာ ယဿတိ မဇ္ဈတ္တော ၊ ယဿ-အကြင်သမ္ပယုတ် တကားအပေါင်း၏ ၊ မဇ္ဈေ-အလည်၌ ၊ ဌိေ တာ-တည်သော၊ အတ္တာ-သဘောသည်၊ အတ္ထိ-ရှိ၏ ၊ ဣတိ-ကြောင့် ၊ မဇ္ဈတ္တော-မည်၏ ၊ မိမိတို့ ကိစ္စ၌ အယုတ်အလွန် မရှိဘဲ အလယ်အလတ် သဘောရှိသော တရားအပေါင်းတည်း ၊ မဇ္ဈတ္တဿ-အလယ်အလတ်ဝယ် တည့်မတ်သောသဘောရှိသော တရားအပေါင်း၏ ၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာသည် ၊ မဇ္ဈတ္တတာ- မည်၏ ၊ ဖုသန, အနုဘဝန စသောကိစ္စတို့၌ ယုတ်လည်း မယုတ် , လွန်လည်း မလွန်ဘဲ သမ္ပယုတ်တရားတို့၏ တည့်မတ်စွာ ဖြစ်ကြခြင်းသည် ဤမဇ္ဈတ္တတာစေတသိက်ကြောင့်တည်း ၊ " မဇ္ဈတ္တတာ-အလယ်အလတ်၌ တည့်မတ်သောသဘောရှိသော တရားအပေါင်း၏ဖြစ်ကြောင်း " ဟု သဒ္ဒါနက် ရှိသော်လည်း "လျစ်လျူရူ ခြင်း" ဟူသော သင်္ကေတအနက်ကသာ အဓိပ္ပာယ် သာ၍ ထင်ရှားသည်၊ ထို့ကြောင့် "မဇ္ဈတ္တတာ-လျစ်လျူ ရှုခြင်း သဘော" ဟု အနက်ဆိုပါ ၊ "တတြ" သဒ္ဒါ ကား လိုရာအနက်ကို စွဲနိုင်သော နိပါတပစ္စယန္တပုဒ် တည်း ၊ တတြ-ထို ယှဉ်ဖက် တရားတို့၌ ၊ မဇ္ဈတ္တတာ- လျစ်လျူရှုခြင်းသည် ၊ တတြမဇ္ဈတ္တတာ- မည်၏ ။

တတြမဇ္ဈတ္တတာ။ ။တတြမဇ္ဈတ္တတာ နာမ, သမဝါဟိတလက္ခဏာ ၊ ဦနာဓိကဝါရဏရသာ, မဇ္ဈတ္တဘာဝုပဋ္ဌာနာ ။

လက္ခဏ , ရသ။ ။[တတြမဇ္ဈတ္တတာ နာမ-တတြမဇ္ဈတ္တတာမည်သည်၊ သမဝါဟိတလက္ခဏာ-ယှဉ် ဖက်တရားကို ညီမျှစွာ ဆောင်ထားခြင်းလက္ခဏာ ရှိ၏ ၊ ဦနာဓိကဝါရဏရသာ-အယုတ်အလွန်နှစ်ပါးကို တားမြစ်ခြင်းကိစ္စ ရှိ၏ ။] ယှဉ်ဖက်တရားတို့ကို မိမိတို့ကိစ္စ၌ ညီညီမျှမျှဖြစ်အောင် ရွက်ဆောင်ခြင်း လက္ခဏာ ရှိ၏ ၊ မိမိတို့ ကိစ္စ၌ အယုတ်အလွန်ကို တားမြစ်ခြင်းကိစ္စ ရှိသည်။

ပစ္စုပဋ္ဌာန်။ ။[မဇ္ဈတ္တဘာဝဥပဋ္ဌာနာ- လျစ်လျူရှုခြင်း သဘောတရားဟု ယောဂီတို့ ဉာဏ်အား ထင် လာ၏ ။] " လျစ်လျူရှု" ဟူရာ၌ "ဂရုမစိုက်ဘဲ ပစ်ထားခြင်း"ဟု မမှတ်ရ၊ အာဇာနည်မြင်းနှစ်စီးကို ကပ်ယှဉ် ၍ ရထားကို မောင်းနှင်သော ရထားထိန်းသည် တစ်စီးက တစ်စီးကို မလွန်ဘဲ အညီအမျှ သွားနေသော မြင်းများကို ဆွဲလည်း မဆွဲ, နှင်တံဖြင့်လည်း မတို့ဘဲ, လစ်လျူပြု- အသင့်ရှုနေသကဲ့သို့, ဆိုင်ရာကိစ္စ၌ ညီညီမျှမျှ ရွက်ဆောင်ကြသော တရားတို့ကို လွန်အောင်လည်း ဗျာပါရမပြု- ယုတ်အောင်လည်း ဗျာပါရ မပြုဘဲ, သင့်တင့်သော အားဖြင့် ရှုနေခြင်းကို "လျစ်လျူရှု" ဟု ဆိုသည် ။

ညီမျှအောင် ဆောင်မှုနှင့် လျစ်လျူရှုမှု။ ။လက္ခဏာတုန်းက "ညီမျှအောင် ဆောင်ထားခြင်းလက္ခဏာ ရှိ၏၊ " ဟု ဆိုပြီးလျှင် ဤ၌ "လျစ်လျူရှု ခြင်း" ဟု ဆိုပြန်ရာ ရှေ့နောက် မဆန့်ကျင်ပါလောဟု မေး၊ အဖြေကား-ယခင် ဥပမာ၌ မြင်းနှစ်စီးတို့ အညီအမျှ ပြေးနေသည်ကို ရထားထိန်းက ဗျာပါရ မပြု, လျစ်လျူရှုသော်လည်း ရထားထိန်း၏ အရှိန်ကြောင့်သာ မြင်းနှစ်စီးတို့ ညီမျှစွာ ပြေးသွားသော ကြောင့် မြင်းနှစ်စီးတို့ ညီမျှစွာ ပြေးသွားရအောင် ရထားထိန်းကပင် ဆောင်ရာရောက်သကဲ့သို့, တတြမဇ္ဈတ္တတာ၏ အရှိန်ကြောင့်သာ မိမိတို့ ကိစ္စ၌ သမ္ပယုတ်တရားတို့ ညီမျှစွာ ဖြစ်ရကား ထိုကဲ့ သို့. အညီအမျှဖြစ်အောင် တတြမဇ္ဈတ္တတာကပင် ဆောင်ရာရောက်သောကြောင့် ရှေ့နောက် မဆန့် ကျင်ပါ။ [ဝိသုဒ္ဓိမဂ်၌ ဥပမာတစ်မျိုး ရှိသေး၏။]

ဥပေက္ခာ ဗြဟ္မာဝိဟာရ။ ။ကမ္မဠာန်းပိုင်း၌လာမည့် ဥပေက္ခာ ဗြဟ္မာဝိဟာရ(အပ္ပမညာ)ဟူသည်လည်း ဤတတြမဇ္ဈတ္တတာ ပင်တည်း ၊ "တတြ- ထိုထိုသတ္တဝါတို့၌ ၊ မဇ္ဈတ္တတာ-လျစ်လျူရှု ခြင်းသည် ၊ တတြမဇ္ဈ တ္တတာ- မည်၏၊ " ဟု တတြအရ ထိုထိုသတ္တဝါကို စွဲပါ၊ "သတ္တဝါပညတ်ကို အာရုံပြုသော ဥပေက္ခာဗြဟ္မ ဝိဟာရ" ဟု ဆိုလျှင် တရားကိုယ်မှာ တတြမဇ္ဈတ္တတာတည်း ၊ တတြမဇ္ဈတ္တတာဟူသမျှကိုကား ဥပေက္ခာဗြ ဟ္မဝိဟာရဟု မမှတ်ရ ၊ ဘုရားဖူး တရားနာစသော ကိစ္စတို့၌ပါသော တတြမဇ္ဈတ္တတာသည် ဥပေက္ခာဗြ ဟ္မဝိဟာရ မဟုတ်။

[ဆောင်] ကိုယ်စီကိစ္စ, ရွက်ဆောင်ကြသဖြင့်, သမ္ပယုတ်ဆို, များထိုထိုဝယ်, အလယ်အလတ်, တည့်မတ် အောင်ပြု, လျစ်လျူရှု, ခေါ်မှု မဇ္ဈတ္တတာတည်း။

ကာယပဿဒ္ဓိ , စိတ္တပဿဒ္ဓိ။ ။[ကာယသဒ္ဒါ "အပေါင်း" အနက်ကို ဟော၏၊ အပေါင်းဟူသည်လည်း စေတသိက်အပေါင်းတည်း ၊ ပဿမ္ဘနံ ပဿဒ္ဓိ, ကာယဿ+ ပဿဒ္ဓိ ကာယပဿဒ္ဓိ ၊ စိတ္တဿ + ပဿ ဒ္ဓိ စိတ္တပဿဒ္ဓိ ၊ ပဿမ္ဘနံ- ငြိမ်းအေးခြင်း, ငြိမ်းအေးကြောင်းသည် ၊ ပဿဒ္ဓိ- မည်၏ ၊ ကာယဿ- စေတသိ က် အပေါင်း၏ ၊ ပဿဒ္ဓိ-ငြိမ်းအေးခြင်း ငြိမ်းအေးကြောင်းသည် ၊ ကာယပဿဒ္ဓိ- မည်၏ ၊၊]

ပဿဒ္ဓိယော ကာယစိတ္တ-ဒရထောပသမလက္ခဏာ ၊ တဿ နိမ္မဒ္ဒနရသာ, သန္တသီတျုပဋ္ဌာနကာ ၊ ကာယစိတ္တပဒဋ္ဌာနာ, ဥဒ္ဓစ္စာဒိပစ္စနိကာ ။

လက္ခဏာ , ရသ။ ။[ပဿဒ္ဓိယော- ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိတို့သည် ၊ ကာယ စိတ္တဒရထဥပသမ လက္ခဏာ- စေတသိက်ပူ စိတ်အပူတို့၏ ငြိမ်းအေးခြင်း လက္ခဏာ ရှိကုန်၏ ၊ တဿ-ထို ပူလောင် ခြင်းကို၊ နိမ္မဒ္ဒနရသာ-နှိမ်နင်းခြင်း ကိစ္စ ရှိကုန်၏၊]- "ဥဒ္ဓစ္စသည် မငြိမ်သက်ခြင်းလက္ခဏာ ရှိ၏၊" ဟု ပြခဲ့သည့်အတိုင်း ဥဒ္ဓစ္စပြဌာန်းသော ကိလေသာ (အကုသိုလ် စိတ္တုပ္ပာဒ်) တို့သည် မငြိမ်မသက် ရောက်ရက်ခတ်ဆူ , ပူပူ လောင်လောင် ရှိကြကုန်၏ ၊ ဤ သောဘနတရားတို့ကား ထိုဥဒ္ဓစ္စ ပြဌာန်းသော ကိလေသာအပူဓာတ်တို့မှ ကင်းစင်ကြသဖြင့် အေးမြငြိမ်သက်ကုန်၏ ၊ ထိုသို့ ငြိမ်းအေးရာဝယ် စေတသိက်အပေါင်း၏ ငြိမ်းအေး မှုသည် ကာယပဿဒ္ဓိ၏ လက္ခဏာ ဖြစ်၍ , စိတ်၏ ငြိမ်းအေးမှုကား စိတ္တပဿဒ္ဓိ၏ လက္ခဏာတည်း၊ ကာယပဿဒ္ဓိက စေတသိက်များ၏ ပူလောင်မှုကို နှိမ်နင်းပယ်ရှားခြင်း, စိတ္တပဿဒ္ဓိက စိတ်၏ ပူလောင် မှုကို နှိမ်နင်းပယ်ရှားခြင်းကိစ္စ ရှိသည် ။

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။ သန္တသီတိ ဥပဋ္ဌာနကာ- ငြိမ်သက် အေးမြသောတရားများဟု ယောဂီတို့ ဉာဏ်အား ထင်လာကုန်၏ ၊ ကာယစိတ္တပဒဋ္ဌာနာ-စေတသိက်အပေါင်းနှင့် စိတ်သာလျှင် နီးစွာသော အကြောင်း ရှိကုန်၏ ၊ ဥဒ္ဓစ္စာဒိပစ္စနီကာ-ဥဒ္ဓစ္စပြဌာန်းသော ကိလေသာစိတ်တို့၏ ဆန့်ကျင်ဘက်တို့တည်း။ [အဓိပ္ပာယ် ထင်ရှားပြီ ။]

[ဆောင်] ဥဒ္ဓစ္စစေ, ပြဌာန်းပေသည့်, ကိလေသာဟူ, အပူဆိတ်သဖြင့်, စေတသိက် အပေါင်း, ငြိမ်းအေး ကြောင်းကို, ကာယဆိုဘိ, စိတ်၏အေးမြ, ဖြစ်ကြောင်း ပြ, စိတ္တပဿဒ္ဓိ ။

ပဿဒ္ဓိ စသည်ကို နှစ်ပါးစီဟောပုံ။ ။သဒ္ဒါစသော စေတသိက်တို့၌ နှစ်ပါးစီတွဲ၍ မဟောဘဲ ဤ ပဿဒ္ဓိစသော စေတသိက်တို့ကိုသာ အဘယ်ကြောင့် နှစ်ပါးစီတွဲ၍ ဟောတော်မူပါသနည်းဟု မေး၊ အဖြေကား-စိတ္တပဿဒ္ဓိ, စိတ္တလဟုတာ စသည်တို့ကြောင့် စိတ်၏ ငြိမ်းအေးမှု, ပေါ့ပါးမှု စသည်သာ ဖြစ်၏ ၊ စေတသိက်၏ ငြိမ်းအေးမှု ပေါ့ပါးမှုစသည် မဖြစ်နိုင် ၊ ကာယပဿဒ္ဓိ, ကာယလဟုတာ စသည်တို့ကြောင့်ကား စေတသိက် အပေါင်းဟူသော နာမကာယ၏ ငြိမ်းအေးမှု ပေါ့ပါးမှု စသည်လည်း ဖြစ်နိုင်၏ ၊ ရူပကာယ၏ ငြိမ်းအေးမှု ပေါ့ပါးမှု စသည်လည်း ဖြစ်နိုင်၏ ၊ ထို့ကြောင့် ပဿဒ္ဓိစသော စေတသိက်တို့ကိုသာ နှစ်ပါးစီတွဲ၍ ဟော တော်မူသည် ။

မဟာဋီကာ။ ။ဧတ္ထ စ စိတ္တပဿဒ္ဓိအာဒီဟိ စိတ္တမေဝ ပဿဒ္ဓံ လဟု မုဒု ကမ္မညံ ပဂုဏံ ဥဇု စ ဟောတိ၊ ကာယပဿဒ္ဓိအာဒီဟိ ပန ရူပကာယော ပိ ၊ တေနေဝေတ္ထ ဘဂဝတာ ဓမ္မာနံ ဒုဝိဓတာ ဝုတ္တာ၊ န သဗ္ဗတ္ထ ။

ဤကျမ်း၏ ထင်မြင်ချက်။ ။ယခု ဖွင့်ပြခဲ့သော အဓိပ္ပာယ်မှာ ရှေးဋီကာတို့ ဖွင့်ထားသော အဓိပ္ပါယ်သာ တည်း၊ ဤကျမ်း၏ ထင်မြင်ချက်မှာ ထိုဋီကာတို့ ဖွင့်ပြသည့်အတိုင်း ဟုတ်လိမ့်မည်မထင်၊ ပဿဒ္ဓိ(ငြိမ်းအေး ခြင်း) သဘောသည် ဖဿ ဝေဒနာတို့ကဲ့သို့ တစ်မျိုးတည်းသာ ရှိသင့်၏ ၊ စိတ်၏ ငြိမ်းအေးမှုက တစ်မျိုး, စေတသိက်တို့၏ ငြိမ်းအေးမှုကတစ်မျိုးဟု သဘောနှစ်မျိုး မရှိသင့် ၊ ဖဿ ဝေဒနာစသည်ထက် ထူးခြား သောအချက်ကား-ထိုငြိမ်းအေးမှုသဘောသည် စိတ် စေတသိက်၌သာမက, ငြိမ်းအေးသော ထိုစိတ် စေတ သိက်ကြောင့် စိတ္တဇရုပ်များလည်း ငြိမ်းအေးရကား စိတ္တဇရုပ်မှာ အငြိမ်းဓာတ်ကူးစက်၍ တစ်ကိုယ်လုံး အငြိမ်းတုံး အအေးတုံး ဖြစ်နေကြောင်းကို သိစေတော်မူလိုသောကြောင့် ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ ဟု နှစ်မျိုးခွဲ၍ ဘုရားရှင်ဟောတော်မူသည်၊ ထို့ကြောင့် သမုစ္စည်းပိုင်း (ဗောဓိပက္ခိယသင်္ဂဟ)၌ "သင်္ကပ္ပ ပဿဒ္ဓိ စ ပီတုပေက္ခာ" ဟု ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိနှစ်မျိုး မခွဲဘဲ ပဿဒ္ဓိစေတသိက် တစ်မျိုးတည်း သာ တရားကိုယ် ပြသည်။ [လဟုတာ, မုဒုတာ စသည်တို့၌လည်း ဤနည်းပင်တည်း။]

•••••••••••••••••

ကာယလဟုတာ , စိတ္တလဟုတာ။ ။လဟုနော ဘာဝေါ လဟုတာ ၊လဟုနော-လျင်မြန် ပေါ့ပါးသည်၏ ၊ ဘာဝေါ- ဖြစ်ကြောင်း ဖြစ်ရာသည် ၊ လဟုတာ- မည်၏ ၊ "ကာယဿ + လဟုတာ ကာယ လဟုတာ, စိတ္တဿ +လဟုတာ စိတ္တလဟုတာ" ။

လဟုတာယော ကာယစိတ္တ-ဂရုတာသမလက္ခဏာ ၊ တဿာ နိမ္မဒ္ဒနရသာ, အဒန္ဓတာဥပဋ္ဌာနာ ၊ ကာယစိတ္တပဒဋ္ဌာနာ, ထိနိမိဒ္ဓပစ္စနိကာ ။

လက္ခဏာ , ရသ။ ။[လဟုတာယော-လဟုတာတို့သည်၊ ကာယစိတ္တဂရုတာ သမလက္ခဏာ- စေတ သိက်အပေါင်းနှင့် စိတ်တို့၏ လေးလံကုန်သည်၏ အဖြစ်ကို ငြိမ်းစေခြင်းလက္ခဏာ ရှိကုန်၏ ၊ တဿာ- ထိုလေးလံကုန်သည်၏ အဖြစ်ကို ၊ နိမ္မဒ္ဒနရသာ-ကုန်၏။] အကုသိုလ်တရားတို့သည် ထိန မိဒ္ဓတို့၏ ဖိနှိပ် ဟန့်တားမှုကြောင့် လေးလံ ထိုင်းမှိုင်း သကဲ့သို့ ရှိကြကုန်၏ ၊ ဘဝင်တွေများစွာ ခြားလျက် ဝီထိစိတ်အဖြစ်မပြန်ဘဲ နှေးနှေးကန်ကန် ရှိကြကုန်၏၊ ဤသောဘနတရားတို့ကား ထိုထိန မိဒ္ဓပြဌာန်းသော ကိလေသာတို့ မယှဉ်သဖြင့် လျင်မြန်ပေါ့ပါးကုန်၏၊ ကာယလဟုတာသည် စေတသိက်များ၏ လေးလံ နှေးကန်မှုကို နှိပ်နင်းပယ်ရှား၍, စိတ္တလဟုတာက စိတ်၏ လေးလံမှုကို နှိပ်နင်းပယ်ရှားသည်ဟု ဋီကာတို့ အဆိုအတိုင်း မှတ်ပါ။

ပေါ့ပါးလျင်မြန်ပုံ။ ။ကုသိုလ်ကောင်းမှု လုပ်ငန်း၌လည်းကောင်း, အနိစ္စ စသော ကမ္မဠာန်းနှလုံးသွင်းမှု စသည်၌လည်းကောင်း, ကုသိုလ် ကြိယာ ဇောဝီထိတို့၏ အကြားအကြားဝယ် ဘဝင်များစွာ မခြားဘဲ ဘဝင်အစဉ်မှ ထကာ ထကာ ဇောဝီထိတို့ကို သွက်သွက်လက်လက် ဆက်၍ဆက်၍ ဖြစ်စေနိုင်ခြင်းကို "လဟုတာ (လျင်မြန်ပေါ့ပါးသောသဘော)"ဟု ဆိုသည် ၊"လျင်မြန်ပေါ့ပါး" ဟူသော စကားအရ " သောဘန တရားများသည် အသောဘနထက် အဖြစ်အပျက် မြန်၏" ဟု မမှတ်မှားလင့် ၊ ဖြစ်ပျက်ရာကာလမှာ ခဏတ္တယချင်း တူမျှသည်။[ထိနမိဒ္ဓါဒိပဋိပက္ခဘာဝေန ကုသလကမ္မေ (ဓမ္မေ) အနိစ္စာဒိမနသိကာရေ စ သီဃံ သီဃံ ပရိဝတ္တနသမတ္ထတာ လဟုပရိဏာမတာ၊ ပေ၊ သာ ဟိ ပဝတ္တ မာနာ သီဃံ ဘဝင်္ဂ ဝုဋ္ဌာနဿ ပစ္စယော ဟောတိ ၊- မူလဋီကာ ။]

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[အဒန္ဓတာဥပဋ္ဌာနာ-မလေးမလံ မနှေးကန်ကုန်သည်၏ အဖြစ်ဖြင့် ယောဂီ တို့ဉာဏ်အား ထင်လာကုန်၏ ၊ ကာယစိတ္တပဒဋ္ဌာနာ-ကိုယ်စိတ်နှစ်ပါးလျှင် နီးစွာသောအကြောင်း ရှိကုန် ၏ ၊ ထိနမိဒ္ဓပစ္စနိကာ-ထိန မိဒ္ဓ ပြဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ ၊] ဤလဟုတာ၏ အစွမ်းကြောင့် ရူပကာယလည်း လျင်မြန်ပေါ့ပါး၏ ၊ ကုသိုလ်စိတ် ဖြစ်နေသောအခါ ခန္ဓာကိုယ် ပေါ့ပါးပုံ, ဥဗ္ဗေဂါပီတိ အကူအညီရသောအခါ ကောင်းကင်သို့ပင် ပျံတက်နိုင်ပုံများကို ထောက်၍, ဤလဟုတာ စေတသိက်များ၏ သတ္တိကိုသိပါ ။

[ဆောင်] ထိနမိဒ္ဓ, ပဋ္ဌာနပေ, များကိလေရိပ်, မယှဉ်ဆိတ်သဖြင့်, စေတသိက်ပေါင်း, လျင်မြန်ကြောင်း ကို, ကာယဆိုဘိ, စိတ်၏ လျင်စွ, ဖြစ်ကြောင်းပြ, စိတ္တလဟုတာ တည်း။

•••••••••••••••

ကာယမုဒုတာ , စိတ္တမုဒုတာ။ ။မုဒုနော- နူးညံ့ ပျော့ပျောင်းသည်၏ ၊ ဘာဝေါ-ဖြစ်ကြောင်း ဖြစ်ရာသည် ၊ မုဒုတာ-မည်၏ ၊ "ကာယဿ + မုဒုတာ ကာယမုဒုတာ" စသည် တွဲပါ ။

မုဒုတာယော ကာယစိတ္တ- ထဒ္ဓတာသမလက္ခဏာ ၊ တဿာ နိမ္မဒ္ဒနရသာ, အပ္ပဋိဃာတုပဋ္ဌာနကာ ၊ ကာယစိတ္တပဒဋ္ဌာနာ, ဒိဋ္ဌိမာနပစ္စနိကာ ။

လက္ခဏ , ရသ။ ။[မုဒုတာယော-မုဒုတာတို့သည် ၊ ကာယစိတ္တထဒ္ဓတာသမ လက္ခဏာ- စေတသိက် ပေါင်း စိတ်တို့၏ ခက်ထန်ကြမ်းတမ်းကုန်သည်၏အဖြစ်ကို ငြိမ်းစေခြင်းလက္ခဏာ ရှိကုန်၏၊ တဿာ-ထိုခက် ထန်ကြမ်းတမ်းကုန်သည်၏ အဖြစ်ကို ၊ နိမ္မဒ္ဒနရသာ-ကုန်၏ ။] ဒိဋ္ဌိမာနပြဌာန်းသော အကုသိုလ်စေတ္တုပ္ပာဒ် တို့သည် အတ္တစွဲလမ်းမှု, ငါ ငါဟု မှတ်ထင်မှုတို့ဖြင့် မည်သူ့ကိုမျှ ဂရုမစိုက် အမူမထား ဆောင့်ကြွား ကြွားနိုင်သကဲ့သို့ ဖြစ်ကာ လွန်စွာ ခက်ထန်ကြမ်းတမ်းကြကုန်၏ ၊ ဤသောဘနတရားတို့ကား ထိုဒိဋ္ဌိမာန တို့ မယှဉ်မှုကြောင့် နူးနူးညံ့ညံ့ ဖြစ်လျက် ခက်ထန်ကြမ်းတမ်းခြင်း မရှိကြကုန် ၊ ကာယမုဒုတာသည် စေတ သိက်အပေါင်း၏ ခက်ထန်ခြင်းကို နှိပ်နင်းပယ်ရှား၍ စိတ္တမုဒုတာက စိတ်၏ ခက်ထန်ခြင်းကို နှိပ်နင်း ပယ်ရှားသည် ။

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[အပ္ပဋိဃာတဥပဋ္ဌာနကာ- ကောင်းသော အာရုံ၌ မထိခိုက် မချုပ်ချယ်တက် သောတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာကုန်၏ ၊ ကာယစိတ္တပဒဋ္ဌာနာ-ကုန်၏ ၊ ဒိဋ္ဌိမာနပစ္စနီကာ- ဒိဋ္ဌိမာနပြဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက်တို့တည်း ။] ဤမုဒုတာတို့၏ အစွမ်းကြောင့် ရူပကာ ယလည်း နူးညံ့ ပျော့ပျောင်း၏ ၊ နိဝါတ နိမာန အားကြီးသူတို့၏ ကိုယ်အမူအရာ နူးညံ့ပုံကို ထောက်ပါ။

[ဆောင်] ဒိဠိမာန, ပဋ္ဌာနပေ, ကိလေသာစု, မယှဉ်မှုကြောင့်, နူးညံ့ပျော့ပျောင်း,စေတသိက်ပေါင်းကို, ကာယဆိုဘိ, စိတ်၏ နုစွ, ဖြစ်ကြောင်း ပြ, စိတ္တမုဒုတည်း။

••••••••••••••

ကာယကမ္မညတာ, စိတ္တကမ္မညတာ။ ။ကမ္မနိ+ သာဓု , ကမ္မညံ ၊ ကမ္မနိ-ဒါနစသော ကောင်းမှု၌ ၊ သာဓု- ကောင်းမြတ်သော ခံ့ညားသော သဘောသည် ၊ကမ္မညံ-မည်၏ ၊ ကမ္မညဿ + ဘာဝေါ, ကမ္မ ညတာ, ကာယဿ + ကမ္မညတာ ။

ကမ္မညတာ ကာယစိတ္တ-အကမ္မညတာသမလက္ခဏာ ၊ တဿာ နိမ္မဒ္ဒနရသာ, သမ္ပတ္တိပစ္စုပဋ္ဌာနာ ၊ ကာယစိတ္တပဒဋ္ဌာနာ, ကာမစ္ဆန္ဒပစ္စနိကာ ။

လက္ခဏ , ရသ။ ။[ကမ္မညတာ-ကမ္မညတာ တို့သည်၊ ကာယစိတ္တအကမ္မညတာသမလဏ္ခဏာ-စေ တသိက်အပေါင်းနှင့် စိတ်၏ ထိုထိုအမှု၌ မကောင်းမွန် မခံ့ညားကုန်သည်၏ အဖြစ်ကို ငြိမ်းစေခြင်းလက္ခဏာ ရှိကုန်၏ ၊ တဿာ-ထို

မကောင်းမွန်ကုန်သည်အဖြစ်ကို ၊ နိမ္မဒ္ဒနရသာ-ကုန်၏ ။] ပြအပ်ပြီးသော ထိန မိဒ္ဓ ဥဒ္ဓစ္စကို ချန်၍ ကျန်နီ ဝရဏတို့နှင့် တွဲယှဉ်ရသော အကုသိုလ်စိတ္တုပ္ပာဒ်တို့သည် ဒါန သီလစသော ကုသိုလ်ကောင်းမှု၌ မကောင်း မွန် မခန့်ညားကုန် ။

ထင်ရှားစေအံ့ –"လျော့လွန်းတော့ ပတ်" ဟူသကဲ့သို့ ကာမစ္ဆန္ဒ (တဏှာ) ပြဌာန်းသော အကုသိုလ်တရား တို့သည် အာရုံ၌ ငြိတွယ်စေးကပ် ပျော့ဖတ်ဖတ်နိုင်ကုန်၏ ၊ "တင်းလွန်းတော့ ပြတ်" ဟူသကဲ့သို့ မာနစသည်တို့ ပြဌာန်းသော အကုသိုလ်တရားတို့လည်း အာရုံကို ယူချက်၌ ခက်ထန်ကြမ်းတမ်းလွန်းကုန်၏၊ ထို့ကြောင့် ထိုနှစ်မျိုးလုံးပင် အာရုံကို ယူရာ၌ ကောင်းမွန်ခံ့ညားသော သဘောမရှိကြကုန်၊ ဥပမာ-ရွှေတုံး ရွှေခဲသည် ပျော့လွန်းသော်လည်းကောင်း , မာလွန်းသော်လည်းကောင်း ပုတီး လက်ကောက် စသည်ကို ပြုလုပ်မှု၌ မကောင်းသကဲ့သို့တည်း ၊ လှော်ပြီး ဦးပြီးသော ရွှေသည် ထိုထို တန်ဆာမှုက်ို ပြုလုပ်ဖို့ရန် ကောင်းမွန်ခံ့ညားသကဲ့သို့ , ထို့အတူ သောဘနတရားတို့လည်း ကာမစ္ဆန္ဒစသော နီဝရဏ တို့၏ မယှဉ် မှုကြောင့် အဆင်သင့်ရုံ နူးညံ့လျက် မပျော့လွန်း မမာလွန်းရကား ထိုထိုကုသိုလ်အမှု၌ ကောင်းမွန် ခံ့ ညားကုန်၏ ၊ ဒါန သီလစသောကောင်းမှု၌စိတ် စေတသိက်တို့၏ မခံ့ညားခြင်းကိုလည်း ပယ်ရှား နှိပ်နင်း ကြပေသည် ။

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[သမ္ပတ္တိပစ္စုပဋ္ဌာနာ(အာရမဏကရဏသမ္ပတ္တိဟု ဆိုလိုသည် ၊) ပြည့်ပြည့်စုံစုံ အာရုံပြုနိုင်သောသဘောဟု ယောဂီတို့ ဉာဏ်အား ထင်လာကုန်၏ ၊ ကာယစိတ္တပဒဋ္ဌာနာ-ကုန်၏ ၊ ကာမစ္ဆန္ဒ ပစ္စနီကာ- ကာမစ္ဆန္ဒစသောနီဝရဏတို့၏ ဆန့်ကျင်ဘက်တို့တည်း ၊] ထိုထိုအာရုံကို ယူရာ၌ ကောင်းမွန်ခံ့ ညားရကား အကြွင်းအကျန်မရှိဘဲ ပြည့်ပြည့်စုံစုံ အာရုံယူနိုင်သောတရားများဟု ယောဂီတို့ဉာဏ်အား ထင် လာသည် ၊ ဤကမ္မညတာတို့ကြောင့် ရူပကာယလည်း ကုသိုလ်ကောင်းမှု၌ လိုက်လိုက်လျောလျောနှင့် ကောင်းသောသဘောရှိပေသည် ။

[ဆောင်] ကာမစ္ဆန္ဒ, ပဋ္ဌာနပေ, ကိလေသာဓာတ်, ကင်းစင်လတ်သဖြင့် , များမြတ်စုစု, ကုသိုလ်မှုဝယ်, ခံ့ထည်ဘိတောင်း, စေတသိက်ပေါင်းကို, ကာယဆိုဘိ ,စိတ်၏ခံ့စွ, ဖြစ်ကြောင်းပြ, စိတ္တကမ္မဉ်တည်း။

•••••••••••••••

ကာယပါဂုညတာ , စိတ္တပါဂုညတာ။ ။ပကဋ္ဌော + ဂုဏော ယဿာတိ ပဂုဏော ၊ ယဿ-အ ကြင်တရားအပေါင်း၏ ၊ ပကဋ္ဌော-ကောင်းမြတ်သော ၊ ဂုဏော-ဂုဏ်သည် ၊ အတ္ထိ-ရှိ၏ ၊ ဣတိ- ကြောင့် ၊ ပဂုဏော-မည်၏၊ ပဂုဏသဒ္ဒါသည် "ကောင်းမြတ်သော ဂုဏ်ရှိ၏ " ဟူသော သဒ္ဒါ နက်, ထိုထိုကိစ္စ၌ အဝါးဝစွာ လေ့လာအပ်သည်ဟူသော သင်္ကေတအနက်, " ပွန်းတီးသည်-ကျေပွန်သည် ထစ်တိ ထစ်ငေါ့- ညောင်တိ ညောင်နာ မရှိ " ဟူသော အဓိပ္ပာယ်နက်များကို

ဟောနိုင်၏ ၊ ထို့ကြောင့် "ပကဋ္ဌော + ဂုဏော ယဿ" ဟူသော ဝိဂြိုဟ်အရ "ကောင်းမြတ်သောဂုဏ်" ဟူသည် " အဝါးဝစွာ လေ့လာခြင်း, ပွန်းတီးခြင်းပင်တည်း" ဟု မှတ်ပါ၊ ပဂုဏဿ-ပွန်းတီးလေ့လာ မညောင် နာသည်၏ ၊ ဘာဝေါ- ဖြစ်ကြောင်း ဖြစ်ရာ (ပွန်းတီးလေ့လာ မညောင်နာခြင်း)သည် ၊ ပါဂုညံ- မည်၏ ၊ ပါဂု ညမေဝ+ ပါဂုညတာ ၊ ကာယဿ + ပါဂုညတာ ကာယပါဂုညတာ ၊ စိတ္တဿ+ ပါဂုညတာ စိတ္တပါဂုညတာ။

ပါဂုညတာ ကာယစိတ္တ-ဂေလညသမလက္ခဏာ ၊ တဿ နိမ္မဒ္ဒနရသာ, နိရာဒီနဝုပဋ္ဌာနကာ ၊ ကာယစိတ္တပဒဋ္ဌာနာ, အသဒ္ဓိယပစ္စနိကာ ။

လက္ခဏ , ရသ။ ။[ပါဂုညတာ-ပါဂုညတာတို့သည်၊ ကာယစိတ္တဂေလညသမလက္ခဏာ-စေတသိက် အပေါင်း စိတ်တို့၏ နာကျင်ကုန်သည်၏ အဖြစ်ကို ငြိမ်းစေခြင်း လက္ခဏာရှိကုန်၏၊ တဿ-ထိုနာကျင်ကုန်သည်၏ အဖြစ်ကို ၊ နိမ္မဒ္ဒနရသာ-, နှိပ်နင်းခြင်းကိစ္စ့ ရှိကုန်၏ ၊] အသဒ္ဓိယပြဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ် တို့သည် အာရုံယူရာ၌ မကျန်းမမာ နာကျင်သကဲ့သို့ ရှိကုန်၏ ၊ သောဘနတရားတို့ကား ထိုအသဒ္ဓိယပြ ဌာန်းသော ကိလေသာတို့နှင့် မယှဉ်သောကြောင့် ထိုထို ကောင်းမှု၌ ပွန်းတီးလေ့လာ မနာကျင်ကြကုန်၊ ယှဉ်ဖက်စိတ် စေတသိက်တို့၏ နာကျင်မှုကို နိပ်နင်းပယ်ရှားကြကုန်၏ ။ [ဤနေရာ၌ သဒ္ဒါမရှိသူ၏ ဖြစ်ကြောင်း မိစ္ဆာဓိမောက္ခကို "အသဒ္ဓိယ" ဟု ခေါ်၏ ။]

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[နိရာဒီနဝဥပဋ္ဌာနကာ-ကိလေသာတည်းဟူသော အပြစ်အနာ မရှိကုန်သည် ၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာကုန်၏ ၊ ကာယစိတ္တပဒဋ္ဌာနာ-ကုန်၏ ၊ အသဒ္ဓိယပစ္စနီကာ- အသဒ္ဓိယ ပြဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဖက်တို့တည်း ။ [ဤပါဂုညတာ၏ အစွမ်းကြောင့် ရူပကာယလည်း ထိုထို ကောင်းမှု၌ ပွန်းတီးလေ့လာ၏ ။]

[ ဆောင်] အသဒ္ဓိယ, ပဋ္ဌာနပေ, ကိလေသာဓာတ်, ကင်းစင်ပြတ်သဖြင့်, များလတ်သီးသီး, ကုသိုလ်ပြီး ဖို့, ပွန်းတီးလေ့လာ, မကျင်နာတောင်း, စေတသိက်ပေါင်းကို, ကာယဆိုဘိ, စိတ်၏လေ့လာ, မကျင်နာစွ, ဖြစ်ကြောင်းပြ, စိတ္တပါဂုဉ်တည်း ။

•••••••••••••••

ကာယုဇုကတာ , စိတ္တုဇုကတာ။ ။ဥဇုကဿ- ဖြောင့်မတ်သည်၏ ၊ ဘာဝေါ-သည် ၊ ဥဇုကတာ- မည်၏ ၊ ကာယဿ + ဥဇုကတာ ကာယုဇုကတာ ၊ စိတ္တဿ + ဥဇုကတာ စိတ္တုဇုကတာ ။

ဥဇုကတာ ဥဘော ကာယ-စိတ္တအဇ္ဇဝလက္ခဏာ ၊ ကောဋိလ္လနိမ္မဒ္ဒနရသာ, အဇိမှတာဥပဋ္ဌာနာ ၊ ကာယစိတ္တပဒဋ္ဌာနာ, မယာသာဌေယျ ပစ္စနိကာ ။

လက္ခဏာ , ရသ ။ ။[ဥဘော-နှစ်ပါးကုန်သော၊ ဥဇုကတာ-ဥဇုကတာ တို့သည်၊ ကာယစိတ္တအဇ္ဇဝလက္ခ ဏာ စေတသိက် အပေါင်းနှင့် စိတ်တို့၏ ဖြောင့်မတ်ကုန်သည်၏ အဖြစ်ဟူသော လက္ခဏာ ရှိကုန်၏၊ ကော ဋိလ္လနိမ္မဒ္ဒနရသာ-ကိုယ်စိတ်တို့ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို နှိပ်နင်းခြင်းကိစ္စ ရှိကုန်၏၊] မာယာသည် မိမိ၌ရှိသောအပြစ်ကို ဖုံးလွှမ်းကွယ်ကာ၍ အပြစ်မရှိဟန်ဖြင့် လိမ်လည် လှည့်ပတ် ၏ ၊သာဌေယျကား မိမိမှာ မရှိသောဂုဏ်ကို ရှိလေယောင် ဟိတ်ဟန်ဆောင်လျက် စဉ်းလဲ ကောက်ကျစ်၏၊ နှစ်ပါးလုံးပင် အကောက် ဉာဏ် အလိမ်ဉာဏ်ချည်း ဖြစ်သည်၊ တရားကိုယ်မှာ တဏှာပြဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ဟု ဆိုသင့်၏၊ သောဘနတရားတို့ကား ထိုမာယာ သာဌေယျတို့နှင့် မယှဉ်သောကြောင့် ဖြောင့်မတ်ရိုးသား၍ ကောက်ကျစ် စဉ်းလဲမှုကို ပယ်ရှားနိုင်ကြသည်။

ပစ္စုပဋ္ဌာန် , ပဒဌာန်။ ။[အဇိမှတာဥပဋ္ဌာနာ-မကောက်ကျစ်ကုန်သည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ် အား ထင်လာကုန်၏ ၊ ကာယစိတ္တပဒဋ္ဌာနာ-ကုန်၏ ၊ မယာသာဌေယျပစ္စနီကာ-မယာ သာဌေယျ ပဓာန ဖြစ်သော ကိလေသာတို့၏ ဆန့်ကျင်ဘက်တို့တည်း ။] ဤဥဇုကတာအစွမ်းကြောင့် ရူပကာယလည်း ဖြောင့် မတ်ရိုးသားသော အမူအရာ ရှိ၏ ။

[ဆောင်] မာယာ သာဌေယျ, ပဋ္ဌာနပေ, ကိလေသာဓာတ်, ကင်းစင်လတ်သဖြင့်, ဖြောင့်မတ်ဘိတောင်း, စေတသိက်ပေါင်းကို , ကာယဆိုဘိ, စိတ်၏ဖြောင့်စွ, ဖြစ်ကြောင်းပြ, စိတ္တဥဇုတည်း ။

••••••••••••••••

ဝိရတိစေတသိက်။ ။ဝိရမဏံ-ရှောင်ကြဉ်ခြင်း ၊ ဝိရတီ-ရှောင်ကြဉ်ခြင်း ၊ ဒုစရိုက် ဒုရာဇီဝတို့ကို ပြုခွင့် ကြုံလျက် မပြုကျင့်မှုကို "ရှောင်ကြဉ်" ဟု ခေါ်၏ ၊ ဒုစရိုက်သည် ကာယဒုစရိုက် ဝစီဒုစရိုက်ဟု နှစ်မျိုး ရှိ၏ ၊ ထိုနှစ်မျိုးလုံးပင် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်နေလျှင် ဒုရာဇီဝ (မကောင်းသော အသက် မွေးမှု) မည်၏ ၊ ချဲ့ဦးအံ့- မုဆိုးတံငါလုပ်၌လည်းကောင်း, သူခို ဓားပြလုပ်၍ လည်းကောင်း , အခြားသူက ငွေပေးသဖြင့် ဝမ်းရေးအတွက် မိစ္ဆာစာရမှုကို ပြု၍လည်းကောင်း, အသက်မွေးလျှင် ထိုကာယဒုစရိုက်များသည် ဒုရာဇီဝချည်းတည်း ၊ မတရားရှေ့နေ မတရားကွက်စိပ်ဆရာလုပ်၍ အသက်မွေးသော်လည်းကောင်း, သူတစ်ပါးက ငွေပေးသဖြင့် အသက်မွေးဝမ်းကျောင်းအတွက် ရန်တိုက်ပေးမှု ဆဲရေးမှုပြုသော် လည်း ကောင်း, ထို ဝစီဒုစရိုက်များသည် ဒုရာဇီဝ မည်၏ ၊

ရဟန်းများ၏ပစ္စည်းလေးပါးအတွက် ပြုအပ်သော ကုလဒူသန အနေသန မိစ္ဆာဇီဝတို့လည်း ဒုရာဇီဝပင် တည်း ၊ ထိုအသက်မွေးမှုနှင့်မဆက်သွယ်ဘဲ မုန်း၍သတ်ခြင်း, သက်သက်လိမ်ခြင်းစသည်တို့ကား ကာယ ဝစီဒုစရိုက်တို့သာဖြစ်၍ ဒုရာဇီဝ မဖြစ်။

သမ္မာဝါစာ။ ။သမ္မာဝါစာသည် ကထာ, စေတနာ, ဝိရတိ အားဖြင့် သုံးမျိုးရှိ၏ ၊ ထိုတွင် အကြောင်း အကျိုးနှင့်စပ်၍ အပြစ်ကင်းလတ် ကောင်းမြတ်သော စကားသံသည် ကထာသမ္မာဝါစာ မည်၏၊ သမ္မာ+ ဝစီ ယတေတိ သမ္မာဝါစာ ၊ သမ္မာ-အပြစ်ကင်းလတ် ကောင်းမြတ်စွာ ၊ ဝစီယတေ-ဆိုအပ်၏ ၊ ထိုကောင်းသော စကားကို ပြောဆိုကြောင်းဖြစ်သော ဝုဋ္ဌော , အဘိညာ , မဟာကုသိုလ် မဟာကြိယာနှင့် ယှဉ်သော စေတ နာသည် စေတနာသမ္မာဝါစာ မည်၏ ၊ သမ္မာဝုစ္စတေ ဧတာယာတိ သမ္မာဝါစာ ၊ [ဧတာယ-ဤစေတနာဖြင့် ၊ သမ္မာ-ကောင်းစွာ ၊ ဝုစ္စတေ-ဆိုအပ်၏ ၊] တစ်စုံတစ်ခုအမှုအတွက် လိမ်လည်လှည့်ပတ်ဖို့အချက် ပေါ်ပေါက် နေရာ၌ ထိုလိမ်လည်မှု ဝစီဒုစရိုက်မှ ရှောင်ကြဉ်၍ မှန်သောစကားကို ပြောဆိုလိုက်လျှင် ထိုပြောဆို ကြောင်း စိတ္တုပ္ပာဒ်၌လည်းကောင်း, သို့မဟုတ်မလိမ်ဘဲ ဆိတ်ဆိတ် နေလိုက်လျှင် ထိုဆိတ်ဆိတ်နေ ကြောင်း စိတ္တုပ္ပာဒ်၌လည်းကောင်း, ရှောင်ကြဉ်မှု(ဝိရတိ) သဘော ပါဝင်၏ ၊ ထိုသို့ ရှောင်ကြဉ်မှုသဘောကို သာ "ဝိရတိသမ္မာဝါစာ" ဟု ဆိုရသည်၊ ဤသမ္မာဝါစာဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဝစီဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ ။

[ ဆောင်] အသက်မွေးဖွယ်, မဆက်သွယ်ဘဲ, နှုတ်ဝယ်ဖြစ်ထိုက်, ဒုစရိုက်လျှင်, စွန့်ပယ်ကြဉ်, ခေါ်တွင် သမ္မာဝါစာတည်း။

သမ္မာကမ္မန္တ။ ။သမ္မာကမ္မန္တလည်း ကိရိယာ, စေတနာ, ဝိရတိအားဖြင့် သုံးမျိုးရှိ၏၊ ထိုတွင် အပြစ်မရှိ သော ကိစ္စလုပ်ငန်းကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာသမ္မာကမ္မန္တ မည်၏ ၊ ကရိယတေ ကမ္မံ, ကမ္မမေဝ ကမ္မန္တံ ၊ သမ္မာ+ကမ္မန္တံ သမ္မာကမ္မန္တံ ၊ ထိုအပြစ်မရှိသော ကိစ္စလုပ်ငန်းကို ပြုလုပ်ကြောင်း စေတနာသည် စေတနာသမ္မာကမ္မန္တ မည်၏၊ သမ္မာ ကရီယတေ ဧတာယာတိ သမ္မာကမ္မာ၊ သမ္မာကမ္မာယေဝ သမ္မာကမ္မန္တာ၊ တစ်စုံတစ်ခုသော ကာယဒုစရိုက်ကို ပြုဖို့အချက်ပေါ်လာသောအခါ မပြုဘဲ ရှောင်ကြဉ်လိုက် လျှင် (အခြား တစ်စုံတစ်ခု ကိုယ်အမှုကို ပြုသည်ဖြစ်စေ, မပြုသည်ဖြစ်စေ) ဝိရတိသမ္မာကမ္မန္တ ဖြစ်၏၊ ဤသမ္မာကမ္မန္တ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ကာယဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်ခြင်း မရှိစေရ ။

[ဆောင်] အသက်မွေးဖွယ်, မဆက်သွယ်ဘဲ, ကိုယ်ဝယ်ဖြစ်ထိုက်, ဒုစရိုက်လျှင်, စွန့်ပယ်ကြဉ်, ခေါ်တွင် သမ္မာကမ္မတည်း ။

သမ္မာအာဇီဝ။ ။သမ္မာအာဇီဝသည် ဝီရိယ, ဝိရတိအားဖြင့် နှစ်မျိုးရှိ၏ ၊ ထိုတွင် မိရိုးဖလာအတိုင်း လယ်ထွန်မှု ကုန်သွယ်မှု စသည်ကို ပြု၍ဖြစ်စေ ၊ ရဟန်းသံဃာဖြစ်လျှင် ကုလဒူသန အနေသန မိစ္ဆာဇီဝ တို့နှင့် မရောယှက်ဘဲ တရားသဖြင့်သာ ပစ္စည်းလေးပါးကို ရှာဖွေ၍ဖြစ်စေ အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည်၌ဖြစ်သော သမ္မာဝါယာမသည် ဝီရိယသမ္မာအာဇီဝ မည်၏ ၊ [ သမ္မာ အာဇီဝန္တိ ဧတေနာတိ သမ္မာအာဇီဝေါ ၊ ဧတေန-ဤဝီရိယဖြင့် ၊ သမ္မာ-အပြစ်မဲ့တောင်း, ကောင်းမွန်စွာ ၊ အာဇီဝန္တိ-အသက်မွေးကြကုန်၏ ။] သမ္မာဝါစာ သမ္မာကမ္မန္တ အခန်း၌ ပြအပ်သော ဝစီ ဒုစရိုက် ကာယဒုစရိုက်များသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်၍ ဖြစ်အံ့၊ ဥပမာ-မတရားရှေ့ နေလိုက်၍ အသက်မွေးအံ့ , မုဆိုး တံငါလုပ်၍ အသက်မွေးအံ့, မိစ္ဆာဇီဝ အနေသနဖြင့် ပစ္စည်းလေးပါးကို ရရှိသုံးစွဲအံ့, "ထိုဒုစရိုက်မျိုးကို မပြုတော့ပါဘူး" ဟု ရှောင်ကြဉ်လိုက်လျှင် သမ္မာအာဇီဝဝိရတိ ဖြစ်၏ ။

[ဆောင်] အသက်မွေးမှု, ကိုယ်နှုတ်ပြုဖို့ , ရှေးရှုတိုက်ရိုက် , ဒုစရိုက်လျှင် , ပယ်ရှောင်ကြဉ် , ခေါ်တွင် သမ္မာအာဇီတည်း။

ဝိရတိယော ဒုစ္စရိတ-အဝီတိက္ကမလက္ခဏာ ၊ တတော သင်္ကောစနရသာ, အကြိယပစ္စုပဋ္ဌာနာ ၊ သဒ္ဓါဟိရော . တ္တပ္ပပ္ပိစ္ဆ-တာဒိဂုဏပဒဋ္ဌာနာ ။

ဝိရတိယော -ဝိရတိတို့သည်၊ ဒုစ္စရိတအဝီတိက္ကမလက္ခဏာ-ဒုစရိုက်၏ တည်ရာဝတ္ထုကို မကျူးလွန်ခြင်း လက္ခဏာ ရှိကုန်၏၊ [ ဒုစရိုက်၏ တည်ရာဝတ္ထုကား သူ့အသက်, သူ့ဥစ္စာစသော ကျူးလွန်အပ်သော ဝတ္ထု များတည်း။] တတော-ထိုဒုစရိုက်မှ ၊ သင်္ကောစနရသာ-တွန့်ဆုတ်ခြင်းကိစ္စ ရှိကုန်၏ ၊ အကြိယပစ္စုပဋ္ဌာနာ- ဒုစရိုက်မှုတို့ကို မပြုမကျင့် ရှောင်ကြဉ်သောတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာကုန်၏ ၊ သဒ္ဓါ ဟိရောတ္တပ္ပပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ-သဒ္ဓါ , ဟိရီ , ဩတ္တပ္ပ, အပ္ပိစ္ဆတာ အစရှိသော ဂုဏ်အပေါင်းလျှင် နီးစွာ သော ဖြစ်ကြောင်းရှိ၏ ။ [ များသောအားဖြင့် ဤဂုဏ်များရှိသူသာ ဒုစရိုက်မှ ရှောင်နိုင်မည်-ဟူလို ။]

ဝိရတိအပြား။ ။သမုစ္ဆေဒဝိရတိ , သမ္ပတ္တဝိရတိ, သမာဒါနဝိရတိဟု ဝိရတိ သုံးပါးပြား၏ ၊ ထိုတွင် "သမုစ္ဆေဒဝသေန-အကြွင်းမဲ့ ပယ်ဖျက်ခြင်း၏အစွမ်းဖြင့် ၊ ဥပ္ပန္နာ- ဖြစ်သော ၊ ဝိရတိ-ရှောင်ကြဉ်ခြင်းသည်၊ သမုစ္ဆေဒဝိရတိ-မည်၏ " နှင့်အညီ ဒုစရိုက် ဒုရာဇီဝ၏ အနုသယဓာတ်ကို အကြွင်းမဲ့ဖြတ်သောအားဖြင့်ဖြစ် သော လောကုတ္တရာဝိရတိတည်း ၊ ဤသမုစ္ဆေဒဝိရတိ၏ ကာလဝိမုတ်ဖြစ်သောနိဗ္ဗာန်ကို အာရုံပြုကြောင်း မှာ ထင်ရှားပြီ ၊ သမ္ပတ္တေ-အာရုံတိုက်ရိုက် ဆိုက်တွေ့လာသည်

ရှိသော် ၊ ဥပ္ပန္နာ-သော၊ ဝိရတိ-သည်၊ သမ္ပတ္တဝိရတိ-မည်၏ ၊ သိက္ခပုဒ်ကို ဆောက်တည် မထားဘဲ လွန်ကျူး ဖွယ်အာရုံတွေ့မှ ရှောင်ကြဉ်မှုသည် သမ္ပတ္တဝိရတိ မည်၏ ။

ဇဂ္ဂနဝတ္ထု။ ။သီဟိုဠ်ကျွန်း၌ ဇဂ္ဂနဥပါသကာ ငယ်ရွယ်စဉ်က မကျန်းမမာသော မိခင်အတွက် လတ်ဆတ်သော ယုန်သားဓာတ်စာ ကျသောကြောင့် လယ်တောသို့ သွားရာ ကောက်နုကို စားရန်လာ သော ယုန်ငယ်ကို အဆင်သင့် ဖမ်းမိ၍ သတ်တော့မည်ဟု ကြံပြီးမှ ပါဏာတိပါတ အပြစ်ကို သတိရ သဖြင့် မသတ်ဘဲ ရှောင်ကြဉ်ကာ ချမ်းသာစွာလွှတ်လိုက်၏ ၊ အိမ်သို့ရောက်လျှင် မိခင်ထံမှောက်ဝယ်

" အကျွန်ုပ်သည် နားလည်သောအရွယ်ကစ၍ သူ၏အသက်ကို မသတ်ဖူးပါ " ဟု မှန်ကန်သော သစ္စာစကား ကို ဆိုခြင်းဖြင့် မိခင်၏ရောဂါကို ကင်းရှင်းစေခဲ့သည်၊ ဤဝတ္ထု၌ တိုက်ရိုက်တွေ့သော ယုန်ကို မသတ် ဘဲ ရှောင်သော သမ္ပတ္တဝိရတိ ဖြစ်၏ ၊ ပစ္စုန်ပ္ပန်အာရုံကို အာရုံပြုကြောင်းမှာ ထင်ရှားပြီ။

သမာဒါနဝိရတိ။ ။သမာဒါနဝသေန-သိက္ခပုဒ်ကို ဆောက်တည်ခြင်း၏ အစွမ်းဖြင့် ၊ ဥပ္ပန္နာ- သော၊ ဝိရတိ-သည်၊ သမာဒါနဝိရတိ-မည်၏ ၊ သိက္ခာပုဒ်ကိုဆောက်တည်တုန်းမှာဖြစ်စေ, ဆောက်တည်ပြီး နောက် မှဖြစ်စေ သိက္ခာပုဒ် ဆောက်တည်ထားသည့်အတွက် လွန်ကျူးဖို့အချက်မှ ရှောင်ကြဉ်ခြင်းသည် သမာဒါန ဝိရတိ မည်၏၊ ရှေးက ဥပါသကာတစ်ယောက်သည် သီလဆောက်တည်ပြီး၍ လယ်ထွန်ပြီးနောက် ပျောက် သောနွားတို့ကို ရှာစဉ် ဥတ္တရဝဍ္ဎမာနတောင်ပေါ်ဝယ် စပါးကြီးမြွေက ရစ်ပတ်လေသော်, လက်၌ပါသော ပဲခွပ်ဖြင့် ခုတ်သတ်ရန် ကြံပြီးမှ ဆောက်တည်ခဲ့သော သီလကို သတိရ၍ ပဲခွပ်ကို လွှတ်ပစ်လေ၏ ၊ သီလ ၏ တန်ခိုးကြောင့် မြွေကလည်း လွှတ်သွားလေသည်၊ ဤဝတ္ထု ၌ သီလဆောက်တည်သည်ကစ၍ တောင် ပေါ်ရောက်သည့်တိုင်အောင် ဝိရတိ မဖြစ်သေး ၊ မြွေကို မသတ်ဘဲရှောင်ကြဉ်လိုက်မှ ဝိရတိဖြစ်သည်၊ ဤဝတ္ထုသွားကို ထောက်ထားလျှင် ဤသမာဒါနဝိရတိလည်း ပစ္စုန်ပ္ပန်ကိုသာ အာရုံပြု၏ဟု ယူလို၏၊ သို့သော် များစွာသော ဆရာတို့က ပစ္စုန်ပ္ပန် အနာဂတ် နှစ်မျိုးလုံးကို အာရုံပြုနိုင်သည်ဟု ဆိုကြသည်၊ ထို ဆရာတို့ ထောက်ထားချက်ကား-

"သမာဒိန္နသိက္ခာပဒါနံ ပန သိက္ခာပဒသမာဒါနေ စ တတုတ္ထရိ စ အတ္တနော ဇီဝိတမ္ပိ ပရိစ္စဇိတွာ ဝတ္ထုံ အဝိတိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ ဝိရတိ သမာဒါနဝိရတီတိ ဝေဒိတဗ္ဗာ"

ဟူသော အဋ္ဌသာလိနီ ဒွါရကထာ စကားပင်တည်း၊ ထင်ရှားစေအံ့-ထို အဋ္ဌကထာဝယ် သိက္ခာပဒသမာ ဒါနေဖြင့် "သိက္ခာပုဒ် ဆောက်တည်ခိုက်၌

သမာဒါနဝိရတိ ဖြစ်၏ " ဟု ဆိုထား၏၊ သို့ဖြစ်လျှင် သိက္ခာပုဒ်ဆောက်တည်ခိုက်မှာ ရှောင်ကြဉ်စရာ မရှိ သေး၊ နောင်အခါ လွန်ကျူးဖို့အချက်ကို မှန်းထား၍ အနာဂတ်အာရုံကို အာရုံပြုကာ ဆောက်တည်တုန်း အခိုက်မှာပင် သမာဒါနဝိရတိ ဖြစ်ပြီဟု ထိုဆရာတို့ ယူဆကြသည်။

စိစစ်ချက်။ ။ထိုဆရာတို့သည် သိက္ခာပဒသမာဒါနေပုဒ်ကိုသာ ကြည့်ရှု၍ ထိုပုဒ်၏ စပ်ရာ "ဝတ္ထုံ အဝီ တိက္ကမန္တာနံ ဥပ္ပဇ္ဇမာနာ" ပုဒ်တို့ကို သတိပြုဟန် မတူ ၊ သိက္ခာပဒသမာဒါနေ၏ စပ်ဖွယ်ပုဒ်အားလုံးကို ပေါင်း ရုံးလိုက်လျှင် " သိက္ခာပုဒ်ကို ဆောက်တည်ခိုက်၌ ဝတ္ထုကို မကျူးလွန်သူတို့အား ဖြစ်သောဝိရတိ " ဟု အဓိပ္ပာယ် ရသောကြောင့် "သတ်ဖို့ နွားကြီးကို အနီး၌ ထားပြီးမှ (စိတ်ကောင်းရသဖြင့်) မသတ်တော့ပါဘူး" ဟု ရှောင်ကြဉ်ကာ "ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ" ဟု ဆောက်တည်ရာ၌သာ ဆောက် တည်ခိုက်အခါဝယ် သမာဒါန ဝိရတိ ဖြစ်သည်၊ ကျူးလွန်ဖွယ်ရာ အာရုံမရှိဘဲ ယခုကာလ ဥပုလ်စောင့်ရာ၌ ဆောက်တည်ပုံမျိုးကား သမာဒါနစေတနာသီလသာဖြစ်၍ ဝိရတိသီလ မဖြစ်နိုင်သေး ၊ ဤသို့လျှင် သမာဒါန ဝိရတိလည်း ဆောက်တည်ခိုက်မှာ ဖြစ်စေ, ဆောက်တည်ပြီး နောက်မှဖြစ်စေ၊ ပစ္စုပ္ပန်ကျူးလွန်ဖွယ်ကိုသာ အာရုံပြုနိုင်သည်ဟု မှတ်ပါ ။

ထို့ပြင် –နွားတစ်ကောင်ကို ရှေ့မှာထား၍ နက်ဖန်သတ်မည်ဟု ကြံစည်ပြီးမှ "မသတ်တော့ပါဘူး " ဟု ရှောင်ကြဉ်ရာ၌လည်း နွား၏ ပစ္စုန်ပ္ပန် ဇီဝိတ ကိုပင် အာရုံပြုသည်၊ ထိုကဲ့သို့ လွန်ကျူးဖွယ် တိုက်ရိုက် မရှိဘဲ သတ်ဖို့ရန် အာရုံကိုမှန်းပြီးမှ အာရုံပြုလျက် သတ်ဖို့ရန် ကြံစည် ရာ၌ကား မနောဒုစရိုက်သာ ဖြစ်၏၊ ထိုမနော ဒုစရိုက်မှ ရှောင်ကြဉ်မှုမျိုးကို လေးနက်စွာ စဉ်းစားလျှင် ရှောင်ကြဉ်ပုံမထင်ရှားသောကြောင့် "ထိုမနောဒုစ ရိုက်၏ ကင်းငြိမ်းခြင်းသာ ဖြစ်သည်" ဟု မှတ်ပါ၊ ဤပြအပ်သော စကားအားလုံးကို ကောက်ချက်ချလျှင် လောကီ ဝိရတိ (သမ္ပတ္တ, သမာဒါန) နှစ်မျိုးလုံးပင် ပစ္စုပ္ပန်ကို အာရုံ ပြုကြကြောင်း ထင်ရှားပြီ ၊ ထို့ကြောင့် သိက္ခာပဒဝိဘင်းပါဠိတော်၌-"ပဉ္စသိက္ခာပဒါနိ ၊ပေ၊ ပစ္စုပ္ပန္နာရမဏာ" ဟူသောပါဌ် ကို အဋ္ဌကထာက-"ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိ ဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ ၊ပေ၊ ပစ္စုပ္ပန္နာရမဏာတိ ဝုတ္တံ" ဟု ဖွင့်၍ မူလ ဋီကာက– "သမ္ပတ္တ ဝိရတိ ဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမဏေ ယထာ ဝိရမိတဗ္ဗတော ဝိရမဏဝ သေနာတိ အတ္ထော" ဟု ဖွင့်သည် ။

ဆက်ဦးအံ့ –အဋ္ဌကထာ၌ "သမ္ပတ္တ ဝိရတိ ဝသေနေဝ " အရ သမ္ပတ္တ ဝိရတိ ကိုသာ ယူ၍ သမာဒါန ဝိရတိ ကို ဧဝသဒ္ဒါဖြင့် ကန့်ကွက်သည်ဟု ထင်မှားမည်စိုးသောကြောင့် ဋီကာ၌ "သမ္ပတ္တေ ပစ္စုပ္ပန္နေ " စသော စကားကို မိန့်ရသည်၊ ဆိုလိုရင်းကား-

ပစ္စုန်ပ္ပန် အာရုံတွေ့ကြုံကာမှ ရှောင်ကြဉ်ရသောကြောင့် "သမ္ပတ္တ ဝိရတိ ဝသေန" ဟု အဋ္ဌကထာ ဆိုသည်၊ ဧဝသဒ္ဒါဖြင့်လည်း "အာရုံတိုက်ရိုက် မရှိလျှင် မရှောင်ကြဉ်နိုင်"ဟု ကန့်ကွက်သည်၊ သိက္ခာပုဒ်တို့ကို ဟောပြ သော သိက္ခာပဒဝိဘင်း ပါဠိတော်ကြီးက အရင်းခံ သမာဒါနက်ို မဟောဘဲ သမ္ပတ္တဝိရတိကိုသာ ဟောတော်မူသည်ဟု အဋ္ဌကထာ ပြလိုရင်းမဟုတ်–ဟူလို။

ဤဆုံးဖြတ်ချက်အရ။ ။"အနာဂတာရမဏာ" ဟူသော မာတိကာအကောက်၌ ဝိရတိကို ကြဉ်ပါ၊ ထို့ပြင် သိက္ခာပဒဝိဘင်း၌ " ဗဟိဒ္ဓါရမဏာ" ဟုသာ ဟောတော်မူသောကြောင့် ဝိရတိတို့ ဗဟိဒ္ဓကိုသာ အာရုံပြုသည်ဟု ယူရန်ရှိ၏၊ သို့ဖြစ်၍ ပါဠိတော်နှင့်ညီညွတ်အောင် "ကိုယ့်ကိုယ်ကို သတ်မည်ဟု ကြံစည်ပြီးမှ ရှောင်ကြဉ်ရာ၌လည်း ဝိရတိ မဖြစ်နိုင်ပါ၊ မကောင်းမှုဒုစရိုက်၏ ကင်းငြိမ်းခြင်းသာ " ဟု ကြံဖွယ်ရှိ၏၊ တတိယပါရာဇိက အဋ္ဌကထာ ဋီကာတို့ကို ထောက်ထား၍ စဉ်းစားဖွယ် များစွာ ရှိပါသေး၏, ကျယ်ဝန်း လှ၍ လျစ်လျူရှုရတော့သည်။

ဝီတိက္ကမိတဗ္ဗ = သူ့အသက်သူ့ဥစ္စာစသော ကျူးလွန်ထိုက်သောအာရုံများ။ [အကျယ်ကို အဋ္ဌသာလိနီ ဒွါရကထာ၌ ရှုပါ။]

ဝီတိက္ကမ = ကျူးလွန်ကြောင်းဖြစ်သော ကာယဒုစရိုက် ဝစီဒုစရိုက် ။

ဝိရမိတဗ္ဗ = ရှောင်ကြဉ်ထိုက်သော ထိုဒုစရိုက် များ။

ဝိရတိ = ရှောင်ကြဉ်ခြင်းသဘောတရား ။

မှတ်ချက်။ ။ဤလေးချက်ကို သတိထား၍ " သဗ္ဗာပိ ဧတာ ဝီတိက္ကမိတဗ္ဗ ဝတ္ထုံ အာရမဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမတိ" ဟူသော သိက္ခာပဒဝိဘင်္ဂဋ္ဌကထာနှင့်အညီ " ဝိရတိ တရားတို့သည် ဝီတိ က္ကမိတဗ္ဗဖြစ်သော ပစ္စုန်ပ္ပန်အာရုံ တစ်ခုခုကို အာရုံပြု၍ ဝိရမိတဗ္ဗ ဖြစ်သော ဒုစရိုက်မှ ရှောင်ကြဉ်ကြသည်" ဟု မှတ်ပါ၊ သစ္စဝိဘင်း မူလဋီကာ "သမ္မာဝါစာဒီနံ အင်္ဂါနံ တံ တံ ဝိရမိတဗ္ဗာဒိ အာရမဏတ္တာ" ဟူသော ပါဌ်၌ကား ဝီတိက္ကမိတဗ္ဗဝတ္ထုကိုပင် "ဝိရမိတဗ္ဗ" ဟု နာမည် တပ်လျက်ရှိ၏၊ ထို့ကြောင့် ဆရာတို့လည်း "သုံးထွေဝိရတိ, ဝိရမိတဗ္ဗ, သမုတ်ရသည့်, ကာမနာမ်ရုပ်" ဟု အာရုံပြုခန်း၌ မိန့်တော်မူကြသည်။

••••••••••••••••••

အပ္ပမညာ။ ။နတ္ထိ ပမာဏံ ဧတဿာတိ အပ္ပမာဏော၊ ဧတဿ-ဤသတ္တဝါအပေါင်း၏၊ ပမာဏံ-အတိုင်း အရှည်ပမာဏသည် ၊ နတ္ထိ-မရှိ၊ ဣတိ-ကြောင့် ၊ အပ္ပမာဏော-မည်၏၊ ကရုဏာ မုဒိတာတို့သည် "ဤ၍ ဤမျှလောက်သော သတ္တဝါတို့ကိုကား အာရုံပြု၍, ဤမျှလောက်သော သတ္တဝါတို့ကိုကား အာရုံမပြု"ဟု သတ္တဝါကိုလည်း ပိုင်းခြားကန့်သတ်၍ မထားချေ၊ သတ္တဝါတစ်ယောက်ကို အာရုံပြုခိုက်၌လည်း " အထက်ပိုင်းကိုသာ အာရုံပြု၍ အောက်ပိုင်းကို အာရုံမပြု " စသည်ဖြင့် ကိုယ်အင်္ဂါကို လည်း ပိုင်းခြားကန့်သတ်၍ မထားချေ၊ ဤသို့အားဖြင့် ပိုင်းခြားကန့်သတ်အပ်သော ပမာဏမရှိသော သတ္တ ဝါအပေါင်းကို " အပ္ပမာဏ" ဟု ဆို၏၊ အပ္ပမာဏေ + ဘဝါ , အပ္ပမညာ ၊ အပ္ပမာဏေ-ပိုင်းခြားကန့်သတ် အပ်သော ပမာဏမရှိသော သတ္တဝါပညတ်၌၊ ဘဝါ-အာရုံပြုသောအားဖြင့်ဖြစ်သော တရားသည်၊ အပ္ပမ ညာ-မည်၏၊ [အဋ္ဌကထာကြီးလာတိုင်း ရေးသည်၊ ဋီကာကျော်အဆိုမှာ လွန်စွာရှုပ်၏။]

[ဆောင်] ဤ၍ ဤမျှ, ပမာဏတိုင်း, ပိုင်းခြား ကန့်သတ်, မထားအပ်သည့်, သတ္တဝါခေါ်, ပညတ်ပေါ် တွင်, အာရုံထင်, အပ္ပမညာဆို။

ကရုဏာ။ ။ပရဒုက္ခေ သတိ သာဓူနံ ဟဒယကမ္ပနံ ကရောတီတိ ကရုဏာ ၊ ပရဒုက္ခေ-သူတစ်ပါး၏ ဆင်းရဲသည်၊ သတိ-သော်၊ သာဓူနံ-သူတော်ကောင်းတို့၏၊ ဟဒယကမ္ပနံ-စိတ်နှလုံး၏ တုန်လှုပ်ခြင်းကို၊ ကရောတီတိ-ပြုတက်သည်၏ အဖြစ်ကြောင့်၊ ကရုဏာ-မည်၏။

ကရုဏာ ပရဒုက္ခဿ, အပနယနလက္ခဏာ၊ တဿ အသဟနရသာ, အဝိဟိံသာဥပဋ္ဌာနာ၊ ဒုက္ခဘူတာန . မနာထ-ဘာဝဒဿနပဒဋ္ဌာနာ။

လက္ခဏ , ရသ။ ။[ကရုဏာ-သည်၊ ပရဒုက္ခဿ-သူများဆင်းရဲကို၊ အပနယနလက္ခဏာ-ပယ်ရှားလို ခြင်းလက္ခဏာ ရှိ၏၊ တဿ-ထိုသူများ ဆင်းရဲနေခြင်းကို၊ အသဟနရသာ-သည်းမခံနိုင်ခြင်းကိစ္စ ရှိ၏ ။] ဆင်းရဲနွမ်းပါး ဒုက္ခိတသတ္တဝါများကို မြင်လျှင် ထိုဒုက္ခကို ပယ်၍ ကယ်ဆယ်ချင်သောသဘောအားဖြင့် သူ တော်ကောင်း၏ စိတ်နှလုံးကို တုန်လှုပ်ချောက်ချားအောင် ပြုတက်ရကား ကရုဏာသည် သူတစ်ပါး၏ ဒုက္ခ ကို ပယ်ရှားလိုခြင်းလက္ခဏာ ရှိ၍ , ထိုဒုက္ခကို မြင်ရ ကြားရလျှင်သည်းမခံနိုင်ခြင်းကိစ္စ ရှိသည်။

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[အဝိဟိံ သာဥပဋ္ဌာနာ-ဝိဟိံသာ၏ ဆန့်ကျင်ဘက်အားဖြင့် ထင်လာ၏၊ ဒုက္ခဘူ တာနံ-ဆင်းရဲသို့ရောက်ကုန်သော သတ္တဝါတို့၏၊ အနာထဘာဝဒဿနပဒဋ္ဌာနာ-ကိုးကွယ်ရာမဲ့ကုန်သည်၏ အဖြစ်ကို ရှုတတ်သာ ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်းရှိ၏၊]ဝိဟိံသာဟု ခေါ်အပ်သော ဒေါသသည် သူတစ်ပါးကို ညှဉ်းဆဲလို၏၊ ကရုဏာကား မညှဉ်းဆဲလိုသည့်ပြင် ကယ်ဆယ်ပင် ကယ်ဆယ် လိုသေး၏၊ ထို့ကြောင့် ဝိဟိံသာ၏ ဆန့်ကျင်ဘက်ဟု ထင်လာသည်။

ကရုဏာအတု။ ။ဆင်းရဲ နေသူ (အထူးအားဖြင့် မိမိနှင့်နီးစပ်သူ) ဒုက္ခိတ သတ္တဝါကို မြင်လျှင် ယခင် လက္ခဏာ စသည်များနှင့် ပြည့်စုံစွာ ကရုဏာနှင့် ဆင်တူယိုးမှား အလွန်သနားမှုများလည်း ဖြစ်ပေါ်လာတတ်သေး၏၊ ထိုသဘောကား ကရုဏာအစစ်မဟုတ်၊ သောကဟုခေါ်အပ်သော ဒေါမနဿဝေဒနာတည်း၊ ကရုဏာအစစ်ကား သူတစ်ပါးကို သနားသော်လည်း ကုသိုလ်တရားဖြစ်၍ စိတ်မညစ်ချေ , ကြည်ကြည်လင်လင်တည်း ၊ သောကကား စိတ်ကို ညစ်စေသည်။

[ဆောင်] ဒုက္ခိတလျှင်, သတ္တဝါ မြင်သော်, သူတော်စင်များ, စိတ်ချောက်ချား၍, သနားသမှု, လှုပ်အောင် ပြု, မှတ်ရှု ကရုဏာတည်း။

မုဒိတာ။ ။တံသမင်္ဂိနော မောဒန္တိ တာယာတိ မုဒိတာ ၊ တာယ-ထိုသဘောတရားဖြင့် ၊ တံသမင်္ဂိနော- ထိုမုဒိတာနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် ၊ မောဒန္တိ-ဝမ်းမြောက်ကြကုန်၏၊ ဣတိ-ထို့ကြောင့် ၊ မုဒိတာ-မုဒိတာ မည်၏၊၊

ပမောဒနလက္ခဏာ ဧသာ, အနိဿာနရသကာ၊ အရတိဝိဃာတဥပဋ္ဌာနာ, လက္ခီဒဿနပဒဋ္ဌာနာ။

လက္ခဏ , ရသ။ ။[ ဧသာ-ဤမုဒိတာသည် ၊ ပမောဒနလက္ခဏာ-သုခိတ သတ္တဝါကို မြင်လျှင် ကြည်လင်ဝမ်းမြောက်ခြင်းလက္ခဏာ ရှိ၏၊ အနိဿာယနရသကာ-သူတစ်ပါး၏ စည်းစိမ်ကို မငြူစူခြင်းကိစ္စ ရှိ၏ ။] ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့နှင့်ပြည့်စုံသော သုခိတသတ္တဝါကို မြင်လျှင် သူတော်စင်တို့ကို ဝမ်းမြောက် စေနိုင်သော သဘောလက္ခဏာ ရှိရကား (ဣဿာ ရှိသူများကဲ့သို့) သူတစ်ပါး စည်းစိမ်ကို မငြူစူခြင်းသည် မုဒိတာ၏ ကိစ္စပေတည်း ။

ပစ္စုပဋ္ဌာန် , ပဒဋ္ဌာန်။ ။[ အရတိဝိဃာတဥပဋ္ဌာနာ သူတစ်ပါး၏ ပြည့်စုံခြင်း၌ မမွေ့လျော်နိုင်ခြင်းကို ပယ်ဖျောက်တက်သော တရားဟု ထင်လာ၏၊ လက္ခီဒဿနပဒဋ္ဌာနာ-သူတစ်ပါးတို့ ဂုဏ်ကျက်သရေကို မြင်ရခြင်းလျှင် နီးစွာသော အကြောင်းရှိ၏။] " သူတစ်ပါးတို့ ကျက်သရေဂုဏ် ပြည့်စုံကြွယ်ဝပုံကို မြင်ရလျှင် ဣဿာ မဖြစ်အောင် ပယ်ရှား၍ ဤမုဒိတာတရား ဖြစ်ပေါ်လာသည်၊" ဟူလို၊

မုဒိတာအတု။ ။အထူးအားဖြင့် မိမိနှင့်စပ်သူတို့ သမ္ပတ္တိဆိုက်နေပုံကို မြင်လျှင် ယခင် လက္ခဏာစသည်များနှင့် ပြည့်စုံစွာ ဝမ်းမြောက်ဝမ်းသာမှု ဖြစ်ပေါ်လာတတ်သေး၏၊ ထိုဝမ်းမြောက်မှုမျိုးကား မုဒိတာ အစစ် ဖြစ်နိုင်ခဲ၏၊ ပီတိအစွမ်းဖြင့် ရွှင်လန်းစွာ ဖြစ်ပေါ်လာသော လောဘမူသောမနဿသဟဂုတ်များလည်း ဖြစ်တတ်လေသည်၊ [ စည်းစိမ်ချမ်းသာ၏ ပျက်စီးမှု ပြည့်စုံမှုများသည် သတ္တဝါပညတ် မဟုတ်ကြ, ကရုဏာ မုဒိတာတို့ကား သတ္တဝါဟု ခေါ်အပ်သော ပညတ်ကိုသာ အာရုံပြုသည်ဟု သတိပြုပါ ။]

[ ဆောင်] သုခိတလျှင်, သတ္တဝါမြင်သော်, သူတော်စင်များ, ဝမ်းမြောက်ငြား, မှတ်သား မုဒိ သဘောတည်း။ အပ္ပမညာ(၄)ပါး မဆိုပုံ။ ။ကမ္မဋ္ဌာန်းပိုင်း၌ အပ္ပမညာလေးပါးဟု ဆိုလတ္တံ့ ဖြစ်ပါလျက် အဘယ့် ကြောင့် ဤ၌ နှစ်ပါးသာ ဆိုပါသနည်းဟုမေး၊ အဖြေကား-အဒေါသစေတသိက်ဖြင့် မေတ္တာကို , တတြမဇ္ဈတ္တ တာစေတသိက်ဖြင့် ဥပေက္ခာကို သွင်းယူပြီး ဖြစ်သောကြောင့် ဤ၌ အပ္ပမညာနှစ်ပါးသာ ဆိုပါသည်။

ချဲ့ဦးအံ့ –ဤစေတသိက်ပိုင်း၌ စေတသိက်တို့ကို သဘောစုရုံမျှ ပြခြင်းဖြစ်သည်၊ မေတ္တာနှင့် ဥပေက္ခာကို သီးခြားပြပြန်လျှင် အဒေါသ, တတြမဇ္ဈတ္တတာတို့နှင့် သဘောချင်း မတူဟု မှတ်ထင်ဖွယ် ရှိသည်၊ စင်စစ်ကား မေတ္တာ၏ တရားကိုယ်မှာ အဒေါသဖြစ်၍ , ဥပေက္ခာ၏ တရားကိုယ်မှာ တတြမဇ္ဈတ္တတာ ဖြစ်သည်၊ ထို့ကြောင့် ဤ၌ အပ္ပမညာနှစ်ပါးကိုသာ ဆိုခွင့်ရှိတော့သည်။

အဒေါသေနေဝ မေတ္တာပိ, တတြမဇ္ဈတ္တတာယ စ ၊ ဥပေက္ခာ ဂဟိတာ ယသ္မာ, တသ္မာ န ဂဟိတာ ဥဘော ။

အဒေါသေနေဝ -ပြအပ်ခဲ့သော အဒေါသစေတသိက်ဖြင့်ပင်၊ မေတ္တာပိ-မေတ္တာ အပ္ပမညာကိုလည်းကောင်း၊ တတြမဇ္စျတ္တတာယ စ-တတြမဇ္ဈတ္တတာစေတသိက်ဖြင့်လည်း၊ ဥပေက္ခာပိ-ဥပေက္ခာအပ္ပမညာကိုလည်း ကောင်း၊ ယသ္မာ-ကြောင့်၊ ဂဟိတာ-သွင်းယူအပ်ပြီ၊ တသ္မာ- ကြောင့် ၊ ဥဘော မေတ္တာ ဥပေက္ခာ နှစ်ပါး တို့ကို ၊ န ဂဟိတာ-အသစ်ထပ်၍ မယူအပ်ကုန်။ [ဋီကာကျော်ဂါထာကို အနည်းငယ် ပြင်ထားသည်။]

••••••••••••••••

ပညိန္ဒြေ။ ။ပကာရေန ဇာနာတီတိ ပညာ၊ ပကာရေန-အပြားအားဖြင့်၊ ဇာနာတိ-သိတတ်၏၊ အပြားဟူသည် အမျိုးမျိုးအစားစားတည်း၊ အနိစ္စ-ဒုက္ခ-အနတ္တဟူ၍လည်းကောင်း, ဒုက္ခ-သမုဒယ-နိရောဓ-မဂ္ဂသစ္စာ ဟူ၍လည်းကောင်း, ကုသိုလ်-အကုသိုလ်ဟူ၍လည်းကောင်း, ကံ-ကံ၏အကျိုးဟူ၍လည်းကောင်း စသည် ဖြင့် အမျိုးမျိုးအစားစား အများအပြားသိသော တရားကို ပညာခေါ်သည်-ဟူလို၊ "ပညာဝ+ဣန္ဒြိယံ,ပညိန္ဒြိယံ၊ ပညာဝ-ပညာသည်ပင်၊ ဣန္ဒြိယံ-အဝိဇ္ဇာကို လွမ်းမိုး၍ အစိုးရသောတရားတည်း၊ ပညိန္ဒြိယံ-ပညာသည်ပင် အစိုးရသောတရား၊ ဤပညိန္ဒြေကို " အမောဟ, ဉာဏ, ပညာ" ဟု သင့်သလို နာမည်ဖြင့် အသုံးပြုကြသည်။

ပဋိဝေဓလက္ခဏာ ပညာ, ဝိသယောဘာသနရသာ၊ အသမ္မောဟဥပဋ္ဌာနာ, မနသိကာရပဒဋ္ဌာနာ။

ပညာ -ပညာသည်၊ ပဋိဝေဓလက္ခဏာ ဟုတ်မှန်သော သဘောကို ထိုးထွင်း၍ သိခြင်းလက္ခဏာ ရှိ၏၊ ဝိသ ယောဘာသနရသာ-အာရုံကို ထင်ရှားပြုခြင်း ကိစ္စရှိ၏၊ [ အဝိဇ္ဇာက အာရုံကို သဘောအတိုင်း အမှန်မ ပေါ်အောင် မှောင်ချထားသကဲ့သို့ ဖြစ်၏၊ ဤပညာက အမှောင်ကို ပယ်ခွာ၍ အာရုံ၏ သဘောအမှန်ကို ထင်ရှားစေအောင် အလင်းရောင် ပြသ ကဲ့သို့ ဖြစ်သည်။] အသမ္မောဟဥပဋ္ဌာနာ-အာရုံ၌ မတွေဝေသောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏။

ပညာတု။ ။ပညာစစ်ဟူသည် ကုသိုလ်တရားဖြစ်သောကြောင့် အပြစ်မရှိသောအရာ၌ လိမ္မာမှု ကျွမ်း ကျင်မှုကိုသာ ပညာစစ်ဟု ဆိုနိုင်သည်၊ လိမ္မာပါးနပ်သူတို့၏ သန္တာန်ဝယ် အလှည့်စားဉာဏ် အလိမ်ဉာဏ် များ ရှိကြ၏၊ ကုဏ္ဍလကေသီမည်သော သူဌေးသမီးကို ခိုးသူဖြစ်သော ခင်ပွန်းက တောင်ပေါ်သို့ သွေး ဆောင်ခေါ်လာပြီးလျှင် လက်ဝတ်တန်ဆာများကို ချွတ်ယူကာ သတ်တော့မည်ပြုရာ, ကုဏ္ဍလကေသီက "သတ်လိုလျှင် သတ်ပါတော့, သို့ရာတွင် အချစ်ဦးကို အားရအောင် ကန်တော့သွားပါရစေ "ဟု ခွင့်တောင်း ၍ တောင်ကမ်းပါးယံတွင် ရပ်နေသော ခိုးသူကို ရှိခိုးဟန်ပြုလျက် တွန်းချလိုက်ရာ, တောင်စောင့်နတ် က-

" န ခေါ သဗ္ဗေသု ဌာနေသု , ပုရိသော ဟောတိ ပဏ္ဍိတော၊ ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ, တတ္ထ တတ္ထ ဝိစက္ခဏာ"

ဟူသော ဂါထာဖြင့် မိန်းမများလည်း ပညာရှိပါပေသည်ဟု ချီးကျူးလေ၏၊ ဤ ဝတ္ထုလာ ပညာကား ပညာ စစ်မဟုတ်နိုင်၊ " သတ်လိုလျှင် သတ်ပါတော့, ကန်တော့ပါရစေ " ဟူသောစကားဖြင့် ညာဝါးလှည့်ပတ်နေ ခိုက်မှာ ဝိတက်(အကြံ) ကောင်းသော ဝဉ္စနာပညာသာတည်း, မာယာဟုလည်း ခေါ်သည်၊ တရားကိုယ်မှာ တဏှာလောဘပြဌာန်းသော အကုသိုလ်စိတ္တုပ္ပာဒ်တည်း၊ ထိုကဲ့သို့ လှည့်ပတ်၍ အချက်ပိုင်သောအခါ ဝမ်းသာအားရသော လောဘမူ သောမနဿသာ ဖြစ်မည်၊ ထို့နောက် "ချောက်ကမ်းပါးသို့ တွန်းချတော့အံ့" ဟု ဆုံးဖြတ်ရာအခါ တွန်းချရာအခါတို့၌ကား ဒေါသမူစိတ္တုပ္ပာဒ်များ ဖြစ်၏၊ မိစ္ဆာအယူရှိသူတို့၌ သူတစ်ပါးကို လှည့်စားဉာဏ်များ ဖြစ်တက်သည်မှာလည်း ဤဝဉ္စနာပညာပင်တည်း။ [ကိံဒိဠိဂတိကာနံ ဝဉ္စနာပညာ နတ္ထီ တိ၊ အတ္ထိ, န ပနေသာ ပညာ, မာယာ နာမေသာ ဟောတိ၊ အတ္ထတော တဏှာဝ။ -အဋ္ဌသာလိနီ, ပညာနိဒ္ဒေသ။]

လက်နက်လုပ်ပညာ။ ။ထို့ပြင် ယခုကာလ၌ လက်နက် ဓာတ်ငွေ့နှင့် ကာကွယ်ကြောင်းကြိယာများကို အရေးတကြီး ကြံစည်ကြ၏၊ ထိုအားလုံးကို ပြုလုပ်ကြံစည်ရာ၌ ထက်မြက်စွာ ကြံစည်တတ်သော အကုသ လဝိတက်သာ ဖြစ်၏၊ သို့ရာတွင် တရံတစ်ခါ၌ မိမိ တိုင်းသူပြည်သားအပေါ်မှာ သနားကြင်နာမေတ္တာ ကရုဏာ ရှေ့ထားလျက် ကာကွယ်ကြောင်း ကြိယာများကို ကြံစည်ခိုက်၌ ကုသိုလ်လည်း ဖြစ်, ပညာစစ် လည်း ဖြစ်ခွင့်ရှိပေသည်။

သညာ , ဝိညာဏ်, ပညာတို့အထူး။ ။သညာသိပုံသည် သူငယ်၏ အသပြာသိပုံနှင့် တူ၏၊ လောကအ သုံးကို မသိသေးသောသူငယ်သည် အတုံးအခဲဖြစ်သော အသပြာကို မြင်သောအခါ အညို, သို့မဟုတ် အဝါ- အရွှေဟု မြင်ရတိုင်းသော အဆင်းကိုသာ သိ၏, အသပြာဖြစ်ကြောင်းကို မသိ၊ ထို့အတူ သညာလည်း မြင်ရ သော အာရုံ၏အညို-အရွှေစသော အဆင်းမျှကိုသာ သိ၏ မှတ်၏၊ အနိစ္စစသော အခြင်းအရာတိုင်အောင် ကား မသိနိုင်၊ ဝိညာဏ်၏ သိပုံသည် ရွာသူရွာသားတို့ သိပုံနှင့် တူ၏၊ ရွာသူရွာသားတို့သည် ထိုအတုံးအခဲ ဝတ္ထုကို အညို အရွှေစသော အဆင်းနှင့်တကွ အသပြာဖြစ်ကြောင်းကို သိ၏၊ မည်မျှ အဖိုးတန်သည်, အသ ပြာစစ်သည် မစစ်သည်ကိုကား မသိနိုင်၊ ထို့အတူ ဉာဏဝိပ္ပယုတ် ဝိညာဏ်သည်လည်း အာရုံ၏ အညိုအရွှေ စသော အဆင်းနှင့်တကွ အနိစ္စစသော အခြင်းအရာတိုင်အောင်ကား သိ၏၊ သို့သော် တိုးတက် အားထုတ်၍ မဂ်ဖိုလ် ရအောင်ကား မစွမ်းနိုင်။

ပညာ၏ သိပုံသည် ရွှေပန်းထိမ်သည်၏ အညိုအရွှေစသော အဆင်း, အသပြာမှန်ကြောင်းနှင့် မည်မျှ ထိုက်တန်ကြောင်း စသည်ကို သိ၏၊ ထို့အတူ ပညာလည်း အာရုံ၏ အဆင်း, အနိစ္စစသော အခြင်းအရာနှင့် မဂ်ဖိုလ်ပေါ်လာသည့်တိုင်အောင်ပင် အလုံးစုံကို သိနိုင်သည်။ [ ဟေရညိကကို "ရွှေပန်းထိမ်သည် " ဟု ရှေးက အနက်ပေးကြသော်လည်း ကျေးဇူးရှင် အဘယာရာမဆရာတော်၏ အဘိဓာန် (၃၄၃) နိဿယ၌ "ဟေရညိက, နိက္ခိက- ငွေဝန်= ငွေတိုက်စိုး"ဟု ပေးသည်။]

[ ဆောင်] သူငယ် အသပြာ, မြင်သောခါ၌ , ညိုဝါအရွှေ , သိလေမှန်စွာ, အသပြာဟု , သေချာမသိ၊ ဂါမိ ကဟူ, ရွာသူမူကား, ဖြူဝါ တစ်ထွေ, ညို ရွှေ၎င်း, တစ်ကြောင်းအသပြာ , သိရုံသာတည်း, တန်ရာအဂ္ဃ, မည်မျှအဖိုး, သိရိုးမရှိ၊ ဟေရညိက,နာမအမည်,ပန်းထိမ်သည်ကား, တပါးမကြွင်း ,ခပင်းဥဿုံ, အလုံးစုံကို , အကုန်မှန်စွာ , သိလေရာ၏၊ သညာ ဝိညာဏ် , ပညာယှဉ်လျက်, ဤသုံးချက်နှင့် , ယထာက္ကမ , တူလေစွဟု, ...... မိန့်ဟ ဋီကာဆိုသတည်း။ (သင်္ဂြိုဟ် ဂဏ္ဌိသစ်။)

အမှာ။ ။ဤအထူးသည် ဝိသုဒ္ဓိမဂ်ခန္ဓနိဒ္ဒေသ, မူလပဏ္ဏာသမဟာဝေဒလ္လသုတ်, ခန္ဓသံယုတ်- ခဇ္ဇနီယဝဂ်တို့၌ ဖွင့်ပြအပ်သောအထူးတည်း ၊ ဤအလုံးစုံသော အဓိပ္ပာယ်သည် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းသောအခါ ဖြစ်ပေါ်လာသော သညာ ဝိညာဏ် ပညာတို့နှင့်သာ ဆိုင်သည် ၊ အားလုံးနှင့်ဆိုင်သော သညာ ဝိညာဏ် ပညာအထူးကို မူလဋီကာအတိုင်း စိတ္တပုဒ်အဖွင့်၌ ပြခဲ့ပြီ ၊ ဤသဒ္ဓါစသော စေတသိက် တို့ သောဘန အမည်ရပုံ, သောဘနအမည်သည် စေတသိက်၏ နာမည်ရင်း ဖြစ်ပုံကို သောဘနစိတ်၌ ဖွင့်ပြခဲ့ပြီ ။

ပကိဏ်းစေတသိက်တို့၏ သမ္ပယောဂနည်း

ဝိတက်ယှဉ်ရာ။ ။ပဉ္စဝိညာဏ်တို့၏မှီရာပဉ္စဝတ္ထု၌ ငါးပါးသောအာရုံတို့၏ ထိခိုက်မှုက ထင်ရှားလှ သဖြင့် ထိုအာရုံများသို့ ဝိတက်တင်ပေးနေဖွယ် မလို၊ ထို့ကြောင့် ဝိတက်သည် ဒွေပဉ္စဝိညာဏ်၌ မယှဉ်နိုင်၊ ဒုတိယစျာန်စိတ်စသည်တို့က ဘာဝနာအစွမ်းဖြင့် ဝိတက်ကို ပယ်ခွာထားသောကြောင့် ဒုတိယစျာန်စိတ် စသည်များ၌လည်း ဝိတက်မယှဉ်နိုင်၊ ထို့ကြောင့် " ဝိတက္ကော တာဝ ဒွိပဉ္စဝိညာဏဝဇ္ဇိတ ကာမာဝစရစိတ္တေ သု စေဝ ၊ပေ၊ ပဉ္စပညာသစိတ္တေသု ဥပ္ပဇ္ဇတိ" ဟု မိန့်သည်။

ဝိစာရယှဉ်ရာ။ ။ဝိစာရသည် ဝိတက်နှင့် မကွဲမကွာယှဉ်လျက် ဝိတက်၏ နောက်လိုက် ဖြစ်၏၊ ထို့ ကြောင့် ပင်ကိုက ဝိတက်မယှဉ်ရာ စိတ်များ၌လည်းကောင်း, တတိယစျာန်တုန်းကပင် ဘာဝနာဖြင့် ပယ်ခွာ ထားသောကြောင့် တတိယစျာန် စသည်၌လည်းကောင်း မယှဉ်နိုင်၊ ထို့ကြောင့် " ဝိစာရော ပန ၊ပေ၊ ဆသဋ္ဌိစိတ္တေသု" ဟု မိန့်သည်။

အဓိမောက္ခယှဉ်ရာ။ ။အာရုံကို ဆုံးဖြတ်သော အဓိမောက္ခသည် အာရုံကို ယူကာမတ္တဖြစ်၍ မဆုံး ဖြတ်နိုင်သော ပဉ္စဝိညာဏ်၌လည်းကောင်း, အာရုံကို မဆုံးဖြတ်နိုင်သည့်အတွက် မိမိနှင့်ဆန့်ကျင်ဘက်ဖြစ် သော ဝိစိကိစ္ဆာသဟဂုတ်စိတ်၌လည်းကောင်း မယှဉ်ထိုက်၊ ထို့ကြောင့် " အဓိမောက္ခော ၊ပေ၊ ဝဇ္ဇိတစိတ္တေ သု" ဟု မိန့်သည်။

ဝီရိယယှဉ်ရာ။ ။ပဉ္စဒွါရဝဇ္ဇန်းစသော စိတ်တို့သည် အာရုံကို ယူမှု၌ အားနည်းကြ၏၊ ထို့ကြောင့် အား ရှိသော ဝီရိယသည် ထိုပဉ္စဒွါရဝဇ္ဇန်းစသည်၌ မယှဉ်နိုင်၊ ထို့ကြောင့် " ဝီရိယံ ပဉ္စဒွါရဝဇ္ဇန ၊ပေ၊ ဝဇ္ဇိတစိတ္တေ သု" ဟု မိန့်သည်။

ပီတိယှဉ်ရာ။ ။နှစ်သက်ခြင်းပီတိသည် နှလုံးမသာမယာခြင်း ဒေါမနဿဝေဒနာ, လျစ်လျူရှုခြင်း ဥပေက္ခာဝေဒနာတို့နှင့် သဘောချင်း မ သင့်ရကား ဒေါမနဿသဟဂုတ် ဥပေက္ခာသဟဂုတ်စိတ်တို့၌လည်း ကောင်း, ရွှင်လန်းမှု စေတသိက သုခနှင့်သာ ယှဉ်၍ ကာယိကသုခနှင့် မယှဉ်သင့်သောကြောင့် သုခသဟ ဂုတ်ကာယဝိညာဏ်စိတ်၌လည်းကောင်း, စတုတ္ထစျာန်က ပီတိကို စက်ဆုပ်ရကား စတုတ္ထစျာန်စိတ်၌ လည်းကောင်း မယှဉ်ထိုက်၊ ထို့ကြောင့် " ပီတိ ၊ပေ၊ ဝဇ္ဇိတစိတ္တေသု " ဟု မိန့်သည်။

ဆန္ဒယှဉ်ရာ။ ။လိုချင်ခြင်းဆန္ဒသည် လိုချင်ခြင်းသဘောမှ ကင်းသော အဟိတ်စိတ် , မိန်းမောတွေဝေ ထုံပေပေနေသော မောဟမူစိတ်တို့၌ မယှဉ်၊ ထို့ကြောင့် "ဆန္ဒော အဟေတုက မောဟမူဟဝဇ္ဇိတစိတ္တေသု" ဟု မိန့်သည်။

အကုသလရာသိ သမ္ပယောဂနည်း

မောဟ စတုက္က။ ။မည်သည့် အကုသိုလ် ဒုစရိုက်မဆို အပြစ်ကို ဖုံးလွှမ်းမှု မောဟ, မရှက် မကြောက် မှု အဟိရိက အနောတ္တပ္ပ, အကုသိုလ်မှန်လျှင် ငြိမ်သက်ခြင်း မရှိရကား မငြိမ်သက်မှု ဥဒ္ဓစ္စတို့နှင့် မကင်းစ ကောင်းချေ ၊ ထို့ကြောင့် " အကုသလေသု ပန မောဟော ၊ပေ၊ သဗ္ဗာကုသလသာဓာရဏာ နာမ" ဟု မိန့်သည်။

ဒိဋ္ဌိနှင့် မာန။ ။သတ္တိချင်းအားဖြင့် သူမနိုင်-ငါမနိုင် ပြိုင်တူဖြစ်နေသော ခြင်္သေ့နှစ်စီးသည် တစ်စီး အောင်းရာ ရွှေဂူ၌ တစ်စီးမအောင်းနိုင်သကဲ့သို့ ထို့အတူ ဒိဋ္ဌိနှင့် မာနသည်လည်း (ခန္ဓာငါးပါးကို ဒိဋ္ဌိက အတ္တ ဟု စွဲ၏၊ မာနက ငါငါဟုစွဲ၏၊ ဤစွဲလမ်းခြင်းအားဖြင့်) ပြိုင်တူဖြစ်နေသောကြောင့် အတူတကွ စိတ္တုပ္ပါဒ် တစ်ခုတည်း၌ မယှဉ်နိုင်ကြချေ၊ ထို့ကြောင့် " ဒိဋ္ဌိ စတူသု ဒိဋ္ဌိဂတသမ္ပယုတ္တေသု " ဟု မိန့်သည်။ [သဘာ ဝနှင့် သာဓကကို မာနပုဒ် အဖွင့်၌ ပြခဲ့ပြီ။ ]

[ ဆောင်] ခန္ဓာငါးဝ, ဒိဋ္ဌိကမူ , အတ္တဟုစွဲ၊ မာနခဲမှာ , ငါ ငါ ငါ ဟု , စွဲလမ်းပြုသဖြင့် , နှစ်ခုပြိုင်ကြ , အားတူမျှ၍ , တကွစဉ်လာ , မယှဉ်သာသည်, ....ပမာ ခြင်္သေ့နှစ်စီးတည်း။

မစ္ဆရိယ၏ ဒေါသမူ၌သာ ယှဉ်ရပုံ။ ။ငြူစူမှု ဣဿာ, နောင်တ တစ်ဖန်ပူပန်မှု ကုက္ကုစ္စတို့သည် ဒေါသ ဒေါမနဿတို့နှင့် မကင်းသင့်ရကား ဒေါသမူဒွေး၌ ယှဉ်ထိုက်ပါစေတော့၊ မိမိ စည်းစိမ်ကို နှမြောမှု ဝန်တိုမှု မစ္ဆရိယသည် လောဘမူ၌သာ ယှဉ်ထိုက်သည် မဟုတ်ပါလော ၊ အဘယ့်ကြောင့် ဒေါသမူ၌ယှဉ်ပါသနည်း ဟု မေး၊ အဖြေကား-မပေးရက်လို ဝန်တိုခြင်း မစ္ဆရိယသည် လောဘ အရင်းခံ ရှိသည်ကား မှန်၏၊ သို့သော် ကိုယ့်ပစ္စည်းကို သူတစ်ပါး နှင့် မဆက်ဆံစေလိုခြင်း ဆက်ဆံမှုကိုသည်းမခံနိုင်ခြင်းဟူသော ဒေါသ ဒေါ မနဿသဘောသည် မစ္ဆရိယ ဖြစ်ခိုက်မှာ တွဲယှဉ်လျက် ပါ၏၊ မစ္ဆရိယ ဖြစ်ခိုက်မှာ အရင်းခံ လောဘသည် ချုပ်လေပြီ၊ ထို့ကြောင့် မစ္ဆရိယသည် လောဘမူ၌ မယှဉ်ဘဲ , ဒေါသ ဒေါမနဿတို့နှင့်သာ ယှဉ်ရသည်။

[ဆောင်] မပေးရက်လျှင်း , ဝန်တိုခြင်း၌ ,ကြောင်းရင်းလောဘ ,ရှိခြေကလည်း ,သူများနှင့်ဖက် , ဆက်ဆံ ချက်ကို ,စိတ်စက်မပိုင် ,မခံနိုင်၍ ,တွဲဆိုင်ဒေါသ , ပါရလေသည် ,လောဘ ထိုခါ ချုပ်ပြီးတည်း။

ထိန မိဒ္ဓ ယှဉ်ရာ။ ။ထိုင်းမှိုင်းခြင်းသဘော ရှိသော ထိန မိဒ္ဓ နှစ်ပါးသည် ထက်မြက်သော အသင်္ခါရိက စိတ်တို့၌ မယှဉ်ထိုက်၊ ထို့ကြောင့် "ထိနမိဒ္ဓံ ပဉ္စသု သသင်္ခါရိက စိတ္တေသု " ဟု မိန့်သည်။

ဝိရတိစေတသိက်၏ သမ္ပယောဂနည်း

ဝိရတိယော ပန တိဿောပိ လောကုတ္တရစိတ္တေသု သဗ္ဗထာပိ နိယတာ ဧကတောဝ လဗ္ဘန္တိ ၊ လောကိယေသု ပန ကာမာဝစရကုသလေသွေဝ ကဒါစိ သန္ဒိဿန္တိ ဝိသုံ ဝိသုံ ။

သဗ္ဗထာ လဗ္ဘန္တိ။ ။သဗ္ဗထာပိ, နိယတာ, ဧကတောဝ, ဤပုဒ်တို့သည် "လဗ္ဘန္တိ " ၌ စပ်ရသော ဝိသေ သနတို့ချည်းတည်း၊ ထိုတွင် "သဗ္ဗထာပိ လဗ္ဘန္တိ " ဖြင့် "လောကုတ္တရာ၌ ယှဉ်သော ဝိရတိတို့သည် မိမိတို့ ရှောင်ကြဉ်ထိုက်သည့် ဒုစရိုက် ဒုရာဇီဝဟူသမျှကို လုံးဝဥဿုံ အကုန် ရှောင်ကြဉ်နိုင်ကြသည် " ဟူသော အဓိပ္ပာယ်ကို ပြ၏ ၊ ထင်ရှားစေအံ့-ကာယဒုစရိုက်သည် ပါဏာတိပါတစသောအားဖြင့် သုံးမျိုးပြား၏၊ ဝစီဒု စရိုက်လည်း မုသာဝါဒစသောအားဖြင့် လေးမျိုးပြား၏၊ ထိုဒုစရိုက်တစ်မျိုးလျှင် အသက်မွေးဝမ်းကျောင်းနှင့် စပ်-မစပ်အားဖြင့် နှစ်မျိုးစီ ပြား၏၊ သဗ္ဗထာပိဖြင့် "လောကုတ္တရာ ဝိရတိတို့သည် ထိုမျှလောက် များပြားသော ဒုစရိုက်တို့ကို တစမချန် ပယ်လှန် ရှောင်ရှားနိုင်၏ " ဟူသော အဓိပ္ပါယ်ကိုပြသည်၊ သို့သော် တပြိုင်နက် ရှောင်ကြဉ်၍ သမ္မာဝါစာ , သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သုံးပါးလုံး အတူတကွ ယှဉ်ကြကြောင်းကိုကား ဤ သဗ္ဗထာပိ သဒ္ဒါက မပြနိုင်သေး။ [ဒု-မကောင်းသော+အာဇီဝ-အသက်မွေးဝမ်းကျောင်းမှု။]

ဧကတောဝ။ ။ဧကတောဝ လဗ္ဘန္တိဖြင့်ကား ထိုဝိရတိသုံးပါးတို့ တစ်ပြိုင်နက် အတူတကွ ယှဉ်ကြောင်း ကို ပြ၏၊ သို့သော် ဒုစရိုက် ဒုရာဇီဝ အားလုံးမှ ရှောင်ကြဉ်နိုင်သည်ဟူသော အဓိပ္ပါယ်ကို မပြနိုင်၊ ထင်ရှားစေ အံ့-ဒုစရိုက်သည် အရင်းခံ (၇) ပါး, အသက်မွေးမှုနှင့် စပ်-မစပ်အားဖြင့် (၁၄) ပါးရှိသည်တွင် သမ္မာဝါစာက ဒုစရိုက်တစ်ပါးမှ ရှောင်ကြဉ်၍ သမ္မာကမ္မန္တ , သမ္မာအာဇီဝတို့ကလည်း ဒုစရိုက်တစ်ပါးစီမှ ရှောင်ကြဉ်လျှင် "ဧကတော-ထိုသုံးပါးတို့တစ်ပြိုင်နက် ယှဉ်သည်" ဟု ဆိုနိုင်၏ ၊ သို့သော် ရှောင်ကြဉ်ဖွယ် ဒုစရိုက်မှာ မကုန်နိုင်ချေ၊ ထို့ကြောင့် "ဧကတော" ဖြင့် ဝိရတိသုံးပါးတို့ တစ်ပြိုင်နက် ယှဉ်ကြောင်းကိုသာ ပြ၍, ဒုစရိုက် အားလုံးမှ ရှောင်ကြဉ်ကြောင်းကို မပြနိုင်၊ ငါးထန်းရွက်စပ်နည်း အားဖြင့် "သဗ္ဗထာပိ , ဧကတော" ဝိသေ သန နှစ်ပါးစုံ ရောမှ "လောကုတ္တရာ၌ယှဉ်သော ဝိရတိတို့သည် ဒုစရိုက်အားလုံးမှ ရှောင်ကြဉ်၍ သုံးပါးလုံး တစ်ပြိုင်နက် ယှဉ်ကြသည်" ဟူသော အဓိပ္ပာယ် သိသာ၏။ [ဆောင်ပုဒ် ကို အခြေပြုရှု။]

ဆက်ဦးအံ့ –ထိုဝါကျ၌ ဧကတောဖြင့် လောကီဝိရတိတို့ကဲ့သို့ အသီးအသီး (ဝိသုံ ဝိသုံ ) ယှဉ်မှုကို ကန့်ပြီး ဖြစ်၍ ဧကတောဝ၌ ဧဝသဒ္ဒါဖြင့် ကန့်စရာမရှိပြီ၊ ထိုဧဝသဒ္ဒါသည် ဧကတော၏အနက်ကို မြဲစေသော သန္နိဋ္ဌာနာဝဓာရဏတည်း၊

အညသမာန်းစေတသိက်၏ သမ္ပယောဂနည်း

ထို့ကြောင့် "ဧကတောဝ-တစ်ပြိုင်နက်တည်း ပင်လျှင်" ဟု အနက်ဆို၊ နိယတာဟူသော ဝိသေသနဖြင့် လောကီဝိရတိတို့ကဲ့သို့ တစ်ရံတစ်ခါသာ ယှဉ်မှုကို ကန့်သည်။

••••••••••••••••

အပ္ပမညာစေတသိက်၏ သမ္ပယောဂနည်း

အပ္ပမညာယော ပန ဒွါဒသသု ပဉ္စမဇ္ဈာနဝဇ္ဇိတမဟဂ္ဂတစိတ္တေသု စေဝ ကာမာဝစရကုသလေသု စ သဟေတုကကာမာဝစရကြိယစိတ္တေသု စာတိ အဋ္ဌဝီသတိစိတ္တေသွေဝ ကဒါစိ နာနာ ဟုတွာ ဇာယန္တိ၊ ဥပေက္ခာသဟဂတေသု ပနေတ္ထ ကရုဏာမုဒိတာ န သန္တီတိ ကေစိ ဝဒန္တိ။

အပ္ပမညာ။ ။အပ္ပမညာသည် ပဉ္စမစျာန်စိတ်ကြဉ်သော မဟဂ္ဂုတ်စိတ်(၁၂), မဟာကုသိုလ် မဟာ ကြိယာစိတ် (၁၆), ပေါင်း (၂၈)ပါး၌ ယှဉ်ရာဝယ် "ကဒါစိ" ဖြင့် အမြဲယှဉ်မှုကို ကန့်သည် ၊ သတ္တဝါပညတ်ကို အာရုံပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းသောအခါ , စျာန်ရသောအခါတို့၌သာ ယှဉ်သည် ၊ ဘုရားစသည်ကို အာရုံပြုရာ အခါ, ပထဝီကသိုဏ်းစသည်ကို အာရုံပြု၍ စျာန်ရသောအခါတို့၌ မယှဉ်ကုန်၊ "နာနာ " ဖြင့်တစ်ပေါင်း တည်း နှစ်ပါးတွဲ၍ ယှဉ်မှုကို ကန့်သည်၊ ထိုစကားမှန်၏-ကရုဏာသည် ဒုက္ခိတသတ္တဝါပညတ်ကို အာရုံပြု၍, မုဒိတာက သုခိတသတ္တဝါပညတ်ကို အာရုံပြု၏ ၊ ထိုသို့ အာရုံချင်း ကွဲပြားသောကြောင့် (သမ္ပယောဂလက္ခ ဏာလေးပါးဝယ် ဧကာလမ္ဗနဟူသော လက္ခဏာနှင့် မညီရကား) ကရုဏာယှဉ်ခိုက် မုဒိတာမယှဉ်, မုဒိတာ ယှဉ်ခိုက် ကရုဏာ မယှဉ်နိုင်။

မေတ္တာ , ဥပေက္ခာ။ ။ဤသင်္ဂြိုဟ်စာသွားဖြင့် မေတ္တာ ဥပေက္ခာ အပ္ပမညာတို့၏ ယှဉ်ရာစိတ်များ မထင် ရှားသေး၊ မေတ္တာ၏ ယှဉ်ရာစိတ်မှာ ကရုဏာ မုဒိတာတို့နှင့်အတူ (၂၈) ပါးပင်တည်း၊ ဥပေက္ခာကား အောက် စျာန်လေးပါး၌ မယှဉ်၊ ရူပပဉ္စမစျာန် (၃) ပါးတို့၌သာ ယှဉ်နိုင်၏၊ အရူပစိတ်၌လည်း ဥပေက္ခာဗြဟ္မဝိဟာရ မယှဉ်၊ "မေတ္တာဒယော တယော စတုက္ကဇ္ဈာနိကာ , ဥပေက္ခာ ပဉ္စမဇ္ဈာနိကာ " ဟူသော ကမ္မဋ္ဌာန်းပိုင်းကို ထောက်ပါ ၊ ထို့ကြောင့် ဥပေက္ခာ အပ္ပမညာ၏ ယှဉ်ရာစိတ်သည် မဟာကုသိုလ် မဟာကြိယာစိတ် (၁၆), ရူပပဉ္စမစျာန်စိတ် (၃) , ပေါင်း (၁၉) ပါးတည်း၊ [ရှေးရိုက် စာအုပ်များ၌ မှားနေသည်။] စေတသိက်ကား မဟာကုသိုလ်၌ အမြဲယှဉ်သော တေတ္တိံသတွင် တတြမဇ္ဈတ္တတာကို နုတ်၍ (၃၂) ပါးသာရှိသည်ဟု မှတ်ပါ၊ [ဥပေက္ခာဗြဟ္မဝိဟာရ ဖြစ်သောအခါ ကရုဏာ မုဒိတာနှင့် ဝိရတိတို့ မယှဉ်နိုင်ပုံကိုလည်း သတိပြုပါ ၊] ဤ နည်းအတိုင်းမေတ္တာ၏ယှဉ်ဖက် စေတသိက်လည်း (တတြမဇ္ဈတ္တတာ နေရာဝယ် မေတ္တာ၏ တရားကိုယ် ဖြစ်သော အဒေါသကို နုတ်၍) ၃၂-ပါးသာတည်း။

ဥပေက္ခာသဟဂတေသု ပနေတ္ထ၊ပေ၊ဝဒန္တိ။ ။[ပနေတ္ထ၌ "ဧတ္ထာတိ ဣမေသု ကာမာဝစရစိတ္တေသု " ဟု ကာမာဝစရစိတ်ကိုသာ ဝိဘာဝနီစွဲသည်ကား ထုံးစံမကျပါ၊ ဆိုခဲ့ပြီးသော (၂၈)ပါးကိုပင် စွဲရသည်၊] ကေစိ ဆရာတို့က ပြခဲ့သော (၂၈ )ပါးတွင် မဟာကုသိုလ် ကြိယာ ဥပေက္ခာသဟဂုတ် (၈)ပါး၌ ကရုဏာနှင့် မုဒိတာ တို့ မယှဉ်ထိုက်" ဟု ဆိုကြ၏၊ ထိုဆရာတို့အလို ထင်ရှားစေဦးအံ့- ဝိဟိံသာဟူသည် သူတစ်ပါးကို ညှဉ်းဆဲ လိုသော ဒေါသတည်း ၊ ကရုဏာကား ထိုဝိဟိံသာ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ အရတိဟူသည် သူတစ်ပါးတို့၏ စည်းစိမ်ချမ်းသာ၌ မမွေ့လျော်သော (သူတစ်ပါး ချမ်းသာသည်ကို မနှစ်သက်နိုင်သော) ဒေါမနဿတည်း၊ မုဒိတာကား ထိုအရတိကို ပယ်ဖျောက်သောတရားဖြစ်၏၊ [ကရုဏာ မုဒိတာတို့၏ ပစ္စုပဋ္ဌာန်ကို ကြည့်ပါ]" ထိုဒေါသ ဒေါမနဿဖြစ်သော ဝိဟိံသာအရတိ၏ ဆန့်ကျင်ဘက် ကရုဏာ မုဒိတာသည် သောမနဿနှင့် သာ အမြဲယှဉ်ထိုက်၍ ဥပေက္ခာနှင့် မယှဉ်ထိုက်၊ " ဟု ကေစိဆရာတို့က ယူဆကြသည်၊ ထိုကေစိတို့ အယူသည် ကရုဏာ မုဒိတာကမ္မဠာန်းကို အားထုတ်၍ အသားမကျသေးခင်အခါ , ကမ္မဋ္ဌာန်းပေါက်၍ ကရုဏာ မုဒိတာစျာန် ဖြစ်ပေါ်လာသောအခါတို့၌ အလွန်ပင် သင့်မြတ်ပါပေ၏။

ကေစိဆို။ ။ကမ္မဋ္ဌာန်းစီးဖြန်း၍ အတော်အသားကျသဖြင့် များစွာ ဂရုမစိုက်ရတော့ပဲ ကမ္မဋ္ဌာန်းအရှိန် ရသည်မှစ၍ ကရုဏာ မုဒိတာ အပ္ပနာဝီထိ မပေါ်မီ ရှေးရှေးအခါ၌ကား ရံခါ သောမနဿနှင့်ယှဉ်လိုက် , ရံခါ ဥပေက္ခာနှင့်ယှဉ်လိုက် အားဖြင့် အမျိုးမျိုးပင် ဖြစ်သင့်ပါပေသည်၊ ဥပမာ-ရပြီးစာကို ပြန်ရာ၌ မကြေသေးခင် သတိထား၍ ပြန်ရသော်လည်း အတော်ကြေသောအခါ သတိမထားဘဲပင် မှန်အောင်ပြန်နိုင်သကဲ့သို့လည်း ကောင်း, ဝိပဿနာကမ္မဋ္ဌာန်းဟူသည် ဉာဏ်၏ လုပ်ငန်းဖြစ်သောကြောင့် ရှေးဦးစွာ ဉာဏသမ္ပယုတ်စိတ်ဖြင့် အားထုတ်ရသော်လည်း ကမ္မဋ္ဌာန်း အသားကျသောအခါ ဉာဏဝိပ္ပယုတ်စိတ်ဖြင့်လည်း လမ်းမှန်အောင် စီးဖြန်းနိုင်သကဲ့သို့လည်းကောင်းတည်း၊ ထို့ကြောင့် " မဟာကုသိုလ် ကြိယာ ဥပေက္ခာသဟဂုတ်စိတ်၌ ကရုဏာ မုဒိတာ မယှဉ် " ဟူသော ဝါဒကို အရှင်အနုရုဒ္ဓါကိုယ်တိုင် မကျေနပ်သောကြောင့် အောက်ချ၍ ကေစိဝါဒဟု မိန့်ခဲ့ပေသည် ၊ ဆောင်ပုဒ်ကို အခြေပြုမှာ ရှုပါ။ [မိမိနှင့် တန်းတူပုဂ္ဂိုလ်ကို "အပရေ"ဟု သုံးစွဲ၍ အောက်တန်းက ပုဂ္ဂိုလ်ကို "ကေစိ "ဟု ကျမ်းဆရာတို့ သုံးစွဲလေ့ ရှိကြသတဲ့၊ "အပရေမူ, ဂုဏ်ရည်တူ, ကေစိမူကား, ကိုယ့်အောက်ထား" ။]

ပညာ။ ။ပညာ ပန ဒွါဒသသု ဉာဏ ၊ပေ၊ သတ္တစတ္တာလီသစိတ္တေသု သမ္ပယောဂံ ဂစ္ဆတီတိ၊-မဂ္ဂင်(၈)ပါး တွင် သမ္မာဒိဋ္ဌိ မပါလျှင် မဂ်ဖိုလ် မဖြစ်နိုင်၊ ထို့ကြောင့် သမ္မာဒိဋ္ဌိအမည်ရသောပညာ၏ လောကုတ္တရာ၌ ယှဉ်ကြောင်းမှာ

နိယတ အနိယတ အခွဲ

ပြောစရာ မရှိ၊ မဟဂ္ဂုတ်စျာန်စိတ်များလည်း နီဝရဏ ကိလေသာတို့မှ ဝေးကွာသဖြင့် အဆင်သင့်စွာ ပညာ ယှဉ်လျက် ပါပေသည်၊ ထို့ကြောင့် " ဉာဏသမ္ပယုတ် ကာမစိတ် (၁၂ )နှင့် မဟဂ္ဂုတ် လောကုတ္တရာ (၃၅) အားဖြင့် (၄၇) ပါးသောစိတ်တို့၌ ပညာယှဉ်သည်" ဟု ဆိုသည်။

•••••••••••••••••

နိယတယောဂီ-အနိယတယောဂီ ဣဿာမစ္ဆေရကုက္ကုစ္စ-ဝိရတီ ကရုဏာဒယော ၊ နာနာ ကဒါစိ မာနော စ, ထိနမိဒ္ဓံ တထာ သဟ၊ ယထာဝုတ္တာနုသာရေ, သေသာနိယတယောဂိနော။

နိယတယောဂီ။ ။ယုဇ္ဇန္တီတိ ယောဂိနော, နိယတာ ဟုတွာ ယောဂိနော နိယတယောဂိနော၊ ယုဇ္ဇန္တိ- ယှဉ်တတ်ကုန်၏၊ ဣတိ-ထို့ကြောင့် ၊ ယောဂိနော- ယောဂီတို့မည်၏၊ နိယတာ-မြဲကုန်သည်၊ ဟုတွာ- ဖြစ်၍၊ ယောဂိနော-ယှဉ်ကုန်သော စေတသိက်တို့သည် ၊ နိယတယောဂိနော-နိယတယောဂီတို့မည်၏၊ န+ နိယတ ယောဂိနော, အနိယတယောဂိနော၊ ဤဝစနတ္ထများအရ မိမိတို့ယှဉ်ရာ စိတ်ဖြစ်တိုင်းဖြစ်တိုင်း အမြဲပါသော စေတသိက်တို့ကို " နိယတယောဂီ, အမြဲမပါ တစ်ရံတစ်ခါ၌သာပါသောစေတသိက်တို့ကို အနိယတယောဂီ" ခေါ်သည်ဟု မှတ်ပါ။

ဣဿာ ၊ပေ၊ ကရုဏာဒယော။ ။[အာဒိသဒ္ဒါဖြင့် မုဒိတာ ကို ယူ။] ယှဉ်ရာ စိတ်ချင်းတူသော စေတ သိက်များကို တစ်ခုစီ သီးသန့်၍ , ဣဿာ မစ္ဆေရ ကုက္ကုစ္စ တစ်တွဲ, ဝိရတိသုံးပါး တစ်တွဲ, ကရုဏာ မုဒိတာ တစ်တွဲဟု တွဲထားပါ၊ ထို စေတသိက်များသည် မိမိတို့ ယှဉ်ရာစိတ် ဖြစ်တိုင်းဖြစ်တိုင်း အမြဲယှဉ်လျက်မပါ၊ ကဒါစိ-တစ်ခါတစ်ရံ၌သာ ယှဉ်ကြရသည်၊ ထိုသို့ တစ်ရံတစ်ခါသာ ယှဉ်ခွင့်ရကြပါသော်လည်း မိမိတို့တွဲဖက် သုံးပါးလုံး နှစ်ပါးလုံး တစ်ပြိုင်နက် မယှဉ်နိုင်ကြ၊ အာရုံချင်း ကွဲပြားသောကြောင့်, နာနာ-တသီးတခြား တစ်ပါးစီသာ ယှဉ်ခွင့် ရကြသည်။

ချဲ့ဦးအံ့ –ဣဿာ မစ္ဆေရ ကုက္ကုစ္စတို့သည် ဒေါသမူဒွေး၌ ယှဉ်သော်လည်း ဒေါသမူစိတ်ဖြစ်တိုင်း သူတို့မပါ၊ ဥပမာသူ့အသက်သတ်မှု, သောက ပရိဒေဝဖြစ်မှု စသည်များ၌ ထိုစေတသိက်များ မပါ၊ သူတစ်ပါး စည်းစိမ် ကို ငြူစူမှုစသည် ဖြစ်ခိုက်၌သာ ပါသည်၊ ထိုသို့ ပါဝင်ရာ၌လည်း ဣဿာက သူများစည်းစိမ်ကို အာရုံပြု၍, မစ္ဆရိယက ကိုယ့်စည်းစိမ်ကို အာရုံပြုခြင်း, ကုက္ကုစ္စက ပြုပြီးဒုစရိုက်-မပြုလိုက်မိသော သုစရိုက်ကို အာရုံပြု ခြင်း , ဤသို့ အာရုံပြုပုံ ကွဲပြားခြင်းကြောင့် အတူတကွ တစ်ပြိုင်နက် ယှဉ်ခွင့် မရ၊ မိမိဆိုင်ရာ အာရုံကို အာရုံပြုခိုက်၌သာ တစ်ပါးစီ ယှဉ်ကြသည် ။

အမှာ။ ။ဆောင်ပုဒ်ကို အခြေပြု၌ အကုသလသင်္ဂဟနည်းဝယ် ပြခဲ့ပြီ ၊ ဝိရတိ အပ္ပမညာတို့ နာနာ-

ကဒါစိဖြစ်ပုံကို ဆိုင်ရာသမ္ပယောဂနည်း၌ ပြခဲ့ပြီ၊ ဝိရတိဟူသည်လည်း ဤနေရာ၌ လောကီဝိရတိသာတည်း၊ လောကုတ္တရာဝိရတိတို့ကား သုံးပါးလုံးပင် နိဗ္ဗာန်ကို အာရုံပြုကြသောကြောင့် အမြဲတစ်ပြိုင်နက် ယှဉ်ကြသည်။

မာနော စ ကဒါစိ။ ။ဒိဋ္ဌိဂတ ဝိပ္ပယုတ် စိတ်၌ ယှဉ်သော မာနလည်း ထိုစိတ်ဖြစ်တိုင်း မပါ၊ ဥပမာ-ရူပါရုံ ကို အာရုံပြု၍ သာယာသောအခါ အဘယ်မှာ မာန ပါဝင်နိုင်အံ့နည်း၊ ငါတကားဟု ထောင်လွှား မာန်မူခိုက်၌ သာ မာနပါဝင်သည်၊ တစ်ပါတည်း ဖြစ်၍ "နာနာ" သဒ္ဒါ မလိုက်ရ၊ မာနော စ၌ စသဒ္ဒါဖြင့် ကဒါစိကိုသာယူပါ။

ထိနမိဒ္ဓံ တထာ သဟ။ ။တထာသဒ္ဒါဖြင့် ကဒါစိကို ညွှန်ပြသည်၊ အကုသိုလ် သသင်္ခါရိကစိတ်(၅)ပါး၌ ယှဉ်သော ထိန မိဒ္ဓလည်း သသင်္ခါရိကစိတ်ဖြစ်တိုင်း မပါ၊ ဥပမာ-သသင်္ခါရိကစိတ်ဖြင့် သူ့ဥစ္စာကို ခိုးယူရာ၌ ထိန မိဒ္ဓ မပါ၊ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်ရာအခါ၌သာ ပါဝင်သည်၊ ထို့သို့ ပါဝင်ရာ၌ ထိနက စိတ်ကို မခံ့ညား အောင် ဖိနှိပ်၍ , မိဒ္ဓက စေတသိက်ကို မခံ့ညားအောင် ဖိနှပ်သောကြောင့် ခွဲ၍မရ တကွဖြစ်သည့်အတွက် "သဟ" ဟု မိန့်မြွက်သည်။ [ "မာနော စ" မှ စသဒ္ဒါ ကို "ထိနမိဒ္ဓံ တထာ သဟ" ၌ လိုက်စေ၍ အလွန်ရှုပ် ထွေးစွာ ဝိဘာဝိနီ၌ တစ်နည်းယောဇနာသေး၏၊ အလိုရှိက ရှုပါတော့။]

ယထာဝုတ္တာနုသာရေန။ ။"သဗ္ဗစိတ္တသာဓာရဏာ တာဝ သတ္တိမေ စေတသိကာ-သဗ္ဗစိတ္တသာဓာ ရဏစေတသိက်တို့သည် စိတ်အားလုံး၌ ယှဉ်ကုန်၏၊ ဝိတက်သည် (၅၅ )ပါးသောစိတ်၌ ယှဉ်၏ "ဤသို့ စသည်ဖြင့် ဆိုအပ်ပြီးသော သမ္ပယောဂနည်းကို အစဉ်လိုက်၍ "မည်သည့်စိတ်၌ ယှဉ်သောအခါ မည်သည့် စေတသိက်များက အမြဲယှဉ်ကြသည်, မည်သည့် စေတသိက်များက ရံဖန်ရံခါသာ ယှဉ်သည်, မည်သည့် စေတသိက်များက တကွယှဉ်သည်, မည်သည့် စေတသိက်များက တကွဲတပြားစီ ယှဉ်သည်"ဟု သိပါ။

••••••••••••••••••

သင်္ဂဟနည်းအဖွင့်

သင်္ဂဟဉ္စ ပဝက္ခာမိ, တေသံ ဒါနိ ယထာရဟံ ၊ပေ၊ ယထာသမ္ဘဝယောဂေန, ပဉ္စဓာ တတ္ထ သင်္ဂဟော။

သင်္ဂဟ။ ။" သမ္ပိဏ္ဍေတွာ ဂယှန္တိ ဧတ္ထာတိ သင်္ဂဟော "အရ ထိုထိုစိတ်၌ ရထိုက်သမျှ စေတသိက် တို့ကို ပေါင်း၍ ယူရာဖြစ်သောနည်း, ပေါင်း၍ ပြသောနည်းသည် "သင်္ဂဟနည်း" မည်၏၊ ဥပမာ-လော ကုတ္တရာ ပဌမစျာန်စိတ်၌

လောကုတ္တရာသင်္ဂဟနည်း

" သဗ္ဗစိတ္တသာဓာရဏာ တာဝ" စသည်ဖြင့် ဆိုခဲ့သောကြောင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) ပါး, "ဝိတက္ကော တာဝ ဒွိပဉ္စဝိညာဏ" စသည် ဆိုခဲ့သောကြောင့် ပကိဏ်း (၆), "သောဘနေသု ပန သောဘန သာဓာရဏာ တာဝ" စသည်ဖြင့် ဆိုခဲ့သောကြောင့် သောဘနသာဓာရဏစေတသိက် (၁၉), "ဝိရတိယော ပန တိဿောပိ "စသည် ဆိုခဲ့သောကြောင့် ဝိရတိ (၃), "ပညာ ပန ဒွါဒသသု " စသည် ဆိုခဲ့သောကြောင့် ပညာစေတသိက် (၁), ပေါင်း (၃၆) ပါးသော စေတသိက်တို့ ယှဉ်ကြသည် ၊ ဤသို့လျှင် စိတ်တစ်မျိုးတစ်မျိုး ၌ ရထိုက်သမျှသော စေတသိက်တို့ကို ပေါင်း၍ ပေါင်း၍ ရေတွက်ပြသောနည်းကို "သင်္ဂဟနည်း" ဟု ခေါ်သည်။

ဆတ္တိံသာနုတ္တရေ ဓမ္မာ။ ။ဤစကားကား ဆိုအပ်လတ္တံ့သော သင်္ဂဟနည်းကို အကျဉ်းချုပ် ခေါင်းစဉ် ၍ပြသော "ဥဒ္ဒေသမာတိကာ" တည်း၊ ထိုသို့ စဉ်ရာ၌ သဟိတ်-အဟိတ်စိတ်တို့တွင် သဟိတ်စိတ်ကများ သောကြောင့် သဟိတ်စိတ်တို့၌ သင်္ဂဟကို ရှေးဦးက ပြသည်၊ သဟိတ်စိတ်တွင်လည်း အမြတ် အယုတ် လိုက်၍" ဥက္ကဋ္ဌတမ (လောကုတ္တရာ ) ဥက္ကဋ္ဌတရ (မဟဂ္ဂုတ်) ဥက္ကဋ္ဌ (ကာမသောဘန) ဟီန (အကုသိုလ်)" စဉ်သည်ဟု ကြံဖွယ် ရှိ၏၊၊

ယထာသမ္ဘဝယောဂေန ပဉ္စဓာ။ ။ဤအကျဉ်းချုပ်ခေါင်းစဉ်ရာ၌ လောကုတ္တရာအတွက် သင်္ဂဟတစ် မျိုး, မဟဂ္ဂုတ်အတွက် သင်္ဂဟတစ်မျိုး, ကာမသောဘန, အကုသိုလ်, အဟိတ်တို့အတွက် တစ်မျိုးစီအားဖြင့် ငါးမျိုးဟု ပြထားသည်၊ ထိုငါးမျိုးသည် အပြီးအစီး မဟုတ်သေး၊ ဖြစ်သင့်သလို ယှဉ်ပြရမည်ဟု သိစေလို၍ "ယထာသမ္ဘဝယောဂေန "ဟု မိန့်သည်၊ ဥပမာ– "ဆတ္တိံသာနုတ္တရေ ဓမ္မာ" ဟု လောကုတ္တရာအတွက် ဆတ္တိံသ သင်္ဂဟ တစ်မျိုးသာ ပြခဲ့သော်လည်း ဖြစ်သင့်သလို "ပဌမစျာန်စိတ်၌ ဆတ္တိံသ, ဒုတိယစျာန်စိတ်စသည်၌ ပဉ္စတ္တိံသ" စသည်ဖြင့် ယှဉ်ပြရမည်-ဟူလို ၊ နောက်သင်္ဂဟနည်း အကျယ်၌ ထိုကဲ့သို့ပင် ယှဉ်ပြ လိမ့်မည်။

••••••••••••••••••

လောကုတ္တရာစိတ်၌ သင်္ဂဟနည်း

လောကုတ္တရေသု တာဝ အဋ္ဌသု ပဌမဇ္ဈာနိကစိတ္တေသု အညသမာနာ တေရသ စေတသိကာ အပ္ပမညာဝဇ္ဇိတာ တေဝီသတိ သောဘနစေတသိကာ စေတိ ဆတ္တိံသ ဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ ၊ တထာ ဒုတိယဇ္ဈာနိကစိတ္တေသု ဝိတက္ကဝဇ္ဇာ၊ ပေ၊ သဗ္ဗထာပိ အဋ္ဌသု လောကုတ္တရစိတ္တေသု ပဉ္စကဇ္ဈာနဝသေန ပဉ္စဓာဝ သင်္ဂဟော ဟောတီတိ။ ဆတ္တိံသ ပဉ္စတ္တိံသ စ, စတုတ္တိံသ ယထာက္ကမံ ၊ တေတ္တိံသ ဒွယမိစ္စေဝံ, ပဉ္စဓာနုတ္တရေ ဌိတာ။

တထာ။ ။[အပ္ပမညာ ကြဉ်ရခြင်း၏ အကြောင်းကို အခြေပြုသင်္ဂြိုဟ်၌ ဆိုခဲ့ပြီ။] တထာ ဒုတိယဇ္ဈာနိက စိတ္တေသု၌ တထာသဒ္ဒါ၏ အနက်များကို အဟိတ်စိတ်အဖွင့်၌ ပြခဲ့ပြီ၊ ဤ၌ "အညာသမာနာ အပ္ပမညာ ဝဇ္ဇိတာ သောဘနစေတသိကာ စ သင်္ဂဟံ ဂစ္ဆ န္တိ"ပါဌ်တို့ကို ပြန်၍ ညွန်ပြသော အတိဒေသအနက် ရှိ၏၊ ထို အနက်အလိုအားဖြင့် "တထာ-ထိုအညသမာန်း အပ္ပမညာကြဉ်သော သောဘနတို့ ပေါင်းယူအပ်သည်၏ အ ဖြစ်သို့ ရောက်ကုန်၏" ဟု ကျယ်ဝန်းစွာ အနက် ပေးရမည်ဖြစ်၍ ရှုပ်ထွေးသောကြောင့်, အခြေပြုသင်္ဂြိုဟ်၌ သိသာအောင် အနက်ပေးလိုက်သည်၊ တထာနှင့် သင်္ဂဟံ ဂစ္ဆ န္တိကို စတုတ္ထစျာန်စိတ်တိုင်အောင် လိုက်၍ပေး။ [ဝိဘာဝနီ၌ တထာသဒ္ဒါကို အနုကဍ္ဎနဟု ဖွင့်ပြသေး၏, သင့်သည်သာ၊ ထိုနည်းအရ- အညသမာနာ အပ္ပမ ညာဝဇ္ဇိတာ သောဘနစေတသိကာ စ သင်္ဂဟံ ဂစ္ဆ န္တိပုဒ်တို့ကို ဝါကျအတိုင်း လိုက်စေရမည်။]

ပဉ္စကဇ္ဈာနဝသေန ပဉ္စဓာဝ။ ။ပဉ္စကဇ္ဈာနဝသေနဟူသော ဝိသေသနကို ပဉ္စဓာ၌စပ်၊ ထိုဝိသေသနဖြင့် စတုက္ကစျာန်ကို စောင်းသည်၊ "စတုက္ကစျာန်၏ အပြားအားဖြင့်ကား ငါးမျိုး မရ, သင်္ဂဟနည်း လေးမျိုးသာ ရမည်" ဟူလို၊ ချဲ့ဦးအံ့–လောကီပဌမစျာန်ရပြီးနောက် ဒုတိယစျာန်ကို အားထုတ်သော ယောဂီတို့တွင် အချို့ ကဉာဏ်နုံ့၏၊ ထိုပုဂ္ဂိုလ်သည် ဝိတက်ကိုသာ အပြစ် မြင်နိုင်၏၊ ဝိစာရကို အပြစ် မမြင်နိုင်၊ ထို့ကြောင့် ဒုတိယ စျာန်ကို ရသောအခါ ဝိတက်တစ်ခုကိုသာ ပယ်ခွာ၍ စျာန်အင်္ဂါ လေးပါးရှိသော ဒုတိယစျာန်ကို ရသည်၊ ထို ယောဂီအတွက် အထက်ကို တက်ဖို့ရာ တတိယ, စတုတ္ထ, ပဉ္စမစျာန်ဟု သုံးတန် ရှိသေး၏၊ ထိုဉာဏ်နုံ့သော မန္ဒပုဂ္ဂိုလ်အတွက် စျာန်ငါးမျိုး ထွက်နေရကား ထိုစျာန်ငါးမျိုးကို ပြရာနည်းကို "ပဉ္စကစျာန် " ဟု ဆိုသည်။

တိက္ခပုဂ္ဂိုလ်။ ။အချို့ယောဂီကား ဉာဏ်ထက်၏၊ ဒုတိယစျာန်ကို အားထုတ်သောအခါ ဝိတက် ဝိစာရ နှစ်ပါးလုံးကိုပင် တစ်ဆက်တည်း အပြစ်မြင်နိုင်၏၊ ထိုပုဂ္ဂိုလ်သည် ဒုတိယစျာန်ရသောအခါ ဝိတက် ဝိစာရနှစ်မျိုးလုံးကို ပယ်ခွာ၍ စျာန်အင်္ဂါသုံးပါးရှိသော ဒုတိယစျာန်ကို ရသည်၊ ထိုယောဂီအတွက် အထက်သို့ တက်ဖို့ရာ ပီတိ မပါသော တတိယစျာန်, သုခမပါသော စတုတ္ထစျာန်ဟု နှစ်တန်သာ ရှိတော့၏ ၊ ထိုဉာဏ် ထက်သော တိက္ခပုဂ္ဂိုလ်အတွက် စျာန်လေးမျိုးသာ ထွက်သည်၊ ပါဠိတော်များ၌လည်း စတုက္ကနည်းတစ်မျိုး, ပဉ္စကနည်းတစ်မျိုးဟု နှစ်မျိုးခွဲ၍ ဟောတော်မူသည်။

လောကီစျာန်ကို ရပြီးနောက် လောကုတ္တရာစျာန်ကို အားထုတ်ရာ၌လည်း လောကီစျာန်နှင့်တူစွာ ပဉ္စက လောကုတ္တရာစျာန် , စတုက္ကလောကုတ္တရာစျာန်များ ဖြစ်ကြပေသည်၊ ဤသင်္ဂြိုဟ်၌ကား စျာန်စိတ်သရုပ်စေ့ရုံမျှကို ရည်ရွယ်၍ စတုက္ကစျာန်ကို မပြဘဲ ပဉ္စကစျာန် ကိုသာ စိတ်ပိုင်း၌ ပြခဲ့သောကြောင့် ဤစေတသိက်ပိုင်း၌လည်း ပဉ္စကစျာန်၏ သင်္ဂဟနည်းကိုသာ ပြထားသည်၊ စတုက္ကစျာန် အပြားအားဖြင့် ပြလျှင်ကား ပဌမစျာန်စိတ်၌ စေတသိက် (၃၆) , ဒုတိယစျာန်စိတ်၌ (ဝိတက် ဝိစာရ မပါသော) (၃၄), တတိယစျာန်စိတ်၌ (၃၃), စတုတ္ထစျာန်စိတ်၌ (သုခအရာဝယ် ဥပေက္ခာကို လဲလှယ် ထည့်သွင်း၍) (၃၃) ဟု သင်္ဂဟနည်း လေးနည်းသာ ထွက်သည်၊ ထို့ကြောင့်-

"ဆတ္တိံသ စတုတ္တိံသ စ, တေတ္တိံသကဒွယံပိ စ၊ စတုက္ကဇ္ဈာနဝသေန, စတုဓာနုတ္တရေ ဌိတာ " ဟု ဆိုရာ၏။

သင်္ဂဟဂါထာအဖွင့်။ ။သင်္ဂဟဂါထာ၌ "ဆတ္တိံသ (၃၆) ပါးလည်းကောင်း" စသည်ဖြင့် သင်္ချာသံ ပေါ် အောင် အနက်ပေးကြသည်မှာ ကျမ်းဆရာ၏ အာဘော်မဟုတ်၊ သင်္ချာသံပေါ်အောင် အနက်ပေးလျှင် သင်္ဂဟနည်းပေါင်း (၃၆ ပါး, ၃၅ ပါး, ၃၄ ပါး, ၃၃ ပါး, နှစ်လီအားဖြင့်) ၁၇၁ ပါး ဖြစ်ဖွယ် ရှိသည်။ ထို့ကြောင့် သင်္ချာသံ မပေါ်စေဘဲ " ဆတ္တိံသ-ဆတ္တိံသသင်္ဂဟနည်းလည်းကောင်း" ဟု နာမသတ် အနက်ပေးမှ သင့်မည်၊ ဤသို့ နာမသတ် အနက်ပေးမှ သင့်သော အရာကို ပါဠိများ၌ တွေ့ရ၏၊ [နာမ=နာမည်+သတ္တ (သ+အတ္ထ= မိမိအနက်, ဝါ- နာမသတ်၊ "ဆတ္တိံသ- ဆတ္တိံသသင်္ဂဟနည်းလည်းကောင်း" ဟူရာ၌ ဆတ္တိံသ ဟူသော နာမည်သည်ပင် ဆတ္တိံသဟူသော မိမိအနက်ဖြစ်သည်။]

••••••••••••••

မဟဂ္ဂုတ်စိတ် သင်္ဂဟနည်း

၁။ မဟဂ္ဂတေသု ပန တီသု ပဌမဇ္ဈာနိကစိတ္တေသု အညသမာနာ တေရသ စေတသိက ဝိရတိတ္တယဝဇ္ဇိတာ ဒွါဝီသတိ သောဘနစေတသိကာစေတိ ပဉ္စတ္တိံသ ဓမ္မာ သင်္ဂဟံ ဂစ္ဆ န္တိ ၊ ကရုဏာမုဒိတာ ပနေတ္ထ ပစ္စေကမေဝ ယောဇေတဗ္ဗာ။

ဝိရတိတ္တယ ဝဇ္ဇိတာ။ ။စျာန်ရအောင် အားထုတ်လျှင် ရှေးဦးစွာ သီလဝိသုဒ္ဓိ (သီလစင်ကြယ်မှု) ဖြစ် အောင် စောင့်စည်းရမည်၊ ဒုစရိုက် ဒုရာဇီဝ (မတရားသဖြင့် အသက်မွေးမှု) ဟူသမျှက်ို ထိုသီလဝိသုဒ္ဓိအစွမ်း ဖြင့် ပယ်ရှားပြီးသော ယောဂီ သူတော်စင်တို့သန္တာန်၌ သမာဓိကောင်းစွာရ၍ စိတ်တည်ကြည်ရုံမျှဖြင့် မဟဂ္ဂုတ်စျာန်စိတ်များ ဥပါဒ်နိုင်ကြသည်၊ ထိုမဟဂ္ဂုတ်စျာန်များ၏ အထူးပယ်ရှားဖို့ရာ ဒုစရိုက် ဒုရာဇီဝ မရှိတော့၊ လောကုတ္တရာစျာန်များကဲ့သို့ ဒုစရိုက် အနုသယဓာတ်ကိုလည်း မပယ်နိုင်သေး၊ ထို့ကြောင့် ဝိရတိ ရှောင်ကြဉ်ဖို့ရာ ဒုစရိုက် မရှိရကား မဟဂ္ဂုတ်စိတ်၌ ဝိရတိများ ယှဉ်ခွင့်မရှိ၊ [အခြေပြု၌ ဆောင်ပုဒ် ပြခဲ့ပြီ။ ]

မဟာဋီကာ။ ။သုဝိသုဒ္ဓကာယကမ္မာဒိကဿ စိတ္တသမာဓာနဝသေန ရူပါရူပါဝစရကုသလပ္ပဝတ္တိ၊ န ကာယကမ္မာဒီနံ သောဓနဝသေန၊ နာပိ ဒုစ္စရိတ ဒုရာဇီဝါနံ သမုစ္ဆိန္ဒနပဋိပ္ပဿမ္ဘနဝသေနာတိ မဟဂ္ဂတ စိတ္တုပ္ပာဒေသု ဝိရတီနံ အသမ္ဘေဝေါယေဝ။–ဝိသုဒ္ဓိမဂ်။

အမှာ။ ။ပစ္စေကမေဝ အရ ကရုဏာ မုဒိတာတို့ အသီးသီး ယှဉ်ပုံကို ဆောင်ပုဒ်နှင့်တကွ အခြေပြု သင်္ဂြိုဟ်၌လည်းကောင်း, အပ္ပမညာသမ္ပယောဂနည်း၌လည်းကောင်း ပြခဲ့ပြီ၊ ယောဇေတဗ္ဗာ၌ ယုဇဓာတ်သည် ယှဉ်ခြင်းအနက်ကို ဟောရာ၌ အကမ္မက (ကံမရှိ) သာ များသောကြောင့် ဤနေရာ၌ ကာရိတ်ဏေ ပစ္စည်း တဗ္ဗပစ္စည်းဖြစ်ရကား "ယှဉ်စေထိုက်ကုန်၏" ဟု အနက်ဆိုပါ၊ ပဉ္စကစျာနဝသေနပုဒ်၏ အဓိပ္ပာယ်ကို လောကုတ္တရာသင်္ဂဟနည်းအတိုင်း သိပါ၊ စတုက္ကစျာန်အားဖြင့်–

" ပဉ္စတ္တိံသ စ တေတ္တိံသ, ဗာတ္တိံသ တိံသ စေတိ စ၊

စတုက္ကဇ္ဈာနဝသေန, စတုဓာဝ မဟဂ္ဂတေ" ဟု ဆိုရာ၏။

••••••••••••••••

ကာမသောဘနစိတ်သင်္ဂဟနည်း

၁။ ကာမာဝစရသောဘနေသု ပန ကုသလေသု တာဝ ပဌမဒွယေ အညသမာနာ တေရသ စေတသိကာ ပဉ္စဝီသတိ သောဘနစေတသိကာ စေတိ အဋ္ဌတ္တိံသ ဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ ၊ အပ္ပမညာဝိရတိယော ပနေတ္ထ ပဉ္စပိ ပစ္စေကမေဝ ယောဇေတဗ္ဗာ ၊ပေ၊ ၂။ ကြိယစိတ္တေသုပိ ဝိရတိဝဇ္ဇိတာ တထေဝ စတူသုပိ ဒုကေသု စတုဓာဝ သင်္ဂယှန္တိ။ ၃။ တထာ ဝိပါကေသု စ အပ္ပမညာဝိရတိဝဇ္ဇိတာ တေ ဧဝ သင်္ဂယှန္တိ။

၁။ အပ္ပမညာဝိရတိယော ၊ပေ၊ ယောဇေတဗ္ဗာ။ ။အပ္ပမညာ ဝိရတိတို့ကို ငါးပါးလုံး အသီးသီး ယှဉ်စေ ရမည်၊"အပ္ပမညာနှင့် ဝိရတိလည်း အတူမယှဉ်ရ၊ အပ္ပမညာချင်းလည်း နှစ်ပါးအတူမယှဉ်ရ၊ ဝိရတိချင်းလည်း သုံးပါးအတူမယှဉ်ရ" ဟူလို၊ ဤသို့ အတူတကွ မယှဉ်ရခြင်းမှာလည်း အပ္ပမညာတို့က သတ္တဝါပညတ်ကို အာရုံပြု၍, ဝိရတိတို့က သူ့အသက် သူ့ဥစ္စာစသော ဝီတိက္ကမိတဗ္ဗဝတ္ထုကို အာရုံပြုသည့်အတွက် အာရုံချင်း ကွဲပြားရကား "ဧကာလမ္ဗန" ဟူသော အင်္ဂါနှင့် မညီသောကြောင့် ဖြစ်သည်။ [အပ္ပမညာနံ ဟိ သတ္တာရမဏ တ္တာ ဝိရတီနဉ္စ ဝီတိက္ကမိ တဗ္ဗဝတ္ထုဝိသယတ္တာ နတ္ထိ တာသံ ဧကစိတ္တုပ္ပာဒေ သမ္ဘဝေါတိ ၊- ဋီကာကျော် ။]

အမှာ။ ။အပ္ပမညာချင်း အာရုံကွဲပြားပုံ, ဝိရတိချင်း အာရုံကွဲပြားပုံကို သမ္ပယောဂနည်း၌ ပြခဲ့သည့် အတိုင်း သိပါ၊ ဤ မဟာကုသိုလ် ပဌမအစုံ၌ စေတသိက်(၃၈) ပါး ယှဉ်သော်လည်း ဝိရတိ အပ္ပမညာတို့က တစ်ပါးစီသာ ယှဉ်ခွင့်ရသောကြောင့် တစ်ပြိုင်နက် အများဆုံး (၃၄) ပါးသာ ယှဉ်နိုင်သည်၊ လောကုတ္တရာ စိတ်၌ကား (၃၆) ပါးလုံး တစ်ပြိုင်နက် ယှဉ်နိုင်သောကြောင့် တစ်ပြိုင်နက်အယှဉ်အားဖြင့် လောကုတ္တရာစိတ် ၌ စေတသိက်အများဆုံး ဖြစ်သည်။

၂။ ကြိယစိတ္တေသု ၊ပေ၊ သင်္ဂယှန္တိ။ ။ကြိယာစိတ်တို့၌လည်း ဝိရတိကို ကြဉ်၍ ကုသိုလ်အတိုင်း ဒုကလေး ပါးစဉ်လျက် သင်္ဂဟလေးမျိုး ထွက်သည်၊ ကုသိုလ်၏အခြားမဲ့၌ ဝိပါက်ကို ထားသင့်သော်လည်း ကြိယာစိတ် က စေတသိက် အယှဉ်များသောကြောင့် ကြိယာစိတ်ကို ထားသည်၊ ဝိရတိတို့သည် ဒုစရိုက် ဒုရာဇီဝတို့မှ ရှောင်ကြဉ်ခြင်းသဘောရှိ၏၊ ကြိယာစိတ်ကား ဒုစရိုက်အားလုံးကို ပယ်ပြီးသော ရဟန္တာများ သန္တာန်၌သာ ဖြစ်သည် ၊ ထို့ကြောင့် ရဟန္တာတို့၏ ကြိယာစိတ်၌ ဝိရတိများ မယှဉ်ထိုက်၊ ထို့ပြင်-တစ်စုံတစ်ခုမှ ရှောင်ကြဉ် ခြင်း သဘောမရှိဘဲ သက်သက် ကုသိုလ်၏ အကျိုးမျှသာဖြစ်သော လောကီဝိပါက်စိတ်၌လည်း မယှဉ်ထိုက်၊ " လောကီဝိရတိမှန်က ဧကန်ကုသိုလ်သဘောရှိ၍ ဝိပါက်ကြိယာ (အဗျာကတဇာတ်ရှိသော) တရားများ၌ မယှဉ်ထိုက်၊" ဟူလို ၊ ထို့ကြောင့် သိက္ခာပဒဝိဘင်းပါဠိတော်၌ "ပါဏာတိပါတဝိရတိ" စသော သိက္ခာပုဒ်များ ကို ကုသိုလ်ချည်းသာ"ဟု ဟောတော်မူသည်။

ဋီကာကျော်။ ။လောကိယဝိရတီနံ ဧကန္တကုသလသဘာဝတ္တာ နတ္ထိ အဗျာကတေသု သမ္ဘဝေါတိ ဝုတ္တံ "ဝိရတိဝဇ္ဇိတာ" တိ ၊–ဤသာဓကအတိုင်း ဆောင်ပုဒ်ကို အခြေပြု၌ ပြထားပြီ။

၃။ တထာ ဝိပါကေသု စ။ ။ကာမာဝစရဝိပါက်စိတ်တို့သည် ပရိတ္တခေါ်သော ကာမတရားကို ဧကန် အာရုံပြု၏၊ [အာရမဏသင်္ဂဟ၌ လာလတ္တံ့ ၊] အပ္ပမညာတို့ကား သတ္တဝါပညတ်ကို အာရုံပြု၏၊ ဤသို့ ကာမ ဝိပါက်နှင့် အပ္ပမညာတို့၏ အာရုံချင်း ကွဲပြားသောကြောင့်လည်းကောင်း, လောကီဝိရတိတို့သည် ကြိယာ စိတ်၌ ပြအပ်ခဲ့သည့်အတိုင်း ဧကန်ကုသိုလ်သဘောရှိ၍ ဝိပါက်နှင့် သဘောချင်း ကွဲပြားသောကြောင့် လည်းကောင်း, သဟိတ်ကာမာဝစရဝိပါတ်၌ အပ္ပမညာ ဝိရတိ နှစ်မျိုးလုံးပင် မယှဉ်ထိုက်၊၊

ဋီကာကျော်။ ။ကာမာဝစရ ဝိပါကာနမ္ပိ ဧကန္တပရိတ္တာရမဏတ္တာ အပ္ပမညာနံ စ သတ္တာရမဏတ္တာ ဝိရတီနံ ဧကန္တကုသလတ္တာ ဝုတ္တံ "အပ္ပမညာဝိရတိဝဇ္ဇိတာ " တိ။ [ဆောင်ပုဒ်ကို အခြေပြုမှာ ရှုပါ။ ]

ဝိသေသကစေတသိက်များ အနုတ္တရေ စျာနဓမ္မာ, အပ္ပမညာ စ မဇ္ဈိမေ၊ ဝိရတီဉာဏပီတီ စ, ပရိတ္တေသု ဝိသေသကာ။

ဝိသေသကာ။ ။ဤဂါထာကား သောဘနစိတ်၌ ယှဉ်သော စေတသိက်တို့တွင် စိတ်ချင်း ကွဲပြားအောင် ပြုတတ်သော စေတသိက်များကို ပြသောဂါထာတည်း၊ ယေ-အကြင်တရားတို့သည်၊ စိတ္တံ-စိတ်ကို၊ ဝိသေ သေန္တိ-ထူးထွေခြားနား, ကွဲပြားအောင် ပြုတတ်ကုန်၏၊ ဣတိ-ကြောင့် ၊ ဝိသေသကာတ်ို့ မည်၏၊ စိတ်သည် ပင်ကိုယ်က အာရမဏဝိဇာနနလက္ခဏာအားဖြင့် တစ်မျိုးတည်းသာ ရှိ၏၊ နောက်မှ ဘုံ-ဇာတ်စသည် ကွဲပြား ၍ များပြားရပုံကို စိတ်ပိုင်း ဣတ္ထမေကူနနဝုတိဂါထာ အဖွင့်မှာ ပြန်ကြည့်ပါ၊၊

အနုတ္တရေ စျာနဓမ္မာ။ ။ထိုသို့ အမျိုးအစားအားဖြင့် ကွဲပြားပြီးသော စိတ်တို့တွင် လောကုတ္တရာစိတ်၌ ပဌမစျာန်စိတ် ဒုတိယစျာန်စိတ် စသည်ကွဲပြားအောင် ဝိတက်စသော စျာန်အင်္ဂါတရားတို့က ထပ်မံ၍ ပြုပြန်သည်၊ ထင်ရှားစေအံ့–ဝိတက်သည် ပဌမစျာန်စိတ်၌သာ ယှဉ်၍ ဒုတိယစျာန်စိတ် စသည်၌ မယှဉ် ၊ ဤသို့ ဝိတက် ယှဉ်မူှ/မယှဉ်မူှကြောင့် ပဌမစျာန်စိတ်ကတစ်မျိုး, ဒုတိယစျာန်စိတ်စသည်ကလည်း တစ်မျိုးစီအားဖြင့် ထူးခြားရလေသည်၊ ဤသို့ ပဌမစျာန်စိတ်နှင့် ဒုတိယစျာန်စိတ် စသည်တို့၏ အချင်းချင်း ကွဲပြားအောင် ဝိတက်ဟူသော စျာန်တရားက ပြုသည်၊ ဝိစာရ, ပီတိ, သုခဟူသော စျာန်တရားက ထူးအောင် ပြုပုံကိုလည်း ချဲ့ပါ၊ ဤသို့လျှင် မိမိယှဉ်ရာစိတ်စုကို တသန့်ထား၍ မိမိယှဉ်ရာ မဟုတ်သောစိတ်များနှင့် ခွဲခြားတတ်သည် ကို "ဝိသေသက" ဟု ဆိုသည်။ [အခြေပြု၌ ဆောင်ပုဒ် ပြခဲ့ပြီ။]

အပ္ပမညာ စ မဇ္ဈိမေ။ ။လောကုတ္တရာစိတ်က အမြတ်, ကာမစိတ်က အယုတ်, ထိုနှစ်မျိုး၏ အလည်၌ ဖြစ်သော မဟဂ္ဂုတ်ကို "မဇ္ဈိမ" ဟု ဆိုသည်၊ အပ္ပမညာစ၌ စသဒ္ဒါသည် စျာနဓမ္မာကို ပေါင်း၏၊ မဟဂ္ဂုတ်၌ အပ္ပမညာနှင့်စျာန်တရားတို့က စိတ်ချင်းကွဲအောင် ပြု၏၊ စျာန်တကားတို့က ကွဲပြားအောင်ပြုပုံမှာ လောကုတ္တ ရာစိတ်အတိုင်းတည်း၊ အပ္ပမညာသည် အောက်စျာန်စိတ်လေးပါး၌သာ ယှဉ်၍ ပဉ္စမစျာန်စိတ်၌ မယှဉ် ၊ ထို့ကြောင့် အောက်စျာန်စိတ်လေးပါးနှင့် ပဉ္စမစျာန်စိတ်ကို ကွဲပြားအောင် အပ္ပမညာက ပြုသည်၊၊

ဝိရတီဉာဏ ၊ပေ၊ ပရိတ္တေသု။ ။ဝိရတိသည် ကုသိုလ်၌သာ ယှဉ်၍ ဝိပါက် ကြိယာတို့၌ မယှဉ်၊ထို့ ကြောင့် ကုသိုလ်နှင့် ဝိပါက်ကြိယာတို့ ကွဲပြားအောင် ဝိရတိကပြု၏၊[ကာမာဝစရသဟေတုကကြိယသင်္ခါရာနံ ကာမာဝစရကုသလေ ဟိ ဝိရတိကတော ဝိသေသော အတ္ထိ–မဟာဋီကာ,ခန္ဓနိဒ္ဒေသ။] ပညာ(ဉာဏ်)သည်

တဒုဘယမိဿကနည်း

ဉာဏသမ္ပယုတ် (၁၂) ၌သာ ယှဉ်၏၊ ထို့ကြောင့် ဉာဏသမ္ပယုတ်စိတ်နှင့် ဉာဏဝိပ္ပယုတ်စိတ် (၁၂) ပါးတို့ က်ို ထူးခြားအောင် ဉာဏ်က ပြု၏၊ သောမနဿသဟဂုတ်စိတ် (၁၂) နှင့် ဥပေက္ခာသဟဂုတ်စိတ်(၁၂) တို့၏ အထူးကို သောမနဿသဟဂုတ်၌သာ ယှဉ်သော ပီတိက ပြု၏၊ မဟာကုသိုလ် ကြိယာနှင့် မဟာဝိပါက်၏ အထူးကို ကုသိုလ် ကြိယာ၌သာယှဉ်သော အပ္ပမညာက ပြု၏၊ [ဝိရတိ၌ ဆန်းကြောင့် ဒီဃ , ပီတိ၌ ဗဟုဝုစ် ဒီဃ, စဖြင့် အပ္ပမညာကို ပေါင်း။

•••••••••••••••

ဣတ္ထံ စိတ္တာဝိယုတ္တာနံ, သမ္ပယောဂဉ္စ သင်္ဂဟံ၊ ဉ တွာ ဘေဒံ ယထာယောဂံ, စိတ္တေန သမမုဒ္ဒိသေ။

" စိတ္တေန သမမုဒ္ဒိသေ" အရ ယှဉ်ရာစိတ်နှင့်ညီမျှသော စေတသိက်တို့၏ အပြားကို အခြေပြု၌ ပြခဲ့ပြီ၊ ဤ စကားကို သဲလွန်စယူ၍ သုခသဟဂုတ်ဖဿ(၆၃), ဒုက္ခသဟဂုတ်ဖဿ(၃), ဥပေက္ခာသဟဂုတ်ဖဿ (၅၅) ဟု ဝေဒနာအပြားအားဖြင့်လည်းကောင်း, လောကီဖဿ (၈၁) , လောကုတ္တာဖဿ (၈) ဟု လောကီ လောကုတ္တရာအပြားအားဖြင့်လည်းကောင်း, အကုသိုလ်ဖဿ(၁၂), ကုသိုလ်ဖဿ(၂၁), ဝိပါက်ဖဿ(၃၆), ကြိယာဖဿ( ၂၀ )ဟု ဇာတိဘေဒအားဖြင့်လည်းကောင်း, ကာမဖဿ (၅၄) , ရူပဖဿ (၁၅), အရူပဖဿ (၁၂) , လောကုတ္တရာဖဿ (၈)ဟု ဘူမိဘေဒအားဖြင့်လည်းကောင်း ခွဲပြပါဦး၊ ဝေဒနာ စသည်၌လည်း ခွဲပါ။

တဒုဘယမိဿကနည်း။ ။[တံ+ဥဘယ+မိဿက ၊ တံ ဥဘယ=ထိုသမ္ပယောဂ သင်္ဂဟနည်း နှစ်ပါး တို့ကို + မိဿက= ရောနှောပြသောနည်း၊] "ထိုနည်းသည် သမ္ပယောဂနည်း သင်္ဂဟနည်းနှစ်ပါးကို ကျေပွန် စေသည့်အပြင် ညဝါအကောက်များ၌ အထူးကျေးဇူးများအောင် ကျေးဇူးရှင် ဆရာတော်ကြီး စီစဉ်ထားသော နည်း ဖြစ်၏၊ ဤနည်းကို ညအခါ ခွဲပြမှသာ တပည့်များ ကျေ/မကျေ သိနိုင်၏၊ ဤနည်း ကျေလျှင်ကား စေတသိက်ပိုင်းအတွက် သရုပ်ခွဲနည်း လုံလောက်ပြီဟု မှတ်ပါ။

အညသမာန်းရာသိ။ ။ဖဿသည် စိတ်တစ်ခုယုတ်ကိုးဆယ်၌ ယှဉ်ရာ, [ဤကား သမ္ပယောဂနည်း၊] ထိုစိတ်တစ်ခုယုတ်ကိုးဆယ်၌ ထိုက်သည့်အားလျော်စွာ စေတသိက်(၅၂) ပါးလုံး ယှဉ်သောကြောင့်[ဤကား သင်္ဂဟနည်း၊] ဖဿသည် (မိမိမှတစ်ပါး) (၅၁)ပါးသော စေတသိက်များနှင့် ယှဉ်၏၊ [ဤကား တဒုဘယ မိဿကနည်းတည်း။] ဤသို့ စိတ်တစ်ခုတစ်ခု၌ ယှဉ်သမျှ စေတသိက်တို့သည် မိမိတို့ အချင်းချင်းလည်း ယှဉ်ကြရကား ယှဉ်ရာစိတ်ကို ကြည့်ကာ ဤမျှသော စေတသိက်တို့နှင့် ယှဉ်နိုင်ကြောင်းကို ခွဲပြရာ၏၊ ဖဿနှင့် တူ၏၊ ဝိတက် ဝိစာရနှစ်ပါးလည်း ဖဿနည်းတူ( ၅၁)ပါးနှင့် ယှဉ်ကြ၏၊ အဓိမောက္ခသည် (မိမိ, ဝိစိကိစ္ဆာမှတစ်ပါး) (၅၀) နှင့် ယှဉ်၏၊ ဆန္ဒလည်း( မောဟမူ၌ မယှဉ်သောကြောင့် ဝိစိကိစ္ဆာ ကြဉ်ရကား) (၅၀) နှင့် ယှဉ်၏၊ ဝီရိယကား ဖဿနည်းတူ၊ ပီတိသည် (မိမိနှင့်တကွ ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာကြဉ်) (၄၆) ပါးနှင့် ယှဉ်၏။

အကုသလရာသိ။ ။မောဟသည် အကုသိုလ်စိတ်(၁၂) ပါး၌ ယှဉ်ရာ, ထိုအကုသိုလ်စိတ်၌ စေတသိက် (၂၇)ပါး ယှဉ်သောကြောင့် မိမိကို ကြဉ်, ကြွင်း (၂၆) ပါးနှင့်ယှဉ်၏၊ အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စနည်းတူ လောဘသည် မိမိယှဉ်ရာ လောဘမူစိတ်၌ စေတသိက် (၂၂) ပါး ယှဉ်ရကား မိမိကြဉ်, ကြွင်း (၂၁) ပါးနှင့် ယှဉ်၏၊ ဒိဋ္ဌိသည် မိမိယှဉ်ရာ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ စေတသိက် (၂၁)ပါး ယှဉ်ရကား မိမိကြဉ်, ကြွင်း (၂၀)နှင့် ယှဉ်၏၊ မာနသည် မိမိယှဉ်ရာ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်၌ စေတသိက်(၂၁)ပါးပင် ယှဉ်ရကား မိမိကြဉ်, ကြွင်း (၂၀)နှင့် ယှဉ်၏၊ ဒေါသသည် မိမိယှဉ်ရာ ဒေါသမူစိတ်၌ စေတသိက် (၂၂) ပါး ယှဉ်ရကား မိမိကြဉ်, ကြွင်း (၂၁) ပါးနှင့်ယှဉ်၏၊ ဣဿာသည် မိမိယှဉ်ရာ ဒေါသမူစိတ်၌ စေတသိက် (၂၂) ပါး ယှဉ်သော်လည်း မိမိယှဉ်ခိုက် မစ္ဆရိယ ကုက္ကုစ္စတို့ မယှဉ်ရကား မိမိကြဉ် ကြွင်း (၁၉) ပါးနှင့််ယှဉ်၏၊ မစ္ဆရိယ ကုက္ကုစ္စ၌လည်း နည်းတူ၊ ထိနသည် မိမိယှဉ်ရာ သသင်္ခါရိကစိတ် (၅)ပါး၌ စေတသိက် (၂၆) ပါး ယှဉ်ရကား မိမိကြဉ်, ကြွင်း (၂၅) ပါးနှင့် ယှဉ်၏၊ မိဒ္ဓ၌လည်း နည်းတူ ၊ ဝိစိကိစ္ဆာသည် မိမိယှဉ်ရာ ဝိစိကိစ္ဆာသဟဂုတ်စိတ်၌ စေတသိက် (၁၅) ပါး ယှဉ်ရကား မိမိကြဉ်, ကြွင်း (၁၄) ပါးနှင့် ယှဉ်ရ၏။

သောဘနရာသိ။ ။သဒ္ဓါသည် မိမိယှဉ်ရာ သောဘနစိတ်၌ စေတသိက် (၃၈) ပါး ယှဉ်ရကား မိမိကို ကြဉ်၍, ကြွင်း (၃၇) ပါးနှင့် ယှဉ်၏၊ သောဘနသာဓာရဏအားလုံး နည်းတူ၊ သမ္မာဝါစာသည် မိမိယှဉ်ရာ မဟာကုသိုလ်စိတ်နှင့် လောကုတ္တရာစိတ်တို့၌ စေတသိက် (၃၈) ပါး ယှဉ်သော်လည်း မိမိနှင့်ယှဉ်ခိုက် အပ္ပမ ညာ မယှဉ်ထိုက်ရကား မိမိကြဉ်, ကြွင်း (၃၅) ပါးနှင့်သာ ယှဉ်၏၊ သမ္မာကမ္မန္တ , သမ္မာအာဇီဝ, နည်းတူ၊ ကရုဏာသည် မိမိယှဉ်ရာ မဟာကုသိုလ်, ကြိယာ မဟဂ္ဂုတ်အောက်စျာန်လေးပါး၌ စေတသိက် (၃၈) ပါး ယှဉ်သော်လည်း မိမိယှဉ်ခိုက် ဝိရတိနှင့် မုဒိတာတို့ မယှဉ်ထိုက်ရကား မိမိကြဉ်, ကြွင်း (၃၃) ပါးနှင့်သာ ယှဉ်၏၊ မုဒိတာ နည်းတူ၊ ပညာလည်း သဒ္ဓါနှင့် တူပြီ။

ဝိသုဒ္ဓါရာမိကော ထေရော, ဂဏီ ဂမ္ဘီရဂေါစရော၊ သောတူနံ ဉာဏသုဒ္ဓါယ, ဗောဓေသိ နယမိဿကံ။

ဤကား စေတသိက်ပိုင်းဘာသာဋီကာ

ပကိဏ်းပိုင်းဘာသာဋီကာ

သမ္ပယုတ္တာ ယထာယောဂံ, တေပညာသ သဘာဝတော၊ စိတ္တစေတသိကာ ဓမ္မာ, တေသံ ဒါနိ ယထာရဟံ။ ဝေဒနာဟေတုတော ကိစ္စ-ဒွါရာလမ္ဗနဝတ္ထုတော၊ စိတ္တုပ္ပာဒဝသေနေဝ, သင်္ဂဟော နာမ နိယတေ။

အနုသန္ဓေ။ ။စိတ္တံဟူသော ဥဒ္ဒေသ၏ အကျယ်နိဒ္ဒေသကို " တတ္ထ စိတ္တံ တာဝ စတုဗ္ဗိဓံ" စသော စိတ်ပိုင်းတစ်ပိုင်းလုံးဖြင့်လည်းကောင်း စေတသိကံဟူသော ဥဒ္ဒေသ၏ အကျယ်နိဒ္ဒေသကို စေတသိက်ပိုင်း တစ်ပိုင်းလုံးဖြင့်လည်းကောင်း ချ ဲ့ပြပြီး၍, ယခုတစ်ဖန် စိတ်ကို ပဓာနထား၍ နှစ်ပါးစုံကိုပင် ထပ်မံချဲ့ပြရာ ပဋိနိဒ္ဒေသကို အားထုတ်တော်မူလိုရကား "သမ္ပယုတ္တာ ယထာယောဂံ" စသည်ကို မိန့်သည်၊ ဤဂါထာဝယ် "တေသံ ဒါနိ ယထာရဟံ" မှ တေသံပုဒ်ကို သင်္ဂဟော၌ စပ်၍ "ထိုစိတ် စေတသိက်တို့၏ သင်္ဂဟကို ဆောင် ပြပေအံ့" ဟု အဓိပ္ပါယ်ရသောကြောင့် "ယခု ပြအပ်လတ္တံ့သော သင်္ဂဟသည် စိတ် စေတသိက် နှစ်ပါးလုံးကို ပြသောသင်္ဂဟ"ဟု ဆိုသင့်ပေ၏၊ သို့သော် စိတ်ကို တိုက်ရိုက်ပြလျှင် ယှဉ်ဖက်စေတသိက် များကိုလည်း ပြ ပြီးဖြစ်သောကြောင့် "တတ္ထ သုခသဟဂတံ ကုသလဝိပါကံ ကာယဝိညာဏမေကမေဝ" စသည်ဖြင့် စိတ်ကို သာ တိုက်ရိုက် ပြလတ္တံ့၊ ထို့ကြောင့် "စိတ္တုပ္ပါဒဝသေနေဝ နီယတေ"၌ စိတ္တုပ္ပါဒအရ စိတ်ကိုသာ ယူ၍, ဧဝ သဒ္ဒါဖြင့် စေတသိက်ကို ကန့်သည်ဟု မှတ်ပါ။

ဝေဒနာ ၊ပေ၊ ဝတ္ထုတော။ ။"ဝေဒနာဟေတုတော" စသောပုဒ်တို့ကို သင်္ဂဟော နာမ၌ စပ်၍ "ဝေဒနာ တော+သင်္ဂဟော ဝေဒနာသင်္ဂဟော, ဟေတုတော+သင်္ဂဟော ဟေတုသင်္ဂဟော"စသော ဝစနတ္ထကို သိပါ၊ [ဝေဒနာတော-ဝေဒနာအားဖြင့်၊ သင်္ဂဟော-စိတ် စေတသိက်ကို သင်္ဂြိုဟ်ရေတွက်ရာ ရေတွက်ကြောင်း ဖြစ် သော စကားအပေါင်းသည်၊ ဝေဒနာသင်္ဂဟော-မည်၏။ ]

ပကိဏ္ဏကသင်္ဂဟ။ ။သင်္ဂဟော နာမဟု နာမသဒ္ဒါ ထည့်၍ပြသဖြင့် ကျမ်းဆရာကိုယ်တိုင် "ဝေဒနာ သင်္ဂဟ, ဟေတုသင်္ဂဟ" စသော နာမည်ကို မှည့်၍ ထိုဝေဒနာသင်္ဂဟစသော သင်္ဂဟ(၆)မျိုးကို ရောပြွမ်း ထားသောကြောင့် "ဣတိ အဘိဓမ္မတ္ထသင်္ဂဟေ ပကိဏ္ဏကသင်္ဂဟဝိဘာဂေါ နာမ တတိယော ပရိစ္ဆေဒေါ" ဟု ပကိဏ္ဏကသင်္ဂဟနာမည်ဖြင့် နိဂုံးအုပ်ထားသည်၊ အချို့ကား စိတ်ပိုင်းသည် စိတ်အတွက်ကိုသာ ပြသော သုဒ္ဓသင်္ဂဟ, စေတသိက်ပိုင်းလည်း စေတသိက်ကိုသာ ပြလိုရင်းဖြစ်သော သုဒ္ဓသင်္ဂဟဖြစ်၏၊ ဤအပိုင်းကား ရောပြွမ်း၍ ပြသောကြောင့် ဝေဒနာသင်္ဂဟစသော သင်္ဂဟငယ် တစ်ခုတစ်ခုကိုပင် ပကိဏ္ဏကသင်္ဂဟဟု လည်းကောင်း, မိဿကသင်္ဂဟဟုလည်းကောင်း ခေါ်နိုင်သည်ဟု ယူကြ၏ ၊ ထိုဆရာတို့ အယူသည် အရှင်အနုရုဒ္ဓါ စီရင်အပ်သော နာမရူပပရိစ္ဆေဒကျမ်း၌ (စိတ်စေတသိက်၏ အခြားမဲ့မဟုတ်) ဤသင်္ဂြိုဟ်က သမုစ္စယသင်္ဂဟနှင့် အလားတူသင်္ဂဟကို ပြပြီးနောက်-

"ဣတော ပရံ ကိစ္စတော စ, ဒွါရာလမ္ဗနဝတ္ထုတော၊ ဘူမိပုဂ္ဂလတော ဌာနာ ၊ပေ၊ သံခိပိတွာန နိယျတေ" ဟု ပဋိညာဉ်ပြုပြီးလျှင် , ထိုကိစ္စ ဒွါရ အာရုံ ဝတ္ထု ဘုံ ပုဂ္ဂိုလ်စသည်တို့ဖြင့် ရောပြွမ်း၍ပြရာအခန်းကို နိဂုံးအုပ် ရာ၌ "ဣတိ နာမရူပပရိစ္ဆေဒ ပကိဏ္ဏက ဝိဘာဂေါ နာမ စတုတ္ထော ပရိစ္ဆေဒေါ" ဟု နိဂုံးအုပ်ပုံနှင့် ဆန့်ကျင်၏၊ "ထို၌ စိတ် စေတသိက် နှစ်ပါးလုံးကို ရောပြွမ်း၍ပြသည်မဟုတ်, ကိစ္စ ဒွါရစသည်တို့ဖြင့် ရောပြွမ်း၍ပြသော ကြောင့် "ပကိဏ္ဏက"ဟု နာမည်တပ်သည်" ဟူလို။

ယထာရဟံ နီယတေ။ ။"ဆောင်ပြထိုက်သလို ဆောင်ပြအံ့"ဟူသော စကားအရ ဝေဒနာသင်္ဂဟ၌ သုခ ဝေဒနာဖြင့် ဆောင်ပြထိုက်သောတရားတို့ကို "သုခသဟဂတံ ကုသလဝိပါကံ ကာယဝိညာဏမေကမေဝ" စသည်ဖြင့်လည်းကောင်း, ဟေတုသင်္ဂဟ၌ ဟိတ်ဖြင့်ဆောင်ပြထိုက်သောတရားတို့ကို "အဋ္ဌာရသာဟေတု က စိတ္တာနိ နာမ ၊ပေ၊ ဧကသတ္တတိ စိတ္တာနိ သဟေတုကာနေဝ" စသည်ဖြင့်လည်းကောင်း, ထိုက်သလို ဆောင်ပြပုံကို သိပါ၊ အချို့ကား-ဟေတုသင်္ဂဟဝယ် အဟိတ်စိတ်များ, ဒွါရသင်္ဂဟဝယ် ဒွါရဝိမုတ်စိတ်များ, ဝတ္ထုသင်္ဂဟဝယ် အရူပဝိပါက်စိတ်များသည် ဆောင်ပြခြင်းငှါ မထိုက်၊ ထို့ကြောင့် ယထာရဟံဆိုကြောင်းကို ဖွင့်ကြ၏၊ စိတ်ပိုင်း၌ ဉာဏ်အပြားဖြင့် ရေတွက်ရာဝယ် ဉာဏ်နှင့်ယှဉ် မယှဉ် နှစ်ပါးစုံကို ရေတွက်ခဲ့သလို, ဤ၌လည်း ဟိတ်အပြားအားဖြင့် ဆောင်ပြရာဝယ် ဟိတ်နှင့်ယှဉ်သော သဟိတ်စိတ်, မယှဉ်သော အဟိတ် စိတ်, စသည်ဖြင့် ရေတွက်ကောင်းသောကြောင့် ထိုစကားကို စဉ်းစားကြပါ။

••••••••••••••••

ဝေဒနာသင်္ဂဟအဖွင့်

၁။ တတ္ထ ဝေဒနာသင်္ဂဟေ တာဝ တိဝိဓာ ဝေဒနာ သုခံ ဒုက္ခံ အဒုက္ခမသုခါ စေတိ၊ သုခံ ဒုက္ခံ သောမနဿံ ဒေါမနဿံ ဥပေက္ခာတိ စ ဘေဒေန ပန ပဉ္စဓာ ဟောတိ။

ဝေဒနာဖြင့် သိမ်းယူပုံ။ ။"ဝေဒနာတော သင်္ဂဟော, ဝေဒနာသင်္ဂဟော" ဟု ဝစနတ္ထ ပြုရမည်ဟု ပြခဲ့ပြီ၊ "သုခါဒိဝေဒနာနံ တံသဟဂတစိတ္တုပ္ပာဒါနဉ္စ ဝိဘာဂဝသေန သင်္ဂဟော, ဝေဒနာသင်္ဂဟော" ဟု ဖွင့်ပြသော ဋီကာကျော်၏ အလိုမှာ "ဝေဒနာယော စ ဝေဒနာသဟဂတစိတ္တုပ္ပာဒါ စ, ဝေဒနာယော" ဟု ဧကသေသ် ပြု၍ ဝေဒနာအရ ဝေဒနာအပြားကိုလည်း ကောင်း, ဝေဒနာနှင့်ယှဉ်သော စိတ္တုပ္ပုဒ်ကိုလည်းကောင်း ယူပြီးလျှင် "ဝေဒနာနံ သင်္ဂဟော ဝေဒနာသင်္ဂ ဟော" ဟု ဝစနတ်ပြုစေလိုသည်၊ ဤသင်္ဂဟသည် "တိဝိဓာ ဝေဒနာ ၊ပေ၊ ပဉ္စဓာ ဟောတိ" ဟု ဝေဒနာအ ပြားကိုလည်း ရေတွက်ပြ၏ ၊ "တတ္ထ သုခသဟဂတံ" စသည်ဖြင့် ဝေဒနာနှင့်ယှဉ်သော စိတ်များကိုလည်း ရေတွက်ပြ၏၊ ထို့ကြောင့် ဝေဒနာနံ-ဝေဒနာ, ဝေဒနာနှင့်တကွဖြစ်သော စိတ်တို့ကို၊ သင်္ဂဟော-သင်္ဂြိုဟ်ရေ တွက်ရာ သင်္ဂဟသည်၊ ဝေဒနာသင်္ဂဟော-ဝေဒနာသင်္ဂဟမည်၏" ဟု ဆိုလိုသတတ် ၊ သို့သော် "တိဝိဓာ ဝေဒနာ" စသော စကားဖြင့် ဝေဒနာအပြားကို ရေတွက်ပြလိုရင်း မဟုတ် ၊ ဝေဒနာအပြားဖြင့် စိတ်တို့ကို ရေတွက်ပြရမည့်အခန်း ဖြစ်၍ အရင်းခံ ဝေဒနာအပြားကို မပြလျှင် မဖြစ်သောကြောင့် ပြရခြင်းသာ ဖြစ်သည်၊သို့အတွက် ဋီကာကျော်အဆိုသည် ကျမ်းဆရာ၏ အာဘော် မဟုတ်ပါ၊ နောက်သင်္ဂဟများ၌လည်း နည်းတူ။

ဝေဒနာအပြား။ ။ဝေဒနာသံယုတ်စသော သုတ္တန်ပါဠိတော်များ၌ ဝေဒနာအပြားကို တစ်ပါး နှစ်ပါးကစ၍ အမျိုးမျိုး ဟောအပ်သော်လည်း ဤသင်္ဂြိုဟ်ကျမ်း၏ မှီရာ အဘိဓမ္မာပါဠိတော်များတွင် ဓမ္မသင်္ဂဏီမာတိကာ ၌ "သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ, ဒုက္ခာယ ဝေဒနာယ ၊ပေ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ" ဟု သုံးမျိုး, ဣန္ဒြိယဝိဘင်း ပါဠိတော်၌ "သုခိန္ဒြိယံ ဒုက္ခိန္ဒြိယံ သောမနဿိန္ဒြိယံ ဒေါမနဿိန္ဒြိယံ ဥပေက္ခိန္ဒြိယံ" ဟု (၅)မျိုး ဟောထားသောကြောင့် ထိုအဘိဓမ္မာဒေသနာတော်နည်းအရ နှစ်နည်းသာ ကျမ်းဆရာ ပြတော်မူသည် ၊ ထိုတွင် ရှေ့နည်းကို "အာရမဏာနုဘဝနနည်း" နောက်နည်းကို "ဣန္ဒြိယ ဘေဒနည်း" ဟု ခေါ်သည်။

မှတ်ချက်။ ။"သဗ္ဗေ သင်္ခါရာ ဒုက္ခာ" အရ သင်္ခါရဒုက္ခချည်းဖြစ်၍ ဝေဒနာဟူသမျှ "ဒုက္ခ" ဟု တစ်မျိုး တည်း ဟောတော်မူအပ်သောအရာလည်းရှိ၏၊ အကုသလဝိပါက် ဥပေက္ခာဝေဒနာကို အနိဋ္ဌဖြစ်သော ကြောင့် ဒုက္ခ၌သွင်း၍ ကြွင်းသော ဥပေက္ခာဝေဒနာကို သုခ၌ သွင်းပြီးလျှင် သုခဝေဒနာ ဒုက္ခဝေဒနာဟု နှစ် မျိုး ဟောတော်မူအပ်သောအရာလည်း ရှိ၏၊ (ဤကား ပဋိစ္စသမုပ္ပါဒ်ဝိဘင်း မူလဋီကာ အလို၊) တစ်နည်း- အပြစ်မရှိသော ကုသိုလ် အဗျာကတ ဥပေက္ခာတို့ကို သန္တ (ငြိမ်သက်ခြင်း) သဘောရှိသောကြောင့် သုခ၌ သွင်း၍, အပြစ်ရှိသော အကုသိုလ် ဥပေက္ခာဝေဒနာကို ဒုက္ခ၌ သွင်းပြီးလျှင် သုခ ဒုက္ခဟု ဝေဒနာနှစ်မျိုး ဟောတော်မူအပ်သော အရာလည်း ရှိ၏၊ (ဤကား ဋီကာကျော်အလို ၊) ဤသို့ စသော ဝေဒနာအပြားတို့ကား မုချဟုတ်, သုတ္တန် ပရိယာယ်သာ ဖြစ်၏ ၊ ထို့ကြောင့် ဤအဘိဓမ္မတ္ထသင်္ဂဟ၌ ကျမ်း ဆရာမပြခဲ့ပေ။

အာရမဏာနုဘဝနနည်း။ ။သုခဝေဒနာသည် ဣဋ္ဌာရမဏာနုဘဝနလက္ခဏာ (အလိုရှိအပ် ကောင်း မြတ်သော အာရုံကို ခံစားခြင်းလက္ခဏာ) ရှိ၏ ၊ ဒုက္ခဝေဒနာသည် အနိဋ္ဌာရမဏာနုဘဝန လက္ခဏာ (အလို မရှိအပ်သော အာရုံကို ခံစားခြင်းလက္ခဏာ) ရှိ၏ ၊ အဒုက္ခမသုခါဝေဒနာသည် ဣဋ္ဌမဇ္ဈတ္တာရမဏာနုဘဝနု လက္ခဏာ (အလယ်အလတ် အလိုရှိအပ်သောအာရုံကို ခံစားခြင်းလက္ခဏာ) ရှိ၏ ၊ ဤသို့လျှင် အာရမဏာနု ဘဝနလက္ခဏာအားဖြင့် ဝေဒနာသုံးမျိုး ပြား၏ ၊ [အဒုက္ခာ-ဒုက္ခမှလည်း တစ်ပါးသော၊ အသုခါ-သုခမှလည်း တစ်ပါးသော ဝေဒနာတို့ကို "ဥပေက္ခာဝေဒနာ" ဟုလည်း ခေါ်သည်၊ မသုခါ၌ (မ) ကား စကားချောမော အောင်လာသော အက္ခရာတည်း ၊ အဒုက္ခာမသုခါဟု ဆိုသင့်လျက် ရှေ့အာကို လည်း ရဿ ပြုထားသည်။]

ဣန္ဒြိယဘေဒနည်း။ ။သုခဖြစ်သောအခါ ခန္ဓာကိုယ်ကို ချမ်းသာစေနိုင်၏၊ ဤသုခကို “ကာယိက သုခ (ကာယ၌ဖြစ်သောသုခ)" ဟု ခေါ်၏၊ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံကို ခံစားမှု၌ အစိုးတရ (ဣန္ဒြိယ ) ဖြစ်သောကြောင့် "သုခိန္ဒြေ"ဟုလည်းခေါ်၏၊ သုခဖြစ်သောအခါ စိတ်ကိုလည်း ချမ်းသာစေနိုင်၏၊ ဤသုခကို "စေတသိကသုခ (စိတ်၌ယှဉ်သောသုခ)" ဟု ခေါ်၏ ၊ ကောင်းသောစိတ်၏ ဖြစ်ကြောင်းဖြစ်၍ "သုမနဿ ဘာဝေါ" အရ သောမနဿဟုလည်းကောင်း, ဖောဋ္ဌဗ္ဗာရုံမှတစ်ပါး အခြားသောဣဋ္ဌာရုံကို ခံစားမှု၌ အစိုးတရ ဖြစ်သော ကြောင့် "သောမနဿိန္ဒြေ"ဟု လည်းကောင်း ခေါ်ရ၏ ၊ [ဒုက္ခိန္ဒြေ သောမနဿိန္ဒြေ ပြားပုံကို သုခမှပြောင်း ပြန်ပြန်၍ သိပါ ။] ဥပေက္ခာကား ထိုကဲ့သို့ ခန္ဓာကိုယ်ကို ထူးခြားအောင် ချီလည်း မချီမြှောက် နှိပ်လည်း မနှိပ် နင်းနိုင်သောကြောင့် "ကာယိကဥပေက္ခာ" ဟူ၍ မရှိ ၊ စေတသိကဥပေက္ခာဟူသော ဥပေက္ခိန္ဒြေ တစ်မျိုးသာ ရှိ၏ ၊ ထို့ကြောင့် ဣန္ဒြေအပြားအားဖြင့် ဝေဒနာ (၅)မျိုး ပြားရပြန်သည်။

စေတသိက်ကို သိမ်းယူခြင်း။ ။ဝေဒနာအပြားအားဖြင့် ပဓာနဖြစ်သော စိတ်ကို ရေတွက်လျှင် စေတ သိက်များလည်း ပါဝင်ပြီး ဖြစ်၏ ၊ သို့သော် တမင်တကာ ရေတွက်ပြမှသာ ကျနစွာသိနိုင်မည် ဖြစ်၍ စေတ တသိက်များကိုလည်း သီးခြားခွဲပြရိုး ပြုကြသည်၊ ထို့သို့ခွဲပြရာ၌ "ယူအပ်ပြီးသောစေတသိက်များကို ထပ်၍ ထပ်၍ယူသော ဂဟိတဂ္ဂဟဏနည်း, ယူအပ်ပြီးကို ထပ်၍ မယူသော အဂ္ဂဟိတဂ္ဂဟဏနည်း" ဟု နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတွင် ဂဟိတဂ္ဂဟဏနည်းကို မာတိကာ အကောက်စသည်၌ အရေးကြီးသောကြောင့် အခြေပြု သင်္ဂြိုဟ်၌ ဆိုခဲ့ပြီ ၊ ယခု ပြလတ္တံ့သောနည်းကား အဂ္ဂဟိတဂ္ဂဟဏ နည်းတည်း ၊ ဤနည်းကား သရုပ်ကျေပွန်ခြင်းအကျိုးသာရှိသည်။ [ဂဟိတဿ+ဂဟဏံ ဂဟိတဂ္ဂဟဏံ ၊ ဂဟိတဿ+ အဂ္ဂဟဏံ အဂ္ဂဟိတဂ္ဂဟဏံ ၊ ( တစ်နည်း) အဂ္ဂဟိ တဿ+ဂဟဏံ, အဂ္ဂဟိတဂ္ဂဟဏံ၊ ဂဟိတဿ-ယူအပ်ပြီးကို ၊ ဂဟဏံ-ထပ်၍ယူကြောင်း နည်းသည်၊ ဂဟိတဂ္ဂဟဏံ-ဂဟိတဂ္ဂဟဏနည်း မည်၏ ၊ ဂဟိတဿ-ကို ၊ အဂ္ဂဟဏံ-ထပ်၍ မယူကြောင်းနည်းသည်၊ (တစ်နည်း) အဂ္ဂဟိတဿ-မယူအပ်သေးသည်ကိုသာ ၊ ဂဟဏံ-ယူကြောင်းနည်းသည် ၊ အဂ္ဂဟိတဂ္ဂဟဏံ- အဂ္ဂဟိတဂ္ဂဟဏနည်း မည်၏။

[ဆောင်] ဝေဒနာတစ်, ခြောက်ပါးဖြစ်၏ ၊ နှစ်မှာဋ္ဌဝီ, သုံးလီဆယ့်တစ်, ငါးဖြစ် ခြောက်ခု, တစ်ခုပေါင်းစု ငါးဆယ့်နှစ် ။-(ပရမတ္ထသရူပဘေနီ။)

အမှာ။ ။ဝေဒနာတစ်ပါးနှင့်ယှဉ်သော စေတသိက်(၆)ပါး, ဝေဒနာနှစ်ပါးနှင့်ယှဉ်သော စေတသိက် (ဋ္ဌဝီ=အဋ္ဌဝီသ) (၂၈)ပါး, ဝေဒနာသုံးပါးနှင့်ယှဉ်သော စေတသိက်(၁၁)ပါး, ဝေဒနာငါးပါးနှင့်ယှဉ်သော စေတသိက်(၆)ပါး, ဘယ်ဝေဒနာနှင့်မှ မယှဉ်သောစေတသိက် (၁)ပါး, ပေါင်း (၅၂)ပါး ဖြစ်၏ ။

ဝေဒနာတစ် , ခြောက်ပါးဖြစ်၏။ ။ဒေါသစသည်တို့သည် ဒေါသမူဒွေး၌ ယှဉ်ရကား ဒေါမနဿဝေဒနာ တစ်ပါးနှင့်သာ ယှဉ်ကုန်၏၊ ဝိစိကိစ္ဆာသည် မောဟမူဒွေး၌ ယှဉ်ရကား ဥပေက္ခာဝေဒနာ တစ်ပါးနှင့်သာ ယှဉ် ၏၊ ပီတိသည် သောမနဿသဟဂုတ် စိတ်တို့၌ ယှဉ်ရကား သောမနဿဝေဒနာတစ်ပါးနှင့်သာ ယှဉ်၏၊ ဤ သို့လျှင် ယှဉ်ဖက်စိတ်များကို ကြည့်၍ ဝေဒနာတစ်ပါးနှင့်သာယှဉ်သော စေတသိက်(၆)ပါးကိုသိပါ။

နှစ်မှာ ဋ္ဌဝီ။ ။လောဘ-ဒိဋ္ဌိ-မာနနှင့် သောဘနစေတသိက် (၂၅)ပါးတည်း။ [ဤစေတသိက်များသည် သောမနဿ-ဥပေက္ခာဝေဒနာ (၂)ပါးနှင့် ယှဉ်ကြ၏ ။]

သုံးလီဆယ့်တစ်။ ။ပီတိကြဉ်သော ပကိဏ်းစေတသိက်(၅),သဗ္ဗာကုသလသာဓာရဏ စေတသိက်(၄), ထိန မိဒ္ဓတို့တည်း။

ငါးဖြစ်ခြောက်ခု။ ။ဝေဒနာကြဉ်သော သဗ္ဗစိတ္တသာဓာရဏစေတသိက်(၆)ပါးတည်း၊ ထိုခြောက်ပါးသည် သုခ ဒုက္ခစသော ဝေဒနာငါးပါးလုံးနှင့် ယှဉ်၏။

မ-တစ်ခု။ ။ဝေဒနာစေတသိက်တည်း၊ ဝေဒနာစေတသိက်၌ ယှဉ်ဖက်ဝေဒနာ မရှိပြီ ။

[ ဆောင်] ဝေဒနာတစ်, ခြောက်ပါးဖြစ်ကို, တွက်စစ်လိုက, ဒေါသ-ဣဿာ, မစ္ဆရာနှင့်, ကုက္ကုစ္စာထည့်, ဝိစိကိစ္ဆာ, ပီတိပါတည်း ၊ နှစ်မှာ ဋ္ဌဝီ, အရသကား, လော-ဒိ-မာန , သောဘနတို့, ရောပြနှုန်းမှီ, ထုံးအညီရှင့်, သုံးလီဆယ့်တစ်, အရစစ်သော်, ကြဉ်ပစ်ပီတိ, ပကိဏ်းရှိမှာ, သဗ္ဗာကုသလ, ထိ-မိဒ္ဓတို့, ရောပြထားလစ်, တအားသစ်လော့ ၊ ငါးဖြစ်ခြောက်ခု, အရစုတွင်, ကြဉ်ဝေဒနာ, သဗ္ဗစိတ္တ-သာဓာရရှု၊ မ-တစ်ခုမှာ,ဝေဒနာတဲ့, ပေါင်းကာဖွဲ့သည် ,...ငါးဆယ့်နှစ်ပါး အစုံတည်း။

ဟေတုသင်္ဂဟအဖွင့်

အမှာ။ ။ဤဟေတုသင်္ဂဟ၌ ပါဠိအတွက် ဖွင့်ပြဖွယ်မရှိ၊ အဂ္ဂဟိတဂ္ဂဟဏ နည်းဖြင့် စေတသိက် ရေတွက်ကြောင်းနည်းကိုသာ ပြအံ့၊ ဟေတုသတ္တိကိုကား သုံးချက်စုအဖွင့်၌ ပြထားသည်။

[ဆောင်] သုံးဧကဟိတ်, ဒွိဟိတ်ကိုးလီ, သတ္တဝီတိဟိတ်, ပဉ္စဟိတ်တစ် ,ဆယ့်နှစ်ဆဟိတ်, ဒွေးပညိတ်, နိမိတ်ထင်မျှကြံ။....(ပရမတ္ထသရူပဘေဒနီ။)

သုံးဧကဟိတ်။ ။ဟိတ်တစ်ပါးနှင့်ယှဉ်သော စေတသိက်(၃)ပါးကား ဝိစိကိစ္ဆာ လောဘ ဒေါသ(၃)ပါးတည်း။ [လောဘမူစိတ်၌သာယှဉ်သော လောဘသည်လည်းကောင်း, ဒေါသမူစိတ်၌သာယှဉ်သော ဒေါသသည်လည်းကောင်း, မောဟမူစိတ်၌သာ ယှဉ်သော ဝိစိကိစ္ဆာသည်လည်းကောင်း, ဤသုံးပါးသည် မောဟဟိတ်တစ်ပါးနှင့်သာ ယှဉ်ကြ၏၊ စေတသိက်ယှဉ်ကို သတိပြုပါ။]

ဒွိဟိတ် ကိုးလီ။ ။ဟိတ်နှစ်းပါးနှင့်သာ ယှဉ်သော စေတသိက်ကိုးပါးကား မောဟ (လောဘ ဒေါသနှင့်) ဒိဋ္ဌိ မာန(လောဘ မောဟနှင့်) ဣဿာ မစ္ဆရိယ ကုက္ကုစ္စ (ဒေါသ မောဟနှင့်) သောဘနဟိတ် (၃)ပါး (အလောဘသည် အဒေါသ အမောဟနှင့် စသည် အပြန်အလှန် ယှဉ်ပုံ ကိုသိပါ၊) ပေါင်းကိုးပါးတည်း။

သတ္တဝီတိဟိတ်။ ။ဟိတ်(၃)ပါးနှင့်ယှဉ်သော စေတသိက်(၂၇)ပါးကား အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ ထိန မိဒ္ဓ (လောဘ ဒေါသ မောဟတို့နှင့်ယှဉ်) သောဘနစေတသိက် (၂၅)တွင် ဟိတ်(၃)ပါးကို ပယ်(၂၂) (အလောဘစသည်တို့နှင့်ယှဉ်) ပေါင်း(၂၇)ပါးတည်း။

ပဉ္စဟိတ် တစ်။ ။ဟိတ်(၅)ပါးနှင့်ယှဉ်သော စေတသိက်(၁)ပါးကား (ဒေါသမှတစ်ပါး ဟိတ်(၅)ပါးနှင့် ယှဉ်သော) ပီတိတည်း။

ဆယ့်နှစ် ဆဟိတ်။ ။ဟိတ်(၆)ပါးနှင့်ယှဉ်သော စေတသိက်(၁၂)ကား (ပီတိမှတစ်ပါး) အညသမာန်း (၁၂) တည်း၊ ဤ (၁၂)ပါးတွင် ဖဿသည် စိတ်အားလုံးနှင့်ယှဉ်ရကား ဟိတ်(၆)ပါးလုံးနှင့် ယှဉ်၏, စသည်ဖြင့် သိပါ။

နိမိတ်ထင်မျှကြံ။ ။အားလုံးပေါင်းက ဒွေးပညာသ ရ၏၊ ဤပြအပ်ခဲ့သော ယှဉ်ပုံများကို ကသိုဏ်းနိမိတ် ရှုသကဲ့သို့ ထင်လာအောင် ကြံစည်ပါ-ဟူလို။

[ ဆောင်] သုံးဧကဟိတ်, အကျယ်စိတ်က, စိကိစ်တစ်ဝ, လောဘ- ဒေါသတည်း။ ကိုးဝ ဒွိဟိတ်, မောဟ ဒိဋ္ဌိ, မာနထည့်ကာ, ဣဿာ-မစ္ဆရ, ကုက္ကုစ္စနှင့် , သောဘနမည်, ဟိတ်သုံးလီ မှတ်၊ သတ္တဝီ- တိ, ဟိတ်ကို ကြည့်သော်, အဟိရိက , နောတ္တပ္ပနှင့်, ထိန မိဒ္ဓ, ဥဒ္ဓစ္စဟု, သောဘနဝယ်, ဟိတ် ကိုပယ်၍, နှစ်ဆယ်နှစ်ဝ, ပေါင်း၍ပြလော့၊ ပဉ္စဟိတ်တစ်, ပီတိဖြစ်၏၊ ဆယ့်နှစ်ဆမှန် , သမာန်အည, ကြွင်းသမျှသည်,.......ပေါင်းထ ဒွိပညာသတည်း။

ကိစ္စသင်္ဂဟအဖွင့် ကိစ္စသင်္ဂဟေ ကိစ္စာနိ နာမ ပဋိသန္ဓိဘဝင်္ဂါဝဇ္ဇနဒဿနသဝနဃာယန သာယနဖုသန သမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌပနဇဝနတဒါရမဏစုတိဝသေန စုဒ္ဒသဝိဓာနိ ဘဝန္တိ ၊ ပဋိသန္ဓိ ၊ပေ၊ တေသံ ဒသဓာ ဌာနဘေဒေါ ဝေဒိတဗ္ဗော။

ကိစ္စခေါ်ပုံ။ ။ကိစ္စဖြင့် သင်္ဂြိုဟ်ရေတွက်ရမည့်အခန်း ဖြစ်၍ အရင်းခံကိစ္စတို့ကို ရှေးဦးစွာ ပြလိုသော ကြောင့် "ပဋိသန္ဓိဘဝင်္ဂါ ၊ပေ၊ စုဒ္ဒသဝိဓာနိ ဘဝန္တိ" ဟု မိန့်သည်၊ ယခုလောက၌ ရောင်းဝယ်မှု တရားဆုံး ဖြတ်မှု သွားမှု လာမှုစသော အလုပ်ဟူသမျှကို ကိစ္စဟု ခေါ်သကဲ့သို့, ထို့အတူ ပဋိသန္ဓေစိတ် စသည်တို့၏ ဘဝဟောင်းနှင့် ဘဝသစ်ကို စပ်မှုစသည်ကို "ကိစ္စ"ဟု ခေါ်၏၊ ကရဏံ ကိစ္စံ၊ ကရဏံ-ပြုခြင်း၊ ကိစ္စံ-ပြုခြင်း၊ ကရဓာတ်က အလုံးစုံသော ဓာတ်၏အနက်၌ ပျံ့နှံ့သောကြောင့် "ပြုခြင်း" ဟူရာ၌ ဆက်စပ်မှုကို ပြုခြင်း, ဆင်ခြင်မှုကို ပြုခြင်း, မြင်မှုကို ပြုခြင်းစသော အားလုံးကိုပင် ယူနိုင်သည်။

ပဋိသန္ဓေကိစ္စ။ ။ပဋိသန္ဓာနံ ပဋိသန္ဓိ ၊ ပဋိသန္ဓာနံ-ဆက်စပ်ခြင်း၊ ပဋိသန္ဓိ- ဆက်စပ်ခြင်း၊ ဘဝဟောင်း အပြတ်တွင် ဘဝသစ်၌ ရှေးဦးစွာ စိတ်၏ ဖြစ်ပေါ်ခြင်းသည် ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်ပေးသကဲ့ သို့ ဖြစ်၏၊ ထိုကဲ့သို့ ဆက်စပ်မှုကိစ္စကြောင့် သတ္တဝါဟု ခေါ်အပ်သော ခန္ဓာအစဉ်သည် မချုပ်ငြိမ်းနိုင်ဘဲ အသစ်အသစ် ဘဝကိုရလျက် တဝဲလည်လည် နေရသည် ၊ ဤသို့ ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်မှု အခြင်းအရာသည် ပဋိသန္ဓိကိစ္စ မည်၏။

ဘဝင်ကိစ္စ။ ။ဘဝဿ အင်္ဂံ ဘဝင်္ဂံ၊ ဘဝဿ-ဥပပတ္တိဘဝ၏၊ အင်္ဂံ-မပြတ်မစဲ, ဖြစ်မြဲဖြစ်ရန် အကြောင်း တည်း၊ ဘဝင်္ဂံ-ကြောင်း၊ ဘဝဿ၌ ဘဝဟူသည် ဓာတုကထာပဋိစ္စသမုပ္ပါဒ်၌လာသော ဥပပတ္တိဘဝတည်း၊ ဥပပတ္တိဘဝဟူသည်လည်း "ကမ္မတော ဥပပဇ္ဇတီတိ ဥပပတ္တိ" အရ ကံကြောင့်ဖြစ်သော လောကီဝိပါက်နာမ က္ခန္ဓာနှင့် ကဋတ္တာရုပ်ခေါ်အပ်သော ကမ္မဇရုပ်များတည်း၊ ချဲ့ဦးအံ့-ကံအားလျော်စွာ အတိတ်ဘဝဟောင်း၏ ချုပ်ဆုံးသည့့် အခြားမဲ့၌ ဘဝသစ်အတွက် ပဋိသန္ဓေစိတ်က ဆက်စပ်ပေးပြီးနောက် အလားတူဝိပါက်များ ဆက်လက်၍ မဖြစ်လျှင် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ပင် စိတ်အစဉ်ပြတ်၍ တစ်ဘဝအဆုံးသတ်ဖွယ် ရှိ၏၊ ထို့ကြောင့် ထိုသို့ မဆုံးရလေအောင် ပဋိသန္ဓေစိတ်၏ အခြားမဲ့၌ ပဋိသန္ဓေနှင့်အလားတူ ဝိပါက်အစဉ် ဆက်လက်ဖြစ်ပေါ်ရသည်၊ ထို့နောက် ပဝတ္တိအခါ၌လည်း ဆိုင်ရာ အာရုံအသစ်များအတွက် ဝီထိစိတ်များ ပေါ်ထွက်ပြီးနောက်, ထိုဝီထိစိတ်အစဉ် ချုပ်ပျောက်သောအခါ, ပြအပ်သော ဝိပါက်စိတ်များ မပေါ်လာပါမူ စိတ်အစဉ်ပြတ်သဖြင့် စိတ္တဇရုပ် ကမ္မဇရုပ်များလည်း ပြတ်စဲဖွယ် ရှိ၏။

ထိုသို့ မပြတ်ရအောင် (ကံအရှိန် ရှိသမျှ တစ်ဘဝလုံး ခန္ဓာအစဉ်မပြတ်ရအောင်)ဆက်စပ်တတ်သော ဝိပါက် စိတ် ဖြစ်ရပေသည် ၊ ထိုစိတ်ကို "ဘဝဿ အင်္ဂံ" အရ "ဘဝင်္ဂ" ဟု ခေါ်ရသည်၊ ဤ၌ကား ကိစ္စအရာဖြစ်၍ "ဘဝင်္ဂဘာဝေါ"ဟု ဆိုလိုလျက် ဘာဝပုဒ် အကျေကြံ၍ (တစ်နည်း-ဘဝပဓာနကြံ၍) ဘဝင်္ဂမည်သော စိတ်၏ ဖြစ်ကြောင်းဖြစ်သော ဆက်စပ်ကိစ္စကိုပင် ဘဝင်ကိစ္စဟု မှတ်ပါ။

အာဝဇ္ဇန်းကိစ္စ။ ။အာဝဇ္ဇီယတေ အာဝဇ္ဇနံ- ဆင်ခြင်ခြင်းကိစ္စ၊ အာရုံအသစ် ထင်လာသောအခါ "ဟလို- ဘာပါလိမ့်" ဟူသကဲ့သို့ , အာရုံအသစ်ကို ဆင်ခြင်မှုသည် အာဝဇ္ဇန်း ကိစ္စတည်း၊ (တစ်နည်း) "အာဝဋ္ဋဋ္ဋီယ တေ အာဝဇ္ဇနံ " အာဝဋ္ဋဋ္ဋီယတေ-ဘဝင်အစဉ်ကို ပြန်လည်စေခြင်းသည် ၊ အာဝဇ္ဇနံ-အာဝဇ္ဇန မည်၏ ၊ ဝီထိ မဖြစ်မီ ဘဝင်အစဉ်တွေ ဖြစ်နေရာ အာရုံအသစ် ထင်လာသောအခါ ထိုဘဝင်အစဉ်ကို ပြန်လည်စေသကဲ့ သို့ဖြစ်အောင် ရပ်တန့်သွားစေမှုသည် အာဝဇ္ဇန်းကိစ္စတည်း၊ [ ဤနည်း၌ "အာဝဋ္ဋန" ဟု ဆိုလိုလျက် ဋ္ဋ ကို ဇ္ဇ ပြုထားသည်၊ စက္ခုစသော (၅)ဒွါရ၌ဖြစ်သော အာဝဇ္ဇန်းကို "ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရ၌ဖြစ်သော အာဝဇ္ဇန်း ကို "မနောဒွါရာဝဇ္ဇန်း" ဟု ခေါ်သည်။]

အမှာ။ ။ဒဿန=မြင်ခြင်းကိစ္စ, သဝန=ကြားခြင်းကိစ္စ, ဃာယန=အနံ့ကို ယူခြင်းကိစ္စ, သယန= အရသာကို သာယာခြင်းကိစ္စ, ဖုသန=တွေ့ထိခြင်းကိစ္စ တို့ကား သူ့နာမည်အတိုင်းပင် ထင်ရှားပြီ။

သမ္ပဋိစ္ဆိုင်းကိစ္စ။ ။သမ္ပဋိစ္ဆီယတေ သမ္ပဋိစ္ဆနံ ၊ သမ္ပဋိစ္ဆီယတေ-အာရုံကို ခံယူသကဲ့သို့ဖြစ်ခြင်းသည်၊ သမ္ပဋိစ္ဆနံ-မည်၏၊ အာဝဇ္ဇန်းက ဆင်ခြင်၍ စက္ခုဝိညာဏ် စသည်တို့ ယူအပ်ပြီးသောအာရုံကို လွှတ်မပစ် လိုက်ဘဲ လက်သင့်ခံထားသကဲ့သို့ ဖြစ်ခြင်းသည် သမ္ပဋိစ္ဆိုင်းကိစ္စတည်း။

သန္တီရဏကိစ္စ။ ။သမ္မာ တီရဏံ (တုလနံ ဝီမံသနံ) သန္တီရဏံ၊ သမ္မာ-ကောင်းစွာ၊ တီရဏံ တုလနံ-နှိုင်း ချိန်ခြင်းသည်၊ ဝီမံသနံ-စုံစမ်းသကဲ့သို့ဖြစ်ခြင်းသည် ၊ သန္တီရဏံ- မည်၏ ၊ ဧည့်သည်အသစ် ရောက်လာသော အခါ အိမ်မှာ လက်သင့်ခံပြီးနောက် "လူကောင်းလေလား, လူဆိုးလေလား” စုံစမ်းသကဲ့သို့, သမ္ပဋိစ္ဆိုင်းက လက်ခံထားအပ်သော အာရုံကို ဣဋ္ဌအခြင်းအရာ(ကောင်းသောအရသာ) ရှိလေသလား, အနိဋ္ဌအခြင်းအရာ ရှိလေသလားဟု စုံစမ်းနှိုင်းချိန်သကဲ့သို့ ဖြစ်မှုသည် သန္တီရဏကိစ္စတည်း။

ဝုဋ္ဌောကိစ္စ။ ။ဝိသုံ ဝိသုံ အဝစ္ဆိန္ဒိတွာ ဌပနံ, ဝေါဋ္ဌပနံ၊ ဝိသုံ ဝိသုံ-အသီး အသီး၊ အဝစ္ဆိန္ဒိတွာ-ပိုင်းခြား သတ်မှတ် ဆုံးဖြတ်၍၊ ဌပနံ-ထားခြင်းသည်၊ ဝေါဋ္ဌပနံ-မည်၏၊ သန္တီရဏစိတ်က စုံစမ်းပြီးနောက် အာရုံကို ဣဋ္ဌအခြင်းအရာ (သာယာဖွယ်) ဟူ၍လည်းကောင်း, အနိဋ္ဌအခြင်းအရာဟုလည်းကောင်း အသီးအသီး ပိုင်းခြားဆုံးဖြတ်ခြင်းသည် ဝုဋ္ဌောကိစ္စတည်း၊ ဝေါဋ္ဌပနံ ပန ယထာသန္တီရိတေ အတ္ထေ နိစ္ဆယာကာရေန ပဝတ္တိတွာ၊....[မဟာဋီကာ။]

အမှာ။ ။နောက်ဋီကာတို့၌ "အညိုဟူ၍လည်းကောင်း, အနီစသည်ဟူ၍လည်းကောင်း, ဆုံးဖြတ်မှုကို ဝုဋ္ဌောကိစ္စ"ဟု ဖွင့်၏၊ ပဉ္စဒွါရဝီထိအခိုက်၌ အညို အနီ စသည်ဖြင့် မဆုံးဖြတ်နိုင်သေး၊ တဒနုဝတ္တကဝီထိ၌ သာ ထိုကဲ့သို့ ဆုံးဖြတ်နိုင်သည်၊ ပဉ္စဒွါရာ၌ကား ဇောတို့က အာရုံအရသာကို ခံစားဖို့ရာ ဣဋ္ဌ-အနိဋ္ဌအခြင်း အရာလောက်ကိုသာ ဆုံးဖြတ်နိုင်ဖွယ် ရှိသည်။ [ဝေါဋ္ဌပနပုဒ်အဆုံးအဖြတ်ကို ဝီထိပိုင်းမှာ ရှုပါ။]

ဇောကိစ္စ။ ။ဇဝတီတိ ဇဝနံ၊ ဇဝတီတိ-အဟုန်ပြင်းစွာ ဖြစ်ပေါ်လာသည်၏ အဖြစ်ကြောင့်၊ ဇဝနံ-မည်၏၊ "ဝေဂေါ ဇဝေါ ရယော"ဟု အဘိဓာန်၌ "အဟုန်" အနက်ဟော "ဇဝ"သဒါ္ဒလာ၏၊ ထို့ကြောင့် အကြိမ်နည်းသည်ဖြစ်စေ များသည်ဖြစ်စေ, အဟုန်ပြင်းပြင်း တင်းတင်းထန်ထန် ဖြစ်ပေါ်လာသောစိတ်ကို "ဇောစိတ်" ဟု ခေါ်၏၊ မဂ်ဇော အဘိညာဏ်ဇောတို့သည် တစ်ကြိမ်သာဖြစ်သော်လည်း တစ်ကြိမ်ဆိုရလောက်အောင် အဟုန်အရှိန် ရှိကြ၏၊ ဘဝင်တို့ကား အကြိမ်များစွာ ဆက်ကာဆက်ကာ ဖြစ်ပါသော်လည်း အဟုန်အရှိန် မရှိ ကြ၊ ထိုဇောစိတ်တို့၏ ကိစ္စကား အာရုံ၏ အရသာကို ခံစားခြင်းတည်း၊ ထို့ကြောင့် "ဇဝနဘာဝ"ဟု ဆိုလို လျက် ဘာဝပုဒ်အကျေကြံ၍ "ဇော၏ဖြစ်ကြောင်းဖြစ်ရာ အာရုံအရသာကို ခံစားခြင်းသည် ဇဝနကိစ္စတည်း" ဟု မှတ်ပါ။

တဒါရုံကိစ္စ။ ။တဿ အာရမဏံ အာရမဏံ ယဿာတ်ိ တဒါရမဏံ၊ တဿ-ထိုဇော၏၊ အာရမဏံ- အာရုံဟူသော၊ ယဿ-အကြင်စိတ်၏၊ အာရမဏံ-အာရုံသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့်၊ တဒါရမဏံ- မည်၏၊["တဒါရမဏာရမဏ"ဟု ဆိုလိုလျက် အာရမဏ တစ်ပုဒ် ကျေ၊] မိမိရှေ့က ဇောတို့ ယူအပ်ပြီးသော အာရုံကို ထပ်၍ယူသော စိတ်များကို "တဒါရမဏ"ဟု ခေါ်သည်၊ ဤ၌ကား ကိစ္စအရာဖြစ်၍ "တဒါရမဏ ဘာဝ" ဟု ဆိုလိုလျက် ဘာဝပုဒ် အကျေကြံ၍ "ဇော၏အာရုံကို ဆက်ယူခြင်း၌ တဒါရမဏကိစ္စ" ဟု မှတ်ပါ။

စုတိကိစ္စ။ ။စဝနံ စုတိ၊ စဝနံ-ပစ္စုပ္ပန်ဘဝမှ ရွေ့လျောခြင်း၊ စုတိ-ခြင်း၊ ဝီထိစိတ်တို့၏ အကြားအကြား၌ ကံအရှိန်ရှိသမျှ ဘဝမပြတ်ရအောင် ဘဝင်စိတ်က ဆက်စပ်၍ လာခဲ့ရာ, ကံအရှိန်ကုန်သောအခါ နောက် ထပ် မဆက်စပ်နိုင်တော့ဘဲ အဆုံးသတ်ဖြစ်သော ဘဝင်စိတ်ကိုပင် ဖြစ်ဆဲဘဝမှ လျောကျခြင်းကြောင့် "စုတိ" ဟု ခေါ်ရသည်၊ ထို့ကြောင့် တစ်ဘဝအတွက် ဘဝင်နှင့် စုတိစိတ်တို့ တူရသည်၊ ဤစုတိကိစ္စကား ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်းတည်း။

ဌာန။ ။တိဋ္ဌတိ ဧတ္ထာတိ ဌာနံ၊ ဧတ္ထ-ဤအခါ၌၊ စိတ္တံ-ပဋိသန္ဓေစသော စိတ်သည်၊ တိဋ္ဌတိ-ဖြစ်တည်၏၊ ဣတိ-ဤသို့ စိတ်၏ဖြစ်တည်ရာ၏အဖြစ်ကြောင့်၊ တံ-ထိုအခါသည်၊ ဌာနံ-ဌာန မည်၏၊ ဤဝစနတ္ထအရ စိတ် (၃) ကြိမ်ဆက်၍ ဖြစ်ရာတွင် ရှေ့စိတ် နောက်စိတ်နှစ်ခုတို့၏ အလယ်အကြား၌ စိတ်တစ်ခုဖြစ်ဖို့ရာ အချိန် ကာလရှိ၏၊ ထိုအကြားဖြစ်သော အခါကာလသည် ပရမတ်မဟုတ်, ပညတ်တည်း၊ ထိုအခါကာလပညတ်ကို "ဌာန"ခေါ်သည်ဟု မှတ်ပါ၊ ကာလကို တည်ရာဌာနအဖြစ်ဖြင့် သုံးစွဲသင့်ကြောင်းမှာလည်း "ကာလော ဟိ စိတ္တပရိစ္ဆန္နော သဘာဝတော အဝိဇ္ဇမာနောပိ အာဓာရဘာဝေနေဝ သညာတော အဓိကရဏနိ ္တ ဝုတ္တော" ဟူ သော အဋ္ဌသာလိနီ ဒွါရကထာအဖွင့် မူလဋီကာကို ထောက်၍သိပါ၊ ပဋိသန္ဓိယာ-ပဋိသန္ဓေစိတ်၏၊ ဝါ-ပဋိ သန္ဓေကိစ္စ၏၊ ဌာနံ-ဖြစ်တည်ရာကာလတည်း၊ ပဋိသန္ဓိဌာနံ-ပဋိသန္ဓေ၏ တည်ရာကာလ။

ကိစ္စနှင့်ဌာနအထူး။ ။ယခုပြအပ်ခဲ့ပြီးသော အဖွင့်များအရ ကိစ္စနှင့်ဌာန အထူးကို ဤသို့ သိရာ၏၊ ပဋိသန္ဓေစိတ်အစရှိသော ပရမတ္ထတရားတို့၏ ဘဝသစ်ကို ဆက်စပ်ပေးမှု,အာရုံကို ဆင်ခြင်မှုစသော အခြင်း အရာသည် ကိစ္စမည်၏၊ စုတိစိတ် ပဋိသန္ဓေစိတ် ဘဝင်စိတ်ဟု စိတ်အစဉ်ရှိရာတွင် ရှေ့စုတိစိတ် နောက် ဘဝင်စိတ်နှစ်ပါးတို့၏ အကြား၌ ပဋိသန္ဓေစိတ်တစ်ခု၏ ဖြစ်လောက်ရာ ခဏငယ်(၃)ချက်ကာလသည် ဌာန မည်၏၊ ဤအကြားကာလသည် ပရမတ်မဟုတ်, ပညတ်ဖြစ်သောကြောင့် "အန္တရပညတ် " ဟု ကျမ်းဂန်၌ သုံးစွဲသည်။

မဟာဋီကာ။ ။ပဋိသန္ဓိဝိဉာဏာဒီနံ ကိစ္စံ နာမ ဘဝန္တရပဋိသန္ဓာနာဒိနာ အာကာရေန ပဝတ္တိ ဧဝ၊ ပဋိသန္ဓိအာဒိကာလေ ပန စုတိဘဝင်္ဂါနံ အန္တရာဠှံ ပဋိသန္ဓိယာ၊ပေ၊ ဌာနန္တိ ဝေဒိတဗ္ဗံ။-ဝိသုဒ္ဓိမဂ်။

ချဲ့ဦးအံ့ –တရားသူကြီး, တရားစီရင်မှုကိစ္စ, တရားစီရင်ရာ ရုံးဌာန, သုံးမျိုးပြသကဲ့သို့, ထို့အတူ ပဋိသန္ဓေ စိတ်, ဆက်စပ်ခြင်းကိစ္စ , ဆက်စပ်ရာကာလ ဌာနဟု (၃)မျိုး ပြားပုံကို သိရာ၏၊ ထိုအချိန်ကာလ ဌာနဟူသည် ဘာမျှမရှိသော ပညတ်ဖြစ်၍ ထိုဌာနဖြစ်သော ကာလ၏ ပုံစံကို ဘာမျှမရှိသော သုညသုံးလုံးဖြင့် ((sup))စု- ပ- ဘ((/sup)) ဟုပြကြ၏၊ ဤ၌ သုညသုံးလုံးတွဲမှာ ဌာန၏ ပုံစံတည်း၊ စု-ပ-ဘတို့ကား ထိုဌာန၌ ရွေ့လျောခြင်း, ဆက်စပ်ခြင်းဟူသော ကိစ္စတပ်လျက် ဖြစ်ကြသော စုတိ ပဋိသန္ဓေ ဘဝင်စိတ်များ၏ ပုံစံတည်း၊ ထို့ကြောင့် ကိစ္စနှင့် ဌာန၏ ကွဲပြားခြားနားပုံမှာ အလွန့်အလွန် ထင်ရှားလှပေ၏၊ ကိစ္စက (၁၄) မျိုး, ဌာနက (၁၀)မျိုးသာ ရှိသဖြင့်လည်း ကိစ္စနှင့်ဌာနတို့ သဘာဝမတူကြောင်းကို ကောင်းကောင်းကြီး မှတ်ယူသင့်ပေပြီ။

ဋီကာကျော်ဝါဒ။ ။ဋီကာကျော်၌ကား " ပဋိသန္ဓိကိစ္စအရလည်း စိတ်, ပဋိသန္ဓိဌာနအရလည်း စိတ်ပင်တည်း " ဟု ယူ၍ ကိစ္စနှင့်ဌာနသည် အရမပြားပေ၊ သို့သော် "သိလာပုတ္တကဿ+သရီရံ"ကဲ့သို့" ပဋိသန္ဓိ ယာ+ဌာနံ, ပဋိသန္ဓိဌာနံ "ဟု ဝစနတ် ပြုရကြောင်းကို ဖွင့်ပြ၏၊ သိလာပုတ္တကဿ-သားကလေးသဖွယ် သေးငယ်သောကျောက်တုံး၏၊ သရီရံ-ကိုယ်တည်း၊ ဤ၌ သိလာပုတ္တကအရ (အထက်, အောက် , နံပါးမကျန်) ကျောက်တုံးကလေး တစ်ခုလုံးရ၏၊ သရီရံအရလည်း (အထက်အောက် စသည်မကျန်) တစ်ခုလုံးပင်ရ၏၊ ဤသို့ အရကောက် မကွဲပြားသော်လည်း ကွဲပြားသကဲ့သို့ အဘေဒဘေဒူပစာရနည်းအားဖြင့် "သိလာပုတ္တက ဿ + သရီရံ" ဟု ဆိုရသကဲ့သို့, ပဋိသန္ဓေကိစ္စအရနှင့် ပဋိသန္ဓိဌာနအရ မကွဲပြားသော်လည်း "ပဋိသန္ဓိ ယာ+ ဌာနံ ပဋိသန္ဓိဌာနံ " ဟု သမ္ဗန်နှင့်သမ္ဗန္ဓီ ခွဲခြား၍ ဆဋ္ဌီတပ္ပုရိသ်သမာသ်ပြုနိုင်သည်-ဟူလို။

ပဉ္စဝိညာဏဌာန။ ။အာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းတို့၏ အကြားဖြစ်သောအခါကာလသည် စက္ခုဝိဉာဏ်၏ ဖြစ်ရာဌာနလည်း ဟုတ်၏၊ သောတ,ဃာန,ဇိဝှာ,ကာယဝိညာဏ်တို့၏ ဖြစ်ရာဌာနလည်း ဟုတ်၏၊ ထို့ကြော င့် ထိုငါးကိစ္စ၏ ဖြစ်ရာဌာနမှာ "ပဉ္စဝိညာဏဌာန" တစ်ဌာနတည်းသာတည်း၊ "ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာ ဏ် (သောတဝိညာဏ်) သမ္ပဋိစ္ဆိုန်း" စည်ဖြင့် ဝီထိကို သတိပြုပါ။

ဌာနအပြား။ ။သန္ဓိ ဧကံ-ဆ ဘဝင်္ဂံ, ဒွါဝဇ္ဇနံ ပဉ္စာဒျေကံ ဒွေ ဝေါ-ဇော ဆ-တဒါ ဒွေတိ, စုတီ တိ ပန္နဝီသတိ။

အမှာ။ ။ပဋိသန္ဓေ(၁)ဌာန, ဘဝင်(၆)ဌာန, အာဝဇ္ဇန်း(၂)ဌာန, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုန်း, သန္တီရဏတို့ (၁)ဌာနစီ , ဝုဋ္ဌော(၂)ဌာန , ဇော(၆)ဌာန, တဒါရုံ(၂)ဌာန, စုတိ(၃)ဌာန, ပေါင်း(၂၅)ဌာန-ဟူလို၊ ထိုဌာနများ ကို သင်္ခေပဝဏ္ဏနာ၌လာသော အောက်ပါ အကျယ်ဂါထာဖြင့် ထင်ရှားစေအံ့၊ ဝီထိနားလည်သောအခါ အလို အလျောက် သဘောပေါက်ပါလိမ့်မည်။

သန္ဓိဋ္ဌာနံ စု ဘန္တရံ, ပအာ-တအာ-ဇအာ-ဝေါအာ၊ တ စု-ဇ စုန ္တရံ ဘဿ, ဆဋ္ဌာနံ ပရိဒီပယေ။ ဘ ဝိ-ဘ ဇန္တရံယေဝ, ဒု အာဋ္ဌာနံ အာသန္တရံ၊ ဝိဋ္ဌာနေကံ ဝိ တီန္တရံ, သံဋ္ဌာနေကံ သံ ဝေါန္တရံ။ တီဋ္ဌာနေကံ ဒု ဝေါဋ္ဌာနံ, တီ ဇ-တီ ဘန္တရံ တထာ၊ ဝေါ တ-ဝေါ ဘ-ဝေါ စုန္တရံ, အာ တ-အာ ဘ-အာ စုန္တရံ။ ဇဋ္ဌာနံ ဆ, ဇ ဘ-ဇ စု-န္တရံ, ဉေယျံ ဒု တဋ္ဌာနံ၊ တ ပ-ဇ ပ-ဘ ပန္တရံ, စုတိဋ္ဌာနံ တိဓာ မတံ။-(သင်္ခေပဝဏ္ဏနာ။)

စေတသိက်တို့ကို ရေတွက်ခြင်း

[ဆောင်] တစ်ကိစ္စဖြစ်, ဆယ့်ခုနှစ်တည်း , လေးဖြစ်နှစ်ပါး, ငါးဧကဝီ, ခြောက်လီမှာတစ်, ခွန်လည်းတစ်ပင်, ကိုးဖြစ်ကားတေး,ဆယ့်လေးခုနှစ်ရပ်,ကိစ္စတပ်သည်,.......ပေါင်းအပ်ဒွိပညာသတည်း။

အကျယ်။ ။တစ်ကိစ္စတပ်သော စေတသိက်သည် ဇောကိစ္စ တစ်ခုစီသာ တပ်သော အကုသိုလ်(၁၄), ဝိရတီ (၃), ပေါင်း (၁၇)တည်း၊ လေးကိစ္စတပ်ကား (အပ္ပမညာစျာန်ကြောင့် ရူပဘုံ၌ဖြစ်သော ရူပဝိပါက်နှင့် မဟာကုသိုလ်စိတ်စသည်ယှဉ်ခိုက် ပဋိသန္ဓေ ဘဝင် စုတိ ဇောကိစ္စတပ်သော) အပ္ပမညာဒွေးတည်း၊ ငါးကိစ္စ တပ်ကား (ထိုလေးကိစ္စနှင့် မဟာဝိပါက်ယှဉ်ခိုက် တဒါရုံကိစ္စတပ်သော) ဝိရတိ အပ္ပမညာမှကြွင်းသော သောဘန(၂၀), ဆန္ဒ, ပေါင်း(၂၁)တည်း၊ ခြောက်ကိစ္စတပ်ကား (ယခင်ငါးကိစ္စနှင့်သောမနဿသန္တီရဏ ယှဉ်ခိုက် သန္တီရဏကိစ္စတပ်သော) ပီတိ(၁) သာတည်း၊ ခုနှစ်ကိစ္စတပ်ကား(သန္တီရဏကြဉ် ယခင် ငါးကိစ္စနှင့် မနောဒွါရဝဇ္ဇန်းယှဉ်ခိုက် အာဝဇ္ဇန်း ဝုဋ္ဌောကိစ္စတပ်သော)ဝိရတီ(၁)သာတည်း၊ ကိုးကိစ္စတပ်ကား(ယခင်ခုနှစ် ကိစ္စနှင့် သန္တီရဏ သမ္ပဋိစ္ဆိုန်းကိစ္စတပ်သော) ဝိတက် ဝိစာရ အဓိမောက္ခတည်း၊ ဆယ့်လေးကိစ္စတပ်ကား သဗ္ဗစိတ္တသာဓာရဏစေတသိက်(၇)တည်း။

[ ဆောင်]တစ်ကိစ္စဖြစ်,တယ့်ခုနှစ်ကို,စိစစ်ဖွယ်ဟု,အကျယ်ရှုသော်,အကုသလ,စုဒ္ဒသနှင့်,ဝိရတိတ္တယံ,ပေါင်း မချန်တည်း၊ တဖန်တွေးလျှင်, လေးနှစ်အင်အား, ပမဉ်နှစ်ပါး,ဧက်ဝီငါးဝယ်, များသောဘန,ကျန်သ မျှနှင့်, ဆန္ဒကိုယူ၊ ခြောက်မူကားတစ်, ပီတိဖြစ်၏၊ ခုနှစ်တစ်မှာ , ဝိရိယာတည်း ၊ကိုးဖြာသုံးတွက်, ဝိ တက်ဝိစာ, ဓိမောက္ခာရေး၊ ဆယ့်လေးခုနှစ်ရပ်,ကိစ္စတပ်၌,သဗ္ဗစိတ္တ,သာဓာရဏသည်,.....ပေါင်းထ ဒ်ိွပညာသတည်း။

••••••••••••••••

ဒွါရသင်္ဂဟအဖွင့်

ဒွါရသင်္ဂဟေ ဒွိရာနိ နာမ စက္ခုဒွါရံ သောတဒွါရံ ဃာနဒွါရံ ဇိဝှါဒွါရံ ကာယဒွါရံ မနောဒွါရဉ္စေတိ ဆဗ္ဗိဓာနိ ဘဝနိ ္တ။

ဒွါရ။ ။ဒွရီယန္တေ သံဝရီယန္တေတိ ဒွါရာနိ၊ ယာနိ ဆိဒ္ဒါနိ-အကြင်အပေါက်တို့ကို၊ ဒွရီယန္တေ သံဝရီယန္တေ- ပိတ်အပ်ကုန်၏၊ ဣတိ-ကြောင့် ၊ တာနိ-ထိုအပေါက်တို့သည်၊ ဒွါရာနိ-တို့မည်၏၊ ဤဝစနတ်အရ ပကတိ တံခါးပေါက်ကိုသာ ရသည်၊ ဤ၌ကား "ဒွါရာနိ ဝိယာတိ ဒွါရာနိ" ဟူသော ဥပမာတဒ္ဓိတ် (တစ်နည်း-သဒိသူ ပစာရနည်း)အရ စက္ခုပသာဒ စသည်ကို "ဒွါရ"ဟု ဆိုသည်၊ ချဲ့ဦးအံ့–အိမ်၌ တံခါးပေါက်မရှိလျှင် လူတို့ မဝင်နိုင်, အိမ်တံခါးပေါက်သည် လူတို့ဝင်ရောက်ရာဖြစ်သကဲ့သို့, ခန္ဓာအိမ်၌လည်း စက္ခုပသာဒစသည် မရှိလျှင် စက္ခာဒွါရိကစသော ဝီထိ စိတ်များ မဖြစ်နိုင်၊ စက္ခုပသာဒစသော တံခါးပေါက်များသည် စက္ခုဒွါရိကစသော ဝီထိစိတ်များ၏(ဝင်ရောက် လာသည့်ပမာ) ဖြစ်ပေါ်လာကြောင်းပေတည်း။ [ဝလဉ္ဇန္တိ ပဝိသန္တိ ဧတေနာတိ ဝလဉ္ဇနံ, တံတံ ဒွါရိကာနံ ဖဿာဒီနံ ဝလဉ္ဇနဋ္ဌေန(ဒွါရံ)၊–မူလဋီကာ]

ဝါဒန္တရ။ ။စက္ခုပသာဒဟူသည် မျက်လုံးအတွင်း၌ရှိသော အကြည်ဓာတ်တည်း၊ သောတပသာဒ စသည်များလည်း ဤနည်းပင်၊ "ဘဝင်" ဟူသော မနောဒွါရလည်း "ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ" စသော အင်္ဂုတ္တိုရ်ပါဠိတော်နှင့်အညီ, ပြိုးပြိုးပြက်ပြက် အရောင်ထွက်သကဲ့သို့ လွန်စွာကြည်လင်၏၊ ထို့ကြောင့် ကြီး ကျယ်ခမ်းနားသောအိမ်များ၌ တပ်ထားအပ်သော မှန်တံခါးသည် အပြင်ဘက် အရောင်အရိပ်တို့၏ ထင်ကြောင်း , အတွင်းလူများက ထိုထင်လာသောအရောင်အရိပ်ကို မြင်ကြောင်းဖြစ်သကဲ့သသို့, ထို့အတူ ခန္ဓာအိမ်၌လည်း အပြင်အာရုံအမျိုးမျိုးတို့၏ ထိခိုက်ထင်လာဖို့ရန်နှင့် အတွင်းက ဝီထိစိတ်များ၏ ထိုအာရုံ များကို ယူနိုင်သိနိုင်ဖို့ရာ စက္ခုအကြည်ဓာတ်စသော မှန်တံခါးခြောက်ခု တပ်လျက် ပါလာပေသည်-ဟု ပြော စမှတ်ပြုကြသေး၏၊ စကားသုံးနှုန်းပုံမှာ ဆန်းကြယ်ဝေဆာပါ၏၊ သို့သော် ထိုအဓိပ္ပာယ်သည် စက္ခုပသာဒ အတွက် သင့်သလို ထင်ရသော်လည်း သောတပသာဒစသည်နှင့် ဘာမျှမရှိသော အဘာဝပညတ်များပင် ထင်လာနိုင်ရာ မနောဒွါရအတွက် သင့်နိုင်ဖွယ် မမြင်ပါ။

တတ္ထ စက္ခုမေဝ စက္ခုဒွါရံ။ ။ဤဝါကျ၌ စက္ခုမေဝ စက္ခုဒွါရံဖြင့် "စက္ခုမေဝဒွါရံ, စက္ခုဒွါရံ " ဟူသော အဝဓာရဏကမ္မဓာရည်းသမာသ်ကို ပြသည်၊ ထိုစကားမှန်၏၊ မူလရှိရင်း သမာသ်ပုဒ်၌ တစ်စိတ်တစ်ပိုင်းကို သာ ဆို၍ တစ်စိတ်တစ်ပိုင်းကို မဆိုဘဲ ချန်ထားခြင်းသည် ပြဆိုအပ်သော ပုဒ်တစ်စိတ်နှင့် ချန်ထားအပ် သော ပုဒ်တစ်စိတ်တို့ အရအတူ (ကမ္မဓာရည်းသမာသ်) ဖြစ်ကြောင်းကိုသော်လည်း ပြ၏၊ ဥပမာ–"ကိတ္တိ သဒ္ဒေါတိ ကိတ္တိယေဝ" ဟု ပြရာ၌ ကိတ္တိနှင့် သဒ္ဒတို့ အရတူ ကမ္မဓာရည်းသမာသ်ဖြစ်ကြောင်းကို ပြသကဲ့ သို့တည်း၊ တစ်ခါတစ်ရံ တိုက်ရိုက်ဆိုအပ်သောပုဒ်သာ အနက်ရှိ၏, ချန်ထားအပ်သောပုဒ်အတွက် အနက် သီးခြား မရှိဟုသော်လည်း ပြ၏ ၊ ဥပမာ–"ဒိဋ္ဌိဂတနိ ္တဒိဋ္ဌိယေဝ" ဟု ဖွင့်ရာ၌ ဂတအတွက် အနက်သီးခြား မရှိ ကြောင်းကို ပြသကဲ့သို့တည်း၊ ဤ၌ကား စက္ခုနှင့် ဒွါရတို့ အရတူကြောင်းကို သိစေလို၍ ဒွါရပုဒ်ကို ချန်ပြီး လျှင် "စက္ခုမေဝ" ဟု ဖွင့်ပြသည်။

[ဆောင်] သမာသ်ပုဒ်တွင်, တစ်ပုဒ်ကြဉ်၍, ဖွင့်လျှင်နည်းမူ, အရတူဟု, ယဓစေတစ်ရပ်၊ ချန်လှပ်ပုဒ်နက်, ထူးမထက်ဟု ,မှတ်ချက်တစ်သွယ်, သင့်အောင်ချယ်သည်, ကြံဖွယ် ဤနည်း တွေ့တိုင်းတည်း။

တထာ သောတာဒယော။ ။ဤ ဝါကျ၌လည်း " သောတမေဝ+ဒွါရံ, ဃာနမေဝ+ဒွါရံ, ဇိဝှာဧဝ+ ဒွါရံ, ကာယောဧဝ+ ဒွါရံ, မနောဧဝ+ ဒွါရံ မနောဒွါရံ" ဟူသော ဝစနတ်ကို ပြသည်၊ "မနာနံ-ဝီထိစိတ်တို့၏၊ ဒွါရံ- ဖြစ်ကြောင်းတည်း" ဟု တစ်နည်း ဝိဂြိုဟ်ပြုကြသေးသည်ကား ကျမ်းရင်းအာဘော် မကျ၊ ဝီထိစိတ်တို့၏ ဖြစ်ကြောင်းကို မနောဒွါရဟုဆိုလျှင် စက္ခုပသာဒ စသည်တို့လည်း ဝီထိစိတ်တို့၏ ဖြစ်ကြောင်းများပင် ဖြစ်၍ မနောဒွါရ မည်ရလိမ့်မည်။

မနောဒွါရံ ပန ဘဝင်္ဂန္တိ။ ။မနောဒွါရဟူသည် စက္ခုဒွါရ စသည်တို့ကဲ့သို့ ရုပ်တရားမဟုတ်, ဘဝင်စိတ် များတည်း၊ ဘဝင်စိတ်များ၌ အာရုံထင်လာလျှင် ထိုအာရုံကို ယူလျက် မနောဒွါရိကဝီထိစိတ်များ ဖြစ်ရသော ကြောင့် "ဘဝင်စိတ်ဟူသမျှကို မနောဒွါရ" ဟု ခေါ်ဝေါ်အပ်သည်။

ဋီကာကျော်အဆို။ ။"ဘဝင်္ဂန္တိ အာဝဇ္ဇနာနန္တရံ ဘဝင်္ဂံ"ဟု ဖွင့်သော ဋီကာကျော်ကား အာဝဇ္ဇန်း၏အခြား မဲ့ (ရှေ့က) ဖြစ်သော ဘဝင်္ဂုပစ္ဆေဒကိုသာ "မနောဒွါရ"ဟု ယူလို၏၊ ထိုဋီကာအလိုကား– "အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရဝဇ္ဇန်း ဇော" ဟု စိတ်အစဉ်ဖြစ်ရာ၌ အတီတဘဝင်နှင့် ဘဝင်္ဂစလနစိတ် တို့သည် မနောဒွါရဝဇ္ဇန်းစသော ဝီထိစိတ်တို့နှင့် တိုက်ရိုက်မဆက်သွယ်နိုင်, ကျေးဇူးမပြုနိုင်၊ ဘဝင်္ဂုပစ္ဆေဒ ကသာ မနောဒွါရဝဇ္ဇန်းအား တိုက်ရိုက်ဆက်သွယ်၍ အနန္တရသတ္တိဖြင့် ကျေးဇူးပြုနိုင်၏၊ ရွာသို့ဝင်သော တံခါးပေါက်သည် ရွာနှင့်တစ်ဆက်တည်း နေရသကဲ့သို့, ဝီထိစိတ်၏ဖြစ်ကြောင်း ဒွါရလည်း ဝီထိစိတ်နှင့် တစ်ဆက်တည်းသာ နေသင့်၏၊ ထို့ကြောင့် ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဘဝင်ကို "မနောဒွါရ" ဟု ဆိုရာ၌ ဘဝင်္ဂုပစ္ဆေဒကိုသာ ယူသင့်သည်-ဟူလို။

အပြစ်ပြလျှက် ဆုံးဖြတ်ချက်။ ။ဝီထိစိတ်တို့၏ မုချဖြစ်ကြောင်းကိုသာ"ဒွါရ" ဟု ဆိုလိုလျှင် အိပ်ပျော် သောအခါ အခြားဝီထိစိတ်များ ဖြစ်စဉ်အခါ၌ များစွာသော ပသာဒတွေသည် ဝီထိစိတ်၏ ဖြစ်ကြောင်း မဟုတ်သောကြောင့် စက္ခုဒွါရစသော အမည်ကို မရထိုက်ဘဲ ရှိရာ၏၊ စင်စစ်မှာ-ပသာဒရုပ်မှန်လျှင် အာရုံ၏ ထင်ရာဟုတ်ဟုတ်, မဟုတ်ဟုတ် , အမြဲဒွါရရုပ် အမည်ရသည်သာ ၊ "ဝလဉ္ဇနဋ္ဌေန ဒွါရံ" အရ ထွက်ဝင် ကြောင်း အပေါက်ကို ဒွါရ(တံခါး) ဟုဆိုရာ၌ ထွက်ဝင်သူ ရှိရှိ/မရှိရှိ အမြဲဒွါရ(တံခါး) မည်သကဲ့သို့တည်း၊ ထို့အတူ ဘဝင်ဟူသမျှလည်း အခွင့်သာလျှင် ဝီထိစိတ်တို့ဖြစ်ကြောင်း ဒွါရချည်းသာဖြစ်သောကြောင့် ဘဝင်ဟူသမျှ ဒွါရအမည် ရထိုက်သည်၊ ထို့ကြောင့်ပင် အရှင်အနုရုဒ္ဓါလည်း မည်သည့်ဘဝင်ဟု မသတ်မှတ် ဘဲ "မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ" ဟု ဘဝင်အားလုံးကို ယူထား၏၊ ထို့ကြောင့် ဋီကာကျော်စကားကို စဉ်းစားသင့်သည်။

မနောဒွါရအမျိုးမျိုး။ ။"အယံ နာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော " ဟူသော အဋ္ဌသာလိနီ

ဒွါရကထာ၌ ရှေးရှေးစိတ်က နောက်နောက်စိတ် ဖြစ်ဖို့ရန် အနန္တရသတ္တိဖြင့် ကျေးဇူးပြုသောကြောင့် ရှေးရှေး စိတ်သည် နောက်နောက်စိတ်၏ ဖြစ်ကြောင်း "မနောဒွါရ " မည်၏၊ မနဿ- နောက်နာက်စိတ်၏ ၊ ဒွါရံ- ဒွါရ တည်း၊ မနောဒွါရံ နောက်နောက်စိတ်၏ ဒွါရ၊ ဤမနောဒွါရ ယူပုံသည် ဒွါရ(၆)ပါး ဝေဖန်ရာဌာနနှင့် မဆိုင်။ [ အယံ နာမ မနော-ဤမည်သောစိတ်ကို၊ မနောဒွါရံ န ဟောတီတိ-မနောဒွါရမဟုတ်ဟု ၊ န ဝတ္တဗ္ဗော-မဆို ထိုက်။]

ဓာတုဝိဘင်္ဂဋ္ဌ။ ။ပဋိစ္စာတိ (နာမ) အာဂတဋ္ဌာနေ အာဝဇ္ဇနံ ဝိသုံ န ကာတဗ္ဗံ ဘဝင်္ဂနိဿိတမေဝ ကာတဗ္ဗနိ ္တ၊ တသ္မာ ဣဓ မနောတိ သဟာဝဇ္ဇနကံ ဘဝင်္ဂံ။ ပဋိစ္စာတိ(နာမ)အာဂတဋ္ဌာနေ- "မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ " ကဲ့သို့ ပဋိစ္စဟူသော နာမည်ဖြင့် လာရာပါဠိရပ်၌၊ အာဝဇ္ဇနံ- ဘဝင်၏နောက်က အာဝဇ္ဇန်းကို၊ ဝိသုံ- သီးခြား၊ န ကာတဗ္ဗံ-မပြုထိုက်၊ ဘဝင်္ဂနိဿိတမေဝ-ဘဝင်၌ မှီသည်ကိုသာလျှင်၊ကာတဗ္ဗံ-ပြုထိုက်၏၊ ဣတိ- ဤသို့၊ (မဟာဓမ္မရက္ခိတထေရ် ဆို၏၊) တသ္မာ-ထို့ကြောင့်၊ ဣဓ-ဤမနဉ္စ ပဋိစ္စဟူသောပါဌ်၌၊ သဟာဝဇ္ဇနကံ- အာဝဇ္ဇန်းနှင့် တကွဖြစ်သော၊ ဘဝင်္ဂံ-ဘဝင်သည်၊ မနောတိ-မနမည်၏၊ ... ဤအဋ္ဌကထာ၌ အာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကို "မနောဒွါရ" ဟု ခေါ်၏။

ဆိုလိုရင်းကား။ ။ဇောတည်းဟူသော မနောဝိညာဏ်စိတ်များ ဖြစ်ဖို့ရာ ဘဝင်စိတ်ကလည်း ကျေးဇူး ပြု၏, မနောဒွါရဝဇ္ဇန်းကလည်း ကျေးဇူးပြု၏၊ ထို့ကြောင့် “မနဉ္စ ပဋိစ္စ-မနကို စွဲမှီ၍ မနောဝိဉာဏ် ဖြစ်သည်” ဟုဆိုရာ၌ " မန အရ အာဝဇ္ဇန်းနှင့်တကွ ဘဝင်စိတ်ကို ယူရမည် " ဟူလို ၊ ဤနည်းကိုလည်း နေရာတိုင်းမှာ သုံးစွဲရမည်မဟုတ်၊ "မနဉ္စ ပဋိစ္စ" ဟု လာရာဌာန၌သာ သုံးစွဲရမည်၊ ထို့ကြောင့် "သာဝဇ္ဇနံ ဘဝင်္ဂန္တု, မနော-ဒွါ ရန္တိ ဝုစ္စတိ" ဟူသော သစ္စသံခိပ်စကားလည်း "မနဉ္စ ပဋိစ္စ" ဟု လာရာ၌သာ ဆိုင်သည်၊ [ သာဝဇ္ဇနံ-မနောဒွါ ရဝဇ္ဇန်းနှင့် တကွဖြစ်သော၊ ဘဝင်္ဂံ-ဘဝင်ကို ၊ မနောဒွါရန္တိ-မနောဒွါရဟူ၍ ၊ ဝုစ္စတိ- ဆိုအပ်၏။ ]

မဏိမဉ္ဇူဋီကာ။ ။သာဝဇ္ဇနံ-အာဝဇ္ဇန်းနှင့် တစ်ဆက်တည်းနေသော၊ ဝါ-အာဝဇ္ဇန်း၏ "အခြားမဲ့၌ဖြစ် သော"ဟု အနက်သုံးစေလို၍ "အနန္တရမ္ပိ သဟိတံ ဝိယ ဝုတ္တံ 'သာဝဇ္ဇနံ'တိ၊ အထဝါ-သဟသဒ္ဒဿနိပါတတ္တာ နိပါတာနဉ္စ အနေကတ္ထတ္တာ အနန္တရတ္ထကံ သန္ဓာယာဟ- ‘သာဝဇ္ဇန’ နိ ္တ" ဟု ဖွင့်ပြလေ၏၊ ထိုအဖွင့်မှာ အဋ္ဌကထာ၏ အာဘော် မဟုတ်ပါ၊ ထို့ပြင့်-ကာယဒွါရ ဝစီဒွါရဟု ခွဲခြားရာ၌ လောကီကုသိုလ် အကုသိုလ် ဇောစိတ်ကို မနောဒွါရဟု ယူရသောနည်းလည်း ရှိ၏၊ ဤသို့လျှင် သူ့နေရာနှင့်သူ မနောဒွါရကို အမျိုးမျိုးယူရ သော်လည်း ဤဒွါရ

(၆)ပါးကို ခွဲခြားသတ်မှတ်ပြရာ ဌာနဝယ် "ဆဋ္ဌဿ ပန ဘဝင်္ဂမနသင်္ခါတော မနာယတနေကဒေသောဝ ဥပ္ပတ္တိဒွါရံ " ဟူသော အာယတနဝိဘင်္ဂဋ္ဌကထာနှင့် အညီ ဘဝင်စိတ်ဟူသမျှကိုသာ မနောဒွါရဟု ယူရမည်။

စက္ခုဒွါရ၌ဖြစ်သောစိတ်

တတ္ထ ပဉ္စဒွါရာဝဇ္ဇနစက္ခုဝိညာဏသမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌပန ကာမာဝစရဇဝနတဒါရမဏဝသေန ဆစတ္တာလီသစိတ္တာနိ စက္ခုဒွါရေ ယထာရဟံ ဥပ္ပဇ္ဇန္တိ။

ပဉ္စဒွါရာဝဇ္ဇန၊ပေ၊ယထာရဟံ ဥပ္ပဇ္ဇနိ ္တ။ ။(ဝီိထိစဉ်အတိုင်း) ပဉ္စဒွါရဝဇ္ဇန်းစသော စိတ်(၄၆) ပါးသည် စက္ခုဒွါရ၌ ဖြစ်၏၊ ထိုသို့ ဖြစ်ရာဝယ် တစ်ဝီထိတည်း၌ (၄၆) ပါးလုံး ပြွတ်သိပ်၍ဖြစ်သည် မဟုတ်၊ အာရုံ ဘုံ ပုဂ္ဂိုလ် မနသိကာရအလိုက် ထိုက်သလို ဖြစ်ကြသည်။

အာရုံအလိုက်။ ။ချဲ့ဦးအံ့–အာရုံက အနိဋ္ဌာရုံဖြစ်လျှင် "အနိဋ္ဌေ အာရမဏေ အကုသလဝိပါကာနေဝ" စသော တဒါရမဏနိယမနှင့်အညီ , အကုသလဝိပါက် စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ တဒါရုံတို့ ဖြစ်၏၊ ဣဋ္ဌာရုံဖြစ်လျှင် "ဣဋ္ဌေ ကုသလဝိပါကာနိ" အရ ကုသလဝိပါက်များ ဖြစ်သည်၊ ဣဋ္ဌာရုံတွင်လည်း အတိဣဋ္ဌဖြစ်လျှင် သောမနဿ သန္တီရဏ တဒါရုံဖြစ်၍, ဣဋ္ဌမဇ္ဈတ္တဖြစ်လျှင် ဥပေက္ခာသဟဂုတ်များ ဖြစ်မည်၊ ဤကား အာရုံအလိုက် ဖြစ်ပုံတည်း။

ဘုံ ပုဂ္ဂိုလ်အလိုက်။ ။ဘုံအားဖြင့် ကာမဘုံ၌ဖြစ်လျှင် (၄၆)ပါးလုံး ဖြစ်ခွင့်ရှိ၍, ရူပဘုံ၌ဖြစ်လျှင် "ကာမေ ဇဝနသတ္တာလမ္ဗနာနံ နိယမေ သတိ" အရ တဒါရုံဖြစ်ခွင့် မရှိ၊ ဤကား ဘုံအလိုက်ဖြစ်ပုံတည်း၊ ပုဂ္ဂိုလ်အား ဖြင့် ပုထုဇဉ်သေက္ခ၌ ဖြစ်လျှင် ကုသိုလ် အကုသိုလ်ဇောများ စောခွင့်ရှိ၍, ရဟန္တာဖြစ်လျှင် ကြိယာဇောများ သာ စောခွင့်ရှိသည် ၊ ဤကား ပုဂ္ဂိုလ်အလိုက် ဖြစ်ပုံတည်း။

မနသိကာရအလိုက်။ ။မနသိကာရအားဖြင့် ပုထုဇဉ် သေက္ခတို့ သန္တာန်၌ ယောနိသောမနသိကာရှိလျှင် ကုသိုလ်ဇော စောခွင့်ရှိ၍ , အယောနိသောမနသိကာရရှိလျှင် အကုသိုလ်ဇောများ စောခွင့်ရှိသည် ၊ ဤကား မနသိကာရအလိုက် ထိုက်သလိုဖြစ်ပုံတည်း၊ သင်္ခါရ ရှိ/မရှိ အတွက် သသင်္ခါရိက, အသင်္ခါရိကစသော အကွဲ အပြားတို့လည်း ထိုက်သလိုဖြစ်ကြသည်။ [ ဒွါရဖြင့် စေတသိက်တို့ကို ရေတွက်ရာ၌ အဂ္ဂဟိတဂ္ဂဟဏနည်း မရှိ၊ ဂဟိတဂ္ဂဟဏနည်းကို အခြေပြုသင်္ဂြိုဟ်၌ ဆိုထားပြီ ။]

အာလမ္ဗနသင်္ဂဟအဖွင့် အာလမ္ဗနသင်္ဂဟေ အာရမဏာနိ နာမ ရူပါရမဏံ သဒ္ဒါရမဏံ ဂန္ဓာရမဏံ ရသာရမဏံ ဖောဋ္ဌဗ္ဗာရမဏံ ဓမ္မာရမဏေဉ္စတိ ဆဗ္ဗိဓာနိ ဘဝန္တိ၊ တတ္ထ ရူပမေဝ ရူပါရမဏံ။

အာလအမ္ဗန , အာရမဏ။ ။အာလမ္ဗနနှင့် အာရမဏသဒ္ဒါတို့သည် "အာရုံ"ဟူသော အနက်ကို ဟော သော ဝေဝုစ်ပရိယာယ် စကားလှယ်သဒ္ဒါတို့တည်း ၊ ထို့ကြောင့် "အာလမ္ဗနသင်္ဂဟေ" ဟု အစချီပြီးလျှင် "အာရမဏာတိ နာမ"ဟု ဆက်လက် မိန့်သည်၊ အာရမဏ , အာလမ္ဗနပုဒ်တို့သာ မှန်ကြောင်းကို အခြေပြု၌ ပြထားပြီ၊ အာရမဏသတ္တိကိုကား သုံးချက်စုအဓိပ္ပါယ်၌ ပြထား၏။

တတ္ထ ရူပမေဝ။ ။"စက္ခုမေဝ ရူပမေဝ" စသည်၌ ဧဝသဒ္ဒါတို့သည် သတ္တ, ဇီဝကို နစ်စေသော နိဝတ္တာ ပနာဝဓာရဏတို့တည်းဟု မဏိမဉ္ဇူနှင့် သဒ္ဒါဋီကာတို့ ဖွင့်ကြ၏၊ သူတို့အလို "ဓမ္မောယေဝ"၌ ဧဝသဒ္ဒါဖြင့် ဘာကို နစ်စေဦးမည်နည်း၊ သတ္တ, ဇီဝလည်း ပညတ္တိဓမ္မပင် ဖြစ်၍ တားမြစ်ဖို့ရာအနက် မရှိပြီ၊ ထို့ကြောင့် ထို ဧဝသဒ္ဒါတို့သည် တစ်ပါးသောအနက်ကို နစ်စေသော နိဝတ္တာပနာဝဓာရဏ မဟုတ်, မိမိအနက်ကို မြဲစေ သော သန္နိဋ္ဌာနာဝဓာရဏတို့သာတည်း၊ ကြွင်းသော သိဖွယ်ကို အခြေပြု၌ ဆိုထားပြီ။

တတ္ထ စက္ခုဒွါရိကစိတ္ထာနံ သဗ္ဗေသမ္ပိ ရူပမေဝ အာရမဏံ၊ တဉ္စ ပစ္စုပ္ပန္နံ၊ တထာ သောတဒွါရိကစိတ္တာဒီနမ္ပိ သဒ္ဒါဒီနိ၊ တာနိ စ ပစ္စုပ္ပန္နာနိယေဝ။

ပစ္စုပ္ပန်စသည်အခွဲ။ ။ဖြစ်ပေါ်၍ မချုပ်ခင် "ဥပါဒ် ဌီ ဘင်" အားဖြင့် အထင်အရှားရှိခိုက် အာရုံကို "ပစ္စုပ္ပန်" အာရုံဟု ခေါ်၏၊ ပစ္စုပ္ပန္န = ပတိ + ဥပ္ပန္န၊ တံ တံ ကာရဏံ ပတိစ္စ+ဥပ္ပန္နံ၊ တံ တံ ကာရဏံ ထိုထို ဆိုင်ရာအကြောင်းကို၊ ပတိစ္စ စွဲ၍၊ ဥပ္ပန္နံ-ဖြစ်ဆဲ(ခဏတ္တယသို့ရောက်ဆဲ) အာရုံသည်၊ ပစ္စုပ္ပန္နံ-ပစ္စုပ္ပန်အာရုံ မည်၏၊ ဥပါဒ် ဌီ ဘင်စေ့၍ ချုပ်လေပြီးသောအာရုံကို "အတိတ်" အာရုံဟု ခေါ်၏၊ အတီတ=အတိ+ဣတ၊ အတိက္ကမိတွာ+ဣတံ ဂတံတိ, အတီတံ၊ အတိက္ကမိတွာ-လွန်၍၊ ဣတံ ဂတံ-သွားပြီ၊ ဣတိ-ကြောင့်၊ အတီတံ-အတိတ်အာရုံ မည်၏၊ အကြောင်းညီညွတ်လျှင် ဧကန်ဖြစ်ပေါ်မည့်အာရုံသည် "အနာဂတ-အနာ ဂတ်" အာရုံမည်၏၊ န+အာဂတံ အနာဂတံ၊ အာဂတံ-ဖြစ်ပေါ်လာပြီး, ဖြစ်ပေါ်လာဆဲသည်၊ န-မဟုတ်၊ အနာ ဂတံ-ဖြစ်ပေါ်လာပြီး ဖြစ်ပေါ်လာဆဲ မဟုတ်၊ "ဖြစ်လတ္တံ့" ဟူလို၊ ဤကာလသုံးမျိုးနှင့် သက်ဆိုင်သောတရား များကား စိတ် စေတသိက် ရုပ်တရားများတည်း။

ကာလဝိမုတ်။ ။ထိုပစ္စုပ္ပန် အတိတ် အနာဂတ်ကာလ သုံးမျိုးမှ အလွတ်ဖြစ်သောအာရုံသည် "ကာလ ဝိမုတ်" အာရုံမည်၏၊ ကာလတော+ဝိမုတ္တံ, ကာလဝိမုတ္တံ၊ ဤကာလဝိမုတ်အာရုံများကား ပညတ်တရားနှင့် နိဗ္ဗာန်တည်း၊ ထင်ရှားစေအံ့–ပညတ်သည် အချုပ်အားဖြင့် နာမပညတ် အတ္ထပညတ်ဟု နှစ်မျိုးရှိ၏၊ ထိုတွင် အများသုံးနှုန်း ခေါ်ဝေါ်အပ်သော နာမည်တွေသည် ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှားမရှိ၊ တစ်စုံတစ် ယောက်က စထွင် သုံးစွဲထားသဖြင့် အများလိုက်၍ သုံးနှုန်းကြခြင်းသာဖြစ်သည်၊ အိမ် ကျောင်း လူ နတ် စသောအထည်ဒြပ် အတ္ထပညတ်တွေကိုလည်း လောကီလူတို့ အမြင်အားဖြင့် အထင်အရှားရှိသည်ဟု ဆိုရ စေကာမူ လက်ဆုပ်လက်ကိုင် ပြသောအခါ ရုပ်ကလာပ်တွေသာ တွေ့ရ၏၊ အိမ် မတွေ့ရ, ကျောင်း မတွေ့ ရ, နတ် မတွေ့ရ, ဗြဟ္မာ မတွေ့ရချေ၊ ထို့ကြောင့် ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှားမရှိသော ထိုပညတ်ကို ပစ္စုပ္ပန် အတိတ် အနာဂတ်ဟု မဆိုထိုက်။

နိဗ္ဗာန်ဟု ခေါ်အပ်သော "အငြိမ်းဓာတ်" တစ်မျိုးသည် ပရမတ္ထသဘောအားဖြင့် အထင်အရှား ရှိ၏၊ သို့ သော် ဖြစ်လျှင် ပျက်ရမြဲ ဖြစ်သောကြောင့် "ဖြစ်ခြင်း" ဟူသော ဥပါဒ်ကား မရှိ, "ပျက်ခြင်း" ဟူသော ဘင် လည်း မရှိ၊ ယခု ပြောရိုးဖြစ်သော ဌီလည်း မရှိ၊ သန္တိ(ငြိမ်းအေးခြင်း)သဘောကား အမြဲတည်ရှိ၏၊ ဤသို့ ဥပါဒ် (ဖြစ်တုန်း), ဌီ (တည်ဆဲ), ဘင် (ပျက်ဆဲ)ဟု မခေါ်ထိုက်ရကား ပစ္စုပ္ပန်နိဗ္ဗာန် မရှိ, ပစ္စုပ္ပန် မရှိလျှင် အတိတ် အနာဂတ်မှာ သာ၍ ဝေးတော့၏၊ ထို့ကြောင့် ပညတ်နှင့် နိဗ္ဗာန်ကို "ကာလဝိမုတ်"ဟု ခေါ်ဆိုရသည်။

တတ္ထ စက္ခုဒွါရိက ၊ပ၊ ပစ္စုပ္ပန္နာနိယေဝ။ ။စက္ခုဒွါရိကဝီထိစသော ပဉ္စဒွါရိကစိတ်တို့၌ စိတ်ဓာတ်သတ္တိသည် များစွာ မရှိကြ၊ ထို့ကြောင့် တိုက်ရိုက် ထင်လာသော ဆိုင်ရာ ပစ္စုပ္ပန်အာရုံတစ်မျိုးကိုသာ အာရုံပြု ကြသည်။

မနောဒွါရိကစိတ္တာနံ ပန ဆဗ္ဗိဓမ္ပိ ပစ္စုပ္ပန္နမတီတံ အနာဂတံ ကာလဝိမုတ္တဉ္စ ယထာရဟမာရမဏံ ဟောတိ။

ဆဗ္ဗိဓမ္ပိ ပစ္စုပ္ပန္နမတီတံ အနာဂတံ ကာလဝိမုတ္တဉ္စ။ ။မနောဒွါရိကဝီထိစိတ်များကား အလွန်အစွမ်းသတ္တိ ရှိ၏၊ ရူပါရုံ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ ဓမ္မာရုံဟူသော အာရုံခြောက်ပါးကိုပင် ထိုက်သလို အာရုံပြုနိုင်၏၊ စျာန ဝီထိ, မဂ္ဂဝီထိ , ဖလသမာပတ္တိဝီထိ, နိရောဓသမာပတ္တိဝီထိ , အဘိညာဝီထိနှင့် သဗ္ဗညုတညာဏဝီထိတော် ကြီးလည်း မနောဒွါရဝီထိပင်တည်း၊ ထို့ကြောင့် မနောဒွါရဝီထိစိတ်တို့သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလဝိမုတ် အာရုံဟူသမျှကို အာရုံပြုနိုင်သည်သာတည်း၊ "ယထာရဟံ" အရ ထိုက်သလို အာရုံပြုပုံကို ကား မနောဒွါရဝီထိအခန်း၌ အစွမ်းကုန် သိရလတ္တံ့။

ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိဘဝင်္ဂစုတိသင်္ခါတာနံ ဆဗ္ဗိဓမ္မိ ယထာသမ္ဘဝံ ယျေဘုယေန ဘဝန္တရေ ဆဒွါရဂ္ဂဟိတံ ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ ဝါ ကမ္မကမ္မနိမိတ္တဂတိနိမိတ္တသမ္မတံ အာရမဏံ ဟောတ်ိ။

ဒွါရဝိမုတ္တာနဉ္စ ပဋိသန္ဓိဘဝင်္ဂစုတိသင်္ခါတာနံ။ ။ပဋိသန္ဓေစိတ်သည် တစ်ဘဝတွင် အစဆုံးစိတ်တည်း၊ သို့အတွက် ဒွါရ(၆)ပါးတွင် မည်သည့်ဒွါရကိုမျှ စွဲမှီ၍ ဖြစ်ရသည်မဟုတ်၊ ဝီထိစိတ်တို့၏ အကြားအကြား၌ ဖြစ်သော ဘဝင်စိတ်များလည်း မည်သည့်ဒွါရနှင့်မျှ ဆက်သွယ်ခြင်းမရှိ၊ ဝီထိစိတ်၏ အဆုံးအဆုံးမှာ ရှေးကံ အတွက် အလိုလို ပေါ်ထွက်လာသော ဝိပါက်စိတ်သာတည်း၊ စုတိစိတ်များလည်း ကံကုန်ချိန်ကျလျှင် မရဏာသန္နဝီထိ အဆုံး၌ အလိုလို ပေါ်လာသော နောက်ဆုံးဝိပါက်စိတ်ပင် ဖြစ်၏၊ ထို့ကြောင့် ပဋိသန္ဓေ ဘဝင် စုတိစိတ်များကို ဒွါရဝိမုတ်စိတ်ဟု ခေါ်ဆိုအပ်သည်၊ ဒွါရဝိမုတ္တာနဉ္စ၌ စသဒ္ဒါဖြင့် ရှေ့ဝါကျ၌ ပြအပ် ခဲ့သော မနောဒွါရိကစိတ်များကို ပေါင်းသည်၊ မနောဒွါရိကစိတ်များ၏ အာရုံသာ (၆) ပါးရှိသည် မဟုတ်, ဒွါရ ဝိမုတ်စိတ်(၁၉) ပါး၏ အာရုံလည်း ရူပါရုံ ၊ ပေ၊ ဓမ္မ္မာရုံအားဖြင့် (၆) ပါးပင်ရှိသည်-ဟူလို ။

ဘဝန္တရေ။ ။ဘဝ+အန္တရေ၊ အန္တရသဒ္ဒါသည် တစ်ပါးတခြားဟူသောအနက်ကို ဟော၏၊ ယခု ပစ္စုပ္ပန် ဘဝမှတစ်ပါး တခြားသော လွန်ခဲ့ပြီးစ ဒုတိယဘဝကို "ဘဝန္တရ"ဟု ယူပါ။

ဆဒွါရဂ္ဂဟိတံ။ ။ဆဒွါရအရ ဒွါရ(၆)ပါးကိုသာ မုချရသော်လည်း ဤအရာ၌ ဌာန ဒွါရ၏အမည်ကို ဌာနီ ဇောစိတ်ပေါ်၌ တင်စား၍ ဌာနူပစာရအားဖြင့် မရဏာသန္နဇောစိတ်များကို ယူပါ၊ ထို့ကြောင့် "ဆဒွါရဂ္ဂဟိတံ- ဆဒွါရိက မရဏာသန္နဇောသည် ယူအပ်သော"ဟု ပေးကြသည်။

ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ ဝါ။ ။ဝါသဒ္ဒါကို "ပစ္စုပ္ပန္နံ, အတီတံ"ပုဒ်များ၌လည်း လိုက်စေ၊ ထိုအာရုံ (၆) ပါးသည် ပစ္စုပ္ပန်ကာလ၌သော်လည်း ဖြစ်ရာ၏, သို့မဟုတ် အတိတ်ကာလ၌သော်လည်း ဖြစ်ရာ၏၊ နာမ်ရုပ် မဟုတ်လျှင် ကာလဝိမုတ်ဟုခေါ်သော ပညတ်အာရုံသော်လည်း ဖြစ်ရာ၏၊ အနာဂတ်အာရုံကား မဟုတ်နိုင်၊ မဟုတ်နိုင်ကြောင်းမှာ ဝီထိမုတ်ပိုင်း မရဏုပ္ပတ္တိခန်း၌ ထင်ရှားပါလိမ့်မည်။

ကမ္မကမ္မနိမိတ္တဂတိနိမိတ္တသမ္မတံ။ ။အများအားဖြင့် မရဏာသန္နအခါ မဟုတ်လျှင် အခြားဝီထိစိတ် များ၏ အာရုံကို ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု မသမုတ်အပ်၊ ရူပါရုံကို ရူပါရုံဟုသာ ၊ပေ၊ ဓမ္မာရုံကို ဓမ္မာရုံဟု သာ ခေါ်ဝေါ်အပ်၏၊ မရဏာသန္နဝီထိစိတ်နှင့် ပဋိသန္ဓေ စုတိစိတ်များ၏ အာရုံ(၆)ပါးကိုကား ထိုက်သင့် သလို ကံဟူ၍လည်းကောင်း , ကမ္မနိမိတ်ဟူ၍လည်းကောင်း, ဂတိနိမိတ်ဟူ၍လည်းကောင်း သမုတ်အပ်၏၊ "ရူပါရုံ သဒ္ဒါရုံစသော နာမည်အပြင် ကံ ကမ္မနိမိတ် ဂတိနိမိတ်အမည်ကိုလည်း ရကြသည်" ဟူလို၊ ဤကား ပုဒ်တစ်ခုစီအတွက် အဓိပ္ပါယ်တည်း။

ပုဒ်ချင်းစပ်၍ မှတ်သားဖွယ်။ ။ဘဝန္တရေပုဒ်ကို ဆဒွါရဂ္ဂဟိတံ၌ စပ်၊ အခြားမဲ့ လွန်ခဲ့ပြီးစ ဘဝ၌ ဆဒွါရိက မရဏာသန္နဇောသည် ယူပေးအပ်သောအာရုံကို ဤ ပဋိသန္ဓေစသော စိတ်က အာရုံပြုသည်၊ ဥပမာ–"နတ် ပြည်မှ စုတေ၍ လူ့ပြည်သို့ လာခဲ့လျှင် ထိုနတ်ပြည်ဝယ် စုတေခါနီးတုန်းက မရဏာသန္နဇောသည် ရူပါရုံစ သော အာရုံ(၆)ပါးတွင် တစ်ပါးပါးကို အာရုံပြုပေလိမ့်မည်၊ ထိုနတ်ပြည်က မရဏာသန္နဇောသည် ယူအပ် သော အာရုံကိုပင် ဤလူ့ဘဝ ပဋိသန္ဓေစိတ်က လိုက်၍ အာရုံပြုရသည်၊ ဘဝင် စုတိများကလည်း ပဋိသန္ဓေ စိတ်၏ အာရုံကိုပင် ထပ်တူလိုက်၍ အာရုံပြုရသည်" ဟူလို။

ယထာသမ္ဘဝံ။ ။ဤပုဒ်ကို ဆဒွါရဂ္ဂဟိတံ, ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ, ကမ္မကမ္မနိမိတ္တဂတိနိမိတ္တသမ္မ တံဟူသော သုံးပုဒ်၌စပ်၊ ထိုတွင် ဆဒွါရဂ္ဂဟိတံ၌ စပ်ခိုက် "စက္ခုဒွါရ၌ ဖြစ်ထိုက်လျှင် စက္ခုဒွါရဂ္ဂဟိတရူပါရုံ, သောတဒွါရ၌ ဖြစ်ထိုက်လျှင် သောတဒွါရဂ္ဂဟိတသဒ္ဒါရုံ ၊ပေ၊ မနောဒွါရ၌ ဖြစ်ထိုက်လျှင် မနောဒွါရဂ္ဂဟိတ အာရုံ(၆)ပါးတွင် တစ်ပါးပါးသောအာရုံ ဖြစ်မည်"ဟူလို၊ ပစ္စုပ္ပန္နမတီတံ ပညတ္တိဘူတံ၌ စပ်ခိုက် "ပစ္စုပ္ပန်ဖြစ် ထိုက်လျှင် ပစ္စုပ္ပန်အာရုံဖြစ်မည်၊ အတိတ်ဖြစ်ထိုက်လျှင် အတိတ်အာရုံ, ပညတ်ဖြစ်ထိုက်လျှင် ပညတ်ဖြစ် သော ကာလဝိမုတ်အာရုံ ဖြစ်မည်"ဟူလို၊ ကမ္မ၊ပေ၊သမ္မတံ၌ စပ်ခိုက် "ကံအာရုံ ဖြစ်ထိုက်လျှင် ကံဟု သမုတ် အပ်သောအာရုံ ဖြစ်မည်, ကမ္မနိမိတ် ဖြစ်ထိုက်လျှင် ကမ္မနိမိတ်ဟုသမုတ်အပ်သောအာရုံ, ဂတ်ိနိမိတ် ဖြစ် ထိုက်လျှင် ဂတိနိမိတ်ဟု သမုတ်အပ်သောအာရုံ ဖြစ်မည်"ဟူလို၊ ယထာသမ္ဘဝံအရ ဖြစ်ထိုက်သလို ဖြစ်ကြပုံ မှာ ဝီထိမုတ်ပိုင်းတွင် မရဏုပ္ပတ္တိအခန်း၌ "ကာမာဝစရပဋိသန္ဓိယာ ၊ပေ၊ဥပလဗ္ဘတိ" စသည်ဖြင့် အကျယ်လာ လတ္တံ့ ဖြစ်သော်လည်း ဤအပိုင်းက နှူးပြီးနှပ်ပြီး ဖြစ်နှင့်ဖို့ရာ ပြဦးအံ့။

[ ဆောင်] ကာမသန္ဓ, ဘဝင်သည်ကား, ငါးပါးအာရုံ, ခြောက်ဖုံဒွါရ, ယူကုန်ကြလျက်, ယထာရဟံ, ပစ္စုပ္ပန်နှင့် တီတံ ကမ္မ-နိမိတ္တဟု, အာရုံပြု၏၊ စုတိစိတ်မှာ, အတိတ်သာတည်း၊ ဓမ္မာရုံကား, ထိုစိတ်များ၏, တစ်ပါးမနော-ဒွါရဇောဖြင့်, ယူသောတီတံ, ကံနှင့်ကမ္မ-နိမိတ္တသင့်၊ ရူပအာရုံ, တစ်ဖုံမနော-ဒွါရဇော ဖြင့်, ယူသောဧကန်, ပစ္စုပ္ပန်ရှိ, ဂတိနိမိတ်, ဆိုရိပ်၎င်း, တစ်ကြောင်းဆက်ထုတ်, မဟဂ္ဂုတ်တွင်, အာရုပ်ပဌမ-တတိယနှင့်, ရူပသန္ဓိ-ဘွင်စုတိမှာ, ဓမ္မာရုံဟော, မနောဒွါရ-ဂဟိတမှတ်, ပညတ်ကမ္မ- နိမိတ္တရှင့်၊ ဒုတိယ, စတုတ္ထာ-အာရုပ္ပါတွက်, မဟဂ္ဂတ, ကမ္မနိမိတ်, အတိတ်ဟုဟော, မနောဒွါရ- ယူရဓမ္မာ, အာရုံလာသည်, ... ယထာသမ္ဘဝပေတည်း။ ကာမသန္တီ၊ပေ၊အတိတ်သာတည်း။ ။ကာမပဋိသန္ဓေ ဘဝင်စိတ်တို့၏ အာရုံသည် ရူပါရုံစသော ငါးပါးဖြစ်အံ့၊ ထိုက်သည်အားလျော်စွာ အခြားမဲ့ဘဝ၌ ခြောက်ဒွါရဖြင့် ယူအပ်၏။ ထိုရူပါရုံ စသည်တို့ မချုပ်သေး လျှင် ပဋိသန္ဓေနှင့်ဘဝင် အနည်းငယ်ကာလ၌ ပစ္စုပ္ပန်ဖြစ်၏၊ ထို့နောက် ဘဝင်စိတ်များသည် အတိတ်ကိုသာ အာရုံပြု၏၊ စုတိခိုက်မှာ အတိတ်သာတည်း၊ ထိုရူပါရုံစသည်တို့က ချုပ်ပြီးဖြစ်လျှင် ပဋိသန္ဓေ ဘဝင် စုတိအား လုံးပင် အတိတ်ကိုသာ အာရုံပြုရမည်၊ ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် ကမ္မနိမိတ် တစ်မျိုးသာတည်း။

ဓမ္မာရုံကား၊ပေ၊နိမိတ္တသင့်။ ။ထိုကာမပဋိသန္ဓေ ဘဝင်တို့၏ အာရုံသည် ဓမ္မာရုံဖြစ်အံ့၊ အခြားမဲ့ဘဝ၌ မနောဒွါရိကဇောတစ်မျိုးဖြင့်သာ ယူအပ်၏၊ ထိုဓမ္မာရုံသည် စေတနာဖြစ်အံ့, အတိတ်ဖြစ်သောကံတည်း၊ စေတနာ မဟုတ်လျှင် အတိတ် ကမ္မနိမိတ်ချည်းသာတည်း။

ရူပအာရုံ၊ပေ၊ဆိုရိပ်၄င်း။ ။ထိုကာမပဋိသန္ဓေ ဘဝင် စုတိများသည် အခြားမဲ့ဘဝ၌ မနောဒွါရိကဇောဖြင့် ယူအပ်သော ပစ္စုပ္ပန် ဂတိနိမိတ် ရူပါရုံကိုလည်း အာရုံပြုသေး၏။[ဂတိနိမိတ်မှန်လျှင် ရူပါရုံသာဟု အဋ္ဌကထာ ဆို၏။]

တစ်ကြောင်းဆက်ထုတ်၊ပေ၊ပညတ်ကမ္မ -နိမိတ္တရှင့်။ ။မဟဂ္ဂုတ် ပဋိသန္ဓေတို့တွင် အာရုပ္ပပဌမတတိယနှင့် ရူပပဋိသန္ဓေ ဘဝင် စုတိတို့ကား အခြားမဲ့ဘဝ၌ မနောဒွါရိကဇောဖြင့် ယူအပ်သော ကသိုဏ်းပညတ်စသော ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြုကုန်၏။

ဒုတိယစတုတ္ထာ၊ပေ၊ယူရဓမ္မာ , အာရုံလာသည်။ ။ဒုတိယ စတုတ္ထဖြစ်သော အာရုပ္ပပဋိသန္ဓေ ဘဝင် စုတိ တို့ကား မနောဒွါရဖြင့်သာ ယူအပ်သော အတိတ်ဖြစ်သော မဟဂ္ဂုတ် ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြု၏၊ ဤကား ယထာသမ္ဘဝ အဓိပ္ပာယ်တည်း၊ အကျယ်သဘောကို ဘုံပိုင်းကျမှ သိရလတ္တံ့။

ယေဘုယျေနအဓိပ္ပာယ်။ ။ယေဘုယျေနကို ဆဒွါရဂ္ဂဟိတံ၌စပ်၊"ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံသည် အခြားမဲ့ လွန်ပြီးစဘဝက ဆဒွါရိကမရဏာသန္နဇော ယူအပ်သော အာရုံများဖြစ်သည်"ဟု ဆိုသော်လည်း များရာလိုက်၍ ဆိုခြင်းဖြစ်သည်၊ အနည်းငယ်အားဖြင့် ဆဒွါရိကဇောတို့ မယူအပ်သော အာရုံများ ရှိသေး၏" ဟူလို၊ ချဲ့ဦးအံ့–ဤကာမဘုံမှ စျာန်ကိုရသဖြင့် အသညသတ်ဘုံသို့ ရောက်ရသူသည် ထိုဘုံမှ စုတေလျှင် ကာမသုဂတိဘုံသို့သာ ပြန်လာရလိမ့်မည်၊ အသညသတ်ဘုံ၌ စိတ်ဟူသမျှ လုံးဝမရှိရကား စုတေခါနီး၌ အာရုံယူဖို့ရာ မရဏာသန္နဇော မရနိုင်၊ ထို့ကြောင့် အသညသတ်ဘုံမှ စုတေ၍ ကာမဘုံ၌ဖြစ်သော ပဋိသန္ဓေ ၏အာရုံသည် အခြားမဲ့ လွန်ပြီးစဘဝ၌ ဆဒွါရိကမရဏာသန္နဇောသည် ယူအပ်သော အာရုံမဟုတ်၊ အသညသတ်ဘုံသို့ မရောက်မီ ရှေးရှေးဘဝက ပြုခဲ့၍ ယခု ပဋိသန္ဓေကျိုးကို ပေးခွင့်ကြုံသော အပရာပရိယဝေဒနိနယကံသည် ထင်စေအပ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် တစ်ပါးပါး ဖြစ်သည် ။

ဘဝန္တရကတံ ကမ္မံ, ယမောကာသံ လဘေ တတော၊ ဟောတိ သာ သန္ဓိ တေနေဝ, ဥပဋ္ဌာပိတဂေါစရေ။

ဘဝန္တရကတံ -အသညသတ်ဘုံမရောက်မီ, တစ်ပါးသောဘဝဆီက ပြုအပ်ခဲ့သော၊ ယံ ကမ္မံ-အကြင်ကံသည်၊ ဩကာသံ-အကျိုးပေးခွင့်ကို၊ လဘေ-ရ၏၊ တတော-ထို့သို့ရခြင်းကြောင့်၊ သာသန္ဓိ-အသညသတ်မှ စုတေ၍ ကာမဘုံ၌ဖြစ်လာသောသတ္တဝါ၏ ထိုပဋိသန္ဓေသည်၊ တေနေဝ-ထိုအကျိုးပေးခွင့်ရသောကံသည် သာလျှင်၊ ဥပဋ္ဌာပိတဂေါစရေ-ထင်စေအပ်သောအာရုံ၌ ၊ ဟောတိ-ဖြစ်၏။-သစ္စသံခိပ်။

ထို့ပြင် -အရူပဘုံသည် ရုပ်ကိုစက်ဆုပ်ရာဘုံတည်း၊ ထို့ကြောင့် ထိုဘုံမှစုတေ၍ ကာမဘုံသို့လာသောအခါ ကာမပဋိသန္ဓေ၏ အာရုံသည် ကံအာရုံဖြစ်လျှင် အရူပဘုံက မရဏာသန္နဇောတို့ ယူနိုင်ဖွယ်ရှိ၏၊ ဂတိ နိမိတ်နှင့် ရုပ်ကမ္မနိမိတ်ဖြစ်လျှင် အရူပဘုံက မရဏာသန္နဇောတို့ မယူနိုင် "အကျိုးပေးမည့် ကံ၏အစွမ်း ကြောင့် ထင်လာစေအပ်သောအာရုံသာ ဖြစ်သည်" ဟု ပဋ္ဌာန်းအနုဋီကာ ဆိုသည်။ [ ကာမဝိပါက်တို့သည် ပရမတ်ဖြစ်သော ကာမတရားကိုသာ အာရုံပြုသောကြောင့် "ပညတ်ကမ္မနိမိတ်များကို ကာမပဋိသန္ဓေက အာရုံပြုလေရော့သလား" ဟု ယုံမှားဖွယ်မရှိ။ ]

[ ဆောင်] အသညမှ , စုတိကျ၍ , ကာမသန္ဓေ, စွဲကပ်နေသော် , စုတေနီးတုံ , ထိုသည့်ဘုံ၌ , အာရုံယူမည့်, ဆဒွါရိက , ဇောမရခဲ့၊ အရူပဝယ် , စုတေရွယ်လည်း , ရုပ်နွယ်ဟူသမျှ , ကမ္မ-ဂတိ , နိမိတ်နှစ်ခု , မရမှုကြောင့် , ယေဘူယျေန , ဆရာပြသည် ,....ထင်ကြအာရုံ ကံကြောင့်တည်း။

သေသာနိ ကာမာဝစရဝိပါကာနိ ဟသနစိတ္တေဉ္စတိ သဗ္ဗထာပိ၊ ပေ၊ ရမဏာနေဝ။ ။သဗ္ဗထာပိ အရ ပဋိသန္ဓေ ဘဝင် စုတိကိစ္စအပြား, တဒါရုံ သန္တီရဏ ဇောကိစ္စအပြား, ရူပါရုံစသော အာရုံ(၆)မျိုး အပြားကို ယူ ၊ "ကာမာဝစရာ ရမဏာနေဝ" ၌ ဧဝသဒ္ဒါဖြင့် မဟဂ္ဂတာရမဏ အပ္ပမာဏာရမဏ ပညတ္တာရမဏ မရှိဟု ကန့်သည်၊ ထိုစကားမှန်၏–အာရုံသည် အချုပ်အားဖြင့် ကာမ, မဟဂ္ဂုတ်, လောကုတ္တရာ,ပညတ်ဟု လေးမျိုး သာရှိ၏ ၊ "ပဉ္စဝီသ ပရိတ္တမှိ " စသောဂါထာ၌ " ပရိတ္တမှိ " စသည်ကို ကြည့်ပါ၊ တစ်မျိုးနောင်ထိုင်သော ဧဝသဒ္ဒါဖြင့် တွဲဖက်ဖြစ်သော အခြား အမျိုးများကို ကန့်ရိုးတည်း။

အကုသလာနိ စေဝ ဉာဏဝိပ္ပယုတ္တကာမာဝစရဇဝနာနိ၊ပေ၊သဗ္ဗာရမဏာနိ။ ။လောကုတ္တရာတရားတို့သည် အလွန်နက်နဲကုန်၏၊ မနောဒွါရာဝဇ္ဇန်းမှတစ်ပါး လောကုတ္တရာတရားကို အာရုံပြုသောစိတ် မှန်လျှင် ဉာဏ်နှင့်ယှဉ်မှသာ အာရုံပြုနိုင်စရာ ရှိ၏ ၊ ထို့ကြောင့် အကုသိုလ်စိတ်နှင့် ဉာဏဝိပ္ပယုတ် မဟာဝိပါက်တို့သည် လောကုတ္တရာကိုချန် ကျန်တရားကိုသာ အာရုံပြု ကြသည်။

ဉာဏသမ္ပယုတ္တ၊ပေ၊အရဟတ္တမဂ္ဂဖလဝဇ္ဇိတသဗ္ဗာရမဏာနိ။ ။ကုသိုလ်တို့သည် ပုထုဇဉ် သေက္ခပုဂ္ဂိုလ် သန္တာ၌သာ ဖြစ်ရကား ရဟန္တာသန္တာန်၌သာ ဖြစ်လေ့ရှိသောအရဟတ္တမဂ် အရဟတ္တဖိုလ်ကို အာရုံမပြုနိုင်၊ အဘယ့်ကြောင့်နည်း-ပုထုဇဉ် သေက္ခတို့က ထိုအရဟတ္တမဂ်ဖိုလ်ကို မရဘူးသေးသောကြောင့်တည်း၊ ဤ စကားကိုထောက်၍ အောက်တန်းပုဂ္ဂိုလ်များသည် မိမိတို့ မရအပ်ဘူးသေးသော အထက်တန်းတရားကို မသိနိုင်ကြောင်း ထင်ရှား၏၊ ဥပမာ-သကဒါဂါမ်ပုဂ္ဂိုလ်သည် အနာဂါမ်ပုဂ္ဂိုလ်၏ အနာဂါမိမဂ်ဖိုလ်ကို မသိနိုင်၊ ၊ပေ၊ပုထုဇဉ်သည် သောတာပန်၏ သောတာပတ္တိမဂ်ဖိုလ်ကို မသိနို်င်၊ မိမိရအပ်ပြီးသောတရားနှင့် အလားတူ တရား, အောက်တန်းတရားများကိုသာ သိနိုင်ကြသည်၊ ထို့ကြောင့် "ဉာဏသမ္ပယုတ် ကာမကုသိုလ်ဇောနှင့် ကုသိုလ်အဘိညာဉ်ဇောတို့သည် အရဟတ္တ မဂ်ဖိုလ်ကြဉ်၍ အလုံးစုံကို အာရုံပြုနိုင်သည်" ဟု ဆိုရာ၌ အနာ ဂါမ်ပုဂ္ဂိုလ်တို့ သန္တာန်ဖြစ်မှသာ ထိုအားလုံးကို အာရုံပြုနိုင်မည်၊ သကဒါဂါမ်သန္တာန်၌ ဖြစ်လျှင် အနာဂါမိမဂ် ဖိုလ်ကို ထပ်၍ကြဉ် ၊ပေ၊ ပုထုဇဉ်သန္တာန်၌ဖြစ်လျှင် မဂ်ဖိုလ်အားလုံးကို ကြဉ်ပါ။

တိကင်္ဂုတ္တိုရ်ဋ္ဌ။ ။တတ္ထ ပုထုဇ္ဇနော စေတောပရိယညာဏလာဘီ ပုထုဇ္ဇနာနံ ယေဝ စိတ္တံ ဇာနာတိ, န အရိယာနံ၊ အရိယေသုပိ ဟေဋ္ဌိမော ဥပရိမဿ စိတ္တံ န ဇာနာတိ, ဥပရိမော ပန ဟေဋ္ဌိမဿ ဇာနာတိ။

၎င်းဋီကာ။ ။န အရိယာနံတိ အရိယာနံ မဂ္ဂဖလစိတ္တံ န ဇာနာတီတိ အတ္ထော၊ တံ ဟိ တေန အနာဓိ ဂတတ္တာ စေတောပရိယညာဏေနာပိ န သက္ကာ ဝိညာတုံ ၊ အညမ္ပိ စိတ္တံ ဇာနာတိယေဝ၊ ဟေဋ္ဌိမော ဥပရိမဿ စိတ္တံ န ဇာနာတီတိ အာဒီနိပိ မဂ္ဂဖလစိတ္တမေဝ သန္ဓာယ ဝုဋ္ဌာနီတိ ဝေဒိတဗ္ဗာနိ။

ပရမတ္ထဒီပနီအဆို။ ။မည်သည့်ပုဂ္ဂိုလ်မဆို မဟဂ္ဂုတ်စျာန်ကို မရဘူးလျှင် မဟဂ္ဂုတ်စိတ်ကို အာရုံမပြုနိုင်၊ အောက်အောက်စျာန်ကိုသာ ရသူလည်း အထက်အထက်စျာန်ကို ရအောင်အားထုတ်၏၊ ကျမ်းပြုဆရာ,စာချ ဆရာတို့လည်း ထိုစျာန်စသည်တို့၏ သဘောကို ပြောဟောပို့ချ ရေးသားကြ၏၊ ထိုပုဂ္ဂိုလ်အားလုံးပင် စျာန်စသည်ကို တိုက်ရိုက်ထိမိအောင် အာရုံပြုနိုင်ကြသည် မဟုတ်၊ ထိုစျာန်စသည်တို့၏ အခြင်းအရာအာကာရ ပညတ်ကိုသာမှန်း၍ အနုမာနဉာဏ်ဖြင့် အာရုံပြုနိုင်ကြသည်ဟု ပရမတ္ထဒီပနီဆို၏၊ " ပရစိတ္တဝိဒူဖြစ်သော မာန်နတ်သည် စျာန်ကို မရဘဲလျှက် ရူပစျာန်ကို အာရုံပြုနိုင်၏ "ဟု အင်္ဂုတ္တိုရ် နဝကနိပါတ် မဟာဝဂ် အဋ္ဌမသုတ်၌ ဆိုထားကြောင်းကိုလည်း ထိုဒီပနီ၌ပင် ညွှန်ပြသဖြင့် အချို့ထက်မြက်သူများကား "မိမိ မရအပ်သော လောကီစျာန်ကို အာရုံပြုနိုင်သေး၏ " ဟုလည်း ခြွင်းချက် မှတ်သားရာ၏။

ဉာဏသမ္ပယုတ္တကာမဝစရကြိယာနိ စေဝ၊ပေ၊ သဗ္ဗာရမဏာနိ။ ။သဗ္ဗာရမဏာနိ၌ သဗ္ဗအရကား ကာမ, မဟဂ္ဂုတ်, လောကုတ္တရာ, ပညတ်ဟူသော အာရုံအမျိုးအစားလေးပါးလုံးကို ရသည်၊ အဇ္ဈတ္တ ဗဟိဒ္ဓစသော အပြားတို့ကား ဤလေးမျိုးမှ တစ်ဆင့်ဖြာသော အပြားများတည်း၊ ထို့ကြောင့် သင်္ဂဟဂါထာ၌ ဤလေးမျိုးကို သာ ပြလတ္တံ့၊ သဗ္ဗထာအရကား-ကာမအာရုံဟူသမျှ အားလုံးသောအပြား, မဟဂ္ဂုတ်အာရုံဟူသမျှအားလုံး, လောကုတ္တရာအာရုံဟူသမျှအားလုံး, ပညတ်ဟူသမျှအားလုံးသော အပြားတို့ကို ရ၏၊"အာရုပ္ပဒုတိယ စတုတ္ထ စိတ်တို့သည် မဟဂ္ဂုတ်ကို အာရုံပြုသည်" ဟု ဆိုရာ၌ မဟဂ္ဂုတ်အားလုံး မဟုတ်၊ မဟဂ္ဂုတ် တစ်စိတ်ကိုသာ အာရုံပြုသည်၊ ဤဉာဏသမ္ပယုတ် ကာမကြိယာဇော (၄) ,ကြိယာအဘိညာဏ် ဝုဋ္ဌောတို့ကား ကာမအားလုံး ၊ပေ၊ ပညတ်အားလုံးကို အာရုံပြုနိုင်၏ ၊ အခြားစိတ်များလို တစ်စိတ်တစ်ဒေသမဟုတ်-ဟူလို ၊ သို့သော် ဤ စိတ် (၆)ပါး၏ အလုံးစုံကို အကုန်မချန်အာရုံပြုနိုင်မှုလည်း ဘုရားရှင်၏သန္တာန်တော်၌ ဖြစ်ခိုက်သာ ဖြစ်နိုင်၏၊ ထိုစကားမှန်၏-အလုံးစုံကို အကုန်သိနိုင်မှုမှာ သဗ္ဗညုတဉာဏ်တော်၏ အရာသာတည်း၊ သဗ္ဗညုတဉာဏ်ဟူသည်လည်း မဟာကြိယာဉာဏသမ္ပယုတ် (၄)ပါး၌ရှိသော ပညာစေတသိက်တည်း။ [သဗ္ဗညုတဉာဏံ၊ပေ၊ တံဟိ စတူသု ဉာဏသမ္ပယုတ္တမဟာကြိယာစိတ္တေသု လဗ္ဘတိ၊ ....သီလက္ခန်ဋ္ဌ။ ]

ဤသဗ္ဗညုတဉာဏဝီထိကျသောအခါ ဝုဋ္ဌောက မနောဒွါရဝဇ္ဇန်းကိစ္စ တပ်ရသောကြောင့် ဝုဋ္ဌောလည်း သဗ္ဗညုတညာဏ်သိသမျှကို ဆင်ခြင်နိုင်ပေသည်၊ ထို့အတူ အဘိညာဏ်လည်း ပုဗ္ဗေနိဝါသနုဿတိ အနာဂ တံသအဘိညာဉ်ဖြစ်သောအခါ မိမိ သူတစ်ပါးတို့၏ ရှေ့နောက် အဖြစ်အပျက်အားလုံကို သိနိုင်၏၊ ထိုစိတ် (၆)ပါးသည် ဘုရားမှတစ်ပါး အခြားသူတို့သန္တာန်၌ ဖြစ်ခိုက်မှာ အလုံးစုံကို ကုန်စင်အောင် အာရုံမပြုနိုင်၊ ပစ္စေကဗုဒ္ဓါပင်သော်လည်း ပညတ်အားလုံးကို ကုန်အောင်သိတော်မမူ။

မှတ်ချက်။ ။"သဗ္ဗညုတဉာဏ်ဟူသည် အရဟတ္တမဂ်ပညာတည်း" ဟု ဆိုမှားမှု , မဟာကြိယာသော မနဿဉာဏသမ္ပယုတ်၌ရှိသော ပညာဟု မစုံမလင်ဆိုမှုများကို မမှတ်သားအပ်၊ "သဗ္ဗညုတဉာဏ်သည် တစ်ဝီထိတည်းဖြင့် အာရုံအားလုံးကို တပြိုင်နက်သိ၏, သဗ္ဗညုတဉာဏ်တော်သည် အာရုံအားလုံးကို အမြဲ သိနေ၏ " ဟူသော ဝါဒများကိုလည်း မမှတ်သားအပ် ၊ ဆင်ခြင်လိုက်သောအခါ

အဆီးအတားမရှိ, မည်သည့်အာရုံမဆို သိနိုင်ခြင်းသည်သာလျှင် သဗ္ဗညုတဉာဏ်တော်၏ အစွမ်းပေတည်း။

အာရုပ္ပေသု ဒုတိယစတုတ္ထာနိ မဟဂ္ဂတာရမဏာနိ။ ။ဒုတိယ အာရုပ္ပ (ဝိညာဏဉ္စာယတနကုသိုလ် ဝိပါက် ကြိယာ) တို့တွင် ဝိညာဏဉ္စာယတနကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်ကို အာရုံပြု၏၊ ပဋိသန္ဓေ ဘဝင် စုတိကိစ္စ တပ်ရသော ဝိပါက်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စကုသိုလ်ကို အာရုံပြု၏၊ ကြိယာကား ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတန ကုသိုလ် ကြိယာကို အာရုံပြုသည်။

ချဲ့ဦးအံ့ –ပုထုဇဉ် သေက္ခပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနကုသိုလ်ကို ရပြီးနောက် ဤဘဝတွင်ပင် ဝိညာဏဉ္စာယတနကုသိုလ်ကို ဆက်လက်ရသောအခါ ဤဘဝ အဇ္ဈတ္တ(မိမိသန္တာန်၌)ဖြစ်ဖူးသော အာကာ သာနဉ္စာယတနကုသိုလ်စျာန်ကို အာရုံပြု၏၊ စုတေပြီးနောက် ဒုတိယအရူပဘုံသို့ရောက်၍ ဝိညာဏဉ္စယတန စျာန် ဝင်စားသောအခါ ထိုဝိညာဏဉ္စာယတနစျာန်သည် ရှေးဘဝက အဇ္ဈတ္တသန္တာန်၌ ဖြစ်ခဲ့ဖူးသော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကို အာရုံပြု၏၊ ဝိညာဏဉ္စာယတနစျာန်ကိုရပြီးနောက် ဒုတိယအရူပဘုံ ၌ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စတပ်သော ဝိညာဏဉ္စာယတနဝိပါက်စိတ်သည် ရှေးဘဝက မိမိသန္တာန်၌ ဖြစ်ခဲ့ ဖူးသော အာကာသာနဉ္စာယတနကုသိုလ်(ကမ္မနိမိတ်)ကိုပင် အာရုံပြုသည်။

ပုထုဇဉ် သေက္ခအဖြစ်တုန်းက အာကာသာနဉ္စာယတနကုသိုလ်စျာန်ကို ရပြီးနောက် ထိုဘဝ၌ပင် ရဟန္တာ ဖြစ်မှ ဝိညာဏဉ္စာယတနကြိယာစျာန်ကို ရလျှင် ထိုပဌမဆုံး ရအပ်သော ဝိညာဏဉ္စာယတနကြိယာစျာန်သည် ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကို အာရုံပြု၏၊ ထို့နောက် အာကာသာနဉ္စာယတနစျာန်ကို ပြန်၍မဝင်စားသေးသမျှ ဝိညာဏဉ္စာယတနကြိယာစျာန် ဖြစ်တိုင်း ဖြစ်တိုင်း ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကုသိုလ်စျာန်ကိုချည်း အာရုံပြုသည်။

ရဟန္တာဖြစ်ပြီးမှ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားသည်ရှိသော် ထိုစျာန်သည် ကြိယာစျာန်ဖြစ်၏၊ ထို့ကြောင့် နောက်နောက်ဝင်စားသမျှ ဝိညာဏဉ္စာယတနစျာန်သည် ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကြိယာစျာန်ကို အာရုံပြု၏၊ ရဟန္တာဖြစ်ပြီးမှ အာကာသာနဉ္စာယတနစျာန်ကို ရပြီး နောက် ဝိညာဏဉ္စာယတနစျာန်ကို ဆက်လက်ရလျှင် ထိုဝိညာဏဉ္စာယတန

စျာန်သည် ဤဘဝ၌ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စာယတနကြိယာစျာန်ကိုချည်း အာရုံပြုသည်။

ကာမ ရူပဘုံဝယ် သေက္ခအဖြစ်တုန်းက ဝိညာဏဉ္စာယတနစျာန်ကို ရ၍ ဝိညာဏဉ္စာယတနဘုံရောက်မှ ရဟန္တာဖြစ်လျှင် ထိုရဟန္တာဖြစ်မှ ဝင်စားအပ်သော ဝိညာဏဉ္စာယတနစျာန်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကာသာနဉ္စကုသိုလ်ချည်း အာရုံပြုသည်။ [ဝိညာဏဉ္စာယတနဘုံရောက်မှ အာကာသာနဉ္စာ ယတနစျာန်ကို ဝင်စားလို့ မဖြစ်သောကြောင့် အာကာသာနဉ္စာယတနဈာန်ကို အာရုံပြုခွင့် မရတော့ချေ ။]

စတုတ္ထအာရုပ္ပ (နေဝသညာနာသညာယတန)စျာန်သည် တတိယအာရုပ္ပ အာကိဉ္စညာယတနစျာန်တည်း ဟူသော မဟဂ္ဂုတ်တရားကို အာရုံပြု၏၊ ထိုသို့ အာရုံပြုရာဝယ် အကျယ်ကို ရှေးနည်းအတိုင်းသိပါ ၊ အကျဉ်း မှတ်ဖွယ်ကား–နဝသညာနာသညာယတနကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာယတနကုသိုလ်ကို အာရုံပြု၏၊ ဝိပါက်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဖူးသော အာကိဉ္စညာ ယတကုသိုလ်ကိုသာ အာရုံပြု၏၊ ကြိယာသည်ကား ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌(မိမိသန္တာန်၌)ဖြစ်ဖူး သော အာကိဉ္စညာယတနကုသိုလ် ကြိယာကို အာရုံပြု၏၊

[ ဆောင်] ကုသိုလ်ဟူက, ဤဘဝနှင့် , ထိုဘဝရှေး, ဖြစ်ရေးအဇ္ဈ, ကုသလကို, မုချအာရုံ, ပြုရတုံ၏၊ တစ်ဖုံဝိ ပါက်, ရှေးဘဝတွက်သာ၊ ကိရိယာမူ,နှစ်ဖြာခုရှေး,ဘဝဒွေးဝယ်,ဖြစ်ရေးအဇ္ဈ, ကုသလနှင့်, ကိရိယ စု, လျော်စွာပြုသည်,....ရှုလေ အာရုံ အခွဲတည်း။

သေသာနိ မဟဂ္ဂတစိတ္တာနိ သဗ္ဗာနိပိ ပညတ္တာရမဏာနိ။ ။ဤဝါကျ၌ သေသ၏ အပါဒါန်ကို အဘိ ညာဏ်ကိစ္စ တပ်ခိုက် ရူပကုသိုလ် ကြိယာ ပဉ္စမစျာန်နှင့် ဒုတိယ စတုတ္ထ အာရုပ္ပစိတ်များကို ခံပါ၊ ထိုစိတ် တို့မှ ကြွင်းသော မဟဂ္ဂုတ်စိတ် (၂၁)ကား ဆိုင်ရာ ပညတ်တရားကိုသာ အာရုံပြု၏၊ ထိုပညတ်များသည် ပထဝီကသိုဏ်း စသော ကသိဏပညတ်, အသုဘပညတ်စသောအားဖြင့် (၂၈)ပါး ရှိ၏၊ ကမ္မဋ္ဌာန်းပိုင်း၌ ထင်ရှားလတ္တံ့။

အမှာ။ ။စေတသိက်တို့ကို ရေတွက်ခြင်း , ဧကန် အနေကန် အာရုံပြုအခွဲ, အဇ္ဈတ္တ စသည်ကို အာရုံ ပြုသော စေတသိက်များ, ဤအလုံးစုံကို မာတိကာ အကောက်မှာ ကျေးဇူးများသည့်အတွက် အခြေပြု သင်္ဂြိုဟ်တုန်းက ရေးခဲ့ပြီ။

ဝတ္ထုသင်္ဂဟအဖွင့်

ဝတ္ထုသင်္ဂဟေ ဝတ္ထူနိ နာမ စက္ခု ၊ပေ၊ ဆဗ္ဗိဓာနိ ဘဝန္တိ။ ။ဝသန္တိ ဧတ္ထာတိ ဝတ္ထု၊ ဧတ္ထ-ဤစက္ခုစသည် ၌၊ ဝသန္တိ-စိတ် စေတသိက်တို့ မှီနေကြကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဝတ္ထု-မည်၏၊ ကျောင်း၏ တည်ရာ မှီရာ မြေကို "ဝိဟာရဝတ္ထု=ကျောင်းနေရာ"ဟု ခေါသကဲ့သို့, ထို့အတူ စိတ်စေတသိက်တို့၏ မှီရာဖြစ်သော ရုပ် တရားကို "ဝတ္ထု" ဟု ခေါ်သည်။

တာနိ ကာမလောကေ သဗ္ဗာနိပိ လဗ္ဘန္တိ။ ။စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, စသော ဣန္ဒြေ(ပသာဒ) အပြည့်အစုံ ရရှိသူတို့ ကာမဘုံ၌သာ ဖြစ်ခွင့်ရသောကြောင့် ကာမဘုံ၌ ထိုဝတ္ထုရုပ်အားလုံးကို ရနိုင်သည်၊ ထင်ရှားစေအံ့–ကာမာဝစရကုသိုလ်ကံသည် ဝတ္ထုအာရုံ ကာမဂုဏ်ကို တောင့်တသော ကာမတဏှာလျှင် အရင်းခံရှိ၏၊ ထို့ကြောင့် ထိုကုသိုလ်ကံ အကျိုးပေးသောအခါ အရင်းခံ တဏှာ၏ အလိုကျအောင် ရူပ သဒ္ဒ စသော အာရုံငါးပါးကို စုံစုံလင်လင် ခံစားနိုင်ဖို့ရာ စက္ခု-သောတ-ဃာန-ဇီဝှာ-ကာယဟူသော ကမ္မဇရုပ် ဣန္ဒြေတို့ကို အကုန်အစင် စီမံပေးရသည်၊ ဤသို့ ဣန္ဒြေပြည့်စုံသော ပုဂ္ဂိုလ်များသည် ကာမတဏှာ၏ နယ်ပယ်ဖြစ်သော ကာမဘုံ၌သာ ဖြစ်ခွင့်ရှိသောကြောင့် ကာမဘုံ၌ ဝတ္ထုရုပ် (၆)ပါးလုံးကို ရနိုင်သည်။

ရူပလောကေ ပန ဃနာဒိတ္တယံ နတ္ထိ။ ။ရူပဘုံသို့ ရောက်ကြောင်းဖြစ်သော ရူပစျာန်ကား ဝတ္ထုအာရုံ ကာမဂုဏ်ကို စက်ဆုပ်သော ကာမဝိရာဂဘာဝနာတည်း၊ ဝတ္ထုအာရုံဟူသည်လည်း ရူပါရုံစသော အာရုံများ ဖြစ်ရကား ပယ်ရှား၍မဖြစ်နိုင်၊ သူ့ဘာသာ လှနေသောရူပါရုံကို မလှအောင် ပယ်လို့မရ, ပယ်လည်း မပယ် ထိုက်၊ သာယာဖွယ်အသံ, မွှေးကြိုင်သောရနံ့, ကောင်းသောအရသာ, တွေ့ထိဖွယ်ရာ အတွေ့အာရုံများကို လည်း ပယ်ရှားလို့ မဖြစ်နိုင်၊ သူတို့အတွက် အကုသိုလ်များ၍ စက်ဆုပ်ရိုးမှန်လျှင် "ကြွက်မနိုင် ကျီမီးရှို့" ဟူသကဲ့သို့, ထိုအာရုံများကို မပယ်ဘဲ ထိုအာရုံများနှင့် ဆက်သွယ်၍နေသော ကိုယ့်ဆိုင်ရာ ပသာဒကိုသာ ပယ်ရှားခွင့် ရှိသည်၊ ထို့ကြောင့် ကာမဂုဏ်ကို လွန်စွာစက်ဆုပ်သဖြင့် တရားအားထုတ်သော ယောဂီပုဂ္ဂိုလ် ၏ ဘာဝနာကို ကာမဝိရာဂဘာဝနာဟု ခေါ်၏၊ ထိုကာမဝိရာဂဘာဝနာသည် အကျိုးပေးသောအခါ သူပယ် ရှားနိုင်သော ပသာဒရုပ်ငါးပါးလုံးကိုပင် ပယ်ရှားချင်၏၊ သို့သော် စက္ခု သောတဟူသော ပသာဒနှစ်ပါး အတွက်မှာ ဘုရားဖူး တရားနာ ကျေးဇူးများသောအရာက ရှိနေသေးသောကြောင့် ခြွင်းချက်ထား၍ ဃာန- ဇိဝှါ-ကာယ ပသာဒသုံးခုကိုသာ ပယ်ရှားရပေသည်၊ သို့အတွက် ရူပဘုံ၌ ဃာနာဒိတ္တယကို မရတော့ချေ။ ဋီကာကျော်။ ။ဗြဟ္မာနံ ကာမဝိရာဂဘာဝနာဝသေန ဂန္ဓရသဖောဋ္ဌဗ္ဗေသု ဝိရတ္တတာယ, တဗ္ဗိသယပသာ

ဒေသုပိ ဝိရာဂသဗ္ဘာဝတော(ဃာနာဒိတ္တယံ နတ္ထိ)၊ ဗုဒ္ဓဒဿနဓမ္မဿဝနာဒိအတ္ထံ ပန စက္ခုသောတေသု အဝိရတ္တဘာဝတော စက္ခာဒိဒွယံ တတ္ထဥပလဗ္ဘတိ။

ဃာနာဒိတ္တယံ နတ္ထိနှင့် အဟီနိန္ဒြိယ။ ။ရူပဗြဟ္မာတို့ကို ချီးမွမ်းသော ပါဠိတော်များ၌ "ရူပီ-ရုပ်ရှိ၏၊ အဟီနိန္ဒြိ ယော-မယုတ်လျော့သော ဣန္ဒြေ ရှိ၏" ဟူသော စကားနှင့် "ဃာနာဒိတ္တယံ နတ္ထိ" ဟူသော ဤသင်္ဂြိုဟ် စကားသည် မဆန်ကျင်ပါလော၊ အဖြေကား–"အဟီနိန္ဒြိယော" ဟူသော ပါဠိတော်သည် ပုံသဏ္ဌာန်ကို ရည်ရွယ်သော စကားတည်း၊ "ဃာနာဒိတ္တယံ နတ္ထိ" ကား ဃာနပသာဒစသည်ကို ရည်ရွယ်သော စကားဖြစ်သည်၊ ထို့ကြောင့် အချင်းချင်း မဆန့်ကျင်ပါ၊ဤစကားအရ ရူပဗြဟ္မာများ၌ ဃာန ဇိဝှါ ကာယ ပသာဒရုပ်များသာ မရှိသည်၊ နှာခေါင်းပုံသဏ္ဌာန်, လျှာနှင့် ကိုယ်ခန္ဓာကြီးကား အထင်အရှားရှိသည်" ဟုမှတ်ပါ။

ဇိနာလင်္ကာရဋီကာ။ ။တတ္ထ ဗြဟ္မာပါရိသဇ္ဇတော ပဋ္ဌာယ ဣမာနိ သောဠသ ရူပါဝစရာနိ နမ၊ တေသု သဗ္ဗေ ပုရိသသဏ္ဌာနာ၊ ဣတ္ထိပုရိသဗျဉ္ဇနနိမိတ္တံပိ နတ္ထိ၊ စက္ခုသောတာနိ ပန အတ္ထိ, ရူပံ ပဿန္တိ၊ သဒ္ဒံ သုဏန္တိ ၊ဃာနံအတ္ထိ, ဃာနပ္ပသာဒေါ စ ဃာနဝိညာဏဉ္စ နတ္ထိ ၊ တသ္မာ ဂန္ဓံ န ဇာနန္တိ၊ သမ္မာ ပရိဝတ္တဇိဝှာ အတ္ထိ၊ တသ္မာ ဟသန္တိ ၊ ဇိဝှါဝိညာဏံ စ နတ္ထိ၊ တသ္မာ ကိဉ္စိ ရသံ န ဇာနန္တိ, န ခါဒန္တိ, န ပိဝန္တိ၊ စျာနပီတိယေဝ တေသံ အာဟာရော ဟောတိ၊ ကာယောအတ္ထိ, ကာယပ္ပသာဒေါ စ ကာယဝိညာဏံ စ နတ္ထိ၊ တသ္မာ တေ ကိဉ္စိ ဖဿံ န ဇာနန္တိ၊ ဧဝံ သန္တေပိ နိဝါသနပါရုပန သာဋကာ အတ္ထိ, ဗြဟ္မဝိမာနသယနာနိ အတ္ထိ, ကေသာ နခါ ဒန္တာ အတ္ထိ, သေသကောဋ္ဌာသာနိ ပန နတ္ထိ၊ ဒီပသိခါ ဝိယ သရီရံ ဟောတိ, မလမုတ္တမဂ္ဂါ နတ္ထိ,ဣတ္ထိယော နတ္ထိ, နစ္စဂီတာဒီနိ နတ္ထိ၊ ကေစိ အရိယဝိဟာရေန, ကေစိ ဒိဗ္ဗဝိဟာရေန, ကေစိ ဗြဟ္မ ဝိဟာရေန ဝိဟရန္တီတိ။

အရူပလောကေ ပန သဗ္ဗာနိပိ နသံဝိဇ္ဇန္တိ။ ။အရူပစျာန်မည်သည် ရူပဝိရာဂ (ရုပ်ဟူသမျှကို စက်ဆုပ် သော) ဘာဝနာတည်း၊ ထို့ကြောင့် အရူပစျာန်၏ အကျိုးပေးရာ အရူပဘုံ၌ ဝတ္ထုရုပ်(၆) ပါးလုံး မရှိ။ [ ကာမ လောကေ သဗ္ဗာနိပိ နှင့် ဤသဗ္ဗာနိပိဝယ် ပိသဒ္ဒါသည် သမ္ဘာဝနာဇောတကချည်းတည်း။]

တတ္ထ ပဉ္စဝိညာဏဓာတုယော ယထာက္ကမံ ဧကန္တေန ပဉ္စပသာဒဝတ္ထူနိ နိဿာယေဝ ပဝတ္တန္တိ။ ။ "ဧကန္တေန နိဿာယ"ဖြင့် ရံခါ စက္ခုဝတ္ထုကိုမှီ၍ ရံခါ ဟဒယဝတ္ထုကို မှီခြင်းစသော အနေကန်မျိုး မဟုတ်ဟု ပြသည်၊ နိဿာယေဝ၌လဧဝဖြင့် အရူပဘုံ၌ စိတ်အချို့ကဲ့သို့ ရံခါမမှီခြင်းကို ကန့်သည်။ အဝသေ သာ ပန မနောဝိညာဏဓာတုသင်္ခါတာ စ သန္တီရဏမဟာဝိပါက ပဋိဃဒွယပဌမမဂ္ဂဟသနရူပါဝ

စရဝသေန ဟဒယံ နိဿာယေဝ ပဝတ္တန္တိ။ ။သန္တီရဏ( ၃), မဟာဝိပါက်(၈), ဒေါသမူ(၂), သောတာပတ္တိ မဂ်(၁), ဟသိတုပ္ပာဒ်( ၁), ရူပစိတ် (၁၅), ဤ (၃၀)သောစိတ်များသည် အရူပဘုံ၌ မဖြစ်၊ ဟဒယဝတ္ထုရုပ် ရကောင်းရာ ကာမ ရူပဘုံ၌သာ ဖြစ်သောကြောင့် ဟဒယဝတ္ထုကို အမြဲမှီကြ၏၊ ဤစိတ်တို့ အရူပဘုံ၌ မဖြစ် ခြင်း၏အကြောင်းကို ဋီကာကျော်ဖွင့်သည့်အတိုင်း ဆိုအပ်လတ္တံ့ လင်္ကာဖြင့် သိရာ၏။

[ ဆောင်] မှတ်လော့သာကြည်, ကဗျာစီပိမ့်, သန္တီမဟာ-ဝိပါကာတို့,ဒွါရာကိစ္စ, မရှိကြ၍, အရူပ၌, မဖြစ်ထိုက် ခဲ့၊ နောက်လိုက်ဒေါသ, ပဋိဃမှာ,နီဝရဏမှန်,မြဲဧကန်ကြောင့်,စျန်ကိုတားလွှင့်, တရားရင့်မို့, သူနှင့် ယှဉ်တူ, ဒေါသမူကား,ရူပ၌ပင်,မဖြစ်ချင်စွ, အရူပဝယ်, မဆိုဖွယ်သာ။

မဂ်သောတာလည်း , ဆရာသမား,ဘုရားအထံ, တရားမှန်ကို, နာခံမရ-ရှိတုံကမူ, သာဝကသန္တာန်, အမှန် ဖြစ်မျိုး, မရှိရိုးတည်း၊ ကိုယ်ကျိုးစီးပွား, ကိုယ့်တရားဖြင့်, ဘုရား ပစ္စေ, ဖြစ်ကြပေလည်း, လူ့ပြည်၌ သာ, ဖြစ်ရိုးရာမို့, သောတာပတ္တိ, မဂ်မရှိခဲ့။

ဟသိတုပ္ပါဒ် , ယင်းစိတ်ဓာတ်လည်း, ပြုံးတတ်စေဖို့, ကာယချို့သဖြင့်, မဖြစ်သင့်တန်၊ ရူပစျာန်မှာ, ဘာဝ နာတွက်,တပ်မက်လွတ်ကင်း, စက်ဆုပ်ခြင်းကြောင့်, အလျှင်းယူဆ, အရူပ၌, မဖြစ်ထိုက်၍, စွဲပိုက် ဟဒယ၊ မြဲမှီကြသည်,...ဓမ္မ သုံးဆယ်နှင်နှင်တည်း။

သန္တီမဟာ၊ပေ၊မဖြစ်ထိုက်ခဲ့။ ။သန္တီရဏသည် ပဉ္စဒွါရ၌ သန္တီရဏကိစ္စတပ်၏၊အရူပဘုံ၌ ပဉ္စဒွါရမရှိရကား သန္တီရဏကိစ္စလည်း မရှိ၊ သန္တီရဏ မဟာဝိပါက်တို့ တဒါရုံကိစ္စတပ်ဖို့ရာလည်း ကာမဇော, ကာမသတ္တဝါ, ကာမအာရုံ, သုံးပါးမစုံသောကြောင့် တဒါရုံကိစ္စမတပ်နိုင်၊ ဤသို့ ဖြစ်ရာဒွါရနှင့် ပြုဖို့ကိစ္စမရှိသောကြောင့် ထိုစိတ်များသည် အရူပဘုံ၌ မဖြစ်ထိုက်။

နောက်လိုက်ဒေါသ၊ပေ၊မဆိုဖွယ်သာ။ ။လောဘသည် စျာန်ကိုတားမြစ်သော နီဝရဏလောဘ,နီဝရဏ မဟုတ်သော လောဘဟု နှစ်မျိုးရှိသကဲ့သို့ ဒေါသကား နှစ်မျိုး မရှိ၊ ဒေါသမှန်လျှင် နီဝရဏ ဧကန်သာတည်း၊ ထို့ကြောင့် ဒေါသနှင့်ယှဉ်သော ဒေါသမူစိတ်တို့သည် စျာန်တရား၏ ကျက်စားရာ ရူပဘုံမှာပင် ဖြစ်ခွင့်မရ၊ အထက်တန်းကျသော အရူပဘုံအတွက်မှာ ဆိုဖွယ်ရာ မရှိတော့ပြီ။

မဂ်သောတာလည်း ၊ပေ၊ မရှိခဲ့။ ။"သပ္ပုရိသသံသေဝ-အရိယာဖြစ်အောင် ဟောပြနိုင်သော သူတော် ကောင်းတို့ကို မှီခိုရခြင်း, သဒ္ဓမ္မဿဝန-အရိယာဖြစ်ကြောင်း သူတော်ကောင်းတရားကို နာရခြင်း, ယောနိသောမနသိကာရ သင့်တင့်အောင် နှလုံးသွင်းမူှ, ဓမ္မာနုဓမ္မပဋိပန္န-လောကုတ္တရာတရားအားလျော်သော ဝိပဿနာအကျင့်ကို ကျင့်မူှ၊ ဤလေးပါးသည် သောတာပတ္တိမဂ်ရဖို့ရန် အကြောင်းဖြစ်၏၊ ထို့ကြောင့် "သူတော်သူမြတ်, မြဲဆည်း ကပ်၍၊ မှတ်မှတ်သားသား, တရားကိုနာ၊ ဖြူစွာနှလုံး, တစ်ဖြောင့်သုံးလျက်၊ အားတက်ကျင့်ကြံ, သောတာပန် ,ဖြစ်ရန်အကြောင်းလေး" ဟု မဟာဝဂ္ဂ, သောတာပတ္တိသံယုတ်, ဝေဠုဒွါရဝဂ်နှင့်အညီ ဆိုရသည်။

ဤပါဠိတော်နှင့်အညီ သစ္စာလေးပါးကို ဟောပြနိုင်သော ဆရာသမားဘုရားရှင်၏ အထံတော်၌ တရားမှန် ကို နာခံရမှသာ သောတာပတ္တိမဂ်ကို ရနိုင်ကြ၏၊ ဤသို့ တရားသံ နာခံမှုကို "ပရတောဃောသပစ္စယ" ဟု အချို့အရာ၌ ဆို၏၊ [ပရတော=သူတစ်ပါးအထံမှ+ဃောသ=တရားသံဟူသော+ပစ္စယ=အကြောင်း (မဂ်ရ ခြင်း၏ အကြောင်း)။] အရူပဘုံ၌ကား တရားနာဖို့ရန် နား (သောတ) ကို မဆိုထားဘိ, ခန္ဓာကိုယ်ပင် မရှိချေ၊ ကိုယ့်တရားကို ကိုယ်ရှာ၍ဖြစ်ကြသော ဘုရား ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည်လည်း လူ့ပြည်၌သာ ဖြစ်တော် မူကြရိုးတည်း၊ ထို့ကြောင့် အရူပဘုံ၌ သောတာပတ္တိမဂ်စိတ် မရှိနိုင်၊ [သောတာပတ္တိမဂ်ကို ရပြီးနောက် အထက်မဂ်များကို ရဖို့အတွက်မှာ တရားကို မနာရသော်လည်း အလိုလို တရားသားတက်၍ အထက်မဂ်များ ကို ရနိုင်ကြ၏။]

ဟသိတုပ္ပါဒ်၊ပေ၊မဖြစ်သင့်တန်။ ။ပြုံးရယ်ဖို့ရာ ခန္ဓာကိုယ်မရှိသော အရူပဘုံ၌ ဟသိတုပ္ပာဒ် ဖြစ်ရန် မထိုက်တန်တော့ချေ။

ရူပစျာန်မှာ၊ပေ၊စက်ဆုပ်ခြင်းကြောင့်။ ။ရူပဝိရာဂဘာဝနာဖြစ်သော အရူပစျာန်သည် ရုပ်တရားကိုသာ စက်ဆုပ်သည် မဟုတ်,"ကျူပင်ခုတ် ကျူငုတ်မှ မချန်ရ" ဟူသကဲ့သို့, ကသိုဏ်းရုပ်ကို အာရုံပြုသော ရူပစျာန် ကိုပါ "ငါမကြိုက်တဲ့ ရုပ်ကို သင်းတို့က အာရုံပြုရသလား" ဟု ရွံမုန်းထားခြင်းကြောင့် အရူပဘုံ၌ ရူပစျာန်များ လည်း မဖြစ်ထိုက်၊ ထို့ကြောင့် ယခုပြအပ်ခဲ့သော စိတ်(၃၀)သည် ရုပ်၏ဖြစ်ရာ ကာမ ရူပဘုံတို့၌သာ ဖြစ်ကြ ရကား ဟဒယဝတ္ထုရုပ်ကို အမြဲမှီကြရသည်။

အဝသေကုသလာကုသလကြိယာနုတ္တရဝသေန၊ပေ၊အနိဿာယ ဝါ။ ။"အဝသေသာ" ဟု ပဌမာဗဟု ဝစနန္တဖြင့် ယခုကာလ စာအုပ်များ၌ တွေ့ရ၏။ "အဝသေသာနိ ဒွါဒသ လောကိယကုသလာနိ" စသော ဋီကာ ဖွင့်ကိုထောက်လျှင် အဝသေသနှင့် ကုသလာကုသလကြိယာနုတ္တရတို့ တုလျာဓိကရဏဖြစ်ကြောင်း သိသာသည်၊ "အဝသေသာနိ စ တာနိ ကုသလာကုသလကြိယာနုတ္တရာနိ စာတိ အဝသေသကုသလာကုသလကြိ ယာနုတ္တရာနိ၊ အဝသေသကုသလာကုသလကြိယာနုတ္တရာနံ+ဝ သော, အဝသေသကုသလာကုသလကြိ ယာနုတ္တရဝသော" ဟု ဝိဂြိုဟ်ပြုစေလိုသည်၊ စာသွားကို ဆင်ခြင်ပြန်လျှင် "အဝသေသာပန မနောဝိညာဏ ဓာတုသင်္ခါတာ စ" ဟူ သော ကတ္တားပါဌ်သည် "အဝသေသကုသလာကုသလကြိယာနုတ္တရဝသေန ဟဒယံ နိဿာယ ဝါ အနိဿာယ ဝါ"ဟူသော ဝါကျနှင့် "အာရုပ္ပဝိပါကဝသေန ဟဒယံ အနိဿာယေဝ" ဟူသော ဝါကျများသို့ လိုက်နိုင်၏၊ ဤသို့ ဋီကာဖွင့်နှင့် စာသွားကို ထောက်လျှင် "အဝသေသကုသလာကုသလကြိယာနုတ္တရဝသေ န"ဟု ရှိမှသင့်မည်၊ အဝသေသ၏ အပါဒါန်ကို ရှေ့ဝါကျက သန္တီရဏပဋိဃဒွယပဌမမဂ္ဂဟသနရူပါဝစရ ကုသိုလ်ကြိယာများကို ခံပါ။

စေတသိက်ကို ရေတွက်ခြင်း

[ဆောင်] ရံခါမှီမှု, ဆဝတ္ထုက, ခုနှစ်ဝတည်း, ဟဒယစွဲ, မှီမြဲခြောက်ဖြာ, ရံခါမှီမျိုး, သုံးဆယ့်ကိုး, ပေါင်းရိုး ဒွိပညာ။

ဝတ္ထုရုပ် (၆)ပါးကို ရံခါမှီသော စေတသိက်ကား သဗ္ဗစိတ္တသာဓာရဏ(၇)ပါးတည်း၊[ပဉ္စဝေါကာရ၌ ဖြစ်ခိုက် ဆဝတ္ထုကိုမှီ၍ စတုဝေါကာရ၌ဖြစ်ခိုက် ဆဝတ္ထုကိုမမှီ၊] [ဟဒယဝတ္ထုကို အမြဲအစွဲမှီသော စေတသိက်ကား ဒေါသဣဿာမစ္ဆရိယကုက္ကုစ္စနှင့် အပ္ပမညာဒွေးတည်း၊ ထိုတွင် ဒေါသစသည်မှာ ကာမဘုံ၌ဖြစ်သောကြောင့် ဟဒယဝတ္ထုကို အမြဲမှီသည်၊ သတ္တဝါ အကောင်အထည် ပညတ်ကို အာရုံပြုသော အပ္ပမညာဒွေးလည်း ရှေးဦးစွာ ပုံသဏ္ဌာန်ကို မြင်ရမှ သတ္တဝါပညတ်ကို အာရုံပြုနိုင်မည်၊ သို့အတွက် အရူပဘုံမှာ အပ္ပမညာဒွေးမ ရထိုက်သဖြင့် ကာမ ရူပ၌သာဖြစ်ရကား ဟဒယဝတ္ထုကို အမြဲမှီသည်ဟုကြံပါ၊ ကြွင်းစေတသိက် (၃၉)ကား ကာမရူပ၌ဖြစ်ခိုက် ဟဒယဝတ္ထုကိုမှီ၍, အရူပဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုကို မမှီ။[ဆရာတို့ကား "ဟဒယစွဲ မှီမြဲ လေးဖြာ" ဟုဆို၍ အပ္ပမညာကို အရူပဘုံ၌ ဖြစ်ထိုက်၏ဟု ယူဆကြဟန်တူ၏၊သို့သော် အရူပဗြဟ္မာတို့သည် ရုပ်တရားကို လုံးဝ စက်ဆုပ်ကြသည့်အတွက် ရုပ်နှင့်ဆက်သွယ်နေသော အာရုံမှန်လျှင် ကသိုဏ်းပညတ်ကို ပင် အာရုံမပြုရတော့ကား ဤသတ္တဝါပညတ်ကိုလည်း အာရုံပြုဖွယ် မရှိပါ။]

ဓာတ်သုံးပါး အထူး

မနောဓာတ်။ ။မနောဓာတ်သုံးပါးတွင် ပဉ္စဒွါရာဝဇ္ဇန်းသည် အသစ်ဖြစ်သော အာရုံကို ရှေးဦးစွာ တစ်ကြိမ်မျှ ယူရခြင်းကြောင့် သူများနောက်မှ ဆက်လက်၍ အာရုံကို ယူရသလောက်လည်းကောင်း, အကြိမ်များစွာ ယူရသလောက်လည်းကောင်း, ထိထိရောက်ရောက် မရှိချေ၊ ထို့ပြင် မှီရာဝတ္ထုချင်းမတူသော ပဉ္စဝိညာဏ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုရသည့်အတွက် မှီရာတူသောစိတ်အား ကျေးဇူးပြုရသလောက် မသက်သာပေ၊ သမ္ပဋိစ္ဆိုန်းဒွေးလည်း မှီရာဝတ္ထုချင်း မတူသော,

ပဉ္စဝိညာဏ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုခံရသောကြောင့် မှီရာတူစိတ်မှ ကျေးဇူးပြုခံရသလောက် အားမ ရှိချေ၊ သို့အတွက် "မနော ဧဝ-သိကာမတ္တ သိရုံမျှသာဖြစ်သော၊ ဓာတု-ဓာတ်တည်း" ဟူသော ဝိဂြိုဟ်အရ မနောဓာတ်ဟု မှည့်ခေါ်ရသည်။

ပဉ္စဝိညာဏဓာတ်။ ။ပဉ္စဝိညာဏ်တို့ကား မိမိတို့မှီရာဝတ္ထု၌ တိုက်ရိုက်ထင်လာသော အာရုံကို အလွယ် တကူ ယူရုံသာဖြစ်၍ မနောဓာတ်ထက် သိမှု အားရှိကြပေသည်၊ သို့အတွက် သိခြင်းအနက်ဟော ဉာဏ သဒ္ဒါပေါ်တွင် ဝိဥပသာရပုဒ်ကို အမွှန်းတင်ပြီးလျှင် "ဝိသေသနမနောဓာတ်ထက် ထူးသောအားဖြင့်၊ ဇာနာ တိ-သိတတ်၏၊ ဣတိ-ထို့ကြောင့် ၊ ဝိညာဏံ-ဝိညာဏမည်၏" အရ ဝိညာဏဓာတ်ဟု ခေါ်သည်။ သို့သော် မှီ ရာမတူသော အာဝဇ္ဇန်းမှ အနန္တရသတ္တိကို ရ၍ မှီရာမတူသော သမ္ပဋိစ္ဆိုန်းအား အနန္တရသတ္တိဖြင့် ကျေးဇူးပြု သည့်အတွက် မှီရာတူစိတ်မှ ကျေးဇူးပြုခံရသလောက်လည်းကောင်း, မှီရာတူအား ကျေးဇူးပြုသလောက် လည်းကောင်း အားမပြည့်တတ်ချေ။

မနောဝိညာဏဓာတ်။ ။မနောသဒ္ဒါလည်း "သိခြင်း" အနက်, ဝိညာဏသဒ္ဒါလည်း "အထူးသိခြင်း" အနက်, သဒ္ဒါနှစ်ပါးကို ယှဉ်ဖက်ထားသဖြင့် "အများကြီးသိ, သိပ်သိ, အလွန်အကျူး အထူးသိ" ဟူသော အဓိပ္ပာယ်ကို နားလည်နိုင်လောက်ပြီ၊ အလွန်အကျူး အထူးသိပုံမှာ-ဆိုခဲ့ပြီးစိတ်များကဲ့သို့ မဟုတ်ဘဲ, အာရုံ သစ်ကို ရှေးဦးစွာ ထွက်၍ မယူရခြင်း (မနောဒွါရာဝဇ္ဇန်းကဲ့သို့ ယူရစေကာမူ) မှီရာတူသောစိတ်မှ အနန္တရ သတ္တိဖြင့် ကျေးဇူးပြုခံရ၍, မှီရာတူသော နောက်စိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုရခြင်းကြောင့် အာရုံ ကို သိရာ၌ ထိထိမိမိ သိကြသည်၊ သို့အတွက် "မနော ဧဝ-မနသည်ပင်၊ ဝိညာဏံ-အထူးသိတတ်သော စိတ်တည်း၊ မနောဝိညာဏံ-မနသည်ပင် အထူးသိတက်သောစိတ်"၊ ဤသို့ စိတ်အနက်ကို ဟောသော မနောနှင့် ဝိညာဏသဒ္ဒါနှစ်ခု ရော၍ "မနောဝိညာဏ" အမည်ရသည်။

[ ဆောင်] အာရုံပြုဟန်,အတန်တန်ဝယ်,သာမန်သိသော,ဓာတ်သဘောကို,မနောဟုမှတ်၊မနောဓာတ်ထက်, လွန်တက်သိပြန်,ဝိညာဏံတည်း၊တစ်ဖန်ထို့ထက်,ဆတက်ကဲချွန်,အလွန်အကျူး,အထူးသိသော, ဓာတ်သဘောကား,မနောဝိညာဏ်,အမည်တွင်သည်,...ဤတွင် မှတ်ဖွယ်အချုပ်တည်း။

ဤကား ပကိဏ်းပိုင်းဘာသာဋီကာ

ဝီထိပိုင်းဘာသာဋီကာ

စိတ္တုပ္ပာဒါနမိစ္စေဝံ, ကတွာ သင်္ဂဟမုတ္တရံ၊ ဘူမိပုဂ္ဂလဘေဒေန, ပုဗ္ဗာပရနိယာမိတံ၊ ပဝတ္တိသင်္ဂဟံ နာမ, ပဋိသန္ဓိပဝတ္တိယံ၊ ပဝက္ခာမိ သမာသေန, ယထာသမ္ဘဝတော ကထံ။

အနုသန္ဓေ။ ။စိတ် စေတသိက်တို့ကို ဝေဒနာစသည်ဖြင့် ခွဲခြားဝေဖန်ရာ ပကိဏ္ဏကသင်္ဂဟကို ပြဆိုပြီး၍, ယခုအခါဝယ် ထိုစိတ် စေတသိက်တို့၏ ဖြစ်ပုံကို ပြဆိုရာ ပဝတ္တိသင်္ဂဟမည်သော ဝီထိ-ဝီထိမုတ္တသင်္ဂဟ တို့ကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါသည် "စိတ္တုပ္ပါဒါနမိစ္စေဝံ" အစချီသော ဂါထာနှစ်ရပ်ကို မိန့်အပ် သတည်း၊ ဤနှစ်ဂါထာသည် ဝီထိပိုင်း ဝီထိမုတ်ပိုင်းအတွက် ပဋိညာဉ်ကိုပြသော ဂါထာတည်း၊ မှန်၏- "ပဝတ္တိသင်္ဂဟံ နာမ, ပဋိသန္ဓိပဝတ္တိယံ"၌ ၁-ပဝတ္တိသင်္ဂဟံ နာမ ပဋိသန္ဓိယံ, ၂-ပဝတ္တိသင်္ဂဟံ နာမ ပဝတ္တိယံ ဟု စကားနှစ်ရပ်ခွဲ၍, (၁)နံပါတ်စကားရပ်ဖြင့် ဝီထိမုတ်ပိုင်းအတွက် ပဋိညာဉ်ကို, (၂)နံပါတ်စကားရပ်ဖြင့် ဝီထိပိုင်းအတွက် ပဋိညာဉ်ကို ပြသည်။

အချို့ကား -"ပဝတ္တိသင်္ဂဟံ နာမ, သန္ဓိယံ ဒါနိ ဝုစ္စတိ"ဟု ဝီထိပိုင်းအတွက် ပဋိညာဉ်ကို သီးခြားဆိုလတ္တံ့ ဖြစ်သောကြောင့်"ဤနှစ်ဂါထာသည် ဝီထိပိုင်းအတွက်သာ ပဋိညာဉ်ကိုပြသော ဂါထာဖြစ်သည်"ဟု ဆိုကြ၏၊ ထိုဝါဒကို ဤကျမ်းက လက်မခံနိုင်ပါ၊ အဘယ့်ကြောင့်နည်း...သဘောတူသော အခန်းကြီး တစ်ခန်းအတွက် အပေါင်းပဋိညာဉ်ကို ပြုပြီးလျှင် အခန်းငယ် တစ်ခန်းမှတစ်ခန်းသို့ ကူးရာ၌ အစိတ်ပဋိညာဉ်ကို ထပ်၍ပြုခြင်းသည် ကျမ်းဆရာတို့ ထုံးစံ ဖြစ်သောကြောင့်တည်း၊ ဤဝီထိသင်္ဂဟနှင့် ဝီထိမုတ္တသင်္ဂဟလည်း စိတ်တို့၏ ဖြစ်ပုံကိုပြရာ ပဝတ္တိသင်္ဂဟချည်း ဖြစ်သောကြောင့် သဘောတူသော အခန်းကြီးတစ်ခန်း ဖြစ်သည်၊ ထို အခန်းကြီး တစ်ခန်းအတွက် "ပဝတ္တိသင်္ဂဟံ နာမ ပဋိသန္ဓိပဝတ္တိယံ ပဝက္ခာမိ"ဟု အပေါင်းပဋိညာဉ်ကို ပြပြီး နောက် ဝိမုတ္တိသင်္ဂဟအခန်းငယ်တစ်ခုသို့ ကူးပြောင်းသောအခါ "ပဝတ္တိသင်္ဂဟံ နာမ, သန္ဓိယံ ဒါနိ ဝုစ္စတိ" ဟု အစိတ်ပဋိညာဉ်ကို ထပ်၍ ပြုခွင့်ရှိသောကြောင့်တည်း။

စိတ္တုပါဒါနံ။ ။"ဥပ္ပဇ္ဇတိ ဧတေနာတိ ဥပ္ပာဒါ" (စေတသိက်ပိုင်း-ဋီကာကျော်) ဧတေန-ဤစေတသိက် အပေါင်းဖြင့်၊ စိတ္တံ-သည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုစေတသိက်အပေါင်းသည်၊ ဥပ္ပာဒေါ- ဥပ္ပာဒမည်၏၊ ဤဝစနတ္ထဖြင့် "ဥပ္ပာဒ" အရ စေတသိက်အပေါင်းသာ ရ၏၊ "စိတ္တဉ္စ+ဥပ္ပာဒေါ စ စိတ္တုပ္ပာဒါ" ဟူသော ဝစနတ္ထဖြင့် စိတ္တုပ္ပါဒ အရ စိတ် စေတသိက်နှစ်ပါးစုံကို ယူနိုင်၏၊ သို့သော် သင်္ဂြိုဟ်ကျမ်းဝယ် များစွာသော ဌာနတို့၌ "စိတ္တုပ္ပာဒါ, စိတ္တုပ္ပာဒါနံ, စိတ္တုပ္ပာဒေသု, စိတ္တုပ္ပာဒဝသေန"ဟု စိတ္တုပ္ပာဒသဒ္ဒါ သုံးစွဲထားသည်ကို တွေ့ရ၏၊ တွေ့ရသမျှ ကို စိစစ်လျှင် စေတသိက်ကို မယူဘဲ စိတ်ကိုချည်းသာ ယူသင့်သောဌာနက များ၏၊ ပကိဏ်းပိုင်း၌ "စိတ္တုပ္ပာ ဒဝသေနေဝ, သင်္ဂဟော နာမ နီယတေ" ဟု ဆိုပြီးလျှင် ဝေဒနာသင်္ဂဟစသည်ကို ပြသောအခါ စေတသိက် ကို တို့ရုံမျှမတို့ဘဲ စိတ်ကိုသာ ပဓာနထား၍ ပြခဲ့သည်၊ ဤဝီထိပိုင်း၌လည်း စိတ်ကိုသာ ပဓာနထား၍ ပြလတ္တံ့၊ ထို့ကြောင့် စိတ္တုပ္ပာဒအရ စိတ်ကိုချည်း ယူခြင်းက ကျမ်းဆရာ၏ အာဘော်ကျပေလိမ့့်မည်၊ စိတ်ကို တိုက်ရိုက်ဆိုလိုက်လျှင် ယှဉ်ဖက်စေတသိက်များလည်း ပဓာနနည်း, ဥပလက္ခဏနည်းတို့အရ ပါဝင်ပြီးဖြစ် ကြတော့သည်၊ [စိတ္တုပ္ပာဒအရ စိတ်ကိုသာယူရာ၌ "ဥပ္ပဇ္ဇတီတိ ဥပ္ပာဒေါ, စိတ္တမေဝ ဥပ္ပာဒေါ စိတ္တုပ္ပာဒေါ= ဥပါဒ်သောစိတ်"ဟု အဋ္ဌသာလိနီ-အဋ္ဌကထာကဏ္ဍ၌ တိုက်ရိုက်ဝစနတ္ထ ပြုထားသည်၊ ဋီကာ၌ကား တစ်မျိုး ပြလေသေး၏ ။]

ဘူမိပုဂ္ဂလဘေဒေန။ ။"ဘူမိပုဂ္ဂလဘေဒေန-ဘုံပုဂ္ဂိုလ်တို့၏ အပြားအားဖြင့်၊ လက္ခိတံ-မှတ်သားအပ် သော"ဟု လက္ခိတံပုဒ်ကိုထည့်၍ ဋီကာကျော်ဖွင့်၏၊ ဘေဒေန၌ နာဝိဘတ်သည် ဣတ္ထမ္ဘူတလက္ခဏအနက် ၌ သက်သည်ဟု ယူလိုသတဲ့၊ သို့သော် လက္ခဏဟူသည် အများထက် ထူးခြားသော အမှတ်အသားတစ်မျိုး တည်း၊[သဒ္ဒါကျမ်းက ပုံစံများကို စဉ်းစားကြည့့်ပါ၊] ဤ "ဘူမိပုဂ္ဂလဘေဒ"ကား ထူးခြားသော အမှတ်အသား မဟုတ်၊ စိတ်တို့ဖြစ်ပုံ(ပဝတ္တိ)ကို ပြရာဝယ် ဘူမိဘေဒ ပုဂ္ဂလဘေဒအခန်းများလည်း ပါဝင်လိမ့့်မည်ဟု ဆိုလိုသည်၊ ထို့ကြောင့် ဘေဒေန၌ နာဝိဘတ်ကို သဟတ္ထ(သဟအနက်ရှိသည်)ဟု ကြံပြီးလျှင် "ဘူမိပုဂ္ဂလဘေ ဒေန-ဘူမိပုဂ္ဂလဘေဒနှင့်တကွ"ဟု အနက်ဆိုရာ၏၊ ဤဘူမိပုဂ္ဂလဘေဒေနဖြင့် ဝီထိပိုင်းအဆုံးနားက ပုဂ္ဂလ ဘေဒနှင့် ဘူမိဝိဘာဂအခန်းလောက်သာမက, ဝီထိပိုင်း ဝီထိမုတ်ပိုင်း၌ပါသော ဘုံနှင့်ဆိုင်ရာ ပုဂ္ဂိုလ်နှင့်ဆိုင် ရာ အားလုံးကိုပင် ပြလိုရင်းဖြစ်၏၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါသည်ပင် ပရမတ္ထဝိနိစ္ဆယ၌...

ဣတော ပရံ ပဝက္ခာမိ, ဘူမိပုဂ္ဂလဘေဒတော၊ စိတ္တာနံ ပန သဗ္ဗေသံ, ကမတော သင်္ဂဟံ ကထံ၊ စတုရာပါယာဘူမီတိ, ကာမေ ဒုဂ္ဂဟိယော မတာ။

စသည်ဖြင့် "ဘူမိပုဂ္ဂလ, ဘူမိပုဂ္ဂလစိတ္တပဝတ္တိ, ဘူမိပုဂ္ဂလသမ္ဘဝ"ဟု အခန်းသုံးခန်း ပိုင်းခြား၍ ကျယ်ဝန်း စွာ ဆိုသည်၊ ထိုဆိုသမျှ စကားရပ်များလည်း ဤဝီထိပိုင်း ဝီထိမုတ်ပိုင်းမှာ ပါဝင်သော ပုဂ္ဂလဘေဒ ဘူမိဝိဘာဂ ဘူမိစတုက္က ပဋိသန္ဓိစတုက္ကစကားမျိုးသာတည်း၊ ဤ အဓိပ္ပာယ်သွားကို ထောက်ထားလျှင်

ဝီထိ(၆)ပါး

ပဝတ္တိသင်္ဂဟံ နာမ ပဋိသန္ဓိပဝတ္တိယံ, ပဝက္ခာမိ" ဟူသော ပဋိညာဉ်သည် ဝီထိပိုင်း ဝီထိမုတ်ပိုင်း နှစ်ပိုင်းလုံး အတွက် ပဋိညာဉ်ဖြစ်ကြောင်း သာ၍ ထင်ရှား၏၊ "စိတ္တာနံ ပန သဗ္ဗေသံ"ဟူသော စကားကို ထောက်လျှင် "စိတ္တုပ္ပာဒါနမိစ္စေဝံ" ၌ စိတ္တုပ္ပာဒအရ စိတ်ကိုသာ ယူကြောင်းလည်း ထင်ရှားပြီ။

ပုဗ္ဗာပရနိယာမိတံ။ ။နိယမီယန္တိ (ဝဝတ္ထပီယန္တိ) ဧတ္ထ ဧတေန ဝါတိ နိယမိတော, ပုဗ္ဗာပရာနံ+နိယမိ တော ပုဗ္ဗာပရနိယမိတော၊ ဧတ္ထ-ဤပဝတ္တိသင်္ဂဟ၌၊ ဝါ-တစ်နည်း၊ ဧတေန-ဤပဝတ္တိသင်္ဂဟဖြင့်၊ နိယမီယန္တိ -ပိုင်းခြားမှတ်သားအပ်ကုန်၏၊ ဣတိ, သော-ထိုပဝတ္တိသင်္ဂဟသည်၊ နိယမိတော-နိယမိတမည်၏၊ ပုဗ္ဗာပရာ နံ-ရှေ့စိတ် နောက်စိတ်တို့၏၊ နိယမိတော-ပိုင်းခြားမှတ်သားအပ်ကြောင်း မှတ်သားအပ်ရာဖြစ်သော သင်္ဂဟသည်၊ ပုဗ္ဗာပရနိယမိတော-မည်၏၊ [နိယမိတံဟုယာ၌ ဒီဃဖြင့်ရှိသည်ကား ဂါထာဖြစ်၍ ဆန်းတည့်အောင် ထားခြင်းတည်း။] ဤ "ပုဗ္ဗာပရနိယာမိတံ" ဖြင့် တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ တမေဝ ရူပံ အာဝဇ္ဇန္တံ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ" စသည်ဖြင့် ရှေ့သွားနောက်လိုက် ဝီထိစိတ်စဉ်ပုံကို လည်းကောင်း, "တတ္ထ သောမနဿသဟဂတ ဇဝနာနန္တရံ အပ္ပနာပိ သောမနဿသဟဂတာဝ" စသော အပ္ပနာဇဝနဝါရစကားကိုလည်းကောင်း, တဒါရမဏနိယမဇဝနနိယမကိုလည်းကောင်း, ဝီထိမုတ်ပိုင်း၌ "အာရုပ္ပစုတိယာ ဟောန္တိ, ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာ" စသော စကားကိုလည်းကောင်း ဤသို့ ရှေ့၌ဖြစ်သင့်သော စိတ်, နောက်၌ဖြစ်သင့်သော စိတ်များကိုပြသော စကားရပ်အားလုံးကို သိမ်းကျုံးသည်ဟု မှတ်ပါ။ [ဤအဓိ ပ္ပာယ်လည်း ပရမတ္ထဝိနိစ္ဆယ ဝီထိပရိကမ္မအခန်းကို ကြည့်က ထင်ရှားလတ္တံ့။ ]

ပဋိသန္ဓိပဝတ္တိယံ။ ။ဤပုဒ်၌"ပဋိသန္ဓိပဝတ္တိသု"ဟု ဆိုလိုလျက် ဝစနဝိပလ္လာသ (ဗဟုဝုစ်မှ ဧကဝုစ်ပြန် နေသည်)ဟု အချို့ကယူကြ၏၊ သို့သော် သမာဟာရဒွန်အရာဝယ် နပုလ္လိန် အရှိိများသော်လည်း ရံခါ ပုလ္လိန်, ဣတ္ထိလိန်လည်း ရှိတတ်သောကြောင့် ဤ "ပဋိသန္ဓိပဝတ္တိယံ"သည် သမာဟာရဒွန်ပုဒ်တည်း၊ ဝစနဝိပလ္လာ လည်း မဟုတ်ပါ။ [ဆိုင်ရာသဒ္ဒါကျမ်းကို ကြည့်ပါ။ ]

••••••••••••••••

ဆဝီထိယော ပန စက္ခုဒွါဝီထိ၊ပေ၊မနောဒွါရဝီထိ စေတိ ဒွါရဝသေန ဝါ, စက္ခုဝိညာဏဝီထိ၊ပေ၊မနောဝိညာဏဝီထိ စေတိ ဝိညာဏဝသေန ဝါ, ဒွါရပ္ပဝတ္တာ စိတ္တပဝတ္တိယော ယောဇေတဗ္ဗာ။

ဝီထိ (၆)ပါး။ ။"ဆဝီထိယော"နှင့် "ဒွါရပ္ပဝတ္တာ စိတ္တပဝတ္တိယော" တို့သည် အရတူ၏၊ ထို့ကြောင့် ဝီထိ ယောကို စိတ္တပဝတ္တိယောနှင့် ဆက်စပ်၍ ဝီထိဟူသည် စိတ္တပဝတ္တိတည်း၊ စိတ္တပဝတ္တိဟူသည်လည်း အစီစဉ် အားဖြင့် ဖြစ်နေသော စိတ်များတည်း၊ ထိုအစီအစဉ်အားဖြင့် ဖြစ်နေကြသော စိတ်များကို ဝီထိခေါ်သည်-ဟူလို၊ ထိုစိတ္တပဝတ္တိကို ဝီထိဟု ခေါ်ရာ၌လည်း ထိုထိုဒွါရနှင့် မသက်ဆိုင်သော (ဝါ-ဒွါရဝိမုတ်ဖြစ်သော) ပဋိသန္ဓေ ဘဝင် စုတိစိတ် တို့၏ ပဝတ္တိကို ဝီထိဟု မခေါ်နိုင်, ထိုထိုဒွါရဖြစ်သော စိတ္တပဝတ္တိကိုသာ ဝီထိခေါ်နိုင်သည်ဟု သိစေလို၍ "ဒွါရပ္ပဝတ္တာ"ဟု ဝိသေသန ကူမရပြန်သည်။

ဒွါရဝသေန ဝါ ဝိညာဏဝသေန ဝါ။ ။ထိုဝီထိများကို ဒွါရနှင့်စပ်၍လည်း နာမည်တပ်ရာ၏၊ စက္ခုဒွါရ၌ ရူပါရုံထင်လာလျှင် ထိုရူပါရုံကို အာရုံပြုသော စိတ်အစဉ်သည် စက္ခုဒွါရဝီထိမည်၏၊ စက္ခုဒွါရေ+ပဝတ္တာ+ ဝီထိ စက္ခာဒွါရဝီထိ၊ ဒွါရပ္ပဝတ္တာကို ကြည့့်၍ အလယ်၌ ပဝတ္တပုဒ် ကျေသည်ဟု မှတ်ပါ၊ ဝိညာဏ်နှင့်စပ်၍ လည်း ဝီထိနာမည်ကို မှတ်သားရမည်၊ စက္ခုဒွါရဝီထိသည် ပဉ္စဒွါရာဝဇ္ဇန်း စက္ခုဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတည်း၊ သောတဒွါရဝီထိကား-ပဉ္စဒွါရာဝဇ္ဇန်း သောတဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံတည်း၊ ဃာန ဇိဝှာ ကာယဒွါရဝီထိများလည်း ဤနည်းပင်တည်း၊ ဤဝီထိများ၌ ထူးခြားသောစိတ် ကား စက္ခုဝိညာဏ်, သောတဝိညာဏ်စသော ဝိညာဏ်များသာတည်း၊ ထိုထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ "စက္ခုဝိညာဏေန ဥပလက္ခိတာ ဝီထိ စက္ခုဝိညာဏဝီထိ" စသည်ဖြင့် ဝစနတ္ထပြုရ၏၊ မနောဒွါရ ဝီထိ၌ကား ဝိညာဏ်အထူးမပါ, အားလုံး မနောဝိညာဏ်ချည်းသာတည်း၊ ထို့ကြောင့် "မနောဝိညာဏမေဝ+ ဝီထိ မနောဝိညာဏဝီထိ"ဟု ဝိဂြိုဟ်ပြု ။

•••••••••••••••

ဝိသယပ္ပဝတ္တိ(၆)ပါး

အတိမဟန္တံ မဟန္တံ ပရိတ္တံ အတိပရိတ္တေဉ္စတိ ပဉ္စဒွါရေ, မနောဒွါရေ ပန ဝိဘူတမဝိဘူတေဉ္စတိ ဆဓာ ဝိသယပ္ပပတ္တိ ဝေဒိတဗ္ဗာ။

အတိမဟန္တစသည်။ ။မဟန္တသဒ္ဒါသည် အများ-အမြတ်-အကြီး ဟူသော အနက်ကို ဟော၏၊ ပရိတ္တသဒ္ဒါ ကား အနည်း-အငယ်ဟူသော အနက်ကိုဟော၏၊ ထိုတွင် အာရုံ၏ မွန်မြတ်ခြင်း ကြီးမားခြင်းသည် ဤနေရာ ၌ မဟန္တမည်ခြင်း၏အကြောင်း မဟုတ်၊ အာရုံက ကြီးမားနေသော်လည်း စက္ခုပသာဒနှင့် အာလောကတို့က အားသေးနေပြန်လျှင် မဟန္တာရုံဟူသော နာမည်ကို မရနိုင်၊ အာရုံသေးငယ်တိုင်းလည်း ပရိတ္တာရုံ မမည်နိုင်၊ စက္ခုပသာဒနှင့် အာလောကတို့က အားကောင်းနေလျှင် အာရုံပင် ငယ်သော်လည်း မဟန္တာရုံ မည်နိုင်သည်၊ ထို့ကြောင့် အာရုံ၏ အကြီး အငယ်ကို ပဓာန မထားဘဲ ထင်ပြီးသည်မှ စ၍

ရုပ်သက်နာမ်သက် အပိုင်းအခြား

ချုပ်သည့်တိုင်အောင် ရေတွက်လျှင် စိတ္တက္ခဏ အများအနည်းကို လိုက်၍ "အတိမဟန္တ, မဟန္တ, ပရိတ္တ, အတိပရိတ္တ"ဟု မှည့်ခေါ်ရသည်၊ စိတ္တက္ခဏများပုံ နည်းပုံမှာ ဝီထိချခန်း၌ ထင်ရှားလတ္တံ့။

မဟာဋီကာ။ ။စုဒ္ဒသစိတ္တက္ခဏာယုကံ ဟိ အာရမဏမိဓ မဟန္တန္တိ အဓိပ္ပေတံ၊ တဉ္စ ဥပ္ပဇ္ဇိတွာ ဒွတ္တိစိတ္တက္ခ ဏာတီတံ ဟုတွာ အာပါတဂမနဝသေန ဝေဒိတဗ္ဗံ၊ အတိမဟန္တန္တိ သောဠသစိတ္တက္ခဏာယုကံ။

ဝိဘူတာဝိဘူတ။ ။"ဝိဘူတန္တိ သုပါကဋံ" ဟူသော ယခင် မဟာဋီကာ(ခန္ဓနိဒ္ဒေသ)နှင့်အညီ, စိတ်၌ ပေါ်လွင်ထင်ရှားသော အာရုံသည် ဝိဘူတာရုံ, မပေါ်လွင် မထင်ရှား(ဝိုးဝါး)ဖြစ်သော အာရုံသည် အဝိဘူတာ ရုံမည်၏၊ ["မနောဒွါရ၌ ထင်လာသော အာရုံသည် ဝိဘူတ, မထင်လာသောအာရုံသည် အဝိဘူတ"ဟု ရေး သားကြသည်မှာ သဘာဝမကျပါ။ ]

ဝိသယပ္ပဝတ္တိ။ ။ဝိသယဿ-အာရုံ၏၊ ပဝတ္တိ-ဖြစ်ခြင်းတည်း၊ ဖြစ်ခြင်းဟူသည်လည်း ဥပါဒ်ခြင်း ဖြစ်ပေါ် လာခြင်း မဟုတ်၊ ထိုထိုဒွါရ၌ ထင်ခြင်းကို ဆိုလိုသည်၊ ထို့ကြောင့်"ဝိသယာနံ+ဒွါရေသု+ပဝတ္တိ ဝိသယပ္ပဝတ္တိ =အာရုံတို့၏ ဒွါရတို့၌ဖြစ်ခြင်း"ဟု ဝိဂြိုဟ်ပြုကြသေးသည်၊ "အာရုံ၏ ထင်ခြင်း" ဟူရာ၌လည်း လက်ဆုပ် လက်ကိုင်ရှာလျှင် ထင်လာသောအာရုံမှတစ်ပါး "ထင်ခြင်း"ဟု သီးခြား မရှိတော့၊ ထို့ကြောင့် "ဆဓာ ဝိသယ ပ္ပဝတ္တိ"အရ အတိမဟန္တစသော အာရုံ(၆)မျိုးကိုပင် ထုတ်ပြရသည်၊ နောက်၌ "စတုန္နံ ဝါရာနံ ယထာက္ကမံ အာရမဏဘူတာ ဝိသယပ္ပဝတ္တိ"ဟု အာရုံနှင့် ဝိသယပ္ပဝတ္တိတို့ အရတူကြောင်းကိုလည်း ကျမ်းဆရာကိုယ် တိုင် မိန့်လတ္တံ့။["ဝီထိမုတ္တာနံ ပန ၊ပေ၊ တိဝိဓာ ဟောတိ ဝိသယပ္ပဝတ္တိ"ကို ထောက်၍ "ဝိသယေသု စိတ္တာနံ ပဝတ္တိ ဝိသယပ္ပဝတ္တိ=အာရုံတို့၌ စိတ်တို့၏ဖြစ်ခြင်း"ဟု တစ်နည်းဝိဂြိုဟ်ပြုကြသေးသည်ကား မကောင်းလှ။]

•••••••••••••

ဥပ္ပာဒဋ္ဌိတိဘင်္ဂဝသေန ခဏတ္တယံ ဧကစိတ္တက္ခဏံ နာမ၊ တာနိ ပန သတ္တရသစိတ္တက္ခဏာနိ ရူပဓမ္မာနမာယူ။

စိတ်သက်။ ။စိတ်တစ်ခုတစ်ခု၌ ဥပါဒ် ဌီ ဘင် ဟု အခိုက်အတန့်(၃)မျိုးရှိ၏၊ ထိုတွင် သဘာဝအထည် ကိုယ် ထင်ရှားစွာ ပဌမ ပေါ်လာခြင်းသည် ဥပ္ပာဒမည်၏၊ ဥပါဒ်ပြီးနောက် မပျောက်မပျက်ဘဲ ပင်ကိုသဘော အတိုင်း တည်ရှိခြင်း, အပျက်ဘက်သို့ မရောက်ဘဲ တန့်ရပ်ခြင်းသည် ဌိတိမည်၏၊ ပင်ကိုသဘောအတိုင်းမှ ယုတ်လျော့ ပျက်ပြားခြင်း ချုပ်ပျောက်ခြင်းသည် ဘင်္ဂမည်၏၊ [ဥပ္ပဇ္ဇနံ ဥပ္ပါဒေါ,

ဌာနံ ဌိတိ,ဘဉ္ဇနံ ဘင်္ဂေါ၊] ခဏဟူသည် အတိုဆုံးသော အချိန်ကာလတည်း၊ စိတ်တစ်ခုတစ်ခု၏ ဖြစ်ရာအခါ ကို ဥပါဒ်ခဏ, တည်ရာအခါကို ဌီခဏ, ပျက်ရာအခါကို ဘင်ခဏဟု ခေါ်၏၊ ထိုခဏကလေး(၃)မျိုးအပေါင်း ကို စိတ္တက္ခဏတစ်ချက်ဟု ခေါ်၏၊ "ခဏကြီးတစ်ခု"ဟုလည်း ခေါ်သည်၊ [စိတ္တဿ-စိတ်၏၊ ခဏော-ခဏ တည်၊ စိတ္တက္ခဏော-စိတ်၏ခဏ၊] ဤဥပါဒ် ဌီ ဘင်နှင့် ပြည့်စုံသောစိတ် (စေတသိက်များ)သည် အဖြစ် အပျက် အလွန့်အလွန် လျင်မြန်ရကား လက်ဖြစ်တစ်ချက်တီးခန့် အချိန်၌ပင် ကုဋေတစ်သိန်း ရှေ့နောက် ဆက်၍ ဖြစ်ပျက်နိုင်ကြောင်းဖြင့် "ဧကစ္ဆရက္ခဏေ ဟိ ကောဋိသတသဟဿသင်္ချာ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ"ဟု ခန္ဓသံယုတ်, ခန္ဓဝိဘင်္ဂဋ္ဌကထာတို့ ဆိုသည်။

ရုပ်သက်။ ။ထိုစိတ္တက္ခဏ(၁၇)ချက်ခန့်ကာလသည် ရုပ်တရားတို့၏ အသက်ရှည်ရာ အချိန်အခါပင် တည်း၊ လူတို့၏ အသက်တမ်းကို(၁၀၀)တမ်း, (၇၅)နှစ်တမ်းဟု သတ်မှတ်သကဲ့သို့ ရုပ်တို့၏ အသက်တမ်း လည်း စိတ္တက္ခဏတွက်ကိန်းဖြင့် သတ်မှတ်လျှင် (၁၇)ချက်ခန့် ကြာရှည်သည်" ဟူလို၊ ရုပ်တရားတို့မှာလည်း ဥပါဒ်အခိုက်,ဌီအခိုက်,ဘင်အခိုက်ဟု အခိုက်အခါ(၃)မျိုးပင်ရှိ၏၊ ထို့ကြောင့် ရုပ်တို့၏ တွက်ကိန်းအတိုင်းသာ သတ်မှတ်ရလျှင် ရုပ်တို့၏ သက်တမ်းသည် ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏဟု (၃)မျိုးသာ ရှိ၏၊ ထိုတွင် ရုပ်၏ ဥပါဒ်ခဏနှင့် ဘင်ခဏသည် စိတ်၏ ဥပါဒ်ခဏ ဘင်ခဏနှင့် ညီမျှ၏၊ ဌီခဏကသာ စိတ်၏ ခဏငယ်ပေါင်း (၄၉)ချက်ခန့် (စိတ္တက္ခဏကြီး (၁၆)ချက်နှင့် ခဏငယ်(၁)ချက်ခန့်) ကြာသည်၊ ဤကား အဋ္ဌကထာနှင့်တကွ ယခုကာလ အများယူအပ်သောဝါဒတည်း၊[စိတ် ၏ဌီ ရှိသင့်/မရှိသင့်နှင့် စပ်၍ မှတ်ဖွယ်ကို ရုပ်ပိုင်း၌ ပြအံ့။]

ရူပဓမ္မာနမာယူ။ ။ရူပဓမ္မာနံအရ ရုပ်(၂၈)ပါးလုံးကို မယူရ၊ ဝိညတ်ဒွေးနှင့် လက္ခဏရုပ်(၄)ပါးကို ကြဉ် ဖယ်ရမည်ဟု ဖွင့်ကြ၏၊ ချဲ့ဦးအံ့-ဝိညတ်ဒွေးသည်"စိတ္တာနုပရိဝတ္တိနော ဓမ္မာ"ဟူသော မာတိကာပုဒ်အရတွင် ပါဝင်သောကြောင့် စိတ်နှင့်အတူတကွ ဖြစ်ရ ချုပ်ရ၏၊ လက္ခဏရုပ်(၄)ပါးတွင် ဥပစယနှင့် သန္တတိသည် ရုပ်၏ ဥပါဒ်ခဏနှင့် ညီမျှ၏၊ ဇရတာသည် ရုပ်၏ ဌီခဏနှင့် ညီမျှ၏၊ အနိစ္စတာသည် ရုပ်၏ ဘင်ခဏနှင့် ညီမျှ၏၊ ဤသို့ ဝိညတ်ဒွေးနှင့် လက္ခဏရုပ်(၄)တို့သည် စိတ္တက္ခဏ(၁၇)ချက် အသက်မရှည်ကြရကား ဤ "ရူပဓမ္မာနံ" အရ၌ ကြဉ်ဖယ်ရသည်။

မှတ်ချက်။ ။အာကာသဓာတ်, လဟုတာ စသည်တို့မှာ ပရမတ္ထသဘာဝအစစ် မဟုတ်သော်လည်း ပရမတ်စစ်ဖြစ်သော ရုပ်ကလာပ်တို့ ထင်ရှားရှိနေသမျှ၌ သူတို့လည်း ရှိနိုင်ကြသောကြောင့် (၁၇)ချက် အသက် ရှိသကဲ့သို့ပင် ဖြစ်ကြသည်၊ ဆိုလိုရင်းကား-ရုပ်ကလာပ်နှစ်ခု ပေါင်းမိလျှင် အာကာသဓာတ်ပေါ် လာ၏၊ ထို ရုပ်ကလာပ်နှစ်ခု၏ (၁၇)ချက်တိုင်အောင် တည်ရှိသမျှကာလ၌ အာကာသဓာတ်သည် တည်ရှိ၏၊ သို့ဖြစ်၍ "အာကာသဓာတ်သည် (၁၇)ချက်အသက် ရှည်သကဲ့သို့ပင် ဖြစ်၏" ဟူလို၊ လဟုတာစသည်တို့လည်း ဤ နည်းပင်၊ ထို့ကြောင့် အာကာသဓာတ်နှင့် လဟုတာစသည်တို့ကား ရူပဓမ္မာနံအရတွင် မကြဉ်ရဟု ဖွင့်ကြ၏၊ သို့သော် နိပ္ဖန္နရုပ် အနိပ္ဖန္နရုပ်(၂) မျိုးတွင် အနိပ္ဖန္နရုပ်သည် ပရမတ္ထအထည်ကိုယ် မရသော ပညတ်သဘော သာဖြစ်၍ တကယ်စင်စစ် ဥပါဒ်ခြင်း တည်ခြင်း ပျက်ခြင်းမရှိချေ၊ သို့အတွက် "ရူပဓမ္မာနံ" အရ အနိပ္ဖန္နရုပ် အားလုံးကိုပင် ယူသင့်မည် မထင်။

ရုပ်အချုပ်နှေး၍ စိတ်အချုပ်မြန်ပုံ။ ။"ရုပ်နှင့် နာမ်တရားတို့သည် အနိစ္စသင်္ခတချင်းတူပါလျက်, အဘယ့် ကြောင့် နာမ်တရားက အသက်တို၍ ရုပ်တရားက အသက်ရှည်ပါသနည်း"ဟု မေး၊ အဖြေကား- နာမ်တရားတို့တွင် စိတ်သည် ပဓာနဖြစ်၏၊ ထိုပဓာနဖြစ်သော စိတ်သည် အာရုံကို ရခြင်းသဘောမျှ သာတည်း၊ အာရုံကို ရသည်နှင့် တစ်ပြိုင်နက် စိတ်ဟူသော သဘာဝဓမ္မသည် ချုပ်၏၊ စိတ်ချုပ်လျှင် နောက်လိုက် စေတသိက်များလည်း ချုပ်ရတော့သည်၊ သို့အတွက် နာမ်တရားများသည် အသက် တို၍ ရုပ်တရားတို့တွင် မဟာဘုတ်များသည် ပဓာနဖြစ်၏၊ ထိုမဟာဘုတ်တို့သည် လေးဆေးသော သဘော ရှိရကား တွဲဖက်ရုပ်များလည်း မဟာဘုတ်ကဲ့သို့ အသက်ရှည်ကြလေသည်။ [ခန္ဓဝိဘင်း အနုဋီကာ။]

[ ဆောင်] နာမ်တွင်ချုပ်ချာ, စိတ်တို့မှာကား, ဆိုရာအာရုံ, ရမိရုံမျှ, ရရှိကလျှင်, အမြန်ပင်ပျက်, သို့ဖြစ်ချက် ကြောင့်, တွဲဖက်အများ, နာမ်တရားတို့, မခြားဆက်သွယ်, အပျက်လွယ်၏၊ ရုပ်ဝယ်ချုပ်ချာ, ဘုတ် တို့မှာမူ, လွန်စွာလေးဆေး, အပျက်နှေးသဖြင့်, ယှက်ထွေးရုပ်တွေ, အသက်ရှေသည်, မြွက်လေ အနုဋီကာတည်း။

•••••••••••••

ဧကစိတ္တက္ခဏာတီတာနိ ဝါ ဗဟုစိတ္တက္ခဏာတီတာနိ ဝါ ဌိတိပ္ပတ္တာနေဝ ပဉ္စာရမဏာနိ ပဉ္စဒွါရေ အာပါတမာဂစ္ဆန္တိ။

အာပါတမာဂစ္ဆန္တိ။ ။အာပါတံ-ရှေးရှုကျခြင်းသို့ (သဒ္ဒါနက်)၊ ဝါ-ထင်ခြင်းသို့ (အဓိပ္ပာနက်)၊ အာဂစ္ဆန္တိ- ရောက်ကုန်၏၊ "ရှေးရှုကျခြင်း" ဟူရာ၌ "ရှေ့တည့့်တည့်ဝယ် ကျရောက်လာသည်"ဟု မမှတ်လင့်၊ ရှေ့မှာ နေနေ, မမြင်ကွယ်ရာ အဝေးမှာ နေနေ, ဆိုင်ရာဒွါရနှင့် စပ်မိဟပ်မိ ဓာတ်ထိမှုကို"ရှေးရှုကျခြင်း"ဟု ဆိုသည်၊ ဤသို့ စပ်မိ ဟပ်မိမှုကို ရှေးဆရာတို့က"တော်ရော်ခြင်း"ဟု အဓိပ္ပါယ်ပြောကြ၏၊ "ဆွေမျိုးတော်သည်,ဆွေမျိုး စပ်သည်" ဟူသကဲ့သို့ "တော်ရော်" ဟူသော ရှေးစကားလည်း "စပ်ဟပ်ခြင်း"ဟူသော စကားနှင့် အဓိပ္ပါယ် ညီမျှ၏၊ ထိုကဲ့သို့ တော်ရော်စပ်ဟပ်မိခြင်းသည်ပင် ဆိုင်ရာဒွါရ၌ ထင်ပေါ်လာခြင်း ဖြစ်သော ကြောင့် "ထင်ခြင်း"ဟုလည်း ဆိုကြသည်။

ဝါဒန္တရ။ ။အချို့ဆရာတို့ကား မှန်ထဲ၌ အရိပ်ထင်သကဲ့ သို့လည်းကောင်း, ရေထဲ၌ အရိပ်ထင်သကဲ့သို့ လည်းကောင်း, တံဆိပ်နှိပ်သည့်အခါ တံဆိပ်ရာထင်သကဲ့သို့လည်းကောင်း ထိုထိုဒွါရ၌ ဆိုင်ရာအာရုံများ၏ အရိပ်နိမိတ်ထင်လာခြင်းကို "ထင်ခြင်း"ဟု ဆိုလိုကြ၏၊ ထိုစကားကို စဉ်းစားသင့်၏၊ ပစ္စုပ္ပန်ရူပါရုံသည် စက္ခု ဒွါရ၌လည်းကောင်း, ဒိဗ္ဗစက္ခုအဘိညာဉ်ရသူ၏ မနောဒွါရ၌လည်းကောင်း ထင်လာ၏၊ ကျောက်ဂူအတွင်း၌ တံခါးပိတ်၍ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်က ရူပါရုံအများပင် ဆက်ကာ ဆက်ကာ ထင်လာ၏၊ ထိုအထင်မျိုးသည် မှန်ထဲမှာ အရိပ်ထင်သလို ဒိဗ္ဗစက္ခုအဘိညာဉ်မှာ အရိပ်ထင်နိုင်ပါ အံ့လော၊ မျက်လုံးအတွင်း စက္ခုပသာဒတို့ စုဝေးရာဌာန၌ မှန်မှာ အရိပ်ထင်သလို သူငယ်ရိပ်ထင်သည်ကား ဟုတ်ပါ၏၊ သို့သော် ထိုသူငယ်ရိပ်ထင်ခြင်းသည် စက္ခုပသာဒ၌ ရူပါရုံထင်ခြင်းမဟုတ်၊ ထို့ပြင်-သောတ စသော ဒွါရများနှင့် မနောဒွါရ၌ အာရုံထင်ပုံကို ဆင်ခြင်လိုက်သောအခါ မှန်ထဲ၌ အရိပ်ထင်လာပုံနှင့် သာ၍ပင် စခန်းဝေးသေး၏၊ နိဗ္ဗာန်ဟူသော အမတဓာတ်တရားနှင့် ဘာမျှမရှိသော အဘာဝပညတ်များပင် မနောဒွါရ၌ ထင်လာနိုင်ကြ၏၊ ထို့ကြောင့် "မှန်ထဲ ရေထဲ၌ အရိပ်ထင်သလို တံဆိပ်ရာထင်သလို, ထိုထိုဒွါရ၌ ဆိုင်ရာအာရုံများ ထင်လာသည်"ဟူသော ထိုဝါဒကို စဉ်းစားကြပါ။

စဉ်းစားကြဖွယ် အသွယ်သွယ်။ ။မှန်ထဲ ရေထဲ၌ အရိပ်ထင်လာပုံကို နှစ်မြို့ပြီး ဖြစ်သော ထိုဆရာတို့သည်ပင် "ရူပါရုံစသော အာရုံငါးပါးသည် ထင်လောက်သော အရပ်ဒေသ၌ ရောက်ရှိကြပါမူ အိပ်ပျော်နေ ခိုက်မှာဖြစ်စေ, မေ့လျော့နေခိုက်မှာဖြစ်စေ, တစ်ပါးသောအာရုံကို အာရုံပြုနေခိုက်မှာဖြစ်စေ ဆိုင်ရာဒွါရ၌ အာရုံငါးမျိုးလုံး အများအပြား တစ်ပြိုင်နက် ထင်လာနိုင်သည်"ဟု ယူကြပြန်၏၊ ဥပမာ-မှန်ကြီးကိုထောင်ထား ရာဝယ် မှန်၏ရှေ့မှောက်၌ ရောက်သမျှ အရာဝတ္ထုတို့ တစ်စုတစ်ဝေးကြီး ထင်နိုင်သကဲ့သို့တည်း-တဲ့၊ ဤ ဝါဒနှင့်စပ်၍ အာပါတဂမန(၂)မျိုးကို ထုတ်ပြပါအံ့။

အာပါတဂမနအသုံး (၂)မျိုး။ ။အာပါတဂမနအသုံးကို ကျမ်းဂန်တို့၌ (၂)မျိုး တွေ့ရ၏၊ အချို့အရာဝယ် ထိုထိုဒွါရ၌ ထင်ခြင်းသို့ကား မရောက်, ထင်လောက်ရာ အနီးဥပစာသို့ကျရောက်လျှင်ပင်"အာပါတဂမန"ဟု ဆို၏၊ ပုံစံကား-"တသ္မိံပန အာပါတမာဂစ္ဆန္တေပိ အာလောကသန္နိဿယေ အသတိ နုပ္ပဇ္ဇတိ"....အဋ္ဌသာလိနီ (ကာမာဝစရဝိပါကပဒ အဖွင့်)၊ တသ္မိံ-ထိုရူပါရုံသည်၊ အာပါတံ-သို့၊ အာဂစ္ဆန္တေပိ-ရောက်နေသော်လည်း၊ အာလောကသန္နိဿယေ-အရောင်အလင်းဟူသော မှီရာသည်၊ အသတိ-မရှိသော် ၊နုပ္ပဇ္ဇတိ-စက္ခုဝိညာဉ် မဖြစ်နိုင်၊ ဤပါဌ်၌ အရောင်အလင်းမရှိသော မှောင်ကြီးထဲမှာပင် အနီးအပါး၌ ရောက် နေသောရူပါရုံကို "အာပါတမာဂစ္ဆန္တေ" ဟု သုံးနှုန်းထား၏၊ ထိုအာရုံသည် အနီးအပါး၌ ရောက်နေပါသော် လည်း အရောင်အလင်းမရှိသည့်အတွက် စက္ခုပသာဒ၌ မထင်လာနိုင်၊ ထို့ကြောင့် ဤအရာမျိုးဝယ် "အာပါ တံ-ရှေးရှုကျခြင်းသို့"ဟု သဒ္ဒါနက်ကိုသာ အသုံးပြု၍"ထင်ခြင်းသို့"ဟူသော အဓိပ္ပာယ်နက်ကို အသုံးမပြုသင့်၊ ဤစကားစဉ်အရ ပကတိနိုးကြားနေဆဲမှာပင် အာလောကမရှိသည့့်အတွက် ရူပါရုံ မထင်နိုင်ကြောင်းမှာ သိသာပြီးဖြစ်သောကြောင့် "အိပ်ပျော်ခိုက် စသည်၌ အာရုံငါးမျိုးလုံးပင် တစ်ပြိုင်နက် ထင်လာနိုင်သည်" ဟူ သောဝါဒကို လက်ခံစဉ်းစားဖွယ် မလိုတော့ပြီ။

အချို့အရာ၌ကား အနီးဥပစာသို့ ရောက်ရုံမျှမက, ထိုထိုဝီထိစိတ်တို့၏ အာရုံဖြစ်လောက်အောင်, သို့မဟုတ် ဘဝင်ကိုသော်လည်း လှုပ်စေနိုင်အောင် ထိုထိုဒွါရ၌ ထိခိုက်ထင်လာမှုကို "အာပါတဂမန"ဟု သုံး စွဲ၏၊ ပုံစံကား–ဧကေကမာရမဏံ ဒွီသု ဒွီသု ဒွါရေသု အာပါတမာဂစ္ဆတိ၊-အဋ္ဌသာလိနီ၊ အာပါတမာဂစ္ဆတိ- မနသာ ပဉ္စဝိညာဏေဟိ စ ဂဟေတဗ္ဗဘာဝူပဂမနေန၊–မူလဋီကာ၊ ဂဟေတဗ္ဗ ဘာဝူပဂမနေန, န အာပါတဂမနမတ္တေန၊-မဓု။

ကောက်ချက်။ ။ဤအဋ္ဌကထာဋီကာတို့တွင် "အာပါတမာဂစ္ဆတိ"ဟူသော အဋ္ဌကထာ၌ "အာပါတ" အရ အနီးဥပစာသို့ ရောက်ရုံမျှကို ယူမည်စိုးသောကြောင့် "မနသာ၊ပေ၊ဂမနေန"ဟု ဋီကာဖွင့်ပုံကို ထောက် လျှင် ဤအရာ၌ မနောဝိညာဏ် ပဉ္စဝိညာဏ်တို့ ယူထိုက် (အာရုံပြုထိုက်) လောက်အောင် ထင်လာမှုကို "အာပါတဂမန"ဟု ယူစေလိုကြောင်း သိသာ၏၊ "အာပါတံ-ရှေးရှုကျခြင်းသို့၊ ဝါ-ထင်ခြင်းသို့" ဟုလည်း အနက်နှစ်မျိုး ရနိုင်၏၊ ဤသို့လျှင် ကျမ်းဂန်တို့၌ အာပါတဂမနသုံးစွဲပုံနှစ်မျိုး ရှိ၏၊ထိုတွင် ဤသင်္ဂြိုဟ်ကျမ်းက အာပါတဂမနသည် ယခုနောက်ဖွင့်ပြအပ်သော အာပါတဂမနမျိုးတည်း။

အဗာဓံ။ ။အာပါတမာဂစ္ဆန္တိ၌ "အဗာဓ, အာဗာဓ, အာပါထ, အာပါတ"ဟု အမျိုးမျိုး ရေးသားရွတ်ဖတ် ကြ၏၊ ထိုတွင် "အဗာဓံ တု နိရဂ္ဂလံ"–(၇၁၇)အဘိဓာန်၌ "အဗာဓံ နိရဂ္ဂလံ-ထင်ခြင်း"ဟူသော နိဿယကို အားကိုး၍ "အဗာဓ မာဂစ္ဆန္တိ"ဟု အချို့ရွတ်ဆိုကြ၏၊ "နတ္ထိ ဗာဓော နိသေဓော ယဿ"ဟု ဝစနတ္ထပြု၍ "အဗာဓံ-အတားအဆီး မရှိ" (ဟာလာဟင်းလင်း ပွင့်နေသည်ဟူသော အဓိပ္ပာယ်) အနက်မျိုးကို အသုံးပြုမှ ကျနမှန်ကန်မည်၊ ထို့ကြောင့် တံခါးရွက်စသော အပိတ်အကာ မရှိရာ၌ အသုံးပြုသော "အဗာဓံ" ပါဌ်သည် ဤနေရာ၌ မသင့်။

အာဗာဓံ။ ။"အာဗာဓံ"ဟု ရွတ်ဆိုသူတို့က "အာဗာဓံ-ထိခိုက်ခြင်းသို့" ဟု အနက်သုံးကြ၏၊ သဒ္ဒါနှင့်အနက်ကား တန်ပါ၏၊ သို့သော်"ထိခိုက်"ဟူသော စကားမှာ သပ္ပဋိဃရုပ်ဖြစ်သော ပဉ္စဝတ္ထု ပဉ္စာရုံတို့အတွက် အဓိပ္ပာယ် မပျက်သော်လည်း "မနောဒွါရေ အာပါတမာဂစ္ဆတိ"ဟုလာသော မနောဒွါရအတွက်ကား လားလား မှ မသင့်တော့ချေ၊ ဘာ့ကြောင့်နည်း...ဘာမျှမရှိသော အဘာဝပညတ်နှင့် အမတဓာတ်တရားတို့ထင်ရာ မနောဒွါရ၌ ထိုကဲ့သို့ ထိဖွယ်မရှိသောကြောင့်တည်း၊ ထို့ကြောင့် ပဉ္စဒွါရ မနောဒွါရ နှစ်ဌာန၌ပင် "အာပါတ မာဂစ္ဆတိ"ဟု ပါဠိတူ, အသွားတူဖြစ်နေသော ကျမ်းဂန်များအလို "အာဗာဓ"ဟုလည်း မရွတ်ဆိုသင့်။

အာပါထံ။ ။"အာပါထံ"ဟု ရွတ်ဆိုသူတို့က "အာပါထံ-ရှေးရှုလမ်းသို့" ဟုလည်းကောင်း,"ပထ-ချာတေ (ထင်ခြင်း၌ဖြစ်၏)"ဟူသော ဓာတ်ကျမ်းကို အမှီပြု၍ "အာပါထံ-ထင်ခြင်းသို့"ဟုလည်းကောင်း အနက်သုံးကြ ၏၊ ထိုတွင် "လမ်း"ဟူသော အနက်ကို ပထပုဒ်ကသာ ဟော၍, ပါထပုဒ်က မဟောသောကြောင့်လည်း ကောင်း, အကယ်၍ ဟောစေကာမူ ရှေးရှုလမ်း(အနီးဥပစာ)သို့ ရောက်ရုံမျှဖြင့် ထိုထိုဒွါရ၌ မထင်နိုင်သေး သောကြောင့်လည်းကောင်း အာပါထပါဌ်ကိုလည်း မသင့်ဟု မှတ်ပါ။

အာပါတံ။ ။"ထပေတွာ ရူပါဒီနံ အဘိနိပါတမတ္တံ"ဟူသော ဉာဏဝိဘင်္ဂဋ္ဌကထာ-"အာပါတမာဂတေတိ ယောဂျဒေသာဝ ဌိတေ"ဟူသော ခန္ဓနိဒ္ဒေသ မဟာဋီကာနှင့် "အညမညပတနံ အညမညဿ ယောဂျဒေသ အဝဋ္ဌာနံ"ဟူသော တိကမာတိကာအဖွင့် အနုဋီကာတို့ကို ထောက်၍ "အာပါတံ"ပါဌ်သာအသင့်ဟု မှတ်ရာ၏ ၊ထိုစကားမှန်၏-အဋ္ဌကထာ၌ အာပါတဝယ် အာ၏ကိုယ်စား အဘိပုဒ်, ပါတ၏ကိုယ်စား နိပါတပုဒ်ဖြင့် ပြထား၏၊ "အညမညပတနံ" ဝယ် ယုံမှားဖွယ် မရှိသော ပတဓာတ်ကို "ယောဂျဒေသာဝဋ္ဌိတေ" ဟု မဟာဋီကာ၌ တစ်ထပ်တည်း ဖွင့်ပြသည်။

ပဉ္စာရုံနှင့် ပဉ္စပသာဒ

ပဉ္စာရုံနှင့် ပဉ္စပသာဒ။ ။ရုပ်ကလာပ်တစ်ခုခုသည် ပြောပြ၍ မဖြစ်နိုင်လောက်အောင် သေးငယ်၏၊ ပကတိမျက်စိဖြင့် ကြည့်ချင်တိုင်း ကြည့်၍ မမြင်ရ (အလွန်ကောင်းသော မှန်ဘီလူးဖြင့်သာ မြင်ရသော) ပိုးကောင်ကလေးများ ရှိသေး၏၊ ထိုပိုးကောင်ကလေးများ၌ ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇဟု ရုပ်ကလာပ် အစုအဝေးကြီးတွေ မရေမတွက်နိုင်အောင် များ၏၊ သို့ပါလျက်လည်း ပကတိမျက်စိဖြင့် မမြင်နိုင်၊ ထို့ကြောင့် ရူပါရုံသည် စက္ခုပသာဒသို့ ထင်လာရာ၌ ရူပါရုံတစ်ခုတည်း မထင်နိုင်၊ သိဝိကုဗ္ဗဟနနည်းအားဖြင့် ရူပါရုံ အများ ပေါင်းစုမိမှ ထင်လာနိုင်သည်၊ "ထမ်းစင်ကို ထမ်းရာ၌ လူတစ်ယောက်တည်း မထမ်းနိုင်,

အများပေါင်းမှ ထမ်းနိုင်သကဲ့သို့, ထို့အတူ ရူပါရုံတစ်ခုတည်းဖြင့် မထင်နိုင်, ရူပါရုံအများ ပေါင်းမိမှ ထင်နိုင်သည်" ဟူလို။ [သိဝိက=ထမ်းစင်+ဥဗ္ဗဟန=အထက်သို့ ဆောင်ခြင်း(ထမ်းခြင်း)။]

ဓမ္မသင်္ဂဏီအနုဋီကာ။ ။ဝတ္ထုပရိတ္တတာယာတိ ဧတေန အနေကကလာပဂတာနိ ဗဟူနိယေဝရူပါယ တနာနိ သမုဒိတာနိ သံဟစ္စကာရိတာယ(ပေါင်း၍ ပြုလေ့ရှိသည်၏ အဖြစ်ကြောင့်) သိဝိကုဗ္ဗဟန ညာယေန စက္ခုဝိညာဏဿ အာရမဏပစ္စယော, န ဧကံ ကတိပယာနိ ဝါ။

အပေါင်းဆိုသော်လည်း ပရမတ်ပင်။ ။ဤသို့ ရူပါရုံအများ ပေါင်းမိမှ ထင်လာလျှင် စက္ခုဒွါရိကဝီထိ များသည် ရူပါရုံအပေါင်းဖြစ်သော သမူဟပညတ်ကို အာရုံပြုရာ မရောက်ပါလော၊ သို့ဖြစ်လျှင် အာရမဏ သင်္ဂဟ၌ ပရမတ်ကို ဧကန်အာရုံပြုသော တရားတို့တွင် စက္ခုဝိညာဏ်စသည်တို့ ပါဝင်နေရကား ရှေ့နောက် ဆန့်ကျင်သည် မဟုတ်ပါလောဟု စောဒနာဖွယ်ရှိ၏၊ အဖြေကား-ရူပါရုံအပေါင်းဟူသည် ရူပါရုံအများစုပေါင်း နေသော ပရမတ်အစုအဝေးသာတည်း၊ ဤသို့ ရူပါရုံအများ ပရမတ်တရားကိုသာ စက္ခုဝိညာဏ်က အာရုံပြု သဖြင့် ရှေ့နောက် မဆန့်ကျင်ပါ။

ပသာဒ များ/မများ။ ။ထိုပြခဲ့သောနည်းအရ ရူပါရုံက စက္ခုပသာဒဝယ် ထင်လာရာ၌ စက္ခုပသာဒ အတွက်မှာ တစ်ခုရှိလျှင် ကိစ္စပြီး၏–ဟု ဝိသုဒ္ဓိမဂ် ခန္ဓနိဒ္ဒေသ မဟာဋီကာ, ဓာတုဝိဘင်း အနုဋီကာနှင့်ဋီကာ ကျော်စသည်တို့က ယူကြ၏၊ ထင်ရှားစေအံ့-စက္ခုပသာဒ၏ ကိစ္စသည် ရူပါရုံ၏ ထင်ရာကိစ္စ, စက္ခုဝိညာဏ်၏ မှီရာကိစ္စအားဖြင့် နှစ်ကိစ္စရှိ၏၊ ထိုနှစ်ကိစ္စလုံးကိုပင် စက္ခုပသာဒ တစ်ခုရှိက ပြီးစီးစေနိုင်၏ဟု ထိုဆရာတို့ ယူကြဟန်တူသည်၊ ထိုဆရာတို့ ကိုးကားသော သာဓကကား "စက္ခုံ စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ" တည်း၊ ဤ၌ ပသာဒဘက်မှာ "စက္ခုံ"ဟု ဧကဝုစ်ဖြင့်ပြ၍ အာရုံဘက်၌ "ရူပေ"ဟု ဗဟုဝုစ်ဖြင့် ပြသောကြောင့် ရူပါရုံသည် အများပေါင်းစုမိမှ ထင်လာနိုင်သော်လည်း စက္ခုပသာဒမှာ တစ်ခုရှိက ကိစ္စပြီးစေနိုင်သည်ဟု သိသာသတဲ့၊ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့ ထင်လာရာ၌လည်း ဤနည်းပင် ဖြစ်၏ဟု မဟာဋီကာနှင့် အနုဋီကာတို့ ဆိုကြသေး၏။

မဟာဋီကာ။ ။ကသ္မာ ပနေတ္ထ ဝစနဘေဒေါ ကတောတိ၊ ဧကံပိ စက္ခုဝိညာဏဿပစ္စယော, ရူပံ ပန အနေကမေဝ သံဟတံတိ ဣမဿ ဝိသေသဿ ဒဿနတ္ထံ၊ သောတဉ္စ ပဋိစ္စ သဒ္ဒေ စာတိအာဒီသုပိ ဧသေဝ နယော။

စဉ်းစားဖွယ်။ ။ဤဋီကာတို့ ယူဆပုံနှင့်တကွ သာဓကကိုပါ စဉ်းစားသင့်၏၊ ပသာဒ မပျက်သေးတဲ့ မျက်စိ အလွန်မှုန်သောကြောင့် ခပ်ဝေးဝေး ရူပါရုံကို မမြင်ရလျှင် မျက်မှန်ဖြင့် ကူစွက်၍ ပသာဒအားတက်လာသောအခါ ထိုမြင်နေကျ မဟုတ်သော ရူပါရုံသည် စက္ခုပသာဒ၌ ထင်လာပြန်၏၊ မှန်ပြောင်းဖြင့် ကူစွက်ရာ၌ မြင်နေကျမဟုတ်သော အာရုံများပင် ထင်လာ၏၊ ဤနေရာဝယ် မျက်မှန်မှန်ပြောင်းတို့သည် ပသာဒအား ထောက်ပံ့ကူညီကြောင်း, နဂိုပသာဒတို့ တစ်ခုတည်း မဆိုထားဘိ အတော်များများပင် အားနည်းသည့်အခါ ထင်ရာကိစ္စကို မဆောင်ရွက်နိုင်ကြောင်း ထင်ရှားပြီ၊ ထို့ပြင် ထိုဋီကာတို့ ပြသောသာဓကလည်း ဤနေရာနှင့် သင့်တင့်သောသာဓက မဟုတ်၊ ထိုအနုဋီကာတို့ ယူဆသည့်အတိုင်း "အာရုံမှာ အများစုပေါင်းမိမှ ထင်လာသောကြောင့် ဗဟုဝုစ်ဟောသည်"ဟု ဆိုလျှင် "မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ"ဟု တစ်ဆက်တည်း ဟောတော်မူလျက် ရှိသောကြောင့် "ဓမ္မာရုံလည်း အများစုပေါင်းမိမှ ထင်လာနိုင်သည်"ဟု ယူရလိမ့်မည်၊ စင်စစ်မှာ စိတ်တည်းဟူသော ဓမ္မာရုံ ဆိုလျှင် စိတ်တစ်ခုတစ်ခုသာ ထင်လာနိုင်၏, စေတသိက် ပညတ် နိဗ္ဗာန်များလည်း ဤနည်းပင်တည်း၊ ထို့ကြောင့် ထိုဋီကာတို့ ပြအပ်သော သာဓကသည် ဤနေရာနှင့် သက်ဆိုင်သော သာဓကမဟုတ်ချေ၊ ဤ သို့လျှင် ထိုဋီကာတို့ဝါဒ၌ ယုတ္တိလည်းမလုံလောက်, သာဓကလည်း မမြောက်သောကြောင့် "ရူပါရုံစသော အာရုံငါးပါးတို့ ထင်ရာ၌ ပသာဒနှင့် အာရုံနှစ်မျိုးလုံးပင် အတော်များများချင်း တွေ့ကြုံမှသာ ထင်လာနိုင်သည်"ဟု ဆရာတို့ ယူကြသည်။

ပါဠိတော်အာဘော်။ ။အနုဋီကာ,မဟာဋီကာတို့၏ အယူအဆကို သဘောမတူလျှင် "စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ" စသော ပါဠိတော်၌ "စက္ခုံ "ဟု ဧကဝုစ်ဖြင့် ဟောတော်မူ၍ "ရူပေ"ဟု ဗဟုဝုစ်ဖြင့် ဟောတော်မူ ရာ၌ အဘယ်သို့ မှတ်ရမည်နည်းဟူအံ့၊–စက္ခုပသာဒနှင့် ရူပါရုံကိုစွဲ၍ စက္ခုဝိညာဏ်ဖြစ်ရာ၌ စက္ခုပသာဒသည် သတ္တဝါတစ်ယောက်၏ သန္တာန်၌တည်သော ဝိညာဏ်အား ကျေးဇူးပြု၏၊ ရူပါရုံကား မိမိသန္တာန်, သူတစ်ပါးသန္တာန်ဟု သန္တာန်အမျိုးမျိုး၌ဖြစ်၍ ယခင် စက္ခုဝိညာဏ်အား ကျေးဇူးပြု၏၊ ထို့ပြင် သတ္တဝါတစ် ယောက်၌ စက္ခုပသာဒသည် (အရေအတွက်များသော်လည်း) တစ်မျိုးတစ်စားတည်းသာ ရှိ၏၊ ထိုပသာဒ၌ ထင်နိုင်သောရူပါရုံကား အညို အရွှေစသည်ဖြင့် အမျိုးမျိုးအစားစား အများအပြား ရှိ၏၊ ဤသို့လျှင် စက္ခု ပသာဒက တစ်သန္တာန်တည်း၌ တည်ခြင်း, တစ်မျိုးတစ်စားသာ ရှိခြင်း, ရူပါရုံက အမျိုးမျိုးသော သန္တာန်တို့၌ တည်ခြင်း, အမျိုးအစား များပြားခြင်းကြောင့် ပသာဒဒွါရဘက်၌ "စက္ခုံ စ"ဟု ဧကဝုစ်ဖြင့် ဟောတော်မူပြီး လျှင် အာရုံဘက်၌ "ရူပေ စ"ဟု ဗဟုဝုစ်ဖြင့် ဟောပြတော်မူသည်၊ "သောတဉ္စ ပဋိစ္စ သဒ္ဒေ စ ဥပ္ပဇ္ဇတိ သောတဝိညာဏံ" စသည်၌လည်း ဤနည်းပင်။

အာရုံထင်ပုံအဖွင့်

မူလဋီကာ။ ။စက္ခုဉ္စ ပဋိစ္စ ရူပေ စာတိအာဒိနာ ဒွါရာရမဏေသု ဧကဝစန ဗဟုဝစနနိဒ္ဒေသော ဧကနာနာ သန္တာနဂတာနံ ဧကသန္တာနဂတဝိညာဏ ပစ္စယဘာဝတော ဧကနာနာဇာတိကတ္တာ စ။-ဓာတုဝိဘင်း ။

ဋီကာကျော်၏ ကဲချက်။ ။ဋီကာကျော်၌ "ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့သည် အများစုပေါင်းလျက် မဟုတ်ဘဲ တစ်ကလာပ်တည်း၌တည်သော ဂန္ဓာရုံတစ်ခု, ရသာရုံတစ်ခု, ဖောဋ္ဌဗ္ဗာရုံတစ်ခုသည်ပင် ဆိုင်ရာပသာဒ၌ ထင်လာ၏"ဟု ဆိုပြန်၏၊ ထိုဝါဒကား "သောတဉ္စ ပဋိစ္စ သဒ္ဒေ စာတိအာဒီသုပိ ဧသေဝ နယော" ဟူသော ဋီကာကြီးတို့နှင့် ဆန့်ကျင်ရုံသာမက ယုတ္တိလည်း မရချေ၊ ယုတ္တိမရကြောင်းကိုကား အထင်ရှားဆုံးဖြစ်သော ဖောဋ္ဌဗ္ဗာရုံဖြင့် စဉ်းစားရာ၏၊ နေရောင်မှာ ကြည့်လျှင် ပကတိမျက်စိပင် မြင်နိုင်ကောင်းသော မြူမှုန်တို့သည် ခန္ဓာကိုယ်၌ အချိန်ရှိသမျှ ကျရောက်ကုန်၏၊ ထိုမြူမှုန်တို့ကား ရုပ်ကလာပ်အတော်များများ စုပေါင်းနေသော ဝတ္ထုပေတည်း၊ ထိုမျှလောက်များသော မြူမှုန်တွေ ကိုယ်၌ ထိခိုက်နေပါလျက် ကာယဝိညာဏဝီထိ မဖြစ် သေးပါ၊ "ဖြစ်သည်"ဟု အယူရှိလျှင် ယခုစာကြည့်နေစဉ်ပင် လက်ကိုဆန့်၍ မြူမှုန်အထိကို ခံကြည့်ပါလော့, မြူမှုန်တွေကား ကျလျက်ပင် ရှိပါလိမ့်မည်၊ ထိုမြူမှုန်တွေကို အာရုံပြု၍ ကာယဝိညာဏဝီထိ ဖြစ်/မဖြစ်ကိုစဉ်း စားလိုက်ပါ၊ ထို့ကြောင့် "ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့သည် တစ်ကလာပ်တည်း၌ တည်လျက် ဆိုင်ရာဒွါရဝယ် ထင်နိုင်ကြသည်"ဟူသော ဝါဒကို လက်မခံဘဲ ထိုဂန္ဓာရုံ စသည်တို့လည်း အများစုပေါင်းမိမှသာ ထင်နိုင် ကြောင်းကို ကောင်းကောင်းကြီး မှတ်ယူထိုက်ပေသည်။

အာရုံအများရှိရာ၌ (၁)ပါးစီထင်ပုံ။ ။မွှေးကြိုင်သင်းပျံ့စွာ ပြင်ဆင်ထားသော ပွဲထိုင်အခမ်းအနား၌ စားသောက်ဖွယ်များကို စားသောက်လျက် ပွဲလမ်းသဘင်ကြည့်ရှုနေခိုက်မှာ အာရုံငါးပါးလုံးပင် အနီး ဥပစာ၌ ကျရောက်လျက် ရှိကြ၏၊ ထိုအခါ၌ စိတ်သည် အာရုံအားလုံးကို တစ်ပြိုင်နက် မပြုနိုင်သည် မှာ ထင်ရှားပါ၏၊ ထိုအာရုံအမျိုးမျိုးတွင် ဘယ်အာရုံကို ရှေးဦးစွာ အာရုံပြုမည်နည်း၊ အာရုံတစ်ခုမှ တစ်ခုသို့ အဘယ်ပုံ ကူးပြောင်း၍ ပြုမည်နည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား-ဤကဲ့သို့ အာရုံအများ စုမိရာ၌ ပုဂ္ဂိုလ်၏ အဇ္ဈာသယအလိုက် စိတ်အကြိုက်အားဖြင့်လည်းကောင်း, အာရုံက သတ္တိလွန်ကဲ ခြင်းအားဖြင့်လည်းကောင်း ရှေးဦးစွာလည်း အာရုံပြု, ကူးပြောင်း၍လည်း အာရုံပြုရပေသည်။

ချဲ့ဦးအံ့ –ရူပါရုံ၌ အဇ္ဈာသယရှိသူ ဖြစ်လျှင် ရူပါရုံသည် ရှေးဦးစွာ ထင်၏၊ ရူပါရုံအမျိုးမျိုးတွင်လည်း အဇ္ဈာ သယအားကြီးရာ ရူပါရုံသည် ရှေးဦးစွာ ထင်၏၊ သဒ္ဒါရုံ အစရှိသည်တို့တွင်လည်း အဇ္ဈာသယအလိုက် စိတ်အကြိုက် အာရုံကိုပင် ရှေးဦးစွာ အာရုံပြုပေမည်၊ ထို့နောက်လည်း အဇ္ဈာသယအလိုက် အာရုံ တစ်ခုမှ တစ်ခုသို့ ကူးပြောင်း၍ အာရုံပြုပေမည်၊ အဇ္ဈာသယက ဘယ် အာရုံပေါ်၌မှ

ထူးခြား၍ စိတ်မထက်သန်လျှင် အာရုံ၏သတ္တိထက်မှုကို အစွဲပြု၍ သတ္တိထက်သော အာရုံများသာ ဆက်ကာ ဆက်ကာ ထင်လာပေသည်။ [ကထံ ပန စိတ္တဿ အာရမဏတော သင်္ကန္တိ ဟောတီတိ၊...ဒွီဟာကာရေဟိ အဇ္ဈာသယတော ဝါ ဝိသယာဓိမတ္တခတာ ဝါ၊-အဋ္ဌသာလိနီ။]

ဧကစိတ္တက္ခဏာတီတာနိ ဝါ ဗဟုစိတ္တက္ခဏာတီတာနိ ဝါ ဌိတိပ္ပတ္တာနေဝ။ ။ရူပါရုံစသော ပဉ္စာရုံသည် ဆိုင်ရာဒွါရ၌ ထင်လာသောအခါ အဖြစ်က အလွန်မြန်သောကြောင့် ဖြစ်တုန်းလောလောဆယ်မှာ မထင်နိုင် သေးဘဲ ဖြစ်ပြီးနောက် ဌီသို့ရောက်မှ ထင်နိုင်ကြသည်၊ အချို့ကား "ရုပ်တို့သည် ဌီအခိုက်ကျမှ ပစ္ဆာဇာတ ပစ္စည်းအထောက်အပံ့ကို ရသဖြင့် အားရှိကြသောကြောင့် ရုပ်တရားတွင် ပါဝင်သော ပဉ္စာရုံတို့လည်း ဌီ အခိုက်ကျမှ ထင်လာနိုင်ကြသည်"ဟု ပြောဆိုကြ၏၊ ရုပ်တရားတို့သည် ဌီအခိုက်ကျမှ ပစ္ဆာဇာတပစ္စည်း အထောက်အပံ့ကိုရ၍ အားရှိကြသည်ကား မှန်ပေ၏၊ သို့သော် ထိုအင်အားမျိုးသည် အာရုံထင်ရာ၌ အသုံး ဝင်သော အားမဟုတ်၊ ဌီခဏ၌ သန်သန်မာမာ တောင့်တောင့်တင်းတင်းရှိ၍ အဆက်ဆက် ရုပ်များကို ကျေးဇူးပြုနိုင်တဲ့အားမျိုးသာ ဖြစ်သည်၊ အဝိညာဏကဖြစ်သောအာရုံနှင့် အသညသတ်ဘုံက ဗြဟ္မာတို့၏ ရူပါရုံသည် ပစ္ဆာဇာတပစ္စည်း အထောက်အပံ့ကို မရဘဲ ဆိုင်ရာပသာဒ၌ ကျကျနန ထင်လာနိုင်ကြပေသည်၊ ဝိပဿနာကမ္မဋ္ဌာန်းစီးဖြန်းသောယောဂီ၏ မနောဒွါရ၌ကား ဥပါဒ်တုန်းမှာပင် ထိုရုပ်တရားများ ထင်လာနိုင် ကြသည်၊ (ဥဒယဗ္ဗယဉာဏ်ခန်းကို သတိပြု )၊ ထို့ကြောင့် ပစ္ဆာဇာတပစ္စည်း အထောက်အပံ့သည် အာရုံထင် ရာတွင် အသုံးဝင်သောအင်အား မဟုတ်။

အာရုံ ဒွါရအပြင် ပါဝင်သင့်သောအကြောင်းများ။ ။ထိုပဉ္စာရုံတို့ ပဉ္စဒွါရဝယ် ထင်ကြရာ၌ အာရုံနှင့် ဒွါရ စုံရုံမျှဖြင့် ထင်နိုင်ကြသည်မဟုတ်၊ စက္ခုဒွါရဝယ် ထင်ရာ၌ အာလောက (အရောင်အလင်း )ရှိမှ ထင်နိုင် ၏၊ သောတဒွါရဝယ် အာကာသ(အပေါက်အကြား)ရှိမှ ထင်နိုင်သည်၊ ထိုစကားမှန်၏-တစ်စုံတစ်ခု အပေါက် အကြား မရှိလျှင်, သို့မဟုတ် နားပေါက်ကို အားကုန်ပိတ်ထားလျှင် ကြားနေကျ အသံကိုပင် မကြားရချေ၊ ဃာနဒွါရဝယ် ဝါယ(လေ)ဟူသော အထောက်အပံ့ကို ရမှ ထင်နိုင်၏၊ အနံ့ကို လေက ဆောင်ယူမပေးလျှင် ဃာနပသာဒရှိရာ နှာခေါင်းအတွင်းသို့ ဂန္ဓာရုံ မဝင်နိုင်၊ ဇိဝှါပသာဒဝယ် အာပ (ရေ=အရည်) ဟူသော အထောက်အပံ့ကို ရမှ ထင်လာနိုင်သည်၊ ထိုစကားမှန်၏-ခြောက်သွေ့သော အစာအာဟာရကို လျှာပေါ်မှာ တင်ထားသော်လည်း အရသာမပေါ်သေး၊ လျှာရည်က ထိုအစာကိုစိုစေရာအခါကျမှ အရသာပေါ်လာသည်။

ကာယဒွါရဝယ် ပထဝီဓာတ် အထောက်အပံ့ရမှ ထင်လာနိုင်သည်၊ ထင်ရှားစေအံ့-ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ၌ ထိခိုက်သောအခါ ကာယပသာဒတွင်

စိတ္တက္ခဏလွန်ပုံအဖွင့်

တန့်ရပ်မနေ , ကာယပသာဒ၏ မှီရာမဟာဘုတ်ကိုလည်း ထိခိုက်၏၊ ထိုမဟာဘုတ်များတွင်ကား ပထဝီဓာတ်သည် အချုပ်အခြာ အမာခံပင်တည်း၊ ထို့ကြောင့် ဖောဋ္ဌဗ္ဗာရုံ၏ ကာယဒွါရဝယ် ထင်ရာ၌ ပထဝီဓာတ်သည် အရေးကြီးသော အထောက်အပံ့တစ်ခု ဖြစ်၏၊ [ဤအာရုံထင်ခန်း၌ မနသိကာရဟု ခေါ်အပ်သော အာဝဇ္ဇန်း ကား မဆိုင်သေး၊ အာဝဇ္ဇန်းက အာရုံယူပြီးနောက်မှဖြစ်သော ပဉ္စဝိညာဉ်ဖြစ်ခြင်း၏ အကြောင်းများတွင်သာ အာဝဇ္ဇန်း ပါဝင်နိုင်သည်။] ဤပြခဲ့သည့်အတိုင်း ဆိုင်ရာအကြောင်းများက အားကောင်းလျှင် စိတ္တက္ခဏ တစ်ချက်ခန့်(ခဏငယ်သုံးချက်ခန့်)အလွန်တွင် ထင်လာ၍, အာရုံသော်လည်းကောင်း, ပသာဒသော်လည်း ကောင်း, အာလောကစသည်သော်လည်းကောင်း, တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ သုံးခုလုံးဖြစ်စေ ညံ့နေလျှင် ညံ့သည့်အလိုက် စိတ္တက္ခဏ နှစ်ချက်ခန့် သုံးချက်ခန့် လေးချက်ခန့်စသည်လွန်၍ ဌီသို့ အတော်ကြာကြာ ရောက်မှ ထင်လာနိုင်ရကား "ဧကစိတ္တက္ခဏာတီတာနိ ဝါ ဗဟုစိတ္တက္ခဏာတီတာနိ ဝါ ဌိတိပ္ပတ္တာနေဝ" ဟု မိန့်ရပေသည်၊ ဤကား အများယူရိုးဖြစ်သော ဝါဒအတိုင်းတည်း။

ဤကျမ်းအလိုမှာ "ဧကစိတ္တက္ခဏာတီတာနိ ဝါ ဗဟုစိတ္တက္ခဏာတီတာနိ ဝါ"ဟူသော စကားကို အများ နားလည်ရုံ အကြမ်းဖျင်း သတ်မှတ်ပြအပ်သောစကားဟု ထင်ပေသည်၊ သဘာဝဓမ္မ၏ ဖြစ်ပုံကိုဆင်ခြင်လျှင် ထိုဆိုခဲ့တိုင်းချည်း မဟုတ်နိုင်၊ အချို့ အလွန်အားကောင်းသော အတိမဟန္တာရုံများသည် ဥပါဒ်ပြီးလျှင်ပြီးချင်း စိတ္တက္ခဏတစ်ချက်ခန့် (ခဏငယ် သုံးချက်ခန့်) မလွန်ခင် ဒုတိယခဏငယ်လောက်မှာပင် ထင်လာနိုင်ဖွယ် ရှိ၏၊ ချဲ့ဦးအံ့-တစ်စုံတစ်ခု ရူပါရုံကို အတော်ကြာအောင် စူးစိုက်၍ ကြည့်ရှုနေသောအခါ ကြည့်ရှုတုန်းဆဲဆဲ မှာပင် ရူပါရုံသည် "ဖြစ်လိုက်, တည်လိုက်, ပျက်လိုက်" အားဖြင့် အကြိမ်များစွာ ပြောင်းလွှဲနေ၏၊ ထိုရူပါရုံသည် ဖြစ်တုန်းခဏ ပျက်တုန်းခဏ၌ မထင်လာနိုင်သော်လည်း တည်တုန်းခဏမှာမူ ခဏမရွေးထင်ထိုက်၏၊ သို့အတွက် အင်မတန်အားကောင်းသော စက္ခုပသာဒနှင့် အာလောကတို့က စုံလင်နေပါမူ ဥပါဒ်ပြီးနောက် ဒုတိယခဏငယ်အခိုက်သို့ ရောက်လျှင် မထင်ဘဲနေဖို့ အကြောင်းရှာမရပါ။ [ခန္ဓနိဒ္ဒေသဝိဘင်း မူလဋီကာ၌ ကား ဥပါဒ်တုန်းမှာပင် ထင်လာနိုင်သည်ဟု ယူလိုသေး၏။ ]

ထို့ပြင် –စိတ္တက္ခဏနှစ်ချက်ခန့်လွန်မှ သုံးချက်ခန့်စသည် လွန်မှသာ ထင်လာနိုင်သည်"ဟု အတိအလင်း အတင်းအကြပ် ပိုင်းဖြတ်ထားသည်ကိုလည်း သာ၍ပင် စဉ်းစားထိုက်၏၊ စိတ္တက္ခဏတစ်ချက် တစ်ချက်လျှင် ခဏငယ် သုံးချက် သုံးချက် ရှိသည်ကို သတိပြုပါ၊ စိတ္တက္ခဏတစ်ချက်နှင့် ခဏငယ်တစ်ချက်ခန့် နှစ်ချက် ခန့့်အလွန်တွင်လည်းကောင်း, စိတ္တက္ခဏနှစ်ချက်နှင့် ခဏငယ်တစ်ချက်ခန့် နှစ်ချက်ခန့်အလွန်တွင်လည်း ကောင်း, ဤသို့ စသည်ဖြင့် ခဏငယ်ကလေးများ

အလွန် အလွန်တွင် မထင်နိုင်သည်မှာ ဘယ်ထာဝရဘုရားက တားမြစ်ထားလို့ပါနည်း၊ မထင်နိုင်ဘူးဟု ဆိုဖို့ရာ ပဋ္ဌာန်းပစ္စည်းတွင် ဘယ်ပစ္စည်းကို ထောက်မည်နည်း၊အဘိဓမ္မာဝယ် ပဋ္ဌာန်းပစ္စည်းထက် ခိုင်မာသော သာဓက မရှိပါ၊ ထို့ကြောင့် စိတ္တက္ခဏတိတိ အလွန်တွင်သာမဟုတ်, ခဏငယ်ကလေးများ အလွန် အလွန် တွင်လည်း ဆိုင်ရာဒွါရ၌ ထင်နိုင်ကြမည်သာ၊ "ဧကစိတ္တက္ခဏာတီတာနိ ဝါ"စသော ပါဠိမှာ အများနားလည်ရုံ အကြမ်းဖျင်း သတ်မှတ်ပြသော စကားသာတည်းဟု ယူလိုပါသည်၊ သို့သော် ဝီထိဆိုရိုး၌ကား အများ ရှုတ်ထွေးမည်စိုးသောကြောင့် သင်္ဂြိုဟ်ပါဠိအရ အများပြောရိုးအတိုင်းသာ ပြထားပါသည်။

[ဆောင်] အာရုံဒွါရ, စုံရုံမျှဖြင့်, ကိစ္စမချော, အာလောကာသ, ဝါယာပနှင့်, တစ်ဝပထဝီ, အလီလီတို့, ကိုယ်စီစုံမှ, ထင်နိုင်ကြ, ပဉ္စအာရုံတွေ။

•••••••••••••

အတိမဟန္တာရုံဝီထိ တသ္မာ ယဒိ ဧကစိတ္တက္ခဏာတီတကံ ရူပါရမဏံ စက္ခုဿ အာပါတမာဂစ္ဆတိ၊ တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ တမေဝ ရူပါရမဏံ အာဝဇ္ဇန္တံ ပဉ္စဒွါရာ ဝဇ္ဇနစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ၊ တတော တဿာ နန္တရံ တမေဝ ရူပံ ပဿန္တံ စက္ခုဝိညာဏံ, သမ္ပဋိစ္ဆန္တံ သမ္ပဋိစ္ဆနစိတ္တံ, သန္တီရယမာနံ သန္တီရဏစိတ္တံ, ဝဝတ္ထပေန္တံ ဝေါတ္ထပနစိတ္တေဉ္စတိ ယထာက္ကမံ ဥပဇ္ဇိတွာ နိရုဇ္ဈတိ၊ တတော ပရံ ဧကူနတ္တိံသကာမာဝစရဇဝနေသု ယံကိဉ္စိ လဒ္ဓပစ္စယံ ယေဘုယေန သတ္တက္ခတ္တုံ ဇဝတိ၊ ဇဝနာနုဗန္ဓာနိ စ ဒွေ တဒါရမဏပါကာနိ ယထာရဟံ ပဝတ္တန္တိ၊ တတော ပရံ ဘဝင်္ဂပါတော။

စက္ခုဿ အာပါတမာဂစ္ဆတိ။ ။"စက္ခုဿ-စက္ခုပသာဒအား"ဟု သမ္ပဒါန်အနက် ဆိုသည်ကား သဒ္ဒါထုံးစံ မဟုတ်၊"စက္ခုဿ-စက္ခုပသာဒ၏"ဟု အနက်ဆို၍ အာပါတံဝယ် အာ ဥပသာရ၌ စပ်ပါ၊"စက္ခုပသာဒ၏ရှေးရူ" ဟူလို၊ တစ်နည်း-"စက္ခုဿ-စက္ခုပသာဒသို့" ဆဋ္ဌီကံအနက်ဆို၍ အာပါတံဝယ် ပါတ၌ စပ်ပါ၊ "စက္ခုပသာဒ သို့ ကျရောက်ခြင်း" ဟူလို။

တတော ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ။ ။စက္ခုဒွါရ၌ ရူပါရုံထင်လာလျှင် ဘဝင်နှစ်ကြိမ်လှုပ်၏၊ "လှုပ်"ဟူရာ ၌ "ဆတ်ဆတ်ခါ တုန်အောင်လှုပ်ခြင်း"ဟု မမှတ်အပ်၊ ဘဝင်စိတ်တို့သည် ပင်ကိုက ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် တစ်ပါးပါးကို အာရုံပြုနေရာ, အသစ်အာရုံ ထင်လာမှုကြောင့် ထိုအာရုံသစ်ကိုပင် ယူရတော့မလို, ပင်ကိုယူဆဲအာရုံကို စွဲမြဲငြိမ်သက်စွာလည်းမယူနိုင်,လွှတ်လည်းမလွှတ်နိုင်ဘဲ,ပင်ကိုသဘော မှ ဖောက်ပြား၍ လှုပ်ချောက်ချားမှုကို "ဘဝင်လှုပ်သည်"ဟု ဆိုလိုသည်၊

အာရုံတစ်ခု နှစ်ဒွါရ၌ ထင်ပုံ

"တယ်စိတ်တွေက လှုပ်ရှားသကိုး"ဟု ညည်းညူရာ၌ ထိုထိုအာရုံအတွက် စိတ်မငြိမ်သက်မှုကိုပင် "လှုပ်ရှား" ဟု ပြောဆိုကြသကဲ့သို့တည်း။

ဘဝင်လှုပ်စောဒနာ။ ။စက္ခုပသာဒ၌ ရူပါရုံ ထိခိုက်လာလျှင် အဘယ့်ကြောင့် ဟဒယဝတ္ထုကိုမှီသော ဘဝင်စိတ်က လှုပ်ရပါသနည်း၊ ထင်ရှားစေဦးအံ့–စက္ခုပသာဒသည် မျက်လုံးအိမ်အတွင်းမှာ တည်ရှိ၏၊ ဟဒယဝတ္ထုကား ရင်ချိုင့်အတွင်းမှာ တည်ရှိ၏၊ စက္ခုပသာဒနှင့် ဟဒယဝတ္ထုတို့သည် သတ္တဝါအကြီးအငယ် အလိုက် ဌာနအားဖြင့် အပုံကြီး ဝေးသေး၏၊ အသုရိန်နတ်ကြီး၏ သန္တာန်၌ကား ခရီးတိုင်တာ များစွာပင် ဝေး၏၊ ဘဝင်လှုပ်ရှားမှုမှာလည်း ရူပါရုံထင်လာသည်နှင့် တစ်ပြိုင်နက် ဖြစ်ရမည်၊ သို့ပါလျက် စက္ခုပသာဒ၌ ရူပါရုံ ထင်လာချက်ကြောင့် ဟဒယဝတ္ထုကို မှီသော ဘဝင်စိတ်က လှုပ်ရှားရခြင်းသည် ဖြစ်နိုင်ခဲသောအရာ, လွန်စွာ ခက်ခဲသော အချက်ကြီး မဟုတ်ပါလော-ဟူလို။

အဖြေကား။ ။စက္ခုပသာဒ၌ ရူပါရုံက ထိခိုက်သောအခါ မနောဒွါရဟူသော ဘဝင်၌လည်း တစ်ပြိုင်နက် ထင်လျက်ရှိ၏၊ ဥပမာ-ငှက်တစ်ကောင်သည် သစ်ပင်ဖျား၌ နားသောအခါ သစ်ပင်ဖျား၌ ထိခိုက်မိသည်နှင့် တစ်ပြိုင်နက် အောက်မြေပြင်မှာ ငှက်ရိပ်ထင်လာသကဲ့သို့တည်း၊ ထိုကဲ့သို့ ဘဝင်စိတ်၌ တစ်ပြိုင်နက် ဓာတ်ခိုက်ထင်လာခြင်းကြောင့် ဘဝင်လှုပ်ရသည်။[ငှက်နှင့်ရူပါရုံ,ငှက်၏ သစ်ခက်၌ထိခိုက်ခြင်းနှင့် မနောဒွါရ တည်းဟူသော ဘဝင်၌ ထင်လာခြင်းသည် တူ၏။ ]

အဋ္ဌသာလိနီ။ ။ဧကေကံ အာရမဏံ ဒွီသု ဒွီသု ဒွါရေသု အာပါတမာဂစ္ဆတိ၊ ရူပါရမဏံ ဟိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏေညေဝ မနောဒွါရေ အာပါတမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။

မှတ်ချက်။ ။ဤနည်းဝယ် ရူပါရုံ စသောအာရုံငါးပါးသည် နှစ်ဒွါရနှစ်ဒွါရ၌ ထင်လေ့ရှိသော်လည်း မနော ဒွါရမှာ အာရုံအားလုံးနှင့် ဆက်ဆံသောကြောင့် "မနောဒွါရ၌ ထင်လာသည်"ဟု အထူးမပြတော့ဘဲ အများနှင့်မဆက်ဆံသော ဒွါရဖြင့် ပိုင်းခြား၍ "ရူပါရုံသည် စက္ခုဒွါရ၌ ထင်သည်"ဟု အသာဓာရဏနည်း အားဖြင့် ပြတော်မူသည်။

ဥပမာတစ်နည်း။ ။စည်မျက်နှာပြင်တစ်ခုတည်း၌ သကာခဲနှစ်ခု ကပ်ထားလေရာ တစ်ခုသောသကာ ခဲ၌ ယင်ကောင်နားနေခဲ့သော် ယင်ကောင်နားရာ မဟုတ်သော သကာခဲကို လက်ဖြင့် ပုတ်ခတ်လိုက်သော အခါ ယင်ကောင်လည်း လှုပ်ရှား၍ ပျံသွားရာ၏၊ ဤ၌ ယင်ကောင်သည် အဘယ့်ကြောင့် လှုပ်ရှားရသနည်း, သူ၏နားရာ သကာခဲကို မပုတ်ခတ်သည် မဟုတ်ပါလော-ဟူအံ့၊ ယင်နားရာသကာခဲကို မပုတ်ခတ်သော် လည်း အနီး၌ယှဉ်လျက် ကပ်ထားသော

သကာခဲကို ပုတ်ခတ်လျှင်ပင် စည်မျက်နှာပြင်တစ်ခုတည်းမှာ တစ်စပ်တည်း စပ်နေသောကြောင့် ယင်၏ နားရာ သကာခဲ၌ အရှိန်ဟပ်သဖြင့် ယင်ကောင်လည်း တစ်ပြိုင်နက် လှုပ်ရလေသည်၊ ထို့အတူ ပသာဒနှင့် ဘဝင်၏မှီရာ ဟဒယဝတ္ထုတို့ အရပ်ချင်း မနီးကြသော်လည်း ဓာတ်သဘာဝအားဖြင့် တစ်စပ်တည်းဖြစ်သော ကြောင့် ပသာဒ၌ အာရုံထိခိုက်သောအခါ ဟဒယဝတ္ထုကိုမှီသော ဘဝင်လည်း လှုပ်ရလေသည်၊ ဤဥပမာ၌ သကာခဲနှစ်ခုနှင့် စက္ခုပသာဒ ဟဒယဝတ္ထုတို့သည်လည်းကောင်း, ယင်မနားရာ သကာခဲကို ပုတ်ခတ်ခြင်းနှင့် စက္ခုပသာဒ၌ ရူပါရုံ၏ ထိခိုက်ထင်လာခြင်းသည်လည်းကောင်း, မပုတ်ခတ်အပ်သော်လည်း ပုတ်ခတ်မှုအရှိန် ဟပ်သဖြင့် အခြားသကာခဲ၌ နားသောယင်၏ လှုပ်ရှားခြင်းနှင့် ဘဝင်၏ လှုပ်ရှားခြင်းသည်လည်းကောင်း တူကြသည်။

မဟာဋီကာ။ ။ဝိသယဝိသယိဘာဝသိဒ္ဓါယ ဓမ္မတာယ အာရမဏဿ အဘိမုခီ ဘာဝေန ပသာဒဿ တာဝ ဃဋ္ဋနာ ဟောတု၊ အညနိဿိတဿ ပန ဘဝင်္ဂဿ စလနံ ကထံ ဟောတီတိ၊...တံသမ္ဗန္ဓဘာဝ တော၊ ဘေရိတလေ (စည်မျက်နှာတစ်ပြည်တည်း၌) ထပိတာသု သက္ခရာသု ဧကိဿာသက္ခရာယ ဃဋ္ဋိတာယ တဒညသက္ခရာယံ ဌိတမက္ခိကာစလနေဉ္စတ္ထ ဥဒါဟရဏံတိ။

"ဃဋ္ဋိတေ အညဝတ္ထုမှိ, အညနိဿိတကမ္ပနံ၊ ဧကာ ဗန္ဓေန ဟောတီတိ, သက္ခရောပမယာ ဝဒေ"

ဟူသော သစ္စသံခိပ်လည်း ဤအဓိပ္ပါယ်ပင်တည်း၊" သက္ခရောပမာယ"ဟု ဆိုလိုလျက် ဂါထာအရာဖြစ်၍ ဆန်းတည့်အောင် မ၏မှီရာ အာနှင့်, ယ၏မှီရာ အကို အက္ခရာပြောင်းရွှေ့မှုပြု၍"သက္ခရောပမယာ"ဟုဆိုထားသည်။[အညဝတ္ထုမှိ-ဟဒယဝတ္ထုမှတစ်ပါးသော စက္ခုဝတ္ထုစသည်ကို၊ဃဋ္ဋိတေ-ရူပါရုံစသည်တို့က ထိခိုက်အပ်သည်ရှိသော်၊ အညနိဿိတကမ္ပနံ-ထိခိုက်ရာမဟုတ်သော ဟဒယဝတ္ထုရုပ်၌မှီသော ဘဝင်၏ လှုပ်ရှားခြင်းသည်၊ ဧကာဗန္ဓေန-စက္ခုနှင့် ဟဒယဝတ္ထုတို့ အရပ်မနီးသော်လည်း ဓာတ်သဘာဝအားဖြင့် တစ်စပ်တည်း ဆက်သွယ်နေခြင်းကြောင့်၊ဟောတိ-ဖြစ်နိုင်၏၊ [ဣတိ-ဤအကြောင်းကို၊]သက္ခရောပမာယ-သကာဥပမာဖြင့်၊ ဝဒေ-ပြောပြနားလည်စေရာ၏၊

ဝိဘာဝနီအပြစ်။ ။သစ္စသံခိပ်ဆရာနှင့် ဝိသုဒ္ဓိမဂ်မဟာဋီကာဆရာသည် အရှင်ဓမ္မပါလချည်းသာဖြစ်၍ နှစ် ကျမ်းလုံးမှာပင် စည်မျက်နှာတစ်ပြင်တည်း၌ သကာနှစ်ခုကပ်လျက်ဆက်သွယ်နေပုံကို ဥပမာပြသော်လည်း ဂါထာဖြစ်၍ အဓိပ္ပာယ် မရှင်း, ဝိသုဒ္ဓိမဂ်ဋီကာရင်းကိုလည်း သတိပြုမိဟန်မတူသော ဝိဘာဝနီသည် "စည်မျက်နှာနှစ်ပြင်တွင် တစ်ပြင်မှာ သကာကပ်ထား၍ ယင်နားနေခိုက် သကာမရှိသော ဟိုဘက်တစ်ပြင်ကို ပုတ်ခပ်လိုက်ရာ အစဉ်အတိုင်း ဆက်၍,

ဘဝင်နှစ်ကြိမ်လှုပ်

သားရေကြိုးလွန်တို့ လှုပ်ရှားသဖြင့် သကာသုတ်ထားအပ်ရာ မျက်နှာပြင်၌ နားနေသောယင်လည်း လှုပ်ရှား ရသကဲ့သို့ စက္ခုပသာဒစသည်၌ ရူပါရုံစသည်တို့က ထိခိုက်မိသောအခါ စက္ခုပသာဒ၏မှီရာ မဟာဘုတ်မှ ဘုတ်ချင်း ဆက်ကာဆက်ကာ အစဉ်အတိုင်း ထိခိုက်လှုပ်ရှား၍ ဟဒယဝတ္ထုရုပ်၏မှီရာ မဟာဘုတ်များသို့ ဆိုက်ရောက်, ထို့နောက်မှ ထိုမဟာဘုတ်ကိုမှီသော ဟဒယဝတ္ထုက လှုပ်သဖြင့် ဟဒယဝတ္ထု၌ မှီသောဘဝင် လည်း လှုပ်ရှားရသည်ဟု ပရမတ်သဘောနှင့် ကွာဝေးသောအဓိပ္ပါယ်ကို ရေးသားမိလေ၏၊ မျက်စိတစ်မှိတ် ခန့်၌ စိတ်ပေါင်းကုဋေတစ်သိန်းခန့်မျှ ဖြစ်ပျက်နိုင်သောကြောင့် ထိုကဲ့သို့ ဘုတ်ချင်း ဆက်နေခိုက်မှာ ဝီထိ ပေါင်းများစွာ ကျပြီးဖြစ်တော့လတ္တံ့။

နှစ်ကြိမ်လှုပ်။ ။ပြအပ်ပြီးသောနည်းအရ မနောဒွါရဟူသောဘဝင်၌ အာရုံ၏ ထင်လာခြင်းကြောင့်ဘဝင် လှုပ်သည်ရှိသော် တစ်ကြိမ်တည်းမလှုပ်ဘဲ အဘယ့်ကြောင့် နှစ်ကြိမ်တိုင်အောင် လှုပ်ပြီးမှ ဘဝင်အစဉ်ပြတ် ရသနည်းဟု မေး၊ အဖြေကား-အာရုံသစ် မထင်လာခင် ဖြစ်နှင့်သော ဘဝင်အစဉ်သည် အာရုံသစ်ထင်သည်နှင့် တစ်ပြိုင်နက် အစဉ်ရပ်၍ မပြတ်နိုင်သောကြောင့် ဘဝင်နှစ်ကြိမ်တိုင်အောင် လှုပ်ပြီးမှ ပြတ်ရလေသည်၊ ဥပမာ–ပန်းပြေးပြိုင်ပွဲ၌ အဟုန်ပြင်းစွာ အတင်းပြေးလာသော ယောကျ်ားသည် ပန်းတိုင်အရပ်သို့ ရောက်လျှင် ရပ်ချင်သော်လည်း မရပ်နိုင်သေးဘဲ နှစ်လှမ်းလောက် လွန်မိကာမှ ရပ်နိုင်သကဲ့သို့တည်း။

ယထာ ဝေဂေန ဓာဝန္တော, ဌာတုကာမော န တိဋ္ဌတိ၊ ဧဝံ ဒွိက္ခတ္တုံ ဘဝင်္ဂံ, ဥပ္ပဇ္ဇိတွာဝ ဆိဇ္ဇတိ။

ဘဝင်ဂစလန ဘဝင်င်္ဂုပစ္ဆေဒ။ ။"ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ"ဟုလည်းကောင်း, "ဒွေ ဘဝင်္ဂစလာနိ"ဟု လည်းကောင်း မိန့်ဆိုသော အဋ္ဌကထာတို့က လှုပ်ရှားတတ်သော ဘဝင်နှစ်ကြိမ်လုံးကိုပင် ဘဝင်္ဂစလနချည်း နာမည်ပေး၍ အာဝဇ္ဇန်းကိုသာ ဘဝင်္ဂုပစ္ဆေဒဟု နာမည်ပေးလိုကြသည်၊ ထိုစကားမှန်၏၊ "ဘဝင်္ဂသောတံ ဝေါစ္ဆိန္ဒိတွာ တမေဝ ရူပါရမဏံ အာဝဇ္ဇန္တံ ပဉ္စဒွါရာဝဇ္ဇနစိတ္တံ"ပါဌ်၌ ဝေါစ္ဆိန္ဒိတွာ၏ ကတ္တား (ဘဝင်အယဉ်ကို ဖြတ်တတ်သောတရား)ကား ပဉ္စဒွါရာဝဇ္ဇနစိတ္တံတည်း၊"ပဉ္စရူပါဝစရာနိ စိတ္တာနိ အရူပါဝစရာနိ အတ္တနာ ဒိန္နပဋိ သန္ဒိတော ဥဒ္ဓံ အသတိ ဘဝင်္ဂုပစ္ဆေဒကေ စိတ္တုပ္ပာဒေ ဘဝင်္ဂကိစ္စံ အန္တေ စုတိကိစ္စဉ္စာတိ ကိစ္စဒွယံ သာဓယမာ နာနိ ပဝတ္တန္တိ"ဟူသော ပဋိစ္စသမုပ္ပာဒဝိဘင်္ဂဋ္ဌကထာ၌လည်း "အသတိ ဘဝင်္ဂုပစ္ဆေဒကေ စိတ္တုပ္ပာဒေ" ဖြင့် အာဝဇ္ဇန်းကိုပင် ပြသည်၊ ဤအဋ္ဌကထာတို့အလို "ဘဝင်္ဂံ-ဘဝင်ကို၊ ဥပစ္ဆိန္ဒတိ-ဖြတ်တတ်၏၊ ဣတိ-ကြောင့်၊ ဘဝင်္ဂုပစ္ဆေဒေါ-မည်၏"ဟု ဝိဂြိုဟ်ပြုရာ၏။

ဤသို့လျှင် အဋ္ဌကထာများ၌ လှုပ်ရှားသောဘဝင်နှစ်ကြိမ်ကို ဘဝင်္ဂစလနဟုလည်းကောင်း, အာဝဇ္ဇန်းကို ဘဝင်္ဂုပစ္ဆေဒဟုလည်းကောင်း နာမည်တပ်လိုကြသော်လည်း ဆရာအစဉ်အဆက်တို့က ဒုတိယဘဝင်္ဂစလန ကို ဘဝင်္ဂုပစ္ဆေဒဟု နာမည်တပ်ခဲ့သဖြင့် ထိုအမည်က ယခုကာလ၌ တွင်ကျယ်နေရကား ဝီထိကျခန်း၌ ဒုတိယဘဝင်္ဂစလနကို "ဘဝင်္ဂုပစ္ဆေဒ"ဟု သုံးနှုန်းရတော့လတ္တံ့၊ "စလတီတိစလနံ, ဘဝဂဉ္စ တံ စလနဉ္စာတိ ဘဝင်္ဂစလနံ=လှုပ်ရှားတတ်သောဘဝင်၊ ဥပစ္ဆိဇ္ဇတိ-ပြတ်စဲတတ်၏၊ ဣတိ-ကြောင့်၊ ဥပစ္ဆေဒေါ-မည်၏၊ ဘဝင်္ဂဉ္စ+တံ+ဥပစ္ဆေဒေါ စာတိ ဘဝင်္ဂုစ္ဆေဒေါ=ပြတ်သောဘဝင်" ဟု ပြု။ [အာဝဇ္ဇနသမ္ပဋိစ္ဆနသန္တီရဏဝေါဋ္ဌပန ဇဝနတဒါရမဏပုဒ်တို့၏ အဓိပ္ပာယ်ကို ကိစ္စသင်္ဂဟ၌ပြခဲ့ပြီ။]

ဝဝဋ္ဌပေန္တံ ဝေါဋ္ဌပနစိတ္တံ။ ။ဝေါဋ္ဌပနစိတ္တံ, ဝေါဋ္ဌဗ္ဗနစိတ္တံ, ဝေါတ္ထပနစိတ္တံဟု သုံးထွေရှိသည်တွင် ယခု တွေ့ရသော ကျမ်းစာတို့၌ "ဝေါဋ္ဌဗ္ဗနစိတ္တံ"ဟု အရှိများ၏၊ (ဝဝဋ္ဌပေန္တံ=ဝဝတ္ထပေန္တံ) ဟူသောပါဌ်သည် ဝေါဋ္ဌ ပနပုဒ်၏ ဇစ်မြစ်ကိုပြသောပါဌ်တည်း၊ ဝဝဋ္ဌပေန္တံဆိုလျှင် ဝိအဝ+ရှေးရှိသော ဌာဓာတ် ဏာပေပစ္စည်း-ယု ပစ္စည်းတည်း၊ အဝကို ဩပြု ,ဝိ၏အစိတ် ဣကို ချေ, ဝကို ဩသို့ကပ်, ဝေါဖြစ်၏၊ ဌကိုဒွေဘော်, ဏအနုဗန် ချေ, အာကို ရဿ, ယုကို အနပြု၍ "ဝေါဋ္ဌပန"ဟု ပါဌ်မှန် ဖြစ်၏၊ ဝဝတ္ထပေန္တံဆိုလျှင် "ဝိ အဝ+ထပဓာတ် ယုပစ္စည်း" ဖြစ်၍ "ဝေါတ္ထပနဟု ပါဌ်မှန်ဖြစ်၏၊ သို့အတွက် ဝဝတ္ထပေန္တံ ဝေါတ္ထပနစိတ္တံဟုလည်းကောင်း ဝဝဋ္ဌပေန္တံ ဝေါဋ္ဌပနစိတ္တံဟုလည်းကောင်း ပါဌ်မှန် ရှိစေရမည်၊ "ဝေါဋ္ဌဗ္ဗန"ဟူသောပါဌ်၌ ထပဓာတ်မှ ထကို ဌပြု , ဒွေဘော်လည်းပြု, ပကို ဗပြု , ဒွေဘော်လည်းပြု၍ ကြံကြံဖန်ဖန် ရုပ်စီရင်လျှင် ပြီးနိုင်သော်လည်း ထောက်ထားဖွယ်ရာ မရှိပါ။

ဧကူနတိံသကာမာဝစရဇဝနေသု ယံကိဉ္စိ လဒ္ဓပစ္စယံ။ ။ဝုဋ္ဌောစိတ်ချုပ်ပြီးနောက် ဇောစောသည်ရှိသော် ရူပါရုံကို ကာမအာရုံဖြစ်သောကြောင့် ကာမဇော စောခွင့်ရှိ၏၊ မဟဂ္ဂုတ် လောကုတ္တရာဇောတို့က ကာမ တရားကို အာရုံမပြုနိုင်ကြောင်းကို အာရမဏသင်္ဂဟအတိုင်း သိပါ၊ ကာမဇော စောရာ၌ ဇောအများ စောမည်မဟုတ်၊ တစ်ခုယုတ်သုံးဆယ်တွင် အကြောင်းသင့်ရာ တစ်ပါးပါးသာ စောခွင့်ရသည်၊ ချဲ့ဦးအံ့– "ယောနိသော ဘိက္ခဝေ မနသိကရောတော အနုပ္ပန္နာစေဝ ကုသလာဓမ္မာ ဥပ္ပဇ္ဇန္တိ, ဥပ္ပန္နာ စ ကုသလာဓမ္မာ ဘာဝနာယ ပါရိပူရိံ ဂစ္ဆန္တိ" ပါဠိတော်နှင့်အညီ ယောနိသောမနသိကာရ ရှိလျှင် ကုသိုလ်ဇော, ယောနိသော မနသိကာရ မရှိလျှင် အကုသိုလ်ဇော, ယောနိသောမနသိကာရ ရှိသော်လည်း နိရာနုသယ (အနုသယကင်း သော ရဟန္တာများ၏) သန္တာန်၌ဖြစ်လျှင် ကြိယာဇော စောခွင့်ရှိသည်။ [ဘဝင်္ဂုပစ္ဆေဒနောက်က အာဝဇ္ဇန်း၏ မနသိကာရအမည်ရကြောင်းကို စေတသိက်ပိုင်း မနသိကာရပုဒ်၌ ဖွင့်ပြခဲ့ပြီ။ ]

အကြောင်းအဆက်ဆက်။ ။ထိုယောနိသောမနသိကာရ ဖြစ်ဖို့/မဖြစ်ဖို့ရန် အကြောင်းအဆက်ဆက်ကား

အတ္တသမ္မာပဏိဓိ , သဒ္ဓမ္မဿဝန, သပ္ပုရိသူပနိဿယ, ပဋိရူပဒေသဝါသ, ပုဗ္ဗေ စ ကတပုညတာဟူသော သမ္ပတ္တိစက်တို့၏ ရှိခြင်း/မရှိခြင်းများတည်း၊ ချဲ့ဦးအံ့–ရှေးရှေးဘဝက ကုသိုလ်ကောင်းမှု ပြုခဲ့ဖူးခြင်းဟူသော ပုဗ္ဗေစ ကတပုညတာ သမ္ပတ္တိစက်ရှိခဲ့သူသည် သင့်တင့်လျောက်ပတ် သူတော်သူမြတ်တို့နေရာ "ပဋိရူပ ဒေသ" ခေါ်သောအရပ်၌ ဖြစ်ရ၏၊ ထိုပဋိရူပဒေသဝါသ သမ္ပတ္တိစက်ရှိသူသည် မိကောင်း ဖကောင်း ဆွေမျိုး ကောင်း ဆရာသမားကောင်းဟူသော သူတော်ကောင်းတို့ကို မှီခိုဆည်းကပ်ရခြင်းဟူသော သပ္ပုရိသူပနိ ဿယစက်နှင့် ပြည့်စုံ၏၊ ထိုသပ္ပုရိသူပနိဿစက်နှင့် ပြည့်စုံသူသည် သူတော်ကောင်းတရားကို နာရခြင်းဟူ သော သဒ္ဓမ္မဿဝနစက်နှင့် ပြည့်စုံ၏၊ ထိုသဒ္ဓမ္မဿဝနစက်ရှိသူသည် မိမိကိုယ်ကိုလည်းကောင်း, မိမိစိတ်ကို လည်းကောင်း စောင့်စည်းထိန်းသိမ်းနိုင်ခြင်းဟူသော အတ္တသမ္မာပဏိဓိစက်နှင့် ပြည့်စုံ၏၊ ဤအတ္တသမ္မာပ ဏိဓိစက်နှင့် အချက်ကျကျ ပြည့်စုံနေသူ၏ သန္တာန်မှာ တွေ့မြင်ရာအာရုံတိုင်း၌ ယောနိသောမနသိကာရ အဖြစ်များ၍ ကုသိုလ်ဇော စောကြတော့မည်သာ၊ ဤသို့ အဆင့်ဆင့် စက်များ ချွတ်ယွင်းပျက်ပြားနေသူ၏ သန္တာန်၌ကား အယောနိသောမနသိကာရ အဖြစ်များလျက် အကုသိုလ်ဇောများသာ စောခွင့်ရတော့လတ္တံ့။

မှတ်ချက်။ ။ဤစကားစဉ်အရ ယခုဘဝ ကုသိုလ်ဇောစောရာ၌ ယောနိသောမနသိကာရသည် နီးသော အကြောင်း, အတ္တသမ္မာပဏိဓိစသည်ကား ဝေးသောအကြောင်းတည်းဟု မှတ်ပါ၊ ထိုဇောတို့၏ သောမနဿ ဥပေက္ခာ အသင်္ခါရိက သသင်္ခါရိကဖြစ်ဖို့ရန် ဆိုင်ရာ အကြောင်းများ ရှိသေး၏၊ ထိုအကြောင်းများကို စိတ်ပိုင်း ၌ ပြခဲ့ပြီ၊ ဤသို့လျှင် ကာမဇော တစ်ခုယုတ်သုံးဆယ်တွင် အကြောင်းသင့်ရာ တစ်ပါးပါးသာလျှင် စောနိုင်ခွင့် ရှိသောကြောင့် "ယံကိဉ္စိ လဒ္ဓပစ္စယံ "ဟု မိန့်သည်။

ယေဘုယျန သတ္တက္ခတ္တုံ ဇဝတိ။ ။ထိုအခွင့်ရသောဇောသည်လည်း စိတ်တစ်မျိုးတည်းပင် (၇) ကြိမ် ထပ်၍ဖြစ်၏၊ "(၇)ကြိမ်"ဟူသောစကားလည်း (၇)ကြိမ် အဖြစ်များသောကြောင့် ယေဘုယျအားဖြင့် ဆိုအပ် သောစကားတည်း၊ ပကတိရိုးရာအခါ၌ပင် (၆) ကြိမ်စောသောအရာလည်းရှိသေး၊ ထို့ကြောင့် "ပရိတ္တဇဝန ဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ"ဟု ကိုယ်တိုင် ဇဝနဝါရ၌ မိန့်ဦးလတ္တံ့၊ဝိသုဒ္ဓိ မဂ်အဋ္ဌကထာစသည်တို့၌လည်း "ဝေါဋ္ဌပနာနန္တရံ ပန သစေ မဟန္တံ ဟောတိ ရူပါဒိအာရမဏံ ၊ပေ၊ ဆ ဝါ သတ္တ ဝါ ဇဝနာနိ ဇဝန္တိ" ဟု ပကတိ ရိုးရာအခါ၌ပင် (၆)ကြိမ် စောနိုင်ကြောင်း ကိုမိန့်ကြပြီ။

ငါးကြိမ်စောရာအခါ။ ။စုတိခါနီးအခါ, သစ်ပင်ပေါ်မှ ကျခြင်း, ရေနစ်မွန်းခြင်းစသည်တို့ကြောင့် တွေဝေ မိန်းမော သေငယ်ဇောဖြင့် မြောမေ့နေရာအခါ, အိပ်မပျော့်တပျော်ဝယ် အိမ်မက် မက်ရာအခါ စသည်တို့၌ (၅)ကြိမ်သာလည်း စောနိုင်ကြောင်းကို "မရဏ ကာလာဒီသု ပန ပဉ္စဝါရမေဝ"ဟု ဇဝနဝါရ၌လည်းကောင်း,"ဆ ဝါ သတ္တ ဝါတိ ဝါသဒ္ဒေန ပဉ္စ ဝါတိ ဝုတ္တမေဝါ တိ ဒဋ္ဌဗ္ဗံ, သုတ္တမုစ္ဆိတာဒိကာလေ ပဉ္စပိ ဟိ ဇဝန္တိ" ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာခန္ဓနိဒ္ဒေသ၌လည်းကောင်း မိန့် တော်မူကြပြီ။ [ဆောင်ပုဒ်ကို အခြေပြု၌ ရှူပါ။]

ဇဝနာနုဗန္ဓာနိ စ ဒွေ တဒါရမဏပါကာနိ။ ။ဇောက အာရုံအရသာကို ခံစားပြီး ဖြစ်သောကြောင့် ဇော အဆုံးတွင် ဝိပါက်ဝိညာဉ်သည် ဘဝင်ကိစ္စတပ်၍ ဖြစ်ထိုက်ပါသော်လည်း တသွင်သွင် စီးဆင်းနေသော ရေအယာဉ်သည် အဟုန်ဖြင့် ခုတ်လာသော သင်္ဘောနောက်သို့ အနည်းငယ် လိုက်သွားသကဲ့သို့, ထို့အတူ အဟုန်ကောင်းသော ဇော၏ နောက်သို့ နှစ်ကြိမ်ခန့်မျှ တဒါရုံကိစ္စတပ်လျက် လိုက်ပါသွားလေ၏၊ ထို့ကြောင့် ပင် ဝိပါက်စိတ်တို့သည် ယူရိုးယူစဉ် ကံ ကမ္မနိမိတ် ဂတိနိမိတ်အာရုံကို မယူဘဲ ဇော၏ နောက်သို့ လိုက်၍ ဇော၏ အာရုံကို ယူသည့်အတွက် "တဿ အာရမဏံ အာရမဏံ ယဿ"ဟူသော ဝစနတ္ထအရ"တဒါရမဏ" ဟု မှည့်ခေါ်ရသည်။ [တဒေတံ ဇဝနာဝသာနေ ဘဝင်္ဂဿ အာရမဏေ ပဝတ္တနာရဟံ သမာနံ တဿ ဇဝနဿ အာရမဏံ အာရမဏံ ကတွာ ပဝတ္တတ္တာ တဒါရမဏန္တိ ပဝုစ္စတိ၊ –ဝိသုဒ္ဓိမဂ်။]

ယထာရဟံ ပဝတ္တန္တိ။ ။တဒါရုံတို့မည်သည် ကာမဇော, ကာမသတ္တဝါ, အတိမဟန္တ-ဝိဘူတဖြစ်သော ကာမအာရုံ, ဤသုံးချက်စုံမှ ကျနိုင်ကြောင်းကို "ကာမေ ဇဝနသတ္တာ, လမ္ဗနာနံ နိယမေ သတိ" စသည်ဖြင့် ဆိုလတ္တံ့၊ ထိုသုံးပါးသော အကြောင်းတို့တွင် "ဧကူနတ္တိံသကာမာဝစရဇဝနေသု" ပါဌ်ဖြင့် ကာမဇောဖြစ် ကြောင်းကိုလည်းကောင်း, " ဧကစိတ္တက္ခဏာတီတကံ ရူပါရမဏံ" ဖြင့် ကာမအတိမဟန္တာရုံဖြစ်ကြောင်းကို လည်းကောင်း ထင်ရှားစွာပြပြီးဖြစ်၍ ပုဂ္ဂိုလ်အလိုက် ဖြစ်ထိုက်/မဖြစ်ထိုက်ကို စိစစ်ဖို့ရန်"ယထာရဟံ"ဟု မိန့် ၏၊ "ကာမဘုံသား ပုဂ္ဂိုလ်ဖြစ်မှလည်း တဒါရုံကျမည်၊, ကာမပုဂ္ဂိုလ်မဟုတ်လျှင် မကျ" ဟူလို၊ ရှေးဆရာ တို့ကား " ယထာရဟန္တိ အာရမဏဇဝနသတ္တာနုရူပံ"ဟု အကြောင်းသုံးပါးလုံး စုံ/မစုံအလိုက် ဖြစ်ထိုက်/မ ဖြစ်ထိုက်ကို ဖွင့်ဆိုကြ၏၊ အကြောင်းနှစ်ပါးကား တိုက်ရိုက်ပြပြီး၍ ထိုဆရာတို့ စကားကို စဉ်းစားကြပါလေ။

တတော ပရံ ဘဝင်္ဂပါတော။ ။ဘဝင်အစဉ် ဖြစ်နေရာဝယ် အာရုံအသစ်တစ်ခု ပေါ်လာ၍ ဝီထိစိတ် ဖြစ်ခြင်းကို"ဘဝင်္ဂတော ဥတ္တရဏံ=အာရုံအသစ်ကို ယူလျက် ဘဝင်မှ တက်ခြင်း"ဟု အဋ္ဌကထာ၌ဆို၍ ဝီထိ စိတ်အပြတ်တွင် တစ်ဖန် ဘဝင်ဖြစ်ခြင်းကို "ဘဝင်္ဂေါတ္တရဏံ-ဘဝင်သို့သက်ခြင်း၊ ဘဝင်္ဂပါတ-ဘဝင်ဘက်သို့

စိတ်ဖြစ်ပေါ်လာပုံ

စိတ်အစဉ်ကျခြင်း၊ ဘဝင်္ဂပ္ပဝေသန-ဘဝင်ဘက်သို့ စိတ်အစဉ် သက်ဝင်ခြင်း"ဟု စကားသုံးသည်၊ အချုပ်မှာ- ဝီထိစိတ်ဖြစ်နေခြင်းသည် စိတ်အစဉ် တက်ကြွနေသကဲ့သို့ ဖြစ်၏၊ ဘဝင်အစဉ် ဖြစ်ခြင်းကား စိတ်အစဉ် ငြိမ်လျက် သက်ဝင်နိမ့်ကျ နေသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် "ဘဝင်္ဂပါတော-ဘဝင်ကျခြင်း"ဟု ဆိုရသည်၊ စင်စစ်မှာ-ဘဝင်စိတ်အစ ဉ် ဖြစ်ခြင်းသာတည်း၊ ပရမတ္ထဒီပနီကား-စိတ်အစဉ်သည် အာဝဇ္ဇန်းမှစ၍ စတုတ္ထ ဇောတိုင်အောင် ထူထောင်တက်ကြွသကဲ့သို့ ဖြစ်နေရာ ပဉ္စမဇောမှ တဖြည်းဖြည်းစ၍ အကျတွင် ဒုတိယ တဒါရုံ၏နောက်၌ အရှိန်ကုန်သဖြင့် အလုံးစုံကျသောကြောင့် "ဘဝင်္ဂပါတ "ဟု ဆိုရကြောင်းကို အဓိပ္ပာယ် ပြသည်။

စိတ်ဖြစ်ပေါ်လာပုံ။ ။ပြအပ်ခဲ့ပြီးသော စိတ်များသည် အခွင့်သာလျှင် သင့်ရာမှာဖြစ်ဖို့ ခန္ဓာကိုယ်အတွင်း ၌ စုဝေးတည်ရှိနေသည်မဟုတ်၊ အပြင်ဘက်မှာ တစ်စုံတစ်ခုသောနေရာ၌ စုပေါင်းသိမ်းဆည်းနိုင်သူလည်း မရှိ၊ ဝတ္ထု အာရုံ မနသိကာရစသော ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံမိကြသောအခါမှ ရုတ်ခနဲ ဖြစ်ပေါ်လာ ကြပေသည်၊ ဥပမာ-နေအရှိန် ကျရောက်က မီးထ၍ တောက်သော "သူရိယကာန္တ"ခေါ်သော ကျောက်တစ် မျိုးရှိ၏၊ မီးသည် နေရောင်မှာလည်း မရှိသေး၊ သူရိယကာန်ကျောက်မှာလည်း မရှိသေးချေ ၊ သို့သော် နေရောင်နှင့် သူရိယကာန်ကျောက်တို့ ပေါင်းဆုံမိသောအခါ ဓာတ်သဘာဝအလျောက် မီးထ၍တောက်သ ကဲ့သို့တည်း၊ သူရိယကာန္တကျောက်နှင့် မှီရာဝတ္ထု, နေရောင်နှင့် အာရုံ, မီးပေါ်လာပုံနှင့် စိတ်ပေါ်လာပုံတို့ တူကြပေသည်၊ ဓာတ်ဖိုကြိုးနှင့် ဓာတ်မကြိုးတို့ ထိမိကြသောအခါ ဓာတ်မီးထွက်လာပုံမှာလည်း ဤနည်း ပင်တည်း။

မဏိန္ဓနာတပေ အဂ္ဂိ, အသန္တောပိ သမာဂမေ၊ ယထာ ဟောတိ တထာ စိတ္တံ, ဝတ္ထာလမ္ဗာဒိသင်္ဂမေ။

မဏိန္ဓနာတပေ -သူရိယကာန္တာ, ကျောက်လောင်စာနှင့်, ရောင်ဝါဝင်းထိန်, နေအရှိန်သည်၊ သမာဂမေ- အကြောင်းစုံ၍, ပေါင်းစုံတွေ့သည်ရှိသော် ၊ အဂ္ဂိ-မီးသည်၊ အသန္တောပိ-ကျောက်ရော နေမှာ, မရှိသေးပါ သော်လည်း၊ ဟောတိ ယထာ-ဓာတ်သဘောအလျောက်, ေ ပါ်ပေါက်ရသကဲ့သို့ ၊ တထာ-ထို့အတူ၊ စိတ္တံ- အာရုံစုစု, သိမှုသဘော, စိတ်ဟူသော ဓာတ်တစ်မျိုးသည်၊ အသန္တံပိ-အခွင့်သာလျှင်, သင့်ရာပေါ်ရေး, စုဝေး သောအား, ထင်ရှားပြီး မဟုတ်ပါသော်လည်း၊ ဝတ္ထာလမ္ဗာဒိသင်္ဂမေ-ဝတ္ထုအာရုံ , စသည်ဆုံ၍, တွေ့ကြုံကြသည်ရှိသော်၊ ဟောတိ-မကြုံ စတောင်း, မယုံကောင်းမျှ, အကြောင်းအားလျော်စွာ, ဖြစ်ပေါ်လာရပေ သတည်း။(သစ္စသံခိပ်)။

ဝီထိစဉ်နှင့် သရက်ဥပမာ။ ။"ကြံညစ်သူများ, တံခါးစောင့်သူ,ပင့်ကူသရက်,ပုံမပျက်, မိန့်မြွက်ဋ္ဌကထာ" ...ဟူသည့်အတိုင်း, အဋ္ဌသာလိနီ ဝိပါကုဒ္ဓါရကထာ၌ လာသော ဥပမာများတွင် သရက်ဥပမာကိုသာ ထုတ်ပြ ပေအံ့။

[ဆောင်] မှတ်လော့မျက်မြင်, ကွက်ကွက်ထင်စိတ်,...သရက်ပင်အောက်, လူတစ်ယောက်၏, ရှေ့နောက်

ခေါင်းမြီ , ခြုံ၍ပြီးသော်, အိပ်ပျော်လေငြား, ကြွေသံအားကြောင့်, နိုးကြားသဖြင့်, ခေါင်းခြုံဖွင့်၍, ကြည့်လင့်မြင်ရာ, ယူကာနှိပ်စမ်း, ရှူကာနမ်းလျက်, မှည့်မှန်းသိသော်, ရွှင်ပျော်သုံးစား, ရသာ ပွား၍, မျိုငြားလေပြီး, ရှေးနည်းအိပ်အင်, ပမာဆင်လော့။

ဘဝင်သည်ကား , အိပ်သောလားသို့, နီးပါးကြွေပုံ , အာရုံထိခိုက်, နိုးလိုက်သည့်ဟန်, အာဝဇ္ဇန်းတည်း၊ ဖွင့်လှန်ကြည့်မှု , စက္ခုဝိညာဉ်, ယူငင်တစ်ခန်း, ပဋိစ္ဆန်းနှင့်, နှိပ်စမ်းသန္တီ-ရဏမည်၏၊ မှတ်ပြီ ဝုဋ္ဌော, သုံးစားသောကား, ဇောအလားရှင့်၊ မျိုငြားလေပုံ, တဒါရုံ မှတ်, နောက်ထပ်အိပ်ပြန်, ဘဝင်ဟန်ဟု၊ ပြင်ရန် ပြုသူ, မရှိမူလည်း, မတူရှေ့နောင်, ကိစ္စဆောင်လျက်, ဖြစ်တိုင်းပျက်၍, ဆက်ဆက်စဉ်လာ, မမြင်ပါလည်း, ထင်စွာသဘော, စဉ်ကာနှောသည်...., အဟော နိယာမပေ တကား။

ဘဝင်သည်ကား၊ပေ၊ဘဝင်ဟန်ဟု ။ ။သတ္တဝါတိုင်း၌ ဝီထိစိတ်မဖြစ်မှီ ရှေးဦးစွာ ဘဝင်ကျနေခြင်းသည် လူတစ်ယောက်၏ သရက်ပင်အောက်၌ အိပ်ပျော်နေခြင်းနှင့် တူ၏၊ ဝီထိစိတ်ဖြစ်ပေါ်လာနိုင်ရန် ပသာဒ၌ အာရုံ၏ ထိခိုက်ခြင်းသည် အနီးအပါး၌ သရက်သီးကြွေကျပုံနှင့် တူ၏၊ ဘဝင်အစဉ်ကို ဖြတ်၍ အာဝဇ္ဇန်းစိတ် ရှေးဦးစွာ ပေါ်လာခြင်းသည် သရက်သီးကြွေကျသံကြောင့် နိုးလာသည်နှင့် တူ၏၊ စက္ခုဝိညာဏ်စိတ်ဖြစ်၍ ရူပါရုံကို မြင်ခြင်းသည် ခေါင်းမြီးခြုံကို ဖွင့်၍ကြည့်ခြင်းနှင့်တူ၏၊ သမ္ပဋိစ္ဆိုန်းစိတ်၏ ခံယူသကဲ့သို့ ဖြစ်ခြင်းသည် သရက်သီးကို လှမ်း၍ ယူငင်ခြင်းနှင့်တူ၏၊ သန္တီရဏစိတ်၏ ထိုခံယူအပ်ပြီးသော အာရုံကို ဣဋ္ဌမှန်း အနိဋ္ဌမှန်း စုံစမ်းသကဲ့သို့ ဖြစ်ခြင်းသည် သရက်သီးကို မှည့်မှန်း/မမှည့်မှန်း နှိပ်စမ်းခြင်းနှင့် တူ၏၊ ဝုဋ္ဌောစိတ်၏ ဣဋ္ဌပဲ, သို့မဟုတ် အနိဋ္ဌပဲဟု ပိုင်းခြားသတ်မှတ် ဆုံးဖြတ်သကဲ့သို့ ဖြစ်ခြင်းသည် နမ်းရှူကြည့်၍ မှည့်မှန်းသိရခြင်းနှင့် တူ၏၊ ဇောစိတ်၏ အာရုံအရသာကို ခံစားခြင်းသည် မှည့်မှန်းသိ၍ အရသာခံလျက် စားနေခြင်းနှင့် တူ၏၊ တဒါရုံစိတ်၏ ဇောနောက်လိုက်ကာ ဇော၏အာရုံကို ယူခြင်းသည် မျိုချလိုက်ခြင်းနှင့် တူ၏၊ ထို့နောက် ဘဝင် ကျမြဲ ကျပြန်ခြင်းသည် ယခင်လူ၏ ထပ်၍ အိပ်မြဲ အိပ်ပြန်ခြင်းနှင့် တူသည်။

ပြင်ရန် ပြုသူ၊ပေ၊ အဟော နိယာမပေတကား။ ။ဤသို့ ဖြစ်ကြရာ၌ "သင်က ဘဝင်၏ အခြားမဲ့၌ အာဝဇ္ဇန်း ဖြစ်ရမည်, သင်ကား အာဝဇ္ဇန်း၏ အခြားမဲ့၌ စက္ခုဝိညာဏ်စိတ် ဖြစ်ရမည်" စသည်ဖြင့် ပြုပြင် စီမံနိုင်သူ နတ် လူ ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မရှိချေ၊ ထိုသို့ မရှိဘဲလျက် ပြအပ်ခဲ့သော ဥပမာအရ

မဟန္တာရုံဝီထိ

အာရုံ၏ ပသာဒ၌ ထိခိုက်ခြင်းကိစ္စ, အာဝဇ္ဇန်း၏ ဘဝင်အစဉ်ကို ဖြတ်ခြင်းကိစ္စ, စက္ခုဝိညဏ်၏ မြင်ခြင်းကိစ္စ စသည်ကို ကိုယ်စီကိုယ်ငှ ရှေ့နောက် မတူအောင် အသီးသီး ဆောင်ရွက်လျက် ရှည်လျားစွာ တစ်သီတစ် တန်းကြီး အချက်ကျအောင် ဖြစ်ပျက်နေပုံတို့သည် မျက်မြင်မဟုတ်စေကာမူ သဘာဝဓမ္မအလိုက် လွန်စွာ ထင်ရှားလျက်ရှိသောကြောင့် မကြံအပ် မကြံပိုင် မကြံနိုင်ဖွယ် လွန်စွာဆန်းကြယ်သော စိတ္တနိယာမကြီးပေ တည်း။ [ဤစိတ္တနိယာမနှင့်စပ်၍ နိယာမ(၅)ပါးကို ထုတ်ပြသင့်၏၊ အဋ္ဌသာလိနီ အဗျာကတ ဝိပါကပဒ အဖွင့်၌ ရှုပါ။]

••••••••••••••

မဟန္တာရုံဝီထိ ယာဝ တဒါရမဏုပ္ပာဒါ ပန အပ္ပဟောန္တာတီတကမာပါတမာဂတံ အာရမဏံ မဟန္တံ နာမ၊ တတ္ထ ဇဝနာဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ၊ နတ္ထိ တဒါရမဏုပ္ပာဒေါ။

ယာဝ တဒါရမဏုပ္ပါဒါ၊ပေ၊ အပ္ပဟောန္တာတီတကံ။ ။ယာဝ တဒါရမဏုပ္ပါဒါကို အပ္ပဟောန္တ၌စပ်၊ ထင်လာ သောအာရုံသည် တဒါရုံဖြစ်သည့်တိုင်အောင် (ဌီအခိုက်၌ တည်နေခြင်းငှာ) မစွမ်းနိုင်၊ "တဒါရုံ မဖြစ်မှီ ချုပ်ရ မည်"ဟူလို၊ ဆိုင်ရာဒွါရ၌ မထင်နိုင်ပဲ လွန်သွားသောအာရုံကို "အတီကက"ဟု ခေါ်၏၊ ထိုအတီကကသည် ပဟောန္တာတီကက အပ္ပဟောန္တာတီကကဟု နှစ်မျိုးရှိ၏၊ ထိုတွင် အတိမဟန္တာရုံလည်း မထင်နိုင်သေးဘဲ စိတ္တက္ခဏတစ်ချက်ခန့်မျှ လွန်ခဲ့၏၊ ထိုလွန်ခြင်းသည် တဒါရုံဖြစ်သည့်တိုင်အောင် တည်ခြင်းငှါစွမ်းနိုင်သော ပဟောန္တာတီကက ဖြစ်၏၊ ဤမဟန္တာရုံ၏ လွန်ခြင်းကား စိတ္တက္ခဏ(၂)ချက်ခန့် (၃)ချက်ခန့် လွန်ခြင်းဖြစ်၍ တဒါရုံဖြစ်သည့်တိုင်အောင် တည်ခြင်းငှာ မစွမ်းနိုင်သော အပ္ပဟောန္တာတီကကတည်း၊ နောက် "အပ္ပဟောန္တာ တီကက"ဟု လာသမျှ၌ ဤ အဓိပ္ပါယ်ကိုချည်း မှီပါ။ [န ပဟောတိ-မစွမ်းနိုင်၊ ဣတိ-ထို့ကြောင့်၊ အပ္ပဟောန္တံ- မည်၏၊ အပ္ပဟောန္တံ-မစွမ်းနိုင်သည်၊ ဟုတွာ- ဖြစ်၍၊ အတီတကံ-လွန်သောအာရုံတည်း၊ အပ္ပဟောန္တာတီတ ကံ-အာရုံ၊ ပဟောန္တ၌ ပရှေးရှိသော "ဟု"ဓာတ်၊ တစ်နည်း- "ပဟု" ဓာတ်တည်း။]

စိတ္တက္ခဏ (၂)ချက်ခန့်(၃)ချက်လွန်မှ ထင်ပုံ။ ။အဘယ်ကြောင့် ဤမဟန္တာရုံသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ(၂)ချက်ခန့် (၃)ချက်လွန်မှ ထင်လာနိုင်သနည်းဟု မေး၊ အဖြေကား–ရူပါရုံ ထင်ခြင်း၏အကြောင်း (၃) ပါးတို့တွင် ရူပါရုံဖြစ်စေ, စက္ခုပသာဒဖြစ်စေ, အာလောကဖြစ်စေ, အတိမဟန္တာရုံတုန်းကလောက် အားမကောင်းသောကြောင့် ဤ မဟန္တာရုံသည် ဥပါဒ်ပြီးနောက် စိတ္တက္ခဏ (၂)ချက် (၃)ချက်ခန့် လွန်မှ ထင်လာနိုင်သည်။

နှစ်ချက်လွန် သုံးချက်လွန် ကွဲပြားပုံ။ ။မဟန္တာရုံချင်း တူပါလျက် အဘယ်ကြောင့် အချို့က (၂)ချက်ခန့်

အချို့က (၃)ချက်ခန့်လွန်မှ ထင်လာရသနည်းဟု မေး၊ အဖြေကား-အာရုံ ပသာဒ အာလောကတို့၏ အင်အားအလိုက်, အားရှိလျှင် (၂)ချက်ခန့် အလွန်တွင် ထင်လာ၍, ထိုမျှလောက် အားမရှိလျှင် (၃) ချက်ခန့်လွန်မှ ထင်လာနိုင်၏။

မဟန္တာရုံချည်း အမည်ရပုံ။ ။(၂)ချက်ခန့်လွန်မှ ထင်လာသောအာရုံ, (၃)ချက်ခန့်လွန်မှ ထင်လာသော အာရုံဟု နှစ်မျိုးပြားပါလျက် အဘယ်ကြောင့် မဟန္တာရုံချည်း နာမည် မမှည့်ရသနည်းဟု မေး၊ အဖြေ ကား-ထိုအာရုံနှစ်မျိုးလုံးပင် ဇဝနဝါရ၏ အာရုံချည်း ဖြစ်သောကြောင့် "မဟန္တာရုံ" ဟု နာမည်တစ်မျိုး တည်း မှည့်ခေါ်ရသည်။ [ပရိတ္တာရုံ အတိပရိတ္တာရုံများ၌လည်း ဤနည်းအတိုင်း သိပါ။]

နတ္ထိ တဒါရမဏုပ္ပာဒေါ။ ။ဤစကားသည် "ဇဝနာဝသာနေ ဘဝင်္ဂပါတောဝ"၌ ဧဝ အနက်၏ အကျိုးရ (ဧဝတ္ထဖလ)ကို ပြသောစကားတည်း၊ "ဇောအဆုံး၌ ဘဝင်သာ ကျတော့၏, တဒါရုံ မဖြစ်တော့၊ " ဟူလို။

တဒါရမဏုပ္ပါဒေါ။ ။စိတ္တက္ခဏ(၃)ချက်ခန့်လွန်မှ ထင်လာသော အာရုံ၌ သတ္တမဇောတွင်(၁၇)ချက်ရုပ် သက်စေ့သောကြောင့် တဒါရုံမျှ မကျလျှင် ရှိပါစေတော့၊ စိတ္တက္ခဏ(၂)ချက်ခန့် အလွန်တွင်ထင်လာ သောအာရုံ၌ကား သတ္တမဇောနောင် ခဏငယ်တစ်ချက်ခန့် ကျန်သေးသည်ဖြစ်၍ တဒါရုံ တစ်ကြိမ်မျှ ချထိုက်သေးသည် မဟုတ်လောဟု မေး၊ အဖြေကား-"မစားရ အရှင်း, စားရလျှင် ဆီထမင်း" ဟူ သကဲ့သို့ တဒါရုံတို့မည်သည် မကျလျှင် အလျင်းမကျ, ကျလျှင်သာ နှစ်ကြိမ်သာ ကျရိုးရှိသော ကြောင့် ထိုအာရုံကို အာရုံပြု၍ တဒါရုံတစ်ကြိမ် မကျတော့။

အာရုံကွဲပြားခြင်းငှာ မသင့်။ ။တဒါရုံတို့သည် နှစ်ကြိမ်သာကျရိုးရှိလျှင် ပဌမတဒါရုံက မချုပ်သေးသော ပစ္စုန်ပ္ပန်ရူပါရုံကို အာရုံပြု၍, ဒုတိယတဒါရုံက ချုပ်ပြီးခါစ အတိတ်ရူပါရုံကို အာရုံပြုပြီးလျှင် တဒါရုံ နှစ်ကြိမ်ပင် ကျပါတော့လားဟု မေး၊ အဖြေကား-မဂ္ဂဝီထိ, ဖလဝီထိ မဟုတ်လျှင် တစ်ဝီထိအတွင်း၌ ဤကဲ့သို့ အတိတ်အာရုံတစ်မျိုး, ပစ္စုန်ပ္ပန်အာရုံတစ်မျိုးဟု ကွဲပြားခြင်းမရှိသောကြောင့် တဒါရုံနှစ် ကြိမ်မကျထိုက်။

ဒွိဝါရတ္တာ နိရုဒ္ဓတ္တာ, တဒါလမ္ဗံ န ဇာယတိ၊ အတီတေပိ စ အာလမ္ဗေ, နာနာရမဏဘာဝတော၊ န ဟိ မဂ္ဂဖလာညတြ, နာနာရမဏသမ္ဘဝေါ။

တဒါလမ္ဗံ -တဒါရုံသည်၊ ဒွိဝါရတ္တာ-နှစ်ကြိမ်ကျရိုးရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊နိရုဒ္ဓတ္တာ-အာရုံက ချုပ်လေပြီး၏ အဖြစ်ကြောင့်လည်းကောင်း၊ န ဇာယတိ-မဖြစ်၊ အတီတေပိ စ အာလမ္ဗေ-အတိတ်အာရုံ၌ ၌လည်း၊ နာနာရမဏ ဘာဝတော-အတိတ်တစ်မျိုး ပစ္စုန်ပ္ပန်တစ်မျိုးဟု အမျိုးမျိုးအာရုံ ကွဲပြားဖွယ်ရှိသော ကြောင့်၊ န ဇာယတိ-အာရုံပြု၍မဖြစ်၊ ဟိ-မှန်၏၊ မဂ္ဂဖလာ-မဂ္ဂဝီထိ

ပရိတ္တာရုံဝီထိ

ဖလဝီထိကို၊ အညတြ-ကြဉ်ထား၍၊ နာနာရမဏသမ္ဘဝေါ-တစ်ဝီထိအတွင်း၌ အာရုံအမျိုးမျိုး၏ ဖြစ်သင့်ခြင်းသည်၊ န-မရှိ။

ဤစကားစဉ်အရ မဟန္တာရုံကို အာရုံပြုလျက် တဒါရုံ မကျသော ဝီထိကိုသာ မှတ်ယူရာ၏၊ နောက်၌ လည်း "ဝိဘူတေတိမဟန္တေ စ, တဒါရမဏမီရိတံ"ဟု ဝိဘူတာရုံ အတိမဟန္တာရုံများ၌သာ တဒါရုံချထိုက် ကြောင်းကို မိန့်ဦးလတ္တံ့၊ ဤကား ဆရာစဉ်ဆက် ပြောဆိုရိုးအဓိပ္ပာယ်တည်း၊ "သကိံ ဒွေ ဝါ တဒါလမ္ဗံ, သကိမာဝဇ္ဇနာဒယော" ဟု မိန့်ဆိုသော ပရမတ္ထဝိနိစ္ဆယ, မဇ္ဈိမနိကာယ်ဆောင် မထေရ်များနှင့်, မူလဋီကာ တို့ အလိုမှာ တဒါရုံတစ်ကြိမ်လည်း ချသင့်သေး၏၊ ဤသို့လျှင် ပကတိရိုးရာအခါမှာပင် ဇော(၆)ကြိမ် ဖြစ်နိုင် ခြင်း, တဒါရုံတစ်ကြိမ် ကျနိုင်ခြင်းတို့အတွက် ဝီထိသွားကို တစ်မျိုးစီစဉ်ရန်ရှိသော်လည်း ရောယှက်ရှုပ်ထွေး တာဝန်လေးမည်ကြောင့် လျစ်လျူရှုရတော့မည်။

•••••••••••••

ပရိတ္တာရုံဝီထိ ယာဝဇဝနုပ္ပာဒါပိ အပ္ပဟောန္တာတီတကမာပါတမာဂတံ အာရမဏံ ပရိတ္တံ နာမ၊ တတ္ထ ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဒွိတ္တိက္ခတ္တုံ ဝေါဋ္ဌပနမေဝ ပဝတ္တတိ။

ယာဝဇဝနုပ္ပာဒါပိ။ ။ဤ၌ အပိသဒ္ဒါသည် ဆိုအပ်ပြီးသော တဒါရုံကို ဆည်းသော ဝုတ္တသမုစ္စည်းတည်း၊ "တဒါရုံ ဖြစ်သည့်တိုင်အောင် ဌီအခိုက်၌ တည်ခြင်းငှာ မစွမ်းနိုင်ရုံမက ဇောဖြစ်သည့်တိုင်အောင်လည်း မစွမ်းနိုင်" ဟူလို၊ တစ်နည်း-ထိုအပိသဒ္ဒါသည် ဂရဟာဇောတကတည်း၊ "ဇောဖြစ်သည့်တိုင်အောင် သော်မှ လည်း ဌီအခိုက်၌ တည်ခြင်းငှာ မစွမ်းနိုင်, တဒါရုံဖြစ်သည့်တိုင်အောင် မစွမ်းနိုင်ခြင်းမှာ ဆိုဖွယ်ရာ မရှိပြီ၊" ဟူလို၊ ဤပရိတ္တာရုံကို အာရုံပြုသော ဝီထိများကား "မြင်လိုက်ရသလိုလို, ကြားလိုက်မိသလိုလို, တွေ့မိ ထိမိ သလိုလို" ဖြစ်သောအခါမျိုးဝယ် ကျသောဝီထိများတည်း။

ဝိပါကုဒ္ဓါရကထာ မူလဋီကာ။ ။ဤပရိတ္တာရုံဝီထိ၌ "ဇောဖြစ်ခွင့်မရ, ဝုဋ္ဌော နှစ်ကြိမ်သုံးကြိမ်သာ ကျသည်"ဟု အဋ္ဌကထာကြီးငယ်တို် အမိန့်အဆို ညီကြပေ၏ ၊ မူလဋီကာကား "ဇော(၇)ကြိမ် မစောနိုင်လျှင် တွေဝေသောအခါ, အိပ်မက်မက်သောအခါမျိုးကဲ့သို့ ဝုဋ္ဌောနောင် ဇော(၄)ကြိမ်(၅)ကြိမ်သော်လည်း စော ထိုက်၏၊ ဇော(၄)ကြိမ်(၅)ကြိမ်တိုင်ရုံမျှ ကျေးဇူးမပြုနိုင်(မတည်နိုင်)သောအာရုံသည် အစကပင် ပဉ္စဒွါရဝဇ္ဇန်း စက္ခုဝိညာဏ် စသည်တို့အား ကျေးဇူးမပြုသင့်ပေ၊ ဝုဋ္ဌောက ဇောအရာမှာ အမွေခံ၍ (၂) ကြိမ် (၃)ကြိမ် ဖြစ် ဖို့ရန်လည်း ဇောကဲ့သို့ အထပ်ထပ် ဖြစ်နိုင်သော အာသေဝနပစ္စည်းမျိုးမဟုတ်၊ သို့အတွက် ဝုဋ္ဌော(၂)ကြိမ် (၃)ကြိမ် ကျသောဝါရကို စဉ်းစားသင့်သည်''ဟု မိန့်ဆိုသည်။

သဒ္ဒထုံးနည်း။ ။"ပုဗ္ဗကာလေ ကကတ္တုကာနံ တုနတွာနတွာဝါ" ကစ္စည်းသုတ်အရ ရှေးက တွာပစ္စယန္တ

ပုဒ်နှင့် နောက်ကြိယာပုဒ်တို့သည် အများအားဖြင့် ကတ္တားချင်း တူကြရသည်၊ ဤ "ဇဝနမ္ပိ အနုပ္ပဇ္ဇိတွာ ဝေါဋ္ဌပနမေဝ ပဝတ္တတိ" ဝါကျ၌ကား အနုပ္ပဇ္ဇိတွာဟူသော တွာပစ္စယန္တပုဒ်၏ ကတ္တားသည် "ဇဝနံ" တည်း၊ "ဇောသည် မဖြစ်"ဟူလို၊ ပဝတ္တတိကတ္တားကား"ဝေါဋ္ဌပနံ"တည်း၊ "ဝုဋ္ဌောသည်ဖြစ်၏၊''ဟူလို၊ ဤကဲ့သို့ တစ်ရံ တစ်ခါ ကတ္တားကွဲပြားသောအရာဝယ် တွာပစ္စယန္တပုဒ်၏ကတ္တားကို သမ္ဗာန်အနက် ထား၍ "၏" ဟု အနက် ဆိုပြီးလျှင် တွာပစ္စည်းကိုလည်း ဟိတ်အနက်မှာ သက်စေ၍ (တစ်နည်း-တွာပစ္စည်းနောင် ဟိတ်အနက်ရှိ သော တတိယာဝိဘတ်ကို ချေ၍) "ကြောင့်"ဟု အနက် ဆိုစေလိုသည်၊ ဤသဒ္ဒထုံးနည်းအရ "ဇဝနမ္ပိ-ဇော ၏လည်း၊ အနုပ္ပဇ္ဇိတွာ-မဖြစ်ခြင်းကြောင့်၊ ဒွတ္တိက္ခတ္တုံ-နှစ်ကြိမ်သုံးကြိမ်၊ ဝေါဋ္ဌပနမေဝ-ဝုဋ္ဌောစိတ်သည်သာ၊ ပဝတ္တတိ-ဖြစ်၏"ဟု အနက်ဆိုရိုးပြုကြသည်။ [ ပဝတ္တတိ၌ "ပရိဝတ္တတိ"ဟု အချို့စာရှိ၏၊ "ပရိဝတ္တတိ-အဖန် ဖန်ဖြစ်၏"ဟုလည်း ဆိုကြသည်၊ နှစ်ကြိမ်သုံးကြိမ်ဆိုလျှင် အဖန်ဖန်ဖြစ်ကြောင်း" ထင်ရှားပြီးဖြစ်၍ ဤကျမ်း က ပဝတ္တတိပါဌ်ကိုသာ အသုံးပြုလိုက်ပါသည်။]

[နိယာမ်] ကတ္တားကွဲဘိ, မတူရှိသော်, မိမိကတ္တား, သမ္ဗန်ထား၍, သတ်ငြားဟိတ်မှာ, ဖြစ်တို့ရာသည်,.... တွာဒိပစ္စည်း သဘောတည်း။

•••••••••••••

အတိပရိတ္တာရုံဝီထိ ယာဝ ဝေါဋ္ဌပနုပ္ပာဒါ စ ပန အပ္ပဟောန္တာတီတကမာပါတမာဂတံ နိရောဓာသန္နမာရမဏံ အတိပရိတ္တံ နာမ၊ တတ္ထ ဘဝင်္ဂစလနမေဝ ဟောတိ၊ နတ္ထိ ဝီထိစိတ္တုပ္ပာဒေါ။

ယာဝ ဝေါဋ္ဌပနုပ္ပာဒါ စ ပန ၊ပေ၊ အတိပရိတ္တံ နာမ။ ။စ ပန၌ ပနသဒ္ဒါသည် ပရိတ္တာရုံအတွက် တစ်ပက္ခ ပြီး၍, အတိပရိတ္တာရုံပက္ခအတွက် ထွန်းပြသော ပက္ခန္တရဇောတကနိပါတ်တည်း၊ စသဒ္ဒါကား ဆိုခဲ့ပြီးသော အနက်များကို ပေါင်းဆည်းသော ဝုတ္တသမုစ္စည်းတည်း၊ "တဒါရုံ ဇောတို့ ဖြစ်သည့်တိုင်အောင်သာမက ဝုဋ္ဌော ဖြစ်သည့်တိုင်အောင်လည်း ဌီအခိုက်၌ တည်ခြင်းငှာ မစွမ်းနိုင်"ဟူလို၊ အာရုံ, ဝတ္ထု, အာလောကဟူသော အကြောင်းများသည် ပရိတ္တာရုံတုန်းကလောက်မျှ အားမရှိဘဲ အလွန်အားသေးရကား ချုပ်ခါနီးမှ ထင်လာသည့်အတွက် ထင်ပြီးသည်မှ စ၍ ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏအသက်ရှိသောကြောင့် ဤအာရုံကို "အတိပရိတ္တာရုံ=အလွန်နည်းသောအသက်ရှိသော အာရုံ" ဟု ခေါ်သည်။

အတိပရိတ္တာရုံဝီထိ

ဘဝင်္ဂစလနမေဝ ဟောတိ၊ နတ္ထိ ဝီထိစိတ္တုပ္ပာဒေါ။ ။ဤဝါကျ၌ "နတ္ထိ ဝီထိစိတ္တုပ္ပါဒေါ "ကား" ဘဝင်္ဂစလန မေဝ" ၌ ဧဝအနက်၏ အကျိုးရ(ဧဝတ္တဖလ)ကို ပြသော စကားတည်း၊ "ဤအတိပရိတ္တာရုံ ထင်လာသည့် အတွက် ဘဝင်လှုပ်ရုံသာ ဖြစ်တော့၏၊ "ဤအတိပရိတ္တာရုံကို အာရုံပြုသော ဝီထိစိတ်ကား မဖြစ်နိုင်တော့ပြီ" ဟူလို၊ "ဘဝင်္ဂစလနမေဝ"အရ ဘဝင်လှုပ်လျှင် "ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ"နှင့်အညီ နှစ်ကြိမ်လှုပ်ရမည်ဖြစ် သောကြောင့် ဆိုင်ရာဒွါရ၌ မထင်မှီ စိတ္တက္ခဏ(၁၅)ချက်ခန့်ထက်လည်း ပို၍မလွန်သင့်ဟု များစွာသောဆရာ တို့ ယူကြသည်၊ ထိုဆရာတို့အလို အတီတဘဝင်(၁၀)ချက်လွန်သော ဝီထိ,(၁၁)ချက်,(၁၂)ချက်,(၁၃)ချက်, (၁၄)ချက်, (၁၅)ချက်လွန်သောဝီထိအားဖြင့် အတိပရိတ္တာရုံ(၆)ဝီထိ ရှိရပေမည်ဖြစ်၍ ထိုဆိုကြရိုးအတိုင်းပင် ဝီထိဆိုရိုး၌ ပြရပေမည်။[ အချို့ကား"ဘဝင်္ဂစလန မေဝ"ဟု သာမန်ဆိုသောကြောင့် အာရုံမချုပ်မချင်း ဘဝင်္ဂ စလနချည်း များစွာ ချကြသေး၏၊ အတီတဘဝင်(၁၀)ကြိမ်လွန်သောဝီထိ၌ ဘဝင်္ဂစလန(၇)ကြိမ်ချရမည်-ဟူ လိုသတတ်၊ ဘဝင်လှုပ်မှုသည် အာရုံမချုပ်မှုနှင့် မဆိုင်, အာရုံအသစ်ထင်လာသဖြင့် နှစ်ကြိမ်ခန့် လှုပ်ရခြင်း ဖြစ်သည်၊ လှုပ်ပြီးနောက် ဘဝင်မပြတ်လျှင် ယူမြဲဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ်အာရုံကိုပင်ဆက်လက် ယူသင့်၏၊ ထင်လာသော အာရုံသစ်က မချုပ်မချင်း ဘဝင်မှာ ထိခိုက်နေမည် မဟုတ်၊ ထို့ကြောင့် ဘဝင်(၇) ကြိမ်လှုပ်ရမည်ဆိုသောဝါဒ၌ အထက်တန်းသာဓကလည်းမရှိ , ယုတ္တိလည်း မရချေ။

အတ္တနောမတိ။ ။"ဒွိက္ခတ္တုံ ဘဝင်္ဂေ စလိတေ" ဟူသော စကားသည် ဘဝင်ပြတ်၍ နောက်ထပ် ဝီထိစိတ် ဆက်မည့်အရာဝယ် အသုံးပြုအပ်သောစကား ဖြစ်သည်၊ နောက်ထပ်ဝီထိစိတ် မဆက်လျှင် ဘဝင်တစ်ကြိမ် တည်းလည်း လှုပ်သည့်သည်သာ၊ အာရုံတို့မည်သည် ဝတ္ထုရုပ် အာလောကစသော ဆိုင်ရာအကြောင်းတို့ ပြည့်စုံလျှင် မထင်အောင် တားဆီးလို့ မရ, သဘာဝအလိုက် မုချ ထင်ရမည်သာ၊ ထင်သည့်အခါလည်း အာရုံ ဝတ္ထု အာလောက စသည်တို့၏ အင်အားအလိုက် စိတ္တက္ခဏတစ်ချက်ခန့်, နှစ်ချက်ခန့် စသည်ဖြင့် အမျိုးမျိုး လွန်ပြီးမှ ထင်ကြပေမည်၊ သို့အတွက် "စိတ္တက္ခဏ(၁၆)ချက်အလွန်တွင် မထင်ရဘူး"ဟု မည်သူကတား ဆီးနိုင်ပါအံ့နည်း၊ (၁၆)ချက်လွန်မှ ထင်လာလျှင် ဘဝင်တစ်ကြိမ်အလှုပ်တွင် ထိုအာရုံ သက်တမ်းစေ့သဖြင့် ချုပ်ပေမည်သာ၊ ဤကဲ့သို့သောအရာဝယ် "ဘဝင်နှစ်ကြိမ်လှုပ်သာမှ အာရုံထင်ရမည်, မလှုပ်သာလျှင် မထင် ရ" ဟု အဋ္ဌကထာ ဋီကာတို့၌ အမြွက်မျှ တားမြစ်ချက် မတွေ့ရ၊ ဤသင်္ဂဟအဋ္ဌကထာလည်း "ဘဝင်္ဂစလန မေဝ ဟောတိ"ဟု သာမညပင် မိန့်ပေ၏၊ ထို့ကြောင့် "စိတ္တက္ခဏ(၁၆)ချက်အလွန်တွင် ထင်လာ၍ ဘဝင် တစ်ကြိမ်လှုပ်အပြီးတွင် ချုပ်ရသော သတ္တမအတိပရိတ္တာရုံကိုလည်း" အလိုရှိပါသည်။

ဝုဋ္ဌောမဖြစ်လျှင် အာဝဇ္ဇန်းစသည်တို့ မဖြစ်ရ။ ။စိတ္တက္ခဏ(၁၅)ချက်တိုင်အောင် လွန်ပြီးမှ ထင်လာ သောအာရုံ၌ အာဝဇ္ဇန်းစသည်တို့ မဖြစ်လောက်၍ မဖြစ်လျှင် ရှိပါစေတော့၊ စိတ္တက္ခဏ(၁၀)ချက်, (၁၁)ချက် ခန့်စသည် အလွန်တွင် ထင်လာသောအာရုံ၌ ဝုဋ္ဌော(၂)ကြိမ် မဖြစ်သာ၍ ဝုဋ္ဌောမဖြစ်လျှင် အာဝဇ္ဇန်းမှစ၍ သန္တီရဏတိုင်အောင်ကား ဖြစ်ထိုက်သေးသည် မဟုတ်ပါလော, သို့ပါလျက် အဘယ့်ကြောင့် အာဝဇ္ဇန်းစသည်တို့ မဖြစ်ဘဲ, ဘဝင်လှုပ်ရုံသာ ဖြစ်ရသနည်းဟု မေး၊ အဖြေကား-စိတ်တို့၏ နိယာမ ဓမ္မတာကို ဘုရား ရှင်သာလျှင် ပိုင်နိုင်စွာ သိတော်မူသည်၊ ဘုရားရှင့်အလိုတော်ကိုလည်း အဋ္ဌကထာတို့၌ ထုတ်ဖော်လေ့ရှိ၏၊ သို့အတွက် ဘဝင်ကို ပြန်လည်စေနိုင်(ပြတ်စေနိုင်)သော ပဉ္စဒွါရဝဇ္ဇန်းဖြစ်လျှင် ဝုဋ္ဌောသို့မရောက်ခင် စက္ခု ဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏအခိုက်၌ တန့်ရပ်၍ စိတ်အစဉ် ပြန်နစ်ရိုး (ပြတ်စဲရိုး)မရှိ၊"ဟု အဋ္ဌသာလိနီမိန့်သည့်အတိုင်းသာ မှတ်သင့်ပါသည်။

အဋ္ဌသာလိနီ။ ။ကြိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌပနံ အပါပေတွာ အန္တရာ စက္ခု ဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ ဌတွာ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ ၊–ဝိပါကုဒ္ဓါရကထာ။

•••••••••••••

နိဂုံးဝါကျ

ဣစ္စေဝံ စက္ခုဒွါရေ, တထာ သောတဒွါရာဒီသု စေတိ, သဗ္ဗထာပိ ပဉ္စဒွါရေ တဒါရမဏဇဝနဝေါဋ္ဌပနမောဃဝါရသင်္ခါတာနံ စတုန္နံ ဝါရာနံ ယထာက္ကမံ အာရမဏဘူတာ စတုဓာ ဝိသယပ္ပဝတ္တိ ဝေဒိတဗ္ဗာ။

ဣစ္စေဝံ စက္ခုဒွါရေ ၊ပေ၊ ဝေဒိတဗ္ဗာ။ ။ဤစကားရပ်ကား နိဂုံးစကားတည်း၊ ထိုနိဂုံး၌ ပါဌ်လျောက် အဓိပ္ပာယ်ကို အခြေပြု၌ ပြခဲ့ပြီ၊ ဤသင်္ဂြိုဟ်ကျမ်း၌ နောက်ဆုံးဝါရကိုသာ မောဃဝါရဟု ခေါ်သော်လည်း အဋ္ဌသာလိနီ၌ကား တဒါရုံမှ ကင်းဆိတ်သောကြောင့် ဇဝနဝါရကိုလည်း မောဃဝါရ, ဇောမှကင်းဆိတ်သော ကြောင့် ဝေါဋ္ဌပနဝါရကိုလည်း မောဃဝါရဟု ခေါ်သည်။

မောဃဝါရ၏အာရုံ။ ။"စတုန္နံ ဝါရာနံ အာရမဏဘူတာ" အရ "တဒါရမဏဝါရ၏အာရုံ" စသည်ဆိုရာ၌ တဒါရမဏဝါရစသည်က ထိုအာရုံကို အာရုံပြုသောကြောင့် သင့်လျော်ပါ၏၊ "မောဃဝါရ၏အာရုံ"ဟု ဆိုရာ၌ ကား မောဃဝါရက ထိုအာရုံကို အာရုံမပြုသောကြောင့် မသင့်နိုင်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား– "မောဃဝါရ၏ အာရုံ" ဟူရာ၌ "မောဃဝါရက အာရုံပြုအပ်သော အာရုံ"ဟု အဓိပ္ပာယ် မမှတ်သင့်၊ မောဃ ဝါရဖြစ်ဖို့ရာ ထင်လာသော အာရုံဖြစ်၍ "မောဃဝါရ၏+အာရုံ" ဟု ခေါ်သည်ဟု မှတ်ပါ။

ဝမ်းတွင်းဝီထိများ

ဋီကာကျော်။ ။"လဘတိ မာရော အာရမဏံ"ဟူသော (မဟာဝဂ္ဂ-သတိပဋ္ဌာနသံယုတ်) ပါဠိတော်၌ အာရမဏသဒ္ဒါသည် ပစ္စယ(အကြောင်းဟူသော)အနက်ကို ဟောသကဲ့သို့ ဤအာရမဏဘူတာဝယ် အာရ မဏသဒ္ဒါလည်း ရှေ့(၃)ဝါရနှင့် တွဲစပ်ခိုက် အာရုံဟူသော အနက်ကို ဟော၍, မောဃဝါရနှင့် တွဲစပ်ခိုက်မှာ "အကြောင်း" ဟူသောအနက်ကို ဟော၏၊ သို့အတွက် "မောဃဝါရ" ဟု ခေါ်ဝေါ်ပညတ်ခြင်း၏ အကြောင်း ဖြစ်သောကြောင့်" အတိပရိတ္တာရုံကို "မောဃဝါရ၏ အာရုံ " ဟု ခေါ်ဝေါ်ရကြောင်းကို ဖွင့်ဆိုသည်၊၊

ဆက္က (၆)ရပ်နှင့် ယှဉ်စပ်ပြခြင်း။ ။"ဆ ဝတ္ထူနိ ဆ ဒွါရာနိ ဆ အာရမဏာနိ ဆ ဝိညာဏာနိ ဆ ဝီထိယော ဆဓာ ဝိသယပ္ပဝတ္တိ စေတိ ဝီထိသင်္ဂဟေ ဆ ဆက္ကာနိ ဝေဒိတဗ္ဗာနိ" ဟု ဆက္က(၆)ရပ်၏ ဝီထိခန်း၌ အရေး တကြီး သိထိုက်ကြောင်းကို မိန့်ဆိုခဲ့သည့်အားလျော်စွာ ထိုဆက္က(၆)ရပ်ကို အကျဉ်းချုပ် ယှဉ်စပ်ပြအံ့၊ စက္ခု ဒွါရ၌ ရူပါရုံသည် အတိမဟန္တ ဝိသယပ္ပဝတ္တိအဖြစ်ဖြင့်သော် လည်းကောင်း, သို့မဟုတ် မဟန္တစသော ဝိသယပ္ပဝတ္တိ အဖြစ်ဖြင့်သော်လည်းကောင်း ထင်လာသည်ရှိသော် စက္ခုဝိညာဏ်စိတ်သည် စက္ခုဝတ္ထုကို မှီ၍, ပဉ္စဒွါရဝဇ္ဇန်းစသောစိတ်များကလည်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကြသည်၊ ထိုဝီထိကို စက္ခုဒွါရ၌ ထင်လာ သော အာရုံကို စွဲ၍ ဖြစ်သောကြောင့် စက္ခုဒွါရဝီထိဟုလည်းကောင်း၊ စက္ခုဝိညာဏ်ဟူသော ဝိညာဏ်အထူး ပါသောကြောင့် ထိုဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိဟုလည်းကောင်း ခေါ်ဝေါ်ရသည်၊ ဤသို့ လျှင် စက္ခုဒွါရဝီထိအတွက် စက္ခုဝတ္ထု, ဟဒယဝတ္ထု, စက္ခုဒွါရ, ရူပါရုံ, စက္ခုဝိညာဏ်, စက္ခုဒွါရဝီထိ (စက္ခု ဝိညာဏဝီထိ)နှင့်တကွ, အတိမဟန္တစသော ဝိသယပ္ပဝတ္တိ(၄)ပါးကို သိမှသာ စက္ခုဒွါရဝီထိဆိုင်ရာကို စုံလင် စွာသိရာရောက်သည်၊ သောတဒွါရဝီထိ စသည်၌လည်း နည်းတူ။

ဝမ်းတွင်းအောင်းစဉ် ဝီထိများ။ ။အမိဝမ်း၌ ဤပဉ္စဒွါရဝီထိများ ဖြစ်ထိုက်/မဖြစ်ထိုက်ဟု စိစစ်လေ့ရှိကြ၏၊ ထို့ကြောင့် ဝဇိရာရာမဆရာတော်၏ မေးမြန်းချက်အရ ပရမတ္ထသရူပဘေဒနီကျမ်း၏ အဆုံးအဖြတ်ကို အကျဉ်းမျှ ရေးသားပေအံ့၊- စက္ခုပသာဒ ရူပါရုံ အာလောက မနသိကာရ ဤအကြောင်း(၄)ပါးစုံမှ စက္ခု ဝိညာဏ်ဖြစ်နိုင်၏၊ ထိုတွင် အမိဝမ်း၌ အာလောက (အရောင်အလင်း) မရှိ၍ စက္ခုဒွါရိကဝီထိ မဖြစ်နိုင်၊ ["အန္တောကုစ္ဆိယံ ဟိ စက္ခုဝိညာဏံ န ဥပ္ပဇ္ဇတိ ".....သုတ်မဟာဝဂ္ဂ-မဟာပဒါနသုတ်အဋ္ဌကထာ။] အတောင် တစ်ရာ နှစ်ရာရှိသော သစ်တုံးကြီး၏အရင်း၌ နားကိုကပ်၍ တစ်စပ်တည်းထားလျှင် သစ်တုံးဖျားက တိုးတိုး သာသာ ခေါက်သည့် အသံကို ကြားနိုင်သောကြောင့် အမိဝမ်းတွင်း၌နေသော သူငယ်၏ သောတပသာဒရုပ် များ ပြည့်စုံလုံလောက်သောအခါ သူငယ်၏

နားနှင့် နီးကပ်လျက်ရှိသော အူတွင်း အူပက ဝမ်းရုတ်သံ ဝမ်းဗိုက်၌ ထိခိုက် ရိုက်နှက်သံများကို အာရုံပြု၍ သောတဒွါရိကဝီထိကား ဖြစ်သင့်ပေသည်၊ အမိဝမ်းတွင်းမှာ နေခိုက် အသက်မရှူနိုင်၊ အသက်မရှူက ဂန္ဓာရုံသည် နှာခေါင်းတွင်းသို့ မရောက်နိုင်သောကြောင့် ဃာနဒွါရဝီထိ ဖြစ်ဖွယ်မရှိ၊ ဇိဝှာပသာဒ ပြည့်စုံလုံလောက်သည့်အခါ သူငယ်၏ ခံတွင်း၌ အဆင်သင့် ရှိကြသော အာရည် လျှာရည်တို့အတွက်ကြောင့် ဇိဝှါဒွါရိကစိတ် များ ဖြစ်နိုင်ရန် ရှိသည်၊ ကာယဒွါရိကဝီထိ ဖြစ်ဖို့ရာ ထိခိုက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတွေ အမိဝမ်းတွင်းမှာပင် အပြည့် အစုံ ရှိသောကြောင့် ယုံမှားဖွယ် မရှိပြီ။

ဤသို့လျှင် သောတ ဇိဝှါ ကာယဒွါရိကဝီထိတို့ အမိဝမ်းတွင်းတုန်းကပင် ဖြစ်နှင့်ကြသော်လည်း, စက္ခုဒွါရိ က ဃာနဒွါရိကဝီထိတို့တွင် အမိဝမ်းမှ ထွက်ပြီးနောက် အရည်အမြှေးများ ကင်းစင်၍ မျက်စိပွင့်မှ စက္ခုဒွါရိ ကဝီထိတို့ ဖြစ်နိုင်ကြ, ထွက်သက် ဝင်သက် လေမှန်မှန်နှင့် အနံ့ကို ခံယူနိုင်လောက်အောင် နှလုံးသွင်းမှု မနသိကာရ ရှိသည့်အခါကျမှ ဃာနဒွါရိကဝီထိတို့ ဖြစ်နိုင်ကြသဖြင့် "ဗဟိနိက္ခန္တကာလေပိ န တာဝ ဣန္ဒြိယာ နိ သကိစ္စကာရီနိ ဟောန္တိ"ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာ မိန့်ဆိုရပေသည်။ [ဗဟိနိက္ခန္တကာလေပိ-အမိဝမ်းမှ အပြင်အပသို့ ထွက်ပြီးရာ ကာလ၌လည်း၊ ဣန္ဒြိယာနိ-စက္ခုစသော ဣန္ဒြေတို့သည်၊သကိစ္စကာရီနိ-ကိုယ့်ကိစ္စ ကို ပြုလေ့ရှိကုန်သည်၊ န တာဝ ဟောန္တိ-မဖြစ်နိုင်ကုန်သေး၊ အတော်ကြာမှ ဖြစ်သည်-ဟူလို၊] "ဝမ်းတွင်း အောင်းစဉ်, ဝီထိယှဉ်, ပဉ္စဒွါရကျလိမ့်နည်း"ဟူသော ပုစ္ဆာ၏ စွယ်စုံကျော်ထင် အဖြေကျမ်း၌ကား မဆိုင်ရာ က်ို သာဓကပြုလျက် "အမိဝမ်းတွင်းနေခိုက် ပဉ္စဒွါရဝီထိ တစ်ခုမျှမကျ"ဟု ဖြေဆိုမှားလေသည်။

•••••••••••••

မနောဒွါရဝီထိ

မနောဒွါရေ ပန ယဒိ ဝိဘူတမာရမဏံ အာပါတမာဂစ္ဆန္တိ၊ တတော ဘဝင်္ဂစလနမနောဒွါရာဝဇ္ဇနဇဝနာဝသာနေ တဒါရမဏပါကာနိ ပဝတ္တန္တိ ၊ပေ၊ နတ္ထိ တဒါရမဏုပ္ပာဒေါတိ။

မနောဒွါရ။ ။"ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ နှစ်ဌာန၌ တစ်ပြိုင်နက်ထင်လာနိုင်သည်"ဟု ဆိုခဲ့ရာ ပါဝင် သော မနောဒွါရသည် စက္ခုဒွါရနှင့်တွဲ၍ထင်ရာ မိဿကမနောဒွါရတည်း၊ ဤနေရာ၌ မနောဒွါရကား ထိုကဲ့သို့ တွဲဖက်မပါ မနောဒွါရချည်းသက်သက်သာတည်း၊ ["တတော ပရံ ဘဝင်္ဂစလန"ဟု ရှေးပါဌ်ရှိ၏၊ ထင်ပြီး နောက်မှ ဘဝင်လှုပ်သည်မဟုတ်, ထင်သည်နှင့်တစ်ပြိုင်နက် လှုပ်သောကြောင့် တတောနောက်၌ ပရံ မပါ သင့်၊ ထို့ကြောင့် "တတော ဘဝင်္ဂစလန"ဟု ဆိုပါသည်။

ဝိသယပ္ပဝတ္တိ(၄)မျိုး, (၂)မျိုး

ဝိဘူတ အဝိဘူတဟု နာမည်တပ်ပုံ။ ။ဝိသယပ္ပဝတ္တိကို နာမည်တပ်ရာ၌ အဘယ်ကြောင့် ပဉ္စဒွါရဝယ် အတိမဟန္တစသည်ဖြင့် နာမည်တပ်၍, မနောဒွါရဝယ် ဝိဘူတ အဝိဘူတဟု နာမည်တပ်ရပါသနည်းဟု မေး၊ အဖြေကား–ပဉ္စဒွါရဝယ် အာရုံထင်လာရာ၌ စိတ်၏ အစွမ်းမဟုတ်, အာရုံ၏အစွမ်းတည်း၊ ထို့ုကြောင့် မိမိ၏ အစွမ်းကို အစွဲပြု၍ အတိမဟန္တစသည်ဖြင့် နာမည်တပ်ရသည်၊ မနောဒွါရဝယ် အာရုံထင်ရာ၌ကား အာရုံ၏ အစွမ်း မဟုတ်၊ စိတ်၏အစွမ်းသာ များသည်၊(ကံစွမ်း, တန်ခိုးစွမ်း စသည်များလည်း ရှိပါသေး၏၊) ထို့ကြောင့် စိတ်စသည်တို့ကို အစွဲပြု၍ ဝိဘူတာရုံ အဝိဘူတာရုံဟု နာမည်တပ်ရပေသည်။

ချဲ့ဦးအံ့ –ပဉ္စဒွါရဝယ် ရူပါရုံ သဒ္ဒါရုံတို့ ရှေးရှုရောက်နေလျှင် မကြည့်ချင်လည်း မနေရ, မကြားချင်လည်း မနေရ, အာရုံအစွမ်းကြောင့် မြင်ရ ကြားရ လေတော့သည်၊ထင်ရာ၌လည်း အာရုံ၏အစွမ်းကောင်း/မကောင်း လိုက်၍ အနှေး အမြန် ကွဲပြားရပြန်သည်၊ ထို့ကြောင့် ထင်သည်မှစ၍ ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏရှိသော အာရုံကို အတိမဟန္တာရုံ, ဤသို့ စသည့်ဖြင့် မိမိ၏အစွမ်းကို အစွဲပြု၍ နာမည်တပ်ရသည်၊ မနောဒွါရ၌ကား စိတ်၏အစွမ်းကိုလိုက်၍ အာရုံတို့ ထင်ရှား/မထင်ရှား ကွဲပြားလေသည်၊ မှန်ကို ကြည့်ရာ၌ မှန်ကြည်လျှင် လူရိပ် ထင်ရှား၍, မှန် မကြည်လင်မူ လူရိပ်မထင်ရှားသကဲ့သို့, စိတ်ဓာတ်က သမာဓိအား ကောင်း၍ ကြည်လင်လေ အာရုံထင်ရှားလေဖြစ်၏၊ ထို့ကြောင့် စိတ်၏အစွမ်းကို အစွဲပြု၍ ဝိဘူတာရုံ အဝိဘူ တာရုံဟု နာမည်တပ်ရပေသည်၊ [ဋီကာကျော်၌ကား မနောဒွါရ၌ ထင်လာသော အာရုံသည် အတိတ် အနာဂတ်အာရုံများလည်း ရှိ၏၊ သို့ဖြစ်၍ အတိမဟန္တစသောနာမည်ဖြင့် ပိုင်းခြားခြင်းငှာ မတတ်ကောင်း သောကြောင့် ဝိဘူတ, အဝိဘူတအားဖြင့် ခွဲခြားသတ်မှတ်ရကြောင်းကို ဖွင့်ဆိုလေသည်။]

( ၄)မျိုး(၂)မျိုးခွဲပုံ။ ။ထို့သို့ ဖြစ်လျှင် ရှိပါစေတော့, အဘယ်ကြောင့် ပဉ္စဒွါရ၌ ဝိသယပ္ပဝတ္တိ(၄)မျိုး ပြား၍, မနောဒွါရ၌ (၂)မျိုးသာ ပြားရသနည်းဟု မေး၊ အဖြေကား-စိတ်အစဉ် (ဝါရ)ကို စွဲ၍ ပဉ္စဒွါရ၌ ဝိသယပ္ပဝတ္တိ (၄) မျိုး, မနောဒွါရ၌ ဝိသယပ္ပဝတ္တိ (၂)မျိုး ပြားရသည်။

ချဲ့ဦးအံ့ –ပဉ္စဒွါရ၌ စိတ်ဖြစ်ပုံ အလှည့်အကြိမ်သည် တဒါရမဏဝါရ, ဇဝနဝါရ, ဝေါဋ္ဌပနဒွါရ, မောဃဝါရ (၄)မျိုးရှိ၏၊ ထို(၄)မျိုးအားလျော်စွာ ဝိသယပ္ပဝတ္တိကိုလည်း (၄)မျိုးခွဲခြားရသည်၊ မနောဒွါရ၌ကား တဒါရမဏ ဝါရ ဇဝနဝါရဟု (သင်္ဂဟဆရာအလို ) (၂)မျိုးသာ ရှိ၏၊ သို့အတွက် ထိုဝါရအားလျော်စွာ ဝိသယပ္ပဝတ္တိ ကိုလည်း ဝိဘူတ အဝိဘူတဟု(၂)မျိုးသာ ခွဲခြားရပေသည်။ [သင်္ဂြိုဟ်အလိုက် ဖြေဆိုရခြင်း ဖြစ်၏၊ ဝီထိ ဆိုရိုး၌ အမျိုးမျိုး ပြထားသည်။]

ပရမတ္ထဒီပနီအဆို။ ။ပရမတ္ထဒီပနီ၌ကား မနောဒွါရ၌လည်း အလွန်ထင်ရှားသော အတိဝိဘူတာရုံ, ထင်ရှားသောဝိဘူတာရုံ, မထင်ရှားသောအဝိဘူတာရုံ, အထွန်မထင်ရှားသောအတိအဝိဘူတာရုံဟု အာရုံ (၄)မျိုးခွဲခြား၍ စိတ်အကြိမ်ကိုလည်း တဒါရမဏဝါရ ဇဝနဝါရ ဝေါဋ္ဌပနဝါရ မောဃဝါရဟု ပဉ္စဒွါရနည်းအ တိုင်း(၄)မျိုးပင် ခွဲခြားသေး၏၊ ထိုဒီပနီ၌ အာရုံကို အတိဝိဘူတာရုံ စသည်ဖြင့် အမည်တပ်သည်မှာ ကျမ်းဂန် လာမဟုတ်သော်လည်း မှည့်ခေါ်နိုင်ပါ၏၊ မနောဒွါရဝဇ္ဇန်းတွင် ဆုံးသောဝီထိကို ဝေါဋ္ဌပနဝါရဟု ခေါ်လိုပေသည်၊ ဤဝေါဋ္ဌပနဝါရကား သင်္ဂြိုဟ်ကျမ်းမှာ မလာသော်လည်း ဉာဏဝိဘင်္ဂဋ္ဌကထာ၌ တိုက်ရိုက်လာပေသည်။

စဉ်းစားဖွယ်။ ။ဝီထိစိတ်လုံးဝမပါဘဲ ဘဝင်လှုပ်ရုံသာလှုပ်သော မောဃဝါရနှင့် အတိအဝိဘူတာရုံကိုကား စဉ်းစားထိုက်၏၊ ထိုဒီပနီကား အိပ်ပျော်တုန်းမှာပင် ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံတစ်ပါးပါးအပြင် အခြား အာရုံများလည်း အမြဲထင်နေသည်ဟု ယူ၏၊ ထိုသို့ အယူရှိသည်အားလျော်စွာ ဘဝင်လှုပ်ရုံမျှဖြင့်သာ ကွယ် ပျောက်ရသော အာရုံတို့လည်း အများအပြားပင် ရှိသင့်သည်ဟု ယူဆလေသည်၊ ဤကျမ်းအလိုကား-မနော ဒွါရ၌ အာရုံတို့သည် စိတ်စသည်တို့၏အစွမ်းကြောင့် ထင်လာရ၏၊ ထိုစိတ်အစွမ်း စသည်ကြောင့် ထင်လာရ သော အာရုံတို့သည် (အယုတ်သဖြင့် ဓာတ်ချောက်ခြားမှုကြောင့် ထင်ရသော အာရုံများပင် ဖြစ်စေကာမူ) အာဝဇ္ဇန်းသို့မရောက်ဘဲ ဘဝင်လှုပ်ရပုံမျှဖြင့်် ချုပ်ပျောက်ကြရမည်မှာ သင့်ဖွယ်ရာမဟုတ်ချေ၊ အိပ်ပျော်နေ တုန်း၌လည်း ဘဝင်စိတ်တို့ ယူနေကျဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ်အာရုံမှတစ်ပါး အခြားအာရုံများ ထင်လာနိုင်ဖွယ်မရှိ၊ ထို့ကြောင့် ထိုဒီပနီပြအပ်သော မောဃဝါရနှင့် အတိဝိဘူတာရုံကို စဉ်းစားသင့်သည်။

မနောဒွါရ၌ ထင်နိုင်သောအာရုံများ။ ။မနောဒွါရ၌ လွန်လေပြီးသော အတိတ်ရုပ်နာမ်တရား, မဖြစ်သေး သော အနာဂါတ်ရုပ်နာမ်တရား, ဖြစ်တုန်းဆဲဆဲဖြစ်သော ပစ္စုန်ပ္ပန်ရုပ်နာမ်တရား (ပဉ္စဒွါရ၌ ထင်လာတတ်သည့် ရူပါရုံစသော အာရုံ (၅)ပါးလည်းပါဝင်သည်) ထင်ရှားမရှိသော ပညတ်အမျိုးမျိုး အလွန်သိမ်မွေ့နက်နဲ သော နိဗ္ဗာန်တရားများလည်း ထင်လာနိုင်ကြသည်၊ ထို့သို့ ထင်လာခြင်း၏ အကြောင်းများကား–

[ ဆောင်] တွေ့-အကြား, နှစ်ပါးရယ်နှင့် စပ်၍ကြုံ၊...သဒ္ဒါရုံ-ကိုယ်အကြိုက်ကယ်နှင့်, ခြင်းရာကို ကြံကာနှိုက်, ကိန်းဆိုက်အာရုံ၊ ဉာဏ်အမှု-ကြံရှု၍ နှစ်သက်ပုံ, ကံအဟုန်တန်ခိုး၊....ဓာတ်ခေါဘံ, နတ်များငယ် ဆော်ဖန်လို့, လျော်ကန်တော်မှန် သိတာကြောင့်, ဘဝင်မှာ ထင်လာငြိရတယ်, ကျမ်းရှိလက်ရိုး။

မနောဒွါရ၌ ထင်ခြင်းအကြောင်း

တွေ့။ ။ကိုယ်တိုင်ဒိဋ္ဌ တွေ့ခဲ့ရသောကြောင့်လည်း မနောဒွါရ၌ အာရုံထင်လာတတ်၏၊ ဒိဋ္ဌ(တွေ့) ဟူ သောစကား၌ ကိုယ်တိုင်ဒိဋ္ဌ မြင်ခဲ့ရ, ကိုယ်တိုင်ဒိဋ္ဌ ကြားခဲ့ရ, ကိုယ်တိုင်ဒိဋ္ဌ နမ်းခဲ့ရ, စားခဲ့ရ, တွေ့ထိခဲ့ရ, သိခဲ့ရသမျှအာရုံအားလုံးတည်း၊ ဒိဋ္ဌတွေ့ကြုံခဲ့ရပြီးနောက် ထိုအာရုံများကို ပြန်၍ ဆင်ခြင်သောအခါ ထိုတွေ့ ကြုံခဲ့ဖူးသော အာရုံများသည် ဘဝင်ဟူသော မနောဒွါရ၌ ထင်လာတတ်သည်-ဟူလို။

အကြား။ ။သူတစ်ပါးတို့ ပြောသံဟောသံကို ကြားဖူးခြင်းဟူသော သုတကြောင့်လည်း ထင်လာတက်၏၊ သုတ(အကြား)ဟူရာ၌ သူတစ်ပါးတို့ တစ်ဆင့် ဟောပြောအပ်သော ရူပါရုံ၏ အကြောင်းအရာ, သဒ္ဒါရုံ၏ အကြောင်းအရာ, ဂန္ဓာရုံ၏ အကြောင်းအရာ, ရသ ဖောဋ္ဌဗ္ဗ ဓမ္မာရုံတို့၏ အကြောင်းအရာအားလုံးတည်း၊ ထိုသို့ ပြောဟောသံကို ကြားဖူးခြင်းကြောင့်လည်း ထိုပြောဟောရာတွင် ပါဝင်သော အကြောင်းအရာတို့သည် ပြန်၍ဆင်ခြင်သောအခါ (မမြင်ဘူးဘဲလျက်) ဘဝင်မှာ ထင်လာကြသည်။

နှစ်ပါးရယ်နှင့် စပ်၍ကြုံ။ ။ဒိဋ္ဌ သုတနှစ်မျိုးနှင့် ဆက်သွယ်နေသော ဥဘယသမ္ဗန္ဓခေါ် အာရုံမျိုးလည်း ထင်လာတတ်၏၊ "အာရုံတစ်ခုခုကို ကိုယ်တိုင် တွေ့ဖူးသည့်အခါ, သို့မဟုတ် တစ်ဆင့်စကားကြားဖူးသည့် အခါ, ထိုတွေ့ရ ကြားရသောအာရုံများနှင့်တူသော မတွေ့ မကြားအပ်ဘူးသော အာရုံများလည်း ထင်လာ တတ်သည်" ဟူလို၊ တူသော အာရုံသာမက, တွေ့ရ မြင်ရသောအာရုံနှင့် ဆန့်ကျင်ဘက် အာရုံများလည်း ဆက်သွယ်၍ ထင်လာတတ်သည်သာ။

သဒ္ဓါယုံ။ ။သူတစ်ပါးက အဆန်းတကြယ် ပြောဟောလျှင် တွေးတောဆင်ခြင်မှု မရှိဘဲ တစ်ခါတည်း ပုံ၍ ယုံကြည်လိုက်ခြင်းကြောင့်လည်း မှားသည်ဖြစ်စေ, မှန်သည်ဖြစ်စေ, ထိုပြောသမျှ ဟောသမျှအာရုံတွေသည် နောင်အခါ မနောဒွါရမှာ ထင်လာတတ်သည်။ [သဒ္ဓါဟူရာ၌ သဒ္ဓါစစ် သဒ္ဓါတု အားလုံးပါဝင်သည်။]

ကိုယ်အကြိုက်။ ။ပါဠိလို "ရုစိ"ဟု ခေါ်ဆိုအပ်သော မိမိကြိုက်နှစ်သက်ရာ အာရုံများလည်း မြင်ဖူး ကြားဖူး မဟုတ်ဘဲလျက် မိမိနှစ်သက်မှု (ရုစိ)ကြောင့် ဘဝင်မှာ ထင်လာတတ်သည်။

ခြင်းရာကို ကြံကာနှိုက်။ ။ပရမတ္ထတို့၏ အခြင်းအရာသဘောကို နှိုက်နှိုက်ချွတ်ချွတ် ကြံစည် စဉ်းစား ခြင်းသည် ပါဠိလို "အာကာရပရိဝိတက္က"မည်၏၊ ထိုအာကာရပရိဝိတက္ကကြောင့် ပရမတ္ထတရားတို့၏ အခြင်း အရာ အာကာရအမျိုးမျိုးသည် ဘဝင်မှာ ထင်လာတတ်၏၊၊[လက္ခဏ ရသ ပစ္စုပဋ္ဌာန်တွင် ပစ္စုပဋ္ဌာန်ထင်ခြင်း မျိုးပင်တည်း။]

ဉာဏ်အမှု -ကြံရှု၍ နှစ်သက်ပုံ။ ။ဘယ်အရာမဆို ဉာဏ်ဖြင့် စူးစမ်းကြံရှုလျက် နှစ်သက်ကျေနပ်မှုကို ပါဠိလို "ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ''ဟု ခေါ်၏၊ ထိုသို့ ဉာဏ်ဖြင့်

ကြံစည်ကြည့်ရှုလျက် နှစ်သက်ကျေနပ် ဆုံးဖြတ်အပ်သောအာရုံများလည်း ဘဝင်မှာ ထင်လာတတ်သည်။ [ဒိဋ္ဌိ=ဉာဏ်+နိဇ္ဈာန=စူးစမ်းခြင်း ရှုဆင်ခြင်ခြင်း+ခန္တိ=နှစ်သက်ကျေနပ် ဆုံးဖြတ်မှု။]

ကံအဟုန်တန်ခိုး။ ။မရဏာသန္နအခါကဲ့သို့ ကံအဟုန်၏ အစွမ်းကြောင့်လည်းကောင်း, တန်ခိုးရှိသော ပုဂ္ဂိုလ်များ၏ တန်ခိုးဖြင့် ဖန်ဆင်း ဆောင်ပြမှုကို"ဣဒ္ဓိဗလ"ဟု ခေါ်၏၊ ထိုဣဒ္ဓိဗလခေါ်သော တန်ခိုး၏အစွမ်း ကြောင့်လည်းကောင်း ထင်လာတတ်သည်။

ဓာတ်ခေါဘံ ,နတ်များငယ် ဆော်ဖန်လို့။ ။သလိပ်သည်းခြေ သွေး လေစသော ဓာတ်တို့၏ ချောက်ချား မှုကို ပါဠိလို "ဓာတုက္ခောဘ"ဟု ခေါ်၏၊ ထိုဓာတ်ချောက်ချားမှုကြောင့် ဆောင်းအခါ၌ ကတောက်ကတက် အိမ်မက်မက်ခြင်း, ရူးသွပ်လျက် အမျိုးမျိုးထင်မြင်နေခြင်း စသည်ဖြင့်လည်းကောင်း, ပါဠိလို "ဒေဝတောပသံ ဟာရတာ"ဟု ခေါ်ရသော နတ်တို့၏ ဖန်ဆင်း ဆောင်ပြမှုကြောင့်လည်းကောင်း အာရုံအမျိုးမျိုး ထင်လာ တတ်၏။

လျော်ကန် တော်မှန် သိတာကြောင့်။ ။သစ္စာလေးပါးကို ပိုင်နိုင်စွာမဟုတ်သေးဘဲ အရိပ်အရောင်မျှ လျော်ကန်အောင် သိမှုကို "အနုဗောဓ" ဟု ခေါ်၏၊ ထိုအနုဗောဓကြောင့်လည်းကောင်း, သစ္စာလေးပါးကို မှန်ကန်ပိုင်နိုင်စွာ သိမှုကို "ပဋိဝေဓ"ဟု ခေါ်၏၊ ထိုပဋိဝေဓကြောင့်လည်းကောင်း, သစ္စာလေးပါးတို့ ရှေးက မမြင် မကြားဘူးဘဲလျက် ထင်လာတတ်၏၊ ဓမ္မစကြာ၌ "ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒါပါဒိ" စသည်ဖြင့် ပြတော်မူသည့်အတိုင်း ဘုရားရှင်၌ သစ္စာလေးပါးတို့ ထင်ထင်ရှားရှား ထင်လာရသည်မှာ ဤပဋိ ဝေဓအသိပင်တည်း၊ ဤသို့ စသည်ဖြင့် မနောဒွါရ၌ ထင်လာခြင်း၏ အကြောင်းတွေ များစွာရှိပေသည်၊ ဤကား အဋ္ဌသာလိနီ မူလဋီကာဟူသော လက်ရိုးကျမ်းတို့ အမိန့်အဆိုများပေတည်း။

စိတ်၏ အစွမ်းသတ္တိ။ ။ထိုပြခဲ့သည့်အတိုင်း အကြောင်းအမျိုးမျိုးကြောင့် ထင်လာရာဝယ် ဣဒ္ဓိဗလ ဒေဝတောပသံဟာရ ဓာတုက္ခောဘတို့ကြောင့် ထင်လာရာ၌ စိတ်၏ အစွမ်းသတ္တိကို မသိသာသော်လည်း, အခြားသောအကြောင်းများကြောင့် ထင်လာရာ၌ကား စိတ်၏ အစွမ်းသတ္တိသည် အတော်သိသာ၏၊ စိတ်သည်အာရုံနှင့် ကင်း၍ စိုးစဉ်းအနည်းငယ်မျှ မဖြစ်နိုင်၊"အာရမန္တိ ဧတ္ထာတိ အာရမဏံ"အရ အာရုံသည် စိတ်၏ မွေ့လျော်ရာဌာနပေတည်း၊ ထို့ကြောင့် စိတ်သည် အာရုံကို အဆင်သင့်ရလျှင် ရစေ, အဆင်သင့် မရလျှင် အာရုံကို မတွေ့တွေ့အာင် ရှာ၏၊ ထိုသို့ ရှာရာ၌ ဝိတက် စေတနာ မနသိကာရစေတသိက်များသည် အရာ ရောက်သော အဖော်သဟဲများ ဖြစ်ကြသည်၊၊

အတီတဘဝင် ချ/မချထိုက်

ဆက်ဦးအံ့ –ထိုစေတသိက်များနှင့်တွဲဖက်၍ အလိုရှိရာအာရုံကို ရှာဖွေနေစဉ် မဆိုင်သောအာရုံ, ဆင်တူ ရိုးမှား အာရုံများကိုလည်း တွေ့ရ သိရ၏၊ ဥပမာ–ကျမ်းဂန်၏ လေးနက်သော အဓိပ္ပာယ်ကို ရှာဖွေနေစဉ် အမှားအဓိပ္ပာယ်, ဆင်တူရိုးမှား အဓိပ္ပာယ်များကိုလည်း တွေ့ရသကဲ့သို့လည်းကောင်း, နိဗ္ဗာန်ကို မှန်း၍ ကမ္မဋ္ဌာန်းစီးဖြန်းနေစဉ် (နိဗ္ဗာန်ကို ရှာဖွေနေစဉ် ) နိဗ္ဗာန်မတွေ့ခင် အမျိုးမျိုးသောအာရုံများကို တွေ့ရ မြင်ရ သိရသကဲ့သို့လည်းကောင်းတည်း၊ ထိုကဲ့သို့ မဆိုင်သောအာရုံများကို တွေ့ရသည်မှာလည်း စိတ်က ရှာဖွေသည့်အတွက် တွေ့ရသောကြောင့် စိတ်၏ အစွမ်းပင်ဖြစ်သည်၊ ထိုသို့ ရှာဖွေရာ၌ စိတ်သည် အာရုံရှိရာအရပ် သို့ ရောက်အောင်လည်း သွားသည်မဟုတ်, အာရုံကိုလည်း မိမိအထံသို့ ရောက်အောင် ဆွဲငင်၍ မယူနိုင်၊ သို့ရာတွင် ပြခဲ့သော ဒိဋ္ဌ သုတ စသောအကြောင်းကြောင့် ဘဝင်တည်းဟူသော မနော၌ အမျိုးမျိုးထင်မြင် အောင် ကြံဆောင်စိတ်ကူးနိုင်သည်မှာ ဝိတက် ဝိစာရ မနသိကာရဟူသော အဖော်ကောင်းများကို ရခြင်း ကြောင့် ဖြစ်သည်။

အတီတဘဝင် ချထိုက်/မချထိုက်။ ။"ဧကစိတ္တက္ခဏာတီတကံ"စသည်ကိုမဆိုဘဲ"ယဒိ ဝိဘူတမာရမဏံ အာပါတမာဂစ္ဆန္တိ''ဟုသာ ဆိုခြင်းကြောင့် မနောဒွါရဝီထိများ၌ အတီတဘဝင်ချထိုက်/မချထိုက်ကို စိစစ်လေ့ရှိ ရကား ဤကျမ်း၏ အလိုကိုလည်း ပြဆိုဦးအံ့-စိတ် စေတသိက်တို့သည် ပင်ကိုယ်က စိတ္တက္ခဏတစ်ချက်ခန့် မျှသာ အသက်ရှည်၏၊ သို့အတွက် စိတ် စေတသိက် အာရုံ ထင်လာရာ၌ အတီတဘဝင် မချထိုက်၊ အတိတ် ရုပ်တရားတို့သည် ချုပ်ကွယ်လေပြီ၊ အနာဂတ် ရုပ်တရားတို့ကား လုံးဝ မဖြစ်ကြသေး၊ ပညတ်တရားတွေမှာ ဥပါဒ် ဌီ ဘင် အထင်အရှား မရှိကြ၊ နိဗ္ဗာန်တရားသည်လည်း ဥပါဒ်ခြင်းသဘောရှိသော တရားမဟုတ်၊ ထို့ကြောင့် အတိတ် အနာဂတ် ရုပ်တရားနှင့် ပညတ် နိဗ္ဗာန်တို့ ထင်လာရာ၌လည်း ဥပါဒ်ပြီးနောက် စိတ္တက္ခဏ မည်မျှလွန်မှ ထင်လာသည်ဟု ဆိုဖွယ် မရှိရကား အတီတဘဝင် ချဖွယ်မလို။

ပစ္စုန်ပ္ပန်ရုပ်။ ။ဥပါဒ် ဌီ ဘင် ရစကောင်းသော ပစ္စုန်ပ္ပန်ရုပ်များအတွက် စိစစ်ဖွယ်ရှိသေး၏၊ စိစစ်ပါဦးအံ့- ဝိညတ်ဒွေးနှင့် လက္ခဏရုပ်(၄ )ခုတို့သည် ရုပ်တို့ ထုံးစံအတိုင်း စိတ္တက္ခဏ(၁၇)ချက် အသက်မရှည်ကြပေ၊ အာကာသဓာတ်ဟူသော ပရိစ္ဆေဒရုပ်လည်း ဥပါဒ် ဌီ ဘင် အထင်အရှား ရှိစကောင်းသော ပရမတ်အစစ် မဟုတ်၊ လဟုတာ မုဒုတာ ကမ္မညတာတို့လည်း ရုပ်တရားတို့၏ ထူးထွေသော အခြင်းအရာ အာကာရမျှသာ တည်း၊ အတိအလင်း ရှင်းရှင်းပြောရလျှင် ယခု ပြအပ်ခဲ့သော အနိပ္ဖန္နရုပ်(၁၀)ပါးသည် ပရမတ်မဟုတ်၊ ပညတ်တွေသာတည်း၊ [ပညတ်ဖြစ်ပုံမှာ ရုပ်ပိုင်း၌ ထင်ရှားပါလိမ့်မည်၊] ထို့ကြောင့် အနိပ္ဖန္နရုပ်(၁၀)ပါးတို့ ထင်လာရာ၌ ဥပါဒ်ပြီးနောက် စိတ္တက္ခဏ မည်မျှလွန်မှ ထင်လာ၏ဟု သတ်မှတ်၍ မရကောင်းရကား အတီတဘဝင် ချဖွယ်မလို၊ ပစ္စုန်ပ္ပန် နိပ္ဖန္နရုပ်တို့ ထင်လာရာ၌ကား အချို့ရုပ် များသည် ဥပါဒ်လျှင် ဥပါဒ်ခြင်း ထင်ပေလိမ့်မည်၊ စိတ်၏ အစွမ်းကြောင့် ဌီသို့ရောက်အောင် ဆိုင်းငံ့လိမ့်မည် မဟုတ်၊ အချို့ရုပ်များကား ဥပါဒ်ပြီးနောက် ထိုက်သင့်သမျှ စိတ္တက္ခဏကို လွန်ပြီးမှ ထင်လာနိုင်ပေလိမ့်မည်၊ ထိုရုပ်များအတွက် အတီတဘဝင်ချထိုက်သော မနောဒွါရဝီထိများလည်း ရှိသင့်ပေသည်၊ ဤအဓိပ္ပာယ် အတိုင်း ခန္ဓဝိဘင်း မူလဋီကာ၌လည်း "မနောဒွါရေ ပန ဥပ္ပာဒက္ခဏေပိ အာပါတမာဂစ္ဆတိ"ဟု မိန့်ပြီ၊ ဤ၌ ဥပ္ပာဒက္ခဏေပိဝယ် အပိဖြင့် ဌီခဏကို ဆည်းပါ။

ပစ္စုပ္ပန်စိတ်ကို အာရုံပြုပုံ။ ။သူတစ်ပါး၏ ပစ္စုပ္ပန်စိတ်ကို ပိုင်နိုင်စွာအာရုံပြုနိုင်သော ပရစိတ္တဝိဒူပုဂ္ဂိုလ်သည် သူတစ်ပါး၏ပစ္စုပ္ပန်စိတ်ကို အာရုံပြုရာ၌ အာရုံက "မနောဒွါရာဝဇ္ဇန်း ဇော ဇော ဇော ဇော ဇော"ဟု ဖြစ်လျှင်, အာရမဏိကစိတ်ကလည်း "မနောဒွါရာဝဇ္ဇန်း ပ, ဥ, အ, ဂေါ , ဘိ" ဟု ဖြစ်သောကြောင့် အာရမ ဏိက မနောဒွါရာဝဇ္ဇန်းက အာရုံမနောဒွါရာဝဇ္ဇန်းစိတ်ကို ဆင်ခြင်၍, ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အဘိ ညာဉ်စိတ်တို့ကလည်း ထိုအာရုံမနောဒွါရာဝဇ္ဇန်းစိတ်ကိုပင် ဆက်လက်၍ အာရုံပြုသည်ဟုဆိုလျှင် မနောဒွါ ရာဝဇ္ဇန်းက ပစ္စုပ္ပန်စိတ်ကို အာရုံပြု၍ ပရိကံ စသည်တို့က အတိတ်စိတ်ကို အာရုံပြုရာရောက်၏၊ တစ်ဝီထိ အတွင်းမှာ ထိုကဲ့သို့ ပစ္စုပ္ပန်အာရုံ အတိတ်အာရုံဟု ကာလအားဖြင့် မကွဲပြားထိုက်၊ သို့မဟုတ် မနောဒွါရာ ဝဇ္ဇန်းက သူတစ်ပါး၏ မနောဒွါရာဝဇ္ဇန်းကို ဆင်ခြင်၍ ပရိကံ ဥပစာစသည်တို့ကလည်း မိမိတို့နှင့် တိုက်ဆိုင် လျက်ဖြစ်သော သူတစ်ပါး၏ ဇောစိတ်ကို အာရုံပြုသည်"ဟု ဆိုပြန်လျှင် အာဝဇ္ဇန်း၏ အာရုံကတစ်မျိုး,ပရိကံ စသည်တို့၏ အာရုံကလည်း တစ်မျိုးစီ ဖြစ်နေပြန်၏၊ မဂ္ဂဝီထိ ဖလဝီထိ မဟုတ်လျှင် တစ်ဝီထိအတွင်း၌ ထိုကဲ့သို့ အာရုံကွဲပြားခြင်းငှာလည်း မထိုက်၊ သို့အတွက် "သူတစ်ပါး၏ ပစ္စုပ္ပန်စိတ်ကို အဘယ်ပုံ အာရုံပြုပါ လိမ့်မည်နည်း"ဟု စဉ်းစားဖွယ်ရှိသည်။

အဋ္ဌကထာဝါဒ။ ။ဤအရာဝယ် နိက္ခေပကဏ္ဍ အဋ္ဌသာလိနီ အဋ္ဌကထာ၌ "မနောဒွါရာဝဇ္ဇန်းဆင်ခြင် အပ်သော စိတ်ကိုပင် ပရိကံ ဥပစာစသော နောက်နောက်စိတ်များက ဆက်၍အာရုံပြုသည် "ထိုသို့ အာရုံပြု သော်လည်း "မနောဒွါရာဝဇ္ဇန်းက ပစ္စုပ္ပန်စိတ်ကို အာရုံပြု၍, ပရိကံစသည်တို့က အတိတ်စိတ်ကို အာရုံပြုသည်" ဟု မဆိုထိုက်၊ ဘာ့ကြောင့်နည်း–မနောဒွါရာဝဇ္ဇန်း ဆင်ခြင်အပ်သောစိတ်သည် ပရိကံ စသည်တို့ အခိုက်မှာ ချုပ်ပြီးဖြစ်သော်လည်း သန္တတိပစ္စုပ္ပန် အဒ္ဓါပစ္စုပ္ပန်အားဖြင့် "ပစ္စုပ္ပန်''ဟုပင် ဆိုနိုင်သေးသော ကြောင့်တည်း" ဟု မိန့်ဆိုလေသည်၊ ဆိုလိုရင်းကား-ပစ္စုပ္ပန်သည် ခဏပစ္စုပ္ပန်, သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုန်ပ္ပန် ဟု(၃)မျိုး ရှိ၏၊

ပစ္စုပ္ပန်စိတ်ကို အာရုံပြုပုံ

ထိုတွင် ဥပါဒ် ဌီ ဘင် ခဏငယ်(၃)ချက် အခိုက်အခါသည် ခဏပစ္စုပ္ပန်မည်၏ တစ်စုံတစ်ခုကို အာရုံပြု၍ ဇောဝီထိ တစဉ်တစ်တန်း ဖြစ်ရာအခါသည် သန္တတိပစ္စုပ္ပန်မည်၏၊ ဥပမာ-ရူပါရုံကို အာရုံပြု၍ စက္ခုဒွါရဝီထိ တဒနုဝတ္တိကမနောဒွါရဝီထိတို့ဖြင့် ထိုရူပါရုံကို ပိုင်နိုင်စွာသိသည့်တိုင်အောင် စိတ်အစဉ်ဖြစ်၏၊ ထိုစိတ်အစဉ် ၏ ဖြစ်ရာအခါသည် သန္တတိပစ္စုပ္ပန်တစ်ခုသာတည်း၊ ပစ္စုပ္ပန်ဘဝ, အတိတ်ဘဝစသော တစ်ဘဝလုံးကာလသည် အဒ္ဓါပစ္စုပ္ပန် မည်၏၊ ဤသို့ ပစ္စုပ္ပန်သုံးမျိုးရှိသောကြောင့် အာဝဇ္ဇန်းဆင်ခြင်အပ်သောစိတ်ကို ပရိကံ ဥပစာစသည်တို့က ဆက်၍အာရုံပြုရာ၌ အာဝဇ္ဇန်းဆင်ခြင်အပ်သောစိတ်သည် ပရိကံစသည်တို့အခိုက်မှာ ချုပ်လေပြီဖြစ်၍ ခဏပစ္စုပ္ပန်အားဖြင့် ပစ္စုပ္ပန်ဟု မဆိုရသော်လည်း သန္တတိပစ္စုပ္ပန် အဒ္ဓါပစ္စုပ္ပန်အားဖြင့် ပစ္စုပ္ပန်ဟုပင် ဆိုနိုင်သေး၏၊ သို့အတွက် အာဝဇ္ဇန်းဆင်ခြင်အပ်သောစိတ်ကို ပရိကံ စသည်တို့က ဆက်၍ အာရုံပြုရာ၌ "တစ်ဝီထိအတွင်းမှာ ကာလချင်း ကွဲပြားသည်"ဟု မမှတ်ထိုက်-ဟူလိုတဲ့။

မူလဋီကာဝါဒ။ ။မူလဋီကာ၌ကား "အတီတာ ဓမ္မာ, အနာဂတာ ဓမ္မာ, ပစ္စုပ္ပန္နာ ဓမ္မာ" စသည်ဖြင့် အဘိဓမ္မာဝယ် ခဏပစ္စုပ္ပန်ကိုသာ သုံးစွဲ၏၊ သန္တတိပစ္စုပ္ပန်, အဒ္ဓါပစ္စုပ္ပန်တို့မှာ သုတ္တန်အသုံးအနှုန်းသာဟု ယူပြီးလျှင် အဋ္ဌကထာဝါဒကို မနှစ်မြို့နိုင်သောကြောင့် အဋ္ဌကထာဆရာပယ်အပ်သော ကေစိဝါဒကိုပင် ထောက်ခံဖွင့်ပြ၏၊ ဖွင့်ပုံ အချုပ်မှာ-သူတစ်ပါး၏ စိတ်ကို သိလိုသော တန်ခိုးရှင်သည် သူတစ်ပါး၏သန္တာန်၌ ဖြစ်ဆဲဖြစ်သော ပစ္စုပ္ပန်စိတ်ကို အာဝဇ္ဇန်းဖြင့် ဆင်ခြင်၏၊ ထို့နောက် ပရိကံစသော ဇောတို့ကလည်း မိမိနှင့် တိုက်ဆိုင်နေသော သူတစ်ပါး၏ ပစ္စုပ္ပန်စိတ်ကိုပင် အသီးသီး အာရုံပြု၏။

ဤသို့ အာရုံပြုရာ၌ အာဝဇ္ဇန်းက စိတ်ကိုဆင်ခြင် ၍ နောက်နောက်ဇောတို့က ရုပ်ကိုအာရုံပြုလျှင်သာ အာရုံချင်း ကွဲပြားသည်ဟု ဆိုသင့်၏၊ ဤ၌ကား အာရုံက စိတ်ချည်းဖြစ်၍ အာရုံအားဖြင့် မကွဲပြားချေ၊ အာဝဇ္ဇန်းက ပစ္စုပ္ပန်စိတ်ကို ဆင်ခြင်၍ ဇောတို့က အတိတ်စိတ်ကို အာရုံပြုလျှင်သာ ကာလအားဖြင့် ကွဲပြားသည်ဟု ဆိုသင့်၏၊ ဤ၌ကား အသီးအသီး မိမိတို့နှင့်တိုက်ဆိုင်နေသော ပစ္စုပ္ပန်စိတ်ကိုချည်း အာရုံပြုသော ကြောင့် ကာလအားဖြင့်လည်း မကွဲပြားပါဟု ဖွင့်ပြလေသည်၊ ဤမူလဋီကာအလို ဥပမာဆိုရလျှင် တစ်စဉ်တ တန်းကြီး သွားနေသော ပုရွက်ဆိတ်တွေကို ကြည့်ရာ၌ ရှေ့စိတ်က တိုက်ဆိုင်နေသော ပုရွက်ဆိတ်ကိုမြင်၍ နောက်နောက်စိတ်ကလည်း မိမိနှင့် တိုက်ဆိုင်သော ပုရွက်ဆိတ်ကိုသာ မြင်ရကား အာရုံလည်းမပြား,မိမိနှင့် တိုက်ဆိုင်သော ပုရွက်ဆိတ်ချည်း ဖြစ်၍ ကာလလည်း မပြားသကဲ့သို့တည်း။

အပ္ပနာဇောဝါရ အပ္ပနာဇဝနဝါရေ ပန ဝိဘူတာ.ဝိဘူတာဘေဒေါ နတ္ထိ၊ တထာ တဒါရမဏုပ္ပာဒေါ စ။

အပ္ပနာအမည်။ ။အပ္ပနာဟူသောနာမည်သည် "တက္ကော ဝိတက္ကော သင်္ကပ္ပော အပ္ပနာ ဗျပ္ပနာ"ဟူသော ဓမ္မသင်္ဂဏီပါဠိတော်နှင့်အညီ ဝိတက်၏နာမည်ရင်းတည်း၊ စိတ္တံ အာရမဏေ အပ္ပေတိ အဘိနိရောပေတီတိ အပ္ပနာ၊ စိတ္တံ-ယှဉ်ဖက်စိတ်ကို အာရမဏေ-အာရုံ၌၊ အပ္ပေတိ-အပ်နှံတက်၏၊ အဘိနိရောပေတိ-ရှေ့ရှုတင် တတ်၏၊ ဣတိ-ကြောင့်၊ ဝိတက္ကော-ဝိတက်သည်၊ အပ္ပနာ-မည်၏၊ အဋ္ဌကထာ၌ကား ဝိတက်၏ အာရုံသို့ တင်ပေးခြင်းကိစ္စအထူးကြောင့် ဆိုင်ရာအာရုံ၌ ခိုင်မြဲသော လောကီ-လောကုတ္တရာ ပဌမစျာန် စိတ် စေတ သိက်ကို အပ္ပနာမည်သော ဝိတက် စေတသိက်နှင့် ယှဉ်သောကြောင့် သဟစရဏ(တကွဖြစ်ဖက်)နည်းအရ "အပ္ပနာ"ဟု ခေါ်ဆို၏၊ ဆန့်ကျင်ဘက် နီဝရဏတို့မှ ဝေးကွာ၍ ဆိုင်ရာအာရုံ၌ စွဲမြဲတည်တံ့ ခိုင်ခံ့ခြင်း အားဖြင့် အပ္ပနာမည်သော ပဌမစျာန်နှင့် အလားတူသောကြောင့် ဒုတိယစျာန်စသည်ကိုလည်း သဒိသူပစာရ အားဖြင့် အပ္ပနာဟု ခေါ်ရသည်။ "စျာန်အားလုံးကို အပ္ပဟု နာမည်သုံးခြင်းသည် အဋ္ဌကထာ၏ အသုံး ဖြစ်သည်" ဟူလို။ [ဝိတက္ကဿ ကိစ္စဝိသေသေန ထိရဘာဝပ္ပတ္တေ ပဌမဇ္ဈာနသမာဓိမှိ ပစ္စနီကဒူရီဘာဝ ကတေန ထိရဘာဝေန တံသဒိသေသု ဝိတက္ကရဟိတေသု ဒုတိယဇ္ဈာနာဒိ သမာဓီသု စ အပ္ပနာတိ အဋ္ဌကထာဝေါဟာရော။-မူလဋီကာ။]

[ ဆောင်] ဝိတက်ခေါင်မှူး, ကိစ္စထူးကြောင့်, လွန်ကျူးမြဲမြံ, ပဌမစျာန်ကို, ခေါ်ရန်သောဟာ, အပ္ပနာတဲ့၊ တစ် ဖြာထက်ခွင်, စျာန်အစဉ်လည်း, ဆန့်ကျင်ကွာကင်း, မြဲခိုင်ခြင်းကြောင့် , မယွင်းမှီယူ, သဒိသူဖြင့်, ညီတူဝေါဟာ, အပ္ပနာဟု, ဋီကာမူလ, အဖွင့်ပြသည်,... အဋ္ဌကထာ အသုံးတည်း။

ဝိဘူတာ . ဝိဘူတဘေဒေါ နတ္ထိ။ ။ကာမဇောဝါရ၌ကဲ့သို့ ဝိဘူတာရုံ အဝိဘူတာရုံဟု နှစ်မျိုးကွဲပြားခြင်း မရှိ၊ "ဝိဘူတာရုံ တစ်မျိုးတည်းသာ ရှိသည်"ဟူလို၊ ချဲ့ဦးအံ့-စျာန်ကို ရဖို့ရန် ပထဝီကသိုဏ်းစသည်ကို အာရုံ ပြု၍ ကမ္မဋ္ဌာန်းစီးဖြန်းသောအခါ ထိုအာရုံတို့ တော်တော်တန်တန် ထင်ရုံမျှဖြင့် စျာန်ကိုမရချေ၊ အလွန်ပေါ် လွင်စွာ ထင်လာမှသာ စျာန်ဟူသော အပ္ပနာဇောများ ဖြစ်ပေါ်နိုင်သည်၊ မဂ်ဖိုလ်ဟူသော အပ္ပနာဇောတို့၏ အာရုံကား အလွန်ထင်ရှားသော နိဗ္ဗာန်တရားပေတည်း၊ ထို့ကြောင့် "ဝိဘူတာ. ဝိဘူတဘေဒေါ နတ္ထိ ၊ အာရမဏဿ ဝိဘာတကာလေယေဝ (အလွန်ထင်ရှားရာအခါ၌သာ) အပ္ပနာသမ္ဘဝတော" ဟု ဋီကာကျော် ဖွင့်သည်။

တတ္ထ ဟိ ဉာဏသမ္မယုတ္တကာမာဝစရဇဝနာနမဋ္ဌန္နံ အညတရသ္မိံ ပရိကမ္မောပစာရာနုလောမဂေါတြဘုနာမေန စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ ယထာက္ကမံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓါနန္တရမေဝ ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ဆဗ္ဗီသတိမဟဂ္ဂတလောကုတ္တရဇဝနေသု ယထာဘိနီိဟာရ ဝသေန ယံကိဉ္စိ ဇဝနံ အပ္ပနာဝီထိမောတရတိ၊ တတော ပရံ အပ္ပနာ ဝသာနေ ဘဝင်္ဂပါတောဝ ဟောတိ။

ဉာဏသမ္ပယုတ္တကာမာဝစရဇဝနာနမဋ္ဌန္နံ ၊ပေ၊ စတုက္ခတ္တုံ တိက္ခတ္တုမေဝ ဝါ။ ။ထိုအပ္ပနာဇောဝါရ၌ အာရုံ များကား ရုပ်တရားမဟုတ်, နိဗ္ဗာန် ကသိုဏ်း ပညတ်စသော အာရုံများဖြစ်ရကား အတီတဘဝင်ချဖွယ် မလို၊ ထုံးစံအတိုင်း ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်းတို့ ဖြစ်ကြပြီးနောက်, ကာမာဝစရဇောစောသည်၊ ထိုသို့ စောရာ၌ စျာန် မဂ်ဖိုလ်တို့၏ ရှေ့သွားဖြစ်သောကြောင့် ဉာဏသမ္ပယုတ်ဇော [ပုထုဇဉ် သေက္ခသန္တာန် ၌ မဟာကုသိုလ်(၄), ရဟန္တာသန္တာန်၌ မဟာကြိယာ(၄)] ရှစ်ပါးတွင် တစ်ပါးပါးသာ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော နာမည်ဖြင့် (၄)ကြိမ်ဖြစ်စေ, သို့မဟုတ် (၃)ကြိမ်ဖြစ်စေ စော၏။

ဆက်ဦးအံ့ –စျာန်မဂ်ရသောပုဂ္ဂိုလ်သည် နုံ့နှေးလေးကန်သော ဉာဏ်ပညာရှိသူ မန္ဒပညပုဂ္ဂိုလ်ဖြစ်အံ့, လေးဆေးသော အသိဉာဏ်ရှိသဖြင့် "ဒန္ဓာဘိညပုဂ္ဂိုလ်"ဟု ခေါ်ဆိုရ၏၊ ထိုပုဂ္ဂိုလ်၏သန္တာန်၌ ယခင်ဇောများသည် (၄)ကြိမ်ထပ်၍ ဖြစ်မှ ကိစ္စပြီး၏၊ စျာန်မဂ်ဖိုလ်ကို ရ၏-ဟူလို၊ ထက်မြက်သော ဉာဏ်ပညာရှိသော တိက္ခပညပုဂ္ဂိုလ်ဖြစ်အံ့, လျင်မြန်သော အသိဉာဏ်ရှိသဖြင့် "ခိပ္ပာဘိညပုဂ္ဂိုလ်"ဟု ခေါ်ဆိုရသည်၊ ထိုပုဂ္ဂိုလ် ၏သန္တာန်၌ ယခင်ဇောများ (၃)ကြိမ် စောရုံမျှဖြင့် ကိစ္စပြီးသည်၊ (၃)ကြိမ်စောရာ၌ ပရိကံကို ချန်ရိုးပြုကြ၏၊ ဤကာမဇောများကို အပ္ပနာ၏အနီး ဥပစာ၌ဖြစ်သောကြောင့်လည်းကောင်း, သမာဓိအားကောင်းသော ကြောင့်လည်းကောင်း ''ဥပစာရသမာဓိဇော''ဟု ခေါ်သည်။

ဝစနတ္ထ။ ။''မဒ္ဒပညာ ယဿာတိ မဒ္ဒပညော-နုံ့သော(ညံ့သော)ပညာရှိသူ၊ ဒန္ဓာ အဘိညာ ယဿာတိ ဒန္ဓာဘိညော-နှေးသော(လေးသော)အသိဉာဏ်ရှိသူ၊ မဒ္ဒပညော ဟုတွာ ဒန္ဓာဘိညော မန္ဒပညဒန္ဓာဘိညော. ...တိက္ခာ ပညာ ယဿာတိ တိက္ခပညော-ထက်သောပညာရှိသူ၊ ခိပ္ပာ အဘိညာ ယဿာတိ ခိပ္ပာဘိညော- လျင်မြန်သောအသိဉာဏ်ရှိသူ၊ တိက္ခပညော ဟုတွာ ခိပ္ပာဘိညော တိက္ခပည ခိပ္ပာဘိညော''ဟု ဝိဂြိုဟ်ပြု၊ [မန္ဒပညော-နုံ့နှေးသော ပညာရှိသည်၊ ဟုတွာ-ဖြစ်၍၊ ဒန္ဓာဘိညော-လေးဆေးသော အသိဉာဏ်ရှိသူသည်၊ မန္ဒပညဒန္ဓာဘိညော-မန္ဒပညဒန္ဓာဘိညပုဂ္ဂိုလ်မည်၏၊ တိက္ခပညခိပ္ပာဘိည၌လည်း ဤနည်း မှီးပါ။] ယထာရဟံ စတုတ္ထံ ဝါ ပဉ္စမံ ဝါ ယထာဘိနီိဟာရဝသေန ယံကိဉ္စိ။ ။ယခင် ဥပစာရသမာဓိဇောများက(၃)

ကြိမ်စောခဲ့လျှင် အပ္ပနာသမာဓိဇောက(၄)ကြိမ်မြောက်မှာ စောရမည်၊ ယခင် ဥပစာရသမာဓိဇောက(၄)ကြိမ် စောခဲ့လျှင် ဤအပ္ပနာသမာဓိဇောက (၅)ကြိမ်မြောက်မှာ စောရမည်၊ ဤသို့ ထိုက်သင့်သလို စောခွင့်ရှိသည်

-ဟူလို၊ အပ္ပနာဇော(၂၆)ပါးတွင် တစ်ပါးပါးစောရာ၌ ယထာဘိနီိဟာရ၏ အစွမ်းဖြင့် စောကြသည်၊ စျာန်ရ အောင် အားထုတ်သူသည် မိမိ၏ သမထဘာဝနာစိတ်ကို စျာန်သို့ ရှေးရှုဆောင်၏၊ စျာန်အများတွင်လည်း ပဌမစျာန်ရအောင်အားထုတ်သူက မိမိ၏ သမထဘာဝနာစိတ်ကို ပဌမစျာန်သို့ ရှေးရှုဆောင်၏၊ ဒုတိယစျာန် စသည်ကို အားထုတ်သူကလည်း မိမိ၏ သမထဘာဝနာစိတ်ကို ဒုတိယစျာန်သို့ ရှေးရှုဆောင်၏၊ မဂ်ဖိုလ်ရ အောင်အားထုတ်သူကလည်း မိမိ၏ ဝိပဿနာဘာဝနာစိတ်ကို မဂ်ဖိုလ်သို့ (မဂ်ဖိုလ်အများတွင်လည်း မိမိ အားထုတ်သော မဂ်ဖိုလ်သို့) ရှေးရှုဆောင်၏-ဟူလို။ [အဘိနီဟရဏံ အဘိနီဟာရော (စိတ်ကို ရှေးရှုဆောင် ခြင်း၊) ယော ယော အဘိနီဟာရော ယထာဘိနီိဟာရံ (အကြင် အကြင်သို့သော ရှေးရှုဆောင်ခြင်း၊) တစ်နည်း-အဘိနီဟာရဿ အနုရူပံ ယထာဘိနီိဟာရံ(ရှေးရှုဆောင်ခြင်းအား လျော်သည်၊)ယထာဘိနီိဟာရံ +ဝသော ယထာဘိနီိဟာရဝသော (အကြင် အကြင်သို့သော စိတ်ကို ရှေးရှုဆောင်ခြင်း၏ အစွမ်း၊ ဝါ-စိတ် ကို ရှေးရှုဆောင်ခြင်းအား လျော်သည်၏ အစွမ်း။)]

တတော ပရံ အပ္ပနာဝသာနေ ဘဝင်္ဂပါတောဝ။ ။အပ္ပနာဝသာနေကို မထည့်ဘဲ "တတော ပရံ ဘဝင်္ဂပါ တောဝ" လောက်တွင်ဆိုက "ထို(၄)ကြိမ်မြောက် (၅) ကြိမ်မြောက်မှာ အပ္ပနာဇော(၁)ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျတော့သည်"ဟု ယူမှားမည်စိုးသောကြောင့် အပ္ပနာဝသာနေဟု ထည့်ရသည်၊ (၄)ကြိမ်မြောက်(၅) ြ ကိမ်မြောက်မှာ အပ္ပနာဇော စ၍ စော၏၊ ထိုအပ္ပနာဇောကား (ဇဝနနိယာမအတိုင်း) တချို့ဝီထိ၌ (၁)ကြိမ်, တချို့ဝီထိ၌(၂)ကြိမ် (၃)ကြိမ်ကစ၍ နေ့ရောညဉ့်ပါ ရက်ပေါင်း အတော်ကြာအောင် ဆက်ကာဆက်ကာဖြစ် သောကြောင့် "ထိုဖြစ်ခွင့်ရှိသမျှ အပ္ပနာဇောဆုံးမှသာ ဘဝင်ကျသည်" ဟူလို၊ "တထာ တဒါရမဏုပ္ပာဒေါ စ" ပါဌ်ဖြင့် အပ္ပနာဇဝနဝါရ၌ တဒါရုံ မဖြစ်ကြောင်းကို ဆိုခဲ့ပြီး ဖြစ်၍၊ "ဘဝင်္ဂပါတောဝ" ၌ ဧဝသဒ္ဒါဖြင့် တဒါရုံ မဖြစ်ကြောင်းကို ကန့်ဖွယ် မလို၊ ကေစိဆရာတို့က "ဇော(၇)ကြိမ် မပြည့်သေးလျှင် အပ္ပနာဇောနောင် (၇) ကြိမ်ပြည့်အောင် ကာမဇော ဆက်၍စော၏"ဟု ယူလိုကြသတဲ့၊ ထိုအယူဝါဒကို ပယ်၍ "အပ္ပနာဝသာနေ ဘဝင်္ဂပါတောဝ"ဟု ဧဝသဒ္ဒါကို မိန့်သည်၊ "အပ္ပနာဇောအဆုံး၌ ကာမဇော တစ်စုံတစ်ခုမျှ မစောတော့ဘဲ ဘဝင်သာ ကျတော့သည်" ဟူလို။

ပရိကမ္မ။ ။ပရိကရောတိ အပ္ပနံ အဘိသင်္ခရောတီတိ ပရိကမ္မံ၊ယံ စိတ္တံ-အကြင်စိတ်သည်၊ ပရိကရောတိ အပ္ပနံ အဘိသင်္ခရောတိ-အပ္ပနာကို ပြုစီမံတတ်၏၊ ဣတိ-ထို့ကြောင့် ၊ တံ စိတ္တံ-ထိုစိတ်သည်၊ပရိကမ္မံ-ပရိကံ မည်၏၊ "အပ္ပနာ ဖြစ်ပေါ်လာအောင် ပြုတတ်သောစိတ်" ဟူလို။

ဥပစာရ။ ။သမီပေ-အပ္ပနာ၏အနီး၌၊ စရတီတိ-ဖြစ်တတ်သည်၏ အဖြစ်ကြောင့်၊ ဥပစာရော-ဥပစာရ မည်၏၊ "အိမ်ဥပစာ ကျောင်းဥပစာသည် အိမ်ကျောင်းတို့နှင့် တစ်စပ်တည်း ဆက်နေသည်မဟုတ်၊ အိမ် ကျောင်းတို့၏ အနီးအပါးလောက်မှာ တည်ရှိရသကဲ့သို့, ထို့အတူ အပ္ပနာနှင့် တစ်စပ်တည်း ဆက်နေသော ဂေါတြဘုကို "ဥပစာ"ဟု မခေါ်ရ, အပ္ပနာဇော၏ အနီးအပါး (ဂေါတြဘု၏ ရှေ့နားက) စိတ်များကိုသာ "ဥပစာ"ဟု ခေါ်ရသည်။ [အနစ္စာသန္နောပိ ဟိ နာတိဒူရဂ္ဂဝတ္တိသမီပစာရီ နာမ ဟောတိ၊-မဟာဋီကာ။]

အနုလောမ။ ။ရှေးရှေး ပရိကံတို့၏ ကိစ္စကိုလည်း ဆက်လက်၍ ရွက်ဆောင်တတ်, ထိုကိစ္စအတွက် အပ္ပနာကိုလည်း ပေါ်လာစေတတ်၍ ရှေးရှေး ပရိကံနှင့် နောက်အပ္ပနာအား လျော်သောကြောင့် "ပုဗ္ဗာပရာနံ အနုလောမေတိ"ဟူသော ဝစနတ်အရ အနုလောမ မည်၏၊ ပုဗ္ဗာပရာနံ-ရှေးရှေးပရိကံနှင့် နောက်နောက် အပ္ပနာတို့အား၊ အနုလောမေတိ-လျော်စွာဖြစ်တတ်၏၊ ဣတိ-ထို့ကြောင့် ၊ အနုလောမံ-အနုလောမမည်၏၊ ရှေးရှေး ပရိကံဟူရာ၌ အပ္ပနာဝီထိတွင်းက ပရိကံကို ဆိုလိုသည် မဟုတ်ပါ၊ အပ္ပနာဝီထိ မရောက်မီ ရှေးရှေး ဝီထိတွင်းတုန်းက ဖြစ်သမျှ ဇောတို့ကိုလည်း အပ္ပနာပေါ်လာအောင် စီမံပေးကြသည်ဖြစ်၍ ပရိကံဟုပင်ခေါ် ဆိုရသည်၊ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌- "ဣတော ပုဗ္ဗေ ပရိကမ္မာနံ ဥပရိ အပ္ပနာယ စ အနုလောမတော အနု လောမာနီတိ ဝုစ္စန္တိ" ဟု ဖွင့်ပြီးလျှင်, မဟာဋီကာ၌-ဣတော ပုဗ္ဗေ ပရိကမ္မာနံတိ နာနာဝဇ္ဇနဝီထိယံ ပရိကမ္မာနံ"ဟု ဖွင့်သည်။ [ဂေါတြဘုခေါ်ပုံကို ကမ္မဠာန်းပိုင်း၌ တိုက်ရိုက် တွေ့ရလတ္တံ့။]

အပ္ပနာဘိသင်္ခါရတ္တာ, သမီပစာရဘာဝတော၊ ပုဗ္ဗာပရာနုလောမတ္တာ, ကာမဂေါတ္တာဒိဘီဘဝါ၊ ပရိကမ္မောပစာရာနု–လောမဂေါတြဘုနာမကာ။

အပ္ပနာဘိသင်္ခါရတ္တာ -အပ္ပနာဖြစ်ဖို့ရန် ပြုစီမံတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ သမီပစာရဘာဝ တော-အပ္ပနာ၏အနီး ဥပစာ၌ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ပုဗ္ဗာပရာနုလောမတ္တာ-ရှေးရှေးပရိ ကံ, နောက်နောက်အပ္ပနာဇောအား လျော်သည်၏အဖြစ်ကြောင့်လည်းကောင်း၊ ကာမဂေါတ္တာဒိဘီဘဝါ- ကာမအနွယ် ပုထုဇဉ်အနွယ်ကို လွှမ်းမိုးခြင်းကြောင့်လည်းကောင်း၊ ပရိကမ္မောပစာရာနုလောမဂေါတြဘု နာမကာ-ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသောအမည် ရှိကြကုန်၏၊၊

မှတ်ချက်။ ။ဤပြအပ်သော ဝစနတ္ထအရ ထိုစိတ်(၄)မျိုးတွင် ပဌမစိတ်ကို ပရိကံ ဥပစာ အနုလုံ ဟု နာမည်(၃)မျိုးလုံး ခေါ်နိုင်၏၊ ဒုတိယ တတိယစိတ်များကိုလည်း နာမည်(၃)မျိုးလုံးပင် ခေါ်နိုင်၏၊ သို့သော် နာမည်ချင်း မရောယှက်စေလိုသောကြောင့် ပြပြီး နာမည်ကို ထပ်မပြဘဲ ပဌမစိတ်ကို ပရိကံ, ဒုတိယစိတ်ကို ဥပစာ, တတိယစိတ်ကို အနုလုံဟုဆိုသည်၊ စတုတ္ထစိတ်ကိုကား ဂေါတြဘုဟုသာ ခေါ်ဆိုနိုင်၏၊ ဤဂေါတြဘု ကို "ဝေါဒါန-ဝေါဒါန်"ဟု သုံးစွဲသောအရာလည်း ရှိသေး၏၊ ဝီထိဆိုရိုး၌ တွေ့ရလတ္တံ့။

( ၆)ကြိမ်(၇)ကြိမ်မြောက်၌ အပ္ပနာဇော မစောနိုင်။ ။ချောက်ကမ်းပါးပြတ်သို့ အဟုန်ပြင်းစွာ ရှေးရှုပြေး လာသော ယောကျင်္ားသည် ချောက်ကမ်းပါးထိပ်သို့ ရောက်လျှင် ရပ်ချင်သော်လည်းမရပ်နိုင်ဘဲ, နီးကပ်နေ သော ချောက်ကမ်းပါး၌ ကျဖွယ်ရှိသကဲ့သို့ ထို့အတူ အဟုန်ပြင်းစွာ ဖြစ်လာခဲ့သော ဇောအစဉ်သည်(၆)ကြိမ် (၇) ကြိမ်မြောက်တွင် ဘဝင်နှင့်နီးကပ်နေသောကြောင့် ထိုဘဝင်တည်းဟူသော ချောက်ကမ်းပါးသို့ ကျဆင်း ဖွယ် ဖြစ်တော့၏၊ အပ္ပနာဇောအဖြစ်ဖြင့် မားမားမတ်မတ် ရပ်တည်ခြင်းငှာ မစွမ်းနိုင်၊ သို့အတွက်(၆)ကြိမ်(၇) ကြိမ်မြောက်မှာ အပ္ပနာဇော မစောဘဲ(၄)ကြိမ်မြောက် (၅)ကြိမ်မြောက်၌သာ စောရသည်၊၊ [အဋ္ဌသာလိနီ၌ တစ်မျိုးလာသေး၏။]

[ ဆောင်] ကမ်းပါးရှေးရှူ, ပြေးသသူကား, ကမ်းမူထိပ်ဖျား, ရပ်လိုငြားလည်း, ကမ်းပါးချောက်နက်, နီးသည့် တွက်ကြောင့်, တန့်လျက်မြဲခိုင်, မရပ်နိုင်သို့, အပြိုင်မှတ်လောက်, ခြောက်ခွန်မြောက်လည်း, ကမ်း စောက်အသွင်, နောက်ဘဝင်နှင့်, အစဉ်နီးစပ်, ကျဖို့ကပ်သဖြင့်, မြတ်အပ္ပနာ, မရပ်သာသည်,...... မှတ်ပါစေဖို့ ကဗျာတည်း။

( ၃)ကြိမ်မြောက်လည်း အပ္ပနာဇော မဖြစ်နိုင်။ ။(၆)ကြိမ်မြောက်(၇)ကြိမ်မြောက်မှာ ဘဝင်နှင့်နီးကပ်နေ သဖြင့် မဖြစ်သင့်လျှင် ရှိပါစေတော့၊ (၃)ကြိမ်မြောက်မှာ အဘယ့်ကြောင့် အပ္ပနာဇော မဖြစ်နိုင်သနည်းဟု မေး၊ အဖြေကား-အပ္ပနာဇောဖြစ်သော စျာန်မဂ်ဖိုလ်တို့သည် ဂေါတြဘုက ကျေးဇူးပြုမှ ဖြစ်ပေါ်နိုင်ကြ၏၊ ဂေါတြဘုရှေ့က အနုလုံဇောသည်လည်း မိမိရှေ့က ထောက်ပံ့မည့် အာသေဝနပစ္စည်း မရ၍ (၁)ကြိမ်တည်း ဖြစ်ရလျှင် အားနည်းလှသဖြင့် ဂေါတြဘု ပေါ်လာအောင်ပင် မတတ်နိုင်သေးချေ၊ ထို့ကြောင့် အနုလုံ, ဂေါတြဘု, စျာန်ဟု(၃)ကြိမ်မြောက်မှာ အပ္ပနာဇော မစောနိုင်။

[ ဆောင်] အာသေဝန, ပစ္စယကို, မရသေးလစ်, နုလုံတစ်ကား, သစ်သစ်အားပြု, နည်းပါးမှုကြောင့်, ဂေါတြ ဘုဖြစ်အောင်, စွမ်း မပြောင်ခဲ့၊ ရှေ့ဆောင်ဂေါတြဘူ, မဖြစ်မူကား,သုံးဆူမြောက်မှာ, အပ္ပနာသည်, ...ဘယ်ခါ မရှိနိုင်ဘူးတည်း။

သင်္ချာ ရှေ့နောက်စဉ်ပုံ။ ။ဥပစာရသမာဓိဇောတုန်းက "စတုက္ခတ္တုံ တိက္ခတ္တုံ"ဟု အများကို ရှေ့

အနည်းကို နောက်ထားပြီးလျှင်, ဤအပ္ပနာဇော၌ အဘယ့်ကြောင့် "စတုတ္ထံ ဝါ ပဉ္စမံ ဝါ" အနည်းကို ရှေ့ အများကို နောက်ထားရပါသနည်း၊ ရှေ့နောက်ညီအောင် "စတုက္ခတ္တုံ တိက္ခတ္တုံ, ပဉ္စမံ စတုတ္ထံ"ဟု သော် လည်းကောင်း,"တိက္ခတ္တုံ စတုက္ခတ္တုံ,စတုတ္ထံ ပဉ္စမံ"ဟုသော်လည်းကောင်း အစဉ်ပြုထိုက်သည် မဟုတ်လော ဟုမေး၊ အဖြေကား-"ပရိကမ္မောပစာရာနုလောမ ဂေါတြဘုနာမေန"ဟု အမည်(၄)မျိုး ပြခဲ့သည့်အားလျော်စွာ ထိုအမည်(၄)ပါး အကြွင်းမရှိသောဇောဝါရကို ရှေးဦးစွာ ပြလိုသောကြောင့် "စတုက္ခတ္တုံ " ဟု အများသင်္ချာကို ရှေ့ထား၍ တိက္ခတ္တုံကို နောက်ကထားသည်၊ အပ္ပနာဇော၌ကား ထိုကဲ့သို့ ပြဖွယ်မလို၊ ရှေ့က(၄)ကြိမ်စော လျှင် နောက်အပ္ပနာဇောက(၅)ကြိမ်မြောက်, ရှေ့က(၃)ကြိမ်စောလျှင် နောက်အပ္ပနာဇောက(၄)ကြိမ်မြောက် ဖြစ်ဖို့ရာ လွန်စွာ ထင်ရှားသောကြောင့် "၄-၅"ဆိုတဲ့ သင်္ချာအစဉ်ကျအောင် "စတုတ္ထံ, ပဉ္စမံ"ဟု ပဉ္စမံကို ေနောက်ထား၍ ပြတော်မူသည်။

[ ဆောင်] ပရိကမ္မ, စသည့်လေးလီ, အမည်အားလုံး, သိမ်းကျုံး၍ရ, ဇောဝါရကို, ပြခဲ့လို၍, မိန့်ဆိုလေအပ်, စတုက္ခတ္တုံ, အစခြုံ၏၊ တစ်ဖုံထို့နှယ်, ပြဖွယ်ကင်းကွာ, သင်္ချာတွင်ထုံး, စဉ်တိုင်းသုံးသည်,...အဆုံး ပဉ္စမံပေတည်း။

သောမနဿသဟဂတဇဝနာနန္တရံ အပ္ပနာပိ ၊ပေ၊ ဥပေက္ခာသဟဂတာဝ။ ။ဇောတို့မည်သည် အာသေဝန ပစ္စည်းတပ်သော တရားများပေတည်း၊ အာသေဝနကို မြန်မာလို "အထုံ"ဟု ခေါ်၏၊ ဥပမာ-နံ့သာကို ထုံမွှမ်း ရာ၌ နောက်နောက်နံ့သာက အနံ့ချင်းတစ်ထပ်တည်းတူသော်လည်းကောင်း, ဆင်တူယိုးမှားလောက် ရှိ သော်လည်းကောင်း, မူလအနံ့မပြောင်းဘဲ ကောင်းသည်ထက် ကောင်းလာနိုင်သည် ၊ အကယ်၍ အနံ့ချင်း ကွဲပြားလွန်းနေလျှင် အထုံမရဘဲ အနံ့အားလုံး ပျက်ပြယ်ပြယ်ဖြစ်နေသကဲ့သို့ ထို့အတူ အာသေဝနပစ္စည်း တပ်သော ဇောတို့သည် ကုသိုလ်-ကုသိုလ်သတ်သတ်, ကြိယာ-ကြိယာသတ်သတ် ထပ်၍ဖြစ်ကြရာတွင် ရှေ့က ကာမဇော, နောက်က မဟဂ္ဂုတ်ဇောဟု ဘုံချင်း ကွဲပြားစေကာမူ ဆင်တူယိုးမှား ဖြစ်သည့်အတွက် အာသေဝန(အထုံ) မပျက်ချေ၊ ရှေ့က သောမနဿ, နောက်က ဥပေက္ခာ, သို့မဟုတ် ရှေ့က ဥပေက္ခာ နောက်က သောမနဿဟု ဝေဒနာချင်း ကွဲပြားနေပါမူကား အာသေဝန(အထုံ) ပျက်ပေလိမ့်မည်၊ စိတ်သ ဘောသွားကို စဉ်းစားပြန်လျှင်လည်း "ဇော အစဉ်တတန်းဝယ် ရှေ့ဇောက ဝမ်းမြောက်လိုက်, နောက်ဇောက လျစ်လျူရှုလိုက်, ထို့နောက် ဇောက ဝမ်းမြောက်လိုက်" ဟု အပြောင်းအလွဲ မမြန်ထိုက်၊ ထို့ကြောင့် "သောမနဿသဟဂတဇဝနာနန္တရံ အပ္ပနာပိ သောမနဿသဟဂတာဝ"စသည်ဖြင့် မိန့်တော်မူရပေသည်။

အမှာ။ ။"ဒွတ္တိံသ သုခပုညမှာ" စသော ဂါထာတို့၌ အကြမ်းသရုပ်ကို အခြေပြုသင်္ဂြိုဟ်၌ ပြခဲ့ပြီ၊ ယခု ပြအပ်လတ္တံ့သည့်အတိုင်းလည်း အနုစိတ်၍ မှတ်လျှင် အပ္ပနာဝီထိသွားကို များများကြီး နားလည်ဖွယ်ရှိသော ကြောင့် အနုစိတ်၍ ခွဲခြားပြဦးအံ့။

ပုထုဇဉ်၏ မဟာကုသိုလ်ဇောနောင် အပ္ပနာဇော။ ။တိဟိတ်ပုထုဇဉ်အဖြစ်၌ မဟဂ္ဂုတ်ကုသိုလ် စျာန်(၉) ပါးလုံးကို ရနိုင်၏၊ သောတာပတ္တိမဂ် (အကျယ်) ငါးပါးကို ရနိုင်၏၊ ထို့ကြောင့် တိဟိတ် ပုထုဇဉ်၏ မဟာ ကုသိုလ် ဉာဏသမ္ပယုတ်ဇော(၄)ပါးတွင် တစ်ပါးပါးနောင် မဟဂ္ဂုတ်ကုသိုလ်ဇော(၉), သောတာပတ္တိမဂ်ဇော (၅) , ပေါင်း(၁၄)ပါးသော အပ္ပနာဇောများ စောခွင့်ရှိသည်၊ သောမနဿ ဥပေက္ခာအားဖြင့် ခွဲစိတ်ပြန်လျှင် တိဟိတ်ပုထုဇဉ်၏ မဟာကုသိုလ် သောမနဿဉာဏသမ္ပယုတ်ဇောနှစ်ပါးတွင် တစ်ပါးပါးနောင် ပဌမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဟူသော ရူပကုသိုလ်စျာန်(၄), သောတာပတ္တိမဂ်ကုသိုလ်စျာန်(၄), ပေါင်း(၈)ပါးသော အပ္ပနာဇောများ စောခွင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပ ယုတ်ဇောနှစ်ပါးတွင် တစ်ပါးပါးနောင် ရူပကုသိုလ်ပဉ္စမစျာန်(၁), အရူပကုသိုလ်စျာန်(၄), သောတာပတ္တိမဂ် ပဉ္စမစျာန်(၁), ပေါင်း(၆)ပါးသော အပ္ပနာဇောများ စောခွင့်ရှိသည်၊ [ပုထုဇဉ်သန္တာန်၌ သောတာပတ္တိဖိုလ်စိတ် ဖြစ်ခွင့် မရှိ၊ သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်ပြီးမှ သောတာပတ္တိဖိုလ်ကို ရနိုင်သည်။]

သောတာပန်၏ မဟာကုသိုလ်နောင် အပ္ပနာ။ ။သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်အဖြစ်၌ မဟဂ္ဂုတ်ကုသိုလ် စျာန်(၉)ပါးကို ရနိုင်၏၊ ဖလသမာပတ် ဝင်စားသောအခါ သောတာပတ္တိဖိုလ်ဇော(၅)ပါးလည်း စောနိုင်၏၊ တိုး တက်၍ အားထုတ်လျှင် အထက် သကဒါဂမ်မိမဂ်ဇော(၅)ပါးကိုလည်း ရနိုင်၏၊ [သကဒါဂါမိဖိုလ်ဇောကိုကား သောတာပန်ဘဝ၌ မရ, သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ် ဖြစ်ပြီးမှ ရသည်၊] ထို့ကြောင့် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ်(၄)ပါးတွင် တစ်ပါးပါးနောင် အပ္ပနာဇောများ (၁၉)ပါး စောနိုင်ခွင့်ရှိသည်။ သောမနဿ ဥပေက္ခာအားဖြင့် ခွဲစိတ်ပြန်လျှင် ထိုပုဂ္ဂိုလ်၏ မဟာကုသိုလ် သောမနဿ ဉာဏသမ္ပယုတ် ဇော(၂)ပါးနောင် သောမနဿသဟဂုတ်ဖြစ်သော အောက်ရူပကုသိုလ်စျာန်(၄), သောတာပတ္တိဖိုလ်စျာန်(၄) ,သကဒါဂါမိမဂ်စျာန် (၄), ပေါင်း(၁၂)ပါးသော အပ္ပနာဇောများ စောနိုင်၏၊ ထိုပုဂ္ဂိုလ်၏ မဟာကုသိုလ် ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဇော(၂)ပါးနောင် ရူပကုသိုလ် ပဉ္စမစျာန်(၁) , အရူပကုသိုလ် (၄), သောတာပတ္တိဖိုလ် ပဉ္စမစျာန် (၁) , သကဒါဂါမိမဂ် ပဉ္စမစျာန် (၁) , ပေါင်း (၇)ပါးသော အပ္ပနာဇောများ စောခွင့် ရှိသည်။

တဒါရမ္မဏနိယာမ

သကဒါဂါမ်၏ မဟာကုသိုလ်နောင် အပ္ပနာ။ ။သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ် ဇောများနောင်လည်း ဤနည်းအတိုင်း မဟဂ္ဂုတ်ကုသိုလ်စျာန်(၉)ပါး, သမာပတ်ဝင်စားသည့်အခါ သကဒါဂါမိ ဖိုလ်ဇော(၅) , အထက်မဂ်ကို ရသည့်အခါ အနာဂါမိမဂ်ဇော(၅) , ပေါင်း(၁၉)ပါး စောနိုင်၏၊ သောမနဿ ဥပေက္ခာအားဖြင့်လည်း ခွဲခြား စိတ်ဖြာပါ။

အနာဂါမ်၏ မဟာကုသိုလ်နောင် အပ္ပနာ။ ။အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်၏ မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော များနောင်လည်း ဤနည်းအတိုင်းပင် မဟဂ္ဂုတ်ကုသိုလ်စျာန်(၉)ပါး, သမာပတ်ဝင်စားသောအခါ အနာဂါမိ ဖိုလ်ဇော(၅), အထက်မဂ်ကို ရသောအခါ အရဟတ္တမဂ်ဇော(၅) , ပေါင်း(၁၉)ပါး စောနိုင်၏၊ သောမနဿ ဥပေက္ခာအားဖြင့် ခွဲခြား စိတ်ဖြာပါ။

ရဟန္တာ၏ မဟာကြိယာနောင် အပ္ပနာ။ ။ရဟန္တာပုဂ္ဂိုလ်များ၏သန္တာန်၌ မဟဂ္ဂုတ် ကြိယာစျာန်(၉)ပါး ဖြစ်နိုင်၏၊ ဖလသမာပတ် ဝင်စားသောအခါ အရဟတ္တဖိုလ်ဇော(၅)ပါးတွင် ထိုက်သင့်သလို တစ်ပါးပါး ဖြစ်၏၊ အထက်မဂ်ကိုကား တိုးတက်ရဖွယ် မရှိပြီ၊ မိမိ ရအပ်ပြီးသောမဂ်လည်း စိတ္တက္ခဏတစ်ချက်ဖြင့် ဆိုင်ရာကိစ္စ အားလုံး ပြီးဆုံးစေခဲ့ပြီးဖြစ်သောကြောင့် ထပ်မံ၍ ဖြစ်ခွင့်မရှိ၊ ထို့ကြောင့် ရဟန္တာ၏ မဟာကြိယာဉာဏ သမ္ပယုတ်ဇော(၄)ပါးတွင် တစ်ပါးပါးနောင် မဟဂ္ဂုတ် ကြိယာ(၉)ပါးနှင့် အရဟတ္တဖိုလ်ဇော(၅)ပါး, ပေါင်း(၁၄) ပါးသာ စောခွင့်ရှိ၏၊ သောမနဿ ဥပေက္ခာအားဖြင့် ခွဲစိတ်ပြန်လျှင် မဟာကြိယာသောမနဿဉာဏ သမ္ပယုတ်ဇော(၂)ပါးတွင် တစ်ပါးပါးနောင် ပဌမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်ဖြစ်သော ရူပ ကြိယာစျာန်(၄), အရဟတ္တဖိုလ်ဇော(၄), ပေါင်း(၈)ပါးသာ စောခွင့်ရှိ၏၊ ဥပေက္ခာဉာဏသမ္ပယုတ်နောက်၌ ကား ရူပကြိယာပဉ္စမစျာန်(၁) , အရူပကြိယာစျာန် (၄) , အရဟတ္တဖိုလ်ပဉ္စမစျာန် (၁) , ပေါင်း (၆) ပါးသော အပ္ပနာဇောများ စောခွင့်ရှိသည်။

•••••••••••••

တဒါရမ္မဏနိယာမ

သဗ္ဗတ္ထာပိ ပနေတ္ထ အနိဋ္ဌေ အာရမ္မဏေ အကုသလဝိပါကာနေဝ ပဉ္စဝိညာဏသမ္ပဋိစ္ဆနသန္တီရဏတဒါရမ္မဏာနိ၊ ဣဋ္ဌေ ကုသလဝိပါကာနိ၊ အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ။

အမှာ။ ။"သဗ္ဗထာပိ ပနေတ္ထ" ဟု အချို့စာ ရှိ၏၊ ရှေးဋီကာတို့၌ "သဗ္ဗတ္ထာပီတိ ပဉ္စဒွါရမနောဒွါရေပိ" ဟု ဖွင့်၏၊ ထိုဋီကာတို့အလို ပနေတ္ထဟု ရှိပုံမရ, "သဗ္ဗထ္ထာပိ ပန အနိဋ္ဌေ" ဟု ရှိဟန်တူသည်၊ "ပနေတ္ထ"ဟု ရှိလျှင် သဗ္ဗထာပိဟုသာ

ရှိထိုက်သောကြောင့် "ဧတ္ထ-ဤပဉ္စဒွါရ၌၊ သဗ္ဗထာပိ-အတိမဟန္တ မဟန္တစသော အလုံးစုံသောအပြားအားဖြင့် လည်း" ဟု အခြေပြု၌ အနက်ပေးခဲ့ပါသည်။

ဣဋ္ဌာရုံ အနိဋ္ဌာရုံ။ ။ပဉ္စဝိညာဏ်အစ တဒါရုံအဆုံးရှိသော ဝိပါက်စိတ်များ၏ ကုသလဝိပါက်ဖြစ်ရခြင်း, အကုသလဝိပါက်ဖြစ်ရခြင်း, သောမနဿနှင့်ယှဉ်ရခြင်း, ဥပေက္ခာနှင့်ယှဉ်ရခြင်းတို့မှာ ဣဋ္ဌ အတိဣဋ္ဌ အနိဋ္ဌာရုံများနှင့် ဆက်သွယ်၍ ဖြစ်ကြရ၏၊ ထို့ကြောင့် တွေ့မြင်သမျှ အာရုံတို့၌ ဣဋ္ဌာရုံပဲ အနိဋ္ဌာရုံပဲဟု ကွဲကွဲပြားပြား ခွဲခြားနိုင်ဖို့ ရှေးဦးစွာ အရေးကြီး၏၊ ထိုသို့ ခွဲခြားရာ၌"ဣဋ္ဌာနိဋ္ဌာရမဏံ ပန ပါဋိယေက္ကံ ဝိဘတ္တံ အတ္ထီတိ၊ ကဿ ဝသေန ဝိဘတ္တံတိ၊ မဇ္ဈိမကသတ္တဿ" ဟု ခန္ဓဝိဘင်္ဂဋ္ဌကထာ၌ ဆို၏၊ ဆိုလိုရင်းကား– "ပြည့်ရှင်မင်းစသော အထက်တန်းလူ(နတ်)တို့သည် ရိုးရိုးထမင်း ဟင်းလျာစသည်ကိုပင် (ဣဋ္ဌဖြစ်ပါလျက်) မနှစ်သက်နိုင်ကြ၊ အလွန်အောက်ကျသောလူ(တိရစ္ဆာန်)တို့ကား ထမင်းသိုး ဟင်းပုပ်များကိုပင် (အနိဋ္ဌမှန်ပါ လျက်) ဣဋ္ဌထင်နေကြ၏၊ ထို့ကြောင့် ဣဋ္ဌ အနိဋ္ဌအာရုံကို အလတ်တန်းစား လူအများ၏ အလိုအားဖြင့် ခွဲခြားရမည်ဟု ဆိုလိုသည်။

ထို့ကြောင့် အလတ်တန်းစားလူတို့၏ အလိုအားဖြင့် ကောင်းသောရူပ, သဒ္ဒ, စသည့်အာရုံများသည် ဣဋ္ဌတည်း၊ တွေ့ကြုံခဲလှသော ဘုရားရှင်၏ အဆင်းတော် အသံတော် စသည်နှင့် ယောကျင်္ား မိန်းမတို့၏ အလွန်ကောင်းသော အဆင်း အသံ စသည်ကား အတိဣဋ္ဌတည်း၊ ကျင်ကြီး ကျင်ငယ် အလောင်းကောင်နှင့် မကောင်းဆိုးဝါးသော အသံ အနံ့ အရသာ အတွေ့တို့သည် အနိဋ္ဌတည်းဟု ခွဲခြားရာ၏၊ [ဣစ္ဆိတဗ္ဗံ-အလိုရှိ ထိုက် ရှာမှီးထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ဣဋ္ဌံ-မည်၏၊ န+ဣဋ္ဌံ အနိဋ္ဌံ-ဣဋ္ဌမဟုတ်, (ဣဋ္ဌ၏ ပြောင်းပြန်)။]

ထေရဝါဒ။ ။ပြခဲ့သော ဣဋ္ဌ အနိဋ္ဌအခွဲသည် အဋ္ဌကထာလာ သမာနဝါဒတည်း၊ တိပိဋက စူဠာဘယ ထေရ်ကား "ဣဋ္ဌာနိဋ္ဌံ နာမ ဝိပါကဝသေနေဝ ပရိစ္ဆိန္နံ" ဟု ဆို၏၊ ဆိုလိုရင်းကား-ဣဋ္ဌာရုံ အနိဋ္ဌာရုံ ဖြစ် ကြောင်းကို ဝိပါက်စိတ်ဖြင့် ပိုင်းခြားရမည်၊ ဣဋ္ဌာရုံနှင့်တွေ့လျှင် (ဇောမှာ သောမနဿ ဥပေက္ခာ ဒေါမနဿ စောချင်ရာ စောပါစေ) ပဉ္စဝိညာဏ်စသော ဝိပါက်စိတ်မှာ ဧကန် ကုသလဝိပါက်သာတည်း၊ အနိဋ္ဌာရုံနှင့် တွေ့လျှင် အကုသလဝိပါက်သာတည်း၊ တိတ္ထိတို့သည် ဘုရား တရား သံဃာနှင့် မဟာစေတီစသည်ကို မြင်ရ ကြားရလျှင် မျက်စိနှင့် နားကို ပိတ်လျက် ဒေါသထွက်ကြ၏၊ သို့ရာဝယ် ထိုအတိဣဋ္ဌာရုံဖြစ်သော ဘုရား စသည်ကို မြင်ရ ကြားရခြင်းသည် ရှေးကုသိုလ်ကံကြောင့် ဖြစ်ရကား ကုသလဝိပါက်စိတ်များ ဖြစ်၏၊ ဒိဋ္ဌိဝိ ပ္ပလ္လာသကြောင့်သာ အတိဣဋ္ဌာရုံကို အနိဋ္ဌာရုံ ထင်လျက် ဒေါသဇော စောကြရှာလေသည်။

ဣဋ္ဌ အနိဋ္ဌအခွဲ

ထို့ပြင် ရွာဝက်တို့သည် မစင်နံ့ရလျှင် အလွန်ပျော်ရွှင်ကြ၏၊ သို့သော် မစင်ကို မြင်ရ နံရ စားရ တွေ့ထိရမှုတို့ မှာ အကုသလဝိပါက်တို့ချည်းသာတည်း၊ အကုသိုလ် ကံကြီးက ဖန်တီးလိုက်သည့်အတွက် အနိဋ္ဌာရုံကို ဣဋ္ဌာရုံထင်ကာ ပျော်ရွှင်အားရ သောမနဿဇောတွေ စောနိုင်ကြသည်၊ သခင်တို့က ဖွဲ့တုပ်၍ ကောင်းမြတ် သော အိပ်ရာပေါ်၌ တင်ထားအပ်သော ဝက်ကြီးသည် စိတ်မသက်သာ အော်မြည်ရှာ၏၊ သို့သော် ကောင်း မြတ်သော အိပ်ရာကို တွေ့ထိရမှုမှာ ကုသလဝိပါက်သာတည်း၊ မျိုးဇာတ်အလိုက် အကုသိုလ်ကံကြောင့်သာ သညာဝိပလ္လာသဖြစ်လျက် ဒေါသ ဒေါမနဿဇော စောကာ အော်မြည်ရှာလေသည်၊ ဤသို့လျှင် "ဣဋ္ဌာရုံ အနိဋ္ဌာရုံအဖြစ်ကို ဝိပါက်စိတ်ဖြင့် ခွဲခြားရမည်, ဇောဖြင့် မခွဲခြားရ" ဟု မိန့်ဆိုအပ်သော ထေရဝါဒကို အဋ္ဌကထာဆရာလည်း ထောက်ခံ ဖွင့်ပြပေသည်။

ထိုမှတစ်ပါး ဒွါရနှင့်စပ်သဖြင့်လည်း ဣဋ္ဌ အနိဋ္ဌ အခွဲကို မှတ်သင့်သေး၏၊ ချဲ့ဦးအံ့-ပျော့ပျော့ပျောင်းပျောင်း အတွေ့ကောင်းသော မစင်သည် ကာယဒွါရ၌ ဣဋ္ဌ, စက္ခုဒွါရ ဃာနဒွါရတို့၌ အနိဋ္ဌတည်း၊ ပတ္တမြားဖြင့် ဦးခေါင်းကို ပေါက်ခွဲရာ၌ ထိုပတ္တမြားကို မြင်ရသော စက္ခုဒွါရ၌ ဣဋ္ဌ, အထိခံရသော ကာယဒွါရ၌ အနိဋ္ဌ တည်း၊ အချို့ဝတ္ထုများကား ကာလအလိုက် ဣဋ္ဌ အနိဋ္ဌ ကွဲပြားသေး၏၊ ချဲ့ဦးအံ့-မီးသည် ချက်ပြုတ်လိုရာ အခါ ဆောင်းအခါတို့၌ ဣဋ္ဌ, နွေအခါ၌ အနိဋ္ဌတည်း၊ ရေသည် သောက်လိုရာအခါ နွေအခါတို့၌ ဣဋ္ဌ, ဆောင်းအခါ၌ အနိဋ္ဌတည်း၊ အချို့ပန်း၌ အဆင်းသည် ဣဋ္ဌ, အနံကား အနိဋ္ဌတည်း၊ ဤသို့ စသည်ဖြင့် ဣဋ္ဌ အနိဋ္ဌအဖြစ်ကို အလတ်စားပုဂ္ဂိုလ်အားဖြင့်လည်းကောင်း, ဝိပါက်စိတ်အားဖြင့်လည်းကောင်း, ဒွါရအားဖြင့် လည်းကောင်း, ကာလအားဖြင့်လည်းကောင်း, အဆင်းအနံ့စသောအားဖြင့်လည်းကောင်း အမျိုးမျိုး ခွဲခြား ရမည်။

[ဆောင်] အလတ်စားတန်း, ပုဂ္ဂိုလ်မှန်းလျက်, ဝိပါက်-ဒွါရ, ချိန်ကာလနှင့်, ရူပ-ဂန္ဓာ, နှိုင်းချင့်ကာဖြင့်,အနိဋ္ဌာ လော, ဣဋ္ဌာလော, စစ်ကြော တွေ့တိုင်းပင်။

သဘာဝ ပရိကပ္ပအခွဲ။ ။ဣဋ္ဌ အနိဋ္ဌ အာရုံနှစ်မျိုးလုံးပင် "သဘာဝ,ပရိကပ္ပ" ဟု နှစ်မျိုးစီ ကွဲပြားပြန်၏၊ အလတ်တန်းစားပုဂ္ဂိုလ်၌ ဝိပါက် ဒွါရ ကာလစသည်တို့ဖြင့် ခွဲပြအပ်ခဲ့သော အာရုံများသည် သဘာဝဣဋ္ဌာရုံ သဘာဝအနိဋ္ဌာရုံများတည်း ၊ "ပင်ကိုယ်သဘောအတိုင်း အလိုရှိထိုက်/ မရှိထိုက်သော အာရုံများ" ဟူလို၊ အထက်တန်းပုဂ္ဂိုလ်များနှင့် သလိပ်သည်းခြေ သွေးလေဖောက်ပြန်နေသော ဂိလာန, အရူးစသူတို့က ဣဋ္ဌာ ရုံကို မလိုလားနိုင်ကြ၊ ကောင်းမွန်သော အစာအာဟာရကိုပင် ဂိလာနစသူတို့က အနိဋ္ဌာရုံဟုသာ ထင်မှတ် ကြလေသည်၊ ထိုသူတို့ ထင်မှတ်အပ်သော ဣဋ္ဌာရုံသည် ပရိကပ္ပအနိဋ္ဌာရုံမည်၏၊ "သူတို့၏ စိတ်အကြံအား ဖြင့် အနိဋ္ဌာရုံ" ဟူလို၊ ကျီး လင်းတ စသည်တို့နှင့် ယခင် ဂိလာန အရူးစသူတို့သည် မစင်, ခွေးကောင်ပုပ်, မကောင်းသောအစာ, အဝတ်စုတ်စသော အနိဋ္ဌာရုံကို ဣဋ္ဌာရုံဟု ထင်မှားကြပြန်၏။ ထိုထင် မှားအပ်သော အနိဋ္ဌာရုံများသည် ပရိကပ္ပဣဋ္ဌာရုံ မည်၏၊ နတ်သမီးစသော အတိဣဋ္ဌာရုံများကို ဘုန်းကံ နည်းပါးသူတို့၌ အနိဋ္ဌာရုံ ထင်မှတ်လျက် မူးမေ့တွေဝေခြင်း, ဘုရားရှင်စသော အတိဣဋ္ဌာရုံကိုပင် ဒိဋ္ဌိ ဝိပလ္လာသ ဖြစ်နေကြသော တိတ္ထိစသူတို့က အနိဋ္ဌာရုံဟု ထင်မှတ်ခြင်း စသည်တို့လည်း ပရိကပ္ပအနိဋ္ဌာရုံများ ပင်တည်း။

ဝိပါက်အမှန်။ ။ဝိပါက်စိတ်တို့၌ အာရုံအားလျော်စွာ သောမနဿ ဥပေက္ခာ ဝေဒနာ ယှဉ်ပုံမြဲသည်ကို "ဝိပါတ်အမှန်" ဟု ခေါ်၍, ဇောစိတ်တို့၌ အာရုံအားလျော်စွာ ဝေဒနာယှဉ်ပုံ မမြဲသည်ကို "ဇောအပြန်"ဟု ပြောစမှတ် ပြုကြသည်၊ ချဲ့ဦးအံ့-သဘာဝဣဋ္ဌာရုံ အတိဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ကြုံရ သောကြောင့် သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ တဒါရုံများ ဖြစ်၍, သဘာဝအတိဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံများ ဖြစ်ကြ ၏၊ သဘာဝအနိဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ၌ကား အကုသလဝိပါက် ဥပေက္ခာသဟဂုတ်သန္တီရဏ တဒါရုံများ ဖြစ်ကြသည်၊ (ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်းတို့မှာ ဝေဒနာအားဖြင့် အကွဲအပြား မရှိ၊) ဤသို့ ဝိပါက်စိတ်များ၌ အာရုံအလိုက် ဝေဒနာယှဉ်ပုံ မှန်ကြောင်းကို ရည်သန်၍ "ဝိပါက်အမှန်"ဟု ပြောစမှတ်ပြုကြသည်၊"သဗ္ဗထာပိ ပနေတ္ထ အနိဋ္ဌေ ၊ပေ၊ သောမနဿသဟဂတာနေဝ"ဟူသော သင်္ဂြိုဟ်၌လည်း ဤအဓိပ္ပါယ်များပါဝင်သည်။

ဇောအပြန်။ ။စိတ်ဖောက်ပြန်မှုဟူသော စိတ္တဝိပလ္လာသ, အမှတ်မှားမှုဟူသော သညာဝိပလ္လာသ, အယူ မှားမှုဟူသော ဒိဋ္ဌိဝိပလ္လာသ မကင်းကြသော ပုထုဇဉ်နှင့် ရှေ့ ဝိပလ္လာသနှစ်မျိုး မကင်းသေးသော သေက္ခ ပုဂ္ဂိုလ်တို့သန္တာန်၌ ဖြစ်လေ့ရှိသော ကုသိုလ်ဇော အကုသိုလ်ဇောများသည် တစ်ခါတရံ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံ၌ သောမနဿဇော ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာဇော, အနိဋ္ဌာရုံ၌ ဒေါသဇော ဖြစ်လေ့ရှိ၏၊ တစ်ခါ တစ်ရံ၌ကား ထိုဝိပလ္လာသတို့ကြောင့်သော်လည်းကောင်း, အနိဋ္ဌာရုံကို ခင်မင်နှစ်သက်ဖို့ရာ အကုသိုလ်ကံ ပါလာသောကြောင့်သော်လည်းကောင်း, ဘုရားစသော အတိဣဋ္ဌာရုံ၌ တိတ္ထိတို့မှာ ဒေါသဇော စောကြလေ ၏၊ မစင် ခွေးကောင်ပုပ်စသော အနိဋ္ဌာရုံ၌ ကျီး လင်းတတို့မှာ သောမနဿဇော စောကြ၏၊ ထိုဘုရားစသော အတိဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံတို့၌ပင် အချို့ စိတ်ဖောက်ပြန်နေသော အရူးစသူတို့မှာ ဥပေက္ခာဇော စောကြ၏၊ ဤသို့လျှင် ကုသိုလ် အကုသိုလ်ဇောတို့၏ အာရုံသဘောကို အခါခပ်သိမ်း မလိုက်ရောဘဲ ဝေဒနာယှဉ်ပုံ ဗလောင်းဗလဲ ဖြစ်ဟန်ကို ရည်သန်၍ "ဇောအပြန်" ဟု ပြောစမှတ် ပြုကြလေသည်။

ရဟန္တာ၌ တဒါရုံဖြစ်ပုံ

[ ဆောင်] ဣဋ္ဌာနိဋ္ဌ, တိဣဋ္ဌတို့, တွေ့ရသောအခါ, ဝေဒနာကား, ဝိပါကတုံ, အာရုံသဘော, မြဲလိုက်ရော၏၊ ဇော စောချိန်ကျ, ထိုခဏမူ, မုချဆက်ဆက်, မှန်မထွက်၍, ဝိပါက်အမှန်, ဇောအပြန်သည်, ကျမ်း ဂန် မိန့်ခွန်းအစဉ်တည်း။

ဣဋ္ဌအနိဋ္ဌရောရာ၌ အာရုံယူပုံ။ ။အရာဝတ္ထုတစ်ခု၌ကား ဣဋ္ဌ အနိဋ္ဌရောလျက် ရှိတတ်၏၊ ထို့သို့ ရော နေရာ၌ ထင်ရှားသော အာရုံကိုသာ အာရုံပြုနိုင်ပေသည်၊ ဥပမာ-ဆင်ပျံတော် မြင်းပျံတော်ရတနာတို့၌ ပဋိသန္ဓေက အဟိတ် ပဋိသန္ဓေဖြစ်သောကြောင့် မူလအထည်ကိုယ် ပုံသဏ္ဌာန်သည် ဧကန် အနိဋ္ဌာရုံတည်း၊ သို့သော် ပဝတ္တိအကျိုးကို ပေးမည့် ကုသိုလ်ကံကြောင့် လှပသော အရေအဆင်း အသံ စသည်ဖြစ်ပေါ်လာ ပြန်သဖြင့် ထိုပဝတ္တိကမ္မဇ ဣဋ္ဌရုပ်တွေက မူလအနိဋ္ဌာရုံကို ဖုံးလွှမ်းလျက်ရှိ၏၊ နှီးဖြင့်ပြုလုပ်၍ နွားချေးသုတ် အပ်သော အရုပ်ကလေး၌ ပိုးဖဲ ကတ္တီပါစသော ဣဋ္ဌာရုံတွေ မွမ်းမံချယ်လှယ်ထားသကဲ့သို့တည်း၊ ဤကဲ့သို့ ဣဋ္ဌနှင့် အနိဋ္ဌ ရောနှော၍ နေရာဝယ် မြင်ရ ကြားရသူတို့၏ စက္ခုဝိညာဏ်စသည်တို့မှာ အပေါ်ယံ ဣဋ္ဌာရုံ များကိုသာ အာရုံပြုရသဖြင့် ကုသလဝိပါက်တွေသာ ဖြစ်ခွင့်ရှိကြတော့သည်၊ မူလ ဣဋ္ဌဖြစ်သော လူ့ခန္ဓာ ကိုယ်ဝယ် မဖွယ်မရာ နူနာစသည် စွဲကပ်နေရာ၌ အနိဋ္ဌာရုံကိုသာ အာရုံပြုရပုံကိုလည်း ချဲ့ထွင်ကြည့်ပါ။

ရဟန္တာသန္တာန်၌ တဒါရုံ တတ္ထာပိ သောမနဿသဟဂတကြိယဇဝနာဝသာနေ သောမနဿ သဟဂတာနေဝ တဒါရမဏာနိ ဘဝန္တိ၊ ဥပေက္ခာသဟဂတကြိယ ဇဝနာဝသာနေ စ ဥပေက္ခာသဟဂတာနေဝ ဟောန္တိ။

ဝိပါက်လည်းမှန် ဇောလည်းမှန်။ ။"သောမနဿသဟဂတကြိယဇဝနာ ဝသာနေ ၊ပေ၊ ဘဝန္တိ" ဟူသော သင်္ဂြိုဟ်ပါဠိအရ ကြိယာဇောတို့မည်သည် ပြခဲ့ပြီးသော ဝိပလ္လာသသုံးမျိုး ကင်းပြီးသော ရဟန္တာ အရှင်တို့ သန္တာန်၌သာ ဖြစ်လေ့ရှိသောကြောင့် ဝိပါက်များကဲ့သို့ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံလာလျှင် သောမနဿကြိယာဇော စော၍, ထို သောမနဿကြိယာဇောနောင် သောမနဿတဒါရုံ ကျ၏၊ ဣဋ္ဌမဇ္ဈတ္တာရုံ အနိဋ္ဌာရုံတို့နှင့် တွေ့ကြုံလျှင် ဥပေက္ခာသဟဂုတ်ကြိယာဇောစော၍ ထိုဥပေက္ခာကြိယာ ဇောနောင် ဥပေက္ခာတဒါရုံများ ဖြစ်ကြသည်၊ ဤသို့လျှင် ကြိယာဇောများလည်း ဝိပါက်ကဲ့သို့ အာရုံအား လျော်စွာ သောမနဿယှဉ်မှု ဥပေက္ခာယှဉ်မှု မှန်ကန်သောကြောင့် "ဝိပါက်လည်း အမှန်, ဇောလည်းအမှန်" ဟု မိန့်ဆိုကြပြန်သည်။

ပရမတ္ထဒီပနီဝါဒ။ ။ကြိယာဇောတို့၏ အာရုံအားလျော်စွာ သောမနဿ ဥပေက္ခာဝေဒနာနှင့် ယှဉ်ရပုံကို ဤသင်္ဂြိုဟ်ကျမ်းသာမက , အဋ္ဌသာလိနီ အဋ္ဌကထာမှာလည်း

မိန့်ဆိုလျက်ရှိ၏၊ ထိုကဲ့သို့ ပရမတ္ထဒီပနီ၏ အယူကား ဤသို့တည်း၊ ကြိယာဇောတို့၏ အာရုံအားလျော်စွာ စောရပုံမှာ ပကတိရိုးရာအခါ၌သာဖြစ်၏၊ ရဟန္တာပုဂ္ဂိုလ်များသည် မိမိစိတ်ကို အစိုးတရပိုင်နိုင်ကြသည်ဖြစ်၍ အာရုံသဘောသို့ မလိုက်ဘဲ မိမိတို့ အလိုအတိုင်း စိတ်ကို ပြုပြင်လိုလျှင် ပြုပြင်၍ ဇောစောနိုင်ကြသည်၊ ထို့ကြောင့် ဘုရားရှင်သည် ဝက်မငယ်ကိုမြင်၍ ပြုံးတော်မူ၏၊ အရှင်မဟာမောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင် ၌ ပြိတ္တာတွေကိုမြင်၍ ပြုံးတော်မူ၏၊ ထိုသို့ဖြစ်ရာဝယ် ဝက်မငယ်နှင့် ပြိတ္တာတို့သည် အနိဋ္ဌာရုံများတည်း၊ ပြုံးတော်မူခြင်းကား ကြိယာသောမနဿဇောများ ဖြစ်၏၊ ထို့ပြင် "ဣဓ ဘိက္ခဝေ ဘိက္ခု သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊ အပ္ပဋိကူလသညီ တတ္ထ ဝိဟရတိ" စသည်ဖြင့် "ရဟန္တာပုဂ္ဂိုလ် တို့သည် စက်ဆုပ်ဖွယ်အာရုံကို စက်ဆုပ်ဖွယ် မဟုတ်အောင်ရှု၍ နေလိုက နေနိုင်ကြ၏" ဟု ဟောတော်မူ အပ်သော သုတ္တန်ပါဠိတော်များကို ထောက်လျှင် ရဟန္တာတို့၏ ကြိယာဇောများကိုလည်း အာရုံအားလျော်စွာ ဝေဒနာမလိုက်ရောဘဲ အလိုရှိသလို စောနိုင်ခွင့်ရှိကြောင်း သိသာ၏၊ သို့အတွက် သင်္ဂြိုဟ်နှင့်တကွ အဘိ ဓမ္မာအဋ္ဌကထာတို့၌ စိတ်ကို အထူးမပြုပြင်ဘဲ ဘာသိဘာသာ ဇောစောသောအခါကို ရည်ရွယ်၍ "ကြိယာ ဇောတ်ို့၌ အာရုံအားလျော်စွာ သောမနဿဝေဒနာ ဥပေက္ခာဝေဒနာနှင့် ယှဉ်ရမည်" ဟု ဆိုလိုသည်၊ စိတ်ကို ပြုပြင်၍ အာရုံကို ကြည့်ရှုဆင်ခြင်ရာ၌ကား သုတ္တန်ပါဠိတော်များနှင့်အညီ အနိဋ္ဌာရုံကို အာရုံပြု၍လည်း သောမနဿကြိယာဇော, အတိဣဋ္ဌာရုံကို အာရုံပြု၍လည်း ဥပေက္ခာကြိယာဇောများ စောခွင့်ရှိသည်ဟု ပရမတ္ထဒီပနီ ယူဆလေသည်။

ပရမတ္ထသရူပဘေဒနီ၏ ရှင်းလင်းချက်။ ။ပရမတ္ထသရူပဘေဒနီ၏ ရှင်းလင်းပုံကား-ဘုရားရှင်နှင့် အရှင် မောဂ္ဂလာန်တို့ ဝက်မငယ် ပြိတ္တာတို့ကို မြင်တော်မူ၍ ပြုံးတော်မူကြရာ၌ မြင်တော်မူတဲ့အခါ အာရုံတစ်မျိုး, ပြုံးတော်မူတဲ့အခါ အာရုံတစ်မျိုးဟု ခွဲခြားရမည်၊ အနိဋ္ဌာရုံဖြစ်သော ဝက်မငယ် ပြိတ္တာတို့ကို မြင်ရာအခါ၌ အနိဋ္ဌာရုံအားလျော်စွာ ဥပေက္ခာကြိယာဇော စောသောဝီထိများ ကျရာ၏၊ ထိုအခါ ပြုံးတော်မမူသေး၊ ထို့ နောက် ထိုကဲ့သို့ အံ့ဩဖွယ်ရာ ဆန်းကြယ်စွာသော ဂတိ၌ ဖြစ်ရမည့်အကြောင်း မကောင်းသော တရားတို့ ကိုယ်တော်များ သန္တာန်မှာ မရှိတော့သဖြင့် ကိုယ်တော်တို့၏ သမ္ပတ္တိဂုဏ်ကို အာရုံပြုလျက် နှစ်သက်သော အခါ သမ္ပတ္တိဂုဏ် အတိဣဋ္ဌာရုံအားလျော်စွာ သောမနဿကြိယာဇောစောသော မနောဒွါရဝီထိများ ဖြစ်ပေါ် ကြပေသည်၊ သို့သော် စိတ်အစဉ်က အင်မတန် လျင်မြန်သောကြောင့် ဝက်မငယ် ပြိတ္တာတို့ကို မြင်တော်မူ တုန်းမှာပင် ပြုံးရွှင်တော်မူကြသကဲ့သို့ ထင်ရလေသည်။ [စတုတ္ထပါရာဇိကနှင့် လက္ခဏသံယုတ် စသည်ကို ရူှပါ။]

အာရုံကို ပြောင်း၍ အာရုံပြုပုံ

ထို့ပြင် "ဣဓ ဘိက္ခဝေ ဘိက္ခု သစေ အာကင်္ခတိ ပဋိကူလေ အပ္ပဋိကူလသညီ ဝိဟရေယျန္တိ၊" စသော သုတ္တန်ပါဠိတော်များအရ ပဋိကူလဖြစ်သော စက်ဆုပ်ဖွယ် အနိဋ္ဌာရုံသတ္တဝါကို အပ္ပဋိကူလ (စက်ဆုပ်ဖွယ် မဟုတ်သော အတိဣဋ္ဌာရုံသတ္တဝါ) ဖြစ်အောင် ကြံဆောင်ဆင်ခြင်ရာ၌ ဝီထိအမျိုးမျိုးပင် ဖြစ်၏၊ ပဋိကူလ အာရုံကို ပဌမ မြင်ခါစ၌ အနိဋ္ဌာရုံအားလျော်စွာ ဥပေက္ခာကြိယာဇောဝီထိများ ဖြစ်ရ၏၊ ထို့နောက် ထိုအနိဋ္ဌာ ရုံသတ္တဝါကို ချစ်မြတ်နိုးအပ်သော ပိယမနာပသတ္တဝါဖြစ်အောင် မေတ္တာကမ္မဋ္ဌာန်းဖြင့် ကြံဆောင်ကြည့်ရှု သောအခါ ထိုသတ္တဝါအပေါ်၌ ဣဋ္ဌအခြင်းအရာဖြစ်စေ, အတိဣဋ္ဌအခြင်းအရာဖြစ်စေ ထင်လာပေမည်၊ ထိုအခါအတိဣဋ္ဌ အခြင်းအရာဖြစ်လျှင် ထိုအခြင်းအရာကို အာရုံပြု၍ သောမနဿကြိယာဇောများ စောနိုင် ပေ၏။

အာရုံတစ်ခု၌ အာရုံပြုသူ၏စိတ်က ဆန်းကြယ်သလောက် ဣဋ္ဌ အတိဣဋ္ဌ အနိဋ္ဌအခြင်းအရာများကို ရနိုင်ပေ၏၊ အလွန်လှပသော အတိဣဋ္ဌမာတုဂါမကိုပင် အသုဘဖြင့်ဆင်ခြင်က မတင့်တယ်သောအခြင်း အရာ အနိဋ္ဌအရသာတွေသာ ပေါ်လာ၏၊ အလွန်အရုပ်ဆိုးသော အနိဋ္ဌာရုံသားကလေးကို မိခင်မေတ္တာဖြင့် သေသေချာချာ ဆင်ခြင်သောအခါ ချစ်ဖွယ်ရာဣဋ္ဌာရုံ ထင်လာ၏၊ ဤကဲ့သို့ ပုထုဇဉ်တို့ နယ်ပယ်မှာပင် စိတ်ဆန်းကြယ်သလို ပြုပြင်ပြောင်းလွှဲနိုင်လျှင် မိမိစိတ်ကို စိုးပိုင်ပြီးသော ရဟန္တာတို့၏စိတ်၌ကား ယုံမှားဖွယ် မရှိပြီ၊ ရေနိုင်သော သင်္ဘောဦးစီး ပဲ့သူကြီးသည် ပဲ့တက်ကြီးကို ကြိတ်ကာကြိတ်ကာဖြင့် လိုရာရေကြောင်း ခရီးကို သွားနိုင်သကဲ့သို့လည်းကောင်း, လေနိုင်သော ဂဠုန်ကြီးသည် အတောင်အမြီးကို ညိတ်ကာညိတ် ကာဖြင့် ပျံလိုရာ လေကြောင်းခရီးကို ပျံနိုင်သကဲ့သို့လည်းကောင်း,မိမိစိတ်ကို နိုင်ပြီးသော ရဟန္တာအရှင်မြတ် တို့လည်း တွေ့သမျှအာရုံအသီးသီးဝယ် စိတ်ကို ပြောင်းလွှဲ၍ အနဲနဲ ဆင်ခြင်တော်မူနိုင်သောကြောင့် မိမိတို့ ပြောင်းလွှဲအပ်သော ဣဋ္ဌ အနိဋ္ဌ အတိဣဋ္ဌအာရုံအားလျော်စွာ ဥပေက္ခာ သောမနဿနှင့်ယှဉ်သော ကြိယာ ဇောများ စောနိုင်ကြပေသည်။ [အကျယ်ကို ပရမတ္ထသရူပနှင့် ဒီပနီတို့မှာရှုပါ၊]

ကြိယာဇောနောင် တဒါရုံမလိုသော မူလဋီကာ။ ။"သောမနဿသဟဂတ ကြိယဇဝနာဝသာနေ သောမနဿသဟဂတာနေဝ တဒါရမဏာနိ" စသည်ဖြင့် ကြိယာဇောနောင် တဒါရုံချဖို့ရာ အဋ္ဌကထာကြီး ငယ်တို့ မိန့်ဆို စိစစ်ကြသော်လည်း မူလဋီကာကား ကြိယာဇောနောင် တဒါရုံချခြင်းကို အလိုမရှိချေ၊ ထို ဋီကာအလိုကို ထင်ရှားစေအံ–အဟုန်ဖြင့် ဆန်တက် ခုတ်သွားသော သင်္ဘော၏နောက်သို့ တအောင့် လောက် ဆန်တက်လိုက်သွားသော ရေအယဉ်ကဲ့သို့, တဒါရုံဝိပါက်စိတ်များလည်း သင်္ဘောလှေပမာ လွန်စွာ လှုပ်လှက် မငြိမ်သက်သော ကုသိုလ်ဇော အကုသိုလ်ဇောများ၏ နောက်သို့သာ လိုက်ထိုက်သည်၊ ငြိမ်ငြိမ် သက်သက် ဖက်ခွက်မျောလာရာဝယ်

ထိုဖက်ခွက်နောက်သို့ ရေအယဉ်မလိုက်သကဲ့သို့, ထို့အတူ ဖက်ခွက်ပမာ လွန်စွာငြိမ်သက်သော ကြိယာ ဇောနောက်သို့ တဒါရုံများ မလိုက်ထိုက်ချေ၊ ပဋ္ဌာန်းပါဠိတော်မှာလည်း ကုသိုလ် အကုသိုလ်ဇောနောက်သာ တဒါရုံကို ဟောတော်မူ၍ ကြိယာဇောနောင်မှာ ဟောတော်မူချက် မရှိဟု မိန့်ဆိုလေသည်။

အနုဋီကာ , မဟာဋီကာ, ပရမတ္ထသရူပတို့ဝါဒ။ ။အနုဋီကာပြ(ကေစိ)နှင့် မဟာဋီကာတို့ကား "ကြိယာ ဇောတို့သည် ကာယဝိညတ် ဝစီဝိညတ်ကို ဖြစ်စေနိုင်သောကြောင့် ငြိမ်ငြမ်သက်သက် မျောလာသော ဖက်ခွက်နှင့်မတူ, လှုပ်လှုပ်လှက်လှက် သဘောရှိသည်ဟုပင် ဆိုထိုက်ပါ၏၊ ပဋ္ဌာန်းပါဠိတော်၌ ဟော်တော် မမူခြင်းမှာ အလိုတော် တစ်မျိုးတစ်မည်ကြောင့်သာ ဖြစ်ရာ၏၊" ဟု ချေပကြလေသည်၊ ပရမတ္ထသရူပဘေဒနီ ၌ကား "ကုသလံ ဝုဋ္ဌာနဿ, အကုသလံ ဝုဋ္ဌာနဿ" ဟု ဟောတော်မူသလို "အဗျာကတံ ဝုဋ္ဌာနဿ" ဟုလည်း အနန္တရပစ္စည်း၌ ဟောတော်မူ၏၊ ဝုဋ္ဌာနအရလည်း ကုသိုလ် အကုသိုလ်ကြိယာဇောတို့မှ ထသော တဒါရုံ ဘဝင် စုတိ အားလုံးကိုရ၏၊ ဤသို့ ကြိယာဇောနောင် တဒါရုံကို ထည့်သွင်း၍ "ဝုဋ္ဌာနဿ" ဟု ဟောတော်မူရာဌာနသည် များစွာရှိ၏ဟု ညွှန်ပြ၍ "ကြိယာဇောနောင် တဒါရုံ မဟော" ဟူသော စကားကို ပယ်ရှား လေသည်။

•••••••••••••

အာဂန္တုကဘဝင် ဒေါမနဿသဟဂတဇဝနာဝသာနေ စ ပန တဒါရမဏာနိ စေဝ ဘဝင်္ဂါနိ စ ဥပေက္ခာသဟဂတာနေဝ ဘဝန္တိ၊ တသ္မာ ယဒိ သောမနဿပဋိသန္ဓိကဿ ဒေါမနဿသဟဂတဇဝနာဝသာနေ တဒါရမဏသမ္ဘဝေါ နတ္ထိ၊ တဒါ ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမဏမာရဗ္ဘ ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ၊ တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတီတိ ဝဒန္တိ အာစရိယာ။

ဒေါမနဿသဟဂတ၊ပေ၊ဥပေက္ခာသဟဂတာနေဝ။ ။ဒေါမနဿဝေဒနာသည် မသာယာသောအားဖြင့် အာရုံကို ခံစားရ၏၊ သောမနဿကား သာယာသောအားဖြင့် အာရုံကို ခံစားသည်၊ ထို့ကြောင့် ဒေါမနဿ ဝေဒနာနှင့် သောမနဿဝေဒနာတို့ အချင်းချင်း ရှေ့သွားနောက်လိုက် နှီးနှောလို့ မရ၊ ဥပေက္ခာဝေဒနာကား အာရုံကို သင့်ရုံတော်ရုံ ခံစားသဖြင့် ဒေါမနဿ-သောမနဿနှစ်ပါးလုံးနှင့်ပင် သင့်တင့် လိုက်ရောနိုင်ပေသည်၊ သို့အတွက် ဒေါမနဿသဟဂုတ်ဇောနောင် တဒါရုံဖြစ်စေ ဘဝင်ဖြစ်စေ ဥပေက္ခာသဟဂုတ်သာ ဖြစ်ရပေသည်။

တသ္မာ ယဒိ သောမနဿ၊ပေ၊တဒါရမဏသမ္ဘဝေါ နတ္ထိ။ ။တသ္မာပုဒ်ကို ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိသို့ လှမ်းစပ်၊ "ယဒိ သောမနဿ ၊ပေ၊ သမ္ဘဝေါ နတ္ထိ" ကား ကြံဆ၍ ပြောဆိုအပ်သော ပရိကပ္ပစကားတည်း၊ "သောမနဿသဟဂုတ် မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူ၏ သန္တာန်ဝယ် တစ်စုံတစ်ခုသောအကြောင်းကြောင့် တဒါရုံ ဖြစ်ခွင့် တကယ်လို့ မရခဲ့လျှင်" ဟု ကြံဆ၍ ပြောဆိုသည်။

တဒါ ယံကိဉ္စိ၊ပေ၊ဥပေက္ခာသဟဂတသန္တီရဏံ ဥပ္ပဇ္ဇတိ။ ။ထိုသို့ တဒါရုံဖြစ်ခွင့် မရခဲ့သော် ထုံးစံအတိုင်း ဆိုလျှင် ဒေါသဇောနောင် ဘဝင်ကျရတော့မည်၊ ဘဝင်ကျပြန်လျှင်လည်း (တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိ စိတ်တို့သည် တူကြရသောကြောင့်) သောမနဿပဋိသန္ဓေနေခဲ့သူ ဖြစ်၍ သောမနဿဘဝင် ကျရလိမ့်မည်၊ ထိုသောမနဿဘဝင်ကား ဒေါသဇောနှင့် မလိုက်ရောချေ၊ ဤသို့ အခက်ကြုံတဲ့အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ဖို့ရာ ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ဖြစ်ပေါ်လာရပေသည်။

တမနန္တရိတွာ ဘဝင်္ဂပါတောဝ ဟောတိ။ ။ထိုဥပေက္ခာသဟဂုတ်သန္တီရဏ၏ အခြားမဲ့၌ကား ထုံးစံအတိုင်း သောမနဿဘဝင် ကျနိုင်ပြီ၊ [တမနန္တရိတွာ၌ အနန္တရသဒ္ဒါသည် အခြားမရှိဟူသောအနက်ကို ဟောသော နာမ်ပုဒ်တည်း၊ ဤနေရာ၌ ကရဓာတ်၏ အနက်ကို ဟောသော ဣပစ္စည်းသက်၍ အနန္တရိတွာဟု ပါဌ်ရှိသည်။ သို့အတွက် "တံ–ထိုဥပေက္ခာသဟဂုတ်သန္တီရဏစိတ်ကို၊ အနန္တရိတွာ-အခြားမဲ့ပြု၍"ဟု အနက်ဆိုပါ၊ အဓိပ္ပာယ်မှာ "ဥပေက္ခာသဟဂုတ်သန္တီရဏစိတ်၏ အခြားမဲ့၌"ဟု ဆိုလိုသည်။]

ဝဒန္တိ အာစရိယာ။ ။ကျမ်းဆရာတို့သည် တစ်စုံတစ်ခုသော အဆုံးအဖြတ်၌ သာဓက မပြနိုင်လျှင်"ဝဒန္တိ, ကျောက်ကြီးဖိ" ဆိုတဲ့အတိုင်း ထိုအဆုံးအဖြတ် ပိပြားအောင် ဝဒန္တိဟူသော ကျောက်တုံးဖြင့် အာစရိယဝါဒ အနေ ဖိတတ်ကြလေသည်၊ ဤဝါဒသည် သင်္ဂြိုဟ်ကျမ်း၌သာမဟုတ်, အဋ္ဌသာလိနီ အဗျာကတဝိပါကအဖွင့် ၌လည်း "ယဒါ သောမနဿပဋိသန္ဓိကဿ ပဝတ္တေ စျာနံ နိဗ္ဗတ္တေတွာ ပမာဒေန ပရိဟီနဇ္ဈာနဿ ပဏီတ ဓမ္မော မေ နဋ္ဌောတိ ပစ္စဝေက္ခတော ဝိပ္ပဋိသာရဝသေန ဒေါမနဿံ ဥပ္ပဇ္ဇတိ၊ တဒါ ၊ပေ၊ ကုသလဝိပါကာ ဝါ ဥပေက္ခာသဟဂတာဟေတုကမနောဝိညာဏဓာတု (သန္တီရဏံ) ဥပ္ပဇ္ဇတိ" ဟု ရှိပေသည်။

တဒါရုံကျခွင့်မရသောဝါဒများ

၁။သောမနဿပဋိသန္ဓေ တည်နေခဲ့၍ မိစ္ဆာအယူရှိသူသည် ဘုရားအစရှိသော အတိဣဋ္ဌ အတိမဟန္တာရုံ, သို့မဟုတ် ဝိဘူတာရုံကို အာရုံပြုလျက် ဒေါသဇောစောခဲ့သော်လည်းကောင်း, သို့မဟုတ် နတ်သမီးစသော အတိဣဋ္ဌ အတိမဟန္တာရုံ ဝိဘူတာရုံများကို အာရုံပြုလျက် ရွံ့ကြောက်ထိတ်လန့်သောအားဖြင့် ဒေါသဇော စောခဲ့သော်လည်းကောင်း, တဒါရုံကျခွင့် မရ၊ ဘာ့ကြောင့်နည်း...တဒါရုံကျလျှင် အတိဣဋ္ဌာရုံဖြစ်၍ သောမ နဿတဒါရုံ ကျရလိမ့်မည်၊ ထိုသောမနဿတဒါရုံသည် ဒေါသဇောနောင် မဖြစ်ထိုက်၊ ဥပေက္ခာတဒါရုံကျဖို့ ရန်လည်း "အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ" အရ အတိဣဋ္ဌာရုံနှင့် မလျော်ကန်ချေ။

၂။ သောမနဿပဋိသန္ဓေတည်နေသူ၏ သန္တာန်၌ မဟန္တာရုံ အဝိဘူတာရုံ ဖြစ်အံ့, (အတိဣဋ္ဌာရုံဟု သတ် မှတ်ဖွယ်မလို, ဘယ်အာရုံမဆို ကာမအာရုံကို အာရုံပြု၍) ဒေါသဇောစောလျှင် ထိုဒေါသဇောနောင် တဒါရုံ မကျထိုက်။

၃။ သောမနဿပဋိသန္ဓေနေ၍ စျာန်ကိုရပြီးမှ စျာန်လျှေကျသဖြင့် ထိုစျာန်ကို အာရုံပြုလျက် "ငါ၏ မွန်မြတ်သောတရားသည် ပျက်ပြားခဲ့ချေပေါ့" ဟု ဒေါသဇော ဖြစ်သောအခါ မဟဂ္ဂုတ်အာရုံဖြစ်၍ တဒါရုံ မကျထိုက်။

၄။ သောမနဿပဋိသန္ဓေနေ၍ ပညတ်အာရုံတစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထို ပညတ်ကို အာရုံပြု၍ တဒါရုံမကျထိုက်။ ["တဒါရုံသည် ကာမတရားကိုသာ အာရုံပြုသည်"ဟု ဆိုလတ္တံ့။]

ဤသို့လျှင် တဒါရုံကျခွင့်မရသော ဇောဝါရ(၄)မျိုး၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူ သောမနဿမူလဘဝင်လည်း မကျနိုင်၊ ထိုသို့ တဒါရုံလည်းမကျ, ဘဝင်လည်းမကျသဖြင့် အခက်အခဲကြုံ သောအခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့ အကြားဝယ် ဆက်သွယ်ပေးဖို့ရာ အာဂန္တုကဘဝင်ကိစ္စတပ် လျက် ဥပေက္ခာသဟဂုတ်သန္တီရဏစိတ် ဖြစ်ရပေသည်။

[ ဆောင်] သောမနသ်သန္ဓေ, စွဲကပ်နေ၍, ယူလေမိစ္ဆာ, ရှိသူ့မှာလျှင်, လွန်စွာတင့်ဘိ, အတိဣဋ္ဌ, တိမဟန္တ, ဝိဘူတဟု, ဗုဒ္ဓအာရုံ, ကြုံသော်လည်းကောင်း, တစ်ကြောင်းကမူ, အဝိဘူတ, မဟန္တဟု, ကာမအာ ရုံ, ဆုံလေတစ်ရပ်, သမာပတ်ကို, ရလတ်ပြီးမှ, ကွယ်ပသည့်စျာန်, အာရုံခံလျှင်း, မယွင်းတစ်ခု, ပညတ်စုကို, ရှုလေတစ်လော,...ဒေါသဇောတို့, စောပြီး၍တုံ, တဒါရုံကား, အာရုံနှင့်သော်, မသင့် တော်ခဲ့၊ ချင့်မြော်တစ်ခင်း, ဘဝင်ဆင်းလည်း, မူရင်းသန္ဓေ, မလျော်ပေတည့်၊ သို့နေခက်ခဲ,အချက် ထဲဝယ်, ဆက်တွဲဟန်ပြု, အာဂန္တုဟု, တစ်ခုဘဝင်, စပ်ကြားဝင်သည်, အရှင် ဆရာ့မိန့်ခွန်းတည်း။

ဥပေက္ခာသန္တီရဏ ဘဝင်ကိစ္စ တပ်ရပုံ။ ။"ဒွေ ဥပေက္ခာသဟဂတသန္တီရဏစိတ္တာနိ ပဋိသန္ဓိဘဝင်္ဂစုတိ တဒါရမဏသန္တီရဏဝသေန ပဉ္စကိစ္စာနိ နာမ" ဟု ကိစ္စသင်္ဂဟ၌ ပြခဲ့သော(၅)ကိစ္စတို့တွင် ပဋိသန္ဓေအခါ စုတိအခါလည်းမဟုတ်, ဒေါသဇော၏ အာရုံကို လိုက်၍ယူရာ တဒါရုံဖြစ်ဖို့ အခါလည်းမဟုတ်, သမ္ပဋိစ္ဆိုန်း၏ အခြားမဲ့လည်းမဟုတ်၊ ထို့ကြောင့် ပဋိသန္ဓေ စုတိ တဒါရုံ သန္တီရဏ ဤကိစ္စတပ်၍

ဖြစ်ခွင့် မရချေ၊ ဒေါသဇောနောင် ဤသန္တီရဏစိတ်မှ မဖြစ်လျှင် စိတ်အစဉ်ပြတ်၍ ဘဝအဆုံးသတ်ရတော့ မလို ဖြစ်ရကား "ဘဝင်္ဂဿ အင်္ဂံ" ဟူသော ဝစနတ်အရ ဘဝမပြတ်ဖို့ရာ ဥပေက္ခာသန္တီရဏစိတ်က ဘဝင် ကိစ္စတပ်၍ ဖြစ်ရသည်။

အာဂန္တုကဘဝင် ခေါ်ရပုံ။ ။ပဋိသန္ဓေစိတ်၏ နောက်မှစ၍ ဖြစ်ခဲ့သောဘဝင်တို့သည် ပဋိသန္ဓေစိတ်နှင့် တစ်ထပ်တည်း တူကြရ၏၊ ထို့ကြောင့် ခန္ဓာအိမ် ဖြစ်ပေါ်စကပင် ခန္ဓာအိမ်၌ ပါဝင်သော ဘဝင်များတည်း၊ သို့ဖြစ်၍ ထိုဘဝင်များကို အာဝါသိကဘဝင်(အိမ်ရှင့်ဘဝင်)ဟု ခေါ်ရပေသည်၊ ဤဥပေက္ခာသန္တီရဏကား ယခုလို အခက်ကြုံတွေ့ရာ တစ်ရံတစ်ခါမှ ပေါ်လာသောကြောင့် "အာဂန္တုက (ဧည့်သည်) ဘဝင်" ဟု ခေါ်ရသည်။

ပဋိသန္ဓိဘဝင်္ဂဉ္စဂါထာသည် ယေဘုယျ။ ။ဤပြအပ်ခဲ့သောနည်းအတိုင်း တစ်ရံတစ်ခါ အခက်အခဲကြုံလာ လျှင် မူလပဋိသန္ဓေနှင့်မတူသော အာဂန္တုကဘဝင်လည်း ဖြစ်သေးသောကြောင့် ဝီထိမုတ်ပိုင်း၌လာလတ္တံ့ သော "ပဋိသန္ဓိ ဘဝင်္ဂဉ္စ" စသော ဂါထာကိုလည်း ယေဘုယျနည်းဖြင့် ဆိုအပ်သော ဂါထာတည်းဟု မှတ်ပါ။

ယံကိဉ္စိ ပရိစိတပုဗ္ဗံ ပရိတ္တာရမဏမာရဗ္ဘ။ ။ဤအာဂန္တုကဘဝင်ကျရသော စိတ်အစဉ်မဖြစ်မီ ရှေးမကြာ ခင်အခါက အလေ့အကျက်များသော(များစွာ စိတ်ဝင်စားထားသော) အာရုံတစ်ခုခု ရှိလိမ့်မည်၊ ကာမဝိပါက် တို့သည် အာရမဏသင်္ဂဟ၌ ပြသည့်အတိုင်း ကာမတရားကိုသာ အာရုံပြုသောကြောင့် ထိုအာရုံသည် ကာမ အာရုံတွင်ပါဝင်သော အာရုံဖြစ်ရမည်၊ ထိုအလေ့အကျက်များသော ကာမအာရုံသည် ဣဋ္ဌအာရုံဖြစ်အံ့, ကုသလဝိပါက်သန္တီရဏစိတ်ဖြစ်၏၊ အနိဋ္ဌာရုံ ဖြစ်အံ့, အကုသလဝိပါက်သန္တီရဏစိတ် ဖြစ်သည်။

မှတ်ချက်။ ။အတိဣဋ္ဌာရုံဖြစ်လျှင်လည်း "အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ" နှင့် မညီစေ ကာမူ ဤကဲ့သို့ အခက်အခဲကြုံရာဝယ် ကုသလဝိပါက်ဥပေက္ခာသန္တီရဏပင် ဖြစ်၏၊ ဤ တဒါရမ္မဏနိယမ၌ ပြအပ်သော စကားစုလည်း ဝီထိစိတ်များအတွက် သတ်မှတ်အပ်သော စကားဖြစ်၍ ဝီထိမုတ်ဖြစ်သော ပဋိသန္ဓေ ဘဝင် စုတိကိစ္စအတွက် သတ်မှတ်အပ်သောစကား မဟုတ်တန်ရာ၊ ဤကား ဤကျမ်း၏ အယူ တည်း။

ပရမတ္ထဒီပနီ။ ။"ပင်ကိုရင်းက မဟာဝိပါက် ဥပေက္ခာသဟဂုတ် အဖြစ်များလျှင် ထိုမဟာဝိပါက် ဥပေက္ခာ သဟဂုတ်များလည်း အာဂန္တုကဘဝင်ကိစ္စတပ်လျက် မဖြစ်နိုင်ဟု မဆိုသင့်၊ အဋ္ဌကထာ၌လည်း "ကုသိုလ် ဇောနောင် သဟိတ်တဒါရုံအများ ဖြစ်နေလျှင် ကုသိုလ်ဇောဝီထိ၏ အကြားအကြား၌ အကုသိုလ်ဇော စော စေကာမူ ထိုအကုသိုလ်ဇောနောင် သဟိတ်တဒါရုံပင် ဖြစ်သည်" ဟု အဆိုရှိ၏၊

အဋ္ဌကထာအလို အကုသိုလ်ဇောနောင် သဟိတ်တဒါရုံဖြစ်နိုင်ပါလျှင် တဒါရုံကိုယ်စား ကျရသော အာဂန္တုက ဘဝင်လည်း သဟိတ်မဟာဝိပါက်ဘဝင် ဖြစ်သင့်သည်၊ ထို့ကြောင့် "အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဥပေက္ခာသဟဂုတ် မဟာဝိပါက်(၄), သန္တီရဏ(၂)အားဖြင့် (၆)ပါးသောစိတ်များ ဖြစ်ခွင့်ရှိသည်" ဟု ပရမတ္ထဒီပနီ မိန့်ဆို၏၊ ယုတ္တိကို ထောက်လျှင် သင့်လောက်ပေသည်။

အာဝဇ္ဇန်းမရှိဘဲ အာရုံယူနိုင်ပုံ။ ။ဤအာဂန္တုကဘဝင်စိတ်သည် အလေ့အကျက်များသောအာရုံကို ရှေ့ ကဆင်ခြင်ပေးမည့် အာဝဇ္ဇန်းမရှိဘဲ ယူရာရောက်၏၊ ထိုသို့ အာဝဇ္ဇန်းကင်းလျက် အာရုံသစ်ယူနိုင်ကြောင်း ကို ရှေးသူဟောင်းတို့ အမိန့်အဆို မရှိသည် မဟုတ်ပါလောဟု မေး၊ အဖြေကား-များသောအားဖြင့် ထိုထို ဝီထိ၌ အာဝဇ္ဇန်းက ရှေးဦးစွာဆင်ခြင်ပေးမှ အာရုံသစ်ကို ယူနိုင်ကြသည် မှန်ပေ၏၊ သို့သော် "အာဝဇ္ဇန်း မပါ လျှင် အာရုံသစ်ကို မယူနိုင်" ဟု ရှေးသူမြတ်တို့ သတ်မှတ်ချက် မရှိ၊ နိရောဓသမ္မာပတ္တိဝီထိခန်း၌ သမာပတ် မှအထတွင် အနာဂါမိဖိုလ်စိတ်နှင့် အရဟတ္တဖိုလ်စိတ်များသည် အာဝဇ္ဇန်းကင်းလျက်ပင် နိဗ္ဗာန်အာရုံကို ယူနိုင်ကြ၏၊ မဂ္ဂဝီထိ၌ ဂေါတြဘု ဝေါဒါန်တို့သည် အာဝဇ္ဇန်းကင်းလျက် ရုတ်တရက် နိဗ္ဗာန်ကို အာရုံပြုနိုင် ကြ၏၊ ဤသို့တွေ့ရသဖြင့် ဤအာဂန္တုကဘဝင်၏ အာဝဇ္ဇန်း ကင်းလျက် အာရုံယူရသည့် အခင်း၌ စနောင့် စနင်း မရှိထိုက်။ [အနာဂါမိဖိုလ် စသည်တို့ အာရုံယူပုံကို ထိုထိုဝီထိခန်း၌ သိရလတ္တံ့။]

နိရာဝဇ္ဇံ ကထံ စိတ္တံ, ဟောတိ နေတံ ဟိ သမ္မတံ၊ နိယမော န ဝိနာဝဇ္ဇာ, နိရောဓာ ဖလဒဿနာ။

နိရာဝဇ္ဇံ -အာဝဇ္ဇန်းကင်းလျက်၊ စိတ္တံ-စိတ်သည်၊ ကထံ ဟောတိ-အဘယ်မှာ ဖြစ်သင့်ပါအံ့နည်း၊ ဧတံ-ဤ အာဝဇ္ဇန်းကင်းလျက် စိတ်ဖြစ်ခြင်းကို၊ န သမ္မတံ-ရှေးသူမြတ်တို့ အသိအမှတ် မပြုအပ်သည် မဟုတ်ပါလော၊ အာဝဇ္ဇာ-အာဝဇ္ဇန်းကို၊ ဝိနာ-ကြဉ်၍ ၊ နိရောဓာ-နိရောဓသမာပတ်မှ၊ ဝုဋ္ဌဟန္တဿ-ထသောပုဂ္ဂိုလ်၏၊ ဖလဒ ဿနာ-အနာဂါမိ အရတ္တဖိုလ်ဖြစ်ပုံကို တွေ့ရခြင်းကြောင့်၊ နိယမော-အာဝဇ္ဇန်းကင်းလျက် မဖြစ်နိုင်ဟူသော သတ်မှတ်ချက်သည်၊ န-မရှိချေ ။

အကြောင်းစုံမှ တဒါရုံကျ တထာ ကာမာဝစရဇဝနာဝသာနေ ကာမာဝစရသတ္တာနံ ကာမာဝစရ ဓမ္မေသွေဝ အာရမ္မဏဘူတေသု တဒါရမ္မဏံ ဣစ္ဆန္တီတိ။

ကာမာဝစရဇဝနာဝသာနေ တဒါရမ္မဏံ ဣစ္ဆန္တိ။ ။ကာမာဝစရဓမ္မေသွေဝမှ ဧဝသဒ္ဒါသည် "ကာမာဝစရ ဇဝနာဝသာနေ ဧဝ, ကာမာဝစရသတ္တာနံ ဧဝ" ဟု

ဇောနောင် တဒါရုံလိုက်ပုံ

ရှေ့သို့လည်း လိုက်၏၊ ကာမဇော၏ အဆုံး၌သာ တဒါရုံကို အလိုရှိကြသည်, "အပ္ပနာဇော၏ အဆုံးမှာ အလိုမရှိကြ" ဟူလို၊ ချဲ့ဦးအံ့–သွားနိုင်လာနိုင်ခါစ ကလေးသူငယ်များသည် နေအိမ်မှ ပြင်ဘက်သို့ ထွက် သောအခါ မိမိကို ဖြစ်စေတတ်, မွေးဖွားစေတတ်သော မိဘနောက်, သို့မဟုတ် မိဘနှင့် သဘောတူသော ဘကြီး ဘထွေးတို့ နောက်သို့သာ လိုက်သွားသကဲ့သို့, ထို့အတူ ကာမတဏှာအရင်းခံရှိသော ကုသိုလ်ကံ အကုသိုလ်ကံကြောင့်ဖြစ်သော ကာမဝိပါက် တဒါရုံများလည်း မိမိကို ဖြစ်စေတတ်သော ကာမကုသိုလ် အကုသိုလ်ဇော တစ်ခုခုနောက်သို့ဖြစ်စေ, ထိုကာမကုသိုလ် အကုသိုလ်ဇော တစ်ခုခုနှင့် ကာမဇောချင်း သဘောတူသောအခြားသော ကာမကုသိုလ် ကြိယာဇောနှင့် အကုသိုလ်ဇောများ နောက်သို့ဖြစ်စေ လိုက်ပါ လေသည်။

ကာမတဏှာတန္နိဒါန-ကမ္မနိဗ္ဗတ္တဘာဝတော၊ ဇနကံ တံသမာနံ ဝါ, ဇဝနံ အနုဗန္ဓတိ၊ န တု အညံ တဒါလမ္ဗံ, ဗာလဒါရကလီဠယာ။

[အနက်ကို ဋီကာကျော် နိဿယ၌ ရှုပါ။]

ကာမာဝစရသတ္တာနမေဝ တဒါရမ္မဏံ ဣစ္ဆန္တိ။ ။ကာမသတ္တဝါတို့သန္တာန်၌သာ တဒါရုံကို အလိုရှိကြသည်၊

" ဗြဟ္မာတို့ သန္တာန်၌ တဒါရုံကို အလိုမရှိကြ" ဟူလို၊ ချဲ့ဦးအံ့-ကာမပဋိသန္ဓေနှင့် တဒါရုံတို့သည် ကာမဝိပါက် ချင်းတူမျှကြ၏၊ အရင်းခံ မျိုးစေ့ကျရောက်ရာ ကာမပုဂ္ဂိုလ်သန္တာန်၌သာလျှင် ပဝတ္တိအကျိုးဆက် တဒါရုံ ကာမဝိပါက်များ ဖြစ်ပေါ်နိုင်သည်၊ ဗြဟ္မာတို့သန္တာန်၌ကား ထိုကဲ့သို့ အရင်းခံ ကာမပဋိသန္ဓေမျိုးစေ့ မကျခဲ့ သဖြင့် ကာမဝိပါက်တဒါရုံ (သစ်ပင်)များ မပေါ်ပေါက်နိုင်ချေ။

ဗီဇဿာဘာဝတော နတ္ထိ, ဗြဟ္မာနံပိ ဣမဿ ဟိ၊ ပဋိသန္ဓိမနောဗီဇံ, ကာမာဝစရသညိတံ။

[အနက်ကို ဋီကာကျော် နိဿယ၌ ရှုပါ။]

မျိုးစေ့မရှိဘဲ ဝိပါက်တချို့ဖြစ်ပုံ။ ။ကာမပဋိသန္ဓေဟူသော အရင်းခံမျိုးစေ့ မရှိသည့်အတွက် ပဝတ္တိအကျိုး ဆက် တဒါရုံ ကာမဝိပါက်များ မဖြစ်နိုင်လျှင်, စက္ခု သောတဝိညာဏ်နှင့် သမ္ပဋိစ္ဆိုန်း သန္တီရဏဝိပါက်များ လည်း ဗြဟ္မာတို့သန္တာန်မှာ မဖြစ်နိုင်ရာ ရောက်၏၊ ကာမဝိပါက် ပဝတ္တိအကျိုးဆက်ချင်းတူပါလျက် ထိုစက္ခု ဝိညာဏ်စသော ဝိပါက်များကား အဘယ်ကြောင့် ဗြဟ္မာတို့သန္တာန်၌ ဖြစ်နိုင်ပါသနည်းဟု မေး၊ အဖြေကား– ဗြဟ္မာတို့သန္တာန်၌ စက္ခုန္ဒြေ သောတိန္ဒြေ ဖြစ်ခြင်း၏ အာနုဘော်ကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ်တို့ ဖြစ်နိုင်ကြ၏၊

ဒွါရဝီထိတို့ ထူးခြားကွဲလွဲရာ၌ စိတ္တနိယာမဓမ္မတာသဘောကြောင့် သမ္ပဋိစ္ဆိုန်း သန္တီရဏတို့လည်း ဖြစ်နိုင်ကြ ပေသည်။

ချဲ့ဦးအံ့ –ဗြဟ္မာတို့သန္တာန်၌ စက္ခုန္ဒြေ သောတိန္ဒြေဟူသော ပသာဒရုပ်များ မဖြစ်မနေရ, မုချ ဖြစ်ကြရလေ ပြီ၊ (ဖြစ်ခြင်း၏ အကြောင်းကို ဃာနာဒိတ္တယံနတ္ထိ အဖွင့်ကြည့်၊) ထိုသို့ စက္ခုန္ဒြေ သောတိန္ဒြေဖြစ်လျှင် ဆိုင်ရာ အာရုံများ ထိခိုက်သဖြင့် စက္ခုဝိညာဏ် သောတဝိညာဏ်တို့လည်း ဖြစ်ကြတော့မည်သာ၊ ထိုစက္ခုဝိညာဏ် သောတဝိညာဏ်တို့အတွက် စက္ခုဒွါရဝီထိ သောတဒွါရဝီထိဟု ကွဲပြားပါလျှင် စိတ္တနိယာမဓမ္မတာအတိုင်း ထို ဝီထိနှင့် သက်ဆိုင်သော သမ္ပဋိစ္ဆိုန်း သန္တီရဏဝိပါက်များလည်း ဖြစ်ကြပေသည်၊ ထို့ကြောင့် ဋီကာကျော်၌ "ဣန္ဒြိယပ္ပဝတ္တိအာနုဘာဝတော ဒွါရဝီထိဘေဒေ စိတ္တနိယာမတော စ" ဟု မိန့်ပြီ၊ ဣန္ဒြိယပ္ပဝတ္တိအာနုဘာဝ တော-စက္ခုန္ဒြေ သောတိန္ဒြေတို့ဖြစ်ခြင်း၏ အာနုဘော်ကြောင့်လည်းကောင်း(စက္ခုဝိညာဏ် သောတဝိညာဏ် တို့အတွက် အကြောင်းပြချက်)၊ ဒွါရဝီထိဘေဒေ-ဒွါရဝီထိ ကွဲပြားရာ၌၊ စိတ္တနိယာမတော စ-စိတ်၏ ဖြစ်မြဲဓမ္မ တာကြောင့်လည်းကောင်း (သမ္ပဋိစ္ဆိုန်း သန္တီရဏတို့အတွက် အကြောင်းပြချက်)၊ စက္ခုဝိညာဏာဒီနံ-စက္ခု ဝိညာဏ်အစရှိသော ကာမဝိပါက်တို့၏၊ အဘာဝေါ-မဖြစ်ရာသည်၊ နာပဇ္ဇတိ-မရောက်။

ကာမာဝစရဓမ္မေသွေဝ အာရမ္မဏဘူတေသု တဒါရမ္မဏံ ဣစ္ဆန္တိ။ ။ကာမတရားကို အာရုံပြုရာ၌သာ တဒါ ရုံကို အလိုရှိကြ၏၊ မဟဂ္ဂုတ် လောကုတ္တရာ ပညတ်များကို အာရုံပြုရာ၌ တဒါရုံကို အလိုမရှိကြ၊ ချဲ့ဦးအံ့– သခင်တစ်ယောက်၏ ကျွန်မ မှ မွေးဖွားရသော "သားပေါက်" ကလေးသည် များစွာသော ကိစ္စ၌ မိခင်အလို သို့ မလိုက်နိုင်ဘဲ မိခင့်အထက်က သခင့်အလိုသို့သာ လိုက်ရှာရသကဲ့သို့, ထို့အတူ သခင်နှင့်တူသော ကာမ တဏှာ အရင်းခံ၍ ကာမကုသိုလ် အကုသိုလ်ကံတည်းဟူသော ကျွန်မမှ မွေးဖွားရသော တဒါရုံ ကာမဝိပါက် တည်းဟူသော သားပေါက်ကလေးသည် ကာမတဏှာတည်းဟူသော သခင်အလိုကျအောင် ကာမအာရုံကို သာ အာရုံပြုရလေသည်။

ဆက်ဦးအံ့ –ကာမဇောနောက်သို့ လိုက်ရာ၌ ဥပမာ ပြခဲ့သော ထိုကလေးငယ်သည် မိဘ, ဦးကြီး, ဦးလေး, ဘကြီး, ဘထွေးစသော ဆွေမျိုးနောက်သို့ လိုက်လေ့ရှိသော်လည်း အိမ်၏ အနီးအပါး သွားလာနေကျ အရပ် များသို့ သွားတဲ့အခါ၌သာ လိုက်၍, တောကြို တောင်ကြား စစ်မြေပြင်စသော အရပ်များသို့ သွားတဲ့အခါ မလိုက်သကဲ့သို့ ထို့အတူ တဒါရုံဝိပါက်တို့သည် ကာမဇောနောက်သို့ လိုက်လေ့ရှိကြသော်လည်း မိမိအာရုံ ပြုနေကျ(အလေ့အလာများသော)ကာမအာရုံကို ထိုကာမဇောတို့က အာရုံပြုတဲ့အခါ၌သာ ကာမဇောနောက် သို့ လိုက်၍, မိမိ လေ့လာနေကျ မဟုတ်သော မဟဂ္ဂုတ်အာရုံ လောကုတ္တရာအာရုံ ပညတ်အာရုံများကို အာရုံပြုတဲ့အခါ၌မူ ထို ကာမဇောများနောက်သို့ မလိုက်မပါချေ။

ဌာနေ ပရိစိယေတေဝ, တံဣဒံ ဗာလကော ဗိယ၊ အနုယာတိ န အညတ္တ, ဟောတိ တဏှာဝသေန ဝါ။

[ အနက်ကို ဋီကာကျော် နိဿယ ၌ ရှုပါ]

ကာမေဇဝနသတ္တာလမ္ဗနာနံ နိယမေ သတိ။ ။ဤကား ကာမာဝစရဇဝနာဝသာနေ စသော စုဏ္ဏိယကို အကျဉ်းချုပ်သော သင်္ဂဟဂါထာတည်း၊ ကာမအာရုံဟူရာဝယ် ပဉ္စဒွါရ၌ အတိမဟန္တာရုံ,မနောဒွါရ၌ ဝိဘူတာရုံ တည်း၊ မဟန္တာရုံစသည်နှင့် အဝိဘူတာရုံမှာ တဒါရုံမကျဟုပြလို၍ "ဝိဘူတေ.တိမဟန္တေစ" ဟု မိန့်သည်၊ ထို့ကြောင့် ကာမဇော, ကာမသတ္တဝါ, အတိမဟန္တာရုံ, သို့မဟုတ် ဝိဘူတာရုံဖြစ်သော ကာမအာရုံ, ဤအမှတ် အသား သုံးပါးစုံမှ တဒါရုံကျ၏ဟု မှတ်ပါ။

ခြွင်းချက်။ ။သို့သော် "ဤအင်္ဂါသုံးပါးစုံတိုင်း အမြဲတဒါရုံကျရမည်" ဟုလည်း မမှတ်သင့်၊ ပစ္စုပ္ပန် ဂတိ နိမိတ်ကို အာရုံပြုသော မနောဒွါရမရဏာသန္နဝီထိများ၌ ကာမဇော, ကာမသတ္တဝါ, အတိမဟန္တ ကာမအာရုံ မှန်ပါလျက် တဒါရုံမကျဘဲ စုတိပြီးမှ ထိုပစ္စုပ္ပန်အာရုံကိုပင် ပဋိသန္ဓေသစ်နှင့် ဘဝင်(၆)ချက်ခန့်တို့က အာရုံ ပြုကြောင်းကို ဝိဘင်္ဂအဋ္ဌကထာ, အဋ္ဌကထာကဏ္ဍ မူလဋီကာတို့က ဖွင့်ပြကြသည်။

မှတ်ချက်။ ။ဤစကားအရ ကာမဇော မဟုတ်လျှင် ဝိဘူတာရုံပင် ဖြစ်သော်လည်း တဒါရုံမကျ, ကာမ သတ္တဝါ မဟုတ်လျှင် ဝိဘူတာရုံ အတိမဟန္တာရုံပင်ဖြစ်သော်လည်း တဒါရုံမကျဟု အဓိပ္ပာယ်ရသည်၊ ဗြဟ္မာ တို့၏သန္တာန်မှာ စိတ်ဓာတ်(ဘဝင်)ကလည်း သာ၍သန့်ရှင်း၏၊ စက္ခုပသာဒ သောတပသာဒတို့ကလည်း အထူးကြည်လင်၏၊ ထို့ကြောင့် ကာမသတ္တဝါတို့ထက်ပင် ဝိဘူတာရုံ အတိမဟန္တာရုံဝီထိတို့ အဖြစ်များပေ လိမ့်မည်၊ သို့ရာတွင် ရူပသတ္တဝါဖြစ်သောကြောင့် တဒါရုံကား မဖြစ်နိုင်၊ ထို့ကြောင့် ဗြဟ္မာတို့အတွက် တဒါရုံ မကျသော ဝိဘူတာရုံ အတိမဟန္တာရုံဝီထိများကိုလည်း ဝီထိဆိုရိုး၌ ပြထားသည်။

ဇဝနနိယာမ ဇဝနေသု စ ပရိတ္တဇဝနဝီထိယံ ကာမာဝစရဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တု မေဝ ဝါ ဇဝန္တိ၊ မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒီသု ပဉ္စဝါရမေဝ၊ ဘဂဝတော ပန ယမကပါဋိဟာရိယကာလာဒီသု လဟုကပ္ပဝတ္တိယံ စတ္တာရိ ပဉ္စ ဝါ ပစ္စဝေက္ခဏစိတ္တာနိ ဘဝန္တီတိပိ ဝဒန္တိ။

ကာမဇော (၇),(၆)ကြိမ်။ ။"ပရိတ္တဇဝန၊ပေ၊သတ္တက္ခတ္တုံ ဆက္ခတ္တု"၌ ဧဝကို သတ္တက္ခတ္တုံ၌လည်း လိုက်စေ၊ ထိုသတ္တက္ခတ္တုံ ဧဝ၌ ဧဝဖြင့်"ပကတိရိုးရာအခါဝယ် ကာမဇောတို့သည်(၇)ကြိမ်ထက်ပို၍ မစောရ"ဟု ကန့်၏၊ ဆက္ခတ္တုမေဝ၌ ဧဝဖြင့် "(၆)ကြိမ်အောက်လည်း လျော့၍ မစောရ"ဟု ကန့်သည်၊ ဝါကား "တစ်ခုမဖြစ်လျှင် တစ်ခုဖြစ်ရမည်"ဟု စီရင်သော ဝိကပ်အနက်ရှိ၏၊ ထို့ကြောင့် "ရိုးရာအခါဝယ် ကာမဇောတို့သည်(၇)ကြိမ် သော်လည်း စောနိုင်, သို့မဟုတ်(၆)ကြိမ်သော်လည်း စောနိုင်၏"ဟု မှတ်ပါ။

မန္ဒပ္ပဝတ္တိယံ ပန မရဏကာလာဒီသု ပဉ္စဝါရမေဝ။ ။မရဏကာလာ, အာဒိမှာဖြင့်, မုစ္ဆာတရှိ, ဝိသညိနှင့်, အတိတရုဏ, စသည်ကာလ, ဟူသမျှ, ယူရမှတ်လေလော့"ဟု အခြေပြု၌ ဆိုခဲ့ပြီ၊ ထိုတွင် မုစ္ဆာကာလ ဟူသည် သစ်ပင်မှကျခြင်း, ရေနစ်မွန်းခြင်း, အနာရောဂါ ပြင်းစွာနှိပ်စက်ခြင်းစသော ဒုက္ခကြီးတို့ကြောင့် မိန်း မောတွေဝေ သေငယ်ဇောဖြင့် မြောနေရာ အခါမျိုးတည်း၊ ဝိသညီဘူတကာလဟူသည် အလမ္ဗုသာနတ်သမီး ၏အတွေ့ကြောင့် ဣသိသိင်္ဂရသေ့မေ့သလို ပီတိဟုန်ခွေ့သဖြင့် မေ့နေရာအခါ, နတ်-ဘီလူး-ပြိတ္တာတို့ ဖမ်းစားသဖြင့် မေ့နေရာအခါ, အလွန်အကြူး အရက်မူးနေသဖြင့် ရူးမေ့နေရာအခါ, အိပ်ချင်မူးတူးဖြစ်လျက် အိပ်မက်မက်နေရာအခါ ဤသို့စသည်ဖြင့် ပကတိရိုးရာ အမှတ်သညာမျိုးမှ ကင်းကွာခိုက်အခါမျိုးတည်း "အတိတရုဏကာလ"ဟူသည် အမိဝမ်း၌ ကိန်းအောင်းစဉ်အခါ, ဖွားပြီးစအခါစသော အလွန်နုနယ်သေးရာ အခါမျိုးတည်း၊ ဤသို့စသည်ဖြင့် ပကတိရိုးရာအခါကဲ့သို့ စိတ်ဓာတ်သတ္တိမထက်သောအခါမျိုးကို မရဏ ကာလာဒီသု၌ အာဒိအရ ယူပါ။

မန္ဒပ္ပဝတ္တိယံ။ ။မန္ဒံ+ဟုတွာ+ပဝတ္တိ မန္ဒပ္ပဝတ္တိ၊ မန္ဒံ-နုံ့နဲ့သည်၊ ဟုတွာ-ဖြစ်၍၊ ပဝတ္တိ-ဖြစ်ခြင်းတည်း၊ မန္ဒပ္ပ ဝတ္တိ-နုံ့နဲ့သည်ဖြစ်၍ဖြစ်ခြင်း၊ ပကတိရိုးရာအခါကဲ့သို့ စိတ်မထက်သန်ဘဲ အဟုန်ရောရဲ့, နုံ့နဲ့နဲ့ဖြစ်နေရာအခါ ကို"မန္ဒပ္ပတ္တိ"ဟု ဆိုသည်၊ ထိုစကားမှန်၏၊-မရဏကာလစသည်၌ မှီရာဝတ္ထုရုပ် အားနည်းခြင်းကြောင့် စိတ်၏ အဟုန်သည် ရော့ရဲ့ရဲ့ နုံ့နဲ့နဲ့ ဖြစ်ရသည်။

ချဲ့ဦးအံ့ –စိတ်တို့သည် ပင်ကိုသဘောအားဖြင့် "အားရှိသည်/အားမရှိဘူး"ဟု မဆိုနိုင်ပါ, မှီရာဝတ္ထုရုပ်ကို အစွဲပြု၍သာ အားရှိအားမဲ့ဖြစ်ရပါသည်၊ ပကတိရိုးရာအခါကိုပင် လေးလေးနက်နက် စဉ်းစားကြည့်လျှင် ကျန်းကျန်းမာမာနှင့် စားသောက်အိပ်စက် ကောင်းရာအခါ၌ စိတ်တို့လည်း အင်အားပြည့်ဝ အားရှိကြသကဲ့ သို့ ဖြစ်၏၊ အနည်းငယ် မကျန်းမမာ အစားအသောက် အအိပ်အစက် ပျက်သည့့်အခါ၌မူ စိတ်များလည်း အင်အားလျော့ပါးသကဲ့သို့ ဖြစ်ကြ၏၊ မရဏကာလ စသည်၌ကား အပြင်းအထန်ဒုက္ခခံရသဖြင့် ကိုယ်ခန္ဓာတစ်ခုလုံး အင်အားလျော့ပါးရကား စိတ်၏မှီရာ ဟဒယ ဝတ္ထုရုပ်လည်း အင်အားလျော့ပါးလျက် ရှိသည်၊ ထိုအင်အားလျော့ပါးသောဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ရသော ဇောတို့ကား အဘယ်မှာ အဟုန်ပြင်းနိုင်တော့အံ့နည်း၊ မခိုင်မြဲသောသံလမ်းပေါ်မှာ ခုတ်သွားရသောမီးရထား ကဲ့သို့ ဇောစိတ်အများပင် အဟုန်ရော့ရဲ့ နုံ့နဲ့နဲ့ ရှိကြမည်သာ၊ အလမ္ဗုသာနတ်သမီးအတွေ့ကြောင့် ဣသိသိင်္ဂ မေ့ရာ၌ကား ပီတိဓာတ် အဟုန်လှိုင်းကြောင့် ရုပ်ခန္ဓာကြီးလည်း ခပ်ထိုင်းထိုင်း ဖြစ်နေလေသည်၊ ထို့ကြောင့် ပကတိအခါမျိုးကဲ့သို့ အားရပါးရ (၆)ကြိမ် (၇)ကြိမ် မစောနိုင်ကြဘဲ (၅)ကြိမ်မျှသာ စောနိုင်ကြသည်၊ ထိုသို့ အဟုန်အင်အား နည်းပါးသည့့်အတွက်ကြောင့်ပင် "ဤမုစ္ဆာမရဏာသန္နဇောတို့သည် ပဋိသန္ဓေအကျိုး ပေး စွမ်းနိုင်လောက်အောင် ကမ္မပထမမြောက်"ဟု ဖွင့်ကြသည်။ [ပဉ္စဝါရမေဝဟု ဧဝသဒ္ဒါဖြင့် ပိုင်းဖြတ်၍ အတိ အကျ သတ်မှတ်ထားသော်လည်း မူလဋီကာ၌ (၄)ကြိမ် စောကြောင်းကိုလည်း မိန့်ဆိုသေး၏။]

အချို့အယူအဆနှင့် ဤကျမ်းဝါဒ။ ။ဋီကာကျော်၌ "ယေဘုယေန သတ္တက္ခတ္တုံ ဇဝတိ"တုန်းက"မုစ္ဆာမရ ဏာသန္နကာလေသု စ ဆ ပဉ္စပိ ဇဝနာနိ ပဝတ္တန္တိ"ဖြင့် မုစ္ဆာကာလ၌ (၆)ကြိမ်စောကြောင်းကို ဖွင့်ဆိုပြီးလျှင် "မရဏကာလာဒီသူတိ အာဒိသဒ္ဒေန မုစ္ဆာကာလံ သင်္ဂဏှာတိ"ဖြင့် မုစ္ဆာကာလ၌ (၅)ကြိမ်စောဟန်ကို ဖွင့်ပြ ပြန်သဖြင့် ဋီကာကျော်ကို မလွန်ဆန်လိုသော ဆရာတို့သည် "မရဏကာလကဲ့သို့ အလွန်တွေဝေရာ အတိ မုစ္ဆာကာလ၌ (၅)ကြိမ်, သာမန်လောက် တွေဝေရာ သာမညမုစ္ဆာကာလ၌ (၆)ကြိမ်"ဟု မုစ္ဆာ(၂)မျိုး ခွဲပြ၍ ဋီကာကျော်ကို ထောက်ခံကြလေသည်၊ အဋ္ဌကထာကြီးနှင့် သင်္ဂြိုဟ်ကျမ်းအလိုမှာ ပကတိအခါ၌ပင် (၆)ကြိမ် စောသင့်ကြောင်းကို ပြလိုရင်း ဖြစ်သည်၊ သာဓကကို "ယေဘုယျေန သတ္တက္ခတ္တုံ" တုန်းကပြခဲ့ပြီ၊ ထို့ကြောင့် "ပရိတ္တဇဝနာနိ သတ္တက္ခတ္တုံ ဆက္ခတ္တုမေဝ ဝါ ဇဝန္တိ" ကား ကာမဇောတို့ ပကတိကာလ၌ စောပုံကိုပြသော စကားတည်း၊ "မန္ဒပဝတ္တိယံ ပန" မှစ၍ "ဘဂဝတော ပန ယမကပါဋိဟာရိယကာလာဒီသု" တိုင်အောင် ဝါကျကား ကာမဇောတို့ ဝိကတိကာလ၌ စောပုံကို ပြသောစကားတည်းဟု ခွဲခြားရာ၏။

ယမကပါဋိဟာရိယ။ ။ယမက=အစုံ+ပါဋိဟာရိယ=တန်ခိုးပြာဋိဟာ၊ "ရေနှင့်မီးအစုံအစုံ ထွက်အောင် ဖန်ဆင်းနိုင်သော တန်ခိုးတော်" ဟူလို၊ "ပဋိပက္ခေ ဟရတီတိ ပါဋိဟာရိယံ" ပဋိပက္ခေ-ဆန့့်ကျင်ဘက်တို့ကို၊ ဟရတိ-ပယ်ဖျက်နှိမ်နင်းတတ်၏၊ ဣတိ-ထို့ကြောင့်၊ ပါဋိဟာရိယံ-ပါဋိဟာရိယမည်၏၊ဤဝစနတ်အရ တုပြိုင် ရန်ဖက်သူတို့ကို နှိမ်နင်းတတ်သော စျာန်အဘိညာဉ်တန်ခိုးကို (သက္ကတအသံထွက် လိုက်၍) ပြာဋိဟာရိယ, ဝါ-ပြာဋိဟာဟု ခေါ်သည်၊ ယမကပါဋိဟာရိယ ကာလာဒီသု၌ အာဒိသဒ္ဒါဖြင့် အရှင်မောဂ္ဂလာန်၏ နန္ဒောပနန္ဒနဂါးမင်းကို ဆုံးမရာအခါစသော အရေးတကြီး အခါတို့ကို ယူပါ၊ စတ္တာရိ ပဉ္စ ဝါ တိက္ခိန္ဒြိယ (ထက်မြက်သော ပညိန္ဒြေရှိသူ) အတွက် (၄)ကြိမ်, မုဒိန္ဒြိယ (နုံ့ညံ့သော ပညိန္ဒြေရှိသူ)အတွက်(၅)ကြိမ်ဟု အနုဋီကာ ခန့်မှန်း၏၊ ဘုရားရှင်အတွက်(၄)ကြိမ်, သာဝကများ အတွက် (၅)ကြိမ်ဟုလည်း ခန့်မှန်း၏။

ရေမီးအစုံ ထွက်လာပုံ။ ။"ပါဒကစျာန်,အဓိဋ္ဌာန်နှင့်,တစ်ဖန်ပါဒက,ဖြစ်ပြီးမှ,ကျတုံအဘိညာ"ဟူသည်နှင့် အညီ ဘုရားရှင်သည် ယမိုက်ပြာဋိဟာကို ပြတော်မူလိုသော် မီးအစုဖြစ်ပေါ်စေခြင်းငှာ တေဇောကသိုဏ်းကို အာရုံပြု၍ စတုတ္ထစျာန်(သမာပတ်)ကို ဝင်စားတော်မူ၏၊ ထိုစတုတ္ထစျာန်သမာပတ်မှ ထတော်မူ၍ ထိုစျာန်၌ ပါသော ဥပေက္ခာ ဧကဂ္ဂတာစျာန်အင်္ဂါကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိများ ဖြစ်စေတော်မူ၏၊ (ဤ ပစ္စဝေက္ခဏာဇောတို့သည် အရေးကြီးသောကိစ္စဖြစ်၍ (၄)ကြိမ်မျှဖြင့် ပြီးစီးရ၏၊) ထို့နောက် အထက်ပိုင်း ကိုယ်တော်မှ မီးအစုထွက်ပေါ်လာစေသတည်းဟု ဓိဋ္ဌာန်တော်မူသော အဓိဋ္ဌာန(ပရိကမ္မ)ဝီထိ ဖြစ်၏။

ထို့နောက် စတုတ္ထစျာန်ကို တစ်ဖန်ဝင်စားပြန်၏၊ စျာန်မှထ၍ ရှေးနည်းအတိုင်း စျာန်အင်္ဂါတို့ကို ဆင်ခြင် သော ပစ္စဝေက္ခဏာဝီထိများ ဖြစ်ကြ၏၊ ထို့နောက် အဘိညာဉ်ဝီထိဖြစ်၏၊ ဤ အဘိညာဉ်ဝီထိ၏အစွမ်း ကြောင့် အထက်ပိုင်းကိုယ်တော်မှ မီးအစု ထွက်ပေါ်လာသည်၊ အောက်ပိုင်းကိုယ်တော်မှ ရေအယဉ် ထွက်ပေါ်လာစေဖို့ရန်လည်း အာပေါကသိုဏ်းကို အာရုံပြု၍ ရှေးနည်းအတိုင်း ဖြစ်စေရပြန်၏၊ ထိုဝီထိများ အကြားအကြား၌ ဘဝင်များစွာမကျဘဲ(၂)ကြိမ်လောက်သာ ကျရ၏၊ ဤသို့ မီးအစုဖြစ်ဖို့ရန် ဝီထိစဉ်တစ်မျိုး, ရေအယဉ်ဖြစ်ဖို့ရန် ဝီထိစဉ်တစ်မျိုး ဖြစ်ပါသော်လည်း, စိတ်အစဉ်မှာ အလွန်လျင်မြန်သည့်အတွက် ကြည့်ရှု သူတို့က မီးနှင့်ရေ စုံဖက်၍ တစ်ပြိုင်နက် ထွက်လာသည်ဟု ထင်ရပေသည်၊ ဤကဲ့သို့ အခါမျိုးဝယ် စျာန် အင်္ဂါကို ဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့လည်း (၄)ကြိမ်လောက်မျှဖြင့် ကိစ္စပြီးအောင် စောကြရသည်။ [ဤပစ္စဝေက္ခဏာဇောသည် ကာမဇောပင် ဖြစ်ရကား လဟုကပဝတ္တိအခါ မဟုတ်လျှင်(၇)ကြိမ်ပင် စောခွင့် ရှိသည်။]

အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ မဟဂ္ဂတဇဝနာနိ, အဘိညာဇဝနာနိ စ သဗ္ဗဒါပိ ဧကဝါရမေဝ ဇဝန္တိ။

အာဒိကမ္မိကဿ ပန ပဌမကပ္ပနာယံ မဟဂ္ဂတဇဝနာနိ ဧကဝါရမေဝ။ ။ဤဝါကျမှစ၍ နောက်လာမည့် ဝါကျများကား အပ္ပနာဇောများကို သတ်မှတ်ပြသော စကားတည်း၊ "အာဒိကမ္မေ နိယုတ္တော"အရ ကမ္မဋ္ဌာန်း အားထုတ်စပုဂ္ဂိုလ်ကိုလည်းကောင်း, စျာန်ရစ ပုဂ္ဂိုလ်ကိုလည်းကောင်း, အာဒိကမ္မိကပုဂ္ဂိုလ်ဟု ခေါ်၏၊

မဟဂ္ဂုတ်ဇော

ပဌမစျာန်ကို အားထုတ်၍ ပဌမဆုံးရခိုက်မှာ အာဒိကမ္မိကပုဂ္ဂိုလ်မည်၏၊ ထို့နောက် ပဌမစျာန်ကို ထပ်ကာ ထပ်ကာ ဝင်စားသောအခါ "အာဒိကမ္မိကပုဂ္ဂိုလ်"ဟု မခေါ်ရတော့ပြီ၊ ဒုတိယစျာန်ကို အားထုတ်၍ ပဌမဆုံးရ သောအခါ ဒုတိယစျာန်အတွက် "အာဒိကမ္မိကပုဂ္ဂိုလ်"ဟု ခေါ်ရပြန်၏၊ အထက်အထက်စျာန်များကို ပဌမဆုံး ရသောအခါလည်း ဤနည်းပင်တည်း၊ ဤသို့ ပဌမဆုံးဖြစ်သော အပ္ပနာဇောကိုပင် "ပဌမကအပ္ပနာ"ဟု ခေါ်သည်၊ "အာဒိကမ္မိပုဂ္ဂိုလ်၏ ပဌမအပ္ပနာဇော စောရာကာလ၌ မဟဂ္ဂုတ်ဇောတို့ တစ်ကြိမ်စီသာ စောကြသည်" ဟူလို။ [အာဒိကမ္မေ-အစဆုံးအားထုတ်မှု စျာန်ရမှု၌၊ နိယုတ္တော-ယှဉ်သောပုဂ္ဂိုလ်သည်၊ အာဒိကမ္မိ ကော-မည်၏၊ ပဌမေ-ပဌမအကြိမ်၌၊ ပဝတ္တာ-ဖြစ်သောအပ္ပနာသည်၊ ပဌမကာ-မည်၏၊ ပဌမကာ စ+သာ+ အပ္ပနာ စာတိ ပဌမကပ္ပနာ။]

အဘိညာဇဝနာနိ စ သဗ္ဗဒါပိ ဧကဝါရမေဝ။ ။အဘိညာဉ်ဇောတို့ကား ပဌမဆုံး ရခါစ၌ဖြစ်စေ, နောက် အထပ်ထပ် အသုံးပြုရာ၌ဖြစ်စေ, အခါခပ်သိမ်း တစ်ကြိမ်သာစောသည်၊ [သဗ္ဗဒါပိကို ရှေ့က မဟဂ္ဂတဇဝနာ နိနှင့် မတွဲစပ်ပါနှင့်၊ မဟဂ္ဂုတ်ဇောစောတို့သည် အခါခပ်သိမ်း တစ်ကြိမ်စောသည် မဟုတ်၊ နောက်ထပ် ဝင်စားရာ၌ အကြိမ်များစွာ စောကြောင်းကို ဆိုလတ္တံ့၊] ဆက်ဦးအံ့-မဟဂ္ဂုတ်ဇောတို့သည် ပဌမရခါစ၌ (ဖွားခါ စကလေးသူငယ်အလား) အင်အားနည်းပါးခြင်းကြောင့် မိမိ၏နောက်၌ ထပ်၍ အပ္ပနာဇောဖြစ်ဖို့ရန် အာသေ ဝနသတ္တိဖြင့် ကျေးဇူးမပြုနိုင်၊ ထို့ကြောင့် ပဌမအပ္ပနာဇောတို့သည် တစ်ကြိမ်သာ စောကြရ၏၊ အဘိညာဉ် ဇောတို့ကား ဆိုင်ရာတန်ခိုးအမျိုးမျိုးကို ဖြစ်စေခြင်း သိရခြင်းကိစ္စ ရှိ၏၊ ထိုကိစ္စကိုလည်း တစ်ကြိမ်တည်းဖြင့် ပြီးစီးအောင် ဆောင်နိုင်သောကြောင့် နောက်ထပ်ဖြစ်ဖွယ် မလိုတော့ရကား အခါခပ်သိမ်း တစ်ကြိမ်သာ စောကြသည်။

[ဆောင်ပုဒ်] ရှေးဦးရခါ, အပ္ပနာဝယ်, လွန်စွာအင်အား, နည်းလေငြား၍, ဆက်ပွားအနေ, အပ္ပနာရှည်အောင် ,အာသေသတ္တိ, မရရှိခဲ့၊ အဘိညာဉ်ဇော-တို့သဘောကား, နှစ်လောမထပ်, တစ်ကြိမ်မြတ်ဖြင့်, တပ်အပ်ကိစ္စ, ပြီးစေကြ၍, ပဌမအပ္ပနာ, အဘိညာသည်, မှန်စွာ တစ်ကြိမ် စောသတည်း။

မဂ်ဇော ဖိုလ်ဇော။ ။"စတ္တာရော ပန မဂ္ဂုပ္ပာဒါ ဧကစိတ္တက္ခဏိကာ၊ တတော ပရံ ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ" နှင့်အညီ မဂ်စိတ်တို့သည် ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ ဆိုင်ရာကိလေသာတို့ကို တစ်ချက်တည်းဖြင့် အပြီးပယ်နိုင်သောကြောင့် တစ်ကြိမ်သာ ဖြစ်ရိုးရှိ၏၊ ထိုမဂ်တစ်ကြိမ်စောပြီးနောက် ဖိုလ်ဇော(၂)ကြိမ်(၃)ကြိမ်ဖြစ်၏၊"ယထာရဟံ"ဟု ဆိုသောကြောင့် မန္ဒပညပုဂ္ဂိုလ်၌(၂)ကြိမ်,တိက္ခပညပုဂ္ဂိုလ် ၌(၃)ကြိမ်စောသည်၊ ထင်ရှားစေအံ့-သမာပတ်ဝင်စားခိုက် မဟုတ်သော ပကတိရိုးရာအခါ၌ ဇောတို့သည် (၇)ကြိမ်သာ အလွန်ဆုံး စောနိုင်ကြ၏၊

အပ္ပနာဇောဝါရတုန်းက ပြခဲ့သည့်အတိုင်း မန္ဒပညပုဂ္ဂိုလ်၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟု ဥပစာရသမာ ဓိဇောက(၄)ကြိမ် စောခဲ့ပြီ၊ ထို့နောက် မဂ်တစ်ကြိမ် ဖိုလ်(၂)ကြိမ်ဆိုလျှင်(၇)ကြိမ်ပြည့်၏၊ တိက္ခပညပုဂ္ဂိုလ်၌ ဥပစာ အနုလုံ ဂေါတြဘုဟု(၃)ကြိမ်သာ စောခဲ့သေး၏၊ ထို့နောက် မဂ်တစ်ကြိမ် ဖိုလ်(၃)ကြိမ်စောမှ (၇)ကြိမ် ပြည့့်၏၊ ထို့ကြောင့် "ဒွေ တီဏိ ဖလစိတ္တာနိ ယထာရဟံ ဥပ္ပဇ္ဇန္တိ"ဟု မိန့်တော်မူသည်။

ဝိသုဒ္ဓိမဂ်။ ။သတ္တစိတ္တပရမာ စ ဧကာဝဇ္ဇနဝီထိ၊ တသ္မာ ယဿ ဒွေ အနုလောမာနိ(ဥပစာနှင့် အနုလုံ), တဿ တတိယံ ဂေါတြဘု, စတုတ္ထံ မဂ္ဂစိတ္တံ, တီဏိ ဖလစိတ္တာနိ ဟောန္တိ၊ ယဿ တီဏိ အနုလောမာနိ (ပရိကံ ဥပစာ အနုလုံ), တဿ စတုတ္ထံ ဂေါတြဘု, ပဉ္စမံ မဂ္ဂစိတ္တံ, ဒွေ ဖလစိတ္တာနိ ဟောန္တိ၊ တေန ဝုတ္တံ "ဒွေ တီဏိ ဝါ ဖလစိတ္တာနိ ဥပ္ပဇ္ဇန္တီ" တိ။

•••••••••••••

နိရောဓသမာပတ်

နိရောဓသမာပတ္တိကာလေ ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ ဇဝတိ၊ တတော ပရံ နိရောဓံ ဖုသတိ၊ ဝုဋ္ဌာနကာလေ စ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ ယထာရဟမေကဝါရံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓေ ဘဝင်္ဂပါတောဝ ဟောတိ။

နိရောဓသမာပတ္တိကာလေ။ ။နိရုဇ္ဈနံ နိရောဓော, သမာပဇ္ဇနံ သမာပတ္တိ နိရောဓဿ သမာပတ္တိ, နိရောဓ သမာပတ္တိ,နိရောဓသမာပတ္တိယာ ကာလော နိရောဓသမာပတ္တိကာလော၊ဤသဒ္ဒါနည်းအရ စိတ် စေတသိက် စိတ္တရုပ်တို့ အခိုက်အတန့်မျှ ချုပ်ငြိမ်းနေခြင်းကို "နိရောဓသမာပတ်သို့ ကောင်းစွာ ရောက်သည်"ဟု ခေါ်၏၊ ထိုထိုသမာပတ်သို့ ရောက်လိုသောအခါ များသောအားဖြင့် လူသူကင်းပြတ် ဆိတ်ငြိမ်ရာအရပ်သို့ ဝင် ရောက်ရ၏၊ ထိုထိုသမာပတ်ဖြင့် နေခြင်းသည် စျာနလာဘီ အရိယာပုဂ္ဂိုလ်၏ စည်းစိမ်ခံစားခြင်း တစ်မျိုးပင် ဖြစ်၏၊ အင်မတန်ချမ်းသာ၏၊ ထိုသို့ ဆိတ်ငြိမ်ရာအရပ်သို့ ဝင်ရောက်၍ ခံစားခြင်းကိုပင် "သမာပတ်ဝင်စားသည်"ဟု မြန်မာတို့က ခေါ်စမှတ် ပြုကြ၏၊ ဝင်ရောက်ခံစားမှုကို "ဝင်စား"ဟု ဆိုသည်။ [နိရောဓသမာပတ္တိ ကာလေ၌ သမာပတ်ဝင်စားခိုက်ကို မယူဘဲ, ဝင်စားခါနီးအခါကို သမီပျူပစာအားဖြင့် ယူပါ၊ ထို့ကြောင့် "ဒွိက္ခတ္တုံ စတုတ္ထာရုပ္ပဇဝနံ ဇဝတိ"ဟု ဆိုသည်၊ "နိရောဓသမာပတ်ဝင်စားခါနီး၌ စတုတ္ထအာရုပ္ပဇောတို့သည် (၂)ကြိမ်စော၏" ဟူလို၊ ဤမှနောက်၌ မှတ်ဖွယ်ကို ဝီထိခန်း၌ သိရလတ္တံ့။]

အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ။ ။ဤနှစ်ပုဒ်ကို ယထာရဟမေကဝါရံ ဥပ္ပဇ္ဇိတွာ နိရုဒ္ဓေဝယ် နိရုဒ္ဓေ၌ စာစပ်ရမည်၊ ထိုသို့ စပ်ရာ၌ သဒ္ဒထုံးစံမှာ

ဝိဘတ်တူမြဲဖြစ်၏၊ ဤ၌ ဖလံက ပဌမာ, နိရုဒ္ဓေက သတ္တမီဖြစ်သောကြောင့် သဒ္ဒါနေပုံမှာ အဆင်မပြေသကဲ့ သို့ဖြစ်၏၊ ထို့ကြောင့် ဖလံ၌ ဝိဘတ္တိဝိပလ္လာသ (သတ္တမီက ပဌမာ ပြန်နေသည်)ဟု ကြံပါ၊ တစ်နည်း-ပဌမာ ဝိဘတ်ကို လက္ခဏအနက်၌ သက်သည်ဟု ကြံပါ။

သဗ္ဗထာပိ သမာပတ္တိဝီထိယံ ၊ပေ၊ ဗဟူနိပိ လဗ္ဘန္တိ။ ။သမာပဇ္ဇိတဗ္ဗာ-ကောင်းစွာရောက်ထိုက် (ဝင်စား ထိုက်)၏၊ ကောင်းစွာရောက်ထိုက်သော စျာန်ဇောအစဉ်ကို စျာနသမာပတ္တိဝီထိ,ဖိုလ်ဇောအစဉ်ကို ဖလသမာ ပတ္တိဝီထိဟု ခေါ်၏၊ ထိုသမာပတ္တိ ဝီထိများ၌ "စျာန်ဇောအစဉ် ဖိုလ်ဇောအစဉ်မည်မျှ ဖြစ်ရမည်"ဟု မှတ်သား ၍ မဖြစ်နိုင်၊ စျာန်ဇော ဖိုလ်ဇောတို့များစွာပင် ဖြစ်ခွင့်ရှိသည်၊ ဗဟုနိပိ၌ ပိသဒ္ဒါဖြင့် အနည်းငယ်ကို ဆည်း၏၊ ထို့ကြောင့် ဝင်စားမှု၌ အလေ့အလာ မရသေးခင် (၂)ကြိမ် (၃)ကြိမ်ခန့်လည်း ဖြစ်၏၊ အလေ့အလာများသည့် အခါ နေ့ရော ညဉ့်ပါ စျာန်ဇော ဖိုလ်ဇောများ ဆက်ကာ ဆက်ကာ ကုဋေကုဋာ မရေသာအောင် ဖြစ်နိုင်သည် ဟု မှတ်ပါ၊ [ဣတိ ကတွာ၌ ကတွာဝယ် တွာပစ္စည်းကို ဟိတ်အနက်၌ သက်စေ၍ ဣတိ တသ္မာနှင့် အနက် တူ "ဣတိ ကတွာ-ဤအကြောင်းကြောင့်"ဟု အနက်ဆိုရိုး ပြုကြသည်။]

•••••••••••••

ပုဂ္ဂလဘေဒနှင့်စိတ်ရ

ဒုဟေတုကာနမဟေတုကာနဉ္စ ပနေတ္ထ ကြိယဇဝနာနိ စေဝ အပ္ပနာ ဇဝနာနိ စ န လဗ္ဘန္တိ ၊ တထာ ဉာဏသမ္ပယုတ္တဝိပါကာနိ စ သုဂတိယံ၊ ဒုဂ္ဂတိယံ ပန ဉာဏဝိပ္ပယုတ္တာနိ စ မဟာဝိပါကာနိ န လဗ္ဘန္တိ။

အမှာ။ ။မည်သည့်ပုဂ္ဂိုလ်သန္တာန်၌ မည်သည့်စိတ်များ ရထိုက်သည်ဟု ပုဂ္ဂိုလ်တစ်ကျိပ်နှစ်ယောက်ဖြင့် ခွဲခြား၍ ရထိုက်သောစိတ်များကို ပြလိုသောအခန်းပင် ဖြစ်၏၊ သို့သော် မရထိုက်သောစိတ်များကို ရှေးဦးစွာ ပယ်နှုတ်လိုက်လျှင် ရထိုက်သောစိတ်များကို အလွယ်တကူ သိနိုင်သည်သာမက, မရထိုက်သော စိတ်များ လည်း ထင်ရှားသည့်အတွက် မရထိုက်သော စိတ်များကိုသာ ဖော်ထုတ်ပြသွားလိမ့်မည်။

ဒုဟေတုကာနမဟေတုကာနဉ္စ။ ။ဒွေ ဟေတူယေသံတိ ဒုဟေတုကာ ၊ ပဋိသန္ဓေတုန်းက အလောဘ အဒေါသဟူသော ယှဉ်ဖက်ဟိတ် နှစ်ပါးသာရှိသော မဟာဝိပါက်ဉာဏဝိပ္ပယုတ်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူကို "ဒွိဟိတ် (ဒုဟိတ်) ပုဂ္ဂိုလ်" ဟု ခေါ်၏၊ နတ္ထိ ဟေတူယေသံတိ အဟေတုကာ၊ ယှဉ်ဖက်ဟိတ် မရှိသော အဟိတ်ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေခဲ့သူကို"အဟိတ်ပုဂ္ဂိုလ်"ဟု ခေါ်၏၊ထိုအဟိတ်တွင်လည်း အပါယ်ဒုဂ္ဂတိ

( ၄)ဘုံ၌ အဟိတ်အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသူကို "ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်" ကာမသုဂတိဘုံ၌ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသူကို "သုဂတိအဟိတ် ပုဂ္ဂိုလ်"ဟု ခေါ်သည်။

ကြိယဇဝနာနိ စေဝ အပ္ပနာဇဝနာနိ စ န လဗ္ဘန္တိ။ ။ကြိယာဇောသည် ရဟန္တာများသန္တာန်သာ ဖြစ်၏၊ အပ္ပနာဇောကား စျာန် မဂ်ဖိုလ်ဇောများတည်း၊ ထိုဒွိဟိတ်နှင့် အဟိတ်ပုဂ္ဂိုလ်များသည် ထိုဘဝ၌ စျာန်မဂ်ဖိုလ် ရဖို့အတွက် မျှော်လင့်ဖွယ် မရှိချေ၊ ဘာ့ကြောင့်နည်း,...ညံ့ဖျင်းသော ပဋိသန္ဓေဝိပါက်က တားမြစ်သော ကြောင့်တည်း၊ ဤစကားနှင့်စပ်၍ "ကမ္မ, က္လေ, ဝိပါကနှင့်အရိယဥပဝါ, အာဏာဝီတိက္ကမံ,ဤငါးတန်,မှတ်ရန် အန္တရာယ်များ" အရ အန္တရာယ်(၅)ပါးကို မှတ်သားထိုက်၏။

အန္တရာယ်ငါးပါး

ကမ္မန္တရာယ်။ ။မာတုဃာတကစသော ပဉ္စာနန္တရိယကံနှင့် ဘိက္ခုနီမ၌ မိစ္ဆာစာရကျူးလွန်မှု အကုသိုလ် ကံသည် ကမ္မန္တရာယ်မည်၏၊ ပဉ္စာနန္တရိယကံထိုက်သူမှာ စျာန် မဂ် ဖိုလ်သာမက, နောက်ဘဝ၌ သုဂတိကိုပင် ရခွင့်မရှိ၊ ဘိက္ခုနီမ၌ မိစ္ဆာစာရပြုသူကား စျာန် မဂ်ဖိုလ်သာမရသည်၊ ကောင်းမွန်စွာနေထိုင်လျှင် သုဂတိဘဝ ကိုကား ရနိုင်သေး၏။

ကိလေသန္တရာယ်။ ။ကိလေသာ(၁၀)ပါးတွင် ပါဝင်သော နိယတမိစ္ဆာဒိဋ္ဌိသည် ကိလေသန္တရာယ်မည်၏၊ ဤနိယတမိစ္ဆာဒိဋ္ဌိအယူရှိသူများလည်း တမလွန်ဘဝ၌ သုဂတိဘဝကိုမျှ ရခွင့်မရှိ၊ ဥဘတောဗျည်း ပဏ္ဍုက် များလည်း လွန်ကဲသော ကိလေသာရှိကြသည့်အ့တွက် ဝိပါကန္တရာယ်၌ မသွင်းဘဲ ဤကိလေသန္တရာယ်၌ ဝိသုဒ္ဓိမဂ် သွင်းသည်။ [ပဉ္စာနန္တရိယနှင့် နိယတမိစ္ဆာဒိဋ္ဌိတို့အကြောင်းကို ဝီထိမုတ်ပိုင်း ကမ္မစတုက္ကမှာ ရှုပါ။]

ဝိပါကန္တရာယ်။ ။အဟိတ် ဒွိဟိတ်ပဋိသန္ဓေဝိပါက်စိတ်သည် ဝိပါကန္တရာယ်မည်၏၊ ညံ့ဖျင်းသောမျိုးစေ့ ကြောင့် မအောင်မမြင် ပေါက်ခဲ့ရသောသစ်ပင်သည် မည်မျှလောက်ပင် ရေစင်သွန်းလောင်းအပ်သော်လည်း ကြီးကျယ်မြင့်မားဖွံ့ထွားဖို့ရာ မျှော်လင့်ဖွယ် မရှိရတော့သကဲ့သို့, ထို့အတူ ညံ့ဖျင်းသော ကံကြောင့် အဟိတ် ဒွိဟိတ် ပဋိသန္ဓေနေခဲ့ရသူမှာ မျိုးစေ့ဖြစ်သော ပဋိသန္ဓေဝိပါက်ကိုက မအောင်မြင်သောကြောင့် ထိုဘဝ၌ စျာန် မဂ် ဖိုလ်တရားဖြင့် စည်ကားဖို့ မရှိတော့၊ ကောင်းမွန်စွာ ကျင့်ပါမူ တမလွန်၌ သုဂတိဘဝကိုကား ရနိုင် ပါသေး၏။

အရိယူပဝါဒန္တရာယ်။ ။အရိယာပုဂ္ဂိုလ်မှန်း သိသည်ဖြစ်စေ, မသိသည်ဖြစ်စေ ယုတ်မာသော စိတ်ထားဖြင့် အရိယာပုဂ္ဂိုလ်ကို စွပ်စွဲ ကဲ့ရဲ့ ခြင်းသည်

အရိယူပဝါဒန္တရာယ်မည်၏၊ နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် စျာန်၏ အန္တရာယ်ဖြစ်၏၊ ထိုပုဂ္ဂိုလ်မရှိလျှင် သင့်လျော် သော လူကြီးသူမ သံဃာများသို့သွား၍ အကျိုးအကြောင်းပြောပြ တာင်းပန်လျှင်(အယုတ်သဖြင့် ထိုပုဂ္ဂိုလ် ၏ သင်္ချိုင်းသို့ သွား၍ တောင်းပန်လျှင်) အန္တရာယ် ပြေပျောက်နိုင်၏၊ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်သူများ ကိုလည်း မပြစ်မှားမိစေရ, အရိယူပဝါဒကံတမျှ အပြစ်ကြီးလေးလှ၏။

အာဏာဝီတိက္ကမန္တရာယ်။ ။"သဉ္စိစ္စ အာပန္န အာပတ္တိယော အာဏာဝီတိက္ကမန္တရာယော နာမ"ဟူသော အရိဋ္ဌသိက္ခာပဒဋ္ဌကထာနှင့်အညီ, လွန်ကျူးလိုသော စေတနာဖြင့် သင့်ရောက်အပ်သော အာပတ်သည် အာဏာဝီတိက္ကမန္တရာယ်မည်၏၊ "ဘုရားရှင်၏ အာဏာတော်ကို ကျူးကျော်စော်ကားခြင်း" ဟူလို၊ ပါရာဇိက အပြစ်သင့်လျှင် လူမထွက်သမျှ, သံဃာဒိသေသ်အပြစ်သင့်လျှင် ပရိဝါသ် မာနတ် မဆောက်တည်သမျှ, ကြွင်းသောအာပတ်အပြစ်သင့်လျှင် ဒေသနာမကြားသမျှ (တစ်ပါးသောရဟန်းအား အပြစ်သင့်မိကြောင်းကို မပြောပြသမျှ) ထိုအန္တရာယ်မှ မကင်းလွတ်၊ ထိုအန္တရာယ်မကင်းက သုဂတိဘဝနှင့် စျာန်မဂ်ဖိုလ်ကို ရဖို့ရာ အခွင့်မရှိတော့ချေ၊ ဤဘဝမှ စုတေလျှင် အပါယ်လေးပါးသို့သာ သွားကြရလိမ့်မည်၊ ဤအချက်အလက်ကို စဉ်းစားမိကြသဖြင့် စာပေကျွမ်းကျင်သောပုဂ္ဂိုလ်အများပင် မိမိတို့စိတ်ကို မနိုင်၍ လူ့ဘောင်မှာ နေထိုင်ကြ လေပြီ။

အာဏာဝီတိက္ကမ မဖြစ်။ ။သို့သော် ပုထုဇဉ်အလိုက် စိတ်ကိုမထိန်းနိုင်၍ အပြစ်သင့်ပြီးနောက် ဆိုင်ရာ ဝိနည်းလမ်းကြောင်းဖြင့် ကုစားပါလျှင် ထိုအပြစ်များ ကင်းစင်စေနိုင်သောကြောင့် ထိုအာဏာဝီတိက္ကမအမှု ကို မပြုမိအောင်လည်း စောင့်စည်း၍, မတော်တဆ ပြုမိပြန်လျှင်လည်း ဆိုင်ရာဝိနည်းကံအရ ကုစား၍ သဒ္ဓါတရားဖြင့် နေထိုင်သူမှာ ထိုအန္တရာယ်မှ ကင်းရှင်းနိုင်ပါ၏၊ နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ် စျာန်ကို မတားမြစ်ပါ၊ ထို့ကြောင့် သူတော်ကောင်းစိတ် ရှိပါလျှင် သာသနာတော်၌သာ ပျော်ပျော်ကြီး နေထိုက်ပါသည်။

ရသေ့ဘဝ လူ့ဘဝ။ ။တချို့ပုဂ္ဂိုလ်များက ယခုကာလ၌ အာပတ်မသင့်အောင် နေထိုင်ခြင်းငှာ ခဲယဉ်းလှ သဖြင့် ရသေ့ဘဝနှင့် တရားအားထုတ်လိုကြ၏၊ တရားအားထုတ်လို့ မရနိုင်တဲ့ အာပတ်သည် တကယ်လွန် ကျူးလို၍ သင့်တဲ့အာပတ်မျိုး ဖြစ်၏၊ မတော်တဆ သင့်တဲ့အာပတ်မှာ တရား၏ အနှောက်အယှက် မဖြစ်၊ သံဃဘေဒကက္ခန္ဓကပါဠိတော် အရှင်ဒေဝဒတ်၏ နောက်လိုက်ရဟန်းတို့ မဂ်ဖိုလ်မရခင် ထုလ္လစ္စယအာပတ် သင့်နေပုံကို ထောက်ပါ၊ တကယ်ကျူးလွန်လိုတဲ့ စေတနာ ရှိနေသေးလျှင် ရသေ့ဘဝမှာလည်း တရားမရနိုင် ပါ၊ တရားမရလျှင် ရှိပါစေတော့, အာပတ်နှင့်သေလျှင် အပါယ်သို့ သွားရမည်ဖြစ်၍ ရသေ့ဘဝဖြင့် နေလိုသည်ဟု ရိုးမယ်ဖွဲ့အံ့၊ စိတ်နေစင်ကြယ်ပါလျှင် မတော်တဆ မသိလိုက်ဘာသာ သင့်နေသောအာပတ် က အပါယ်မချနိုင်ပါ၊ စိတ်နေ မစင်ကြယ်ပါမူ ရသေ့ဘဝ လူ့ဘဝမှာကော သက်သာမည်တဲ့လော။

စိတ်စင်ကြယ်ခြင်းသာ ပဓာန။ ။ဘုရားရှင်လက်ထက်တော်တုန်းက အမျိုးကောင်းသားကလေးတစ် ယောက် သာသနာ့ဘောင် ဝင်ရောက်လာရာ ဆရာဥပဇ္ဈာယ်များက "သည်လိုမနေကောင်းဘူး,သည်လို မစားကောင်းဘူး" စသည်ဖြင့် ဝိနည်းလမ်းအရ အမျိုးမျိုး ဆုံးမကြသောကြောင့် မလှုပ်သာ မလှည့်သာနှင့် လွန်စွာ ကြပ်တည်းကျဉ်းမြောင်းလျက် အနေအထိုင် ခက်သည့့်အတွက် လူထွက်လိုသော ဆန္ဒရှိကြောင်းကို ဘုရားရှင်သိတော်မူ၍ "စိတ်တစ်မျိုးတည်းကိုသာ စင်ကြယ်အောင် စောင့်စည်းလေ"ဟု မိန့်တော်မူ၏၊ ဘုရား ရှင်၏ အမိန့်တော်အရ စိတ်ကို စောင့်စည်းလိုက်သောအခါ များစွာသော အာပတ်တွေ အလိုလို စောင့်စည်း ပြီးဖြစ်သည်ကို သိရ၍ ကြည်လင်ရွှင်ပျလျက် တရားထူးကို ရလေသည်၊ ထို့ကြောင့် မိမိစိတ်က စင်ကြယ်နေ ပါလျှင် သာသနာတော်မှာ အနေအထိုင် မကြပ်လှသောကြောင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်တော်မူပြီးမှ တည်ထောင်တော်မူအပ်သော သာသနာတော်နှင့် တွေ့ကြုံရတဲ့အခါ တွေ့ကြုံရကျိုးနပ် အောင် သဒ္ဓါတရားဖြင့် ကြိုးစားစောင့်စည်းလျှင် အာဏာဝီတိက္ကမန္တရာယ်ဘေးမှ ကင်းဝေး လွတ်မြောက်၍ သုဂတိဘဝနှင့် စျာန် မဂ် ဖိုလ်များကို ပေါက်ရောက်နိုင်ပါသည်။

တထာ ဉာဏသမ္ပယုတ္တဝိပါကာနိ စ သုဂတိယံ။ ။ပြအပ်ခဲ့ပြီးသော ပုဂ္ဂိုလ်သုံးယောက်တို့တွင် သုဂတိ ဘုံ၌ သုဂတိအဟိတ်နှင့် ဒွိဟိတ်နှစ်ယာက်သာ ဖြစ်ခွင့်ရှိသည်၊ ထိုပုဂ္ဂိုလ်နှစ်ယောက်၏ သန္တာန်၌ ဉာဏ သမ္ပယုတ်မဟာဝိပါက်စိတ်(၄)ပါးလည်း မရထိုက်၊ ဘာ့ကြောင့်နည်း-မူလရင်း ပဋိသန္ဓေက ညံ့ဖျင်း ထိုင်းမှိုင်း သောကြောင့်တည်း၊ ထို့ကြောင့် ပရမတ္ထဝိနိစ္ဆယကျမ်း၌ "ဉာဏပါကာ န ဝတ္တန္တိ, ဇဍတ္တာ မူလသန္ဓိယာ"ဟု မိန့်ပြီ၊ မူလသန္ဓိယာ-မူလရင်း ပဋိသန္ဓေ၏၊ ဇဍတ္တာ-ညံ့ဖျင်းခဲ့သည်၏ အဖြစ်ကြောင့်၊ ဉာဏပါကာ-ဉာဏ သမ္ပယုတ် မဟာဝိပါက်စိတ်တို့သည် ၊ န ဝတ္တန္တိ-မဖြစ်ကုန်။ [မူလပဋိသန္ဓေ၏ ညံ့ဖျင်းပုံကို ဝိပါကန္တရာယ် အတိုင်း သိပါ။] ဉာဏသမ္ပယုတ္တဝိပါကာနိ စ၌ စသဒ္ဒါသည် ရှေ့ဝါကျ၌ ပြအပ်ပြီးသော ကြိယာဇော အပ္ပနာ ဇောများကို ပြန်၍ပေါင်းသော သမ္ပိဏ္ဍန, တစ်နည်း-ဝုတ္တသမုစ္စည်းတည်း၊ အချို့ကား-"သုဂတိအဟိတ်ပုဂ္ဂိုလ် ၌ ပဋိသန္ဓေစိတ်ထက် သာလွန်သော ဉာဏဝိပ္ပယုတ် မဟာဝိပါက်စိတ်များ ဖြစ်သလို ဒွိဟိတ်ပုဂ္ဂိုလ်၌လည်း ပဋိသန္ဓေစိတ်ထက် သာလွန်သော မဟာဝိပါက် ဉာဏသမ္ပယုတ်စိတ်များ ဖြစ်နိုင်၏"ဟု ဆိုလိုကြသေး၏။

ပုဂ္ဂိုလ်၌စိတ်ရ

ဒုဂ္ဂတိယံ ပန ဉာဏဝိပ္ပယုတ္တာနိ စ မဟာဝိပါကာနိ။ ။ဒုဂ္ဂတိဘုံ၌ ဖြစ်ရသူကား ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် တည်း၊ ထိုပုဂ္ဂိုလ်သန္တာန်၌ ဆိုအပ်ပြီးသော စိတ်များသာမက ဉာဏဝိပ္ပယုတ်မဟာဝိပါက်စိတ်များလည်း မရထိုက်၊ ဘာ့ကြောင့်နည်း၊ မူလရင်း ပဋိသန္ဓေစိတ်က အလွန့့်အလွန် ညံ့ဖျင်းထိုင်းမှိုင်းသောကြောင့်တည်း၊ ဤအရာဝယ် ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်များ၌ မရထိုက်သော စိတ်တို့ကို သိရပြီးဖြစ်၍ ထိုစိတ်များကို ပယ်နုတ်လိုက်က ရသင့်သောစိတ်များ ကိုလည်း သိနိုင်ပြီ၊ ထို ရထိုက်သောစိတ်များကို အခြေပြုသင်္ဂြိုဟ်၌ လင်္ကာဆောင်ပုဒ်နှင့်တကွ ရေတွက် ပြထားပြီ။

တိဟေတုကေသု စ ခီဏာသဝါနံ ကုသလာကုသလဇဝနာနိ န လဗ္ဘန္တိ၊ တထာ သေက္ခပုထုဇ္ဇနာနံ ကြိယဇဝနာနိ၊ ဒိဋ္ဌိဂတသမ္ပယုတ္တဝိစိကိစ္ဆာဇဝနာနိ စ သေက္ခာနံ၊ အနာဂါမိပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိ စ န လဗ္ဘန္တိ၊ လောကုတ္တရဇဝနာနိ စ ယထာသကံ အရိယာနမေဝသမုပ္ပဇ္ဇန္တီတိ။

တိဟေတုကေသု စ။ ။တယော ဟေတူ ယေသံတိ တိဟေတုကာ၊ ပဋိသန္ဓေတုန်းက အလောဘ အဒေါသ အမောဟဟူသော ယှဉ်ဖက်ဟိတ်သုံးပါးရှိသော မဟာဝိပါက်ဉာဏသမ္ပယုတ်(၄), မဟဂ္ဂုတ်ဝိပါက် (၉)ပါးတို့တွင် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေသောပုဂ္ဂိုလ်ကို "တိဟိတ်ပုဂ္ဂိုလ်"ဟု ခေါ်၏၊ အရိယာပုဂ္ဂိုလ်များ လည်း ဆိုင်ရာဘုံ၌ ထိုဝိပါက်စိတ်များဖြင့် ပဋိသန္ဓေနေကြရကား တိဟိတ်ပုဂ္ဂိုလ်များပင် ဖြစ်၏၊ ထို့ကြောင့် ပုထုဇဉ်တိဟိတ်(၁), အရိယာတိဟိတ်(၈), ပေါင်းတိဟိတ်ပုဂ္ဂိုလ်(၉)ယောက် ရှိသည်။

ခီဏာသဝါနံ ကုသလာကုသလဇဝနာနိ န လဗ္ဘန္တိ။ ။ခီဏာ+အာသဝါ+ယေသံတိ ခီဏာသဝါ၊ ကိလေ သာ အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာပုဂ္ဂိုလ်ကို "ခီဏာသဝပုဂ္ဂိုလ်"ဟု ခေါ်၏၊ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" အရ အဝိဇ္ဇာနှင့် တဏှာနုသယတို့ကြောင့် လောကီကုသိုလ် အကုသိုလ်ဟူသော သင်္ခါရတရားတို့ ဖြစ်ကြ၏၊ ရဟန္တာပုဂ္ဂိုလ်များ၌ ထိုအရင်းခံ အနုသယကို အရဟတ္တမဂ်ဖြင့် ပယ်အပ်ပြီးဖြစ်သောကြာင့် အနုသယနှင့် ဆက်သွယ်လေ့ရှိသော လောကီကုသိုလ် အကုသိုလ်များ ဖြစ်ခွင့်မရတော့ချေ၊ လောကုတ္တရာကုသိုလ်များ ကား အနုသယကို ပယ်ရှားသော တရားပေတည်း၊ ရဟန္တာဖြစ်သောအခါ ပယ်ရှားဖွယ် အနုသယမရှိတော့ ရကား လောကုတ္တရာကုသိုလ်များလည်း ဖြစ်ဖွယ်မလိုတော့၊ ထို့ကြောင့် ရဟန္တာများ သန္တာန်၌ ကုသိုလ် အကုသိုလ်ဟူသမျှ လုံးဝ မရထိုက်။

တထာ သေက္ခပုထုဇ္ဇနာနံ ကြိယာဇဝနာနိ။ ။သိက္ခန္တီတိ သေက္ခာ၊ သီလ သမာဓိ ပညာဟူသောသိက္ခာသုံးပါး၌ ကျင့်ကြံကြိုးကုတ်အားထုတ်ဆဲ (အားထုတ်၍ မပြီးတတ်သေးသော) ပုဂ္ဂိုလ်များကို "သေက္ခပုဂ္ဂိုလ်" ဟု ခေါ်၏၊ ထိုသေက္ခပုဂ္ဂိုလ်သည် မဂ္ဂဋ္ဌ(၄)ပါး, အောက်ဖလဋ္ဌ(၃)ပါးဟု (၇)ပါးရှိသော်လည်း မဂ္ဂဋ္ဌသေက္ခ များအတွက် သီးခြားဆိုလတ္တံ့ဖြစ်သောကြောင့် ဤဝါကျ၌ "သေက္ခ"အရ အောက်ဖလဋ္ဌ(၃)ပါးကိုသာ ယူပါ၊ အခြားပုထုဇဉ်တို့ကို ပြအပ်ပြီးဖြစ်သောကြောင့် "ပုထုဇ္ဇန" အရလည်း တိဟိတ်ပုထုဇဉ်ကိုသာ ယူပါ၊ ထို သေက္ခ ပုထုဇဉ်တို့သန္တာန်၌ ရဟန္တာများနှင့်သာ သက်ဆိုင်သော ကြိယာဇောများကို မရထိုက်၊ [ကြိယာဇော မည်ပုံ, ရဟန္တာများသန္တာန်၌သာ ဖြစ်ရပုံကို စိတ်ပိုင်း ကြိယာစိတ်အဖွင့်ကိုပြန်ကြည့်၊"မဂ္ဂေ+ဌိတော မဂ္ဂဋ္ဌော, ဖလေ+ဌိတော ဖလဋ္ဌော"အရ မဂ်၌တည်သူကို မဂ္ဂဋ္ဌ, ဖိုလ်၌တည်သူကို ဖလဋ္ဌဟု ခေါ်၏၊ မဂ္ဂဋ္ဌာန်, ဖလဋ္ဌာန်"ဟု ခေါ်ဝေါ်ကြသည်မှာ ကျမ်းဂန်လာ မဟုတ်။]

ဒိဋ္ဌိဂတသမ္ပယုတ္တဝိစိကိစ္ဆာဇဝနာနိ စ သေက္ခာနံ။ ။ဒိဋ္ဌိဂတသမ္ပယုတ်ဝိစိကိစ္ဆာသဟဂုတ်စိတ်တို့ကို သောတာပတ္တိမဂ်တုန်းက ပယ်ခဲ့ပြီးဖြစ်၍ သေက္ခပုဂ္ဂိုလ်တို့သန္တာန်၌ ထိုဇောများလည်း မရထိုက်၊ "ဝိစိကိစ္ဆာ ဇဝနာနိ စ"၌ စသဒ္ဒါဖြင့် ဆိုအပ်ပြီးသော ကြိယာဇော မရကြောင်းကို ပြန်၍ ပေါင်းဆည်းသည်။

အနာဂါမိပုဂ္ဂလာနံ ပန ပဋိဃဇဝနာနိ စ။ ။အနာဂါမိမဂ်က ဒေါသဇောကို ပယ်ပြီးဖြစ်၍ အနာဂါမိပုဂ္ဂိုလ် သန္တာန်၌ ဒေါသမူဒွေးလည်း မရ၊ ပဋိဃဇဝနာနိ စ၌ စသဒ္ဒါဖြင့် ဆိုခဲ့ပြီးသော ကြိယာဇော,ဒိဋ္ဌိဂတသမ္ပယုတ်, ဝိစိကိစ္ဆာဇောတို့ကို ပြန်၍ ပေါင်းဆည်း၏၊ ဤ၌ အနာဂါမ်ကို သီးခြားဆိုထားသောကြောင့် "ဝိစိကိစ္ဆာဇဝနာနိ စ သေက္ခာနံ"ဝါကျ၌ သေက္ခအရ သောတာပတ္တိဖလဋ္ဌနှင့်သကဒါဂါမိဖလဋ္ဌ သေက္ခနှစ်ပါးကိုသာ ယူရသည်။

လောကုတ္တရဇဝနာနိ စ ယထာသကံ အရိယာနမေဝ။ ။သောတာပတ္တိမဂ်ဇောသည် မိမိဥစ္စာဖြစ်သော သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်၏, သောတာပတ္တိဖိုလ်ဇောသည် သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်၏, စသည်ဖြင့် သိပါ၊ ဤအရာဝယ် မေးခွန်းသုံးချက်သွင်း၍ ရှင်းလင်းပြအံ့။

မေးခွန်းသုံးချက်

[ မေး] မဂ်ဇောတို့သည် အဘယ့်ကြောင့် မိမိဆိုင်ရာ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်သနည်း၊ အဖြေကား–မဂ်တို့သည် စိတ္တလက္ခဏတစ်ချက်မျှသာ ရှိသောကြောင့် မိမိဆိုင်ရာ မဂ္ဂဋ္ဌပုဂ္ဂိုလ်၌သာ ဖြစ်သည်၊ အကယ်၍ စိတ္တက္ခဏ(၂)ချက် (၃)ချက်စသည်ဖြင့် အထပ်ထပ် ဖြစ်ကောင်းလျှင် ဖလဋ္ဌပုဂ္ဂိုလ် သန္တာန်၌လည်းကောင်း, အထက်မဂ္ဂဋ္ဌပုဂ္ဂိုလ်သန္တာန်၌လည်းကောင်း, ကူးပြောင်း၍ ဖြစ်ရာ၏၊ မဂ်တို့သဘောမှာ

စိတ္တက္ခဏတစ်ချက်မျှဖြင့် ကိစ္စပြီးသောကြောင့် ထိုကဲ့သို့ ကူးပြောင်း၍ မဖြစ်ကောင်းတော့ပြီ-ဟူလို။

[ မေး] အောက်အောက် ဖလဋ္ဌပုဂ္ဂိုလ်များ၏ သန္တာန်၌ အထက်အထက် ဖိုလ်ဇောများ ဘာကြောင့် မဖြစ် သနည်း၊ "သောတာပတ္တိဖလဋ္ဌ၌ သကဒါမိဖိုလ်ဇောစသည်တို့လည်း ဘာကြောင့် မဖြစ်သနည်း" ဟူလို၊ အဖြေကား–အောက်အောက်ပုဂ္ဂိုလ်များက အထက်အထက်ဖိုလ်ကို မရဘူးသေးသော ကြောင့် အောက်အောက်ဖလဋ္ဌတို့သန္တာန်၌ အထက်အထက် ဖိုလ်ဇောများ မရထိုက်။

[ မေး] သို့ဖြစ်လျှင် အထက်အထက် ဖလဋ္ဌတို့သန္တာန်၌ အောက်အောက်ဖိုလ်ဇောများကို ရပြီးဖြစ်လျက် ဘာကြောင့် ဆက်လက်၍ မဖြစ်သနည်း၊ အဖြေကား–အထက်အထက် မဂ်ဖိုလ်ကို ရသည်နှင့် တပြိုင်နက် အောက်အောက်ဖိုလ်များ ငြိမ်ပျောက်ရပ်စဲသောကြောင့် ရခဲ့ဖူးသော အောက်အောက် ဖိုလ်ဇောများလည်း အထက်အထက် ဖလဋ္ဌတို့သန္တာန်၌ ဆက်လက်၍ မဖြစ်ထိုက်။

ချဲ့ဦးအံ့ –ပုထုဇဉ်ဘဝ၌ မပယ်ရသေးသော ကံ ကိလေသာတို့ကို သောတာပတ္တိမဂ်က ပယ်လိုက်သည်နှင့် တစ်ပြိုင်နက် ပုထုဇဉ်အဖြစ်ကို လွန်မြောက်၍ သောတာပန်အဖြစ်သို့ လွန်မြောက်၍ သောတာပန်အဖြစ်သို့ ရောက်တော့သကဲ့သို့, ထို့အတူ သောတာပန်ဘဝ၌ မပယ်ရသေးသော ကံ ကိလေသာတို့ကို သကဒါဂါမိမဂ် က ချုပ်ပျောက်စေသည့်အတွက် သောတာပန်အဖြစ်ကို လွန်မြောက်၍ သကဒါဂါမ်အဖြစ် ရောက်တော့သည်၊ ထိုသကဒါဂါမ် အဖြစ်သို့ရောက်လျှင် သောတာပတ္တိဖိုလ်လည်း အလိုလို ငြိမ်ပျောက်လေတော့၏၊ (ဥပမာ-မြို့ပိုင်ရာထူးမှ နယ်ပိုင်ရာထူးသို့ တိုးတက်သောအခါ မြို့ပိုင်ရာထူး ငြိမ်းပျောက်သွားသကဲ့သို့တည်း) ထို့ကြောင့် အောက်အောက်ဖိုလ်များ အထက်အထက် ဖလဋ္ဌပုဂ္ဂိုလ်တို့သန္တာန်၌ ဆက်၍ မဖြစ်နိုင်-ဟူလို။

ဋီကာကျော်။ ။လောကုတ္တရ၊ပေ၊သမုပ္ပဇ္ဇန္တီတိ ၁-စတုန္နံ မဂ္ဂါနံ ဧကစိတ္တက္ခဏိကဘာဝေန ပုဂ္ဂလန္တရေသု အသမ္ဘဝတော, ၂-ဟေဋ္ဌိမဟေဋ္ဌိမာနဉ္စ ဥပရုပရိသမာပတ္တိယာ အနဓိဂတတ္တာ, ၃-ဥပရုပရိပုဂ္ဂလာနဉ္စ အသမုစ္ဆာဋိတကမ္မကိလေသနိရောဓနေန (မပယ်ခွာအပ်သေးသော ကံ က်ိလေသာတို့ကို ချုပ်စေ ခြင်းအားဖြင့်) ပုထုဇ္ဇနေဟိ ဝိယ သောတာပန္နာနံ သောတာပန္နာဒီဟိ ပုဂ္ဂလန္တရဘာဝူပဂမနေန (ဟေဋ္ဌိမ ဟေဋ္ဌိမသမာပတ္တိယာ)ပဋိပဿဒ္ဓတ္တာ စ အဋ္ဌပိ လောကုတ္တရဇဝနာနိ ယထာသကံ မဂ္ဂဖလ ဋ္ဌာနံ အရိယာနမေဝ သမုပ္ပဇ္ဇန္တိ။

ယထာသကံ အရိယာနမေဝ။ ။ဋီကာကျော်နှင့်တကွ အခြားဋီကာများ၌ ယထာသကံဟုချည်း ဖွင့်ပြကြသည့်ပြင်, ကမ္မဋ္ဌာန်းပိုင်း၌ "ယထာသကံ ဖလဝသေန သာဓာရဏာဝ"ဟု ဆိုလတ္တံ့ဖြစ်သောကြောင့် မဏိမဉ္ဇူသာနှင့်တကွ ယခုကာလ၌ ရွတ်ဆိုရိုးဖြစ်သော "ယထာရဟံ"ပါဌ်ကို ပယ်ဖျက်၍ "ယထာသကံ"ဟု ပြင်လိုက်ပါသည်၊ သီဟိုဠ်မူ၌လည်း ယထာသကံဟုပင် ရှိ၏၊ အရိယသဒ္ဒါကား "မြင့်မြတ်သူ, ဖြူစင်သူ"ဟု အနက်ရှိ၏၊ ထို့ကြောင့် စိတ်နေ စိတ်ဓာတ် မြင့်မြတ်ဖြူစင်သော မဂ္ဂဋ္ဌ ဖလဋ္ဌ(၈)ပါးကို "အရိယာ"ခေါ်သည်ဟု မှတ်ပါ၊ တိဟိတ်ပုထုဇဉ်နှင့် အရိယာပုဂ္ဂိုလ်တို့၏သန္တာန်၌ ရထိုက်သော စိတ်များကို အခြေပြုသင်္ဂြိုဟ်၌ လင်္ကာနှင့်တကွ ရေတွက်ပြခဲ့ပြီ။

•••••••••••••

ဘူမိဝိဘာဂအဖွင့်

ကာမာဝစရဘူမိယံ ပနေတာနိ သဗ္ဗာနိပိ ဝီထိစိတ္တာနိ ယထာရဟမုပလဗ္ဘန္တိ၊ ရူပါဝစရဘူမိယံ ပဋိဃဇဝနတဒါရမ္မဏဝဇ္ဇိတာနိ၊ အရူပါဝစရဘူမိယံ ပဌမ မဂ္ဂရူပါဝစရဟသနဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ စ န လဗ္ဘန္တိ၊ သဗ္ဗတ္ထာပိ စ တံ တံ ပသာဒရဟိတာနံ တံတံဒွါရိကဝီထိစိတ္တာနိ န လဗ္ဘန္တေဝ။

ကာမာဝစရဘူမိယံ ပနေတာနိ သဗ္ဗာနိပိ ဝီထိစိတ္တာနိ ယထာရဟမုပလဗ္ဘန္တိ။ ။ကာမ(၁)ဘုံ၌ ဝီထိစိတ် (၈၀)လုံးရ၏၊ ဘာကြောင့်နည်း,...စက္ခုဝိညာဏ်စသည်တို့ ဖြစ်ဖို့ရာ စက္ခုဒွါရစသော ဒွါရ(၆)ပါးနှင့်, မဂ်စိတ် ဖိုလ်စိတ် စသည်တို့ဖြစ်ဖို့ရာ ပုဂ္ဂိုလ်(၁၂)ယောက်လုံး အစုံအလင် ကာမဘုံတွင် ရှိသောကြောင့်တည်း၊ ဆက်ဦးအံ့–သဗ္ဗာနိပိ ဝီထိစိတ္တာနိဟူသောစကားသည် ကာမ(၁၁)ဘုံလုံးအတွက် သိမ်းရုံး၍ ဆိုအပ်သော စကားဖြစ်၏၊ အပါယ်ဘုံ၌ကား ထို(၈၀)လုံး မရ, ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်၌ ရထိုက်သော(၃၇)ပါးသာ ရသည်၊ လူ့ဘုံ နတ်ဘုံများ၌လည်း ထိုထို ပုဂ္ဂိုလ်အလိုက် ထိုက်သလို ရကြသည်-ဟူလို။

[ ဆောင်] ခြောက်ခုဝိညာဏ်, ဖြစ်ဖို့ရန်ဖြင့် , ခြောက်တန်ဒွါရ, ကုန်စေ့င၏၊ မဂ္ဂနှင့်ဖိုလ်, ဖြစ်ဖို့ဆ်ိုလည်း, ပုဂ္ဂိုလ်တစ်ကျိပ်နှစ်, အစုံဖြစ်၏၊ စိစစ်ဖွယ်ကောင်း, ဤနှစ်ကြောင်းကြောင့်, ပျော်အောင်းဌာန, ဘုံ ကာမ၌, စိတ်ရဝီထိ, ရှစ်ဆယ်ရှိသည်,... ခွဲဘိပုဂ္ဂိုလ် သင့်ရာတည်း။

ရူပါဝစရဘူမိယံ ပဋိဃဇဝနတဒါရမ္မဏဝဇ္ဇိတာနိ။ ။ဒေါသသည် စျာန်တရားကို တားမြစ်တတ်သော နီဝရဏတရားတည်း၊ ထို့ကြောင့် စျာန်၏အကျိုးပေးရာ ထိုရူပဘုံ၌ ဒေါသမူဒွေး မရ, တဒါရုံ မရကြောင်းကား "ကာမာဝစရဇဝနာဝသာနေ ကာမာဝစရသတ္တာနံ"စသော ပါဌ်အတိုင်း သိပါ။

အရူပါဝစရဘူမိယံ ပဌမမဂ္ဂ၊ပေ၊ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာနိ။ ။သောတာပတ္တိမဂ် ရူပစိတ်နှင့် ဟသိတုပ္ပါဒ်တို့ မရခြင်း၏အကြောင်းကို ဝတ္ထုသင်္ဂဟတုန်းက ပြခဲ့ပြီ၊

ဘုံ၌ စိတ်ရ

အထက်အထက် အရူပဘုံသို့ ရောက်ပြီးသော အရူပဗြဟ္မာများသည် အောက်အောက် စျာန်ကိုပြန်၍ အားထုတ်လေ့ မရှိ၊ ထို့ကြောင့် အထက်အထက်အရူပဘုံ၌ အောက်အောက် အရူပစိတ်များ မရထိုက်။ ["သဗ္ဗတ္ထာပိ စ တံတံပသာဒရဟိတာနံ တံတံ ဒွါရိကဝီထိစိတ္တာနိ န လဗ္ဘန္တေဝ"ဝါကျ၏ အဓိပ္ပာယ်နှင့် ဘုံအား ဖြင့် ခွဲပြ၍ ပုဂ္ဂိုလ်စိတ်ရ အကျယ်ကို အခြေပြု၌ ပြထားပြီ။]

အချို့ကား –ဗြဟ္မာ့ပြည်၌ အနိဋ္ဌာရုံ မရှိသောကြောင့် အနိဋ္ဌာရုံကို အာရုံပြုသော အကုသလဝိပါက် စက္ခု ဝိညာဏ် သောတဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏများလည်း ရူပဘုံ၌ မရထိုက်၊ ဤလူ့ဘုံသို့ ဆင်းလာသော အခါ အနိဋ္ဌာရုံကို တွေ့ရ၍ အကုသလဝိပါက် စက္ခုဝိညာဏ် စသည်တို့ ဖြစ်ဖွယ်ရှိသော်လည်း ထိုအကုသလ ဝိပါက်တို့မှာ ကာမဘုံ၌ ဖြစ်သည်ဟုသာ ဆိုရမည်, ရူပဘုံ ဖြစ်သည်မဟုတ်ဟု ကပ်ကပ်သတ်သတ် ကြံကြ သေး၏၊ ထိုအကြံသည် မသင့်၊ ဘာကြောင့်နည်း...ဤဘူမိဝိဘာဂ၌ ဘုံအားဖြစ် စိတ်တို့ကို ခွဲပြသော်လည်း စင်စစ်မှာ ထိုဘုံတို့၌ဖြစ်သောပုဂ္ဂိုလ်ကို အစွဲပြု၍ ခွဲပြရခြင်းဖြစ်သည်၊ ဘုံချည်းသက်သက် စိတ်ရဟူ၍ မရှိ၊ ထို့ကြောင့် ရူပဗြဟ္မာတို့၏ ကာမဘုံ၌ ဆင်းလာခိုက်ဝယ် အနိဋ္ဌာရုံကို တွေ့၍ဖြစ်သော အကုသလဝိပါက်ကို ကာမဘုံကဝိပါက်ဟု မဆိုရ, ရူပဘုံက ရူပပုဂ္ဂိုလ်၌ဖြစ်သော ဝိပါက်ပင် ဖြစ်၏၊ ထို့ပြင်-ဗြဟ္မာတို့သည် ရူပဘုံ မှာ တည်နေလျက် ကာမဘုံက အာရုံများကို လှမ်း၍ ယူစွမ်းနိုင်ကြ၏၊ ထိုအခါ အနိဋ္ဌာရုံကို ယူမိလျှင် ရူပဘုံ၌ တည်နေခိုက်လည်း အကုသလဝိပါက်တို့ ဖြစ်ကြမည်သာ၊ ထို့ကြောင့် ထိုအကြံကို လက်မခံကြပါ။

[ ဆောင်] ရူပဗြဟ္မာ, လူဘုံလာမှ, အနိဋ္ဌရုံစု, မြင်ကြားမှုကြောင့်,အကုဝိပါက်, ဖြစ်သည့်တွက်လည်း,အထက် ရူပ, ဘုံ၌ရဟု, ယူဆရန်ပင်, လျော်ဟန်ထင်၏, ထက်ခွင်ဘုံတိုက်, စံသည့်ခိုက်လည်း, အောက်၌ လှမ်းကာ, ရှုစားရာဝယ်, နိဋ္ဌာရုံနှင့် , တွေ့ကြုံသင့်၏၊ သို့ဖြင့်ပေါင်းစု, အကြောင်းရှု၍, အကုသလ, ဝိပါကတို့, ရူပဘုံပေါင်း, မရကောင်းဟု, ရွဲ့စောင်းအကြံ, ကေစိဉာဏ်ကို, လက်ခံမထား, စွန့်ပယ် ရှားသည်,....အများပဏ္ဍိတ် အယူတည်း။

အမှာ။ ။ဤဝီထိပိုင်းဘာသာဋီကာကို လေ့လာပြီးနောက် သီးခြားစီစဉ်အပ်သော ဝီထိဆိုရိုးကို ဆက်လက်လေ့လာကြပါ၊ ကျက်မှတ်ဖွယ်များသည့်အတွက် သီးခြားတစ်အုပ် ပြုရပါသည်။

ဤကား ဝီထိပိုင်းဘာသာဋီကာ

ဝီထိမုတ်ပိုင်းဘာသာဋီကာ

ဝီထိစိတ္တဝသေနေဝံ, ပဝတ္တိယမုဒီရိတော၊ ပဝတ္တိသင်္ဂဟော နာမ, သန္ဓိယံ ဒါနိ ဝုစ္စတိ။

အနုသန္ဓေ။ ။ဆိုအပ်ခဲ့ပြိီးသောစကားအစဉ်ဖြင့် ပဝတ္တိအခါ၌ ဝီထိစိတ်တို့၏ ဖြစ်ပုံဖြစ်ဟန်ကို ပြတော်မူပြီး ၍, ယခုအခါ ပဋိသန္ဓေအခါ၌ ဝီထိမုတ်စိတ်တို့၏ဖြစ်ပုံကို ပြတော်မူလိုသောအရှင်အနုရုဒ္ဓါသည် အနုသန္ဓေနှင့် တကွ ပဋိညာဉ်ကို ပြတော်မူလိုသောကြောင့်"ဝီထိစိတ္တဝသေနေဝံ"စသော ဂါထာကို စချီတော်မူသည်၊"ပဝတ္တိ သင်္ဂဟော နာမသန္ဓိယံ"၌ ပဓာနနည်းအားဖြင့် ပဋိသန္ဓေခဏကိုသာ ခေါင်းတပ်၍ပြသော်လည်း ဘဝင် စုတိ စိတ်များ၏ဖြစ်ပုံကိုပါ ဤဝီထိမုတ်ပိုင်း၌ ပြလတ္တံ့၊ မရဏုပ္ပတ္တိအခန်းဝယ် "တဒါ ပဋိသန္ဓိဘဝင်္ဂါနံပိ ပစ္စုပ္ပန္နာရမ ဏတာ လဗ္ဘတိ"ဟူသော စကား, "ဣစ္စေဝံ ဂဟိတပဋိသန္ဓိကာနံ"စသော နိဂုံးစကားများကို ထောက်ပါ၊ ထိုကြောင့် ဤဝီထိမုတ်ပိုင်းသည် ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့၏ဖြစ်ပုံကိုပြမည့် ပဝတ္တိသင်္ဂဟတစ်မျိုးဟု မှတ်ပါ၊ ဤဂါထာအရ ပဝတ္တိသင်္ဂဟဟူသောနာမည်သည် ဝီထိပိုင်း ဝီထိမုတ်ပိုင်း နှစ်ပိုင်းလုံး၏ နာမည်ဖြစ် ကြောင်း သိသာသည်။

တာသု နိရယော တိရစ္ဆာနယောနိပေတ္တိဝိသယော အသုရကာယော စေတိ အပါယဘူမိ စတုဗ္ဗိဓာ ဟောတိ။

အပါယဘူမိ။ ။[အပ+အယ] တိဝိဓသမ္ပတ္တိယော အယန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ ဧတေနာတိ အယော၊ဤဝစနတ် အရ လူ့ချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဟူသော သမ္ပတ္တိသုံးမျိုး၏ဖြစ်ကြောင်း ကုသိုလ်ကောင်းမှုကို "အယ"ဟု ခေါ်၏၊ အယတော+အပဂတော အပါယော၊ ကောင်းမှုမှကင်းသော (ကုသိုလ်ကောင်းမှုတို့ကို ပြုခွင့်များစွာ မရ, အကုသိုလ်တွေသာ များပြားလှသော)ဘုံဌာနကို"အပါယ"ဟု ခေါ်၏၊ ဘဝန္တိ ဧတ္ထာတိ ဘူမိ၊ ဧတ္ထ-ဤအရပ်၌၊ သတ္တာ-သတ္တဝါတို့သည်၊ ဘဝန္တိ-ဖြစ်ကြရကုန်၏၊ ဣတိ-ထို့ကြောင့်၊ ဘူမိ-ဘူမိမည်၏။

ငရဲခန်း။ ။[နိရယ=နိ+အယ] ဤ၌ အယသဒ္ဒါသည် ချမ်းသာသုခဟူသော အနက်ကို ဟော၏၊ အယတိ ဝဍ္ဎတိ-ကောင်းမှုအတွက် တိုးတက်ဖြစ်ပွားတတ်၏၊ ဣတိ အယော၊ တစ်နည်း၊ အယိတဗ္ဗော သာဒိတဗ္ဗော- သာယာအပ်၏၊ ဣတိ အယော၊ နတ္ထိ အယော ဧတ္ထာတိ နိရယော၊ ဧတ္ထ-ဤဘုံ၌၊ အယော-ချမ်းသာသည်၊ နတ္ထိ-မရှိ၊ ဣတိ-ကြောင့်၊ နိရယော-နိရယမည်၏၊ [နိရယပုဒ်ကိုထောက်၍ "နိရဲ"ဟု ဆရာများ ခေါ်ကြ၏၊] ထိုငရဲကား-"သဉ္ဇိုဝ်း ကာဠ, သံဃာတနှင့်,

ရောရုဝနှစ်, တာပန်နှစ်, တွက်စစ်အဝီစိ"ဟု ရှစ်ထပ်ရှိ၏၊ ယူဇနာ နှစ်သိန်းလေးသောင်းအထုရှိသော ဤမြေ ကြီးဝယ် အောက် တစ်သိန်းနှစ်သောင်းမှာ ကျောက်မြေဖြစ်၍ အထက်တစ်သိန်းနှစ်သောင်းသာလျှင် ပကတိမြေသားဖြစ်သတဲ့၊ အထက်မြေသားအတွင်း၌ ထိုငရဲကြီးရှစ်ထပ် တည်ရှိနေရကား တစ်ထပ်နှင့်တစ် ထပ်အကွာအဝေးမှာ (တစ်သိန်းနှစ်သောင်းကို ရှစ်ဖြင့်စား၍) ယူဇနာ တစ်သောင်းငါးထောင် ကွာဝေးသတဲ့၊ ဆိုလိုရင်းကား..."လူ့ပြည်မှ အောက် ယူဇနာတစ်သောင်းငါးထောင် ဝေးသောအရပ်၌ သဉ္ဇိုဝ်းငရဲ တည်ရှိ၏၊ ထို့နောက် ယူဇနာတစ်သောင်းငါးထောင် ဝေးသောအရပ်၌ ကာဠသုတ်ငရဲတည်ရှိ၏၊ ဤသို့ စသည်ဖြင့် တစ်ထပ်နှင့် တစ်ထပ် ယူဇနာတစ်သောင်းငါးထောင်စီ ဝေးသည်" ဟူလို။

ပရမတ္ထသရူပ။ ။ပရမတ္ထသရူပဘေဒနီ၌ကား ဤလူ့ပြည်မှ အောက်တည့်တည့်၌ ငရဲအခေါင်းများ တည် ရှိရိုးမှန်လျှင် သိမ်သမုတ်သည့်အခါ မြေအောက်က ရေတိုင်အောင် ငရဲခေါင်းကိုဖောက်၍ သိမ်ကမ္မဝါစာ၏ အာဏာ မနှံ့နိုင်ရာ၊ အဋ္ဌကထာတို့၌လည်း မြေကိုခံသော ရေတိုင်အောင် အာဏာနှံ့သည်ဟု ဆိုသောကြောင့် "မြင်းမိုရ်တောင်အောက် အသုရာပြည်တည်၍, ထိုအသုရာပြည်၏ အောက်တည့်တည့်မှာ ငရဲကြီးရှစ်ထပ် တည်ရာ၏"ဟု ကြံတော်မူပြီးလျှင် "သောင်းငါးထောင်စီ, သင်္ချာညီ, ရှစ်လီပါယ်သုရာ"ဟု အသုရာပြည်နှင့် တိုင်းတာတော်မူလေသည်။

ယမမင်း။ ။စတုမဟာရာဇ်နတ်တို့တွင် အပါအဝင်ဖြစ်သော ဝေမာနိကပြိတ္တာမင်းကိုပင် "ယမမင်း"ဟု ခေါ်၏၊ တစ်ခါတစ်ရံ နတ်စည်းစိမ်ခံစားရ၍ တစ်ခါတစ်လေမှာမူ မကောင်းမှုကံအကျိုးကို (ရိုးရိုးပြိတ္တာများ ကဲ့သို့) ခံစားရရှာသေး၏၊ ထိုယမမင်းကား တစ်ယောက်သာမက, အများအပြားပင် ရှိလေသည်၊ လူ့ဘုံ၌ အစိုးရများ ရုံးထိုင်သလို ယမမင်းများလည်း ငရဲဘုံ၏ တံခါးလေးဖက်၌ ရုံးစိုက်ကြပြီးလျှင် ငရဲသို့ရောက်လာ သူများကို စစ်ဆေးမေးမြန်းကြ၏၊ သို့သော် ငရဲသို့ ရောက်လာသူတိုင်း အစစ်ဆေးခံရသည်မဟုတ်၊ အကု သိုလ်ကြီး၍ ပြစ်မှုထင်ရှားသူတို့မှာ တစ်ခါတည်း ငရဲကျကုန်၏၊ အကုသိုလ် နည်းပါးသူများအတွက် လွတ်လို လွတ်ငြား အနေအားဖြင့် ယမမင်းထံ အစစ်ဆေးခံခွင့် ရကြပေသည်၊ ထို့ကြောင့် ယမမင်း၏ စစ်ဆေးမှုမှာ အပြစ်ရှာလို၍ မဟုတ်, လွတ်သင့်က လွတ်ခွင့်ရစေလိုသောကြောင့်သာ ဖြစ်သည်၊ ယခုအခါ အယူခံ ရုံးမင်း များနှင့် အလားတူပင်တည်း၊ သို့အတွက် "ယမမင်း"ဟူသည်မှာ တရားစောင့်သော မင်းကောင်းမင်းမြတ်ပင် တည်းဟု မှတ်ပါ။ [ယမရာဇာ နာမ ဝေမာနိကပေတရာဇာ၊ ဧကသ္မိံ ကာလေ ၊ပေ၊ ဒိဗ္ဗသမ္ပတ္တိံအနုဘဝတိ၊ ဧကသ္မိံ ကာလေ ကမ္မဝိပါကံ၊- ဥပရိပဏ္ဏာသ, ဒေဝဒူတသုတ်။

ငရဲထိန်း။ ။ဤငရဲထိန်းများလည်း စတုမဟာရာဇ်နတ်မျိုးအပါအဝင် နတ်ဘီလူး နတ်ရက္ခိုသ်များတည်း၊

ထိုငရဲထိန်းများ၏ အလုပ်ကား အနည်းငယ်သော အကုသိုလ်ဖြင့် ကျရောက်လာသူများကို ယမမင်းထံသို့ ပို့ခြင်း, ငရဲသို့ ရောက်ပြီးသူများကို လက်မရွံ့ အာဏာသားတို့ကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ သတ်ပုတ် ရိုက်နှက်ခြင်းပင်တည်း။ [ငရဲမီးစသော အန္တရာယ်တို့လည်း ကံကြောင့်ဖြစ်ရသော ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်ကြရကား ငရဲခံရမည့် သူများ၌သာ ပူလောင်၍ ထိုငရဲထိန်းတို့၌ မပူလောင်ချေ။]

ယမမင်းစစ်တမ်း။ ။အများကြားဖူးနားဝရှိအောင် ဒေဝဒူတသုတ် ပါဠိတော်လာ ယမမင်း၏ စစ်တမ်းကို အကျဉ်းချုပ်မျှ ပြဦးအံ့၊-လူ့ပြည်မှာ ရှိနေသော ကလေး, သူအို, သူနာ, သူသေ, အကျဉ်းသမား, ဤငါးဦးသား ကို ယမမင်းစေလွှတ်အပ်သော တမန်တော်နှင့် အလားတူသောကြောင့် ဒေဝဒူတဟု ခေါ်ဝေါ်ရသည်။ [ဒေဝ=ယမမင်း၏ + ဒူတ=တမန်တော်၊ ဒေဝဒူတပုဒ်ကို အမျိုးမျိုးဖွင့်ကြသေး၏။] ယမမင်းသည် မိမိ၏ ထံမှောက်သို့ ရောက်လာသော ငရဲသားများကို ဒေဝဒူတငါးမျိုးကို ဖော်ပြလျက် စစ်ဆေးလေ့ရှိသည်။

ယမမင်း။ ။မောင်မင်း-လူ့ပြည်မှာတုန်းက မိမိကျင်ကြီး ကျင်ငယ်ကိုပင် မသုတ်သင်နိုင်ပဲ, ကျင်ကြီး ကျင်ငယ်ထဲ၌ လူးကာ လိမ့်ကာ နေရရှာသော ကလေးများကို မတွေ့ခဲ့ဘူးလား။

ငရဲသား။ ။တွေ့ခဲ့ဖူးပါသည်ဘုရား။

ယမမင်း။ ။မိမိကိုယ်တိုင် နားလည်သောအရွယ်သို့ ရောက်သည့်အခါ ထိုကလေးများကို ကြည့်ရှု၍ "ငါသည် ဘာမှ နားမလည်ရှာသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်ခါ ပဋိသန္ဓေ နေရဦးမည်, ပဋိသန္ဓေနေခြင်းသဘောကို မလွန်မြောက်နိုင်သေးပါတကား, ယခုနှယ်က ကိုယ် နှုတ် စိတ်များကို စောင့်စည်းလျက် ကောင်းကောင်းကြီးနေမှ တော်တော့မည်" ဟု အကြံအစည်များ မဖြစ်ခဲ့ဘူးလား မောင်မင်း။ (အလွန်ကြင်နာစွာ မေးသည်။)

ငရဲသား။ ။ကျွှန်တော် မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မဝင်စားမိခဲ့ပါ။

ယမမင်း။ ။မောင်မင်း-မကောင်းမှုကို ဆွေမျိုး ဉာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည် မဟုတ်, မောင်မင်းကိုယ်တိုင် ပြုခဲ့သည်ဖြစ်၍ မိမိ ပြုခဲ့သမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံ အတိုင်း မောင်မင်း ခံရချေတော့မည်။

ယမမင်းအား အမျှဝေရကျိုး။ ။ဤနည်းအတိုင်း သူအိုကို ညွှန်ပြ၍ ဒုတိယတစ်ကြိမ် မေး၏၊ သူနာ ကို ညွှန်ပြ၍ တတိယတစ်ကြိမ် မေး၏၊ သူသေကို ညွှန်ပြ၍ စတုတ္ထတစ်ကြိမ် မေး၏၊ အကျဉ်းသမားကို ညွှန် ပြ၍ ပဉ္စမတစ်ကြိမ် မေး၏၊ ငါးကြိမ်တိုင်အောင် မေး၍မျှ ကုသိုလ်ကောင်းမှုကို သတိမရသေးလျှင် ယမမင်း ကိုယ်တိုင်

ထိုသူ ကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား ဟု စဉ်းစား၏၊ [ဤအချက်ကိုထောက်၍ ကုသိုလ်ပြု သောအခါ ယမမင်းအား အမျှပေးဝေကြသည်၊] စဉ်းစား၍ရလျှင် ထိုကုသိုလ်ကို ဖော်ပြော၏၊ ယမမင်းက ဖော်ပြောခြင်းကြောင့်ဖြစ်စေ, မိမိက ဘာသာသတိရ၍ဖြစ်စေ, ကုသိုလ်ကို သတိရသည်နှင့်တစ်ပြိုင်နက် ငရဲမှ လွတ်မြောက်၍ နတ်ပြည်ရောက်သူလည်း အများပင်ရှိ၏၊ ထိုနေရာမျိုးကျမှ မိမိကုသိုလ်များ အားထား ရကြောင်း ထင်ရှားသည်၊ ယမမင်းကိုယ်တိုင် စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏၊ ထိုအခါ ငရဲကောင်သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုး နှိပ်စက်ကြလေတော့သည်။

သဉ္စိုင်း။ ။ ဇလိတာဝုဓဟတ္ထေဟိ, ခဏ္ဍိတာပိ နေရယိကာ၊ ဇီဝန္တာ ယမှိ ပုနောပိ, သဉ္ဇီဝေါတိ ပဝုစ္စတေ။

ယမှိ နိရယေ-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ် ဆီး, အကြင်သို့သော ငရဲကြီး၌၊ နေရယိကာ-အမြဲအစွဲ, အနဲနဲဖြင့်, တသဲသဲဆူ, ငရဲသူတို့သည်၊ ဇလိတာဝုဓ ဟတ္ထေဟိ-ပြောင်တလက်လက်, အရောင်ထွက်သည့်, လက်နက်ကိုင်စွဲ, ငရဲထိန်းကြီးတို့က၊ ခဏ္ဍိတာပိ-သေ လောက်ကြေလောက်, အနေရောက်အောင်, တောက်တောက်ဖြတ်စဉ်း, သတ်ညှဉ်းအပ်ပါ ကုန်သော်လည်း၊ ပုနောပိ ဇီဝန္တာ-အကုသိုလ်ကံ, မကုန်ပြန်လျှင်, တစ်ဖန်ဆက်တည်, အသက်ရှည်ကြရလေကုန်၏၊ သော နိရယော-သို့ကလိုကံ, မကုန်ပြန်လျှင်,တစ်ဖန်ဆက်တည်, အသက်ရှည်ရိုး, ထိုငရဲအိုးကို၊ သဉ္ဇီဝေါတိ-သဉ္ဇိုဝ်း ငရဲဟူ၍၊ ပဝုစ္စတေ-ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။ ["သံ(ပုနပ္ပုနံ) ဇီဝန္တိ ဧတ္ထာတိ သဉ္ဇီဝေါ၊ ဧတ္ထ-ဤငရဲ၌၊ နေရယိကာ-ငရဲသူ ငရဲသားတို့သည်၊ သံဇီဝန္တိ-အဖန်ဖန် အသက်ရှည် ကြကုန်၏၊ ဣတိ-ထို့ကြောင့်၊ သဉ္ဇီဝေါ-သဉ္ဇိဝ မည်၏။]

ကာဠသုတ်။ ။ ကာလသုတ္တေန တစ္ဆန္တိ, ယမှိ နိရယပါလကာ၊ အနုဗန္ဓာ ပပတန္တေ, ကာဠသုတ္တော ပဝုစ္စတေ။

ယမှိ နိရယေ-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ် ဆီး, အကြင်သို့သော ငရဲကြီး၌၊ နိရယပါလကာ-ပြောင်တလက်လက်, အရောင်ထွက်သည့်,လက်နက်ကိုင်စွဲ, ငရဲထိန်းကြီးတို့က၊ အနုဗန္ဓာ-သားကောင်တစ်သိုက်, ခွေးတွေလိုက်သို့, ရိုက်နှက်သတ်ညှဉ်း, အတင်းလိုက် ကြကုန်သည်ဖြစ်၍၊ ပပတန္တေ-ဟောတဟိုက်ဟိုက်, အမောဆိုက်လျက်, မူးမိုက်လဲငြား,ငရဲသားတို့ကို၊ ကာဠ သုတ္တေန-သစ်ရွေသမား, လက်ကိုင်ထားလျက်, သစ်များတိုင်းရိုး, တမျဉ်းကြိုးဖြင့်၊ တစ္ဆန္တိ-တိုင်းတာထက် အောက်, ပက်လက်မှောက်၍, ရှေ့နောက်ရှုပ်ပွေ, ခုတ်ရွေကြလေကုန်၏၊ သော နိရယော-သို့ကလိုကံ, မကုန်ပြန်လျှင်, ဖန်ဖန်ရှုပ်ပွေ, ခုတ်ရွေကြရိုး, ထိုငရဲအိုးကို၊ ကာဠသုတ္တောတိ-ကာဠသုတ်ငရဲဟူ၍၊ ပဝုစ္စတေ- ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။ [ကာဠသုတ္တံ ထပေတွာ တစ္ဆန္တိ ဧတ္ထာတိ ကာဠသုတ္တော။]

သံဃာတ။ ။ အယောမယပထဗျံ ယမှိ, ကဋိမတ္တံ ပဝေသိတေ၊ အယောသေလော သံဃာတေန္တိ, သံဃာတောတိ ပဝုစ္စတေ။

ယမှိ နိရယေ-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ် ဆီး, အကြင်သို့သော ငရဲကြီး၌၊ အယောမယပထဗျံ-(၉)ယူဇနာ, အလျှံဖြာသည့်, သံမာအတိပြီး, မြေပြင်ကြီး ဝယ်၊ ကဋိမတ္တံ-ဖဝါးလျှောက်တက်, ခါးလောက်နက်အောင်၊ ပဝေသိတေ-ယိမ်းယိုင်ဆုတ်ခံ, မလှုပ်ရန်ဖို့, မြှပ်နှံသွင်းထား, ငရဲသားတို့ကို၊ အယောသေလော-ဂျိုးတဂျိမ်းဂျိမ်း, တဟိန်းဟိန်းနှင့်, ထိန်းထိန်းညံအောင်, အလျှံပြောင်ညီး, သံတောင်ကြီးတို့သည်၊ သံဃာတေန္တိ-ရှေ့နောက်နှစ်ဖက်, လှည့်စီထွက်၍, ဆက်ဆက်နှိပ် မွှေ, ကြိတ်ချေကြလေကုန်၏၊ သော နိရယော-သို့ကလိုကံ, မကုန်ပြန်လျှင်, ဖန်ဖန်နှိပ်မွှေ, ကြိတ်ချေကြရိုး, ထိုငရဲအိုးကို၊ သံဃာတောတိ-သံဃာတငရဲဟူ၍၊ ပဝုစ္စတေ-ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက် အပ်လေတော့သတည်း။ [သံဃာတေန္တိ ဧတ္ထနိ သံဃာတော ၊ ဧတ္ထ-ဤငရဲ၌၊ နေရယိကေ-ငရဲသားတို့ကို၊ သံဃာတေန္တိ-ပြင်းစွာ ကြိတ်ချေကြကုန်၏။]

ဇာလရောရုဝ။ ။ ဇာလာဟိ ပဝိသိတွာန, ဍယှမာနာ ဒယာဝဟံ၊ မဟာရဝံ ရဝန္တေတ္ထ, ဝုစ္စတေ ဇာလရောရုဝါ။

ဧတ္ထ နိရယေ-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ် ဆီး, ဤမည်သော ငရဲကြီး၌၊ ဇာလာဟိ-တစ်ငရဲလုံး, ပြုတ်ပြုတ်ပြုန်းမျှ, တဟုန်းဟုန်းထံ, မီးတောက်မီးလျှံ တို့သည်, ပဝိသိတွာန-ဒွါရကိုးသွယ်, အပေါက်ငယ်မှ, ဘယ်ဝယ်မကြွင်း, ချဉ်နင်းဝင်ရောက်ကြကုန်လျက်၊ ဍယှမာနာ-အတင်းအကြပ်, လောင်ကျွမ်းအပ်သည့်, များလတ်ဘိတောင်း, ငရဲသားအပေါင်းတို့သည်၊ ဒယဝ ဟံ-အားငယ်ပါးငယ်, အများကယ်အောင်, သနားဖွယ်ကိုဆောင်သော၊ မဟာရဝံ-ကယ်ပါယူပါ, တစာစာနှင့်, ကြမ္မာထန်သည်း, အသံကြီးကို၊ ရဝန္တိ-သံကုန်လှစ်၍, ဟစ်အော်ကြရှာလေကုန်၏၊ သောနိရယော-သို့ကလို ကံ, မကုန်ပြန်လျှင်, ဖန်ဖန်အော်ရိုး, ထိုငရဲအိုးကို၊ ဇာလရောရုဝါ-ဇာလရောရုဝငရဲဟူ၍၊ ဝုစ္စတေ-ဗျုပ္ပတ်အ လိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။ [မဟာရဝံ ရဝန္တိ ဧတ္ထာတိ ရောရုဝေါ၊ ဧတ္ထ- ဤငရဲ၌၊ မဟာရဝံ-ကို၊ ရဝန္တိ-အော်မြည်ကြကုန်၏။]

ဓူမရောရုဝ။ ။ ဓူမေဟိ ပဝိသိတွာန, သေဒမာနာ ဒယာဝဟံ၊ မဟာရဝံ ရဝန္တေတ္ထ, ဝုစ္စတေ ဓူမရောရုဝေါ။

ဧတ္ထ နိရယေ-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ် ဆီး, ဤမည်သော ငရဲကြီး၌၊ ဓူမေဟိ-တစ်ငရဲလုံး, လွှမ်းအုပ်ဖုံးလျက်, တရုန်းရုန်းတိုး, မီးအခိုးတို့သည်၊ ပဝိ သိတွာန-ဒွါရကိုးသွယ်, အပေါက်ငယ်မှ, ဘယ်ဝယ်မကြွင်း, ချဉ်နင်းဝင်ရောက်ကြကုန်လျက်၊ သေဒမာနာ- အတင်းအကြပ်, နူးနှပ်အပ်သည့်, များလတ်ဘိတောင်း, ငရဲသားအပေါင်းတို့သည်၊ ဒယာဝဟံ-အားငယ် ပါးငယ်, အများကယ်အောင်, သနားဖွယ်ကိုဆောင်သော၊ မဟာရဝံ-ကယ်ပါယူပါ, တစာစာနှင့်, ကြမ္မာထန်သည်း, အသံကြီးကို၊ ရဝန္တိ-သံကုန်လှစ်၍, ဟစ်အော်ကြရှာလေကုန်၏၊ သော နိရယော-သို့ကလိုကံ, မကုန် ပြန်လျှင်, ဖန်ဖန်အော်ရိုး, ထိုငရဲအိုးကို၊ ဓူမရောရုဝေါ-ဓူမရောရုဝငရဲဟူ၍၊ ဝုစ္စတေ-ဗျုပ္ပတ်အလိုက်,ရုပ်ဓာတ် ကိုက်အောင်, သမ်ိုက်အပ်လေတော့သတည်း။

တာပန။ ။ ဇလိတေ အယသူလမှိ, နိစ္စလံ နိသီဒါပိတေ၊ တာပေတိ ပါပကေ ပါဏေ, တာပနောတိ ပဝုစ္စတေ။

ယော နိရယော-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင် ပိတ်ဆီး, အကြင်သို့သော ငရဲကြီးသည်၊ ဇလိတေ-ရဲရဲငြိလောင်, ပြောင်တလက်လက်, အရောင်ထွက်၍နေ သော၊ အယသူလမှိ-ထန်းလုံးပင်စည်, ပမာထင်သည့်, သံလျှင်အတိပြီး, တံကျင်ကြီး၌၊ နိစ္စလံ နိသီဒါပိတေ- မယိမ်းမယ်ိုင်, ထိုင်စေအပ်ကုန်လျက်၊ ပါပကေ ပါဏေ-အယုတ်တမာ, သတ္တဝါအများ, ငရဲသားတို့ကို၊ တာ ပေတိ, ကိုယ်လုံးရဲရဲ, မီးလျှံစွဲ၍, အမြဲပုံသေ, ပူလောင်စေ၏၊ သော နိရယော-သို့ကလိုကံ, မကုန်ပြန်လျှင်, ဖန်ဖန်လောင်ရိုး, ထိုငရဲအိုးကို၊ တာပနောတိ-တာပနငရဲဟူ၍၊ ပဝုစ္စတေ-ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက် အောင်, သမိုက်အပ်လေတော့သတည်း။ [တာပေတိ-ပူလောင်စေတတ်၏၊ ဣတိ-ထို့ကြောင့်၊ တာပနော- တာပန မည်၏။]

ပတာပန။ ။ အယသေလံ အာရောပေတွာ, ဟေဋ္ဌာသူလံ ပတာပိယ၊ ပါပကေ ယော ပတာပေတိ, ပတာပနောတိ ဝုစ္စတေ။

ယော နိရယော-ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင် ပိတ်ဆီး, အကြင်သို့သော ငရဲကြီးသည်၊ အယသေလံ-ရဲရဲငြိလောင်, အလျှံပြောင်လက်, သံတောင်ထက်သို့၊ အာရောပေတွာ-ရိုက်နှက်သောအား, တင်ထားပြီး၍၊ ဟေဋ္ဌာသူလံ-တောင်ခြေစ်ိုက်ထား, တံကျင်ဖျားသို့၊ ပတာပိယ-ကံကြမ္မာမွှေ, မုန်တိုင်းလေကြောင့်, အနေမမှန်, ဂျွမ်းပြန်ခေါက်ချိုး,

ဇောက်ထိုးကျစေလျက်၊ ပါပကေ-အယုတ်တမာ, သတ္တဝါအများ, ငရဲသားတို့ကို၊ ပတာပေတိ-တာပနထက် ,နှစ်ဆတက်အောင်, နှိပ်စက်ဆန်းပွေ, လောင်ကျွမ်းစေ၏၊ သော နိရယော-သို့ကလိုကံ, မကုန်ပြန်လျှင်, ဖန်ဖန်လောင်ရိုး, ထိုငရဲအိုးကို၊ ပတာပနောတိ-ပတာပနငရဲဟူ၍၊ ဝုစ္စတေ-ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက် အောင်, သမိုက်အပ်လေတော့သတည်း။ [အတိဝိယ-အလွန်အကဲသာလျှင်၊ တာပေတိ-ပူလောင်စေတတ်၏၊ ဣတိ-ထို့ကြောင့်၊ ပတာပနော-ပတာပန မည်၏။]

အဝီစိ။ ။ ဇာလာနံ သတ္တာနံ ယတ္ထ, နတ္ထိ ဒုက္ခဿ အန္တရံ၊ ဗာလာနံ နိဝါသော သော ဟိ, အဝီစိတိ ပဝုစ္စတေ။

ယတ္ထနိရယေ -ကံကြမ္မာရင်း, ဖန်လာညှဉ်းက, မကွင်းနိုင်အောင်, အတင်းဆောင်လျက်, သွင်းလှောင်ပိတ် ဆီး, ဤမည်သော ငရဲကြီး၌၊ ဇာလာနံ-ဝဲယာရှေ့နောက်, အထက်အောက်မှ, ထွင်းဖောက်ထွက်သွား, မီးအ လျှံများတို့၏လည်းကောင်း၊ သတ္တာနံ-ကျည်တောက်အတွင်း, နှမ်းမုန့်ညင်းသို့, ပြည့်တင်းကြပ်လှောင်း, သတ္တ ဝါအပေါင်းတို့၏လည်းကောင်း၊ ဒုက္ခဿ-ကိုယ်ရောစိတ်မှာ, မသက်သာအောင်, ဆက်ကာနှိပ်နင်း, ဆင်းရဲ ခြင်း၏လည်းကောင်း, အန္တရံ နတ္ထိ-တစ်မိနစ်မျှ, မလစ်ရ၍, ခေတ္တနားရန်, အကြားမကျန်တော့ချေ၊ ဗာလာနံ- ကမ္ဘာ့တိုက်ဖွား, ငမိုက်သားတို့၏၊ နိဝါသော-အမြဲမပြတ်, နေထိုင်ရာအရပ်ဖြစ်သော၊ သော ဟိ နိရယော- အကုသိုလ်ကံ, အရင်းခံလျက်, သယံဇာတ, ထာဝရဖြင့်, ကာလကြာပြီး, ထိုငရဲကြီးကို၊ အဝီစီတိ-အဝီစိငရဲ ဟူ၍၊ ပဝုစ္စတေ-ဗျုပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက်အပ်လေတော့သတည်း။

ဒုက္ခအကြားမရှိပုံ။ ။အဝီစိငရဲ၌ အကုသလဝိပါက်(၇)ပါးလုံးပင် ဖြစ်ကြရ၏၊ ဒုက္ခသဟဂုတ်ကာယ ဝိညာဏ်မှတစ်ပါး စက္ခုဝိညာဏ်စသော(၆)ပါးသည် ဥပေက္ခာသဟဂုတ်များ ဖြစ်၏၊ ထို့ကြောင့် စက္ခုဝိညာဏ် စသည်တို့ ဖြစ်ခိုက်မှာ ဒုက္ခမှ လွတ်လပ် သက်သာသည်ဟု ဆိုခွင့်ရှိသော်လည်း ဒုက္ခသဟဂုတ်ကာယ ဝိညာဏ် ဖြစ်ခိုက်၌ ဒုက္ခဝေဒနာက လွန်စွာပြင်းထန်သောကြောင့် ထိုဥပေက္ခာဝေဒနာများ မပြောပလောက် တော့ပြီ၊ "ဥပေက္ခာဝေဒနာ(၆)ပါးလုံးကို ဒုက္ခဝေဒနာတစ်ခုတည်းက လွှမ်းဖုံးထားလေသည်" ဟူလို၊ ဥပမာ- ပျားရည်(၆)စက်ကို လျှာပေါ်တင်ပြီးနောက် သံပူရည်တစ်စက်လောက် ချလိုက်သောအခါ သံပူရည်တစ်စက် က ပျားရည်(၆)စက် အရသာကို ဖုံးလွှမ်းလိုက်သကဲ့သို့တည်း၊ ထို့ကြောင့် အဝီစိငရဲ၌ ဆင်းရဲဒုက္ခလည်း အကြားမရှိတော့ချေ၊ [ အဖွင့်တစ်မျိုး ရှိသေး၏, ယုတ္တိရှိမည်ထင်သော အဖွင့်အတိုင်း ရေးလိုက်ပါသည်။] နတ္ထိ ဝီစိ ဧတ္ထာတိ အဝီစိ၊ ဧတ္ထ-ဤငရဲ၌၊ ဝီစိ-မီးလျှံငရဲသားနှင့် ဆင်းရဲဒုက္ခတို့၏ အကြားသည်၊ နတ္ထိ-မရှိ၊ ဣတိ-ကြောင့်၊ အဝီစိ-အဝီစိမည်၏။

ဥဿဒငရဲ။ ။ဥဿဒသဒ္ဒါသည် "အများ"ဟူသောအနက်ကို ဟော၏၊ ထိုငရဲကြီး(၈)ထပ်အပြင် ဥဿဒဟုခေါ် အပ်သော ငရဲငယ်များ ရှိသေး၏၊ မူလငရဲကြီး၏ အရပ်လေးမျက်နှာ၌ ထက်ဝန်းကျင် ရံပတ်လျက် တည်ကြ ၏၊ ထိုဥဿဒငရဲများကို ကျမ်းဂန်တို့၌ အမျိုးမျိုးပြထားသော်လည်း ဒေဝဒူတသုတ်ပါဠိတော်၌လာသော ငရဲ များကိုသာ ပြအံ့၊ ထိုပါဠိတော်၌ "တဿ ခေါ ပန ဘိက္ခဝေ မဟာနိရယဿ သမနန္တရာ သဟိတမေဝ မဟန္တော ဂူထနိရယော"ဟု အဝီစိငရဲ၏ အခြံအရံအဖြစ်ဖြင့် လာသည်၊ သို့သော် အခြား ငရဲကြီး(၇)ထပ်၌ လည်း ဥဿဒငရဲရံများ ရှိကြသည်သာ။

ဘင်ဘုတ်ငရဲ။ ။ အဝီစိမှာ ပမုတ္တာပိ, အမုတ္တာ သေသပါပိနော၊ ပစ္စန္တိ ပူတိကေ ဂူထေ, တေဿဝ သမနန္တရေ။

အဝီစိမှာ -ဒုက္ခထန်သည်း, အဝီစိငရဲကြီးမှ၊ ပမုတ္တာပိ-ကံအားလျော်စွာ, လွတ်မြောက်ရပါကုန်သော်လည်း၊ သေသပါပိနော-အကုသိုလ်ကံ, အကျန်အကြွင်း, မကင်းသေးသူတို့သည်၊ အမုတ္တာ-အပြီးအပြတ်, မလွတ် လပ်ကြကုန်ဘဲ၊ တေဿဝ-ဒုက္ခထန်သည်း, ထို အဝီစိငရဲကြီး၏ သာလျှင်၊ သမနန္တရေ-အကွက်မလပ်, ဆက် စပ်လျက်တည်သော၊ ပူတိကေ ဂူထေ-ပိုးလောက်တွေပြွမ်း,ပုပ်နံ့လွှမ်းလျက်,ဆိုးသွမ်းဘိခြင်း,ဘင်ပုပ်တွင်း၌၊ ပစ္စန္တိ-ကိုယ်လုံးငုပ်လျှိုး, ပိုးလောက်ထိုးဖို့, တစ်မျိုးဆက်ကာ, ကျက်ရရှာကုန်၏၊ [ထိုငရဲ၌ ပိုးလောက်တို့ကား ဆင်၏လည်ပင်းတမျှ ,ပိန်းကောလှေတမျှ, ကြီးမားကြသတဲ့။]

ပြာပူငရဲ။ ။ ပူတိဂူထာ ပမုတ္တာပိ, အမုတ္တာ သေသပါပိနော၊ ပစ္စန္တိ ကုက္ကုလေ ဥဏှေ, တေဿဝ သမနန္တရေ။

ပူတိဂူထာ -ပိုးလောက်တွေပြွမ်း, ပုပ်နံ့လွှမ်းလျက်, ဆိုးသွမ်းဘိခြင်း, ဘင်ပုပ်တွင်းမှ၊ ပမုတ္တာပိ-ကံအား လျော်စွာ, လွတ်မြောက်ရပါကုန်သော်လည်း၊ သေသပါပိနော-အကုသိုလ်ကံ,အကျန်အကြွင်း,မကင်းသေးသူ တို့သည်၊ အမုတ္တာ-အပြီးအပြတ်, မလွတ်လပ်ကြကုန်ဘဲ၊ တေဿဝ-ပိုးလောက်ကိုက်ခဲ, ထိုဘင်ပုပ်ငရဲ၏ သာလျှင်၊ သမနန္တရေ-သော၊ ကုက္ကုလေ ဥဏှေ-လွန်မင်းပြင်းပြ, ပူလောင်လှသည့်, အောက်ကမီးခဲ, ပြာပူထဲ ၌၊ ပစ္စန္တိ-ကျလျှင်စုပ်စုပ်, ကိုယ်လုံးမြုပ်လျက်, မလှုပ်သာ မလှက်သာ, ကျက်ရရှာလေကုန်၏။[ပြာပူအတွင်း၌ ပြာသာဒ် အထွတ်လောက်ကြီးသော မီးကျီးခဲတွေ ပြည့်နေသတဲ့။]

လက်ပံတော။ ။ ကုက္ကုလုဏှာ ပမုတ္တာပိ, အမုတ္တာ သေသပါပိနော၊ ပစ္စန္တိ သိမ္ဗလီဒါယေ, တေဿဝ သမနန္တရေ။

ကုက္ကုလုဏှာ -လွန်မင်းပြင်းပြ, ပူလောင်လှသည့်, အောက်ကမီးခဲ, ပြာပူငရဲမှ၊ ပမုတ္တာပိ-ကံအားလျော်စွာ, လွတ်မြောက်ရပါကုန်သော်လည်း၊ သေသပါပိနော-

အကုသိုလ်ကံ, အကျန်အကြွင်း, မကင်းသေးသူတို့သည်၊ အမုတ္တာ-အပြီးအပြတ်, မလွတ်လပ်ကြကုန်ဘဲ၊ တေဿဝ-ပူလောင်ထန်သဲ, ထိုပြာပူငရဲ၏ သာလျှင်၊ သမနန္တရေ-အကွက်မလပ်, ဆက်စပ်လျက်တည်သော၊ သိမ္ဗလီဒါယေ-ယူဇနာမြင့်မောက်, မီးလျှံတောက်သည့်, ထက်အောက်မကျန်, ပင်လက်ပံပေါ, ငရဲတော၌၊ ပစ္စန္တိ-အမြဲနှိပ်စက်, သတ်ပုတ်ချက်ကြောင့်, တက်ကာသက်ကာ, ကျက်ရရှာလေကုန်၏။ [လက်ပံဆူးတို့ကား (၁၆)လက်မခန့်ရှည်၍ အထက်တက်လျှင် အောက်သို့အဖျားလှည့်, အောက်ဆင်းပြန်လျှင် အထက်သို့ အဖျားလှည့်နေကြသတဲ့။]

သန်လျက်ရွက်တော။ ။သိမ္ဗလိမှာ ပမုတာပိ, အမုတ္တာ သေသပါပိနော၊ ပပစ္စန္တိ အသိပတ္တေ, တေဿဝ သမနန္တရေ။

သိမ္ဗလိမှာ -ပင်လက်ပံပေါ, ငရဲတောမှ၊ ပမုတ္တာပိ-ကံအားလျော်စွာ, လွတ်မြောက်ရပါကုန်သော်လည်း၊ သေသပါပိနော-အကုသိုလ်ကံ, အကျန်အကြွင်း, မကင်းသေးသူတို့သည်၊ အမုတ္တာ-အပြီးအပြတ်,မလွတ်ကြ ကုန်ဘဲ၊ တေဿဝ-ပင်လက်ပံပေါ, ထိုငရဲတော၏သာလျှင်၊ သမနန္တရေ-အကွက်မလပ်,ဆက်စပ်လျက်တည် သော၊ အသိပတ္တေ-ဓားသန်လျက်, ပမာထက်သည့်, အရွက်တွေပေါ, တော၏သဖွယ်, ငရဲငယ်၌၊ ပပစ္စန္တိ- လွန်မင်းပြင်းထန်, အရှခံ၍, နိယာမ်မသွေ, ကျက်ကြရရှာလေကုန်၏။

ကြိမ်မြစ်ငရဲ။ ။အသိပတ္တာ ပမုတ္တာပိ, အမုတ္တာ သေသပါပိနော၊ ပပစ္စန္တိ ခါရောဒကေ, တေဿဝ သမနန္တရေ။

အသိပတ္တာ -သံလျက်ရွက်ပေါ, ငရဲတောမှ၊ ပမုတ္တာပိ-ကံအားလျော်စွာ, လွတ်မြောက်ရပါကုန်သော်လည်း၊ သေသပါပိနော-အကုသိုလ်ကံ, အကျန်အကြွင်း, မကင်းသေးသူတို့သည်၊ အမုတ္တာ-အပြီးအပြတ်, မလွတ် လပ်ကြကုန်ဘဲ၊ တေဿဝ-သံလျက်ရွက်ပေါ, ထိုငရဲတော၏သာလျှင်၊ သမနန္တရေ-အကွက်မလပ်, ဆက်စပ် လျက်တည်သော၊ ခါရောဒကေ-ကြိမ်ဆူးတွေရံ, စပ်ခါးငန်သည့်, သံရည်ပူလှောင်း, မြစ်ငယ်ချောင်း၌၊ပပစ္စန္တိ- မျောလျက်စုန်ဆန်, စူးရှခံ၍, နိယာမ်မသွေ, ကျက်ကြရလေကုန်၏။ [ဤကြိမ်မြစ်ငရဲမှ လွတ်ရသော်လည်း အကုသိုလ်ကံ မကုန်သေးသူများကို ငရဲထိန်းတို့က အဝီစိရောက်အောင် လွှင့်ပစ်လိုက်ပြန်သတဲ့။ ]

ငရဲဒုက္ခကို အကုန်မပြနိုင်။ ။ယခုပြခဲ့သော ငရဲများအပြင် ဥဿဒခေါ် ငရဲငယ်တွေ အများအပြားပင် ရှိသေး၏၊ ရာဇဂြိုဟ်ပြည်၏ ထက်ဝန်းကျင်မှာပင် ငရဲအမျိုးမျိုးရှိသည်ဟု ဆို၏၊ ဒု-သ-န-သောဟု ဟစ်အော် ကြသော သူဌေးသားလေးယာက်တို့ ကျက်ရာ လောဟကုမ္ဘီဆိုတဲ့ သံရည်အိုးငရဲကား ရာဇဂြိုဟ်မြို့အနီး အောက်မှာပင် ရှိ၏၊ ရာဇဂြိုဟ်ပြည်၏အနီးက "တပေါဒါမြစ်" ဟုခေါ်သော

ရေပူမြစ်သည် လောဟကုမ္ဘီငရဲနှစ်ခု စပ်ကြားမှ စီးလာသော မြစ်ပင်တည်း၊ ထို့ကြောင့် ငရဲငယ်တွေ လူ့ပြည် အနီးအပါးမှာပင် များစွာရှိလေသည်၊ ငရဲ၌ခံရသော ဒုက္ခအမျိုးမျိုးကား "ယာဝဉ္စိဒံ ဘိက္ခဝေ န သုကရာ အက္ခာနေန ပါပုဏိတုံ, ယာဝ ဒုက္ခာ နိရယာ"နှင့်အညီ နှစ်လရှည်စွာ ဘုရားရှင်ဟောပြတော်မူပါသော်လည်း ကုန်နိုင်ဖွယ် မရှိဘူးတဲ့။ [ဘိက္ခဝေ-ဘိက္ခုတို့၊ ယာဝဉ္စိဒံ-ငရဲ၌ ဆင်းရဲသလောက်၊ အက္ခာနေန-ဟောပြတော်မူ သဖြင့်၊ ပါပုဏိတုံ-အပြီးရောက်ခြင်းငှါ၊ န သုကရာ-မလွယ်ကုန်၊ နိရယာ-ငရဲတို့သည်၊ ယာဝ-အလွန်အကဲသာ လျှင်၊ ဒုက္ခာ-ဆင်းရဲစေတတ် ဆင်းရဲရာအရပ်တို့တည်း။]

တိုက်တွန်းချက်။ ။ဤငရဲဒုက္ခကို အဖန်ဖန် စဉ်းစားမိသူသည် ပြုမိသော အကုသိုလ်များအတွက် နောင်တတစ်ဖန်မပူပန်တော့ဘဲ အသစ်မဖြစ်ရအောင် သတိထားလျက် ကုသိုလ်တရားကို ပွားများအားထုတ် သင့်ပေပြီ၊ ရှေးတုန်းက ဒေဝဒူတသုတ္တန်ကို သင်ယူသောရဟန်းတော်ကလေးတစ်ပါးသည် ကြိမ်မြစ်ငရဲမှ တစ်ဖန် အဝီစိသို့ ပြန်ရောက်ရတဲ့အခန်းကို ရောက်သောအခါ"အရှင်ဘုရား...တပည့်တော်ကို စာမချသေးဘဲ ကမ္မဋ္ဌာန်းသာ ပေးတော်မူပါဘုရား"ဟု ဆရာ့ထံ ကမ္မဋ္ဌာန်းတောင်း၍ တရားကို အားထုတ်လေရာ မကြာမီ သောတာပန်ဖြစ်ပြီးနောက်မှ ကျမ်းစာကို ထပ်၍သင်ယူသတဲ့၊ ဤဒေဝဒူတသုတ်အဆုံး၌ တရားကိုအားထုတ် ၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်မြတ်တို့မှာ မရေတွက်နိုင်လောက်အောင် ရှိခဲ့ဖူးလေပြီ၊ ဘုရားရှင် အဆူဆူလည်း ဤဒေဝဒူတသုတ္တန်ကို ဟောတော်မူမြဲပင် ဖြစ်ပါသတဲ့။

တိရစ္ဆာနယောနိ။ ။တိရော အဉ္စန္တီတိ တိရစ္ဆာနာ, တိရစ္ဆာနာနံ ယောနိ တိရစ္ဆာနယောနိ၊ တိရော-ဖီလာ၊ ဝါ-အလျားလိုက်၊ အဉ္စန္တိ-သွားတတ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ တိရစ္ဆာနာ-တိရစ္ဆာန်တို့မည်၏၊ တိရစ္ဆာနာနံ- တိရစ္ဆာန်တို့၏၊ ယောနိ-အမျိုးဇာတ်သည်၊ တိရစ္ဆာနယောနိ-တိရစ္ဆာနယောနိမည်၏၊ လူ နတ်တို့ကဲ့သို့ မတ်မတ်မသွားဘဲ အလျားလိုက် သွားတတ်သော သတ္တဝါများကို"တိရစ္ဆာန်"ဟုခေါ်သည်။[တရော သဒ္ဒူပပဒ အဉ္စဓာတ် ယုပစ္စည်းကို အနပြု ,တစ်နည်း-အာနပစ္စည်းကြံ၍ နိရုတ္တိနည်းအားဖြင့် တိရစ္ဆာနဟု ပုဒ်ပြီးရသည်၊] ယောနိသဒ္ဒါသည် ခန္ဓာအစုဟူသောအနက်ကို ဟော၏၊ ထိုခန္ဓာအစုဟူသည် တိရစ္ဆာန်တို့၏ အမျိုးဇာတ် တည်း၊ ထို့ကြောင့် တိရစ္ဆာနယောနိအရ တိရစ္ဆာန်အမျိုးဇာတ်ကို ရ၏၊ ဘုံသီးခြားမရှိ၊ တိရစ္ဆာန်အများစုဝေး နေထိုင်ရာအရပ်ကိုပင် တိရစ္ဆာန်ဘုံဟု ခေါ်စမှတ်ပြုရတော့သည်၊ ထိုတိရစ္ဆာန်များကား ကုန်း၌နေသော သားကောင်အမျိုးမျိုး ငှက်အမျိုးမျိုး မြွေစသော သတ္တဝါများနှင့် ရေ၌နေသော ငါး လိပ်စသော သတ္တဝါများ တည်း။

ပေတ္တိဝိသယ။ ။ပေတာ၌ ပပုဗ္ဗဣဓာတ် တပစ္စည်းတည်း၊ ပသဒ္ဒါသည် "အဝေး"ဟူသော အနက်ကို ဟော၏၊ သုခသမုဿယတော ပကဋ္ဌံ ဧန္တီတိ ပေတာ, ပေတာနံ သမူဟော ပေတ္တိ, ပေတ္တိယာ ဝိသယော ပေတ္တိဝိသယော၊ သုခသမုဿယတော-သုခအပေါင်းမှ၊ ပကဋ္ဌံ-ဝေးသောအရပ်သို့၊ ဧန္တိ-ရောက်ရကုန်၏၊ ဣတိ-ကြောင့်၊ ပေတာ-ပေတတို့မည်၏၊ [ပေတသဒ္ဒါသည် တမလွန်ဘဝသို့ သွားသူ(သေသူ)ဟူသမျှကို ဟောသော်လည်း ဤနေရာ၌ ချမ်းသာမှဝေးသော ပြိတ္တာကို ဟောသည်၊] ပေတာနံ-ပြိတ္တာတို့၏၊ သမူဟော- အပေါင်းသည်၊ ပေတ္တိ-ပေတ္တိမည်၏၊ ပေတ္တိယာ-ပြိတ္တာအပေါင်း၏၊ ဝိသယော-နေရာအရပ်သည်၊ ပေတ္တိဝိသ ယော-ပေတ္တိဝိသယမည်၏၊ ဘုံသီးခြားမရှိ၊ ပြိတ္တာတို့နေရာဖြစ်သော တော, တောင်,မြစ်, ချောင်း, သုသာန် စသော အရပ်များကိုပင် "ပြိတ္တာဘုံ"ဟု ခေါ်ရသည်၊ ဤပြိတ္တာများကား တစ္ဆေ, မှင်စာ, သူရဲ, ဘီလူးမှစ၍ အမျိုးမျိုးရှိ၏၊ နှစ်ပေါင်းများစွာ မစားရ မသောက်ရ, အချို့မှာ လူများ၏ ထမင်းလုံး, ဟင်းပေါက်, သလိပ်, ချွဲ, တံတွေး, မစင် စသည်တို့ကိုသာ စားသောက်ရသည်၊ လက္ခဏသံယုတ်ပါဠိတော်၌ ပြအပ်သော ဂိဇ္ဈကုဋ် တောင်က ပြိတ္တာတို့ကား မစားမသောက်ရရုံမျှမက ငရဲသားများကဲ့သို့ပင် လွန်စွာ ဆင်းရဲကြလေသည်။

အသုရကာယ်

အသုရကာယ။ ။န, သုရန္တိ န ဒိဗ္ဗန္တီတိ အသုရာ, အသုရာနံ ကာယော အသုရကာယော၊ န သုရန္တိ (န ဒိဗ္ဗန္တိ)အစိုးရမှု မြူးထူးပျော်ပါးမှုစသည်တို့ဖြင့် နတ်များကဲ့သို့ မတောက်ပနိုင်ကုန်၊ ဣတိ-ကြောင့်၊ အသု ရာ-အသုရတို့ မည်၏၊ အသုရာနံ-အသုရာ၏၊ ကာယော-အပေါင်းသည်၊ အသုရကာယော-အသုရကာယ် မည်၏၊ အသုရကာယ်ဘုံဟု သီးခြားမရှိ၊ အသုရာအပေါင်း၏ နေရာအရပ်ကိုပင် "အသုရကာယ်ဘုံ"ဟု ခေါ်ဝေါ်အပ်သည်၊ ဤအသုရာဟူသည် ပြိတ္တာမျိုးပင် ဖြစ်၏၊ ထို့ကြောင့် အချို့ပါဠိတော်၌ အပါယ်လေးဘုံ မပြဘဲ သုံးဘုံသာ ပြထားသောအရာလည်း ရှိ၏၊ ဤပြိတ္တာအသုရာတို့ကို "ကာလကဉ္စိကအသုရာ"ဟု ခန္ဓ ဝိဘင်္ဂဋ္ဌကထာ၌ ဆို၏၊ ထိုအသုရာတို့သည် သမုဒ္ဒရာဂင်္ဂါမြစ်ကမ်း စသည်၌ နေတတ်ကြ၏၊ အင်မတန် မွတ်သိပ်ဆာလောက်ကြသည်၊ တချို့အသုရာတို့မှာ ဘုရားနှစ်ဆူ သုံးဆူ ပွင့်သော်လည်း တစ်ကြိမ်မျှ မစား မသောက်ကြရလေကုန်။

ကာလကဉ္စိကအသုရာတစ်ယောက်သည် ရေငတ်သဖြင့် ဂင်္ဂါမြစ်သို့သက်ဆင်းလေရာ ရောက်တိုင်း ရောက်တိုင်းသော နေရာမှာ ရေခြောက်ခန်း၍ မီးခိုးတွေသာ ထနေလေသတဲ့၊ တစ်ညဉ့်လုံး ဂင်္ဂါမြစ်တွင်း၌ ပြေးလွှားရင်း နံနက်လင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းတော်သုံးကျိပ်တို့ တွေ့မြင်ကြသဖြင့် အကျိုး အကြောင်းကို မေးကြ၍ ရေ မရကြောင်းကို သိရသောအခါ

သဲသောင်ပြင်မှာ ပက်လက်အိပ်စေပြီးလျှင် ရဟန်းတော်သုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ အထပ်ထပ် လောင်းထည့်ကြသော်လည်း ရေတစ်စက်မျှ လည်ချောင်းအတွင်းဘက်သို့ မဆင်းသက်ဘဲ ရှိရလေသတဲ့။ (ခန္ဓဝိဘင်္ဂဋ္ဌကထာ)။

အသုရာအမျိုးမျိုး။ ။ဤပြိတ္တာအသုရာအပြင် အသုရာအမည်ရသော အခြားအမျိုးအစားလည်း ရှိသေး၏။

၁။ မြင်းမိုရ်တောင်အောက်၌နေသော နတ်များကို "အသုရာ"ဟု ခေါ်၏၊ ဤ၌ အသဒ္ဒါသည် ဆန့်ကျင်ဘက် (ပဋိပက္ခ)အနက်ကို ဟော၏၊ "တာဝတိံသာနတ်တို့၏ ဆန့်ကျင်ဘက်နတ်များ" ဟူလို၊ ဤအသုရာတို့သည် တာဝတိံသာ၌ စာရင်းဝင်၏။ [တာဝတိံသေသု ဒေဝေသု, ဝေပစိတ္တာသုရာဂတာ-ဝေပစိတ္တိ အသုရာတို့သည် တာဝတိံသာနတ်တို့၌ ပါဝင်ကုန်၏။-နာမရူပပရိစ္ဆေဒ။]

၂။ "ဝိနိပါတိကာသုရာနံ"ဟု လာလတ္တံ့အတိုင်း ဘုမ္မစိုးနတ်ကြီးများကို မှီခိုကပ်ရပ်လျက် ဣဒ္ဓိပါဒ်နုံ့နဲ့လှသော နတ်ကလေးများကိုလည်း "အသုရာ"ဟု ခေါ်၏၊ ဤ၌ အသဒ္ဒါသည် ခုဒ္ဒက(အငယ်)အနက်ကိုဟော၏၊ သုရာ သဒ္ဒါကား နတ်ဟူသော အနက်ကို ဟောသည်၊ "နတ်ငယ်ကလေးများ" ဟူလို။

၃။ တစ်ခါတစ်ခါ နတ်ကဲ့သို့ စည်းစိမ်ခံစား၍ တစ်ခါတစ်ခါ ပြိတ္တာကဲ့သို့ ဒုက္ခခံရသော ဝေမာနိကပြိတ္တာများ ကိုလည်း "အသုရာ"ဟု ခေါ်ဝေါ်သေး၏၊ ဤ၌ အသဒ္ဒါသည် အတူဟူသော အနက်ကို ဟော၏၊ စည်းစိမ်ခံ စားခိုက် "နတ်နှင့်တူသည်"ဟု ဆိုလိုသည်။ [ဝိ-အထူးသဖြင့်+မာန-မြတ်နိုးဖွယ်ကောင်းသော ဘုံကို "ဝိမာန- ဗိမာန်"ဟု ခေါ်၏။]

၄။ စကြဝဠာကမ္ဘာကြီး သုံးခုစပ်မိလျှင် လင်ပန်းသုံးချပ်စပ်ကဲ့သို့ အကြားအရပ်ဖြစ်၏၊ ထိုအကြားကို "လောကန္တရိက်ငရဲ"ဟု ခေါ်၏၊ နေရောင်လရောင်စသော အရောင်အလင်း မရဘဲ အမြဲမှောင်နေသည်၊ ထို သတ္တဝါတို့သည် စကြဝဠာ တံတိုင်းကို (လင်းနို့များလို) လက်သည်းဖြင့် ကုတ်ကပ်၍ နေကြရ၏၊ အစားအ သောက်မရ, ဆာလောင်လှသဖြင့် တစ်ကောင်နှင့်တစ်ကောင် နီးကပ်စွာ တွေ့ကြသောအခါ လှမ်း၍ အဟပ် လိုက်တွင် မြေကိုခံသော အလွန်အေးစက်သောရေထဲသို့ ကျသဖြင့် ကြေမွကြရကုန်သတဲ့၊ ထိုလောကန္တရိက် ငရဲသားများကိုလည်း ဗုဒ္ဓဝင် အဋ္ဌကထာ၌ "အသုရာ"ဟု သုံးနှုန်းထားသည်၊ ဤအသုရကာယပုဒ်အရ၌ကား ပြခဲ့သော အသုရာ လေးမျိုးနှင့် မဆိုင်, ကာလကဉ္စိကအသုရာ ပြိတ္တာကြီးတို့ကိုသာ ဆိုလိုရင်းဟု မှတ်ပါ။"

ကာမသုဂတိဘူမိ

မနုဿ စာတုမဟာရာဇိကာတာဝတိံသာယာမာတုသိတာနိမ္မာနရတိ ပရနိမ္မိတဝသဝတ္တိ စေတိ ကာမသုဂတိဘူမိ သတ္တဝိဓာ ဟောတိ။

ကာမသုဂတိခေါ်ပုံ။ ။ဂန္တဗ္ဗာတိ ဂတိ,သုန္ဒရာ+ ဂတိ သုဂတိ၊ ရောက်ထိုက်သော ဘုံဘဝကို "ဂတိ" ဟု ခေါ်၏၊ ထိုက်သည့်အားလျော်စွာ စည်းစိမ်ခံစားရသော ဘုံဘဝသည် "သုဂတိ=ကောင်းသောဘဝ" မည်၏၊ ထိုတွင် ရူပ အရူပဘုံများလည်း သုဂတိဘဝပင်ဖြစ်သောကြောင့် ဤနေရာ၌ ကာမတဏှာ၏ ကျက်စားရာ (အာရုံပြုရာ) နယ်ပယ်ကိုသာ ယူစေလို၍ ကာမသဒ္ဒါဖြင့် အထူးပြုလျက် "ကာမသုဂတိ " ဟု မိန့်သည်၊ ကာမသဟစရိတာ-ကာမတဏှာနှင့်တကွဖြစ်သော၊ သုဂတိ-သုဂတိတည်း ၊ ကာမသုဂတိ-ကာမတဏှာနှင့် တကွဖြစ်သော သုဂတိ ၊ ဤကာမသုဂတိဘုံကား လူ့ဘုံ စတုမဟာရာဇ်ဘုံစသောအားဖြင့်(၇)ပါး ပြားသည်။

မနုဿာ။ ။မနော+ဥဿန္နံ ယေသံတိ မနုဿာ ၊ ယေသံ-အကြင်လူတို့၏၊ ဥဿန္နံ-ထက်မြက်သော၊ မနော-စိတ်သည်၊ အတ္ထိ-ရှိ၏ ၊ ဣတိ-ကြောင့်၊ မနုဿာ-မနုဿတို့မည်၏ ၊ [မနုဿန္နဟု ဆိုလိုလျက် န္နကို ချေ၍ "မနုဿ" ဟု ဖြစ်သည်။] မကောင်းမှုလုပ်ငန်း၌ အာနန္တရိယကံ (မိဘ သတ်မှု စသည်) တိုင်အောင်ပင် ပြုနိုင်ကြ၍ , ကောင်းမှုအရာဝယ် ဘုရားဖြစ်သည့်တိုင်အောင်ပင် စွမ်းနိုင်ကြသဖြင့် ထက်မြက်သောစိတ် ရှိရကား ဇမ္ဗူဒိတ်ကျွန်းသားများကို မုချ "မနုဿ"ဟု ခေါ်၏၊ အခြားကျွန်း အခြားစကြဝဠာ၌ ရှိသူတို့ကား ရုပ်အဆင်းပုံသဏ္ဌာန် တူမျှသဖြင့် သဒိသူပစာနည်းအရ "မနုဿ"ဟု ခေါ်ရသတဲ့။

တစ်နည်း -ကမ္ဘာဦးက မဟာသမ္မတမင်းသည် "မနု" မည်၏၊ ထိုမနုမင်း၏ အဆုံးအမ၌ တည်ကြရသဖြင့် မနုမင်း၏ သားသမီးသဖွယ် ဖြစ်ရကား " မနုနော အပစ္စံ " ဟူသော ဝိဂြိုဟ်အရ " မနုဿ " ဟု အမည်ရ၏၊ [မနုနော-မနုမင်း၏ ၊ အပစ္စံ-သားသမီးအစဉ်အဆက်တည်း ၊] ဤနေရာ၌ကား မနုဿဘူမိကိုရအောင်" မနုဿာနံ-လူတို့၏ ၊ နိဝါသာ-နေရာဘုံတည်း ၊ မနုဿာ-လူတို့၏ နေရာဘုံ"ဟု ဣတ္ထိလိန် ဧကဝုစ် ဖြစ်ရသည်၊ ဤလူ့ဘုံမှာ မျက်မြင်အားဖြင့် ထင်ရှားပြီ။

စာတုမဟာရာဇိကာ။ ။စတ္တာရော မဟာရာဇာနော စတုမဟာရာဇံ ၊ စတုမဟာရာဇေ + ဘတ္တိ +ဧတေ သံတိ + စာတုမဟာရာဇိကာ ၊ ဓတရဋ္ဌ ဝိရူဠက ဝိရူပက္ခ ကုဝေရ(ဝေဿဝဏ္ဏလည်း ခေါ်သည်) ဤနတ်မင်း ကြီးလေးယောက်ကို စတုမဟာရာဇဟု ခေါ်၏၊ ထိုနတ်မင်းကြီးများ၌ ဆည်းကပ် ခစားရသော လက်အောက် ခံနတ်များကို "စာတုမဟာရာဇိက"ဟု ခေါ်၏၊ ထိုနတ်တို့၏ နေရာဘုံကိုလည်း "စာတုမဟာရာဇိကာနံ နိဝါသာ" ဟူသော နိဝါသတဒ္ဓိတ်အရ "စာတုမဟာရာဇိကာဘုံ" ဟု ခေါ်ဝေါ်ရသည်၊ ဤ စာတုမဟာရာဇ်ဘုံသည်

မြင်းမိုရ်တောင်၏ အလယ်လောက်မှစ၍ အောက်တစ်လျှောက်၌ တည်၏၊ ထို စာတုမဟာရာဇ်ဘုံ၌ ပါဝင်ကြ သော နတ်မျိုးတို့ကား အလွန်များပြားလေသည်၊ [မြင်းမိုရ်တောင်ခြေ သမုဒ္ဒရာအတွင်း၌ နဂါး,ဂဠုန်များသည် နတ်တို့၏ တန်ခိုးဣဒ္ဓိကို ရသော်လည်း တိရစ္ဆာန်ဘုံသားတို့သာတည်း။]

ဘုမ္မဒေဝ စသည်။ ။ဤလူ့ပြည်ဝယ် မြေကြီး၌မှီနေသော(မြေကြီးနှင့် ဆက်သွယ်လျက် တော တောင် သစ်ပင်တို့၌နေသော) နတ်အားလုံးကို "ဘုမ္မဒေဝ"ဟု ခေါ်၏၊ [မဂ ္ဃဒေဝကို "မဂ ္ဃဇိုဝ်း"ဟု မြန်မာပြန်သကဲ့ သို့ ဘုမ္မဒေဝကိုလည်း "ဘုမ္မဇိုဝ်း"ဟု ခေါ်ကြ၏။] တောစောင့်နတ် တောင်စောင့်နတ် သစ်ပင်၌နေသော ရုက္ခဒေဝ (ရုက္ခဇိုဝ်း)ဟု ခေါ်အပ်သော နတ်များသည် ဘုမ္မဒေဝချည်းတည်း၊ ခန္ဓာကိုယ်၌ စောင့်ရှောက်သော ကိုယ်စောင့်နတ်လည်း ရှိ၏၊ ထို့ပြင် "နတ်ဘီလူး, ကုမ္ဘဏ်, ရက္ခိုသ်, ဂန္ဓဗ္ဗ"ဟု ခေါ်အပ်သောနတ်များလည်း ရှိ၏၊ သစ်ပင်အတွင်း၌ သစ်ချောက်ကောင်ဟု ခေါ်အပ်သောနတ်များသည် ဂန္ဓဗ္ဗနတ်မျိုးပင်ဖြစ်၏၊ များသော အားဖြင့် မိန်းမတို့၏ ကိုယ်၌ ပူးဝင်ခိုကပ်လျက် ထိုမိန်းမတို့ ခိုင်းစေရာကို ပြုတတ်သော ဂန္ဓဗ္ဗနတ်မတို့သည် ရှိ၏ ၊ ထိုဂန္ဓဗ္ဗနတ်မတို့ကို ဝေဒကျမ်းက " ယေဂိနီ" ဟူ၍လည်းကောင်း, ယခုကာလ၌ ယ ကို ဇသံဖြင့်ဖတ်၍ "ဇောဂိနီ" ဟုလည်းကောင်း ခေါ်၏၊ မြန်မာတို့က "ဇောဂနီ"ဟု ခေါ်၏၊ လရောင်လင်းရာ လပြည့်နေ့အခါ စသည်တို့၌ ထိုထိုဤဤ လှည့်လည်ရာတွင် အရောင်အဝါရှိသောကြောင့် ပါဠိလို ဇုဏှာ, မြန်မာလို "ဇုဏ်း= စုန်း" ဟုလည်း ခေါ်သတတ်။

ရက္ခသ။ ။ဥစ္စာရေကန်စသည်ကို စောင့်ရှောက်လျက် လာရောက်သူတို့ကိုလည်း ဖမ်းစားတတ်သော နတ်မျိုးကို ရက္ခသ(ရက္ခိုသ်) ဟုခေါ်၏၊ "ရက္ခိတွာ အသတိ ဘက္ခတီတိ ရက္ခသော" ဟု ဝိဂြိုဟ်ပြု ၊ ရက္ခိတွာ- စောင့်ရှောက်၍ ၊ အသတိ ဘက္ခတိ-ဖမ်းစားတတ်၏၊ ဣတိ-ထို့ကြောင့်၊ ရက္ခသော-ရက္ခသမည်၏၊ ထို ရက္ခိုသ်တို့သည် ကုမ္ဘဏ်မျိုး၌ပါဝင်၏၊ ဤကုမ္ဘဏ်, ရက္ခိုသ်, ဘီလူးစသည်တို့ပင် ပျော်ရွှင်လိုခြင်း, သက် သက်နှိပ်စက်လိုခြင်း, စားသောက်လိုခြင်းကြောင့် ငရဲထိန်းဟန် ခွေးကြီးသဏ္ဌာန် ဖန်ဆင်းလျက် ငရဲဘုံတို့၌ ကျက်စားကြလေသည်၊ ဥစ္စာစောင့်များလည်း ဤရက္ခိုသ်တွင် ပါဝင်ဟန်တူသည်၊ မြေကြီးအတွင်း၌နေသော မြေစောင့်နတ်များလည်း ရှိ၏၊ တစ်ခါတစ်ခါ သူတို့ ကစားမြူးတူးခြင်း, ကောင်းချီးပေးခြင်း စသည်ကြောင့် မြေလှုပ်တတ်၏၊ (အခြားအကြောင့်ကြောင့်လည်း လှုပ်၏၊) ဤမြေစောင့်နတ်ကား နဂါးမျိုး၌ ပါဝင်၏၊ ဝိနိပါ တိကအသုရာ ဝေမာနကပြိတ္တာတို့နှင့်တကွ ဤပြအပ်ခဲ့သော နတ်အားလုံးသည် စာတုမဟာရာဇ်နတ်မင်း ကြီး၏ လက်အောက်ခံဖြစ်၍ စာတုမဟာရာဇ်ဘုံတွင် စာရင်းဝင်သော နတ်များတည်း။ [ပရမတ္ထဒီပနီကို မှီးရေးသည်။]

တာဝတိံသာ။ ။တေတ္တိံသ+ ဧတ္ထာတိ တေတ္တိံသာ၊ ဧတ္ထ-ဤနတ်ပြည်၌၊ တေတ္တိံသ-သုံကျိပ်သုံးယောက် သော၊ ဇနာ-လူတို့သည်၊ နိဗ္ဗတ္တာ-ဖြစ်ကြကုန်၏၊ ဣတိ-ကြောင့်၊ တေတ္တိံသာ-တေတ္တိံသာမည်၏၊ မဃ လုလင်နှင့် ကောင်းမှုပြုဘက် သုံးကျိပ်သုံးယောက်သော အမျိုးသားတို့ ဖြစ်ရာဖြစ်၍ "တေတ္တိံသာ"ဟု ဆိုလို လျက်(တေကို တ ဝပြု, တတစ်လုံး ချေ၍) တာဝတိံသာဟု ပုဒ်ပြီးရသတဲ့၊ သို့သော် မဃလုလင်တို့ မရောက် ခင်ကပင် တာဝတိံသာဟူသော နာမည်ရှိပုံရသည့်ပြင်, အခြားစကြဝဠာတို့၌လည်း စာတုမဟာရာဇ် တာဝတိံ သာစသောနာမည်များ ရှိကြသောကြောင့် "တာဝတိံသာ" ဟူသော နာမည်သည် ဒုတိယနတ်ပြည်အတွက် ရှေးရှေးကပင် တွင်လာသော အတွင်ရုဠှီနာမည်သာဖြစ်သည်ဟုလည်း ကြံသင့်သည်၊ ဤတာဝတိံသာနတ် ပြည်သည် မြင်းမိုရ်တောင်ထိပ်၌ တည်သောကြောင့် (မြင်းမိုရ်တောင် တစ်ဝက်မှအထက် ယူဇနာလေး သောင်းနှစ်ထောင် မြင့်ရကား) "စာတုမဟာရာဇ်နတ်ပြည်နှင့် ယူဇနာ လေးသောင်းနှစ်ထောင် ကွာလှမ်းသည်" ဟု ဆိုကြသည်။

ဘူမဋ္ဌကစသည်။ ။ဤစာတုမဟာရာဇ် တာဝတိံသာနတ်ဘုံတို့သည် မြင်းမိုရ်တောင်မြေနှင့် ဆက်သွယ်၍ တည်ကြသော ဘူမဋ္ဌကဗိမာန်များတည်း၊ ထို ဘူမဋ္ဌကဗိမာန်၏ ထက်ဝန်းကျင်၌ကား စကြဝဠာတံတိုင်း ရောက်အောင် ပျံ့နှံ့လျက်ရှိသောကြောင့် မြေနှင့်မစပ်သော အာကာသဋ္ဌ (ကောင်းကင်၌တည်သော) ဗိမာန် များလည်း ရှိကြ၏၊ ယာမာစသော အထက်နတ်ပြည်များ၌ကား ဘူမဋ္ဌကဗိမာန် မရှိ, အာကာသဋ္ဌချည်းသာ တည်း၊ ဘူမဋ္ဌကကို "ဘုမ္မဇိုဝ်း" ဟုလည်းကောင်း၊ အာကာသဋ္ဌကို "အာကာသဇိုဝ်း" ဟုလည်းကောင်း, သစ်ပင်ဝယ်တည်သောဘုံ၌ နေသူတို့ကို "ရုက္ခဋ္ဌက = ရုက္ခဇိုဝ်း" ဟုလည်းကောင်း ခေါ်သည်၊ အားလုံးနတ် ပြည်များသည် စကြဝဠာတံတိုင်းရောက်အောင် ပျံ့ကျယ်ကြသည်ချည်းတည်း၊ စာတုမဟာရာဇ်နှင့် တာဝတိံ သာ ကွာလှမ်းပုံကို နှိုင်းစာ၍ အထက်နတ်ပြည်များလည်း တစ်ထပ်နှင့် တစ်ထပ် ယူဇနာ လေးသောင်းနှစ် ထောင်စီ ကွာဝေးရန်ရှိသည်ဟု ခန့်မှန်းကြသည်။

ယာမာ။ ။ဒုက္ခတော ယတာ အပယာတာတိ ယာမာ၊ ယာဓာတ် မပစ္စည်း၊ ဒုက္ခတော-ဆင်းရဲမှ၊ ယာတာ အပယာတာ-ကင်းသောနတ်တို့တည်း၊ ဣတိ-ကြောင့်၊ ယာမာ-ယာမာတို့မည်၏၊ "ဒိဗ္ဗသုခံ ယာတာ ပယာ တာ သမ္ပတ္တာတိ ယာမာ" ဟုလည်း တစ်နည်းပြု၏၊ "နတ်ချမ်းသာသို့ ကောင်းစွာရောက်သောနတ်များ" ဟူလို၊ ထိုယာမာနတ်တို့၏ နေရာဘုံလည်း "ယာမာနံ နိဝါသာ"ဟူသော ဝိဂြိုဟ်အရ "ယာမာ" ဟု ဣတ္ထိလိန် အာပစ္စည်းဖြင့် အမည်ရသည်၊ ဘူမိဟူသော အဘိဓေယျပုဒ်၏ လိန်သို့ လိုက်၍ ဘုံဟောမှန်သမျှ ဣတ္ထိလိန် ချည်းတည်း၊

တာဝတိံသာ၌ သိကြားမင်းရှိသကဲ့သို့ ယာမာစသော ဘုံတို့၌လည်း သိကြားရာထူးရှိသော သုယာမနတ်မင်း, တုသိတာဘုံစသည်၌ သန္တုဿိတ စသော နတ်မင်းများ ရှိကြသည်။

တုသိတာ။ ။တုတံ ဣတာတိ တုသိတာ၊ တုသံ-နှစ်သက်ရွှင်လန်းခြင်းသို့၊ ဣတာ-ရောက်သောနတ် တို့သည်၊ တုတိတာ-တုတိတာနတ်တို့ မည်၏၊ ထိုနတ်တို့၏ နေရာဘုံလည်း "တုသိတာနံ နိဝါသာ" အရ တုသိတာဘုံဟု အမည်ရသည်။

နိမ္မာနရတိ။ ။နိမ္မာနေ+ရတိ+ယေသံတိ နိမ္မာနရတိနော၊ ယေသံ-အကြင်နတ်တို့၏၊ နိမ္မာနေ-ကိုယ်တိုင် ဖန်ဆင်းအပ်သော စည်းစိမ်၌၊ ရတိ-မွေ့လျော်ခြင်းသည်၊ အတ္ထိ-ရှိ၏၊ ပင်ကိုရှိပြီးသော စည်းစိမ်ထက် အလွန် အကဲခံစားလိုသောအခါ စိတ်တိုင်းကျဖန်ဆင်း၍ မွေ့လျော်တတ်သောနတ်များတည်း။ [ပကတိပတိယတ္ထာ ရမဏတော (အမြဲကာမဂုဏ်အာရုံထက် အတိရေကေန ရမိတုကာမကာလေ (အပိုအလွန် ခံစားလိုရာခါ၌) ယထာရုစိတေ ဘောဂေ နိမ္မိနိတွာ ရမန္တီတိ နိမ္မာနရတီ၊-ဓမ္မဟဒယဝိဘင်္ဂဋ္ဌကထာ၊ ဤအဋ္ဌကထာကိုထောက် ၍ အမြဲ နတ်မိဖုရားများလည်း ရှိသည်ဟု မှတ်ပါ။] ဘုရားလက်ထက်တော်တုန်းက အရှင်အနုရုဒ္ဓါ၏ မိဖုရား ဟောင်းဖြစ်ဖူးသော မနာပကာယိကာမည်သော နတ်သမီးတို့သည် အရှင်အနုရုဒ္ဓါအထံ လာ၍ အမျိုးမျိုး ဖန်ဆင်းပြဖူးကြလေပြီ၊ သို့သော် ထိုနတ်သမီးကား တာဝတိံသာသူတည်း၊ ထိုနိမ္မာနရတိနတ်တို့၏ နေရာဘုံ ကိုလည်း ဌာနျူပစာအားဖြင့် နိမ္မာနရတိဘုံဟု ခေါ်ဝေါ်သည်။ [သုတ်ပါထေယျ-သံဂီတိသုတ် ပါဠိတော် အဋ္ဌကထာနှင့် ဓမ္မဟဒယဝိဘင်္ဂဋ္ဌကထာ။]

ပရနိမ္မိတဝသဝတ္တိ။ ။ပရနိမ္မိတေသု+ ဝသံ + ဝတ္တေန္တီတိ ပရနိမ္မိတဝသဝတ္တိနော၊ ပရနိမ္မိတေသု-သူ တစ်ပါးတို့ ဖန်ဆင်းအပ်သောအာရုံတို့၌၊ ဝသံ-မိမိအလိုကို၊ ဝတ္တေန္တိ-လိုက်စေနိုင်ကုန်၏၊ အမြဲအာရုံထက် အပိုအလွန် ခံစားလိုသောအခါ နိမ္မာနရတိနတ်ကဲ့သို့ ကိုယ်တိုင်မဖန်ဆင်းဘဲ, အစေအပါးနတ်များက အလိုက်သိစွာ (စိတ်တိုင်းကျအောင်) ဖန်ဆင်းပေးအပ်သော အာရုံကာမဂုဏ်တို့၌ မိမိအလိုသို့ လိုက်ပါစေ သော နတ်များတည်း။

နတ်စည်းစိမ်။ ။မြက်ပေါ်က ဆီးနှင်းပေါက်နှင့် သမုဒြာရေများ ကွာခြားသလောက် လူ့စည်းစိမ်နှင့် နတ် စည်းစိမ်များ ကွာခြား၏၊ တာဝတိံသာနတ်တို့၏ သုဒဿနမည်သော နေပြည်တော်သည် မြင်းမိုရ်တောင် ထိပ်ဝယ် ယူဇနာတစ်သောင်း ကျယ်ဝန်းသောအရပ်၌ တည်ရှိ၏၊ ထိုနေပြည်တော်၏ အရှေ့ဘက်၌ နန္ဒဝန် ဥယျာဉ်ဟု ခေါ်အပ်သော နန္ဒနဥယျာဉ်တော်သည်ကား စုတေခါနီး၌ အလွန်ပူဆွေးနေသော နတ်များကိုပင် စုတေရမည့်အရေးကို မတွေးမိအောင် ပျော်မွေ့ဖွယ်ကို ဆောင်သတဲ့၊

မခြောက်မသွေ့ ပြကတေ့ စိုစိမ်း၍ မြရည်လိမ်းထားသလို ပန်းပင်ပျိုတို့၏ အကြားအကြားဝယ် မောင်မယ်စုံ နတ်များတို့ လှည့်လည်သွားလာနေကြသည့်အတွက်ကြောင့် ဥယျဉ်တော်မှာ တစ်မျိုးကျက်သရေ တက်လေ တော့၏၊ ထိုဥယျာဉ်နှင့် မြို့တော်၏အလယ်မှာ မဟာနန္ဒ, စူဠနန္ဒမည်သော ကန်တော်ကြီးနှစ်သွယ်ကလည်း နဂိုတင့်တယ်သည့်အပြင် ကြည်လင်သောရေများကို ရှုစားဖို့ရာ ကမ်းအစ၌ ခန်းလှသော ရတနာထိုင်ခုံများ ကြောင့် တစ်မျိုးသားနားလျက် ရှိပြန်၏၊ မြို့တော်၏ တောင်မျက်နှာ အနောက်မျက်နှာ မြောက်မျက်နှာတို့၌ လည်း ထိုကဲ့သို့ ကန်တော်ကြီးနှင့် ဥယျာဉ်တော်များ တည်ရှိကြပေသည်။

နတ်သား နတ်သမီး။ ။မိမိတို့ ရှေးကုသိုလ်ကံကြောင့် ကိုယ်ပိုင်ရရှိပြီးသော ဗိမာန်များကလည်း ဆန်းပြား လှပေ၏၊ အားလုံးသော နတ်ယောကျာ်းတို့မှာ အသက်(၂၀) အရွယ်၌သာ တည်၍ နတ်မိန်းမတို့ကား (၁၆)နှစ်ခန့် အရွယ်မှာပင်, သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်းမရှိ, ပကတိ အလှမပျက်ဘဲ တစ်သက်လုံးတည်၏၊ နတ်ဩဇာ အဆီအနှစ်ကိုသာ စားသောက်ကြရသဖြင့် ခန္ဓာကိုယ်အတွင်း၌ အလေး အပေါ့မှစ၍ မကောင်းသောအနိဋ္ဌာရုံဟူသမျှတို့ လုံးဝမရှိရတော့ရကား နတ်သမီးတို့မှာ ဓမ္မတာသွေး အညစ် အကြေးတို့မှ ကင်းစင်ကြ၏၊ ကာမချမ်းသာ ခံစားမှုကား နတ်ပြည်(၆)ထပ်လုံး၌ပင် လူများနှင့် မထူးခြားသော် လည်း အညစ်အကြေး မဖြစ်ပေါ်ကြဘဲ, သွေးသားလှုပ်ရှားရုံမျှဖြင့် ပြီးစီးကြလေ၏၊ နတ်မိန်းမတို့၌ ကိုယ်ဝန် ဆောင်မှုနှင့်ဆိုင်သော ကိစ္စစုလည်း တစ်ခုမျှ မရှိချေ၊ သားသမီး ဖြစ်ထိုက်သော နတ်သား နတ်သမီိးတို့မှာ ရင်ခွင်ပေါ်၌သော်လည်းကောင်း, အိပ်ရာပေါ်၌သော်လည်းကောင်း ဖြစ်ပေါ်လာကြကုန်၏၊ ဤသို့ သားသမီး အရာ၌ တည်သော နတ်များအပြင် အစေခံနတ်သား နတ်သမီးများလည်း ရှိသေးရကား "အချို့နတ်များ၌ ဗိမာန်ကိုယ်ပိုင် မရှိကြ" ဟု သိသာ၏၊ လူ့ပြည်၌ကဲ့သို့ နတ်သမီးပျို နတ်သားပျိုတို့၏ သွားလာ လှည့်ပတ်ကြ မည့်အရေးမှာလည်း တွေးတော စဉ်းစားဖွယ်ရာပင်တည်း။

သမီးပျို သားပျို။ ။နတ်ဇာတ်သမားဖြစ်သော ပဉ္စသိခနတ်သားသည် တိမ္ဗရုနတ်မင်း၏ သမီးပျိုဖြစ်သော သူရိယဝစ္ဆသာနတ်သမီးအပေါ်မှာ အတော်စွဲလမ်း၏၊ သူရိယဝစ္ဆသာကား မာတလိနတ်သား၏သားဖြစ်သော သိခန္တိနတ်သားကို မှန်းထားလျက်ရှိ၏၊ သိကြားမင်းက ပဉ္စသိခနတ်သားအား ကျေးဇူးများသည့်အတွက် သူရိယဝစ္ဆသာနတ်သမီးနှင့် ထိမ်းမြားလက်ထက်ပေးလေသည်၊ တချို့ နတ်သမီးတွေ ဗိမာန်အဆင်သင့် ရှိရ သော်လည်း ဗိမာန်နှင့်တကွ မိမိတို့ကို ပိုင်ဆိုင်မည့် နတ်သားမရှိသဖြင့် ပျင်းရိငြီးငွေ့အလိုမပြည့်သည်လည်း ရှိကြသေး၏၊ ကုသိုလ်ကံချင်း ကွာခြားသလောက် ဗိမာန်နှင့် ရုပ်အဆင်းလည်း ကွာခြား၏ ၊ နန္ဒနဥယျာဉ်စသော ဥယျဉ်ရေကန်သို့ မိမိတို့ အခြွေအရံများနှင့်အတူ တပျော်တပါး ထွက်သွား လှည့်လည် ကြသည်မှာလည်း မြင်ရသူတို့ ကြည်နူးစရာပေတည်း။

[ ဆောင်]အပေါင်းရွေညီ, ဘုံကိုယ်စီဝယ်, ကျူးသီမပြီး, ပျော်မငြီးဖို့, နတ်ထီးနတ်ငြိမ့်, တခြိမ့်ခြိမ့်နှင့်, သိမ့် သိမ့်သဲသဲ, ရှုမရဲအောင်, နတ်ပွဲသဘင်, အမြဲရွှင်၏၊ မပင်မပူ, နတ်နန်းသူတို့, ပျူပျူငှာငှာ ရွှေမျက်နှာဖြင့်, ကြည်သာစိမ်းစိမ်း , မြမြရှိန်းတည်း ၊ ငြိမ်းငြိမ်းအေးလျက် , ကုသိုလ်စက်ကြောင့်, မပျက်တရံ, စည်းစိမ်ခံ၍, မောင်နှံချစ်ပုံ, အသစ်ကြုံသို့, ဖော်စုံရွှင်မြူး, ချစ်ကြည်နူးလျက်, အထူး မေတ္တာ, သက်ပမာဖြင့် , ချမ်းသာမကင်း , ချစ်ငွေ့သွင့်သည် , ချစ်ခြင်း အတုံ့အလှယ်တည်း။

အနာဂါမ် ရဟန္တာ။ ။ဤသို့ ကာမဂုဏ်စခန်း၌ အစွမ်းကုန် ပျော်မွေ့ဖွယ်ကောင်းလှသည့်ပြင် ထိုကောင်း သလောက်လည်း ပျော်မွေ့လေ့ ရှိကြသောကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့် ရဟန္တာအဖြစ် သို့ ရောက်သောအခါ နတ်ပြည်မှာ ကြာရှည်စွာ မနေနိုင်ကြတော့ဘဲ, အနာဂါမ်တို့ ဗြဟ္မာ့ပြည်သို့ စုတေ ရွှေ့ ပြောင်း၍ ရဟန္တာအပေါင်းတို့မှာ ပရိနိဗ္ဗာန်စံကြလေတော့သည်၊ သို့ဖြစ်၍ နတ်ပြည်ကျမှ အန္တရာယ်ကင်း ရန်ဘေးရှင်းလျက် တရားအားထုတ်၍ ယောဂီလုပ်မည်ဟု မမျှော်လေနှင့် ၊ လူ့ပြည်က အသေအလဲ အားခဲ သွားသူများနှင့် ဘုရားလက်ထက်တော်တုန်းက ဘုရားတရားတော်ကို နာရသူများလောက်သာ နတ်ပြည်၌ တရားအသား တက်ဖွယ် ရှိပါသည်၊ မလိုလဲ လိုလဲ တရားစွဲသူတို့မှာ နန္ဒနဥယျာဉ်အပေါက်ဝတွင် တရားက လေးများ ပျောက်ကြရစ်လတ္တံ့။

နတ်ပြည်၌ ပါရမီ မတိုး။ ။နတ်ပြည်၌ ကမ္မဋ္ဌာန်းထိုင်ဖို့ကို မဆိုထားနှင့် ဥပုသ်မကျိုးအောင် စောင့်ဖို့ရာပင် အပုံကြီး ခဲယဉ်း၏၊ နတ်သမီးတွေ ပွတ်သီး ပွတ်သပ် ပြုချက်ကြောင့် သီလပျက်သည်သာ များ၏၊ "နိလီယ နောကာသဿ အဘာဝါတိ သမာနဇာတိကေနေ အစ္ဆရာဂဏေန သဗ္ဗဒါ ပရိဝါရိယမာနဿ ကာမဂုဏာ ကိဏ္ဏဿ တဗ္ဗိရဟိတဋ္ဌာနဿ အဘာဝါ"ဟူသော ဓမ္မဟဒယဝိဘင်း မူလဋီကာနှင့် စမ္ပေယျနဂါးမင်းတို့ နဂါး ပြည်မှာ မကြာ မကြာ ဥပုသ်ကျိုးပုံ, ဝိဓူရဇာတ်တော်လာ သိကြားမင်းတို့ လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ပုံများ ကို ထောက်ထားပါ ၊ ထို်ကြောင့်ပင်လျှင် ဘုရားအလောင်းတော်တို့သည် ပါရမီဖြည့်ခွင့်မရသော နတ်ပြည်မှာ သက်တမ်းစေ့အောင် မနေကြဘဲ (အဓိမုတ္တကာလံ ကိရိယ ) ခေါ် စုတေခြင်း တစ်မျိုးဖြင့် မိမိကိုယ်ကို စုတေ အောင်ပြုကာ လူ့ပြည်၌သာ ပါရမီဖြည့်တော်မူကြပေသည်။

မျှော်လင့်ဖွယ်။ ။နတ်ပြည်၌ သူတော်ကောင်းစိတ်ဓာတ် စွဲမြဲသူတို့ မျှော်လင့်ဖွယ်အချက် အနည်းငယ် ရှိ၏ ၊ ထိုအချက်ကား စူဠာမဏိစေတီတော်နှင့် သုဓမ္မာဓမ္မာရုံကြီးပင်တည်း၊ စူဠာမဏိစေတီတော်မှာ တစ်ယူဇနာမြင့်သော မြသားစေတီတော်ကြီး ဖြစ်သည့် ပြင် ထိုမြသားစေတီတော်၏ အတွင်း၌ ဘုရားလောင်းဘဝက ဆံတော်ဓာတ်နှင့် လက်ျာစွယ်တော်ဓာတ်များ ကိန်းဝပ်တော်မူလျက် ရှိ၏၊ သဒ္ဓါတရား ထက်သန်သော နတ်သမီး နတ်သား မောင်မယ်စုံများမှာ အသက် တမ်းလည်းရှည်, စိတ်ဓာတ်ကလည်း ကြည်လင်သောကြောင့် (ဥယျာဉ်ထဲ၌ ပျော်ပွဲကျင်းပမည့်အစား) စေတီတော်ကို ပန်း ဆီိမီးစသော ပူဇော်ဖွယ်များဖြင့် ပူဇော်လျက် ဆုထူးဆုမြတ်ကို ပန်ဆင်ကာ ရသမျှ ပါရမီ တိုးပွားအောင် ကြိုးစားကြမည်မှာလည်း ယုံမှားစရာ မရှိပါပေ။

သုဓမ္မာ ဓမ္မာရုံကြီး။ ။သုဓမ္မာ ဓမ္မာရုံကြီး၏ ကျက်သရေမှာ ရေးသား၍ ကုန်ဖွယ် မရှိ၊ ဓမ္မာရုံ အဆောက် အဦးအားလုံး၌ ရတနာအမျိုးမျိုးတို့ကို သူ့နေရာနှင့်သူ သုံးစွဲထား၏၊ ဓမ္မာရုံအနီး၌ရှိသော ပင်လယ်ကသစ်ပင် မှ ပန်းများလည်း ဓမ္မာရုံအတွင်းသို့ လေညှင်းပို့သဖြင့် နှစ်မြို့စဖွယ် တင့်တယ်စွာ ပျံ့နှံ့လျက်ရှိ၏၊ အလယ် ဗဟိုရ် တရားပလ္လင်၌ ထီးဖြူကြီးကို စိုက်ထူထား၏၊ တရားပလ္လင်၏ ဘေးမှစ၍ သိကြားမင်းနှင့် ပဇာပတိနတ် မင်း ဝရုဏနတ်မင်း ဤသာနနတ်မင်းစသော (မဃလုလင်ဘဝတုန်းက ကောင်းမှုပြုဘက်) သုံးကျိပ်သုံးပါး သော နတ်မင်းကြီးများ နေရာကို စီစဉ်ထား၏၊ ထို့နောက် တန်ခိုးကြီးမားသော နတ်မင်းကြီးများနှင့် မထင် ရှားသော နတ်များအတွက်လည်း သာမန်နေရာတွေ ရှိပေ၏။ [ဤသုဓမ္မာနတ်သဘင်သည် အထက် နတ်ပြည် လေးထပ်၌လည်း ရှိ၏။]

တရားဟော။ ။စည်းဝေးချိန်တန်လျှင် သိကြားမင်းကိုယ်တိုင် အချက်ပေးလိုက်သော ဝိဇယုတ္တရခရုသင်း ကြီးအသံမှာ ယူဇနာ တစ်သောင်းကျယ်သော သုဒဿနနတ်မြို့ကြီးကို ရိုက်ဟီးမြည်ဟိန်းလျက် လူ့အရေ အတွက်ဖြင့် လေးလကြာအောင် အဆက်ဆက် မြည်ဟီးနေသောဟူ၏၊ ဆိုင်ရာနတ်များ ဓမ္မာရုံအတွင်း ဝင်မိကြလျှင် ရတနာရောင် ပန်းရောင်လွှမ်းသဖြင့် ဓမ္မာရုံတစ်ခုလုံး နီမြန်းလျက် ရှိလေတော့၏၊ ဗြဟ္မာ့ပြည်မှ သက်ဆင်းလျက် သနင်္ကုမာရဗြဟ္မာမင်း တရားဟောလေ့ရှိ၏၊ တစ်ခါတစ်ရံ သိကြားမင်းကိုယ်တိုင် ဟော ပြော၏၊ တစ်ခါတစ်ရံ၌မူ တရားဟောကောင်းသော နတ်သားတစ်ဦးဦးက ဟောပြောတတ်၏၊ ထို့ကြောင့် စူဠာမဏိစေတီတော်ကို ပူဇော်ရခြင်း, သုဓမ္မာနတ်သဘင်၌ တရားနာရခြင်းတို့အတွက် မျှော်လင့်ချက်က လေးများ ရှိ၏၊ မျှော်လင့်ချက်ဆိုသော်လည်း မဂ်ဖိုလ်ရအောင် မျှော်လင့်ချက်ကို ဆိုလိုသည် မဟုတ်၊ "သူတော်ကောင်းစိတ်ဓာတ်ကလေး မပျောက်ပျက်ဘဲ ခိုင်မြဲ၍ ကာမဂုဏ်ထဲမှ အထိုက်အလိုက် ရှောင်လွှဲနိုင် စရာရှိသည်" ဟု ဆိုလိုသည်။

ကြိုးစားဖွယ်။ ။နောက်လာမည် လူ့ပြည်ဆုတ်ကပ်အခါကြီ၌ကား ရဟန်းရှင်လူတို့ တရားပြည့်ဝကြလိမ့် မည်ဟု မျှော်လင့်ဖွယ်မရှိတော့ချေ၊, ယခုပင် အမြင်မတော်လှပြီ၊ သံသရာဒုက္ခတွေကို တစ်ကယ်ကြောက်ရွံ့ လျှင် ယခုဘဝ၌ပင် စွန့်စွန့်စားစား မဂ်ပေါက် ဖိုလ်ပေါက် တရားကို ကြိုးစားသင့်ကြ၏၊ နတ်ပြည်ကပင် အရိ မေတ္တယျဘုရားရှင်ကို စောင့်စားဖူးမျှော်လျက် တရားတော်နာပြီးမှ မဂ်ဖိုလ်ရဖို့ မျှော်မှန်းသူများလည်း နန္ဒန ဥယျာဉ်ပေါက်၌ ရှိသမျှဓာတ်ခံကလေး မပျောက်နိုင်အောင် အတော်ကြီးထူထောင်ရပေလိမ့်မည်၊ "ပေါ့ပေါ့ ဆဆနှင့် နတ်ပြည်ကျမှ အားရပါးရခံစားမည်" ဟု အားယူနေသူတို့မှာ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူ လာသော်လည်း ကာမဂုဏ်အတွေ့ထူးဖြင့် မေ့မူးလျက်ရှိဦးမည်သာ၊ ထို့ကြောင့် ကိုယ့်အစွမ်းကိုယ့်တရားဖြင့် အများကို ချေချွတ်မည့်ပုဂ္ဂိုလ်နှင့် အဂ္ဂသာဝက မဟာသာဝကအတန်းကို ရည်မှန်းသောပုဂ္ဂိုလ်တို့မှာ ပါရမီ ပြည့်မှသာ အထမြောက်မည် ဖြစ်သော်လည်း ပကတိသာဝကတို့ကား ယခု ဘုရားသာသနာ မကုန်မီပင် မျှော်လင့်စရာရှိသောကြောင့် အရိမေတ္တေယျ ဘုရားရှင်လက်ထက်တော်ကို နောက်ဆုံးထားပြီးလျှင် ယခု ဘဝ၌ ရရှိမည့် လာဘသက္ကာရကလေး အသေးအမွှား အမှိုက်သရိုက်များကို မဆိုထားဘိ နတ်စည်းစိမ်ကိုပင် အထင်သေး၍ လေးနက်သောတရားကိုသာ ဖြူစင်သောစိတ်ထားဖြင့် ကြိုးစားနိုင်ကြပါစေသတည်း။

ရူပ အရူပဘုံခန်း

ဗြဟ္မာ့ပါရိသဇ္ဇာ။ ။ပရိသတိ ဘဝါ ပါရိသဇ္ဇာ၊ ဗြဟ္မာနံ ပါရိသဇ္ဇာ ဗြဟ္မပါရိသဇ္ဇာ၊ မဟာဗြဟ္မာမင်းတို့၏ ပရိ သတ်၌ဖြစ်သော (ပရိသတ်တွင် ပါဝင်သော) လက်ပါးစေ ဗြဟ္မာငယ်များကို ဗြဟ္မပါရိသဇ္ဇာဗြဟ္မာဟု ခေါ်၏၊ ဤနေရာ၌ ဘုံကို ပြသောအရာဖြစ်၍ ထို ဗြဟ္မာ့ပါရိသဇ္ဇာဗြဟ္မာတို့၏ နေရာဘုံကိုလည်း "ဗြဟ္မပါရိသဇ္ဇာနံ + နိဝါသာ" အရ "ဗြဟ္မပါရိသဇ္ဇာ" ဟု ခေါ်ရသည်၊ နောက်နောက် ဘုံများ၌လည်း ဤနည်းအတိုင်း မှတ်ပါ။

ဗြဟ္မာ့ပုရောဟိတာ။ ။[ပုရသဒ္ဒူပပဒ, အဝပုဗ္ဗ-ဓာဓာတ်, တပစ္စည်း၊ အဝကို ဩ , ဓကို ဟပြု , ဣလာ၍ ပုရောဟိတဟု ပြီးသည်၊] ပုရေ (အဂ္ဂေ) ဓီယတေ (ထပီယတေ)တိ ပုရောဟိတော-မင်းမှုကိစ္စဟူသမျှ၌ ရှေ့ကထားအပ် (ရှေ့ဆောင်၍ စီမံတတ်သောအမတ်မျိုးကို ပုရောဟိတ်ဟုခေါ်၏၊ ဗြဟ္မာမင်းတို့၏ ပုရော ဟိတ်အရာ၌တည်သော ဗြဟ္မာများကိုလည်း "ဗြဟ္မာနံ ပုရောဟိတာ"ဟူသော ဝိဂြိုဟ်အရ ဗြဟ္မပုရောဟိတ ဟု ခေါ်ရသည်၊ ဤဗြဟ္မပုရောဟိတဗြဟ္မာများကို(ဗြဟ္မသံယုတ် ဒုတိယဝဂ် စတုတ္ထသုတ်၌) "ဗြဟ္မပရိသတ်" ဟု သုံးစွဲပြီးလျှင် ထိုပရိသတ်တွင် အဆွယ်အပွား အဖြစ်ဖြင့် ပါဝင်သော အလုပ်အကျွေး ဗြဟ္မာများကို "ဗြဟ္မပါရိသဇ္ဇာ" ဟု သုံးစွဲသည်။

မဟာဗြဟ္မာ။ ။ဗြူဟတိ(ပရိဝဒ္ဓတီ)တိ ဗြဟ္မာ, မဟန္တော+ဗြဟ္မာ မဟာဗြဟ္မာ၊ ဗြူဟတိ (ပရိဝဒ္ဓတိ)ကြီး မြင့်၏၊ ဣတိ-ကြောင့်၊ ဗြဟ္မာ-မည်၏၊ စျာန်အဘိညာဉ်ကို ရသည့်အတွက် အထက်ဗြဟ္မာဘုံတို့၌ အသက် ရှည်စွာ ချမ်းချမ်းသာသာ နေရခြင်း စသောဂုဏ်တို့ဖြင့် လူနတ်တို့ထက် မြင့်မြတ်သာလွန်သူများကို "ဗြဟ္မာ" ဟု ခေါ်၏၊ ပါရိသဇ္ဇ ပုရောဟိတဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာမင်းကို မဟာဗြဟ္မာဟု ခေါ်သည်။

ပဌမစျာန်ဘုံ။ ။ဤသုံးပုံကို ပဌမစျာန်ရသော ဗြဟ္မာတို့ နေရာဘုံဖြစ်သောကြောင့် ပဌမစျာန်ဘုံဟု ခေါ်၏၊ အသက် အရှည် အတို ဘုံဗိမာန်တို့၏ ကြီးကျယ်ခမ်းနားပုံမှာ ပါရိသဇ္ဇထက် ပုရောဟိတတို့က သာလွန်၍ မဟာဗြဟ္မာက ပုရောဟိတတို့ထက်ပင် သာလွန်၏၊ သို့သော် ဘုံတို့မှာ ကောင်းကင်တစ်ပြင် တည်း၌ (အထက်အောက် မကွာခြားဘဲ) တည်ရှိကြ၏၊ ထိုတွင် မဟာဗြဟ္မာဟုခေါ်အပ်သော ဗြဟ္မာမင်းမှာ တစ်ယောက်တည်း ရှိပုံရ၏၊ ဗြဟ္မဇာလသုတ်၌ "ကမ္ဘာတည်သောအခါ မဟာဗြဟ္မာတစ်ယောက် ရှေးဦးစွာ ဖြစ်၍ ထိုမဟာဗြဟ္မာ၏ တောင့်တချက်ဖြင့် အောက်ငယ်သားဗြဟ္မာများ ရောက်လာကြသည်" ဟု ဆို၏၊ ဗြဟ္မသံယုတ်၌လည်း "တတြ သုဒံ ဘိက္ခဝေ ဗြဟ္မာ (မဟာဗြဟ္မာ) စ ဗြဟ္မပရိသာ စ ဗြဟ္မပါရိသဇ္ဇာ စ ဥဇ္ဈာယန္တိ ခီယန္တိ" စသည်ဖြင့် မဟာဗြဟ္မာကို ဧကဝုစ်ဖြင့် သုံစွဲထား၏၊ ထို့ကြောင့် ပထမစျာန်သုံးဘုံ၌ ဗြဟ္မာ မင်းတစ်ယောက်သာ ရှိသည်ဟု ယူဆသင့်သည်။

အောက်တန်းက အထက်တန်း မမြင်နိုင်။ ။ထိုတွင် လူ, အိမ်စောင့်နတ်, နတ်မင်းကြီး ဤသုံမျိုးသည် တစ်ပြင်တည်း (လူ့ပြည်)၌ တည်ရှိကြသော်လည်း လူတို့က နတ်တို့ကို မမြင်နိုင်၊ အိမ်စောင့်နတ်တို့က နတ်မင်းတို့ကို မမြင်နိုင်ဘဲ နတ်မင်းကြီးတို့ကသာ လူအိမ်စောင့်နတ်တို့ကို မြင်နိုင်၍ အိမ်စောင့်နတ်တို့က လည်း လူကိုသာ မြင်နိုင်သကဲ့သို့ , ထို့အတူ အောက်တန်းဗြဟ္မာတို့က အထက်တန်းဗြဟ္မာတို့ကို (ဗြဟ္မပါရိ သဇ္ဇတို့က အထက်ဗြဟ္မာနှစ်မျိုးကို, ဗြဟ္မပုရောဟိတက မဟာဗြဟ္မာကို) မမြင်နိုင်၊ မြင်နိုင်လောက်အောင် တမင်တကာ ရုပ်အကြမ်းကို ဖန်ဆင်း၍ ပြမှသာ မြင်နိုင်သည်ဟု ပရမတ္ထဒီပနီ၌ ယုတ္တိပြ၍ ရေးသားထား၏၊ သီလက္ခန် ကေဝဋ္ဋသုတ်၌ "မယံပိ န ဇာနာမ ယတ္ထ ဝါ ဗြဟ္မာ" စသည်ဖြင့် အောက်တန်းဗြဟ္မာတို့က မဟာ ဗြဟ္မာကို မသိနိုင်"ဟု ဆိုသည်။

ဗြဟ္မသံယုတ် ပဌမဝဂ် ပဉ္စမသုတ်၌ကား "အထ ခေါ သော ဗြဟ္မာ အညတရံ ဗြဟ္မပါရိသဇ္ဇံ အာမန္တေသိ" စသည်ဖြင့် မဟာဗြဟ္မာက ပါရိသဇ္ဇဗြဟ္မာကို လူ့ပြည် အရှင်မောဂ္ဂလ္လာန်အထံ စေလွှတ်နေပုံမှာ ဆရာတော် ကြီးက ရဟန်းငယ်ကို စေလွှတ်ပုံကဲ့သို့ ထင်ရသောကြောင့်် မဟာဗြဟ္မာနှင့် အောက်ငယ်သားဗြဟ္မာတို့မှာ အကြောင်းအားလျော်စွာ အမြဲ ဆက်သွယ်နေကြမည်သာ၊ ထိုကဲ့သို့ ဆက်သွယ်တိုင်းမှာပင် မိမိကိုယ်ကို မြင်နိုင်အောင် မဟာဗြဟ္မာက တန်ခိုးနှင့်ပြသည်ဟု ယူဆရပေလိမ့်မည်။

ပရိတ္တာဘာ။ ။ပရိတ္တာ အာဘာ ဧတေတံတိ ပရိတ္တာဘာ၊ အပ္ပမာဏနှင့် အာဘာဿရဗြဟ္မာတို့လောက် ကိုယ်ရောင်မတောက်ဘဲ နည်းသော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာတို့ကို "ပရိတ္တာဘ" ဟု ခေါ်၏၊ ဤ၌ နိဝါသတဒ္ဓိတ်ပြု၍ ဘုံကို "ပရိတ္တာဘာ" ဟု ခေါ်ရသည်။

အပ္ပမာဏာဘာ။ ။အပ္ပမာဏာ အာဘာ ဧတေသံတိ အပ္ပမာဏာဘာ-အတိုင်းအရှည် ပမာဏကို မပြနိုင် လောက်အောင်ပင် များမြောင်သော ကိုယ်ရောင်ကိုယ်ဝါရှိသော ဗြဟ္မာကို "အပ္ပမာဏာဘ" ဟု ခေါ်၏၊ [ဧတေသံ-ဤသူတို့၏ ၊ အပ္ပမာဏာ-အတိုင်းအရှည်မရှိသော ၊ အဘာ-ကိုယ်ရောင်သည် ၊ အတ္ထိ-ရှိ၏ ။]

အာဘဿရာ။ ။သရတိ နိဿရတီတိ သရာ, အာဘာ သရာ ဧတေသံတိ အာဘဿရာ၊ တိမ်တိုက်မှ လျှပ်စစ်တွေ ကွန့်မြူး၍နေသကဲ့သို့ , ဗြဟ္မာတို့၏ ကိုယ်ရောင်ကိုယ်ဝါများလည်း ခန္ဓာကိုယ်မှ တလျှပ်လျှပ် ထွက်နေကြသည်၊ ထိုစကားမှန်၏-ထိုဗြဟ္မာတို့သည် မိမိတို့၏ စျာနပီတိဖြင့် လွန်စွာ ပျော်မွေ့ကြ၏၊ ထိုပီတိ ပြည့်လျှမ်းသော စျာန်အစွမ်းကြောင့်ဖြစ်သော စိတ္တဇရုပ်အပေါင်းဖြင့်လည်း တစ်ကိုယ်လုံး၌ ထုံမွမ်းလျက်ရှိ၏၊ ထို့ကြောင့် စိတ်ကြည်သလောက် ခန္ဓာကိုယ်မှာလည်း အရောင်တောက်လျက် တလျှပ်လျှပ် ထွက်နေလေသည်။ [သရတိ နိဿရတိ-တလျှပ်လျှပ် ထွက်နေ၏၊ ဣတိ-ထို့ကြောင့် ၊ သရာ-သရာ မည်၏။]

ဤဒုတိယစျာန် (၃)ဘုံလည်း ကောင်းကင်တစ်ပြင်တည်းမှာပင် တည်၏၊ ထိုဗြဟ္မာတို့တွင် အာဘဿရ ဗြဟ္မာသည် ဒုတိယစျာန်ဘုံ၌ ဗြဟ္မာမင်း(မဟာဗြဟ္မာ) တည်း၊ အပ္ပမဏဗြဟ္မာတို့သည် ဗြဟ္မပုရောဟိတ် တို့တည်း ၊ ပရိတ္တာဘဗြဟ္မာတို့သည် ပါရိသဇ္ဇဗြဟ္မာတို့ပင်တည်း ၊ အထက်ဘုံ၌လည်း ပါရိသဇ္ဇစသော ဗြဟ္မာ များ ရှိကြသည် ၊ သို့သော် ပဌမစျာန်ဗြဟ္မာများနှင့် နာမည်ချင်း မရောစေလိုသောကြောင့် ဂုဏ်ထူးအလိုက် ပရိတ္တာဘ စသော နာမည်ထူးကို ပြထားသည်။ [ဗြဟ္မပါရိသဇ္ဇံတိ ဗြဟ္မပရိစာရကံ ၊ ထေရာနံ ဟိ ဘဏ္ဍာဂါဟ ကဒဟရော ဝိယ ဗြဟ္မာနံပိ ပါရိသဇ္ဇဗြဟ္မာနော နာမ ဟောနိ ္တ။]

ပရိတ္တသုဘာ။ ။[သု-တင့်တယ်သော + ဘာ-ကိုယ်ရောင်၊] မလှုပ်မယှက် တစ်ခဲနက် (တစ်လုံးထဲ) တောက်ပနေသောကိုယ်ရောင်ကို "သုဘာ=တင့်တယ်သောကိုယ်ရောင်" ဟု ခေါ်သည်၊ ပရိတ္တာ+ သုဘာ ဧတေသံတိ ပရိတ္တသုဘာ ၊ ဧတေသံ-တို့၏ ၊ ပရိတ္တာ-နည်းသော ၊ သုဘာ-တင့်တယ်သောကိုယ်ရောင်သည်၊ အတ္ထိ-

ရှိ၏၊ အထက်ဗြဟ္မာများကိုထောက်လျှင် ထိုဗြဟ္မာများ၏ ကိုယ်ရောင်လောက် မတောက်သောကြောင့် "ပရိတ္တသုဘဗြဟ္မာ" ဟု ခေါ်သည် ၊ အောက်ဘုံက ဗြဟ္မာများထက်ကား သာလွန်သည်သာ။

အပ္ပမာဏသုဘာ။ ။အပ္ပမာဏာ သုဘာ ဧတေသံတိ အပ္ပမာဏသုဘာ၊ ဧတေသံ-တို့၏၊ အပ္ပမာဏာ- အတိုင်းအရှည်မရှိသော၊ သုဘာ-တင့်တယ်သောကိုယ်ရောင်သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့််၊ အပ္ပမာဏသု ဘာ-အပ္ပမာဏသုဘတို့ မည်၏။

သုဘကိဏှာ။ ။သုဘာယ ကိဏ္ဏာ (အာကိဏ္ဏာ)တိ သုဘကိဏ္ဏာ၊ သုဘာယ-တင့်တယ်သောကိုယ် ရောင်ဖြင့်၊ ကိဏ္ဏာ(အာကိဏ္ဏာ)ရောပြွမ်းသော ဗြဟ္မာတို့တည်း၊ ဣတိ-ကြောင့်၊ သုဘကိဏှာ-သုဘကိဏှာ မည်၏၊ သုဘာတစ်ပုဒ်, ကိဏ္ဏတစ်ပုဒ်, ဤနှစ်ပုဒ်ကို သမာသ်တွဲထားသဖြင့် "သုဘာကိဏှာ" ဟု ဆိုသင့် လျက် သဒ္ဒါနည်းအားဖြင့် ဘာ၌အာကို ရဿပြု, နောက်ဆုံးဏကို ဟထိုးပြု၍ "သုဘကိဏှာ"ဟု ဖြစ်ရသည်၊ ထိုကဲ့သို့ မစီရင်ဘဲ"သုဘေန ကိဏ္ဏာ" ဟု ဝိဂြိုဟ်ပြု၍ "သုဘကိဏ္ဏာ"ဟုလည်း ရှိနိုင်၏။[သောဘနပဘာယ ကိဏ္ဏာ သုဘာကိဏ္ဏာတိ ဝတ္တဗ္ဗေ အာကာရဿ ရဿတ္တံ အန္တိမဏကာရဿ ဟကာရဉ္စ ကတွာ သုဘ ကိဏှာတိ ဝုတ္တာ၊ အထ ပန သုဘေန ကိဏ္ဏာ သုဘကိဏ္ဏာ။-မူလဋီကာ။]

ဤ တတိယစျာန် (၃)ဘုံလည်း ဒုတိယစျာန်ဘုံထက်မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ ပင် တည်ရှိကြလေသည်၊ ပရနိမ္မိတဝသဝတ္တိ နတ်ပြည်နှင့် ပဌမစျာန်ဗြဟ္မာဘုံသည် ယူဇနာ ငါးသန်းငါးသိန်း ရှစ်ထောင် ဝေးကွာသည်ဟု ဆိုသဖြင့် ဗြဟ္မာဘုံတစ်ထပ်နှင့် တစ်ထပ်လည်း ထိုမျှလောက် ဝေးကွာသည်ဟု ယူဆသင့်၏၊ သို့သော် ထိုဘုံဗိမာန်တို့၏ အကွာအဝေးကို အဋ္ဌကထာ ဋီကာကြီးတို့၌ မပြ , အကျိုးမထူးလှ သဖြင့် တွက်မပြတော့ပြီ။

ဝေဟပ္ဖလာ။ ။ဝိပုလံ ဖလံ ဧတေသံတိ ဝေဟပ္ဖလာ၊ ဧတေသံ-တို့၏၊ ဝိပုလံ-ပြန့်ပြောကြီးမားသော၊ ဖလံ-အကျိုးသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့်၊ (ဝိပုလဖလာဟု ဆိုသင့်လျက် ဝိပုလာကို ဝေဟဖြစ်စေ၍) ဝေဟပ္ဖလာ-ဝေဟပ္ဖလာတို့ မည်၏။

အသညသတ္တာ။ ။နတ္ထိ သညာ ဧတေသံတိ အသညာ, အသညာ စ တေ သတ္တာ စေတိ အသညသတ္တာ၊ အသညဟု သညာစေတသိက်ကို ခေါင်းတပ်လျက် (ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့်) ပြထားသော် လည်း သညာစေတသိက်သာမက အခြားစိတ် စေတသိက်အားလုံးပင် ထိုသူတို့၌ မရှိကြ၊ စိတ် စေတသိက် မရှိဘဲ ရုပ်ခန္ဓာကြီးသာ ရှိနေသည့်အတွက် မလှုပ်မလှက် ငြိမ်သက်လွန်းရကား

သတ္တဝါမှ ဟုတ်ပါလေရဲ့လား ဟု ယုံမှားဖွယ်ရှိသောကြောင့် အသညသတ္တဟု သတ္တသဒ္ဒါကို နောက်ဆွယ် က ထည့်ရလေသည်။

မှတ်ချက်။ ။ဤအသညသတ်နှင့် ဝေဟပ္ဖိုလ်ဘုံသည် ကောင်းကင်တပြင်တည်း၌ တည်၏၊ ထိုသို့ တည် ရာ၌ ဝေဟပ္ဖိုလ်ဗြဟ္မာများက နေရာတစ်သန့်, အသညသတ်ဗြဟ္မာများက နေရာတစ်သန့်ဟု မဆိုနိုင်၊ လူ့ ပြည်မှာ အိမ်တွေအမျိုးမျိုး ရောနှောနေသလို ရောနေမည်သာ၊ အောက်ဘုံများလည်း ဤနည်းပင်တည်း၊ [အချို့က "ပဌမစျာန် (၃) ဘုံသည် ဖိုခနောက်ဆိုင် တည်၏" ဟု ပြောကြသေး၏၊ (၃)ဘုံဆိုသည့်အတွက် တစ်ကယ့်ကို (၃)ဘုံဆောင်သာ ရှိသည်ဟု ထင်မှတ်၍ ဘုံပေါင်းများစွာ ဟိုနေရာသည်နေရာ၌ တည်ရှိကြ မည်ကို သတိပြုမိဟန်မတူ။]

သုဒ္ဓါဝါသာ။ ။"သုဒ္ဓါနံ+အာဝါသာ သုဒ္ဓဝါသာ ၊ သုဒ္ဓါနံ-စင်ကြယ်သော၊ အနာဂါမ် ရဟန္တာတို့၏၊ အာဝါ သာ-နေရာဘုံသည်၊ သုဒ္ဓါဝါသာ-သုဒ္ဓါဝါသမည်၏၊ ကိလေသာတို့မှ များစွာစင်ကြယ်ပြီးသော အနာဂါမ်နှင့် အားလုံးစင်ကြယ်ပြီးသော ရဟန္တာဗြဟ္မာတို့၏သာ နေထိုင်ရာဘုံတည်း၊ ထိုသုဒ္ဓါဝါသဘုံသည် အဝိဟာဘုံ စသောအားဖြင့် (၅)ထပ်ရှိ၏၊ တစ်ပြင်တည်း၌ တည်သည်မဟုတ်, အထက်အောက် အဆင့်ဆင့် တည်သည်၊ ဤသုဒ္ဓါဝါသ (၅)ဘုံနှင့် ဝေဟပ္ဖိုလ် အသညသတ်ဘုံများကို စတုတ္ထစျာန်အတွက် ရောက်အပ်သောကြောင့် စတုတ္ထစျာန်ဘုံများဟု မှတ်ပါ။

အဝိဟာ။ ။န ဝိဟနိ ္တ(န ဝိဇဟန္တီ)တိ အဝိဟာ၊ မိမိဘုံဌာနကို ခေတ္တခဏဖြင့် မစွန့်ကြဘဲ,ကမ္ဘာပေါင်းအ တော်ကြာအောင် တည်နေကြသဖြင့် အဝိဟာဗြဟ္မာဟု ခေါ်ဝေါ်ရသည်။[န ဝိဟနိ ္တ(န ဝိဇဟန္တိ)မိမိတို့ဘုံဌာန ကို ခေတ္တခဏဖြင့် မစွန့်လွှတ်ကြကုန်၊ ဣတိ-ထို့ကြောင့်၊ အဝိဟာ-အဝိဟတို့ မည်၏ "အတ္တနော သမ္ပတ္တိံ န ဟာယန္တီတိ အဝိဟာ" ဟုလည်း ရှိ၏။]

အတပ္ပာ။ ။န တပ္ပနီ ္တတိ အတပ္ပါ၊ မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ, အလွန်အေးမြသောဗြဟ္မာ များတည်း၊ [န တပ္ပန္တိ-မပူပန်ရကုန်၊ ဣတိ-ကြောင့်၊ အတပ္ပာ-အတပ္ပတို့မည်၏၊ "ကိဉ္စိ သတ္တံ န တပေန္တီတိ အတပ္ပာ"ဟုလည်း ရှိ၏၊]

သုဒဿာ။ ။သုခေန ဒိဿန္တီတိ သုဒဿာ၊ အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော (ကြည့်ချင်စရာ အလွန်ကောင်းသော) ဗြဟ္မာများတည်း။ [သုခေန- ချမ်းသာသဖြင့်၊ ဒိဿန္တိ-ကြည့်ရှုအပ်ကုန် ၏ "ဟု အနက်ပေးပါ။]

သုဒဿီ။ ။သုခေန ပဿန္တီတိ သုဒဿီ၊ သူတစ်ပါးကို ပကတိစက္ခု ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန် မွန် ရှုစားတတ်သောဗြဟ္မာတည်း။ ["သုခေန-ချမ်းသာသဖြင့်၊ ပဿန္တိ-ကြည့်ရှုကြကုန်၏"ဟု အနက်ပေးပါ။]

အကိနိဋ္ဌာ။ ။နတ္ထိကနိဋ္ဌော(ကနိဋ္ဌဘာဝေါ) ဧတေသံတိ အကနိဋ္ဌာ၊ စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို, သေးငယ်သောသဘောမရှိကြ , အထက်တန်းကျသောဗြဟ္မာများတည်း။["ဧတသံ- ဤဗြဟ္မာတို့၏၊ ကနိဋ္ဌော(ကနိဋ္ဌဘာဝေါ)သေးငယ်သူတို့၏ အဖြစ်သည်၊ နတ္ထိ-မရှိ" ဟု အနက်ပေးပါ။]

ဗြဟ္မာစည်းစိမ်။ ။ဤရူပဗြဟ္မာတို့၏ ဥယျာဉ် ဗိမာန် ပဒေသာပင်စသော အသုံးအဆောင်များသည် နတ် ပြည်ထက်ပင် ခမ်းနားကြီးကျယ်၏၊ ဗြဟ္မာတို့လည်း မိမိတ်ို့ ဥယျာဉ်စသည်ကို သာယာနှစ်သက်ကြသေး၏၊ ဗြဟ္မာပြည်မရောက်ခင် စျာန်တရားကို အားထုတ်စဉ်တုန်းကပင် လောကီကာမဂုဏ်ကို စပ်ဆုပ်ရွံမုန်းခဲ့ကြ သဖြင့် ကာမဘုံသား နတ်အများကဲ့သို့ ကာမချမ်းသာကို မခံစားကြတော့ပေ၊ ခံစားဖို့ရာ မိန်းမ ယောကျ်ား အင်္ဂါများလည်း မပါ မရှိချေ၊ သို့သော် ပုံသဏ္ဌာန်မှာ ယောကျ်ားပုံဖြစ်၏၊ အားလုံး ဗြဟ္မာတို့၏နေပုံမှာ တကယ့်ယောဂီပုဂ္ဂိုလ်ကြီးများ နေပုံကဲ့သို့ သန့်ရှင်း စင်ကြယ်လှပေ၏၊ တချို့ကား မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားများကို ပွားများနေကြ၏၊ တချို့ကား စျာန်သမာပတ်ကို ဝင်စား၍, အရိယာဗြဟ္မာတို့ကမူ ဖလသမာပတ်ကို ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။

အရူပဗြဟ္မာ့ဘုံ။ ။ထိုရူပဗြဟ္မာပြည်၏ အထက်၌ အရူပဗြဟ္မာဘုံများ (၄)ဆင့်ရှိသေး၏၊ ဘုံဟု ဆိုသော် လည်း တကယ့်ဘုံဗိမာန် ရှိတော့သည်မဟုတ်, အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေ တည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်ကို အာကာသာနဉ္စာယတနဘုံဟု ခေါ်ဝေါ်၏၊ ထို့အတူ ဝိညာဏဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေ စတည်လျက် အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာကောင်းကင်အပြင်ကို ဝိညာဏဉ္စာ ယတနဘုံဟု ခေါ်အပ်၏၊ ဤသ်ို့ စသည်ဖြင့် အာကိဉ္စညာယတနဘုံ နေဝသညာနာသညာယတနဘုံများကို သိပါ၊ အချို့က "ရူပဘုံများကဲ့သို့ တကယ့်ကိုယ် အရူပဘုံဗိမာန်များလည်းရှိသည်"ဟု ပြောဆိုကြ၏၊ ရုပ်ဟူ သမျှကို စက်ဆုပ်ရွံမုန်းလှသဖြင့် နာမ်သက်သက်ရအောင် အားထုတ်ခဲ့သော ဘာဝနာအတွက် ဘုံဗိမာန် တည်းဟူသော ရုပ်တရားအကျိုးများ မပေါ်ထွက်သော ထိုပုဂ္ဂိုလ်တို့ အလိုကျမည်ဖြစ်သောကြောင့် "ဘုံဗိမာန်ရှိ၏"ဟူသော ဝါဒကို စဉ်းစားကြပါ။

ပဋိသန္တိစတုက္ကအဖွင့်

ကုသလဝိပါကောပေက္ခာသဟဂတသန္တီရဏံ ပန ကာမသုဂတိယံ မနုဿာနဉ္စေဝ ဇစ္စန္ဓာဒီနံ , ဘုမ္မဿိတာနဉ္စ ဝိနိပါတိကာသုရာနံ ပဋိသန္ဓိဘဝင်္ဂစုတိဝသေန ပဝတ္တတိ၊ မဟာဝိပါကာနိ ပန အဋ္ဌ သဗ္ဗတ္တာပိ ကာမသုဂတိယံ ပဋိသန္နိဘဝင်္ဂစုတိဝသေန ပဝတ္တန္တိ။

ကုသလဝိပါကော၊ပေ၊ပဝတ္တန္တိ။ ။အဟိတ်ပဋိသန္ဓေနှစ်ခုတွင် အကုသလဝိပါက် သန္တီရဏစိတ်၏အပါယ် ဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်လျက် ဖြစ်ကြောင်းကို ပြခဲ့ပြီ၊ ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ကား ကာမသုဂတိဘုံဝယ် ဇစ္စန္ဓစသောလူနှင့် ဘုမ္မဿိတဝိနိပါတိကအသုရာနတ်တို့အတွက် ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်၍ ဖြစ်၏၊ ထို့ကြောင့် "ကာမသုဂတိယံ မနုဿာနဉ္စေဝ" ဟူသော စကား၌ ကာမသုဂတိယံအရ လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံကိုသာ ရ၏၊ သဗ္ဗတ္ထာပိ ကာမသုဂတိယံအရ၌ကား ကာမ သုဂတိ(၇)ဘုံလုံးကို ရသည်။

ဇစ္စန္ဓ။ ။ဇာတိယာ-ပဋိသန္ဓေအားဖြင့်၊ အန္ဓော-ကန်းသူတည်း၊ ဇစ္စန္ဓော-ပဋိသန္ဓေအားဖြင့်ကန်းသူ၊ သံသေဒဇ ဩပပါတိကတို့မှာ စက္ခု သောတ ဃာနတို့ ပဋိသန္ဓေခဏ၌ ဖြစ်ကြရိုးဖြစ်၍,ပဋိသန္ဓေခဏ၌ စက္ခု စသည်တို့ မပါလျှင် "ဇစ္စန္ဓ=ပဋိသန္ဓေကန်း"ဟု ဆိုထိုက်၏၊ ဂဗ္ဘသေယျကသတ္တဝါတို့၌ကား ပဋိသန္ဓေတည် ပြီးနောက် (၁၁)သတ္တာဟမြောက်မှ စက္ခုပသာဒဖြစ်၏၊ ထိုစက္ခုပသာဒဖြစ်ချိန်ဝယ် စက္ခုပသာဒဖြစ်မည် မဟုတ်လျှင် ပဋိသန္ဓေခဏကပင် "ဇစ္စန္ဓ" ဟု ခေါ်ရသည်၊ ထင်ရှားစေအံ့-ပဋိသန္ဓေကျိုးကို ပေးသောကံသည် စက္ခုပသာဒဖြစ်အောင်တတ်နိုင်လျှင် စက္ခုဖြစ်ချိန်အခါ၌ ကိုယ်တိုင်သော်လည်း အကျိုးပေး၏၊ အခြားကံတစ် ပါးအားသော်လည်း အကျိုးပြုဖို့ရန် အခွင့်ပေး၏၊ ထိုကံ၏အရှင်ကို "ဇစ္စန္ဓ"ဟု မခေါ်ရ၊ ပဋိသန္ဓေကျိုးကို ပေးသောကံသည် စက္ခုဖြစ်ချိန်၌ စက္ခုပသာဒကို ကိုယ်တိုင်လည်း ဖြစ်စေနိုင်သည်မဟုတ်, အခြားကံအား လည်း ဖြစ်စေဖို့ရန် မထောက်ပံ့နိုင်လျှင်, ထိုကံဖြင့် ပဋိသန္ဓေနေသူမှာ မုချစက္ခုဖြစ်တော့မည် မဟုတ်သော ကြောင့် ပဋိသန္ဓေခဏတုန်းကပင် "ဇစ္စန္ဓ"ဟု ခေါ်ရပြီ။

အချို့ကား -ဇာတိအရ(အဘိဓမ္မာအလို) ပဋိသန္ဓေခဏကိုသာ မယူဘဲ(သုတ္တန်နည်းအလို)အမိဝမ်း၌ ကိန်း အောင်းခိုက်ကာလကို ယူ၍ အမိဝမ်းမှ ကန်းလာသူကို "ဇစ္စန္ဓ"ဟု ဆိုလိုကြ၏၊ သို့သော် စက္ခုပသာဒဖြစ်ပြီး နောက် အမိဝမ်း၌ ကိန်းအောင်းခိုက်မှာပင် ပိုးကောင်, လေစသော ဘေးရန်တို့၏ နှိပ်စက်မှုကြောင့် စက္ခု ကွယ်လာသူလည်း ရှိတတ်၏၊ ထိုသူတို့တွင် အချို့မှာ ထိုထို စက်မှု, လက်မှု, နှုတ်မှုစသော အတတ်တို့၌ ကျွမ်းကျင်ရကား အဟိတ်စိတ်ဖြင့် ပဋိသန္ဓေတည်သူဟု မဆိုနိုင်, ဒွိဟိတ် တိဟိတ်လည်း ရှိထိုက်သော ကြောင့်လည်းကောင်း, ဇစ္စန္ဓအစစ်မှန်လျှင် အဟိတ်ဝိပါက် သန္တီရဏစိတ်ဖြင့်သာ ပဋိသန္ဓေ တည်နေရသော ကြောင့်လည်းကောင်း, ထို စကားကို မနှစ်သက်ကြ၊ ဇစ္စန္ဓာဒိ၌ အာဒိသဒ္ဒါဖြင့် ဇစ္စဗဓိရ, ဇစ္စဃာနက, ဇစ္စမူဂ, ဇစ္စဇဠ, ဇစ္စုမ္မတ္တက, ပဏ္ဍက, ဥဘတောဗျဉ္ဇနက, နပုံသက, မမ္မ စသောလူစဉ် မမှီ လူတန်းမစေ့သူများကို ယူ၊ ဆောင်ပုဒ်ကို အခြေပြု၌ ပြထားပြီ။ [သက္ကတ၌ "ဇဋ"သည် ပါဠိ၌ "ဇဠ" ဟု ဖြစ်၏၊ "ညံ့ဖျင်း ထိုင်းမှိုင်းသူ" ဟူသော အနက်ကို ဟော၏။]

ဇစ္စဗဓိရ။ ။သောတပသာဒဖြစ်ချိန်မှာ သောတပသာဒဖြစ်ခြင်း မရှိသူကို "ဇစ္စဗဓိရ ဟု ခေါ်၏၊ ဇာတိ ယာ-ပဋိသန္ဓေအားဖြင့်၊ ဗဓိရော-နားထိုင်းသူတည်း၊ [ ဇာတိ၌ တိ၏ အစိတ်ဣကို ယပြု၍ တျကို စပြုလျှင် စကပ်ဖို့ရာ သရမရှိသောကြောင့် "ဗဓိရောယေဝ အဗဓိရော" ဟု (အ) အတွက် အနက်မရှိသောအားဖြင့် တစ်နည်းကြံကြသေး၏၊ ဗျည်းနှောင်းရာ၌ တျကို သရနှင့်တကွ စပြုသောနည်းလည်း ရှိသည်သာ။]

ဇစ္စဃာနက။ ။ဃာနပသာဒဖြစ်ချိန်၌ မဖြစ်လျှင် ဇစ္စဃာနကမည်၏၊ ဇာတိယာ အဃာနကော ဇစ္စဃာန ကော၊ "အဃာနကော-ဃာနမရှိသူတည်း" ဟု ဆိုပါ။

ဇစ္စမူဂ။ ။ပဋိသန္ဓေနေတုန်းကပင် စကားပီသာစွာပြောဆိုနိုင်သော ကံမရှိ၍ စကားပီသအောင် မပြောနိုင် သူကို "ဇစ္စမူဂ=ပဋိသန္ဓေအားဖြင့် ဆွံ့အသူ" ဟု ဆိုရသည်။

ဇစ္စဇဠ။ ။အရှေ့ အနောက် တောင် မြောက်အရပ်ကိုလည်းကောင်း, မူးမတ် စသည်ကိုလည်းကောင်း သင်ပြ၍ နားမလည်အောင် ထိုင်းမှိုင်းသူကို "ဇစ္စဇဠ=ပဋိသန္ဓေအားဖြင့် ထိုင်းမှိုင်းသူ" ဟု ခေါ်ရသည်၊ [ဇဠ အရာ၌ ဧဠဟု သုံးစွဲ၍ "ဇစ္စဧဠ=ဇစ္စေဠ" ဟုလည်း ရေးသားကြ၏၊ "လာလာ ခေဠော ဧလာ(ဧဠာ)" ပုဒ်တို့က "တံတွေး=အရိအရွဲ"ကို ဟောသောကြောင့် ဇစ္စဇဠပုဒ်သာအမှန်တည်း၊ ဇနှင့်ဧအက္ခရာတို့မှာ ပေစာကူးတုန်း က ဆင်တူရိုးမှား ဖြစ်ကြ၍ ပုံရိုက်သည့်အခါ အမျိုးမျိုးကူးမိကြဟန် တူသောကြောင့် ပုံနှိပ်စာအုပ်များ၌ ပါဌ် အထွေထွေပင် ရှိပေသည်၊ "ဧဠမူဂနိ ္တ= ပဂ ္ဃရိတလာလမုခံ-ယိုကျသော တံတွေးရည်ရှိသော ပါးစပ်ရှိသူကို" ဟု လာရာ၌ကား ဧဠပုဒ်သာအမှန်တည်း၊ ထိုသူမျိုးကို ဇစ္စမူဂမျိုးတွင် သွင်းခဲ့ပြီ။]

ဇစ္စုမ္မတ္တက။ ။ပဋိသန္ဓေအားဖြင့် ရူးနှမ်းနှမ်း ဖြစ်သူ၊ ဇာတိယာ ဥမ္မတ္တကော ဇစ္စုမ္မတ္တကော။

ပဏ္ဍုက်ငါးမျိုး

အာသိတ္တကပဏ္ဍုက်။ ။ပဏ္ဍုက်သည် "အာသိတ္တက, ဥဿူယ, ဩပက္ကမိက, ပက္ခ, နပုံး"ဟု (၅)မျိုးရှိ၏၊ ထိုတွင် သူတစ်ပါး၏သုက်ကို ပါးစပ်မှ သွန်းလောင်းလိုက်သည့်အခါ (မေထုနသံဝါသပြုရသလို) ကိလေသာ အပူငြိမ်းသော ပဏ္ဍုက်ကို အာသိတ္တကပဏ္ဍုက်ဟု ခေါ်၏၊ အာသိဉ္စီယတေတိ အာသိတ္တံ-သွန်းလောင်းအပ် သောသုက်၊ အာသိတ္တံ ယဿ အတ္ထီတိ အာသိတ္တကေ-သွန်းလောင်းအပ်သောသုက်ရှိသူ၊ [သူတစ်ပါးတို့၏ သုက်ကို စုပ်ယူပြီးနောက် မိမိကိုယ်တိုင် မေထုန်ပြုလိုသော

အသိတ္တကပဏ္ဍုက်မျိုးလည်း ရှိ၏၊ မြို့တစ်မြို့၌ လူမျိုးကွဲ အရာရှိတစ်ယောက်ကား မိန်းမပေါ့ခေါ်၍ ဝမ်းနှုတ် ဆေးနှင့်ရောသော ငှက်ပျောသီးကို ကျွေးပြီးနောက်, ထိုမိန်းမသွားသော ဓာတ်ကိုစားပြီးမှ သံဝါသအမှုကို ပြုသတဲ့၊ ကံအကျိုးပေးကား ဆန်းလှပေသည်။]

ဥဿူယ , ဩပက္ကမိက။ ။သူတစ်ပါးတို့ မေထုနသံဝါသပြုနေသည်ကို ချောင်းမြောင်းကြည့်ရှုရလျှင် ကိလေသာအပူငြိမ်းသောပဏ္ဍုက်ကို ဥဿူယပဏ္ဍုက်ဟု ခေါ်၏၊ ဥဿူယတိ-ငြူစူချောင်းမြောင်းတတ်၏၊ ဣတိ-ကြောင့်၊ ဥဿူယော-ဥဿူယမည်၏၊ နန်းတော်တွင်း၌ မိန်းမဆောင်ကို အုပ်ထိန်းရသော အမတ်များ ကဲ့သို့ တမင်ထုတ်ပစ်အပ်သော ဝှေးစေ့ရှိသူကို ဩပက္ကမိကပဏ္ဍုက်ဟု ခေါ်၏၊ နန်းတော်သူများကို ဖောက် ပြားလိုစိတ်မရှိအောင် မောင်းမတို့ကို စောင့်ရှောက်သော အမတ်များ၏ ဝှေးစေ့ကို နွားများကဲ့သို့ သင်းကွပ် ထားရသတဲ့။[ဥပက္ကမေန-လုံ့လဖြင့်၊ နိဗ္ဗတ္တံ-ထုတ်အပ်သော ဝှေးစေ့တည်း၊ ဩပက္ကမိကံ-လုံ့လဖြင့် ထုတ်အပ် သော ဝှေးစေ့၊ ဩပက္ကမိကံ ယဿ အတ္ထီတိ ဩပက္ကမိကော။]

ပက္ခပဏ္ဍုက်။ ။လဆန်းပက္ခ၌ဖြစ်စေ, လဆုတ်ပက္ခ၌ဖြစ်စေ, တစ်ပက္ခ တစ်ပက္ခ၌ ကာမစိတ်ဓာတ် အထူးကြွလျက် သံဝါသပြုရမှ ကျေနပ်သူကို "ပက္ခပဏ္ဍုက်"ဟု ခေါ်သည်၊ နပုံးပဏ္ဍုက်ကား သီခြားလာ လတ္တံ့၊ ဤပဏ္ဍုက်(၅)မျိုးတွင် ဩပက္ကမိကပဏ္ဍုက်မှာ သူတစ်ပါး၏ ပယောဂကြောင့် ဖြစ်ရသည့်အတွက် အဟိတ်ပုဂ္ဂိုလ်ဟု မုချမဆိုထိုက်, ဒွိဟိတ် တိဟိတ်ပုဂ္ဂိုလ်များလည်း ရှိထိုက်သည်။

ဥဘတောဗျဉ္ဇနက။ ။ယောကျာ်းကိုမြင်၍ မိန်းမစိတ်ဝင်လာတဲ့အခါ မိန်းမအင်္ဂါ ထင်ရှား၍ ယောကျာ်းအင်္ဂါ မြုပ်ကွယ်ပြီးလျှင်, မိန်းမကိုမြင်၍ ယောက်ျားစိတ်ဝင်တဲ့အခါ၌လည်း မိန်းမအင်္ဂါ မြုပ်ကွယ်၍ ယောကျာ်းအင်္ဂါ ပေါ်ပေါက်သူ (ယောကျာ်းတစ်လှည့် မိန်းမတစ်လှည့် ဖြစ်သူကို) ဥဘတောဗျည်းဟု ခေါ်၏၊ "ဥဘတော- ယောကျာ်းဖြစ်ထိုက်သောကံ, မိန်းမဖြစ်ထိုက်သောကံဟူသော နှစ်ပါးစုံသောကံကြောင့် + ပဝတ္တံ + ဗျဉ္ဇနံ- ဗျည်းသည်၊ ဝါ-အင်္ဂါဇာတ်သည်၊ ယဿ အတ္ထီတိ ဥဘတောဗျဉ္ဇနကော။]

နပုသက။ ။မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးလုံးပင် အထင်အရှား မရှိသူကို နပုံးပဏ္ဍုက်ဟု ခေါ်၏၊ ဤနပုံးပဏ္ဍုက်နှင့် ဥဘတောဗျည်းတို့မှာစ ရုပ်ပိုင်း၌ အကျယ်လာဦးအံ့။

မမ္မ။ ။စကားတစ်လုံး တစ်လုံးကို အတော်အားထုတ်၍ ပြောရ, ပြောပြန်လျှင်လည်း အမျှင်မပြတ်နိုင်ဘဲ ဒရွတ်ဆွဲ၍ ပြောရသူကို "မမ္မ = မမ်းစွဲသူ" ဟု ခေါ်ကြ၏ ။

ဘုမိဿိတယနဉ္စ ဝိနိပါတိကာသုရာနံ။ ။ဘူမိယံ+ဘဝါ ဘုမ္မာ၊ ဘူမိယံ-မြေ၌၊ ဘဝါ-ဖြစ်သောနတ်တို့ တည်း၊ ဘုမ္မာ-မြေ၌ဖြစ်သောနတ်တို့၊ မြေကြီးနှင့်ဆက်သွယ်နေသော သစ်ပင် တောတောင်၌ နေကြသည့် နတ်ဟူသမျှကို "ဘုမ္မဒေဝ=ဘုမ္မဇိုဝ်း"ဟု ခေါ်၏၊ ထို့ကြောင့် "ရုက္ခဒေဝ-ရုက္ခဇိုဝ်း" နတ်များလည်း မြေနှင့် စပ်သောသစ်ပင်ဝယ် နေကြရကား ဘုမ္မဒေဝတွင်ပါဝင်ကြသည်၊ ထိုဘုမ္မဒေဝနတ်ကြီးများတွင် မှီခိုနေရသော အညံ့စားနတ်များကို "ဘုမ္မေ+သိတာ (နိဿိတာ)" ဟူသောဝိဂြိုဟ်အရ "ဘုမ္မဿိတ" ဟု ခေါ်ဝေါ်ရသည်၊ ဘုမ္မေ-ဘုမ္မဇိုဝ်းနတ်ကြီးများ၌ + သိတာ (နိဿိတာ)မှီခိုနေကြသော နတ်များတည်း၊ ဘုမ္မဿိတာ-ဘုမ္မဇိုဝ်း နတ်ကြီးများ၌ မှီခိုနေရသောနတ်တို့။

နတ်ကလေးများ။ ။ထိုဘုမ္မဿိတနတ်များသည် အစားအသောက်ဆင်းရဲလှ၏, တဇ္ဇေ မြေဘုတ်များနှင့် မခြားနားသဖြင့် အချို့အရာဝယ် "ပိသာ စ=မြေဘုတ်ပြိတ္တာ" ဟုပင် သုံးစွဲထားသည်၊ အကြိုအကြား၌ ထမင်းလုံး ဟင်းပေါက် အပုပ်အစပ်များကိုပင် ရှာဖွေ၍ စားသောက်ကြရ၏၊ အချို့မှာ လူများကို ပူးကပ်ဖမ်း စားလျက် လူတို့က ပစ်အပ်သော တဇ္ဇေစာ (ခေါစာ)ကို စားသောက်ကြရသတဲ့၊ ထို်ကြောင့် "သုခသမုဿ ယတော ဝိရူပံ နိပတန္တီတိ ဝိနိပါတိကာ, ဝိနိပါတာကာ စ + တေ + အသုရာ စာတိ ဝိနိပါတာသုရာ" ဟု ဝိဂြိုဟ်ပြု၊ သုခသမုဿယတော-သုခအပေါင်းမှ၊ ဝိရူပံ-ဖောက်ပြန်လျက်၊ နိပတန္တိ-အောက်ကျ နောက်ကျ ဖြစ်ကြကုန်၏၊ ဣတိ-ကြောင့်၊ ဝိနိပါတိကာ-ဝိနိပါတိက မည်၏။

ဤဝိနိပါတိကအသုရာသာမက , ဝေမာနိကပြိတ္တာဟု ခေါ်အပ်သော နတ်များတွင် အချို့နတ်များလည်း ဤအဟိတ်ကုသလဝိပါက်သန္တီရဏဖြင့် ပဋိသန္ဓေနေကြရ၏၊ ဤဝိနိပါတိကာအသုရာနှင့် ဝေမာနိကပြိတ္တာ တို့သည် မဟာဝိပါက်စိတ်များဖြင့်လည်း ပဋိသန္ဓေနေနိုင်ရကား ဒွိဟိတ် တိဟိတ်ပုဂ္ဂိုလ်များလည်းရှိကောင်း သဖြင့် တချို့မှာ တရားထူးကိုပင် ရနိုင်ကြသည်။ [ထိုထို ဘုံ၌ ရထိုက်သောပုဂ္ဂိုလ်များကို အခြေပြု၌ ဆောင် ပုဒ်နှင့်တကွ ပြခဲ့ပြီ။]

•••••••••••••

အသက်တမ်း

တေသု စတုန္နံ အပါယာနံ မနုဿာနံ ဝိနိပါတိကာသုရာနဉ္စ အာယုပ္ပမာဏ ဂဏနာယ နိယမော နတ္ထိ ၊ စာတုမဟာရာဇိကာနံ ပန. ဒေဝါနံ ဒိဗ္ဗာနိ ပဉ္စဝဿသတာနိ အာယုပ္ပမာဏံ , မနုဿဂဏနာယ နဝူတိဝဿသတ သဟဿပမာဏံ ဟောတိ ၊ တတော စတုဂ္ဂုဏံ တာဝတိံသာနံ၊ပေ၊ တတော စတုဂ္ဂုဏံ ပရနိမ္မိတဝသဝတ္တီနံ ။

ကာမဘုံသားတို့၏အသက်တမ်း

တေသု စတုန္နံ၊ပေ၊နိယမော နတ္ထိ။ ။အပါယ်ဘုံသားနှင့် လူ ဝိနိပါတိက အသုရာနတ်တို့၌ အသက်တမ်း အမြဲမရှိ၊ ထိုတွင် ငရဲ ပြိတ္တာ အသုရကာယ်တို့၌ ကံသာလိုရင်းတည်း၊ ကံမကုန်သေးသမျှ နှစ်ပေါင်းမည်မျှပင် ကြာသော်လည်း မလွတ်နိုင်ချေ၊ ကံကုန်လျှင်ကား တစ်ခဏချင်း လွတ်နိုင်၏၊ သီဟိုဠ်ကျွန်းဝယ် ဥပါသကာ တစ်ယောက်သည် စေတီတော်အား သင်္ကန်းလှူပြီးနောက် မကြာမီစုတေ၍ အကုသိုလ်အတွက် ငရဲသို့ ရောက်သွားလေရာ, မီးတောက် မီးလျှံများကို မြင်လျှင် သင်္ကန်းကို သတိရ၍ ချက်ချင်းလွတ်ခဲ့ရလေသည်၊ အရှင်ဒေဝဒတ်မှာ အဝီစိငရဲ၌ အာယုကပ်တိုင်အောင် ခံရှာရဦးလတ္တံ့၊ ပြိတ္တာနှင့် အသုရကာယ်များလည်း ဤနည်းအတိုင်းပင်တည်း၊ တိရစ္ဆာန်များနှင့် လူတို့၌ အသက်တစ်ရာတမ်း,(၇၅)နှစ်တမ်း စသည်ဖြင့် ခန့်မှန်း အပ်သော အသက်အတိုင်းအရှည်ရှိ၏ ၊ သို့သော် ထိုအသက်တမ်းသည် ရံခါ (၁၀)နှစ်တမ်းတိုင်အောင်ပင် ဆုတ်၍, ရံခါ အသင်္ချေတမ်းတိုင်အောင် တိုးသဖြင့် တိုးချည်ဆုတ်ချည် အမြဲမတည်သောကြောင့်လည်း ကောင်း၊ လူတို့ကဲ့သို့ တိရစ္ဆာန်များ၌လည်း အသက်တမ်း အတိုးအဆုတ် ရှိရာသောကြောင့်လည်းကောင်း တိရစ္ဆာန်နှင့်လူတို့၏ အသက်တမ်းအရေအတွက်ကိုလည်း အမြဲသတ်မှတ်၍ မဖြစ်နိုင်။

အသက်တမ်းတိုးဆုတ်။ ။လူတို့၏ အသက်တမ်း အတိုးအဆုတ်မှာ ဥတု အာဟာရတို့နှင့် များစွာသက် ဆိုင်၏၊ ဥတုကောင်း၌နေထိုင်ရ၍ အဆီအနှစ်ပြည့်သော အသီးအရွက်တို့ကို စားသောက်ရလျှင် အသက် တမ်းရှည်၏၊ ညံ့ဖျင်းသော ဥတု၌ နေထိုင်ရ၍ အဆီအနှစ် နည်းပါးသောအစားအသောက်ကို စားသောက်ရ လျှင် အသက်တမ်းတို၏၊ ထိုဥတုနှင့် အာဟာရတို့ ကောင်း/မကောင်းမှာ သတ္တဝါတို့၏ ကံနှင့်ဆိုင်၏၊ သတ္တဝါ တို့ ကံကောင်းခိုက်၌ ဥတု အဟာရလည်း ကောင်း၏၊ သတ္တဝါတို့ ကံညံ့လျှင် ဥတု အာဟာရများလည်းညံ့၏၊ သတ္တဝါတို့၏ ကံကောင်း/မကောင်းမှာလည်း သတ္တဝါအများ၏ ပကတိစိတ်ဓာတ်နှင့် သက်ဆိုင်ပြန်၏၊ လောဘ ဒေါသ မောဟ မာနတို့ လွှမ်းမိုးနေသော လက်ထက်၌ ကံများလည်း မကောင်းနိုင်ချေ, ကုသိုလ် တရားတိုးပွားသော လက်ထက်၌သာ ကံကောင်းနိုင်ကြပေသည်၊ ယခုမျက်မြင်အားဖြင့်ပင် သတ္တဝါတို့၏ ဒုစရိုက်အား ကောင်းလှ၏၊ ထို့ကြောင့်လည်း အသက်တမ်း တဖြည်းဖြည်းဆုတ်လေပြီ၊ လူတို့ကဲ့သို့ ဥတု အာဟာရကို မှီနေရသော တိရစ္ဆာန်များလည်း လူတို့နှင့် အလားတူစွာပင် ဖြစ်ကြရလေသည်။

တောင်ကျွန်းသူ။ ။ဤနေရာဝယ် မနုဿာနံအရ ဇမ္ဗူဒိပ်ကျွန်းသားကိုသာ ယူရိုးရှိကြ၏၊ "ရှေ့ခုနှစ်ရာ, နောက်ငါးရာ, မြောက်မှာတစ်ထောင်မြဲ" ဟူသည့်အတိုင်း အရှေ့ကျွန်း၌ အသက်တမ်း(၇၀၀), နောက်ကျွန်း ၌ (၅၀၀), မြောက်ကျွန်း၌ တစ်ထောင်ရှိသတဲ့၊ ထိုအသက်တမ်းများလည်း အသင်္ချေမှ ဆုတ်ယုတ်လာသော အသက်တမ်းများတည်း၊ ကမ္ဘာတည်စ၌ ဥတုအာဟာရကောင်းမွန်လှသဖြင့် လေးကျွန်းလုံးပင် အသက်တမ်း အသင်္ချေစီ အညီအမျှ ရှည်ကြ၏၊ ထို့နောက် တဖြည်းဖြည်းဆုတ်လေရာ အရှေ့ အနောက် မြောက်ကျွန်းတို့၌ ထိုအသက်တမ်းအောက် မယုတ်တော့ဘဲ အမြဲတည်နေ၏၊ ထို့ကြောင့် "ဥတ္တရကုရုဝါသိကာ-မြောက်ကျွန်း၌ နေသူတို့သည်၊ အမမာ-ခင်တွယ်ခြင်း မရှိကုန်၊ အပရိဂ္ဂဟာ-ငါ့ဥစ္စာဟု သိမ်းဆည်းမှု မရှိကုန်၊ အဝသေသာယု နာ-အဆုံးသတ် ဆုတ်ပြီးသော အသက်တမ်းကြွင်းဖြင့်၊ နိယတာယုကာ-မြဲသောအသက်တမ်း ရှိကုန်၏" ဟု ဟောတော်မူသည်။

အသက်တမ်းဆုတ်ပုံ။ ။တောင်ကျွမ်း၌ကား (၁၀)နှစ်တမ်းတိုင်အောင် ဆုတ်၏၊ ထို့သို့ ဆုတ်ရာ၌ သုတ်ပါထေယျ-စက္ကဝတ္တိသုတ်မှာ အကုသိုလ်ကံအားလျော်စွာ အသက်တမ်း တစ်ဝက် တစ်ဝက် လျော့သည်ဟု ဆို၏၊ လောကပညတ္တိကျမ်း၌ အနှစ်တစ်ရာလျှင် ဆယ်နှစ်ဆုတ်သည်ဟု ဆိုသတတ်၊ (အနှစ်တစ် ရာလျှင် တစ်နှစ်ဆုတ်သည်ဟု ယခုကာလ၌ ပြောကြ၏၊) သို့သော် ယခုမျက်မြင်အားဖြင့် စဉ်းစားလျှင် တစ်ရံ တစ်ခါ အတော်များများဆုတ်၍ တစ်ခါတစ်ရံ၌ကား မဆုတ်ဘဲရှိဟန်တူ၏၊ ဘုရားမပွင့်မီ အတော်ကြာကာလ ကပင် အသက်တစ်ရာတမ်းသည် ဘုရားပွင့်တော်မူသည့်အခါတိုင်အောင် တစ်ရာတမ်းဟု ဆိုကြ၏၊ ယခု အခါ တစ်ရာတမ်းရှိတော့မည်မဟုတ်၊ သာသနာသက္ကရာဇ် (၂၄၀၀)ကျော်ပြီဖြစ်ရကား အနှစ်တစ်ရာ တစ်နှစ် ဆုတ်ဖြင့် ရေတွက်ဦးတော့ (၇၅)နှစ်တမ်းလောက်သာ ရှိချေတော့ပြီ။

နတ်သက်

ဘုမ္မဒေဝလည် မမြဲ။ ။"ဝိနိပါတိကာသုရာနံ" ဟု သင်္ဂြိုဟ်ကဆိုသော်လည်း ဓမ္မဟဒယဝိဘင်္ဂအဋ္ဌကထာ၌ "ဘုမ္မဒေဝါနံပိ ကမ္မေမေဝ ပမာဏံ"ဟု ဝိနိပါတိကာသုရာနှင့်တကွ ဘုမ္မဇိုဝ်းနတ်အားလုံးမှာပင် အသက်တမ်း မမြဲဟု ဆိုထား၏၊ ထိုစကားသင့်၏-အချို့ ဘုမ္မဇိုဝ်းနတ်များသည် အသင်္ချေတိုင်အောင် အသက်ရှည်၍, အချို့မှာ ကံအားလျော်စွာ (၇)ရက်စသည်လောက်သာ အသက်ရှည်ကြသည်၊ ဘုမ္မဇိုဝ်းနတ်များသာမက, ဝေမာနိကပြိတ္တာဟု ခေါ်အပ်သော နတ်များသည် အသက်တမ်း မမြဲကြချေ၊ ကံအားလျော်စွာ အတိုအရှည် ရှိနိုင်ပေသည်၊ "ကဿပဘုရားရှင်၏သာဝက သောတာပန်ဖြစ်ကြသော အာကာသဋ္ဌကနတ်တို့သည် နိမိ မင်း၏ လက်ထက်တိုင်အောင်ပင် တည်ရှိကြသေးသည်" ဟု ဇာတ်အဋ္ဌကထာဆိုသောကြောင့် အာကာသဋ္ဌ ကနတ်များ၌လည်း အသက်တမ်းမမြဲဟု သိသာ၏၊ [ကဿပဘုရားရှင် ပွင့်တော်မူပြီးနောက် (၁၀) နှစ်တမ်း တိုင်အောင် ဆုတ်, ထိုမှတစ်ဖန် အသင်္ချေတိုင်အောင်တက်, ထိုမှတစ်ဖန် ဆုတ်ယုတ်လာသောအခါကျမှ နိမိ မင်းလက်ထက် ဖြစ်ရသဖြင့် အနှစ်ကိုးသန်းမက , အသင်္ချေမက, အလွန်ကြာခဲ့ပေပြီ။]

စာတုမဟာရာဇိကာနံ၊ပေ၊ပဉ္စဝဿသတာနိ။ ။[ဘုမ္မဇိုဝ်းနတ်တို့ကို ပြပြီးဖြစ်၍ "စာတုမဟာရာဇိကာနံ" အရ အထက်ဘုံ၌တည်သော စာတုမဟာရာဇ်နတ်များကိုသာယူ။] စာတုမဟာရာဇ်နတ်တို့၏ အသက်တမ်း ကား သူတို့၏တွက်ကိန်းဖြင့် နှစ်ပေါင်း(၅၀၀)တည်း၊ လူ့ပြည်အနှစ်(၅၀)သည် ထိုစာတုမဟာရာဇ်နတ်ပြည်၌ တစ်နေ့တစ်ညဉ့့်နှင့် ညီမျှ၏၊ ထိုကဲ့သို့ နေ့ညဉ့်ပေါင်း (၃၀)လျှင် တစ်လ, လပေါင်း (၁၂)လသည် တစ်နှစ်, ထိုကဲ့သို့နှစ်မျိုး(၅၀၀)သည် စာတုမဟာရာဇ်ဘုံ၏ အသက်တမ်းတည်း၊ ဤနတ်သက်ကို ဓမ္မဟဒယဝိဘင်း ပါဠိတော်၌ (လူ့အရေအတွက်ပါ) ပြ၏။

ယာနိ ပညာသဝဿာနိ , မနုဿာနံ ဒိနော တဟိံ၊ တိံသရတ္တိဒိဝေါ မာသော, မာသာ ဒွါဒသသံဝစ္ဆရံ၊ တေန သံဝစ္ဆရေနာယု, ဒိဗ္ဗံ ပဉ္စသတံ မတံ။

မနုဿဂဏနာယ နဝုတိဝဿသတသဟဿပမာဏံ။ ။ထို စာတုမဟာရာဇ် အနှစ်ငါးရာသည် လူတို့ တွက်ကိန်းအားဖြင့် အနှစ်ကိုးသန်း ရှိ၏၊ ဤအနှစ်ကိုးသန်းဟူသည်မှာ အထူးအဆန်းတွက်ကိန်းမဟုတ်, စာတုမဟာကာဇ်နတ်တို့ တစ်ရက်လျှင် လူတို့က အနှစ်(၅) ရှိသောကြောင့် နတ်တို့က တစ်လပြည့်လျှင် လူတို့မှာ အနှစ် (၁၅၀၀-တစ်ထောင့်ငါးရာ) ရှိလေပြီ၊ ဤသို့ မြှောက်ပွား၍ နတ်သတ်(၅၀၀)ပြည့်တဲ့အခါ လူတို့ တွက်ကိန်းအားဖြင့် အနှစ်ကိုးသန်း ဖြစ်လေသည်၊ အထက် နတ်များ၌လည်း ဤနည်းပင်တည်း။

တတော စတုဂ္ဂဏံ တာဝတိံသာနံ။ ။ထိုစာတုမဟာရာဇ် နတ်သက် အနှစ်(၅၀၀)ကို လေးဆတက်လျှင် အနှစ်နှစ်ထောင်ဖြစ်၏၊ ဤတွက်ကိန်းကား တာဝတိံသာနတ်သက်ကို စာတုမဟာရာဇ်နတ်တို့၏ တွက်ကိန်း တည်း၊ တာဝတိံသာ၌ နေ့တာ ညဉ့်တာသည် စာတုမဟာရာဇ်ထက် နှစ်ဆရှည်သောကြောင့် တာဝတိံသာ နတ်သက်ကို တာဝတိံသာတွက်ကိန်းဖြင့် တွက်ရလျှင် အနှစ်တစ်ထောင်သာရှည်သည်၊ "လူပြည်၌ အနှစ် တစ်ရာသည် တာဝတိံသာ၌ တစ်နေ့ တစ်ညဉ့်သာ ရှိ၏၊ ထိုနေ့ ညဉ့်(၃၀)လျှင် တစ်လ,(၁၂)လလျှင် တစ်နှစ် ,နှစ်ပေါင်းတစ်ထောင်သည် တာဝတိံသာနတ်သက်တည်း" ဟူလို၊ အထက်နတ်ပြည်များ၌လည်း ဤနည်း အတိုင်း စတုဂ္ဂုဏဖြစ်ပုံကို သိပါ၊ အခြေပြု၌ ဆောင်ပုဒ်လင်္ကာနှင့်တကွ လူ့တွက်ကိန်း နတ်တွက်ကိန်းတို့ဖြင့် နတ်သက်အားလုံးကို ပြခဲ့ပြီ၊ လူ့ပြည်၌ အနှစ်နှစ်ရာသည် ယာမာ၌ တစ်နေ့ တစ်ညဉ့်တည်း၊ လူ့ပြည်၌ အနှစ် လေးရာသည် တုသိတာ၌ တစ်နေ့ တစ်ညဉ့်တည်း၊ လူ့ပြည်၌ အနှစ်ရှစ်ရာသည် နိမ္မာနရတိ၌ တစ်နေ့ တစ် ညဉ့်တည်း၊ လူ့ပြည်၌ အနှစ်တစ်ထောင့်ခြောက်ရာသည် ပရနိမ္မိတဝသဝတ္တိ၌ တစ်နေ့ တစ်ညဉ့်တည်း၊ ဤသို့ နေ့တာ ညဉ့်တာ နှစ်ဆစီ ကွာနေပုံကိုလည်း သတိပြုပါ။

စတုဂ္ဂုဏတက်နည်းတစ်မျိုး။ ။"နေ့နှစ်ဆဖြစ်, နှစ်နှစ်ဆတွက်, လေးဆတက်, မှတ်ချက်တစ်မျိုးတည်း"နှင့်

အညီ , တက်ပုံကို တစ်နည်းပြသေး၏၊ နေ့တာညဉ့်တာ အချိန်ကာလချင်း နှစ်ဆကွာနေသောကြောင့် လူတို့ တွက်ကိန်းဖြင့် အနှစ်ငါးဆယ်ကြာသော စာတုမဟာရာဇ်နတ်တို့၏ တစ်နေ့တစ်ညဉ့်ကို နှစ်ဆတက်လျှင် လူတို့တွက်ကိန်းဖြင့် အနှစ်တစ်ရာကြာသော တာဝတိံသာနတ်တို့၏ တစ်နေ့တစ်ညဉ့် ဖြစ်၏၊ ဤကား နေ့ကို နှစ်ဆတက်သော ဒွိဂုဏတည်း၊ထိုကဲ့သို့ နှစ်ဆတက်ပြီးသော နေ့ညဉ့်ဖြင့် လ-နှစ်ဖွဲ့၍ စာတုမဟာရာဇ် အနှစ်ငါးရာကို နှစ်ဆတက်ပြန်လျှင် တာဝတိံသာနတ်သက် အနှစ်တစ်ထောင် ဖြစ်၏၊ ဤကား နှစ်ကို နှစ်ဆ တက်သော ဒွိဂုဏတည်း၊ ဤသို့ နေ့ကိုလည်း နှစ်ဆတက်, နှစ်ကိုလည်း နှစ်ဆတက်၍ စတုဂ္ဂုဏအရ လေးဆတက်ဖြစ်သတဲ့၊ ဤနည်းသည်……

"အာယုပ္ပမာဏမိစ္စေဝံ, ဒေဝါနမုပရူပရိ၊ ဒွိက္ခတ္တုံ ဒိဂုဏံ ကတွာ စတုဗ္ဘာဂမုဒါဟဋံ"

ဟူသော ပရမတ္ထဝိနိစ္ဆယ၌ အရှင်အနုရုဒ္ဓါကိုယ်တိုင် ပြအပ်သောနည်းနှင့် တူသောကြောင့် ကျမ်းဆရာ၏ အာဘော်ကျပေသည်၊ သို့သော် ရှုပ်ထွေးသည့်အတွက် ပဌမနည်းကိုသာ အခြေပြု၌ ပြခဲ့သည်။ [ဣစ္စေဝံ- ဤပြအပ်ပြီးသောနည်းဖြင့်၊ ဒေဝါနံ-နတ်တို့၏၊ အာယုပ္ပမာဏံ-အသက်အတိုင်းအရှည်ကို၊ ဥပရူပရိ-အဆင့် ဆင့်၊ ဒွိက္ခတ္တုံ-နှစ်ကြိမ်၊ ဒိဂုဏံ-နှစ်ဆတက်ကို၊ ကတွာ-ပြု၍၊ စတုဗ္ဘာဂံ-လေးဆကို၊ ဥဒါဟဋံ-ထုတ်ပြအပ်ပြီ။]

လူ့တွက်ကိန်းဖြင့် လေးဆတက်ပုံ။ ။လူ့အရေအတွက်ချင်း လေးဆတက်ပုံမှာ ရှင်းလင်း၏၊ စာတုမဟာ ရာဇ် အနှစ်ကိုးသန်းကို လေးဆတက်လျှင် တာဝတိံသာနတ်သက် သုံးကုဋေခြေက်သန်းဖြစ်၏၊ ဤသို့စသည် ဖြင့် တွက်စစ်ကြည့်ပါ၊ ဤနတ်သက်များသည် ထိုထိုဘုံ၌ဖြစ်သော နတ်တို့ အလွန်ဆုံးနေရသော အသက် တည်း၊ ထို့ကြောင့် နတ်အားလုံးပင် ထိုနတ်သက်အတိုင်း အတိအကျနေရမည်မဟုတ်, မနောပဒေါသိကနတ် တို့သည် ဒေါသအားကြီးလာလျှင် နတ်သက်မစေ့ခင် စုတေကြ၏၊ ခဋ္ဋာပဒေါသိကနတ်တို့လည်း အပျော် အပါးများ၍ အစာစားချိန်၌ မစားမိကြလျှင် နောက်ထပ်စားသော်လည်း မရ, နတ်သက်မစေ့ခင် စုတေကြ ရသည်။

ငရဲသက်။ ။ဤနတ်သက်နှင့် နှိုင်းယှဉ်၍ ငရဲဘုံသက်ကိုလည်း ဇိနာလင်္ကာရဋီကာ၌ ပြထားသေး၏၊ စာတု မဟာရာဇ်နတ်သက် အားလုံးသည် သဉ္ဇိုဝ်းငရဲ၌ တစ်နေ့နှင့် တစ်ညဉ့်တည်း၊ ထိုနေ့ညဉ့်အတိုင်း လ နှစ်ဖွဲ့၍ အနှစ်ငါးရာသည် သဉ္ဇိုဝ်းငရဲသက်တည်း၊ ထိုငရဲ၌ ကျသူတို့ ယခုထက် မလွန်နိုင်၊ ထိုအတွင်း၌ကား

ဈာန်ဝိပါက်၏ ဖြစ်ရာဘုံ

ကံအားလျော်စွာ လွတ်ခွင့် ရကြ၏၊ တာဝတိံသာနတ်သက် အားလုံးသည် ကာဠသုတ်၌ တစ်နေ့တစ်ညဉ့် တည်း၊ ထိုနေ့ညဉ့်ဖြင့် နှစ်ပေါင်းတစ်ထောင်သည် ကာဠသုတ် ငရဲသက်တည်း၊ ယာမာနတ်သက်အားလုံးသည် သံဃာတ၌ တစ်နေ့တစ်ညဉ့်တည်း၊ ထိုနေ့ညဉ့်ဖြင့် အနှစ်နှစ်ထောင်သည် သံဃာတငရဲသက်တည်း၊ တုသိတာ နတ်သက်အားလုံးသည် ဇာလရောရုဝ၌ တစ်နေ့တစ်ညဉ့်တည်း၊ ထိုနေ့ညဉ့် အနှစ်လေးထောင်သည် ဇာလရောရုဝငရဲသက်တည်း၊ ထို့အတူ နိမ္မာနရတိနှင့် ဓူမရောရုဝ, ပရနိမ္မိတဝသဝတ္တိနှင့် တာပနငရဲ သက်ကို နှိုင်းစက်ပါ၊ အန္တရကပ်ကို နှစ်ပိုင်းခွဲ၍ တစ်ပိုင်းသည် မဟာတာပနငရဲသက်တည်း၊ အန္တရကပ် တစ်ကပ်သည် အဝီစိငရဲသက်တည်း။ [ဤတွက်ပုံကို အဋ္ဌကထာတို့၌ မတွေ့ရ၊ အန္တရကပ်တွက်ပုံကို နောက် ၌ ပြမည်။]

-------------------

စျာန်ဝိပါက်၏ ဖြစ်ရာဘုံ

ပဌမဇ္ဈာနဝိပါကံ ပဌမဇ္ဈာနဘူမိယံ ပဋိသန္ဓိဘဝင်္ဂစုတိဝသေန ပဝတ္တတိ၊ တထာ ဒုတိယဇ္ဈာနဝိပါကံ တတိယဇ္ဈာနဝိပါကဉ္စ ဒုတိယဇ္ဈာနဘူမိယံ, စတုတ္ထဇ္ဈာနဝိပါကံ တတိယဇ္ဈာနဘူမိယံ, ပဉ္စမဇ္ဈာနဝိပါကံ စတုတ္ထဇ္ဈာနဘူမိယံ။

ဒုတိယဇ္ဈာနဝိပါကံ၊ပေ၊ဒုတိယဇ္ဈာနဘူမိယံ။ ။ပဌမစျာန်ဝိပါက်က ပဌမစျာန်ဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ တပ်လျက် ဖြစ်သည်မှာ သူ့ဝိပါက်နှင့် သူ့ဘုံ၌ စဉ်းစားဖွယ်မလိုပါ၊ ဒုတိယစျာန်ဝိပါက်နှင့် တတိယဇ္ဈာန် ဝိပါက်နှစ်မျိုးလုံးက ဒုတိယစျာန်ဘုံ၌ဖြစ်ရခြင်း, စတုတ္ထစျာန်ဝိပါက်က တတိယစျာန်ဘုံ၌ဖြစ်ရခြင်း, ပဉ္စမစျာန် ဝိပါက်က စတုတ္ထစျာန်ဘုံ၌ ဖြစ်ရခြင်းတို့မှာ စဉ်းစားဖွယ်ရှိပေသည်၊ [ဤကဲ့သို့ စျာန်ဝိပါက်အစဉ်နှင့် ဘုံအစဉ် မညီမျှရာ၌ အရှင်အနုရုဒ္ဓါသည် စတုက္ကစျာန်ကိုမပြဘဲ ပဉ္စကစျာန်ကိုသာ ပြထားခြင်းကြောင့် မညီမျှဘဲ ဖြစ်ရသည်ဟု မှတ်ပါ၊ စတုက္ကနည်း ပဉ္စကနည်းပြားပုံကို လောကုတ္တရာစိတ် သင်္ဂဟနည်း၌ ပြခဲ့ပြီ။]

အချုပ်မှတ်ဖွယ်။ ။ဗြဟ္မာ့ဘုံ၌ ဘုံအစဉ်နာမည်တပ်ပုံမှာ စတုက္ကစျာန်နှင့်ကိုက်ညီအောင် နာမည်တပ် ထား၏၊ ဝေဟပ္ဖိုလ် အသညသတ်တိုင်အောင် ဘုံအဆင့်ဆင့်လည်း လေးဆင့်သာ ရှိပေသည်၊ ပဉ္စကနည်း အရ စျာန်ငါးပါး ဖြန့်လိုက်သောအခါ ဝိတက်ကို လွန်မြောက်နိုင်သော ဒုတိယစျာန်၏သတ္တိသည် ဒုတိယစျာန် ဘုံ၌ ဖြစ်နိုင်ပြီ, အကြမ်းစားဝိတက်ကို လွန်မြောက်ပြီးနောက် သိမ်မွေ့သော ဝိစာရကို ထပ်မံလွန်မြောက်နိုင် သော တတိယစျာန်၏သတ္တိလည်း ဒုတိယစျာန်ဘုံထက်

တိုးတက်၍ အကျိုးမပေးနိုင်သေး၊ ထို့ကြောင့် "ပဉ္စကနည်းအရ ဒုတိယ တတိယ နှစ်စျာန်လုံးပင် ဒုတိယစျာန် ဘုံ၌ အကျိုးပေး ဆုံကြရသည်"ဟု မှတ်ပါ။

အသညသတ္တာနံ ပန ရူပမေဝ ပဋိသန္ဓိ။ ။အသညသတ်ဗြဟ္မာတို့ကား ဇီဝိတနဝကကလာပ်ခေါ်သော ရုပ်တရားဖြင့် ပဋိသန္ဓေ စတည်ခဲ့၏၊ ထို့နောက် ပဝတ္တိအခါ၌ ကမ္မဇရုပ် ဥတုဇရုပ်များသာ တည်ရှိ၏၊ ကာမ ဘုံတုန်းက စုတေတဲ့ ဣရိယာပုထ်အတိုင်းပင် အသညသတ်ဘုံ၌ ကမ္ဘာ(၅၀၀)ပတ်လုံး ရွှေတုံးကြီးလို တည်နေသတဲ့၊ ကာမဘုံ၌ ထိုင်လျက် စုတေလျှင် ထိုဘုံ၌ ထိုင်လျက်တည်ပုံ, ရပ်လျက် အိပ်လျက် စုတေ လျှင် ထိုဘုံ၌ ရပ်နေပုံ အိပ်နေပုံကို သိပါ၊ စုတေသည့်အခါလည်း ထိုရုပ်များ အဆုံးသတ် ချုပ်သည်ကိုပင် စုတေသည်ဟု ဆိုရပေသည်၊ ရုပ်တရားမည်သည် ယှဉ်ဖက်ဟိတ် မရှိသော အဟိတ်တရားဖြစ်၍ ရုပ်ဖြင့် ပဋိသန္ဓေနေရသော ထိုအသညသတ်ဗြဟ္မာများကိုလည်း "အဟိတ်ပုဂ္ဂိုလ်"ဟု ခေါ်ဝေါ်ရ၏၊ ဘုံက ကောင်း သောသုဂတိတွင် ပါဝင်သောကြောင့် ဘုံနှင့်ရောစပ်၍ "သုဂတိအဟိတ်ပုဂ္ဂိုလ်" ဟု မှတ်ပါ။

----------------------

ဗြဟ္မာတို့၏ အသက်တမ်း

တေသု ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ ကပ္ပဿ (အသင်္ချေယျကပ်၏) တတိယော ဘာဂေါ အာယုပ္ပမာဏံ, ဗြဟ္မပုရောဟိတာနံ ဥပဍ္ဎကပ္ပော(အသင်္ချေယျကပ် တစ်ဝက်တည်း), မဟာဗြဟ္မာနံ ဧကော ကပ္ပော (အသင်္ချေယျကပ် တစ်ကပ်တည်း), ပရိတ္တာဘာနံ ဒွေ ကပ္ပာနိ (မဟာကပ်နှစ်ကပ်တို့တည်း), အပ္ပမာဏာဘာနံ စတ္တာရိ ကပ္ပာနိ, အာဘဿရာနံ အဋ္ဌ ကပ္ပာနိ၊ ပရိတ္တသုဘာနံ သောဋ္ဌသ ကပ္ပာနိ, အပ္ပမာဏသုဘာနံ ဒွတ္တိံသ ကပ္ပာနိ, သုဘကိဏှာနံ စတုသဋ္ဌိ ကပ္ပာနိ၊ ပေ၊ အကနိဋ္ဌာနံ သောဠသ ကပ္ပသဟဿာနိ။

ကပ်အပြား

အသင်္ချေယျကပ် , မဟာကပ်။ ။ပဌမစျာန်သုံးဘုံသည် ကမ္ဘာပျက်သည့်အခါတိုင်း မလွတ်သောကြောင့် မဟာကပ်တစ်ခုလုံး ပြည့်အောင် မတည်နိုင်ချေ၊ ထို့ကြောင့် ထိုပဌမစျာန်ဗြဟ္မာတို့၏ သက်တမ်းကို မဟာ ကပ်ဖြင့် မရေတွက်ဘဲ မဟာကပ်၏ လေးပုံတစ်ပုံဖြစ်သော အသင်္ချေယျကပ်ဖြင့်သာ ရေတွက်ရ၏၊ပရိတ္တဘာ စသောအထက်ဘုံများကား ကမ္ဘာပျက်တိုင်းမပါ, တစ်ခါတစ်ရံသာ ပါသောကြောင့် ဒုတိယစျာန်ဗြဟ္မာစသည် တို့၏ အသက်တမ်းကို မဟာကပ်ဖြင့် ရေတွက်ရသည်၊ ဤစကားအရ "ထိုဗြဟ္မာတို့၏ အသက်တမ်းသည် ထိုဘုံဖြစ်သောဗြဟ္မာတို့ အလွန်ဆုံးနေနိုင်သောအသက်တမ်းတည်း" ဟု သိသာ၏၊ ကမ္ဘာတစ်ဝက်မှ, သို့မဟုတ် ကမ္ဘာပျက်ခါနီးမှ ရောက်သွားလျှင် ထိုထိုဘုံ၏ အသက်တမ်းမစေ့ခင် စုတေကြရမည်၊ ကမ္ဘာ မပျက်သေးစေကာမူ ကံအရှိန်ကုန်လျှင်လည်း အသက်တမ်း မစေ့ခင် စုတေကြရသည်သာ။

ကပ်အပြား။ ။ကပ်သည် အာယုကပ် အန္တရကပ် အသင်္ချေယျကပ် မဟာကပ်ဟု လေးမျိုးရှိ၏၊ ထိုတွင် ကာလအားလျော်စွာ သတ်မှတ်အပ်သော အသက်အပိုင်းအခြားသည် အာယုကပ်မည်၏၊ ဘုရားလက်ထက် တော်တုန်းက အသက်တစ်ရာတမ်းသည် အာယုကပ်တည်း၊ ယခုအခါ ခန့်မှန်းအပ်သော (၇၅) နှစ်တမ်း လည်း အာယုကပ်ပင်တည်း၊ ထို့ကြောင့် ထိုထိုလူတို့ အသက်တမ်းကို အာယုကပ်ခေါ်သည်ဟု မှတ်ပါ၊ "ကပ္ပီယတေ ပရိစ္ဆိဇ္ဇတေတိ ကပ္ပော, အာယု စ + တံ+ ကပ္ပော စာတိ အာယုကပ္ပော" [ကပ္ပီယတေ ပရိစ္ဆိဇ္ဇ တေ-ပိုင်းခြားအပ်၏။] ထိုထိုဘုံ၌ သတ်မှတ်ထားအပ်သော အသက်တမ်းလည်း ထိုဘုံများ၏ အာယုကပ် ပင်တည်း။

အန္တရကပ် , အသင်္ချေယျကပ်။ ။အသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀)နှစ်တမ်းတိုင်အောင်, (၁၀)နှစ်တမ်းမှ တရွေ့ရွေ့တက်၍ အသင်္ချေယျတမ်းတိုင်အောင် ဆုတ်ကပ် တက်ကပ်တစ်စုံသည် "အန္တရကပ်"မည်၏၊ [အန္တရ= အသင်္ချေယျကပ်၏ အကြားဖြစ်သော+ကပ္ပ= ကပ်၊] ထိုအန္တရကပ်ပေါင်း(၆၄) ကပ်သည် အသင်္ချေယျကပ်မည်၏၊ [အန္တရကပ် (၂၀)ကို အသင်္ချေယျတစ်ကပ်ဟု ကေစိဆရာတို့်ဆို၍, အန္တရကပ် (၈၀)ကို အသင်္ချေယျတစ်ကပ်ဟု အပရေတို့က ဆိုကြသတဲ့၊ ဝေဒကျမ်းဆရာတို့ကမူ အန္တရကပ် (၁၄)ကပ်ကို အသင်္ချေယျတစ်ကပ်ဟု ဆိုကြသတဲ့၊] ထိုအသင်္ချေယျကပ် (၄)ကပ်သည် မဟာကပ်ဟု ခေါ်အပ်သော တစ်ကမ္ဘာဖြစ်၏၊ အလျားအနံ ယူဇနာတစ်ရာကျယ်သော ဂိုဒေါင်ကြီးအတွင်း၌ မုန့်ညင်းဖြူစေ့ ကလေးများကို သွင်း၍ အနှစ်တရာကြာလျှင် တစ်စေ့ တစ်စေ့ ယူပစ်ရာ, မုန့်ညင်းစေ့ကလေးများ အားလုံး ကုန်သွားသော်လည်း ထိုမဟာကပ်မှာ မကုန်သေးအောင် ရှည်ကြလေသတဲ့။

အသင်္ချေယျကပ် (၄)ကပ်။ ။အသင်္ချေယျကပ် (၄)ကပ်ဟူသည် သံဝဋ္ဋ, သံဝဋ္ဋဋ္ဌာယီ, ဝိဝဋ္ဋ ,ဝိဝဋ္ဋဋ္ဌာယီ ကပ်များတည်း၊ ထိုတွင် ပျက်နေတုန်းအခါသည် သံဝဋ္ဋ အသင်္ချေယျကပ် မည်၏၊ ပျက်ပြီးနောက်၌ အပျက် အတိုင်း တည်နေရာအခါသည် သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် မည်၏၊ ကမ္ဘာဖြစ်နေတုန်း (ကမ္ဘာအဆောက်အ ဦးတွေ တိုးပွားနေတုန်း) အခါသည် ဝိဝဋ္ဋအသင်္ချေယျကပ် မည်၏၊ ကမ္ဘာဖြစ်ပြီးနောက် (ဖြစ်ပြီးအတိုင်း) တည်နေရာအခါသည် ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် မည်၏၊ ယခုအချိန်အခါသည် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျ ကပ်တည်း၊ [ သံဝဋ္ဋတီတိ သံဝဋ္ဋော၊ သံဝဋ္ဋော + ဟုတွာ + တိဋ္ဌတီတိ သံဝဋ္ဋဋ္ဌာယီ ၊ ဝိဝဋ္ဋတီတိ ဝိဝဋ္ဋော၊ ဝိဝဋ္ဋော ဟုတွာ တိဋ္ဌတီတိ ဝိဝဋ္ဋဋ္ဌာယီ ၊ သံဝဋ္ဋတိ-ပျက်တတ်၏ ၊ သံဝဋ္ဋော-ပျက်ပြီးသည်၊ ဟုတွာ-ဖြစ်၍ ၊ တိဋ္ဌတိ-ပျက်သည့် အတိုင်း တည်နေတတ်၏ ၊ ဝိဝဋ္ဋတိ-ဖြစ်တတ်၏။]

သံဝဋ္ဋကပ် (၃)မျိုး။ ။ထိုတွင် သံဝဋ္ဋကပ်သည် မီးကြောင့်ပျက်သော တေဇောသံဝဋ္ဋကပ်, ရေကြောင့်ပျက် သော အာပေါသံဝဋ္ဋကပ်, လေကြောင့်ပျက်သော ဝါယောသံဝဋ္ဋကပ်ဟု (၃)မျိုး ရှိ၏၊ ထိုတွင် တေဇောသံဝဋ္ဋ ကပ် (၇)ကပ်ပျက်ပြီးမှ အာပေါသံဝဋ္ဋကပ်တစ်ကပ် ပျက်၏၊ ဆိုလိုရင်းကား- "ပဌမတစ်ကြိမ် မီးကြောင့်ပျက်၍ ထုံးစံအတိုင်း တည်ပြီးနောက်, အချိန်ရောက်က မီးကြောင့်ပင် ထပ်၍ပျက်ရပြန်သည်၊ ဤနည်းအတိုင်း မီးဖျက်သောကမ္ဘာ (၇)ကမ္ဘာပြည့်ပြီးနောက်, (၈)ကြိမ်မြောက်ကမ္ဘာမှာ ရေဖျက်သဖြင့် ပျက်သည်"ဟု ဆိုလိုသည်၊ ဤသို့လျှင် "မီး(၇)ကြိမ် ရေတစ်ကြိမ်" အားဖြင့် အထပ်ထပ် ဖြစ်ပျက်ခဲ့လေရာ (မီးခုနစ်ကြိမ်က ခုနစ်ပတ်, ရေတစ်ကြိမ်ကလည်း ခုနစ်ပတ်လည်ပြီးနောက်, မီးခုနစ်ကြိမ်တစ်ပတ်လည်၍ ရေတစ်ကြိမ် ဖျက်ခွင့်ကြုံရာ) (၆၄) ကြိမ်မြောက် ကမ္ဘာကား လေဖျက်၍ ပျက်ရလေသည်။

သတ္တ သတ္တဂ္ဂိနာ ဝါရာ, အဋ္ဌမော အဋ္ဌမေ ဒကာ၊ စတုသဋ္ဌိ ယဒါ ပုဏ္ဏာ , ဧကော ဝါယုဝရော သိယာ။

သတ္တ သတ္တ ဝါရာ-ခုနစ်ကြိမ် ခုနစ်ကြိမ်တိုင်တိုင်၊ အဂ္ဂိနာ-မီးကြောင့်၊ ဝိနဿတိ-ပျက်၏၊ အဋ္ဌမေ အဋ္ဌမေ- ရှစ်ကြိမ်မြောက် ရှစ်ကြိမ်မြောက်၌၊ ဒကာ-ရေကြောင့်၊ ဝိနဿတိ-၏၊ ယဒါ-အကြင်အခါ၌၊ စတုသဋ္ဌိ-ခြောက် ဆယ့်လေးကြိမ်သည်၊ ပုဏ္ဏာ-ပြည့်၏၊ တဒါ-ထိုအခါ၌၊ ဧကော-တစ်ကြိမ်သော၊ ဝါယု ဝါရော-လေဖျက်သော အကြိမ်သည်၊ သိယာ-ဖြစ်၏။ [ဝါယုဝါရောဟု ဆိုလိုလျက် ဇဂိုဏ်းလို၍ "ဝါယုဝရော" ဟု ဝါ၌ အာကို ရသ ပြုသည်။]

ပျက်ရာဘုံ။ ။ထိုသို့ ပျက်ရာ၌ မီးကြောင့် ပျက်သောအခါ အာဘဿရာဘုံမှ အောက်၌ ပျက်၏၊ [ဒုတိယ စျာန်(၃)ဘုံတွင် အာဘဿရာက လိုရင်းဖြစ်၍ "အာဘဿရာဘုံအောက်"ဟု ဆိုသည်၊ စင်စစ်မှာ-"ဒုတိယ စျာန်(၃)ဘုံအောက်" ဟု ဆိုလိုရင်းပင်တည်း။] ရေကြောင့် ပျက်သည့်အခါ သုဘကိဏှာဘုံမှ အောက် (တတိယစျာန်သုံးဘုံအောက်) ပျက်၏၊ လေကြောင့် ပျက်သည့်အခါ ဝေဟပ္ဖိုလ်ဘုံမှ အောက်၌ ပျက်၏၊ ဤသို့လျှင် ကမ္ဘာပျက်သည့်အခါတိုင်း ပဌမစျာန်(၃)ဘုံပါသဖြင့် မဟာကပ်တစ်ကပ်ကြာအောင် မတည်နိုင်ရ ကား ပဌမစျာန်(၃)ဘုံ၏ အသက်တမ်းကို အသင်္ချေယျကပ်ဖြင့် သတ်မှတ်၍, မီးခုနစ်ကြိမ် ဖျက်ပြီးနောက် ရေတစ်ကြိမ် ဖျက်သည့်အခါကျမှ ဒုတိယစျာန်ဘုံများ ပါသောကြောင့် ဒုတိယစျာန်ဘုံမှစ၍ အထက်ဘုံများ၏ အသက်တမ်းကို မဟာကပ်ဖြင့် ရေတွက်နိုင်သည်။

အဂ္ဂိနာဘဿရာ ဟေဋ္ဌော, အာပေန သုဘကိဏှတော၊ ဝေဟပ္ဖလတော ဝါတေန, ဧဝံ လောကော ဝိနဿတိ။

အာဘဿရာ -အာဘဿရာဘုံမှ၊ ဟေဋ္ဌော-အောက်၌၊ အဂ္ဂိနာ-မီးကြောင့်၊ ဝိနဿတိ-ပျက်၏၊ သုဘကိ ဏှာတော-သုဘကိဏှာဘုံမှ၊ ဟေဋ္ဌာ-၌၊ အာပေန-ရေကြောင့်၊ ဝိနဿတိ-၏၊ ဝေဟပ္ဖလတော-ဝေဟပ္ဖိုလ် ဘုံမှ၊ ဟေဋ္ဌာ-၌၊ ဝါတေန-လေကြောင့်၊ ဝိနဿတိ-၏၊ ဧဝံ-ဤသို့၊ လောကော-ကမ္ဘာလောကသည်၊ ဝိနဿ တိ-ပျက်၏ ။

[ ဆောင် ] ရှေးဦးစွာပျက်, ကုဋေဖက်သည့်, သိန်းစက္က္ကဝါ, မိုးကြီးရွာသော်, ညီညာရွှင်ပျ, စိုက်ပျိုးကြသား၊ ဂေါဏစားလောက်, ပင်ငယ်ရောက်လျှင်, တစ်ပေါက်မကျ၊, တစ်သိန်းမျှက, လောကဗျူဟာ, နတ်ကာမာသို့, မေတ္တာပွားကြ, ကြီးမိဘကို, တုပ်ကွမြတ်လေး, လုပ်ကျွေးကြပါ, ကြွေးကြော်လာ ၏၊ သတ္တဝါအများ, စျာန်ကိုပွားလျက်, စံလားဗြဟ္မာ, ကာလကြာ၍, ဒုတိယာနေ, ပေါ်လာလေ သော်, မြစ်ငယ်ရေခြောက်, ညဉ့်လည်း ပျောက်၏၊ သုံးမြောက် လေးစင်း, ငါးစင်း ဆဋ္ဌ , သတ္တမ နေ , ပေါ်ထွက်ချေသော်, ခြောက်လေ မြစ်ကြီး , အိုင်ကြီးသမုဒ္ဒရာ၊ စက္ကဝါခိုးထ, မီးလျှံကြွ၍, သင်္ခါရခပင်း, ပြာမကြွင်းခဲ့၊ ဟင်းလင်းထက်အောက်, မိုက်မှောင်ရောက်သည်,.... ကွယ်ပျောက် လုံးစုံမမြဲတည်း။

ရှေးဦးစွာပျက် , ကုဋေဖက်သည့်, သိန်းစက္ကဝါ၊ပေ၊တစ်ပေါက်မကျ။ ။သတ္တဝါတို့ တည်နေရာ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်သည် အန္တရကပ်(၆၄)ကပ်စေ့သဖြင့် ပျက်စီးဖို့ အချိန်အခါရောက်လေသော် ကုဋေတစ် သိန်းခန့် စကြဝဠာသည် တစ်ပြိုင်နက် ပျက်လေ့တည်လေ့ရှိသောကြောင့် မိုးခေါင်ရေရှား ဖြစ်နေသောအခါ ဝယ် ထိုကုဋေတစ်သိန်းခန့် စကြဝဠာ၌ ရှေးဦးစွာသည်းထန်သောမိုးကြီး ရွာသွန်းလေသည်၊ ထိုသို့ မိုးကြီး ရွာလာသောအခါ အိမ်မှာရှိသမျှ မျိုးစေ့ကလေးများကို တညီတညွတ်တညး် ဝမ်းသာရွှင်ပြစွာဖြင့် စိုက်ပျိုးကြ ၏၊ ဂေါဏ(နွား)စားလောက်အအောင် အပင်ကလေးများ ပေါက်ချိန်ရောက်သော် မိုးတစ်ပေါက်မျှ မကျတော့ ဘဲ မြည်းသတ္တဝါ၏ အော်သံကဲ့သို့သော အသံကြီး မြည်ဟီးလျက် မိုးအဆက်ပြတ်လေတော့၏။

တစ်သိန်းမျှက , လောကဗျူဟာ၊ပေ၊ကြွေးကြော်လာ၏။ ။ထိုကဲ့သို့ အခြေအနေရောက်လုခါနီး(ကမ္ဘာကြီး မပျက်ခင်) အနှစ်တစ်သိန်းလောက်က "လောကံ-လူအပေါင်းကို၊ ဗျူဟေန္တိ-သံပိဏ္ဍေန္တိ-စုပေါင်းပေးတတ် ကုန်၏" ဟူသောဝိဂြိုဟ်အရ လောကဗျူဟအမည်ရသော ကာမာဝစရနတ်တို့သည် နီးမြန်းသောအဝတ်ဖြင့် ပုလဲသွယ်ကို ဦးခေါင်း၌ဆင်လျက် ဆံပင်ကို ဖားရရားချပြီးလျှင် မျက်ရည်ကို သုတ်ကာ သုတ်ကာ လွန်စွာ ကြေကွဲဝမ်းနည်းသော လက္ခဏာကိုပြ၍ လူ့ပြည်လောက၌ လှည့်လည်လျက် သတိပေးနှိုးဆော်၍ ကြွေး ကြော်ကြသည်မှာ...

" အို အချင်းတို့–ယခုမှနောက် အနှစ်တစ်သိန်းလွန်မြောက်တဲ့အခါ ဤကမ္ဘာကြီး ပျက်စီးရတော့မည်၊ မဟာသမုဒ္ဒရာကြီးပင် ခြောက်သွေ့၍ မြေကြီး မြင်းမိုရ်တောင်နှင့် ဗြဟ္မာ့ပြည်တိုင်အောင် ကမ္ဘာ့ အဆောင်အယောင်တွေ အားလုံးပျက်စီးချေတော့မည်၊ တစ်ယောက်နှင့်တစ်ယောက် မေတ္တာ ကရုဏာစသော ဗြဟ္မာစိုရ်တရားကို ပွားများကြပါ, လူကြီးမိဘများကို ရိုသေတုပ်ကွ၍ လေးမြတ်စွာ လုပ်ကျွေးကြပါ"

ဤသို့ ကြွေးကြော်သံကိုလည်း ကြားရ, ထိုလောကဗျူဟာနတ်တို့ကိုလည်း မြင်ရသောအခါ လူအများတို့ တုန်လှုပ်ချောက်ချား သံဝေဂပွားလျက် နတ်များ၏ အနီိးအပါး၌ စုရုံးမိကြလေသည်၊ထို့ကြောင့်ပင် "လောကံ- လူအပေါင်းကို၊ ဗျူဟေန္တိ-စုပေါင်းတတ်ကုန်၏"ဟု ဆိုခဲ့ပေသည်၊ [ကမ္ဘာမပျက်ခင် အနှစ်တစ်သိန်းလောက် က လောကဗျူဟာနတ်တို့ ကြွေးကြော်ခြင်း, ဘုရား မပွင့်မီ အနှစ်တစ်ထောင်လောက်က ဘုရားပွင့်လိမ့်မည် ဟု ကောလဟလဖြစ်ခြင်း, စကြာမင်းမပေါ်မီ အနှစ်တစ်ရာလောက်က စကြာမင်း ပေါ်လိမ့်မည်ဟု ကောလ ဟလဖြစ်ခြင်းသည် ထုံးစံ ဓမ္မတာပင်တည်း၊ ထို့ကြောင့် "စကြာမှာ ရာ, ဘုရားမှာ ထောင်, ကမ္ဘာမှာ သိန်း" ဟု ပြောရိုး ပြုကြသည်။]

သတ္တဝါအများ , စျာန်ကိုပွားလျက်။ ။ထိုလောကဗျူဟနတ်တို့ ကြွေးကြော်သည့်အခါမှစ၍ လူနှင့် ဘုမ္မဇိုဝ်း နတ်တို့ပါ အလွန်ထိတ်လန့်လျက် နူးညံ့သော စိတ်ထားဖြင့် ဗြဟ္မစိုရ်တရားကို ကြိုးစားကြလေရာ စုတေသည့် အခါဝယ် အထက်နတ်ဘုံသို့သာ ရောက်ကြရလေ၏၊ ငါးလိပ်စသော တိရစ္ဆာန်နှင့် ပြိတ္တာ (နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှ တစ်ပါးသော) ငရဲသတ္တဝါတို့လည်း အပရာပရိယဝေဒနီယ ကုသိုလ်ကံအတွက်ကြောင့် စုတေ သောအခါ နတ်ပြည်သို့သာ တက်ကြရကုန်၏၊ [နိယတမိစ္ဆာဒိဋ္ဌိအတွက် ငရဲ၌ ကျက်ရသူတို့ကား အဝီစိငရဲဘုံ သက်ဖြစ်သော အာယုကပ် မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွှေ့ခံစားရသတဲ့၊] ဤသို့လျှင် နတ်ပြည်သို့ ရောက်တိုင်းသော နတ်သမီး နတ်သားတို့သည် ရှေးကလို ကာမဂုဏ်ဖြင့် မပျော်မွေ့နိုင်တော့ဘဲ ကမ္ဘာပျက်လိမ့်မည်ဟူသော သတင်းသံကြောင့် အပြင်းအထန်အားထုတ်ကြသဖြင့် စျာန်ရ၍ စုတေသောအခါ ကမ္ဘာမီးလွတ်လောက်ရာ အာဘဿရာစသော ဗြဟ္မာ့ဘုံသို့ ရောက်ကြရလေသည်။

ဒုတိယာနေ၊ပေ၊ညဉ့်လည်းပျောက်၏။ ။ဤသို့ သတ္တဝါအများ ဗြဟ္မာ့ပြည်သို့လား၍ အတော်ကြာလျှင်

ပကတိနေဝင်ချိန်မှာ ဒုတိယနေတစ်စင်းသည် ထန်ပြင်းသော အရောင်အဝါဖြင့် ထွက်ပေါ်လာ၏၊ (ပကတိ နေဗိမာန်၌ နေနတ်သားရှိသော်လည်း ဒုတိယနေအသစ်၌ နတ်သားမပါတော့ချေ၊) ထိုဒုတိယနေ၏ ပူပြင်းမှု ကြောင့် အတော်ကြာလျှင် မြစ်ငယ်ငါးရာ၌ရှိသောရေများ ခန်းခြောက်လေတော့၏၊ နေတစ်စင်း အဝင်အဝင် မှာ နေတစ်စင်းက ထပ်၍ ထပ်၍ ပေါ်လာခြင်းကြောင့် ညဉ့်အချိန်အခါလည်း ကွယ်ပျောက်လေပြီ။

သုံးမြောက်လေးစင်း၊ပေ၊မီးလျှံကြွ၍။ ။ထိုကဲ့သို့ စကြဝဠာကုဋေတစ်သိန်း၌ နေနှစ်စင်းစီ လှည့်လည်ပြီး နောက် ကာလအတော်ကြာလျှင် သုံးစင်းမြောက်နေတစ်စင်း ပေါ်လာပြန်၏၊ အပူဒီဂရီလည်း ရှေးကထက် ထန်ပြင်းသည့်အတွက် ဂင်္ဂါ ယမုနာ အစိရဝတီ မဟီ သရဘူဟူသော မြစ်ကြီးငါးသွယ်၌ ရေများခန်းခြောက် လေတော့၏၊ နေသုံးစင်းပေါ်လာပြီးနောက် အတော်ကြာလျှင် စတုတ္ထနေတစ်စင်း ပေါ်လာပြန်၍ "သီဟပပါ တအိုင် ဟံသပပါတအိုင် ကဏ္ဏမုဏ္ဍအိုင် ရထကာရအိုင် အနောတတ္ထအိုင် ဆဒ္ဒန္တအိုင် ကုဏာလအိုင်"ဟူ သော အိုင်ကြီး(၇)အိုင်လည်း ခြောက်သွေ့လေ၏၊ ထို့နောက် အတော်ကြာလျှင် ပဉ္စမနေတစ်စင်းစီ ပေါ်လာ ပြန်၍ သမုဒ္ဒရာကြီးလည်း ခြောက်ခန်းရလေ၏၊ ဆဋ္ဌမနေတစ်စင်းစီ ပေါ်လာသည့်အခါ၌မူ စကြဝဠာကုဋေ တစ်သိန်းလုံးမှာ အစိုအစေးဟူသမျှ ကုန်ခန်း၍ အခိုးအလျှံတွေ ပြည့်နှက်နေလေ၏၊ သတ္တမနေတစ်စင်းစီ ပေါ်ထွက်လာသည့်အခါ၌ကား စကြဝဠာကုဋေတစ်သိန်းလုံး မီးဟုန်းဟုန်းထသဖြင့် မြေထု ရေထု လေထု မကျန် ပဌမစျာန်ဗြဟ္မာ့ပြည်အထိ မီးတောက်မီးလျှံ စွဲညိရကား နတ်ဘုံ ပဌမစျာန်ဗြဟ္မာ့ဘုံမှာရှိသော ရွှေငွေ ရတနာ နီလာမြသား အလွန်ကြီးမားသော ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာတွေ ဖြစ်ကြ ရလေတော့သည်။

သင်္ခါခပင်း၊ပေ၊ကွယ်ပျောက်လုံးစုံ မမြဲတည်း။ ။ဤသို့လျှင် အောက်ခံမြေ ရေ လေထုများလည်း ကွယ်ပ ကြပြီဖြစ်၍ ပဌမစျာန် ဗြဟ္မာ့ဘုံမှ အောက်တစ်လျှောက်ဝယ် နာမ်သင်္ခါကို မဆိုထားဘိ, ရုပ်မှုန်ရုပ်မွှား သင်္ခါရ အသေးစားပင် ပရမာဏုမြူမျှ မကျန်တော့ချေ၊ [သာ-ထိုကမ္ဘာမီးသည်၊ ယာဝ-အကြင်မျှလောက်၊ အဏုမတ္တံ ပိ-အဏုမြူမျှလည်းဖြစ်သော၊ သင်္ခါရဂတံ-သင်္ခါရတရားသည်၊ အတ္ထိ-ရှိ၏၊ တာဝ-ထိုအဏုမြူမျှ သင်္ခါရ ရှိသေးလျှင်၊ န နိဗ္ဗာယတိ-မငြိမ်းသေး၊ (ဝိသုဒ္ဓမဂ် အဋ္ဌကထာ၊) ဤသို့လျှင် သင်္ခါရဟူသမျှ မီးလောင်၍ ပြာ ကလေးမျှ မကြွင်းရအောင် အားလုံးလောင်ပြီး၍ ကမ္ဘာမီးငြိမ်းသောအခါ မီးလောင်ရာအရပ်ဝယ် မြေ ရေ လေတို့၏ အောက်က ကောင်းကင်နှင့် အထက်က ကောင်းကင်မှာ

ဟင်းလင်းဟာလာ အမှောင်ခန်းကြီးသာ ဖြစ်ရလေတော့သည်၊ [စကြဝဠာချင်း ဆက်စပ်တည်နေပါလျက် ကုဋေတစ်သိန်းသော စကြဝဠာတွေသာ တစ်ပြိုင်နက် ပျက်သည်ဟု ဆိုရာ၌ အိမ်ခြေပြည့်နှက်သော မြို့ကြီး တစ်ခုကို မီးလောင်ရာဝယ် မြို့သူမြို့သားတို့၏ ကံကြမ္မာအားလျော်စွာ အချို့ရပ်ကွက်သာ မီးလောင်ခံရ သကဲ့သို့, ထို့အတူ သတ္တဝါတို့ အကုသိုလ်ကံ ကြီးမားသဖြင့် လောင်ရသော ကမ္ဘာမီးလည်း အကုသိုလ်ကံ အလိုက် စကြဝဠာ ကုဋေတစ်သိန်းမျှကိုသာ လောင်နိုင်သည်ဟု မှတ်ပါ။]

သံဝဋ္ဋ , သံဝဋ္ဋဋ္ဌာယီ။ ။ဤဆိုခဲ့ပြီးသော စကားစဉ်အရ "ကမ္ဘာဖျက်မိုးကြီး ရွာသည်ကစ၍ မီးတောက်မီး လျှံများ ငြိမ်းသည့်တိုင်အောင် ကာလကို ပျက်ဆဲ သံဝဋ္ဋအသင်္ချေယျကပ်"ဟု မှတ်ပါ၊ ဤသံဝဋ္ဋအသင်္ချေယျ ကပ်သည် မဟာကပ်၏ လေးပုံတစ်ပုံတိုင်အောင် ကြာလေသည်၊ ရွာကြီးတစ်ရွာကို မီးလောင်ပြီးနောက် ရွာသစ် မတည်ရသေးဘဲ အတော်ကြာအောင် ပျက်မြဲအတိုင်း တည်နေသလို, ထို့အတူ ကမ္ဘာ့အဆောက် အဦးတွေ ပျက်ပြီး၍ မီးတောက်မီးလျှံ ငြိမ်စဲပြီးနောက် ကမ္ဘာသစ် တည်ထောင်မည့်မိုးကြီး မရွာသေးခင် ပျက် မြဲအတိုင်း တည်နေသောကပ်သည် သံဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်မည်၏၊ ထိုသံဝဋ္ဋဋ္ဌာယီကပ်လည်း မဟာ ကပ်၏ လေးပုံ့တစ်ပုံတိုင်အောင် ကြာလေသည်။

[ ဆောင်] ကမ္ဘာဖျက်မိုး, ရွာဖြိုးပြီးနောက်, မီးတောက်မီးလျှံ, ကြွင်းမကျန်လတ်, တိုင်အောင်မှတ်, ပျက်ကပ် သံဝဋ္ဋ။

မီးလျှံမီးတောက်, ငြိမ်ပျောက်ပြီးခါ, အစဖြာလျက်, ကမ္ဘာပြုမိုး, မရွာဖြိုးမီ, ပျက်မြဲတည်, ဌာယီ သံဝဋ္ဋ။

ရေကြောင့် ကမ္ဘာပျက်ပုံ။ ။ပြအပ်ပြီးသော အစဉ်ကား မီးဖျက်ပုံအစဉ်တည်း၊ ဤအစဉ်အတိုင်း တည်ပြီး သောကမ္ဘာကို ခုနစ်ခါတိုင်အောင် မီးဖျက်ပြီးနောက် ရှစ်ကြိမ်မြောက်ကမ္ဘာဝယ် ရေဖျက်ကိန်း ကြုံလာလေ သော်, လောကဗျူဟာနတ်တို့ ကြွေးကြော်ပုံနှင့်တကွ အားလုံးသော အခြင်းအရာတွေဖြစ်ပြီးနောက် ဒုတိယ နေပေါ်ချိန်မှာ ထိုနေမပေါ်ဘဲ ဆားငန်မိုးကြီး ရွာသဖြင့် စကြဝဠာတောင်, မြင်းမိုရ်တောင်ကြီးများမှ စ၍ မွမွ ကြေကာ ဒုတိယစျာန် ဗြဟ္မာ့ဘုံတိုင်အောင် လွှမ်းခြုံ ရေစားသဖြင့် ကမ္ဘာ့အဆောက်အဦးများ ပျက်ပြားရပြန် လေသည်။

လေကြောင့် ကမ္ဘာပျက်ပုံ။ ။ဤသို့လျှင် မီးခုနစ်ကြိမ် ရေတစ်ကြိမ်အားဖြင့် အဆက်ဆက် ဖြစ်ပျက်ပြီး နောက် (၆၄)ကြိမ်မြောက်မှာ လေဖျက်ကိန်း ကြုံလာလေသော် လေမုန်တိုင်းကျသဖြင့် မြေမှုန် သဲမှုန် ကျောက်ခဲတို့ကို အစပြု၍

သစ်ပင် အိမ် ကျောက်တောင်ကြီးများပါ အခြေပါ ကျွတ်အောင် တိုက်လွှင့်ဆောင်ယူလေရာ, မြင်းမိုရ်တောင် စကြဝဠာတံတိုင်းတို့ အပိုင်းပိုင်းပြတ်လျက် ကုဋေတစ်သိန်းအတွင်း၌ ရှိသော တောင်ကြီးများ၏ အချင်းချင်း ရိုက်ခတ်ပုံမှာ အရပ်ရှစ်မျက်နှာမှ အပြင်းခုတ်လာသော ရထားရှစ်စင်းတို့၏ မျက်နှာချင်းဆိုင်လျက် တစ်ပြိုင် တည်း တိုက်ပုံထက် အဆအသင်္ချေမက ပြင်းထန်ရကား တတိယစျာန် ဗြဟ္မာ့ဗိမာန်များနှင့်တကွ အောက် တစ်ခွင်တွင် ရှိသမျှ ကမ္ဘာ့အဆောက်အဦးကြီးတွေ အဏုမြူမျှ ရှာမရအောင် ပျက်စီးကြရလေတော့သည်။

[ ဆောင်] ထိ့ုနောက်ကမ္ဘာ, ပြုမိုးရွာသော်, လောင်ရာတစ်လျှောက်, လေခံထောက်သား,ခန်းခြောက်စဉ်သင့်, ရှေ့တိုင်းဖြစ်လျှင်, တည်လင့်ထက်ဘုံ,မြေရောက်တုံသော်, ဝါယုံဆို့နေ,ရေစစ်ရေသို့,တည်နေမယို, ခန်းတိုင်းမိုလျက်, ရေချိုအထက်, မြေချိုတက်သား, ထို့ထက်ဗြဟ္မာ, စုတေလာ၍, ရသာပထဝီ,မြေ အဆီကို, လုပ်ချီသုံးဆောင်, တဏှာလောင်လျက်, ကိုယ်ရောင်ကွယ်ပျောက်, မိုက်မှောင်ရောက် ၍, အကြောက်ရကာ, ရဲကြရာဖို့, လျောစွာဆန္ဒ, နေနှင့်လတို့, ပေါ်ကြထင်ရှား, နက္ခတ်များလည်း, လှည့်သွားဖြစ်ကြ, တပေါင်းလဟု, ပုဏ္ဏရက်တွင်း, ဆပ်ထမင်းသို့, ကုန်းကျင်းစုံစွာ, ဖြစ်ကြလာသည်၊ ကမ္ဘာတည်ခင်း စုံသတည်း။

(ပရမတ္ထလင်္ကာကို တစ်ဝက်ခွဲထားသည်။)

ထို့နောက်ကမ္ဘာ၊ပေ၊လေခံထောက်သား။ ။မဟာကပ်၏ လေးပုံ့တစ်ပုံခန့်ကာလကြာအောင် ပျက်ပြီးသား အခြေအနေအတိုင်း ဟာလာဟင်းလင်း တည်ပြီးနောက် ကမ္ဘာ့အဆောက်အဦးကြီးများ ပေါ်ပေါက်ချိန် ရောက်လေသော်, ရှေးဦးစွာ ကမ္ဘာပြုမိုးဖွဲကလေးများ ကျ၍ တစ်စတစ်စနှင့် ကြာရိုးခန့် ဝါးလုံးခန့် ကျည်ပွေ့ ခန့် ထန်းပင်လုံးခန့် စသည်ဖြင့် မိုးရေအယဉ်ကြီးလျက် အဆက်မပြတ် ရွာသွန်းလေရာ, စကြဝဠာ ကုဋေ တစ်သိန်းလုံး၌ မီးလောင်ရာတစ်လျှောက် (ပျက်ပြီးရာ အရပ်တွင်) ရေအယဉ် ပြည့်လာလေသည်၊ ထိုရေကို အောက်သို့မလျှောရအောင် "အဇဋာကာသ"ဟု ခေါ်အပ်သော အောက်ကောင်းကင်မှ လေဟုန်ထလျက် အထက်သို့ပင့်တိုက်ထားရုံမက, ကုဋေတစ်သိန်းပြင်ဘက်က စကြဝဠာများသို့လည်း ရေအယဉ်မစီးသွားရ အောင်နံပါးလေးဖက်၌ တိုက်ခတ်လျက် ဆီးတားလေ၏၊ ထို့ကြောင့် ကမ္ဘာပြုမိုးရေသည် အောက်သို့လည်း မကျ, နံပါးသို့လည်း မစီးဘဲ ပဒုမ္မာကြာဖက်ထဲက ရေပေါက်များလို တစ်ခဲနက် တည်နေသည်။

ခန်းခြောက်စဉ်သင့်၊ပေ၊တည်လင့်ထက်ဘုံ။ ။လေ၏အတွက်ကြောင့် တဖြည်းဖြည်း ရေအယဉ်များ ခန်းခြောက်သည့်အခါ ပျက်စီးသောဗြဟ္မာ့ဘုံများ၏ တည်ရာအရပ်မှ ရေအယဉ်များ လျှောကျလျှင် ထိုပျက် ပြီးသော ဗြဟ္မာ့ဘုံများ

တည်ထောင်မိလေသည်၊ (ဤနေရာ၌ ဗြဟ္မာ့ဘုံများသည် ပျက်သည့်အခါ နောက်မှပျက်၍ တည်သည့်အခါ ရှေးဦးစွာ တည်ပုံကို သတိပြုခဲ့ပါ၊) ထို့နောက် အထက်နတ်ပြည်လေးထပ်လည်း တည်ပြီးဖြစ်လေသည်၊ [ထို နတ်ဘုံ ဗြဟ္မာ့ဘုံများကား နောက်လာရောက်မည့် သတ္တဝါများ၏ ကံနှင့်မကင်းသော ဥတုဇရုပ်များတည်း၊ တာဝတိံသာနှင့် စာတုမဟာရာဇ်နတ်ပြည်နှစ်ထပ်မှာ မြင်းမိုရ်တောင်မြေကြီးနှင့် ဆက်စပ်နေသောကြောင့် မြင်းမိုရ်တောင်တည်သောအခါ အတူပါလာလိမ့်မည်။]

မြေရောက်တုံသော်၊ပေ၊မြေချိုတက်သား။ ။တဖြည်းဖြည်း ရေအယဉ်လျှောကျ ခန်းခြောက်၍ ရှေးတုန်းက မြေကြီးတည်ရာအရပ်သို့ ရောက်လေသော်, အလွန်အားကောင်းသော လေအဟုန် ဖြစ်ပေါ်လာ၏၊ ဓမကရိုဏ်ရေစစ်၏ အထက်ပေါက်ကို ပိတ်ထားသည့်အခါ ရေစစ်အတွင်းမှာရှိသော လေများက ရေတွေကို ပိတ်ဆို့ချုပ်ထားသကဲ့သို့ ထို့အတူလေအဟုန်က ချုပ်ထားသဖြင့် အောက်သို့ မလျှောကျဘဲ ရေအပြင်ကြီး တန့်ရပ်နေလေရာ, ကာလအတော်ကြာသော် ရသပထဝီဟု ခေါ်အပ်သော မြေဆီအဖြစ်သို့ ရောက်၏၊ ထို ရသပထဝီ မြေအဆီသည် နို့ရည်အထက်၌ တက်သောမလိုင်ကဲ့သို့ ကြိုင်မွှေးချိုဆိမ့်သော အနံ့အရသာရှိ၏။

ထို့ထက်ဗြဟ္မာ , စုတေလာ၍။ ။ဤမျှသောအစဉ်ဖြင့် ကမ္ဘာသစ် တည်ထောင်မိသော်လည်း နေလနက္ခတ် တို့ မစုံသေးရကား ကမ္ဘာတည်ခြင်းကိစ္စ မပြီးတတ်သေးပေ၊ ထို့ကဲ့ သို့ရသပထဝီ မြေအဆီပေါ်ပြီးအနေမှာ, ကမ္ဘာပျက်တုန်းကမပါသော အထက်ဗြဟ္မာ့ဘုံမှ ကံအရှိန်ကုန်၍သော်လည်းကောင်း, သို့မဟုတ် ထိုဗြဟ္မာ့ ပြည်မှာ အနေကြာသဖြင့် အသက်တမ်းစေ့၍သော်လည်းကောင်း, အချို့ဗြဟ္မာများစုတေ၍ အောက်အောက် ဗြဟ္မာ့ဘုံ နတ်ဘုံသို့ ရောက်ကြလေရာ, အချို့မှာ လူ့ပြည်၌ ပဋိသန္ဓေတည်ကြပေသည်၊ "ဗြဟ္မာ့ပြည်မှစုတေ ၍ လူ့ပြည်မှာ လူဖြစ်လာကြလေသည်" ဟူလိူ၊ "ဗြဟ္မာများကို်ယ်တိုင် ဆင်းလာသည်" ဟု မမှတ်လင့်၊ ကမ္ဘာဦးက လူတွေမှာ ဗြဟ္မာစိတ်အထုံပါသဖြင့် ကာမစိတ်ကို အားပေးသော ဣတ္ထိဘာဝ ပုရိသဘာဝရုပ် မပါရှိသေးချေ၊ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ကောင်းကင်မှာပင် သွားလာနိုင်ကြကုန်သေး၏၊ မည့်သည့် အစားအသောက်ကိုမျှ မစားသောက်ကြဘဲ နှစ်သက်မှုပီတိကို အားပြုကာ ဗြဟ္မာသွေး ဗြဟ္မာဟန် ဖြင့် အတန်ကြာအောင် နေထိုင်ကြလေသည်။

ရသပထဝီ ၊ပေ၊ မိုက်မှောင်ရောက်၍။ ။ထိုကဲ့သို့ နေထိုင်ကြပြီးနောက် လက်မငြိမ်သူတစ်ယောက်က ရသပထဝီဟု ခေါ်အပ်သော မြေအဆီကို ကြည့်၍ "အဆင်းအနံ့ကဖြင့် သင့်ပျံ့ပါပေရဲ့, အရသာ ဘယ်လိုရှိ လေမှန်း" ဟု လက်ဖြင့်တို့၍ လျက်ရာ အရသာရှိလှသဖြင့် "ကောင်းမှန်းသိ, သာအိ တစိုစို" ဟူသကဲ့သို့ ထပ်ကာထပ်ကာ လျက်လေသော်, တွေ့မြင်သူများလည်း "အတုမြင် အတတ်သင်ကာ" မကြာခင် ဆုတ်၍ ဆုတ်၍ (ထမင်းလုတ်ကဲ့သို့) စားကြလေသည်၊ ထိုအခါ ရသတဏှာ ပူလောင်သည့်အတွက် ကိုယ်ရောင် များ ကွယ်ပျောက်၍ မှောင်ကြီး ကျရောက်လာလေသည်။

အကြောက်ရခါ ၊ပေ၊ လှည့်သွားဖြစ်ကြ။ ။ထိုအမှောင်ကြီးကျသောအခါ၌ ကမ္ဘာဦးလူတို့ အလွန်ကြောက် လန့်ကြသဖြင့် ရဲရင့်စေခြင်းငှာ ကံအားလျော်စွာ အရှေ့လောကဓာတ်မှ ယူဇနာ(၅၀)ရှိသော အရောင်အဝန်း ကြီး တက်ထွန်းလာ၏၊ ထိုအရောင်ဝန်းကြီးသည် အရဲဓာတ်ကို ဖြစ်စေတတ်ရကား "သူရံ-အရဲဓာတ်ကို၊ ဇနေတိ-ဖြစ်စေတတ်၏" ဟူသော ဝိဂြိုဟ်အရ "သူရိယ" ဟု ခေါ်ရလေသည်၊ ထို့နောက် ထိုနေဝန်းကြီး ကွယ်ပျောက်ပြန်ရာ (ညဉ့်အခါဝယ်) "ယခင်သူရိယနှင့်အတူ အရောင်တစ်ခု ပေါ်လာမှု ကောင်းလေစွ" ဟု အလိုဆန္ဒ ဖြစ်ကြပြန်၏၊ ထိုအခါ ထိုအလိုဆန္ဒနှင့် လိုက်လျောစွာ (၄၉)ယူဇနာရှိသော အရောင်ဝန်းတစ်မျိုး ပေါ်လာပြန်၏၊ ထိုအရောင်ဝန်းကို ဆန္ဒအတိုင်း ပေါ်လာသောကြောင့် "ဆန္ဒ ဆန္ဒ" ဟုခေါ်ဝေါ်ခဲ့ရာမှ ကာလ ရှည်ကြာ၍ "စန္ဒ စန္ဒ"ဟု ဖြစ်လာရသည်၊ ဤနေနှင့်လတို့ ထွန်းပသည့်အခါ အခြံအရံနက္ခတ်များလည်း ဖြစ်ပေါ်လာသည်။

တပေါင်းလဟု ,ပုဏ္ဏရက်တွင်း၊ပေ၊ကမ္ဘာတည်ခင်းစုံသတည်း။ ။ထိုနေ,လ,နက္ခတ်တို့ လှည့်ပတ်သွား လာရာ ကာလကို တပေါင်းလပြည့်နေ့ဟု သတ်မှတ်ကြသည်၊ [တပေါင်းလပြည့်ဆိုလျှင် မဇ္ဈိမဒေသထုံးစံ အရ တပေါင်းလကုန်၏၊ မြန်မာလို တပေါင်းလပြည့်ကျော်တစ်ရက်နေ့သည် မဇ္ဈိမထုံးစံအရ တန်ခူးလဆန်း (၁)ရက်ပင်တည်း၊ ထို့ကြောင့် "ကမ္ဘာတည်ဦး,တန်ခူးရက်မစုံ" ဟု ပြောစမှတ်ပြုကြသည်။] ဆပ်ထမင်းများ ကျက်ရာ၌ အနိမ့်အမြင့် ရှိသကဲ့သို့ ထို့အတူ မြင့်မောက်နေ၍ "တောင်" ဟု ခေါ်ဝေါ်အပ်သော အရပ်သည် လည်းကောင်း, နိမ့်ရှိုင်း၍ "သမုဒြာ,မြစ်,အိုင်" ဟု ခေါ်ဝေါ်အပ်သော အရပ်သည်လည်းကောင်း, မနိမ့်မမြင့် အဆင်သင့် "မြေပြင်" အရပ်သည်လည်းကောင်း, တပေါင်းလပြည့်နေ၌ ထင်ရှား ဖြစ်ကြသည်ဟု ဆို၏၊ ထို အခါ ကမ္ဘာသစ်၏ အဆောက်အဦး များပြည့်စုံကြလေပြီ၊ ထို့ကြောင့် "ကမ္ဘာပြုမိုးကြီး ရွာသွန်းဖြိုးသည်ကစ၍ နေ လနက္ခတ်တို့ လှည့်ပတ်ရာတိုင်အောင်သောကာလကို "ဝိဝဋ္ဋအသင်္ချေယျကပ်" ဟု ခေါ်ကြ၏၊ ထိုဝိဝဋ္ဋ ကပ်လည်း မဟာကပ်၏ လေးပုံ့တစ်ပုံတိုင်အောင်ပင် ကြာလေသည်။

[ဆောင်] ကမ္ဘာပြုမိုး, ရွာဖြိုးသည်မှ, အဦးစ၍, နေ လ နက္ခတ်, လှည့်ပတ်လေရာ, တို်င်အောင်မှာ, ခေါ်ပါ ဝိဝဋ္ဋ။

မြေ ရေ လေ။ ။ပြုအပ်ခဲ့သောအစဉ်အားဖြင့် အထက်ပိုင်း ရေအစုတို့ တစ်စတစ်စ မြေသားအဖြစ်သို့ ပြောင်းလွဲလေရာ, ယူဇနာနှစ်သိန်းလေးသောင်းအထု (အထူ) ရှိသော မြေကြီးဖြစ်လာ၏၊ အောက်ပိုင်း တစ်ဝက်မှာ ကျောက်သားကျောက်မြေဖြစ်၍ အထက်ပိုင်းတစ်ဝက်ကား ပကတိမြေသား ဖြစ်သည်၊ ဤမြေ အထုအောက်၌ ယူဇနာလေးသိန်းရှစ်သောင်းအထုရှိသော ရေပြင်ကြီးတည်ရှိ၏၊ ထိုရေပြင်ကြီးကား အများ ထင်သလို အရည်အကျဲမဟုတ်, အပူဓာတ်ဖြင့် လုံးဝထိခတ်ခြင်း မရှိဘဲ, အမြဲ လေအေးတို့က တိုးဝှေ့ တိုက် ခတ်ကြသဖြင့် အစိုင်အခဲ အထုအထည်ကြီးသာဖြစ်ရကား လေးသိန်းရှစ်သောင်းထူသော ရေခဲစိုင်ကြီးက

နှစ်သိန်းလေးသောင်းထူသော ကမ္ဘာမြေကြီးကို ခံထားဖို့ရာမှာ အနည်းငယ်မျှ ဝန်လေးစရာမရှိတော့၊ ထိုရေ ပြင်ကြီး မလျှောကျအောင်ကား ကိုးသိန်းခြောက်သောင်းအထူရှိသော ကမ္ဘာ့လေပြင်ကြီးက ပင့်တင်ဆောင် ထား၏၊ ထိုလေအပြင်၏ အောက်၌ကား အဆုံးမရှိသောကောင်းကင်ကြီးသာ ဖြစ်လေ၏၊ ထိုကောင်းကင်ကြီး ကို အောက်အဇဋာကာသဟု ခေါ်၏၊ နေဝသညာနာသညာယတနဘုံ၏ အထက်၌တည်ရှိသောကောင်းကင် ကို "အထက်အဇဋာကာသ"ဟု ခေါ်သည်၊ [အဇဋာ-တစ်စုံတစ်ခုမျှ အရှုပ်အထွေးမရှိသော (ဘာတစ်ခုမှ မရှိသော)+ အာကာသ=ကောင်းကင်၊ ထိုမှတစ်ပါး စကြဝဠာတောင် မြင်းမိုရ်တောင် သီဒါခုနစ်တန် သတ္တ ရဗ္ဘာန်ခုနစ်ထပ် မဟာသမုဒ္ဒရာ ကျွန်းကြီးလေးကျွန်း ဟိမဝန္တာတောင် အသုရာနတ်ပြည်စသော အဆောက် အဦးကြီးများ ရှိသေး၏၊ အဋ္ဌသာလိနီ ဝိသုဒ္ဓိမဂ် သာရတ္ထဋီကာ၌ ရှုစားကြလေတော့။]

[ ဆောင်] ရသာမြေကို, စားလေတုံမျှို့, တဏှာဖို့၍, တချို့ မလှ, တချို့ လှတည်း၊ ဆင်းမလှသူ, လှသသူက, မာန်မူသည့်တွက်, မြေချိုညက်လည်း, ကွယ်ဝှက်ပြန်ဘိ, ဘူမိပပ္ပဋက, မြေလွှာမြနှင့်, ပဒါလတာ, ထို့တူလာ၏၊ ရသာလိုပေး, ထွန်နှင့်ဝေးသည့်, သလေးဆန်စင်, စားလေလျှင်မူ, မစင်ငယ်ကြီး, ဖြစ် ကြပြီး၍, ယိုစီးဖို့ရာ, ထွက်ဖို့ငှာဟု, အမာဝပေါက်, ဘောလည်းရောက်၏၊ တစ်ယောက်တစ် ယောက်, မေထုန်မြောက်အောင်, သွေဖောက်ယုတ်မာ, ကျင့်သည်တာကြောင့်, ပညာရှိများ, မြစ် တားမောင်းမဲ, ညှဉ်းဆဲပုတ်ခတ်, ပြုလေအပ်၍, ခိုကပ်ဖို့ရာ, အိမ်ရာတည်ဆောက်။

လူပျင်းနောက်သို့ , နည်းလျှောက်သိမ်းဆည်း, ထိုကတည်းက, ဖွဲလည်းမြှေးယှက်, ရိတ်ရာ ကွက်မှ, မထွက်လာထ, ညည်းတွားကြ၏၊ ထားရရေးသား, သူ့ပိုင်းခြားကို, ခိုးငြားမနိုင်, သုံးကြိမ် တိုင်သော်, စွဲကိုင်ခဲတုတ်, သတ်ပုတ်ယှက်မြှေး, နိုင်မဟေးလို့, စုဝေးတိုင်ပင်, များထက်တင်သား, ဗုဒ္ဓင်္ကုမြတ်, ဗောဓိသတ်ကို, ချဉ်းလတ်ပန်ထွာ, သမုတ်ပါ၍, မဟာသမ္မတ, ခတ္တိယနှင့်, ရာဇအပြား, မည်သုံးပါးဖြင့်, ထင်ရှားလူ့ဘောင်, စတည်ထောင်ခဲ့၊ ထို့နောင် ဗြဟ္မဏ-အမျိုးစသည့်, ဝဏ္ဏလေးပါး, ဤသို့အားဖြင့်, တရားသွေကွက်, ယွင်းချော်ပျက်၍, အသက်တိုလျ, ပါပကသည်,.... ဓမ္မလူတွင် ထွန်းသတည်း။

ရသာမြေကို၊ပေ၊ကွယ်ဝှက်ပြန်ဘိ။ ။ထိုရသပထဝီခေါ် မြေအဆီကို စားကြတဲ့အခါ အစာကိုမက်မောသော တဏှာကြောင့် တဏှာနည်းပါးသူ တချို့လူတွေ အဆင်းလှ၍, တဏှာကြီးမားသူ တချို့လူတွေမှာ အဆင်း မလှဘဲ ရုပ်ရည်ခြင်း ကွဲလွဲကြလေသည်၊ ထိုအခါ အဆင်းလှသူတို့က မလှသူတို့အပေါ် မာန်မူကြ (မိမိကိုယ် ကို အထင်ကြီးကြ)သောကြောင့် ရသပထဝီ မြေချိုလည်း ကွယ်ပျောက်ပြန်လေသည်။

ဘူမိပပ္ပဋက ၊ပေ၊ ထို့တူလာ၏။ ။[ဘူမိ=မြေ+ပပ္ပဋက=အထက်အလွှာ၊ ပဒါ=ကောင်းသော+လတာ =မြေနွယ်၊] ရသပထဝီ ကွယ်ပျောက်သောအခါ ဘူမိပပ္ပဋကဟု ခေါ်အပ်သော မြေထပ် မြေလွှာကလေးတွေ ဖြစ်ပေါ်လာ၏၊ ထိုမြေထပ်မြေလွှာသည် ရေခန်းခြောက်သောအခါ ဖြစ်ပေါ်လာသော မြေလွှာမျိုးပင်တည်း၊ ချိုဆိမ့်သောအရသာ ရှိသဖြင့် ထိုမြေလွှာကို စာသုံးကြသည့်အခါ ရသပထဝီကို စားတုန်းကကဲ့သို့ တဏှာ အတွက်ကြောင့် တချို့မလှ, တချို့လှ ကွဲပြား၍, လှသူတို့က မလှသူတို့အပေါ်မှာ မာန်မူသည့်အတွက် ထို မြေထပ်မြေလွှာလည်း ကွယ်ပျောက်ပြန်၏၊ ထို့နောက် "ပဒါလတာ"ဟု ခေါ်အပ်သော နွယ်ချိုများပေါ်လာ သဖြင့် ရှေးအတိုင်းပင် အဆင်းလှ/မလှ ကွဲပြား၍ မာန်မာနတက်ကြွမှုကြောင့် နွယ်ချိုလည်း ကွယ်ပျောက်ရ ပြန်သည်။

မှတ်ချက်။ ။မြေအဆီသည် တစ်မြေပြင်လုံးဖြစ်၏, ထိုမြေအဆီ ခန်းခြောက်သောအခါ ထပ်အလွှာ ဖြစ်ရစ်၏၊ ထို့ကြောင့် မြေလွှာသည် မြေဆီလောက် မမွန်မြတ်ချေ၊ မြေထပ် မြေလွှာ ခြောက်သွေ့ ကွဲအက် သောအခါ အစိတ်စိတ်အမွှာမွှာ နွယ်ချောင်းကလေးများသဖွယ် ဖြစ်ရစ်သည်ကို "နွယ်ချို"ဟု ဆို၏၊ ထိုနွယ် ချိုလည်း မြေလွှာလောက်မျှ မမွန်မြတ်တော့ချေ၊ ဤစကားအစဉ်အရ-တစ်ခုကွယ်ပျောက်၍ အသစ်တစ်မျိုး ပေါ်ပေါက်သည်မဟုတ်, ရှေးမွန်မြတ်သောသဘောမှ သတ္တဝါတို့ ကံအလိုက် ဆုတ်ယုတ်ခြင်းသာ ဖြစ်သည် ဟု မှတ်ပါ။

ရသာလိုပေး , ထွန်နှင့်ဝေးသည့်, သလေးဆန်စင်။ ။နွယ်ချို ကွယ်ပျောက်သောအခါ ထွန်ဖြင့် မထွန် မယက်ရဘဲ အလိုလို သလေးဆန်သီး သီးသော သလေးကောက်ပင်များ ကံအစွမ်းကြောင့် ဖြစ်ပေါ်လာ၏၊ ထိုသလေးဆန်တို့၌ ဖွဲ ဆန်ကွဲ စသည်တို့ မရှိချေ၊ ထို သလေးဆန်များကို အိုးတွင်ထည့်၍ ဇောတိပါသာဏ ခေါ် မီးကျောက်ပေါ်သို့ တင်ထားလိုက်လျှင် အလိုလိုမီးတောက်၍

ထမင်းကျက်မှ မီးငြိမ်း၏၊ ကျက်ပြီးသော သလေးထမင်းကား မြတ်လေးပန်းကလေးသဖွယ် တင့်တယ်လှပ၏၊ ထိုထမင်းနှင့် တွဲဖက်ဖို့ရာ ဟင်းလျာလည်း မလိုတော့ချေ၊ စားလိုသော အရသာများ ထမင်း၌ အဆင့်သင့်ပင် ပါလာ၏၊ ထို့ကြောင့် "ရသာလိုပေး"ဟု ဆိုခဲ့ပေသည်။

စားလေလျှင်မူ ၊ပေ၊ ဘောလည်းရောက်၏။ ။မြေဆီမြေလွှာမြေနွယ်တို့ကို စားသုံးရာအခါဝယ် ခန္ဓာကိုယ် ၌ အဆီအသား ဖြစ်ပြီးနောက် အဖတ်အကာ အနည်းငယ်သာ ကြွင်းကျန်၏၊ ထိုကြွင်းကျန်သော အဖတ် အကာများလည်း ဝမ်းမီးလောင်ရုံမျှဖြင့် ကုန်ခန်းနိုင်ကြသည်၊ သလေးထမင်းကို စားသုံးသည့်အခါ၌ကား ဝမ်းမီးလောင်ရုံမျှဖြင့် မကုန်နိုင်ဘဲ အရည်အဖတ်(ကျင်ကြီး ကျင်ငယ်) များစွာ ကြွင်းကျန်နေ၏၊ ကမ္ဘာဦးလူ တို့ ဖြစ်စက ကျင်ငယ်လမ်း ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ၊ ယခုအခါ ခန္ဓာကိုယ်၏ အတွင်းမှာရှိသော ဝါယောဓာတ်က ထိုအရည် အဖတ်များကို မှုတ်ထုတ်လေပြီ၊ သို့ဖြစ်၍ အရည်အဖတ်များ ထွက်ဖို့ရာ ကျင်ငယ်လမ်းပေါက် ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်ရသည်၊ ကျင်ငယ်လမ်းပေါက် ပေါ်ပေါက်သည်ကို ထောက်၍ ခန္ဓာကိုယ် တစ်ကို်ယ်လုံး၌ ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်များလည်း ဖြစ်ကြလေပြီဟု သိသာ၏၊ ထို့သို့ဖြစ်ရာ၌ ဗြဟ္မာ့ပြည်သို့ မရောက်ခင်တုန်းက မိန်းမဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ်ပေါ်လာ၍, ယောက်ျားဖြစ် ခဲ့သူမှာ ပုရိသဘာဝရုပ် ပေါ်လာသတဲ့။

တစ်ယောက်တစ်ယောက် ၊ပေ၊ အိမ်ရာတည်ဆောက်။ ။ကိုယ်အင်္ဂါပေါ်ပေါက်ပုံ မတူကြသဖြင့် တစ်ယောက်ဥစ္စာကို တစ်ယောက်က တစိမ့်စိမ့် ကြည့်ရှုလျက် စိတ်စက်ကို မချုပ်ထားနိုင်ဘဲ ကာမကိစ္စ မှီဝဲ ကြ၏၊ ထိုအခါ ပညာရှိတစ်စုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရှုတ်ချ ခဲ တုတ်စသည်ဖြင့် ပစ်ကြလေရာ, ပုန်းအောင်း ခိုကပ်ဖို့ အိမ်ရာများကို တည်ဆောက်ကြရလေသည်။ [ကမ္ဘာဦးက ဤအလေ့အထကို စွဲ၍ ယခု ကာလ မင်္ဂလာဆောင်ကိစ္စ၌ ခဲပေါက်ရိုး ပြုကြသည်။]

လူပျင်းနောက်သို့ ၊ပေ၊ ဖွဲ့လည်းမြှေးယှက်, ရိတ်ရာကွက်မှ, မထွက်လာထ။ ။အိမ်ရာတည်ထောင်လျက် နေထိုင်ကြစဉ် သလေးဆန်သီးများကို တစ်နေ့စာ တစ်နေ့စာ သွားရောက် ယူငင်ကြ၏၊ ထိုအခါ အပျင်းထူသူ လူတစ်ယောက်က တစ်နေ့တစ်ခါ သွားယူရခြင်းကို ပျင်းရိသဖြင့် (၃)ရက်စာ (၃)ရက်စာ အပိုအမို ယူထားသည်ကို အတုလိုက်၍ အခြားအိမ်ထောင်သည်တို့ကလည်း ထိုနည်းအတိုင်း အပိုအမို ယူငင်သိမ်းဆည်းကြ လေသည်၊ ထိုကတည်းက (ထိုအခါတုန်းက)စ၍ သလေးဆန်စင် မဟုတ်တော့ဘဲ သလေးဆန်၌ ဖွဲစပါးခွံများ မြှေးယှက်လာ၏၊ ရှေးအခါတုန်းက ရိတ်ပြီးသား နေရာမှာ အလိုလို ထပ်၍ ပေါ်လာသော်လည်း ထိုကဲ့သို့ အပျင်းထူသည်မှ စ၍ ရိတ်ရာအရပ်၌ နောက်ထပ် မထွက်လာတော့ပြီ။

ညည်းတွားကြ၏, ထားရရေးသား။ ။ထိုအခါ လူအများစုဝေးလျက် "ငါတို့အစာသည် တဖြည်းဖြည်း

ယုတ်လျော့ကာ ယခုအခါ သလေးဆန်သီးများပင် ရိတ်ပြီးရာရပ်ကွက်မှ နောက်ထပ်မထွက်ဘဲ ရှိကြပေါ့" ဟု ညည်းတွားကြရှာပြီးနောက် ကိုယ်စီကိုယ်စီ လယ်မြေကွက်ကို ပိုင်းခြားသတ်မှတ်ထားကြလေသည်။

သူ့ပိုင်းခြားကို၊ပေ၊နိုင်မဟေးလို့။ ။ဤကဲ့သို့ ပိုင်းခြားကြပြီးနောက် အချို့သော လူလိမ် လူကောက်တို့က သူများအပိုင်းမှ သလေးဆန်ကို ခိုးယူဇကြသဖြင့် အဒိန္နာဒါန မကောင်းမူကြီး ရှေးဦးစွာဖြစ်ခဲ့လေသော်,ပိုင်ရှင် များက ပဌမတစ်ကြိမ် မယူဖို့ရာ သတိပေး, ဒုတိယတစ်ကြိမ်ထပ်၍ သတိပေး, တတိယတစ်ကြိမ် ခိုးယူပြန် လျှင် ခဲ တုတ်များကို စွဲကိုင် ပုတ်ခတ်ကြသောကြောင့် လူအချင်းချင်း မနိုင်မနင်း ရှိရလေသည်။

စုဝေးတိုင်ပင်၊ပေ၊စတည်ထောင်ခဲ့။ ။ထိုအခါ အများစုဝေးတိုင်ပင်၍ အကြီးအချုပ် တစ်ယောက်ကို ရွေးချယ်ကြလေရာ ငါတို့၏ ဘုရားအလောင်းသည် ယခု ကမ္ဘာဦးတုန်းက အရည်အချင်း အဆင်းသာလွန်သူ ဖြစ်သောကြောင့် ငါတို့ဘုရားအလောင်းတော်ကိုပင် ရွေးချယ်တင်မြှောက်ကြသတဲ့၊ ထိုအကြီးအချုပ် ပုဂ္ဂိုလ် လသည် လူအများတို့ ဝိုင်းဝန်းသမုတ်အပ်သောကြောင့် "မဟာသမ္မတ"ဟု လည်းကောင်း, လယ်မြေတို့ကို အုပ်စိုးလျက် ထွက်သောအသီးအနှံကို ဆယ့်ခိုင့်တစ်ခိုင် ရသောကြောင့် "ခတ္တိယ"ဟုလည်းကောင်း,တိုင်းသူ ပြည်သား လူအများကို နှစ်သိမ့်အောင် စောင့်ရှောက်တတ်သောကြောင့် "ရာဇ"ဟုလည်းကောင်း, နာမည် သုံးပါးဖြင့် ထင်ရှားစွာ ဖြစ်ပေါ်လာခဲ့၏၊ မဟာသမ္မတမင်း၏ နာမည်မှာ "မနု" မည်သည်ဟု လောကီကျမ်းက ဆို၍ ထိုမနုမင်း၏ အဆုံးအမ၌တည်သော လူအပေါင်းကို "မနုဿ"ဟု ခေါ်ရသတဲ့။

ထို့နောင် ဗြဟ္မဏ၊ပေ၊ဝဏ္ဏလေးပါး။ ။ထိုသို့ ခတ္တိယအမျိုးအနွယ်များ ထင်ရှားပြီးနောက် "ဗြဟ္မံ-ဗေဒင် မန္တန်ကို၊ အဏတိ-ရွတ်အံသရဇ္ဈာယ်တတ်၏" ဟူသော ဝိဂြိုဟ်အရ ဗေဒင်မန္တန်ကို ရွတ်အံသရဇ္ဈာယ်သော ဗြဟ္မဏလူမျိုးများ ပေါ်ပေါက်၏၊ ထို့နောက် "ဝိသတိ ဥပဘုဉ္ဇတိ-ကာမဂုဏ်ကို ခံစားတတ်၏" ဟူသော ဝိဂြိုဟ်အရ လယ်လုပ်ခြင်း ကုန်သွယ်ခြင်းစသော ရိုးရိုးသားသား အလုပ်အကိုင်ဖြင့် အသက်မွေးကြသော "ဝေဿ" လူမျိုးများနှင့် "သောစတိ-ဝမ်းနည်းပူဆွေးရ၏"ဟူသော ဝစနတ်အရ သူတစ်ပါးကို သတ်ဖြတ်ခြင်း စသော ကြမ်းကြုတ်မှု, ထင်းခွေ ရေခပ် ဆတ္တာသည်လုပ်ငန်းစသော သေးနုပ်သောအမှုဖြင့် အသက်မွေး သော "သုဒ္ဒ" လူမျိုးများ ဖြစ်ပေါ်လာ၏။

မှတ်ချက်။ ။ခတ္တိယတိူ့သည် လူအများကို စောင့်ရှောက် အုပ်စိုးရခြင်း ဗျာပါရများနေသဖြင့် ကာမဂုဏ် ကို လွတ်လပ်စွာ ခံစားခွင့် မရ, ဗြာဟ္မဏလူမျိုးတို့လည်း ဝေဒကျမ်းဂန်ကို ရွတ်အံကြသဖြင့် ကာမဂုဏ်ကို ပြင်းပြင်းပြပြ မခံစားကြချေ၊ ဝေဿလူမျိုးတို့ကား ကိုယ့်အလုပ်အကိုင်ဖြင့် သင့်တော်အောင် အသက်မွေး လျက် ကာမဂုဏ်ကို လွတ်လပ်စွာ ခံစားခွင့်ရသည်-ဟူလို၊ ဝိသဓာတ်နောင် ဏျပစ္စည်း သက်၍ ဣ ကို ဧ ဝုဒ္ဓိ, သယျကို သ, သ ဒွေးဘော်လာ၍ "ဝေဿ"ဟု ပြီးသည်၊ အဂ္ဂညသုတ်ပါဠိတော်၌ ဝေဿနာမည် ဖြစ် ပေါ်လာပုံ တစ်မျိုးပြသေး၏၊ သုဒ္ဓ၌လည်း သုစ ဓာတ် အ ပစ္စည်း, စ ကို ဒ, ဒ ဒွေးဘော်လာ၍ သုဒ္ဒဟု ပြီးသည်၊ အဂ္ဂညသုတ်ဋီကာ၌ကား"သု-လျင်စွာ+ဒါ-ကဲ့ရဲ့ဖွယ်သို့ ရောက်သူ"ဟု တစ်မျိုးဖွင့်သေး၏၊ ဤသို့လျှင် ကုသိုလ်တရားပျက်ပြား၍ အဒ်ိန္နဒါန စသော ပါပကဓမ္မ (အကုသိုလ်တရားတို့) ထွန်းကားလာသဖြင့် ကမ္ဘာဦး အသင်္ချေယျ အသက်တမ်းမှ တဖြည်းဖြည်း ဆုတ်ခဲ့လေရာ ယခုအခါ (၇၅)နှစ်တမ်းမျှ ရှိသည်ဟု ခန့်မှန်းရ လေတော့သည်။

ဝိဝဋ္ဋဋ္ဌာယီကပ်။ ။ဤသို့ အကုသိုလ်တရား တိုးပွားမှုကြောင့် တဖြည်းဖြည်း အသက်တမ်းယုတ်လျော့ လေရာ(၁၀)နှစ်တမ်းသို့ ရောက်သောအခါ သတ္တန္တရကပ်(လက်နက်ဘေး), ရောဂန္တရကပ်(အနာရောဂါဘေး) ,ဒုဗ္ဘိက္ခန္တရကပ် (ငတ်မွတ်ခေါင်းပါးဘေး)တို့တွင် တစ်ခုခုဖြင့် အကြီးအကျယ် ပျက်စီးကြ၍ ကြွင်းကျန်သူတို့ သံဝေဂရသဖြင့် ကုသိုလ်တရားတိုးပွားပြန်ရာ အသက်တမ်းလည်း တဖြည်းဖြည်းတိုးလျက် အသင်္ချေယျတမ်း တိုင်အောင် တက်ပြန်လေသည်၊ ထိုကဲ့သို့ ဆုတ်ကပ် တက်ကပ် တစ်စုံကို အန္တရကပ်ဟု ခေါ်သည်၊ အန္တရ ကပ် (၆၄)ကပ်ပြည့်သောအခါ ကမ္ဘာဖျက်မိုးရွာ၍ ထုံးစံအတိုင်း ပျက်ရပြန်လေသည်၊ ဤသို့လျှင် နေ လ နက္ခတ် ပေါ်သည်ကစ၍ ကမ္ဘာဖျက်မိုးရွာသည့်တိုင်အောင် ဖြစ်မြဲတိုင်းတည်နေရာအခါသည် "ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျ ကပ် " မည်၏။

[ဆောင်] နေလနက္ခတ်, လှည့်ပတ်သည့်ခါ, အစဖြာ၍ , ကမ္ဘာဖျက်မိုး, မရွာဖြိုးမီ, ဖြစ်မြဲတည်, ဌာယီဝိဝဋ္ဋ။

အာဘဿရာနှင့် သုဘကိဏှာဘုံသက်။ ။"အာဘဿရာနံ အဋ္ဌကပ္ပါနိ"ဖြင့် အာဘဿရာဗြဟ္မာတို့၏ အသက်တမ်းသည် မဟာကပ် (၈)ကပ် ရှည်သည်ဟု ဆို၏၊ သို့သော် (၈)ကြိမ်မြောက် ရေဖျက်သည့်အခါ အာဘဿရာဘုံ ပါသောကြောင့် အာဘဿရာဘုံသည် မဟာကပ်(၈)ကပ် အတိအကျ တည်နိုင်ခွင့် မရှိချေ၊ ဗြဟ္မာ့ဘုံတို့သည် ကမ္ဘာတည်သည့်အခါ ရှေးဦးစွာတည်၍ ကမ္ဘာပျက်သည့်အခါ နောက်ဆုံးမှ ပျက်ရသော ကြောင့် ရေဖျက်သည့်အခါ ပျက်ဆဲဖြစ်သော သံဝဋ္ဋအသင်္ချေယျကပ်၏ နောက်ပိုင်းနှင့် ပျက်သည့်အတိုင်း တည်နေသော

သံဝဋ္ဋေဋ္ဌာယီအသင်္ချေယျကပ်အခိုက်မှာ အာဘဿရာဗြဟ္မာဘုံမရှိချေ၊ ကမ္ဘာတည်စ ဝိဝဋ္ဋအသင်္ချေယျကပ် ၏ အစပိုင်းမှာလည်း မရှိသေး၊ ထို့ကြောင့် မဟာကပ်(၈)ကပ်တွင် အသင်္ချေယျတစ်ကပ်သာသာ (တစ်ကပ်ခွဲ မရှိတရှိ) ယုတ်လျော့နေသည်၊ သို့သော် "အပ္ပကံ ဦနံ ဝါ အဓိကံ ဝါ ဂဏနူပဂံ န ဟောတိ-နည်းနည်းပါးပါး ယုတ်လျော့ ပိုလွန်သည်မှာ မပြောပလောက်"ဟု ပရိဘာသာ ရှိသောကြောင့် "အာဘဿရာနံ အဋ္ဌကပ္ပါနိ" ဟု မဟာကပ်(၈)ကပ်ဖြင့် အတိအကျ ရေတွက်လေ၏၊ "သုဘကိဏှာနံ စတုသဋ္ဌိကပ္ပာနိ"ဟု သတ်မှတ်မှု၌ လည်း ဤနည်းပင်တည်း။

------------------

တစ်ဘဝ၌ တူမြဲ

ပဋိသန္ဓိဘဝင်္ဂဉ္စ, တထာ စဝနမာနသံ၊ ဧကမေဝ တထေဝေက-ဝိသယေဉ္စက ဇာတိယံ။

ပဋိသန္ဓိ၊ပေ၊ဧကမေဝ။ ။ဤ၌ ဧကသဒ္ဒါအတွက် "အတူ" ဟူသော အနက်ကိုယူ၍ "ဘူမိတော ဇာတိတော သမ္ပယုတ္တဓမ္မတော သင်္ခါရတော သမာနမေဝ"ဟု ဖွင့်ပြကြ၏၊ ဥပမာ-ပဋိသန္ဓေစိတ်က ဘုံအားဖြင့် ကာမဘုံ, ဇာတ်အားဖြင့် အဗျာကတဇာတ်, သမ္ပယုတ္တဓမ္မအားဖြင့် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်, သင်္ခါရ အားဖြင့် အသင်္ခါရိကဖြစ်အံ့၊ ဘဝင်စုတိစိတ်များလည်း ထို့အတူ ကာမဘုံ၌ဖြစ်၍ အဗျာကတဇာတ် သောမန ဿသဟဂုတ် ဉာဏသမ္ပယုတ်, အသင်္ခါရိကချည်း ဖြစ်ရမည်ဟူလို၊ [ ဤ၌သမ္ပယုတ္တဓမ္မအရ "သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ်" စသည်ကို မဖွင့်ဘဲ "ဖဿ စသော စေတသိက်အားလုံးကို" မဏိမဉ္ဇူ ဖွင့်၏, အာဘော်ကျမည် မထင်။]

တစ်နည်း။ ။ဧကမေဝ၌ အတူဟူသည် "တစ်မျိုးတည်း" ဟုဆိုလိုရင်း ဖြစ်သောကြောင့် ပဋိသန္ဓေ ဘဝင် စုတိ တို့သည် တစ်ဘဝ၌ တစ်မျိုးတည်းသာဖြစ်၏ဟု အဓိပ္ပာယ်ယူရလျှင် လွယ်လွယ်နှင့် ရှင်း၏၊ "ပဋိသန္ဓေ စိတ်က မဟာဝိပါက် ပဌမစိတ်ဖြစ်လျှင် ဘဝင် စုတိစိတ်များလည်း မဟာဝိပါက် ပဌမစိတ်ချည်း ဖြစ်ရမည်" ဟူလို။

ဧကဝိသယဉ္စ။ ။ပဋိသန္ဓေ ဘဝင် စုတိစိတ်တို့သည် တစ်ဘဝ၌ အာရုံချင်းလည်း တူရမည်၊ ဥပမာ- ပဋိသန္ဓေစိတ်က အကြင်ကံအာရုံကို အာရုံပြု၏၊ ထိုကံအာရုံကိုပင် ဘဝင် စုတိတို့က ထပ်၍အာရုံပြုကြရမည်၊ ပဋိသန္ဓေစိတ်က အကြင်ရူပါရုံ ကမ္မနိမိတ်ကို အာရုံပြု၏, ထိုရူပါရုံ ကမ္မနိမိတ်ကိုပင် ဘဝင် စုတိတို့က အာရုံပြု ရမည်၊ ပဋိသန္ဓေစိတ်က အမိဝမ်းရေဟူသော အကြင် ဂတိနိမိတ်ကို အာရုံပြု၏, ထိုဂတိနိမိတ်ကိုပင် ဘဝင် စုတိတို့က အာရုံပြုရမည်-ဟူလို။

ဝိညာဏဌိတိ, သတ္တဝါသ။ ။စိတ်ဝိဉာဏ်တို့၏ တည်ပုံကို "ဝိညာဏဌိတိ" ဟုခေါ်၏၊ သတ္တဝါတို့၏ ဘုံ

ဌာနကို "သတ္တာဝါသ"ဟု ခေါ်၏၊ ဤအရာဝယ် ထိုဝိညာဏဌိတိ (၇)ပါးနှင့် သတ္တာဝါသ (၉)ပါးကို ပြခွင့် ရှိ၏၊ အကျယ်ကို သံဂီတိသုတ် အဋ္ဌကထာမှာ ရှုပါ၊ ဇိနာလင်္ကာရဋီကာ၌ ပြအပ်သောအချုပ်ကား–

နာနတ္တကာယ , နာနတ္တသညီ။ ။နတ်တို့သည်လည်းကောင်း, လူတို့သည်လည်းကောင်း, အချို့သော ဝိနိပါတိကအသုရာတို့သည်လည်းကောင်း, ခန္ဓာကိုယ်အားဖြင့် အနိမ့် အမြင့် အပိန် အဝ အမဲ အရွှေ စသော အားဖြင့် ကိုယ်အနေအထားကွဲပြားခြင်း, ပဋိသန္ဓေသညာအားဖြင့် သုဂတိအဟိတ် ဒွိဟိတ် တိဟိတ် အမျိုး မျိုးရှိခြင်းကြောင့် "နာနတ္တကာယ, နာနတ္တသညီ" တို့မည်၏။

ဒေဝါ စေဝ မနုဿာ စ, ဧကစ္စေ ဝိနိပါတိကာ၊ ဒီဃကဿကိသထူလ-ကာဠသာမာဒိဘေဒတော။ ကာယဿာပိ စ နာနတ္တာ, နာနတ္တာပိ စ သညယာ၊ နာနတ္တကာယာ နာနတ္တ-သညိနော နာမ ဟောန္တိ တေ။

နာနတ္တကာယ , ဧကတ္တသညီ။ ။အပါယ်လေးဘုံသားတို့သည် ကိုယ်အားဖြင့်မတူကြ, ပဋိသန္ဓေသညာ အားဖြင့်ကား ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေချည်းတည်း၊ ပဌမစျာန်ဗြဟ္မာတို့လည်း ကိုယ်အားဖြင့် မတူကြ၊ ပဋိသန္ဓေသညာအားဖြင့် ပဌမစျာန်ဝိပါက်ချည်းသာတည်း၊ ထို့ကြောင့် "နာနတ္တကာယ, ဧကတ္တသညီတို့ မည်၏။

သဗ္ဗေ အာပါယိကယ စေဝ, ပဌမဇ္ဈာနိကာ တယော၊ နာနတ္တကာယာ ဧကတ္တ-သညိနော နာမ ဟောန္တိ တေ။

ဧကတ္တကာယ ,နာနတ္တသညီ။ ။ဒုတိယစျာန်ဘုံ၌ ဗြဟ္မာတို့သည် ကိုယ်အနေအားဖြင့် တူကြ၏၊ ပဋိသန္ဓေ သညာအားဖြင့်ကား ဒုတိယစျာန်ဝိပါက်နှင့် တတိယစျာန်ဝိပါက်ဟု နှစ်မျိုး ကွဲပြား၏၊ ထို့ကြောင့် တူသော ကိုယ်ကာယ ရှိ၍ ပဋိသန္ဓေသညာအားဖြင့် မတူသော "ဧကတ္တကာယ နာနတ္တသညီ"ပုဂ္ဂိုလ်များဖြစ်ကြသည်။

ဧကတ္တကာယ , ဧကတ္တသညီ။ ။ဒုတိယစျာန်မှ အထက်ရူပဗြဟ္မာတို့သည် မိမိဆိုင်ရာဘုံ၌ ရုပ်ချင်းလည်း တူ, ပဋိသန္ဓေသညာချင်းလည်းတူရကား တူသောကိုယ်ကာယလည်း ရှိကြ, တူသော ပဋိသန္ဓေသညာလည်း ရှိကြသော "ဧကတ္တကာယ ဧကတ္တသညီ" တို့မည်၏။

ဒုတိယဇ္ဈာနိကေကတ္တ-ကာယာနာနတ္တသညိနော၊ ဧကတ္တကာယာ ဧကတ္တ-သညိနော ဟိ တတော ပရေ။

ဝိညာဏဌိတိ(၇)ပါး။ ။နာနတ္တကာယ နာနတ္တသညီစသော ထို(၄)မျိုး၌ အောက် အရူပ (၃)ဘုံသားတို့ကို ထည့်လျှင် ဝိညာဏဌိတိ (၇)ပါးဖြစ်၏။

သတ္တာဝါသ ဘုံကိုးဝ။ ။ထို(၇)ပါး၌ အသညသတ်နှင့် နေဝသညာနာသညာယတနဟူသော ဘဝဂ်ကို ထည့်လျှင် သတ္တဝါသ-သတ္တဝါတို့၏နေရာ ဘုံကိုးဝ ဖြစ်သည်။

ဝိဉာဏဌိတိယော သတ္တ, ဟေဋ္ဌာရုပ္ပေဟိ တီဟိ တေ၊ ဘဝဂ္ဂါ .သညိနော စေဝ, သတ္တာဝါသာ နဝေ ရိတာ။

------------------

ကမ္မစတုက္က

ဇနကံ ဥပတ္ထမ္ဘကံ ဥပပီဠကံ ဥပဃာတကေဉ္စတိ ကိစ္စဝသေန၊ ဂရုကံ အာသန္နံ အာစိဏ္ဏံ ကဋတ္တာကမ္မေဉ္စတိ ပါကဒါနပရိယာယေန၊ ဒိဋ္ဌဓမ္မဝေဒနိယံ ဥပပဇ္ဇဝေဒနီယံ အပရာပရိ ယဝေဒနီယံ အဟောသိကမ္မေဉ္စတိ ပါကကာလဝသေန စတ္တာရိ ကမ္မာနိ နာမ။

သုတ္တန်နည်း အဘိဓမ္မာနည်း။ ။အရှင်အနုရုဒ္ဓါသည် ဤကမ္မစတုက္ကကို လေးနည်း(လေးစတုက္က)ခွဲခြား၍ ပြတော်မူ၏၊ ထိုတွင် ကိစ္စစတုက္က ပါကဒါန ပရိယာယစတုက္က ပါကကာလစတုက္က သုံးမျိုးသည် သုတ္တန်ဒေသ နာ၌လာသော နည်းတည်း၊ ပါကဋ္ဌာနစတုက္ကသာ အဘိဓမ္မာဒေသနာနည်း ဖြစ်သည်၊ သုတ္တန်နည်းဟူသည် ပုံသေကားချတစ်ထစ်ချမဟုတ်, များသောအားဖြင့် ဖြစ်တတ်သည်ကို စွဲ၍ ဟောပြရသောနည်းတည်း၊ အဘိ ဓမ္မာနည်းသာလျှင် ကိန်းသေ မှတ်ရသော နည်းဖြစ်သည်၊ ထို့ကြောင့် သုတ္တန်နည်းဖြင့် ပြအပ်သော စတုက္က သုံးမျိုးဝယ် အဋ္ဌကထာ ဋီကာကြီးတို့၌ တိုက်ရိုက်လာသော နည်းအပြင် နောက်ဋီကာဆရာများနှင့် ဤကျမ်း ၏ အလိုကိုလည်း ပြဆိုလတ္တံ့။

တိကင်္ဂုတ္တရ။ ။သုတ္တန္တိ ပရိယာယေန ဟိ ဧကာဒဿကမ္မာနိ ဝိဘတ္တာနိ၊ သေယျထိဒံ- ဒိဋ္ဌဓမ္မဝေဒနိီယံ ဥပပဇ္ဇဝေဒနီယံ အပရာပရိယဝေဝဒနီယံ, ယဂ္ဂရုကံ ယဗ္ဗဟုလံ ယဒါသန္နံ ကဋတ္တာဝါပနကမ္မံ, ဇနကံ ဥပတ္ထမ္ဘကံ ဥပပီဠကံ ဥပဃာတကန္တိ၊ ဒေဝဒူတဝဂ်။

ကိစ္စစတုက္က။ ။ဇနေတိ-ဖြစ်စေတတ်၏၊ ဣတိ-ကြောင့်၊ ဇနကံ-ဇနကကံမည်၏၊ ဥပတ္ထမ္ဘတိ-ထောက်ပံ့ကူ ညီတတ်၏၊ ဣတိ-ကြောင့်၊ ဥပတ္ထမ္ဘကံ-မည်၏၊ ဥပဂန္တွာ-ကပ်ရောက်၍၊ ပီဠေတိ-နှိပ်စက်တတ်၏၊ ဣတိ-ကြောင့်၊ ဥပပီဠကံ-မည်၏၊ ဥပဂန္တွာ-ကပ်ရောက်၍၊ ဃာတေတိ-သတ်ဖြတ်တတ်၏၊ ဣတိ-ကြောင့်၊ ဥပဃာတကကံ-မည်၏၊...ဤ၌ ဖြစ်စေမှု, ထောက်ပံ့မှု, နှိပ်စက်မှု, သတ်ဖြတ်မှုဟူသည် ကံတို့၏ ကိစ္စလုပ် ငန်းတည်း၊ ဤသို့ ကိစ္စလုပ်ငန်းအားဖြင့် ကွဲပြားသော ကံ(၄)ပါးကို "ကိစ္စစတုက္က"ဟု ခေါ်သည်။

ဇနကကံ။ ။"ဝိပါက်စိတ်စေ, ရုပ်ထွေထွေကို, သန္ဓေပဝတ္တိ, ခွင့်ခါရှိသော်, မိမိကိုယ်တိုင်, ဖြစ်စေနိုင်, ခေါ်ပိုင် ဇနကကံ" ဟူသည်နှင့်အညီ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ထိုက်သည့်အားလျော်စွာ ဝိပါက်စိတ် စေတသိက်, ကမ္မဇရုပ်, ကမ္မပစ္စယ ဥတုဇရုပ်များကို ဖြစ်စေနိုင်သော ကုသိုလ် အကုသိုလ် စေတနာသည် ဇနကကံတည်း၊ ချဲ့ဦးအံ့-ဤဇနကကံသည် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက် ကမ္မဇရုပ်များကို လည်းကောင်း, နတ်ဘုံဗိမာန် ငရဲ၌ သင်ဓုန်းစက်စသော ကမ္မပစ္စယ ဥတုဇရုပ်များကိုလည်းကောင်း, ပဝတ္တိ အခါဝယ် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏ တဒါရုံ မဟာဝိပါက်စသော နာမ်ဝိပါက်များကိုလည်းကောင်း, ခဏတိုင်း ခဏတိုင်း ကမ္မဇရုပ်များကိုလည်းကောင်း ဖြစ်စေ၏၊ အကုသိုလ်ကံကြောင့် တိရစ္ဆာန်ဘုံ၌ နဂါး ဂဠုန် ဆင် မြင်း စသည် ဖြစ်ကြရသော်လည်း ပဝတ္တိအခါ၌ လှပသော အဆင်းနှင့် ဘုံဗိမာန်စသည်တို့ကို ရရှိအောင် ပဝတ္တိကုသိုလ်ဇနကကံက စီမံနိုင်၏၊ ကုသိုလ်ကံကြောင့် လူ့ဘုံ နတ်ဘုံ၌ ဖြစ်ရသော်လည်း ပဝတ္တိအခါ မလှမပ အနိဋ္ဌရုပ်တွေဖြစ်အောင် ဝေမာနိကပြိတ္တာတို့ကဲ့သို့ နေ့စံရသော်လည်း ညဉ့်၌ ဒုက္ခခံရ အောင် ပဝတ္တိအကုသိုလ် ဇနကကံက စီမံသည်၊ ဤဇနကကံများသည် ပဝတ္တိကျိုးပေးရာ၌ ကမ္မပထမြောက် /မမြောက် နှစ်မျိုးလုံးပင် ဖြစ်သင့်သော်လည်း ပဋိသန္ဓေကျိုးပေးရာ၌ကား ကမ္မပထမြောက်သောကံသာ ဖြစ်ရမည်ဟု ဆို၏၊ သို့သော် ကမ္မပထမမြောက်ဘဲ ပဋိသန္ဓေကျိုးပေးသော အရာလည်း နောက်၌ ထင်ရှား လတ္တံ့။

ဥပတ္ထမ္ဘကကံ။ ။"အကျိုးပေးခွင့်, အခါသင့်အောင်, အခွင့်သင့်ပြန်, ကျိုးပေးသန်အောင်, ပေးပြန်ပြီးကာ, ရှည်မြင့်ကြာဖို့, လျော်စွာထောက်မ, ကူညီက, ဥပထမ္ဘကကံ" ဟူသည်နှင့်အညီ, ဇနကကံကိုလည်းကောင်း, ဇနကကံကြောင့်ဖြစ်သော အကျိုးဝိပါက်ကိုလည်းကောင်း, ထောက်ပံ့ကူညီတတ်သော စေတနာသည် ဥပတ္ထမ္ဘကကံ မည်၏။

အကျိုးပေခွင့် , အခါသင့်အောင်။ ။မရဏာသန္နအခါ၌ ကုသိုလ်ဇော စောလျှင် နောက်ဘဝ၌ ကုသိုလ်ကံ အကျိုးပေးခွင့် ရ၏၊ အကုသိုလ်ဇောစောလျှင် နောက်ဘဝ၌ အကုသိုလ်ကံ အကျိုးပေးခွင့် ရ၏၊ မရဏာသန္န ကုသိုလ် အကုသိုလ်ဇောတို့သည် ကို်ယ်တိုင်အကျိုးမပေးဘဲ ရေလာမြောင်းပေးဆိုသလို အခြားကံများအခွင့် သာအောင် ထောက်ပံ့သော ဥပတ္ထမ္ဘကကံများတည်း၊ ရိုးရိုး ပဝတ္တိအခါ၌လည်း ကုသိုလ်များစွာ ပြုနေလျှင် ထို ကုသိုလ်တွေက ထောက်ပံ့မှုကြောင့်

ရှေးရှေးကုသိုလ်များ အကျိုးပေးခွင့် ရကြ၏၊ အကုသိုလ်များစွာ ပြုနေလျှင်လည်း ထိုအကုသိုလ်ကံတွေက အခွင့်သာအောင် ထောက့်ပံ့မှုကြောင့် ရှေးရှေးက အကုသိုလ်ကံတွေ အကျိုးပေးခွင့် ရပြန်သည်။

အခွင့်သင့်ပြန် , ကျိုးပေးသန်အောင်။ ။ဇနကကံတို့ အကျိးပေးဖို့ အခွင့်သာနေလျှင် အကျိုးပေးထက်သန် အောင်လည်း ထောက်ပံ့၏၊ ဘုရားအလောင်းတော်တို့ ပဋိသန္ဓေနေရာ၌ ပဋိသန္ဓေအကျိုးကိုပေးမည့် ဇနက ကံတစ်ပါးပါးကို အားရှိအောင် (အကျိုးပေးထက်သန်အောင်) များစွာသော ပါရမီကုသိုလ်တွေက ဝိုင်းဝန်း ထောက်ပံ့ကြ၏၊ ယခု လောကဝယ် ပြစ်ချက်များစွာ ရှိဖူးသူ၌ အပြစ်တစ်ခု ထင်ရှားလာသောအခါ ထိုရှေးက အပြစ်များ၏ ထောက်ပံ့မှုကြောင့် ကြီးလေးသော အပြစ်ဒဏ်ကို ခံရ၏၊ ဤပြအပ်ခဲ့သော ထောက်ပံ့မှုများသည် ဇနကကံကို ထောက်ပံ့သော ဥပတ္ထမ္ဘကကံများတည်း။

ပေးပြန်ပြီးကာ , ရှည်မြင့်ကြာဖို့။ ။ဇနကကံ စီမံထားအပ်သော အကျိုးဝိပါက်အစဉ်ကို (ဣဋ္ဌ အနိဋ္ဌ ဖြစ်သော စိတ် စေတသိက် ရုပ်တရားများကို) ကြာရှည်စွာ တည်တံ့နိုင်အောင် ထောက်ပံ့၏၊ ကုသိုလ်ဇနက ကံ၏ အစွမ်းကြောင့် လူ့ဘဝ နတ်ဘဝကို ရရှိလေရာ, ထိုလူနတ်အဖြစ်၌ တာရှည်စွာတည်နိုင်အောင် ကုသိုလ်ဥပတ္ထမ္ဘကံက ဘေးရန်အန္တရာယ်ကို ကာကွယ်၏၊ အသက်ရှည်ရာ ရှည်ကြောင်း ဆေးကောင်းများ ရရှိအောင် ထောက်ပံ့၏၊ အကုသိုလ်ဇနကကံ၏ အစွမ်းကြောင့် ခွေးဘဝကို ရရှိလေရာ ထိုခွေးဘဝ၌ ပိန်ပိန် ချဲ့ချဲ့ ချိနဲ့နဲ့ဖြင့် တာရှည်အောင် အကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့၏၊ ဤကား ဇနကကံ၏ အကျိုး ဝိပါက်အစဉ်ကို အဓွန့်ရှည်စွာတည်အောင် ဥပတ္ထမ္ဘကကံက ထောက်ပံ့ပုံတည်း၊ ဤသို့ အဋ္ဌကထာဋီကာတို့၌ ကုသိုလ်ဇနကကံကို ကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့ပုံနှင့် အကုသိုလ်ဇနကံကို အကုသိုလ်ဥပတ္ထမ္ဘကကံ က ထောက်ပံ့ပုံသာ လာ၏။

ဆန့်ကျင်ဘက်ဥပတ္ထမ္ဘက။ ။သို့သော် ဆန့်ကျင်ဘက်အားဖြင့် ကုသိုလ်ဇနကကံကို အကုသိုလ် ဥပတ္ထမ္ဘကကံက ထောက်ပံ့ပုံ, အကုသိုလ်ဇနကကံကို ကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့ပုံလည်း ရှိကောင်းသည်သာ၊ ယခုကာလ နိုင်ငံကြီးများ၌ လက်နက်အင်အား ကုသ်ိုလ်စွမ်းပကားကြောင့် ရှေးကုသိုလ်ဇနကကံ များ အခွင့်သာလျက် အကျိုးပေး ထက်မြက်နေကြခြင်းသည် ကုသိုလ်ဇနကကံနှင့် ထိုကံ၏ အကျိုးဝိပါက်ကို အကုသိုလ်ဥပတ္ထမ္ဘကကံက ထောက်ပံ့မှုပင်တည်း၊ မကောင်းမှုဒုစရိုက်ဖြင့် ကြီးပွားနေသူများကို စဉ်းစား ကြည့်ပါ၊ ယခင်ပြအပ်ခဲ့သော ခွေးကလေး၌ အန္တရာယ်ကင်းအောင် အစားအသောက် ဝဝစားရအောင် ရှေး ကုသိုလ်ကံများက ထောက်ပံ့ထားသဖြင့် အကုသိုလ်ဇနကကံ၏ အကျိုးဝိပါက်ဖြစ်သော ခွေးဘဝသည် ကြာရှည်စွာ တည်တံ့နေလေသည်။ [ဤဥပတ္ထမ္ဘကအရာ၌ ကမ္မပထမြောက်သည်ဖြစ်စေ မမြောက်သည်ဖြစ်စေ, အိပ်မက်ထဲ၌ဖြစ်သောစေတနာ, ပဉ္စဒွါရိကစေတနာများပင် ဥပတ္ထမ္ဘကသတ္တိ ရှိကြ လေသည်။]

ဥပပီဠကကံ။ ။"အကျိုးပေးခွင့် ,မရလင့်အောင်, ရသင့်လေပြန်, ကျိုးမသန်အောင်, ရပြန်အကျိုး, မဖွံ့ဖြိုး ဖို့, အမျိုးမျိုးက, နှိပ်စက်လှ, ဥပပီဠကကံ" ဟူသည်နှင့်အညီ အခြားသောကံကိုလည်းကောင်း, ကံ၏ဝိပါက် အစဉ်ကိုလည်းကောင်း နှောင့်ယှက်နှိပ်စက်တတ်သောကံသည် ဥပပီဠကကံ မည်၏။

အကျိုးပေးခွင့် , မရလင့်အောင်။ ။ကျမ်းဦးအစ၌ ပဏာမကုသိုလ်စေတနာသည် အခြားအကုသိုလ်ကံများ အကျိုးပေးခွင့် မရအောင် ကာကွယ်နှိပ်စက်၏၊ ယခုကာလ၌ ဆရာမိဘကို ပြစ်မှားမှု သူတော်မြတ်ကို ပြစ်မှားမှုကံသည် ရှေးက ကုသိုလ်ကံများ အကျိုးပေးခွင့် မရအောင် တားမြစ်နှိပ်စက်၏။

ရသင့်လေပြန် , ကျိုးမသန်အောင်။ ။အခြားကံတို့ အကျိုးပေးခွင့် ရနေပြန်လျှင် အကျိုးပေး မထက်သန် အောင် နှိပ်စက်တတ်သော အရာလည်း ရှိ၏၊ ပင်ကိုက မျက်စိ နား နှာ အဂါင်္စုံ လူ့ဘဝကို ပေးနိုင်သောသတ္တိ ရှိသော်လည်း အကုသိုလ်ကံ၏ နှောင့်ယှက်မှုကြောင့် စက္ခုပသာဒ မပါဘဲ ဇစ္စန္ဓအကျိုးကိုသာ ပေးရခြင်း, အဇာတသတ်မင်း၏ ခမည်းတော်သတ်မှု အကုသိုလ်ကံသည် အဝီစိတိုင်အောင် အကျိုးပေးနိုင်သော်လည်း ဘုရားရှင်နှင့် ဘုရားသာသနာတော်ကို ကြည်ညိုသောကုသိုလ်ကံတွေက နှောင့်ယှက်နှိပ်စက်မှုကြောင့် အဝီစိ၏ အခြံအရံဖြစ်သော ဥဿဒငရဲငယ်၌သာ အကျိုးပေးခြင်းမျိုးတည်း။

ရပြန်အကျိုး , မဖွံ့ဖြိုးဖို့။ ။ပေါက်ပြီးသောသစ်ပင်ကို ဓားစသည်တို့ဖြင့် နှိပ်စက်သောအခါ ကြာရှည်စွာ မစည်ပင်နိုင်သကဲ့သို့ ကံတစ်ပါးက ပေးအပ်သော အကျိုးဝိပါက်အစဉ်ကို မစည်ပင်အောင် ကြာရှည်စွာ မတည်နိုင်အောင် နှိပ်စက်သော အရာလည်းရှိ၏၊ ချဲ့ဦးအံ့-ကုသိုလ်ဇနကကံအစွမ်းကြောင့် လူ့ခန္ဓာကို ရပြီး သော်လည်း ပဝတ္တိအခါဝယ် အကုသိုလ်ကံ၏ နှိပ်စက်မှုကြောင့် ရောဂါထူပြောခြင်း, ဆွေမျိုး ဂုဏ်သိရ် စည်းစိမ် ရာထူးများပျက်ပြား၍ စိတ်စက်မကြည်သာခြင်းသည် ကုသိုလ်ကံ၏အကျိုးကို အကုသိုလ်ကံက နှိပ် စက်ခြင်းပေတည်း။

အကုသိုလ်ကံ၏ အကျိုးဝိပါက်အစဉ်ကို ကုသိုလ်ကံက နှိပ်စက်ပုံမှာ ကျမ်းစာတို့၌ အထင်အရှား မလာ ချေ၊ အကုသိုလ်ကံကြောင့် ခွေး နဂါး ဂဠုန်စသည်ဖြစ်ရသော ခန္ဓာအစဉ်ဝယ် အကုသိုလ်ကံ အလိုကျအောင် ဆင်းရဲသင့်သမျှ မဆင်းရဲရဘဲ အစားအသောက် စသည်ကို ရရှိအောင် စီမံတတ်သော ကုသိုလ်ကံသည် (အကုသိုလ်နှင့် အလိုမတဲ့ အရွဲ့တိုက်အကျိုးပေးသောကြောင့်) အကုသိုလ်ကံ၏ အကျိုးဝိပါက်အစဉ်ကို နှိပ် စက်ရာကျသည်"ဟု ပြောစမှတ်ပြုကြ၏၊ သို့သော်

နှိပ်စက်ပုံ မထင်ရှားသဖြင့် ထိုစကားကို စဉ်းစားသင့်သည်၊ ဤသို့ အကုသိုလ်ဆိုင်ရာကို ကုသိုလ်ကံက နှိပ်

စက်ပုံ , ကုသိုလ်ဆိုင်ရာကို အကုသိုလ်ကံက နှိပ်စက်ပုံသာလျှင် ကျမ်းဂန်တို့၌ တိုက်ရိုက်လာ၏၊ သို့သော် အကုသိုလ်ကြောင့် ဖြစ်သော အကျိုးဝိပါက်အစဉ်ကို အကုသိုလ်ကပင် ထပ်မံနှိပ်စက်သောအရာလည်း ရှိပြန်သည်သာ၊ဥပမာ-အကုသိုလ်ကံကြောင့် ခွေးခန္ဓာဝယ် အစာငတ်၍ ခွေးပိန်ခွေးနာဖြစ်အောင် အကုသိုလ် ကံတစ်မျိုးက နှိပ်စက်ပုံမျိုးကဲ့သို့တည်း။

ဥပဃာတကကံ။ ။"နှိပ်စက်ရုံတွင်, မကချင်ဘဲ, ယခင်ထက်တိုး, ကံအကျိုးကို, ပယ်ချိုးနှိမ်ချ, သတ်ဖြတ် က, ဥပဃာတကကံ"ဟူသော ဆောင်ပုဒ်အတိုင်း ဥပပီဠကကံကဲ့သို့ နှိပ်စက်ရုံတွင် မကဘဲ ကံကိုလည်း ကောင်း, ကံတစ်ပါး၏အကျိုးကိုလည်းကောင်း ဥပဃာတကကံက သတ်ဖြတ်၏၊ ဥပပီဠကကံက ကံကို နှိပ် စက်ရာ၌ ယခုလတ်တလော အကျိုးမပေးရုံသာ နှိပ်စက်၏, နောင်ခါလုံးလုံး အကျိုးမပေးအောင် မတတ်နိုင်၊ ဥပဃာတကကံကား နောင်ခါ လုံးလုံး အကျိုးမပေးအောင် တစ်ခါတည်း သတ်ဖြတ်၏ ၊ ဥပပီဠကကံက ကံတစ်ပါး၏ အကျိုးကို နှိပ်စက်ရာ၌ ချိနဲ့ ပိန်ချုံး လူလုံးမလှ ရောဂါထူပြောရုံမျှသာ နှိပ်စက်၏၊ တစ်ခါတည်း သေအောင် မသတ်နိုင်၊ ဥပဃာတကကံကား တစ်ခါတည်း သေအောင် သတ်ဖြတ်နိုင်သည်။

ထိုတွင် အင်္ဂုလိမာလ၏ ဓားပြအဖြစ်တုန်းက ပြုအပ်ခဲ့သော အကုသိုလ်သည် မဂ်စေတနာဟူသော ကုသိုလ်ကံကြီး၏ ဖျက်ဆီး သတ်ဖြတ်မှုကြောင့် နောက်နောက်ဘဝ၌ အကျိုးပေးခွင့် မရတော့ဘဲ လုံးဝ ပျက်စီးရခြင်း, အရှင်ဒေဝဒတ်၏ မဟဂ္ဂုတ်စျာန် ကုသိုလ်ကံ စေတနာတွေသည် အဇာတသတ်ကို သွေး ဆောင်ဖြားယောင်းသည်မှစ၍ ဖြစ်ပွားသော အကုသိုလ်ကံ၏ သတ်ဖြတ်မှုကြောင့် နလံထူခွင့်မရဘဲ လုံးဝ ပျက်စီးရခြင်းများသည် ကံတစ်ပါးကို သတ်ဖြတ်တတ်သော ဥပဃာတကကံ၏ အစွမ်းပင်တည်း။

ဆက်ဦးအံ့ -ကံတစ်ပါး၏ အကျိုးဝိပါက်အစဉ်ကို သတ်ဖြတ်ရာ၌ ၁-သတ်ရုံသာ သတ်သောအရာ,၂-သတ် ပြီးနောက် အခြားသောဇနကကံကို အကျိုးပေးခွင့်ပြုသောအရာ, ၃-သတ်ပြီးနောက် မိမိကိုယ်တိုင်ပင် ပဋိသန္ဓေအကျိုးကို ဆက်လက်ပေးသောအရာဟု သုံးမျိုးရှိ၏၊ ထိုတွင် ဓမ္မပဒ၌လာသော စက္ခုပါလထေရ် ဝတ္ထုဝယ် ဆေးဆရာဘဝတုန်းက ပြုအပ်ခဲ့သောအကုသိုလ်ကံ၏ သတ်ဖြတ်မှုကြောင့် ကုသိုလ်ဇနကကံက စီမံထားအပ်သော စက္ခုပသာဒကမ္မဇရုပ်၏ ပျက်စီးရခြင်း, အရှင်မောဂ္ဂလ္လာန်၏ ရှေးကအမိကို သတ်ခဲ့သော အကုသိုလ်ကံကြောင့် ခိုးသားငါးရာ၏ လက်ချက်ဖြင့် ပရိနိဗ္ဗာန်စံတော်မူရခြင်းတို့မှာ ကံတစ်ပါး၏အကျိုးကို သတ်ရုံသာ သတ်၍ နောက်ထပ်အကျိုးမဆက်သော ဥပဃာတကကံများ၏ လက်ချက်ပေတည်း။ ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်မှာ ဖိနပ်စီးခဲ့ဖူးသော အကုသိုလ် ဥပဃာတကကံ၏

လက်ချက်ကြောင့် ခြေဖဝါးကို ဓားခွဲခံရပြီးနောက်, အခြားသော ကုသိုလ်ဇနကကံအတွက် စာတုမဟာရာဇ် နတ်ပြည်၌ ဖြစ်ရ၏ ၊(ဝတ္ထုအကျယ်ကို သုတ်သီလက္ခန် သာမညဖလသုတ်မှာရှုပါ၊) သာမာဝတီအမှူးရှိသော မောင်းမတို့သည် ရှေးက အကုသိုလ်ဥပဃာတကကံကြောင့် မီးလောင်ခံ၍ အသက်ဆုံးပြီးနောက်, ကုသိုလ် ဇနကကံအတွက် နတ်ပြည် ဗြဟ္မာ့ပြည်တို့ကို တက်ရောက်ကြရသည်၊ (ဝတ္ထုအကျယ်ကို ဓမ္မပဒအပ္ပမာဒဝဂ် မှာရှုပါ၊) ဤသို့လျှင် မိမိက သတ်ရုံသာသတ်၍ အခြားသောဇနကကံအား အခွင့်ပြုသော ဥပဃာတကကံမျိုး လည်း ရှိ၏၊ ထို့ကြောင့် "ဇနကံ ကမ္မန္တရဿ ဝိပါကံ အနုပစ္ဆိန္ဒိတွာ ဝိပါကံ ဇနေတိ, ဥပဃာတကံ ဥပစ္ဆေဒက ပုဗ္ဗကန္တိ"ဟူသော ဋီကာကျော်စကားသည် ဤအဓိပ္ပာယ်သွားနှင့် မလျော်၊ ဋီကာကျော်အလိုကား "ဇနကကံသည် ကံတစ်ပါး၏ အကျိုးကို မပယ်ဖြတ်ဘဲ အကျိုးပေး၏, ဥပဃာတကကံကား ကံတစ်ပါး၏ အကျိုးကို ရှေးဦးစွာ ဖြတ်တောက်ပြီးမှ ပဋိသန္ဓေကျိုးကို ဆက်လက်၍ပေးသည်"ဟူလို၊ ဤပြခဲ့သောဝတ္ထုများ၌ ကံတစ် ပါး၏အကျိုးကို ဖြတ်တောက်ရုံသာ ဖြတ်တောက်၏၊ မိမိကိုယ်တိုင် ပဋိသန္ဓေကျိုးကို ဆက်လက်၍ မပေးနိုင်၊ ထို့ကြောင့် ဋီကာကျော်စကားသည် ပြအပ်ခဲ့သောဝတ္ထုသွားတို့နှင့် မလျော်၊ သို့သော် နောက်၌ ပြလတ္တံ့ သော ဝတ္ထုများနှင့်ကား လျော်လိမ့်မည်။

ဒုဿီမာရ်နတ်ခေါ် မာရ်နတ် တစ်ယောက်သည် ကဿပဘုရားရှင်၏ လကျ်ာတော်ယံ အဂ္ဂသာဝက အရှင်မြတ်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်၏၊ နန္ဒမည်သော နတ်ဘီလူးတစ်ယောက်လည်း အရှင် သာရိပုတ္တရာ၏ ရိတ်ပြီးခါစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့် ခေါက်၏၊ ကလာဗုမင်းသည် အလောင်းတော် ခန္တီဝါဒီရှင်ရသေ့ကို သေကြေအောင် နှိပ်စက်၏၊ ထိုနတ်များနှင့် မင်းတို့၏ ခန္ဓာအစဉ်က်ို ထိုအကုသိုလ်ကံက သတ်ဖြတ်၍ ထိုအကုသိုလ်ကံကြောင့်ပင် အဝီစိငရဲ၌ ပဋိသန္ဓေ နေရပြန်၏၊ ထို့ကြောင့် "ဥပဃာတကကံ ကမ္မန္တရဿ ဝိပါကံ သဗ္ဗသော ဥပစ္ဆိန္ဒိတွာ အညဿ ဩကာသံ ဒေတိ,န ပန သယံ ဝိပါကနိဗ္ဗတ္တကံ"ဟူသော ဋီကာကျော်လာ အပရေဆရာတို့ဝါဒလည်း ဤဝတ္ထုသွားနှင့် မလျော်၊ အပရေဝါဒအလိုမှာ "ဥပဃာတကကံသည် ကံတစ်ပါး၏ အကျိုးဝိပါက်ကို အကုန်အစင် ဖြတ်တောက်၍ တစ်ပါးသော ကံအား အကျိုးပေးဖို့ရာ အခွင့်ပေး၏၊ မိမိကိုယ်တိုင်ကား အကျိုးဝိပါက်ကို မဖြစ်စေနိုင်" ဟူလို၊ ဤပြခဲ့သော ဝတ္ထုများ၌ကား ဥပဃာ တကကံကိုယ်တိုင်ပင် ပဋိသန္ဓေအကျိုးကို ဆက်လက်ပေး၏၊ ထို့ကြောင့် အပရေဝါဒသည် ဤဝတ္ထုများနှင့် မလျော်၊ သို့သော် ဗိမ္ဗိသာရမင်း သာမာဝတီဝတ္ထုတို့နှင့်ကား လျော်ပေသည်။

ထို့ပြင်-ကုသိုလ်ဇနကကံ၏ အကျိုးကို အားရှိသောကုသိုလ်တစ်မျိုးက သတ်သောအရာလည်းရှိ၏၊ ရှေး

တုန်းက စျာန်ရပြီးရဟန်းတော် (၃)ပါးသည် စုတေခါနီး၌ နိကန္တိတဏှာ (ရှေးကဖြစ်ခဲ့ဖူးးသော နေရာဌာနကို တပ်မက်မှုတဏှာ)၏ အစွမ်းကြောင့် စျာန်ကွယ်ပသဖြင့် စာတုမဟာရာဇ်နတ်ဘုံ ဂန္ဓဗ္ဗနတ်မျိုး၌ မဟာ ကုသိုလ်အစွမ်းကြောင့် ဖြစ်ကြ၏၊ ထို့နောက် နှစ်ယောက်သောနတ်တို့မှာ ရှေးတုန်းကစျာန်ကို တစ်ဖန်ရပြန် သဖြင့် ထိုမဟာကုသိုလ်အစွမ်းကြောင့်ဖြစ်သော ဝိပါက်အစဉ်ကို (နတ်ဘဝကို)ထိုစျာန်က ဖြတ်တောက်၍ ဗြဟ္မာ့ပြည်သို့ တက်ရောက်ကြရလေသည်၊ (ဝတ္ထုအကျယ်ကို သုတ်မဟာဝဂ္ဂ သက္ကပဥှသုတ်မှာ ရှုပါ၊) အကုသိုလ်ဇနကကံ၏အကျိုးကို အကုသိုလ်တစ်မျိုးက သတ်ဖြတ်သောအရာလည်း ရှိ၏၊ ဥပမာ-အကုသိုလ် အတွက် ခွေးဖြစ်ရသောဝိပါက်အစဉ်ဝယ် ကြီးလေးသော အကုသိုလ်ကံက ထပ်မံ၍ အကျိုးပေးခွင့် ကြုံလာ လျှင် ရိုက်နှက်သတ်ပုတ်ချက်ကြောင့် အသက်ဆုံးရပုံမျိုးတည်း၊ ခွေးဘဝ၌ လိန်ပြန်သည့်အခါ အကုသိုလ် ဇနကကံကြောင့်ဖြစ်သော ဘာဝရုပ်၏ အကုသိုလ် ဥပဃာတကကံကြောင့် ကွယ်ပျောက်ရကြောင်းကို "ဒုဂ္ဂတိယံ ပန ဥဘိန္နံ ဥပ္ပတ္တိဝိနာသော စ အကုသလ ကမ္မေနေဝ"ဟု သာရတ္ထဋီကာ ဆိုသည်။

ဤသို့လျှင် အဋ္ဌကထာ ဋီကာကြီးတို့၌ ကုသိုလ်အရာမှာဖြစ်စေ, အကုသ်ိုလ်အရာမှာဖြစ်စေ ဇနကကံနှင့် ဥပတ္ထမ္ဘကကံကတစ်ဖက်, ဥပပီဠကကံနှင့် ဥပဃာတကကံက တစ်ဖက် ခွဲခြားလျက် ပြသော်လည်း နောက် နောက်ဋီကာတို့၌ ဖြစ်ထိုက်သမျှ ရောနှော၍ ပြလေ့ရှိသောကြောင့် ရောနှော၍ ပြလိုက်ပါသည်။

-------------------

ပါကဒါနပရိယာယစတုက္က

ဂရုကကံ။ ။ဂရုံ-ကြီးလေးသောအကျိုးကို၊ ကရောတိ-ပြုတတ်၏၊ ဣတိ-ကြောင့်၊ ဂရုကံ-ဂရုကမည်၏၊ တစ်နည်း-ဂရုကသဒ္ဒါသည် ကြီးကြီးလေးလေးဟူသော အနက်ကို ဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ်တည်း၊ ကုသိုလ်အရာ၌ တန်ခိုးအာနုဘော်ကြီးမားသော မဟဂ္ဂုတ်ကံနှင့် အကုသိုလ်အရာဝယ် အပြစ်ကြီးမားသော အာနန္တရိကကံများတည်း။ [နိယတမိစ္ဆာဒိဋ္ဌိကံကိုလည်း (အဋ္ဌကထာ ရှေးဋီကာတို့၌ မပြစေကာမူ) ယခု ကာလ၌ ဂရုကံတွင် သွင်းယူကြ၏၊ ဒုတိယဘဝ၌ အကျိုးပေးမည့် ကံများကိုသာ ပြသောအရာဖြစ်၍ မဂ်စေတနာများကို ဂရုကံ၌ မသွင်းထိုက်။]

ဆက်ဦးအံ့ –ဂရုကကံဟူသည် ပင်ကိုသဘောအားဖြင့် ကြီးလေးသောကံတည်း၊ တစ်ပါးသောကံက လွှမ်းမိုးနိုင် မလွှမ်းမိုးနိုင်မှုမှာ ဤဂရုကသဘောနှင့် မဆိုင်၊ ထို့ကြောင့် အာနန္တရိယကံ နှစ်ပါး သုံးပါး ပြုမိရာ၌ ကံတစ်ခုက လွှမ်းမိုး၍

အကျိုးပေးခြင်း, မဟဂ္ဂုတ်စျာန် နှစ်ပါးသုံးပါးစသည် ရရာ၌ အထက်အထက်စျာန်က လွှမ်းမိုး၍ အကျိုးပေး ခြင်းတို့ကြောင့် အကျိုးမပေးရသော ကံများ၌ ဂရုကနာမည် မပျက်, ပင်ကိုအားဖြင့် ကြီးလေးသော ကံများ ဖြစ်၍ ဂရုကကံအမည် ရမြဲ ရသည်သာ။

အာနန္တရိယကံများ။ ။"အနန္တရေ-စုတိ၏ အခြားမဲ့ အကျိုး၌၊ နိယုတ္တံ-ယှဉ်သောကံတည်း" ဟူသည်နှင့် အညီ အခြားမဲ့ ဒုတိယဘဝ၌ အကျိုးပေးလေ့ရှိသောကံသည် အာနန္တရိယကံ မည်၏၊ အာနန္တရိယကံ နှစ်ပါး သုံးပါးစသည်ပြုရာ၌ အားကြီးသော ကံ(၁)ပါးသာ အခြားမဲ့၌ ပဋိသန္ဓေအကျိုးကို ပေးသော်လည်း မိမိတို့ ပြုရမည့်ကိစ္စကို ထိုကံက ပြုသွားသဖြင့် ထိုအားကြီးသောကံကိုပင် အားသေးသောကံတို့က ထောက်ပံ့ကူညီ ကြရသည်၊ ထိုသို့ထောက်ပံ့ရသေးသည့်အတွက် မိမိတို့လည်း အာနန္တရိယသဘော သက်ရောက်ကြတော့သည်။ (အနုဋီကာ နိက္ခေပကဏ္ဍ) ထိုအာနန္တရိယကံကား မာတုဃာတကက စသောအားဖြင့် နှစ်ပါး ရှိ၏၊ ထိုတွင်......

မာတုပိတုဃာတကကံ။ ။အမိကို သတ်ကြောင်း စေတနာ, အဘကို သတ်ကြောင်း စေတနာ၊...အမိ အဘမှန်း သိသိ-မသိသိ, သေစေလို၍ သတ်လျှင် ကံကြီးထိုက်၏။ မိဘတို့က တိရစ္ဆာန်ဖြစ်လျှင်, သို့မဟုတ် မိမိက တိရစ္ဆာန်ဖြစ်လျှင် အာနန္တရိယကံ မထိုက်သော်လည်း အာနန္တရ်ိယကံလောက်နီးနီး အပြစ်ကြီးလှ၏၊ အခြားသူကို သေစေလို၍ သေနတ်ဖြင့် ပစ်ခတ်ရာ၌ မိဘကို မတော်တဆ ထိမှန်၍ သေလျှင်လည်း ဤ မာတုဃာတက ပိတုဃာတကကံ ထိုက်သည်ဟု တတိယ ပါရာဇိကဋ္ဌကထာ စသည်မှာ ဆိုသည်။

အရဟန္တဃာတကကံ။ ။ရဟန္တာကို သတ်ကြောင်း စေတနာ၊ [ရဟန္တာမဖြစ်ခင်သတ်, ရဟန္တာဖြစ်ပြီးမှ သေရာ၌လည်း ထိုဘဝ ဇိဝိတိန္ဒြေအစဉ်ကို လျင်စွာချသည် မည်သောကြောင့် အရဟန္တဃာတကပင်တည်း။]

လောဟိတုပ္ပာဒကကံ။ ။ဘုရားရှင်၌ သွေးကို ဖြစ်စေသောစေတနာ၊ အရှင်ဒေဝဒတ်သည် ဂိဇ္ဈကုဋ် တောင်ခြေ၌ စင်္ကြံကြွနေတော်မူသော ဘုရားရှင်ကို ယန္တရားဆင်၍ ကျောက်တုံးကြီးဖြင့် ဖိသတ်လေရာ ကျောက်တုံးကျအလာတွင် တောင်ထွတ်နှစ်ခုတို့၏ ခံထားမှုကြောင့် ကျောက်တုံးဖြင့် မဖိမိဘဲ, ထိုကျောက် တုံးမှ ဆတ်၍ ကွာကျသောကျောက်ခဲဖြင့် ဘုရားရှင်၏ ခြေမတော်ကို ခိုက်မိမှုကြောင့် သွေးခြည်ဥအောင် ပြုမှုတည်း၊ ဤသွေးခြေဥအောင် ပြုမှုသည် သေစေလိုသော စေတနာဖြင့် ပြုသောကြောင့် ပါတာတိပါတ ကမ္မပထ မမြောက်သော်လည်း "မရဏာဓိပ္ပာယေ ပန သတိ အတ္ထသိဒ္ဓိတဒဘာဝေသု ပါဏာတိပါတာ ဗျာပါဒါ စ ဟောန္တိ" ဟူသော အနုဋီကာအလို ဗျာပါဒကမ္မပထမြောက်သည်ဟု ဆိုသင့်၏။

သံဃဘေဒကကံ။ ။သံဃာအချင်းချင်း သင်းခွဲကြောင်း စေတနာ၊...သိမ်တစ်ခုတည်း၌ ရဟန်းသံဃာ အချင်းချင်း အတူတကွ ကံမပြုဘဲ, သူ့ဘက်ငါ့ဘက် နှစ်ဖက်ခွဲ၍ တစ်ပြိုင်နက်ကံပြုအောင် အားထုတ်စီမံ၍ အထမြောက်လျှင် ထိုကဲ့သို့ ကွဲပြားအောင် ကြံဆောင် စီမံသော ပုဂ္ဂိုလ်မှာ ဤသံဃဘေဒကကံ ထိုက်၏၊ တစ်သိမ်တည်းပင်ဖြစ်သော်လည်း တစ်ဖက်ပြီးမှ တစ်ဖက်က ကံပြုခြင်း, ကံ ဒွါရ ကွဲပြားခြင်းစသည်တို့မှာ ဤသံဃဘေဒကကံနှင့် မဆိုင်၊ တစ်သိမ်တည်း၌ ကံကြီး ကံငယ် ခွဲခြား၍ တစ်ပြ်ိုင်နက်ကံပြုမှ သံဃဘေဒ ကကံ ဖြစ်သောကြောင့် လူ သာမဏေတို့မှာ သံဃဘေဒကကံ ထိုက်ဖို့ရန်အချက် မရှ်ိ၊ သို့သော် ရပ်ရွာ နယ်ပယ်၌ သံဃာတော် အချင်းချင်း ကွဲပြားအောင် ကြံဆောင်အားထုတ်သူတို့မှာ သူတို့အတွက် ဆိုင်ရာ ဝယ် အကုသိုလ် တိုးပွားရသောကြောင့် သံဃဘေဒကကံလောက် နီးနီး ပြစ်ကြီးမား၏။

အာနန္တရိယသတ္တိကွဲပုံ။ ။ဤအာနန္တရိယကံ ငါးပါးတွင် တစ်ပါးပါးကို ပြုမိလျှင် သေသည့်အခြားမဲ့၌ အဝီစိကျ၏၊ အဇာတသတ်မင်းသည် ပိတုဃာတကကံ ထိုက်သောကြောင့် အဝီစိငရဲ၏ အခြံအရံ ဥဿဒငရဲ ၌ ကျရောက်ရသော်လည်း အဝီစိတွင် အပါအဝင်ဖြစ်၏၊ ဤကံ(၅)ပါးတွင် သံဃဘေဒကကံသည် အပြစ် အကြီးဆုံးတည်း၊ အဝီစိ၌ အာယုကပ်လုံး (အဝီစိငရဲဘုံသက်နှင့် အညီအမျှ) ခံရသော ကပ္ပဋ္ဌိတိယကံတည်း၊ ကြွင်းကံလေးပါးမှာ ကပ္ပဋ္ဌိတိယဟု အဆိုမရှိ, ထိုက်သင့်သမျှ ခံကြရမည်၊ ထို့ကြောင့် ကံ (၅)ပါးလုံး ပြုမိလျှင် အခြားသော(၄)ပါးကို လွှမ်းမိုး၍ သံဃဘေဒကကံကသာ ပဋိသန္ဓေကျိုးကို ပေး၏၊ အခြားကံများအတွက် အဝီစိ၌ဖြစ်ဖွယ် မလို၊ သို့သော် နောင်အခွင့်သင့်ရာ ဘဝ၌ ပဝတ္တအကျိုးကိုကား လွတ်ဦးမည်မဟုတ်၊ ရှေ့ကံ (၄)ပါးလုံး ပြုမိလျှင် လောဟ်ိတုပ္ပာဒကံ အကျိုးပေး၏၊ ရှေ့ကံ(၃)ပါးလုံး ပြုမိလျှင် အရဟန္တဃာတကကံက အကျိုးပေး၏၊ ရှေ့ကံ(၂)ပါးကို ပြုမိလျှင် မိဘနှစ်ဦး သီလရှိခြင်း/မရှိခြင်း တန်းတူပါမူ အမိက ကျေးဇူးသာ၍ များသောကြောင့် မာတုဃာတကကံက အကျိုးပေး၏၊ သီလလည်း အမိကသာနေပါမူ ပြောဆိုရန် မရှိပြီ၊ အဘက အမိထက် သီလသိက္ခာ သာလွန်နေပါမူ ပိတုဃာတကကံက အကျိုးပေး၏။

အာသန္နကံ။ ။"အာသန္နေ အနုဿရိတံ အာသန္နံ, အာသန္နေ ဝါ ကတံ အာသန္နံ၊ သေခါနီးကာလ၌ (မရဏာသန္နဇောဝီထိသို့ မရောက်ခင်) အောက်မေ့အပ်, ပြုအပ်သောကံသည် "အာသန္နံကံ" မည်၏၊ ချဲ့ဦးအံ့-–အချို့ ကုသိုလ် အကုသိုလ်ကံများကို မသေမီ အတော်ဝေးသော ရှေးအဖို့က ပြုထားပြီးနောက် ထပ်ကာထပ်ကာ သတိမရဘဲ, သေခါနီးမှ သတိရ၏၊ ထိုကံသည် "အာသန္နေ-

သေခါနီး၌၊ အနုဿရိတံ-အောက်မေ့အပ်၏"ဟူသော ဝစနတ်အရ အာသန္နကံ မည်၏၊ အချို့ကံများကိုကား တရားနာခြင်း, ပန်းဆီမီးပူဇော်ခြင်း, တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ်ခြင်း စသည်ဖြင့် သေခါနီးမှ ပြုအပ်၏၊ ထိုကံမျိုး၏ အာသန္နကံ အမည်ရကြောင်းမှာ ပြောဖွယ်ရာ မရှိပြီ။

အာစိဏ္ဏကံ။ ။"အာစီယတေ ဝဍ္ဎာပီယတေ-တိုးပွားစေအပ်၏၊ ဣတိ-ကြောင့်၊ အာစိဏ္ဏံ-အာစိဏ္ဏမည်၏" ဟူသော ဝိဂြိုဟ်အရ အကုသိုလ်အရာ၌ သူ့အသက် သတ်၍လည်းကောင်း, သူ့ဥစ္စာခိုး၍လည်းကောင်း အမြဲ အသက်မွေးမှု, ကုသိုလ်အရာ၌ အမြဲ ဒါနမှု သီလစောင့်မှု ကမ္မဋ္ဌာန်းစီးဖြန်းမှု စာပို့ချမှုစသည်ဖြင့် အမြဲမပြတ် လေ့ကျက်အပ် တိုးပွားစေအပ်သောကံမျိုးသည် အာစိဏ္ဏကံမည်၏၊ အကုသိုလ်တစ်ခုခုကို ပြုမိပြီးနောက် ခဏခဏသတိရ၍ နောင်တတစ်ဖန် ပူပန်ခြင်းဟူသော ဝိပ္ပဋိသာရ ကုက္ကုစ္စနှင့် နှလုံးမသာယာမှု ဒေါမနဿ တို့ ထပ်ကာထပ်ကာ တိုးပွားနေပြန်လျှင် ထိုတစ်ကြိမ်တစ်ခါပြုမိသော အကုသိုလ်သည်ပင် အာစိဏ္ဏကံ ဖြစ် ပြန်၏၊ ကုသိုလ်တစ်ခုခုကို အားရပါးရ ပြုပြီးနောက် ထိုကုသိုလ်ကို မကြာမကြာ သတိရ၍ ဝမ်းမြောက်ဝမ်း သာ သောမနဿ ဖြစ်နေပါမှု ထိုတစ်ကြိမ်တစ်ခါ ကုသိုလ်သည်ပင် အာစိဏ္ဏကံ မည်ပြန်သည်။

အာသန္နကံ အာစိဏ္ဏကံ နှစ်မျိုးတွင် (ဒုတိယဘဝ၌ ပဋိသန္ဓေအကျိုးပေးမှုကို မငဲ့ဘဲ ပင်ကိုယ်သဘော အတိုင်းဆိုလျှင်) အာသန္နကံထက် အာစိဏ္ဏကံက အားကာင်း၏၊ ထို့ကြောင့် ပါဋ္ဌိတော် အဋ္ဌကထာတို့၌ "ယဗ္ဗဟုလံ ယဒါသန္နံ"ဟု အာသန္နံကံကို နောက်ထားပေသည်၊[ယဗ္ဗဟုလံဟူသည် အာစိဏ္ဏကံမျိုးပင်တည်း၊ သို့သော် အင်္ဂုတ္တရဋ္ဌကထာဖွင့်ပုံမှာ ယဗ္ဗဟုလံနှင့် အာစိဏ္ဏကံတို့ တစ်ထပ်တည်း မတူတတ်ချေ၊ ရှေးတုန်းက အားရပါးရ တစ်ကြိမ်တစ်ခါ ပြုပြီး၍ သေခါနီးမှ အောက်မေ့အပ်သော အာသန္နကံမျိုးကိုပင် ယဗ္ဗဟုလကံ၌ သွင်းထားလေသည်။]

အာသန္နကံအကျိုးပေးပုံ။ ။ဤသို့လျှင်(သင်္ဂြိုဟ်စာသွားအတိုင်း)ပင်ကိုသဘောအားဖြင့် အာသန္နကံထက် အာစိဏ္ဏကံက အားရှိသော်လည်း အခြားမဲ့ဘဝ၌ ပဋိသန္ဓေအကျိုးပေးရာဝယ် မရဏာသန္နဇောဝီထိနှင့် နီးကပ်နေသော အာသန္နကံသာလျှင် သာလွန်၍ အရေးပါ အရာရောက်၏၊ ထင်ရှားစေဦးအံ့-မရဏာ သန္နဇော၌ ကံ ကမ္မနိမိတ် ဂတိနိမိတ်တစ်ပါးပါးသည် ပဋိသန္ဓေအကျိုးပေးမည့်ကံ၏အစွမ်းကြောင့်ထင်လာမြဲ ဖြစ်၏၊ ထိုသို့ ထင်စေနိုင်သောကံသည် အမှန်ပဋိသန္ဓေကျိုးကို ပေးရတော့မည်၊ ထိုကဲ့သို့ မရဏာသန္နဇော၌ နိမိတ်တစ်ပါးပါးထင်စေဖို့ ကိစ္စကိုလည်း ရှေးရှေးက အလေ့အကျက်များသော အာစိဏ္ဏကံထက် မရဏာ သန္နဇောနှင့်နီးကပ်သောအာသန္နကံက သာလွန်၍ ရွက်ဆောင်နိုင်ဖွယ်ရှိ၏၊(စဉ်းစားကြည့်ပါ၊) ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ အင်္ဂုတ္တရအဋ္ဌကထာ စသည်တို့၌ ခြံတံခါးအနီးက နွားကြီး ဥပမာကို ပြကြသည်၊ ဤနည်းအရ အာသန္နကံက အာစိဏ္ဏကံထက် ရှေးဦးစွာ အကျိုးပေးလှည့် ကျရာသောကြောင့် အာသန္နကံကို အာစိဏ္ဏကံ၏ ရှေ့မှာ ချ၍ စဉ်ပြတော်မူသည်။

နွားဥပမာ။ ။မနေ့ညနေက ခြံတွင်းသို့ နွားများကို သွင်းထား၍ နံနက်အခါ၌ ခြံတံခါးဖွင့်လျှင် တံခါးအနီး က နွားကြီးသည်(နွားအိုကြီးပင် ဖြစ်စေကာမူ)ရှေးဦးစွာ ထွက်ရသကဲ့သို့,ထို့အတူ အာသန္နကံသည် အာစိဏ္ဏ ကံလောက် အားမရှိစေကာမူ မရဏာသန္နဇောနှင့် နီးကပ်သည့်အတွက် ရှေးဦးစွာထွက်၍ ပဋိသန္ဓေကျိုးကို ပေးနိုင်သည်-ဟူလို၊ တံခါးအနီးက နွားကြီးသည် မထနိုင်အောင်ပင် အားနည်း အိုမင်းနေပါမူ ရှေးဦးစွာ ထွက်နိုင်မည် မဟုတ်သကဲ့သို့, ထို့အတူ အလွန်အားသေးလှ၍ ကံ ကမ္မနိမိတ် ဂတိနိမိတ်ကို ထင်စေအောင် မတတ်နိုင်သော အာသန္နကံကား အာစိဏ္ဏကံကို လွှမ်းမိုး၍ အကျိုးပေးနိုင်မည် မဟုတ်ကြောင်းကိုလည်း ထပ်လောင်း၍ သတိပြုရာ၏။

ကဋတ္တာကံ။ ။ကဋတ္တာဧဝ ကမ္မံ ကဋတ္တာကမ္မံ၊ ကဋတ္တာဧဝ-ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင်၊ ကမ္မံ-ကံမည်သောစေတနာသည်၊ ကဋတ္တာကမ္မံ-ကဋတ္တာကံ မည်၏၊ ရှေးရှေးဘဝတို့၌ ပြုအပ်ပြီးသော စေတနာနှင့် ယခုဘဝတွင် ဂရုက အာသန္န အာစိဏ္ဏအခြေအနေသို့ မရောက်တတ်ဘဲ အမှတ်တမဲ့ သာမန်မျှ ပြုအပ်သောကံများတည်း၊[ကဋတ္တာ၌ တ္တာဝယ် သ္မာဝိဘတ်၏ အာတည်း,ထိုသ္မာဝိဘတ် မကျေသောကြောင့် "ကဋတ္တာ ကမ္မံ"ဟူသောပုဒ်သည် အလုတ္တသမာသ်တည်း၊] ကဋတ္တာဧဝ ကမ္မံ၌ ဧဝသဒ္ဒါဖြင့် ဂရုက အာသန္န အာစိဏ္ဏ အဖြစ်ကို တားမြစ်၏၊ ချဲ့ဦးအံ့–"ကရီယတေတိ ကမ္မံ"ဟူသော ဝိဂြိုဟ်အရ ပြုလုပ်အပ်သောကံဟူ သမျှ (ဂရုက အာသန္န အာစိဏ္ဏအားလုံးပင်) "ကဋတ္တာကမ္မ"ဟူသော နာမည်ကို ရနိုင်ကြ၏၊ သို့သော် မဟဂ္ဂုတ်ကံ စသည်တို့မှာ ဂရုကစသော နာမည်ထူးကို ရပြီးဖြစ်၍ "ကဋတ္တာကံ"ဟူသော အမည်ကို မယူကြ တော့၊ ဂရုကစသော အမည်ထူးကို မရထိုက်သော ကံများသာ ကဋတ္တာကံဟူသော နာမည်ဖြင့် ထင်ရှားရသည်၊ ထို့ကြောင့် ကဋတ္တာဧဝ၌ ဧဝသဒ္ဒါဖြင့် "ဂရုက အာသန္န အာစိဏ္ဏဟူသော အမည်ထူးကို မရ, ကဋတ္တာ ကံဟူသော သာမညအမည်ကိုသာရ၏"ဟု ပြသည်။

ပါကဒါနပရိယာယစတုက္က။ ။[ပါက=ပဋိသန္ဓေအကျိုးကို+ဒါန=ပေးခြင်း၏+ပရိယာယ=အလှည့်အကြိမ်၊ ပရိယာယသဒ္ဒါသည် "အစဉ်" ဟူသော အနက်ကို ဟော၏ဟု အဏိမဉ္ဇူ ကြံသေး၏၊] ဒုတိယဘဝ၌ ပဋိသန္ဓေအကျိုးကို ပေးဖို့

အလှည့်အကြိမ် အစဉ်အားဖြင့် ကံလေးမျိုး ပြားရသည်၊ ထို့ကြောင့် ကံလေးမျိုးလုံး ရှိသူတို့၌ နောက်ဘဝဝယ် ဂရုကကံ ပဋိသန္ဓေကျိုးကို ပေး၏၊ ဂရုကကံ မရှိ (လောကီစျာန်လည်းမရ, အာနန္တရိယကံ နိယတမိစ္ဆာဒိဋ္ဌိကံ လည်း မရှိကြသော) ယခုကာလ ပုဂ္ဂိုလ်များ၌ အာသန္နကံစသော ကံသုံးမျိုးရှိလျှင် အာသန္နကံက ပဋိသန္ဓေ အကျိုးကို ပေး၏၊ အာသန္နကံ မရှိသော (လတ်တလော သေရ, မေ့မေ့မူးမူးနှင့် သေရသော) ပုဂ္ဂိုလ်တို့၌ အာစိဏ္ဏစသော ကံနှစ်ပါးရှိလျှင် အာစိဏ္ဏကံက ပဋိန္ဓေကျိုးကို ပေး၏၊ ဤစကားစဉ်အရ ဂရုကစသော ရှေးကံ သုံးမျိုးသည် ယခုဘဝ၌ ပြုအပ်သောကံများတည်းဟု မှတ်ပါ၊ ကဋတ္တာကံကား ယခုဘဝ၌ အမှတ်တမဲ့ ပြု ထား၍ ဂရုကစသောအဖြစ် မရောက်သောကံနှင့် ရှေးရှေးဘဝတို့၌ ပြုခဲ့ပြီးသောကံများတည်း၊ ထို့ကြောင့် ကဋတ္တာကံနှင့် မည်သူမျှမကင်းနိုင်ကြ၊ဂရုကစသော ရှေးကံသုံးပါး မရှိလျှင် ဤကဋတ္တာကံသည်ပင် ပဋိသန္ဓေ အကျိုးကိုပေးရသည်၊ ဤစကားစဉ်အရ "ဒုတိယဘဝ၌ ဂတိကောင်းဖို့ မကောင်းဖို့အတွက်မှာ ယခုဘဝ၌ အားရပါးရ ထူထောင်ထားအပ်သော ကံတို့၏ လက်ချက်သာတည်း၊ ထိုကံများ မရှိမှ ရှေးဘဝကကံတွေ အကျိုးပေးခွင့် ရနိုင်ပေသည်"ဟု သဘောကျလျက် ဒုတိယဘဝ၌ အားရကျေနပ်နိုင်မည့် ပဋိသန္ဓေကို ရဖို့ရာ ယခုနယ်က ကြိုးစားနိုင်ကြပါစေသတည်း။

မှတ်ချက်။ ။အင်္ဂုတ္တိုရ်ဋီကာ စသည်၌ဂရုက စသည်၏အဖြစ်သို့ မရောက်ဘဲ ယခုဘဝဝယ် သာမည ကံများကို ကဋတ္တာကံဟု မဆိုလိုကြ, ရှေးရှေးဘဝက ကံများကိုသာ"ကဋတ္တာကံ"ဟုဆိုလိုကြသည်၊ ထိုအတိုင်းမှန်လျှင် ယခုဘဝ၌ အမှတ်တမဲ့ သွားရင်းလာရင်း မထင်မရှားပြုခဲ့သော (ပြုပြီးနောက် လည်း မကြာမကြာ အမှတ် မရသော) ကံပေါင်းများစွာ ရှိ၏၊ ထိုကံများကို ဂရုကစသော (၃)မျိုးတွင် ဘယ်အမျိုးအစား၌ သွင်းမည်နည်း, သွင်းစရာ မရှိပြီ၊ ဤကံလေးမျိုးမှ အလွတ်လည်း ကံတစ်မျိုး မရှိစကောင်း၊ ထို့ကြောင့် ထိုဋီကာဆရာစသည်တို့၏ စကားသည် ကံအားလုံးကို မသိမ်းကျုံးမိရုံမျှ သာမက "ဧတေဟိ ပန တီဟိ မုတ္တံ အညာဏဝသေန ကတံ ကဋတ္တာဝါ ပန ကမ္မံ နာမ=ဤဂရုက စသော သုံးမျိုးမှ လွတ်သော အမှတ်တမဲ့ ပြုအပ်သောကံသည် ကဋတ္တာကံ မည်၏" ဟူသော အင်္ဂုတ္တရဋ္ဌကထာစကားနှင့်လည်း မလျော်ချေ။

------------------

ပါပကာလစတုက္က။ ။အကျိုးပေးရာ ကာလအားဖြင့် ကွဲပြားသောကံလေးမျိုး အပေါင်းသည် "ပါပကာလ စတုက္က" မည်၏၊[ပါပ=အကျိုးပေးရာဖြစ်သော+ကာလ=အခါ၊] ဒိဋ္ဌဓမ္မဝေဒနီယကံဟူသည် ဇော(၇)ကြိမ်တွင် ပဌမဇောစေတနာတည်း, ကံပြုရာ ယခုပစ္စုပ္ပန်ဘဝ၌ပင် အကျိုးပေးသည်၊ ဥပပဇ္ဇဝေဒနီယကံဟူသည် သတ္တမဇောစေတနာတည်း၊ ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကိုဖြစ်စေ, တစ်မျိုးမျိုးကိုဖြစ်စေ အခြားမဲ့ ဒုတိယဘဝ၌ အကျိုးပေး၏၊ အပရာပရိယဝေဒနီယကံဟူသည် အလယ်ဇောငါးချက် စေတနာတည်း၊ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အကျိုးပေးခွင့် ရှိသည်။

ထိုစေတနာများသည် ဆိုင်ရာဘဝ၌ အကျိုးမပေးလျှင် အဟောသိကံ ဖြစ်ကြ၏၊ "ပဌမဇောသည် အကျိုးမ ပေးဘဲ ပစ္စုပ္ပန်ဘဝကို လွန်လျှင် အဟောသိကံ ဖြစ်၏၊ သတ္တမဇောသည် အကျိုးမပေးဘဲ ဒုတိယဘဝကို လွန်လျှင် အဟောသိကံ ဖြစ်၏၊ အလယ်ဇော ငါးချက်သည် အကျိုးမပေးဘဲ ဘဝပြတ်လျှင် အဟောသိကံ ဖြစ်၏" ဟူလို၊ ဆရာတို့ကား–"အကျိုး မပေးမည့် ဧကန်မှန်လျှင် ဆိုင်ရာဘဝ ကာလကို မလွန်ခင်ကပင် အဟောသိကံ အမည်ရလေပြီ"ဟု မိန့်တော်မူကြ၏၊ အလယ်ဇောစေတနာသည် အကျိုးမပေးမည် ဧကန်မှန် လျှင် နိဗ္ဗာန်ရမည့်ဘဝ မလွန်ခင် ကံပြုစဉ်ကပင် အဟောသိကံ အမည်ရလေပြီ–ဟူလိုသတတ်၊ ထိုစကားကို "သတိ သံသာရပဝတ္တိယာ အဟောသိကမ္မံ နာမ နဟောတိ–သံသရာတွင် ခန္ဓာအစဉ် ဖြစ်သေးသမျှ အဟောသိကံ မဖြစ်နိုင်"ဟူသော အင်္ဂုတ္တရဋ္ဌကထာစကားဖြင့် စဉ်းစားထိုက်၏။

ပါပကာလ၌ အဟောသိကံ ပါရပုံ။ ။"ပါပကာလအားဖြင့် ကံလေးမျိုးပြားသည်"ဟုဆိုရာ၌ အဟောသိကံ မှာ လုံးလုံး အကျိုးမပေးသောကြောင့် အဟောသိကံ၏ ပါကကာလဟု မရှိတော့ပြီ၊ သို့အတွက် ပါပကာလ အားဖြင့် ရှေးကံသုံးမျိုးသာ ပြားသင့်ပါလျက် အဘယ့်ကြောင့် အဟောသိကံပါ ပါကကာလနှင့် ဆက်သွယ်၍ ပြားရပါသနည်းဟု မေး၊ အဖြေကား–တဏှာသုံးပါးဖြင့် ဘုံကို ခွဲခြားသောအခါ ထိုတဏှာသုံးပါး၏ နယ်ပယ်မှ အလွတ်ဖြစ်သော လောကုတ္တရာဘုံတစ်မျိုးလည်း ထင်ရှားသဖြင့် ဘုံလေးပါးပြားရသကဲ့သို့ (ပြားပုံကို စိတ် ပိုင်း၌ ပြန်ကြည့်၊) ထို့အတူ ပါကကာလအားဖြင့် ခွဲပြသည့်အခါ ပါကကာလမှ အလွတ်ဖြစ်သော အဟောသိ ကံတစ်မျိုးလည်း တသီးတခြား ထင်ရှားရပြန်သည်၊ ထို့ကြောင့် ပါပကာလနှင့် ဆက်စပ်၍ ကံသုံးမျိုးသာမက ဘဲ ကံလေးမျိုး ပြားရလေသည်။

ဒိဋ္ဌဓမ္မဝေဒနီယကံ။ ။ဒိဋ္ဌော ဓမ္မော ဒိဋ္ဌဓမ္မော၊ ဒိဋ္ဌော-မျက်မှောက်ထင်ထင် တွေ့မြင်အပ်သော၊ ဓမ္မော- သဘောတည်း၊ ဒိဋ္ဌဓမ္မော-မျက်မှောက်ထင်ထင် သိမြင်အပ်သောသဘော၊ ယခုဘဝ၌ပင် တွေ့မြင်အပ် (တွေ့မြင်ရသော) ပစ္စုပ္ပန်အတ္တဘောတည်း၊ "ဒိဋ္ဌဓမ္မေ-မျက်မှောက်ထင်ထင် တွေ့မြင်အပ်သောသဘော၌၊ ဝါ- ပစ္စုပ္ပန်အတ္တဘော၌၊) ဝေဒနီယံ-ခံစားအပ်သောကံသည်၊ ဒိဋ္ဌဓမ္မဝေဒနီယံ-

ဒိဋ္ဌဓမ္မဝေဒနီယကံမည်၏ " ဟု ဝိဂြိုဟ်ပြု၊ ဤ၌ "ခံစားအပ်"ဟူသော စကားသည် အကြောင်းကံနှင့်မဆိုင်, အကျိုးဝိပါက်နှင့်သာ ဆိုင်၏၊ အကြောင်းကံကို ခံစား၍ မဖြစ်, အကျိုးဝိပါက်ကိုသာ ခံစား၍ ဖြစ်သည်၊ ထို့ကြောင့် အကျိုးဝိပါက်၏ ဝေဒနီယဟူသော နာမည်ကို အကြောင်းကံပေါ် တင်စား၍ ဖလူပစာရအားဖြင့် အကြောင်းကံကိုပင် ဝေဒနီယဟု ဆိုထားသည်၊ "ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးသောကံ"ဟု ဆိုလိုသည်၊ နောက် နောက် ဝေဒနီယပုဒ်တို့၌လည်း ဤနည်းပင်တည်း။

တိကင်္ဂုတ္တရ။ ။ဣဓေဝ တံ ဝေဒနီယန္တိ=တံ ကမ္မံ တေန ဗာလေန ဣဓ သကေ အတ္တဘာဝေယေဝ ဝေဒနီယံ, တေဿဝ တံ အတ္တဘာဝေ ဝိပစ္စတီတိ အတ္ထော။

ဤအဋ္ဌကထာ၌ "တံ ကမ္မံ=ဝေဒနီယံ"ဟု ကမ္မနှင့် ဝေဒနီယပုဒ်ကို အရတူ ဆိုထား၏၊ "ထိုကံကို ခံစား အပ်၏"ဟု အနက်ထွက်သည်၊ ထို့ကြောင့် "ဒိဋ္ဌဓမ္မဝေဒနီယံ-မျက်မှောက်ထင်ထင် တွေ့မြင်အပ်သော ပစ္စုပ္ပန် အတ္တဘော၌ ခံစားအပ်သော ကံလည်းကောင်း"ဟု အနက်ဆို၊ မဏိမဉ္ဇူသာ၌ ဝေဒနီယ၏အတွက် "ခံစား အပ်သောအကျိုး"ဟု အနက်ကိုပြပြီးလျှင် ဒိဋ္ဌဓမ္မနှင့် ဝေဒနီယကို ဗဟုဗ္ဗီဟိသမာသ်တွဲ၍ "ဒိဋ္ဌဓမ္မဝေဒနီယံ- မျက်မှောက်ထင်ထင် တွေ့မြင်အပ်သော အကျိုးရှိသောကံလည်းကောင်း"ဟု ဖွင့်ပြသည်ကား ဤအဋ္ဌကထာ ၏အလိုတော်မကျချေ၊ သို့သော် အဓိပ္ပာယ်သွားမှာ တစ်နည်းအားဖြင့် သင့်မြတ်ပေ၏၊ ဤဒိဋ္ဌဓမ္မဝေဒနီယကံသည်(၇)ရက်အတွင်း အကျိုးပေးလျှင် ပရိပက္ကဒိဋ္ဌဓမ္မဝေဒနီယ (ရင့်ကျက်သော ဒိဋ္ဌဓမ္မဝေဒနီယကံ) မည်၏၊ (၇)ရက်လွန်ပြီးနောက်မှ အကျိုးပေးလျှင် အပရိပက္ကဒိဋ္ဌဓမ္မဝေဒနီယကံမည်၏ဟု ယခုကာလ၌ ပြောဆိုကြ၏ ၊ဒေဝဒဟသုတ်အဋ္ဌကထာ၌ကား (၇)ရက်အတွင်း အကျိုးပေးလျှင် "ပရိပက္ကဝေဒနီယ"ဟု ဆိုသည်။

အကျိုးပေးအလျင်ကျပုံ။ ။ဤဒိဋ္ဌဓမ္မဝေဒနီယ အမည်ရသော ပဌမဇောစေတနာသည် ဇော(၇)ကြိမ်တွင် အစဆုံးဖြစ်ရသည့်အတွက် မိမိရှေ့က အာသေဝနသတ္တိဖြင့် ထောက်ပံ့ကူညီချက်ကို မရသောကြောင့် နောက်ဒုတိယ တတိယစသော ဇောစေတနာများလောက် အားမကောင်းချေ၊ အားမကောင်းသည့်အတွက် ကြောင့်ပင် အခြားဇောများကဲ့သို့ ပဋိသန္ဓေကျိုးကို ရွက်ဆောင်၍ ဘဝတစ်မျိုး ဖြစ်အောင် မထူထောင်နိုင်ဘဲ ယခုဘဝ၌ အဟိတ် ကုသလဝိပါက် အကုသလဝိပါက်များနှင့် ကမ္မဇရုပ်တရား, ကံလျှင် အရင်းခံရှိသော ဥတုဇရုပ်တရားဟူသော အဟိတ်အကျိုးများကိုသာ ဖြစ်ထွန်းစေနိုင်သည်။

ကုသိုလ်အကျိုး။ ။မဟာဒုက်သည် ကဿပဘုရားရှင်အား ဆွမ်းလှူခြင်းကြောင့် ချက်ချင်း သူဌေးဖြစ်၏, (ဓမ္မပဒ ပဏ္ဍိတဝဂ်ကို ရှု၊) ပုဏ္ဏမည်သော သမီးခင်ပွန်းတို့သည် အရှင်သာရိပုတ္တရာကို ဆွမ်းလှူရခြင်းကြောင့် ချက်ချင်း သူဌေးဖြစ်၏၊ ကာကဝဠိယဇနီး မောင်နှံသည် အရှင်မဟာကဿပကို ဆွမ်းလှူရခြင်းကြောင့် ချက်ချင်းသူဌေးဖြစ်၏၊ ထိုကဲ့သို့ သူဌေးဖြစ် လျှင်း ကောင်းသောအာရုံတွေကို မြင်ရ ကြားရမှုကြောင့် အဟိတ်ကုသလဝိပါက် စက္ခုဝိညာဏ်စသည်နှင့် ခန္ဓာကိုယ်ဝယ် ကုသိုလ်ကမ္မဇရုပ်များ တိုးပွားခွင့် ရလေသည်၊ သူဌေးဖြစ်အောင် တိုးပွားသောဥစ္စာများကား ကမ္မပစ္စယဥတုဇရုပ်များတည်း၊ ဤရုပ်တရားများကိုလည်း အဟေတုက အမည်ရသောကြောင့် အဟိတ်ဟု ပင် ခေါ်ရသည်။

အကုသိုလ်အကျိုး။ ။နန္ဒမည်သောလုလင်သည် ဥပ္ပလဝဏ်ထေရီမကို မတရားပြုကျင့်မှုကြောင့် ချက်ချင်း မြေမျိုခံရ၏၊ နန္ဒမည်သော နွားသတ်သမားသည် အမြဲနွားသတ်၍ အသက်မွေးနေရာ တစ်နေ့သ၌ ထမင်းပွဲတွင် အမဲဟင်းမပါ၍ နွားလျှာကို လှီးဖြတ် ကင်စားတုန်းမှာပင် လျှာပြတ်ကျလေသည်၊ ဤကဲ့သို့ ဒုက္ခရောက်သည့်အခါ အဟိတ် အကုသလဝိပါက် စက္ခုဝိညာဏ်စသည်နှင့် အကုသိုလ်ကမ္မဇရုပ် ကမ္မပစ္စယ ဥတုဇရုပ်များ ထိုက်သည့်အားလျော်စွာ ဖြစ်ခွင့်ရ၏။ [အားလုံးဝတ္ထုများ ဥပရိပဏ္ဏာသ-ဒေဝဒဟသုတ္တဋ္ဌ ကထာ၌ လာ၏။]

ဒိဋ္ဌဓမ္မကျိုး မကြီးကျယ်။ ။ယခုကာလ၌ ချက်ချင်း သူဌေး ဖြစ်သွားမှု, ချက်ချင်း မြေမျိုမှု, လျှာပြတ်မှုများ ကို အင်မတန်ကြီးကျယ်သော အကျိုးအပြစ်များဟု မှတ်ထင်ကြ၏၊ ချက်ချင်း သူဌေးဖြစ်မှုနှင့် ပဋိသန္ဓေသစ် ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှု နှစ်မျိုးကို စဉ်းစားကြည့်လျှင် အလွန်ကွာခြားကြောင်း ထင်ရှား၏၊ ချက်ချင်း သူဌေးဖြစ်မှုသည် ဒိဋ္ဌဓမ္မကျိုးတည်း, ပဋိသန္ဓေသစ်ကို ထူထောင်၍ နတ်ပြည်၌ ဖြစ်ရမှုကား ဥပပဇ္ဇဝေဒနီယ အပရာပရိယဝေဒနီယ တစ်မျိုးမျိုး၏ အကျိုးတည်း၊ ဤသို့ဖြစ်လျှင် ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဥပပဇ္ဇဝေဒနီယ စသည်ကဲ့သို့ သဟိတ် ပဋိသန္ဓေကျိုးကို မပေးနိုင်ဘဲ (နောက်တစ်ဆင့်မျိုးစေ့ရဖို့ အသီးမသီးဘဲ, အပွင့်မျှသာ ပွင့်သကဲ့သို့)အဟိတ်ဝိပါက်ဖြစ်သော ပဝတ္တိအကျိုးမျှကိုသာ ပေးနိုင်သည်၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ ဋီကာ တို့၌ "သာ-ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည်၊ ဣဓေဝ-ဤပစ္စုပ္ပန်ဘဝ၌သာလျှင်၊ ပုပ္ဖမတ္တံဝိယ-အပွင့်မျှကိုကဲ့သို့၊ ပဝတ္တိဝိပါကမတ္တံ-ပဝတ္တိကျိုးမျှဖြစ်သော၊ အဟေတုကဖလံ-အဟိတ်အကျိုးကို၊ ဒေတိ-ပေး၏"ဟု မိန့်ဆိုကြသည်။

အကူအညီရမှ ဒိဋ္ဌဓမ္မကျိုးပေး။ ။ဤပဌမဇောစေတနာသည် ထိုမျှလောက်သော ပဝတ္တိအကျိုးကလေး ကိုပင် အကြောင်းအထောက်အပံ့များစွာစုံမှ ပေးနိုင်သည်ဟု ဖွင့်ကြ၏၊ ချဲ့ဦးအံ့-ဤပဌမဇောစေတနာသည် အာသေဝနပစ္စည်းကို (ရှေးရှေးဇောမှ ကျေးဇူးပြုမှုကို) မခံရသည့်အတွက် အလွန် အားသေးရကား "ပဋိပက္ခေဟိ အနဘိဘူတတာယ-ဆန့်ကျင်ဘက်တို့ မလွှမ်းမိုးပါမှ (ကုသိုလ်ဖြစ်လျှင် ဆန့်ကျင်ဘက် အကုသိုလ်တို့က မလွှမ်းမိုး မနှိပ်စက် မနှောင့်ယှက်ပါမှ) ဒိဋ္ဌဓမ္မအကျိုးကို ပေးနိုင်သည်၊ ပစ္စယဝိသေသေန- အကြောင်းအထောက်အပံ့ အထူးအားဖြင့်၊ ပဋိလဒ္ဓဝိသေသတာယ-ရအပ်သောအကြောင်းထူးလည်း ရှိပါမှ (ဂတိ, ကာလ, ဥပဓိ, ပယောဂဟူသော လေးချက်က ကုသိုလ်အရာ၌ သမ္ပတ္တိဖြစ်၍, အကုသိုလ်အရာ၌ ဝိပတ္တိဖြစ်ပါမှ)အထိုက်အလိုက် အားရှိသည်၊ တာဒိသဿ-ထိုပဌမဇောအားရှိလောက်သော သဘောရှိသော၊ ပုဗ္ဗာဘိသင်္ခါရဿ-ပုဗ္ဗာဘိသင်္ခါရ၏၊ ("ဆန္ဒရှိလျှင် ဒီအမှုမျိုး ဘာ့ကြောင့် မဖြစ်နိုင်ဘဲ ရှိအံ့နည်း၊ ဝီရိယရှိလျှင်, စိတ်ရှိလျှင်, ဉာဏ်ပညာရှိလျှင် ဒီအမှုမျိုး ဘာ့ကြောင့်မဖြစ်နိုင်ဘဲ ရှိအံ့နည်း" ဤသို့ နောက်နောက် စိတ် ထက်သန်အောင် ရှေ့အဖို့ကပြုပြင်မှု၏)၊ ဝသေန-အစွမ်းသတ္တိကြောင့်၊ သာတိသယာ-လွန်ကဲသော သတ္တိရှိ ပါမှ (ထိုပုဗ္ဗာဘိသင်္ခါရအတွက် သတ္တိ တိုးတက်လာသည်၊ ထိုကဲ့သို့ သတ္တိ တိုးတက်လာမှ) အကျိုးပေးနိုင်သည်" ဟူလို။

သည်သာမကသေး။ ။ဂုဏဝိသေသယုတ္တေသု-ဂုဏ်အထူးနှင့်ယှဉ်သောဘုရား ရဟန္တာ, အနာဂါမ်စသော ပုဂ္ဂိုလ်တို့၌၊ ဥပကာရာပကာရဝသပ္ပဝတ္တိယာ-ကျေးဇူးပြုခြင်း, ကျေးဇူးမဲ့ကို ပြုခြင်း၏အစွမ်းဖြင့် ဖြစ်ပါမှ(မဟာ ဒုက်သည် ကဿပဘုရားရှင်အား ဆွမ်းလှူသောအားဖြင့် ကျေးဇူးပြုသလို, နန္ဒလုလင်သည် ဥပ္ပလဝဏ် ထေရီမ၌ ကျေးဇူးမဲ့ကိုပြုသလို, ဂုဏ်ထူးရှိသောပုဂ္ဂိုလ်များ၌ ကောင်းမှု မကောင်းမှုကို ပြုတဲ့စေတနာမျိုးသာ) ဒိဋ္ဌဓမ္မကျိုးကို ပေးသည်၊[ဤ"ဂုဏဝိသေသယုတ္တေသု"စသော စကားသည် အမြဲမဟုတ်, နန္ဒနွားသတ်သမားသည် ဂုဏ်ထူးမရှိသော နွား၏လျှာကို ဖြတ်မှုကြောင့်, ရှေးရှေးကနွားသတ်တဲ့ အကုသိုလ်တွေက ထောက်ပံ့ သဖြင့် ဒိဋ္ဌဓမ္မကျိုးကို ခံစားရလေသည်၊] ဤသို့လျှင် ပဌမဇောစေတနာသည် ပဝတ္တိအကျိုးကလေးကိုပင် အကြောင်း အထောက်အပံ့တွေ အတော်စုံညီမှ ပေးနိုင်သည်။

ဒါန၏ဒိဋ္ဌဓမ္မကျိုး။ ။ဓမ္မပဒ သုခသာမဏေဝတ္ထု၌ ၁-ဝတ္ထုသမ္ပဒါ (အနာဂါမ်, သို့မဟုတ် ရဟန္တာဖြစ်၍ အလှူခံပုဂ္ဂိုလ်ဟူသော ဝတ္ထု၏ပြည့်စုံခြင်း)၊ ၂-စေတနာသမ္ပဒါ (အလှူ့ရှင်က စေတနာထက်သန်ခြင်း)၊ ၃-ပစ္စယသမ္ပဒါ(တရားသဖြင့်ရှာဖွေ၍ရအပ်သော လှူဖွယ်ဝတ္ထုဖြစ်သဖြင့် ပစ္စည်း၏ပြည့်စုံခြင်း)၊ ၄-ဂုဏောတိ ရေကသမ္ပဒါ (အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထပြီးခါစ ဖြစ်၍ လွန်ကဲသောဂုဏ်နှင့် ပြည့်စုံခြင်း) ဟု ဒိဋ္ဌဓမ္မကျိုးပေးဖို့ရာ အကြောင်းလေးမျိုးလာသေး၏၊ ထိုအကြောင်းကား-ဒါန၏ ဒိဋ္ဌဓမ္မအကျိုးပေးရာနှင့်သာ ဆိုင်၏၊ အခြားကုသိုလ် အကုသိုလ်တို့နှင့် မဆိုင်။

ဇနက ဥပတ္ထမ္ဘကနှင့် သာမန်ဒိဋ္ဌဓမ္မအကျိုး။ ။"ဒိဋ္ဌဓမ္မကျိုးကို ဇနကသတ္တိဖြင့်ပေးရာ၌ဤ ပဌမဇောကသာ ပေးနိုင်သည်, ကံတစ်ပါးကို ထောက်ပံ့ရာ၌ကား ဇော(၇)ကြိမ်လုံးပင် ထောက်ပံ့နိုင်ကြ၏"ဟု ဖွင့်ဆိုကြ၏၊ ထို့ကြောင့် "ကျမ်းဦးအစ၌ ကျမ်းပြုပုဂ္ဂိုလ်နှင့် စာချ စာသင်ပုဂ္ဂိုလ်များ၏ ပဏာမစေတနာသည် အန္တရာယ်ကို ကာကွယ်နိုင်၏" ဟု ဆိုရာ၌ အချို့ ဋီကာများဝယ် ဇနကသတ္တိဖြင့် ပထမဇောက ကာကွယ်သည်ဟု ဆို၏၊ အချို့ ဋီကာများ၌ "ခန္ဓာအစဉ်ဝယ် အန္တရာယ် မရောက်နိုင်အောင် ရှေးကံ၏ အကျိုးဝိပါက်အစဉ်ကို ဥပတ္ထမ္ဘကသတ္တိဖြင့် ထောက်ပံ့ထားသည်"ဟု ဖွင့်ကြ၏၊ ထို့ပြင် "ဤဒိဋ္ဌဓမ္မဝေဒနီယကံသည် ပစ္စုပ္ပန်ဘဝ၌ မထင်မရှား မသိမသာ အကျိုးပေးသည်လည်း ရှိ၏"ဟု ဆိုကြ၏၊ ဥပမာ-ကုသိုလ်ကောင်းမှုပြုသည့်အတွက် ဂုဏ်သတင်းထွက်ခြင်း, ဘုန်းကံကြီးခြင်း, ရောင်းဝယ်ကောင်းခြင်း, အကုသိုလ်ပြုသည့်အတွက် မင်းပြစ်မင်း ဒဏ်ခံရခြင်း စသည်များကို ဒိဋ္ဌဓမ္မဝေဒနီယကံ၏အကျိုးဟု ပြောဆိုကြ၏၊ ဤအရာမျိုး၌ "ပဌမဇောစေတနာ ၏ ဒိဋ္ဌဓမ္မကျိုး"ဟုလည်းကောင်း "ရှေးက ကုသိုလ် အကုသိုလ်ကံ အကျိုးပေးခွင့်ရအောင် ယခုဘဝ ကုသိုလ် အကုသိုလ်ကံက ဥပတ္ထမ္ဘကသတ္တိဖြင့် ထောက်ပံ့ခြင်း"ဟု လည်းကောင်း ဘုရားရှင်မှတစ်ပါး အခြားပုဂ္ဂိုလ်တို့ ခွဲခြားနိုင်ဖို့ ခဲယဉ်းပေလိမ့်မည်၊ အဋ္ဌကထာ ဋီကာကြီးတို့၌ကား အထင်အရှားအကျိုးပေးသော အရာများ၌ သာ ဒိဋ္ဌဓမ္မဝေဒနီယကံဟု ဖွင့်ကြသည်။

ဥပပဇ္ဇဝေဒနီယကံ။ ။ဥပပဇ္ဇ၌ ဥပသဒ္ဒါသည် အနီးဟူသော အနက်ကို ဟော၏၊ ပဇ္ဇ၌ ပဒဓာတ် တွာ ပစ္စည်းတည်း၊ ဥပပဇ္ဇ-အနီးဖြစ်သော ဒုတိယဘဝသို့ ရောက်၍၊ ဝေဒနီယံ-ခံစားထိုက်သောကံသည်၊ ဥပပဇ္ဇ ဝေဒနီယံ-ဥပပဇ္ဇဝေဒနီယကံမည်၏၊ တစ်နည်း "ဣဓ မောဒတိ ပေစ္စ မောဒတိ" စသော ပါဠိတော်၌ ပစ္စသဒ္ဒါသည် "အနန္တရဘဝအခြားမဲ့ဘဝ"ဟူသော အနက်ကိုဟောသော နိပါတ်ပုဒ်ဖြစ်သကဲ့သို့, ထို့အတူ ဥပပဇ္ဇသဒ္ဒါ လည်း အနန္တရဘဝကိုဟောသော နိပါတ်ပုဒ်တည်းဟု ကြံသေး၏၊ ဤအလို "ဥပပဇ္ဇ-အခြားမဲ့ဘဝ၌၊ ဝေဒနီ ယံ-ခံစားထိုက်သောကံသည်၊ ဥပပဇ္ဇဝေဒနီယံ-ဥပပဇ္ဇဝေဒနီယ မည်၏"ဟု ပြုပါ၊ ဤဥပပဇ္ဇဝေဒနီယကံဟူသည် သတ္တမဇောစေတနာတည်း၊ ဒါန သီလစသော ကုသိုလ်အမှု, ပါဏာတိပါတစသော အကုသိုလ်အမှု များသည် ဤ သတ္တမဇောအခိုက်ကျမှ အထမြောက်ကြ၏၊

ချဲ့ဦးအံ့ –ထိုထိုကုသိုလ်မှု အကုသိုလ်မှုကို ပြုရာ၌ ရှေ့ဇောများဖြင့် အထမမြောက်သေး, ရှေ့ဇောများသည် သတ္တမဇောအားရှိအောင် အထောက်အပံ့တွေသာ ဖြစ်ကြသည်၊ သတ္တမဇောကျမှသာ ဆိုင်ရာအမှုကို ပြီးစီးစေနိုင်၏၊ ထို့ကြောင့် "အတ္ထသာဓိကာ ကိစ္စကိုပြီးစီးစေနိုင်သော၊ သန္နိဋ္ဌာပကစေတနာဘူတာ- သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချကြောင်းစေတနာ ဖြစ်၍ဖြစ်သော၊ သတ္တမဇဝနစေတနာ-သတ္တမဇောစေတနာသည်၊ ဥပပဇ္ဇဝေဒနီယံ နာမ-ဥပပဇ္ဇဝေဒနီယကံ မည်၏"ဟု ဋီကာတို့ မိန့်ဆိုကြသည်၊ ဤသို့လျှင် သတ္တမဇော စေတနာသည် ကံအထမြောက်မှု၌ အချုပ်အခြာ ဖြစ်၏၊ ပဉ္စာနန္တရိယ-နိယတမိစ္ဆာဒိဋ္ဌိကံတို့သည် ဤသတ္တမ ဇောစေတနာပင်တည်း၊ ဤသို့ ကိစ္စကို ပြီးစေနိုင်သော သန္နိဋ္ဌာပကစေတနာ ဖြစ်သောကြောင့် ဤသတ္တမ ဇောစေတနာသည် ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စေတနာတို့တွင် ရှေးဦးစွာ ထွက်၍ အခြားမဲ့ဘဝ၌ ပဋိသန္ဓေအကျိုးကို ပေးစွမ်းနိုင်ပေသည်။ [မူလဋီကာ၌ တစ်နည်း ဖွင့်ပြသေး၏။]

ပရမတ္ထဒီပနီ၌ "ဇော(၇)ကြိမ်တွင် ပဌမဇောမှစ၍ စတုတ္ထဇောတိုင်အောင် အစွမ်းကုန် တက်ပြီးနောက် တဖြည်းဖြည်း ကျလေရာ သတ္တမဇောမှာ အဆုံးသတ် လျောကျခြင်း ဖြစ်သည်" ဟူသော အဋ္ဌသာလိနီ လောကုတ္တရ ကုသလပဒအဖွင့်ကို မှီ၍ (ကြာရှည်စွာ မစည်ပင်သော ငှက်ပျောပင် သင်္ဘောပင်တို့သည် ခပ်မြန်မြန် အသီး သီးသကဲ့သို့) သတ္တမဇောသည်လည်း အားသေးလှသည့့်အတွက် တာရှည်စွာ အကျိုး မပေးနိုင်, ဒုတိယတစ်ဘဝမျှသာ အကျိုးပေး၏၊ ထို့ကြောင့် အမြန်ဆုံးထွက်၍ အကျိုးပေးရသည်ဟု မိန့်ဆို လေသည်၊ ထိုစကား၌ ဆိုင်ရာကိစ္စကို ပြီးစီးအောင် ဆောင်ရွက်နိုင်သည့်အပြင် ဂရုကံကြီး ဖြစ်နိုင်သော သတ္တမဇောကို အကျိုးပေးရာ၌ အားနည်းသည်ဟု ဆိုသည်မှာ စဉ်းစားဖွယ် ဖြစ်ပေသည်၊ ထိုဒီပနီကား "အလယ်ဇော(၅)ချက်၏ အကျိုးသည် အကြီးဆုံး အများဆုံး"ဟု ဆိုလို၏၊ ထိုအကျိုး၏ မကြီးကြောင်း မများ

ကြောင်းကို နောက်၌ ပြအံ့။

ဋီကာကျော်ဝါဒ။ ။"သာ စ ပဋိသန္ဓိံ ဒတွာဝ ပဝတ္တိဝိပါကံ ဒေတိ ပဋိသန္ဓိယာ ပန အဒိန္နာယ ပဝတ္တိဝိပါကံ ဒေတီတိ နတ္ထိ,စုတိ အနန္တရံ ဟိ ဥပပဇ္ဇဝေဒနီယဿ ဩကာသော"ဟုဋီကာကျော်ဆို၏၊ သတ္တမဇောစေတနာသည် ဒုတိယဘဝ၌ ပဋိသန္ဓေကျိုး ပေးရမှသာ ပဝတ္တိကျိုးကို ပေးနိုင်သည်၊ ပဋိသန္ဓေအကျိုး မပေးဘဲ ပဝတ္တိ ကျိုးသက်သက်ကို မပေးနိုင်၊ ဘာ့ကြောင့်နည်း၊ ပစ္စုပ္ပန်စုတိ၏ အခြားမဲ့ (ပဋိသန္ဓေ) အခါသည် သတ္တမဇော စေတနာ၏ အကျိုးပေးရာ အခွင့်အခါဖြစ်သောကြောင့်တည်းတဲ့၊ "ထိုပဋိသန္ဓေခဏတုန်းကမှ အခွင့်မရလိုက် လျှင် ပဝတ္တိကျိုးကို ပေးခွင့်မရတော့ပြီ"ဟု ဆိုလိုသတတ်၊ ထိုစကားသည် မသင့်၊ ဘာ့ကြောင့်နည်း၊ ဒုတိယ ဘဝ၌ ပဋိသန္ဓေအကျိုးကို မပေးလိုက်ရဘဲ ပဝတ္တိကျိုး သက်သက်ပေးရသော ဝတ္ထုပေါင်းများစွာ ရှိသော ကြောင့်တည်း၊ ဘူရိဒတ်ဇာတ်တော်လာ ဘုရားအလောင်းတော်သည် နဂါး၏ စည်းစိမ်ကို တောင့်တ၍ ကောင်းမှုပြု၏၊ စုတိအခြားမဲ့၌ အကုသိုလ်ကံကြောင့် အဟိတ်နဂါး ပဋိသန္ဓေနေရသည်၊ (ဤ၌ ကုသိုလ် ကောင်းမှုသည် ပဋိသန္ဓေကျိုး မပေးလိုက်ရ၊)

ပဝတ္တိအခါ၌ကား ပြုခဲ့သော ကောင်းမှုများအတွက် ကြီးကျယ်သော နဂါးစည်းစိမ်ကို ခံစားရပေသည်။

ထို့ပြင် –ဋီကာကျော်၌ပင် "ပဋိသန္ဓိယာ ပန ဒိန္နာယ ဇာတိသတေပိ ပဝတ္တိဝိပါကံ ဒေတိ"ဟု အာစရိယဝါဒ ကို ပြပြန်၏၊ သတ္တမဇောစေတနာသည် စုတိ၏ အခြားမဲ့၌ ပဋိသန္ဓေကျိုးကို ပေးနိုင်လျှင် ဘဝပေါင်းအရာ ဆက်လက်၍ ပဝတ္တိကျိုးကို ပေးနိုင်ပြန်သတဲ့၊ ထိုအာစရိယဝါဒလည်း မသင့်၊ ဘာ့ကြောင့်နည်း၊ ဘဝအရာ မဆိုထားဘိ, တတိယဘဝရောက်လျှင် အပရာပရိယဝေဒနီယကံ၏ နယ်ဖြစ်၍ ဥပပဇ္ဇနှင့် အပရာပရိယတို့ ရောယှက်ဖွယ်ရှိသောကြောင့်တည်း၊ "တတိယဘဝမှစ၍ နောက်နောက်ဘဝအတွက် ဥပပဇ္ဇဝေဒနီယကံနှင့် မဆိုင်, အခွင့်သာလျှင် အပရာပရိယဝေဒနီယကံက အကျိုးပေးသည်" ဟူလို၊ အင်္ဂုတ္တိုရ်အဋ္ဌကထာ၌လည်း ဤ ဒိဋ္ဌဓမ္မဝေဒနီယစသော ကံ(၃)ပါးတို့သည် ဌာန ပြောင်းရွှေ့ခြင်း မရှိကြ, မိမိဆိုင်ရာ ဌာန၌သာ တည်ကြသည်"ဟု မိန့်ဆိုသည်။ [ဒိဋ္ဌဓမ္မဝေဒနီယံ ဥပပဇ္ဇဝေဒနီယံ အပရာပရိယဝေဒနီယန္တိ တေသံ သင်္ကမနံ နတ္ထိ၊ ယထာဌာနေယေဝ တိဋ္ဌန္တိ ၊-တိကင်္ဂုတ္တရ။]

အပရာပရိယဝေဒနီယကံ။ ။အပရော စ အပရော စ အပရာပရော, အပရာပရောယေဝ အပရာပရိယံ၊ အပရော စ-တစ်ပါးအခြားသောဘဝလည်း၊ အပရော စ-တစ်ပါးအခြားသောဘဝလည်း၊အပရာပရော-တစ်ပါး တခြား တစ်ပါးတခြားသောဘဝ၊ ဝါ-ဘဝအဆက်ဆက်၊ [ဤအပရာပရောကား အပရအပရဟူသော ဝိစ္ဆာပုဒ် ကို သမာသ်လုပ်ထားသဖြင့် သဒ္ဒါနည်း မကျ, သဒ္ဒါကျမ်းတို့၌ ဝိစ္ဆာပုဒ်ကို သမာသ်မလုပ်လိုကြ၊]အပရာပရော ယေဝ-အဆက်ဆက်သောဘဝသည်ပင်၊ အပရာပရိယံ- (ဣယ ပစ္စည်းအတွက် အနက်သီးခြား မထွက်သော ကြောင့်) အပရာပရိယ မည်၏၊ "အပရာပရိယေ-အဆက်ဆက်သောဘဝ၌၊ ဝေဒနီယံ-ခံစားထိုက်သောကံသည်၊ အပရာပရိယဝေဒနီယံ-အပရာပရိယဝေဒနီယကံ မည်၏"...ဤကား ယခုသင်္ဂြိုဟ်ပါဌ်ရှိအတိုင်း ဋီကာ ကျော် မဏိမဉ္ဇူတို့ ဖွင့်ပြအပ်သော နည်းတည်း။

အပရပရိယာယ။ ။ဤပြအပ်ခဲ့သောနည်း၌ သဒ္ဒါနေ မကောင်းသည့်ပြင် "အပရေ ဝါ ပရိယာယေ အပရေ အပရေ ဝါ ပရိယာယေ"ဟူသော ပါဠိတော်များနှင့် တိုက်ရိုက်မညီညွတ်သောကြောင့် "အပရပရိယာယဝေဒနီ ယံ"ဟု ပါဌ်တစ်မျိုး ပြင်ကြ၏၊ "ပရိယာယတိ ပုနပ္ပုနံ အာဂစ္ဆတိ-အထပ်ထပ် လာတတ်၏၊ ဝါ-လည်တတ်၏၊ ဣတိ-ကြောင့်၊ ပရိယာယော-ပရိယာယ မည်၏" ဟူသည့်အတိုင်း အထပ်ထပ် (အဆက်ဆက်) ဖြစ်သော ဘဝကို ပရိယာယဟုခေါ်၏၊ "အပရောစ+သော+ပရိယာယောစာတိ အပရာပရိယာယော" အပရောစ- တစ်ပါးတစ်ခြားလည်းဟုတ်၏၊ သော-ထိုတစ်ပါးတခြားဟူသည်၊ ပရိယာယော စ-အဆက်ဆက်လည်တတ်သောဘဝလည်း ဟုတ်၏၊ ဣတိ- ကြောင့်၊ အပရပရိယာယော-အပရပရိယာယ မည်၏။

အပရ၏အပါဒါန်။ ။ဋီကာကျော်၌ အပရ၏ အပါဒါန်ကို "ဒိဋ္ဌဓမ္မတော"ဟု ပစ္စုပ္ပန်ဘဝကိုသာ ပြထား၏၊ ပစ္စုပ္ပန်ဘဝမှတစ်ပါး တခြားသောဘဝ အဆက်ဆက်ကို "အပရာပရိယ"ဟု ဆိုလိုသတဲ့၊ သဒ္ဒထုံးစံမှာ အတူ တကွဆိုရာ၌ ဆိုခဲ့ပြီးအားလုံးကို အပါဒါန်ခံရသည်၊ ဥပမာ "သေသာ ဗျဉ္ဇနာ"သုတ်၌ ဆိုခဲ့ပြီးသော သရ ရှစ်လုံးကိုပင် သေသ၏ အပါဒါန်ခံသကဲ့သို့တည်း၊ ထို့ကြောင့် ဤဋီကာကျော်စကားသည် သဒ္ဒထုံးစံ မကျချေ၊ ထို့ပြင် "ဒိဋ္ဌဓမ္မတော" ဟူသော အပါဒါန်ကို အမှန်ယူလိုက်သော် "အပရာပရိယဝေဒနီယကံသည် ပစ္စုပ္ပန် ဘဝမှ တခြားသော ဒုတိယဘဝ၌ပင် အကျိုးပေးသောကြောင့်လည်းကာင်း, ဒုတိယဘဝ၌ အကျိုးပေးလျှင် ဥပပဇ္ဇဝေဒနီယကံနှင့် ရောထွေးနေသည့်အတွက် ပြခဲ့သော အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် ဆန့်ကျင်ရာသော ကြောင့်လည်းကောင်း ထို "ဒိဋ္ဌဓမ္မတော"ဟူသော အပါဒါန်သည် အမှန်မဟုတ်ချေ၊ ထို့ကြောင့် အင်္ဂုတ္တိုရ် ဋီကာစသည်တို့၌ လာသည့်အတိုင်း "ဒိဋ္ဌဓမ္မာနာဂတာနန္တရဘဝတော"ဟု အပါဒါန်ခံ၍ "ပစ္စုပ္ပန်ဘဝ, လာလတ္တံ့သောအခြားမဲ့ဒုတိယဘဝမှ တခြားသောဘဝအဆက်ဆက်ကို (တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့် တိုင်အောင်သောဘဝကို) အပရာပရိယခေါ်သည်"ဟု မှတ်ပါ။

ပဋိသန္ဓေကျိုးပေးရာ၌ စေတနာယူပုံ။ ။အပရာပရိယဝေဒနီယကံဟူသည် တစ်ဝီထိ၌ပါသော ဇော(၇) ကြိမ်တွင် အလယ်ဇော(၅)ချက်စေတနာတည်း၊ "ဧကာယ စေတနာယ ကမ္မေ အယူဟိတေ ဧကာ ပဋိသန္ဓိ ဟောတိ"ဟူသော အဋ္ဌသာလိနီ(ဝိပါကုဒ္ဓါရ) အဖွင့်၌ "စေတနာတစ်ခုဖြင့် ကံကို အားထုတ်အပ်လျှင် တစ်ခု သော ပဋိသန္ဓေဖြစ်၏၊ (စေတနာတစ်ခုလျှင် ပဋိသန္ဓေကျိုး တစ်မျိုးပေး၏)"ဟု အဓိပ္ပာယ်ယူ၍ အပရာပရိယ ဝေဒနီယကံသည် (ဇောစေတနာ ငါးချက် ရှိသည့်အတွက်) ပဋိသန္ဓေအကျိုး (၅)မျိုးကို ပေး၏၊ (ငါးဘဝ ပဋိသန္ဓေရ၏)ဟု ပြောစမှတ် ပြုကြသည်၊ ဤကျမ်း၌ကား ထို အဋ္ဌသာလိနီစကားကိုပင် ထောက်၍ အပရာ ပရိယဝေဒနီယကံသည် စေတနာ(၅)တန်လုံးမှ ပဋိသန္ဓေကျိုး တစ်မျိုးသာ ပေးခွင့်ရှိသည်ဟု ယူလိုပါသည်။

ထင်ရှားစေအံ့ –"ဧကာယ စေတနာယ ကမ္မေ အာယူဟိတေ" ပါဌ်၌ စေတနာဟူသည် ဇောနှင့်ယှဉ်သော စေတနာစေတသိက်တည်း, ကံကား ကိုယ်နှုတ်စိတ်တို့၏ အမူအရာတည်း၊ ထိုကံကို ဇောစေတနာ တစ်ခု တည်းဖြင့် ထမြောက်အောင် အားမထုတ်နိုင်၊ ဝီထိတစ်ခုတွင် ပါဝင်သောဇော(၇)ကြိမ်ဖြင့် အားထုတ်မှ ကံတစ်ခုထမြောက်နိုင်သည် ၊ထိုဇောစေတနာ(၇)ကြိမ်လုံးကိုပင် သဘောတူသောကြောင့် စေတနာတစ်ခုဟု ဆိုထားသည်၊ ထို့ကြောင့် "သတ္တမဇောအတွက် ပဋိသန္ဓေတစ်ကျိုး အလယ်ဇော(၅)ချက် အတွက် ပဋိသန္ဓေ(၅)ကျိုးဟူသော စကားသည် လားလားမှ မသင့်၊ တစ်ဝီထိပါ ဇောစေတနာ အားလုံး အတွက်မှ ပဋိသန္ဓေကျိုး တစ်ချက်သာ ရနိုင်သည်၊ သို့ဖြစ်၍ ဥပပဇ္ဇဝေဒနီယကံ(သတ္တမဇောစေတနာသည်) ဒုတိယဘဝ၌ ပဋိသန္ဓေကျိုး ပေးခဲ့လျှင် အလယ်ဇောငါးချက်က နောက်ထပ်ပဋိသန္ဓေကျိုး မပေးနိုင်, ပဝတ္တိ ကျိုးကိုသာ ဆိုင်ရာဘဝ၌ ပေးခွင့် ရှိတော့သည်၊ သတ္တမဇောပေးပြီးနောက် အလယ်ဇော(၅)ချက်က ထပ်၍ ပဋိသန္ဓေကျိုး ပေးဦးမည်ဆိုလျှင် "အာနန္တရိယ နိယတမိစ္ဆာဒိဋ္ဌိ သတ္တမဇောတို့အတွက် အဝီစိ၌ဖြစ်ပြီးနောက် အလယ်ဇောများအတွက် အဝီစိ၌ပင် ထပ်၍ဖြစ်ရလိမ့်ဦးမည်" ထိုကဲ့သို့လည်း ဖြစ်ရိုးမဟုတ်၊ "နာနာစေတနာ ဟိ ကမ္မေ အာယူဟိတေ နာနာဟောတိ ပဋိသန္ဓိ" ဟူသော အဋ္ဌသာလိနီလည်း နာနာစေတနာအရ တစ်ဝီထိ၌ပါသော ဇောစေတနာ(၇)ကြိမ်ကို ဆိုလိုရင်း မဟုတ်၊ ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာ အမျိုးမျိုးကို ဆိုလိုရင်းဖြစ်သည်၊ ထိုစေတနာအမျိုးမျိုးဖြင့် ကံကို အားထုတ်လျှင် ပုဗ္ဗ အပရ စေတနာတို့ အတွက်ကြောင့် ပဋိသန္ဓေကျိုး များစွာဖြစ်နိုင်သည်-ဟူလို။

ထောက်ထားချက်။ ။ဤအဆုံးအဖြတ်နှင့်စပ်လျက် ထောက်ထားချက်များမှာ လက္ခဏသံယုတ်, စတုတ္ထ ပါရာဇိကပါဠိတော် အဋ္ဌကထာနှင့် ဝိမတိဝိနောဒနီဋီကာတို့တည်း၊ ညွှန်ပြပေအံ့-နွားသတ်သမားတစ်ယောက်သည် နွားသတ်မှုကံကြောင့် နှစ်ပေါင်းများစွာ ငရဲ၌ ကျက်ရ၏, ထိုနွားသတ်မှုကံ အကြွင်းအကျန်ကြောင့် ဂိဇ္ဈကုဋ်တောင်မှာ အရိုးစုပြိတ္တာ ဖြစ်လာသည်၊ ဤဝတ္ထု၌ အချို့ဆရာတို့ အယူအတိုင်းဆိုလျှင် နွားသတ်မှု ပါဏာတိပါတကံ ထမြောက်အောင် ပြုလုပ်သော ဝီထိ၌ပါဝင်သောဇော(၇)ကြိမ်တွင် သတ္တမဇောဟူသော ဥပပဇ္ဇဝေဒနီယကံကြောင့် ငရဲကျ၍ ထိုဝီထိ၌ပါသော အလယ်ဇောငါးချက်တွင် တစ်ချက်ချက်သော အပရာ ပရိယဝေဒနီယကံကြောင့် ပြိတ္တာဖြစ်ရသည်ဟု မှတ်ယူဖွယ် ရှိ၏။

သို့သော် ထိုအတိုင်းမဟုတ်, နွားသတ်မှု ပြုစဉ်တုန်းက ပါဏာတိပါတကံ တစ်ကြိမ်အထမြောက်ရာ၌ ပုဗ္ဗ- စေတနာ မုဉ္စစေတနာ အပရစေတနာအများဖြစ်၏၊ မုဉ္စစေတနာသည် ကံအထမြောက်သည့် တစ်ဝီထိ၌ပါ သော ဇောစေတနာတို့တည်း၊ ကံ အထမမြောက်ခင် ရှေ့အဖို့က ဝီထိပေါင်းများစွာ၌ ပါရှိသော စေတနာများ ကို ပုဗ္ဗစေတနာဟုလည်းကောင်း, နောက်အဖို့၌ စေတနာများစွာကို အပရစေတနာဟုလည်းကောင်းခေါ်၏၊ ထိုတွင် မုဉ္စစေတနာ၌ပါဝင်သော သတ္တမဇောကြောင့် ငရဲ၌ ပဋိသန္ဓေနေရပြီးနောက် ပုဗ္ဗစေတနာ, အပရ စေတနာတို့တွင် ဝီထိတစ်ခုခု၌ပါသော အလယ်ဇောစေတနာကြောင့် ပြိတ္တာဖြစ်လာရသည်ဟု ဖွင့်သည်။ [အလယ်ဇော စေတနာ(၅)ချက်တို့ ပဋိသန္ဓေ တစ်ကြိမ်ပေးရာ၌ "မည်သည့်ဇောက ပေးသနည်း, ဒုတိယဇော က ပေးသလော, ဆဋ္ဌမဇောက ပေးသလော"ဟု မစောကြောထိုက်၊ သင့်ရာ ဇောတစ်ချက်ချက်အတွက် ပဋိသန္ဓေ တစ်ကျိုးသာ ထွက်သည်ဟု မှတ်ပါ။]

ဝိမတိဋီကာ။ ။တေန ဂေါဃာတကကမ္မက္ခဏေ ပုဗ္ဗစေတနာ အပရစေတနာ သန္နိဋ္ဌာပက(မုဉ္စ)စေတနာတိ ဧကသ္မိံပိ ပါဏာတိပါတေ ဗဟူ စေတနာ ဟောန္တိ, နာနာ ပါဏာတိပါတေသု ဝတ္တဗ္ဗမေဝ နတ္ထိ၊ တတ္ထ (ထိုပုဗ္ဗ မုဉ္စ အပရစေတနာ တို့တွင်) ဧကာယ စေတနာယ နရကေ ပစိတွာ တဒည စေတနာသု ဧကာယ အပရာပရိယစေတနာယ ဣမသ္မိံ ပေတတ္ထဘာဝေ နိဗ္ဗတ္တောတိ ဒေဿတိ။

အပရာပရိယသတ္တိကုန်ချိန်။ ။"အပရာပရိယဝေဒနီယကံသည် တတိယဘဝမှ စ၍ နိဗ္ဗာန်ရောက်သည့် ဘဝတိုင်အောင် ပဝတ္တိကျိုးကို ပေးနိုင်သည်"ဟူသော စကားအရ "မည်သည့် အပရာပရိယစေတနာမဆို အကြိမ်များစွာ ထပ်ကာထပ်ကာ အကျိုးပေးနိုင်သည်"ဟု မှတ်ယူကြ၏၊ ထိုကဲ့သို့ မမှတ်ယူထိုက်၊ မိမိသတ္တိရှိ သမျှ အကျိုးပေးပြီးဖြစ်လျှင် နိဗ္ဗာန်မရခင်မှာလည်း ထိုစေတနာများ၏ အစွမ်းသတ္တိ ကုန်ဆုံးကြရသည်သာ၊ အကျိုးမပေးရသေးလျှင်သာ နောက်ဆုံးဘဝတိုင်အောင် သတ္တိပါနိုင်သည်ဟု ဆိုလိုသည်၊ များစွာသောဇာတ် နိပါတ်တို့၌ သတ္တဝါတစ်ကောင်ကို သတ်မိ၍ ငရဲ၌ ကျက်ရပြီးနောက် ထိုသတ္တဝါ၏ အမွေးအရေအတွက်နှင့် အညီအမျှ (ပုဗ္ဗ အပရစေတနာများအတွက်) အသတ်ခံ၍ချည်း သေရကြောင်း, နောက်ဆုံး အရေအတွက် စေ့မည့်ဘဝ၌ အသတ်ခံရသော်လည်း ဝဋ်ကျွတ်တော့မည်ဖြစ်၍ ဝမ်းမြောက်ကြောင်းကို ပြသောဝတ္ထုတွေ များစွာရှိပေသည်၊ နိမိဇာတကဋ္ဌကထာ၌လည်း "အပရာပရိယဝေဒနီယံ ပန ဝိပါကံ အဒတွာ န နဿတိ= အပရာပရိယကံသည် အကျိုးမပေးရသေးလျှင် မပျက်စီး"ဟု တိုက်ရိုက်ပြသဖြင့် အကျိုးပေးပြီးသောအခါ ပျက်စီးပျောက်ကွယ်သည်"ဟု အဓိပ္ပာယ်ပြသည်။

အဟောသိကံ။ ။ဤ အဟောသိကံဟူသော နာမည်သည် "အဟောသိကမ္မံ-နာဟောသိ ကမ္မဝိပါကော, အဟောသိကမ္မံ-နတ္ထိ ကမ္မဝိပါကော, အဟောသိကမ္မံ န ဘဝဿတိ ကမ္မဝိပါကော" စသော ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကိုမှီ၍ အဋ္ဌကထာတို့ သုံးစွဲအပ်သော နာမည်တည်း၊ "အဟောသိ စ+တံ+ကမ္မဉ္စာတိ အဟောသိ ကမ္မံ"ဟု ဝိဂြိုဟ်ပြု၊ အဟောသိ စ-အဟောသိမည်သည်လည်း ဟုတ်၏၊ တံ-ထိုအဟောသိ ဟူသည်၊ ကမ္မဉ္စ- ကံလည်း ဟုတ်၏၊ ဣတိ-ကြောင့်၊ အဟောသိကမ္မံ-အဟောသိကံမည်၏၊ ဤအဟောသိကံသည် လုံးလုံး အကျိူးမပေး၊ ထို့ကြောင့် ယခင်ပါဠိတော်၌

ကမ္မံ-ကံသည်သာ၊ အဟောသိ-ဖြစ်ပြီ၊ ကမ္မဝိပါကော-ကံ၏ အကျိုးသည်၊ နာဟောသိ-ဖြစ်ပြီးမဟုတ် ၊ပေ၊ နတ္ထိ-ဖြစ်ဆဲမဟုတ် ၊ပေ၊ န ဘဝိဿတိ-ဖြစ်လတ္တံ့ မဟုတ်ဟု ဆိုသည်၊ "ကံတရားကတော့ ဖြစ်ပါရဲ့, ထိုကံ တရား၏ အကျိုးမှာ ဖြစ်ပြီး, ဖြစ်ဆဲ, ဖြစ်လတ္တံ့ မဟုတ်, ဘယ်တော့မှ မဖြစ်တော့ဘူး" ဟူလို။

ဉာဏဝိဘင်းဋ္ဌ။ ။ဒိဋ္ဌဓမ္မဝေဒနီယာဒီသု ပန ဗဟူသုပိ အာယူဟိတေသု ဧကံ ဒိဋ္ဌဓမ္မဝေဒနီယံ ဝိပါကံ ဒေတိ , သေသာနိ အဝိပါကာနိ၊ ဧကေန အာနန္တရိယေန နိရယေ ဥပ္ပဇ္ဇတိ , သေသာနိ အဝိပါကာနိ၊ အဋ္ဌသု သမ္မာပတ္တီသု ဧကာယ ဗြဟ္မလောကေ နိဗ္ဗတ္တတိ, သေသာ အဝိပါကာ၊ ဣဒံ သန္ဓာယ နာဟောသိ ကာမဝိပါကောတိ ဝုတ္တံ။

ဆိုလိုရင်းကား။ ။ပစ္စုပ္ပန်ဘဘ၌ ဒိဋ္ဌဓမ္မကျိုး ပေးနိုင်သော ကံများကို အားထုတ်ထားလျှင် ကံတစ်ခုသာ အကျိုးပေး၏, ကြွင်းသောကံများ ဒိဋ္ဌဓမ္မကျိုးမပေးဘဲ အဟောသိကံ ဖြစ်၏၊ ဥပပဇ္ဇဝေဒနီယကံ အများကို အားထုတ်ထားရာ၌ တစ်ခုခုက ပဋိသန္ဓေကျိုးပေးလျှင် အခြားကံများ ပဋိသန္ဓေကျိုး မပေးနိုင်, (ပဝတ္တိအကျိုး ကိုကား ပေးနိုင်သေး၏၊) ပဝတ္တိအကျိုးကိုမျှ မပေးရလျှင် အဟောသိကံ ဖြစ်၏၊ အာနန္တရိယကံ (၅)ပါးလုံး အားထုတ်ထားရာ၌ သတ္တိအထက်ဆုံး သံဃဘေဒကကံက အခြားမဲ့ဘဝ၌ ပဋိသန္ဓေကျိုးကို ပေး၏, ကြွင်း ကံများကား အဟောသိကံတည်း၊ စျာန်သမာပတ်(၈)ပါးလုံးကို ရရာ၌ တစ်ပါးသာ ပဋိသန္ဓေအကျိုးကိုပေး၏, ကြွင်း သမာပတ်များ အဟောသိကံ ဖြစ်ကြရသည်၊ ဤကဲ့သို့ အဟောသိကံဖြစ်ရသောကံတွေ အတော် များစွာ ရှိ၏၊ ကမ္မပထမမြောက်သော သာမညဇောစေတနာ (စားရင်း သောက်ရင်း သွားရင်း လာရင်း ဖြစ်ကြသော ကုသိုလ် အကုသိုလ်စေတနာတွေ) အတော်များစွာ ရှိ၏၊ ထိုစေတနာတွေသည် ပဝတ္တိကျိုးမျှ ကို ပေးနိုင်-ထောက်ပံ့နိုင်သည်ဟု ဆိုသော်လည်း သန္တာန်အစဉ်မှာ သတ္တိ မထင်ရှားရစ်ဘဲ ပြီးပြီးပျောက် ပျောက် အဟောသိကံလောက်ဖြစ်သော ဇောတွေကသာ များဖွယ် ရှိလေသည်။

------------------

ပါကဋ္ဌာနကံ(၄)ပါး

တထာ အကုသလံ ကာမာဝစရကုသလံ ရူပါဝစရကုသလံ အရူပါဝစရ ကုသလေဉ္စတိ ပါကဋ္ဌာနဝသေန ၊ပေ၊ ပါဏာတိပါတော အဒိန္နာဒါနံ ကာမေသုမိစ္ဆာစာရော စေတိ ကာယဝိညတ္တိသင်္ခါတေ ကာယဒွါရေ ဗဟုလ္လဝုတ္တိတော ကာယကမ္မံ နာမ။

ကာယကံ (၃)ပါး။ ။ကံ၏ဖြစ်ကြောင်းကို ကမ္မဒွါရဟု ခေါ်၏၊ အကုသိုလ်ကံသည် ကမ္မဒွါရနှင့်စပ်၍ ကာယကံ ဝစီကံ မနောကံဟု (၃)မျိုးရှိ၏၊ ထိုတွင် ပါဏာတိပါတ စသော(၃)ပါးကို "ကာယကံ(၃)ပါး"ဟု ခေါ်သည်။

ပါဏာတိပါတာ။ ။[ပါဏ+အတိပါတ] လူတို့ပြောဆိုရိုးအားဖြင့် သတ္တဝါကို "ပါဏ"ဟု ခေါ်၏၊ ပရမတ္ထ သဘောအားဖြင့် ပါဏဟူသည် ရုပ်ဇီဝိတ နာမ်ဇီဝိတတည်း၊ အတိပါတ၌ အတိသဒ္ဒါသည် "သီဃတ္ထ= လျင်စွာ" ဟူသောအနက်, တစ်နည်း-"အတိက္ကမနတ္ထ=လွှမ်းမိုးနှိပ်စက်၍" ဟူသောအနက်, ဤနှစ်ချက်ကို ဟော၏၊ ပါတသဒ္ဒါကား "ကျစေခြင်း=ချခြင်း " ဟူသောအနက်ကို ဟောသည်၊ လျင်မြန်စွာ ချခြင်းဟူသည် ဖြည်းဖြည်းနှေးနှေး အချိန်ကျမှ သေရမည်ကို အချိန်ကျအောင် မနေစေဘဲ အလျင်အမြန် သေအောင်သတ် ခြင်းပင်တည်း၊ လွှမ်းမိုး၍ ကျစေခြင်းဟူသည် တစ်စုံတစ်ခုသောလက်နက်ဖြင့် လွှမ်းမိုးနှိပ်စက်၍ သတ်ခြင်း တည်း၊ ပါဏဿ+အတိပါတော ပါဏာတိပါတော၊ ပါဏဿ-သတ္တဝါကို၊ ဝါ-ဇီဝိတိန္ဒြေကို၊ အတိပါတော- လျင်စွာ ကျစေခြင်း အမူအရာသည်၊ ဝါ-လျင်စွာ ကျစေကြောင်း, လက်နက်ဖြင့် လွှမ်းမိုး နှိပ်စက်၍ ကျစေ ကြောင်းစေတနာသည်၊ ပါဏာတိပါတော-ပါဏာတိပါတ မည်၏၊ ဤစကားစဉ်အရ "သူတစ်ပါးကို ကိုယ်တိုင် သတ်ဖြတ်မှုဟူသော ကာယပယောဂ, "သတ်လိုက်" စသည်ဖြင့် စေခိုင်းမှုဟူသော ဝစီပယောဂကို ဖြစ်စေ တတ်သော ဝဓက (သတ်ကြောင်း) စေတနာသည် ပါဏာတိပါတ မည်၏"ဟု မှတ်ပါ။

အင်္ဂါပယောဂ။ ။ဤအကုသိုလ်ကံတို့သည် ကမ္မပထမြောက်သောအရာလည်း ရှိ၏၊ ကမ္မပထမမြောက် သောအရာလည်း ရှိ၏၊ [ကမ္မ=ကံ+ပထ=လမ်းကြောင်း၊ "အပါယ်ရောက်ဖို့ရန် လမ်းကြောင်းဖြစ်သောကံ" ဟူလို။] ကမ္မပထမြောက်လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးကို ပေးနိုင်သော ဇနကသတ္တိ ဧကန်ရှိ၏၊ ကမ္မပထ မမြောက်လျှင်ကား ပဋိသန္ဓေကျိုးကို ပေးနိုင်/မပေးနိုင် ကိန်းသေမဟုတ်, တချို့ ပေးနိုင်၏၊ တချို့ မပေးနိုင်၊ ကမ္မပထမြောက်/မမြောက် ဆုံးဖြတ်ဖို့ရာ ဆိုင်ရာအင်္ဂါ(လက္ခဏာ) စုံ/မစုံကို ကြည့်ရမည်၊ ဆိုင်ရာအင်္ဂါစုံလျှင် ကမ္မပထမြောက်၏၊ အင်္ဂါမစုံလျှင် ကမ္မပထမမြောက်၊ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်သာ ဖြစ်သည်၊ ထို့ကြောင့် အင်္ဂါနှင့် လုံ့လပယောဂကို ထည့်သွင်း ဖွင့်ပြပေအံ့။

ပါဏော စ ပါဏသညိတာ, ဃာတစိတ္တဉ္စုပက္ကမော၊ တေနေဝ မရဏဉ္စာတိ, ပဉ္စိမေ ဝဓဟေတုယော။

ပါဏော စ-သတ္တဝါသည်လည်းကောင်း၊ ပါဏသညိတာ-သတ္တဝါဟု အမှတ်ရှိသူ၏ အဖြစ်လည်းကောင်း၊ ဃတစိတ္တဉ္စ-သတ်ကြောင်းစိတ်လည်းကောင်း၊ ဥပက္ကမော-လုံ့လပြုခြင်းလည်းကောင်း၊ တေနေဝ-ထိုလုံ့လ ကြောင့်ပင်၊ မရဏဉ္စ-သေခြင်းလည်းကောင်း၊ ဣတိ ဣမေ ပဉ္စ-ဤငါးပါးတို့သည်၊ ဝဓဟေတုယော-ပါဏာတိ ပါတ၏ အကြောင်းအင်္ဂါတို့တည်း။ [၁-သတ္တဝါလည်းဖြစ်စေ,၂-သတ္တဝါမှန်း သိသည်လည်းဖြစ်စေ,၃-သတ်လို သောစေတနာလည်း ရှိစေ, ၄-သတ်ဖြတ်မှု လုံ့လတစ်ခုခုကိုလည်းပြုစေ, ၅-ထိုလုံ့လကြောင့်ပင် သေသည် ဖြစ်စေ, ဤအင်္ဂါငါးပါးစုံလျှင် ပါဏာတိပါတ ကမ္မပထမြောက်၏၊ ရှေ့အင်္ဂါလေးပါးနှင့် ပြည့်စုံသော်လည်း မသေလျှင် (နောက်ဆုံးအင်္ဂါ ချို့တဲ့လျှင်) ပါဏာတိပါတ ကမ္မပထမမြောက်။]

အပြစ်အကြီးအငယ်။ ။သတ္တဝါအကြီး, အငယ်ကိုလိုက်၍လည်းကောင်း, သတ္တဝါတို့၏ အကျင့်သိက္ခာကို လိုက်၍လည်းကောင်း အပြစ်အကြီး,အငယ် ကွဲပြား၏၊ သတ္တဝါက အကောင်အထည်ကြီးလျှင် ထိုသတ္တဝါ၏ ဇီဝိတကလာပ်များစွာကို ဖျက်ဆီးရာကျသောကြောင့် အပြစ်ကြီး၏၊ သီလသိက္ခာရှိသူကို သတ်လျှင် ထိုသူ၏ သီလဂုဏ်ကြောင့် အပြစ်ကြီး၏၊ မိဘ ရဟန္တာစသည်ကို သတ်မိလျှင် အာနန္တရိယကံပင် ထိုက်၏၊ အကောင် အထည် ဂုဏ်သိက္ခာချင်း တူနေလျှင် သတ်တဲ့အခါ၌ ပယောဂစိုက်မှု အားကြီးသောကံက အပြစ်ကြီးသည်၊ ထိုပယောဂတို့ကား...

သာဟတ္ထိကော အာဏတ္တိကော, နိသဂ္ဂိယော စ ထာဝရော၊ ဝိဇ္ဇာမယော ဣဒ္ဓိမယော, ပယောဂါ ဆယိမေ မတာ။

သာဟတ္ထိကော -သာဟတ္ထိကလည်းကောင်း၊ အာဏတ္တိကော-အာဏတ္တိကလည်းကောင်း၊ နိသဂ္ဂိယော စ-နိသဂ္ဂိယလည်းကောင်း၊ ထာဝရော-ထာဝရလည်းကောင်း၊ ဝိဇ္ဇာမယော-ဝိဇ္ဇာမယလည်းကောင်း၊ ဣဒ္ဓိမ ယော-ဣဒ္ဓိမယလည်းကောင်း၊ ဣမေ ဆ-ဤ(၆)ပါးတို့ကို၊ ပယောဂါ-လုံ့လပယောဂတို့ဟူ၍၊ မတာ-သိအပ် ကုန်၏။

သာဟတ္ထိက။ ။ဓားဖြင့်ခုတ်, တုတ်ဖြင့်ရိုက် စသည်ဖြင့် ကိုယ်ထိလက်ရောက် သတ်ပုတ်မှုသည် သာဟတ္ထိ ကပယောဂ မည်၏၊ [သဿ-မိမိ၏၊ ဟတ္ထော-လက်တည်း၊ သဟတ္ထော-မိမိလက်၊ သဟတ္ထေန-မိမိလက်ဖြင့်၊ နိဗ္ဗတ္တော-ဖြစ်သောပယောဂသည်၊ သာဟတ္ထိကော-သာဟတ္ထိက မည်၏။]

အာဏတ္တိက။ ။နှုတ်ဖြင့်ဖြစ်စေ, စာရေးသား၍ဖြစ်စေ, အရိပ်နိမိတ်ကိုပြ၍ဖြစ်စေ, အသတ်ခိုင်းမှုသည် အာဏတ္တိပယောဂ မည်၏၊ [အာဏာပနံ-စေခိုင်းခြင်းသည်၊ အာဏတ္တိ-အာဏတ္တိမည်၏၊ အာဏတ္တိယာ- စေခိုင်းတိုက်တွန်းခြင်းဖြင့်၊ နိဗ္ဗတ္တော-ဖြစ်သောပယောဂသည်၊ အာဏတ္တိကော-မည်၏။ ]

နိသဂ္ဂိယ။ ။လေး,သေနတ်စသည်ဖြင့် ပစ်ခတ်၍ သတ်ဖြတ်မှုသည် နိသဂ္ဂိယပယောဂမည်၏၊ [နိသဇ္ဇနံ- ပစ်လွှတ်ခြင်း၊ နိသဂ္ဂေါ-ပစ်လွှတ်ခြင်း၊ နိသဂ္ဂေန-ပစ်လွှတ်ခြင်းဖြင့်၊ နိဗ္ဗတ္တော-ဖြစ်သောပယောဂသည်၊ နိသဂ္ဂိ ယော-နိသဂ္ဂိယပယောဂမည်၏။]

ထာဝရ။ ။အမြဲထာဝရ တည်ရှိနိုင်သော သွားရာလမ်းခရီး၌ လာသမျှလူတွေ ကျသေအောင် တွင်းတူး ထားမှု, ငြောင့်စသည်ကို စိုက်ထားမှု, သတ်ဖြတ်ဖို့ရာ ဓား-လှံ-သေနတ်-ဗုံး-အမြောက်စသော လက်နက်များ ကို လုပ်ကိုင်ထားမှု ပယောဂစုတည်း၊ သေစေလိုသောစေတနာ (သတ်ဖြတ်ဖို့စေတနာဖြင့်) ပြုလုပ်ထားလျှင် ထိုလက်နက်စွဲကိုင်၍ စစ်သည်တပ်သားတို့၏ တိုက်ခိုက်ရာ၌လည်း လက်နက်လုပ်သူမှာ ထာဝရပယောဂ အတွက် ပါဏာတိပါတအပြစ် မကင်းတော့ချေ။

ဝိဇ္ဇာမယ။ ။အတတ်ပညာဖြင့် ပြုစားမှုသည် ဝိဇ္ဇမယပယောဂ မည်၏၊ [ဝိဇ္ဇာမယ-အတတ်ပညာဖြင့်၊ နိဗ္ဗတ္တော-ဖြစ်သောပယောဂသည်၊ ဝိဇ္ဇမယော-ဝိဇ္ဇာမယမည်၏၊]ဤဝိဇ္ဇာမယပယောဂသည် လောက၌များ၏၊ အင်းအိုင်ချ၍ သတ်မှု, လက်ဖွဲ့ကို တစ်စုံတစ်ခုပြုလုပ်၍ သတ်မှု, မန္တာန်မန်းမှုတ်၍ သတ်မှု, အရုပ်လုပ်၍ ထိုအရုပ်ကို သတ်လျက် အခြားရန်သူ သေအောင်လည်းကောင်း, အင်းကွက်အတွင်း၌ ရန်သူ၏နေ့နံကို ထား၍ ထိုအင်းကို မီးရှို့လျက် ရန်သူသေအောင်လည်းကောင်း, ရုပ်ထားနံထားပြုလုပ်မှု, ရန်သူက မိမိသေ အောင်ပြုတဲ့အခါ၌ ထိုဒဏ်ကို ရန်သူထံပြန်အောင် ဒဏ်ပြန်ပြုလုပ်မှုစသည်တို့သည် "ဝိဇ္ဇာမယပယောဂ" ချည်းသာတည်း။

ဣဒ္ဓိမယ။ ။ကမ္မဇိဒ္ဓိကို(ကံကြောင့်ဖြစ်သော တန်ခိုးကို)ဣဒ္ဓိဟု ခေါ်၏၊ ထိုတန်ခိုးဖြင့် သတ်ဖြတ်မှုသည် ဣဒ္ဓိမယပယောဂမည်၏၊ (ဣဒ္ဓိယာ-ကမ္မဇိဒ္ဓိဖြင့်၊ နိဗ္ဗတ္တော-ဖြစ်သောကယောဂသည်၊ ဣဒ္ဓိမယော-ဣဒ္ဓိမယ မည်၏၊) သီဟိုဠ်ကျွန်း၌ ပိတုမင်း အမျက်ထွက်၍ မိမိအစွယ်ကို ခေါက်လိုက်ရုံဖြင့် စူဠသုမနသူဌေး ချက်ချင်း သေရသတဲ့၊ ဝေဿဝဏ်နတ်မင်း၏ အရိယာမဖြစ်ခင်က မျက်စောင်းထိုးလိုက်လျှင် ဘီလူးအများသေကြရ သတဲ့၊ ဤသို့ အစွယ်ခေါက်မှု မျက်စောင်းထိုးမှုသည် ဣဒ္ဓိမယပယောဂတည်း။

လျင်စွာကျစေပုံ။ ။ဇီဝိတိန္ဒြေကို လျင်စွာကျစေသည်ဟု ဆိုရာ၌ စိတ္တက္ခဏ(၁၇)ချက် မပြည့်သေးလျှင် မည်မျှလောက် နှောက်ယှက်သော်လည်း ချုပ်ပျက်မည် မဟုတ်၊ (၁၇)ချက်ပြည့်လျှင် အလိုလိုချုပ်မည်သာ၊ သို့ဖြစ်၍ အဘယ်နည်းဖြင့် ဇီဝိတိန္ဒြေကို လျင်မြန်စွာ ကျစေပါသနည်းဟု မေး၊ အဖြေကား-ပါဏာတိပါတ စေတနာသည် ဇီဝိတိန္ဒြေတစ်ခုကို လျင်မြန်စွာ ကျစေသည်မဟုတ်, ဇီဝိတိန္ဒြေ

အစဉ်အဆက်ကို တာရှည်စွာ မဆက်စေဘဲ အလျင်အမြန် ပြတ်စဲစေခြင်းကို "လျင်စွာ ကျစေသည်"ဟု ဆိုလိုသည်။

ချဲ့ဦးအံ့ –စိတ်တစ်ခုချုပ်သွားလျှင် နောက်စိတ်တစ်ခု ဖြစ်ဖို့ရန် အနန္တရစသော သတ္တိဖြင့် ကျေးဇူးပြုသလို, ဇီဝိတရုပ်ကလာပ်တစ်ခု ချုပ်သွားလျှင် နောက်ဆက် ဇီဝိတရုပ်ကလာပ်တို့ ဆက်လက်၍ဖြစ်ဖို့ရန် ကျေးဇူးပြု ထားခဲ့ရိုး ဖြစ်၏၊ (ဇီဝိတိန္ဒြေစေတသိက်အဖွင့် ကြည့်ပါ၊) ဇီဝိတရုပ်များသည် စိတ္တက္ခဏ(၁၇)ချက်ပြည့်မှ ချုပ် မည်မှန်သောလည်း ဓားလက်နက် စသည်တို့၏ အထိခံရသည့်အတွက် လွန်စွာအားနည်း၏ ၊မိမိကအားနည်းသည့်အတွက် ချုပ်သောအခါ နောက်ထပ် ဆက်လက်ဖြစ်ဖို့ရာ များစွာ ကျေးဇူးမပြုနိုင်ခဲ့၊ သို့ဖြစ်၍ ဇီဝိတရုပ် ကလာပ်တို့ အဆက်ဆက် အားနည်းသဖြင့် ကြာရှည်စွာ မဆက်နိုင်တော့ဘဲ အနည်းငယ်သော ကာလ အတွင်းမှာ ပြတ်စဲရလေသည်။

အဒိန္နာဒါန။ ။အဒိန္နဿ-မပေးအပ်သောဥစ္စာကို၊ အာဒါနံ-ယူခြင်းပယောဂသည်၊ ဝါ-ယူကြောင်းစေတနာသည်၊ အဒိန္နာဒါနံ-အဒိန္နာဒါနမည်၏၊ ဥစ္စာရှင်တို့က စာရေးသား၍ဖြစ်စေ, ကိုယ်လက်လှမ်း၍ဖြစ်စေ, "ရော့- ယူတော့"ဟု နှုတ်ဖြင့်ဖြစ်စေ, မပေးအပ်သော သူ့ဥစ္စာကို ခိုး၍ ဓားပြတိုက်၍ လိမ်လည်၍ ညာဝါးပြောဆို၍ ယူမှုဟူသော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော စေတနာသည် အဒိန္နာဒါနမည်၏၊ ဝိနည်း ပညတ်တော်အလိုအားဖြင့် တိရစ္ဆာန်၏ ဥစ္စာကို ယူရာ၌ အာပတ်မသင့်သော်လည်း ဤအဘိဓမ္မာသဘော သုတ္တန်သဘောအားဖြင့်ကား အဒိန္နာဒါနပင်တည်း။

ပရဿ သံ တထာ သညာ, ထေယျစိတ္တဉ္စုပက္ကမော၊ တေန ဟာရောတိ ပဉ္စင်္ဂါ, ထေယျဿ ယတနာ သမာ။

ပရဿ -သူတစ်ပါး၏၊ သံ-ဥစ္စာလည်းကောင်း၊ တထာ သညာ-ထိုသူ့ဥစ္စာဟု သိမှတ်ခြင်းလည်းကောင်း၊ ထေယျစိတ္တဉ္စ-ခိုးသူ၏ ဖြစ်ကြောင်းစိတ်လည်းကောင်း၊ (ခိုးလိုသောစေတနာလည်းကောင်း) ဥပက္ကမော- လုံ့လပြုခြင်းလည်းကောင်း၊ တေန-ထိုလုံ့လဖြင့်၊ ဟာရော-ခိုးဆောင်ဖြစ်ခြင်းလည်းကောင်း၊ ဣတိ-ဤသို့၊ ထေယျဿ-ခိုးခြင်း၏ (အဒိန္နာဒါန၏)၊ အင်္ဂါ-တို့သည်၊ ပဉ္စ-ငါးပါးတို့တည်း၊ ယတနာ-အားထုတ်မှုပယောဂ တို့သည်၊ သမာ-ပါဏာတိပါတပယောဂတို့နှင့် တူကုန်၏။

ချဲ့ဦးအံ့ –၁-သူတစ်ပါးဥစ္စာလည်းဖြစ်စေ, ၂-သူ့ဥစ္စာဟုသိသည်လည်းဖြစ်စေ, ၃-ခိုးယူလိုသောစိတ်လည်း ရှိစေ, ၄-ခိုးယူကြောင်း ကိုယ်မှု နှုတ်မှု လုံ့လတစ်ခုခုကိုလည်း ပြုစေ, ၅-ထိုလုံ့လဖြင့် ခိုးခြင်းကိစ္စ အထ မြောက်သည်လည်း ဖြစ်စေ,

ဤအင်္ဂါငါးပါး ပြည့်စုံလျှင် အဒိန္နဒါနကံ အထမြောက်၏၊ အပြစ် အကြီး, အငယ်မှာ ဥစ္စာ၏ တန်ဖိုးလိုက်၍ လည်းကောင်း, ဥစ္စာရှင်၏ သီလသိက္ခာလိုက်၍လည်းကောင်း ဖြစ်၏၊ "အဖိုးတန်လျှင် အပြစ်ကြီး၏၊ သီလရှိ သူ၏ ဥစ္စာကိုခိုးလျှင် အပြစ်ကြီး၏"ဟူလို၊ ဥပက္ကမောအရ-လုံ့လပယောဂတို့မှာ ပါဏာတိပါတ၌ ပြခဲ့သော ပယောဂ(၆)ပါးပင်တည်း။

ကာမေသုမိစ္ဆာစာရ။ ။ကာမေသု-ကာမတို့၌၊ မိစ္ဆာစာရော-ယုတ်ယုတ်မာမာကျင့်ခြင်းသည်၊ ကာမေသု မိစ္ဆာစာရော-ကာမေသုမိစ္ဆာစာရ မည်၏၊ ယောကျ်ားတို့၏ မိမိပိုင် မယားနှင့် ပျော်ပါးခြင်း, မိန်းမတို့၏ မိမိ ယောကျ်ားနှင့်ပျော်ပါးခြင်းမှာ လောကအလိုက် မကဲ့ရဲ့ထိုက်၍ ယုတ်မာသည်ဟု မဆိုသာ၊မဆိုင်ရာသူများနှင့် ပျော်ပါးခြင်းကား လောကအလိုက် ကဲ့ရဲ့ထိုက်၍ မိစ္ဆာစာရဖြစ်သည်၊ [ဤမိစ္ဆာစာရ၌ မိစ္ဆာအတွက် "မှားယွင်း" ဟူသော အနက်ကို ဆိုကြ၏၊ အဖွင့်များ၌ကား "ဧကန္တနိန္ဒိတော လာမကာစာရော-စင်စစ်ကဲ့ရဲ့ထိုက်သော ယုတ်မာသောအကျင့်"ဟု ဖွင့်၏၊ ထို့ကြောင့် မိစ္ဆာအတွက် "မှားယွင်း"ဟူသော အနက်မပေးဘဲ "လာမက= ယုတ်မာ"ဟူသော အနက်ကို ဆိုလိုက်ပါသည်။]

ဝတ္ထုံ အဂမနီယဉ္စ , တသ္မိံ သေဝနစိတ္တတာ၊ ပယောဂေါ မဂ္ဂေန မဂ္ဂ-ပတိပတျာဓိဝါသနံ၊ ဣတိ ဣမဿ စတ္တာရော, ပယောဂေကော သာဟတ္တိကော။

အဂမနီယံ -မသွားမလာထိုက်သော၊ ဝတ္ထု စ-ဝတ္ထုလည်းကောင်း၊ တသ္မိံ-ထိုအဂမနီဝတ္ထု၌၊ သေဝနစိတ္တ တာ-မှီဝဲကြောင်းစိတ်ရှိသူ၏အဖြစ်လည်းကောင်း၊ ပယောဂေါ-လုံ့လပြုခြင်းလည်းကောင်း၊ မဂ္ဂေနမဂ္ဂပတိပတ္တိ အဓိဝါသနံ-မဂ်အချင်းချင်း ကျင့်ခြင်းကို သာယာခြင်းလည်းကောင်း၊ ဣတိ-ဤသို့၊ ကာမဿ-ကာမေသုမိစ္ဆာ စာရ၏၊ စတ္တာရော-အင်္ဂါလေးပါးတို့တည်း၊ ပယောဂေါ-ပယောဂကား၊ ဧကော သာဟတ္ထိကော-သာဟတ္ထိက တစ်မျိုးသာတည်း၊ [မသွားလာထိုက်သော မိန်းမ ယောကျ်ားကို အဂမနီယဝတ္ထုဟု ခေါ်၏၊ ၁-အဂမနီယဝတ္ထု လည်း မှန်စေ, ၂-မှီဝဲလိုသောစိတ်လည်း ရှိစေ, ၃-မှီဝဲမှုလုံ့လကိုလည်း ပြုစေ, ၄-မဂ်အချင်းချင်း ကျင့်ခြင်းကို လည်း သာယာစေ၊ ဤအင်္ဂါလေးပါးနှင့်ဘ ပြည့်စုံလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်၏။]

မှတ်ချက်။ ။ဤအင်္ဂါလေးပါးနှင့်စပ်၍ ပြောစမှတ်စကားတွေ များလှချေ၏၊ မိမိကလုံ့လမပြုဘဲ သူတစ် ပါးက လုံ့လပြုသည်ကို သာယာလျှင် ပယောဂမပါသောကြောင့် "ကံမထိုက်"ဟု အပရေဆရာတို့ ဆိုကြ၏၊ ဧကေဆရာတို့ကမူ "ပယောဂမပါသော်လည်း မှီဝဲလိုသော စိတ်ရှိလျှင် ကံမြောက်သည်" ဟု ဆုံးဖြတ်၏၊

အချို့အခါဝယ် မာတုဂါမဘက်က ပယောဂမပါဘဲ ကိစ္စပြီးနိုင်သည်ဟု သုံးကြ၏၊ ထိုကဲ့သို့ ပယောဂမပါဘဲ ကိစ္စပြီးနိုင်လျှင် အင်္ဂါလေးပါး မရှိထိုက်, ပယောဂကို ချန်ထား၍ အင်္ဂါသုံးပါးသာ ပြထိုက်၏၊ အဋ္ဌကထာမှာ လည်း အင်္ဂါလေးပါးပင်လာသည်ဟု အညေဆရာတို့ ဆိုကြ၏၊ ထို့ကြောင့် ပယောဂမပါဘဲ ကိစ္စပြီးနိုင်ရိုး မှန်လျှင် ပယောဂအင်္ဂါမှာ များသောအားဖြင့် ပါတတ်သည်ကို ရည်ရွယ်သည်ဟု မှတ်ပါ၊ ဤ၌ ပယောဂဟူသည် ကိုယ်တိုင်ပြုခြင်းဟူသော သာဟတ္ထိက တစ်မျိုးသာတည်း။

အပြစ်ကြီးငယ်။ ။ဤကာမေသုမိစ္ဆာစာရအရာ၌ သွားလာအပ်သူက သီလရှိ/မရှိလိုက်၍ အပြစ်ကြီးငယ် ကွာခြား၏၊ ထို့ကြောင့် သီလမရှိသူကို ကျူးလွန်ခြင်းထက် သီလရှိသူကို ကျူးလွန်ခြင်းက သာ၍အပြစ်ကြီး၏၊ နန္ဒလုလင်သည် ဥပ္ပလဝဏ်ရဟန္တာမကို ကျူးလွန်မိ၍ ချက်ချင်း အဝီစိ၌ ကျရ၏၊ အဂမနီယဝတ္ထုဟူသော အင်္ဂါနှင့်စပ်၍ အဂမနီယဝတ္ထုပေါင်း ယောကျ်ားအတွက် (၂၀), မိန်းမအတွက် (၁၂)ယောက်ကို ပြကြသည်။

[ဆောင်] မာ-ပိ-မာပိ, ဘနှင့်-ဘာ, ဉာ-ဂေါ-ဓမ်-သ-သာ၊ ဓ-ဆန်-ဘော-ပ, ဩ-ဩ-ဓ, ကမ္မ-ဒါ-မုဟာ။

(မာ) မာတုရက္ခိတာ=မိခင်စောင့်ရှောက်အပ်သောမိန်းမ။ [အဘသေ၍ဖြစ်စေ, ကွဲကွာနေ၍ဖြစ်စေ, အမိချည်း စောင့်ရှောက်အပ်သူ။]

(ပိ) ပိတုရက္ခိတာ=အဘစောင့်ရှောက်အပ်သော မိန်းမ။

( မာပိ) မာတာပိတုရက္ခိတာ=မိဘနှစ်ပါးလုံး စောင့်ရှောက်အပ်သောမိန်းမ။ [ဤ၌ မာတုရက္ခိတာဖြစ်လျှင် ပိတုရက္ခိ တာ မဟုတ်, ပိတုရက္ခိတာဖြစ်လျှင် မာတုရက္ခိတာမဟုတ်, မာတာပိတုရက္ခိတာဖြစ်လျှင် ထိုနှစ်မျိုးလုံး မဟုတ်နိုင်ပုံကို သတိပြု ။]

(ဘ) ဘဂိနိရက္ခိတာ=မိဘနှစ်ပါးလုံး မရှိ၍ အမ ညီမတို့ စောင့်ရှောက် ထိန်းသိမ်းထားအပ်သော မိန်းမ။

(ဘာ) ဘာတုရက္ခိတာ=မောင်ကြီး မောင်ငယ် (အစ်ကိုကြီး/ငယ်) စောင့်ရှောက်အပ်သော မိန်းမ။[မိဘမရှိ, အစ်မ ညီမ မရှိ (ရှိသော်လည်း မစောင့်ရှောက်နိုင်) မောင် အစ်ကို အရင်းက စောင့်ရှောက်ထားသူ။]

( ဉာ) ဉာတိရက္ခိတာ=ဆွေမျိုးစောင့်ရှောက်အပ်သော မိန်းမ။ [မိဘ မောင် အမ ညီမအရင်းတို့မရှိ, ရှိသော်လည်း မစောင့်ရှောက်နိုင်၍ ဝမ်းကွဲ ဆွေမျိုးက စောင့်ရှောက်ထားသူ။]

ကဿပအနွယ်, ဂေါတမအနွယ်, ဝသိဋ္ဌအနွယ် စသည်ဖြင့် အနွယ်လည်း အရေးကြီးသည်၊ ဆွေမျိုးမစပ် သော်လည်း အနွယ်စပ်တတ်သေး၏၊ ရှမ်းပြည်က ရှမ်းမလေးတစ်ယောက် မန္တလေးရောက်လာလျှင် ရှမ်း လူမျိုးက စောင့်ရှောက်ထားရာ၌ ဂေါတ္တရက္ခိတာဟုပင် ဆိုထိုက်၏။]

(ဂေါ) ဂေါတ္တရက္ခိတာ=အနွယ်တူ လူတို့က စောင့်ရှောက်အပ်သော မိန်းမ။ [ဤမြန်မာနိုင်ငံ၌ ဆွေမျိုးသာ အရေး ကြီး၏, အနွယ်ကို အရေးမကြီးကြ၊ အိန္ဒိယ၌ကား

( ဓမ်) ဓမ္မရက္ခိတာ=အတူတကွ တရားကျင့်ဖော်ဖြစ်သူတို့ စောင့်ရှောက်အပ်သောမိန်းမ၊ [ဓမ္မအရ တရားကို မယူ နှင့်, ဓမ္မကျင့်ဘက် ဖြစ်သူများကိုယူ၊ ယခုကာလ၌ မိဘ စသည်တို့ကို ခွဲ၍ သီလရှင်, ရသေ့မ စသည် ပြုလုပ်နေသူများသည် ဓမ္မရက္ခိတာပင် ဖြစ်၏၊ ဧကံ သတ္တာရံ ဥဒ္ဒိဿ ပဗ္ဗဇိတေဟီတိ ဣမိနာ ပဏ္ဍရင်္ဂပရိဗ္ဗာဇိကာဒယော (အဝတ်ဖြူဝတ်သော ပရိဗ္ဗိုဇ်မ စသည်တို့ကို) ဒေဿတိ၊-သဉ္စရိတ္တသိက္ခာပဒ သာရတ္ထဋီကာ။]

မှတ်ချက်။ ။ဤရှစ်ယောက်သော မိန်းမတို့သည် ကာမပိုင်ယောကျ်ား မရှိသော အပျိုမိန်းမများတည်း၊ မိမိတို့ ကာမအတွေ့ကို မိမိသဘောရှိ ပေးနိုင်ကြသည်၊ မိဘစသည်တို့က စောင့်ရှောက်ပါသည်ဟု ဆိုသော်လည်း သူတစ်ပါး တို့ မစော်ကားနိုင်ရုံသာ စောင့်ရှောက်ခြင်း ဖြစ်သည်၊ ကာမကို မိဘတို့ မပိုင်ကြ၊ သို့ဖြစ်၍ ထို မိန်းမများသည် မိမိ၏ ကာမကို သူတစ်ပါးအား ပေးသည့်အတွက် ကာမေသုမိစ္ဆာစာရ မဖြစ်၊ သို့သော် အရှက်တကွဲ အကျိုးနဲ ဖြစ်ရခြင်းဟူ သော အပြစ်ကြီးကား ကာမေသုမိစ္ဆာစာရထက် ကြောက်ဖွယ် ကောင်းရုံသာမက, ကျူးလွန်မိသည့်အတွက် ပူပန် သောကဖြင့် အပါယ်သို့သွားရမည်မှာ အလွန်ဖြောင့်သော လမ်းကြီးပါပေတည်း။

( သ) သပရိဒဏ္ဍာ=မင်းပြစ်မင်းဒဏ်မကင်းသော မိန်းမ။ ["ယဿာဂမနေ ရညာ ဒဏ္ဍော ထပိတော, သာ သပရိ ဒဏ္ဍာ"ဟူသော တေရသကဏ်ဋီကာနှင့်အညီ ပြည့်ရှင်မင်းစသော အာဏာပိုင်တို့က မိမိကိုယ်တိုင် သိမ်းပိုက်မည်ဖြစ်၍ သွားလာသူတို့အား ဒဏ်ထားတတ်လေသည်၊ ထိုမိန်းမမျိုးကိုသာ "သပရိဒဏ္ဍာ" ဟု ခေါ်သည်၊ ယခု ရာဇဝတ်ဥပဒေ အပြစ်မျိုးမှာ သပရိဒဏ္ဍနှင့် မဆိုင်၊ ထင်ရှားလတ္တံ့။

( သာ) သာရက္ခာ=အစောင့်အရှောက်ရှိသော မိန်းမ။ ["သာရက္ခာ နာမ-ဂဗ္ဘေပိ ပရိဂ္ဂဟိတာ ဟောတိ မယှံ ဧသာတိ"ဟူသော သဉ္စရိတ္တသိက္ခာပုဒ်ပါဠိတော်နှင့်အညီ ဝမ်းတွင်း၌ တည်နေတုန်းကပင် ဖွားမြင်လာလျှင် မယားပြုရန် တောင်းရမ်း သတ်မှတ်ထားအပ်သော မိန်းမတည်း၊ ယခုကာလ၌ လက်မထပ်ရသေးသော် လည်း ပြောဆို ကြောင်းလမ်းပြီးသော မိန်းမများသည် သာရက္ခ၌ ပါဝင်ကြ၏။]

မှတ်ချက်။ ။"ပစ္ဆိမာနံ ဒွိန္နံတိ သာရက္ခာသပရိဒဏ္ဍာနံ မိစ္ဆာစာရော ဟောတိ တာသံ သဿာမိကဘာဝတော" ဟူသော တေရသကဏ်ဋီကာနှင့်အညီ ဤ သာရက္ခာ,

သပရိဒဏ္ဍာ နှစ်ယောက်တို့သည် အလွတ်အလပ် မဟုတ်ကြပေ, မိမိတို့ ကာမကို ပိုင်ဆိုင်သော ပိုင်ရှင်ရှိကြလေပြီ၊ သို့ဖြစ်၍ တစ်ပါးသော ယောကျ်ားတို့အား ကာမကိုပေးလျှင် ပိုင်ရှင်ယောကျ်ား၏ ဥစ္စာကို ခိုးပေးရာ ကျသောကြောင့် ကာမေသုမိစ္ဆာစာရ သင့်ရလေသည်၊ ယခုကာလ ရာဇဝတ်ဥပဒေကို သပရိဒဏ္ဍာ၌ "ဒဏ်"ဟု ဆိုလျှင် မာတုရက္ခိတာ စသော မိန်းမများကို သဘောမတူဘဲ ကျူးလွန်က ဥပေဒေအရ အပြစ်ဒဏ်မကင်းကြသဖြင့် မာတုရက္ခိတာစသည်ကို လည်း သပရိဒဏ္ဍာဟု ဆိုရလိမ့်မည်၊ သို့ဖြစ်လျှင် ထိုမာတုရက္ခိတာ စသည်တို့က မိမိကာမကို ယောကျ်ားတို့အား ပေးရာ၌ "သာရက္ခာသပရိဒဏ္ဍာနံ မိစ္ဆာစာရော ဟောတိ"အရ မိစ္ဆာစာရ သင့်လိမ့်မည်၊ စင်စစ်ကား မာတုရက္ခိတာ စသော မိန်းမ(၈)ယောက်တို့မှာ ကာမေသုမိစ္ဆာစာရအပြစ် မရှိ၊ ထို့ကြောင့် အစိုးရတို့က စောင့်ရှောက်မှုနှင့် ဥပဒေ အရ ဒဏ်ထားမှုတို့သည် သာရက္ခာ သပရိဒဏ္ဍာအရ လုံးဝ မသက်ဆိုင်ဟု မှတ်ပါ။

( ဓ) ဓနက္ကီတာ=ဥစ္စာဖြင့်ဝယ်အပ်သော မယား။ [အိန္ဒိယမှ သင်္ဘောခ ပေးစရာမရှိဘဲ မြန်မာနိုင်ငံသို့ လိုက်လာ ပြီးနောက်, မြန်မာနိုင်ငံရောက်က ဆိုင်ရာမှ လေလံပစ်သည်ကို ဝယ်ယူအပ်သောမယားမျိုး စသည်တည်း၊ နောက်ပြမည့် မိန်းမများသည် မယားအဖြစ်သို့ ရောက်သော မိန်းမများချည်းတည်း။]

( ဆန်) ဆန္ဒဝါသိနီ=သူ၏မယားဖြစ်ဖို့ရန် ဆန္ဒသဘောတူသဖြင့် သူ့အိမ်၌သွား၍ နေထိုင်သောမယား။[ယခုကာလ မိဘစသည်တို့က သဘောမတူသော်လည်း မိန်းကလေးက ဆန္ဒတူသဖြင့် ထွက်ပြေးကြရာ၌ မိန်းကလေး က ဆန္ဒဝါသိနီ (မိမိဆန္ဒအတိုင်း လင့်အိမ်နေသော) မယားအရာမြောက်သောကြောင့် ယောက်ျား၌ မိစ္ဆာစာရအပြစ်မရှိဟု မှတ်ပါ။]

( ဘော) ဘောဂဝါသိနီ=စည်းစိမ်ဥစ္စာအတွက် သွားရောက် နေထိုင်သော မိန်းမ။ [ဓနက္ကီတာသည် ထိုမိန်းမနှင့် သက်ဆိုင်သူအား ဥစ္စာပေး၍ ယူအပ်သူတည်း၊ ဤဘောဂဝါသိနီကား ဆင်းရဲလှသဖြင့် ဆန်ဖွပ်ဖို့ မောင်း- ကျည်ပွေ့ အစရှိသော အသုံးအဆောင်ကလေး ရရုံမျှဖြင့် မယားဖြစ်ရသော မိန်းမမျိုးတည်း။]

( ပ) ပဋဝါသိနီ=အဝတ် ထမီ စသော အဝတ်တန်ဆာအတွက် နေထိုင်သောမယား။ (ဩ) ဩဘတစုမ္ဗဋာ=ချအပ်သော ခေါင်းခုရှိသော မယား။ ["ဦးခေါင်းပေါ်၌ ခေါင်းခုထားပြီးလျှင် ထင်း စသည် ရောင်း၍ အသက်မွေးရသော ဆင်းရဲသူမကလေးကို တချို့က မယားအဖြစ် အတည်ယူလိုက်သောအခါ ထင်း စသည်ကို မရောင်းရတော့ပြီ ဖြစ်၍ ခေါင်းပေါ်က ခေါင်းခု ကျသွားပြီ" ဟူလို။]

( ဩ) ဩဒပတ္တကိနီ=ရေခွက်၌ လက်စုံချ၍ ထိမ်းမြားရသော မယား။[ရေခွက်၌ နှစ်ယောက်လုံး၏ လက်ကို ချစေ ပြီးလျှင် "ဤရေခွက်၌ရေသည် မကွဲမပြားတစ်သားတည်း တည်နေသကဲ့သို့, သင်တို့ ဇနီးမောင်နှံလဲ မကွဲ မပြား တည်နေကြပါစေ"ဟု လူကြီးသူမတို့က ပြောဆို ထိမ်းမြားအပ်သော မယားတည်း၊ ယခုကာလ၌ လက်ထပ်၍ ယူအပ်သော မယားများသည် ဤ ဩဒပတ္တကိနီ မယားချည်းတည်း။]

(ဓ) ဓဇာဟဋာ=နိုင်ငံခြားသို့ စစ်တိုက်သွားရာ စစ်အောင်သဖြင့် အောင်လံကို စိုက်ထောင်၍ ယူဆောင်အပ် သော သုံ့ပန်းတို့တွင် မယားအဖြစ် သိမ်းပိုက်အပ်သော မယားမျိုးတည်း။

(ကမ္မ) ကမ္မကာရီဘရိယာ=အစေခံ မယားမျိုး။ [တချို့က အိမ်မှာ ခိုင်းထားသော ကလေးမကို မယားအဖြစ် အတည်ယူထားသည်။]

(ဒါ) ဒါသီဘရိယာ=ကျွန်မယား။ [တချို့က ကျွန်မကိုပင် အတည်မယားပြုသည်။]

( မုဟာ) မုဟုတ္တိကာ=အတည်အမြဲ မဟုတ်ဘဲ, ရက်အနည်းငယ်မျှ ခဏမျှ မယားပြုအပ်သော မယား။ [ဓနက္ကီတာ စသော မယား(၉)ယောက်သည် နောက်မှ အကြောင်းမသင့်၍ ကွဲစေကာမူ ပင်ကိုက အမြဲယူအပ်သော မယားများတည်း၊ ဤ မုဟုတ္တိကာမယားကား(၇)ရက်မျှ နက္ခတ်သဘင် ကစားလိုသောအခါဖြစ်စေ, တစ်ညဉ့် တစ်ခဏဖြစ်စေ, ဥစ္စာပေး၍ ပေါင်းအပ်သော ပြည့်တန်ဆာမမျိုးတည်း။]

မှတ်ချက်။ ။ဤပြခဲ့သော မယားများသည် မိမိကိုပိုင်သော ယောကျ်ားများနှင့်သာ ပျော်ပါးခွင့် ရှိ၏၊ မိမိ ကာမကို အခြားယောကျ်ားတို့အား ပေးလျှင် ခိုး၍ ပေးရာ ရောက်သောကြောင့် ကာမေသုမိစ္ဆာစာရ အပြစ်ရှိ၏၊ ထို့ကြောင့် ပြည့်တန်ဆာမတို့သည် မိမိကို ငွေပေးထားသော ယောကျ်ားနှင့် ကိစ္စမပြီး သေးသမျှ အခြား ယောကျ်ားကို လက်မခံရ, လက်ခံလျှင် မိစ္ဆာစာရ သင့်၏၊ ဂရုဓမ္မဇာတ်တော်လာ ဥပ္ပလဝဏ်အလောင်း ပြည့်တန်ဆာမဝတ္ထုကို ကြည့်ပါ။

အချုပ်မှာ -မုတုရက္ခိတာစသော (၈)ယောက်သည် မိမိကာမကို သူများအား ပေးသော်လည်း မိစ္ဆာစာရ မဖြစ်, သာရက္ခာစသော (၁၂)ယောက်ကား မိမိ ယောကျ်ားမှတစ်ပါး အခြား ယောကျ်ားကို ပေးလျှင် မိစ္ဆာစာရ ဖြစ်၏၊ ယောကျ်ားတို့မှာ ကိုယ်ပိုင်မယားမှတစ်ပါး မာတုရက္ခိတာစသော (အပျို-အအို) (၂၀)လုံးကို ကျူးလွန်ရာ၌ မိစ္ဆာစာရ ဖြစ်ကြသည်။

[ မေး] ၁-အမှောင်တွင်း၌ သူ့မယားကို ကိုယ့်မယား ထင်မှတ်၍ သွားလာသော ယောကျ်ား, ကိုယ့်ခင်ပွန်း ထင်မှတ်၍သည်းခံသော မိန်းမ၊ ၂-သမီးကို ကျူးလွန်သောအဘ၊၃ ပြည့်တန်ဆာမတို့၌ သွားလာ သူ၊ ၄-တိရစ္ဆာန်မ အရူးမတို့၌ သွားလာသော ယောကျ်ားတို့၌ မိစ္ဆာစာရ ဖြစ်/မဖြစ်။

၁ –အဖြေ။ ။(၁)နံပါတ်ပြ မိန်းမ ယောကျ်ားတို့၌ အဂမနီယဝတ္ထုဖြစ်ခြင်း စသောအင်္ဂါ(၄)ပါးနှင့် ညီညွတ် သောကြောင့် မိစ္ဆာစာရ ဖြစ်၏ဟု ဆုံးဖြတ်ကြ၏၊ သို့သော် ခိုးယူလိုသော စိတ်မပါဘဲ အထင်မှား၍ ဖြစ်ရ သောကြောင့် အပြစ်ကြီးလှမည် မထင်၊ ထိုစကားမှန်၏-အချို့နေရာ၌ ကံထိုက်တိုင်းလည်း အပြစ်မကြီး, ကံ မထိုက်သော်လည်း အဘိဓမ္မာသဘောအရ စေတနာယုတ်မာလှသဖြင့် အပြစ်ကြီးလေးသောအရာ များစွာ ရှိပေသည်။

၂ –အဖြေ။ ။သမီးကို မိခင်က တစ်ဖက်တစ်လမ်းစောင့်ရှောက်လျက် ရှိသေးလျှင်, အဘ၌ မိစ္ဆာစာရ ဖြစ်၏၊ မိခင်မရှိသော်လည်းကောင်း, သို့မဟုတ် မစောင့်ရှောက်ဘဲ ထားသော်လည်းကောင်း,မိစ္ဆာစာရ မဖြစ်၊ သို့သော် စေတနာကား ယုတ်မာလှချေ၏၊"မိခင်မရှိလျှင် ဘဂိနီ ဘာတု ဉာတိ စသည်တို့က စောင့်ရှောက်နိုင် သေးသည် မဟုတ်ပါလော" ဟူအံ့၊ အဘအိမ်မှာ နေသူဖြစ်လျှင် အဘ၏ အစောင့်အရှောက်က လိုရင်းဖြစ်သည်၊ အစောင့်အရှောက်တစ်မျိုး ရှိနေလျှင် အခြားတစ်မျိုးက အစောင့်အရှောက် မဖြစ်နိုင်၊ အကယ်၍ အဘနှင့် အတူမနေဘဲ ဘဂိနီ စသည်တို့ အစောင့်အရှောက် ခံနေသူ, သို့မဟုတ် သီလရှင်ဖြစ်၍ ဓမ္မရက္ခိတာ ဖြစ်နေသူကို အဘက ကျူးလွန်လျှင် အမှန်မိစ္ဆာစာရ ဖြစ်၏။

၃ –အဖြေ။ ။(၃)နံပါတ်ပြ ပြည့်တန်ဆာမတို့၌ မိဘစသည်တို့က မကျေနပ်စေကာမူ မိန်းမထိန်းက တစ်နည်းနည်းဖြင့် ပိုင်နေပေပြီ၊ ထိုမိန်းမထိန်းတို့က ကျေနပ်လျှင် မုဟုတ္တိကာတွင် ပါဝင်သောကြောင့် မိစ္ဆာစာရအပြစ် မရှိ။

၄ –အဖြေ။ ။(၄)နံပါတ်ပြ တိရစ္ဆာန်မ၌ အမြဲလင်ဖြစ်သော တိရစ္ဆာန်ထီးရှိနေလျှင်လည်းကောင်း, နဂါးမ စသည်ကဲ့သို့ ဆိုင်ရာမိဘက စောင့်ရှောက်ထားလျှင်လည်းကောင်း မိစ္ဆာစာရ ဖြစ်၏၊ ထိုကဲ့သို့ မရှိလျှင် မိစ္ဆာစာရ မဖြစ်၊ အရူးမကို မိဘစသည်တို့က အုပ်ထိန်းလျက် ရှိသေးလျှင် မိစ္ဆာစာရ ဖြစ်၏၊ အအုပ်အထိန်း မရှိသူမှာ သာရက္ခာ သပရိဒဏ္ဍာတို့နှင့်လည်း မဆိုင်တော့သဖြင့် မိစ္ဆာစာရ မဖြစ်။[ဤအဖြေများ၌ အယူအဆ ကွဲလွဲကြပေလိမ့်မည်၊ အင်္ဂါနှင့်တကွ သဉ္စရိတ္တသိက္ခာပုဒ် ပါဠိတော် အဋ္ဌကထာ ဋီကာများကို ကြည့်ရှု စဉ်းစား ကြပါ။]

သုရာပါန။ ။သေရည်အရက်သောက်မှုသည် (သောက်ကြောင်း စေတနာသည်) သုရာပါနမည်၏၊ ဤ သုရာပါနကို အကုသလကမ္မပထဟူ၍ တိုက်ရိုက်မဆိုကြ၊ မူလဋီကာ၌ "တဿ သဘာဂတ္တေန မိစ္ဆာစာရေ, ဥပကာရကတ္တေန ဒသသုပိ ကမ္မပထေသု အနုပ္ပဝေသော"ဟု ဆို၏၊[တဿ-ထိုသုရာပါန၏၊ သဘာဂတ္တေန- ကာမေသုမိစ္ဆာစာရနှင့် သဘောတူသည်၏ အဖြစ်ကြောင့်၊ မိစ္ဆာစာရေ-ကာမေသုမိစ္ဆာစာရ၌၊ အနုပ္ပဝေသော- လျော်စွာဝင်ခြင်းသည်၊ ဟောတိ-ဖြစ်၏ ၊ဥပကာရကတ္တေန-ကမ္မပထဆယ်ပါးလုံးအား လျော်သောကျေးဇူးကို ပြုတတ်သည်၏ အဖြစ်ကြောင့်၊ ဒသသုပိ-ဆယ်ပါးလည်း ဖြစ်ကုန်သော၊ ကမ္မပထေသု-ကမ္မပထတို့၌၊ အနုပ္ပဝေသော-သည်၊ ဟောတိ-၏။]

သဘာဂတ္တဖြစ်ပုံ။ ။ဤ၌ "သဘာဂတ္တေန မိစ္ဆာစာရ" အရ သဘောတူပုံကား-ကာမဂုဏ်(၅)ပါးတွင် ကာမအတွေ့သည် ဖောဋ္ဌဗ္ဗာရုံကာမဂုဏ်တည်း၊ သေရည် အရက်သည် ရသာရုံ ကာမဂုဏ်တည်း၊ ထို ဖောဋ္ဌဗ္ဗာရုံ ကာမကို အယုတ်တမာ ပြုကျင့်ခြင်းသည် ကဲ့ရဲ့ထိုက်သကဲ့သို့, ဤ ရသာရုံ သုရာကို သောက်စား ခြင်းသည်လည်း ကဲ့ရဲ့ထိုက်၏, ယုတ်မာသောအကျင့် (မိစ္ဆာစာရ) တစ်မျိုးပင် ဖြစ်၏၊ ထို့ကြောင့် "သဘာဂ တ္တေန မိစ္ဆာစာရေ"ဟု ဆိုသည်၊ မူလဋီကာ၏ ဤသွင်းပုံသို့ လိုက်၍ ဋီကာကျော်၌လည်း "သုရာပါနံပိ ဧတ္ထေဝ သင်္ဂယှတီတိ ဝဒန္တိ, ရသသင်္ခါတေသု ကာမေသု မိစ္ဆာစာရဘဝတော"ဟု ဆိုပြီ။

ဥပကာရကတ္တဖြစ်ပုံ။ ။"ဥပကာရကတ္တေန ဒသသုပိ ကမ္မပထေသု"အရ ကမ္မပထ ဆယ်ပါးလုံး၌ ကျေးဇူး ပြုပုံကား သုရာကို သောက်မိလျှင် ပင်ကို မရဲသူပင် ရဲရင့်လာ၏, သတ်မှု ခိုးမှု ကာမမှုများကို အခွင့်အား လျော်စွာပြုရဲ၏၊ လိမ်လည်မှုစသော ဝစီကံ, အဘိဇ္ဈာစသော မနောကံများမှာ မဖြစ်နိုင်စရာ မရှိ၊ ရှေးတုန်းက မင်းတစ်ဦးသည် သုရာမူးစဉ် ပွဲတော်ဆက်သရာ အမဲဟင်းလျာ မပါသည့်အတွက် ရင်ခွင်ထက်က သားတော် ကလေးကို သတ်၍ ချက်စေအပ်ဖူးသတဲ့၊ ကုမ္ဘဇာတ်တော်၌ သိကြားမင်း သုရာရောင်းခဲ့ပုံကား–

"ယံ ဝေ ပိဝိတွာ ဒုစ္စရိတံ စရန္တိ , ကာယေန ဝါစာယ စေတသာ စ၊ နိရယံ ဝဇန္တိ ဒုစ္စရိတံ စရိတွာ, တဿာ ပုဏ္ဏံ ကုမ္ဘမိမံ ကိဏာထ"–

ဟူသည်တည်း။[အကြင် အရည်ကို သောက်၍ ကိုယ် နှုတ် စိတ်ဖြင့် ဒုစရိုက်ကို ကျင့်ကြကုန်၏၊ ဒုစရိုက်ကျင့် ၍ ငရဲသို့ သွားကြရကုန်၏၊ ထိုအရည်ဖြင့် ပြည့်သော ဤအိုးကို ဝယ်လိုက်ကြလော။]

ကမ္မပထဝါဒ။ ။"ပါဏာတိပါတော ဘိက္ခဝေ အာသေဝိတော ဘဝိတော"စသည်ဖြင့် ဟောတော်မူသကဲ့ သို့, ထို့အတူ "သူရာမေရယပါနံ ဘိက္ခဝေ အာသေဝိတံ ဘာဝိတံ ဗဟုလီကတံ နိရယသံဝတ္တနကံ တိရစ္ဆာန ယောနိ သံဝတ္တနကံ ပေတ္တိဝိသယသံဝတ္တနကံ၊ ယော သဗ္ဗလဟု, သော သုရာမေရယပါနဿ ဝိပါကော မနုဿဘူတဿ ဥမ္မတ္တကသံဝတ္တနိကော ဟောတိ"ဟု အဋ္ဌင်္ဂုတ္တရပါဠိတော်၌ ဟောတော်မူသည်။ [ရဟန်း တို့...သုရာပါနကို မှီဝဲအပ် ထုံအပ် အကြိမ်များစွာ အလေ့အလာ ပြုအပ်လျှင် ငရဲ၌ ဖြစ်စေနိုင်၏, တိရစ္ဆာန်မျိုး ၌ ဖြစ်စေနိုင်၏, ပြိတ္တာမျိုး၌ ဖြစ်စေနိုင်၏၊ အကြင် အကျိုးကား သုရာပါနအတွက် အပေါ့ဆုံးတည်း၊ ထိုအပေါ့ ဆုံးအကျိုးသည်ပင် လူဖြစ်တဲ့အခါ အရူးအနှမ်းဖြစ်ဖို့ ရှိသေး၏။]

သိက္ခာပဒဝိဘင်္ဂဋ္ဌကထာ၌လည်း "ကောဋ္ဌာသတော ပဉ္စပိ ပါဏာတိပါတာ ဒယော ကမ္မပထာ ဧဝ" ဖြင့် ပါဏာတိပါတစသော (၅)ပါးလုံးကို ကမ္မပထဟု ဆိုထား၏၊ ထို့ကြောင့် ပါဏာတိပါတစသော ရှေ့(၄)ပါး ကဲ့သို့ သုရာပါနလည်း ဆေးဝါးအမှတ်ဖြင့် သောက်စေကာမူ(သောက်ပြီး မည်သည့် ဒုစရိုက်ကိုမျှ မပြုစေကာ မူ) ကမ္မပထမြောက်သည်သာဟု ကမ္မပထဝါဒီဘက်က ဆိုကြ၏။

အကမ္မပထဝါဒ။ ။ကမ္မပထမမြောက်ဟု အယူရှိသူတို့က ငြင်းချက်ထုတ်ပုံကား-"သုရာမေရယပါနံ ဘိက္ခဝေ ၊ပေ၊ နိရယသံဝတ္တနကံ" စသော ပါဠိတော်သည် ကမ္မပထမြောက်ကြောင်းကို ပြသော ပါဠိတော် မဟုတ်, ငရဲစသည်၌ ဖြစ်နိုင်ကြောင်းကိုပြသော ပါဠိတော်တည်း၊ ငရဲစသည်၌ ဖြစ်စေနိုင်မှုမှာလည်း ဆေးဝါး အမှတ် သောက်ရုံဖြင့် ဖြစ်စေရမည်ဟု မယူသင့်၊ "ယံ ဝေ ပိဝိတွာ ဒုစ္စရိတံ စရန္တိ" စသော ကုမ္ဘဇာတ် ပါဠိတော်နှင့်အညီ သောက်ပြီးနောက် မကောင်းမှုကို ပြုမှသာ ငရဲစသည်၌ ဖြစ်နိုင်သည်ဟု ယူသင့်၏။

ဆက်ဦးအံ့။ ။"ကောဋ္ဌာသတော ပဉ္စပိ ပါဏာတိပါတာဒယော ကမ္မပထာ ဧဝ"ဟူသော စကားလည်း ကမ္မပထမြောက်ကြောင်းကို ပြသောစကားမဟုတ်, ကမ္မပထခန်း စျာန်ခန်း စသည်ဖြင့် အခန်းအသီးသီး ရှိရာတွင် ပါဏာတိပါတစသည်တို့ စျာန်ခန်းစသည်၌ မပါ, ကမ္မပထခန်း၌ ပါသည်ဟု အခန်းခွဲပြသော စကား သာတည်း၊ ထို့ကြောင့် မူလဋီကာ၌ "ကမ္မပထာဝါတိ ကမ္မပထကောဋ္ဌာသိကာဝ (ကမ္မပထအဖို့တွင်သာ ပါဝင်သည်)"ဟု မိန့်ပေသည်၊ အနုဋီကာ၌လည်း ကမ္မပထကောဋ္ဌာသိကာ ဧဝ, န စျာနာဒိကောဋ္ဌာသိကာ" ဟု ဧဝသဒ္ဒါအတွက် စျာနစသော အဖို့များကို ကန့်ကွက်သည်ဟု ဖွင့်၏၊ ဤစကားတို့ဖြင့် "သုရာပါန၏ တရား ကိုယ်သည် သောက်ကြောင်းစေတနာ စေတသိက်ဖြစ်ရကား ကမ္မပထအဖို့တွင် ပါသည်, စျာန်စသော အဖို့တွင် မပါ"ဟု ပြသည်၊ ထိုကဲ့သို့ ပြရုံမျှဖြင့် ကမ္မပထမြောက်ပြီဟု မဆိုသင့်ပေ၊ ခုဒ္ဒကပါဌအဋ္ဌကထာ၌ သုရာပါနကို ကမ္မပထမဟုတ်, ကာယကံမျှသာ လျှင်ဖြစ်ကြောင်း "မုသာဝါဒေါ ဝစီကမ္မမေဝ, ယော ပန(မုသာဝါဒေါ)အတ္ထဘဉ္စကော, သော ကမ္မပထပ္ပတ္တော, ဣတရော ကမ္မမေဝ၊ သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ ကာယကမ္မမေဝ"ဟု တိုက်ရိုက်ဆိုထားပြီ၊ ဤကား ကမ္မပထမမြောက်ဟု အယူရှိသူတို့၏ ငြင်းဆိုချက်တည်း။

ဆုံးဖြတ်ချက်။ ။ပြခဲ့သော သာဓကတို့အရ သုရာပါနသက်သက် ကမ္မပထ မမြောက်နိုင်သည်မှာ သေချာ ပြီ၊ ကမ္မပထမြောက်လျှင် အပါယ်ပဋိသန္ဓေကျိုးကို ပေးနိုင်သည့် ဇနကသတ္တိ ဧကန်ရှိနိုင်သည်ဟု မဆိုသာ၊ တချို့သူ၏ သောက်စားမှုသည် အပါယ်ပဋိသန္ဓေကျိုးကို မပေးနိုင်, အချို့သူ၏ သောက်စားမှုကား အပါယ် ပဋိသန္ဓေကျိုး ပေးနိုင်သည်ဟု ယူရမည်။

ပဋိသမ္ဘိဒါမဂ်။ ။ကုသလာကုသလာပိ စ ပဋိသန္ဓိဇနကာယေဝ ကမ္မပထာတိ ဝုတ္တာ၊ ဝုတ္တာဝသေသာ ပဋိသန္ဓိဇနနေ အနေကန္တိကတ္တာ ကမ္မပထာတိ န ဝုတ္တာ၊...ဝုတ္တာဝသေသာတိ သုရာပါနာဒယော တဗ္ဗိရမဏာ ဒယော စ၊-၎င်းဋီကာ။[ပဋိသန္ဓေကျိုးကို ပေးတတ်သော ပါဏာတိပါတ ပါဏာတိပါတဝိရတိစသော ကုသိုလ် အကုသိုလ်တို့သာ ကမ္မပထဟု ဆိုအပ်ကုန်၏၊ ဆိုအပ်သည်မှကြွင်းသော သုရာပါန သုရာပါနဝိရတိစသော ကုသိုလ် အကုသိုလ်တို့မှာ ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်ရန် ဧကန်မဟုတ်, တချို့ပေးနိုင်, တချို့မပေးနိုင်သည့့် အတွက် ကမ္မပထဟု မဆိုအပ်ကုန်၊ ကမ္မပထ(၁၀)ပါးတွင် မပါဝင်-ဟူလို။]

ဆက်ဦးအံ့။ ။သေရည်သေရက်ကို သောက်ရာ၌ ၁-ဆေးဝါးတွင်ပါလာ၍ သောက်မှု,၂-ဆေးဝါးအဖြစ်ဖြင့် သူ့ချည်းသက်သက်သောက်မှု, ဤနှစ်မျိုး၌ ကြီးသောအပြစ် မထင်၊ ယခုကာလ အင်္ဂလိပ်ဆေးများ၌ အရက် ပါသည်သာ များသတဲ့၊ မျက်နှာမြင်ပြီးစ မိန်းမသားတို့သည် တကယ်ပင် ဆေးဝါးအဖြစ်ဖြင့် အရက်ချိုတစ်မျိုး ကို သောက်ကြသည်၊ ပါစိတ်ပါဠိတော် သုရာပါနသိက္ခာပုဒ်၌ "သုရာသောက်ရာဝယ် အကုသိုလ်စိတ်နှင့် မကင်း"ဟု ဆို၏၊ ထိုစကားမှာ အဆန်းမဟုတ်ပါ, ပုထုဇဉ် သေက္ခတို့ အရသာခံ၍ ထမင်းစားရာ၌ပင် မကင်းနိုင်သော အကုသိုလ်မျိုးတည်း၊ သို့သော်(၂)နံပါတ်ပြ သောက်မှုမျိုး၌ လူနှင့် သာမဏေတို့မှာ (၁၀)ပါး, (၈)ပါး, (၅)ပါးသီလ ပျက်မည်သာဖြစ်၍ မသောက်ကြဘဲ ရှောင်လွှဲနိုင်မှသာ သီလရှိသူ သူတော်ကောင်း ပီသမည်၊ (၁)နံပါတ်ပြသောက်မှုမှာ ဆေးကိုသာ သောက်ရာကျ၍ သိက္ခာပုဒ် ပျက်ဖွယ် မရှိ။

၃ -တမင့်ကို သောက်ချင်လှ၍ သောက်မှုကား ရသာရုံကာမ၌ မိစ္ဆာစာရဖြစ်သောကြောင့် အပြစ်ကြီးလှသည်၊ မည်မျှလောက် အပြစ်ကြီးသည်ဟုကား–အာသေဝိတံ-မှီဝဲအပ်လျှင်၊ ဘာဝိတံ-အထုံပါနေလျှင်၊ ဗဟုလီကတံ-အလေ့အလာများလျှင်၊ ငရဲ၌ ဖြစ်နိုင်, တိရစ္ဆာန် ပြိတ္တာနှင့် အရူးလည်း ဖြစ်နိုင်၏"ဟု ဟောတော်မူသည်။

ဘုရားလက်ထက်တော်က အရှင်သာဂတမထေရ်သည် စျာန်အဘိညာဉ်ရ၍ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားလှ သော ပုထုဇဉ်တစ်ပါးတည်း၊ အခါတစ်ပါး၌ နဂါးနှင့် ပြိုင်ရာဝယ် နဂါးကို အနိုင်ရကြောင်း ကောသမ္ဗီပြည်သူ တို့ ကြား၍ ကြည်ညိုလှသဖြင့် ဆွမ်းခံဝင်အလာတွင် ကပ်လှူအပ်သော သေရည်ကို အရှင်သာဂတ သုံးဆောင်လေရာ သေရည်မူး၍ မြို့ပေါက်ဝ၌ လဲလေသည်၊ (စျာန်အဘိညာဉ်များလည်း ကွယ်ပလေပြီ၊) ဘုရားရှင် ဆွမ်းခံရာမှ ထွက်ကြွတော်မူလာသောအခါ ရဟန်းတို့အား တွဲခေါ်ဖို့ရန် မိန့်တော်မူချက်ဖြင့် တွဲယူ လာပြီးနောက် ဘုရားရှင်ရှေ့တော်မှောက်၌ ဘုရားဘက် ဦးခေါင်းပေး၍ ချထားကြလေလျှင် ချက်ချင်းပင် ပြန်လှည့်ကာ ဘုရားဘက် ခြေပြုထားလေသည်၊ ဤမျှလောက် တန်ခိုးရှင်ကိုပင် အရှက်တကွဲ အကျိုးနဲ အောင် ပြုနိုင်လျှင် သာမန်လူစားကို အဘယ်မှာ အကျိုးများအောင် ပြုနိုင်တော့အံ့နည်း၊ သောက်ချင်၍ သောက်သူမှာ တစ်ခါနှစ်ခါဖြင့် ကျေနပ်မည်မဟုတ်, "သောက်စရှိလျှင် သောက်ချင်ချင်" ဖြစ်လတ္တံ့၊ "တိဏ္ဏံ ဘိက္ခဝေ ပဋိသေဝနာယ အတိတ္တိ" စသည်ဖြင့် တိကင်္ဂုတ္တရပါဠိတော်၌ မတင်းတိမ်နိုင်ကြောင်း အချက်များ ကို– အိပ်မှု, သေရည်အရက် သောက်မှု, မေထုန်မှုအားဖြင့် (၃)ပါးရှိကြောင်း ဟောတော်မူသည်။

၄ -သောက်ပြီးနောက် ကုမ္ဘဇာတ်တော်လာသည့်အတိုင်း ပါဏာတိပါတစသော ဒုစရိုက်တစ်ခုခုပြုရာ၌ သုရာပါနစေတနာသည် ထိုကမ္မပထမြောက်သောဒုစရိုက်၏ ရှေ့တော်ပြေး ပုဗ္ဗစေတနာတည်း ၊ ထိုကဲ့သို့ ပုဗ္ဗစေတနာများက အပါယ်ချနိုင်ကြောင်းကို အပရာပရိယဝေဒနီယကံ အခန်း၌ ရေးသားခဲ့ပြီ၊ ထင်ရှားစေအံ့- လောက၌ အတော်လည်ပတ်သောလူ တစ်ယောက်သည် မည်သည့် ပြစ်မှုကိုမျှ ကိုယ်တိုင် မပြု, လူမိုက်များ ကိုသာ အားပေးအားမြှောက် ပြုလေ့ရှိ၏၊ လူမိုက်တစ်ယောက်ကို သတ်ဖို့ခိုင်းမိ၍ ပြစ်မှုပေါ်ရာ၌ သတ်သူက တစ်တရားခံ, အားပေးသူမှာ နှစ်တရားခံ ဖြစ်သကဲ့သို့, ထို့အတူ သုရာပါနစေတနာသည် ဒုစရိုက်ကမ္မပထ တွေကို အားပေးအားမြှောက် ပြုတတ်ရကား နှစ်တရားခံအနေအားဖြင့် အပါယ်ချခွင့် ရှိလေသည်၊ လူမိုက် အားပေးတတ်သူ ယခင်လူလည်သည် လူမိုက်ပေါင်းများစွာထက် ကြောက်စရာကောင်းသကဲ့သို့, ထို့အတူ ဒုစရိုက်အမျိုးမျိုးကို အားပေးတတ်သော သုရာပါနလည်း ဒုစရိုက်များစွာထက်ပင် ကြောက်ဖွယ်ကောင်း လှ၏။

အချုပ်အားဖြင့် ဤသုရာပါန၌ ပုဗ္ဗစေတနာအားဖြင့် ပဋိသန္ဓေကျိုးကို ပေးဖို့ရာကိစ္စ, ဒုစရိုက်ကမ္မပထ တွေကို ဖြစ်စေဖို့ကိစ္စဟု နှစ်မျိုးရှိ၏၊ ထိုနှစ်မျိုးတွင် ဒုစရိုက်ကမ္မပထကို ဖြစ်စေဖို့ကိစ္စသည် အလွန်အား ကောင်း၏၊ ထို့ကြောင့်လည်း ကုမ္ဘဇာတ်တော်၌ "ယံ ဝေ ပိဝိတွာ ဒုစ္စရိတံ စရန္တိ"ဟု မိန့်လေသည်၊ ဤသုံးအချက် လေးအချက်တို့၌ ပြအပ် သော သုရာပါနကို ရည်ရွယ်တော်မူ၍ပင် "သုရာမေရယပါနံ ဘိက္ခဝေ အာသေဝိတံ"စသော ပါဠိတော်ကို ဟောတော်မူသည်၊ ဤစကားစဉ်အရ-အချို့သော သုရာပါနသည် အပြစ်မကြီးဟု ဆိုရစေကာမူ အချို့ သုရာပါနကား ကြီးလေးသော အပြစ်ကို ဖြစ်စေနိုင်သဖြင့် သုရာပါနမှ ရှောင်ကြဉ်မှုသည် နိစ္စသီလတစ်ခုဖြစ်သည်ဟု မှတ်ပါ၊ [ကစော် လှော်စာများမှာ သုရာမျိုးပင်ဖြစ်သည်၊ ဘိန်း ကုတ်ကင်း မာဖီးယား ဆေးခြောက် များကိုလည်း ဤသုရာပါန၌ သွင်းယူလေ့ရှိကြ၏၊ သွင်းသင့်/မသွင်းသင့်ကိုကား စဉ်းစားဖွယ်ပင်။]

ကာယဝိညတ္တိသင်္ခါတေ ကာယဒွါရေ။ ။ပါဏာတိပါတစသောသုံးပါးသည် ကာယဒွါရ၌ ဖြစ်သောကြောင့် ကာယကံ မည်၏၊ ဤ၌ "ကာယဒွါရဟူသည် တရားကိုယ်အားဖြင့် ကာယဝိညတ်တည်း"ဟု ပြလို၍ "ကာယ ဝိညတ္တိသင်္ခါတေ"ဟု ဝိသေသန ကူမရသည်၊ ချဲ့ဦးအံ့-လက်ခြေစသည် လှုပ်ရှားမှု၌ လှုပ်ရှားသမျှ ရုပ်က လာပ်အစုတွင် ဝါယောဓာတ်သည် သတ္တိအလွန်ကဲဆုံးတည်း၊ ထိုဝါယောဓာတ်သည် တွဲဖက်ရုပ်ကလာပ်ကို (အိပ်ပျော်နေတုန်းအခါကဲ့သို့ ပျော့ကျမသွားအောင်) တောင့်ထား၏၊ စိတ်အလိုရှိရာ အရပ်သို့ ရောက်အောင် ရှေးရှုဆောင်၏, လှုပ်လှုပ်ရှားရှား ဖြစ်စေ၏၊ ထိုအမှုတို့ကို ပါဠိလို "သန္ထမ္ဘန, သန္ဓာရဏ, သဉ္စလန"ဟု ဆို၏၊ ထိုအမှုတို့ကို ဝါယောဓာတ်က ဆောင်ရွက်ရာ၌ သူ့ချည်းသက်သက် မစွမ်းနိုင်, ဝိညတ်ဟုခေါ်အပ်သော ဝိကာရ (အမူအရာထူး) အကူအညီပါရသေး၏၊ ဝိညတ်အကူအညီ မပါလျှင် ဆိုင်ရာကိစ္စ ပြီးစီးအောင် မလှုပ် ရှားနိုင်၊ ထို့ကြောင့် ဓားဖြင့် ခုတ်သတ်ရာ၌ ဓားကိုင်သော လက်ကို မြှောက်မှု ခုတ်မှုတို့သည် ဝိညတ်ပါမှ ထမြောက်နိုင်ကြ၏၊"ဝိညတ်ပါမှ ခုတ်သတ်ခြင်းကိစ္စ ပြီးသည်, ပါဏာတိပါတာကံ ထမြောက်နိုင်သည်"ဟူလို။

ဆက်ဦးအံ့ –ကာယသည် "သသမ္ဘရကာယ, ပသာဒကာယ, စောပနကာယ"ဟု သုံးမျိုးရှိ၏၊ ဆိုင်ရာ အဆောက်အဦးနှင့်တကွဖြစ်သော ခန္ဓာကိုယ်သည် သသမ္ဘာရကာယမည်၏၊ ကာယပသာဒရုပ်သည် ပသာဒ ကာယ မည်၏၊ လက်, ခြေ စသည်ကို ဝါယောဓာတ်နှင့်အတူ လှုပ်ရှားအောင် ပြုမူတတ်သောဝိညတ်သည် စောပနကာယ မည်၏၊ စောပေတိ-အင်္ဂါကြီးငယ်ကို လှုပ်ရှားစေတတ်၏၊ ဣတိ-ကြောင့်၊ စောပနော-စောပန မည်၏၊ ထိုလှုပ်ရှားစေနိုင်သော ဝိညတ်သည်ပင် ကိုယ်၏အစိတ်အပိုင်းတွင် ပါဝင်သောကြောင့် ဧကဒေသျူ ပစာရအားဖြင့် ကာယလည်း မည်၏၊ (မုချကြံသောနည်းလည်း ရှိပါသေး၏၊)စောပနော စ+သော+ကာယော စာတိ စောပနကာယော၊ ဤနည်းအရ-ကာယသုံးမျိုးတွင် စောပနကာယ ဖြစ်သောကြောင့် ကာယဝိညတ္တိ ကို "ကာယ"ဟု ခေါ်နိုင်ပြီ၊

ထိုကာယသည်ပင် ကံထမြောက်ခြင်း၏ အကြောင်းဖြစ်၍ ဒွါရလည်း မည်ပြန်၏၊ ထို့ကြောင့် "ကာယောယေ ဝ+ဒွါရံ" အရ ကာယဝိညတ်ကို "ကာယဒွါရ"ဟု ခေါ်ဆိုရပေသည်။ [ကာယောယေဝ-ကာယသည်ပင်၊ ဒွါ ရံ-ကံ၏ ထမြောက်ကြောင်းတည်း။]

ဗာဟုလ္လဝုတ္တိတော ကာယကမ္မံ နာမ။ ။ကာယေ-ကာယဒွါရ၌၊ ပဝတ္တံ-ဖြစ်သော၊ ကမ္မံ-ကံသည်၊ ကာယ ကမ္မံ-ကာယကံမည်၏၊ "သူတစ်ပါးကို အသတ်ခိုင်းရာ, အခိုးခိုင်းရာတို့၌ ပါဏာတိပါတနှင့် အဒိန္နာဒါနသည် ဝစီဒွါရ၌လည်း တစ်ခါတစ်ရံ ဖြစ်သေး၏၊ ထိုသို့ တစ်ရံတစ်ခါ ဝစီဒွါရ၌ဖြစ်သော်လည်း ဝစီကံဟု မခေါ်ရ, ကာယဒွါရ၌ အဖြစ်များသောကြောင့် တဗ္ဗာဟုလ္လနည်းအားဖြင့် ကာယကံဟုသာ ခေါ်ရသည်"ဟု ပြလို၍ "ဗဟုလ္လဝုတ္တိတော"ဟု ဗာဟုလ္လသဒ္ဒါနှင့်တကွ ဆိုသည်၊ ဥပမာ-တော၌ လှည့့်လည်သွားလာမှုက များသော ကြောင့် "ဝနေ+စရတီတိ" အရ "ဝနစရက" အမည်ရပြီးသော တောမုဆိုးသည် တစ်ခါတစ်ရံ မြို့ရွာတို့၌ လှည့်လည်သွားလာသော်လည်း ဝနစရကအမည် ပျက်၍ "ဂါမစရက, နဂရစရက"အမည် မရတော့သကဲ့သို့ တည်း။ [တသ္မိံ-ထိုတော၌၊ ဗာဟုလ္လံ-အသွားအလာများသူ၏ အဖြစ်သည်၊ တဗ္ဗာဟုလ္လံ-မည်၏။]

ဆက်ဦးအံ့ –"ကာယဒွါရေ ဗာဟုလ္လဝုတ္တိတော ကာယကမ္မံ နာမ"ဟူသော ပါဌ်ဖြင့် အရှင်အနုရုဒ္ဓါသည် ကာယကံနာမည်ကို(ဝစီကံ မနောကံတို့နှင့်မရောယှက်ရအောင်) ဒွါရဖြင့် ခွဲခြားပြလိုရင်း ဖြစ်၏၊ ဗာဟုလ္လသဒ္ဒါ မပါဘဲ "ကာယဒွါရေ ဝုတ္တိတော" ဟုသာဆိုက "ကာယဒွါရ၌ဖြစ်လို့ ကာယကံ ခေါ်သည်"ဟု စကားကျ၏၊ သို့ဖြစ်လျှင် သူတစ်ပါးကို အသတ်ခိုင်းရာ အခိုးခိုင်းရာတို့၌ ပါဏာတိပါတနှင့် အဒိန္နဒါနသည် ဝစီဒွါရ၌ ဖြစ်နေ ပြန်၏၊ ထိုအခါ "ဝစီဒွါရ၌ဖြစ်လို့ ဝစီကံခေါ်ရမလို"ဟု အဓိပ္ပာယ်ရသဖြင့် ပါဏာတိပါတသည်ပင် ကာယကံ ဝစီကံ အမည်နှစ်မျိုးခံလျက် နာမည်ချင်း ရောယှက်ဖွယ် ရှိနေ၏၊ ထို့ကြောင့် ဗာဟုလ္လသဒ္ဒါ ထည့်စွက်၍ "ကာယဒွါရေ ဗာဟုလ္လဝုတ္တိတော"ဟု မိန့်မြွက်ရပေသည်။

အမှာ။ ။"ဝစီဝိညတ္တိသင်္ခါတေ ဝစီဒွါရေ ဗာဟုလ္လဝုတ္တိတော ဝစီကမ္မံ နာမ, မနသ္မိံယေဝ ဗာဟုလ္လဝုတ္တိ တော မနောကမ္မံ နာမ"ဟူသော ပါဌ်ဖြင့်လည်း ဝစီဒွါရဖြင့် ဝစီကံဟူသော နာမည်ကို, မနောဒွါရဖြင့် မနောကံ ဟူသော နာမည်ကို (အခြားကံတို့နှင့် နာမည်ချင်း မရောယှက်အောင်) ခွဲခြားသတ်မှတ်၍ ပြလိုရင်းဖြစ်သည်၊ သို့အတွက် ဗာဟုလ္လသဒ္ဒါကို ထည့်စွက်၍မိန့် ဆိုရသည်ဟု မှတ်ပါ၊ ဋီကာကျော်၌ ဒွါရဖြင့် ကံ၏ နာမည်ကို ခွဲခြား သတ်မှတ်ရုံသာမက ကံဖြင့်လည်း ကာယဒွါရစသော နာမည်ကို ခွဲခြားပြလိုသည်ဟု ယူဆ၍ ခွဲခြား သတ်မှတ်ပုံကို ဖွင့်ပြသည့့် စကားစုမှာ အရှင်အနုရုဒ္ဓါ၏ အာဘော်မဟုတ်။

ဝစီကံလေးပါး

မုသာဝါဒေါ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပေါ စေတိ ဝစီဝိညတ္တိသင်္ခါတေ ဝစီဒွါရေ ဗာဟုလ္လဝုတ္တိတော ဝစီကမ္မံ နာမ။

မုသာဝါဒ။ ။မုသာသဒ္ဒါသည် မဟုတ်မမှန်သော ဝတ္ထုကို ဟောသော နိပါတ်ပုဒ်တည်း၊ မဟုတ်မှန်သော ဝတ္ထုဟူသည်"သင်္ကန်းရှိသလား"ဟု မေးရာ၌ ရှိလျက် မရှိဟု ပြောဆိုအပ်သောသင်္ကန်း, မရှိဘဲလျက် ရှိသည် ဟု ပြောဆိုအပ်သော သင်္ကန်းပင်တည်း၊ တစ်စုံတစ်ခုသော သတင်းစကားကို ကြားရာ၌ "ဟုတ်သလား" ဟု မေးလျှင် ဟုတ်လျက် မဟုတ်ဟု ပြောဆိုအပ်, မဟုတ်ဘဲလျက် ဟုတ်သည်ဟု ပြောဆိုအပ်သော သတင်း စကားတည်း၊ ဤသို့လျှင် အရာဝတ္ထုက ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ ပြောတိုင်း မဟုတ်သည် ကိုပင် "မုသာ"ဟု ဆိုသည်၊ မုသာ+ဝဒန္တိ+ဧတေနာတိ မုသာဝါဒေါ၊ ဧတေန-ဤစေတနာဖြင့်၊ မုသာ-မဟုတ် မမှန်သော ဝတ္ထုကို၊ ဝဒန္တိ-အမှန်လုပ်၍ ပြောဆိုတတ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုစေတနာတရားသည်၊ မုသာဝါဒေါ-မုသာဝါဒ မည်၏၊ နှုတ်ဖြင့် ပြောရသော မုသာကများ၍ "မုသာဝါဒ"ဟု ဆိုသည်၊ကိုယ်နှုတ် တစ်ခုခုဖြင့် ညာဝါး ဖြန်းသန်း ရေးသားမှု အရပ်ရပ်တို့မှာ မုသာဝါဒမည်သည်သာတည်း။

မုသာဝါဒဿ အတထံ, ဝိသံ ဝါဒနစိတ္တတာ၊ တဇ္ဇော ဝါယာမော ပရဿ, တဒတ္ထဇာနနံ ဣတိ၊ သမ္ဘာရာ စတုရော ဟောန္တိ, ပယောဂေကော သာဟတ္ထိကော၊ အာဏတ္တိကနိသဂ္ဂိယ-ထာဝရာပိ စ ယုဇ္ဇရေ။

မုသာဝါဒဿ -မုသာဝါဒ၏၊ သမ္ဘရာ-အင်္ဂါတို့သည်၊ အတထံ-မမှန်သောဝတ္ထု လည်းကောင်း၊ ဝိသံဝါဒနစိတ္တ တာ-မှားယွင်းစေလိုသော စိတ်ရှိသူ၏ အဖြစ်လည်းကောင်း၊ (သူတစ်ပါးကို အမှားမှား အယွင်းယွင်း ဖြစ်စေ လိုခြင်း)၊ တဇ္ဇော-ထိုမှားယွင်းစေလိုသော စိတ်အားလျော်သော၊ ဝါယာမော-ကိုယ်နှုတ်တို့ဖြင့် လုံ့လပြုခြင်း လည်းကောင်း၊ (မှားယွင်းစေလိုသောကြောင့် ကိုယ်ဖြင့် လိမ်၍ ပြခြင်း နှုတ်ဖြင့် လိမ်ပြောခြင်း)၊ ပရဿ-သူ တစ်ပါး၏ (အလိမ်ခံရသူ၏)၊ တဒတ္ထဇာနနံ-ထိုသဘောကို သိခြင်းလည်းကောင်း၊ (အမှားကို အမှန်,အမှန်ကို အမှားဟု လိမ်သည့်အတိုင်း သိခြင်း)၊ ဣတိ-ဤသို့၊ စတုရော ဟောန္တိ-လေးပါးတို့ ဖြစ်ကုန်၏။

ပယောဂေါ -လုံ့လပယောဂသည်၊ ဧကော သာဟတ္ထိကော-သာဟတ္ထိကတစ်ခုသာတည်း (ဟု အဋ္ဌကထာ ဟောင်း၌ဆို၏၊နှုတ်ဖြင့် ဖြစ်စေ, ကိုယ်ဖြင့် ဖြစ်စေ, ကိုယ်တိုင်လိမ်လည်မှု ပယောဂတစ်ခုကိုသာ အဋ္ဌကထာ ဟောင်း၌ ပြသည်-ဟူလို၊) အာဏတ္တိကနိသဂ္ဂိယထာဝရာပိ စ-အာဏတ္တိက နိသဂ္ဂိယ ထာဝရပယောဂတို့သည်လည်း၊ ယုဇ္ဇရေ-သင့်လျော်ကုန်၏၊ [သူတစ်ပါးကို "သည်လိုပြော,သည်လိုပြ"ဟု တစ်ဆင့်အလိမ်ခိုင်း ရာ၌ အာဏတ္တိပယောဂ ရသင့်၏၊ သူတစ်ပါး အထင်မှားအောင် မဟုတ် မမှန်သော အကြောင်းအရာကို ရေးသား၍ ပစ်ချထားရာ၌ နိသဂ္ဂိယပယောဂလည်း ရသင့်၏၊ သူတစ်ပါးတို့ အထင်မှားအောင် နံရံစသည် ဝယ် စာရေးထားရာ၌ ထာဝရပယောဂလည်း ရသင့်၏ဟု အဋ္ဌကထာသစ်၌ ဆိုသည်။]

မှတ်ချက်။ ။ဤမုသာဝါဒအရာ၌ အင်္ဂါလေးပါး ပြားသောကြောင့် "လူတို့၏ မုသာဝါဒမှာ အင်္ဂါလေးပါး စုံမှ သီလပျက်ရသည်၊ ရဟန်းတို့ မုသာဝါဒ၌ ၁-လိမ်လည်လိုသောစိတ်, ၂-လိမ်လည်မှု ပယောဂ, ဤနှစ်ပါးစုံလျှင် ပါစိတ်အာပတ် သင့်သည်"ဟု ပြောဆိုကြ၏၊ လူတို့မှာလည်း ဤအင်္ဂါနှစ်ပါး ပြည့်စုံ လျှင် သီလပျက်မည် ထင်၏၊ အင်္ဂါလေးပါးမှာ ကမ္မပထမြောက်သော မုသာဝါဒအတွက် ပြခြင်းမျှ သာ ဖြစ်မည်ဟု ထင်ပေသည်။

ကမ္မပထမြောက် /မမြောက်။ ။အင်္ဂါလေးပါးတွင် တဒတ္ထဇာနနဟူသည် လိမ်သည့်အတိုင်း ယုံကြည်ခြင်း တည်း၊ ထို့ကြောင့် လိမ်သော်လည်း သူတစ်ပါးက မယုံလျှင် ကမ္မပထမမြောက်၊ ယုံလည်းယုံ, ယုံ၍ တစ်စုံ တစ်ခုကိစ္စအတွက် အကျိုးစီးပွားလည်း ပျက်မှ ကမ္မပထမြောက်သည်၊ မင်းလည်း စိတ်ချမ်းသာအောင် လူတစ်ဖက်သားလည်း ရာဇဝတ်မှုလွတ်အောင် လိမ်၍ ပြောဆိုရာ, မိမိပစ္စည်းကို တောင်းလာရာ၌ ရှိပါလျက် "မရှိ"ဟု ပြောဆိုရာ, သံသုမာရဇာတ်၌ အလောင်းတော်မျောက်၏ မိချောင်းအား လှည့့်ပတ်ရာ တို့၌ မုသာဝါဒဖြစ်သော်လည်း သူတစ်ပါးအကျိုး မပျက်သောကြောင့် ကမ္မပထမမြောက်။

ပိသုဏဝါစာ။ ။ပိသတိ သာမဂ္ဂိံသဉ္စုဏ္ဏေတီတိ ပိသုဏာ၊သာမဂ္ဂိံ-ညီညွတ်သူတို့၏အဖြစ်ကို(ညီညွတ် နေမှုကို)၊ ပိသတိ-ကြိတ်ချေတတ်၏၊ သဉ္စုဏ္ဏေတိ-မှုန့်မှုန့်ညက်ညက် ပြုတတ်၏၊ ဣတိ-ကြောင့်၊ ပိသုဏာ- ပိသုဏာမည်၏၊ ငဖြူနှင့် ငမဲတို့ ညီညွတ်စွာ ပေါင်းသင်းနေရာ၌ ငမဲနှင့် တွေ့တဲ့အခါ "ငဖြူက မင်းကို မကောင်းပြောတယ်" စသည်ဖြင့် ငဖြူနှင့် ငမဲတို့ ကွဲသွားအောင် ရန်တိုက်မှုသည် ထိုသူနှစ်ယောက်တို့၏ ပေါင်းစည်းမှုကို ချေဖျက်ပစ်ရာ ရောက်သောကြောင့် "ပိသတိ-ကြိတ်ချေတတ်၏"ဟု ဆိုသည်၊ တစ်နည်း "ပိယသုညကရဏာ"ဟု ဆိုလိုလျက် အပိုအက္ခရာတွေကို နိရုတ္တိနည်းအရ ချေထားသဖြင့် "ပိသုဏာ" ပိယံ သုညံ ကရောတီတိ ပိသုဏာ၊ ပိယံ-မိမိ၏ ချစ်အပ်သူ၏အဖြစ်ကိုလည်းကောင်း၊ သုညံ-သူတစ်ပါး၏ အချစ်မှ ကင်းဆိတ်သူ၏ အဖြစ်ကိုလည်းကောင်း၊ ကရောတိ-ပြုတတ်၏၊ ငမဲနှင့် ငဖြူတို့ ချစ်ခင်နေကြရာ၌ ငနီက ငမဲအပြစ်ကို ငဖြူအား ပြောပြတဲ့အခါ ငဖြူက ငနီကို "အကျိုးအကြောင်း ပြောဖော်ရပေတယ်" လို့ ချစ်၏၊ (ငမဲအပေါ်၌ အချစ်မှ ကင်းဆိတ်၏)၊ ဤကဲ့သို့ဖြစ်အောင် ပြောပြသောစကားကို "ပိသုဏဝါစာ" ဟု ခေါ်၏၊ ဝါစာအရ စကားသံကိုလည်း ရ၏, ပြောဆိုကြောင်းစေတနာကိုလည်း ရနိုင်သည်။

ပိသုဏာယ ဘိန္ဒိတဗ္ဗော, တပ္ပုရပိယကမျတာ၊ ဝါယာမော ဇာနနံ စတု, ဘိန္နေ ကမ္မပထော ဘဝေ။

ပိသုဏာယ -ပိသုဏာ၏၊ ဘိန္ဒိတဗ္ဗော-ခွဲထိုက်သူလည်းကောင်း၊ တပ္ပုရပိယကမျတာ-ထိုကွဲပြားမှုကို ရှေးရှုခြင်း, ချစ်ခြင်းကို အလိုရှိသူ၏အဖြစ်လည်းကောင်း၊ ဝါယာမော-လုံ့လပြုခြင်းလည်းကောင်း၊ဇာနနံ-ပြော ဆိုအပ်သူ၏ သိခြင်းနားလည်ခြင်းကိုလည်းကောင်း၊ ဣတိ-ဤသို့၊ စတု-အင်္ဂါလေးပါးတည်း၊ ဘိန္နေ-ကွဲသည် ရှိသော်၊ ကမ္မပထော-ကမ္မပထမြောက်သည်၊ ဘဝေ-ဖြစ်၏။ ["တပ္ပုရပိယကမျတာ" ၌ ၁-ကွဲစေလိုခြင်း, ၂-မိမိကို ချစ်စေလိုခြင်းဟု နှစ်ချက်ထွက်၏၊ တချို့ ရန်တိုက်မှု၌ မိမိအား ချစ်စေလိုသောစိတ် မပါသော် လည်း ပိသုဏဝါ စာ ဖြစ်မည်သာ၊ ဝါယာမောအရ နှုတ်ဖြင့် ပြောဆိုရာ၌ ဝစီပယောဂဖြစ်၏၊ လက်ပြ ခြေပြ ဖြင့်လည်းကောင်း, စာရေး၍လည်းကောင်း ရန်တိုက်ရာ၌ ကာယပယောဂလည်း ဖြစ်နိုင်သည်၊ ဇာနနံအရ သိခြင်းဟူသည် ကွဲပြားအောင်ပြုသော အပြစ်ကို နားလည်ခြင်းတည်း။]

ဆက်ဦးအံ့ -ဤပိသုဏဝါစာ၌ သူတစ်ပါးအပြစ်ကို ဟုတ်မှန်တိုင်းပြောပြ၍ ရန်တိုက်မှုကို ဆိုလို၏၊ မဟုတ်မမှန် ကြံဖန်၍ ရန်တိုက်မှုမျိုးကား မုသာဝါဒအပြစ်လည်း မလွတ်ရာ၊ အောက်ရွာတစ်ရွာ၌ အောက် သူနှင့် အညာသားတို့အကြောင်းပါ၍ အလွန်ချစ်ကြသည်ကို အိမ်နီးချင်းမိန်းမများက မျက်မုန်းကျိုးသဖြင့် အညာသားနှင့် တွေ့တဲ့အခါ "မင်းမိန်းမအမျိုးဟာ စုန်းမျိုးဖြစ်သည်, ညဉ့့်အချိန်၌ အစာရှာထွက်သောအခါ မင်းမိန်းမက မင်းကို ကျော်ထားခဲ့၍ မင်းမနိုးဘဲ နေသည်"ဟု ပြော၏၊ မိန်းမနှင့် တွေ့သောအခါ "အညာက လာတဲ့ လူများက ညီးယောကျ်ားမှာ အမြီးကလေးပါတယ်လို့ ပြောကြတယ်, ညအိပ်တဲ့အခါ စမ်းကြည့်စမ်း" ဟု ပြောပြန်သည်၊ ယောကျ်ားက မိန်းမ ကျော်/မကျော်ကို သိချင်၏, မိန်းမကလည်း အမြီးပါ/မပါကို စမ်းချင် လှပြီ၊ ဤနည်းဖြင့်ပင် အခွင့်အခါကို ရှာနေကြရာ တစ်ညဉ့်သ၌ ယောကျ်ားက အိပ်ချင်ဟန် ဆောင်နေသည် ကို တကယ် အိပ်ပြီအထင်နှင့် မိန်းမက ကုန်းတဲ့ပြီး အစမ်းမှာ ယောကျ်ားက ခြေထောက်ဖြင့် လန့်ကန်လိုက်သဖြင့် "အင့်ကနဲ" ကျသွားရာမှ ထတဲ့ပြီး "ဟဲ့ အမြီးပေါက်တဲ့ ခွေးမျိုး"ဟု ဆဲ၏၊ ယောကျ်ား ကလည်း "ဟဲ့စုန်းမျိုး"ဟု အပြန်အလှန်ဆဲပြီးလျှင် အကွဲကြီး ကွဲကြသတဲ့၊ ဤ၌ မှန်လည်း မမှန်, မိမိတို့ကို ချစ်ဖို့ရန်လည်း ရှေးမရှုဘဲ သက်သက် ကွဲပြားမှုကို ရှေးရှုခြင်း ဖြစ်သည်၊ ဤသို့ ရန်တိုက်၍ ကွဲပြားမှ ကမ္မ ပထမြောက်သည်, မကွဲပြားလျှင် ကံသာထိုက်သည်။

ဖရုသဝါစာ။ ။ဖရုသသဒ္ဒါသည် "ကြမ်းကြမ်းတမ်းတမ်း"ဟူသော အနက်ကိုဟော၏၊ "ဖရုသံ-ကြမ်းကြမ်း တမ်းတမ်းကို၊ ကရောတိ-ပြုတတ်၏"ဟူသော ဝိဂြိုဟ်အရ "ဖရုသကရဏာ"ဟု ဆိုလိုလျက် ကရဏကိုချေ၍ "ဖရုသာ"ဟု ဖြစ်သည်၊ ဤဖရုသဝါစာဟူသည် မကြားကောင်း မနာသာ အယုတ်တမာဆဲဆိုမှု, "ကျွဲခတ်၍ သေပါစေဟယ်"စသည်ဖြင့် ကျိန်ဆဲမှုများတည်း၊ တရားကိုယ်အားဖြင့် ဆဲဆိုကြောင်းစေတနာသည် "ဖရုသ ဝါစာ"မည်၏၊ ထိုကဲ့သို့ ဆဲဆိုရာ၌ ကြားရသူတို့ နားမှာ မခံသာအောင် ရှိလှသဖြင့် ဆဲဆိုသောစကားသံမှာ လွှသွားကို စမ်းရသလို ကြမ်းတမ်းသော အတွေ့ရှိရကား အကျိုးစကားသံ၏ ဖရုသာဟူသော အမည်ကို အကြောင်းစေတနာပေါ် တင်စား၍ အကြောင်းစေတနာကိုလည်း (ဖလူပစာရအားဖြင့်) ဖရုသာမည်၏ဟု တစ်နည်း ကြံသည်။

ဖရုသာယ တယော ကောပေါ, ဥပက္ကုဋ္ဌော အက္ကောသနာ၊ မမ္မစ္ဆေဒကရာ တဂ္ဃ-ဖရုသာ ဖရုသာ မတာ။

ဖရုသာယ -ဖရုသဝါစာ၏၊ တယော-အင်္ဂါသုံးပါးတို့ကား၊ ကောပေါ-စိတ်ဆိုးခြင်းလည်းကောင်း၊ဥပက္ကုဋ္ဌော- ဆဲရေးအပ်သူလည်းကောင်း၊ အက္ကောသနာ-ဆဲရေးခြင်းလည်းကောင်း၊ ဣတိ-ဤသည်တို့တည်း၊ မမ္မစ္ဆေဒ ကရာ-သေကွင်းကို ဖြတ်သကဲ့သို့ ထိခိုက်အောင် ပြုတတ်သော၊ တဂ္ဃဖရုသာ-တကယ်ကြမ်းတမ်းသော စေတနာကိုသာ၊ ဖရုသာ-ဖရုသဝါစာဟူ၍၊ မတာ-သိအပ်၏။

မမ္မ။ ။မမ္မဟူသည် အနာပျက် အနာဆိုးအရပ်တည်း၊ မရတိ ယသ္မိံဃဋ္ဋိတေတိ မမ္မံ၊ ယသ္မိံ-အကြင်အရပ် ကို၊ ဃဋ္ဋိတေ-ထိခိုက်အပ်သော်၊ မရတိ-သေတတ်၏၊ ဣတိ-ကြောင့်၊ မမ္မံ-မမ္မမည်၏၊ အနာပျက် အနာဆိုးကို ထိမိလျှင် သေလောက် ကြေလောက်အောင် နာကျင်သကဲ့သို့, ထို့အတူ သေလောက်ကြေလောက်အောင် နာဖွယ်ကောင်းသောအချက်သည်လည်း "မမ္မံဝိယ-အနာပျက်အနာဆိုးနှင့် တူ၏"ဟူသော ဥပမာတဒ္ဓိတ်အရ မမ္မမည်၏၊ "အနာပေါ်၌တုတ်ကျ" သကဲ့သို့ နာဖွယ်ကောင်းသော အချက်တို့ကို ထိခိုက်အောင် ပြောဆို ကြောင်း ပြုလုပ်၍ ပြကြောင်းဖြစ်သော တကယ် ကြမ်းတမ်းသော စေတနာသာလျှင် ဖရုသဝါစာ ကမ္မပထ စေတနာသာ ပဓာန။ ။ထိုကဲ့သို့ စေတနာက ကြမ်းတမ်းနေပါလျှင် စကားသံ နုညံ့သော်လည်း ဖရုသ

ဝါစာပင် ဖြစ်သတဲ့၊ တရားသူကြီးက သတ်ဖို့ရန် အမိန့်ချရာ၌ ပြုံးရွှင်သောမျက်နှာဖြင့် "ဤရာဇဝတ်သားကို ချမ်းသာစွာ သိပ်ထားလိုက်ကြ"ဟူသောစကားသည် သိမ်မွေ့ချိုသာသော်လည်း အတွင်းစေတနာက လွန်စွာ ကြမ်းတမ်းသောကြောင့် ဖရုသဝါစာ ကမ္မပထမြောက်ရသည်၊ ဆရာ မိဘတို့က တပည့် သား သမီးများကို ကြမ်းကြမ်းတမ်းတမ်း ငေါက်ငန်းဆဲဆိုရာ၌ကား နှုတ်ထွက်ကြမ်းသော်လည်း စိတ်စေတနာမှာ လွန်စွာအကျိုး လိုလားသောကြောင့် ဖရုသဝါစာ မဖြစ်နိုင်၊ တောသို့ မသွားစေလိုဘဲ အတင်းထွက်သွားသော သားကို မိခင် က "တောကျွဲမကြီး ခတ်သတ်လို့ သေပါစေဟယ်"ဟု ကျိန်ဆဲရာ၌ ယုတ်ကြမ်းသော စေတနာဖြင့် ကျိန်ဆဲ ခြင်း မဟုတ်သောကြောင့် ဖရုသဝါစာ မဖြစ်ကြောင်းကို အဋ္ဌကထာ၌ပင် ထုတ်ပြထားသည်၊ ဆဲဆိုသောခဏ ၌ တကယ်စိတ်ဆိုး၍ ဆဲဆိုလိုက်ရိုးမှန်လျှင်ကား အင်္ဂါသုံးပါး ညီညွတ်သောကြောင့် အပြစ်မကြီးသော်လည်း ကမ္မပထမြောက်လိမ့်မည် ထင်သည်။

သမ္ဖပ္ပလာပ။ ။သမ္ဖ၌ သံဥပသာရသည် ဟိတသုခဟူသော အနက်ကိုဟော၏၊ ဖ-ကား ဖလဓာတ်နောင် ကွိပစ္စည်း သက်၍ လကို ချေ, ကွိကို ချေ၍ ပြီးသောပုဒ်တည်း၊ သံ(ဟိတသုခံ)စီးပွားချမ်းသာကို၊ ဖလတိ ဝိနာသေတိ-ဖျက်ဆီးတတ်၏၊ ဣတိ-ကြောင့်၊ သမ္ဖံ-သမ္ဖမည်၏၊ (တချို့သော ဒဏ္ဍာရီဝတ္ထု, ကွက်စိပ်စာပြော ဆရာတို့၏ စကားကဲ့သို့) အကြင်စကားသည် နားထောင်သူတို့အား အလုပ်ပျက် အကိုင်ပျက် စီးပွားပျက်ရုံ သာ ရှိ၏၊ ထိုစကားသည် သမ္ဖမည်၏၊ သီတာမိဖုရားကို ဒသဂိရိဘီလူး ဆောင်ယူခန်း, ဘာရတမင်းတို့၏ စစ်ခင်းခန်းစသော အကျိုးမများသော စကားမျိုးတည်း၊ ထိုဝတ္ထု ထိုစကားမျိုးကို အတွင်း၌ အဆန်ကင်းသော စပါးပိန် စပါးဖျင်းနှင့် တူစွာ အနက်ဆန်မပါ (အနက်အဓိပ္ပာယ် မရှိ) သောကြောင့် "ပိန်ဖျင်းသောစကား"ဟု ခေါ်ကြ၏၊ "ယေန-အကြင် စေတနာဖြင့်၊ သမ္ဖံ-စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကားကို၊ ဝါ-ပိန်ဖျင်း သောစကားကို၊ ပလပတိ-အမျိုးမျိုး ပြောတတ်၏" ဟူသော ဝစနတ်အရ ပြောဆိုကြောင်း စေတနာသည် သမ္ဖပ္ပလာပ မည်၏။

သမ္ဖဿ နိရတ္ထကထာ-ပုရတာ ကထနံ ဒုဝေ၊ ပရေန ဂဟိတေယေဝ, ဟောတိ ကမ္မပထော န နော။

သမ္ဖဿ -သမ္ဖပ္ပလာပ၏၊ ဒုဝေ-အင်္ဂါနှစ်ပါးတို့ကား၊ နိရတ္ထကထာပုရတာ-အနက်မဲ့ အကျိုးမဲ့စကားကို ရှေးရှုပြုသူ၏ အဖြစ်လည်းကောင်း၊ ကထနံ-ပြောဆိုခြင်းလည်းကောင်း၊ ဣတိ-ဤသည်တို့တည်း၊ ပရေန- သူတစ်ပါးသည်၊ ဂဟိတေယေဝ-အမှန်ပဲဟု စွဲယူအပ်မှသာ (ယုံကြည်မှသာ)၊ ကမ္မပထော-ကမ္မပထ မြောက်သည်၊ ဟောတိ-ဖြစ်၏၊ နော ဂဟိတေ-အမှန်ပဲဟု မယူအပ်သည်ရှိသော်၊ န-ကမ္မပထ မမြောက်။

စဉ်းစားဖွယ်။ ။ဤ၌ ပင်ကိုကလည်း မဟုတ်မမှန်သော အကြောင်းအရာကို စီးပွားချမ်းသာ ပျက်ရုံ (အမှားမှား အယွင်းယွင်း မှတ်ထင်ရုံ)ပြောမှ သမ္ဖပ္ပလာပဖြစ်သည်၊ ပင်ကိုက မဟုတ်မမှန်သော်လည်း အကျိုး ရှိအောင် ဥပမာသဘောမျိုးဖြင့် ကြံဆောင်ရေးသား ပြောဆိုမှုကား သမ္ဖပ္ပလာပ မဖြစ်၊ အကျိုးပင် မရှိသော် လည်း ဟုတ်မှန်သော အကြောင်းအရာကို အရပ်စကားအနေအားဖြင့် ပြောဆိုမှုများလည်း သမ္ဖပ္ပလာပ မဟုတ်တန်ရာ၊ ပရမတ္ထဒီပနီ၌ကား ရှေးက ဖြစ်ခဲ့ဖူးတဲ့ မင်းအကြောင်း ခိုးသူကြီး စသည်တို့၏ အကြောင်း အရာကို (အကျိုးစီးပွား မမျှော်ဘဲ သဘောကျ၍ ပြောပြရာ၌) ကမ္မပထမမြောက်သော်လည်း သမ္ဖပ္ပလာပကံ ထိုက်သည်ဟု ဆို၏။

မှတ်ချက်။ ။အနက်အဓိပ္ပာယ်မမှန်, အနက်ဆန် မပါသော စကားကို "နိရတ္ထကကထာ"ဟု ဆိုလိုသည်၊ အကျိုးမရှိရုံမျှကို ဆိုလိုမည်မထင်၊ ပင်ကို မမှန်လျှင် မုသာဝါဒဖြစ်မှာပေါ့-ဟူအံ့၊ လိမ်လိုသော စေတနာမရှိ, နားထောင်ကောင်းရုံ ပြောပြခြင်းကြောင့် မုသာဝါဒနှင့် မဆိုင်၊ ကထနံ အရ ဝစီပယောဂကိုသာပြသော်လည်း များရာလိုက်၍ ပြခြင်း ဖြစ်သည်၊ ရေးသားရာ၌ ကာယပယောဂလည်း ပါသည်ဟုမှတ်ပါ။

ဝစီဝိညတ္တိသင်္ခါတေ ဝစီဒွါရေ ဗာဟုလ္လဝုတ္တိတော။ ။[ဝစီဝိညတ်၏သဘောမှာ ရုပ်ပိုင်း၌ လာလတ္တံ့၊ ဝစီဒွါရ အမည်ရပုံကိုကား ကာယဒွါရနည်းမှီးပါ။] မုသာဝါဒစသည်တို့သည် အများအားဖြင့် ဝစီဒွါရ၌ဖြစ်သော ကြောင့် "ဝစိယာ-ဝစီဒွါရ၌၊ ပဝတ္တံ-ဖြစ်သော၊ ကမ္မံ-ကံတည်း" အရ ဝစီကံ မည်ကြ၏၊ သို့သော် လက်ပြ ခြေပြ ဖြင့် လိမ်ရာစသည်, စာရေး၍ ရန်တိုက်ရာစသည်, လက်ဖြင့် အကြမ်းအတမ်း လုပ်ပြရာစသည်, အကျိုးမဲ့ ဒဏ္ဍာရီဝတ္ထုကို ရေးသားမှုစသည်ဝယ် ကာယဒွါရ၌လည်း အနည်းငယ် ဖြစ်ကြသောကြောင့် "ဗာဟုလ္လဝုတ္တိ တော-ဝစီဒွါရ၌ များသောအားဖြင့် ဖြစ်တတ်သောကြောင့်"ဟု ဆိုသည်။

----------------

မနောကံသုံးပါး

အဘိဇ္ဈာ ဗျာပါဒေါ မိစ္ဆာဒိဋ္ဌိ စေတိ အညတြာပိ ဝိညတ္တိယာ မနသ္မိံယေဝ ဗာဟုလ္လဝုတ္တိတော မနောကမ္မံ နာမ။

အဘိဇ္ဈာ။ ။အဘိမုခံ စျာယတီတိအဘိဇ္ဈာ၊ [အဘိပုဗ္ဗ စျေဓာတ်, အဘိဥပဿရသည် အဘိမုခအနက် ကို ဟော၍, ဈေဓာတ်က "ကြံခြင်း" အနက်ကို ဟော၏၊] ပရသမ္ပတ္တိံ-သူတစ်ပါးစည်းစိမ်ကို၊ အဘိမုခံ-ရှေးရှု၊ စျာယတိ-

လောဘ၏အစွမ်းဖြင့် ကြံစည်တတ်၏၊ ဣတိ-ကြောင့်၊ အဘိဇ္ဈာ-အဘိဇ္ဈာမည်၏၊ တရားကိုယ်မှာ-သူများ၏ စည်းစိမ်ကို လိုချင်သောလောဘတည်း၊...သို့သော် သူများစည်းစိမ်ကို လိုချင်ရုံမျှဖြင့် ကမ္မပထမမြောက်သေး၊ ရဟန်းဖြစ်လျှင် သူများ သပိတ် သင်္ကန်း ကျောင်း စသည်ကို မြင်၍, လူဖြစ်လျှင် သူများအိမ် လယ်ယာ ရွှေ ငွေ စသည်ကို မြင်၍ "ထိုသူ့ဥစ္စာသည် ငါ့ဥစ္စာဖြစ်ပါမူ ကောင်းလေစွ" ဟု မိမိသို့ ညွတ်စေသော မတရား လောဘသည်သာ အဘိဇ္ဈာ ကမ္မပထ မြောက်သည်၊ ဤ၌ သူတစ်ပါး၏ ကံ ဉာဏ် လုံ့လကြောင့် ရရှိသော စည်းစိမ်ကို ထိုသူ့ဥစ္စာ မဟုတ်တော့ဘဲ ထိုသူ၌ လက်မဲ့ဖြစ်စေ၍ မိမိဥစ္စာ ဖြစ်စေလိုခြင်းသည် သာမန် လောဘ မဟုတ်၊ အတော် မတရားသော လောဘဖြစ်ကြောင်းကို စဉ်းစားပါ၊ တောင်း၍ ငှါး၍ ဝယ်၍ ယူလို ခြင်း, သို့မဟုတ် ထိုစည်းစိမ်နှင့် အလားတူ စည်းစိမ်မျိုးကို လိုချင်ခြင်းမှာ (လောဘသာမန်) သာ ဖြစ်၏, ကမ္မပထမမြောက်။

ဗျာပါဒ။ ။ဗျာပဇ္ဇတိ စိတ္တံ ဧတေနာတိ ဗျာပါဒေါ၊ [ဝိ+အာ-ရှေးရှိသော ပဒဓာတ်တည်း၊] ဧတေန-ဤ ဒေါသဖြင့်၊ စိတ္တံ-စိတ်သည်၊ ဗျာပဇ္ဇတိ-ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်တတ်၏၊ ဣတိ-ထို့ကြောင့်၊ သော- ထိုဒေါသသည်၊ ဗျာပါဒေါ-ဗျာပါဒမည်၏၊ ဤ၌လည်း "ဒီကောင်တော့ သေရင် အေးတာပဲ, ဘယ်တော့များ သေပါ့မလဲ, ဒီအကောင် ပျက်စီးအောင် ဘယ်လိုများ လုပ်ရပါ့မလဲ" စသည်ဖြင့် ပိုးမွှားတိရစ္ဆာန်ကိုဖြစ်စေ, လူကိုဖြစ်စေ, သတ္တဝါ တစ်ဦးဦးကို သေကြေပျက်စီးလိုသော အကြမ်းစားဒေါသသာလျှင် ကမ္မပထမြောက်၏၊ သူတစ်ပါးအပေါ်မှာ စိတ်ဆိုးရုံသက်သက်ကား ကမ္မပထမမြောက်, ဗျာပါဒကံသာ ထိုက်၏။

ဒွေ ဘိဇ္ဈာယ ပရဘဏ္ဍံ, အတ္တနော ပရိဏာမနံ၊ ဗျာပါဒဿ ပရသတ္တော, တဿ ဝိနာသစိန္တနံ။

အဘိဇ္ဈာယ -အဘိဇ္ဈာ၏၊ သမ္ဘာရာ-အင်္ဂါတို့သည်၊ ပရဘဏ္ဍံ-သူတစ်ပါး၏ ဥစ္စာလည်းကောင်း၊ အတ္တနော- မိမိသို့၊ ပရိဏာမနံ-ညွတ်စေခြင်းလည်းကောင်း၊ ဣတိ-ဤသို့၊ ဒွေ-နှစ်ပါးတို့တည်း၊ ဗျာပါဒဿ-ဗျာပါဒ၏၊ သမ္ဘာရာ-အင်္ဂါတို့သည်၊ ပရသတ္တော-တစ်ပါးသောသတ္တဝါလည်းကောင်း၊ တဿ-ထို တစ်ပါးသောသတ္တဝါ၏၊ ဝိနာသစိန္တနံ-ပျက်စီးမှုကို ကြံစည်ခြင်းလည်းကောင်း၊ ဣတိ-ဤသို့၊ ဒွေ-နှစ်ပါးတို့ပင်တည်း။

မိစ္ဆာဒိဋ္ဌိ။ ။ဤပုဒ်၌ မိစ္ဆာသဒ္ဒါကား ဝိပရီတတ္ထ=ဖောက်ပြန်မှားယွင်းခြင်း အနက်ဟောတည်း၊ မိစ္ဆာ- ဖောက်ပြန် မှားယွင်းသောအားဖြင့်၊ ပဿတိ-မြင်တတ်၏၊ ဣတိ-ကြောင်၊ မိစ္ဆာဒိဋ္ဌိ-မိစ္ဆာဒိဋ္ဌိ မည်၏၊ သူတော် သူမြတ်တို့ဟောဖော်

ပညတ်အပ်သော တရားမှန်ကို မလိုက်နာဘဲ မှားယွင်းဖောက်ပြန် မမှန်မကန် သိမြင်တတ်သော ဒိဋ္ဌိစေတ သိက်တည်း၊ ဤမိစ္ဆာဒိဋ္ဌိသည် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟူသော ခန္ဓာငါးပါးတွင် တစ်ပါးပါး၌ အတ္တ ဟု စွဲလမ်းတတ်သော သက္ကာယဒိဋ္ဌိ, သီလက္ခန် ဗြဟ္မာဇာလသုတ် စသည်၌လာသော(၆၂)ပါးသော မိစ္ဆာဒိဋ္ဌိ, သာမညဖလသုတ်၌လာသော နတ္ထိကစသော ဒိဋ္ဌိအားဖြင့် အလွန်များ၏၊ ထိုတွင် နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိ ဤ(၃)မျိုးသာ ကမ္မပထမြောက်၏၊ ကြွင်း ဒိဋ္ဌိများမှာဒိဋ္ဌိသာမန်သာတည်း။

ဒိဋ္ဌိယာ ဒုဝေ သမ္ဘာရာ, ဝတ္ထုနော ဝိပရိီတတာ၊ တထဘာဝေနုပဋ္ဌာနံ, ကမ္မပထော တီဟေဝ စ။

ဒိဋ္ဌိယာ -မိစ္ဆာဒိဋ္ဌိ၏၊ သမ္ဘာရာ-အင်္ဂါတို့သည်၊ ဝတ္ထုနော-ယူအပ်သောဝတ္ထု၏၊ ဝိပရီတတာ-ယူတိုင်းမမှန်, ဖောက်ပြန်သည်၏ အဖြစ်လည်းကောင်း၊ တထဘာဝေန-မှန်ကန်သည်၏ အဖြစ်ဖြင့်၊ ဥပဋ္ဌာနံ-ထင်ခြင်း လည်းကောင်း၊ ဣတိ-ဤသို့၊ ဒုဝေ-နှစ်ပါးတို့တည်း၊ တီဟေဝ-နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိ (၃) ပါးတို့ဖြင့်သာလျှင်၊ ကမ္မပထော-ကမ္မပထမြောက်၏။

နတ္ထိကဒိဋ္ဌိ။ ။နောက်နောက်ဘဝ၌ အကျိုးမရှိဟု အကျိုးဝိပါက်ကို တားမြစ်သော အယူသည် နတ္ထိကဒိဋ္ဌိ မည်၏၊ ဤနတ္ထိကဒိဋ္ဌိအယူရှိသူကား "သတ္တဝါသည် သေလျှင် ပြီးတာပဲ, ပြတ်တာပဲ"ဟု ဥစ္ဆေဒအယူလည်း ရှိ၏၊ နတ္ထိကအယူရှိသူတို့၏ ဝါဒကို ပြသောပါဠိအချို့မှာ- "နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော, နတ္ထိ အယံ လောကော, နတ္ထိ ပရော လောကော, နတ္ထိ မာတာ, နတ္ထိ ပိတာ ,နတ္ထိ သတ္တာဩပပါတိကာ, နတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ-ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ" စသည်တည်း။

ဘာသာပြန်။ ။ပေးလှူကြောင်း ဒါနစေတနာ၏ အကျိုးမရှိ, ယဇ်ကြီးပူဇော်ရကျိုး မရှိ, ယဇ်ငယ်ပူဇော်ရ ကျိုး မရှိ, ကောင်းမှု မကောင်းမှုတို့၏ အကျိုးရင်း အကျိုးဆက် မရှိ, (ဟိုဘက်ဘဝမှာ တည်သူ့အတွက်) ဤဘက်ဘဝ မရှိ, (ဤဘက်ဘဝ၌ တည်သူ့အတွက်) ဟိုဘက်ဘဝလည်း မရှိ, မိခင်၌ ပြုစုရကျိုး နောင်အခါ မရှိ၊ ဖခင်၌ ပြုစုရကျိုး နောင်အခါ မရှိ၊ ဩပပါတိကသတ္တဝါ နတ်ဗြဟ္မာဆိုတာ မရှိ, အကြင် သူတို့သည် ဤလောက နောက်လောကကို ကိုယ်တိုင်သိ၍ မျက်မှောက်ပြု၍ ဟောပြောနိုင်ကုန်၏, ညီညွတ်သည်၏ အဖြစ်သို့ ရောက်ကုန်, ကောင်းစွာ ကျင့်ကုန်သော ထိုသမဏ ဗြဟ္မဏတို့ မရှိကုန်။

မှတ်ချက်။ ။ဤဒိဋ္ဌိကအကျိုးကို ပယ်လျှင် အကြောင်းကံကိုလည်း ပယ်ပြီးဖြစ်တော့၏၊ ထို့ကြောင့် သာမညဖလသုတ် အဋ္ဌကထာ၌ "ဝိပါကံ ပတိဗာဟန္တေနာပိ ကမ္မံ ပတိဗာဟိတံ ဟောတိ"ဟု မိန့်ပြီ။

အဟေတုကဒိဋ္ဌိ။ ။အကြောင်းလည်း မရှိ, အကျိုးလည်း မရှိဟု အကြောင်းအကျိုး နှစ်မျိုးလုံးကို တိုက်ရိုက်ပယ်သောအယူသည် အဟေတုကဒိဋ္ဌိ မည်၏၊ ထိုအယူကိုပြသော ပါဠိအချို့ကား–"နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ သံကိလေသာယ, အဟေတူအပ္ပစ္စယာ သတ္တာ သံကိလိဿန္တိ၊ နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ ဝိသုဒ္ဓိယာ, အဟေတူ အပ္ပစ္စယာ သတ္တာ ဝိသုဇ္ဈန္တိ" စသည်တည်း။

ဘာသာပြန်။ ။သတ္တဝါတို့၏ ညစ်နွမ်းပင်ပန်းဖို့ရာ ဇနကအကြောင်းလည်း မရှိ, ဥပတ္ထမ္ဘကအကြောင်း လည်း မရှိ, ဇနကအကြောင်းလည်း မရှိကုန်ဘဲ, ဥပတ္ထမ္ဘကအကြောင်းလည်း မရှိကုန်ဘဲ သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏၊ သတ္တဝါတို့ စင်ကြယ်သန့်ရှင်း ဘေးဥပဒ်ကင်းဖို့ရာ ဇနကအကြောင်း မရှိ, ဥပတ္ထမ္ဘက အကြောင်း မရှိ၊ ဇနကအကြောင်း မရှိကုန်ဘဲ, ဥပတ္ထမ္ဘကအကြောင်း မရှိကုန်ဘဲ သတ္တဝါတို့သည် စင်ကြယ် ကြရလေသည်။

မှတ်ချက်။ ။ဤအယူ၌ "အကြောင်း မရှိဟု ဆိုသဖြင့် ထိုအကြောင်းနှင့် ဆက်သွယ်၍ ဖြစ်သော အကျိုး လည်း မရှိ"ဟု ဆိုရာရောက်သောကြောင့် ဤအဟေတုကဒိဋ္ဌိလည်း အကြောင်း အကျိုး နှစ်မျိုးလုံးကို ပယ်သည် မည်ရကား "နတ္ထိ ဟေတူတိ ဝဒန္တော ဥဘယံ ပတိဗာဟတိ"ဟု သာမညဖလသုတ် အဋ္ဌကထာ ဖွင့်သည်။

အကြိယဒိဋ္ဌိ။ ။"ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုအပ်သည် မမည်, ပြုရာမရောက်" ဟု အကြောင်းကံကို တားမြစ်သောအယူသည် အကြိယဒိဋ္ဌိမည်၏၊ ပါဠိအချို့ကား-"ကရောတော ကာရယတော ဆိန္ဒတော ဆေဒါပယတော ၊ပေ၊ န ကရီယတိ ပါပံ" စသည်တည်း၊ ဘာသာပြန်-ကိုယ်တိုင်ပြုသူသည်လည်း ကောင်း, သူတစ်ပါးကို အပြုခိုင်းသူသည်လည်းကောင်း, ကိုယ်တိုင် ဖြတ်သူသည်လည်းကောင်း, သူတစ်ပါး ကို အဖြတ်ခိုင်းသူသည်လည်းကောင်း မကောင်းမှုကို ပြုအပ်သည် မမည်, ပြုရာမရောက်။

မှတ်ချက်။ ။ဤအယူ၌ ကံကို တားမြစ်လျှင် ကံ၏အကျိုးကိုလည်း နောင်ခါ မရှိနိုင်ဟု တားမြစ်ရာ ရောက်သောကြောင့် ကံ ကံ၏အကျိုး နှစ်မျိုးလုံးကိုပင် တားမြစ်ရာရောက်သဖြင့် "ကမ္မံ ပတိဗာဟန္တေနာပိ ဝိပါကော ပတိဗာဟိတော ဟောတိ"ဟု သာမညဖလသုတ္တဋ္ဌကထာ၌ ဖွင့်ပြသည်၊ ဤသို့လျှင် ဒိဋ္ဌိ(၃)မျိုးလုံး ပင် ကံ ကံ၏အကျိုးကို တားမြစ်ကြသည်ဟု မှတ်ပါ။

နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်ပုံ။ ။ဤ မိစ္ဆာဒိဋ္ဌိသုံးမျိုးတဝင် နတ္ထိကဒိဋ္ဌိကို အဇိတဆရာကြီး ယူ၏၊ အဟေတုကဒိဋ္ဌိ

ကို မက္ခလိဂေါသာလဆရာကြီး ယူ၏၊ အကြိယဒိဋ္ဌိကို ပုရာဏကဿပဆရာကြီး ယူ၏၊ ထိုဆရာကြီးတို့ ယူပုံသည် ဘုရားရှင် ချွတ်မရလောက်အောင် ခိုင်မြဲသောကြောင့် နိယတဖြစ်လေပြီ၊ ထိုဆရာကြီးတို့၏ နောက် လိုက်များမှာ ပေါ့ပေါ့ဆဆ ယူနေရုံမျှဖြင့် နိယတမဟုတ်သေး၊ ထိုဆရာကြီးတို့၏ ကျမ်းစာကို ရွတ်အံခြင်း, အနက်အဓိပ္ပာယ် ကြံစည်စဉ်းစားခြင်း စသည်ဖြင့် အကြိမ်များစွာ(ကမ္မဋ္ဌာန်း စီးဖြန်းသလို)လေ့လာအားထုတ် လေရာ, အလွန်သဘောကျ၍ မိစ္ဆာသမာဓိရလေ၏၊ ထိုသို့ သဘောကျနေသော ဇောဝီထိပေါင်း အကြိမ်များ စွာ ဖြစ်ပြီးလျှင် နောက်ဆုံး(ကမ္မဋ္ဌာန်းပေါက်၍ မဂ်ရသလို) အတည်တကျ ဆုံးဖြတ်မည့် ဝီထိသို့ရောက်သော အခါ သတ္တမဇော အစောမှာ ဘုရားပေါင်းများစွာ ချေချွတ်ကုစား၍ မရအောင် ခိုင်မြဲစွာ ယူမိလေပြီ၊ ထိုသို့ ယူပုံမြဲသောကြောင့် နိယတဟု ခေါ်သည်၊ တစ်နည်း-သေသည့် အခြားမဲ့၌ ငရဲမှာ အကျိုးပေးမြဲသောကြောင့် လည်း "နိယတမိစ္ဆာဒိဋ္ဌိ"ဟု ခေါ်နိုင်သေး၏။

မိစ္ဆတ္တနိယတခေါ်ပုံ။ ။ဒိဋ္ဌိနှင့်ပညာသည် ကျောချင်းကပ်၍ ပြေးသလို အလွန်စခန်းဝေး၏၊ ပညာဘက်က သဒ္ဓါ ဝီရိယ သတိ သမာဓိတို့ ထောက်ခံချက်ဖြင့် တိုးတက်လေရာ, အကြင်အခါ သူတစ်ပါးတို့ နှောင့်ယှက်၍ မရလောက်အောင်ပင် သစ္စာလေးပါးကို သိ၏, ရတနာသုံးပါးကို ယုံကြည်၏၊ ထိုအခါ သမ္မတ္တနိယတစခန်း သို့ ဆိုက်၍ သောတာပန် ဖြစ်လေပြီ, အပါယ်ကျခွင့် မရှိ၊ ထို့အတူ ဒိဋ္ဌိဘက်မှာလည်း မိစ္ဆာသတိ သမာဓိ ဝီရိယတို့ ထောက်ခံချက်ဖြင့် တိုးတက်လေရာ, အကြင်အခါ ဘုရားရှင်တို့ပင် ချေချွတ်၍ မရနိုင်လောက် အောင် မိစ္ဆာအယူ၌ ခိုင်မြဲ၏၊ ထိုအခါ မိစ္ဆတ္တနိယတစခန်းသို့ ရောက်လေပြီ, မဂ်ဖိုလ်ရခွင့် မရှိ၊ သေသည့် အခြားမဲ့၌ အဝီစိမှာ အဝီစိအာယုကပ်ပတ်လုံး အမြဲနေရလေတော့သည်၊ သံဃဘေဒကထက်ပင် ဤနိယတ မိစ္ဆာဒိဋ္ဌိက အပြစ်ကြီးသေးသတဲ့၊ အဝီစိအာယုကပ် မပြည့်သေးလျှင် ကမ္ဘာပျက်သော်လည်း မပျက်သော ကမ္ဘာသို့ ရွှေ့ပြောင်း၍ဖြစ်စေ, ကောင်းကင်မှာဖြစ်စေ, ဆက်လက်ခံရဦးမည်တဲ့၊ သံဃဘေဒကကံမှာ ထို ကဲ့သို့ ကမ္ဘာပျက်လျှင် အာယုကပ် မပြည့်သေးသော်လည်း ဆက်လက်မခံရချေ။ [သမ္မာ=ကောင်းသော+ အတ္တ-သဘော၊ ကောင်းသောသဘောရှိ၍ ခိုင်မြဲမှုကို "သမ္မတ္တနိယတ"ဟု ခေါ်၏၊ မှားသောသဘောရှိသည် ဖြစ်၍ ခိုင်မြဲမှုကို "မိစ္ဆတ္တနိယတာ"ဟု ခေါ်သည်။]

အညတြာပိ ဝိညတ္တိယာ မနသ္မိံယေဝ ဗာဟုလ္လဝုတ္တိတော။ ။"မနသ္မိံ ပဝတ္တံ ကမ္မံ"အရ မနောဒွါရ၌ ဖြစ်သောကံကို "မနောကံ"ဟု ခေါ်၏၊ မနောဒွါရဟူရာ၌ကား-ဝီထိခန်း၌ ဘဝင်စိတ်ကို "မနောဒွါရ"ဟု ခေါ်၏၊ ရှေးရှေး စိတ်သည်

နောက်နောက်စိတ်၏ ဖြစ်ကြောင်းဖြစ်၍ စိတ်ဟူသမျှကို "မနောဒွါရ"ဟု ခေါ်သော အရာလည်း ရှိ၏၊ ဤ နေရာ၌ အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့နှင့် အတူတကွဖြစ်သော အကုသိုလ်ဇောစိတ်ကို "မနောဒွါရ" ဟု ခေါ်သည်၊ [အကုသိုလ်ဇောစိတ်ကို ယူရာ၌ မောဟမူစိတ်ပြင့် အဘိဇ္ဈာစသည်တို့ မဖြစ်နိုင်သောကြောင့် လောဘမူ ဒေါသမူဇောစိတ်ကိုသာ ယူ၊ ကုသိုလ်မနောကံအရာ၌ ကုသိုလ်ဇောစိတ်ကို "မနောဒွါရ" ဟု ခေါ်၏၊] မနောဧဝ-ဇောစိတ်သည်ပင်လျှင်၊ ဒွါရံ-ကံ၏ဖြစ်ကြောင်းတည်း၊ မနောဒွါရံ-ဇောစိတ်သည်ပင် ကံ၏ ဖြစ်ကြောင်း၊ "အဘိဇ္ဈာဖြစ်သည့်အခါ တကွဖြစ်ဖက် ဇောစိတ်က အဘိဇ္ဈာမည်သော လောဘအား သဟဇာတစသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုလျက် ရှိသောကြောင့် ဇောစိတ်သည် အဘိဇ္ဈာ၏ ဖြစ်ကြောင်း မည်၏" ဟူလို။

ရှေ့က ကာယကံ ဝစီကံများ၌လည်း ဤဇောစိတ်ဟူသော မနောဒွါရ၏ အထောက်အပံ့ မကင်းချေ၊ ဥပမာ-ပါဏာတိပါတစေတနာ ဖြစ်ရာ၌ ဒေါသဇောဟူသော မနောဒွါရနှင့် မကင်းနိုင်၊ သို့သော် ပါဏာတိပါတ စသည်တို့မှာ အကုသိုလ်ဇောဟူသော မနောဒွါရသက်သက်ဖြင့် အထမမြောက်ကြ, ဝိညတ်ပါမှအထမြောက် ကြသည်၊ "မနောဒွါရမှာ ကံအားလုံးနှင့်ဆိုင်သည်၊ ဝိညတ်ဟူသော ကာယဒွါရ ဝစီဒွါရကား တချို့ကံနှင့်သာ ဆိုင်သည်" ဟူလို၊ တစ်စုံ တစ်ခုကို နာမည်တပ်သောအခါ ထူးခြားသောအချက်ဖြင့် သတ်မှတ်မှ အချင်းချင်း မရောယှက်ဘဲ ကွဲပြားနိုင်၏၊ ထို့ကြောင့် ပါဏာတိပါတစသောသုံးပါးကို ထူးခြားသော ကာယဒွါရဖြင့် သတ် မှတ်၍ ကာယကံဟုလည်းကောင်း, မုသာဝါဒစသောလေးပါးကို ထူးခြားသော ဝစီဒွါရဖြင့် သတ်မှတ်၍ ဝစီကံ ဟုလည်းကောင်း နာမည်တပ်ခဲ့ရသည်၊ ဤအဘိဇ္ဈာစသည်တို့မှာ ထိုဝိညတ်ဒွါရနှင့် မရောဘဲ မနောဒွါရ၌ သာ ဖြစ်ရမှုသည် ထူးခြားသောအချက်တည်း၊ သို့အတွက် မနောဒွါရဖြင့် သတ်မှတ်၍ မနောကံဟု နာမည် တပ်သည်၊ ထို့ကြောင့် "အညတြာပိ ဝိညတ္တိယာ မနသ္မိံယေဝ=ဝိညတ်ကို ကြဉ်ထား၍ မနောဒွါရ၌သာ အဖြစ်များ၏" ဟု ဆိုသည်။

အညတြာပိ ဝိညတ္တိယာ။ ။ဤစကားရပ်၌ "မနသ္မိံယေဝ ဗာဟုလ္လဝုတ္တိတော" လောက်တွင်ဆိုက အဓိပ္ပာယ်စုံလင်နိုင်၏၊ အဘိဇ္ဈာစသည်တို့သည် မနောဒွါရ၌သာ အဖြစ်များ၏, "ထိုသူ၏ ဥစ္စာသည် ငါ့ဥစ္စာ ဖြစ်မူ ကောင်းလေစွ"ဟု စာအားဖြင့် ရေးသားရာ, နှုတ်ဖြင့် ပြောဆိုရာအခါတို့၌ ကာယဒွါရ ဝစီဒွါရဝယ် အနည်းငယ် ဖြစ်ပေလိမ့့်မည်၊ သို့သော် တဗ္ဗာဟုလ္လနည်းအားဖြင့် မနောဒွါရ၌ အဖြစ်များသောကြောင့် မနောကံဟူသော အမည်ကား မပျက်တော့ချေ၊ ဤသို့လျှင် "မနသ္မိံယေဝ ဗာဟုလ္လဝုတ္တိတော" လောက်တွင် ဆိုက အဓိပ္ပာယ်စုံလင်နိုင်ပြီ၊ သို့သော် စာသွားမှာ

ရှေ့နောက်အဆင်မပြေတတ်သေး၊ ထင်ရှားစေအံ့-ရှေးကံများ၌ "ကာယဝိညတ္တိသင်္ခါတေ ကာယဒွါရေ, ဝစီ ဝိညတ္တိသင်္ခါတေ ဝစီဒွါရေ"ဟု ဝိညတ်သံတွေ ပါခဲ့သောကြောင့် ဤမနောကံ၌ ထိုဝိညတ်များနှင့် မသက်ဆိုင် ကြောင်းကို ဖော်ပြခွင့်ရှိသည်၊ ထို့ကြောင့် "အညတြာပိ ဝိညတ္တိယာ=ဝိညတ်ကို ကြဉ်၍"ဟု ဆိုရသည်၊ ဝိညတ်ကို အခါခပ်သိမ်း မကြဉ်နိုင်သောကြောင့် တစ်ခါတစ်ရံ ဝိညတ်နှင့်တကွ ဖြစ်ကြောင်းကို ပြလို၍ "အညာတြာပိ"ဟု အပိသဒ္ဒါကို ထည့်ရသည် "ဝိညတ်နှင့်အတူတကွလည်း ဖြစ်နိုင်၏"ဟူလို၊ ဤကား ဤ

ကျမ်း၏ ထင်မြင်ချက်တည်း၊ အမျိုးမျိုး အယူအဆတွေကို ထိုထို အဖွင့်၌ ရှုကြပါကုန်။

အဘိဇ္ဈာစသည်တို့ စေတနာပက္ခိကဖြစ်ပုံ။ ။သူတစ်ပါးဥစ္စာကို ခိုးယူရာ သူ့အသက်ကို သတ်ရာအခါ စသည်တို့၌ ဤအဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိတို့ ထိုက်သည်အားလျော်စွာ ပါဝင်ကုန်၏၊ ဥပမာ-သူ့ဥစ္စာကို ခိုးလျှင် အဘိဇ္ဈာသဘောလည်း ပါဝင်မည်, တိုက်ခိုက် လုယူသည့်အတွက် အပြစ်မရှိဟု ယူလျှင် ဒိဋ္ဌိသဘောလည်း ပါဝင်မည်၊ ထိုအခါ၌ အဒိန္နာဒါနကမ္မပထအပြင် အဘိဇ္ဈာကမ္မပထ မိစ္ဆာဒိဋ္ဌိကမ္မပထတို့လည်း ဖြစ်ရဦးမည် လော-ဟူအံ့၊ ထိုအခါမျိုး၌ အဘိဇ္ဈာ မိစ္ဆာဒိဋ္ဌိတို့သည် အဒိန္နာဒါနစေတနာ၏ နောက်လိုက်နောက်ပါ ဘက် တော်သားတို့သာ ဖြစ်ကြရသည်၊ တစ်သီးတခြား အဘိဇ္ဈာကမ္မပထ, မိစ္ဆာဒိဋ္ဌိကမ္မပထ မဖြစ်ကြတော့ကုန်။

ဒုစရိုက်အမျိုးမျိုး။ ။"ကာယဝစီဒွါရေသု ဟိ စောပနံ ပတွာ ကမ္မပထံ အပ္ပတ္တံ အတ္ထိ, မနောဒွါရေ စ သမုဒါစာရံ ပတွာ ကမ္မပထံ အပ္ပတ္တံ အတ္ထိ, တံ ဂဟေတွာ တံတံဒွါရပက္ခိကမေဝ အကံသု" ဟူသော အဋ္ဌသာလိနီ အဋ္ဌကထာနှင့်အညီ ကာယဒွါရ ဝစီဒွါရတို့၌ လှုပ်ရှားခြင်းသို့ ရောက်ပါလျက်(ကိုယ်နှုတ်လှုပ်ရှား ပါလျက်)အင်္ဂါမလုံလောက်၍ ကမ္မပထမမြောက်သော ကံတွေရှိသေးသည်၊ မနောဒွါရ၌ ဖြစ်ခြင်းသို့ ရောက်ပါ လျက် (ဥပဒ်ပါလျက်) အင်္ဂါမလုံလောက်၍ ကမ္မပထမမြောက်သောကံတွေ ရှိ၏၊ ထိုကံများကို ဖြစ်ရာဒွါရသို့ လိုက်၍ ထိုထိုဒွါရ၌ ထည့်သွင်းရမည်၊ တဗ္ဗာဟုလ္လနည်းအားဖြင့် အဖြစ်များရာသို့ လိုက်၍ မထည့်သွင်းနှင့်, နာမည် မတပ်နှင့်-ဟူလို။

ဥပမာ -သတ္တဝါ၏ လက်ခြေကို ဖြတ်ရာ, နွား, ခွေး စသည်တို့ကို သင်းကွပ်ရာ (ဝှေးစေ့ထုတ်ရာ), လူငယ် ရှင်ငယ်ကို ရိုက်နှက် ဆုံးမရာ စသည်၌ ကိုယ်မှာ အဖြစ်များသောကြောင့် တဗ္ဗာဟုလ္လနည်းအားဖြင့် "ကာယ ဒုစရိုက်" ဟုသာ ခေါ်ဆိုထိုက်သည်ဟု မမှတ်လင့်၊ ကိုယ်တိုင်ပြုလျှင် ကာယဒုစရိုက် (ကိုယ်ဖြင့် မကောင်း ကျင့်မှု) ဖြစ်၏၊ သူတစ်ပါးကို အပြုခိုင်းလျှင် ဝစီဒုစရိုက် (နှုတ်ဖြင့် မကောင်းကျင့်မှု) ဖြစ်၏၊ စိတ်ထဲ၌ ထိုကဲ့သို့ ပြုဖို့ရန် ကြံစည်လျှင် မနောဒုစရိုက် (စိတ်ဖြင့်မကောင်းမှု)ဖြစ်၏၊ သူ့ဥစ္စာကို လိုချင် ရာ၌ အဘိဇ္ဈာသဘော သက်သောကြောင့် "မနောဒုစရိုက်"ဟုသာ ခေါ်ဆိုထိုက်သည်ဟု မမှတ်လင့်၊ မိမိသို့ မညွတ်စေဘဲ လိုချင်ရုံသာ လိုချင်လျှင် မနောဒုစရိုက် ဖြစ်၏, နှုတ်ဖြင့် "ကောင်းလိုက်တာ လှလိုက်တာ" ဟု ချီးမွမ်း၍ လိုချင်လျှင် ဝစီဒုစရိုက်ဖြစ်၏၊ လက်ဖြင့် ကိုင်ကြည့့်လျှင် ကာယဒုစရိုက်ဖြစ်၏၊ ဤသို့လျှင် အကုသိုလ်မှန်သမျှ ကမ္မပထမမြောက်လျှင် ဖြစ်ရာဒွါရသို့ လိုက်၍ ဒုစရိုက်နာမည် အမျိုးမျိုး တပ်ရသည်။

ဒုစရိုက်မြှောက်ပွားခြင်း။ ။အကုသိုလ်ကံ(၁၀)ပါးကို ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာ(၃)မျိုးဖြင့် မြှောက်လျှင် (၃၀)ဖြစ်၏၊ ပါဏာတိပါတ ပြုရာ၌ မသတ်မီ ရှေ့အဖို့က ဖြစ်နေသောစေတနာတွေသည် ပုဗ္ဗစေတနာ မည်၏၊ ပါဏာတိပါတကံ အထမြောက်ကြောင်း ဇောဝီထိ၌ပါသော စေတနာသည် မုဉ္စစေတနာ မည်၏၊ [ဤမုဉ္စစေတနာဟူသော အမည်သည် ဒါနပြုခန်းမှ ရခဲ့သော နာမည်တည်း၊ မုဉ္စ=ပစ္စည်းဝတ္ထုကို စွန့်လွှတ်ကြောင်းဖြစ်သော+စေတနာ=စေတနာ၊ ပစ္စည်းဝတ္ထုကို စွန့်လွှတ်လှူဒါန်းဆဲစေတနာသည် ပုဗ္ဗ အပရစေတနာတို့၏ အလယ်မှာ ဖြစ်သောကြောင့် မုဉ္စစေတနာဟု နာမည်ရခဲ့ပြီဖြစ်၍ မည်သည့် ကိစ္စမဆို အလယ်စေတနာကို သဒိသူပစာရနည်းအားဖြင့် မုဉ္စစေတနာဟုချည်း ခေါ်ကြတော့သည်၊ ကျမ်းဂန်တို့၌ကား အလယ်စေတနာကို သန္နိဋ္ဌာပကစေတနာ (ဆုံးဖြတ်ချက်ချရသောစေတနာ)ဟု ခေါ်၏၊] ပါဏာတိပါတာကံ အထမြောက်ပြီးနောက်၌ အားရကျေနပ်သောအနေအားဖြင့် ဖြစ်သောစေတနာတွေသည် အပရစေတနာ မည်၏၊ ဤနည်းအားဖြင့် အဒိန္နာဒါန စသောကံများကို မြှောက်ပွားပါ၊ ဒုစရိုက်(၁၀)ကို တည်, စေတနာ(၃) တန်ဖြင့် မြှောက်, ဒုစရိုက်(၃၀) ဖြစ်၏။

တစ်နည်း မြှောက်ပုံ။ ။အကုသိုလ်ကံ (၁၀)ပါးတွင် ပါဏာတိပါတကို ကိုယ်တိုင်ပြုလျှင် သာဟတ္ထိက ဒုစရိုက် ဖြစ်၏, သူတစ်ပါးကို အသတ်ခိုင်းလျှင် အာဏတ္တိကဒုစရိုက် ဖြစ်၏, သူတစ်ပါးကို တိုက်ရိုက် မသတ် ခိုင်းဘဲ သတ်သည့်အတွက် ရနိုင်သော လောကအကျိုးကို ပြောပြလျှင် ဝဏ္ဏဘာသနဒုစရိုက် ဖြစ်၏၊ [ဝဏ္ဏ=ဂုဏ်ကို+ဘာသန=ပြောပြခြင်း၊]သူတစ်ပါးတို့ အလိုအလျောက် သတ်ဖြတ်သည်ကို သဘောတူကျေ နပ်လျှင် သမနုညာဒုစရိုက် ဖြစ်၏၊ [သမနုညာ=နှစ်သက်ကျေနပ်ခြင်း၊] အခြားသော အကုသိုလ်ကံများကို လည်း ဤ(၄)မျိုးဖြင့် မြှောက်ပွား၍ ဒုစရိုက်ပေါင်း(၄၀) ပြားသည်ဟု ပြောဆိုကြသည်၊ ဤမြှောက်ပွားခဲ့သော ဒုစရိုက်တို့တွင် အချို့ ကမ္မပထမြောက်၏, အချို့ မမြောက်။

ဒုစရိုက်အကြောင်းရင်း

တေသု ပါဏာတိပါတော ဖရုသဝါစာ ဗျာပါဒေါ စ ဒေါသမူလေန ဇာယန္တိ , ကာမေသုမိစ္ဆာစာရော အဘိဇ္ဈာ မိစ္ဆာဒိဋ္ဌိ စ လောဘမူလေန, သေသာနိ စတ္တာရိပိ ဒွီဟိ မူလေဟိ သမ္ဘဝန္တိ၊ စိတ္တုပ္ပါဒဝသေန ပနေတံ အကုသလံ သဗ္ဗထာပိ ဒွါဒသဝိဓံ။

တေသု ပါဏာတိပါတော၊ပေ၊သမ္ဘဝန္တိ။ ။ဤစကားကား အကုသလကမ္မပထတို့၏ အရင်းမူလကို ပြသော စကားတည်း၊ ပါဏာတိပါတဟူသည် ဒေါသမူစိတ်၌ ယှဉ်သောစေတနာတည်း၊ "ဖရုသဝါစာ" ဟူသည်လည်း ထိုစေတနာမျိုးပင်တည်း၊ ထို့ကြောင့် ထိုကမ္မပထနှစ်ပါးသည် ဒေါသမူလနှင့် ယှဉ်၏၊ "ဒေါသမူလက သဟဇာတစသောပစ္စယသတ္တိဖြင့် ကျေးဇူးပြုသောကြောင့်ဖြစ်သည်" ဟူလို၊ ဗျာပါဒ၏ တရားကိုယ်မှာ ဒေါသစေတသိက်ပင်တည်း၊ ထိုဒေါသစေတသိက်၌ ယှဉ်ဖက်ဒေါသတစ်ပါး မရှိပြီ၊ ထို့ကြောင့် "ဗျာပါဒသည် ဒေါသမူလရှိသော စိတ်ကြောင့် ဖြစ်၏"ဟု ဖွင့်ကြသည်၊ "ထိုဗျာပါဒနှင့် ယှဉ်ဖက်ဖြစ်သောစိတ်က သဟဇာတ စသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၍ ဗျာပါဒ ဖြစ်ရသည်" ဟူလို၊ ဤအဓိပ္ပာယ်အရ ပါဏာတိပါတနှင့် ဖရုသဝါစာကို ငဲ့၍ "ဒေါသမူလေန-ဒေါသမူလကြောင့်"ဟု အနက်ဆို၍ "ဒေါသော စ+သော+မူလဉ္စာတိ ဒေါသမူလံ"ဟု ဝိဂြိုဟ်ပြုပါ၊ ဗျာပါဒကို ငဲ့ခိုက် "ဒေါသမူလေန-ဒေါသမူလရှိသောစိတ်ကြောင့်"ဟု အနက်ဆို၍ "ဒေါသော+မူလံ+ယဿ" ဟု ဝိဂြိုဟ်ပြုပါ။

လောဘမူလ။ ။ကာမေသုမိစ္ဆာစာရဟူသည် လောဘမူစိတ်၌ ယှဉ်သော စေတနာတည်း၊ မိစ္ဆာဒိဋ္ဌိသည် လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ်၌ ယှဉ်သော ဒိဋ္ဌိစေတသိက်တည်း၊ ထိုနှစ်ပါး၌ လောဘယှဉ်လျက်ပါသော ကြောင့် ထိုနှစ်ပါးကို ငဲ့ခိုက် "လောဘမူလေန-လောဘမူလကြောင့်"ဟု ဆိုပါ၊ အဘိဇ္ဈာ၏ တရားကိုယ်မှာ လောဘမူစိတ်၌ယှဉ်သော လောဘပင်ဖြစ်ရကား ယှဉ်ဖက်လောဘ မရှိတော့၊ ထို့ကြောင့် အဘိဇ္ဈာကို ငဲ့ခိုက် "လောဘမူလေန-လောဘမူလရှိသောစိတ်ကြောင့်"ဟု ဆိုပါ၊ ဤကား ဋီကာဖွင့်ပုံအတိုင်း အဓိပ္ပာယ် တည်း၊ သို့သော် ထိုအဓိပ္ပာယ်သည် ကွေ့ကောက်လှ၍ ကျမ်းရင်းအာဘော်ကျမည် မထင်၊ အဘိဇ္ဈာ ဗျာပါဒ တို့ ကမ္မပထမမြောက်မီ ရှေ့အဖို့က (ပုဗ္ဗစေတနာ အခိုက်က) လောဘ ဒေါသတို့ ဖြစ်လျက်ရှိသောကြောင့် ရှေ့အဖို့က လောဘ ဒေါသသည် အဘိဇ္ဈာ ဗျာပါဒ ကမ္မပထမြောက်ဖို့ရာ ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုလျက်ရှိ၏၊ ထို့ကြောင့် တကွဖြစ်ဖက် သဟဇာတ လောဘ ဒေါသကိုသာ မယူဘဲ ရှေ့အဖို့က လောဘ ဒေါသကိုပါယူ၍ "ဒေါသမူလေန-ဒေါသမူလကြောင့်၊ လောဘမူလေန-လောဘမူလကြောင့်" ဟု တစ်နက်တည်းသာ ဖွင့်ထိုက်သည်ဟု ထင်ပေသည်။

သေသာနိ စတ္တာရိပိ ဒွီဟိ မူလေဟိ။ ။ကြွင်းသော အဒိန္နာဒါန မုသာဝါဒ ပိသုဏဝါစာ သမ္ဖပ္ပလာပ လေးပါးတို့သည် ရံခါ လောဘမူလကြောင့် ဖြစ်၍ ရံခါ ဒေါသမူလကြောင့် ဖြစ်ရကား မူလနှစ်ပါးတို့ကြောင့် ဖြစ်သည်၊ ချဲ့ဦးအံ့-မိမိအတွက် ဖြစ်စေ, သား သမီး ဆွေမျိုးတို့ စားသောက်ဖို့အတွက် ဖြစ်စေ လိုချင်၍ ခိုးယူ ရာ၌ အဒိန္နာဒါနသည် လောဘကြောင့် ဖြစ်၏၊ ရန်စလိုခြင်း သို့မဟုတ် ရန်တုံ့ချေခြင်း အကျိုးငှာ လုယူရာ၌ ဒေါသကြောင့် ဖြစ်၏။

ဋီကာကျော်။ ။"နီတိကျမ်း အဆိုအရ ရှင်ဘုရင်က ပြစ်မှုကျူးလွန်သူကို နှိပ်ကွပ်သောအားဖြင့် ဒဏ်ငွေ ယူရာ, (ပုဏ္ဏားတို့အား မြက် ထင်း စသည်တို့ကို လွပ်လွပ်လပ်လပ် တောအရပ်၌ ယူခွင့်ပေးထားသည့် အတွက် အခွင့်မရသော ဥစ္စာကိုပင်) ကိုယ်ပိုင်ထင်၍ ပုဏ္ဏားတို့ ယူကြရာ, ကံ ကံ၏အကျိုးကို မယုံကြည်သူ တို့ ယူကြရာ၌ အဒိန္နာဒါနသည် အမှန်မသိမှု မောဟကြောင့် ဖြစ်၏"ဟု ဖွင့်၏၊ ထိုအဖွင့်မှာ ကျမ်းဆရာ၏ အာဘော်လည်း မဟုတ်, ထိုကဲ့သို့ ယူကြရာ၌ ယူတုန်းအခိုက်မှာ ဒေါသ လောဘ တစ်ခုခုယှဉ်၍ ပါမည်သာ တည်း၊ ထို့ပြင် တကယ့်ကို ပိုင်ဆိုင်သည် ထင်၍ ပုဏ္ဏားတို့ ယူရာ၌ အဒိန္နာဒါနလည်း မဖြစ်နိုင်၊ ပရိယာယ် မာယာဖြင့် ယူလျှင် လောဘကြောင့်ပင် ဖြစ်၏။

မုသာဝါဒစသည်။ ။မုသာဝါဒလည်း တရားဆိုင်ရာ စသည်တို့၌ တစ်စုံတစ်ခု ရလို၍ လိမ်လျှင် လောဘ ကြောင့် ဖြစ်၏, တစ်ဖက်သားကို နစ်နာစေလိုသော စိတ်ဖြင့် လိမ်လျှင် ဒေါသကြောင့် ဖြစ်၏၊ ပိသုဏဝါစာ လည်း မိမိကို ချစ်စေလို၍ ရန်တိုက်လျှင် လောဘကြောင့် ဖြစ်၏၊ ထိုသူနှစ်ယောက် ကွဲစေလို၍ ရန်တိုက် လျှင် ဒေါသကြောင့် ဖြစ်၏၊ သမ္ဖပ္ပလာပလည်း ပစ္စည်းကို ရလို၍ ပြောဆို ရေးသားလျှင်,သို့မဟုတ် မမှန်သော အကြောင်းအရာကိုပင် သာယာနှစ်သက်၍ ပြောဆိုရေးသားလျှင် လောဘကြောင့် ဖြစ်၏၊ ကွက်စိပ် ပြောနေ ရာ၌ တစ်စုံတစ်ယောက်က နှောင့်ယှက်လာ၍ စိတ်ဆိုးဆိုးနှင့် ပြောရလျှင် ဒေါသကြောင့် ဖြစ်၏။

မောဟအမြဲပါ။ ။ဤ ကမ္မပထတို့ ဖြစ်ရာ၌ မောဟမူလလည်း အမြဲပါ၏၊ သို့သော် မောဟက အားလုံးနှင့် ဆက်ဆံသောကြောင့် မပြတော့ဘဲ, အသာဓာရဏနည်းအားဖြင့် သီးခြားရထိုက်သော လောဘ ဒေါသတို့ကို သာ ပြသည်၊ထို့ပြင်-တရားကိုယ်ဓမ္မအားဖြင့်လည်းကောင်း, ကောဋ္ဌာသအာရုံ ဝေဒနာအားဖြင့်လည်းကောင်း ခွဲခြားနည်း ရှိသေး၏၊ အဋ္ဌသာလိနီ ဒွါရကထာ၌ ထင်ရှားစွာ ပြလျက် ရှိပြီးဖြစ်သောကြောင့် ထို၌ ရှုကြပါလေ။

ကာမကုသိုလ်ကံအပြား

ကာမာဝစရကုသလံပိ ကာယဒွါရေပဝတ္တံ ကာယကမ္မံ ဝစီဒွါရေ ပဝတ္တံ ဝစီကမ္မံ မနောဒွါရေ ပဝတ္တံ မနောကမ္မေဉ္စတိ ကမ္မဒွါရဝသေန တိဝိဓံ ဟောတိ၊ တထာ ဒါနသီလဘာဝနာဝသေန၊ စိတ္တုပ္ပာဒဝသေန ပနေတံ အဋ္ဌဝိဓံ ဟောတိ၊ ဒါနသီလဘာဝနာ အပစာယနဝေယျဝစ္စပတ္တိဒါနပတ္တာနုမောဒနဓမ္မဿဝနဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မဝသေန ဒသဝိဓံ ဟောတိ။

ကာမာဝစရကုသိုလ်ကံ။ ။"ကာမာဝစရကုသလံပိ ၊ပေ၊ တိဝိဓံ ဟောတိ" ဟူသော ဝါကျဝယ် ကာမာ ဝစရကုသလံပိ၌ အပိသဒ္ဒါသည် ဆိုအပ်ပြီးသော အကုသိုလ်ကံကို ပြန်၍ ပေါင်းသော သမ္ပိဏ္ဍနတည်း၊ "ဆိုအပ်ခဲ့ပြီးသော အကုသိုလ်ကံသာ ကာယကံ ဝစီကံ မနောကံဟု သုံးမျိုးပြားသည်မဟုတ်၊ ဤကာမာဝစရ ကုသိုလ်ကံလည်း သုံးမျိုးပြားသည်" ဟူလို၊ ထိုအားလုံးကို အခြေပြုသင်္ဂြိုဟ်၌ ပြထားပြီ။

ကာယကံစသည်ခေါ်ပုံ။ ။ဤ၌ "ကာယဒွါရေ ပဝတ္တံ ကာယကမ္မံ" စသည်ဖြင့် ဆိုသော်လည်း ကာယ ဒွါရနှင့်ဆိုင်သော မကောင်းမှုမှ ရှောင့်ကြဉ်သည့့်အတွက် "ကာယကံ"ဟု ခေါ်သည်၊ စဉ်းစားပါလော့-သူ့ အသက်ကို သတ်ခွင့်ကြုံလာတဲ့အခါ "မသတ်ပါဘူး"ဟု ရှောင်ကြဉ်မှုစေတနာသည် ကာယဝိညတ်ဟူသော ကာယဒွါရ၌ ဖြစ်သည် မဟုတ်, ဝိညတ်မပါဘဲ မနောဒွါရမှာပင် ဖြစ်၏၊ သို့သော် ကာယကံ မကောင်းမှုဖြစ် သော ပါဏာတိပါတမှ ရှောင်ကြဉ်သောကြောင့် ရှောင်ကြဉ်မှုစေတနာကိုလည်း ကာယကံ (ကာယဒွါရနှင့် သက်ဆိုင်သောအမှု)ဟု ခေါ်ရတော့၏၊ ဝစီကံများ၌လည်း ဤသဘောသွားကို စဉ်းစားကြပါ၊ တစ်ခါတစ်ရံ၌ ကား သူ့အသက်ကို မသတ်တော့ပါဘူးဟု သဘောထား၍ ရှောင်သွား၏၊ ထိုအခါ ကာယဝိညတ်လည်း ပါဝင်နိုင်၏၊ ထို့အတူ ဝစီဝိညတ်ပါဝင်နိုင်သော အရာများလည်း ရှိပေသည်။

တံတံဒွါရိကမေဝါဟု, တံတံဒွါရိကပါပတော၊ ဝိရာမဏဿ ဝိညတ္တိံ, ဝိနာ ဝါ သဟ ဝါ ပုန၊-နာမရူပပရိစ္ဆေဒ ။

ကာယကံ ဝစီကံအစစ် ဖြစ်ပုံ။ ။တချို့အရာ၌ကား တကယ့် ကာယကံ ဝစီကံကုသိုလ်များလည်း ရှိ၏၊ ဒါနပြုရာ၌ ကိုယ်ထိလက်ရောက် လှူဒါန်းလျှင် ကာယဝိညတ် ပါသောကြောင့် ကာယကံဒါန ဖြစ်၏၊ "ဤပစ္စည်းကို လှူဒါန်းပါ၏" ဟု နှုတ်ဖြင့် လျှောက်ထား၍ လှူလျှင် ဝစီဝိညတ် ပါသောကြောင့် ဝစီကံ ကုသိုလ်ဖြစ်၏၊ ဤသို့စသည်ဖြင့် ကာယကံ ဝစီကံအစစ်လည်း ရှိပေသည်သာ။

ဝိရတိနာမည်။ ။ဤကုသလကမ္မပထ နာမည်တပ်ရာ၌"ပါဏာတိပါတ ဝေရမဏိ, အဒိန္နာဒါန ဝေရမဏိ"

စသည်ဖြင့် ရှေ့(၇)ပါးကို နာမည်တပ်ကြသည်မှာ "ဝေရမဏိ"ဟူသော နာမည်အသုံးအနှုန်းက ရိုးရာမဟုတ်သည့်ပြင် "ပါဏာတိပါတာဒီဟိ ဝိရတိယော အနဘိဇ္ဈာအဗျာပါဒသမ္မာဒိဋ္ဌိယော စာတိ ဣမေ ဒသကုသလ ကမ္မပထာ နာမ" ဟူသော အဋ္ဌသာလိနီနှင့်လည်း မညီသောကြောင့် "ပါဏာတိပါတဝိရတိ" စသည်ဖြင့် အခြေပြု၌ နာမည်တပ်ခဲ့သည်။

ဒါနသီလဘာဝနာဝသေန။ ။ကုသိုလ်ကမ္မပထအရာဝယ် ပါဏာတိပါတဝိရတိစသော(၁၀)ပါးဖြင့် မစုံသေး၊ ဒါန သီလစသောအားဖြင့် ကမ္မပထမြောက်သော ကုသိုလ်တွေ များစွာရှိသေး၏၊ ထို့ကြောင့် ထိုထို ကုသိုလ် များကို ပြလိုသေး၍ "တထာ ဒါနသီလဘာဝနာသေန"ဟု မိန့်ရပြန်သည်၊ ကုသိုလ်အရာဝယ် အိပ်မက်၌ဖြစ် သော ဇောစေတနာ, ပဉ္စဒွါရဝီထိ၌ဖြစ်သော ဇောစေတနာ, မရဏာသန္နဝီထိ၌ဖြစ်သော ဇောစေတနာ၊ ဤစေတနာများမှတစ်ပါး အခြားသော ကုသိုလ်စေတနာတွေမှာ အင်္ဂါညီ/မညီ စိစစ်ဖွယ်မလို, အားလုံးကမ္မ ပထမြောက်သည်ဟု ဆိုသည်၊ သို့သော် ပဋိသန္ဓေအကျိုးကိုကား အတော်ထက်သန်သော ကုသိုလ်ကံနှင့် အထောက်အပံ့ အကူအညီကောင်းကို ရသော ကံကလေးများသာ ပေးစွမ်းနိုင်လိမ့်မည်။

ဒါန။ ။ဒါနသည် စေတနာဒါန, ဝတ္ထုဒါနဟု နှစ်မျိုးရှိ၏၊ ဒီယတိ ဧတေနာတိ ဒါနံ၊ ဧတေန-ဤစေတနာ ဖြင့်၊ ဒီယတိ-ပေးလှူအပ်၏၊ ဣတိ-ထိုသို့ ပေးလှူကြောင်း၏ အဖြစ်ကြောင့်၊ တံ-ထိုဒါနစေတနာသည်၊ ဒါနံ- ဒါနမည်၏၊ ဤစကားအရ ပေးလှူကြောင်းဖြစ်သော စေတနာကို "ဒါန"ဟု ခေါ်၏၊ ဒါတဗ္ဗံတိ ဒါနံ၊ ဒါတဗ္ဗံ-ပေး လှူသင့် ပေးလှူထိုက်၏၊ ဣတိ-ကြောင့်၊ ဒါနံ-ဒါနမည်၏၊ ဤစကားအရ စွန့်ကြဲပေးကမ်း လှူဒါန်းဖွယ် ပစ္စည်းဝတ္ထုများကို ဝတ္ထုဒါနဟု ခေါ်၏၊ ထိုနှစ်မျိုးတွင် ဤအရာ၌ စေတနာဒါနကို ဒါနဟု ဆိုလိုသည်၊ ထိုဒါန စေတနာသည် ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာဟု (၃)မျိုးရှိ၏၊ ထိုတွင် လှူဒါန်းပေးကမ်းမည်ဟု ကြံစည်သည်မှစ၍, တစ်နည်း-လှူဖွယ်ဝတ္ထု မရှိသေးလျှင် လှူဖွယ်ဝတ္ထုကို ရှာဖွေစုဆောင်းသည်မှစ၍ မစွန့်လွှတ် မလှူဒါန်းမီ ရှေ့အဖို့၌ ဒါနနှင့်ဆက်သွယ်၍ သိန်းသန်းကုဋေမက ဖြစ်ဖြစ်သမျှ စေတနာတွေသည် ပုဗ္ဗစေတနာမည်၏၊ [ရှေ့အဖို့မှာ ဖြစ်သော်လည်း ဒါနကိစ္စနှင့် မဆက်သွယ်ဘဲ အလွတ်ကိစ္စအတွက် ဖြစ်ရ သောစေတနာတွေကို "ပုဗ္ဗစေတနာ"ဟု မခေါ်ရ၊] စွန့်လွှတ်လှူဒါန်းဆဲ ("ဒေမိ-လှူပါ၏"ဟု လျှာက်တုန်း, ဆက်ကပ်ပေးကမ်းနေတုန်း) အခိုက်မှာဖြစ်သော စေတနာသည် မုဉ္စစေတနာ မည်၏၊ သန္နိဋ္ဌာနစေတနာ ဟုလည်း ခေါ်၏၊ စွန့်ကြဲပေးကမ်း လှူဒါန်းပြီးနောက် ထို ဒါနကို

သတိရတိုင်း ဝမ်းသာအားရဖြစ်သော စေတနာသည် အပရစေတနာ မည်၏၊ ထိုပုဗ္ဗအပရစေတနာများလည်း ပဋိသန္ဓေကျိုး ေ ပးနိုင်ကြ၏၊ ထို့ကြောင့်...

ဧကပုပ္ဖံ ယဇိတွာန, အသီတိကပ္ပကောဋီယော၊ ဒုဂ္ဂတိံ နာဘိဇာနာမိ, ဧကပုပ္ဖဿိ ဖလံ။

စသည်ဖြင့် ပန်းတစ်ပွင့် လှူမှု, (ဥပုသ်တစ်ကြိမ်စောင့်မှု) စသော ကောင်းမှုကြောင့် ဘဝများစွာ၌ ဒုဂ္ဂတိသို့ မလားရဘဲ နိဗ္ဗာန်တိုင်အောင် ရောက်ရကြောင်း လာရှိရာဝယ် လူ့ပြည် နတ်ပြည်၌ အကြိမ်များစွာ ဖြစ်နိုင်ကြသည်မှာ ထိုပုဗ္ဗ အပရစေတနာများစွာတို့က ပဋိသန္ဓေကျိုးကို ပေးကြသည့်ပြင်, ထိုပန်းလှူမှုစသော ကုသိုလ် ကို အခြေခံ၍ သုဂတိဘဝ၌ ဖြစ်ရသည့်အခါ ထိုဘဝ၌ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရခြင်းစသော အထောက်အပံ့ဖြင့် အဆင့်ဆင့် ကုသိုလ်ပွားသောကြောင့်၊ ဖြစ်သည်ဟု မှတ်ပါ။ [ဧကပုပ္ဖံ-ပန်းတစ်ပွင့်ကို၊ ယဇိတွာန-ပူဇော်ခဲ့ခြင်းကြောင့်၊ အသီတိကပ္ပကောဋိယော-ကုဋေရှစ်ဆယ်သော အာယုကပ်တို့ ပတ်လုံး၊ ဝါ- ကုဋေရှစ်ဆယ်သော ဘဝတို့ပတ်လုံး၊ ဒုဂ္ဂတိံ-ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ-မသိခဲ့ရဘူးပေ၊ ဣဒံ-ဤအကျိုးသည်၊ ဧကပုပ္ဖဿ-ပန်းတစ်ပွင့် လှူမှု၏၊ ဖလံ-အကျိုးပေတည်း။]

တစ်နည်း ဒါနအပြား။ ။ဟီနဒါန (အယုတ်အညံ့ ဒါန), မဇ္ဈိမဒါန (အလယ်အလတ် ဒါန) ပဏီတဒါန (အထက်တန်း အမြတ်ဒါန)ဟု သုံးမျိုးပြားပြန်၏။ ထိုတွင် ဆန္ဒ စိတ် ဝီရိယ ပညာတို့ ခပ်ညံ့ညံ့ဖြင့် ပြုရသော ဒါနသည် ဟီနဒါနမည်၏၊ ဆန္ဒစသည်တို့က အလတ်တန်းဖြစ်လျှင် မဇ္ဈိမဒါနမည်၏၊ ဆန္ဒစသည်တို့က ထက်ထက်သန်သန် ဖြစ်လျှင် ပဏီတဒါန မည်၏၊... တစ်နည်း–အခြံအရံ အကျော်အစောကို လိုလား၍ (ကျောင်းဒကာ ဘုရာဒကာ အလှူ့ဒကာစသော ဂုဏ်သတင်းကို လိုလား၍) ပြုအပ်သောဒါနသည် ဟီနဒါန တည်း၊ ကောင်းမှုအကျိုးကို ရလို၍ ပြုအပ်သောဒါနသည် မဇ္ဈိမဒါနတည်း၊ အကျိုးကို မမြှော်ဘဲ "ဒါနဆိုတာ သူတော်ကောင်း မှန်လျှင် ဧကန်ပြုရမည့် လုပ်ငန်းတည်း" ဟု သဘောထား၍ ပြုလျှင် ပဏီတ ဖြစ်၏။

တစ်နည်း –မိမိကို မြှောက်၍ သူတစ်ပါးကို နှိပ်ချလိုသော စိတ်မျိုးမကင်းသော ဒါနသည် ဟီနတည်း၊ ထို ကဲ့သို့စိတ်မျိုးကင်း၍ လောကီချမ်းသာကို တောင့်တလျှင် မဇ္ဈိမတည်း၊ မဂ် ဖိုလ်ချမ်းသာကို တောင့်တလျှင် ပဏီတတည်း၊... တစ်နည်း–ဘဝစည်းစိမ်ကို တောင့်တလျှင် ဟီနတည်း၊ မိမိ၏ သံသရာမှ လွတ်မြောက်ရေး ကို မျှော်လျှင် မဇ္ဈိမတည်း၊ သတ္တဝါအပေါင်း၏ လွတ်မြောက်ရေးအတွက် ဘုရားအလောင်းတော်တို့၏ ဒါန ပါရမီသာ အမြတ်ဆုံး ပဏီတဒါန ဖြစ်သည်၊

ဤကား တစ်မျိုးထက်တစ်မျိုး အဆင့်ဆင့် သာလွန်ပုံကိုပြသော နည်းအမျိုးမျိုးတည်း၊ ပဏီတဒါနဖြစ်အောင် ထူထောင်ကြပါကုန်၊ ကြွင်းသော သီလ ဘာဝနာ စသည်တို့၌လည်း ထိုက်သင့်သလို ဤနည်းများဖြင့် ခွဲခြား ဝေဖန်ပါ။

သီလ။ ။သီလယတိ ကာယဝစီကမ္မာနိ သမ္မာ ဒဟတီတိ သီလံ၊ ကာယဝစီကမ္မာနိ-ကိုယ်မှု နှုတ်မှုတို့ကို၊ သီလယတိ သမ္မာ ဒဟတိ-ကောင်းစွာ ထားတတ်၏၊ ဣတိ-ထို့ကြောင့်၊ သီလံ-သီလမည်၏၊... အကုသိုလ် မဖြစ်ရအောင် ကိုယ်မှုနှုတ်မှုတို့ကို ကောင်းစွာထားတတ်သော စေတနာသည် သီလမည်၏၊ [ဒါန သီလ စေတနာတို့သည် ရဟန္တာတို့ သန္တာန်မှာလည်း ရှိထိုက်၏၊ သို့သော် ကုသိုလ်ကောင်းမှု ပုညကြိယာဝတ္ထုကို ပြသောအရာဖြစ်၍ ကုသိုလ်စေတနာကိုသာ ယူ၊ နောက်ဘာဝနာ စသည်တို့၌လည်း ဤနည်းပင်တည်း၊] ထိုသီလသည် ဘိက္ခုသီလ ဘိက္ခုနီသီလ သာမဏေသီလ ဂဟဋ္ဌသီလဟု (၄)မျိုးပြား၏၊ ထိုတွင် ဘိက္ခုပါတိ မောက်၌ ပြအပ်သောသီလသည် ဘိက္ခုသီလ မည်၏၊ ဘိက္ခုနီပါတိမောက်၌ ပြအပ်သောသီလသည် ဘိက္ခုနီသီလ မည်၏၊ ထိုသီလများကို သီးခြား ဆောက်တည်ဖွယ် မလိုပါ၊ သိမ်အတွင်းဝယ် ကမ္မဝါစာကို ပီပြင်စွာ ရွတ်ဖတ်ပြီးသည့် အဆုံး၌ ထိုသီလများ တည်ပြီး ဖြစ်တော့၏၊ ဘိက္ခု ဘိက္ခုနီတို့ အမြဲစောင့်စည်း ရမည့် နိစ္စသီလများတည်း၊ ပါရာဇိကကျသည့် အခါ၌ဖြစ်စေ, သိက္ခာချသည့်အခါ၌ ဖြစ်စေ, ထိုကမ္မဝါစာ၏ အရှိန်အဝါသည် ပျက်တော့၏၊ သီလအားလုံး ကင်းလေပြီ၊ ဘိက္ခု ဘိက္ခုနီဟု ဝန်ခံနေလျှင် (ရဟန်းအသွင် ကို မစွန့်လျှင်) ဒုဿီလပုဂ္ဂိုလ်(သီလမရှိသောပုဂ္ဂိုလ်)မည်၏၊ ပါရာဇိကမှတစ်ပါး အခြားသိက္ခာပုဒ်များတွင် တစ်ပါးပါးကို ကျူးလွန်မိက ဝိနည်းထုံးစံအရ ကုစားရ၏, မကုစားလျှင် အလဇ္ဇီပုဂ္ဂိုလ် (အရှက်မရှိသော ပုဂ္ဂိုလ်) မည်၏။

သာမဏေသီလ။ ။သာမဏေများ၌ သရဏဂုံဆောက်တည်လျှင် ဆိုင်ရာ သီလများလည်း ဆောက် တည်ပြီး ဖြစ်၏၊ သရဏဂုံ ဆောက်တည်ပြီးနောက် "ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" စသည်ဖြင့် တမင်ဆောက်တည်ဖွယ် မလို၊ ယခုအခါ၌ "ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" စသည်ဖြင့် ဆက်လက်ဆိုကြသည်မှာ (၁၀)ပါးသီလကို နားလည်အောင် သရုပ်ရေတွက်ခြင်းသာတည်း၊ ထို့ကြောင့် အချို့အရပ်၌ "သိက္ခာပဒံ သမာဒိယာမိ" မထည့်ဘဲ "ပါဏာတိပါတာ ဝေရမဏိ=ပါဏာတိပါတမှ ရှောင်ကြဉ်မှုက-၁, အဒိန္နဒါနာ ဝေရမဏိ=အဒိန္နဒါနမှ ရှောင်ကြဉ်မှုက-၁" စသည်ဖြင့် ဆိုကြပေသည်၊ ဝိနည်းမဟာဝါ ပဗ္ဗဇ္ဇခန္ဓက၌ကား "အနုဇာနာမိ ဘိက္ခဝေ သာမဏေရာနံ ဒသ သိက္ခာပဒါနိ, တေသု စ သာမဏေရေဟိ သိက္ခိတုံ၊

ပါဏာတိပါတာ ဝေရမဏိံ ၊ပေ၊ ဇာတရူပရဇတပဋိဂ္ဂဟဏာ ဝေရမဏိံ" ဟူသော ပါဠိကို သင်ပေးရမည်ဟု လာ၏၊ ထို (၁၀)ပါးသီလတွင် လိန်ကျမှုနှင့်ဆိုင်သော သီလတစ်ပါးပါး ပျက်က အားလုံးသီလများ ပျက်တော့ ၏၊ အသစ်ထပ်၍ သရဏဂုံ ယူရသည်၊ သရဏဂုံကို မယူဘဲ ထိုပျက်မြဲအတိုင်း သင်္ကန်းဝတ်လျက် သာမဏေ အဖြစ်ကို ဝန်ခံနေလျှင် ဒုဿီလသာမဏေ မည်၏၊ အခြားသီလများပျက်လျှင် သဲဒဏ် ရေဒဏ်စသည်ကို ထမ်းဆောင်၍ ကုစားရ၏, မကုစားလျှင် အလဇ္ဇီသာမဏေ မည်၏၊ သာမဏေများ၌ (၁၀)ပါးသီလသာမက ပါတိမောက်၌ လာသော အချို့သီလကို ကျူးလွန်လျှင်လည်း ဒဏ်ထိုက်သေး၏၊ ဤသီလများသည် သာမဏေတို့ အမြဲစောင့်ထိန်းရမည့်ထိန်းရမည့် နိစ္စသီလများတည်း။

ဂဟဋ္ဌသီလ။ ။အိမ်၌တည်သူ လူဝတ်ကြောင်များကို "ဂဟဋ္ဌ"ဟု ခေါ်၏၊ ဂဟ-အိမ်၌၊ တိဋ္ဌတိ-တည်နေ တတ်၏၊ ဣတိ-ကြောင့်၊ ဂဟဋ္ဌော-ဂဟဋ္ဌမည်၏၊ ထိုဂဟဋ္ဌများ၌ ငါးပါးသီလသည် နိစ္စသီလတည်း၊ သရဏဂုံ ဆောက်တည်ထားလျှင် သရဏဂုံတည်သူသာ မည်၏, သီလရှိသူ မဟုတ်သေး၊ ထို့ကြောင့် လူတို့မှာ ဆိုင်ရာ သီလကို သီးခြား ဆောက်တည်ရဦးမည်၊ ထိုသို့ ဆောက်တည်ရာ၌ "ပဉ္စသိက္ခာပဒံ သမာဒိယာမိ" ဟု တပေါင်းတည်း ဆောက်တည်ထားလျှင် တစ်ပါးပျက်က ငါးပါးလုံးပင် ပျက်၏၊ "ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ" စသည်ဖြင့် တစ်ပါးစီ ခွဲ၍ ဆောက်တည်ထားရာ၌ တစ်ပါးကို ကျူးလွန်လျှင် တစ်ပါး သာ ပျက်၏၊ ထိုပျက်သောသီလကို ထပ်၍ ဆောက်တည်လျှင် ပြီး၏၊ ရက်အပိုင်းအခြား လအပိုင်းအခြားဖြင့် "ရက်ပေါင်း မည်မျှ စောင့်ထိန်းပါမည်, သို့မဟုတ် မည်သည့်အချိန်ကျအောင် စောင့်ထိန်းမည်" ဟု ကာလကို ပိုင်းခြားထားလျှင် ထိုအချိန်စေ့က ဆောက်တည်ခြင်း ကိစ္စ ပျက်ပြယ်တော့၏၊ အလိုရှိက ထပ်၍ ဆောက် တည်ရမည်၊ သို့သော် နိစ္စသီလဆိုသည်မှာ မစောင့်ထိန်းလျှင် (ဆောက်တည်သည်ဖြစ်စေ, မဆောက်တည်သည်ဖြစ်စေ) အပြစ်ရှိ၏၊ မိမိတို့ဆိုင်ရာ နိစ္စသီလကို ဧကန်စောင့်ထိန်းမှသာ အပြစ်လွတ်ကင်းလျက် ထိုက် သင့်သော အကျိုးကို ရသည်၊ ထို့ကြောင့် ငါးပါးသီလကို နှုတ်ဖြင့် ဆောက်တည်ရိုး မရှိသူတို့၌ မဆောက် တည်ဘဲ စောင့်စည်းနေလျှင်လည်း အပြစ်ကင်း၍ အကျိုးရှိသည်သာ၊ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကဲ့သို့ ဆောက်တည်ထားမှုကား ဆောက်တည်ထားမှု စေတနာအတွက် အကျိုး ပိုလွန်သည်ဟု ဆိုရပေမည်။

ဥပုသ်သီလ။ ။ရှစ်ပါးသီလသည် လူတို့၏ ဥပုသ်သီလမည်၏၊ ထိုဥပုသ်သီလကို ဥပုသ်နေ့၌သာ မဟုတ်, အခြားရက်များ၌လည်း တတ်အားသမျှ စောင့်သုံး

ကောင်း၏၊ အချို့က "လူတို့သည် (၁၀)ပါးသီလ မစောင့်ကောင်း"ဟု ဆိုကြ၏၊ စောင့်ကောင်းကြောင်းကို ပရမတ္ထသရူပဘေဒနီကျမ်း ကမ္မဋ္ဌာန်းပိုင်း၌ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားပြီ၊ ထို့ပြင် "လူဝတ်ကြောင်မဟုတ်သော ရသေ့သူတော်စင် သီလရှင်တို့မှာ (၁၀)ပါးသီလကို နိစ္စသီလအဖြစ်စောင့်မှသာ အပြစ်လွတ်ကင်းမည်၊ (၁၀)ပါးသီလကို မစောင့်ဘဲ (၈)ပါးသီလကို စောင့်သုံးက အဝတ်နှင့် မလျှော်သော ကြောင့် အပြစ်မကင်းကြောင်းကို" အချို့ဆိုကြ၏၊ ဤအရာဝယ် အပြစ်မကင်းကြောင်း ယုတ္တိသာဓက ပြနိုင်မှ သာလျှင် ထိုကဲ့သို့ လိုက်နာမှတ်ယူ နိုင်ကြမည်၊ သဘောယုတ္တိကို ချိန်ဆရလျှင် ယခုကာလ သီလရှင်တို့မှာ (၈)ပါးသီလကို အမြဲစောင့်သုံးသည်ဟု အများက အသိအမှတ်ပြုထား၏၊ ထိုအဝတ်က (၈)ပါးသီလ၏ အရှင်ဖြစ်ကြောင်းကို သက်သေပြ၏၊ ထို့ကြောင့် (၈)ပါးသီလကို နိစ္စသီလအဖြစ်ဖြင့် စောင့်သုံး၍နေလျှင်ပင် အများထင်မြင်ချက်နှင့် ညီညွတ်လျက် ရှိနေသောကြောင့် (၁၀)ပါးသီလကို မစောင့်သည့်အတွက် ယခု ကာလ ရသေ့သူတော်စင် သီလရှင်တို့၌ အပြစ်မရှိထိုက်ပေ၊ သို့သော် (၁၀)ပါးသီလကို ထာဝရ စောင့်သုံးနိုင် ကြပါမူကား ရှေးရှေး သူတော်ကောင်းတို့၏ ထုံးကို လုံးလုံး လိုက်နာရာကျသဖြင့် အကျိုးပိုလွန်၍ ရရှိကြ ပေမည်။

စာရိတ္တသီလ ဝါရိတ္တသ်ီလ။ ။အချုပ်အားဖြင့် စာရိတ္တသီလ ဝါရိတ္တသီလဟု သီလနှစ်မျိုး ရှိ၏၊ ထိုတွင် မျိုးရိုး ထုံးစံအတိုင်း ကောင်းသောအကျင့် ဟူသမျှနှင့် ဝိနည်း ခန္ဓက၌လာသော (မကျင့်လျှင် အာပတ်မသင့်, ကျင့်လျှင် အကျိုးရသော) ကျင့်ဝတ်များသည် စာရိတ္တသီလ မည်၏၊ ထိုစာရိတ္တသ်ီလသည် တတ်သိနားလည် ၍ ကျင့်နိုင်လျှင် အထူးအကျိုးရှိ၏၊ မသိနားမလည်၍ မကျင့်သော်လည်း (အကဲ့ရဲ့ခံရရုံမှတစ်ပါး) အပြစ်မကြီး လှချေ၊ မပြု မကျင့်လျှင် မစောင့်စည်းလျှင် အပြစ်ရမည်ဖြစ်သော နိစ္စသီလတွေသည် ဝါရိတ္တသီလ မည်၏၊ ဤသီလများကို စောင့်စည်းရုံဖြင့် မလုံခြုံနိုင်သေးချေ၊ ဘာဝနာကမ္မဋ္ဌာန်းဖြင့် ငြိမ်သက်အောင် စောင့်ရပေ မည်။

ဘာဝနာ။ ။ဘာဝေတိ ဥပ္ပာဒေတိ ဝဍ္ဎေတီတိ ဘာဝနာ၊ အဓိကုသလံ-လွန်ကဲမြင့်မြတ်သော ကုသိုလ် စိတ်ကို၊ ဘာဝေတိ ဥပ္ပာဒေတိ-စ၍ဖြစ်စေတတ်၏၊ ဘာဝေတိ ဝဍ္ဎတိ- တိုးတက်ပွားများစေတတ်၏၊ ဣတိ- ထို့ကြောင့်၊ ဘာဝနာ-ဘာဝနာ မည်၏၊...ကမ္မဋ္ဌာန်းပိုင်း၌ လာမည့် သမထဘာဝနာ, ဝိပဿနာဘာဝနာနှစ်ပါး ကို ဘာဝနာဟု ခေါ်၏၊ [ဘာဝနံ၌ ဘူဓာတ် ကာရိတ်ဏေပစ္စည်း ကျေ, ယုပစ္စည်းတည်း၊ ဘာဝနာက်ို အားထုတ်တဲ့အခါ အစဆုံး ဖြစ်ပေါ်မှုကို ရည်ရွယ်၍

ဘာဝေတိ ဥပ္ပာဒေတိဟု ဖွင့်ပြသည်၊ ထို့နောက် အထပ်ထပ် ကုသိုလ်စိတ်တွေ တိုးတက်ပွားများစေမှုကို ရည်ရွယ်၍ "ဘာဝေတိ ဝဍ္ဎတိ"ဟု ဖွင့်ပြသည်၊] ဤ၌ ကာမကုသိုလ်ကို ပြသောအရာဖြစ်၍ ဘာဝနာအရ ထိုဘာဝနာနှစ်မျိုးကို စီးဖြန်းတဲ့အခါ အပ္ပနာသို့ မရောက်မီ ရှေ့အဖို့၌ဖြစ်သော ကာမာဝစရကုသိုလ်ဘာဝနာ ကိုသာ ယူ၊ အပြစ်မရှိသော အတတ်ပညာနှင့် စာပေ ပရိယတ်တို့ကို စဉ်းစားကြံစည်မှုကိုလည်း ဤဘာဝနာ၌ သွင်းယူကြသေး၏။

အပစာယန။ ။အပစာယန္တိ ဧတေနာတိ အပစာယနံ၊ ဧတေန-ဤကာမကုသိုလ်စေတနာဖြင့်၊ အပစာ ယန္တိ-ရိုသေလေးမြတ်ကြကုန်၏၊ ဣတိ-ကြောင့်၊ တံ-ထိုစေတနာသည်၊ အပစာယနံ-အပစာယနမည်၏၊ မိဘ, ဆရာသမား, တရားစောင့်သော ရဟန်းသံဃာ, ဂုဏ် အသက် သိက္ခာအားဖြင့် မိမိထက် ကြီးသူမြင့်မြတ်သူ ကို ခရီးဦးကြိုဆိုမှု လက်အုပ်ချီမှု ရှိခိုးဝပ်ချမှုစသော အမျိုးမျိုးသော ရိုသေမှုများကို (တစ်စုံတစ်ခုသော လာဘ်လာဘ အကျော်အစောကို မလိုလားဘဲ) ရိုးရိုးသားသား ပြုခြင်းသည် အပစာယန မည်၏။

ဝေယျာဝစ္စ။ ။ဗျာဝဋဿ ဘာဝေါ ဝေယျာဝစ္စံ၊ ဗျာဝဋဿ-ကြောင့်ကြစိုက်သူ၏၊ ဘာဝေါ-ဖြစ်ကြောင်းသည်၊ ဝေယျာဝစ္စံ-ဝေယျာဝစ္စ မည်၏၊ ပြခဲ့သော မိဘစသည်တို့နှင့်ဂိလာနပုဂ္ဂိုလ်, အခြားမိတ်ဆွေသူငယ် ချင်း, သီတင်းသုံးဖော်တို့၏ အပြစ်ကင်းသော ကိစ္စလုပ်ငန်း၌ (တစ်စုံတစ်ခုအကျိုးကို မတောင်းတဘဲ ရိုးသားသောစိတ်ဖြင့်) ကူညီဆောင်ရွက်ကြောင်းစေတနာသည် ဝေယျာဝစ္စမည်၏။

ပတ္တိဒါန။ ။ပတ္တဗ္ဗာ-ရောက်အပ် ရအပ်၏၊ ဣတိ-ကြောင့်၊ ပတ္တိ-ပတ္တိမည်၏၊ ပတ္တိယာ-ရောက်အပ် ရအပ် သော ကုသိုလ်ကို၊ ဒါနံ-အမျှပေးဝေခြင်းသည်၊ ပတ္တိဒါနံ-ပတ္တိဒါနမည်၏၊ ရှေးဦးစွာ တစ်စုံတစ်ခုသောပစ္စည်း ကို လှူဒါန်း၏, ထိုလှူဒါန်းကြောင်း ဒါနစေတနာသည် အလှူ့ရှင်၌ ရောက်အပ် ရအပ်သောကြောင့် ပတ္တိ မည်၏၊ ထိုရအပ်သော ကုသိုလ်အဖို့ကို တစ်ယောက်ယောက်အား ဖြစ်စေ, သတ္တဝါအားလုံးအား ဖြစ်စေ "မိမိနှင့် အညီအမျှ ကုသိုလ် ရပါစေ" ဟု သဘောထား၍ ဝေငှကြောင်း စေတနာကို ပတ္တိဒါနဟု ခေါ်သည်။ [မိမိနှင့် အညီအမျှ ရပါစေဟု ပေးဝေမှုကြောင့် ယခုကာလ၌ "အမျှဝေ" ဟု ခေါ်၏။]

ဆက်ဦးအံ့ –ဤသို့ မိမိ၏ ကုသိုလ်အဖို့ကို အမျှပေးဝေမှုကြောင့် မူလကုသိုလ်ရှင်မှာ ကုသိုလ် လျော့သွားသည်မဟုတ်, ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းထားရာ၌ အခြားဖယောင်းတိုင်များဖြင့် မီးကူးယူသော်လည်း မူလဖယောင်းတိုင်မှာ မီးအရှိန် မလျော့သည်ပြင် နောက်ထပ် အရောင်အလင်း အကူအညီရသဖြင့် ပို၍လင်းသကဲ့သို့, ထို့အတူ မူလကုသိုလ်ရှင်မှာလည်း ကုသိုလ်အရှိန် မလျော့သည့်ပြင် ပတ္တိဒါနကုသိုလ်ပင် အပိုရသေး၏၊ ဤပတ္တိဒါနကုသိုလ်အရာ၌ ဒါနပြု၍ အမျှဝေမှုသာ အဋ္ဌကထာတို့၌ လာ၏၊ သံဂီတိသုတ် ဋီကာ၌ကား အခြား ကောင်းမှုကို အမျှဝေမှုလည်း ပတ္တိဒါနဖြစ်သည်ဟု ဆိုပါသေးသည်။

ပတ္တာနုမောဒန။ ။ပတ္တိယာ-ပေးဝေအပ်သော ကုသိုလ်အဖို့ကို၊ အနုမောဒနံ-လျော်စွာဝမ်းမြောက် ကြောင်း စေတနာသည်၊ ပတ္တာနုမောဒနံ-ပတ္တာနုမောဒန မည်၏၊ ပရေဟိ ဒိန္နာယ ပတ္တိယာ "သာဓု သုဋ္ဌူ" တိ အနုမောဒနဝသေန ပတ္တဗ္ဘနုမောဒနံ ဝေဒိတဗ္ဗံ-သံဂီတိသုတ် အဋ္ဌကထာ၊...ပရေဟိ ဒိန္နာယ ပတ္တိယာ ဝါ အညာယ ဝါ ပုညကြိယာယ "သာဓု သုဋ္ဌူ" တိ အနုမောဒနဝသေန အဗ္ဘနုမောဒနံ ဝေဒိတဗ္ဗံ-အဋ္ဌသာလိနီ အဋ္ဌကထာ။

ဤအဋ္ဌကထာနှစ်ရပ်တို့ကို သတိချပ်ထိုက်၏၊ သံဂီတိသုတ် အဋ္ဌကထာ၌ ပတ္တဗ္ဘနုမောဒနဟု နာမည်တပ် သောကြောင့် "ပတ္တိယာ+အဗ္ဘနုမောဒန" ဟု ပုဒ်ခွဲ၍ ပတ္တိယာအရ "ပရေဟိ ဒိန္နာယ ပတ္တိယာ" ဟု ဖွင့်၏၊ ဤအလို "အလှူ့ရှင်တို့က အမျှပေးဝေသည်ကို သာဓုခေါ်မှ (ပတ္တာနုမောဒန=ပတ္တဗ္ဘနုမောဒန) ကုသိုလ် ဖြစ်သည်" ဟု သိသာ၏၊ အဋ္ဌသာလိနီ၌ကား နာမည်တပ်ကတည်းက ပတ္တိသဒ္ဒါ မပါ, အနုမောဒနာဟု သာ နာမည်တပ်ထားသည်၊ ထို့ကြောင့် အလှူ့ရှင်တို့ အမျှပေးအပ်သော ဒါနကုသိုလ်ကို ဝမ်းမြောက်မှုကို ရည်ရွယ်၍ "ပရေဟိ ဒိန္နာယ ပတ္တိယာ ဝါ"ဟု ဖွင့်သည်၊ အလှူ့ရှင်တို့က အမျှပေးအပ်သော ဒါနကုသိုလ်နှင့် သီလစောင့်သူ စသည်တို့၏ သီလကုသိုလ်စသည်ကို ဝမ်းမြောက်မှုကို ရည်ရွယ်၍ "အညာယ ဝါ ပုညကြိ ယာယ" ဟု ဖွင့်သည်၊ ထိုတွင် အမျှဝေသည့်အတွက် ဝမ်းမြောက်မှုသည် ပတ္တာနုမောဒန မည်၏၊ အမျှမဝေ ဘဲလျက် ဝမ်းမြောက်မှုကား ပတ္တာနုမောဒန မဟုတ်, အနုမောဒနသာ ဖြစ်သည်-ဟူလို။

သံဂီတိဋီကာ။ ။ပရေဟိ အနုပ္ပဒိန္နတာယ ပတ္တံ အဗ္ဘနုမောဒတိ ဧတေနာတိ ပတ္တဗ္ဘနုမောဒနံ, အနနုပ္ပဒိန္နံ ပန ကေဝလံ အဗ္ဘနုမောဒီယတိ ဧတေနာတိ အဗ္ဘနုမောဒနံ။-သုတ်ပါထေယျ။

ဥဒ္ဒိဿိကပတ္တိ။ ။ပတ္တိသည် ဥဒ္ဒိဿိကပတ္တိ (ပြိတ္တာ ဖြစ်နေသူ တစ်စုံတစ်ယောက်ကို သီးခြားရည်စူး၍ ပေးအပ်သောအဖို့) အနုဒ္ဒိဿိကပတ္တိ (တစ်စုံတစ်ယောက်အတွက် မဟုတ်ဘဲ သတ္တဝါအများကို ပေးအပ် သောအဖို့) ဟု နှစ်မျိုးရှိ၏၊ ထိုတွင် ဥဒ္ဒိဿိကပတ္တိကို ဆိုင်ရာပြိတ္တာတို့က သာဓုခေါ်လျှင် ဒိဋ္ဌဓမ္မကျိုး ရ၏၊ ဘုရားရှင် ပွင့်တော်မူခါစ၌ ဗိမ္ဗိသာရမင်း၏ ဆွေမျိုးဟောင်း ပြိတ္တာတို့သည် ဗိမ္ဗီသာရမင်း၏ ကုသိုလ်ကို သာဓုခေါ်မည်ဟု မျှော်လင့်နေကြရာ, ပထမအကြိမ် ဝေဠုဝန်ကျောင်း ရေစက်ချပွဲမှာ အမျှမဝေမိ၍ သာဓုမခေါ်ရသဖြင့် ညဉ့်ကာလ၌ ကိုယ်ထင်ပြကြလေသည်၊ နံနက်လင်း၍ ဘုရားရှင်အားလျှောက်ရာ ပြိတ္တာတို့၏ ဖြစ်ပုံကို ဟောတော်မူသာကြောင့် ဒုတိယတစ်ဖန် ဆွမ်း စသည်ကိုလှူ၍ အမျှပေးဝေမှ သာဓုခေါ်ကြရသတဲ့၊ အနုဒ္ဒိဿိကပတ္တိကို သာဓုခေါ်ရာ၌ ဒိဋ္ဌဓမ္မအကျိုးပေး သောဝတ္ထုကို မတွေ့ပါ၊ ကုသိုလ်ရှင်က အမျှမပေးအပ်ဘဲ သာဓုခေါ်ရသော အနုမောဒနာကုသိုလ်များလည်း အနုဒ္ဒိဿိကပတ္တိကို သာဓုခေါ်ရသော ပတ္တာနုမောဒနနှင့် အကျိုးပေး ကွာခြားလှမည် မထင်။

ဓမ္မဿဝန။ ။"အင်မတန် တရားနာလေ့ရှိတယ်၊ အလွန်သူတော်ကောင်းတာပဲ" စသည်ဖြင့် သူတစ်ပါး တို့၏ ချီးမွမ်းခြင်းကို မတောင့်တပဲ, အသိအလိမ္မာတိုးပွားစေလို, တစ်ဆင့် ဟောပြောလိုသောစိတ်ဖြင့် တရားနာခြင်းသည် "ဓမ္မဿဝန" မည်၏။

ဓမ္မဒေသနာ။ ။လာဘ သက္ကာရ ယသ သိလောကတို့ကို မတောင့်တပဲ သတ္တဝါအများတို့၏ စီးပွား ချမ်းသာအလို့ငှာ တကယ်ဖြူစင်သော စေတနာဖြင့် ဟောပြမှုသည်သာ ဓမ္မဒေသနာကုသိုလ် မည်၏၊ လှူဖွယ်ပစ္စည်းစုကို လာဘ, ဒကာ ဒကာမတို့က ရိုသေလေးမြတ်မှုကို သက္ကာရ, အခြွေအရံကို ယသ, အကျော်အစော ဂုဏ်သတင်း နာမည်ကြီးခြင်းကို သိလောကဟု ခေါ်၏၊ ထို လာဘ သက္ကာရ စသည်ကို မျှော်၍ ဟောစဉ် တစ်ရံတစ်ခါ စိတ်ကောင်း စေတနာကောင်း ပေါ်လာလျှင် ဓမ္မဒေသနာကုသိုလ် မဖြစ်ဖူးဟု မဆိုလိုပါ။ [အပြစ်ကင်းသော လက်မှုပညာ နှုတ်မှုပညာနှင့် ပိဋကကျမ်းစာ အကြောင်းအရာတို့ကို ဟောပြ ပို့ချမှု နာယူသင်ကြားမှုကိုလည်း ဤဓမ္မဿဝန ဓမ္မဒေသနာ၌ပင် သွင်းယူကြသည်။]

ဒိဋ္ဌိဇုကမ္မ။ ။ဒိဋ္ဌိဟူသည် မှန်မှန်ကန်ကန် သိမြင်တတ်သော ဉာဏ်တည်း၊ ထိုအသိဉာဏ်သည်ပင် ဆိုင်ရာအကြောင်းတရားတို့က ဖြောင့်မှန်အောင် ပြုအပ်သည့်အတွက် ဥဇုကမ္မလည်း မည်၏၊ အတ္တနော-မိမိ ၏၊ ပစ္စယေဟိ-အကြောင်းတရားတို့သည်၊ ဥဇုံ-ဖြောင့်မှန်အောင်၊ ကရီယတိ-ပြုအပ်၏၊ ဣတိ-ထို့ကြောင့်၊ ဥဇု ကမ္မံ-ဥဇုကမ္မမည်၏၊ သတ္တဝါတို့၌ ကံအကျိုးပေး ဆန်းကြယ်ပုံ တစ်ယောက်နှင့် တစ်ယောက် မတူပုံ စသော အကြောင်းများကို ကြံစည်စဉ်းစားသောအခါ အယူမှန် ပေါ်လာတတ်သည်၊ ထိုကဲ့သို့ ကြံစည်စဉ်းစားခြင်း စသော အကြောင်းတို့က အယူကို ဖြောင့်မှန်အောင် ပြုပေးသည်-ဟူလို။ ဒိဋ္ဌိ ဧဝ ဥဇုကမ္မံ ဒိဠိဇုကမ္မံ၊ ဒိဋ္ဌိဧဝ- အသိဉာဏ်သည်ပင်၊ ဥဇုကမ္မံ-ဖြောင့်မှန်အောင် ပြုအပ်သည်တည်း၊ ဒိဋ္ဌိဇုကမ္မံ-ဖြောင့်မှန်အောင် ပြုအပ်သော အသိဉာဏ်၊ သက္ကာယဒိဋ္ဌိ (အတ္တစွဲလမ်းမှုကို) မပယ်နိုင်သော်လည်း နတ္ထိက အဟေတုက အကြိယဒိဋ္ဌိများ ကို မယူဘဲ ကံ ကံ၏အကျိုးကို ယုံကြည်တတ်သော ကမ္မဿကတာဉာဏ်ဖြစ်လျှင် ဤဒိဋ္ဌိဇုကမ္မပုညကြိယဝတ္ထု ဖြစ်၏၊ "ကမ္မဿကတာညာဏံ ဒိဋ္ဌိဇုကမ္မံ"...ကာမာဝစရကုသလပဒမူလဋီကာ။ [ဤ၌ ဒိဋ္ဌိဇုကမ္မအရ ဉာဏ်ကို ကောက်ယူရသော်လည်း ကုသိုလ်စေတနာကို ပြသောအရာဖြစ်၍ ဉာဏ်နှင့်ယှဉ်သော စေတနာကိုပါ အဝိနာဘာဝနည်းအရ "ဒိဋ္ဌိဇုကမ္မ" ဟု ခေါ်ရသည်။]

အတ္ထိ ဒိန္နံ, အတ္ထိ ယိဋ္ဌံ, အတ္ထိ ဟုတံ, အတ္ထိ သုကတဒုက္ကတာနံ ကမ္မာနံ ဖလံ ဝိပါကော, အတ္ထိ အယံ လောကော, အတ္ထိ ပရော လောကေ, အတ္ထိ မာတာ, အတ္ထိ ပိတာ, အတ္ထိ သတ္တာ ဩပပါတိကာ, အတ္ထိ လောကေ သမဏဗြာဟ္မဏာ သမဂ္ဂတာ သမ္မာပဋိပန္နာ–ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ ၊...

ဟူသော ဤ(၁၀)ဌာနသည် ကမ္မဿကတာဉာဏ်၏ ကျက်စားရာ ဌာနများပေတည်း၊ [ဘာသာပြန်ပုံကို နတ္ထိကဒိဋ္ဌိခန်း ပြန်ကြည့်ပါ၊ နတ္ထိအရာဝယ်၊ "အတ္ထိ"ဟု ရှိခြင်းသာ ထူး၏၊] ကမ္မံ+သကံ+ယေသံတိ ကမ္မဿ ကာ၊ ကမ္မဿကာနံ+ဘာဝေါ ကမ္မဿကတာ၊ ကမ္မဿကတာ+ဉာဏံ ကမ္မဿကတာဉာဏံ၊ ယေသံ- အကြင်သတ္တဝါတို့၏၊ ကမ္မံ-ကံဟူသော၊ သကံ-ကိုယ်ပိုင်ဥစ္စာသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ထို့ကြောင့်၊ ကမ္မဿ ကာ-ကမ္မဿကတို့ မည်၏၊ ကမ္မဿကာနံ-ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသူတို့၏၊ ဘာဝေါ-ဖြစ်ကြောင်းသည်၊ ကမ္မဿကတာ-ကမ္မဿကတာ မည်၏၊ (ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိခြင်း, ကံစီမံတိုင်း ဖြစ်ရခြင်း, တမလွန် ဘဝသို့ ကံကိုသာ ယူ၍သွားနိုင်ခြင်းသဘောတည်း၊) ကမ္မဿကတာယ-ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြ သူ၏အဖြစ်ကို၊ ဉာဏံ-သိတတ် နားလည်တတ်သော ဉာဏ်သည်၊ ကမ္မဿကတာဉာဏံ-ကမ္မဿကတာ ဉာဏ် မည်၏။

ဆက်ဦးအံ့ -သတ္တဝါတို့ အမျိုးမျိုး ဖြစ်ပုံကို စဉ်းစား၍ "ကံသာလျှင် ခန္ဓာအစဉ်၌ (ဘဝဆက်တိုင်း) လိုက် ပါနိုင်၏, ပစ္စည်းဥစ္စာတို့မှာ မလိုက်ပါနိုင်, ကံသာလျှင် ကိုယ်ပိုင်ဖြစ်၏, ပစ္စည်းဥစ္စာတို့မှာ ကိုယ်ပိုင်မဟုတ်"ဟု သိတတ်သော ဉာဏ်သည် ကမ္မဿကတာဉာဏ် မည်၏၊ မိမိသန္တာန်၌ ထိုဉာဏ်မျိုးဖြစ်လျှင် ဒိဋ္ဌိဇုကမ္မ ဖြစ်၏၊ ထို့ထက် ကြီးကျယ်သော ဝိပဿနာဉာဏ်မှာ ပြောဖွယ်ရာ မရှိပြီ၊ အယူကို ဖြောင့်မှန်အောင် ယူဆဲခဏ, ဒိဋ္ဌိဇုကမ္မဖြစ်တုန်း အခိုက်မှာ ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်သာ ဖြစ်၏၊ ရှေ့အဖို့က အယူကို ဖြောင့်မှန် အောင် ပြုမည်ဟု ကြံစည်ရာ ပုဗ္ဗစေတနာနှင့် နောက်အဖို့ အပရစေတနာ အခိုက်မှာကား မဟာကုသိုလ် (၈)ပါးလုံးပင် ဖြစ်ခွင့်ရှိသည်။

အဋ္ဌသာလိနီ။ ။ဒိဋ္ဌိံ ဥဇုကံ ကရိဿမီတိ စိန္တေန္တောပိ (ပုဗ္ဗစေတနာအခိုက်၌ "ကံသူသည်လည်း)

တေသံယေဝ (အဋ္ဌန္နံ) အညတရေန စိန္တေတိ၊ ဒိဋ္ဌိံ ဥဇုကံ ကရောန္တော ပန (မုဉ္စစေတနာအခိုက်၌ ပြုသူကား) စတုန္နံ ဉာဏသမ္ပယုတ္တာနံ အညတရေန ကရောတိ၊ ဒိဋ္ဌိ မေ ဥဇုကာ ကတာတိ ပစ္စဝေက္ခန္တော (အပရစေတနာအခိုက်၌ ဆင်ခြင်သူသည်) အဋ္ဌန္နံ အညတရေန ပစ္စဝေက္ခတိ။

အကျဉ်းအားဖြင့် (၃)ပါးဖြစ်ပုံ။ ။အချို့အရာ၌ ပုညကြိယဝတ္ထု (၁၀)ပါး မဟုတ်ဘဲ, ဒါနမယ သီလ မယ, ဘာဝနာမယဟု (၃)ပါးသာ ပြ၏၊ ထိုသို့ (၃)ပါးသာ ပြရာ၌ ပတ္တိဒါန ပတ္တာနုမောဒနာ နှစ်ပါးကို ဒါနမယ ၌ သွင်းရာ၏၊ အပစာယန ဝေယျာဝစ္စနှစ်ပါးကို သီလမယ၌ သွင်းရာ၏၊ ဓမ္မဿဝန ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မ (၃)ပါးကို ဘာဝနာမယ၌ သွင်းရာ၏၊၊

ဒါန၌ သွင်းရပုံ။ ။ချဲ့ဦးအံ့-ဒါနသည် သူများစည်းစိမ်ကို ငြူစူမှု ဣဿာ, မိမိဥစ္စာကို လျှို့ဝှက်မှု မပေး လိုမှု မစ္ဆရိယတို့၏ ဆန့်ကျင်ဘက်တည်း၊ "ဣဿာသည် အလှူခံပုဂ္ဂိုလ်၌ ပစ္စည်းရမှုကို မကြိုက်နိုင်, မစ္ဆရိယသည် ကိုယ့်ပစ္စည်း ကုန်မည်ကို မကြိုက်နိုင်" ဟူလို၊ ထို့ကြောင့် ထိုဣဿာ မစ္ဆရိယ နှစ်ပါးကို လွှမ်းမိုးပယ်ဖျောက်နိုင်မှ ဒါန အထမြောက်သည်၊ ပတ္တိဒါန ပတ္တာနုမောဒနာတို့လည်း ထိုဣဿာ မစ္ဆရိယ တို့၏ ဆန့်ကျင်ဘက်ပင် ဖြစ်၏၊ ထင်ရှားစေအံ-ဣဿာရှိလျှင် အမျှယူမည့်သူတို့၌ သက်သောင့်သက်သာ ဖြင့် ကုသိုလ်ရမည်ကို မလိုလားနိုင်, မစ္ဆရိယ ရှိနေပြန်လျှင် မိမိကုသိုလ်ကို သူတစ်ပါးနှင့် ဆက်ဆံဖို့ မလို လားနိုင်၊ ထို့ကြောင့် ထိုနှစ်ပါးကို ပယ်ဖျောက်နိုင်မှ ပါတ္တိဒါနကုသိုလ် အထမြောက်၏၊ ဣဿာသည် သူတစ် ပါးတို့ လှူဒါန်းနိုင် ပေးကမ်းနိုင်သည်ကို မလိုလားချေ၊ မစ္ဆရိယသည် သူတစ်ပါးတို့ မိမိကဲ့သို့ လှူဒါန်းနိုင်မည် ကို စောစောကပင် သဝန်တိုလျက် ရှိ၏၊ ထို့ကြောင့် ထိုနှစ်ပါးကို ပယ်ဖျောက်နိုင်မှ ပတ္တာနုမောဒနကုသိုလ် အထမြောက်သည်၊ ဤသို့လျှင် ဣဿာ မစ္ဆရိယတို့နှင့် ပဋိပက္ခဖြစ်ခြင်းအားဖြင့် ဒါနနှင့် လက္ခဏာတူသော ကြောင့် ပတ္တိဒါန ပတ္တာနုမောဒနာတို့ကို ဒါနမယ၌ သွင်းယူရ၏။

သီလ ဘာနာ၌ သွင်းပုံ။ ။အပစာယန ဝေယျာဝစ္စ အမှုတို့မှာ မျိုးကောင်းရိုးကောင်း သူတော်စင်အပေါင်း တို့၏ စာရိတ္တသီလ (အလေ့အကျင့်ကောင်း) ဖြစ်ရကား သီလမယ၌ သွင်းယူထိုက်ကြောင်း ကောင်းကောင်း ကြီး ထင်ရှားပေပြီ၊ ဘာဝနာဟူသည် ကုသိုလ်တရားကို တိုးပွားစေခြင်းတည်း၊ တရားဟောမှု တရားနာမှု အယူကို ဖြောင့်မှန်အောင် ပြုမှုများသည် ကုသိုလ်တရားကို ဧကန် တိုးပွားစေနိုင်သော ဘာဝနာတစ်မျိုး တည်း၊ ထို့ကြောင့် ဓမ္မဿဝန ဓမ္မဒေသနာ ဒိဋ္ဌိဇုကမ္မတို့ကို ဘာဝနာမယ၌ သွင်းရလေသည်။ တစ်နည်း။ ။ဒိဋ္ဌိဇုကမ္မသည် အလုံးစုံသော ပုညကြိယဝတ္ထု၏ အကျိုးကြီးဖို့ရာ အမှတ်လက္ခဏာတည်း၊

သင်္ဘော၌ ပဲ့ကိုင်မပါလျှင် လိုရာခရီးသို့ ဖြောင့်ဖြောင့်ကြီး မရောက်နိုင်သလို, ဒါန သီလ စသည်တို့၌ ကမ္မ- ဿကတာဉာဏ်ဟူသော ဤဒိဋ္ဌိဇုကမ္မ မပါလျှင် ဆိုင်ရာအကျိုးများ ကြီးကြီးမားမား မဖြစ်နိုင်၊ ဒိဋ္ဌိဇုကမ္မပါမှ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်နိုင်၏၊ ဒိဋ္ဌိဇုကမ္မမပါလျှင် ဉာဏ်မယှဉ်သော ဉာဏဝိပ္ပယုတ်ကုသိုလ်များသာ ဖြစ်မည်၊ ထို့ကြောင့် ဒိဋ္ဌိဇုကမ္မသည် ဒါန သီလ ဘာဝနာ သုံးမျိုးလုံး၏ ပဲ့ကိုင်ပမာ အကျိုးကြီးဖို့ အမှတ် လက္ခဏာဖြစ်သောကြောင့် ဒိဋ္ဌိဇုကမ္မကို ဒါန သီလ ဘာဝနာ သုံးမျိုး၌ သွင်းယူထိုက်သည်ဟု သံဂီတိသုတ္တ ဋ္ဌကထာစသည်တို့မှာ မိန့်ဆိုသည်။ [ဒါနမယစသည်၌ မယပစ္စည်းကား အနက်သီးခြားမရှိ, ဒါနကိုပင် ဒါန မယဟု ခေါ်သည်၊ သီလမယ ဘာဝနာမယ၌လည်း နည်းတူ၊ ရူပါဝစရကံ အရူပါဝစရကံတို့၏ မနောကံ, ဘာဝနာမယ, အပ္ပနာပတ္တဖြစ်ပုံကို အခြေပြု၌ ပြခဲ့ပြီ။]

-----------------------

အကုသိုလ်ကံ၏ အကျိုးပေးရာ

ဧတ္ထာကုသလကမ္မမုဒ္ဓစ္စရဟိတံ အပါယဘူမိယံ ပဋိသန္ဓိံ ဇနေတိ, ပဝတ္တိယံ ပန သဗ္ဗဒါပိ ဒွါဒသဝိဓံ သတ္တာကုသလပါကာနိ သဗ္ဗတ္ထာပိ ကာမလောကေ ရူပလောကေ စ ယထာရဟံ ဝိပစ္စတိ။

ဧတ္ထာကုသလကမ္မမုဒ္ဓစ္စရဟိတံ။ ။အကုသိုလ်ကံ (၁၂)ပါးပင် ဥဒ္စစ္စစေတနာမှ တစ်ပါး ကျန်စေတနာ (၁၁)ပါးသည် ပဋိသန္ဓေအကျိုးကို ပေး၏၊ ဥဒ္ဓစ္စစေတနာကား ပဋိသန္ဓေအကျိုးကို မပေးနိုင်၊ ထင်ရှားစေအံ့- လောက၌ လူတစ်ယောက်သည် ထက်မြက်သည်ဟုဆိုသော်လည်း သူ့ချည်းသက်သက် ထိထိရောက် ရောက် မတတ်နိုင်၊ စစ်သူကြီးလုပ်သူသည် အလွန်ထက်မြက်သူပင် ဖြစ်၏၊ သို့သော် နောက်လိုက်စစ်သား တို့ အင်အားမကောင်းလျှင် ရန်သူစစ်တပ်ကို မအောင်မြင်နိုင်, သူ့ဆိုင်ရာကိစ္စ၌ ထိုက်သင့်သော အပေါင်း အဖော်ရမှ သတ္တိကောင်းနိုင်ကြရိုးတည်း၊ ဤစေတနာစေတသိက်သည် ထက်မြက်သော စေတသိက်တစ်ပါး တည်း၊ မည်သည့်ကိစ္စမဆို သူသာလျှင် နာမည်ခံ၍ "ကံ"ဟူသောဘွဲ့ထူးကို ယူထား၏၊ ထိုစေတနာသည်ပင် နောင်အခါ၌ ပဋိသန္ဓေကျိုး ပဝတ္တိကျိုးကို ဖြစ်စေ၏၊ ထိုတွင် ပဋိသန္ဓေကျိုးကို ပေးလျက် တစ်ဘဝထူထောင် ဖို့အချက်မှာ လွယ်ကူသော အရာမဟုတ်, အဖော်စေတသိက်တွေ ကောင်းမှ ဖြစ်နိုင်မည်။

ဥဒ္ဓစ္စစေတနာ။ ။ဥဒ္ဓစ္စစေတနာသည် ပဋိသန္ဓေအကျိုးကို ပေးစွမ်းနိုင်လောက်အောင် နောက်လိုက်နောက် ပါ (ယှဉ်ဖက်တရားများ) ကြီးထွား လုံလောက်ပါ၏လော၊ စဉ်းစားပါဦးအံ့-ဥဒ္ဓစ္စသဟဂုတ်စိတ်၌ လောဘ ဒေါသမပါ, ဒိဋ္ဌိ မာနနှင့်

ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့လည်း မယှဉ်ကြ, ဘုရား တရားစသည်အပေါ်မှာ ယုံမှားမည့် ဝိစိကိစ္ဆာလည်း မဖက်, ထက်မြက်သောစေတသိက် တစ်ခုမျှ မယှဉ်ချေတကား၊ ဤသို့ ထက်မြက်သောအဖော် မရသော ကြောင့် ဥဒ္ဓစ္စသဟဂုတ်စိတ်၌ ယှဉ်သော စေတနာသည် ပဋိသန္ဓေကျိုးကို ဆောင်လျက် တစ်ဘဝ မထူ ထောင်နိုင်၊ ဤကား ဤကျမ်း၏ အယူတည်း။

အဋ္ဌသာလိနီ။ ။အဋ္ဌသာလိနီ အကုသလပဒအဖွင့်၌ကား "အဓိမောက္ခနှင့် မယှဉ်ရသည့်အတွက် အားနည်းသော ဝိစိကိစ္ဆာသဟဂုတ်စိတ်က ပဋိသန္ဓေအကျိုးကို ဆောင်ယူနိုင်ပါလျက် အဓိမောက္ခနှင့် ယှဉ်ရသည်ဖြစ်၍ အားရှိသော ဥဒ္ဓစ္စသဟဂုတ်စိတ်သည် အဘယ်ကြောင့် ပဋိသန္ဓေကျိုးကို မငင်နိုင်သနည်း" ဟု ပုစ္ဆာထုတ်ပြီးလျှင် "သောတာပတ္တိမဂ်က ပယ်ထိုက်သောတရားတို့တွင် မပါဝင်သောကြောင့် ဥဒ္ဓစ္စသဟဂုတ် စိတ်သည် ပဋိသန္ဓေကျိုးကို မငင်နိုင်" ဟု ဖြေဆိုလေသည်၊ ထင်ရှားစေအံ့-ဥဒ္ဓစ္စစေတနာသည် ပဋိသန္ဓေကျိုး ကို ပေးလျှင် အပါယ်ဘုံ၌ ပေးရလိမ့်မည်၊ ထိုဥဒ္ဓစ္စစေတနာကို သောတာပတ္တိမဂ်က မပယ်ရသေးသဖြင့် သောတာပန်ပုဂ္ဂိုလ်များ အပါယ်သို့ ကျရဦးမလို ဖြစ်ချေသည်၊ "စတုဟာပါယေဟိ စ ဝိပ္ပမုတ္တော" ဟူသော စကားတော်အရ သောတာပန်တို့ အပါယ်ကျခွင့် မရှိကြောင်းမှာလည်း ထင်ရှားပြီးဖြစ်၏၊ ထို့ကြောင့် သောတာပတ္တိမဂ်ပယ်ဖျက်အပ်သော ကိလေသာတို့၌ ဥဒ္ဓစ္စမပါ, ထို့သို့ မပါသောကြောင့် ဥဒ္ဓစ္စစေတနာ၏ အပါယ်ပဋိသန္ဓေကျိုး မပေးနိုင်ကြောင်းကို သိကြရပေသည်။ [သောတာပတ္တိမဂ် ပယ်အပ်သောတရားတို့၌ ဥဒ္ဓစ္စမပါကြောင်းကို ဓမ္မသင်္ဂဏီ နိက္ခေပကဏ္ဍ ပါဠိတော်မှာ ရှုပါ။]

ဆက်ဦးအံ့ –ဥဒ္ဓစ္စစေတနာသည် သောတာပတ္တိမဂ် ပယ်အပ်သောတရားတို့၌ မပါသော်လည်း အထက်မဂ် (အရဟတ္တမဂ်) ပယ်အပ်သောတရားတို့၌ ပါသည်မဟုတ်ပါလော, ထို့ကြောင့် သောတာပတ္တိမဂ် ပယ်အပ် သောတရားတို့၌ မပါရုံမျှဖြင့် ပဋိသန္ဓေကျိုး မပေးနိုင်ကြောင်းကို ဘယ်အရာထောက်၍ သိနိုင်သနည်းဟု မေးအံ့၊–ပဋ္ဌာန်းပါဠိတော် နာနာက္ခဏိကကမ္မပစ္စည်းသည် အကျိုးပေးသော စေတနာကို ရွေးချယ်၍ ဟော တော်မူအပ်သောပစ္စည်းတည်း၊ ထိုနာနာက္ခဏိကကမ္မပစ္စည်း၌ အထက်မဂ်တို့ သီးခြားပယ်အပ်သောတရား ကို မပြဘဲ, သောတာပတ္တိမဂ် သီးခြားပယ်အပ်သောတရားနှင့် အထက်မဂ် အောက်မဂ်တို့ တချို့တဝက်စီ ပယ်အပ်သော တရားများကိုသာ ပြထားသဖြင့် သောတာပတ္တိမဂ် ပယ်အပ်သော တရားစုတွင် မပါဝင်သော တရားစုသည် ပဋိသန္ဓေကျိုးကို မပေးနိုင်ဟု သိသာ၏။ [ဟောပုံကို ထိုပါဠိတော်မှာ ရှုပါ။]

ဆက်ဦးအံ့ –နာနာက္ခဏိကကမ္မပစ္စည်းသည် ပဋိသန္ဓေကျိုး ပဝတ္တိကျိုးနှစ်မျိုးလုံးကို ဖြစ်စေ, ပဝတ္တိအကျိုး ကိုသာ ဖြစ်စေ ပေးနိုင်သောတရားတို့ကို ထုတ်ပြသောပစ္စည်း ဖြစ်၏၊ ထိုနာနာက္ခဏိကကမ္မပစ္စည်းတွင် အထက်မဂ်တို့ သီးခြားပယ်အပ်သော ဥဒ္စကို မပြဘူးဟု ဆို၏၊ သို့ုဖြစ်လျှင် "ဥဒ္ဓစ္စစေတနာသည် ပဝတ္တိကျိုးကို မျှ မပေးနိုင်"ဟု မှတ်ရအံ့လောဟု မေးအံ့၊ ထိုပဋ္ဌာန်းပါဠိတော်မှာ မပြသော်လည်း ပဋိသမ္ဘိဒါမဂ် ဝိဘင်းပါဠိ တော်၌-ယသ္မိံ သမယေ အကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စသမ္ပယုတ္တံ ၊ပေ၊ ဣမေသု ဓမ္မေသု ဉာဏံ ဓမ္မပဋိသမ္ဘိဒါ, တေသံ ဝိပါကေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ" ဟု ဟောတော်မူသောကြောင့် (ထိုပါဠိတော် "တေသံ ဝိပါကေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ" ဟူသောစကားအရ) ဥဒ္ဓစ္စစေတနာသည် အကျိုး ပေးနိုင်၏ဟု သိနိုင်ပြန်၏၊ ထိုအကျိုးမှာလည်း သောတာပန်တို့ အပါယ်ကျခွင့် မရှိသည့်အတွက် ပဝတ္တိ မကောင်းကျိုးသာ ဖြစ်သည်ဟု သိရပြန်သည်၊ ထို့ကြောင့် သင်္ဂြိုဟ်၌ ဥဒ္ဓစ္စနှင့်တကွ "ပဝတ္တိယံ ပန သဗ္ဗံပိ ဒွါဒသဝိဓံ" ဟု မိန့်သည်။

သတ္တာကုသလပါကာနိ သဗ္ဗတ္ထာပိ ၊ပေ၊ ဝိပစ္စတိ။ ။ဥဒ္ဓစ္စစေတနာနှင့်တကွ (၁၂)ပါးကုန်သောအကုသိုလ် စေတနာတို့သည် ကာမဘုံအားလုံးနှင့် အသညသတ်ကြဉ်သော ရူပ(၁၅)ဘုံမှာ ထိုက်သည်အားလျော်စွာ အကျိုးပေး၏၊ သဗ္ဗတ္ထာပိ ဟူသော ပါဌ်ကို ကာမလောကေ၌သာစပ်၊ "ပဋိသန္ဓေကျိုးကို အပါယ်ကာမဘုံ၌သာ ပေးသော်လည်း ပဝတ္တိကျိုးကိုကား (သုဂတိ ဒုဂ္ဂတိအစုံ) ကာမဘုံအားလုံး၌ ပေးနိုင်သည်၊" ဟူလို၊ အဟိတ် အကုသလဝိပါက်(၇)ပါးကို ကာမ(၁၁)ဘုံနှင့် ရူပ(၁၅)ဘုံ၌ ပေးနိုင်၏ဟု ဆိုသော်လည်း တန်းတူညီမျှမဟုတ် ,ရူပဘုံ၌ ဃာန ဇီဝှါ ကာယဒွါရတို့ မရှိသည့်အတွက် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုမည့် ဃာန

ဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ် ဝိပါက်(၃)ပါးကို မပေးနိုင်သောကြောင့် "ယထာရဟံ" ဟု ဆိုသည်၊ "ယထာရဟံ-ဒွါရအာရုံအလိုက် ထိုက်သည်အားလျော်စွာ" ဟု အနက်ဆိုပါ။

---------------------

ကာမကုသိုလ်၏ အကျိုးပေးရာ

ကာမာဝစရကုသလံပိ ကာမသုဂတိယမေဝ ပဋိသန္ဓိံ ဇနေတိ, တထာ ပဝတ္တိယဉ္စ မဟာဝိပါကာနိ၊ အဟေတု ကဝိပါကာနိ ပန အဋ္ဌပိ သဗ္ဗတ္ထာပိ ကာမလောကေ ရူပလောကေ စ ယထာရဟံ ဝိပစ္စတိ၊ တတ္ထာပိ တိဟေတုကမုက္ကဋ္ဌံ ကုသလံ ၊ပေ၊ တိဟေတုကမောမကံ ဒွိဟေတုကမုက္ကဋ္ဌဉ္စ ကုသလံ ၊ပေ၊ ဒွိဟေတုကမောမကံ ၊ပေ၊ ဝိပစ္စတိ။

ကာမာဝစရ ၊ပေ၊ မဟာဝိပါကာနိ။ ။ကာမာဝစရကုသိုလ်ကံ (၈) ပါးသည် ကာမသုဂတိ (၇)ဘုံ၌သာ ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊ တထာသဒ္ဒါဖြင့် ကာမသုဂတိယမေဝနှင့် ဇနေတိ နှစ်ပုဒ်ကို ငင်သည်၊ ထို့ကြောင့် ပဝတ္တိကျိုးကိုလည်း ကာမသုဂတိ(၇)ဘုံ၌သာ ဖြစ်စေသည်၊ ရူပ အရူပဘုံနှင့် အပါယ်ဘုံများ၌ မဖြစ်စေနိုင်၊ ထင်ရှားစေအံ-မဟာဝိပါက်စိတ်သည် ပဋိသန္ဓေ ဘဝင် စုတိကိစ္စနှင့် တဒါရုံကိစ္စ တပ်၏၊ ထိုတွင် ပဋိသန္ဓေ စသော(၃)ကိစ္စမှာ ရူပ အရူပဘုံတို့ု၌ ရူပ အရူပဝိပါက်တို့၏ တာဝန်တည်း၊ အပါယ်ဘုံ၌ ပဋိသန္ဓေစသော (၃)ကိစ္စအတွက် အကုသလဝိပါက်သန္တီရဏ၏ တာဝန်တည်း၊ ရူပ အရူပဘုံသားပုဂ္ဂိုလ်များ၌ တဒါရုံမရထိုက် ကြောင်းကိုလည်း ဝီထိပိုင်း တဒါရမဏနိယမ၌ ပြခဲ့ပြီ၊ ထို့ကြောင့် ရူပ အရူပဘုံ၌ မဟာဝိပါက်စိတ်ဖြစ်ဖွယ် မရှိ၊ အပါယ်ဘုံ၌ကား တဒါရုံကိစ္စများ ရှိကြ၏၊ သို့သော် ဝီထိပိုင်း ပုဂ္ဂလဘေဒ၌ ပြခဲ့သည့်အတိုင်း မဟာ ဝိပါက်စိတ်တို့သည် အပါယ်ဘုံသား (ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်)များ၌ မရထိုက်၊ ထို့ကြောင့် အပါယ်ဘုံ၌ တဒါရုံ ကိစ္စကို သန္တီရဏစိတ်များကသာ တပ်ရသည်။

အဟေတုကဝိပါကာနိ ၊ပေ၊ ဝိပစ္စတိ။ ။ဤဝါကျ၌ ပုဒ်ချင်းဆက်သွယ်ပုံနှင့် ယထာရဟံအဓိပ္ပာယ်မှာ အကုသိုလ်ကံတုန်းက "သတ္တာကုသလပါကာနိ" စသော ဝါကျအတိုင်းသာတည်း၊ အပါယ်ဘုံ၌ နဂါးမင်း ဂဠုန်မင်းတို့၏ စည်းစိမ်များနှင့် ဆင် မြင်းရတနာစသော အပါယ်ဘုံသား အချို့တို့၏ ခန္ဓာကိုယ်၌ လှပသော အဆင်း အသံ စသည်တို့သည် ဤကာမကုသိုလ်၏ ပဝတ္တိအကျိုးများတည်း၊ ထိုစည်းစိမ်ချမ်းသာ အဆင်း အသံ စသည်တို့ကို အကြောင်းပြု၍ ကုသလဝိပါက် စက္ခုဝိညာဏ် စသည်တို့ဖြစ်ဖို့ရာ အခွင့်ကောင်းများကို ရတတ်ကြသည်၊ ဣဋ္ဌာရုံ ကမ္မဇရုပ် ကမ္မပစ္စယ ဥတုဇရုပ်နှင့် သွားရင်းလာရင်း ဣဋ္ဌာရုံများ တွေ့ကြုံခွင့်ရသော ကာမသုဂတိဘုံနှင့် ရူပ(၁၅)ဘုံ၌ ကာမကုသိုလ်ကံကြောင့် ကုသလဝိပါက် စက္ခုဝိညာဏ်စသည်တို့ ဖြစ်ခွင့်ရ ကြပုံကား ထင်ရှားပြီ။

တိဟိတ် ဒွိဟိတ် ကုသိုလ်အခွဲ။ ။ပြခဲ့သော ကာမာဝစရကုသိုလ်သည် တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ် ဟု နှစ်မျိုးရှိ၏၊ ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် (၄)ပါးတွင် တစ်ပါးပါးဖြင့် ပြုအပ်သောကုသိုလ်သည် တိဟိတ်ကုသိုလ် မည်၏၊ "အလောဘ အဒေါသ အမောဟဟိတ် (၃)ပါးနှင့် ယှဉ်သောကုသိုလ်" ဟု ဆိုလိုသည်၊ ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်(၄)ပါးတွင် တစ်ပါးပါးဖြင့် ပြုအပ်သော ကုသိုလ်သည် "ဒွိဟိတ် ကုသိုလ်" မည်၏၊ အမောဟမပါပဲ "အလောဘ အဒေါသ ဟိတ်နှစ်ပါးနှင့်သာ ယှဉ်သောကုသိုလ်" ဟု ဆိုလိုသည်၊ ထိုတွင် ကုသိုလ်ပြုရာ၌ ကံ ကံ၏ အကျိုးကို ယုံကြည်သော ကမ္မဿကတာဉာဏ်သည် အရေးကြီး၏၊ ရုပ်နာမ်တရားတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ရှုတတ်သော ဝိပဿနာဉာဏ်ဖြစ်လျှင် သာ၍ထက်မြက်၏၊ ထို့ကြောင့် ကုသိုလ်ပြုစဉ်အခါ၌ ကမ္မဿကတာဉာဏ်ဖြစ်စေ, ဝိပဿနာဉာဏ်ဖြစ်စေ, ဉာဏ်ပါလျှင် တိဟိတ်ကုသိုလ် ဖြစ်သည်၊ ထိုကဲ့သို့ နားလည်သောဉာဏ် မပါလျှင် (ကလေးသူငယ် လူရိုင်းစ သူတို့ပြုသလို အမှတ်တမဲ့ ပြုလျှင်) ဒွိဟိတ်ကုသိုလ် ဖြစ်တော့၏၊

ဥက္ကဋ္ဌ ဩမက အခွဲ။ ။ထိုတိဟိတ် ဒွိဟိတ်၌ ပုဗ္ဗစေတနာနှင့် အပရစေတနာများလည်း (များသောအား ဖြင့်) ရှိရလေသည်၊ ချဲ့ဦးအံ့-လှူဒါန်းပေးကမ်းတော့မည်ဟု ကြံစည်သည်မှစ၍ မလှူခင် ပုဗ္ဗစေတနာအခိုက် တွင် တချို့မှာ အလွန်ထက်သန်၏, ကုသိုလ်နှင့်စပ်သော ဇောတွေ များစွာဖြစ်နေ၏၊ ကုသိုလ်ပြုပြီး အထ မြောက်ပြီးနောက် အပရစေတနာ အခိုက်မှာလည်း လွန်စွာအားရ၏, ပြုရပေပြီဟု ဝမ်းမြောက်လျက်ရှိ၏၊ ထို ကုသိုလ်မျိုးသည် ရှေ့ရောနောက်မှာ ကုသိုလ်တွေ ခြံရံလျက် ပါသောကြောင့် လွန်စွာအားရှိ၏၊ ဥက္ကဋ္ဌ (မြင့်မြတ်သော) ကုသိုလ်ဟု ခေါ်ရ၏၊ "တိဟိတ်ဖြစ်လျှင် တိဟိတ်ဥက္ကဌ်ကုသိုလ်, ဒွိဟိတ်ဖြစ်လျှင် ဒွိဟိတ် ဥက္ကဌ်ကုသိုလ်"ဟု ခေါ်၏၊ တချို့မှာ ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက် ဝမ်းသာမရှိ, နှမြောတွန့်တိုခြင်း, တစ်စုံတစ်ရာအတွက် မကျေမနပ်ဖြစ်ခြင်း, မိမိ၏ ဂုဏ်သတင်း ကြီးစေလိုခြင်းစသော အကုသိုလ်စိတ်တွေ ရှေ့သွားလျက် ရှိ၏၊ ကုသိုလ်ပြုပြီးနောက် အပရစေတနာအခိုက်လည်း "ပြုမိတာ မှားလေခြင်း" စသည်ဖြင့် ဝိပ္ပဋိသာရ (နှလုံးမသာယာ) ဖြစ်ရ၏၊ ထိုကုသိုလ်မျိုး၌ ရှေ့ရော နောက်မှာ အကုသိုလ် ခြံရံလျက် ပါသော ကြောင့် များစွာအားမရှိချေ၊ ဩမကကုသိုလ် (အညံ့စားကုသိုလ်) ဖြစ်ရလေ၏၊ ထိုကုသိုလ်မျိုးကို တိဟိတ် ဩမက, ဒွိဟိတ်ဩမကဟု ခေါ်ဆိုရလေသည်။ [ဆောင်ပုဒ်ကို အခြေပြု၍ ရှုပါ။]

ဥက္ကဋ္ဌုက္ကဋ္ဌစသည် အခွဲ။ ။တစ်နည်းခွဲပြဦးအံ့-ပုဗ္ဗစေတနာအခိုက်၌ ကုသိုလ် အကုသိုလ်ဖြစ်ပုံမှာ ရှေ့ အတိုင်းပင်တည်း၊ ကုသိုလ်ပြုပြီးနောက် အချိန်အနည်းငယ် ကာလကြာသော အပရစေတနာအခိုက်၌ ထိုကုသိုလ်နှင့် စပ်လျက် ကုသိုလ်ထပ်ဖြစ်လျှင် ဥက္ကဋ္ဌကုသိုလ်, အကုသိုလ် ထပ်ဖြစ်လျှင် ဩမကကုသိုလ်ဟု ခေါ်နိုင်ပြီ၊ ထို့နောက် ရက်ပေါင်း, လပေါင်း အတော်ကြာသောအခါ ထိုကုသိုလ်ကို သတိရလေတိုင်း အလွန် အမင်း ဝမ်းမြောက်ခြင်းဖြစ်အံ့, ဤကဲ့သို့ ကုသိုလ်စိတ် တစ်ဖန်ထပ်၍ ထုံမွမ်းမှုကို "အသေဝန ရသည်= အထုံရသည်" ဟု ခေါ်၏၊ ထိုကဲ့သို့ အာသေဝနရလျှင် မူလက ဥက္ကဋ္ဌကုသိုလ်သည် အလွန်မြင့်မြတ်ပြီးလျှင် ဥက္ကဋ္ဌုက္ကဋ္ဌအဖြစ်သို့ ရောက်၏၊ မူလက ဩမကကုသိုလ်သည် အတော်အတန် မြင့်လာသဖြင့် ဩမကုက္ကဋ္ဌ အဖြစ်သို့ ရောက်ရ၏၊ ထိုသို့ မဟုတ်ပါဘဲ ကုသိုလ် ပြုပြီးနောက် ရက်, လအတော်ကြာသောအခါ "ကုသိုလ် ပြုမိတာ မှားလေခြင်း" ဟု ဝိပ္ပဋိသာရ (နှလုံးမသာမှု) ဖြစ်အံ့, ထို ဝိပ္ပဋိသာရက မူလကုသိုလ်ကို ပြန်၍ အားသေးအောင်ပြုသောကြောင့် မူလကုသိုလ်သည် ဥက္ကဋ္ဌဖြစ်လျှင် ဥက္ကဋ္ဌောမကအဖြစ်သို့ ကျဆင်း၏၊ မူလက ဩမကဖြစ်နေလျှင် သာ၍ ညံ့သွားသဖြင့် ဩမကောမကအဖြစ်သို့ လျှောကျရလေ၏၊ ထို့ကြောင့် ကုသိုလ်တစ်မျိုးလျှင်–

၁ –ဥက္ကဋ္ဌ, ၂–ဥက္ကဋ္ဌုက္ကဋ္ဌ, ၃–ဥက္ကဋ္ဌောမကဟုလည်းကောင်း, ၁–ဩမက, ၂–ဩမကုက္ကဋ္ဌ, ၃–ဩမကောမကဟုလည်းကောင်း, ခွဲပြနိုင်သည်၊ ဆက်ဦးအံ့-ထိုဥက္ကဋ္ဌစသော ကုသိုလ်များ၌ ဆန္ဒ ဝီရိယ စိတ် ဝီမံသခေါ် ပညာတို့ ထက်သန် လျှင် ထက်သန်သလောက် အကျိုးပေး၏၊ ညံ့လျှင် ညံ့သလောက် အကျိုးယုတ်လျော့၏၊ ထို့ပြင်-ပုဗ္ဗစေတနာ အခိုက်၌ အကုသိုလ်ခြံရံ၍ အပရစေတနာအခိုက်၌ ကုသိုလ်ခြံရံသော ကုသိုလ်, ပုဗ္ဗစေတနာအခိုက်၌ ကုသိုလ်ခြံရံ၍ အပရစေတနာအခိုက်၌ အကုသိုလ်ခြံရံသော ကုသိုလ်များလည်း ရှိသေး၏၊ ထိုစေတနာများ အတွက် သတ္တိအမျိုးမျိုး ထွက်နိုင်ပုံကို စဉ်းစားကာ အကောင်းဆုံးကုသိုလ်ဖြစ်အောင် ကြိုးစားသင့်ပါသည်။

တိဟေတုကမောမကံ ဒွိဟေတုကမုက္ကဋ္ဌဉ္စ။ ။မောဟသည် ထိုင်းမှိုင်းဖျင်းအ ဇစ္စန္ဓစသော မကောင်း ကျိုး၏ အကြောင်းတည်း၊ ဉာဏ်ကား ထိုမောဟ၏ ဆန့်ကျင်ဘက် ဖြစ်၏၊ ထို့ကြောင့် ဉာဏသမ္ပယုတ် တိဟိတ်ကုသိုလ်သည် ဩမကဖြစ်၍ ညံ့စေကာမူ ဇစ္စန္ဓစသော အဟိတ် ပဋိသန္ဓေကျိုးကိုတော့ မပေး, ဒွိဟိတ် ပဋိသန္ဓေကျိုးကိုသာ ပေးသည်၊ ထို့ကြောင့် "တိဟေတုကမောမကံ ၊ပေ၊ ဒွိဟေတုကံ ပဋိသန္ဓိံ ဒတွာ" ဟု ဆိုသည်၊ ဒွိဟိတ် ဉာဏဝိပ္ပယုတ် ကုသိုလ်ကံများလည်း ပင်ကိုယ်က ဉာဏ်နှင့် မယှဉ်သည့်အတွက် ဉာဏ်ပါသော တိဟိတ် ပဋိသန္ဓေကျိုးကို မပေးနိုင်၊ ထို့ကြောင့် ဒွိဟိတ်ဥက္ကဋ္ဌကုသိုလ်လည်း ဒွိဟိတ်ပဋိသန္ဓေ ကျိုးကိုသာ ပေးနိုင်သည်၊ [ဒွိဟိတ်ဩမကကုသိုလ်လည်း ညံ့ဖျင်းသော ဒွိဟိတ်ကုသိုလ်ဖြစ်ရကား ဒွိဟိတ် ပဋိသန္ဓေကျိုးကိုမျှ မပေးနိုင်ဘဲ အဟိတ် ပဋိသန္ဓေကိုသာ ပေးရတော့သည်။]

အသင်္ခါရံ သသင်္ခါရ, ဝိပါကာနိ န ပစ္စတိ၊ သသင်္ခါရမသင်္ခါရ. ဝိပါကာနီတိ ကေစန။ တေသံ ဒွါဒသ ပါကာနိ, ဒသာ.ဋ္ဌ စ ယထာက္ကမံ၊ ယထာဝုတ္တာနုသာရေန, ယထာသမ္ဘဝမုဒ္ဒိသေ။

ကေစိဝါဒ။ ။အသင်္ခါရံ သသင်္ခါရ စသောဂါထာသည် မောရဝါပီအရပ်၌နေသော မဟာဒတ္တထေရ်၏ "(ဋီကာကျော်၌ မဟာဓမ္မရက္ခိတဟု ဆိုမှား၏၊) အယူအဆကို ပြသောစကားတည်း၊ ထို ဆရာကား "အကျိုး ဝိပါက်စိတ်၏ သသင်္ခါရိက အသင်္ခါရိက ဖြစ်ရမှုသည် အကြောင်းကံနှင့် ဆက်သွယ်၏၊ အကြောင်းကံအတိုင်း ပြီးစီးရ၏၊ မျက်နှာနှင့် မှန်တွင်းက မျက်နှာရိပ်သည် တစ်ထပ်တည်းတူ၏၊ ထို့အတူ "ကံက သသင်္ခါရိကဖြစ်လျှင် နောက် နောက်ဘဝ၌ အကျိုးဝိပါက်စိတ်များလည်း သသင်္ခါရိကစိတ်သာ ဖြစ်ထိုက်၏၊ကံက အသင်္ခါရိကစိတ်ဖြစ်လျှင် ဝိပါက်စိတ်များလည်း အသင်္ခါရိကစိတ်သာ ဖြစ်ရမည်"ဟု အယူရှိလေသည်၊ ထို့ကြောင့် "သသင်္ခါရိက ကုသိုလ်ကံသည် အသင်္ခါရိကအကျိုးကို မပေး, အသင်္ခါရိကကုသိုလ်ကံသည် သသင်္ခါရိကအကျိုးကို မပေး" ဟု မိန့်ဆိုပေသည်၊ ထိုဆရာ့အလို တိဟိတ်ဥက္ကဌ် (ဉာဏသမ္ပယုတ်) အသင်္ခါရိက ကုသိုလ်ကံ နှစ်ပါးကြောင့် မဟာဝိပါက် အသင်္ခါရိကစိတ်(၄) , အဟိတ်ကုသလဝိပါက်(၈), ပေါင်း (၁၂) ပါးသော အကျိုးသာ ဖြစ်၏ ဟု ဆိုလိုသည်၊

မနှစ်သက်ကြ။ ။ထိုဆရာတို့ဝါဒကို အရှင်အနုရုဒ္ဓါနှင့်တကွ အများကပင် မနှစ်သက်ကြ၊ ထင်ရှားစေဦး အံ့-ဝိပါက်စိတ်တို့၏ ကိစ္စများမှာ ပဋိသန္ဓေစသော ကိစ္စများတည်း၊ ထိုတွင် မိမိ၏ပယောဂ ဆွေမျိုး ဉာတိစသူ တို့ပယောဂ မပါဘဲ ထင်လာသော ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံတစ်ခုခုကို အာရုံပြု၍ ပဋိသန္ဓေစိတ်ဖြစ် လျှင် အသင်္ခါရိက ပဋိသန္ဓေစိတ်ဖြစ်၍ , ထိုပယောဂအကူအညီကြောင့် ထင်လာသော အာရုံတစ်ခုခုကို အာရုံပြု၍ ပဋိသန္ဓေစိတ်ဖြစ်လျှင် သသင်္ခါရိက ပဋိသန္ဓေစိတ်ဖြစ်၏၊ ဘဝင် စုတိစိတ်တို့မှာ ပဋိသန္ဓေအတိုင်း သာတည်း၊ တဒါရုံကိစ္စမှာ ရှေ့ဇောများနှင့် စပ်လျက်ရှိ၏၊ ရှေ့ဇောများက အသင်္ခါရိကဇောဖြစ်လျှင် တဒါရုံ လည်း အသင်္ခါရိကအဖြစ်များပေမည်၊ ဤသို့လျှင် ဝိပါက်စိတ်၏ ထက်မှု ညံ့မှုမှာ ကံ ကမ္မနိမိတ် ဂတိနိမိတ် အာရုံထင်ရာ၌ ပယောဂ ပါမှု/ မပါမှု, တဒါရုံကိစ္စ တပ်ရာ၌ ရှေ့ဇောတို့၏ အသင်္ခါရိက သသင်္ခါရိက ဖြစ်မှုနှင့် ဆက်သွယ်လျက် ရှိသောကြောင့် "ကံနှင့် အလားတူ ဝိပါက်စိတ်၌ သင်္ခါရ ဖြစ်သင့်သည်"ဟူသော မဟာဒတ္တ ထေရ်၏ ဝါဒကို အောက်တန်းချ၍ "ကေစိဝါဒ" ဟု မိန့်သည်။

-------------------

ရူပကုသိုလ်၏ အကျိုးပေးရာ

ရူပါဝစရကုသလံ ပန ပဌမဇ္ဈာနံ ပရိတ္တံ ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇေသု ဥပ္ပဇ္ဇတိ, တဒေဝ မဇ္ဈိမံ ဘာဝေတွာ ဗြဟ္မပုရောဟိတေသု, ပဏီတံ ဘာဝေတွာ မဟာဗြဟ္မေသု၊ တထာ ဒုတိယဇ္ဈာနံ တတိယဇ္ဈာနဉ္စ ပရိတ္တံ ဘာဝေတွာ ၊ပေ၊ တဒေဝ သညာဝိရာဂံ ဘာဝေတွာ ၊ပေ၊ အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ။

ပရိတ္တာ မဇ္ဈိမ ပဏီတစျာန်အခွဲ။ ။ဤပရိတ္တာစျာန်စသော နာမည်တပ်ခန်း၌ နှစ်နည်းရှိ၏၊ စျာန်တရား တို့၌ ယှဉ်သောဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသဟူသော အဓိပတိတရားလေးပါးတွင် တစ်ပါးပါးသည် အမြဲအဓ်ိပတိ တပ်၏၊ (အဓိပတိပစ္စည်းခန်းကို သတိပြုပါ) စျာန်ရသောအခါ ထိုအဓိပတိတပ်သော တရားက နုံ့ညံ့နေလျှင် ပရိတ္တစျာန်ဖြစ်၏၊ အဓိပတိတပ်သောတရားက အလယ်အလတ်ရှိလျှင် မဇ္ဈိမစျာန်ဖြစ်၏၊ အဓိပတိတပ်သော တရားက ထက်မြက်လျှင် ပဏီတစျာန်ဖြစ်၏၊ [အဓိပတိတပ်သော တရားမှန်လျှင် ထက်မြက်သောထုံးစံပေ တည်း၊ သို့သော် ထိုထက်မြက်သော တရားတွင် အနုံ့, အလတ်, အမြတ်ဟု (၃)မျိုး ခွဲပြန်၏၊] တစ်နည်း-စျာန် ကို ရပြီးနောက် ထိုစျာန်ကို မလေ့လာလျှင် (မကြာမကြာ မဝင်စားလျှင်) ပရိတ္တစျာန်ဖြစ်၏၊ အလယ်အလတ် လောက် လေ့လာလျှင်(အတော်အတန် ဝင်စားလျှင်) မဇ္ဈိမဈာန်ဖြစ်၏၊ များစွာလေ့လာလျှင် (မကြာမကြာ ဝင်စားလျှင်) ပဏီတဈာန်ဖြစ်၏၊ ဤသို့လျှင် ပရိတ္တဈာန်စသည် နာမည်တပ်ခန်း၌ နှစ်နည်းရှိသည်။

ဆက်ဦးအံ့ –ဆိုင်ရာဘုံသို့ ရောက်ဖို့ရန် ပရိတ္တစျာန် စသည်ခွဲရာ၌ ပဌမနည်းအတိုင်း ခွဲရမည်၊ အထက် အထက်ဈာန်သို့ တက်ဖို့ရန် အခြေခံအဖြစ်ဖြင့် ခွဲရာ၌ နောက်နည်းအတိုင်း ခွဲရမည်ဟု ယူကြသည်၊ ထင်ရှား စေအံ့-ပဌမစျာန်ရပြီးနောက် ဒုတိယစျာန် အားထုတ်လို်သောအခါ ပဌမစျာန်ကိုပင် (ကမ္မဠာန်းပိုင်း၌ လာ လတ္တံ့အတိုင်း) ငါးတန်သော ဝသိဘော်ရောက်အောင် ထပ်ကာ ထပ်ကာ ဝင်စားသောအားဖြင့် လေ့လာရ သေးသည်၊ ထိုကဲ့သို့ အလေ့အလာ မရ၍ ပဌမစျာန်က ပရိတ္တစျာန်ဖြစ်လျှင် ဒုတိယစျာန်သို့ မတက်နိုင်သေး, မဇ္ဈိမစျာန်ဖြစ်လျှင်လည်း မလွယ်ကူသေး, အဝါးဝစွာ လေ့လာ၍ ပဏီတစျာန်ဖြစ်မှ ဒုတိယစျာန်သို့ တက်နိုင်သည်။

ဋီကာကျော်။ ။ဆိုင်ရာဘုံသို့ ရောက်ဖို့ရန် ပရိတ္တစျာန်စသည်ခွဲခန်း၌ နှစ်နည်းလုံးကိုပင် ယူလို၏၊ ဋီကာကျော်အတိုင်း နှစ်နည်းလုံးယူလျှင် အချင်းချင်းဆန့်ကျင်ဖွယ် ရှိ၏၊ ထင်ရှားစေအံ့-စျာန်ရတုန်းက ဆန္ဒ စသည်တို့ ညံ့နေလျှင် ပဌမနည်းအလို ပရိတ္တစျာန်ဖြစ်၏၊ ထို့နောက် များစွာလေ့လာလျှင် ဒုတိယနည်းအလို ပဏီတစျာန်ဖြစ်၏၊ သေခါနီးလောလောဆယ်မှာ ထက်မြက်သော ဆန္ဒစသည်ဖြင့် စျာန်ရလျှင် ပဌမနည်း အလို ပဏီတစျာန်ဖြစ်၏၊ နောက်ထပ်ဝင်စားခွင့်, လေ့လာခွင့် မရသောကြောင့် ဒုတိယနည်းအလို ပရိတ္တ စျာန် ဖြစ်၏၊ ထိုပုဂ္ဂိုလ်များ ဘယ်နည်းအရ ဘယ်ဘုံသို့ ရောက်ကြမည်နည်း၊ ဤသို့လျှင် ဆိုင်ရာဘုံသို့ ရောက်ဖို့ရန် ပရိတ္တစျာန် စသည်ခွဲရာ၌ နည်းနှစ်မျိုး ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ပဌမနည်းကိုသာ ဤနေရာ၌ ယူသင့်မည် ထင်ပေသည်။

အမှာ။ ။"ဒုတိယဇ္ဈာနံ တတိယဇ္ဈာနဉ္စ ပရိတ္တံ ဘာဝေတွာ ပရိတ္တာဘေသု" စသောဝါကျ၌ ဒုတိယစျာန် တတိယစျာန် နှစ်မျိုးလုံးက တစ်ဘုံတည်း၌ အကျိုးပေးရပုံကို ပဋိသန္ဓိစတုက္က "တထာ ဒုတိယဇ္ဈာနဝိပါကံ တတိယဇ္ဈာန ဝိပါကဉ္စ ဒုတိယဇ္ဈာနဘူမိယံ" ဟူသောဝါကျ၌ ဖွင့်ပြခဲ့ပြီ၊ "ပဉ္စမဇ္ဈာနံ ဘာဝေတွာ ဝေဟပ္ဖလေ သု" ဟူသောဝါကျ၌ကား ပဉ္စမစျာန်သည် ပရိတ္တစျာန် ဖြစ်ဖြစ်, မဇ္ဈိမ ပဏီတစျာန်ဖြစ်ဖြစ် ဝေဟပ္ဖိုလ်တစ်ဘုံ တည်း၌ ကမ္ဘာ(၅၀၀) ကြာအောင် အကျိုးပေးသည်၊ သို့သော် တန်ခိုးအာနုဘော်ချင်း စည်းစိမ် ဂုဏ်သိရ် ချင်းကား တူမျှမည် မဟုတ်, ပရိတ္တစျာန်ရှင်ထက် မဇ္ဈိမစျာန်ရှင်က သာလွန်၍ မဇ္ဈိမစျာန်ရှင်ထက် ပဏီတ စျာန်ရှင်က သာလွန်ဖွယ် ရှိသည်။

တဒေဝ သညာဝိရာဂံ ဘာဝေတွာ။ ။ရူပပဉ္စမစျာန်ကို ရပြီးသော ကာမဘုံသား ပုထုဇဉ်ပုဂ္ဂိုလ်သည် အမှတ်သညာ ရှိနေလို့သာ အရာရာတောင့်တမှု ကြောင့်ကြမှုစသော ဒုက္ခများ ဖြစ်ရ၏၊ အမှတ်သညာသည် အိုင်းအနာနှင့်တူ၏, ရောဂါဆိုးနှင့်တူ၏ဟု နှလုံးသွင်းကာ ပဉ္စမစျာန်ဝင်စားပြီး၍ အထမှာ "သညာ ဂဏ္ဍော, သညာရောဂေါ" ဟု သညာကို စက်ဆုပ်သော ဘာဝနာကို ပွားများ၏၊ ထိုဘာဝနာပေါက်လျှင် သညာအပေါ် ၌ စက်ဆုပ်သောကြောင့် ရအပ်ပြီးသော ပဉ္စမစျာန်အတွင်း၌ သညာဝိရာဂဓာတ် သွင်းမိလေပြီ၊ ထိုပဉ္စမစျာန်သည်ပင် သညာအပေါ်၌ စက်ဆုပ်သောဓာတ် ပါဝင်လာသည်-ဟူလို၊ ဤ၌ သညာကို ဥပလက္ခဏနည်းအား ဖြင့် ခေါင်းတပ်၍ထားသော်လည်း သညာနှင့် ယှဉ်ဖက်ဖြစ်သော စိတ် စေတသိက် (နာမ်တရား) အားလုံးကို စက်ဆုပ်သည်ဟု မှတ်ပါ၊ ထို ပဉ္စမစျာန်သည် အကျိုးပေးသောအခါ သူ့အလိုကျအောင် သညာမရှိသော အသညသတ်ဘုံ၌ ပေးရသည်။ [ကြွင်းသောအဓိပ္ပာယ်များကို ရှေ့၌ ပြခဲ့ပြီ။]

အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ။ ။ဤစကားအရ အနာဂါမ်ပုဂ္ဂိုလ်မှန်လျှင် သုဒ္ဓါဝါသဘုံ၌ အမြဲ ပဋိသန္ဓေနေရမည်ဟု ယူဆဖွယ် ရှိ၏၊ အဋ္ဌကထာတို့၌လည်း တချို့အရာဝယ် ထိုအဓိပ္ပာယ်မျိုးကို ထောက်ခံ လျက်ရှိ၏၊ သို့သော် ယခုကာလ ယူရိုးကား-သုဒ္ဓါဝါသဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်များသာ ပဋိသန္ဓေနေ၏၊ အခြားပုဂ္ဂိုလ်များ မဖြစ်၊ ဤ "အနာဂါမိနော ပန သုဒ္ဓါဝါသေသု ဥပ္ပဇ္ဇန္တိ" ပါဌ်ဖြင့် "အခြား ဗြဟ္မာ့ဘုံတို့၌ အနာဂါမ်ပုဂ္ဂိုလ်များ ပဋိသန္ဓေ မနေရ" ဟု မတားမြစ်နိုင်ဟု ယူရိုးတည်း၊ ထို့ကြောင့် "သုဒ္ဓါဝါသေသု-တို့၌၊ အနာဂါမိနော-အနာဂါမ်ပုဂ္ဂိုလ်တို့သာ၊ ဥပ္ပဇ္ဇန္တိ-ဖြစ်နိုင်ကြကုန်၏" ဟု အနက်ပေးလိုကြသည်၊ ဤ အနာဂါမ် ပုဂ္ဂိုလ်တို့ သုဒ္ဓါဝါသ(၅)ဘုံဝယ် ဖြစ်ကြရာ၌ ဣန္ဒြေငါးပါး ထက်မြက်ပုံ, အစဉ်အတိုင်း ဖြစ်ကြပုံကို အခြေပြု၌ ပြထားပြီ။

အနာဂါမ် ဗြဟ္မာပြည် အမြဲရောက်။ ။စျာန်ရမှုဟူသည် သမာဓိ၏ အချက်တည်း၊ သမာဓိ၏ဘေးရန်ကား ကာမစ္ဆန္ဒနီဝရဏတည်း၊ ကာမရာဂကို လုံးဝပယ်ခွာပြီးသော အနာဂါမ်တို့မှာ ကာမစ္ဆန္ဒနီဝရဏ အနှောင့် အယှက် မရှိတော့သဖြင့် သမာဓိအားကောင်းလှ၏၊ ထို့ကြောင့် သုက္ခဝိပဿကအနာဂါမ်တို့သည် အိပ်ပျော် နေစဉ် ရန်သူ့လက်ချက်ဖြင့် အသက်ဆုံးရစေကာမူ မဆုံးခင် စျာန်ရ၍ ဗြဟ္မာ့ပြည်သို့သာ ရောက်ကြရသည်၊ အထက်နတ်ဘုံ၌ရှိသော နတ်တို့ အနာဂါမ်ဖြစ်လျှင် နတ်ပြည်မှာ ကာမဂုဏ်အာရုံတွေ များသဖြင့် လွတ်လပ် ဆိတ်ငြိမ်ရာအရပ်ကို မရသောကြောင့် ကြာရှည်စွာ မတည်နေကြဘဲ ဗြဟ္မာ့ပြည်သို့ ပြောင်းကြရ, ပြောင်းဖို့ ရန်လည်း စျာန်ကို လွယ်ကူစွာ ရနိုင်ကြသည်။

မိန်းမများ မဟာဗြဟ္မာ မဖြစ်နိုင်။ ။"ဣတ္ထိယောပိ ပန အရိယာ ဝါ အနရိယာဝါ အပိ အဋ္ဌသမာပတ္တိ လာဘိနိယော ဗြဟ္မပါရိသဇ္ဇေသုယေဝ နိဗ္ဗတ္တန္တိ" ဟူသော အဋ္ဌကထာကို ထောက်ထား၍ မိန်းမတို့သည် အရိယာဖြစ်ဖြစ်, ပုထုဇဉ် ဖြစ်ဖြစ်, သမာပတ်ရှစ်ပါးလုံးကို (ရူပစျာန်စတုက္ကနည်းအားဖြင့်လေးပါး, အရူပစျာန် လေးပါးကို) ရသော်လည်း ဗြဟ္မပါရိသဇ္ဇေဗြဟ္မာတို့၌သာ ဖြစ်ရသည်-ဟု ပြောဆိုကြ၏၊ ဤစကား၌ ဗြဟ္မပါရိ သဇ္ဇေသုအရ ပဌမစျာန်သုံးဘုံတွင် အစဆုံးဘုံသား ဗြဟ္မာများကိုပင် ဆိုလိုသည်ဟု မဏိမဉ္ဇူဖွင့်၏၊ ထိုစကား မသင့်, ဒုတိယစျာန်ဘုံစသော အထက်ထက်ဘုံများ၌လည်း (သုဒ္ဓါဝါသတိုင်အောင်) ဗြဟ္မပါရိသဇ္ဇဗြဟ္မာ ဗြဟ္မပုရောဟိတဗြဟ္မာ မဟာဗြဟ္မာများ ရှိကြသည်၊ (ရှိကြောင်းကို ဘူမိစတုက္က၌ သာဓက ပြခဲ့ပြီ၊) ထို့ကြောင့် မိန်းမတို့သည် ပင်ကိုယ်က ဆန္ဒ ဝီရိယ စိတ္တ ဝီမံသတို့ ယောကျင်္ားများလောက် မထက်ကြသဖြင့် မိန်းမဘဝ၌ စုတေ၍ ဗြဟ္မာဖြစ်စေကာမူ မဟာဗြဟ္မာမင်းတော့ မဖြစ်နိုင်၊ ရရှိသော စျာန်အားလျော်စွာ ဆိုင်ရာဘုံ၌ ပါရိသဇ္ဇဗြဟ္မာသာ ဖြစ်ကြရသည်–ဟူလို။

ဆက်ဦးအံ့ –ဤ၌ ပါရိသဇ္ဇတွင် ဗြဟ္မပုရောဟိတကိုပါ သွင်းပါ၊ ပါဠိတော်များ၌ အချို့အရာဝယ် ပုရော ဟိတဗြဟ္မာကို ဗြဟ္မပရိသာဟု သုံးနှုန်းသည်၊ မိန်းမတို့ မဖြစ်နိုင်သည်မှာလည်း မဟာဗြဟ္မာမင်းသာတည်း၊ လက်အောက်ဗြဟ္မာနှစ်မျိုးကား ဖြစ်နိုင်ပါ၏၊ ထို့ကြောင့် "ယံ ဣတ္ထီ ဗြဟ္မတ္တံ ကရေယျ, နေတံ ဌာနံ ဝိဇ္ဇတိ" ဟူသော ဉာဏဝိဘင်း စသည်၌ ဗြဟ္မတ္တံအရ (ဗြဟ္မတ္တံတိ မဟာဗြဟ္မတ္တံ အဓိပ္ပေတံ) ဟု ဖွင့်ပြကြသည်။ [ယံ ဌာနံ-ဆန္ဒစသည်တို့၏ ထက်သန်ခြင်း, လိင်၏ မြင့်မြတ်ခြင်းဟူသော အကြင်အကြောင်းကြောင့်၊ ဣတ္ထီ-မိန်းမသည်၊ ဗြဟ္မတ္တံ-မဟာဗြဟ္မာ အဖြစ်ကို၊ ကရေယျ-ပြုနိုင်ရာ၏၊ ဧတံ ဌာနံ-ဤ မဟာဗြဟ္မာဖြစ်နိုင်ဖို့ အကြောင်းသည်၊ န ဝိဇ္ဇတိ-မိန်းမ၌ မရှိ။]

အဘိညာဉ်နှင့် ပဋိသန္ဓေကျိုး။ ။"ပဌမဇ္ဈာနံ ဘာဝေတွာ" ဟူသော စကားနှင့်စပ်၍ အဘိညာဉ်ကိစ္စတပ် သော ပဉ္စမစျာန်တို့၏ ပဋိသန္ဓေကျိုး မပေးနိုင်ခြင်း၏ အကြောင်းကိုပါ ဖွင့်ပြကြသည်၊ နာမရူပပရိစ္ဆေဒ၌ အရှင်အနုရုဒ္ဓါသည်ပင်....

"သမာနာသေဝနေ လဒ္ဓေ, ဝိဇ္ဇမာနေ မဟဗ္ဗလေ၊ အလဒ္ဓါ တာဒိသံ ဟေတုံ, အဘိညာ န ဝိပစ္စတိ"ဟု ဆို၏။

သမာနာသေဝနေ -တူသော အာသေဝနပစ္စည်းကို၊ လဒ္ဓေ-ရအပ်သည်ဖြစ်၍(ရသည့်အတွက်)၊ မဟဗ္ဗလေ- ကြီးသောအားအစွမ်းသည်၊ ဝိဇ္ဇမာနေ-ရှိမှသာ၊ မဟဂ္ဂတကုသလံ-မဟဂ္ဂုတ်ကုသိုလ်သည်၊ ဝိပစ္စတိ-အကျိုး ကို ဖြစ်စေ၏၊ အဘိညာ-အဘိညာဉ်ကုသိုလ်သည်၊ တာဒိသံ-ထိုသို့ ရှုအပ်သော၊ ဟေတုံ-အကြောင်းကို၊ အလဒ္ဓါ-မရခြင်းကြောင့်၊ န ဝိပစ္စတိ-အကျိုးကို မဖြစ်စေ။

ဆက်ဦးအံ့ –ဤဂါထာ၌ "မဟဂ္ဂုတ်ကုသိုလ်တို့သည် တူသောအာသေဝနကိုရမှ အားရှိ၍ ပဋိသန္ဓေကျိုး ပေးနိုင်သည်, အဘိညာဉ်ကုသိုလ်မှာ ထိုကဲ့သို့ တူသောအာသေဝနကို မရသဖြင့် ပဋိသန္ဓေကျိုးကို မပေးနိုင်" ဟု ဆို၏၊ တူသောအာသေဝနကို ရမှုဟူသည်ကား-ဇောစောရာ၌ မဟဂ္ဂုတ်ဇောချင်း တူ၍, ထိုတူသော မဟဂ္ဂုတ်ဇောတို့တွင် ရှေးရှေးဇောက ကျေးဇူးပြုခြင်းကို ခံရမှုတည်း၊ ထင်ရှားစေအံ့-စျာနဝီထိများတွင် အာဒိ ကမ္မိကဝီထိပုံကား "မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု, စျာန်တစ်ကြိမ်တည်း၊ သမာပတ်ဝင် စားရာ၌ ဝီထိပုံကား "မနောဒွါရဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ , ဂေါတြဘု , စျာန်နှစ်ကြိမ်မှ စ၍ အကြိမ်များ စွာတည်း" ... အဘိညာဝီထိပုံကား "မနောဒွါရဝဇ္ဇန်း, ပရိကံ , ဥပစာ , အနုလုံ, ဂေါတြဘု, ပဉ္စမစျာန် တစ်ကြိမ်တည်း။

အာဒိကမ္မိက စဉ်းစားဖွယ်။ ။ထိုဝီထိများ၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုတို့သည် ကာမာဝစရဇော များတည်း၊ ထို့ကြောင့် စျာန်တစ်ကြိမ်သာကျသော အာဒိကမ္မိကဝီထိ အဘိညာဝီထိတို့၌ စျာန်ဇောသည် ဘုံအားဖြင့် မဟဂ္ဂုတ်ချင်းတူသော ရှေးရှေးဇောမှ အာသေဝနသတ္တိဖြင့် ကျေးဇူးပြု မခံရ, သမာပတ်ဝင်စား သော ဝီထိ၌သာ စျာန်အကြိမ်များစွာဖြစ်၍ မဟဂ္ဂုတ်ချင်းတူသော ရှေးရှေးဇောမှ ကျေးဇူးပြုခံရသည်၊ ထို့ကြောင့် နာမရူပပရိစ္ဆေဒဂါထာအလို အာဒိကမ္မိကဝီထိက မဟဂ္ဂုတ်ကုသိုလ်စျာန်နှင့် အဘိညာဝီထိက ပဉ္စမစျာန်သည် ပဋိသန္ဓေကျိုးကို မပေးနိုင်ဟု ဆိုရန်ရှိ၏၊ ထိုတွင် အာဒိကမ္မိကစျာန်က တူသော မဟဂ္ဂုတ် ဇောမှ အာသေဝနကို မရ၍ အကျိုးမပေးဟူသော စကားကို ပထမ စဉ်းစားထိုက်၏၊ သုက္ခဝိပဿက အနာဂါမ်တို့ကဲ့သို့ သေခါနီး လောလောဆယ်မှ စျာန်ရ၏၊ နောက်ထပ်လည်း ဝင်စားချိန် မရတော့၊ ထို သေခါနီး စျာန်တစ်ကြိမ်ကို ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေအကျိုး မပေးနိုင်ဟု မဆိုသင့်, ပေးနိုင်မည်သာ။

အဘိညာဉ်ဇောများ စဉ်းစားဖွယ်။ ။အဘိညဉ်ဇောများလည်း အကြိမ်များစွာ အဘိညာဝီထိတွေ ကျနေ ပါလျှင် အားမရှိဟု မဆိုနိုင်, အားရှိလွန်းသဖြင့် ချက်ချင်းလက်ငင်း တန်ခိုးအမျိုးမျိုးဖြစ်အောင် စွမ်းဆောင်နိုင် ကြ၏၊ ထိုသို့ အားရှိသော်လည်း မိမိတို့ပင် ပဉ္စမစျာန်၏ အကျိုးအရာမှာ တည်သောကြောင့်လည်းကောင်း, (ပဉ္စမစျာန် ရပြီးနောက်မှ တစ်ဆင့်တက်၍ အားထုတ်ရသဖြင့် ပဉ္စမစျာန်၏ အကျိုးမျိုး ဖြစ်နေသောကြောင့်- ဟူလို၊) တန်ခိုးအမျိုးမျိုး ဖြစ်ပေါ်လာခြင်းသည်ပင် အဘိညာဉ်၏ အကျိုးဖြစ်သောကြောင့်လည်းကောင်း နောက်ထပ် အကျိုးပေးခွင့် မရှိတော့ချေ၊ "ထိုတန်ခိုးများ ပေါ်လာဖို့ရန် ရည်သန်၍ အားထုတ်အပ်သော အဘိညာဉ်ဖြစ်ရကား ထိုအကျိုးများ ပေါ်လာသည်နှင့်တပြိုင်နက် ရည်ရွယ်ချက် ပြီးမြောက်သဖြင့် အဘိညဉ် အင်အားလည်း ကုန်ခန်းသွားရလေပြီ" ဟူလို။

နိကန္တိတဏှာအတွက် ရှင်းလင်းချက်။ ။"ပဌမဇ္ဈာနံ ပရိတ္တံ ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇေသု ဥပ္ပဇ္ဇတိ" စသည်ကား ရိုးရာအားဖြင့် အကျိုးပေးရာ ပါပဌာနကို ပြသောစကားစုတည်း၊ နိကန္တိတဏှာနှင့် စေတော ပဏိဓိ ရှိပါလျှင်၊ ထိုစကားအတိုင်း မဟုတ်ဘဲ တစ်မျိုးပြောင်းလွဲ၍ ဖြစ်တတ်သေး၏၊ ထိုတွင် နိကန္တိတဏှာ ဟူသည် ရှေးရှေးက အနေအထိုင် များခဲ့သော ဘုံဘဝကို တွယ်တာမှုတည်း၊ စျာန်ကိုရပြီးသော ပုထုဇဉ်သည် စုတေခါနီး၌ နိကန္တိတဏှာဖြင့် ကာမဘုံကို တွယ်တာလျှင် စျာန်ကွယ်ပျောက်၍ ကာမဘုံ (နတ်ပြည် တစ်ထပ်ထပ်သို့) ရောက်ရ၏၊ [ထိုပုဂ္ဂိုလ်မျိုးကို သက္ကပဥှသုတ်၌ ပြထား၏၊]အချို့ကား စျာန်မကွယ်ဘဲနှင့်ပင် နိကန္တိတဏှာကြောင့် ကာမဘုံ၌ ဖြစ်ရသည်ဟု ဆို၏၊ စျာန်မကွယ်လျှင် ဂရုကစျာန်ကြီးကို လွှမ်းမိုး၍ ကာမ ကုသိုလ်က အကျိုးပေးနိုင် မည်တဲ့လော။

ထို့ပြင် "သမာပတ် ရှစ်ပါးလုံးကိုပင် ရပြီးသော ပုထုဇဉ် သောတာပန် သကဒါဂါမ်တို့သည် နိကန္တိတဏှာ ကြောင့် အလိုရှိရာ ဗြဟ္မာ့ဘုံ၌ ဖြစ်နိုင်ကြ၏" ဟု ဆိုပြန်၏၊ အလိုရှိရာ ဗြဟ္မာ့ဘုံ၌ ဖြစ်နိုင်မှုမှာ နိကန္တိတဏှာ အတွက် မဟုတ်တန်ရာ၊ "ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ" အရ စေတောပဏိဓိကြောင့်သာ ဖြစ်ရာ၏၊ [စိတ်၏တောင့်တမှု ဆန္ဒကို စေတောပဏိဓိဟု ဆိုလိုသည်၊] ဋီကာကျော်၌ စျာန်ရ သောတာပန် သကဒါဂါမ်တို့ပင် ထိုကဲ့သို စေတောပဏိဓိ နိကန္တိမျိုး ရှိက ကာမဘုံ၌ ဖြစ်နိုင်ကြ၏ဟု ဆို၏၊ စျာန်ရ အရိယာ တို့မှာ ကာမဘုံ၌ တွယ်တာလောက်အောင် နိကန္တိတဏှာနှင့် စေတောပဏိဓိဆန္ဒတို့ ရှိကြတော့မည် မထင်၊ သတိမေ့လျော့သဖြင့် စျာန်ကွယ်ပလျှင်လည်း စျာန်ရဟု မဆိုထိုက်၊ ထိုကဲ့သို့ ကွယ်ပ ဖို့ရန်လည်း အရိယာဖြစ်လျှင် လွယ်ကူမည် မထင်, ဆင်ခြင်၍ ယူကြပါကုန်၊ အနာဂါမ်တို့မှာ ကာမနိကန္တိ တဏှာ မရှိတော့သဖြင့် စိစစ်ဖွယ် မလိုချေ, စေတောပဏိဓိအရ ဆန္ဒတိုင်းကား အလိုရှိရာဘုံ၌ ဖြစ်နိုင်ကြပေ လိမ့်မည်။ [ဝေဟပ္ဖလေ အကနိဋ္ဌေစသော ဂါထာ၏ အဓိပ္ပာယ်မှာ နောက်၌ ထင်ရှားလတ္တံ့။]

----------------

မရဏုပ္ပတ္တိ စတုက္က

အာယုက္ခယေန ကမ္မက္ခယေန ဥဘယက္ခယေန ဥပစ္ဆေဒကကမ္မုနာစေတိ စတုဓာ မရဏုပ္ပတ္တိ နာမ။

သေကြောင်း (၄)မျိုး။ ။မရဏဿ-သေခြင်း၏၊ ဥပ္ပတ္တိ-ဖြစ်ခြင်းဖြစ်ပုံတည်း၊ မရဏုပ္ပတ္တိ-သေခြင်း၏ ဖြစ်ပုံ၊...အာယုက္ခယ ကမ္မက္ခယ စသည်ဖြင့် သေခြင်း၏ အကြောင်းက (၄)မျိုး ရှိသောကြောင့် ထိုအကြောင်း (၄)မျိုးကို စွဲ၍ သေရပုံ အမျိုးအစားလည်း (၄)ပါးပင် ပြားရသည်။

အာယုက္ခယ။ ။ဇီဝိတရုပ်ကို မုချအားဖြင့် အာယုဟု ခေါ်ရသော်လည်း ဤနေရာ၌ ဇီဝိတ၏ တည်ရာ ကာလအပိုင်းအခြားဖြစ်သော အသက်တမ်းကို ဌာနျူပစာရအားဖြင့် အာယုဟု ခေါ်ထားသည်၊ ထိုထိုဘုံ အလိုက် သတ်မှတ်အပ်သော အသက်တမ်း ရှိ၏၊ ဤကျွန်းသူ လူတို့၌ ရံခါ အသင်္ချေတိုင်အောင် တိုးတက်၍ ရံခါ (၁၀) နှစ်တမ်းတိုင်အောင် ဆုတ်ယုတ်သောကြောင့် အမြဲ မရှိသော်လည်း (တိုးလျှင် တိုးသလောက်, ဆုတ်လျှင် ဆုတ်သလောက်) သတ်မှတ်ထားအပ်သော အသက်တမ်းကား ရှိပေသည်၊ တိုးပုံ, ဆုတ်ပုံနှင့် တကွ တိုးခြင်း, ဆုတ်ခြင်း၏ အကြောင်းများကို ဘူမိစတုက္က၌ ပြခဲ့ပြီ၊ ထိုကဲ့သို့ ဘုံအလိုက် ကာလအလိုက် သတ်မှတ်အပ်သော အသက်တမ်းစေ့၍ (အသက်တမ်းကုန်၍) သေရခြင်းသည် အာယုက္ခယမရဏ မည်၏။

ဥပမာ –ညှိထွန်းအပ်သော ဆီမီးသည် ၁-မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၂-ဆီကုန်ခြင်းကြောင့် လည်း ငြိမ်း၏၊ ၃-မီးစာနှင့်ဆီ နှစ်မျိုးလုံးကုန်ခြင်းကြောင့်လည်း ငြိမ်း၏၊ ၄-မီးစာ ဆီတို့ မကုန်သေးဘဲ လေ ပြင်းတိုက်ခတ်မှု, သို့မဟုတ် တမင် ငြိမ်သက်မှုကြောင့်လည်း ငြိမ်း၏၊ ထိုတွင် အသက်တမ်း ကုန်ခြင်းသည် မီးစာကုန်ခြင်းနှင့် တူ၏၊ [မီးတောက်သည် သတ္တဝါတို့ အသက်ခေါ် ဇီဝိတနှင့် တူ၏၊ မီးငြိမ်းမှုကား ထိုဇီဝိတ ၏ တစ်ဘဝအတွက် အပြီးသတ်ချုပ်မှုနှင့် တူသည်။]

ဆီရှိသေးသော်လည်း မီးစာကုန်လျှင် မီးငြိမ်းရသကဲ့သို့, ထို့အတူ ဆက်လက်၍ အသက်ရှည်ဖို့ရန် ကံအရှိန် ရှိသေးသော်လည်း အသက်တမ်းစေ့က စုတေရသည်သာ များ၏၊ အင်မတန် ကံကြီးမားသူ ရသာယတန ဆေးစသော ဆေးကောင်းရှိသူ အချို့သာ အသက်တမ်းလွန်အောင် နေနိုင်ကြ၏၊ ဘုရားလက်ထက်တော် တုန်းက အသက်တမ်းတစ်ရာဟု ဆို၏၊ ထိုအခါမှာပင် အရှင်အာနဒ္ဒါ, အရှင်မဟာကဿပ ဝိသာခါကျောင်း အမတို့ အသက် (၁၂၀) ရှည်ကြ၏၊ အရှင်ဗာကုလမှာ အသက် (၁၆၀) တိုင်အောင်ပင် ရှည်တော်မူသည်။

ကမ္မက္ခယ။ ။ထိုထိုဘဝ၌ ပဋိသန္ဓေကျိုးကို ပေးလိုက်သော ဇနကကံနှင့် ထိုဇနကကံ၏ အကျိုးဖြစ် သော ခန္ဓာအစဉ်ကို ကြာရှည်စွာ တည်တံ့အောင် ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံများကို ဤနေရာ၌ "ကံ" ဟု ခေါ်၏၊ ထိုကံများ၏ အစွမ်းသတ္တိကုန်ခန်းခြင်းသည် ကမ္မက္ခယ မည်၏၊ ဆီကုန်ခြင်းနှင့်တူ၏၊ မီးစာ ရှိသေးသော်လည်း ဆီကုန်လျှင် စုတေကြရ၏၊ ဥပမာ-အသက်တစ်ရာတမ်း၌ လူဖြစ်ရသော်လည်း ကံက အသက် (၅၀) မျှသာ စွမ်းဆောင်နိုင်ပါမူ အသက် (၅၀) ပြည့်က စုတေရလေတော့သည်။ [ဤကမ္မက္ခယကို နတ်ဗြဟ္မာအချို့၏ စုတေခန်း၌ ပုညက္ခယ (ကောင်းမှုကံ၏ ကုန်ခြင်းကြောင့် စုတေခြင်း) ဟုလည်း ခေါ်၏။]

ဥဘယက္ခယ။ ။ဥဘယေသံ-အသက်, ကံနှစ်ပါးတို့၏၊ ခယော-ကုန်ခြင်းသည်၊ ဥဘယက္ခယော-ဥဘ ယက္ခယ မည်၏၊ မီးစာနှင့်ဆီ နှစ်မျိုးလုံး ကုန်၍ မီးငြိမ်းရခြင်းကဲ့သို့ , အသက်တမ်းနှင့် ကံအစွမ်း နှစ်မျိုးလုံး ကုန်၍ စုတေရခြင်းတည်း၊ အသက်တစ်ရာတမ်းဝယ် တစ်ရာနေနိုင်လောက်အောင် ကံပါသူ၏ တစ်ရာပြည့် သောအခါ စုတေခြင်းမျိုးတည်း။

ဥပစ္ဆေဒကကံ။ ။ကိစ္စစတုက္က၌ ပြခဲ့သော ဥပဃာတကကံကိုပင် ဥပစ္ဆေဒကကံဟု ခေါ်သည်၊ ဥပစ္ဆိန္ဒတိ- ကပ်၍ ဖြတ်တောက်တတ်၏၊ ဣတိ-ကြောင့်၊ ဥပစ္ဆေဒကံ-ဥပစ္ဆေဒက မည်၏၊ အသက်တမ်းလည်းရှိသေး, ကံအစွမ်းလည်း ရှိသေးပါလျက် ရှေးဘဝကဖြစ်စေ, ယခုဘဝမှာဖြစ်စေ ပြုအပ်သော ကံတစ်ခုခုက ဝင်၍ သတ်ဖြတ်လျှင် စုတေရတတ်၏၊ ထိုစုတေခြင်းသည် ဥပစ္ဆေဒကကံကြောင့် စုတေရခြင်းတည်း၊ ဂုဏ်ကြီး သောပုဂ္ဂိုလ်များကို အကြီးအကျယ် စော်ကားမိ၍ ထိုစော်ကားမှု ဥပစ္ဆေဒကကံကြောင့် လတ်တလော သေရ သူတို့၏ ဝတ္ထုကို ဥပဃာတကကံခန်း၌ ပြခဲ့ပြီ၊ ဤအကြောင်း (၄) ပါးတွင် ရှေ့(၃) ပါးကြောင့် စုတေရခြင်းသည် အချိန်ကျ၍ စုတေရသောကြောင့် ကာလမရဏမည်၏၊ ဥပစ္ဆေဒကကံကြောင့် စုတေရခြင်းသည် သေချိန်မကျခင် စုတေရသောကြောင့် အကာလမရဏ မည်၏၊ ဤ အကာလမရဏနှင့် စပ်၍ မှတ်ဖွယ် များစွာရှိသေး၏၊၊

ဇိဃစ္ဆာယ ပိပါသာယ, အဟိဒဋ္ဌာ ဝိသေန စ၊ အဂ္ဂိဥဒကသတ္တီဟိ, အကာလေ တတ္ထ မီယတိ။ ဝါတပိတ္တေဟိ သေမှေန, သန္နိပါတဥတူဟိ စ၊ ဝိသမောပက္ကမကမ္မေဟိ, အကာလေ တတ္ထ မီယတိ။

ဇိဃစ္ဆာယ -အစာငတ်ခြင်းကြောင့်လည်းကောင်း၊ ပိပါသာယ-ရေငတ်ခြင်းကြောင့်လည်းကောင်း၊ အဟိ ဒဋ္ဌာ-မြွေကိုက်ခြင်းကြောင့်လည်းကောင်း၊ ဝိသေနစ-အဆိပ်ကြောင့်လည်းကောင်း၊ အဂ္ဂိဥဒကသတ္တီဟိ စ- မီးဘေး, ရေဘေး, လက်နက်ဘေးတို့ကြောင့်လည်းကောင်း၊ တတ္ထ-ထိုသို့သဘောရှိသော၊ အကာလေ-သေ ချိန်မရောက်သးရာကာလ၌၊ မီယတိ-သေရတတ်၏။

ဝါတပိတ္တေဟိ -လေနာ,သည်းခြေနာတို့ကြောင့်လည်းကောင်း၊ သေမှေန-သလိပ်နာကြောင့်လည်း ကောင်း၊ သန္နိပါတဥတူဟိ စ-သန္တိပါတ်နာ, ဥတုဖောက်ပြန်၍ဖြစ်သော အနာတို့ကြောင့်လည်းကောင်း၊ ဝိသမောပက္ကမကမ္မေဟိ-မညီမညွတ် မိမိကိုယ်ကို ဆောင်ရွက်မှု, မိမိ သူတစ်ပါးတို့ လုံ့လပြုမှု ဥပစ္ဆေဒကကံ တို့ကြောင့်လည်းကောင်း၊ တတ္ထ-ထိုသို့သဘောရှိသော၊ အကာလေ-သေချိန်မရောက်သေးရာ အခါ၌၊ မီယ တိ-သေရတက်၏။...[မိလိန္ဒ-အကာလမရဏပဥှာ, အဋ္ဌမဝဂ်။]

ဤသို့ အချိန်အခါ မရောက်သေးဘဲ စုတေဖို့ အကြောင်းတွေ များစွာရှိ၏၊ ဤအကြောင်းတို့ကြောင့် စုတေရာ၌လည်း အကြောင်းရင်းကံ မကင်းနိုင်ကြချေ၊ ချဲ့ဦးအံ့-"ဣဓ မဟာရာဇ ယော ပုဗ္ဗေ ပရေ ဇိဃစ္ဆာယ မာရေတိ, သော ဗဟူနိ ဝဿသတသဟဿာနိ ဇိဃစ္ဆာယ ပီဠိတော ဆာတော ၊ပေ၊ ဇိဃစ္ဆာယေဝ မရတိ ဒဟရောပိ မဇ္ဈိမောပိ မဟလ္လကောပိ" ဟူသော သံယုတ်ပါဠိတော်နှင့်အညီ, ရှေးရှေးသောဘဝက သူတစ်ပါး ကို အစာငတ်ထား၍ သတ်ခဲ့သူသည် ဘဝပေါင်းများစွာဝယ် အစာငတ်၍ သေရတတ်၏၊ ထို့ကြောင့် အစာ ငတ်၍ သေရာ၌ ရှေးကံ မကင်းချေ၊ အခြားသောအကြောင်းများကြောင့် သေရာ၌လည်း ထိုကဲ့သို့ ရှေးကံ မကင်းနိုင်၊ ထိုကံသည်ပင် ခန္ဓာအစဉ်ကို ဖြတ်တတ်သောကြောင့် အကာလမရဏ ဟူသမျှ၌ "ဥပစ္ဆေဒကကံ ကြောင့် စုတေကြရသည်" ဟု ဆရာတို့ ဆုံးဖြတ်တော်မူကြသည်။

သန္တိပါတ။ ။ထိုအကြောင်းတို့တွင် သန္တိပါတရောဂါဟူသည် လေ,သည်းခြေ, သလိပ်တို့ နှစ်ပါးဖြစ်စေ, သုံးပါးဖြစ်စေ ပေါင်းမိ၍ ဖောက်ပြန်သော ရောဂါတည်း၊ ဥတုဖောက်ပြန်၍ဖြစ်သော အနာစသည်၌လည်း လေစသည်တို့ ပျက်ကြမည်သာ၊ သို့သော် ဥတုစသည် မဖောက်ပြန်ဘဲ လေသက်သက် ဖျက်ခြင်း စသည်ကို လေနာ,သည်းခြေနာ, သလိပ်နာဟု အမည်ပေးသည်။

ဝိသမောပက္ကမ။ ။ဝိသမအရ မိမိကိုယ်ကို မညီမညွတ် ဆောင်ရွက်ခြင်းဟူသည် "အသက်ဉာဏ်စောင့်"

ဟူသည့်အတိုင်း ခန္ဓာကိုယ်ကို ကျန်းမာအောင် အသက်ရှည်အောင် ဉာဏ်ပညာ မစောင့်ရှောက်တတ် ခြင်းတည်း၊ များစွာသော သတ္တဝါတို့၏ အသက်ရှည်ကြာ အနာကင်းမှု၌ ရှေးကံကိုသာ အားကိုးအားထား မပြုထိုက်၊ ဆေးဝါးဓာတ်စာ အသွားအလာ အနေအထိုင်တို့ဖြင့် ပြုပြင်ဖို့ရာ လွန်စွာအရေးကြီး၏၊ သတ္တဝါတို့၌ မူလကံကြီးမားသူ နည်းပါးလှ၏၊ သူတစ်ပါးက သေကြောင်းကြံ၍ မရနိုင်သူ အနည်းငယ်မျှသာ ရှိ၏၊ ခန္ဓာ ကိုယ်ကို မစောင့်ရှောက်တတ်မှုကြောင့် အချိန်မကျပဲ သေရသူတွေ များလှပေသည်။

ဥပက္ကမ။ ။ဝိသမောပက္ကမကို ဝိသမ+ဥပက္ကမဟု ပုဒ်ခွဲ၍ ဥပက္ကမအရ မိမိ သူတစ်ပါးတို့ လုံ့လ ပယောဂ ဟူသည် မိမိကိုယ်တိုင် အဆိပ်သောက်မှု, ကြိုးဆွဲချမှု, ရန်သူတို့က နှိပ်စက်သတ်ဖြတ်မှု, နတ် စသည်တို့က ဖမ်းစား သတ်ဖြတ်မှုများတည်း၊ ချဲ့ဦးအံ့-လူတို့၏ ကိုယ်၌လည်းကောင်း, နေထိုင်ရာအိမ် မြို့ရွာတိုင်း၌လည်း ကောင်း နတ်တို့ စောင့်ကြပ်လျက်ရှိ၏၊ ထိုနတ်တို့သည် အကြောင်းတစ်စုံတစ်ရာကြောင့် (မကောင်းမှု ဒုစရိုက်အားကြီးမှုစသည်ကြောင့်) စိတ်ဆိုးသည့်အခါ မစောင့်ရှောက်ဘဲ ပစ်ထားရုံသာမက, တစ်ခါတစ်ရံ အန္တရာယ်ကိုပင် ပြုတတ်ကြ၏၊ နတ်တို့ မြတ်နိုးအပ်သော သူတော်ကောင်းကို တိုင်းပြည်ရှင်က ကျူးလွန် စော်ကားလျှင် တစ်တိုင်းလုံး တစ်ပြည်လုံးပင် ပျက်စီးအောင် ပြုတတ်ကြကုန်၏၊ အစောင့်အရှောက်ကင်း သော မြို့ရွာ၌ နတ်, ဘီလူး, အစိမ်းသဘက်တို့ ရဲဝံ့စွာ ဝင်ရောက်ကြကုန်၏၊ အနေအထိုင် မတတ်, အစောင့် အကြပ်ကောင်းကောင်း မရှိသူတို့ကို ဖမ်းစားတတ်ကြကုန်၏၊ ရှေးရှေးက ရန်စရှိခဲ့၍ ရန်တုန့်ပြန်လိုသော ဘီလူး, ရက္ခိုသ်တို့သည် အစောင့်အကြပ်ရှိလျက်ပင် အတင်းဝင်ရောက် ဖမ်းစားတတ်ကုန်၏၊

ဒကရက္ခိုသ်ခေါ်သော ရေစောင့် ဘီလူးများလည်း မြစ်သမုဒ္ဒရာတို့၌ ရှိတတ်၏၊ ငါး, မိကျောင်း, နဂါး ယောင်ဆောင်လျက် နေတတ်ကြကုန်သတဲ့၊ ရေနစ်သည့်အခါ, လှေ ဖောင်ပျက်သည့်အခါတို့၌ ဆွဲငင် ဖမ်းစားတတ်ကုန်၏၊ တောနက်ရာအရပ်၌ ရေကန်ကိုစောင့်သော ဒကရက္ခိုသ်များသည် ကန်တွင်းသို့ ဆင်း သောသတ္တဝါကို ဖမ်းစားခွင့် ရ၏၊ သစ်ပင်ရိပ်ကို စိုးပိုင်သော ဆာယာရက္ခိုသ်များသည် အရိပ်တွင်းသို့ ဝင်လာသူကို ဖမ်းစားခွင့် ရ၏၊ မြင်းမိုရ်တောင်၏ တတိယအာလိန်စခန်း၌ ကုမ္ဘဏ်ခေါ်သော ဒါနောရက္ခိုသ် တို့လည်း ရှိကြကုန်သေး၏၊ ထိုအလုံးစုံသော နတ်ဘီလူး အစိမ်းသရဲ သားဘက်တို့နှင့်တကွ ရန်သူတို့ လက်ချက်ဖြင့် အသက်ဆုံးရသူလည်း ပေါများလှသေးသည်၊ သို့ဖြစ်၍ မိမိ၏ အသက်ရှည်ကြာ အနာကင်း ကြောင်းကို သတိပြုကာ အရာရာ စောင့်စည်းသင့်ကြသည်။

ဋီကာကျော်။ ။"ဣဒံ ပန-ဤဥပစ္ဆေဒကမရဏသည်ကား၊ နေရယိကာနံ-ငရဲသားတို့၏ သန္တာန်၌ လည်းကောင်း၊ ဥတ္တရကုရုဝါသီနံ-မြောက်ကျွန်း၌နေသူတို့၏ သန္တာန်၌လည်းကောင်း ကေသဉ္စိ-အချို့ကုန် သော၊ ဒေဝါနံ-နတ်ဗြဟ္မာတို့၏ သန္တာန်၌လည်းကောင်း၊ န ဟောတိ-မဖြစ်နိုင်"ဟု ဆို၏၊ ထို စကားကို ဆရာ တို့ မနှစ်သက်ကြ၊ ငရဲရောက်လာသူ အချို့ကို ယမမင်း စစ်ဆေးသည့်အခါ ရှေးကုသိုလ်ကို သတိရသဖြင့် ချက်ချင်းလွတ်ကြရာ၌ ကုသိုလ်ဥပစ္ဆေဒကကံက အကုသိုလ်ဝိပါက်ဖြစ်တဲ့ ခန္ဓာအစဉ်ကို သတ်ဖြတ်ခြင်း တည်းဟု ဆိုသည်၊ [မြောက်ကျွန်းသူများအတွက် ဥပစ္ဆေဒကကံ ရှိ / မရှိ ကို သက်သေမပြနိုင်၊] နတ်တို့တွင် ဘုမ္မဇိုင်းနတ်များ၌ ဥပစ္ဆေဒကမရဏ ရှိ၏၊ ဘူတဂါမသိက္ခာပုဒ်ဝယ် ရဟန်းတစ်ပါးက သစ်ပင်ခုတ်ရာ၌ ဘုမ္မဇိုဝ်းနတ်ကလေးကို ခုတ်မိသဖြင့် သေရကြောင်းကို မိန့်၏၊ ထိုဘုမ္မဇိုင်းနတ်တို့ကို ချန်လို၍ "ကေသဉ္စိ" ဟု ဋီကာကျော်ဆိုသည်၊ သို့သော် အခြားနတ်များ၌ ဥပစ္ဆေဒကကံ ထင်ရှားပြန်၏၊ သုဗြဟ္မ နတ်သား၏ အခြွေအရံ နတ်သမီး ငါးရာတို့ ပန်းခူးနေစဉ် ပန်းပင်ထက်၌ ဥပစ္ဆေဒကကံကြောင့် စုတေ၍ အဝီစိ၌ ဖြစ်ရ ကြောင်းကို "ရုက္ခံ အဘိရူဠာဥပစ္ဆေဒကကမ္မဝသေန ဧကပ္ပဟာရေနေဝ ကာလံ ကတွာ အဝီဇိမှိ နိဗ္ဗတ္တိ" ဟု သုဗြဟ္မသံယုတ် အဋ္ဌကထာဆို၏။

အထက်နတ်များ။ ။တာဝတိံသာနတ်အချို့တို့ အပျော်ကြူးသဖြင့် အစာစားချိန်လွန်လျှင် (နောက်ထပ် စားသော်လည်း) စုတေကြရ၏၊ ထိုနတ်တို့ကို ခိဋ္ဋပဒေါသိကနတ်ဟု ခေါ်၏၊ မနောပဒေါသိက မည်သော အချို့နတ်များလည်း အချင်းချင်း စိတ်ဆိုး၍ သေကြရ၏၊ ဘုရားအလောင်းတော်တို့သည် နတ်ပြည် ဗြဟ္မာ့ ပြည်တို့၌ ပါရမီဖြည့်ခွင့် မရသောကြောင့် ကြာရှည်စွာ မနေလိုကြသဖြင့် "ဤအချိန်မှနောက်၌ ငါ့အသက် မတည်စေသတည်း" ဟု စိတ်ကို အဓိဋ္ဌာန်လိုက်လျှင် မကြာခင် စုတေကြရ၏၊ ထိုစုတေခြင်းမျိုးကို "အဓိမုတ္တိ ကာလံ ကိရိယာ"ဟု ခေါ်သည်၊ [အဓိမုတ္တိ=နှလုံးသွင်းမှု ဓိဋ္ဌာန်မှုကြောင့်+ကာလံ ကိရိယာ=စုတေရခြင်း၊] ထို့ကြောင့် နတ်ဗြဟ္မာတို့၌လည်း ဥပစ္ဆေဒကမရဏ ရှိသည်သာ, တစ်ချို့သာရှိ၍ အများလွတ်သည်ကို ရည်ရွယ်လျှင် လူ့ပြည်မှာလည်း ဥပစ္ဆေဒကလွတ်သူတွေ ရှိကြသောကြောင့် "ကေသဉ္စိ မနုဿနံ ကေသဉ္စိ တိရစ္ဆာနာနံ" စသည်ဖြင့် ဆိုရလိမ့်မည်၊ ထို့ကြောင့် ဋီကာကျော်စကားကို ဆရာတို့ မနှစ်သက်ကြ။ [အဓိမုတ္တိ ကာလံ ကိရိယာသည် ပါရမီထူးသော ဘုရားအလောင်းတော်တို့၌သာ ဖြစ်နိုင်ကြ၍ အာယုက္ခယစသော လေးပါးမှ အလွတ်ဟုလည်း အချို့ယူကြ၏၊ ဘုရားအလောင်းတို့အတွက် အလိုရှိသလို ဖြစ်နိုင်သော အသက်တမ်းကို သီးခြား ကုန်စေခြင်းဖြစ်သောကြောင့် "အာယုက္ခယ တစ်မျိုး" ဟုလည်း ကြံလိုသေး၏။]

သေခါနီး နိမိတ်ထင်ပုံ

တထာ စ မရန္တာနံ ပန မရဏကာလေ ယထာရဟံ အဘိမုခီဘူတံ ဘဝန္တရေ ပဋိသန္ဓိဇနကံ ကမ္မံ ဝါ, တံ ကမ္မကရဏကာလေ ရူပါဒိကမုပလဒ္ဓမုပကရဏဘူတဉ္စ ကမ္မနိမိတ္တံ ဝါ အနန္တရမုပ္ပဇ္ဇမာနဘဝေ ဥပလဘိတဗ္ဗမုပဘောဂဘူတဉ္စ ဂတိနိမိတ္တံ ဝါ, ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ။

တထာ စ မရန္တာနံ ပန မရဏကာလေ။ ။တထာ စ၌ စ၏အတွက် ဧဝ အနက်ကြံ၍ "တထာ စ-ထို လေးပါးသော အကြောင်းတို့ကြောင့်သာလျှင်"ဟု အနက်ပေးကြ၏၊ "စုတေဖို့ရန် အာယုက္ခယစသော လေးပါးမှတစ်ပါး အခြား အကြောင်းများ မရှိတော့ပြီ" ဟူလို၊ မရဏကာလေ၌ မရဏကာလအရ စုတေတုန်း ဆဲဆဲ စုတိစိတ္တက္ခဏကို မယူရ, စုတိ၏အနီးအပါးဖြစ်သော ကာလကို ယူရမည်၊ အနီးရှိသော စုတိကာလ၏ မရဏကာလဟူသော နာမည်ကို အနီးဖြစ်သော မရဏာသန္နကာလ၌ တင်စားသော သမီပျူပစာတည်း၊ ထို့ကြောင့် "မရဏကာလေ-စုတေခါနီးအခါ၌" ဟု အနက်ပေးရသည်။

ယထာရဟံ။ ။ဤ ယထာရဟံ၏ အဓိပ္ပာယ်ကို ပါဠိဋီကာတို့၌ အလွန်သွယ်ဝိုက်၍ ဖွင့်ကြသည်၊ စာသွား ကို စဉ်းစားလျှင် "ယထာရဟံ ကမ္မံ ဝါ ကမ္မနိမိတ္တံ ဝါ ဂတိနိမိတ္တံ ဝါ ပစ္စုပဋ္ဌာတိ" ဟု လိုရင်းပုဒ်များကို တွေ့ရ ၏၊ "ထိုက်သည့်အားလျော်စွာ ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် တစ်ပါးပါး ထင်လာ၏၊ ကံအာရုံ ထင် လိုက်လျှင် ကံအာရုံ ထင်မည်, ကမ္မနိမိတ် ထင်လိုက်လျှင် ကမ္မနိမိတ် ထင်မည်, ဂတိနိမိတ် ထင်လိုက်လျှင် ဂတိနိမိတ် ထင်မည်" ဟုသာ အဓိပ္ပာယ်ရ၏၊ သို့သော် ထိုဋီကာအဖွင့်၌ မှတ်သားဖွယ်များစွာ ပါသောကြောင့် စာသွား မဖြောင့်စေကာမူ အဓိပ္ပာယ်လှသဖြင့် ဖွင့်ပြဦးအံ့။

ဋီကာကျော်။ ။"ယထာရဟံတိ-ယထာရဟံ ဟူသည်ကား၊ တံတံ ဂတီသု-ထိုထိုဂတိတို့၌၊ ဥပ္ပဇ္ဇမာနက သတ္တာနုရူပံ-ဖြစ်လတ္တံ့သော သတ္တဝါအားလျော်စွာ" ဟု ဖွင့်၏၊ ထိုထိုဂတိတို့၌ ဖြစ်ဦးမည့် သတ္တဝါများ၌သာ ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် တစ်ပါးပါး ထင်ထိုက်၏၊ ထိုထိုဂတိ၌ ဖြစ်တော့မည် မဟုတ်သော ရဟန္တာတို့၌ ကံက အကျိုးပေးတောမည် မဟုတ်ရကား ကံလည်း မထင်, ကံ၏ အကြောင်းဖြစ်သော ကမ္မ နိမိတ်လည်း မထင်, နောက်ဘဝ၌ ရောက်ရမည့် ဂတိမရှိတော့ရကား ဂတိနိမိတ်လည်း မထင်၊ မိမိတို့၌ စွဲစွဲမြဲမြဲ ဆင်ခြင်နေကြဖြစ်သော ရုပ် နာမ်စသည်သာ ထင်လာတော့၏၊ [ရုပ် နာမ်စသည်ဟူရာ၌ အာဒိဖြင့် လက္ခဏရုပ် ပညတ်တို့ကို မဏိမဉ္ဇူ ယူ၏၊ လက္ခဏရုပ်သည် ရုပ်အစစ် မဟုတ်၊ ထို့ကြောင့် သီးခြားယူဟန် တူသည်။]

ချဲ့ဦးအံ့–စျာနလာဘီ ရဟန္တာအချို့တို့ စျာန်သမာပတ်၏ အဆုံး၌ ပရိနိဗ္ဗာန်စံလျှင် ဆိုင်ရာစျာန်၏ အာရုံ

ဖြစ်သော ကသိုဏ်းပညတ် စသည်သာ ထင်လာရာ၏၊ [ဤ၌ စျာန်ဇောသည်ပင် မရဏာသန္နဇော ဖြစ်တော့ ၏၊] စျာန်ဝင်စားပြီးနောက် စျာန်အင်္ဂါကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ အဆုံး၌ ပရိနိဗ္ဗာန်စံလျှင် ထို ပစ္စဝေက္ခဏဇောသည်ပင် မရဏာသန္နဇော ဖြစ်ရကား စျာန်အင်္ဂါသည် မရဏာသန္နဇော၏ အာရုံအဖြစ်ဖြင့် ထင်လာ၏၊ အဘိညာဉ်၏အခြားမဲ့၌ ပရိနိဗ္ဗာန်စံလျှင် အဘိညာဉ်၏ အာရုံဖြစ်သော ကရဇကာယ(ခန္ဓာကိုယ်)သည်ပင် ထင်လာ၏၊ ဇီဝိတသမသီသီရဟန္တာတို့၌ အရဟတ္တမဂ္ဂဝီထိနောက် ပစ္စဝေက္ခဏာဝီထိဖြစ်၍ ပရိနိဗ္ဗာန်စံလျှင် ထိုပစ္စဝေက္ခဏာဇော၏အာရုံဖြစ်သော မဂ်ဖိုလ်စသည် ထင်လာ၏၊ ဤသို့လျှင် ပရိနိဗ္ဗာန စုတိရှေ့က မရဏာသန္နဇောတို့၌ ရုပ် နာမ် ပညတ်တစ်ပါးပါးသာ ထင်လာဖွယ်ရှိ၏၊ ပရိနိဗ္ဗာနစုတိကား "ပဋိသန္ဓိဘဝင်္ဂဉ္စ, တထာ စဝနမာနသံ၊ ဧကမေဝ တထေဝေက . ဝိသယေဉ္စကဇာတိယံ" ဂါထာအတိုင်း ထို ပစ္ဆိမဘဝပဋိသန္ဓေစိတ်၏ အာရုံဖြစ်သော ကံ ကမ္မနိမိတ် ဂတိနိမိတ်တစ်ပါးပါးကိုသာ အာရုံပြုသည်။

ဋီကာကျော်။ ။ကတ္ထစိ ပန အနုပ္ပဇ္ဇမာနဿ ခီဏာသဝဿ ယထောပဋ္ဌိတံ နာမရူပါဒိကမေဝ စုတိပရိယောသာနာနံ ဂေါစရဘာဝံ ဂစ္ဆတိ, န ကမ္မကမ္မနိမိတ္တာဒယော။ [အနက်ကို ဋီကာကျော်နိဿယ၌ ရှုပါ။]

မှတ်ချက်။ ။"စုတိပရိယောသာသနံ" ဟူသော စကားအရ မရဏာသန္နဇောနောက်က ပရိနိဗ္ဗာနစုတိ စိတ်သည် မရဏာသန္နဇောကဲ့သို့ပင် ထင်နေကျ နာမ် ရုပ်စသည်ကို အာရုံပြု၏ဟု ဆိုကြ၏၊ ထို ဆရာတို့က "စုတိပရိယောသာနာနံ-စုတိ အဆုံးရှိသော ဝီထိစိတ်" ဟူရာ၌ တဂ္ဂုဏသံဝိညာဏ ဗဟုဗ္ဗီဟိသမာသ် ကြံ၍ စုတိပရိယောသာနာနံ အရတွင် စုတိစိတ်လည်း ပါဝင်သည်ဟု ဆိုလို သတက်၊ သို့သော် ပဋိသန္ဓိဘဝင်္ဂဉ္စစသောဂါထာအရ တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိတို့ အာရုံ ချင်း တူမြဲဖြစ်၍ ပဋိသန္ဓေစိတ်တုန်းက ထုံးစံအတိုင်း ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ပါးပါးကို ယူခဲ့ ရာ, ပရိနိဗ္ဗာနစုတိက ပဋိသန္ဓေ၏ အာရုံကို လိုက်၍မယူလျှင် ထိုဂါထာနှင့် ဆန့်ကျင်ရာသော ကြောင့် "စုတိပရိယောသာနာနံ" အရ အတဂ္ဂုဏသံဝိညာဏဗဟုဗ္ဗီဟိသမာသ်ကြံ၍ စုတိကို ချန်မှ သင့်မြတ်နိုင်မည်၊၊ [တဂ္ဂုဏ အတဂ္ဂုဏသဘောကို သဒ္ဒါကျမ်းများ၌ ရှုပါ။]

ဘုရားရှင်၏ ပရိနိဗ္ဗာနစုတိအာရုံ။ ။"အနေဇော သန္တိမာရဗ္ဘ , ယံ ကာလ မကရီ မုနိ" ဟူသော မဟာပရိ နိဗ္ဗာနသုတ် ပါဠိတော်ကို ကိုးကား၍ "ဘုရားရှင်၏ ပရိနိဗ္ဗာနစုတိသည် နိဗ္ဗာန်ကို အာရုံပြု၏၊" ဟု ဆိုကြသေး ၏၊ ထိုဆရာတို့သည် ပရိတ္တာရမဏတိက်ကို သတိပြုမိကြဟန် မတူ ၊ ကာမဝိပါက် တေဝီသ, ပဉ္စဒွါရာဝဇ္ဇန်း, ဟသိတုပ္ပာဒ်တို့သည် ကာမတရားကို အမြဲအာရုံပြု၏၊ အဘိဓမ္မာသဘောမှာ မျက်နှာကြီးငယ် လိုက်ဖွယ် မရှိ၊ ဘုရားရှင်၏ ပရိနိဗ္ဗာနစုတိစိတ်တော်ကြီးသည် ပဋိသန္ဓေစိတ်နှင့်တူစွာ မဟာဝိပါက် ပဌမစိတ် ပင်တည်း၊ ထို ကာမဝိပါက်စိတ်က နိဗ္ဗာန်ကို အာရုံမပြုနိုင်၊ ပဋိသန္ဓေနေတော်မူတုန်းက လူ့ပြည်ဂတိနိမိတ်ကို အာရုံပြု၍ နေတော်မူခဲ့သဖြင့် ထိုဂတိနိမိတ်ကိုပင် ပြန်၍ အာရုံပြုရပေမည်၊ သန္တိမာရဗ္ဘ၏ အဓိပ္ပာယ်မှာ- ပရိနိဗ္ဗာန်စံတော့မည် ဖြစ်၍ ထိုနိဗ္ဗာန်ကို ခပ်စောစောကပင် ရည်ရွယ်လျက် နေတော်မူသည်ကို ဆိုလို၏၊ ထို့ကြောင့် အဋ္ဌကထာ၌ သန္တိမာရဗ္ဘအရ "သန္တိံ အာရမဏံ ကတွာ" ဟု အာရုံပြုသံ မဖွင့်ဘဲ "သန္တိမာရဗ္ဘတိ အနုပါဒိသေသံ နိဗ္ဗာနံ အာရဗ္ဘ ပဋိစ္စ (စွဲမှီ၍) သန္ဓာယ (ရည်စူး၍)" ဟု ဖွင့်ပြသည်၊ ["အနေဇော-တဏှာ ရှိတော်မမူသော၊ မုနိ-မြတ်စွာဘုရားသည်၊ သန္တိံ-နိဗ္ဗာန်ကို၊ အာရဗ္ဘ-ရည်ရော်မျှော်မှန်း၍၊ ကာလံ-ပရိနိဗ္ဗာန် စံချိန်ကို၊ ယံ အကရီ-အကြင် ပြုတော်မူပြီ"ဟု အနက်ဆိုပါ။]

ထေရဂါထာ အဋ္ဌကထာ။ ။ထို အဋ္ဌကထာသည် "သန္တိမာရဗ္ဘာတိ သန္တိံ အနုပါဒိသေသံ နိဗ္ဗာနံ အာရမဏံ ကတွာ" ဟု ဖွင့်သောကြောင့် မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာနှင့် ဆန့်ကျင်သလို ရှိ၏၊ သို့သော် ပရိနိဗ္ဗာန်မစံခင် ခပ်စောစောက နိဗ္ဗာန်ကို အာရုံပြုနေသည်ဟူသော သဘောဖြင့် ဖွင့်ပြလျှင် ထေရဂါထာ အဋ္ဌကထာစကားလည်း သင့်သည်သာ၊ ထင်ရှားစေအံ့-သမာပတ်ဝင်စားတော်မူပြီးနောက် စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ဝီထိအဆုံး၌ ဘုရားရှင်၏ စုတိစိတ်တော် ဖြစ်ရကား စုတိ မရောက်ခင် စျာန်အင်္ဂါကို ဆင်ခြင် ခိုက်၌ စျာန်အင်္ဂါများ ထင်လာရမည်၊ သမာပတ် ဝင်စားခိုက်၌ သမာပတ်အာရုံဖြစ်သော ကသိုဏ်းပညတ် စသည်တို့ ထင်ရပေမည်၊ ထိုအခိုက်မှာ နိဗ္ဗာန်အာရုံ ထင်လာဖွယ် မရှိတော့ပြီ၊ ထို့ကြောင့် "သန္တိ်မာရဗ္ဘ" အရ သမာပတ် မဝင်စားမီ ရှေးအဖို့က နိဗ္ဗာန်ကို အာရုံပြုသေးသည်ဟု ဆိုလျှင် ထေရဂါထာ အဋ္ဌကထာအလို ဆိုနိုင်ပါသေး၏၊ တိုက်ရိုက်အာရုံ ပြုသည်ဖြစ်စေ, မပြုသည်ဖြစ်စေ နိဗ္ဗာန်သို့ ကိုင်းညွတ်နေသည်ကား အမှန် ပင်၊ စုတိစိတ်တော် အခိုက်မှာ မည်သည့်နည်းနှင့်မျှ နိဗ္ဗာန်ကို အာရုံပြုခွင့် မရနိုင်ပါ။

အဘိမုခီဘူတံ ဘဝန္တရေ ပဋိသန္ဓိဇနကံ ကမ္မံ ဝါ။ ။[အဘိမုခီဘူတံပုဒ်ကို ကမ္မံ ဝါ၌ စပ်၊] ကံအများ ရှိသည်တွင် ပဋိသန္ဓေကျိုးကို ပေးမည့်ကံသည် စုတေခါနီးအခါ၌ အခြား ကံများထက် ထင်ရှားသည်ကိုပင်၊ အဘိမုခီဘူတဟု ဆိုသည်၊ "အဘိမုခီဘူတံ-ရှေးရှုသကဲ့သို့ဖြစ်သော (လူအများတွင် မျက်နှာပေါ်လွင်သူ ကဲ့သို့) စုတေခါနီး၌ ပဋိသန္ဓေကျိုးကို ပေးမည့်ကံသော်လည်း ပေါ်လွင်စွာ စိတ်ထဲ၌ ထင်လာတတ်သည်။

တံ ကမ္မကရဏကာလေ ၊ပေ၊ ကမ္မနိမိတ္တံ ဝါ။ ။ကမ္မဿ-ကံ၏၊ နိမိတ္တံ-အကြောင်းတည်း၊ ကမ္မနိမိတ္တံ- ကံ၏အကြောင်း၊ ကံပြုတုန်းက ထိုကံဟူသော စေတနာသည်၊ ထိုထိုအာရုံကို အာရုံပြု၍ ဖြစ်၏၊ ထိုကံပြုတုန်း က တွေ့ခဲ့ ကြုံခဲ့သမျှ သက်ဆိုင်သောအာရုံကို "ကမ္မနိမိတ်"ဟု ခေါ်၏၊ ထိုကမ္မနိမိတ်ဟူသည် ရူပါရုံ သဒ္ဒါရုံ စသော အာရုံ (၆)ပါးပင် ဖြစ်ရကား "ရူပါဒိကံ"ဟု ဆိုသည်၊ ထိုရူပါရုံစသော ကမ္မနိမိတ်သည် အချုပ်အားဖြင့် "ဥပလဒ္ဓ, ဥပကရဏ"ဟု နှစ်မျိုးရှိ၏၊ ထိုတွင် ဥပလဒ္ဓကမ္မနိမိတ်ဟူသည်လည်း တိုက်ရိုက်ရအပ်သော (တိုက်ရိုက်သက်ဆိုင်သော) ပဓာနအာရုံတည်း၊ ဥပကရဏကမ္မနိမိတ်ဟူသည် ကံပြီးမြောက်ဖို့ အဆောက် အဦး အခြံအရံမျှသာဖြစ်သော အပဓာနအာရုံတည်း၊ ကျောင်းလှူရာ၌ ကျောင်း၏ အသုံးအဆောင်နှင့်တကွ ဆွမ်း, သင်္ကန်းစသည်ကိုပါ အခြံအရံအဖြစ်ဖြင့် ထည့်စွက်လှူဒါန်းကြ၏၊ ထိုတွင် ကျောင်းကြီးထင်လာလျှင် ဥပလဒ္ဓကမ္မနိမိတ်တည်း၊ ကျောင်းအသုံးအဆောင်နှင့် ဆွမ်း, သင်္ကန်း တစ်ခုခု ထင်လာလျှင် ဥပကရဏကမ္မ နိမိတ်တည်း၊ စေတီတော်, ဆင်းတုတော်စသည်အား ဆွမ်း, ရေချမ်း, ပန်း, ဆီမီးတို့ လှူဒါန်းရာ၌ စေတီ တော်သည် ဥပလဒ္ဓ, ဆွမ်းစသည်ကား ဥပကရဏတည်း၊ သား, ငါးတို့ကို လက်နက်, ပိုက်ကွန်စသည်တို့ဖြင့် သတ်ဖြတ်ရာ၌ သား, ငါးတို့သည် ဥပလဒ္ဓ, လက်နက် စသည်တို့ကား ဥပကရဏတည်း၊ လက္ခဏသံယုတ် ဝယ် နွားစသည်ကို များစွာ သတ်ခဲ့၍ သေခါနီး၌ အရိုးပုံကမ္မနိမိတ်တွေ ထင်လာသတဲ့၊ ဤ၌ နွားသည် ဥပလဒ္ဓ, အရိုးတွေသည် ဥပကရဏတည်း၊ ဤသို့လျှင် တိုက်ရိုက်အာရုံကို ဥပလဒ္ဓ, အဆက်အသွယ်ဟူသမျှ ကို ဥပကရဏဟု မှတ်ပါ။ [ဆောင်ပုဒ်ကို အခြေပြုသင်္ဂြိုဟ်မှာ ရှု။]

အနန္တရမုပ္ပဇ္ဇမာနဘဝေ ၊ပေ၊ ဂတိနိမိတ္တံ ဝါ။ ။ဂတိယာ-လားရောက်အပ်သော ဘဝ၏၊ နိမိတ္တံ-အာရုံ တည်း၊ ဂတိနိမိတ္တံ-လားရောက်အပ်သောဘဝ၏ အာရုံ၊ နောက်ဖြစ်ရမည့် ဘဝသစ်က အာရုံများလည်း စုတေခါနီးမှာ ကြိုတင်၍ ထင်လာတတ်၏၊ ထိုဂတိနိမိတ်လည်း "ဥပလဘိတဗ္ဗ, ဥပဘောဂဘူတ" ဟု နှစ်မျိုး ပြားပြန်၏၊ ဤ၌လည်း တိုက်ရိုက် ရထိုက် ရောက်ထိုက်သော အရပ်သည် ဥပလဘိတဗ္ဗ မည်၏၊ ထိုရောက် ရာအရပ်၌ တွေ့ကြုံခံစားရမည့် အသုံးအဆောင်တွေသည် ဥပဘောဂ မည်၏၊ ထိုတွင် လူ့ဘုံသွားမည့်သူ၌ ကမ္ဗလာနီကဲ့သို့ နီသောအဆင်းရှိသော အမိဝမ်းရေ ထင်လာလျှင် ဥပလဘိတဗ္ဗဂတိနိမိတ်တည်း၊ နတ်ပြည် သွားမည့်သူ၌ မိမိရမည့် ဘုံဗိမာန်သည် ဥပလဘိတဗ္ဗ, နတ်သမီး ပဒေသာပင် ဥယျာဉ် ရေကန်တို့သည် ဥပဘောဂတည်း၊ ငရဲသွားရမည့်သူ၌ ငရဲဘုံသည် ဥပလဘိတဗ္ဗတည်း, ခွေး ကျီး လင်းတ ငရဲထိန်း ငရဲမီး စသည်သည် ဥပဘောဂတည်း၊ တိရစ္ဆာန်ဖြစ်မည့်သူ၌ တော တောင်အရပ်သည် ဥပလဘိတဗ္ဗ,ချုံပိတ်ပေါင်း စသည်သည် ဥပဘောဂတည်း၊ ပြိတ္တာဖြစ်မည့်သူ၌ အမိုက်မှောင်ကြီးများ ထင်လာတတ်၏ဟု ဆို၏၊ ဤ၌လည်း သမုဒ္ဒရာမြစ်ကမ်းစသော ပြိတ္တာတို့ နေထိုင်ရာအရပ်များလည်း ထင်လာပေလိမ့်မည်၊ ဤပြခဲ့ သော ဂတိနိမိတ်များသည် ရူပါရုံချည်းသာ ဖြစ်၏၊ ထိုဂတိနိမိတ် ထင်လာရာ၌ အချို့မှာ မိမိနေရာအရပ်၌ တွေ့ကြုံနေသလို ထင်၏၊ တချို့မှာ ဟိုကသည်က ပေါ်လာသကဲ့သို့ ထင်၏၊ တချို့မှာ မိမိကိုယ်တိုင် ငရဲ သို့ ရောက်နေသလို, နတ်ပြည်သို့ ရောက်နေသလို ထင်၏၊ ယခုကာလ တချို့မှာ အကြီးအကျယ် ဖျား၍ မေ့မျောသွားရာ၌ ငရဲသို့ ရောက်သွားလေဟန်, နတ်ပြည်သို့ ရောက်သွားလေဟန် ထင်တတ်ကြသည်။

ကမ္မဗလေန ဆန္နံ ဒွါရာနံ အညတြသ္မိံ ပစ္စုပဋ္ဌာတိ။ ။ထိုအာရုံများသည် ပဋိသန္ဓေကျိုးကို ပေးတော့မည့် ဇနကကံ၏အစွမ်းကြောင့် ထင်လာ၏၊ "ဆန္နံ ဒွါရာနံ အညတြသ္မိံ " အရ ဒွါရ(၆) ပါးတွင် တစ်ပါးပါး၌ ထင်ပုံ ကို နောက်၌ ပြလတ္တံ့၊ ဤ၌ "ကမ္မဗလေန-ကံ၏အစွမ်းကြောင့် ထင်သည်" ဟူသောစကားသည် ယေဘုယျ သာတည်းဟု ပရမတ္ထဒီပနီ ဆို၏၊ အချို့ အမြဲလေ့လာအပ်သော အာရုံ, သို့မဟုတ် စုတေခါနီး လောလော ဆယ်၌ ပြုအပ်သောအာရုံ, ဆွေမျိုးစသည်တို့က သတိပေး၍ သတိရအပ်သောအာရုံ, ကိုယ်တိုင် တွေးတော စဉ်းစား၍ ပေါ်လာသော အာရုံများသည် ကံအစွမ်းကြောင့် မဟုတ်ဘဲ, အမြဲလေ့လာခြင်းစသော အကြောင်း တို့ကြောင့်လည်း ထင်လာနိုင်သတဲ့။

သေခါနီးစိတ်အစဉ်

တတော ပရံ တမေဝ တထောပဋ္ဌိတံ အာရမဏံ အာရဗ္ဘ ဝိပစ္စမာနက ကမ္မာနုရူပံ ပရိသုဒ္ဓံ ဥပက္ကိလိဋ္ဌံ ဝါ ဥပလဘိတဗ္ဗဘဝါနုရူပံ တတ္ထောဏတံဝ စိတ္တသန္တာနံ အဘိဏှံ ပဝတ္တတိ ဗာဟုလ္လေန၊ တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကကရဏဝသေန ဒွါရပ္ပတ္တံ ဟောတိ။

တမေဝ တထောပဋ္ဌိတံ အာရမဏံ အာရဗ္ဘ။ ။တထောပဋ္ဌိတံ-ထိုဆိုခဲ့တိုင်းသော အခြင်းအရာအားဖြင့် ထင်လာသော၊ တမေဝ အာရမဏံ-(ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် တစ်ပါးပါးသော) ထိုအာရုံကိုပင်၊ အာရဗ္ဘ-အာရုံပြု၍၊ စိတ္တသန္တာနံ-စိတ်အစဉ်သည်၊ ပဝတ္တတိ-ဖြစ်နေ၏၊ "ထင်လာတဲ့ အာရုံကိုပင် အာရုံပြု၍၊ (ထိုအာရုံကို မလွှတ်ဘဲ) မစုတေခင် စိတ်အစဉ်ဖြစ်နေသည်" ဟူလို၊

ဤ၌ "တမေဝ အာရမဏံ အာရဗ္ဘ-ထိုအာရုံကိုပင် မလွှတ်တမ်း အာရုံပြုနေသည်" ဟူသော စကားသည် ယေဘုယျသာ၊ မသေခင် ခပ်စောစောကပင် ကောင်းသောအာရုံတွေ ထင်ပြီးမှ သေခါနီး၌ မကောင်းသော အာရုံသို့ ပြောင်း၍ထင်သော ဝတ္ထု, မကောင်းသောအာရုံတွေ ထင်ပြီးမှ ဆွေမျိုးဉာတိတို့က ကူညီဝိုင်းဝန်းကြ သဖြင့် ကောင်းသောအာရုံသို့ ပြောင်း၍ထင်သော ဝတ္ထုများလည်း ထင်ရှားရှိသည်။

ဝတ္ထုအထောက်။ ။သောဏဂိရ်ိခေါ် တောင်ပေါ်ကျောင်း၌ သီတင်းသုံးတော်မူသော ရဟန္တာအရှင် သောဏ၏ ခမည်းတော်သည် သန်သန်မာမာရှိစဉ်က မုဆိုးအလုပ်ဖြင့် အသက်မွေးပြီးလျှင် အိုမင်းမစွမ်းမှ သားတော်အထံ ရဟန်းပြုနေသတဲ့၊ စုတေခါနီးလတ်သော် တောင်ခြေမှ ခွေးကြီးတွေ မိမိကို ကိုက်မလိုအနေ ဖြင့် ဂတိနိမိတ် ထင်လာသောကြောင့် "ချောက်ပါဟဲ့ သားရဲ့"ဟု ဆက်ကာဆက်ကာ အော်ဟစ်ရာ "ဘာလဲ ဦးပဉ္စင်းကြီး" ဟု မေးလေသော် "ခွေးကြီးတွေ ခွေးကြီးတွေ" ဟု ပြောပြသဖြင့် ငရဲဂတိနိမိတ် ထင်လာ ကြောင်းကို သိရ၍ "ငါကဲ့သို့ သားရှိပါလျက် ငရဲသို့ ဘာ့ကြောင့် ကျရမလဲ" ဟု စိတ်ထား၍ သာမဏေများကို ပန်းရှာခိုင်းပြီးလျှင် စေတီရင်ပြင်တော်မှာ ပန်းမွေ့ရာခင်းပြီးမှ ဦးပဉ္စင်းကြီးကို ညောင်စောင်းနှင့်တကွ ရွှေ့၍ စေတီ၏ရှေ့၌ ချထားလေသည်၊ ထို့နောက် "ဦးပဉ္စင်းကြီးအတွက် ပန်းပူဇော်ထားသည်, ကြည်ညိုပါ" ဟု တိုက်တွန်းသဖြင့် ကြည်ညို ဝမ်းမြောက်သည့်ခဏ၌ ခွေးကြီးတွေ မထင်တော့ပဲ နတ်သမီးတွေ ထင်လာရာ" ဟဲ့သားရဲ့-ဖယ်ပေးပါ ဖယ်ပေးပါ, သားရဲ့ မိထွေးများ လာနေတယ်" ဟု ယောင်ယမ်း ပြောဆိုနေစဉ် စုတိကျ ၍ နတ်ပြည်သို့ ရောက်ရလေသတဲ့။

ဓမ္မာသောကမင်းကြီးကား -ရှေးဦးစွာ အာရုံကောင်း ထင်လာပြီးမှ သမားတော်၏ ဆက်သအပ်သော သျှိသျှားသီးပိုင်းကလေးကို ရှုမိသဖြင့် "ဇမ္ဗူဒိပ်ကို အစိုးရသူ ဖြစ်ပါလျက် ယခုမှာ သျှိသျှားသီးပိုင်းကလေးကို အစိုးရသူ ဖြစ်ရလေခြင်း" အလွန်အမင်း ဝမ်းနည်းလျက် မကောင်းသော အာရုံများကို ယူကာ စုတေရရှာပြီး နောက် စပါးကြီးမြွေ ဖြစ်ရသည်၊ ထို့နောက် သားတော် အရှင်မဟိန္ဒက ကယ်ဆယ်ချေချွတ်၍ ထိုဘဝမှ လွတ်ပြီးနောက် ရဟန္တာဖြစ်သည်ဟု ဆိုသတတ်၊ ဤသို့လျှင် အချိန် စောစောက ကြိုတင်၍ ထင်ရာ၌ အာရုံကောင်း / မကောင်း အပြောင်းအလွဲနှင့် ကံ ကမ္မနိမိတ် ဂတိနိမိတ် အပြောင်းအလွဲ (ကံ ထင်ပြီးမှ ကမ္မနိမိတ်ပြောင်းခြင်းစသည်) များလည်း ရှိကောင်းပေမည်။

ဝိပစ္စမာနကကမ္မာနုရူပံ ပရိသုဒ္ဓံ ဥပက္ကိလိဋ္ဌံ ဝါ။ ။ထင်လာသော ကံ ကမ္မနိမိတ် ဂတိနိမိတ် သုံးပါးတွင် တစ်ပါးပါးကို အာရုံပြု၍ စိတ်အစဉ်ဖြစ်ရာ၌ အကျိုးပေးလတ္တံ့သော ကံအားလျော်စွာ ဖြူစင်သော စိတ်အစဉ် ညစ်နွမ်းသော စိတ်အစဉ် ဖြစ်သည်၊ "ကုသိုလ်ကံ အကျိုးပေးတော့မည်ဖြစ်လျှင် ဖြူစင်သော ကုသိုလ်စိတ် အစဉ် ဖြစ်၏, အကုသိုလ်ကံ အကျိုးပေးတော့မည်ဖြစ်လျှင် ညစ်နွမ်းသော အကုသိုလ်စိတ်အစဉ် ဖြစ်၏၊" ဟူလို၊၊

စောဒနာဖွယ်။ ။ကုသိုလ်ကံ ထင်လာသောအခါ နတ်သမီး ဗိမာန်စသည်တို့ ထင်လာရာ၌ တဏှာ ဖြင့် သာယာဖွယ် ရှိ၏, အရှင်သောဏထေရ်၏ ခမည်းတော်သည် နတ်သမီးတွေ ထင်လာသဖြင့် သာယာ သောကြောင့် "သားရဲ့ မိထွေးများ လာနေတယ်" ဟုပင် ယောင်ယမ်းသေး၏၊ ထိုသာယာသော တဏှာ စိတ်များ ပါနေပါလျက် အဘယ့်ကြောင့် သုဂတိသို့ ရောက်ရသနည်း၊ အာဒိတ္တပရိယာယသုတ်၌...

"နိမိတ္တဿာဒဂဓိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌတိ အနုဗျဉ္ဇနဿာဒဂဓိတံ ဝါ ၊ တသ္မိံ စေ ဘိက္ခဝေ ကာလံ ကရေယျ, ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ"–

ဟု ဟောတော်မူ၏၊ ထို့ကြောင့် နတ်သမီး ဗိမာန်စသည်ကို သာယာမှုသည် ငရဲ, တိရစ္ဆာန်ဘုံသို့ ရောက်ဖို့ရန် သာ ဖြစ်သည်မဟုတ်ပါလောဟု မေး၊ အဖြေကား-ထင်လာသော ကုသိုလ်ကံနှင့် နတ်သမီးဗိမာန်ကို သာယာ မှု တဏှာသည် ငရဲ တိရစ္ဆာန်ဖြစ်ဖို့ အကြောင်းမဟုတ်, ကုသိုလ်ကံ အခွင့်သာအောင် လမ်းညွှန်သူပမာ အထောက်အပံ့သာ ဖြစ်၏၊ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်၌ "ဂတိသမ္ပတ္တိယာ ဉာဏသမ္ပယုတ္တေ အဋ္ဌန္နံ ဟေတူနံ ပစ္စယာ ဥပပတ္တိ ဟောတိ "စသည်ဖြင့် ဟောတော်မူသည်။

ထိုပါဠိတော်အလို။ ။ကုသိုလ်ဖြစ်တုန်းခဏတွင် ဉာဏသမ္ပယုတ် ကုသိုလ်စိတ်ဝယ် အလောဘစသော ဟိတ်သုံးပါး, ကုသိုလ်ပြုပြီးနောက် ထိုကုသိုလ်ကို သာယာနှစ်သက်သောအခါ၌ တဏှာဖြင့် သာယာသော ကြောင့် လောဘ မောဟဟူသော ဟိတ်နှစ်ပါး, ထိုကုသိုလ်ကံ၏ အကျိုးဖြစ်သော ပဋိသန္ဓေအခါ၌ မဟာ ဝိပါက် ဉာဏသမ္ပယုတ်ဖြစ်၍ အလောဘစသော ဟိတ်သုံးပါး, ဤဟိတ် (၈)ပါးတို့၏ သတ္တိကြောင့် သုဂတိ ဘဝ၌ ဉာဏသမ္ပယုတ်ပဋိသန္ဓေ နေကြရသတဲ့၊ ဤ၌ အကုသိုလ်ဟိတ်နှစ်ပါးကလည်း ကုသိုလ်ကံ အကျိုး ပေးရာ၌ ထောက်ခံလျက်ရှိ၏၊

ထို့ကြောင့် ကုသိုလ်ကံ ထင်လာ၍ သာယာမှု, နတ်သမီး ဗိမာန်စသည်ကို သာယာမှုတဏှာသည် ကုသိုလ် ကံ အခွင့်သာဖို့ရာ အထောက်အပံ့သာ ဖြစ်သည်။

ဆက်ဦးအံ့ –နိမိတ္တဿာဒဂဓိတံ ဝါ စသော ပါဠိတော်၌ နိမိတ္တဟူသည် ယောကျ်ား မိန်းမတို့၏ တစ်ကိုယ် လုံးတည်း၊ မိမိကိုယ်ကို ဖြစ်စေ, သူတစ်ပါးကိုယ်ကို ဖြစ်စေ, ထိုတစ်ကိုယ်လုံးကို သာယာမက်မောမှုသည် နိမိတ္တဿာဂဓိတ မည်၏၊ အနုဗျဉ္ဇနဟူသည် လက် ခြေ မျက်နှာစသော ကိုယ်အင်္ဂါအစိတ်အပိုင်းတည်း၊ ထို ကိုယ်အင်္ဂါကို သာယာမက်မောမှုသည် အနုဗျဉ္ဇနဿာဒဂဓိတ မည်၏၊ ထိုသို့သာယာမက်မောသော ဝိညာဉ် အစဉ်သည် မရဏာသန္နဇောတိုင်အောင် တည်နေပါလျှင် ဧကန်ပင် ငရဲနှင့် တိရစ္ဆာန် ထိုက်တန်ရာ ရောက်ရ ပေမည်၊ နတ်သမီး ဗိမာန်စသည်ကို သာယာမှုမှာ ထိုနိမိတ္တ အနုဗျဉ္ဇနတို့ကို သာယာမှုလောက်လည်း မပြင်း ထန်ရာ, ပြင်းထန်သည်ပင် ဖြစ်စေဦးတော့, မရဏာသန္န(နောက်ဆုံးဝီထိ)တိုင်အောင် ထိုအာရုံများ တည်နေ မည်မဟုတ်, နောက်ဆုံးဝီထိမှာ ကုသိုလ်ဇောသာ ဖြစ်မည်၊ ထို့ကြောင့် "ဝိပစ္စမာနကကမ္မာနုရူပံ ပရိသုဒ္ဓံ ဝါ" အရ ကုသိုလ်ကံအားလျော်စွာ စင်ကြယ်သော စိတ်အစဉ် ဖြစ်နေရာ၌ နတ်သမီးစသူတို့ကို သာယာမှု အတွက် စိတ်အစဉ် ညစ်နွမ်းသွားပြီဟု မဆိုလောက်, ကုသိုလ်ကံ၏ အထောက်အပံ့သာ ဖြစ်ထိုက်ပေသည်။

ဥပလဘိတဗ္ဗဘဝါနုရူပံ တတ္ထောဏတံဝ။ ။စုတေခါနီး၌ဖြစ်သမျှ စိတ်အစဉ်သည် မည်သည့်အာရုံကိုပင် အာရုံပြုနေစေကာမူ ရောက်ရတော့မည့် နောက်ဘဝကိုသာ ညွတ်ကိုင်းလျက် ရှိတော့၏၊ "လူ့ပြည်ရောက် မည့်သူ၏ စိတ်အစဉ်သည် လူ့ပြည်ကို ညွတ်ကိုင်းလျက် ရှိ၏" စသည်ဖြင့် သိပါ၊ ဥပမာ–အရပ်တစ်ပါးသို့ သွားဖို့ရန်အတွက် ထိုထိုကိစ္စများကို စီမံပြင်ဆင်နေခိုက်မှာ ထိုထိုကိစ္စကို တိုက်ရိုက် အာရုံပြုနေသော်လည်း စိတ်အစဉ်ကား သွားရမည့့် အရပ်သို့ ညွတ်စေသကဲ့သို့တည်း၊ ထို့ကြောင့် ဘုရားရှင်သည် ပရိနိဗ္ဗာန်စံဝင် ခါနီးဝယ် နိဗ္ဗာန်ကို အာရုံ မပြုပါဘဲလျက် နိဗ္ဗာန်ကို ရည်ရွယ်ကိုင်းညွတ်လျက် ရှိကြောင်းဖြင့် "အနေဇော သန္တိမာရဗ္ဘ, ယံ ကာလမကရီ မုနိ"ဟု မိန့်တော်မူပေသည်၊ ဤအဓိပ္ပာယ်အလို ဥပလဘိတဗ္ဗဘဝါနုရူပံ- ရောက်ထိုက်သောဘဝအားလျော်စွာ၊ တတ္ထ-ထို ရောက်ထိုက်သောဘဝ၌၊ ဩဏတံဝ ဩဏတံ ဣဝ-ညွတ် ကိုင်းကဲ့သို့" ဟု အနက်ဆိုပါ။

ပရမတ္ထဒီပနီ။ ။ဩဏတံဝကို "ဩဏတံ ဧဝ" ဟု ပုဒ်ဖြတ်၍ "တတ္ထ-ထိုထင်လာသောအာရုံ၌၊ ဩဏတံ ဧဝ-ညွတ်ကိုင်းလျက်သာလျှင်"ဟု ဖွင့်၏၊ ထိုစုတေခါနီး၌ ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ပါးပါး ထင်ရာ ထိုထင်လာသောအာရုံကို စိတ်အစဉ်က ညွတ်ကိုင်းလျက် ရှိနေသည်, အာရုံပြုနေသည်ဟု ဆိုလိုသည်၊

ဤအဓိပ္ပာယ်မှာ "တထောပဋ္ဌိတံ အာရမဏံ အာရဗ္ဘ" ပါဌ်ဖြင့် ပြီးပြတ်နိုင်သောကြောင့် ကျမ်းရင်းအာဘော် ကျမည်မထင်။

စိတ္တသန္တာနံ အဘိဏှံ ပဝတ္တတိ ဗာဟုလ္လေန။ ။ဤပြအပ်သည့့်အတိုင်း ထင်လာသောအာရုံကို အာရုံ ပြု၍ စင်ကြယ်သော စိတ်အစဉ်ဖြစ်စေ, သို့မဟုတ် ညစ်နွမ်းသော စိတ်အစဉ်ဖြစ်စေ, ရောက်ထိုက်သောဘဝ ကို ကိုင်းညွတ်သကဲ့သို့ မစုတေခင် အစဉ်မပြတ် ထပ်ကာထပ်ကာ ဖြစ်နေသည်၊ သို့သော် ဤအစီအစဉ် အတိုင်း စိတ်အစဉ်ဖြစ်မှုမှာ ဖြည်းဖြည်းနှေးနှေး စုတေသူအတွက်သာ ဖြစ်နိုင်သည်၊ တချို့တလေ လတ်တလော ချက်ချင်း စုတေရသူတို့မှာ မဖြစ်နိုင်၊ ကျောက်ပြင်ပေါ်၌ နားနေသော ယင်ငယ်တစ်ကောင်ကို ကျောက်တုံးနှင့် ဖိသတ်ရာ၌ ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ပါးပါးကို အာရုံပြုသော မနောဒွါရဝီထိဖြစ်သည်၊ ထို့နောက် ဒဏ်ချက်က ပြင်းထန်လှသဖြင့် ကာယဒွါရဝီထိ ဖြစ်၏၊ ထို့နောက် ထိုအတိတ် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြုသော တဒနုဝတ္တိကမနောဒွါရဝီထိ ဖြစ်၏၊ ထို့နောက် ကံစသော တစ်ပါးပါးကို အာရုံပြုသော မရဏာ သန္နဝီထိကျ၍ စုတေရတော့သည်၊ ဤကဲ့သို့ အဆောတလျင် စုတေရာ၌ စိတ်အစဉ်သည် ပရိသုဒ္ဓ ဥပက္ကိလိဋ္ဌလည်း မထင်ရှား, ရောက်ရမည့် ဘဝတစ်ပါးကိုလည်း မကိုင်းညွတ်အားတော့ပြီ၊ ဤကဲ့သို့ အဆောတလျင် စုတေမှုကို ခြွင်းချန်လို၍ "ဗာဟုလ္လေန"ဟု မိန့်သည်၊ "များသောအားဖြင့် ပြအပ်သည့် အတိုင်း စိတ်အစဉ် ဖြစ်၏, အချို့ အဆောတလျင် စုတေရသူ၌ ထိုသို့ စိတ်အစဉ် ဖြစ်ခွင့်မရ" ဟူလို။

မှတ်ချက်။ ။ဋီကာကျော်၌ ဗာဟုလ္လေနအဓိပ္ပာယ်မှာ "ယေဘုယျေန ဘဝန္တရေ ဆဒွါရဂ္ဂဟိတံ" စသော အာရမဏသင်္ဂဟဝယ် ယေဘုယျေန၏အဓိပ္ပာယ်နှင့် အတူဖြစ်၏၊ အသညသတ်မှ စုတေသူတို့၌ ထိုကဲ့သို့ စိတ်အစဉ် ဖြစ်စရာမရှိ၍ ခြွင်းချန်လိုသဖြင့် "ဗာဟုလ္လေန"ဟု ဆိုရကြောင်းကို တစ်နည်းဖွင့်ပြသေး၏၊ ထို အဓိပ္ပာယ်မျိုးမှာ "တထာ စ မရန္တာနံ ပန မရဏကာလေ ယထာရဟံ" အရ "ထိုက်သည်အားလျော်စွာ ထင်လာ၏"ဟု ဆိုသဖြင့် မထင်ထိုက်သော အသညသတ်တို့မှာ ကံ ကမ္မနိမိတ် စသည် မထင်ကြောင်း, မထင်လျှင် ထိုကဲ့သို့ စိတ်အစဉ် မဖြစ်နိုင်ကြောင်း ထင်ရှားပြီး ဖြစ်သည်။

တမေဝ ဝါ ပန ဇနကဘူတံ ကမ္မံ အဘိနဝကကရဏဝသေန။ ။ဤစကားကား ကံအာရုံ ထင်ပုံအတွက် တစ်နည်းပြသောစကားတည်း၊ ထင်ရှားစေအံ့-ကံအာရုံထင်ရာ၌ ပုဗ္ဗေကတသညာဖြင့် ထင်လာသည်လည်း ရှိ၏၊ သမ္ပတိကတသညာဖြင့် ထင်လာသည်လည်း ရှိ၏၊ [ပုဗ္ဗေ-ရှေးတုန်းက+ကတသညာ-ပြုအပ်ဖူး၏ ဟူသော သညာတည်း၊ သမ္ပတိ-ယခု+ကတသညာ-ပြုအပ်၏ ဟူသော သညာတည်း။] ထိုတွင် ပုဗ္ဗေကတသညာဖြင့် ထင်ပုံမှာ–ကျောင်းဆောက်လှူခဲ့တုန်းက ဝမ်းမြောက်ဝမ်းသာ ကုသိုလ် စေတနာ ဖြစ်ခဲ့အံ့, ထိုကုသိုလ်စေတနာကို ပြန်၍ အမှတ်ရခြင်းတည်း၊ ထို ပုဗ္ဗေကတသညာဖြင့် ထင်ပုံတို့ ကို ရှေးဝါကျ၌ ပြခဲ့ပြီ။

ယခုအခါ၌ သမ္ပတိကတသညာဖြင့် ထင်ပုံကို ပြလို၍ "တမေဝ၊ပေ၊အဘိနဝကရဏဝသေန"ဟု မိန့်သည်၊ သေခါနီး၌ ဝေဒနာနှိပ်စက်၍ မျောမေ့နေစဉ် ယခုလောလောဆယ် ကျောင်းရေစက်ချပွဲ ကျင်းပနေရသလို အလွန်ပျော်ရွှင်စွာ ကုသိုလ်စေတနာတွေ အသစ်ဖြစ်နေ၏၊ အိပ်မက်မက်သလို ဖြစ်နေ၏၊ သူတစ်ပါးကို သတ်ခဲ့ဖူးလျှင် ယခုပင် သတ်ဖြတ်နေရသလို အလွန်ကြမ်းတမ်းသော အခြင်းအရာတွေ ဖြစ်နေ၏၊ ရှေးတုန်း က ဓားဖြင့် ခုတ်သတ်ခဲ့ဖူးလျှင် ယခုပင် ခုတ်သတ်နေရသလို ဒေါသဇောတွေ စောနေ၏၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ "ဝါ ပန-တနည်းကား၊ ဇနကဘူတံ-ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သော၊ တမေဝ ကမ္မံ-ထိုကံသည်ပင်လျှင်၊ အဘိနဝကရဏဝသေန-အသစ်ပြုရသလို ဖြစ်ခြင်း၏ အစွမ်းဖြင့်၊ ဒွါရပတ္တံ-မနောဒွါရ၌ ရောက် လာသည်၊ ဟောတိ-ဖြစ်၏"ဟု သင်္ဂြိုဟ်ဆိုသည်။ [ဤဝါကျ၌ ပနသဒ္ဒါသည် ပြတ်ပြီးသောစကားကို ပြန်၍ ဆက်ကြောင်းကိုပြသော ဝါကျာရမ္ဘဇောတကတည်း၊ ဝါ-သဒ္ဒါသည် ကံအာရုံထင်ပုံကို တစ်နည်းပြသော ဝိကပ္ပနတ္ထတည်း၊ တမေဝ၌ ဧဝသဒ္ဒါသည် သန္နိဋ္ဌာနာဝဓာရဏတည်း၊ မဏိမဉ္ဇူ၌ ဤဝါကျအတွက် ရှည်လျား ရှုပ်ထွေးစွာ ဖွင့်ပြလေသည်။]

မရဏာသန္နဝီထိနှင့် ပဋိသန္ဓေစိတ်

ပစ္စာသန္နမရဏဿ တဿ ဝီထိစိတ္တာဝသာနေ ဘဝင်္ဂက္ခယေ ဝါ စဝနဝသေန ပစ္စုပ္ပန္နဘဝပရိယောသာနဘူတံ စုတိစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ၊ တသ္မိံ နိရုဒ္ဓါ ဝသာနေ တဿာနန္တရမေဝ တထာဂဟိတံ အာရမဏံ အာရဗ္ဘ သဝတ္ထုကံ အဝတ္ထုကမေဝ ဝါ ယထာရဟံ အဝိဇ္ဇာနုသယပရိက္ခိတ္တေန တဏှာနုသယ မူလကေန သင်္ခါရေန ဇနီယမာနံ သမ္ပယုတ္တေဟိ ပရိဂ္ဂယှမာနံ သဟဇာတာန မဓိဋ္ဌာနဘာဝေန ပုဗ္ဗင်္ဂမဘူတံ ဘဝန္တရပဋိသန္ဓာနဝသေန ပဋိသန္ဓိသင်္ခါတံ မာနသံ ဥပ္ပဇ္ဇမာနမေဝ ပတိဋ္ဌာတိ ဘဝန္တရေ။

ပစ္စာသန္နမရဏဿ၊ပေ၊စုတိစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ ။စုတေဖို့ရာ နီးကပ်နေသူကို "ပစ္စာသန္နမရဏ" ဟု ခေါ်၏၊ မရဏာသန္နဝီထိ တစ်ဝီထိ အဆုံး၌ဖြစ်စေ, ထိုဝီထိနောက်၌ ဘဝင်ကျပြီးမှ ဖြစ်စေ, စုတေမည့့် သတ္တဝါကို ဆိုလိုသည်၊ "ဝီထိစိတ္တာဝသာနေ" ပါဌ်ဖြင့် ဇောနောင် စုတိကျသော ဝါရ, တဒါရုံနောင် စုတိကျ သော ဝါရ ဤနှစ်ဝါရကို ပြ၏၊ "ဘဝင်္ဂက္ခယေ ဝါ" ပါဌ်ဖြင့် ဇောနောင် ဘဝင်ဖြစ်ပြီးမှ စုတိကျသော ဝါရ, တဒါရုံနောင် ဘဝင်ဖြစ်ပြီးမှ စုတိကျသော ဝါရ ဤနှစ်ဝါရကို ပြသည်၊ [ဘဝင်ချရာ၌ ဋီကာများဝယ် တစ်ကြိမ်သာ ပြကြ၏၊ သို့သော် ကမ္မဇရုပ်တို့ မချုပ်သေးလျှင် တစ်ကြိမ်ထက် အလွန်လည်း ဘဝင်ကျခွင့် ရှိပေလိမ့်မည်၊] ထိုပြအပ်ခဲ့သော လေးဝီထိကို ဝီထိဆိုရိုး၌ ပြထား၏။

နှစ်ဝီထိရရာ ဌာန။ ။ထိုလေးဝီထိတို့တွင် ကာမဘုံ၌ စုတေ၍ ကာမဘုံ၌ ပြန်ဖြစ်မည့် ပုဂ္ဂိုလ်မှာ လေးဝီထိလုံးပင် ရနိုင်၏၊ ကာမဘုံမှ စုတေ၍ ဗြဟ္မာ့ဘုံသို့ သွားမည့့်သူ, ဗြဟ္မာ့ဘုံအချင်းချင်း သွားမည့့်သူ, ဗြဟ္မာ့ဘုံမှ ကာမဘုံသို့ လာမည့့်သူတို့၌ တဒါရုံ စုတိ, တဒါရုံ ဘဝင်နောင် စုတိကျသော နှစ်ဝီထိ မရနိုင်၊ ထင်ရှားစေအံ့–"ကာမေ ဇဝနသတ္တာလမ္ဗနာနံ နိယမေ သတိ" စသော ဂါထာအရ ကာမဇော ကာမသတ္တဝါ ကာမအာရုံဖြစ်သော ဝိဘူတ အတိမဟန္တအာရုံဖြစ်မှ တဒါရုံကျနိုင်သည်၊ ဗြဟ္မာ့ဘုံ၌ ကျသော မရဏာ သန္နဝီထိတို့သည် ကာမသတ္တဝါ မဟုတ်၍ တဒါရုံ မကျနိုင်၊ ကာမဘုံမှ ဗြဟ္မာ့ပြည်သို့ သွားရာ၌ကား မရဏာ သန္နဝီထိသည် ကာမသတ္တဝါ၏ ဝီထိဖြစ်သော်လည်း အာရုံမှာ ကသိုဏ်းပညတ်စသော အာရုံဖြစ်၍ တဒါရုံ မကျနိုင်။

လေးဝီထိကျရာ ဌာန။ ။ကာမဘုံချင်းချင်း ပြောင်းရွှေ့ရာ၌ကား ကာမဇော ကာမသတ္တဝါ မှန်နေပြီ၊ အာရုံ မှာလည်း ကာမဝိပါက် ပဋိသန္ဓေစိတ်က (အာရမဏသင်္ဂဟ၌ ပြခဲ့သည့်အတိုင်း) ကာမတရားကိုသာ အမြဲ အာရုံပြုသောကြောင့် ထိုကာမပဋိသန္ဓေစိတ်အား အာရုံယူပေးသည့် မရဏာသန္နဇောလည်း ကာမတရားကို သာ အာရုံပြုရသည်၊ ထို့ကြောင့် ထိုကာမအာရုံသည် ဝိဘူတာရုံ အတိမဟန္တာရုံ ဖြစ်အံ့, တဒါရုံနောင် စုတိ, တဒါရုံ ဘဝင်နောင် စုတိအားဖြင့် နှစ်ဝီထိဖြစ်ခွင့် ရှိ၏၊ (ကမ္မဇရုပ်က တဒါရုံ မကျခင် ချုပ်လျှင် ဝိဘူတာရုံ အတိမဟန္တာရုံ ဖြစ်သော်လည်း ဇောနောင် စုတိ ကျမည်သာ၊) ထိုကာမအာရုံသည် အဝိဘူတာရုံ, သို့မဟုတ် မဟန္တာရုံဖြစ်အံ့၊ ဇောနောင် စုတိ, ဇော ဘဝင်နောင် စုတိအားဖြင့် နှစ်ဝီထိ ဖြစ်ခွင့်ရှိသည်၊ [ဋီကာကျော်၌ ဓမ္မာနုသာရဏီကျမ်းကို ကိုးကား၍ ကာမဘုံချင်း ပြောင်းရွှေ့ရာ၌ ဇောနောင် စုတိ, ဇော ဘဝင်နောင် စုတိ ကျသော နှစ်ဝီထိကို မရထိုက်ဟု ဆိုသည်၊ အဝိဘူတာရုံ မဟန္တာရုံဖြစ်လျှင် အဘယ့်ကြောင့် ထို နှစ်ဝီထိ မရဘဲ ရှိအံ့နည်း။]

တသ္မိံနိရုဒ္ဓါဝသာနေ တဿာနန္တရမေဝ။ ။"စုတိစိတ်ချုပ်လျှင် ထိုစုတိစိတ်၏ အခြားမဲ့၌သာ ပဋိသန္ဓေ စိတ်ဖြစ်သည်" ဟူလို၊ ဤဝါကျ၌ အနန္တရမေဝဖြင့် အန္တရဘဝဝါဒီ ပုဂ္ဂိုလ်များ၏ အယူကို ပယ်ရှားသည်၊ [အန္တရ=စုတိ ပဋိသန္ဓေတို့၏ အကြား၌+ဘဝဝါဒီ=ဘဝတစ်မျိုးရှိသေး၏ဟု ပြောဆိုလေ့ရှိသူ၊] ထိုအန္တရဘဝဝါဒီပုဂ္ဂိုလ်များ၏ အယူကား–"စုတိနှင့် ပဋိသန္ဓေစိတ်အကြား၌ ယာယီဘဝတစ်မျိုး ရှိသေး၏၊ အချို့ သတ္တဝါသည် စုတေလျှင် စုတေခြင်း အတည်တကျ ဖြစ်ရမည့် ဘဝ၌ ပဋိသန္ဓေ မနေရသေးဘဲ, (ပဋိသန္ဓေ နေနိုင်လောက်သော အင်္ဂါညီညွတ်အောင်) မိခင်လောင်း၏ ရာသီပန်းပွင့်ချိန်, ဘခင်လောင်းနှင့် ပေါင်းသင်းချိန်များကို စောင့်ဆိုင်းကာ (၇)ရက်ဖြစ်စေ, ထို့ထက် အယုတ်အလွန်ဖြစ်စေ, ထိုယာယီဘဝ၌ နေရသေး၏၊ ထိုဘဝ၌နေခိုက်မှာ ဒိဗ္ဗစက္ခုအဘိညာဉ်ရသော တန်ခိုးရှင်ကဲ့သို့ အရာခပ်သိမ်းကိုလည်း မြင်နိုင်, လိုရာ အရပ်သို့လည်း တစ်ခဏချင်း သွားနိုင်၏" ဟူသည်တည်း၊ အရှင်အနုရုဒ္ဓါသည် ထိုအယူကို ပယ်ရာရောက်အောင် "အကြားဘဝ မရှိ, စုတိ၏အခြားမဲ့မှာပင် ပဋိသန္ဓေစိတ် ဖြစ်သည်"ဟု ပြလိုသော ကြောင့် "တဿာနန္တရမေဝ"ဟု ဧဝသဒ္ဒါနှင့်တကွ မိန့်သည်။

တထာဂဟိတံ အာရမဏံ အာရဗ္ဘ။ ။နောင်ဘဝ ပဋိသန္ဓေစိတ်သည် ရှေးဘဝဟောင်းဝယ် စုတေခါနီး၌ မရဏာသန္နဇောတို့ ယူအပ်သောအာရုံကို ဆက်လက်၍ ယူရိုးဖြစ်၏၊ တထာ စ မရန္တာနံ ပန စသောဝါကျ တို့ဖြင့် ပြအပ်ခဲ့သော အခြင်းအရာအတိုင်း မရဏာသန္နဇောက ကံကို အာရုံပြုလျှင် ပဋိသန္ဓေအသစ်က လည်း ထိုကံကိုပင် အာရုံပြု၏၊ မရဏာသန္နဇောက ကမ္မနိမိတ်ကို အာရုံပြုလျှင် ပဋိသန္ဓေအသစ်ကလည်း ထိုကမ္မနိမိတ်ကိုပင် အာရုံပြု၏–စသည်ဖြင့် သိပါ။ [သဝတ္ထုကံ အဝတ္ထုကမေဝ၏ အဓိပ္ပာယ်ကို အခြေပြု၌ ပြခဲ့ပြီ။]

ယထာရဟံ အဝိဇ္ဇာနုသယ၊ပေ၊သင်္ခါရေန ဇနီယမာနံ။ ။[ကုသိုလ် အကုသိုလ်ပြုရာ၌ များသောအားဖြင့် မျှော်လင့်ချက်တစ်ခုခု တောင့်တမှု တဏှာနုသယ အရင်းခံလျက် ရှိတတ်သောကြောင့် တဏှာနုသယကိုပင် မူလဟုဆို၍ မတောင့်တထိုက်သည်ကို တောင့်တရာ၌ အဝိဇ္ဇာမှာ အပြစ်ကို မမြင်နိုင်အောင် ဖုံးလွှမ်းကွယ် ကာရုံသာဖြစ်သောကြောင့် အဝိဇ္ဇာနုသယကို အခြံအရံပရိက္ခိတ္တဟု ဆိုသည်၊] သင်္ခါရအရ-ကံပြုတုန်းက ဖြစ်သော ကုသိုလ် အကုသိုလ်ကံကိုလည်းကောင်း, ထိုကံနှင့်ယှဉ်သော ဖဿစသော သမ္ပယုတ်များကို လည်းကောင်း ကောက်ယူသောနည်း, မရဏာသန္နဇောစေတနာကိုလည်းကောင်း, ထိုစေတနာနှင့် ယှဉ်ဖက် ဖဿစသော သမ္ပယုတ်များကိုလည်းကောင်း ကောက်ယူသောနည်းဟု နှစ်နည်း ရှိ၏၊ ထိုတွင် ပထမနည်း အရ ရှေးဦးစွာ ဖွင့်ပြအံ့-ကုသိုလ်သင်္ခါရဖြစ်အံ့, အဝိဇ္ဇာနှင့် တဏှာသည် တိုက်ရိုက်မယှဉ်နိုင်၊ သို့သော် ကုသိုလ်ပြုသူ၏သန္တာန်မှာ အရဟတ္တမဂ်ဖြင့် မပယ်ရသေးသော အဝိဇ္ဇာနှင့် တဏှာတို့သည် အနုသယဓာတ် ဖြင့် ကိန်းဝပ်လျက် ရှိကြသေး၏၊ တဏှာနှင့် အဝိဇ္ဇာမရှိလျှင် ကုသိုလ်ပင် မဖြစ်, ကြိယာသာ ဖြစ်မည်၊ သို့အတွက် အဝိဇ္ဇာနှင့် တဏှာတို့သည် ကုသိုလ်သင်္ခါရအား ပကတူပနိဿယသတ္တိ ဖြင့် ကျေးဇူးပြုကာ ဝန်းဝိုင်းခြံရံ အရင်းခံလျက်ရှိကြသည်။

အကုသိုလ်သင်္ခါရ ဖြစ်အံ့။ ။အဝိဇ္ဇာနုသယနှင့် တဏှာနုသယတို့က ကုသိုလ်အတိုင်းလည်း ပကတူပ နိဿယသတ္တိဖြင့် ကျေးဇူးပြုကြ၏၊ လောဘမူသင်္ခါရဖြစ်လျှင် အဝိဇ္ဇာ တဏှာ နှစ်မျိုးလုံးပင် ယှဉ်ကပ်လျက် ပါ၏၊ ဒေါသမူ မောဟမူ သင်္ခါရဖြစ်လျှင် အဝိဇ္ဇာယှဉ်လျက်ပါ၏၊ ဤသို့ အဝိဇ္ဇာနှင့်် တဏှာတို့က သဟဇာတ အဖြစ်ဖြင့်လည်း အကုသိုလ်သင်္ခါရကို ဝန်းဝိုင်းခြံရံ အရင်းခံလျက် ရှိသည်၊ သဟဇာတအဖြစ်ဖြင့် ကျေးဇူးပြု ရာ၌ ကိန်းဝပ်နေသော အနုသယမဟုတ်, ဥပါဒ် ဌီ ဘင် အထင်အရှား ဖြစ်နေပြီ၊ သို့သော် ကိန်းဝပ်နေသော အနုသယနှင့် အဝိဇ္ဇာ တဏှာချင်းတူသောကြောင့် သဒိသူပစာရနည်းအားဖြင့် အဝိဇ္ဇာနုသယ,တဏှာနုသယ ဟု ဆိုနိုင်သည်၊ အနုသယ၏ သဘောကိုကား သမုစ္စည်းပိုင်း လှမ်းကြည့့်ပါ၊ ဤသို့ အဝိဇ္ဇာ, တဏှာတို့က တချို့သင်္ခါရကို ပကတူပနိဿယသတ္တိဖြင့် ဝန်းဝိုင်းခြံရံ အရင်းခံခြင်း, တချို့သင်္ခါရကို သဟဇာတသတ္တိဖြင့် ဝန်းဝိုင်းခြံရံ အရင်းခံခြင်းကြောင့် "ယထာရဟံ"ဟု ဆိုသည်၊ ဤကား သင်္ခါရအရ ကံပြုတုန်းက စေတနာနှင့် ဖဿစသည်ကို ကောက်သောနည်းတည်း၊ မရဏာသန္နသင်္ခါရကို ကောက်သောနည်းကား-

အဝိဇ္ဇာတဏှာသင်္ခါရ . သဟဇေဟိ အပါယိနံ၊ ဝိသယာဒီနဝစ္ဆာဒံ, နာမနံ ခိပနံပိ စ။ အပ္ပဟီနေဟိ သေသာနံ, ဆာဒနံ နာမနံပိ စ, ခိပကာ ပန သင်္ခါရာ, ကုသလာဝ ဘဝန္တိဟ။

အပါယိနံ -အပါယ်ဘုံသို့သွားမည့့် သတ္တဝါတို့၏၊ အဝိဇ္ဇာတဏှာသင်္ခါရသဟဇေဟိ-တကွဖြစ်သော အဝိဇ္ဇာ တဏှာသင်္ခါရတို့သည်၊ ဝိသယာဒီနဝစ္ဆာဒံ (ဝိသယ+အာဒီနဝ+ဆာဒံ)–ထင်လာသောအာရုံ၏ အပြစ်ကို ဖုံးလွှမ်းခြင်းသည်လည်းကောင်း၊ နာမနံ-ပဋိသန္ဓေဝိညာဉ်ကို အာရုံသို့ ညွတ်စေခြင်းသည်လည်းကောင်း၊ ခိပနံပိ စ-ပဋိသန္ဓေဝိညာဉ်ကို ပစ်ချခြင်းသည်လည်းကောင်း၊ ဟောတိ-ဖြစ်၏၊ သေသာနံ-ကြွင်းသောသုဂတိ သွားမည့်ပုဂ္ဂိုလ်တို့၏၊ အပ္ပဟီနေဟိ-မပယ်အပ်သေး၍ ကိန်းဝပ်နေသော အဝိဇ္ဇာ တဏှာနုသယတို့သည်၊ ဆာဒနံ-အာရုံ၏အပြစ်ကို ဖုံးလွှမ်းခြင်းသည်လည်းကောင်း၊ နာမနံပိ စ-အာရုံသို့ ညွတ်စေခြင်းသည်လည်း ကောင်း၊ ဟောတိ-ဖြစ်၏၊ ဣဟ-ဤသုဂတိသို့ ရောက်မည့့် သတ္တဝါ၌၊ ခိပကာ-ပစ်ချတတ်ကုန်သော၊ သင်္ခါရာ ပန-သင်္ခါရတို့သည်ကား၊ ကုသလာဝ-ကုသိုလ်တို့သည်သာ၊ ဘဝန္တိ-ဖြစ်ကုန်၏။ (သစ္စသံခိပ်။) အဝိဇ္ဇာတဏှာ၊ပေ၊နာမနံ ခိပနံပိ စ။ ။ဤဂါထာသည် အပါယ်ဘုံသွားမည့် သူအတွက် အဝိဇ္ဇာ

တဏှာနုသယနှင့် အကုသိုလ် မရဏာသန္နဇောတို့က ပဋိသန္ဓေဝိညာဏ်အား ကျေးဇူးပြုနေပုံကို ပြသော ဂါထာတည်း၊ လူတစ်ယောက်ကို ရန်သူ သုံးယောက်က ဝိုင်းဝန်းနှိပ်စက်ရာ၌ တစ်ယောက်က မျက်စိကို ကွယ်ထား၏၊ တစ်ယောက်က "လက်မြှောက်လိုက်, ရှေ့နားမှာ ယူစရာရှိသည်"ဟု ပြော၏၊ တစ်ယောက်က တွန်းထိုးပစ်ချလိုက်၏၊ ထို့အတူ ကံ ကမ္မနိမိတ် ဂတိနိမိတ် တစ်ပါးပါး ထင်လာရာ၌ ထိုအာရုံ၏အပြစ်ကို အဝိဇ္ဇာနုသယက ဖုံးလွှမ်းထား၏၊ တဏှာနုသယက ထိုအာရုံသို့ မိမိကိုယ်တိုင် ကိုင်းညွတ်နေသဖြင့် ပဋိသန္ဓေဝိညာဉ်ကိုလည်း ကိုင်းညွတ်အောင် ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ "ကိုင်းညွတ်ခိုင်းသလို ဖြစ်၏" ဟူလို၊ မရဏာသန္နဇောဟူသော သင်္ခါရက ထိုအာရုံသို့ ရှေးရှု ပဋိသန္ဓေဝိညာဏ်ကို ပစ်ချလိုက်၏၊ ထိုအာရုံကို အာရုံပြုအောင် ပဋိသန္ဓေဝိညာဉ်အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်ကိုပင် "ပစ်ချသည်"ဟု စကားသုံးသည်၊ [ဤ၌ တကွဖြစ်ဖက် အဝိဇ္ဇာ တဏှာသင်္ခါရဟူရာဝယ် လောဘမူ မရဏာ သန္နသင်္ခါရကို ရည်ရွယ်သည်၊ ဒေါသမူ မောဟမူဖြစ်က သဟဇာတ, ပကတူပနိဿယသတ္တိဖြင့် ထိုက်သလို ကျေးဇူးပြုသည်။]

အပ္ပဟီနေဟိ၊ပေ၊ဘဝန္တိဟ။ ။ဤဂါထာဖြင့် သုဂတိဘုံသွားမည့့် သူ၏ဝိညာဉ်ကို ပစ်တင်ပုံကို ပြ၏၊ ဤ၌ သင်္ခါရက ကုသိုလ်မရဏာသန္နဇောဖြစ်သောကြောင့် "သဟဇေဟိ-တကွဖြစ်ဖက်" ဟု မဆိုဘဲ, မဂ်ဖြင့် မပယ်အပ်သေးသော အနုသယသဘောအားဖြင့် ဖုံးလွှမ်းမှု, ညွတ်စေမှုကို ရည်ရွယ်၍ "အပ္ပဟီနေဟိ" ဟု ဆိုသည်၊ အနုသယသဘောအားဖြင့် ကျေးဇူးပြုသည်သာ ထူး၏၊ ဖုံးလွှမ်းပုံ ညွတ်စေပုံတို့မှာ ရှေးအတိုင်းသာ တည်း၊ ဤသုဂတိဘုံသို့ သွားမည့်ပုဂ္ဂိုလ်၏ ပဋိသန္ဓေဝိညာဏ်ကို ကံ စသောအာရုံသို့ ရောက်အောင် ပစ်တင် သော မရဏာသန္နဇောသင်္ခါရမှာ ကုသိုလ်သင်္ခါရသာ ဖြစ်သည်။ [စာအုပ်များ၌ နမနံဟု ရှိ၏၊ ဟေတုဘာဝရုပ် က လျော်မည်ထင်၍ နာမနံဟု ပြင်လိုက်သည်။]

မှတ်ချက်။ ။ဤပြအပ်သော အဓိပ္ပာယ်များအရ သင်္ခါရသည် ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံခေါ် ဇနကသင်္ခါရ, မရဏာသန္နအခိုက်မှာ ဖြစ်၍ ကံစသော အာရုံရောက် အောင် ပဋိသန္ဓေဝိညာဏ်ကို ပစ်ပို့တတ်သော ခိပနကသင်္ခါရဟု နှစ်မျိုး မှတ်ပါ၊ ထိုနှစ်မျိုးလုံးမှာပင် စေတနာကို ကောက်ယူရာ၌ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" အရ ကောက်သည်၊ စေတနာနှင့် ယှဉ်ဖက် ဖဿစသော တရားကို ကောက်ယူရာ၌ သင်္ခါရနှင့် ဘဝအထူးဝယ် "သဗ္ဗာ ဝါ စေတနာ ဘဝေါ, သင်္ခါရာ သမ္ပယုတ္တကာ" အရ ကောက်သည်၊

ဖဿစသောသမ္ပယုတ်များလည်း ပကတူပနိဿယသတ္တိဖြင့် ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်, ပစ်ပို့တတ်ကြပေသည်၊ ထို့ကြောင့် "သင်္ခါရေန ဇနီယမာနံ"၌ ဇနီယမာနအရ ဇနကသတ္တိဖြင့် ဖြစ်စေ အပ်, ပစ်ပို့သောအားဖြင့် ဖြစ်စေအပ်, နှစ်မျိုးလုံးကို ယူ၊ အဋ္ဌကထာကြီးတို့၌ကား နောက်နည်းသာ လာသည်။

သမ္ပယုတ္တေဟိ ပရိဂ္ဂယှမာနံ။ ။ထို ပဋိသန္ဓေဝိညာဏ်ကို ဖဿစသော ယှဉ်ဖက်တရားတို့က သဟဇာတ အညမညစသော သတ္တိတို့ဖြင့် ခြံရံအပ်လျက် ရှိသည် ၊ "ပဋိသန္ဓေဝိညာဏ်မှာ ဖဿစသော အခြံအရံ ပါသည်" ဟူလို။

သဟဇာတာနမဓိဋ္ဌာနဘာဝေန ပုဗ္ဗင်္ဂမဘူတံ။ ။ပဋိသန္ဓေဝိညာဏ်သည် တကွဖြစ်ဖက် ဖဿစသော စေတသိက်နှင့် ကမ္မဇရုပ်တို့၏ တည်ရာ သဟဇာတနိဿယသတ္တိ ရှိသောကြောင့် ထိုတကွဖြစ်ဖက်တရား တို့၏ ရှေ့သွားခေါင်းဆောင်လည်း ဖြစ်၏၊

သမ္ပယုတ္တေဟိ ပရိဂ္ဂယှမာနံ, သဟဇာတာနံ ပုဗ္ဗင်္ဂမဘူတံ။ ။ဟူသော စကား နှစ်ရပ်ဖြင့် ပဋိသန္ဓေ ဝိညာဏ်ဟူသော ဝိဇာနနဓာတ်၏ ကြီးမြတ်သော တန်ခိုး အာနုဘော်ရှိကြောင်းကို ပြသည်၊ လောက၌ ယောကျ်ားမြတ်တစ်ယောက် ဖွားလာလျှင် ဖွားဖက်တော်နှင့် အသုံးအဆောင် ဥယျာဉ် ဗိမာန် စသည်ပါ တစ်ပါတည်း ပါရှိသကဲ့သို့, ထိုပဋိသန္ဓေဝိညာဏ်မှာလည်း ဖဿစသော အခြံအရံနှင့် မှီရာ ဟဒယဝတ္ထု စသော ကမ္မဇရုပ်များ တစ်ပါတည်း ပါရှိသည်။

ဘဝန္တရပဋိသန္ဓာနဝသေန ပဋိသန္ဓိသင်္ခါတံ မာနသံ။ ။ဘဝန္တရပဋိသန္ဓာနဝသေနဖြင့် "ပဋိသန္ဓိ" ခေါ်ရ ခြင်း၏ အကြောင်းကို (ပဝတ္တိနိမိတ်ကို) ပြ၏၊ ဘဝဟောင်းအပြတ်တွင် နောက်ထပ် ဝိညာဏ် အသစ် မဖြစ် လျှင် ဘဝဇာတ်သိမ်းဖို့သာ ရှိတော့၏၊ ဝိပါက်ဝိညာဏ်ကား ထိုကဲ့သို့ မပြတ်ဖို့ရန် ဘဝဟောင်း စုတိစိတ် အချုပ်တွင် ဆက်စပ်ပြန်သောကြောင့် "ဘဝန္တရံ-ဘဝတစ်ပါးကို၊ ပဋိသန္ဓဟတိ-ဆက်စပ်တတ်၏" ဟူသော ဝိဂြိုဟ်အရ "ပဋိသန္ဓိ" အမည် ရသည်။

ဥပ္ပဇ္ဇမာနမေဝ ပတိဋ္ဌာတိ ဘဝန္တရေ။ ။ဥပ္ပဇ္ဇမာနံလောက်တွင် မဆိုဘဲ ဧဝသဒ္ဒါဖြင့် ဆိုသည့့်အလိုမှာ "ပဋိသန္ဓေစိတ်သည် ဘဝဟောင်းမှာ ဥပါဒ်၍ ဌီအခိုက်ကျမှ ဘဝသစ်သို့ ပြောင်းရွှေ့လာသည်" ဟူသော ယူမှားချက်ကို တားမြစ်လိုရင်း ဖြစ်သည်၊ ထင်ရှားစေအံ့-"လောက်လန်းသဖွယ်, ဝိညာဉ်တွယ်" ဟူသော ပရိဘာသာအရ လောက်လန်းသတ္တဝါသည် အမြီးပိုင်းဖြင့် တစ်နေရာ၌ တည်ပြီးလျှင် ခေါင်းပိုင်းဖြင့် အခြား တစ်နေရာကို ရှာဖွေ၏၊ ရှာဖွေ၍ မတွေ့သမျှ အမြီးပိုင်း တည်ရာကို မလွှတ်သေး, တွေ့သည့်အခါမှ ခေါင်းပိုင်း ဖြင့် ထိုနေရာကို

ထောက်၍ နောက်ပိုင်းပါ ပြောင်းရွှေ့သည်၊ "ထို့အတူ ဝိညာဏ်သည်လည်း ဥပါဒ် ဌီ ဘင် သုံးပိုင်းတွင် ဥပါဒ်ပိုင်းကာလဖြင့် ဘဝဟောင်း၌ ဥပါဒ်ခဲ့ပြီးလျှင် ဌီအပိုင်းကျမှ ဘဝသစ်သို့ ပြောင်းရွှေ့လာ၏" ဟု ယူဆမည်စိုးသောကြောင့် "ဥပ္ပဇ္ဇမာနမေဝ-ဥပါဒ်လျှင် ဥပါဒ်ခြင်း ဘဝသစ်၌ တည်သည်" ဟု ဆိုသည်။

ဒိဋ္ဌိမဖြစ်ရန်။ ။ဤအရာ၌ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးမှ ကင်းလွတ်ဖို့ အရေးကြီး၏၊ ထိုဒိဋ္ဌိနှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏၊ ထို့ကြောင့် "ရှေးဘဝက အတ္တဖြစ်သောရုပ်, သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏" ဟု ယူလျှင် "သတွာသည် မပြတ်မစဲ မြဲ၏" ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏၊ "ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ် ဟူသမျှနှင့် လုံးဝအဆက် အသွယ်မရှိ ပြတ်၏, နောက်ဘဝ၌ နောက်ရုပ်နာမ် အသစ် သီးခြားဖြစ်သည်" ဟု ယူလျှင် ဥစ္ဆေဒအယူဘက် သို့ သက်ဝင်ပြန်၏၊ ထို ဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ "ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်, တိုက်ရိုက် ပါလာခြင်းလည်း မရှိ" ဟုသာ ယူရာ၏။

ထင်ရှားစေအံ။ ။ရုပ်နာမ်တရားတို့သည် ပကတိအခါ၌ပင် တစ်နေရာမှ တစ်နေရာသို့ မပြောင်းရွေ့နိုင် ကြ၊ ယခုလို သေ၍ ဘဝတစ်ပါး ပြောင်းလွဲရသည့်အခါဝယ် "ပြောင်းရွေ့ပါလာလေသလား" ဟု အဘယ်မှာ ယုံမှားဖွယ်ရှိတော့အံ့နည်း၊ ထို့ကြောင့် ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက်ပြောင်းရွေ့လာခြင်း မဟုတ်၊ သို့သော် "အဝိဇ္ဇာနုသယပရိက္ခိတ္တေန" စသည်ဖြင့် ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာသင်္ခါရတို့ ဝိုင်းဝန်းစီမံလိုက်ကြသဖြင့် ပဋိသန္ဓေဝိညာဏ် ဖြစ်ပေါ်ဥပါဒ်ရကား ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်ပေ၊ ဥပမာ-တောင်အနီး၌ အော်ဟစ်သောအသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ "ပဲ့တင်သံ" ဟု ခေါ်သော အသံတစ်မျိုး တောင်မှ ပြန်ထွက်လာ၏၊ ထိုပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်, မူလအော်သံနှင့်ကင်းလျက် အလွတ်သက်သက်လည်း မဖြစ်နိုင်သကဲ့သို့, ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်, ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရအကြောင်းများလည်း မကင်းနိုင်။ [ဆီမီးတစ်ခုမှ ဆီမီးကူးရာ၌ ဒုတိယမီးသည် ပထမမီး၏ အဆက်လည်း မဟုတ်, ပထမမီးနှင့်လည်း မကင်းနိုင်ပုံ, တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်, မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကိုပါ ဥပမာဆောင်၍ ပြကြသည်။]

ကာမပဋိသန္ဓေ၏အာရုံ

မရဏာသန္နဝီထိယံ ပနေတ္ထ မန္ဒပ္ပဝတ္တာနိ ပဉ္စေဝ ဇဝနာနိ ပါဋိကင်္ခိတဗ္ဗာနိ၊ တသ္မာ ယဒိ ပစ္စုပ္ပန္နာရမဏေသု အာပါတမာဂတေသု ဓရန္တေသွေဝ မရဏံ ဟောတိ၊ တဒါ ပဋိသန္ဓိဘဝင်္ဂါနံပိ ပစ္စုပ္ပန္နာရမဏတာ လဗ္ဘတီတိ ကတွာ ကာမာဝစရပဋိသန္ဓိယာ ဆဒွါရဂ္ဂဟိတံ ကမ္မနိမိတ္တံ ဂတိနိမိတ္တဉ္စ ပစ္စုပ္ပန္န မတီတာရမဏံ ဥပလဗ္ဘတိ၊ ကမ္မံ ပန အတီတမေဝ, တဉ္စ မနောဒွါရဂ္ဂဟိတံ၊ တာနိ ပန သဗ္ဗာနိပိ ပရိတ္တဓမ္မဘူတာနေဝါရမဏာနိ။

မရဏာသန္နဝီထိယံ၊ပေ၊ပစ္စုပ္ပန္နာရမဏေသု ဓရန္တေသွေဝ မရဏံ။ ။မရဏာသန္နအခါ၌ မန္ဒပဝတ္တိဖြစ်ပုံ ကို ဝီထိပိုင်း ဇဝနနိယမ၌ ပြခဲ့ပြီ၊ မရဏာသန္နဝီထိ၏ အာရုံသည် ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟု သုံးပါးရှိ၏၊ ကံဆိုသည်မှာ နောက်ဘဝ၌ ပဋိသန္ဓေကျိုးကို ပေးရမည့်ကံတည်း၊ ထိုကံသည် မရဏာသန္နဇောမရောက်ခင် ရှေးရှေးကပင် ဖြစ်ခဲ့ပြီး ဖြစ်ရကား မရဏာသန္နဝီထိ၌ အတိတ်အဖြစ်ဖြင့်သာ ထင်ရမည်၊ ထိုကံသည် အာရုံ (၆)ပါးတွင် ဓမ္မာရုံ ဖြစ်၍ မနောဒွါရ၌သာ ထင်လာသည်၊ ထို့ကြောင့် "ကမ္မံ ပန အတီတမေဝ, တဉ္စ မနောဒွါရ ဂ္ဂဟိတံ"ဟု မိန့်လတ္တံ့၊ သို့ဖြစ်၍ မရဏာသန္နဝီထိအတွက် ပစ္စုပ္ပန်အာရုံများကို စဉ်းစားရာ၌ ကံအာရုံကို စဉ်းစားဖွယ် မလို၊ ကမ္မနိမိတ်ဟူသည် ထိုအတိတ်ကံပြုလုပ်တုန်းက တွေ့ကြုံခဲ့သမျှအာရုံတည်း၊ ထို ကမ္မနိမိတ်မှာ ပစ္စုပ္ပန်, အတိတ် နှစ်မျိုးပင်ရ၏၊ ထိုတွင် ကျောင်းဆောက်ခဲ့ဖူးသူ၌ ကျောင်းကြီးထင်လာလျှင် ထိုကျောင်းသည် အတိတ်ကမ္မနိမိတ်တည်း၊ နွားသတ်ခဲ့သူ၌ နွားကြီးထင်လာလျှင် အတိတ်ကမ္မနိမိတ်တည်း၊ ဤသို့ စသည်ဖြင့် ဘဝများစွာက ကမ္မနိမိတ်များ၏ အတိတ်ဖြစ်ပုံကိုလည်း စဉ်းစားပါ။

ပစ္စုပ္ပန်ကမ္မနိမိတ်။ ။ပစ္စုပ္ပန်ကမ္မနိမိတ်ကား အစစ်မရနိုင်၊ မှန်၏-မရဏာသန္နဇောက ပဋိသန္ဓေကျိုးကို ပေးနိုင်သောကံဖြစ်မှ ကမ္မနိမိတ်သည် ပစ္စုပ္ပန်အာရုံ အစစ်ဖြစ်နိုင်မည်။ မရဏာသန္နဇောသည် ပဋိသန္ဓေသစ် အား အာရုံထင်အောင် ရွက်ဆောင်ရမည့် တာဝန်ရှိနေ၍ ပဋိသန္ဓေကျိုးကို မပေးနိုင်၊ "သူသည်ပင် အာရုံထင် လာအောင် ရွက်ဆောင်ရ, သူသည်ပင် ပဋိသန္ဓေကျိုး ပေးရ" ဟု နှစ်ကိစ္စ မရွက်ဆောင်နိုင်၊ ထို့ပြင်-ကံ အကျိုးပေးရာ ဌာနတိုင်းမှာပင် "ကတတ္တာ ဥပစိတတ္တာ" ဟု ဟောတော်မူလေ့ရှိ၏၊ ကတဟူသည် တစ်ကြိမ် တစ်ခါ ပြုမှုတည်း, ဥပစိတဟူသည် အထပ်ထပ် ပွားစေ များစေမှု (အခါခါပြုမှု) တည်း၊ တစ်ကြိမ်တစ်ခါနှင့် အကျိုးပေးနိုင်ခဲ၏၊ အထပ်ထပ်ပြုမှ အကျိုးပေးတတ်သည်၊

မရဏာသန္နဝီထိကျမှဖြင့် အထပ်ထပ် ပြုချိန်လည်း မရတော့၊ ပြခဲ့သော ပဋိသမ္ဘိဒါမဂ်လည်း ကုသိုလ်တစ်ခု ကို ပြုပြီးနောက် ထိုကုသိုလ်ကို သာယာလိုက်မှ ပဋိသန္ဓေကျိုး ပေးကြောင်းဖြင့် "နိကန္တိက္ခဏေ ဒွေ ဟေတူ" ဟု ဟောပြထား၏၊ မရဏာသန္နဇောကျမှဖြင့် ပြုပြီးနောက် သာယာချိန် မရနိုင်တော့ပြီ၊ ထို့ပြင် မရဏာသန္န- ဇောသည် စက္ခုဒွါရိကစသော ပဉ္စဒွါရိကဇော ဖြစ်အံ့၊ ပဉ္စဒွါရိကဇောမှန်လျှင် အင်မတန် အားသေးရကား မည်သည့် ကမ္မပထ တစ်ခုကိုမျှ ထမြောက်အောင် မပြုနိုင်၊ ဤပြခဲ့သော အကြောင်းများအရ မရဏာသန္န- ဇောသည် ကံအထမမြောက်၊ ကံအထမမြောက်လျှင် မရဏာသန္နဇော၏ ပစ္စုပ္ပန်အာရုံလည်း ကမ္မနိမိတ် အစစ် မဖြစ်နိုင်၊ တစ်နည်းနည်းဖြင့် ဆက်သွယ်ထားသော ကမ္မနိမိတ်အတုသာ ဖြစ်ခွင့်ရှိသည်။

ကမ္မနိမိတ်အတု။ ။အတုဖြစ်ပုံကို ထင်ရှားစေအံ့-လူတစ်ယောက်သည် သေရာ ညောင်စောင်း၌ လျောင်းနေပြီ၊ ဆွေမျိုးစသည်တို့က ကုသိုလ်ရစေလို၍ ပန်းများကို ယူလာ၏၊ တချို့က "ဟောသည်ပန်းတွေ ကို ဘုရားပူဇော်လိုက်, ပူဇော်လိုက်" ဟု ပြော၏၊ လူမမာသည် လျောင်းရင်းပင် ဘုရားကိုမှန်း၍ ပန်းပူဇော် ရှာသည်၊ ကုသိုလ်ဇောတွေ အထပ်ထပ် စောသောကြောင့် ကတဥပစိတ ဖြစ်၏၊ ထိုကုသိုလ်ဇောတွေကို အားကိုးအားထားပြုကာ မိမိကုသိုလ်ကို မိမိသာယာ၏၊ ထိုကုသိုလ်ဇောတွေသည် အာသန္နကံဖြစ်၍ စင်စစ် အကျိုးပေးတော့မည်၊ ပန်းတွေကား ကမ္မနိမိတ်အစစ်တည်း၊ တဖြည်းဖြည်း သွေးဆုတ်ကာ မရဏာသန္နဝီထိ သို့ ရောက်လာ၏၊ မျက်စိလဲ မြင်တုန်း၊ ပန်းတွေလဲ ရှိ်တုန်းမှာ ထိုပန်းတွေကို ကြည့်ရှုလျက် စက္ခုဒွါရိက မရဏာသန္နဝီထိကျ၍ စုတေရလေပြီိ၊ ဤ၌ စက္ခုဒွါရိက မရဏာသန္နဇောဝီထိ၏ ပန်းအာရုံသည် ပစ္စုပ္ပန် အမှန်ပင်တည်း၊ စက္ခုဒွါရိကဇောက ကံမမြောက်သောကြောင့် ကမ္မနိမိတ် (ကံ၏အာရုံ) ကား မဟုတ်ချေ၊ သို့သော် မရဏာသန္နဝီထိ မကျမီက ကမ္မနိမိတ်ပန်းနှင့် မရဏာသန္နဝီထိ၏ အာရုံဖြစ်တဲ့ ပန်းသည် (ပရမတ္ထ အလို ခဏခဏ ပျက်သောကြောင့် တစ်ခုတည်းဟု မဆိုနိုင်သော်လည်း) သန္တတိပညတ်အားဖြင့် မကွဲမပြား တစ်သားတည်း တစ်ခုတည်းပင် ဖြစ်ရကား ကမ္မနိမိတ် အစစ်ပန်းနှင့် ယခု မရဏာသန္နဝီထိ၏ ပန်းတို့၏ တူမျှမှုကို စွဲ၍ သဒိသူပစာရအားဖြင့် မရဏာသန္နဇော၏ အာရုံဖြစ်သော ပန်းကိုပင် ပစ္စုပ္ပန် ကမ္မနိမိတ်ဟု ခေါ်ဝေါ်ရသည်။ "ပစ္စုပ္ပန်ကား အစစ်, ကမ္မနိမိတ်ဟူသော နာမည်ကား သဒိသူပစာရ" ဟူလို။ သဒ္ဒါရုံစသည်။ ။တရားသံ စသည်ကို နာယူရင်း စုတေလျှင် သဒ္ဒါရုံ, လှူအပ်သော ပန်းတို့၏အနံ့ကို

အာရုံပြုရင်း စုတေလျှင် ဂန္ဓာရုံ, စတုမဓုစသော အရသာကို ကိုယ်တိုင်လည်း စား၍ သံဃာအားလည်း လှူဒါန်းစဉ် စုတေလျှင် ရသာရုံ, ဖဲမွေ့ရာစသည်ကို လက်ဖြင့် ကိုင်ယူလှူဒါန်းစဉ် စုတေလျှင် ဖောဋ္ဌဗ္ဗာရုံ, မိမိကိုယ်ခန္ဓာကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုစဉ် စုတေလျှင် ဓမ္မာရုံကို အာရုံပြု၍ သောတဒွါရစသော ဝီထိများ လည်း ထိုက်သလို ဖြစ်ကြ၏။ ဤနည်းဖြင့် ဒွါရ (၆)ပါးဝယ် အာရုံ (၆)ပါးတို့ ထိုက်သည်အားလျော်စွာ ပစ္စုပ္ပန် ကမ္မနိမိတ်များ ဖြစ်နိုင်ကြသည်၊ အကုသိုလ်အရာကိုလည်း ဖွေရှာထုတ်ပြပါ။ [ ပဉ္စဒွါရေ စ အာပါတမာဂစ္ဆန္တံ ပစ္စုပ္ပန္နကမ္မနိမိတ္တံ အာသန္နကတကမ္မာရမဏသန္တတိယံ ဥပ္ပန္နံ တံသဒိသံ စ ဒဋ္ဌဗ္ဗံ။- ပဋိစ္စသမုပ္ပာဒ်ဝိဘင်း မူလ ဋီကာ၊] ဤ၌ "ပဉ္စဒွါရေ" ဟု ဆိုထားသော်လည်း မနောဒွါရ၌ပါ ရထိုက်ကြောင်းကို ရှေးဆရာတို့ စိစစ်ထားပြီ၊ ဂတိနိမိတ် ပစ္စုပ္ပန်ရပုံကို နောက်၌ပြအံ့၊ ဤသို့ ပစ္စုပ္ပန်ရကောင်းသော ကမ္မနိမိတ် ဂတိနိမိတ်ကို ရည်ရွယ်၍ "ယဒိ ပစ္စုပ္ပန္နာရမဏေသု အာပါတမာဂတေသု ဓရန္တေသွေဝ မရဏံ ဟောတိ" ဟု မိန့်သည်။

တဒါ ပဋိသန္ဓိဘဝင်္ဂါနံပိ ပစ္စုပ္ပန္နာရမဏာတာ။ ။ထိုကဲ့သို့ ပစ္စုပ္ပန် ကမ္မနိမိတ် ဂတိနိမိတ်ကို မရဏာ သန္နဇောတို့က အာရုံပြုရာ၌ (ဘဝအသစ် ပဋိသန္ဓေ ဘဝင်တို့သည် မရဏာသန္နဇော ယူပေးအပ်သော အာရုံ ကိုပင် ယူကြရိုး ဖြစ်သောကြောင့်) ထိုပစ္စုပ္ပန် ကမ္မနိမိတ် ဂတိနိမိတ် တစ်ခုခုတို့ မချုပ်သေးခင် စုတေရလျှင် ပဋိသန္ဓေသစ်နှင့် ဘဝင်စိတ်များလည်း ပစ္စုပ္ပန်အာရုံကို ဆက်၍ ယူကြရသည်၊ ထို့ကြောင့် ဇောဆုံးသော ပဉ္စဒွါရဝီထိဖြစ်အံ့, အတီတဘဝင်မှ စ၍ စုတိတိုင်အောင် အာရုံအသက် စိတ္တခဏ (၁၄)သာရှိ၏, ပစ္စုပ္ပန် အာရုံ မချုပ်သေး၊ ပဋိသန္ဓေသစ်နှင့် ဘဝင်နှစ်ကြိမ်တို့ ထိုပစ္စုပ္ပန်အာရုံကို ဆက်၍ အာရုံပြုကြသည်၊ တတိယ ဘဝင်မှစ၍ နောက်နောက် ဘဝင်များကား အတိတ်ကိုသာ အာရုံပြုကြသည်၊ တဒါရုံဆုံးသော ပဉ္စဒွါရဝီထိ ဖြစ်အံ့, အတီတဘဝင်မှစ၍ စုတိတိုင်အောင် အာရုံအသက် (၁၆)ချက် ရှိပြီ၊ ပဋိသန္ဓေသစ်သာ ပစ္စုပ္ပန် အာရုံ ကို အာရုံပြုနိုင်တော့၏၊ ဘဝင်တို့မှာ အတိတ်ကိုသာ အာရုံပြုရတော့သည်၊ ဇောဆုံးသော မနောဒွါရဖြစ်အံ့, အတီတဘဝင် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရဝဇ္ဇန်း မရဏာသန္နဇော (၅) , စုတိတိုင်အောင် အာရုံ အသက် (၁၀)ချက် ရှိ၏၊ ပဋိသန္ဓေသစ်နှင့် ဘဝင် (၆)ကြိမ်တို့ ပစ္စုပ္ပန်အာရုံကို အာရုံပြု၏၊ တဒါရုံဆုံးသော မနောဒွါရဝီထိ ဖြစ်အံ့, ပဋိသန္ဓေသစ်နှင့်, ဘဝင် (၄)ကြိမ်တို့ ပစ္စုပ္ပန်အာရုံကို အာရုံပြု၏၊ ဇော တဒါရုံတိုင် ရောက်သောအခါ ကမ္မဇရုပ် မချုပ်သေးလျှင် ထိုက်သင့်သမျှ ဘဝင်ကျပြီးမှ စုတိစိတ် ကျရလိမ့်မည်၊ စုတိမှုကိစ္စ၌ ကမ္မဇရုပ် ချုပ်ခြင်းသာလျှင် အရင်းခံ တည်း၊ ထို့ကြောင့် ဇောနောင် ဘဝင် စုတိ, တဒါရုံ နောင် ဘဝင် စုတိကျသော ဝီထိများကို ချ၍လည်း ပဋိသန္ဓေ ဘဝင်စိတ်တို့၏ ပစ္စုပ္ပန်အာရုံကို စိစစ်ကြပါ။ [ဤ၌ ဇော တဒါရုံနှင့် ပဋိသန္ဓေသစ် စသည်တို့သည် အာရုံချင်းတူကြသော်လည်း အလယ်စုတိမှာ ထိုဘဝ ပဋိသန္ဓေဟောင်းနှင့်သာ အာရုံတူရမည်ကို သတိပြု ပါ။]

ဣတိ ကတွာ ကာမာဝစရပဋိသန္ဓိယာ ၊ပေ၊ ဥပလဗ္ဘတိ။ ။ဤဝါကျ၌ ဆဒွါရဂ္ဂဟိတံကို "ဆဒွါရဂ္ဂဟိ တဉ္စ ဆဋ္ဌဒွါရဂ္ဂဟိတဉ္စ ဆဒွါရဂ္ဂံဟိတံ" ဟု ဧကသေသ်ပြု၍ ကမ္မနိမိတ်ကို (၆) ဒွါရဖြင့် ယူ၍, ဂတိနိမိတ်ကို (၆)ခုမြောက်သော မနောဒွါရဖြင့်သာ ယူအပ်သည်ဟု ဋီကာကျော်ဖွင့်၏၊ [ဆဒွါရဂ္ဂဟိတဉ္စ-(၆)ဒွါရဖြင့် ယူအပ်သောအာရုံလည်း၊ ဆဋ္ဌဒွါရဂ္ဂဟိတဉ္စ-(၆)ခုမြောက်သောမနောဒွါရဖြင့် ယူအပ်သောအာရုံတည်း၊ ဆဒွါရဂ္ဂဟိတံ-(၆)ဒွါရဖြင့် ယူအပ်သောအာရုံ, (၆)ခုမြောက်သော မနောဒွါရဖြင့် ယူအပ်သောအာရုံ၊] ဋီကာကျော်၏ အလိုကား-ကမ္မနိမိတ်သည် ပြခဲ့သည့်အတိုင်း ရူပါရုံကမ္မနိမိတ်စသောအားဖြင့် (၆) ပါးပင်ရှိရ ကား (၆) ဒွါရဖြင့် ထိုက်သင့်သလိုယူကောင်း၏၊ ဂတိနိမိတ်မှာ လားရမည့်ဘဝ၌ တွေ့ကြုံထိုက်သော အာရုံ များတည်း၊ ထိုအာရုံများလည်း အဋ္ဌကထာအလို ရူပါရုံ တစ်မျိုးသာဖြစ်၏၊ နောက်ဘဝကျမှ တွေ့ရမည့် ရူပါ ရုံကို ပကတိစက္ခုဖြင့် စေ့စေ့ငုငု မမြင်နိုင်, မနောဒွါရ၌သာ အိပ်မက်မက်သလို မေ့မြောနေစဉ် ထင်လာခြင်းဖြစ်၏၊ ထို့ကြောင့် ထိုဂတိနိမိတ်ကို "မနောဒွါရဖြင့်သာ ယူနိုင်သည်" ဟု ဆိုလိုသည်။

ဝိသုဒ္ဓိမဂ်မဟာဋီကာ သစ္စသံခိပ် ပရမတ္ထဒီပနီတို့ကား "ဂတိနိမိတ်ကိုလည်း (၆)ဒွါရဖြင့်ပင် ယူအပ်သည်" ဟု မိန့်ဆိုကြ၏၊ ထင်ရှားစေအံ့-ဓမ္မိကဥပါသကာ ဒုဋ္ဌဂါမဏိမင်းတို့ စုတေခါနီး နတ်ပြည်(၆)ထပ်မှ နတ်ရထား (၆)စင်းတို့သည် ကောင်းကင်၌ ဆိုက်လျက်ရှိ၏၊ "သူ့ရထား တင်မည်, ငါ့ရထား တင်မည်" ဟု လုကြ၏၊ ထိုအဆင်းအသံများကို ထိုဥပါသကာနှင့် မင်းတို့သာ ကြားရ၏၊ ထို့နောက် စုတေ၍ တုသိတာနတ်ရထား၌ ပါသွားကြသည်၊ ထိုအခါ မွေးကြိုင်သော နတ်ပန်းနံ့များလည်း ရှိပေလိမ့်မည်၊ အဝီစိမှ မီးလျှံတို့ ဆွဲငင်သဖြင့် မြေမျိုခံရသော အရှင်ဒေဝဒတ်, နဒ္ဒလုလင် စသည်နှင့်, မသေခင် ဦးခေါင်းပေါ်၌ သင်ဓုန်းစက် အတင်ခံရ သော မိတ္တဝိန္ဒကတို့မှာ လားရာဂတိမှ ဖောဋ္ဌဗ္ဗာရုံ ထင်လာသည်၊ ရသာရုံ ဓမ္မာရုံတို့လည်း ထိုက်သင့်သလို ထင်ကြပေလိမ့်မည်၊ ထို့ကြောင့် ဂတိနိမိတ်လည်း ကမ္မနိမိတ်ကဲ့သို့ အာရုံ(၆)ပါးပင် ရှိသင့်၏၊ ထိုတွင် ချုပ်ပြီး ဖြစ်က အတိတ်, မချုပ်သေးလျှင် ပစ္စုပ္ပန်၊ ဂတိနိမိတ်ကို မရဏာသန္နဝီထိနှင့် ပဋိသန္ဓေ ဘဝင် အနည်းငယ် တို့က အာရုံပြုနိုင်သည်ဟု ယူကြသည်။

"ပဉ္စဒွါရေ သိယာ သန္ဓိ, ဝိနာ ကမ္မံ ဒွိဂေါစရေ"

ဟူသော သစ္စသံခိပ်ဆရာလည်း ဝိသုဒ္ဓိမဂ် မဟာဋီကာဆရာ အရှင်ဓမ္မပါလပင်တည်း၊ ထို့ကြောင့် သစ္စသံခိပ် အဓိပ္ပာယ်လည်း မဟာဋီကာ အတိုင်းပင်၊ ပဉ္စဒွါရေ-ပဉ္စဒွါရ၌၊ ကမ္မံ-ကံအာရုံကို၊ ဝိနာ-ကြဉ်၍၊ ဒွိဂေါစရေ-ကမ္မ နိမိတ် ဂတိနိမိတ်ဟူသော နှစ်ပါးသောအာရုံ၌၊ သန္ဓိ-ပဋိသန္ဓေသည်၊ သိယာ-ဖြစ်ရာ၏၊ [ကံအာရုံမှတစ်ပါး ကမ္မနိမိတ်နှင့်ဂတိနိမိတ်များ ပဉ္စဒွါရ၌ ဖြစ်၏၊ မနောဒွါရ၌ကား-ကံ ကမ္မနိမိတ် ဂတိနိမိတ် (၃)မျိုးလုံးပင် ဖြစ်သည်-ဟူလို။]

သဂြိုဟ်စာသွား။ ။အရှင်အနုရုဒ္ဓါလည်း ကမ္မနိမိတ်နှင့် အသွားတူ တစ်ဝါကျတည်း ဆိုထားသောကြောင့် "ဂတိနိမိတ်ကိုလည်း (၆) ဒွါရဖြင့် ယူနိုင်၏၊" ဟု ယူလိုဟန်တူ၏၊ "ဆဒွါရဂ္ဂဟိတံ ကမ္မနိမိတ္တံ ဂတိနိမိတ္တဉ္စ ပစ္စုပ္ပန္နမတီတာရမဏံ ဥပလဗ္ဘတိ" ဤဝါကျအနေအထားကို ကြည့်ပါ၊ ဆဒွါရဂ္ဂဟိတံသည် ကမ္မနိမိတ္တံ ဂတိ နိမိတ္တံ နှစ်ပုဒ်လုံးနှင့်ဆိုင်သော ဝိသေသနတည်း၊ ထို့ကြောင့် "ဆဒွါရဂ္ဂဟိတံ ကမ္မနိမိတ္တံ, ဆဒွါရဂ္ဂဟိတံ ဂတိ နိမိတ္တံ" ဟု ဖြစ်၏၊ ပစ္စုပ္ပန္နမတီတံလည်း ကမ္မနိမိတ္တံ ဂတိနိမိတ္တံ နှစ်ပုဒ်လုံးနှင့်ဆိုင်၏၊ ထို့ကြောင့် ဝါကျခွဲလိုက် လျှင် "ဆဒွါရဂ္ဂဟိတံ ကမ္မနိမိတ္တံ ပစ္စုပ္ပန္နမတီတာရမဏံ ဥပလဗ္ဘတိ" ဟုလည်းကောင်း, "ဆဒွါရဂ္ဂဟိတံ ဂတိနိမိတ္တံ ပစ္စုပ္ပန္နမတီတာရမဏံ ဥပလဗ္ဘတိ" ဟုလည်းကောင်း ဖြစ်၏၊ သို့အတွက် အရှင်အနုရုဒ္ဓါနှင့် ဝိသုဒ္ဓိမဂ် မဟာဋီကာစသည်တို့ အယူအဆ တူမျှကြပေသည်၊ သို့သော် အဋ္ဌကထာနှင့် မူလဋီကာတို့က ဂတိ နိမိတ်အရာဝယ် မနောဒွါရဖြင့် ယူအပ်သော ရူပါရုံတစ်မျိုးကိုသာ ဆိုကြသဖြင့် ယခုကာလ ဆရာအချို့တို့က ဝိသုဒ္ဓိမဂ် မဟာဋီကာ စသည်တို့၏ ဝါဒကို လက်မခံလိုကြ။

ကမ္မံ ပန အတီတမေဝ ၊ပေ၊ ပရိတ္တဓမ္မဘူတာနေဝါရမဏာနိ။ ။[ကံအာရုံ၏ အတိတ်ဖြစ်ပုံ, မနောဒွါရ ဖြင့်သာ ယူနိုင်ပုံကို ပြခဲ့ပြီ၊] ယခုပြခဲ့သော ကံ ကမ္မနိမိတ် ဂတိနိမိတ် အမည်ရသော အာရုံများသည် ကာမ ပဋိသန္ဓေတို့ မရဏာသန္နဇောတို့က ယူပေးရသည့် အာရုံများသာတည်း၊ ကာမဝိပါက် ပဋိသန္ဓေများကလည်း ကာမတရားကိုသာ အာရုံပြုကြ၏၊ ထို့ကြောင့် ယခုပြခဲ့သော ကံ ကမ္မနိမိတ် ဂတိနိမိတ်တို့သည် ကာမတရား တွင် ပါဝင်သော အာရုံများ ဖြစ်ရမည်၊ အနိစ္စ ဒုက္ခ အနတ္တဟု ရှု၍ မရဏာသန္နဝီထိ ကျရာ၌လည်း ထိုရှုအပ် သောတရားစုသည် ဟဒယဝတ္ထုစသော ကာမအာရုံများသာ ဖြစ်ရသည်-ဟူလို၊ ရူပါရုံစသည်တို့ ကာမအာရုံ

ရူပါရူပပဋိသန္ဓေ၏အာရုံ

ရူပါဝစရပဋိသန္ဓိယာ ပန ပညတ္တိဘူတံ ကမ္မနိမိတ္တမေဝါရမဏံ ဟောတိ၊ တထာ အရူပါဝစရပဋိသန္ဓိယာ စ မဟဂ္ဂတဘူတံ ပညတ္တိဘူတဉ္စ ကမ္မနိမိတ္တမေဝ ယထာရဟမာရမဏံ ဟောတိ။

ရူပါဝစရ ၊ပေ၊ ပညတ္တိဘူတံ ကမ္မနိမိတ္တမေဝ။ ။"ရူပပဋိသန္ဓေသည် ပညတ် ကမ္မနိမိတ်ကိုသာ အာရုံပြုသည်" ဟု ဆိုသဖြင့် ရူပဘုံသို့ သွားမည့်သူ ရူပဘုံ အချင်းချင်း ပြောင်းရွှေ့မည့်သူများ၏ မရဏာသန္နဝီထိ များ၌ ပညတ် ကမ္မနိမိတ်အာရုံ အမြဲထင်လာသည်ဟု သိသာ၏၊ ကမ္မနိမိတ္တမေဝ၌ ဧဝဖြင့် ကံ ဂတိနိမိတ် တို့ကို အာရုံမပြုဟု ကန့်၊ ကမ္မနိမိတ်တွင်လည်း ပညတ်ကမ္မနိမိတ်ဟု ပြလို၍ ပညတ္တိဘူတံဟု မိန့်သည်၊ ဤ၌ ပညတ်ဟူသည် ရူပါဝစရကံ၏ အာရုံဖြစ်သော ပထဝီကသိုဏ်းစသော ပညတ်များတည်း၊ ပညတ် တရား ဖြစ်သောကြောင့် ပစ္စုပ္ပန်လား/ အတိတ်လားဟု စဉ်းစားဖွယ် မလို, ကာလဝိမုတ်သာတည်း။

အရူပါဝစရ ၊ပေ၊ မဟဂ္ဂတဘူတံ ပညတ္တိဘူတဉ္စ ကမ္မနိမိတ္တမေဝ ယထာရဟံ။ ။အရူပါဝစရ ပဋိသန္ဓေ ၏ အာရုံလည်း ကမ္မနိမိတ်ပင်တည်း၊ အရူပပဋိသန္ဓေ၏ ကမ္မနိမိတ်မှာ မဟဂ္ဂုတ်တစ်မျိုး ပညတ်တစ်မျိုး ဟု နှစ်မျိုးရှိသောကြောင့် "ယထာရဟံ" ဟု ဆိုသည်၊ အာကာသာနဉ္စာယတနပဋိသန္ဓေ၏ အာရုံသည် ကောင်းကင်ပညတ် ကမ္မနိမိတ်တည်း၊ ဝိညာဏဉ္စာယတနပဋိသန္ဓေ၏ အာရုံသည် အာကာသာနဉ္စာယတန ကုသိုလ်ဟူသော အတိတ်မဟဂ္ဂုတ် ကမ္မနိမိတ်တည်း၊ အာကိဉ္စညာယတနပဋိသန္ဓေ၏ အာရုံသည် နတ္ထိ ဘောပညတ်ကမ္မနိမိတ်တည်း၊ နေဝသညာနာသညာယတနပဋိသန္ဓေ၏ အာရုံသည် ဝိညာဏဉ္စယတန ကုသိုလ်ဟူသော အတိတ်မဟဂ္ဂုတ်ကမ္မနိမိတ်တည်း၊ ဤအခွဲသည် အဆန်းမဟုတ်, အာရမဏသင်္ဂဟ၌ ပြခဲ့သော အာရုံများပင်တည်း။

စုတိနောက် ပဋိသန္ဓေဖြစ်ပုံ

အာရုပ္ပစုတိယာ ဟောန္တိ, ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာ၊ ပရမာရုပ္ပသန္ဓီ စ, တထာ ကာမတိဟေတုကာ။ ရူပါဝစရစုတိယာ, အဟေတုရဟိတာ သိယုံ၊ သဗ္ဗာ ကာမတိဟေတုမှာ, ကာမေသွေဝ ပနေတရာ။

အာရုပ္ပစုတိယာ ၊ပေ၊ အာရုပ္ပသန္ဓီ စ။ ။ဟေဋ္ဌိမာရုပ္ပဝဇ္ဇိတာ အရ "အောက်အောက် အာရုပ္ပပဋိသန္ဓေကို ကြဉ်ရမည်" ဟု ဆိုသောကြောင့် အရူပဘုံမှ စုတေလျှင် မိမိဘုံ၌ ထပ်၍ ဖြစ်နိုင်၏၊ အထက် အထက် အရူပဘုံ၌လည်း ဖြစ်နိုင်၏ဟု သိသာပြီ၊

ကာမတိဟေတုကာဟု ဆိုသောကြောင့် အရူပဘုံမှ ကာမဘုံသို့ ပြန်လှည့်တဲ့ အခါဝယ် မဟာဝိပါက် ဉာဏသမ္ပယုတ်ဖြင့် တိဟိတ်ပဋိသန္ဓေသာ နေရမည်ဟု မှတ်ပါ၊ ထင်ရှားစေအံ့-အထက် အထက် အရူပဘုံ သို့ ရောက်ပြီးသောအခါ ရှေးဘဝက ရအပ်ပြီးသော အောက်အောက် အရူပစျာန်နှင့် ရူပစျာန်များ ငြိမ်း၏၊ ရူပစျာန်ကို အခြေခံပြီးမှ အာကာသာနဉ္စာယတနစျာန်သို့ တက်, အာကာသာနဉ္စာယတနစျာန်ကို အခြေခံပြီး မှ ဝိညာဏဉ္စယတနစျာန်သို့တက်ရသဖြင့် အခြေခံစရာ အောက်စျာန်များ မရှိတော့ရကား အောက်အောက် စျာန်ကို အားထုတ်၍ မဖြစ်တော့၊ ထို့ကြောင့် "အရူပပုဂ္ဂိုလ်တို့သည် အောက်အောက်စျာန်ကို အားမထုတ် ကြ" ဟု ဆိုရာ၌ စင်စစ်မှာ အားထုတ်၍ပင် မဖြစ်နိုင်၊ ယခုရောက်ရာဘုံနှင့် သက်ဆိုင်သောစျာန်ကိုလည်း ကောင်း, ထိုစျာန်ကို အခြေခံ၍ အထက် အထက်စျာန်ကိုလည်းကောင်း ရနိုင်ခွင့် ရှိသည်။

ကာမတိ ဟေတုကာ။ ။လုံးလုံးစျာန်အသစ် မရတော့လျှင် အဟောင်းအရူပစျာန်ကို မရခင် (ရခါနီးမှာ) ဥပစာရစျာန်ခေါ် ကာမာဝစရဘာဝနာတွေ ရှိ၏၊ ထိုဘာဝနာသည် အလွန်ထက်မြက်သော တိဟိတ်ဥက္ကဌ် ကုသိုလ်ကံတည်း၊ ထိုသူ၏သန္တာန်မှာ ကာမာဝစရကံတွင် ထိုဥပစာရဘာဝနာထက် အားကောင်းသော ကံမရှိ၊ ထိုဥပစာရဘာဝနာအစွမ်းကြောင့် ကာမသုဂတိဘုံမှာ တိဟိတ်ပဋိသန္ဓေ နေရသည်။

ဥပရူပရိအာရုပ္ပာ, န အာယူဟန္တိ ဟေဋ္ဌိမံ၊ ဗလိတ္တာ စုပစာရဿ, တိဟေတုကာဝ ယောနိယော။

ဥပရူပရိအာရုပ္ပာ -အထက် အထက် အရူပဘုံသားတို့သည်၊ ဟေဋ္ဌိမံ-အောက်အောက်စျာန်ကို၊ န အာယူ ဟန္တိ-အားမထုတ်ကြကုန်၊ ဥပစာရဿ-ကာမာဝစရ ဥပစာရစျာန်၏၊ ဗလိတ္တာ-အားရှိသည်၏ အဖြစ်ကြောင့်၊ တိဟေတုကာဝ-ကာမဟိတ်သာ ဖြစ်ကုန်သော၊ ယောနိသော-ပဋိသန္ဓေတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။

ရူပါဝစရစုတိယာ အဟေတုရဟိတာ။ ။ရူပါဝစရစုတိဟု သာမန် ဆိုသော်လည်း အဟိတ်ပဋိသန္ဓေမှ တစ်ပါးသော ပဋိသန္ဓေ (၁၇)ပါးလုံး နှောင်းရမည် ဖြစ်သောကြောင့် ရူပါဝစရစုတိအရ အသညသတ်စုတိကို မယူရ, ရူပဝိပါက်စုတိ (၅)ကိုသာ ယူ၊ ရူပဘုံမှ စုတေလျှင် ရရှိသော ဈာန်အားလျော်စွာ ရူပ အရူပဘုံ၌ ဖြစ်နိုင်၏၊ ရူပဘုံ၌ ကာယကံ ဝစီကံတွေ အမျိုးမျိုးဖြစ်နေသောကြောင့် ဈာန်မရလျှင် ထိုကံအားလျော်စွာ ကာမဘုံ၌ ဒွိဟိတ် တိဟိတ်ပဋိသန္ဓေ နေနိုင်၏၊ နီဝရဏတို့ကို ပယ်ခွာထားသဖြင့် အဟိတ်ပဋိသန္ဓေကျိုး အသညသတ်စုတိနောင်။ ။ဤသင်္ဂြိုဟ်စာသွားဖြင့် အသညသတ်စုတိနောင် နှောင်းနိုင်သော

ပဋိသန္ဓေများ မထင်ရှားသေးချေ၊ အသညသတ်ဘုံ၌ စျာန်ကို ဆက်လက်မရနိုင်သောကြောင့် အသညသတ် စုတိနောင် ရူပ အရူပပဋိသန္ဓေ မနှောင်းနိုင်၊ အသညသတ် မရောက်ခင် ကာမဘုံဝယ် စျာန်ကို အားထုတ် တုန်းက နီဝရဏတွေကို ပယ်ခွာထားသဖြင့် အဟိတ်ပဋိသန္ဓေကျိုးပေးမည့် ကံများလည်း အခွင့်မရနိုင်ကြ၊ ထို့ကြောင့် အသညသတ်စုတိနောင် ကာမဒွိဟိတ် တိဟိတ်ပဋိသန္ဓေ (၈) ပါးသာ နှောင်းနိုင်သည်။

အရိယာပုဂ္ဂိုလ်များ၏ စုတိ ပဋိသန္ဓေ။ ။"အာရုပ္ပစုတိယာ ဟောန္တိ" စသော ဂါထာသည် ပုထုဇဉ် အရိယာတို့ကို ရောနှောပြသော ဂါထာတည်း၊ အရိယာတို့မှာ ဗြဟ္မာ့ဘုံသို့ ရောက်လျှင် သောတာပန် သကဒါ ဂါမ်ပင် ဖြစ်သော်လည်း ကာမဘုံသို့ မပြန်လာတော့ပြီ၊ ထိုပုဂ္ဂိုလ်များကို စျာနအနာဂါမ် (စျာန်ရသည့်အတွက် ကာမဘုံသို့ မလာသူ)ဟု ခေါ်၏၊ ဗြဟ္မာ့ဘုံတွင်လည်း အထက်ဘုံသို့ ရောက်လျှင် အောက်ဘုံ၌ ပဋိသန္ဓေ. ပြန်မနေတော့။

ဘူမိသီသ။ ။ထို့ပြင်-"သီသ"ဟု ခေါ်ရသော ဘုံ(၃)ဘုံ ရှိ၏၊ ဝေဟပ္ဖိုလ် အကနိဋ္ဌ နေဝသညာနာသညာ ယတနတည်း၊ ထိုတွင် ဝေဟပ္ဖိုလ်သည် သုဒ္ဓါဝါသဘုံမှ တစ်ပါးသောရူပဘုံများတွင် သီသ(ဦးထိပ်)တည်း၊ အကနိဋ္ဌသည် သုဒ္ဓါဝါသဘုံတို့၏ သီသတည်း၊ နေဝသညာနာသညာယတနကား အရူပဘုံ၏ သီသတည်း၊ ထိုဘူမိသီသ၌ တည်မိ ထိုင်မိကြသော အရိယာတို့သည် တစ်ပါးသောဘုံသို့ မပြောင်းတော့ကုန်၊ ရဟန္တာ မဖြစ်လျှင် ဝေဟပ္ဖိုလ်နှင့် နေဝသညာနာသညာယတနတို့ဝယ် ထပ်၍ ဖြစ်ကြ၏၊ အကနိဋ္ဌကား ထပ်၍ပင် မဖြစ်ပြီ၊ အကနိဋ္ဌဘုံသို့ ရောက်လျှင် ဧကန် ရဟန္တာ ဖြစ်တော့၏၊ အကနိဋ္ဌသာမက အောက်အောက် သုဒ္ဓါဝါသ(၄)ဘုံ၌လည်း ထပ်၍ဖြစ်ရိုးမရှိ, ရဟန္တာမဖြစ်သေးလျှင် အထက်ဘုံသို့သာ ပြောင်းရွှေ့ကြတော့သည်။

ဝေဟပ္ဖလေ အကနိဋ္ဌေ, ဘဝဂ္ဂေ စ ပတိဋ္ဌိတာ၊ န ပုနာညာတ္ထ ဇာယန္တိ, သဗ္ဗေ အရိယပုဂ္ဂလာ။ န ပုန တတ္ထ ဇာယန္တိ, သဗ္ဗေပိ သုဒ္ဓါဝါသိကာ၊ ဗြဟ္မလောကဂတာဟေဋ္ဌာ, အရိယာ နောပပဇ္ဇရေ။

ဝေဟပ္ဖလေ -ဝေဟပ္ဖိုလ်၌လည်းကောင်း၊ အကနိဋ္ဌေ-အကနိဋ္ဌ၌လည်းကောင်း၊ ဘဝဂ္ဂေစ-(ဘုံဘဝ၏ အဆုံးဖြစ်သော) နေဝသညာနာသညာယတန၌လည်းကောင်း၊ ပတိဋ္ဌိတာ-တည်ကုန်သော၊ သဗ္ဗေ-အလုံးစုံ ကုန်သော၊ အရိယပုဂ္ဂလာ-အရိယာပုဂ္ဂိုလ်တို့သည်၊ ပုန-တစ်ဖန်၊ အညတ္ထ-တစ်ပါးသောဘုံ၌၊ န ဇာယန္တိ- မဖြစ်တော့ကုန်၊ သဗ္ဗေပိ သုဒ္ဓဝါသိကာ-အလုံးစုံသော သုဒ္ဓဝါသဘုံသားတို့သည်လည်း၊ ပုန-တစ်ဖန်၊ တတ္ထ-ထိုတစ်ခါဖြစ်ပြီးသော သုဒ္ဓါဝါသ၌၊ န ဇာယန္တိ-ထပ်၍ မဖြစ်ကုန်၊ ဗြဟ္မလောကဂတာ- ဗြဟ္မာ့ဘုံသို့ ရောက်ပြီးကုန်သော၊ အရိယာ-တို့သည်၊ ဟေဋ္ဌာ-အောက်အောက်ဘုံ၌၊ နောပပဇ္ဇရေ-မဖြစ်တော့ ကုန်၊၊

နိဂုံးဂါထာများ

ပဋိသန္ဓိဘဝင်္ဂဝီထိယော, စုတိစေဟ တထာ ဘဝန္တရေ၊ ပုန သန္ဓိဘဝင်္ဂမိစ္စယံ, ပရိဝတ္တတိ စိတ္တသန္တတိ။ ပဋိသင်္ခါယ ပနေတမဒ္ဓုဝံ, အဓိဂန္တွာ ပဒမစ္စုတံ ဗုဓာ၊ သုသမုစ္ဆိန္နသိနေဟဗန္ဓနာ, သမမေဿန္တိ စိရာယ သုဗ္ဗတာ။

ပဋိသန္ဓိဘဝင်္ဂဝီထိယော။ ။ဤဂါထာတို့သည် ဝီထိ-ဝီထိမုတ်ပိုင်း နှစ်ပိုင်းလုံးကို နိဂုံးချုပ်သောဂါထာ တို့တည်း၊ အချို့ကား ဤဂါထာတို့သည် ဝီထိပိုင်းအတွက် မပါ, ဝီထိမုတ်ပိုင်းအတွက် နိဂုံးအုပ်သော ဂါထာ တည်းဟု ယူ၍ "ပဋိသန္ဓိ ဘဝင်္ဂဝီထိယော-ပဋိသန္ဓေ ဘဝင်အစဉ်တို့သည်" ဟု ဝီထိသဒ္ဒါအတွက် "အစဉ်" ဟူသော အနက်ကို ကြံကြ၏၊ ထိုဆရာတို့သည် နောက်ဂါထာ၌ ဧတံပုဒ်၏ အစွဲကို သတိထားမိဟန် မတူပေ၊ နောက်ဂါထာသည် သံသရာစက်ပြတ်ကိန်းကို ပြသော ဂါထာတည်း၊ ထိုဂါထာ၌ ဧတံသဒ္ဒါသည် သံသရာနှင့် ဆိုင်ရာ ပြအပ်ခဲ့ပြီးသော စိတ် စေတသိက် (ပဋိသန္ဓေ ဘဝင် ဝီထိစိတ်တို့ကိုပါ) စွဲယူသော သဒ္ဒါ ဖြစ်သည်၊ ထို့ကြောင့် ပဋိသန္ဓိဘဝင်္ဂဝီထိယော ဂါထာသည် ဝီထိ-ဝီထိမုတ်ပိုင်း နှစ်ပိုင်းလုံးအတွက် အုပ်ဖုံးသော နိဂုံး ဂါထာတည်း၊။

ပန -သံသရာစက်ရဟတ်, အဆက်ပြတ်ကိန်းကား၊ ဗုဓာ-တိဟိတ်ပဋိသန်, ပင်ကိုဉာဏ်ရှိသူတို့သည်၊ စိရာယ-ကြာမြင်စွာသောကာလပတ်လုံး၊ သုဗ္ဗတာ-သီလဖြူစင်, ဓုတင်ကိုဖြည့်, သမာဓိလောင်း, ကောင်း သောအကျင့် ရှိကုန်သည် ဖြစ်၍၊ ဧတံ-စိတ် စေတသိက်, ပေါင်းကြိတ်တည်ထွင်, ဤဖြစ်ပုံအစီအစဉ်ကို၊ အဒ္ဓုဝံ-ဖြစ်ချည်ပျက်ချည်, အမြဲမတည်ပါတကားဟူ၍၊ ပဋိသင်္ခါယ-ဝိပဿနာ, ဉာဏ်ပညာဖြင့်, ထင်စွာသိမှု, ကြည့်ရှုဆင်ခြင်ကြကုန်သည်ရှိသော်၊ အစ္စုတံ-စုတေရွေ့လျော, သေရခြင်းသဘော မရှိသော၊ ပဒံ-နိဗ္ဗာန်ကို၊ အဓိဂန္တွာ-မဂ်ဉာဏ်ဖိုက်ဉာဏ်ဖြင့်, အမှန်သိခြင်းကြောင့်၊ သုသမုစ္ဆိန္နသိနေဟဗန္ဓနာ-ကြွင်းမဲ့ သွေ့ခြောက်, ဖြတ်တောက်အပ်ပြီး, တဏှာတည်းဟူသော အစေးအဖွဲ့ ရှိကြကုန်သည် ဖြစ်၍၊ သမံ-သင်္ခါရခပ်သိမ်းတို့၏, ပြတ်ငြိမ်းရာမှန်, အေးနိဗ္ဗာန်သို့၊ ဧဿန္တိ-ဧကန်ထုတ်ချောက်, ရောက်ရကုန်လိမ့်သတည်း။

ဧတ္တာဝတာ ဝိဘတ္တာဟိ, သပ္ပဘေဒပဝတ္တိကာ၊ စိတ္တစေတသိကာ ဓမ္မာ, ရူပံ ဒါနိ ပဝုစ္စတိ။

အနုသန္ဓေ။ ။"စိတ္တံ စေတသိကံ ရူပံ, နိဗ္ဗာနမိတိ သဗ္ဗထာ"ဟု ခေါင်းစဉ် ပြခဲ့သည်အားလျော်စွာ စိတ္တံ စေတသိကံဟူသော ခေါင်းစဉ်မာတိကာ၏ ဆိုင်ရာ အကျယ်ကို ပြပြီး၍, ယခုအခါ၌ " ရူပံ" ဟူသော ခေါင်းစဉ်မာတိကာ၏ အကျယ်ကို ပြတော်မူလိုသော အရှင်အနုရုဒ္ဓါဆရာသည် "ဧတ္တာဝတာ ဝိဘတ္တာဟိ" အစရှိသော ဂါထာကို မိန့်တော်မူသည်၊ ထိုဂါထာဝယ် "သပ္ပဘေဒပဝတ္တိကာ"၌ ပဘေဒအရ အပြားဟူသည် စိတ်တစ်ခုယုတ်ကိုးဆယ် အကျယ်(၁၂၁)ပါးအပြား, စေတသိက် (၅၂)ပါးအပြားတည်း၊ ထိုကဲ့သို့ အပြားရှိသည်ကို "သပ္ပဘေဒ"ဟု ဆိုသည်၊ ပဝတ္တိအရ ဖြစ်ခြင်းဟူသည် ဝီထိပိုင်း၌ ပြခဲ့သည့်အတိုင်း ဝီထိစိတ်အား ဖြင့် ဖြစ်ခြင်း, ဝီထိမုတ်ပိုင်း၌ ပြခဲ့သည့်အတိုင်း ပဋိသန္ဓေ ဘဝင် စုတိအားဖြင့် ဖြစ်ခြင်းတည်း၊ ထိုသို့ ဖြစ်ခြင်း ရှိသည်ကို "သပဝတ္တိက"ဟု ဆိုသည်၊ သံဝိဇ္ဇန္တိ ပဘေဒပဝတ္တိယော ဧတေသံတိ သပ္ပဘေဒပဝတ္တိကာ၊ "ထိုသို့ အပြားလည်း ရှိကုန်, ဖြစ်ခြင်းလည်း ရှိကုန်သော စိတ် စေတသိက်တို့ကို ဤဆိုအပ်ခဲ့ပြီးသော အောက်ငါးပိုင်းဖြင့် ခွဲခြားဝေဖန်၍ ပြအပ်ကုန်ပြီ" ဟူလို။

ဥဒ္ဒေသ , နိဒ္ဒေသ, ပဋိနိဒ္ဒေသ။ ။"စိတ္တံ စေတသိကံ ရူပံ, နိဗ္ဗာနမိတိ သဗ္ဗထာ"ဟု သင်္ဂြိုဟ်အစ၌ ခေါင်းစဉ်၍ ပြအပ်သော စကားကျဉ်းသည် ဥဒ္ဒေသ မည်၏၊ ထိုဂါထာ၏ အဖွင့်ဖြစ်သော ဋီကာကျော်ဝယ် "တေ တာဝ သင်္ခေပတော ဥဒ္ဒိသန္တော အာဟ, တတ္ထ ဝုတ္တာတျာဒိ"ဟူသော ကျမ်းတက်စကားကို ထောက်ပါ၊ ထိုတွင် စိတ္တံသည် စိတ်ကို အကျဉ်းချုပ်ပြသော ဥဒ္ဒေသစကား, စေတသိကံကား စေတသိက်ကို အကျဉ်း ချုပ်ပြသော ဥဒ္ဒေသစကားတည်း၊ "တတ္ထ စိတ္တံ တာဝ စတုဗ္ဗိဓံ ဟောတိ"မှ စ၍ စိတ်ပိုင်း တစ်ပိုင်းလုံးကား စိတ်ကို အကျယ်ပြသော နိဒ္ဒေသစကားတည်း၊ ထိုပါဠိ၏ အဖွင့်ဖြစ်သော ဋီကာကျော်ဝယ် "စိတ္တံ တာဝ ဘူမိ ဇာတိသမ္ပယောဂါဒိဝသေန ဝိဘဇိတွာ နိဒ္ဒိသိတုမာရဘန္တော အာဟ, တတ္ထ စိတ္တံ တာဝတျာဒိ" ဟူသော ကျမ်းတက်စကားကို ထောက်ပါ၊ "ဧကုပ္ပာဒနိရောဓာ စ" မှစ၍ စေတသိက်ပိုင်း တစ်ပိုင်းလုံးသည် စေတသိက်ကို အကျယ်ပြသော နိဒ္ဒေသ စကားတည်း၊ စေတသိက်ပိုင်းအစကို ကျမ်းတက်ပြသောဋီကာ ကျော်ဝယ် "ဧဝံ တာဝ စိတ္တံ ၊ပေ၊ စေတသိကဝိဘာဂဿ (စေတသိက်ကို အကျယ်ဝေဖန်ခြင်း၏) အနုပ္ပတ္တတ္တာ"ဟူသော စကားကို ထောက်ပါ၊ ပကိဏ်းပိုင်းကား စိတ် စေတသိက် နှစ်ပါးကို ထပ်၍ ချဲ့ပြသော ပဋိနိဒ္ဒေသစကားဟု အများပင် ယူကြသည်။

ရူပသမုဒ္ဒေသ

စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ။ ။ရုပ်တို့သည် အချုပ်အားဖြင့် မဟာဘုတ် ဥပါဒါရုပ်ဟု နှစ်မျိုးပြား၏၊ ထိုတွင် မဟာဘုတ်ရုပ်များသည် အထည်ကိုယ် အမာခံရုပ်များတည်း၊ ဥပဒါရုပ်များ ကား ထိုမဟာဘုတ်ကို မှီရသော အပေါ်ယံ အမွှန်းတင်ရုပ်များတည်း၊ ချဲ့ဦးအံ့-ပထဝီ အာပေါ တေဇော ဝါယောဟူသော မဟာဘုတ်တို့သည် သဘာဝအထည်ကိုယ်အားဖြင့် ဝဏ္ဏ, ဂန္ဓစသော ဥပါဒါရုပ်များနှင့် တန်းတူညီမျှ မဟုတ်နိုင်၊ ထိုဝဏ္ဏ ဂန္ဓ စသည်တို့ထက် အထည်ကိုယ် ကြီးမားကုန်ရာ၏၊ ရုပ်ကလာပ် အစု အဝေး၌ ပကတိလူတို့ မြင်ရ သိရလောက်အောင် ပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်မှာ ဝဏ္ဏ ဂန္ဓစသော ဥပါဒါရုပ် အများ ပေါင်းစုမိခြင်းကြောင့် မဟုတ်, မဟာဘုတ်အများ ပေါင်းမိခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် အသူရိန်နတ်ကြီး, ဒါနောရက္ခိုသ် ဘီလူးကြီး, တိမိရ-တိပိင်္ဂလ စသော ငါးကြီး, လိပ်ကြီး စသည်ဖြင့် သက်ရှိသတ္တဝါတွေ ကြီးလေးသမျှ၌လည်းကောင်း, မြင်းမိုရ်တောင်, ဟိမဝန္တာတောင်, စကြာဝဠာ တောင်, မဟာသမုဒ္ဒရာ, ဇမ္ဗူ့သပြေပင် စသည်ဖြင့် သက်မဲ့အရာဝတ္ထုတွေ ကြီးကျယ်လေသမျှ၌လည်း ကောင်း မဟာဘုတ်တွေ ပေါင်းစုတွေခဲ၍ ပူးတွဲမိနေကြသည်ဟု မှတ်ပါ၊ ဤမဟာဘုတ်တို့သည် အထည် ကိုယ် ကြီးမားရုံသာမက, သဘောအားဖြင့် ဝဏ္ဏ ဂန္ဓစသော ဥပါဒါရုပ်များထက် ထင်ရှားကုန်၏၊ ဤလောက ၌ မြေ, ရေ, လေ, မီးတို့ ကြီးကျယ် ထင်ရှားနေသည်မှာ ဤအရင်းခံဖြစ်သော မဟာဘုတ်တို့၏ သတ္တိသာ တည်း၊ မဟန္တာနိ ဟုတွာ ဘူတာနိ ပါတုဘူတာနီတိ မဟာဘူတာနိ၊ မဟန္တာနိ-အထည်ကိုယ်သဘော အားဖြင့် ကြီးမားကုန်သည်၊ ဟုတွာ-ဖြစ်၍၊ ဘူတာနိ ပါတုဘူတာနိ-ထင်ရှားဖြစ်သော ရုပ်တို့တည်း၊ ဣတိ- ကြောင့်၊ မဟာဘူတာနိ-မဟာဘူတတို့ မည်၏။ [မဟာဘူတ အမည်ရပုံကို အဋ္ဌကထာ ဋီကာတို့၌ အမျိုးမျိုး ပြကြသေး၏။]

စတုန္နံ မဟာဘူတာနံ ဥပါဒါယရူပံ။ ။ဤ၌ ဆဋ္ဌီနံဝိဘတ်ကို ဥပယောဂခေါ် ဒုတိယာအနက်၌ သက်၊ "စတုန္နံ-လေးပါးကုန်သော၊ မဟာဘူတာနံ-မဟာဘုတ်တို့ကို" ဟု အနက်ပေး၊ ဥပါဒါယ၌ ဥပ+အာရှေးရှိ သော ဒါဓာတ်, တွာပစ္စည်းတည်း၊ တွာကို ယပြု၊ ဥပါဒါယနှင့် ရူပကို သမာသ်ဟုလည်းကောင်း, သမာသ် မဟုတ် တစ်ပုဒ်စီ (ဝါကျ)ဟုလည်းကောင်း ဝါဒနှစ်မျိုး ရှိ၏၊ သမာသ်ဆိုလျှင်"ဥပါဒါယ+ပဝတ္တံ+ရူပံ ဥပါဒါယ ရူပံ" ဟု ပဝတ္တဟူသော အလယ်ပုဒ်ကျေသော မဇ္ဈေလောပီတပ္ပုရိသ်သမာသ်ဟု မှတ်ပါ၊ ဝါကျဆိုလျှင် "ဥပါဒါယ-စွဲမှီ၍၊ ပဝတ္တံ-ဖြစ်သော၊ ရူပံ-ရုပ်လည်း ကောင်း" ဟု ပဝတ္တံပုဒ်ကို ထည့်၍ အနက်ပေးပါ ။

မဟာဘုတ်ကား ဥပါဒါရုပ် မမည်။ ။မဟာဘုတ်တို့ကို မှီ၍ဖြစ်သော ရုပ်ကို ဥပါဒါရုပ်ဟုဆိုလျှင် မဟာ ဘုတ်တစ်ပါးကို မဟာဘုတ်သုံးပါးက, မဟာဘုတ်သုံးပါးကို မဟာဘုတ်တစ်ပါးက, မဟာဘုတ်နှစ်ပါးကို မဟာဘုတ်နှစ်ပါးက မှီ၍ဖြစ်သောကြောင့် မဟာဘုတ်တို့လည်း ဥပါဒါရုပ်အမည် ရထိုက်သည်မဟုတ်ပါလော ဟု မေး၊ အဖြေကား–"သဗ္ဗဝါကျံ-အလုံးစုံသောဝါကျသည်၊ သာဝဓာရဏံ-အဝဓာရဏနှင့်တကွ ဖြစ်နိုင်၏" ဟူသော ပရိဘာသာအရ, ဥပါဒါယ၌ ဧဝသဒ္ဒါ ထည့်၍ "ဥပါဒါယေဝ-မှီရုံသာမှီ၍၊ ပဝတ္တံ-ဖြစ်သော၊ ရူပံ-ရုပ် တည်း၊ ဥပါဒါရူပံ-မှီရုံသာမှီသောရုပ်၊ ပထဝီ အာပေါ စသော မဟာဘုတ်တို့ကား မိမိတို့ အချင်းချင်းလည်း အပြန်အလှန်မှီတတ် အခြားသော ရုပ်များ၏ အမှီကိုလည်း ခံအပ်သောကြောင့် "ဥပါဒါယေဝ" ဟူသော စကားနှင့် မထပ်မိရကား ဥပါဒါရုပ် မမည်နိုင်ကြချေ။

တစ်နည်း –"စတုန္နံ မဟာဘူတာနံ ဥပါဒါယရူပံ" ဟူသော စကားသည် ဥပါဒါရုပ်၏ လက္ခဏာကို ပြသော စကားတည်း၊ ထိုစကား၌ "စတုန္နံ မဟာဘူတာနံ ဥပါဒါယ" ကို ထောက်၍ မဟာဘုတ်လေးပါးလုံးကို မှီမှသာ ဥပါဒါရုပ် မည်နိုင်သည်၊ မဟာဘုတ်အချင်းချင်း မှီရာ၌ လေးပါးလုံးကို မှီ၍ မဖြစ်နိုင်, မဟာဘုတ်တစ်ပါးက အခြား မဟာဘုတ်သုံးပါးကိုသာ မှီနိုင်သည်၊ ထို့ကြောင့် စတုန္နံ ဟူသောလက္ခဏာနှင့် မညီရကား မဟာ ဘုတ်တို့သည် ဥပါဒါရုပ်ဟူသော အမည်ကို မရနိုင်။ [ရူပကဏ္ဍ မူလဋီကာ၌ တစ်နည်းပြသေး၏, ရှုလေ တော့။]

[ဆောင်] ၁။ ဝါကျတိုင်းမှာ, ဧဝပါသဖြင့်, မှီသာမှီတတ်, မမှီအပ်ကြ, ဝဏ္ဏ ဂန္ဓာ, စသည်သာ, ဥပါဒါဟု ခေါ်။ ၂။ မဟာဘုတ်ကြီး, အသီးသီးကား, မှီလည်းမှီတတ်, မှီလည်းအပ်သဖြင့်, ခေါ်မှတ်ဖွယ်ရာ, ဥပါဒါ, မှန်စွာ မသင့်တော်။

၃။ တစ်နည်းတုံကြံ, စတုန္နံဟု, လက္ခဏာရှုက, သုံးခုလောက်မျှ, မှီနိုင်ကြသည့်, ဘူတရုပ်မှာ, ဥပါဒါ, ခေါ်ရာ ဝေးဘိသော်။

ပထဝီဓာတု။ ။ပထတိ ပတိဋ္ဌာနဘာဝေန ပက္ခာယတီတိ ပထဝီ၊ ပထတိ ပတိဋ္ဌာနဘာဝေန ပက္ခာ ယတိ-တည်ရာ၏ အဖြစ်ဖြင့် ထင်လာတတ်၏၊ ဣတိ-ကြောင့်၊ ပထဝီ-မည်၏၊ အတ္တနော-မိမိ၏၊ သဘာဝံ- သဘောကို၊ ဓာရေတိ-ဆောင်ထားတတ်၏၊ ဣတိ-ကြောင့်၊ ဓာတု-မည်၏၊ မိမိဆိုင်ရာသဘော ထင်ရှားရှိနေသည်ကိုပင် "မိမိသဘောကို ဆောင်သည်"ဟု ခေါ်သည်၊ နောက်၌ ပြလတ္တံ့အတိုင်း "ပထဝီသည် ကက္ခဠသဘောရှိ၍ ထိုကက္ခဠသဘော ကို ဆောင်တတ်သည်" ဟူလို၊ ပထဝီဧဝ+ဓာတု+ပထဝီဓာတု။

ကက္ခဠလက္ခဏာ စေသာ, ပတိဋ္ဌာနရသာ တထာ၊ သမ္ပဋိစ္ဆနုပဋ္ဌာနာ, သေသဘူတပဒဋ္ဌာနာ။

ဧသာ -ဤပထဝီဓာတ်သည်၊ ကက္ခဠလက္ခဏာ-ခိုင်မာခြင်းလက္ခဏာ ရှိ၏၊ ပတိဋ္ဌာနရသာ-တကွဖြစ်ဖက် ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ကိစ္စရှိ၏၊ တထာ-ထိုမှတစ်ပါး၊ သမ္ပဋိစ္ဆနုပဋ္ဌာနာ-တကွဖြစ်ဖက် ရုပ်တို့ကို ခံတတ်သည်၏ အဖြစ်ဖြင့် ဆင်ခြင်သူတို့ ဉာဏ်မှာ ထင်လာတတ်၏၊ သေသဘူတပဒဋ္ဌာနာ-မိမိမှ ကြွင်း သော မဟာဘုတ်သုံးပါးလျှင် နီးစွာသောအကြောင်း ရှိ၏။

ကက္ခဠလက္ခဏာ။ ။ထိုထို ရုပ်ကလာပ်၌ ခိုင်မာသောသဘောသည် ပထဝီဓာတ်၏ လက္ခဏာတည်း၊ ပကတိမြေကြီး၏ ခိုင်မာမှုသည်လည်း ထိုပထဝီဓာတ်၏ သတ္တိအားဖြင့် မြောက်မြားသော ရုပ်ကလာပ်တွေ ပေါင်းစု၍ နေခြင်းကြောင့် ဖြစ်သည်။ [ကက္ခဠကို "ကြမ်းတမ်းခြင်း" ဟု အနက်ဆိုကြသေး၏၊ ကက္ခဠကို "ထဒ္ဓ (ခက်မာ) ကထိန (ခိုင်မာ)"ဟု ဖွင့်ကြသည်ကိုလည်းကောင်း, ကာယာနုပဿနာကျမ်း၌ "ခိုင်မာမှု"ဟု ရေးသည်ကိုလည်းကောင်း ထောက်၍ "ခိုင်မာ"ဟု အနက်ပြန်လိုက်ပါသည်။]

ရသ , ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်။ ။ပကတိမြေကြီးသည် သစ်ပင် စသည်တို့၏ တည်ရာဖြစ်၍ သစ်ပင်စသည် ကို အောက်သို့ လျောမကျအောင် ခံထားသကဲ့သို့ ပထဝီဓာတ်လည်း သဟဇာတ်ရုပ်များ၏ တည်ရာဖြစ်သည်၊ ယောဂီပုဂ္ဂိုလ်တို့ ဝိပဿနာဉာဏ်ဖြင့် ဆင်ခြင်သည့်အခါ "သဟဇာတ်တရားများကို ခံထားတတ် သော ရုပ်" ဟု ထင်လာသည်၊ မိမိနှင့်တွဲဖက် မဟာဘုတ်များ မပါဘဲ ပထဝီချည်း မဖြစ်နိုင်သောကြောင့် ပထဝီဓာတ် ဖြစ်ဖို့ရာ အနီးဆုံးအကြောင်းမှာ ကြွင်းသော မဟာဘုတ်သုံးပါးပင် ဖြစ်သည်။

အာပေါဓာတု။ ။အာပေတိ သဟဇာတရူပါနိ ပတ္ထရတီတိ အာပေါ၊ သဟဇာတရူပါနိ-တကွဖြစ်ဖက် ရုပ်တို့ကို၊ အာပေတိ ပတ္ထရတိ-ပျံနှံ့တတ်၏၊ ဣတိ-ကြောင့်၊ အာပေါ-မည်၏၊ ပကတိရေသည် မိမိ ထိမိရာ ဝတ္ထုများကို စိမ့်၍ ပျံနှံ့သကဲ့သို့, ထို့အတူ တကွဖြစ်ဖက် ရုပ်များကို ပျံ့နှံ့တတ်သော ရေဓာတ်သည် အာပေါ မည်၏။

ပဂ္ဃရဏလက္ခဏာ စေသာ, ပရိဗြူဟနရသာ တထာ၊ သင်္ဂဟပစ္စုပဋ္ဌာနာ, သေသဘူတပဒဋ္ဌာနာ။

ဧသာ -ဤအာပေါဓာတ်သည်၊ ပဂ္ဃရဏလက္ခဏာ-ယိုစီးခြင်းလက္ခဏာ ရှိ၏၊ ပရိဗြူဟနရသာ-သဟဇာတ် ရုပ်တို့ကို တိုးပွားစေခြင်းကိစ္စ ရှိ၏၊ သင်္ဂဟ ပစ္စုပဋ္ဌာနာ-သဟဇာတ်ရုပ်တို့ကို ပေါင်းစုဖွဲ့စည်းတတ်သော တရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏၊ သေသဘူတပဒဋ္ဌာနာ-၏။

လက္ခဏ , ရသ, ပစ္စုပဋ္ဌာန်။ ။ပဂ္ဃရဏအရ "ယိုစီးသည်" ဟု ဆိုသော်လည်း ပကတိရေများ စီးသွား သလို စီးသွားသည်ဟု ဆိုလိုရင်းမဟုတ်, တကွဖြစ်ဖက် ရုပ်များ၌ ပျံ့နှံ့စိမ့်ဝင်သည်ကို "ယိုစီးသည်"ဟု ဆိုလိုသည်၊ သို့သော် ပကတိရေများ ပျံ့နှံ့စီးသွားခြင်းမှာလည်း ဤ အာပေါဓာတ်၏ သတ္တိလွန်ကဲသော ရုပ် ကလာပ်တွေ ပေါင်းစုတိုးပွား များပြားခြင်းကြောင့်ပင် ဖြစ်သည်၊ ဤအာပေါဓာတ်သည် တကွဖြစ်ဖက် ရုပ်များ ကို တိုးပွားစေခြင်းကိစ္စ ရှိ၏၊ ဤအာပေါဓာတ်၏ ကိစ္စကြောင့် ရုပ်တရားတွေ တိုးပွားသဖြင့် သစ်ပင် တော တောင်များ၏ စည်ကားပုံ, သတ္တဝါများ၏ ဝဖြိုးပုံကို ကြည့်ပါ၊ ပကတိရေသည် မုန့်မှုန့်စသည်ကို ဖရိုဖရဲ မလွင့်သွားရအောင် ပေါင်းစည်းဖွဲ့ထားတတ်သည်ဟု ယောဂီတို့ ဉာဏ်တွင် ထင်လာသည်၊ ဤသင်္ဂဟ ပစ္စုပဋ္ဌာန်ကို အချို့အရာ၌ "အာဗန္ဓန(သဟဇာတ်ရုပ်တို့ကို ဖွဲ့စည်းခြင်း)လက္ခဏာ" ဟု ဆိုသည်။

တေဇောဓာတု။ ။တေဇေတိ ပရိပါစေတီတိ တေဇော၊ တေဇေတိ ပရိပါစေတိ-ကျက်စေတတ်၏၊ ဣတိ-ကြောင့်၊ တေဇော-မည်၏၊ ပကတိမီးသည် ထိုထိုဝတ္ထုကို ကျက်စေသကဲ့သို့, ထို့အတူ တကွဖြစ်ဖက် ရုပ်တရားတို့ကို ကျက်စေတတ်သောအငွေ့ဓာတ်သည် တေဇော မည်၏၊ "ဤတေဇောဓာတ်က တွဲဖက်ရုပ် များကို ကျက်စေသည်"ဟု ဆိုသော်လည်း ခြောက်ကပ်နေအောင် ကျက်စေသည် မဟုတ်, အာပေါဓာတ်က တွဲဖက်ရုပ်များ၌ စိမ့်စိုနေရာ, ထိုအာပေါဓာတ်အတွက်ကြောင့် စိုထိုင်းထိုင်း စေးကပ်ကပ် မရှိရုံသာ ခြောက် စေကျက်စေသည်၊ ပကတိ မီး နေတို့က ခြောက်ကပ်သွားအောင် ကျက်စေရာ၌ကား တေဇောသတ္တိက ရိုးရိုးညီမျှရုံမကဘဲ လွန်ကဲနေခြင်းကြောင့် ဖြစ်သည်၊ ခန္ဓာကိုယ်၌ ဥသ္မာခေါ်သော "ကိုယ်ငွေ့" ရှိ၏၊ ဆောင်း အခါ၌ နွေး၍, နွေအခါ၌ အေး၏, ထိုအနွေးငွေ့ အအေးငွေ့များသည် ဤ တေဇောဓာတ်ပင်တည်း။

ဥဏှတ္တလက္ခဏာ စေသာ, ပရိပါစနရသကာ၊ မုဒုဘာဝါနုပ္ပဒါန–ဥပဋ္ဌာနာ ပကာသိတာ။

ဧသာ -ဤတေဇောဓာတ်သည်၊ ဥဏှတ္တလက္ခဏာ-အငွေ့၏ အဖြစ်ဟူသော လက္ခဏာ ရှိ၏၊ ပရိပါစနရ သကာ-သဟဇာတ်တို့ကို ကျက်စေခြင်းကိစ္စ ရှိ၏၊

မုဒုဘာဝါနုပ္ပဒါနဥပဋ္ဌာနာ-သဟဇာတ်ရုပ်တို့ နူးညံ့သည်၏ အဖြစ်ကို ဖြစ်စေတတ်၏ဟု ဉာဏ်တွင် ထင်လာ ၏၊ ဣတိ-ဤသို့၊ ပကာသိတာ-ပြအပ်၏။

ဥဏှတ္တလက္ခဏာ။ ။ဥဏှသဒ္ဒါ၏ အနက်ကို "အပူ" ဟုသာ ဆိုလေ့ရှိသော်လည်း ထောမနိဓိ အဘိဓာန်၌ "အပူ" ဟူသော အနက်အပြင် ဥတုသာမန်အနက်ကိုလည်း ပြသောကြောင့်လည်းကောင်း, "ဥဏှဘာဝေါ+လက္ခဏံ တေဇောဓာတုယာ ဥသ္မာသဘာဝတ္တာ" ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာဖွင့်သောကြောင့် လည်းကောင်း, "အငွေ့" ဟု အနက်ပေးလိုက်သည်၊ [တေဇောဓာတုယာ-တေဇောဓာတ်၏၊ ဥသ္မာ သဘာဝတ္တာ-အငွေ့သဘော ရှိသည်၏ အဖြစ်ကြောင့်၊ ဥဏှဘာဝေါ-အငွေ့၏ အဖြစ်သည်၊ လက္ခဏံ- တေဇော၏ လက္ခဏာတည်း။]

ရသ , ပစ္စုပဋ္ဌာန်။ ။ပရိပါစနရသ၏ အဓိပ္ပာယ်မှာ ဝိဂြိုဟ်အတိုင်းသာတည်း၊ ပကတိမီးသည် ချိပ်, ဖယောင်းစသည်ကို နူးညံ့အောင် ပြုနိုင်သကဲ့သို့, ဤတေဇော ဓာတ်ငွေ့သည်လည်း တကွဖြစ်ဖက် ရုပ်များ ကို နူးညံ့ပျော့ပျောင်းအောင် ပြုနိုင်သည်ဟု ယောဂီပုဂ္ဂိုလ်တို့ဉာဏ်တွင် ထင်လာ၏၊ ဤတေဇော၏ သတ္တိ ကြောင့်ပင် တေဇောကောင်းသူတို့၏ အသားအရေသည် နူးညံ့ပျော့ပျောင်းလျက် ရှိပေသည်။

တေဇောလေးမျိုး။ ။"သန္တပ္ပန, ဒဟနနှင့် ဇီရဏပေ, ပါစကေ, လေးထွေ တေဇောပြား" ဟူသည်နှင့် အညီ, ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသော ကိုယ်ငွေ့ကို "ဥသ္မာတေဇော" ဟု ခေါ်၏၊ ထိုဥသ္မာတေဇောအပြင် သန္တပ္ပနစသော တေဇော လေးမျိုးရှိသေး၏၊ ထိုတွင် ဥသ္မာတေဇော ဖောက်ပြန်လာသောအခါ အပူဒီဂရီ တိုးတက်လျက် တစ်ရက်ခြား, နှစ်ရက်ခြား (ငှက်ဖျား ဖျားသလို) ဖျားစေတတ်သော တေဇော၊] ထိုသန္တပ္ပန ထက်ပင် အပူဒီဂရီ လွန်တက်၍ "ပူလှချေရဲ့, လောင်လှချေရဲ့, ယပ်ခပ်ပေးပါ, စန္ဒကူးနံ့သာ လိမ်းပေးပါ, ရေချိုးချင်တယ်" စသည်ဖြင့် ညည်းညူရလောက်အောင် ပူလောင်သော တေဇောသည် ဒဟနတေဇော မည်၏၊ မီးကဲ့သို့ လောင်ကျွမ်းတတ်သော တေဇောတည်း။

ဇီရဏတေဇော။ ။ဆံဖြူအောင် သွားကျိုးအောင် မျက်စိမွဲအောင် အသားအရေတွန့်အောင် အရွယ် ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောသည် ဇီရဏတေဇောမည်၏၊ ဤပြအပ်ခဲ့သော တေဇော သုံးပါးသည် ခန္ဓာကိုယ်၌ အမြဲ ပါရှိကြသည် မဟုတ်, သန္တပ္ပနနှင့် ဒဟနသည် ဖျားနေတဲ့အခါ၌သာ မူလ ကိုယ်ငွေ့ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း၊ ဇီရဏတေဇောသည် ရောဂါတစ်ခုခု အမြဲ စွဲကပ်တဲ့အခါ, သို့မဟုတ် အရွယ်ဆုတ်ယုတ်ချိန်အခါ၌ မူလကိုယ်ငွေ့ ဖောက်ပြန်လာသော တေဇောတည်း။ ပါစကတေဇော။ ။စားသောက်အပ်သမျှသော အစာအာဟာရတို့ကို ကြေကျက်စေတတ်သော

တေဇောသည် ပါစကတေဇော မည်၏၊ "ဝမ်းမီး" ဟု ခေါ်ကြသည်၊ အစာသစ်အိမ်နှင့် ကပ်လျက် တည်ရှိ သတတ်၊ ထိုပါစကတေဇောကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏၊ ရှေးကံကြောင့် ဖြစ်ရကား အချို့သူတို့၌ ဝမ်းမီး ကောင်း၏, စားသမျှ အစာကို မှန်မှန်ချက်နိုင်၏၊ အချို့သူတို့၌ ဝမ်းမီး ညံ့၏, အချို့၌ လွန်ကဲ၏၊ လွန်ကဲနေသူ ညံ့နေသူတို့၌ ဝမ်းမီး၏ အနီးအပါးဝယ်ရှိသော စိတ္တဇ ဥတုဇ အာဟာရဇတေဇောတို့ကို တတ်သိနားလည်ကြ သော ဆေးဆရာတို့ထံ မေးမြန်းပြုပြင်က ဝမ်းမီးမှာ အထောက်အပံ့ ရနိုင်စရာ ရှိသည်၊ ကံကြောင့် ဖြစ်လာ သော ဝမ်းမီးခေါ် ပါစကတေဇောကား ကံ၏ အရာဖြစ်၍ ကံနှင့်သာ ဆိုင်သည်။

ဝါယောဓာတု။ ။ဝါယတိ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေန ဘူတသင်္ဃာတံ ပါပေတီတိ ဝါယော၊ ဒေသန္တရုပ္ပတ္တိဟေတုဘာဝေန-အရပ်တစ်ပါး၌ ပြောင်းရွှေ့ ဥပါဒ်ခြင်း၏ အကြောင်း၏အဖြစ်ဖြင့်၊ ဘူတသင်္ဃာ တံ-မိမိနှင့်တကွဖြစ်သော မဟာဘုတ်အပေါင်းကို၊ ဝါယတိ ပါပေတိ-အရပ်တစ်ပါးသို့ ရောက်စေတတ်၏၊ ဣတိ-ကြောင့်၊ ဝါယော-မည်၏၊ မူလဖြသ်တဲ့နေရာမှ စဉ်းငယ်ရွှေ့ကာရွှေ့ကာ ရုပ်ကလာပ်များ ဥပါဒ်ခြင်းသည် နောက်ထပ်ဖြစ်သော ရုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ အစွမ်းပေတည်း၊ ဥပမာ-လက်ကို အထက်သို့ မြှောက်ရာ၌ အသစ်အသစ်ဖြစ်သော ရုပ်ကလာပ်တို့သည် မိမိတို့နှင့်အတူတကွ ပါလာသော စိတ္တဇဝါယောဓာတ်၏အစွမ်းကြောင့် မူလတည်ရာအရပ်၌ ထပ်၍ မဥပါဒ်ဘဲ စိတ်အလိုကျအောင် အထက် အထက်သို့ စဉ်းငယ်ရွှေ့ကာရွှေ့ကာ ဥပါဒ်ရလေသည်၊ သစ်ပင်စသည်တို့ လှုပ်ရှားရာ၌လည်း ဤဝါယော ဓာတ်၏ အစွမ်းပေတည်း၊ ဤပြအပ်ခဲ့သော ဝါယောကား လှုပ်လှုပ်ရှားရှားဖြစ်သော ရုပ်ကလာပ်များတွင် ပါဝင်သော ဝါယောပေတည်း၊ မလှုပ်မရှားသော ရုပ်ကလာပ်များတွင် ပါဝင်သော ဝါယောဓာတ်တို့အတွက် ဆိုအပ်လတ္တံ့လက္ခဏာဖြင့် ထင်ရှားလတ္တံ့။

ဝိတ္ထမ္ဘနလက္ခဏာ စေသာ, ဥဒီရဏရသာ တထာ၊ အဘိနီဟာရုပဋ္ဌာနာ, သေသဘူတပဒဋ္ဌာနာ။

ဧသာ -ဤဝါယောဓာတ်သည်၊ ဝိတ္ထမ္ဘနလက္ခဏာ-တောင့်မာစေခြင်းလက္ခဏာ ရှိ၏၊ ဥဒီရဏရသာ-သဟ ဇာတ်ရုပ်များကို ရွှေ့ရှားစေခြင်းကိစ္စ ရှိ၏၊ အဘိနီဟာရုပဋ္ဌာနာ-သဟဇာတ်ရုပ်များကို အရပ်တစ်ပါးသို့ ရှေးရှု ဆောင်တတ်သောတရားဟု ဉာဏ်တွင် ထင်လာ၏၊ သေသဘူတပဒဋ္ဌာနာ-၏။

ဝိတ္ထမ္ဘနလက္ခဏာ။ ။တကွဖြစ်ဖက်ရုပ်များကို ရော့ရဲ့ရဲ့မရှိအောင် တောင့်မာစေခြင်းသဘောသည် ဝါယောဓာတ်၏ အမှတ်အသားတည်း၊ ဤဝါယောဓာတ်

လွန်ကဲမြောက်မြားနေသောအခါ ခန္ဓာကိုယ်၌ အကြောများ တောင့်တင်းနေပုံကိုလည်းကောင်း, မီးအိမ်ပျံ ဘောလုံးစသည်၌ အတွင်းက လေများ၏ တွန်းထိုးထောက်ကန် တောင့်တင်းမှုကြောင့် ဖောင်းပွခိုင်မာနေပုံ ကိုလည်းကောင်း သတိပြု၍ ရုပ်ကလာပ်တစ်ခုခု၌ ပါဝင်သော ဝါယောဓာတ်၏ ဝိတ္ထမ္ဘနဖြစ်ပုံကို သိပါ။ [ကိစ္စ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား ထက်ရှားပြီ။]

ဆင်ခြင်ဖွယ်။ ။ဤနေရာတွင် ရပ်တန့်၍ ခန္ဓာကိုယ်၌ ဓာတ်ကြီးလေးပါး၏ သဘောသွားကို စဉ်းစား ဆင်ခြင်စေလိုပါသည်၊ ရှေးဦးစွာ မြေဖြင့်ပြုလုပ်အပ်သော လူရုပ်ကလေးကို စဉ်းစားကြစို့-မြေမှုန့်ချည်း သက်သက် လူရုပ်ဖြစ်နိုင်မလား...မဖြစ်နိုင်၊ မြေမှုန့်ချည်းထားလျှင် လေတိုက်သဖြင့် လွင့်သွားလိမ့်မည်၊ သို့ ဖြစ်၍ ရေဖြင့် ဆွတ်ဖြန်းပေးရာ၏၊ မြေနှင့်ရေ ပေါင်းမိရုံမျှဖြင့် လူရုပ်ဖြစ်နိုင်မလား...မဖြစ်နိုင်သေး၊ ထိုရေ ဆွတ်အပ်သော မြေမှုန့်များ လုံးထွေးမိအောင် စုပေးရဦးမည်၊ ထိုမျှလောက်ဖြင့်လည်း လူရုပ်မဖြစ်သေး, ရေ ဆွတ်ထားသဖြင့် စိုဖတ်ဖတ်မနေအောင် နေပူလှမ်းရလိမ့်ဦးမည်၊ ထိုကဲ့သို့ မြေဓာတ် ရေဓာတ် (လုံးထွေးမိ အောင် ပြုမှုဟူသော) လေဓာတ် (နေပူဟူသော) မီးဓာတ်တို့ဖြင့် သင့်တင့် ညီမျှနေသော ရွှံ့ကိုမှ အရုပ်လုပ် တတ်သူက ပြုလုပ်ပေးသဖြင့် လူရုပ် ဖြစ်လာရပေသည်။

ထို့အတူ ဤခန္ဓာကိုယ်၌ မြေဓာတ်ကို လွင့်မသွားအောင် ရေဓာတ်က စိမ့်စိုလျက် ရှိ၏, စိုဖတ်ဖတ် မရှိရ အောင် တေဇောဆိုတဲ့ အငွေ့ဓာတ်က အမြဲအငွေ့ပေးလျက် ရှိ၏, ဝါယောဟူသော လေဓာတ်က တစ်ဖွဲ့စီ တစ်ဖွဲ့စီ တွဲမိအောင် ဖိညှပ်လျက် တောင့်မာစေ၏၊ ထိုသို့ တစ်ခုစီ တစ်ဖွဲ့စီ(တစ်ကလာပ်စီ) တည်နေသော ဓာတ်ကြီးလေးခုကို ပကတိစက္ခုဖြင့် ကြည့်ရှု၍ မမြင်နိုင်, အလွန် သေးငယ်လှသေး၏၊ ပရမာဏုဖြူခေါ်သော အသေးဆုံး မြူမှုန်ကလေးသာ ဖြစ်၏၊ ထိုဓာတ်ကြီးလေးခု အစုအဖွဲ့များစွာ ပေါင်းမိတဲ့အခါကျမှ အများ မျက်မြင် ထင်ရှားအောင် အသား အရိုးစသော ပုံသဏ္ဌာန်များ ပေါ်လာသည်၊ ထိုအသား အရိုး စသည်ဖြင့် ဓာတ်ကြီးလေးခု အစုအဝေးဖြစ်အောင် ရှေးကံက စီမံလိုက်သဖြင့် "လူ" ဟု ခေါ်အပ်သော ရုပ်ကောင်ကြီး ဖြစ်လာသည်၊ ထိုဓာတ်ကြီးလေးခုတို့ တစ်ကလာပ်စီနေရာ၌ တစ်ကလာပ်နှင့် တစ်ကလာပ် မရောမိအောင် အာကာသဓာတ်တစ်ခုလည်း ရုပ်ကလာပ်နှစ်ခုအလယ်မှာ အမြဲပါရှိရသည်။

ထိုရုပ်ကောင်ကြီး သွားဟန် လာဟန် ထိုင်ဟန် ရပ်ဟန် အိပ်ဟန် လျောင်းဟန် စသည်ဖြင့် ပုံဟန်အမျိုး မျိုးဖြစ်အောင် ဝါယောဓာတ် ရွက်ဆောင်၏၊ ဝါယောဓာတ်က အမျိုးမျိုးရွက်ဆောင်နိုင်အောင် "စိတ်" ဟု ခေါ်သော ဝိညာဏဓာတ်က စီမံ ဖန်တီးလေသည်၊ ထိုဝိညာဏဓာတ်သည်ပင် သိဖွယ် မှတ်ဖွယ် အသွယ် သွယ်ကို သိလေ မှတ်လေ၏၊ ထို့ကြောင့် ဤခန္ဓာကိုယ်၌ အချုပ်အခြာ တရားများကို ကြပ်ကြပ်စဉ်းစားပါလျှင် ပထဝီ အာပေါ တေဇော ဝါယော အာကာသနှင့် ဝိညာဏဟူသောဓာတ်(၆)ပါးသာ ထင်ရှားလေ၏၊ သို့အတွက် "ဆဓာတုရော. ယံ ပုရိသ ပုဂ္ဂလော" ဟု ဟောတော်မူ၏၊ အယံ ပုရိသပုဂ္ဂလော- ဤပုရိသဟု ခေါ်အပ်သော ပုဂ္ဂိုလ်သည် (ဤကိုယ်သည်၊) ဆဓာတုရော-ဓာတ်(၆)ပါးသာ ရှိ၏။

ပသာဒရုပ်။ ။ပသီဒတီတိ ပသာဒေါ၊ ပသီဒတိ-ကြည်လင်တတ်၏၊ ဣတိ-ကြောင့်၊ ပသာဒေါ-မည်၏၊ ဆိုင်ရာအာရုံများ၏ ထင်လာဖို့ရာ အချို့ ရုပ်ကလာပ်၌ အကြည်ဓာတ် ပါရှိ၏၊ ထိုအကြည်ဓာတ်ကို "ပသာဒ ရုပ်" ဟု ခေါ်သည်။

စက္ခု။ ။ဝိညာဏာဓိဋ္ဌိတံ ဟုတွာ သမဝိသမံ စက္ခတိ အာစိက္ခန္တံဝိယ ဟောတီတိ စက္ခု၊ ဝိညာဏာ ဓိဋ္ဌိတံ-စက္ခုဝိညာဉ်၏ တည်ရာသည်၊ ဟုတွာ-ဖြစ်၍၊ သမဝိသမံ-ညီညွတ်သောအာရုံ, မညီညွတ်သောအာရုံ ကို၊ စက္ခတိ အာစိက္ခန္တံဝိယ ဟောတိ-ပြောပြသကဲ့သို့ ဖြစ်တတ်၏၊ ဣတိ-ကြောင့်၊ စက္ခု-မည်၏၊ စက္ခုပသာဒ ရှိပေလို့ ရူပါရုံ အကောင်း အဆိုးကို သိရသောကြောင့် စက္ခုပသာဒက ထို အကောင်း အဆိုးကို လက်ညှိုး ထိုး၍ မပြောပြသော်လည်း ပြောပြသကဲ့သို့ ဖြစ်သည်-ဟူလို၊ စက္ခု၌ စက္ခဓာတ် ဥ ပစ္စည်းတည်း၊ "စက္ခ= အာစိက္ခဏေ" ဟု ဓာတ်ကျမ်း၌ဆိုသောကြောင့် စက္ခတိကို "အာစိက္ခန္တံဝိယ ဟောတိ" ဟု ဖွင့်သည်၊ မည်သည့်ဓာတ်မဆို ဓာတ်နက် မထင်ရှားလျှင် (အနက်ထင်နိုင်ပုံ မရလျှင်) မိမိဓာတ်နက်ဖြစ်သော သကတ္ထ ကို ရှေ့ကသွင်းလျက် အကမ္မကအရာဖြစ်လျှင် ဘူဓာတ် ဟူဓာတ်, သကမ္မကဖြစ်လျှင် ကရဓာတ်ဖြင့် ဖွင့်ပြရိုး ရှိသည်။

[နိယာမ်] ခပ်သိမ်းဓာတ်ပင်, နက်မထင်က, သကတ္ထကို, ရှေ့ကသွင်းကာ, ဘူကရာဖြင့်, ဖွင့်ကာပြလေ စမြဲတည်း။

ဝိညာဏာဓိဋ္ဌိတံ။ ။စက္ခုပသာဒ၌ စက္ခုဝိညာဏ် မှီ၏၊ ထိုစက္ခုဝိညာဏ်သည် ရူပါရုံ၏ ညီညွတ်သည် (ကောင်းသည်) ကိုလည်းကောင်း, မညီညွတ်(မကောင်း)သည်ကိုလည်းကောင်း သိတတ်၏၊ စက္ခုဝိညာဏ် ၏ တည်ရာဖြစ်သောကြောင့် စက္ခုပသာဒလည်း ညီညွတ်သောအာရုံ, မညီညွတ်သောအာရုံကို သိရာ ရောက်၏၊ ထို့ကြောင့် "ဝိညာဏာဓိဋ္ဌိတံ ဟုတွာ" ဟု ဆိုသည်၊ အာစိက္ခန္တံဝိယ ဟောတိ၌ ဝိယသဒ္ဒါကား ဥပမာဇောတက မဟုတ်, စက္ခုပသာဒမှာ ပြောပြနိုင်သောသတ္တိ မရှိဘဲလျက် သတ္တိ ရှိသကဲ့သို့ အလွန်အကျွံ ပြောဆိုကြောင်းကို ထွန်းပြသော ဥပရိက္ချာဇောတကတည်း၊ ဥပစာ(၁၂)ပါးတို့တွင် တဒ္ဓမ္မူပစာဟု မှတ်ပါ၊ အလင်္ကာကျမ်းအလို "သမာဓိအလင်္ကာ" ဟုလည်း ဆိုရ၏။ [နိယာမ်ကို ဆန္ဒစေတသိက်၌ ပြခဲ့ပြီ။] စက္ခုပသာဒ၏ တည်ရာအရပ်။ ။မျက်ဖြူဖြင့် ကာရံအပ်သော မျက်နက်ဝန်း၏ အလယ်တည့်တည့်ဝယ်

သူငယ်ရိပ်ထင်ရာ အရပ်သည် ပမာဏအားဖြင့် သန်းဦးခေါင်းမျှ ကျယ်၏၊ ဝါဂွမ်းခုနစ်ထပ်ကို မျက်လုံးပုံ သဏ္ဌာန်ရှိအောင် စုထားသကဲ့သို့, မျက်လုံး၏ အတွင်းအထပ်အလွှာလည်း ခုနစ်လွှာ ရှိသတဲ့၊ ဝါဂွမ်းခုနစ် လွှာ၏ အပေါ်သို့ ဆီကြည်ကြည်ကို လောင်းချလိုက်သောအခါ ကြည်လင်သောဆီသည် ထိုဝါဂွမ်းခုနစ်လွှာ ပေါ်၌ ပျံ့နှံ့သကဲ့သို့, စက္ခုပသာဒဟူသော အကြည်ဓာတ်လည်း သန်းဦးခေါင်းပမာဏရှိသောအရပ်၌ မျက်လွှာခုနစ်ထပ်ကို ပျံ့နှံ့တည်နေသည်၊ ရုပ်ကလာပ်တစ်ခုသည် ပကတိစက္ခုဖြင့် မမြင်နိုင်အောင် အလွန် သေးရကား ရုပ်ကလာပ်တစ်ခုတည်းက သန်းဦးခေါင်းပမာဏရှိသော အရပ်ကို မနှံ့နိုင်သောကြောင့် "ထို သန်းဦးခေါင်းပမာဏရှိသောအရပ်၌ ပျံ့နှံ့ တည်နေသော စက္ခုပသာဒတွေ (စက္ခုဒသကကလာပ်တွေ)သည် သိန်းသန်းမက အတော်များစွာ ရှိကြသည်" ဟု မှတ်ပါ၊ ထို့ကြောင့် ရူပကဏ္ဍ မူလဋီကာ၌ "သတ္တက္ခိပဋလာနံ ဗျာပနဝစနေန စ အနေကကလာပဂတဘာဝံ စက္ခုဿ ဒေဿတိ" ဟု မိန့်ပြီ၊ အချို့ကား–

"ယေန စက္ခုပသာဒေန, ရူပါနိမနုပဿတိ၊ ပရိတ္တံ သုခုမံ ဧတံ, ဦကာသိရသမူပမံ"

ဟူသော ပါဠိတော်ဝယ် "ဦကာသိရသမူပမံ-သန်းဦးခေါင်းနှင့် တူသောပမာဏ ရှိ၏" ဟူသော စကားကို ထောက်၍ စက္ခုပသာဒရုပ်တစ်ခုတည်းကပင် သန်းဦးခေါင်းလောက် ကြီး၏ဟု ထင်မှားကြ၏၊ ထိုအယူမှာ အဘိဓမ္မာစခန်းနှင့် အလှမ်းဝေးသော အယူသာတည်း၊ ဦကာသိရသမူပမံသည် တည်ရာဌာန၏ ပမာဏကို ဌာနီ ပသာဒအပေါ် တင်စား၍ဆိုသော ဌာနူပစာရသာ ဖြစ်၏၊ "စက္ခုပသာဒ၏ တည်ရာအရပ်သည် သန်းဦးခေါင်းပမာဏ ရှိ၏" ဟူသော စကားလည်း လူများအတွက် ရည်ရွယ်သောစကားတည်း၊ လူ့ထက်ကြီး မားသော အသုရိန်စသော နတ်ကြီးများ၏ စက္ခုပသာဒ တည်ရာပမာဏမှာ ထို့ထက် အလွန်ကြီးမားရာ၏၊ သန်းသတ္တဝါ၏ စက္ခုပသာဒ တည်ရာဌာနပမာဏကိုကား သန်းဦးခေါင်းလောက် ရှိသည်ဟုဆိုလျှင် ရယ်ဖွယ် ဖြစ်တော့လတ္တံ့၊ ထို့ကြောင့် နောက်နောက် ပသာဒတို့၏ တည်ရာဌာနများ၌လည်း လူတို့၏ ပသာဒနှင့် တည်ရာဌာနကို ရည်ရွယ်သည်ဟု မှတ်ပါ။

ကလာပ်အများခြံရံ။ ။"သန်းဦးခေါင်း ပမာဏရှိသောအရပ်၌ စက္ခုပသာဒ တည်သည်" ဟုဆိုသော် လည်း စက္ခုပသာဒတစ်မျိုးတည်းသာ တည်သည်မဟုတ်, စက္ခုပသာဒ တစ်ခု တစ်ခုမှာ မဟာဘုတ်လေးပါး ဝဏ္ဏ ဂန္ဓ ရသ ဩဇာနှင့်

ဇီဝိတရုပ်တို့ တွဲဖက်ပါရှိကြ၏၊ ထိုရုပ်များကို "စက္ခုဒသကကလာပ်" ဟု ခေါ်၏၊ ထို့ပြင် စက္ခုဒသကကလာပ် တစ်ခု တစ်ခု၏ ဘေးပတ်ပတ်လည်၌ စိတ္တဇ ဥတုဇ အာဟာရဇကလာပ်များလည်း ပူးကပ်ခြံရံ၍ ထောက်ပံ့ လျက်ရှိသည်၊ ဆိုလိုရင်းကား–"ထိုသန်းဦးခေါင်းပမာဏရှိသော အရပ်၌ စိတ္တဇ, ဥတုဇ, အာဟာရဇရုပ် ကလာပ်များနှင့် ဆိုင်ရာကမ္မဇရုပ်ကလာပ်များ တည်ရှိကြသည်"ဟု ဆိုလိုသည်၊ သောတပသာဒ၏ တည်ရာ ဌာန စသည်များ၌လည်း ဤနည်းအတိုင်းပင်တည်း။

သောတံ။ ။သုဏာတီတိ သောတံ၊ သုဏာတိ-ကြားတတ် နာခံတတ်၏၊ ဣတိ-ကြောင့်၊ သောတံ-မည် ၏၊ သောတပသာဒက မကြားတတ်သော်လည်း ပသာဒကိုမှီသော သောတဝိညာဏ်က ကြားတတ်နာတတ် သောကြောင့် ဌာနပသာဒကိုလည်း ဌာနျူပစာရအားဖြင့် ကြားနာတတ်သည်ဟု ဆိုသည်၊ နား၏ အတွင်း လက်စွပ်ကွင်းသဏ္ဌာန်ရှိသော အရပ်ဝယ် နုနယ်နီမြန်းသော အမွေးကလေးများ ပေါက်လျက်ရှိ၏၊ ထိုအရပ်၌ သောတပသာဒပေါင်းများစွာ ပျံ့နှံ့တည်နေသည်။

ဃာနံ။ ။ဃာယတီတိ ဃာနံ၊ ဃာယတိ-နမ်းရှူတတ်၏၊ ဣတိ-ကြောင့်၊ ဃာနံ-မည်၏၊ ဃာနပသာဒက မနမ်းရှူတတ်, ဃာနဝိညာဏ်ကသာ နမ်းရှူတတ်သော်လည်း ဌာနျူပစာရအားဖြင့် ဃာနပသာဒက နမ်းရှူ တတ်သည်ဟု ဆိုသည်၊ နှာခေါင်းအတွင်း ဆိတ်သတ္တဝါ၏ ခွါနှင့် သဏ္ဌာန်တူသော အရပ်ဝယ် ဃာနပသာဒ ပေါင်း များစွာ ပျံ့နှံ့လျက် တည်၏။

ဇိဝှါ။ ။ဇီဝိတံ အဝှာယတီတိ ဇိဝှာ၊ ဇီဝိတံ-အသက်ရှည်ကြောင်းအရသာကို၊ အဝှာယတိ-ခေါ်သကဲ့သို့ ဖြစ်တတ်၏၊ ဣတိ-ကြောင့်၊ ဇိဝှါ-မည်၏၊ ချို, ချဉ်, စပ်, ဖန်, အငန်, အခါး, အရသာ(၆)ပါးကို စားသောက်ရမှ အသက်ရှည်သောကြောင့် အကျိုးအသက်၏ ဇီဝိတဟူသောအမည်ကို အကြောင်းအရသာပေါ် တင်စား၍ ဖလူပစာရအားဖြင့် အရသာကို ဇီဝီတဟု ခေါ်သည်၊ ဇိဝှာပသာဒသည် ဇိဝှာဝိညာဏ်၏ အကြိုက်ဖြစ်သော အရသာ၌ ညွှတ်ကိုင်းနေသောကြောင့် ထိုအရသာကို တစာစာ ခေါ်သကဲ့သို့ ဖြစ်၏၊ လျှာ၏အလယ် ကြာပွင့် ဖတ်များနှင့်တူသော အရပ်ဝယ် ဇိဝှာပသာဒကလာပ်ပေါင်းများစွာ ပျံ့နှံ့လျက် တည်ရှိသည်။

မှတ်ချက်။ ။ပါဠိ၌ ဥပ္ပလဒလဂ္ဂပါဌ်ကို "ကြာရွက်ဖျား"ဟု အနက်ဆိုကြသည်ကား မသင့်၊ ဥပ္ပလ=ကြာ ၏+ဒလ=အဖတ် (ကြာပွင့်ဖတ်)+အဂ္ဂ=အဖျား၊ ဇိဝှာ၌ "ဇီဝိတ+အဝှာ" ပုဒ်ရင်းတည်း၊ သဒ္ဒါနည်း အားဖြင့် ဇီ၌ဤကို ရဿ, ဝိနှင့် တ တို့ကို ချေ, အဝှာမှ အ ကို လည်း ချေ၍ "ဇိဝှါ"ဟု ပြီးသည်၊ အဝှာ၌ကား အာပုဗ္ဗ ဝှေဓာတ် အပစ္စည်းတည်း၊ ဝှေ၌ သံယုဂ်ကြောင့် အာကို ရဿပြု၍ ဝှကို အ ပစ္စည်းသို့ ကပ်, အဝှ အပြီးမှာ ကညာကဲ့သို့ အာပစ္စည်း သက်၍ ပြီးသည်။

ကာယော။ ။[ကု+အာယော] ကုသဒ္ဒါသည် စက်ဆုပ်ခြင်းအနက်ကို ဟော၏၊ ကုစ္ဆိတာနံ+အာယောတိ

ကာယော၊ ကုစ္ဆိတာနံ-စက်ဆုပ်အပ်ကုန်သော ဆံအစရှိသော ကောဋ္ဌာသ, အကုသိုလ် ပါပဓမ္မတို့၏၊ အာယော-ဖြစ်တည်ရာတည်း၊ ဣတိ-ကြောင့်၊ ကာယော-မည်၏၊ ဤဝိဂြိုဟ်အရ တစ်ကိုယ်လုံးကို ရသည်၊ ကာယပသာဒကိုကား (အပေါင်းတစ်ကိုယ်လုံး၏ ကာယဟူသောအမည်ကို အစိတ်ဖြစ်သော ပသာဒပေါ် တင်စား၍) ဧကဒေသျူပစာရအားဖြင့် ကာယဟု ခေါ်သည်၊ ဤကာယပသာဒသည် အစာသစ်အိမ်၏ အောက်၌တည်သော "ဝမ်းမီး" ဟု ခေါ်အပ်သော ပါစကတေဇောကလာပ်နှင့် ဆံပင်ဖျား အမွှေးဖျား ခြေသည်းလက်သည်းဖျား ခြောက်နေသော အသားမာများကို ချန်လှပ်၍ တစ်ကိုယ်လုံး၌ တွဲဖက်ရုပ်များနှင့်အတူ ပျံ့နှံ့တည်နေသည်၊ ထို့ကြောင့် စက္ခု သောတ ဃာန ဇိဝှာဒသကကလာပ်များကို ပဒေသဝုတ္တိ (တစ်စိတ်တစ် ဒေသ၌ဖြစ်သောကလာပ်)ဟုလည်းကောင်း, ကာယဒသကကလာပ်ကို သဗ္ဗတ္ထကဝုတ္တိ(အလုံးစုံသောအရပ်၌ ဖြစ်သောကလာပ်) ဟုလည်းကောင်း ခေါ်စမှတ် ပြု၏၊ ပဒေသဝုတ္တိကို ဧကဒေသဋ္ဌာနိကကလာပ်, သဗ္ဗတ္ထက ဝုတ္တိကို သဗ္ဗဋ္ဌာနိကကလာပ်ဟုလည်း သုံးနှုန်းကြသည်။

ပသာဒချင်း မရောနှော။ ။ကာယပသာဒသည် တစ်ကိုယ်လုံး၌ ပျံ့နှံ့နေလျှင် မျက်လုံးတွင်း နားတွင်း .နှာခေါင်းတွင်း လျှာအလယ်တို့၌ တည်ရှိရမည်ဖြစ်သောကြောင့် ဌာနချင်း ဆက်ကပ်လျက်ရှိရကား စက္ခု စသော ပသာဒတို့နှင့် ရောယှက်နေဖွယ်ရှိသည် မဟုတ်ပါလောဟု မေး၊ အဖြေကား-မှီရာ မဟာဘုတ်ချင်း အားဖြင့်လည်းကောင်း, လက္ခဏာချင်းအားဖြင့်လည်းကောင်း ကွဲပြားသည့်အတွက် ကာယပသာဒနှင့် စက္ခု ပသာဒစသည်တို့ ရောယှက်ဖွယ် မရှိပါ။

ချဲ့ဦးအံ့ –စက္ခုပသာဒစသည်တို့သည် မဟာဘုတ်ကို မှီရသော ဥပါဒါရုပ်များချည်းတည်း၊ ထိုသို့ မှီရာ၌ ကိုယ့်မဟာဘုတ်နှင့်ကိုယ် ဖြစ်၏၊ စက္ခုစသည်၏ မှီရာမဟာဘုတ်ကို ကာယပသာဒက မမှီ, ကာယပသာဒ၏ မှီရာမဟာဘုတ်ကိုလည်း စက္ခုစသည်တို့က မမှီ၊ ဤသို့ မှီရာမဟာဘုတ်ချင်းအားဖြင့်လည်း ကွဲပြားကြ၏၊ နောက်၌ ပြလတ္တံ့အတိုင်း စက္ခုပသာဒသည် ဒဋ္ဌုကမျနိဒါနကမ္မဇဘူတပသာဒလက္ခဏာ ရှိ၏၊ သောတ စသည်တို့လည်း ကိုယ်စီကိုယ်င လက္ခဏာတစ်မျိုးစီ ရှိကြ၏၊ ဤသို့ သဘောလက္ခဏာအားဖြင့်လည်း ကွဲပြားကြ၏၊ ထို့ကြောင့် ကာယပသာဒနှင့် စက္ခုပသာဒ စသည်တို့ ရောယှက်ခြင်း မရှိနိုင်၊ ထိုစကား မှန်၏- တစ်ကလာပ်တည်း၌ မဟာဘုတ်တစ်မျိုးတည်းကို ဝိုင်းဝန်း၍ မှီရသော ဝဏ္ဏ ဂန္ဓ ရသ ဩဇာတို့သော်မှ မိမိ ဆိုင်ရာလက္ခဏာအားဖြင့်

သဘောချင်း ကွဲပြားပြီး ဖြစ်ကုန်သေး၏၊ ကိုယ့်ကလာပ်နှင့်ကိုယ် တည်၍ ကိုယ့်မဟာဘုတ်နှင့်ကိုယ် မှီရ သော ပသာဒတို့ကား အဘယ်မှာ ရောယှက်ဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း၊ "ဧကန်မုချ အချင်းချင်း မရောကြ" ဟု မှတ်ပါ။

[ဆောင်] ကလာပ်ကိုယ်စီ, ကိုယ့်ဘုတ်မှီလျက်, ကိုယ်စီလက္ခဏာ, ကွဲပြီးသာမို့, လေးဖြာပသာဒ, ဤကာယ နှင့်, ဌာနကပ်လင့်, ရောစပ်ခွင့်, စိုးစဉ့်မရှိပေ။

ပသာဒါ ဒဋ္ဌုကမျာဒိ–နိဒါနကမ္မဇဘူတ၊ ပသာဒလက္ခဏာရူပ–အဒိသွာဝိဥ ္ဆနရသာ၊ ဝိညာဏာဓာရုပဋ္ဌာနာ, တံတံဘူတပဒဋ္ဌာနာ။

ပသာဒါ -ပသာဒရုပ်တို့သည်၊ ဒဋ္ဌုကမျာဒိနိဒါနကမ္မဇဘူတပသာဒလက္ခဏာ-ကြည့်ရှုခြင်းငှာ အလိုရှိသူ၏ အဖြစ် အစရှိသော တဏှာလျှင် အရင်းခံရှိသော ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်း လက္ခဏာရှိကုန်၏၊ ရူပါဒီသု-ရူပါရုံအစရှိသည်တို့၌၊ အာဝိဥ ္ဆနရသာ-ဆွဲငင်ခြင်းကိစ္စ ရှိကုန်၏၊ ဝိညာဏာဓာရု ပဋ္ဌာနာ-စက္ခုဝိညာဏ်စသည်တို့၏ တည်ရာအဖြစ်ဖြင့် ဉာဏ်အားထင်လာကုန်၏၊ တံတံဘူတပဒဋ္ဌာနာ-ထိုထို မဟာဘုတ်လျှင် နီးစွာသောအကြောင်း ရှိကုန်၏။

ဒဋ္ဌုကမျာဒိနိဒါနကမ္မဇဘူတပသာဒလက္ခဏာ။ ။ဒဋ္ဌုံ ကာမေတီတိ ဒဋ္ဌုကာမော-ကြည်ရှုခြင်းငှာ အလိုရှိ သောပုဂ္ဂိုလ်တည်း၊ ဒဋ္ဌုကာမဿ+ဘာဝေါ ဒဋ္ဌုကမျံ=ကြည့်ရှုလိုသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ရူပတဏှာ တည်း၊ ဒဋ္ဌုကမျာဒိ၌ အာဒိဖြင့် သောတုကမျ (နားထောင်လိုသူ၏ ဖြစ်ကြောင်း သဒ္ဒတဏှာ), ဃာယိတုကမျ (နမ်းရှူလိုသူ၏ ဖြစ်ကြောင်း ဂန္ဓတဏှာ), သာယိတုကမျ (အရသာကို သာယာလိုသူ၏ ဖြစ်ကြောင်း ရသ တဏှာ), ဖုသိတုကမျ (တွေ့ထိလိုသူ၏ ဖြစ်ကြောင်း ဖောဋ္ဌဗ္ဗတဏှာ) တို့ကို ယူပါ၊ ထိုဒဋ္ဌုကမျာဒိ တဏှာ(၅) မျိုးလျှင် အရင်းခံရှိသော ကာမာဝစရကံကို "ဒဋ္ဌုကမျာဒိနိဒါနကမ္မ" ဟု ခေါ်၏၊ ထိုကာမာဝစရကံကို ပြုသူမှန် လျှင် ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ အာရုံ(၅)မျိုးကို လိုလားသောတဏှာ မကင်းသေး၊ သို့အတွက် ကာမာ ဝစရကံများ၌ ထိုတဏှာ(၅)မျိုး အရင်းခံလျက် ရှိသည်၊ ထိုတဏှာ(၅)မျိုး အရင်းခံရှိသောကြောင့် မဟာဘုတ် ရုပ်များနှင့် ပသာဒ(၅)မျိုး ဖြစ်ပေါ်လေရာ, ဆိုင်ရာပသာဒက ဆိုင်ရာမဟာဘုတ်များကို ကြည်စေခြင်း လက္ခဏာ ရှိ၏၊ "ရူပတဏှာ အရင်းခံရှိသော ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို စက္ခုပသာဒက ကြည်စေသည်,သဒ္ဒတဏှာ အရင်းခံရှိသော ကံကြောင့်ဖြစ်သောမဟာဘုတ်တို့ကို သောတပသာဒက ကြည်စေသည်" ဤသို့ စသည်ဖြင့် ခွဲခြားသိပါ။

ရူပါဒီသု အာဝိဥ ္ဆနရသာ။ ။ရူပါဒိ၌ အာဒိဖြင့် သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗတို့ကို ယူ၊ ပသာဒ(၅)ပါးသည်

တဏှာအရင်းခံသောကံကြောင့် ဖြစ်ရသည့်အားလျော်စွာ မိမိတို့တည်ရာ သတ္တဝါကို ရူပါရုံ စသည်သို့ ဆွဲဆောင်ကြကုန်၏၊ ထို့ကြောင့် ကာမဘုံသား သတ္တဝါတို့သည် စက္ခုပသာဒ၏ ဆွဲဆောင်မှုကြောင့် ရူပါရုံကို ကြည့်မိကြကုန်၏၊ "မကြည့်ပါဘူး" ဟု စောင့်စည်းနေသော်လည်း ရုတ်ကနဲဆိုလျှင် ခဏလောက်တော့ ကြည့်မိကြသေး၏၊ သောတပသာဒစသည်တို့က ဆွဲဆောင်မှုကြောင့် သဒ္ဒါရုံကို နားထောင်မိပုံ, အနိဋ္ဌဂန္ဓာရုံ ကိုလည်း နမ်းမိပုံ, အရသာကို မကောင်းမှန်း သိလျက်လည်း စားစမ်း (မြီးကြည့်) မိပုံ, ဖောဋ္ဌဗ္ဗာရုံကို တို့မိပုံ များကို လောကမျက်မြင် ဆင်ခြင်မိကြပါစေ။ [ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့မှာ ထင်ရှားပြီ။]

ဂေါစရရုပ်။ ။ဂါဝေါ စရန္တိ ဧတ္ထာတိ ဂေါစရံ၊ ဧတ္ထ-ဤရူပ သဒ္ဒစသည်၌၊ ဂါဝေါ-စက္ခုန္ဒြေစသော ဣန္ဒြေ တို့သည်၊ (ဂေါသဒ္ဒါသည် ဤနေရာ၌ ဣန္ဒြေဟူသောအနက်ကို ဟော၏၊) စရန္တိ-ဖြစ်ကုန်၏၊ ဣတိ-ကြောင့်၊ တံ-ထို ရူပ သဒ္ဒ စသည်သည်၊ ဂေါစရံ-မည်၏၊ ဤစကားအရ စက္ခုစသော ဣန္ဒြေတို့၏ ဖြစ်ရာ (အာရုံပြုရာ) ဖြစ်သော ရူပ သဒ္ဒ စသည်ကို "ဂေါစရ"ဟု မှတ်ပါ၊ ဂေါစရနှင့် အာရမဏသဒ္ဒါသည် အနက်တူဖြစ်၍ အာရုံ ဖြစ်သော ရုပ်များကိုပင် ဂေါစရရုပ်များဟု ခေါ်သည်။

ရူပံ။ ။ရူပယတိ ဟဒယင်္ဂတဘာဝံ ပကာသေတီတိ ရူပံ၊ ဟဒယင်္ဂတဘာဝံ-စိတ်၌ဖြစ်သောသဘောကို၊ ရူပယတိ ပကာသေတိ-ထင်ရှားပြတတ်၏၊ ဣတိ-ကြောင့်၊ ရူပံ-မည်၏၊ "သောမနဿဖြစ်နေသောအခါ အဆင်းကြည်လင်၍, ဒေါမနဿဖြစ်နေသောအခါ အဆင်းနီမြန်းခြင်း ညှိုးနွမ်းခြင်းစသည်ဖြင့် စိတ်၌ ဖြစ်သောသဘောကို အပြင်ဘက် အဆင်းအရောင်က ထင်ရှားပြတတ်သည်" ဟူလို၊ ဤဝိဂြိုဟ်သည် သတ္တဝါတို့သန္တာန်၌ဖြစ်သော အဆင်းအရောင်နှင့်သာ လျော်၏၊ ထို့ကြောင့် သက်ရှိသက်မဲ့ အဆင်းအား လုံးနှင့်ဆိုင်အောင် "ရူပယတိ ဒဗ္ဗံ ပကာသေတီတိ ရူပံ"ဟု တစ်နည်းဝိဂြိုဟ် ပြုကြသေး၏၊ ဒဗ္ဗံ-တည်ရာဒြဗ် ကို၊ ရူပယတိ ပကာသေတိ-ထင်ရှားပြတတ်၏၊ ဣတိ-ကြောင့်၊ ရူပံ-မည်၏၊ "အဆင်း၏ တည်ရာ အထည် ဝတု္ထုဒြဗ်သည် အဆင်းအရောင်ကြောင့်သာ ထင်ရှားရသည်" ဟူလို၊ အဖြူ အနီ အကြောင် အကျား အနက် စသော အဆင်းအရောင် အမျိုးမျိုးကို ရူပဟု မှတ်ပါ။

သဒ္ဒေါ။ ။သဒ္ဒယတိ ဥစ္စာရီယတီတိ သဒ္ဒေါ၊ သဒ္ဒယတိ ဥစ္စာရီယတိ-ရွတ်ဆိုအပ်၏၊ ဣတိ-ကြောင့်၊ သဒ္ဒေါ-မည်၏၊ ဤဝိဂြိုဟ်လည်း သက်ရှိသတ္တဝါများ၏ အသံနှင့်သာ လျော်သည်၊ ထို့ကြောင့် သက်ရှိသက်မဲ့ အသံအားလုံးနှင့်ဆိုင်အောင်

သပ္ပတိ သောတဝိညေယျဘာဝံ ဂမီယတီတိ သဒ္ဒေါ ဟု တစ်နည်းဝိဂြိုဟ် ပြုကြသေး၏၊ သကေဟိ ပစ္စယေ ဟိ-မိမိအကြောင်းတို့က၊ သောတဝိညေယျဘာဝံ-သောတဝိညာဏ်သည် သိအပ်သည်၏ အဖြစ်သို့၊ သပ္ပတိ ဂမီယတိ-ရောက်စေအပ်၏၊ ဣတိ-ကြောင့်၊ သဒ္ဒေါ-မည်၏၊ သောတဝိညာဏ်၏ အာရုံဖြစ်သမျှ သက်ရှိ သက်မဲ့ အသံအားလုံးကို သဒ္ဒဟု ခေါ်သည်။

ဂန္ဓော။ ။ဂန္ဓယတိ အတ္တနော ဝတ္ထုံ သူစေတီတိ ဂန္ဓော၊ အတ္တနော-မိမိ၏၊ ဝတ္ထုံ-တည်ရာဒြဗ်ကို၊ ဂန္ဓယတိ သူစေတိ-ထင်ရှားပြတတ်၏၊ ဣတိ-ကြောင့်၊ ဂန္ဓော-မည်၏၊ "ပန်းစသော ဝတ္ထုကို ဖုံးဝှက်ထား သော်လည်း ရနံ့သင်းလာလျှင် ဝှက်လို့မရ, ထိုရနံ့က မိမိတည်ရာ ပန်းဒြဗ်ကို ထင်ရှားပြတော့သည်" ဟူလို၊ ဤသို့ "မသိအောင် ပုန်းကွယ်နေသည်ကို အနံ့က ဖော်ပြောသောကြောင့် ကုန်းမတိုက်တတ်သော်လ ည်း ကုန်းတိုက်သလို ဖြစ်နေသည်" ဟု တဒ္ဓမ္မူပမာ ဥပရိက္ချာစကားမျိုးဖြင့် "ဣဒမေတ္ထ အတ္ထီတိ ပေ သုညံ ကရောန္တံ ဝိယ ဟောတိ" ဟု သူစေတိအရ တစ်မျိုးဖွင့်ကြသည်၊ "ဣဒံ-ဤဝတ္ထုသည်၊ ဧတ္ထ-ဤ အရပ်၌၊

အတ္ထိ-ပုန်းကွယ်လျက်ရှိ၏၊ ဣတိ-ဤသို့၊ ပေသုညံ-ကုန်းတိုက်ခြင်းကို၊ ကရောန္တံ ဝိယ ဟောတိ-ပြုသကဲ့သို့ ဖြစ်တတ်၏" ဟု အနက်ပေးပါ၊ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အနံ့ကို ဂန္ဓဟု ခေါ်သည်။

ရသော။ ။ရသယတိ အဿာဒီယတီတိ ရသော၊ ရသီယတိ အဿာဒီယတိ-သာယာအပ်၏၊ ဣတိ- ကြောင့်၊ ရသော-မည်၏၊ ကောင်းသည်ဖြစ်စေ, ဆိုးသည်ဖြစ်စေ ဇိဝှာဝိညာဏ်ဖြင့် သာယာအပ် အာရုံပြု အပ်သမျှ အရသာ(၆)ပါးကို ရသဟု ခေါ်သည်၊ "ချို-ချဉ်-စပ်-ဖန်, ခါး-အငန်, မှတ်ရန် ရသာခြောက်" အဆိမ့်သည် အချိုသဘောပင်ဖြစ်၍ အချို၌ ပါဝင်ပြီ။

အာပေါဓာတုဝိဝဇ္ဇိတံ ဘူတတ္တယသခါင်္တံ ဖောဋ္ဌဗ္ဗံ။ ။ဖုသိတဗ္ဗံ-တွေ့ထိအပ် တွေ့ထိထိုက်၏၊ ဣတိ- ကြောင့်၊ ဖောဋ္ဌဗ္ဗံ-မည်၏၊ ဤ၌ တွေ့ထိအပ်သော အတွေ့ဟူသည် တရားကိုယ်အားဖြင့် ပထဝီ တေဇော ဝါယော ဟူသော မဟာဘုတ်(၃)ပါးပင်တည်း၊ ထို့ကြောင့် "ဘူတတ္တယသခါင်္တံ ဖောဋ္ဌဗ္ဗံ" ဟု မိန့်သည်၊ အာပေါဓာတ်ကား အလွန်သိမ်မွေ့သည့်အတွက် တွေ့ထိစမ်းသပ်၍ မရအပ်ပေ၊ ထို့ကြောင့် "အာပေါဓာတု ဝိဝဇ္ဇိတံ" ဟု မိန့်သည်။ [အာပေါဓာတုယာ သုခုမဘာဝေန ဖုသိတုံ အသက္ကုဏေယျတ္တာ ဝုတ္တံ-အာပေါဓာတု ဝိဝဇ္ဇိတံ ဘူတတ္တယသင်္ခါတံတိ၊–ဋီကာကျော်။]

အအေးဓာတ်သည် အာပေါမဟုတ်။ ။ရေထဲ၌ အအေးဓာတ်သည် စမ်းသပ်၍ ကြည့်က "အေးလိုက် တာ" ဟု ဆိုရလောက်အောင် တွေ့ထိအပ်စရာကောင်းသည် ဖြစ်၍ ထိုအအေးဓာတ်သည် အာပေါဓာတ် မဟုတ်ပါလောဟု မေး၊ အဖြေကား-အအေးဓာတ်သည် တွေ့ထိအပ်စကောင်းပါ၏၊ သို့သော် ထိုအအေး ဓာတ်သည် အာပေါဓာတ် မဟုတ်, သီတတေဇောသာ ဖြစ်သည်။

ချဲ့ဦးအံ့ –ဓာတ်ကြီးလေးပါးတွင် တေဇောဓာတ်သည် သီတတေဇော ဥဏှတေဇောဟု နှစ်မျိုးရှိ၏၊ ထိုထို ရုပ်ကလာပ်၌ သီတဖြစ်စေ, ဥဏှဖြစ်စေ တေဇောဓာတ် တစ်မျိုးသာလျှင် အမြဲပါရှိရပေသည်၊ အအေးဓာတ် ဟူသော သီးခြားရုပ်တစ်မျိုး မရှိ၊ ပွက်ပွက်ဆူသောရေ၌ ဥဏှတေဇော(အပူဓာတ်)ပါ၏၊ မီးနှင့်ဝေး၍ တဖြည်း ဖြည်း အပူဓာတ်လျော့သောအခါ အအေးဓာတ်ဖြစ်လာ၏၊ စမ်းသပ်ကြည့်သူတို့မှာ "အေးသည်"ဟု အမှတ် သညာ ဖြစ်ပေါ်လာ၏၊ ထိုရေကို ထပ်၍ ချက်သောအခါ အအေးဓာတ်လျော့ပါး၍ အပူဓာတ် ဖြစ်ပေါ်လာ၏၊ စမ်းသပ်ကြည့်လျှင် "အပူ"ဟူသော အမှတ်သညာ ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် အရှေ့ဘက်ဆိပ်ကမ်းတစ်ခုကို ပင် အနောက်ဘက်နေသူတို့က ပါရ(ဟိုဘက်ကမ်း)ဟု ခေါ်၍, အရှေ့ဘက်နေသူတို့က အပါရ(သည်ဘက် ကမ်း)ဟု ခေါ်သလို တေဇောတစ်မျိုးကိုပင် အခါအားလျော်စွာ "ပူသည် အေးသည်" ဟု ခေါ်ဝေါ်ရသည်၊ ထို့ပြင်-အအေးဓာတ်သည် တေဇောဓာတ်မဟုတ်ဘဲ, အာပေါဓာတ် ဖြစ်ရိုးမှန်လျှင် အခြားဓာတ်ကြီိး(၃)ပါးနှင့် မကွဲမပြားသော အဝိနိဗ္ဘောဂရုပ်ဖြစ်သောကြောင့် ဥဏှတေဇော လွန်ကဲလျက် ပွက်ပွက်ဆူနေသောရေ၌ ထိုအအေးဓာတ်သည် အာပေါဓာတ်အဖြစ်ဖြင့် ပါရှိရာ၏၊ ထိုသို့လည်း မပါရှိချေ၊ ရေကို စမ်းသပ်ရာ၌ အာပေါ ဓာတ်ကို ထိမိသည် မဟုတ်, အေးလျှင် သီတတေဇောကို ထိမိ၍ ပူလျှင် ဥဏှတေဇောကို ထိမိသည်ဟု မှတ်ပါ။

အချို့ထင်မှားချက်။ ။"ဒြု-ဒြုဓာတ်သည်၊ ပဂ ္ဃရဏေ-ယိုစီးခြင်း၌ဖြစ်၏" ဟု ဓာတ်ကျမ်းရှိသောကြောင့် ယိုစီးသောရုပ်ကလာပ်ကို "ဒြဝ" ဟု ခေါ်၏၊ ထိုယိုစီးသော ရုပ်ကလာပ်၏ ဖြစ်ကြောင်းဖြစ်ရာ အရေ=အရည် ကို "ဒြဝတာ"ဟု ခေါ်သည်၊ ထိုအရည်သဘောသည် အာပေါဓာတ်အမှန်ပင်တည်း၊ အချို့က အရည်ဟူသော အာပေါဓာတ်ကို တွေ့ထိအပ် (တွေ့ထိ၍ရကောင်းသည်)ဟု ယူဆကြသည်၊ ထိုအယူကား ထိုပုဂ္ဂိုလ်တို့၏ အထင်မှား အမြင်မှားခြင်းသာတည်း၊ ထင်ရှားစေအံ့-ရေကိုစမ်းသပ်ရာဝယ် ရေ၌ပါသော ပထဝီဓာတ်ကို ဖြစ်စေ, သို့မဟုတ် တေဇော ဝါယောဓာတ်တစ်ခုခုကိုဖြစ်စေ, ရှေးဦးစွာ ကာယဒွါရိကဝီထိဖြင့် တွေ့ထိစမ်း သပ်မိ၏၊ ထို့နောက် ထိုဓာတ် တစ်ခုခုကို တဒနုဝတ္တိကမနောဒွါရဝီထိဖြင့် သိ၏။

ထို့နောက်မှ အရေသဘောဖြစ်သော အာပေါဓာတ်ကို မနောဒွါရဝီထိတစ်မျိုးဖြင့်သာ သိရ၏၊ ဤသို့ စိတ် အစဉ်အထူးကို နားမလည်သူတို့က "ကာယဒွါရဝီထိဖြင့် စမ်းသပ်တုန်းမှာပင် အာပေါဓာတ်အရည်ကိုလည်း တစ်ပြိုင်နက်သိသည်" ဟု ထင်မှားကြသည်။

ဒြဝတာသဟဝုတ္တီနိ, တီဏိ ဘူတာနိ သမ္ဖုသံ၊ ဒြဝတံ သမ္ဖုသာမီတိ, လောကောယမတိမညတိ။

ဒြဝတာသဟဝုတ္တီနိ -အရေသဘော အာပေါဓာတ်နှင့်တကွဖြစ်ကုန်သော၊ တီဏိ ဘူတာနိ-ပထဝီ, တေဇော, ဝါယော(၃)ပါးသော မဟာဘုတ်တို့ကို၊ သမ္ဖုသံ-တွေ့ထိသော၊ အယံ လောကော-ဤလူအပေါင်းသည်၊ ဒြဝတံ-ယိုစီးသော ဝတ္ထု၏ ဖြစ်ကြောင်းဖြစ်သော အာပေါဓာတ်ကို၊ သမ္ဖုသာမိ-စမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ထိမိ၏၊ ဣတိ-ဤသို့၊ အတိမညတိ-ထင်မှားလေ၏၊ [ဋီကာကျော်၌ "ဒဝတာ"ဟု ပါဌ်ရှိ၏၊ ဝိသုဒ္ဓိမဂ်မဟာဋီကာ၌ "ဒြဝတာ" ဟု ရှိသည်။]

အမှားသိတွေ။ ။လောက၌ အထင်မှား အမြင်မှားတို့သည် များလှကုန်၏၊ ဥပမာ-ပုံသဏ္ဌာန်ရှည်လျား သောခဲတံကို ကိုင်ယူကြည့်ရှုရာ၌ ရှည်လျားသော ပုံသဏ္ဌာန်ကို ကိုင်မိထိမိသည်ဟု မှတ်ထင်ခြင်းမျိုးတည်း၊ ထင်ရှားစေအံ့–ပုံသဏ္ဌာန်ဟူသည် တွေ့ထိအပ်စကောင်းသော ဖောဋ္ဌဗ္ဗာရုံ မဟုတ်၊ ခဲတံကို ကောက်ယူရာ၌ ကောက်ယူသောအခါ ခဲတံမှာရှိသော ပထဝီ, တေဇော, ဝါယော မဟာဘုတ်(၃)ပါးတွင် အထူးအားဖြင့် ပထဝီကို ထိမိ၏၊ ထို့နောက် စက္ခုဒွါရဝီထိဖြင့် ပုံသဏ္ဌာန်ဟု ထင်ရသော ရူပါရုံအများကို ကြည့်၍ မနောဒွါရ ဝီထိများဖြင့် ပုံသဏ္ဌာန်ကို မှတ်သားသည်၊ ဤသို့ စိတ်အစဉ်ဖြစ်ပုံ အထူးကို မသိသူတို့က ကောက်ယူလိုက်သည်နှင့် တစ်ပြိုင်နက် ပုံသဏ္ဌာန်ကို ထိမိသည်ဟု မှတ်ထင်ကြလေသည်၊ ရေကို စမ်းသပ်ရာဝယ် "အရည်" ဟူသော အာပေါဓာတ်ကို စမ်းမိသည်ဟု ထင်မှားခြင်းလည်း ဤသဘောပင်တည်း။

ဘူတေ ဖုသိတွာ သဏ္ဌာနံ, မနသာ ဂဏှတော ယထာ၊ ပစ္စက္ခတော ဖုသာမီတိ, ဝိညာယျာ ဒြဝတာ တထာ။

ဘူတေ -မဟာဘုတ်တို့ကို၊ ဖုသိတွာ-ထိပြီး၍၊ သဏ္ဌာနံ-ပုံသဏ္ဌာန်ကို၊ မနသာ-မနောဒွါရိကစိတ်ဖြင့်၊ ဂဏှတော-ယူသော(သိသော)သူသည်၊ ပစ္စက္ခတော-မျက်မှောက်အားဖြင့်၊ ဝါ-တိုက်ရိုက် (လက်ဆုပ်လက် ကိုင်)၊ သဏ္ဌာနံ-ပုံသဏ္ဌာန်ကို၊ ဖုသာမိ-ထိ၏၊ ဣတိ-ဤသို့၊ ဝိညေယျာ ယထာ-သိအပ်သကဲ့သို့၊ တထာ-ထို့ အတူ၊ ဒြဝတာ-ဒြဝတာကို၊ ဝိညေယျာ-သိအပ်၏။

အမှာ။ ။ဖောဋ္ဌဗ္ဗာရုံ ဘူတရုပ်(၃)ပါးကို ကာယပသာဒ၌ တစ်ပြိုင်နက် ထိခိုက်လာသော်လည်း စိတ် စိုက်ရာတစ်ပါးပါးကိုသာ ကာယဒွါရိကဝီထိက အာရုံပြုပုံ, အထူးစိတ်စိုက်ခြင်း မရှိလျှင် သတ္တိလွန်ကဲ သော ဘူတရုပ် တစ်ပါးပါးကိုသာ အာရုံပြုပုံ, အထူးလည်း စိတ်မစိုက်, သတ္တိလည်း မကွာခြားဘဲ အနာကို ကြက်တောင်ဖြင့် ဖန်ဆေးရာ၌ကဲ့သို့ တစ်ပြိုက်နက် များစွာ ထိခိုက်နေပါလျှင် ကာယ ပသာဒ အားကောင်းရာ၌ ထိခိုက်မိသော ဖောဋ္ဌာဗ္ဗာရုံကိုသာ အာရုံပြုပုံများလည်း ရူပကဏ္ဍ အဋ္ဌကထာ၌ ဆိုထား၏၊ ရှုပါလေတော့။

ဂေါစရာနံ လက္ခဏာဒိ, ပသာဒအဘိဃဋ္ဋနံ၊ ဝိညာဏဝိသယဘာဝေါ, တေသံ ဂေါစရတာပိ စ။

ဂေါစရာနံ -ဂေါစရရုပ်တို့၏၊ လက္ခဏာဒိ-လက္ခဏာအစရှိသည်ကား၊ ပသာဒအဘိဃဋ္ဋနံ-ပသာဒ၌ ထိခိုက်ခြင်းသည်လည်းကောင်း၊ ဝိညာဏဝိသယဘာဝေါ-စက္ခုဝိညာဏ်စသည်တို့၏ အာရုံဖြစ်ခြင်းသည် လည်းကောင်း၊ တေသံ-ထိုစက္ခုဝိညာဏ်စသည်တို့၏၊ ဂေါစရတာပိ စ-အာရုံ၏အဖြစ်သည်လည်းကောင်း တည်း။ [ပသာဒအဘိဃဋ္ဋနံကား လက္ခဏာတည်း၊ ရူပါရုံသည် စက္ခုပသာဒ၌ ထိခိုက်ခြင်းလက္ခဏာ ရှိ၏၊ ဤသို့စသည်ဖြင့် သိပါ၊ ဝိညာဏဝိသယဘာဝေါ ကား ကိစ္စတည်း၊ ရူပါရုံသည် စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း ကိစ္စရှိ၏၊ သဒ္ဒါရုံသည် သောတဝိညာဏ်၏ အာရုံဖြစ်ခြင်းကိစ္စ ရှိ၏၊ ဤသို့ စသည်ဖြင့် ဆိုင်ရာဝိညာဏ်များ၏ အာရုံဖြစ်ခြင်းသည် ဤအာရုံငါးပါး၏ ကိစ္စပေတည်း၊ တေသံ ဂေါစရတာ ကား ပစ္စုပဋ္ဌာန်တည်း၊ ဤသို့ စသည်ဖြင့် သိပါ၊ ပဒဋ္ဌာန်ကား မိမိတို့မှီရာ မဟာဘုတ်ပင်တည်း။[နောက်၌ ပဒဋ္ဌာန် မပြသမျှ မှီရာမဟာဘုတ် ဟုချည်း မှတ်ပါ။]

ဘာဝရုပ်။ ။ဤဘာဝရုပ်သည် ကာယပသာဒကဲ့သို့ ပဋိသန္ဓေတည်နေစကပင် ခန္ဓာကိုယ်၌ ပါဝင် သောကြောင့် ကာယပသာဒကဲ့သို့ပင် တစ်ကိုယ်လုံး၌ ပျံ့နှံ့ တည်နေသောရုပ်တည်း၊ သစ်ပင်၌ အကိုင်း အခက် အရွက်တို့သည် မျိုးစေ့အားလျော်စွာ ပေါ်ထွက်ရသကဲ့သို့, ထိုပဋိသန္ဓေက ပါလာသော ဘာဝရုပ် မျိုးစေ့အားလျော်စွာ လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတို့သည် မိန်းမ ယောက်ျားတို့ ခန္ဓာကိုယ်မှာ ပေါ်ထွက်ထင် ရှားလာကုန်၏၊ ထိုတွင် လိင်္ဂိစသည်ကား-

[မိန်းမဖို့] လိင်္ဂံ ဟတ္ထာဒိသဏ္ဌာနံ, နိမိတ္တံ နိမ္မဿုဒါဌိကံ၊ ကုတ္တံ သုပ္ပာဒိနာ ကီဠာ, အာကပ္ပော ဂမနာဒိကံ။ [ယောက်ျားဖို့] လိင်္ဂံ ဟတ္ထာဒိသဏ္ဌာနံ, နိမိတ္တံ မဿုဒါဌိကံ၊ ကုတ္တံ ရထာဒိနာ ကီဠာ, အာကပ္ပော ဂမနာဒိကံ။

ဟတ္ထာဒိသဏ္ဌာနံ -လက်အစရှိသော ပုံသဏ္ဌာန်သည်၊ လိင်္ဂံ-လိင်္ဂ မည်၏၊ နိမ္မဿုဒါဌိကံ-မုတ်ဆိတ်ကျင် စွယ် မရှိသူ၏ အဖြစ်သည်၊ နိမိတ္တံ-နိမိတ္တမည်၏၊ သုပ္ပာဒိနာ-ဗန်းငယ် စကောငယ် အစရှိသည်ဖြင့်၊ ကီဠာ- ကစားခြင်းသည်၊ ကုတ္တံ-ကုတ္တမည်၏၊ ဂမနာဒိကံ-သွားပုံအစရှိသည်သည်၊ အာကပ္ပော-အာကပ္ပ မည်၏၊ ["မဿုဒါဌိကံ-မုတ်ဆိတ်ကျင်စွယ်ရှိသူ၏ အဖြစ်သည်၊ နိမိတ္တံ-မည်၏၊ ရထာဒိနာ-ရထားငယ်အစရှိသည်ဖြင့်၊ ကီဠာ-သည်၊ ကုတ္တံ-၏" ဟု ဆို။]

လိင်္ဂ။ ။လိင်္ဂေတိ ဉာပေတီတိ လိင်္ဂံ၊ လိင်္ဂေတိ ဉာပေတိ-သိစေတတ်၏၊ ဣတိ-ထို့ကြောင့်၊ လိင်္ဂံ-လိင်္ဂ မည်၏၊ မိန်းမတို့၏ လက် ခြေ မျက်နှာ ကိုယ်လုံးကိုယ်ပေါက်သည် ယောက်ျားလောက် မကြီးမား၊ ထို့ကြောင့် မကြီးမားသော လက် ခြေ စသည်ကို ကြည့်ရှုသူတို့အား မိန်းမဟု သိစေတတ်၍ , ကြီးမားသော လက် ခြေ စသည်ကား ယောက်ျားဟု သိစေတတ်သောကြောင့် လိင်္ဂမည်၏၊ အင်္ဂါဇာတ်လည်း မိန်းမ ယောက်ျားဟု သိစေတတ်သော လိင်္ဂပင်တည်း။

နိမိတ္တ။ ။နိမိနာတိ သဉ္ဇာနာတိ ဧတေနာတိ နိမိတ္တံ၊ မိန်းမဟုလည်းကောင်း, ယောက်ျားဟုလည်း ကောင်း သိကြောင်းအမှတ်အသားသည်ပင် "နိမိတ္တ" မည်၏၊ လိင်္ဂအမှတ်အသားသည် ခန္ဓာကိုယ်၌ မူလ အထည်ကိုယ် အဖြစ်ဖြင့် ပါလာသော အမှတ်အသားတည်း၊ နိမိတ္တအမှတ်အသားကား နောက်မှ အပေါ်ယံ ဖြစ်ပေါ်လာသော အမှတ်အသားတည်း၊[မဏိမဉ္ဇူ၌ မြဲသောအမှတ်အသားကို လိင်္ဂ, မမြဲသောအမှတ်အသား ကို နိမိတ္တဟု ဆို၏၊] ထို့ကြောင့် မုတ်ဆိတ်ကျင်စွယ် မရှိခြင်းသည် မိန်းမ၏ နိမိတ္တဖြစ်၍, မုတ်ဆိတ်ကျင်စွယ် ရှိခြင်းသည် ယောက်ျား၏ နိမိတ္တတည်း၊ [အဋ္ဌသာလိနီ အဋ္ဌကထာကို မှီး၍ ရေးသည်၊ ဋီကာကျော်၌ကား "နိမိတ္တံ မိဟိတာဒိကံ-ပြုံးရယ်ခြင်း အစရှိသည်သည် နိမိတ္တ မည်၏" ဟု ဂါထာ၌ ဆို၏။]

ကုတ္တ။ ။ကရဏံ-အပြုအမူသည်၊ ကုတ္တံ-ကုတ္တမည်၏၊ ငယ်ရွယ်စဉ်က ဗန်းငယ်, စကောငယ်ဖြင့် စျေး ရောင်းတမ်း, ယက္ကန်းရက်တမ်းစသော ကစားမျိုးသည် မိန်းမတို့၏ အပြုအမူဖြစ်၏၊ ရထားငယ်, ထွန်ငယ်ဖြင့် လယ်ထွန်တမ်း, ကူးသန်းရောင်းဝယ်တမ်း စသည်ဖြင့် ကစားခြင်းသည် ယောက်ျားတို့၏ အပြုအမူဖြစ်သည်။

အာကပ္ပ။ ။အသွင်အပြင် ဟန်ပန်အမူအရာကို "အာကပ္ပ"ဟု ခေါ်၏၊ မိန်းမတို့၏ သွားဟန်လာဟန် စားသောက်ဟန် စကာပြောဟန် စသည်တို့သည် ယောက်ျားများလောက် သန့်သန့်ရှင်းရှင်း မရှိ, ယောက်ျား တို့၌ ထိုအမူအရာများ သန့်ရှင်း၏။

ဒွေ ဘာဝါ ဘာဝလက္ခဏာဂ, ပကာသနရသာ တထာ၊ လိင်္ဂ နိမိတ္တကုတ္တာဒိ-ကရဏဗ္ဘာဝုပဋ္ဌာနာ။

ဒွေ -နှစ်ပါးကုန်သော၊ ဘာဝါ-ဘာဝရုပ်တို့သည်၊ ဘာဝလက္ခဏာ-ဣတ္ထိပုရိသ ဖြစ်ကြောင်းဟူသော လက္ခဏာရှိကုန်၏၊ ပကာသနရသာ-မိန်းမ, ယောက်ျားဟု ထင်ရှားပြခြင်းကိစ္စ ရှိကုန်၏၊ လိင်္ဂနိမိတ္တကုတ္တာဒိ ကရဏဗ္ဘဝုပဋ္ဌာနာ-လိင်္ဂ, နိမိတ္တ, ကုပ္ပ , အာကပ္ပတို့ကို ပြုတတ်သည်၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာကုန်၏။

~~~~~~~~~~

နပုံးပဏ္ဍုက်, ဥဘတောဗျဉ်း, လိန်ပြန်ပုံ

နပုံသက။ ။န ပုံသေတိ ပုရိသော ဝိယ န မဒ္ဒတီတိ နပုံသကော၊ ပုရိသော ဝိယ-ယောက်ျားကဲ့သို့၊ န ပုံသေတိ န မဒ္ဒတိ-ထိုထိုကိစ္စကို မနှိမ်နင်းနိုင် (နိုင်နိုင်နင်းနင်း မဆောင်ရွက်နိုင်)၊ ဣတိ-ကြောင့်၊ နပုံ သကော-နပုံသကမည်၏၊ ဤနပုံးကို "ပဏ္ဍုက်" ဟုလည်း ခေါ်၏၊ [ပဏ္ဍုက်အပြားကို ဝီထိမုတ်ပိုင်း ပဋိသန္ဓိ စတုက္က၌ ပြခဲ့ပြီ၊] ဤနပုံးပဏ္ဍုက်များ၌ ဘာဝရုပ် နှစ်မျိုးလုံးပင် မရှိ၊ မျိုးစေ့ဖြစ်သော ဘာဝရုပ် မရှိသော်လည်း ကျင်ငယ်လမ်းပေါက်မှာ အထိုက်အလျောက် ရှိပေမည်သာ။

ဥဘတောဗျဉ္ဇနက။ ။ယဿ-အကြင်သူ၏၊ ဥဘတော-နှစ်မျိုးသော ကံကြောင့်၊ ပဝတ္တံ-ဖြစ်သော၊ ဗျဉ္ဇနံ-ဗျဉ်းသည် (အင်္ဂါဇာတ်သည်)၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့်၊ သော-ထိုသူသည်၊ ဥဘတောဗျဉ္ဇနကော- ဥဘတောဗျဉ္ဇနက မည်၏၊ မိန်းမဖြစ်စေနိုင်သောကံ, ယောက်ျားဖြစ်စေနိုင်သောကံ ဤကံနှစ်မျိုးကြောင့် ဖြစ်သောအင်္ဂါဇာတ်ရှိသူကို "ဥဘတောဗျဉ်း" ဟု ခေါ်၏၊ သို့သော် အင်္ဂါဇာတ် နှစ်မျိုး တစ်ပြိုင်နက်ပေါ်သည် မဟုတ်, အကြောင်းအားလျော်စွာ တစ်မျိုးစီသာ ထင်ရှားပေါ်လာသတဲ့။

ချဲ့ဦးအံ့ –မိန်းမဥဘတောဗျဉ်း ယောက်ျားဥဘတောဗျဉ်းဟု နှစ်မျိုးရှိရာ မိန်းမ ဥဘတောဗျဉ်း၌ ဣတ္ထိ ဘာဝရုပ် အမြဲပါ၏, ပုံသဏ္ဌာန်နှင့် အဝတ်အစား အသွားအလာတို့မှာ ရိုးရိုးမိန်းမများနှင့် တူ၏၊ ထူးခြား ချက်ကား အခြားမိန်းမတစ်ယောက်ကို မြင်ရ၍ ယောက်ျားစိတ်ပေါက်လာသောအခါ ရှေးက အကုသိုလ်ကံကို အဖော်သဟဲပြုလျက် ရာဂစိတ် ထကြွမှုကြောင့် မိန်းမအင်္ဂါ မထင်ရှားတော့ဘဲ ယောက်ျားအင်္ဂါ ထင်ရှားရလေ သတဲ့၊ ယောက်ျားဥဘတောဗျဉ်း၌ ပုရိသဘာဝရုပ် အမြဲပါပုံ, ပုံသဏ္ဌာန်အနေအထား အဝတ်အစားတို့ ယောက်ျားရိုးရိုးနှင့် တူပုံ, အခြားယောက်ျားတစ်ယောက်ကို မြင်၍, မိန်းမစိတ်ပေါက်လာသောအခါ ရှေးကံကို အဖော်သဟဲပြု၍ ရာဂစိတ် ထကြွမှုကြောင့် ပုရိသအင်္ဂါ

မထင်ရှားတော့ဘဲ မိန်းမအင်္ဂါ ဖြစ်ပေါ်လာပုံကို စဉ်းစားကြပါ၊ မိန်းမဥဘတော ဗျဉ်းသည် ကိုယ်တိုင် ကိုယ်ဝန်ယူသည့်ပြင်, ယောက်ျားကိစ္စကို ဆောင်ရွက်လျက် အခြား မိန်းမများကိုလည်း ကိုယ်ဝန်ပေးနိုင်၏၊ ယောက်ျားဥဘတောဗျဉ်းကား ကိုယ်ဝန်သာ ပေးနိုင်၍ ကိုယ်ဝန် မယူနိုင်။

ပုလ္လိင်မှ ဣတ္ထိလိင်ပြန်ပုံ။ ။ဘာဝရုပ်နှစ်မျိုးတွင် ပုရိသဘာဝသည် မြတ်၏၊ ဣတ္ထိဘာဝသည် ညံ့၏၊ ထိုဘာဝရုပ်အတွက် ပေါ်ထွက်သော လိင်္ဂစသည်များလည်း အယုတ်, အမြတ် ခြားနား၏၊ ထို့ကြောင့် ယောက်ျားဖြစ်ရန် စီမံနိုင်သောကံသည် အားကောင်း၏၊ မိန်းမဖြစ်ရန် စီမံသောကံကား အားသေး၏၊ ထိုတွင် အားကောင်းသော ကုသိုလ်ကံက စီမံလိုက်သည့်အတွက် ပုရိသဘာဝရုပ်ကို ရရှိပြီးသော်လည်း ရှေးရှေး ဘဝက ပရဒါရိက(သူ့မယားကို ပြစ်မှားသော) အကုသိုလ်ကံ, သောရေယျ သူဌေးသားကဲ့သို့ ယခုဘဝမှာပင် မတော်မလျော် ရာဂဖြစ်မှု အကုသိုလ်ကံကြီးက မူလစီမံလိုက်သော ကုသိုလ်ကံ၏ အစွမ်းသတ္တိကို နှိပ်စက် လျှင် မူလကုသိုလ်ကံသည် သတ္တိစွမ်းပကား နည်းပါးလာသဖြင့် ပုရိသဘာဝရုပ်ကို ဆက်လက် မဖြစ်စေနိုင် တော့ဘဲ ဣတ္ထိဘာဝရုပ်ကိုသာ ဖြစ်စေရတော့သည်၊ ထိုအခါ ပုရိသဘာဝရုပ် အတွက် ပေါ်ထွက်ပြီးသော လိင်္ဂစသည်တို့ တဖြည်းဖြည်းကွယ်ပ၍ ဣတ္ထိဘာဝအတွက် လိင်္ဂ စသည်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်ကို "လိန်ပြန်"သည်ဟု ပြောဆိုရလေသည်။

ဣတ္ထိလိင်မှ ပုလ္လိင်ပြန်ပုံ။ ။အချို့သောကုသိုလ်ကံသည် ပရဒါရိကစသော အကုသိုလ်ကံ၏ နှိပ်စက်မှု ကြောင့် အစွမ်းသတ္တိ မထက်သဖြင့် ပဋိသန္ဓေအကျိုး ပေးစဉ်ကပင် ဣတ္ထိဘာဝရုပ်ကိုသာ ဖြစ်စေနိုင်ခဲ့လေသည်၊ သို့သော် ထိုသူ့သန္တာန်၌ ဗြဟ္မစရိယကို ကျင့်ခြင်း, မိစ္ဆာစာရကို ရှောင်ကြဉ်ခြင်း, ယောက်ျားဘဝကို တောင့်တ၍ ကောင်းမှုပြုခြင်းစသော ကုသိုလ်ကံများလည်း ရှေးရှေးဘဝက ရှိခဲ့သေးလေရာ, ထိုကံများသည် ပဝတ္တိအခါ၌ အခွင့်သာသဖြင့် မူလပဋိသန္ဓေကျိုးကို ပေးခဲ့သော ကုသိုလ်ကံ၏ သတ္တိကို ဖြည့်စွက်ကူညီပြန် သောကြောင့် မူလကံသည် သတ္တိအင်အား ကြီးမားလာသဖြင့် ဣတ္ထိဘာဝရုပ် ဥပါဒ်, ဌီ, ဘင်စေ့၍ အချုပ်မှာ ပုရိသဘာဝရုပ်များကို ဆက်လက် ဖြစ်ပေါ်စေသည်၊ ထိုအခါ ဣတ္ထိဘာဝရုပ်များအတွက် လိင်္ဂစသော အကျိုး ဆက်များ ကွယ်ပလျက် ပုရိသဘာဝအတွက် အကျိုးဆက်များ ထင်ရှားပေါ်ပေါက်၍ ယောက်ျားပုံဟန် လိန်ပြန်ခြင်းသို့ ရောက်သည်၊ (သာရတ္ထဒီပနီဋီကာကို မှီရေးသည်၊) ယခုပြခဲ့ပြီးသော လိန်ပြန်ပုံမှာ သုဂတိဘုံ အတွက်သာတည်း၊ ဒုဂ္ဂတိဘုံ၌လည်း လိန်ပြန်ပုံများ ရှိသေး၏၊ အဋ္ဌသာလိနီ ပဌမပါရာဇိကဋ္ဌကထာ ဋီကာကို ရှုကြပါလေ။

ဟဒယဝတ္ထု။ ။ဟဒန္တိ တံ တံ အတ္ထံ ဝါ အနတ္ထံ ဝါ ပူရေန္တိ ဧတေနာတိ ဟဒယံ၊ ဟဒယဉ္စ တံ ဝတ္ထုစာတိ ဟဒယဝတ္ထု၊ ဧတေန-ဤရုပ်ဖြင့်၊ တံတံ အတ္ထံ ဝါ-ထိုထိုအကျိုးကိုလည်းကောင်း၊ တံတံ အနတ္ထံ ဝါ- ထိုထိုအကျိုးမဲ့ကိုလည်းကောင်း၊ ဟဒန္တိ ပူရေန္တိ-ပြည့်စေနိုင်ကုန်၏၊ ဣတိ-ကြောင့်၊ ဟဒယံ-မည်၏၊ ဤနှလုံး သားတည်းဟူသော ရုပ်ပါသည့်အတွက် ထိုထို ကောင်းကျိုး ဆိုးကျိုးကို ပြည့်စုံစေနိုင်ကြ၏၊ ထို့ကြောင့် ဤနှလုံးသားတည်းဟူသောရုပ်ကို "ဟဒယ" ဟု ခေါ်သည်၊ ဤနေရာ၌ကား ထိုနှလုံးသား၏ အလယ်မှာ ပုန်းညက်စေ့ခန့် ပမာဏရှိသော တွင်းငယ်ရှိ၏၊ ထိုတွင်းငယ်၌ သွေးများ တည်ရှိ၏၊ ထိုသွေးများကို ပျံ့နှံ့ လျက်တည်သော ဝတ္ထုတစ်မျိုးကို ဧကဒသျူပစာရအားဖြင့် "ဟဒယ" ဟု ဆိုသည်၊ [ဤစကားအရ ယခုအခါ ဆရာဝန်တို့ ယူကြသော ရင်ဘတ်၏ ဝဲဘက်၌ရှိသော နှလုံးနှင့် နေရာချင်း မတူကြောင်းကို သတိပြုပါ၊] ဤရုပ်ကို "ဟဒယဝတ္ထု" ဟု နာမည်တပ်၍ တိုက်ရိုက်ဟောထားအပ်သော ပါဠိတော် မရှိ၊ ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်သည် ရုပ်ဟူသမျှကို ထုတ်ပြသော ပါဠိတော်ဖြစ်၏၊ ထိုပါဠိတော်၌သော်မှ ထုတ်ပြခြင်း မရှိ၊ သို့သော် ထိုထို ပါဠိတော်များကို သဲလွန်စပြု၍ ဤဝတ္ထုရုပ် ရှိထိုက်ကြောင်းကို အဋ္ဌကထာ ဋီကာတို့ ယူဆကြသည်။

ပါဠိတော်။ ။ယံ ရူပံ နိဿာယ မနောဓာတု စ မနောဝိညာဏဓာတု စ ပဝတ္တန္တိ, တံ ရူပံ မနောဓာတုယာ စ မနောဝိညာဏဓာတုယာ စ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော-အကြင် ရုပ်ကိုမှီ၍ မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့ ဖြစ်ကြကုန်၏၊ ထိုမနောဓာတ် မနောဝိညာဏဓာတ်နှင့် စေတသိက် တို့အား ထိုရုပ်က နိဿယသတ္တိဖြင့် ကျေးဇူးပြုသည်၊ ဤပါဠိတော်ကို ထောက်ထားလျှင် စက္ခုဝိညာဏ်၏ မှီရာ စက္ခုဝတ္ထု, သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှာဝိညာဏ် ကာယဝိညာဏ်တို့၏ မှီိရာ သောတ ဃာန ဇိဝှာ ကာယဝတ္ထုများ ရှိသကဲ့သို့, ထို့အတူ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုရုပ်တစ်မျိုး ရှိသည်ဟု ယူဆရပေမည်။

နိပ္ဖန္နရုပ်ဝယ် မှီစရာရှာပါ။ ။ဤဝတ္ထုရုပ်ဟူသည် မဟာဘုတ်ကြီးလေးပါးလည်း မဟုတ်ရာ၊ ဘာ့ကြောင့် နည်း-မဟာဘုတ်တို့ကို ဥပါဒါရုပ်များက မှီပြီး ဖြစ်သောကြောင့်တည်း၊ ဥပါဒါရုပ်(၂၄)ပါးတွင်လည်း အနိပ္ဖန္န ရုပ်တို့မှာ အထည်ကိုယ် ထင်ရှားသောရုပ်များ မဟုတ်ကြ, ပရမတ်အစစ်လည်း မဟုတ်သောကြောင့် အနိပ္ဖန္နရုပ်တို့ဝယ် စိစစ်ဖွယ် မလို၊ နိပ္ဖန္နဥပါဒါရုပ်(၁၄)ပါး၌သာ စဉ်းစားဖွယ် ရှိတော့သည်။

နိပ္ဖန္နဘူတိကာဓာရာ, ဒွေ ဓာတူ ကာမရူပိနံ၊ ရူပါနုဗန္ဓဝုတ္တိတ္တာ, စက္ခုဝိညာဏာဒယော ဝိယ။

ကာမရူပါနိ -ကာမ ရူပဘုံသားတို့၏ (အရူပဘုံ၌ ရုပ်မရှိ၍ စိစစ်ဖွယ် မလို)၊ ဒွေ-နှစ်ပါးကုန်သော၊ ဓာတူ- မနောဓာတ် မနောဝိညာဏဓာတ်တို့သည်၊ စက္ခုဝိညာဏာဒယော ဝိယ-စက္ခုဝိညာဏဓာတ် အစရှိသည်တို့ ကဲ့သို့၊ ရူပါနုဗန္ဓဝုတ္တိတ္တာ-ရုပ်သို့ အစဉ်လိုက်သော ဖြစ်ခြင်းရှိကုန်သည်၏ အဖြစ်ကြောင့်၊ နိပ္ဖန္နဘူတိကာ ဓာရာ-နိပ္ဖန္နဥပါဒါရုပ်ဟူသော မှီရာရှိကုန်၏။ [ဘူတေ နိဿိတာ ဘူတိကာ-အရ ဘူတရုပ်၌ မှီသောကြောင့် ဥပါဒါရုပ်ကို "ဘူတိက" ဟု ဆိုသည်။]

စက္ခုရူပ စသည်ကို မမှီ။ ။နိပ္ဖန္န ဥပါဒါရုပ်(၁၄)ပါးတွင် စက္ခု သောတ ဃာန ဇိဝှာ ကာယပသာဒရုပ် ငါးပါးမှာ စက္ခုဝိညာဏ်စသော ဝိညာဏဓာတ်ငါးပါး၏ မှီရာဖြစ်သောကြောင့် မနောဓာတ်, မနောဝိညာဓာတ် တို့က ပသာဒရုပ်ငါးပါးကို မမှီနိုင်၊ ရူပ, သဒ္ဒ, ဂန္ဓ, ရသနှင့် ဩဇာကိုလည်း မမှီနိုင်၊ ဘာကြောင့်နည်း-ထိုရုပ် တို့က ခန္ဓာကိုယ်မှ အပြင်ပ၌လည်း ဖြစ်ကြသောကြောင့်တည်း၊ ရူပစသည်ကို မှီလျှင် ရူပါရုံက အပြင်ပမှာ တည်နေတဲ့အခါ ဤဓာတ် နှစ်ပါးလည်း အပြင်ပသို့ လိုက်၍ ဖြစ်ဖွယ်ရှိရလိမ့်မည်-ဟူလို။

စက္ခာဒိနိဿိတာ နေတာ, တဿညာဓာရဘာဝတော၊ နာပိ ရူပါဒိကေ တေသံ, ဗဟိဒ္ဓါပိ ပဝတ္တိတော။

ဧတာ -ဤဓာတ်နှစ်ပါးတို့သည်၊ စက္ခာဒိနိဿိတာ-စက္ခု အစရှိသော ပသာဒကို မှီကုန်သည်၊ န-မဟုတ် ကုန်၊ ကသ္မာ-အဘယ့်ကြောင့်နည်း၊ တဿ-ထို စက္ခုအစရှိသောပသာဒ၏၊ အညာဓာရဘာဝတော-တစ်ပါး သော စက္ခုဝိညာဏဓာတ်စသည်တို့၏ မှီရာ၏အဖြစ်ကြောင့်တည်း၊ ရူပါဒိကေ-ရူပါရုံအစရှိသည်တို့ကိုလည်း၊ န နိဿိတာ-မမှီကုန်၊ ကသ္မာ-နည်း၊ တေသံ-ထိုရူပါရုံအစရှိသည်တို့၏၊ ဗဟိဒ္ဓါပိ-ခန္ဓာကိုယ်မှ အပြင်ပ၌ လည်း၊ ပဝတ္တိတော-ဖြစ်ခြင်းကြောင့်တည်း။

ဇီဝိတနှင့် ဘာဝကို မမှီ။ ။ဤဓာတ်နှစ်ပါးသည် ဇီဝိတိန္ဒြေကိုလည်း မမှီ၊ ဘာ့ကြောင့်နည်း-ဇီဝိတိန္ဒြေမှာ တကွဖြစ်ဖက် ရုပ်တွေကို စောင့်ရှောက်ရခြင်းကိစ္စ တစ်မျိုး ရှိပြိ်းဖြစ်သောကြောင့်တည်း၊ အလုပ်ကိစ္စတစ်ခု ရှိနေသူသည် အခြားကိစ္စကို မရွက်ဆောင်နိုင်သကဲ့သို့, ဇီဝိတရုပ်မှာ မလွှဲမရှောင်သာသောကိစ္စ ရှိပြီးဖြစ်၍ သူတစ်ပါး အမှီကို မခံနိုင်တော့ပြီ-ဟူလို၊ ဘာဝရုပ်နှစ်ပါး မရှိတဲ့ နပုံးပဏ္ဍုက်သန္တာန်မှာလည်း ဤမနောဓာတ် မနောဝိညာဏဓာတ်များ ဖြစ်နေသောကြောင့် ဘာဝရုပ်နှစ်ပါးကို မမှီကြောင်းမှာ သိသာပြီ၊ ထို့ကြောင့် ထို ဆိုအပ်ပြီးသော နိပ္ဖန္နရုပ်များအပြင် ဤဓာတ်နှစ်ပါး၏ မှီရာဝတ္ထုရုပ်သည် ဥပါဒါရုပ်တစ်မျိုးပဲဟု သိထိုက်၏၊ "ထိုဥပါဒါရုပ် တစ်မျိုးကား ဤဟဒယဝတ္ထုပင် ဖြစ်သည်" ဟူလို။

န စာပိ ဇီဝိတံ တဿ, ကိစ္စန္တရနိယုတ္တိတော၊ န စ ဘာဝဒွယံ တသ္မိံ, အသန္တေပိ ပဝတ္တိတော၊ တသ္မာ တဒညံ ဝတ္ထု တံ, ဘူတိကံတိ ဝိဇာနိယံ။

ဇီဝိတံ စာပိ-ဇီဝိတရုပ်ကိုလည်း၊ န နိဿိတာ-မမှီကုန်၊ ကသ္မာ-နည်း၊ တဿ-ထိုဇီဝိတရုပ်၏၊ ကိစ္စန္တရနိ ယုတ္တိတော-သဟဇာတ်ရုပ်များကို စောင့်ရှောက်ခြင်းကိစ္စ တစ်မျိုးနှင့် ယှဉ်နေရခြင်းကြောင့်တည်း၊ ဘာဝဒွယံ စ-ဘာဝရုပ်နှစ်ပါး အပေါင်းကိုလည်း၊ နနိဿိတ-ကုန်၊ ကသ္မာ-နည်း၊ တသ္မိံ-ထိုဘာဝရုပ်နှစ်ပါးသည်၊ အသန္တေပိ-မရှိသော်လည်း၊ ပဝတ္တိတော-နပုံးပဏ္ဍုက်သန္တာန်၌ ဖြစ်နိုင်ခြင်းကြောင့်တည်း၊ တသ္မာ-ထို့ကြောင့်၊ တဒညံ-ထိုဆိုအပ်ပြီးသော ရုပ်တို့မှ တစ်ပါးသော၊ ယံ ဝတ္ထု-အကြင်မှီရာရုပ်တစ်မျိုးသည်၊ အတ္ထိ-ရှိ၏၊ တံ-ထို ဝတ္ထုရုပ်ကို၊ ဘူတိကံတိ-ဥပါဒါရုပ်ဟူ၍၊ ဝိဇာနိယံ-သိထိုက်၏။

ဓမ္မသင်္ဂဏီ၌ မဟောခြင်းအကြောင်း။ ။ထိုဆိုခဲ့သည့်အတိုင်း ဝတ္ထုရုပ်တစ်မျိုး ရှိသင့်လျှင် ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ ဘာ့ကြောင့် မဟောပါသနည်းဟု မေး၊ အဖြေကား-ဓမ္မသင်္ဂဏီ ရူပကဏ္ဍပါဠိတော်၌ကား အာရမဏဒုကဒေသနာ ပျက်မည်စိုးသောကြောင့် ဝတ္ထုဒုက်ကိုလည်း မဟောဘဲ ချန်ထားတော်မူသည်၊ ချဲ့ဦးအံ့–ရူပကဏ္ဍပါဠိတော်၌ ဧကက ဒုက တိကမှစ၍ ဧကာဒသက တိုင်အောင် ဟောတော်မူ၏၊ ထိုတွင် ဒုကဒေသနာတော်၌ "အတ္ထိ ရူပံ စက္ခုဝိညာဏဿ ဝတ္ထု" (စက္ခုဝိညာဏ်၏ မှီရာဝတ္ထုရုပ် ရှိ၏, စက္ခုဝတ္ထုကို ပြတော်မူလိုသည်၊) "အတ္ထိ ရူပံ စက္ခုဝိညာဏဿ န ဝတ္ထု" (စက္ခုဝိညာဏ်၏ မှီရာမဟုတ်သော ရုပ်များ လည်း ရှိ၏, စက္ခုဝတ္ထုမှ ကြွင်းသမျှရုပ်ကို ပြတော်မူလိုသည်၊) ဤသို့ စသည်ဖြင့် သောတ ဃာန ဇိဝှာ ကာယဝိညာဏ်တို့၏ သောတဝတ္ထု ဃာနဝတ္ထု ဇိဝှာဝတ္ထု ကာယဝတ္ထု ဟုတ်/မဟုတ်သော ရုပ်များကို ခွဲခြား တော်မူပြီးလျှင် "အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု, အတ္ထိ ရူပံ မနောဝိညာဏဿ န ဝတ္ထု" ဟု ဤ(၆)ခု မြောက် ဝတ္ထုဒုက်ကို ပြတော်မမူ။

အကယ်၍ ဟောတော်မူလျှင် "အတ္ထိ ရူပံ မနောဝိညာဏဿ ဝတ္ထု" အရ ဟဒယဝတ္ထုကို ကောက်၍ "အတ္ထိ ရူပံ မနောဝိညာဏဿ န ဝတ္ထု" အရ ဟဒယဝတ္ထုမှ ကြွင်းသမျှ ကောက်ရလိမ့်မည်၊ ဤသို့ ကောက် ဖွယ်ရာရုပ် ရှိသော်လည်း ထိုဝတ္ထုဒုက်နှင့် တစ်ဆက်တည်း ဟောရမည့် အာရမဏဒုက်၌ "အတ္ထိ ရူပံ စက္ခုဝိညာဏဿ အာရမဏံ" အရ ရူပါရုံကို ကောက်၍ "အတ္ထိ ရူပံ

စက္ခုဝိညာဏဿ န အာရမဏံ" အရ ရူပါရုံမှ ကြွင်းသမျှ ရုပ်ကို ကောက်ရာ၏၊ ထို့အတူ သဒ္ဒါရုံ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံနှင့် ကြွင်းသမျှရုပ်ကို ကောက်ဖို့ရာ ဒုက်ငါးမျိုးကို ဟောတော်မူပြီးနောက် "အတ္ထိ ရူပံ မနော ဝိညာဏဿ အာရမဏံ" အရ မနောဝိညာဏ်၏ အာရုံဖြစ်သောရုပ်သည် ရုပ်အားလုံးပင် ဖြစ်၍ "အတ္ထိ ရူပံ မနောဝိညာဏဿ န အာရမဏံ" အရ မနောဝိညာဏ်၏ အာရုံမဟုတ်သော ရုပ်ကား မရှိတော့၊ ထို့ကြောင့် ဤဆဋ္ဌအာရမဏဒုက်အတွက် တစ်ဖက်ပျက်ဖွယ်ရာ ရှိသည်၊ ဤအာရမဏဆဋ္ဌဒုက်အတွက် တစ်ဖက်ပျက် မည့်အရေးကို မြင်တော်မူသောကြောင့် ဝတ္ထုဒေသနာနှင့် အာရမဏဒေသနာကို အသွားအလာတူထား၍ ဟောပြတော်မူမှ ဝေနေယျတို့ နားလည်ဖွယ်ရှိရကား အာရမဏဒေသနာ၌ ဆဋ္ဌဒုက်မရသည့်အတွက် ဝတ္ထုဒေသနာမှာလည်း ဆဋ္ဌဒုက်ကို (ရသင့်လျက်) ချန်လှပ်တော်မူခဲ့သတတ်။

ဝတ္ထာလမ္ဗဒုကာနံ တု, ဒေသနာဘေဒတော ဣဒံ၊ ဓမ္မသင်္ဂဏီပါဌသ္မိံ, န အက္ခာတိ မဟေသိနာ။

တု -ဆက်ဦးအံ့၊ ဝတ္ထာလမ္ဗဒုကာနံ-ဝတ္ထုဒုက် အာရမဏဒုက်တို့၏၊ ဒေသနာဘေဒတော-ဒေသနာစဉ် ပျက် မည့်အရေးကြောင့်၊ ဣဒံ-ဤဟဒယဝတ္ထုရုပ်ကို၊ ဓမ္မသင်္ဂဏီပါဌသ္မိံ-ဓမ္မသင်္ဂဏီရူပကဏ္ဍပါဠိတော်၌၊ မဟေသိ နာ-ဘုရားရှင်သည်၊ န အက္ခာတံ-ဟောပြတော်မမူအပ်။

နှလုံးအိမ်မှာ တည်ကြောင်း။ ။ဤပြခဲ့သော ပါဠိတော်နှင့် ယုတ္တိများအရ ဝတ္ထုရုပ်တစ်မျိုး ရှိထိုက်ကြောင်း ကား ထင်ရှားပေပြီ၊ ထိုဝတ္ထုရုပ်၏ နှလုံးအိမ်အတွင်းမှာ တည်ရှိကြောင်းကိုလည်း ဤသို့ သိရာ၏၊ တစ်စုံတစ် ခုသောအကြံကို စူးစူးစိုက်စိုက် ကြံစည်သောအခါ, တစ်စုံတစ်ခု စိတ်မချမ်းမြေ့ဖွယ် ဖြစ်သောအခါတို့၌ စိတ်မှ အပူဓာတ်သည် မှီရာဝတ္ထုသို့ ကူးစက်လျက် ထိုဝတ္ထုရုပ်မှ အပူဓာတ်လည်း ဝတ္ထုရုပ်တည်ရာ သွေးများနှင့် တကွ နှလုံးအိမ်၌ ကူးစက်သဖြင့် ရင်ပူလာပုံကိုလည်းကောင်း, ထို့ပြင်-ပြင်းထန်သော အမြောက်သံ စသည် ကို ကြားရာ, တစ်စုံတစ်ယောက်က ခြောက်လှန့်သည့်အခါတို့၌ စိတ်ဓာတ်တုန်လှုပ်သဖြင့် နှလုံးသွေးနှင့် ရင်များခုန်နေပုံကိုလည်းကောင်း, အပြင်းအထန် သောကနှိပ်စက်သည့်အတွက် နှလုံးကွဲ(ရင်ကွဲ) ပုံကို လည်းကောင်း, အလွန်ပျော်ရွှင်သောအခါ ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ဖြစ်နေပုံကိုလည်းကောင်း ထောက်၍ စိတ်၏မှီရာ ဤဝတ္ထုရုပ်သည် နှလုံးအိမ်အတွင်းမှာ တည်ရှိသည်ဟု ယုံကြည်ထိုက်လှပြီ၊ ဤသို့ နှလုံးအိမ် ဟဒယအတွင်းမှာ တည်ရှိသောကြောင့်ပင်လျှင် ဤဝတ္ထုရုပ်ကို "ဟဒယဝတ္ထု" ဟု နာမည်တပ်ရပေသည်။ [ယခုခေတ် လောကဓာတ်ဆရာတို့ကား နှလုံးအိမ်မှ သွေးပူ လေပူတို့ အထက်သို့ ပျံတက်သဖြင့် ဦးခေါင်း၌ နောက်ကျု

ရှုပ်ထွေးလျက် ရှိသည်ကို အထောက်အထား ပြုပြီးလျှင် "စိတ်ဝိညာဉ်သည် ဦးဏှောက်မှာ တည်ရှိ၏" ဟု ပြောဆိုကြသည်။]

နိဿယလက္ခဏံ ဒွိန္နံ, ဓာတူနံ ဟဒယံဝတ္ထု၊ အာဓာရဏရသံ တာသံ, ဥဗ္ဗာဟနုပဋ္ဌာနကံ။

ဟဒယံဝတ္ထု -ဟဒယဝတ္ထုသည်၊ ဒွိန္နံ-ကုန်သော၊ ဓာတူနံ-မနောဓာတ် မနောဝိညာဏဓာတ်တို့၏၊ နိဿယ လက္ခဏံ-မှီရာဟူသောလက္ခဏာ ရှိ၏၊ တာသံ-ထိုဓာတ်နှစ်ပါးတို့၏၊ အာဓာရဏရသံ-တည်ရာဖြစ်ခြင်းကိစ္စ ရှိ၏၊ ဥဗ္ဗာဟနုပဋ္ဌာနကံ-ထိုဓာတ်နှစ်ပါးကို ဆောင်ထားသောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏၊ [ဓာတ်နှစ်ပါး၏ တည်ရာဖြစ်သောကြောင့် ဝိပဿနဉာဏ်ဖြင့် ဆင်ခြင်သောအခါ ဓာတ်နှစ်ပါးကို မိမိအထက် ပေါ်မှာ တင်လျက် ဆောင်ထားသကဲ့သို့ ဉာဏ်ထဲမှာ ထင်လာသည်-ဟူလို။]

ဇီဝိတိန္ဒြေ။ ။[ဝစနတ္ထနှင့် လက္ခဏာစသည်ကို ဇီဝိတိန္ဒြေစေတသိက်၌ ဖွင့်ပြခဲ့ပြီ၊] ဤဇီဝိတိန္ဒြေသည် တကွဖြစ်ဖက်ကမ္မဇရုပ်တို့ကို စောင့်ရှောက်သောကြောင့် ကမ္မဇရုပ်များ၏ အသက်တည်း၊ ထင်ရှားစေအံ့- စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့သည် စိတ် ဥတု အာဟာရတို့ ထင်ရှားရှိနေခိုက်မှာ ဖြစ်ကြရသောကြောင့် (အမိ ထင်ရှားရှိနေသော သားကို သူတစ်ပါးက စောင့်ရှောက်ဖွယ် မလိုတော့သကဲ့သို့) တစ်ပါးသောတရား တို့က စောင့်ရှောက်ဖွယ်မလို၊ စိတ် ဥတု အာဟာရတို့ကပင် တည်တံ့အောင် စောင့်ရှောက်နိုင်ကြသည်၊ ဤကမ္မဇရုပ်တို့မှာ အကြောင်းကံတရား ချုပ်ပြီးနောက် အတော်ကြာမှ (တချို့ ကမ္မဇရုပ်များသည် ကံနှင့် ဘဝပေါင်းများစွာ ကွာခြားပြီးမှ) ဖြစ်ပေါ်ရကား (အမိမဲ့သားကို နို့ထိန်းက စောင့်ရှောက်ရသကဲ့သို့) ထိုရုပ်တို့ အသက်တမ်းအတိုင်း ဆက်လက်တည်တံ့နိုင်ရန် ဇီဝိတိန္ဒြေက စောင့်ရှောက်ပေးရသည်၊ ထို့ကြောင့် စက္ခု ဒသကကလာပ်၌ပါသောရုပ်(၉)ခုကို ထိုကလာပ်၌ပါသော ဇီဝိတက စောင့်ရှောက်၏၊ သောတဒသက၌ ပါသော ရုပ်(၉)ခုကို ထို၌ပါသော ဇီဝိတက စောင့်ရှောက်၏၊ ဤသို့ စသည်ဖြင့် ကမ္မဇကလာပ်(၉)စည်း၌ ပါသော ဇီဝိတက မိမိ၏ ကလာပ်တူရုပ်များကို စောင့်ရှောက်သည်ဟု သိပါ၊ ဤဇီဝိတရုပ်များကား ကာယ ပသာဒဘာဝရုပ်တို့ မတည်နိုင်သော ပါစကတေဇော (ကမ္မဇဝမ်းမီး) နှင့် ကာယဘာဝ၌ ရုပ်တို့ ပျံ့နှံ့ရာ တစ်ကိုယ်လုံးမှာပင် ပျံ့နှံ့သည်။

ကဗဠီကာရော။ ။ကဗဠံ ကရီယတီတိ ကဗဠီကာရော၊ ယော-အကြင် အာဟာရကို၊ ကဗဠံ-စားသောက် ဖွယ်ကို၊ (ဝါ-အလုတ်အလွေးကို၊) ကရီယတိ-ပြုအပ်၏၊ ဣတိ-ကြောင့်၊ သော-ထိုအာဟာရသည်၊ ကဗဠီ ကာရော-ကဗဠီကာရမည်၏၊ ကဗဠသဒ္ဒါသည် ထမင်းလုတ် ထမင်းဆုပ်စသော အလုပ် အဆုပ်ကိုသာ ဟောသည်မဟုတ်, စားသောက်ဖွယ်ဟူသမျှကိုလည်း ဟော၏၊ "န သကဗဠေန မုခေန" စသော သေခိယ ပါဠိတော်ဝယ် ခံတွင်း၌ ရောက်ပြီးသော အစာအားလုံးကို ကဗဠသဒ္ဒါက ဟော၏၊ သက္ကတအဘိဓာန်၌လည်း စားသောက်၍ ဖြစ်သမျှ အစာအားလုံးကို ပြ၏၊ ထို့ကြောင့် စားသောက်ဖွယ် ဟူသမျှကို ကဗဠဟု မှတ်ပါ။

မှတ်ချက်။ ။ကဗဠ သဒ္ဒူပပဒ ကရဓာတ်, ဏ ပစ္စည်းဖြစ်၍ "ကဗဠကာရ" ဟု ရုပ်ပြီးသင့်သော်လည်း တပ္ပာကဋီကရဏပုဒ်ကဲ့သို့ – ပစ္စည်းသက်၍ ကဗဠီကာရဟု ဖြစ်၏၊ အချို့က "– ပစ္စည်းသည် အဗ္ဘူတတဗ္ဘောအနက်၌သာ သက်သည်" ဟု အယူရှိ၍ "အကဗဠံပိ ကဗဠံ ဝိယ ကရီယတီတိ ကဗဠီကာရော" ဟု ဝစနတ် ပြုကြသေး၏၊ အဗ္ဘူတတဗ္ဘော မဟုတ်, မုချ ရနိုင်သောကြောင့် ထိုဝစနတ် မသင့်၊ "တပ္ပာကဋီကရဏ" ကဲ့သို့ အဘူတတဗ္ဘော မဟုတ်သော အနက်၌လည်း – ပစ္စည်း သက်နိုင်သည်သာ။

အာဟာရော။ ။အာဟာရီယတီတိ အာဟာရော၊ အာဟာရီယတိ-ခံတွင်းသို့ ရှေးရှုဆောင်အပ်၏၊ ဝါ-မျိုအပ်၏၊ ဣတိ-ကြောင့်၊ အာဟာရော-မည်၏၊ ကဗဠီကာရော အာဟာရောအရ စားသောက်ဖွယ်အစာကို မုချရ၏၊ ဤ၌ကား ပရမတ္ထအာဟာရအစစ်ကို ပြရာဌာန ဖြစ်သောကြောင့် ထိုထို အာဟာရ၌ပါသော အဆီ, အနှစ်, အစေးဟု ခေါ်အပ်သော ဩဇာကိုသာ ဌာနျူပစာရအားဖြင့် ယူရ၏။ [ဩဇာ၏ တည်ရာဖြစ်သော အစာအားလုံး၏ ကဗဠီကာရအာဟာရဟူသော နာမည်ကို ဌာနီဩဇာပေါ် တင်စား၍ ဌာနီဩဇာကိုပင် ကဗဠီကာရအာဟာရဟု ခေါ်ထားသည်" ဟူလို၊ ဧကဒေသျူပစာလည်း သင့်၏။]

ဩဇာလက္ခဏော အာဟာရော, ရူပါဟရဏရသော တထာ၊ ဥပတ္ထမ္ဘနုပဋ္ဌာနော, အာဟာရေယျပဒဋ္ဌာနော။

အာဟာရော -အာဟာရရုပ်ကို၊ ဝါ-သည်၊ ဩဇာလက္ခဏော-အဆီ ဩဇာ၏ အဖြစ်ဖြင့် မှတ်သားအပ်၏၊ ရူပါဟရဏရသော-အာဟာရဇရုပ်ကို ဆောင်ခြင်းကိစ္စ ရှိ၏၊ ဥပတ္ထမ္ဘနုပဋ္ဌာနော-ခန္ဓာကိုယ်ကို ထောက်ပံ့တတ် သော တရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏၊ အာဟာရေယျပဒဋ္ဌာနော-စားမျိုအပ်သော အာဟာရလျှင် နီးစွာသော အကြောင်းရှိ၏။

ဩဇာလက္ခဏော။ ။ထိုထို အစာ၌ပါသော အဆီဩဇာသည် ဤအာဟာရရုပ်၏ လက္ခဏာတည်း၊ ချဲ့ဦးအံ့–ထိုထိုအစာ၌ "ချို, ချဉ်, စပ်, ဖန်, အငန်, အခါး" ဟု အရသာ (၆)ပါးတွင် တစ်မျိုးမျိုး ပါဝင်၏၊ ထိုအရသာသည် အာဟာရရုပ် မဟုတ်သေး, ရသာရုံဟုခေါ်သော အာရုံတစ်မျိုးသာ ဖြစ်သေး၏၊ အာဟာရ ရုပ်ကား

ထိုထို အစာ၌ ပါရှိသော အဆီ အနှစ် အစေးတည်း၊ "တယ် အဆီအနှစ်များတဲ့ ဆန်ပဲ, အစေးအညှော် တယ်အားကြီးတယ်" စသည်ဖြင့် ပြောဆိုကြသော စကားသည် ဤအာဟာရရုပ်၏ သတ္တိအင်အားကြီးမားမှု ကို စွဲ၍ ပြောဆိုအပ်သော စကားများတည်း၊ ကျမ်းဂန်များ၌လည်း ဤအာဟာရရုပ်ကို "သာရော-အနှစ်, ဩဇာ, အဆီ, သ္နေဟော, အစေး" ဟု အမျိုးမျိုးနာမည်တပ်သည်။

ရသ , ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်။ ။ဤအာဟာရသည် "ဩဇာသင်္ခါတော အာဟာရော အာဟာရသမုဋ္ဌာန ရူပံ" စသည်ဖြင့် နောက်၌ လာလတ္တံ့အတိုင်း အာဟာရဇရုပ်ကို ဆောင်ရွက်စေခြင်းကိစ္စ ရှိ၏၊ [ဖြစ်စေသည် ကိုပင် "ဆောင်သည်" ဟု ဆိုသည်၊] စားမျိုလိုက်သောအခါ ခန္ဓာကိုယ်သည် တောင့်တောင့်တင်းတင်း အားရှိခြင်းကြောင့် ဤအာဟာရရုပ်သည် "ခန္ဓာကိုယ်ကို ထောက်ပံ့နိုင်သော တရား"ဟု ယောဂီတို့ဉာဏ်အား ထင်လာ၏၊ စားမျိုအပ်သော အစာထဲမှာ ပါသည့် ဩဇာကို အာဟာရရုပ်ဟု ဆိုသောကြောင့် ဤအာဟာရ ရုပ်၏ နီးစွာသော အကြောင်းမှာ စားမျိုအပ်သော အစာပင်တည်း။

ဣတိ စ အဋ္ဌရသဝိဓမ္ပေတံ ရူပံ, သဘာဝရူပံ သလက္ခဏရူပံ နိပ္ဖန္နရူပံ ရူပရူပံ သမ္မသနရူပံတိ စ သင်္ခံ ဂစ္ဆတိ။

ဣတိ စ၊ပေ၊သင်္ခံ ဂစ္ဆတိ။ ။ဤစကားကား ဆိုခဲ့ပြီးသော ရုပ်(၁၈)ပါးကို ပြန်၍ဖုံးသော နိဂုံးစကား တည်း၊ သဘာဝရူပံ စသည်ကား "သွားရင်းဟန်လွှဲ" ဆိုသလို နိဂုံးအုပ်ရင်း နာမည်အမျိုးမျိုးကိုပြသော စကားတည်း၊ သင်္ခံ ဂစ္ဆတိ အရာဝယ် ယခုကာလ စာအုပ်များ၌ "သင်္ဂဟံ ဂစ္ဆတိ" ဟု ရှိ၏၊ တစ်ပါးသော အနက်များကို သင်္ဂြိုဟ်ရေတွက်ပြသောအရာ, သိမ်းကျုံးယူငင်အပ်သောအရာမျိုး၌ "သင်္ဂဟံ ဂစ္ဆတိ" ဟု ဆိုရိုးရှိသည်၊ နာမည်ကို ပြသောအရာများ၌ကား "သင်္ခံ-ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့" ဟု ဆိုရိုးရှိသည်၊ .ညွှန်ပြအပ်သောပါဠိများ၌ သင်္ခံ သင်္ဂဟံ သုံးနှုန်းပုံကို ကြည့်ပါ၊ ဆတ္တိံသဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ၊–စေတသိက်ပိုင်း၊ ...သာ ပနာယမေကာဒသဝိဓာပိ ကာမာဝစရဘူမိစ္စေဝ သင်္ခံ ဂစ္ဆတိ၊–ဝီထိမုတ်ပိုင်း။

သဘာဝရူပံ။ ။"ဘာဝီယတိ လက္ခီယတိ ဧတေနာတိ ဘာဝေါ" အရ မှတ်သားကြောင်း လက္ခဏာကို ပင် "ဘာဝ" ဟု ခေါ်သည်၊ "သဿ ဘာဝေါ သဘာဝေါ" အရ မိမိ တစ်ပါးတည်း၏ လက္ခဏာကို "သဘာဝ" ဟု ခေါ်၏၊ ဥပမာ–ကက္ခဠတ္တလက္ခဏာသည် ပထဝီတစ်ပါးတည်း၏ လက္ခဏာ ဖြစ်သကဲ့သို့တည်း၊ ဤသို့ မိမိဆိုင်ရာ သီးခြားလက္ခဏာရှိသောရုပ်ကို "သဘာဝရုပ်" ဟု ခေါ်၏၊ "သဘာဝေါ ယဿာတိ သဘာဝံ" ဟု ဝိဂြိုဟ်ပြုရလိမ့်မည်၊ ဤကား ဋီကာများအလိုတည်း၊ ဤကျမ်းအလိုကား ဘာဝသဒ္ဒါသည် တစ်စုံတစ်ခုသော အထည်ဝတ္ထုအနက် ဒြဗ်ကို ဟော၏၊ သန္တော ဘာဝေါ သဘာဝေါ၊ သန္တော-ထင်ရှားရှိသော၊ ဘာဝေါ-အထည်ဝတ္ထုတည်း၊ သဘာဝေါ- ထင်ရှားရှိသောအထည် ဝတ္ထု၊ "ပရမတ္ထအားဖြင့် အထင်အရှားအထည်ကိုယ် ရကောင်းသောရုပ်" ဟု ဆိုလိုသည်။

အသဘာဝရုပ်။ ။အာကာသဓာတ် စသောရုပ်များကား ဤကဲ့သို့ အထည်ဝတ္ထု အထင်အရှား မရ ကောင်းသောကြောင့် အသဘာဝရုပ် မည်၏၊ ထင်ရှားစေအံ့-အာကာသစသော ရုပ်(၁၀)ပါးတွင် အာကာသ (အကြား)ဟူသည် အထည်ဝတ္ထု ထင်ရှားမရှိ၊ ရုပ်ကလာပ်နှစ်ခုတို့ ပေါင်းစပ်မိလျှင် အလိုလို အာကာသဓာတ် ပေါ်လာ၏၊ ပရမတ္ထအစစ်ဖြစ်သော ဆိုခဲ့ပြီးရုပ်များတွင် ကပ်မြှောင်၍ ပါလာသောသဘောဖြစ်၍ ရုပ်ဟု ခေါ်ရသည်, စင်စစ်အားဖြင့် ပရမတ်အစစ်ပင် မဟုတ်, ပညတ်မျှသာတည်း၊ ထိုရုပ်(၁၀)ပါးတွင် ဝိညတ်သည် အတော်ထင်ရှား၏၊ ထိုဝိညတ်သော်မှ ပရမတ္ထမဟုတ်ကြောင်းကို "သာ အဋ္ဌရူပါနိ ဝိယ န စိတ္တသမုဋ္ဌာနော၊ ပေ၊ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဝိညတ္တိတာယ သာပိ စိတ္တသမုဋ္ဌာနာ နာမ ဟောတိ" ဟူသော အဋ္ဌသာလိနီ အဖွင့် မူလဋီကာ၌ "န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒေဿတိ" ဟု မိန့်ပြီ။

နိဿယ။ ။သာ-ထိုဝိညတ်သည်၊ အဋ္ဌရူပါနိ ဝိယ-မိမိနှင့်တကွဖြစ်သော ရုပ်(၈)ပါး တို့ကဲ့သို့၊ နစိတ္တသမုဋ္ဌာနာ-စိတ်ကြောင့်ဖြစ်ရသော ရုပ်စစ်မဟုတ်၊ (ကာယဝိညတ္တိနဝကကလာပ်တွင် ရုပ်(၈)ပါးကိုသာ စိတ်ကဖြစ်စေသည်၊ ဝိညတ်ကို တမင်တကာ ဖြစ်စေရသည် မဟုတ်-ဟူလို၊) စိတ္တသမုဋ္ဌာနာနံ-စိတ်ကြောင့် ဖြစ်ကုန်သော၊ ရူပါနံ-တွဲဖက်ရုပ်တို့၏၊ ဝိညတ္တိကာယ-ဝိညတ်၏အဖြစ်ကြောင့်၊ သာပိ-ထိုဝိညတ်သည်လည်း၊ စိတ္တသမုဋ္ဌာနာ နာမ-စိတ္တသမုဋ္ဌာန် အမည်ခံရတော့သည်၊ ဟောတိ-၏၊ "ရွှေနားဍောင်းကြောင့် ပါးပြောင်" ဆိုသလို တွဲဖက်ရုပ်(၈)ပါးက စိတ္တသမုဋ္ဌာန်ဖြစ်ရကား ဝိညတ်လည်း စိတ္တသမုဋ္ဌာန်အမည်ကို ရတော့သည်- ဟူလို။

သလက္ခဏရူပံ။ ။အနိစ္စတာ ဒုက္ခတာ အနတ္တာ သုံးပါးသည်လည်းကောင်း, ဥပစယ သန္တတိ ဇရတာ အနိစ္စတာဟု ဆိုအပ်သော ဥပါဒ် ဌီ ဘင်လက္ခဏာသည်လည်းကောင်း,ရုပ်တရားတို့၏ မမြဲကြောင်း, ဆင်းရဲကြောင်း, အတ္တ မဟုတ်ကြောင်းကို သိဖို့ရာ အမှတ်လက္ခဏာများ ဖြစ်၏၊ ထိုအမှတ်လက္ခဏာရှိသော ကြောင့် ဆိုခဲ့ပြီးသော ရုပ်(၁၈)ပါးကို သလက္ခဏရုပ်ဟု ခေါ်၏၊ ဆိုလတ္တံ့သော အာကာသဓာတ်စသည်ကား အနိစ္စတာစသောလက္ခဏာ, ဥပါဒ်စသောလက္ခဏာ

မရှိကြသဖြင့် အလက္ခဏရုပ် မည်၏၊ ထိုစကားမှန်၏-အာကာသဓာတ်သည် ဖြစ်ခြင်းဥပါဒ်, ပျက်ခြင်းဘင် မရှိ, ထိုသို့ အဖြစ်အပျက် မရှိရကား အနိစ္စတာ (မမြဲခြင်းသဘော), ဒုက္ခတာ (ဆင်းရဲခြက်းသဘော), အနတ္တ တာ (အတ္တမဟုတ်ဟု စိစစ်ထိုက်သောသဘော) အဘယ်မှာ ရှိတော့အံ့နည်း။

နိပ္ဖန္နရူပံ။ ။"နိပ္ဖာဒီယတေ-အကြောင်းတရားတို့သည် ဖြစ်စေအပ်၏၊ ဣတိ-ကြောင့်၊ နိပ္ဖန္နံ-နိပ္ဖန္န မည် ၏" အရ ကမ္မဇရုပ်ကို ကံဟူသောအကြောင်းက ဖြစ်စေ၍ စိတ္တဇ ဥတုဇ အာဟာရဇရုပ်များကိုလည်း မိမိ ဆိုင်ရာ စိတ် ဥတု အာဟာရဟူသော အကြောင်းများက ဖြစ်စေကြသည်၊ [ဖြစ်စေကြပုံမှာ-ရူပသမုဋ္ဌာန်ခန်း၌ ထင်ရှားလတ္တံ့ ၊] အာကာသဓာတ် စသည်ကား ထိုအကြောင်းတရားတို့က ဖြစ်စေအပ်သည် မဟုတ်သော ကြောင့် အနိပ္ဖန္နရုပ် မည်၏၊ ထိုစကား မှန်၏-ဆိုင်ရာ အကြောင်းတို့က စီမံ၍ ရုပ်ကလာပ်နှစ်ခု ပေါ်လာလျှင် အာကာသဓာတ်ဟူသော အကြားသည် ဘယ်အကြောင်းကမှ မစီမံရဘဲ အလိုလို ထင်ရှားတော့၏၊ ဝိညတ် စသည်တို့ အနိပ္ဖန္န ဖြစ်ပုံမှာ ထိုရုပ်များကို ပြရာအခန်း၌ ထင်ရှားလတ္တံ့။

ရူပရူပံ။ ။ဖောက်ပြန်ခြင်းသဘောကို ရူပဟု ခေါ်၏၊ ထိုဖောက်ပြန်ခြင်း သဘောရှိသောရုပ်သည် "ရူပံ အဿ အတ္ထီတိ ရူပံ" အရ ရူပပင် မည်သည်၊ ဥပမာ-အရိသသဒ္ဒါသည် အသားရောဂါတစ်မျိုးကို ဟော၏၊ ထိုအသားရောဂါရှိသူကိုလည်း "အရိသသော အဿ အတ္ထိ" ဟူသော ဝိဂြိုဟ်အရ "အရိသသ" ဟုပင် ခေါ်ဝေါ်နိုင်သကဲ့သို့တည်း၊ (တစ်နည်း) ရူပသဒ္ဒါသည် ဖောက်ပြန်ခြင်း သဘောကို ဟောရင်းတည်း၊ ဤနေရာ၌ ဂုဏူပစာရအားဖြင့် ဖောက်ပြန်ခြင်း သဘောရှိသော ရုပ်တရားကို ဟောသည်၊ ဥပမာ-နီလသဒ္ဒါသည် အညိုဂုဏ်ကို ဟောရင်းဖြစ်သော်လည်း "နီလဝတ္တံ-ညိုသောအဝတ်" စသည်၌ ဂုဏူပစာရအားဖြင့် အညိုဂုဏ်ရှိသော အဝတ်ကို ဟောသကဲ့သို့တည်း။

ဆက်ဦးအံ့။ ။တချို့နေရာ၌ ရူပသဒ္ဒါသည် ဖောက်ပြန်ခြင်းသဘော မရှိသော အာကာသဓာတ် စသည်တို့ကိုပါ ရုဠှီအားဖြင့် ဟောလျက်ရှိသောကြောင့် ထိုအာကာသဓာတ် စသည်တို့နှင့် မရောယှက်ဘဲ ရုပ်အစစ်သက်သက်ကို ရဖို့ရာ ရူပသဒ္ဒါတစ်ခု ထပ်၍ "ရူပရူပ" ဟု ခေါ်ဆိုအပ်လေသည်၊ ဥပမာ-"ဒုက္ခဒုက္ခ, သင်္ခါရဒုက္ခ, ဝိပရိဏာမဒုက္ခ" ဟု ဒုက္ခအမျိုးမျိုးရှိရာ၌ သုခ ဥပေက္ခာသဟဂုတ်နှင့် ရုပ်တရားကိုပင် သင်္ခါရ ဒုက္ခ ဝိပရိဏာမဒုက္ခအဖြစ်ဖြင့် ဒုက္ခသဒ္ဒါက ဟောလျက် ရှိ၏၊ ထို့ကြောင့် သုခ ဥပေက္ခာသဟဂုတ်စိတ် စေတသိက်များနှင့်လည်းကောင်း, ရုပ်တရားတို့နှင့်လည်းကောင်း, မရောနှောစေဘဲ ဒုက္ခသက်သက် ဖြစ်သော ဒေါသမူဒွေး ဒုက္ခသဟဂုတ်ကာယဝိညာဏ်ကို ရဖို့ရာ ဒုက္ခသဒ္ဒါ တစ်ခုထပ်၍ "ဒုက္ခဒုက္ခ" ဟု ဆိုအပ်သကဲ့သို့တည်း၊ ရူပမေဝ ရူပံ ရူပရူပံ, ဒုက္ခမေဝ ဒုက္ခံ ဒုက္ခဒုက္ခံ၊ ရူပမေဝ-ဖောက်ပြန် ခြင်းသဘော ရှိသည်သာလျှင်ဖြစ်သော၊ ရူပံ-ရုပ်တည်း၊ ရူပရူပံ-ဖောက်ပြန်ခြင်းသဘော ရှိသည်သာလျှင်ဖြစ် သော ရုပ်၊ ဒုက္ခမေဝ-အမှန်ဆင်းရဲသာလျှင်ဖြစ်သော၊ ဒုက္ခံ-ဒုက္ခတည်း၊ ဒုက္ခဒုက္ခံ-အမှန်ဆင်းရဲသည်သာလျှင် ဖြစ်သော ဒုက္ခ။ ["ရုပ်ဆိုမှ ရုပ်, ဆင်းရဲဆိုမှ ဆင်းရဲ" ဟူလို။]

အရူပရုပ်။ ။အာကာသဓာတ်စသည်ကား ထိုကဲ့သို့ ဖောက်ပြန်ခြင်းမရှိသောကြောင့် အရူပရူပ မည်၏၊ ထိုစကား မှန်၏-အာကာသဓာတ်စသော အနိပ္ဖန္နရုပ်များကို "ရုပ်" ဟု ခေါ်ထားခြင်းမှာ တကယ် ဖောက်ပြန်တတ်သောကြောင့် ခေါ်ထားခြင်း မဟုတ်, ဖောက်ပြန်တဲ့ ရုပ်အစစ်နှင့် ပူးတွဲပါသောကြောင့်သာ အဝိနာဘာဝနည်း, (တစ်နွယ်ငင် တစ်စင်ပါနည်း) အားဖြင့် ဖောက်ပြန်တတ်တဲ့ သတ္တိ မရှိဘဲ ဖောက်ပြန် တတ်တဲ့သတ္တိ ရှိသလို တင်စား၍ တဒ္ဓမ္မူပစာအားဖြင့် "ရူပ" ဟု ခေါ်ဝေါ်ရသည်။

သမ္မသနရူပံ။ ။အနိစ္စတာအစရှိသော လက္ခဏာရှိသည့်အတွက် ဝိပဿနာ ကမ္မဋ္ဌာန်းစီးဖြန်းသော ယောဂီပုဂ္ဂိုလ်တို့က ဤ နိပ္ဖန္နရုပ်များကို အာရုံပြု၍ အနိစ္စ ဒုက္ခ အနတ္တဟု ဉာဏ်ဖြင့် သုံးသပ်အပ်စကောင်း သောကြောင့် သမ္မသနရုပ် မည်၏၊ သမ္မသီယတေ-ဝိပဿနာဉာဏ်ဖြင့် သုံးသပ်အပ်၏၊ ဣတိ-ကြောင့်၊ သမ္မသနံ-သမ္မသန မည်၏၊ အာကာသဓာတ်စသော အနိပ္ဖန္နရုပ်များကား အနိစ္စတာစသော လက္ခဏာ မရှိသည့်အတွက် ဝိပဿနာဉာဏ်ဖြင့် မသုံးသပ်ထိုက်, သုံးသပ်၍လည်း မဖြစ်သောကြောင့် အသမ္မသနရုပ် မည်၏။ [သဘာဝရုပ်စသည် ခေါ်ဆိုရာ၌ ဆောင်ပုဒ်များကို အခြေပြုသင်္ဂြိုဟ်၌ ဆိုထားပြီ။]

အာကာသဓာတ်။ ။န ကဿတီတိ အကာသော, အကာသောယေဝ အာကာသော၊ ယော- အကြင်အရပ်ကို၊ န ကဿတိ-မရေးခြစ်အပ် (ရေးခြစ်လို့ မရ)၊ ဣတိ-ကြောင့်၊ သော-ထိုအရပ်သည်၊ အကာသော-အကာသ မည်၏၊ အကာသောယေဝ-အကာသသည်ပင်၊ အာကာသော-အာကာသ မည်၏၊ အကာသပုဒ်နောင် သွတ္ထ၌ ဏပစ္စည်းသက်, အ ကို အာဝုဒ္ဓိ ပြု၍ "အာကာသ" ဟု ရုပ်ပြီးသည်၊ တစ်စုံတစ်ခု သော ဝတ္ထုဖြင့် ထိပါး ခြစ်ခြုတ်၍ မရကောင်းသော အရပ်ကို "အာကာသ" ဟု ခေါ်၏၊ ထိုအာကာသသည် ဆိုအပ်လတ္တံ့ အတိုင်း (၄)မျိုး ပြား၏။

အဇဋော ပရိစ္ဆိန္နော စ, ကသိဏုဂ ္ဃာဋိမော တထာ၊ ပရိစ္ဆေဒါကာသော စာတိ, အာကာသော ဟိ စတုဗ္ဗိဓော။

အဇဋာကာသ။ ။ယခုမျက်မြင်ဖြစ်သော ဟာလာဟင်းလင်း ကောင်းကင်အရပ်, ရူပဗြဟ္မာ့ဘုံမှ ထက်ကောင်းကင်အရပ်, မြေ ရေ လေတို့၏ အောက်မှာရှိသော ကောင်းကင်အရပ်များသည် တစ်စုံတစ်ခု သော ဝတ္ထုမျှ ရှုပ်ထွေးခြင်း မရှိသောကြောင့် "အဇဋာကာသ" မည်၏။ [ဇဋာ-ရှုပ်ထွေးခြင်း+အ-မရှိသော အရပ်။]

ပရိစ္ဆိန္နာကာသ။ ။တစ်စုံတစ်ခုသောဝတ္ထုဖြင့် ပတ်ဝန်းကျင် ကာရံပိုင်းခြားအပ်သော အလယ်က အပေါက်သည် (ကြီးကြီးငယ်ငယ်) အာကာသပင် မည်၏၊ အိုးမျက်နှာဝပေါက်, ပြတင်းပေါက်, တံခါးပေါက်, နံရံပေါက်, ဒွါရ(၉)ပေါက် စသည်များတည်း။ [ပရိ=ပတ်ဝန်းကျင်၌+ဆိန္န=ပိုင်းခြားကာရံအပ်သော အပေါက် အရပ်။]

ကသိဏုဂ ္ဃာဋိမာကာသ။ ။ကမ္မဋ္ဌာန်းပိုင်း အာကာသာနဉ္စာယတနဈာန်၌ လာလတ္တံ့အတိုင်း ကသိုဏ်း (၉)ပါးတွင် တစ်ပါးပါးကို ခွာခြင်းကြောင့် ရအပ်သော ကောင်းကင်ပညတ်တည်း။

ပရိစ္ဆေဒါကာသ။ ။ပရိစ္ဆိန္ဒတိ-ရုပ်ကလာပ်ကို ပိုင်းခြားတတ်၏၊ ဣတိ-ကြောင့်၊ ပရိစ္ဆေဒေါ-ပရိစ္ဆေဒ မည်၏၊ ရုပ်ကလာပ်နှစ်ခု ပေါင်းမိသောအခါ တစ်ခုနှင့်တစ်ခု မရောအောင် အလယ်ခေါင်က ပိုင်းခြားတတ် သော အကြားအရပ် ရှိ၏၊ ရုပ်ကလာပ်ချင်း ထိကပ် စပ်နေသော်လည်း အကြားအရပ်ကား မုချ ရှိသေးသည် သာ၊ လက်နှစ်ချောင်းကို ပူးကပ်ကြည့်ပါလော့၊ ထိုအကြားအရပ်သည် ဤ ရုပ်ပိုင်း၌ ပရိစ္ဆေဒရုပ်ဟု ခေါ်ရ သော အာကာသဓာတ်ပင်တည်း။

ပရိစ္ဆေဒလက္ခဏံ ခံ, ပရိယန္တပ္ပကာသနံ၊ မရိယာဒဥပဋ္ဌာနံ, ပရိစ္ဆိန္နပဒဋ္ဌာနံ။

ခံ -အာကာသဓာတ်သည်၊ ပရိစ္ဆေဒလက္ခဏံ-ရုပ်ကလာပ်တို့ကို ပိုင်းခြားခြင်း လက္ခဏာ ရှိ၏၊ ပရိယန္တပ္ပ ကာသနံ-ရုပ်ကလာပ်တစ်ခု၏ အဆုံးကို ထင်ရှားပြခြင်း ကိစ္စ ရှိ၏၊ (အာကာသကြောင့်သာ ရုပ်ကလာပ်တစ်ခု ၏အဆုံး ထင်ရှားသည်၊ အာကာသဟူသော အကြားမရှိလျှင် ရုပ်ကလာပ်ချင်း ပူးကပ် စပ်ထိနေသည့် အတွက် ရုပ်ကလာပ်တစ်ခု၏ အဆုံးအပိုင်းအခြား ရှိတော့မည်မဟုတ်-ဟူလို၊) မရိယာဒဥပဋ္ဌာနံ-ရုပ်ကလာပ် တို့၏ အပိုင်းအခြားဟု ယောဂီတို့ဉာဏ်အား ထင်လာ၏၊ ပရိစ္ဆိန္နပဒဋ္ဌာနံ-ပိုင်းခြားအပ်သော ရုပ်ကလာပ်လျှင် နီးစွာသော အကြောင်းရှိ၏။ [ရုပ်ကလာပ်တွေ ရှိမှ ဤအာကာသလည်း ထင်ရှားရကား ရုပ်ကလာပ်များသည် အာကာသဓာတ် ထင်ရှားဖို့ရာ နီးစွာသောအကြောင်း ဖြစ်သည်-ဟူလို။]

ဝိညတ္တိရုပ်။ ။အဓိပ္ပာယံ ဝိညာပေတီတိ ဝိညတ္တိ၊ အဓိပ္ပာယံ-အလိုဆန္ဒကို၊ ဝိညာပေတိ-သိစေတတ်၏၊

ဣတိ -ကြောင့်၊ ဝိညတ္တိ-မည်၏၊ လက်ခြေစသည်ကို လှုပ်ပြသူ စကားပြောသူတို့၏ အတွင်းသဘော အလို ဆန္ဒကို သိစေတတ်သော ထူးခြားသော အမူအရာတစ်မျိုးသည် ဝိညတ် မည်၏၊ ထိုထူးခြားသော အမူအရာသည် ပရမတ္ထအားဖြင့် အထင်အရှားရှိသော သီးခြားရုပ်တစ်မျိုး မဟုတ်သော်လည်း ယခု လောက၌ အတော်ပါးနပ်သူတို့က ထိုအမူအရာ အထူးကို သိနိုင်သောကြောင့် "ဝိညာယတီတိ ဝိညတ္တိ" ဟုလည်း ဝစနတ် ပြုရ၏၊ ဝိညာယတိ-သိအပ်၏၊ ဣတိ-ကြောင့်၊ ဝိညတ္တိ-ဝိညတ် မည်၏၊ ဤဝိညတ်၏ တတိယမနော ဒွါရဝီထိဖြင့် သိအပ်ပုံကို ဝီထိဆိုရိုး၌ ပြထားပြီ။

ကာယဝိညတ္တိ။ ။အတွင်းသဘော အလိုဆန္ဒကို လှုပ်ရှားသော ကိုယ်ကာယ (လက်စသည်) ဖြင့် သိစေတတ်သော အမူအရာအထူးသည် ကာယဝိညတ်မည်၏၊ ကာယေန ဝိညတ္တိ ကာယဝိညတ္တိ။ [ကာယ သဒ္ဒါသည် တစ်ကိုယ်လုံးကို ဟောရိုး ဖြစ်သော်လည်း ဤနေရာ၌ လှုပ်လှုပ်ရှားရှားဖြစ်သော လက် ခြေ ဦးခေါင်းစသော ကိုယ်၏ အစိတ်အပိုင်းတို့ကို ဧကဒေသျူပစာရအားဖြင့် ဟောသည်၊ ထို့ကြောင့် "ကာယေန- လှုပ်ရှားသောကိုယ်ဖြင့်၊ ဝိညတ္တိ-အလိုဆန္ဒကို သိစေတတ်သော အမူအရာသည်၊ ကာယဝိညတ္တိ-ကာယ ဝိညတ် မည်၏" ဟု အနက်ဆို။]

လက်ယပ်ခေါ်ရာ၌ ဝိညတ်ပါပုံ။ ။တပည့်တစ်ယောက်ကို လာစေလို၍ လက်ယပ်ခေါ်ရာ၌ (၁)ရှေးဦး စွာ လာစေလိုသောစိတ် ဖြစ်၏၊ (၂)စိတ်ဖြစ်သည်နှင့် တစ်ပြိုင်နက် စိတ္တဇရုပ်ကလာပ်တွေ ခန္ဓာကိုယ်၏ ထိုထိုအရပ်၌ အမြောက်အမြား ဖြစ်၏၊ လှုပ်ရှားမည့် လက်၌ ဖြစ်သော စိတ္တဇကလာပ်တွင် ဝါယောဓာတ်သည် အခြားမဟာဘုတ်များထက် သတ္တိလွန်ကဲ၏၊ ပကတိရိုးရာအခါကဲ့သို့ အေးအေး ဆေးဆေး မဟုတ်ဘဲ, ထိုဝါယောဓာတ်မှာ ထူးခြားသော အမူအရာတစ်မျိုးလည်း ပါ၏၊ ထိုဝါယောဓာတ်၏ ထူးခြားသော အမူအရာသည် ဤကာယဝိညတ်ပင်တည်း၊ မျက်စိ တစ်မှိတ်ခန့်ကာလအတွင်း၌ ကုဋေတစ်သိန်းခန့်မျှ စိတ်တွေ ဖြစ်နိုင်သောကြောင့် ထိုစိတ်တို့တွင် ဝိညတ်ကို ဖြစ်စေနိုင်သော စိတ်များလည်း အတော်များများ ပါရှိရကား, ထိုစိတ်များ ဖြစ်တိုင်းဖြစ်တိုင်း ဝါယောဓာတ် လွန်ကဲသော စိတ္တဇကလာပ်တွေ အထပ်ထပ် ဖြစ်သည့်အတွက် လက်အငြိမ်မနေဘဲ လှုပ်လျက် ရမ်းလျက်နေ၏၊ ထိုသို့ လှုပ်ရာ၌ သစ်ပင်များ လေတိုက်၍ လှုပ်သလို အရမ်းမဲ့မလှုပ်ဘဲ စိတ်၏ အလိုကျအောင် ဝါယောဓာတ်နှင့် ဝိညတ်တို့က ဖြစ်ကြရသည်၊ ထို့ကြောင့် လှေပဲ့ ပိုင်းမှနေ၍ တစ်ယောက်တည်း လှော်ခတ်သူသည် လှေကို လိုရာအရပ်သို့ ရောက်အောင် လှော်ပဲ့-ပဲ့သကဲ့ သို့ , ဝါယောဓာတ်နှင့်

ဝိညတ်ကလည်း တကွဖြစ်ဖက် ရုပ်များကို စိတ်အလိုအတိုင်း လက်ယပ်ခေါ်နေပုံ လှုပ်ရှားအောင် လှော်ပဲ့- ပဲ့ပေးလေသည်။

ဝိညတ်က အလိုလို သိစေပုံ။ ။ဤကဲ့သို့ အစီအစဉ်ဖြင့် လက်ကို လှုပ်၍ ရမ်း၍ ပြလိုက်သောအခါ တပည့်က "ဆရာသည် ငါ့ကို လာစေချင်၏" ဟု ဆရာ၏ အတွင်းအလိုဆန္ဒကို သိရလေသည်၊ ဤကဲ့သို့ သိရာ၌ "စိတ်, စိတ္တဇရုပ်, လှုပ်ရှားမှု, အမူအရာအထူး" ဟု အချုပ်မှတ်ဖို့ရာ အချက်လေးခု ရှိ၏၊ ထိုတွင် စိတ်သည် အလိုဆန္ဒကို သိစေနိုင်သလော,...စိတ်က သိစေလျှင် မလှုပ်မယှက် စိတ်သက်သက် ဖြစ်ခိုက်မှာ အတွင်းသဘော အလိုဆန္ဒကို သိရာ၏၊ ထိုသို့လည်း မသိစေနိုင်ကြ၊ သို့အတွက် စိတ်သည် အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား မသိစေနိုင်။

စိတ္တဇရုပ်တွေသည် အလိုဆန္ဒကို သိစေသလော,...စိတ္တဇရုပ်က သိစေလျှင် မလှုပ်မယှက် ငြိမ်သက်စွာ နေခိုက်မှာ စိတ္တဇရုပ်ပေါင်းများစွာ ဖြစ်နေသောကြောင့် အလိုဆန္ဒကို သိရာ၏၊ ထိုသို့လည်း မသိနိုင်ကြ၊ သို့အတွက် စိတ္တဇရုပ် ရိုးရိုးကလည်း အတွင်းသဘောအလိုဆန္ဒကို မသိစေနိုင်၊ လှုပ်ရှားမှုသည် အလိုဆန္ဒကို သိစေနိုင်သလော,...လှုပ်ရှားမှု သက်သက်က အလိုဆန္ဒကို သိစေနိုင်လျှင် အိပ်ပျော်စဉ် လက် ခြေလှုပ်ရာ၌ အလိုဆန္ဒကို သိရာ၏၊ ထိုသို့လည်း မသိနိုင်။

လှုပ်ရှားသောလက်၏ အစိတ်စိတ်ဖြစ်သော စိတ္တဇကလာပ်တွေမှာ ဝါယောဓာတ် ပါ၏၊ ထိုဝါယော ဓာတ်များ၏ ထူးခြားသော အမူအရာကြောင့်သာ အတွင်းသဘော အလိုဆန္ဒကို သိရသည်၊ ထိုထူးခြားသော အမူအရာသည် ဝိညတ်ပင်တည်း။ [ဤအရာ၌ နွား(၇)ရှဉ်း တပ်အပ်သော လှည်းဥပမာကို ပြကြသေး၏၊ အဋ္ဌသာလိနီ၌ ရှုပါတော့။

ဝစီဝိညတ္တိ။ ။ဝစိယာ-စကားသံဖြင့်၊ ဝိညတ္တိ-အလိုဆန္ဒကို သိစေတတ်သော အမူအရာသည်၊ ဝစီဝိညတ္တိ-ဝစီဝိညတ်မည်၏၊ အတွင်းသဘော အလိုဆန္ဒကို စကားသံဖြင့် သိစေတတ်သော အမူအရာထူး တည်း၊ ထိုအမူအရာအထူးကို "ဝိကာရရုပ်" ဟုလည်း နာမည်တပ်ဦးလတ္တံ့။

နှုတ်ဖြင့် ခေါ်ရာ၌ ဝိညတ်ပါပုံ။ ။တပည့်တစ်ယောက်ကို လာစေလို၍ နှုတ်ဖြင့် ခေါ်လိုက်ရာ၌ ရှေးဦးစွာ လာစေလိုသောစိတ် ဖြစ်၏၊ လာစေလိုသည့်အတွက် ခေါ်ဖို့ရန် စကားလုံးကို ကြံစည်၏၊ ဤ အချက်များကို ပုဗ္ဗာဘိသင်္ခါရ (ရှေ့အဖို့က စီစဉ်မှု) ဟု ခေါ်၏၊ အသံဖြစ်ဖို့နှင့် မဆိုင်သေး၊ ထို့နောက် "လာ" ဟု ပြောဆိုမည့် မနောဒွါရိကဝီထိဖြစ်ရာ၌ ပဌမဇောကြောင့်ဖြစ်သော စိတ္တဇကလာပ်တွင် ပထဝီဓာတ်သည် သတ္တိလွန်ကဲလျက် ရှိ၏၊ ပကတိရိုးရာအခါကဲ့သို့

အေးအေးဆေးဆေး မဟုတ်ဘဲ ထိုပထဝီဓာတ်မှာ ထူးခြားသော အမူအရာပါ၏၊ ထိုပထဝီဓာတ်၏ ထူးခြား သော အမူအရာသည် ဤ ဝစီဝိညတ်ပင်တည်း၊ [အက္ခရာသံ၏ ထင်ရှားရာ လည်ချောင်းစသောအရပ်တို့၌ ကမ္မဇ ဥတုဇ အာဟာရဇကလာပ်တို့လည်း အမြဲဖြစ်လျက်ရှိကြောင်းကို သတိပြုပါ၊] လည်ချောင်း စသော အရပ်ဝယ် ထိုအမူအရာအထူး ပါရှိသော စိတ္တဇပထဝီဓာတ်နှင့် ကမ္မဇ ဥတုဇ အာဟာရဇပထဝီဓာတ်တို့ ထိခတ်မိကြလေသည်၊ ထိုအခါ အသံဖြစ်၏၊ သို့သော် အများကြားအောင် မထင်ရှားသေး၊ ထိုကဲ့သို့ ဒုတိယ ဇော တတိယဇောစသည်, ဒုတိယမနောဒွါရဝီထိ တတိယမနောဒွါရဝီထိ စသည်ကြောင့်ဖြစ်သော စိတ္တဇ ပထဝီဓာတ်နှင့် ယခင် တိဇပထဝီဓာတ်တို့ အထပ်ထပ် ထိခတ်မိကြလေရာ (သဒ္ဒါကျမ်းက ရဿ ဒီဃ အက္ခရာတို့ ထုံးစံအတိုင်း) လက်ဖျစ်တစ်ချက်တီးလောက်ကြာလျှင် "လ" ဟု မပီ့တပီအသံ ပေါ်လာ၍ လက်ဖျစ်နှစ်ချက်တီးလောက်အကြာမှာ ထုံးစံအတိုင်း ပီသအောင် "လာ" ဟု အသံပေါ်လာသည်၊ ထိုကဲ့သို့ ပထဝီဓာတ်ချင်း ထိခိုက်ရာဝယ် တော်စွာလျော်စွာ မထိခိုက်ဘဲ ဝစီဝိညတ်ပါသည့်အတွက် စိတ်ကူးတိုင်း အသံဖြစ်အောင် ထိခိုက်မိကြလေသည်။

ဆက်ဦးအံ့ –ထိုဆိုခဲ့ပြီးသော အစဉ်အားဖြင့် "လာ" ဟု အသံဖြစ်ပေါ်လာသောအခါ တပည့်က "ဆရာသည် ငါ့ကို လာစေလို၏" ဟု ဆရာ၏အတွင်းသဘော အလိုဆန္ဒကို သိသည်၊ အသံသည် ပထဝီဓာတ်ချင်း ထိခိုက်မှုကြောင့် ဖြစ်ရိုး မှန်သော်လည်း ဆိုလိုရာ အသံကို ထင်ရှားအောင် ဖြစ်ပေါ်လာမှုမှာ ဝိညတ်၏ အတွက်သာ ဖြစ်သောကြောင့် "အဓိပ္ပာယံ ဝိညာပေတိ" အရ ဝစီဝိညတ်က အလိုဆန္ဒကို သိစေသည်ဟု ဆိုရသည်၊ အရက်ဆိုင်၌ အလံစိုက်ထားသည်ကို မြင်ပြီးမှ အတွင်း၌ အရက်ရှိကြောင်းကို သိရသလို, ဝစီဝိညတ်တည်းဟူသော အလံကို သိပြီးမှ အတွင်းသဘော အလိုဆန္ဒကို သိနိုင်သောကြောင့် ဝစီဝိညတ်ကို "ဝိညာယတီတိ ဝိညတ္တိ" အရ မနောဒွါရဝီထိဖြင့် သိအပ် သိနိုင်ပုံကိုလည်း သတိပြုပါ။

ဝိညတ္တိယော အဓိပ္ပာယ–ပ္ပကာသနရသာ စလ၊ ဃောသဟေတုဥပဋ္ဌာနာ, စိတ္တဇာဘူပဒဋ္ဌာနာ။

ဝိညတ္တိယော -ထူးခြားသော အမူအရာ လက္ခဏာ ရှိသော ဝိညတ်တို့သည်၊ အဓိပ္ပာယပ္ပကာသနရသာ- အတွင်းသဘော အလိုဆန္ဒကို ထင်ရှားပြခြင်းကိစ္စ ရှိကုန်၏၊ စလဃောသဟေတုဥပဋ္ဌာနာ-လှုပ်ရှားခြင်း, စကားသံဖြစ်ခြင်း၏ အကြောင်းဟု ယောဂီတို့ ဉာဏ်အား ထင်လာကုန်၏၊ စိတ္တဇာဘူပဒဋ္ဌာနာ-စိတ္တဇမဟာ ဘုတ်လျှင် နီးစွာသောအကြောင်း ရှိကုန်၏။

ဝိကာရရုပ်။ ။[ဝိ=ထူးခြားသော+ကာရ=အမူအရာ၊] တသီးတခြား ပရမတ္ထအထည်ကိုယ် ရကောင်း

သော ရုပ်စစ်မဟုတ်, နိပ္ဖန္နရုပ်တို့၏ ပကတိအနေထက် ထူးခြားသော အမူအရာကို "ဝိကာရ" ဟု ခေါ်သည်။

လဟုတာ။ ။လဟုနော-ပေါ့ပါးသောနိပ္ဖန္နရုပ်၏၊ ဘာဝေါ-ဖြစ်ကြောင်း ဖြစ်ရာ အမူအရာသည်၊ လဟုတာ-မည်၏၊ ဥတု စိတ် အာဟာရဟူသော အကြောင်းသုံးပါးကြောင့် ဖြစ်ကြသော တိဇနိပ္ဖန္နရုပ်များ၏ ပေါ့ပေါ့ပါးပါး ရှိခြင်းသည် ပကတိအနေထက် ထူးခြားသော အမူအရာဝိကာရတည်း၊ ထိုပေါ့ပါးခြင်း အမူအရာ ကို "လဟုတာရုပ်" ဟု သမုတ်ရသည်။

မုဒုတာ။ ။မုဒုနော-နူးညံ့သော နိပ္ဖန္နရုပ်၏၊ ဘာဝေါ-သည်၊ မုဒုတာ-မည်၏၊ တိဇနိပ္ဖန္နရုပ်များ၏ နူးနူး ညံ့ညံ့ ရှိခြင်းသည် ပကတိအနေထက် ထူးခြားသော အမူအရာ ဝိကာရတည်း၊ ထို နူးညံ့သောသဘောကို "မုဒုတာရုပ်" ဟု သမုတ်ရသည်။

ကမ္မညတာ။ ။ကမ္မညဿ-ထိုထို အမှု၌ ကောင်းသောနိပ္ဖန္နရုပ်၏၊ ဘာဝေါ-သည်၊ ကမ္မညတာ-မည် ၏၊ ကိုယ်ဖြင့်ပြုရမည့် ထိုထိုအမှုကိစ္စ နိပ္ဖန္နရုပ်များ၏ လိုက်လိုက်ရောရော ကောင်းမွန်သောသဘောသည် ပကတိအနေထက် ထူးခြားသော အမူအရာဝိကာရတည်း၊ ထိုကောင်းမွန်သောသဘောကို "ကမ္မညတာရုပ်" ဟု သမုတ်ရသည်။

ထင်ရှားစေအံ့ –ဤလဟုတာစသောရုပ်များသည် သက်ရှိသန္တာန်၌သာ ရထိုက်၏၊ "လဟုတာဒိတ္တယံ ဥတုစိတ္တာဟာရေတိ သမ္ဘောတိ" ဟူသည်နှင့်အညီ စိတ်စက်မကြည်ခြင်း, ဥတု အာဟာရတို့ မမျှမတခြင်းတို့ ကြောင့် ဤခန္ဓာကိုယ်၌ မဟာဘုတ်ကြီးလေးပါးတို့ ဖောက်ပြန်ပျက်ပြားလတ်သော် သလိပ်သည်းခြေ သွေး လေ စသည်တို့ ချောက်ချားကုန်၏၊ အထူးအားဖြင့် အာဗန္ဓန(ဖွဲ့စည်းခြင်း) သဘောရှိသော အာပေါဓာတ် ပျက်ပြားလွန်ကဲလျှင် နိပ္ဖန္နရုပ်များသည် နုံးချည့် လေးလံသောကြောင့် ထိုအခါ၌ လဟုတာ မဖြစ်နိုင်ချေ၊ ကက္ခဠ(ခိုင်မာခြင်း) သဘောရှိသော ပထဝီဓာတ်များ ပျက်ပြားလွန်ကဲလျှင် နိပ္ဖန္နရုပ်များ ကြမ်းတမ်း ခိုင်မာ သောကြောင့် ထိုအခါ၌ မုဒုတာ မဖြစ်နိုင်၊ ဝိတ္ထမ္ဘန(တောင့်တင်းခြင်း) လက္ခဏာရှိသော ဝါယောဓာတ် ပျက်ပြားလွန်ကဲလျှင် နိပ္ဖန္နရုပ်များသည် တောင့်တင်းသောကြောင့် ထိုအခါ၌ ကမ္မညတာ မဖြစ်နိုင်ချေ။ [ရုပ်ကို ဖြစ်စေနိုင်သော တေဇောကား အားလုံး ဖောက်ပြန်မှု၌ ပါဝင်၏။]

ဝိကာရရုပ် သုံးပါးကွဲပုံ။ ။အကြင်အခါ၌ကား စိတ်စက်ကြည်လင်မှု ဥတု အာဟာရတို့ မျှတမှုတို့

အတွက် စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်သော မဟာဘုတ်တို့သည် သမာသမ မျှတ ညီညွတ်ကုန်ရကား သလိပ်သည်းခြေ သွေး လေ စသည်တို့ လမ်းမှန်စည်းကျ တည်နေကြသဖြင့် တိဇနိပ္ဖန္နရုပ်အားလုံး၌ ပေါ့ပါးခြင်းဟူသော လဟုတာသဘောများ ထူးထူးခြားခြား ထင်ရှားကုန်၏၊ ထိုတိဇနိပ္ဖန္နရုပ်များ၌ ကြိတ်နယ် ၍ ထားအပ်သော သားရေကဲ့သို့ နူးညံ့ခြင်း မုဒိတာသဘောများလည်း ထူးခြားစွာ ထင်ရှားကုန်၏၊ လှော်ပြီး ဦးပြီးသော ရွှေသည် ပုတီး နားဍောင်း ပြုမှု၌ ကောင်းမွန် ခံ့ငြားသကဲ့သို့, ကိုယ်ဖြင့် ပြုလုပ်ရမည့် ထိုထိုကိစ္စ ၌ တွန့်တို ဆုတ်နစ်ခြင်း မရှိဘဲ ကောင်းမွန် ခံ့ငြားခြင်း ကမ္မညတာသဘောများ ထူးခြားစွာ ထင်ရှားကုန်၏၊ ထို့ကြောင့် လဟုတာစသော ရုပ်သုံးပါးသည် တစ်ပါးစီခွဲ၍ မဖြစ်ကြ, ဖြစ်ခွင့်ကြုံလျှင် သုံးပါးလုံးပင် ထင်ရှား ကုန်၏၊ သို့သော် အမူအရာ၏ ထူးခြားပုံအားဖြင့် တစ်မျိုးစီ ကွဲပြားကြသောကြောင့် ရုပ်သုံးပါးဟု သမုတ်ထား ရသည်။

၁။ လဟုတာ လဟုလက္ခဏာ, ဂရုဘာဝဝိနောဒနာ၊ လဟုပရိဝတ္တူပဋ္ဌာနာ, လဟုရူပပဒဋ္ဌာနာ။

လဟုတာ -လဟုတာသည်၊ လဟုလက္ခဏာ-ပေ့ါပါးသည်၏ အဖြစ်ဟူသော လက္ခဏာ ရှိ၏၊ ဂရုဘာဝ ဝိနောဒနာ-အာပေါဓာတ် ဖောက်ပြန်သဖြင့် လေးလံသည်၏ အဖြစ်ကို ပယ်ရှားခြင်းကိစ္စ ရှိ၏၊ လဟုပရိဝတ္တူ ပဋ္ဌာနာ-လျင်မြန်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်အား ထင်လာ၏၊ လဟုရူပ ပဒဋ္ဌာနာ-လျင်မြန်သော နိပ္ဖန္နရုပ်လျှင် နီးစွာသော အကြောင်းရှိ၏။

၂။ မုဒုတာ မုဒုလက္ခဏာ, ထဒ္ဓဘာဝဝိနောဒနာ၊ အဝိရောဓိတုပဋ္ဌာနာ, မုဒုရူပပဒဋ္ဌာနာ။

မုဒုတာ -မုဒုတာသည်၊ မုဒုလက္ခဏာ-နူးညံ့သည်၏ အဖြစ်ဟူသော လက္ခဏာ ရှိ၏၊ ထဒ္ဓဘာဝဝိနော ဒနာ-ပထဝီဓာတ် ဖောက်ပြန်သဖြင့် ခက်ထန်သည်၏ အဖြစ်ကို ပယ်ရှားခြင်းကိစ္စ ရှိ၏၊ အဝိရောဓိတုပဋ္ဌာနာ- ကိုယ်မှုကိစ္စ၌ မဆန့်ကျင်သည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏၊ (လောက၌ နူးညံ့သူသည် မည်သူနှင့်မျှ မဆန့်ကျင်သလို ဤမုဒုတာရုပ်လည်း မည်သည့် ကိုယ်မှုကိစ္စ၌မျှ မဆန့်ကျင်-ဟူလို၊) မုဒုရူပပဒဋ္ဌာနာ-နူးညံ့သော နိပ္ဖန္နရုပ်လျှင် နီးစွာသောအကြောင်း ရှိ၏။

၃။ ကမ္မညတာ တံ လက္ခဏာ, အကမ္မညဝိနောဒနာ၊ အဒုဗ္ဗလတုပဋ္ဌာနာ, ကမ္မညရူပပဒဋ္ဌာနာ။

ကမ္မညတာ -ကမ္မညတာသည်၊ တံလက္ခဏာ-ထိုကိုယ်မှုကိစ္စ၌ ကောင်းသည်၏ အဖြစ်ဟူသောလက္ခဏာ ရှိ၏၊ အကမ္မညဝိနောဒနာ-ဝါယောဓာတ်ပျက်ပြားသဖြင့် ကိုယ်မှုကိစ္စ၌ မခံ့ငြားသည်၏အဖြစ်ကို ပယ်ရှားခြင်း ကိစ္စရှိ၏၊ အဒုဗ္ဗလတုပဋ္ဌာနာ-အားမနည်းသည်၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ထင်လာ၏၊ ကမ္မညရူပ ပဒဋ္ဌာနာ-ကိုယ်မှုကိစ္စ၌ ကောင်းမွန်သော နိပ္ဖန္နရုပ်လျှင် နီးစွာသောအကြောင်းရှိ၏။

လက္ခဏရုပ်။ ။ဆိုင်ရာအကြောင်းတို့က ပြုစီမံလျှင် ဖြစ်၏, ဖြစ်လျှင် ရင့်၏, ရင့်လျှင် ပျက်၏၊ ဤသို့ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်း အမှတ်အသားကို မြင်ရဖြင့် ဤ ရုပ်တရားတွေကား ဆိုင်ရာအကြောင်းတို့ ပြုစီမံ အပ်သော သင်္ခတတရားတွေပါတကားဟု မှတ်သားရ သိရ၏၊ ဤသို့ "သင်္ခတတရား" ဟု မှတ်သားကြောင်း သိကြောင်း ဖြစ်၍ ဥပစယ စသည်ကို လက္ခဏရုပ်ဟု သမုတ်ရသည်၊ နာမ်တရားတွေကို မှတ်သားကြောင်း ဖြစ်သော ဇာတိ ဇရတာ အနိစ္စတာကို လက္ခဏနာမ်ဟု ခေါ်ထိုက်၏၊ [ဓာတုကထာ၌ ရုပ်၏ ဇာတိ နာမ်၏ ဇာတိ စသည် ကွဲပြားပုံကို ထောက်ပါ၊] ဤလက္ခဏရုပ်တို့လည်း ပရမတ်အစစ် မဟုတ်ကြ၊ နိပ္ဖန္နရုပ်များ၏ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းဟူသော အမှတ်အသား ပညတ်များသာ ဖြစ်သည်၊ ဥပစယနှင့် သန္တတိကို ဥပါဒ်, ဇရတာကို ဌီ, အနိစ္စတာကို ဘင် ခေါ်သည်ဟု မှတ်ပါ။

ဥပစယ။ ။"ဒါနံ ဘိက္ခဝေ ပဏ္ဍိတုပညတ္တံ၊ ဘိက္ခဝေ-တို့၊ ဒါနံ-ဒါနကို၊ ပဏ္ဍိတုပညတ္တံ (ပဏ္ဍိတ+ဥပ ညတ္တံ)ပညာရှိတို့ ရှေးဦးအစ ပညတ်ထားအပ်၏" ဤပါဠိ၌ ဥပသဒ္ဒါသည် အစဟူသော အနက်ကို ဟော သကဲ့သို့, ဤ ဥပစယ၌ ဥပသဒ္ဒါလည်း အစဟူသော အနက်ကို ဟော၏၊ ဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေခဏ၌ ကာယ ဘာဝ ဝတ္ထု ဒသကတို့၏ အစဆုံး ဥပါဒ်ခြင်းကိုလည်းကောင်း, သံသေဒဇ ဩပပါတိ ကသတ္တဝါတို့၌ စက္ခု သောတ စသော ဒသက(၇)ပါးတို့ အစဆုံးဥပါဒ်ခြင်းကိုလည်းကောင်း "ဥပစယ" ဟု ခေါ်သည်။

" သမ္မဋ္ဌေ, ဥပသိတ္တေ စ, တေ နိသီဒိံသု မဏ္ဍပေ၊ သမ္မဋ္ဌေ-တံမြက်လှည်းအပ်သည်လည်းဖြစ်သော၊ ဥပသိတ္တေ စ-အထက်၌ ရေဖြန်းအပ်သည်လည်းဖြစ်သော၊ မဏ္ဍပေ-မဏ္ဍပ်၌၊ တေ-ထိုသူတို့သည်၊ နိသီဒိံသု- ထိုင်နေကုန်ပြီ"၊ ဤပါဠိ၌ ဥပသဒ္ဒါသည် ဥပရိအတ္ထ(အထက်ဟူသောအနက်)ကိုလည်း ဟောသကဲ့သို့, ဤ ဥပစယ၌ ဥပသဒ္ဒါသည် အထက်ဟူသောအနက်ကိုလည်း ဟော၏၊ ထို့ကြောင့် တစ်ဘဝအတွက် ရထိုက် သမျှ ရုပ်များမစုံခင် အထက်အထက်၌ တိုးတက်၍

ဖြစ်ခြင်းကိုလည်း "ဥပစယ" ဟုပင် ခေါ်၏၊ ဂဗ္ဘသေယျသတ္တဝါတို့၌ (၁၁)သတ္တာဟ(ဋီကာကျော်အလို သတ္တမ သတ္တာဟ) လောက်ကြာမှ စက္ခု သောတ ဃာန ဇိဝှာ ဒသကတို့ ဖြစ်ကြ၏၊ ထိုအခါကျမှ တစ်ဘဝအတွက် ရထိုက်သမျှရုပ်များ စုံသည်၊ ထို့ကြောင့် စက္ခု သောတ ဃာန ဇိဝှာ ဒသကတို့ ဖြစ်သည့်တိုင်အောင် အတွင်း၌ အားလုံးသောရုပ်တို့၏ ဖြစ်ခြင်းဥပါဒ်ကို "ဥပစယ" ဟုချည်း မှတ်ပါ။

သန္တတိ။ ။သမ္ဗန္ဓာ-ဆက်စပ်လျက်၊ တတိ-ကျယ်ပွားခြင်းသည်၊ သန္တတိ-သန္တတိမည်၏၊ တစ်ဘဝ၌ ရထိုက်သမျှရုပ်များ ပြည့်စုံပြီးနောက် ဆက်၍ တိုးပွားခြင်းကို "သန္တတိ" ဟု ခေါ်၏၊ ထို့ကြောင့် ဂဗ္ဘသေယျက သတ္တဝါတို့ သန္တာန်၌ စက္ခုဒသကစသည်တို့ ပထမအကြိမ်ဖြစ်ပြီးနောက် ဆက်ကာဆက်ကာ ရုပ်ကလာပ် တို့၏ မသေမချင်း ဥပါဒ်မှုကို သန္တတိဟုချည်း ခေါ်၏၊ သံသေဒဇ ဩပပါတိက သတ္တဝါတို့မှာ ပဋိသန္ဓေခဏ ၌ပင် ရထိုက်သမျှရုပ်များ စုံပြီဖြစ်၍ ပဋိသန္ဓေ၏ ဥပါဒ်မှနောက်၌ ထပ်၍ဥပါဒ်သမျှရုပ်ကို "သန္တတိ" ဟု ခေါ်ရမည်၊ "မြစ်ကမ်းပါး၌ လက်ယက်တွင်း တူးရာ, ပထမ ရေထွက်ခြင်းသည် ပထမအနက်ရှိသော ဥပစယနှင့် တူ၏၊ တစ်တွင်းလုံး ရေပြည့်အောင် အထက်အထက်၌ တိုးတက်၍ ထွက်လာခြင်းသည် ဥပရိ အနက်ရှိသော ဥပစယနှင့် တူ၏၊ ရေပြည့်ပြီးနောက် တွင်းကို လျှံ၍ ရေတွေ စီးသွားခြင်းသည် သန္တတိနှင့် တူ၏" ဟု အဋ္ဌကထာတို့၌ ဥပမာပြ၏။ [ဆောင်ပုဒ်ကို အခြေပြု၌ ရှုပါ။]

အမှာ။ ။"ဤ ဥပစယ သန္တတိကို ခန္ဓာကိုယ်မှ အပြင်ပဖြစ်သော သစ်ပင် တော တောင်တို့၌လည်း ရထိုက်၏" ဟု ယူကြသေး၏၊ သစ်ပင်တစ်ပင်၏ အစဆုံး ဖြစ်မှု, ကြီးပွားသင့်သလောက် တိုးတက် ကြီးပွားမှုများကို "ဥပစယ" ဟု ခေါ်၍, တိုးတက် ကြီးပွားခြင်းအရှိန် ကုန်သဖြင့် ပင်ကိုအတိုင်း ဆက်လက်ဖြစ်နေမှုကို "သန္တတိ" ဟု ခေါ်ကြသည်၊ ဤဥပစယ သန္တတိအဓိပ္ပာယ်ကို မြန်မာ အဓိပ္ပာယ်ရေး ကျမ်းများ၌ အမျိုးမျိုး ရေးသားကြ၏၊ အဋ္ဌကထာ ဋီကာများနှင့် ဋီကာကျော် အဘိဓမ္မာဝတာရဋီကာများအလို ကျ / မကျကို နှိုင်းချင့်ကြပါကုန်။

ဇရတာ အနိစ္စတာ။ ။ဇရာနံ-ရင့်သောနိပ္ဖန္နရုပ်တို့၏၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာ လက္ခဏာသည်၊ ဇရတာ-ဇရတာမည်၏၊ နိပ္ဖန္နရုပ်တို့၏ ဥပါဒ်ပြီးနောက် မချုပ်ခင် ခဏငယ်(၄၉)ချက်ခန့် တည်နေခြင်း ဌီကိုပင် ရင့်နေမှုသဘောဖြစ်၍ "ဇရတာ" ဟု ခေါ်သည်၊ အနိစ္စာနံ-မမြဲသောနိပ္ဖန္နရုပ်တို့၏၊ ဘာဝေါ-သည်၊ အနိစ္စတာ- မည်၏၊ ထို(၄၉)ချက်ခန့် တည်တံ့ပြီးနောက် ချုပ်ခြင်းဘင်ကို "အနိစ္စတာ" ဟု ခေါ်သည်။ ["သဗ္ဗေ သင်္ခါရာ အနိစ္စာ" ၌ အနိစ္စဟူသည် မမြဲသော ရုပ် နာမ် သင်္ခါရအားလုံးတည်း။

ဇာတိရူပမေဝ ပနေတ္ထ ဥပစယသန္တတိနာမေန။ ။အခြားပါဠိတော်များ၌ ဖြစ်ခြင်း (ဥပါဒ်) ဟူသမျှကို

" ဇာတိ" ဟု သာမညအားဖြင့် ဟောတော်မူ၏ ၊ ဓမ္မသင်္ဂဏီ ရူပကဏ္ဍ ပါဠိတော်၌ကား တစ်ဘဝ တစ်ဘဝ၌ "အစစွာဖြစ်ခြင်း, ပြည့်စုံသည့်တိုင်အောင် တိုးတက်၍ ဖြစ်ခြင်း, ပြည့်စုံပြီးနောက် ဆက်စပ်၍ အထပ်ထပ် ဖြစ်ခြင်း" ဟု ဖြစ်ပုံအခြင်းအရာကွဲပြားမှုကို စွဲ၍ ဥပသဒ္ဒါက အစ ဟူသောအနက်, အထက်ဟူသောအနက် ကို ဟောသောကြောင့် ရှေ့ဖြစ်ပုံနှစ်မျိုးကို "ဥပစယ" ဟု နာမည်တပ်၍, သန္တတိသဒ္ဒါက ဆက်စပ်ကျယ်ပွား ခြင်းအနက်ကို ဟောသောကြောင့် ဆက်စပ်၍ အထပ်ထပ် ဖြစ်ခြင်းကို "သန္တတိ" ဟု နာမည် တပ်တော် မူသည်။

အချုပ်ကား –ထိုကဲ့သို့ ဖြစ်ပုံအခြင်းအရာ ကွဲပြားသည်အားလျော်စွာ ဓမ္မသင်္ဂဏီပါဠိတော်ကို နာခံကုန် သော ဝေနေယျတို့ကလည်း ဥပစယ-သန္တတိဟု ခွဲခြား၍ ဟောမှ အဦးအစဖြစ်ခြင်း, အထက်အထက်၌ဖြစ် ခြင်း, ဆက်စပ်၍ အထပ်ထပ် ဖြစ်ခြင်းကို နားလည်နိုင် သဘောကျနိုင်ကြသည်၊ ဤသို့ ဖြစ်ပုံအခြင်းအရာက ကွဲပြားသောကြောင့်လည်းကောင်း, ဝေနေယျတို့၏ အလိုလိုက်၍ အကြိုက်ကျစေတော်မူလိုသောကြောင့် လည်းကောင်း ဇာတိရုပ်ကိုပင် ဥပစယ-သန္တတိဟု အမည် နှစ်မျိုးတပ်၍ ဟောတော်မူသည်။

[ ဆောင်] ဖြစ်ပုံခြင်းရာ, ကွဲသည့်တာနှင့်, ဝေနေယျာပေါင်း, ကျေနပ်ကြောင်းဖြင့်, ထုံးဟောင်း နယု, မျှော်ခေါ်ရှုလျက်, ဥပစယံ, မည်နာမံရှိ, သန္တတိဟု, ဇာတိကိုပင်, ခွဲ၍လျှင်, ရှင်ပင် ဟောခဲ့သည်။

သုတ္တန် ဇာတိ ဇရာ မရဏ။ ။အချို့ သုတ္တန်အလိုအားဖြင့် အမိဝမ်းဝယ် ကိန်းအောင်းနေရခြင်းသည် ဇာတိ(ပဋိသန္ဓေနေရခြင်း) မည်၏၊ ဖြစ်ဆဲဘဝမှ ရွေ့လျောရ သေရခြင်းသည် မရဏမည်၏၊ မသေမီအတွင်း ၌ တည်နေရခြင်းသည် ဇရာမည်၏၊ ထို ဇာတိ ဇရာ မရဏတို့ကား ပညတ်သုံးမျှသာ ဖြစ်၍ သမ္မုတိဇာတိ, ဇရာ, မရဏတည်း၊ ထိုတွင် ဇရာသည်သွားကျိုး, ဆံဖြူ, နားအူ, မျက်မွဲ အရေတွန့်တွဲအောင် မထင်ရှားသေး ခင် ရင့်ရော်နေခြင်းသည်ပင် ပဋိစ္ဆန္နဇရာ မည်၏၊ "ဖုံးကွယ်နေသော အိုခြင်းသဘောတရား" ဟူလို၊ သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အရေတွန့်တွဲခြင်း ထင်ရှားအောင် ရင့်ရော် ယိုယွင်း အိုမင်းခြင်းသည် ပါကဋဇရာမည်၏၊ ထို့ပြင်-နာမ်တရားတို့၏ ရင့်မှုသည် မထင်ရှားသောကြောင့် ပဋိစ္ဆန္နဇရာပင်တည်း၊ မြေ, ရေ, တော, တောင်, လ, နေစသည်တို့မှာလည်း ဇရာရှိ၏၊ ထိုဇရာမျိုးကို "အဝီစိဇရာ" ဟု ဆို၏၊ [အ=မရှိ+ဝီစိ=အကြား၊] အသိ ခက်သဖြင့် သိအပ်သော အကြားမရှိသောဇရာဟု ဆိုလိုသည်၊ ပဋိစ္ဆန္နဇရာမျိုးပင်တည်း။

〰〰〰〰〰〰〰〰

ရူပဝိဘာဂအဖွင့်

သဗ္ဗဉ္စ ပနေတံ ရူပံ အဟေတုကံ သပ္ပစ္စယံ သာသဝံ သင်္ခတံ လောကိယံ ကာမာဝစရံ အနာရမဏံ အပ္ပဟာတဗ္ဗမေဝါတိ ဧကဝိဓံပိ အဇ္ဈတ္တိကဗာဟိရာဒိဝသေန ဗဟုဓာ ဘေဒံ ဂစ္ဆတိ။

အဟေတုကံ။ ။မူလဋ္ဌေန လောဘာဒိကော အလောဘာဒိကော စ ၊ပေ၊ နာဿ ဟေတု အတ္ထီတိ အဟေတုကံ၊–ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ မူလဋ္ဌေန-ရေသောက်မြစ်နှင့် တူသည်၏အဖြစ်ကြောင့်၊ လောဘာဒိ ကော-လောဘအစရှိသော တရားသည်လည်းကောင်း၊ အလောဘာဒိကော စ-အလောဘအစရှိသော တရားသည်လည်းကောင်း၊ ဟေတု-ဟိတ်မည်၏၊ အဿ-ထိုရုပ်တရား၏၊ ဟေတု-ယှဉ်ဖက်ဟိတ်သည်၊ န အတ္ထိ-မရှိ၊ ဣတိ-ကြောင့်၊ အဟေတုကံ-အဟေတုကမည်၏၊ ဋီကာကျော်၌ကား ရုပ်တရားများသည် အဗျာကတဇာတ် ဖြသ်သောကြောင့် အဗျာကတဟိတ်နှင့် ယှဉ်/မယှဉ်သာ လျဉ်းပါးဖွယ်ရှိရကား "သမ္ပယုတ္တ ဿ အလောဘာဒိ ဟေတုနော အဘာဝါ" ဟု အလောဘစသော အဗျာကတဟိတ်များနှင့် မယှဉ်ကြောင်း ကိုသာ ဖွင့်ပြသည်၊ လောဘစသော အကုသိုလ်ဟိတ်နှင့် မယှဉ်ကြောင်းမှာ ထင်ရှားပြီဟု ယူလိုသတဲ့၊ သို့သော် "အကုသိုလ်စိတ်ကြောင့်ဖြစ်သော ရုပ်တရားများသည် အကုသိုလ်ဟိတ်နှင့် ယှဉ်လေသလား" ဟု ယုံမှားဖွယ် ရှိနိုင်သည်သာ ဖြစ်သောကြောင့် မဟာဋီကာ၌ လောဘစသော အကုသိုလ်ဟိတ်များနှင့်လည်း မယှဉ်ကြောင်းကို ဖွင့်ပြသည်။

သပ္ပစ္စယံ သာသဝံ။ ။ရူပသမုဋ္ဌာန်ခန်း၌ လာလတ္တံ့အတိုင်း ကံ စိတ် ဥတု အာဟာရတို့တွင် ဆိုင်ရာ အကြောင်း တစ်ခုခုနှင့် တကွဖြစ်ရရသောကြောင့် ရုပ်ဟူသမျှ သပ္ပစ္စယချည်းသာတည်း၊ သဟ ပစ္စယေန ယံ ဝတ္တတီတိ သပ္ပစ္စယံ၊ အာသဝေါတရားတို့၏ တရားကိုယ်မှာ လောဘ ဒိဋ္ဌိ မောဟတည်း၊ ထိုလောဘ စသည် ကား လောကီရုပ်နာမ် အားလုံးကို အာရုံပြုသည်၊။ မိမိကို အာရုံပြုသော ထိုအာသဝေါတရားများနှင့် တကွ ဖြစ်သောကြောင့် ရုပ်ဟူသမျှ သာသဝချည်းတည်း၊ "တကွဖြစ်" ဟူရာ၌ သမ္ပယုတ္တသဘောဖြင့် တကွဖြစ်ခြင်း မဟုတ်, အာသဝေါတရားတို့က အာရုံပြုတတ်သော အာရမဏိကတရား, ရုပ်တို့က အာရုံ အပြုခံရသော အာရုံတရားဖြစ်၍ "အာရုံ အာရမဏိက အဖြစ်အားဖြင့် တကွဖြစ်သည်" ဟု မှတ်ပါ၊ သဟ+အာသဝေန ယံ ဝတ္တတီတိ သာသဝံ။

သင်္ခတံ , လောကိယံ။ ။ကံ စိတ် ဥတု အာဟာရတို့တွင် ဆိုင်ရာအကြောင်းတရားတို့က ပြုစီမံအပ်သည်ဖြစ်၍ ရုပ်ဟူသမျှ သင်္ခတချည်းတည်း၊ ပစ္စယေဟိ-ဆိုင်ရာအကြောင်းတို့သည်၊ သင်္ခရီယတိ-ပြုစီမံအပ် ၏၊ ဣတိ-ကြောင့်၊ သင်္ခတံ-မည်၏၊ လောကုတ္တရာစိတ်အဖွင့်၌ ပြအပ်ခဲ့သော လောကသုံးမျိုးတွင် ဤရုပ် တရားတို့သည် သင်္ခါရလောက၌ ပါဝင်ကြသောကြောင့် "လောကိယ" မည်၏၊ လောကေ-သင်္ခါရလောက၌၊ နိယုတ္တံ-ယှဉ်သော (ပါဝင်သော) တရားတည်း၊ လောကိယံ-သင်္ခါရလောက၌ ယှဉ်သောတရား။

ကာမာဝစရံ , အနာရမဏံ။ ။ကာမအရ ကာမတဏှာကိုယူ၊ ထိုကာမတဏှာသည် ရုပ်တရားများ အပေါ်၌ အာရုံပြုလျက် သက်ဝင် ကျက်စား၏၊ ထို့ကြောင့် ရုပ်ဟူသမျှ ကာမာဝစရချည်းတည်း၊ ကာမဿ- ကာမတဏှာ၏၊ အဝစရံ-သက်ဝင် ကျက်စားရာ ဖြစ်သောရုပ်၊ ရုပ်တရားသည် နာမ်တရားကဲ့သို့ အာရုံကို မယူတတ်၊ သို့အတွက် ရုပ်မှာ အာရုံမရှိသောကြောင့် "အနာရမဏ" ချည်းတည်း၊ နတ္ထိ+အာရမဏံ ယဿာတိ အနာရမဏံ။

အပ္ပဟာတဗ္ဗမေဝ။ ။ယုတ်မာဆိုးဝါး၍ မကောင်းကျိုးများလှသော အကုသိုလ်တရားကိုသာ ပယ် ထိုက်သည်၊ ရုပ်တရားကား ထိုကဲ့သို့ မဆိုးဝါးသဖြင့် တဒင်္ဂပဟာန (ကာမကုသိုလ်), ဝိက္ခမ္ဘနပဟာန (မဟဂ္ဂုတ်ကုသိုလ်), သမုစ္ဆေဒပဟာန (မဂ်ကုသိုလ်), ဤကုသိုလ်သုံးမျိုးတို့ မပယ်အပ် မပယ်ထိုက်၊ ပယ်လို့ လည်း မဖြစ်၊ ထို့ကြောင့် ရုပ်ဟူသမျှ "အပ္ပဟာတဗ္ဗ" ချည်းတည်း၊ န+ပဟာတဗ္ဗံ အပ္ပဟာတဗ္ဗံ။

အပ္ပဟာတဗ္ဗနှင့် တံ ပဇဟထတို့ မဆန့်ကျင်။ ။ဤ၌ အပ္ပဟာတဗ္ဗဟု ဆိုအပ်သော စကားသည် "ရူပံ ဘိက္ခဝေ န တုမှာကံ, တံ ပဇဟထ" ဟူသော သံယုတ်ပါဠိတော် (န တုမှာကဝဂ်)နှင့် ဆန့်ကျင်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား–"ရူပံ ဘိက္ခဝေ န တုမှာကံ, တံ ပဇဟထ" ဟူသော ပါဠိတော် စကားသည် မုချ နီတတ္ထစကား မဟုတ်, ရုပ်၌ တပ်မက်သော ဆန္ဒရာဂ၏ အပေါ်မှာ တင်စား၍ ဟောတော်မူအပ် သော ဌာနူပစာ (နေယျတ္ထ) ပါဠတော် ဖြစ်၍ မဆန့်ကျင်ပါ။

ချဲ့ဦးအံ့ –ဘိက္ခဝေ-တို့၊ ရူပံ-ရုပ်တရားသည်၊ တုမှာကံ-သင်တို့၏၊ န သန္တကံ-ဥစ္စာမဟုတ်၊ တံ-ထိုသင်တို့ ဥစ္စာ မဟုတ်သော ရုပ်တရားကို၊ ဝါ-ထိုရုပ်၌ တပ်မက်သော ဆန္ဒရာဂကို၊ ပဇဟထ-ပယ်စွန့်လိုက်ကြကုန် လော့၊ ဤသို့ ရုပ်ကို အာရုံပြုလျက် တပ်မက်သော ဆန္ဒရာဂကိုပင် အာရုံဌာန၏ ရူပဟူသော နာမည်ကို ဌာနီအာရမဏိက ဆန္ဒရာဂအပေါ် တင်စား၍ ဌာနူပစာရအားဖြင့် ဟောတော်မူသောကြောင့် "ရူပံ ဘိက္ခဝေ" စသော ပါဠိတော်သည်

တိုက်ရိုက်သိအပ်သော အနက်အဓိပ္ပာယ်ရှိသော နီယတ္ထပါဠိ မဟုတ်, ဥပစာ တင်စားလျက် ဆက်သွယ်၍ သိအပ်သော အနက်အဓိပ္ပာယ်ရှိသော နေယျတ္ထပါဠိ ဖြစ်သည်၊ ထို့ကြောင့်ပင်လျှင် "ရူပေ ခေါ ရာဓ ယော ဆန္ဒော ယော ရာဂေါ, ယာ နန္ဒီ, ယာ တဏှာ၊ တံ ပဇဟထ" ဟု ရာဓသံယုတ်၌ နီယတ္ထဒေသနာကို ဟောပြ တော်မူပြန်သည်၊ ဤ သင်္ဂြိုဟ်၌ အပ္ပဟာတဗ္ဗံဟူသော စကားသည် မုချ နီယတ္ထစကား ဖြစ်၏၊ "မပယ်အပ်ဟု ဆိုသည့်အတိုင်း တကယ့်ကို မပယ်အပ် မပယ်ထိုက်" ဟူလို။

ဣတိ ဧကဝိဓံပိ။ ။ဣတိသဒ္ဒါသည် ပကာရ (အတူဟူသော) အနက်ရှိ၏၊ ဤသို့ ဧကဝိဓချင်းတူ သော "ရုပ်ဟူသမျှ သံယောဇနီယချည်းသာ, ဩဃနီယချည်းသာ" စသော စကားများကို ညွှန်ပြသည်၊ ဧကဝိဓ ဖြစ်ပုံကား–"ရုပ်ဟူသမျှ အဟေတုက စသော တစ်မျိုးစီသာ ရှိ၏၊ အဟေတုကရုပ် သဟေတုကရုပ် ဟု နှစ်မျိုး မရှိ၊ သပ္ပစ္စယရုပ် အပ္ပစ္စယရုပ်ဟု နှစ်မျိုး မရှိ, သာသဝရုပ် အနာသဝရုပ်ဟု နှစ်မျိုး မရှိ၊ သင်္ခတရုပ် အသင်္ခတရုပ်ဟု နှစ်မျိုး မရှိ, လောကိယရုပ် လောကုတ္တရာရုပ်ဟု နှစ်မျိုး မရှိ, ကာမာဝစရရုပ် ရူပါဝစရရုပ် အရူပါဝစရရုပ်ဟု သုံးမျိုး မရှိ, အနာရမဏရုပ် သာရမဏရုပ်ဟု နှစ်မျိုး မရှိ, အပ္ပဟာတဗ္ဗရုပ် ပဟာတဗ္ဗရုပ်ဟု နှစ်မျိုး မရှိ" ဟူလို။

ပသာဒသင်္ခါတံ ပဉ္စဝီဓံပိ အဇ္ဈတ္တိကရူပံ နာမ, ဣတရံ ဗာဟိယရူပံ။ ။အတ္တာနံ+အဓိကိစ္စ ပဝတ္တာ အဇ္ဈတ္တံ၊ အတ္တာနံ-အတ္တကို၊ အဓိကိစ္စ-စွဲမှီရည်မှန်း၍၊ ပဝတ္တာ-ဖြစ်သောတရားတို့တည်း၊ အဇ္ဈတ္တံ-အတ္တကို စွဲမှီ ရည်မှန်း၍ ဖြစ်သော တရားတို့၊ "ငါတို့သည် ခန္ဓာကိုယ်တွင်း၌ ဖြစ်ကြရလို့ရှိလျှင် ငါတို့ကို အတ္တဟု စွဲလမ်း ကြလိမ့်မည်" ဤသို့ "အတ္တအဖြစ်ကို ရည်မှန်း၍ (အတ္တဟု အစွဲအလမ်း ခံလို၍) ဖြစ်သောတရားများ" ဟု ဆိုလိုသည်၊ တရားကိုယ်မှာ ခန္ဓာကိုယ်၌ ဖြစ်သမျှ စိတ်, စေတသိက်, ရုပ်အားလုံးတည်း၊ (မာတိကာ အကောက်၌ အဇ္ဈတ္တာဓမ္မာအရကို ကြည့်၊) အဇ္ဈတ္တေ ဘဝံ အဇ္ဈတ္တိကံ၊ အဇ္ဈတ္တေ-အဇ္ဈတ္တတရား အပေါင်း၌၊ ဘဝံ-ဖြစ်သောရုပ်တည်း၊ "အဇ္ဈတ္တတရားအပေါင်း၌ ဖြစ်သော" ဟူရာဝယ် "ဖြစ်" ဟူသည်ကား ပါဝင်သည်ဟု ဆိုလို၏၊ ထို့ကြောင့် "အဇ္ဈတ္တတရားအပေါင်းတွင် ပါဝင်သော ပသာဒရုပ်ငါးပါးကို အဇ္ဈတ္တိကရုပ်" ဟု မှတ်ပါ။

အဇ္ဈတ္တိကသဒ္ဒါ အထင်ရုဠှီ။ ။စိတ် စေတသိက်နှင့် အခြားရုပ်များလည်း အဇ္ဈတ္တတရားတွင် အပါအဝင် ဖြစ်ကြသောကြောင့် အဇ္ဈတ္တိကမည်သင့်ပေ၏၊ သို့သော် "အဇ္ဈတ္တေ ဘဝါ"ဟူသော ဝိဂြိုဟ်အရ အဇ္ဈတ္တဘဝန သဘောက ပသာဒရုပ် ငါးပါး၌သာ ထင်ရှားသောကြောင့် အထင်ရုဠှီအားဖြင့် ပသာဒရုပ်ကိုသာ အဇ္ဈတ္တိကဟု ဆိုရသည်၊ ထို့ကြောင့် အဇ္ဈတ္တိကတိက်အဖွင့်မူလဋီကာ၌ "အဇ္ဈတ္တေ ဘဝါ အဇ္ဈတ္တိကာတိ နိယကဇ္ဈတ္တေသုပိ အဗ္ဘန္တရာ စက္ခာဒယော ဝုစ္စန္တိ" ဟု မိန့်ပြီ၊ အဇ္ဈတ္တေ ဘဝါ အဇ္ဈတ္တိကာတိ-အဇ္ဈတ္တေ ဘဝါ အဇ္ဈတ္တိကာ ဟူသော ဤပါဌ်ဖြင့်၊ နိယကဇ္ဈတ္တေသုပိ-ခန္ဓာကိုယ်ကို စွဲမှီ၍ဖြစ်သော အဇ္ဈတ္တတရားတို့တွင် လည်း၊ အဗ္ဘန္တရာ-အတွင်းကျကုန်သော၊ စက္ခာဒယော-စက္ခု အစရှိသည်တို့ကို၊ ဝုစ္စန္တိ-ဆိုအပ်ကုန်၏။

အဇ္ဈတ္တဘဝနသဘော ထင်ရှားပုံ။ ။အဇ္ဈတ္တ၌ အဖြစ်ချင်း တူပါလျက် အဇ္ဈတ္တဘဝနသဘောသည် အဘယ့်ကြာင့် စက္ခုစသည်၌သာ ထင်ရှားပါသနည်းဟု မေး၊ အဖြေကား-အခြားတရားတွေ ရှိသော်လည်း စက္ခုစသည်တို့မရှိလျှင် ခန္ဓာကိုယ်သည် ထင်းတုံးကြီးပမာ ဘယ်အရာကိုမျှ မသိမမြင် အသုံးမဝင်ဘဲ ရှိရာ၏၊ ဤစက္ခု စသည်တို့ကြောင့်သာ အရာရာကို သိမြင်၍ အသုံးဝင်လျက် ရှိသည်၊ လောက၌ အသုံးဝင်သူသာ ဆိုင်ရာကိစ္စ၌ ထင်ရှားသကဲ့သို့, ထို့အတူ ခန္ဓာကိုယ်တွင် အသုံးအကျဆုံးဖြစ်သော စက္ခုစသည်သာလျှင် အဇ္ဈတ္တဘဝနသဘော ထင်ရှားသည်။

မှတ်ချက်။ ။ဤအဓိပ္ပာယ်အရ အဇ္ဈတ္တိကရုပ်ကို မြန်မာလို "အတွင်းရုပ်" ဟု ဆိုလိုသည်၊ "အတွင်း" ဆိုသောကြောင့် ခန္ဓာကိုယ်မှာ အတွင်းအကျဆုံးဟု မမှတ်ရ, လောက၌ အသုံးအကျဆုံး, အယုံ အကြည်ရဆုံး လူကို "အတွင်းလူ" ဟု ခေါ်သကဲ့သို့ ခန္ဓာကိုယ်မှာ ကျေးဇူးအများဆုံးရုပ်ဟု မှတ်ပါ၊ [အဇ္ဈတ္တတိက်အဖွင့်၌ ဤစက္ခု စသည်ကို အဇ္ဈတ္တဇ္ဈတ္တ(အဇ္ဈတ္တတွင် လွန်ကဲသော အဇ္ဈတ္တတရား) ဟု ဆို၏၊ ဤအလို "အဇ္ဈတ္တာနံ ဝိသေသံတိ အဇ္ဈတ္တိကံ" ဟု ဝိဂြိုဟ်ပြုလျှင် သာ၍ ရှင်းလင်း၏၊ အဇ္ဈတ္တိကဒုက်အဖွင့်၌ကား ဏိကပစ္စည်းကို အနက်မရှိ ကြံ၍ အဇ္ဈတ္တပုဒ်ရင်းကိုက ရုဠှီအားဖြင့် စက္ခုစသည်ကို ဟောသည်ဟု ဖွင့်သည်။]

ဗာဟိယရုပ်။ ။ဗဟိ+ဇာတံ ဗာဟိယံ၊ ခန္ဓာကိုယ်၏ အပြင်ပမှာ ဖြစ်သည် မဟုတ်သော်လည်း လောက၌ ကျေးဇူးမများတဲ့လူကို "အပြင်လူ"ဟု ခေါ်ရသကဲ့သို့ ခန္ဓာကိုယ်၌ စက္ခုပသာဒ စသည်တို့လောက် ကျေးဇူးမများ မထင်ရှားသဖြင့် ပသာဒရုပ်ငါးပါးမှ ကြွင်းသောရုပ်များကို ဗာဟိယရုပ်(အပြင်ရုပ်) ဟု ရုဠှီအား ဖြင့်ပင် ခေါ်ဆိုသမုတ်ရလေသည်။ [ဗဟိ-အပြင်ပ၌၊ ဇာတံ-ဖြစ်သော ရုပ်တည်း၊ ဗာဟိယံ-အပြင်ပ၌ ဖြစ်သောရုပ်၊ ဇာတအနက်၌ ဏိကပစ္စည်းသက်၍ "ဗာဟိယ"ဟု ဆရာမြတ်တို့ ဆုံးဖြတ်ကြသည်၊ "ဗာဟိရ" ဟုလည်း ရှိသည်။]

ပသာဒဟဒယသင်္ခါတံ ဆဗ္ဗိဓံပိ ဝတ္ထုရူပံ နာမ, ဣတရံ အဝတ္ထုရူပံ။ ။မှီရာရုပ်ကို ဝတ္ထုရုပ်, မှီရာမဟုတ်

သောရုပ်ကို "အဝတ္ထုရုပ်" ဟု ခေါ်၏၊ စိတ် စေတသိက်တို့၏ မှီရာကိုသာ ဝတ္ထုရုပ်ဟု ဆိုသောကြောင့် ဥပါဒါ ရုပ်တို့၏ မှီရာ မဟာဘုတ်များကို ဝတ္ထုရုပ်ဟု မခေါ်ထိုက်ပေ၊ ထို့ကြောင့် ပသာဒရုပ်များသာ ဝတ္ထုရုပ်ဖြစ်၍, ကျန်ရုပ်များကား အဝတ္ထုရုပ် (ဝတ္ထုရုပ်မဟုတ်သောရုပ်) များတည်း။

ပသာဒဝိညတ္တိသင်္ခါတံ သတ္တဝိဓံပိ ဒွါရရူပံ နာမ, ဣတရံ အဒွါရရူပံ။ ။ဒွါရသဒ္ဒါသည် "အကြောင်း" အနက်ကို ဟော၏၊ စက္ခုပသာဒသည် စက္ခုဒွါရိကဝီထိစိတ်တို့၏ ဖြစ်ကြောင်းတည်း၊ စက္ခုမရှိလျှင် စက္ခုဒွါရိ ကဝီထိစိတ်များ မဖြစ်နိုင်၊ စက္ခုပသာဒ၌ ရူပါရုံ ထင်လာမှသာ စက္ခဒွါရိကဝီထိစိတ်များ ဖြစ်နိုင်ကြသည်၊ သောတ ဃာန ဇိဝှာ ကာယပသာဒတို့၌လည်း နည်းတူ၊ ထို့ကြောင့် ပသာဒရုပ်ငါးပါးကို "ဥပပတ္တိဒွါရ" ဟု ခေါ်၏၊ [ဥပပတ္တိ=ဝီထိစိတ်တို့ ဖြစ်ခြင်း၏+ဒွါရ=အကြောင်း၊] ဝိညတ်ရုပ်နှစ်ခုကား ကံ၏ ဖြစ်ကြောင်းဖြစ်၍ ကမ္မဒွါရ မည်၏၊ [ကမ္မ=ကံ၏+ဒွါရ=အကြောင်း၊] ကာယဝိညတ်သည် ကာယကံထမြောက်ဖို့ အကြောင်း ဖြစ်၍ ကာယကမ္မဒွါရ မည်၏၊ ဝစီဝိညတ်သည် ဝစီကံ၏ ထမြောက်ဖို့ အကြောင်းဖြစ်၍ ဝစီကမ္မဒွါရ မည်၏၊ ကျန် ရုပ်များကို အဒွါရရုပ် (ထိုကဲ့သို့ ဖြစ်ကြောင်းမဟုတ်သော ရုပ်ဟု မှတ်ပါ။)

ပသာဒဘာဝဇီဝိတသင်္ခါတံ ၊ပေ၊ ဣန္ဒြယရူပံ နာမ, ဣတရံ အနိန္ဒြိယရူပံ။ ။ဣန္ဒြိယသဒ္ဒါသည် "အစိုးရခြင်း" ဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် ဆိုင်ရာကိစ္စ၌ အစိုးရသော ပသာဒ ဘာဝ ဇီဝိတရုပ် များကို "ဣန္ဒြိယရုပ်"ဟု ခေါ်၏၊ ချဲ့ဦးအံ့–စက္ခုပသာဒသည် မြင်ခြင်း(ဒဿန)ကိစ္စ၌ အစိုးရ၏၊ စက္ခုဝိညာဏ် ကသာ မြင်ရသည်မှန်သော်လည်း စက္ခုဝိညာဏ် မြင်ချင်တိုင်း မမြင်နိုင်၊ စက္ခုပသာဒ၏ အင်အားလိုက်၍ မြင်ရသည်၊ စက္ခုပသာဒက အားကောင်းလျှင် အမြင်သန်၍, စက္ခုပသာဒက အားသေးလှင် အမြင်အားသေး ရသည်၊ ဤသို့ ဒဿနကိစ္စ၌ စက္ခုပသာဒ စိုးပိုင်၏၊ သဝနကိစ္စ ဃာယနကိစ္စ သာယနကိစ္စ ဖုသနကိစ္စတို့၌ သောတပသာဒ စသည်တို့က စိုးပိုင်ကြပုံကိုလည်း သိပါ။

ဘာဝရုပ်။ ။ဘာဝရုပ်များသည် ပြအပ်ပြီးသော လိင်္ဂ နိမိတ္တ ကုတ္တ အာကပ္ပတို့၌ စိုးပိုင်၏၊ ဣတ္ထိ ဘာဝရုပ်ရှိသူ သန္တာန်မှာ ဣတ္ထိဘာဝရုပ်၏ အမိန့်အာဏာအတိုင်း ဣတ္ထိဘာဝရုပ်များသူ သန္တာန်မှာ ဣတ္ထိ ဘာဝရုပ် အမိန့်အာဏာအတိုင်း ဣတ္ထိလိင်္ဂ ဣတ္ထိနိမိတ္တ ဣတ္ထိကုတ္တ ဣတ္ထာကပ္ပတို့ ဖြစ်၍, ပုရိသဘာဝရုပ်ရှိသူ သန္တာန်မှာ ပုရိသဘာဝရုပ်၏ အမိန့်အာဏာအတိုင်း ပုရိသလိင်္ဂ စသည်တို့ ဖြစ်ပေါ်ရပေသည်၊ ယခုကာလ အစိုးရတို့၏ အာဏာကို မလိုက်နာသူများ အနည်းငယ်ရှိသေးသော်လည်း "အစိုးရ" ဟူသော နာမည်မပျက် သကဲ့သို့ အချို့သူတို့သန္တာန်၌ ဘာဝရုပ်၏ အမိန့်အာဏာအတိုင်း လိင်္ဂ နိမိတ္တစသည် တို့ မဖြစ်ကြသော်လည်း ဣန္ဒြိယဟူသော နာမည်ကား မပျက်တော့။

ဇီဝိတ။ ။ဇီဝိတရုပ်သည် မိမိနှင့် အတူဖြစ်ဖက် ကမ္မဇရုပ်များကို စောင့်ရှောက်ခြင်းကိစ္စ၌ အစိုးရ၏၊ ဇီဝိတရုပ်က စောင့်ရှောက် ထောက်ပံ့မှုကြောင့်သာ ကမ္မဇရုပ်များ ခဏငယ်(၅၀)ခန့် အသက်ရှည်နိုင်ကြသည်၊ ဤရှစ်ပါးမှ ကြွင်းသောရုပ်များကား အစိုးမရသောကြောင့် အနိန္ဒြိယရုပ်များတည်း။

ပသာဒဝိသယသင်္ခါတံ ဒွါဒသဝိဓံပိ ဩဠာရိကရူပံ သန္တိကေရူပံ သပ္ပဋိဃရူပဉ္စ, ဣတရံ သုခုမရူပံ ဒူရေရူပံ အပ္ပဋိဃရူပဉ္စ။

ဩဠာရိက , သုခုမ။ ။အကြမ်းရုပ်ကို ဩဠာရိကရုပ်, အနုရုပ်ကို သုခုမရုပ်ဟု ခေါ်၏၊ "အကြမ်း အနု" ဟူရာ၌ အတွေ့ကြမ်းမှု နုမှု မဟုတ်၊ ဉာဏ်စက္ခုဖြင့် ကြည့်ရှုဆင်ခြင်သောအခါ ပေါ်လွင်ထင်ရှားသည်ကို "ကြမ်းသည်-ထူထဲသည်" ဟု ဆိုလိုသည်၊ ရူပါရုံ၏ စက္ခုပသာဒ၌ ထိခိုက်ထင်လာပုံကို ဆင်ခြင်သောအခါ ထိုရုပ်နှစ်ခု၏ သဘောသည် ဆင်ခြင်သူ့ဉာဏ်၌ သိသာထင်ရှား၏၊ ထို့အတူ သဒ္ဒါရုံနှင့် သောတပသာဒ စသည်တို့လည်း သိသာထင်ရှားပေသည်၊ သုခုမရုပ်တို့တွင် အာပေါဓာတ်ကို ဆင်ခြင်သောအခါ ထိုစက္ခု ပသာဒရုပ်များလို မထင်ရှားချေ၊ ဘာဝရုပ် စသည်များလည်း ထို့အတူ မထင်ရှားချေ၊ ထို့ကြောင့် ပသာဒနှင့် ရူပါရုံစသော ဝိသယရုပ်များကို ဩဠာရိကရုပ်ဟု ခေါ်၍, ထိုမှ ကြွင်းသမျှ အာပေါဓာတ် စသည်ကို သုခုမရုပ် ဟု ခေါ်ရသည်။

သန္တိကေ ဒူရေရုပ်။ ။ဉာဏ်ဖြင့် လှမ်း၍ယူလျှင် အလွယ်တကူ ရနိုင် သိနိုင်သောကြောင့် ထိုဩဠာရိက ရုပ်များကိုပင် သန္တိကေ (အနီးရုပ်) ဟုလည်း ခေါ်ရ၏၊ လောက၌ ရလွယ်သောအရာဝတ္ထုကို "မခက်ပါဘူး, အနီးကလေးပါ" ဟု ပြောဆိုရိုး ရှိသည်များကိုလည်း သတိပြုပါ၊ ဉာဏ်ဖြင့် လှမ်းယူ၍ မလွယ်ကူသောကြောင့် သုခုမရုပ်များကို ဒူရေ (အဝေး) ရုပ်ဟုလည်း ခေါ်ရ၏၊ လောက၌ ရဖို့ရန် မလွယ်ကူသော အရာဝတ္ထုကို အနီးအပါး အနား၌ ကပ်နေသော်လည်း "ရဖို့ ဝေးပါသေး-မင်းနဲ့တော့ အဝေးကြီး" စသည်ဖြင့် ပြောသကဲ့သို့ တည်း။

သပ္ပဋဃ အပ္ပဋိဃ။ ။စက္ခုပသာဒနှင့် ရူပါရုံတို့သည် ဓာတ်သဘာဝအလိုက် အချင်းချင်း ထိခိုက်ကြ၏၊

ရူပါရုံက စက္ခုပသာဒ၌ ထိခိုက်ခြင်းကြောင့် စက္ခုပသာဒ၌ စက္ခုဒွါရိကဝီထိစိတ် ဖြစ်ဖို့ရာ ထူးခြားသော အမူအရာ သတ္တိများ ပေါ်ပေါက်လျက် စက္ခုဒွါရိကဝီထိစိတ်အား ကျေးဇူးပြုသည်၊ သဒ္ဒါရုံ သောတပသာဒ စသည်၌လည်း ဤနည်းပင်တည်း၊ အာရုံငါးပါးတွင် ဖောဋ္ဌဗ္ဗာရုံဟူသော မဟာဘုတ်များကား ဓာတ်သဘာဝ အလိုက် ထိခိုက်မှုသာမက, ယခု မျက်မြင် အထင်အရှား ထိမိ တိုက်မိ ခိုက်မိသမျှသည် ထိုဖောဋ္ဌဗ္ဗာရုံ မဟာဘုတ်ချင်း ထိခိုက်ကြခြင်းပင်တည်း၊ ထို့ကြောင့် ထိုဩဠာရိကရုပ်များကို သပ္ပဋိဃရုပ်ဟုလည်း ခေါ်၍, ထိုသို့ ထိခိုက်ခြင်း မရှိသည့်အတွက် ကြွင်းရုပ်များကို အပ္ပဋိဃရုပ်ဟု ခေါ်လေသည်။ [ပဋိဃ=ထိခိုက်ခြင်း+ သ=ရှိသည်။]

ကမ္မဇံ ဥပါဒိန္နရူပံ, ဣတရံ အနုပါဒိန္နရူပံ။ ။ဥပါဒိန္နကို "ဥပ+အာဒိန္န" ဟု ခွဲပါ၊ ဥပသဒ္ဒါသည် ဥပေတ (ကပ်ရောက်အပ်ဟူသော) အနက်ကို ဟော၏၊ ဥပေတေန-တဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သောကံသည်၊ အာဒိန္နံ-အကျိုး၏ အဖြစ်ဖြင့် ယူအပ်သောရုပ်သည်၊ ဥပါဒိန္နံ-ဥပါဒိန္န မည်၏၊ တဏှာ ဒိဋ္ဌိတို့သည် လောကီ ကုသိုလ်ကံ အကုသိုလ်ကံကို အာရုံပြု၏၊ ဤသို့ အာရုံပြုသည်ကိုပင် "ကပ်ရောက်" ဟု ဆိုသည်၊ ထိုတဏှာ ဒိဋ္ဌိတို့ ကပ်ရောက်အပ်သော ကံတရားက ကမ္မဇရုပ်များကို "ငါတို့ရဲ့ အကျိုးတရားတွေ" ဟု စွဲယူထား၏၊ ထို့ကြောင့် ကမ္မဇရုပ်များကို "ဥပါဒိန္နရုပ်" ဟု ခေါ်ဆိုရသည်၊ ထိုကမ္မဇရုပ်မှ တစ်ပါးသော စိတ္တဇ ဥတုဇ အာဟာရဇရုပ်များသည် ဥနုပါဒိန္နရုပ် မည်၏။ [ကမ္မဇရုပ် စသည်တို့၏ သရုပ်ကား ရူပသမုဋ္ဌာန်ခန်း၌ ထင်ရှား လတ္တံ့ ။]

တစ်ကိုယ်လုံးကို ဥပါဒိန္နခေါ်သောနည်း။ ။ဤ၌ ကမ္မဇရုပ်ကိုသာ ဥပါဒိန္နဟု ဆိုသော်လည်း တချို့ အရာ၌ ကိုယ်၌ရှိသောရုပ် (ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ) အားလုံးကို ဥပါဒိန္နဟု ဆို၏၊ ဤသို့ တစ်ကိုယ် လုံးရှိ ရုပ်ကို ဥပါဒိန္နဟုဆိုရာ၌ "တဏှာမာနဒိဋ္ဌိဝသေန ဥပါဒီယတီတိ ဥပါဒိန္နံ" ဟု ဝစနတ်ပြု၊ တဏှာ မာန ဒိဋ္ဌိဝသေန-တဏှာ မာန ဒိဋ္ဌိတို့၏ အစွမ်းဖြင့်၊ ဥပါဒီယတိ-စွဲလမ်းအပ်၏၊ ဣတိ-ကြောင့်၊ ဥပါဒိန္နံ-ဥပါဒိန္န မည်၏၊ ခန္ဓာကိုယ်၌ ရှိသော ရုပ်များကို တဏှာက "ငါ့ဥစ္စာ" ဟု စွဲလမ်း၏၊ မာနက "ငါ" ဟု စွဲလမ်း၏၊ ဒိဋ္ဌိက "ငါ့အတ္တ" ဟု စွဲလမ်းသည်။ [သရီရဋ္ဌကံ ဟိ ဥပါဒိန္နံ ဝါ ဟောတု အနုပါဒိန္နံ ဝါ၊ အဒိန္နဂဟိတပရာမဋ္ဌဝသေန သဗ္ဗံ ဥပါဒိန္နမေဝ နာမ-အဋ္ဌသာလိနီ, နိက္ခေပကဏ္ဍ။]

ရူပါယတနံ သနိဒဿနရူပံ, ဣတရံ အနိဒဿနရူပံ။ ။နိဒဿီယတိ-မြင်အပ်၏၊ ဣတိ-ကြောင့်၊

နိဒဿနံ -နိဒဿနမည်၏၊ ဤဝိဂြိုဟ်အရ မြင်အပ်သော ရူပါရုံကို နိဒဿနဟု ခေါ်ဝေါ်ထိုက်၏၊ သို့သော် သနိဒဿနအရလည်း ရူပါရုံကို ရသောကြောင့် သနိဒဿနနှင့် နိဒဿနပုဒ်တို့ အနက်အရ ကွဲအောင် နိဒဿနအရ မြင်အပ်သည်၏ အဖြစ်တည်းဟူသော အာရမဏသတ္တိကို ကောက်ရမည်၊ ထို့နောက်မှ "သဟ+နိဒဿနေန ယံ ဝတ္တတီတိ သနိဒဿနံ" ဟု ဝိဂြိုဟ်ပြု၍ ရူပါရုံကို ကောက်ပါ၊ ယံ-အကြင်ရုပ်သည်၊ နိဒဿနေန-မြင်အပ်သည်၏အဖြစ်ဟူသော အာရမဏသတ္တိနှင့်၊ သဟ-တကွ၊ ဝတ္တတိ-ဖြစ်၏၊ဣတိ-ကြောင့်၊ တံ-ထိုရုပ်သည်၊ သနိဒဿနံ-မည်၏။

မှတ်ချက်။ ။နိဒဿနအရ တိုက်ရိုက်အနက်ဖြစ်သော ရူပါရုံကို မကောက်ဘဲ, နိဒဿနဘာဝ (မြင်အပ်သည်၏ အဖြစ်တည်းဟူသော သတ္တိ) ကို ကောက်ရာ၌ ဘာဝပ္ပဓာနဟုလည်းကောင်း, တစ်နည်း-ဘာဝလောပဟုလည်းကောင်း သဒ္ဒါကျမ်းက ဆို၏၊ ဘာဝသဒ္ဒါ မရှိဘဲလျက် ဘာဝ သဒ္ဒါ၏အနက်ကို ပဓာနအားဖြင့် ကောက်ရခြင်းသည် ဘာဝပ္ပဓာန မည်၏၊ နိဒဿနဘာဝဟု ဆိုလိုလျက် ဘာဝပုဒ် ကျေနေခြင်းသည် ဘာဝလောပ မည်၏။

တစ်နည်း။ ။နိဒဿီယတေ-မြင်ခြင်း၊ နိဒဿနံ-မြင်ခြင်း၊ ဤဝိဂြိုဟ်အရ စက္ခုဝိညာဏ်၏ မြင်ခြင်း ကိစ္စကို "နိဒဿန" ဟု ခေါ်၏၊ ထိုမြင်ခြင်းကိစ္စသည် ရူပါရုံပေါ်၌ တည်သောကြောင့် "သဟ နိဒဿနေန ယံ ဝတ္တတိ" အရ ရူပါရုံသည် သနိဒဿန မည်၏၊ "ယံ-အကြင် ရူပါရုံသည်၊ နိဒဿနေန-မြင်ခြင်းကိစ္စနှင့်၊ သဟ- တကွ၊ ဝတ္တတိ-ဖြစ်၏" ဟု ဆို၊ [မာတိကာအရကောက်၌ တတိယနည်း ကြံလေသည်ကား မကောင်း၊] ရူပါရုံ မှ တစ်ပါးသော ရုပ်များကား ထိုကဲ့သို့ နိဒဿနသတ္တိ မရှိသောကြောင့် အနိဒဿနရုပ် မည်၏။

စက္ခာဒိဒွယံ အသမ္ပတ္တဝသေန ဃာနာဒိတ္တယံ သမ္ပတ္တဝသေနာတိ ပဉ္စဝိဓံပိ ဂေါစရဂ္ဂါကရူပံ, ဣတရံ အဂေါစရဂ္ဂါဟကရူပံ။

[ ဂါဟကံ၌ ဂဟဓာတ် ဏွုပစ္စည်းကို အက ပြု, ဂ ၌ အ သရကို အာဝုဒ္ဓိ ပြု, "ဂါဟက" ဟု ပုဒ်မှန်ရှိစေ၊ ဂေါစရ=အာရုံကို+ဂါဟကံ=ယူတတ်သောရုပ်၊] စက္ခုစသော ပသာဒရုပ်ငါးပါးသည် အာရုံကို ယူတတ်သော ကြောင့် ဂေါစရဂ္ဂါဟကရုပ် မည်၏၊ ထိုငါးပါးမှ ကြွင်းသော ရုပ်များကား အာရုံကို မယူတတ်သောကြောင့် အဂေါစရဂ္ဂါဟကရုပ် မည်၏။

အနာရမဏနှင့် မဆန့်ကျင်။ ။ရူပသမုဒ္ဒေသခန်း၌ ရုပ်ဟူသမျှကို အာရုံ မယူတတ်သောကြောင့် "အနာရမဏ" ဟု ဆိုခဲ့ပြီးလျက် ဤနေရာ၌ ဂေါစရဂ္ဂါဟကဟု ဆိုပြန်ရာ ရှေ့နောက်မဆန့်ကျင်ပါလောဟု မေး၊ အဖြေကား-ရုပ်ဟူသမျှ အမှန်ပင် အာရုံကို မယူတတ်သောကြောင့် အနာရမဏဟု ဆိုခဲ့သည်၊ သို့သော် စက္ခုပသာဒစသည်၌ မှီသော စက္ခုဝိညာဏ်စသည်က အာရုံကို ယူတတ်သောကြောင့် ဌာနီ ဝိညာဏ်များ၏ ဂေါစရဂ္ဂါဟကဟူသော နာမည်ကို ဌာနပသာဒ အပေါ်မှာ တင်စား၍ ဌာနျူပစာရအားဖြင့် ဤနေရာ၌ ပသာဒ ငါးပါးကို ဂေါစရဂ္ဂါဟကဟု ဆိုပြန်သည်၊ အနာရမဏဟူသောစကားသည် မုချနီတတ္ထစကား, ဂေါစရဂ္ဂါဟက ဟူသော စကားကား ဥပစာ နေယျတ္ထစကားဖြစ်၍ ရှေ့နောက် မဆန့်ကျင်ပါ၊ [ပသာဒသည် အကြောင်း, ဝိညာဏ်သည် ပသာဒရှိ၍ ဖြစ်ရသော အကျိုးတရားဖြစ်သောကြောင့် အကျိုးဝိညာဏ်၏ ဂေါစရဂ္ဂါဟက ဟူသော နာမည်ကို အကြောင်းပသာဒပေါ် တင်စား၍ ဖလူပစာရအားဖြင့် အကြောင်းပသာဒကို ဂေါစရဂ္ဂါဟ ကဆိုသည်ဟု ဥပစာတစ်မျိုး ကြံကြသေး၏။]

စက္ခာဒိဒွယံ အသမ္ပတ္တဝသေန။ ။ထိုဆိုခဲ့ပြီးသောနည်းဖြင့် အာရုံကို ယူကြသောအခါ စက္ခု သောတ နှစ်ပါးသည် မိမိသို့ မရောက် မထိ မကပ်ငြိသောအာရုံကို ယူ၏၊ ချဲ့ဦးအံ့-စက္ခုဝိညာဏ်ဖြစ်ဖို့ရာ အကြောင်းအင်္ဂါသည် စက္ခုပသာဒ, ရူပါရုံ, အာလောက, မနသိကာရဟု လေးမျိုးရှိ၏၊ (အကျယ်ကို ဝီထိခန်း ပြန်ကြည့်၊) ထိုတွင် ရူပါရုံသည် စက္ခုပသာဒ၌ ရောက် ထိ ငြိကပ် ပိညပ်နေလျှင် အာလောက (အရောင် အလင်း) အင်္ဂါပျက်ကွက်ရာ၏၊ လက်ညှိုးနှင့် လက်မအဖျားကို ထိကပ်၍ အရောင်အလင်း ရနိုင်/မရနိုင်ကို ကြည့်ပါ၊ ရူပါရုံသည် စက္ခုပသာဒ၌ မထိမစပ် မငြိ မကပ် မပိ မညပ်မှသာ အာလောကအင်္ဂါကို ရနိုင်၏၊ ထို့ကြောင့် စက္ခုဝိညာဏ်၏ မှီရာ စက္ခုပသာဒသည် မိမိသို့ မရောက် မထိ မကပ်ငြိမှသာ ရူပါရုံကို ယူနိုင်သည်၊ သောတဝိညာဏ်ဖြစ်ဖို့ရာ အကြောင်းအင်္ဂါသည် သောတပသာဒ, သဒ္ဒါရုံ, အာကာသ, မနသိကာရဟု လေးပါးရှိ၏၊ ထိုတွင် သဒ္ဒါရုံသည် သောတပသာဒ၌ ရောက်ထိ ငြိကပ် ပိညပ်နေလျှင် အာကာသ (အပေါက် အကြား) အင်္ဂါပျက်ကွက်ရာ၏၊ သဒ္ဒါရုံသည် သောတပသာဒ၌ မထိ မစပ် မငြိ မကပ် မပိ မညပ်မှသာ အာကာသအင်္ဂါ ရနိုင်သည်၊ ထို့ကြောင့် သောတဝိညာဏ်၏ မှီရာ သောတပသာဒသည် မိမိထံမှောက်သို့ မရောက် မထိ မငြိ မကပ်ခင်သာ သဒ္ဒါရုံကို ယူနိုင်သည်။

ဃာနာဒိတ္တယံ သမ္ပတ္တဝသေန။ ။ဃာန ဇိဝှာ ကာယ ပသာဒ(၃)ပါးကား မိမိတို့သို့ ရောက်ထိ ကပ်ငြိသော အာရုံကိုသာ ယူနိုင်ကြ၏၊ ချဲ့ဦးအံ့-ဃာနဝိညာဏ်ဖြစ်ဖို့ရာ အကြောင်းအင်္ဂါသည် ဃာနပသာဒ, ဂန္ဓာရုံ, ဝါယောဓာတ်,

မနသိကာရဟု လေးပါးရှိသည်၊ ထိုတွင် ဂန္ဓာရုံသည် နှာခေါင်းအနီးအပါး၌ ရောက်ရှိနေသော်လည်း နှာခေါင်း ပိတ်ထားလျှင် အနံ့မရသေး, နှာခေါင်းကို ဖွင့်ပြီးလျှင် ဗဟိဒ္ဓလေက ဆောင်သွင်း၍ရှုခြင်း (ဝင်သက်လေ) ရှိမှသာ ဂန္ဓာရုံ ရုပ်ကလာပ်၌ပါသော မဟာဘုတ်များနှင့် ဃာနပသာဒရုပ်ကလာပ်၌ပါသော မဟာဘုတ်တို့ ထိမိ ကပ်မိကြသည်၊ ထိုသို့ ရောက်ထိ ငြိကပ်မှသာ ဃာနပသာဒက ဂန္ဓာရုံကို ယူနိုင်သည်၊ ဇိဝှာဝိညာဏ် ဖြစ်ဖို့ရာ အကြောင်းအင်္ဂါသည် ဇိဝှာပသာဒ, ရသာရုံ, အာပေါဓာတ်, မနသိကာရဟု လေးပါးရှိ၏၊ ထိုတွင် မျက်စိအောက်၌ စားသောက်ဖွယ်တွေ ရောက်နေသော်လည်း အရသာကို မသိသေး၊ ဇိဝှာပသာဒ၏မှီရာ မဟာဘုတ်များ (စားသောက်ဖွယ်များ) ရောက်ထိ ငြိကပ်မှသာ အာပေါဓာတ်ခေါ်တဲ့ လျှာရည်က စိုစွတ် အောင် ပြုသဖြင့် အရသာကို သိရသည်၊ ကာယဝိညာဏ်၏ ဖြစ်ဖို့ရာအကြောင်းအင်္ဂါသည် ကာယပသာဒ, ဖောဋ္ဌဗ္ဗာရုံ, ပထဝီဓာတ်, မနသိကာရဟု လေးပါးရှိ၏၊ ထိုတွင် တွေ့ထိဖွယ် ဖောဋ္ဌဗ္ဗာရုံများ အနီးအပါး ရောက်နေသော်လည်း မသိနိုင်သေး၊ ကာယပသာဒ၏ မှီရာ မဟာဘုတ်တို့၌ ထိခိုက်မိမှသာ ဖောဋ္ဌဗ္ဗာရုံ၏ သဘောကို သိနိုင်သည်။

ရောက် /မရောက်သည်, လာ/မလာနှင့် မဆိုင်။ ။စက္ခု သောတတို့သည် မိမိတို့ ထံမှောက်သို့ မရောက် မထိသော အာရုံကိုသာ ယူနိုင်သည်ဟု ဆိုပြီ၊ သို့ဖြစ်လျှင် ရူပါရုံ သဒ္ဒါရုံတို့သည် စက္ခု သောတ ရှိရာသို့ မလာနိုင်ဟု မှတ်ရမည်လောဟု မေးလေ့ရှိ၏၊ ထိုကဲ့သို့ မေးလာသော စောဒကကို ဤသို့ ပြောပြ ရာ၏၊ "ငါ့ရှင်...ရောက်/မရောက်ကို စိစစ်နေရာဝယ် လာ/မလာကို မေးမြန်းခြင်းသည် သမ္ပတ္တဟူသော ပါဠိ အသွားကို နားမလည်ရာရောက်နေသည် မဟုတ်ပါလော၊ ရူပါရုံ သဒ္ဒါရုံတို့သည် လာနိုင်သည်လည်း ရှိ၏, မလာနိုင်သည်လည်း ရှိ၏၊ လာသည်ဖြစ်စေ, မလာသည်ဖြစ်စေ မိမိထံမှောက်သို့ မရောက်ခင် အာရုံကို ယူသောကြောင့် စက္ခု သောတတို့ကို "အသမ္ပတ္တဂေါစရဂ္ဂါဟက" ဟု ဆိုပေသည်။

ရှင်းလင်းအံ့ –သမ္ပတ္တ သဒ္ဒါသည် "လာ" ဟူသော အနက်ကို မဟော, "ရောက်" ဟူသော အနက်ကိုသာ ဟောရိုးဖြစ်၏၊ သို့အတွက် ရူပါရုံ, သဒ္ဒါရုံတို့၏ လာမှု/မလာမှုကို စိစစ်ခြင်းသည် ဤသမ္ပတ္တ/အသမ္ပတ္တ သဒ္ဒါနှင့် မဆိုင်၊ သို့သော် အများနားလည်အောင် လာ/မလာကို စိစစ်ပြအံ့၊ ရူပါရုံ, သဒ္ဒါရုံတို့သည် မဟာဘုတ် များကို စွဲမှီ၍ ဖြစ်ကုန်၏၊ ထိုမဟာဘုတ်တို့၏ အဆက်ဆက် ပေါက်ပွားလျက် အရပ်တစ်ပါးသို့ ပျံ့နှံ့ကြရာ တွင် ရူပါရုံ သဒ္ဒါရုံများ ပါဝင်သောကြောင့် "ရူပါရုံ သဒ္ဒါရုံတို့ သွားသည် လာသည် ရောက်သည်" ဟု ခေါ်စမှတ်ပြုကြသည်။

ဆက်ဦးအံ့–ရူပါရုံသည် (လောကအဆိုအတိုင်း) ရောင်သေ ရောင်ရှင်ဟု နှစ်မျိုးရှိ၏၊ သာမန်လူများ၏

ကိုယ်ရောင် အိမ် ကျောင်း တော တောင် ရေ မြေ စသည်တို့၏ အရောင်များသည် ရောင်သေတည်း၊ ထို ရူပါရုံ အရောင်သေများသည် မိမိတို့ တည်ရာအရပ်မှ တစ်ဆံခြည်မျှ ပျံ့နှံ့ထွက်သွားခြင်းငှာ မစွမ်းနိုင်၊ ထိုအရောင်သေများကို "မလာသော ရူပါရုံ" ဟု မှတ်ပါ၊ ခုနစ်ဆောင်တိုက်ခန်း၌ မီးမထွန်းဘဲ လင်းစေနိုင် သော ပဘာဝတီ စသည်တို့၏ ကိုယ်ရောင်နှင့် နေရောင် လရောင် ကြယ်တာရာရောင် စိန်ရောင် မြရောင် မီးရောင်စသည်တို့၌ကား အရောင်ရှင်တည်း၊ မူလတည်နေရာအရပ်၌ရှိသော ဥတုမှ ဒုတိယဥတုဇရုပ်, ထိုဥတုဇရုပ်တွင် ပါဝင်သော ဥတုမှ တတိယဥတုဇရုပ်, ဤသို့ စသည်ဖြင့် ဆက်ကာ ဆက်ကာ ပေါက်ပွား လေရာ ဥတုဇရုပ်ဖြစ်သော မဟာဘုတ် အဆက်ဆက်ကို မှီ၍ ရူပါရုံ အရောင်ရှင်တို့သည် စွမ်းနိုင်သမျှ ကွန့်မြူး ထွက်သွားကြကုန်၏၊ ထိုအရောင်ရှင်များကို "လာသောရူပါရုံ" ဟု မှတ်ပါ၊ ထို့ကြောင့် လဗိမာန်၌ ရှိသော ယုန်ရုပ်၏ နက်သောအရောင်သည် ရောင်သေဖြစ်၍ ဤမြေပြင်တိုင်အောင် မပျံ့နိုင်၊ လရောင် နေရောင်တို့ကား ရောင်ရှင်ဖြစ်၍ ဤမြေပြင်တိုင်အောင် ပျံ့နှံ့ထွက်ဖြာလာနိုင်ကြသည်။

သဒ္ဒါရုံ။ ။သဒ္ဒါရုံလည်း ရူပါရုံအရောင်ရှင်များကဲ့သို့ စွမ်းအားရှိသလောက် အဝေးသို့ ပျံ့နှံ့ထွက်ဖြာနိုင် ၏၊ ကောင်းကင်မှ ချုန်းလိုက်သော မိုးသံ အမြောက်သံကြီးများသည် မြေကြီး အုတ်တိုက်အိမ် စသည်များကို တုန်လှုပ်အောင်ပင် သဒ္ဒါရုံ၏ မှီရာမဟာဘုတ် အဆက်ဆက်ဖြင့် တိုးဝှေ့ပျံ့နှံ့လျက်ရှိ၏၊ ထိုကဲ့သို့ ပျံ့နှံ့နိုင် သောကြောင့် အချို့ ရူပါရုံ သဒ္ဒါရုံသည် စက္ခုပသာဒ သောတပသာဒသို့ ထိမိလောက်အောင် ရောက်ပေ မည်သာ၊ လသာသာတွင် အိမ့်ပြင် ထွက်၍ ပက်လက်လှန်လျက် လကို ကြည့်ရှုသောအခါ လရောင်သည် စက္ခုပသာဒတိုင်အောင် ရောက်၏, ထိ၏၊ သို့သော် စက္ခု သောတပသာဒတို့ကမူ မိမိတို့အထံသို့ မရောက် ခင် မထိခင် အာရုံကို ယူကြ၏, ရောက်ပြီး ထိပြီးအာရုံကို မယူကြ၊ သို့အတွက် "အသမ္ပတ္တဂေါစရဂ္ဂါဟက"ဟု မှတ်ယူရသည်၊ အသမ္ပတ္တဂေါစရဂ္ဂါဟက၏ အဓိပ္ပာယ်မှာ-"မရောက် မထိသေးသောအာရုံကို ယူသည်" ဟု ဆိုလိုသည်၊ "ပသာဒသို့ မရောက်ရဘူး မထိရဘူး" ဟု ဆိုလိုသည် မဟုတ်၊ သို့အတွက် သမ္ပတ္တ အသမ္ပတ္တ အရာဝယ် လာ, မလာ ငြင်းကြသည်မှာ ဒုတ်ကိုချ၍ နဘန်းလုံးသူများနှင့် တူလှချေ၏။ [မဟာအဋ္ဌကထာ၏ အလိုကို အဋ္ဌသာလိနီ ရူပကဏ္ဍမှာ ရှုပါ၊] အောက်ပါ ဂါထာကား ဋီကာကျော် ဂါထာတည်း။

စက္ခုသောတံ ပနေတေသု, ဟောတာသမ္ပတ္တပါဟကံ၊ ဝိညာဏုပ္ပိဟေတုတ္တာ, သန္တရာဓိကဂေါစရေ။

ဧတေသု -ဤပသာဒရုပ်တို့တွင်၊ စက္ခုသောတံ-စက္ခု သောတပသာဒသည်၊ သန္တရာဓိကဂေါစရေ (သအန္တရ+အဓိကဂေါစရေ)အခြားအကွယ်ရှိသော အာရုံ, လွန်ကဲကြီးမားသောအာရုံ၌၊ ဝိညာဏုပ္ပတ္တိဟေ တုတ္တာ-စက္ခုဝိညာဏ်, သောတဝိညာဏ်ဖြစ်ကြောင်း၏ အဖြစ်ကြောင့်၊ အသမ္ပတ္တဂါဟကံ-မိမိထံမှောက်သို့ မရောက် မထိသောအာရုံကို ယူတတ်သည်၊ ဟောတိ-ဖြစ်၏ ဟု၊ ဝိညေယျံ-သိအပ်၏။ [ဤဂါထာ၏ အဓိပ္ပာယ်ကို ချဲ့ပြလတ္တံ့။]

တထာ ဟိ ဒူရဒေသဋ္ဌံ, ဖလိကာဒိတိရောဟိတံ၊ မဟန္တဉ္စ နဂါဒီနံ, ဝဏ္ဏံ စက္ခု ဥဒိက္ခတိ။

[ ဤဂါထာကား စက္ခုအတွက် အကျယ်ပြသော ဂါထာတည်း၊] တထာ ဟိ-ထိုစကားကို ချဲ့ဦးအံ့၊ စက္ခု-စက္ခုပသာဒသည်၊ ဒူရဒေသဋ္ဌံ-ဝေးသောအရပ်၌ တည်သော၊ ဝဏ္ဏံ-အဆင်းကိုလည်းကောင်း၊ ဖလိကာ ဒိတိရောဟိတံ-ဖန်မှန်အစရှိသည် ခြားကွယ်အပ်သော၊ ဝဏ္ဏံ-အဆင်းကိုလည်းကောင်း၊ နဂါဒီနံ-တောင်ကြီး အစရှိသည်တို့၏၊ မဟန္တံ-ကြီးမားသော၊ ဝဏ္ဏံ စ-ကိုလည်းကောင်း၊ ဥဒိက္ခတိ-မြင်နိုင်၏။

ဒူရဒေသဋ္ဌံ။ ။လ နေဗိမာန်များသည် ဤမြေပြင်မှ ယူဇနာလေးသောင်းနှစ်ထောင် ဝေးကွာ၏၊ ဤ မြေပြင်မှ လှမ်း၍ကြည့်သောအခါ လဝန်း နေဝန်းတို့၏ ပုံသဏ္ဌာန်ကို မြင်ရ၏၊ ယုန်တံဆိပ်ကိုလည်း မြင်ရ၏၊ ထိုပုံသဏ္ဌာန် တံဆိပ်များသည် တည်နေရာဌာနမှ တစ်ဆံခြည်မျှ မပျံ့နိုင်ချေ၊ မှောင်သောအခန်းတွင်း၌ နေလျက် အပြင်ဘက်က လရောင် နေရောင်ကို မြင်ရာ၌ ထိုလရောင် နေရောင်သည် တိုက်ခန်းအတွင်း တိုင်အောင် ရောက်လာသည် မဟုတ်၊ တောင်ပေါ်မှာ ထွန်းထားအပ်သော မီးရောင်ကို အလွန်ဝေးသော အရပ်မှ လှမ်း၍ မြင်ရာ၌ ထိုမီးရောင်သည် မြင်ရာအရပ်တိုင်အောင် ပျံ့နှံ့လာနိုင်သည် မဟုတ်။

ဖလိကာဒိတိရောဟိတံ။ ။မှန်သေတ္တာအတွင်း မှန်ဘီဒိုအတွင်း တိမ်တိုက်အတွင်း စသည်၌ တည်ရှိ သော ရူပါရုံများသည် ဖန်, မှန်, တိမ်တိုက်တို့က ခြားကွယ်ထားသဖြင့် အပြင်သို့ မပျံ့နိုင်၊ ထိုရူပါရုံများကို လည်း စက္ခုပသာဒက လှမ်း၍ မြင်နိုင်၏။

မဟန္တဉ္စ နဂါဒီနံ။ ။တောင်တစ်လုံးကို ကြည့်ရှုရာဝယ် မြင်လောက်ရာ မဟာဘုတ်ရုပ်ကလာပ်အများ ၌ ရူပါရုံပေါင်း များစွာကို တစ်ပြိုင်နက် မြင်နိုင်၏၊ (ဝီထိပိုင်းတုန်းက သိဝိကုဗ္ဗဟနနည်းအရ ပြခဲ့သော အဓိပ္ပာယ်ကို ပြန်ကြည့်၊) ထိုသိန်းသန်းကုဋေမက များသောရူပါရုံအပေါင်းတို့သည် စက္ခုပသာဒသို့ ထိမိ ကပ်မိမှ မြင်နိုင်လျှင် ထိုရူပါရုံပေါင်းများစွာကို ထိဖို့ ကပ်ဖို့ နေရာပင် စက္ခုပသာဒကလေးများ၌ မရှိ၊ သို့ အတွက် မထိကပ်သောအာရုံကို လှမ်း၍ ယူနိုင်ကြောင်းမှာ လယ်ပြင်ဝယ် ဆင်သွားသည်ထက် ထင်ရှား၏။

အာကာသာဒိဂတော ကုစ္ဆိ . စမ္မာနန္တရိကောပိ စ၊ မဟန္တော စ ဃဏ္ဋာဒီနံ, သဒ္ဒေါ သောတဿ ဂေါစရော။

[ ဤဂါထာကား သောတပသာဒအတွက် အကျယ်ပြသော ဂါထာတည်း၊] အာကာသာဒိဂတော- ကောင်းကင်အစရှိသော အရပ်ဝေး၌တည်သော၊ သဒ္ဒေါ-အသံသည်လည်းကောင်း၊ ကုစ္ဆိစမ္မာနန္တရိကော-ဝမ်း ရေ၏အခြားမဲ့၌တည်သော၊ သဒ္ဒေါပိ စ-အသံသည်လည်းကောင်း၊ ဃဏ္ဋာဒီနံ-ခေါင်းလောင်း အစရှိသည်တို့ ၏၊ မဟန္တော-အပေါင်းအများ ကြီးမားသော၊ သဒ္ဒေါ စ-အသံသည်လည်းကောင်း၊ သောတဿ-သောတ ပသာဒ၏၊ ဂေါစရော-အာရုံတည်း။

အာကာသာဒိဂတော။ ။ကောင်းကင်က မိုးသံကို ယူဇနာများစွာဝေးကွာလျက် သောတပသာဒက လှမ်းယူနိုင်၏၊ ကောင်းကင်က ငှက်သံ လေသံ စသည်တို့ကိုလည်း ယူနိုင်ကြ၏၊ မိုးချုန်းသံကို ယူရာ၌ မြေပြင်တိုင်အောင်ရောက်သော အသံလည်း ရှိ၏၊ ပထမဆုံး ထစ်ချုန်းသံသည် မြေပြင်သို့ မရောက်၊ ထို အသံကိုပင် သောတပသာဒက လှမ်း၍ ယူနိုင် ကြားနိုင်သည်။

ကုစ္ဆိစမ္မာနန္တရိကော။ ။ဝမ်းတွင်းက လှုပ်ရှားသောလေသံကို ဝမ်းရေ ခြားကွယ်နေလျက် သောတ ပသာဒက လှမ်း၍ ယူနိုင် ကြားနိုင်၏။

မဟန္တော စ ဃဏ္ဋာဒီနံ။ ။ခေါင်းလောင်းသံ ကြေးစည်သံ တုံးခေါက်သံ အမြောက်သံ စသည်တို့၌ သဒ္ဒါရုံများသည် သိန်းသန်းကုဋေမက ပေါင်းစုမိ၏၊ ထိုအသံလုံးကြီးကိုလည်း တစ်ပြိုင်နက် ကြားနိုင်၏၊ သောတပသာဒ၌ ထိမိ ကပ်မိမှသာ ကြားရမည်ဆိုလျှင် ထိုအသံပေါင်းများစွာ၏ ထိကပ်ဖို့ရာ နေရာပင် သောတပသာဒ၌ မရှိချေ၊ ထို့ကြောင့် သောတပသာဒသည် မထိ မကပ်ခင်သော အာရုံကို ယူနိုင်၏။

ဘူတပ္ပဗန္ဓတော သော စေ, ယာတိ ဣန္ဒြိယသန္နိဓိံ၊ ကမမစိတ္တောဇသမ္ဘူတော, ဝဏ္ဏော သဒ္ဒေါ စ စိတ္တဇော။ န တေသံ ဂေါစရော ဟောန္တိ, န ဟိ သမ္ဘောန္တိ တေ ဗဟိ၊ ဝုတ္တာ စ အဝိသေသေန, ပါဌေ တံ ဝိသယာဝ တေ။

သော -ထိုရူပ သဒ္ဒနှစ်ပါးစုံသည်၊ ဘူတပ္ပဗန္ဓတော-မဟာဘုတ် အဆက်ဆက်အားဖြင့်၊ ဣန္ဒြိယသန္နိဓိံ- စက္ခုန္ဒြေ သောတိန္ဒြေတို့၏ တည်နေရာ အရပ်သို့၊

ယာတိ-ရောက်လာ၏၊ ဣတိ စေ-ဤသို့ ဆိုငြားအံ့၊ (ဧဝံသတိ-ဤသို့ ဆိုတိုင်း ဖြစ်ခဲ့သော်၊) ကမ္မစိတ္တောဇ သမ္ဘူတော-ကံ စိတ် အာဟာရကြောင့်ဖြစ်သော၊ ဝဏ္ဏော-အဆင်းသည်လည်းကောင်း၊ စိတ္တဇော-စိတ် ကြောင့်ဖြစ်သော၊ သဒ္ဒေါ စ-အသံသည်လည်းကောင်း၊ တေသံ-ထိုစက္ခု သောတတို့၏၊ ဂေါစရာ-အာရုံတို့သည်၊ န ဟောန္တိ-မဖြစ်ကုန်တော့ရာ၊ ဟိ-မှန်၏၊ တေ-ထိုကံ စိတ် အာဟာရကြောင့်ဖြစ်သော အဆင်းနှင့် စိတ်ကြောင့်ဖြစ်သော အသံတို့သည်၊ ဗဟိ-ခန္ဓာကိုယ်မှ အပြင်ပ၌၊ န သမ္ဘောန္တိ-မဖြစ်ကြကုန်၊ ပါဌေ စ- ပဋ္ဌာန်းပါဠိတော်၌လည်း၊ အဝိသေသေန-သာမညအားဖြင့်၊ တေ-ထိုဝဏ္ဏ သဒ္ဒတို့ကို၊ တံ ဝိသယာဝ-ထိုစက္ခု သောတတို့၏ အာရုံတို့ချည်းဟူ၍သာလျှင်၊ ဝုတ္တာ-ဟောတော်မူအပ်ကုန်ပြီ။

ဘူတပ္ပဗန္ဓတော၊ပေ၊သန္နိဓိံ။ ။ဤနှစ်ပါဒကား စောဒနာဖွယ်ကို ပြသော စကားတည်း၊ ပထမဖြစ် သော ရူပ သဒ္ဒကလာပ်၌ ဥတုပါ၏၊ ထိုဥတုမှ ဥတုဇမဟာဘုတ်နှင့်တကွ ရူပ သဒ္ဒကလာပ်များ ပေါက်ပွား၏၊ ဤဒုတိယ ရုပ်ကလာပ်ရှိ ဥတုမှလည်း ဥတုဇကလာပ်များ ဖြစ်ပြန်၏၊ ဤမဟာဘုတ် အဆက်ဆက် ပေါက်ပွား ပျံ့နှံ့လာသောအခါ ရူပ သဒ္ဒတို့လည်း ပါဝင်၏၊ ထို မဟာဘုတ် အဆက်ဆက်အားဖြင့် ပျံ့နှံ့၍ စက္ခုန္ဒြေ၏ မှီရာမဟာဘုတ်, သောတိန္ဒြေ၏ မှီရာမဟာဘုတ်တို့ ရောက်ထိ ငြိကပ်လာမှ စက္ခုန္ဒြေက ရူပါရုံကို ယူ၍, သောတိန္ဒြေက သဒ္ဒါရုံကို ယူသည်ဟု စောဒကတို့က ပြောဆိုငြားအံ့။

ကမ္မစိတ္တောဇ၊ပေ၊ဂေါစရာ ဟောန္တိ။ ။စောဒကတို့ ပြောဆိုတိုင်း ဖြစ်ရိုးမှန်လျှင် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးတို့ကြောင့် ဖြစ်လေ့ရှိသော ရူပါရုံတို့တွင် ကမ္မဇ စိတ္တဇ အာဟာရဇ ရူပါရုံတို့ကို စက္ခုန္ဒြေက ယူနိုင်တော့မည် မဟုတ်၊ စိတ်ဥတုကြောင့် ဖြစ်လေ့ရှိသော သဒ္ဒါရုံတို့တွင် စိတ္တဇသဒ္ဒါရုံကိုလည်း သောတိန္ဒြေက ယူနိုင်တော့မည် မဟုတ်၊ "ဘာ့ကြောင့် မယူနိုင်ဘဲ ရှိရာသနည်း" ဟု မေးလျှင်...

န ဟိ သမ္ဘောန္တိ တေ ဗဟိ။ ။မဟာဘုတ်အဆက်ဆက်အားဖြင့် ပျံ့နှံ့လာသော ရူပ သဒ္ဒသည် ဥတုဇ ရုပ်သာတည်း၊ ကံ စိတ် ဥတု အာဟာရကြောင့်ဖြစ်သော ရုပ်တို့မှာ ခန္ဓာကိုယ်၏ အပြင်ပသို့ ဆံခြည်တစ် စိတ်မျှ မထွက်နိုင်ကြကုန်၊ သို့အတွက် မဟာဘုတ်အဆက်ဆက် ပျံ့နှံ့၍ စက္ခု သောတရှိရာသို့ ရောက်မှသာ ယူမည်ဆိုလျှင် ကံ စိတ် အာဟာရကြောင့် ဖြစ်သည့် ရူပ သဒ္ဒကို ယူနိုင်တော့မည် မဟုတ်, ဥတုဇဖြစ်တဲ့ ရူပ သဒ္ဒကိုသာ ယူနိုင်တော့မည်၊ "ကံ စိတ် အာဟာရကြောင့်ဖြစ်သော ရူပ သဒ္ဒကို မယူနိုင်လျှင် ဘာအပြစ် ရှိသနည်း" ဟူငြားအံ့။

ဝုတ္တာ စ အဝေသေသေန, ပါဌေ တံ ဝိသယာဝ တေ။ ။ပဋ္ဌာန်းပါဠိတော်၌ ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ မခွဲခြားဘဲ "ရူပါရမဏံ စက္ခုဝိညာဏ ဓာတုယာ, သဒ္ဒါရမဏံ သောတဝိညာဏဓာတုယာ" စသည်ဖြင့် "ရူပါရုံမှန်လျှင် ကမ္မဇဖြစ်ဖြစ်, စိတ္တဇ ဥတုဇ အာဟာရဇဖြစ်ဖြစ် စက္ခုဝိညာဏ်အား ကျေးဇူးပြုနိုင် ၏" ဟု ဟော်ထားတော်မူသည်၊ ဥတုဇ ရူပါရုံ သဒ္ဒါရုံကိုသာ ယူနိုင်လျှင် ထိုပဋ္ဌာန်းပါဠိတော်နှင့် ဆန့်ကျင်လိမ့် မည်–ဟူလို။

ဤစကားစဉ်အရ ဤသို့ မှတ်ရာ၏။ ။သက်ရှိသတ္တဝါအဆင်းကို မြင်ရာဝယ် ခန္ဓာကိုယ်၌ တည်ရှိ သော ကမ္မဇအဆင်း, စိတ္တဇ ဥတုဇ အာဟာရဇအဆင်းတို့ကိုလည်း မြင်၏၊ ထိုမူလအဆင်းကလာပ်တွင် ပါဝင်သော ဥတုမှ ပေါက်ပွားသော ဒုတိယဥတုဇအဆင်း, ထိုဒုတိယဥတုမှ ပေါက်ပွားသော တတိယဥတုဇ အဆင်း, ဤသို့ ဥတုဇအဆင်း အဆက်ဆက်ကိုလည်း မြင်၏၊ ဘုရားရှင်၏ ဖြာ၍ထွက်လာသော ကိုယ်တော် အရောင်နှင့် ရောင်ခြည်တော်များသည် ဥတုဇအရောင် အဆင်းချည်းသာတည်း၊ သက်ရှိသတ္တဝါများ၏ အသံကို ကြားရာ၌ စိတ်ကြောင့်ဖြစ်သော မူလအသံကိုလည်း ကြား၏၊ ထိုစိတ္တဇသဒ္ဒကလာပ်တွင် ပါဝင် သော ဥတုမှ ပေါက်ပွားသော ဥတုဇအသံကိုလည်း ကြား၏၊ ထိုဥတုဇကလာပ်တွင် ပါဝင်သော ဥတုစသည်မှ ဆက်၍ဖြစ်သော ဥတုဇအသံကိုလည်း ကြား၏၊ သက်မဲ့ အရာဝတ္ထုများ၏ အဆင်း အသံကား ဥတု ချည်းသာ။

ယဒိ စေတံ ဒွယံ အတ္ထ . သမီပံယေဝ ဂဏှတိ၊ အက္ခိဝဏ္ဏံ တထာ မူလံ, ပေဿယျ ဘမုကဿ စ။ ဒိသာဒေသဝဝတ္ထာနံ, သဒ္ဒဿ န ဘဝေယျ စ၊ သိယာ စ သရဝေဓိဿ, သကဏ္ဏေ သရပါတနံ။

စ -ဆက်ဦးအံ့၊ ဧတံ ဒွယံ-ဤစက္ခု သောတ နှစ်ပါးအပေါင်းသည်၊ အတ္တ သမီပံယေဝ-မိမိအနီးရှိ အာရုံ ကိုသာလျှင်၊ ယဒိ ဂဏှာတိ-အကယ်၍ ယူအံ့၊ (ဧဝံသတိ-ဤသို့ဖြစ်လျှင်၊) အက္ခိဝဏ္ဏံ-မျက်လုံး၏ အဆင်းကို လည်းကောင်း၊ တထာ-ထို့ပြင်၊ ဘမုကဿ-မျက်ခုံး၏၊ မူလံ စ-အရင်းကိုလည်းကောင်း၊ ပေဿယျ-မြင်ရရာ ၏၊ သဒ္ဒဿ-အသံ၏၊ ဒိသာဒေသဝဝတ္ထာနံ-ဖြစ်ရာအရပ်မျက်နှာ, တည်ရာဒေသကို ကျနစွာ ပိုင်းခြားနိုင်ခြင်းသည်လည်း၊ န ဘဝေယျ-မဖြစ်ရာ၊ သရဝေဓိဿ-အသံကို မှန်း၍ ပစ်သော လေးသမား၏၊ သကဏ္ဏေ-မိမိ နားတွင်း၌၊ သရပါတနဉ္စ-မြားကို ပစ်ချရခြင်းသည်လည်း၊ သိယာ-ဖြစ်ရာ၏။

ယဒိ စေတံ၊ပေ၊ ဂဏှတိ။ ။"စက္ခု သောတတို့သည် အဝေး၌ တည်သော ရူပါရုံ သဒ္ဒါရုံကို လှမ်း၍

မယူနိုင်, မိမိ အနီးရောက် မှ ယူနိုင်သည်" ဟု စောဒကပုဂ္ဂိုလ်တို့က ဆိုလိုကြသည်၊ ထိုသို့ ဆိုလိုတိုင်းဖြစ် လျှင်...

အက္ခိဝဏ္ဏံ၊ပေ၊ဘမုကဿ စ။ ။မျက်လုံး၏အဆင်းနှင့် မျက်ခုံး၏အရင်း အရပ်သည် စက္ခုပသာဒနှင့် အနီးကပ်ဆုံး ဖြစ်၍ ထိုအဆင်းများကို ယူနိုင်ရာ၏၊ ယူကား မယူနိုင်ချေ၊ ထို့ကြောင့် နီးသည်, ဝေးသည်မှာ ပဓာနမဟုတ်၊ စက္ခုပသာဒ၏ ရှေ့ရှုတူရှုအရပ်မှာ တည်ရှိလျှင် ယူဇနာ လေးသောင်းနှစ်ထောင်ဝေးကွာသော လဝန်း နေဝန်း ယုံတံဆိပ်များကိုပင် ယူနိုင် မြင်နိုင်ကြသည်-ဟူလို။

သိယာ စ၊ပေ၊သရပါတနံ။ ။အကောင်အထည်ကို မမြင်ရသော်လည်း အသံကြားလျှင် ထိုအသံကို မှန်း၍ အကောင်အထည်ကို ပစ်ခွင်းနိုင်စွမ်းသော လေးသမား ရှိသည်၊ သောတပသာဒသည် အနီးသို့ ရောက်မှ သဒ္ဒါရုံကို ယူနိုင်ရိုးမှန်လျှင် နားတွင်းသို့ အသံရောက်မှ ယူနိုင်မည်ဖြစ်၍, ထိုသရဝေဓိလေးသမား၏ အသံကြားရာကို ပစ်သောအခါ မိမိနားတွင်းသို့ပင် ပစ်ချရလိမ့်မည်၊ သို့ဖြစ်၍ သောတပသာဒသည် ကြား လောက်သောအရပ်၌ တည်ရှိပါမူ အလွန်ဝေးသော အသံကိုလည်း ကြားနိုင်သည်-ဟူလို။

ခဝါဖွပ်သံ။ ။သဒ္ဒါရုံသည် ပသာဒအနီးသို့ မရောက်ဘဲ အဝေးကပင် ပသာဒ၌ ထိခိုက်နိုင်သည်ဟု ဆို၏၊ သို့သော် တစ်ဖက်ကမ်း၌ ခဝါဖွပ်နေစဉ် လက်လှုပ်ပုံ အခြင်းအရာကို မြင်ပြီးနောက် အနည်းငယ်ကြာမှ အသံကို ကြားရ၏၊ ထို့ကြောင့် အသံသည် ဥတုဇရုပ်အဆက်ဆက် ကူးစက်ပြီးနောက် အနီးရောက်မှ ကြားသည်ဟုပင် ဆိုထိုက်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား-တစ်ဖက်ကမ်းမှ ခဝါဖွပ်သံကို ကြားရာ၌ မူလ အသံကို ကြားခြင်း, ဥတုဇရုပ် အဆက်ဆက် ကူးစက်ပြီးနောက် ခရီးအတော်ရောက်မှ ကြားခြင်း, နားအနီး ရောက်မှ ကြားခြင်းဟု အမျိုးမျိုးပင်ရှိနိုင်ပေသည်။

ချဲ့ဦးအံ့ –ခဝါသည်၏ လက်ဖြင့် ဖွပ်သည်နှင့် တစ်ပြိုင်နက် ထွက်လာသော အသံသည် ကြားလောက် သောအရပ်ဝယ် တည်ရှိသူတို့၏ သောတပသာဒများစွာ၌ တစ်ပြိုင်နက် ထိခိုက်၏၊ သို့သော် အဝေးနေသူ တို့မှာ သောတဒွါရိကဝီထိ ဖြစ်ပြီးနောက် မနောဒွါရဝီထိတို့ဖြင့် ပိုင်းခြား မှတ်သားသည့်အခါ အနီးမှာ နေသူ တို့လောက် ဝီထိအနည်းငယ်ဖြင့် ကိစ္စမပြီးဘဲ ဝီထိများစွာ ကျပြီးမှ ပိုင်းခြား မှတ်သားနိုင်သည်၊ သို့အတွက် အဝေးနေသူတို့မှာ ကြားမှု နောက်ကျ သကဲ့သို့ ထင်ရသည်၊ စင်စစ်မှာ ကြားမှုက နောက်ကျသည် မဟုတ်, ပိုင်းခြား မှတ်သားမှုက နောက်ကျခြင်းဖြစ်သည်။

ရှေးဦးစွာ အသံကို မကြားလိုက်ဘဲ ဥတုဇရုပ်အဆက်ဆက် ကူးစက်၍ တစ်ဝက်လောက် ခရီးရောက်မှ ကြားရရာ၌ ကြားမှုလည်း နောက်ကျ, ပိုင်းခြားမှတ်သားမှုကလည်း နောက်ကျသည်၊ တစ်ဝက်လောက်မှာပင် မကြားလိုက်ရသေးဘဲ, နား၏အနီး အတော်ခရီးရောက်လာမှ ကြားရသူတို့အတွက်မှာ အကြား, အသိနှစ်မျိုး လုံး နောက်ကျကြောင်းကို ဆိုဖွယ်ရာ မရှိပြီ၊ အနီးရောက်မှ ကြားရစေကာမူ ပသာဒသို့ မထိ မကပ်မီ ယူနိုင် သောကြောင့် အသမ္ပတ္တဂေါစရဂ္ဂါဟကရုပ်ပင် ဖြစ်၏။ [အသမ္ပတ္တ=မိမိတည်းဟူသော ပသာဒသို့ မရောက် သော+ဂေါစရ=အာရုံကို+ဂါဟက=ယူတတ်သောရုပ်များ။]

ဂန္တွာ ဝိသယဒေသံ တံ, ဖရိတွာ ဂဏှတီတိ စေ၊ အဓိဋ္ဌာနဝိဓာနေပိ, တဿ သော ဝိသယော သိယာ။

တံ -ထိုစက္ခု သောတနှစ်ပါးသည်၊ ဝိသယဒေသံ-ရူပါရုံ သဒ္ဒါရုံရှိရာ အရပ်သို့၊ ဂန္တွာ-သွား၍၊ ဖရိတွာ- အာရုံပေါ်၌ ဖြန့်အုပ်၍၊ ဂဏှတိ-ယူ၏၊ ဣတိ စေ-ဤသို့ ဆိုငြားအံ့၊ (ဧဝံသတိ-ဤသို့ ဆိုတိုင်းမှန်လျှင်၊) အဓိဋ္ဌာနဝိဓာနေပိ-ဒိဗ္ဗစက္ခု ဒိဗ္ဗသောတအဘိညာဉ်၏ ရှေ့အဖို့ဝယ် အဓိဋ္ဌာန်ကို စီမံရာ၌လည်း၊ သော-ထိုရူပ သဒ္ဒနှစ်ပါးသည်၊ တဿ-ထိုစက္ခု သောတ၏၊ ဝိသယော-အာရုံသည်၊ သိယာ-ဖြစ်ရာ၏။

ဤဂါထာကား အချို့သူတို့ ယူဆပုံ၌ အပြစ်ပြသောဂါထာတည်း၊ ဓာတ်မီးဖြင့် အာရုံကို ထိုးကြည့်သော အခါ အာရုံပေါ်သို့ မီးရောင်ရောက်သွားသကဲ့သို့ စက္ခုပသာဒဓာတ်အကြည်သည်လည်း အာရုံရှိရာသို့ စူးစိုက်ရောက်သွားပြီးလျှင် အာရုံပေါ်၌ ဖြန့်အုပ်လျက် အာရုံကို ယူသည်၊ သောတပသာဒလည်း ထို့အတူပင် သဒ္ဒါရုံရှိရာသို့ အရောက်သွား၍ ယူသည်ဟု လောကီကျမ်းများ၌ ဆို၏၊ ထိုဆိုတိုင်း ဖြစ်ရိုးမှန်လျှင် ဒိဗ္ဗစက္ခု အဘိညာဉ် ဖြစ်ဖို့ရာ ရှေ့အဖို့က "ဧတဿ ရူပံ ပဿာမိ=ဤသူ၏ ရူပါရုံကို မြင်လို၏" ဟု အဓိဋ္ဌာန်ပြုရာ၌ မြင်လိုရာ ရူပါရုံကို အာရုံပြုလျက် မြင်လျက်ရှိရာ၏၊ ဒိဗ္ဗသောတအဘိညာဉ်၏ ရှေ့အဖို့က "ဧတဿ သဒ္ဒံ သုဏာမိ=ဤသူ၏ အသံကို ကြားလို၏" ဟု အဓိဋ္ဌာန်ပြုရာ၌ ထို့အတူပင် အသံကို ကြားရာ၏၊ အဓိဋ္ဌာန် အခိုက်မှာပင် မြင်နိုင် ကြားနိုင်လျှင် အဘိညာဉ်များလည်း အကျိုးမရှိရာ ရောက်တော့လတ္တံ့၊ ထို့ကြောင့် "စ့္ခု သောတတို့ကလည်း အာရုံရှိရာ အရပ်သို့ မသွား မရောက်" ဟု မှတ်ရာ၏၊ ဤနည်းအလို "အသမ္ပတ္တ=အာရုံရှိရာအရပ်သို့ မရောက်ဘဲ+ဂေါစရဂ္ဂါဟက=အာရုံကို ယူတတ်သောရုပ်" ဟု အနက်ဆိုစေ လိုသည်။

ဝဏ္ဏော ဂန္ဓော ရသော ဩဇာ ဘူတစတုက္ကေဉ္စတိ အဋ္ဌဝိဓံပိ အဝီဗ္ဘောဂရူပံ ဣတရံ ဝိနိဗ္ဘောဂရူပံ။

မဟာဘုတ်လေးပါးနှင့် ဝဏ္ဏ ဂန္ဓ ရသ ဩဇာ, ဤရှစ်ပါးသည် အမြဲ စုပေါင်းတွေခဲ တွဲလျက်ရှိ၏၊ မည်သည့် ကာလ, မည်သည့် ဒေသ, မည်သည့် အကြောင်းကြောင့်မျှ အပေါင်းအစု မပျက်ချေ၊ အရာဝတ္ထု အားလျော်စွာ တစ်ခုခု လွန်ကဲနေသော်လည်း အခြားရုပ်များ မထင်မရှား ပါသည်သာတည်း၊ ဥပမာ-နေရောင် ၌ ဥဏှတေဇောဓာတ် လွန်ကဲ၏, အဆင်းအရောင်ဖြစ်သော ဝဏ္ဏရုပ်များလည်း ထင်ရှား၏၊ အခြားသော ဂန္ဓ ရသ ဩဇာနှင့် ပထဝီ အာပေါ ဝါယော မဟာဘုတ်များလည်း မထင်မရှား ပါရှိကြသည်သာ၊ မီး၌လည်း ဤနည်းပင်တည်း၊ မြေကြီး၌ ပထဝီဓာတ် လွန်ကဲ၏, အဆင်းဝဏ္ဏလည်း ထင်ရှား၏, အခြားရုပ်များလည်း မထင်မရှား ပါသည်သာ၊ ရေ၌ အာပေါဓာတ် လွန်ကဲ၏၊ လေ၌ ဝါယောဓာတ်လွန်ကဲ၏၊ နံ့သာ၌ ဂန္ဓ လွန်ကဲ ၏၊ အစာ အာဟာရ၌ အရသာနှင့် ဩဇာ လွန်ကဲ၏၊ အခြားရုပ်များ၌လည်း မထင်မရှား ပါသည်သာ၊ ထို့ကြောင့် ဤရုပ်ရှစ်ပါးကို "အဝိနိဗ္ဘောဂရုပ်" ဟု ခေါ်ရသည်။ ["လွန်ကဲ" ဟု ဆိုရာ၌ အထည်ကိုယ် ကြီးမားသည်ဟု မမှတ်ရ, သတ္တိ လွန်ကဲသည်ဟုသာ မှတ်ရမည်၊ မူလဋီကာအလို ရူပဘုံ၌ အဝိနိဗ္ဘောဂရုပ် (၆)ခုသာ ရှိထိုက်ကြောင်းကို နောက်၌ သိရလတ္တံ့။]

ဝိနိဗ္ဘောဂရုပ်။ ။ကျန်ရုပ်များကား ခွဲခြား၍ ရကောင်းသောကြောင့် ဝိနိဗ္ဘောဂရုပ် မည်၏၊ စက္ခု ပသာဒနှင့် သောတပသာဒသည် မည်သည့်အခါမှ တွဲ၍ မဖြစ်, ထိုပသာဒရုပ်များနှင့် ဘာဝ ဟဒယ ဇီဝိတ ရုပ်များလည်း ပူးတွဲ၍ မဖြစ်, ဝိကာရ လက္ခဏရုပ်တို့မှာ ပရမတ်အစစ် မဟုတ်သဖြင့် အတူ ဖြစ်/မဖြစ်ကို စိစစ်ဖွယ် မလို၊ အာကာသဓာတ်ကား ပရမတ်အစစ် မဟုတ်ရုံသာမက, ရုပ်ကလာပ်တို့ အကြားမျှသာ ဖြစ်၍ မည်သည့် ရုပ်နှင့်မျှ အတူတကွ ဖြစ်ခွင့်မရှိ။ [ဝိနိဗ္ဘောဂ၌ ဝိသဒ္ဒါသည် "အသီးအသီး" ဟူသော အနက်ကို ဟော၏၊ နိဗ္ဘောဂ၌ နိ ရှေးရှိသော ဘုဇဓာတ်တည်း၊ ထို နိဘုဇကား ဖြစ်ခြင်းအနက်, တစ်နည်း-ပိုင်းခြားခြင်း အနက်ကို ဟော၏၊ ထို့ကြောင့် "ဝိသုံ ဝိသုံ နိဘုဉ္ဇနံ ပဝတ္တနံ ဝိနိဗ္ဘောဂေါ၊ ဝိနိဗ္ဘောဂေါ ယဿ အတ္ထီတိ ဝိနိဗ္ဘောဂံ၊ န+ဝိနိဗ္ဘောဂံ အဝိနိဗ္ဘောဂံ" ဟု ဝိဂြိုဟ်ပြု၊ တစ်နည်း-"ဝိသုံ ဝိသုံ နိဘုဉ္ဇီယတိ ဝဝတ္ထာပီယတီတိ ဝိနိဗ္ဘောဂံ၊ န+ဝိနိဗ္ဘောဂံ အဝိနိဗ္ဘောဂံ" ဟု ဝိဂြိုဟ်ပြု။]

ရူပသမုဋ္ဌာနအဖွင့်

ကမ္မံ၊ပေ၊သမုဋ္ဌာနာနိ။ ။ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတို့တွင် ရူပပဝတ္တိက္ကမအခန်း၌ လာလတ္တံ့အတိုင်း ကံက ပထမဖြစ်စေသောကြောင့်လည်းကောင်း, စိတ် ဥတု နှစ်ပါးတွင် စိတ်က ဖြစ်စေပုံ နောက်ကျသော်လည်း ကံအကြောင်းနှင့် နာမ်တရားချင်း တူသောကြောင့်လည်းကောင်း ကံ စိတ်ဟူသော နာမ်အကြောင်းနှစ်ပါးကို ရှေးဦးစွာ စဉ်ပြ၍, ရုပ်အကြောင်းနှစ်ပါးကို နောက်မှ ပြပြီးလျှင် ရုပ်အကြောင်းနှစ်ပါး တွင်လည်း ဥတုက ရှေးဦးစွာ ရုပ်ကို ဖြစ်စေသောကြောင့် ဥတုကို ရှေ့, အာဟာရကို နောက်ထားလျက် "ကမ္မ စိတ္တံ ဥတု အာဟာရော စေတိ စတ္တာရိ ရူပသမုဋ္ဌာနာနိ နာမ" ဟု မိန့်တော်မူသည်။

ကံ။ ။ "ကမ္မတော လိင်္ဂတော စေဝ, လိင်္ဂသညာ ပဝတ္တရေ၊ သညာတော ဘေဒံ ဂစ္ဆန္တိ, ဣတ္ထာယံ ပုရိသောတိ စ" ။

ဟူသော အဋ္ဌသာလိနီ စိတ္တံပုဒ်အဖွင့် အဋ္ဌကထာနှင့်အညီ, ကံ၏ အစွမ်းကြောင့် "လိင်္ဂ" အသွင်သဏ္ဌာန် ပုံဟန်အကျိုးအစား အမျိုးမျိုး ကွဲပြားလျက် ရှိ၏၊ ထိုအသွင်သဏ္ဌာန် ပုံဟန်ကွဲပြားမှုကြောင့် အထီးပုံသဏ္ဌာန် ကို တစ်မျိုးမှတ်သား၍ အမပုံသဏ္ဌာန်ကို တစ်မျိုးမှတ်သားလျက် လိင်္ဂသညာ ကွဲပြားရ၏၊ ထိုသညာ ကွဲပြား မှုကြောင့် ဤကဲ့သို့ ပုံသဏ္ဌာန်ရှိသူကို "အမ=ဣတ္ထိ" ဟုလည်းကောင်း, ဤကဲ့သို့ ပုံသဏ္ဌာန်ရှိသူကို "အထီး=ပုရိသ" ဟုလည်းကောင်း, အခေါ်အဝေါ် ကွဲပြားရပြန်သည်၊ ထိုခေါ်ဝေါ်မှု ကွဲပြားသည့်အတွက် အမဖြစ်လိုတဲ့ ဆန္ဒ, အထီးဖြစ်လိုတဲ့ ဆန္ဒဖြင့် အမျိုးမျိုးကံကို စီမံဖန်တီးကြပြန်၏၊ ထိုသို့ ဖန်တီးအပ်သော ကံသည် ပင်ကိုဆန္ဒ အလိုကျအောင် အထီးသဏ္ဌာန် အမသဏ္ဌာန် စီမံရ၏၊ အကုသိုလ်ကံသည် ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ရုပ်များကို ဖန်ဆင်း၍, လူ နတ်သဏ္ဌာန်၌ ပဝတ္တိအခါ မလှမပ အချိုးအစား မကျသော ရုပ်ပုံသဏ္ဌာန်ကို စီမံ၏၊ ကုသိုလ်ကံသည် လူနတ် ဗြဟ္မာရုပ်များကို ဖန်ဆင်း၍, ပဝတ္တိအခါ၌ တိရစ္ဆာန် ပြိတ္တာတို့ သဏ္ဌာန်ဝယ် ထိုက်တန်သလောက် လှလှပပ ကျနသော ပုံသဏ္ဌာန်များကို စီမံလေသည်။

စိတ်။ ။စိတ်သည်လည်း ရုပ်ကို ဖြစ်စေနိုင်၏၊ စိတ်ချမ်းသာလျှင် ရုပ်ကြည်လင်၏၊ ထိုက်တန်သမျှ ကျန်းမာရေးကို အားပေး၏, ဝဖြိုးစေ၏၊ "စိတ်ပျိုတော့ ကိုယ်နု" ဟူသော စကားများ မှန်ပေ၏၊ စိတ်မချမ်း သာလျှင် ရုပ်ညှိုးနွမ်း၏, ကျန်းမာရေး ဆုတ်ယုတ်၏၊ "စိတ်ထောင်းတော့ ကိုယ်ကြေ" ဟူသော စကားလည်း မှန်၏၊ တစ်ယောက်နှင့်တစ်ယောက် စကားပြောတုန်းမှာပင် အတွင်းစိတ်သဘောကို မှန်းဆနိုင်၏၊ စိတ်တိုင်းကျလျှင် မျက်နှာကြည်လင်၏၊ စိတ်တိုင်းမကျလျှင် မျက်နှာပျက်၏၊ ဤအချက်များကို စိတ်ကသာ ဖြစ်စေသည်။

ဥတု။ ။ဥတုသည်လည်း ရုပ်ကို ဖြစ်စေနိုင်၏၊ ဥတုသာယာလျှင် ရုပ်ကြည်လင်၏, ကျန်းမာဝဖြိုး၏, သန့်ရှင်းသော အိပ်ရာနေရာ အဝတ်များကိုသာ သုံးစွဲခြင်းသည် ထိုအိပ်ရာနေရာ အဝတ်တို့မှ တွေ့ထိသော ဥတုငွေ့ကြောင့် သန့်ရှင်းသော ရုပ်ကောင်းများ တိုးပွား၏၊ နည်းအမျိုးမျိုးဖြင့် မိမိ၏ ကိုယ်မှာ ကောင်းသော ဥတုငွေ့များ ထိတွေ့စေလျှင် အသက်ရှည်ကြောင်း နည်းကောင်းတစ်ခုပင်တည်း၊ ဥတု မသာယာလျှင် ရုပ်ညှိုးနွမ်း၏, ကျန်းမာရေး ချို့ယွင်း၏၊ မသန့်ရှင်းသော အိပ်ရာနေရာ အဝတ်များကို သုံးစွဲမှုကြောင့် မကောင်းသော ဥတုငွေ့များ ကိုယ်ခန္ဓာ၌ တွေ့ထိသဖြင့် ရုပ်ဆိုးရုပ်ညံ့များ တိုးပွား၏၊ နည်းအမျိုးမျိုးဖြင့် မိမိကိုယ်၌ မကောင်းသော ဥတုငွေ့များ မတွေ့ထိအောင် ရှောင်ကြဉ်တတ်လျှင် အသက်ရှည်ကြောင်း နည်းလမ်းကောင်းတည်း၊ ဥတုဇသက်သက်ဖြစ်သော တော တောင် သစ်ပင် စသည်တို့၏ ဥတုအလိုက် ပြောင်းလွဲနေပုံကို လေးလေးနက်နက် စဉ်းစားကြပါကုန်။

အာဟာရ။ ။အစာ အာဟာရ၌ ပါသော အဆီအနှစ် အစေးခေါ်သော ဩဇာလည်း ရုပ်ကို ဖြစ်စေနိုင် ၏၊ မိမိနှင့် သင့်မြတ်သော အစားအသောက်နှင့် ဆေးဝါးများကိုသာ စားသောက်သုံးစွဲလျှင် ကောင်းသော ရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင် စည်ပင်ကျန်းမာ၏၊ စားပြီး၍ မကြာခင်ပင် သိသာခြားနား၏၊ မသင့်မြတ် သော အစားအသောက်နှင့် မသင့်သောဆေးများကို သုံးစွဲစားသောက် မိလျှင် မကောင်းသောရုပ်များ တိုးပွား၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရာက်တတ်သည်မှာ ယခုမျက်မြင် အထင်အရှားပင်တည်း၊ ထို့ကြောင့် သင့်မြတ်သော အစားအသောက်နှင့် သင့်မြတ်သောဆေးများကို သုံးစွဲမိအောင် သတိဆောင်သူတို့သာ ကျန်းကျန်းမာမာနှင့် အသက်ရှည်ခွင့် ရှိသည်၊ ဤကား ရုပ်ကို ဖြစ်စေနိုင်သော အကြောင်းလေးပါးကြောင့် ရုပ်ဖြစ်ပုံ အကြမ်းစားကို အများနားလည်နိုင်သော အဓိပ္ပာယ်တည်း၊ ဤအဓိပ္ပာယ်ထက် လေးနက်စွာ ရုပ်ဖြစ်ပုံ အခြင်းအရာကို သင်္ဂြိုဟ်စာသွားအတိုင်း မှတ်သားရလိမ့်မည်။

~~~~~~~~~~~~

ကံက ရုပ်ကို ဖြစ်စေပုံ၊

တတ္ထ ကာမာဝစရံ ရူပါဝရေဉ္စတိ ပဉ္စဝီသတိဝိဓံပိ ကုသလာကုသလကမ္မ မဘိသင်္ခတံ အဇ္ဈတ္တိကသန္တာနေ ကမ္မသမုဋ္ဌာနရူပံ ပဋိသန္ဓိမုပါဒါယ ခဏေ ခဏေ သမုဋ္ဌာပေတိ။

ကာမာဝစရံ ၊ပေ၊ ကုသလာကုသလကမ္မံ။ ။ရုပ်ကို ဖြစ်စေတတ်သော အကြောင်းလေးပါးတွင် ကံဟူသည် ကာမာဝစရကုသိုလ် အကုသိုလ်စေတနာ (၂၀)နှင့် ရူပကုသိုလ်စေတနာ(၅), ပေါင်း(၂၅)ပါးတည်း၊ အရူပကုသိုလ်ကံကား အရူပဘုံ၌ အကျိုးပေးရမည် ဖြစ်၍ ထိုဘုံ၌ ရုပ်မရှိသောကြောင့် ရုပ်ကို မဖြစ်စေနိုင်၊ လောကုတ္တရာစေတနာလည်း မိမိအခြားမဲ့၌သာ ဖိုလ်စိတ်ဟူသော အကျိုးကို ပေးသည်ဖြစ်၍ ကမ္မဇရုပ်ကို မဖြစ်စေနိုင်။

အဘိသင်္ခတံ အဇ္ဈတ္တိကသန္တာနေ ကမ္မသမုဋ္ဌာနရူပံ ပဋိသန္ဓိမုပါဒါယ ခဏေ ခဏေ။ ။ရှေးရှေးက ပါဏာတိပါတအမှု ဒါနမှု သီလမှု ဘာဝနာမှု ဈာန်ရမှု စသည်တို့ဖြင့် ပြုစုအပ်သည်ကို "အဘိသင်္ခတံ" ဟု ခေါ်သည်၊ ထိုသို့ ရှေးရှေးက စီမံအပ်ခဲ့သော ကံသည် မိမိသန္တာန်၌ ကံကြောင့်ဖြစ်သော ရုပ်တရားများကို နောက်ဘဝ၌ ပဋိသန္ဓေ၏ ဥပါဒ်ခဏမှစ၍ ခဏတိုင်း ခဏတိုင်း တစ်ကိုယ်လုံးဝယ် များစွာ ဖြစ်ပေါ်စေသည်၊ [အဇ္ဈတ္တိကသဒ္ဒါသည် အဇ္ဈတ္တသန္တာန်မှာ ဖြစ်သော စိတ် စေတသိက် ရုပ်တရားတွင် ပသာဒရုပ်နှင့် စိတ်ကို ဟောရိုးဖြစ်၏၊ (အဇ္ဈတ္တိကဒုက်ကို ကြည့်)၊ ထို့ကြောင့် မိမိတစ်သန္တာန်လုံး တစ်ကိုယ်လုံးကို ရဖို့ရာ "အဇ္ဈတ္တသန္တာနေ" ဟု ပါဌ်ရှိလျှင် ကောင်း၏၊] ကမ္မသမုဋ္ဌာနဟူသည်နှင့် ကမ္မဇဟူသည် အနက်တူပင်တည်း၊ သမုဋ္ဌဟတိ ဧတေနာတိ သမုဋ္ဌာနံ, ကမ္မံ+သမုဋ္ဌာနံ ယဿာတိ ကမ္မသမုဋ္ဌာနံ=ကံဟူသောဖြစ်ကြောင်းရှိ သော ရုပ်တည်း။

စိတ်၏ ဌီခဏ မရှိသင့်တဲ့။ ။အဋ္ဌကထာဝယ် အချို့နေရာနှင့် မူလဋီကာတို့က စိတ်၏ဌီခဏ မရှိဘူး တဲ့၊ ချဲ့ဦးအံ့-စိတ္တယမိုက်၌ "ဥပ္ပန္နံ ဥပ္ပဇ္ဇမာနံတိ-ဘင်္ဂက္ခဏေ ဥပ္ပန္နံ, နော စ ဥပ္ပဇ္ဇမာနံ၊ ဥပ္ပာဒက္ခဏေ ဥပ္ပန္နဉ္စေဝ ဥပ္ပဇ္ဇမာနဉ္စ" ဟု ဥပါဒ်ခဏနှင့် ဘင်ခဏကိုသာ ဟောပြ၍ ဌီခဏကို ဟောပြတော်မမူ၊ ဌီခဏ ရှိရိုးမှန်လျှင် "ဌိတိက္ခဏေ ဘင်္ဂက္ခဏေ စ ဥပ္ပန္နံ, နော စ ဥပ္ပဇ္ဇမာနံ" စသည်ဖြင့် ဟောတော်မူသင့်၏၊ သို့အတွက် စိတ်၏ ဌီခဏ မရှိထိုက်၊ စိတ်သည် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် ပျက်၏၊ ကောင်းကင်သို့ မြှောက်လိုက်သော တုတ်သည် မြောက်တဲ့ အရှိန်ကုန်လျှင် ကောင်းကင်၌ တစ်ခဏမျှ ရပ်တည်၍ မနေ, ချက်ချင်း အောက်သို့ ကျသဖြင့် "အမြောက်နှင့် အကျ" နှစ်မျိုးသာ ရှိသကဲ့သို့ စိတ်မှာလည်း အဖြစ်နှင့် အပျက် နှစ်မျိုးသာရှိ၏၊ ခဏလည်း ဥပါဒ်ခဏ ဘင်ခဏ (ဖြစ်ရာခဏ ပျက်ရာခဏ) နှစ်ခဏသာ ရှိ၏၊ ဖြစ်ပြီး၍ တန့်ရပ်တည်နေရာ ဌီခဏ မရှိချေ၊ [ဥပ္ပန္နဟူသော နာမည်သည် စိတ်တစ်ခုလုံးနှင့်ဆိုင်၏၊ ဥပ္ပဇ္ဇမာနဟူသော နာမည်ကား ဥပါဒ်ဆဲစိတ်နှင့်သာဆိုင်သည်၊ ထို့ကြောင့် ဘင်ခဏ၌ ဥပ္ပန္နမည်၏, ဥပ္ပဇ္ဇမာန မမည်၊ ဥပါဒ်ခဏ၌ စိတ်ကား ဥပ္ပန္န ဥပ္ပဇ္ဇမာန နှစ်မျိုးလုံး မည်၏။]

သုတ္တန်နည်း။ ။သုတ္တန် (တိကင်္ဂုတ္တရ) ပါဠိတော်၌ "ဥပ္ပာဒေါ ပညာယတိ ဝယော ပညာယတိ, ဌိတဿ အညထတ္တံ ပညာယတိ" ဟု ဟောတော်မူသည်ကို ထောက်၍ "ဌိတဿ အညထတ္တံ" အရ ဌီခဏ ရှိထိုက်သည်ဟု မှတ်ထင်စရာရှိ၏၊ သို့သော် ထိုပါဠိတော်အရ ဌီနှစ်မျိုး ခွဲခြား၍ စဉ်းစားရာ၏၊ ဌီသည် ယခုအခါ အများနားလည်သော ခဏဌီလည်း ရှိ၏၊ ဆိုင်ရာ စိတ် အစဉ်တစ်မျိုး၏ မပြောင်းမလွဲ ဖြစ်မြဲဖြစ်တည်နေသော "ပဗန္ဓဌီ" ဟု ခေါ်အပ်သော သန္တတိပညတ်ဌီလည်း ရှိ၏၊ ဥပမာ-ရူပါရုံတစ်ခုကို အာရုံပြု၍ လောဘစိတ်အစဉ် ဖြစ်နေသည့်အခါ ဝီထိပေါင်းများစွာ ကျပြီးသော် လည်း ထိုရူပါရုံကို စွဲ၍ ဖြစ်သော စိတ်အစဉ်၏ မပြောင်းလွဲသေးသမျှ လောဘစိတ်အစဉ် တည်မြဲ တည်နေမှု ကို "ပဗန္ဓဌီ" ဟု ခေါ်ကြသည်။

ပဗန္ဓဌီ။ ။ထို နှစ်မျိုးသော ဌီတို့တွင် "ဥပ္ပာဒေါ-ဖြစ်ခြင်း ဥပါဒ်သည်၊ ပညာယတိ-ထင်ရှား၏၊ ဝယော-ပျက်ခြင်းဘင်သည်၊ ပညာယတိ-၏၊ ဌိတဿ-တည်နေသောတရား၏၊ အညထတ္တံ-တစ်မျိုးတစ်ဖုံ ပြောင်းလွဲပုံသည်၊ ပညာယတိ-ထင်ရှား၏" ဟူသောစကား၌ "ပညာယတိ" သဒ္ဒါကို စဉ်းစားလျှင် "ဌိတဿ" အရ ခဏဌီကို ပြလိုရင်း မဟုတ်, ပဗန္ဓဌီကိုသာ ပြတော်မူလိုသည်ဟု မှတ်ယူသင့်၏၊ ဘာကြောင့်နည်း- စိတ္တက္ခဏတစ်ချက်ခန့်ကလေးမှာပါသည့် ဌီခဏ၏ တစ်မျိုးတစ်ဖုံ ပြောင်းလွဲပုံသည် မထင်ရှားနိုင်, စိတ် အစဉ်တစ်မျိုးမှ စိတ်အစဉ်တစ်မျိုးသို့ ပြောင်းလွဲပုံသာ ထင်ရှားနိုင်၏၊ ဥပမာ-လောဘစိတ်အစဉ် ဖြစ်နေရာမှ သဘောမကျ၍ ဒေါသအစဉ်ဖြစ်လာလျှင် ကြည့်ရှုနေသူတို့ပင် သိသာနိုင်လောက်အောင် ထင်ရှား၏၊ ထို့ကြောင့် "ဌိတဿ အညထတ္တံ ပညာယတိ" အရ ခဏဌီကို ပြလိုရင်းမဟုတ်, ပဗန္ဓဌီကိုသာ ပြတော်မူလို ရင်းဖြစ်သည်၊ ဤကား သံယုတ်အဋ္ဌကထာလာ အပရေဆရာတို့နှင့် မူလဋီကာဆရာတို့၏ အယူဝါဒတည်း။

နောက်ဆရာတို့ ချေပချက်။ ။ထိုဝါဒကို အနုဋီကာစသော နောက်ဆရာတို့က ဤသို့ ချေပကြ၏၊ စိတ်တစ်ခု၌ ဥပါဒ်အခိုက်နှင့်ဘင်အခိုက်မှာ ကွဲပြားလျက် ရှိ၏၊ ဖြစ်မှုသည် တစ်ဖြစ်ထဲ ဖြစ်နေလျှင် ဘင်အခိုက်သို့ မရောက်နိုင်၊ အဖြစ် ရပ်မှုကား ရှိရသည်သာ၊ ထိုအဖြစ်၏ ရပ်တန့်တည်နေမှုသည် ပျက်တော့ မည့် ဘင်သို့ ရှေ့ရှုနေသော ဌီအခိုက်အခါပင်တည်း၊ အထက်သို့ မြှောက်လိုက်သော တုတ်သည် တစ်မြောက်တည်း မြောက်နေသမျှ အောက်သို့ မကျသေး, အမြောက်၏ ရပ်တန့်မှုကား ရှိရသည်သာ၊ ထိုတုတ်၌ မြောက်ခြင်း ရပ်ခြင်း ကျခြင်းဟု သုံးမျိုးရှိသကဲ့သို့ ထို့အတူ စိတ်၌လည်း ဖြစ်ခြင်း အဖြစ်ရပ်ခြင်း ပျက်ခြင်း (ဥပါဒ် ဌီ ဘင်) ဟု သုံးမျိုးရှိသည်သာ၊ စိတ္တယမိုက်ပါဠိတော်မှာမူ ဥပါဒ်နှင့် ဘင်ခဏလောက်ကို ဟောမှ သဘောကျမည့် နတ် ဗြဟ္မာတို့ အလိုလိုက်၍ အစဥပါဒ်နှင့် အဆုံးဘင်ကိုသာ ဟောတော်မူသည်၊ အလယ်က ဌီကို မိဂပဒဝလဉ္ဇနနည်းအရ သိကြရမည်။ [ကျောက်ဖျာ၏ အရှေ့ဖျား၌ သားကောင်၏ အတက်ခြေရာကို မြင်ပြီးလျှင် အနောက်ဖျား၌ အဆင်းခြေရာကို မြင်သော မုဆိုးသည် ကျောက်ဖျာပေါ်မှာ ခြေရာမမြင်သော် လည်း ကျောက်ဖျာပေါ်၌ သားကောင်သွားကြောင်း မှန်းဆ၍ သိနိုင်သကဲ့သို့, ထို့အတူ ဥပါဒ်အစနှင့် ဘင်အဆုံး နှစ်မျိုး၏ အကြား၌ အလယ်ခေါင် ဌီကို မှန်းဆ၍ သိရသော်နည်းကို မိဂပဒဝလဉ္ဇနနည်းဟု ခေါ်၏၊ မိဂ=သားကောင်၏+ပဒဝလဉ္ဇန=ခြေရာ။]

ဆက်ဦးအံ့ –ဥပ္ပာဒေါ ပညာယတိစသော ပါဠိတော်သည်လည်း "တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ" ဟု အစချီခဲ့သောကြောင့် သင်္ခတ ပရမတ်အစစ်၏ လက္ခဏာကိုပြသော ပါဠိတော် ဖြစ်သည်၊ ထို့ကြောင့် "ဌိတဿ" အရ သန္တတိပညတ်သဘော သက်ရောက်သော ဗဗန္ဓဌီကို မယူထိုက်၊ ပရမတ်အစစ်ဖြစ်သော စိတ်တစ်ခု၏ဌီကိုသာ ယူထိုက်သည်၊ ပညာယတိ၌ ပဥပသာရပုဒ်လည်း ဉာဓာတ်၏ အနက်သို့ အစဉ်လိုက်သော ဓာတွတ္ထာနုဝတ္တကဥပသာရ ဖြစ်၍ ဉာဓာတ်၏ အနက်ရင်းအတိုင်း "ပညာယတိ- သိအပ်၏" ဟု အနက်ဆိုပါ၊ "ထင်ရှား၏" ဟု မဆိုရ၊ "ဌိတဿ အညထတ္တံ ပညာယတိ" အရ "ဌီအခိုက်၌ တည်သောတရား၏ တစ်မျိုးတစ်ဖုံပြောင်းလွဲမှုကို ဝိပဿနာရှုသူတို့၏ ဉာဏ်ဖြင့် သိအပ်သည်" ဟု အဓိပ္ပာယ် ဆိုလိုသည်၊ ထို့ကြောင့် သုတ္တန်အဘိဓမ္မာအလို ဌီခဏ ရှိထိုက်သည်ဟု မှတ်ရမည်၊ ဤကား ဌီခဏ ရှိထိုက်သည်ဟု ယူကြသော ဆရာတို့၏ ချေပချက်တည်း၊ ဤသို့ အမျိုးမျိုး ယူဆကြသော်လည်း အဋ္ဌကထာဆရာတို့က ဌီခဏ ရှိသည်ဟု ယူခဲ့ပြီး ဖြစ်ရုံသာမက ဓာတုကထာပါဠိတော်၌ ဇာတိ, ဇရာ, မရဏ ဟု သုံးမျိုးပြပြီးလျှင် ရုပ်နာမ်တို့၏ ဖြစ်မှုဥပါဒ်ကို ဇာတိ, ရင့်မှုဌီကို ဇရာ, ပျက်မှုဘင်ကို မရဏဟု အတိအလင်း ဟောပြလျက် ရှိသောကြောင့် ဌီခဏ ရှိထိုက်၏ဟူသော အယူဝါဒသာလျှင် ယခုကာလ၌ အသားကျလျက် ရှိတော့သတည်း။

စိတ်၏ ဘင်ခဏရုပ်။ ။မူလဋီကာအလို စိတ်၏ ဘင်ခဏ၌ ရုပ်မဖြစ်ထိုက်၊ အနုဋီကာ စသည်တို့ အလို ဖြစ်ထိုက်သည်၊ ချဲ့ဦးအံ့-"ယဿ သမုဒယသစ္စံ နိရုဇ္ဈတိ, တဿ ဒုက္ခသစ္စံ ဥပ္ပဇ္ဇတီတိ-နော" ဟူသော ဤသစ္စယမိုက်ပါဠိတော်ကို ထောက်၍ "စိတ်၏ ဘင်ခဏ၌ မည်သည့်ရုပ်မျှ မဖြစ်နိုင်" ဟု မူလဋီကာ မိန့်ဆို ပြန်၏၊ ထင်ရှားစေအံ့-ယဿ သမုဒယသစ္စံ နိရုဇ္ဈတိ ပါဌ်ဖြင့် သမုဒယသစ္စာ တဏှာ လောဘ၏ ချုပ်ဆဲ ဘင်ခဏကို ပြ၏၊ တဿ ဒုက္ခသစ္စံ ဥပ္ပဇ္ဇတိ ပါဌ်ဖြင့် တဏှာ လောဘ၏ ချုပ်ဆဲ ဘင်ခဏ၌ ဒုက္ခသစ္စာ ဟူသော လောကီစိတ် (တဏှာမှကြွင်းသော) စေတသိက်ရုပ်တရားများ ဖြစ်နိုင်ရဲ့လားဟု မေးသည်၊ "နော" ဟူသော ပါဌ်ဖြင့် "မဖြစ်နိုင်" ဟု ဖြေသည်၊ ဤအဖြေကို ထောက်၍ "လောဘချုပ်ခိုက်မှာ စိတ်စေတသိက် အားလုံး မဖြစ်နိုင်သကဲ့သို့ , ထို့အတူ

ရုပ်ဟူသမျှလည်း မဖြစ်နိုင်" ဟု မုလဋီကာဆရာက ယူလို၏။ [ပင်ကိုယ်ကပင် ဌီခဏမရှိဟု ယူထားပြီးဖြစ် သောကြောင့် မူလဋီကာက "ရုပ်ဟူသမျှ စိတ်၏ ဥပါဒ်ခိုက်၌သာ ဖြစ်ကြသည်" ဟု ယူဆလေသည်။]

အနုဋီကာစသည်။ ။အနုဋီကာစသည်တို့၏ အယူကား-"နော" ဟူသော အဖြေသည် စိတ်နှင့်ဆက် သွယ်၍ ဖြစ်လေ့ရှိသော စိတ္တဇရုပ်ကိုသာ ရည်ရွယ်သော အဖြေဖြစ်သည်၊ ထို့ကြောင့် စိတ်၏ ဘင်ခဏ၌ စိတ္တဇရုပ်တစ်မျိုးသာမဖြစ်, အခြားရုပ်များကား ဖြစ်နိုင်ကြသည်သာဟု ယူကြသည်၊ ထင်ရှားစေအံ့-စိတ်သည် ဥပါဒ်အခိုက်မှာ အားအကောင်းဆုံးဖြစ်၏၊ ထို့ကြောင့် စိတ်၏ အားမရှိရာ ဘင်ခဏ၌ စိတ္တဇရုပ်၏ မဖြစ်ခြင်းသည် ယုတ္တိရှိ၏၊ ကမ္မဇ ဥတုဇ အာဟာရဇရုပတို့ကား စိတ်နှင့်ဆက်သွယ်ခြင်း မရှိကြ၊ နိရောဓ သမာပတ် ဝင်စားနေသောအခါ၌ စိတ်မဖြစ်သော်လည်း ကမ္မဇစသော ရုပ်သုံးမျိုးမှာ ဖြစ်လျက်ရှိ၏၊ စိတ်၏ ဘင်ခဏ၌ မဖြစ်နိုင်ရိုး မှန်ပါလျှင် လုံးလုံးစိတ်မရှိတဲ့အခါဝယ် အဘယ်မှာ ဖြစ်နိုင်ပါတော့အံ့နည်း၊ ထို့ကြောင့် "နော" ဟူသော ယမိုက်အဖြေသည် စိတ်နှင့် ဆက်သွယ်နေသော စိတ္တဇရုပ်ကိုသာ ရည်ရွယ်သော အဖြေ တည်း၊ ကမ္မဇစသော အခြားရုပ်များကား စိတ်၏ ဥပါဒ်ခိုက် ဌီအခိုက် ဘင်အခိုက်၌လည်းကောင်း, နိရောဓ သမာပတ်အခိုက်၌လည်းကောင်း အကြောင်းအားလျော်စွာ ဖြစ်ခွင့်ရှိပေသည်။ [အရူပဘုံ၌ ရုပ်ဟူသမျှ မဖြစ်သောကြောင့် "နော" ဟူသော အဖြေသည် အရူပဘုံကို ရည်ရွယ်သောအဖြေ ဖြစ်၏ဟု တစ်နည်းပြကြ သေးသည်ကား ယုတ္တိမရှိလှ။]

~~~~~~~~~~~

အာရုပ္ပဝိပါကဒွိပဉ္စဝိညာဏဝဇ္ဇိတံ ပဉ္စသတ္တတိဝိဓံပိ စိတ္တံ စိတ္တသမုဋ္ဌာနရူပံ ပဌမဘဝင်္ဂမုပါဒါယ ဇာယန္တမေဝ သမုဋ္ဌာပေတိ။

အာရုပ္ပဝိပါက၊ပေ၊ဇာယန္တမေဝ။ ။အရူပဝိပါက်(၄), ဒွေပဉ္စဝိညာဏ်(၁၀), ဤ(၁၄)ပါးမှ ကြွင်းသော (၇၅)ပါးသောစိတ်သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ စိတ္တဇရုပ်ကို ဖြစ်စေ၏၊ ထိုသို့ ဖြစ်စေရာ၌ စိတ်၏ ဓမ္မတာအားဖြင့် ဥပါဒ်အခိုက်၌သာ အားရှိသောကြောင့် ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌သာ စိတ္တဇရုပ်ကို ဖြစ်စေသည်၊ စိတ်တစ်ကြိမ်ဥပါဒ်လျှင် စိတ္တဇရုပ်ကလာပ် တစ်ခုသာမက အများအပြားပင် ဥပါဒ်၏၊ "စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော" ၌ "တံသမုဋ္ဌာနာနဉ္စ ရူပါနံ" ဟူသော ဗဟုဝုစ်ပါဠိတော်ကို ထောက်ပါ။

အရူပဝိပါက်က ရုပ် မဖြစ်စေနိုင်ပုံ။ ။အရူပဝိပါက်သည် အရူပဘုံ၌သာ ပဋိသန္ဓေ ဘဝင် စုတိကိစ္စ တပ်၍ ဖြစ်၏၊ ထိုအရူပဘုံကား ရုပ်ကို စက်ဆုပ်သော

ဗြဟ္မာတို့၏ နေရာပေတည်း၊ သို့အတွက် ထိုအရူပဘုံဝယ် ရုပ်ဖြစ်စေဖွယ် မလိုသောကြောင့် အရူပဝိပါက်များသည် ရုပ်ကို မဖြစ်စေကြ။

[ဆောင်] ရုပ်ကိုရွံရှာ, မွန်ဗြဟ္မာတို့, နေရာဌာန, အရူပဝယ်, ရုပ်ဖြစ်ဖွယ်လျှင်း, မလိုခြင်းကြောင်း, ယင်းဝိပါက်များ, ရုပ်မဖွား, မှတ်သား မြဲခိုင်ခိုင်။

ချဲ့ဦးအံ့ –အရူပဝိပါက်စိတ်သာမက, အရူပဘုံ၌ဖြစ်ခိုက် အခြားစိတ်များလည်း ရုပ်ကို မဖြစ်စေနိုင်၊ ထို စိတ်များကား ဝတ္ထုသင်္ဂဟဝယ် ဒွေစတ္တာလီသအရ၌ ကောက်ရသော (၄၂)ပါးတည်း၊ ဋီကာကျော်၌ "ရူပဝိရာဂဘာဝနာနိဗ္ဗတ္တတ္တာ-ရုပ်ကို စက်ဆုပ်သော အရူပဈာန်ဘာဝနာကြောင့် ဖြစ်ရသည့်အတွက် ရုပ်ကို မဖြစ်စေနိုင်" ဟု အကြောင်းတစ်မျိုးကိုလည်း ပြ၏၊ ထိုအကြောင်းကား အရူပဝိပါက်နှင့်သာ ဆိုင်၍ (၄၂)ပါး သော စိတ်များနှင့် မဆိုင်။

ပဉ္စဝိညာဏ်တို့ ရုပ်ကို မဖြစ်စေပုံ။ ။ဈာနင် မဂ္ဂင် ဟိတ်နှင့် မယှဉ်သည့်အတွက် စိတ်အင်္ဂါအားနည်း သောကြောင့် ဒွေပဉ္စဝိညာဏ်သည် ရုပ်ကို မဖြစ်စေနိုင်၊ ချဲ့ဦးအံ့-ဈာနပစ္စည်း မဂ္ဂပစ္စည်း ဟေတုပစ္စည်းများ၌ "ဈာနင်္ဂါနိ ဈာနသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဈာနပစ္စယေန ပစ္စယော" စသည်ဖြင့် ဈာနင် မဂ္ဂင် ဟိတ်တရားတို့က ရုပ်ကို ဖြစ်စေကြောင်းကို ဟောပြတော်မူ၏၊ ထိုတရားတို့တွင် ဈာနသတ္တိကြောင့် အာရုံကို သာမန်ကာလျှံကာ မဟုတ်ဘဲ စူးစူးစိုက်စိုက် ယူ၏၊ ထို့ကြောင့် စိတ်အားကောင်းမှု၌ ဈာနင်တရားသည် အရေးကြီး၏၊ မဂ္ဂင်နှင့်ဟိတ်တို့လည်း အထောက်အပံ့ အကူအညီရကြ၏၊ လက်ခြေအင်္ဂါ မပြည့်စုံသူသည် ထိုထိုကိစ္စကို အင်္ဂါပြည့်စုံသူလောက် မစွမ်းဆောင်နိုင်သကဲ့သို့ စိတ်အင်္ဂါမပြည့်စုံသော စိတ်လည်း ရုပ်ကို မဖြစ်စေနိုင်၊ ထို့ကြောင့် ဝိဘင်္ဂအဋ္ဌကထာ၌ "ဒွိပဉ္စဝိညာဏေသု ပန ဈာနင်္ဂံ နတ္ထိ မဂ္ဂင်္ဂံ နတ္ထိ ဟေတု နတ္ထီတိ စိတ္တင်္ဂံ ဒုဗ္ဗလံ ဟောတီတိ စိတ္တင်္ဂဒုဗ္ဗလတာယ တာနိ ရူပံ န သမုဋ္ဌာပေန္တိ" ဟု မိန့်သည်၊ မူလဋီကာက လည်း "ဈာနင်္ဂါနိ ဟိ စိတ္တေန သဟ ရူပသမုဋ္ဌာပကာနိ, တေသံ ပန ဗလဒါယကာနိ မဂ္ဂင်္ဂါဒီနိ , တေသု ဝိဇ္ဇမာနေသု ဝိသေသ ရူပပဝတ္တိဒဿနတော" ဟု ထောက်ခံပေသည်။

[ဆောင်] ဈာနင် မဂ္ဂင်, ဟိတ်မယှဉ်၍, စိတ်အင်္ဂါစု, အားနည်းမှုကြောင့်, ဆယ်ခုဝိညာဏ်, ရုပ်ဖြစ်ရန်, ဧကန် မတတ်နိုင်။

ဆက်ဦးအံ့ –အရူပဝိပါက် ဒွေပဉ္စဝိညာဏ်(၁၀)သာမက ပဋိသန္ဓေစိတ်နှင့် ရဟန္တာတို့၏ စုတိစိတ်များ လည်း ရုပ်ကို မဖြစ်စေနိုင်၊ သို့သော် ထိုစိတ်များသည် ပဋိသန္ဓေကိစ္စနှင့် ရဟန္တာတို့၏ စုတိကိစ္စတပ်ခိုက်၌ သာ ရုပ်ကို မဖြစ်စေနိုင်၊

ဘဝင်ကိစ္စနှင့် ပုထုဇဉ် သေက္ခတို့၏ စုတိကိစ္စတပ်ခိုက်မှာ ရုပ်ကို ဖြစ်စေနိုင်သေးသောကြောင့် စိတ်အရေ အတွက် မလျော့ရကား အခါခပ်သိမ်း ရုပ်ကို မဖြစ်စေနိုင်သော အရူပဝိပါက်(၄)ပါးနှင့် ဒွေပဉ္စဝိညာဏ်(၁၀) ကိုသာ ကြဉ်သည်။

ပဋိသန္ဓေစိတ်၏ ရုပ်မဖြစ်စေနိုင်ပုံ။ ။၁-မှီရာဟဒယဝတ္ထု၏ အားနည်းခြင်း, ၂-တည်တည်တံ့တံ့ မရှိသေးခြင်း, ၃-ပုရေဇာတစသောအကြောင်း အထောက်အပံ့ ချို့တဲ့ခြင်း, ၄-ဘဝသစ်၌ ရောက်ခါစ အာဂန္တုမျှသာဖြစ်ခြင်း, ၅-စိတ္တဇရုပ်တို့ တည်ဖို့ရာအကြောင်းကို ကမ္မဇရုပ်များက ယူထားခြင်း၊ ဤအကြောင်း များကြောင့် ပဋိသန္ဓေစိတ်ဟူသမျှလည်း ရုပ်ကို မဖြစ်စေနိုင်ကြချေ။

[ ဆောင်] မှီရာဝတ္ထု, အားနည်းမှုနှင့်, ခုခုခိုင်ခိုင်, မတည်နိုင်ချေ, ပုရေဇာတ, ပစ္စယလည်း, ထောက်မ- ကောင်းဖို့, အကြောင်းချို့၏, တစ်ဖို့တစ်ဝ, ရောက်သစ်စတည်း၊ စိတ္တဇပေါင်း, တည်ဖို့ကြောင်း ကို, စုဆောင်းယူကြ, ကမ္မဇတို့, တည်ရပလေ, အကြောင်းတွေကြောင့်, သန္ဓေစိတ်များ, ရုပ်မပွားသည်, ...မှတ်သား ကျမ်းဆိုအမြဲတည်း။

ချဲ့ဦးအံ့ –၁။ ရုပ်တို့မည်သည် ဥပါဒ်အခိုက်၌ အားနည်း၏ ပဋိသန္ဓေစိတ် ဖြစ်သောအခါ မှီရာဟဒယ ဝတ္ထုလည်း ဥပါဒ်တုန်းမှာပင် ရှိသေး၏၊ ဤသို့ အားသေးသော ဟဒယဝတ္ထုကို မှီ၍ဖြစ်သော ပဋိသန္ဓေစိတ်သည် ရုပ်ကို မဖြစ်စေနိုင်၊ ထို့ကြောင့် ခန္ဓဝိဘင်္ဂဋ္ဌကထာ၌ "တတ္ထ ဟိ သဟဇာတံ ဝတ္ထု ဥပ္ပာဒက္ခဏေ ဒုဗ္ဗလံ ဟောတီတိ ဝတ္ထုနော ဒုဗ္ဗလတာယ န သမုဋ္ဌာပေတိ" ဟု ဖွင့်ပြသည်၊ ဤအဋ္ဌကထာ၌ "ဝတ္ထု ဥပ္ပာဒက္ခဏေ ဒုဗ္ဗလံ" အရ ဟဒယဝတ္ထုတစ်မျိုးသာ အားသေးသည်ဟုလည်းကောင်း, ပဋိသန္ဓေ၏ ဥပါဒ် ခဏ၌သာ အားသေးသည်ဟုလည်းကောင်း မမှတ်လင့်၊ ပဋိသန္ဓေအခါဖြစ်စေ, ပဝတ္တိအခါဖြစ်စေ, ဥပါဒ်ခိုက် ၌ ပစ္ဆာဇာတပစ္စည်း၏ အထောက်အပံ့နှင့် အာဟာရစသည်တို့၏ အထောက်အပံ့ကို မရသဖြင့် ရုပ်ဟူသမျှ အားသေးမြဲဓမ္မတာပင် ဖြစ်သည်၊ ထို့ကြောင့် မူလဋီကာ၌ "ဝတ္ထု ဥပ္ပာဒက္ခဏေ ဒုဗ္ဗလံ ဟောတီတိ သဗ္ဗရူပါနံ ဥပ္ပာဒက္ခဏေ ဒုဗ္ဗလတံ သန္ဓာယ ဝုတ္တံ၊ တဒါ တံ ပစ္ဆာဇာတပစ္စယရဟိတံ အာဟာရာဒီဟိ စ အနုပထဒ္ဓံတိ ဒုဗ္ဗလံတိ ဝုတ္တံ" ဟု ဖွင့်ပြီ။

၂။ ပဋိသန္ဓေစိတ်သည် မှီရာဝတ္ထုရုပ် အားနည်းရုံသာမက, မိမိကိုယ်တိုင်ကလည်း ကံအဟုန်ပစ်ချ၍ ဘဝသစ်၌ ဖြစ်ကာစမို့ တည်တည်တံ့တံ့ မရှိသေးရကား ချောက်ကမ်းပါးသို့ ကျရောက်နေသော ယောက်ျားသည် သူတစ်ပါးအမှီ မခံနိုင်သကဲ့သို့ ထို့အတူ စိတ္တဇရုပ်များ ဖြစ်ပေါ်လာအောင် သဟဇာတနိဿယသတ္တိ ဖြင့် အမှီမခံနိုင်ချေ။

၃။ ပဋိသန္ဓေနောင် ပထမဘဝင်စသော ဝိပါက်များလည်း ကံအဟုန်ပစ်ချ၍ ဖြစ်ရသောကြောင့်

တည်တံ့နိုင်ဖွယ်မရှိချေ၊ သို့သော် ရှေ့ရှေ့စိတ်များက အနန္တရအစရှိသောသတ္တိဖြင့် ကျေးဇူးပြုခြင်း, ပဋိသန္ဓေ စိတ် စသည်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုက ပုရေဇာတစသော သတ္တိဖြင့် ကျေးဇူးပြုလျက် ရှိခြင်း ကြောင့် ပထမဘဝင်စသော စိတ်များမှာ အားအင်ပြည့်လျက် ရုပ်ကို ဖြစ်စေနိုင်ကြ၏၊ ပဋိသန္ဓေစိတ်မှာ ထို ကဲ့သို့ ပုရေဇာတပစ္စည်းစသော အထောက်အပံ့နှင့် အနန္တရပစ္စည်းစသော အထောက်အပံ့ကို မရနိုင်သော ကြောင့် အင်အား မရှိနိုင်ချေ။

၄။ ရောက်သစ်စဧည့်သည်သည် ရောက်ရာအရပ်၌ မစိုးမပိုင်သဖြင့် သူတစ်ပါးအား လောကွတ်ပျူငှာ မပြုနိုင်သကဲ့သို့, ပဋိသန္ဓေစိတ်လည်း ထိုထိုဘဝ၌ ရောက်ခါစ ဧည့်သည်မျှသာဖြစ်၍ စိတ္တဇရုပ်များ ဖြစ်ဖို့ရာ လောကွတ်ပျူငှာ မပြုနိုင်ချေ။

၅။ ပဝတ္တိအခါ စိတ်, စေတသိက်တို့သည် စိတ္တဇရုပ်တို့အား အာဟာရ, ဣန္ဒြိယစသော သဟဇာတဆိုင် ရာ များစွာသော သတ္တိဖြင့် ကျေးဇူးပြုကြ၏၊ ပဋိသန္ဓေစိတ်ကား ထိုသတ္တိများဖြင့် တကွဖြစ်ဖက် ကမ္မဇရုပ်တို့ အား ကျေးဇူးပြုလိုက်ရလေပြီ၊ "စိတ္တဇရုပ်အား ကျေးဇူးပြုဖို့ သတ္တိတွေကို တကွဖြစ်ဖက် ကမ္မဇရုပ်များက ကျေးဇူးခံသွားလေပြီ" ဟူလို။ [ဤအဓိပ္ပာယ်များသည် ခန္ဓဝိဘင်္ဂဋ္ဌကထာ၌လာ၏၊ ပစ္စည်းသံတွေ များစွာပါနေ သဖြင့် ပစ္စည်းပိုင်း မကျေခင် နားလည်နိုင်ဦးမည် မဟုတ်, ပစ္စည်းပိုင်းဆိုင်ရာ ကျေသောအခါ လွယ်ကူစွာ နားလည်ပါလိမ့်မည်။]

ရဟန္တာတို့ စုတိစိတ် ရုပ်မဖြစ်စေနိုင်။ ။အဝိဇ္ဇာ တဏှာတည်းဟူသော ဝဋ်မြစ် ပြတ်ပြီးဖြစ်၍ ဘဝသစ်၌ ရုပ်အဆက်အသွယ် မရှိသောကြောင့် ရဟန္တာတို့၏ စုတိစိတ်သည် ရုပ်ကို မဖြစ်စေနိုင်။

[ဆောင်] အဝိဇ္ဇာနှင့်, တဏှာဝဋ်မြစ်, ပြတ်ပြီးဖြစ်၍, အသစ်နောက်ထပ်, ဆက်စပ်ဖို့လမ်း, မရှိခန်းသဖြင့်, ရဟန္တာထိုထို, စုတိဆို, ရုပ်ကို မဖြစ်စေ။

ဋီကာကျော်။ ။"ဝဋ်မြစ်ပြတ်ပြီးဖြစ်၍ ရဟန္တာတို့၏ စုတိစိတ်သည် အလွန်ငြိမ်သက်သောကြောင့် ရုပ်ကို မဖြစ်စေနိုင်" ဟု ဆို၏၊ ထိုအဆိုသည် အဋ္ဌကထာ ဋီကာကြီးများ၏ အလိုမဟုတ်၊ ခန္ဓဝိဘင်း မူလဋီကာနှင့် အဋ္ဌသာလိနီ မူလဋီကာတို့၌ သင်္ခါရယမိုက်ကို ထောက်ဆ၍ အားလုံးသတ္တဝါ စုတိစိတ်သည် ရုပ်ကို မဖြစ်စေနိုင်ဟု ဆို၏၊ ထိုအဆိုကို ထိုဋီကာများ၌ ရှုစားကြပါ။

~~~~~~~~~~~~~

တတ္ထ အပ္ပနာဇဝနံ ဣရိယာပထံပိ သန္နာမေတိ, ဝေါဋ္ဌဗ္ဗန ကာမာဝစရဇဝနာဘိညာ ပန ဝိညတ္တိံပိ သမုဋ္ဌာပေန္တိ၊ သောမနဿဇဝနာနိ ပနေတ္ထ တေရသဟသနံပိ ဇနေန္တိ။

အပ္ပနာဇဝနံ ဣရိယာပထံပိ သန္နာမေတိ။ ။ဣရိယာနှင့် ကိရိယာသည် အနက်တူ၏၊ ကိုယ်အမူအရာ ကိရိယာဟူသော လုပ်ငန်းကိစ္စဟူသမျှကို "ဣရိယာ" ခေါ်၏၊ ပထသဒ္ဒါသည် "အကြောင်း" ဟူသောအနက် ကို ဟော၏၊ ကိုယ်အမူအရာ ကိရိယာ၏ဖြစ်ကြောင်းကို ဣရိယာပထ (ဣရိယာပုထ်) ဟု ခေါ်သည်၊ ထို ဣရိယာပုထ်ကား သွားမှု ရပ်မှု ထိုင်မှု လျောင်းမှုဟု လေးပါး ရှိ၏၊ ကိုယ်နှင့်ဆိုင်ရာ ကိစ္စဟူသမျှသည် ထိုလေးပါးနှင့် ကင်း၍မဖြစ်၊ ထိုလေးပါးသည် ကိုယ်နှင့်ဆိုင်ရာကိစ္စ ဟူသမျှ၏ ဖြစ်ကြောင်းတည်း၊ (ဈာန်ဇော မဂ် ဖိုလ်ဇောများကို အပ္ပနာဇောခေါ်ကြောင်း သတိပြုပါ၊) အပ္ပနာဇောများသည် ပင်ကို ဖြစ်မြဲတိုင်းသော ဣရိယာပုထ်များကို ညွတ်စေ၏, ပင်ကိုယ်အတိုင်း လိုက်လျောပါလာစေ၏၊ ပင်ကိုအနေ မပျက်အောင် ဆောင်ထားနိုင် တောင့်ထားနိုင်၏၊ "မိမိတို့ကား စတည်၍ ဣရိယာပုထ်ကို မဖြစ်စေနိုင်" ဟူလို။ [နောက် ဝါကျ၌ အဘိညာဉ်ကို သီးခြား ဆိုလတ္တံ့ဖြစ်သောကြောင့် ဤဝါကျ၌ အပ္ပနာဇဝနအရ အဘိညာဉ်ကိစ္စ တပ်ခိုက်ဖြစ်သော ပဉ္စမဈာန်များ မပါဝင်နိုင်။]

အချို့ဝါဒ။ ။အချို့က "အပ္ပနာဇောများကိုယ်တိုင်ပင် ဣရိယာပုထ်ကို ဖြစ်စေနိုင်၏" ဟု ပြောဆိုကြ ၏၊ ထိုစကားကို စိစစ်ဦးအံ့–ဣရိယာပုထ် တစ်ခုတစ်ခုကို စ၍ ဖြစ်စေရာ၌လည်းကောင်း, သွားနေတုန်းမှာ ရှေ့သို့ တိုး၍ တိုး၍ သွားခိုက်၌လည်းကောင်း, လှုပ်ရှားမှု ဝိညတ် ပါဝင်ရလိမ့်မည်၊ ဤအပ္ပနာဇောများကား ဝိညတ်ကို မဖြစ်စေနိုင်ကြ၊ ထို့ကြောင့် အပ္ပနာဇောများသည် ဝိညတ်မပါလျှင် မပြီးသော ဣရိယာပုထ်ကို စ၍ မဖြစ်စေနိုင်၊ ဝုဋ္ဌော ကာမဇော အဘိညာဉ်တို့ကြောင့် ဖြစ်ပေါ်လာသော ဣရိယာပုထ်ကို ထောက်ပံ့ရုံ ထောက်ပံ့နိုင်သည်၊ "ထောက်ပံ" ဆိုသည်ကား-ပင်ကို ဖြစ်ပြီးသားအတိုင်း မပျက်အောင် တောင့်ထားနိုင်သည်ဟု ဆိုလိုသည်၊ ထို့ကြောင့် ရူပကဏ္ဍ မူလဋီကာ၌ "ဣရိယာပထံ ဥပတ္ထမ္ဘေန္တီတိ ယထာပဝတ္တံ ဣရိယာပထံ ဥပတ္ထမ္ဘေန္တိ" စသည်ဖြင့် မိန့်ပြီ။

အပိသဒ္ဒါ။ ။ဣရိယာပထံပိ၌ အပိသဒ္ဒါကား ရှေ့ဝါကျ၌ ပြအပ်ခဲ့သော ရုပ်သာမညကို ပေါင်းသည်၊ [ဣရိယာပုထ် ဝိညတိမပါဘဲ ရိုးရိုးဖြစ်သောရုပ်ကို ရုပ်သာမညဟု ခေါ်၏၊] "အပ္ပနာဇောသည် ရုပ်သာမည ကို ဖြစ်စေနိုင်ရုံသာမက ဣရိယာပုထ်ကိုလည်း ထောက်ပံ့နိုင်သည်" ဟူလို၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ အရှင်အနုရုဒ္ဓါ စီရင်အပ်သော နာမရူပပရိစ္ဆေဒ၌......

"အပ္ပနာဇဝနံ သဗ္ဗံ, မဟဂ္ဂတမနုတ္တရံ၊ ဣရိယာပထရူပါနိ, ဇနေန္တီတိ သမီရိတံ" ဟု မိန့်ပြီ။

ဣရိယာပထရူပါနိ -ဣရိယာပုထ်နှင့် ရုပ်သာမညတို့ကို၊ ဇနေန္တိ-ဖြစ်စေကုန်၏" ဟု အနက်ပေး၊ ရုပ်သာမည ကို ငဲ့၍ "ဇနေန္တိ" ဟု ဆိုသည်၊ "ဣရိယာပုထ်ကို ထောက်ပံ့၍, ရုပ်သာမညကို ဖြစ်စေကြသည်" ဟူလို၊ ဝိသုဒ္ဓိမဂ် မဂ္ဂါမဂ္ဂဉာဏဒဿနနိဒ္ဒေသ၌လည်း ဤအဓိပ္ပာယ်မျိုးပင်တည်း။

ဝေါဋ္ဌဗ္ဗနကာမာဝစရ၊ပေ၊ဝိညတ္တိံပိ သမုဋ္ဌာပေန္တိ။ ။ဝိညတ္တိံပိ၌ အပိသဒ္ဒါကား ရှေ့နှစ်ဝါကျ၌ ပြခဲ့သော ရုပ်သာမညနှင့် ဣရိယာပုထ်တို့ကို ပေါင်း၏၊ ထို့ကြောင့် ဝုဋ္ဌော(၁), ကာမဇော(၂၉), အဘိညာဉ်(၂), ဤ(၃၂)ပါးသော စိတ်များသည် ရုပ်သာမညကို ဖြစ်စေ၍, ဣရိယာပုထ်ကို ထောက်ပံ့ရုံသာမက, ကာယ ဝိညတ် ဝစီဝိညတ်ကိုလည်း ဖြစ်စေသည်၊ ကာယဝိညတ်ပါလျှင် တချို့အရာ၌ ကိုယ်လက်လှုပ်ရှား၏၊ ထို့ကြောင့် ဤစိတ်များသာ သွားလာလှုပ်ရှားခြင်းစသော ဣရိယာပုထ်များကို ဖြစ်စေနိုင်သည်ဟု မှတ်ပါ။

မှတ်ချက်။ ။"ဝုဋ္ဌော ကာမဇော" ဟု သာမညဆိုထားသော်လည်း မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းနှင့် ကာမဇောများကိုသာ ယူရမည်၊ ပဉ္စဒွါရဝီီထိများသည် အလွန် အားနည်း၏၊ ထို့ကြောင့် ပဉ္စဒွါရဝီထိ၌ ပါသောဝုဋ္ဌောနှင့် ဇောတို့သည် ဝိညတ်ကို မဖြစ်စေနိုင်၊ ဣရိယာပုထ်ကို လည်း မထောက်ပံ့နိုင်၊ နောက်ဝါကျ၌ လာမည့် ပြုံးရယ်စေသော စိတ်များလည်း မနောဒွါရိကဝီထိ စိတ်များပင်တည်း။

သောမနဿဇဝနာနိ၊ပေ၊ဟသနံပိ ဇနေန္တိ။ ။ဤဝါကျအဓိပ္ပာယ်ကို ဆောင်ပုဒ်နှင့်တကွ အခြေပြု သင်္ဂြိုဟ်၌ ပြခဲ့ပြီ၊ "ရှစ်ပုထုဇန်, ခြောက်သေက္ခန်, ငါးတန်ရဟန္တာ" အရ ဘုရား-ရဟန္တာတို့ ဟသိတုပ္ပာဒ်ဇော, မဟာကြိယာသောမနဿဇောတို့ဖြင့် ပြုံးတော်မူကြကြောင်းကိုပြရာ၌ အချို့ဆရာများက အခြားရဟန္တာများ အတွက် နှစ်သက်ကျေနပ်သော်လည်း ဘုရားရှင်အတွက် ဟသိတုပ္ပာဒ်ဇောကို သဘောမတူကြ၊ ထိုဆရာ များ၏ ထောက်ထားချက်ကား "ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏာနုပရိဝတ္တိ(တ္တံ)" ဟူသော အာဝေဏိကဂုဏ်တော်၌ "ဉာဏာနုပရိဝတ္တိ" စကားပင်တည်း၊ ပြုံးတော်မူခြင်းသည် အသံမထွက်သော ကြောင့် ကာယကံသာ ဖြစ်၏၊ ထိုကာယကံသည် "ဉာဏာနုပရိဝတ္တိ" အရ ဉာဏ်တော်သို့ အစဉ်လိုက်၍ ဖြစ်ရမည်၊ ဉာဏ်ကင်းသော ဟသိတုပ္ပာဒ်ဇောသည် အဘယ်မှာလျှင် ဉာဏ်တော်သို့ အစဉ်လိုက်နိုင်ပါ အံ့နည်း၊ ထို့ကြောင့် ဘုရားရှင်သည် ဟသိတုပ္ပာဒ်ဇောဖြင့် ဘယ်အခါမှ ပြုံးတော်မမူဟု ယူလိုကြသတဲ့။

ချေပပုံ။ ။ထိုစကားကို ဤသို့ချေပကြ၏၊ ဘုရားရှင်သည် တစ်စုံတစ်ယောက်၏ ထူးခြားသောကောင်းမှု မကောင်းမှုတို့ကို မြင်တော်မူသောအခါ ပုဗ္ဗေနိဝါသဉာဏ်တော်ဖြင့် ရှေးရှေးက ဖြစ်ခဲ့ပုံကို အာရုံပြုတော်မူပြီး မှသော်လည်းကောင်း, သို့မဟုတ် နောက်နောင်ဖြစ်မည့်အရေးကို အနာဂတံသဉာဏ်တော်ဖြင့် တွေးတော်မူပြီးမှသော်လည်းကောင်း ဤဟသိတုပ္ပာဒ်စိတ်ဖြင့် တစ်ရံတစ်ခါ ပြုံးတော်မူသည်၊ ထိုဉာဏ်များနှင့် သဗ္ဗညုတဉာဏ်၏ နောက်မှသာ ဤဟသိတုပ္ပာဒ်စိတ် ဖြစ်သောကြောင့် ဘုရားရှင်၏ ပြုံးတော်မူဟန် ကာယကံသည် အမှန်ပင် ဉာဏာနုပရိ ဝတ္တိဖြစ်၏ဟု ချေပတော်မူသည်။ [အဋ္ဌသာလိနီမှာ ဤအဓိပ္ပာယ်မျိုး လာ၏။]

ဒေါသဖြင့် မပြုံး။ ။အချို့သောအရာဝယ် နိုင်လောက်သော ရန်သူကို တွေ့သောအခါ သဘောကျ၍ ဒေါသဖြင့် ပြုံးသည် မဟုတ်ပါလောဟု မေး၊ နိုင်လောက်သော ရန်သူကို တွေ့ရာ၌ ရန်သူကို အာရုံပြု၍ ဒေါသဖြစ်၏၊ ထို ဒေါသအခိုက်မှာ မပြုံးနိုင်သေး၊ နိုင်လောက်သောအချက်ကို အာရုံပြုမိသောအခါ "သည့်အကောင့်အပေါ်မှာ ငါအလိုရှိတိုင်း ပြုနိုင်တော့မည်" ဟု သဘောကျသော သောမနဿဇော ဖြစ်လေသည်၊ ထိုသောမနဿဇောဖြင့်သာ ပြုံးသည်၊ သို့သော် ဒေါသဖြစ်လိုက် သောမနဿဖြစ်လိုက်နှင့် ရောနေ သည့်အတွက် စိတ်အစဉ်အထူးကို မသိနိုင်သောကြောင့် ဒေါသဖြင့်ပင် ပြုံးသည်ဟု မှတ်ထင်ကြလေသည်။

[ နနု စ ကေစိ ကောဓဝသေနာပိ ဟသန္တီဟိ-န၊ (န) တေ သမ္ပိယာယန္တိ ကောဓဝတ္ထုံ, တတ္ထ မယံ ယထာ ကာမ ကာရိတံ အာပဇ္ဇိဿမာတိ ဒုဝိညေယျန္တရေန သောမနဿစိတ္တေနေဝ ဟာသဿ ဥပ္ပဇ္ဇနတော၊- ပဉ္စင်္ဂုတ္တရဋီကာ။]

~~~~~~~~~~~~~

သီတုဏှောတုသမညာတာ တေဇောဓာတု ဌိတိပ္ပတ္တာဝ ဥတုသမုဋ္ဌောနရူပံ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ ယထာရဟံ သမုဋ္ဌာပေတိ။

သီတုဏှောတုသမညာတာ တေဇာဓာတု။ ။ဓာတ်ကြီးလေးပါးတွင် တေဇောဓာတ်ကိုပင် အအေးရုပ် ကလာပ်၌ ပါတဲ့အခါ သီတဥတု (အအေးငွေ့)ဟု လည်းကောင်း, အပူရုပ်ကလာပ်၌ပါတဲ့အခါ ဥဏှဥတု (အပူငွေ့)ဟုလည်းကောင်း အသိအမှတ်ပြုကြ, ခေါ်စမှတ်ပြုကြသည်။

ဌိတိပ္ပတ္တာဝ ဥတုသမုဋ္ဌာနရူပံ။ ။ရုပ်တို့မည်သည် အချုပ်နှေးသဖြင့် ဌီအခိုက်မှာ ကြာရှည်စွာ တည်ရ၏၊ သို့အတွက် ဌီအခိုက်မှာ ဓမ္မတာအတိုင်းပင် အားပြည့်ကြသည်၊ ထို့ကြောင့် ဆိုင်ရာရုပ်ကလာပ်တွင် ပါဝင် သော တေဇောဓာတ်သည် ဥပါဒ်ပြီးနောက် ဌီသို့ အရောက် အရောက်မှာ ဥတုဇရုပ်ကလာပ်အသစ် တစ်ခုကို သာ ဖြစ်စေသည်ဟု မှတ်ပါ။

ဋီကာကျော်။ ။"ပစ္ဆာဇာတာဒိ ပစ္စယုပတ္ထမ္ဘလာဘေန ဌိတိက္ခဏေယေဝ ဥတုဩဇာနံ ဗလဘာဝေါ" ဟူသောပါဌ်ဖြင့် ပစ္ဆာဇာတပစ္စည်း အာဟာရပစ္စည်း စသည်တို့၏ အထောက်အပံ့ကို ဌီခဏကျမှ ရသည့် အတွက် ဥတု ဩဇာတို့သည် ဌီခဏကျမှ အားကောင်း၍ ရုပ်ကို ဖြစ်စေကြသည်ဟု ဆို၏၊ သို့သော် နိရောဓ သမာပတ်ဝင်စားခိုက်၌ ပစ္ဆာဇာတ အထောက်အပံ့မရ၊ အသညသတ်ဘုံ၌ ဖြစ်ခိုက်မှာကား ပစ္ဆာဇာတ အာဟာရ နှစ်မျိုးလုံးပင် အထောက်အပံ့မရ၊ ဗဟိဒ္ဓဥတုများလည်း ပစ္ဆာဇာတ အထောက်အပံ့မရ၊ ထိုဥတု များသည် ရုပ်ကို ဖြစ်စေနိုင်ကြသည်သာ၊ ထို့ကြောင့် ဥတုက ရုပ်ကို ဖြစ်စေနိုင်ဖို့အရေး၌ ပစ္ဆာဇာတစသော ပစ္စည်းများသည် ကြီးလေးသောအထောက်အပံ့ မဟုတ်၊ ရုပ်တို့၏ ဓမ္မတာအတိုင်း ဌီခဏ၌ အားကောင်း သောကြောင့်သာ ဆိုင်ရာရုပ်ကို ဖြစ်စေနိုင်ကြသည်၊ ပစ္ဆာဇာတစသော အထောက်အပံ့ကို ရသောအခါ ပင်ကိုဓမ္မတာထက် အားပိုလာသည်ဟုကား ယူဆဖွယ်ရှိ၏၊ [ဥတု နာမ စေသ ဒန္ဓနိရောဓောတိအာဒိ ဥတုဿ ဌာနက္ခဏေ ဥပ္ပာဒနေ(ရုပ်ကိုဖြစ်စေခြင်း၌) ကာရဏဒဿနတ္ထံ၊ပေ၊ဝုတ္တံ၊ ဒန္ဓနိရောဓတ္တာ ဟိ သော ဌိတိက္ခဏေ ဗလဝါတိ တဒါ ရူပံ သမုဋ္ဌာပေတိ-ခန္ဓဝိဘင်း မူလဋီကာ။]

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ ယထာရဟံ။ ။အဇ္ဈတ္တဥတုသည် အဇ္ဈတ္တ၌ ရထိုက်သမျှ ဥတုဇရုပ်ကို ထိုက်သင့် သလို ဖြစ်စေ၍, ဗဟိဒ္ဓဥတုကလည်း ဗဟိဒ္ဓ၌ ရထိုက်သမျှ ဥတုဇရုပ်ကို ဖြစ်စေသည်။ [အဇ္ဈတ္တဥတုသည် သူ့ချည်းသက်သက် ရုပ်ကို မဖြစ်စေနိုင်, ဗဟိဒ္ဓဥတု၏ အကူအညီရမှ ဖြစ်စေနိုင်သည်ဟု ကျမ်းဂန်၌ ဆို၏၊ ဗဟိဒ္ဓဥတုကလည်း ခန္ဓာကိုယ်၌ အမြဲ ထိတွေ့ စိမ့်ဝင်လျက်ရှိသောကြောင့် အဇ္ဈတ္တဥတုကို အချိန်မရွေး ကူညီ ထောက်ပံ့နိုင်ခွင့် ရှိသည်။]

~~~~~~~~~~~~~

ဩဇာသင်္ခါတော အာဟာရော အာဟာရသမုဋ္ဌာနရူပံ အဇ္ဈောဟရဏကာလေ ဌာနပတ္တောဝ သမုဋ္ဌာပေတိ။

ဩဇာသင်္ခါတော အာဟာရော။ ။စားဖွယ် သောက်ဖွယ် ဟူသမျှကို "အာဟာရ" ဟု ခေါ်ဝေါ်ရိုးရှိ သော်လည်း ရုပ်ကိုဖြစ်စေရာဝယ် စားသောက်ဖွယ်၌ ပါရှိသော အဆီအနှစ် ဩဇာကိုသာ ယူရမည်ဟု သိစေ လိုသောကြောင့် "ဩဇာသင်္ခါတော အာဟာရော" ဟု မိန့်သည်။

အဇ္ဈောဟရဏကာလေ သမုဋ္ဌာပေတိ။ ။အများထုံးစံလိုက်၍ "အဇ္ဈောဟရဏကာလေ-မျိုလိုက်သော အခါ၌ အာဟာရသမုဋ္ဌာန်ရုပ်ကို ဖြစ်စေသည်" ဟု ဆိုသည်၊ စင်စစ်မှာ မျိုမချခင်, ဝါး၍ မစားခင် လျှာပေါ် တင်မိလျှင်ပင် အချို့အစာများ၏ အရသာသည် လျှာအပြင်ပမှ စ၍ ခန္ဓာကိုယ်၌ ထိုက်သင့်သမျှ ပျံ့နှံ့လေ၏၊ အစာအာဟာရ၏ အရသာကောင်းသလောက် ကိုယ်မှာ အရသာ ပျံ့နှံ့မြန်၏၊ အရသာကို ဆောင်ယူသော အကြောများ သန့်ရှင်းသလောက်လည်း ကိုယ်မှာ အရသာအပျံ့ မြန်၏၊ အရသာညံ့ဖျင်း သော အစာများကား သွားဖြင့် ကိုက်ချေ ဝါးမျိုလိုက်မှ အရသာပျံ့နှံ့သည်၊ ဝါးမျိုစားသောက်၍ အစာအိမ်သို့ ရောက်သောအခါ ဝမ်းမီးချက်မှုကြောင့် အစာ အာဟာရအချို့ အဖက်အကာ ဖြစ်ရစ်၍ တချို့မှာ သွေးကြော တို့ကို အစဉ်လျှောက်လျက် အထက်အောက် တစ်ကိုယ်လုံးမှာ ရသာဓာတ်ရည် ပျံ့နှံ့၏၊ ထိုအရသာဓာတ် ပျံ့နှံ့ရာတိုင်း၌ ပါဝင်သော ဩဇာသည် ရုပ်ကို ဖြစ်စေနိုင်၏၊ ထို့ကြောင့် စားခြင်း မစားခြင်း မျိုခြင်း မမျိုခြင်း က လိုရင်းမဟုတ်, အရသာ ပျံ့နှံ့ခြင်း မပျံ့နှံ့ခြင်းသာ လိုရင်းဖြစ်သည်ဟု မှတ်ပါ။ [ကဗဠီကာရာဟာရော တာဝ မုခေ ထပိတမတ္တောဝ အဋ္ဌရူပါနိ သမုဋ္ဌာပေတိ၊ ဒန္တိဝိစုဏ္ဏိတံ ပန အဇ္ဈောဟရီယမာနံ ဧကေသံ သိတ္တံ အဋ္ဌရူပါနိ သမုဋ္ဌာပေတိ၊ မူလပံ, သမ္မာဒိဋ္ဌိသုတ္တအဋ္ဌကထာ။]

ဆက်ဦးအံ့ –ဣသိသိင်္ဂရသေ့ သုံးနှစ်လောက် မေ့နေတုန်းက မွေးညှင်းပေါက်များမှ နတ်ဩဇာကို သွင်းပေးသဖြင့် အာဟာရဇရုပ်များ ဖြစ်ကြ၏၊ ယခုကာလ အစာမစားနိုင်သော လူမမာစသည်ကို နှာခေါင်းမှ လည်းကောင်း, ဒွါရမှလည်းကောင်း အစာသွင်းပေးသဖြင့် အာဟာရဇရုပ်များ ဖြစ်နိုင်ကြသည်၊ အမိဝမ်းတွင်း မှာ ကိန်းအောင်နေသော သူငယ်၏ ကိုယ်ကလေး၌ အမိ စားလိုက်သော အစာမှ ဆက်သွယ်ပျံ့နှံ့သဖြင့် အာဟာရဇရုပ်များ ဖြစ်ကြသည်၊ လူတို့၏ အစာ အာဟာရမှ အရသာဓာတ်သည် (၇)ရက်ခန့်မျှ ပျံ့နှံ့သော ကြောင့် (၇)ရက်ခန့်တိုင်အောင် ခန္ဓာကိုယ်၌ ထောက်ပံ့အားပေးလျက် အာဟာရဇရုပ်များ မွေးဖွား၏၊ နတ်တို့ ဩဇာမှာ တစ်လ နှစ်လ ကြာအောင်ပင် စွမ်းဆောင်နိုင်သတဲ့။ [ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟံပိ ဥပတ္ထမ္ဘေတိ၊ ဒိဗ္ဗာ ပန ဩဇာ ဧကမာသံ ဒွိမာသံပိ ဥပတ္ထမ္ဘေတိ၊ မာတရာ ပရိဘုတ္တာဟာရောပိ ရူပံ သမုဋ္ဌာပေတိ၊- ဝိသုဒ္ဓိမဂ်, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ။]

ဌာနပ္ပတ္တောဝ သမုဋ္ဌာပေတိ။ ။ဤ၌ "ဌာနပတ္တောဝ" ဟူသော စကားကို အထူးအဆန်း မမှတ်နှင့်, ရုပ်တို့ ဓမ္မတာအတိုင်း ဌီခဏရောက်မှ အားရှိသဖြင့် "ဌာနပတ္တောဝ-ဌီသို့ရောက်မှသာလျှင်၊ သမုဋ္ဌာပေတိ- ဖြစ်စေ၏" ဟု ဆိုသည်၊ ထင်ရှားစေအံ့-ရေခွက်ထဲက ရေကို ကြည့်ရှုရာ၌ "မူလက ရေသည် အခြေမပျက် တည်လျက်ရှိသည်" ဟု ထင်ရသော်လည်း စင်စစ်မှာ အဟောင်း အဟောင်းရေတွေ (အရည်ကလာပ်တွေ) ပျက်၍, အသစ် အသစ်ရေများ ဖြစ်ပွားတည်နေသကဲ့သို့

ထို့အတူ ပြအပ်ပြီးသော အရသာဓာတ်ရည်သည် တစ်ကိုယ်လုံး၌ ပျံ့နှံ့လေရာ အဟောင်း အဟောင်း အရသာ ဓာတ်ရည်များပျက်၍ အသစ်အသစ် အရသာဓာတ်ရည်များ ဥပါဒ်ဖြစ်ပွားလျက်ရှိ၏၊ ထိုသို့ ဖြစ်ပွား ရာ၌ ပါရှိသော ဩဇာသည် အသစ် အသစ် ဥပါဒ်ပြီးနောက် ဌီအခိုက်သို့ အရောက် အရောက်မှာ အာဟာရ သမုဋ္ဌာနရုပ်ကလာပ် တစ်ခုခုကို ဖြစ်စေသည်ဟု ဆိုလိုသည်။

ထိုသို့ ဖြစ်စေရာ၌ အစာအာဟာရတွင် ပါရှိသော ထိုဩဇာသည် ခန္ဓာကိုယ်၌ရှိသော ကမ္မဇရုပ်များ၏ (အထူးအားဖြင့် ကမ္မဇဩဇာ၏) အထောက်အပံ့ကို ရမှသာ အာဟာရသမုဋ္ဌာနရုပ်ကို ဖြစ်စေနိုင်သည်၊ ဆိုလိုရင်းကား- "အရသာဓာတ်ရည်သည် ခန္ဓာကိုယ်၌ ပျံ့နှံ့သောအခါ ထိုထိုအရပ်၌ ကမ္မဇရုပ်များနှင့် ပေါင်းစပ်မိ၏၊ ထို ကမ္မဇရုပ်များ၏ အထောက်အပံ့ကို ရသဖြင့် အရသာဓာတ်တွင်ပါသော ဩဇာက ရုပ်ကို ဖြစ်စေနိုင်သည်" ဟူလို။ ["အာဟာရသမုဋ္ဌာနံ နာမ-ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ တတ္ထ ပတိဋ္ဌာယ ဌာနပ္ပတ္တာယ သမုဋ္ဌာပိတံ ဩဇာဋ္ဌမကံ" စသော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ နိဒ္ဒေသ၊-ဝိသုဒ္ဓိမဂ်။]

မဟာဋီကာဝါဒ။ ။ဝိသုဒ္ဓိမဂ် မဟာဋီကာကား "အစာအာဟာရတွင် ပါဝင်သော ဗဟိဒ္ဓဩဇာသည် ခန္ဓာ ကိုယ်တွင်းမှာ ရောက်သော်လည်း ရုပ်ကို တိုက်ရိုက် မဖြစ်စေနိုင်, အဇ္ဈတ္တ (ခန္ဓာကိုယ်အတွင်းမှာ အမြဲ တည်ရှိသော) ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇ ဩဇာတို့ကသာ အာဟာရဇရုပ်ကို ဖြစ်စေ၏၊ ဗဟိဒ္ဓဩဇာ ကား အဇ္ဈတ္တဩဇာများ ဖြစ်စေဖို့ရာ ထောက်ပံ့ရုံသာ ထောက်ပံ့နိုင်သည်" ဟု ယူဆ၍ ဤနေရာနှင့်တကွ ပဏ္ဏာသသံယုတ် ပဋ္ဌာန်းအဋ္ဌကထာတို့မှာ ပြောင်းပြန်ချည်း ဖွင့်လေသည်၊ သို့သော် အစာအာဟာရတွင် ပါသောဗဟိဒ္ဓဩဇာက ခန္ဓာကိုယ်တွင်းသို့ ရောက်သောအခါ ရုပ်ကို ဖြစ်စေနိုင်ပုံသည် အလွန်ထင်ရှား၏၊ မကျန်းမာသူ လူတစ်ယောက်သည် မတည့်သောအစာကို လျှာပေါ်တင်မိရုံဖြင့် ရောဂါတိုးလာ၏၊ တည့်သောအစာကို အနည်းငယ် စားရုံမျှဖြင့် ကျန်းမာလာ၏၊ ဆေးတစ်ခွက်ဖြင့် ကျန်းမာလာ၏၊ အစား ကောင်းလျှင် စားတိုင်း အရသာရှိလျှင် မကြာခင် အသားအရေတိုးလျက် ဝဖြိုးလာ၏၊ ဤသို့ ဖြစ်ခြင်းသည် အပြင်ပက အစာအာဟာရတွင် ပါသော ဗဟိဒ္ဓဩဇာ၏ အစွမ်းမဟုတ်ပါလော၊ ဤသို့လျှင် အဇ္ဈတ္တဩဇာက ဥပတ္ထမ္ဘကသတ္တိ (သုတ္တန် ပကတူပနိဿယ) သဘောဖြင့် ထောက်ပံ့ရုံ ထောက်ပံ့၍ ဗဟိဒ္ဓဩဇာကသာ ဇနကသတ္တိဖြင့် အာဟာရဇရုပ်ကို ဖြစ်စေပုံက ထင်ရှားသောကြောင့် "ဗဟိဒ္ဓဩဇာက ရုပ်ကို မဖြစ်စေနိုင်, ထောက်ပံ့ရုံသာ ထောက်ပံ့နိုင်သည်" ဟူသော အရှင်ဓမ္မပါလ၏ အယူအဆကို ဆရာမြတ်တို့က လက်မခံလို ကြကုန်။

တတ္ထ ဟဒယဣန္ဒြိယရူပါနိ ကမ္မဇာနေဝ၊ ဝိညတ္တိဒွယံ စိတ္တဇမေဝ၊ သဒ္ဒေါ စိတ္တောတုဇော၊ လဟုတာဒိတ္တယံ ဥတုစိတ္တာဟာရေဟိ သမ္ဘောတိ။

ဟဒယ၊ပေ၊ကမ္မဇာနေဝ။ ။ဟဒယဝတ္ထုရုပ်, စက္ခုပသာဒစသော ပသာဒရုပ်(၅), ဘာဝရုပ်(၂)ပါး, ဇီဝိတ ရုပ်, ဤ(၉)ပါးသည် ရှေးရှေးက စီမံခဲ့သော ကံကြောင့် ဖြစ်ကြ၏၊ "ကမ္မဇာနေဝ-ကမ္မဇရုပ်တို့သာတည်း" ဟု အနက်ပေး၊ ဧဝသဒ္ဒါဖြင့် စိတ္တဇ ဥတုဇ အာဟာရဇ မရှိဟု ကန့်၊ စိတ် ဥတု အာဟာရတို့သည် ဤရုပ်(၉)ပါးကို တိုက်ရိုက် မဖြစ်စေနိုင်သော်လည်း ထောက်ပံ့ရုံကား ထောက်ပံ့နိုင်ကြောင်းကို စက္ခုပသာဒရုပ်အခန်း၌ ပြခဲ့ပြီ။

ဝိညတ္တိဒွယံ စိတ္တဇမေဝ။ ။ဝိညတ်ဒွေး၏ စိတ်ကြောင့် ဖြစ်ပုံကို ဝိညတ်ရုပ်ခန်း၌ ပြခဲ့ပြီ၊ မဟာဘုတ်၏ ဥပါဒ်၌သာ ထင်ရှားသော အမူအရာအထူးဖြစ်၍ ရုပ်တို့ ဓမ္မတာအတိုင်း ခဏငယ်(၅၁)ချက်တိုင်အောင် မလိုက်ပါဘဲ စိတ်ချုပ်လျှင် ချုပ်ပျောက်လေသည်၊ ထို့ကြောင့် "စိတ္တာနုပရိဝတ္တိနော ဓမ္မာ" ဟူသော ဒုကမာတိ ကာပုဒ်အရ စိတ်သို့ အစဉ်လိုက်၍ဖြစ်သော တရားတို့တွင် ဤ ဝိညတ်ဒွေး ပါဝင်ရလေသည်၊ "စိတ္တဇမေဝ- စိတ္တဇသာတည်း" ဟု အနက်ပေး၍ ဧဝဖြင့် ကမ္မဇ စသည်ကို ကန့်။

သဒ္ဒေါ စိတ္တောတုဇော။ ။"သဒ္ဒရုပ် အသံသည် စိတ် ဥတုနှစ်ပါးကြောင့် ဖြစ်သည်" ဟု ဆိုသော်လည်း စိတ် ဥတုနှစ်ပါးက တစ်ပြိုင်နက် ဖြစ်စေသည်ဟု မမှတ်ရ၊ သက်ရှိသတ္တဝါတို့၏ စကားပြောသံ ရယ်မောသံ ငိုကြွေးသံစသည်မှာ စိတ်ကြောင့်ဖြစ်ပေါ်လာသော အသံဖြစ်၍, ဝမ်းတွင်း၌ လှုပ်ရှားသံ, ဓာတ်စက်သံ, အပြင်ပ၌ ရှိသမျှ လေသံ, မိုးသံ, တီးမှုတ်သံ စသည်များကား ဥတုကြောင့် ဖြစ်သည်-ဟု ခွဲခြား၍ မှတ်ပါ။

အသံ ကောင်း/မကောင်း။ ။သက်ရှိသတ္တဝါတို့၏ အသံသည် စိတ်ကြောင့်ဖြစ်လျှင် ဘာ့ကြောင့် အချို့မှာ အသံကောင်း၍, အချို့မှာ အသံ မကောင်းပါသနည်း၊...စိတ်ကြောင့် ဖြစ်ခြင်းတူလျှင် အသံလည်း တူသင့်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား–"သက်ရှိသတ္တဝါတို့၏ အသံသည် စိတ်ကြောင့် ဖြစ်သည်" ဟု ဆိုရာ၌ အသံဖြစ်ဖို့ရာ အနီးကပ်ဆုံး အကြောင်းကို ပြခြင်းဖြစ်သည်၊ အသံကောင်း/မကောင်းမှာ စိတ် တစ်မျိုးနှင့်သာ သက်ဆိုင်သည်မဟုတ်ပေ, ကံတရားနှင့်လည်း သက်ဆိုင်သည်၊ "ကံက အသံဖြစ်ဖို့ရာဌာန၌ ကမ္မဇပထဝီ ကောင်းကောင်း စီမံလျှင် အသံကောင်း၏, ထိုကမ္မဇပထဝီ ညံ့လျှင် အသံ ညံ့သည်" ဟူလို။

ချဲ့ဦးအံ့ –ပြောဆိုလိုသောစိတ် မဖြစ်သမျှ အသံမဖြစ်သေး, ပြောဆိုလိုသော စိတ်ဖြစ်မှသာ အသံဖြစ်ပေါ် လာသည်၊ ထို့ကြောင့် စိတ်သည် အသံဖြစ်ဖို့ရာ အနီးကပ်ဆုံးအကြောင်းပင်တည်း၊ အသံ၏ ဖြစ်ရာဌာနများ၌ ကမ္မဇရုပ်များရှိ၏၊ ကံက ကမ္မဇပထဝီဓာတ်ကို ကောင်းစွာ စီမံထားလျှင် ရွတ်ဆိုလိုသောစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် စိတ္တဇပထဝီဓာတ်နှင့် ကမ္မဇပထဝီဓာတ်များ ထိခတ်ပွတ်တိုက်မိကြ၏၊ ထိုအခါ အသံကောင်း များ ဖြစ်ပေါ်လာ၏၊ ညံ့ဖျင်းသောကံက မကောင်းသော ပထဝီဓာတ်ကို စီမံထား၍ ထိုပထဝီဓာတ်များနှင့် ထိခတ်ပွတ်တိုက်ရလျှင် မကောင်းသောအသံပင် ထွက်လာ၏၊ ဤသို့လျှင် အသံကောင်းမှု/မကောင်းမှုသည် ကမ္မဇပထဝီဓာတ်နှင့် ဆိုင်၏၊ ထိုကမ္မဇပထဝီဓာတ် ကောင်း/မကောင်းမှုသည် အရင်းခံကံနှင့် ဆိုင်သည်၊ ဥပမာ-တူရိယာ၏ အသံကောင်း/မကောင်းသည် တူရိယာကောင်း/မကောင်းနှင့် ဆိုင်၏၊ တူရိယာကောင်း/ မကောင်းလည်း တူရိယာလုပ်သူနှင့် ဆိုင်သကဲ့သို့တည်း၊ ထို့ကြောင့် ခုဒ္ဒကပါဌ, နိဓိကဏ္ဍသုတ်ပါဠိတော်၌

"သုဝဏ္ဏတာ သုသရတာ, သုသဏ္ဌာနာ သုရူပတာ၊ အာဓိပစ္စပရိဝါရော, သဗ္ဗမေတေန လဗ္ဘတိ" ဟု မိန့်ပြီ။

ထိုဂါထာ၏ မိန့်လိုရင်းကား - "ကောင်းသော အဆင်းရှိသူ၏ အဖြစ်, ကောင်းသောအသံ ရှိသူ၏ အဖြစ်, ကောင်းသောပုံသဏ္ဌာန်, ကောင်းသောရုပ် ရှိသူ၏ အဖြစ်, အစိုးရမှု, အခြံအရံများမှု, ဤအလုံးစုံကို ဤကံ ကြောင့်သာ ရအပ်၏" ဟူလို။ [စိတ္တဇပထဝီဓာတ်နှင့် ကမ္မဇပထဝီဓာတ် ထိခိုက်သောအခါ အနီးအပါးရှိသော ဥတုဇ အာဟာရဇပထဝီနှင့်လည်းကောင်း, စိတ္တဇပထဝီဓာတ်ချင်းလည်းကောင်း ထိခိုက်ကြလိမ့်မည်၊ ထို့ကြောင့် ဥတုကောင်းသောအခါ, အသံကြည်ဆေးစသည်ကို စားမှုကြောင့် အာဟာရဇရုပ် ကောင်းသော အခါ, စိတ်ချမ်းသာသောအခါတို့၌ အသံလည်း ကောင်းနေတတ်၏၊ ဥတုစသည် မကောင်းသောအခါ၌ အသံ လည်း မကောင်းဘဲ ရှိတတ်ပေသည်။

လဟုတာဒိတ္တယံ ဥတုစိတ္တာဟာရေဟိ။ ။ဤလဟုတာစသော ရုပ်သုံးပါး၏ ဥတု စိတ် အာဟာရတို့ ကြောင့် ဖြစ်ရပုံကို ရူပသမုဒ္ဒေသခန်း၌ ပြခဲ့ပြီ၊ ဤလဟုတာစသော ရုပ်များသည် ကံကြောင့် ဖြစ်နိုင်လျှင် စက္ခုပသာဒစသော ကမ္မဇရုပ်များကဲ့သို့ အမြဲရှိရလိမ့်မည်၊ ထိုကဲ့သို့လည်း အမြဲမရှိချေ၊ မကျန်းမာတဲ့အခါ စိတ်မချမ်းသာတဲ့အခါ အစားအသောက် ပျက်နေတဲ့အခါ ဤလဟုတာစသော ရုပ်သုံးပါး မရှိချေ၊ ထို့ကြောင့် ဤလဟုတာ စသောရုပ်များသည် ကမ္မဇမဟုတ် စိတ္တဇ ဥတုဇ အာဟာရဇသာ ဖြစ်သည်။

အဝိနိဗ္ဘောဂရူပါနိ စေဝ အာကာသဓာတု စ စတူဟိ သမ္ဘူတာနိ၊ လက္ခဏရူပါနိ န ကုတောစိ ဇာယန္တိ။

အဝိနိဗ္ဘောဂရူပါနိ၊ပေ၊စတူဟိ သမ္ဘူတာနိ။ ။ရူပကလာပ၌ ပြလတ္တံ့အတိုင်း ကမ္မဇကလာပ်၌ အဝိ နိဗ္ဘောဂရုပ်(၈)ခု ပါဝင်၏၊ စိတ္တဇ ဥတုဇ အာဟာရဇ ကလာပ်များလည်း ပါဝင်၏၊ အဝိနိဗ္ဘောဂရုပ်(၈)ခုနှင့် ကင်းသောကလာပ်တစ်ခုမျှ မရှိ၊ ထို့ကြောင့် အဝိနိဗ္ဘောဂရုပ်(၈)ခုသည် ကံ, စိတ်, ဥတု, အာဟာရ အကြောင်း(၄)ပါးကြောင့် ဖြစ်သည်၊ ထိုသို့ ရုပ်ကလာပ်ဖြစ်အောင် ဆိုင်ရာအကြောင်းတို့က စီမံ၍ ရုပ် ကလာပ်နှစ်ခု ဖြစ်ပေါ် ပေါင်းစပ်မိသောအခါတို့၌ အာကာသဓာတ်ခေါ်သော အကြားသည် အလိုလိုပါဝင် လာ၏၊ အာကာသဓာတ်သည် အမှန်အားဖြင့် မည်သည့် အကြောင်းကြောင့်မျှ ဖြစ်သည်မဟုတ်၊ သို့သော် လေးပါးသောအကြောင်းကြောင့်ဖြစ်သော ရုပ်ကလာပ်များနှင့် ဆက်သွယ်၍ ထင်ရှားရသောကြောင့် တစ်နွယ်ငင် တစ်စင်ပါ မကင်းရာ မကင်းကြောင်းဖြစ်သော အဝိနာဘာဝနည်း အားဖြင့်လည်းကောင်း, တည်ရာ မှီရာ ရုပ်ကလာပ်တို့၏ စတုသမ္ဘူတအမည်ကို တည်လျက် မှီလျက်ပေါ်လာသော အာကာသဓာတ် ပေါ်တင်စား၍ ဌာနူပစာရအားဖြင့်လည်းကောင်း အာကာသဓာတ်ကို စတုသမ္ဘူတ (ဝါ) စတုဇရုပ်ဟု ဆိုရသည်။

လက္ခဏရူပါနိ န ကုတောစိ ဇာယန္တိ။ ။ဥပစယ သန္တတိစသော လက္ခဏရုပ်လေးပါးလည်း မည်သည့် အကြောင်းကြောင့်မျှ ဖြစ်သည်မဟုတ်၊ "ဇာယမာနာဒိ ရူပါနံ, သဘာဝတ္တာ ဟိ ကေဝလံ" ဟူသော သင်္ဂဟ ဂါထာလာ အကြောင်းပြစကားနှင့်အညီ ရုပ်ကလာပ်တစ်ခု ဖြစ်လာလျှင် "ဖြစ်ခြင်း" ဆိုတဲ့ ဥပစယ သန္တတိသည် ဓမ္မတာအတိုင်းပင် ပါဝင်လာ၏၊ ဌီအခိုက်၌ ရုပ်ကလာပ် တည်သောအခါ "ရင့်ခြင်း" ဆိုတဲ့ ဇရတာသည် ပါဝင်လာ၏၊ ထိုရုပ်ကလာပ် ပျက်သောအခါ အနိစ္စတာသည် ဓမ္မတာအတိုင်း ပါဝင်လာသည်၊ ဥပစယ သန္တတိခေါ်သော ဇာတိနှင့် ဇရတာ အနိစ္စတာတို့ဖြစ်အောင် တမင်တကာ စီမံရသေးလျှင် ထိုဇာတိမှာ လည်း ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်း ရှိရလိမ့်မည်ဖြစ်၍ ဇာတိ၏ ဇာတိရုပ်, ဇာတိ၏ ဇရတာရုပ်, ဇာတိ၏ အနိစ္စတာရုပ်များလည်း ရှိရလိမ့်မည်၊ ထို့အတူ ဇရတာ၏ ဇာတိရုပ် အနိစ္စတာ၏ ဇာတိရုပ်စသည်လည်း ရှိရ လိမ့်မည်၊ ထိုသို့လည်း မရှိချေ၊ ထို့ကြောင့် ဇာတိ ဇရတာ အနိစ္စတာတို့သည် ပရမတ်အစစ် ရုပ်အစစ်မဟုတ်, ထိုထို ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းသဘော ရင့်ခြင်းသဘော ပျက်ခြင်းသဘောဟူသော ပညတ်မျှ ဖြစ်သော ကြောင့် ဇာတိစသည် ဖြစ်ဖို့ရာ တမင်တကာ စီမံဖွယ် မလိုတော့ပြီ။

ဥပစယနှင့် သန္တတိတို့ ကမ္မဇစသည် ဖြစ်ပုံ။ ။ရုပ်ကို ဖြစ်စေတတ်သော အကြောင်းတရားတို့၏ ဗျာပါရ မကင်းမီ ဤဥပစယ, သန္တတိတို့ ထင်ရှားသောကြောင့်

အဘိဓမ္မာပါဠိတော်များ၌ ဥပစယ သန္တတိတို့ကို ကံစသော အကြောင်းကြောင့် ဖြစ်သည်ဟု ပရိယာယ် အားဖြင့် ဟော်တော်မူလျက် ရှိ၏၊ ဤသင်္ဂြိုဟ်ကျမ်း၌ကား မုချအားဖြင့် ကံစသော အကြောင်းတို့ကြောင့် မဖြစ်သည့်အတွက် "န ကုတောစိ ဇာယန္တိ" ဟု မိန့်တော်မူသည်။

ချဲ့ဦးအံ့ –ရူပကဏ္ဍပါဠိတော်နှင့် ပဋ္ဌာန်းပါဠိတော်များ၌ ဥပစယ သန္တတိတို့ကို ကံစသော အကြောင်း ကြောင့်ဖြစ်သော ရုပ်များတွင် ထည့်သွင်း ဟောပြတော်မူ၏၊ ထိုသို့ ဟောပြရာ၌ ဘုရားရှင်၏ အလိုတော် ကား–ရုပ်ကို ဖြစ်စေရမည့် ကံတရားသည် ကမ္မဇရုပ်ကို မစီမံရသေးသမျှ သတ္တိဗျာပါရ မကင်းသေး၊ တစ်စုံ တစ်ခု ပြုဖွယ်ကိစ္စ ရှိနေသူသည် ထိုကိစ္စကို မပြုရသေးသမျှ ကြောင့်ကြဗျာပါရ မကင်းနိုင်သကဲ့သို့တည်း၊ ထို ကံတရား၏ ဗျာပါရသတ္တိသည် ကမ္မဇရုပ်တို့ ဥပါဒ်သည့်တိုင်အောင် မငြိမ်းသေးဘဲ ကမ္မဇရုပ် ဥပါဒ်ပြီးခါမှ (မိမိကိစ္စတာဝန် အေးပေပြီဟူသော အနေအားဖြင့်) ဗျာပါရငြိမ်းလေသည်၊ ဤသို့ အကြောင်းကံ၏ ဗျာပါရ မကင်းမီ ဥပစယ သန္တတိတို့ ပေါ်ထင်လာသောကြောင့် ဥပစယ သန္တတိတို့ကို ကံကြောင့်ဖြစ်သော ရုပ်အများ တွင် ထည့်သွင်း၍ ကမ္မဇရုပ်ဟု ပရိယာယ်အားဖြင့် ဆိုရသည်၊ စိတ္တဇ ဥတုဇ အာဟာရဇဟု ဆိုရာ၌လည်း ဤနည်းပင်တည်း၊ ဇရတာ အနိစ္စတာတို့ကား ဗျာပါရ ငြိမ်းစဲပြီးမှ ထင်ရှားသောကြောင့် ထိုအဘိဓမ္မာ ပါဠိတော်များအလို ကမ္မဇစသည် မဆိုရ၊ ထို့ကြောင့်ပင်လျှင် သင်္ဂြိုဟ်အလို ကမ္မဇရုပ်အဋ္ဌာရသ စသည်ရှိ သော်လည်း အဘိဓမ္မာပါဠိတော် အလိုအားဖြင့် ကမ္မဇရုပ် ဝီသ စသည်ဖြစ်ရပေသည်။

ဇရာ မရဏတို့ စတုဇဖြစ်ပုံ။ ။သုတ္တန်ပါဠိတော်များ၌ "ဇရာမရဏံ ဘိက္ခဝေ အနိစ္စံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ" ဟု ဟောတော်မူချက် ရှိသေး၏၊ [ဇရာမရဏံ-ဇရာမရဏသည်၊ အနိစ္စံ-မမြဲ၊ သင်္ခတံ-အကြောင်းတရားတို့သည် ပြုစီမံအပ်၏၊ ပဋိစ္စသမုပ္ပန္နံ-အကြောင်းတရားကို စွဲ၍ ဖြစ်၏၊] ဤပါဠိတော်၌ ဇရာမရဏသည် မုချ အားဖြင့် သင်္ခတ ပဋိစ္စသမုပ္ပန္န မဟုတ်သော်လည်း သင်္ခတ ပဋိစ္စသမုပ္ပန္နအစစ်ဖြစ်သော ရုပ်ကလာပ်တို့၏ ရင့်ခြင်း ဇရာ, ပျက်ခြင်း မရဏ ဖြစ်သောကြောင့် စက္ခုဒသကစသော ရုပ်ကလာပ်တို့၏ သင်္ခတအမည် ပဋိစ္စ သမုပ္ပန္နအမည်ကို ဇရာ မရဏပေါ်၌ တင်စား၍ ဌာနူပစာရအားဖြင့် ဇရာ မရဏတို့လည်း သင်္ခတ ပဋိစ္စသမုပ္ပန္န အမည်ရကြသည်။

ပါဌေ ကုတောစိ ဇာတတ္တံ, ဇာတိယာ ပရိယာယတော၊ သင်္ခတာနံ သဘာဝတ္တာ, တီသု သင်္ခတတော. ဒိတာ။

ပါဌေ -အဘိဓမ္မာ ရူပကဏ္ဍပါဠိတော်၌၊ ဇာတိယာ-ဇာတိ၏၊ ကုတောစိ-တစ်စုံတစ်ခုသော အကြောင်းကြောင့်၊ ဇာတတ္တံ-ဖြစ်သည်၏ အဖြစ်ကို၊ ပရိယာယတော-ပရိယာယ်အားဖြင့်၊ ဥဒိတံ-ဟောတော်မူအပ်ပြီ၊ သင်္ခတာနံ- သင်္ခတရုပ်ကလာပ်တို့၏၊ သဘာဝတ္တာ-ဖြစ်ခြင်းသဘော ရင့်ခြင်းသဘော ပျက်ခြင်းသဘော၏ အဖြစ် ကြောင့်၊ တီသု-ဇာတိ ဇရာ မရဏ သုံးပါးတို့၌၊ သင်္ခတတာ-သင်္ခတအဖြစ်ကို၊ ဝါ-သင်္ခတအမည်ကို၊ ဥဒိတာ- သုတ္တန်ပါဠိတော်၌ ဟောတော်မူအပ်ပြီ၊ [သုတ္တန်ပါဠိတော်၌ ဇရာ မရဏကိုသာ သင်္ခတဟု ဟောတော်မူသည် မဟုတ်, ဇာတိကိုလည်း သင်္ခတဟု ဟောတော်မူသည်၊ သို့အတွက် "တီသု" ဟု ဂါထာ၌ ဆိုထားသည်။]

~~~~~~~~~~~~~~

ရူပကလာပအဖွင့်

ဧကုပ္ပာဒါ ဧကနိရောဓာ ဧကနိဿယာ သဟဝုတ္တိနော ဧကဝီသတိ ရူပကလာပါ နာမ။

ရူပကလာပ။ ။ကလာ(အဝယဝါ) အပေါန္တိ ပါပုဏန္တိ ဧတ္ထာတိ ကလာပေါ၊ ဧတ္ထ-ဤအပေါင်း၌၊ ကလာ အဝယဝါ-အစိတ်တရားတို့သည်၊ အပေါန္တိ ပါပုဏန္တိ-ရောက်ကြကုန်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအပေါင်းသည်၊ ကလာပေါ-ကလာပ်မည်၏၊ ဤဝိဂြိုဟ်အရ အစိတ်အစိတ် တရားများ၏ ရောက်ကြ ပေါင်းကြ စုမိကြ ရာဖြစ်သော အပေါင်းအဖွဲ့ကို "ကလာပ" ခေါ်သည်ဟု မှတ်ပါ၊ [ယခုကာလ မြို့ကြီးများ၌လည်း လူအပေါင်း တို့ စုပေါင်း၍ ကစားရာ "ကလာပ်" ခေါ်သော အဖွဲ့တွေ များစွာရှိသည်၊] ပြအပ်ခဲ့သော ရုပ်များသည် ဖြစ်ပေါ် ဥပါဒ်သောအခါ တစ်ခုစီ တစ်ခုစီ ခွဲခြား၍ ဥပါဒ်ကြသည် မဟုတ်, အနည်းဆုံး အဝိနိဗ္ဘောဂရုပ် (၈)ခုမှစ၍ ပေါင်းစပ်တွေခဲ ကလာပ်တွဲလျက် ဖြစ်ကြ ပျက်ကြသည်။

ဧကုပ္ပာဒါ ၊ပေ၊ဧကဝီသတိ ရူပကလာပါ နာမ။ ။ဤဝါကျအနေအထားသည် စေတသိက်ပိုင်းအစ "ဧကုပ္ပာဒနိရောဓာ စ" ဟူသော ဂါထာသွားနှင့် တူ၏၊ ရုပ်ကို ပြရာဖြစ်၍ ရုပ်က အာရုံကို မယူနိုင်သော ကြောင့် ဧကာလမ္ဗနသဒ္ဒါ မပါခြင်းသာ ထူးသည်၊ ထို့ကြောင့် ထိုဂါထာ၌ ဧကုပ္ပာဒ ဧကနိရောဓ ဧကဝတ္ထုက တို့ဖြင့် သမ္ပယောဂလက္ခဏာကို ပြသကဲ့သို့, ဤဝါကျ၌လည်း ဧကုပ္ပာဒ ဧကနိရောဓ ဧကနိဿယ(၃)ပါးဖြင့် ကလာပ်ဖွဲ့နိုင်ခြင်း၏ အင်္ဂါကို ပြသည်၊ ထိုဂါထာ၌ စေတောယုတ္တာသဒ္ဒါသည် စေတသိကပုဒ်၏ အနက်သို့ ပြသကဲ့သို့ ဤဝါကျ၌

သဟဝုတ္တိနောသဒ္ဒါလည်း ကလာပပုဒ်၏အနက်ကို ပြ၏။ [အချို့က သဟဝုတ္တိနောကို ကလာပ်၏အင်္ဂါဟု ယူကြ၏, စဉ်းစားကြပါ။]

ဧကုပ္ပာဒ ဧကနိရောဓ ဧကနိဿယ။ ။ဧကော သမာနော ဥပ္ပာဒေါ ယေသံတိ ဧကုပ္ပာဒါ" စသည်ဖြင့် ဝိဂြိုဟ်ပြု၊ အတူတကွဖြစ်မှုဟူသော ဥပါဒ်, အတူတကွ ချုပ်မှုဟူသော ဘင်ရှိသည်ကို ဧကုပ္ပာဒ ဧကနိရောဓ ဟု ခေါ်၏၊ ကလာပ်တစ်ခု တစ်ခု၌ ပါသော ဥပါဒါရုပ်တို့သည် မဟာဘုတ်လေးပါးကို မှီကြရ၏, မဟာဘုတ် အချင်းချင်းလည်း အပြန်အလှန် မှီကြ၏၊ ဤသို့ တူသော မှီရာရှိသည်ကို "ဧကနိဿယ" ဟု ခေါ်၏။

ဆက်ဦးအံ့ –ဧကုပ္ပာဒ ဧကနိရောဓ၌ ဧကအရ "တစ်ခု" ဟူသော သင်္ချာအနက်ကိုလည်း ယူကြ၏၊ ရုပ် ကလာပ် တစ်ခု တစ်ခု၌ ရုပ်ပေါင်း(၈)ခု (၉)ခုစသည်ဖြင့် အများအပြား ပါဝင်သော်လည်း ကလာပ်တစ်ခု၏ ဖြစ်မှု ဥပါဒ်, တည်မှု ဌီ, ပျက်မှု ဘင်တို့ကား တစ်ခုစီသာရှိ၏၊ "အများဆိုင်ပစ္စည်းတစ်ခုကဲ့သို့ ရုပ်ကလာပ် တစ်ခုမှာ ဥပါဒ်တစ်ခု ဌီတစ်ခု ဘင်တစ်ခုသာ ပါသည်" ဟူလို၊ ထိုစကားမှန်၏-ရုပ်ကလာပ်တစ်ခု၌ ခွဲခြား၍ မရအောင် ပြွတ်သိပ်ပိညပ် ပေါင်းစပ်တွေခဲနေသောကြောင့် အဋ္ဌကလာပ်ရုပ်တစ်ခုမှာ ဥပါဒ်(၈)ခု, ဌီ(၈)ခု, ဘင်(၈)ခု မရတော့ပြီ၊ [ဧကေကကလာပပရိယာပန္နာနံ ရူပါနံ သဟေဝ ဥပ္ပာဒါဒိပ္ပဝတ္တိတော ဧကဿ ကလာ ပဿ ဥပ္ပာဒါဒယော ဧကေကာဝ ဟောန္တိ၊- ရူပကဏ္ဍ မူလဋီကာ။] ဧကေကကလာပပရိယာပန္နာနံ-တစ် ကလာပ် တစ်ကလာပ်တွင် ပါဝင်ကုန်သော၊ ရူပါနံ-တို့၏၊ သဟေဝ-အတူတကွသာလျှင်၊ ဥပ္ပာဒါဒိပ္ပဝတ္တိတော

-ဥပါဒ် ဌီ ဘင်တို့၏ ဖြစ်ခြင်းကြောင့်၊ ဧကဿ ကလာပဿ-ရုပ်ကလာပ် တစ်ခု၏၊ ဥပ္ပာဒါဒယော-ဥပါဒ် ဌီ ဘင်တို့သည်၊ ဧကေကောဝ-တစ်ခုစီ တစ်ခုစီတို့သာ၊ ဟောန္တိ-ဖြစ်ကုန်၏။

မှတ်ချက်။ ။ဤအရာ၌ သဟဝုတ္တိနောကို ကလာပ်၏ အင်္ဂါတစ်ပါးဟု ယူကြသူတို့က ဧကုပ္ပာဒနှင့် သဟဝုတ္တိအထူးကို ပြောဆိုကြသေး၏၊ ပင်ကိုယ်ကပင် သဟဝုတ္တိနောသည် အင်္ဂါ မဟုတ်သော ကြောင့် အထူး ကြံစရာ မလို၊ ဧကုပ္ပာဒသဘောမှာ တစ်ကလာပ်တည်း၌ အတူတကွ ဥပါဒ်ခြင်း တည်း၊ သဟဝုတ္တိသဘောကား ရုပ်(၈)ခု စသည်တို့ တစ်ကလာပ်တည်း၌ အတူတကွ ဖြစ်ကြ ပျက်ကြခြင်းတည်း၊ ဤ ဧကုပ္ပာဒစသော အင်္ဂါများသည် တကယ် ဥပါဒ် ဌီ ဘင် ရကောင်းသော ပရမတ်အစစ် နိပ္ဖန္နရုပ်များကို ရည်ရွယ်၍ ဆိုထားသောကြောင့် ပင်ကိုယ်ကပင် ဥပါဒ် ဌီ ဘင် မရ ကောင်းသော အနိပ္ဖန္နရုပ်တို့အတွက် ဤအင်္ဂါနှင့် ညီ/မညီကို စဉ်းစားဖွယ် မလို။

ခေါက်၍မေး ရုပ်သေးတစ်ရာ မှား။ ။တူရိယာတစ်ခုခုကို တုတ်ဖြင့် ခေါက်၍ အသံထွက်လာရာ၌ကဲ့သို့ "တစ်စုံတစ်ခုကို ခေါက်လိုက်သောအခါ ရုပ်ပေါင်း မည်မျှ ရသနည်း" ဟု မေးပြီးလျှင် "ရုပ်အသေးစား တစ်ရာရသည်" ဟု ရှေးဆရာတို့ ဖြေဆိုထားပုံမှာ များစွာ မှားယွင်းနေသော်လည်း အမှား၏ မှားပုံကို သိရမှ အမှန်၏ မှန်ပုံကို သိနိုင်သောကြောင့် ထိုအမှားတော်ပုံမှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

[ စွယ်စုံကျော်ထင်] ခေါက်၍မေးသော်, ရုပ်သေးအရ, သုဒ္ဓဋ္ဌနှင့်, နဝကလာပ်, သတ္တရသ်ဝယ်, ပိုင်းဖြတ်ခြင်း ငှာ, အာကာသဓာတ်, ပန္နရသ်လောင်း, ချင့်ပေါင်းနေကျ, ဒွတ္တိံသမှာ, သတ္တိရှာ၍, တာသုံးခုမြှောက်, ဆင့်လှောက်လက္ခဏာ, လေးပါးလာက, တစ်ရာပြည့်ရိုး, လူထိပ်မိုး။

သုဒ္ဓဋ္ဌနှင့် နဝကကလာပ်, သတ္တရသ်ဝယ်။ ။တီးခေါက်လိုက်သောအခါ ခေါက်ကြောင်းတုတ်၌ သုဒ္ဓဋ္ဌက (အဝိနိဗ္ဘောဂရုပ် ၈ ခု) ကလာပ် ဖြစ်၏၊ တီးခေါက်အပ်သော အရာဝတ္ထု၌ သဒ္ဒနဝက(အသံနှင့်တကွ ယခင် ၈ ခု) ကလာပ် ဖြစ်၏၊ ထို့ကြောင့် တီးခေါက်လိုက်သော အခိုက်အခါဝယ် ရုပ်ပေါင်း သတ္တရသ (၁၇) ဖြစ် သတဲ့၊ ဤစကားကား သင့်ပါသေး၏။

ပိုင်းဖြတ်ခြင်းငှာ , အာကာသဓာတ်, ပန္နရသ်လောင်း။ ။ထို(၁၇)ပါးကို ပိုင်းခြားဖို့ရာ အာကာသဓာတ် အပေါင်း ပန္နရသ(၁၅) ဖြစ်ရမည်တဲ့, စီတန်း၍ ထားလျှင် အာကာသဓာတ်ပေါင်း ပန္နရသ(၁၅) ဖြစ်ရမည်တဲ့၊ "ရုပ်(၁၇)ပါးကို စီတန်း၍ ထားလျှင် အာကာသခေါ်သော အကြားပေါင်း (၁၅)ခု ရှိနိုင်သည်" ဟူလို၊ ဤ စကားသည် အတော် လွဲမှား၏၊ အာကာသဓာတ်သည် ကလာပ်အတွင်း၌ပါသော ရုပ်အချင်းချင်းကို ပိုင်းခြားသည် မဟုတ်, ရုပ်ကလာပ်(၂)ခု ကိုသာ တစ်ခုနှင့်တစ်ခု ကွဲပြားအောင် ပိုင်းခြားသည်၊ "ကလာပါနံ ပရိစ္ဆေဒ လက္ခဏတ္တာ ဝိစက္ခဏာ" ၌ ကလာပါနံ ပရိစ္ဆေဒ-ကလာပ်တို့ကို ပိုင်းခြားဟူသော အပိုဒ်ကို ထောက်ပါ၊ တီးခေါက်ကြောင်းတုတ်နှင့် တီးခေါက်အပ်သော ဝတ္ထု၏ အကြားဝယ် အာကာသ (အကြား) ရှိသော်လည်း ထိုအာကာသမှာ ပရိစ္ဆေဒရုပ်ဟုခေါ်အပ်သော အာကာသမျိုးမဟုတ်, အဇဋာကာသမျိုးတည်း၊ ထို့ကြောင့် ယခင် သုဒ္ဓဋ္ဌကနှင့်သဒ္ဒနဝကကလာပ်(၂)ခုအတွက် အာကာသတစ်ခုမျှပင်မရဟု မှတ်ပါ။

ချင့်ပေါင်း နေကျ, ဒွတ္တိံသမှာ။ ။ထိုသုဒ္ဓဋ္ဌက သဒ္ဒနဝကကလာပ်(၂)ခုနှင့် အာကာသ(၁၅)ခုကို ပေါင်းလျှင် ဒွတ္တိံသ (၃၂ ခု) ရသတဲ့၊ "အရင်းလဲ အဖျား ထင်းဖြစ်" ဆိုတာလို အရင်းအစက လွဲမှားခဲ့ပြီးဖြစ်၍ ဤအပေါင်းရေတွက်သော အဖျားပိုင်းမှာ ထင်းဖြစ်လေပြီ။

သတ္တိရှာ၍ , တာသုံးခုမြှောက်။ ။ထို(၃၂)ပါးသော ရုပ်များ၏ ပေါ့ပါးခြင်း, နူးညံ့ခြင်း, အမှု၌ ကောင်းခြင်း ဟူသော သတ္တိကို ရှာ၍ လဟုတာ မုဒုတာ ကမ္မညတာဟူသော တာ(၃)ခုဖြင့် မြှောက်လျှင် (၉၆)ရပြန်သတဲ့၊ ဖြစ်မှ ဖြစ်ရပလေ, ဤလဟုတာစသော ရုပ်များကား ခန္ဓာကိုယ် အပြင်ပ၌ ဘယ်ကာလမှ မရထိုက်ကြောင်း ကို ရူပသမုဒ္ဒေသအခန်း ပြန်၍ ရှုစားပါလေ။

ဆင့်လှောက်လက္ခဏာ , လေးပါးလာက, တစ်ရာပြည့်ရိုး။ ။ထို(၉၆)ပါးတွင် လက္ခဏရုပ်(၄)ပါးထည့်က တစ်ရာပြည့်ပါရောတဲ့၊ သုဒ္ဓဋ္ဌက သဒ္ဒနဝကကလာပ် နှစ်ခုမှ ဥပါဒ် ဌီ ဘင် တစ်ခုစီသာ ရမည်ဟု ဆိုရာရောက် နေ၏, မလွန်ဘူးလား၊ ထို့ပြင် ဥပစယနှင့် သန္တတိလဲ တစ်ကလာပ်ထဲမှာ ပူးတွဲ၍ ပါနိုင်မည်တဲ့လား၊ ဤရုပ် သေးတစ်ရာ တွက်နည်းကျမှ တည့်မရအောင် တိမ်းပါးတော်မူကြသဖြင့် ပုထုဇဉ်၏ အသိဉာဏ်ထက် တန်းမတက်သေးလျှင် မည်သူမျှ အထင်မကြီးထိုက်ဟု သတိပြုဖွယ် ကောင်းလှပေတော့၏၊ အခြားသော ဤရုပ်သေးတစ်ရာ တွက်နည်းများလည်း ရှိချေသေး၏၊ "ခေါက်လာခေါက်အပ်, ကလာပ်ဒွယ, သုဒ္ဓဋ္ဌကို, ပေါင်းထမသွေ, ဆယ့်ခြောက်ထွေ၌, ဖြစ်လေသဒ္ဒ, နဝကလောင်း, ရုပ်ပေါင်းမှန်ညီ, ပဉ္စဝီကို, လေးလီ လက္ခဏာ, ရုပ်မြှောက်ဖြာက, တစ်ရာရမြှောက်, သွေမဖောက်သည်, ကျမ်းထောက် မှီမှီကမ်းကမ်းတည်း" ၊ ဤနည်း၌ လက္ခဏရုပ်(၄)ပါးဖြင့် မြှောက်ပုံ လွဲ၏, စဉ်းစားလေတော့။

~~~~~~~~~~~

တတ္ထ ဇီဝိတံ အဝိနိဗ္ဘောဂရူပဉ္စ စက္ခုနာ သဟ စက္ခုဒသကံတိ ပဝုစ္စတိ၊ တထာ သောတာဒီဟိ သဒ္ဓိံ သောတဒသကံ ၊ ပေ ၊ အဝိနိဗ္ဘောဂရူပမေဝ ဇီဝိတေန သဟ ဇီဝိတနဝကန္တိ ပဝုစ္စတိ၊ ဣမေ နဝ ကမ္မသမုဋ္ဌာနကလာပါ။

စက္ခုဒသက။ ။ဇီဝိတရုပ်(၁), အဝိနိဗ္ဘောဂရုပ်(၈), ဤ(၉)ပါးတွင် စက္ခုပသာဒထည့်က "စက္ခုဒသက" ခေါ်သော ရုပ်ကလာပ်(ရုပ်အဖွဲ့) တစ်ခု ဖြစ်၏၊ ဤရုပ် (၁၀)ပါးထဲတွင် စက္ခုပသာဒသည် အရေးအကြီးဆုံး ပဓာနအဖြစ်ဆုံးတည်း၊ ကြွင်းရုပ် (၉)ပါးမှာ စက္ခုပသာဒ၏ အစောင့်အရှောက် အခြံအရံများသာတည်း၊ ထို့ကြောင့် "ဒသာနံ+သမူဟော ဒသကံ, စက္ခုနာ+ဥပလက္ခိတံ+ဒသကံ စက္ခုဒသကံ၊ စက္ခုပဓာနံ ဝါ+ ဒသကံ+စက္ခုဒသကံ" ဟု ဝစနတ်ပြု၊ ဒသာနံ-ရုပ်ဆယ်ခုတို့၏၊ သမူဟော-အပေါင်းတည်း၊ ဒသကံ-ရုပ်ဆယ် ခုတို့၏အပေါင်း၊ စက္ခုနာ-စက္ခုပသာဒဖြင့်၊ ဥပလက္ခိတံ-မှတ်သားအပ်သော၊ ဒသကံ-ရုပ်ဆယ်ခုအပေါင်းသည်၊ စက္ခုဒသကံ-စက္ခုဒသကမည်၏၊ ဝါ-တစ်နည်း၊ စက္ခုပဓာနံ-ပြဌာန်းသော စက္ခုပသာဒရှိသော၊ ဒသကံ- ရုပ်ဆယ်ခုအပေါင်းသည်၊ စက္ခုဒသကံ-မည်၏။

ဇီဝိတနဝက။ ။အဝိနိဗ္ဘောဂရုပ် (၈)ပါးတွင် ဇီဝိတရုပ်တစ်ပါး ထည့်က ဇီဝိတနဝကကလာပ် ဖြစ်၏၊

" ဇီဝိတိပြဌာန်းသော ရုပ်(၉)ခုအပေါင်း" ဟူလို၊ ဤဇီဝိတနဝကကလာပ်ကို ကာမဘုံ၌ မရနိုင်ဟူသောဝါဒ, ကာမဘုံ၌ ရထိုက်၏၊ သို့သော် အစာသစ်အိမ်၏ အောက်အရပ်၌ စားသမျှအစာကို ချက်သော ကမ္မဇဝမ်းမီး ခေါ် ပါစကတေဇော၌သာ ရထိုက်သည်ဟူသောဝါဒ, ကာမဘုံ၌ ရထိုက်ရုံသာမက တစ်ကိုယ်လုံး၌ ပျံ့နှံ့ တည်နေသော သဗ္ဗဋ္ဌာနိက (သဗ္ဗတ္ထကဝုတ္တိ) ကလာပ်ပင် ဖြစ်သည်ဟူသောဝါဒ၊ ဤသို့ (၃)ဝါဒ ကွဲပြား၏၊ ထိုတွင် နောက်ဆုံး ဝါဒကို ဤဘာသာဋီကာက နှစ်သက်သည် ၊ ချဲ့ဦးအံ့–

"သန္တိ သဗ္ဗာနိ ရူပါနိ, ကာမေသု စတုသမ္ဘဝါ၊ ဇီဝိတနဝကံ ဟိတွာ, ကလာပါ ဟောန္တိ ဝီသတိ" နာမရူပပရိစ္ဆေဒ။

ဒသကေသွေဝ ဂဟိတံ, ဝိသုံ ကာမေ န လဗ္ဘတိ၊ ဇီဝိတနဝကံ နာမ, ရူပလောကေ ဝိသုံ သိယာ ပရမတ္ထဝိနိစ္ဆယ။

ဤကျမ်းတို့၌ "ဇီဝိတနဝကကလာပ်ကို ကာမဘုံ၌ သီးခြားမရအပ်, ကာယဘာဝ စက္ခုဒသကစသော ကလာပ်များတွင် ဇီဝိတရုပ် ပါဝင်လေပြီ" ဟု အရှင်အနုဒ္ဓါ မိန့်တော်မူ၏၊ ရှေးဆရာတော်အချို့ကား "ဇီဝိတ နဝကကလာပ်ကို ပါစကတေဇောဓာတ်ဟု ခေါ်အပ်သော ဝမ်းမီး၌သာ ရထိုက်၏" ဟု ယူကြ၏၊ သို့သော် ကာမဘုံသားတို့သန္တာန်၌ ဇီဝိတနဝကကလာပ်သည် ကာယ ဘာဝဒသကတို့ကဲ့သို့ တစ်ကိုယ်လုံး ပျံ့နှံ့ ကြောင်း အဋ္ဌကထာ ဋီကာ၌ မိန့်ကြပါသည်။

ချဲ့ဦးအံ့ –တေဇောဓာတ်သည်(၄)မျိုးကို ရူပသမုဒ္ဒေသအခန်း၌ ပြခဲ့ပြီ ၊ ဝါယောဓာတ်သည် ဥဒ္ဓင်္ဂမ (အထက်သို့ ဆန်တက်သောလေ), အဓောဂမ(အောက်သို့ စုန်ဆင်းသောလေ), ကုစ္ဆိဋ္ဌ (ဝမ်းတွင်း၌ တည် သောလေ), ကောဋ္ဌာသယ(အူမ၌ တည်သောလေ), အင်္ဂါမင်္ဂါနုသာရီ(အင်္ဂါ ကြီးငယ်သို့ လျှောက်သောလေ), အဿာသ ပဿာသ (ထွက်သက် ဝင်သက်လေ) ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ (၆)မျိုး ပြ၏၊ တေဇော(၄)မျိုး တွင် ပါစကတေဇောသည် ဇီဝိတနဝကကလာပ်တည်း၊ "အသိတာဒိ ပရိပါစကေ တာဝကမ္မဇတေဇော ကောဋ္ဌာသမှိ ဩဇာဋ္ဌမကဉ္စေဝ ဇီဝိတဉ္စာတိ နဝရူပါနိ" ဟူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသကို ထောက်ပါ၊ အဿာသပဿာသလေသည် စိတ္တဇသဒ္ဒနဝကကလာပ်တည်း၊ "စိတ္တဇေ အဿာသပဿာသ ကောဋ္ဌာသေပိ ဩဇာဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ" ဟူသော ယခင်အဋ္ဌကထာကို ထောက်ပါ၊ ကြွင်းသော တေဇော(၃)မျိုး, ဝါယော(၅)မျိုးသည် ကံ စိတ် ဥတု အာဟာရ အကြောင်း(၄)ပါးတို့ကြောင့် ထိုက်သလို ဖြစ်၏၊ ထိုတွင် ကံကြောင့်ဖြစ်သော တေဇော ဝါယော ကလာပ်သည် ဇီဝိတနဝကကလာပ်တည်း၊ ကြွင်းသောကလာပ်များကား "ဩဇာဋ္ဌမက" ဟု ခေါ်အပ်သော သုဒ္ဓဋ္ဌကကလာပ်သာတည်း ၊ "သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ စ ဩဇာဋ္ဌမကာနိ" ယခင် အဋ္ဌကထာ ။

ထိုတွင် သန္တပ္ပန, ဒဟန ဇိရဏတေဇောတို့သည် ခန္ဓာကိုယ်ဝယ် အမြဲတည်ရှိသော "ဥသ္မာ" ခေါ် ကိုယ့်ငွေ့၏ ဖောက်ပြန်လျက် ဒီဂရီတိုးတက်သောအခါ ဖြစ်ပေါ်ရကား ခန္ဓာကိုယ်၌ အမြဲတည်ရှိသော "ဥသ္မာ"ခေါ် ကိုယ်ငွေ့၌ ဇီဝိတနဝကကလာပ်များ ပါဝင်လျက် ရှိသည်ဟု သိသာ၏၊ ထို့ကြောင့် "ဣမသ္မိံ သရီရေ ပါကတိကော ဧကာ ဥတု အတ္ထိ" ဟူသော ဝိဘင်္ဂဋ္ဌကထာပါဌ်ကို မူလဋီကာက "ပါကတိကောတိ ခေါဘံ အပ္ပတ္တော သဒါ ဝိဇ္ဇမာနော" ဟု ဖွင့်ပြီးလျှင် အနုဋီကာက "ပါကတိကောတိ သာဘာဝိကော ကာယု သ္မာတိ အဓိပ္ပေတော"ဟု ဖွင့်သည်၊ ထို့ကြောင့် ဇီဝိတနဝကကလာပ်သည် ကာမဘုံသားတို့ သန္တာန်၌လည်း ပကတိ ကိုယ်ငွေ့အဖြစ်ဖြင့်လည်းကောင်း, ထိုကိုယ်ငွေ့ ဖောက်ပြန်တဲ့အခါ သန္တပ္ပနတေဇောစသော အမည် ဖြင့်လည်းကောင်း, ဥဒ္ဓင်္ဂမဝါယော စသောအမည်ဖြင့်လည်းကောင်း တစ်ကိုယ်လုံးဝယ် ပျံ့နှံ့လျက် ရှိသည် သာတည်း" ဟု မှတ်ပါ။

~~~~~~~~~~~~

အဝိနိဗ္ဘောဂရူပံ ပန သုဒ္ဓဋ္ဌကံ, တဒေဝ ကာယဝိညတ္တိယာ သဟ ကာယဝိညတ္တိနဝကံ, ဝစီဝိညတ္တိသဒ္ဒေဟိ စ ဝစီဝိညတ္တိဒသကံ, လဟုတာဒီဟိ သဒ္ဓိံ လဟုတာဒေသာဒသကံ, ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကံ, ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသကေဉ္စတိ ဆ စိတ္တ သမုဋ္ဌာနကလာပါ။

ဝစီဝိညတ္တိသဒ္ဒေဟိ စ ဝစီဝိညတ္တိဒသကံ။ ။ဤကလာပ်၌ အဝိနိဗ္ဘောဂရုပ် (၈)ပါးတွင် ဝစီဝိညတ်နှင့် သဒ္ဒဟု ရုပ်(၂)ခု အထူးပါသောကြောင့် ဝစီဝိညတ္တိသဒ္ဒဒသကကလာပ်ဟု ဆိုထိုက်၏၊ သို့သော် သဒ္ဒရုပ်နှင့် ကင်း၍ ဝစီဝိညတ် မဖြစ်နိုင်သောကြောင့် ဝစီဝိညတ္တိဒသကဟု နာမည်တပ်လျှင် သဒ္ဒရုပ် ပါဝင်ကြောင်း သိသာရကား ဝစီဝိညတ္တိသဒ္ဒဒသကဟု နာမည် မတပ်တော့ဘဲ ဝစီဝိညတ္တိဒသကဟု နာမည်တပ်လိုက် သတဲ့။

စိတ္တဇကလာပ် (၈)စည်း။ ။ဤသင်္ဂြိုဟ်ကျမ်း၌ စိတ္တဇကလာပ် (၆)စည်းသာ ပြသော်လည်း အဋ္ဌကထာကြီး များအလို စိတ္တဇကလာပ်(၈)စည်းဟု ဆိုထိုက်၏၊

ထင်ရှားစေအံ့–"စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇာဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ" ဟု ပြခဲ့ သော ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ၌ ထွက်သက် ဝင်သက်လေကို (ဝိညတ်ရုပ် မပါသော) စိတ္တဇသဒ္ဒနဝကကလာပ်ဟု မိန့်ဆိုထား၏၊ ထိုစကား မှန်၏၊ အိပ်ပျော်နေသောအခါ ဘဝင်စိတ်အစဉ်သာ ဖြစ်၏၊ ထိုဘဝင်စိတ်များသည် ဝိညတ်ကို မဖြစ်စေနိုင်၊ (ရူပသမုဋ္ဌာန်ခန်းကို ပြန်ကြည့်ပါ၊) တဃူးဃူးတဃိဃိနှင့် အသက်ရှူသံကား ထို ဘဝင်စိတ်ကြောင့် ဖြစ်ရသော စိတ္တဇသဒ္ဒနဝကကလာပ်တည်း၊ ချောင်းဆိုးသံ ချေဆတ်သံ နှပ်ညှစ်သံ စသည်၌လည်း ဝိညတ်ရုပ် မပါတန်ရာ၊ ထို့ကြောင့် ဝိညတ်မပါသော သဒ္ဒနဝကစိတ္တဇကလာပ်တစ်မျိုး ရထိုက်၏၊ ထိုသဒ္ဒနဝက ရထိုက်လျှင် တစ်ရံတစ်ခါ လဟုတာစသော ဝိကာရရုပ်များနှင့် တွဲဖက်၍ သဒ္ဒလဟု တာဒိဒွါဒသကကလာပ်လည်း ရထိုက်သည်သာ၊ ထို့ကြောင့် "စိတ္တဇကလာပ်(၈)စည်း ရှိရမည်" ဟု မှတ်ပါ။

~~~~~~~~~~~

ကလာပါနံ ပရိစ္ဆေဒ . လက္ခဏတ္တာ ဝိစက္ခဏာ၊ န ကလာပင်္ဂမိစ္စာဟု, အာကာသံ လက္ခဏာနိ စ။

ကလာပါနံ ၊ပေ၊ လက္ခဏာနိ စ။ ။ဤဂါထာသည် အာကာသဓာတ်နှင့် လက္ခဏရုပ်တို့၏ ကလာပ် အတွင်း၌ မပါဝင်နိုင်ခြင်း၏ အကြောင်းကို ပြသော ဂါထာတည်း၊ ယခုကာလ အသင်းဖွဲ့ရာဝယ် သူတစ်ပါးနှင့် ပေါင်းစပ်နိုင်သူကိုမှ အသင်းတွင်းသို့ ပါဝင်ခွင့် ရသကဲ့သို့ ထို့အတူ အခြားရုပ်များနှင့် ပေါင်းစပ်နိုင်သော ရုပ်များသာ ကလာပ်တွင်း၌ ပါဝင်နိုင်၏၊ အာကာသဓာတ်သည် ရုပ်ကလာပ်တို့၏ အကြား မျှသာ ဖြစ်၍ မည်သည့်ရုပ်နှင့်မျှ ပေါင်းစပ်၍ မရနိုင်၊ သို့အတွက် အာကာသဓာတ်ကို ကလာပ်၏ အစိတ် အပိုင်းဟု မဆိုရ၊ လက္ခဏရုပ်များလည်း ရုပ်အထည်ကိုယ် အထင်အရှား မရှိ၊ ထို့ကြောင့် ရုပ်ကလာပ်တို့၏ အစိတ်အပိုင်း၌ မပါဝင်နိုင်။ (အခြေပြု၌လည်း ဤအဓိပ္ပာယ်ကို ပြခဲ့ပြီ။)

ဝိကာရရုပ်တို့ ကလာပ်တွင် ပါဝင်ပုံ။ ။ဝိကာရရုပ်တို့ ပါဝင်သောအခါနှင့် မပါဝင်သောအခါဝယ် ရုပ်ကလာပ်တို့ဖြစ်ပုံ ထူးခြားသောကြောင့် ဝိကာရရုပ် (၅)ပါးကိုကား သဘာဝဓမ္မ မဟုတ်ပါဘဲလျက် ကလာပ်အတွင်းသို့ သွင်း၍ ပြရသည်၊ ချဲ့ဦးအံ့–ဝိညတ်ပါလျှင် အလိုဆန္ဒကို သိစေနိုင်သော အမူအရာထူးသည် ရုပ်ကလာပ်၌ ပါဝင်၏၊ လဟုတာစသည် ပါလာလျှင် ပေါ့ပါးခြင်းစသော အမူအရာထူး ဖြစ်၏၊ ဤသို့ ရိုးရာရုပ်ကလာပ်ထက် ထူးခြားအောင် ပြုတတ်သည့်အတွက် ဝိကာရရုပ်(၅)ပါးကို ကလာပင်္ဂတွင် သွင်းပြရ ပေသည်။

ရူပပဝတ္တိက္ကမအဖွင့်

သဗ္ဗာနိပိ ပနေတာနိ ရူပါနိ ကာမလောကေ ယထာရဟံ အနူနာနိ ပဝတ္တိယံ ဥပလဗ္ဘန္တိ ။

ကာမလောကေ ယထာရဟံ ၊ပေ၊ ဥပလဗ္ဘန္တိ ။ ။ဤပြခဲ့သော ရုပ်တို့ကို ကာမဘုံဝယ် ပဝတ္တိအခါ၌ အယုတ်အလျော့, မရှိ, အပြည့်အစုံ ရထိုက်သည်၊ "ကာမဘုံ၌ အပြည့်အစုံ ရထိုက်သည်" ဟု ဆိုသော် လည်း ပုဂ္ဂိုလ်တစ်ယောက်တည်းမှာ အပြည့်အစုံရမည် မဟုတ်၊ မိန်းမများ၌ ပုရိသဘာဝ မရ, ယောက်ျား များ၌ ဣတ္ထိဘာဝ မရနိုင်၊ ဤသို့ ပုဂ္ဂိုလ်အလိုက် ရထိုက်/မရထိုက်ကို စိစစ်စေလို၍ "ယထာရဟံ" ဟု မိန့်သည်၊ အချို့ကား ဘာဝရုပ်နှင့် စက္ခုန္ဒြေစသည် ပြည့်စုံသော ပုဂ္ဂိုလ်တို့၌ ဧကန်ရထိုက်သောကြောင့် "ရထာရဟံ" ဟု မိန့်ဆိုကြောင်းကို ဖွင့်ကြ၏၊ ယထာရဟံဟု ပြလေသမျှ၌ တစ်ဖက်သတ် ရသည်ကိုချည်း ယူရိုး မဟုတ်, မရနိုင်သောအချက်လည်း ရှိရရိုးတည်း၊ ထို့ကြောင့် အရှင်အနုရုဒ္ဓါ၏ နာမရူပပရိစ္ဆေဒကျမ်း ဝယ် ဤနေရာမျိုး၌...

"ကာမေ သဗ္ဗေပိ လဗ္ဘန္တိ, သဘာဝါနံ ယထာရဟံ၊ သမ္ပုဏ္ဏာယတနာနံ တု, ပဝတ္တေ စတုသမ္ဘဝါ" ဟု မိန့်တော်မူပြီ။

ဤဂါထာ၌ ဘာဝရုပ်နှင့် စက္ခုစသည် ပြည့်စုံသူ(မချို့တဲ့သူ) သန္တာန်မှာပင် "ယထာရဟံ" ဟု ပြထား သေး၏၊ ထိုယထာရဟံဖြင့် ဣတ္ထိဘာဝ ပုရိသဘာဝရုပ်တို့ ရထိုက်/မရထိုက်မှတစ်ပါး တခြားစိစစ်ဖွယ် မရှိပြီ။ ~~~~~~~~~~~

ပဋိသန္ဓိယံ ပန သံသေဒဇာနဉ္စေဝ ဩပပါတိကာနဉ္စ စက္ခုသောတဃာနဇိဝှာ ကာယဘာဝဝတ္ထုဒသကသင်္ခါတာနိ သတ္တဒသကာနိပါတုဘဝန္တိ ဥက္ကဋ္ဌဝသေန၊ ဩမကဝသေန ပန စက္ခုသောတဃာနဘာဝဒသကာနိ ကဒါစိ န လဗ္ဘန္တိ ။

ပဋိသန္ဓိယံ။ ။ဤနေရာ၌ ပဋိသန္ဓေစိတ် စေတသိက် ရုပ်တရားတို့၏ ဥပါဒ်ခဏကိုသာ ပဋိသန္ဓေအခါဟု ခေါ်၏၊ [ဥပါဒ်ခဏကိုသာ ခေါ်ကြောင်း နောက်၌ ထင်ရှားလတ္တံ့ ၊] ထိုပဋိသန္ဓေ နေကြသော ပုဂ္ဂိုလ်အမျိုး အစားသည် သံသေဒဇမျိုး ဩပပါတိကမျိုး ဂဗ္ဘသေယျကမျိုးဟု သုံးမျိုးရှိ၏၊ ဂဗ္ဘသေယျကသည်လည်း အဏ္ဍဇမျိုး ဇလာဗုဇမျိုးဟု နှစ်မျိုးပြား၏၊ ထို့ကြောင့် ပုဂ္ဂိုလ်(၄)မျိုး ရှိသည်ဟု မှတ်ပါ၊ ဤလေးမျိုးကို ယောနိ (၄)မျိုးဟုလည်း ခေါ်သည်၊ ယောနိ သဒ္ဒါကား ဥခွံစသော ဌာနအားဖြင့် ခွဲခြားအပ်သောခန္ဓာတို့၏ ဖြစ်ပုံ အထူးကို ဟော၏၊ ချဲ့ဦးအံ့-သတ္တဝါတို့၏ ခန္ဓာကိုယ်ဖြစ်ပုံသည် အမျိုးမျိုး အဖုံဖုံ ရှိ၏၊ တစ်မျိုးနှင့်တစ်မျိုး မတူကြသော်လည်း ဥခွံ, သားအိမ်, သံသေဒဇ, ဩပပါတိကအားဖြင့်

ခွဲခြားလျှင် (၄)မျိုးသာ ကွဲပြားတော့သည်။ [ယဝန္တိ တာဟိ သတ္တာ အမိဿိတာပိ သမာနဇာတိတာယ မိဿိတာ ဝိယ ဟောန္တီတိ ယောနိယော၊ တာ ပန အတ္ထတော အဏ္ဍောဒိဥပ္ပတ္တိဋ္ဌာနဝိသိဋ္ဌော ခန္ဓာနံ ဘာဂ သော ပဝတ္တိဝိသေသောတိ အာဟ-ယောနိယောတိ ကောဋ္ဌာသာတိ။ သုတ်ပါထေယျ, သံဂီတိသုတ်ဋီကာ။]

သံသေဒဇာနဉ္စေဝ။ ။သံသီဒတီတိ သံသေဒေါ, သံသေဒေ ဇာတာ သံသေဒဇာ၊ သံသီဒတိ (သုဋ္ဌု သိနေဟတိ)ကောင်းစွာ စိုစွတ် စေးကပ်တတ်၏၊ ဣတိ-ကြောင့်၊ သံသေဒေါ-သံသေဒမည်၏၊ ပဒုမာကြာ တိုက်, ကိုယ်ဝန်အညစ်အကြေး, ပန်းမှိုက်ပုပ်, ငါးပုပ်, ရေပုပ်, မစင်ပုပ် စသော အရပ်များတည်း၊ သံသေဒေ- စိုစွတ်သောအရပ်၌၊ ဇာတာ-ဖြစ်သောသတ္တဝါတို့သည်၊ သံသေဒဇာ-သံသေဒဇတို့ မည်၏၊ ပဒုမာကြာတိုက်၌ သန္ဓေတည်သော ပဒုမဝတီမိဖုရားနှင့်ပေါက္ခရသာတိ ပုဏ္ဏား, ဝါးလုံးခေါင်း၌ သန္ဓေတည်သော ဝေဠုဝတီ မိဖုရား, ပဒုမဝတီမိဖုရား၏ (၄၉၉)ပါးသော သားတော်များနှင့် ပိုးလောက်အချို့တို့သည် သံသေဒဇသတ္တဝါ များတည်း။ [ပဒုမဝတီ၏သား(၅၀၀)တွင် ပဒုမမင်းသားတစ်ယောက်သာ ကိုယ်ဝန်တည်၍ ကျန်သားတို့မှာ ဖွားမြင်ပြီးမှ ကိုယ်ဝန်အညစ်အကြေး၌ ဖြစ်ကြသည်။]

ဩပပါတိကာနဉ္စ။ ။ဥပပတနံ, ဥပပါတော၊ ဥပပါတော ယေသံ အတ္ထီတိ ဩပပါတိကာ၊ ဥပပတနံ-ဘဝ ဟောင်းမှ ခုန်လွှားလာသကဲ့သို့ ကျရောက်ခြင်း၊ ဥပပါတော-ခြင်း၊ ယေသံ-အကြင်ပုဂ္ဂိုလ်တို့၏၊ ဥပပါတော- ဘဝဟောင်းမှ ခုန်လွှား လာသကဲ့သို့ ကျရောက်ခြင်းသည်၊ အတ္ထိ-၏၊ ဣတိ-ကြောင့်၊ ဩပပါတိကာ-ဩပပါ တိကတို့ မည်၏၊ ခန္ဓာကိုယ် အထင်အရှား ဘွားကနဲ ပေါ်လာခြင်းကြောင့် ဘဝဟောင်းမှ ခုန်လွှားကျရောက် လာသကဲ့သို့ ဖြစ်ခြင်းရှိသော ပုဂ္ဂိုလ်ကို ဩပပါတိကပုဂ္ဂိုလ်ဟု ခေါ်သည်၊ ငရဲသား, ပြိတ္တာ, တိရစ္ဆာန်အချို့, ကမ္ဘာဦးက လူနှင့် နတ် ဗြဟ္မာများတည်း။

သတ္တဒသကာနိ ပါတုဘဝန္တိ။ ။သံသေဒဇသတ္တဝါတို့သည် သေးသေး ငယ်ငယ်မှ စ၍ တဖြည်းဖြည်း ကြီးရင့်ရသည်၊ ဩပပါတိကတို့ကား ထိုထို ဘုံဘဝ၏ သတ္တဝါပမာဏရှိသည့်အတိုင်း တစ်ပြိုင်နက် အထင် အရှား ကြီးကြီးမားမား ဖြစ်ကြ၏၊ ထို့ကြောင့် "သတ္တဒသကာနိ ပါတုဘဝန္တိ" ဟု ဆိုရာ၌ ဩပပါတိကတို့၏ ပဋိသန္ဓေခဏဝယ် ဒသက ခုနစ်ခုပေါင်း များစွာပါရှိသည်ဟု မှတ်ပါ။

ဥက္ကဋ္ဌဝသေန။ ။"သတ္တဒသကာနိ ပါတုဘဝန္တိ" ဟူသောစကားသည် ဥက္ကဋ္ဌ ပရိစ္ဆေဒစကား (အလွန်ဆုံး ဖြစ်နိုင်သည်ကို ပိုင်းခြား၍ပြသောစကား) ဖြစ်သည်၊ "ပဋိသန္ဓေအခါ၌ (၇)ဒသကထက် ပို၍ မဖြစ်နိုင် တော့ပြီ" ဟူလို။

ဩမကဝသေန ၊ပေ၊န လဗ္ဘန္တိ။ ။လျှော့၍ ပိုင်းခြားရေတွက်လျှင် အချို့သော သံသေဒဇ, ဩပပါတိက တို့၏ သန္တာန်၌ စက္ခု သောတ ဃာန ဘာဝ ဒသက(၄)ပါးတို့တွင် (၁)ပါးဖြစ်စေ, (၂)ပါး (၃)ပါးဖြစ်စေ, (၄)ပါး လုံးဖြစ်စေ မရသည်လည်း ရှိ၏၊ ထို မရသော ဒသကတို့အတွက် ပဋိသန္ဓေခဏ၌ ရုပ်ကလာပ် လျော့ပုံကို သိရမည်-ဟူလို။ [ကဒါစိပိ န လဗ္ဘန္တိ ဟု အချို့စာ ရှိ၏၊ ပိသဒ္ဒါ အပိုပင်, ဋီကာများ၌လည်း မဖွင့်။]

~~~~~~~~~~~~

ဂဗ္ဘသေယျကသတ္တာနံ ပန ကာယဘာဝဝတ္ထုဒသကသင်္ခါတာနိ တီဏိ ဒသကနိ ပါတုဘဝန္တိ ၊ တတ္ထာပိ ဘာဝဒသကံ ကဒါစိ န လဗ္ဘတိ၊ တတော ပရံ ပဝတ္တိကာလေ ကမေန စက္ခုဒသကာဒီနိ စ ပါတုဘဝန္တိ။

ဂဗ္ဘသေယျကသတ္တာနံ။ ။ဂဗ္ဘေ သေန္တီတိ ဂဗ္ဘသေယျကာ၊ ဂဗ္ဘေ-အမိဝမ်းတိုက်၌၊ သေန္တိ-ကိန်းရ ဖြစ်ရ ကုန်၏၊ ဣတိ-ကြောင့်၊ ဂဗ္ဘသေယျကာ-ဂဗ္ဘသေယျကတို့ မည်၏၊ အမိဝမ်း၌ ပဋိသန္ဓေနေရသောသတ္တဝါမျိုး ကို ဂဗ္ဘသေယျကဟု ခေါ်၏၊ ထိုဂဗ္ဘသေယျကသည် အဏ္ဍဇသတ္တဝါ ဇလာဗုဇသတ္တဝါဟု နှစ်မျိုး ရှိ၏၊ ထိုတွင် အဏ္ဍေ-ဥခွံတွင်း၌၊ ဇာတာ-ဖြစ်သောသတ္တဝါတို့သည်၊ အဏ္ဍဇာ-အဏ္ဍဇတို့ မည်၏၊ ငှက်အမျိုးမျိုး, မြွေ, လိပ်, ငါးစသော သတ္တဝါများတည်း။

ဇလာဗုဇ။ ။သက္ကတ၌ "ဇရာယုဇ" ဟု ရှိ၏၊ မဟာသာရောမှ ရ ကို လပြု၍ မဟာသာလော ဖြစ်သလို, ရ ကို လပြု၍လည်းကောင်း, ဒီဃာယုကုမာရ၌ ယ ကို ဝပြု၍ "ဒီဃာဝုကုမာရ" ဟု ဖြစ်သလို, ယကို ဝပြု, ဝကို ဗပြု၍လည်းကောင်း, "ဇလာဗု" ဟု မာဂဓပါဠိ၌ ဖြစ်နေသည်၊ ဇရံ ဧတီတိ ဇရာယု၊ ဇရံ-ဆွေးမြေ့ ပေါက်ကွဲခြင်းသို့၊ ဧတိ-ရောက်တတ်၏၊ ဣတိ-ကြောင့်၊ ဇရာယု-ဇရာယုမည်၏။ [ဇရာရှေ့ရှိသော ဧဓာတ်, ဏုပစ္စည်း, ဧကို အာယပြု၍, ဇရာယုဟု ပြီးသည်၊ ဆွေးမြေ့ ပေါက်ကွဲတတ်သော သားအိမ်ကို ဇရာယုဟု ခေါ်သည်၊ ထိုဇရာယုမှ ဇလာဗုဟု ဖြစ်၍ "ဇလာဗုမှိ+ဇာတာ ဇလာဗုဇာ" ဟု ဝစနတ်ပြု၊ သားအိ်မ်၌ ဖြစ်ရ, ပဋိသန္ဓေနေရသော လူ, ဆင်, မြင်း, ခွေးစသောသတ္တဝါများတည်း။

ကလလရေကြည်။ ။ဤသို့ အဏ္ဍဇ ဇလာဗုဇဟု ကွဲပြားသောဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေ ခဏ၌ ကာယဒသက ဘာဝဒသက ဝတ္ထုဒသကဟု ကလာပ်သုံးစည်းတို့ အထင်အရှား ဖြစ်ကြကုန်၏၊ ဤကလာပ်သုံးစည်း (ရုပ် ၃၀) ကိုပင် ကလလရေကြည်ဟု ခေါ်၏၊ ထိုကလလရေကြည်၏ ပမာဏကို ဝိဘင်းအဋ္ဌကထာ၌ ဝါဒအမျိုးမျိုး ပြ၏၊ ထိုဝါဒများကို ရှေးဆရာတို့ ဖွဲ့ဆိုအပ်ခဲ့သော ဤလင်္ကာဖြင့် သိရာ၏။

[ ဆောင်] ကလလမည်, ထိုရေကြည်ကား, တည်သောအခါ, မက္ခိကာလျှင်, ပါယာမေက, သောက် လောက်စွာ့ဟု, ပမာဏကို, နှိုင်းဆဆို၏၊...

ထိုကို တစ်ဖန်, များသေးဟန်ဖြင့်, ပယ်လှန်ပြီးမှ, သိမ်မွေ့လှသား, သဏှသူစိ, ဖျားတွင်ထိလျက်, ငြိ၍ပါလာ, ဆီပမာဟု, တူစွာပုံခင်း, ဆိုတုံလျှင်း၏၊...

ယင်းကိုတစ်ခါ, ပစ်ပယ်ခွာ၍, ဒီပါဇမ္ဗူ, တစ်သောင်းသူ၏, တစ်ဆူဆံပင်, အဖျားတွင်း၌, တင်သည့်ဆီ ပေါက်, ပမာလှောက်၏၊...

ထို့နောက်တစ်ခါ, ယင်းကေသာကို, ရှစ်ဖြာစိတ်ထား, တစ်စိတ်အားမူ, မြောက်ကျွန်းသူ၏, တစ်ဆူဆံမျှ, ပမာဏဟု, နှိုင်းဆပြီးကာ, ယင်းကေသာကို, ကြည်စွာဆီတွင်, နှစ်၍တင်သော်, ဆံပင်ဖျားမှာ, ကပ်၍ပါသည့်, ကေသာဆီပေါက်, ပမာလှောက်၏၊...

ထို့နောက်တစ်သွယ်, ယင်းကိုပယ်ဘိ, တောဝယ်ရှိသည့်, ဇာတိဥဏ္ဏာ, သားမြတ်စွာ၏, နုစွာဖြူဖွေး, သေး သေးမျှင်မျှင်, မွေးတစ်ပင်ကို, ကြည်လင်လျောက်ပတ်, ဆီထောပတ်ဝယ်, နှစ်၍ဆယ်သော်, ကပ်တွယ်ပါလာ, ဆီပမာဟု, အဋ္ဌကထာ ဝိဘင်း, မိန့်တုံလျှင်းသည်, ရုပ်ရင်း သုံးဆယ်မျှသာ တည်း။...[အကျယ်ကို ခန္ဓဝိဘင်း အဋ္ဌကထာမှာ ရှု။]

သန္ဓေတည်ခြင်းအကြောင်း (၃)ပါး။ ။ဂဗ္ဘသေယျက ပဋိသန္ဓေ တည်နေဖို့ရာ အကြောင်း(၃)ပါးရှိ၏၊ ၁-မိခင်လောင်း၏ ပန်းပွင့်ပြီးစဖြစ်ခြင်း, ၂-ထိုအခါ မိဘလောင်းနှစ်ဦးတို့ ကူးလူးဆက်ဆံခြင်း, ၃-သန္ဓေနေ မည့် သတ္တဝါ၏ ဘဝဟောင်းမှ ပဋိသန္ဓေသစ် တည်နေဖို့ရာ ရှေးရှုတည်ရှိခြင်း, ဤအကြောင်း(၃)ပါး ညီမှ (များသောအားဖြင့်) ပဋိသန္ဓေ တည်နေကြရသည်၊ ဤအကြောင်း(၃)ပါးတွင် သန္ဓေနေမည့် သတ္တဝါ၏ ဘဝဟောင်းမှ စုတေ ရွှေ့ပြောင်းခဲ့ခြင်းသည် အချုပ်အခြာ ဖြစ်၏၊ ထို့နောက် မိခင်လောင်း၏ သားအိမ် စင်ကြယ်၍ ထိုသားအိမ်၌ ကလလရေကြည် ကပ်ငြိ တည်နေဖို့ရာ သုက်သွေး အစအနရှိလျှင် သန္ဓေ တည်နိုင်တော့သည်။

ထို့ကြောင့် မိဘလောင်းနှစ်ဦးတို့၏ ထိထိရောက်ရောက် ကူးလူးဆက်ဆံမှ မဟုတ်, သွေးများ လှုပ်ရှား လောက်အောင် မိခင်လောင်း၌ ရာဂစိတ်ဖြစ်လျှင် သားအိမ်၌ သုက်သွေးအစအန ရရှိနိုင်တော့၏၊ သို့သော် ထိုမျှလောက် သုက်သွေး အစအနဖြင့် သန္ဓေရသည်ကား အလွန့်အလွန် ရှားပါးချေ၏၊ မိဘနှစ်ဦးတို့ တစ်ကြိမ်လောက် ကူးလူးဆက်ဆံထားလျှင် (၇)ရက်ကြာအောင်ပင် သန္ဓေတည်ဖို့ရာ ခေတ်အခါ ဖြစ်၏၊ ဝိမတိဋီကာ ဝဇိရဗုဒ္ဓိဋီကာတို့မှာ (၁၅)ရက်ကြာအောင်ပင် ခေတ်အခါ ဖြစ်သည်ဟု ဆိုကြသည်၊ ဤ အဓိပ္ပာယ်ကို ရည်ရွယ်၍ "ဝါဆိုလပြည့်နေ့၌ မယ်တော်မာယာ ဥပုသ်စောင့်သုံးခိုက်မှာ ဘုရားလောင်း ပဋိသန္ဓေ တည်နေတော်မူသည်" ဟု ဆိုရာဝယ် ဟိုအင်္ဂါ မခက်ဘူးလားဟု မာန်လည်ဆရာတော်က မေးတော်မူလိုက်ရာ...

မိမာတာ ကြာခန်းက, ပန်းရတု ရာသီ, ပွင့်စဲစခါဆီ, တူယှဉ်မှီ ပျော်ပါး၊ ကိန်းထိုက်တဲ့ ထိုသသူ, ထင်ရှေးရှူ စုတိခိုက်ငြား။

သည်အင်္ဂါ စုံစေ့မှ, ဘုံဓလေ့ ဤလူ့ပြည်, တည်သန္ဓေအများ။

သည်အင်္ဂါသုံးပါးတွင်, ယုံမှားတဲ့ ဟိုအင်္ဂါ၊

တူယှဉ်မှီ တစ်ကြိမ်စက်က, ခုနစ်ရက် ခေတ်ဖြစ်သည်သာ။

ဝိမတိကျမ်းဋီကာမှာ, လခွဲကြာအောင် ခေတ်ဖြစ်ကြောင်းနှင့်၊

စုံပေါင်း-နည်းတစ်ဖြာ, ဟောပြခဲ့ပါ၊...သည်သန္ဓေခန်းမှာကွဲ့၊

ရွှေကျမ်းနှံ့ ကြည်မဟာငယ်, ဟိုအင်္ဂါ ခက်ပါဘူ့လေး။

ဟု ဥဒုမ္ဗရတောရဆရာတော် ဖြေတော်မူသည်၊ ဖြေလိုရင်းကား "မိဘနှစ်ပါးတို့ တစ်ကြိမ်စက်လျှင် (၇)ရက်, သို့မဟုတ် (၁၅)ရက်ကြာအောင် သန္ဓေတည်ဖို့ရာ ခေတ်အခါ ဖြစ်နိုင်သောကြောင့် မယ်တော်မာယာ ဥပုသ် ဆောင် မဝင်မီက ဟိုအင်္ဂါ ပြည့်စုံပြီး ဖြစ်ပါသည်" ဟု ဖြေလိုသည်။

မိဘသုက်သွေး။ ။ဤဆိုခဲ့ပြီးသောစကားအရ ရှေးကံအစွမ်းကြောင့် အမိဝမ်းမှာ ကလလရေကြည် သန္ဓေတည်ရသော်လည်း မိဘတို့ သုက်သွေးက အရေးတကြီး ထောက်ပံ့လျက်ရှိရသည်ဟု သိသာပြီ၊ ကလလရေကြည်သည် မျိုးစေ့နှင့် တူ၏, မိဘတို့သုက်သွေးကား ရွှံ့ညွန် မြေ ရေများနှင့် တူ၏၊ ကလလရေ ကြည်ကို ဖြစ်စေသော ရှေးဘဝကံတရားကား မျိုးစေ့ကို ကြဲချစိုက်ပျိုးသူနှင့် တူ၏၊ သို့အတွက် ကလလရေ ကြည် သန္ဓေတည်ဖို့ရာ စင်ကြယ်သော သားအိမ်နှင့် အနာရောဂါ အပြစ်အဆာကင်းသော သုက်သွေး ကောင်းများကို အရေးတကြီး အလိုရှိအပ်ပေသည်၊ သားအိမ်နှင့် သုက်သွေးများ၌ ရောဂါမကင်းလျှင် ထို သန္ဓေသူငယ်သည် ကျန်းကျန်းမာမာ ကြီးပွားနိုင်ဖွယ် မရှိ၊ ထို့ပြင်-မြေနီတွင်း၌ အောင်းနေရသော ဖွတ် သတ္တဝါ၏ အဆင်းသည် နီ၍, မြေနက်အတွင်း၌ အောင်းနေရသော ဖွတ်သတ္တဝါ၏ အဆင်းသည် နက်သကဲ့ သို့, မိဘတို့သုက်သွေးဝယ် ငြိတွယ်နေရသော သန္ဓေသူငယ်၌ မိဘတို့ သုက်သွေးမှ ဥတုဇရုပ်များ ဆက်သွယ် ကူးစက်သောကြောင့် မိဘတို့၏အဆင်းနှင့် သူငယ်၏အဆင်းသည် တူကြရိုးပင် ဖြစ်၏၊ လက် ခြေပုံသဏ္ဌာန်များလည်း တူတတ်ကြ၏၊ ထို့ကြောင့် ခန္ဓဝိဘင်းမူလဋီကာ၌ "ပုရိမရူပဿပိ ဟိ ပစ္စယဘာဝေါ အတ္ထိ, ပုတ္တဿ ပိတိသဒိသတာဒဿနတော" ဟု မိန့်ပြီ။

ကလေး၏ စိတ်ထား။ ။အဆင်းပုံသဏ္ဌာန်သာမက, မိဘတို့၏ စိတ်နေစိတ်ထား သတ္တိ ဗျတ္တိ အကြံ ဉာဏ်များလည်း သားသမီးတို့၌ ကူးစက်ပြန့်ပွားတတ်၏၊ ဤစိတ်ဓာတ်များ၏ ကူးစက်ခြင်းကား သန္ဓေတည် စက မိဘတို့၏ စိတ္တပစ္စယ ဥတုဇရုပ်များ ကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်၏၊ ဖွားမြင်ပြီးနောက် မိဘတို့၏ စိတ်နေစိတ်ထား အပြုအမူများကို တွေ့မြင်ရဖန်များခြင်းကြောင့်လည်း ဖြစ်နိုင်၏၊

ထို့ကြောင့် ဆိုင်ရာမျိုးစေ့မှ ဆိုင်ရာအပင်ပေါက်၍ ဆိုင်ရာအသီးသာ သီးသကဲ့သို့, ကောင်းမြတ် ထက်မြက် သောအမျိုးမှ ကောင်းမြတ် ထက်မြက်သောအမျိုးမှ ကောင်းမြတ်ထက်မြက်သော သားသမီးများ ထွန်းကား တက်၍, မသန့်သောအမျိုးမှ အညံ့စား သားသမီးများ ဖြစ်ပွားတတ်သောကြောင့် နှစ်ဖက်လုံး အမျိုးကောင်း ၍ ချူနာပါတေး မဟုတ်သော မိဘနှစ်ဦးတို့၏ အထူးစင်ကြယ်သော သုက်သွေးဝယ် ငြိတွယ်ရသော ကလလရေကြည်သည် အဖိုးတန်သားသမီးရတနာဖြစ်ကြောင်း အကောင်းဆုံးခန္ဓာကိုယ်ကလေးပေတည်း။

တတော ပရံ ပဝတ္တိကာလေ ကမေန။ ။ပဋိသန္ဓေစိတ္တက္ခဏမှနောက် ပဝတ္တိကာလ၌ ယခင် ကလလ ရေကြည်ကလေးသည် တဖြည်းဖြည်း ကြီးပွား၏၊ ကြီးပွားပုံကား-ထိုကလလရေကြည်၌ ကံကြောင့်ဖြစ်သော ရုပ်ကလေးများ အသစ် အသစ် တိုးပွား၏၊ တိုးပွားတိုင်း တိုးပွားတိုင်းသော ကမ္မဇရုပ်ကလာပ်တွင် "ဥတု" ဟု ခေါ်အပ်သော တေဇောဓာတ် ပါဝင်၏၊ ထိုဥတုကြောင့် ဥတုဇရုပ်ကလေးတွေ အချိန်ရှိသမျှ တိုးပွားနေ ၏၊ စိတ်ကြောင့်ဖြစ်သော ရုပ်များလည်း အသစ်အသစ်ဖြစ်၏၊ ထိုစိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ဥတု ကြောင့်လည်း ဥတုဇရုပ်ကလာပ် ဖြစ်သေး၏၊ အမိ၏ သားအိမ်၌ ကိုယ်ငွေ့ဥတုများလည်း သူငယ်မှာ တွေ့ထိ၏၊ ထိုဥတုကိုယ်ငွေ့ကြောင့် ဥတုဇရုပ်တွေ အချိန်ရှိသမျှ တိုးပွား၏၊ ထို အာဟာရဇရုပ်ကလာပ်တွင် ပါဝင်သောဥတုကြောင့်လည်း အာဟာရပစ္စယဥတုဇဟု ခေါ်အပ်သောရုပ်ကလာပ်များ တိုးပွားသေး၏၊ ဤနည်းဖြင့် တဖြည်းဖြည်း ကြီးရင့်ရလေသည်၊ ဤသို့ဖြစ်ရာ၌ ပုံသဏ္ဌာန်အပြောင်းအလွဲကို ယက္ခသံယုတ် ပါဠိတော်၌ ဤသို့ပြ၏။

ပဌမံ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ၊ အဗ္ဗုဒါ ဇာယတေ ပေသိ, ပေသိ နိဗ္ဗတ္တတေ ဃနော၊ ဃနာ ပသာခါ ဇာယန္တိ , ကေသာ လောမာ နခါပိ စ။

ပဌမံ ကလလံ ဟောတိ။ ။ပဌမံ-ပဋိသေန္ဓ, တည်နေခါစ, ပဌမသတ္တာဟ၌၊ ကလလံ-ရေကြည်သမုတ်, ကလလရုပ်သည်၊ ဟောတိ-ဖြစ်တည်၏၊ ပဋိသန္ဓေ တည်ခါစ ဖြစ်တဲ့ (၇)ရက်အတွင်း၌ ပြအပ်ခဲ့သော "ကလလရေကြည်" ဟု ခေါ်အပ်သော ရုပ်အစုကလေး တဖြည်းဖြည်း ကြီးပွားနေလေသည်။

ကလလာ ဟောတိ အဗ္ဗုဒံ။ ။ကလလာ-ကလလရေကြည်အဖြစ်မှ နောက်၌၊ အဗ္ဗုဒံ-အမြှုပ်ပွက်သည်၊ ဟောတိ-ဖြစ်၏၊ (၇)ရက်လောက်ကြာသောအခါ ကလလရေကြည်အဖြစ်မှ ပုံသဏ္ဌာန်တစ်မျိုးပြောင်းလျက် အမဲသားကို ေ ဆးသော ရေမှ အမြှုပ်ပွက်ကလေး ထသလို အမြှုပ်ပွက်ကလေး ဖြစ်လာ၏။

အဗ္ဗုဒါ ဇာယတေ ပေသိ။ ။အဗ္ဗုဒါ-အမြှုပ်ပွက်အဖြစ်မှနောက်၌၊ ပေသိ-အသားတစ်သည်၊ ဇာယတေ- ဖြစ်၏၊ အမြှုပ်ပွက်အဖြစ်၌ (၇)ရက်လောက် ရင့်မာကြီးမားပြီးနောက် နီနီထွေးထွေး အသားကလေးအဖြစ် ရောက်လေသည်။

ပေသိ နိဗ္ဗတ္တတေ ဃနော။ ။ပေသိ-အသားတစ်အဖြစ်မှနောက်၌၊ ဃနော-မာမာခက်ခက် တစ်ခဲနက်သည်၊ နိဗ္ဗတ္တတေ-ဖြစ်၏၊ "ပေသိ" ခေါ်သော အသားကလေးကား ပျော့အိအိနေသေး၏၊ (၇)ရက်ခန့် ကြီးမား ရသောအခါ ကြက်ဥကဲ့သို့ ရှည်လျားလျားပုံသဏ္ဌာန် ပေါ်ထွက်လျက် မာမာခက်ခက် တစ်ခဲနက် အသား ကလေးအဖြစ်သို့ ပြောင်းလွဲလာသည်။

ဃနာ ပသာခါ ဇာယန္တိ။ ။ဃနာ-မာမာခက်ခက် တစ်ခဲနက်အဖြစ်မှ နောက်၌၊ ပသာခါ-ဦးခေါင်း ခြေ လက်, ခက်မငါးဖြာ, ကိုယ်အင်္ဂါတို့သည်၊ ဇာယန္တိ-ဖြစ်လာကုန်၏၊ ဃနအဖြစ်၌ (၇)ရက်လောက် ကြီးပွားရ သောအခါ ဦးခေါင်း ခြေနှစ်ဖက် လက်နှစ်ဖက်တို့ ဖြစ်ဖို့ရာ အဖုကလေးတွေ ပေါ်ပေါက်လာသည်၊ ဤ ဦးခေါင်း ခြေ လက်များသည် သစ်ပင်၏ အကိုင်းအခက်မကြီးများကဲ့သို့ ခန္ဓာကိုယ်၏ အကိုင်းကြီး အခက်ကြီး များ ဖြစ်သောကြောင့် "ခက်မဟု ခေါ်စမှတ် ပြုကြ၏၊ ဤသို့ ခက်မငါးဖြာ ပေါ်လာ၍ (၇)ရက်ကြာလျှင် သူငယ်ကလေးသည် (၅)သတ္တာဟ (၃၅ ရက်) အသက်ရှိပြီ။

ကမေန စက္ခုဒသကာဒီနိ စ ပါတုဘဝန္တိ။ ။ဤပြခဲ့သောအစဉ်ဖြင့် တရွေ့ရွေ့ ကြီးရင့်လာခဲ့ရာ ဧကာ ဒသမသတ္တာဟ (၇၇)ရက်မြောက်၌ ပဋိသန္ဓေခဏတုန်းက ဖြစ်ခွင့်မရခဲ့သော စက္ခု, သောတ, ဃာန, ဇိဝှာ လေးဖြာသော ကမ္မဇကလာပ်တို့ ဖြစ်ကြသည်ဟု မူလဋီကာဆရာနှင့်တကွ ဆရာမြတ်တို့ ယူတော်မူကြသည်၊ ဋီကာကျော်ကား-ပဝတ္တိကာလေတိ သတ္တမေ သတ္တာဟေ, ဋီကာကာရမတေန ဧကာဒသမေ သတ္တာဟေ ဝါ" ဟု ဖွင့်၏၊ [ပဝတ္တိကာလေတိ-ပဝတ္တိကာလေဟူသည်ကား၊ သတ္တမေ သတ္တာဟေ-သတ္တမ သတ္တာဟ၌၊ ဝါ-တစ်နည်း၊ ဋီကာကာရမတေန-မူလဋီကာကျမ်းဆရာ၏ အလိုအားဖြင့်၊ ဧကာဒသမေ သတ္တာဟေ-ဧကာဒသမသတ္တာဟ၌။]

အယူမတူခြင်း၏အကြောင်း။ ။မူလဋီကာနှင့် ဋီကာကျော်တို့ အယူ မတူခြင်း၏ အကြောင်းရင်းကား "ဂဗ္ဘသေယျကသတ္တာနံ အဇ္ဈတ္တိကာယတနေသု မနာယတနကာယာယတနာနေဝ ပဋိသန္ဓိက္ခဏေ ဥပ္ပဇ္ဇန္တိ၊ သေသာနိ စတ္တာရိ သတ္တသတ္တတိရတ္တိမှိ" ဟူသော ကထာဝတ္ထု သဠာယတနုပ္ပတ္တိကထာကို ဖွင့်သော အဋ္ဌကထာပါဌ်ပင်တည်း၊ ထိုပါဌ်၏ အဓိပ္ပာယ်ကား "ဂဗ္ဘသေယျကတို့ ပဋိသန္ဓေခဏ၌ အဇ္ဈတ္တိကာယတန (၆)ပါးတွင် ကာယာယတနနှင့် မနာယတနသာ ဖြစ်ကြသေး၏၊ ကြွင်းသော စက္ခု သောတ ဃာန ဇိဝှာ (၄)ဖြာသော အာယတနတို့မှာ သတ္တသတ္တတိရတ္တိ ကြာမှ ဖြစ်ကြသည်" ဟူလို၊ ဤအဋ္ဌကထာပါဌ်၌ "သတ္တသတ္တတိ ရတ္တိမှိ" ဆိုလျှင် (၇၇)ညဥ့်ဖြစ်၍ (၁၁)သတ္တာဟ ရ၏၊ တိအက္ခရာမပါဘဲ "သတ္တသတ္တရတ္တိမှိ" ဆိုလျှင် "၇ × ၇ လီ" (၄၉) ရက်ဖြစ်၍ (၇)သတ္တာဟသာ ရသည်၊ ဤသို့ တိ အက္ခရာ မပါသော ပါဌ်ကို တွေ့၍ "သတ္တမေ သတ္တာဟေ" ဟု ဋီကာကျော်ဆရာ ဖွင့်မှားဟန်တူသည်ဟု ဆရာတို့ ယူဆတော်မူကြသည်။

ယုတ္တိစစ်တမ်း။ ။ယုတ္တိရှိ/မရှိကို စဉ်းစားစစ်ဆေးကြည့်လျှင် သတ္တမသတ္တာဟဝယ် စက္ခုဒသက ဖြစ်နိုင် ဖွယ် မရှိ၊ ပဉ္စမသတ္တာဟ၌ ဦးခေါင်းပေါက်ဖို့ရာ လည်ပင်းအရာမျှ ပေါ်ခါစသာ ရှိသေး၏၊ ရှေ့က တဖြည်း ဖြည်း ကြီးပွားခဲ့သော အစဉ်ကို ကြည့်လျှင် သတ္တမသတ္တာဟ၌ လည်ပင်းပုံသဏ္ဌာန်သည်ပင် ဟန်ဟန် ပန်ပန် ရှိဦးမည်မထင်၊ ဧကာဒသမသတ္တာဟလောက် ရောက်မှသာ မျက်လုံး နား နှာခေါင်းနှင့် လျှာဖြစ် သောအခါ စက္ခုပသာဒရုပ်စသည်တို့ အဆင်သင့်ပါဝင်လာဖွယ်ရှိသည်။

ကမေန။ ။ဋီကာကျော်၌ "ကမေနာတိ-စက္ခုဒသကပါတုဘာဝတော သတ္တာဟာတိက္ကမေန သောတ ဒသကံတတော သတ္တာဟာတိက္ကမေန ဃာနဒသကံ, တတော သတ္တာဟာတိက္ကမေန ဇိဝှာဒသကန္တိ ဧဝံ အနုက္ကမေန" ဟု ဖွင့်၏၊ ဆိုလိုရင်းကား-သတ္တမသတ္တာဟ၌ စက္ခုဒသကဖြစ်၏၊ ထို့နောက် အဋ္ဌမသတ္တာဟ၌ သောတဒသက, နဝကသတ္တာဟ၌ ဃာနဒသက, ဒသမသတ္တာဟ၌ ဇိဝှာဒသကကလာပ်တို့ တစ်သတ္တာဟ စီ အစဉ်အတိုင်း ဖြစ်ကြသတဲ့၊ ထိုစကားကို စိစစ်ဦးအံ့-စက္ခု သောတ ဃာန ဇိဝှာ ပသာဒတို့ တည်ရာအရပ်သည် တစ်ခုနှင့်တစ်ခု များစွာကွာဝေးသည်မဟုတ်, ထိုတည်ရာအရပ်များ ဖြစ်သောအခါ ပသာဒရုပ်များ လည်း တစ်ပါတည်း ပါလာရမည်၊ ထိုတည်ရာအရပ်များတွင် မျက်လုံးသည် အထက်ဆုံး ကျ၏၊ လည်ပင်းမှ ဆက်လက်၍ အထက်သို့ တဖြည်းဖြည်း ကြီးရင့်နေသော ကိုယ်ဝန်သူငယ်ကလေးဝယ် ထိုအထက်ဆုံး မျက်လုံးက ပထမဖြစ်၍, ထို့အောက်ကျသော နား နှာခေါင်း လျှာတို့က တစ်သတ္တာဟစီ ကွာခြားပြီးမှ ဖြစ်ရ မည့်အရေး၌ ယုတ္တိဝေးလှ၏၊ ထို့ကြောင့် "ကမေန" အရ စက္ခု သောတစသည်တို့ကို တစ်သတ္တာဟစီ စဉ်၍ဖွင့်ပြသော ဋီကာကျော်နှင့် အာယတန ယမိုက်အကောက်စသော ဋီကာကျော်နောက်လိုက်စကား ဟူသမျှကို ဆရာတို့ နှစ်သက်တော်မမူကြကုန်။

ကမ္မေနလည်း သင့်မည်မထင်။ ။"ကမေနအရ ဋီကာကျော်ဖွင့်ပုံကို မကျေနပ်လျှင် ကမ္မေနပါဌ် ကို နှစ်သက်သလား" ဟု မေးစရာရှိ၏၊ ဆရာမြတ်တို့ကား "ပဉ္စမေ ဘိက္ခဝေ သတ္တာဟေ ပဉ္စပီဠကာ သဏ္ဌ ဟန္တိ ကမ္မတော" ဟူသော ပါဠိတော်ဝယ် "ကမ္မတော" ဟူသောပုဒ်ကို သက်သေပြု၍ "တတော ပရံ ပဝတ္တိ ကာလေ ကမ္မေန စက္ခုဒသကာဒီနိ စ ပါတုဘဝန္တိ" ဟု ကမ္မေနပါဌ်သာလျှင် သင့်မြတ်သည်ဟု ဆုံးဖြတ်တော်မူကြ၏၊ သို့သော် မည်သည့်ကျမ်း၌မဆို တစ်စုံတစ်ခုကို ဆုံးဖြတ်လိုလျှင် ထိုကျမ်းတွင် ပါဝင် သော ရှေ့နောက်စကားတို့ကို ပဌမဆုံး စဉ်းစားရမည်၊ ထို့နောက် ထိုကျမ်းဆရာသည်ပင် တခြားကျမ်း၌ ထိုအဓိပ္ပာယ်စာသွားမျိုး ရေးသားထားလျှင် ထိုစာသွားကိုလည်း ထောက်ထားရမည်၊ ဤသို့ ထောက်ထား ဆုံးဖြတ်မှသာလျှင် ကျမ်းဆရာ၏ အာဘော်(နှလုံးသွင်း)အမှန်ကို တွေ့နိုင်သည်၊ ထိုကဲ့သို့ ထောက်ထားဖွယ် မရနိုင်မှသာ အခြား သက်သေခံသာဓကကို ရှာရသည်၊ သင်္ဂြိုဟ်ကျမ်းဆရာသည် ရူပသမုဋ္ဌာန်ခန်းတုန်းက "တတ္ထ ယဒယဣန္ဒြိယ ရူပါနိ ကမ္မဇာနေဝ" ပါဌ်ဖြင့် စက္ခုစသည်တို့ ကံကြောင့်သာဖြစ်ကြရသည်ဟု ပြခဲ့လေ ပြီ၊ သို့အတွက် စက္ခုစသည်တို့ ကံကြောင့်ဖြစ်ဟန်ကို ထပ်မံ၍ပြဖွယ် မလိုပါ၊ စက္ခုစသည်တို့၏ ကံကြောင့် ဖြစ်ရကြောင်းကို ဤကျမ်းလေ့လာသူအပေါင်းတို့ နားလည်ပြီး ဖြစ်သည်၊ ထို့ကြောင့် ကမ္မေနပါဌ်သည် ကျမ်းဆရာ အလိုရှိအပ်သော ပါဌ်မဟုတ်နိုင်၊ ကမေနပါဌ်ကိုသာ ကျမ်းဆရာ အလိုရှိအပ်၏၊ ထင်ရှားစေအံ့-

တတော ပရံ ပဝတ္တိမှိ, ဝဍ္ဎမာနဿ ဇန္တုနော၊ စက္ခုဒသကာဒယော စ, စတ္တာရော ဟောန္တိ သမ္ဘဝါ။

တတော -ထိုပဋိသန္ဓေအခါမှ၊ ပရံ-နောက်၌၊ ပဝတ္တိမှိ-ပဝတ္တိအခါ၌၊ ဝဍ္ဎမာနဿ-တဖြည်းဖြည်း ကြီးပွား သော၊ ဇန္တုနော-သတ္တဝါ၏ (သန္တာန်၌)၊ စက္ခုဒသကာဒယော-စက္ခုဒသကအစရှိကုန်သော၊ စတ္တာရော စ-ေ လးပါးသော ရုပ်ကလာပ်တို့သည်လည်း၊ သမ္ဘဝါ-ဖြစ်သင့်သည့်အားလျော်စွာ၊ ဟောန္တိ-ဖြစ်ကုန်၏။

ဤဂါထာကား –ဤသင်္ဂြိုဟ်ကျမ်းဆရာကိုယ်တိုင် စီရင်အပ်သော ပရမတ္ထဝိနိစ္ဆယ၌ ရုပ်ကလာပ်တို့၏ ဖြစ်ပုံကိုပြသော ဂါထာတည်း၊ ထိုဂါထာဝယ် "တတော ပရံ ပဝတ္တိမှိ" ဟူသောစကားနှင့် ဤသင်္ဂြိုဟ်ကျမ်းက "တတော ပရံ ပဝတ္တိကာလေ" ဟူသောစကားသည် တစ်သားတည်း ထပ်နေ၏၊ "စက္ခုဒသကာဒယော စ, စတ္တာရော ဟောန္တိ သမ္ဘဝါ" နှင့် "စက္ခုဒသကာဒီနိ စ ပါတုဘဝန္တိ" ဟူသော စကားများလည်း ထူးမခြားနား ပင်တည်း။

ထို့ပြင် ဝဍ္ဎမာနဿနှင့် ကမေနပုဒ်လည်း စကားအသုံး ကွဲစေကာမူ အဓိပ္ပာယ်မှာ သဘောတူပင် ဖြစ်၏၊ ဝဍ္ဎမာနဿအရ ကြီးရင့်ခြင်းဟူသည် တဖြည်းဖြည်း အစဉ်အတိုင်း ကြီးရင့်ခြင်းပင်တည်း၊ ယခုလောက၌ တဖြည်းဖြည်း အလုပ်အကိုင် ကြီးပွားနေသူကို "သူဟာ အစဉ်အတိုင်း ကြီးပွားနေတာပဲ" ဟု ပြောစမှတ် ပြုကြသည်၊ ထို့ကြောင့် ကမေနအရ အစဉ်ဟူရာ၌ စက္ခုပြီးလျှင် သောတဖြစ်, သောတနောက် ဃာနဖြစ်၊ ဤသို့ စသော အစဉ်ကို မယူဘဲ, တဖြည်းဖြည်း ကြီးရင့်ခြင်းဆိုတဲ့ အစဉ်ကို ယူပါ၊ ဤသို့ယူလျှင် ဝဍ္ဎမာနဿ ပါဌ်နှင့် အဓိပ္ပာယ်

တစ်ထပ်တည်း ကျသောကြောင့် ကမေန ပါဌ်သာလျှင် အရှင်အနုရုဒ္ဓါ၏ အလိုအတိုင်း မှန်သည်ဟု ဆုံးဖြတ် ရန် ရှိပေသည်။

တစ်ပြိုင်နက် မဖြစ်။ ။စက္ခု သောတ ဃာန ဇိဝှာဒသက လေးဖြာတို့ကား ဧကာဒသမသတ္တာဟ၌ တစ်ပြိုင်နက် ဖြစ်ကြသည်၊ "တစ်ပြိုင်နက်" ဟူရာ၌ တစ်ချိန်တည်း, တစ်ခဏတည်းမှာ ပြိုင်၍ဖြစ်သည်ဟု မယူသင့်၊ ဧကာဒသမသတ္တာဟအတွင်းမှာ ဖြစ်သောကြောင့် သတ္တာဟချင်း ပြိုင်တူဖြစ်သည်ဟု ယူသင့်၏၊ ထိုစကား မှန်၏၊ လည်ပင်းမှအထက် တဖြည်းဖြည်း ကြီးရင့်နေသော သူငယ်ကလေး၌ မျက်လုံး, နား, နှာ ခေါင်း, လျှာတို့ တစ်ချိန်တည်း မဖြစ်နိုင်ပေ၊ မျက်လုံးဖြစ်ပေါ်မှ စက္ခုပသာဒလည်း ဖြစ်ပေါ်နိုင်မည်၊ ထို့အတူ နား, နှာခေါင်း, လျှာ ဖြစ်ပေါ်မှ သောတ, ဃာန, ဇိဝှာပသာဒလည်း ဖြစ်ပေါ်နိုင်မည်၊ ထိုနား, နှာခေါင်း, လျှာ ပေါ်လာလျှင် သောတပသာဒစသည်တို့ ဧကန်မုချ ပါလာကြမည်သာ၊ နား, လျှာဟူသော တည်ရာဌာနတွေ ပေါ်ပေါက်လာလျက် အထက်ပိုင်းကျသော မျက်လုံး, နှာခေါင်းတို့ မပေါ်သေးသည့်အတွက် စက္ခု, ဃာန တို့နှင့် တစ်ပြိုင်နက် တစ်ခဏတည်းဖြစ်ဖို့ရာ သောတ, ဇိဝှာပသာဒတို့က စောင့်ဆိုင်းနေကြမည်မဟုတ်၊ ထို့ကြောင့် စက္ခု, သောတ, ဃာန, ဇိဝှာပသာဒတို့ ဧကာဒသမသတ္တာဟအတွင်းမှာ သင့်သလို ဖြစ်ပေါ်လာ ကြသည်ဟု မှတ်ပါ။

ကေသာ လောမာ နခါပိ စ။ ။ဤဆံပင်စသည်တို့သည် ပသာခတို့ ပေါ်ထွက်ရာ ပဉ္စမသတ္တာဟ၌ ဖြစ်နိုင် ကြသေးသည် မဟုတ်၊ (၄၂)သတ္တာဟမြောက် (ရက်ပေါင်း ၂၉၀+ကိုးလကျော်ကျော်, ဆယ်လအတွင်း မွေးဖွားခါနီးမှ) ဤ ဆံပင်စသည်တို့ ပေါ်ပေါက်ကြသည်၊ ဂါထာ၌ကား ပဉ္စမသတ္တာဟ၌ ပသာခ ဖြစ်ပြီး နောက် ဆဋ္ဌ, သတ္တမစသော အလယ်သတ္တာဟတွေကို ပေယျာလမြှုပ် မဖော်ထုတ်တော့ဘဲ ချုံးပြီးလျှင် "ဃနာ ပသာခါ ဇာယန္တိ, ကေသာ လောမာ နခါပိ စ" ဟု စဉ်တော်မူသည်။ [ဣတော ပရံ ဆဋ္ဌသတ္တမာဒီနိ သတ္တာဟာနိ အတိက္ကမ္မ ဒေသနံ သင်္ခိပိတွာ ဒွါစတ္တာလီသေ သတ္တာဟေ ပရိဏတကာလံ ဂဟေတွာ ဒေဿန္တော ကေသာတိအာဒိမာဟ။ သဂါထာဝဂ္ဂ ယက္ခသံယုတ် အဋ္ဌကထာ။]

မှတ်ချက်။ ။ဤအဋ္ဌကထာ၌ "ဒွါစတ္တာလီသေ သတ္တာဟေ" ဟူသောစကားကိုလည်း ဆံပင်စသည်တို့ ပေါက်နိုင်လောက်အောင် ဦးခေါင်း, ခြေ, လက် ရင့်မာရာအချိန်ကို မှန်းဆ၍ ဆိုခြင်းဖြစ်သည်၊ အချို့ကိုယ်ဝန်မှာ (၉)လလောက်ဖြင့် ဖွားမြင်၏၊ ထို(၉)လဖြင့် ဖွားမြင်သောသူငယ်မှာ ဆံပင်စသည် အပြည့်အစုံ ပါလာသည်ကို တွေ့ရသည်ဟု ဋီကာဖွင့်၏၊ ထို့ကြောင့် ဦးခေါင်း, ခြေ, လက်တို့ ရင့်မာလာလျှင် (၄၂)သတ္တာဟ မတိုင်ခင် (ကိုးလမပြည့်ခင်ကပင်) ဆံပင်စသည်တို့ ပေါ်ပေါက်ခွင့် ရှိသည်ဟု ဆရာတို့ ယူကြသည်။

ဖွားမြင်ရာကာလ။ ။ကိုယ်ဝန်သည် "(၇)လဖွား, (၈)လ, (၉)လ, (၁၀)လဖွား" ဟု အမျိုးမျိုး ရှိ၏၊ (၇)လဖွားသည် နုနယ်လှသော်လည်း သေးငယ်သည့်အတွက် ဖွားမြင်သောအခါ ယောနိဝနှင့် အထိအခိုက် သက်သာသောကြောင့် အသက်ရှင်၍, (၈)လဖွားသူမှာ ကိုယ်အင်္ဂါ အနည်းငယ်ကြီးမားသဖြင့် အထိအခိုက် များသောကြောင့် အသက်မရှင်ဘူးတဲ့၊ (၉)လ, (၁၀)လ ဖွားသူတို့မှာ ကိုယ်အင်္ဂါကြီးမားသော်လည်း အတိုက်အခိုက် ခံနိုင်လောက်အောင် ရင့်မာသည့်အတွက် အသက်ရှင်ကြပြန်သတဲ့။

အမှာ။ ။ဤ ပဌမံ ကလလံစသော အစဉ်လည်း လူသတ္တဝါကို ရည်ရွယ်သောအစဉ်တည်း၊ ခွေး ကြက် ငှက်စသော ဂဗ္ဘသေယျကတို့ကား လူများလောက် အမိဝမ်း၌ မကြာသောကြောင့် ကလလစသည်တို့ (၇)ရက်ကြာမည် မဟုတ်၊ လူတိုင်းလည်း ယခု ပြခဲ့သော အစဉ်အတိုင်း ကိန်းသေမဖြစ်နိုင်ရာ၊ လိစ္ဆဝီမင်းမျိုး တို့၏ အစဆုံးဖြစ်သော မင်း မိဖုရားတို့ ဖြစ်စဉ်မှာ ဤအစဉ်နှင့် မတူ။ (တတိယပါရာဇိကအဖွင့် သာရတ္ထ ဋီကာကို ရှု၊) ထို့ကြောင့် ပဌမံ ကလလံစသော ဖြစ်စဉ်၌ တစ်သတ္တာဟစီ ရက်ကန့်သတ်ပုံကို လူသတ္တဝါ အများ ဖြစ်တတ်သည့်အတိုင်း ပိုင်းခြား ကန့်သတ်ချက်ဟု မှတ်ပါ။

ကြွက်ငယ်၍ ဆင်ကြီးပုံ။ ။"ဂဗ္ဘသေယျကသတ္တဝါတို့၏ ပဋိသန္ဓေခန်း၌ ကလာပ်(၃)စည်း(ရုပ် ၃၀ စီ) အညီအမျှ ဖြစ်ကြပါလျက် အဘယ့်ကြောင့် ကြွက်စသော သတ္တဝါတို့မှာ သေးငယ်၍, ဆင်စသော သတ္တဝါ တို့မှာ ကြီးကျယ်ကြရပါသနည်း" ဟု ပုစ္ဆာထုတ်ဖူးလေသည်၊ အဖြေကား-ကံ၏အစွမ်းကြောင့် ကြွက် စသည်နှင့် ဆင်စသည်တို့မှာ အငယ် အကြီး ကွာခြားလေသည်၊ ချဲ့ဦးအံ့-ပဋိသန္ဓေခဏ၌ ရုပ်(၃၀)ချင်း ညီမျှသော်လည်း ပဝတ္တိအခါ အချိန်ရှိသမျှ ကမ္မဇရုပ်အသစ်တွေ အထပ်ထပ်ဖြစ်ရာ၌ ရုပ်ကလာပ်ပေါင်း မည်မျှသာ ဖြစ်ရမည်ဟု ကန့်သတ်ချက်မရှိ၊ တစ်ကိုယ်လုံး ပျံ့နှံ့နိုင်သော ကာယ ဘာဝဒသကတို့သည် ရှေးကံ၏ အစွမ်းကြောင့် ကြွက်သန္တာန်မှာ အနည်းငယ်သာ တိုးပွား၍, ဆင်သန္တာန်မှာ များစွာ တိုးပွားသည်၊ ထိုကမ္မဇကလာပ်များတွင် ပါဝင်သောဥတုကြောင့် ဥတုဇကလာပ်များ တိုးပွားရာ၌လည်း အနည်းအများ ကွဲပြားပြန်၏၊ ဤမျှလောက်ဖြင့်ပင် ကြွက်သူငယ်၌ ကမ္မဇ ဥတုဇရုပ် နည်း၍ ဆင်သူငယ်မှာ များကြောင်း (ဝါ) ဆင်သူငယ်က ကြီးကြောင်း ထင်ရှားလေပြီ။

ကံသာအရင်း။ ။ထို့နောက် အမိကိုယ်ငွေ့ဖြင့် ထိတွေ့ရာ၌လည်း အကောင်သေးလျှင် အထိ အတွေ့နည်းသဖြင့် ထိုအငွေ့ဥတုကြောင့် ဥတုဇရုပ်များ အနည်းငယ်သာ တိုးမည်၊ အကောင်ကြီးလျှင် ကြီးသလောက် အထိအတွေ့ များသဖြင့် ဥတုဇရုပ်ကလာပ်တွေ များစွာတိုးနေပြီ၊ ထို့နောက် အာဟာရ ပျံ့နှံ့ချိန်အခါ၌လည်း အကောင်၏ အငယ်အကြီးအလိုက် ပျံ့နှံ့မှု အနည်းအများ ကွဲပြားသဖြင့် အာဟာရဇရုပ်များလည်း အနည်းအများ ကွဲပြားရပြန်သည်၊ ဤသို့လျှင် ကံ၏ အစွမ်းကြောင့် ပဝတ္တိကမ္မဇ ရုပ်များ၏ ဖြစ်ပုံခြားနားမှုကို အစွဲပြု၍ နောက်နောက် ရုပ်များ၏ ဖြစ်ပုံလည်း အနည်းအများကွဲပြားရသော ကြောင့် ကြွက်စသည်တို့ သေးငယ်၍ ဆင်စသည်တို့ ကြီးကျယ်ခြင်း၏ အကြောင်းရင်းမှာ ကံသာလျှင် ဖြစ်တော့သတည်း။... သဗ္ဗေ ကမ္မဿကာ သတ္တာ, ကမ္မံ သတ္တေ ဝိဘဇ္ဇတိ။

~~~~~~~~~~

မီးလျှံ မြစ်ရေ ဥပမာ

ဣစ္စေဝံ ပဋိသန္ဓိမုပါဒါယ ကမ္မသမုဋ္ဌာနော, ဒုတိယစိတ္တမုပါဒါယ စိတ္တသမုဋ္ဌာနာ, ဌိတိကာလမုပါဒါယ ဥတုသမုဋ္ဌာနာ, ဩဇာဖရဏ မုပါဒါယ အာဟာရသမုဋ္ဌာနာ စေတိ စတုသမုဋ္ဌာနရူပကလာပသန္တတိ ကာမလောကေ ဒီပဇာလာဝိယ, နဒီသောတော ဝိယ စ ယာဝတာယုက မဗ္ဘောစ္ဆိန္နံ ပဝတ္တတိ။

ဣစ္စေဝံ ပဋိသန္ဓိမုပါဒါယ၊ပေ၊ဥတုသမုဋ္ဌာနာ။ ။ဤသို့လျှင် ရူပသမုဋ္ဌာန်ခန်း၌ ပြခဲ့သည့်အတိုင်း သတ္တဝါ တို့သန္တာန်ဝယ် ပဋိသန္ဓေစိတ်၏ ဥပါဒ်ခဏမှစ၍ ကမ္မဇရုပ်များဖြစ်၏၊ ပဋိသန္ဓေစိတ်နောင် ဘဝင်စိတ်များဖြစ် ရာ ပထမဘဝင်သည် ပဋိသန္ဓေစိတ်ကို ထောက်၍ ဒုတိယစိတ် မည်၏၊ ထိုဒုတိယစိတ်၏ ဥပါဒ်မှစ၍ စိတ္တဇ ရုပ်များ ဖြစ်၏၊ ပဋိသန္ဓေစိတ် ဌီကာလမှ စ၍ ဥတုဇရုပ်များ ဖြစ်၏၊ ထို ဥတုဇရုပ်ကား အဇ္ဈတ္တဥတုကြောင့် ဖြစ်သော ရုပ်တည်း။

ထင်ရှားစေအံ့ –ပဋိသန္ဓေ၏ ဥပါဒ်ခဏ၌ ကမ္မဇရုပ်ကလာပ်များဖြစ်ရာ, ထို ရုပ်ကလာပ်တွင် ဥတုခေါ်သော တေဇောဓာတ်သည် ပဋိသန္ဓေ၏ ဌီခဏ၌ မိမိလည်း ဌီသို့ရောက်ပြီးဖြစ်၍ အားရှိရကား ဥတုဇရုပ်ကလာပ် များကို ဖြစ်စေပြန်၏၊ ဤသို့ အဇ္ဈတ္တ (အတွင်း-သန္တာန်မှာ တည်ရှိသောဥတုကြောင့် ပဋိသန္ဓေစိတ်၏ ဌီခဏမှ စ၍ ဥတုဇရုပ်ကလာပ်များ ဖြစ်သည်၊ ဤအဇ္ဈတ္တဥတုသည် အပြင် ဗဟိဒ္ဓက ဥတုများ၏ အထောက်အပံ့ကို လည်းရမှ ရုပ်ကိုဖြစ်စေနိုင်သည်ဟု အဆိုရှိ၏၊ ဗဟိဒ္ဓဥတု၏ အထောက်အပံ့ကား အမိ၏ ကိုယ်ငွေ့ဖြင့် အမြဲထောက်ပံ့လျက် ရှိသည်၊ ထို့ပြင် အမိဝမ်း၌ ကိန်းစဉ်အခါ မိခင်၏ကိုယ်ငွေ့စသော ဥတု, ဖွားပြီးသည့် အခါ ရေ လေစသည်တို့ စိမ့်ဝင်ရာတွင် ပါဝင်သောဥတုများလည်း ဗဟိဒ္ဓဥတုတည်း၊ ထိုဗဟိဒ္ဓဥတုအတွေ့ ကြောင့်လည်း ခန္ဓာကိုယ်၌ ဗဟိဒ္ဓဥတုဇရုပ်များ (အဇ္ဈတ္တဥတု၏ အထောက်အပံ့မရဘဲ) ဖြစ်ခွင့်ရှိသည်သာ။

ဩဇာဖရဏမုပါဒါယ အာဟာရသမုဋ္ဌာနာ။ ။ဤ၌ ဩဇာအရ အစာအာဟာရ၌ ပါသော ဗဟိဒ္ဓဩဇာကို ယူ၊ ထိုဗဟိဒ္ဓဩဇာ၏ ခန္ဓာကိုယ်၌ပျံ့နှံ့ပုံကို ရူပသမုဋ္ဌာန်ခန်း၌ ပြခဲ့ပြီ၊ "ဘယ်အချိန်က စ၍ ဩဇာပျံ့နှံ့နိုင် သနည်း" ဟု မေးဖွယ်ရှိ၏၊

သံသေဒဇနှင့် ဩပပါတိကသတ္တဝါတို့မှာ ပဋိသန္ဓေ နေပြီးနောက် မိမိတို့ အနီးအပါး၌ရှိသော အစာကို စားသောက်ရာအခါက စ၍, အစာ မရနိုင်သော ပြိတ္တာ စသည်တို့မှာ မိမိတံတွေး စသည်ကို မျိုချရာအခါက စ၍ ဩဇာပျံ့နှံ့သည်၊ ထိုပျံ့နှံ့သောဩဇာသည် ခန္ဓာကိုယ်၏ အထက်အောက် ရောက်လေရာ အရပ်၌ အာဟာရသမုဋ္ဌာနရုပ်ကို ဖြစ်စေ၏၊ ဂဗ္ဘသေယျကသတ္တဝါတို့၌ကား အမိစားသော အစာမှ ဩဇာပျံ့နှံ့သည့် အခါ သားအိမ်မှ ဆက်သွယ်လျက် သူငယ်၏ ကိုယ်၌လည်း ပျံ့နှံ့မိလေ၏၊ ထိုအခါ သူငယ်၏ ကိုယ်၌ ပျံ့နှံ့သောဩဇာသည် သူငယ်၏ သန္တာန်မှာ အာဟာရသမုဋ္ဌာနရုပ်ကို ဖြစ်စေသည်၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ ယက္ခသံယုတ်၌ ဟောတော်မူသည်မှာ–

ယဉ္စဿ ဘုဉ္ဇတိ မာတာ, အန္နံ ပါနဉ္စ ဘောဇနံ၊ တေန သော တတ္ထ ယာပေတိ, မာတုကုစ္ဆိဂတော တိရော။

အဿ -ထိုသူငယ်၏၊ မာတာ-မိခင်သည်၊ အန္နံ-ထမင်းလည်းဖြစ်သော၊ ပါနဉ္စ-အဖျော်လည်းဖြစ်သော၊ ယံ ဘောဇနံ-အကြင် အစာကို၊ ဘုဉ္ဇတိ-စား၏၊ မာတုကုစ္ဆိဂတော-အမိဝမ်း၌ တည်သော၊ တိရော-အမိဝမ်း ရေ ခြားကွယ်အပ်သော၊ သော-ထိုကိုယ်ဝန်သူငယ်သည်၊ တေန-ထိုအမိစားအပ်သော အစာဖြင့်၊ တတ္ထ-ထို အမိ ဝမ်း၌၊ ယာပေတိ-မျှတရလေ၏။ ["တိရော" နေရာ၌ "နရော" ဟုလည်း ရှိ၏။]

အဋ္ဌကထာ။ ။ထိုဂါထာ၏ အဖွင့်အဋ္ဌကထာ၌ "သူငယ်မှ ချက်ကြိုးပေါက်၏၊ ထိုချက်ကြိုးသည် အမိ ဝမ်းရေနှင့် ဆက်သွယ်နေ၏, ချက်ကြိုး၌ ကြားရိုးကဲ့သို့ အပေါက် အပေါက်ကလေးတွေ ရှိ၏၊ မိခင်၏အစာမှ အရသာရည်သည် ထိုချက်ကြိုးအပေါက်တို့မှ သူငယ့်ကိုယ်၌ စိမ့်ဝင်လျက် ဩဇာပျံ့နှံ့သည်" ဟု ဖွင့်ပြသည်၊ ဤအဋ္ဌကထာ၌ "ချက်ကြိုးပေါက်မှ အရသာရည်ဝင်နိုင်သည်" ဟူသောစကားသည် အရသာရည် အထင် အရှား ဝင်နိုင်လောက်ရာအခါကို မှန်း၍ မိန့်ဆိုခြင်းဖြစ်၏၊ ချက်ကြိုးမပေါက်ခင်လည်း ထိုက်သင့်သမျှ ဩဇာ ပျံ့နှံ့ခွင့်ရှိသည်သာ၊ ချက်ကြိုးပေါက်မှ အရသာပျံ့နှံ့ရမည်ဆိုလျှင်, ချက်ကြိုးမရှိသော အဏ္ဍဇသတ္တဝါတို့တွင် အဘယ်မှာ ဩဇာပျံ့နှံ့နိုင်ပါတော့အံ့နည်း၊ ဇလာဗုဇသတ္တဝါတို့၌လည်း (၄-၅) သတ္တာဟမြောက်သော်လည်း ချက်ကြိုးပေါက်နိုင်ဦးမည် မဟုတ်။

ခန္ဓဝိဘင်္ဂအဋ္ဌကထာ၌ကား –"အရသာဓာတ်ရည်နှင့်တကွ ပျံ့နှံ့ရမည့်ဩဇာသည် ကြမ်းတမ်း၏၊ ကလလ ရေကြည်ဟူသောဝတ္ထုကား သိမ်မွေ့လှ၏၊ ထို့ကြောင့် ထိုသိ်မ်မွေ့သော ဝတ္ထုဝယ် ဩဇာသည် အဘယ်မှာ ပျံ့နှံ့နိုင်တည်နေနိုင်ပါတော့အံ့နည်း" ဟု စောဒနာပြီးလျှင် "ရှေးဦးစွာ ကလလရေကြည်အခိုက်၌ ဩဇာပျံ့နှံ့ တည်နေသည်မဟုတ်, တစ်သတ္တာဟ နှစ်သတ္တာဟလောက်လွန်မှ တည်နေနိုင်သည်" ဟု ဖြေပြီးနောက်, ထိုစကားလည်း ကိန်းသေတစ်ထစ်ချ မယူထိုက်ရကား "တစ်သတ္တာဟ နှစ်သတ္တာဟ၏ ရှေ့ကဖြစ်စေ, နောက်မှဖြစ်စေ အမိမျိုအပ်သော အစာမှ ဩဇာပျံ့နှံ့တဲ့အခါ ရုပ်ကို ဖြစ်စေတာပဲ" ဟု ဆိုသည်၊ ထို့ကြောင့် "ဂဗ္ဘသေယျကသတ္တဝါတို့၌ မည်သည့် ကာလကစ၍ အာဟာရဇရုပ်ဖြစ်၏" ဟု ကိန်းသေမပြနိုင်ရကား "အကြင်အခါ ဩဇာပျံ့နှံ့၏, ထိုအခါ အာဟာရဇရုပ်များ စ၍ဖြစ်သည်" ဟု မှတ်ပါ။

ဒီပဇာလာ ဝိယ နဒီသောတော ဝိယ။ ။မီးစာနှင့်ဆီအစွမ်းကြောင့် တောက်ပသော ဆီမီးလျှံသည် မူလ မီးတောက် မပျက်ဘဲ တည်မြဲ တည်နေသကဲ့သို့ ထင်ရသော်လည်း ရှေးရှေးမီးစာနှင့် ဆီကုန်လျှင် ထိုမီးစာ ဆီကြောင့်ဖြစ်သော မီးတောက်လည်း ချုပ်ပျောက်၍, နောက်နောက်မီးစာနှင့် ဆီအတွက် နောက်နောက် မီးတောက်များ ပေါ်ထွက်သကဲ့သို့လည်းကောင်း, မြစ်ကမ်းစ၌ ရပ်လျက် မြစ်ရေကို ကြည့်ရှုသောအခါ မူလ ရေသည် တည်မြဲတည်နေသည်ဟု ထင်ရသော်လည်း ရှေးရှေးရေသည် အောက်သို့ စီးသွား၍ အသစ်အသစ် ရေများ ထပ်မံရောက်လာ သကဲ့သို့လည်းကောင်း။

စတုသမုဋ္ဌာနရူပကလာပသန္တတိ။ ။ထို့အတူ ခန္ဓာကိုယ်တွင်း၌ လေးပါးသော အကြောင်းကြောင့်ဖြစ် သော ရုပ်ကလာပ်အစဉ်သည် မပျက်မစဲ တည်မြဲ တည်နေကြသည်ဟု ထင်ရသော်လည်း ရှေးရှေး အကြောင်းကြောင့် ရှေးရှေးရုပ်ကလာပ်တို့ ဖြစ်ပြီး၍ ချုပ်ပြီးသည့်အခါ နောက်နောက်အကြောင်းကြောင့် နောက်နောက်ရုပ်ကလာပ်သစ်များ ဖြစ်ပေါ်လာခြင်းအားဖြင့် အသက်ရှည်သမျှ ဆက်ကာ ဆက်ကာ ဖြစ်ကြ ပေသည်။ [ဤသင်္ဂြိုဟ်ကျမ်းအလို စတုသမုဋ္ဌာနရုပ်ကလာပ်အစဉ်ဖြစ်ပုံကို ရုပ်ဝီထိ၌ ပြမည်၊ ဝိသုဒ္ဓိမဂ် မဂ္ဂါမဂ္ဂဉာဏဒဿနနိဒ္ဒေသလာ စတုဇရုပ်ကလာပ် အစဉ်အဆက်ကိုကား ရှည်လျားလှသဖြင့် ထိုအဋ္ဌကထာ ကိုသာ ရှုပါလေ၊ အကျဉ်းဆောင်ပုဒ်မျှကို ပြအံ့။]

[ဆောင်] (၁) မူလကမ္မဇ, တစ်ခုမှလျှင်, ကမ္မပစ္စယ-ဥတုဇနှင့်, ဟာရဇ ခေါ်ရိုး, ရုပ်များတိုး, လေးမျိုး ငါးမျိုး ဆက်။

( ၂) မူလစိတ္တဇ, တစ်ခုမှလျှင်, စိတ္တပစ္စယ-ဥတုဇနှင့်, ဟာရဇ ခေါ်ရိုး, ရုပ်များတိုး, နှစ်မျိုး သုံးမျိုး ဆက်။

(၃) မူလဥတုဇ, တစ်ခုမှလျှင်, ဥတုပစ္စယ-ဥတုဇဆက်, ဆန့်ကျင်ဘက်က, မဖျက်သမျှ, မပျက် ကြတည်း၊ ဟာရဇမူ, ဆယ်ဆူဆယ့်နှစ်, တိုင်အောင်ဖြစ်, စနစ်ကျကျ ဆက်။

(၄) မူလဟာရဇ, တစ်ခုမှလျှင်, ဟာရပစ္စယ-ဥတုဇနှင့် ဟာရဇခေါ်ရိုး, ရုပ်များတိုး, ဆယ်မျိုး ဆယ့်နှစ်ဆက်။

ရုပ်တို့၏ ချုပ်စဉ်

မရဏကာလေ ပန စုတိစိတ္တောပရိသတ္တရသမစိတ္တဿ ဌိတိကာလမုပါဒါယ ကမ္မဇရူပါနိ န ဥပ္ပဇ္ဇန္တိ ၊ပေ၊ တတော ပရံ စိတ္တဇာဟာရဇရူပဉ္စ ဝေါစ္ဆိဇ္ဇတိ၊ တတော ပရံ ဥတုသမုဋ္ဌာနရူပပရမ္ပရာ ယာဝမတကဠေဝရသင်္ခါတာ ပဝတ္တန္တိ။

မရဏကာလေ ပန၊ပေ၊ပဝတ္တန္တိ။ ။ဤစကားကား စုတေပြီးနောက် ဥတုဇရုပ်တို့ ကျန်ရစ်ပုံနှင့် ကမ္မဇ, ဥတုဇ, အာဟာရဇတို့ တစ်ဘဝအတွက် အဆုံးသတ်ချုပ်ရာ ကာလကို ပြသောစကားရပ်တည်း၊ ထိုတွင် ကမ္မဇရုပ်များ ချုပ်ဆုံးမှသာ စုတိနိုင်သောကြောင့် စုတိနှင့်ပြိုင်၍ ချုပ်ရမည့် ကမ္မဇရုပ်များသည် စုတိစိတ်မှ ပြန်၍ ရေတွက်လျှင် (၁၇)ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံးဖြစ်ကြလေသည်၊ ထို(၁၇)ချက်မြောက် စိတ်၏ ဌီခဏမှစ၍ နောက်ထပ်ဖြစ်သေးလျှင် စုတိစိတ်၏ ဘင်ကျသော်လည်း (၁၇)ချက်ရုပ်သက် မစေ့သေး သဖြင့် ချုပ်ကြမည်မဟုတ်၊ ကမ္မဇရုပ် မချုပ်သေးက စုတိစိတ် မဖြစ်နိုင်၊ ထို့ကြောင့် (၁၇)ချက်မြောက် စိတ်၏ ဌီခဏမှစ၍ နောက်ထပ် ကမ္မဇရုပ်များ မဖြစ်ကြတော့ပြီ၊ တစ်ဘဝ၌ ဝီထိစိတ်မဖြစ်လျှင် ဝိပါက်ဝိညာဏ် များနှင့် ရုပ်ဇီဝိတ နာမ်ဇီဝိတဟု ခေါ်အပ်သော အသက်, ဥသ္မာဟုလည်းကောင်း, ကမ္မဇတေဇောဓာတ်ဟု လည်းကောင်း ခေါ်အပ်သော ကိုယ်ငွေ့, ဤ(၃)မျိုးတို့ ခန္ဓာကိုယ်၌ မရှိလျှင် စုတေကြရလေတော့သည်။

အာယု ဥသ္မာ စ ဝိညာဏံ, ယဒါ ကာယံ ဇဟန္တိမံ၊ အပဝိဒ္ဓေါ တဒါ သေတိ, နိရတ္ထံဝ ကလိင်္ဂရံ။

အာယု -ရုပ်နာမ်နှစ်ဝ, ဇီဝိတဟူသောအသက်သည်လည်းကောင်း၊ ဥသ္မာ စ-ကမ္မဇတေဇောဟူသော ကိုယ်ငွေ့သည်လည်းကောင်း၊ ဝိညာဏံ-ဝိပါက်ဝိညာဏ်သည်လည်းကောင်း၊ ယဒါ-အကြင်အခါ၌၊ ဣမံ ကာယံ-ဤကိုယ်ကောင်ကို၊ ဇဟန္တိ-စွန့်ကုန်၏၊ တဒါ-ထိုအခါ၌၊ နိရတ္ထံ-အသုံးမဝင်သော၊ ကလိင်္ဂရံဝ-ထင်းနုပ် ထင်းဆွေးကဲ့သို့၊ အပဝိဒ္ဓေါ-သုံး၍ မဖြစ်, စွန့်ပစ်အပ်သည် ဖြစ်၍၊ သေတိ-သုသာန်တစ, သင်္ချိုင်းဝ၌, ကိန်းရ လေတော့သတည်း။...သုတ်မဟာဝါ, ပါယာသိရာဇညသုတ်ပါဠိတော်။]

စိတ္တဇရုပ် ချုပ်ရာကာလ။ ။"သဗ္ဗသတ္တာနံ ပဋိသန္ဓိစိတ္တံ ခီဏာသဝါနံ စုတိစိတ္တံ စတ္တာရိ အာရုပ္ပဝိပါကာ နီတိ သောဠသစိတ္တာနိ နေဝ ရူပံ ဇနယန္တိ" ဟူသော ဝိသုဒ္ဓိမဂ် မဂ္ဂါမဂ္ဂဉာဏဒဿနနိဒ္ဒေသ စသည်တို့ကို ထောက်၍ "ရဟန္တာပုဂ္ဂိုလ်၏ စုတိစိတ်သာ ရုပ်ကို မဖြစ်စေနိုင်၊ အခြားသတ္တဝါတို့၏ စုတိစိတ်ကား ရုပ်ကို ဖြစ်စေနိုင်သည်" ဟု ပြောဆိုရိုးရှိ၏၊ ဤစကားအတိုင်းဆိုလျှင်

ရဟန္တာမဟုတ်သောပုဂ္ဂိုလ်များ၌ စုတိစိတ်၏ ဥပါဒ်ခဏဝယ် အဆုံးသတ်ဖြစ်သော စိတ္တဇရုပ်တို့သည် စုတေ ပြီးနောက် ခဏကြီး(၁၆)ချက် ခဏငယ်(၄၈)ချက်စေ့မှ ချုပ်သည်ဟု မှတ်ရာ၏၊ ဆောင်ပုဒ်ကို အခြေပြု သင်္ဂြိုဟ်၌ ပြခဲ့ပြီ။

မူလဋီကာ။ ။"ယဿ စိတ္တဿ အနန္တရာ ပစ္ဆိမစိတ္တံ ဥပ္ပဇ္ဇိဿတိ၊ပေ၊နော စ တေသံ ကာယသင်္ခါရော နိရုဇ္ဈိဿတိ" ဟူသော သင်္ခါရယမိုက်ကို ထောက်ဆ၍ "စုတိစိတ်မရောက်မီ တစ်ဆယ့်ရှစ်ချက်မြောက်စိတ်သည် နောက်ဆုံးရုပ်ကို ဖြစ်စေသောစိတ်တည်း၊ ထို့နောက် စိတ်များကား ရုပ်ကို မဖြစ်စေနိုင်" ဟု ဆုံးဖြတ် တော်မူ၏၊ ပါဠိတော်ကို ထင်ရှားစေအံ့–"ယဿ စိတ္တဿ အနန္တရာ ပစ္ဆိမစိတ္တံ ဥပ္ပဇ္ဇိဿတိ" ပါဌ်ဖြင့် ပစ္ဆိမစိတ် (စုတိစိတ်) ၏ ရှေ့ကစိတ်ကို ပြ၏၊ "နော စ တေသံ ကာယသင်္ခါရော နိရုဇ္ဈိဿတိ" ပါဌ်ဖြင့် ထိုစုတိစိတ် မတိုင်ခင် ရှေ့က စိတ်၏အခိုက်အတံ့၌ ကာယသင်္ခါရများ ချုပ်လတ္တံ့မဟုတ်ဟု ပြ၏၊ [ကာယသင်္ခါရဟူသည် စိတ်ကြောင့်ဖြစ်သော ထွက်သက် ဝင်သက်လေတည်း၊] ထိုစုတိစိတ်၏ ရှေ့ကစိတ်၌ ချုပ်လတ္တံ့မဟုတ်လျှင် နောက်ဆုံးချုပ်ဆဲဖြစ်ရမည်၊ နောက်ဆုံးချုပ်ဆဲဖြစ်လျှင် စုတိမှ အထက်(၁၈)ချက်မြောက်စိတ်သည် ကာယ သင်္ခါရကို နောက်ဆုံးဖြစ်စေသောစိတ် ဖြစ်ရမည်၊ ကာယသင်္ခါရနှင့် စိတ္တဇချင်း တူသော အခြားရုပ်များလည်း (၁၈)ချက်မြောက်စိတ်၏ ဥပါဒ်ခဏ၌ နောက်ဆုံး ဖြစ်ကြရမည်-ဟူလို။

စဉ်းစားဖွယ်။ ။ဤမူလဋီကာဝါဒ၌ ကာယသင်္ခါရနှင့် အခြားစိတ္တဇရုပ်များကို တန်းတူပြု၍ ဆုံးဖြတ်ခြင်းသည် သင့်မည်မထင်၊ "ကာယသင်္ခါရ" ဟူသည် အတော်ကြမ်းသော စိတ္တဇရုပ်တည်း၊ ထိုကာယသင်္ခါရသည် စုတေခါနီး၌သာ မဖြစ်သည်မဟုတ်, အမိဝမ်းဝယ် ကိန်းနေခိုက်, ရေငုပ်နစ်ခိုက်, နိရောဓသမာပတ်ဝင်စား ခိုက်, ပဉ္စမဈာန်ဝင်စားခိုက်, မိန်းမောတွေဝေ သေသူများနှင့် ဗြဟ္မာတို့သန္တာန်မှာလည်း မဖြစ်, ထိုအခါ ကာယသင်္ခါရမှတစ်ပါး စိတ္တဇရုပ်များကား ဖြစ်ကြသည်၊ ထို့ကြောင့် စုတိစိတ်မှ အထက်(၁၈)ချက်မြောက် စိတ်၏နောက်၌ ကာယသင်္ခါရမဖြစ်ရုံမျှဖြင့် အခြားစိတ္တဇရုပ်များ မဖြစ်ဟု ဆိုခွင့်ရှိမည်မထင်။

[ဆောင်] အမိဝမ်းဖြစ်, ရေငုပ်နစ်တည်း, တွက်စစ်လေပါ, ဗြဟ္မာဟူသမျှ, နိရောဓနှင့်, ပဉ္စမဈာန်နေ, တွေဝေနေသူ, သေသသူဟု, မှတ်ယူဤမျှ, ခုနစ်ဝ, မရဝင်သက်ထွက်သက်တည်း။

မှတ်ချက်။ ။မဏိမဉ္ဇူ၌ကား "ကာယသင်္ခါရသည် စုတိမှ အထက်(၃၃)ချက်မြောက် စိတ်၏ ဥပါဒ်ခဏ၌ အဆုံးသတ်ဖြစ်၍ စုတိမှ အထက်(၁၆)ချက်မြောက် မတိုင်မီ မဆုံးသတ်ချုပ်၏" ဟူသော အာစရိယ ဝါဒ "စုတိမတိုင်မီ တတိယမြောက်စိတ်နှင့် ပြိုင်၍ချုပ်၏" ဟူသော ဧကေဝါဒများကိုလည်း ပြသေး၏၊ အာဟာရဇရုပ်များ၏ ချုပ်မှု ကျန်ရစ်မှုကို အခြေပြု၌ ပြခဲ့ပါပြီ၊ သင်္ဂြိုဟ်၌ "ဥတုသမုဋ္ဌာနရူပပရမ္ပရာ" စသော စကားသည် သံသေဒဇ ဂဗ္ဘသေယျကတို့ကို ရည်ရွယ်၍ ဆိုအပ်သောစကားတည်း၊ ကာမ ဘုံသားဖြစ်သော ဩပပါတိက ငရဲသား နတ်စသည်တို့၏ ခန္ဓာကိုယ်မှာ စုတေပြီးနောက် မီးများ ငြိမ်းသလို ချုပ်ပျောက်တော့သည်၊ ဗြဟ္မာများ၏ ရူပပဝတ္တိက္ကမ၌ ထပ်မံဖွင့်ပြဦးမည်၊ ဤရုပ်တို့၏ ချုပ်ပျက်ပုံကို ရုပ်ဝီထိခန်း၌လည်း တွေ့ရလတ္တံ့။

~~~~~~~~~~~~

ရူပလောကေ ပန ဃာနဇိဝှာကာယဘာဝဒသကာနိ စ အာဟာရဇကလာပါနိ စ န လဗ္ဘန္တိ၊ တသ္မာ တေသံ ပဋိသန္ဓိကာလေ စက္ခုသောတဝတ္ထုဝသေန တီဏိ ဒသကာနိ ဇီဝိတနဝကေဉ္စတိ စတ္တာရော ကမ္မသမုဋ္ဌာနကလာပါ၊ ပဝတ္တိယံ စိတ္တောတုသမုဋ္ဌာနာ စ လဗ္ဘန္တိ။

ရူပလောကေ ၊ပေ၊ ဇီဝိတနဝကေဉ္စတိ။ ။တစ်ကိုယ်လုံးဝယ် ပျံ့နှံ့နိုင်သော ကာယဒသကနှင့် ဘာဝ ဒသကတို့ မရထိုက်ရကား ဗြဟ္မာများ၏ ကိုယ်၌ ထိုကလာပ်တို့၏ ကိုယ်စား ဇီဝိတနဝကကလာပ်သာ ပျံ့နှံ့၍တည်၏၊ အရှင်အနုရုဒ္ဓါသည် "ဇီဝိတနဝကကလာပ်ကို ဗြဟ္မာ၌သာ သီးခြားရထိုက်၏, ကာမဘုံသား တို့၌ကား ကာယ ဘာဝ ဒသကတို့တွင် ဇီဝိတ ပါဝင်ပြီးဖြစ်၍ သီးခြားမရထိုက်" ဟု အယူရှိသောကြောင့် ဤဇီဝိတနဝကကလာပ်ကို ကာမဘုံသားတို့အတွက် မပြခဲ့ဘဲ ဤရူပပုဂ္ဂိုလ်၏ ရူပပဝတ္တိက္ကမကျမှ ပြသည်၊ သို့သော် ကာမဘုံ၌ ဇီဝိတနဝကကလာပ် ရထိုက်ကြောင်း ရူပကလာပခန်း၌ ပြခဲ့ပြီ။

ဇီဝိတဆက္က စက္ခုသတ္တက။ ။မူလဋီကာ၌ "ရူပဓာတုယာ ဥပပတ္တိက္ခဏေ (ပဋိသန္ဓေခဏ၌) ပဉ္စာယ တနာနိ ပါတုဘဝန္တိ စက္ခာယတနံ သောတာယတနံ ရူပါယတနံ မနာယတနံ ဓမ္မာယတနံ, တယော အာဟာရာ ပါတုဘဝန္တိ ဖဿဟာရော မနောသေဉ္စတနာဟာရော ဝိညာဏာဟာရော" ဟူသော ဓမ္မဟဒယ ဝိဘင်းပါဠိတော်ကို သာဓကပြု၍ "ရူပဘုံ၌ ဇီဝိတနဝက စက္ခုဒသက စသည်မဟုတ်, ဇီဝိတဆက္က စက္ခုသတ္တ က စသည်သာ ဖြစ်ရမည်" ဟု မိန့်၏၊ ထင်ရှားစေအံ့–"ဥပပတ္တိက္ခဏေ ပဉ္စာယတနာနိ ပါတုဘဝန္တိ" ပါဌ်ဖြင့် "ရူပဘုံဝယ် ပဋိသန္ဓေခဏ၌ စက္ခု သောတ ရူပ မန ဓမ္မဟူသော အာယတန(၅)ပါးနှင့် ကဗဠီကာရအာဟာရ မှတစ်ပါးသော အာဟာရ(၃)ပါးသာ ထင်ရှားဖြစ်ကုန်၏" ဟု ဆိုရာ၌ ဃာနာဒိတ္တယမှာ လုံးဝ မရထိုက်သော ကြောင့်လည်းကောင်း, သဒ္ဒါယတနမှာ ပဝတ္တိအခါကျမှ ရထိုက်သောကြောင့်လည်းကောင်း မဟောလျှင် ရှိပါစေတော့၊ ဂန္ဓ ရသ ဩဇာတို့မှာ အဝိနိဗ္ဘောဂရုပ်ဖြစ်၍ ပဋိသန္ဓေခဏ၌ ပါထိုက်ပေ၏၊ သို့ပါလျက် ဟောပြတော်မမူခဲ့၊ ဤသို့ မဟောပုံကို ထောက်လျှင်

ရူပဘုံဝယ် ဇီဝိတနဝက မဟုတ်, ဂန္ဓ ရသ ဩဇာကို ချန်လှပ်၍ ဇီဝိတဆက္ကသာ ဖြစ်၏၊ စက္ခုဒသက စသည် လည်း မဟုတ်, စက္ခုသတ္တက သောတသတ္တက စသောရုပ်သာ ဖြစ်သည်ဟု ယူလိုသတဲ့။

သို့သော် ထိုမူလဋီကာစကားကို ယခုကာလ ဆရာမြတ်တို့ မနှစ်သက်အပ်ချေ၊ ရူပဘုံ၌ ပထဝီ တေဇော ဝါယော ဟူသော မဟာဘုတ်(၃)ပါးကား ဧကန်ရ၏၊ ထိုမဟာဘုတ်(၃)ပါးရပါလျက် ဖောဋ္ဌဗ္ဗာယတနကို လည်း ထိုပါဠိတော်၌ ဟောပြတော်မမူ၊ ထို့ကြောင့် ပါဠိတော်၌ မဟောရုံမျှဖြင့် "မရထိုက်" ဟု မဆုံးဖြတ်သင့် သေး၊ မဟောခြင်း၏ အကြောင်းကို ရှာရပေလိမ့်မည်၊ ရူပဗြဟ္မာများ၏ ကိုယ်ကာယ၌ ဂန္ဓ ရသတို့ မုချရှိသင့် ၏၊ သို့သော် ဃာန ဇိဝှာ ပသာဒ မရှိကြသဖြင့် ဂန္ဓာယတန ရသာယတနကိစ္စကို မရွက်ဆောင်ကြ၊ ဩဇာ လည်း ရှိ၏၊ သို့သော် ဗဟိဒ္ဓက အစာအာဟာရကို မရသဖြင့် အာဟာရဇရုပ် ဖြစ်ဖို့ရန် မထောက်ပံ့နိုင်ကြ၊ သို့ဖြစ်၍ ထိုရုပ်(၃)ပါးကို ဂန္ဓာယတန ရသာယတန ကဗဠီကာရာဟာရ ဟူသောနာမည်ဖြင့် ဟောတော်မမူ ဘဲ ပရမတ္ထ ဓမ္မသာမညအားဖြင့် ဓမ္မာယတန၌ သွင်း၍ ဟောတော်မူသည်ဟု မှတ်ထိုက်သည်။

~~~~~~~~~~

အသညသတ္တာနံ ပန စက္ခုသောတဝတ္ထုသဒ္ဒါပိ န လဗ္ဘန္တိ၊ တထာ သဗ္ဗာနိပိ စိတ္တဇရူပါနိ၊ တသ္မာ တေသံ ပဋိသန္ဓိကာလေ ဇီဝိတနဝကမေဝ၊ ပဝတ္တိယဉ္စ သဒ္ဒဝဇ္ဇိတံ ဥတုသမုဋ္ဌာနရူပံ အတိရိစ္စတိ။

အသညသတ္တာနံ ၊ပေ၊ အတိရိစ္စတိ။ ။ရူပဗြဟ္မာများ၌ မရှိထိုက်သော ရုပ်များအပြင် စက္ခု သောတ ပသာဒနှင့် ဟဒယဝတ္ထု သဒ္ဒရုပ်များလည်း မရ, စိတ် မရှိသောကြောင့် စိတ္တဇရုပ်ဟူသမျှလည်း မရ၊ ["တထာ သဗ္ဗာနိပိ စိတ္တဇရူပါနိ" ဟု စိတ္တဇရုပ်အားလုံးကို သီးခြားဆိုလတ္တံ့ဖြစ်၍ "စက္ခု သောတ ဝတ္ထုသဒ္ဒါပိ" ၌ သဒ္ဒ အရ ဥတုဇသဒ္ဒကို ယူ၊] သို့အတွက် အသညသတ်ဗြဟ္မာတို့၏ ပဋိသန္ဓေခဏ၌ ဇီဝိတနဝကကလာပ်များသာ လျှင် ပဋိသန္ဓေအဖြစ်ဖြင့် တည်ရတော့သည်၊ ပဝတ္တိအခါ၌လည်း ဇီဝိတနဝကကလာပ်အပြင် သဒ္ဒမှ တစ်ပါးသော ဥတုဇရုပ်များသာ ရရှိတော့သည်။

မှတ်ချက်။ ။"အတိရိဉ္စတိ အတိရစ္ဆတိ" စသည်ဖြင့် ပါဌ်အထွေထွေ ရှိသော်လည်း "အတိရိဈတေ-အတိ သယျတေ, သဗ္ဗံ ပတိဗန္ဓ . မဘိဘူယ သယမေဝ ပဗလံ ဘဝတိ" ဟူသော ဟိတောပဒေသ (သက္ကတ) ဋီကာကို ထောက်၍ အတိရိစ္စတိ ပါဌ်သာ အမှန်တည်း၊ (အတိ+ရိစဓာတ်, ယပစ္စည်း, တေဝိဘတ်ကို တိပြန်ထားသည်၊) "အတိရိစ္စတိ-မရသောရုပ်များကို လွှမ်းမိုး၍ မိမိသာလျှင် အားရှိ ပါးရှိ ဖြစ်၏" ဟု အနက်မှန်ကို သိပါ။

ဆက်ဦးအံ့–ဤဗြဟ္မာတို့၏ ရူပပဝတ္တိက္ကမအခန်း၌ မရထိုက်သောရုပ်နှင့် ရထိုက်သောရုပ်များကိုသာ

ခွဲခြားပြ၏၊ ဖြစ်ပုံ ပျက်ပုံအစဉ်မှာ ကာမဘုံနှင့် များစွာ မထူးသောကြောင့် ဖြစ်ပုံ ပျက်ပုံ အစဉ်ကို မပြတော့၊ ထိုစကားမှန်၏–ရူပဘုံ၌ ရုပ်ဖြစ်စဉ်မှာ "ဣစ္စေဝံ ပဋိသန္ဓိမုပါဒါယ ကမ္မသမုဋ္ဌာနာ" စသော အစဉ်အတိုင်း တည်း၊ ပျက်စဉ်မှာလည်း "မရဏကာလေ ပန စုတိစိတ္တောပရိသတ္တရသမစိတ္တဿ ဌိတိကာလမုပါဒါယ" စသော အစဉ်အတိုင်း ဖြစ်၏၊ ဥတုဇရုပ်အတွက်သာ ထူးခြားသည်၊ ဗြဟ္မာတို့ စုတေတဲ့အခါ လူ့ပြည်က လူများလို ဥတုဇရုပ်အလောင်း မကျန်ရစ်ချေ၊ ဆီမီးများ ငြိမ်းသလို ချုပ်ငြိမ်းတော့၏၊ စုတိစိတ်ချုပ်ပြီးနောက် စိတ္တဇရုပ် အာဟာရဇရုပ်များသည် ခဏငယ်(၄၀-၅၀)ခန့် ကျန်ရစ်ရကား, ထိုစိတ္တဇ အာဟာရဇရုပ်တွင် ပါဝင်သော ဥတုမှလည်းကောင်း, မူလ ဥတုဇရုပ်များမှလည်းကောင်း, ခဏအနည်းငယ်ခန့် ဆက်လက်၍ ဥတုဇရုပ်များ ဖြစ်ဖွယ်ရှိ၏၊ သို့သော် လက်ဖျောက်တစ်ချက်တီး အချိန်မှာပင် ကုဋေတစ်သိန်းမက ခဏ ပေါင်းများစွာ ကြာသောကြောင့် စုတိစိတ် ချုပ်ပြီးနောက် ခဏအနည်းငယ်ခန့် ဆက်လက် ဖြစ်ရုံမျှဖြင့် လက်ဖျောက်တစ်ချက်တီးမျှ မကြာတော့ရကား စုတေပြီး၍ ချက်ချင်းပင် ရုပ်အားလုံး ချုပ်ဆုံးသည်ဟု ဆိုရ တော့သည်၊ နတ် ငရဲသားစသော ဩပပါတိက ဟူသမျှ ဤနည်းချည်းတည်း။

မေး။ ။နတ် ဗြဟ္မာ စုတေကြတော့, လူ့ပြည်က သမုဋ္ဌာန်လို, ရုပ်ကျန်လေသလား,... ရုပ်ကျန်လျှင်, ဘယ်နည်း ဘယ်ဟန် ဆင်လိမ့်, မြေ ရေတွင် ချကာမြှုပ်, မီးဖုတ်သလား။

ဖြေ။ ။နတ် ဗြဟ္မာ စုတေ့က, လူ့ပြကတေ့ သမုဋ္ဌာန်လို, ရုပ် မကျန်လေဘဲ၊ မြေ မီးတွင်-မြှုပ် ဖုတ် ကင် ဘယ်မှာ ရပါ့မယ်, ဆီမီးလျှံ-ငြိမ်းချုပ်ဟန် ပုံတူမျှတယ်, ကင်းချုပ်ကြမြဲ၊

-သတပဒိက အမေး အဖြေ။

~~~~~~~~~~~

အဋ္ဌဝီသတိ ကာမေသု, ဟောန္တိ တေဝီသ ရူပိသု၊ သတ္တရသေဝ သညီနံ, အရူပေ နတ္ထိ ကိဉ္စိပိ။

ဟောန္တိ တေဝီသ ရူပိသု။ ။"ရူပဘုံ၌ ရုပ်(၂၃)ပါး ရ၏" ဟူရာဝယ် အချို့က လဟုတာ မုဒုတာ ကမ္မ ညတာရုပ်များ မရထိုက်ဟု ဆိုကြ၏၊ ထင်ရှားစေအံ့-" လဟုတာသည် အာပေါဓာတ် ဖောက်ပြန်၍ လေးလံမှု ဒန္ဓတ္တ၏ ဆန့်ကျင်ဘက်တည်း၊ မုဒုတာသည် ပထဝီဓာတ် ဖောက်ပြန်၍ ကြမ်းတမ်းမှု ထဒ္ဓတ္တ၏ ဆန့်ကျင် ဘက်တည်း၊ ကမ္မညတာသည် ဝါယောဓာတ် ဖောက်ပြန်၍ ခက်ထန်မှု ခရတ္တ၏ ဆန့်ကျင်ဘက်တည်း၊ ဗြဟ္မာ့ပြည်၌ ထိုကဲ့သို့ ဖောက်ပြန်အောင် ပြုတတ်သောစိတ် ဥတုများ မရှိ, အားလုံးညီမျှ သပ္ပာယဖြစ်လျက် ရှိပေသည်၊

ထိုသို့ လေးလံခြင်းစသော ဖောက်ပြန်မှုမရှိသောကြောင့် ထိုဖောက်ပြန်မှုကို ပယ်ရှားတတ်သော လဟုတာ စသည်များလည်း မရထိုက်" ဟု ဆိုလိုကြသတဲ့။

ထိုဝါဒကို ရှေးကပင် မနှစ်သက်ကြ, နှစ်သက်ဖွယ်လည်း မရှိပါ၊ ဗြဟ္မာတို့၏ ရုပ်များသည် စိတ်ကလည်း ချမ်းသာ ဥတုကလည်း ညီမျှသဖြင့် အမြဲ လဟုတာ မုဒုတာ ကမ္မညတာ ဖြစ်ကြသည်၊ "ပယ်ရှားဖို့ ဖောက်ပြန် မှု မရှိသည့်အတွက် လဟုတာ စသည်တို့ မရှိရဘူး" ဆိုလျှင် ရဟန္တာများ၌ ပယ်ရှားဖို့ရာ ထိန မိဒ္ဓ စသည်မရှိ, ထိုသို့ ထိန မိဒ္ဓ စသည် မရှိလျှင် ထိုထိန မိဒ္ဓစသည်တို့ကို ပယ်ရှားတတ်သော ကာယလဟုတာ စိတ္တ လဟုတာစသော စေတသိက်များလည်း ရဟန္တာတို့၏ စိတ်၌ မယှဉ်ထိုက်ဟု ဆိုရလိမ့်မည်၊ စင်စစ်ကား အမြဲ ယှဉ်လျက် ရှိသည်သာ၊ ထို့ကြောင့် "ပယ်ရှားဖို့ရာ ဖောက်ပြန်မှု မရှိသည့်အတွက် လဟုတာစသော ရုပ်များ ဗြဟ္မာ့သန္တာန်၌ မရထိုက်" ဟူသော ဝါဒကို မနှစ်သက်ကြ။

ရုပ်ဝီထိ။ ။ဤအခန်းအပြီးတွင် ရုပ်ဝီထိကို ဆက်လက်လေ့လာပါ၊ နာမ်ဝီထိ (၃)ချက်စု အဓိပ္ပာယ် များနှင့် တွဲဖက်၍ သီးခြား ပြုလုပ်အပ်သော စာအုပ်ငယ်မှာ ပါသည်။ ~~~~~~~~~~~

နိဗ္ဗာန်အဖွင့်

နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာန မာရမ္မဏဘူတံ ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ၊ တဒေတံ သဘာဝတော ဧကဝိဓမ္ပိ သဥပါဒိသေသနိဗ္ဗာနဓာတု အနုပါဒိ သေသနိဗ္ဗာနဓာတု စေတိ ဒုဝိဓံ ဟောတိ ကာရဏပရိယာယေန၊ တထာ သုညတံ အနိမိတ္တံ အပ္ပဏိဟိတေဉ္စတိ တိဝိဓံ ဟောတိ အာကာရဘေဒေန။

နိဗ္ဗာနံ ပန နိဗ္ဗာနန္တိ ပဝုစ္စတိ။ ။နိဗ္ဗာနံ-နိဗ္ဗာန်ကို၊ နိဗ္ဗာနန္တိ- နိဗ္ဗာန်ဟူ၍၊ ပဝုစ္စတိ-ဆိုအပ်၏၊ ဤ၌ " နိဗ္ဗာနံ နိဗ္ဗာနန္တိ" ဟု နှစ်ထပ်ပါနေရာဝယ် ပထမ နိဗ္ဗာနံပုဒ်သည် နိဗ္ဗာန်ဟူသောသဘာဝဓမ္မကို ပြသောဒြဗ်ဟောပုဒ် တည်း၊ ဒုတိယ နိဗ္ဗာနံပုဒ်ကား "နိဗ္ဗာန်မည်၏" ဟု နာမည်ကိုပြသော အမည်ဟောပုဒ်တည်း၊ ဤသို့ ဒြဗ်ဟောပုဒ် အမည်ဟောပုဒ်အားဖြင့် ကွဲပြားသည့်အတွက် နှစ်ထပ် မိန့်ဆိုပေသည်၊ ဥပမာ-"ဣတိပိ သော ဘဂဝါ အရဟံ ၊ပေ၊ ဗုဒ္ဓေါ ဘဂဝါ" ဟူသော ပါဠိတော်၌ ပထမ ဘဂဝါပုဒ်သည် ဘုရားရှင်၏ နာမည်တော်ကို ပြသော သညာဝါစကဖြစ်၍ ဒုတိယ ဘဂဝါပုဒ်က ဂုဏ်တော်ကိုပြသော ဂုဏဝါစက ဖြစ်ခြင်းကြောင့် ဘဂဝါ ပုဒ်ကို နှစ်ထပ် ဟောတော်မူသကဲ့သို့တည်း။

စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ။ ။ဤပါဌ်ဖြင့် နိဗ္ဗာန်တရားကို မဂ်ဉာဏ်ရသော အရိယာပုဂ္ဂိုလ်တို့ မျက်မှောက်ပြုအပ် (တိုက်ရိုက်မြင်အပ်) ကြောင်းကို ပြ၏။

မဂ္ဂဖလာနမာရမဏဘူတံ။ ။ဤပါဌ်အရ "မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည်" ဟု ပြသဖြင့် မဂ်ဖိုလ်မရသော ပုထုဇဉ်တွေမှာ နိဗ္ဗာန်ကို တိုက်ရိုက်အာရုံ မပြုနိုင်၊ နိဗ္ဗာန်ကို ရည်မှန်း၍ ဆုတောင်းရာ ကမ္မဋ္ဌာန်းစီးဖြန်းရာ စသည်တို့၌ အနုမာနဉာဏ်ဖြင့် ရော်ရမ်းမှန်းဆလျက် နိဗ္ဗာန်၏ အေးငြိမ်းပုံ အခြင်းအရာ အာကာရ ပညတ် လောက်ကိုသာ အာရုံပြုနိုင်ကြောင်းကို သိစေသည်။

ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ။ ။ဝါနသင်္ခါတာယ တဏှာယပါဌ်ဖြင့် "ဝါနအရ တဏှာကို ကောက်ယူပါ" ဟု ပြသည်၊ တဏှာယ နိက္ခန္တတ္တာပါဌ်ဖြင့် နိဗ္ဗာန၌ "နိ+ဝါန" ဟု ပုဒ်ခွဲပြီးလျှင် နိ အရ "နိက္ခန္တ" အနက်ကို ယူ၍ "ဝါနတော နိက္ခန္တံတိ နိဗ္ဗာနံ" ဟု ဝိဂြိုဟ် ပြုစေလိုသည်၊ နိဗ္ဗာန်သဘောကို ကမ္မဋ္ဌာန်းပိုင်း ဥပသမာနုဿတိအခန်း၌ ကြည့်ပါကုန်၊ စိတ်ပိုင်း၌လည်း ပြခဲ့ပြီ။

တဏှာက ဆက်စပ်ပုံ။ ။"ဝိနတိ သံသိဗ္ဗတိ-ဆက်သွယ် ချုပ်စပ်တတ်၏၊ ဣတိ-ကြောင့်၊ ဝါနံ-ဝါန မည်၏" ဟူသော ဝိဂြိုဟ်အရ တဏှာက ဆက်သွယ်ချုပ်စပ်ပုံကား-ကမ္ဘာလောက၌ ရှိသမျှ ပုထုဇဉ်သေက္ခ. တွေသည် တဏှာ၏ ဆက်သွယ်မှုကြောင့် အရာရာ၌ အဆက်မပြတ်နိုင်ဘဲ ရှိ၏၊ သတ္တဝါတို့ သန္တာန်၌ သံသရာကို ချဲ့ထွင်တတ်သည့်အတွက် "ပပဉ္စ" အမည်ရသော တရားတို့သည် ဒိဋ္ဌိ မာန တဏှာဟု (၃)မျိုး ရှိ၏၊ ချဲ့ဦးအံ့-"သက္ကာယဒိဋ္ဌိ" ခေါ်သော ဒိဋ္ဌိသည် ခန္ဓာ(၅)ပါး အပေါ်၌ "အထည်ကိုယ် အမာခံ အနှစ်သာရ ဟူသော အတ္တသည် ဧကန်ရှိ၏" ဟု စွဲလမ်း၏၊ မာနက ထိုအတ္တကိုပင် "ငါ ငါ" ဟု မှတ်ထင်နေ၏၊ "ငါတတ်သည် ငါမြတ်သည်" ဟု အထင်အမြင် ကြီး၏၊ ထိုဒိဋ္ဌိ မာန အရင်းခံမှုကြောင့် မိမိ၏ ရုပ်နာမ် တရားတွေကို အားရ ပါးရ တဏှာဖြင့် စွဲလမ်း၏၊ "အတ္တသမံ ပေမံ နတ္ထိ" ဟူသည်နှင့်အညီ, မိမိထက် ပိုမို၍ မည်သူ့ကိုမျှ မချစ်နိုင်ကြ၊ မိမိကို ချစ်ခင်မှုကြောင့် မိမိအား ကျေးဇူးပြုနေသူ, သို့မဟုတ် ကျေးဇူးပြုလိမ့်မည်ဟု ထင်ရသူ တို့ အပေါ်မှာ မခွဲနိုင် မခွာရက်အောင် စွဲမက် ဆက်သွယ်ရပြန်တော့၏။

မိမိကိုယ်နှင့်တကွ အဆက်အသွယ် ဟူသမျှတို့ အပေါ်မှာ မခွဲနိုင် မခွာရက်နိုင်အောင် ရာသက်ပန် တည်နေပြီးနောက် စုတေခါနီးသို့ ရောက်သောအခါ တွယ်တာဖွယ်အဖုံဖုံ၌ အာရုံကြော မပြတ်တပြတ်မှာပင် တဏှာနုသယက ဘဝအသစ်ကို ရော်ရမ်းယှက်မြှေးလျက် ဆက်ပေးပြန်၏၊ ထိုကဲ့သို့ တဏှာနုသယ ညွှန်ပြ သည့် ဘဝ၌ ရောက်၍မျှ မကြာခင် ဘဝနိကန္တိက လောဘဇောခေါ်သော

တဏှာက ရအပ်ပြီးစ မက်မောတွယ်တာပြီးလျှင် ယခင်နည်းတူ ဘဝသစ် ထူထောင်လေတော့၏၊ ဤသို့ တဏှာက အရာရာဝယ် ဆက်သွယ်နေမှုမှာလည်း ဒိဋ္ဌိနှင့် မာနတို့က အားပေး အားမြှောက်ထောက်ပံ့ ကူညီနေသည့်အတွက် ဖြစ်ရကား ဤတရား(၃)ပါးသည် သံသရာကို ချဲ့ထွင်ရေး၌ လေးလေးနက်နက် ဆောင်ရွက်နေသော တရားဆိုးများတည်း၊ ရုပ်နာမ်ခန္ဓာ၏ ချုပ်ငြိမ်းရာ လွန်စွာ အေးမြသော ဓာတ်တစ်မျိုးမှာ အခါခပ်သိမ်း အရောင်အဝါ ယှက်၍ တလက်လက် တောက်ပသကဲ့သို့ အလွန့်အလွန် မြင့်မြတ်ရကား အပုပ် အစပ်၌ နားလေ့ရှိသော ယင်သတ္တဝါသည် အလျှံတရဲရဲ သံတွေခဲ၏ အပါး၌ မကပ်မနားဝံ့ သကဲ့သို့, ထို့အတူ အလွန့်အလွန် မြင့်မြတ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်၌ တဏှာဟူသော အယုတ်တမာ တရား လည်း မနား မကပ်ဝံ့တော့ပြီ၊ ထို့ကြောင့် နိဗ္ဗာန်ကို "ဝါနတော နိက္ခန္တံ=တဏှာ့စက်ကွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်သောတရား" ဟု မိန့်ဆိုရပေသည်။

တဒေတံ သဘာဝတော ဧကဝိဓံပိ။ ။"နိဗ္ဗာန်သည် သန္တိသဘောလက္ခဏာ ရှိ၏" ဟု ဆိုခဲ့ပြီ၊ ထိုသန္တိ သဘောအားဖြင့် နိဗ္ဗာန်တစ်မျိုးတည်းသာ ရှိ၏၊ "တစ်မျိုးတည်းသာ ရှိ၏" ဟူသောစကားအရ "အရိယာ ပုဂ္ဂိုလ်ဟူသမျှ၏ နိဗ္ဗာန်သည် အများဆိုင်ပစ္စည်းတစ်ခုကဲ့သို့ တစ်ပါးတည်းသာ ရှိသည်" ဟု မှတ်မှားတတ်သည်၊ ထိုကဲ့သို့ ဆိုလိုရင်းမဟုတ်၊ စိတ်မှန်လျှင် အာရုံကို သိခြင်းတစ်မျိုးသာ ရှိသကဲ့သို့ နိဗ္ဗာန်မှန်လျှင် သန္တိ သဘောတစ်မျိုးသာရှိသည်ဟု ဆိုလိုပါသည်၊ ပုဂ္ဂိုလ်တိုင်း၌ ကိုယ့်စိတ်နှင့် ကိုယ်ရှိသလို အရိယာပုဂ္ဂိုလ်တိုင်း မှာလည်း ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် ရှိကြသည်၊ ထိုသန္တိသဘောအားဖြင့် တစ်မျိုးတည်းရှိသော်လည်း ဒိဋ္ဌဓမ္မ နိဗ္ဗာန်, သမ္ပရာယိကနိဗ္ဗာန်ဟု နှစ်မျိုး ကွဲပြား၏၊ ဒိဋ္ဌဓမ္မနိဗ္ဗာန်ကို သဥပါဒိသေသနိဗ္ဗာနဓာတ်, သမ္ပရာယိက နိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာနဓာတ်ဟု ခေါ်သည်။

ဣတိဝုတ်။ ။ဒိဋ္ဌိဓမ္မိကာတိ ဣမသ္မိံယေဝ အတ္တဘာဝေ ဝတ္တမာန-ဤ ပစ္စုပ္ပန်အတ္တဘော၌ဖြစ်သော နိဗ္ဗာန်သည် ဒိဋ္ဌဓမ္မိက မည်၏၊ သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ-ခန္ဓာချုပ်ပျက် ရာအခါမှ နောက်ဖြစ်သော (တမလွန်ဖြစ်သော) နိဗ္ဗာန်သည် သမ္ပရာယိက မည်၏။-(ဒုကနိပါတ်, ဒုတိယဝဂ်, အဋ္ဌကထာ။)

သဥပါဒိသေသနိဗ္ဗာနဓာတု။ ။ကမ္မကိလေသေဟိ ဥပါဒီယတီတိ ဥပါဒိ၊ ကမ္မကိလေသေဟိ-ကံ, ကိလေသာတို့သည်၊ ဥပါဒီယတိ-(ငါ့ဥစ္စာ)ဟု စွဲယူအပ်၏၊ ဣတိ-ကြောင့်၊ ဥပါဒိ-ဥပါဒိ မည်၏၊ သတ္တဝါ တို့သန္တာန်ဝယ် မူတည်သောသဘောအားဖြင့် အမြဲရှိနေသောတရားကား ဘဝင်ကိစ္စတပ်သော ဝိပါက် ဝိညာဏ်နှင့်

ကမ္မဇရုပ်များတည်း၊ ထိုအကျိုးများကို စီမံလိုက်သောကံက "ငါ့ဥစ္စာ-ငါ့အကျိုး" ဟု စွဲယူ၏၊ ကိလေသာတို့က ငါ၏ အာရုံပြုရာတရား" ဟု စွဲမှတ်အာရုံပြု၏၊ ထို့ကြောင့် ဝိပါက်ဝိညာဏ်နှင့် ကမ္မဇရုပ်ကို "ဥပါဒိ" ဟု ခေါ်သည်၊ တစ်နည်း–"တဏှာဒိဋ္ဌိဟိ ဥပါဒီယတီတိ ဥပါဒိ" ဟု ဝိဂြိုဟ်ပြု၍ တဏှာဒိဋ္ဌိတို့က အာရုံပြုသောအား ဖြင့် စွဲယူအပ်သော ဥပါဒါနက္ခန္ဓာ(၅)ပါးကို "ဥပါဒိ" ဟု ခေါ်၏။

ဝစနတ္ထ။ ။သိဿတိ အဝသိဿတီတိ သေသော, ဥပါဒိ စ+သော+သေသော စာတိ ဥပါဒိသေသော၊ သိဿတိ အဝသိဿတိ-ကြွင်းကျန်ရစ်၏၊ ဣတိ-ကြောင့်၊ သေသော-သေသမည်၏၊ သော-ထိုဝိပါက်ခန္ဓာ ကမ္မဇရုပ်သည်၊ ဥပါဒိ စ-ဥပါဒိလည်း မည်၏၊ သေသော စ-ကြွင်းကျန်ရစ်သည်လည်း ဟုတ်၏၊ ဣတိ- ကြောင့်၊ ဥပါဒိသေသော-ဥပါဒိသေသ မည်၏၊ အနမတဂ္ဂ သံသရာဝယ် ဝိပါက်ကမ္မဇရုပ်များသည် ကိလေ သာတို့နှင့် ထွေးရောယှက်တင်လာခဲ့ရာ, မဂ်တရားက ကိလေသာတွေကို ပယ်သတ်လိုက်သောအခါ ကြွင်း ကျန်ရစ်သော ဝိပါက်ကမ္မဇရုပ်ကို (တစ်နည်း-ရဟန္တာအရှင်မြတ်၏ ခန္ဓာ(၅)ပါးကို=ခန္ဓာကိုယ်တစ်ရပ်လုံးကို) "ဥပါဒိသေသ" ဟု ခေါ်သည်။

သဟ ဥပါဒိသေသေန ဝတ္တတီတိ သဥပါဒိသေသာ၊ ယာ-အကြင် နိဗ္ဗာနဓာတ်သည်၊ ဥပါဒိသေသေန- ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဝိပါက်ခန္ဓာကမ္မဇရုပ်နှင့်၊ သဟ-တကွ၊ ဝတ္တတိ-ဖြစ်၏၊ ဣတိ-ကြောင့်၊ သဥပါဒိသေသာ-သဥပါဒိသေသ မည်၏၊ ဤ၌ "ဝိပါက်ခန္ဓာ ကမ္မဇရုပ်တို့နှင့်တကွ ဖြစ်သည်" ဟု ဆိုသော် လည်း စိတ်နှင့် စေတသိက် တကွဖြစ်သလို မဟုတ်, ကြွင်းကျန်သော ဝိပါက် ကမ္မဇရုပ်များဖြင့် နိဗ္ဗာန်ကို မှတ်သားရသောကြောင့် နိဗ္ဗာန်က မှတ်သားအပ်သော လက္ချ, ဝိပါက် ကမ္မဇရုပ်များက မှတ်သားကြောင်း လက္ခဏဖြစ်၍ လက္ချ လက္ခဏအားဖြင့် တကွဖြစ်သည်ဟု မှတ်ပါ၊ ပရိနိဗ္ဗာန်စံတဲ့အခါ ထိုကဲ့သို့ ဝိပါက် ကမ္မဇ ရုပ် မရှိသောကြောင့် "နတ္ထိ ဥပါဒိသေသော ယဿ" ဟူသော ဝိဂြိုဟ်အရ "အနုပါဒိသေသ နိဗ္ဗာနဓာတ်" ဟု အမည်ရသည်။

ဒုဝိဓံ ဟောတိ ကာရဏပရိယာယေန။ ။ဤသို့လျှင် ကြွင်းကျန်သော ဝိပါက် ကမ္မဇရုပ်တို့ ရှိခြင်း/ မရှိခြင်းအားဖြင့် မှတ်သားကြောင်း လက္ခဏာက နှစ်မျိုးပြားသည့်အတွက် အကြောင်းလက္ခဏ၏ သဥပါဒိ သေသ, အနုပါဒိသေသဟူသော အမည်ကို မှတ်သားအပ်သော အကျိုး လက္ချပေါ်၌ တင်စား၍ ကာရဏူ ပစာရအားဖြင့် သဥပါဒိသေသနိဗ္ဗာနဓာတု အနုပါဒိသေသနိဗ္ဗာနဓာတုဟု နှစ်ပါး ကွဲပြားရသည်။

ဤကား ရုပ်ပိုင်းဘာသာဋီကာ

၂၉.၅.၂၀၁၇ တနင်္လာနေ့ ညနေ ၄:၄၅

သမုစ္စည်းပိုင်းဘာသာဋီကာ

ဒွါသတ္တတိဝိဓာ ဝုတ္တာ, ဝတ္ထုဓမ္မာ သလက္ခဏာ၊ တေသံ ဒါနိ ယထာယောဂံ, ပဝက္ခာမိ သမုစ္စယံ။

အနုသန္ဓေ။ ။"စိတ္တံ စေတသိကံ ရူပံ နိဗ္ဗာနမိတိ သဗ္ဗထာ" ဟူသော ခေါင်းစဉ်မာတိကာအတိုင်း စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့ကို အကျယ်ပြပြီးဖြစ်သောကြောင့် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကို အဆုံးသတ်မည်ဆိုလျှင် အဆုံးသတ်နိုင်သော်လည်း ထိုပရမတ္ထတရားတို့ကို သဘောတူချင်း ပေါင်းသင်း စုစည်းလျက် တစ်နည်း ဆက်ပြလိုသောကြောင့် "ဒွါသတ္တတိဝိဓာ" အစချီသော ဂါထာကို မိန့်ဆိုတော်မူပြန်သည်။

ဝတ္ထုဓမ္မာ လက္ခဏာ။ ။အာကာသဓာတ်စသော အနိပ္ဖန္နရုပ်တို့သည် ရုပ်ပိုင်း၌ ပြခဲ့သည့်အတိုင်း မိမိ ဆိုင်ရာလက္ခဏာ ရှိသဖြင့် "သလက္ခဏာ" ဟု ဆိုထိုက်ပါသော်လည်း အထည်ကိုယ်ဝတ္ထု ရကောင်းသော ဝတ္ထုဓမ္မ ပရမတ္ထအစစ် မဟုတ်ကြသောကြောင့် ဒွါသတ္တတိအရ၌ မပါဝင်နိုင်၊ ဆက်ဦးအံ့-အနိပ္ဖန္နရုပ်တို့သည် ဓမ္မာယတန ဓမ္မဓာတ်၌ သွင်းပြလတ္တံ့ဖြစ်၍ ဤသမုစ္စည်းပိုင်းမှာ အသုံးဝင်လျက်ရှိ၏၊ သို့သော် ဒွါသတ္တတိ အရ၌ကား ယောဂီတို့ ဧကန် သိထိုက်သော အဘိညေယျတရားစုကိုသာ ဤကျမ်းဆရာ ပြလိုရင်း ဖြစ်သည်၊ ထို့ကြောင့် ကမ္မဋ္ဌာန်းစီးဖြန်းရာတွင် အသုံးမဝင်သော အသမ္မသန အနိပ္ဖန္နရုပ်များကို ဒွါသတ္တတိအရ၌ သွင်းတော်မမူ။

နာမရူပပရိစ္ဆေဒ။ ။အဘိညေယျသဘာဝေန, ဒွါသတ္တတိ သမီရိတာ။[အဘိညေယျသဘာဝေန-ယောဂီ မှန်လျှင် ဧကန် သိထိုက်သောတရား၏ အဖြစ်ကြောင့်၊ ဒွါသတ္တတိ-(၇၂)ပါးသောတရားကိုသာ၊ သမီရိတာ- ဆိုအပ်ပြီ။]

ပဝက္ခာမိ သမုစ္စယံ။ ။သဟ ဥစ္စီယန္တေ ဧတ္ထ ဧတေန ဝါတိ သမုစ္စယော၊ ဧတ္ထ-ဤအပိုင်း၌၊ ဝါ-တစ်နည်း၊ ဧတေန-ဤအပိုင်းဖြင့်၊ ဓမ္မာ-ပရမတ္ထတရားတို့ကို၊ သဟ-အတူတကွ၊ (တစ်နည်း, သံပိဏ္ဍေတွာ-သဘောတူ ရာကို ပေါင်း၍၊) ဥစ္စီယန္တေ-စုစည်းအပ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ သော-ထိုအပိုင်းသည်၊ သမုစ္စယော- သမုစ္စည်းမည်၏၊ "အာသဝမည်သော တရားတစ်စု, ဩဃမည်သော တရားတစ်စု စသည်ဖြင့် သဘောတူ တရားတို့ကို ပေါင်းစည်းပြရာ-ပေါင်းစည်း၍ ပြကြောင်းဖြစ်သောအပိုင်း"ဟူလို။[အခြားပုဒ်များ၏အဓိပ္ပာယ်နှင့် တကွ ဒွါသတ္တတိသရုပ်ကို အခြေပြု၌ ပြခဲ့ပြီ။]

အကုသလသင်္ဂဟ

အာသဝ။ ။စိရပါရိဝါသိယဋ္ဌေန အာသဝါ၊ စိရပါရိဝါသိယဋ္ဌေန-ကြာမြင့်စွာထုံအပ်သည်၏အဖြစ်ဟူသော အနက်ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏၊ ဤအလို-အာသဝသဒ္ဒါသည် စိရပါရိဝါသိယတ္ထကို ဟောသော (ကြာမြင့်စွာ ထုံအပ်သော အနက်ဒြဗ်တစ်ခုခုကိုဟောသော) အနိပ္ဖန္နပါဋိပဒိကပုဒ်ဖြစ်၍ ဝိဂြိုဟ်မပြုရ၊ တစ်နည်း–"အာသဝန္တိ စိရံ ပရိဝသန္တီတိ အာသဝါ, အာသဝါ ဝိယာတိ အာသဝါ" ဟု ဝိဂြိုဟ်ပြုလိုလျှင် ပြုရ သေး၏၊ အာသဝန္တိ စိရံ ပရိဝသန္တိ-ကြာမြင့်စွာ ထုံတတ်ကုန်၏၊ ဣတိ-ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏၊ [ကြာမြင့်စွာစွဲနေသော ထုံနေသော အရက် စိမ်ရည်ကို ရ၏၊] ယေ-အကြင်တရားတို့သည်၊ အာသဝါ ဝိယ- အရက် စိမ်ရည်နှင့် တူကုန်၏၊ ဣတိ-ကြောင့်၊ တေ-ထိုတရားတို့သည်၊ အာသဝါ-အာသဝတို့ မည်၏။

ချဲ့ဦးအံ့–ဤလောက၌ ကြာမြင့်စွာ ထုံအပ် စိမ်ထားအပ်သော အရက် စိမ်ရည်သည် သုံးစွဲ သောက်စားသူ ဟူသမျှကို မူးယစ်စေကုန်၏၊ သောက်စားမိလျှင် အကောင်းအဆိုး အကျိုးအပြစ်ကို မမြင်နိုင်ဘဲ တမူးထဲ မူးကာ ထင်မိထင်ရာကိုပြုလျက် အမှုဒုက္ခအမျိုးမျိုးကို တွေ့ကြရတော့၏၊ အမှုဒုက္ခ မတွေ့ရရစေကာမူ ပညာရှိသူတော်ကောင်းတို့၏ အထင်အမြင်သေးခြင်းကိုကား မုချခံရတော့သကဲ့သို့ ထို့အတူ ပုထုဇဉ်တို့၏ ခန္ဓာကိုယ်ဆိုး အရက်အိုးဝယ် အနမတဂ္ဂသံသရာ၌ ကြာမြင့်စွာထုံအပ်သော လောဘ ဒိဋ္ဌိ မောဟတို့လည်း မိမိတို့ ထကြွလာသောအခါ မိမိကိန်းရာ ပုထုဇဉ်သတ္တဝါတွေကို တွေဝေယစ်မူး၍ အရူးဖြစ်စေကြကုန်၏၊ ထိုလောဘ, ဒိဋ္ဌိ, မောဟဟူသော အာသဝေါတရားစုကြောင့် မကောင်းမှု ဒုစရိုက်တွေကိုပင် အကောင်းထင် လျက် ခင်ခင်မင်မင် ပြုနိုင်ကြကုန်၏၊ ထိုဒုစရိုက်မှုတွေကြောင့် ပုထုဇဉ်အများသည် အပါယ်လေးပါး၌ စုဝေး ကြရကုန်၏၊ တကယ်ဒုက္ခနှင့် မတွေ့ရစေကာမူ သူတော်စင်တို့၏ အထင်အမြင်သေးခြင်းကိုကား ဧကန်မုချခံ ကြရတော့သည်၊ ထို့ကြောင့် လောဘ ဒိဋ္ဌိ မောဟတို့သည် ကြာမြင့်စွာထုံအပ်သော စိမ်ရည်အရက်များနှင့် အလားတူကြသည်။ [ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။]

မရိယာဒါဝဓိ။ ။တစ်စုံတစ်ခုသော ကြိယာကို ပိုင်းခြားကန့်သတ်ရာအနက်သည် အဝဓိ မည်၏၊ အပါဒါန်နှင့် သဘောတူပင်တည်း၊ ထိုအဝဓိသည် မရိယာဒါဝဓိ အဘိဝဓိအဝဓိဟု နှစ်မျိုးရှိ၏၊ ထိုတွင် လယ်ကန်သင်းသည် လယ်ကို ထက်ဝန်းကျင်မှ ပိုင်းခြားသကဲ့သို့, ထို့အတူ မိမိအပေါ်သို့ ကြိယာမရောက် မနှံ့စေဘဲ ကြိယာကို ပိုင်းခြားသောအဝဓိသည် မရိယာဒါဝဓိမည်၏၊ ပရိသမန္တတော အာဒဒါတိ အဝခဏ္ဍတီတိ မရိယာဒေါ၊ [ပရိ+အာ+ဒါဓာတ်, ပရိ၌ ပ ကို မ ပြု, ယ အာဂုံ၊] ပုံစံကား–"အာပါဋလိပုတ္တာ ဝုဋ္ဌော ဒေဝေါ" စသည်တည်း၊

အာပါဋလိပုတ္တာ-ပါဋလိပုတ်ပြည်တိုင်အောင် (ပါဋလိပုတ်ပြည်နားရောက်အောင်)၊ ဒေဝေါ-မိုးသည်၊ ဝုဋ္ဌော- ရွာပြီ၊ ဤ၌ ပါဋလိပုတ်ပြည်သည် မိုးရွာခြင်းကြိယာကို (မိမိအပေါ်မလွှမ်းမရောက်စေဘဲ) ပိုင်းခြားကန့်သတ် သောကြောင့် မရိယာဒါဝဓိမည်၏၊ ပါဋလိပုတ္တသဒ္ဒါသည်ကား အနက်ကို အကြောင်းပြု၍ ကာရဏူပစာရ အားဖြင့် မရိယာဒါဝဓိ မည်၏၊ အာသဒ္ဒါကား ထို အဝဓိကို ထွန်းပြသောသဒ္ဒါဖြစ်၍ နာနန္တရိကနည်းအားဖြင့် မရိယာဒါဝဓိအနက်ရှိသည်ဟုပင် ဆိုရတော့သည်။

အဘိဝိဓိအဝိဓိ။ ။မိမိအပေါ်သို့ ကြိယာကို ပျံ့နှံ့စေလျက်(မိမိအပေါ်သို့ ထိရောက် လွှမ်းမိုးစေလျက်) ပိုင်းခြားတတ်သော အဝဓိသည် အဘိဝိဓိအဝဓိ မည်၏၊ [အဘိဘဝိတွာ ဝိဓီယတိ ဧတ္ထာတိ အဘိဝိဓိ၊ ဧတ္ထ- ဤအဝဓိ၌၊ အဘိဘဝိတွာ-လွှမ်းမိုး၍၊ ကြိယာ-ကြိယာကို၊ ဝိဓီယတေ-ထားအပ်၏၊ ဣတိ-ကြောင့်၊ အဘိဝိဓိ- အဘိဝိဓိမည်၏၊] ပုံစံကား–အာဘဝဂ္ဂါ ဘဂဝတော ယသော ပဝတ္တတိ" စသည်တည်း၊ အာဘဝဂ္ဂါ-ဘဝဂ်တိုင် အောင်(ဘဝဂ်ဟု ခေါ်အပ်သော နေဝသညာနာသညာယတနဘုံကို လွှမ်းမိုး၍)၊ ဘဂဝတော-မြတ်စွဘုရား၏၊ ယသော-ကျော်စောသံသည်၊ ပဝတ္တတိ-ဖြစ်၏၊ ဤ၌ ဘဝဂ်သည် ကျော်စောသံဖြစ်ခြင်းကြိယာ၏ လွှမ်းခြုံမိ ရာဖြစ်၍ ထိုကျော်စော ရာအရပ်ကို ပိုင်းခြားသောကြောင့် မုချအဘိဝိဓိအဝဓိ မည်၏၊ ဘဝဂ္ဂပုဒ်နှင့် အာသဒ္ဒါ တို့ အဘိဝိဓိအဝဓိ အမည်ရပုံကိုလည်း ရှေးနည်းအတိုင်း သိပါ။

ဋီကာကျော်။ ။အဝဓိ စ ပရိယာဒါဘိဝိဓိဘေဒတော ဒုဝိဓော၊ တတ္ထ မရိယာဒေါ ကိရိယံ ဗဟိ ကတွာ ပဝတ္တတိ၊ ယထာ–"အာပါဋလိပုတ္တာ ဒေဝေါ ဝုဋ္ဌော" တိ၊ အဘိဝိဓိ ပန ကိရိယံ ဗျာပေတွာ ပဝတ္တတိ၊ ယထာ–"အာဘဝဂ္ဂါ ဘဂဝတော ယသော ပဝတ္တတီ" တိ ။

ဤ၌ ယူရမည့်အဝဓိ။ ။ထိုနှစ်မျိုးသော အဝဓိတို့တွင် အာသဝါ၌ အာသဒ္ဒါသည် အဘိဝိဓိအဝဓိအနက် ရှိ၏၊ ထို့ကြောင့် "အာဘဝဂ္ဂါ, အာဂေါတြဘုမှာ သဝန္တိ ပဝတ္တန္တီတိ အာသဝါ" ဟု ဝိဂြိုဟ်ပြု၊ အာဘဝဂ္ဂါ- ဘဝဂ်တိုင်အောင်လည်းကောင်း၊ အာဂေါတြဘုမှာ-ဂေါတြဘုတိုင်အောင်လည်းကောင်း၊ သဝန္တိ ပဝတ္တန္တိ- ဖြစ်ကုန်၏၊ ဣတိ-ထို့ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏၊ "ဘုံအားဖြင့်ဘဝဂ်တိုင်အောင်, တရားအားဖြင့် သောတာပတ္တိမဂ်၏ ရှေ့က ဂေါတြဘုတိုင်အောင် အာရုံပြုနိုင်သည်" ဟူလို။

မှတ်ချက်။ ။"ဂေါတြဘုတိုင်အောင်" ဟု ဂေါတြဘုကို အဆုံးထားသော်လည်း ဥပလက္ခဏာနည်း အားဖြင့် ဂေါတြဘုကို မှတ်သားခြင်း ဖြစ်သည်၊ ဂေါတြဘုနှင့် အလားတူ အထက်မဂ်များ၏ ရှေ့သွားဖြစ်သော ဝေါဒါန်, ဖိုလ်တို့၏ရှေ့သွားဖြစ်သော ပရိကံတို့ကိုလည်း အာသဝေါတရားတို့က အာရုံပြုနို်င်ကြသည်သာ၊

ဆိုလိုရင်းမှာ "လောကုတ္တရာတရားကို ချန်၍ ကျန်လောကီတရားအားလုံးကို အာရုံပြုနိုင်သည်" ဟု ဆိုလိုသည်။

တစ်နည်း။ ။အာသဝ၌ အာရှေးရှိသော သုဓာတ်သည် ယိုစီးခြင်းအနက်ကို ဟော၏ ၊ အာသဝန္တီတိ အာသဝါ၊ အာသဝန္တိ-ယိုစီးတတ်ကုန်၏၊ ဣတိ-ကြောင့်၊ အာသဝါ-အာသဝတို့ မည်၏၊ အနာမှ ပြည်စေးတွေ ယိုစီး၍ကျသလို, စက္ခုဒွါရစသော ဒွါရ(၆)ပေါက်မှ ထိုလောဘစသော စက်ဆုပ်ဖွယ်ရာတွေ ထွက်ပေါ်ယိုစီး လာကြသည်-ဟူလို။

အာသဝနာမည် ရုဠှီ။ ။ကြာမြင့်စွာသောကာလ၌ ခန္ဓာကိုယ်ဝယ် ထုံအပ်, ဘုံအားဖြင့် ဘဝဂ်, တရား အားဖြင့် ဂေါတြဘုတိုင်အောင် ပျံ့နှံ့နိုင်သည့်အတွက် "အာသဝ" အမည်ရလျှင် မာနစသည်တို့လည်း ခန္ဓာ ကိုယ်မှာ ရှည်ကြာသည့်ပြင် ဘဝဂ်, ဂေါတြဘုတိုင်အောင် အာရုံပြုနိုင်ကြသဖြင့် အာသဝအမည် ရသင့်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား–အတ္တ, အတ္တနိယဟု စွဲလမ်းခြင်းအားဖြင့် ဘဝဂ် ဂေါတြဘုတိုင်အောင် ပျံ့နှံ့ပုံ, မူးယစ်ခြင်း၏အစွမ်းအားဖြင့် စိမ်ရည် အရက်နှင့်တူပုံက လောဘ ဒိဋ္ဌိ မောဟတို့အပေါ်၌သာ ထင်ရှားသောကြောင့် လောဘစသည်တို့သာ အာသဝအမည်ရ၍ မာနစသည်တို့မှာ အာသဝအမည် မရ ကြချေ။

ချဲ့ဦးအံ့ –မာနစသည်တို့သည် ဘဝဂ် ဂေါတြဘုတိုင်အောင် အာရုံပြုနိုင်သော်လည်း လောဘစသည်တို့ လောက် ပျံ့ပျံ့နှံ့နှံ့ မရှိကြ၊ တချို့တချို့ တရားတွေမှာ မနှံ့နိုင်ဘဲ ကျန်ပေလိ်မ့်မည်၊ မောဟ၏ မိုက်မှောင်မှုမှာ ဘယ်အရာမဆို ပျံ့နိုင်၏၊ ဒိဋ္ဌိ၏ "အတ္တ" ဟု စွဲလမ်းမှုကား လောကီတရားအားလုံးကို လွှမ်းခြုံပျံ့နှံ့နိုင်၏၊ လောဘ၏ "အတ္တ-အတ္တနိယ=အတ္တ၏ဥစ္စာ" ဟု စွဲလမ်းမှုလည်း လောကီတရားအားလုံးကို သိမ်းရုံးပိုက်ပွေ့ လျက် ရှိ၏၊ ထို့ကြောင့် အတ္တ-အတ္တနိယစသော စွဲလမ်းမှုဖြင့် လောကီတရားအားလုံး အပေါ်မှာ လောဘ စသည်တို့ ပျံ့နှံ့ပုံက သာ၍ ထင်ရှားပေသည်၊ ထို့ပြင် အရက်မူးတို့ ရူးနေသလို, စွဲလမ်းဖွယ်မဟုတ်သော တရားတွေအပေါ်မှာ လွန်စွာစွဲလမ်းစေလျက် သက်သက် အမူးအရူးဖြစ်အောင် ပြုပုံများလည်း လောဘ ဒိဋ္ဌိ မောဟတို့ အပေါ်၌သာ ထင်ရှား၏၊ ထို့ကြောင့် လောဘ ဒိဋ္ဌိ မောဟတို့ကိုသာ အထင်ရုဠှီအားဖြင့် အာသဝဟု မှည့်ခေါ်ရပေသည်။

[ ဆောင်] အတ္တ အတ္တ, အတ္တနိယဟု, စွဲလမ်းမှုဖြင့်, ဂေါတြဘု ဘဝဂ်, ပျံ့နှံ့တက်၏၊ တစ်ချက်ထူးလစ်, အရူးဖြစ်အောင်, မူးယစ်စေရိုး, အရက်မျိုးနှင့်, အကျိုးထင်ရှား, တူလေငြား၍, သုံးပါးတရားကိုယ်, အာသဝဆိုသည်, မှတ်လို အထင်ရုဠှီတည်း။

ဩဃ။ ။အဝတ္ထရိတွာ ဟနန္တီတိ ဩဃာ၊ အဝဟနန္တိ ဩသီဒါပေန္တီတိ ဝါ ဩဃာ၊ ဩဃာ ဝိယာတိ

ဩဃာ၊ အဝတ္ထရိတွာ-လွှမ်းမိုး၍၊ ဟနန္တိ-ညှဉ်းပန်း နှိပ်စက်ကုန်၏၊ ဣတိ-ကြောင့်၊ ဩဃာ-ဩဃတို့ မည်၏၊ ဝါ-တစ်နည်း၊ အဝဟနန္တိ ဩသီဒါပေန္တိ-နစ်မြုပ်စေတတ်, နှစ်မြှုပ်တတ်ကုန်၏၊ ဣတိ-ကြောင့်၊ ဩဃာ-ဩဃ တို့ မည်၏၊ [ပကတိရေအယဉ်ကို ရ၏၊] ယေ-အကြင်တရားတို့သည်၊ ဩဃာ ဝိယ-ရေအယဉ်နှင့် တူကုန်၏၊ ဣတိ-ကြောင့်၊ တေ-ထိုတရားတို့သည်၊ ဩဃာ-ဩဃတို့မည်၏၊ ပကတိရေအယဉ်သည် ထိုထို အဆောက် အဦးကိုလည်းကောင်း, သတ္တဝါကိုလည်းကောင်း လွှမ်းမိုးတတ် နှစ်မြှုပ်တတ်သကဲ့သို့, ထို့အတူ လောဘ ဒိဋ္ဌိ မောဟတို့လည်း မိမိကိန်းရာ သတ္တဝါကို အပါယ်လေးပါးသို့ရောက်အောင် လွှမ်းမိုးတတ် နှစ်မြှုပ်တတ် သောကြောင့် ရေအယဉ်နှင့် အလားတူကြလေသည်။ [အဝ ရှေးရှိသော ဟနဓာတ်မှ အဝကို ဩပြု, သံဃောပုဒ်ကဲ့သို့ ဟနကို ဃပြု၍ ဩဃဟု ရုပ်ဖြစ်သည်၊ ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။]

ယောဂ။ ။ဝဋ္ဋသ္မိံ သတ္တေ ယောဇေန္တီတိ ယောဂါ၊ ဝဋ္ဋသ္မိံ-ဝဋ်ဆင်းရဲ၌၊ သတ္တေ-သတ္တဝါတို့ကို၊ ယော ဇေန္တိ-ယှဉ်စေတတ်ကုန်၏၊ ဣတိ-ကြောင့်၊ ယောဂါ-ယောဂတို့်မည်၏၊ "တစ်စုံတစ်ခုသော ဌာန၌တစ်စုံတစ် ခုသောဝတ္ထုကို အစေးဖြင့် ကပ်ထားသကဲ့သို့ သတ္တဝါများကို ဝဋ်ဆင်းရဲ၌ ယှဉ်စပ်ကပ်ထားသောကြောင့် လောဘ ဒိဋ္ဌိ မောဟတို့ကို ယောဂဟု ခေါ်သည်၊ [အခြေပြု၌ ဆောင်ပုဒ်ပြခဲ့ပြီ၊] "လှည်းရထား၌ နွားများကို ကပ်ယှဉ်ထားသလို, ဘဝတည်းဟူသော ယန္တရားစက်၌ သတ္တဝါများကို ကပ်ယှဉ်ထားသောကြောင့်လည်း ကောင်း, အကြောင်းကံနှင့်် အကျိုးဝိပါက်ကို ဆက်သွယ် ယှဉ်စပ်ထားသောကြောင့်လည်းကောင်း, သတ္တဝါ တို့ကို ဘဝတစ်ပါးနှင့် ဆက်သွယ် ယှဉ်စပ်ပေးတတ်-ဒုက္ခအမျိုးမျိုးနှင့် ယှဉ်စေတတ်သောကြောင့်လည်း ကောင်း ယောဂမည်၏" ဟု အမျိုးမျိုးပြလျက် ရှိ၏။

တရားကိုယ်ကောက်ပုံ။ ။တရားကိုယ် ကောက်ရာ၌ ဒိဋ္ဌာသဝနှင့် အဝိဇ္ဇာသဝတို့အတွက်မှာ ရှုပ်ထွေး ချက် မရှိ၊ ဒိဋ္ဌိဟူသမျှ ဒိဋ္ဌာသဝ အမည်ရ၍ မောဟဟူသမျှ အဝိဇ္ဇာသဝ အမည်ရသည်၊ ကာမာသဝနှင့် ဘဝါ သဝအတွက်ကား နိက္ခေပကဏ္ဍ အဋ္ဌာကထာနှင့် မူလဋီကာတို့ အယူအဆ မတူကြချေ၊ ကာမဂုဏ်ငါးပါးကို လိုလား တပ်မက်သော လောဘအကြမ်းစားကိုသာ "ကာမာသဝ" ဟု အဋ္ဌကထာဆို၏၊ မူလဋီကာ၌ကား "ဘဝါသဝံ ထပေတွာ သဗ္ဗော လောဘော ကာမာသဝေါတိ ယုတ္တံ သိယာ" ဟု ယုတ္တိကို ချိန်ဆ၍ "ဘဝါသဝမှ ကြွင်းသမျှ လောဘအားလုံးကို ကာမသဝ" ဟုဆိုလို၏၊ ရူပဘဝ, အရူပဘဝကိုလည်းကောင်း, ရူပစျာန် အရူပစျာန်ကိုလည်းကောင်း, ထိုထိုဘုံဘဝကိုလည်းကောင်း, ဘဝအရကောက်ယူ၍ ထိုဘဝ အမျိုး မျိုး၌ နှစ်သက်တတ်သော လောဘကို ဘဝါသဝဟု ခေါ်သည်။

ထို့ပြင် –အဋ္ဌကထာ၌ ဘဝအရ သဿတဒိဋ္ဌိကို ယူ၍ ထိုသဿတဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂကို "ဘဝါ သဝ" ဟု ဆိုသေး၏၊ ထိုအဆိုကို မူလဋီကာ မနှစ်သက်, ဘဝါသဝမှန်လျှင် ဒိဋ္ဌိဂတသမ္ပယုတ် မဟုတ်, ဒိဋ္ဌိဂတဝိပ္ပယုတ်သာ ဖြစ်သတဲ့၊ ဗြဟ္မာတို့၏ မိမိဘုံဗိမာန် ပဒေသာပင် စသည်တို့၌ နှစ်သက်မှုကို အဋ္ဌကထာ က သာမန်လောဘဟု ဆို၏၊ မူလဋီကာက ကာမာသဝဟု ဆို၏၊ ဥပရိပဏ္ဏာသ သေဝိတဗ္ဗာသေဝိတဗ္ဗသုတ် ၌ ဘဝလောဘ (ဘဝါသဝ)ဟု ဆိုသည်၊ ဩဃ ယောဂ တရားကိုယ်များ၌လည်း နည်းတူ။

~~~~~~~~~~

စတ္တာရော ဂန္ထ အဘိဇ္ဈာကာယဂန္ထော။ ။"စတ္တာရော ဂန္ထာ" ဟု အပေါင်းစကားတုန်းက ကာယသဒ္ဒါ မပါ သော်လည်း အစိတ်အစိတ် သရုပ်စကား၌ ဂန္ထနကြိယာ၏ ကံပုဒ်ကို ပြလိုသောကြောင့် "ကာယဂန္ထော" ဟု ကာယသဒ္ဒါနှင့်တကွ ပြသည်၊ "ကာယ" အရလည်း နာမကာယကို (နာမ်တရားအပေါင်းကို) ယူရသောနည်း, ရူပကာယ နာမကာယ နှစ်ပါးစုံကို ယူရသောနည်းဟု နှစ်မျိုးရှိ၏၊ ကာယံ ဂန္ထေန္တီတိ ကာယဂန္ထာ၊ ကာယံ-နာမ ကာယကို၊ ဂန္ထေန္တိ-ဖွဲ့နှောင်တတ်ကုန်၏၊ ဣတိ ကာယဂန္ထာ၊ "ဤလောဘ ဒေါသ ဒိဋ္ဌိတို့က နာမ်တရား အပေါင်းကို သံသရာဝဋ်ဒုက္ခမှ မလွတ်ရအောင် စုတိပြီးနောက် ပဋိသန္ဓေ, ပဋိသန္ဓေနောက် စုတိဟု သံကွင်း ချင်းယှက်သလို ဖွဲ့ဆက်ကြသည်" ဟူလို။

တစ်နည်း –ကာယေန ကာယံ ဂန္ထေန္တီတိ ကာယဂန္ထာ၊ (ကာယ ကာယဂန္ထာဟု ဆိုလိုလျက် ကာယတစ်ပုဒ် ကျေသည်၊) ကာယေန-ပစ္စုပ္ပန်နာမကာယ ရူပကာယနှင့်၊ ကာယံ-အနာဂတ်နာမကာယ ရူပကာယကို၊ ဂန္ထေန္တိ-ဖွဲ့နှောင်တတ်ကုန်၏၊ "လောဘ ဒေါသ ဒိဋ္ဌိ မကင်းသမျှ သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်သောကြောင့် ပစ္စုပ္ပန်ကာယအပြတ်တွင် အနာဂတ်ကာယနှင့် ဆက်စပ်မိအောင် ဖွဲ့နှောင်တတ်ရသော တရားများ" ဟူလို။ [သဟဇာတသတ္တိ ပစ္ဆာဇာတသတ္တိတို့ဖြင့် နာမကာယ ရူပကာယကို ဖွဲ့စပ်တတ်သည်ဟု ဋီကာကျော် မဏိ မဉ္ဇူတို့ ဖွင့်ပြသေး၏၊ သို့သော် ထို အဖွဲ့မျိုးမှာ သံကွင်းဆက်သလို အဖွဲ့မျိုး မဟုတ်သောကြောင့် ဂန္ထသဘော ရှိ/မရှိကို စဉ်းစားပါ၊ မူလဋီကာအတိုင်း ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။]

အဘိဇ္ဈာ ဗျာပါဒ။ ။ဝီထိမုတ်ပိုင်း အကုသလကမ္မပထ၌ပါသော အဘိဇ္ဈာသည် သူတစ်ပါးစည်းစိမ်ကို မတရားလိုချင်သော လောဘအကြမ်းစားတည်း၊ ဤ၌ကား မိမိဥစ္စာကိုဖြစ်စေ, သူများဥစ္စာကိုဖြစ်စေ, တရားသည်ဖြစ်စေ, မတရားသည်ဖြစ်စေ လိုချင်မှုလောဘဟူသမျှကို "အဘိဇ္ဈာကာယဂန္ထ" ဟု ခေါ်၏၊ ထို့ကြောင့် ဗြဟ္မာတို့၏ မိမိဥယျာဉ်ဗိမာန် စသည်၌ နှစ်သက်မှုကိုပင် အဘိဇ္ဈာကာယဂန္ထဟု နိက္ခေပကဏ္ဍ အဋ္ဌကထာဆိုသည်၊ အဘိမုခံ-နှစ်သက်ဖွယ်အာရုံသို့ ရှေ့ရှု၊ စျာယတိ-ကြံစည်တတ်၏၊ ဣတိ အဘိဇ္ဈာ-မည်၏၊ ဗျာပါဒ လည်း အကုသလကမ္မပထ ဗျာပါဒနှင့် မတူ၊ အကုသလကမ္မပထ၌ သူတစ်ပါး၏ သေကြေ ပျက်စီးမှုကို လိုလားသော ဒေါသအကြမ်းစားသည် ဗျာပါဒမည်၏၊ ဤ၌ကား ဒေါသဟူသမျှကိုပင် ဗျာပါဒကာယဂန္ထဟု ခေါ်သည်။

သီလဗ္ဗတပရာမာသ။ ။သီလဝတပုဒ်မှ ဝကို ဒွေဘော်ပြု, ဗ္ဗ(၂)လုံးပြု၍ သီလဗ္ဗတဟု ဖြစ်၏၊ ပရတော- အမှန်မှတစ်ပါး အမှားအားဖြင့်၊ အာမာသော-စွဲမြဲသုံးသပ် ထင်မှတ်ခြင်းသည်၊ ပရာမာသော-ပရာမာသမည် ၏၊ သီလဗ္ဗတဿ-အလေ့အကျင့်ဆိုးကိုပင်၊ ပရာမာသော-အမှန်ဟု မှားမှားယွင်းယွင်း သုံးသပ်ထင်မှတ်ခြင်း (ဒိဋ္ဌိ)သည်၊ သီလဗ္ဗတပရာမာသော-မည်၏။

နွားကျင့် ခွေးကျင့်။ ။ဘုရားစသော သူတော်စင်များကို မဆည်းကပ်ဘဲ သံသရာမှ လွတ်မြောက်ခြင်း ကိုလည်း အလိုရှိကြသော အချို့လူတို့သည် "ငါတို့သန္တာန်၌ ရှေးကပြုမိခဲ့သော အကုသိုလ်တွေ ရှိချေသေး ၏၊ ထိုအကုသိုလ်များသည် ယခုဘဝ၌ အလုံးစုံအကျိုးပေးပြီးဖြစ်အောင် အကြွေးဆပ်လျက် နောက်ထပ် အကုသိုလ်မပြုလျှင် ကိလေသာမှလည်း စင်ကြယ်, သံသရာမှလည်း လွတ်မြောက်ဖွယ် ရှိသည်" စဉ်းစားမိ ကြလေသည်၊ ထိုသို့ စဉ်းစားမိသည်အားလျော်စွာ ရှေးက အကုသိုလ်အပြစ်ဒဏ်ကို ယခုဘဝ၌ ခံသောအား ဖြင့် တချို့က နွားတို့၏အလေ့ နွားတို့၏အကျင့်ကို ကြိုးကြိုးစားစားကျင့်၏၊ အဝတ် မဝတ်ဘဲ နေ၏၊ သွား သောအခါလည်း နွားလို လေးဘက်ထောက်၍ သွား၏၊ စားလျှင်လည်းနွားလို စား၏၊ အိပ်လျှင်လည်း နွားလို အိပ်၏၊ အလေးအပေါ့ စွန့်ရာ၌လည်း နွားအတုကိုယူ၍ ဦးချိုနှင့် အမြီးကိုပင် တပ်ထားလိုက်သေး၏၊ တချို့ က ခွေးကျင့် ကျင့်၏, ခွေးတို့၏ အလေ့အလာကို သာယာ၏၊ ထိုကဲ့သို့ အကျင့်ဆိုး အလေ့ဆိုးကိုပင် ကိလေသာမှ စင်ကြယ်, သံသရာမှ လွတ်မြောက်လွယ်ကြောင်း အကျင့်ကောင်းတစ်ခုဟု စွဲလမ်းမှတ်ထင် လေသည်၊ တချို့ကား ထိုအကျင့်များဖြင့် နတ်ရွာ သုဂတိကို ရနိုင်၏ဟု အယူရှိကြ၏။ ဆက်ဦးအံ့–အခါတစ်ပါး၌ နွားကျင့်ကျင့်သော ပုဏ္ဏပရိဗိုဇ်နှင့် ခွေးကျင့်ကျင့်သော သေနိယပရိဗိုဇ်တို့သည်

ဘုရားရှင် အထံတော်သို့ လာကြ၍ ပုဏ္ဏပရိဗုဇ်က သေနိယ၏ကျင့်ပုံနှင့် အကျိုးအပြစ်, သေနိယပရိဗိုဇ်က လည်း ပုဏ္ဏ၏ကျင့်ပုံနှင့် အကျိုးအပြစ်ကို လျှောက်ထားကြလေရာ, ဘုရားရှင်က မလျှောက်ဖို့ရန်(၃)ကြိမ် တိုင်အောင် တားသော်လည်း မရသဖြင့်–"ခွေးအကျင့်ကို ကျကျနနကျင့်သူသည် (ခွေးစိတ်သာလျှင် အထုံပါ နေသောကြောင့်) သေလျှင် ခွေးဖြစ်၏၊ နွားအကျင့်ကို သေသေချာချာ ကျင့်သူသည်လည်း (နွားစိတ် အထုံ ပါနေသောကြောင့်) သေလျှင် နွားဖြစ်၏၊ ငါ့မှာ ဤအကျင့်ဖြင့် နတ်မင်း (နတ်ဘုရင်) သော်လည်းကောင်း, သို့မဟုတ် နတ်အမတ်ကြီးသော်လည်းကောင်း ဖြစ်ရတော့မှာပဲဟု မိစ္ဆာအယူရှိခဲ့လျှင် မိစ္ဆာအယူကြောင့် ငရဲနှင့် တိရစ္ဆာန်လျှော်ကန်ရာ ဖြစ်ရလိမ့်မည်" ဟု ဟောတော်မူသောအခါ နှစ်ယောက်လုံး ငိုကြွေးကြလေသည်၊ ထို့နောက် ဆက်၍ ဟောပြအပ်သော တရားတော်ကို နာရမှ ပုဏ္ဏက သရဏဂုံတည်၍ သေနိယက ရဟန်းပြုပြီးလျှင် မကြာခင် ရဟန္တာဖြစ်လေသည်၊...မဇ္ဈိမပဏ္ဏာသကုက္ကုရဝတိကသုတ်ပါဠိတော်။

ဣဒံသစ္စာဘိနိဝေသ။ ။ဣဒမေဝ-ဤငါ့အယူသာလျှင်၊ သစ္စံ-အမှန်တည်း၊ ဣတိ-ဤသို့၊ အဘိနိဝေ သော-လွန်လွန်ကဲကဲ စွဲမြဲစွာ သက်ဝင်ခြင်းသည်၊ ဣဒံသစ္စာဘိနိဝေသော-ဣဒံသစ္စာဘိနိဝေသမည်၏၊ အယူ မှားကြီးကို ယူထားပြီးလျှင်"ငါ့အယူသာအမှန်, ကျန်သမျှအယူတွေ အမှားချည်းပဲ" ဟု စွဲစွဲမြဲမြဲ သက်ဝင်နေ မှု, ကိုယ့်အယူကို ကျေနပ်နေမှုဖြစ်သော ဒိဋ္ဌိစေတသိက်တည်း၊ သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိစ္ဆာအယူကို ယူမိသော်လည်း "ငါ့အယူသာ အမှန်, ကျန်သမျှအလွဲ" ဟု မစွဲလမ်း၊ "ကျန်အယူများလည်း သူနည်းနှင့်သူ မှန်မှာပဲ" ဟု သမစိတ္တသဘောမျှ၏၊ ဣဒံသစ္စာဘိနိဝေသဒိဋ္ဌိကား ထိုကဲ့သို့ မဟုတ်, ကျန်သမျှအယူတွေ အမှားချည်းပဲဟု သဘောထား၍ မိမိအယူ၌ စွဲမြဲလေသည်၊ ထို့ကြောင့် ဤဂန္ထအားဖြင့် ခွဲခြားရာ၌ သီလဗ္ဗတ ပရာမာသဒိဋ္ဌိမှ တစ်ပါးသော မိစ္ဆာအယူသည် ဣဒံသစ္စာဘိနိဝေသ၌ ပါဝင်သတဲ့၊ ထို့ကြောင့် နိက္ခေပကဏ္ဍ ပါဠိတော်၌ "ထပေတွာ သီလဗ္ဗတပရာမာသံ ကာယဂန္ထံ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဣဒံသစ္စာဘိနိဝေသော ကာယ ဂန္ထော" ဟု မိန့်ပြီ။

မှတ်ချက်။ ။ဤစကားအရ "ဣဒံသစ္စာဘိနိဝေသသည် မိစ္ဆာအယူ သီးခြားတစ်မျိုးမဟုတ်, မိမိယူအပ် ပြီးသော မိစ္ဆာအယူအပေါ်တွင် အညွန့်တင်လျက် စွဲလမ်းချက်သာ ဖြစ်၏"ဟု မှတ်ပါ၊ သီလဗ္ဗတပရာ မာသအယူကို ယူပြီး၍ ဤအယူသာ အမှန်ဟု စွဲလမ်းပြန်လျှင် ဣဒံသစ္စာဘိနိဝေသသဘော သက်ဝင်မည်သာ၊ ဗုဒ္ဓဘာသာ အယူမှန်ကို ယူပြီးနောက် ဤအယူသာ အမှန်ဟု စွဲလမ်းမှုမှာ ဒိဋ္ဌိ သဘောမဟုတ်, သမ္မာအယူ၏ ခိုင်မြဲကြောင်းသာတည်း။

ဥပါဒါန။ ။ဥပသဒ္ဒါသည် အလွန်အကဲဟူသော အနက်ကို ဟော၏၊ အာဒါနသဒ္ဒါသည် ယူခြင်းဟူသော အနက်ကို ဟော၏၊ "ဖားကို မြွေကဖမ်းတဲ့အခါ မလွှတ်ဘဲ စွဲစွဲမြဲမြဲ ဖမ်းယူထားသကဲ့သို့, မိမိဆိုင်ရာအာရုံ၌ စွဲစွဲမြဲမြဲယူတတ်သော (စွဲလမ်းတတ်သော) တရားကို ဥပါဒါန" ဟု ခေါ်၏၊ [ဆောင်ပုဒ်အခြေပြုမှာရှု၊] ဥပါဒိ ယန္တိ-စွဲမြဲစွာ ယူတတ်ကုန်၏၊ ဣတိ ဥပါဒါနာနိ၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန်တို့သည် ကာမာသဝ, ဒိဋ္ဌာသဝ, သီလဗ္ဗတပရာမာသကာယဂန္ထတို့နှင့် တူပြီ။

အတ္တဝါဒုပါဒါနံ။ ။ဧတေန-ဤအယူဖြင့်၊ ဝဒန္တိ-ပြောဆိုတတ်ကုန်၏၊ ဣတိ-ကြောင့်၊ ဝါဒေါ-မည်၏၊ အတ္တ နော-အတ္တကို၊ ဝါဒေါ-ပြောဆိုကြောင်း မိစ္ဆာအယူသည်၊ အတ္တဝါဒေါ-အတ္တဝါဒ မည်၏၊ အတ္တဝါဒေါယေ ဝ-

အတ္တဝါဒသည်ပင်၊ ဥပါဒါနံ-စွဲလမ်းတတ်သည်လည်း၊ ဣတိ-ကြောင့်၊ အတ္တဝါဒုပါဒါနံ-မည်၏၊ ဤအတ္တဝါဒု ပါဒါန် အယူရှိနေသူသည် ရုပ်နာမ်တရားတို့၏ အနတ္တဖြစ်ပုံကို သဘောမကျနိုင်၊ အတ္တရှိသည်ဟုသာ ပြောဆို လေ့ရှိ၏၊ ပုထုဇဉ်အများတို့ စွဲလမ်းထင်မှားအပ်သော ထိုအတ္တသည် ပရမအတ္တ ဇီဝအတ္တဟု နှစ်မျိုးရှိ၏၊ "ပရမအတ္တ" ဟူသည် ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေကို စီမံဖန်ဆင်းနိုင်သူဟု စွဲလမ်း ထင်မှားအပ်သော အတ္တတည်း၊ ဇီဝအတ္တကား သတ္တဝါတစ်ယောက် တစ်ယောက်၏ "အသက်" ဟု စွဲလမ်းထင်မှားအပ်သော အတ္တတည်း။

ချဲ့ဦးအံ့ –ဝီထိမုတ်ပိုင်း၌ ပြခဲ့သည့်အတိုင်း ကမ္ဘာတည်၍ ပဌမစျာန်(၃)ဘုံ ဖြစ်သောအခါ အထက် ဗြဟ္မာ့ဘုံမှ စုတေ၍ ပထမစျာန်ဘုံ၌ ရှေးဦးစွာဖြစ်သော ဗြဟ္မာကြီးသည် တစ်ယောက်တည်း နေရသည့် အတွက် ပျင်းရိလှသဖြင့် အခြားဗြဟ္မာများ ဖြစ်လာဖို့ရာ တောင့်တခိုက်မှာပင် "ထန်းသီးကြွေခိုက် ကျီးနင်း ခိုက်" ဆိုသလို အခြားဗြဟ္မာများလည်း အထက်ဘုံမှ စုတေ၍ ရောက်လာကြသည်၊ ထိုအခါ မူလရှိရင်း ဗြဟ္မာကြီးက သူတောင့်တတိုင်း ဖြစ်ပေါ်လာသောကြောင့် နောက်ရောက်လာသော ဗြဟ္မာများကို "သူဖန် ဆင်းတာပဲ" ဟု အထင်ကြီးလေ၏၊ နောက်မှ ရောက်လာသော ဗြဟ္မာတို့ကလည်း ထိုဗြဟ္မာကြီးက မိမိတို့ ထက် ကိုယ်ရောင်ကိုယ်ဝါ အရာရာသာလွန်သည်ကို မြင်ရ၍ "မိမိတို့ကို ထိုဗြဟ္မာကြီး ဖန်ဆင်းပေးသည်" ဟု အထင်မှားလျက် ထိုဗြဟ္မာကြီးကို ခစားကြလေသည်။

ဗြဟ္မဇာလသုတ်။ ။အယံ ခေါ ဘဝံ ဗြဟ္မာ မဟာဗြဟ္မာ အဘိဘူ အနဘိဘူတော အညဒတ္ထုဒသော ဝသဝတ္တိ ဣဿရော ကတ္တာ နိမ္မာတာ သေဋ္ဌော သဇိတာ ဝသီ ပိတာ ဘူတဘဗျာနံ, မယံ ဘောတာ ဗြဟ္မုနာ နိမ္မိတာ-ဤအရှင်ဗြဟ္မာသည် မဟာဗြဟ္မာမင်းပေတည်း, သတ္တဝါတွေကို လွှမ်းမိုး အုပ်စိုးနိုင်သူပေတည်း, သူတစ်ပါး၏ အုပ်စိုးခြင်းကို မခံရ, စင်စစ်ဧကန် အမှန်အားဖြင့် အလုံးစုံကို မြင်နိုင် သောသဗ္ဗညုဘုရားပေတည်း, သတ္တဝါဟူသမျှကို မိမိအလိုသို့ လိုက်ပါစေနိုင်သည်, အတ္တဝါဟူသမျှကို အစိုးရသော ဤသွရ, ပရမီသွာရ(ပရမီသွာ) ပေတည်း, ကမ္ဘာလောကနှင့် သတ္တဝါအနန္တကို ပြုစုဖန်ဆင်း တတ်သူပေတည်း, လောကဓာတ်တစ်ခုလုံးတွင် အမြတ်ဆုံး ဖြစ်ပေသည်, မင်း, ပုဏ္ဏား, သူဋ္ဌေး, သူကြွယ် မကျန် သူ့နေရာနှင့်သူ ခွဲခြားစီမံတတ်သူပေတည်း၊ ဖြစ်ပြီး, ဖြစ်ဆဲ သတ္တဝါများ၏ ခမည်းတော်ကြီး ဖြစ်ပေသည်၊ ငါတို့အားလုံးပင် ဤဗြဟ္မာကြီးက ဖန်ဆင်းပေးသဖြင့် ဤဗြဟ္မာဘုံမှာ ဖြစ်ကြရပေသည်။

ဤသို့ ဗြဟ္မာ့ပြည်တုန်းကပင် ထိုဗြဟ္မာကြီး၏ အပေါ်မှာ အထင်အမြင်ကြီးလာခဲ့ပြီးနောက် အချို့ဗြဟ္မာ ငယ်တို့သည် ထိုဘဝမှ စုတေ၍ လူ့ပြည်သို့ ရောက်သည့်တိုင်အောင် ထိုဗြဟ္မာကြီးမှာ ဗြဟ္မာငယ်များထက် သုံးပုံ, နှစ်ပုံ, တစ်ပုံခန့် ပိုမို၍ အသက်ရှည်လျက် ကျန်ရစ်ခဲ့လေသည်၊ ထိုအခါ လူ့ပြည်ရောက်သူတို့တွင် တချို့က ရသေ့ ရဟန်းပြု၍ စျာန်အဘိညာဉ်ကို အားထုတ်ကြသဖြင့် စျာန်အဘိညာဉ် ရလေလျှင် ယခင် ဗြဟ္မာကြီးကို ပြန်၍ မြင်ကြလေ၏၊ ထိုအခါ ရှေးကထက် ခိုင်မြဲစွာ အထင်အမြင်ကြီးလျက် "ဤကမ္ဘာလာက ကြီးနှင့်တကွ သတ္တဝါတွေကို မဟာဗြဟ္မာမင်း တည်ထောင်ဖန်ဆင်းသည်" ဟု တစ်ဆင့် ဟောပြောကြလေ ရာ, "ဖန်ဆင်းသူရှိ၏" ဟူသော ထိုအယူဝါဒသည် လူ့ပြည်လောက၌ ထိုကမ္ဘာဦးကပင် တစ်စတစ်စ ပြန့်ပွား ခဲ့လေသည်၊ ထိုအယူဝါဒအလို မဟာဗြဟ္မာကြီးသည် ကမ္ဘာကို ဖန်ဆင်းနိုင်သော ပရမအတ္တ (အလွန်မြတ် သော မပျက်စီးနိုင်သော အတ္တတော်ကြီး) ပေတည်း။

ဆက်ဦးအံ့ –ထိုမဟာဗြဟ္မာကို ပရမအတ္တဟု စွဲလမ်းခဲ့ရာ တစ်စတစ်စ ဆင်းသက်၍ နောက် လူတို့ လက်ထက်၌ကား ထိုဗြဟ္မာကို မမြင်နိုင်ကြတော့သဖြင့် "ဤပုဂ္ဂိုလ်ပဲ" ဟု လက်ညှိုးညွှန်ကာ ပုဂ္ဂိုလ်ဒြဗ်ကို မပြနိုင်သော်လည်း (ကောင်းကင်၌ တိုက်တည်သလို) စိတ်ကူးဖြင့် မှန်းဆလျက် ဤကမ္ဘာလောကကြီးနှင့် တကွ သတ္တဝါအနန္တတွေကို ဖန်ဆင်းသူဟု ယူဆအပ်သော ထိုပရမအတ္တကိုပင် သက္ကတ ဟိန္ဒီဘာသာ အားဖြင့် "ဤသွရ, ပရမီသွာရ, ပရမီသွာ" ဟုလည်းကောင်း, ပါရှင်ဘာသာအားဖြင့် "ခုဒါ=ခိုဒါ" ဟုလည်း ကောင်း, အာရဗီဘာသာအားဖြင့် "အလ္လာဘ်" ဟုလည်းကောင်း, အင်္ဂလိပ်ဘာသာအားဖြင့် "ဂေါ့ဒ်" ဟု လည်းကောင်း, မြန်မာဘာသာအားဖြင့် ထာဝရဘုရား (အမြဲတည်သောဘုရားဟု လည်းကောင်း, အမျိုးမျိုး နာမည်တပ်၍ စွဲမှတ်ခဲ့ကြလေသည်၊ ဤကား အတ္တဝါဒုပါဒါန်ဖြင့် ပရမအတ္တကို စွဲလမ်းပုံတည်း။ ဇီဝအတ္တစွဲလမ်းပုံ။ ။ဤခန္ဓာကိုယ်တွင်း၌ "အသက်ကောင်"ဟု ခေါ်ရသော "အတ္တ" ရှိ၏၊ ထိုအတ္တသည်

အလွန်သတ္တိကောင်း၏၊ (ကာရက) ပြုလုပ်ဖွယ်ဟူသမျှကို ပြုလုပ်တတ်၏၊ ဥပမာ-ခြေလှမ်း၍ သွားနေရာ၌ ခြေထောက်၏ သတ္တိမဟုတ်, အတွင်းက အတ္တ၏သတ္တိပင်တည်း၊ အတ္တ၏အလိုကြောင့် ခြေထောက်ကြီး မြှောက်လိုက်ချလိုက်နှင့် ရှေ့သို့တိုးလျက် နေရ၏၊ ကောင်းမှု မကောင်းမှု အစုစုကို ထိုအတ္တ၏ သတ္တိကြောင့် ပြုမိကြ၏၊ အတ္တက ကောင်းမှုကို ပြုချင်လျှင် အတ္တအမိန့်အတိုင်း ကိုယ်နှုတ်တို့က ကောင်းမှုကိုပြုလျက် ဖြစ် ကြရ၏၊ ဥပမာ-ဘုရားရှိခိုးရာ၌ လက်သည် အတ္တ၏ သဘောအတိုင်း ဘုရားဘက်သို့ လက်အုပ်ချီရလေ၏၊ လက်အုပ်ချီလျက်နေအောင် အတ္တက စီမံလျက် ရှိနေသတဲ့။

ဝေဒက။ ။ကောင်းမှု မကောင်းမှု၏ အကျိုးကိုလည်း အတ္တသည် ခံစား၏၊ နာကျင်မှု အရသာရှိမှုစသော ခံစားဖွယ်ဟူသမျှကို အတ္တက ခံစား၏၊ "ယခုလိုဘဝက ကောင်းမှု မကောင်းမှုကို ပြုခဲ့သည့်အတိုင်း နောင်ခါ မိမိပြုအပ်သော ကောင်းကျိုး မကောင်းကျိုးကို အတ္တသည်ပင် ခံစားရလိမ့်မည်-ဟူလို။

သာမီ။ ။ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် ပိုင်နိုင် အုပ်စိုးနိုင်သောကြောင့် ထိုအတ္တသည် ခန္ဓာအိမ်၏ အရှင် ခန္ဓာအိမ်ပိုင်ပင် ဖြစ်၏။

နိဝါသီ။ ။ခန္ဓာကိုယ် အဟောင်း ဆွေးမြေ့ ပျက်စီးသောအခါ ခန္ဓာအိမ်အသစ်ကို စီမံဖန်တီးလျက် ထို ခန္ဓာအိမ်အသစ်သို့ ရွှေ့ပြောင်းနေထိုင်တတ်သောကြောင့် ခန္ဓာအိမ်သာ ပျက်၏၊ အတ္တကား အပျက်အစီး မရှိ, အမြဲ တည်သည်၊ [တချို့က "ဤဇီဝအတ္တသည် ပရမအတ္တ၏ အစိတ်အပိုင်း ဖြစ်၍ ခန္ဓာအိမ်ပျက်ချိန် ကျသောအခါ မူလဖန်ဆင်းလိုက်သော ပရမအတ္တအထံသို့ ပြန်သွားသည်" ဟု ယူကြသတဲ့။]

သယံဝသီ။ ။ခန္ဓာအိမ်နှင့် ဆိုင်ရာဝယ် မိမိအလိုသို့ လိုက်ပါစေနိုင်သည်၊ ဤနိဝါသီနှင့် သယံဝသီပုဒ် တို့အရ "အတ္တသည် မပျက်မစဲ အမြဲတည်သော အနှစ်သာရ အမာခံ အထည်ကိုယ်တည်း, မိမိအလိုသို့ လိုက်ပါစေနိုင်သော ဝသဝတ္တနသဘော ရှိ၏" ဟု စွဲလမ်း မှတ်ထင်ကြသည်။

သက္ကာယဒိဋ္ဌိ။ ။ဤသို့ စွဲလမ်းရာ၌ ခန္ဓာငါးပါးတွင် တချို့က ဝိညာဏက္ခန္ဓာကို အတ္တဟု စွဲလမ်း၍, တချို့က ရူပက္ခန္ဓာကို စွဲလမ်း၏၊ တချို့က စေတသိက်ခန္ဓာ တစ်ပါးပါးကို စွဲလမ်း၏၊ ဤကဲ့သို့ ခန္ဓာငါးပါး၌ အတ္တဟု စွဲလမ်းမှုကို "သက္ကာယဒိဋ္ဌိ" ဟု ခေါ်၏၊ ဤအတ္တဝါဒုပါဒါန်ပင်တည်း၊ မည်သည့် ဒိဋ္ဌိမဆို ဤသက္ကာယဒိဋ္ဌိမှ ဆက်သွယ်၍ ဖြစ်ပေါ်ရသဖြင့် ဤသက္ကာယဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိဟူသမျှ၏ အရင်းခံမျိုးစေ့ ဖြစ်သည်ဟု သဠာယတနသံယုတ်(စိတ္တဝဂ်၌)မိန့်တော်မူသည်။

[သန္တော+ကာယော သက္ကာယော, သက္ကာယေ + ပဝတ္တာ + ဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ၊ သန္တော-ထင်ရှားရှိသော၊ ကာယော-ခန္ဓာငါးပါးအပေါင်းတည်း၊ သက္ကာယော-ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၊ သက္ကာယေ-ပရမတ္ထ အားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၌၊ ပဝတ္တာ-ဖြစ်သော၊ ဒိဋ္ဌိ-သည်၊ သက္ကာယဒိဋ္ဌိ-သက္ကာယဒိဋ္ဌိ မည်၏။]

အတ္တစွဲလမ်းပုံ။ ။ယခုအခါ ဗုဒ္ဓဘာသာဝင်တို့လည်း"ဘယ်လိုအရာ" ဟု ကျကျနန မပြောတတ်စေကာ မူ ရုပ် နာမ်ခန္ဓာ၌ (အထူးအားဖြင့် ဝိညာဉ်အပေါ်၌) အတ္တစွဲလမ်းလျက်ပင် ရှိကြ၏၊ ထိုအတ္တကို အသက် ကောင် လိပ်ပြာကောင် ဝိညာဉ်ကောင်ဟု ပြောစမှတ်ပြုကြ၏၊ လူတစ်ယောက် စုတေသောအခါ "အသက် ထွက်သွားပြီ" ဟုလည်းကောင်း, ကလေးများ လန့်၍ အင်မတန် ငိုနေသောအခါ "လိပ်ပြာလွင့်သွားသည်" ဟုလည်းကောင်း, သေသူ၏ လိပ်ပြာသည် ချစ်သူ၏လိပ်ပြာကို လာရောက် ခေါ်ယူနေသည်, သို့အတွက် "လိပ်ပြာချင်း ခွဲရမည်" စသည်ဖြင့်လည်းကောင်း ယခုတိုင် ပြောစမှတ် ပြုကြသေး၏၊ ဤအတ္တစွဲလမ်းမှုကား နယ်ကျယ်လှ၏၊ ခန္ဓာကိုယ်၌သာမကဘဲ အပြင်ပ သစ်ပင် တော တောင် မြေ ရေ တို့မှာပင် အသက် ဇီဝ အတ္တ ရှိ၏ဟု စွဲလမ်းကြ၏။ ["ဇီဝသညိနောဟိ မနုဿာ ရုက္ခသ္မိံ" –ဝိနည်းဘူတဂါမသိက္ခာပဒ ပါဠိတော်။]

သတ္တိယာ ယဿ ဇီဝဿ, လောကော ဝတ္တတိ မညိတော၊ ကာရကော ဝေဒကော သာမီ, နိဝါသီ သော သယံ ဝသီ။

ယဿ ဇီဝဿ-ပုဂ္ဂိုလ်သတ္တဝါ, မှတ်ရာမြားမြောင်, လိပ်ပြာဟု ခေါ်ဆိုအပ်သော အကြင် အသက်ကောင် ၏၊ သတ္တိယာ-စွမ်းရည်သတ္တိ, မပြတ်ရှိခြင်းကြောင့်၊ လောကော-ယခုမျက်မြင်, များဖြင်သောင်းသောင်း, သတ္တဝါအပေါင်းသည်၊ ဝတ္တတိ-ထိုဤအမှု, ကိုယ်စီပြုလျက်, ယခုအနေ, တည်နိုင်ကြပေ၏၊ ဣတိ မညိတော

-ဤကဲ့သို့ပင်, ပုထုဇဉ်တို့, အစဉ်မပြား၊, အထင်မှားအပ်သော၊ သော ဇီဝေါ-ထိုအသက်ကောင်သည်၊ ကာရ ကော-ပြုရေးပြုရာ, ပေါ်ပေါက်လာလျှင်, လျော်စွာ တစ်ခုခုဖြင့် ပြုလည်းပြုတတ်ပေ၏၊ ဝေဒကော-ကောင်း ကောင်းဆိုးဆိုး, အမျိုးမျိုးကို, အကျိုးလျော်ကန်, ေ ပါ်လာပြန်လျှင်, ခံစံလည်း ခံစံတတ်ပေ၏၊ သာမီ-ခန္ဓာ အိမ်ဆိုင်သမျှ၌, ပိုင်သအုပ်စီး, အရှင်သခင်ကြီးပေတည်း၊ နိဝါသီ-ဟောင်းခန္ဓာအိမ်, ပျက်သည့်ချိန်ဝယ်, ခန္ဓာ အိမ်အသစ်လဲ၍, အမြဲတည်နိုင်ပေ၏၊ သယံဝသီ-ခန္ဓာအိမ်မှု, အစုစု၌, တစ်ခုမကျန်, စီမံခွဲဝေ, မိမိအလိုသို့ လိုက်ပါစေနိုင်သော သဘောပေတည်း။

ထိုဇီဝအတ္တကို သက္ကတ၌ "အာတ္မာ(ပါဠိလို အာတုမာ)" ဟု ခေါ်၏၊ ပါဠိတော်များ၌ "ဇီဝ, သရီရ, ပုဂ္ဂလ, သတ္တ" ဟု အမျိုးမျိုးခေါ်၏၊ အာရဗီဘာသာ၌ "ရူဟ်",

အင်္ဂလိပ်ဘာသာ၌ "ဆိုးလ်" ဟု ခေါ်သတဲ့၊ "ဤအတ္တသည် တကယ်ဧကန်အမှန်ရှိ၏" ဟု ထင်မှတ်သော အယူသာလျှင် အတ္တဝါဒုပါဒါန်ဒိဋ္ဌိတည်း၊ အများပြောနေကျအတိုင်း "အတ္တာ ဟိ အတ္တနော နာထော" စသည်ဖြင့် ဟောပြမှုမှာ အတ္တဝါဒုပါဒါန် မဟုတ်၊ ဤဥပါဒါန်အားဖြင့် ခွဲခြားရာ၌ အတ္တဝါဒုပါဒါန်နှင့် သီလဗ္ဗတု ပါဒါန်ဒိဋ္ဌိတို့မှ ကြွင်းသောဒိဋ္ဌိဟူသမျှကို ဒိဋ္ဌုပါဒါန်ဟုချည်း မှတ်ပါ၊ ထို့ကြောင့် နိက္ခေပကဏ္ဍပါဠိတော်၌ "ထပေတွာ သီလဗ္ဗတုပါဒါနဉ္စ အတ္တဝါဒုပါဒါနဉ္စ သဗ္ဗာပိ မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌုပါဒါနံ" ဟု မိန့်ပြီ။

______________

နီဝရဏ။ ။စျာနာဒိကံ-စျာန်အစရှိသော ကုသိုလ်တရားကို၊ နိဝါရေန္တိ-တားမြစ်တတ်ကုန်၏၊ ဣတိ- ကြောင့်၊ နိဝရဏာနိ-နီဝရဏတို့ မည်၏၊ "စျာန်တရား မဂ် ဖိုလ်တရားများကို ဖြစ်ခွင့်မပေးဘဲ တားမြစ်တတ်သည်" ဟူလို၊ စျာန်တရားကိုကား ဖြစ်ခွင့်မပေးရုံသာမက ကာမစ္ဆန္ဒနီဝရဏအကြမ်းစားနှင့် ဗျာပါဒနီဝရဏ တို့က ဖြစ်ပြီးရအပ်ပြီးသော စျာန်တရားကိုပင် ကွယ်ပစေနိုင်သည်၊ စျာန် မဂ် ဖိုလ်သာမက, ကာမကုသိုလ် များကိုလည်း တားမြစ်ကြသည်သာ၊ ကာမစိတ် ဒေါသစိတ် စသည်ဖြစ်နေသောအခါ အခြားကုသိုလ်ဟူသမျှ ဖြစ်ခွင့်မရသည်ကို ထောက်ပါ၊ ဤနီဝရဏတို့၏ တရားကိုယ်ကောက်၌ ရှုပ်ထွေးဖွယ် မရှိ။

တရားကိုယ်နှစ်ပါး နီဝရဏတစ်ခု။ ။ထိနနှင့် မိဒ္ဓသည် ကိစ္စအားဖြင့်လည်းကောင်း, ဖြစ်ကြောင်းအား ဖြင့်လည်းကောင်း တူကြ၏၊ ဆန့်ကျင်ဘက်အားဖြင့်လည်း တူကြ၏၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စလည်း ကိစ္စ, ဖြစ်ကြောင်း, ဆန့်ကျင်ဘက်အားဖြင့် တူကြကုန်၏၊ ထို့ကြောင့် တရားကိုယ် နှစ်ပါးစီကို နီဝရဏတစ်ခုတည်း ဟောတော်မူသည်။

ကိစ္စာဟာရပဝိက္ခာနံ, ဧကတ္တာ ဧကမေတ္ထ ဟိ၊ ကတမုဒ္ဓစ္စကုက္ကုစ္စံ, ထိနမိဒ္ဓဉ္စ တာဒိနော။ (ဋီကာကျော်)

ချဲ့ဦးအံ့ –ထိန မိဒ္ဓ နှစ်ပါးလုံးသည် ထိုင်းမှိုင်းခြင်း သဘောတရားများ ဖြစ်၍ မိမိတို့ယှဉ်ရာ စိတ္တုပ္ပာဒ်ကို ထိုထိုအမှု၌ တွန့်ဆုတ်အောင် ပြုတတ်ကြ၏၊ ထို့ကြောင့် ထိန မိဒ္ဓ နှစ်ပါးစုံသည် ယှဉ်ရာစိတ္တုပ္ပာဒ်ကို တွန့်ဆုတ်အောင်ပြုခြင်း ကိစ္စအားဖြင့် သဘောတူ၏၊ ဤထိန မိဒ္ဓ နှစ်ပါးလုံးပင် ပျင်းရိမှုကြောင့် ဖြစ်တတ် ရကား ဖြစ်ခြင်း၏ အကြောင်းအားဖြင့်လည်း တူ၏၊ ထိန မိဒ္ဓနှစ်ပါးလုံးပင် ထက်မြက်သော ဝီရိယနှင့် ဆန့်ကျင်ဘက် ဖြစ်၏၊ ထိန မိဒ္ဓ ဖြစ်လာသောအခါ ထက်သန်သော ဝီရိယများ ဆုတ်ယုတ် ပျက်ပြားရိုးပင် ဖြစ်၏၊ ဤသို့ဆန့်ကျင်ဘက်အားဖြင့်လည်း တူကြသည်။

ဥဒ္ဓစ္စ ကုက္ကုစ္စနှစ်ပါးတွင် ဥဒ္ဓစ္စက မငြိမ်သက်ခြင်း, ကုက္ကုစ္စက နောင်တတစ်ဖန် ပူပန်ခြင်းသဘောဖြစ်၍ .နှစ်ပါးလုံးပင် အသန္တ ကိစ္စ(မငြိမ်သက်ခြင်းကိစ္စ)အားဖြင့် တူမျှ၏၊ ဉာတိဗျသန (ဆွေမျိုးပျက်စီးမှု), ဘောဂဗျ သန(စည်းစိမ်ပျက်စီးမှု), ရောဂဗျသန(အနာရောဂါဖြစ်မှု), သီလဗျသန(သီလပျက်စီးမှု), ဒိဋ္ဌိဗျသန (အယူ ပျက်စီးမှု)၊ ဤဗျသနငါးခုတွင် တစ်ခုခုကြောင့် ထိုဥဒ္ဓစ္စ, ကုက္ကုစ္စတို့ ဖြစ်တတ်ရကား ဖြစ်ကြောင်းအားဖြင့် လည်း တူမျှ၏၊ ထိုနှစ်ပါးစုံသည် သမထဟု ခေါ်အပ်သော သမာဓိ၏ ဆန့်ကျင်ဘက်ဖြစ်၏၊ ထိုဥဒ္ဓစ္စ ကုက္ကုစ္စ. ဖြစ်လာလျှင် စိတ်ဓာတ်များ တည်တည်ကြည်ကြည် မရှိနိုင်တော့ပြီ။ [အခြေပြု၌ ဆောင်ပုဒ်ရှိသည်၊ အောက် ပါဂါထာသည် ဋီကာကျော်ဂါထာတည်း၊ အနက်ကို ထိုနိဿယ၌ ရှုပါ။]

လီနတာ သန္တတာ ကိစ္စံ, တန္ဒီဉာတိဝိတက္ကနံ၊ ဟေတုဝီရိယသမထာ, ဣမေ တေသံ ဝိရောဓိနော။

~~~~~~~~~~~

အနုသယ။ ။အနု အနု သေန္တီတိ အနုသယာ-သတ္တဝါတို့၏ ခန္ဓာအစဉ်၌ အမြဲမပြတ် ကိန်းဝပ်လျက်ပါ နေသော ကိလေသာဓာတ်ကို "အနုသယ"ဟု ခေါ်သည်၊ ထင်ရှားစေအံ့-အသီး သီးမည့် သရက်ပင်၌ အသီး သီးစေတတ်သော ဓာတ်သတ္တိသည် သရက်စေ့ဝယ် အညှောက်ထွက်သည်ကစ၍ ပင်လုံး, အခက်, အရွက်, အညွန့်တို့၌လည်း ပါ၏၊ ဤသို့ အသီး သီးစေတတ်သော ဓာတ်သတ္တိသည် သရက်ပင်တစ်ပင်လုံး၌ အစ အဆုံး ကိန်းဝပ်နေသကဲ့သို့, ထို့အတူ အနုသယဟု ခေါ်အပ်သော ကိလေသာဓာတ်သည်လည်း ကလလ ရေကြည် တည်ခါစဝယ် ပဋိသန္ဓေစိတ် စေတသိက်နှင့် ကလာပ်သုံးစည်း၌လည်း ပါရှိ၏၊ ထို့နောက် တစ်ဘဝ လုံး အဆက်ဆက် ရုပ်အစဉ် နာမ်အစဉ်မှာလည်း ပါရှိ၏၊ ရဟန္တာ မဖြစ်သေးသမျှ ကုသိုလ်ကောင်းမှု ပြုနေ တုန်း, ကမ္မဋ္ဌာန်းအားထုတ်နေတုန်းမှာလည်း ထိုကိလေသာဓာတ်သတ္တိတွေ အပြည့်အနှက် ပါရှိနေ၏၊ တစ်ဘဝကုန်၍ စုတိစိတ် ဖြစ်တုန်းမှာလည်း ပါရှိ၏၊ နောက်ဘဝ ပဋိသန္ဓေအသစ်မှာလည်း ဆက်လက် ပါရှိ လေ၏၊ အရူပဘုံ၌ နာမ်တရားချည်း ပဋိသန္ဓေနေသော်လည်း ထိုအရူပဘုံနာမ်အစဉ်မှာလည်း ပါရှိ၏၊ အသညသတ်ဘုံ၌ ရုပ်ချည်းနေသော်လည်း အသညသတ်ရုပ်အစဉ်မှာလည်း ပါရှိ၏၊ ထို့ကြောင့် "အနု အနု- အစဉ်တစိုက်၊ သန္တာနေ-ရုပ်နာမ်ခန္ဓာအစဉ်၌၊ သေန္တိ-ကိန်းဝပ်တည်နေတတ်ကုန်၏" ဟု ဆိုရပေသည်။ [မည်သည့်ဘုံ မည်သည့်အခါ၌ မည်သည့်အနုသယများ ကိန်းဝပ်ပါရှိကြောင်းကို အနုသယယမိုက်မှာကြည့် ပါ။]

တစ်နည်း –"အနုရူပံ ကာရဏံ လဘိတွာ သေန္တိ ဥပ္ပဇ္ဇန္တီတိ အနုသယာ"၊ ဤဝိဂြိုဟ်နှင့်စပ်၍ အနုသယ ဓာတ်ကို နားလည်ဖို့ရာ အခိုက်အတန့် (၃)မျိုးအားဖြင့် ကိလေသာ(၃)မျိုး နာမည်ရပုံကို မှတ်သားရာ၏၊ ကိလေသာသည်

အနုသယကိလေသာ, ပရိယုဋ္ဌာနကိလေသာ, ဝီတိက္ကမကိလေသာဟု (၃)မျိုးရှိ၏၊ အနုသယကိလေသာဟူသည် ဥပါဒ်, ဌီ, ဘင် အထင်အရှား မဟုတ်ဘဲ ခန္ဓာအစဉ်၌ အမြဲကိန်းဝပ်ပါနေသော ကိလေသာ၏ ဓာတ် သတ္တိတည်း၊ ပရိယုဋ္ဌာနကိလေသာကား ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှား ထကြွလာသော ကိလေသာ တည်း၊ ထိုပရိယုဋ္ဌာနကိလေသာ ဖြစ်ရုံမျှဖြင့် ကိုယ်ထိလက်ရောက် ဖောက်ပြန်ကျူးလွန်မှု မရှိသေးချေ၊ ဝီတိက္ကမကိလေသာကား စိတ်ထဲ၌ ထကြွရုံတင်မကဘဲ လောဘအလျောက် ဒေါသအလျောက် ကိုယ်မှု နှုတ်မှု လှုပ်ရှားလျက် ဖောက်ပြား ကျူးလွန်စေတတ်သော ကိလေသာတည်း။

ထင်ရှားစေအံ့ –ပုဂ္ဂိုလ်တစ်ဦးသည် ကုသိုလ်စိတ်ထားဖြင့် ကမ္မဋ္ဌာန်းတရားဟောနေ၏၊ ထိုအခါ ပရိယု ဋ္ဌာန, ဝီတိက္ကမကိလေသာ မဖြစ်သေး, အနုသယကိလေသာကား ပုထုဇဉ်မှန်လျှင် ပြည့်လျှံနေ၏၊ ကမ္မဋ္ဌာန်း တရား ဟောပြီးနောက် တစ်စုံတစ်ယောက်ကို မြင်ရသဖြင့် စိတ်ကို မထိန်းနိုင်တော့ပြီ၊ ထိုအခါ ငြိမ်နေသော မြွေဟောက်ကို တုတ်ဖြင့် ခေါက်လိုက်သလို ငြိမ်ဝပ်နေသော ကာမရာဂါနုသယကိလေသာဓာတ်သည် ဖြတ်ခနဲ ထကြွလျက် ပရိယုဋ္ဌာနအနေ ဥပါဒ် ဖြစ်ပေါ်လေ၏၊ ထိုကဲ့သို့ ပရိယုဋ္ဌာန အနေအားဖြင့် အတော် ကြာပြီးနောက် ေ ဖာက်ပြန်လွန်ကျူးလျက် ဝီတိက္ကမဘက်သို့ တိုးတက်ကြပါရောတဲ့၊ ဤသို့လျှင် အနုသယ ကိလေသာဟူသည် ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှား ဖြစ်ပေါ်နေသည် မဟုတ်, ဖြစ်လောက်သော အကြောင်းတစ်စုံတစ်ရာနှင့် တွေ့သောအခါ ဖြစ်ပေါ်ဖို့ရာ အခြေခံမျိုးစေ့ဖြစ်သော ဓာတ်သတ္တိတစ်မျိုးတည်း၊ ထို့ကြောင့် "အနုရူပံ-လျောက်ပတ်သော၊ ကာရဏံ-အကြောင်းကို၊ လဘိတွာ-ရ၍၊ ဝါ-ရသည်ရှိသော်၊ သေန္တိ- ဖြစ်ပေါ်လာတတ်ကုန်၏" ဟု ဆိုရပေသည်။ [ကာမရာဂဖြစ်လောက်သောအကြောင်း, ပဋိဃဖြစ်လောက် သောအကြောင်း စသည်ကို "အနုရူပံ ကာရဏံ" ဟု ဆိုသည်။]

ကိလေသာ ပယ်ကြောင်း။ ။ပြခဲ့သော ကိလေသာ သုံးမျိုးတွင် ဝီတိက္ကမကိလေသာ မဖြစ်နိုင်အောင် သီလဖြင့် တားမြစ်ရ၏၊ ပရိယုဋ္ဌာနကိလေသာမဖြစ်အောင် သမာဓိဖြင့် (ထိုအာရုံ၌ စိတ်မဝင်စားအောင် သမာဓိတရားဖြင့်) တားမြစ်ရ၏၊ အနုသယကိလေသာကိုကား ဆိုင်ရာ မဂ်ဖြင့်သတ်မှ အကြွင်းမဲ့ဖြတ်နိုင်သည်၊ ဤစကားစဉ်အရ "မဂ်ဖြင့် မပယ်အပ်သေးသည်ဖြစ်၍ ခန္ဓာကိုယ်၌ ကိန်းဝပ်တည်ရှိသော ကိလေသာ ဓာတ်ကို အနုသယခေါ်သည်ဟု မှတ်ပါ။

အင်အားကြီးမှ အနုသယခေါ်။ ။မဂ်ဖြင့် မပယ်အပ်သေးသော ကိလေသာတိုင်းလည်း ခန္ဓာအစဉ်မှာ ကိန်းဝပ်ပါရှိမည် မဟုတ်, အင်အား ကြီးမားသော ကိလေသာအချို့သာ ခန္ဓာအစဉ်၌ ကိန်းဝပ်ပါရှိနိုင်မည်၊ သို့အတွက် အားအင်

နည်းပါးသော ထိန စသည်တို့မှာ ခန္ဓာအစဉ်၌ ကိန်းဝပ်မရှိမည် မဟုတ်သောကြောင့် အနုသယဟု မခေါ် ထိုက်။

ထင်ရှားစေအံ့ –ကိလေသာဆယ်ပါးတွင် လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ(၆)ပါးသည် ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပကိလေသာ စသည်တို့ထက် သတ္တိအင်အား ကြီးမားထက်မြက်ကြကုန်၏၊ ဆိုင်ရာအကုသိုလ်များ၌ မိမိတို့ခေါင်းဆောင်၍ ထမြောက်အောင် ရွက်ဆောင်နိုင်ကြကုန်၏၊ ထိနစသော(၄) ပါးကား ထိုကဲ့သို့ သတ္တိအင်အား မကြီးမားကုန်, ဆိုင်ရာ အကုသိုလ်များ၌ ခေါင်းဆောင်ပဓာနလည်း မဖြစ်နိုင်ကုန်၊ ထို့ကြောင့် လောဘစသည်တို့၏ ဓာတ်သတ္တိများသာ ခန္ဓာအစဉ်၌ ကိန်းဝပ်တည်နေကြသဖြင့် လောဘစသည်တို့သာ "အနုသယ" ဟု ဘုရားရှင် ဟောတော်မူသည်၊ ထို့ကြောင့် အနုသယယမက အဋ္ဌကတထာ၌ "အနုသယောတိ ပန အပ္ပဟီနဋ္ဌေန ထာမဂတကိလေသော ဝုစ္စတိ" ဟု မိန့်ပြီ၊ [ထာမဂတ ကိလေသာဟူသည် အခွင့်သာလျှင် ဖြစ်နိုင်လောက်အောင် အင်အားရှိသော ကိလေသာတည်း၊ ထာမ-အား အစွမ်းသို့+ဂတ-ရောက်သောကိလေသာ၊ ထိုသို့ အင်အားရှိသောကြောင့်ပင် ခန္ဓာအစဉ်၌ ကိန်းဝပ် ပါရှိနိုင်သည်။]

[ဆောင်] ကိလေသာဆယ်ပါး, ရှိပေငြားလည်း, အင်အားပြည့်ကြွယ်, ရှေ့ခြောက်သွယ်သာ, ကိုယ်ဝယ် ကိန်းဝပ်, ပါလေတတ်၍, စောမြတ်ရှင်ပင်, အနုသယတင်သည်,...ကျမ်းစဉ် လက်သုံးဖွင့်ရိုးတည်း။

အနုသယ၏ကာလ။ ။ဤအနုသယကိလေသာသည် ပစ္စုပ္ပန် အတိတ် အနာဂတ်(၃)မျိုးတွင် အဘယ် နည်းဟု မေးလေ့ရှိ၏၊ အဖြေကား-အနုသယကိလေသာသည် ပရိယာယ်အားဖြင့် ပစ္စုပ္ပန် အတိတ် အနာဂတ် (၃)မျိုးပင်ဖြစ်သင့်၏၊ ချဲ့ဦးအံ့–ဥပါဒ် ဌီ ဘင် အခိုက်အတန့်နှင့် ပြည့်စုံခိုက်တရားကို ပစ္စုပ္ပန်, ချုပ်ပြီးတရားကို အတိတ်, ဥပါဒ် ဌီ ဘင်အားဖြင့် ထင်ရှားလတ္တံ့တရားကို အနာဂတ်ဟု ခေါ်ရ၏၊ အနုသယကိလေသာတို့သည် ဥပါဒ် ဌီ ဘင်အားဖြင့် အထင်အရှားမရှိချေ၊ ဘင်သို့ရောက်၍ ချုပ်ပျောက်ပြီးလည်း မဟုတ်၊ ဥပါဒ်, ဌီ, ဘင် အားဖြင့် ဖြစ်သောအခါ အနုသယမဟုတ်, ပရိယုဋ္ဌာနကိလေသာ အနေအားဖြင့်သာ ဖြစ်လတ္တံ့၊ ထို့ကြောင့် "အနုသယ" ကိလေသာသည် မုချအားဖြင့် ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဟု မဆိုအပ်၊ သို့သော် ထိုထိုစိတ်နှင့်ယှဉ်လျက် ပရိယုဋ္ဌာန အနေအားဖြင့် ဥပါဒ်မှုကို စွဲ၍ ပြောရလျှင် ထိုကိလေသာမျိုးသည် ရှေးက လည်း ဖြစ်ဖူးပြီး ပစ္စုပ္ပန်မှာလည်း ဖြစ်ဆဲပင်, မဂ်ဖြင့် မပယ်နိုင်သေးသမျှ နောင်လည်း ဖြစ်လတ္တံ့၊ ထို့ကြောင့် အကျိုးဖြစ်သော ပရိယုဋ္ဌာနကိလေသာ၏ ပစ္စုပ္ပန်စသောအမည်ကို အကြောင်းရင်းဖြစ်သော အနုသယ ကိလေသာပေါ် တင်စား၍ ဖလူပစာရ ပရိယာယ်အားဖြင့် အနုသယကို ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဟု ခေါ် ဆိုနိုင်သည်။

ထို့ကြောင့် ယမကအဋ္ဌကထာ၌ "သော စိတ္တသမ္ပယုတ္တော ၊ပေ၊ အတီတောပိ အနာဂတောပိ ပစ္စုပ္ပန္နောပိ၊ တသ္မာ ဥပ္ပဇ္ဇတီတိ ဝတ္ထုံ ယုဇ္ဇတိ" ဟုလည်းကောင်း, မူလဋီကာ၌ "န စ အတီတာနာဂတပစ္စုပန္နတော အညေ ဥပ္ပတ္တိရဟာ နာမ အတ္ထိ၊ တသ္မာ သဗ္ဗေ အတီတာနာဂတပစ္စုပန္နာ ကာမရာဂါဒယော အနုသယာတိ ဝုစ္စန္တိ" ဟု လည်းကောင်း ဖွင့်ပြီ၊ ဤသို့အဋ္ဌကထာ ဋီကာတို့က ပစ္စုန်ပ္ပန်, အတိတ်, အနာဂတ်ဟု တိုက်ရိုက် ဖွင့်ပြကြသည်ဖြစ်ပါလျက် အနုဋီကာနှင့် နောက်လိုက်ဖြစ်သော ဋီကာကျော်စသည်တို့က "အနာဂတ် ကိလေသာကိုသာ မုချအားဖြင့် အနုသယဟု ခေါ်သည်, အတိတ် ပစ္စုပ္ပန်ကိလေသာတို့မှာ ကိလေသာ သဘောချင်း တူမျှကြသဖြင့် အနုသယအမည်ရသည်" ဟု တစ်မျိုး ဖွင့်ကြသေးသည်မှာ စဉ်းစားဖွယ်ရာပင်၊ အနုသယကိလေသာတို့ မုချအားဖြင့် ပစ္စုပ္ပန် အတိတ် အနာဂတ် မဆိုထိုက်ကြောင်းကို မဂ်ပယ်ခန်း၌ ပြဦးလတ္တံ့။

_______________

ဒသ သံယောဇနာနိ ကာမရာဂသံယောဇနံ-ရူပ-အရူပ-ပဋိဃ-မာန-ဒိဋ္ဌိ- သီလဗ္ဗတပရာမာသ-ဝိစိကိစ္ဆာ-ဥဒ္ဓစ္စ-အဝိဇ္ဇာသံယောဇနံ သုတ္တန္တေ ၊ အပရာနိ ဒသ သံယောဇနာနိ ကာမရာဂသံယောဇနံ ဘဝ-ပဋိဃ-မာန-ဒိဋ္ဌိ-သီလဗ္ဗတ ပရာမာသ-ဝိစိကိစ္ဆာ-ဣဿာ-မစ္ဆရိယ-အဝိဇ္ဇာသံယောဇနံ အဘိဓမ္မေ။

သံယောဇနံ။ ။သံယောဇေန္တိ ဗန္ဓန္တိ-နှောင်ဖွဲ့တတ်ကုန်၏၊ ဣတိ-ကြောင့်၊ သံယောဇနာနိ-သံယောဇဉ် တို့မည်၏၊ "သံယောဇဉ်ကြိုး" ဟု ခေါ်ဝေါ်ရိုး ရှိသည့်အတိုင်း ကြိုးဖြင့် ချည်နှောင်ထားသကဲ့သို့ မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်မှ မလွတ်ရအောင် ချည်နှောင်တတ်သောတရားကို "သံယောဇဉ်" ဟု ခေါ်သည်၊ မှန်၏-ပုထုဇဉ်တို့သန္တာန်၌ ကြိုး(၁၀)ချောင်း ရှိ၏၊ ထိုတွင် ကြိုး(၅)ချောင်းမှာ ကာမဘုံ၌ ဆက်သွယ်၍, အခြား ကြိုး(၅)ချောင်းက အထက် ဗြဟ္မာ့ဘုံ၌ ဆက်သွယ်လျက် ရှိ၏။

ချဲ့ဦးအံ့ –ကာမရာဂ ပဋိဃနှင့် ဒိဋ္ဌိ သီလဗ္ဗတပရာမာသ ဝိစိကိစ္ဆာ ဤ(၅)ချောင်းသည် ကာမဘုံအတွက် ဆက်သွယ်ထားသော ကြိုးများတည်း၊ ကာမရာဂသည် ကာမဂုဏ်အာရုံ၌ လိုလားနှစ်သက်၏၊ ဤကာမရာဂ အနုသယဓာတ် မပြတ်သေးသမျှ ဗြဟ္မာ့ပြည်၌နေရသော်လည်း စျာန်အရှိန်ပြတ်လျှင် ကာမနှောင်ကြိုးတင်း မှုကြောင့် ကာမဘုံသို့သာ ဆင်းသက်ခဲ့ရလိမ့်မည်၊ ပဋိဃသံယောဇဉ်လည်း ဗြဟ္မာ့ပြည်မှာ ဒေါသမရှိသည့် အတွက် ကာမဘုံဘက်က ဖွဲ့ဆက်ထားသောကြိုးတည်း၊ ဒိဋ္ဌိ သီလဗ္ဗတပရာမာသ ဝိစိကိစ္ဆာ ကင်းလျှင် သောတာပန် ဖြစ်၏၊

ထိုသံယောဇဉ်များ မကင်း၍ သောတာပန် မဖြစ်သေးသမျှ အပါယ်လေးပါးတိုင်အောင်ပင် ဆွဲချဦးမည်သာ၊ ထို့ကြောင့် ဤ ကြိုး(၅)ချောင်းကို ဩရမ္ဘာဂိယ သံယောဇဉ်ဟု ခေါ်သည်။

" ဒိဋ္ဌိ သီလဗ္ဗတပရာမာသနှင့် ဝိစိကိစ္ဆာတို့ကို သောတာပတ္တိမဂ်ဖြင့် ဖြတ်၍, ကာမရာဂ ပဋိဃတို့ကို အနာဂါမိမဂ်ဖြင့် ဖြတ်ပြီးနောက် သံသရာမှ လွတ်မြောက်ပြီလား" ဟု ဆိုလျှင် မလွတ်မြောက်နိုင်သေး, ရူပရာဂက ရူပဘုံ၌ ဆက်သွယ်၍ အရူပရာဂက အရူပဘုံ၌ ဆက်သွယ်ပြီးလျှင် မာန ဥဒ္ဓစ္စနှင့် အဝိဇ္ဇာတို့က လည်း ထိုဗြဟ္မာ့ဘုံ၌ ဆက်သွယ်လျက်ပင် ရှိသေး၏၊ ထို့ကြောင့် ထိုကြိုး(၅)ချောင်းကို ဥဒ္ဓံဘာဂိယ သံယောဇဉ်ဟု ခေါ်၏၊ ရဟန္တာဖြစ်မှသာ ထိုဥဒ္ဓမ္ဘာဂိယကြိုး(၅)ချောင်းကို အကြွင်းမရှိအောင် ဖြတ်၍ သံသရာဝဋ်မှ လွတ်ခွင့်ရနိုင်ကြပေသည်။

မှတ်ချက်။ ။ဩရံ=အောက်ဘုံ+ဘာဂ=အဖို့+ဣယ=ရှိသည်၊ ဩရမ္ဘာဂိယ=အောက်ကာမဘုံအတွက် ဖြစ်သော သံယောဇဉ်၊ ဥဒ္ဓမ္ဘာဂိယ=အထက်ဗြဟ္မာ့ဘုံ အတွက်ဖြစ်သော သံယောဇဉ်၊ ဩရမ္ဘာ ဂိယသံယောဇဉ်ကို အဇ္ဈတ္တသံယောဇဉ်ဟုလည်းကောင်း, ဥဒ္ဓံဘာဂိယသံယောဇဉ်ကို ဗဟိဒ္ဓ သံယောဇဉ်ဟုလည်းကောင်း နာမည်တပ်ကြသေး၏၊

[ဆောင်] ၁။ ကာမရာဂ, ပဋိဃနှင့်, သီလ-ဒိဋ္ဌိ, ဝိစိကိစ္ဆံ, ဤငါးတန်, ဩရမ္ဘာဂိယ။ ၂။ ရူပရာဂ, အရူပနှင့်, မာန ဥဒ္ဓစ္စံ, အဝိဇ္ဇံ, ဥဒ္ဓမ္ဘာဂိယ။

ယောဂ , ဂန္ထ သံယောဇဉ်။ ။ဤသုံးမျိုးသည် သတ္တဝါများကို ဝဋ်ဆင်းရဲမှ မလွတ်အောင် တစ်မျိုးစီ ယှဉ်စပ် ဖွဲ့နှောင်တတ်ကြသဖြင့် သဘောတူသကဲ့သို့ ရှိသာ်လည်း "အဝေးဘုံဘဝသို့ ရောက်စေကာမူ မိမိဘုံ သို့ ပြန်ရောက်လာအောင် ကြိုးဖြင့် ဆွဲထားသကဲ့သို့ ဆွဲချည် ဖွဲ့နှောင်တတ်သောသဘောသည် သံယောဇဉ် မည်၏၊ သံကွင်းချင်း ဖွဲ့ဆက်သကဲ့သို့ စုတိ ပဋိသန္ဓေ-ပဋိသန္ဓေ စုတိအားဖြင့် ရုပ် နာမ်အပေါင်းကို ဖွဲ့ဆက် တတ်သောသဘောသည် ဂန္ထ မည်၏၊ သစ်စေးဖြင့် ကပ်သကဲ့သို့ ဝဋ်ဒုက္ခ၌ မိမိကိန်းရာသတ္တဝါကို ယှဉ်စပ် ကပ်ထားတတ်သော သဘောသည် ယောဂ မည်၏"၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ အခြေပြု၌ ဆောင်ပုဒ် များကို ပြခဲ့ပြီ။

မူလဋီကာ။ ။ဒူရဂတဿာပိ အာကဍ္ဎနတော နိဿရိတုံ အပ္ပဒါနဝသေန ဗန္ဓနံ သံယောဇနံ၊ ဂန္ထကရဏံ သင်္ခလိကစက္ကလကာနံ ဝိယ ပဋိဗဒ္ဓတာ ကရဏံ ဝါ ဂန္ထနံ ဂန္ထော၊ သံသိလိသကရဏံ ယောဇနံ ယောဂေါတိ အယမေတေသံ ဝိသေသော ဝေဒိတဗ္ဗော။

ဒုကမာတိကာအဖွင့်။

ကိလေသ။ ။ကိလေသေန္တိ ဥပတာပေန္တိ-ပူလောင်စေတတ်ကုန်၏၊ ဣတိ-ကြောင့်၊ ကိလေသာ- ကိလေသာတို့မည်၏၊ "ကိလေသာမီး" ဟု ဆိုရိုးရှိသည့်အတိုင်း ယှဉ်ဖက်စိတ်ကိုလည်းကောင်း, မိမိကိန်းရာ သတ္တဝါကိုလည်းကောင်း ပူလောင်စေတတ်သော လောဘစသည်ကို ကိလေသာဟု ခေါ်သည်၊ လောဘမီး ဒေါသမီး စသည်တို့ လောင်ကျွမ်းပုံများကို ထိုထိုသုတ္တန်တို့၌ ရှုပါကုန်။

တစ်နည်း –ကိလိဿတိ ဧတေဟီတိ ကိလေသာ၊ ဧတေဟိ-ဤတရားတို့ကြောင့်၊ ကိလိဿတိ-ညစ်ပေ ရ၏၊ ဣတိ-ထိုသို့ ညစ်ပေကြောင်း၏ အဖြစ်ကြောင့်၊ ကိလေသာ-ကိလေသာတို့ မည်၏၊ လောဘစသည် တို့နှင့် ယှဉ်ရသောစိတ်သည် ကြည်ကြည်လင်လင် မရှိ, ညစ်ညစ်ပေပေ ဖြစ်နေ၏၊ "စိတ်ညစ်သည်" ဟု ဆိုလိုသည်၊ ဤသို့ စိတ်ညစ်ကြောင်းဖြစ်၍ လောဘစသည်ကို ကိလေသာဟုခေါ်သည်၊ ဘုရား ရဟန္တာ အရှင်

မြတ်တို့၏ စိတ်ဓာတ်မှာ ထိုကိလေသာတို့မှ စင်ကြယ်တော်မူရကား အမြဲ ကြည်လင်တော်မူကြပေသည်။ [တစ်ထောင့်ငါးရာကိလေသာ မြှောက်ပွားပုံကို အခြေပြု၌ ပြခဲ့ပြီ။]

________________

အာသဝါဒီသု ပနေတ္ထ ကာမဘဝနာမေန တဗ္ဗတ္ထုကာတဏှာ အဓိပ္ပေတာ၊ သီလဗ္ဗတပရာမာသော ဣဒံသစ္စာဘိနိဝေသော စ တထာပဝတ္တံ ဒိဋ္ဌိဂတမေဝ ပဝုစ္စတိ။

အာသဝါဒီသု ၊ပေ၊အဓိပ္ပေတာ။ ။ဤစကားကား အမှာစကားချပ်တည်း၊ အာသဝါဒီသု၌ အာဒိသဒ္ဒါဖြင့် ကာမနာမည် ဘဝနာမည် သီလဗ္ဗတစသော နာမည်များ ပါရှိရာအခန်းများကို ယူ၊ ကိလေသာအခန်းမှတစ်ပါး ကျန်အခန်းအားလုံးတည်း၊ ဤစကားရပ်တို့၌ အရှင်အနုရုဒ္ဓါ၏အလိုမှာ "ကာမသဒ္ဒါသည် ဝတ္ထုအာရုံဖြစ်သော ကာမကို ဟောရင်းတည်း၊ ဘဝသဒ္ဒါလည်း ရူပါရူပစျာန်ဟူသော ကမ္မဘဝနှင့် ထိုစျာန်၏ အကျိုးဖြစ်သော ဥပပတ္တိဘဝဟူသော အာရုံများကိုပင် ဟောရင်းတည်း" ဟု ယူလိုသည်၊ ထိုကဲ့သို့ ယူရခြင်းမှာလည်း ဓမ္မသင်္ဂဏီပါဠိတော်ကိုက "ယော ကာမေသု ကာမစ္ဆန္ဒော, ယော ဘဝေသု" ဟု အာဓာရဖြင့် ဟောတော်မူ၍ ကာမဘဝအရ တဏှာ၏ တည်ရာအာရုံများကို ကောက်ယူစေတော်မူလိုခြင်းကြောင့် ဖြစ်သည်။

သို့သော် ကာမဘဝအရ တည်ရာအာရုံကို ကောက်သောအခါ အာသဝစသော ပုဒ်နှင့် အရမတူဘဲ "ကာမနှင့်ဘဝအရက အာရုံ, အာသဝစသည်က အာရမဏိကတရား" ဤသို့ ကွဲပြားသည်၊ ထို့ကြောင့် ပါဠိတော်အလိုလည်း ကျ၍ ကာမနှင့်အာသဝ, ဘဝနှင့် အာသဝပုဒ်တို့ အရတူလည်း ဖြစ်ရအောင် ဌာန အာရုံ၏

ကာမဘဝဟူသော နာမည်ကို ဌာနီ အာရမဏိက တဏှာအပေါ် တင်စား၍ ဌာနူပစာရအားဖြင့် ကာမအရ ကာမတဏှာကို ကောက်, ဘဝအရ ဘဝတဏှာကို ကောက်ပါ၊ ဤသို့ ကောက်မှသာ "ဒိဋ္ဌိယေဝ+အာသဝေါ ဒိဋ္ဌာသဝေါ, အဝိဇ္ဇာယေဝ+အာသဝေါ အဝိဇ္ဇာသဝေါ" ဟု ကမ္မဓာရည်းသမာသ် တွဲစပ်ရသလို "ကာမောယေ ဝ+အာသဝေါ ကာမာသဝေါ, ဘဝေါယေဝ+အာသဝေါ ဘဝါသဝေါ" ဟု ကမ္မဓာရည်းသမာသ် (အခြားပုဒ် များနည်းတူ) တွဲစပ်နိုင်မည်-ဟူလို။ [ကာမအရ "ကာမေတီတိ ကာမော" ဟု ဝစနတ်ပြု၍ ကိလေသာကာမ တဏှာကို တစ်ခါတည်း ကောက်လျှင်လည်း ပါဠိတော်နှင့် မညီစေကာမူ တစ်နည်းအားဖြင့် သင့်သည်သာ၊ "သီလဗ္ဗတ ၊ပေ၊ ပဝုစ္စတိ" ဟူသော ဝါကျ၏အဓိပ္ပာယ်ကို အခြေပြု၌ ပြခဲ့ပြီး။]

_______________

မိဿကသင်္ဂဟ။ ။မိဿကာနံ-ကုသိုလ် အကုသိုလ် အဗျာကတ ရောသောတရားတို့ကို၊ သင်္ဂဟော- သိမ်းယူရာ သိမ်းယူကြောင်း စကားအပေါင်းတည်း၊ မိဿကသင်္ဂဟော-မိဿကသင်္ဂဟမည်၏၊ အကုသလ သင်္ဂဟကဲ့သို့ အကုသိုလ်သတ်သတ်, ဗောဓိပက္ခိယသင်္ဂဟကဲ့သို့ မဂ်ဉာဏ်၏ ဘက်တော်သား သတ်သတ်, သဗ္ဗသင်္ဂဟကဲ့သို့ တရားအားလုံးလည်း မဟုတ်ဘဲ, ကုသိုလ်တချို့ အကုသိုလ်တချို့ အဗျာကတတချို့ ထည့်စွက်သောအားဖြင့် ရောရောပြွမ်းပြွမ်းပြသော သင်္ဂဟဟု ဆိုလိုသည်၊ ဥပမာ-ဟေတုသင်္ဂဟ၌ သဗ္ဗ သင်္ဂဟလို တရားအားလုံးမရ, ဟိတ်(၆)ပါးသာ ရသည်၊ အကုသလသင်္ဂဟကဲ့သို့ အကုသိုလ်ဟိတ်ချည်းသာ မဟုတ်, ဗောဓိပက္ခိယသင်္ဂဟကဲ့သို့ မဂ်ဉာဏ်နှင့်ဆိုင်သော ဟိတ်ချည်းသာ မဟုတ်, ကုသိုလ်ဟိတ် အကုသိုလ်ဟိတ် အဗျာကတဟိတ်များကို ရောနှော၍ ပြသည်၊ နောက်၌လည်း ဤနည်းအတိုင်း စိစစ်ပါ။ [ဟေတု စျာန မဂ္ဂပုဒ်တို့၏ ပုဒ်နက်နှင့်တကွ သတ္တိသဘောကို သုံးချက်စု အဓိပ္ပာယ်၌ စုံလင်စွာ ပြထား၏၊ တရားကိုယ်ကောက်ပုံကိုကား အခြေပြု၌ ရှုပါ။]

သမ္မာဒိဋ္ဌိ။ ။ဤသမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိ လောကုတ္တရာသမ္မာဒိဋ္ဌိဟု နှစ်မျိုးရှိ၏၊ လောကီသမ္မာ ဒိဋ္ဌိသည်လည်း ကမ္မဿကတာသမ္မာဒိဋ္ဌိ ဝိပဿနာသမ္မာဒိဋ္ဌိဟု နှစ်မျိုးရှိ၏၊ ထိုတွင် ကုသိုလ် အကုသိုလ်ကံ တို့၏ အကျိုးပေးဟန်ကိုယုံကြည်သဖြင့် "သတ္တဝါဟူသမျှ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြသည်" ဟု သိတတ်သောဉာဏ်သည် ကမ္မဿကတာဟူသော သမ္မာဒိဋ္ဌိတည်း၊ ပုညကိရိယာဝတ္ထု(၁၀)ပါးတွင် ဒိဋ္ဌိဇု ကမ္မခေါ်သော ပုညကိရိယာဝတ္ထုတည်း၊ ဤသမ္မာဒိဋ္ဌိအပြား(၁၀)ပါးကို ထိုဒိဋ္ဌိဇုကမ္မခန်း၌ ပြခဲ့ပြီ၊ ဤသမ္မာ ဒိဋ္ဌိမျိုးကား သာသနာတော်ကိုယုံကြည်သော ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူလူမျိုးတို့၌ ရှိ၏၊ ရုပ်နာမ်တရားတို့၌ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောကို သိသောဉာဏ်သည် ဝိပဿနာသမ္မာဒိဋ္ဌိ မည်၏၊ ဤ ဝိပဿနာသမ္မာဒိဋ္ဌိကား သဘာဝဓမ္မကို နားလည်သော အချို့ပုဂ္ဂိုလ်၌သာ တည်၏၊ လောကုတ္တရာမဂ် ဖိုလ်နှင့် ယှဉ်သော (မဂ္ဂင်ရှစ်ပါး၌ ပါသော) ဉာဏ်သည် လောကုတ္တရာသမ္မာဒိဋ္ဌိ မည်၏။

မှတ်ချက်။ ။ဤလောကုတ္တရာသမ္မာဒိဋ္ဌိသည် ဒုက္ခသစ္စာကို သိမှု, သမုဒယသစ္စာကို ပယ်မှု, နိရောဓ သစ္စာကို မျက်မှောက်ပြုမှု, မဂ္ဂသစ္စာကို ပွားစေမှုအားဖြင့် လေးမျိုးပြားသည်ဟု ဖွင့်ကြသေး၏၊ သို့သော် ထိုလေးမျိုးကား လောကုတ္တရာသမ္မာဒိဋ္ဌိ၏ အပြားမဟုတ်, သမ္မာဒိဋ္ဌိတစ်ခုတည်းက တစ်ပြိုင်နက် တစ်ချက်တည်း ပြီးစေရမည့် ကိစ္စလေးပါးသာ ဖြစ်သည်၊ သမ္မာဒိဋ္ဌိအပြားကိုပြသော မူလပဏ္ဏာသ သမ္မာဒိဋ္ဌိသုတ် အဋ္ဌကထာ၌လည်း ထိုအပြားမျိုး မပါချေ။

သမ္မာသင်္ကပ္ပ။ ။ကောင်းသောအကြံအစည်ဟူသော ဤသမ္မာသင်္ကပ္ပသည်လည်း နေက္ခမ္မသင်္ကပ္ပ အဗျာပါဒသင်္ကပ္ပ အဝိဟိံသသင်္ကပ္ပဟု သုံးမျိုး ရှိ၏၊ ထိုတွင်...

"နေက္ခမ္မံ ပဌမဇ္ဈာနေ, ပဗ္ဗဇ္ဇာယံ ဝိမုတ္တိယံ၊ ဝိပဿနာယံ နိေဿသ. ကုသလမှိ စ ဒိဿတိ။

ဟူသည်နှင့်အညီ ပဌမဈာန်နှင့်ယှဉ်သော ဝိတက်, ရှင် ရဟန်း သီလရှင် ပြုလုပ်ဖို့ရန် ကြံစည်မှု ဝိတက်, နိဗ္ဗာန်ကို အာရုံပြုသော ဝိတက်, ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝိတက်, အချုပ်အားဖြင့် ကုသိုလ်၌ ယှဉ်သမျှ ဝိတက်, ဤ အားလုံးကို "နေက္ခမ္မသင်္ကပ္ပ" ဟု ခေါ်နိုင်၏၊ သို့သော် အဗျာပါဒ အဝိဟိံသ အတွက် သီးခြား လာဦးမည်ဖြစ်၍ ထိုအဗျာပါဒ အဝိဟိံသမှ ကြွင်းသမျှ အပြစ်ကင်းသော အကြံကောင်းကိုသာ နေက္ခမ္မသင်္ကပ္ပဟု မှတ်ပါ၊ မေတ္တာနှင့် ယှဉ်သော ကြံစည်မှုသည် "အဗျာပါဒသင်္ကပ္ပ" မည်၏၊ "ဗျာပါဒခေါ်. သော ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော အကြံ" ဟူလို၊ ကရုဏာနှင့် ယှဉ်သော ကြံစည်မှုသည် အဝိဟိံသသင်္ကပ္ပ မည်၏၊ "သတ္တဝါကို ညှဉ်းဆဲလိုသော ဝိဟိံသ၏ ဆန့်ကျင်ဘက်ဖြစ်သောအကြံ" ဟူလို။

မိစ္ဆာသင်္ကပ္ပ။ ။မှားယွင်းသော အကြံအစည်ဟူသော မိစ္ဆာသင်္ကပ္ပသည်လည်း ကာမဝိတက္က (ကာမ ဂုဏ်ကို ကြံစည်သော လောဘနှင့် ယှဉ်သော ဝိတက်), ဗျာပါဒဝိတက္က (သူတစ်ပါးတို့ သေကြေ ပျက်စီးဖို့ရန် ကြံစည်သော ဒေါသနှင့် ယှဉ်သော ဝိတက်), ဝိဟိံသဝိတက္က (သူတစ်ပါးကို သေကြေအောင် မဟုတ်ဘဲ ညှဉ်းဆဲနှိပ်စက်လိုသော ဒေါသနှင့်ယှဉ်သော ဝိတက်) အားဖြင့် သုံးပါး ပြား၏။

အမှာ။ ။သမ္မာဝါစာ စသည်တို့၏သဘောကို စေတသိက်ပိုင်း၌ ပြခဲ့ပြီ၊ သုတ္တန်ပါဠိတော်များ၌ မိစ္ဆာဝါစာ မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ မိစ္ဆာသတိမဂ္ဂင်များကိုလည်း ဟောတော်မူသေး၏၊ ထိုမဂ္ဂင်များ၌ တရား ကိုယ် သီးခြားမရှိ၊ မိစ္ဆာဒိဋ္ဌိ၌ ဒိဋ္ဌိစေတသိက် သီးခြားရှိသလို, မိစ္ဆာသတိဟု ခေါ်ရသော သတိ စေတသိက် သီးခြားမရှိ, သတိမှန်လျှင် "သမ္မာ=အကောင်းဘက်မှာသာ" ရှိသည်၊ ထိုသို့ တရား ကိုယ် သီးခြားမရသောကြောင့် ဤအဘိဓမ္မာပါဠိတော်၌ မိစ္ဆာဝါစာစသည်ကို ဟောပြတော်မမူ၊ ထိုသို့ မကောင်းစကားပြောတဲ့အခါ, မကောင်းမှုပြုတဲ့အခါ, မကောင်းသောအသက်မွေးတဲ့အခါ, မကောင်းသောအရာကို အမှတ်ရတဲ့အခါ ဖြစ်သော ဆိုင်ရာ အကုသိုလ်စိတ္တုပ္ပာဒ်သည်ပင် မိစ္ဆာ ဝါစာစသောအမည်ကို ရသည်။

ဣန္ဒြိယ။ ။ဣန္ဒန္တိ ပရမဣဿရိယံ ကရောန္တီတိ ဣန္ဒြိယာနိ၊ ဣန္ဒန္တိ-အစိုးရကုန်၏၊ (ပရမဣဿရိယံ- အလွန်အစိုးရသူ၏ အဖြစ်ကို၊ ကရောန္တိ-ပြုတတ်ကုန်၏၊) ဣတိ-ကြောင့်၊ ဣန္ဒြိယာနိ-ဣန္ဒြိယတို့မည်၏၊ [ပရမဣဿရိယံ ကရောန္တိတို့ကား ဣန္ဒန္တိ အနက်ကို ဖွင့်ပြသောပုဒ်များတည်း၊] မိမိဆိုင်ရာကိစ္စ၌ အလွန် အစိုးရသော (မိမိနှင့်သက်ဆိုင်သော တရားများကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သော) တရားများကို "ဣန္ဒြိယ" ဟု ခေါ်သည်၊ အစိုးရပုံကား ထိုတရားများ၏ လက္ခဏကိစ္စကို သိပြီးမှ နားလည်နိုင်မည်၊ ထို့ကြောင့် နာမ်ဣန္ဒြေများ၏ လက္ခဏကိစ္စကို စေတသိက်ပိုင်း၌ ပြခဲ့ပြီ၊ ရုပ်ဣန္ဒြေများ၏ အစိုးရပုံကိုကား ရုပ်ပိုင်း ဣန္ဒြိယရုပ် အဖွင့်၌ ရှုပါ။

ဝေဒနိန္ဒြေ။ ။ဤငါးပါးသည် အာရုံ၏ အရသာကို ခံစားမှု၌ အစိုးရ၏၊ ဝေဒနာက သတ္တိထက်လေ အရသာပေါ်လေ ဖြစ်၏၊ သုခိန္ဒြေသည် ကာယဝိညာဏ်၌ ယှဉ်ရကား ဖောဋ္ဌဗ္ဗာရုံ၏ ဣဋ္ဌအရသာကို ခံစား၏၊ ဒုက္ခိန္ဒြေသည် ဖောဋ္ဌဗ္ဗာရုံ၏ အနိဋ္ဌအရသာကို ခံစား၏၊ သောမနဿိန္ဒြေသည် ဖောဋ္ဌဗ္ဗာရုံမှ ကြွင်းကျန်သော အာရုံငါးပါး၏ ဣဋ္ဌအရသာကို ခံစား၏၊ ဒေါမနဿိန္ဒြေသည် ဖောဋ္ဌဗ္ဗာရုံမှ ကြွင်းကျန်သော အာရုံငါးပါး၏ အနိဋ္ဌအရသာကို ခံစား၏၊ ဥပေက္ခိန္ဒြေသည် အလယ်အလတ် ဖြစ်သော ဣဋ္ဌမဇ္ဈတ္တအရသာကို ခံစား၏၊ ထိုခံစားမှုဝယ် ယှဉ်ဖက်တရားများကိုလည်း မိမိတို့အလိုအတိုင်း (မိမိတို့ထက်လျှင် ထက်သလောက် မထက်လျှင် မထက်သလောက်) ဖြစ်စေနိုင်ကြသည်၊ နောက်နောက် ဣန္ဒြေများ၌လည်း မိမိကိစ္စ၌ အစိုးရပုံ ကို သိလောက်ပြီ။

ပညိန္ဒြေတရားကိုယ်။ ။လောကုတ္တရာပညာများကို သီးခြားဆိုသဖြင့် ပညိန္ဒြေအရ လောကီ တိဟိတ်စိတ် (၄၇)၌ ရှိသော ပညာကိုသာ အကောက်ဆရာတို့ ကောက်ကြ၏၊ ထိုကောက်ပုံသည် "သဒ္ဓါဝီရိယသတိ သမာဓိပညိန္ဒြိယာနိ စ စတုဘူမိ ပရိယာပန္နာနိ" ဟူသော ဝိသုဒ္ဓိမဂ္ဂဋ္ဌကထာ ဣန္ဒြိယဝိဘင်္ဂဋ္ဌကထာတို့နှင့် လည်းကောင်း,

ဓမ္မရူပဝိဘာဝနတ္ထေဉ္စတ္ထ ပညိန္ဒြိယဂ္ဂဟဏံ ဟူသော ဋီကာကျော်နှင့်လည်းကောင်း ဆန့်ကျင်သည်၊ "စတုဘူမိပရိယာပန္နာနိ-ဘုံလေးပါး၌ အကျုံးဝင်ကုန်၏" ဟူသော အဋ္ဌကထာစကားအရ ကာမ ရူပ အရူပ လောကုတ္တရာဘုံလေးပါး၌ ပညိန္ဒြေပါဝင်ကြောင်း ထင်ရှား၏၊ "ဓမ္မသရူပဝိဘာဝနတ္ထံ-ဣန္ဒြေထိုက်သော တရား၏ သရုပ်သကောင်ကို ထင်ရှားအောင် ပြခြင်းငှာ၊ ဧတ္ထ-ဤ ဣန္ဒြိယနိဒ္ဒေသ၌၊ ပညိန္ဒြိယဂ္ဂဟဏံ- ပညိန္ဒြိယသဒ္ဒါကို ယူခြင်းကို၊ ကတံ-ပြုအပ်ပြီ" ဟူသော ဋီကာကျော်အလိုလည်း "စက္ခု သောတ စသည်တို့သည် ဣန္ဒြေထိုက်ကြသလို, ပညာလည်း ဣန္ဒြေထိုက်သော တရားတစ်ပါးပင်တည်း" ဟု ဣန္ဒြေထိုက်သော ပညာသရုပ်ကို ထုတ်ပြခြင်းငှာ ပညိန္ဒြေကို ဟောတော်မူသည်၊ "လောကီပညာ လောကုတ္တရာပညာ ခွဲပြလို ရင်း မဟုတ်" ဟူလို။

အနညာတညဿာမီတိန္ဒြေ။ ။အနညာတညဿာမီတိန္ဒြေကို ယောဂီပုဂ္ဂိုလ်တို့၏ အဇ္ဈာသယကို ထင်ရှားပြခြင်းငှာ ဟောတော်မူ၏၊ ထိုစကားမှန်၏၊ မဂ်ဖိုလ်ကို ရလိုသော ယောဂီပုဂ္ဂိုလ်၌ "ငါသည် အနမ တဂ္ဂသံသရာဝယ် တစ်ရံတစ်ခါမျှ မသိအပ်ဘူးသော အမြိုက်နိဗ္ဗာန် (သို့မဟုတ် သစ္စာလေးပါးတရားကို) မသိ သိအောင် အားထုတ်တော့အံ့" ဟု အဇ္ဈာသယ (အလိုဆန္ဒ) ဖြစ်၏၊ ထိုဆန္ဒဖြင့် ကျင့်အပ်သော ပုဂ္ဂိုလ် ၌ ပထမဆုံးဖြစ်သော သောတာပတ္တိမဂ်ပညာကို "အနညာတံ ဉာဿာမီတိ ပဋိပန္နဿ ဣန္ဒြိယံ" ဟူသော ဝစနတ်အရ "အနညာတညဿာမီတိန္ဒြေ" ဟု ခေါ်ဝေါ်ရသည်။ [အနညာတံ-မသိအပ်ဘူးသော နိဗ္ဗာန်ကို၊ ဝါ-သစ္စာလေးပါးတရားကို၊ ဉာဿာမီတိ-သိအောင်အားထုတ်အံ့ဟူ၍၊ ပဋိပန္နဿ-ကျင့်သော ပုဂ္ဂိုလ်၏၊ ဣန္ဒြိယံ-ဣန္ဒြေသည်၊ အနညာတညဿာမီတိန္ဒြိယံ-အနညာတညဿာမီတိန္ဒြေ မည်၏။]

ဆက်ဦးအံ့ –ဤ အနညာတညဿာမီတိန္ဒြေစသော သုံးပါးလုံးကိုပင် ပညာ၏ ကိစ္စအထူးကို ပြခြင်းငှာ ဟောတော်မူသည်၊ ချဲ့ဦးအံ့-မဂ်တရားတို့၏ ပယ်စဉ်အတိုင်း အနညာတညဿာမီတိန္ဒြေသည် (သုတ္တန်နည်း အားဖြင့် သံယောဇဉ် ဆယ်ပါးတွင်) ဒိဋ္ဌိ သီလဗ္ဗတပရာမာသ ဝိစိကိစ္ဆာကို ပယ်ခြင်းကိစ္စရှိ၏၊ အညိန္ဒြေသည် သကဒါဂါမိမဂ်နှင့် ယှဉ်ခိုက် ကာမရာဂကို နည်းပါးအောင်ပြုခြင်း, အနာဂါမိမဂ်နှင့်ယှဉ်ခိုက် ကာမရာဂနှင့် ဗျာပါဒကို ပယ်ခြင်း, အရဟတ္တမဂ်နှင့်ယှဉ်ခိုက် ကျန်သံယောဇဉ်များကို အကြွင်းမဲ့ ပယ်ခြင်း ကိစ္စရှိ၏၊ အညာတာဝိန္ဒြေကား အရဟတ္တဖိုလ်ပညာ ဖြစ်သောကြောင့် ကိစ္စအားလုံး၌ ပြီးဆုံးသည့်အတွက် လုံ့လ ဗျာပါရကို ပယ်ချ၍ သမ္ပယုတ်တရားများကို နိဗ္ဗာန်၌ အာရုံပြုအောင် ရှေ့ဆောင်ခြင်းကိစ္စ ရှိ၏၊ ထို့ကြောင့် ဋီကာကျော်၌ "ပုဂ္ဂလဇ္ဈာသယကိစ္စ ဝိသေသဒဿနတ္ထံ အနညာတညဿာမီတိန္ဒြိယာဒီနံ ဂဟဏံ"ဟု မိန့်ပြီ။

မှတ်ချက်။ ။ပုဂ္ဂလဇ္ဈာသယအရ "အနညာတညဿာမီတိန္ဒြေ" ဟု ဟောမှ သိမည့် ပုဂ္ဂိုလ်များ အတွက် အနညာတညဿာမီတိန္ဒြေကို ဟောတော်မူ၏, အညိန္ဒြေဟု ဟောမှသိမည့်သူအတွက် အညိန္ဒြေကို ဟောတော်မူ၏, အညာတာဝိန္ဒြေဟုဟောမှ သိမည့်သူအတွက် အညတာဝိန္ဒြေကို ဟောတော်မူ၏ ဟု မဏိမဉ္ဇူ ဖွင့်ပြသေး၏၊ ထိုအတိုင်းမှန်လျှင် နာမည်သာကွဲ၍ ယှဉ်ရာစိတ်မှာ ထပ်တူ ကျဖွယ်ရာ ရှိသောကြောင့် ထိုအဖွင့်ကို ဆင်ခြင်သင့်၏၊ ဤကျမ်းကား ပုဂ္ဂလဇ္ဈာသယကို အနညာတညဿာမီတိန္ဒြေအတွက်သာ ပြဆိုသည်ဟု ယူလိုပေသည်။

ဘုံအားဖြင့် ဝေဖန်ခြင်း။ ။စက္ခုအစ ပုရိသအဆုံးရှိသော ရုပ်ဣန္ဒြေ (၇)ပါးနှင့် သုခ ဒုက္ခ ဒေါမနဿိန္ဒြေသည် ကာမတရားချည်းသာဖြစ်၍ ကာမဘုံ၌ အကျုံးဝင်၏၊ ဇီဝိတ မန ဥပေက္ခာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညိန္ဒြေတို့သည် ဘုံလေးပါး၌ အကျုံးဝင်၏၊ သောမနဿိန္ဒြေကား အရူပဘုံ၌ မရသော ကြောင့် ဘုံသုံးပါး၌သာ အကျုံးဝင်သည်၊ နောက်ဆုံးဣန္ဒြေသုံးပါးမှာ လောကုတ္တရာဘုံ၌သာ အကျုံးဝင်သည်။

[ဆောင်] ဆယ်ဖြာ ကာမ, ရှစ်ဝ လေးခွင်, တစ်လျှင် သုံးဘုံ, သုံးပါးတုံ, မှတ်ကုန် လောကုတ်သာ။

ဟောပုံအစဉ်။ ။ကမ္ဘာလောက၌ စက္ခု သောတစသော အဇ္ဈတ္တိကတရားတွေ ရှိပေလို့သာ သတ္တဝါဟု ဟု ခေါ်ရလေသည်၊ စက္ခု သောတစသော အဇ္ဈတ္တိကတရားများ မရှိလျှင် ထိုထိုအာရုံကို သိမြင်နိုင်တော့မည် မဟုတ်သဖြင့် ဗဟိဒ္ဓက တုံး, တိုင်များနှင့် ခြားနားတော့မည် မဟုတ်၊ ဤသို့ သတ္တဝါဟု ပညတ်မှု၌ ကြီးစွာ သော အကြောင်းတရားများ ဖြစ်သောကြောင့် အဇ္ဈတ္တိကဣန္ဒြေများကို ရှေးဦးစွာ ပြတော်မူ၏၊ [မနိန္ဒြေမှာ အဇ္ဈတ္တိကတရားပင် ဖြစ်သော်လည်း နာမ်ဣန္ဒြေများကို သီးခြားပြလို၍ နာမ်ဣန္ဒြေများနှင့် ရောနှောလျက် သင်္ဂြိုဟ်၌ ပြထားသည်၊] ထို သတ္တဝါဟု ပညတ်အပ်သော ခန္ဓာဒြဗ်သည် ဤဣတ္ထိဘာဝ ပုရိသဘာဝရုပ်တို့ ကြောင့် ဣတ္ထိ, ပုရိသဟု ကွဲပြားကြောင်းကို သိစေလို၍ ထိုအဇ္ဈတ္တိကဣန္ဒြေများ၏ အခြားမဲ့၌ ဘာဝိန္ဒြေနှစ် ပါးကို ပြတော်မူ၏၊ သတ္တဝါဟု ခေါ်ရသော ထိုဥပါဒိန္နကခန္ဓာကိုယ်သည် ဤဇီဝိတကြောင့်သာ တည်တံ့ လျက်ရှိသည်ဟု သိစေလို၍ ဇီဝိတိန္ဒြေကို ဆက်လက်ပြတော်မူ၏၊ ထိုသတ္တဝါသည် ဤဝေဒနာတို့၏ ခံစားမှု အတွက် ငါ, သူတစ်ပါးဟု စွဲလမ်းလျက် ညစ်နွမ်းရသည်ဟု သိစေလို၍ ဝေဒနိန္ဒြေငါးပါးကို ဆက်လက်ပြ တော်မူ၏၊ ထိုညစ်နွမ်းသောအပြစ်မှ စင်ကြယ်ကြောင်းတရားကို သိစေလို၍ သဒ္ဓါစသော ဣန္ဒြေငါးပါးကို ဆက်လက်ပြတော်မူ၏၊ စင်ကြယ်သည့်အခါ ဤတရားများကို အစဉ်အတိုင်း ရကြသည်ဟု သိစေလို၍ အနညာတညဿာမီတိန္ဒြေစသော သုံးပါးကို ပြသည်၊ ဤကား ဋီကာကျော်လာတိုင်း မှတ်နှင့်ရုံသာတည်း၊ အဋ္ဌကထာ ဋီကာတို့၌ အမျိုးမျိုး ဖွင့်လျက်ရှိ၏။

[ဆောင်] လောကီမှတ်ရာ, ကပ်ကမ္ဘာ, သတ္တဝါဟု, ပညတ်မှု၏, ကြီးထုမှီလစ်, အကြောင်း ဖြစ်၍, အဇ္ဈတ္တိ

က , ဦးစွာပြ၏၊ သတ္တ ပညတ်, ယင်းဒြဗ်လည်း, ပြားလတ်လေဘိ, ဘာဝိန် ဒွိကြောင့်, ဣတ္ထိ ပေါသ, ကွဲရလေသဖြင့်, နောက်မှဆက်ကာ, သတ္တဝါဟု, ဥပါဒိန္န, ထိုဓမ္မလည်း, ဇီဝိတတွက်, တည်နိုင်ချက် ကို, မိန့်မြွက်လိုဟန်၊ ငါးတန်ဝေဒနာ, ယင်းတို့တာကြောင့်, သူငါညစ်နွမ်း, အပြစ်ဖမ်း၏၊ သစ်လမ်း ဆင်ပြ, ပဉ္စကကား, သဒ္ဓအာဒိ, စင်ကြယ်ဘိမူ, ဤသည့်သုံးချက်, စဉ်တိုင်းတက်လျက်, အောက် ထက်မဂ်ဖိုလ်, ကျွတ်တမ်းခို၍, ထိုထိုကိစ္စ, ပြီးစီးရဟု, ဟောပြလိုဖြင့်, ဋီကာဖွင့်သည်,...သိနှင့်ရုံမျှ အစဉ်တည်း။

________________

ဗလ။ ။အကမ္ပနဋ္ဌေန-လှုပ်ရှားမယိုင် မြဲခိုင်ခြင်း အနက်သဘောကြောင့်၊ ဗလံ-ဗလမည်၏၊ ဗလသဒ္ဒါသည် အကမ္ပနအနက်ကို ဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ်ဖြစ်၍ ဝိဂြိုဟ်ပြုဖွယ် မလို၊ လောက၌ ဗိုလ်အခေါ် ခံရသော လူတို့သည် ထိုထိုကိစ္စကို ပြုလုပ်ရာ၌ မယိမ်းမယိုင် မြဲခိုင်ကြသကဲ့သို့, ထို့အတူ သဒ္ဓါ အစရှိသော တရားများလည်း ယုံကြည်ခြင်းစသော ကိစ္စ၌ မယိမ်းမယိုင် မြဲခိုင်ကြသဖြင့် ဗလဟူသောအမည်ကို ရသည်။

ခိုင်မြဲခြင်းနှစ်မျိုး။ ။အကမ္ပနအရ ခိုင်မြဲခြင်း နှစ်မျိုးကို ပြဦးအံ့-ယခုလောက၌ အချို့ဗိုလ်သည် ရန်သူနှင့် တွေ့သော်လည်း မရွေ့မယိုင် ကြံ့ကြံ့ခိုင်လျက် ပြိုင်ဘက် ရန်သူကိုပင် ဖြိုဖျက်နိုင်ကြ၏၊ အချို့ဗိုလ်များ ကား မိမိဘာသာနေတုန်းက ခိုင်မြဲသော်လည်း ရန်သူနှင့် ရင်ဆိုင်တွေ့လျှင် တရွေ့ရွေ့ လှုပ်ရှားလျက် ဆုတ်သွားတတ်ကြလေသည်။ ထို့အတူ ဗိုလ်အမည်ခံတရားများတွင် ကုသိုလ်တရားတို့သည် ဆန့်ကျင် ဘက် အကုသိုလ်တို့ကြောင့် မလှုပ်ရှားဘဲ ခိုင်မြဲရုံသာမက, အကုသိုလ်များကိုပင် ပယ်ရှားဖြိုဖျက်နိုင်သော ပဟာယကသတ္တိ ရှိကြသည်၊ အကုသိုလ်တွင် ပါဝင်သော ဝီရိယ အဟိရိက အနောတ္တပ္ပတို့ကား မိမိတို့နှင့် အတူဖြစ်ဖက် တရားတို့၌သာ ခိုင်မြဲခြင်းသဘောရှိ၍, ဆန့်ကျင်ဘက်ကုသိုလ်တရားတို့ကို ပယ်ရှားနှိမ် နင်းနိုင်သောသတ္တိ မရှိချေ၊ ထို့ကြောင့် အဋ္ဌသာလိနီအဋ္ဌကထာဝယ် ကုသိုလ်ဗိုလ်အရာ၌ "ဧဝမေတေသု အသဒ္ဓိယေ န ကမ္ပတီတိ သဒ္ဓါဗလံ" ဟု ဖွင့်ပြပြီးလျှင် အကုသိုလ်ဗိုလ်အရာ၌မူ "သဟဇာတဓမ္မေသု အကမ္ပနဋ္ဌေနေဝ ဝီရိယဗလံ ဝေဒိတဗ္ဗံ" ဟု ဖွင့်ပြ၏၊ မူလဋီကာကလည်း "သဟဇာတဓမ္မေသု အကမ္ပနံ, န ကောသဇ္ဇေသု အကမ္ပနံ ဝိယ တပ္ပဋိပက္ခဘာဝတော ဒဋ္ဌဗ္ဗံ၊ တံတံ ပါပကိရိယာယ ဥဿဟနဝသေန ပန ထိရတာ တတ္ထ အကမ္ပနံ" ဟု ထောက်ခံ ဖွင့်ပြသည်။

အသဒ္ဓိယေ ကောသဇ္ဇေ စ, မုဋ္ဌဿစ္စေ စ ဥဒ္ဓစ္စေ၊ အဝိဇ္ဇာယ အဟိရိကေ, ဩတ္တပ္ပေ စ န ကမ္ပရေ။ တသ္မာ သဒ္ဒါဒယော သတ္တ, ကုသလာဒီ ဗလာနိ စ၊ ယုတ္တေသွေဝ အကမ္ပေန, အပုညာပိ တံနာမိကာ။

အသဒ္ဓိယေ -သဒ္ဓါမရှိသူ၏ ဖြစ်ကြောင်း အကုသိုလ်အပေါင်းကြောင့်လည်းကောင်း၊ ကောသဇ္ဇေ စ-ပျင်းရိ သူ၏ ဖြစ်ကြောင်း အကုသိုလ်အပေါင်းကြောင့်လည်းကောင်း၊ မုဋ္ဌဿစ္စေ စ-ပျောက်ကင်းသော သတိရှိသူ၏ ဖြစ်ကြောင်း အကုသိုလ်အပေါင်းကြောင့်လည်းကောင်း၊ (ဤသုံးပါးကား အစဉ်အတိုင်း သဒ္ဓါ ဝီရိယ, သတိ တို့၏ ဆန့်ကျင်ဘက်တည်း၊ နောက်ဆန့်ကျင်ဘက်များ၌ ထင်ရှားပြီ၊) ဥဒ္ဓစ္စေ-ဥဒ္ဓစ္စကြောင့် လည်းကောင်း၊ အဝိဇ္ဇာယ-လည်းကောင်း၊ အဟိရိကေ-လည်းကောင်း၊ ဩတ္တပ္ပေ-လည်းကောင်း၊ န ကမ္ပရေ-မတုန်လှုပ်တတ် ကုန်၊ တသ္မာ-ထို့ကြောင့်၊ ကုသလာဒီ-ကုသိုလ် အဗျာကတ ဖြစ်ကုန်သော၊ သဒ္ဓါဒယော-သဒ္ဓါ အစရှိကုန် သော၊ သတ္တ-(၇) ပါးတို့သည်၊ ဗလာနိ-ဗိုလ်တို့မည်၏၊ ယုတ္တေသု အကမ္ပနေ ဧဝ-ယှဉ်ဖက်တရားတို့ အပေါ်၌ မလှုပ်ရှားဘဲ ခိုင်မြဲခြင်းကြောင့်သာလျှင်၊ အပုညာပိ-အကုသိုလ် ဝီရိယ အဟိရိက အနောတ္တပ္ပတို့သည် လည်း၊ တံနာမိကာ-ထိုဗလဟူသော နာမည်ကို ရကြ၏။

အဓိပတိ။ ။အဓိနာနံ-မိမိ၌စပ်သော တရားတို့၏၊ ပတိ-အရှင်သခင်တရားသည်၊ အဓိပတိ-အဓိပတိ မည်၏၊ [အဓိနပတိဟု ဆိုသင့်လျက် န အက္ခရာကို ချေ၍ အဓိပတိဟု ဖြစ်၏၊] မိမိနှင့် ဆက်သွယ်လျက် တကွဖြစ်ဖက်တရားတို့ကို လွှမ်းမိုးအုပ်ချုပ် အရှင်သခင် လုပ်ပြီးလျှင် တကွဖြစ်ဖက်တရားစုကို ထိုထိုကိစ္စ၌ မိမိအလိုကျအောင် လိုက်ပါစေနိုင်သောတရားကို "အဓိပတိ" ဟု ခေါ်သည်၊ ထို့ကြောင့် "အဓိကော+ပတိ အဓိပတိ-လွန်ကဲသောအရှင်သခင်" ဟု တစ်နည်း ပြုသင့်၏၊ "ဣန္ဒြိယအစိုးရထက်ပင် လွန်ကဲသောအရှင် သခင်တရားများ" ဟူလို။

အဓိပတိနှင့် ဣန္ဒြေအထူး။ ။"အဓိပတိနှင့် ဣန္ဒြေတို့၏ အစိုးရပုံသည် အဘယ်သို့ ကွဲပြားသနည်း"ဟု မေးလေ့ရှိ၏၊ အဖြေကား-အဓိပတိအစိုးရပုံသည် ပြည့်ရှင်မင်း၏ အစိုးရပုံနှင့် တူ၏၊ ပြည့်ရှင်မင်းသည် မိမိ တစ်ပါးတည်းရှိသဖြင့် မိမိ၏ တိုင်းပြည်ကိစ္စ၌ သူတစ်ပါးအလိုသို့ မလိုက်ရဘဲ အားလုံးမှူးမတ်တို့ကသာ ပြည့်ရှင်မင်း၏ အလိုသို့ လိုက်ကြရသကဲ့သို့, ထို့အတူ အဓိပတိ တရားများလည်း တကွဖြစ်ဖက် စေတသိက် တည်းဟူသော တိုင်းပြည်တွင် တစ်ပါးတည်းသာ အဓိပတိတပ်၏၊ ထိုအဓိပတိတပ်သော တရားသည် အခြားစေတသိက်များအလိုသို့ မလိုက်ရ, စိတ် စေတသိက်များကသာ အဓိပတိတရား၏ အလိုသို့လို က်၍ ဆိုင်ရာကိစ္စကို ဆောင်ရွက်ကြရသည်။

ဣန္ဒြေ၏အစိုးရပုံကား မှူးမတ်များ၏ အစိုးရပုံနှင့် တူ၏၊ ယခု မြန်မာပြည်၌ ပြည်ထဲရေးဝန်ကြီး, ဘဏ္ဍာ ရေးဝန်ကြီး, သစ်တောရေးဝန်ကြီး, ပညာရေးဝန်ကြီးဟု

လေးဦးရှိသည်၊ ထိုတွင် ပြည်ထဲရေးကိစ္စ၌ အခြားဝန်ကြီးများက ပြည်ထဲရေးဝန်ကြီး၏ အလိုအတိုင်း သဘောတူရ၏၊ ပြည်ထဲရေးကိစ္စ၌ ပြည်ထဲရေးဝန်ကြီးသာ အုပ်စိုးနိုင်သည်၊ ထိုပြည်ထဲရေးဝန်ကြီးလည်း ဘဏ္ဍာရေးစသော ကိစ္စများ၌ ဘဏ္ဍာရေးစသော ဝန်ကြီး၏ အလိုသို့ လိုက်ရသည်၊ ထို့အတူ တကွဖြစ်ဖက် တရားစု၌ ဣန္ဒြေထိုက်သော တရားနှစ်ပါး သုံးပါးစသည်ပါလျှင် မိမိဆိုင်ရာ ကိစ္စ၌သာ မိမိအစိုးရ၍ အခြား ကိစ္စ၌ အခြားဣန္ဒြေ၏ အလိုသို့ လိုက်ပါရသည်။

ထင်ရှားစေအံ့ –ပထမမဟာကုသိုလ်စိတ်နှင့် အမြဲယှဉ်သော စေတသိက်(၃၃)ပါးတို့ အတူတကွ ဖြစ်ကြ ရာ၌ စိတ်ဖြစ်စေ, ပညာဖြစ်စေ, ဝီရိယဖြစ်စေ, ဆန္ဒဖြစ်စေ, တစ်ပါးပါးသာ အဓိပတိဖြစ်ရမည်၊ ကျန်သုံးပါး မှာ နောက်လိုက်ငယ်သား သာမန်တရားသာဖြစ်ရမည်၊ ဤကဲ့သို့ ဖြစ်ရပုံကို "ယထာသမ္ဘဝံ အဓိပတိ ဧကောဝ လဗ္ဘတိ" အခန်း၌ ဖွင့်ပြအံ့၊ ထိုအဓိပတိတပ်သော တရားအလိုသို့ အားလုံးယှဉ်ဖက် တရားတို့က လိုက်ပါ၍ အားလုံးယှဉ်ဖက်ကို အဓိပတိတစ်ပါးက အုပ်စိုး၏၊ ထို စိတ် စေတသိက်များ၌ ဣန္ဒြေထိုက်သော တရားကား မန ဇီဝိတ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ သောမနဿဝေဒနာတို့ ပါရှိကြ၏၊ ထိုအားလုံးပင် ဣန္ဒြေထိုက်ကြ၏၊ အာရုံကို သိခြင်းကိစ္စ၌ မနိန္ဒြေက အစိုးရ၏, ဇီဝိတ စသည်တို့က မန အလိုအတိုင်း လိုက်ကြရ၏၊ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်မှု၌ ဇီဝိတိန္ဒြေက အစိုးရ၏၊ မန စသည်တို့က ဇီဝိတ အလိုသို့ လိုက်ကြရသည်၊ ရုပ်ကလာပ်တစ်ခု၌ ဣန္ဒြေ အသီးသီး အုပ်စိုးစီမံပုံကိုလည်း ချဲ့ကြည့်ပါ၊ ဤ သို့လျှင် ဘုရင်အလား တစ်ပါတည်း အုပ်စိုးခြင်းသည် အဓိပတိ၏သဘော, မှူးမတ်အလား ကိုယ့်ကိစ္စ၌သာ ကိုယ်အုပ်စိုးခြင်းသည်ကား ဣန္ဒြေ၏ သဘောတည်းဟု မှတ်ပါ၊ [ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။]

~~~~~~~~~~~

အာဟာရ။ ။အာဟရန္တိ-ဆောင်တတ်ကုန်၏၊ ဣတိ-ကြောင့်၊ အာဟာရာ-အာဟာရတို့ မည်၏၊ မိမိ ဆိုင်ရာ အကျိုးတရားကို ဆောင်တတ်သောတရားကို အာဟာရဟု ခေါ်၏၊ "ဆောင်" ဟူသည် ဖြစ်စေခြင်း ထောက်ပံ့ခြင်းတည်း၊ အလုပ်ကြီးတစ်ခုကို အတော်နားလည်သူတစ်ယောက်က ဝင်ရောက်၍ လုပ်ကိုင်ရာ၌ "သည်အလုပ်ကြီးကို သူဆောင်နေတာပဲ, သူမရှိလျှင်သည်အလုပ်ကြီး ပျက်မှာပဲ" ဟူသော စကား၌ အလုပ်ကြီး တည်တံ့အောင် ထောက်ပံ့လုပ်ကိုင်သည်ကို "ဆောင်သည်=ဆောင်ရွက်သည်" ဟု ခေါ်သကဲ့ သို့တည်း၊ ကဗဠီကာရအာဟာရစသည်တို့ ဆောင်ရွက်အပ်(ဖြစ်စေအပ်သော) ဆိုင်ရာအကျိုးများကို အခြေ ပြု၌ ဂါထာဆောင်ပုဒ်နှင့် တကွ ပြခဲ့ပြီ၊ အာဟာရပစ္စည်းခန်း၌လည်း သိမ်မွေ့လေးနက်စွာ တွေ့ရဦးလတ္တံ့။

ဤလေးပါးသာ အာဟာရမည်ရပုံ။ ။မိမိအကျိုးတရားကို ဆောင်ရွက်တက်သောကြောင့် အာဟာရမည် တမ်းဖြစ်လျှင် ကဗဠီကာရအာဟာရစသော လေးပါးအပြင် လောဘ ဒေါသဟိတ်စသော ပစ္စည်းတရားတွေ လည်း မိမိဆိုင်ရာ အကျိုးပစ္စယုပ္ပန်ကို ဆောင်ကြသဖြင့် အာဟာရအမည် ရသင့်သည် မဟုတ်ပါလောဟု မေး၊ အဖြေကား–ယခုမျက်မြင်အားဖြင့် အစာအာဟာရသည် ခန္ဓာကိုယ်အား အလွန် ကျေးဇူးများသည့် အတွက် ကဗဠီကာရ စသော လေးပါးသာ အာဟာရ အမည်ရ၍ ဟိတ်စသော ပစ္စည်းတရားများမှာ ဆိုင်ရာ ပစ္စယုပ္ပန်ကို ဆောင်ရွက်ကြသော်လည်း ခန္ဓာကိုယ်၌ ကဗဠီကာရအာဟာရ စသော လေးပါးလောက် ကျေးဇူးမများသဖြင့် အာဟာရအမည် မရကြချေ။

[ ဆောင်] ထိုထိုရှေးကံ, ပြုစီမံ၍, လူ့ထံနတ်ဆီ, ဖြစ်ရပြီလည်း, ကဗဠီကာရ, အစာရမှ, ကာလအရှည်, သက်ဆုံးတည်၏၊ တစ်လီဖဿ-အာဟာရကြောင့်, ဣဋ္ဌနိဋ္ဌာ, အရသာကို, ဝေဒနာခံစား, တဏှာ ပွားလျက်, ဝဋ်ကြွေးတက်၍, ဆက်လက်ရှည်စွာ၊ စေတနာမူ, ခန္ဓာသန္ဓေ, စွဲကပ်စေ၍, ထွေထွေ ဝိပါက်, ဝိညာဉ်ဆက်၏၊ မပျက်စေ့ငှာ, ဝိညာဏာဟု ဟာရစုလည်း, နှစ်ခုရုပ်နာမ်, ပွားအောင်ဖန် လျက်, ခန္ဓာဆက်ဖို့, ဆောင်ရွက်သောအား, ကျေးဇူးများသဖြင့်, လေးပါးဤတွင်, အာဟာရတင်သည်,... ကျမ်းစဉ် ဖွင့်မြဲမှတ်တမ်းတည်း။

ကဗဠီကာရက ဆောင်ပုံ။ ။အစာအာဟာရကို မှီ၍ အသက်ရှည်ရကုန်သော ကာမဘုံသားတို့သည် ရှေးရှေးကံကြောင့် လူ့ထံ နတ်ပြည်၌ ဖြစ်ကြရသော်လည်း ကံချည်းသက်သက် မတည်တံ့နိုင်, ကဗဠီကာရ အာဟာရဟူသော အစာကို စားရမှသာ (ကဗဠီကာရအာဟာရက ဆောင်ထားမှသာ) အသက်ဆုံးတိုင် တည်တံ့နိုင်ကြ၏၊ ထို့ကြောင့် ကဗဠီကာရအာဟာရသည် တစ်ဘဝအတွက် သတ္တဝါတို့အား အထူးကျေးဇူး များ၏။

ဖဿာဟာရဆောင်ပုံ။ ။သံသရာ၌ ကျင်လည်ရသော သတ္တဝါတို့၏ ဘဝဆက်ရှည်ရာမှာ ဖဿာ ဟာရဟူသော အတွေ့သာ အချုပ်အခြာ ဖြစ်၏၊ ဖဿမဖြစ်လျှင် ဝေဒနာလည်း မဖြစ်နိုင်, ဝေဒနာ မဖြစ်က တဏှာလည်း မရစ်ဝဲနိုင်တော့သဖြင့် သံသရာ ပြတ်စဲရုံသာ ရှိ၏၊ ယခုမှာကား ရူပါရုံနှင့် စက္ခုပသာဒတို့ ရှေးရှုမိရာဝယ် ဖဿဟူသော အတွေ့ဓာတ် ဖြစ်ပေါ်လာသဖြင့် "ဖဿပစ္စယာ ဝေဒနာ" ဟူသည့်အတိုင်း ဣဋ္ဌ, အနိဋ္ဌအရသာကို ခံစားတတ်သော ဝေဒနာဖြစ်ပေါ်လာသည့်အတွက် တောင့်တမှု တဏှာများ တိုးပွား လျက် ထိုအရသာမျိုးကို ရနိုင်ဖို့အကြောင်း ကောင်းကောင်းဆိုးဆိုး ကံအမျိုးမျိုးကို ပြုသဖြင့် သံသရာ ဝဋ် ကြွေးတက်၍ ဘဝဆက် ရှည်ရပြန်သည်၊ ထို့ကြောင့် သံသရာတွင် ခန္ဓာအစဉ် ရှည်ဖို့ရာ ဖဿာဟာရက ဆောင်သည်ဟု ဆိုရပေသည်။

မနောသေဉ္စတနာနှင့် ဝိညာဏ။ ။မနောသေဉ္စတနာဟာရဟူသော ကုသိုလ် အကုသိုလ်သင်္ခါရလည်း

" သင်္ခါရပစ္စယာ ဝိညာဏံ" ဟူသည့်အတိုင်း နောက်နောက်ဘဝ၌ ပဋိသန္ဓေကစ၍ ဝိပါက်ဝိညာဏ်ဖြစ်ဖို့ရန် အမြဲစီမံသဖြင့် သန္တာန်အစဉ် တည်ဖို့ရာ မည်မျှလောက် ကျေးဇူးများသည်ကို မစဉ်းစားဘဲ နားလည်နိုင်၏၊ ဝိပါက်ဝိညာဏ်ဟူသော ဝိညာဏာဟာရကလည်း "ဝိညာဏပစ္စယာ နာမရူပံ" ဟူသည့်အတိုင်း နာမ်ရုပ် တရားများကို တိုးပွားစေလျက် ခန္ဓာအစဉ် မပျက်အောင် ဆောင်ရွက်ထားပြန်၏၊... ဤသို့လျှင် ဆိုအပ်ပြီး သော တရားလေးပါးမရှိက ခန္ဓာအစဉ် ပြတ်စဲဖို့သာ ရှိတော့ရကား ကဗဠီကာရစသော လေးပါးသည် ခန္ဓာ အစဉ်အား ကျေးဇူးများအောင် ဆောင်ထားသည့်အတွက် ဤလေးပါး၌သာ အာဟာရဟူသော ဘွဲ့အမည် ကို တင်တော်မူရပေသည်။

အသညသတ်ဘုံနှင့် အာဟာရ။ ။ဤကဗဠီကာရစသော အာဟာရလေးပါးသည် အသညသတ်ဘုံ၌ မရနိုင်၊ (မရနိုင်ပုံကို စိစစ်ကြည့်ပါ၊) သုတ္တန်ပါဠိတော်များ၌ကား "သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ" ဟူသော ပါဌ်ဖြင့် အသညသတ်ဘုံသားများနှင့်တကွ သတ္တဝါဟူသမျှကို "အာဟာရဋ္ဌိတိက" ဟု ဟောတော်မူ၏၊ ထို သို့ ဟောတော်မူရာ၌ မုချအာဟာရ ပရိယာယအာဟာရဟု နှစ်မျိုးမှတ်ရာ၏၊ ကဗဋ္ဌီကာရစသော လေးပါးသည် "မုချအာဟာရ" မည်၏၊ အကျိုးကိုဆောင်နိုင်သော အခြား အကြောင်းစုသည် "ပရိယာယ အာဟာရ" မည်၏၊ အသညသတ်ဘုံ၌ ကမ္ဘာ(၅၀၀)ပတ်လုံး တည်နိုင်အောင် အသညသတ်ဘုံသားတို့ကို စျာနစေတနာ ဟူသော ပရိယာယအာဟာရက ဆောင်ထား၏၊ ဤသို့ စျာနစေတနာဟူသော အာဟာရရှိရကား "သဗ္ဗေ သတ္တာ-အလုံးစုံသော သတ္တဝါတို့သည်၊ အာဟာရဋ္ဌိတိကာ-အကြောင်းတရားကြောင့် တည်တံ့ရကုန်၏" ဟု မိန့်တော်မူသည်။ [သံဂီတိသုတ္တဋ္ဌကထာ ဧကကကို မှီသည်။]

_____________

ဣန္ဒြိယေသု ပနေတ္ထ သောတာပတ္တိမဂ္ဂဉာဏံ အနညာတညဿာမီတိန္ဒြိယံ, အရဟတ္တဖလဉာဏံ အညာတာဝိန္ဒြိယံ၊ မဇ္ဈေ ဆ ဉာဏာနိ အညိန္ဒြိယာနီတိ ပဝုစ္စန္တိ။

အနညာတညဿာမီတိန္ဒြေ။ ။"အဟံ-ငါသည်၊ အနညာတံ-အနမတဂ္ဂ သံသရာဝယ် တစ်ရံတစ်ခါမျှ မသိအပ်ဘူးသောနိဗ္ဗာန်တရားကို၊ ဝါ-သစ္စာလေးပါးကို၊ ဉာဿာမိ-သိအောင်ပြုအံ့" ဤသို့သော အဇ္ဈာသယ ဖြင့် ဝိပဿနာကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်၏ သန္တာန်မှာ ဖြစ်ပေါ်လာသော ဉာဏ်သည် ပထမဆုံး ရအပ်သော သောတာပတ္တိမဂ်ဉာဏ်တည်း၊ ထို့ကြောင့်

သောတာပတ္တိမဂ်ဉာဏ်ကို "အနညာတံ ဉာဿာမိ" ဟူသော အဇ္ဈာသယကို အစွဲပြု၍ "အနညာတညဿာ မီတိန္ဒြေ" ဟု ခေါ်ဝေါ်အပ်သည်။

အညိန္ဒြေ။ ။အည+ဣန္ဒြေ၊ အည၌ အာပုဗ္ဗ ဉာဓာတ်တည်း၊ အာသဒ္ဒါသည် မရိယာဒ (အပိုင်းအခြား) ဟူသောအနက်ကို ဟော၏၊ အာဇာနာတိ-အောက်မဂ်သိ အပ်ပြီးသော အပိုင်းအခြားအတိုင်း သိတတ်၏၊ ဣတိ အညံ-အညမည်၏၊ အညံ စ+တံ+ ဣန္ဒြိယံ စာတိ အညိန္ဒြိယံ၊ "သောတာပတ္တိမဂ် သိအပ်ပြီးသော သစ္စာလေးပါးကိုပင် ထပ်၍သိတတ်သော ဣန္ဒြေ" ဟု ဆိုလိုသည်၊ ထို့ကြောင့် အထက်မဂ် (၃)ပါး အောက် ဖိုလ် (၃)ပါးနှင့်ယှဉ်သော အလယ်ဉာဏ် (၆)ပါးကို "အညိန္ဒြေ" ဟု ဆိုရသည်။

အညာတာဝိန္ဒြေ။ ။အရဟတ္တဖိုလ်နှင့်ယှဉ်သောဉာဏ်လည်း အောက်မဂ်သိအပ်ပြီးသော အပိုင်းအခြား အတိုင်း ထပ်၍သိပေ၏၊ သို့သော် သိခြင်းကိစ္စ ပြီးဆုံးပြီဖြစ်၍ အညာတာဝိန္ဒြေဟူသော နာမည်ထူးကို ရသောကြောင့် အများဆိုင်ဖြစ်သော အညိန္ဒြေနာမည်ကို မခံလိုတော့ပြီ၊ အာဇာနိတ္ထ-သိပြီးပြီ၊ ဣတိ-ကြောင့်၊ အညာတာဝီ-မည်၏၊ ကမ်းကုန် လမ်းကုန် အစွမ်းကုန်သိပြီးသော ရဟန္တာတည်း၊ အညာတာဝိနော+ဣန္ဒြိယံ အညာတာဝိန္ဒြိယံ၊ တစ်နည်း-အညာတာဝိဟု (နပုန်းလိန်ရုပ်ကြံ၍) အညာတာဝိအရ အစွမ်းကုန်သိပြီးသော အရဟတ္တဖိုလ်ဉာဏ်ကို ယူပြီးလျှင် "အညာတာဝိ စ+တံ+ဣန္ဒြိယဉ္စာတိ အညာတာဝိန္ဒြိယံ" ဟု ဝစနတ်ပြုပါ။

ပဉ္စဝိညာဏေသု စျာနင်္ဂါနိ, အဝီရိယေသု ဗလာနိ, အဟေတုကေသု မဂ္ဂင်္ဂါနိ န လဗ္ဘန္တိ၊ တထာ ဝိစိကိစ္ဆာစိတ္တေ ဧကဂ္ဂတာ မဂ္ဂိန္ဒြိယဗလဘာဝံ န ဂစ္ဆတိ။

ပဉ္စဝိညာဏေသု စျာနင်္ဂါနိ န လဗ္ဘန္တိ။ ။ဒွေပဉ္စဝိညာဏ်(၁၀)၌ စျာနင်တရားကိုယ်များနှင့် နာမည်ချင်း တူသော ဝေဒနာ ဧကဂ္ဂတာတို့ ယှဉ်သော်လည်း ထိုဝေဒနာ ဧကဂ္ဂတာတို့သည် ဒွေးပဉ္စဝိညာဏ်နှင့် ယှဉ် ခိုက်မှာ စျာနင်အမည် မရထိုက်၊ ချဲ့ဦးအံ့-စျာန်ဟူသည် "စျာယတိ ဥပနိဇ္ဈာယတိ" အရ အာရုံ၌ ချပ်ချပ် ရပ်ရပ် ကပ်နေအောင် (အာရုံထဲ၌ စူးစိုက်ဝင်သွားသကဲ့သို့ ထင်ရလောက်အောင်) ရှုတတ် အာရုံယူတတ် သောတရားတည်း၊ ပဉ္စဝိညာဏ်၌ ဝိတက်မယှဉ်ချေ၊ အာရုံသို့ တင်ပေးမည့် ဝိတက်မျှ မပါလျှင် အဘယ်မှာ အာရုံကို စူးစိုက်စွာ ယူနိုင်ပါတော့အံ့နည်း၊ အာရုံကို စူးစိုက်စွာ မယူနိုင်လျှင် စျာနင်အမည်လည်း မရထိုက် ပေ၊ ထို့ကြောင့် "ဝိတက္ကပစ္ဆိမကံ ဟိ စျာနံ နာမ" ဟု အဋ္ဌသာလိနီ၌ ဖွင့်ပြီ။

အဝီရိယေသု ဗလာနိ န လဗ္ဘန္တိ။ ။ယခုလောက၌ လုံ့လဝီရိယ ထက်ထက်မြက်မြက်ဖြင့် သွက်သွက် လက်လက် ရှိသူကိုသာ "ဗိုလ်" ဟု ခေါ်၍, ဝီရိယကင်းလျက် ပျင်းတင်းတင်း အညံ့စားကို ဗိုလ်ဟု ခန့်ထား ခြင်း မရှိသကဲ့သို့,

ထို့အတူ ဝီရိယမပါလျှင် ဘယ်တရားမဆို "ဗိုလ်" ဟု မခေါ်ထိုက်၊ ထို့ကြောင့် ဝီရိယမယှဉ်ရာ ပဉ္စဒွါရဝဇ္ဇန်း ဒွေပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်း သန္တီရဏတို့၌ ဗိုလ်တရားတွင် ပါဝင်သော ဧကဂ္ဂတာ ယှဉ်သော်လည်း ထို ဧကဂ္ဂတာသည် ဗိုလ်ဟု အမည်မရချေ၊ ထို့ကြောင့် "ဝီရိယပစ္ဆိမကံ ဗလံ" ဟု မိန့်သည်။

အဟေတုကေသု မဂ္ဂင်္ဂါနိ န လဗ္ဘန္တိ။ ။ရေသောက်မြစ်နှင့်တူသော ဟိတ်မပါလျှင် ဆိုင်ရာအာရုံကို ယူမှု ၌ အမြစ်စွဲနေသလို ခိုင်မြဲမည် မဟုတ်ချေ၊ မခိုင်မြဲ၍ အပေါ်ယံမျှသာဖြစ်သောတရားကို "သုဂတိ ဒုဂ္ဂတိ သွားကြောင်း ကောင်း/မကောင်းသောလမ်း" ဟု မဆိုထိုက်၊ ထို့ကြောင့် အဟိတ်စိတ်များဝယ် မဂ္ဂင်တရား ကိုယ်နှင့် အလားတူသော ဝိတက် ဝီရိယ ဧကဂ္ဂတာတို့ ထိုက်သလို ယှဉ်ကြသော်လည်း မဂ္ဂင်အမည်ကို မရ ကြချေ၊ "ဟေတုပစ္ဆိမကော မဂ္ဂေါ နာမ" အဋ္ဌသာလိနီ ဝိပါကပဒအဖွင့်။

ပစ္ဆိမကအဓိပ္ပာယ်။ ။ပြခဲ့သော သာဓကပါဠိများ၌ "ပစ္ဆိမက" ဟု ဆိုသောကြောင့် "ဓားမနောက် ပိတ်ခွေး" ဆိုသလို "အသုံးမကျ အရေးမကြီး" ဟူသော အဓိပ္ပာယ်များ ထင်မှားဖွယ်ရှိ၏၊ ဤနေရာ၌ ပစ္ဆိမက သဒ္ဒါမှာ "အရေးတကြီး ပဓာန" ဟူသော အဓိပ္ပာယ်ကိုသာ ပြလိုရင်းဖြစ်သည်၊ ဥပမာ-ငွေ(၁၀ိ) ရှိမှ သုံး လောက်မည့် ကိစ္စ၌ "အယုတ်ဆုံး ငွေ(၁၀ိ)တော့ ရှိမှဖြစ်မည်" ဟု ဆိုရာဝယ် "အယုတ်ဆုံး" ဟု ဆိုထိုက် သော်လည်း ထို ငွေ(၁၀ိ)သည် အရေးအကြီးဆုံး အပိုင်းအခြား ဖြစ်သကဲ့သို့တည်း၊ အဋ္ဌကထာများ၌လည်း တချို့အရာဝယ် အရေးတကြီး ပဓာနတရားကိုပင် "ဟေဋ္ဌိမ" ဟု သုံးစွဲ၏၊ ပုံစံကား-"စေတနာတိ ဟေဋ္ဌိမ ကောဋိယာ ပဓာနသင်္ခါရဝသေန ဝုတ္တံ"–ခန္ဓဝိဘင်္ဂဋ္ဌကထာ။ [ဤ၌ ဟေဋ္ဌိမဟူသော စကားသည် ပစ္ဆိမ သဒ္ဒါနှင့် အနက်တူ၏။]

"ဝိတက္ကာဒိဝိရဟေသု, စျာနာဒီနိ န လဗ္ဘရေ၊ ဝိတက္ကဟေဋ္ဌိမံ စျာနံ, မနောပရံ မနိန္ဒြိယံ၊ ဟေတုပရဉ္စ မဂ္ဂင်္ဂံ, ဗလံ ဝီရိယပစ္ဆိမံ"

ဟူသော ပရမတ္ထဝိနိစ္ဆယ၌လည်း ပစ္ဆိမံ၏ ကိုယ်စား ဟေဋ္ဌိမံ ပရံ ပုဒ်များကို သုံးစွဲထား၏၊ ထို့ကြောင့် "စျာနံ နာမ-စျာန်မည်သည်၊ ဝိတက္ကပစ္ဆိမကံ-ဝိတက်လျှင် နောက်ဆုံးရှိ၏၊ (ဝိတက်မပါလျှင် မပြီး-ဟူလို၊) ဗလံ-ဗိုလ်သည်၊ ဝီရိယပစ္ဆိမကံ-ဝီရိယလျှင် နောက်ဆုံးရှိ၏၊ မဂ္ဂေါ နာမ-မဂ်မည်သည်၊ ဟေတုပစ္ဆိမကော- ဟိတ်လျှင် နောက်ဆုံးရှိ၏" ဟု အနက်ဆိုပါ၊ ဂါထာ၌လည်း "ဝိတက္ကဟေဋ္ဌိမံ-ဝိတက်လျှင် အောက်ထစ်ဆုံး ရှိ၏၊ မနောပရံ-စိတ်သာလျှင် ပဓာနရှိ၏၊ ဟေတုပရံ-ဟိတ်သာလျှင် ပဓာန ရှိ၏၊" ဟု အနက်ဆိုပါ။

ဝိစိကိစ္ဆာစိတ္တေ၊ပေ၊န ဂစ္ဆတိ။ ။ဝိစိကိစ္ဆာစိတ်၌ယှဉ်သော ဧကဂ္ဂတာသည် "တည်ကြည်ပါတယ်" ဟု ဆိုရသော်လည်း ယုံမှားသံသယများသော ဝိစိကိစ္ဆာက အာရုံပေါ်၌ စွဲစွဲမြဲမြဲ မရှိသောကြောင့် ထိုဝိစိကိစ္ဆာနှင့် ယှဉ်ရသည့်အတွက် ဧကဂ္ဂတာလည်း အာရုံလည်း မစွဲမြဲနိုင်၊ ဥပါဒ် ဌီ ဘင်အားဖြင့် ခဏတ္တယ အခိုက် တန့်မျှသာ တည်ရတော့၏၊ ထို့ကြောင့် မဂ္ဂင် ဣန္ဒြေ ဗိုလ်အဖြစ်သို့ မရောက်ဘဲ, သာမန် ဧကဂ္ဂတာမျှသာ ဖြစ်ရလေသည်။

ပါဠိတော်နှင့်သင်္ဂြိုဟ် ကွဲပြားပုံ။ ။ဓမ္မသင်္ဂဏီပါဠိတော်၌ ဝီရိယမယှဉ်သောစိတ် (၁၆)ပါးဝယ် "တီဏိ ဣန္ဒြိယာနိ" ဟု လာ၏၊ ဥပမာ-စက္ခုဝိညာဏ်စိတ် စေတသိက်၌ မနိန္ဒြေ ဇီဝိတိန္ဒြေ ဥပေက္ခိန္ဒြေအားဖြင့် ဣန္ဒြေ (၃)ပါးသာ ရထိုက်သည်၊ ထိုစက္ခုဝိညာဏ်စိတ်၌ ဧကဂ္ဂတာ ယှဉ်ပါလျက် သမာဓိန္ဒြေကို ဟောတော် မမူ၊ ထို့ကြောင့် ဝိစိကိစ္ဆာစိတ်၌ ယှဉ်ခိုက်ဖြစ်သော ဧကဂ္ဂတာသာ ဣန္ဒြေမထိုက်သည် မဟုတ်, အဝီရိယစိတ် (၁၆)ပါး၌ ယှဉ်ခိုက်ဖြစ်သော ဧကဂ္ဂတာလည်း ဣန္ဒြေမထိုက်ဟု မှတ်ပါ၊ ဓာတုကထာအကောက် သမာဓိန္ဒြေ ၌လည်း ဤအတိုင်းပင် ကောက်သည်၊ သို့အတွက် ပါဠိတော်နှင့် ညီညွတ်အောင် သင်္ဂြိုဟ်ပါဠိကို..."ပဉ္စဝိညာ ဏေသု စျာနင်္ဂါနိ, အဟေတုကေသု မဂ္ဂင်္ဂါနိ န လဗ္ဘတိ၊ တထာ အဝီရိယေသု ဧကဂ္ဂတာ ဣန္ဒြိယဗလဘာဝံ န ဂစ္ဆတိ, ဝိစိကိစ္ဆာစိတ္တေ ပန မဂ္ဂဘာဝံပိ" ဟု ကျေးဇူးရှင် ဆရာတော်ဘုရားကြီး ပြင်တော်မူပြီ။

_______________

ဒွိဟေတုကတိဟေတုကဇဝနေသွေဝ ယထာသမ္ဘဝံ အဓိပတိ ဧကောဝ လဗ္ဘတိ။

ဒွိဟေတုကတိဟေတုကဇဝနေသွေဝ။ ။လောကီဝိပါက်စိတ်တို့သည် ရှေးကံကြောင့် ဖြစ်ကြရကား ဗျာပါရရှိသောစိတ်များ မဟုတ်ကြ၊ ဗျာပါရကင်းမဲ့လျှင် အဘယ်မှာ အဓိပတိခေါ်လောက်သော အကြီးအချုပ် ဖြစ်ထိုက်ပါတော့အံ့နည်း၊ ဖိုလ်ဝိပါက်များကား မဂ်အားလျော်စွာ ကိလေသာအပူငွေ့များကို တစ်ဖန်ငြိမ်းစေ ရသော ပဋိပ္ပဿမ္ဘနဗျာပါရ ရှိကြ၏၊ ထို့ကြောင့် ဇောတို့၌သာ အဓိပတိ ရထိုက်သည်၊ ဇောတို့တွင်လည်း အဟိတ်ဇော (ဟသိတုပ္ပါဒ်) နှင့် ဧကဟိတ်ဇော (မောဟမူဒွေး) တို့လည်း "ဆန္ဒရှိလျှင် ဘာ့ကြောင့် ယုံမှားမှု ဝိစိကိစ္ဆာမဖြစ်ဘဲ ရှိအံ့နည်း, ဘာ့ကြောင့် ပျံ့လွင့်မှု ဥဒ္ဓစ္စမဖြစ်ဘဲ ရှိအံ့နည်း, ဘာ့ကြောင့် ပြုံးရယ်မှု ဟသိ တုပ္ပာဒ် မဖြစ်ဘဲ ရှိအံ့နည်း" ဟု ပုဗ္ဗာဘိသင်္ခါရဖြင့် ထက်သန်လာအောင် ပြုပြင်၍ မရနိုင်၊ ထိုသို့ ပြုပြင်၍ မရလျှင် အဘယ်မှာ အကြီးအချုပ် အဓိပတိ လုပ်နိုင်တော့အံ့နည်း၊ ထို့ကြောင့် ဧကဟိတ်ဇော အဟိတ်ဇော တို့၌ အဓိပတိမရထိုက်ဘဲ ဒွိဟိတ် တိဟိတ်ဇောတို့၌သာ အဓိပတိရထိုက်ပေသည်။ [အကုသလပဒ အနုဋီကာ]။

ယထာသမ္ဘဝံ ဧကောဝ။ ။ဒွိဟိတ်ဇောတို့၌ အဓိပတိအမည်ခံသောတရားသည် "စိတ်, ဆန္ဒ, ဝီရိယ"

ဟု သုံးပါးရှိ၍, တိဟိတ်ဇောတို့၌ ပညာနှင့်တကွ သုံးပါးရှိ၏၊ သို့သော် တိုင်းပြည်တစ်ပြည်မှာ ပြည့်ရှင်မင်း တစ်ပါးသာ ရှိရသကဲ့သို့, တကွဖြစ်ကြသော စိတ်, စေတသိက်များတွင်လည်း အဓိပတိရွေးကောက်ထိုက် သော တရားကား တစ်ပါးသာ ရှိရမည်၊ "ထိုသုံးပါးလေးပါးတွင် ဘယ်လိုတရားသည် အဓိပတိဖြစ်ထိုက် သနည်း" ... "ဝါသနာအားလျော်စွာ ပုဗ္ဗာဘိသင်္ခါရဖြင့် ကူမအပ်သောတရားသည် အထက်သန်ဆုံး ဖြစ်ထိုက်၏ "။

ချဲ့ဦးအံ့ –အချို့ပုဂ္ဂိုလ်သည် ရှေးရှေးက အထုံဝါသနာ ပါလာခဲ့သည့်အတိုင်း အရေးတကြီး ရွက်ဆောင်ရ မည့်ကိစ္စ၌ "စိတ္တဝတော ကိံ နာမ န သိဇ္ဈတိ = စိတ်ထက်သန်လျှင် ခံနိုင်ရိုးလား" ဟု စိတ်ကိုပင် အားကိုး မြှောက်စားလေ့ရှိ၏၊ ဤကား ရှေ့အဖို့က စိတ်ကို ပြုပြင်မှုဟူသော ပုဗ္ဗာဘိသင်္ခါရတည်း၊ ထိုပုဗ္ဗာဘိသင်္ခါရ ကြောင့် နောက်နောက် စိတ် စေတသိက်များ ဖြစ်သောအခါ စိတ်သည် အဓိပတိဖြစ်၏၊ အချို့ကား "ဆန္ဒဝ တော ကိံ နာမ န သိဇ္ဈတိ = ဆန္ဒရှိလျှင် မဖြစ်ချင် နေနိုင်ရိုးလား" ဟု ဆန္ဒအပေါ်မှာ ကိုးစားလေ့ရှိ၏၊ အချို့ကား "ဝီရိယဝတော ကိံ နာမ န သိဇ္ဈတိ = လုံ့လရှိသူမှန်လျှင် ဧကန် ဖြစ်ရမည်" ဟု ဝီရိယကိုသာ အားကိုးအားထား ပြု၏၊ အချို့ကမူ "ပညာဝတော ကိံ နာမ န သိဇ္ဈတိ = ဉာဏ်ရှိသူကြံလျှင် ဘာခံနိုင်မှာလဲ" ဟု အမြဲတမ်း ဉာဏ်ကို အားကိုး၏၊ ထိုအလုံးစုံကား ပုဗ္ဗာဘိသင်္ခါရချည်းတည်း၊ ထိုပုဗ္ဗာသင်္ခါရကြောင့် နောက်နောက် စိတ်ဖြစ်သောအခါ တစ်ပါးပါး ထက်သန်လျက် ရှိရ၏၊ ထိုထက်သန်သောတရား တစ်ပါးပါး အဓိပတိဖြစ်ထိုက်သောကြောင့် "ယထာသမ္ဘဝံ ဧကောဝ=ဖြစ်ထိုက်သော တရားတစ်ပါးပါးသာ အဓိပတိဖြစ် ရမည်" ဟု မိန့်တော်မူသည်၊ ["ပုဗ္ဗာဘိသင်္ခါရကြောင့် နောက်နောက်စိတ်၌ တစ်ပါးပါး အဓိပတိဖြစ်၏" ဟူသော စကားလည်း အထုံဝါသနာ မရခင်ကို ရည်ရွယ်သောစကား ဖြစ်သည်၊ ဆိုင်ရာကိစ္စနှင့် ကြုံလျှင် ဆန္ဒ ဝီရိယ စိတ္တ ဝိမံသတို့ တစ်ပါးပါး အမြဲထက်သန်လေ့ရှိသူမှာ ပုဗ္ဗာဘိသင်္ခါရ မရှိဘဲ အဓိပတိဖြစ်ဖွယ် ရှိ၏၊ အလောင်းတော်ကြီးများ၌ ရုတ်တရက် ထက်သန်သော ဆန္ဒစသည်တို့ ဖြစ်တက်ပုံကို စဉ်းစားကြပါ။]

_______________

ဗောဓိပက္ခိယသင်္ဂဟ

ဗောဓိပက္ခိယသင်္ဂဟေ စတ္တာရော သတိပဋ္ဌာနာ ကာယာနုပဿနာသတိပဋ္ဌာနံ ဝေဒနာနုပဿနာသတိပဋ္ဌာနံ စိတ္တာနုပဿနာသတိပဋ္ဌာနံ ဓမ္မာနုပဿနာ သတိပဋ္ဌာနံ။

ဗောဓိပက္ခိယသင်္ဂဟ။ ။ဗုဇ္ဈတိ-သစ္စာလေးပါးကို သိတတ်၏၊ ဣတိ-ကြောင့်၊ ဗောဓိ-မည်၏၊ သစ္စာလေး ပါးကို သိတတ်သောမဂ်ဉာဏ်တည်း၊ ဗောဓိယာ-သစ္စာလေးပါးကို သိတတ်သောမဂ်ဉာဏ်၏၊ ပက္ခော-အဖို့ တည်း၊ ဗောဓိပက္ခော-မဂ်ဉာဏ်၏အဖို့၊ ဗောဓိပက္ခေ-မဂ်ဉာဏ်၏အဖို့၌ (မဂ်ဉာဏ်၏ဘက်၌)၊ ဘဝါ-ဖြစ်သော (ပါဝင်သော)တရားတို့တည်း၊ ဗောဓိပက္ခိယာ-မဂ်ဉာဏ်၏ ဘက်၌ ဖြစ်သောတရားတို့၊ "မဂ်ဉာဏ်၏ဘက်မှာ ပါဝင်၍ မဂ်ဉာဏ်၏အကျိုးကို ရွက်ဆောင်သောတရားများ" ဟူလို၊ ထို့ကြောင့် မဂ်ဉာဏ်အား ကျေးဇူးများသည့် မဟာကုသိုလ် ကြိယာ အပ္ပနာဇောနှင့် ယှဉ်သောတရားများကိုသာ "ဗောဓိပက္ခိယတရား" ဟု ခေါ်ရသည်၊ ထိုဗောဓိပက္ခိယတရားအပေါင်းကို သိမ်းယူရာ သိမ်းယူကြောင်းစကားအပေါင်းသည် "ဗောဓိပက္ခိယ သင်္ဂဟ" မည်၏၊၊ [ဤဗောဓိပက္ခိယတရားတို့ကို ဝိဘင်းပါဠိတော်၌ စုံလင်စွာ ဟောတော်မူသောကြောင့် ထိုဝိဘင်းပါဠိတော်ကိုမှီ၍ ဤ သင်္ဂြိုဟ်ဆရာ စီစဉ်တော်မူရကား ထိုပါဠိတော် အဋ္ဌကထာကို ကိုးကား၍ ဖွင့်ပြပေအံ့။]

သတိပဋ္ဌာန။ ။ပဋ္ဌာန၌ ပ ရှေ့ရှိသော ဌာဓာတ်တည်း၊ ပ ဥပသာရသည် အလွန်အကဲဟူသော ဘုသ အနက်, သက်ဝင်ခြင်းဟူသော ဩတိဏ္ဏအနက်တို့ကို ဟော၏၊ ထို့ကြောင့် "ပဋ္ဌာတိ-အာရုံထဲ၌ လွန်ကဲစွာ သက်ဝင်တည်နေတတ်၏၊ ဣတိ-ကြောင့်၊ ပဋ္ဌာနံ-ပဋ္ဌာနမည်၏" ဟု ပြုပါ၊ ဆိုင်ရာအာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို "သတိပဋ္ဌာန်" ဟု ခေါ်၏၊ ဤသတိပဋ္ဌာန်လေးပါးလုံး၏ တရား ကိုယ်သည် မဟာကုသိုလ်ကြိယာအပ္ပနာဇော၌ယှဉ်သော သတိစေတသိက်တစ်ပါးသာတည်း။

တရားကိုယ်တစ်ပါးတည်းက လေးပါးပြားရပုံ။ ။တရားကိုယ်အားဖြင့် သတိစေတသိက်တစ်ပါးတည်း ဖြစ်ပါလျက် အဘယ့်ကြောင့် သတိပဋ္ဌာန်လေးမျိုး ပြားရသနည်းဟု မေး၊ အဖြေကား-သတိစေတသိက် တစ်ပါးတည်း ဖြစ်သော်လည်း အာရုံ၏ လေးမျိုးပြားခြင်း, ယူပုံအခြင်းအရာ၏ လေးမျိုးပြားခြင်း, ပယ်ကွာ ခြင်းကိစ္စ၏ လေးမျိုးပြားခြင်းတို့ကြောင့် သတိပဋ္ဌာန်လေးမျိုး ပြားရသည်။

ချဲ့ဦးအံ့ –လောက၌ ဖောက်ပြန်မှားယွင်းမှုကို ပါဠိလို "ဝိပလ္လာသ" ဟု ခေါ်၏၊ ထိုဝိပလ္လာသသည် နိစ္စ ဝိပလ္လာသ, သုခဝိပလ္လာသ, အတ္တဝိပလ္လာသ, သုဘဝိပလ္လာသဟု လေးမျိုးရှိ၏၊ ထိုတွင် အနိစ္စ အမှန်ဖြစ်သော ရုပ်နာမ်တရား၌ နိစ္စဟု အထင်မှားမှုသည် နိစ္စဝိပလ္လာသတည်း၊ ဒုက္ခအမှန်ဖြစ်သော ရုပ်နာမ်တရား၌ သုခဟု အထင်မှားမှုသည် သုခဝိပလ္လာသတည်း၊ အနတ္တရုပ်နာမ်၌ အတ္တဟု အထင်မှားမှုသည် အတ္တဝိပလ္လာသ တည်း၊ အသုဘအစစ်ဖြစ်သောရုပ်နာမ်၌ သုဘဟု အထင်မှားမှုသည် သုဘဝိပလ္လာသတည်း၊ [ဤ၌ စိတ်၏ အသိမှားမှု, ဒိဋ္ဌိ၏ အယူမှားမှု, သညာ၏ အမှတ်မှားမှု အားလုံးပါဝင်သည်၊] သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကို စီးဖြန်း သော ယောဂီပုဂ္ဂိုလ်သည်ကား ထိုဝိပလ္လာသတရားတို့ကို ထိုက်သလို ပယ်ရှားနိုင်သည်။

ကာယာနုပဿနာသတိပဋ္ဌာနံ။ ။ကာယေ-ခန္ဓာကိုယ်၌၊ ဝါ-ဆံပင် အမွေး အစရှိသော(၃၂)ကောဋ္ဌာ သ၌၊ အနုပဿနာ-အဖန်ဖန်ရှုတတ်သော သတိပဋ္ဌာန်သည်၊ ကာယာနုပဿနာ-ကာယာနုပဿနာ မည်၏၊ ဤကာယနုပဿနာ သတိပဋ္ဌာန်သည် ဆံပင် အမွေးစသော ကောဋ္ဌာသပညတ်ကို အာရုံပြု၏၊ ထိုကောဋ္ဌာ သပညတ်ကို အသုဘအခြင်းအရာပေါ်လာအောင် အထပ်ထပ်ရှုသာအခါ အသုဘ(မတင့်မတယ် ရွံဖွယ်ဖြစ် သော) အခြင်းအရာ ထင်လာ၏၊ ထို့ကြောင့် ဤကာယနုပဿနာသည် သုဘဝိပလ္လာသကို ပယ်ရှားခြင်း ကိစ္စ ရှိ၏။

ဝေဒနာနုပဿနာသတိပဋ္ဌာနံ။ ။ဝေဒနာတို့ကို ဒုက္ခအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုဆင်ခြင် သောသတိသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏၊ ဤသတိပဋ္ဌာန်ဖြင့် သုခ, ဒုက္ခ, ဥပေက္ခာတို့ကို ရှုသောအခါ အဖြစ်အပျက်ဒဏ်ကို အမြဲခံရပုံကို မြင်ရသဖြင့် ကြောက်မက်ဖွယ် ဘေးဒုက္ခဟူ၍ ထင်လာ၏၊ ထို့ကြောင့် ဤဝေဒနာနုပဿနာသည် ရုပ်နာမ်တို့၌ သုခဟုမှတ်ထင်သော သုခဝိပလ္လာသကို ပယ်ရှားနိုင်၏။

စိတ္တာနုပဿနာသတိပဋ္ဌာနံ။ ။စိတ်ကို အာရုံပြု၍ ဤစိတ်ကား သရာဂစိတ်, ဤစိတ်ကား ဝီတရာဂ စိတ် စသည်ဖြင့် ခွဲခြားလျက် အနိစ္စအခြင်းအရာ ထင်လာအောင် အဖန်ဖန် ရှုတတ်သော သတိသည် စိတ္တာနုပဿနာသတိပဋ္ဌာန် မည်၏၊ ဤသတိပဋ္ဌာန်ဖြင့် စိတ်တို့ကို ခွဲခြားလျက် ဆင်ခြင်သောအခါ စိတ် အမျိုးမျိုး ပြောင်းလွဲနေပုံကို သေချာစွာသိရသဖြင့် အနိစ္စအခြင်းအရာ လွန်စွာ ထင်လာ၏၊ ထို့ကြောင့် ဤစိတ္တာနုပဿနာသည် နိစ္စဝိပလ္လာသကို ပယ်ရှားနိုင်သည်။

ဓမ္မာနုပဿနာသတိပဋ္ဌာနံ။ ။ဤ၌ ဓမ္မဟု သာမညဆိုသော်လည်း ရူပက္ခန္ဓာကို ကာယာနုပဿနာ ဖြင့် ဝေဒနက္ခန္ဓာကို ဝေဒနာနုပဿနာဖြင့်, ဝိညာဏက္ခန္ဓာကို စိတ္တာနုပဿနာဖြင့် ရှုပြီးဖြစ်သောကြောင့် ဓမ္မ အရ သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ ဓမ္မများကိုသာ (ပါရိသေသနည်းအားဖြင့်) ယူခွင့်ရှိတော့သည်၊ ထိုဓမ္မတို့ကို အနတ္တအခြင်းအရာ ထင်လာအောင် အဖန်ဖန် အာရုံပြုလျက် ရှုသောအခါ အရာရာကိစ္စတို့၌ ထိုပရမတ္ထဓမ္မ များသာ ရွက်ဆောင်နေကြောင်း, ပရမတ္ထချည်းသာ ထင်ရှားရှိကြောင်းကို သိရ၍ စီမံနိုင်သော အတ္တ အကောင်ကလေး မရှိဟူသော အနတ္တအခြင်းအရာ လွန်စွာ ထင်လာသည်၊ ထို့ကြောင့် ဓမ္မာနုပဿနာသည် အတ္တဝိပလ္လာသကို ပယ်ရှားနိုင်သည်။

ဤသို့ အာရုံကလည်း လေးမျိုးပြားခြင်း, အာရုံယူပုံ ရှုပုံ အခြင်းအရာကလည်း လေးမျိုးပြားခြင်း, ပယ် ခွာခြင်းကိစ္စကလည်း လေးမျိုးပြားခြင်းကြောင့် သတိတစ်ပါးတည်းကိုပင် လေးမျိုးခွဲ၍ ဟောပြတော်မူသည်၊ [ဆောင်ပုဒ်ကို အခြေပြုမှာ ရှုပါ။] အာရုံလေးမျိုးပြားသည်ဟု ဆိုရာ၌ လောကီ သတိပဋ္ဌာန်ကိုသာ ရည်ရွယ်သည်၊ လောကုတ္တရာသတိပဋ္ဌာန်မှာ နိဗ္ဗာန်တစ်မျိုးတည်းကိုသာ အာရုံပြုသည်။

------------------

စတ္တာရော သမ္မပ္ပဓာနာ ဥပ္ပန္နာနံ ပါပကာနံ ပဟာနာယ ဝါယာမော, အနုပ္ပန္နာနံ ပါပကာနံ အနုပ္ပာဒါယ ဝါယာမော, အနုပ္ပန္နာနံ ကုသလာနံ ဥပ္ပါဒါယ ဝါယာမော, ဥပ္ပန္နာနံ ကုသလာနံ ဘိယျောဘာဝါယ ဝါယာမော။

သမ္မပ္ပဓာန။ ။ပဓာနသဒ္ဒါသည် အားထုတ်ကြောင်းဖြစ်သော ဝီရိယကို ဟော၏၊ ထိုဝီရိယသည် ဥပ္ပန္န ပါပကကို ပယ်ခြင်းစသော ကိစ္စလေးမျိုးကို ပြီးစေနိုင်၏" ဟု မှတ်ထင်သည့်အတိုင်းပင် ပြီးစေနိုင်သော ကြောင့် "သမ္မာ-ထင်တိုင်းမှန်ပေရဲ့, တော်ပေရဲ့" ဟု ချီးမွမ်းထိုက်သော ဝီရိယမို့ "သမ္မပ္ပဓာန" ဟု ခေါ်ဆိုရသည်၊ ရဟန္တာတို့သန္တာန်ဝယ် ဥပ္ပန္နပါပကကိုလည်း ပယ်ဖွယ်မလို, အနုပ္ပန္နပါပကကိုလည်း မဖြစ်အောင် တား မြစ်ဖွယ် မလိုတော့၊ ဥပ္ပန္နကုသလ အနုပ္ပန္နကုသလတို့အတွက် လုံ့လစိုက်ရန်အချက်လည်း မရှိတော့၊ ကုသိုလ် အကုသိုလ်နှင့် စပ်၍ အရပ်ရပ်ကိစ္စတို့ ပြီးစီးပြီးဖြစ်သောကြောင့် ဤသမ္မပ္ပဓာန်ဝီရိယကို ရဟန္တာ တို့၏ သန္တာန်၌ မရအပ်၊ ဖိုလ်ဝိပါက်များလည်း ထိုကိစ္စလေးပါးကို မဆောင်နိုင်၊ ထို့ကြောင့် သမ္မပ္ပဓာနဝိဘင်း ပါဠိတော်၌ "စတုန္နံ သမ္မပ္ပဓာနာနံ ကတိ ကုသလာ ကတိ အကုသလာ ကတိ အဗျာကတာ" ဟု ပုစ္ဆာပြု၍ "ကုသလာဝ" ဟု ကုသိုလ်တစ်မျိုးသာ ရှိကြောင်းကို ဖြေတော်မူသည်၊ ဤအဓိပ္ပာယ်များအရ ကုသိုလ်စိတ် ဧကဝီသ၌ ယှဉ်သော ဝီရိယကိုသာ သမ္မပ္ပဓာန် အရကောက်ယူရမည်၊ ဤသမ္မပ္ပဓာန်ဝီရိယကား သာမန် ဝီရိယ မဟုတ်, အလွန်အကဲ ဇွဲကောင်းသော ဝီရိယသာ ဖြစ်သည်။

ဝီရိယတစ်ပါးတည်းက လေးမျိုးပြားရပုံ။ ။တရားကိုယ်အားဖြင့် ဝီရိယတစ်ပါးတည်း ဖြစ်ပါလျက် အဘယ်ကြောင့် သမ္မပ္ပဓာန်လေးမျိုး ပြားရသနည်းဟု မေး၊ အဖြေကား-တရားကိုယ်အားဖြင့် ဝီရိယတစ်ပါး တည်း ဖြစ်သော်လည်း ဥပ္ပန္နပါပကကို ပယ်ခြင်းကိစ္စ, အနုပ္ပန္နပါပကကို မဖြစ်စေခြင်းကိစ္စ, အနုပ္ပန္နကုသလ ကို ဖြစ်စေခြင်းကိစ္စ, ဥပ္ပန္နကုသလကို တိုးပွားစေခြင်းကိစ္စ, ဤသို့ ဝီရိယ၏ ကိစ္စက လေးမျိုးပြားခြင်းကြောင့် သမ္မပ္ပဓာန်လေးပါး ပြားရပေသည်။ [ဆောင်ပုဒ်ကို အခြေပြုမှာ ရှု။]

ဥပ္ပန္နပါပက။ ။မိမိသန္တာန်၌ ဧကန်ဖြစ်ပြီးသော အကုသိုလ်, ထိုအကုသိုလ်နှင့် ပါဏာတိပါတချင်း အဒိန္နာဒါနချင်း စသည်ဖြင့် တူသော အကုသိုလ်များသည် ဥပ္ပန္နပါပက မည်၏၊ ဥပ္ပဇ္ဇိတ္ထာတိ ဥပ္ပန္နံ-ဧကန်ဖြစ် ပြီးသော အကုသိုလ်တည်း၊ ဥပ္ပန္နံ ဝိယာတိ ဥပ္ပန္နံ-ဖြစ်ပြီးအကုသိုလ်နှင့် အလားတူသော မဖြစ်သေးသော အကုသိုလ်တည်း။

ဥပ္ပန္နပါပကကို ပယ်ပုံ။ ။ဥပ္ပန္နပါပကကို မဂ်ကုသိုလ်၌ရှိသော ဝီရိယ၏ ပယ်ရှားပုံမှာ ထင်ရှားပြီ၊ လောကီကုသိုလ်များ၏ ပယ်ရှားပုံကား "ငါသည် ပါဏာတိပါတာမှုကို ပြုမိချေပြီ၊ ထိုပါဏာတိပါတာမှုကား မကောင်းဆိုးဝါးလှ၏၊ ဤပါဏာတိပါတာမှုကို ပြုမိသည့်အတွက် နောက်တစ်ဖန်ပူပန်ခြင်း ကုက္ကုစ္စ ဖြစ်နေ လျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်၊ ပူပန်မှုကြောင့် ပြုမိတာလည်း မပြုရာရောက်အောင် မတတ်နိုင်" ဤသို့ ဆင်ခြင်ပြီးလျှင် ထိုပြုမိသော ပါဏာတိပါတာမှုကို လုံးလုံးဂရုမပြုဘဲ ပယ်စွန့်လိုက်၏၊ နောက်နောင်အခါလည်း ထိုပါဏာတိပါတာမှု မဖြစ်ဖို့ရာ လွန်စွာရှောင်ကြဉ်၏၊ ဤသို့သော နည်းအားဖြင့် အားထုတ်သည်ရှိသော်, ဖြစ်ပြီးပါဏာတိပါတအမှုကိုလည်း ပယ်နိုင်၏၊ ဖြစ်ပြီး ပါဏာတိပါတနှင့် အလားတူ သော ပါဏာတိပါတကိုလည်း ပယ်စွန့်ရာရောက်၏။

သဠာယတန။ ။အတ္ထိ ခေါ ပန မယာ ပါဏော အတိပါတော ယာဝတကော ဝါ တာဝတကော ဝါ၊ တံ န သုဋ္ဌု, တံ န သာဓု၊ အဟံ ခေါ ပန တပ္ပစ္စယာ ဝိပ္ပဋိသာရီ အဿံ, န မေတံ ပါပကမ္မံ အကတံ ဘဝိဿတီ တိ၊ သော ဣတိ ပဋိသင်္ခါယ တဉ္စေဝ ပါဏာတိပါတံ ပဇဟတိ, အာယတိံ စ ပါဏာတိပါတာ ပဋိဝိရတော ဟောတိ၊ ဧဝမေတဿ ကမ္မဿ ပဟာနံ ဟောတိ၊-ဂါမဏိသံယုတ် ပါဠိတော်။ [ဤနည်းကို မှတ်သားထိုက် ၏၊ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေးတော့ဘူးဟု မဆိုနိုင်သော်လည်း တော်တော်နှင့် ကား အကျိုးပေးခွင့် ရမည်မဟုတ်, ဆက်လက်အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။]

အနုပ္ပန္နပါပက။ ။မည်သူ့ သန္တာန်၌မဆို , အနမတဂ္ဂသံသရာဝယ် မဖြစ်ဖူးသော အကုသိုလ် မရှိ, အကုသိုလ် အမျိုးစုံအောင် ဖြစ်ဖူးကြသည်သာ၊ ထို့ကြောင့် "အနုပ္ပန္န" အရ ဤဘဝ၌ လုံးဝမဖြစ်ဖူးသေး သော အကုသိုလ်မျိုးနှင့် အာရုံအသစ် အထူးကြောင့် ဤဘဝ၌ မဖြစ်ဖူးသေးသောအကုသိုလ်များကို ယူရ မည်၊ ထင်ရှားစေအံ့-ဤဘဝ၌ ပါဏာတိပါတာမှုကို တစ်ခါမျှမပြဘူးလျှင် ထိုပါဏာတိပါတသည် အနုပ္ပန္န မည်၏၊ ကြက်, ငှက်စသည်ကို သတ်ဖူးသော်လည်း လူကိုမသတ်ဘူးလျှင် ထိုလူသတ်မှု ပါဏာတိပါတ လည်း အနုပ္ပန္နပင်တည်း။ [ဆောင်ပုဒ်ကို အခြေပြုမှာရှု။]

အနုပ္ပန္နပါပကကို မဖြစ်အောင် အားထုတ်ပုံ။ ။ထိုကဲ့သို့ မဖြစ်ဖူးသေးသော အကုသိုလ်များကို မဖြစ်ရ လေအောင် ဒါန သီလကို အားထုတ်ခြင်း, ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်း, ဝတ်ကြီး ဝတ်ငယ်ပြုခြင်း, ပရိယတ်ကို သင်အံ ပို့ချ ရေးသားခြင်းစသည်တို့ဖြင့် ရှောင်ရမည်၊ အကုသိုလ် ဖြစ်လောက်အောင် အာရုံ အသစ် အဆန်းကို တွေ့ရပြန်လျှင်လည်း အကုသိုလ်မဖြစ်အောင် ကြိုးကြိုးစားစား သတိထား၍ ရှောင်ရှားရ မည်၊–[အနုပ္ပန္နာနန္တိ အသမုဒါစာရဝသေန ဝါ အနနုဘူတာ ရမဏဝသေန ဝါ အနုပ္ပန္နာနံ၊ အညထာ ဟိ အနမတဂ္ဂေ သံသာရေ အနုပ္ပန္နာ

ပါပကာ အကုသလာ ဓမ္မာ နာမ နတ္ထိ၊ တတ္ထ ဧကစ္စဿ ဝတ္တဝသေန ကိလေသာ န သမုဒါစရန္တိ၊ ဧကစ္စဿ ဂန္ထဓုတင်္ဂသမာဓိဝိပဿနာနဝကမ္မာနံ အညတရ ဝသေန၊–သမ္မပ္ပဓာနဝိဘင်း အဋ္ဌကထာ။]

မှတ်ချက်။ ။ဤအဋ္ဌကထာ၌ အသမုဒါစာရဝသေနအရ ဤတစ်ဘဝမှာပင် ငယ်စဉ်က ဖြစ်ဖူးစေကာ မူ အတော်ကြာအောင် မဖြစ်ဘဲ ငြိမ်ဝပ်နေသော အကုသိုလ်များကိုလည်း "အနုပ္ပန္နပါပက" ဟု ခေါ်နိုင်ဖွယ်ရှိ၏၊ အနနုဘူတာရမဏဟူသည် မခံစားအပ်–မတွေ့အပ်ဘူးသော အာရုံအသစ် အဆန်းတည်း၊ ဥပ္ပန္နကုသလ အနုပ္ပန္နကုသလတို့ကို အခြေပြု၌ ပြခဲ့ပြီ။

~~~~~~~~~~~

စတ္တာရော ဣဒ္ဓိပါဒါ ဆန္ဒိဒ္ဓိပါဒေါ ဝီရိယိဒ္ဓိပါဒေါ စိတ္တိဒ္ဓိပါဒေါ ဝီမံသိဒ္ဓိပါဒေါ။...သတ္တ ဗောဇ္ဈင်္ဂါ သတိသမ္ဗောဇ္ဈင်္ဂေါ ဓမ္မဝိစယ–ဝီရိယ– ပီတိ–ပဿဒ္ဓိ–သမာဓိ–ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ။

ဣဒ္ဓိပါဒ။ ။ဣဇ္ဈတိ-ပြီးစီးထမြောက်၏၊ ဣတိ-ကြောင့်၊ ဣဒ္ဓိ-ဣဒ္ဓိမည်၏၊ စျာန်မဂ်ဖိုလ်ရအောင် အား ထုတ်သဖြင့် ထိုစျာန်မဂ်ဖိုလ်များ ထမြောက်လာမှု (စျာန်မဂ်ဖိုလ်ရမှု)ကို "ဣဒ္ဓိ" ဟု ခေါ်၏၊ ဣဒ္ဓိယာ-ဣဒ္ဓိ၏၊ ပါဒေါ-အခြေခံသည်၊ ဣဒ္ဓိပါဒေါ-ဣဒ္ဓိပါဒ်မည်၏၊ ထိုစျာန်မဂ်ဖိုလ်ကို ရဖို့ရန် အခြေခံဖြစ်သော ဆန္ဒ, ဝီရိယ, စိတ္တ, ပညာတို့တည်း၊ ဤဣဒ္ဓိပါဒ်တရားတို့သည် အကျိုးပြီးစီးသော ရဟန္တာပုဂ္ဂိုလ်များနှင့် မဆိုင်, အကျိုး သက်သက်ဖြစ်သော ဖိုလ်စိတ်များနှင့်လည်း မဆိုင်၊ "စတုန္နံ ဣဒ္ဓိပါဒါနံ ကတိ ကုသလာ" စသည်ဖြင့် ပုစ္ဆာ ထုတ်ပြီးလျှင် "ကုသလာယေဝ" ဟု ကုသိုလ်တစ်မျိုးသာ ရှိကြောင်းကို ဣဒ္ဓိပါဒ ဝိဘင်းပါဠိတော်၌ ဟော တော်မူသည်၊ ထို့ကြောင့် စျာန်ရအောင် အားထုတ်မှု စျာန်ဝင်စားမှု, မဂ်ရအောင် အားထုတ်မှု ဖိုလ်ဝင်စားမှု စသည်တို့၌ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု ဝေါဒါန် ကိစ္စတပ်သော ကာမာဝစရကုသိုလ်, အထက် အထက် စျာန်မဂ်ဖိုလ်၏ အခြေခံဖြစ်သော မဟဂ္ဂုတ်ကုသိုလ်, အထက် အထက် မဂ်နှင့် ဖိုလ်၏ အခြေခံဖြစ်သော မဂ်ကုသိုလ်၌ယှဉ်သော ဆန္ဒ ဝီရိယ ပညာနှင့် ကုသိုလ်စိတ် ဧကဝီသကိုသာ ဣဒ္ဓိပါဒ်တို့၏ တရားကိုယ် ကောက်ပါ။

ပါဠိတော်။ ။"ဆန္နံ စေ ဘိက္ခု အဓိပတိံ ကရိတွာ လဘတိ သမာဓိံ" စသည်ဖြင့် အဓိပတိ ဖြစ်ထိုက် သော ဆန္ဒစသည်ကိုသာ ဟောတော်မူသောကြောင့် ဤဣဒ္ဓိပါဒ်ဖြစ်ထိုက်သော ဆန္ဒ ဝီရိယ စိတ္တ ဝီမံသတို့သည် အဓိပတိတပ်သော တရားချည်းသာ ဖြစ်ရမည်။ [ဗောဓိပက္ခိယ တရားတို့ကို ပြနေသော အခန်းဖြစ်ပါ လျက် ဋီကာကျော်၌ အဘိညာဉ်ကိစ္စတပ်သော ဣဒ္ဓိများကိုသာ ဖွင့်ပြခြင်းမှာ အချို့သုတ္တန်ပါဠိတော် အသွား ကို လိုက်သွားမိခြင်းသာတည်း။]

ဗောဇ္ဈင်္ဂ။ ။ဗုဇ္ဈတိ ဧတာယာတိ ဗောဓိ, ဗောဓိယာ အင်္ဂေါ ဗောဇ္ဈင်္ဂေါ၊ ဧတာယ-ဤတရားအပေါင်းဖြင့်၊ ဗုဇ္ဈတိ-သိရ၏၊ ဣတိ-ကြောင့်၊ ဗောဓိ-ဗောဓိမည်၏၊ ယောဂီပုဂ္ဂိုလ်များ၏ သစ္စာလေးပါးကို သိရကြောင်းဖြစ် သော သတိ ပညာစသော ဗောဇ္ဈင်တရားအပေါင်းတည်း၊ ဗောဓိယာ-သစ္စာလေးပါးကို သိကြောင်းတရား အပေါင်း၏၊ အင်္ဂေါ-အစိတ်အပိုင်းသည်၊ ဗောဇ္ဈင်္ဂေါ-ဗောဇ္ဈင်္ဂမည်၏၊ စျာနင်္ဂ မဂ္ဂင်္ဂ ဟူသော အမည်သည် ထို တရားအပေါင်းတွင် တစ်ပါးပါးသော အစိတ်တရား၏ နာမည်ဖြစ်သကဲ့သို့, ဗောဇ္ဈင်္ဂဟူသော နာမည်လည်း ဗောဇ္ဈင် (၇) ပါးတွင် ပါဝင်သော အစိတ်အစိတ်တရားများ၏ နာမည်ဖြစ်သည်။ [အမှာစကား၌ ခဲရပ်မရှိ, ပါဌ်လျှောက် အဓိပ္ပာယ်ကို အခြေပြုမှာ ရှု။]

______________

သဗ္ဗသင်္ဂဟအဖွင့်

သဗ္ဗသင်္ဂဟ။ ။သဗ္ဗေသံ-အလုံးစုံသောတရားတို့ကို၊ သင်္ဂဟော-သိမ်းယူရာ သိမ်းယူကြောင်း စကား အပေါင်းသည်၊ သဗ္ဗသင်္ဂဟော-သဗ္ဗသင်္ဂဟ မည်၏၊ "စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော ပရမတ်အားလုံး ကို သိမ်းကျုံး၍ ပြရာဖြစ်သော သင်္ဂဟ" ဟူလို။

ခန္ဓ။ ။"ရာသဋ္ဌေန (ရာသိအဋ္ဌေန)အစုအပုံဟူသောအနက်ကြောင့်၊ ခန္ဓော-ခန္ဓမည်၏" ဟူသည်နှင့် အညီ, ခန္ဓသဒ္ဒါသည် အစုအပုံဟူသော အနက်ကိုဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ်တည်း၊ ထို့ကြောင့် "ရုပ် အစုကို ရူပက္ခန္ဓာ, ဝေဒနာအစုကို ဝေဒနာက္ခန္ဓာ" စသည်ဖြင့် သိပါ၊ ဤစကားရပ်၌ "ရုပ်အစု" ဟူရာဝယ် "ရုပ်တရားတွေ၏ စပါးပုံကြီးကဲ့သို့ စုပုံနေမှုကို ဆိုလိုသည်" ဟု မမှတ်ရ၊ ရုပ် (၂၈)ပါး ပေါင်းစုထားခြင်းကို လည်း "ရုပ်အစု" ဟု မဆိုလို၊ စင်စစ်မှာ-ကာလအားဖြင့် အတိတ်ရုပ်တစ်မျိုး, အနာဂတ်ရုပ်တစ်မျိုး, ပစ္စုပ္ပန် ရုပ်တစ်မျိုးဟု (၃)မျိုးကွဲပြားလေရာ, ထိုရုပ် (၃)မျိုးကို ဉာဏ်ဖြင့် ပေါင်းစုအပ်သော အစုကို "ရုပ်အစု" ဟု ခေါ်၏၊ ထို့ကြောင့် ပထဝီဓာတ်တစ်ခုတည်းကိုပင် အတိတ်ပထဝီ အနာဂတ်ပထဝီ ပစ္စုပ္ပန်ပထဝီ (၃)ရပ်ကို ဉာဏ်ဖြင့် ပေါင်းစပ်ကြည့်က ရူပက္ခန္ဓာဟု ခေါ်ဆိုနိုင်သည်၊ ဝေဒနာတစ်ခုတည်း သညာတစ်ခုတည်း ဖြစ်လျက် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟု ခေါ်ဆိုနိုင်ခြင်းမှာလည်း ဤကဲ့သို့ အတိတ် အနာဂတ် ပစ္စုပ္ပန် ဝေဒနာ သညာတို့ကို ဉာဏ်ဖြင့် ပေါင်းစုထားခြင်းကြောင့် ဖြစ်သည်။ [အချို့က တရားကိုယ်အားဖြင့် တစ်ပါး တည်းသော ဝေဒနာ သညာကို ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာဟု ဆိုရာ၌ ဧကဒေသျူပစာရသဒ္ဒါ ရုဠှီသဒ္ဒါဟု မှတ်ကြ၏၊ ရုဠှီ ဖြစ်သော အရာကို နောက်၌ ပြအံ့။]

သန္တာန်အားဖြင့် စုပုံစသည်။ ။သန္တာန်အားဖြင့် အဇ္ဈတ္တပထဝီ (ကိုယ့်သန္တာန်၌ဖြစ်သောပထဝီ), ဗဟိဒ္ဓ ပထဝီ, ဤနှစ်ပါးကို ပေါင်းစုလျှင် ပထဝီအစု ရူပက္ခန္ဓာတစ်ခုပင်တည်း၊ ထို့အတူ အဇ္ဈတ္တဝေဒနာ, ဗဟိဒ္ဓ. ဝေဒနာ ပေါင်းစုလျှင် ဝေဒနာအစု ဝေဒနာက္ခန္ဓာတစ်ခု ဖြစ်၏၊ ဤပထဝီ၌ ဩဠာရိက သုခုမဟု နှစ်မျိုးမရ, ရုပ်ပိုင်း၌ ပြခဲ့သည့်အတိုင်း ဩဠာရိကရုပ်သာ ဖြစ်သည်၊ ပုဂ္ဂိုလ်အမျိုးအစားလိုက်၍ ဟီနပထဝီ ပဏီတ ပထဝီ ဤနှစ်မျိုးကို ပေါင်းလျှင် ရူပက္ခန္ဓာတစ်ခု ဖြစ်ပြန်သည်၊ ဌာနအားဖြင့် ဒူရပထဝီ (ပကတိစကားကို ကြားလောက်ရာ ၁၂-တောင် ဥပစာပြင်ဘက်၌တည်သောပထဝီ) သန္တိကပထဝီ (၁၂-တာင်အတွင်း၌တည် သောပထဝီ) , ဤနှစ်ပါးကို ပေါင်းလျှင်လည်း ရူပက္ခန္ဓာတစ်ခုပင် ဖြစ်၏၊ အာပေါဓာတ်စသော ရုပ်များနှင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌လည်း ဤနည်းကို မှီ၍ ခန္ဓာဖွဲ့ပုံကို သိပါ။

ဆက်ဦးအံ့ –အချို့က အတိတ် အနာဂတ်စသောအားဖြင့် (၁၁)ပါးလုံး ခွဲခြား၍ ရကောင်းမှသာ ထို(၁၁) ပါးပြားသော တရားတွေကို တစ်ပြိုင်နက် ပေါင်းစုလျက် ခန္ဓာဖွဲ့လိုကြ၏၊ (၁၁) ပါးကို တစ်ခါတည်း ပေါင်းစုစေ လိုရင်းမဟုတ်, အတိတ် အနာဂတ် ပစ္စုပ္ပန်တရား (၃)မျိုးကို တစ်တွဲ၊ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးကို တစ်တွဲ, ဩဠာရိက သုခုမတရားနှစ်မျိုးကို တစ်တွဲ, ဟီန ပဏီတတရားနှစ်မျိုးကိုတစ်တွဲ, ဒူရ သန္တိက တရားနှစ်မျိုး ကို တစ်တွဲ ဤသို့ သူ့အမျိုးနှင့်သူ တွဲ၍ ပေါင်းစုရမည်၊ ထင်ရှားစေအံ့-ပေါင်းစုခြင်းဟူသည် ပင်ကိုက ကွဲပြား မှသာ ပေါင်းစုထိုက်သည်၊ ပင်ကိုယ်ကမှ အရမကွဲလျှင် ပေါင်းစုမြဲ ထုံးစံမရှိ၊ ဥပမာ-ကာလအခွဲနှင့် သန္တာန် အခွဲကို စဉ်းစားလျှင် အတိတ်ပထဝီဟူရာ၌ အဇ္စျတ္တလည်း ရှိ၏, ဗဟိဒ္ဓလည်း ရှိ၏၊ ထို့ကြောင့် အတိတ်ပထဝီ တစ်မျိုး, အဇ္ဈတ္တပထဝီတစ်မျိုးဟု ခွဲခြား၍ မရ, ထိုသို့ မကွဲပြားသောတရားကို အဘယ်မှာ ပေါင်းလို့ ဖြစ်ပါ တော့အံ့နည်း၊ သို့အတွက် သူ့အမျိုးနှင့်သူသာ ပေါင်းစုရမည်ဟု မှတ်ပါ။

[ဆောင်] ကာလသုံးရပ် , အဇ္ဈတ်ဗဟိ, ဩဠာရိက, သုခုမနှင့်, ဟီန ပဏီတေ, ဒူရေ သန္တိက, ကွဲကြသမှု, တရားစုကို, သူ့အမျိုးချင်း, ပေါင်းစပ်သွင်း, မယွင်းခန္ဓာဖွဲ့။

အတွင်ရုဠှီ။ ။အချို့အရာ၌ကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု မကွဲပြားသော ဝေဒနာတစ်ခုတည်းကို ခန္ဓာဖွဲ့နိုင်သေး၏၊ ဥပမာ-ပစ္စုပ္ပန်ဖြစ်ဆဲ ဝေဒနာတစ်ခုဆိုလျှင် အတိတ် အနာဂတ်ဟု ခွဲခြား၍ မရတော့ပြီ၊ သတ္တဝါ တစ်ဦး သန္တာန်၌ တည်သော ဝေဒနာတစ်ခုဆိုလျှင် အဇ္ဈတ္တ ဗဟိဒ္ဓဟု ခွဲခြား၍ မရ, ထို ဝေဒနာကို ခန္ဓာဖွဲ့ရာ၌ အတွင်ရုဠှီအားဖြင့် ခန္ဓာအမည်ရသည်၊ အတိတ် ပစ္စုပ္ပန် အနာဂတ်အားဖြင့် ကွဲပြားသော ဝေဒနာ ကို ဉာဏ်ဖြင့် ပေါင်း၍ ခန္ဓာဟု တွင်ကျယ်ခဲ့သော နာမည်သည် ထိုကဲ့သို့ မပြားသော ဝေဒနာတစ်ခုပေါ်၌ လည်း ရှေးက တွင်ကျယ်ခဲ့သော နာမည်အတိုင်းပင် တွင်လျက်ရှိသည်ကို အတွင်ရုဠှီဟု ဆိုလိုသည်။ [ဤအရာ မျိုး၌ နည်းလေးဆယ်က ဘူတပုဗ္ဗဂတိကနည်းဟု သုံးစွဲ၏။]

ဝေဒနာဒီသုပေကသ္မိံ, ခန္ဓသဒ္ဒေါ တု ရုဠှိယာ၊ သမုဒ္ဒါဒေကဒေသေသု, သမုဒ္ဒါဒိရဝေါ ယထာ။...(သစ္စသံခိပ်)။

ဝေဒနာဒီသု -ဝေဒနာအစရှိသည်တို့တွင်၊ ဧကသ္မိံပိ-အတိတ်စသည် မကွဲမပြား တစ်ပါးတည်း၌လည်း၊ ခန္ဓသဒ္ဒေါ-ခန္ဓသဒ္ဒါသည်၊ ရုဠှိယာ-အတွင်ရုဠှီအားဖြင့်၊ ဟောတိ-၏၊ သမုဒ္ဒါဒိဧကဒေသေသု-သမုဒ္ဒရာ အစရှိသည်တို့၏ အစိတ်အပိုင်းတို့၌၊ သမုဒ္ဒါဒိရဝေါယထာ-သမုဒ္ဒ အစရှိသောသဒ္ဒါ ဖြစ်နိုင်သကဲ့သို့တည်း။ [သမုဒ္ဒ ဟူသော နာမည်သည် သမုဒ္ဒရာတစ်စင်းလုံး၌ တွင်ကျယ်ခဲ့သော နာမည်ဖြစ်သော်လည်း "သမုဒ္ဒေါ မယာ ဒိဋ္ဌော=ငါသည် သမုဒ္ဒရာကို မြင်အပ်၏" ဟူရာ၌ တစ်စင်းလုံးကို မမြင်နိုင်, တစ်စိတ်တစ်ပိုင်း မြင်ရသမျှကို "သမုဒ္ဒ" ဟု ခေါ်သတဲ့၊ ဤကား ခန္ဓဝိဘင်း မူလဋီကာတို့ အဖွင့်အတိုင်း ပြဆိုခြင်းတည်း၊ ထို့ပြင် သမုဒ္ဒရာ တစ်ပိုင်းတစ်စကို သမုဒ္ဒဟု နာမည်တပ်ရာ၌ ဧကဒေသျူပစာဟု ဆို၏၊ ထို့အတူပင် အတိတ် အနာဂတ် ပစ္စုပ္ပန်အားဖြင့်ပြားသော ဝိညာဏ်အပေါင်း၏ နာမည်ကို ထိုကဲ့သို့ မပြားသော ဝိညာဏ် တစ်ခုအပေါ် တင်စားလျှင်လည်း ဧကဒေသျူပစာဟုပင် ဆိုဖွယ်ရှိပြန်သည်။]

စေတသိက် (၅၀)ကို သင်္ခါရက္ခန္ဓာ ခေါ်ပုံ။ ။သင်္ခါရဟူသော နာမည်သည် စေတနာစေတသိက်၏ နာမည်တည်း၊ ထိုစေတနာကို ပဓာနထား၍ နောက်လိုက် စေတသိက်များလည်း ပဓာနနည်းအားဖြင့် သင်္ခါရ အမည် ရနိုင်၏၊ ထို့ကြောင့် စေတသိက်(၅၀)ကို သင်္ခါရက္ခန္ဓာဟု ခေါ်ဝေါ်နိုင်ပေသည်။

ချဲ့ဦးအံ့ –"အဝိဇ္ဇာပစ္စယာ သင်္ခါရာ" နှင့်အညီ, ထိုထိုအမှုကိစ္စကို ပြီးစီးနိုင်အောင် နှိုးဆော်တတ်သဖြင့် စေတနာကို အပြုတရား (သင်္ခါရတရား)ဟု သုံးစွဲရိုးရှိ၏၊ "ရာဇာ အာဂတော=ရှင်ဘုရင်လာသည်" ဟုဆိုရာ၌ ပဓာနဖြစ်သော မင်းကို ခေါင်းတပ်၍ ပြောဆိုအပ်သော်လည်း နောက်လိုက်တွေ ပါလာသကဲ့သို့, ထို့အတူ စေတနာကို ခေါင်းတပ်၍ သင်္ခါရက္ခန္ဓာဟု ခေါ်ဝေါ်ရာ၌လည်း တွဲဖက် စေတသိက်များပါ သင်္ခါရက္ခန္ဓာ အမည်ရသည်။

စိတ္တသံသဋ္ဌဓမ္မာနံ, စေတနာမုခတော ပန၊ သင်္ခါရက္ခန္ဓနာမေန, ဓမ္မာ စေတသိကာ မတာ။

စိတ္တသံသဋ္ဌဓမ္မာနံ -စိတ်နှင့်ရောနှောသော စေတသိက်တရားတို့၏၊ စေတနာမုခတော-သင်္ခါရမည်သော စေတသိကာ ဓမ္မာ-စေတသိက်တရား ငါးဆယ်တို့ကို၊ သင်္ခါရက္ခန္ဓနာမေန-သင်္ခါရက္ခန္ဓာဟူသော နာမည်ဖြင့်၊ မတာ-သိအပ်ကုန်၏။ (နာမရူပပရိစ္ဆေဒ)

ဝေဒနာ သညာကို ခန္ဓာသီးခြား ဖွဲ့ရပုံ။ ။စေတနာကို ခေါင်းတပ်၍ အရပ်ရပ် စေတသိက်ကို သင်္ခါရက္ခန္ဓာ ဟု ဆိုလျှင်, ဝေဒနာနှင့် သညာကိုလည်း သင်္ခါရက္ခန္ဓာတွင်း၌ အဘယ်ကြောင့် မသွင်းပါသနည်းဟု မေး၊ အဖြေကား-ဝဋ်တရားတို့၌ သာယာအပ်သောတရား, ထိုသာယာအပ်သောတရား၌ အရသာပေါ်အောင် သွင်းလောင်း ထည့်ခတ်အပ်သောတရား, ဤနှစ်ပါးကို သီးခြား ပြလိုသောကြောင့် ဝေဒနာနှင့် သညာကို သီးခြားခန္ဓာ ဖွဲ့ပြရသည်။

ချဲ့ဦးအံ့ –ဘုရားရှင်၏ ခန္ဓာ အာယတန ဓာတု သစ္စ ပဋိစ္စသမုပ္ပာဒ စသော ဒေသနာတော်ကြီးများသည် ဝဋ်ဆင်းရဲကို ငြီးငွေ့ဖို့ရာ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အချက်အလက်ကို အကွက်အကွက် ထင်မြင်အောင် ဆင်ပြင်အပ်သော ဒေသနာတော်ကြီးများ ဖြစ်ပေသည်၊ ဝေဒနာစေတသိက်သည် ဒုက္ခဘုံဝယ် အမျိုးမျိုး သော အာရုံကို အဖုံဖုံခံစားသောကြောင့် ဝဋ်တရား၌ ပျော်ပါးနိုင်ဖို့ရာ တဏှာ၏ အကြောင်းရင်းတည်း၊ ထို့ကြောင့် "ဝေဒနာပစ္စယာ တဏှာ" ဟု ဟောတော်မူသည်၊ သာယာမှုတဏှာ မရှိလျှင် မည်သူမျှ ဝဋ်တရား ၌ မပျော်ရွှင်နိုင်ပါ, ခံစားမှုဝေဒနာ မရှိလျှင်လည်း တဏှာက သာယာမည် မဟုတ်ချေ၊ ထို့ကြောင့် ဝေဒနာသည် သာယာအပ်သော အဿာဒတည်း၊ ထမင်းစားရာ၌ ဟင်းကောင်းလိုသကဲ့သို့ ဝေဒနာ ခံစားမှု၌ သညာ အရေးကြီးသည်။

ထင်ရှားစေအံ့ –ရှေးတုန်းက ကုန်သည်တစ်စုသည် ညဉ့်မှောင်မိုက်၌ တောရွာတစ်ရွာသို့ ရောက်၍ ထမင်းတောင်း လှည့်လည်ပြီးနောက် မှောင်မိုက်ထဲ၌ပင် ထမင်းစားကြလေရာ, အမျှင်အမျှင် အရာဝတ္ထုပါ သော ဟင်းချိုကို ကြာဆန်ဟင်းဟူသော သညာဖြင့် မြိန်ရှက်စွာ စားသောက်ပြီးနောက် အရသာရှိလှသဖြင့် ကျန်သမျှကို နံနက်ဖို့ ထားပြီးလျှင် နံနက်ကျမှ တီကောင်တွေကို မြင်ရ၍ စားသမျှ လူအပေါင်းတို့ အော့အန် ကြလေသတဲ့၊ ဤ၌ ညဉ့်တုန်းက ကြာဆန်ဟင်းဟူသော သညာကြောင့် အရသာရှိပုံကို ကြည့်ပါ၊ ဤသို့လျှင် မှားသည်ဖြစ်စေ, မှန်သည်ဖြစ်စေ သညာက မှတ်သားတိုင်း ဝေဒနာခံစားမှု၌ အရသာရှိရကား ဝဋ်တရား၌ သာယာအပ်သော ဝေဒနာ, ထိုဝေဒနာ၏ အရသာထွက်ကြောင်း သွင်းလောင်းထည့်ခတ်အပ်သော သညာ ကို သီးခြားထုတ်ဖော်လျက် ခန္ဓာဖွဲ့ပြတော်မူပြီးလျှင်, ထိုတရားနှစ်ပါးကိုလည်း အနိစ္စ ဒုက္ခ အနတ္တ အသုဘ

ဝဋ္ဋဓမ္မေသု အဿာဒံ, တဒဿာဒုပသေစနံ၊ ဝိနိဘုဇ္ဇ နိဒေဿတုံ, ခန္ဓဒွယမုဒါဟဋံ။

ဝဋ္ဋဓမ္မေသု -ဝဋ်တရားတို့၌၊ အဿာဒံ-သာယာအပ်သော ဝေဒနာကိုလည်းကောင်း၊ တဒဿာဒုပသေစနံ- ထိုသာယာအပ်သော ဝေဒနာ၌ သွင်းလောင်းထည့်ခတ်အပ်သော သညာကိုလည်းကောင်း၊ ဝိနိဘုဇ္ဇ-သီးခြား ခွဲ၍၊ နိဒေဿတုံ-ညွှန်ပြတော်မူခြင်းငှာ၊ ခန္ဓဒွယံ-ခန္ဓာနှစ်ပါးအပေါင်းကို၊ ဥဒါဟဋံ-ထုတ်ဆောင်တော်မူအပ်ပြီ။ (နာမရူပပရိစ္ဆေဒ)။

[" ရှေးရှေးခံစားမှု ဝေဒနာကိုပင် နောက်နောက် တဏှာက သာယာသောကြောင့် ဝေဒနာကို သာယာ အပ်သော အဿာဒတရား" ဟု ဆိုသည်၊ ထို့ကြောင့် နောက်၌ ဝေဒနာကို စားဖွယ်ဘောဇဉ်နှင့် တူသည်ဟု ဥပမာ ပြုလိမ့်မည်။]

ဥပမာနှင့် ရှေ့နောက်အစီအစဉ်။ ။ဤခန္ဓာငါးပါးတွင် ရူပက္ခန္ဓာသည် ထမင်း ဟင်းလျာထည့်ဖို့ စားခွက်နှင့် တူ၏၊ ထို့ကြောင့် ရူပက္ခန္ဓာကို ဦးစွာပြထားရသည်၊ ဝေဒနက္ခန္ဓာသည် စားဖွယ်နှင့်တူ၏၊ သညာ က္ခန္ဓာကား ဟင်းလျာနှင့် တူသည်၊ ထို့ကြောင့် ပန်းကန်ခွက်နှင့်တူသော ရူပက္ခန္ဓာ၏ အခြားမဲ့၌ ထမင်းနှင့် တူသော ဝေဒနက္ခန္ဓာကို ပြပြီးလျှင်, ထို့နောက် ဟင်းလျာနှင့်တူသော သညာက္ခန္ဓာကို ပြသည်၊ သင်္ခါရက္ခန္ဓာသည် ပြုစီမံတတ်သည့်အတွက် ချက်ပြုတ်ကျွေးမွေးသူနှင့် တူ၏၊ ထို့ကြောင့် ထမင်းဟင်းများကို ပြပြီးနောက် ချက်သူကိုပြသည်၊ ဝိညာဏက္ခန္ဓာကား စားသောက်သူနှင့် တူ၏၊ ထို့ကြောင့် ထည့်စရာနှင့်တကွ ချက်သူက ချက်ထား၍ ထမင်း ဟင်းလျာ ပြည့်စုံသည့်နောက် စားသောက်သူ ဝိညာဏက္ခန္ဓာကို ပြသည်ဟု ဋီကာကျော် ဖွင့်ပြသည်။ [ခန္ဓဝိဘင်္ဂအဋ္ဌကထာ၌ ဥပမာတစ်မျိုး ပြထားသေး၏၊ ရှုစားကြလေတော့။]

ဘာဇနံ ဘောဇနံ တဿ, ဗျဉ္ဇနံ ဘောဇကော တထာ၊ ဘုဉ္ဇိတာဝ စ ပေဉ္စတေ, ဥပမေန္တိ ယထာက္ကမံ။

[ဘာဇနံ-စားခွက်၊ ဘောဇနံ-စားဖွယ်၊ တဿ-ထိုစားဖွယ်၏၊ ဗျဉ္ဇနံ-ဟင်းလျာ၊ ဘောဇကော-ကျွေးမွေး သူ၊ ဘုဉ္ဇိတာ-စားသူ၊ -(နာမရူပပရိစ္ဆေဒ)]

ဥပါဒါနက္ခန္ဓာ။ ။ဥပါဒါနံ-ဥပါဒါန်တရားတို့၏၊ အာရမဏဘူတာ-အာရုံဖြစ်၍ ဖြစ်ကုန်သော၊ ခန္ဓာ-ခန္ဓာတို့ တည်း၊ ဥပါဒါနက္ခန္ဓာ-ဥပါဒါန်၏အာရုံဖြစ်သောခန္ဓာတို့၊ ဥပါဒါန်တို့၏ တရားကိုယ်မှာ သမုစ္စည်းပိုင်း၌ ပြခဲ့သည့် အတိုင်း လောဘနှင့် ဒိဋ္ဌိတည်း၊ ထိုလောဘ ဒိဋ္ဌိတို့ကား အကုသိုလ်တရားဖြစ်၍, အကုသလာနိ စေဝ ၊ပေ၊ လောကုတ္တရဝဇ္ဇိတသဗ္ဗာရမဏာနိ-လောကီ စိတ်,

စေတသိက် ရုပ်ခန္ဓာများကိုသာ အာရုံပြုနိုင်၏၊ လောကုတ္တရာခန္ဓာကို အာရုံမပြုနိုင်၊ ထို့ကြောင့် "ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာဟူသည် လောကီစိတ်, ထိုစိတ်နှင့် ယှဉ်သော စေတသိက် ရုပ်တရားများတည်း" ဟု မှတ်ပါ။

ခန္ဓာနှင့် ဥပါဒါနက္ခန္ဓာ ဒေသနာအထူး။ ။လောကီဖြစ်စေ, လောကုတ္တရာဖြစ်စေ ခန္ဓာဖွဲ့၍ ရကောင်း သမျှတရားတွေကို အားလုံးသိမ်းကျုံး၍ ပြတော်မူခြင်းငှာ ခန္ဓဒေသနာကို ပထမဟောတော်မူသည်၊ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းသောအခါ၌ကား လောကုတ္တရာခန္ဓာများကို အာရုံပြု၍ မစီးဖြန်းရ, ဝဋ်ဒုက္ခတရား တွေကို အာရုံပြု၍ စီးဖြန်းမှ အနိစ္စ ဒုက္ခ အနတ္တသဘော ထင်မြင်နိုင်မည်၊ လောကုတ္တရာစိတ် စေတသိက်သည် အနိစ္စ ဒုက္ခ အနတ္တတွင်ပါဝင်သော သင်္ခါရများပင် ဖြစ်လင့်ကစား, မဂ်တရားတို့က ဝဋ်ဒုက္ခမှ ထွက် မြောက်ကြောင်း, ဖိုလ်တရားတို့က ဒိဋ္ဌဓမ္မ နိဗ္ဗာန်စံဖို့အကြောင်း အကောင်းချည်းဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှုကြသော်လည်း နိဗ္ဗိန္ဒဉာဏ်ဖြင့် ငြီးငွေ့ရန် မဟုတ်ချေ၊ ထို့ကြောင့် ကမ္မဋ္ဌာန်းရှုသောအခါ လောကီ ခန္ဓာများကိုသာ ရှုရသည်၊ ဤသို့လျှင် ဝိပဿနာရှုဖို့ အကျိုးငှာ လောကီသက်သက် ဥပါဒါနက္ခန္ဓဒေသနာကို တစ်ဖန် ဟောတော်မူရပြန်သည်။ [ဆောင်ပုဒ်ကို အခြေပြု၌ ရှုပါ။]

အာယတန။ ။အာယတနသဒ္ဒါသည် "အကြောင်း"ဟူသော အနက်ကိုဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ် တည်း၊ စက္ခုပသာဒနှင့်ရူပါရုံမရှိလျှင် စက္ခုဒွါရိကဝီထိများ မဖြစ်နိုင်၊ ထို့ကြောင့် စက္ခုပသာဒနှင့် ရူပါရုံသည် စက္ခုဒွါရိကဝီထိစိတ်များ၏ ဖြစ်ကြောင်းဖြစ်၍ စက္ခာယတန ရူပါယတန အမည်ရကြသည်၊ သောတ ပသာဒနှင့် သဒ္ဒါရုံတို့သည် သောတဒွါရိကဝီထိစိတ်များ၏ ဖြစ်ကြောင်းတည်း၊ ဤသို့ စသည်ဖြင့် သိပါ၊ မနာယတနနှင့်စပ်၍ မှတ်ဖွယ်ကို နောက်၌ ထင်ရှားပြအံ့။

စာသွားစဉ်နည်းအမျိုးမျိုး။ ။ဆိုင်ရာစာသွားကို စီစဉ်ရာ၌ "ဒဿနေန ပဟာတဗ္ဗာ, ဘာဝနာယ ပဟာ တဗ္ဗာ" ကဲ့သို့ ပယ်ပုံအားဖြင့် ရှေ့နောက်စီစဉ်ခြင်းဟူသော ပဟာနက္ကမလည်း ရှိ၏၊ "ကာမာဝစရံ ရူပါဝစရံ အရူပါဝစရံ" ကဲ့သို့ ဘုံစဉ်အားဖြင့် ရှေ့နောက်စီစဉ်ခြင်းဟူသော ဘူမိက္ကမလည်း ရှိ၏၊ "ပဌမ ကလလံ ဟောတိ, ကလလာ ဟောတိ အဗ္ဗုဒံ" စသည်ကဲ့သို့ ဖြစ်ပုံအစဉ်အားဖြင့် ရှေ့နောက်စီစဉ်ခြင်းဟူသော ဥပ္ပတ္တိက္ကမလည်း ရှိ၏၊ "သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ" စသည်ကဲ့သို့ ကျင့်ဖွယ်အစဉ်အားဖြင့် ရှေ့နောက်စဉ်ခြင်း ဟူသော ပတိပတ္တိက္ကမလည်း ရှိ၏၊ "စတ္တာရော သတိပဋ္ဌာနာ, စတ္တာရော သမ္မပ္ပဓာနာ" စသည်ကဲ့သို့ ဟောစဉ်ဟူသော ဒေသနာက္ကမလည်း ရှိ၏၊ ထို(၅)မျိုးသောအစဉ်တို့တွင် အာယတန(၁၂)ပါးကို ရှေ့နောက် စီစဉ်ပုံသည် ဒေသနာက္ကမသာတည်း၊ ခန္ဓာ ဓာတ် သစ္စာတို့၌လည်း ဒေသနာက္ကမပင်တည်း။

ပဟာနံ ဘူမိ ဥပ္ပတ္တိ, ပတိပတ္တိ စ ဒေသနာ၊ ပဉ္စဝိဓော ကမော တတ္ထ, ပစ္ဆိမောဝိဓ ယုဇ္ဇတိ။

ဆက်ဦးအံ့ –ဒသနာအစဉ်အားဖြင့် ရှေ့နောက်စဉ်ရာ၌ ဒေသကပုဂ္ဂိုလ်၏ အလိုအတိုင်းပင် စဉ်နိုင်ပေ၏၊ သို့သော် ဒေသကပုဂ္ဂိုလ်တစ်ပါး ဖြစ်ပါလျက် အကျိုးအကြောင်း မစပ်ဘဲ ရှေ့နောက်စဉ်ထားလျှင် အများ အပြစ်တင် မလွတ်နို်င်ရာ၊ အကျိုးအကြောင်း အဆက်အသွယ်၌ ကျမ်းဆရာတိုင်း ရည်ရွယ်ချက် ရှိရပေလိမ့် မည်၊ သို့ဖြစ်၍ ဤအာယတနဒေသနာစဉ်ပုံမှာ အရှင်အနုရုဒ္ဓါ၏အာဘော် (နှလုံးသွင်း)ကိုသာ စဉ်းစားရလိ်မ့် မည်။

ချဲ့ဦးအံ့ –အာယတန(၁၂)ပါးတွင် စက္ခုအစ မနအဆုံးရှိသော (၆)ပါးသည် အဇ္ဈတ္တိကာယတနများတည်း၊ ထိုအဇ္ဈတ္တိကာယတနများသည် ခန္ဓာကိုယ်အား ကျေးဇူးများ၏၊ (ကျေးဇူးများပုံနှင့် အဇ္ဈတ္တိကခေါ်ပုံကို ရုပ်ပိုင်း ရူပဝိဘာဂခန်း ပြန်ကြည့်၊) ထိုသို့ ကျေးဇူးများသောကြောင့် အဇ္ဈတ္တိကာယတန(၆)ပါးကို ဗာဟိရာ ယတန၏ ရှေ့ကထားသည်၊ အဇ္ဈတ္တိကာယတန(၆)ပါးတွင်လည်း စက္ခာယတန၏ ရူပါရုံကို ယူပုံသည် မျက်မြင်ဖြစ်၍ ထင်ရှား၏၊ ထို့ကြောင့် စက္ခာယတနကို ရှေးဦးစွာ ပြသည်၊ စက္ခုပသာဒသည် အသမ္ပတ္တဂါဟ ကရုပ်ဖြစ်သလို, သောတလည်း အသမ္ပတ္တဂါဟကဖြစ်၍ အသမ္ပတ္တဂါဟကချင်း တူသောကြောင့် စက္ခာ ယတန၏ အခြားမဲ့၌ သောတာယတနကို ဆက်ပြသည်၊ အကြောင်း တစ်နည်းကား-"စက္ခုနှင့် သောတသည် အလွန်မွန်မြတ်သော ဘုရားရှင်၏ ရူပါရုံကို မြင်နိုင်ခြင်း, ဘုရားရှင်၏ အသံတော်ကို ကြားနိုင်ခြင်းကြောင့် ဒဿနာနုတ္တရိယဂုဏ် သဝနာနုတ္တရိယဂုဏ်နှင့် ပြည့်စုံကြပေသည်၊ ထိုကဲ့သို့ ဂုဏ်ထူးရှိသည့်အတွက်လည်း စက္ခု သောတ အာယတနနှစ်ပါးကို ဦးထိပ်က ထားသတဲ့။ [အနုတ္တရိယ=အမြတ်ဆုံး၏ ဖြစ်ကြောင်းဖြစ် သော+ဒဿန=မြင်မှု၊ သဝနာနုတ္တရိယ=အမြတ်ဆုံး၏ ဖြစ်ကြောင်းဖြစ်သော ကြားမှု။]

ထို့နောက် သမ္ပတ္တဂါဟကရုပ်များဖြစ်၍ ဃာနာဒိတ္တယကို ဆက်ပြ၏၊ ထိုဃာနစသောသုံးပါးတွင်လည်း ဃာနသည် အာရုံယူပုံ လျင်မြန်၏၊ (ရှေ့၌ထမင်းပွဲချလျှင် မတွေ့ရခင် မစားရခင် အနံ့ကို ရှေးဦးစွာ သိနိုင်ပေသည်၊ ထို့ကြောင့် ဃာနာယတနကို ရှေးဦးကထား၏၊ ဃာနနှင့် ဇိဝှာသည် ပဒေသဝုတ္တိရုပ်ချင်းတူ၏၊ (ကိုယ်၏ တစ်စိတ်တစ်ဒေသ၌ အဖြစ်ချင်းတူမျှသည်၊) ထို့ကြောင့် ဃာန၏ အခြားမဲ့၌ ဇိဝှာယတနကို ဆက် ပြ၏၊ ကာယာယတနမှာ တစ်ကိုယ်လုံးနှံ့သော သဗ္ဗတ္ထဝုတ္တိရုပ် ဖြစ်ပါသော်လည်း ထိုသဗ္ဗတ္ထဝုတ္တိအာယတန က တစ်ပါးတည်းသာ ရှိသောကြောင့် ဇိဝှာ၏ နောက်၌စဉ်ပြသည်၊ ရူပါရုံစသော

အာရုံငါးပါးလုံးကိုပင် အကုန်သိမ်း၍ ယူနိုင်သောကြောင့် မနာယတနကို အဇ္ဈတ္တိကာယတန (၆) ပါးတွင် နောက်ဆုံးက ထားသည်၊ ဗာဟိရာယတနဟူသော အာရုံ (၆)ပါးကိုလည်း အဇ္ဈတ္တိကာယတန (၆) ပါးနှင့်, အဆင်သင့်အောင် အရှင်အနုရုဒ္ဓါ စီစဉ်တော်မူသည်၊ အဆင်သင့်ပုံကို "စက္ခာယတနနှင့် ရူပါရုံ, သောတာ ယတနနှင့် သဒ္ဒါရုံ" စသည်ဖြင့် သိပါ၊ ဤကား ဋီကာကျော်အဖွင့်တည်း။

[ ဆောင်] အာယတန, ဆယ့်နှစ်ဖြာကို, ဒေသနာမြတ်, အစဉ်မှတ်လော့၊ အဇ္ဈတ်ခြောက်ပါး, ကျေးဇူးများ၍, ဦးဖျားတည်မှု, မထေရ်ပြု၏၊ စက္ခုမှာတုံ, အာရုံယူလျှင်း, ပေါ်ထင်ခြင်းကြောင့်, ယင်းကိုစဟန်, အသမ္ပတ္တ, သဘောမျှ၍, သောတကိုဆက်၊ တစ်နည်းမြွက်က, ဒဿနနှင့်-သဝနာနုတ္တရိ, ကြောင်း ထူးရှိသဖြင့်, အတိဝိသိဌ်, ကျေးဇူးဟိတ်ကြောင့်, ဦးထိပ်နှစ်ပါး, တင်ကာထားလျက်, သုံးပါးဆက်ပြ၊ သမ္ပတ္တတွင်, ဃာန၏ဂုဏ်, အာရုံယူလျှင်း, လျင်မြန်ခြင်းကြောင့်, ယင်းကိုအစ၊ ပဒေသ၌, ဖြစ်ကြ ညီစွာ, ဇီဝှာကိုဆက်၊ ကိုယ်လုံးယှက်၍, နှံ့လျက်ကာယ, တစ်ခုမျှမို့, နောက်ကစဉ်ပုံ၊ ပဉ္စာရုံကို, အကုန်သိမ်းကျုံး, ယူသည့်ထုံးကြောင့်, နောက်ဆုံးမန, စီစဉ်ရ၏၊ ခြောက်ဝအဇ္ဈတ်, အစဉ်ကပ် အောင်, ဗာဟျတ်ခြောက်ခု, အာရုံစုလည်း, ထေရ်နုရုဒ္ဓါ, စီစဉ်ပါသည်,... ဋီကာဖွင့်ထုံး ကဗျာတည်း။

⚜ ⚜ ⚜ ⚜ ⚜

အဋ္ဌာရသ ဓာတုယော စက္ခုဓာတု သောတ ဃာန ဇိဝှာ ကာယ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗ စက္ခုဝိညာဏဓာတု သောတဝိညာဏ ဃာနဝိညာဏ ဇိဝှာဝိညာဏ ကာယဝိညာဏဓာတု မနောဓာတု မနောဝိညာဏဓာတု ဓမ္မဓာတု။

ဓာတု။ ။အတ္တနော-မိမိ၏၊ သဘာဝံ-သဘောကို၊ ဒဓာတိ-ဆာင်တတ်၏၊(ဓာရေတိဟု ဓာတွတ္ထဝိဂြိုဟ် လည်း ပြုကြ၏၊) ဣတိ-ကြောင့်၊ ဓာတု-ဓာတ် မည်၏၊ တိတ္ထိတို့ ကြံဆအပ်သော အတ္တသည် ကာရက ဝေဒကဟု နာမည်တပ်၍ ပြုလုပ်တတ်, ခံစားတတ်သည်ဟု ဆိုသော်လည်း ထိုအတ္တသည် မရှိရကား တကယ် မပြုလုပ်တတ်, မခံစားတတ်, ပြုလုပ်ခြင်း ခံစားခြင်းသဘောကို မဆောင်ရွက်နိုင်၊ စက္ခုစသော တရားတို့ကား မိမိသဘောကို ဆောင်ရွက်နိုင်၏၊ မိမိသဘောအတိုင်း တည်ရှိ၏၊ ဤသို့ မိမိဆိုင်ရာသဘော ကို ဆောင်ရွက်နိုင်ကြသဖြင့် "ဓာတု" ဟူသော အမည်ကို ရကြပေသည်။ [အဋ္ဌကထာ ဋီကာတို့၌ အမျိုးမျိုး ဖွင့်ပြကြသေး၏။]

ရှေ့နောက်စဉ်ပုံ။ ။ဤသင်္ဂြိုဟ်ကျမ်း၌ ဓာတ် (၁၈)ပါးစဉ်ပုံသည် ဓာတုဝိဘင်း ပါဠိတော်ရင်းနှင့် မတူ၊ ထိုပါဠိတော်၌ စက္ခုဓာတု ရူပဓာတု စက္ခုဝိညာဏဓာတု စသည်ဖြင့် ဒွါရဓာတ် အာရုံဓာတ် အာရမဏိက ဝိညာဏဓာတ်များကို တစ်သန့်စီ ပြတော်မူ၏၊ ဤသင်္ဂြိုဟ်ကျမ်း၌ကား ရုပ် နာမ် ခွဲခြားတတ်ဖို့ကအရေးကြီး သဖြင့် ရုပ်ဓာတ် နာမ်ဓာတ် ခွဲပြီးလျှင် ရုပ်ဓာတ်တွေက များလည်းများ, နာမ်ဓာတ်များ၏ အကြောင်းတရားလည်း ဖြစ်သောကြောင့် ရုပ်ဓာတ် (၁၀)ပါးကို ရှေ့ထား၍ နာမ်ဓာတ် (၇)ပါးကို နောက်ထားတော်မူသည်။

ရုပ်ဓာတ် (၁၀)ပါး၏ ရှေ့နောက်စဉ်ပုံမှာကား-အာယတနစဉ်ပုံအတိုင်းပင်တည်း၊ နာမ်ဓာတ် (၇)ပါးတွင် လည်း ထိုရုပ်ဓာတ်များနှင့် အစဉ်ကိုက်အောင် (ဒွါရအစဉ် အာရုံအစဉ်အလိုက်) စက္ခုဝိညာဏဓာတ် သောတ ဝိညာဏဓာတ် ဃာနဝိညာဏဓာတ် စသည်ဖြင့် စီစဉ်၍, မနောဓာတ်မှာ ဒွါရ(၅)ပါးလုံး၌ ဖြစ်နိုင်သောကြောင့် ပဉ္စဝိညာဏဓာတ်၏ နောက်၌ထားပြီးလျှင်, ထိုဒွါရ (၅)ပါးနှင့်တကွ မနောဒွါရလည်း ဖြစ်နိုင်သောကြောင့် မနောဝိညာဏဓာတ်ကို မနောဓာတ်၏ နောက်၌ထားသည်၊ ဓမ္မဓာတ်ကိုကား ရုပ်နာမ်နှစ်ပါး ရောနေသည့် အတွက် နောက်ဆုံးထားတော်မူသည်ဟု အရှင်အနုရုဒ္ဓါ အလိုတော်ကို မှန်းဆသင့်၏။

အမှာ။ ။မနောဓာတ်, မနောဝိညာဏဓာတ် , စက္ခုဝိညာဏဓာတ်စသော ပဉ္စဝိညာဏဓာတ်, ဤဓာတ် သုံးပါး၏ ထူးခြားပုံကို ပကိဏ်းပိုင်း ဝတ္ထုသင်္ဂဟအဆုံး၌ ဆောင်ပုဒ်နှင့်တကွ ပြခဲ့ပြီ။

⚜ ⚜ ⚜ ⚜ ⚜

စတ္တာရိ အရိယသစ္စာနိ ဒုက္ခံ အရိယသစ္စံ, ဒုက္ခသမုဒယော အရိယသစ္စံ, ဒုက္ခနိရောဓော အရိယသစ္စံ, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။

အရိယသစ္စံ။ ။အရိယာနံ-ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့၏၊ သစ္စာနိ-သစ္စာတို့တည်း၊ အရိယ သစ္စာနိ-ဘုရားအစရှိသော အရိယာပုဂ္ဂိုလ်တို့၏ သစ္စာတို့၊ ဤသစ္စာလေးပါးကို အရိယာပုဂ္ဂိုလ်တို့သာ ပိုင်ပိုင် .နိုင်နိုင် သိအပ်သောကြောင့် "အရိယာပုဂ္ဂိုလ်တို့၏ သစ္စာ= အရိယာတို့သိအပ်သောသစ္စာ" ဟု ဆိုလိုသည်၊ တစ်နည်း-အရိယာနိ (တထာနိ)+သစ္စာနိ အရိယသစ္စာနိ၊ အရိယာနိ (တထာနိ)မှန်ကန်ကုန်သော၊ သစ္စာနိ- သစ္စာတို့တည်း၊ အရိယသစ္စာနိ-မှန်ကန်သောသစ္စာတို့၊ "ဒုက္ခသစ္စာ" ဟုဆိုလျှင် ဆိုသည့်အတိုင်း အမှန် ဆင်းရဲစေ၏၊ "သမုဒယသစ္စာ" ဟုဆိုလျှင် ဆိုသည့်အတိုင်းပင် ဒုက္ခ၏ဖြစ်ကြောင်းမှန်၏၊ "ဒုက္ခနိရောဓသစ္စာ" ဟုဆိုလျှင် ဆိုသည့်အတိုင်းပင် ဒုက္ခ၏ချုပ်ရာမှန်၏၊ "ဒုက္ခနိရောဓဂါမိနီပဋိပဒါ=မဂ္ဂသစ္စာ" ဟုဆိုလျှင် ဆိုသည့်အတိုင်းပင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်၏၊ ဤသို့လျှင် သူ့အဆိုအတိုင်း ဧကန်မှန်သော ကြောင့် "အရိယသစ္စာ=နာမည်အတိုင်း မှန်ကန်သောသစ္စာ" ဟု ဆိုရပေသည်။

ဆက်ဦးအံ့–လောက၌ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော သမ္မုတိသစ္စာ ရှိသေး၏၊ "ယောက်ျားဟုလည်းကောင်း , မိန်းမဟုလည်းကောင်း" ဤသို့ စသည်ဖြင့် သမုတ်ထားသည့်အတိုင်း ယောက်ျားကို ယောက်ျားဟု ပြောလျှင် သမ္မုတိသစ္စာ ဖြစ်၏, လောကအလို မှန်သည်ဟုပင် ဆိုရ၏၊ သို့သော် နက်နက်နဲနဲ စဉ်းစားသောအခါ ယောက်ျားဟူသော အထည်ဝတ္ထု ရှာမရ၊ ရုပ်နာမ်အစုအဝေးသာ ဖြစ်နေတော့၏၊ ထို့ကြောင့် သမ္မုတိသစ္စာဖြစ်သော အထည်ဝတ္ထု ပညတ်စုသည် လောကီအလိုအားဖြင့် "မှန်သည်" ဟု ဆိုရသော်လည်း အဟုတ်တကယ် မမှန်တတ်သဖြင့် "အရိယသစ္စာ" ဟု မဆိုအပ်ချေ၊ ဤဒုက္ခစသည်တို့ ကား စိစစ်လေ အဟုတ်တကယ် မှန်လေဖြစ်သောကြောင့် "အရိယသစ္စာ" ဟု ဆိုရပေသည်၊ "အရိယသစ္စာ ၌ အရိယဟူသော ဝိသေသနသည် သမ္မုတိသစ္စာနှင့် ခွဲခြားသော ဝိသေသနဖြစ်သည်" ဟူလို။

အကြောင်း အကျိုး သစ္စာအခွဲ။ ။ဤသစ္စာလေးပါးတွင် ဒုက္ခနှင့်သမုဒယ သစ္စာနှစ်ပါးသည် လောကီ သစ္စာများတည်း၊ နိရောဓနှင့် မဂ္ဂ သစ္စာနှစ်ပါးကား လောကုတ္တရာသစ္စာများတည်း၊ သံသရာ၌ဖြစ်ရသော ရုပ်နာမ်သည် ဒုက္ခတရားချည်းတည်း၊ ထို့ကြောင့် ဒုက္ခသစ္စာသည် သံသရာ၌ ဖြစ်ရခြင်းဟူသော ပဝတ္တိသစ္စာ တည်း၊ မကောင်းသော အကျိုးသစ္စာလည်း ဟုတ်၏၊ သမုဒယသစ္စာသည် ထိုသံသရာဒုက္ခဟူသမျှ၏ ဖြစ်ရ ဖို့အကြောင်း မကောင်းသော ပဝတ္တိဟေတုသစ္စာတည်း, အကြောင်းသစ္စာလည်း ဟုတ်၏၊ နိရောဓသစ္စာသည် သံသရာဒုက္ခ၏ ဆုတ်နစ်ရာ နိဝတ္တိသစ္စာတည်း, ကောင်းသောအကျိုးသစ္စာလည်း ဟုတ်၏, မဂ္ဂသစ္စာသည် ထိုနိဝတ္တိသို့ ရောက်ကြောင်း ကောင်းသော နိဝတ္တိဟေတုသစ္စာတည်း, ကောင်းသောအကြောင်းသစ္စာ လည်း ဟုတ်၏၊ ဤသစ္စာလေးပါးဖြင့် မကောင်းသော အကျိုးအကြောင်း, ကောင်းသော အကျိုးအကြောင်း များ စုံလင်ပြီ ဖြစ်သောကြောင့် ဤသစ္စာလေးပါးထက်ပို၍လည်းကောင်း, ယုတ်လျော့၍လည်းကောင်း ဟောပြောတော်မမူဘဲ အဆူဆူသော ဘုရားရှင်တို့ ဤလေးပါးကိုသာ ဟောပြတော်မူမြဲ ဖြစ်ပေသည်။

ရှေ့နောက်စဉ်ပုံ။ ။ဤလောကီဘုံ သံသရာကြီးဝယ် နှစ်သက်ဖွယ် အထင်ရှိ၍ တွယ်မိ တွယ်ရာ တွယ်တာနေကြသော သတ္တဝါတွေကို တရားသံဝေဂ ရစေတော်မူလိုခြင်းကြောင့် ဘုရားဖြစ်တော်မူ၍ မကြာ ခင် ဓမ္မစကြာဒေသနာတော် အစဉ်ဝယ် "ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ, ဇရာပိ ဒုက္ခာ, ဗျာဓိပိ ဒုက္ခော, မရဏံပိ ဒုက္ခံ" စသည်ဖြင့် ကမ္ဘာလောကကြီးတစ်ခုလုံး၌ ဒုက္ခတုံး ဖြစ်နေပုံကို ရှေးဦးစွာ ပြတော်မူ၏၊ ဤဒုက္ခတရားတွေမှာ အကြောင်းမဲ့ ပေါ်လာသည်မဟုတ်, တွယ်တာမှု တဏှာအစွမ်းကြောင့်သာ ဗရမ်းဗတာ ဖြစ်လာရသည်ဟု သိစေတော်မူ လို၍ ဒုက္ခသစ္စာ၏ အခြားမဲ့၌ "ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယော အရိယသစ္စံ" ဟု သမုဒယသစ္စာကို ဟောပြတော်မူသည်၊ ထို့နောက် ဒုက္ခသဘောကို ထင်မြင်လျက် ငြီးငွေ့လက်စဖြင့် သံဝေဂရသူတို့၏ အပူ ငြိမ်းရာ ခေမာရပ်ဌာန်ကို ရှာလိုသောစိတ် ဖြစ်လောက်သောအခါ "ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓော အရိယသစ္စံ" ဟု နိရောဓသစ္စာကို ပြတော်မူသည်။ "ထိုခေမာမြို့နန်းသို့ ရောက်ဖို့ မှန်းကြလျှင် ဤလမ်းကို တက်၍ ဤမဂ်ကို ပွားလေ" ဟု မိန့်တော်မူသည့်အလား လေးပါးမြောက်တွင် "ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခ နိရောဓဂါမိနီပဋိပဒါ အရိယသစ္စံ" ဟု မဂ္ဂသစ္စာကို ညွှန်ပြတော်မူပေသည်။

[ ဆောင်] လောကီဘုံဝယ်, သာယာဖွယ်ဟု, တာတွယ်လေငြား, ဝေနေများကို, တရားသံဝေ, ရပစေဟု, ထွေထွေဒုက္ခ, ဦးစွာပြ၏၊ ဒုက္ခသောင်းပြောင်း, တရားပေါင်းလည်း, အကြောင်းမဲ့စွာ, မဖြစ်ရာရှင့်, မဟာဗြဟ္မာ့, ထာဝရဟု, ဘုရားတစ်သင်း, မဖန်ဆင်းတည်း၊ ထန်ပြင်းသော့သွမ်း, တဏှာစွမ်း ကြောင့်, ဗရမ်းဗတာ, ဖြစ်ကြရာဟော, သမုဒယောတဲ့၊ သုံးလောကတွင်, ဒုက္ခထင်၍, လွတ်ခွင် ထွက်ရာ, ရတက်ဖြာသော်, သက်သာစေရန်, အနေဖန်လျက်, ခေမံနိရောဓ, သုံးကြိမ်ပြ၏၊ နိဗ္ဗာနနန်း, ရောက်ဖို့မှန်းက, ဤလမ်းဖြင့်တက်, ဤမဂ်ကိုပွား, မိန့်သည့်လားသို့, လေးပါးမြောက် တွင်, မဂ်လမ်းထွင်သည်, ...ဟောစဉ်လက်ရိုး ဆူဆူတည်း။

⚜ ⚜ ⚜ ⚜ ⚜

ဒွါရာရမဏဘေဒေန, ဘဝန္တာယတနာနိ စ၊ ဒွါရာရမဏတဒုပ္ပန္န. ပရိယာယေန ဓာတုယော။

ဒွါရာရမဏဘေဒေန ဘဝန္တာယတနာနိ စ။ ။"အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော" အရ မိမိ သဘောကို ဆောင်နိုင်ကြသဖြင့် ပရမတ္ထတရားအားလုံးကို "ဓမ္မာယတန" ဟု တစ်မျိုးတည်း ဟောသင့် လျက် အဘယ်ကြောင့် အာယတန (၁၂)ပါး ပြားရပါသလဲဟု မေးဖွယ်ရှိ၍ "ဒွါရာရမဏဘေဒေန ဘဝန္တာ ယတနာနိ စ" ဟု မိန့်တော်မူသည်။ အာယတနဒေသနာသည် ဒွါရနှင့် အာရုံကို ကွဲကွဲပြားပြား ခွဲခြားလို၍ ဟောတော်မူအပ်သောဒေသနာ ဖြစ်၏၊ ထိုဒွါရနှင့် အာရုံတို့က (၆)ပါးစီ ကွဲပြားသောကြောင့် ပရမတ္ထတရား အားလုံးကို ဓမ္မာယတနဟု တစ်မျိုးတည်း မဟောဘဲ, ဒွါရအာယတန (၆) ပါး, အာရုံအာယတန (၆) ပါး ခွဲခြား၍ အာယတန (၁၂) ပါး ဟောထားတော်မူရသည်။

မနောဒွါရယူပုံ။ ။ဤ၌ ဒွါရ(၆)ပါးတွင် စက္ခာယတနစသည်ကို စက္ခုဒွါရစသည်ဖြင့် ဆိုခြင်းသည် ယူရိုးယူစဉ် ထုံးစံပင်တည်း၊ မနာယတနဟူသည်ကား စိတ်အားလုံးတည်း၊ ထို့ကြောင့် မနာယတနကို မနောဒွါရ ဟု ယူခြင်းမှာ ဒွါရသင်္ဂဟ၌ ပြခဲ့သော "မနောဒွါရံ ပန ဘဝင်္ဂန္တိ ပဝုစ္စတိ"နှင့် ဆန့်ကျင်သည် မဟုတ်လောဟု မေး၊ အဖြေကား–အယံ နာမ မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗော" နှင့်အညီ ရှေးရှေး မနသည် နောက်နောက် မနအား အနန္တရသတ္တိဖြင့် ကျေးဇူးပြုသောကြောင့် ဒွါရဟု ဆိုနိုင်ပါသည်။

ယထာဟာနန္တရာတီတော, ဇာယမာနဿ ပစ္ဆတော၊ မနော သဗ္ဗောပိ သဗ္ဗဿ, မနအာယတနံ ဘဝေ။ (နာမရူပပရိစ္ဆေဒ)

အဋ္ဌကထာဝါဒ။ ။အာယတနဝိဘင်္ဂ အဋ္ဌကထာ၌ကား မနာယတန၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဘဝင် စိတ်ကို ဧကဒေသျူပစာရနည်းအားဖြင့် မနာယတနအရ ကောက်ယူ၍ မနာယတနကို မနောဒွါရဟု ခေါ်ရ ကြောင်းဖြင့် "ဆဋ္ဌဿ ပန ဘဝင်္ဂမနသင်္ခါတော မနယတနေကဒေသောဝ ဥပ္ပတ္တိဒွါရံ" ဟု မိန့်တော်မူသည်။

ဓမ္မာယတနလည်း ပရိယာယ်။ ။ဓမ္မာယတနကို ဓမ္မာရုံဟု ဆိုခြင်းသည် အာရမဏသင်္ဂဟတုန်းက ဓမ္မာရုံနှင့် မတူတတ်ချေ၊ အာရမဏသင်္ဂဟဝယ် ဓမ္မာရုံအရ၌ ပညတ် ပသာဒရုပ်နှင့် စိတ်တို့လည်း ပါဝင်နိုင် ၏၊ ဤဓမ္မာယတန ဓမ္မာရုံ၌ကား ပရမတ္တမဟုတ်သော ပညတ်များ မပါဝင်နိုင်, ပသာဒရုပ်နှင့် စိတ်တို့မှာ လည်း စက္ခာယတနစသော အမည်ထူးကို ရပြီးဖြစ်၍ ဓမ္မယတန၌ မပါဝင်နိုင်၊ ဤသို့လျှင် ဓမ္မာယတနအရ လည်း ဖြစ်သင့်သလို ပရိယာယ်အားဖြင့် ကောက်ယူရသည်။

ဒွါရာရမဏတဒုပ္ပန္န ပရိယာယေန။ ။[ဒွါရ=ဒွါရ(၆)ပါး+အာရမဏ=အာရုံ(၆)+တဒုပ္ပန္န=ထိုအာရုံ(၆) ပါးကို အာရုံပြု၍ ထိုဒွါရ(၆)ပါး၌ဖြစ်သော ဝိညာဏ်(၆)ပါး၊] ဤသို့ ဒွါရ(၆)ပါး အာရုံ(၆)ပါး ဝိညာဏ်(၆)ပါး ပြားခြင်းကြောင့် ဓာတ်များလည်း (၁၈)ပါး ပြားရသည်၊ ဒွါရ အာရုံ ဝိညာဏ် ဓာတ်တို့ ဆက်သွယ်ပုံကား "စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ် ၊ပေ၊ မနောဓာတ် ဓမ္မဓာတ် မနောဝိညာဏဓာတ်"ဟု တွဲစပ်ပါ။

မနောဒွါရ။ ။မနောဓာတ်ဟူရာ၌ ကောက်ယူရိုးအတိုင်း ပဉ္စဒွါရဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းကို ကောက်၊ ထိုတွင် ပဉ္စဒွါရာဝဇ္ဇန်းသို့ ရောက်သောအခါ ဘဝင်တည်းဟူသော မနောဝိညာဏ်အစဉ် ကုန်ပျောက်သဖြင့် ထိုမနော ဝိညာဏ်သည် ပဉ္စဒွါရဝဇ္ဇန်းထဲသို့ ဝင်သွားသလို ထင်ရ၏၊ ထို့ကြောင့် ပဉ္စဒွါရဝဇ္ဇန်းသည် မနောဝိညာဏ်၏ ဝင်ရာ ဒွါရတည်း၊ သမ္ပဋိစ္ဆိုန်းနောက်၌ တစ်ဖန် သန္တီရဏတည်းဟူသော မနောဝိညာဏ် ပေါ်လာပြန်၏၊ ထို့ကြောင့် သမ္ပဋိစ္ဆိုန်းသည် မနောဝိညာဏ်၏ ထွက်လာရာ တံခါးသဖွယ် ဖြစ်ပြန်၏၊ ဤသို့သော ပရိယာယ်အရ မနောဓာတ်(၃)ခုကို မနောဝိညာဏ်၏ ဒွါရဟု ဆိုနိုင်ပြန်သည်။

အန္တာဒိကာ မနောဓာတု, မနောဝိညာဏဓာတုယာ၊ ပဝေသာ. ပဂမေ ဒွါရ. ပရိယာယေန တိဋ္ဌတိ။ (နာမရူပပရိစ္ဆေဒ)

အန္တာဒိကာ -အဆုံးအစဖြစ်သော၊ မနောဓာတု-မနောဓာတ်သည်၊ (အန္တဖြင့် ပဉ္စဒွါရာဝဇ္ဇန်းကို, အာဒိဖြင့် သမ္ပဋိစ္ဆိုန်းကို ပြ၏၊) မနောဝိညာဏဓာတုယာ-မနောဝိညာဏဓာတ်၏၊ ပဝေသာပဂမေ-ဝင်ခြင်း, ကင်းကွာ ထွက်ခွာခြင်းကြောင့်၊ ဒွါရပရိယာယေန-ဒွါရဟူသော ပရိယာယ်ဖြင့်၊ တိဋ္ဌတိ-တည်၏။

ပရိယာယေန။ ။ဤ၌ မနောဓာတ်ကို မနောဒွါရဟု ယူခြင်း, ဓမ္မဓာတ်ကို ဓမ္မာရုံဟု ယူခြင်းများသည် မုချ ယူရိုးယူစဉ်မဟုတ်, မနောဝိညာဏ်လည်း ဓမ္မာရုံကိုသာ အာရုံပြုသည်မဟုတ်, အာရုံ(၆)ပါးလုံးကို အာရုံပြု၏၊ သို့သော် သူ့ဒွါရ-သူ့အာရုံနှင့် သူ့ဝိညာဏ် ကွဲပြားအောင် ပရိယာယ်အားဖြင့်ပင် ပြထားခြင်း ဖြစ်သည်ဟု သ်ိစေလိုသောကြောင့် "ပရိယာယေန" ဟု မိန့်သည်။

ဋီကာကျော်။ ။ဋီကာကျော်၌ ပရိယာယေနကို "ကမေန"ဟု ဖွင့်၍ ဒွါရ(၆)ပါး ဝိညာဏ်(၆)ပါးကို အစဉ် အတိုင်း ထားသည်ကိုပင် ပရိယာယဟု ဆိုလိုသတဲ့၊ ဒွါရ(၆)ပါး အာရုံ(၆)ပါး ဝိညာဏ်(၆)ပါးကို အစဉ် အတိုင်း ပြထားသည်မဟုတ်, မနောဓာတ်ဟူသော မနောဒွါရသည် ဝိညာဏ်တို့အကြား၌ ရောက်နေ၏၊ ဤသို့ အစဉ်မဟုတ်သည့်ပြင်, နာမရူပပစ္ဆေဒဂါထာ၌ "ဒွါရပရိယာယေန" ဟူသော စကားနှင့်လည်း ဆန့်ကျင်သောကြောင့် စဉ်းစားပါ။

⚜ ⚜ ⚜ ⚜ ⚜

ဒုက္ခံ တေဘူမကံ ဝဋ္ဋံ, တဏှာ သမုဒယော ဘဝေ၊ နိရောဓော နာမ နိဗ္ဗာနံ, မဂ္ဂေါ လောကုတ္တရော မတော။

ဒုက္ခံ တေဘူမကံ ဝဋ္ဋံ။ ။ဝဋ္ဋတိ ပရိဝတ္တတိ-အစဉ်မပြတ် အထပ်ထပ် ဖြစ်တတ်၏၊ (မရပ်မတည် ချာချာ လည်တတ်၏၊ အထပ်ထပ် ဖြစ်မှုကိုပင် "ချာချာလည်သည်" ဟု ခေါ်၏၊) ဣတိ-ကြောင့်၊ ဝဋ္ဋံ-ဝဋ်မည်၏၊ အထပ်ထပ် ဖြစ်နေသော အဆက်မပြတ်နိုင်သော ရုပ်နာမ်ခန္ဓာကိုပင် "ဝဋ်"ဟု ခေါ်၏၊ ထိုတွင် ကာမစိတ် စေတသိက် ရုပ်တရားသည် ကာမဘူမကဝဋ်(ကာမဘုံ၌ ပါဝင်သောဝဋ်)တည်း၊ ရူပစိတ် စေတသိက်ကား ရူပဘူမကဝဋ်, အရူပစိတ် စေတသိက်ကား အရူပဘူမကဝဋ်တရားတည်း၊ တဏှာမှတစ်ပါး ဤတေဘူမက ဝဋ်တရားသည် ဒုက္ခသစ္စာချည်းတည်း။

ချဲ့ဦးအံ့ –ဒုက္ခသည် ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခဟု (၃)မျိုးရှိ၏၊ ထိုတွင် ကာယိကဒုက္ခ (ကိုယ် ဆင်းရဲမှု) စေသတိကဒုက္ခ (စိတ်ဆင်းရဲမှု) ဟု ခေါ်ရသော ဒုက္ခသဟဂုတ် ကာယဝိညာဏ် ဒေါသမူ ဒွေး တို့နှင့် ယှဉ်သော ဒုက္ခဝေဒနာသုံးမျိုးသည် ဖြစ်တုန်း လောလောဆယ်မှာပင် တကယ့်တကယ် ဆင်းရဲသဖြင့် ဒုက္ခ ဒုက္ခမည်၏၊ လောက၌ ကြီးကျယ်ခမ်းနားသမျှ သုခစည်းစိမ်တွေသည် မဖြစ်ဖြစ်အောင် ထူထောင်အား ထုတ်မှုဟူသော သင်္ခါရဒုက္ခစုနှင့် မကင်းနိုင်, လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကို ရဖို့အရေး၌ မည်မျှ ကြီးလေးသော ဒါန သီလ ဘာဝနာမှုများကို ပြုကြရသနည်း၊ ဝတ်စားဆင်ယင်ပြီးလျှင် ပွဲထိုင် အခမ်းအနား ဝင်ရတဲ့ ကိစ္စကလေးကိုပင် တစ်မနက်လုံး သင်္ခါရဒုက္ခဖြင့် တည်ထောင်ကြရသည်။

ထိုသင်္ခါရဒုက္ခ အဝဝဖြင့် ပထမတည်ထောင်ပြီးနောက် အထိုက်အလျောက် သုခကို ခံစားရတုန်းဝယ် (ဥပါဒ် ဌီ ဘင်စေ့၍ ခဏခဏပျက်တဲ့ အပျက်တွေမှာ မသိသာသဖြင့် ထားလိုက်ပါဦးတော့) ပျက်တော့မည့် အရိပ်နိမိတ်ကို မြင်သည်က စ၍ အချိန်စေ့ရောက် ချုပ်ပျောက်ကွေကွင်းဖို့ သေမင်းငင်သည့်အခါ၌ကား မည်သူမျှ မဆင်းရဲသူ မရှိ, ဝိပရိဏာမခေါ်သော ဖောက်ပြန်မှု ဒုက္ခကို မုချ ခံစားကြရလေသည်၊ ထိုဝိပရိ ဏာမအခိုက်၌ကား သုခကြီးသလောက် ဒုက္ခကြီးကြီး ရောက်ကြလေတော့၏၊ ထို့ကြောင့် တေဘူမက ရုပ်နာမ်ခန္ဓာ ဟူသမျှတို့သည် "ရှေ့တိုး ထမ်းပိုးနဲ့, နောက်ဆုတ် လှည်းထုပ်နဲ့" ဆိုသလို မလှုပ်သာ မလှည့် သာ ဒုက္ခတွေ ရံကာလျက် ရှိကြလေသည်။

တဏှာ မဂ္ဂ နိရောဓကို ဒုက္ခ မဆိုထိုက်။ ။သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခတို့နှင့် မကင်းမှုကြောင့် သုခ အားလုံးကိုပင် ဒုက္ခဟု ဆိုနိုင်ပါလျှင် တဏှာနှင့် မဂ်တရားလည်း ထိုဒုက္ခနှစ်မျိုးမှ မကင်း, နိဗ္ဗာန်သော်မှ လည်း မရ-ရအောင် တည်ထောင် အားထုတ်မှုဟူသော သင်္ခါရဒုက္ခနှင့် မကင်းတတ်ချေ၊ ထို့ကြောင့် ထို တရားအားလုံးကိုလည်း ဒုက္ခသစ္စာဟု ဆိုထိုက်ရာ မရောက်ပါလောဟု မေး၊ အဖြေကား-တဏှာသည် သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခတို့နှင့် မကင်းသော်လည်း ရှေးရှေးဘဝက တဏှာသည် နောက်နောက်ဘဝ၌ ဒုက္ခဖြစ်ဖို့ရန် အရင်းခံ အကြောင်းဖြစ်သောကြောင့် သမုဒယဟူသော ဝိသေသ နာမည်ကို ရသဖြင့် ဒုက္ခ သစ္စာ၌ မသွင်းရတော့ချေ၊ မဂ္ဂသစ္စာလည်း ထိုဒုက္ခနှစ်မျိုးနှင့် မကင်းစေကာမူ လေရောဂါ စွဲကပ်သူတို့ ဆေးခါးကြီးကို သောက်ကြသလို ဒုက္ခမှ လွတ်မြောက်ကြောင်း လမ်းကောင်းအမှန် ဖြစ်သောကြောင့် မဂ္ဂသစ္စာဟူသော အမည်ထူးကို ရလေသည်၊ နိရောဓသစ္စာမှာ အကြောင်းရင်းတုန်းက ဒုက္ခမကင်းသော် လည်း နိဗ္ဗာန်ဟူသော သန္တိသုခ၌ကား ဒုက္ခဟူသမျှ အရိပ်အငွေ့မျှ မရှိတော့သဖြင့် ဒုက္ခခေါ်ရန် မလျော်ကန် တော့ချေ။

တဏှာ သမုဒယော။ ။တဏှာအစစ် တစ်ရာ့ရှစ်ကို အခြေပြုသင်္ဂြိုဟ်၌ မြှောက်ပြခဲ့ပြီ၊ ထိုမြှောက်ပြရာ၌ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာဟု အရင်းခံ တဏှာသုံးပါးတွင် ကာမတဏှာဟူသည် ရူပါရုံစသော အာရုံ(၆)ပါးကို လိုလား တပ်မက်သော တဏှာတည်း၊ ကာမေတိ-လိုလား တပ်မက်တတ်၏၊ ဣတိ- ထို့ကြောင့်၊ ကာမော-ကာမ မည်၏၊ ကာမော စ-ကာမလည်း ဟုတ်၏၊ သော-ထိုကာမဟူသည်၊ တဏှာ စ- တဏှာလည်း ဟုတ်၏၊ ဣတိ-ကြောင့်၊ ကာမတဏှာ-မည်၏၊ ဘဝတဏှာ၌ သဿတဒိဋ္ဌိကို ဘဝဟု ခေါ်၏၊ "ဘဝတိ-မပြတ်မစဲ အမြဲဖြစ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ ဘဝေါ-ဘဝမည်၏" ဟူသော ဝိဂြိုဟ်အရ ရူပါရုံ စသော အာရုံများ၌ အတ္တရှိ၏၊ ထိုအတ္တသည် မြဲ၏ဟု ယူမှားသောဒိဋ္ဌိတည်း၊ (ဘဝဒိဋ္ဌိဟု ဆိုလိုလျက် ဒိဋ္ဌိပုဒ် ကို ချေထားသည်၊) ထိုသဿတဒိဋ္ဌိနှင့် အတူတကွဖြစ်သော တဏှာသည် ဘဝတဏှာမည်၏၊ ဝိဘဝတဏှာ ၌ ဝိဘဝဟူသည် ဥစ္ဆေဒဒိဋ္ဌိတည်း၊ န ဘဝတိ-မပြတ်မစဲ အမြဲမတည်၊ ဣတိ-ထို့ကြောင့်၊ ဝိဘဝေါ-ဝိဘဝ မည်၏၊ ထိုဝိဘဝဒိဋ္ဌိကား ရူပါရုံစသော အာရုံများ၌ အတ္တရှိ၏၊ "ထိုအတ္တသည် တစ်ဘဝဆုံးလျှင် ပြတ်တော့ ၏" ဟု ယူသည်၊ ထိုဥစ္ဆေဒဒိဋ္ဌိနှင့်တကွ ဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏။ [နိဗ္ဗာန်ကို ခန္ဓာမဖွဲ့ရ ကြောင်းနှင့်တကွ သစ္စဝိမုတ်တရားတို့ကို ထိုထိုသစ္စာတွင်း၌ သွင်းပုံမှာ အခြေပြုသင်္ဂြိုဟ်၌ ပါလေပြီ။]

သစ္စာအနက် တစ်ဆယ့်ခြောက်ချက်။ ။သစ္စာလေးပါးတွင် တစ်ပါးတစ်ပါး၌ မိမိ ပင်ကိုသဘောအတိုင်း ထင်ရှားသောအနက်, အခြားသစ္စာသုံးပါးကို ထောက်ထား၍ ထင်ရှားသောအနက်ဟု လေးနက်စီ ရနိုင်သော ကြောင့် သစ္စာအနက် တစ်ဆယ့်ခြောက်ချက်ဟု ပြောစမှတ် ပြုကြသည်၊ ထိုသစ္စာအနက် (၁၆)ချက်ကို မှတ်နိုင်ရုံမျှ အကျဉ်းချုပ် ပြဦးအံ့။

ပီဠနဋ္ဌော သင်္ခတဋ္ဌော, သန္တာပေါ ဝိပရိဏာမဋ္ဌော၊ စတ္တာရော ဒုက္ခဿ ဧတေ, ဒုက္ခဋ္ဌာတိ ပဝုစ္စရေ။

ပီဠနဋ္ဌော -မိမိကိန်းရာ, သတ္တဝါဝယ်, သုံးဖြာဒုက္ခ, ဖြစ်ပေါ်ကြလျက်, ဒုက္ခဖြစ်ရိပ်, ကြောင်းနိမိတ်ဖြင့်, ကြိတ်ကြိတ်နင်းနင်း, နှိပ်စက်ခြင်း အနက်သဘောလည်းကောင်း၊ သင်္ခတဋ္ဌော-သမုဒယဟိတ်, ကြောင်း မဆိတ်သဖြင့်, ကံစိတ်ဥတု, ဟာရစုတို့, အမှုတည်ထွင်, ပြုစီရင်အပ်သောအနက်သဘောလည်းကောင်း၊ သန္တာပေါ-မဂ်မြတ်ရေစင်, နှိုင်းစာလျှင်လည်း, ပူပင်ပြင်းပြ, လောင်ကျွမ်းရခြင်း အနက်သဘောလည်း ကောင်း၊ ဝိပရိဏာမဋ္ဌော-နိဗ္ဗာန်နန်းစာ, စခန်းကွာအောင်, ဇရာ မရဏ, နှစ်ဌာနဖြင့်, ကာလအရှည်, မတည် မြဲမြံ, ဖောက်ပြန်ခြင်း အနက်သဘောလည်းကောင်း၊ ဒုက္ခဿ-ဒုက္ခသစ္စာ၏၊ ဧတေ စတ္တာရော-ဤလေးချက်သော အနက်သဘောတို့ကို၊ ဒုက္ခဋ္ဌာ တိ-ဒုက္ခအတွက်, ရအပ်သောအနက်တို့ဟူ၍၊ ပဝုစ္စရေ-ဗျူပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက်အပ် ပေကုန်သတည်း။

အာယူဟနံ နိဒါနဋ္ဌော, သံယောဂေါ ပလိဗောဓဋ္ဌော၊ စတ္တာရော သမုဒယေဿတေ, သမုဒယဋ္ဌာတိ ပဝုစ္စရေ။

အာယူဟနံ -လောကီအာရုံ, အဖုံဖုံဝယ်, ခုံမင်ဖြန့်မှု, ဒုက္ခထုကို, ပေါင်းစုခြင်း အနက်သဘောလည်း ကောင်း၊ နိဒါနဋ္ဌော-ဒုက္ခချင်းစပ်, မကင်းလတ်အောင်, နင်းအပ်သည့်အနေ, ဖြစ်စေခြင်းအနက်သဘော လည်းကောင်း၊ သံယောဂေါ-ဒုက္ခဝဋ်မှ, မလွတ်ရအောင်, ဖွဲ့နှောင်ခြင်း အနက်သဘောလည်းကောင်း၊ ပလိ ဗောဓဋ္ဌော-ဝဋ်မှထွက်သွား, မဂ်ရထားကို, ဖျက်တားကန့်ကွက်, နှောက်ယှက်ခြင်း အနက်သဘောလည်း ကောင်း၊ သမုဒယဿ-သမုဒယသစ္စာ၏၊ ဧတေစတ္တာရော-ဤလေးချက်သော အနက်သဘောတို့ကို၊ သမုဒယဋ္ဌာတိ-သမုဒယအတွက်, ရအပ်သောအနက်တို့ဟူ၍၊ ပဝုစ္စရေ-ဗျူပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက် အောင်, သမိုက်အပ်ပေကုန်သတည်း။

နိဿရဏံ ဝိဝေကဋ္ဌော, အသင်္ခတံ အမတဋ္ဌော၊ စိတ္တာရော နိရောဓေဿတေ, နိရောဓဋ္ဌာတိ ဝုစ္စရေ။

နိဿရဏံ -ဒုက္ခဖန်ခါ, သံသရာဝယ်, ခန္ဓာဇာတ်သိမ်း, လွတ်ငြိမ်းခြင်းအနက် သဘောလည်းကောင်း၊ ဝိဝေကဋ္ဌော-တဏှာအပေါင်း, တွယ်တာကြောင်းမှ, ကောင်းကောင်းလွတ်ကင်း, ဆိတ်ငြိမ်ခြင်း အနက် သဘောလည်းကောင်း၊ အသင်္ခတံ-အကြောင်းကြောင်းစု, တစ်ခုခုမျှ, မပြုအပ်လျှင်း, အကြောင်းကင်းသော အနက်သဘောလည်းကောင်း၊ အမတဋ္ဌော-နဂိုအနေ, အိုမသေဘဲ, စိုပြေမြဲခိုင်, တည်တံ့နိုင်သော အနက် သဘောလည်းကောင်း၊ နိရောဓဿ-နိရောဓသစ္စာ၏၊ ဧတေ စတ္တာရော-ဤလေးချက်သော အနက်သဘော တို့ကို၊ နိရောဓဋ္ဌာတိ-နိရောဓအတွက်, ရအပ်သောအနက်တို့ဟူ၍၊ ဝုစ္စရေ-ဗျူပ္ပတ်အလိုက်, ရုပ်ဓာတ်ခိုက် အောင်, သမိုက်အပ်ပေကုန်သတည်း။

နိယျာနဋ္ဌော ဟေတွဋ္ဌော စ, ဒဿနာ . ဓိပတေယျဋ္ဌော၊ စတ္တာရော မဂ္ဂဿ ဧတေ, မဂ္ဂဋ္ဌာတိ ပဝုစ္စရေ။

နိယျာနဋ္ဌော -သံသရာဒုက္ခ, ရှုပ်သမျှမှ, မုချထွက်ကြောင်း, အနက်သဘောလည်းကောင်း၊ ဟေတွဋ္ဌော စ-နိဗ္ဗာနဓာတ်, အမြိုက်ရပ်သို့, ဆိုက်ကပ်ရန်အကြောင်း အနက်သဘောလည်းကောင်း၊ ဒဿနံ-သစ္စာလေး တန်, မြတ်နိဗ္ဗာန်ကို, အမှန်ထင်လင်း, မြင်နိုင်ခြင်း အနက်သဘောလည်းကောင်း၊ အာဓိပတေယျဋ္ဌော-လေးတန်သစ္စာ, မြင်ဖို့ ရန်နှင့်, ကိလေသာမီး, အပူကြီးကို, အပြီးငြိမ်းမှု, ကိစ္စစုဝယ်, ချယ်လှယ်လွှမ်းမ်ိုး, အုပ်စိုးနိုင်ခြင်း, အနက် သဘောလည်းကောင်း၊ မဂ္ဂ-မဂ္ဂသစ္စာ၏၊ ဧတေ စတ္တာရော-ဤလေးချက်သော အနက်သဘောတို့ကို၊ မဂ္ဂဋ္ဌာတိ-မဂ္ဂအတွက်, ရအပ်သောအနက်တို့ဟူ၍၊ ပဝုစ္စရေ-ဗျူပ္ပတ်အလိုက်, ရုပ်ဓာတ်ကိုက်အောင်, သမိုက် အပ်ပေကုန်သတည်း။ –ဤကား သစ္စာအနက် (၁၆)ချက်တည်း။

ခန္ဓစသော ဒေသနာလေးမျိုး ဟောရကျိုး။ ။အရှင်အနုရုဒ္ဓါသည် ခန္ဓဝိဘင်း အာယတန ဓာတု သစ္စ ဝိဘင်းပါဠိတော်များကို အမှီပြု၍ ဤသဗ္ဗသင်္ဂဟ၌ ခန္ဓာစသည်တို့ကို အမျိုးမျိုး ပြတော်မူသည်၊ ထို့်ကြောင့် "ဘုရားရှင်သည် ပရမတ္ထတရားတွေကို ဒေသနာအမျိုးမျိုးဖြင့် ထပ်ကာထပ်ကာ အဘယ်အကျိုးကို မျှော်ကိုး ၍ ပြတော်မူပါလိမ့်မည်နည်း" ဟု စဉ်းစားဖွယ် မေးမြန်းဖွယ် ရှိ၏၊ အဖြေကား–နာမသမ္မုဠှ ရူပသမ္မုဠှ နာမရူပသမ္မုဠှ ပုဂ္ဂိုလ်သုံးမျိုးလုံးကိုပင် သိမ်းကျုံး ချီးမြှောက်တော်မူလိုသောကြောင့် ဘုရားရှင်သည် ခန္ဓ စသော ဒေသနာတော် အရပ်ရပ်ကို အထပ်ထပ် ဟောတော်မူပေသည်။

ချဲ့ဦးအံ့ –ခန္ဓဒေသနာတော်သည် နာမ်တရားကို လေးမျိုး ခွဲခြားလျက် ဟောထားသဖြင့် ထို နာမသမ္မုဠှ ပုဂ္ဂိုလ်များနှင့် အထူး သင့်မြတ်ပေသည်၊ အာယတနဒေသနာတော်ကား ရုပ်တရားများကို ဆယ်ပါးနှင့် ဓမ္မာ ယတနစိတ်တိုင်အောင် ခွဲခြား ဟောပြသဖြင့် ရုပ်တရားကို နားမလည်နိုင်ကြသော ရူပသမ္မုဠှပုဂ္ဂိုလ်များနှင့် အထူးသင့်မြတ်ပေသည်၊ ဓာတုဒေသနာတော်မှာ ရုပ် နာမ် နှစ်ပါးလုံးကိုပင် ချဲ့ထွင် ဟောပြထားသဖြင့် နာမ် ရုပ်နှစ်ပါး၌ တွေဝေကြသော နာမရူပသမ္မုဠှ ပုဂ္ဂိုလ်များနှင့် အထူးသင့်မြတ်ပေသည်၊ ဤသို့လျှင် ပုဂ္ဂိုလ် သုံးမျိုးလုံးကိုပင် နားလည်စေလို ချီးမြှောက်တော်မူလိုသည့်အတွက် ပရမတ္ထတရားကို ခန္ဓစသော ဒေသနာ တော်များဖြင့် အထပ်ထပ် ဟောထားတော်မူရပေသည်၊ ထို့နောက် ခန္ဓာ အာယတန ဓာတ်တို့၏ ဖြစ်ပုံကို လေးစုံသောသစ္စာဖြင့် သေချာပိုင်ပိုင် သိမြင်နိုင်မှသာ ကျေးဇူးများသောကြောင့် သစ္စာဒေသနာတော်ကို အဆုံးက အုပ်၍ နိဂုံးချုပ်တော်မူရပေသည်။

ဤကား သမုစ္စည်းပိုင်းဘာသာဋီကာ

ပစ္စည်းပိုင်းဘာသာဋီကာ

ယေသံ သင်္ခတဓမ္မာနံ, ယေ ဓမ္မာ ပစ္စယာ ယထာ၊ တံဝိဘာဂမိဟေဒါနိ, ပဝက္ခာမိ ယထာရဟံ။

အနုသန္ဓေ။ ။စိတ် စေတသိက် ရုပ် နိဗ္ဗာန်တရားတို့ကို သဘောတူချင်း ပေါင်းသင်းစုစည်းရာ သမုစ္စယ သင်္ဂဟကို ပြပြီး၍, ယခုအခါ၌ ထိုသဘာဝဓမ္မတို့၏ အကြောင်းအကျိုး ဆက်သွယ်နေပုံကိုလည်းကောင်း, အကျိုးတရားများဖြစ်လောက်အောင် အကြောင်းတရားတို့၌ သတ္တိစွမ်းပကား ရှိပုံကိုလည်းကောင်း ပြတော် မူလိုသော အရှင်အနုရုဒ္ဓါသည် "ယေသံ သင်္ခတဓမ္မာနံ" အစချီသော ဂါထာကို မိန့်တော်မူသည်၊ ဤဂါထာ ဝယ် "ယေသံ သင်္ခတဓမ္မာနံ, ယေ ဓမ္မာ ပစ္စယာ ယထာ" ဟူသော နှစ်ပါဒသည် "ဟေတူ ဟေတုသမ္ပယုတ္တ ကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော" စသော ပဋ္ဌာန်းပါဠိတော်အလိုက် ရေးသား အပ်သော ပါဒများတည်း၊ ချဲ့ဦးအံ့–ဤ၌ "ယေဓမ္မာ" ဟူသော ပုဒ်သည် ပါဠိတော်က "ဟေတူ" ဟူသော ပုဒ်နှင့် ညီမျှ၏၊ "ယေသံ သင်္ခတဓမ္မာနံ" ဟူသော ပုဒ်တို့သည် "ဟေတုသမ္ပယုတ္တကာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ" ပုဒ်တို့နှင့် ညီမျှ၏၊ "ယထာ (ယေနအာကာရေန)" ဟူသောပုဒ်သည် "ဟေတုပစ္စယေန" ဟူသော ပုဒ်နှင့် ညီမျှ၏၊ ဤ၌ "ပစ္စယာ" ဟူသောပုဒ်သည် ပါဠိတော်လာ "ပစ္စယော" ပုဒ်ပင်တည်း၊ ထို့ကြောင့် "ယေသံ သင်္ခတဓမ္မာနံ-အကြင်သင်္ခတပစ္စယုပ္ပန်တရားတို့အား" စသည်ဖြင့် အခြေပြု၌ အနက်ဆိုခဲ့ရသည်။

တံဝိဘာဂံ။ ။ဤ၌ တ သဒ္ဒါသည် "ယေသံ ယေ ဓမ္မာ ယထာ" ဟူသော ယ(၃)မျိုး၏အနက်ကို ပြန်၍ .ညွှန်ပြသော (ပြန်၍စွဲယူရ အနက်ပေးရသော) နိယမပုဒ်တည်း၊ ဝိဘာဂသဒ္ဒါကား "ဝေဖန်အပ်သော အထူး အပြား" ဟု အနက်ထွက်သည်၊ ဝိဘဇီယတေ-ဝေဖန်အပ်၏၊ ဣတိ-ထို့ကြောင့်၊ ဝိဘာဂေါ-ဝိဘာဂမည်၏၊ ဤစကားအရ "တံဝိဘာဂံ-ထိုပစ္စည်း ပစ္စယုပ္ပန်, ကျေးဇူးပြုဟန် သတ္တိအပြားကို" ဟု အနက်ဆိုခဲ့သည်၊ "ထိုပစ္စည်းအပြားကိုလည်းကောင်း, ထိုပစ္စယုပ္ပန်အပြားကိုလည်းကောင်း, ဟေတုသတ္တိ အာရမဏသတ္တိ စသော ထိုကျေးဇူးပြုဟန် သတ္တိအပြားကိုလည်းကောင်း ယခုအခါ ထိုက်သင့်သလို ပြဆိုတော့မည်" ဟူလို။

မှတ်ချက်။ ။ဤဂါထာ၌ "ယေသံ သင်္ခတဓမ္မာနံ" ဟု ပစ္စယုပ္ပန်ဘက်၌ သင်္ခတတရားများကိုသာ ပြဆို ထား၏၊ ထို့ကြောင့် "ပစ္စယုပ္ပန်တရားမှန်လျှင် သင်္ခတတရားချည်းသာတည်း၊ အသင်္ခတခေါ်သော နိဗ္ဗာန်နှင့် ပညတ်တရားများ မပါ" ဟု မှတ်ပါ၊ ထိုစကားသည် သင့်မြတ်၏၊ ပစ္စယုပ္ပန္နဟူသည် "ပစ္စယတော-အကြောင်းတရားကြောင့်၊ ဥပ္ပန္နံ-ဖြစ်သောတရားတည်း" နှင့်အညီ, ဆိုင်ရာ အကြောင်းတို့က စီမံ၍

ဖြစ်ရသောတရားများတည်း၊ နိဗ္ဗာန်နှင့် ပညတ်ကို ထိုကဲ့သို့ အကြောင်းတရားများက မစီမံနိုင်၊ စီမံ၍ မဖြစ်၊ ထို့ကြောင့် ပစ္စယုပ္ပန်တရားတို့တွင် နိဗ္ဗာန်ဟူသော အသင်္ခတနှင့် ပညတ်တို့ မပါဝင်နိုင်ကြ၊ ပစ္စည်းတရားဘက်၌ကား နိဗ္ဗာန် ပညတ်များလည်း ပါဝင်နိုင်၏၊ နိဗ္ဗာန် ပညတ်တို့်က ပစ္စယုပ္ပန်တရား တို့အား အာရမဏသတ္တိ စသည်ဖြင့် ကျေးဇူးပြုနိုင်ကြ၏၊ ထို့ကြောင့် ပစ္စည်းတရားကို "သင်္ခတ"ဟု မဆိုဘဲ "ယေ ဓမ္မာ ပစ္စယာ" ဟု ဓမ္မအားလုံးကို သိမ်းကျုံး၍ ပြတော်မူသည်။ [ပစ္စည်း ပစ္စယုပ္ပန် ကျေးဇူးပြုဟန်သတ္တိများကို ပဋ္ဌာန်းနည်းသုံးချက်စု အဓိပ္ပာယ်၌ ထင်ရှားလတ္တံ့။]

____________

ပဋိစ္စသမုပ္ပာဒ်အဖွင့်

ပဋိစ္စသမုပ္ပာဒနယော ပဋ္ဌာနနယော စေတိ ပစ္စယသင်္ဂဟော ဒုဝိဓော ဝေဒိတဗ္ဗော၊ တတ္ထ တဗ္ဘာဝဘာဝိဘာဝါကာရမတ္တော . ပလက္ခိတော ပဋိစ္စသမုပ္ပာဒနယော၊ ပဋ္ဌာနနယော ပန အာဟစ္စပစ္စယဋ္ဌိတိမာရဗ္ဘ ပဝုစ္စတိ၊ ဥဘယံ ပန ဝေါမိဿိတွာ ပပေဉ္စန္တိ အာစရိယာ။

ပဋိစ္စသမုပ္ပာဒနယ။ ။ပစ္စယသာမဂ္ဂိံ ပဋိစ္စ သမံ သဟ စ ပစ္စယုပ္ပန္နဓမ္မေ ဥပ္ပာဒေတီတိ ပဋိစ္စသမုပ္ပာဒေါ၊ ယော ပစ္စယသမူဟော-အကြင် အကြောင်းအပေါင်းသည်၊ ပစ္စယသာမဂ္ဂိံ-ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံ ညီညွတ်မှုကို၊ ပဋိစ္စ-စွဲ၍၊ သမံ စ-အညီအမျှလည်းကောင်း၊ သဟ စ-အတူတကွလည်းကောင်း၊ ပစ္စယုပ္ပန္န ဓမ္မေ-ပစ္စယုပ္ပန်တရားတို့ကို၊ ဥပ္ပာဒေတိ-ဖြစ်စေတတ်၏၊ ဣတိ-ကြောင့်၊ သော-ထိုအကြောင်းအပေါင်းသည်၊ ပဋိစ္စသမုပ္ပာဒေါ-ပဋိစ္စသမုပ္ပာဒ မည်၏၊ ဤ ဝိဂြိုဟ်အရ အဝိဇ္ဇာ သင်္ခါရစသော ရှေးရှေး အကြောင်းတရားသာ မုချ ပဋိစ္စသမုပ္ပာဒ် မည်၏၊ သို့သော် အကြောင်းမှန်လျှင် အကျိုးနှင့် မကင်းနိုင်ရကား သင်္ခါရ ဝိညာဏ်စသော နောက်နောက်အကျိုးတရားစုကိုလည်း အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပာဒ်ဟုပင် ခေါ်ဝေါ်နိုင်သည်၊ နီယတိ ဉာယတီတိ နယော-ထိုပဋိစ္စသမုပ္ပာဒ်တရားသည်ပင် ပညာရှင်တို့ သိအပ် သိထိုက်သောကြောင့် နယ(နည်း)လည်း မည်၏။

ချဲ့ဦးအံ့ –"အဝိဇ္ဇာပစ္စယာ သင်္ခါရာ" ၌ အဝိဇ္ဇာသည် အကြောင်းပစ္စည်း, သင်္ခါရကား အကျိုးပစ္စယုပ္ပန်၊ "သင်္ခါရပစ္စယာ ဝိညာဏံ" ၌ သင်္ခါရသည် အကြောင်းပစ္စည်း, ဝိညာဏ်သည် အကျိုးပစ္စယုပ္ပန်တည်း၊ ဤသို့ စသည်ဖြင့် ရှေးရှေးသော အကြောင်းပစ္စည်းက နောက်နောက်သော အကျိုးပစ္စယုပ္ပန်ကို ဖြစ်စေတတ်သော ကြောင့် "ပစ္စယုပ္ပန္နဓမ္မေ ဥပ္ပာဒေတိ" ဟု ဆိုရသည်၊ သမုပ္ပာဒ၌ သံသဒ္ဒါသည် သမံအနက် သဟအနက်နှစ် ချက်ထွက်၏၊ သမံ၏ အဓိပ္ပာယ်ကား

အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေရာ၌ သင်္ခါရတစ်ခုတည်းကို ဖြစ်စေသည်မဟုတ်, သင်္ခါရနှင့်တကွ ဖြစ်လေ့ရှိ သော စိတ် စေတသိက်များကိုလည်း အပြည့်အစုံ အညီအမျှ အယုတ်အလျော့ မရှိအောင် ဖြစ်စေသည် ဟူလို၊ သဟ၏ အဓိပ္ပာယ်ကား–"ထိုကဲ့သို့ သင်္ခါရနှင့် တွဲဖက်ဖြစ်သော စိတ် စေတသိက်တို့ကို ဖြစ်စေရာ၌ တစ်ဖို့စီ (တစ်ခုပြီးမှ တစ်ခု) ဖြစ်စေသည် မဟုတ်, တလုံးတစည်းတည်း တစ်ပြိုင်နက် ဖြစ်စေသည်" ဟူလို၊ ဤစကားအရ အဝိဇ္ဇာသည် သင်္ခါရကိုဖြစ်စေရာ၌ သင်္ခါရတစ်ခုတည်းကိုသာ ဖြစ်စေသည် မဟုတ်, သင်္ခါရနှင့် တွဲဖက် စိတ် စေတသိက် အားလုံးကိုပါ တစ်ပြိုင်နက် ဖြစ်စေသည်၊ သို့သော် အဝိဇ္ဇာကြောင့် ဖြစ်ရသော ထို တရားတို့တွင် သင်္ခါရဟူသောစေတနာသည် အပြဓာန်းဆုံး ဖြစ်၏၊ ထို့ကြောင့် ပဓာနနည်းအားဖြင့် သင်္ခါရကို ခေါင်းတပ်၍ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" ဟု ဟောတော်မူအပ်ကြောင်းကို သိပါ။

ဆက်ဦးအံ့ –"အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်စေ၏" ဟူရာ၌ အဝိဇ္ဇာတစ်မျိုးတည်းက သင်္ခါရကို ဖြစ်စေနိုင်သည်မဟုတ်, အဝိဇ္ဇာ၌ အကူအညီ အကြောင်းတရားများ ရှိရသေး၏၊ ထင်ရှားစေအံ့-လောဘမူ ပထမစိတ်၌ ယှဉ်သောသင်္ခါရဖြင့် မိစ္ဆာစာရမှုကို ပြုရာ၌ အပြစ်မမြင်မှုဟူသော အဝိဇ္ဇာက မူလအကြောင်းတည်း၊ ထိုမူလ အကြောင်းအပြင် သင်္ခါရ၏မှီရာဝတ္ထုနှင့် အာရုံများလည်း အကြောင်းတရားတွင် ပါဝင်မြဲဖြစ်၏၊ မသင့်မတင့် .နှလုံးသွင်းမှုဟူသော အယောနိသောမနသိကာရနှင့် တဏှာ ဥပါဒါန်များလည်း မကင်းနိုင်သေး၊ ထိုဝတ္ထု အာရုံစသော အကြောင်းများသည် သင်္ခါရဖြစ်ဖို့ရာ အဝိဇ္ဇာ၌ အကူအညီရသော အကြောင်းများပေတည်း၊ ထို ကဲ့သို့ အကြောင်းအားလုံးတို့၏ ပေါင်းဆုံ ညီညွတ်မှုကို စွဲမှီရမှသာ အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေနိုင်လေသည်၊ ထို့ကြောင့် "ပစ္စယသာမဂ္ဂိံ ပဋိစ္စ"ဟု ဆိုခဲ့ရပေသည်၊ ဤစကားအရ သင်္ခါရဖြစ်ဖို့ရန် အဝိဇ္ဇာအကြောင်းတစ်ခု သာမက အကြောင်းအများပင် ရှိ၏၊ သို့သော် အဝိဇ္ဇာသည် အထင်အရှားဆုံးဖြစ်၍ ပဓာနနှင့်နိဒဿနနည်း အရ (အဋ္ဌကထာ၌ အသာဓာရဏနည်းကိုလည်း ပြသေး၏၊) အဝိဇ္ဇာကိုသာ ခေါင်းတပ်လျက်"အဝိဇ္ဇာပစ္စယာ သင်္ခါရာ" ဟု မိန့်မြွက်တော်မူကြောင်းကို သိပါ၊ သင်္ခါရစသည်က ဝိညာဏ်စသည်ကို ဖြစ်စေရာ၌လည်း ဤနည်းပင်တည်း၊ ဤကား ဝိသုဒ္ဓိမဂ်၌ပြသော နည်းသုံးမျိုးတွင် တတိယနည်းအရ ဖွင့်ပြခြင်းတည်း။

မှတ်ချက်။ ။ဥပ္ပာဒေတိ-ဟူသော ဟေတုကတ္တုသာဓ်အရာဝယ် ဟိတ်အနက်ကိုပြသော အပါဒါနသာဓန ဖြင့် "ပဋိစ္စ သမံ သဟ စ ဥပ္ပဇ္ဇတိ ဧတသ္မာတိ ပဋိစ္စသမုပ္ပာဒေါ" ဟု ဝိဂြိုဟ်ပြုကြသေး၏၊ "ပဋိစ္စ- ပစ္စယသာမဂ္ဂီကို စွဲ၍ (ပစ္စယသာမဂ္ဂီနှင့် မကင်းဘဲ-ဟူလို၊) ဧတသ္မာ-ဤအဝိဇ္ဇာအစရှိသော အကြောင်းကြောင့်၊ ဖလံ-သင်္ခါရစသော အကျိုးသည်၊ သမံ-အညီအမျှလည်းကောင်း၊ သဟ စ-အတူတကွလည်းကောင်း၊ ဥပ္ပဇ္ဇတိ-ဖြစ်၏၊ ဣတိ-ကြောင့်၊ သော-ထိုအဝိဇ္ဇာစသောအကြောင်းသည်၊ ပဋိစ္စသမုပ္ပာဒေါ-ပဋိစ္စသမုပ္ပာဒ်မည်၏" ဟု အနက်ပေး။

ပဋိစ္စသမုပ္ပာဒ်နည်း။ ။တဗ္ဘာဝဘာဝိဘာဝါကာရမတ္တောပလက္ခိတော၌ အစိတ်အစိတ်အနက်ကား... တေသံ-ထိုအဝိဇ္ဇာစသောအကြောင်းတရားတို့၏၊ ဘာဝေါ-ဖြစ်ခြင်းတည်း၊ တဗ္ဘာဝေါ-ခြင်း၊ တဗ္ဘာဝေ-ထို အဝိဇ္ဇာစသော အကြောင်းတရားတို့၏ ဖြစ်ခြင်းသည်၊ သတိ-ရှိသော်၊ (ဝါ-အဝိဇ္ဇာစသောအကြောင်းတို့၏ ဖြစ်ခြင်းကြောင့်၊) ဘာဝီ-ဖြစ်လေ့ရှိသော သင်္ခါရစသောအကျိုးတရားတို့သည်၊ တဗ္ဘာဝဘာဝီ-တဗ္ဘာဝဘာဝီတို့ မည်၏၊ ဘဝနံ-ဖြစ်ခြင်း၊ ဘာဝေါ-ဖြစ်ခြင်း၊ ဘာဝေါ စ-ဖြစ်ခြင်းလည်း ဟုတ်၏၊ သော-ထိုဖြစ်ခြင်းဟူသည်၊ အာကာရော စ-အခြင်းအရာလည်း ဟုတ်၏၊ ဣတိ-ကြောင့်၊ ဘာဝါကာရော-ဘာဝါကာရ မည်၏၊ တဗ္ဘာဝ ဘာဝီနံ-ထိုအဝိဇ္ဇာစသော အကြောင်းတရားတို့၏ ဖြစ်ခြင်းကြောင့် ဖြစ်လေ့ရှိကုန်သော သင်္ခါရစသော အကျိုးတရားတို့၏၊ ဘာဝါကာရော-ဖြစ်ခြင်း (ဖြစ်ပုံ) အခြင်းအရာသည်၊ တဗ္ဘာဝဘာဝိဘာဝါကာရော-မည်၏။

ဆက်ဦးအံ့ –ဤ၌ တဗ္ဘာဝဖြင့် အဝိဇ္ဇာပစ္စယာ သင်္ခါရပစ္စယာ ဝိညာဏပစ္စယာ စသည်ဖြင့်လာသော အကြောင်းတရားစုကို ပြ၏၊ ဘာဝိဖြင့် သင်္ခါရာ ဝိညာဏံ နာမရူပံ စသည်ဖြင့်လာသော အကျိုးတရားစုကို ပြ၏၊ ဘာဝါကာရဖြင့် အဆုံးက သမ္ဘဝန္တိကြိယာကို ပြ၏၊ ထို့ကြောင့် "အဝိဇ္ဇာပစ္စယာ (တဗ္ဘာဝ) သင်္ခါရာ (ဘာဝိ)သမ္ဘဝန္တိ(ဘာဝါကာရ)" ဟု အစဉ်အတိုင်း ဇာတိပစ္စယာ ဇရာ မရဏံ သမ္ဘဝန္တိတိုင်အောင် သိပါ၊ ဘာဝါ ကာရမတ္တ၌ မတ္တသဒ္ဒါကား ဧဝအနက်, တစ်နည်း-သာမညအနက်ကို ပြ၏၊ ထိုမတ္တသဒ္ဒါဖြင့် "ပဋ္ဌာန်းနည်း ကဲ့သို့ ပစ္စယသတ္တိထူးကိုမပြ"ဟု ကန့်သည်၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသည်ဖြင့် အကြောင်းပစ္စည်းနှင့်အကျိုး ပစ္စယုပ္ပန်နှစ်မျိုးကိုသာ ပြ၍, အဝိဇ္ဇာသည် သင်္ခါရ ဖြစ်ဖို့ရန် "မည်သည့်ပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်"ဟု ပစ္စယသတ္တိကို မပြ-ဟူလို။

မတ္တောပလက္ခိတော၌ ဥပလက္ခိတသဒ္ဒါကား "မှတ်သားအပ်" ဟူသောအနက်ကို ဟော၏၊ "အဝိဇ္ဇာဖြစ်သည်ရှိသော် သင်္ခါရဖြစ်၏" ဟူရာ၌ အဝိဇ္ဇာဖြစ်ခြင်းသည် သင်္ခါရဖြစ်ခြင်းကို မှတ်သားကြောင်းဖြစ်သော လက္ခဏာတည်း, သင်္ခါရဖြစ်ခြင်းကား မှတ်သားအပ်သော လက္ချတည်း၊ ထို့အတူ "သင်္ခါရ ဖြစ်သည်ရှိသော် ဝိညာဏ်ဖြစ်၏" စသည်ဖြင့် လက္ခဏ လက္ချ ဖြစ်ပုံကို သိပါ၊ ဤသို့ အကြောင်းတရားဖြစ်ခြင်းဖြင့် အကျိုး တရားဖြစ်ပုံကို မှတ်သားပြအပ်သော နည်းဖြစ်၍ "ဥပလက္ခိတ" ဟု ဆိုသည်။ [တချို့ပါဠိတော်၌ "ဣမသ္မိံ သတိ ဣဒံ ဟောတိ" ဟု လက္ချ လက္ခဏပါဠိကို တိုက်ရိုက်ပြလျက် ရှိ၏။]

ပဋ္ဌာန်းနည်း။ ။"ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော" ဟု ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးအပြင် ပစ္စယသတ္တိကိုလည်း အသေအချာ ပြတော်မူ၏၊ ထိုပါဠိ၌ ဟေတူဖြင့် ပစ္စည်းတရားကိုပြ၏၊ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံတို့ဖြင့် ပစ္စယုပ္ပန် တရားကို ပြ၏, ဟေတုပစ္စယေနဖြင့် ပစ္စယသတ္တိအထူးကို ပြ၏၊ ထို့ကြောင့် "ပဋ္ဌာနနယော ပန-ပဋ္ဌာန်းနည်း ကိုကား၊ အာဟစ္စပစ္စယဋ္ဌိတိံ-အထူးပြု၍ဖြစ်သော ပစ္စယသတ္တိကို၊ ဝါ-ပစ္စယသတ္တိထူးကို၊ အာရဗ္ဘ-အစွဲပြု၍၊ ပဝုစ္စတိ-ဘုရားရှင် ဟောတော်မူအပ်၏" ဟု ဆိုသည်။

အာဟစ္စပစ္စယဋ္ဌိတိ။ ။အာဟစ္စ၌ အာပုဗ္ဗ ဟနဓာတ် တွာပစ္စည်းတည်း၊ ဓာတ်တို့မည်သည် အနက် အမျိုးမျိုးကို ဟောနိုင်ရကား အာ+ဟနဓာတ်သည် ဝိသေသအနက်ကိုဟော၏၊ ထို့ကြောင့် အာဟစ္စအတွက် "အထူးပြု၍ဖြစ်သော" ဟု အနက်ဆိုသည်၊ ပစ္စယဋ္ဌိတိ၌ ဌိတိသဒ္ဒါကား "တည်တံ့ကြောင်းသတ္တိ"ဟု ဟူသော အနက်ကို ဟော၏၊ တိဋ္ဌန္တိ ဧတာယာတိ ဌိတိ, ပစ္စယာနံ+ဌိတိ, ပစ္စယဋ္ဌိတိ၊ ဧတာယ-ဤသတ္တိဖြင့်၊ တိဋ္ဌန္တိ- ခိုင်ခိုင်ခံ့ခံ့ တည်တံ့နိုင်ကုန်၏၊ ဣတိ-ကြောင့်၊ ဌိတိ-ဌိတိ မည်၏၊ ပစ္စယာနံ-ပစ္စည်းတရားတို့၏၊ ဌိတိ-တည် တံ့ကြောင်းသတ္တိတည်း၊ ပစ္စယဋ္ဌိတိ-ပစ္စည်းတရားတို့၏ တည်တံ့ကြောင်းသတ္တိ၊–ဟိတ်တရားတို့၌ ဟေတု သတ္တိဟူသော သတ္တိထူး, အာရုံတရားတို့၌ အာရမဏသတ္တိဟူသော သတ္တိထူး, ဤသို့ စသည်ဖြင့် ပစ္စည်း တရားတို့၌ ဆိုင်ရာသတ္တိထူးများ ရှိကြ၏၊ ထိုသတ္တိထူးကြောင့် ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့ ဖြစ်ဖို့ရန် ခိုင်ခိုင် ခံ့ခံ့ တည်တံ့နိုင်ကြ၏၊ ထိုသတ္တိထူးကို "ပစ္စယဋ္ဌိတိ" ဟု ခေါ်သည်။

ကောက်နုတ်ချက်။ ။ဤစကားအားလုံးကို သိမ်းကျုံး၍ ကောက်ချက်ချလျှင် ပဋိစ္စသမုပ္ပာဒ်နည်း၌ ဟေတုသတ္တိ အာရမဏသတ္တိစသော သတ္တိထူး မပါ, ပစ္စည်း ပစ္စယုပ္ပန်တို့၏ ဖြစ်ပုံလောက်ကိုသာ ပြသည်၊ ပဋ္ဌာန်းနည်း၌ကား ပစ္စည်း ပစ္စယုပ္ပန်အပြင် ပစ္စယသတ္တိကိုလည်း ပြသည်၊ ဤသို့ ပဋိစ္စ သမုပ္ပာဒ်နည်း၌ ပစ္စယသတ္တိ မပါခြင်း, ပဋ္ဌာန်းနည်း၌ ပစ္စယသတ္တိ ပါရှိခြင်းသည် နည်းနှစ်ပါးတို့၏ ထူးခြားချက်တည်း။ [ဆောင်ပုဒ်ကို အခြေပြု၌ ရှုပါ။]

ဥဘယံ ပန ၊ပေ၊ ပပေဉ္စန္တိ။ ။ဤစကားသည် ပဋိစ္စသမုပ္ပာဒဋ္ဌကထာဆရာကို ရည်ရွယ်သောစကားတည်း၊ ပဋိစ္စသမုပ္ပာဒ်ဝိဘင်းပါဠိတော်ကို ဖွင့်ပြရာ အဋ္ဌကထာ၌ ပဋိစ္စသမုပ္ပာဒ်နည်းဝယ် ပဋ္ဌာန်းနည်းကို ရောနှော ထည့်သွင်း၍ "အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ အဝိဇ္ဇာသည် ပုညာဘိသင်္ခါရအား အာရမဏသတ္တိ ပကတူပ နိဿယသတ္တိဟူသော နှစ်ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏, အပုညာဘိသင်္ခါရအား ပုရေဇာတ ပစ္ဆာဇာတ ကမ္မ ဝိပါက အာဟာရ ဣန္ဒြိယ စျာန မဂ္ဂ ဝိပ္ပယုတ္တ ဤ(၉)ပစ္စယမှတစ်ပါး, (၁၅)ပါးသော ပစ္စယသတ္တိဖြင့် ထိုက်သည်အားလျော်စွာ

ကျေးဇူးပြု၏၊ အာနေဉ္စာဘိသင်္ခါရအား ပကတူပနိဿယသတ္တိတစ်ပါးဖြင့် ကျေးဇူးပြု၏" ဤသို့ စသည်ဖြင့် ဖွင့်ပြသည်၊ သို့သော် ထိုအဋ္ဌကထာ ဖွင့်ပြနည်းသည် ပဋ္ဌာန်းပစ္စည်း ပစ္စယုပ္ပန်အရကိုမျှ မကျေပွန်သေးသူ တို့အတွက် ဉာဏ်သက်ဝင်ဖို့ ခဲယဉ်းသောကြောင့် ဤသင်္ဂြိုဟ်ကျမ်း၌ ပဋိစ္စသမုပ္ပါဒ်နည်းတစ်သန့် ပဋ္ဌာန်း နည်းတစ်သန့် တစ်ကန့်စီကန့်လျက် ဖွင့်ပြလိမ့်မည်။

______________

ပဋိစ္စသမုပ္ပာဒ်နည်းအဖွင့်

အဝိဇ္ဇာ။ ။န ဝိဒတိ-မသိတတ်၊ ဣတိ-ကြောင့်၊ အဝိဇ္ဇာ-အဝိဇ္ဇာမည်၏၊ တရားကိုယ်အားဖြင့် မောဟ တည်း၊ ဤအဝိဇ္ဇာသည် သိထိုက်သော အရာဌာနကို မိမိကိုယ်တိုင်လည်း မသိတတ်, မိမိနှင့်ယှဉ်ဖက် အကုသိုလ်စိတ် စေတသိက်များကိုလည်းကောင်း, မိမိကိန်းရာသတ္တဝါကိုလည်းကောင်း မသိစေတတ်၊ မျက်စိ၌ တိမ်သလာဖုံးလွှမ်းနေသူသည် တိမ်သလာအတွက်ကြောင့် မြင်သင့် မြင်ထိုက်သော အရာဌာနကို မမြင်ရသကဲ့သို့တည်း၊ ဤအဝိဇ္ဇာ၏ ဖုံးလွှမ်းရာဌာနကို "သစ္စာလေးပါး, ပုဗ္ဗန္တ အပရန္တ ပုဗ္ဗန္တာပရန္တ ပဋိစ္စ သမုပ္ပာဒ်" ဟု အဘိဓမ္မာနည်းအားဖြင့် (၈)ဌာန ပြ၏၊ ထိုတွင် ဘုံသုံးပါး၌ ရှိရှိသမျှ နာမ်ရုပ်တွေသည် ဒုက္ခ သစ္စာတွေချည်းတည်း၊ ထိုဒုက္ခတွေကို ဒုက္ခဟု မသိ မမြင်နိုင်ခြင်းသည် ဒုက္ခသစ္စာကို ဖုံးလွှမ်းသော အဝိဇ္ဇာ ပင်တည်း၊ ထို့အတူ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်း, နိဗ္ဗာန်ကို ဒုက္ခ၏ချုပ်ရာမှန်း မသိ ခြင်း, မဂ္ဂင်ရှစ်ပါးကို နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းကောင်းမှန်း မသိခြင်းသည် သမုဒယ နိရောဓ မဂ္ဂသစ္စာ ကို ဖုံးလွှမ်းသော အဝိဇ္ဇာပင်တည်း။

အန္တ၏အနက်။ ။ပုဗ္ဗန္တစသည်၌ အန္တသဒ္ဒါသည် အဖို့အစုဟူသောအနက်ကို ဟော၏၊ အချို့ပုထုဇဉ်များသည် ရှေးအတိတ်ဘဝ၌ ဖြစ်ခဲ့သည်ကို မယုံကြည်, ယခုဘဝမှ ထာဝရဘုရား စသူတို့ ဖန်ဆင်း၍ဖြစ်ရသည် ဟု မှတ်ထင်၏၊ သို့သော် နောက်နောက်ဘဝ၌ ဆက်ကာဆက်ကာ ဖြစ်ရဦးမည်ကိုကား ယုံကြည်၏၊ ထိုသူ ၏အဝိဇ္ဇာသည် "ပုဗ္ဗန္တေ အညာဏံ"အရ အတိတ်ဘဝ၌ဖြစ်သော ခန္ဓာ အာယတန ဓာတ်အစု၌ ဖုံးလွှမ်းသော အဝိဇ္ဇာတည်း၊ အချို့ကား ရှေးအတိတ်က ဖြစ်ခဲ့ရပုံကို ယုံကြည်၏, သို့သော် နောက်ဘဝ၌ ရဟန္တာ မဖြစ် သေးသမျှ ဆက်လက်ဖြစ်ရဦးမည်ကို မယုံကြည်, သေလျှင် ပြီးတာပဲဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိဘက်သို့ သက်ဝင် လျက်ရှိ၏၊ ထိုသူ၏ အဝိဇ္ဇာသည် "အပရန္တေ အညာဏံ" အရ နောက်နောက်ဘဝ၌ ဖြစ်သော ခန္ဓာ အာယတန ဓာတ်အစုကို ဖုံးလွှမ်းသော အဝိဇ္ဇာတည်း၊ အချို့ကား ရှေ့ဘဝ နောက်ဘဝကိုပင် မယုံကြည်၊ ထိုသူ၏ အဝိဇ္ဇာသည် "ပုဗ္ဗန္တာပရန္တေ အညာဏံ" အရ ရှေ့နောက်ဖြစ်သော ခန္ဓာ အာယတန ဓာတ်အစုကို ဖုံးလွှွမ်းသော အဝိဇ္ဇာတည်း။

ထို့ပြင် အဝိဇ္ဇာသည် ပဋိစ္စသမုပ္ပာဒ်တရားကို ဖုံးလွှမ်းတတ်သေး၏၊ အဝိဇ္ဇာစသည်က အကြောင်း, သင်္ခါရ စသည်က အကျိုး၊ အဝိဇ္ဇာစသော အကြောင်းကြောင့်သာ သင်္ခါရစသော အကျိုးများ ဖြစ်ရသည်ဟု နားမ လည်အောင် ဖုံးလွှမ်းကွယ်ကာသည်-ဟူလို၊ ဤအဝိဇ္ဇာသည် အဆင့်ဆင့် ထောက်ဆ၍ အထူ အပါးကွဲပြား ၏၊ ကုသိုလ် အကုသိုလ်မှန်းကိုမျှ မသိအောင် ဖုံးလွှမ်းထားသောအဝိဇ္ဇာသည် အလွန်ထူပိန်းသော အဝိဇ္ဇာ တည်း၊ ကုသိုလ် အကုသိုလ်မှန်း သိတတ်၍ အကုသိုလ်အချက် ပေါ်လာလျှင် "မတော်ပါတကား" ဟု ရှောင်ရှားတတ်, ကုသိုလ်ဟူသမျှကို ပြုတတ်လျှင် အဝိဇ္ဇာ အတော်ပါးလှပ်လေပြီ၊ သို့သော် အဝိဇ္ဇာကင်းဖို့ အရေးမှာ များစွာဝေးပါသေး၏၊ သောတာပန် သကဒါဂါမ် အနာဂါမ်အဖြစ်ရောက်၍ သစ္စာလေးပါးစသည်ကို ထွင်းဖောက် သိမြင်နိုင်သော်လည်း အဝိဇ္ဇာမှာ ပါးသည်ထက် ပါးရုံသာရှိသေး၏, ရဟန္တာအဖြစ်ကျမှ အဝိဇ္ဇာ အားလုံး ကင်းလေသည်၊ ဤနေရာဝယ် "သစ္စာလေးပါးစသည်ကို သိသည်" ဟု ဆိုရာ၌ ယခုကာလ သင်္ဂြိုဟ် သရုပ်ခွဲသမားတို့ အသိမျိုးကဲ့သို့ သရုပ်ရေတွက်တတ်တဲ့ အသိမျိုးမဟုတ်, သရုပ်ရေတွက်တတ်မှုမှာ သညာ သိ (အမှတ်သိ) မျိုးသာတည်း, ဉာဏ်သိ မဟုတ်သေး၊ ဉာဏ်ဖြင့် ဒုက္ခသဘော သမုဒယသဘောစသည်ကို သိမှသာ "အသိ" ဟု မှတ်ပါ။

အဝိဇ္ဇာကင်းသော်လည်း အကုန်မသိ။ ။အဝိဇ္ဇာကင်း၍ ရဟန္တာဖြစ်သောအခါ လောကီ လောကုတ္တရာ အားလုံးကို ကုန်စင်အောင် သိပြီဟု မမှတ်ရ, သိသင့် သိထိုက်သလောက် သစ္စာလေးပါးစသည်ကို သိခြင်း သာလျှင် လိုရင်းတည်း၊ ရဟန္တာဖြစ်သော်လည်း ပဋိသမ္ဘိဒါပတ္တရဟန္တာမဟုတ်လျှင် ပိဋကကို တမင်သင်ယူမှ တတ်နိုင်သည်၊ ပိဋကတတ်သော်လည်း သူတစ်ပါး၏ အဇ္ဈာသယကို ကျနစွာ မသိ၊ အာသယာနုသယဉာဏ်, ဣန္ဒြိယပရောပရိယတ္တိဉာဏ်, သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသော ဘုရားရှင်သာလျှင် သိဖွယ်အားလုံးကို ကုန်စင်အောင် သိမြင်တော်မူနိုင်သည်၊ ထိုကဲ့သို့ လောကီ လောကုတ္တရာအားလုံးကို ကုန်စင်အောင် မသိ ခြင်းမှာ အဝိဇ္ဇာ၏ဖုံးလွှမ်းမှု မဟုတ်, မိမိဉာဏ်၏ သတ္တိနည်းမှုသာဖြစ်သည်၊ ဥပမာ-နေ့လည်ကြောင်တောင် ဝယ် အဝေးမှာတည်သောရူပါရုံကို မမြင်ခြင်းသည် အမှောင်၏ ကာကွယ်မှုကြောင့် မဟုတ်, မိမိစက္ခု၏ သတ္တိနည်းမှုသာ ဖြစ်သကဲ့သို့တည်း။

ဆက်ဦးအံ့ –ဘုရားရှင်က လွဲလျှင် အရှင်သာရိပုတ္တရာသည် ဉာဏ်တော်အကြီးဆုံးတည်း၊ ထိုအရှင် သာရိပုတ္တရာသည်ပင် မိမိတပည့် ရဟန်းကလေးအား ကမ္မဋ္ဌာန်းအပေးမှားခဲ့ဖူး၏၊ ရဟန်းလေးကား ငယ်ရွယ် သူတည်း၊ "ငယ်ရွယ်သူ့စိတ်ဓာတ်သည် ကာမဘက်၌ ညွတ်တတ်၏" ဟု နှလုံးပြု၍ အသုဘကမ္မဋ္ဌာန်းကို ပေးလေရာ စရိုက်နှင့် မတည့်သောကြောင့် လေးလပတ်လုံး အားထုတ်သော်လည်း တရားထူး မရ, နိမိတ် ကလေးမျှ မထင်, ထို့ကြောင့် ဘုရားရှင်အား အရှင်သာရိပုတ္တရာက

အကြောင်းကို လျှောက်ထားသောအခါ, ငယ်ရွယ်သူဖြစ်သော်လည်း ဘဝ ငါးရာလောက် ရွှေပန်းထိမ်သည် ချည်း လုပ်ခဲ့ဖူး၍ နီမြန်းသောရွှေများကို ကြည့်ရှုရဖန်များသောကြောင့် အဇ္ဈာသယနှင့် တန်အောင် ဘုရားရှင်က ပဒုမ္မာကြာနီပန်းကို ဖန်ဆင်း၍ ကြည့်ရှုစေပြီးလျှင် ကြာပွင့်ဖတ်များကို ညှိုး၍ ညှိုး၍ လာအောင် ဖန်ဆင်းပြလျက် အနိစ္စသဘောကို ဖော်ပြတော်မူလေသော်, တစ်နေ့ချင်းဖြင့် တရားပေါက်၍ ရဟန္တာအဖြစ် သို့ ရောက်လေသည်၊ ထို့ကြောင့် ရဟန္တာဖြစ်ပါလျက် အားလုံးကိုမသိခြင်းမှာ ဉာဏ်သတ္တိကုန်မှုကြောင့်သာ ဖြစ်၏, အဝိဇ္ဇာဖုံးလွှမ်းမှုကြောင့် မဟုတ်၊ အဝိဇ္ဇာ၏ ဖုံးလွှမ်းရာဌာနမှာ သစ္စာလေးပါးနှင့် ပုဗ္ဗန္တစသော တရား စုသာ ဖြစ်သည်ဟု မှတ်ပါ။ [ပစ္စယပုဒ်အနက်ကို နောက်မှ ပြအံ့။]

သင်္ခါရာ။ ။သင်္ခတံ-ပြုစီမံအပ်သော အကျိုးတရားကို၊ သင်္ခရောန္တိ အဘိသင်္ခရောန္တိ-တိုက်ရိုက်ပြုစီမံ တတ်ကုန်၏၊ ဣတိ-ကြောင့်၊ သင်္ခါရာ-သင်္ခါရတို့ မည်၏၊ အကျိုးဝိပါက်ဖြစ်သော ရုပ် နာမ်သင်္ခတတရားစုကို ပြုစီမံတတ်သော လောကီကုသိုလ် အကုသိုလ် စေတနာတည်း၊ ထိုစေတနာသည် ပုညာဘိသင်္ခါရ အပုညာ ဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဟု သုံးမျိုးပြား၏၊ ထိုတွင် ကာမကုသိုလ် ရူပကုသိုလ် (၁၃)၌ယှဉ်သော စေတနာ(၁၃)သည် ပုညာဘိသင်္ခါရ မည်၏၊ အကုသိုလ်(၁၂)၌ယှဉ်သော စေတနာ(၁၂)သည် အပုညာဘိ သင်္ခါရ မည်၏၊ အရူပကုသိုလ်(၄)၌ယှဉ်သော စေတနာ(၄)သည် အာနေဉ္ဇာဘိသင်္ခါရ မည်၏၊ [မဂ်စေတနာသည် ဖိုလ်တည်းဟူသော အကျိုးဝိပါက် သင်္ခတကို စီမံတတ်သော်လည်း ဝဋ်လည်ပုံကိုပြသော ဤဝဋ္ဋ ကထာနှင့် မသက်ဆိုင်သောကြောင့် သင်္ခါရအရ၌ မကောက်ယူရ။]

ဝိဂ္ဂဟ။ ။အတ္တနော သန္တာနံ ပုနာတိ သောဓေတီတိ ပုညံ၊ အတ္တနော-မိမိ၏၊ သန္တာနံ-ခန္ဓာအစဉ်ကို၊ ပုနာတိ သောဓေတိ-စင်ကြယ်စေတတ်၏၊ ဣတိ-ထို့ကြောင့်၊ ပုညံ-ပုညမည်၏၊ အကုသိုလ်၏အကျိုးဖြစ် သော ရုပ်နာမ်ခန္ဓာသည် လွန်စွာဆိုးဝါး၏, ညစ်နွမ်း၏၊ အကုသိုလ်ကိလေသာတွေသည်လည်း ယုတ်မာညစ် ပေလှ၏၊ ကုသိုလ်ပုည ဖြစ်နေသောအခါ ကိလေသာအညစ်အပေမှလည်း စင်ကြယ်၏, အကျိုးပေးသော အခါ သန့်ရှင်းစင်ကြယ်သော လှပသောရုပ်နာမ်ခန္ဓာကိုသာ ဖြစ်စေ၏၊ ထို့ကြောင့် ကုသိုလ်ပုညသည် မိမိ ခန္ဓာအစဉ်ကို ကိလေသာအညစ်အကြေးမှလည်းကောင်း, မကောင်းသောအကျိုးမှလည်းကောင်း သန့်ရှင်း စင်ကြယ်စေသော တရားပေတည်း၊ န+ပုညံ အပုညံ-ပုည၏ ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်တရားပေ တည်း၊ ပုညက မိမိသန္တာန်ကို စင်ကြယ်စေသလောက် အပုညက မိမိသန္တာန်ကို ညစ်ပေစေသည်-ဟူလို၊ န ဣဉ္ဇတီတိ အနိဉ္ဇံ, အနိဉ္ဇံယေဝ အာနေဉ္ဇံ၊ န ဣဉ္ဇတိ-မတုန်လှုပ်တတ်၊ ဣတိ-ကြောင့်၊ အနိဉ္ဇံ-အနိဉ္ဇ မည်၏၊ အနိဉ္ဇံယေဝ-အနိဉ္ဇမည်သော တရားသည်ပင်၊ (ဏပစ္စည်း သွတ္ထ၌ သက်၍) အာနေဉ္ဇံ-အာနေဉ္ဇ မည်၏၊ အရူပသမာပတ်သည် ဆန့်ကျင်ဘက်တရားတို့မှ အလွန်ဝေးကွာ၍ မလှုပ်မယှက် ငြိမ်သက်တည်ကြည်သော ကြောင့် အာနေဉ္ဇဟူသော အမည်ထူးကို ရသည်၊ ဤစကားအရ "အရူပကုသိုလ်စေတနာသည် ကုသိုလ် ပုညပင် ဖြစ်၍ ပုညာဘိသင်္ခါရ၌ သွင်းထိုက်သကဲ့သို့ ဖြစ်သော်လည်း အာနေဉ္ဇဟူသော အမည်ထူးကို ရပြီး ဖြစ်သောကြောင့် ပုညာဘိသင်္ခါရတွင် စာရင်းမဝင်တော့" ဟု မှတ်ပါ၊ "ပုညဉ္စ+တံ+အဘိသင်္ခါရော စာတိ ပုညာဘိသင်္ခါရော" စသည်ဖြင့် အဘိသင်္ခါရပုဒ်နှင့် တွဲစပ်ပါ။

အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရဖြစ်ပုံ။ ။ပါဏာတိပါတမှုကို ပြုလျှင် ယခုဘဝ၌ သူတစ်ပါး ကဲ့ရဲ့ခံရ ခြင်း, မင်းပြစ်မင်းဒဏ် ခံရခြင်း, နောက်နောက်ဘဝဝယ် အပါယ်၌ ကျရခြင်း, လူဖြစ်လာသော်လည်း အင်္ဂါ ခြေလက် ချို့ယွင်းခြင်း စသော အပြစ်တွေ အလွန်များ၏၊ အဒိန္နာဒါနမှု ကာမေသုမိစ္ဆာစာရမှုစသော ဒုစရိုက် ဟူသမျှ ယခုဘဝ နောက်ဘဝ၌ အပြစ်များလှ၏၊ သို့သော် သေချင်နေသူသည် အဆိပ်သောက်ရမှာ မကြောက်သကဲ့သို့, အဝိဇ္ဇာဖုံးလွှမ်းလာသောအခါ ထိုအပြစ်များကို မမြင်နိုင် မကြောက်နိုင်ဘဲ ညှဉ်းဆဲ သတ်ဖြတ်ခြင်းစသော ပါဏာတိပါတမှုများကိုလည်းကောင်း, ဘာမှ နားမလည်သောကလေးသည် မစင်တွေ ကို ပျော်ရွှင်စွာကစားသကဲ့သို့, ကာမေသုစသော လောဘမှုများကိုလည်းကောင်း ပြုမိလေတော့သည်၊ ဤသို့ ပြုရာ၌ တချို့မှာ အပြစ်ကို လုံးလုံးမသိဘဲ ထူထဲသော အဝိဇ္ဇာ၏ ဖုံးလွှမ်းမှုကြောင့် ပြုမိ၏၊ တချို့မှာ ပင်ကိုက အပြစ်ကို သိသော်လည်း လောဘ ဒေါသဖြစ်လာသောအခါ တွဲယှဉ်လျက်ပါသော အဝိဇ္ဇာက ရုတ်တရက် ဖုံးလွှမ်းထားသဖြင့် အပြစ်ကို မမြင်နိုင်တော့ဘဲ ပြုမိလေသည်။

ပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဖြစ်ပုံ။ ။ရုပ်နာမ်ခန္ဓာကို ရရှိနေသမျှ ဇာတိ ဇရာ မရဏဟူသော ရိုးရာဒုက္ခကြီးများနှင့် မကင်းကြ, ဘေးအန္တရာယ် အသွယ်သွယ်များကိုလည်း ထိုက်တန်သလောက် ခံစားကြ ရ၏၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း, ချစ်သူများနှင့် ကွဲရခြင်း, မချစ်သူတို့နှင့် တွေ့ကြုံရခြင်း, အလိုဆန္ဒ မပြည့်နို်င် ခြင်းတို့ကြောင့် ဖြစ်ရသော ဒုက္ခတွေကို လူ့ချမ်းသာဆိုတဲ့ လူ့ဘုံမှာပင် အစုံအလင်တွေ့ရ၏၊ နတ်ပြည် ဗြဟ္မာ့ ပြည်မှာ အတော်အတန် ဒုက္ခနည်းပါးသည်ဟု ဆိုရသော်လည်း ကြီးကျယ်သော စည်းစိမ်ကြီးများ ပျက်စီးခါ နီး၌ စည်းစိမ်ကြီးသလောက် ဒုက္ခမီး တောက်ကြရသည်၊ ကမ္ဘာပေါင်းများစွာ ရှည်ကြာသော အရူပဗြဟ္မာကြီး များပင် အပြီးသတ်၌ ပျက်စီးရခြင်းဟူသော ဝိပရိဏာမဒုက္ခနှင့် မုချတွေ့ရလေတော့သည်၊ လူ နတ် ဗြဟ္မာ တို့ရအပ်သော သုခအပေါင်းသည် (မြွေပွေးကို ခါးပိုက်ထားရသလို) တစ်နေ့ကျလျှင် ဧကန်ဒုက္ခပေးမည့် ဒုက္ခလောင်းချည်းသာတည်း၊ သို့သော် လူနတ်ဗြဟ္မာတို့၏ စည်းစိမ်ကို တောင့်တသူတို့မှာ ထိုဒုက္ခတွေကို သတိမမူဘဲ, သတိရသော်လည်း ပြောပလောက်သော ဒုက္ခဟုမထင်ဘဲ, အဝိဇ္ဇာက ထိုဒုက္ခ. တွေကို ကွယ်ကာထားသဖြင့် အညှီကပ်နေသော အမဲရိုး၌ ခွေးပိန်ကလေး မက်မောနေသကဲ့သို့လည်း ကောင်း, ပျားရည်လိမ်းထားသော သန်လျက်သွားကို မှောင်မိုက်ထဲ၌ လျှာဖြင့် လျက်မှားသူကဲ့သို့လည်း ကောင်း အထိုက်အလိုက် ချမ်းသာဖွယ်ဖြစ်သော အချက်ကို တဏှာဖြင့် မက်မော၍ ပုညာအာနေဉ္ဇဟူသော အဘိသင်္ခါရများကို အားရပါးရ ပြုမိကြလေတော့သည်။

ဝိဝဋ္ဋနိဿိတသင်္ခါရလည်း အဝိဇ္ဇာမကင်း။ ။လူနတ်ဗြဟ္မာတို့၏ စည်းစိမ်ချမ်းသာကို တောင့်တ၍ ပြုအပ် သော ဝဋ္ဋနိဿိတပုညတို့ အဝိဇ္ဇာကြောင့်ဖြစ်ကြရသည်ကို အများကျေနပ်၏၊ သံသရာဝဋ်ဒုက္ခ၏ အပြစ် မြင်၍ ဝဋ်ကင်းရာနိဗ္ဗာန်ကို တောင့်တလျက် ပြုအပ်သော ဝိဝဋ္ဋနိဿိတပုညများလည်း အဝိဇ္ဇာကြောင့် ဖြစ် ကြ၏ဟုဆိုရာ၌ "အဝိဇ္ဇာကြောင့် ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုသည်, ဝါ-မိုက်လို့ နိဗ္ဗာန်လိုချင်ရာကျသည်" ဟု ထင်မှတ်၍ အများမကျေနပ်ကြပေ၊ ဤနေရာဝယ် ပကတူပနိဿယပစ္စည်းကို သတိပြုရာ၏၊ အထူး အထွေ ဗျာပါရ မစိုက်ဘဲ ပင်ကိုသဘောအားဖြင့် ကျေးဇူးပြုနိုင်သော သတ္တိသည် ပကတူပနိဿယသတ္တိ မည်၏၊ ဝိဝဋ္ဋနိဿိတပုညကို ပြုကြရာ၌ မပြုခင် ရှေ့အဖို့ဝယ် အဝိဇ္ဇာသည် အထင်အရှား ဥပါဒ် ဌီ ဘင်အား ဖြင့် ဖြစ်ပေါ်လာသည် မဟုတ်, သို့သော် ရဟန္တာ မဖြစ်သေးသမျှ အနုသယဓာတ်အနေအားဖြင့် ကိန်းဝပ် လျက်ရှိသော အဝိဇ္ဇာသည် ဝိဝဋ္ဋနိဿိတကုသိုလ် ပြုမည့်အချိန်အခါဝယ် (သံသရာအပြစ်ကို မဖုံးလွှမ်းနိုင် သော်လည်း) ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုလျက် ရှိလေသည်၊ ဆိုလိုရင်းကား-"အဝိဇ္ဇာကင်း၍ ရဟန္တာဖြစ်သောအခါ ပြုသမျှ ကောင်းမှုတွေသည် ပုညာဘိသင်္ခါရ အမည်မရဘဲ ကြိယာမျှသာ ဖြစ်ရတော့ ၏၊ အဝိဇ္ဇာမကင်းသေးခင် (ရဟန္တာမဖြစ်ခင်) ပြုသမျှကောင်းမှုကား (ဝဋ္ဋနိဿိတဖြစ်ဖြစ်, ဝိဝဋ္ဋနိဿိတ ဖြစ်ဖြစ်) ကြိယာအမည် မရနိုင်, အဝိဇ္ဇာနယ်က မလွတ်သေး၍ ပုညာဘိသင်္ခါရ အမည်သာရသည်" ဟူလို၊ [ဤနေရာ၌ သင်္ခါရအပြားကို ထုတ်ပြလေ့ရှိကြ၏၊ ပဋိစ္စသမုပ္ပာဒအဋ္ဌကထာ သင်္ခါရအဖွင့်ကို ရှုပါ။]

အဋ္ဌကထာ။ ။အဝိဇ္ဇာသမတိက္ကမနတ္ထာယ (ဝိဝဋ္ဋာဘိပတ္ထနာယ) ပန ဒါနာဒီနိ ကာမာဝစရပုညကြိယ ဝတ္ထူနိ ပူရေန္တဿ ရူပါဝစရဇ္ဈာနာဒီနိ စ ဥပ္ပာဒေန္တဿ ဒွိန္နံပိ တေသံ ဥပနိဿယပစ္စယေန ပစ္စယော ဟောတိ

-အဝိဇ္ဇာကို လွန်မြောက်ခြင်း အကျိုးငှာ ဒါနအစရှိသော ကာမာဝစရကုသိုလ်ကို ပြည့်စေသော, ရူပစျာန် စသည်တို့ကို ဖြစ်စေသောပုဂ္ဂိုလ်၏ သန္တာန်၌ ထိုကုသိုလ်နှစ်မျိုးအား (အဝိဇ္ဇာက) ပကတူပနိဿယသတ္တိ ဖြင့် ကျေးဇူးပြု၏။ (ပဋိစ္စသမုပ္ပာဒဝိဘင်း)

သင်္ခါရပစ္စယာ။ ။သင်္ခါရသည် "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" အရ အကျိုးသင်္ခါရ, "သင်္ခါရပစ္စယာ ဝိညာဏံ"

အရ အကြောင်းသင်္ခါရဟု နှစ်မျိုး ရှိ၏၊ အကျိုးသင်္ခါရဝယ် ကုသိုလ်အဘိညာဉ်စေတနာနှင့် ဥဒ္ဓစ္စစေတနာများ လည်းပါဝင်၏၊ ထိုစေတနာများသည် အဝိဇ္ဇာမကင်းသူ၏ သန္တာန်၌သာ ဖြစ်ကြရကား အဝိဇ္ဇာကြောင့်ဖြစ် သော သင်္ခါရများပင်တည်း၊ "ဝိညာဏ်အား ကျေးဇူးပြုရမည့် အကြောင်းသင်္ခါရ၌ကား ထိုကုသိုလ် အဘိညာဉ်နှင့် ဥဒ္ဓစ္စစေတနာတို့ မပါဝင်" ဟု ဆို၏၊ ဝိညာဏံအရ ပဋိသန္ဓေဝိညာဏ်ကိုသာ ရည်ရွယ်သော ကြောင့် ဥဒ္ဓစ္စစေတနာကလည်း ပဋိသန္ဓေကျိုးကို မပေးနိုင်သည့်အတွက် ဆိုဟန်တူသည်၊ အကုသလဝိပါက် စက္ခဝိညာဏ်စသော ပဝတ္တိဝိညာဏ်ကိုကား ဥဒ္ဓစ္စစေတနာက ဖြစ်စေနိုင်သည်သာတည်း။

ဝိညာဏံ နာမရူပံ သဠာယတနံ ဖေဿာ ဝေဒနာ။ ။ဤဝိညာဏ်စသော ငါးပါး၏ အရကောက်ကို သင်္ဂြိုဟ်ဋီကာတို့ အမျိုးမျိုးဖွင့်ကြ၏၊ ပဋိစ္စသမုပ္ပာဒ်ကိုဖွင့်သော ဝိဘင်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာတို့၌ ဝိညာဏ် နာမ် မနာယတနတို့အရ စိတ် စေတသိက်အားလုံးကိုလည်းကောင်း, ရူပအရ ရုပ်အားလုံးကိုလည်းကောင်း ဖွင့်ပြထား၏၊ ဓာတုကထာ၌လည်း ဝိညာဏ်စသည်တို့အရ စိတ် စေတသိက်အားလုံးကိုပင် ကောက်ကြရ၏၊ ထို့ကြောင့် နောင်လာနောက်သားတို့၏ ဉာဏ်မှာ တစ်ထစ်ချ ကောက်ယူရန်ခဲယဉ်းသည်၊ တစ်ထစ်ချမှတ် ဖွယ်ကား–ပဋိစ္စသမုပ္ပာဒဝိဘင်းပါဠိတော်၌ သုတ္တန္တဘာဇနီယနည်း အဘိဓမ္မဘာဇနီယနည်းဟု နှစ်မျိုးရှိ၏။

ထိုတွင် သုတ္တန္တဘာဇနီယနည်း၌ ဘဝကာလအားဖြင့်လည်းကောင်း, အကြောင်းအကျိုးအားဖြင့်လည်း ကောင်း, ဝဋ်သုံးပါးအားဖြင့်လည်းကောင်း ခွဲပြဖွယ်ရှိ၏၊ ထိုသို့ ခွဲခြားသောအခါ ဝိညာဏ်စသောငါးပါးသည် "မဇ္ဈေ အဋ္ဌ ပစ္စုပ္ပန္နော အဒ္ဓါ" အရ ပစ္စုပ္ပန်ဘဝ၌ ပါဝင်၏၊ "ဣဒါနိ ဖလပဉ္စကံ" အရ အကျိုးငါးပါးဟူသည် ဤဝိညာဏ်စသည်ပင်တည်း၊ ဝိပါကဝဋ်တွင်လည်း ဤဝိညာဏ်စသော ငါးပါးပါဝင်၏၊ ထို့ကြောင့် သုတ္တန္တ ဘာဇနီယနည်းအလို အကျိုးတရားကိုသာကောက်ရမည်ဖြစ်၍ ဝိညာဏံ၌ လောကီဝိပါက်စိတ်(၃၂), နာမ၌ ထိုဝိပါက်နှင့်ယှဉ်သော စေတသိက်နာမ်ခန္ဓာ(၃)ပါး, ရူပ၌ ကမ္မဇရုပ်, သဠာယတနဝယ် မနာယတန၌ လောကီဝိပါက်စိတ်(၃၂), ဖဿဝေဒနာတို့၌ လောကီဝိပါက်နှင့်ယှဉ်သော ဖဿ ဝေဒနာစေတသိက်တို့ကို သာ ကောက်ယူရသည်၊ ဤသင်္ဂြိုဟ်လည်း ထိုသုတ္တန္တဘာဇနီယနည်းကို မှီသည်။

အဘိဓမ္မဘာဇနီယနည်းအားဖြင့် ဝိညာဏ်စသည်တို့အရ စိတ် စေတသိက် ရုပ် အားလုံးကို ကောက်ရ၏၊ ဖဿ ဝေဒနာများလည်း စိတ်အားလုံးနှင့်ယှဉ်သော စေတသိက်များတည်း၊ ဓာတုကထာ၌လည်း ဤအဘိ ဓမ္မဘာဇနီယနည်းအရ စိတ် စေတသိက် ရုပ်အားလုံးကိုပင် ကောက်ယူရသည်၊ သုတ္တန္တဘာဇနီယနည်းကို ဖွင့်ပြသော အဋ္ဌကထာတို့၌ကား အကြွင်းအကျန် မရှိအောင် ကျေးဇူးပြုပုံကို ပြလိုသဖြင့် အဘိဓမ္မဘာဇနီယ နည်းကိုပါ ရောနှောထည့်သွင်းလျက် ဝိညာဏ် စသည်တို့အရ စိတ် စေတသိက် ရုပ်အားလုံးကို ကောက်ယူ ဖွင့်ပြသည်ဟု မှတ်ပါ။ [အဘိဓမ္မဘာဇနီယနည်းအလို သင်္ခါရအရ၌လည်း လောကုတ္တရာကုသိုလ်၌ယှဉ်သော စေတနာကိုပါ ကောက်ယူကြရသည်၊ ဓာတုကထာ၏ အကောက်၌ သတိပြုပါ။]

ဝိဘင်းမူလဋီကာ။ ။ယထာဝုတ္ထသင်္ခါရပစ္စယာ ဥပ္ပဇ္ဇမာနံ တံကမ္မနိဗ္ဗတ္တမေဝ ဝိညာဏံ ဘဝိတုံ အရဟတီ တိ "ဗာတ္တိံသ လောကိယဝိပါကဝိညာဏာနိ သင်္ဂဟိတာနိ ဟောန္တီ" တိ အာဟ၊...ဓာတုကထာယံ ပန၊ပေ၊ သဗ္ဗဝိညာဏ ဖဿဝေဒနာပရိဂ္ဂဟော ကတော ၊ပေ၊ တသ္မာ တတ္ထ အဘိဓမ္မဘာဇနီယဝသေန သင်္ခါရ ပစ္စယာ ဝိညာဏာဒယော ဂဟိတာတိ ဝေဒိတဗ္ဗာ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာ စ အဘိဓမ္မဘာဇနီယေ စတုဘူမကကုသလသင်္ခါရော အကုသလသင်္ခါရော စ ဝုတ္တော, သောဝ ဓာတုကထာယံ ဂဟိတောတိ ဒဋ္ဌဗ္ဗော။

သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ။ ။ဝီထိမုတ်ပိုင်း ပါကဌာန၌ "ဧတ္ထာကုသလကမ္မမုဒ္ဓစ္စရဟိတံ" စသည်ဖြင့် ပြခဲ့သည့်အတိုင်း ရှေးရှေးဘဝက ပြုအပ်ခဲ့သော ပုညာဘိသင်္ခါရကြောင့် ယခုဘဝ ကာမသုဂတိဘုံနှင့် ရူပဘုံ တို့၌ ပဋိသန္ဓေဝိညာဏ်ဖြစ်ရ၏၊ အပုညာဘိသင်္ခါရကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေဝိညာဏ် ဖြစ်ရ၏၊ ထိုရှေးရှေးဘဝ သင်္ခါရတို့ကြောင့် ယခုဘဝဝယ် ပဝတ္တိအခါ၌လည်း စက္ခုဝိညာဏ်စသော ဝိပါက်ဝိညာဏ် များ ဖြစ်ကြရ၏၊ ထိုရှေးသင်္ခါရက ဝိပါက်ဝိညာဏ်ဖြစ်အောင် တည်ထောင်နိုင်ပုံကို နာနက္ခဏိကကမ္မပစ္စည်း အခန်းနှင့် ဆက်စပ်ကြည့်ပါ။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ။ ။ထိုပဋိသန္ဓေဝိညာဏ်ဖြစ်ပေါ်လာသောအခါ ဝိညာဏ်နှင့် ယှဉ်ဖက် ဖြစ်သော နာမ်ခန္ဓာသုံးပါးနှင့် ကမ္မဇရုပ်ကလာပ်များလည်း တစ်ပြိုင်နက် ပေါ်လာ၏၊ ထိုတစ်ပြိုင်နက်ဖြစ်ကြ ကြသော ဝိညာဏ် နာမ်ရုပ်တို့တွင် ဝိညာဏ်သည် ရှေ့သွားခေါင်းဆောင်တည်း၊ သို့အတွက် "ဝိညာဏ် ကြောင့် နာမ်ရုပ်များ ဖြစ်သည်" ဟု ဆိုသည်၊ ပဝတ္တိအခါ၌လည်း စက္ခုဝိညာဏ်စသည်ကြောင့် ယှဉ်ဖက် စေတသိက်နာမ်များ ဖြစ်ကြရ၏၊ ပဝတ္တိကမ္မဇရုပ်တွေမှာ ဝိညာဏ်ကြောင့် ဖြစ်သည်ဟု မဆိုသာ, သို့သော် အဘိဓမ္မဘာဇနီယနည်းအရ ပစ္ဆာဇာတသတ္တိဖြင့်ကား ဝိညာဏ်က ကမ္မဇရုပ်အား ကျေးဇူးပြုနိုင်သေး၏၊ [ဤ၌ နာမအရ စိတ် စေတသိက် နှစ်မျိုးလုံးကို ယူသင့်ပါသော်လည်း စိတ်မှာ ဝိညာဏအရ အကြောင်း ပစ္စည်းဘက်က ယူပြီး ဖြစ်၍ အကြောင်း အကျိုး မရောယှက်ဖို့ရာ နာမအရတွင် စိတ်ကို ကြဉ်ရသည်။]

နာမရူပံပုဒ်၌ ဧကသေသ်ကြံပုံ။ ။ပဉ္စဝေါကာရဘုံဝယ် စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော စက္ခုဝိညာဏ် စသည်က နာမ်ကိုသာ ဖြစ်စေနိုင်၍, အခြားဝိညာဏ်က

နာမ်ရုပ်နှစ်ပါးကို ဖြစ်စေနိုင်၏၊ အရူပဘုံ၌ ရုပ်မရှိသောကြောင့် နာမ်ကိုသာ ဖြစ်စေရသည်၊ အသညသတ်ဘုံ ၌ ဝိပါက်ဝိညာဏ် မရှိသောကြောင့် သုတ္တန္တဘာဇနီယနည်းအလို ဝိညာဏ်က အသညသတ်ကမ္မဇရုပ်အား ကျေးဇူးမပြုနိုင်၊ သို့သော် အဘိဓမ္မဘာဇနီယနည်း အလိုအားဖြင့် အသညသတ်ဘုံသို့ မရောက်ခင် ရှေးဘဝ ၌ အသညသတ်ဘုံသို့ ရောက်ဖို့ရာ အားထုတ်အပ်သော ပဉ္စမစျာန်ကုသိုလ်ကံဟူသော ကမ္မဝိညာဏ်က အသညသတ်ကမ္မဇရုပ်ကို ဖြစ်စေနိုင်၏၊ ထို့ကြောင့်–"နာမဉ္စ-အရူပဘုံ ရံခါ ပဉ္စဝေါကာရဘုံ၌ နာမ်လည်း၊ ရူပဉ္စ-အသညသတ်၌ ရုပ်လည်း၊ နာမရူပဉ္စ-ပဉ္စဝေါကာရဘုံ၌ ရံခါ နာမ်ရုပ်လည်း" အရ "နာမရူပ နာမရူပံ" ဟု ဖြစ်သင့်လျက် ရှေ့နာမနှင့် ရူပနှစ်ခုကို ချေ, နာမရူပတစ်ခုကြွင်း ပြု၍ "နာမရူပံ" ဟု ဖြစ်သည်၊ တစ်ခု ကြွင်း ပြုမှုကို ဧကသေသ်ဟု ခေါ်၏၊ ဧက-တစ်ခု၏+သေသ-ကြွင်းကျန်ခြင်း၊ ဤနည်းအရ "နာမရူပံ-နာမ်, ရုပ်, နာမ်ရုပ်သည်၊ သမ္ဘဝတိ-ဖြစ်၏" ဟု အနက်ဆိုရသည်။

နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ။ ။ဤ၌ သဠာယတနဟူသည် စက္ခာယတန သောတယတန ဃာနာယတန ဇိဝှာယတန ကာယာယတန မနာယတနတို့တည်း၊ နာမရူပတွင် ပါဝင်သော ကမ္မဇရုပ်များ ဖြစ်ခဲ့သော် စက္ခာယတနစသော ရုပ်အာယတနငါးပါး အဆင်သင့် ပါဝင်တော့၏၊ "ထိုကမ္မဇရုပ်များ ဖြစ်ခြင်း ကြောင့်သာ စက္ခာယတနစသော ရုပ်အာယတနများ ဖြစ်နိုင်သည်၊ ကမ္မဇရုပ် မရှိက စက္ခာယတန စသည် လည်း မရှိ" ဟူလို၊ နာမအရ စေတသိက် နာမ်တရားကလည်း မနာယတနတည်းဟူသော ဝိပါက်ဝိညာဏ် အား သဟဇာတစသော သတ္တိဖြင့် ပြန်၍ ကျေးဇူးပြု၏၊ ဝိညာဏ်ကြောင့် စေတသိက် နာမ်ဖြစ်, စေတသိက် နာမ်ကြောင့် မနာယတနတည်းဟူသော ဝိညာဏ်ဖြစ်ရကား စိတ်နှင့် စေတသိက်တို့ အညမညသတ္တိဖြင့် ကျေးဇူးပြုကြသည်-ဟူလို။

ဧကသေသ်ပြုရပုံ။ ။ထိုသို့ဖြစ်စေရာ၌ ပဉ္စဝေါကာရဘုံဝယ် နာမ်ရုပ်နှစ်ပါးလုံးက အာယတန(၆)ပါးလုံး ကို ကျေးဇူးပြုနိုင်သော်လည်း အရူပဘုံဝယ် နာမ်က မနာယတနကိုသာ ဖြစ်စေသောကြောင့် "သဠာယတန ဉ္စ-ပဉ္စဝေါကာရဘုံ၌ အာယတန(၆)ပါးလည်း၊ ဆဋ္ဌာယတနဉ္စ-အရူပဘုံ၌ (၆) ခုမြောက် မနာယတနလည်း" ဤသို့ ဝိဂြိုဟ်ပြု၍ "သဠာယတနဆဋ္ဌာယတနံ" ဟု ဖြစ်သင့်ပါလျက် ဆဋ္ဌာယတနပုဒ်ချေ, သဠာယတနပုဒ် ကို ဧကသသ်ပြုလုပ်၍ "နာမရူပပစ္စယာ သဠာယတနံ" ဟု မိန့်တော်မူသည်၊ ထို့ကြောင့် "သဠာယတနံ-(၆) ပါးသော အာယတန, (၆) ခုမြောက် မနာယတနသည်၊ သမ္ဘဝတိ-ဖြစ်၏" ဟု အနက်ဆိုရသည်။

မှတ်ချက်။ ။ဤ၌ မနာယတနအရ လောကီဝိပါက်အားလုံးကို ကောက်ရခြင်းသည် အဋ္ဌကထာ ဋီကာတို့ အလိုတည်း၊ ဤကျမ်းကား "စက္ခုဉ္စ ပဋိစ္စ ရူပေ စ

ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖသော၊ပေ၊ မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ, တိဏ္ဏံ သင်္ဂတိ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ" စသော ပါဠိတော်ကို မှီး၍ ဖဿ ဝေဒနာတို့အား ကျေးဇူးပြုဖို့ရာ ဒွါရကိစ္စတပ်သော ဘဝင်မနကိုသာ ကောက်ယူလိုပေသည်၊ အဋ္ဌကထာ၌ ဝိပါက် မဟုတ်သော မနများကိုလည်း ထုတ်ပြရာ၌ကား ကျေးဇူးပြုပုံကို အကြွင်းမရှိ ပြလိုသောကြောင့် ထုတ်ပြသည်ဟု မှတ်ပါ။ [ပစ္စယနယေ ပန အဝိပါကဿာပိ ပစ္စယော ဝုတ္တော, သော နိရဝသေသံ ဝတ္ထုကာမတာယ ဥဒ္ဓဋောတိ ဝေဒိတဗ္ဗော။ (ဝိဘင်းမူလဋီကာ)]

သဠာယတနကြောင့် ဖဿဖြစ်။ ။ဖဿသည် စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှာ သမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿဟု (၆)မျိုး ရှိ၏၊ စက္ခုပသာဒ၌မှီသော ဖဿသည် စက္ခုသမ္ဖဿ မည်၏၊ စက္ခုဝိညာဏ်နှင့်ယှဉ်သော ဖဿစေတသိက်ပင်တည်း၊ ဤစက္ခုသမ္ဖဿသည် စက္ခာယတနမရှိ လျှင် မဖြစ်နိုင်, စက္ခာယတနကြောင့်သာ ဖြစ်ရ၏၊ သောတ ဃာန ဇိဝှာ ကာယာယတနတို့ကြောင့် သောတ သမ္ဖဿ စသည်ဖြစ်ရပုံကိုလည်း သိပါ၊ ဒွေပဉ္စဝိညာဏ်မှကြွင်းသော လောကီဝိပါက် (၂၂)၌ယှဉ်သော ဖဿသည် မနောသမ္ဖဿ မည်၏၊ ဤမနောသမ္ဖဿလည်း မနာယတနရှိမှသာ ဖြစ်နိုင်၏။

ဖဿကြောင့် ဝေဒနာ။ ။ထိုဖဿ (၆)ပါးဖြစ်လျှင် ဝေဒနာ (၆)ပါးလည်း တစ်ပြိုင်နက် ပါဝင်လာ၏၊ ဖဿဟူသော အတွေ့ဓာတ်မရှိသမျှ ဝေဒနာဟူသော ခံစားမှု မဖြစ်နိုင်၊ ထို့ကြောင့် "ဖဿပစ္စယာ ဝေဒနာ" ဟု ဆိုသည်၊ ဝေဒနာ(၆)ပါးကား စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှာသမ္ဖဿဇာဝေဒနာ, ကာယသမ္ဖဿဇာဝေဒနာ, မနောသမ္ဖဿဇာဝေဒနာတည်း၊ စက္ခု သမ္ဖဿကြောင့်ဖြစ်သော ဝေဒနာကို "စက္ခုသမ္ဖဿတော+ဇာတာ" အရ စက္ခုသမ္ဖဿဇာ" ဟု ခေါ်သည်။

ဝေဒနာပစ္စယာ တဏှာ။ ။[တဏှာအပြား (၁၀၈)ပါးကို အခြေပြု၌ ပြခဲ့ပြီ၊] တက်မက်မှုတဏှာဟူသည် ခံစားမှုဝေဒနာကို အစွဲပြု၍ ဖြစ်၏၊ ယခုမျက်မြင်မှာပင် မိမိခံစားအပ်ဖူးသော အာရုံ၌ တပ်မက်ကြသည်သာ များ၏၊ မခံစားအပ်သော အာရုံအပေါ်မှာ တဏှာဖြစ်တတ်ခဲ၏၊ ရူပါရုံကို နှစ်သက်သည်ဟု ဆိုရာ၌ စင်စစ်မှာ ထိုအာရုံကို မြင်ရသောအခါ သာယာခံစားတတ်သော သုခဝေဒနာဖြစ်၏, ထိုသုခဝေဒနာကိုပင် တဏှာက တပ်မက်ခြင်း ဖြစ်သည်၊ ထိုသုခကို တပ်မက်လျှင် သုခကို ဖြစ်စေနိုင်သော အာရုံကိုလည်း တပ်မက်ပြီးဖြစ်ရ တော့၏၊ သို့အတွက် "တဏှာသည် ခံစားမှုဝေဒနာကြောင့် ဖြစ်၏၊" ဟု ဆိုသည်။

ဆက်ဦးအံ့။ ။ဒုက္ခရောက်နေခိုက် ဒုက္ခဝေဒနာ ခံစားခိုက်မှာလည်း "ဤဒုက္ခမှ လွတ်မြောက်၍ ဘယ်တော့များ ချမ်းသာသုခသို့ ရောက်ပါ့မတုန်း" ဟု

သုခကိုလည်းကောင်း, သုခဖြစ်မည့်အာရုံကိုလည်းကောင်း တဏှာဖြင့် တောင့်တကြ၏၊ သုခဖြစ်နေခိုက်မှာ လည်း ထိုသုခကို တဏှာဖြင့် သာယာသည့်ပြင်, ထို့ထက်သာလွန်သောသုခကို တဏှာက မျှော်လင့်တောင့် တလျက် ရှိပြန်၏၊ ဥပေက္ခာဝေဒလည်း ငြိမ်သက်အေးမြသဖြင့် သုခနှင့် သဘောတူပင်တည်း၊ ထို့ကြောင့် ဒုက္ခ သုခ ဥပေက္ခာဝေဒနာသုံးပါးကြောင့် တဏှာအမျိုးမျိုး ဖြစ်ပေါ်ရသည်၊ ထိုတွင် စက္ခုသမ္ဖဿဇာဝေဒနာ စသည်ကြောင့် ရူပါရုံ စသည်ကို တောင့်တသော တဏှာ ဖြစ်၏၊ ပေ၊ မနောသမ္ဖဿဇာဝေဒနာကြောင့် ဓမ္မာ ရုံကို တောင့်တသော တဏှာ ဖြစ်သည်။

ဒုက္ခီ သုခံ ပတ္ထယတိ, သုခီ ဘိယျောပိ ဣစ္ဆတိ၊ ဥပေက္ခာ ပန သန္တတ္တာ, သုခမိစ္စေဝ ဘာသိတာ။

တဏှာပစ္စယာ ဥပါဒါနံ။ ။ဥပါဒါန်သည် ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်အားဖြင့် လေးပါးပြား၏၊ "ဥပါဒါနပုဒ်၏ အနက်နှင့် ဥပါဒါန်လေးပါးတရားကိုယ်ကို သမုစ္စည်းပိုင်း၌ ပြခဲ့ပြီ၊] ဥပသဒ္ဒါသည် "အလွန်အကဲ" ဟူသော အနက်ကို ဟော၍ အာဒါနသဒ္ဒါက "ယူခြင်း" အနက်ကို ဟောသည်ဟု ပြခဲ့သည့်အတိုင်း ဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲလမ်းမှုသည် ဥပါဒါန်တည်း၊ သို့အတွက် အနည်းငယ်တပ်မက် မှုသည် တဏှာမည်၏၊ လွန်လွန်ကဲကဲ စွဲလမ်းတပ်မက်မှုသည် ကာမုပါဒါန် မည်၏၊ လှပသော ရူပါရုံကို ပထမဆုံးတွေ့စ၌ တဏှာဖြစ်၏, ထိုတဏှာသည် တစ်စတစ်စ ရင့်သန်လျှင် ကာမုပါဒါန်အဖြစ်သို့ ရောက်၏၊ သဒ္ဒါရုံစသည်၌ တဏှာဖြစ်ပုံ, ကာမုပါဒါန် ဖြစ်ပုံများကို ချဲ့ထွင်ကြည့်ပါ၊ ဤတဏှာနှင့် ကာမုပါဒါန်တို့ အထူး ကို အခြေပြု၌ ပြခဲ့ပြီ။]

တဏှာကြောင့် ဒိဋ္ဌုပါဒါန်စသည် ဖြစ်ပုံ။ ။ဒိဋ္ဌိမှန်လျှင် ငယ်သည်ဖြစ်စေ, ကြီးသည်ဖြစ်စေ အယူသန် သောကြောင့် ဥပါဒါန်အမည် ရသည်သာ၊ ဒိဋ္ဌိအမျိုးမျိုးတွင် အတ္တဝါဒုပါဒါန်သည် "ခန္ဓာငါးပါး၌ အတ္တခေါ် သော အသက်ရှိ၏" ဟု စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးတည်း၊ သက္ကာယဒိဋ္ဌိဟုလည်း ခေါ်၏၊ ထိုသက္ကာယဒိဋ္ဌိဖြင့် မိမိခန္ဓာကိုယ်ကို စွဲလမ်းခြင်းသည် ပင်ကိုယ်က မိမိကိုယ်ကို တဏှာဖြင့် ခင်မင်ခြင်းကြောင့် ဖြစ်၏၊ "တဏှာ ဖြင့် ခင်မင်နေသည့်အတွက် မိမိကိုယ်ကို သက္ကာယဒိဋ္ဌိဖြင့် စွဲလမ်းလျက် ရှိသည်" ဟူလို၊ သီလဗ္ဗတုပါဒါန် ဟူသည် ခွေးကျင့်, နွားကျင့်စသည်ဖြင့် အမျိုးမျိုးကျင့်သော ဒိဋ္ဌိတည်း၊ မိမိကိုယ်ကို တဏှာဖြင့် ခင်မင်လျက် ရှိသောကြောင့် နောက်နောက် ဘဝ၌ မိမိ ချမ်းသာဖို့ရန် ရည်မှန်းလျက် ခွေးကျင့် နွားကြံကို သန်သန်ကြီး ကျင့်ကြံမိ၏၊ ဒိဋ္ဌုပါဒါန်ဟူသော ဒိဋ္ဌိများကိုလည်း တဏှာအတွက်ကြောင့်သာ ကောင်းနိုးရာရာထင်၍ ယူမှား မိကြလေသည်၊ သို့အတွက် "ဒိဋ္ဌိဆိုင်ရာ ဥပါဒါန် သုံးမျိုးလည်း တဏှာကြောင့် ဖြစ်ကြသည်" ဟု မိန့်တော်မူသည်။

ဥပါဒါနပစ္စယာ ဘဝေါ။ ။ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုး ရှိ၏၊ လောကီကုသိုလ် အကုသိုလ်

ကံဟူသော စေတနာ(၂၉)ပါးသည် ကမ္မဘဝ မည်၏၊ ဘဝတိ ဧတသ္မာတိ ဘဝေါ၊ ဧတသ္မာ-ဤကံကြောင့်၊ ဖလံ-အကျိုးသည်၊ ဘဝတိ-ဖြစ်၏၊ ဣတိ-ထိုသို့ အကျိုး၏ ဖြစ်ခဲ့ရာ၏ အဖြစ်ကြောင့်၊ သော-ထိုကံတရားသည်၊ ဘဝေါ-ဘဝ မည်၏၊ ကမ္မမေဝ ဘဝေါ ကမ္မဘဝေါ-ကံသည်ပင် ဘဝ။ [အဋ္ဌကထာ၌ "ဘဝတီတိ ဘဝေါ" ဟု ကတ္တုသာဓ်ပြု၍ အကျိုးဝိပါက်၏ ဘဝအမည်ကို အကြောင်းကံ၌ တင်စား၍ ဖလူပစာရအားဖြင့် ကံကို "ဘဝ" ခေါ်သည်ဟု ဆိုသည်၊ ကမ္မဘဝနှင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ၌ သင်္ခါရအရ စေတနာချင်းတူ သော်လည်း အရကောက်မတူပုံကို အခြေပြု၌ ပြထားပြီ။]

ဥပပတ္တိဘဝ။ ။ဥပပတ္တိဘဝဟူသည် အကြောင်းကံကြောင့် ဖြစ်ရသော လောကီဝိပါက် ဗာတ္တိံသနှင့် ကမ္မဇရုပ်များတည်း၊ ဥပပဇ္ဇတိ-နောက်ဘဝ၌ ကပ်ရောက်ရ၏၊ ဣတိ-ကြောင့်၊ ဥပပတ္တိ-ဥပပတ္တိမည်၏၊ ဘဝတိ-ကံကြောင့် ဖြစ်ရ၏၊ ဣတိ-ကြောင့်၊ ဘဝေါ-ဘဝမည်၏၊ ဥပပတ္တိ စ + သာ + ဘဝေါ စာတိ ဥပပတ္တိ ဘဝေါ၊ ယခုဘဝ၌ ကုသိုလ် အကုသိုလ်ကံကြောင့် နောက်ဘဝ၌ ဖြစ်ရသော အကျိုးဝိပါက်များ-ဟူလို၊ ဥပပတ္တိဘဝသည် ကာမဘဝ ရူပဘဝ အရူပဘဝ သညာဘဝ အသညာဘဝ နေဝသညာနာသညာဘဝ ဧကဝေါကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝအားဖြင့် (၉)ပါးပြား၏၊ ဤဘဝ(၉)ပါး၏ အရကောက် ကို ဓာတုကထာအကောက်၌ အများဆိုရိုးအဖြစ်ဖြင့် ထင်ရှားလျက် ရှိသောကြောင့် ဤ၌ မပြတော့ပြီ၊ ဤ ဘဝ (၉)ပါးကို အကျဉ်းချုပ်လိုက်လျှင် ကာမဘဝ ရူပဘဝ အရူပဘဝ သုံးမျိုး၌ အားလုံးပါဝင်သည်။

ကာမုပါဒါန်ကြောင့် ဘဝနှစ်မျိုးဖြစ်ပုံ။ ။ပုထုဇ္ဇနော ဥမ္မတ္တကော-ပုထုဇဉ်တို့၏ စိတ်သည် အရူးပမာ ထင်မိထင်ရာ စွဲမိစွဲရာ စွဲလမ်းလေ့ ရှိကြ၏၊ အကြောင်း အကျိုး သင့်/မသင့်ကို နှိုင်းချင့်တတ်သူမှာ အလွန် နည်းပါးကြ၏၊ ထို့ကြောင့် ကာမုပါဒါန်အစွမ်းအားဖြင့် လူချမ်းသာ နတ်ချမ်းသာကို ရရှိလို၍ ထိုထိုကံကို စီမံ ပြုလုပ်ကြရာဝယ် တချို့မှာ မသမာသော ဆရာတို့၏ ဟောပြချက်ကြောင့် သားကောင်သတ်၍ ယဇ်နတ် ပူဇော်ခြင်းစသော ဒုစရိုက် အကုသိုလ်ကံကို စီမံမိကြ၏၊ ယခုဘဝမှာပင် ကာမချမ်းသာကို ခံစားလို၍ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်လုယက်ခြင်းစသော မကောင်းမှု ဒုစရိုက်အမျိုးမျိုးကို ပြုကြ၏၊ ထို အကုသိုလ်ကမ္မဘဝကြောင့် အပါယ်ဘုံ၌ ဥပပတ္တိဘဝ ဖြစ်ရလေသည်။

တချို့ကား ဆရာသမားကောင်းတို့၏ ထုံးဟောင်း လမ်းမှန်အကျ ကာမာဝစရကုသိုလ်ကံကို တည်ဖန် အားထုတ်မိကြသဖြင့် ကမ္မဘဝပြုတုန်းက မျှော်လင့်ချက်အတိုင်း လူ့ဘုံနတ်ရပ်၌ ကောင်းမြတ်သော ဥပပတ္တိဘဝကို ရကြသည်၊ တချို့ကား

ရူပ အရူပဘုံဝယ် ကာမဘုံထက်ပင် ချမ်းသာဖွယ် ပေါများသေး၏ ဟု ကြားဖူး၍ ဖြစ်စေ, တွေးထင်ချက်ဖြင့် ဖြစ်စေ ထိုချမ်းသာကို ခံစားလိုသော ကာမုပါဒါန်အတွက် ရူပ အရူပစျာန်ဟူသော ကမ္မဘဝကို အားထုတ်ကြ ၍ ရူပ အရူပဘုံ၌ ဥပပတ္တိဘဝဟူသော ဝိပါက်ကမ္မဇရုပ်များ ဖြစ်ကြရသည်၊ ဤသို့ ကာမုပါဒါန်ကြောင့် ကမ္မ ဘဝ ဥပပတ္တိဘဝ နှစ်မျိုးလုံး ဖြစ်နိုင်ကြသည်။

ဒိဋ္ဌုပါဒါန်စသည်ကြောင့် ဘဝနှစ်မျိုးဖြစ်ပုံ။ ။ဥစ္ဆေဒဒိဋ္ဌိအယူရှိသူ တချို့သည် ငါ၏ အတ္တသည် ကာမ သုဂတိ ရူပ အရူပဘုံတို့၌ ပြတ်စဲရလျှင် ကောင်းသောပြတ်စဲခြင်းပေတည်း" ဟု ဥစ္ဆေဒဒိဋ္ဌိဟူသော ဒိဋ္ဌုပါဒါန် အရင်းခံ၍ ထိုဘုံများသို့ ရောက်ဖို့ရန် ကုသိုလ်ကမ္မဘဝကို ပြုစီမံ၏၊ သဿတဒိဋ္ဌိ အယူရှိသူ တချို့သည် "ငါ၏ အတ္တသည် ကာမသုဂတိ ရူပ အရူပဘုံတို့၌ ဖြစ်ရလျှင် ဧကန်ချမ်းသာခွင့် ရလိမ့်မည်" ဟု အတ္တဝါဒု ပါဒါန် အရင်းခံလျက် ထိုဘုံများသို့ ရောက်ဖို့ရန် ကံကိုပြု၏၊ သီလဗ္ဗတုပါဒါန်အယူရှိသူ တချို့သည် "ယခု ငါကျင့်နေသော အလေ့အကျင့်ကို နတ်ပြည် ဗြဟ္မာ့ပြည်၌ ကျင့်ရလျှင် လွယ်လွယ်ကူကူ ပြည့်စုံပေလိမ့်မည်" ဟု သီလဗ္ဗတုပါဒါန် အရင်းခံလျက် ထိုဘုံများသို့ ရောက်ဖို့ရန် ကံတစ်ခုခုကို ပြု၏၊ ထိုသို့ ပြုရာ၌ လမ်းမှန် ကျင့်မိလျှင် ရည်ရွယ်ရင်း သုဂတိဘုံ၌ ဥပပတ္တိဘဝ ဖြစ်၍, လမ်းလွဲကျင့်မိလျှင် အပါယ်ဘုံ၌ ဥပပတ္တိဘဝ ဖြစ်ရသည်၊ ဤသို့ ဒိဋ္ဌိအမျိုးမျိုးကြောင့် ကမ္မဘဝ ဥပပတ္တိဘဝဟူသော ဘဝနှစ်မျိုး ဖြစ်ရပြန်သည်။

ဘဝပစ္စယာ ဇာတိ။ ။ဇာတိဟူသည် ထိုထိုဘဝ၌ ဝိပါက်ဝိညာဏ်နှင့်ကမ္မဇရုပ်တို့၏ ဖြစ်ခြင်း ဥပါဒ် တည်း၊ ဥပမာ-လူ့ဘုံ၌ မဟာဝိပါက် ပထမစိတ်ဟူသော ဝိညာဏ်, ထိုဝိညာဏ်နှင့်ယှဉ်သော စေတသိက် နာမ်, အတူဖြစ်သောကမ္မဇကလာပ်သုံးစည်းသည် ပထမဆုံးဖြစ်၏၊ ထိုဝိညာဏ်နာမ်ရုပ်တို့၏ တစ်ဘဝ၌ ပထမဆုံး ဥပါဒ်ကို "ဇာတိ" ဟု လည်းကောင်း, "ပဋိသန္ဓေနေခြင်း" ဟုလည်းကောင်း ခေါ်၏၊ အခြားဘုံများ၌ ထိုက်သင့်သလို နာမ်ရုပ်တို့၏ ပထမဖြစ်မှု ဇာတိကိုပါ သိပါ၊ ထိုဝိပါက်နာမ်နှင့် ကမ္မဇရုပ်များသည် ပစ္စုပ္ပန် ကမ္မဘဝကြောင့် နောက်ဘဝ၌ ဥပပတ္တိဘဝအနေဖြင့် ဖြစ်ရသော တရားများပေတည်း၊ ထိုဥပပတ္တိဘဝ၏ အစဖြစ်မှုကိုပင် "ဇာတိ" ဟု ခေါ်ရကား ကမ္မဘဝမရှိလျှင် ဥပပတ္တိဘဝ မရှိနိုင်၊ ဥပပတ္တိဘဝဟူသည် ထိုထို ဘုံ၌ ဖြစ်ကြသော ဝိပါက်နာမ်တရားနှင့် ကမ္မဇရုပ်များ ဖြစ်ရကား ထိုဥပပတ္တိဘဝမရှိလျှင် ဇာတိလည်း မရှိနိုင် ချေ၊ သို့အတွက် ဇာတိသည် ထိုဘဝနှစ်မျိုးကြောင့်သာ ထင်ရှားရလေသည်။

မှတ်ချက်။ ။အဋ္ဌကထာ၌ "ကမ္မဘဝကြောင့်သာ ဇာတိဖြစ်ရသည်" ဟု ဆို၏၊ ဤ၌ မူလဋီကာအတိုင်း "ကမ္မဘဝ ဥပပတ္တိဘဝ နှစ်မျိုးကြောင့် ဇာတိထင်ရှားသည်" ဟု ဆိုလိုက်ပါသည်၊ ပဝတ္တိအခါ

စက္ခုဝိညာဏ်စသော ဝိပါက်နာမ်ရုပ်တို့၏ ဖြစ်မှုလည်း ဇာတိပင်တည်း၊ ကုသိုလ် အကုသိုလ် ကြိယာတို့နှင့် ဥတု အာဟာရ စိတ္တဇရုပ်တို့၏ ဖြစ်မှုမှာ သုတ္တန္တဘာဇနီယနည်းတွင် မပါ၊ အဘိဓမ္မာဘာဇနီယနည်းအလို ဇာတိမည်သည်သာ တည်း။

ဇာတိပစ္စယာ ဇရာမရဏံ။ ။[ဇရာ=ရင့်ရော်မှု, အိုမှု၊ မရဏ=ပျက်စီးမှု, သေမှု၊] ဤဇရာမရဏသည် အပါကဋဇရာမရဏ, ပါကဋဇရာမရဏဟု နှစ်မျိုး ရှိ၏၊ ထိုဝိပါက်နာမ် ကမ္မဇရုပ်တို့၏ ဌီအခိုက်သည် ရင့်ရော် သောအခိုက်, ဇရာအခိုက်တည်း၊ ထိုဝိပါက်နာမ် ကမ္မဇရုပ်တို့၏ ဘင်အခိုက်သည် ပျက်သောအခိုက်, မရဏ အခိုက်တည်း၊ သို့သော် ထိုဇရာမရဏတို့မှာ လူအများတို့ မျက်မြင်အားဖြင့် မထင်ရှားကြသောကြောင့် "အပါကဋဇရာမရဏ" မည်၏၊ သွားကျိုး ဆံဖြူ နားအူ မျက်မွဲ အသားအရေ တွန့်တွဲခြင်း ဖြစ်လောက်အောင် ရင့်ရော် အိုမင်းမှုသည် မျက်မြင်အားဖြင့် ထင်ရှားသော ပါကဋဇရာတည်း၊ ဘဝတုံးအောင် သေကြေပျက်စီးမှုသည် ထင်ရှားသော ပါကဋမရဏတည်း၊ တစ်ဘဝ တစ်ဘဝ၌ ပထမဆုံး ဇာတိဟူသော ပဋိသန္ဓေနေမှု ကြောင့်သာ ထိုပါကဋ အပါကဋ ဇရာ မရဏတို့ ဖြစ်ကြသည်၊ ဇာတိမရှိလျှင် မည်သည့် ဇရာ မရဏမှ ဖြစ်ကြမည် မဟုတ်၊ ထို့ကြောင့် ဇာတိကို ဇရာ မရဏ၏ အကြောင်းဟု ဟောတော်မူသည်။

သောကပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ။ ။ဆွေမျိုး စည်းစိမ် ဂုဏ်သိရ် စသည်တို့၏ ပျက်စီးမှု ကြောင့် ဝမ်းနည်းရခြင်းသည် သောက မည်၏၊ တရားကိုယ်မှာ ဒေါသမူဒွေး၌ယှဉ်သော ဒေါမနဿတည်း၊ ("သောကောတိ ဒေါသော"ဟု ဖွင့်သော သင်္ခေပဋီကာ မှား၏၊) ဆွေမျိုး စည်းစိမ် ဂုဏ်သိရ်တို့၏ ပျက်စီးမှု ကြောင့် ငိုကြွေးမြည်တမ်းသံသည် ပရိဒေဝ မည်၏၊ တရားကိုယ်မှာ စိတ္တဇဝိပလ္လာသသဒ္ဒရုပ်တည်း၊ [စိတ် ကြောင့်ဖြစ်သော အသံကိုပင် ရိုးရိုးပြောဆိုသံမဟုတ်, ဖောက်ပြန်သော ငိုသံဖြစ်၍ "ဝိပလ္လာသသဒ္ဒ" ဟု ခေါ်သည်၊] ခန္ဓာကိုယ်၏ ဆင်းရဲမှုသည် ဒုက္ခမည်၏၊ တရားကိုယ်မှာ ဒုက္ခသဟဂုတ်ကာယဝိညာဏ်၌ ယှဉ်သော ဝေဒနာတည်း၊ ချစ်သူနှင့် ကွဲရခြင်း, မချစ်သူနှင့် တွဲရခြင်း, အလိုရှိရာ မရခြင်း, ဆွေမျိုး စည်းစိမ် ပျက်စီးခြင်း စသော အကြောင်းများကြောင့် စိတ်ထဲ၌ ဆင်းရဲမှုသည် ဒေါမနဿမည်၏၊ တရားကိုယ်မှာ ဒေါသမူဒွေး၌ ယှဉ်သော ဝေဒနာတည်း၊ ဥပါယာသ၌ ဥပသဒ္ဒါသည် "အလွန်အကဲ" ဟူသော အနက်ကို ဟော၏၊ အာယာသသဒ္ဒါကား "ပင်ပန်းခြင်း" ဟူသောအနက်ကို ဟောသည်၊ ထို့ကြောင့် သောက ပရိဒေဝတို့ထက် လွန်ကဲလျက် အသံမျှ မထွက်နိုင်အောင် အလွန် ပြင်းထန်စွာ ဆင်းရဲပင်ပန်းခြင်းသည် "ဥပါယာသ" မည်၏၊ တရားကိုယ်မှာ ဒေါသမူ၌ယှဉ်သော ဒေါသစေတသိက်တည်း၊ ဤသောကစသည်တို့အတွက် ဆင်းရဲ ဒုက္ခဖြစ်ရပုံကို ဝိဘင်းအဋ္ဌကထာ ဝိသုဒ္ဓိမဂ်(သစ္စနိဒ္ဒေသ)တို့၌ များစွာဆိုထားပြီ။

ဆက်ဦးအံ့ –ဤသောကစသည်တို့သည် အိုခြင်းဆင်းရဲ သေခြင်းဆင်းရဲ စသည်ဖြင့် ဇရာ မရဏနှင့်ဆက် သွယ်လျက် ဖြစ်ကြရသည်လည်းရှိ၏၊ ဇရာ မရဏနှင့် မဆက်သွယ်ဘဲ ဆွေမျိုး စည်းစိမ် ဂုဏ်သိရ်အတွက် ဖြစ်ကြရသည်လည်း ရှိ၏၊ ဤသို့ ဇရာ မရဏနှင့် ဆက်သွယ်သည်ဖြစ်စေ, မဆက်သွယ်သည်ဖြစ်စေ အရင်းခံ ဇာတိကြောင့်သာ ဖြစ်ရကား "ဇာတိကြောင့်ဖြစ်သော တရားများ" ဟု ဆိုရသည်။

မုချကျိုး , နိဿန္ဒကျိုး။ ။ဇာတိရှိလျှင် မည်သည့်ဘဝ၌မဆို ဇရာ မရဏ ဧကန်ရှိမြဲ ဖြစ်၏၊ ထို့ကြောင့် ဇရာ မရဏသည် ဇာတိ၏ မုချအကျိုး (အရင်းခံအကျိုး=အကျိုးရင်း)တည်း၊ သောကစသည်တို့ကား ဗြဟ္မာ့ ပြည်၌ မရှိ, နတ်ပြည်၌ကား တချို့ရှိ၏, တချို့ရှိမည် မဟုတ်၊ လူပြည်မှာလည်း ဇာတိဖြစ်ပြီး မကြာခင်ဆုံးသူ မှာ သောကစသော တရားအချို့ ဖြစ်ခွင့်မရ၊ ထို့ကြောင့် သောကစသည်မှာ ဇာတိ၏ မုချကျိုးမဟုတ်, ဇာတိ မကင်းသူတို့၌ ဆက်သွယ်၍ ဖြစ်တတ်သော နိဿန္ဒအကျိုး (အကျိုးဆက်=အဆက်ဆက်အကျိုး) သာ တည်း၊ သောက ပရိဒေဝ ဥပါယာသတို့၏ အထူးကို အခြေပြု၌ ဆောင်ပုဒ်နှင့်တကွ ပြခဲ့ပြီ။

ဧဝမေတဿ သမုဒယော။ ။ဤစကားကား ပြခဲ့ပြီးသော ပဋိစ္စသမုပ္ပာဒ်တရားစုကို ပြန်၍အုပ်ဖုံးသော နိဂုံးစကားတည်း၊ ထိုတွင် ဧဝံသဒ္ဒါသည် ဆိုခဲ့ပြီးသော အကြောင်းတရားစုကို ညွှန်ပြသောသဒ္ဒါတည်း၊ "ဧဝံတိ နိဒ္ဒိဋ္ဌနယနိဒဿနံ, တေန အဝိဇ္ဇာဒီဟေဝ ကာရဏေဟိ, န ဣဿရနိမ္မာနာဒီဟီတိ ဒေဿတိ" အဋ္ဌကထာ၊ [ဧဝံတိ-ဧဝံသဒ္ဒါသည်၊ နိဒ္ဒိဋ္ဌနယနိဒဿနံ-အကျယ်ပြအပ်ပြီးသော ပဋိစ္စသမုပ္ပာဒ်နည်းကို ညွှန်ပြ ကြောင်းသဒ္ဒါတည်း၊ တေန-ထိုဧဝံသဒ္ဒါဖြင့် အဝိဇ္ဇာဒီဟေဝကာရဏေဟိ-အဝိဇ္ဇာ အစရှိသော အကြောင်းတို့ ကြောင့်သာ၊ သမုဒယော-ဖြစ်ခြင်းသည်၊ ဟောတိ-ထင်ရှား၏၊ ဣဿရနိမ္မာနာဒီဟိ-ဗြဟ္မာ ဗိဿဏိုး အစိုးရ သူတို့ ဖန်ဆင်းမှုကြောင့်၊ န-ဖြစ်ရသည်မဟုတ်၊ ဣတိ-ဤသို့၊ ဒေဿတိ-ပြ၏၊] "အဝိဇ္ဇာစသော အကြောင်း တို့ကြောင့်သာ ဖြစ်ကြရသည်၊ သမုစ္စည်းပိုင်း အတ္တဝါဒုပါဒါန်ခန်း၌ ပြခဲ့သည့်အတိုင်း ဗြဟ္မာမင်း ဗိဿဏိုး နတ်မင်း ထာဝရဘုရားစသည်ဖြင့် ခေါ်အပ်သော အစိုးရသူ တစ်ဦးတစ်ယောက်၏ ဖန်ဆင်းမှုကြောင့် ဖြစ်ကြ ရသည်မဟုတ်" ဟူလို။

ကေဝလဿ ဒုက္ခက္ခန္ဓဿ။ ။ကေဝလသဒ္ဒါသည် မရောသော သက်သက်ဟူသော "အသမ္မိဿ" အနက်, အလုံးစုံဟူသော "သကလ" အနက်ကို ဟော၏၊ သမုဒယော ဟောတိ၌ သမုဒယသဒ္ဒါသည် ဖြစ်ခြင်းအနက်ကို ဟော၏၊ ဟောတိသဒ္ဒါလည်း ဖြစ်ခြင်းအနက်ကို ဟော၏၊ ထိုတွင် သမုဒယအတွက် ဖြစ်ခြင်းကား ဥပါဒ် ဌီ ဘင်အားဖြင့် ဖြစ်ခြင်းတည်း၊ ဟောတိအရ ဖြစ်ခြင်းကား "ဘူ ဟူ= သတ္တာယံ" ဟူသော ဓာတ်ကျမ်းအတိုင်း လောက၌ ထင်ရှားရှိခြင်း ဝိဇ္ဇမာနအနက်တည်း၊ ထို့ကြောင့် "ကေဝလဿ-သုခုမဖက်သက်သက်သော၊ ဒုက္ခက္ခန္ဓဿ-ဒုက္ခတုံး ဒုက္ခခဲ၏၊ (တစ်နည်း) ကေဝလဿ ဒုက္ခက္ခန္ဓဿ-အားလုံး ဒုက္ခတုံး ဖြစ်သော တရား၏၊ သမုဒယော-ဖြစ်ခြင်းသည်၊ ဟောတိ-ထင်ရှား၏၊" ဟု အနက်ဆိုပါ၊ ဤစကားအရ "အဝိဇ္ဇာစသော အကြောင်းတို့ကြောင့် သက်သက် ဒုက္ခတုံးချည်းဖြစ်သော (ဝါ-အားလုံး ဒုက္ခတုံးချည်းဖြစ်သော) ရုပ်နာမ်ခန္ဓာ၏ ဖြစ်ခြင်းသာလျှင် ထင်ရှားတော့သည်၊ ပုဂ္ဂိုလ်, သတ္တဝါ, ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ၏ဖြစ်ခြင်းဟူ၍ မရှိ, သုဘ သုခ (တင့်တယ် ချမ်းသာသောအရာ) ဟူ၍ မရှိ" ဟူလို။

ထင်ရှားစေအံ့။ ။ပဋိစ္စသမုပ္ပာဒ်တရားစု၌ ဇာတိ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသဟူသော ဒုက္ခတွေကို အထွက်တင်လျက် ရှိ၏။ အဝိဇ္ဇာ သင်္ခါရစသော တရားအားလုံးကို ပေါင်းရုံး လိုက်လျှင် သတ္တဝါဟု ခေါ်ရသော ရုပ်နာမ်အစုသာ ထင်ရှား၏၊ ထိုရုပ်နာမ်အစုပေါ်တွင် ဇာတိ ဇရာ မရဏ သောက ပရိဒေဝစသော ဒုက္ခအထွတ်တွေကို မြင်သဖြင့် ရုပ်နာမ်အားလုံး ဒုက္ခတုံး ဖြစ်ကြောင်း အကြမ်း အားဖြင့် ထင်ရှားပြီ၊ နောက်နောက် နာမ်ရုပ်အစု ရဖို့ရန် ရှေးအဖို့၌ ဒုက္ခခံ၍ စီမံ ပြုလုပ်ရ၏၊ ဒါနမှု သီလမှု ဘာဝနာမှုကို ပြုရာ၌ ဆင်းရဲဒုက္ခ မကင်းပုံတွေကို မျက်မြင်အားဖြင့် စဉ်းစားပါ၊ ဤကား အဝိဇ္ဇာ သင်္ခါရတို့၏ နယ်မှာ ဒုက္ခဖြစ်ပုံတည်း။

ဆက်ဦးအံ့ –ထိုသင်္ခါရဒုက္ခဖြင့် တည်ထောင်ပြီးနောက် ဝိညာဏ် နာမ် ရုပ်စသော နောက်ဘဝ အကျိုး ဝိပါက်များ ဖြစ်သောအခါ အပါယ်၌ ဖြစ်ရသူတို့ ဒုက္ခရောက်ကြပုံကို မဆိုထားဘိ, လူ့ဘုံ၌ပင် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ စသော ဒုက္ခများနှင့် တွေ့ရလေပြီ၊ "ချမ်းသာပါပေ့" ဆိုတဲ့ နတ် ဗြဟ္မာဘုံတို့၌လည်း ဝိပရိဏာမဒုက္ခဟူသော အဆုံးသတ် ဒုက္ခနှင့် မုချတွေ့ကြရပေသည်၊ ဤသို့လျှင် ဒုက္ခလွတ်လပ်လျက် သတ်သတ် ချမ်းသာသောအရာ မရှိ, သင်္ခါရဒုက္ခ ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခတွေသာ လွှမ်းမိုးနေသောကြောင့် "ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ-ဤအဝိဇ္ဇာစသော အကြောင်းတို့ကြောင့် ဤအားလုံး ဒုက္ခတုံး၏ ဖြစ်ခြင်းသာ ထင်ရှားတော့သည်" ဟု မိန့်တော်မူ၏။ [ဒုက္ခံ တေဘူမကံ ဝဋ္ဋံ ဟူသော သမုစ္စည်းပိုင်းဂါထာနှင့် တွဲကြည့်ပါ။]

အဝိဇ္ဇာ၏ အကြောင်း။ ။ပဋိစ္စသမုပ္ပာဒ်ပါဠိတော်၌ အဝိဇ္ဇာကို ရှေးဦးစ၍ သောကစသောငါးရပ်ကို အဆုံးသတ်လျက် ရှိ၏၊ သို့ဖြစ်၍ "အဝိဇ္ဇာသည် အကြောင်းမရှိ ဖြစ်သလော" ဟု စောကြောဖွယ် ရှိသည်၊ အဖြေကား–" အာသဝါနံ သမုပ္ပာဒါ, အဝိဇ္ဇာ စ ပဝတ္တတိ" ဟူသော သင်္ဂြိုဟ်, "အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော" ဟူသော ပါဠိတော်များနှင့် အညီ, အဝိဇ္ဇာ၏ အကြောင်းကား အာသဝေါတရား လေးပါး တည်း၊ ချဲ့ဦးအံ့-သောက ဒေါမနဿ ဥပါယာသတို့သည် ဒေါသမူစိတ်၌ ယှဉ်သောတရားများတည်း၊ ထို့ကြောင့် ထို သောက ဒေါမနဿ ဥပါယာသတို့ ဖြစ်တိုင်း အဝိဇ္ဇာဟူသော မောဟလည်း အမြဲယှဉ်လျက် ပါသည်၊ ပရိဒေဝဟူသော ငိုကြွေးမှုမှာလည်း အဝိဇ္ဇာမကင်းသူ၌သာ ဖြစ်လေ့ရှိ၏၊ ဒုက္ခဖြစ်၍ ဆင်းရဲသည့် အတွက် စိတ်မသက်သာဘဲ ဒေါမနဿနှင့် အဝိဇ္ဇာတို့ ဆက်လက်၍ ဖြစ်ပေါ်တတ်၏၊ ဤသို့လျှင် သောက စသည်ဖြစ်သောအခါ အဝိဇ္ဇာလည်း အတူတကွဖြစ်စေ, ရှေ့အဖို့ နောက်အဖို့၌ဖြစ်စေ ပါဝင်သည်၊ သောက စသည်တို့ ဖြစ်ရာ၌ "ဇာတိပစ္စယော သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ" ဟု ဆိုသော်လည်း ဇာတိမှာ မကင်းစကောင်းသော အရင်းခံ အကြောင်းဝေးသာတည်း၊ သောကစသည် ဖြစ်ဖို့ရာ အနီးဆုံး အကြောင်းမှာ အာသဝေါတရားများပင် ဖြစ်သည်။

ကာမာသဝကြောင့် သောကစသည် ဖြစ်ပုံ။ ။" ကာမတော ဇာယတေ သောကော" စသည်နှင့်အညီ ချစ်ခင်စုံမက် နှစ်သက်တတ်သော ကာမာသဝကြောင့် သောကစသည် ဖြစ်ရ၏၊ အလွန်ချစ်သူတစ်ယောက် ပျက်စီးသောအခါ သောက ပရိဒေဝ စသည်တို့ အလွန်အမင်း ဖြစ်ကြရပုံကို စဉ်းစားပါ၊ နေ့စဉ် လူအများ သေသည်ကို ကြားရသော်လည်း သောကမဖြစ်၊ မိမိ ချစ်သောသူတစ်ယောက်သေမှ သောကစသည် ဖြစ်ရပုံ ကို ထောက်၍ သောကစသော တရားတို့သည် ကာမာသဝ-တဏှာ လောဘကြောင့် ဖြစ်ကြရကြောင်းကို ကောင်းကောင်း သိနိုင်သည်။

ဒိဋ္ဌာသဝကြောင့် သောက စသည် ဖြစ်ပုံ။ ။" အဟံ ရူပံ မမ ရူပန္တိ ပရိယုဋ္ဌဋ္ဌာယိနော ရူပဝိပရိဏာမညာ ထာဘာဝါ ဥပ္ပဇ္ဇန္တိ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ" နှင့်အညီ " ရုပ်ဟူသည် ငါတည်း, ငါ၏ရုပ် တရားတည်း" ဟု ဒိဋ္ဌာသဝဖြင့် လုလုယက်ယက် စွဲမက်လျက် တည်နေသူမှာ ရုပ်တရား၏ ဖောက်ပြန်မှု, တစ်မျိုးတစ်မည် ပြောင်းလွှဲမှုကြောင့် သောကစသည်တို့ ဖြစ်ရသည်။

ဘဝါသဝကြောင့် သောကစသည် ဖြစ်ပုံ။ ။" ယေပိ တေ ဒေဝါ ဒီဃာယုကာ ဝဏ္ဏဝန္တော သုခဗဟုလာ ဥစ္စေသု ဝိမာနေသု စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌန္တိ, တေပိ တထာဂတဿ ဓမ္မဒေသနံ သုတွာ ဘယံ သန္တာသံ သံဝေဂံ အာပဇ္ဇန္တိ" နှင့်အညီ, သုခမြားမြောက် အလွန်မြင့်မောက်သော ဘုံဗိမာန်ဝယ် ကြာမြင့်စွာ တည်နေရသည့် အတွက် မိမိဘဝကို ဘဝါသဝဖြင့် အားရနှစ်သက်ကြသော နတ်များသည် ဘုရားရှင်၏ အနိစ္စ ဒုက္ခ အနတ္တနှင့်စပ်သော တရားသံကို ကြားရသောအခါ

မိမိတို့ ဘဝ၏ မမြဲသောအချက်ကို တွေးတောမိကာ လွန်စွာကြောက်ရွံ့ ထိတ်လန့်လျက် ဒေါသ ဒေါမနဿ ဖြစ်ကြရသည်။

အဝိဇ္ဇာသဝကြောင့် သောကစသည်ဖြစ်ပုံ။ ။"သ ခေါ ဘိက္ခဝေ ဗာလော ဒိဋ္ဌေဝ ဓမ္မေ တိဝိဓံ ဒုက္ခ. ဒေါမနဿံ ပဋိသံဝေဒေတိ" စသည်နှင့်အညီ အဝိဇ္ဇာမကင်းသော လူဖျင်း လူအ လူ့ဗာလသည် အဝိဇ္ဇာသဝ ကြောင့် ဒုက္ခနှင့် ဒေါသမူဒွေး၌ ယှဉ်သော ဒေါမနဿများကို ခံစားရလေသည်၊ ဤသို့လျှင် အာသဝေါတရား လေးပါးကြောင့် သောကစသည်တို့ ဖြစ်ရ၏၊ သောကစသည်ဖြစ်လျှင် အဝိဇ္ဇာလည်း ပါဝင်ရတော့သည်ဖြစ်၍ "အရင်းစစ် အမြစ်မြေက" ဆိုသလို အဝိဇ္ဇာ၏ အကြောင်းမှာ အာသဝေါတရားလေးပါးပင်တည်း၊ [ရှေးရှေး အဝိဇ္ဇာသဝကြောင့်လည်း သောကစသည်နှင့်တကွ နောက်နောက် အဝိဇ္ဇာ ဖြစ်ကြရသည်၊]

အဋ္ဌကထာ။ ။ဣတိ ယသ္မာ အာသဝသမုဒယာ ဧတေ (သောကာဒယော) ဟောန္တိ , တသ္မာ ဧတေ သိဇ္ဈမာနာ အဝိဇ္ဇာဟေတုဘူတေ အာသဝေ သာဓေန္တိ ( ဉာပန္တိ ) , အာသဝေသု စ သိဒ္ဓေသု ပစ္စယဘာဝေ ဘာဝတော အဝိဇ္ဇာပိ သိဒ္ဓါဝ ဟောတိ။–ဝိဘင်းနှင့် ဝိသုဒ္ဓိမဂ်။

"ဇရာမရဏမုစ္ဆာယ, ပီဠိတာန . မဘိဏှသော၊

အာသဝါနံ သမုပ္ပါဒါ, အဝိဇ္ဇာ စ ပဝဍ္ဎတိ"...(ပဝတ္တတိ)

ဟူသော သင်္ဂြိုဟ်လည်း ဤအဋ္ဌကထာကြီးအတိုင်းပင်တည်း၊ ထင်ရှားစေအံ့-ဇရာမရဏမုစ္ဆာယ၌ မုစ္ဆ သဒ္ဒါဖြင့် တွေဝေမိန်းမောကြောင်းဖြစ်သော သောကစသည်ကို ပြ၏၊ အိုရခြင်း သေရခြင်း သောကစသည် ဖြစ်ခြင်းတို့ အမြဲမပြတ် အနှိပ်စက်ခံနေကြရသော သတ္တဝါတို့၌ အရင်းခံ အာသဝေါတရားတွေ ဖြစ်နေခြင်း ကြောင့် အဝိဇ္ဇာလည်း ဖြစ်ရတော့သည်ဟု ဆိုလိုသည်၊ ဤအဓိပ္ပာယ်များနှင့်အညီ "အာသဝကြောင့်, သောကစသည်" အစချီသောလင်္ကာကို အခြေပြု၌ ပြခဲ့ပြီ။

အာသဝတို့အကြောင်း။ ။"အာသဝကြောင့် အဝိဇ္ဇာဖြစ်လျှင် အာသဝတို့ကား အဘယ်အကြောင်း ကြောင့် ဖြစ်သနည်း" ဟု တစ်ဆင့်မေးဖွယ် ရှိပြန်၏၊ အာသဝတရားတို့သည် တဏှာ ဥပါဒါန်နှင့် အကုသိုလ် ကမ္မဘဝတို့၌ ထိုက်သည်အားလျော်စွာ ပါဝင်ကြလေပြီ၊ သို့အတွက် တဏှာ ဥပါဒါန် ကမ္မဘဝတို့၏ ဖြစ်ကြောင်းသည်ပင်လျှင် အာသဝေါတရားတို့၏ ဖြစ်ကြောင်းဟုလည်း ဆိုနိုင်သည်။

အဝိဇ္ဇာကို အစထား၍ ဟောပုံ။ ။"အာသဝကြောင့် အဝိဇ္ဇာဖြစ်လျှင် အဘယ့်ကြောင့် အဝိဇ္ဇာကို အစဆုံး ပြတော်မူသနည်း" ဟု မေးသင့်ပြန်၏၊

အဝိဇ္ဇာသည် ဝဋ်တရားအပေါင်းတွင် ဦးခေါင်းပမာ လွန်စွာ အရေးကြီး၏၊ ထို့ကြောင့် အဝိဇ္ဇာကို ရှေးဦးအစ ဟောပြတော်မူသည်၊ ထင်ရှားစေအံ့-ပဋိစ္စသမုပ္ပာဒ် ဝဋ်တရားအပေါင်းတွင် အဝိဇ္ဇာနှင့် တဏှာသည် ဦးခေါင်းပမာ လွန်စွာအရေးကြီး၏၊ ထိုထို သင်္ခါရကို ပြုရာ၌ အဝိဇ္ဇာဖုံးလွှမ်းထားသည့်အတွက် တဏှာဖြင့် မက်မော၍ ပြုမိကြခြင်း ဖြစ်သည်၊ ထိုအရေးကြီးသော တရားနှစ်ပါးတွင် အဝိဇ္ဇာက သာလွန်ပြဌာန်း၏၊ အဝိဇ္ဇာက အပြစ်တွေကို ဖုံးလွှမ်းထားသောကြောင့်သာ တဏှာက မက်မောမိလေ၏၊ ဤသို့လျှင် ဝဋ်တရား အပေါင်း၌ ဦးခေါင်းပမာ လွန်စွာအရေးကြီးသောတရား ဖြစ်၍ အဝိဇ္ဇာကို ရှေးဦးအစ၌ ဟောပြတော်မူရသည်၊ ဖြစ်စဉ်မှာ အဝိဇ္ဇာက အစဆုံးဖြစ်သည် မဟုတ်, အဝိဇ္ဇာ ဖြစ်ဖို့ရာလည်း အာသဝေါတရားတည်း ဟူသော အကြောင်းများ ရှိကြပေသည်။

နည်းလေးပါး။ ။ဤပဋိစ္စသမုပ္ပာဒ် စက်ရဟတ်ကို လေးရပ်သောနည်းဖြင့် အသီးသီး ဆင်ခြင်လိုက် သောအခါ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောကျင်္ား မိန်းမ မရှိတော့ကြောင်း ကောင်းကောင်းကြီး သိမြင် လျက် သဿတ ဥစ္ဆေဒစသော ဒိဋ္ဌိတို့မှ ကင်းစင်နိုင်သောကြောင့် ဧကတ္တနည်း, နာနတ္တနည်း, အဗျာပါရ နည်း, ဧဝံဓမ္မတာနည်းဟူသော နည်းလေးတန်ဖြင့် အဖန်ဖန် ဆင်ခြင်ကြရာ၏။

ဧကတ္တနည်း။ ။"သန္တာန်အစဉ် အမျှင်မပြတ် တစ်စပ်တည်း တစ်ဆက်တည်း" ဟု သိရသောနည်းသည် "ဧကတ္တနည်း" မည်၏၊ ဤဧကတ္တနည်းအရ "မျိုးစေ့မှ အညှောက်ထွက်၍ သစ်ပင်ကြီးအဖြစ်သို့ ရောက် အောင် သန္တာန်အစဉ် အမျှင်မပြတ်သကဲ့သို့ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏, ရှေးရှေးသင်္ခါရကြောင့် ယခုဘဝ ဝိညာဏ်သစ် ဖြစ်၏၊" စသည်ဖြင့် အစဉ်မပြတ် ဆက်စပ်နေပုံကို ဆင်ခြင်သောအခါ "ဤဘဝ ဤသတ္တဝါ ဤခန္ဓာအစဉ်သည် ဤဘဝဆုံးလျှင် ပြတ်၏၊ နောက်ဘဝ နောက်သတ္တဝါ နောက်ခန္ဓာတစ်မျိုး ဖြစ်ပြန်၏" ဟု ယူမှားသော ဥစ္ဆေဒဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

နာနတ္တနည်း။ ။"သန္တာန်အစဉ် အမျှင်မပြတ်သော်လည်း အဝိဇ္ဇာ၏သဘောက တစ်မျိုး, သင်္ခါရ သဘောက တစ်မျိုး, ဤသို့ စသည်ဖြင့် သဘောလက္ခဏာချင်း ကွဲလွဲကြသည်" ဟု သိရသောနည်းသည် နာနတ္တနည်း မည်၏၊ ဤနာနတ္တနည်းအရ အဝိဇ္ဇာနှင့် သင်္ခါရတို့ မတူပုံ, သင်္ခါရနှင့် ဝိညာဏ်တို့ မတူပုံ, အသစ်အသစ်အကြောင်းနှင့် အသစ်အသစ်အကျိုးတို့ တစ်မျိုးပြီး တစ်မျိုး ဖြစ်ပုံကို ဆင်ခြင်လိုက်သောအခါ "မပျက်မစဲ အမြဲတည်သည်" ဟု ယူမှားသော သဿတဒိဋ္ဌိသည် အလိုအလျောက် ကင်းပျောက်တော့၏။

အဗျာပါရနည်း။ ။အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ၌ "ငါသည် သင်္ခါရကို ဖြစ်စေမည်" ဟု အဝိဇ္ဇာဝယ် ကြောင့်ကြဗျာပါရ မရှိ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌လည်း "ငါသည် ဝိညာဏ်ကို ဖြစ်စေမည်" ဟု သင်္ခါရဝယ် ကြောင့်ကြဗျာပါရ မရှိ၊ ဤသို့ စသည်ဖြင့် အကျိုးတရားကို ဖြစ်စေဖို့ အရေး၌ အကြောင်းတစ်စုဝယ် ကြောင့်ကြဗျာပါရ မရှိပုံကို သိရသောနည်းသည် အဗျာပါရနည်း မည်၏၊ ဤနည်းအရ ဆင်ခြင်လိုက်သောအခါ အကြောင်းတရား အကျိုးတရားတို့ ဘာသိ ဘာသာ ဖြစ်နေပုံကို သိမြင်ရသဖြင့် "ဤကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတွေကို ထာဝရဘုရား စသူတို့ က ဖန်ဆင်းပေးနေသည်" ဟူသော ဣဿရ နိမ္မာနဝါဒသည်လည်းကောင်း, "မိမိခန္ဓာကိုယ်တွင်း၌ ထိုထို အမှုကို ပြုလုပ်တတ် ခံစားတတ်သော အတ္တရှိ၏" ဟု စွဲလမ်းတတ်သော အတ္တဝါဒသည်လည်းကောင်း အလို အလျောက် ကင်းပျောက်တော့၏။

ဧဝံဓမ္မတာနည်း။ ။"ဤသို့ အဝိဇ္ဇာစသော အကြောင်းကြောင့် သင်္ခါရစသော အကျိုးများ၏ ဖြစ်ရခြင်းသည် ထုံးစံဓမ္မတာပင်တည်း" ဟု သိရသောနည်းသည် ဧဝံဓမ္မတာနည်း မည်၏၊ ဤ ဧဝံဓမ္မတာနည်းအရ ဆင်ခြင်သောအခါ ချိုဆိမ့်သော နို့ရည်ကြောင့် ချဉ်သော နို့ဓမ်းဖြစ်ရခြင်း, နှမ်းကြောင့် ဆီဖြစ်ရခြင်း, ကြံ ကြောင့် ကြံရည်ဖြစ်ရခြင်းများသည် ထုံးစံဓမ္မတာပင် ဖြစ်၍, သဲမှ ဆီ မထွက်နိုင်, ကြံမှ နို့ရည်မထွက်နိုင်ခြင်း များသည် ဓမ္မတာပင် ဖြစ်သကဲ့သို့, ထို့အတူ "အဝိဇ္ဇာကြောင့် သင်္ခါရသာဖြစ်ခြင်း, သင်္ခါရလည်း အဝိဇ္ဇာ ကြောင့်သာ ဖြစ်ခြင်း, တစ်စုံတစ်ခု အကြောင်းမရှိဘဲ ဘာသိဘာသာ မပေါ်လာနိုင်ခြင်း, မဆိုင်သော အကြောင်းကြောင့်လည်း မဆိုင်သောအကျိုး မဖြစ်နိုင်ခြင်းသည် ဓမ္မတာပင် ဖြစ်သည်တကား" ဟု စဉ်းစား လိုက်သောအခါ "အားလုံးတရားမှာ ဆိုင်ရာအကြောင်း မကင်း" ဟု သိတတ်သော သဟေတုကအယူ ပေါ်လာရကား "အကြောင်းမဲ့သက်သက် ဖြစ်တတ်သည်" ဟု ယူမှားသော အဟေတုကဒိဋ္ဌိနှင့် "ကုသိုလ်, အကုသိုလ်ကို ပြုသော်လည်း ပြုရာမရောက်, အကျိုးမရ နိရတ္ထကသာ" ဟု ယူမှားသော အကြိယဒိဋ္ဌိများသည် အလိုအလျောက် ကင်းပျောက်တော့၏။

တိုက်တွန်းချက်။ ။ဗုဒ္ဓဘာသာဝင်ဖြစ်၍ အရာရာ၌ စဉ်းစားလေ့ရှိသူတို့သည် "ကမ္ဘာလောကကြီးသည် အချိန်ကျလျှင် ပျက်စီး၏, ပျက်ပြီးနောက် ကမ္ဘာပြုမိုး ရွာသည်ကစ၍ တစ်ဖန် ဖြစ်ပေါ်လာ၏" ဟူသော ကျမ်း စာအရ ဖြစ်ချည် ပျက်ချည် အတည်မကျပုံကို ယုံကြည်နိုင်ကြသော်လည်း "ဘယ်တုန်းကစ၍ ဖြစ်ခဲ့ပါလိမ့် မည်နည်း" ဟု တစ်ဆင့် စဉ်းစားလေ့ရှိကြပြန်၏၊ သတ္တဝါများအတွက် "အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ" စသည် ကို ယုံကြည်နိုင်သော်လည်း "ဘယ်တုန်းက စခဲ့ပါလိမ့်မည်နည်း" ဟူ၍ကား စဉ်းစားကြလျက်ပင်တည်း၊ ထို ကဲ့သို့ စဉ်းစား၍ မဆုံးဖြတ်နိုင်သောအခါ "ကမ္ဘာလောကကြီးနှင့် သတ္တဝါတွေသည် အကြောင်းမဲ့သက်သက် ဖြစ်တတ်၏, ဖြစ်ဖို့ရန်အစမှာ အကြောင်းမရှိ" ဟူသော အဟေတုကဒိဋ္ဌိတွင်းသို့ တချို့သက်ဆင်းကြလေသည်၊ တချို့ ကား "ဖန်ဆင်းတတ်သူ တစ်ယောက်ယောက်တော့ ဧကန် ရှိဦးမှာပဲ" ဟူသော ဣဿရနိမ္မာနဝါဒကို သဘောကျသလို ရှိပြန်၏။

ဗုဒ္ဓဘာသာ ကျမ်းစာများ၌ "မိမိဉာဏ်မပိုင်၍ မကြံနိုင်သော လောကအကြောင်းအရာ ကမ္ဘာ၏ ဖြစ်ပုံကို မကြံလေနဲ့, ကြံဖန်များလျှင် အသိဉာဏ်အမှန်မရက ရူးသွပ်တတ်သည်" ဟု မိန့်မှာတော်မူ၏၊ ထို့ကြောင့် ဤပဋိစ္စသမုပ္ပာဒ်စက်ရဟတ်လည်ပုံကိုသာ နည်းလေးဖြာ ဖြန့်ခင်း၍ သန့်ရှင်းအောင် အထပ်ထပ် စဉ်းစား လျှင် ထိုသံသရာ ထိုကမ္ဘာလောကကြီးနှင့် မိမိခန္ဓာအစဉ်၏ အစမရှိကြောင်းကို ကောင်းကောင်း ရှင်းလင်းပါ လိမ့်မည်၊ ဤပဋိစ္စသမုပ္ပာဒ်ကို ရှင်းလင်းစွာ မထွင်းဖောက်နိုင်သေးဘဲ သံသရာမှ ထွက်မြောက်နိုင်သူကား အိပ်မက်ထဲမျှ မရှိခဲ့ကြဘူးပါချေ၊ သို့အတွက် သံသရာမှ မြန်စွာထွက်မြောက်ဖို့ရာ ဤဘဝစက်ဝိုင်းကို ကသိုဏ်းရှုသလို အထပ်ထပ် ကြည့်ရှု ဆင်ခြင်၍ ထင်မြင်အောင် အားထုတ်ကြပါကုန်။

အနာဒိဒံ ဘဝစက္ကံ, ဝီတကာရကဝေဒကံ၊ နိစ္စသုခသုဘတ္တေဟိ, သုညံ ပေဿ ပုနပ္ပုနံ။

ဣဒံ ဘဝစက္ကံ-ဘဝများမြောင်, ဒုက္ခဆောင်လျက်, အခေါင်ရှည်ကြာ, သံသရာဘက်ယွန်း, ဤစက်ဝန်းသည်၊ အနာဒိ အနာဒိ ဝတ-ကမ္ဘာ့ကမ္ဘာ, အစရှာလည်း, ရစရာပိုင်ပိုင်, မရှိနိုင်ပါတကား၊ ဝီတကာရကဝေဒ ကံ-သူပြုတည်ဖန်, သုခံစံဟု, ဆိုရန်အတ္တ, လုံးဝမယှဉ်, ကင်းစင်လေပြီတကား၊ နိစ္စသုခသုဘတ္တေဟိ-မြဲရန် အချက်, ချမ်းသာကွက်နှင့်, နှစ်သက်ဖွယ်နှော, တင့်တယ်သောသဘောတို့မှ၊ သုညံ-ဧကန်လုံးလုံး, သုဉ်းခဲ့ ချေပြီတကား၊ ဣတိ-ဤသို့၊ ပုနပ္ပုနံ-တစ်နေ့ တစ်ရက်, တစ်နံနက်မျှ, မကစိတ်စွဲ, ထပ်ပြန်တလဲလဲသာလျှင်၊ ပေဿ-ဓိဋ္ဌာန် မြင့်မြင့်, နိဗ္ဗာန်ပွင့်အောင်, မလင့်ပုံသေ, ရှုစားသင့်ပေတော့သတည်း။

အမှာ။ ။တတ္ထ တယော အဒ္ဓါစသော စကားရပ်တို့၏ သရုပ်အဓိပ္ပာယ်နှင့်တကွ ပညတ်ခန်းကို အခြေ ပြု၌ ပြထားပြီ၊ ဤပဋိစ္စသမုပ္ပာဒ်နည်းကို လေ့လာပြီးနောက် ပဋ္ဌာန်းနည်းကို ဆက်လက်လေ့ လာပါ၊ ကျက်မှတ်ဖွယ်များသည့် အတွက် သီးခြား စာအုပ်ငယ်တစ်ခု ပြုလုပ်ကာ သုံးချက်စု အဓိပ္ပာယ်ကို မူတည်၍ ပဋ္ဌာန်းနည်းကို ကျယ်ဝန်းစွာ ပြထားပါသည်။

ဤကား ပစ္စည်းပိုင်းဘာသာဋီကာ

ကမ္မဋ္ဌာန်းပိုင်းဘာသာဋီကာ

သမထဝိပဿနာနံ, ဘာဝနာနမိတောပရံ၊ ကမ္မဋ္ဌာနံ ပဝက္ခာမိ, ဒုဝိဓံပိ ယထာက္ကမံ။

အနုသန္ဓေ။ ။ရှစ်ပါးသော အပိုင်းအခန်းတို့ဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဟူသော ပရမတ္ထတရား ကိုလည်းကောင်း, စိတ် စေတသိက် ရုပ်တို့၏ အကျိုး အကြောင်း ဆက်သွယ်နေပုံကိုလည်းကောင်း ပို်င်းခြား သိစေပြီး၍ ယခုအခါ ထိုရုပ်နာမ်ကို ဟုတ်မှန်စွာ သိပြီးသော ပုဂ္ဂိုလ်တို့အတွက် ကမ္မဋ္ဌာန်းအစီအရင် ကို ညွှန်ပြတော်မူလိုသော အရှင်အနုရုဒ္ဓါမထေရ်မြတ်သည် "သမထဝိပဿနာနံ" အစချီသော ပဋိညာဉ် ကို မိန့်တော်မူအပ်သတည်း။

သမထ။ ။ကိလေသေ-ကာမစ္ဆန္ဒနီဝရဏစသော ကိလေသာတို့ကို၊ သမေတိ-ငြိမ်းစေတတ်၏၊ ဣတိ- ကြောင့်၊ သမထော-သမထမည်၏၊ မဟာကုသိုလ်နှင့် ရူပကုသိုလ်ပဌမစျာန်၌ရှိသော သမာဓိတရားတည်း၊ ထိုစကားကိုချဲ့အံ့–ပုထုဇဉ်တို့၌ ကမ္မဋ္ဌာန်းစတည်အားထုတ်သောအခါ မဟာကုသိုလ်စိတ်ဖြစ်၏, ကမ္မဋ္ဌာန်း ပေါက်၍ စျာန်အထမြောက်သောအခါ ရူပပဌမစျာန်စိတ် ဖြစ်၏၊ ထိုစိတ်များသည် ထကြွသောင်းကျန်းလေ့ ရှိသော နီဝရဏကိလေသာအပူဓာတ်တို့ကို ငြိမ်သက် အေးမြစေတတ်ကုန်၏၊ ထိုစိတ်စေတသိက်များတွင် "သမာဓိ" ခေါ်သော ဧကဂ္ဂတာသည် အချုပ်အခြာတည်း၊ ရဟန္တာဖြစ်ပြီးမှ လောကီစျာန်ကို အားထုတ်ရာ၌ ကား ထိုကဲ့သို့ ကိလေသာအပူဓာတ်ကို ငြိ်မ်ဝပ်စေဖွယ် မလိုသောကြောင့် "စိတ္တံ သမေတီတိ သမထော" ဟု ဝိဂြိုဟ်ပြု၊ စိတ္တံ-အာရုံများစွာကို ယူနေသည့်အတွက် မငြိမ်သက်သောစိတ်ကို၊ သမေတိ-ငြိမ်သက်စေတတ် ၏ ၊ "သမာဓိ" မရခင် အာရုံအမျိုးမျိုးကို ယူနေရသဖြင့် (အလုပ်များသူကဲ့သို့) စိတ်မငြိမ်မသက်ရှိ၏၊ ထို့ ကြောင့် "စျာန်အာရုံတစ်ခု၌ စိတ်ကို ငြိမ်သက်စေသည်" ဟူလို၊ ဒုတိယစျာန် စသည်၌ရှိသော သမာဓိကား ကိလေသာကိုလည်း ငြိမ်သက်စေဖွယ် မလို, စိတ်ကိုလည်း ငြိမ်သက်စေဖွယ် မလိုရကား ဝိတက် စသော ရုန့်ရင်းသော စျာန်အင်္ဂါကို ငြိမ်းစေတတ်သောကြောင့် "ဝိတက္ကာဒိဩဠာရိကဓမ္မေ-ဝိတက်အစရှိသော ရုန့်ရင်းသော စျာန်အင်္ဂါတရားတို့ကို၊ သမေတိ-ငြိမ်းစေတတ်၏" ဟူသော ဝစနတ်အရ သမထအမည် ရပြန်သည်။

ဝိပဿနာ။ ။ဝိသေသေန ပဿတီတိဝိပဿနာ၊ ဝိသေသေန-ထူးခြားသောအားဖြင့်၊ ပဿတိ-ရှုတတ် သိမြင်တတ်၏၊ မဟာကုသိုလ် မဟာကြိယာစိတ်၌ယှဉ်သော ဉာဏ်ပညာအထူးတည်း၊ ချဲ့ဦးအံ့-ရုပ်နာမ်နှင့် ပေါင်းစပ်နေသောသဝိညာဏကအကောင်အထည် ဒြဗ်ကို လူကောင် နတ်ကောင် ဗြဟ္မာကောင် သတ္တဝါကောင် ယောကျ်ား မိန်းမ ကျွဲ နွား ဆင်မြင်းစသည်ဖြင့် လည်းကောင်း, ရုပ်ကလာပ်တွေ ပေါင်းစပ်တွေခဲနေသော အရာဝတ္ထုကို အိမ် ကျောင်း သစ်ပင် ဥယျာဉ် တော တောင် စသည်ဖြင့်လည်းကောင်း, နိစ္စ သုခ အတ္တ သုဘအားဖြင့်လည်းကောင်း ထင်မှတ်ကြ၏၊ ဝိပဿနာဉာဏ်ကား ထိုကဲ့သို့ ရိုးရာထင်မြင်ပုံမှ ထူးခြား၍ ရုပ်ပဲ နာမ်ပဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘပဲဟု စွဲမြဲထွင်းဖောက် အတွင်းရောက်အောင် သိမြင်နိုင်ပေသည်၊ ထို့ကြောင့် "ဝိသေသေန ပဿတိ" အရ ဝိပဿနာဉာဏ်အမည် ရသည်၊ (တစ်နည်း) ဝိဝိဓေန-အထူးထူးအပြားပြားသော၊ အနိစ္စာဒိအာကာရေန- အနိစ္စ ဒုက္ခ အနတ္တ အသုဘဟူသောအခြင်းအရာအားဖြင့်၊ ပဿတိ-ရှုမြင်တတ်၏၊ ဣတိ-ကြောင့်၊ ဝိပဿနာ-မည်၏။

ဘာဝနာကမ္မဋ္ဌာန်း

ဘာဝနာ။ ။ထိုသမထ ဝိပဿနာနှစ်ပါးလုံးပင် ပြခဲ့သည့်အတိုင်း လွန်စွာအကျိုးများပေရကား မိမိ သန္တာန်၌ ဖြစ်ပေါ်လာအောင်, တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်ထို်က်သော ကြောင့် "ဘာဝနာ"ဟု ခေါ်၏၊ ဘာဝေတဗ္ဗာတိ ဘာဝနာ၊ ဘာဝေတဗ္ဗာ-မိမိသန္တာန်၌ ဖြစ်စေထိုက် တိုးပွားစေ ထိုက်၏၊ ဣတိ-ထို့ကြောင့်၊ ဘာဝနာ-ဘာဝနာမည်၏၊ ထိုသမထ ဝိပဿနာတစ်ပါးပါးကို မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် အားထုတ်မှု တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ် တိုးပွားအောင် အားထုတ်မှုကိုလည်း "ဘာဝနာ" ဟု ခေါ်သေး၏၊ ဤအလို "ဘာဝီယတေ-ပွားများစေခြင်း၊ ဘာဝနာ-ပွားများစေခြင်း" ဟု ပြုပါ။

ကမ္မဋ္ဌာနံ။ ။ကမ္မဋ္ဌာန်းသည် အာရုံကမ္မဋ္ဌာန်း, အာရမဏိကကမ္မဋ္ဌာန်းဟု နှစ်မျိုးရှိ၏၊ ထိုတွင် ပထဝီ ကသိုဏ်း အစရှိသောအာရုံ, တေဘူမကသင်္ခါရဟူသော အာရုံများသည် အာရုံကမ္မဋ္ဌာန်းတည်း၊ ကမ္မဿ- ဘာဝနာအားထုတ်မှု၏၊ ဌာနံ-တည်ရာအာရုံတည်း၊ ကမ္မဋ္ဌာနံ-ဘာဝနာ အားထုတ်မှု၏ တည်ရာအာရုံ၊ ဤ အဓိပ္ပာယ်ကို ရည်ရွယ်၍ "ဒုဝိဓဘာဝနာကမ္မဿ ပဝတ္တိဋ္ဌာနတာယ ကမ္မဋ္ဌာနဘူတံ အာရမဏံ" ဟု ဋီကာ ကျော်ဖွင့်ပြီ။ [ဒုဝိဓဘာဝနာကမ္မဿ-နှစ်ပါးအပြားရှိသော ဘာဝနာကို အားထုတ်မှု၏၊ ပဝတ္တိဋ္ဌာနတာယ-ဖြစ် ခြင်း၏တည်ရာ၏အဖြစ်ကြောင့်၊ ကမ္မ+ဋ္ဌာနဘူတံ- "ကမ္မ+ဋ္ဌာန်း" ဖြစ်၍ဖြစ်သော၊ အာရမဏံ-အာရုံကို။]

တစ်နည်း။ ။ပွားများ အားထုတ်မှုသည် အာရမဏိကကမ္မဋ္ဌာန်း မည်၏၊ ကမ္မဿ-နောက်နောက် အားထုတ်မှု၏၊ ဌာနံ-တည်ရာဖြစ်သော ရှေးရှေး အားထုတ်မှုတည်း၊ ကမ္မဋ္ဌာနံ-နောက်နောက် အားထုတ်မှု၏ တည်ရာဖြစ်သော ရှေးရှေး အားထုတ်မှု၊ "ရှေးရှေး အားထုတ်မှု၌ အခြေတည်၍ နောက်နောက်

( အထက် အထက်) အားထုတ်မှုများ ဖြစ်ရကား ရှေးရှေး အားထုတ်မှုသည် နောက်နောက် အားထုတ်မှုဟူ သော ကမ္မ၏ တည်ရာဌာနဖြစ်သည်" ဟူလို၊ ဤအဓိပ္ပာယ်ကို ရည်ရွယ်၍ "ဥတ္တရုတ္တရယောဂကမ္မဿ- နောက်နောက် အားထုတ်မှု၏၊ ပဒဋ္ဌာနတာယ-အခြေခံအကြောင်း၏ အဖြစ်ကြောင့်(နီးစွာသောအကြောင်း၏ အဖြစ်ကြောင့်)၊ ကမ္မ+ဋ္ဌာနဘူတံ-"ကမ္မ+ဋ္ဌာန်း" ဖြစ်၍ဖြစ်သော၊ ဘာဝနာဝီထိံ-ဘာဝနာအစဉ်ကို" ဟု ဋီကာ ကျော်မိန့်သည်။

သမထကမ္မဋ္ဌာန်းဝယ် သိဖွယ်များ။ ။ဒသ ကသိဏာနိမှစ၍ တီဏိ နိမိတ္တာနိ စ ဝေဒိတဗ္ဗာနိ တိုင်အောင် သော စကားတို့ဖြင့် သမထကမ္မဋ္ဌာန်း၌ သိမှတ်ဖွယ်အချက်တို့ကို ပြ၏၊ ထိုအားလုံးအတွက် အကျယ်လာဦး မည်ဖြစ်၍ ဤနေရာဝယ် စရိတအဓိပ္ပာယ်ကိုသာ အကျယ်ပြနှင့်မည်။ [သင်္ဂြိုဟ်၌ စရိတဟု ပါဠိရှိသော်လည်း အဋ္ဌကထာကြီးများ၌ "စရိယာ" ဟု ရှိသည်၊ စရိုက်သဘောအနက်ကိုဟောရာ၌ ကိရိယာပုဒ်ကဲ့သို့ စရိယာဟု ရှိခြင်းက ကောင်း၏၊ ပုဂ္ဂိုလ်ကို ဟောရာ၌ကား "ရာဂစရိတော"ဟု ရှိပေသည်။]

စရိယာ။ ။ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်ကဲပိုမို၍ အဖြစ်များခြင်းကို "စရိယာ"ဟု ခေါ်၏၊ ရာဂစရိုက်ရှိသူသည် ဒေါသ မောဟဖြစ်လောက်သော အာရုံမျိုး၌ မဖြစ်အောင် ချုပ်တည်းထားနိုင်သော် လည်း ရာဂဖြစ်လောက်သော အာရုံ၌ကား မချုပ်တည်းနိုင်၊ အခြားစရိုက်များလည်း ဤနည်းပင်တည်း၊ ထို့ကြောင့် "စရဏံ ပဝတ္တနံ-မပြတ်မလပ်ဖြစ်ခြင်းသည်၊ စရိယာ-စရိယာမည်၏၊ ဝါ-စရိုက်မည်၏၊ ဤစရိုက်တို့သည် သတ္တဝါတစ်ယောက်လျှင် တစ်မျိုးကျစီသာ ရှိရမည်မဟုတ်၊ အချို့၌ မည်သည့်စရိုက်ဟု အထင်အရှား မရှိ၊ အချို့မှာ နှစ်မျိုးသုံးမျိုး စသည်ဖြင့် အရောရော အနှောနှောလည်း ရှိ၏၊ ထို့ကြောင့် ဤဆိုအပ်လတ္တံ့သည့်အတိုင်း ပုဂ္ဂိုလ်အမျိုးမျိုးအလိုက် စရိုက်အပြားကို သိစေရာ၏။

ရာဂါဒိကေ တိကေ သတ္တ, သတ္တ သဒ္ဓါဒိကေ တိကေ၊ ဧကဒွိတိကမူလမှိ, မိဿတော သတ္တသတ္တကံ။

ရာဂါဒိကေ -ရာဂအစရှိသော၊ တိကေ-တိက်၌၊ သတ္တ-(၇)မျိုးတို့သည်လည်းကောင်း၊ သဒ္ဓါဒိကေ-သဒ္ဓါ အစရှိသော၊ တိကေ-တိက်၌၊ သတ္တ-လည်းကောင်း၊ ဧကဒွိတိကမူလမှိ-ဧကမူ ဒွိမူ တိမူ၌၊ မိဿတော- ရောနှောသောအားဖြင့်၊ သတ္တသတ္တကံ-သတ္တက (၇)လီသည်လည်းကောင်း၊ ဟောတိ-ဖြစ်၏။

ရာဂါဒိကေ တိကေ သတ္တ။ ။ရာဂ ဒေါသ မောဟ သုံးခု၌ တစ်ခုစီအားဖြင့်လည်းကောင်း, ထိုက်သလို ရောနှော၍လည်းကောင်း စရိုက် (၇)မျိုး ရ၏၊

၁-ရာဂစရိုက်, ၂-ဒေါသစရိုက်, ၃-မောဟစရိုက်, ၄-ရာဂဒေါသစရိုက်, ၅-ရာဂမောဟစရိုက်, ၆-ဒေါသ မောဟစရိုက်, ၇-ရာဂဒေါသမောဟစရိုက်တည်း။ ["ဤသို့ စရိုက်တစ်မျိုးရှိသူ, နှစ်မျိုးရှိသူ, သုံးမျိုးရှိသူအား ဖြင့် ရာဂ ဒေါသ မောဟနှင့်စပ်၍ ပုဂ္ဂိုလ်(၇)မျိုး ပြားသည်" ဟူလို။]

သဒ္ဓါဒိကေ တိကေ သတ္တ။ ။၁-သဒ္ဓါစရိုက်, ၂-ဗုဒ္ဓိ, ၃-ဝိတက္က, ၄-သဒ္ဓါဗုဒ္ဓိ, ၅-သဒ္ဓါဝိတက္က, ၆-ဗုဒ္ဓိဝိတက္က, ၇-သဒ္ဓါဗုဒ္ဓိဝိတက္ကစရိုက်။

ဧကမူ။ ။[ရာဂကို မူတည်, သဒ္ဓါစသည် မူလီသွတ်၊] ၁-ရာဂသဒ္ဓါစရိုက်, ၂-ရာဂဗုဒ္ဓိ, ၃-ရာဂဝိတက္က, ၄- ရာဂသဒ္ဓါဗုဒ္ဓိ, ၅-ရာဂသဒ္ဓါဝိတက္က, ၆-ရာဂဗုဒ္ဓိဝိတက္က, ၇-ရာဂသဒ္ဓါဗုဒ္ဓိဝိတက္ကစရိုက်၊-ဒေါသကို မူတည်, သဒ္ဓါ စသည်ကိုမူလီသွတ်၍လည်း (၇)မျိုးတည်း၊ မောဟကို မူတည်, သဒ္ဓါစသည်ကို မူလီသွတ်၍လည်း (၇)မျိုး ပင်တည်း၊ ဤသို့လျှင် ဧကမူ၌ ၇ × ၃ လီ (၂၁) ရ၏။

ဒွိမူ။ ။ရာဂဒေါသကို မူတည်, သဒ္ဓါစသည်ကို မူလီသွတ်၍ "ရာဂဒေါသသဒ္ဓါစရိုက်" စသည်ဖြင့် (၇)မျိုး၊ ရာဂမောဟကို မူတည်, သဒ္ဓါစသည်ကို မူလီသွတ်၍ "ရာဂမောဟသဒ္ဓါစရိုက်" စသည်ဖြင့် (၇)မျိုး၊ ဒေါသ မောဟကို မူတည်, သဒ္ဓါစသည်ကို မူလီသွတ်၍ "ဒေါသမောဟသဒ္ဓါစရိုက်" စသည်ဖြင့် (၇)မျိုး, ဤသို့လျှင် ဒွိမူ၌လည်း ၇ × ၃ လီ (၂၁)ပင် ရ၏။

တိမူ။ ။ရာဂ ဒေါသ မောဟ သုံးပါးကို မူတည်၍ သဒ္ဓါစသည်ကို မူလီသွတ်ရာ၌ကား စရိုက်(၇)မျိုးသာ ရ၏၊ ဤသို့လျှင် "ရာဂါဒိကေ တိကေ သတ္တ, သတ္တ သဒ္ဓါဒိကေ တိကေ" အရ သုဒ္ဓစရိုက် (၁၄), ဧကမူ ဒွိမူ တိမူအရ မိဿကစရိုက် (၄၉)အားဖြင့် စရိုက်ပေါင်း (၆၃)မျိုး ပြား၏၊ ထိုထို စရိုက်ရှိသော ပုဂ္ဂိုလ်အပေါင်း လည်း (၆၃)မျိုးပင်တည်း။

စရိုက်အကဲခတ်။ ။ပရစိတ္တဝိဇာနနဉာဏ်ကို မရလျှင် သူတစ်ပါး၏စရိုက်ကို သိဖို့ခဲယဉ်းလှ၏၊ သို့သော် အသွားအလာ အနေအထိုင် ဣရိယာပုတ်ကိုလည်းကောင်း, ထိုထိုကိစ္စ၌ ကျန/မကျနကိုလည်းကောင်း ,နှစ်သက်တတ်သော အစာအာဟာရကိုလည်းကောင်း ရူပ သဒ္ဒစသော အာရုံ၌ ကြည့်ရှုပုံ နားထောင်ပုံ စသည်ကိုလည်းကောင်း, ကုသိုလ် အကုသိုလ်အရာဝယ် များစွာဖြစ်လေ့ရှိသော ကိုယ်ကျင့်တရားကိုလည်း ကောင်း စဉ်းစားကြည့်ရှု သတိပြု၍ အကဲခတ်လျှင် "မည်သည့်စရိုက်ရှိသူ" ဟု ခန့်မှန်းနိုင်ဖွယ် ရှိပေသည်။

ဣရိယာပထတော ကိစ္စာ, ဘောဇနာ ဒဿနာဒိတော၊ ဓမ္မပ္ပဝတ္တိတော စေဝ, စရိယာယော ဝိဘာဝယေ။

ရာဂစရိုက်။ ။ရာဂစရိုက်ရှိသူသည် ဣရိယာပုထ်အားဖြင့် အသွားအလာ အနေအထိုင် ယဉ်ကျေး ပျပ်ဝပ် လျောက်ပတ်စံပယ် တင့်တယ်၏၊ ကိစ္စအားဖြင့် တံမြက်လှည်းမှု အဝတ်ဖွပ်လျှော်မှု ဆိုးမှု ဝတ်စား တန်ဆာ ဆင်ယင်မှုလည်း ကျနသေသပ်၏၊ ဘောဇဉ်အားဖြင့် အချိုအဆိမ့် အမွှေးအကြိုင် ပျံ့လှိုင်နူးညံ့ သော ဘောဇဉ်ကို နှစ်သက်၏၊ ဒဿနစသည်အားဖြင့် အတော်အတန် လှပသာယာသော ရူပါရုံ သဒ္ဒါရုံနှင့် တွေ့ကြုံလျှင် မခွာချင်အောင် ဖြစ်တတ်၏၊ ဓမ္မပဝတ္တိ (စိတ်နေစိတ်ထား တရားဖြစ်ပုံ) အားဖြင့် ပရိယာယ် မာယာ များ၏, ကောက်ကျစ်စဉ်းလဲမှု သာဌေယျ ပေါ၏, မာနကြီး၏, လောဘရမ္မက် ကြီး၏။

သဒ္ဓါစရိုက်။ ။ရာဂစရိုက်ရှိသူ၌ ပြခဲ့သောဣရိယာပုထ်စသော ရှေ့လေးပါးသည် သဒ္ဓါစရိုက်ရှိသူ၌လည်း ဖြစ်လေ့ရှိ၏၊ သို့သော် သဒ္ဓါစရိုက်ရှိသူ၌ကား ဓမ္မပဝတ္တိအားဖြင့် မာယာစသော အကုသိုလ်များ ဖြစ်လေ့မရှိ ဘဲ ကြည်လင်ရွှင်လန်းစွာ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏, ရဟန်းသံဃာကောင်းများနှင့် ဝတ်ကျောင်း ဘုရားကို ဆည်းကပ်ကိုးကွယ်ကာ တရားဒေသနာများကို မှတ်သားနာယူလေ့ရှိသည်။

[ ဆောင်] ရာဂစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ယဉ်ကျေးလေ၏၊ ထွေထွေကိစ္စ, ပြုသမျှလည်း, ကျနစေလတ်, လွန်သေသပ်ရှင့်၊ လေးမြတ်ဖွယ်ရေး, ဘောဇဉ်ရွေးက, ချိုမွှေးဆိမ့်အိမ့်, လွန်နှစ် သိမ့်သတဲ့၊ မစိမ့်လောက်တုံ, ကာမဂုဏ်ကြောင့်, အာရုံစွဲကာ, ခွဲမခွာတည်း၊ မာယာဗလဝ, သာဌေယျနှင့်, မာနဘိစီး, အလိုကြီး၏၊ ထိုနည်းသဒ္ဓါ, စရိုက်မှာမူ, မာယာစသော, ပြစ်မနှောဘဲ, သာမောရွှင်လန်း, လှူပေးကမ်းလျက်, ရဟန်းတော်ပေါင်း, ထေရ်ရှင်ကောင်းနှင့်, ဝတ်ကျောင်း ဘုရား, မြတ်တရားကို, မှတ်သားနာယူ, လွန်ကြည်ဖြူသည် , ... ဤသူ မွန်မြတ်ပေတကား။

ဒေါသစရိုက်။ ။ဒေါသစရိုက်ရှိသူ၌ ဣရိယာပုထ်အားဖြင့် နွားရူး စူးထိုး နဖားကြိုးတင်းသည့်ပုံဟန် လျင်မြန်ရှူးရှား ခြေဖျားဖြင့်နင်းလျက် ရုန့်ရင်းကြမ်းတမ်းသော အသွားအလာ အနေအထိုင် ရှိ၏၊ ကိစ္စ လုပ်ငန်းကို ပြုလုပ်ရာဝယ် တင့်တယ် သပ်ရပ်ခြင်း မရှိ, ကြည့်ရှုတိုင်း အဆင်တန်လျက် ချဉ် ငန် စပ် ခါး စူးရှသော အရသာများကိုသာ နှစ်သက်တတ်၏၊ မကောင်းမြတ်သောရူပ သဒ္ဒစသည့် အာရုံနှင့် တွေ့ကြုံလျှင် ယမ်းပုံတွင် မီးကျသကဲ့သို့သည်းခံ အောင့်အည်း ချုပ်တည်းခြင်းမရှိဘဲ ဆိုဆဲ ငေါက်ငန်း ကြမ်းတမ်းစိတ်တို တတ်၏၊ ဓမ္မပဝတ္တိ အားဖြင့်ကား ရန်ငြိုးဖွဲ့မှုဟူသော အာဃာတ, ဣဿာ မစ္ဆရိယနှင့် သူများဂုဏ်ကို ချေဖျက်လိုခြင်းဟူသော မက္ခ, ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်ခြင်းဟူသော ပဠာသ အပြောအဆို အဆုံးအမ ခက်ခြင်းဟူသော ဒုဗ္ဗစ၊ ဤအကုသိုလ်တရားတို့သည် တွေ့ရာကိစ္စ၌ အဖြစ်များလေသည်။ ပညာစရိုက်။ ။ပညာစရိုက်ရှိသူ၌လည်း ဣရိယာပုထ်စသော ရှေ့သဘောများမှာ ဒေါသစရိုက်ရှိသူနှင့်

တူ၏၊ သို့သော် စိတ်တိုခြင်း(ကောဓ)စသော အပြစ်များနှင့် မရောနှောဘဲ ဆိုဆုံးမလွယ်၏၊ စားသောက်ဖွယ် အားလုံး၌ မိမိနှင့်သင့်/မသင့်ကို နှိုင်းချင့်၍ စားသောက်လေ့ရှိ၏၊ ဘဝဖန်ခါ သံသရာရေးကို သတိသမ္ပဇဉ်ြ ဖင့် ဆင်ခြင်မျှော်ကြည့်၍ ဂတိကောင်းဖို့ရန် ကုသိုလ်ကောင်းမှု အစုစုကို လုံ့လ ဝီရိယ သန်သန်ဖြင် မှန်မှန်ြ ကီး ပြုလေ့ရှိသည်။

[ ဆောင်] ဒေါသစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ကြမ်းတမ်းလေ၏၊ ထွေထွေကိစ္စ, ပြုသမျှလည်း, ကျနမဖွယ်, မတင့်တယ်တည်း၊ စားဖွယ် ငန် ချဉ်, စပ် ခါး မင်၏၊ ငါးအင်အာရုံ, မဖွယ်ကြုံလျှင်, ယမ်းပုံမီးကျ, စိတ်တိုလှ၍, ကောဓထန်သည်း, ရန်ငြိုးကြီးလျက်, ဖိစီးဣဿာ, မစ္ဆေရာနှင့်, မက္ခာ ပဠာသ, ဒုဗ္ဗစတို့, မုချဆစ်ပွား, အဖြစ်များ၏၊ တရားပညာ, စရိုက်မှာမူ, ရှေ့လာအားလုံး, နည်းတူသုံးလည်း, လုံးလုံးကောဓ, စသည်ဆိတ်ကွယ်, ဆုံးမလွယ်၏၊ စားဖွယ်ကသိုဏ်း, တွေ့ ကြုံတိုင်းလည်း, နှိုင်းနှိုင်းချိန်ချိန်, သုခမိန်တည်း၊ ကြိမ်ကြိမ်နောင်လာ, သံသရာကို, ပညာ သတိ, မျှော်ခေါ်ညှိ၍, ဂတိနောင်လျှင်, ကောင်းအောင်ပြင်သည်,...လူတွင် သူမြတ်ပေတကား။

မောဟစရိုက်။ ။မောဟစရိုက်ရှိသူကား ဖွတ်ပဒတ်အသွင် မယဉ်မကျေး မှိုင်ငေးပေါ့ပျက် ရှုပ်ယှက် ခတ် အနေအထို င် အသွားအလာ ဣရိယာပုထ် ရှိ၏၊ လုပ်ငန်းကိစ္စအထွေထွေလည်း ပွေပွေလိမ်လိမ်ပင် တည်း၊ စားသောက်ရာဌာနဝယ် ဘယ်ဟာကို နှစ်သက်သည်ဟု အမှတ်တရမရှိ, မိမိအစွမ်းဖြင့် စုံစမ်းနှိုင်း ချိန်၍ အကောင်းအဆိုး အကြောင်းအကျိုးကို မဆုံးဖြတ်တတ်သဖြင့် အရပ်ရပ်မှာ သူတကာ၏ နောက်လိုက် သာဖြစ်သောကြောင့် သူများချီးမွမ်းသူကို မိမိကလည်း ရော၍ ချီးမွမ်းတတ်၏၊ သူများ ကဲ့ရဲ့သူကိုလည်း မိမိက ကဲ့ရဲ့တတ်၏၊ သတိ ပညာ ကင်းလျက် ထိုင်းမှိုင်း ဖျင်းအခြင်းဟူသော ထိနမိဒ္ဓ, ပျံ့လွင့်ခြင်းဟူသော ဥဒ္ဓစ္စတို့ဖြင့် ကာလကုန်ရသည်သာ များ၏။

[ ဆောင်] မောဟစရိုက်, ရှိသူ၌ကား, ယာပိုထ်လေးထွေ, ရှုပ်ပွေပွေနှင့်, ထွေထွေကိစ္စ, ရှုပ်ထွေးစွာတည်း၊ ဘောဇနအရာ, စားသောက်ပါလည်း, ဘယ်ဟာမိမိ, မြဲမရှိခဲ့၊ ကိုယ်၏အစွမ်း, စုံထောက်လှမ်း ၍, အဆန်း အရိုး, ကြောင်းအကျိုးဟု, ကောင်းဆိုးယုတ်မြတ်, မသိတတ်သဖြင့်, အရပ်ရပ်မှာ, နောက်လိုက်သာတည်း၊ ပညာ သတိ, ကင်းကွာဘိ၍, ထိန မိဒ္ဓ, ဥဒ္ဓစ္စနှင့်, ကာလကုန်ဆုံး, အချိန်ဖြုန်း၏၊ ထုံးနည်းမခြား, ဝိတက်များလည်း, စကားတွေပေါ, ကိစ္စမျောလျက်, ကောင်း သောလုပ်ငန်း, ကုသိုလ်လမ်းမူ, အစွမ်းမရှိ, ပျင်းရိရိတည်း၊ မိမိတို့တမ်း, လူ့ပေါက်ပန်းနှင့်, ရောပြွမ်းပျော်ပါး, အကြံများသည်,...လူအား လူပိုတွေတကား။

ဝိတက်စရိုက်။ ။ဝိတက်စရိုက်ရှိသူများလည်း မောဟသမားနှင့် ထူးမခြားပင်တည်း၊ အကြံတွေများ

စကားတွေပေါလျက် ကိစ္စမချောဘဲ မျောနေသည်သာ များ၏၊ ကောင်းသောလုပ်ငန်း ကုသိုလ်လမ်း၌မူ အစွမ်းအစမရှိ, ပျင်းရိရိသာတည်း၊ မိမိလို လူ့ပေါက်ပန်းနှင့် ရောပြွမ်းမွေ့လျော်ကာ ထွေရာလေးပါး အကြံ များလျက် သက်သက် လူအား လူပိုတွေသာတည်း။

ဤပြအပ်ခဲ့ပြီးသည့်အတိုင်း အနေအထိုင် စသည်ကို အကဲခတ်တတ်လျှင် "မည်သည့်စရိုက်ရှိသူ" ဟု သိနိုင်၏၊ သို့သော် အချို့ပုဂ္ဂိုလ်မှာ စရိုက်တစ်မျိုးတည်းသာ မဟုတ်, နှစ်မျိုး သုံးမျိုး စသည်ရောလျက် ရှိတတ်သောကြောင့်လည်းကောင်း, အသိ အလိမ္မာ ဗဟုဿုတများသူဖြစ်လျှင် အရာရာဝယ် သတိသမ္ပဇဉ် ဖြင့် ဆင်ခြင်၍ ပြင်ဆင် နေထိုင်တတ်၏၊ ထိုသူမှာ ပင်ကိုစရိုက်များ အမှန်အတိုင်း မထင်ရှားသောကြောင့် လည်းကောင်း ပြခဲ့သော ဣရိယာပုထ်စသည်ကို တစ်ထစ်ချမှန်ပြီဟု အမှန်မယူထိုက်ပေ၊ ဆရာအစဉ် အဆက် ပြောရိုးရှိ၍သာ အဋ္ဌကထာဆရာလည်း ဖွင့်ပြရပေသည်၊ သို့ဖြစ်၍ ပရစိတ္တဝိဇာနနဉာဏ်ရမှသာ စရိုက်အမှန်ကို ဧကန် သိနိုင်ပေလိမ့်မည်။

စရိုက်ဖြစ်ကြောင်း။ ။"လူချင်းတူပါလျက် အဘယ့်ကြောင့် စရိုက်အမျိုးမျိုး ကွဲပြားပါလိမ့်မည်နည်း" ဟု စဉ်းစားဖွယ်ရှိ၏၊ ရှေးဘဝ ကုသိုလ်ကံပြုစဉ်က ထိုထို ဘဝစည်းစိမ်ကို လိုလားတောင့်တမှု လောဘခြံရံ၍ ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘဝ၌ ရာဂစရိုက်များတတ်၏၊ ဒေါသခြံရံ၍ ပြုခဲ့လျှင် ဒေါသစရိုက် ရှိတတ်၏၊ အသိဉာဏ်နည်းပါးလျက် မောဟကြီးစွာဖြင့် ပြုခဲ့လျှင် မောဟစရိုက် ရှိတတ်၏၊ ပညာဖြင့် ဆင်ခြင်၍ လည်းကောင်း, ပညာကြီးဖို့ရန် ဆုပန်၍လည်းကောင်း ပညာရေးဆိုင်ရာ ကုသိုလ်များကို ပြုခဲ့လျှင် ထိုကံ အကျိုးပေးရာဘဝ၌ ဗုဒ္ဓိစရိုက် ရှိတတ်၏၊ သဒ္ဓါထက်သန်စွာဖြင့် ပြုခဲ့လျှင် သဒ္ဓါစရိုက်ရှိတတ်၏၊ ကာမ ဝိတက်စသော မကောင်းသောအကြံ ခြံရံလျက် ကံပြုလျှင် ဝိတက်စရိုက် ရှိတတ်၏၊ ဤသို့လျှင် စရိုက်အမျိုး မျိုး ကွဲပြားကြောင်းမှာ ရှေးကံသာလျှင် ပဓာနဖြစ်၍ နောက်နောက်ဘဝ၌ မကောင်းသော စရိုက်များ မပါရ အောင် ယခုဘဝ ကံပြုရာကာလဝယ် သဒ္ဓါ ပညာ ခြံရံလျက် ထက်သန်သော ကောင်းမှုများကိုသာ တည်ထောင် အားထုတ်ကြရာသည်။

ဝါသနာဘာဂီ ဆက်တိုင်းမှီ။ ။မကောင်းသောအရာ၌ ဝါသနာဟူသည် ကိလေသာ၏ သတ္တိတည်း၊ ကောင်းသောအရာ၌ ဝါသနာကား သမ္မာဆန္ဒတည်း၊ ထိုဝါသနာများသည် သတ္တဝါတို့သန္တာန်၌ အနုသယ ဓာတ်ကဲ့သို့ ဘဝတိုင်းမှာ စွဲကပ်ပါနေတတ်၏၊ ထို့ကြောင့် ရှေးကံအားလျော်စွာ ရာဂစရိုက် အားကြီးနေပါမူ ထိုရာဂအတွက် ယောက်ယက်ခတ်သော ဝါသနာသည် စိတ်အစဉ်မှာ စွဲထုံလျက်ရှိရကား ထိုစရိုက်ဆိုးကို ယခုဘဝ၌ တရားဖြင့် မနှိမ်ချိုးနိုင်ပါလျှင် ထိုဝါသနာအထုံစွဲကပ်၍ နောက်ဘဝများသို့ လိုက်ပါသွားတတ်၏၊ ဒေါသ မောဟ ဝိတက်များလည်း ဤနည်းပင်တည်း၊ ပညာစရိုက်ရှိသူ၌လည်း စရိုက်အားလျော်စွာ အခွင့် သာသလောက် ကြိုးစားပါလျှင် ထိုပညာ၏ အထုံဝါသနာ စွဲကပ်လေရကား နောက်နောင်အခါ သံသရာတစ် လျှောက်လုံးပင် ပညာတုံးကြီး ဖြစ်နေတတ်၏၊ ဘုရားဆုပန်လျှင် ပညာဓိက, သာဝကဆုပန်လျှင် အရှင် သာရိပုတ္တရာတို့ကဲ့သို့ ပညာဘက်က ဧတဒဂ်ရကြသည်မှာ ဝါသနာဘာဂီက ဆက်တိုင်းမှီနေသောကြောင့် သာ ဖြစ်၏၊ သဒ္ဓါစရိုက်လည်း ဤနည်းပင်တည်း၊ ထို့ကြောင့် ယခုဘဝ၌ မကောင်းသောစရိုက်များ ပပျောက် ၍ စရိုက်ကောင်းတစ်ခုခု အထမြောက်အောင် ထူထောင်ဖို့ ကြိုးစားသင့်ကြသည်။

_______________

ကသိုဏ်းဆယ်ပါး

ပထဝီကသိဏံ။ ။တစ်ထွာနှင့် လက်လေးသစ်မျှ ပမာဏရှိသော ခွက်ငယ် စကောငယ်လောက် ငယ်ငယ်ဖြစ်စေ, ကောက်စပါးနယ်ရာ တလင်းဝိုင်းလောက် ကြီးကြီးဖြစ်စေ, ကမ္မဋ္ဌာန်းရှုဖို့ရာ ဝိုင်းဝိုင်း စက်စက် ပြုလုပ်ထားအပ်သောမြေသည် "ပထဝီ" မည်၏၊ ကသိဏသဒ္ဒါကား "အလုံးစုံ" ဟူသောအနက်ကို ဟော၏၊ "ကမ္မဋ္ဌာန်းရှုသူက အပိုင်းအကန့် ချန်မထားဘဲ အလုံးစုံ ရှုအပ်သော "မြေဝိုင်း" ဟူလို၊ ပထဝီ ယေဝ-မြေဝိုင်းသည်ပင်၊ ကသိဏံ-အလုံးစုံရှုစားအပ်သော အာရုံတည်း၊ ပထဝီကသိဏံ-မြေဝိုင်းသည်ပင် အလုံးစုံရှုအပ်သောအာရုံ၊ ထိုမြေဝိုင်းနှင့် အလားတူစွာ ထင်လာသော ပရိဘာဂနိမိတ်ကား ဥပစာရအားဖြင့် "ပထဝီကသိဏ" ဟု အမည်ရ၏၊ "ဥပစာရဟူရာ၌ မဏိမဉ္ဇူက "သဒိသူပစာရ" ဟု ဆို၏၊ ဝိသုဒ္ဓိမဂ်ဋီကာက ဌာနဖြစ်သော မြေဝိုင်းကို အစွဲပြု၍ ထင်လာသော ဌာနီဟု ယူဆ၍ "ဌာနူပစာရ" ဟု ဆိုသည်၊] ထိုပဋိဘာဂ နိမိတ်အာရုံကို အာရုံပြု၍ ရအပ်သောစျာန်လည်း ဥပစာအားဖြင့် "ပထဝီကသိဏစျာန်" ဟု အမည်ရ၏၊ [အာပေါကသိုဏ်း စသည်ကို ဝိသုဒ္ဓိမဂ်၌ ရှုပါ၊] ဤဥပစာအရမှာလည်း "ဌာနူပစာရ" ဟုပင် ဆို၏၊ မဏိမဉ္ဇူ ၌ကား မြေဝိုင်း၏ ပထဝီကသိဏအမည်ကို ပဋိဘာဂနိမိတ်ပေါ်၌ တင်စားပြီးနောက် စျာန်ပေါ်၌တစ်ဆင့် တင်စားရပြန်သောကြောင့် "ပရမ္ပရူပစာရ" ဟု ဆိုသည်။-ကသိုဏ်း၏ အကျိုးများကား-

[ဆောင်] ပထဝီကသိဏ, စွမ်းဗလကြောင့်, ဧက ဗဟု, ဗဟု ဧက, စသည်ဖြစ်ခြင်း, ကောင်းကင်ရေတွင်း, မြေဖန်ဆင်း၍, သွားခြင်း ထိုင် လျောင်း, ရကောင်းအဘိဘာ,

အသုဘဆယ်ပါး

စစွာသဘော, ပြီးကြောင်းဟော၏၊ အာပေါစွမ်းအင်, မြေတွင်ပေါ်လျှိုး, မိုးသမုဒ်မြစ်, ဖြစ်စေဖောင် ဖောင်, မြေတောင်ပြာသာဒ်, လှုပ်လတ်စေမော, ရေလျှံပြော၏။

တေဇောလျှံခိုး , မီးကျီးမိုးတည်း၊ သူ့တန်ခိုးကို, နှိမ်ချိုးနိုင်လေ, လောင်စေချင်ရာ၊ ဒိဗ္ဗာစက္ခု, အလင်းပြုလတ်, တေဇောဓာတ်လောင်, မိုက်မှောင် ပယ်လျှော၊ ဝါယောစွမ်းမှာ, လျင်စွာ လေမျှ, မုန်တိုင်းထစေ, ရောက်လေ လိုရာ၊.......နီလာကသိုဏ်း, ညိုမှိုင်းအဆင်း, မိုက်စေခြင်းတည့်, အဘိဘာယတန, သုဘဝိမောက္ခာ, ရလေရာ၏။

ပီတာရွှေဆင်း , ရွှေဖန်ဆင်း၏၊ ရလျှင်းအဘိဘာ, သုဘာဝိမောက္ခ၊ ဩဒါတမူ, ဖြူရောင်ဖန်ဆင်း, ကင်းဝေး မျည်းငိုက်, မှောင်မိုက် ဖျောက်ထ, ဒိဗ္ဗစက္ခု, ရှုဖို့အလင်း, ပြုခြင်းစွမ်းထ၊ အာလောကလည်း, တောက်ပရောင်ဆင်း, ကင်းဝေးမျည်းငိုက်, မှောင်မိုက်ဖျောက်ထ, ဒိဗ္ဗစက္ခု, ရှုဖို့အလင်း, ပြုခြင်း စွမ်းထ။

အာကာသဝယ် , ပိတ်ကွယ်ခါဟင်း, ရေ မြေတွင်း၌, ဖန်ဆင်း ကောင်းကင်, ပြုပြင် ယာပိုထ်, မခိုက်မငြိ, တိရောကုဋ္ဋ, စသည်ကွယ်ခြား, သွားနိုင်ငြားသည်, ဆယ်ပါးကသိုဏ်းသတ္တိတည်း။ [ပရမတ္ထ သရူပဘေဒနီလာ လင်္ကာတည်း၊ အကျယ်ကို ဝိသုဒ္ဓိမဂ်မှာ ရှုပါ။]

အသုဘဆယ်ပါး။ ။အသုဘသဒ္ဒါသည် "မတင့်တယ်" ဟူသော အနက်ကိုဟော၏၊ ဤနေရာဝယ် ခန္ဓာ ကိုယ်နှင့်စပ်၍ သေသောအခါ အမျိုးမျိုး ဖြစ်ပေါ်လာတတ်သော ပုံသဏ္ဌာန်ဒြဗ်ကို "အသုဘ" ဟု ခေါ်ဆို အပ်၏၊ [သရီရံဟူသော ပုဒ်ကို ငဲ့၍ "ဥဒ္ဓုမာတကံ" စသည်ဖြင့် နပုံလိန်ဖြင့် ထားသည်၊ ဥဒ္ဓုမာတက စသည် တို့၏ အကျဉ်းချုပ် ပုဒ်အနက်ကို အခြေပြု၌ ပြခဲ့ပြီ။]

ရှင်တုန်းလည်း အသုဘ။ ။ဤအသုဘအခြင်းအရာကို သူသေကောင်၌သာ ရနိုင်သည် မဟုတ်, အသက်ရှင်တုန်းမှာလည်း လေဖြန်း၍ ဖောယောင်နေသောအခါ အနာမှ သွေးပြည်ယိုထွက် လိမ်းကျံပေနေ သောအခါ သွာရိုးပေါ်သောအခါများ၌ ဥဒ္ဓုမာတက ဝိပုဗ္ဗက လောဟိတက အဋ္ဌိကသဘောများ ရနိုင်ပေသည်၊ ပကတိရိုးရာ ခန္ဓာကိုယ်မှာပင် ဆံပင် မွေးညှင်းစသော ကောဋ္ဌာသ အစုများကိုလည်းကောင်း, အတွင်းက အရိုးတွေကို တိုင်ထူလျက် အသားဖြင့် မွမ်းမံပြီးလျှင် အကြောတည်းဟူသော ကြိမ်နွယ်တို့ဖြင့် ဖွဲ့ကြက်တုပ်နှောင်ကာ အပေါ်ယံ အရေပါးကို တင်လွှမ်းထားသည့်အတွက် ခန္ဓာအိမ်ကြီး ဖြစ်နေပုံကိုလည်း ကောင်း စဉ်းစားဆင်ခြင်၍ အသုဘအခြင်းအရာကို ထင်လာစေနိုင်ပါသည်။

ယထေဝ မတသရီရံ, ဇီဝံပိ အသုဘံ တထာ၊ အာဂန္တုကာ.လင်္ကာရေန, ဆန္နတ္တာ တံ န ပါကဋံ။

မတသရီရံ -ဥဒ္ဓုမာတက, စသည်မြားမြောင်, သူသေကောင်သည်၊ အသုဘံ ယထေဝ-စက်ဆုပ်ရွံဖွယ်, မတင့်တယ်သကဲ့သို့၊ တထာ-ပုံစံထားယူ, မခြား အတူသာလျှင်၊ ဇီဝံပိ-ဝတ်စားဆင်ပြင်, အသက်ရှင်ဆဲ ကိုယ်သည်လည်း၊ အသုဘံ အသုဘံယေဝ-စက်ဆုပ်ရွံဖွယ်, မတင့်တယ်သည်သာတည်း၊ အာဂန္တုကာလင်္ကာ ရေန-ညစ်ကြေးသုတ်သင်, အငှားဆင်၍, ပြုပြုင်ဖန်ထား, တန်ဆာများဖြင့်၊ ဆန္နတ္တာ-မဖွယ်ရာကို, ကွယ်ကာ ဖုံးထားအပ်သည့်အတွက်ကြောင့်၊ တံ-ထိုရွံဖွယ်ညစ်ပေ, အသုဘသဘောတွေသည်၊ န ပါကဋံ-အမြင်အား ဖြင့်, မထင်ရှားဘဲ ရှိရလေသတည်း။

ဣမံ ဟိ သုဘတော ကာယံ, ဂဟေတွာ တတ္ထ မုစ္ဆိတာ၊ ဗာလာ ကရောန္တာ ပါပါနိ, ဒုက္ခာ န ပရိမုစ္စရေ။

ဣမံ ဟိ ကာယံ-အသုဘသဘော, ရွံဖွယ်ပေါသည့်, ကိုယ်ရောသူပါ, ဤကိုယ်ခန္ဓာကိုပင်၊ သုဘတော-စွဲ မက်စဖွယ်, တင့်တယ်၏ဟူ၍၊ ဂဟေတွာ-ရှိရင်းပြောင်းပြန်, မမှန်ကန်အောင်, ကြံဖန်စွဲလမ်းကြပြီး၍၊ တတ္ထ- ထိုအယုတ်တမာ, များစွာပြည့်လှောင်, အပုပ်ကောင်၌၊ မုစ္ဆိတာ-စရိုက်ဓလေ့, အမိုက်ငွေ့ဖြင့်, အတွေ့ကြီး တွေ့, မေ့ကြီးမေ့ကြကုန်သော၊ ဗာလာ-ရာဂစရိုက်ပွား, ငမိုက်သားတို့သည်၊ ပါပါနိ-မိစ္ဆာစာရ, စသည်ညစ် ကျု, ယုတ်မာမှုတို့ကို၊ ကရောန္တာ-အမဲရိုး၌, ခွေးငတ်ကြိုက်သို့, နှစ်ခြိုက်ရွှင်မြူး, လွန်ကျူးကြကုန်လျက်၊ ဒုက္ခာ-အပါယ်လေးဖြာ, အို နာ သေရေး, ဆင်းရဲဘေးမှ၊ န ပရိမုစ္စရေ-ကရွတ်ကင်းလျှောက်, ထပ်ပြန်ရောက် သဖြင့်, လွတ်မြောက်ခွင့် မရကြလေကုန်။

တသ္မာ ပေဿယျ မေဓာဝီ, ဇီဝတော ဝါ မတဿ ဝါ၊ သဘာဝံ ပူတိကာယဿ, သုဘဘာဝေန ဝဇ္ဇိတံ။

တသ္မာ -ထိုသို့ အသုဘပင်, သုဘထင်သမျှ, ဒုက္ခဝဋ်တွင်းမှ, မလွတ်ကင်းနိုင်ကြလေသောကြောင့်၊ မေဓာဝီ-သတိတမန်, ပညာဉာဏ်ဖြင့်, လမ်းမှန်မြော်မြင်, သူတော်စင်သည်၊ ဇီဝတော ဝါ-ဝတ်စားဆင်ပြင်, အသက်ရှင်သူမူလည်းဖြစ်သော၊ မတဿ ဝါ-ဥဒ္ဓုမာတက, စသည်မြားမြောင်, အသေကောင်မူလည်းဖြစ် သော၊ ပူတိကာယဿ-အပုပ်တွေလှောင်, ဤကိုယ်ကောင်၏၊ သုဘဘာဝေန-အမှန်စင်စစ်, တင့်တယ်သော အဖြစ်မှ၊ ဝဇ္ဇိတံ-လုံးဝအစဉ်, ရှောင်ကြဉ်အပ်ပြီးသော၊ သဘာဝံ-မတင့်မတယ်, ရွံဖွယ်စင်စစ်, မူလအဖြစ်ကို၊ ပေဿယျ-အမိုက်ကင်းပျောက်, အလင်းရောက်အောင်, ထွင်းဖောက် ရှုစားသင့်ပေတော့သတည်း။

အနုဿတိ။ ။အာရုံတစ်ခုကို အဖန်ဖန် အထပ်ထပ် မပြတ်အောက်မေ့ ဆင်ခြင်မှုကို "အနုဿတိ"ဟု ခေါ်၏၊ ပုနပ္ပုနံ-အဖန်ဖန်၊ သတိ-အောက်မေ့တတ်သောသတိတည်း၊ အနုဿတိ-အဖန်ဖန်အောက်မေ့တတ် သော သတိ၊ ["အနု+သတိ" ဖြစ်သင့်လျက် သရဓာတ်မှဖြစ်သော သတိက ဒွေဘော်ရောက်မြဲ ဖြစ်၍ "အနုဿတိ" ဟု ဖြစ်သည်။]

ဗုဒ္ဓါနုဿတိ။ ။ဗုဒ္ဓသဒ္ဒါသည် ဘုရားရှင်၏ ခန္ဓာကိုယ်တော်ဒြဗ်ကို ဟောပြရိုးဖြစ်သော်လည်း ဤနေရာ၌ ခန္ဓာတော်တွင် တည်ရှိသော အရဟံစသော ဂုဏ်တော်ကို ဌာနူပစာရအားဖြင့် ဗုဒ္ဓအရယူပါ၊ ဗုဒ္ဓံ-ဘုရားရှင်၏ အရဟတာစသောဂုဏ်တော်ကို၊ အနုဿတိ-အဖန်ဖန်အောက်မေ့ခြင်းသည်၊ ဗုဒ္ဓါနုဿတိ-ဗုဒ္ဓါနုဿတိမည် ၏၊ ဘုရားဂုဏ်တော်ကို အောက်မေ့ရာဝယ် သပ္ပာယ်သောခန္ဓာကိုယ်တော်ဒြဗ်လည်း ဘဂဝါဂုဏ်တော်တွင် ပါဝင်သော သီရိဘုန်းတော်ပင် ဖြစ်ပေရကား ဘဂဝါဂုဏ်တော်ကို ဆင်ခြင်သောအခါ ခန္ဓာတော်ဒြဗ်ကိုလည်း ဂုဏ်တော်အနေအားဖြင့် အောက်မေ့ထိုက်သည်သာ။ [အရဟံစသော ဂုဏ်တော်များ၏ အကျယ်ကို ဝိသုဒ္ဓိ မဂ်၌ ရှုပါ။]

ဓမ္မာနုဿတိ။ ။ဓမ္မအရ ပရိယတ်တရား မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်တရားများတည်း၊ ဤဆယ်ပါး သော တရားတော်၏ သွက္ခာတတာစသော ဂုဏ်တော်(၆)ပါးကို အဖန်ဖန်အောက်မေ့ခြင်းသည် ဓမ္မာနုဿတိ မည်၏။

သံဃာနုဿတိ။ ။မဂ်၌တည်သော(မဂ်ရသော) အရိယာပုဂ္ဂိုလ်ကို"မဂ္ဂဋ္ဌ"ဟု ခေါ်၏၊ ဖိုလ်၌တည်သော (ဖိုလ်ရသော) အရိယာပုဂ္ဂိုလ် "ဖလဋ္ဌ" ဟု ခေါ်၏၊ ထိုမဂ္ဂဋ္ဌ(၄)မျိုး, ဖလဋ္ဌ(၄)မျိုးအားဖြင့် (၈)မျိုးပြားသော အရိယာသံဃာတော်များ၏ သုပ္ပဋိပန္နတာစသော ဂုဏ်တော်(၉)ပါးကို အဖန်ဖန် အောက်မေ့ခြင်းသည် သံဃာနုဿတိ မည်၏။ [သွက္ခာတတာ စသော တရားဂုဏ်တော်(၆)ပါး, သုပ္ပဋိပန္နတာစသော သံဃာ့ဂုဏ် တော်(၉)ပါး၏ အဓိပ္ပာယ်များကိုလည်း ဝိသုဒ္ဓိမဂ်၌ ရှုပါ။]

သီလာနုဿတိ။ ။မိမိသီလ၏ မကျိုး မပေါက် မကျား မပြောက် လုံလုံခြုံခြုံ ရှိပုံကိုလည်းကောင်း, ထိုသီလကို အကြောင်းပြု၍ လူချမ်းသာ နတ်ချမ်းသာကို မတောင့်တသဖြင့် တဏှာ၏ ကျွန်တာဝန် လွတ်ကင်းပုံကိုလည်းကောင်း, ထိုသီလကို အရင်းခံလျက် မဂ် ဖိုလ်အထိ သမာဓိရနိုင်ပုံကိုလည်းကောင်း အဖန်ဖန် အောက်မေ့ခြင်းသည် သီလာနုဿတိ မည်၏။

အဟောဟော ဝတ သီလံ မေ, အခဏ္ဍံ အဆိဒ္ဒံ ဟဝေ၊ အသဗလံ အကမ္မာသံ ဘုဇိဿံ အပရာမသံ၊ ပသဋ္ဌံ သဗ္ဗဝိညူဟိ, သမာဓိသံဝတ္တနကံ။

မေ -အများမဆံ, တရားမှန်ကို, အားသန်ကျင့်လို, ဤငါ့ကိုယ်၏၊ သီလံ-ထိန်းသိမ်းစောင့်စည်း, သီလ တည်းဟူသော အကျင့်ကြီးသည်၊ အဟောဟောဝတ-အားရစဖွယ်, အော်တင့်တယ်ပေစွတကား၊ ဟဝေ-စင် စစ်ဧကန်, အမှန်အားဖြင့်၊ အခဏ္ဍံ-အဝတ်အနား, ပြတ်သည့်လားသို့, အနားမြိတ်စပ်, အကျိုးအပြတ်လည်း မရှိပါတကား၊ အဆိဒ္ဒံ-အဝတ်အလယ်, ပေါက်သည့်နှယ်သို့, အလယ်သိက္ခာ, အရာရာတွင်, အပေါက်လည်း မထင်ပါတကား၊ အသဗလံ-နွားကြောင် နွားကျား, ပုံအလားသို့, အများဆက်လျက်, အကျားအကွက်လည်း မရှိပါတကား၊ အကမ္မာသံ-ဝါစေ့ပြောက်နွား, ပုံအလားသို့, ကြိုးကြားပေါက်အင်, အပြောက်လည်း မထင်ပါ တကား၊ ဘုဇိဿံ-လောကီချမ်းသာ, မမှန်းပါသဖြင့်, တဏှာ၏ ကျွန်, တာဝန်မဲ့ကင်း, သန့်ရှင်းလေစွတကား၊ အပရာမသံ-တစ်စုံတစ်ရာ, ပြစ်အနာကို, ဖွေရှာသုံးသပ်, မစွပ်စွဲအပ်လေစွတကား၊ သဗ္ဗဝိညူဟိ-အဘိဇ္စျာ ကင်း, ဣဿာရှင်း၍, ကောင်းခြင်းလိုလား, ပညာရှိအများတို့သည်၊ ပသဋ္ဌံ-နည်းလမ်းအလိုက်, ချီးမွမ်းထိုက်သည် ဖြစ်၍၊ သမာဓိသံဝတ္တနကံ-စျာန် မဂ် ဖိုလ်ရှိ, သမာဓိကို, ထိမိစေရန်, အခြေခံဖြစ်စေနိုင်ပေစွတကား။

-----------------

စာဂါနုဿတိ။ ။မိမိပစ္စည်းကို မလှူဒါန်း မပေးကမ်းရက်သော မစ္ဆေရစိတ်တွေ လွန်စွာ ပေါများ၍ ဝတ်မှု စားမှု ကြွားမှုတို့၌ အားစိုက်နေကြသော လူအပေါင်းတွင် ထိုကဲ့သို့ မစ္ဆေရ ရန်သူပုန်ကို လွှမ်းမိုး နှိမ် နင်းလျက် ဝတ်မှု စားမှုကို ခြိုးခြံ၍ စွန့်ကြဲပေးကမ်း လှူဒါန်းနိုင်ပေသည်၊ လှူဒါန်းပေးကမ်းရသည်ကိုပင် အလွန်ပျော်ရွှင်သည်ဟု မိမိ၏ စွန့်ကြဲနိုင်ခြင်းဂုဏ်ကို အဖန်ဖန် အာရုံပြု၍ ပီတိဖြင့် ပျော်မွေ့ခြင်းသည် စာဂါနုဿတိ မည်၏။

မနုဿသတ္တံ သုလဒ္ဓံ မေ, ယွာဟံ စာဂေ သဒါ ရတော၊ မစ္ဆေရပရိယုဋ္ဌာယ, ပဇာယ ဝိဂတော တတော။

ယွာဟံ (ယော အဟံ)သံသရာနောင်ရေး, မျှော်ခေါင်တွေး၍, လေးလေးပင်ပင်, ဆင်ခြင်လေ့လာ, အကြင် ငါသည်၊ မစ္ဆေရပရိယုဋ္ဌာယ-မပေးရက်လို, သဝန်တိုသဖြင့်, ထိုထိုဒါန, ဟူသမျှ၌, မစ္ဆေရရန်, ပုန်ကန်သောင်း ကျန်းလျက်ရှိသော၊ ပဇာယ-ဝတ်မှု စားမှု, အကြွားမှု၌, အားပြုငဲ့စောင်း, လူအပေါင်းတွင်၊ တတော-ထိုထို ဒါန, မစ္ဆေရဟု, ထကြွ ပုန်ကန်, သူပုန်ရန်မှ၊ ဝိဂတော-ရှေး ဝါသနာ, အထုံပါသဖြင့်, ကောင်းစွာလွတ်ကင်း, သန့်ရှင်းသည်ဖြစ်၍၊ စာဂေ-စွန့်ကြဲဝေငှ, လှူဒါန်း၍နေရခြင်း၌၊ သဒါ ရတော-ကိုယ်တွက်ခြိုးခြံ, ပင်ပန်းခံ၍, အမှန်မွေ့လျော်, အပျော်ကြီး ပျော်နိုင်ပေပြီ၊ တဿ မေ-ဒါန စာဂီ, ပါရမီဖြင့်, သာကြည်မွေ့လျော်, ထိုကဲ့သို့ ပျော်နိုင်သော ငါသည်၊ မနုဿတ္တံ-ပဋိရူပ, ဤဒေသ၌, ဖြစ်ရစင်စစ်, လူ့အဖြစ်ကို၊ သုလဒ္ဓံ ဝတ-သံသရာ နောင်ရေး, မျှော်ခေါင်တွေးက, အေးမြရွှင်ပျော်, ဪ… …အရတော် လေစွတကား။

------------------

ဒေဝတာနုဿတိ။ ။သဒ္ဓါ သီလ သုတ စာဂ ပညာစသော ဂုဏ်တို့နှင့် ပြည့်စုံကြသူတို့သည် ဤလူ့ပြည် မှ စုတေကြသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ နတ်ဗြဟ္မာဖြစ်၍ ငြိမ်းချမ်းစွာ နေထိုင်ကြရပေသည်၊ ငါ့မှာ လည်း ထိုကဲ့သို့ သဒ္ဓါ သီလစသော ဂုဏ်တွေ အပြည့်အစုံ ရှိပေပြီဟု နတ်ဗြဟ္မာများ၏ သဒ္ဓါ စသည်တို့ အကျိုးပေးဟန်ကို သက်သေခံထား၍ မိမိ၏ သဒ္ဓါစသော အကျင့်ဂုဏ်ကိုပင် ဆင်ခြင်အောက်မေ့ ပီတိဖြင့် ပျော်မွေ့ခြင်းသည် ဒေဝတာနုဿတိမည်၏။

ယေဟိ သဒ္ဓါဒိဂုဏေဟိ, ဒေဝတာ ဒေဝတ္တံ ဂတာ၊ မာယှံပိ တေ သံဝိဇ္ဇန္တိ, အဟော မေ ဂုဏဝန္တတာ။

ဒေဝတာ -စတုမဟာ, ဝတိံသာနှင့်, နတ်ရွာခြောက်လီ, ဗြဟ္မာ့ပြည်ဝယ်, ကိုယ်စီစံစား, နတ်ဗြဟ္မာအများ တို့သည်၊ ယေဟိ သဒ္ဓါဒိဂုဏေဟိ-သဒ္ဓါသီလ, များသုတနှင့်, စာဂပညာ, စဉ်လာလောက်လုံ,အကြင်ကျေးဇူး ဂုဏ်တို့ကြောင့်၊ ဒေဝတ္တံ-ရောဂါမကပ်, ဥပဒ်မတွယ်, စားသောက်ဖွယ်ရေး, နေထိုင်ရေးနှင့်, မင်းဘေးစိုးတာ, ကင်းစင်ကွာလတ်, ဗြဟ္မာနတ်၏ အဖြစ်သို့၊ ဂတာ-ဤလူ့ပြည်မှ, စုတေကြလျှင်, ခဏမနေ, ကပ်ရောက်ကြရ လေကုန်ပြီ၊ မယှံပိ-ဘုရားအကြိုက်, တရားလိုက်၍, အားစိုက်နှစ်လို, ဤငါ့ကိုယ်မှာလည်း၊ တေ ဂုဏော- နတ်ဗြဟ္မာနန်း, ကပ်ခါမြန်းဖို့, စခန်းလောက်လုံ, ထိုကဲ့သို့သောဂုဏ်တို့သည်၊ သံဝိဇ္ဇန္တိ-အမြဲမပြတ်, သတိချပ် သဖြင့်, မလပ်ပုံသေ, ရှိကြပေကုန်၏၊ မေ-ငါ၏၊ ဂုဏဝန္တတာ-သဒ္ဓါ သီလ, စသည်လောက်လုံ, ဂုဏ်ပေါင်းစုံ သူ၏ အဖြစ်သည်၊ အဟောဝတ-တမလွန်ရေး, ကြံတိုင်းအေးဖို့, လေးလေးပင်ပင်, အစဉ်မျိုးမှန်, ဪ… … အဖိုးတန်ပေစွတကား။

------------------

ဥပသမာနုဿတိ။ ။နိဗ္ဗာန်၏ ချမ်းသာအေးမြ သန္တိသုခရှိပုံကို အဖန်ဖန် အောက်မေ့ခြင်းသည် ဥပသမာနုဿတိမည်၏၊ နိဗ္ဗာန်တရားကို ရုပ်ဝိသေသ နာမ်ဝိသေသဟုလည်းကောင်း, ခန္ဓာကိုယ်တွင်း၌ အနှစ်အမြုတေအလား မြဲခိုင်သော

နိစ္စတရားရှိ၏၊ ရုပ်နာမ်တရားများ ချုပ်ပျောက်သောအခါ ထိုအနှစ်အမြုတေသာ အဖတ်တင်ရစ်၏၊ ထိုအနှစ် အမြုတေအဖြစ်ဖြင့် တည်နေရခြင်းသည်ပင် နိဗ္ဗာန်တည်းဟုလည်းကောင်း, နိဗ္ဗာန်၌ ရုပ်နာမ်မရှိ၍ ခံစားခွင့် မရလျှင် အဘယ်မှာ ချမ်းသာဟု ဆိုနိုင်ပါအံ့နည်းဟုလည်းကောင်း, မိမိတို့ ထင်ရာ မြင်ရာ ပြောဆို ရေးသား ကြ၏၊ တစ်စုံတစ်ခုသော အာရုံ၏ အကြောင်းကို ထိုအာရုံ ရရှိဖူးသူသာလျှင် ပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်ရိုးရှိ သကဲ့သို့, နိဗ္ဗာန်၏ အကြောင်းကိုလည်း နိဗ္ဗာန်ရပြီးသော အရိယာတို့သာ ပိုင်နိုင်စွာ သိမြင်နိုင်ပေသည်၊ ယခု ပုထုဇဉ်တို့၏အတွေးဖြင့် လေးနက်သောနိဗ္ဗာန်ကို အမှန် မထိမိနိုင်ရာ၊ သို့သော် ကျမ်းဂန်လာ သာဓကယုတ္တိ ကို ချိန်ဆ၍ ဉာဏ်မြင်သမျှ ရေးပြပါဦးအံ့။

ရုပ်ဝိသေသစသည် မဟုတ်။ ။နိဗ္ဗာန်ဟူသည် စိတ် စေတသိက် ရုပ်ပရမတ်တို့မှ သီးခြားဖြစ်သော ပရမတ်တရားတည်း၊ ထို့ကြောင့် ရုပ် နာမ် သင်္ခါရနှင့် လုံးဝဆက်သွယ်ခြင်း မရှိရကား ရုပ်ဝိသေသ နာမ်ဝိသေသ မဟုတ်နိုင်ပါ၊ အဇ္စျတ္တ ဗဟိဒ္ဓနှစ်မျိုးတွင် "ဗဟိဒ္ဓါ ဓမ္မာ" ဟူသော မာတိကာပုဒ်အရတွင် ပါဝင် သော ဗဟိဒ္ဓတရားဖြစ်သောကြောင့် ခန္ဓကိုယ်အတွင်း၌ အနှစ်အမြုတေအဖြစ်ဖြင့် တည်ရှိသော ဓာတ် တစ်မျိုးလည်း မဟုတ်နိုင်ပါ၊ နိဗ္ဗာန်သည် ပုဂ္ဂိုလ် သတ္တဝါကဲ့သို့ ခံစားတတ်သော တရားလည်း မဟုတ်, ရူပ သဒ္ဒစသည်အာရုံ ကာမဂုဏ်ကဲ့သို့ ခံစားအပ်သော တရားလည်း မဟုတ်ရကား နိဗ္ဗာန်၌ ဝေဒယိတသုခ မရှိသည်မှာ အမှန်ပင်တည်း၊ သို့သော် ဝေဒယိတသုခထက် အဆပေါင်းများစွာ သာလွန်သော သန္တိသုခ အေးမြ ငြိမ်းချမ်းသောသဘောကား ဧကန်ရှိပေသည်။

ချဲ့ဦးအံ့ –ခံစားမှုဟူသော ဝေဒယိတသုခသည် ခံစား စံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ် အသစ်ရအောင် ထူထောင်ရ၏၊ ထိုအသစ်အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ၊ ထိုဒုက္ခဖြင့် ထူထောင်ပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြ သောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမှုအတွက် အပါယ်သွား၍ သုခအကြွေးကို အတိုးနှင့် တကွ ဒုက္ခဖြင့် ဆပ်ကြရသည်မှာ တွေးမိတိုင်း ဝမ်းနည်းစရာကြီးပေတည်း၊ ထိုကဲ့သို့ ခံစားမှုသုခနှင့် မရော သော သန္တိသုခသဘောကား ရုပ်နာမ်သင်္ခါရတို့ ချုပ်ငြိမ်းသဖြင့် အေးမြငြိမ်းချမ်းခြင်းသဘောပေတည်း၊ ထင်ရှားစေအံ့-လောကီအာရုံ ကာမဂုဏ်တွေ ပြည့်စုံလှသော သူဌေးတစ်ယောက်သည် အားရပါးရ အိပ်ပျော် ၍နေစဉ် လောကီအာရုံများကို ပြင်ဆင်၍ အစေခံတို့က နှိုးလာသောအခါ "အအိပ် ဖျက်ရမည်လား" ဟု ကြိမ်းဝါး မောင်းမဲမည်သာတည်း၊ ထိုသူ အိပ်နေစဉ် ခံစားမှု အထင်အရှား မရှိ၊ သို့ပါလျက် ငြိမ်းချမ်းစွာ အိပ်နေရမှုကိုပင် ခံစားမှုသုခတွေထက် နှစ်သက်ပေသေးသည်၊ ထိုခံစားမှု မပါသော အိပ်ပျော်မှုသုခကိုပင် "အိပ်ရကောင်းလိုက်တာ" ဟု အမွှန်းတင်ကြသေး၏၊ ရုပ် နာမ်အားလုံးကင်း၍ ငြိမ်းချမ်းခြင်း သန္တိသုခကား မည်မျှလောက် မွန်မြတ်လိမ့်မည်ကို မှန်းဆသင့်တော့သည်။

ဆက်ဦးအံ့ –အနာဂါမ် ရဟန္တာအရှင်မြတ်တို့သည် ရုပ် နာမ်ခန္ဓာကြီးကို လေးလံလှစွာသော ဝန်ထုပ်ကြီး ကဲ့သို့ မှတ်ထင်တော်မူကြသဖြင့် ရုပ်နာမ်ခန္ဓာမှ ကင်းနိုင်သမျှ ကင်းဖို့ရာ နိရောဓသမာပတ်ကို ဝင်စားတော်မူ ကြ၏၊ ထိုသမာပတ်အတွင်း၌ ခံစားမှု လုံးဝမရှိ, စိတ် စေတသိက်တည်းဟူသော နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ကြဘဲ ရပ်စဲနေခြင်းသာတည်း၊ ထိုကဲ့သို့ ရုပ်နာမ် အချို့တို့ ချုပ်ငြိမ်းနေခြင်းကိုပင် အင်မတန့် သုခကြီးဟု သဘောရ၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြပေသည်၊ ထို့ပြင်-အသညသတ် အရူပဗြဟ္မာ တို့၏ အဖြစ်သနစ်ကို စဉ်းစားပြန်လျှင်လည်း သန္တိသုခ အေးမြငြိမ်းချမ်းပုံသည် ထင်ရှားပြန်၏၊ အသညသတ် ဗြဟ္မာတို့၌ နာမ်တရား မရှိ, ခံစားမှု မရှိ, ကမ္ဘာ(၅၀၀)ခန့်မျှ နာမ်တရားတို့မှ အေးမြငြိမ်းချမ်းလျက် နေရ၏၊ အရူပဗြဟ္မာတို့၌ ရုပ်တရားတို့မှ အေးမြငြိမ်းချမ်းလျက်ရှိ၏၊ အထက်ဆုံး အရူပဗြဟ္မာ့သန္တာန်ဝယ် ဖြစ်ခွင့်ရှိ နေသော နာမ်တရားသည်ပင် အလွန်နည်းပါးလှချေပြီ၊ ရဟန္တာဖြစ်လျှင် မနောဒွါရာဝဇ္ဇန်း, မဟာကြိယာ(၈), နေဝသညာနာသညာယတနဝိပါက်(၁), ကြိယာ(၁), အရဟတ္တဖိုလ်စိတ်(၁)အားဖြင့် ယှဉ်ဖက်စေတသိက် များနှင့်တကွ စိတ်ပေါင်း(၁၂)ပါးသာ ဖြစ်ခွင့်ရှိတော့၏၊ ထို(၁၂)ပါးလည်း တစ်ခုစီဖြစ်နေရကား ထိုရဟန္တာ ဗြဟ္မာကြီး၌ ထိုစိတ်ကလေးတစ်ခု နောက်ထပ်မဖြစ်လျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းရတော့၏။

ထိုကဲ့သို့ ရုပ်သိမ်းသောအခါ "သန္တိသုခ" ခေါ်သော နိဗ္ဗာနဓာတ် တရားမြတ်သည် မုချဆတ်ဆတ် ထင်ရှားတော့လတ္တံ့၊ ထိုသန္တိသုခ နိဗ္ဗာနဓာတ်သည် ဘာမျှမရှိသော အဘာဝပညတ် မဟုတ်ပါ၊ အများဆိုင် ဘုံတရားကဲ့သို့ တစ်ပါးတည်းလည်း မဟုတ်ပါ၊ ကိုယ့်နိဗ္ဗာန်နှင့်ကိုယ် အသီးသီး ရှိကြ၏၊ ထို့ကြောင့်ပင် အရိယာအရှင်မြတ်တို့သည် ခန္ဓာကိုယ်ဒြဗ် ထင်ရှားရှိစဉ် မိမိတို့နိဗ္ဗာန်ကို အာရုံပြုလျက် ဖလသမာပတ် ဝင်စားတော်မူကြပေသည်၊ ထိုဖလသမာပတ် ဝင်စားခိုက်ဝယ် နိဗ္ဗာန်ကို အာရုံမှန်းလျက် စိတ်တမ်း၍ နေရ ခြင်းသည်ပင် အင်မတန်ချမ်းသာကြသောဟူ၏၊ ထို့ကြောင့် ထေရာ ထေရီ အလီလီတို့ ရွှေပြည်နိဗ္ဗာန် ဝင်စံခါ နီးဝယ် ဥဒါန်းဂါထာများကို ကျူးကာ ကျူးကာဖြင့် ရုပ်နာမ်ခန္ဓာကို အားရပါးရ စွန့်ပစ်ခဲ့ကြပေသည်၊ ရဟန္တာ အရှင်မြတ်တို့၏ ရုပ်နာမ်စွန့်ကြပုံကို စဉ်းစားလျှင် ရုပ်နာမ်ကို ခင်မင်နေသော ငါတို့လို ပုထုဇဉ်များအတွက် ရှက်ဖွယ်ကြီးပါတကား။

နိဗ္ဗာန်၏သဘော

ဝိညာဏံ အနိဒဿနံ, အနန္တံ သဗ္ဗတော ပဘံ၊ ဧတ္ထ အာပေါ စ ပထဝီ, တေဇော ဝါယော န ဂါဓတိ၊ ဝိညာဏဿ နိရောဓေန, ဧတ္ထေတံ ဥပရုဇ္စျတိ။

ဝိညာဏံ -အရိယာမွန်, ပုဂ္ဂိုလ်ချွန်တို့, ဉာဏ်လွန်ဉာဏ်မြတ်, ဉာဏ်ထူးဓာတ်ဖြင့်, သိအပ်သိပိုင်, သိနိုင် ကောင်းထသော၊ အနိဒဿနံ-အရာဝတ္ထု, မဟုတ်မှုကြောင့်, စက္ခုဖြင့်ဆိုင်, မမြင်အပ် မမြင်နိုင်ထသော၊ အနိဒဿနံ-ငြိမ်သက်အေးမြ, မွန်မြတ်လှသဖြင့်, လောကဥပမာ, ပြစရာလည်း မရှိထသော၊ အနန္တံ-ဖြစ်ခြင်း ရင့်ခြင်း, ပျက်ကွက်ခြင်းဟု, အခြင်းသုံးပါး, ပိုင်းအခြားဖြင့် ကွဲပြားမထင်, အမြဲသစ်လွင်၍ တည်ထသော၊ သဗ္ဗတော ပဘံ-သမုဒ္ဒရာ, ဆိပ်ကမ်းသာသို့, ဝင်ရာဖုံဖုံ, အားလုံးစုံအောင်, ဖုံဖုံကမ္မဋ္ဌာန်း, ဆိပ်ကမ်းအဝင်ဝ လည်းရှိထသော၊ သဗ္ဗတော ပဘံ-ကိလေသာညစ်, မမြှေးရစ်သဖြင့်, ဝင်းသစ်သည့်ပုံ, အလုံးစုံအရောင်ရှိထ သော၊ ယံ နိဗ္ဗာနံ-ဒုက္ခပြတ်ကိန်း, ဝဋ်ဇာတ်သိမ်း၍, ငြိမ်းရာအမှန်, အကြင်နိဗ္ဗာန်သည်၊ အတ္ထိ-ပရမတ်တရား, မြတ်တစ်ပါးဖြင့်, ထင်ရှားမသွေ, ရှိပါပေ၏။

ဧတ္ထ နိဗ္ဗာနေ-ဒုက္ခပြတ်ကိန်း ဝဋ်ဇာတ်သိမ်း၍, ငြိမ်းရာအမှန်, ဤနိဗ္ဗာန်ကြောင့်၊ အာပေါ စ-စိမ့်ဝင်သော အား, မလွင့်ပါးအောင်, ရုပ်များပေါင်းစပ်, ဖွဲ့စည်းသော အာပေါဓာတ်သည်လည်းကောင်း၊ ပထဝီ စ-အတူ ဖြစ်ငြား, ရုပ်အများကို, ခံထားနိုင်စွာ, ခိုင်မာသော ပထဝီဓာတ်သည်လည်းကောင်း၊ တေဇော စ-မီးကြောင့် ဖယောင်း, ပျော့၍ ပျောင်းသို့, ပျော့ပျောင်း ပြကတေ့, ရုပ်တိုင်း တွေ့အောင်, အငွေ့သဘော, တေဇောဓာတ်သည်လည်းကောင်း၊ ဝါယော စ-အတူဖြစ်လာ, ရုပ်များစွာကို, တောင့်မာစေမှု, ရွေ့အောင်ပြုသော ဝါယော ဓာတ်သည်လည်းကောင်း၊ န ဂါဓတိ-မထောက်မမှီ, မတည် မခိုင်, မဖြစ်နိုင်တော့ချေ။

ဝိညာဏဿ -ဘဝတစ်ဖန်, ပြုစီမံမည့်, ကံဟုခေါ်တွင်, ရှေးဝိညာဏ်၏၊ နိရောဓေန-အရဟတ္တမဂ်, ဉာဏ်ြ ဖင့် ဖျက်၍, ကွယ်ပျက်ချုပ်ငြိမ်း, ရုပ်သိမ်းသည့်အတွက်၊ ဝိညာဏာဿ-ရဟန္တာအရှင်, နိဗ္ဗာန်ဝင်ဖို့, ဝိညာဏ် ဟုခေါ်, စုတိစိတ်တော်၏၊ နိရောဓေန-ဥပါဒ် ဌီ ဘင်, အစဉ်စေ့ရောက်, ချုပ်ပျောက်သည့်အတွက်၊ ဧတ္ထ နိဗ္ဗာနေ-ဒုက္ခပြတ်ကိန်း, ဝဋ်ဇာတ်သိမ်းဖို့, အေးငြိမ်းရာမှန်, ဤနိဗ္ဗာန်ကြောင့်၊ ဧတံ နာမရူပံ-အို နာ သေရေး, ဒုက္ခဘေးနှင့်, ရောထွေးပိုက်ထုပ်, ဤနာမ်နှင့်ရုပ်သည်၊ ဥပရုဇ္စျတိ-မီးတောက် မီးလျှံ, ချုပ်ငြိမ်းဟန်သို့, ဧကန်မသွေ, ချုပ်ငြိမ်းရပေသတည်း။ [သီလက္ခန်, ကေဝဋ္ဋသုတ်ပါဠိတော်။]

ပုထုဇဉ် မမြင်နို်င်။ ။ဤသုတ္တန်ပါဠိတော်ကို အစဉ်လိုက်၍ စူးစူးစိုက်စိုက် စဉ်းစားသောအခါ "နိဗ္ဗာနဓာတ်သည် အထင်အရှားရှိသော ပရမတ္ထတရားတစ်ပါး ဖြစ်ပေသည်" ဟု သိသာ၏၊ မိမိသန္တာန်၌ ဖြစ်နေသောစိတ် ကိုပင် မိမိကိုယ်တိုင် (စဉ်းစားလေ့မရှိလျှင်) မသိနိုင်ရကား မိမိခန္ဓာကိုယ်တွင်း၌ မပါဝင်သော နိဗ္ဗာန်ကို ပုထုဇဉ်တို့ ဉာဏ်ဖြင့် အဘယ်မှာလျှင် သိမြင်နိုင်ပါတော့အံ့နည်း။

ဝိညာဏံ။ ။ထိုသို့ ပုထုဇဉ်တို့ဉာဏ်ဖြင့် မမြင်နိုင်သော်လည်း ထူးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့်ကား (မဂ် ဖိုလ်ရသည်နှင့် တစ်ပြိုင်နက်) လှမ်း၍ သိနိုင် မြင်နိုင်လောက်အောင် ထင်ရှားပါသည်။

အနိဒဿနံ။ ။ထိုသို့ ထင်ရှားသော်လည်း ပကတိစက္ခုဖြင့်ကား မည်သည့်နည်းနှင့်မျှ မမြင်နိုင်ပါ၊ တစ်နည်းဆိုရလျှင်… ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းအေးမြ၍ မွန်မြတ်လှသော နိဗ္ဗာန်သည် "မည်သို့သော ချမ်းသာပုံ အေးမြပုံ မွန်မြတ်ပုံနှင့် တူသည်" ဟု ထပ်တူပြဖို့ရာ ဥပမာလည်း မရှိပါ။

အနန္တံ။ ။စိတ်တစ်ခု၌ စ၍ဖြစ်ခြင်းဟူသော ဥပါဒ်အပိုင်း, ပျက်ခြင်းဟူသော ဘင်အပိုင်း, မပျက်မီ အခိုက် အတန့်မျှ တည်ခြင်းဟူသော ဌီအပိုင်းအားဖြင့် သုံးပိုင်းခွဲခြား၍ ရနိုင်သော်လည်း နိဗ္ဗာန်၌ ထိုကဲ့သို့ ပိုင်းခြား ဖို့ရာ အပိုင်းသုံးကန့် မရှိပါ၊ ထိုသို့ မရှိပါဘဲ အမြဲသစ်လွင်၍ နေပါသည်။

သဗ္ဗတော ပဘံ။ ။သမုဒ္ဒရာ၌ ဝင်ဖို့ရန် ဆိပ်ကမ်းတွေ အများအပြား ရှိသကဲ့သို့, ထို့အတူ သုံးဆယ့်ရှစ်ပါး (တစ်နည်းလေးဆယ်) အားဖြင့် များစွာသော ကမ္မဋ္ဌာန်းတရားတွေသည် နိဗ္ဗာန်ဟူသော သမုဒ္ဒရာသို့ ဝင်နိုင် ဖို့အကြောင်း ကောင်းမြတ်သော ဆိပ်ကမ်းတွေပင် ဖြစ်ပါသည်။

တစ်နည်း။ ။ပကတိစိတ်သည်ပင် ကိလေသာအညစ် မမြှေးရစ်သောအခါ အရောင်ဝင်း၍ လင်းနေသလို ထင်ရသကဲ့သို့,ထို့အတူ နိဗ္ဗာန်၌ ကိလေသာအညစ်တို့ မည်သည့်အခါမျှ မမြှေးရစ်ရကား အမြဲအရောင်ဝင်း၍ လင်းနေသလို ဖြစ်ပါသည်။

ဧတ္ထ အာပေါ…န ဂါဓတိ။ ။ယခု လောက၌ တွေ့ရသော ရုပ်နာမ်တရားတို့သည် ရုပ်ဖြစ်အောင် နာမ်က ကျေးဇူးပြု, နာမ်တည်နိုင်အောင် ရုပ်က ကျေးဇူးပြု, ရုပ်အချင်းချင်း နာမ်အချင်းချင်းလည်း ကျေးဇူးပြုသော ကြောင့် ဖြစ်ပြီးလျှင်ပျက်, ပျက်ပြီးလျှင်လည်း ထပ်၍ဖြစ်နိုင် တည်နိုင်ကြ၏၊ နိဗ္ဗာနဓာတ် တရားမြတ်ကြီးကား ရုပ်ဖြစ်အောင်လည်း ကျေးဇူးမပြု, နာမ်ဖြစ်အောင်လည်း ကျေးဇူးမပြုသောကြောင့် ဤနိဗ္ဗာန်တရား၌ ပထဝီ အာပေါ တေဇော ဝါယောဟူသော အရင်းခံဓာတ်ကြီးတို့ မထောက်မမှီ မဖြစ် မတည်နိုင်တော့ပါ။ ဝိညာဏဿ နိရောဓေန။ ။ဘဝဖန်ခါ သံသရာ၌ ပြုခဲ့သမျှ အတန်တန်ကုသိုလ် အကုသိုလ်ကံတို့သည်

အရဟတ္တမဂ်ခဏ၌ အဝိဇ္ဇာနှင့် တဏှာကို ပယ်လိုက်သောအခါ ဘဝကို စီမံရာဝယ် အဖော်သဟဲဖြစ်သော အဝိဇ္ဇာ တဏှာ အကူအညီကို မရတော့သဖြင့် ဘဝအသစ်ကို မစီမံနိုင်ကြတော့၊ အသစ်ကံလည်းမဖြစ်တော့ ရကား သံသရာစက်ရဟတ်လည်း အဆက်ပြတ်ရလေတော့သည်၊ ထို့ကြောင့် ရဟန္တာအရှင်မြတ်တို့သည် ပရိနိဗ္ဗာန်စံတော်မမူမှီ ရုပ်နာမ်နှင့်တွဲ၍ ဆင်းရဲအမျိုးမျိုးကို ခံရပါသော်လည်း (ဘုရားရှင်သည်ပင် ပရိနိဗ္ဗာန် စံတော်မူခါနီးဝယ် ဝမ်းတော်လားမှု, ဩဝါဒပေးရမှုတို့ကြောင့် ကိုယ်တော်၏ ဆင်းရဲမှုဒဏ်ကိုခံရပါသေး သော်လည်း) စုတိဝိညာဏ်တော် ချုပ်သောအခါ…

ဧတ္ထေတံ ဥပရုဇ္စျတိ။ ။ထိုနိဗ္ဗာန်တရားမြတ်၏ အအေးဓာတ်အရှိန်ကြောင့် ရုပ်နာမ်အားလုံး ဆုံးတော်မူ ရကား ရုပ်နာမ်နှင့်စပ်မှ ဖြစ်ရသော ဒုက္ခအတန်တန်လည်း မီးလျှံ မီးတောက် ငြိမ်းပျောက်သကဲ့သို့ အေးငြိမ်း ရတော့၏၊ "မီးငြိမ်း" ဟူရာ၌ မီးတောက်သည် ငြိမ်းပြီးသောအခါ တစ်စုံတစ်ခုနာမည်တပ်၍ ခေါ်ဝေါ် ပညတ် ဖို့ရာ မကျန်တော့သကဲ့သို့, ထို့အတူ ရုပ်နာမ်ခပ်သိမ်း ကုန်ငြိမ်းသောအခါ ပုဂ္ဂိုလ်ဟုလည်းကောင်း, သတ္တဝါ ဟုလည်းကောင်း, ငါဟုလည်းကောင်း, သူဟုလည်းကောင်း ခေါ်ဝေါ်ပညတ် နာမည်တပ်ဖို့ရာ တစ်စုံတစ်ခုမျှ မကျန်တော့ဟု ဆိုလိုသည်၊ ထိုသို့ နာမည်တပ်ဖို့ မကျန်သော်လည်း "မအို မသေ အမြဲတည်နေသော အမြိုက်ဓာတ်ကား သစ်သစ်လွင်လွင် အထင်အရှားပင် တည်ရှိပါသတည်း။

သဒေဝကဿ လောကဿ, ဧတေ ဝေါ သုခသမ္မတာ၊ ယတ္ထ စေတေ နိရုဇ္စျန္တိ , တံ တေသံ ဒုက္ခသမ္မတံ။

သဒေဝကဿ -ဗြဟ္မာ သိကြား, နတ်အများနှင့်တကွဖြစ်သော၊ လောကဿ-ပုထုဇဉ်ဟု, ဉာဏ်မြင် ပေတုံး, တစ်လောကလုံးသည်၊ ဧတေ-ရူပ သဒ္ဒ, စသည့်အာရုံ, ဤကာမဂုဏ်တို့ကို၊ သုခသမ္မတာ-ချမ်းသာ ဖွယ်တောင်း, အကောင်းဟု, သမုတ်အပ်ကုန်ပြီ၊ ယတ္ထ-အရိယာအများ, လွန်လေးစားသည့်, တရားမျက်ရှင်, အကြင်သို့သောနိဗ္ဗာန်၌၊ ဧတေ-ရူပ သဒ္ဒ, စသည့်အာရုံ, ဤကာမဂုဏ်တို့သည်၊ နိရုဇ္စျန္တိ-ကွယ်ပျောက်ချုပ် ငြိမ်း, ရုပ်သိမ်းကြရလေကုန်၏၊ တံ စ-ကာမဂုဏ်အားလုံး, ပြုတ်ပြုတ်ပြုန်းလျက်, ဆုံးရာအမှန်, ထိုနိဗ္ဗာန်ကို ကား၊ တေသံ-ထိုဉာဏ်မြင်ပေတုံး, ပုထုဇဉ်အားလုံးတို့သည်၊ ဒုက္ခသမ္မတံ-ခံစားဖွယ်အချက်, ကင်းသည့် တွက်ကြောင့်, သက်သက် ရှုတ်ချ၍, ဒုက္ခဟု သမုတ်အပ်လေသတည်း။ [ဧတေ ဝေါ၌ ဝေါအတွက် အနက် မရှိ။]

သုခံ ဒိဋ္ဌမရိယေဘိ, သက္ကာယဿ နိရောဓနံ၊ ပစ္စနီကမိဒံ ဟောတိ, သဗ္ဗလောကေန ပဿတံ။

သက္ကာယဿ -ပရမတ္ထအားဖြင့်, ထင်ရှားဘိတောင်း, ခန္ဓာငါးပါးအပေါင်း၏၊ နိရောဓနံ-ကင်းပျောက်ချုပ် ငြိမ်း, ရုပ်သိမ်းရာဖြစ်သော၊ သုခံ-နိဗ္ဗာနဓာတ်, ချမ်းသာမြတ်ကို၊ အရိယေဘိ-အရိယာအရှင်, သူတော်စင် တို့သည်၊ ဒိဋ္ဌံ-ဉာဏ်စက္ခုဖြင့်, စေ့ငုထင်ထင်, သိမြင်အပ်ပေပြီ၊ ဣဒံ-များပုထုဇဉ်, ဉာဏ်အမြင်ဖြင့်, မမြင်နိုင် တန်, ဤနိဗ္ဗာန်ကို၊ ပဿတံ-တပ်အပ်ထင်ထင်, ကိုယ်တိုင်မြင်သည့်, အရှင်အပေါင်း,သူတော်ကောင်းတို့မှာ၊ သဗ္ဗလောကေန-အဝိဇ္ဇာဖုံး, တဏှာတုံးဟု, အားလုံးလောက, ဟူသမျှနှင့်၊ ပစ္စနီကံ ဟောတိ-ကျောချင်းကပ် ယှဉ်, ပြေးကြအင်သို့, အစဉ်ဆက်ဆက်, ဆန့်ကျင်ဘက်အနေ, ဖြစ်ရလေတော့သတည်း။

(သဠာယတနသံယုတ်, ဒေဝဒဟဝဂ်။)

------------------

မရဏာနုဿတိ။ ။ရဟန္တာတို့၏ ဝဋ်ဒုက္ခပြတ်ကင်း၍ ပရိနိဗ္ဗာန် စံဝင်ခြင်းဟူသော သမုစ္ဆေဒမရဏ, သင်္ခါရတို့၏ ဘင်ခဏဟူသော ခဏိကမရဏ, သစ်ပင်သေသည် ပြဒါးသေသည် သံသေသည်ဟု ခေါ်ဝေါ် ရာ၌ သစ်ပင်စသည်တို့၏ သေခြင်းဟူသော သမုတိမရဏ, တစ်ဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေအစဉ်၏ ပြတ်စဲခြင်းဟူသော ဇီဝိတိန္ဒြိယုပစ္ဆေဒမရဏဟု မရဏလေးမျိုး ရှိ၏၊ ထိုတွင် သမုစ္ဆေဒမရဏသည် အများနှင့် မဆိုင် ရဟန္တာများနှင့်သာ ဆိုင်၏၊ ခဏိက မရဏသည် ဉာဏ်ဖြင့် ဆင်ခြင်၍ ထင်မြင်နိုင်ခဲ၏၊ သမ္မုတိမရဏ မှာ သံဝေဂဖြစ်ဖွယ်ရာ မဟုတ်၊ ထို့ကြောင့် ထိုသုံးပါးကို ဤအရာ၌ မလိုအပ်၊ ဇီဝိတိန္ဒြေယုပစ္ဆေဒမရဏ (သေခြင်း)သာလျှင် အများနှင့်လည်းဆိုင်, ထင်မြင်ဖွယ်လည်းရှိ, သံဝေဂဖြစ်ခြင်း၏ အကြောင်းလည်း ဟုတ် သောကြောင့် ဤဇီဝိတိန္ဒြေယုပစ္ဆေဒမရဏကို အဖန်ဖန် ဆင်ခြင်အောက်မေ့မှုသည် မရဏာနုဿတိ မည်၏။

အောက်မေ့ပုံ။ ။သူသေကောင်ကို ကြည့်၍ဖြစ်စေ, ရှေးရှေးက တွေ့မြင်အပ်ဖူးသော စည်းစိမ်ရှင်ကြီး တို့၏ သေရပုံကို ကြည့်ရှုဆင်ခြင်၍ဖြစ်စေ"မရဏံ ဘဝိဿတိ, မရဏံ ဘဝိဿတိ=ဤကဲ့သို့ သေရဦးလတ္တံ့, ဤကဲ့သို့ သေရဦးလတ္တံ့" ဟု သေခြင်းသဘောတရားကို အဖန်ဖန် ပွားများရာ၏၊ ထိုကဲ့သို့ပွားများရာ၌ အသင့်အတင့် နှလုံးသွင်းမှုလည်း ရှိစေရသည်၊ မသင့်မတင့် နှလုံးသွင်းမိ၍ သံဝေဂဉာဏ် မပါလျှင် ချစ်ခင် သူတို့ သေရမည်ကို ဆင်ခြင်ရာ၌ စိုးရိမ်သောက ဖြစ်တတ်၍, မုန်းသူ၏ သေမည်ကို ဆင်ခြင်ရာ၌ ဝမ်း မြောက်နေတတ်သည်၊ မမုန်း မချစ်အပ်သူတို့၏ သေခြင်းကို ဆင်ခြင်ရာ၌ သေခြင်းသဘော မထင်နိုင်ဘဲ အမှတ်တမဲ့သာ ဖြစ်တတ်၍, မိမိသေရမည်ကို ဆင်ခြင်ရာ၌ ကြောက်ရွံ့ ထိတ်လန့်တတ်သည်၊ သို့ဖြစ်၍ သတိသံဝေဂ ရှေ့သွားဖြင့် အသင့်အတင့် နှလုံးထား၍ မည်သူ၏ သေခြင်းမဆို သေခြင်းသဘော တရားကိုသာ ပွားများ ဆင်ခြင်ရာ၏။

---------------

ကာယဂတာသတိ။ ။ကာယသဒ္ဒါသည် "အပေါင်း" ဟူသော အနက်ကို ဟော၏၊ "ဆံပင် အမွေးစသော (၃၂)ပါးသောအစုအဝေးတို့၏ အပေါင်း" ဟူလို၊ ကာယေ-ဆံ အစရှိသော အစုအဝေးအပေါင်း၌၊ ဂတာ- (အာရုံပြုသောအားဖြင့်) ဖြစ်သော သတိတည်း၊ ကာယဂတာသတိ-ဆံ အစရှိသော အစုအဝေးအပေါင်း၌ ဖြစ်သော သတိ၊ [ကာယဂတသတိဟု ဖြစ်သင့်လျက် တာ၌ အာကို ရဿမပြုဘဲ ထားသည်၊] ဤကာယ ဂတာသတိကမ္မဋ္ဌာန်းကို ဒွတ္တိံသာကာရကမ္မဋ္ဌာန်းဟုလည်းကောင်း, ကောဋ္ဌာသကမ္မဋ္ဌာန်းဟုလည်းကောင်း ခေါ်၏၊ [ဒွတ္တိံသာကာရ-(၃၂)ပါး အပြားရှိသော ကမ္မဋ္ဌာန်း၊ ရှေးရိုက်စာအုပ်များ၌ "ဒွတ္တိံသကာယ" ဟု မှား၏၊ ပဋိကူလမနသိကာရဝသေန ဒေသိတံ ဒွတ္တိံသာကာရကမ္မဋ္ဌာနံ၊ ဣဒမ္ပိ စ ကာယဂတာသတီတိ အဓိပ္ပေတံ၊ (ဝိသုဒ္ဓိမဂ်)၊ အာကာရာ ပကာရာတိ ဟိ ဧကော အတ္ထော၊ (မဟာဋီကာ)။] ကောဋ္ဌာသသဒ္ဒါသည် အဖို့အစု (အစုအဝေး) ဟူသော အနက်ကို ဟော၏။

ပါဠိလိုရွတ်နိုင်။ ။ဤကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ပုဂ္ဂိုလ်သည် ပါဠိကို နားလည်သူဖြစ်က"အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော, မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ, ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖာသံ, အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ မတ္ထလုင်္ဂံ, ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ, အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ" ဟု ပါဠိအတိုင်း ရွရွနှုတ်တက် ဆောင်ရွက်ကျက်မှတ် ၍ ရှေးဦးစွာ နှုတ်ဖြင့် ရွတ်ဆို သရဇ္စျာယ်ရာ၏။

မြန်မာလိုရွတ်နိုင်။ ။ပါဠိကို နားမလည်လျှင် ဤငါ့ကိုယ်တွင် ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ, အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့, နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်, အူမ အူသိမ် အစာသစ် အစာဟောင်း ဦးဏှောက်,သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ, မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ်"ဟု မြန်မာလို နှုတ်တက်ကျက်၍ ရွတ်ဆိုသရဇ္စျာယ်ရာ၏။ ဤကောဋ္ဌာသတို့၏ အကျယ်ကို ဝိသုဒ္ဓိမဂ်စသည်၌ ရှုပါ၊ ရုပ်ပုံရှင်ကျင့်ဝတ်၌ အနက်ကျယ်ပါသည်။

အာနာပါနဿတိ။ ။အာနာပါနေ-ဝင်သက် ထွက်သက်၌၊ ပဝတ္တာ-အာရုံပြုသောအားဖြင့်ဖြစ်သော၊

သတိ -သတိသည်၊ အာနာပါနဿတိ-အာနာပါနဿတိ မည်၏၊ မိမိ၏ ဝင်သက် ထွက်သက်ကို အာရုံပြု သော သတိသည် အာနာပါနဿတိ မည်၏၊ ဤအာနာပါနဿတိကို ယခုအခါ အမျိုးမျိုးနည်းဖြင့် အားထုတ် လျက် ရှိကြ၏၊ ထိုတွင် နည်းအချို့မှာ ဝိသုဒ္ဓိမဂ် စသည်တို့၌လာသောနည်းနှင့် ဆန့်ကျင်ကွဲလွဲ၏၊ ထို့ကြောင့် သူတော်ကောင်းစင်စစ် ဖြစ်လိုသူတို့မှာ ကျမ်းဂန်လာအတိုင်း ကြိုးစား အားထုတ်သင့်ပါသည်။

အာန အပါန။ ။အာနာပါန ဆိုသည်နှင့် အဿာသ ပဿာသ ဆိုသည်မှာ သဘောတူပင်တည်း၊ အာနာ ပါန-အာန+အပါန၊ "အာန-ထွက်သက်+အပါန-ဝင်သက်"ဟု ဝိနည်းအဋ္ဌကထာ ဆို၏၊ ဤဝိနည်းအဋ္ဌကထာ ကား ပထမဖြစ်ပုံအစဉ် (ဥပ္ပတ္တိက္ကမ)အတိုင်း ဆို၏၊ ဂဗ္ဘသေယျကသတ္တဝါတို့သည် အမိဝမ်း၌နေစဉ် အသက် မရှူမရှိုက်ကြရသဖြင့် ဖွားမြင်သည်နှင့် တစ်ပြိုင်နက် ဝမ်းတွင်းမှလေတို့ အပြင်ဘက်သို့ ရှေးဦးစွာ ထွက်ကြ ၏, ထို့နောက် အပြင်က လေကို ရှူသဖြင့် ဝမ်းတွင်းသို့ လေဝင်ရသည်၊ ထို့ကြောင့် ထွက်သက်(ရှိုက်လေက) ပထမဖြစ်၍ ဝင်သက်(ရှူလေက) နောက်မှ ဖြစ်ကြရသည်။ [အာနနံ-ရှိုက်ခြင်း၊ ဝါ-ရှိုက်ခြင်းကြောင့်ဖြစ်သော ထွက်သက်လေ၊ အာနံ-ရှိုက်ခြင်း၊ ဝါ-ထွက်သက်လေ၊ အပါနံ၌ "အပ+အာန" ဟု ပုဒ်ဖြတ်၊ အပသဒ္ဒါသည် ပစ္ဆာအနက်တည်း၊ ပစ္ဆာ-နောက်မှ၊ အာနနံ-ရှူခြင်း (ရှူခြင်းကြောင့်ဖြစ်သော ဝင်သက်လေ)သည်၊ အပါနံ- မည်၏။

အဿာသ ပဿာသ။ ။အဿာသော၌ "အာ+သာသ" ဟု ပုဒ်ဖြတ် အာသဒ္ဒါသည် အာဒိအနက်ဟော တည်း၊ အာဒိမှိ-အစ၌၊ သသနံ-ရှိုက်ခြင်းသည်၊ အဿာသော-အဿာသ မည်၏၊ ပဿာသော၌ "ပ+သာသ" ဟု ပုဒ်ဖြတ်၊ ပသဒ္ဒါသည် ပစ္ဆာအနက်ဟောတည်း၊ ပစ္ဆာ-နောက်မှ၊ သသနံ-ရှူခြင်းသည်၊ ပဿာသော-ပဿာသ မည်၏။

သုတ္တန်အဋ္ဌကထာ။ ။သုတ္တန်အဋ္ဌကထာတို့၌ကား ကမ္မဋ္ဌာန်းအားထုတ်မှုကို အစွဲပြု၍ ပဝတ္တိအခါ၌ ဖြစ်ပုံ အစဉ် (ပဝတ္တိက္ကမ) အတိုင်း ဝင်သက်ကို အဿာသ-အာနဟု ဆို၍, ထွက်သက်ကို ပဿာသ-အပါနဟု ဆို၏၊ ဤအာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သူတို့သည် ရှေးဦးစွာ ဝင်သက်လေကို (ရှူလေကို) အာရုံပြု၍, နောက်မှ ထွက်သက်လေကို (ရှိုက်လေကို) အာရုံပြုသတတ်၊ ပုဒ်အကြံမှာ မထူးပြီ၊ ထွက်သက်အရာ၌ ဝင်သက်, ဝင်သက်အရာ၌ ထွက်သက်ဟု ပြောင်းလွှဲဆိုရုံသာတည်း။ [ဤအာနာပါန မရနိုင်သူများကို ရူပပဝတ္တိက္ကမ၌ ပြခဲ့ပြီ။]

ကြံဖွယ်။ ။ဗုဒ္ဓါနုဿတိစသည်၌ အနုသဒ္ဒါ ပါ၍, ကာယဂတာသတိနှင့် အာနာပါနဿတိတို့၌ အနုသဒ္ဒါ မပါ၊ ဘာ့ကြောင့်ပါနည်းဟု စဉ်းစားသော် ဗုဒ္ဓ စသည်တို့၏ ဂုဏ်သည် ပရမတ်တရားများ ဖြစ်၏, အလွန် နက်နဲ၏၊ ထို့ကြောင့် အဖန်ဖန်အထပ်ထပ် ရှုမှသာ ထင်မြင်နိုင်သောကြောင့် "အနုဿတိ" ဟု အနုသဒ္ဒါနှင့် တကွ ပြ၍, ကာယနှင့် အာနာပါနတို့ဝယ် ကာယဟူသည် ကောဋ္ဌာသပညတ်တရားတည်း, အာနာပါနဟူသည် ဝါယောဓာတ်အပေါင်းဖြစ်သော သမူဟပညတ်ပင်တည်း၊ ထိုသို့ ပညတ်ဖြစ်၍ ပရမတ်အာရုံများ လောက် မသိမ်မွေ့ မခက်ခဲသဖြင့် အနုသဒ္ဒါ မထည့်ဘဲ "ကာယဂတာသတိ, အာနာပါနဿတိ" ဟု ဟောပြ တော်မူဟန်တူသည်။–ဤကား အကြံ။

-----------------

အပ္ပမညာလေးပါး

မေတ္တာ။ ။မိဇ္ဇတိ သိနိယှတိ-ချစ်ခင်စိုစွတ်, စေးကပ်တတ်၏၊ ဣတိ-ကြောင့်၊ မေတ္တာ-မေတ္တာမည်၏၊ တရားကိုယ်အားဖြင့် အဒေါသစေတသိက်တည်း၊ ပိယမနာပဖြစ်သော သတ္တဝါပညတ်ကို အာရုံပြု၏၊ [ပိယ- ချစ်အပ်+မနာပ=စိတ်ကို တိုးပွားစေတတ်သူ၊ ဝါ-မြတ်နိုးအပ်သူ၊] သတ္တဝါတစ်ယောက်ယောက်ကို အာရုံပြု ၍ ဒေါသဖြစ်သောအခါ ထိုဒေါသနှင့်ယှဉ်သော စိတ်ဓာတ်သည် စိုစိုဖပ်ဖပ် မရှိ, ခြောက်ကပ်ကပ် ဖြစ်လျက် အာရုံပြု၏၊ မေတ္တာကား သတ္တဝါတို့ အပေါ်၌ စိုစိုဖပ်ဖပ် စေးကပ်လျက် အာရုံပြုသည်။

မေတ္တာတု။ ။တဏှာပေမ အချစ်မျိုးလည်း ချစ်ခင်အပ်သူအပေါ်၌ စေးကပ် စိုစွတ်လျက် အာရုံပြု၏၊ သို့ဖြစ်၍ ထိုအချစ်မျိုးကို "မေတ္တာ"ဟု ခေါ်ကြ၏၊ မေတ္တာအစစ်မှာ ကုသိုလ် ကြိယာနှစ်မျိုးတွင် တစ်ပါးပါးသာ တည်း၊ တဏှာပေမကား လောဘ (အကုသိုလ်)ပင် ဖြစ်၏၊ ထို့ကြောင့် သားမယားချစ်, ဆွေမျိုးချစ်စသော သံယောဇဉ်မကင်းသော ချစ်ခြင်းများ၌ မေတ္တာစစ် မဟုတ်,တဏှာပေမသာ များ၏၊ ထိုအချစ်မျိုးကို ကျမ်းဂန် တို့၌ ဂေဟဿိတပေမဟု ဆိုသည်၊ "အိမ်၌ မှီသောအချစ်"ဟူလို၊ ဘုရားရှင်၏ ငယ်ကျွန်တော်ရင်း ဖြစ်သော ဆန္နထေရ်သည်ပင် ဘုရားရှင်၏အပေါ်၌ ထိုဂေဟဿိတပေမ (အရှင်သခင်ချစ်) ချစ်လျက် သံယောဇဉ်ဖြစ် နေသောကြောင့် ဘုရား ထင်ရှားရှိတော်မူစဉ် တရားထူး မရ, ပရိနိဗ္ဗာန်စံမှ သံယောဇဉ်ပြတ်၍ တရားထူး ရသည်။

ဆက်ဦးအံ့ –ထိုကဲ့သို့ သားချစ် မယားချစ် ဆွေမျိုးချစ် စသည်ဖြင့် ချစ်အပ်သူ့ အပေါ်မှာ တစ်ရံတစ်ခါမျှ မေတ္တာစစ် မဖြစ်နိုင်တော့ဘူးဟု မမှတ်ရ, အခါပေါင်းများစွာ မေတ္တာအစစ်လည်း ဖြစ်ကြပေမည်သာ၊ ထို့ကြောင့် မေတ္တာ၏ အကျိုးကို

ပြရာ၌ သားကို နို့တိုက်နေသော နွားမ၏ တန်ခိုးကို ပြသည်၊ [နို့တိုက်နေသောနွားမကို မုဆိုးက လှံဖြင့်ထိုးရာ လှံမစူးဘဲ ထန်းရွက်ကဲ့သို့ လျောကျသွား သတတ်၊] အချုပ်မှာ-မခွဲနိုင် မခွာရက်အောင်ပင် သံယောဇဉ်ဖြစ် ရသော အချစ်သည် တဏှာပေမ (ဂေဟဿိတပေမ) တည်း၊ ခွဲသာခွာသာ အကျိုးစီးပွားကို လိုလားသော မေတ္တာသဘောကား အစစ်တည်း၊ ထို့ကြောင့် မေတ္တာဘာဝနာကို ပွားများရာ၌ ဒေါသတည်းဟူသော အဝေး ရန်သူ, မေတ္တာအတုတည်းဟူသော အနီးရန်သူ, ဤနှစ်ပါးကို ရှောင်ရှား၍ ပွားများရသည်။

ငါးရာ့နှစ်ဆယ်ရှစ်သွယ်မေတ္တာ

ငါးရာ့နှစ်ဆယ်ရှစ်သွယ်မေတ္တာ။ ။မေတ္တာစိတ်ဖြင့် သူတစ်ပါးကို မှန်း၍ အာရုံပြုမှုကို ယခုကာလ၌ "မေတ္တာပို့သည်-မေတ္တာကို စေလွှတ်သည်" ဟု ပြောစမှတ် ပြုကြ၏၊ ထိုမေတ္တာပို့နည်းကို ကျမ်းဂန်တို့၌ (၅၂၈)မျိုး ပြ၏၊ (၅၂၈)မျိုးကား-အနောဓိသောမေတ္တာဖရဏာနည်း(၅), ဩဓိသောမေတ္တာဖရဏာနည်း(၇), ပေါင်း(၁၂)တည်း၊ ထို(၁၂)ကို "အဝေရာဟောန္တု, အဗျာပဇ္ဇာ ဟောန္တု, အနီဃာ ဟောန္တု, သုခီ အတ္တာနံ ပရိဟရန္တု" ဟူသော "န္တု" လေးခုဖြင့် မြှောက်လျှင် (၄၈)ဖြစ်၏၊ ဤ(၄၈)ကို အရပ်ဆယ်မျက်နှာဖြင့် မြှောက်လျှင်(၄၈၀)ဖြစ်၏၊ ဤ(၄၈၀)နှင့် မူလ(၄၈)ပေါင်းသော် "ငါးရာ့နှစ်ဆယ် ရှစ်သွယ်မေတ္တာ" ဖြစ်၏။

[ဆောင်] နောဓိ-ပဉ္စ, ဩ-သတ္တဖြင့်, ဒွါဒသဟု, ပုဂ္ဂိုလ်စုကို, န္တုလေးဖြာ, မြှောက်ဆင့်ပါမူ, ရှစ်ဖြာလေး ဆယ်, ဂဏန်းကြွယ်၏၊ ရပ်ဆယ်ဖြင့်လှောက်, ထပ်ဆင့်မြှောက်၍, မှတ်လောက်ပွားက, လွန်များ လှသည်, …ငါးရာ့နှစ်ဆယ် ရှစ်စွန်းတည်း။ [ န္တုကို "နတု" ဟု ဖတ်။]

နောဓိ -ပဉ္စ။ ။"သဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ, သဗ္ဗေ ဘူတာ, သဗ္ဗေ ပုဂ္ဂလာ, သဗ္ဗေ အတ္တဘာဝပရိယာ ပန္နာ" ဤငါးပါးသည် "မည်သူ မည်ဝါ, ယောကျ်ား မိန်းမ" စသည်ဖြင့် ပိုင်းခြား ကန့်သတ်ခြင်း မရှိသော ကြောင့် "အနောဓိသောဖရဏာ" ငါးမျိုးတည်းဟု မှတ်ပါ။ [အနောဓိ၌ ဩဓိသဒ္ဒါသည် အရေးအသား, အပိုင်း အခြား, အဖို့အစုဟူသော အနက်ကို ဟော၏၊ "အနောဓိသော-အပိုင်းအခြား မရှိသောအားဖြင့်၊ မေတ္တာ ဖရဏာ-မေတ္တာကို ဖြန့်ခြင်း"၊] "အနောဒိဿမေတ္တာ" ဟုလည်း ခေါ်ကြသည်။

ဩ -သတ္တ။ ။"သဗ္ဗာ ဣတ္ထိယော, သဗ္ဗေပုရိသာ, သဗ္ဗေ အရိယာ, သဗ္ဗေ အနရိယာ, သဗ္ဗေ ဒေဝါ, သဗ္ဗေ မနုဿာ, သဗ္ဗေ ဝိနိပါတိကာ" ဤ(၇)ပါးကား မိန်းမနှင့် ယောကျ်ားကို တစ်ကန့်စီ, အရိယာနှင့် ပုထုဇဉ်ကို တစ်ကန့်စီ, နတ် လူနှင့် ဝိနိပါတိကကိုလည်း တစ်ကန့်စီ, ဤသို့ ပိုင်းခြား ကန့်သတ်လျက် သူ့အဖို့နှင့်သူ အာရုံယူရသောကြောင့် ဩဓိသောမေတ္တာဖရဏာ မည်၏၊ [ဩဒိဿမေတ္တာဟုလည်း ခေါ်ကြသည်။]

န္တုလေးဖြာ , မြှောင်ဆင့်ပါမူ။ ။ထို(၁၂)မျိုးသော ပုဂ္ဂိုလ်တို့ကို မေတ္တာပို့ရာ၌ အဆုံး အဆုံးမှာ "အဝေရာ ဟောန္တု" စသော လေးမျိုးတွင် တစ်မျိုးမျိုးပါရ၏၊ ဥပမာ- "သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု, သဗ္ဗေ သတ္တာ အဗျာပဇ္ဇာ ဟောန္တု, သဗ္ဗေ သတ္တာ အနီဃာ ဟောန္တု, သဗ္ဗေ သတ္တာ သုခီအတ္တာနံ ပရိဟရန္တု" ဟူသည် တည်း၊ ဤသို့ ပုဂ္ဂိုလ်(၁၂)မျိုးကို မေတ္တာပို့ရာ၌ "န္တု" လေးပါးတွင် တစ်ပါးပါးဖြင့် အဆုံးသတ်ရသောကြောင့် ထိုပုဂ္ဂိုလ်(၁၂)ယောက်ကို န္တုလေးခုဖြင့် မြှောက်၍ (၄၈)ပါး မေတ္တာပွားနည်း ဖြစ်သည်။

ရပ်ဆယ်ဖြင့်လှောက်။ ။ထို(၄၈)ပါးကို "ပုရတ္ထိမာယဒိသာယ, ပစ္ဆိမာယဒိသာယ, ဥတ္တရာယဒိသာယ, ဒက္ခိဏာယဒိသာယ, ပုရတ္ထိမာယအနုဒိသာယ, ပစ္ဆိမာယအနုဒိသာယ, ဥတ္တရာယအနုဒိသာယ, ဒက္ခိဏာယ အနုဒိသာယ, ဟေဋ္ဌိမာယဒိသာယ, ဥပရိမာယဒိသာယ" ဟု အရပ်ဆယ်မျက်နှာဖြင့် မြှောက်ဆင့်ပွားများ လျှင် ပွားနည်း(၄၈၀) ဖြစ်၏၊ ပွားများပုံကား- "ပုရတ္ထိမာယဒိသာယ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု, ပုရတ္ထိ မာယဒိသာယ သဗ္ဗေ သတ္တာ အဗျာပဇ္ဇာ ဟောန္တု, ဤသို့စသည်ဖြင့် ပုရတ္ထိမဒိသာနှင့် တွဲဖက်၍ (၄၈)ထွက် ၏၊ ပစ္ဆိမဒိသာစသည်နှင့် တွဲဖက်၍လည်း (၄၈)ထွက်၏၊ ဤသို့ အရပ်ဆယ်မျက်နှာနှင့် တွဲဖက်၍ (၄၈) ဆယ်လီ (၄၈၀) ထွက်၏၊ အရပ်ဆယ်မျက်နှာနှင့် မတွဲဖက်ဘဲ ပွားများရသော မူလ(၄၈)နှင့် ပေါင်းသော် (၅၂၈) ပွားနည်းဖြစ်၏။

မှတ်ချက်။ ။ဤငါးရာ့နှစ်ဆယ်ရှစ်သွယ် မေတ္တာသည် မေတ္တာပွားနည်း အပြားသာ ဖြစ်၏၊ လူတစ် ယောက်အပေါ်ဝယ် ဤငါးရာ့နှစ်ဆယ်ရှစ်သွယ် မေတ္တာစိတ်ဖြင့်အာရုံပြုနိုင်သည်"ဟု ယခုကာလ ထင်မှားပုံကို သတိထားပါ၊ "သဗ္ဗေ သတ္တာ" အရာဝယ် သတ္တဝါကို ဟောသော "သဗ္ဗေ ဇီဝါ, သဗ္ဗေ ဇန္တူ" စသည်ဖြင့်လည်း ပွားများကောင်းပါ၏၊ သို့သော် ပါဠိတော်၌ကား အများအနက်ထင် လွယ်သော သတ္တ, ပါဏ, ဘူတ, ပုဂ္ဂလ, အတ္တဘာဝပရိယာပန္နပုဒ်များကိုသာ ပြထားပေသည်၊ ပါဠိကို မဆိုဘဲ "အားလုံး သတ္တဝါတွေ ဘေးရန်ကင်းကြပါစေ, အားလုံးသတ္တဝါတွေ ဒေါမနဿ ဗျာပါဒ ကင်းကြပါစေ, အားလုံးသတ္တဝါတွေ ဆင်းရဲဒုက္ခ ကင်းကြပါစေ, အားလုံးသတ္တဝါတွေ ချမ်းချမ်းသာသာ မိမိခန္ဓာကိုယ်ကို ဆောင်ရွက်နိုင်ကြပါစေ" ဟု မြန်မာလိုလည်း မေတ္တာပို့ကောင်း ၏၊ မြန်မာလူမျိုးတို့၌ မြန်မာလို ရွတ်ဆိုပို့သခြင်းက သာ၍ ထင်မြင်၏၊ [ဝေရအရ၌ "အတွင်းရန်" ဟူရာဝယ် ဒေါသနှင့်တကွ အကုသိုလ် များတည်း၊ ထို့ကြောင့် "အဗျာပဇ္ဇ" အရ၌ ဒေါသကို မယူဘဲ ဒေါမနဿကို ယူရသည်။]

အနက်။ ။ပုရတ္ထိမာယဒိသာယ-အရှေ့အရပ်၌၊ ပစ္ဆိမာယဒိသာယ-အနောက်အရပ်၌၊ ဥတ္တရာယဒိသာ ယ-မြောက်အရပ်၌၊ ဒက္ခိဏာယဒိသာယ-တောင်အရပ်၌၊ ပုရတ္ထိမာယအနုဒိသာယ-အရှေ့တောင်ထောင့် အရပ်၌၊ ပစ္ဆိမာယအနုဒိသာယ-အနောက်မြောက်ထောင့်အရပ်၌၊ ဥတ္တရာယအနုဒိသာယ-အရှေ့မြောက် ထောင့်အရပ်၌၊ ဒက္ခိဏာယအနုဒိသာယ-အနောက်တောင်ထောင့်အရပ်၌၊ ဟေဋ္ဌိမာယဒိသာယ-အောက် အရပ်၌၊ ဥပရိမာယဒိသာယ-အထက်အရပ်၌၊ သဗ္ဗေ သတ္တာ-အလုံးစုံသော သတ္တဝါတို့သည်၊ သဗ္ဗေ ပါဏာ- အလုံးစုံသော အသက်ရှိသူတို့သည်၊ သဗ္ဗေ ဘူတာ-အလုံးစုံသော ဖြစ်နေသူတို့သည်၊ သဗ္ဗေ ပုဂ္ဂလာ-အလုံး စုံသော ပုဂ္ဂိုလ်တို့သည်၊ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ-အလုံးစုံသော အတ္တဘော၌ အကျုံးဝင်သူတို့သည်၊ (သဗ္ဗာ ဣတ္ထိယော စသည်၌ အနက်ထင်ရှားပြီ၊) သဗ္ဗေ ဝိနိပါတိကာ-အလုံးစုံသော အပါယ်ဘုံသားတို့သည်၊ အဝေရာ-ကိုယ်တွင်း ကိုယ်ပ, ရန်မရှိကြကုန်သည်၊ အဗျာပဇ္ဇာ-ဒေါမနဿ, ဗျာပါဒဟု, စိတ်ဆင်းရဲမှု မရှိကြ ကုန်သည်၊ အနီဃာ-ဆင်းရဲဒုက္ခ မရှိကြကုန်သည်၊ သုခီ-ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြကုန်သည်၊ (ဟုတွာ) အတ္တာနံ-မိမိအတ္တဘောကို၊ ပရိဟရန္တု-ဆောင်ရွက်နိုင်ကြပါစေ။ [အားလုံး မေတ္တာပို့နည်းအတွက် အနက်ကို ရော၍ ရေးလိုက်သည်။]

ကရုဏာ။ ။အာရုံ ဝစနတ္ထနှင့်တကွ ကရုဏာအစစ် အတုများကို စေတသိက်ပိုင်း၌ ပြခဲ့ပြီ၊ ဤကရုဏာ လည်း "သဗ္ဗေ သတ္တာ ၊ပေ၊ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ" ဟု အနောဓိသောဖရဏာ(၅)မျိုး, သဗ္ဗာ ဣတ္ထိယော စသော ဩဓိသောဖရဏာ (၇)မျိုးအားဖြင့် ပုဂ္ဂိုလ်နှင့်စပ်၍ (၁၂)မျိုးရ၏၊ ထို(၁၂)မျိုးလုံးမှာပင် "ဒုက္ခာ မုစ္စန္တု=အားလုံးသတ္တဝါတွေ ဒုက္ခမှ လွတ်မြောက်ကြပါစေ" ဟု ဒုက္ခိတသတ္တဝါ (ဆင်းရဲနေသူကို) အာရုံပြု၍ ပွားများရာ၏၊ ထို(၁၂)မျိုးကို "ပုရတ္ထိမာယဒိသာယ သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု" စသည်ဖြင့် အရပ် ဆယ်မျက်နှာနှင့် တွဲဖက်၍ ပွားများလျှင် ဒိသာဖရဏာပွားနည်း (၁၂၀)ဖြစ်၏၊ မူလအနောဓိသောဖရဏာ (၅), ဩဓိသောဖရဏာ(၇)ပါးနှင့် ပေါင်းသော် ကရုဏာပွားနည်း (၁၃၂)မျိုး ဖြစ်၏၊ ဤကရုဏာပွားရာ၌ ဒုစရိုက်အားကြီးနေသော သုခိတသတွာကို အာရုံပြု၍လည်း နောက်ဘဝ၌ ရောက်ရမည့် အပါယ်ဘေးကို တွေးတောကာ ပွားများနိုင်ပါသည်။

မုဒိတာ။ ။အာရုံ ဝစနတ္ထနှင့်တကွ မုဒိတာအစစ် အတုများကို စေတသိက်ပိုင်း၌ ပြခဲ့ပြီ၊ မြှောက်ပွားပုံမှာ လည်း ကရုဏာအတိုင်း မြှောက်ပွား၍ (၁၃၂)ပါးရ၏၊

"ဒုက္ခာ မုစ္စန္တု" အရာဝယ် "ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု" ဟူသော စကားကို လဲလှယ် ပွားများရုံသာ တည်း၊ ဥပေက္ခာအပြားလည်း အတူပင်ဖြစ်၏၊ [ယထာလဒ္ဓသမ္ပတ္တိတော-အကြင် အကြင် ရအပ်သော စည်းစိမ်မှ၊ မာ ဝိဂစ္ဆန္တု-မကင်းလွတ်နိုင်ကြပါစေ၊ "ရှိပြီးသောချမ်းသာမှ လက်မလွတ်ကြပါစေ" ဟူလို။]

[ ဆောင်] နောဓိ-ပဉ္စ, ဩ-သတ္တဖြင့်, ဒွါဒသဟု, ပုဂ္ဂိုလ်စုကို, ပြု၍အာရုံ, ပွားများတုံလော၊ တစ်ဖုံဆယ်ဖြာ, ရပ်ဒိသာဖြင့်, မြှောက်ကာဆက်သွယ်, ရာ့နှစ်ဆယ်တည်း၊ နှစ်သွယ်ပေါင်းစစ်, သုံးဆယ့်နှစ်တို့, စွန်းလစ်တစ်ရာ, ကရုဏာနှင့်, ပေက္ခာ-မုဒိ, ပြားတူရှိသည်,…မြှောက်ကြည့်လေတော့ မခဲတည်း။

ဥပေက္ခာ။ ။ဥပေတိ-မုန်း ချစ် မပြု, သင့်တော်ရုံ ရှုတတ်၏၊ ဣတိ-ကြောင့်၊ ဥပေက္ခာ-ဥပေက္ခာမည်၏၊ မေတ္တာသဘောကဲ့သို့ သူတစ်ပါး၏ စီးပွားကို ဆောင်ရွက်လိုခြင်းလည်း မရှိရ, ကရုဏာသဘောကဲ့သို့ သူတစ်ပါး၏ဆင်းရဲကို ပယ်ရှားလိုခြင်းလည်း မရှိရ, မုဒိတာသဘောကဲ့သို့ သူတစ်ပါး ချမ်းသာနေသည်ကို ဝမ်းမြောက်ခြင်းလည်း မရှိရဘဲ သတ္တဝါတို့အပေါ်၌ "သဗ္ဗေ သတ္တာ ကမ္မဿကာ=အလုံးစုံသော သတ္တဝါ တို့သည် ကံသာ ကိုယ်ပိုင်ဥစ္စာ ရှိကြ၏" ဟု ကမ္မဿကာ ချတတ်သော သဘောသည် ဥပေက္ခာသဘော တည်း၊ တရားကိုယ်မှာ တတြမဇ္စျတ္တတာစေတသိက်တည်း၊ လျစ်လျူရှုအပ်သော သတ္တဝါပညတ်ကို အာရုံ ပြု၏၊ "ဒုက္ခာ မုစ္စန္တု" အရာဝယ် "ကမ္မဿကာ" ကို လဲလှယ်၍ ကရုဏာနည်းတူ မြှောက်ပွားပါ။ [လျစ်လျူရှု တိုင်းလည်း ဥပေက္ခာ ဗြဟ္မာဝိဟာရမဟုတ်, သတ္တဝါတို့ အပေါ်၌ ချစ်ရ မုန်းရမှန်း မသိ၍ လျစ်လျူရှုနေသော အညာဏုပေက္ခာ (အညာဏ-ဥပေက္ခာ) လည်း ရှိသေး၏၊ တရားကိုယ်မှာ မောဟတည်း။]

ဥပေက္ခာနှစ်မျိုး။ ။ပါရမီဆယ်ပါး၌လာသော ဥပေက္ခာပါရမီနှင့် ဤဥပေက္ခာဗြဟ္မဝိဟာရသည် မတူ တတ်ပေ၊ ပါရမီဥပေက္ခာသည် သတ္တဝါတို့က မိမိအပေါ်၌ ကောင်းမွန်စွာ ပြုမူ မတော်တရော် ပြုမှုများကို အာရုံပြု၍ စိတ်မဆိုး ဝမ်းမသာဘဲ လျစ်လျူရှုနိုင်သောသဘောတည်း၊ ဤဥပေက္ခာဗြဟ္မဝိဟာရကား ထိုပြုမှု မျိုးနှင့် မဆိုင်, သက်သက် သတ္တဝါတို့အပေါ်၌ မေတ္တာ ကရုဏာ မုဒိတာ မဖြစ်ဘဲ လျစ်လျူရှုနိုင်သော သဘောတည်း။

သီလက္ခန်ဋီသစ်။ ။ကထံ ပန မဟာကရုဏိကာ ဗောဓိသတ္တာ သတ္တေသု ဥပေက္ခာ ဟောန္တီတိ၊ န သတ္တေသု ဥပေက္ခကာ, သတ္တကတေသု ပန ဝိပ္ပကာရေသု ဥပေက္ခကာ ဟောန္တီတိ ဣဒမေဝေတ္ထ ယုတ္တံ။

ဗြဟ္မဝိဟာရ။ ။ဝိဟရန္တိ ဧတေဟီတိ ဝိဟာရာ, ဗြဟ္မာနော ဝိဟာရာ ဗြဟ္မဝိဟာရာ၊ ဧတေဟိ-ဤတရား တို့ဖြင့်၊ သပ္ပုရိသာ-သူတော်ကောင်းတို့သည်၊ ဝိဟရန္တိ-နေကြကုန်၏၊ ဣတိ-ကြောင့်၊ ဝိဟာရာ-ဝိဟာရတို့ မည်၏၊ ဤတရားလေးပါးတွင် တစ်ပါးပါးကို သတ္တဝါတို့အပေါ်၌ ပျံ့နှံ့စေလျက် (ပို့သလျက်) နေခြင်းသည် မွန်မြတ်သော နေခြင်းပေတည်း။ [အခြားတစ်နည်း ရှိသေး၏, ဝိသုဒ္ဓိမဂ်၌ ရှုလေတော့။]

-----------------

အာဟာရေ ပဋိကူလသညာ။ ။စားသောက်ဖွယ် အစာဟူသမျှကို အာဟာရဟု ခေါ်၏၊ ထိုအာဟာရ၌ "စက်ဆုပ်ရွံဖွယ်ရာ"ဟု မှတ်ထင်လာအောင် ဆင်ခြင်မှုကို "အာဟာရေ ပဋိကူလသညာ"ဟု ခေါ်၏၊ ထိုကဲ့သို့ ပဋိကူလသညာ ဖြစ်ပေါ်လာအောင် ဆင်ခြင်ရာ၌ ဆင်ခြင်နည်း(၁၀)မျိုး ပြား၏၊-အကျယ်ကို ဝိသုဒ္ဓိမဂ်မှာ ရှု၊ အကျဉ်းချုပ်ကား-

ဂမနာ ဧသနာ ဘောဂါ, အာသယာ စ နိဓာနတော၊ အပက္ကာ စ ပက္ကာ ဖလာ, နိဿန္ဒတော စ မက္ခနာ၊ ဧဝံ ဒသဟာကာရေဟိ, ဣက္ခေယျ ပဋိကူလတာ။

ဂမနာ -အာဟာရကို ရနိုင်ရာအရပ်သို့ အရောက်သွားရခြင်းအားဖြင့်လည်းကောင်း၊ ဧသနာ-ရှာဖွေရခြင်း အားဖြင့်လည်းကောင်း၊ ဘောဂါ-စားသောက်သုံးဆောင်ရခြင်းအားဖြင့်လည်းကောင်း၊ အာသယာ စ-သလိပ်သည်းခြေ သွေး ပြည်ဟူသော အာသယလေးပါးအားဖြင့်လည်းကောင်း၊ နိဓာနတော- စုဝေးတည်နေရာ အစာသစ်အိမ်အားဖြင့်လည်းကောင်း၊ အပက္ကာ စ-မကြေ မကျက်ခင်အားဖြင့်လည်းကောင်း၊ ပက္ကာ-ကြေ ကျက်ပြီးသောအားဖြင့်လည်းကောင်း၊ ဖလာ-အကျိုးရင်းအားဖြင့်လည်းကောင်း၊ နိဿန္ဒတော စ-အကျိုး ဆက်အားဖြင့်လည်းကောင်း၊ မက္ခနာ-အလူးလူး အလဲလဲဖြစ်ပုံအားဖြင့်လည်းကောင်း၊ ဧဝံ-ဤသို့၊ ဒသဟိ အာကာရေဟိ-ဆယ်ပါးသော အခြင်းအရာတို့ဖြင့်၊ ပဋိကူလတာ-စက်ဆုပ်ရွံရှာဖွယ်၏ အဖြစ်ကို၊ ဣက္ခေယျ- ရှုဆင်ခြင်ရာ၏။

------------------

ဓာတုဝဝတ္ထာန်

ဓာတုဝဝတ္ထာန်။ ။ခန္ဓာကိုယ်၌ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောကျ်ား မိန်းမဟူသော အမှတ်သညာ ကင်းပျောက်၍ ဓာတ်လေးပါး အစုအဝေးသာဟု ထင်မြင်လာအောင် ခန္ဓာကိုယ်ရှိ ဓာတ်လေးပါးကို ပိုင်းခြား သတ်မှတ်သောဉာဏ်သည် ဓာတုဝဝတ္ထာန် မည်၏၊ ချဲ့ဦးအံ့-ခန္ဓာကိုယ်၌ ကေသာအစ မတ္ထလုင်္ဂ ကျအောင် ကောဋ္ဌာသ(၂၀)သည် မာခဲသည့်အတွက် ပထဝီလွန်ကဲသော ရုပ်တရားများတည်း၊ ထို့ကြောင့် ပထဝီဓာတ် (၂၀)ရှိ၏ ဟု မှတ်၊ ပိတ္တံ အစ မုတ္တံကျအောင် ကောဋ္ဌာသ(၁၂)သည် အရည်ရုပ်များဖြစ်၍ အာပေါဓာတ် လွန်ကဲသော ရုပ်များတည်း၊ ထို့ကြောင့် အာပေါ ဓာတ်(၁၂)ပါး ရှိ၏ဟု မှတ်၊ ရုပ်ပိုင်း၌ ပြခဲ့သော သန္တပ္ပနစသော တေဇောဓာတ်(၄)မျိုးလည်း ရှိသေး၏၊ ဥဒ္ဓင်္ဂ မဝါတ-အထက်သို့ ဆန်တက်သောလေ, အဓောဂမဝါတ-အောက်သို့ စုန်ဆင်းသောလေ, ကုစ္ဆိသယဝါတ- ဝမ်းတွင်း၌တည်သောလေ, ကောဋ္ဌာသယဝါတ-အူတွင်း၌တည်သောလေ, အဿာသပဿာသဝါတ-ထွက် သက်ဝင်သက်လေ, အင်္ဂမင်္ဂါနုသာရီဝါတ-အင်္ဂါကြီးငယ်သို့ လျှောက်သောလေ, ဤသို့ ဝါယောဓာတ်(၆)မျိုး လည်း ခန္ဓာကိုယ်၌ ရှိသေး၏၊ အကျဉ်းအားဖြင့်(၄)ပါး အကျယ်အားဖြင့်(၄၂)ပါးသော ဤဓာတ် အစုအဝေးမှ တစ်ပါး အခြားသော အရာဝတ္ထု တစ်စုံတစ်ခုမျှ မရှိတော့ချေ။ [အာရုပ္ပကမ္မဋ္ဌာန်းများကား နောက်၌ ထင်ရှား လတ္တံ့။]

ဘုံအားဖြင့် ခွဲခြားခြင်း။ ။အထက်နတ်ပြည်၌ အသုဘအလောင်းကောင် မရှိ, သေလျှင် မီးတောက်ငြိမ်း သကဲ့သို့ ခန္ဓာကိုယ် ချုပ်ငြိမ်းကွယ်ပျောက်၏၊ ဆံအစရှိသော အချို့ ကောဋ္ဌာသများရှိသော်လည်း စက်ဆုပ် ဖွယ်ရာ မဟုတ်, အလွန်တင့်တယ်သည်၊ ရွံဖွယ်ဖြစ်သော အစာသစ် အစာဟောင်း နှပ် တံတွေးစသည်တို့မှာ လုံးဝမရှိ၊ အစာအာဟာရလည်း အဆီအနှစ် နတ်ဩဇာသာဖြစ်ရကား ပဋိကူလသညာ ထင်နိုင်ဖွယ် မရှိ၊ ထို့ကြောင့် နတ်ပြည်၌ အသုဘနှင့် ကာယဂတာသတိ, အာဟာရေ ပဋိကူလသညာ, ဤ(၁၂)ပါး မရနိုင်၊ နတ်ပြည်ဟူရာ၌ အထက်နတ်ပြည်ကို ဆိုသည်၊ လူ့ပြည်မှာ တည်ရှိသော နတ်အချို့၌ကား ထိုက်သလို ရသင့်ဖွယ်ရှိ၏၊] ရူပဗြဟ္မာဘုံ၌ အသက်မရှူရှိုက်ရကား ထို(၁၂)ပါး အပြင် အာနာပါနဿတိကမ္မဋ္ဌာန်းလည်း မရ၊ အရူပဘုံ၌မူ အာရုပ္ပကမ္မဋ္ဌာန်းလေးပါးသာ ထိုက်သလိုရ၏၊ အထက် အထက်ဘုံ၌ အောက်အောက် အာရုပ္ပကမ္မဋ္ဌာန်းများ မရနိုင်၊] ဤလူ့ဘုံ၌ကား ကမ္မဋ္ဌာန်း(၄၀)လုံးပင် ရကောင်း၏။

[ဆောင်] အသုဘနှင့်, ကာယဂတာ, သညာဒွါဒသ်, နတ်၌မရ၊ ဗြဟ္မာ့ပြည်မှာ, အာနာပါန-လည်းမရတည်း၊ အရူပဝယ်, လေးသွယ်သာရ၊ နတ်မှကြွင်းတုံ, ကာမဘုံဝယ်, အကုန် လေးဆယ်ရသတည်း။

ပရမတ် ပညတ်ကမ္မဋ္ဌာန်း။ ။ဤကမ္မဋ္ဌာန်း(၄၀)တွင် ကသိုဏ်း(၁၀), အသုဘ(၁၀), ကာယဂတာသတိ၏ အာရုံဖြစ်သော ကောဋ္ဌာသပညတ်, အာနာပါနဿတိ၏ အာရုံဖြစ်သော အာနာပါနပညတ်, ဗြဟ္မဝိဟာရ(၄) ပါး၏ အာရုံဖြစ်သော သတ္တဝါပညတ်(၄)မျိုး, [၁-ပိယမနာပသတ္တဝါပညတ်, ၂-ဒုက္ခိတသတ္တဝါပညတ်, ၃-သုခိတသတ္တဝါပညတ်, ၄-မဇ္စျတ္တသတ္တဝါပညတ်၊] အာရုပ္ပ(၄)ပါးတွင် ပဌမာရုပ္ပဝိညာဏ်၏ အာရုံဖြစ်သော အာကာသပညတ်, တတိယာရုပ္ပဝိညာဏ်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်, ဤ (၂၈)ပါးသော ကမ္မဋ္ဌာန်း များသည်

ပညတ်ကမ္မဋ္ဌာန်းတည်း၊ ဗုဒ္ဓါနုဿတိစသည်တို့၏ အာရုံဖြစ်သော ဂုဏ်တော်စသည်တို့မှာ သီလ သမာဓိ ပညာစသော ပရမတ်တရားများတည်း၊ အစာအာဟာရဟူသည်လည်း ရုပ်ပရမတ်များသာတည်း၊ ဓာတ်ကြီး လေးပါး ဒုတိယာရုပ္ပ စတုတ္ထာရုပ္ပတို့၏ အာရုံဖြစ်သော ပဌမ တတိယ အာရုပ္ပဝိညာဏ်တို့၏ ပရမတ်ဖြစ် ကြောင်း၌ ထပ်လောင်းဖွယ် မလို၊ ထို့ကြောင့် ရှေ့အနုဿတိ(၈)ပါး၏ အာရုံ(၈)ပါး, အာဟာရ, စတုဓာတု, အာရုပ္ပနှစ်ပါးအားဖြင့် ပရမတ်အာရုံကမ္မဋ္ဌာန်း(၁၂)ပါး ရှိ၏ဟု မှတ်ပါ။

[ ဆောင်] ကသိုဏ်းဆယ်ဝ, အသုဘနှင့်, ကောဋ္ဌာသပါ, အာနာပါန, ဗြဟ္မာဝိဟာ, ထိုလေးဖြာ၏, သတ္တဝါ ပညတ်, လေးရပ်ဟုပြ၊ အာရုပ္ပဝယ်, နှစ်သွယ် ပ-တ, ဋ္ဌဗ္ဗီသတို့, မုချပညတ်, အာရုံမှတ်လော၊ ကြွင်းလတ်ဆယ့်နှစ်, ပရမတ်စစ်သည်, ခွဲလှစ် လေးဆယ်ကမ္မဋ္ဌာန်းတည်း။

ဘာဝနာသု ပန သဗ္ဗတ္ထာပိ ပရိကမ္မဘာဝနာ လဗ္ဘတေဝ၊ ဗုဒ္ဓါနုဿတိအာဒီသု အဋ္ဌသု သညာဝဝတ္ထာနေသု စာတိ ဒသသု ကမ္မဋ္ဌာနေသု ဥပစာရဘာဝနာဝ သမ္ပဇ္ဇတိ, နတ္ထိ အပ္ပနာ၊ သေသေသု ပန သမတ္တိံသကမ္မဋ္ဌာနေသု အပ္ပနာဘာဝနာပိ သမ္ပဇ္ဇတိ။

ဘာဝနာ (၃)မျိုး။ ။ဘာဝနာသည် ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟု (၃)မျိုး ရှိ၏၊ ထိုတွင် "ပရိကရောတိ-အထက် အထက်ဘာဝနာကို ပြုပေးတတ်၏၊ ဣတိ-ကြောင့်၊ ပရိကမ္မံ-မည်၏" နှင့် အညီ, ဆိုင်ရာကမ္မဋ္ဌာန်းတစ်ခုခုကို အာရုံပြု၍ ပထဝီ ပထဝီ စသည်ဖြင့် နှုတ်ဖြင့် ရွတ်ဆို၍လည်းကောင်း, စိတ်ဖြင့် မှန်း၍လည်းကောင်း ရှေးဦးစွာ စီးဖြန်းမှု ပွားများစေမှုကို ပရိကမ္မဘာဝနာဟု ခေါ်၏၊ မည်သည့် ကမ္မဋ္ဌာန်းမဆို ဤပရိကမ္မဘာဝနာနှင့် မကင်းနိုင်၊ ဤပရိကမ္မဘာဝနာကို စတည်၍သာ အထက်အထက် ဘာဝနာသို့ တက်ကြရသည်၊ ထို့ကြောင့် "သဗ္ဗတ္ထာပိ ပရိကမ္မဘာဝနာ လဗ္ဘတေဝ" ဟု ဆိုပေသည်။

ဥပစာရ , အပ္ပနာ။ ။ဥပ (သမီပေ) စရတိ ပဝတ္တတီတိ ဥပစာရော၊ ဥပ(သမီပေ)အပ္ပနာဘာဝနာ၏ အနီး၌၊ စရတိ ပဝတ္တတိ-ဖြစ်၏၊ အိမ်၏ အနီးအပါးဖြစ်သော ရှေ့မျက်နှာသာအရပ်ကို "အိမ်ဥပစာ" ဟု ခေါ် သကဲ့သို့, အပ္ပနာဘာဝနာ၏ အနီးအပါးဖြစ်သော ရှေ့ကဘာဝနာကို "ဥပစာရဘာဝနာ" ဟု ခေါ်သည်၊ အပ္ပောတိ နိဝိသတိ-ဥပစာရဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာအာရုံ၌ သက်ဝင် တည်နေတတ်၏၊ ဣတိ- ကြောင့်၊ အပ္ပနာ-မည်၏၊ ဥပစာရဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေသောစျာန်ကို "အပ္ပနာဘာဝနာ" ဟု ခေါ်သည်။

ဗုဒ္ဓါနုဿတိ ၊ပေ၊ သမ္ပဇ္ဇတိ။ ။ဗုဒ္ဓါနုဿတိစသော အနုဿတိ(၈)ပါး အာဟာရေပဋိကူလသညာ, စတု ဓာတုဝဝတ္ထာန်, ဤကမ္မဋ္ဌာန်း(၁၀)ပါးကို အားထုတ်ရာ၌ ဥပစာရဘာဝနာတိုင်အောင်သာ ရနိုင်၏၊ အပ္ပနာ ဘာဝနာဟု ခေါ်အပ်သော စျာန်ကို မရနိုင်၊ ချဲ့ဦးအံ့-ဘုရားဂုဏ်တော်စသော အာရုံများသည် ပရမတ်တရား ဖြစ်၍ အလွန်နက်နဲ၏၊ နက်သောရေ၌ ထောက်၍ မမှီသဖြင့် ငြိမ်သက်စွာ လှေမတည်နိုင်သကဲ့သို့ ဘုရား ဂုဏ်တော်စသော အာရုံများ၌လည်း ဝိတက်စသော စျာန်အင်္ဂါတို့ ခိုင်မြဲစွာ မထောက်တည်နိုင်ကြသဖြင့် အပ္ပနာဘာဝနာ မရနို်င်။

ထို့ပြင် –ဘုရားဂုဏ်တော်စသည်တို့သည် အသင်္ချေမက အလွန်များပြားကုန်၏၊ အမျိုးမျိုး အဖုံဖုံ အရသာ စုံသော ထိုဂုဏ်တော်များကို ဆင်ခြင်သောအခါ ဂုဏ်တစ်မျိုးတည်း၌ တင်းမတိမ်နိုင်ဘဲ တစ်မျိုးပြီးတစ်မျိုး ဆင်ခြင်နေသဖြင့်လည်း အာရုံတစ်မျိုးတည်း၌ကဲ့သို့ စူးစိုက်ခြင်း မရှိနိုင်၊ ဤသို့လျှင် ပရမတ်အာရုံဖြစ်၍ နက်နဲခြင်း, အာရုံက များပြားခြင်းကြောင့် ဗုဒ္ဓါနုဿတိစသော(၇)ပါး၌ အပ္ပနာဘာဝနာ မရနိုင်၊ မရဏာနုဿ တိ ပဋိကူလသညာနှင့် ဓာတုဝဝတ္ထာန်တို့အတွက်မှာ ပရမတ်အာရုံဖြစ်၍ နက်နဲသောကြောင့်သာ အပ္ပနာ ဘာဝနာ မရဟု မှတ်ပါ။

ပရမတ္ထဂမ္ဘီရတ္တာ, နေကတ္တာနေကလမ္ဗတော၊ ဗုဒ္ဓါနုဿတိအာဒီသု, ဥပစာရောဝ နာပ္ပနာ။

ပရမတ္ထဂမ္ဘီရတ္တာ -အာရုံက ပရမတ်ဖြစ်၍ နက်နဲ ခက်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အနေ ကတ္တာ-ဘုရားဂုဏ်တော် အစရှိသော အာရုံတို့က များလှသည့်အတွက်၊ အနေကလမ္ဗတော-အများကိုပင် အာရုံပြုနေခြင်းကြောင့်လည်းကောင်း၊ ဗုဒ္ဓါနုဿတိအာဒီသု-တို့၌၊ ဥပစာရောဝ-ဥပစာရဘာဝနာသာဖြစ်နိုင် ၏၊ န အပ္ပနာ-အပ္ပနာဘာဝနာ မဖြစ်နို်င်။

နိဗ္ဗာန်နှင့် မဟဂ္ဂုတ် ပရမတ်အာရုံများ။ ။နိဗ္ဗာန်စသော အာရုံတို့သည် ပရမတ်ဖြစ်၍ နက်နဲကြသော် လည်း သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိစသော ဝိသုဒ္ဓိအစဉ်အားဖြင့်လည်းကောင်း၊ သမ္မသနဉာဏ်စသော ဉာဏ် အစဉ်အားဖြင့်လည်းကောင်း၊ အဆင့်ဆင့် တက်၍ တက်၍လာခဲ့ရာ ဘာဝနာသည် လွန်စွာအားရှိကြသဖြင့် ထိုဘာဝနာအစဉ်၏ အစွမ်းကြောင့် နိဗ္ဗာန်ကို အာရုံပြုလျက် လောကုတ္တရာအပ္ပနာသို့ တက်နိုင်ကြပေသည်၊ "မည်မျှပင် ခက်ခဲသော်လည်း တစ်စတစ်စတက်လျှင် ရောက်နိုင်ရိုးပင်" ဟူလို၊ အာရုပ္ပစျာန်တို့ကား အောက် အောက်စျာန်၏ အာရုံကို လွန်လျှင် အထက် အထက်စျာန်ကို ရမြဲဖြစ်၍ အောက်အောက်အာရုံကို လွန် မြောက်နိုင်သော ဘာဝနာ၏အစွမ်းကြောင့် အထက်ပရမတ်အာရုံကို အာရုံပြုကာ အပ္ပနာဘာဝနာ ဖြစ်နိုင် ကြပေသည်။

ပရမတ္ထဂမ္ဘီရေပိ, ဘာဝနာအနုက္ကမတော၊ လောကုတ္တရော အာရုပ္ပာ တု, အာလမ္ဗသမတိက္ကမာ။

ပရမတ္ထဂမ္ဘီရေပိ -ပရမတ်ဖြစ်သည့်အတွက် အာရုံက နက်နဲပါသော်လည်း၊ ဘာဝနာအနုက္ကမတော-ဘာဝ နာအစဉ်၏ အစွမ်းကြောင့်၊ လောကုတ္တရော-လောကုတ္တရာအပ္ပနာ ဖြစ်နိုင်၏၊ အာရုပ္ပာ တု-ဒုတိယ စတုတ္ထ, အာရုပ္ပနာနှစ်ခုတို့ကား၊ အာလမ္ဗသမတိက္ကမာ-အောက်အောက်အာရုံကို လွန်ကြောင်းဘာဝနာစွမ်းကြောင့်၊ သမ္ပဇ္ဇန္တိ-ပြည့်စုံနိုင်ကုန်၏။ [ပဌမ တတိယ, အာရုပ္ပနှစ်ပါးကား ကောင်းကင်ပညတ် နတ္ထိဘောပညတ်တို့ကို အာရုံပြုသည်။]

ကမ္မဋ္ဌာန်းနှင့် စျာန်ကို တွဲပြခြင်း။ ။အပ္ပနာဘာဝနာတိုင်အောင် ရွက်ဆောင်နိုင်သော ကမ္မဋ္ဌာန်း(၂၀) တို့တွင် ကသိုဏ်း(၁၀)ပါးနှင့် အာနာပါနကမ္မဋ္ဌာန်း, တစ်ပါးပါးကို အားထုတ်လျှင် ပဉ္စမစျာန်တိုင်အောင် ရူပ စျာန်ကို အဆင့်ဆင့် ရနိုင်၏၊ အသုဘ(၁၀)ပါးနှင့် ကာယဂတာသတိကမ္မဋ္ဌာန်းတို့သည် ပဌမစျာန်ကိုသာ ရစေနိုင်၍, မေတ္တာ ကရုဏာ မုဒိတာတို့က ပဌမ ဒုတိယ တတိယ စတုတ္ထစျာန်တိုင်အောင် ရစေနိုင်၏၊ ဥပေက္ခာဗြဟ္မဝိဟာရကမူ ပဉ္စမစျာန်ကိုသာ ရစေနိုင်သည်။

အသုဘနှင့် ကာယဂတာ။ ။အသုဘ(၁၀)ပါးနှင့် ကာယဂတာသတိ၏ အာရုံတို့သည် ရုန့်ရင်းကြမ်း ကြုတ် စက်ဆုပ်ဖွယ်အာရုံများတည်း၊ ထို့ကြောင့် ကြမ်းတမ်းသော ရေအယဉ်မှာ ထိုးဝါးကောင်းကောင်းဖြင့် ထောက်မထားပါလျှင် လှေမတည်တံ့နိုင်သကဲ့သို့, ထို့အတူ ထိုစက်ဆုပ်ဖွယ်အာရုံပေါ်သို့ တင်ပေးမည့် ဝိတက်တည်းဟူသော ထိုးဝါးမပါလျှင် စိတ်အစဉ် မတည်နိုင်၊ သို့ဖြစ်၍ အသုဘ စသောအာရုံကို အာရုံပြု၍ ဝိတက်မပါသော ဒုတိယစျာန်စသည်တို့ မဖြစ်နိုင်။

နာဝါ အရိတ္တဗလေန, စဏ္ဍသောတမှိ တိဋ္ဌတိ၊ ဧဝါသုဘေသု စိတ္တံပိ, တက္ကဗလေန တိဋ္ဌတိ၊ တေနေတ္ထ ပဌမံ စျာနံ, န ဟောန္တိ ဒုတိယာဒီနိ။

နာဝါ -လှေသည်၊ အရိတ္တဗလေန-ထိုးဝါးအစွမ်းကြောင့်၊ စဏ္ဍသောတမှိ-ကြမ်းတမ်းသော ရေအယဉ်၌၊ တိဋ္ဌတိ ယထာ-တည်နိုင်သကဲ့သို့၊ ဧဝံ-ဤအတူ၊ စိတ္တံပိ-ဘာဝနာစိတ်သည်လည်း၊ တက္ကဗလေန-ဝိတက် အစွမ်းကြောင့်၊ အသုဘေသု-မတင့်တယ်သောအာရုံတို့၌၊ တိဋ္ဌတိ-တည်နိုင်၏၊ တေန-ထို့ကြောင့်၊ ဧတ္ထ-ဤ မတင့်တယ်သော ကမ္မဋ္ဌာန်းအာရုံ၌၊ ပဌမံ စျာနံ-ဝိတက်ပါသော ပဌမစျာန်သာလျှင်၊ ဟောတိ-ဖြစ်၏၊ ဒုတိယာ ဒီနိ-ဝိတက်ကင်းသော ဒုတိယစျာန် အစရှိသည်တို့သည်၊ န ဟောန္တိ-မဖြစ်နိုင်ကုန်။

မေတ္တာ။ ။ဤမေတ္တာစသော သုံးပါးသည် ဒေါမနဿကြောင့်ဖြစ်သော ဗျာပါဒ ဝိဟိံသ အနဘိရတိတို့မှ လွတ်မြောက်ကြောင်းတရားများ ဖြစ်၏၊ ထင်ရှားစေအံ့-မေတ္တာသည် သတ္တဝါတို့ကို ချစ်မြတ်နိုးလျက် အကျိုး လိုလားသော တရားတည်း၊ ဗျာပါဒကား သတ္တဝါတို့၌ မုန်းတီးရွံရှာ ပျက်စီးရာ ပျက်စီးကြောင်း မကောင်း ကြံသောတရားတည်း၊ တရားကိုယ်မှာ ဒေါသပင်ဖြစ်၏၊ ဒေါသမှန်လျှင် ဒေါမနဿနှင့်မကွေမကွာ ယှဉ်ဖက် ဖြစ်၍ ဒေါမနဿကြောင့် ဖြစ်သည်ဟု ဆိုရသည်၊ သို့ဖြစ်၍ ဒေါမနဿကြောင့်ဖြစ်သော ဒေါသ ဗျာပါဒမှ လွတ်မြောက်သော မေတ္တာသည် ဧကန် သောမနဿနှင့်သာ ယှဉ်ထိုက်ပေသည်၊ ထို့ကြောင့် မေတ္တာ ကမ္မဋ္ဌာန်းဖြင့် သောမနဿ(သုခ) ယှဉ်ရာ အောက်ရူပစျာန်(၄)ပါးကိုသာ ရခွင့်ရှိပေသည်။

ကရုဏာ , မုဒိတာ။ ။ကရုဏာသည် ဒုက္ခိတသတ္တဝါကို လွန်စွာသနားတတ်၏၊ ဝိဟိံသကား မသနားသည့် အပြင် ညှဉ်းဆဲပင် ညှဉ်းဆဲချင်သေး၏၊ တရားကိုယ်မှာ ဒေါမနဿကြောင့်ဖြစ်သော ဒေါသပင်တည်း၊ ထို့ ကြောင့် ထိုဝိဟိံသ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဝိဟိံသမှ လွတ်ထွက်ရသော ကရုဏာလည်း သောမနဿနှင့် ယှဉ်ရာ အောက်ရူပစျာန်ကိုသာ ရစေနို်င်သည်၊ မုဒိတာသည် သတ္တဝါတို့ သမ္ပတ္တိဖြစ်နေသည်ကို ဝမ်းမြောက် ၏၊ အနဘိရတိကား ထိုသူတစ်ပါး၏ စည်းစိမ်ချမ်းသာတို့ကို မကြည့်ရှုနိုင်, မမွေ့လျော်နိုင်သော ဒေါသပင် တည်း၊ ထို့ကြောင့် အနဘိရတိ၏ ဆန့်ကျင်ဘက်ဖြစ်သော မုဒိတာသည် ဒေါမနဿ၏ ဆန့်ကျင်ဘက်ဖြစ် သော သောမနဿနှင့်သာ ယှဉ်သင့်ရကား အောက်ရူပစျာန်လေးပါးကိုသာ ဖြစ်စေနိုင်သည်။

မေတ္တာဒယော တယော ပုဗ္ဗာ, ဒေါမနဿဇနိဿရာ၊ သောမနဿာ.ဝိပ္ပယောဂါ, ဟေဋ္ဌာ စတုက္ကစျာနိကာ။

မေတ္တာဒယော -မေတ္တာအစရှိကုန်သော၊ တယော ပုဗ္ဗာ-ရှေ့ဗြဟ္မဝိဟာရသုံးပါးတို့သည်၊ ဒေါမနဿ ဇနိဿရာ-ဒေါမနဿကြောင့်ဖြစ်သော ဗျာပါဒ ဝိဟိံသ အနဘိရတိတို့မှ လွတ်မြောက်ကြောင်းတို့သည်၊ ဟုတွာ-၍၊ သောမနဿာဝိပ္ပယောဂါ-သောမနဿနှင့် မကွေမကွာ ယှဉ်သင့်ခြင်းကြောင့်၊ ဟေဋ္ဌာစတုက္က စျာနိကာ-သောမနဿရှိရာ အောက်စျာန်လေးပါးနှင့်သာ ယှဉ်ကုန်၏။

ဥပေက္ခာ။ ။သတ္တဝါတို့အပေါ်၌ လျစ်လျူရှုနိုင်သော ဥပေက္ခာဗြဟ္မဝိဟာရသည် အပ္ပနာသို့ ရောက်သော အခါ ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်သင့်၏၊ ထို့ကြောင့် ထိုဥပေက္ခာဗြဟ္မဝိဟာရဖြင့် ပဉ္စမစျာန်ကိုသာ ရနိုင်သည်၊ မေတ္တာ ကရုဏာ မုဒိတာ တစ်ပါးပါးဖြင့် အောက်စျာန်လေးပါးကို ရပြီးသော ယောဂီသာလျှင် ဤဥပေက္ခာဗြဟ္မဝိဟာရကို အားထုတ်သင့်၏၊ ဘာ့ကြောင့်နည်း၊ သတ္တဝါပညတ်ချင်း

အာရုံတူသောကြောင့်တည်း၊ ကသိုဏ်းစသော ကမ္မဋ္ဌာန်းဖြင့် အောက်စျာန်လေးပါးကို ရခဲ့သူမှာ အာရုံချင်း မတူသည့်အတွက် ဤဥပေက္ခာကို အားထုတ်သော်လည်း ပဉ္စမစျာန်ကို မရနိုင်။

မဇ္စျတ္တဝေဒနာယောဂါ, ပဉ္စမေ ဇာတု.ပေက္ခကာ၊ မေတ္တာဒီဟိ စ လဒ္ဓဇ္စျာ.နိကေဿဝေသ ဝတ္တတိ။

ဥပေက္ခကာ -ဥပေက္ခာဗြဟ္မဝိဟာရသည်၊ မဇ္စျတ္တဝေဒနာယောဂါ-ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းကြောင့်၊ ပဉ္စမေ-ပဉ္စမစျာန်၌၊ ဇာတာ-ဖြစ်၏၊ စ-ဆက်ဦးအံ့၊ မေတ္တာဒီဟိ-မေတ္တာအစရှိသော ဗြဟ္မဝိဟာရတို့ဖြင့်၊ လဒ္ဓဇ္စျာနိကေဿဝ-ရအပ်သော စျာန်ရှိသောယောဂီ၏ သန္တာန်၌သာလျှင်၊ ဧသ-ဤဥပေက္ခာဗြဟ္မဝိဟာရသည်၊ ဝတ္တတိ-ဖြစ်သင့်၏။

-----------------

နိမိတ္တေသု ပန ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ ယထာရဟံ ပရိယာယေန လဗ္ဘန္တေဝ၊ ပဋိဘာဂနိမိတ္တံ ပန ကသိဏာသုဘ ကောဋ္ဌာသအာနာပါနေသွေဝ လဗ္ဘတိ။

နိမိတ္တဘေဒ။ ။နိမိတ္တသဒ္ဒါသည် "အကြောင်း" ဟူသောအနက်ကို ဟော၏၊ ထို့ကြောင့် ဘာဝနာ၏ အကြောင်းဖြစ်သော အာရုံကို "နိမိတ္တ" ခေါ်သည်ဟု မှတ်ပါ၊ ထိုနိမိတ်သည် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိ ဘာဂနိမိတ်ဟု သုံးမျိုးရှိ၏၊ ထိုတွင် ပရိကမ္မဘာဝနာ၏ အာရုံသည် ပရိကမ္မနိမိတ် မည်၏၊ ကမ္မဋ္ဌာန်းစ၍ စီးဖြန်းသောအခါ အာရုံပြုအပ်သော ပထဝီကသိုဏ်းဝန်းစသော အာရုံများတည်း၊ [ပရိကမ္မဿ-ပရိကမ္မ ဘာဝနာ၏၊ နိမိတ္တံ-အကြောင်းအာရုံတည်း၊] ကမ္မဋ္ဌာန်းစီးဖြန်း၍ စိတ်ထဲ၌ အတော်စွဲသောအခါ (မျက်စိဖြင့် တိုက်ရိုက်မကြည့်တော့ဘဲ စိတ်ဖြင့် မှန်း၍ တန်းတန်းမတ်မတ် ထင်ထင်ရှားရှား ယူနိုင်သောအခါ) ထိုအာရုံသည်ပင် ဥဂ္ဂဟနိမိတ် မည်၏၊ [ဥဂ္ဂဟေတဗ္ဗံ-စိတ်ဖြင့်မှန်း၍ ယူအပ်၏၊ ဣတိ-ကြောင့်၊ ဥဂ္ဂဟံ-ဥဂ္ဂဟမည်၏၊] ပဋိဘာဂသဒ္ဒါသည် "အတု=အတူ" ဟူသော အနက်ကို ဟော၏၊ မူလစီစဉ်ထားအပ်သော ကသိုဏ်းဝန်း စသည်နှင့် တူစွာ စိတ်ထဲမှာ ထင်ပေါ်လာသောအာရုံတည်း။

ပရိကမ္မနိမိတ္တံ ဥဂ္ဂဟနိမိတ္တဉ္စ ယထာရဟံ ပရိယာယေန လဗ္ဘန္တေဝ။ ။ကမ္မဋ္ဌာန်း(၄၀)လုံး၌ပင် ပရိကမ္မ နိမိတ်နှင့် ဥဂ္ဂဟနိမိတ်များ ရကောင်းပေသည်၊ သို့သော် "ယထာရဟံ ပရိယာယေန" ဟူသောစကားအရ ထိုနိမိတ်နှစ်ပါး ခွဲခြားမှုမှာ ကမ္မဋ္ဌာန်းတိုင်း၌ ပိုင်းပိုင်းတိတိ ခွဲခြား၍ရကောင်းသည်ဟု မဆိုသာ၊ တချို့ ကမ္မဋ္ဌာန်း၌ မုချအားဖြင့် ခွဲခြားရကောင်း၏, တချို့ကမ္မဋ္ဌာန်း၌ ပရိယာယ်အားဖြင့်သာ ခွဲခြားရကောင်းသည်၊ ထင်ရှားစေအံ့-ပထဝီကသိုဏ်းဝန်းကို စီမံပြီး၍ "ပထဝီ ပထဝီ" ဟု နှုတ်ဖြင့် ရွတ်၍ လည်းကောင်း, မရွတ်ဘဲ မျက်စိဖြင့် စူးစိုက်ကြည့်ရှု၍လည်းကောင်း ပွားများနေစဉ် ထိုပထဝီကသိုဏ်းဝန်းသည် ပရိကမ္မနိမိတ်တည်း၊ ထို့နောက် ပထဝီကသိုဏ်းဝန်း အနားမှ ခွာ၍ သင့်လျော်ရာ အရပ်၌နေစဉ် ထိုပထဝီကသိုဏ်းဝန်းကို မှန်း၍ စီးဖြန်းလိုက်သောအခါ မျက်စိဖြင့် ကြည့်နေသလို ထင်ထင်ရှားရှား စိတ်ဖြင့် ယူနိုင်၏၊ ထိုအခါ စိတ်ဖြင့် မှန်းယူအပ်သော ထိုပထဝီကသိုဏ်းဝန်းသည် ဥဂ္ဂဟနိမိတ် အစစ်တည်း၊ ဤသို့ ပဋိဘာဂနိမိတ် ရကောင်းသော ကမ္မဋ္ဌာန်း (၂၂)ပါးတို့၌ မုချအားဖြင့် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်နှစ်ပါး ခွဲခြား ရကောင်း၏။

ဗုဒ္ဓါနုဿတိစသည်။ ။ပဋိဘာဂနိမိတ် မရကောင်းသော ဗုဒ္ဓါနုဿတိစသည်တို့ကား မူလစ၍ စီးဖြန်း ကတည်းကပင် စိတ်ဖြင့်မှန်း၍ စီးဖြန်းရ၏၊ ထို့ကြောင့် မည်သည့် အခိုက်အတန့်ကို ပရိကမ္မနိမိတ်, မည်သည့်အခိုက်အတန့်ကို ဥဂ္ဂဟနိမိတ်ဟု အတိအလင်း မခွဲခြားနိုင်၊ ဂုဏ်တော်စသော အာရုံများ စိတ်ထဲ ၌ ကောင်းစွာ မထင်ရှားသေးခင် အာရုံပြုအပ်သော အာရုံကို ပရိကမ္မနိမိတ်, စိတ်ထဲ၌ ကောင်းစွာထင်ရှား လာသောအခါ ပြုအပ်သောအာရုံကို ဥဂ္ဂဟနိမိတ်ဟု ပရိယာယ်အားဖြင့် ခွဲခြားရကောင်းသည်။ [ဤ၌ ပရိယာယ်ဟူရာဝယ် သဒိသူပစာရလည်း ကြံသင့်၏။]

ပဋိဘာဂနိမိတ္တံ ပန ကသိဏာသုဘကောဋ္ဌာသအာနာပါနေသွေဝ။ ။ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းများ၌ စီးဖြန်းခါစလည်း ဘုရားဂုဏ်, အသားကျသည့်အခါ၌လည်း ဘုရားဂုဏ်စသည်ပင် ဖြစ်၍ တစ်မျိုးတစ်ဖုံ အာရုံအတု ထင်လာဖွယ်မရှိ, ပကတိ ဘုရားဂုဏ်စသော အာရုံများသာလျှင် ရှင်းလင်းစွာ ထင်လာဖွယ်ရှိသည်၊ ထို့ကြောင့် ဗုဒ္ဓါနုဿတိစသော အနုဿတိ(၈)ပါး, ပဋိကူလသညာ, စတုဓာတုဝဝတ္ထာန်, ဗြဟ္မဝိဟာရ (၄)ပါး, အာရုပ္ပ(၄)ပါး ဤ(၁၈)ပါးသော ကမ္မဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ် မရနိုင်၊ ကသိုဏ်း အသုဘ ကောဋ္ဌာသ အာနာပါန ဟူသော အာရုံ(၂၂)ပါး၌သာ ပဋိဘာဂနိမိတ်များ ရကောင်းသည်။

--------------------

ပထဝီကသိုဏ်းစီးဖြန်းပုံ

အခြေခံ။ ။ကာမဂုဏ်အပြစ်ကို ကောင်းစွာမြင်၍ စျာန် မဂ် ဖိုလ် နိဗ္ဗာန်ကို ဧကန်တောင့်တသော သူတော်စင်တို့သည် မိမိဆိုင်ရာ သီလကို အတည်တကျ စောင့်သုံး၍ အနှောင့်အထုံး အတွယ်အတာ မရှိ စေဘဲ စင်ကြယ်သော မိမိသီလကိုပင် အခါခါဆင်ခြင်လျက် ကြည်လင်ရွှင်လန်း ပီတိများ တဖြန်းဖြန်းထကာ

" ဤသီလကို အခြေခံ၍ ဧကန် စျာန် မဂ် ဖိုလ်ကို ရပေတော့မည်"ဟု သီလကိုပင် အားကိုးအားထား ပြုရာ၏၊ ထို့နောက် အာဝါသ ကုလစသော ပလိဗောဓကြီးများကို ဖြတ်တောက်ပြီးလျှင် ကလျာဏမိတ်ဆွေစစ်ဖြစ် သော အရှင်ကောင်းထံ ချဉ်းကပ်၍ မိမိစရိုက်နှင့် သင့်မြတ်သော ကမ္မဋ္ဌာန်းကို ယူရာ၏၊ ထို့နောက် ကမ္မဋ္ဌာန်း ဆရာ သီတင်းသုံးရာဌာနသည်ပင် မိမိနှင့် သင့်မြတ်က ထိုအရပ်မှာပင် နေ၍, မသင့်မြတ်လျှင် သင့်မြတ်ရာ ကျောင်းသို့ ရွှေ့ပြောင်းနေရာ၏၊ ထို့နောက် ရှည်သော ဆံပင် ခြေသည်း လက်သည်းများကိုပင် ရိတ်ဖြတ် ခြင်း သင်္ကန်းကို ဖွပ်လျှော် ဖာထေးဖွယ်ရှိက ဖွပ်လျှော် ဖာထေးခြင်းစသော ကိစ္စငယ်များကို အားလုံးပြီးစီး အောင် ပြုလုပ်ပြီးလျှင် အစဉ်မပြတ် ကြိုးစားရမည်။

ပထဝီမဏ္ဍလာဒီသု နိမိတ္တံ ဥဂ္ဂဏှန္တဿ ၊ပေ၊ ပရိကမ္မနိမိတ္တန္တိ ပဝုစ္စတိ၊ သာ စ ဘာဝနာ ပရိကမ္မဘာဝနာ နာမ။ ။ရှေးဘဝက ပထဝီကသိုဏ်းကို စီးဖြန်း၍ စျာန်ရခဲ့ဖူးသူဖြစ်လျှင် ကသိုဏ်းဝန်းကို တမင်စီမံနေဖွယ် မလို, ပင်ကိုရှိရင်းဖြစ်သော ကောက်နယ်တလင်းမြေ လယ်ထွန်ရာအရပ်မြေကို မြင်ရုံမျှဖြင့် "ပထဝီ ပထဝီ" ဟု စီးဖြန်းလိုက်လျှင် ပဋိဘာဂနိမိတ် ထင်လာနိုင်၏၊ ထိုကဲ့သို့ မလေ့လာခဲ့ဘူးသူတို့ကား ဩဒါတ လော ဟိတ နီလ ပီတဟူသောအခြားကသိုဏ်းများနှင့် မရောနှောစေဖို့ရာ အဖြူ အနီ အညို အရွှေ လေးထွေသော အဆင်းတို့နှင့် ရောယှက်ခြင်း မရှိသော အရုဏ်ရောင်အဆင်းကဲ့သို့ မဝင်းလွန်း မဝါလွန်းသော နုံးမြေကို ရှာဖွေ၍ ထိုမြေကို ညက်စွာဆင့်လျက် ရေဖြင့် ဖျော်ပြီးလျှင် ပျဉ်ချပ်ပေါ်မှာဖြစ်စေ, သားရေပိုင်း အဝတ် စသည်တို့ အပေါ်မှာဖြစ်စေ တစ်ထွာနှင့် လက်လေးသစ်ခန့် ကျယ်ပြန့်ဝိုင်းစက်စွာ သုတ်လိမ်းပြီး၍ ထက်ဝန်းကျင် ပတ်လည်အနားကို မဲနယ်, သို့မဟုတ် ဆေးဒန်းမြင်းသီလာဖြင့် ပိုင်းခြားလျက် စည်မျက်နှာ အပြင်ကဲ့သို့ ချောမွေ့ညက်ညောအောင် စီမံပြီးလျှင်, လူ ရှင်ကင်းဆိတ်ရာ ကျောင်းတိုက် အစွန်အဖျား တောကြား တောင်ခေါင်း သစ်ရွက်ကျောင်း စသည်၌ ထားရာ၏။

နိမိတ္တဘေဒ

ပရိကမ္မနိမိတ်။ ။ထိုသို့ ကသိုဏ်းဝန်းကို စီမံပြီးနောက် ထိုအရပ်ကိုတံမြက်လှည်းခတ်၍ ကသိုဏ်း၏ နှစ် တောင့်ထွာ အတွင်းလောက်၌ ခင်းထားအပ်သော ထိုင်ခုံပေါ်ဝယ် ထက်ဝယ်ခွဲ့ခွေ ထိုင်နေပြီးကာ မှန်အပြင် ၌ မျက်နှာရိပ်ကို ကြည့်သူပမာ မဖွင့်လွန်း မမှိတ်လွန်းဘဲ ကသိုဏ်းဝန်းကို ကြည့်ရှုရာ၏၊ ထိုသို့ ကြည့်ရှုရာ၌ ကသိုဏ်းဝန်းမှ ထင်နေသော အရုဏ်ရောင်အဆင်းကိုလည်း မဆင်ခြင်ရ, ပထဝီဓာတ်၏ ထဒ္ဓလက္ခဏာ (ခိုင်မာခြင်းသဘော) ကိုလည်း နှလုံးမသွင်းရ, အဆင်းနှင့်စပ်သော မြေဒြဗ်ကိုသာ အားလုံးကုန် ထင်စေ လျက် မြန်မာလို "မြေ-မြေ", ပါဠိလို "ပထဝီ ပထဝီ" ဟု အလိုရှိသလို နှုတ်ဖြင့် ရွတ်ဆို၍လည်းကောင်း, နှုတ်ဖြင့် မရွတ်ဘဲ စိတ်ဖြင့်သာ ဆင်ခြင်၍လည်းကောင်း, ရံခါ မျက်လုံးဖွင့်၍ကြည့်, ရံခါ မှိတ်၍ စိတ်ဖြင့် ဆင်ခြင်, ဥဂ္ဂဟနိမိတ် မထင်သမျှ ထိုင်နေရာ ပူနွေးလာအောင် အခါပေါင်း ထောင် သောင်းမက ပွားများစီးဖြန်းလျက် ကြိုးပမ်းအားထုတ်ရာ၏၊ ဤကဲ့သို့ အားထုတ်မှု ဘာဝနာစိတ်ကို "ပရိကမ္မ ဘာဝနာ" ဟု ခေါ်၏၊ ထိုကဲ့သို့ စီးဖြန်းအပ်သော ကသိုဏ်းဝန်းအာရုံကို "ပရိကမ္မနိမိတ်" ဟု ခေါ်သည်။

ဥဂ္ဂဟနိမိတ်။ ။"ယဒါ ပန တံ နိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ ဟောတိ, စက္ခုနာ ပဿန္တေဿဝ မနော ဒွါရဿ အာပါထမာဂတံ၊ တဒါ တမေဝ အာရမဏံ ဥဂ္ဂဟနိမိတ္တံ နာမ" နှင့်အညီ ဤကဲ့သို့ မှိတ်တုံ ဖွင့်တုံ အဖုံဖုံစီးဖြန်းလေရာ မှိတ်၍ ဆင်ခြင်သည့်အခါလည်း ဖွင့်၍ ကြည့်ရသလို စိတ်ထဲမှာ ထင်ရှားစွာ ပေါ်လာ၏၊ ထိုအခါ စိတ်ဖြင့် ကောင်းစွာယူမိပြီဖြစ်၍ ထိုအာရုံကို "ဥဂ္ဂဟနိမိတ်" ဟု ဆိုအပ်၏၊ ထိုကဲ့သို့ ဥဂ္ဂဟနိမိတ် ထင်သောအခါ ကသိုဏ်းဝန်းအနားမှာ နေသော်လည်း ကျေးဇူးမများတော့သဖြင့် နေမြဲဖြစ်သော နေရာသို့ ပြန်လာ၍ ပဋိဘာဂနိမိတ် ထင်လာဖို့ရာ ထိုဥဂ္ဂဟနိမိတ်ကိုပင် အထပ်ထပ် ဆင်ခြင်ရာ၏၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဥဂ္ဂဟနိမိတ် ပျောက်ကွယ်လျှင် ယခင် ကသိုဏ်းဝန်းအနားသို့ သွား၍ ရှေးနည်းအတိုင်း ပင် မှိတ်တုံ ဖွင့်တုံ အဖုံဖုံ ဆင်ခြင်ရာ၏၊ ဥဂ္ဂဟနိမိတ် ထင်လာသောအခါ တစ်ဖန်ပြန်လာ၍ ရှေးနည်းအတိုင်း ပွားများရာ၏၊ ထိုဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ ပွားများသော ဘာဝနာစိတ်သည် ပရိကမ္မဘာဝနာ အဆင့် အတန်းမှာပင် ရှိသေး၏၊ သို့သော် ပရိကမ္မနိမိတ်ကို အာရုံပြုတုန်းကထက် အဆများစွာ သမာဓိရ၍ တည်ကြည်လှလေပြီ၊ ထို့ကြောင့် "သာ စ ဘာဝနာ သမာဓိယတိ" ဟု မိန့်တော်မူသည်။

ဥပစာရဘာဝနာ။ ။"တထာ သမာဟိတဿ ၊ပေ၊ ပဋိဘာဂနိမိတ္တံ သမုပ္ပန္နံတိ ပဝုစ္စတိ" နှင့်အညီ ထို ဥဂ္ဂဟနိမိတ်ကို မှန်း၍ ပရိကမ္မဘာဝနာဖြင့် အခါခါစီးဖြန်းလတ်သော် သဒ္ဓိန္ဒြေစသော ဣန္ဒြေငါးပါးတို့ လွန်စွာ တိုးတက် သန့်ရှင်းရကား ကုသိုလ်စိတ်ကို နှောက်ယှက်တတ်သဖြင့် "ပရိဗန္ဓ" ဟု ခေါ်ဝေါ်အပ်သော ကာမစ္ဆန္ဒစသော နီဝရဏတို့သည် တွဲဖက်ကိလေသာတို့နှင့်တကွ ကင်းကွာ ကြရလေတော့၏၊ ထိုအခါ ဘာဝနာစိတ်အစဉ်၌ ဝိတက်စသော စျာန်အင်္ဂါငါးပါးလည်း အထင်အရှား ပေါ်လာတော့သည်၊ ရူပစျာန် အပ္ပနာသို့ မဆိုက်သေးသော်လည်း ကာမာဝစရစိတ်ဟူသော ဘာဝနာအစဉ်သည် ရူပစျာန်ပမာ အာရုံ၌ လွန်စွာ တည်ကြည်ရကား ရူပစျာန်၏အနီးဥပစာသို့ ရောက်လေပြီ၊ ပရိကမ္မဘာဝနာအဆင့်ကို လွန်မြောက်၍ ဥပစာဘာဝနာ အဖြစ်သို့ ရောက်ပြီ-ဟူလို၊ ဤ ဥပစာရဘာဝနာကိုပင် "ဥပစာရစျာန်" ဟုလည်း ခေါ်ဝေါ်ကြ သေး၏။

ပဋိဘာဂနိမိတ်။ ။ထိုကဲ့သို့ ဘာဝနာစိတ်ဓာတ်က တည်ကြည်လှသဖြင့် စီးဖြန်းအပ်သော အာရုံလည်း ဥဂ္ဂဟနိမိတ်အဖြစ်ကို လွန်မြောက်၍ ပဋိဘာဂနိမိတ် အဖြစ်သို့ ရောက်ပြီ၊ ဥဂ္ဂဟနိမိတ်၌ ကသိုဏ်းဝန်းပြုလုပ် စဉ်က ထင်နေသော လက်ချောင်းရာ လက်ဖနှောင့်ရာစသော မသန့်ရှင်းသော အပြစ်များ ရှိ၏၊ ပဋိဘာဂ နိမိတ်မှာ ထိုကဲ့သို့ အပြစ်များမထင်ပါ၊ ပွတ်တိုက်အပ်သော ခရုသင်းအိမ်မှ ထုတ်အပ်ခါစဖြစ်သော ကြေးမုံ မှန်, တိမ်တိုက်မှ ထွက်လာသော လဗိမာန်, မိုးတိမ်ညိုစခန်း၌ ပျံသန်းသော ဗျိုင်းဖြူကလေးကဲ့သို့ ဥဂ္ဂဟ နိမိတ်ကို ဖောက်ခွဲ၍ ထွက်လာသည့်ပမာ ဥဂ္ဂဟနိမိတ်ထက် အဆရာထောင်မက သာလွန်တင့်တယ်သော ဟူ၏။ [ကြွင်းသောမှတ်ဖွယ်များကို အခြေပြု၌ ရှုပါ။]

ဆက်ဦးအံ့။ ။"တဉ္စ ခေါ ပဋိဘာဂနိမိတ္တံ နေဝ ဝဏ္ဏဝန္တံ န သဏ္ဌာနဝန္တံ အပရမတ္ထသဘာဝတ္တာ" ဟူသော ဝိသုဒ္ဓိမဂ် မဟာဋီကာနှင့်အညီ, ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်တို့မှာ မြေသားဒြဗ် အဋ္ဌကလာပ်ရုပ်ဖြစ်၍ ပရမတ္ထ တရားဖြစ်သော်လည်း ဤပဋိဘာဂနိမိတ်ကား ပရမတ္ထသဘောတရား မဟုတ်တော့ပြီ၊ ပရမတ်ဖြစ်သော ကလာပ်တွေပေါင်းစုနေမှ ပုံသဏ္ဌာန်နှင့် ရူပါရုံဟူသော အဆင်းများရနိုင်သည်၊ ပရမတ်မဟုတ်သော ဤ ပဋိဘာဂနိမိတ်မှာ အဆင်းအရောင်လည်း မရှိ, ပုံသဏ္ဌာန်လည်း မရှိတော့ချေ၊ "ကေဝလံ ဟိ သမာဓိလာဘိ နော ဥပဋ္ဌာနာ ကာရမတ္တံ"ဟူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့်အညီ, သမာဓိအားကောင်းသော ဘာဝနာအစွမ်း ကြောင့် ယောဂီပုဂ္ဂိုလ်၏ စိတ်ထဲ၌ ထင်ပေါ်လာသော ပညတ်တစ်မျိုးသာ ဖြစ်သည်၊ ထို့ကြောင့် သင်္ဂြိုဟ်၌ "ဝတ္ထုဓမ္မဝိမုစ္စိတံ ပညတ္တိသင်္ခါတံ ဘာသနာမယံ စိတ္တေ သန္နိသိန္နံ သမပ္ပိတံ"ဟု မိန့်ပြီ။ [ဤ ပဋိဘာဂနိမိတ်သည် မူလကသိုဏ်းဝန်းနှင့် အရွယ်အားဖြင့် တစ်ထွာလေးသစ်ချင်း တူစွာ ထင်လာ၏၊ သို့ဖြစ်၍ အလွန် ကျဉ်းငယ်လေရကား တဖြည်းဖြည်း ကျယ်ဝန်းလာအောင် စိတ်ဖြင့်မှန်း၍ ချဲ့ကာ ချဲ့ကာ စီးဖြန်းပွားနိုင်သည်၊ ချဲ့ပုံကို ဝိသုဒ္ဓိမဂ်မှာရှုပါ။]

အပ္ပနာဘာဝနာ။ ။"တတော ပရံ၊ပေ၊ပဌမဇ္စျာနမပ္ပေတိ" နှင့်အညီ ပဋိဘာဂနိမိတ် ထင်လာ၍ ဥပစာရ ဘာဝနာသို့ ရောက်ပြီးနောက် ထိုပဋိဘာဂနိမိတ်ကို အာရုံပြုလျက် ဆက်၍ အားထုတ်လျှင် ဉာဏ်ကြီးရှင် တို့မှာ မကြာမတင် အပ္ပနာဘာဝနာခေါ်သော ရူပါဝစရစျာန် ပေါ်လာ၏၊ ထိုမျှလောက် မထက်မြက်သူမှာ "စကြာမင်းလောင်း" ဟု အဟောထွက်သော ကိုယ်ဝန်သူငယ်ကို မယ်တော်မိဖုရားကြီးက အထူးယုယ စောင့်ရှောက်သကဲ့သို့, ထိုရအပ်ပြီးသော ပဋိဘာဂနိမိတ်ကို ပျောက်ကွယ်မသွားရအောင် အထူးစောင့် ရှောက်လျက် အဆက်မပြတ်အားထုတ်ရသည်၊ ဤသို့ အားထုတ်ခြင်းကိုပင် "သမာသေဝန္တဿ" ဟု ဆို၏။ ထိုသို့ စောင့်ရှောက်မှုမရှိ၍ ပဋိဘာဂနိမိတ်များ ကွယ်ပျောက်လျှင် ဘာဝနာအစဉ်လည်း ဥပစာရဘာဝနာ အတန်းမှ လျှောကျသဖြင့် ပရိကမ္မဘာဝနာအတန်းသို့ ပြန်ရလိမ့်မည်။ [စောင့်ရှောက်ပုံနှင့်တကွ ဆက်လက် ၍ အားထုတ်ရပုံကို ဝိသုဒ္ဓိမဂ်၌ ရှုပါ။]

နိမိတ္တံ ရက္ခတော လဒ္ဓ.ပရိဟာနိ န ဝိဇ္ဇတိ၊ အာရက္ခမှိ အသန္တမှိ, လဒ္ဓံ လဒ္ဓံ ဝိနဿတိ။

နိမိတ္တံ -ပဋိဘာဂနိမိတ်ကို၊ ရက္ခတော-စောင့်ရှောက်သော ယောဂီ၏၊ လဒ္ဓပရိဟာနိ-ရအပ်ပြီးသော ဥပစာရ စျာန်၏ ဆုတ်ယုတ်ခြင်းသည်၊ န ဝိဇ္ဇတိ-မရှိ၊ အာရက္ခမှိ-စောင့်ရှောက်မှုသည်၊ အသန္တမှိ-မရှိလတ်သော်၊ လဒ္ဓံ လဒ္ဓံ-ရအပ် ရအပ်ပြီးသော ဥပစာရစျာန်သည်၊ ဝိနဿတိ-ပျက်စီးရလေတော့၏။

ဒုတိယစျာန် စသည်သို့ တက်ခန်း။ ။ဒုတိယစျာန်သို့ တက်လိုသော ယောဂီသည် ရအပ်ပြီးသော ပဌမ စျာန်ကို ငါးတန်သော ဝသိဘော်ပေါက်အောင် အဝါးဝစွာ လေ့လာရဦးမည်၊ "အသားကျနေအောင် အထပ် ထပ် ဝင်စားရမည်" ဟူလို၊ ထိုကဲ့သို့ မလေ့လာဘဲ အထက်စျာန်ကို တိုးတက် အားထုတ်လျှင် "ဖွတ်မရ, ဓား မဆုံး" တဲ့ ကိန်းလို မူလရအပ်ပြီးသော စျာန်သည်ပင် အသားမကျခင် ပစ်ထားမိသဖြင့် ပျောက်ကွယ်သွား တတ်သည်၊ ထိုသို့ ကွယ်ပျောက်မသွားဘဲ အထက်စျာန်၏ အခြေခံဖြစ်အောင် အဖန်ဖန် ဝင်စားရာ၌ အသား မကျသေးခင် အလိုရှိရာခဏ၌ ချက်ချင်းဝင်စား၍ မဖြစ်, စျာန်၏အာရုံကို အတော်ကြာအောင် အာရုံပြု၍ ပွားများမှ စျာန်စိတ် ပေါ်လာ၏၊ ထိုစျာန်အစဉ် (စျာနသမာပတ္တိဝီထိ) ဖြစ်ပေါ်လာလျှင်လည်း စျာန်မှ ထလိုရာ ခဏ၌ ချက်ချင်းထ၍ မဖြစ်သေး, ရည်ရွယ်အပ်သော အချိန်ထက် ပို၍ဖြစ်စေ, လျော့၍ဖြစ်စေ စျာန်မှ ထရသည်၊ ထို့ကြောင့် ရအပ်ပြီးသော စျာန်ကို ငါးတန်သော ဝသိဘော်ပေါက်ရောက်အောင် အခေါက်ခေါက် ဝင်စားရသည်။

ဝသီဘော်ငါးပါး

ဝသိဘော်။ ။"ဝသနံ သမတ္ထနံ ဝသော, ဝသော ယဿ အတ္ထီတိ ဝသီ၊ ဝသိနော-စွမ်းရည်သတ္တိရှိ သော ပုဂ္ဂိုလ်၏၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာ အစွမ်းသတ္တိသည်၊ ဝသိတာ-ဝသိတာ မည်၏" ဟု ဘာဝတဒ္ဓိတ် ပြု၍ တာပစ္စည်းအနက်ရှိ ကြံပါ၊ ဝသိတာနှင့် ဝသိဘာဝပုဒ်တို့မှာ အနက်တူတည်း၊ "ဝသိနော ဘာဝေါ ဝသိ ဘာဝေါ" ဟု သမာသ်ပြုပါ။ [ဤ ဝသိဘာဝပုဒ်ကို ရည်ရွယ်၍ "ဝသိဘော်"ဟု မြန်မာပြန်ကြသည်၊ သမာသ် တဒ္ဓိတ်တို့အလယ် ဒီဃကို ရဿအပြု များသောကြောင့် "ဝသိဘာဝ-ဝသိတာ" ဟု ရဿဖြင့် ရွတ်ပါ။

အာဝဇ္ဇနဝသိတာ။ ။အာဝဇ္ဇနေ-စျာန်အင်္ဂါကို ဆင်ခြင်မှု၌၊ ဝသိတာ-စွမ်းရည်သတ္တိ ရှိသူ၏အဖြစ်သည်၊ အာဝဇ္ဇနဝသိတာ-အာဝဇ္ဇနဝသိတာ မည်၏၊ ပဌမစျာန်ကို ဝင်စား၍ စျာန်မှ ထလတ်သော် ပဌမစျာန်၌ပါ သော ဝိတက် စျာန်အင်္ဂါကို ဆင်ခြင်ဖို့ရန် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဖြစ်ပြီးလျှင် ဝိတက်ကို အာရုံပြုသော မနောဒွါရာဝဇ္ဇန်း ဖြစ်၏၊ ထို့နောက် ပစ္စဝေက္ခဏာဇောလည်း (၇-ကြိမ်မစောဘဲ) (၄-၅)ကြိမ်သာ စော၍ ဝိစာရကို ဆင်ခြင်ဖို့ရန် ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဖြစ်ပြီးလျှင် မနောဒွါရာဝဇ္ဇန်း ဖြစ်ပြန်၏၊ ထို့နောက် ပစ္စဝေက္ခဏာဇော စော၍ ရှေးနည်းအတိုင်း ပီတိ သုခ ဧကဂ္ဂတာတို့ကို ဆင်ခြင်သောဝီထိများ ဆက်ကာ ဆက်ကာ ဖြစ်၏၊ ဤသို့ ဆင်ခြင်ရာဝယ် စျာန်အင်္ဂါအသီး အသီးကို ဆင်ခြင်သော ဝီထိတစ်ခုနှင့်တစ်ခု အကြား၌ ဘဝင်အပိုများစွာ မပါတော့ချေ, မပါလျှင် မပြီးသော ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒလောက်သာ ပါတော့၏၊ စျာန်အင်္ဂါကို ဆင်ခြင်မှု၌ ဤမျှလောက် လျင်မြန်အောင် စွမ်းရည်သတ္တိရှိသောအခါ အာဝဇ္ဇန ဝသိတာ မြောက်ပြီဟု ဆိုအပ်၏၊ ဤကား ဘုရားရှင်စသည်တို့ တန်ခိုးပြတော်မူရာ စသည်၌ အသုံးပြုအပ် သော အမြန်ဆုံးဆင်ခြင်နည်းပေတည်း၊ ထိုမျှလောက် မမြန်ဘဲ ဘဝင်အနည်းငယ် အပိုခြား၍ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်လျှင်လည်း အာဝဇ္ဇနဝသိဘော်ပင် ဆိုထိုက်ပါ၏၊ ဆိုလိုရင်းကား-အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကိုပင် "အာဝဇ္ဇနဝသိဘော်" ဟု ဆိုလိုသည်။

သမာပဇ္ဇနဝသိတာ။ ။သမာပဇ္ဇနေ-စျာန်ဝင်စားခြင်း၌၊ ဝသိတာ-စွမ်းရည်သတ္တိရှိသူ၏ အဖြစ်သည်၊ သမာပဇ္ဇနဝသိတာ-မည်၏၊ စျာန်ဝင်စားလိုသောဆန္ဒ ဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပို မကျ တော့ဘဲ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်း, ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဖြစ်၍ အလိုရှိသမျှ စျာန်စိတ်များစွာ ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသိတာ မည်၏၊ ဤကား တန်ခိုးပြရာကာလ စသည်၌ အရေးတကြီး ဝင်စားနိုင်သော အလွန်ထက်မြက်သော ပုဂ္ဂိုလ်တို့၏ သတ္တိတည်း၊ ထိုမျှလောက် မမြန်ဘဲ ဘဝင်အပို အနည်းငယ်ကျသော်လည်း သမာပဇ္ဇနဝသိတာဟု ဆိုထိုက်ပါသေး၏။

အဓိဋ္ဌာနဝသိတာ။ ။[ဤ၌ အဓိသဒ္ဒါသည် အဘိဘဝနအနက်ဟောတည်း, ဌာနသဒ္ဒါ၌ ကာရိတ်ပစ္စည်း ကျေသည်၊] ဘဝင်္ဂံ-ဘဝင်ကို၊ အဘိဘုယျ-လွှမ်းမိုး၍၊ စျာနံ-စျာန်အစဉ်ကို၊ ဌပနံ-ထားခြင်းသည်၊ အဓိဋ္ဌာနံ- အဓိဋ္ဌာနမည်၏၊ အဓိဋ္ဌာနေ-ဘဝင်ကို လွှမ်းမိုး၍ စျာန်အစဉ်ကို ထားနိုင်ခြင်း၌၊ ဝသိတာ-သည်၊ အဓိဋ္ဌာန ဝသိတာ-မည်၏၊ စျာန်စိတ်ချည်း ဆက်၍ ဖြစ်နေခြင်းကို "စျာန်ဝင်စားသည်" ဟု ခေါ်၏၊ စျာန်အစဉ်ပြတ်၍ ဘဝင်စိတ် ဖြစ်ပေါ်လာမှုကို "စျာန်မှထသည်" ဟု ခေါ်၏၊ လက်ဖျစ်တစ်ချက်တီးချိန်ကြာအောင် ဝင်စားလိုလျှင် ထိုခဏ၌ ဘဝင်မကျ အောင် လွှမ်းမိုး၍ ထို့ထက်ကြာကြာ ဝင်စားလိုလျှင်လည်း ဝင်စားလိုရာ အချိန်စေ့အောင် (ရေကာတာရိုးသည် ရေကို တားထားသကဲ့သို့) ဘဝင်ကို တားဆီး၍ ထားနိုင်သော သတ္တိတည်း။

ဝုဋ္ဌာနဝသိတာ။ ။ဝုဋ္ဌာနေ-ကာလအပိုင်းအခြားအတိုင်း စျာန်မှ ထခြင်း၌၊ ဝသိတာ-သည်၊ ဝုဋ္ဌာန ဝသိတာ-မည်၏၊ ကြာရှည်စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍, တစ်ခဏမျှ ခပ်တိုတို ဝင်စားလိုလျှင် ခပ်တိုတို ဝင်စား၍ ရည်မှန်းအပ်သော ကာလအပိုင်းအခြားထက် မပိုစေဘဲ စျာန်မှ ထစွမ်းနိုင်သောသတ္တိသည် ဝုဋ္ဌာနဝသိတာ မည်၏၊ [အဓိဋ္ဌာနဝသိတာသည် ရည်မှန်းထားသော အချိန်မစေ့ခင် ဘဝင်မကျအောင် တားဆီးနိုင်၏၊ ဝုဋ္ဌာနဝသိတာကား ရည်မှန်းထားအပ်သော အချိန်မလွန်ခင် စျာန်မှ ထနိုင်၏။]

ပစ္စဝေက္ခဏဝသိတာ။ ။ပစ္စဝေက္ခဏေ-စျာန်အင်္ဂါဆင်ခြင်မှု၌၊ ဝသိတာ-သည်၊ ပစ္စဝေက္ခဏဝသိတာ- မည်၏၊ စျာန်အင်္ဂါ ဆင်ခြင်သော ပစ္စဝေက္ခဏာဇောတို့၏ အစွမ်းကို "ပစ္စဝေက္ခဏဝသိတာ" ဟု ဆိုသည်၊ စျာန်အင်္ဂါကို ဆင်ခြင်သော ဝီထိတို့၏ တစ်ဝီထိနှင့်တစ်ဝီထိအကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာ ဆက်ကာ ဆင်ခြင်နိုင်သောသတ္တိတည်း၊ ထို့ကြောင့် အာဝဇ္ဇနဝသိဘော် မြောက်လျှင် ပစ္စဝေက္ခဏာ ဝသိဘော်လည်း ပြီးစီးတော့၏၊ မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို အာဝဇ္ဇနဝသိဘော်, ပစ္စဝေက္ခဏာဇော၏ သတ္တိ ကို ပစ္စဝေက္ခဏဝသိဘော်ဟု နှစ်မျိုးခွဲထားသည်။ [အားလုံးဆောင်ပုဒ်ကို အခြေပြုမှာ ရှု။]

ဝိတက္ကာဒိက၊ပေ၊ဒုတိယဇ္စျာနာဒယော ယထာရဟမပ္ပေန္တိ။ ။ဤသို့လျှင် ဝသိဘော်ငါးတန်မြောက်အောင် ပဌမစျာန်ကို အဖန်ဖန်ဝင်စား၍ စျာန်အင်္ဂါစုကို ဆင်ခြင်ဖန်များလတ်သော် ဝိတက်စျာန်အင်္ဂါပေါ်မှာ ရုန့်ရင်း ကြမ်းတမ်းသည်ဟု ထင်လာ၏၊ "ဝိတက်သည် အာရုံအမျိုးမျိုးသို့ စိတ်ကို တင်ပေးတတ်၏, သူ့အတွက် ကြောင့် လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်စက်ရောက်သွားဖို့ နီးလှသဖြင့် ကာမစ္ဆန္ဒနီဝရဏဘေးရန်နှင့် တွေ့မည်ကို စိုးရိမ်ရ၏, ဝိတက်မပါမှသာ စိတ်ငြိမ်ဖွယ် ရှိသည်" ဟု ဝိတက်ကို အပြစ်ရှု၍ ဝိတက်မပါသော ဒုတိယစျာန်ကို ရည်သန်ပြီးလျှင် ဝိတက်ကို ပယ်ရှားနိုင်ခြင်း ပဌမစျာန်တုန်းကထက် သိမ်မွေ့သည့် ဝိစာရ စသော စျာန်အင်္ဂါများ ပေါ်လာစေခြင်းအကျိုးငှာ ပဋိဘာဂနိမိတ်တည်းဟူသော ပထဝီကသိုဏ်းပညတ်ကိုပင် ပရိကမ္မဘာဝနာစသော ဘာဝနာသုံးမျိုး အစဉ်ဖြင့် အာရုံပြုလျက် တိုးတက် အားထုတ်၏။ [ဤအားထုတ် မှုသည် ဝိတက်ကို စက်ဆုပ်ခြင်းသဘော ပါသောကြောင့် "ဝိတက္ကဝိရာဂဘာဝနာ" မည်၏။]

အထက်ဈာန်သို့တက်ပုံ

ထိုသို့ အားထုတ်ရာ ဝိတက်ပေါ်၌ စွဲလမ်းချက် နိကန္တိတဏှာ ကောင်းကောင်းမကွာသေးခင် ပရိကမ္မ ဘာဝနာ မည်၏၊ [ပဌမစျာန်တက်ခန်း၌ ပရိကမ္မဘာဝနာသည် ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်ကို အာရုံပြုခဲ့၏၊ ဤ၌ ပရိကမ္မဘာဝနာက ပဋိဘာဂနိမိတ်ကို အာရုံပြုသည်၊] ဝိတက်ပေါ်၌ နိကန္တိတဏှာ ကောင်းစွာကင်းကွာ လျှင် ဒုတိယစျာန်၏ အနီးဥပစာသို့ (ဥပစာရဘာဝနာသို့) ရောက်ပြီ၊ ထို့နောက် ဆက်၍ အားထုတ်လျှင် ဝိတက်စျာန်အင်္ဂါမပါဘဲ ပဌမစျာန်တုန်းကထက် သိမ်မွေ့စွာ ဝိစာရစသော စျာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသော ဒုတိယစျာန်ခေါ် အပ္ပနာဘာဝနာ ပေါ်လာသည်။

တတိယစျာန်သို့ တက်ပုံ။ ။ပြခဲ့ပြီးသော အစဉ်အတိုင်း "ဝိစာရသည် ရုန့်ရင်းကြမ်းတမ်း၏, ဝိစာရသည် ဝိတက်နှင့် တွဲဖက်ဖြစ်ရကား မကြာခင် ဝိတက်နှင့်တွဲ၍ ပဌမစျာန် ဖြစ်မြဲ ဖြစ်ရလိမ့်မည်, ဝိစာရမပါသော တတိယစျာန်သာလျှင် မွန်မြတ်၏" ဟု ဝိစာရကို အပြစ်ရှု၍ ဝိစာရ၌ စက်ဆုပ်မှုပါသော ဝိစာရဝိရာဂဘာဝနာ ကို ပရိကမ္မစသော အစဉ်အတိုင်း အားထုတ်လေရာ, ဝိစာရအပေါ်၌ နိကန္တိတဏှာဟု ခေါ်အပ်သော တပ်မက်မှု မကွာသေးခင် ပရိကမ္မဘာဝနာ မည်၏, ဝိစာရ၌ နိကန္တိတဏှာ ကင်းကွာသောအခါ ဥပစာရဘာဝ နာမည်၏၊ ထို့နောက် ဆက်၍ အားထုတ်သောအခါ ဝိစာရမပါဘဲ ဒုတိယစျာန်တုန်းကထက် သိမ်မွေ့သော ပီတိ သုခ ဧကဂ္ဂတာ စျာန်အင်္ဂါသုံးပါးပါသော တတိယစျာန်ခေါ် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာသည်။

စတုတ္ထစျာန် ပဉ္စမစျာန်သို့ တက်ပုံ။ ။စတုတ္ထစျာန်သို့ တက်ရာ၌ "ပီတိသည် နှစ်သက်ခြင်းသဘောရှိ၍ စိတ်ကို ကောင်းစွာ မငြိမ်သက်စေနိုင်, ပီတိမပါမှသာ စိတ်ငြိမ်သက်မည်ဟု ပီတိကို အပြစ်ရှု၍ ပီတိဝိရာဂ ဘာဝနာကို အားထုတ်ရာ၏၊ ပဉ္စမစျာန်သို့ တက်ရာ၌ "သုခသည် ပီတိနှင့် သဘောတူပင် ဖြစ်၏, ပီတိ ဟူသော ရန်သူနှင့် ပေါင်းမိသဖြင့် တတိယစျာန်သို့ လျှောကျမည်ကိုစိုးရ၏"ဟု သုခကို အပြစ်ရှု၍ သုခဝိရာဂ ဘာဝနာကို အားထုတ်ရာ၏။

အောက်စျာန်အင်္ဂါ မပါခြင်းအကြောင်း။ ။ဤသို့လျှင် အထက် အထက်စျာန်ကို တိုးတက် အားထုတ် ကတည်းက အောက်အောက် စျာန်အင်္ဂါများကို အပြစ်မြင်ကာ စက်ဆုပ်လာခဲ့ခြင်းကြောင့် ထိုဘာဝနာတို့ အထွတ်အထိပ် အပ္ပနာသို့ ရောက်သောအခါ "အိမ်သာမှ ဧည့်လာ-"ဆိုတာလို အောက်အောက်စျာန်အင်္ဂါကို ဘာဝနာက မကြည်သာသောကြောင့် အပ္ပနာဘာဝနာ(စျာန်)ဝယ် အောက်အောက် စျာန်အင်္ဂါများ မပါလာ ဘဲ ရှိရလေသည်၊ ထို့ကြောင့် ထိုထိုစျာန်စိတ်ဝယ် စျာန်အင်္ဂါအမျိုးမျိုး ယှဉ်ရာ၌ "၁-အောက်အောက် စျာန် အင်္ဂါကို စက်ဆုပ်မှုဟူသော အဇ္စျာသယ, ၂-ထိုအဇ္စျာသယအတိုင်း ပွားများမှုဟူသောဘာဝနာ, ဤနှစ်မျိုးသာ အကြောင်းဖြစ်သည်" ဟု မှတ်ပါ။

စတုက္ကနည်း။ ။ဤပြခဲ့သောအစဉ်သည် ဝိတက် ဝိစာရနှစ်ပါးစုံကို တစ်ဆက်တည်း အပြစ်မမြင်နိုင် သော မန္ဒပညယောဂီ၏ ဘာဝနာအစဉ်တည်း၊ တိက္ခပညပုဂ္ဂိုလ်အလိုအားဖြင့် ဝိတက် ဝိစာရနှစ်ပါးကို တစ်ပြိုင်နက် လွန်မြောက်၍ ဝိတက် ဝိစာရမပါသော ဒုတိယစျာန်ကို ရနိုင်သောကြောင့် ထိုတိက္ခယောဂီ ပုဂ္ဂိုလ်အတွက် ရူပါဝစရစျာန်(၄)ပါးသာ ရှိရသည်။ ["အဝသေသေသု ပန အပ္ပမညာ သတ္တပညတ္တိယံ ပဝတ္တန္တိ" ဟူသောသင်္ဂြိုဟ်၌ အပ္ပမညာလေးပါး၏ ဆိုင်ရာသတ္တဝါပညတ်ကို အာရုံပြုမှုကား ထင်ရှားပြီ။]

----------------

အာရုပ္ပစျာန်တက်ခန်း

အာကာသဝဇ္ဇိတကသိဏေသု ယံကိဉ္စိ ကသိဏံ ဥဂ ္ဃာဋေတွာ လဒ္ဓမာကာသံ။ ။ခန္ဓာကိုယ်ကို "ကရဇ ကာယ" ဟု ခေါ်၏၊ [ကရ-မိဘတို့၏သုက်သွေးကြောင့်+ဇ=ဖြစ်ရသော+ကာယ=ကိုယ်၊] ဤကရဇကာယ ရှိခြင်းကြောင့် တုတ် ဓားစသော လက်နက်စွဲကိုင်လျက် သတ်ပုတ် ရိုက်နှက်ကြ, မျက်စိရောဂါ နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုး စံစားကြရ၏၊ ဤကရဇကာယ မရှိရာ အရူပဘုံ၌ကား ထိုအပြစ်မျိုးမှ ကင်းသဖြင့် ရှင်းလင်းအေးမြပေလိမ့်မည်ဟု ကရဇကာယရုပ်ခန္ဓာအပေါ်၌ အပြစ်မြင်၍ အရူပဘုံသို့ ရောက်ရန် အာကာသာနဉ္စာယတနစျာန်ကို အလိုရှိသော ယောဂီသည် (တစ္ဆေကြောက်တတ်သူသည် ညဉ့်အခါ ထန်းပင်ငုတ်ကိုပင် တစ္ဆေထင်၍ ကြောက်နေသကဲ့သို့) ရူပစျာန်၏ အာရုံဖြစ်သော ကသိုဏ်းရုပ်ကိုပင် စက်ဆုပ်လေတော့၏။ [ကရဇကာယကို အပြစ်ရှုပုံမှာ သာသနာပအခါအတွက်သာတည်း၊ သာသနာတွင်း၌ အရူပစျာန်အားထုတ်သူကား ထိုကဲ့သို့ အပြစ်မရှု, အဘိညာဉ်အကျိုးကို မျှော်၍သာအရူပစျာန်ကို အားထုတ်သည်ဟု ကြံသင့်၏။]

ယထာ ပိသာစဘီရုကော, ရတ္တိံ ခါဏုမ္ပိ ဘာယတိ၊ ဧဝံ ကရဇဘီရုကော, ယောဂီ ကသိဏရူပကံ။

အရူပစျာန်တက်ပုံ။ ။ဤသို့ ကရဇကာယနှင့် ကသိုဏ်းကိုပါ ကြောက်ရွံ့မုန်းတီးနေသော ယောဂီသည် ရူပ ပဉ္စမစျာန်ကို ငါးတန်သော ဝသိဘော်မြောက်အောင် အခေါက်ခေါက် အခါခါ လေ့လာဝင်စားပြီးလျှင် စျာန်မှ ထသောအခါ "ဤပဉ္စမစျာန်သည် ငါ စက်ဆုပ်အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုနေ၏" ဟု မိမိနှင့် မတည့်သူကို အရေးပါနေလျှင် ထိုသူ့ကိုပါ ရွံမုန်းသကဲ့သို့, ပဉ္စမစျာန်ကိုလည်း ရွံမုန်း၏၊ အောက်စတုတ္ထစျာန်၌ပါသော သုခနှင့် နီးကပ်နေသဖြင့်လည်း မငြိမ်သက်ဟု ထင်၏၊ အထက် အရူပစျာန်ကိုထောက်လျှင် ရုန့်ရင်းကြမ်းတမ်းသေး၏ဟုလည်း အပြစ်မြင်၏၊ ဤသို့ ရူပ ပဉ္စမစျာန်ကို အပြစ်မြင်၍ ပဌမာရုပ္ပဝိညာဏ်ကို ငြိမ်သက်၏ဟု အထင်ရှိသော ယောဂီသည် အာကာသ ကသိုဏ်းမှ တစ်ပါးသော ကသိုဏ်းကိုးပါးတို့တွင် တစ်ပါးပါးကို အလိုရှိသလို မှန်း၍ (ကျဉ်းကျဉ်းလိုလျှင် တစ်ထွာလက်လေးသစ်မျှ, ကျယ်ကျယ်လိုလျှင် စကြဝဠာတံတိုင်းထိမှန်း၍) ဖြန့်ထားရာ၏၊ စိတ်ထဲဝယ် ပဋိဘာဂနိမိတ် ကသိုဏ်းဝန်းကြီး ထင်နေလိမ့်မည်။

အနန္တဝသေန ပရိကမ္မံ ကရောန္တဿ။ ။ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ဘဲ ကသိုဏ်းဝန်း ပျံ့နှံ့ရာအရပ်ကို "အနန္တော အာကာသော-အနန္တော အာကာသော" ဟု ကောင်းကင်ကိုသာ စိတ်ဖြင့် နှလုံးသွင်း ဆင်ခြင်နေမှုကို "ပရိကမ်" ပြုသည်ဟု ခေါ်၏၊ ဤသို့ ပရိကမ် ပြုဖန်များလျှင် ထမင်း အိုးဝတွင် ဖုံးအပ်သော အဝတ်ကို ဖွင့်လှစ်လိုက်သောအခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်း ပေါက် ပေါ်လာသကဲ့သို့ ကသိုဏ်းဝန်း ကွယ်ပျောက်၍ ကသိုဏ်းဝန်းပျံ့နှံ့ရာ အရပ်အားလုံး၌ ကောင်းကင် ဟင်းလင်းဖြစ်၍ ထင်လာသည်၊ ဤသို့ မူလဖြန့်အပ်သော ကသိုဏ်းဝန်းကို နှလုံးမသွင်းဘဲ ခွာခြင်းကို "ကသိုဏ်းခွာသည်" ဟု ခေါ်သည်၊ "ခွာ" ဟူသော စကားအရ ခင်းထားသော ဖျာကို လိပ်၍ ခွာယူသကဲ့သို့ လည်းကောင်း, မုန့်အိုးကင်းမှ မုန့်ရှက်ကို ခွာယူသကဲ့သို့လည်းကောင်း မမှတ်အပ်။

ကသိဏံ ဥဂ ္ဃာဋေန္တော သော, န ကိလဉ္စံ ပူပံပိ ဝါ၊ ကေဝလံ တ.မနာဝဇ္ဇံ, အာကာသော ဣတိ ဣက္ခတိ။

ပဌမာရုပ္ပမပ္ပေတိ။ ။ဤသို့ မူလကသိုဏ်းကို နှလုံးမသွင်းဘဲ ခွာ၍ရအပ်သော(စိတ်ထဲ၌ ထင်လာသော) ကောင်းကင်ကို အာရုံပြုလျက် ပရိကမ္မဘာဝနာဖြင့် "အာကာသော အနန္တော" ဟု အထပ်ထပ် နှလုံးသွင်း လတ်သော် ရူပပဉ္စမစျာန်အပေါ်၌ နှစ်သက်မှု နိကန္တိတဏှာ ကင်းကွာ၏၊ ထိုအခါ ဥပစာရဘာဝနာအဆင့်သို့ ရောက်၏၊ ထို့နောက် ကောင်းကင်ကိုပင် ဆက်၍ အာရုံပြုလျက် တိုးတက်အားထုတ်သောအခါ ပဌမာရုပ္ပ ဝိညာဏ်ဟု ခေါ်အပ်သော အာကာသာနဉ္စာယတနစျာန် (အပ္ပနာစျာန်) ဖြစ်ပေါ်လာ၏။ ["အာကာသော အနန္တော" ဟူရာ၌ "အနန္တော" အရ ကောင်းကင်ပညတ်သည် ပရမတ်မဟုတ်ရကား ဥပါဒ်ခြင်းဟူသော အစအပိုင်းအခြားလည်း မရှိ, ဘင်ဟူသော အဆုံးအပိုင်းခြားလည်း မရှိသည်ကို "အနန္တော" ဟု ဆိုသည်၊ ဤ အနန္တောသဒ္ဒါ မပါဘဲ "အာကာသော အာကာသော" ချည်းလည်း ပွားများနိုင်၏၊ ဋီကာတို့၌ "အာကာသံ" ဟု နပုံးလိန် ဆို၏၊ သင့်သည်ချည်းသာ။]

အာကာသဝဇ္ဇိတ။ ။"ကသိုဏ်းခွာရာဝယ် အာကာသကသိုဏ်းကို အဘယ့်ကြောင့် ကြဉ်ရသနည်း" ဟု မေးဖွယ်ရှိ၏၊ အာကာသကသိုဏ်းသည် ခွာထိုက်သော ကသိုဏ်း (ခွာ၍ရကောင်းသော ကသိုဏ်း) မဟုတ်၊ ထို့ကြောင့် ကြဉ်ရသည်၊ ချဲ့ဦးအံ့-အာကာသကသိုဏ်းသည် ပင်ကိုကပင် ကောင်းကင်ဟင်းလင်းဖြစ်နေ သောကြောင့် ထိုအာကာသကသိုဏ်းကို အာရုံမပြုဘဲ ခွာလိုက်သော်လည်း မူလကောင်းကင်အတိုင်း ဖြစ်၍ ထူးမခြားနားပြီ၊ အောက်အောက်အာရုံကို လွန်နိုင်မှလည်း အထက် အထက် ရူပစျာန်ကို ရနိုင်၏၊ အာကာသ ကသိုဏ်းကို ခွာ၍ မရလျှင် ထိုအာကာသကို ထပ်၍ အာရုံပြုရာ ရောက်သောကြောင့် လွန်မြောက်နိုင်တော့ မည် မဟုတ်၊ ဤသို့လျှင် အာကာသကသိုဏ်းသည် ခွာမရနိုင်, ခွာ၍ မရဘဲ ထပ်တလဲလဲ အာရုံပြုပြန်လျှင် လွန်မြောက်နိုင် မည်မဟုတ်, အောက်အောက်အာရုံကို မလွန်မြောက်လျှင် အထက် အထက် အရူပစျာန်သို့ မရောက်နိုင်၊ ထို့ကြောင့် ကသိုဏ်းခွာဖို့ အရာဝယ် အာကာသကို ကြဉ်ဖယ်ရသည်။

ဒုတိယာရုပ္ပစျာန်ခန်း။ ။ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိသော ယောဂီသည် အာကာသာနဉ္စာယတန စျာန်ကို အဖန်ဖန် ဝင်စား၍ အသားကျသောအခါ အာကာသာနဉ္စာယတနစျာန်မှ အထတွင် "ငါရအပ်ပြီး သော အာကာသာနဉ္စာယတနစျာန်သည် ရူပ ပဉ္စမစျာန်တည်းဟူသော ရန်သူနှင့် နီးလှ၏၊ (အဖန်ဖန်မလေ့ လာဘဲ အမှတ်တမဲ့နေလျှင် ရူပ ပဉ္စမစျာန်သို့ လျှောကျဖွယ်ရှိသည်-ဟူလို၊) ဒုတိယာရုပ္ပစျာန်လောက်လည်း မငြိမ်သက်" ဟု အပြစ်ရှုပြီးလျှင် ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ လွန်မြောက်၍ ပဌမာရုပ္ပဝိညာဏ် ကို အာရုံပြုကာ "အနန္တံ ဝိညာဏံ"ဟု အဖန်ဖန် ပွားများလတ်သော် ထိုအာရုံ၌စွဲမြဲလျက် ပဌမာရုပ္ပဝိညာဏ်၌ နိကန္တိတဏှာ ကင်းသောအခါ ဥပစာရဘာဝနာသို့ရောက်၏၊ ထို့နောက် ဆက်၍ အားထုတ်လျှင် ဒုတိယာ ရုပ္ပဝိညာဏ်ခေါ် ဝိညာဏဉ္စာယတနစျာန် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာသည်။

အနန္တဝိညာဏဖြစ်ပုံ။ ။"အနန္တံ ဝိညာဏံ"ဟူရာ၌ ပဌမာရုပ္ပဝိညာဏ်သည် အနန္တဖြစ်သော ကောင်းကင် ပညတ်ကို အာရုံပြု၏၊ ထိုအကြောင်းအာရုံ၏ အနန္တအမည်ကို အကျိုးအာရမဏိကဖြစ်သော ဝိညာဏ်ပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် ဝိညာဏ်ကို အနန္တဟု ဆိုသည်၊[အာရုံနှင့်စိတ်တွင် အာရုံကအကြောင်း, အာရမဏိကစိတ်က အကျိုးတည်း၊] ဤနည်းအလို-"အနန္တံ-အနန္တ မည်သော၊ ဝါ-ဥပါဒ် ဘင်အားဖြင့် အပိုင်း အခြား မရှိသော ကောင်းကင်ကို အာရုံပြုသော၊ ဝိညာဏံ-ပဌမာရုပ္ပဝိညာဏ်" ဟု အနက်ပေး၊ တစ်နည်း-ဒုတိယာရုပ္ပစျာန်ကို အားထုတ်သော ဘာဝနာစိတ်သည် ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုသောအခါ ဥပါဒ်ကို ပိုင်းခြား၍ဖြစ်စေ ဌီကို ပိုင်းခြား၍ဖြစ်စေ အာရုံပြုသည် မဟုတ်, အပိုင်းအခြား မထားဘဲ ဝိညာဏ်တစ်ခုလုံးကို အာရုံပြုသည်၊ ဤသို့ အာရမဏိဘာဝနာစိတ်က အပိုင်းအခြား မရှိအောင် အာရုံပြုအပ်သောကြောင့် "အနန္တဝိညာဏ" ဟု ခေါ်သည်၊ ဤနည်းအလို "အနန္တံ-အပိုင်းအခြားမရှိဘဲ အာရုံပြုအပ်သော၊ ဝိညာဏံ-ဝိညာဏ်" ဟု အနက် ပေး၊ အနန္တသဒ္ဒါ မပါဘဲ "ဝိညာဏံ ဝိညာဏံ" ဟုလည်း ပွားများနိုင်သေး၏။

မလွှဲသာ၍ အာရုံပြု။ ။ဒုတိယာရုပ္ပကို ရအောင် အားထုတ်သော ယောဂီသည် ပဌမအာရုပ္ပဝိညာဏ်၌ အပြစ်မြင်သော်လည်း ဒုတိယအာရုပ္ပသို့ ရောက်ဖို့အရေးဝယ် ပဌမာရုပ္ပဝိညာဏ်မှတစ်ပါး အခြား ပြုဖွယ် အာရုံမရှိသောကြောင့် မလွှဲသာသဖြင့် ပဌမာရုပ္ပဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ ဒုတိယာရုပ္ပ ဝိညာဏ်က အာရုံပြုရတော့သည်၊ ဥပမာ-ရှင်ဘုရင့်အပေါ်၌ အပြစ်မြင်နေသော မှူးမတ်တစ်ဦးသည် အသက်မွေးဝမ်းကျောင်းမှု အရေးဝယ် ဤဘုရင်ကို ခစားမှုမှတစ်ပါး အခြားလုပ်ငန်းကောင်း မရှိတော့သဖြင့် အပြစ်မြင်အပ်သော ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရသကဲ့သို့တည်း။ [စတုတ္ထာရုပ္ပဝိညာဏ်နှင့် ဘာဝနာ အစဉ်တို့က အပြစ်မြင်အပ်ပြီးသော တတိယာရုပ္ပဝိညာဏ်ကို အာရုံပြုရာ၌လည်း ဤနည်းပင်တည်း။

အာလမ္ဗနံ ကရောတေဝ, အညာဘာဝေန တံ ဣဒံ၊ ဒိဋ္ဌဒေါသမ္ပိ ရာဇာနံ, ဝုတ္တိဟေတု ဇနော ယထာ။

အညာဘာဝေန -ပဌမာရုပ္ပဝိညာဏ်မှတစ်ပါး အခြားသော ပြုစရာအာရုံ၏ မရှိခြင်းကြောင့်၊ ဣဒံ-ဤ ဒုတိယာရုပ္ပဝိညာဏ်သည်၊ တံ-ထိုပဌမာရုပ္ပဝိညာဏ်ကို၊ အာလမ္ဗနံ ကရောတေဝ-အာရုံပြုတော့သည်သာ၊ ကိမိဝ-အဘယ်ကဲ့သို့နည်း၊ ဇနော-မင်းခစားယောကျ်ားသည်၊ ဒိဋ္ဌဒေါသမ္ပိ-မြင်အပ်ပြီးသော အပြစ်ရှိပါသော် လည်း၊ ရာဇာနံ-မင်းကို၊ ဝုတ္တိဟေတု-အသက်မွေးဝမ်းကျောင်းဟူသော အကြောင်းကြောင့်၊ သေဝတိ ယထာ-ခစားရသကဲ့သို့တည်း။

*************

တတိယာရုပ္ပစျာန်ခန်း။ ။အာကိဉ္စညာယတနစျာန်ကို အလိုရှိသော ယောဂီသည် ဝိညာဏဉ္စာယတန စျာန်ကို အဖန်ဖန်ဝင်စား၍ အသားကျသောအခါ စျာန်မှ အထတွင် "ငါရအပ်ပြီးသော ဝိညာဏဉ္စာယတန စျာန်သည် အာကာသာနဉ္စာယတနစျာန်ဟူသော ရန်သူနှင့် နီး၏, တတိယာရုပ္ပစျာန်လောက်လည်း မငြိမ်သက်" ဟု အပြစ်ရှုပြီးလျှင် ပဌမာရုပ္ပဝိညာဏ်ဟူသော အာရုံကို မပြုတော့ဘဲ အာရုံလွန်မြောက်၍ နတ္ထိ ဘောပညတ်ဟူသော အာရုံကို မှန်းလျက် "နတ္ထိ ကိဉ္စိ, နတ္ထိ ကိဉ္စိ" ဟု စီးဖြန်းဖန်များလတ်သော် ထိုအာရုံ၌ စွဲမြဲလျက် ဒုတိယာရုပ္ပဝိညာဏ်၌ နိကန္တိတဏှာ ကင်းကွာသောအခါ ဥပစာရဘာဝနာသို့ ရောက်၏၊ ထို့နောက်ဆက်လက်၍ အားထုတ်လျှင် "တတိယာရုပ္ပဝိညာဏ်" ဟု ခေါ်အပ်သော အာကိဉ္စညာယတနစျာန် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာသည်။

နတ္ထိ ကိဉ္စိ။ ။နတ္ထိ ကိဉ္စိ၌ သဒ္ဒါနက်ထိရုံမှာ "ကိဉ္စိ-စိုးစဉ်းအနည်းငယ်မျှ၊ နတ္ထိ-မရှိတော့ပြီ" ဟု ဆိုရာ၌ မရှိ-ဆိုသည်မှာလည်း အရာအားလျော်စွာ "ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်း" ဟု မှတ်ပါ၊ ဥပါဒ်ကစ၍ ဖြစ် ပေါ်လာသော ပဌမာရုပ္ပဝိညာဏ်သည် ကြွင်းကျန်ဦးမည်ဆိုလျှင် ဘင်အခိုက်လောက်တော့ ကြွင်းကျန်သင့် သေး၏၊ ယခုမှာ အယုတ်ဆုံး ဘင်မျှ မကြွင်းကျန်တော့ဘူး-ဟူလို၊ ထို့ကြောင့် "ကိဉ္စိ-နည်းငယ် စိုးစဉ်း, ဘင်မျှအကြွင်းသည်၊ နတ္ထိ-မရှိ" ဟု အနက်ဆို၊ ကိဉ္စိသဒ္ဒါ မပါဘဲ "နတ္ထိ နတ္ထိ" ဟုလည်း စီးဖြန်းနိုင်၏။

ထင်ရှားစေအံ့ -ဒုတိယာရုပ္ပစျာန်သည် ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုနေ၏၊ ထိုပဌမာရုပ္ပဝိညာဏ်ကို လွန်မြောက်နိုင်မှသာ တတိယာရုပ္ပစျာန်ကို ရမည်၊ "လွန်မြောက်"ဆိုသည်မှာလည်း ထိုအာရုံကို အာရုံမပြုဘဲ အခြားအာရုံတစ်ခုကို တိုးတက်၍ အာရုံပြုခြင်းပင်တည်း၊ ထို့ကြောင့် ပဌမာရုပ္ပဝိညာဏ်တည်းဟူသော အာရုံကို အာရုံမပြုတော့ဘဲ "နတ္ထိ ကိဉ္စိ" ဟု ပရိကမ်ပြုလေရာ, ပဌမာရုပ္ပဝိညာဏ် ကွယ်ပျောက်၍ ထိုပဌမာ ရုပ္ပဝိညာဏ်၏ မရှိခြင်းသာ ထင်ရှားတော့သည်၊ ဥပမာ-လူတစ်ယောက်သည် စည်းဝေးနေသော သံဃာ့ ပရိသတ်ကို မဏ္ဍပ်တစ်ခုမှာ တွေ့မြင်ပြီးနောက် ကိစ္စတစ်ခုအတွက် အပြင်သို့ ထွက်သွားစဉ် အစည်းအဝေး ရုပ်သိမ်း၍ သံဃာတော်များ ပြန်ပြီးမှ လာရောက်ပြန်ရာ သံဃာတော်များကို မတွေ့ရတော့ဘဲ သံဃာတော် များ စည်းဝေးရာအရပ်ဝယ် ဘာမျှ မရှိခြင်းကိုသာ တွေ့ရတော့သကဲ့သို့တည်း။ [ဘာမျှမရှိခြင်းကို ပါဠိလို "နတ္ထိဘာဝ-မရှိသည်၏ အဖြစ်၊ ဝါ-မရှိခြင်း" ဟု ခေါ်၏၊ ထိုမရှိခြင်းသည် ပရမတ်အထည်ကိုယ် မဟုတ်, ပညတ်မျှသာဖြစ်သောကြောင့် "နတ္ထိဘောပညတ်" ဟု ခေါ်သည်။]

စတုတ္ထာရုပ္ပစျာန်ခန်း။ ။နေဝသညာနာသညာယတန စျာန်ကို အလိုရှိသောယောဂီသည် ရှေးနည်း အတိုင်း တတိယာရုပ္ပစျာန်ကို လေ့လာပြီး၍ အသားကျသောအခါ စျာန်မှ အထတွင် "ငါရအပ်ပြီးသော အာကိဉ္စညာယတနစျာန်သည် ဝိညာဏဉ္စာယတနစျာန်တည်းဟူသော ရန်သူနှင့် နီးကပ်လှ၏, စတုတ္ထာရုပ္ပ စျာန်လောက်လည်း မငြိမ်သက်, သညာသည် အိုင်းအမာ ဆူးငြောင့်နှင့် တူ၏, နေဝသညာနာသညာယတနစျာန်သမာပတ်ကား မွန်မြတ်လှပေ၏" ဟု အာကိဉ္စညာယတနစျာန်ကို အပြစ် ရှုလျက် နေဝသညာနာသညာယတနစျာန်ကို မွန်မြတ်သည်ဟု ထင်ပြီးလျှင် နတ္ထိဘောပညတ်အာရုံကို အာရုံမပြုတော့ဘဲ လွန်မြောက်၍ တတိယာရုပ္ပစျာန်ကို အာရုံပြုကာ "သန္တမေတံ, ပဏီတမေတံ" ဟု အဖန်ဖန် ပွားများလတ်သော် ဝိညာဏဉ္စာယတနစျာန်၌ နိကန္တိတဏှာ ကင်းကွာသောအခါ ဥပစာရဘာဝနာ သို့ ရောက်၏၊ ထို့နောက် ဆက်၍အားထုတ်လျှင် စတုတ္ထာရုပ္ပဟုခေါ်အပ်သော နေဝသညာနာသညာယတန စျာန် အပ္ပနာဘာဝနာ ဖြစ်ပေါ်လာသည်။

သန္တံ ဧတံ။ ။"ဧတံ-ဤတတိယာရုပ္ပစျာန်သည်၊ သန္တံ-မရှိခြင်းကိုပင် အာရုံပြုနိုင်သည့်အတွက် ငြိမ်သက် ပါပေစွ၊ ဧတံ-သည်၊ ပဏီတံ-မရှိခြင်းကိုပင် အာရုံပြုတတ်သဖြင့် မွန်မြတ်ပါပေစွ"ဟု အနက်ဆို၊ များစွာသော စိတ်တို့သည် တစ်စုံတစ်ခုသောဒြဗ်ကို အာရုံပြုနေရမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြ၏၊ ဤတတိယာရုပ္ပစျာန် ကား ဘာမျှ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုနိုင်သဖြင့် အင်မတန်ငြိမ်သက်သည်, အင်မတန် မွန်မြတ်ပေသည်ဟု ယောဂီပုဂ္ဂိုလ်က ချီးမွမ်းသည်၊ ဆက်ဦးအံ့-စတုတ္ထာရုပ္ပစျာန်၌ရှိသော စိတ်စေတသိက် များလောက် မငြိမ်သက်သဖြင့် "မငြိမ်သက်ဘူး" ဟု ရှေးပရိကမ် ပြုခါနီးတုန်းက အပြစ်ရှုခဲ့သည်၊ သန္တမေတံ ပဏီတမေတံဟု ချီးမွမ်းခြင်းကား မရှိခြင်းကို အာရုံပြုနိုင်သည့်အတွက် ချီးမွမ်းခြင်းတည်း၊ ထို့ကြောင့် အပြစ် အားလျော်စွာ အပြစ်ရှု၍ ဂုဏ်အားလျော်စွာ ချီးမွမ်းသည့်အတွက် ဆန့်ကျင်ဘက် မဖြစ်ဟု မှတ်ပါ၊ အရုပ် ဆိုး၍ လိမ္မာသော မိန်းကလေး၌ ရုပ်အဆင်းအတွက် ကဲ့ရဲ့ထိုက်၍, အလိမ္မာအတွက် ချီးမွမ်းထိုက်သကဲ့ သို့တည်း၊ သန္တမေတံ၌ ဧတံ မပါဘဲ "သန္တံ သန္တံ, ပဏီတံ ပဏီတံ" ဟုလည်း စီးဖြန်းနိုင်၏။

ချီးမွမ်းသော်လည်း မလိုချင်။ ။တတိယာရုပ္ပစျာန်ကို ချီးမွမ်းထိုက်၍ ချီးမွမ်းနေသော်လည်း တတိယာ ရုပ္ပစျာန်ကို မဝင်စားလိုသောကြောင့် အလိုအားလျော်စွာ တတိယာရုပ္ပစျာန်ကို လွန်မြောက်၍ စတုတ္ထာရုပ္ပ စျာန်သို့ ရောက်နိုင်ပေသည်၊ ဥပမာ-ဘုရင်တစ်ပါးသည် လက်မှုပညာပြပွဲကို လှည့်လည် ရှုစားတော်မူစဉ် ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းပြီး, တစ်ထည်ကို ခါးတောင်းကျိုက်၍ တစ်ကိုယ်လုံး၌ ဖွေးဖွေးဖြူသော ဆင်စွယ်မှုန့်များဖြင့် သားနားသပ်ရပ်သော ဆင်စွယ်ရုပ်ကလေးများကို ပြုလုပ်နေသော ဆင်စွယ်ပွတ်သမား ကို မြင်တော်မူရာ "တော်ပါပေသည်, စွမ်းပါပေသည်" ဟု အားရနှစ်သက် မြိန်ရှက်စွာ ချီးမွမ်းသော်လည်း ကိုယ်တိုင်ကား ထီးနန်းကို စွန့်လွှတ်၍ ဆင်စွယ်ပွတ်သမား မဖြစ်လို၊ ထိုကဲ့သို့ ချီးမွမ်းလျက်ပင် ဆင်စွယ်ပွတ် သမားတို့ကို ကျော်လွန်၍ နန်းတော်ရောက်အောင် ကြွမြန်းသကဲ့သို့တည်း။

ဒန္တကာရေ ဝဏ္ဏေန္တောပိ, န ရာဇာ တတွကာမိကော၊ အသမာပတ္တိကာမောဝ, ယောဂီ တတိယတိက္ကမော။

ဒန္တကာရေ -ဆင်စွယ်ပွတ်သမားတို့ကို၊ ဝဏ္ဏေန္တောပိ-ချီးမွမ်းပါသော်လည်း၊ ရာဇာ-မင်းသည်၊ န တတွကာ မိကော-ဆင်စွယ်ပွတ်သမားအဖြစ်ကို အလိုမရှိ၊ ယောဂီ-တတိယာရုပ္ပစျာန်ကို ရပြီးသောယောဂီသည်၊ ဝဏ္ဏေန္တောပိ-သန္တ မေတံ ပဏီတမေတံဟု တတိယာရုပ္ပစျာန်ကို ချီးမွမ်းပါသော်လည်း၊ အသမာပတ္တိကာမော ဝ-မဝင်စားလိုသည်ဖြစ်၍သာလျှင်၊ တတိယတိက္ကမော-တတိယစျာန်ကို လွန်မြောက်နိုင်ပေသတည်း။

အာရုပ္ပလေးပါးတို့ အဆင့်ဆင့်သာပုံ။ ။ဤအာရုပ္ပသမာပတ်တို့၌ ဥပေက္ခာ ဧကဂ္ဂတာအားဖြင့် စျာန် အင်္ဂါနှစ်ပါးစီ ညီမျှသောကြောင့် တစ်ပါးနှင့်တစ်ပါး မထူးခြားသကဲ့သို့ ထင်ရသော်လည်း စင်စစ်မှာ အောက် အောက် သမာပတ်ထက် အထက်အထက် သမာပတ်က တိုးတက်ပွားများအပ်သော ဘာဝနာအစွမ်းကြောင့် သာလွန် မွန်မြတ်ပေသည်၊ ဥပမာ-လေးထပ်တိုက်တစ်လုံးဝယ် အောက်ဆုံးအထပ်၌ စားသောက်ဖွယ်နှင့် တကွ ယုယဖြေဖျော်မည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တစ်ထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားရာ၏၊ ဒုတိယ တတိယ စတုတ္ထအထပ်တို့၌လည်း ထိုနည်းအတိုင်းပင် ပြင်ဆင်ထားရာ၏၊သို့သော် အောက်အောက် အထပ်ထက် အထက်အထက်အထပ်က ပိုမိုသားနားသကဲ့သို့လည်းကောင်း, ရက်ကန်းသည် တစ်ယောက်သည် ကြမ်းသောချည် နုသောချည်တို့ထက် ထို့ထက်နုသောချည် ထို့ထက်ပင်အလွန်နုသောချည်ဟု ချည် လေးမျိုးဖြင့် ပုဆိုးလေးထည်ကို ရက်ရာ၌ အလျား အနံ တူမျှသော်လည်း တစ်ထည်ထက် တစ်ထည်မှာ သာလွန် နူးညံ့သကဲ့သို့လည်းကောင်းတည်း။

သုပဏီတတရာ ဟောန္တိ, ပစ္ဆိမာ ပစ္ဆိမာ ဣဓ၊ ဥပမာ တတ္ထ ဝိညေယျာ, ပါသာဒတလ.သာဋိကာ။

အမှာ။ ။ဤမှနောက်ဝယ် ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းတို့၌ "ဣတိပိ သော ဘဂဝါ အရဟံ" စသည်ဖြင့် နှုတ်ဖြင့် ရွတ်၍လည်းကောင်း, စိတ်ဖြင့် အာရုံပြု၍ လည်းကောင်း ပွားများမှုသည် ပရိကမ္မဘာဝနာ မည် ၏၊ ဘုရားဂုဏ်တော်သည် ပရိကမ္မနိမိတ် မည်၏၊ ထိုဂုဏ်တော်၌ သမာဓိ ကောင်းစွာရသောအခါ ပရိ ကမ္မနိမိတ်ကို လွန်၍ ဥဂ္ဂဟနိမိတ် ထင်ပြီဟု ဆိုရာ၏၊ ဘာဝနာမှာ ပရိကမ္မဘာဝနာပင် ရှိသေး၏၊ ထို့နောက် နီဝရဏကင်းကွာ၍ ဝိတက်စသောစျာန်အင်္ဂါတို့ ကာမာဝစရ အခိုက်မှာပင် မိမိဆိုင်ရာကိစ္စကို ရွက်ဆောင်ကြသောအခါ ဥပစာရဘာဝနာ ဖြစ်ပြီ၊ (ဥပစာရစျာန်သို့ ရောက်ပြီ-ဟူလို၊) အပ္ပနာဘာဝနာ ကား မဖြစ်နိုင်တော့ပြီ၊ မဖြစ်နိုင်ခြင်း၏အကြောင်းကို "ပရမတ္ထဂမ္ဘီရတ္တာ" စသည်ဖြင့် ပြခဲ့ပြီ။

အဘိညာဉ်ခန်း

အဘိညာဝသေန၊ပေ၊ ရူပါဝစရပဉ္စမဇ္စျာနံ။ ။[ဤ ရူပါဝစရပဉ္စမဇ္စျာနံပုဒ်ကို ယထာရဟမပ္ပေတိ၌ စပ်၊] ဝိသေသတော ဇာနာတီတိ အဘိညာ၊ သမာဓိအားကောင်းလှသည့်အတွက် သတ္တိထက်မြက်ရကား အလွန် အကြူး သိတတ်သော ရူပ ပဉ္စမစျာန်၌ရှိသော ဉာဏ်သည်ပင် အဘိညာဉ်အဆင့်အတန်း တက်လှမ်းရသည်၊ ထိုသို့ အဘိညာဉ်အဆင့်အတန်း ရောက်အောင် ပါရမီထူးရှိသူ မဟုတ်လျှင် ပထဝီကသိုဏ်းကို အာရုံပြု၍ စျာန်အကြိမ်များစွာ ဝင်စားခြင်း, အာပေါစသော ကသိုဏ်းတို့ကို အာရုံပြု၍ စျာန်အကြိမ်များစွာ ဝင်စားခြင်း ဤသို့စသည်ဖြင့် တန်ဆာအမျိုးမျိုးကို ပြုလုပ်လိုသော ပန်းထိမ်ဆရာသည် ရှေးဦးစွာရွှေကို နူးညံ့အောင် ပြုသကဲ့သို့, မိမိစိတ်ကို နူးညံ့အောင် ပြုပြီးလျှင် "ဆန္ဒရှိလျှင် ဘာ့ကြောင့် မပြည့်စုံဘဲ ရှိအံ့နည်း" စသည်ဖြင့် အဓိပတိလေးပါးတွင် တစ်ပါးပါးကို ရှေ့သွားပြု၍ စျာန်(၉)ပါးလုံး ကသိုဏ်း(၁၀)ပါးလုံး၌ အသားကျစွာ လေ့လာပြီးမှသာ ဤအဘိညာဉ်ကို ရနိုင်သည်။ [ပါရမီအထူး ရှိသူကား မဂ်ရရုံမျှဖြင့်လည်းကောင်း, ရူပပဉ္စမ စျာန် ရရုံမျှဖြင့်လည်းကောင်း အဘိညာဉ်ကို ရနိုင်ပါ၏။]

အဘိညာပါဒက ၊ပေ၊ အဓိဋ္ဌေယျာဒိကမာဝဇ္ဇေတွာ။ ။"ပါဒကစျာန်, ပရိကမ်နှင့်, တစ်ဖန်ပါဒက, ဖြစ်ပြီး မှ, ကျတုံအဘိညာ" ဟူသည်နှင့်အညီ ဆိုခဲ့ပြီးသော နည်းအရ စိတ်ကို ဆုံးမ၍ အဘိညာဉ်တစ်ခုခုကို ဖြစ်စေလိုသော် ရှေးဦးစွာ အဘိညာဉ်၏ အခြေခံဖြစ်သော ရူပပဉ္စမစျာန်ကို ဝင်စားရာ၏၊ ထိုစျာန်မှ ထပြီး နောက် အဘိညာဉ်ဆိုင်ရာ အဓိဋ္ဌေယျစသော အာရုံတစ်ခုခုကို မှန်း၍ "သတံ ဟောမိ သဟဿံ ဟောမိ" စသည်ဖြင့် ပရိကမ်ပြုသင့်၏၊ "ပရိကမ်ပြုသော ကာမဇော မနောဒွါရဝီထိ ဖြစ်၏" ဟူလို၊ [ဤပရိကမ္မဝီထိကို အဓိဋ္ဌာန်ပြုသော ဝီထိဖြစ်၍ "အဓိဋ္ဌာနဝီထိ" ဟုလည်း ခေါ်သည်၊] အဓိဋ္ဌာတဗ္ဗံတိ အဓိဋ္ဌေယျံ၊ ယံ-အကြင် အာရုံကို၊ အဓိဋ္ဌာတဗ္ဗံ-အဓိဋ္ဌာန်ထိုက်၏၊ ဣတိ-ကြောင့်၊ တံ-ထိုအာရုံသည်၊ အဓိဋ္ဌေယျံ-အဓိဋ္ဌေယျ မည်၏၊ နိမ္မိတရုပ်ပေါင်းတစ်ရာ ဖြစ်စေလိုလျှင် "သတံ ဟောမိ" ဟု ပရိကမ်ပြုရာ၏၊ တစ်ထောင်ဖြစ်စေလိုလျှင် "သဟဿံ ဟောမိ"ဟု အဓိဋ္ဌာန်ပြုရာ၏၊ ဤသို့ ပရိကမ်ပြုအပ် အဓိဋ္ဌာန်ပြုအပ်သော အာရုံကို အဓိဋ္ဌေယျဟု ဆိုသည်၊ ဣဒ္ဓိအမျိုးမျိုးတွင် အဓိဋ္ဌာနဣဒ္ဓိကို ရည်ရွယ်၍ ပြအပ်သောအာရုံတည်း၊ အဓိဋ္ဌေယျာဒိ၌ အာဒိ သဒ္ဒါဖြင့် အခြားဣဒ္ဓိဆိုင်ရာ အာရုံများကို ယူပါ။

ရူပါဒီသု ၊ပေ၊ မပ္ပေတိ။ ။ထိုပရိကမ္မဝီထိဖြစ်ပြီးနောက် ဤသင်္ဂြိုဟ်ကျမ်း၌ တစ်ဖန် ပါဒကစျာနဝီထိကို မပြတော့ဘဲ ရူပါရုံစသော ဆိုင်ရာအာရုံတစ်ခုခုကို အာရုံပြု၍ ရူပပဉ္စမဇ္စျာနဝီထိသည် အဘိညာဉ်ဟူသော အမည်ဖြင့် အပ္ပနာသို့ ရောက်သည်ဟု ပြ၏၊ အဋ္ဌကထာကြီးများ၌လည်း တချို့အရာဝယ် တစ်ဖန် ပါဒကစျာနဝီထိကို ပြ၍ တချို့ အရာ၌ မပြချေ၊ သဘောယုတ္တိကို စဉ်းစားရလျှင် အဘိညာဉ်၌ အလေ့အလာ မရသေးလျှင် တစ်ဖန် ပါဒက စျာနဝီထိ ကျပြီးမှ အဘိညာဉ်ဝီထိ ဖြစ်ထိုက်၍, အဘိညာဉ်၌ အလေ့အလာ ရပြီးသူမှာ တစ်ဖန် ပါဒကစျာန ဝီထိ မလို, ပရိကမ္မဝီထိပြီးလျှင် အဘိညာဉ်ဝီထိ ဆက်လက်ဖြစ်ပေါ်သည်ဟု ယူရန်ရှိသည်၊ ဤအဘိညာဉ် ဝီထိ ဖြစ်သည်နှင့် တစ်ပြိုင်နက် နိမ္မိတရုပ်စသော ဆိုင်ရာအကျိုးများ ပေါ်လာသည်၊ "ရူပါဒီသု အာရမ ဏေသု ယထာရဟံ" အရ ဆိုင်ရာအာရုံတို့၌ အာရုံပြုပုံကိုလည်းကောင်း, ပရိကံပြုပုံကိုလည်းကောင်း ဝီထိ ဆိုရိုး၌ ပြထားပြီ။]

ဣဒ္ဓိဝိဓအဘိညာဉ်။ ။ဣဇ္စျတိ-ပြီးစီးအောင်မြင်တတ်၏၊ ဣတိ-ကြောင့်၊ ဣဒ္ဓိ-ဣဒ္ဓိမည်၏၊ ယဿ-အကြင် ဉာဏ်၏၊ ဣဒ္ဓိယာ-တန်ခိုး၏၊ ဝိဓော-အပြားသည်၊ ဝါ-အစုသည်၊ အတ္ထိ-ရှိ၏၊ ဣတိ ဣဒ္ဓိဝိဓံ၊ "တန်ခိုးအမျိုး မျိုး ရှိသောဉာဏ်, တန်ခိုးအမျိုးမျိုးကို ဖြစ်စေနိုင်သောဉာဏ်" ဟူလို၊ [ဝိဓသဒ္ဒါသည် အစုဟူသောအနက်, အများအပြားဟူသော အနက်ကို ဟော၏၊] ဤဣဒ္ဓိဝိဓ အရာဝယ် ဣဒ္ဓိဟူသော ပုဒ်နှင့်စပ်၍ …

"အ–ဝိ–မ–ဉာဏ်, သ–အ–ကမ်, ပုညံ–ဝိဇ္ဇာ–တတ်၊ ဣဒ္ဓိဝိဓာ–ဘိညာမှာ, စစွာ သုံးပါးမှတ်"

ဟူသော ဣဒ္ဓိဆယ်မျိုးကို ထုတ်ပြရိုး ရှိကြ၏၊ အ=အဓိဋ္ဌာနိဒ္ဓိ, ဝိ=ဝိကုဗ္ဗနိဒ္ဓိ, မ=မနောမယိဒ္ဓိ, ဉာဏ်= ဉာဏဝိပ္ဖာရိဒ္ဓိ, သ=သမာဓိဝိပ္ဖာရိဒ္ဓိ, အ=အရိယိဒ္ဓိ, ကမ်=ကမ္မဇိဒ္ဓိ, ပုညံ=ပုညဝတောဣဒ္ဓိ, ဝိဇ္ဇာ-ဝိဇ္ဇာမယိဒ္ဓိ, တတ်=တတ္ထ တတ္ထ သမ္မာပယောဂပစ္စယဣဒ္ဓိ, ဤဆယ်ပါးတွင် အဓိဋ္ဌာနိဒ္ဓိ ဝိကုဗ္ဗနိဒ္ဓိ မနောမယိဒ္ဓိ သုံးပါးသည် ဣဒ္ဓိဝိဓအဘိညာဉ်၏ အပြားတည်း၊ ကျန်ဣဒ္ဓိ(၇)ပါးကား ဤအဘိညာဉ်နှင့် မဆိုင်၊ ထိုအကျယ်ကို ဝိသုဒ္ဓိမဂ်မှာရှု၊ မှတ်ရန်ဆောင်ပုဒ်ကား…..

[ ဆောင်] (၁) ထိုတွင်ကားတစ်, အများဖြစ်ဟု, စလစ်အမှန်, အဓိဋ္ဌာန်ပင်၊ (၂) ကိုယ့်ရုပ်သွင်ကို, စွန့်လျှင်ဝိ ကုဗ်, အဟုတ်ခေါ်ဆို၊ (၃) ကိုယ့်ကိုယ်အတွင်း, ဖန်ဆင်းကာယော, မနောမယ၊ (၄) အရဟတ္တာ, ဖြစ်သည့်ခါမှ, ပုဗ္ဗာပရ, တင်္ခဏ၌, ဉာဏစွမ်းမြတ်, ထူးပြီးလတ်သား၊ ဝိပဿနာ, မဂ်လေးဖြာဖြင့်, ကိလေ သာပယ်၊ ငါးဝမ်းဝယ်နေ, မသေနိုင်ထ, ဗာကုလတည်း၊ သံကိစ္စမှာ, ဂဗ္ဘတည်နေ, အမိသေလည်း, မသေနိုင်လို၊ ရာဇဂြိုဟ်မြို့ပ, ယက္ခဝန်းခြံ, ညဉ့်သုံးယာမ်လည်း တစ်ယောက်တည်းသာ, ထင်းလှည်း အောက်နေ, မသေနိုင်သူ, ဘူတပါလ, ဒါရကတို့, ဉာဏဝိပ္ဖာ-ရိဒ္ဓိသာတည်း။

( ၅) ရှစ်သမာပတ်, ခါသုံးမှတ်၍, ပစ္စတ်ပယ်ခွာ၊ တပေါဒါချောက်, ဘီလူးခေါက်လည်း, သေပျောက်ကျင် နာ, ဆိတ်စာမရှိ, ထေရ်သာရိတည်း၊ တစိထိုမှ, သဉ္ဇီဝကို, နိရောဓဝင်, အသေထင်၍, မီးတင်ဝိုင်းစု၊ ထိုအတုပင်, ခါဏုတွင်ထ, ကောဏ္ဍညကို, စောရ ငါးရာ, ဘဏ္ဍာထုပ်ဖိ, မသေရှိ၏၊ သေဋ္ဌိဓီတာ, ဥတ္တရာကို, ဝန်တိုလှစွာ, သိရီမာဟု, ပြည့်တန်ဆာမ, ဆီပူချလျှင်, ဝင်ထမေတ္တာ၊ သာမာဝတီ, မာဂဏ္ဍီကြောင့်, ဥတီန-ခင်, လေးကိုတင်၍, မနှင်မချ, နိုင်ရလေဘိ, ဘေးမထိသား, သမာဓိဝိပ္ဖာ။

( ၆) အနိဋ္ဌာကို, မေတ္တာဓာတုနှလုံးပြု၍, ရှုနိုင်ဣဋ္ဌ, ယင်းဣဋ္ဌကို, အသုဘနှင့်, အနိစ္စပြု, နိဋ္ဌရှု၏၊ စက္ခု ရူပ, တွေ့ရာစလည်း, နေဝသုမနော, နောစဒုဋ္ဌု, ဆဠင်္ဂုပေက္ခာ, ရဟန္တာ၏, အရိယာဣဒ္ဓိ၊ (၇)ပက္ခိ ဒေဝ, ကပ်စ-မနု, ပိယင်္ဂုမာတာ, မာတာဥတ္တရ, ဖုဿ မိတ္တာ, ဝိနိပါတို့, ဝေဟာပျံကျ, ကမ္မဇတည်း။

( ၈) စက္ကဝတ္တိ, မိုးပျံဘိ၏, ဇောတိသူဋ္ဌေး, ခြောက်ဆယ့်လေးထွေ, ပဒေသာများ, ပတ္တမြားပြာသာဒ်, ပေါက်လတ်မြေမှ၊ ဇဋိလဝယ်, ရှစ်ဆယ်အတောင်, ရွှေတောင်ပေါက်ရ၊ ဃောသကကို, သတ္တဋ္ဌာနေ, သေကြောင်းဖွေလည်း, မသေနိုင်ထ၊ မေဏ္ဍက၏, ဧကသီတာ, ထွန်ကြောင်းရာ၌, ရတနာ ခုနစ်, ဆိတ်ရုပ်ဖြစ်ရ၊ မေဏ္ဍကနှင့်, စန္ဒပဒုမာ, ဓနာစယ, ချွေးမသုမနာ, ကျွန်မှာပုဏ္ဏ, ငါးဝဘုန်းရှိ, ပုညိဒ္ဓိ ကို, ကျမ်းရှိထုတ်ဆို။ (၉) ဝိဇ္ဇာဓိုရ်တို့, ထိုထိုမန္တံ, ဆေးစွမ်းအန်ဖြင့်, မိုးပျံနိုင်လျှင်း, ဆင် မြင်းရုပ်ပုံ, စစ်တပ်ပုံပြ, ဝိဇ္ဇာမယတည်း။

( ၁၀) နေက္ခမ္မက, အရဟတ္တတိုင်, ပယ်နိုင်သမျှ, ထိုမှတစ်ပါး, များပြားလှစွာ, ဗျူဟာစသည့်, သိပ္ပဝိဇ္ဇာ, ဝေဒါပိဋက, ထွန်ထကြဲစိုက်, လူ၌ပြုက, ပြီးသမျှပင်, တတ္ထ တတ္ထာ, သမ္မာပယောဂ-ပစ္စယဣဒ္ဓိ, အမည်ရှိသည်, …… မှတ်သိဆောင်ရွက်ရာသတည်း။ [ပရမတ္ထသရူပဘေဒနီ]

အဓိဋ္ဌာနိဒ္ဓိ။ ။ဗဟုဘာဝါဒိကဿ အဓိဋ္ဌာနံ ယဿာတိ အဓိဋ္ဌာနာ, အဓိဋ္ဌနာ စ + သာ+ ဣဒ္ဓိ စာတိ အဓိဋ္ဌာနိဒ္ဓိ၊ ယဿာ-အကြင်ဣဒ္ဓိ၏၊ ဗဟုဘာဝါဒိကဿ-အများဖြစ်ခြင်း အစရှိသည်ကို၊ အဓိဋ္ဌာနံ-အဓိဋ္ဌာန် ခြင်းသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့်၊ အဓိဋ္ဌာနာ-မည်၏၊ ဤအဓိဋ္ဌာနိဒ္ဓိကား-"တစ်ယောက်ကို အများဖြစ် စေခြင်း, အများကို တစ်ယောက်ဖြစ်စေခြင်း, ကိုယ်ထင်ပြခြင်း, ကိုယ်ဖျောက်ခြင်း, နံရံ တံတိုင်း ကျောက် တောင် စသည်တို့၏ ဟိုမှာဘက်သို့ အဆီးအတားမရှိ သွားနိုင်ခြင်း, မြေအပြင်ကို ရေအသွင်ပြုခြင်း, ရေအယဉ်ကို မြေအသွင်ပြုခြင်း, ကောင်းကင်၌ သွားနိုင်ခြင်း, လ နေတို့ကို ကိုင်နိုင်ခြင်း, ဗြဟ္မာ့ပြည်သို့ သွားနိုင်ခြင်းအားဖြင့်" အလွန်များပေသည်။

ဝိကုဗ္ဗနိဒ္ဓိ။ ။ဝိဝိဓံ ကုဗ္ဗနံ ယဿာတိ ဝိကုဗ္ဗနာ, ဝိကုဗ္ဗနာ စ+သာ+ဣဒ္ဓိ စာတိ ဝိကုဗ္ဗနိဒ္ဓိ၊ ယဿာ- အကြင်ဣဒ္ဓိ၏၊ ဝိဝိဓံ-အထူးထူးသော အသွင်အယောင်ကို၊ ကုဗ္ဗနံ-ပြုလုပ်ဆောင်ပြခြင်းသည်၊ အတ္ထိ-ရှိ၏, စသည်ဖြင့် အနက်ဆို၊ မိမိ ပင်ကိုအသွင်သဏ္ဌာန်ကို ဖျောက်၍ သူငယ်အသွင် နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗနှင့် ဒေဝ ဗြဟ္မာ သမုဒ္ဒရာ တော တောင် သားကောင်အမျိုးမျိုး ဆင် မြင်း ရထား ခြေလျင်အားဖြင့် စစ်အင်္ဂါ အမျိုးမျိုးဖြစ်အောင် အယောင်ဆောင်ပြနိုင်သော တန်ခိုးတည်း၊ ပရိကမ်ပြုသည့်အခါ အလိုရှိသလို "လုလင်ပျိုဖြစ်စေသား, နဂါးဖြစ်စေသား စသည်ဖြင့် ပရိကမ် ပြုရာ၏။

မနောမယိဒ္ဓိ။ ။မနသာ နိဗ္ဗတ္တာ မနောမယာ, မနောမယာ စ+သာ+ဣဒ္ဓိ စာတိ မနောမယိဒ္ဓိ၊ မနသာ- စိတ်ကြောင့်၊ နိဗ္ဗတ္တာ-ဖြစ်သောတန်ခိုးတည်း၊ သန်လျက်အိမ်အတွင်း၌ အိမ်နှင့် ပုံသဏ္ဌာန်တူသော သန်လျက်ရှိသကဲ့သို့လည်းကောင်း, မြွေရေလဲနှင့် မြွေအကောင်သည် တစ်ထပ်တည်း တူသကဲ့သို့လည်း ကောင်း, ထို့အတူ ပကတိခန္ဓာကိုယ်အတွင်း၌ အလားတူကိုယ်တစ်မျိုး ဖန်ဆင်းနိုင်ခြင်းသည် မနောမယိဒ္ဓိ မည်၏၊ ပါဒကစျာန်ကို ဝင်စားပြီးနောက် "အယံ ကာယော သုသိရော ဟောတု=ဤကိုယ်သည် အခေါင်း ဖြစ်စေသား" ဟု ပရိကမ်ပြု၍ အဘိညာဝီထိဖြစ်သောအခါ ကိုယ်တွင်း၌ အခေါင်းကြီးဖြစ်၏၊ ထို့နောက် တစ်ဖန် ပါဒကစျာန် ဝင်စားပြီးလျှင် "တဿ အဗ္ဘန္တရေ အညော ကာယော ဟောတု=ထိုကိုယ်ခေါင်းအတွင်း ၌ အခြားကိုယ်တစ်မျိုး ဖြစ်စေသား" ဟု ပရိကမ်ပြု၍ အဘိညာဝီထိဖြစ်သောအခါ ထိုကိုယ်ခေါင်းအတွင်း၌ အလားတူ ကိုယ်တစ်မျိုး ဖြစ်ပေါ်လာ၏၊ ဤသို့ ပရိကမ် အဘိညာဉ်တို့ နှစ်ထပ်ဖြစ်ပြီးမှ လိုရာတန်ခိုး ပြီးစီးသည်။ [ဝိကုဗ္ဗနိဒ္ဓိက မိမိခန္ဓာကိုယ်ကို ဖျောက်၍ အမျိုးမျိုး ဆောင်ပြ၏၊ မနောမယိဒ္ဓိကား မိမိကိုယ်ကို မဖျောက်ဘဲ ကိုယ်တွင်း၌ အလားတူ ကိုယ်တစ်မျိုးကို ဖြစ်စေ၏၊ ကြွင်းသမျှတန်ခိုးမှာ အဓိဋ္ဌာနိဒ္ဓိ၏ အရာ တည်း။

ဒိဗ္ဗသောတ။ ။ဒိဝိ+ဘဝံ ဒိဗ္ဗံ၊ ဒိဗ္ဗဉ္စ+တံ+သောတဉ္စာတိ ဒိဗ္ဗသောတံ, ဒိဗ္ဗသောတံ ဝိယာတိ ဒိဗ္ဗသောတံ၊ ဒိဝိ-နတ်ပြည် ဗြဟ္မာ့ပြည်၌၊ ဘဝံ-ဖြစ်သည်တည်း၊ ဒိဗ္ဗံ-နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သည်၊ ဒိဗ္ဗဉ္စ-နတ်ပြည် ဗြဟ္မာ့ပြည်၌ဖြစ်သည်လည်း ဟုတ်၏၊ တံ-ထိုဒိဗ္ဗဟူသည်၊ သောတဉ္စ-သောတလည်းဟုတ်၏၊ ဣတိ-ကြောင့်၊ ဒိဗ္ဗသောတံ-ဒိဗ္ဗသောတ မည်၏၊ နတ်ဗြဟ္မာတို့၏ ထူးမြတ်သော ကံကြောင့်ဖြစ်သော သောတပသာဒသည် သလိပ်သည်းခြေ သွေး လေ စသော အနှောင့်အယှက် မရှိရကား အလွန်ကြည်လင်သန့်ရှင်းသည့် အတွက် ဝေးကွာသောအသံ တိုးတိုးသာသာ သိမ်မွေ့စွာသော အသံစသည်ကို ကြားစွမ်းနိုင်၏၊ ဤဒိဗ္ဗသောတ အဘိညာဉ်လည်း ထူးခြားသော သမာဓိကြောင့်

ဖြစ်ရကား ထိုကဲ့သို့ သံမျိုးကို ကြားစွမ်းနိုင်ပေသည်၊ ထို့ကြောင့် "ဒိဗ္ဗသောတံ ဝိယ-နတ်ပြည် ဗြဟ္မာ့ပြည်၌ ဖြစ်သော သောတပသာဒနှင့် တူ၏" ဟူသော ဥပမာတဒ္ဓိတ်အရ ဒိဗ္ဗသောတအမည်ကို ရသည်၊ [ဤဒိဗ္ဗသောတအဘိညာဉ်ရဖို့ရာ အစီအစဉ်ကို ဝိသုဒ္ဓိမဂ်မှာ ရှုပါ၊ နောက်၌လည်း အကျယ်မပြပြီ။]

မှတ်ချက်။ ။သဒ္ဒါရုံကလာပ်တို့သည် ပထမပေါ်ထွက်လာသော အရပ်မှစ၍ အနီးအပါး၌ရှိသော မဟာဘုတ် တွေကို ထိခိုက် ပွတ်တိုက်သွားသဖြင့် အသံဖြစ်လောက်သော မဟာဘုတ်များကို ထိခတ်မိသော အခါ အလားတူအသံကို ဖြစ်ပေါ်စေတတ်၏၊ လူတို့၏နား၌ မထင်ရှားသော်လည်း ထိုထိခတ်သံ ကလေးတွေသည် နတ်ဗြဟ္မာတို့၏ နား၌ကား ကွဲကွဲပြားပြား ထင်ရှားပေလိမ့်မည်၊ ယခုခေတ်ဝယ် အသံဖမ်းနိုင်သော ဓာတ်အိုးဖြင့် အင်္ဂလန်မှ အသံကို မြန်မာနိုင်ငံမှ ဖမ်းယူကြားသိနိုင်ပုံက လက်တွေ့ဖြစ်နေသောကြောင့်လည်း ဒိဗ္ဗသောတ၏ သိမ်မွေ့သေးငယ်သော အသံ, ဝေးသောအသံ စသည်ကို ကြားနိုင်သည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပြီ။

ပရစိတ္တဝိဇာနနာ။ ။ပရေသံ စိတ္တံ ပရစိတ္တံ,ပရစိတ္တံ ဝိဇာနာတီတိ ပရစိတ္တဝိဇာနနာ-သူတစ်ပါးတို့၏ စိတ် အမျိုးမျိုးကို သိနိုင်သော အဘိညာဉ်တည်း၊ "စေတောပရိယအဘိညာဉ်" ဟုလည်း ခေါ်၏။

ပုဗ္ဗေနိဝါသာနုဿတိ။ ။"နိဝသီယိံသူတိ နိဝါသာ, ပုဗ္ဗေ+နိဝါသာ ပုဗ္ဗေနိဝါသာ, ပုဗ္ဗေနိဝါသာနံ+ အနုဿတိ ပုဗ္ဗေနိဝါသာနုဿတိ၊ နိဝသီယိံသု-စွဲမှီနေအပ်ဖူးကုန်ပြီ၊ ဣတိ-ကြောင့်၊ နိဝါသာ-တို့မည်၏၊ ဤ၌ နိဝါသအရ မိမိနေခဲ့ဖူးရာ ဘုံဌာနလောက်ကိုသာ ဆိုလိုသည်မဟုတ်, ရှေးရှေးဘဝတို့၌ မိမိစိတ်ဖြင့် တွေ့ဖူး ကြုံဖူး အာရုံပြုအပ်ဖူးသော မိမိခန္ဓာကိုယ်-သူတစ်ပါး၏ခန္ဓာကိုယ်-ထိုခန္ဓာနှင့် ဆက်သွယ်သော အမျိုး အနွယ်, ထိုသူတစ်ပါးတို့ ပရိနိဗ္ဗာန်စံပြီးဖြစ်လျှင် ထိုပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်, ဤအလုံးစုံသည် စိတ်ဖြင့် စွဲမှီအပ် ကိုယ်တိုင် တွေ့အပ် အာရုံပြုအပ်ဖူးသောကြောင့် "ပုဗ္ဗေနိဝါသ" မည်သည်ချည်းတည်း၊ ထို့ကြောင့် "ပုဗ္ဗေနိဝါသ" အရ ကျမ်းဂန်တို့၌ အာရမဏနိဝါသ အဇ္စျာဝုတ္ထနိဝါသဟု နှစ်မျိုးပြ၏၊ အာရမဏနိဝါသဟူသည် အာရုံပြုအပ်သော သူတစ်ပါး၏ ခန္ဓာစသည်တည်း၊ အဇ္စျာဝုတ္ထနိဝါသဟူသည်ကား မိမိကိုယ်တိုင် တွေ့ကြုံ အပ်ဖူးသော မိမိခန္ဓာစသည်တည်း၊ ထိုအလုံးစုံကို ပြန်၍ အောက်မေ့နိုင်သော သတိနှင့် ယှဉ်သောဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် မည်၏၊ [ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ကို ရနိုင်သော ပုဂ္ဂိုလ်, သိနိုင်ရာ ကမ္ဘာအပိုင်းအခြား, သိပုံ အခြင်းအရာများကို ဝိသုဒ္ဓိမဂ်၌ ရှုပါ။]

ဒိဗ္ဗစက္ခု။ ။နတ် ဗြဟ္မာတို့၏ စက္ခုပသာဒသည် ထူးမြတ်သောကံကြောင့် ဖြစ်ရသည့်အတွက် သလိပ်

သည်းခြေ သွေး လေစသော ဘေးရန်တို့မှ ကင်းရကား အလွန်ကြည်လင်သည်၊ ထို့ကြောင့် ဝေးကွာသော အဆင်း, သေးငယ်သိမ်မွေ့သော အဆင်းတို့ကို မြင်စွမ်းနိုင်၏၊ [သစ်ပင် တော တောင် စသည်တို့ ကွယ်ကာ နေသော်လည်း ထိုသစ်ပင် တော တောင်စသော ရုပ်ကလာပ်တို့၏အကြား၌ အာကာသခေါ်အကြား ရှိ၏, ထိုအကြားအရပ်ဖြင့် ခြားကွယ်နေသော အဆင်းကို နတ်မျက်စိက မြင်နိုင်သည်ဟု ကြံကြသည်၊] ဒိဗ္ဗစက္ခု အဘိညာဉ်ရသူလည်း ထူးခြားသော သမာဓိအစွမ်းကြောင့် ထိုကဲ့သို့ အဆင်းများကို မျက်စိဖြင့် မြင်ရသကဲ့ သို့ အဘိညာဉ်ဉာဏ်ဖြင့် သိမြင်နိုင်ပေသည်။ [စုတိခါနီးသူ ပဋိသန္ဓေ နေပြီးခါစသူကိုလည်း မြင်နိုင်သော သာကြောင့် "စုတူပပါတဉာဏ်" ဟုလည်း ခေါ်၏။]

ယထာကမ္မူပဂအဘိညာဉ်။ ။ဒိဗ္ဗစက္ခုကို ရလျှင် ဤအဘိညာဉ်များလည်း ပြီးစီးပြီးဖြစ်၍ သင်္ဂြိုဟ်၌ အထူးမပြသော်လည်း သတ္တိထူးပုံကို သိသင့်ကြ၏၊ ယထာကမ္မံ-ကံအားလျော်စွာ၊ ဥပဂစ္ဆန္တိ-ထိုထိုဘဝသို့ ကပ်ရောက်ရကုန်၏၊ ဣတိ-ကြောင့်၊ ယထာကမ္မူပဂါ-တို့ မည်၏၊ ကံအားလျော်စွာ ထိုထိုဘဝ၌ ရောက်နေ ကြသူများတည်း၊ ထိုသူ၏ ရှေးကံကို သိသော အဘိညာဉ်သည် ယထာကမ္မူပဂအဘိညာဉ် မည်၏၊ ရှေးဦး စွာ ဒိဗ္ဗစက္ခုဖြင့် ထိုထိုဘဝ၌ ရောက်နေသူကို သိမြင်၏၊ ထို့နောက် ပါဒကစျာန်ကို ဝင်စား၍ စျာန်မှထပြီးလျှင် "ဘယ်ကံကြောင့် ဤဘုံ၌ ဖြစ်ပါလိမ့်မည်နည်း" ဟု ဆင်ခြင်သော ပရိကမ္မဝီထိ ဖြစ်၏၊ [ရှေးဆရာတို့ကား "ဧတဿ ကမ္မံ ဇာနာမိ" ဟု ပရိကမ်ပြုပုံကို ပြကြ၏၊] ထို့နောက် တစ်ဖန် ပါဒကစျာန် ဝင်စားပြီး၍ အဘိညာ ဝီထိဖြစ်သောအခါ ထိုဘဝသို့ ရောက်ကြောင်းကံကို အမှန်အတိုင်း သိရသည်။

အနာဂတံသအဘိညာဉ်။ ။[အနာဂတ=အနာဂတ်ဖြစ်သော+အံသ=အဖို့၊] သတ္တဝါတစ်ယောက်၏ အနာဂတ်၌ ဖြစ်ရမည့် အကြောင်းအရာကို သိသောဉာဏ်တည်း၊ အဝေး၌ နေသူကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှု၍ (မျက်မြင် တွေ့နေသူကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရှုဖွယ် လိုမည်မထင်၊) ထိုသူ၏ အတိတ်ကံကိုလည်းကောင်း, ယခုဘဝ၌ ပြုအပ်ခဲ့ပြီးသော ကံကိုလည်းကောင်း ယထာကမ္မူပဂဉာဏ်ဖြင့် သိပြီးလျှင်, ဤကံများကြောင့် အနာဂတ်ဘဝဝယ် ဘယ်ပုံဖြစ်ဖွယ် ရှိပါလိမ့်မည်နည်းဟု ပရိကမ္မဝီထိ ဖြစ်၏၊ ထို့နောက် ပါဒကစျာနဝီထိ ဖြစ်ပြီးလျှင် အဘိညာဝီထိ ဖြစ်သောအခါ ထိုသူ၏ အနာဂတ်အကြောင်းအရာတွေကို သိနှင့်ရလေသည်။

ဝိပဿနာကမ္မဋ္ဌာန်းအဖွင့်

လက္ခဏာသုံးပါး

ဤဝိပဿနာကမ္မဋ္ဌာန်းဝယ် သိဖွယ်များကား၁-ဝိသုဒ္ဓိ(၇)ပါး, ၂-လက္ခဏာ(၃)ပါး, ၃-အနုပဿနာ(၃)ပါး, ၄-ဉာဏ်(၁၀)ပါး, ၅-ဝိမောက္ခ(၃)ပါး, ၆-ဝိမောက္ခမုခ(၃)ပါး, ဤအချက်များတည်း၊ ထိုတွင် ဝိသုဒ္ဓိစသည်တို့ ၏အကျယ်မှာ နောက်၌ ထင်ရှားလတ္တံ့၊ ယခု အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာ(၃)ပါးကို ဖွင့်ပြပေအံ့။

လက္ခဏ။ ။လက္ခီယတိ လက္ခိတဗ္ဗံ အနေနာတိ လက္ခဏံ၊ အနေန-ဤအမှတ်အသားဖြင့်၊ လက္ခိတဗ္ဗံ- မှတ်သားထိုက်သောတရားကို၊ လက္ခီယတိ-မှတ်သားအပ်၏၊ ဣတိ-ကြောင့်၊ လက္ခဏံ-လက္ခဏမည်၏၊ သင်္ခတ ဟုတ်/မဟုတ် စစ်တမ်းထုတ်ဖို့ရာ အမှတ်လက္ခဏာတည်း၊ ထိုလက္ခဏာများကား အနိစ္စတာ ဒုက္ခတာ အနတ္တတာတို့တည်း၊ တရားတစ်ခုကို "မြဲသလား/မမြဲဘူးလား" ဟု စစ်ဆေးကြည့်သောအခါ မမြဲမှု ပျက်စီးမှုကို တွေ့ရလျှင်, ဧကန်သင်္ခါရတရားဟု ဆုံးဖြတ်ရမည်၊ တစ်နည်းနည်းဖြင့် ဆင်းရဲရမှုကို တွေ့ရလျှင် အတ္တမဟုတ်သော အချက်ကို တွေ့ရလျှင် ဧကန်သင်္ခတရားဟု ဆုံးဖြတ်ရမည်-ဟူလို။ [မြဲနေလျှင် ဆင်းရဲမှု မရှိလျှင်ကား သင်္ခတတရားမဟုတ်, အသင်္ခတနိဗ္ဗာန်, သို့မဟုတ် အထည်ကိုယ် မထင်ရှားသော ပညတ် သော်လည်း ဖြစ်လိမ့်မည်။]

အနိစ္စလက္ခဏာ။ ။အနိစ္စဟူသည် မမြဲသော ရုပ်နာမ်သင်္ခတတရားတည်း၊ အနိစ္စလက္ခဏာဟူသည်ကား ထိုသင်္ခတတရားတို့၏ အမှတ်အသားတည်း၊ ထိုအမှတ်အသားဟူသည် "ခယဋ္ဌေန အနိစ္စံ"နှင့်အညီ ကုန်ဆုံး ပျက်စီးခြင်းတည်း၊ အနိစ္စဿ-မမြဲသော သင်္ခတတရား၏၊ လက္ခဏံ-အမှတ်အသားသည်၊ အနိစ္စလက္ခဏံ- အနိစ္စလက္ခဏာမည်၏၊ တစ်နည်း-"အနိစ္စဿ+ဘာဝေါ အနိစ္စတာ, အနိစ္စတာယေဝ လက္ခဏံ အနိစ္စတာ လက္ခဏံ" ဟု ဆိုလိုလျက် တာပစ္စည်းကို ချေ၍ အနိစ္စလက္ခဏံဟု ဆိုသည်၊ "အနိစ္စဿ-မမြဲသောသင်္ခတ တရား၏၊ ဘာဝေါ-ဖြစ်ကြောင်းဖြစ်ရာ ကုန်ဆုံးပျက်စီးခြင်းသည်၊ အနိစ္စတာ-အနိစ္စတာမည်၏" ဟု အနက် ပေး၊ ဤစကားစဉ်အရ အနိစ္စနှင့် အနိစ္စလက္ခဏာတို့ ခြားနားပုံကို သိပါ၊ ဒုက္ခနှင့် ဒုက္ခလက္ခဏာ, အနတ္တနှင့် အနတ္တလက္ခဏာတို့ ခြားနားပုံကိုလည်း ဤနည်းအတိုင်း သိရာ၏၊ ထိုတွင် သင်္ခတတရားတို့၏ ဥဒယဗ္ဗယ ပဋိပီဠန-အဖြစ်အပျက်ဒဏ်ကို ခံနေရခြင်းသည် ဒုက္ခ၏ အမှတ်အသား(ဒုက္ခလက္ခဏာ)တည်း၊ အနတ္တအရ အတ္တအကြောင်းကို အတ္တဝါဒုပါဒါန်ခန်း၌ ပြခဲ့ပြီ၊ ဤ၌ ဇီဝအတ္တကို ထပ်မံ ပြဦးအံ့။

ဇီဝအတ္တ။ ။ဤအတ္တကို သာသနာပဖြစ်သော တိတ္ထိတို့ အမျိုးမျိုး ကြံဆလျက် စွဲလန်းကြ၏၊ ကြံဆပုံ ကား-မျက်စိ နား နှာ အင်္ဂါ ခြေ လက်နှင့်တကွ ခန္ဓာကိုယ် တစ်ခုလုံးသည် အတ္တ၏ အဆောက်အဦးကြီး, အတ္တ၏တည်နေရာ အိမ်ကြီးတည်း၊ အတ္တကား ကာရက-ထို အိမ်၌တည်လျက် အမျိုးမျိုးသောအမှုကို ပြု၏၊ ဝေဒက-ရှေးကပြုအပ်ခဲ့သော ကောင်းမှု မကောင်းမှု၏ အကျိုးကို ခံစား၏၊ ယခုဘဝ၌ လုံ့လဝီရိယ၏ အကျိုးကိုလည်း ခံစား၏၊ တချို့ဆရာတို့က "ထိုအတ္တသည် .နှလုံးအိမ်၌ တည်၏, ပရမာဏုမြူမျှ ပမာဏရှိသဖြင့် အလွန်သေးငယ်၏" ဟု ယူဆကြ၏၊ တချို့က "သားမြီးဖျားကို အစိတ်တစ်ရာ စိတ်၍ တစ်စိတ်မျှပမာဏရှိ၏" ဟု ယူဆကြ၏၊ တချို့က အတ္တသည် ခန္ဓာ ကိုယ်၏ ပမာဏရှိ၍ ခန္ဓာကိုယ်ကြီးလျှင် အတ္တကြီး၏, ခန္ဓာကိုယ်ငယ်လျှင် အတ္တငယ်၏" ဟု ယူဆကြ၏။

တချို့ကမူ "ခန္ဓာကိုယ်တွင်း၌ ထွက်သက် ဝင်သက်လေတို့၏ သွားလာရာ အကြောမကြီး နှစ်ခုရှိ၏, လက်ဝဲ လက်ယာ တစ်ဖက်တစ်ချက်၌ တည်၏, အခြားသော အကြောမကြီးတစ်ခုကား အထက်သို့ တည့်တည့်မတ်မတ် တက်သွား၍ ဦးခေါင်းမှာရှိသော အပေါက်တစ်ခုသို့ ဆိုက်ရောက်၏၊ [ထိုအပေါက်ဖြင့် ထွက်သွားသောအတ္တသည် ဗြဟ္မာ့ပြည်သို့ ရောက်သောကြောင့် ထိုဦးထိပ်ကအပေါက်ကို "ဗြဟ္မရန္ဓ=ဗြဟ္မာ့ ပြည် သွားကြောင်းလမ်းပေါက်" ဟု ခေါ်သတတ်၊] ထိုအကြောသုံးခု၏ အလယ်တည့်တည့်ဝယ် လရောင်နှင့် တူသော အရောင်ဝိုင်းရှိ၏၊ ထိုအရောင်ဝိုင်း၏ အလယ်၌ အတ္တသည် (လေငြိမ်ရာ ထွန်းအပ်သော မီးကဲ့သို့) မလှုပ်မယှက် တောက်ပလျက် တည်သည်ဟု ယူဆ၏၊ ဤသို့လျှင် ရုပ် နာမ်သဘော ရုပ်နာမ်၏ ဖြစ်ကြောင်း ကို ကောင်းကောင်း မသိနိုင်ကြ၍ သာသနာပ ပညာရှိကြီးတို့သည် အတ္တကို ပုံသဏ္ဌာန်အမျိုးမျိုး တည်နေရာ အမျိုးမျိုးနှင့်တကွ ကြံဆ ပြောဆိုခဲ့ကြလေသည်။

အနတ္တ။ ။န+အတ္တာ, အနတ္တာ၊ အတ္တာ-အတ္တသည်၊ န-မဟုတ်၊ အနတ္တာ-အတ္တမဟုတ်၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးသည် ပြအပ်ခဲ့သော အတ္တ မဟုတ်သဖြင့် အနတ္တတရားများ တည်း၊ [ နတ္ထိ အတ္တာ ယေသူတိပိ အနတ္တာ၊ ယေသု-အကြင်ခန္ဓာငါးပါးတို့၌၊ အတ္တာ-အတ္တသည်၊ နတ္ထိ-မရှိ၊ ဣတိပိ-ထို့ကြောင့်လည်း၊ အနတ္တာ-အနတ္တတို့ မည်၏၊ ခန္ဓာငါးပါး၌ ပြအပ်ခဲ့သော အတ္တ မရှိ၊ ထို့ကြောင့် ခန္ဓာ ငါးပါးလုံး အနတ္တပင်တည်း၊ ရုပ်နာမ်ခန္ဓာမှတစ်ပါး နိဗ္ဗာန် ပညတ်တရားတို့၌လည်း ထိုအတ္တမျိုး မရှိ၊ သို့ဖြစ်၍ သင်္ခတ အသင်္ခတတရားဟူသမျှ အနတ္တချည်းတည်း။ [အနိစ္စ ဒုက္ခဟူရာ၌ သင်္ခါရ(သင်္ခတ)တရားသာ ရ၏၊ အနတ္တဟူရာ၌ကား သင်္ခါရ(သင်္ခတ)နှင့် အသင်္ခတ နိဗ္ဗာန် ပညတ် တရားအားလုံး ရ၏၊ ထို့ကြောင့် "သဗ္ဗေ သင်္ခါရာ အနိစ္စာ, ဒုက္ခာ"ဟု အနိစ္စ ဒုက္ခအတွက် သင်္ခါရဟု ဟောတော်မူပြီးလျှင် အနတ္တအတွက်ကား "သဗ္ဗေ ဓမ္မာ အနတ္တာ" ဟု ဓမ္မအားလုံးကို သိမ်းကျုံး၍ ဟောတော်မူသည်။]

အနက်ဆိုကြပုံ။ ။အနက်ဆိုရာ၌ "အနတ္တာ-ကိုယ်မဟုတ်" ဟု ဆိုကြ၏၊ ကိုယ်မဟုတ်ဟူသော စကား၌ ဤခန္ဓာကိုယ်ကို ရည်ရွယ်လျှင် အမှားတည်း၊ ဤခန္ဓာကိုယ်ကြီးသည် အဘယ်မှာ ကိုယ်ကာယမဟုတ်ဘဲ ရှိအံ့နည်း, ကိုယ်ကာယကြီး အဟုတ်ပင်တည်း၊ ပြခဲ့သောအတ္တတရား၌ အထည်ကိုယ် အမာခံ အနှစ်သာရ ဟု စွဲလမ်းကြ၏၊ ထိုအထည်ကိုယ်ဟု စွဲလမ်းအပ်သော အတ္တကို ရည်ရွယ်လျှင် "အနတ္တာ-အထည်ကိုယ် မဟုတ်, အမာခံ အနှစ်သာရ မဟုတ်" ဟု အနက်ဆိုသင့်၏၊ "အနတ္တာ-အတ္တမဟုတ်" ဟု အနက်ဆိုလျှင် မလွဲနိုင်တော့ပြီ။

အနတ္တလက္ခဏာ။ ။ရုပ်နာမ်အားလုံးကို ဉာဏ်ဖြင့် စိစစ်ကြည့်လျှင် ခိုင်မြဲသော အနှစ်သာရ မဟုတ်ကြ, သူတို့၏ အလိုသို့လည်း မည်သည့်အရာဝတ္ထုကိုမျှ မလိုက်ပါစေနိုင်, သူတို့ကလည်း မည်သူ့ အလိုသို့မျှ မလိုက်ပါကြ၊ အကြောင်းအားလျော်စွာ ဖြစ်ကြပြီးလျှင် ချက်ချင်းပင် ချုပ်ပျက်ကြလေသည်၊ သို့အတွက် အနှစ်သာရ မဟုတ်ခြင်း, အလိုသို့ မလိုက်စေနိုင်ခြင်းသည် ခန္ဓာငါးပါး၏ အတ္တ မဟုတ်ကြောင်း အတ္တ မရှိ ကြောင်း အမှတ်လက္ခဏာတည်း။

လက္ခဏာသုံးပါး။ ။အချုပ်ကား-ရုပ်နာမ်တရားတို့၏ ဖောက်ပြန်ပျက်စီးတတ်ခြင်း ဝိပရိဏာမသဘောသည် အနိစ္စလက္ခဏာတည်း, အဖြစ်အပျက်ဒဏ်တို့ကို အမြဲခံရခြင်းဟူသော ဥဒယဗ္ဗယပဋိပီဠနသဘောသည် ဒုက္ခလက္ခဏာတည်း၊ အသာရက-အဝသဝတ္တနသဘောသည် အနတ္တလက္ခဏာတည်း။

အနုပဿနာသုံးပါး။ ။တေဘူမကသင်္ခါရတရားတို့၏ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ ထင်ပေါ်လာအောင် အခါခါ ရှုတတ်သောဉာဏ်သည် အနုပဿနာ မည်၏၊ အနိစ္စဿ-မမြဲသော ရုပ်နာမ် တရားကို၊ အနုပဿနာ-အနိစ္စလက္ခဏာ ပေါ်လာအောင် (အနိစ္စအချက် ထင်ရှားအောင်)အခါခါ ရှုခြင်းသည်၊ အနိစ္စာနုပဿနာ-အနိစ္စာနုပဿနာ မည်၏၊ (တစ်နည်း) အနိစ္စတာယ-မမြဲသည်၏ အဖြစ်ကို (အနိစ္စ လက္ခဏာကို)၊ အနုပဿနာ-အဖန်ဖန်ရှုခြင်းသည်၊ အနိစ္စာနုပဿနာ-မည်၏၊ အနိစ္စတာနုပဿနာဟု ဆိုလို လျက် တာပစ္စည်းကို ချေ၍ အနိစ္စာနုပဿနာဟု ဆိုသည်၊ ဒုက္ခ, အနတ္တာနုပဿနာတို့၌လည်း ဤနည်းပင် တည်း။ [ဝိပဿနာဉာဏ်(၁၀)ပါး, ဝိမောက္ခမုခ (၃)ပါးသည် နောက်၌ ထင်ရှားလတ္တံ့။]

-----------------

သီလဝိသုဒ္ဓိ

ပါတိမောက္ခသံဝရသီလ။ ။"သီလ"ဟူသည် ကိုယ်မှု နှုတ်မှု စိတ်မှု၌ ဒုစရိုက် မဖြစ်အောင် ကိုယ် နှုတ် စိတ်တို့ကို စောင့်စည်းခြင်းတည်း၊ ပါတိံ-မိမိကို စောင့်ရှောက်သူကို၊ မောက္ခေတိ-အပါယ်ဘေး ဝဋ်ဒုက္ခဘေးမှ ကင်းဝေး လွတ်မြောက်စေ၏၊ ဣတိ-ကြောင့်၊ ပါတိမောက္ခံ-ပါတိမောက္ခမည်၏၊ သံဝရတိ ဧတေနာတိ သံဝရော-စောင့် စည်းကြောင်း အကျင့်တည်း၊ "ပါတိမောက္ခမေဝ+သံဝရော ပါတိမောက္ခသံဝရော-ပါတိမောက်မည်သော စောင့်စည်းကြောင်း အကျင့်၊ ပါတိမောက္ခသံဝရော စ+သော+သီလဉ္စာတိ ပါတိမောက္ခသံဝရသီလံ-ပါတိ မောက်မည်သော စောင့်စည်းကြောင်း အကျင့်သီလ၊ ဤပါတိမောက္ခသံဝရသီလသည် အကျဉ်းအားဖြင့် ဘိက္ခု, ဘိက္ခုနီပါတိမောက်၌လာသော သီလတည်း၊အကျယ်အားဖြင့်ကား ကုဋေကိုးထောင်တစ်ရာရှစ်ဆယ် ငါးသန်းသုံးသောင်းခြောက်ထောင်သော သိက္ခာတို့တွင် ဣန္ဒြိယသံဝရ အာဇီဝပါရိသုဒ္ဓိ ပစ္စသန္နိဿိတအချို့ မှတစ်ပါး ကျန်အားလုံး သိက္ခာများတည်း၊ ထိုသိက္ခာအကျယ်ကို"နေ-နတ်-နီ-တိုင်, ဂ-နိုင်-မိုး-နံ, ဟုန်-ယာဉ်- စျာန်, မှတ်ရန် သိက္ခာဂဏန်းတည်း" ဟူသော ပိဋကသင်္ချာဖြင့် ပြ၏၊ ပိဋကသင်္ချာယူပုံကို အခြေပြုသင်္ဂြိုဟ် ဝီထိပိုင်း အဆုံး၌ပြထားသည်၊ ဤပါတိမောက္ခသံဝရသီလ၌ သဒ္ဓါပြဓာန်း၏၊ သဒ္ဓါထက်သန်စွာဖြင့်ဖြည့်ကျင့် သူသာ ဤသီလကို လုံခြုံစေနိုင်မည်၊ ဤပါတိမောက္ခသံဝရသီလဖြင့် ကိုယ် နှုတ်ကိုသာ စောင့်စည်းနိုင်၏၊ စိတ်ကိုကား မစောင့်စည်းနိုင်သေး၊ "မနောဒွါရေ အနာပတ္တိ" အရ အများအားဖြင့် စိတ်သက်သက် အာပတ် မသင့်နိုင်။

ဣန္ဒြိယသံဝရသီလ။ ။"ဣန္ဒြိယာနံ-ဣန္ဒြေတို့ကို၊ သံဝရော-စောင့်စည်းကြောင်း သီလသည်၊ ဣန္ဒြိယ သံဝရော-ဣန္ဒြိယသံဝရသီလမည်၏၊ အဘိဇ္စျာ ဒေါမနဿစသော အကုသိုလ် မဖြစ်ရအောင် စက္ခုန္ဒြေ သောတ ဃာန ဇိဝှာ ကာယ မနိန္ဒြေဟူသော ဣန္ဒြေ(၆)ပါးကို စောင့်စည်းခြင်းသည် ဣန္ဒြိယသံဝရသီလ တည်း၊ ဤသီလ၌ သတိသည် ပဓာနဖြစ်၏၊ မြင်သမျှ ကြားသမျှ စသည်၌ အကုသိုလ် မဖြစ်ရအောင် သတိ ကြပ်ကြပ် ထားနိုင်မှ ဤသီလလုံသည်၊ သတိမထားနိုင်လျှင် ကျောင်းတိုက်အတွင်းမှာပင် ဤသီလပျက်နိုင်သည်၊ အချုပ်အားဖြင့် စိတ်ကို စောင့်စည်းနိုင်မှ ဤသီလလုံသည်။

အာဇီဝပါရိသုဒ္ဓိသီလ။ ။"အာဇီဝ" ဟူသည် အသက်ရှည်ကြောင်း (အသက်မွေးဝမ်းကျောင်း)ဖြစ်သော ကိုယ်မှု နှုတ်မှုတည်း၊ ထိုအသက်မွေးဝမ်းကျောင်းဖြစ်သော ကာယပယောဂ ဝစီပယောဂ၏ စင်ကြယ် ကြောင်း သီလသည် အာဇီဝပါရိသုဒ္ဓိသီလ မည်၏၊ အာဇီဝန္တိ ဧတေနာတိ အာဇီဝေါ၊ အာဇီဝဿ+ပါရိသုဒ္ဓိ အာဇီဝပါရိသုဒ္ဓိ၊ ဧတေန-ဤကာယပယောဂ ဝစီပယောဂဖြင့်၊ အာဇီဝန္တိ-အသက်ကို ဖြစ်စေကုန်၏၊ (အသက်မွေးရကုန်၏၊) ဘုရားရှင် စက်ဆုပ်တော်မူအပ်သော ကုလဒူသန အနေသနစသော မိစ္ဆာဇီဝကို ရှောင်ကြဉ်လျက် ပစ္စည်းလေးပါးကို တရားသဖြင့် ရှာမှီး၍ အသက်မွေးနိုင်မှ ဤသီလ လုံခြုံမည်၊ ဤသီလ၌ ဝီရိယပြဌာန်း၏၊ ဝီရိယကင်း၍ အပျင်းထူနေလျှင် ချောင်ချောင်လည်လည်ဖြင့်

ပစ္စည်းရအောင် ကုလဒူသန စသောအမှုတို့ကို ပြုသည့်အတွက် ဤသီလပျက်တော့၏၊ မှောက်မှားစွာ အသက်မွေးကြောင်း မကောင်းသော ကိုယ်မှု နှုတ်မှုများကို "မိစ္ဆာဇီဝ"ဟု ခေါ်၏၊ ထိုမိစ္ဆာဇီဝသည် ဒကာ ဒကာမတို့အား ထိုထိုပစ္စည်းကိုပေးခြင်း, မိမိကိုယ်ကို ဒကာ ဒကာမတို့က အထင်ကြီး၍ ကြည်ညိုလာအောင် ဟန်အမျိုးမျိုး ထုတ်လျက် ကြောင်သူတော် လုပ်ခြင်း, မလှူချင်-လှူချင်လာအောင် အတင်းအကြပ် ပြောဆို တိုက်တွန်းခြင်း, ဆေးဝါးပယောဂ ကုသခြင်း, ဗေဒင် ဟောခြင်းစသောအားဖြင့် အတော်များစွာ ဝိသုဒ္ဓိမဂ်၌ လာ၏၊ ထိုအမှုများကြောင့် လှူအပ်သော ပစ္စည်းသည် ထိုရဟန်းသာမက, တစ်သာသနာလုံးပင် မသုံးစွဲ ထိုက်တော့ပြီ၊ ထို့ကြောင့် …

အနေသနာယ စိတ္တံပိ, အဇနေတွာ ဝိစက္ခဏော၊ အာဇီဝံ ပရိသောဓေယျ, သဒ္ဓါပဗ္ဗဇိတော ယတိ။

ဝိစက္ခဏော -ဘုရားမျက်နှာ, သာသနာနှင့်, ကိုယ့်မှာနောင်ရေး, မျှော်တွေးဆင်ခြင်, ပညာရှင်လည်းဖြစ် ပေထသော၊ သဒ္ဓါပဗ္ဗဇိတော-ဘယာမဖက်, သဒ္ဓါတွက်ကြောင့်, ခွာထွက်သမှု, ရဟန်းပြုခဲ့သူလည်း ဖြစ်ပေ ထသော၊ ယတိ-သာသနာ့ဝန်, အားသွန်ကြိုးပမ်း, ထမ်းဖို့ရည်ရော်, ရဟန်းတော်သည်၊ အနေသနာယ- ဘုရားစက်ဆုပ်, လွန်သေးနုပ်သည့်, အယုတ်တမာ, လေးဖြာပစ္စည်း, ရှာဖွေနည်း၌၊ စိတ္တံပိ-ပြုလုပ်ဖို့ရန်, စိတ် အကြံကိုမျှလည်း၊ အဇနေတွာ-သာသနာ့အရှိန်, ကိုယ့်အရှိန်၌, ဂုဏ်သိမ် ညစ်ပေ, မဖြစ်စေဘဲ၊ အာဇီဝံ- တစ်သက်လျာမျှ, တစ်ဝမ်းဝဖို့, တစ်ခဏတွက်ကလေး, အသက်မွေးကို၊ ပဋိသောဓေယျ-ဝန်းကျင်ခပင်း, ပြစ်မျိုးကင်းအောင်, ရှင်းလင်း သုတ်သင်ရာသတည်း။

ပစ္စယသန္နိဿိတ သီလ။ ။ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါး၌မှီသော သီလတည်း၊ အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ်စွာဖြင့် ရအပ်သော ပစ္စည်းကို "ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ" စသည်ဖြင့် ဆင်ခြင်၍ သုံးစွဲမှ ဤပစ္စယသန္နိဿိတသီလ လုံခြုံသည်၊ ထိုသို့ ဆင်ခြင်ရာ၌ "ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ" စသည်ဖြင့် နှုတ်ကရွတ်ဆိုမှုသည် ဆင်ခြင်မှု မဟုတ်သေး၊ ပစ္စည်းလေးပါး တွင် တစ်ပါးပါးကို သုံးဆောင်ရသည့်အတွက် "အသက်ရှည်စွာ, ဘေးရောဂါတို့, ကိုယ်မှာမကပ်, ပရိယတ်နှင့်, ပဋိပတ်ရေး, မျှော်ထောက်တွေး၍, ဤဆေး ဤဆွမ်း, ဤသင်္ကန်းနှင့်, ရွှင်လန်းဖွယ်ကောင်း, ဤစံကျောင်းကို, မှီအောင်း သုံးစွဲပါသတည်း" ဤသို့ ဉာဏ်ဖြင့် ဆင်ခြင်မှု, စိတ်ဖြင့် ဆင်ခြင်စဉ်းစား ပွားများ မှုကိုသာ "ဆင်ခြင်"ဟု ဆိုသည်၊ ထိုသို့ မဆင်ခြင်ဘဲ အမှတ်တမဲ့ဖြစ်စေ, သို့မဟုတ် လောကီ ဂုဏ်ပကာသန အလှအပအတွက်ဖြစ်စေ သုံးစွဲနေလျှင် ပစ္စယသန္နိဿိတသီလ ပျက်၏၊ တစ်နေ့အဖို့မှာ အရုဏ်မတက်ခင် ပစ္စည်းလေးပါးကို သုံးစွဲမှုကြောင့် ရအပ်သောအကျိုးများကို (အနည်းဆုံးတစ်ကြိမ်ဖြစ်စေ) ဆင်ခြင်မိစေရမည်၊ သင်္ကန်းလဲ တိုင်း, ဆွမ်းအလုတ်တိုင်း, ကျောင်းတွင်း ဝင်တိုင်း, ဆေးသုံးစွဲတိုင်း ဆင်ခြင်ပါမူ သာ၍ကောင်းမြတ်တော့၏။

အမွှမ်းတင် ဆင်ခြင်မှု။ ။ဤပစ္စယသန္နိဿိတသီလ၌ အမွှမ်းတင် ဆင်ခြင်နည်းများလည်း ရှိ၏၊ ထို ဆင်ခြင်နည်းကား-"စက်ဆုပ်ဖွယ်ရာ ဤခန္ဓာကိုယ်ကြီးနှင့် စပ်၍ သုံးဆောင်အပ်သမျှ ပစ္စည်းလေးပါးလည်း စက်ဆုပ်ဖွယ်ချည်းသာ ဖြစ်တော့လတ္တံ့" ဟု ပဋိကူလသညာဖြင့် ဆင်ခြင်နည်း, "ခန္ဓာကိုယ်နှင့်တကွ ပစ္စည်း လေးပါးလုံး ဓာတ်အစုသာ" ဟု ဓာတုမနသိကာရ ဆင်ခြင်နည်းများတည်း၊ ဤပဋိကူလသညာ ဓာတု မနသိကာရတို့မှာ အမွှမ်းတင်သာဖြစ်၍ မဆင်ခြင်သော်လည်း သီလမပျက်, ပစ္စဝေက္ခဏာ မဆင်ခြင်မှသာ သီလပျက်သည်၊ ဤသီလ၌ ဉာဏ်ပညာဖြင့် ဆင်ခြင်ရသောကြောင့် ဉာဏ်ပြဌာန်း၏၊ သို့ဖြစ်၍ ရှင်ဖြစ်စ သာမဏေငယ်တို့၌ ပဋိသင်္ခါ ယောနိသောစသော ပုတီးစိပ်ပါဠိတော်ကို အရကျက်ဖို့ထက် ဉာဏ်ဖြင့် ဆင်ခြင် တတ်ဖို့က အရေးကြီးပါသည်။

စတုပါရိသုဒ္ဓိသီလ။ ။ဤပြခဲ့သော သီလလေးမျိုးကို စတုပါရိသုဒ္ဓိသီလဟု ခေါ်၏၊ [စတု=လေးပါး+ ပါရိသုဒ္ဓိ=ထက်ဝန်းကျင် စင်ကြယ်သော + သီလ=ကိုယ် နှုတ် စိတ်ကို ကောင်းစွာထားကြောင်းအကျင့်၊ "ကိုယ်နေ နှုတ်ပြော စိတ်သဘောထားတတ်ကြောင်း ကောင်းသောအကျင့်လေးပါး" ဟူလို၊] ဤသီလများ ပျက်လျှင် ထပ်မံ စင်ကြယ်ကြောင်း နည်းကောင်းလေးပါးလည်း ရှိ၏။

ဒေသနာ သံဝရော ဧဋ္ဌိ. ပစ္စဝေက္ခဏဘေဒတော၊ သုဒ္ဓိ စတုဗ္ဗိဓာ ဝုတ္တာ, မုနိနာ. ဒိစ္စဗန္ဓုနာ။

ဒေသနာသုဒ္ဓိ။ ။ပါတိမောက္ခသံဝရသီလ ပျက်လျှင် သီတင်းသုံးဖော်ရဟန်းတော်၏ အထံမှာ "မိမိမှာ မည်သည့်သီလ ပျက်သွားပါသည်" ဟု ပြောပြမှုကို ယခုကာလ၌ "ဒေသနာကြား"ဟု ခေါ်၏၊ ထိုသို့ ဒေသနာ ပြောပြလျှင် ထုလ္လစ္စယစသော အောက်အာပတ် ငါးပါးအတွက် ပြန်၍ စင်ကြယ်၏၊ ထို့ကြောင့် "ဒေသနာ သုဒ္ဓိ" ဟု ခေါ်၏၊ [ဒေသနာ-ပြောပြခြင်းကြောင့်၊ သုဒ္ဓိ-စင်ကြယ်ခြင်း၊] သံဃာဒိသေသ် အာပတ်အတွက် ပရိဝါသ် မာနတ် ဆောက်တည်မှု, ပါရာဇိကအာပတ်အတွက် လူထွက်မှုများလည်း ဒေသနာတွင် သွင်းယူရ မည်၊ "စာဂေါ ယော ဘိက္ခုဘာဝဿ, သာ ပါရာဇိကဒေသနာ" ဟူသော ခုဒ္ဒသိက္ခာကိုထောက်ပါ၊ [ဘိက္ခု ဘာဝဿ-ရဟန်းအဖြစ်ကို၊ ယော စာဂေါ-အကြင် စွန့်လိုက်ခြင်းသည်၊ အတ္ထိ-ထင်ရှား၏၊ သာ-ထိုရဟန်း ဘဝကို စွန့်လိုက်ခြင်းသည်ပင်၊ ပါရာဇိကဒေသနာ-ပါရာဇိကအာပတ်ကို ဒေသနာပြောခြင်းပင်တည်း၊] ထို့ကြောင့် သံဃာဒိသေသ်သင့်၍ ပရိဝါသ် မာနတ်ဆောက်တည်လျှင် သီလပြန်၍ စင်ကြယ်၏၊

ပါရာဇိကကျ၍ လူထွက်လျှင် သီလစင်ကြယ်တော့၏၊ မဂ် ဖိုလ် နိဗ္ဗာန် နတ်ရွာ စျာန်များကို မတားမြစ်နိုင် တော့ပြီ၊ ဆိုင်ရာသီလပျက်လျက် မကုစားပါလျှင် အထင်အရှား သိနေသော ဒုက္ကဋ်အာပတ်ကလေးကပင် နတ်ရွာ နိဗ္ဗာန် မဂ် ဖိုလ်စျာန်ကို တားမြစ်နိုင်၏၊ ဒေသနာ ပြောပြရာ၌ "အာယတိံ သံဝရ-နောင်ခါစောင့်စည်း မည်ဟု နှလုံးသွင်းဖို့" မရှိသော်လည်း စင်ကြယ်တော့၏ဟု ဆရာအများ ယူဆကြ၏၊ "အာယတိံ သံဝရစိတ် ရှိမှသာ စင်ကြယ်သည်" ဟု ယူကြသော ဆရာတို့လည်း အများပင် ရှိသည် စဉ်းစားကြပါ။

သံဝရသုဒ္ဓိ။ ။စက္ခုန္ဒြေစသော ဣန္ဒြေ(၆)ပါးတွင် တစ်ပါးပါးကို ပေါက်ကြား၍ လောဘ ဒေါသ စသည် ဖြစ်လျှင် "နောင်အခါ ဤကဲ့သို့ မပေါက်ကြားစေတော့အံ့" ဟု ဓိဋ္ဌာန်၍ စောင့်စည်းက ဣန္ဒြိယသံဝရသီလ ပြန်၍ စင်ကြယ်၏၊ [သံဝရ=စောင့်စည်းမှုကြောင့်+သုဒ္ဓိ=စင်ကြယ်ခြင်း။]

ပရိယေဋ္ဌိသုဒ္ဓိ။ ။ကုလဒူသန အနေသနစသော မိစ္ဆာဇီဝကို ရှောင်၍ တရားသဖြင့် ရှာနိုင်မှသာ အာဇီဝ ပါရိသုဒ္ဓိသီလ စင်ကြယ်သည်။ [ပရိယေဋ္ဌိ=ရှာမှီးခြင်းဟူသော+သုဒ္ဓိ=စင်ကြယ်ခြင်း။]

ပစ္စဝေက္ခဏသုဒ္ဓိ။ ။ပစ္စည်းလေးပါးအတွက် ရရှိသော သာသနာကျိုးကို ဆင်ခြင် စဉ်းစား၍ သုံးစွဲနိုင်မှ သာ ပစ္စယသန္နိဿိတသီလ စင်ကြယ်၏၊ [ပစ္စဝေက္ခဏာ=ဆင်ခြင်မှုကြောင့်+သုဒ္ဓိ=စင်ကြယ်ခြင်း၊] ရဟန်း တော်များ၌ ဤပြခဲ့သော စတုပါရိသုဒ္ဓိသီလ လေးပါးလုံး လုံခြုံမှသာ သီလဝိသုဒ္ဓိ ဖြစ်၏၊ ကမ္မဋ္ဌာန်းကို တကယ်တမ်း အားထုတ်တော့မည်ဆိုလျှင် လူစသည်တို့မှာလည်း ဣန္ဒြိယသံဝရနှင့်တကွ ဆိုင်ရာသီလကို စင်ကြယ်စေရသည်ပင်။

စိတ္တ, ဒိဋ္ဌိဝိသုဒ္ဓိခန်း

စိတ္တဝိသုဒ္ဓိ။ ။"ဥပစာရသမာဓိ အပ္ပနာသမာဓိ စေတိ ဒုဝိဓောပိ သမာဓိ စိတ္တဝိသုဒ္ဓိ နာမ" ဟူသည်နှင့် အညီ, ကာမစ္ဆန္ဒနီဝရဏစသော အညစ်အကြေးတို့မှ စိတ်၏ သန့်ရှင်းစင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိ မည်၏၊ သမထကမ္မဋ္ဌာန်းကို အားထုတ်၍ ဥပစာရဘာဝနာသို့ ရောက်လျှင် ထိုနီဝရဏတို့မှ စင်ကြယ်ပြီးဖြစ်၍ စိတ္တ ဝိသုဒ္ဓိ ဖြစ်ပြီ၊ အပ္ပနာဘာဝနာစျာန်ကို ရပါမူ ပြောဖွယ် မရှိတော့ပေ၊ ဝိပဿနာကမ္မဋ္ဌာန်းကို အဟုတ်ကြိုးပမ်း မည့် ယောဂီသည် သမထကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဥပစာရသမာဓိလောက်ဖြစ်စေ, အပ္ပနာသမာဓိသို့ ရောက် အောင်ဖြစ်စေ အားထုတ်၍ မိမိစိတ်ကို နီဝရဏအညစ်အကြေးမှ ကင်းဝေးစင်ကြယ်နှင့်စေရသည်-ဟူလို။ [စိတ္တဿ-စိတ်၏၊ ဝိသုဒ္ဓိ-နီဝရဏတို့မှ စင်ကြယ်ခြင်းသည်၊ စိတ္တဝိသုဒ္ဓိ-မည်၏။]

ဒိဋ္ဌိဝိသုဒ္ဓိ။ ။"လက္ခဏရသပစ္စုပဋ္ဌာနဝသေန နာမရူပပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ" ဟူသည်နှင့်အညီ, စိတ် စေတသိက်ဟူသော နာမ်နှင့် နိပ္ဖန္နရုပ်တရားတို့ကို စိတ်ပိုင်း, စေတသိက်ပိုင်း, ရုပ်ပိုင်း၌ ပြခဲ့သည့် အတိုင်း လက္ခဏ ရသ ပစ္စုပဋ္ဌာန်တင်၍

ဆင်ခြင်လိုက်သောအခါ "သိမှုသည်စိတ်, ခံစားမှုသည် ဝေဒနာ, မှတ်သားမှုကား သညာ, ပြုလုပ်အားထုတ် မှုကား သင်္ခါရ, ဖောက်ပြန်တတ်သော ဤခန္ဓာကိုယ်ကြီးကား ရုပ်တည်း၊ ဤရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှတစ်ပါး အတ္တဟူသော တရားတစ်မျိုးမရှိတော့ပြီ" ဟု သိမြင်နိုင်၏၊ ဤသို့ သိမြင်ခြင်းသည်ပင် အတ္တစွဲလမ်းမှုဟူသော အညစ်အကြေးမှ ကင်းဝေးစင်ကြယ်သောဉာဏ်ပင်တည်း၊ ဒိဋ္ဌိယေဝ + ဝိသုဒ္ဓိ ဒိဋ္ဌိဝိသုဒ္ဓိ၊ ဒိဋ္ဌိယေဝ-နာမ်ရုပ်တို့ကို လက္ခဏာစသည် တင်၍ သိမြင်တတ်သော ဉာဏ်သည်ပင်၊ ဝိသုဒ္ဓိ-အတ္တ အညစ်အကြေးမှ ကင်းဝေးသောတရားတည်း။

အမှာ။ ။"လက္ခဏ ရသ ပစ္စုပဋ္ဌာန ပဒဋ္ဌာနဝသေန" ဟု စာအများရှိသော်လည်း ရှေးသီဟိုဠ်မူ၌ "ပဒဋ္ဌာန" သဒ္ဒါ မပါသောကြောင့်လည်းကောင်း, ပဒဋ္ဌာန် ဆင်ခြင်မှုသည် နောက်လာမည့် ပစ္စယ ပရိဂ္ဂဟဉာဏ်နှင့် ဆိုင်သောကြောင့်လည်းကောင်း ဤအကြိမ်ရိုက် စာအုပ်၌ ပဒဋ္ဌာနသဒ္ဒါကို ဖြုတ်ထားလိုက်ပါသည်။

မှတ်ချက်။ ။ဤသင်္ဂြိုဟ်ကျမ်းသည် အဘိဓမ္မာပါဠိတော်ကို မှီ၍ စီရင်အပ်သောကျမ်းတည်း၊ ထို့ကြောင့် အဘိဓမ္မာပါဠိတော်၌လာသော စိတ် စေတသိက် ရုပ်အားလုံးကိုပင် လက္ခဏာစသည် တင်၍ ဆင်ခြင်သိမ်းဆည်းနိုင်မှုကို "ဒိဋ္ဌိဝိသုဒ္ဓိ" ဟု ဆိုပေသည်၊ သုတ္တန်ပါဠိတော်များ၌ကား ဓာတ်ကြီး (၄)ပါးနှင့် အာကာသဓာတ် ဝိညာဏဓာတ်ဟူသော ဓာတ်(၆)ပါးကို ပိုင်းခြားဆင်ခြင်နိုင်ရုံမျှဖြင့် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်၍ မဂ်ဖိုလ်ရသူများကိုတွေ့ရ၏၊ ဤဓာတ်(၆)ပါးဆင်ခြင်ပုံကို ရုပ်ပိုင်း ရူပသမုဒ္ဒေသ၌ ပြခဲ့ပြီ၊ ထို(၆)ပါးမျှကိုလည်း ပင်ကိုက ဗဟုဿုတ အခြေခံမရှိလျှင် လက္ခဏ ရသ ပစ္စုပဋ္ဌာန်(၃) ပါးလုံး စုံလင်အောင်တင်၍ ဆင်ခြင်နိုင်ဖို့ရာ လွန်စွာခဲယဉ်းပေလိမ့်မည်၊ စာတစ်လုံးမျှ ရှေးက မသင်ဘူးဘဲလျက် ဝိပဿနာအားထုတ်၍ မဂ်ဖိုလ် ရကြသူတို့မှာ စာတတ်သူတွေထက်ပင် ပေါများသေး၏၊ ထို့ကြောင့် နည်းကောင်းလမ်းမှန်ကို နာခံ၍ ဇွဲသန်သန် အားထုတ်လျှင် နာမ် ရုပ် အားလုံးကို လက္ခဏာစသည် မတင်နိုင်သော်လည်း အထိုက်အလျောက် သိရုံမျှဖြင့် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်ဖွယ်ရာ ရှိပေသည်။

အကျဉ်းချုပ် ဆင်ခြင်နည်း။ ။ထိုထိုအာရုံကို သိမှုသည် ဝိညာဏက္ခန္ဓာတည်း၊ ကိုယ်ဖြင့်ဖြစ်စေ, နှုတ်ဖြင့် ဖြစ်စေ, စိတ်ဖြင့်ဖြစ်စေ ပြုလုပ်မှု ပြောဆိုမှု ကြံစည်မှုများကား သင်္ခါရက္ခန္ဓာတည်း၊ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးကို ခံစားမှုကား ဝေဒနာက္ခန္ဓာတည်း၊ ထိုထိုအာရုံကို မှတ်သားမှုကား သညာက္ခန္ဓာတည်း၊ ဤခန္ဓာ လေးပါးကို နာမ်တရားဟု ခေါ်၏၊ ဤခန္ဓာကိုယ်ကြီးကို ဖောက်ပြန်ပျက်စီးတတ်သောကြောင့် ရုပ်ဟု ခေါ်၏၊ [အပြင်ပ၌ ရေ မြေ တော တောင် သစ်ပင် အိမ်စသည်များလည်း ရုပ်ပင်တည်း၊ သို့သော် ဝိပဿနာရှုခန်း၌ အရေးတကြီးမသက်ဆိုင်၊] ဤမျှလောက် သိလျှင်ပင် တွေ့ရာ မြင်ရာ၌ "ဤကား ရုပ်, ဤကား နာမ်, ဤနာမ်တွင် သိမှုကား ဝိညာဏ်" စသည် လေ့လာရာ၏၊

ထိုကဲ့သို့ လေ့လာပြီးလျှင် "ငါ, သူ, ယောကျ်ား, မိန်းမ, အတ္တ, ကိုယ်, သတ္တဝါ, ပုဂ္ဂိုလ်"ဟူသော အရာများကို လုံးလုံး ရှာမရအောင် (ဝါ-အတ္တဒိဋ္ဌိကင်းအောင်) ဆက်လက် ဆင်ခြင်ရန်ကား…

ယထာပိ အင်္ဂသမ္ဘာရာ, ဟောတိ သဒ္ဒေါ ရထော ဣတိ၊ ဧဝံ ခန္ဓေသု သန္တေသု, ဟောတိ သတ္တောတိ သမ္မုတိ။

အင်္ဂသမ္ဘာရာ -ဝင်ရိုးစက်ဘီး, အသီးသီးတို့, ဖွဲ့စည်းပေါင်းဆုံ, အဆောက်အအုံကြောင့်၊ ရထော ဣတိ သဒ္ဒေါ-လူသူအများ, စီးနင်းသွားဖို့, ရထားခေါ်အပ်, နာမည်ပညတ်သည်၊ ဟောတိ ယထာ-ဖြစ်ပေါ်လာသကဲ့ သို့၊ ဧဝံ-ဤအတူ၊ ခန္ဓေသု-ရုပ်နာမ်နှစ်ဖြာ, ခန္ဓာငါးပါးတို့သည်၊ သန္တေသု-ထင်ရှားပေါင်းဆုံ, ရှိကြကုန်သော်၊ သတ္တောတိ သမ္မုတိ-သတ္တဝါဟု, ခေါ်ဝေါ်ပြုဖို့, သမ္မုတိမှတ်, နာမည်ပညတ်သည်၊ ဟောတိ-ရုပ်နာမ်နှစ်ပါး, မကွဲပြားက, ထင်မှားဖွယ်ရာ, ဖြစ်ပေါ်၍ လာပေသည်တကား။ ထို့နောက် တစ်ဖန်ဆက်လက်၍ ဆင်ခြင်ရန် ကား…

ယထာ ပဋိစ္စ ကဋ္ဌာဒိံ, အဂါရန္တိ ပဝုစ္စတိ၊ ဧဝံ ပဋိစ္စ အဋ္ဌျာဒိံ, သရီရန္တိ ပဝုစ္စတိ။

ကဋ္ဌာဒိံ -တုံးတိုင်သစ်ဝါး, ကြိမ်နွယ်အားဖြင့်, များပြားစုပုံ, အဆောက်အအုံကို၊ ပဋိစ္စ-စုပေါင်းစွဲမှီ, တွဲကာ ချီသဖြင့်၊ အဂါရန္တိ-အိမ်ကျောင်းမဏ္ဍပ်, ဇရပ်တိုက်တာ, နေရာဌာန, အာဝါသဟူ၍၊ ပဝုစ္စတိယထာ-ခေါ်ဝေါ် ပညတ်, သမုတ်အပ်သကဲ့သို့၊ ဧဝံ-ဤအတူ၊ အဋ္ဌျာဒိံ-အရိုးအဆက်, အကြောယှက်၍, ဖွဲ့ကြက်အသား, ဖုံး အပ်သော အရေများကို၊ ပဋိစ္စ-စုပေါင်းစွဲမှီ, တွဲကာတည်သဖြင့်၊ သရီရန္တိ-သူ့ကိုယ် ငါ့ကိုယ်, ခန္ဓာကိုယ်ဟူ၍၊ ပဝုစ္စတိ-ခေါ်ဝေါ်ပညတ်, သမုတ်အပ်ပေသည်တကား။

ရဇ္ဇုယောဂါ ဒါရုယန္တံ, သဗျာပါရံဝ ခါယတိ၊ ဧဝံ သုညံ နာမရူပံ, အညမညသမာယုတံ။

ရဇ္ဇုယောဂါ -အရုပ်ကြိုးနှင့်, အသင့်ဆွဲတပ်, တွဲစပ်မိခြင်းကြောင့်၊ ဒါရုယန္တံ-သစ်သားကိုလုပ်, မင်းသမီး မင်းသားရုပ်သည်၊ သဗျာပါရံဝ-သွား ရပ် က ခုန်, ဗျာပါရရှိပုံကဲ့သို့၊ ခါယတိ-ရှုသူစိတ်တွင်, မှတ်ထင်ရလေ၏၊ ဧဝံ-ဤအတူ၊ သုညံ-အနှစ်သာရ, အတ္တ မဖက်, အသက်မှ ကင်းဆိတ်သော၊ နာမရူပံ-နာမ်ရုပ်နှစ်ဖြာ, ငါးခန္ဓာသည်၊ အညမညသမာယုတံ-အချင်းချင်းကပ်, ပေါင်းစပ်မိသည် ဖြစ်၍၊ သဗျာပါရံဝ-သွား ရပ် ထိုင် လျောင်း, လိုရာပြောင်းလျက်, အကြောင်း အားလျော်စွာ, ဗျာပါရရှိနေသကဲ့သို့၊ ခါယတိ-ရုပ်နာမ်နှစ်ပါး, မကွဲပြားက, အများစိတ်တွင်, ထင်မြင် စွဲလမ်းရသည်တကား။

ဤသို့ စသည်ဖြင့် ဆင်ခြင်ဖန်များလျှင် သတ္တဝါ မရှိ ပုဂ္ဂိုလ်မရှိ အတ္တမရှိ ယောကျ်ား မိန်းမ မရှိ, ရုပ်နာမ်သာ

ရှိသည်ဟု မိမိရရ သဘောကျသဖြင့် အတ္တဒိဋ္ဌိ အညစ်အကြေးမှ ကင်းဝေးစင်ကြယ်၍ ဒိဋ္ဌိဝိသုဒ္ဓိနယ်သို့ ရောက်လေပြီ၊ ဤဒိဋ္ဌိဝိသုဒ္ဓိသည်ပင် နာမ်ရုပ်နှစ်ပါးဟူသော သင်္ခါရတရားကို ပိုင်းခြားတတ်သောကြောင့် "နာမရူပဝဝတ္ထာနဉာဏ်" ဟုလည်းကောင်း, "သင်္ခါရပရိစ္ဆေဒဉာဏ်" ဟုလည်းကောင်း အမည်ရသေး၏။

-----------------

ကင်္ခါဝိတရဏဝိသုဒ္ဓိ။ ။"ငါသည် ရှေးအတိတ်က ဖြစ်မှ ဖြစ်ခဲ့ဖူးလေရဲ့လား" စသော ယုံမှားမှု, "အလုံးစုံကို အကုန်သိမြင်နိုင်သော ဘုရားရှင်ဆိုတာ ရှိမှ ရှိနိုင်ပါ့မလား" စသော ယုံမှားမှုများကို "ကင်္ခါ" ဟု ခေါ်၏၊ ထိုယုံမှားမှုတို့ကို လွန်မြောက်ကြောင်းဉာဏ်သည် ကင်္ခါဝိတရဏ မည်၏၊ ထိုဉာဏ်သည်ပင် အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိတည်းဟူသော အညစ်အကြေးတို့မှ စင်ကြယ်သောကြောင့် ဝိသုဒ္ဓိ လည်း မည်၏၊ ကင်္ခံ ဝိတရတိ အတိက္ကမတိ ဧတာယာတိ ကင်္ခါဝိတရဏာ, ကင်္ခါဝိတရဏာ ဧဝ+ဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ၊ "တေသမေဝ စ နာမရူပါနံ ပစ္စယပရိဂ္ဂဟော ကင်္ခါဝိတရဏဝိသုဒ္ဓိ နာမ" ဟူသည်နှင့် အညီ, ဤကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်ဖို့ရန် ဒိဋ္ဌိဝိသုဒ္ဓိဖြင့် သိမြင်အပ်ပြီးသော ရုပ်နာမ်များ၏ အကြောင်းကို သိမ်းဆည်း ဆင်ခြင်ရမည်၊ ထိုအကြောင်းကို မဆင်ခြင်မီ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိတို့ကို စိစစ် ဦးအံ့။

အဟေတုကဒိဋ္ဌိ။ ။"ရုပ်နာမ်တရားများသည် အကြောင်းမရှိဘဲ ဘာသိဘာသာ ဖြစ်ပေါ်လာ၏" ဟူသော အယူမှားသည် အဟေတုကဒိဋ္ဌိ မည်၏၊ ထိုအယူအတိုင်း မှန်လျှင် ရုပ်ခန္ဓာကြီးသည် တစ်မျိုးတည်း တစ်ပုံစံတည်း ဖြစ်နေဖွယ်ရာ ရှိ၏၊ အကြောင်းမှ မရှိလျှင် အဘယ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး ကွဲလွဲသင့်ပါတော့ အံ့နည်း၊ နာမ်တရားတွင်လည်း စက္ခုဝိညာဏ်သည် အကြောင်းမဲ့ ဖြစ်သည်ဆိုလျှင် မျက်လုံး၌သာ အဘယ့် ကြောင့် ဖြစ်ရသနည်း, နား နှာခေါင်းစသည်မှာလည်း ဖြစ်ပါတော့လား၊ ထိုစက္ခုဝိညာဏ်သည် ရူပါရုံနှင့် တွေ့ကြုံမှ အဘယ့်ကြောင့် သိမြင်ရသနည်း၊ အခါခပ်သိမ်း မြင်နေပါတော့လား၊ ဤသို့ စသည်ဖြင့် တစ်ယောက်နှင့် တစ်ယောက် ရုပ်ခန္ဓာချင်း မတူကြပုံ, စက္ခုဝိညာဏ်ဟူသော နာမ်တရားတစ်ခုသည်ပင် မျက်လုံးထဲ၌ တစ်ခါတစ်ရံမှ ပေါ်လာပုံကို ထောက်လျှင် ဧကန်အကြောင်းမဲ့ မဖြစ်, ဆိုင်ရာအကြောင်း ရှိကြ ရမည်။

ဝိသမဟေတုကဒိဋ္ဌိ။ ။မညီညွတ် မမှန်ကန်သောအကြောင်းကို "ဝိသမဟေတု" ဟု ခေါ်၏၊ ဗြဟ္မာ ဗိဿဏိုး ထာဝရဘုရားစသူတို့ ဖန်ဆင်းမှုကြောင့် ဤရုပ်နာမ်ခန္ဓာ ဖြစ်ပေါ်လာသည်" ဟူသော အယူမှားသည် ဝိသမဟေတုကဒိဋ္ဌိ မည်၏၊ ထိုဝိသမဟေတု ဟူသည် "ရုပ်နာမ်၏ အကြောင်းရင်း" ဟု သူတို့ ညွှန်ပြအပ်သော ဗြဟ္မာစသူတို့ပင်တည်း၊ ထိုဗြဟ္မာစသူ တို့ကို တစ်မျိုးတည်းထား၍ စိစစ်အံ့၊-ထိုဖန်ဆင်းသူဟူသည် ရုပ်နာမ်နှင့် အထင်အရှားလော, သို့မဟုတ် ကောင်းကင်ဟင်းလင်းပမာ ဘာမျှမရှိသော အရာလော၊ "ရုပ်နာမ်ခန္ဓာနှင့် အထင်အရှားပါပဲ" ဆိုလျှင် ထိုဖန်ဆင်းသူ၏ ရုပ်နာမ်ခန္ဓာ ဖြစ်ဖို့ရာ အကြောင်းတစ်မျိုး ရှာရလိမ့်ဦးမည်၊ "ဖန်ဆင်းသူ၏ ရုပ်နာမ်မှာ အကြောင်းမရှိဘဲ ဖြစ်တယ်"ဟု ဆိုပြန်လျှင် ယခင် အဟေတုကဒိဋ္ဌိ၌ သက်ဝင်၍ ယခင် ပြခဲ့သော အပြစ်များ မှ မလွတ်ကင်းရာ၊ "ထိုသို့ အကြောင်းမရှိဘဲ ဖန်ဆင်းသူ၏ ရုပ်နာမ်ခန္ဓာ ဖြစ်တယ်"ဆိုလျှင် ဖန်ဆင်းတတ်သူ ရုပ်နာမ်ခန္ဓာပေါင်း အမြောက်အမြားပင် ကမ္ဘာအပြည့်မျှ ရှိရပေလိမ့်မည်။

ဆက်ဦးအံ့ -"ဖန်ဆင်းသူဟူသည် ရုပ်နာမ်ခန္ဓာနှင့် အထင်အရှား မဟုတ်ပါ, အနန္တ တန်ခိုးတော်နှင့် ပြည့်စုံသော ဝိညာဉ်တော်သာ ဖြစ်သည်" ဟု ဆိုလျှင် (ဝိညာဉ်သည် သာသနာတော် ကျမ်းဂန်အလို နာမ် တရားပင်တည်း၊ သို့သော် သူတို့အလို ရုပ်နာမ်မှ အလွတ်ပင် ဆိုပါစေဦးတော့) ထိုဝိညာဉ် ဘယ်မှာနေ သလဲ, (ကောင်းကင်ဘုံမှာ နေတယ်၊)ကောင်းကင်ကို သူဖန်ဆင်းသလား, ဖန်ဆင်းလျှင် ကောင်းကင်မရှိမီ က ဘယ်မှာနေသလဲ၊ သို့မဟုတ် ကောင်းကင်ကို သူမဖန်ဆင်းဘူးဆိုလျှင် ကောင်းကင်ကို မဖန်ဆင်းနိုင် ဘူးပေါ့၊ ဘာမျှ မရှိတဲ့ ကောင်းကင်ကိုမျှ မဖန်ဆင်းနိုင်ပါဘဲလျှက် "ထင်ရှားသော အရာဝတ္ထုတွေကို ဖန်ဆင်းနိုင်တယ်"ဆိုသည်မှာ ယုတ္တိရှိပါသလော၊ ထိုအချက်များကို ထားလိုက်ပါဦး၊ ထိုဝိညာဉ်တော်မှ အနန္တ တန်ခိုးရှိလျှင် ထိုအနန္တတန်ခိုးကို မည်သူ့ထံမှ ရသနည်း၊ သူများထံမှ ရလျှင် ထိုသူများ၏ အခြွေအရံသာ ဖြစ်ရမည်၊ မိမိ အလိုအလျောက် ရတယ်ဆိုလျှင် ထိုတန်ခိုးမရခင်က ဤကမ္ဘာကြီးကို မဖန်ဆင်းခင်က သူ့ကိုယ်တိုင် ဘယ်လိုနေရှာမည်လဲ။

ထို့ပြင် ဤကမ္ဘာလာကကြီးကို ကိုယ်ကျိုးအတွက် ဖန်ဆင်းခြင်းလား, သူများအကျိုးအတွက် ဖန်ဆင်း ခြင်းလား၊ ကိုယ်ကျိုးအတွက်ဆိုလျှင် ထိုဝိညာဉ်တော်မှာ အကျိုးလုံလောက်အောင် မပြည့်စုံသေးဘူးပေါ့၊ "သတ္တဝါများအတွက် ဖန်ဆင်းပေးတယ်" ဆိုလျှင် လူတို့၏ ရန်သူဖြစ်ကြသော ခြင်္သေ့ သစ် ကျား မြွေ နဂါး စသည်တို့ကို "ဖန်ဆင်းရာ၌ (မဟုတ်သော်လည်း) တစ်စုံတစ်ခု အကြောင်းရှာလျှင် ရတန်သေး၏၊ အို နာ သေရေး ဆင်းရဲဘေးတွေကို မည်သူမျှမရှောင်သာအောင် ဖန်ဆင်းတော်မူရက်သည်မှာ အဘယ်မျှလောက် ကြီးကျယ်သော မဟာကရုဏာတော်၏ အစွမ်းပါနည်း၊ ထို့ပြင် လောကကို ဖန်ဆင်းရာ၌ "ကိုယ်တော့်အကျိုးလည်း မဟုတ်, သတ္တဝါအများ၏ အကျိုးလည်းမဟုတ်, သတ္တဝါတွေ ဖြစ်လိုက် ပျက်လိုက်နေကြပုံကို ရှုစားလျက် အပျော် ကစားဖို့ရာ ဖန်ဆင်းတာပဲ" ဟု ဆိုလျှင် မကစားဘဲ ပျော်နိုင်သောနည်းကိုမျှ မသိရှိသော ဝိညာဉ်တော်သည် အပျော်တစ်ခုကိုမျှ လုံလောက်စွာ အစိုးမရပါတကား၊ ဤသို့စသော အဖြစ်အပျက်တို့ဖြင့် စစ်ချက်ထုတ် သောအခါ ရုပ်နာမ်ကို လုပ်ကြံ၍ ဖန်ဆင်းနိုင်သူ ရှာမရတော့သဖြင့် ဝိသမဟေတုကဒိဋ္ဌိ ကင်းစင်ရတော့သည်။

သမဟေတု။ ။မညီမမျှသော ဝိသမအကြောင်းများကို ပယ်ရှားပြီးလျှင် အကြောင်းအကျိုးနှင့် သင့်တင့်ညီမျှသည့် သမအကြောင်းများကို ရှာရမည်၊ ထိုအကြောင်းများကို "အဝိဇ္ဇာပစ္စယာ သင်္ခါရာ" စသော ပဋိစ္စသမုပ္ပာဒ်နည်း, "ဟေတု ပစ္စယော" စသော ပဋ္ဌာန်းနည်းတို့အရ ဆင်ခြင်နိုင်လျှင် ကောင်းစွာ ထင်မြင်လွယ်၏၊ သို့သော် အဘိဓမ္မာသဘောကို မနိုင်လျှင် ဆင်ခြင်ဖို့ ခဲယဉ်းသောကြောင့် ရုပ်ခန္ဓာအတွက် ကံ စိတ် ဥတု အာဟာရဟူသော အကြောင်း, နာမ်ခန္ဓာတို့အတွက် ယောနိသောမနသိကာရစသော အကြောင်းများကို စဉ်းစား ဆင်ခြင်ရာ၏။

ကံ။ ။ဤရုပ်ခန္ဓာသည် ဤဘဝအတွက် မိခင်၏ ဝမ်းတိုက်၌ အလွန်သေးငယ်စွာ ကလလရေကြည် အဖြစ်ဖြင့် တည်၏၊ ထိုရုပ်ကလေးကား မိဘတို့၏ သုက်သွေးကို မှီတွယ်ရသော်လည်း ရှေးဘဝက အဝိဇ္ဇာ တဏှာ အရင်းခံ၍ ပြုအပ်ခဲ့သော ကံကြောင့်သာ ဖြစ်ပေါ်လာရပေသည်၊ ထိုကံသည် ဒါနမှု သီလမှု ဘာဝနာ မှုစသောအားဖြင့် သတ္တဝါတစ်မျိုးမျိုး၌ ကံအမျိုးမျိုး ရှိကြပုံကို ထားလိုက်ဦးတော့၊ လူပေါင်းများစွာ တစ်ပြိုင် နက် ပြုကြသော သီလစောင့်မှုကံ တစ်ခုကိုပင် တချို့က သဒ္ဓါ ပညာ သတိ ဝီရိယ စသည်တို့ အလွန် ထက်သန်စွာပြု၏၊ တချို့က သဒ္ဓါ ပညာစသည်တို့ သင့်တော်ရုံဖြင့် ပြု၏၊ တချို့က ဝတ်ကျေတမ်းကျေ, တချို့မှာကား နမူးနထူးအနေဖြင့် ပြု၏၊ ထိုကံ အကျိုးပေးသောအခါ တစ်ယောက်နှင့်တစ်ယောက် ရုပ်ခန္ဓာ မတူတော့ဘဲ တချို့မှာ အလွန်လှပ၍ တချို့က သင့်တော်ရုံ လှခြင်းစသည် ဖြစ်ကြရလေသည်၊ ဤသို့ စသည်ဖြင့် ရှေးကံ မတူ၍ ရုပ်ခန္ဓာ မတူပုံကို အစွမ်းကုန် ချဲ့ကြည့်ရာ၏၊ စိတ် ဥတု အာဟာရတို့ကြောင့် ရုပ် ဖြစ်ပုံကို ရူပသမုဋ္ဌာန်ခန်း၌ ပြခဲ့ပြီ။

နာမ်ခန္ဓာ၏အကြောင်း။ ။နာမ်ခန္ဓာလေးပါးတွင် ဝိညာဏက္ခန္ဓာသည် အချုပ်တည်း၊ ထိုဝိညာဉ်သည် အကောင်းသိ အမှန်သိ တရားသိဖြစ်သော ကုသိုလ်, မကောင်းသိ မတရားသိဖြစ်သော အကုသိုလ်, အကျိုး တရားအဖြစ်ဖြင့် သိရသော ဝိပါက်, နောင်အခါ အကျိုးမရ-သိကာမတ္တဖြစ်သော ကြိယာဟု လေးမျိုးရှိ၏။ ထိုတွင် ကုသိုလ်သည် အရာရာဝယ် သင့်တင့်အောင် နှလုံးသွင်းလေ့ (သင့်တော်အောင် စိတ်ထားလေ့) ရှိသော ယောနိသောမနသိကာရကြောင့် ဖြစ်၏၊ အကုသိုလ်သည် မသင့်မတင့် နှလုံးသွင်းလေ့ (စိတ်ထား မတတ်လေ့) ရှိသော အယောနိသောမနသိကာရကြောင့် ဖြစ်၏၊ ဝိပါက်ကား ရှေးဘဝက ကုသိုလ် အကုသိုလ်ကံကြောင့် ဖြစ်၏၊ ကြိယာမှာ အာသဝေါကုန်ခန်းပြီးသော ရဟန္တာသန္တာန်၌ ဖြစ်၏၊ ဝိပါက်စိတ် တွင် စက္ခုဝိညာဏ်ဖြစ်ဖို့ရာ စက္ခုပသာဒ ရူပါရုံ အာလောက (အရောင်အလင်း) မနသိကာရ (နှလုံးသွင်း) ဤသို့ အကြောင်းလေးပါး ရှိ၏၊ ထိုလေးပါး မစုံလျှင် ထာဝရဘုရားပေါင်း ထောင်သောင်းဝိုင်း၍ ဖန်ဆင်း သော်လည်း စက္ခုဝိညာဏ် မဖြစ်နိုင်၊ ထိုလေးပါး စုံနေပါမူ ထိုဘုရားသခင်တို့ အစွမ်းကုန် တားသော်လည်း စက္ခုဝိညာဏ် ဖြစ်မည်သာ။

အမွှာမွေးညီနောင်။ ။ယခုခေတ် အမွှာမွေးညီအစ်ကိုတစ်စုံ ရှိ၏၊ မိဘ၏သွေးသားက တူသောကြောင့် သူတို့နှစ်ယောက်၏ ရုပ်ခန္ဓာသည် အလွန်တူပါပေ၏၊ ဘိုးဘွားဆွေမျိုးများနှင့်တကွ ပတ်ဝန်းကျင်အပေါင်း အသင်း (ကျောင်းနေသောအခါ) ကျောင်းဆရာ စသူတို့ကလည်း တူကြ၏၊ သို့သော် ရှေးကံချင်း မတူ သောကြောင့် "သင်္ခါရပစ္စယာ ဝိညာဏံ" အရ ရှေးကံသင်္ခါရကြောင့်ဖြစ်ရသော ပဋိသန္ဓေဝိညာဏ်ချင်းကား မတူချေ၊ ပဋိသန္ဓေဝိညာဏ်ချင်းမတူသောကြောင့် ပဝတ္တိအခါ စိတ်နေစိတ်ထားချင်းလည်း မတူတော့၊ ကံသင်္ခါရ မတူသည့်အတွက် ရုပ်နာမ်ချင်း မတူရကား အကျိုးပေးပုံချင်းလည်း မတူတော့၊ ပညာတတ်ပုံချင်း လည်း မတူတော့၊ ရုပ်ခန္ဓာ၏ ကျန်းမာ/မကျန်းမာခြင်း, အသက်ရှည်ခြင်း/တိုခြင်းလည်း မတူတော့၊ ထို့ကြောင့် မည်သူမျှ မဖန်ဆင်းရဘဲ ရှေးကံနှင့် ဤဘဝ ဉာဏ်ဝီရိယတို့ မတူကြသောကြောင့်သာ အရာရာ၌ မတူကြဘဲ ရှိရသည်ဟု မှတ်ပါ။

န ဟေတ္ထ ဒေဝေါ ဗြဟ္မာ ဝါ, သံသာရဿ.တ္ထိ ကာရကော၊ သုဒ္ဓဓမ္မာ ပဝတ္တန္တိ, ဟေတုသမ္ဘာရပစ္စယာ။

ဧတ္ထ -ဤ ရုပ် နာမ်အပေါင်း, အကြောင်းသင့်စွာ, ဖြစ်ပေါ်၍ နေရာ၌၊ သံသာရဿ-အဆက်မပြတ်, ဖက် စပ်တုံ့ပြန်, ရုပ် နာမ်ခန္ဓာ, သံသရာကို၊ ကာရကော-မဖြစ်ဖြစ်အောင်, တည်ထောင်ဖန်ဆင်းနိုင်သော၊ ဒေဝေါ ဝါ-ကျေးဇူးကိုတင်, ဂုဏ်အင်ကိုမှတ်, ပျပ်ဝပ်ရှိခိုးဖို့, ဗိဿဏိုးနတ်မင်းကြီးသည် လည်းကောင်း၊ ဗြဟ္မာ ဝါ- ကမ္ဘာကိုစနိုင်သည့်, ထာဝရသခင်, အရှင်ဗြဟ္မာမင်းကြီးသည် လည်းကောင်း၊ န ဟိ အတ္ထိ-ရှေ့နောက်ပေါင်း လစ်, အကြောင်းစစ်က, စနစ်ဧကန်, မရှိရိုးအမှန်ပင်တည်း၊ သုဒ္ဓဓမ္မာ-အနှစ်သာရ, အတ္တမဖက်, သက်သက် ရုပ် နာမ်တရားတို့သည်၊ ဟေတုသမ္ဘာရပစ္စယာ-အကြောင်း အဆောက်အအုံ,

လောက်လုံသိုက်မြိုက်, တိုက်ဆိုင်ခြင်းဟူသော အကြောင်းကြောင့်သာ၊ ပဝတ္တန္တိ-အများမျက်မြင်, အထင် အရှား, ဖြစ်ပွားပေါ်ပေါက်ကြကုန်သတည်း။

ကင်္ခါ (၁၆)ပါး။ ။ဤသို့ ပစ္စုပ္ပန်ဘဝ၌ ရုပ်နာမ်တို့၏ ဖြစ်ကြောင်းကို ကောင်းကောင်း သိမြင်သောအခါ "ရှေးရှေးဘဝတုန်းကလည်း အကြောင်းအားလျော်စွာ ရုပ်နာမ်ခန္ဓာတို့ ဖြစ်ခဲ့လှပြီ၊ ရဟန္တာမဖြစ်သေးသမျှ နောက်နောက် ဘဝတို့၌လည်း အကြောင်းအားလျော်စွာ ဖြစ်ကြရဦးလတ္တံ့" ဟု သဘောကျသဖြင့် (၁၆)ပါးသော ယုံမှားမှုများ ကင်းကွာရလေတော့သတည်း၊ (၁၆)ပါးကား-

၁။ အဟောသိံနု ခေါ အဟံ အတီတမဒ္ဓါနံ=ရှေးအတိတ်ကာလက ငါဖြစ်ခဲ့တာမှ ဟုတ်ပါလေရဲ့လား။ ၂။ နနု ခေါ အဟောသိံ အတီတမဒ္ဓါနံ=ငါမဖြစ်ခဲ့ဘူးလေရော့သလား။

၃။ ကိံနု ခေါ အဟောသိံ အတီတမဒ္ဓါနံ=(ဖြစ်ခဲ့ဖူးလျှင်) မင်း, ပုဏ္ဏားစသည်တွင် အဘယ်သို့သော် အမျိုးဇာတ်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း။

၄။ ကထံ နု ခေါ အဟောသိံ အတီတမဒ္ဓါနံ=အဘယ်ပုံသဏ္ဌာန်ဖြင့် ဖြစ်ခဲ့ပါလိမ့်မည်နည်း။ ၅။ ကိံ ဟုတွာ ကိံ အဟောသိံ အတီတမဒ္ဓါနံ=ဟို တတိယဘဝက ဘယ်ပုံ ဖြစ်ခဲ့၍ လွန်ပြီးသော ဒုတိယ ဘဝဝယ် ဘယ်လိုများ ဖြစ်ခဲ့ပါလိမ့်မည်နည်း။

ဤသို့ အတိတ်ဘဝအတွက် ယုံမှားချက်(၅)မျိုး, "အတီတမဒ္ဓါနံ" အရာဝယ် "အနာဂတမဒ္ဓါနံ" ကို ထည့်လျက် အနာဂတ်ဘဝအတွက် ယုံမှားချက် (၅)မျိုး, ယခု ပစ္စုပ္ပန်အတွက်-

၁။ ပစ္စုပ္ပန္နံ အဒ္ဓါနံ အာရဗ္ဘ ကထံကထီ ဟောတိ=ပစ္စုပ္ပန်ကာလ၌ ဖြစ်သော ခန္ဓာကို စွဲ၍ သို့လော သို့လော တွေးတောခြင်း။

၂။ အဟံ နု ခေါ အသ္မိ=ငါ ဟုတ်မှ ဟုတ်ကဲ့လား။

၃။ နော နု ခေါ .သ္မိ=ငါ မဟုတ်ဘဲ ရှိရော့သလား။

၄။ ကိံ နု ခေါ .သ္မိ=ဘယ်လို အမျိုးဇာတ် ဖြစ်ပါလိမ့်မည်နည်း, (မင်းမျိုးလေလား, ပုဏ္ဏားမျိုးလေလား။)

၅။ ကထံနု ခေါ .သ္မိ=ငါ၏ အတ္တသည် ဘယ်လိုပုံသဏ္ဌာန် ရှိပါလိမ့်မည်နည်း။

၆။ အယံ နု ခေါ သတ္တော ကုတော အာဂတော, သော ကုဟိံ ဂါမီ ဘဝိဿတိ=ဤ အတ္တခေါ်သော သတ္တဝါသည် ဘယ်ဘဝက လာခဲ့၍ ဘယ်ဘဝသို့ သွားရဦးမှာပါလိမ့်မည်နည်း၊ ဤကား ယုံမှားမှု(၁၆)ပါးတည်း။

ယုံမှားကင်း။ ။ဤ ယုံမှားမှု အားလုံးသည် အတ္တရှိ၏ ဟူသော အယူကို အခြေခံ၍ ဖြစ်၏၊ အနတ္တကို သဘောကျ၍ ရုပ်နာမ်၏ အကြောင်းကို ကောင်းကောင်းသိလျှင်ကား သူ့အကြောင်းအားလျော်စွာ ဖြစ်တတ် ပုံကို သဘောကျသောကြောင့် ထိုအားလုံးကို ကောင်းစွာ မသိနိုင်သေးသော်လည်း ကြံကြံစည်စည် တွေးတော ယုံမှားခြင်း မရှိတော့ပြီ၊ အဝိဇ္ဇာပစ္စယာ သင်္ခါရာအရာဝယ် အဝိဇ္ဇာဖုံးကွယ်ထားအပ်သော ဗုဒ္ဓ ဓမ္မစသော (၈)ပါး၌ ယုံမှားမှုများလည်း ကင်းကွာလေပြီ၊ ဤသို့ ယုံမှားမှုအားလုံးကို လွန်မြောက်၍ အဟေတုကဒိဋ္ဌိ ဝိသမဟေတုကဒိဋ္ဌိ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်သောအခါ ကင်္ခါဝိတရဏ ဝိသုဒ္ဓိစခန်းသို့ ရောက်ပြီဟု မှတ်ပါ။

မှတ်ချက်။ ။ဤကင်္ခါဝိတရဏဝိသုဒ္ဓိကို (အကျိုးတရားများ တည်တံ့ဖို့ အကြောင်းကို သိတတ်သော ကြောင့်) "ဓမ္မဋ္ဌိတိဉာဏ်" ဟုလည်း ခေါ်၏၊ ရုပ်နာမ်ကို အကြောင်းနှင့်တကွ ဟုတ်မှန်စွာ သိတတ်သောကြောင့် "ယထာဘူတဉာဏ်" ဟုလည်း ခေါ်၏၊ မှန်ကန်စွာ သိမြင်တတ်သော ကြောင့် "သမ္မာဒဿန" ဟုလည်း ခေါ်၏၊ ဒိဋ္ဌိဝိသုဒ္ဓိတုန်းက ရုပ်နာမ်ကိုသာ သိ၏, ရုပ်နာမ်၏ အကြောင်းကို မသိသေး၊ ဤဝိသုဒ္ဓိကျမှ အကြောင်းနှင့်တကွ ရုပ်နာမ်ကို သိသည်။

စူဠသောတာပန်။ ။သောတာပန်အစစ် ဖြစ်သူသည် ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို မိမိသန္တာန်၌ မကြွင်းကျန် ရအောင် ပယ်နိုင်၏၊ ဤကင်္ခါဝိတရဏဝိသုဒ္ဓိသို့ ရောက်သော ယောဂီသည်လည်း ထိုဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အကြွင်းမဲ့ မပယ်နိုင်စေကာမူ အတော်ကြာအောင် ပယ်ခွာနိုင်ပြီ၊ ထို့ကြောင့် သောတာပန်နှင့် အလားတူရ ကား စူဠသောတာပန်အဖြစ်သို့ ရောက်ပြီ၊ "သောတာပန်အငယ်စား ဖြစ်ပြီ" ဟူလို၊ သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိ တို့ဖြင့် စင်ကြယ်ပြီး တည်တံ့ခိုင်မြဲပြီးသော သီလ သမာဓိရှိရကား ကမ္မပထမြောက်သော ဒုစရိုက် အကုသိုလ်လည်း ဖြစ်ဖွယ် မရှိတော့၊ ဤ ဝိသုဒ္ဓိစခန်းမှ မဆုတ်နစ်လျှင် မဂ်ဖိုလ်ကို မရသေးသော်လည်း ဒုတိယဘဝအတွက် သုဂတိကို ဧကန် ရပေတော့မည်၊ ထို့ကြောင့် ယခုလောက် အမြော်အမြင်ရှိသော ဘဝဝယ် အနည်းဆုံး ဤ စူဠသောတာပန်ဖြစ်အောင် ကြိုးစားသင့်ပေသည်။

ဝိသုဒ္ဓသီလစိတ္တေဟိ, ကင်္ခါဝိတရဏဉာဏိကော၊ စူဠသောတာပန္နော နာမ, တဒတ္ထံ ဝါယမေ တတော။

ဝိသုဒ္ဓသီလစိတ္တေဟိ -ညစ်ကြေးမတင်, လွန်သန့်စင်သည့်, လေးအင်သီလ, သမထကြောင့်, တောက် ပလျှံဖိတ်, စင်ကြယ်သောစိတ်တို့နှင့်တကွ၊ ကင်္ခါဝိတရဏဉာဏိကော-ဒိဋ္ဌိ ဝိစိကိစ္ဆာ, ပယ်ခွာနိုင်ဘိ, ဝိသုဒ္ဓိ ဉာဏ်, အမြင်သန်သောယောဂီသည်၊ စူဠသောတာပန္နော နာမ-သောတာပန်ဖြစ်, ပုဂ္ဂိုလ်စစ်နှင့်, စနစ် တူတန်,

စူဠမှန်သည့်, သောတာပန် မည်နိုင်ပေပြီ၊ တတော-ထို့ကြောင့်၊ တဒတ္ထံ-ထို စူဠသောတာ, ဖြစ်စိမ့်ငှာဖြင့်, ကင်္ခါလွန်မြောက်, ဝိသုဒ္ဓိရောက်ဖို့ အကျိုးငှာ၊ ဝါယမေ-အချိန်ကောင်းဆဲ, အားကုန်လွှဲ၍, တစ်ပွဲတစ်လမ်း, လွန်ကြိုးပမ်းလျက်, စမ်းသပ်အားထုတ်သင့်ပေတော့သတည်း။

---------------

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

သမ္မသနဉာဏ်။ ။"သမ္မသီယတေ ဧတေနာတိ သမ္မသနံ" ဟူသော (အဝုတ္တ ကတ္တုသာဓန) အရ သုံးသပ်တတ်သောဉာဏ်ကို "သမ္မသနဉာဏ်" ဟု ခေါ်၏၊ ရှေးဝိသုဒ္ဓိလေးပါးအခိုက်၌ အနိစ္စ ဒုက္ခ အနတ္တဟု မရှုသေး၊ သီလဝိသုဒ္ဓိ၌ သီလကိုသာ စင်ကြယ်အောင် အားထုတ်ခဲ့ရ၏၊ ဒိဋ္ဌိဝိသုဒ္ဓိ၌ ရုပ်နာမ်တရားတို့ကို ပိုင်းခြား၍ သိခဲ့ရ၏၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ ရုပ်နာမ်တို့၏ အကြောင်းရင်းကို ရှာဖွေရ၏၊ ယခုအခါ မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိဖြစ်ဖို့ရာ အကြောင်းနှင့်တကွ ပိုင်းခြား၍ သိအပ်ပြီးသော မိမိ၏ ရုပ်နာမ်ခန္ဓာတို့ကို လက္ခဏာယာဉ်သုံးပါးသို့ တင်၍ သမ္မသနဉာဏ်ဖြင့် သုံးသပ်ရတော့မည်။ [အနိစ္စစသော လက္ခဏာသုံးပါး ကို မဂ်ဖိုလ်ရောက်ဖို့ရာ ယာဉ်ရတနာနှင့်တူသောကြောင့် ပါဠိလို "ယာနတ္တယ" မြန်မာလို "လက္ခဏာယာဉ် သုံးပါး" ဟု ခေါ်၏။]

သမ္မသနနည်းလေးမျိုး။ ။ဤသမ္မသနနည်းသည် "ကလာပဝသေန, အဒ္ဓါနဝသေန, သန္တတိဝသေန, ခဏဝသေန, ဤသို့ လေးမျိုးရှိ၏ဟု မှတ်ပါ၊ ထိုတွင် "အတိတ်ဘဝ၌ ဖြစ်သောရုပ်" စသည်ဖြင့် မခွဲခြားဘဲ, ရူပက္ခန္ဓာအားလူံး, ဝေဒနာက္ခန္ဓာအားလုံး စသည်ဖြင့် ခန္ဓာတစ်စုတစ်စုကို အပေါင်းပြု၍ သုံးသပ်ခြင်းသည် ကလာပသမ္မသနမည်၏၊ [ကလာပသဒ္ဒါသည် "အပေါင်း" ဟူသောအနက်ကို ဟော၏၊] "အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာ, ပစ္စုပ္ပန်ဘဝ၌ဖြစ်သော ရူပက္ခန္ဓာ" စသည်ဖြင့် ဘဝခွဲခြား၍ သုံးသပ်ခြင်းသည် အဒ္ဓါန သမ္မသနနည်း မည်၏၊ [အဒ္ဓါနသဒ္ဒါသည် အဓွန့်ကာလကို ဟော၏၊] "အအေးရုပ်အစဉ်, အပူရုပ်အစဉ်" စသည်ဖြင့် တစ်ဘဝတည်း၌ပင် အစဉ်အမျိုးမျိုး ခွဲခြား၍ သုံးသပ်ခြင်းသည် သန္တတိသမ္မသနနည်း မည်၏၊ ရုပ်အစဉ်တစ်မျိုးတည်း၌ပင် "ဥပါဒ်, ဌီ, ဘင်" ဟူသော ခဏအားဖြင့်ခွဲ၍ သုံးသပ်ခြင်းသည် ခဏသမ္မသန နည်းမည်၏၊ ထိုလေးမျိုးတွင် ကလာပသမ္မသနနည်းသည် အလွယ်ဆုံးတည်း၊ အဒ္ဓါနစသောနည်းများကား အဆင့်ဆင့် သိမ်မွေ့၏၊ ထို့ကြောင့် အလွယ်ဆုံးနည်းဖြင့် အသားကျပြီးသောအခါ အဆင့်ဆင့် တိုးတက် ဖို့ရာ အဒ္ဓါနစသော နည်းများကို ပြထားသည်။

အတီတာဒိဘေဒဘိန္နေသု ခန္ဓာဒိနယံ။ ။အတီတာဒိ၌ အာဒိအရ အနာဂါတ် ပစ္စုပ္ပန်စသော

( သမုစ္စည်းပိုင်း ဘေဒါဘာဝေန၌ ပြခဲ့သော) ဆယ်ပါးအပြားကိုယူ၊ ခန္ဓာဒိနယ၌ အာဒိသဒ္ဒါဖြင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌လာသော စက္ခုဒွါရစသော ဒွါရ(၆)ပါး, ရူပါရုံစသော အာရုံ(၆)ပါး, စက္ခုဝိညာဏ်၊ပေ၊မနော ဝိညာဏ်ဟူသော ဝိညာဏ်(၆)ပါး, စက္ခုသမ္ဖဿစသော ဖဿ(၆)ပါး, စက္ခုသမ္ဖဿဇာဝေဒနာစသော ဝေဒနာ(၆)ပါး, ရူပသညာ ၊ပေ၊ ဓမ္မသညာဟူသော သညာ(၆)ပါး, ရူပသေဉ္စတနာစသော စေတနာ(၆)ပါး, ရူပတဏှာစသော တဏှာ(၆)ပါး, ရူပဝိတက္ကစသော ဝိတက်(၆)ပါး, ရူပဝိစာရစသော ဝိစာရ(၆)ပါး, ပထဝီ အာပေါ တေဇော ဝါယော အာကာသ ဝိညာဏဟူသော ဓာတ်(၆)ပါး, ပထဝီကသိုဏ်းစသော ကသိုဏ်း (၁၀)ပါး, (အာလောကကသိုဏ်း မပါ, ဝိညာဏကသိုဏ်းဟု လာ၏၊) (၃၂)ကောဋ္ဌာသ, အာယတနအကုန်, ဓာတ်အကုန်, လောကီဣန္ဒြေ(၁၉) (လောကုတ္တရာဣန္ဒြေသုံးပါးကို ဝိပဿနာ မရှုရ), ကာမဓာတ် ရူပဓာတ် အရူပဓာတ်(၃)ပါး, ကာမဘဝစသော (ဓာတုကထာလာ) ဘဝ(၉)ပါး, ကသိုဏ်းအာရုံမှတစ်ပါး အခြားအာရုံ ကို အာရုံပြုရသော ရူပဈာန်(၃) ကသိုဏ်းဈာန်မှာ ပါခဲ့ပြီ၊) အပ္ပမညာ(၄), အရူပသမာပတ် (၄), ပဋိစ္စသမုပ္ပာဒ်အားလုံးတည်း။ (ဆောင်ပုဒ်ကို အခြေပြု၌ ပြခဲ့ပြီ။)

ခန္ဓာဒိနယံ။ ။ခန္ဓာဒိနယံ၌ နယသဒ္ဒါဖြင့်လည်း ထိုပဋိသမ္ဘိဒါမဂ်၌လာသော ခန္ဓာအားဖြင့် ခွဲခြား၍ သုံးသပ်နည်း, ဒွါရအားဖြင့် ခွဲခြား၍ သုံးသပ်နည်း စသည်ကိုပင် ပြသည်၊ အချို့က ခန္ဓာဒိနယမာရဗ္ဘကို ကလာပဝသေန သံခိပိတွာလောက်တွင် စပ်၍ နယသဒ္ဒါသည် "အကျဉ်းချုပ် နည်းအမြွက်" ဟူသော အနက်ကို ဟော၏ဟု အဓိပ္ပာယ်ပြောကြ၏၊ အကျယ်မချဲ့တော့ဘဲ "သဗ္ဗံ ရူပံ အနိစ္စ" စသည်ဖြင့် အကျဉ်းချုပ် သုံးသပ် ပွားများနည်းဟု ဆိုလိုသတတ်၊ သို့သော် ခန္ဓာဒိ၌ အာဒိသဒ္ဒါက အတော်ကျယ်ဝန်း သော နည်းတွေကို ယူထားသောကြောင့် ထိုဝါဒကို စဉ်းစားသင့်၏။

ကလာပသမ္မသနနည်း။ ။သဗ္ဗံ ရူပံ အနိစ္စံ ခယဋ္ဌေန-ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန၊ သဗ္ဗာ ဝေဒနာ အနိစ္စာ ၊ပေ၊ သဗ္ဗာ သညာ အနိစ္စာ ၊ပေ၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ ၊ပေ၊ သဗ္ဗံ ဝိညာဏံ အနိစ္စံ ခယဋ္ဌေန-ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန။ [မြန်မာလိုကား-ရုပ်ဟူသမျှသည် ကုန်ခန်း ပျက်စီး ခြင်းသဘော ရှိသောကြောင့် မမြဲပါတကား, ကြောက်မက်ဖွယ်သဘော ရှိသောကြောင့် ဒုက္ခချည်းပါတကား, အနှစ်သာရ မရှိသောကြောင့် အတ္တ မဟုတ်ကြပါတကား၊ "ဝေဒနာဟူသမျှသည်" စသည်ဖြင့် ဆိုပါ။

အနိစ္စံ ခယဋ္ဌေန။ ။ကုန်ခန်းပျက်စီးတတ်ခြင်းကို ထောက်လျှင် ရူပက္ခန္ဓာ၏ မမြဲကြောင်းသည် ထင်ရှား၏၊ အကြောင်းအားလျော်စွာ ဖြစ်ပြီးနောက် မပျက်စီးနိုင်ဘဲ ခိုင်မြဲမှသာ နိစ္စလို့ ဆိုရာ၏၊ ယခုမှာ ဖြစ်ပြီးနောက် ဘင်ခဏတွင် ပျက်စီး၏၊ ထို့ကြောင့် ရူပက္ခန္ဓာသည် အနိစ္စပါတကား။

ဒုက္ခံ ဘယဋ္ဌေန။ ။မိမိတို့ သန္တာန်၌ရှိသော ထိုရူပက္ခန္ဓာသည် ဧကန်ပျက်ရဦးမည်၊ ပျက်ရမည့် အရာ မှန်လျှင်လည်း ဧကန် ကြောက်မက်ဖွယ် ကောင်းလှ၏၊ ရူပက္ခန္ဓာတွင် ပထဝီစသော ဓာတ်ကြီးလေးပါးသည် မြွေဆိုးကြီးလေးကောင်နှင့် တူ၏၊ ရာဇဝတ်မှု သင့်၍ "မောင်မင်းသည် ဤမြွေးဆိုးကြီးလေးကောင်ကို အစာ မှန်မှန် ကျွေး၍ မွေးမြူရမည်, အစာကျွေးပုံ မဟန်တဲ့ တစ်နေ့မှာ အစာကို မကျေနပ်သောမြွေက မောင်မင်း ကို ကိုက်သတ်လိမ့်မည်" ဟု အမိန့်ချမှုကို ခံရသူသည် ထိုမြွေကြီးလေးကောင်ကို အလွန်ကြောက်ရွံ့စွာ အစာမှန်မှန် ကျွေးရာမှ သူတို့ အလိုမကျသဖြင့် အကိုက်ခံရတော့သကဲ့သို့, ထို့အတူ ဤဓာတ်ကြီးလေးပါးကို အာဟာရမှန်မှန် ပေးနေရာမှ အာဟာရမတဲ့ခြင်းကြောင့် ဖောက်ပြန်ပျက်စီးလျက် ရောဂါအမျိုးမျိုးဖြစ်ကာ သေကျေပျက်စီးရလေသည်၊ သို့အတွက် ဤရုပ်ခန္ဓာသည် ကြောက်စရာဖြစ်၍ ဧကန် ဒုက္ခတုံးကြီးပါတကား၊ ဤသို့ စသည်ဖြင့် ရုပ်နာမ်အားလုံးဝယ် ကြောက်မက်ဖွယ်ကောင်းသော အချက်တွေ များလှ၏။

အနတ္တာ အသာရကဋ္ဌေန။ ။ရုပ်ဟူသမျှသည် အနှစ်သာရ မရှိကြသဖြင့် အနတ္တချည်းပါတကား၊ ဝေဒနာ စသည်တို့၌လည်း အနိစ္စလက္ခဏာ စသည်ကို ဆင်ခြင်ရာ၏၊ ဤလက္ခဏာသုံးပါးသည် တစ်ပါးနှင့် တစ်ပါး ဆက်သွယ်လျက် ရှိ၏၊ အနှစ်မရှိသောကြောင့် မခိုင်မြဲဘဲ ပျက်စီးရ၏, ပျက်စီးတတ်သဖြင့်လည်း ကြောက်မက်ဖွယ် ဒုက္ခတုံးကြီး ဖြစ်၏၊ မပျက်မစီး ခိုင်မြဲ၍ မဆင်းရဲလိုဘဲလျက် ပျက်စီးရဆင်းရဲရသဖြင့် အလိုသို့ မလိုက်သော အနတ္တချည်းဖြစ်၏၊ ဤသို့ လက္ခဏာတစ်ပါးနှင့်တစ်ပါး ဆက်သွယ်လျက်ရှိသော ကြောင့် တစ်ပါးမျှ ကောင်းစွာ ထင်မြင်လျှင် အခြားလက္ခဏာနှစ်ပါးသည် အလိုလို ထင်ရှားလာနိုင်ပေသည်။

အဒ္ဓါနသမ္မသနနည်း။ ။ယံ အတီတေ ရူပံ, တံ ယသ္မာ အတီတေယေဝ ခီဏံ, နယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန-ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန၊ ယံ အနာဂတံ အနန္တရဘဝေ နိဗ္ဗတ္တိဿတိ, တံပိ တတ္ထေဝ ခီယိဿတိ, န တတော ပရံ ဘဝံ ဂမိဿတီတိ အနိစ္စံ ခယဋ္ဌေန-ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန၊ ယံ ပစ္စုပ္ပန္နံ ရူပံ, တံပိ ဣဓေဝ ခီယတိ န ဣတော ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန-ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန=အတိတ်ဘဝ၌ ဖြစ်သော ရူပက္ခန္ဓာသည် အတိတ်ဘဝ၌ပင် ချုပ်လေပြီ,

ဤပစ္စုပ္ပန်ဘဝသို့ မရောက်၊ ထို့ကြောင့် ကုန်ခန်းခြင်းသဘောရှိ၍ အနိစ္စ, ကြောက်မက်ဖွယ်သဘောရှိ၍ ဒုက္ခ, အနှစ်သာရမရှိ၍ အနတ္တပါတကား၊ ဤသို့ စသည်ဖြင့် ပါဠိအားလျော်စွာ မြန်မာပြန်ပါ။

မှတ်ချက်။ ။ဤအဒ္ဓါနသမ္မသနနည်း၌ ဘဝအားဖြင့် ခွဲခြား၍ ပွားများသုံးသပ်မှုကိုသာ သင်္ဂြိုဟ်က ပြလိုရင်းဖြစ်၏၊ သို့သော် အဇ္ဈတ္တ ဗဟိဒ္ဓ ခွဲခြား၍ "ယံ အဇ္ဈတ္တံ, တံပိ အဇ္ဈတ္တမေဝ ခီယတိ, န ဗဟိဒ္ဓါ ဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန ၊ပေ၊ ယံ ဗဟိဒ္ဓါ ရူပံ, တံပိ ဗဟိဒ္ဓါယေဝ ခီယတိ, န အဇ္ဈတ္တဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန-ဒုက္ခံ ဘယဋ္ဌေန-အနတ္တာ အသာရကဋ္ဌေန" ဟုလည်း ပွားများနိုင်၏၊ ထို့အတူ "ယံ ဩဠာရိကံ, တံပိ တတ္ထေဝ (ထိုဩဠာရိကအဖြစ်၌သာလျှင်) ခီယတိ၊ န သုခုမဘာဝံ ဂစ္ဆတီတိ" စသည်ဖြင့် ဩဠာရိက သုခုမခွဲ၍လည်းကောင်း, "ယံ ဟီနံ, တံပိ တတ္ထေဝ ခီယတိ" စသည်ဖြင့် ဟီန ပဏီတခွဲ၍လည်းကောင်း, "ယံ ဒူရေ, တံပိ တတ္ထေဝ ခီယတိ, န သန္တိကေဘာဝံ ဂစ္ဆတီတိ" စသည်ဖြင့် ဒူရေ သန္တိကေ ခွဲ၍ လည်းကောင်း, ပွားများနိုင်၏၊ ဝေဒနာက္ခန္ဓာစသော နာမ်ခန္ဓာလေးပါးကို ရှု၍လည်းကောင်း, ဒွါရ အာရုံစသည်တို့ဖြင့် ခွဲခြား၍လည်းကောင်း ပွားများနိုင်သည်သာ။

သန္တတိသမ္မသနနည်း။ ။အပူ၌နေစဉ် အပူရုပ်အစဉ် ဖြစ်၏, နေရိပ်သို့ ဝင်ပြီးနောက် အတော်ကြာ လျှင် အပူရုပ်အစဉ်ပျောက်၍ အအေးရုပ်အစဉ် ရောက်၏၊ မကျန်းမာတဲ့အခါ မကျန်းမာသော ရုပ်အစဉ်ဖြစ် ၏, ကျန်းမာပြန်လျှင် မကျန်းမာသောရုပ်အစဉ် ပျောက်၍ ကျန်းမာသောရုပ်အစဉ် ရောက်၏၊ ထိုင်နေတဲ့အခါ ရုပ်အစဉ်သည် ထလိုက်သောအခါ ကုန်ပျောက်၍ ထရုပ်အစဉ် ရောက်၏၊ စကားပြောတုန်းအခါ ရုပ်အစဉ်သည် ဆိတ်ဆိတ်နေသောအခါ ကုန်ပျောက်၏၊ ဤသို့ စသည်ဖြင့် အလုပ်ကိစ္စပြောင်းလွဲတိုင်း နေရာဌာန ပြောင်းလွဲတိုင်း ဣရိယာပုထ် ပြောင်းလွဲတိုင်း ရုပ်အစဉ် ပြောင်းလွဲပုံကိုလည်းကောင်း ဆင်ခြင်၍ သန္တတိသမ္မသနနည်းအားဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု ရှုနိုင်၏။

နာမ်အစဉ်ရှုပုံ။ ။ရူပါရုံကို အာရုံပြုသော ဝီထိစိတ်အစဉ်သည် သဒ္ဒါရုံကို အာရုံပြုသော ဝီထိစိတ် အစဉ်သို့ မရောက်၊ အနိဋ္ဌာရုံကို ခံစားသော ဒုက္ခဝေဒနာ အစဉ်သည် ဣဋ္ဌမဇ္ဈတ္တ အတိဣဋ္ဌာရုံကို ခံစားရာ ခဏသို့ မရောက်၊ ရူပါရုံကို မှတ်သားသော သညာက္ခန္ဓာအစဉ်သည် သဒ္ဒါရုံကို မှတ်သားသော သညာက္ခန္ဓာ အစဉ်သို့ မရောက်၊ ရူပါရုံကို စေ့ဆော်ပြုလုပ်သော(စက္ခုဝိညာဏဝီထိ၌ အတူတကွဖြစ်လျက် ကြည့်ရှုသော) သင်္ခါရက္ခန္ဓာအစဉ်သည် သဒ္ဒါရုံကို စေ့ဆော်သော သင်္ခါရက္ခန္ဓာအစဉ်သို့ မရောက်၊ ဤသို့ စသည်ဖြင့် အလွန် ကျယ်ဝန်းစွာ ချဲ့ထွင်၍ သုံးသပ်ရာ၏၊ ထို့ပြင် ဝိသုဒ္ဓိမဂ်၌ လာသည့်အတိုင်း ဖွဲ့ဆိုအပ်သော...

[ ဆောင်] သုံးပါးအရွယ်, ဆယ်ဒသက, ပဉ္စကတည်း၊ စတုက-တိ, ဒိနှင့် ဧက, သုံးဝဥတု, ရတုခြောက်သွယ်, လကွယ် လဆန်း, ဒိဝန်းရတ္တိ, ဆဗ္ဗိအခါ, ကိရိယာ ဆ-

ဥဒ္ဓါရဟု, စသည့်ခြောက်ခု, ထိုထိုစု၌, ရှိမှု ဥဿုံ, အလုံးစုံသည်, ရွေ့တုံမဖြစ်, တစ်ဆစ်တစ်ရပ်, တစ်စပ်တစ်သင်း, နှမ်းအိုးခင်းထက်, နှမ်းစေ့ကျက်သို့, ကွဲပျက်ကြွေမွ, အနိစ္စသည်, ဒုက္ခ အနတ္တ ချည်းတည်း၊- ဟူသော ပရမတ္ထသရူပဘေဒနီလာလင်္ကာအတိုင်းလည်း ပွားများရာ၏။

ခဏသမ္မသနနည်း။ ။ဥပါဒ် ဌီ ဘင်ဟူသော ခဏတ္တယကို တစ်ခဏဟု ယူ၍ "အတိတ်ခဏ၌ ဖြစ်သောရုပ်သည် ပစ္စုပ္ပန်ခဏသို့ မရောက်ဘဲ ချုပ်ပျောက်ခြင်း သဘောကြောင့် အနိစ္စ" စသည်ဖြင့် လည်းကောင်း, "အတီတဘဝင်စိတ်သည် ဘဝင်္ဂစလနသို့ မရောက်ဘဲ ချုပ်ပျောက်ခြင်းသဘောကြောင့် အနိစ္စ" စသည်ဖြင့်လည်းကောင်း, ရုပ်ဝီထိ နာမ်ဝီထိအစဉ်ကို ကြည့်၍ ပွားများရာ၏၊ ဤခဏသမ္မသနနည်း ကား ဘုရားရှင်မှတစ်ပါး အခြားပုဂ္ဂိုလ်တို့ဉာဏ်တွင် ထင်မြင်ရန် ခဲယဉ်းသည်ဟု ဆိုကြ၏၊ သို့သော် တိုက်ရိုက်မထင်သော်လည်း အနိစ္စ ဒုက္ခ အနတ္တသဘော ထင်ရှားအောင် အမှန်းအတားအားဖြင့် ပိုင်းခြား ကန့်သတ်၍ ပွားများအပ်၏၊ ဤသို့ တေဘူမကသင်္ခါရ၌ ကာလာပသမ္မသနစသောနည်းဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ဆင်ခြင်တတ်သော ဉာဏ်ကို "သမ္မသနဉာဏ်" ဟု ခေါ်သည်။

တေဘူမကသင်္ခါရေသု, ပဿတော လက္ခဏတ္တယံ၊ သမ္မသနနာမံ ဉာဏံ, ဇာတံ ပဌမယောဂိနော။

တေဘူမကသင်္ခါရေသု -ကာမ ရူပ, အရူပတွင်, ပါဝင်သမျှ, သင်္ခါရတို့၌၊ လက္ခဏတ္တယံ-မမြဲနိုင်လစ်, ကြောက်ဖွယ်ဖြစ်နှင့်, အနှစ်မဲ့သား, လက္ခဏာယာဉ် သုံးပါးကို၊ ပဿတော-နည်းအဖုံဖုံ, ကုန်အောင်စုံမျှ, တလုံလဲလဲ, စွဲမြဲထင်မြင်အောင်, ဆင်ခြင်ကြည့်ရှုသော၊ ပဌမယောဂိနော-ပထမလျှင်, အစထွင်၍, အစဉ် ကြိုးကုတ်, အားထုတ်သောပုဂ္ဂိုလ်၏၊ သမ္မသနနာမံ ဉာဏံ-သမ္မသန, အမည်ရလျက်, သင်္ခါရထွင်း, ဉာဏ် အလင်းသည်၊ ဇာတံ-ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဖို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

ဥဒယဗ္ဗယဉာဏ်။ ။[ဥဒယ-အဖြစ်+ဝယ-အပျက်၊ ဝယ၌ ဝကို ဒွေးဘော်ပြု, ဝနှစ်လုံးကို ဗနှစ်လုံး ပြု၍ ဥဒယဗ္ဗယဟု ဖြစ်၏၊] သမ္မသနဉာဏ် ရင့်သန်ပြီးနောက် တိုးတက်အားထုတ်သောအခါ "ဥဒယဗ္ဗယ ဉာဏ်" ဖြစ်ပေါ်လာ၏၊ နာမ်ရုပ်တို့ုသည် မဖြစ်ခင်က အဆင်သင့်ဖြစ်ဖို့ရာ စုဆောင်းသိမ်းဆည်းအပ်ပြီးလည်း မရှိ, ချုပ်သောအခါလည်း အရပ်တစ်ပါးသို့ ရောက်သွား၍ စုပုံနေသည်လည်း မဟုတ်၊ စောင်းခွက် စောင်းကြိုး၌ တီးခြင်းအမျိုးမျိုးကို စွဲ၍ ရုတ်ခနဲ စောင်းသံပေါ်လာပြီးနောက် အတီးရပ်သည်နှင့် တစ်ပြိုင်နက် အသံတိတ်ပုံကဲ့သို့, ထို့အတူ ရုပ်နာမ်တရားလည်း ဆိုင်ရာအကြောင်းကြောင့် ရုတ်ခနဲ ဖြစ်ပြီးနောက် ချက်ချင်းပင် ချုပ်ပျောက်ကြကုန်၏၊ ထို့ကြောင့် ဖြစ်နေသော ရုပ်နာမ်၌ အဟောင်း မရှိ, အသစ်ချည်းသာ ဖြစ်ကြလေသည်။

အနုပ္ပန္နာဝုပ္ပဇ္ဇန္တိ , ဥပ္ပန္နာပိ နိရုဇ္ဈရေ၊ နိစ္စံ နဝါဝ သင်္ခါရာ, ဝီဏာသဒ္ဒသမူပမာ။

သင်္ခါရာ -ရုပ်နာမ်နှစ်ပါး, သင်္ခါရတရားတို့သည်၊ အနုပ္ပန္နာဝ-စုဆောင်း သိမ်းဆည်း, ဖြစ်ပြီးမဟုတ်ကုန်ဘဲ သာလျှင်၊ ဥပ္ပဇ္ဇန္တိ-အကြောင်းကိုစွဲ၍, ရုတ်ခနဲ ဖြစ်ပေါ်လာကြကုန်၏၊ ဥပ္ပန္နာပိ-အကြောင်းအားလျော်စွာ, ပေါ် လာကုန်ပြီး၍လည်း၊ နိရုဇ္ဈရေ-ချက်တဖြုတ် ရုတ်တရက်, ချုပ်ပျက်ကြလေကုန်၏၊ နိစ္စံ နဝါဝ-ခဏမစဲ, အမြဲ ဖြစ်လျက်, အသစ်စက်စက်တို့သာတည်း၊ ဝီဏာသဒ္ဒသမူပမာ-စောင်းကြိုးစောင်းခွက်,တီးမှုတ်တွက်ကြောင့်, ပေါ်ထွက်ပျောက်ဟန်, စောင်းသံနှင့် တူလေကုန်စွတကား။

ပစ္စယဝသေန ခဏဝသေန။ ။ဤကဲ့သို့ စဉ်းစားပြီးနောက် ရုပ်နာမ်တရားတို့ကို အကြောင်းနှင့်တွဲဖက် ၍ ဆက်လက်ရှုစားရာ၏၊ ရုပ်တရား၏ ဖြစ်ကြောင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ၌ ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ကံ အာဟာရတို့တည်း၊ (ထိုအကြောင်းတို့ကြောင့် ဖြစ်ပုံကို ပြခဲ့ပြီ၊) ထိုအကြောင်းများ မရှိလျှင် ရုပ်တရားလည်း မဖြစ်နိုင်၊ နာမ်တရားတို့၏ အကြောင်းကား အာဟာရအရာဝယ် ဖဿကို ထည့်၍ "အဝိဇ္ဇာ တဏှာ ကံ ဖဿတည်း" ဟု သိပါ၊ ဤအကြောင်းတရားကို သိပြီးလျှင် "အဝိဇ္ဇာရှိခြင်းကြောင့် ရုပ် နာမ်ဖြစ်ရသည်, အဝိဇ္ဇာကို အကြွင်းမဲ့ ပယ်နိုင်လျှင် ဤရုပ်နာမ် ဖြစ်နိုင်တော့မည် မဟုတ်" စသည်ဖြင့် အဖန်ဖန် ဆင်ခြင်သောအခါ ဖြစ်မှု ပျက်မှုဟူသော ဥဒယဗ္ဗယလက္ခဏာ လွန်စွာထင်လာမည်၊ ထိုကဲ့သို့ အလွန့်အလွန် ထင်လာလျှင် ဥပါဒ်ခဏ ဘင်ခဏအားဖြင့်လည်း လွန်စွာ ထင်ရှားတော့လတ္တံ့၊ ခဏအားဖြင့် ထင်ရှားအောင် တမင်အားထုတ်ဖွယ် မလို၊ ရေ၌ တုတ်ဖြင့် ရေးခြစ်သောအခါ ရှေ့ကခြစ် နောက်က ပျက်လိုက်သကဲ့သို့ ထို့အတူ ရုပ်နာမ်တရားများလည်း ဖြစ်ပြီးလျှင် ချက်ချင်း ပျက်တော့၏၊ ရေအိုင်၌ မိုးရွာ၍ ရေပွက်ကလေးများ ဖြစ်ရာ၌ "ဖြစ်လျှင်, ပျက်" သကဲ့သို့လည်းကောင်း, နေထွက်သည်နှင့် တစ်ပြိုင်နက် ဆီးနှင်းပေါက်တွေ အရည်ပျော်သကဲ့သို့လည်းကောင်း, အပ်နဖားကို ထွင်းသော စူးဖျားပေအပေါ်၌ မုန်ညင်းစေ့ကို တင်လျှင် တင်သည်နှင့် တစ်ပြိုင်နက် လိမ့်ကျသကဲ့သို့လည်းကောင်း, ရုပ်နာမ်တို့သည် "ခုဖြစ်, ခုပျက်" ပါတကားဟု အဖြစ်အပျက်ကို ခဏအားဖြင့် ထင်ရှားအောင်ပြုသော ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာသည်။

တေဘူမကသင်္ခါရေသု, ပဿတော ဥဒယဗ္ဗယံ၊ ဥဒယဗ္ဗယနာမံ ဉာဏံ, ဇာတံ ဒုတိယယောဂိနော။

တေဘူမကသင်္ခါရေသု -ကာမရူပ, အရူပတွင်, ပါဝင်ကြတောင်း, သင်္ခါရအပေါင်းတို့၌၊ ဥဒယဗ္ဗယံ-ဖြစ် လျှင်ချက်ချင်း, ပျက်ပုံအခင်းကို၊ ပဿတော-

တုတ်ခြစ်ရေထက်, မိုးရေပွက်နှင့်, အပ်ထက်မုန်ညင်း, နေထွက်နှင်းသို့, မယွင်းပုံပြု, အဖန်ဖန်ရှုသော၊ ဒုတိယယောဂိနော-ဒုတိယအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သောပုဂ္ဂိုလ်၏၊ ဥဒယဗ္ဗယနာမံ ဉာဏံ-ဥဒယဗ္ဗယ, အမည်ရသည့်, သင်္ခါရထွင်း, ဉာဏ်ရောင်အလင်းသည်၊ ဇာတံ-ဒုက္ခခပ် သိမ်း, ဝဋ်ဇာတ်ငြိမ်းဖို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

ဩဘာသ။ ။ဤပြအပ်ခဲ့သည့်အတိုင်း ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှင်းလင်းစွာ သိမြင်သောအခါ လွန်စွာစိတ်ကြည်လင်ရကား စိတ်ကြောင့်ဖြစ်သော (စိတ္တဇ) ကိုယ်ရောင်ကိုယ်ဝါသည်လည်းကောင်း, ထိုစိတ္တဇအရောင်အဝါမှ ဆက်၍ စိတ္တပစ္စယ ဥတုသမုဋ္ဌာနအရောင်အဝါတို့သည်လည်းကောင်း, ဉာဏ်ထက် လျှင် ထက်သလောက် မိမိ ထိုင်နေရာအရပ်, တစ်ခန်းလုံး, တစ်ကျောင်းလုံး, တစ်တိုက်တာလုံး, တစ်ဂါ ဝုတ်, နှစ်ဂါဝုတ်, တစ်ယူဇနာ, နှစ်ယူဇနာ စသည်ဖြင့် အကနိဋ္ဌ ဗြဟ္မာ့ဘုံတိုင်အောင် ထွက်ဖြာကုန်၏၊ ထိုအခါ "ငါ့မှာ ရှေးက ဤကိုယ်ရောင်ကိုယ်ဝါ မထွက်ဘူးချေ၊ ဤကိုယ်ရောင်ကိုယ်ဝါကို ထွက်ဖြာစေနိုင် သော စိတ်သည် မဂ်စိတ် ဖိုလ်စိတ်ပင် ဖြစ်ရာ၏၊ ငါသည် မဂ်ရပြီဖိုလ်ရပြီ" ဟု မှတ်ထင်ပြီးလျှင် အားထုတ်မြဲ ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ ကိုယ်ရောင်ကိုယ်ဝါကို သာယာနှစ်သက်ကာ ဝိပဿနာလမ်း လွဲမှားလေတော့သည်။

ပီတိ။ ။ဩဘာသသာမကသေး, စေတသိက်ပိုင်း၌ပြခဲ့သော ခုဒ္ဒိကာ ခဏိကာစသော ပီတိငါးမျိုး လည်း ထိုက်သင့်သလို ဖြစ်ပေါ်လျက် အလွန်နှစ်သက်၏။

ပဿဒ္ဓိ။ ။ကိုယ်စိတ်နှစ်ပါးလုံးပင် အေးမြငြိမ်းချမ်းသဖြင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိလည်း ဖြစ်၏၊ [ပဿဒ္ဓိသာမက, သောဘနသာဓာရဏဖြစ်သော လဟုတာ မုဒုတာ ကမ္မညတာစေတသိက်များလည်း ဖြစ်သည်ပင်၊ ပဿဒ္ဓိတစ်ခုကိုသာ ဥပလက္ခဏနည်းဖြင့် မှတ်၍ ပြထားသည်၊] ထိုအခါ ယောဂီပုဂ္ဂိုလ်သည် လွန်စွာငြိမ်းချမ်းသဖြင့် ကမ္မဋ္ဌာန်း၌ စွဲလမ်းမွေ့လျော်လေတော့၏။

အဓိမောက္ခ။ ။ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်ဆုံးဖြတ်တတ်သော သဒ္ဓါတရားလည်း ဖြစ်ပေါ်လာ၏။ [ဤ၌ ယုံကြည်ကာမတ္တ မဟုတ်ဘဲ, စူးစိုက်သက်ဝင်တတ် ဆုံးဖြတ်တတ်သောကြောင့် သဒ္ဓါကိုပင် "အဓိမောက္ခ" ဟု ဆိုသည်၊ အဓိမောက္ခ စေတသိက်ဟု မမှတ်လင့်၊ အဓိမုစ္စတိ-သက်ဝင် ဆုံးဖြတ်တတ်၏၊ ဣတိ-ထို့ကြောင့်၊ အဓိမောက္ခော-မည်၏။

ပဂ္ဂဟ။ ။ပဂ္ဂဏှာတိ-ဝိပဿနာစိတ်ကို နောက်မဆုတ်ရအောင် အားပေး ချီးမြှောက် ထောက်ပံ့ တတ်၏၊ ဣတိ-ကြောင့်၊ ပဂ္ဂဟော-ပဂ္ဂဟ မည်၏။

သုခ။ ။ဆီထိသော ဝါဂွမ်းပမာ ယောဂီပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး၌ မွန်မြတ်သော စိတ္တဇရုပ်တွေကို ပျံ့နှံ့ထုံမွှမ်းစေတတ်သော သုခဝေဒနာလည်း ဖြစ်ပေါ်လာ၏။

ဉာဏ။ ။ဝဇီရစိန်လက်နက် မိုးကြိုးစက်သို့ သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာ ဉာဏ်လည်း ဖြစ်ပေါ်လာ၏၊ "ရှုလိုက်တိုင်း ရှုလိုက်တိုင်း ရုပ်နာမ်၏ အဖြစ်အပျက်တွေ အလွန်ထင်ရှားနေသည်" ဟူလို။

ဥပဋ္ဌာနာ။ ။မြင်းမိုရ်တောင်ပမာ ကမ္မဋ္ဌာန်းအာရုံ၌ လွန်စွာတည်တံ့သော သတိလည်း ဖြစ်ပေါ်လာ၏၊ ဥပဋ္ဌဟတိ-အာရုံ၌ စွဲမြဲ တည်နေတတ်၏၊ ဣတိ-ကြောင့်၊ ဥပဋ္ဌာနံ-မည်၏။

ဥပေက္ခာ။ ။ဝိပဿနုပေက္ခာ အာဝဇ္ဇနုပေက္ခာဟူသော ဥပေက္ခာနှစ်မျိုးလည်း ဖြစ်ပေါ်လာ၏၊ ဖြစ်မှု ပျက်မှုတို့ အလွန်ထင်ရှားနေရကား ထိုအဖြစ်အပျက် ရှုဖို့ရန် ဗျာပါရမများတော့ဘဲ အသင့်အားဖြင့် ရှုနိုင် သော ဝိပဿနာဉာဏ်နှင့်ယှဉ်သော တတြမဇ္ဈတ္တုပေက္ခာသည် ဝိပဿနုပေက္ခာ မည်၏၊ ထိုဖြစ်မှု ပျက်မှုကို ဆင်ခြင်လိုသောအခါ၌ အလွန် လျင်မြန်စွာ ဆင်ခြင်နိုင်သော စေတနာသည် အာဝဇ္ဇနုပေက္ခာ မည်၏။

နိကန္တိ။ ။ဩဘာသစသည်တို့ဖြင့် အလွန်တင့်တယ်စွာ တန်ဆာဆင်ထား သကဲ့သို့ဖြစ်သော ဝိပဿနာကို သာယာနှစ်သက်တတ်သော တဏှာသည် နိကန္တိမည်၏၊ ထိုနိကန္တိလည်း ဖြစ်တတ်လေသည်၊ ထိုနိကန္တိတဏှာသည် လွန်စွာ သိမ်မွေ့ရကား ယောဂီပုဂ္ဂိုလ်က တဏှာမှန်း မသိ, ဝိပဿနာ၌ မွေ့လျော်မှု ဟူသော "ဝိပဿနာရတိ" ဟုသာ အထင်ရှိလေသည်၊ ဤပီတိ စသည်တို့ ဖြစ်သောအခါလည်း "ငါ့မှာ ရှေးက ဤပီတိမျိုး မဖြစ်ခဲ့ဘူးချေ, ဤ ပီတိကို ဖြစ်စေသောစိတ်ကား မဂ် ဖိုလ်စိတ်ပင် ဖြစ်ရာ၏၊ ငါ မဂ်ရပြီ ဖိုလ်ရပြီ" ဟု မှတ်ထင်ကာ ဝိပဿနာလမ်းလွဲရှာလေ၏။

ဥပက္ကိလေသ။ ။ဝိပဿနာကို ညစ်နွမ်းစေတတ်သောတရားကို "ဥပက္ကိလေသ" ဟု ခေါ်၏၊ ဩဘာသမှစ၍ ဥပေက္ခာတိုင်အောင် ရှေ့(၉)ပါးသည် အကုသိုလ်တရားမဟုတ်,ဤဥဒယဗ္ဗယဉာဏ်ခန်းသို့ ရောက်လျှင် ဖြစ်တတ်မြဲပေတည်း၊ ပီတိ စသည်ကား ဝိပဿနာစိတ်နှင့် ယှဉ်ဖက် စေတသိက်များလည်း ဖြစ်၏၊ ထို့ကြောင့် ဩဘာသစသည်ကို မုချ ဥပက္ကိလေသဟု မဆိုရ၊ သို့သော် ထိုဩဘာသစသည်တို့သည် "ငါ့မှာဖြစ်၏" ဟု စွဲလမ်းသောဒိဋ္ဌိ, "အလွန်နှစ်သက်ဖွယ် ကောင်းပေသည်ဟု မှတ်ထင်တတ်သော မာန, "ငါ၏ဩဘာသ" စသည်ဖြင့် စွဲလမ်းတတ်သော တဏှာ, ဤတရား(၃)မျိုး၏ တည်ရာအာရုံဖြစ်ကြ၏၊ ဤတဏှာ, မာန, ဒိဋ္ဌိတို့ကား ဝိပဿနာစိတ်ကို ညစ်နွမ်းစေတတ်သော ဥပက္ကိလေသတည်း၊ ထိုတဏှာ, မာန, ဒိဋ္ဌိတို့၏ ဥပက္ကိလေသအမည်ကို အာရုံဖြစ်သော ဩဘာသစသည်တို့ကိုလည်း ဥပက္ကိလေသဟု ခေါ်ဝေါ်ရတော့သည်၊ နောက်ဆုံး၌ နိကန္တိကား မုချအားဖြင့် ဥပက္ကိလေသတည်း၊ ထိုနိကန္တိကိုပင် အာရုံပြု၍ နောက်နောက် တဏှာ, မာန, ဒိဋ္ဌိများ ဖြစ်တတ်သေးရကား

ဥပစာအားဖြင့်လည်း ဥပက္ကိလေသအမည် ရသည်၊ ဤသို့လျှင် ဩဘာသစသော ဝတ္ထုအားဖြင့် ဝိပဿနု ပက္ကိလေသ(၁၀)ပါး ရှိ၏၊ တစ်ခုတစ်ခုကို အာရုံပြုသော တဏှာ မာန ဒိဋ္ဌိ(၃)ပါးဖြင့် မြှောက်လျှင် ဝိပဿနုပက္ကိလေသ(၃၀) ရှိသည်။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ။ ။ကမ္မဋ္ဌာန်းအစဉ်၌ မကျွမ်းကျင်သော ယောဂီသည် ထိုဩဘာသ စသည် ကို နှစ်သက်လျက် ကမ္မဋ္ဌာန်းလမ်းလွဲသော်လည်း ကျွမ်းကျင်သော ယောဂီ၌ကား "ဤဩဘာသ စသည်တို့သည် တဏှာ, မာန, ဒိဋ္ဌိတို့၏ တည်ရာဖြစ်၍ ဝိပဿနာစိတ်ကို ညစ်နွမ်းစေတတ်သော ဘေးရန်မျှသာ ဖြစ်၏၊ ဤဩဘာသစသည်ကို သာယာနှစ်သက်မှုသည် လမ်းမှန်မဟုတ် အမဂ္ဂတည်း, ဤဩဘာသစသည် ကို ဂရုမစိုက်ဘဲ အားထုတ်မြဲ ဝိပဿနာသာလျှင် မဂ်ဖိုလ်ရကြောင်း လမ်းကောင်းမဂ္ဂတည်း" ဟု လမ်းမှန်/ မမှန်ကို ပိုင်းခြားတတ်သောဉာဏ် ဖြစ်လာ၏၊ ထိုဉာဏ်သည် သာမန်သိရုံမျှ မဟုတ်ဘဲ, မဂ္ဂ အမဂ္ဂကို မျက်စိဖြင့် ကြည့်ရသလို သိမြင်တတ်သောကြောင့် ဒဿနလည်း မည်၏၊ ဝိပဿနုပက္ကိလေသတို့မှ စင်ကြယ်သောကြောင့် ဝိသုဒ္ဓိလည်း မည်၏၊ ထို့ကြောင့် "မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ" ဟု ခေါ်သည်၊ ဤမျှ လောက်သော ဝိပဿနာအစဉ်ဖြင့် ဥဒယဗ္ဗယဉာဏ် အဆုံးမသတ်သေး, ဩဘာသစသည်တို့၏ နှောင့် ယှက်မှုကြောင့် အဆုံးမသတ် လမ်းခုလတ်မှာပင် ဝိပဿနာအစဉ် ရပ်နေသည်၊ ထို့ကြောင့် သမ္မသန ဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်ရှေ့ပိုင်းကို "မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနယ်" ဟု မှတ်ပါ။

------------------

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

ပရိဗန္ဓဝိမုတ္တဿ။ ။တတာ ပရိဗန္ဓဝိမုတ္တဿ ပန တဿ ဥဒယဗ္ဗယဉာဏတော ပဋ္ဌာယ ၊ပေ၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ နာမ၊ "ပရိဗန္ဓန္တိ-ဝိပဿနာအစဉ်ကို နှောင်ဖွဲ့ ဖျက်ဆီးတတ်ကုန်၏၊ ဣတိ- ကြောင့်၊ ပရိဗန္ဓာ-ပရိဗန္ဓတို့ မည်၏" နှင့်အညီ, ဝိပဿနာစိတ်အစဉ်ကို နှောင်ဖွဲ့ဖျက်ဆီးတတ်သော ဝိပဿနုပ္ပကိလေသ တရားစုကို "ပရိဗန္ဓ" ဟု ခေါ်၏၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဖြင့် ထိုပရိဗန် ဘေးရန်မှ လွတ်ခဲ့သော ယောဂီကို "ပရိဗန္ဓဝိမုတ္တ" ဟု ခေါ်သည်။

ဥဒယဗ္ဗယဉာဏတော ပဋ္ဌာယ။ ။ရှေ့က ဥဒယဗ္ဗယဉာဏ် ဖြစ်ခဲ့သော်လည်း ဝိပဿနုပက္ကိလေသတို့ ၏ နှောင့်ယှက်မှုကြောင့် အနိစ္စစသော လက္ခဏာ(၃)ပါးတို့ ကောင်းကောင်း မထင်ရှားသေး၊ ထို့ကြောင့် ဥပက္ကိလေသတို့မှ လွတ်ပြီးသောအခါ ထိုလက္ခဏာသုံးပါး အလွန်ထင်ရှားအောင် ဥဒယဗ္ဗယဉာဏ်ကို ထပ်မံ အားထုတ်ရပြန်သည်၊ ထိုဥဒယဗ္ဗယဉာဏ်မှစ၍ ဘင်္ဂဉာဏ် ဘယဉာဏ်စသော ဉာဏ်အစဉ်အတိုင်း အနုလောမဉာဏ် ရောက်သောအခါကျမှ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနယ် ဆုံးသည်။ [မဂ်ဖိုလ်သို့ ရောက်ကြောင်းအကျင့် ဖြစ်၍ ပဋိပဒါဟုလည်းကောင်း,

တေဘူမကသင်္ခါရကို အနိစ္စ ဒုက္ခ အနတ္တဟု သိတတ်သောကြောင့် ဉာဏဟုလည်းကောင်း, သာမန်အသိ မျိုးမဟုတ် မျက်စိဖြင့် မြင်ရသလို သိမြင်တတ်သောကြောင့် ဒဿနဟုလည်းကောင်း, ဆန့်ကျင်ဘက် ကိလေသာတို့မှ ဝေးသည်ထက် ဝေးကွာ၍ လွန်စွာစင်ကြယ်သောကြောင့် ဝိသုဒ္ဓိဟုလည်းကောင်း ခေါ်သည်၊ ပဋိပဇ္ဇန္တိ ဧတာယာတိ ပဋိပဒါ၊ "ဧတာယ-ဤဉာဏ်အစဉ်ဖြင့်၊ ပဋိပဇ္ဇန္တိ-မဂ်ဖိုလ်သို့ ရောက်ကြရ ကုန်၏" ဟု အနက်ပေး။

ဘင်္ဂဉာဏ်။ ။ဥဒယဗ္ဗယဉာဏ်ဖြင့် ရုပ်နာမ်၏ အဖြစ်အပျက်နှစ်မျိုးလုံးကို ထင်ရှားအောင်ရှု၍ အလွန်ထင်နေသောအခါ အဖြစ်အပျက်တို့က အလွန်လျင်မြန်ရကား အဖြစ်ကို အာရုံမပြုမိ မရှုမိတော့ဘဲ အပျက်ကိုချည်းသာ မြင်လေတော့၏၊ ဥပမာ-ရေအိုင်တွင် မိုးရွာ၍ ရေပွက်ကလေးများကို ကြည့်ရှုရာဝယ် ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် အပျက်က မြန်လွန်းရကား အဖြစ်ကို မမြင်လိုက်ရဘဲ အပျက်ကိုသာ မြင်ရ တော့သကဲ့သို့တည်း၊ ပစ္စုပ္ပန်ရုပ်နာမ်များ၏ အပျက်ဘင်္ဂကို ကျကျနန ရှုနိုင်သောအခါ အတိတ် အနာဂါတ် ရုပ်နာမ်များကို မှန်းဆ၍ အာရုံပြုလိုက်သည်ရှိသော် အပျက်ဘင်ကိုသာ အာရုံပြုမိလျက်သား ဖြစ်နေတော့ ၏၊ သင်္ခါရတစ်ခုခု၏ ဘင်ကို အာရုံပြုသော ဘင်္ဂဉာဏ်၏ ဘင်ကိုပင် နောက်ထပ်ဆက်၍ ဉာဏ်တစ်ခုက အာရုံပြုနိုင်သောအခါ ဘင်္ဂဉာဏ် အထွတ်အထိပ်သို့ ရောက်ပြီဟု မှတ်ပါ။

သင်္ခါရာ.မေ ပုဗ္ဗုဠံဝ, ဘိဇ္ဇရေ ဘိဇ္ဇရေ ခဏံ၊ ပဿတွေဝံ ဘင်္ဂဉာဏံ, ဇာတံ တတိယယောဂိနော။

ဣမေ သင်္ခါရာ-ဤ ရုပ် နာမ် နှစ်ပါး, သင်္ခါရတရားတို့သည်၊ ပုဗ္ဗုဠံဝ-ရေအိုင်အထက်, မိုးရေပွက်တို့, အပျက်လျင်မြန်, ပုံဟန်အတူသာလျှင်၊ ခဏံ-ရုတ်တရက်မျှ, တစ်ခဏခြင်း၊ဘိဇ္ဇရေ ဘိဇ္ဇရေ-အဆက်မပြတ်, တစ်ပျက်တည်း ပျက်တတ်ကုန်စွတကား၊ ဧဝံ ပဿတော-ဤကဲ့သို့လျှင်, အပျက်မြင်အောင်, ဆင်ခြင်ပွား များ၍နေသော၊ တတိယယောဂိနော-တတိယအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ် သောပုဂ္ဂိုလ်၏၊ ဘင်္ဂဉာဏံ-အဖြစ်တွေပျောက်, အပျက်လောက်မျှ, မျက်မှောက်မြင်ဟန်, ဘင်္ဂဉာဏ်သည်၊ ဇာတံ-ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဖို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

~~~~~~~~~~

ဘယဉာဏ်။ ။အသက်ရှည်ကြာ ချမ်းသာကို လိုလား၍ ဘေးကို များစွာ ကြောက်တတ်သောသူသည် ခြင်္သေ့ သစ် ကျား သားရဲများသော တောအရပ်ကို မြင်လျှင် ကြောက်စရာအရပ်ဟု ထင်မှတ်သကဲ့ သို့, ဘင်္ဂဉာဏ်ဖြင့် ရုပ်နာမ်၏ အပျက်တွေကို မြင်ပြီးရကား "ဤရုပ်နာမ်တို့သည် ရှေးရှေးဘဝ၌ လည်းကောင်း, ယခုဘဝ ရှေးကာလ၌လည်းကောင်း ပျက်ခဲ့လှပြီ၊ ယခုလည်း နှမ်းအိုးခင်း၌ နှမ်းတွေ တဖျစ်ဖျစ် ပျက်နေသလို တပျက်တည်း ပျက်လျက်ပင်, နောက်နောက်ကာလ နောက်ဘဝ၌လည်း (သည်ပုတ်ထဲကသည်ပဲ-ဆိုသလို) ဧကန်ပျက်ရဦးမည်၊ ဤရုပ်နာမ်တွေသည် ကြောက်စရာတွေပါတကား" ဟု ထင်မြင်သော ဘယဉာဏ် ဖြစ်ပေါ်လာလေသည်။

နိရုဒ္ဓါတီတသင်္ခါရာ, ပစ္စုပ္ပန္နာ စ ဘိဇ္ဇရေ၊ အနာဂတာ ဘိဇ္ဇိဿန္တိ, သဗ္ဗေပိ ဘာယိတဗ္ဗကာ။

အတီတသင်္ခါရာ -အတိတ်ဘဝ, ရှေးကာလ၌, ဖြစ်ကြအများ, သင်္ခါရတရားတို့သည်၊ နိရုဒ္ဓါ-ငါ၏သန္တာန်, အဖန်ဖန်ဖြင့်, မှန်မှန်ပျက်ပြုန်း, ကုန်ဆုံးကြလေကုန်ပြီ၊ ပစ္စုပ္ပန္နာ စ-ယခုလက်ငင်း, ပက်ပင်းတွေ့ကြုံ, အဖုံဖုံ ပွား, သင်္ခါရတရားတို့သည်လည်း၊ ဘိဇ္ဇရေ-နှမ်းအိုးခင်းထက်, နှမ်းတွေကျက်သို့, ရုတ်တရက်အနေ, ချုပ် ပျက်ကြလေကုန်၏၊ အနာဂတာ-နောက်နောက်ဘဝ, နောက်ကာလ၌, ဖြစ်ကြရန်သင့်, အဆင့်ဆင့်ပွား, သင်္ခါရတရားတို့သည်လည်း၊ ဘိဇ္ဇိဿန္တိ-သည်ပုတ်ထဲက,သည်ပဲအနေ, ချုပ်ပျက်ရလေကုန်လတ္တံ့၊ သဗ္ဗေပိ- ယခုရှေ့နောက်, ငါ့ထံရောက်လျက်, ချုပ်ပျောက်ပျက်ပြုန်း, ရုပ်နာမ်အားလုံးတို့သည်ပင်၊ ဘာယိတဗ္ဗကာ- ကြောက်ဖွယ်ခမန်း, ဘေးကျမ်းတို့ချည်းပါတကား။

ဘယဉာဏ် မကြောက်။ ။"ဘယဉာဏ်သည် ကြောက်သလော, ထိုဘယဉာဏ် ဖြစ်သော ယောဂီသည် ကြောက်သလော" ဟု မေးဖွယ်ရှိ၏၊ အဖြေကား-ကြောက်တတ်သောသဘောမှာ ဒေါသဇောသာ တည်း၊ ထို့ကြောင့် မဟာကုသိုလ်၌ ယှဉ်လျက်ဖြစ်သော ဘယဉာဏ်သည် မကြောက်ပါ, ယောဂီပုဂ္ဂိုလ်က လည်း မကြောက်ပါ၊ သို့သော် "တေဘူမကသင်္ခါရတရားတွေကို ကြောက်ဖွယ်ကောင်းသော တရားတွေပါ တကား" ဟု ရှုတတ်သောကြောင့် ဘယဉာဏ်ဟု ဆိုပါသည်၊ ဥပမာ-ကလေးမိုက်တစ်ယောက်သည် ကလေးချင်း အပေါ်မှာ အတော် ရက်စက်၏၊ ထိုသူနှင့် ကစားသော ကလေးများမှာ ဒုက္ခရောက်ကြရ၏၊ ထိုကလေးမိုက်ကို လူကြီးတွေက မကြောက်, သို့သော် "ကြောက်စရာ့ အကောင်ကလေး" ဟု ထင်မှတ် သကဲ့သို့တည်း။

အာဒီနဝ , နိဗ္ဗိဒါ, မုစ္စိတုကမျတာ။ ။ရုပ်နာမ်သင်္ခါရတို့၌ ကြောက်မက်ဖွယ် ဘေးကြီးပါတကားဟု ဘယဉာဏ်ပေါ်သောခါ ထိုသင်္ခါရတို့၌ အပြစ်မြင်သော အာဒီနဝဉာဏ်လည်း ပေါ်လာတော့မည်၊ အပြစ်မြင် မိလျှင် ထိုသင်္ခါရတို့၌ မပျော်ရွှင်နိုင်တော့ဘဲ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်း ဆက်လက် ဖြစ်ပေါ်လာတော့ မည်သာ၊ [ဤဘယ အာဒီနဝ နိဗ္ဗိဒါဉာဏ်(၃)ပါးသည် ဖြစ်ခါစ၌ ရှုမြင်ပုံ ကွဲသော်လည်း အသားကျသောအခါ ဉာဏ်တစ်ခုတည်း၌ပင် ဘယ အာဒီနဝ နိဗ္ဗိဒါသဘော ရှိနိုင်ပေသည်၊] ထိုကဲ့သို့ ငြီးငွေ့လာလျှင် (ပိုက်ကွန် တွင် မိသောငါးသည် ပိုက်ကွန်မှ လွတ်ထွက်လိုသကဲ့သို့) ထို သင်္ခါရတို့မှ လွတ်မြောက်လိုသော မုစ္စိတုကမျတာဉာဏ်လည်း ဖြစ်ပေါ်လာတော့လတ္တံ့။

ဘယတောပဋ္ဌာနေနေဝ, အာဒီနဝံ စ ဇာနတော၊ နိဗ္ဗိန္ဒတော သင်္ခါရေသု, ဇာတာ မုစ္စိတုကမျတာ။

သင်္ခါရေသု -ရုပ်နာမ်နှစ်ပါး, သင်္ခါရတရားတို့၌၊ ဘယတောပဋ္ဌာနေနေဝ-ကြောက်ဖွယ်ခမန်း, ဘေးကျမ်း ဟု, စေ့ငုဆင်ခြင်, ထင်မြင်နေခြင်းကြောင့်သာလျှင်၊ အာဒီနဝံ-ပြော၍မကုန်, ပြစ်မျိုးစုံကို၊ ဇာနတော စ- သိမြင်သောဉာဏ်, ထက်သန်သူလည်းဖြစ်ပေထသော၊ နိဗ္ဗိန္ဒတော စ-ငြီးငွေ့သောဉာဏ်, ထက်သန်သူ လည်း ဖြစ်ပေထသော၊ ယောဂိနော-(၅)ကြိမ်(၆)ကြိမ်, ဉာဏ်ဝရဇိန်ဖြင့်, အရှိန်ထက်မြက်, ဆက်လက် အားထုတ်သော ပုဂ္ဂိုလ်၏၊ မုစ္စိတုကမျတာ-သင်္ခါရစက်, သံသရာဘက်မှ, လွတ်ထွက်လိုဟန်, ထက်မြက် သော ဉာဏ်သည်၊ ဇာတာ-ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဖို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

ပဋိသင်္ခါဉာဏ်။ ။သင်္ခါရတို့၌ အနိစ္စ ဒုက္ခ အနတ္တဟု ထပ်မံရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ် မည်၏၊ [ပဋိ=တစ်ဖန်+သင်္ခါ=ရှုတတ်သောဉာဏ်၊] မုစ္စိတုကမျတာဉာဏ်ဖြင့် သင်္ခါရတို့မှ လွတ်မြောက်လိုရုံသာ ရှိသေး၏, တကယ်မလွတ်နိုင်သေး၊ ဤပဋိသင်္ခါဉာဏ်ဖြင့်ကား သင်္ခါရတို့ကို စွန့်လွှတ်တော့မည်၊ သို့သော် စွန့်လွှတ်ခါနီး၌ ရုတ်ခနဲ မလွှတ်နိုင်သေးဘဲ ကြပ်ကြပ်နွံနာအောင် (နိစ္စ သုခ အတ္တဟု နောင်ခါ မစွဲလမ်းနိုင် အောင်) တစ်ဖန်ထပ်၍ အနိစ္စ ဒုက္ခ အနတ္တဟု ရှုပြန်သည်၊ ဥပမာ-တံငါသည်တစ်ယောက်သည် ငါးဖမ်း ရာဝယ် ရှည်လျားသော အကောင်ကြီးကို ရေထဲ၌ လည်စေ့ဆုပ်မိရာ "အင်မတန် ငါးမြွေကြီးကို ဖမ်းမိပြီ" ဟု ရွှင်လန်းအားရလျက် ရေမှ ဖော်ထုတ်လေလျှင် မြွေဆိုး၏ အမှတ်လက္ခဏာဖြစ်သော လည်ရေးသုံးဆင့်ကို မြင်လေသော် ကြောက်ရွံ့လျက် စိတ်ပျက်ပျက်နှင့် လွှတ်ပစ်လိုပါသော်လည်း အလွတ်တွင် မိမိလက်ကို ကိုက်သွားမည် စိုးသောကြောင့် ရုတ်တရက် မလွှတ်သေးဘဲ ချာချာလည်အောင် ရစ်ပတ်၍ အတော်နွံနာမှ လွှတ်ပစ်လိုက်ရသကဲ့သို့, ထို့အတူ သင်္ခါရ ရုပ်နာမ်တို့ကို ပင်ကိုက အတော် နှစ်သက်ခဲ့ပြီးနောက် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတွေကို တွေ့မြင်ရသောအခါကျမှ ဘယ အာဒီနဝ နိဗ္ဗိဒါ မုစ္စိတုကမျတာဉာဏ်တို့ အစဉ်အတိုင်း ဖြစ်ပြီးလျှင် ယခုအခါ စွန့်လွှတ်ဖို့ရာ အနိစ္စစသော လက္ခဏာများကို ထပ်မံ ရှုပြန်သည်။

သင်္ခါရုပေက္ခာဉာဏ်။ ။ပဋိသင်္ခါဉာဏ်ဖြင့် သင်္ခါရတို့ကို စွန့်လိုက်ပြီးနောက် သင်္ခါရတို့၌ ဘယ အာဒီနဝ စသည်ဖြင့် မရှုတော့ဘဲ လျစ်လျူရှုနိုင်သောဉာဏ်သည် သင်္ခါရုပေက္ခာဉာဏ် မည်၏၊ ဤဉာဏ်ဖြင့် လျစ်လျူ ရှုသည်ဟု ဆိုသော်လည်း လုံးလုံး အာရုံမပြုဘဲနေလို့ မဖြစ်, ဝိပဿနာဉာဏ်ဟူသမျှ သင်္ခါရ ရုပ်နာမ်ကိုပင် အာရုံပြု၏၊ သို့သော် အာရုံပြုသောအခါ သာယာနှစ်သက်ခြင်းလည်း မရှိ,

ကြောက်မက်ဖွယ်ဟူ၍လည်း ဂရုမစိုက်ဘဲ လျစ်လျူရှုကာ အနိစ္စ, ဒုက္ခ, အနတ္တဟု ဆင်ခြင်နေခြင်းသာ ဖြစ်သည်၊ ဥပမာ-မယားကို ချစ်သော ယောက်ျားသည် တစ်ပါးသူနှင့် ဖောက်ပြားနေသည်ကို တွေ့မြင်၍ ထိုမယား၌ ကြောက်ရွံ့ခြင်း အပြစ်မြင်ခြင်းတို့နှင့် ရောနှောကာ မကြာခင် ကွာရှင်းလိုက်၏၊ ထို့နောက် ထို မယားကို ချစ်လည်း မချစ်, တစ်ပါးသူနှင့် ဖောက်ပြားသည်ကို မြင်သော်လည်း ထူးခြား၍ အပြစ်မမြင်, ဘာပဲဖြစ်ဖြစ်ဟု လစ်လျူရှုနိုင်သကဲ့သို့တည်း။

မုစ္စိတုံ ကာမတောယေဝ, ပဋိသင်္ခါယ ဇာနတော၊ သင်္ခါရုပေက္ခာနာမံ ဉာဏံ, ဇာတံ နဝမယောဂိနော။

မုစ္စိတုံ -သင်္ခါရခပင်း, လွတ်မြောက်ခြင်းငှာ၊ ကာမတောယေဝ-မျှော်လင့်ငံ့စား, လိုလားခြင်းကြောင့်သာ လျှင်၊ ပဋိသင်္ခါယ-အနိစ္စ, ဒုက္ခ, အနတ္တဟု ကြည့်ရှုတစ်ဖန်, ဆင်ခြင်သောဉာဏ်ဖြင့်၊ ဇာနတော-နိစ္စ သုခ, အတ္တကင်းစင်, သိမြင်လျက်ရှိသော၊ နဝမယောဂိနော-နဝမအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သောပုဂ္ဂိုလ်၏၊ သင်္ခါရုပေက္ခာနာမံ ဉာဏံ-အကြောက်မဖက်, မနှစ်သက်ဘဲ, ပစ်စလက်ခတ်ဟု, လျစ်လျူရှုသော ဉာဏ်သည်၊ ဇာတံ-ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ်ငြိမ်းဖို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍ လာပေ သတည်း။

အနုလောမဉာဏ်။ ။ဤဉာဏ်မှ တစ်ဆင့်တက်လျှင် မဂ်ဖိုလ်ရောက်တော့မည်၊ သို့အတွက် အထက်မဂ်ခဏ၌ ရလတ္တံ့သော ဗောဓိပက္ခိယတရားအားလည်းကောင်း, ဥဒယဗ္ဗယစသော အောက်ဉာဏ် (၈)ပါးအားလည်းကောင်း လျော်သောကြောင့် ဤဉာဏ်ကို "အနုလောမဉာဏ်" ဟု ခေါ်သည်၊ ချဲ့ဦးအံ့-ဤ အနုလောမဉာဏ်သည် ရှေးဉာဏ်များ၏ ဆိုင်ရာကိစ္စကို ခွင့်ပြု ကျေနပ်သကဲ့သို့, အနိစ္စ ဒုက္ခ အနတ္တဟု ထပ်၍ ရှုတုန်းပင် ဖြစ်၏၊ ထို့ကြောင့် ရှေးဉာဏ်(၈)ပါးနှင့် မဆန့်ကျင်, အလျော်ပင် ဖြစ်၏၊ ပင်ကို ရည်ရွယ် ရင်းက မဂ်ခဏ၌ ဗောဓိပက္ခိယတရားတို့ကို ရအောင် ရည်ရွယ်ခဲ့၏၊ ထိုရည်ရွယ်ချက်အတိုင်း ထိုတရားများ ကို ဧကန်ရတော့မည်ဖြစ်၍ ထိုဗောဓိပက္ခိယတရားတို့အားလည်း အလျော်ဖြစ်၏၊ ဥပမာ-ဘုရင်၏ ရှေ့တော် မှောက်၌ အမတ်ကြီး(၈)ယောက်တို့ ရာဇသတ်နှင့်အညီ တရားစီရင်လေရာ, ဘုရင်မင်းမြတ်ကလည်း "အမတ်ကြီးများ စီရင်သည့်အတိုင်း တည်စေ" ဟု အမိန့်ချမှတ်၏၊ ဤ၌ ဘုရင်၏ အမိန့်သည် အမတ်ကြီး (၈)ယောက်၏ စီရင်ချက်နှင့်လည်းကောင်း, အထက်ရာဇသတ်ကျမ်းနှင့်လည်းကောင်း လျော်သကဲ့သို့ တည်း၊ဤအနုလောမဉာဏ်ဟူသည် မဂ္ဂဝီထိ၌ပါသော ပရိကံ ဥပစာ အနုလုံကိစ္စတပ်သော ဉာဏ်ပင်တည်း၊ ဂေါတြဘုကား သင်္ခါရကို အာရုံမပြု, နိဗ္ဗာန်ကိုသာ အာရုံပြုသောကြောင့် ဝိပဿနာဉာဏ်၌ မဝင်၊ သို့သော် ဝိပဿနာဉာဏ်များ၏ အထွတ်ဦးခေါင်းနှင့် တူသောကြောင့် "ဝိပဿနာတွင် သွင်းယူရမည်" ဟု ဆိုသည်။

အနုလောမဉာဏ်ပေါ်လာပုံ။ ။သင်္ခါရုပေက္ခာဉာဏ်ဖြင့် သင်္ခါရတို့၌ လျစ်လျူရှုကာ အနိစ္စ ဒုက္ခ အနတ္တ ဟု ရှုဖန်များလတ်သော် သင်္ခါရတို့ကို အာရုံမပြုလိုဘဲ သင်္ခင်္ါရတို့မှ တွန့်ဆုတ်လျက် သင်္ခါရလွှတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွတ်နေတော့၏၊ သို့သော် နိဗ္ဗာန်ကို တိုက်ရိုက် မမြင်ရသေးသဖြင့် နိဗ္ဗာန်ကို ရှာဖွေရင်း ပင် သင်္ခါတို့ကို အာရုံပြုနေရသေးသည်၊ ဥပမာ-ယခုလို စက်သင်္ဘောများ မထွန်းကားမီ ရွက်လှေကြီးများဖြင့် သမုဒ္ဒရာဝယ် ကူးသန်းရသောအခါတုန်းက ကုန်သည်တို့သည် လှေပေါ်၌ ကျီးငှက်ကို ယူဆောင်သွားပြီး လျှင် ကမ်းကို ပျံသန်းရှာဖွေစဉ် ကမ်းမမြင်ရသေးသမျှ လှေသို့ ပြန်လာ၍ ရွက်တိုင်၌ နား၏၊ ထို့နောက် ရှာပြန်၏၊ မမြင်လျှင် ရွက်တိုင်မှာပင် လာ၍နား၏၊ ကမ်းမြင်သောအခါ၌ကား လှေသို့ မပြန်လာတော့ဘဲ ကမ်းရောက်အောင် တစ်ဟုန်တည်း ပျံသန်းလေတော့၏၊ ထို့အတူ ယောဂီ၏ စိတ်သည်လည်း နိဗ္ဗာန်မမြင် သေးသမျှ သင်္ခါရကိုပင် အာရုံပြုကာ နိဗ္ဗာန်ကိုသာ ရှာဖွေနေ၏၊ နိဗ္ဗာန်မြင်လောက်သော အကြိမ်၌ကား ပရိကမ် ဥပစာ အနုလုံဟု အနုလောမဉာဏ် ပေါ်လာပြီးနောက် ဂေါတြဘုဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် မဂ်ဖိုလ်ရောက်အောင် တိုးတက်လေတော့သည်၊ ဤသို့လျှင် ဥဒယဗ္ဗယဉာဏ်မှ စ၍ အနုလောမဉာဏ်တိုင် အောင် အဆင့်ဆင့် တိုးတက်လာသော ဝိပဿနာဉာဏ် (၉)ပါးကို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်။

သင်္ခါရာ လီနစိတ္တဿ, ဝီတသင်္ခါရမေသတော၊ အနုလောမနာမံ ဉာဏံ, ဇာတံ ဒသမယောဂိနော။

သင်္ခါရာ -ရုပ်နာမ်နှစ်ပါး, သင်္ခါရတရားမှ၊ လီနစိတ္တဿ-အာရုံကိုမျှ, မပြုလိုသဖြင့်, တွန့်တိုဆုတ်နစ်, စိတ်ရှိသည်ဖြစ်၍သာလျှင်၊ ဝီတသင်္ခါရံ-သင်္ခါရ ခပ်သိမ်းတို့, ဇာတ်ငြိမ်းရာမှန်, အေးနိဗ္ဗာန်ကို၊ ဧသတော- စွဲလမ်းနှစ်သက်, ရှာကြံလျက်ရှိသော၊ ဒသမယောဂိနော-ဒသမအဆင့်, ဉာဏ်ကုန်လွှင့်၍, အသင့်ကြိုးကုတ်, အားထုတ်သောပုဂ္ဂိုလ်၏၊ အနုလောမနာမံ ဉာဏံ-ရှေ့နောက် လျော်ကန်, အနုလောမမည်သော ဉာဏ်သည်၊ ဇာတံ-ဒုက္ခခပ်သိမ်း, ဝဋ်ဇာတ် ငြိမ်းဖို့, ကိန်းအားလျော်စွာ, ဖြစ်ပေါ်၍လာပေသတည်း။

-------------------

မဂ်ရခါနီး စိတ်ဖြစ်စဉ်

မဂ်ရခါနီးစိတ်ဖြစ်စဉ်။ ။တေဿဝံ ပဋိပဇ္ဇန္တဿမှစ၍ ပဝတ္တန္တိတိုင်အောင် စကားရပ်ကား ဆိုခဲ့ပြီး သော အနုလောမဉာဏ်ကို ပြသောစကားရပ်တည်း၊ ထိုစကားရပ်၌ "ဒွတ္တီဏိ ဝိပဿနာစိတ္တာနိ" ဟူသည် ပရိကမ် ဥပစာ အနုလုံမည်သော ဝိပဿနာစိတ်များတည်း၊ တိက္ခပုဂ္ဂိုလ်အတွက် (၂)ကြိမ်, မန္ဒပုဂ္ဂိုလ် အတွက်(၃)ကြိမ် ဖြစ်ပုံကို မဂ္ဂဝီထိအတိုင်း သိပါ၊ အားလုံးမှတ်ဖွယ်ကို ဝီထိပိုင်း ဝီထိဆိုရိုး အပ္ပနာဇဝနဝါရ၌ ပြထားပြီ။

ဝုဋ္ဌာနဂါမိနီဝိပဿနာ။ ။ယာ သိခါပတ္တာ၊ သာ သာနုလောမာ သင်္ခါရုပေက္ခာ ဝုဋ္ဌာနဂါမိနီဝိပဿနာ တိ စ ပဝုစ္စတိ၊-မဂ်တရားကို ဝုဋ္ဌာနဟု ခေါ်၏၊ ထိုဝုဋ္ဌာနမည်သော မဂ်သို့ ရောက်ကြောင်းဖြစ်သော (မဂ်နှင့် နီးကပ်နေသော) ဝိပဿနာသည် ဝုဋ္ဌာနဂါမိနီဝိပဿနာ မည်၏၊ ချဲ့ဦးအံ့-မဂ်တရားမှန်လျှင် သင်္ခါရကို အာရုံမပြု, နိဗ္ဗာန်ကိုသာ အာရုံပြု၏၊ ထို့ကြောင့် မဂ်သည် သင်္ခါရတည်းဟူသော အာရုံနိမိတ်မှ ထမြောက်၏၊ မဂ်ကို ရလျှင် သံသရာဝဋ်၌ ကြာရှည်စွာ ခန္ဓာအစဉ် မဖြစ်တော့ပြီ၊ သောတာပတ္တိမဂ်ရလျှင်ပင် ကာမဘုံ၌ (၇)ဘဝမျှသာ ဖြစ်ခွင့် ရှိတော့၏၊ ထို့ကြောင့် မဂ်သည် အစဉ်မပြတ် ဖြစ်ဖွယ်ရှိသော ဝဋ်မှ ထမြောက်၏၊ ဣသို့ ထမြောက်သောကြောင့် မဂ်ကို ဝုဋ္ဌာနဟု ခေါ်သည်၊ ထိုဝုဋ္ဌာနမည်သော မဂ်သို့ ရောက်ကြောင်း ဝိပဿနာကား သင်္ခါရုပေက္ခာဉာဏ်၏ နောက်ဆုံးအပိုင်းနှင့် အနုလောမဉာဏ်ပင်တည်း။

ချဲ့ဦးအံ့ –သင်္ခါရုပေက္ခာဉာဏ်ကို ရှေ့ပိုင်း အလယ်ပိုင်း မဂ္ဂဝီထိနှင့် ဆက်သွယ်နေသော နောက်ဆုံးအပိုင်း ဟု သုံးပိုင်း ခွဲရာ၏၊ ထိုတွင် ရှေ့ပိုင်း အလယ်ပိုင်းတို့သည် ဤဝုဋ္ဌာနဂါမိနီဝိပဿနာနှင့် မသက်ဆိုင်၊ မနောဒွါရာဝဇ္ဇန်းနောက် ဇော(၇)ကြိမ်ဟူသော သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးလျှင် ဘဝင်အနည်းငယ်ခြား၍ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ မနောဒွါရာဝဇ္ဇန်းတို့နောက် ပရိကံ ဥပစာ အနုလုံဟု အနုလောမဉာဏ် ဖြစ်၏၊ (ထို့နောက် ဂေါတြဘုဆက်၍ မဂ်ဖိုလ်ဖြစ်တော့လတ္တံ့၊) ထိုသို့ အနုလောမဉာဏ်နှင့် ဆက်စပ်ကပ်နေသော သင်္ခါရုပေက္ခာဉာဏ် နောက်ဆုံးအပိုင်းနှင့် အနုလောမဉာဏ်သည် ဝုဋ္ဌာနဂါမိနီဝိပဿနာ မည်၏၊ ဝုဋ္ဌာနံ ဂစ္ဆန္တိ ဧတာယာတိ ဝုဋ္ဌာနဂါမိနီ၊ ဧတာယ-ဤဝိပဿနာဖြင့်၊ ဝုဋ္ဌာနံ-သင်္ခါရနိမိတ္တ ဝဋ္ဋပဝတ္တမှ ထမြောက်သော မဂ်သို့၊ ဂစ္ဆန္တိ-ရောက်ရကုန်၏၊ ဣတိ-ကြောင့်၊ ဝုဋ္ဌာနဂါမိနီ-မည်၏။ [သင်္ခါရအာရုံကို "သင်္ခါရနိမိတ္တ" , အစဉ်မပြတ်ဖြစ်သော ဝဋ်ခန္ဓာကို "ဝဋ္ဋပဝတ္တ" ဟု ခေါ်သည်။]

သင်္ခါရဘူတနိမိတ္တ-ဝဋ္ဋက္ခန္ဓပဝတ္တတော၊ ဝုဋ္ဌာနံ ယာယ ဂစ္ဆန္တိ, ဧသာ ဝုဋ္ဌာနဂါမိနီ။

အနုလောမဉာဏ်နှင့် ဂေါတြဘုသတ္တိထူး

ဂေါတြဘုစိတ်။ ။တတော ပရံ ဂေါတြဘုစိတ္တံ နိဗ္ဗာနံ အာလမ္ဗိတွာ ပုထုဇ္ဇနဂေါတ္တံ အဘိဘဝန္တံ အရိယဂေါတ္တံ အဘိသမ္ဘောန္တဉ္စ ပဝတ္တတိ၊ "ပုထုဇ္ဇန ဂေါတ္တံ အဘိဘဝန္တံ" ဖြင့် "ဂေါတ္တံ ဘဝတိ အဘိဘဝတီတိ ဂေါတြဘု" ဟု ဝိဂြိုဟ်ကို ပြ၏၊ ဂေါတ္တံ-ပုထုဇဉ်အနွယ်ကို၊ ဘဝတိ အဘိဘဝတိ-လွှမ်းမိုး တတ်၏၊ ဣတိ-ကြောင့်၊ ဂေါတြဘု-မည်၏၊ ဤ၌ ဂေါတ္တအရ ပုထုဇဉ်အနွယ်ဟူသည် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာမကင်းသော ခန္ဓာအစဉ်ရ၏၊ ဂေါတြဘုစိတ် ဖြစ်သောအခါ

ထိုပုထုဇဉ်အနွယ်ကို လွှမ်းမိုးနိုင်ပြီ၊ "အရိယဂေါတ္တံ အဘိသမ္ဘောန္တံ" ဖြင့် "ဂေါတ္တံ ဘဝတိ အဘိသမ္ဘုဏာတီ တိ ဂေါတြဘု" ဟု ဝိဂြိုဟ်ပြ၏၊ ဂေါတ္တံ-အရိယာအနွယ်သို့၊ ဘဝတိ အဘိသမ္ဘုဏာတိ-ရောက်တတ်၏၊ [ဤ၌ ဘူဓာတ်သည် "ဘူ=ပတ္တိယံ" ဟူသော ဓာတ်ကျမ်းအတိုင်း ရောက်ခြင်းအနက်ကို ဟော၏၊] အရိယာအနွယ်ဟူသည် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ ကင်းပြီးသော ခန္ဓာအစဉ်တည်း၊ ဂေါတြဘုစိတ် ဖြစ်သော အခါ ထိုအရိယာအနွယ်သို့ မရောက်သေးသော်လည်း ရောက်တော့မည် ဖြစ်၍ "သမီပူပစာရအားဖြင့် ရောက်သည်" ဟု ဆိုသည်။

နိဗ္ဗာနံ အာလမ္ဗိတွာ။ ။ဤဂေါတြဘုသည် မိမိရှေ့က ဆင်ခြင်ပေးမည့် အာဝဇ္ဇန်း မရှိဘဲလျက်ပင် နိဗ္ဗာန်ကို အာရုံပြုနိုင်ပေသည်၊ ထင်ရှားစေအံ့-မြောင်းငယ်တစ်ခုကို ခုန်၍ ကူးသောယောက်ျားသည် အဝေးမှ အပြေးလာပြီးလျှင် မြောင်းအထက်က သစ်ကိုင်းမှ ကျနေသော နွယ်ကြိုးကို ကိုင်၍ဖြစ်စေ, တုတ်နှင့် ထောက်၍ဖြစ်စေ မြောင်းကို ခုန်လိုက်ပြီးနောက် ဟိုဘက်ကမ်းအထက်သို့ ရောက်သောအခါ ကြိုး, သို့မဟုတ် တုတ်ကို လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဟိုဘက်ကမ်းက မြေ၌ ခြေထောက်မိသကဲ့သို့, ထို့အတူ ဥဒယဗ္ဗယဉာဏ်မှစ၍ ဉာဏ်အဟုန်ဖြင့် ပြေးလာခဲ့ရာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပြီးနောက် ဘဝင် ကျ၍ မနောဒွါရာဝဇ္ဇန်းဖြင့် ရုပ်တရားတည်းဟူသော ကြိုး, သို့မဟုတ် နာမ်တရားတည်းဟူသော တုတ်ကို ကိုင်၍ ပရိကမ်ဇောဖြင့် နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့ ခုန်လိုက်သောအခါ ဥပစာဇောဖြင့် မြောင်းလယ်သို့ ရောက်, အနုလုံဇောဖြင့် နိဗ္ဗာန်ကမ်း အထက်သို့ ရောက်, ထို့နောက် ရုပ်နာမ်တည်း ဟူသော ကြိုး, တုတ်ကို လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် နိဗ္ဗာန်တည်းဟူသော ကမ်းဘက်၌ ဂေါတြဘုခြေ နင်းမိလေသည်၊ [သို့ရာဝယ် နင်းမိခါစ၌ မခိုင်မြဲသေး, မဂ်ခဏကျမှ ခိုင်မြဲစွာ ထောက်မိလေသည်၊] ဤဥပမာအရ မဂ္ဂဝီထိ၌ အကြောင်းအားလျော်စွာ မနောဒွါရာဝဇ္ဇန်းစသော ရှေ့စိတ်များသည် သင်္ခါရကို အာရုံပြု၍ ဂေါတြဘု မဂ်ဖိုလ်တို့က နိဗ္ဗာန်ကို အာရုံပြုသဖြင့် တစ်ဝီထိအတွင်း၌ အာရုံချင်း ကွဲပြားရလေသည်။

အနုလောမဉာဏ်နှင့် ဂေါတြဘုသတ္တိထူး။ ။ပရိကမ်စသော အနုလောမဉာဏ်သည် မောဟ အမှောင်ကိုသာ ပယ်နိုင်၏၊ နိဗ္ဗာန်ကို မမြင်နိုင်၊ ဂေါတြဘုသည် နိဗ္ဗာန်ကိုသာ မြင်နိုင်၏, မောဟကို မပယ်နိုင်၊ ဥပမာ-နက္ခတ်ဆရာသည် ညဉ့်အခါ၌ လကို ကြည့်ရှုလေသော် တိမ်တိုက်ဖုံးကွယ်နေသဖြင့် နက္ခတ်ကို မမြင်ရ၊ ထိုအခါ မကြာခင် လေလာသဖြင့် ခပ်ကြမ်းကြမ်းတိမ်တွေ ကင်းစင်လေ၏၊ ဒုတိယ လေလာပြန်ရာ အလတ်စားတိမ်လွှာများ လွင့်စင်သွားပြီးနောက် တတိယလေ ပေါ်ပေါက်မှ တိမ်လွှာ အားလုံး လွင့်စင်သဖြင့် လကို မြင်ရလေသည်၊ ထို့အတူ

နိဗ္ဗာန်တည်းဟူသော လမင်းကို ကြည့်ရှုရာဝယ် မောဟအမှောင် ကွယ်ကာသဖြင့် မမြင်ရဘဲ ရှိလေရာ, ပရိကမ် ဥပစာ အနုလုံဟူသော လေသုံးကြိမ် အစဉ်အတိုင်း လာမှ မောဟမှောင်ကင်း၍ ဂေါတြဘုဖြင့် နိဗ္ဗာန်တည်းဟူသော လမင်းကို မြင်ရလေသည်၊ ဤသို့လျှင် ဂေါတြဘုသည် နိဗ္ဗာန်ကို ပဌမမြင်သည့် အတွက် "မဂ်၏ရှေ့က ဆင်ခြင်ပေးသည့် အာဝဇ္ဇန်းအရာ၌ တည်သည်" ဟု ပြောစမှတ် ပြုကြရသည်။

မဂ်စိတ်ပေါ်လာပုံ။ ။တဿာနန္တရမေဝ မဂ္ဂေါ ဒုက္ခသစ္စံ ပရိဇာနန္တော သမုဒယသစ္စံ ပဇဟန္တော နိရောဓသစ္စံ သစ္ဆိကရောန္တော မဂ္ဂသစ္စံ ဘာဝနာဝသေန အပ္ပနာဝီထိမောတရတိ။ ဂေါတြဘုစိတ်ချုပ်ပြီး နောက် ကိစ္စလေးချက်ကို တစ်ပြိုင်နက် ပြီးစေတတ်သော မဂ်စိတ်ပေါ်လာ၏၊ ထင်ရှားစေအံ့-ဆီမီးသည် မီးစာကို လောင်ခြင်း, အမှောင်ကို ပယ်ခြင်း, အလင်းကို ပြခြင်း, ဆီကို ကုန်စေခြင်း ဤကိစ္စလေးချက်ကို တစ်ပြိုင်နက် ပြီးစေသကဲ့သို့, မဂ်တရားလည်း ဒုက္ခသစ္စာကို "ဤမျှသာ ရှိ၏, ဤလောကီ စိတ် စေတသိက် ရုပ်ထက် အပိုမရှိ" ဟု ပိုင်းခြား၍ သိခြင်းဟူသော ပရိညာကိစ္စ, သမုဒယသစ္စာ တဏှာ လောဘကို ပယ်စွန့်ခြင်း ဟူသော ပဟာနကိစ္စ, နိရောဓသစ္စာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဟူသော သစ္ဆိကရိယာကိစ္စ, မဂ္ဂသစ္စာကို မိမိသန္တာန်ဝယ် ဖြစ်ပေါ်၍ လာစေခြင်းဟူသော ဘာဝနာကိစ္စ, ဤကိစ္စလေးချက်ကို တစ်ပြိုက်နက် ပြီးစေနိုင်တော့သည်။

အာရမ္မဏအသမ္မောဟ။ ။ဤအရာဝယ် အာရမဏပဋိဝေဓ, အသမ္မောဟ ပဋိဝေဓဟု ပဋိဝေဓ နှစ်မျိုး ကို မှတ်သားရာ၏၊ မဂ်ခဏ၌ နိဗ္ဗာန်ကို သိရခြင်းမှာ အာရုံပြုလျက် သိရသော အာရမဏပဋိဝေဓအသိ တည်း၊ ဒုက္ခသစ္စာကို သိရခြင်းကား ယုံမှား တွေဝေခြင်း မရှိဘဲ ရှင်းပြီး လင်းပြီးသားဖြစ်သော အသမ္မောဟ ပဋိဝေဓအသိတည်း၊ ဆိုလိုရင်းကား-မဂ်ခဏ၌ ဒုက္ခသစ္စာကို အာရုံမပြုပါ၊ သို့သော် နိဗ္ဗာန်ကို အာရုံပြုရင်း ပင် ဒုက္ခသစ္စာအပေါ်၌ တွေဝေခြင်း မရှိဘဲ ရှင်းလင်းပြီး ဖြစ်သွားသောကြောင့် အသမ္မေဟပဋိဝေဓအသိ ဖြင့် "ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသည်" ဟု ဆိုလိုသည်။ ["စတ္တာရိ သစ္စာနိ-သစ္စာလေးပါးတို့ကို၊ ဧကပ္ပဋိ ဝေဓာနိ-တစ်ခုတည်းသောဉာဏ်ဖြင့် တစ်ပြိုက်နက် သိအပ်ကုန်၏" ဟု ဆိုရာ၌လည်း နိရောဓသစ္စာကိုသာ အာရုံပြုလျက် တိုက်ရိုက်သိသည်၊ ကျန် သစ္စာ(၃)ပါးကား မတွေမဝေသောအားဖြင့် ရှင်းလင်းပြီးဖြစ်နေသော အသမ္မေဟပဋိဝေဓသာတည်း၊ နိရောဓသစ္စာအတွက်မှာ အာရမဏပဋိဝေဓသာမက, နိဗ္ဗာန်၌ ယုံမှား တွေဝေခြင်း မရှိသော အသမ္မောဟပဋိဝေဓလည်း ရနိုင်သည်ပင်၊ ဤ နှစ်မျိုးလုံးသော အသိသည် မဂ္ဂသစ္စာ တွင် ပါဝင်သော သမ္မာဒိဋ္ဌိဉာဏ်တစ်ခုတည်း၏ စွမ်းရည်သတ္တိတည်း။

မဟာဋီကာ။ ။နိရောဓံ ၊ပေ၊ ပဋိဝိဇ္ဈတီတိ ဧတေန နိရောဓသစ္စမေကံ အာရမဏပဋိဝေဓန, စတ္တာရိ သစ္စာနိ အသမ္မောဟ ပဋိဝေဓေန မဂ္ဂဉာဏံ ပဋိဝိဇ္ဈတိ။ (ဝိသုဒ္ဓိမဂ်)

---------------

ပစ္စဝေက္ခဏာဝီထိ

ပစ္စဝေက္ခဏာဝီထိ။ ။ပုန ဘဝင်္ဂံ ဝေါစ္ဆိန္ဒိတွာ ပစ္စဝေက္ခဏဉာဏာနိ ပဝတ္တန္တိ ၊-ဖိုလ်ဇော (၂)ကြိမ် (၃)ကြိမ်နောင် ဘဝင်ကျ၍ ဘဝင်အစဉ် ပြတ်သည့်အခါ "ငါသည် ဤမဂ်ဖြင့် နိဗ္ဗာန်ကို ရပြီ" ဟု မဂ်ကို ဆင်ခြင်သော ဝီထိ, မဂ်၏ အကျိုးကိုလည်း ခံစားရပေပြီဟု ဖိုလ်ကို ဆင်ခြင်သော ဝီထိ, ဤနိဗ္ဗာန်ကို မျက်မှောက်ပြုရပေပြီဟု နိဗ္ဗာန်ကို ဆင်ခြင်သော ဝီထိ, ဤမျှသော ကိလေသာကို ပယ်၍ ပြီးပြီဟု ပဟီနကိလေသာကို ဆင်ခြင်သော ဝီထိ, ဤမျှလောက်သော ကိလေသာများ ကျန်သေးသည်ဟု သေသ ကိလေသာကို ဆင်ခြင်သော ဝီထိ, ဤသို့ ပစ္စဝေက္ခဏာဝီထိ (၅)မျိုး ဖြစ်၏၊ ထိုတွင် "မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ, ပစ္စဝေက္ခတိ" ဟု ဆိုသောကြောင့် မဂ် ဖိုလ် နိဗ္ဗာန်တို့ကို ဆင်ခြင်သော ဝီထိ(၃)မျိုးမှာ ဧကန်ဖြစ်ရမည်ဟု လည်းကောင်း, "ဟီနေ ကိလေသေ သေသေ စ, ပစ္စဝေက္ခတိ ဝါ န ဝါ" ဟု ဆိုသောကြောင့် ပဟီန ကိလေသာ သေသကိလေသာကို ဆင်ခြင်သော ဝီထိကား အချို့ပုဂ္ဂိုလ်၌သာ ဖြစ်၍ အချို့ပုဂ္ဂိုလ်၌ မဖြစ်ဟု လည်းကောင်း သင်္ဂြိုဟ်ကျမ်းက အယူရှိ၏၊ ခုနစ်နှစ်အရွယ် သူငယ်များပင် မဂ်ဖိုလ်ကို ရကြသဖြင့် ထိုသူငယ်တို့သည် ပယ်အပ်ပြီးသော ကိလေသာ ကြွင်းကျန်သော ကိလေသာတို့ကို ခွဲခြား၍ သိဖို့မလွယ်၊ ဘုရားရှင်၏ နောင်တော်ဖြစ်သော သကဒါဂါမ်တည်ပြီး မဟာနာမ်မင်းကြီးသည်ပင်လျှင် ကျန်ကိလေသာ ကို မသိသည့်အတွက် "တပည့်တော်များ အဘယ် ကိလေသာတို့ကို မပယ်အပ်ပါသနည်း" ဟု ဘုရားရှင် အား လျှောက်ထားဖူးလေသည်၊ ထို့ကြောင့် "ပဟီနကိလေသာ သေသကိလေသာတို့ကို တချို့ပုဂ္ဂိုလ် ဆင်ခြင်နိုင်၍ တချို့ မဆင်ခြင်နိုင်" ဟူသော စကား၌ အယူအဆ တူမျှပေ၏။

မဂ်ဖိုလ်နိဗ္ဗာန် ဆင်ခြင်မှု။ ။"မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန် ဆင်ခြင်ကြသည်" ဟု တစ်ထစ်ချ ဆိုအပ် သော စကား၌ကား အယူအဆ မတူကြပေ၊-"သာ ပန န သဗ္ဗေသံ ပရိပုဏ္ဏာ ဟောတိ၊ ဧကော ဟိ ပဟီန ကိလေသမေဝ ပစ္စဝေက္ခတိ, ဧကော အဝသိဋ္ဌကိလေသမေဝ, ဧကော ဖလမေဝ, ဧကော နိဗ္ဗာနမေဝ၊ ဣမာသု ပန ပဉ္စသု ပစ္စဝေက္ခဏာသု ဧကာ ဝါ ဒွေ ဝါ နော လဒ္ဓုံ န ဝဋ္ဋတိ" ဟူသော စူဠဒုက္ခက္ခန္ဓ သုတ္တဋ္ဌကထာအလိုမှာ "ပစ္စဝေက္ခဏာဝီထိ ငါးမျိုးတွင် တစ်မျိူးဖြစ်စေ, နှစ်မျိုးဖြစ်စေ ဧကန်ရမည်၊ သို့သော် မည်သည့်ဝီထိဟု အတိအကျ မဟုတ်, တချို့ပုဂ္ဂိုလ်က ပဟီနကိလေသာကိုသာ ဆင်ခြင်၍ တချို့က အဝသိဋ္ဌကိလေသာ, တချို့က မဂ်ဖိုလ်နိဗ္ဗာန်တွင် သင့်ရာတစ်မျိုးမျိုးကို ဖြစ်စေ နှစ်မျိုးဖြစ်စေ သုံးမျိုးလုံး ဖြစ်စေ ဆင်ခြင်မည်" ဟု ဆိုလိုသည်၊ ထို့ုပြင် သင်္ဂြိုဟ်၌ "မဂ္ဂံ ဖလဉ္စ နိဗ္ဗာနံ" စသည်ဖြင့် မဂ္ဂပစ္စဝေက္ခဏာ ကို ရှေးဦးစွာ ပြသော်လည်း ယခင်အဋ္ဌကထာ၌ ပဟီနကိလေသပစ္စဝေက္ခဏာကို ရှေးဦးစွာ ပြသောကြောင့် ထိုမဂ်ဖိုလ်စသော အာရုံ(၅)မျိုးတွင် အလိုရှိသလို ရှေ့နောက်စဉ်၍ ဆင်ခြင်ကြပေလိမ့်မည်၊ ဤသို့လျှင် သောတာပတ္တိမဂ်ရပြီးနောက် (၅)ဝီထိစီ, အရဟတ္တမဂ်ရပြီးနောက် (၅)ဝီထိ, သကဒါဂါမိမဂ် အနာဂါမိမဂ် ရပြီးနောက်(၅)ဝီထိစီ, အရဟတ္တမဂ်ရပြီးနောက် (သေသကိလေသာကို ဆင်ခြင်ဖွယ် မလိုသောကြောင့်) (၄)ဝီထိ အားလုံးပေါင်းလျှင် ပစ္စဝေက္ခဏာ ဝီထိ အမျိုးအစား (၁၉)ပါး ရနိုင်သည်။

ဉာဏဒဿနဝိသုဒ္ဓိ။ ။ဆဗ္ဗိသုဒ္ဓိကမေနေဝံ, ဘာဝေတဗ္ဗော စတုဗ္ဗိဓော၊ ဉာဏဒဿနဝိသုဒ္ဓိ-နာမ မဂ္ဂေါ ပဝုစ္စတိ၊-သီလဝိသုဒ္ဓိစသော ရှေ့ဝိသုဒ္ဓိ (၆)ပါး အစဉ်ဖြင့် အဆင့်ဆင့် တက်၍ ရအပ်သော မဂ်ကို (မဂ်လေးပါးလုံးပင်) ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်သည်၊ "စတုသစ္စံ ဇာနာတီတိ ဉာဏံ, ပစ္စက္ခတော ပဿတီ တိ ဒဿနံ, ကိလေသမလတော ဝိသုဇ္ဈနံ ဝိသုဒ္ဓိ၊ သစ္စာလေးပါးကို သိတတ်, မျက်စိဖြင့်မြင်ရသလို တိုက်ရိုက် မြင်တတ်သောကြောင့် "ဉာဏဒဿန" မည်၏၊ ကိလေသာအညစ်အကြေးမှ စင်ကြယ်သော ကြောင့် ဝိသုဒ္ဓိလည်း မည်၏၊ နာမည်(၃)ရပ်ကို ပေါင်းစပ်၍ မဂ်ကို ဉာဏဒဿနဝိသုဒ္ဓိဟု ခေါ်ဝေါ်အပ်သည်၊ ဝိသုဒ္ဓိ(၇)ပါးတွင် သီလဝိသုဒ္ဓိ စိတ္တဝိသုဒ္ဓိနှစ်ပါးသည် အခြေခံမူလတည်း၊ ထိုနှစ်ပါးက မစင်ကြယ်လျှင် အထက်ဝိသုဒ္ဓိများ စင်ကြယ်နိုင်မည်မဟုတ်၊ အထက်ဝိသုဒ္ဓိ(၅)ပါးကား အထည်ကိုယ် သရီရတည်း၊ ဤကား အဋ္ဌကထာအဆို [ဋီကာကျော်၌ကား ဉာဏဒဿနဝိသုဒ္ဓိချန်၍ အလယ်လေးပါးကို အထည်ကိုယ် သရီရဟု ဆို၏၊ ဉာဏဒဿနဝိသုဒ္ဓိကို ဦးခေါင်းနှင့် ဥပမာပြုလိုဟန် တူသည်၊ ဝိသုဒ္ဓိ(၇)ပါးနှင့် သမ္မသနစသော ဉာဏ်(၁၀)ပါးကို ရသင့်သလို တွဲပြပုံမှာ အခြေပြု၌ ပါလေပြီ။]

-----------------

ဝိမောက္ခ။ ။"တတ္ထ အနတ္တာနုပဿနာ အတ္တာဘိနိဝေသံ မုစ္စန္တီ သုညတာနုပဿနာ နာမ ဝိမောက္ခ မုခံ ဟောတိ" စသည်နှင့်အညီ ပဋိပက္ခတော-ဆန့်ကျင်ဘက် ကိလေသာတို့မှ၊ ဝိမုစ္စတိ-လွတ်မြောက်တတ် ၏၊ ဣတိ-ကြောင့်၊ ဝိမောက္ခော-မည်၏၊ ဤဝိဂြိုဟ်အရ မဂ်ကို ဝိမောက္ခဟု ခေါ်၏၊ "ပဋိပက္ခတော ဝိမုစ္စိတ္ထ- ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ပြီ" ဟူသော ဝိဂြိုဟ်အရ ဖိုလ်လည်း ဝိမောက္ခမည်နိုင်၏၊ ထိုဝိမောက္ခသို့ ဝင်ရောက်ရာ တံခါးအပေါက်ဝသဖွယ် ဖြစ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဝိမောက္ခမုခ မည်၏၊ [အတ္တဘိနိဝေသ-

အတ္တဟူ၍ စွဲလမ်းစွာသက်ဝင်နေမှု၊ ဝိပလ္လာသနိမိတ္တ-"ဝိပရိတော-ဖောက်ပြန်သောအားဖြင့် + အသနံ- ဖြစ်ခြင်း" အရ အနိစ္စတရားကို နိစ္စဟူ၍ ဖောက်ပြန်စွာ ထင်မှတ်သော သညာ စိတ္တ ဒိဋ္ဌိဟူသော တရားကို "ဝိပလ္လာသ" ဟု ခေါ်သည်၊ ထိုဝိပဿနာတရားကိုပင် ကိလေသာဖြစ်ခြင်း၏ အကြောင်းနိမိတ်ဖြစ်သော ကြောင့် "ဝိပလ္လာသနိမိတ်" ဟု ခေါ်သည်၊ တဏှာပဏိဓိ ဟူသည်ကား သင်္ခါရအာရုံ၌ စွဲမြဲစွာ စိတ်ကို ထားတတ် တောင့်တတတ်သော တဏှာတည်း။

ဆက်ဦးအံ့ –ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ရုပ်နာမ်တစ်ခုခုကို အနတ္တဟု ရှုလျှင် အတ္တဟု စွဲလမ်းချက်ကို စွန့်လွှတ်နိုင်သောကြောင့် သုညတာနုပဿနာမည်သော ဝိမောက္ခမုခ ဖြစ်၏၊ [သုညတ-အတ္တမှ ကင်းဆိတ် သော အခြင်းအရာကို + အနုပဿနာ-အဖန်ဖန်ရှုသော ဝိပဿနာ၊] ထိုသုညတာနုပဿနာမည်သော ဝိမောက္ခမုခမှ ထွက်၍ မဂ်ရလျှင် ထိုမဂ်သည် သုညတဝိမောက္ခမည်၏၊ ဝုဋ္ဌာနဂါမိနီဝိပဿနာက ရုပ်နာမ် တစ်ခုခုကို အနိစ္စဟုရှုလျှင် နိစ္စဟူ၍ ဖောက်ပြန်စွာ ထင်မှတ်တတ်သော သညာ စိတ္တ ဒိဋ္ဌိဟူသော ဝိပလ္လာသနိမိတ်ကို စွန့်နိုင်သောကြောင့် အနိမိတ္တာနုပဿနာမည်သော ဝိမောက္ခမုခ ဖြစ်၏၊ ထိုအနိမိတ္တာနု ပဿနာဟူသော ဝိမောက္ခမုခမှ ထွက်၍ မဂ်ရလျှင် ထိုမဂ်လည်း အနိမိတ္တဝိမောက္ခမဂ် မည်သည်၊ ဝုဋ္ဌာနဂါမိနီဝိပဿနာက ရုပ်နာမ်တစ်ခုခုကို ဒုက္ခဟုရှုလျှင် ရုပ်နာမ်သင်္ခါရ၌ တောင့်တသော တဏှာပဏိဓိ ကို စွန့်လွှတ်နိုင်သောကြောင့် အပ္ပဏိဟိတာနုပဿနာမည်သော ဝိမောက္ခမုခဖြစ်၏၊ ထိုမှ ထွက်၍ မဂ်ရလျှင် ထိုမဂ်လည်း အပ္ပဏိဟိတမဂ် မည်၏၊ ဤကား ဝိပဿနာဂမနမဂ်၏ အစွမ်းဖြင့် မဂ်၌ နာမည်(၃) မျိုးတွင် တစ်မျိုးမျိုး ရနိုင်ပုံတည်း။ [ဝိပဿနာ+အာဂမန၊ အာဂမန=မဂ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော+ ဝိပဿနာ+ဝိပဿနာ။]

တထာ ဖလဉ္စ မဂ္ဂါဂမနဝသေန မဂ္ဂဝီထိယံ။ ။ဖိုလ်၏ ဖြစ်ပေါ်လာကြောင်းဖြစ်သော မဂ်သည် မဂ္ဂါဂမန မည်၏၊ မဂ္ဂဝီထိ၌ပါသော ဖိုလ်နှစ်ကြိမ် သုံးကြိမ်လည်း မဂ်နာမည်ကို လိုက်၍ နာမည်အမျိုးမျိုး ရသည်၊ မဂ်က သုညတဝိမောက္ခမဂ် ဖြစ်လျှင် ဖိုလ်လည်း သုညတဝိမောက္ခဖိုလ် မည်၏၊ မဂ်က အနိမိတ္တ ဝိမောက္ခ ဖြစ်လျှင် ဖိုလ်လည်း အနိမိတ္တဝိမောက္ခ, မဂ်က အပ္ပဏိဟိတဖြစ်လျှင် ဖိုလ်လည်း အပ္ပဏိဟိတ ဖိုလ်ပင် ဖြစ်သည်-ဟူလို။ [အာဂစ္ဆတိ ဖလံ ဧတေနာတိ အာဂမနံ၊ မဂ္ဂေါယေဝ+အာဂမနံ မဂ္ဂါဂမနံ။]

ဖလသမာပတ္တိဝီထိယံ၊ပေ၊ သုညတာဒိဝိမောက္ခောတိ စ ပဝုစ္စတိ။ ။ဖလသမာပတ် ဝင်စားခါနီး၌ အနိစ္စ ဒုက္ခ အနတ္တဟု ရုပ်နာမ်တစ်ခုခုကို ဝိပဿနာ ရှုရသေး၏၊ ထို့ကြောင့် မဂ္ဂဝီထိတုန်းက မဂ်သည် သုညတဝိမောက္ခ စသော

မိမိနာမည်ကို ဖိုလ်အား ဆက်လက်၍ ပေးနိုင်သော်လည်း ဖလသမာပတ္တိဝီထိခန်း၌ မဂ်မပါတော့ပြီဖြစ်၍ မဂ်က ဖိုလ်အား နာမည် မပေးနိုင်တော့ပြီ၊ ဖလသမာပတ် မဝင်စားမီ ရှေ့ကဖြစ်သော ဝိပဿနာကသာ ဖိုလ်အား သုညတဝိမောက္ခစသော နာမည် တစ်ခုခုကို ပေးနိုင်သည်၊ ဥပမာ-သမာပတ်ရှေ့က ဝိပဿနာသည် သုညတာနုပဿနာ ဖြစ်လျှင် ဖိုလ်အား သုညတာဝိမောက္ခဟူသော နာမည်ကို ပေးနိုင်သည်၊ ဤသို့ စသည်ဖြင့် သိပါ။

ယထာသကံ ဖလမုပ္ပဇ္ဇမာနံပိ။ ။ဖလသမာပတ်ဝင်စားသောအခါ မိမိတည်းဟူသော မဂ်အားလျော် သော ဖိုလ်ပင် ဖြစ်၏၊ ဥပမာ-မဂ်ရတုန်းက သုညတဝိမောက္ခမဂ်ဖြစ်လျှင် ဖလသမာပတ် ဝင်စားသောအခါ ဖိုလ်လည်း ထိုသုညတဝိမောက္ခ၏ အကျိုးဖြစ်သော ဖိုလ်စိတ်ပင်တည်း၊ ထိုသို့ ပထမရခဲ့တုန်းက မဂ်၏ ဖိုလ်ပင်ဖြစ်သော်လည်း ထိုမဂ်က ဖလသမာပတ်အတွင်း၌ဖြစ်သော ဖိုလ်အား သုညတဝိမောက္ခစသော နာမည်ကို မပေးနိုင်-ဟူလို၊ အကြောင်းကား-ပထမရခဲ့သောမဂ်နှင့် ဖလသမာပတ်တွင်းက ဖိုလ်မှာ အလွန် ဝေးကွာခဲ့ပြီဖြစ်၍ ယခု သမာပတ်ဝင်စားခါနီးဖြစ်သော ဝိပဿနာကသာ ဖိုလ်နှင့် နီးကပ်သောကြောင့် တည်း။ [ယထာသကံ အရာဝယ် မဏိမဉ္ဇူ၌ "ယထာသက" ဟု ဖွင့်၏၊ "ယထာသကဖလံ-အကြင် အကြင် မိမိ၏ ဥစ္စာဖြစ်သော ဖိ်ုလ်သည်" ဟု အနက် ပေးစေလိုသည်၊ နိဂ္ဂဟိတ်မှာ အာဂုံသာတည်းတဲ့။]

အာရမဏဝသေန ၊ပေ၊ သဗ္ဗတ္ထ သဗ္ဗေသံပိ သမမေဝ။ ။မဂ်ဖိုလ်တို့၌ သုညတဝိမောက္ခ စသော နာမည်ရမှုသည် ဝိပဿနာနှင့် ဆက်သွယ်၍သာ ဖြစ်သည် မဟုတ်သေး၊ အာရုံနှင့် ဆက်သွယ်၍ လည်းကောင်း, မိမိ၏ ပင်ကိုသဘောအားဖြင့်လည်းကောင်း ဖြစ်သေး၏၊ ထင်ရှားစေအံ့-မဂ်ဖိုလ်တို့၏ အာရုံ ဟူသည် နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်ကား ရုပ်ပိုင်း နိဗ္ဗာန်ခန်း၌ ပြခဲ့သည့်အတိုင်း သုညတ အနိမိတ္တ အပ္ပဏိဟိတ အမည် သုံးမျိုးလုံး ရ၏၊ ထိုနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဖိုလ်များလည်း (အကြောင်းအာရုံ၏ အမည်ကို အကျိုးအာရမဏိက မဂ်ဖိုလ်ပေါ် တင်စား၍) သုညတဝိမောက္ခ အနိမိတ္တဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခဟု နာမည်သုံးမျိုးပင် မဂ္ဂဝီထိ၌ဖြစ်စေ, ဖလသမာပတ္တိဝီထိ၌ဖြစ်စေ အခါခပ်သိမ်း ဖြစ်နိုင်ပေသည်၊ မိမိသဘော အတိုင်း အမည်သုံးမျိုးဖြစ်ပုံကိုကား-မဂ်ဖိုလ်တို့၌ ရာဂစသော ကိလေသာတို့မှ ကင်းဆိတ်သောကြောင့် အမြဲပင် သုညတဝိမောက္ခ အမည် ဖြစ်၏၊ [သင်္ခါရတရားတို့သည် ပရမတ်အထည်ဝတ္ထုဖြစ်၍ ယောဂီတို့ ဉာဏ်မှာ ပုံသဏ္ဌာန်နိမိတ် ထင်၏၊] ထိုသင်္ခါရနိမိတ်ကို အာရုံ မပြုဘဲ နိဗ္ဗာန်ကို အာရုံပြုသောကြောင့် အမြဲပင် အနိမိတ္တဝိမောက္ခအမည် ဖြစ်၏၊ ရာဂစသော

တောင့်တတတ်သော ကိလေသာတို့နှင့် မယှဉ်ရကား အမြဲပင် အပ္ပဏိဟိတဝိမောက္ခ မည်၏၊ ဤသို့လျှင် အာရုံအားဖြင့်လည်းကောင်း, မိမိသဘောအားဖြင့်လည်းကောင်း မဂ်ဖိုလ်တို့၌ သုညတဝိမောက္ခစသော နာမည်သုံးပါးလုံး အမြဲပင် ဖြစ်နိုင်သည်။

တစ်မျိုးမျိုး ရှုရုံမျှဖြင့် ကိစ္စမပြီး။ ။"ဝုဋ္ဌာနဂါမိနိဝိပဿနာသည် အနတ္တဟု ရှုလျှင်" စသည်ဖြင့် ဆိုခဲ့ ပြီ၊ ထိုစကားအရ အနတ္တဟုဖြစ်စေ, အနိစ္စဟုဖြစ်စေ, တစ်မျိုးမျိုး ရှုရုံမျှဖြင့် မဂ်ကို ရနိုင်သည်ဟု မှတ်ရမည် လော-ဟုမေး၊ အဖြေကား-တစ်မျိုးမျိုး ရှုရုံမျှဖြင့် မဂ်ကို မရနိုင်ပါ၊ သမ္မသနစသော ရှေးရှေးဉာဏ်အခိုက်မှာ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း အမျိုးမျိုး ပြောင်းလွှဲ၍ ရှုရ မည်သာ၊ သို့သော် တစ်ဝီထိတည်းဖြင့် ထိုသုံးပါးလုံးကို တစ်ပြိုင်နက် မရှုနိုင်သောကြောင့် ဝုဋ္ဌာနဂါမိနိ ဝိပဿနာဝီထိ ကျသောအခါ အနိစ္စဖြစ်စေ, ဒုက္ခဖြစ်စေ, အနတ္တဖြစ်စေ တစ်ခုခုကိုသာ ရှုနိုင်၏၊ ထို့ကြောင့် "ယဒိ ဝုဋ္ဌာနဂါမိနိဝိပဿနာ အနတ္တတော ဝိပဿတိ" စသည်ဖြင့် ပရိကပ္ပဇောတက ယဒိသဒ္ဒါထည့်၍ ဆိုပါသည်။

ဣန္ဒြေအားဖြင့် ဝိပဿနာ ကွဲပြားပုံ။ ။ဝုဋ္ဌာနဂါမိနိဝိပဿနာဝီထိသို့ ရောက်သောအခါ ပညိန္ဒြေ ထက်သူသည် အနတ္တဟု, သဒ္ဓိန္ဒြေထက်သူသည် အနိစ္စဟု, သမာဓိန္ဒြေထက်သူသည် ဒုက္ခဟု ရှုလျက် ရှိတတ်သည်၊ ချဲ့ဦးအံ့-သင်္ခါရတို့၌ အတ္တမှ ကင်းဆိတ်အောင် ရှုနိုင်သောဉာဏ်သည် ထက်မြက်သော ဉာဏ်သာ ဖြစ်ထိုက်၏၊ ပင်ကိုက ဉာဏ်ထက်သူသည် ထိုကဲ့သို့ လေးနက်သော အရာကို ရှာရှာဖွေဖွေ သိချင်တတ်သောဝါသနာ ရှိ၏၊ သို့ဖြစ်၍ ပညိန္ဒြေ ထက်မြက်သူသည် သမ္မသနစသော ဉာဏ်အခိုက်၌ အမျိုးမျိုး ရှုစေကာမူ အနတ္တဟု ရှုခြင်းသာ များရာ၏၊ ထို့ကြောင့် ကမ္မဋ္ဌာန်းပေါက်၍ မဂ်ရောက်ခါနီး အရေး ကြီးသောအခိုက်ဝယ် အနတ္တဟုသာ ရှုလျက် ရှိတတ်ပေသည်၊ သင်္ခါရတရားတို့၌ အနိစ္စဟု ဟောတော်မူ အပ်သောအချက်ကို နှစ်နှစ်သက်သက် ယုံကြည်မှု အားကောင်းသော သဒ္ဓိန္ဒြေထက်သူကား အနိစ္စဟုသာ အရှုများပေ လတ္တံ့၊ ထို့ကြောင့် မဂ်ရောက်ခါနီးဝယ် ဝါသနာအားလျော်စွာ အနိစ္စဟု ရှုလျက်သာ ရှိပေလိမ့် မည်၊ သမာဓိန္ဒြေထက်သူကား "သမာဓိ ကာမစ္ဆန္ဒဿ ပဋိပက္ခော" ဟူသည်နှင့်အညီ, တောင့်တတတ်သော ကာမစ္ဆန္ဒတဏှာပဏိဓိက ကင်းဝေးခဲ့ရင်း ရှိသောကြောင့် သင်္ခါရတို့၌ တောင့်တဖွယ် မဟုတ်သော အပ္ပဏိဟိတ အခြင်းအရာ ထင်မြင်သဖြင့် သုခမထင် ဒုက္ခဟုသာ များစွာ ရှုမြင်၏၊ ထို့ကြောင့် မဂ်ပေါက်ခါ နီး၌လည်း ဒုက္ခဟုသာ ရှုလျက် ရှိလိမ့်မည်။

[ဆောင်] သဒ္ဓါလွန်လျှင်, မမြဲအင်ကို, ဆင်ခြင်များဘိ၊ သမာဓိကြောင့်, ရှုကြည့်ဒုက္ခ၊ ပညာကြွမှု, အတ္တကင်းခန်း, အရှုစွမ်းသည်,... မဂ်နန်းဝင်ဖွယ် လမ်းကြောင်းတည်း။

-------------------

ပုဂ္ဂလဘေဒအဖွင့်

သောတာပန်ပုဂ္ဂိုလ်။ ။ဧတ္ထ ပန သောတာပတ္တိမဂ္ဂံ ဘာဝေတွာ ဒိဋ္ဌိ ဝိစိကိစ္ဆာ ပဟာနေန ပဟီနာပါယ ဂမနော သတ္တက္ခတ္တုပရမော သောတာပန္နော နာမ ဟောတိ၊-ဤကိုယ်၌ အတ္တဟု စွဲလမ်းထင်မှတ်မှုသည် သက္ကာယဒိဋ္ဌိ မည်၏၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိကြီးတို့သည် ဤ သက္ကာယဒိဋ္ဌိကို အရင်းခံ၍ ဖြစ်ကြရ၏၊ သို့ဖြစ်၍ ကိလေသာ(၁၀)ပါးတွင် ဒိဋ္ဌိကိလေသာသည် အရုန့် ကြမ်းဆုံးတည်း၊ ဝိစိကိစ္ဆာလည်း ဒိဋ္ဌိ၏ နောက်တော်ပါးပင် ဖြစ်၏၊ တကယ့် ဘုရား တရား သံဃာကို တွေ့မြင်နေပါလျက်လည်း ယုံမှားတုန်းပင် ဖြစ်၏၊ ပစ္စုပ္ပန်လောက တမလွန်လောကတွင် ကျင်လည်နေရပါ လျက်လည်း ထိုလောကတွေကို ယုံမှားနေ၏၊ ပဋိစ္စသမုပ္ပါဒ်တရားများ၌လည်း ယုံမှား၏၊ သောတာပန် အလောင်းအလျာ ဖြစ်သူတို့ကား ဒိဋ္ဌိဝိသုဒ္ဓိစခန်းလောက်ကပင် ဤဒိဋ္ဌိနှင့် ဝိစိကိစ္ဆာတို့ကို အတော်များစွာ ပယ်ခွာ၍ ရုပ်နာမ်ခန္ဓာ သံသရာ၏ အကြောင်းကို ကောင်းကောင်းကြီး ရိပ်မိခဲ့ရကား သောတာပတ္တိမဂ် ခဏ၌ ဤဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို အနုသယဓာတ် အကတ်အသတ်ကလေးကိုမျှ မကျန်အောင် ရှင်းလင်း သုတ်သင်လိုက်ကြပေသည်။

ပဟီနာဂါယဂမနော။ ။ဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်လိုက်သဖြင့် အကုသိုလ်စိတ် (၁၂)ပါးတွင် ဒိဋ္ဌိဂတ သမ္ပယုတ်စိတ်နှင့် ဝိစိကိစ္ဆာသဟဂုတ်စိတ်များ မဖြစ်ကြတော့ပြီ၊ ဒိဋ္ဌိဂတဝိပ္ပယုတ် ဒေါသမူ ဥဒ္ဓစ္စသဟဂုတ် စိတ်(၆)ပါးကား ဖြစ်ခွင့် ရှိသေး၏၊ သို့သော် ထိုအကုသိုလ်များ၏ အပါယ်ကျစေနိုင်လောက်သော သတ္တိ အင်အားကိုလည်း ပယ်ရှား ချိုးဖျက်လိုက်ပြီ၊ သို့ဖြစ်၍ သောတာပန်ပုဂ္ဂိုလ်၌ ဣဿာ မစ္ဆရိယ အစရှိသော အကုသိုလ်အကြမ်းစားတို့ မဖြစ်နိုင်တော့ပြီ၊ (အဋ္ဌသာလိနီ နိက္ခေပကဏ္ဍကြည့်၊) သောတာပန် မဖြစ်မီက ပြုခဲ့သော အပါယ်ရောက်ကြောင်း မကောင်းမှုများ ရှိကြပေဦးလတ္တံ့ ၊ ထိုမကောင်းမှုများသည် သူတို့ချည်း သက်သက် အပါယ်မချနိုင်, အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်အဖော် ရမှသာ အပါယ်ချနိုင်၏၊ သောတာပန် ပုဂ္ဂိုလ်၏ သန္တာန်၌ အဝိဇ္ဇာ တဏှာဟူသော ဝဋ်မြစ်တို့ကား အပါယ်၌ တွယ်ကပ်နိုင်သော အစွမ်းသတ္တိ မရှိ ကြတော့ချေ၊ ထို့ကြောင့် သောတာပန် မဖြစ်မီက ပြုခဲ့ပြီးသော အပါယ်ရောက်ကြောင်း မကောင်းမှုများ လည်း အပါယ်မချနိုင်တော့။

သတ္တက္ခတ္တုပရမော။ ။သတ္တက္ခတ္တုံ ပရမံ ယဿာတိ သတ္တက္ခတ္တုပရမော၊ ယဿ-အကြင်သောတာ

ပန်၏၊ သတ္တက္ခတ္တုံ-ခုနစ်ကြိမ်၊ ပရမံ-ပဋိသန္ဓေနေဖို့ရန် အလွန်ဆုံးပမာဏသည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့်၊ သတ္တက္ခတ္တုပရမော-မည်၏၊ သောတာပန် ဖြစ်ပြီးနောက် အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေနေဖွယ် ရှိတော့၏၊ ခုနစ်ဘဝ ပဋိသန္ဓေ နေပြီးလျှင် ဧကန် ရဟန္တာ ဖြစ်မည်-ဟူလို၊ ထင်ရှားစေအံ့-ပုထုဇဉ်ဘဝမှာပင် ပါရမီအခြေခံ ကောင်းသူသည် တဖြည်းဖြည်း စဉ်းစားဉာဏ် ရင့်လျက် သူတော်ကောင်းစိတ်ဓာတ်များ တိုးပွားလေ့ရှိ၏၊ ပျော်မှု ပါးမှု ကိစ္စနှင့် ကြုံရသော်လည်း ငြီးငွေ့သော သံဝေဂဉာဏ် ထက်သန်တတ်၏၊ အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အလောင်းတော်နှစ်ပါးသည် ပွဲလမ်းသဘင်ကို ရှုစားရာမှ သံဝေဂရ၍ လူ့ဘောင်ကို ခွာရှောင်တော်မူခဲ့ကြ၏။

ဤသို့လျှင် ပါရမီအခြေခံ ထက်သန်သော ပုထုဇဉ်များ၌ပင် စဉ်းစားဉာဏ် တိုးပွား၍ သံဝေဂဉာဏ် ရင့်သန်လေ့ရှိပေရကား ဒိဋ္ဌိ ဝိစိကိစ္ဆာနှင့် ရုန့်ကြမ်းသော အကုသိုလ်ဓာတ်ကို ဖြတ်တောက်ပြီးသော သောတာပန်မှာ ဆိုဖွယ် မရှိပြီ၊ လောကီအာရုံ ကာမဂုဏ်၌ ပျော်ချင်တိုင်း ပျော်, အပေါင်းအဖော် မသူတော် တို့နှင့် တွေ့ချင်တိုင်း တွေ့, ကုသိုလ်တရားဝယ် မေ့နိုင်သမျှ မေ့နေစေကာမူ သံသရာ၌ုငြီးငွေ့ရင်းစွဲဖြစ် သော ဓာတ်ခံသည်ကား အမြဲတိုးပွားရင့်သန်နေမည်သာ ဖြစ်သောကြောင့် သဒ္ဓိန္ဓြေစသော ဣန္ဓြေတို့က တိုးလာတိုင်း အကုသိုလ် အနုသယဓာတ်တို့ ဆုတ်ယုတ်ကြရတော့သည်၊ ထို့ကြောင့် "ဘုသံ ပမတ္တာ န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ" ဟု ရတနသုတ်၌ ဟောတော်မူသည်။

သောတာပန်သုံးမျိုး။ ။သတ္တက္ခတ္တုပရမ၌ ပရမပုဒ်က ပဋိသန္ဓေနေခွင့်ရှိသော အလွန်ဆုံး ပမာဏကို ပြသောကြောင့် ခုနစ်ဘဝအောက် ယုတ်လျော့၍ နေခွင့်ရှိကြောင်းကိုလည်း သိသာ၏၊ ထို့ကြောင့် တစ်ဘဝ သာ ပဋိသန္ဓေနေခွင့် ရှိသော ဧကဗီဇသောတာပန်, (၂) ဘဝမှ (၆)ဘဝအတွင်း သင့်သလို ပဋိသန္ဓေ. နေခွင့်ရှိသော ကောလံကောလသောတာပန်,(၇)ဘဝ ပဋိသန္ဓေနေခွင့်ရှိသော သတ္တက္ခတ္တုပရမသောတာပန် ဟု သောတာပန် သုံးမျိုး ပြားနိုင်သည်၊ ဧကံ+ဗီဇံ ယဿာတိ ဧကဗီဇီ၊ ယဿ-အကြင် သောတာပန်၏၊ ဧကံ-တစ်ခုသော၊ ဗီဇံ-ပဋိသန္ဓေဟူသော ဘဝမျိုးစေ့သည်၊ အတ္ထိ-ရှိ၏၊ ဣတိ-ကြောင့်၊ ဧကဗီဇီ-မည်၏၊ ကုလတော ကုလံ ဂစ္ဆတီတိ ကောလံကောလော၊ ကုလတော-အမျိုးမြတ် တစ်ခုမှ၊ ကုလံ-အမျိုးမြတ်တစ်ခု သို့၊ ဂစ္ဆတိ-ပဋိသန္ဓေအားဖြင့် လှည့်ပတ် ပြောင်းသွားတတ်၏၊ ဣတိ၊ ကောလံကောလော-မည်၏။ [သောတာပန်ဖြစ်လျှင် အောက်တန်းအမျိုး၌ ပဋိသန္ဓေ မနေရတော့ပြီ။]

သုံးမျိုးကွဲပြားကြောင်း။ ။ပင်ကို ပါရမီိဓာတ်ခံအလိုက် နူးညံ့သော သဒ္ဓါ ပညာစသော ဣန္ဒြေရှိသော မုဒိန္ဒြိယပုဂ္ဂိုလ်, အလယ်တန်းစား ဣန္ဒြေရှိသော မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်, ထက်မြက်သော ဣန္ဒြေရှိသော တိက္ခိန္ဒြိယပုဂ္ဂိုလ်ဟု သဒ္ဓိန္ဒြေစသော ဣန္ဒြေတို့က ခြားနားခြင်းကြောင့် သောတာပန်သုံးမျိုး ကွဲပြားရသည်၊ မုဒိန္ဒြိယပုဂ္ဂိုလ်သည် သတ္တက္ခတ္တုပရမသောတာပန် ဖြစ်၏၊ မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်သည် ကောလံကောလ သောတာပန် ဖြစ်၏၊ တိက္ခိန္ဒြိယပုဂ္ဂိုလ်သည် ဧကဗီဇီသောတာပန် ဖြစ်၏၊ တစ်နည်း-"သောတာပန် ဖြစ်ပြီး နောက် အထက်မဂ်အလို့ငှာ အားထုတ်အပ်သော ဝိပဿနာက ထက်မြက်လျှင် ဧကဗီဇီ ဖြစ်၏၊ အနည်းငယ် ညံ့လျှင် ကောလံကောလ ဖြစ်၏၊ ထို့အောက် ညံ့လျှင် သတ္တက္ခတ္တုပရမ ဖြစ်၏" ဟု ပုဂ္ဂလ ပညတ် အဋ္ဌကထာ စသည်၌ ဆိုသည်။

ဆက်ဦးအံ့ –ဧကဗီဇီသည် သောတာပန်ဖြစ်ပြီးနောက် တစ်ဘဝ ပဋိသန္ဓေ နေပြီးလျှင် ထိုဘဝ၌ပင် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်၏၊ ကောလံကောလပုဂ္ဂိုလ်သည် အလွန်ဆုံး (၆)ဘဝ ပဋိသန္ဓေ နေရ၏၊ ထို (၆)ဘဝ အတွင်း၌ နောက်ဆုံးဘဝ မရောက်ခင် သကဒါဂါမ် ဖြစ်နိုင်၏၊ နောက်ဆုံးဘဝကျမှလည်း သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်နိုင်၏၊ သတ္တက္ခတ္တုပရမပုဂ္ဂိုလ်လည်း (၇)ဘဝလုံး သောတာပန်အဖြစ်ဖြင့် ချည်း ပဋိသန္ဓေနေသူ, (၆)ခုမြောက် ဘဝဝယ် သကဒါဂါမ်ဖြစ်သူဟု နှစ်မျိုးပင် ရှိကောင်း၏၊ (၇)ဘဝ မြောက်၌ကား မုချ အနာဂါမ် ရဟန္တာ ဖြစ်ရမည်၊ ဤ ဧကဗီဇီစသော သုံးမျိုးကိုလည်း ကာမဘုံသားတို့ အတွက်သာ ခွဲခြားချက်တည်း။ [ဣမေ တယောပိ သောတာပန္နာ ကာမဘဝဝသေန ဝုတ္တာ, ရူပါရူပဘဝေ ပန ဗဟုကာပိ ပဋိသန္ဓိယော ဂဏှန္တိ။-ပဋိသမ္ဘိဒါမဂ္ဂ, ဒိဋ္ဌိကထာ, ဘဝဝိဘဝဒိဋ္ဌိနိဒ္ဒေသအဖွင့်။]

သောတာပန်တစ်မျိုး။ ။ယခုအခါ တာဝတိံသာ၌ တည်ရှိ၍ အထက်နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဘုံစဉ်စံ ဖြစ်ပြီးလျှင် အကနိဋ္ဌဗြဟ္မာ့ဘုံ၌ ပရိနိဗ္ဗာန်စံဝင်ကြမည့် သိကြားမင်းစသော သောတာပန်တို့မှာ ဤသတ္တက္ခတ္တုပရမစသော သုံးမျိုး၌ မပါဝင်ချေ၊ ထို့ပြင် လူ့ပြည်၌ချည်းသက်သက် (၇)ကြိမ် ပဋိသန္ဓေနေ သူ, နတ်ပြည်၌ချည်းသက်သက် (၇)ကြိမ် ပဋိသန္ဓေနေသူ, ဤပုဂ္ဂိုလ်များလည်း ထိုသုံးမျိုးတွင် မပါဝင်ကြ၊ "ဒေဝေ စ မနုေဿ စ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ" စသော ပါဠိတော်အလိုအားဖြင့် လူ့ပြည်တချို့ နတ်ပြည်တချို့ ရောလျက် ပဋိသန္ဓေနေသူကိုသာ "သတ္တက္ခတ္တုပရမ, ကောလံကောလ" ဟု ဆိုလို၍, လူ့ပြည်၌ တစ်ကြိမ်ပဋိသန္ဓေနေသူကိုသာ "ဧကဗီဇီ" ဟု ဆိုလိုသတတ်၊ ထို့ကြောင့် ထိုသုံးမျိုးမှ အလွတ်ဖြစ်သော သောတာပန်လည်း ရှိသေး၏ဟု မှတ်ပါ။

အချို့ဝါဒ။ ။"သတ္တက္ခတ္တုံ ဒေဝေ စ မနုေဿ စ သန္ဓာဝိတွာ သံသရိတွာ ဒုက္ခဿန္တံ ကရောတိ" ဟူသော ပါဠိတော်အလိုမှာ "လူ့ပြည် နတ်ပြည် အရောရောအားဖြင့် (၇)ကြိမ် ပဋိသန္ဓေနေနိုင်သည်" ဟု ပြလိုရင်းအမှန် ဖြစ်၏၊ သို့သော် အချို့က "သစေ ဥဒါယိ အာနန္ဒော အဝီတရာဂေါ ကာလံ ကရေယျ၊ ဣမသ္မိံယေဝ ဇမ္ဗုဒီပေ မဟာရဇ္ဇံ ကရေယျ" ဟူသော တိကနိပါတ အင်္ဂုတ္တရပါဠိတော်ကို ထောက်၍ "သတ္တက္ခတ္တုပရမပုဂ္ဂိုလ်သည် လူ့ပြည်(၇)ကြိမ် နတ်ပြည်(၇)ကြိမ်အားဖြင့် ခုနစ်စုံ ပဋိသန္ဓေနေခွင့် ရှိ၏" ဟု ယူဆကြ၏၊ သို့သော် ထိုပါဠိတော်အလိုမှာ "လူ့ပြည်၌ ဖြစ်မည်ဆိုလျှင် လူမင်း(၇)ကြိမ် နတ်ပြည်၌ ဖြစ်မည် ဆိုလျှင် နတ်မင်း(၇)ကြိမ် ဖြစ်နိုင်ဖွယ် ရှိသည်" ဟု ပြတော်မူလိုရင်း ဖြစ်သည်၊ (၁၄)ကြိမ် ပြတော်မူလိုရင်း မဟုတ်ပါ၊ သို့မှလည်း "အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော, ယံ ဒိဋ္ဌိသမ္ပန္နော အဋ္ဌမံ ဘဝံ နိဗ္ဗတ္တေယျ" စသော ဉာဏဝိဘင်းပါဠိတော် စသည်နှင့် ညီညွတ်မည်။

အချို့ကား–ဣတော သတ္တ တတော သတ္တ, သံသရာနိ စတုဒ္ဒသ၊ နိဝါသမဘိဇာနာမိ, ယတ္ထ မေ ဝုသိတံ ပုရေ"

ဟူသော ဇနဝသဘသုတ် ပါဠိတော်ကို (သက္ကပဥှသုတ်ဟု ဆိုမှား၍) ထို ပါဠိတော်အရ (၁၄)ကြိမ်ပင် ပဋိသန္ဓေနေနိုင်ကြောင်းကို ပြကြ၏၊ ထိုဝါဒကား "ယတ္ထ မေ ဝုသိတံ ပုရေ=တပည့်တော် ရှေးတုန်းက နေခဲ့ရဖူးပါပြီ" ဟူသော စကားကို သတိမထား, ကျမ်းရင်းကိုလည်း မကြည့်အားသဖြင့် အမှတ်တမဲ့ ဆိုထား ခြင်းမျှသာ ဖြစ်သည်၊ ထို ပါဠိတော်ကား- "ဗိမ္ဗိသာရမင်းသည် ဘုရားကျောင်းဒကာ သောတာပန် ဖြစ်သည့် အတွက် အထက် နတ်ပြည်၌ ဖြစ်လောက်ပါလျက် အဘယ့်ကြောင့် စာတုမဟာရာဇ် နတ်ပြည်ဝယ် ဇနဝသဘ နတ်သားဖြစ်ရသနည်း" ဟု စောကြောဖွယ် ရှိသောကြောင့် ထိုဇနဝသဘနတ်သည် ကိုယ်တိုင် ဘုရားရှင်အား လျှောက်ထားသောစကား ဖြစ်သည်၊ "တပည့်တော်သည်, ရှေးတုန်းက (သောတာပန် မဖြစ် ခင်က) ဤနတ်ပြည် (ဤဘုံ)၌ (၇)ကြိမ် ဟိုလူ့ပြည်၌ (၇)ကြိမ် ဆက်ကာ ဆက်ကာ ဖြစ်ခဲ့ဖူးပါသည်၊ သို့ဖြစ်၍ မိမိနေရာ ဘုံဌာနဟောင်းကို အောက်မေ့သော နိကန္တိတဏှာကြောင့် အထက်နတ်ပြည်၌ မဖြစ်ဘဲ ဤစာတုမဟာရာဇ်မှာ ဖြစ်ရပါသည်" ဟူလို။

သကဒါဂါမ်။ ။"သကဒါဂါမိမဂ္ဂံ ဘာဝေတွာ ရာဂဒေါသမောဟနံ တနုကရတ္တာ သကဒါဂါမီ နာမ ဟောတိ သကိဒေဝ ဣမံ လောကံ အာဂန္တွာ" ဟူသည်နှင့် အညီ သကဒါဂါမ် ဖြစ်သောအခါ ကာမဂုဏ်၌ တပ်မက်သော

ကာမရာဂနှင့် ဒေါသ မောဟတို့ အတော်နည်းပါးလေပြီ၊ ပုထုဇဉ်များကဲ့သို့ ဖြစ်ရာအကြိမ်လည်း မများ, ဖြစ်ပြန်လျှင်လည်း ပြင်းပြင်းပြပြ မဖြစ်တော့ပြီ-ဟူလို။ သကိံ အာဂစ္ဆတီတိ သကဒါဂါမီ၊ သကိံ-တစ်ကြိမ်၊ အာဂစ္ဆတိ-ပဋိသန္ဓေ နေလာတတ်၏၊ ဣတိ-ကြောင့်၊ သကဒါဂါမီ-သကဒါဂါမီ မည်၏၊ ဤအရာဝယ် သကဒါဂါမ်(၆)မျိုးကို မှတ်သားရာ၏။

၁။ ဣဓ ပတွာ ဣဓ ပရိနိဗ္ဗာယီ=ဤလူ့ပြည်၌ သကဒါဂါမ်အဖြစ်သို့ ရောက်၍ ဤလူ့ပြည်၌ပင် ဘဝ မခြားဘဲ ဆက်လက်၍ အနာဂါမ် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံသူ။

၂။ ဣဓ ပတွာ တတ္ထ ပရိနိဗ္ဗာယီ=ဤလူ့ပြည်၌ သကဒါဂါမ်အဖြစ်သို့ ရောက်၍ ဒုတိယဘဝဝယ် ထိုနတ်ပြည်၌ ပဋိသန္ဓေနေ၍ အနာဂါမ် ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်စံသူ။

၃။ တတ္ထ ပတွာ တတ္ထ ပရိနိဗ္ဗာယီ=ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ထိုနတ်ပြည်၌ပင် ပရိနိဗ္ဗာန်စံသူ။

၄။ တတ္ထ ပတွာ ဣဓ ပရိနိဗ္ဗာယီ=ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်၍ ဤလူ့ပြည်၌ ဒုတိယဘဝ ပဋိသန္ဓေနေပြီးလျှင် ပရိနိဗ္ဗာန်စံသူ။

၅။ ဣဓ ပတွာ တတ္ထ နိဗ္ဗတ္တိတွာ ဣဓ ပရိနိဗ္ဗာယီ=ဤလူ့ပြည်၌ သကဒါဂါမ်ဖြစ်၍, ဒုတိယဘဝဝယ် နတ်ပြည်၌ ပဋိသန္ဓေနေ, တတိယဘဝ၌ ဤလူ့ပြည်ဝယ် ပဋိသန္ဓေနေ၍ ပရိနိဗ္ဗာန်စံသူ။ [ဤပုဂ္ဂိုလ်သည် ပဋိသန္ဓေ နှစ်ခါနေ၏။]

၆။ တတ္ထ ပတွာ ဣဓ နိဗ္ဗတ္တိတွာ တတ္ထ ပရိနိဗ္ဗာယီ=ထိုနတ်ပြည်၌ သကဒါဂါမ်ဖြစ်, ဤလူ့ပြည်၌ ပဋိသန္ဓေနေ, ဤလူ့ပြည်မှတစ်ဖန် ထိုနတ်ပြည်၌ ပြန်၍ ပရိနိဗ္ဗာန်စံသူ။ [ဤပုဂ္ဂိုလ်လည်း ပဋိသန္ဓေ နှစ်ခါ နေပင်, ဤပုဂ္ဂိုလ်ကို အချို့အဋ္ဌကထာ၌သာ ပြ၏။]

သကိံဒေဝ ဣမံ လောကံ။ ။ဣမံ လောကံအရ ဤလူ့ပြည်လောကကိုသာ ဖွင့်ကြ၏၊ ထိုအဖွင့် အတိုင်း လူ့ပြည်လောကကို တစ်ကြိမ် ပြန်လာသူဆိုလျှင် ပင်ကိုက လူ့ပြည်၌ သကဒါဂါမ်ဖြစ်၍ ဒုတိယဘဝ နတ်ပြည်၌ ပဋိသန္ဓေ နေပြီးလျှင် တတိယဘဝ၌ ထိုနတ်ပြည်မှ လူ့ပြည်၌ ပဋိသန္ဓေ တစ်ဖန်နေသူ ပဉ္စမ မြောက် တစ်ယောက်သာလျှင် သကဒါဂါမီပုဒ်နှင့် မုချ သင့်တော်ပေသည်၊ ကြွင်းသော သကဒါဂါမ် (၅)မျိုး မှာ ရာဂ ဒေါသ မောဟကို နည်းပါးအောင် ပြုတတ်သူချင်း တူသောကြောင့် သဒိသူပစာ ရုဠှီအားဖြင့်သာ လျှင် သကဒါဂါမ် အမည်ရသည်ဟု ဆိုရန် ရှိ၏။ (ပုဂ္ဂလပညတ် အဋ္ဌကထာ)

မဟာပရိနိဗ္ဗာနသုတ္တဋ္ဌကထာ၌ကား "ဣမံ လောကံတိ ဣမံ ကာမာဝစရ လောကံ သန္ဓာယ ဝုတ္တံ" ဟု

လူ့ပြည် နတ်ပြည် နှစ်ပါးစုံ ကာမဘုံလောကကို ဖွင့်ပြပြီးလျှင် ပဉ္စမပုဂ္ဂိုလ်နှင့် ဆဋ္ဌပုဂ္ဂိုလ်နှစ်ယောက်လုံးပင် မိမိ သကဒါဂါမ်ဖြစ်ရာ ဘုံမှ ဒုတိယဘဝ၌ အခြားဘုံဝယ် ပဋိသန္ဓေနေပြီးနောက် တတိယဘဝ၌ မိမိ သကဒါဂါမ် ဖြစ်ရာဘုံသို့ ပြန်လာသူများ ဖြစ်သည်ဟု ဖွင့်ပြ၏၊ ထို အဋ္ဌကထာ နှစ်ရပ်တွင် ဣမံ လောကံအရ ကာမဘုံ သာမညကို ဖွင့်ပြသော အဋ္ဌကထာက သာ၍ ယုတ္တိရှိ၏၊ ဘာကြောင့်နည်း-ဣမံ လောကံဟူသော ပါဠိတော်ကို လူ့ပြည် နတ်ပြည် နှစ်ဌာန၌ပင် ဟောတော်မူရကား ဟောရာ ဘုံဌာနကို ဣမံ လောကံအရ စွဲယူသင့်သောကြောင့်တည်း။ [ပြခဲ့သော သကဒါဂါမ် (၆)မျိုးမှတစ်ပါး ကာမဘုံ၌ သကဒါဂါမ် ဖြစ်ပြီးနောက် ရူပဘုံသို့ သွားသူ, ထိုရူပဘုံ၌ပင် သကဒါဂါမ် ဖြစ်သူများလည်း ရှိသေး၏၊ ထိုပုဂ္ဂိုလ်များလည်း ရုဠှီအားဖြင့် သကဒါဂါမ်အမည် ရကြသည်ဟု မှတ်ပါ။

အနာဂါမ်။ ။အနာဂါမိမဂ္ဂံ ဘာဝေတွာ ကာမရာဂဗျာပါဒါနံ အနဝသေသပ္ပဟာနေန အနာဂါမီ နာမ ဟောတိ အနာဂန္တွာ ဣတ္ထတ္တံ၊- အာဂစ္ဆတိ သီလေနာတိ အာဂါမီ၊ န + အာဂါမီ အနာဂါမီ၊ ဤကာမဘုံ၌ ပဋိသန္ဓေ နေလေ့ မရှိသော အရိယာပုဂ္ဂိုလ်၊ "ကာမရာဂဗျာပါဒါနံ အနဝသေသပ္ပဟာနေန" ဟု ဆိုသော ကြောင့် အနာဂါမ် ဖြစ်လျှင် ကာမဂုဏ်တို့၌ လိုလားသော တဏှာရာဂနှင့် ဒေါသဗျာပါဒကို အကြွင်းအကျန် မရှိအောင် ပယ်နိုင်ပြီ၊ ထိုသို့ ကာမရာဂ မရှိသောကြောင့်ပင် ကာမဘုံ၌ ပဋိသန္ဓေ မနေလာတော့ရကား "အနာဂန္တွာ ဣတ္ထတ္တံ" ဟု မိန့်သည်၊ ရူပ အရူပရာဂကို မပယ်နိုင်သေးရကား ရူပ အရူပဘုံတို့၌ ပဋိသန္ဓေ နေ ရသေး၏။

ရဟန္တာပုဂ္ဂိုလ်။ ။အရဟတ္တမဂ္ဂံ ဘာဝေတွာ အနဝသေသကိလေသပ္ပဟာနေန အရဟာ နာမ ဟောတိ၊ ရဟန္တာပုဂ္ဂိုလ်ကား အောက်မဂ်များ မပယ်နိုင်၍ ကြွင်းကျန်နေသော ကိလေသာအားလုံးကို အကြွင်းမရှိအောင် ပယ်နိုင်၏၊ ကိလေသာ (၁၀)ပါးတွင် ရူပရာဂ အရူပရာဂဟူသော လောဘစိတ်, ဒိဋ္ဌိဂတ ဝိပ္ပယုတ် ဥဒ္ဓစ္စသဟဂုတ်၌ယှဉ်သော မောဟစိတ်နှင့် မာန ထိန, ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပတို့ကို လည်းကောင်း, သံယောဇဉ်(၉)ပါးတွင် ရူပရာဂ အရူပရာဂ မာန ဥဒ္ဓစ္စ အဝိဇ္ဇာဟူသော ဥဒ္ဓမ္ဘာဂိယ သံယောဇဉ် (၅)ပါးကိုလည်းကောင်း, အောက်မဂ်များက မပယ်နိုင်၊ ထိုကိလေသာသံယောဇဉ်များကို ဤအရဟတ္တမဂ်က အကြွင်းမရှိအောင် ပယ်နိုင်သည်။ ["ယေ ပုဂ္ဂလာ အဋ္ဌသတံ ပသတ္တာ" အရ အရိယာ (၁၀၈)ပါးကို ထုတ်ပြလေ့ရှိကြ၏၊ အလိုရှိသူတို့ သုတ္တနိပါတရတနသုတ္တဋ္ဌကထာ၌ ရှုပါ။

မဂ်က ကိလေသာပယ်ပုံ။ ။မဂ်သည် ကိလေသာကို ပယ်ရာ၌ "အတိတ်ကိလေသာကို ပယ်သလော,အနာဂါတ်ကိလေသာကို ပယ်သလော, ပစ္စုပ္ပန်ကိလေသာကို ပယ်သလော" ဟု မေးလေ့ရှိ၏၊ အဖြေကား- အတိတ်ကိလေသာသည် အလိုအလျောက် ချုပ်ပျောက်ပြီးဖြစ်၍ အတိတ်ကိလေသာကို ပယ်ဖွယ် မလို၊ မဖြစ်သေးသော အနာဂါတ်ကိလေသာကို ပယ်ရမည်မှာလည်း အနာမရှိခင် ဆေးတင်သော သမားတော် ကဲ့သို့ အကျိုးမများချေ၊ ပစ္စုပ္ပန်ကိလေသာ ဥပါဒ်နေတုန်းမှာလည်း မဂ်စိတ် မဥပါဒ်နိုင်သောကြောင့် ပစ္စုပ္ပန် ကိလေသာကိုလည်း မဂ်က မပယ်နိုင်၊ စင်စစ်မှာ "ဘူမိလဒ္ဓုပ္ပန္န" ဟု ခေါ်အပ်သော အနုသယကိလေသာ ဓာတ်ကိုသာ မဂ်က ပယ်သည်ဟု မှတ်ပါ။ [ဤစကားအရ အနုသယကိလေသာဟူသည် အမှန်အားဖြင့် ပစ္စုပ္ပန် အတိတ် အနာဂါတ် သုံးမျိုးလုံးမဟုတ်, ဘူမိလဒ္ဓုပ္ပန္နဟု ခေါ်အပ်သော ဥပ္ပန္နတစ်မျိုးသာဟု သိသာပြီ။]

ဝိသုဒ္ဓိမဂ်။ ။ဧတေန ကိံ ဒီပိတံ ဟောတိ၊ ဘူမိလဒ္ဓါနံ ကိလေသာနံ ပဟာနံ ဒီပိတံ ဟောတိ၊ ...ဘူမိလဒ္ဓါ ပန ကိံ, အတီတာ အနာဂတာ ဥဒါဟု ပစ္စုပ္ပန္နာ၊ ဘူမိလဒ္ဓုပ္ပန္နာ ဧဝ နာမ တေ။

ချဲ့ဦးအံ့ –ကိလေသာ၏ ဖြစ်တည်ရာ လောကီခန္ဓာငါးပါးသည် "ဘူမိ" မည်၏၊ ထိုဘူမိကို ရရှိနေသော ကိလေသာသည် "ဘူမိလဒ္ဓ" မည်၏၊ မဂ်ဖြင့် မပယ်ရသေးသမျှ အနုသယဓာတ် အနေအားဖြင့် တည်ရှိရ ကား ဥပ္ပန္နလည်း မည်၏၊ ထင်ရှားစေအံ့-သီးပွင့်စေတတ်သော သစ်ပင်၌ အမြစ်မှစ၍ အရွက် အညွန့်တိုင် အောင် သေးငယ်သော အညှောက်, အပင်တုန်းကပင် သီးပွင့်စေနိုင်သော ဓာတ်သတ္တိ ပါရှိ၏၊ ထိုအပင်၌ အသီးမသီးစေလိုလျှင် ရှေ့နှစ်က သီးပြီး, နောက်နှစ် သီးလတ္တံ့, ယခု သီးဆဲ အသီးများကို မပယ်နိုင်၊ ထိုသီးစေတတ်သော ဓာတ်ရည် ပြတ်အောင် လိပ်ကျောက်ဆူးစသော အဆိပ်ဆူးတို့ကို လေးမျက်နှာက ထိုးရိုက်ထားရ၏၊ ထိုသို့ ထိုးရိုက်ထားလျှင် နောက်ထပ် မသီးတော့၊ ထို့အတူ ဝိပဿနာဉာဏ်ဖြင့် ပိုင်နိုင်စွာ မသိအပ်သေးသော (အသိ မခံရသေးသော) လောကီခန္ဓာ၌လည်း ဖြစ်ရာ ဘဝတိုင်းဝယ် ဥပါဒ်မှစ၍ အနုသယကိလေသာဓာတ်သည် ကိန်းဝပ်လျက် ရှိ၏၊ ထိုကဲ့သို့ အနုသယကိလေသာဓာတ်ကိုပင် "ဘူမိလဒ္ဓ" ဟု ဆိုအပ်သည်၊ "ဘူမိလဒ္ဓ" ဟု ခေါ်အပ်သော ထိုအနုသယကိလေသာဓာတ်သည် ဥပါဒ် ဌီ ဘင် အထင်အရှား မဟုတ်သောကြောင့် ပစ္စုပ္ပန် အတိတ် အနာဂါတ်ဟု မဆိုအပ်၊ ဘာမျှ မရှိသော အဘာဝ ပညတ်လည်း မဟုတ်ရကား "ဘူမိလဒ္ဓ" တစ်မျိုးဟုသာ မှတ်သားရာ၏၊ မဂ်သည် ထိုဘူမိလဒ္ဓုပ္ပန္နဟု ခေါ်အပ်သော အနုသယဓာတ်ကိုသာ ပယ်သည်။

[ ဆောင်] သစ်ပင်ကြီးကို, သီးမလို၍, ထိုထိုကြိတ်နင်း, အဆိပ်သွင်းက, အတွင်းခြောက်ပြီး, နောက်မသီးသို့၊ ဤနည်း ပမာ, ပင်ခန္ဓာဝယ်, ထပ်ကာကိလေ, မသီးစေဖို့, လေးထွေမဂ်ဟု, အဆိပ်စုဖြင့်, ကြိတ်ထု သွင်းလတ်, အနုသယပြတ်သည်,... နောက်ထပ် မဥပါဒ်တော့ပြီ။

အမှာ။ ။ ဤမှနောက်၌ ပါဌ်လျှောက် အဓိပ္ပာယ်ကို အခြေပြုသင်္ဂြိုဟ်၌, နိရောဓသမာပတ်နှင့် စပ်၍ မှတ်ဖွယ်ကို ဝီထိဆိုရိုး၌ ပြထားပြီ။

------------------

နိဂုံးအဖွင့်

ဘာဝေတဗ္ဗံ ပနိစ္စေဝံ, ဘာဝနာဒွယမုတ္တမံ၊ ပဋိပတ္တိရသဿာဒံ, ပတ္ထယန္တေန သာသနေ။

ဥယျောဇဉ်။ ။ဤ "ဘာဝေတဗ္ဗံ" စသောဂါထာကား အကျင့်ပဋိပတ် အရသာကို သုံးစွဲလိုသော အမျိုးကောင်းသား/သမီးတိုင်းပင် ပြအပ်ပြီးသော ဘာဝနာနှစ်ပါးကို ပွားများ အားထုတ်သင့်ပေသည်-ဟု တိုက်တွန်းသော ဥယျောဇဉ် ဂါထာတည်း၊ တိုက်တွန်းလည်း တိုက်တွန်းထိုက်ပါပေသည်၊ ဤ သာသနာ တော်ကြီးကို တည်ထောင်တော်မူပေသော ဘုရားရှင်သည် စာပေ ပရိယတ်ကို တတ်ကျွမ်းလောက်ရုံကို ရည်ရွယ်တော်မူခဲ့သည် မဟုတ်ပါ၊ ပရိယတ်၌ လာသော ကျင့်စဉ်အတိုင်း ပဋိပတ်ကို ကျင့်ကြံအားထုတ်၍ ပဋိဝေဓဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ကို ခံစားဖို့ရန် ရည်သန်တော်မူခဲ့ရင်း ဖြစ်ပါသည်။

ဂါထာအနက်။ ။ပန-တစ်ကျမ်းအဆုံး, ကမ္မဋ္ဌာန်းဖုံး၍, နိဂုံးပြညွှန်း, တိုက်တွန်းပါဦးအံ့၊ သာသနေ- သီလကိုဖြည့်, သမာဓိနှင့်, ဝိပဿနာ, ဉာဏ်ပညာဟု, သိက္ခာသုံးရပ်, သာသနာတော်မြတ်၌၊ ပဋိပတ္တိရသ ဿဒံ-ပဋိပတ်ကြောင့်, သာယာအပ်စွာ, အရသာ ကဲပို, ဈာန်မဂ်ဖိုလ်ကို၊ ပတ္တယန္တေန-ကိုယ်တိုင်တွေ့ထိ, ကိုယ်တိုင်သိဖို့, ရရှိပါလို, တောင့်တသောပုဂ္ဂိုလ်သည်၊ ဣစ္စေဝံ-ဤတစ်ကျမ်းလုံး, စဆုံး စုံလင်, ဆိုအပ်ခဲ့ သော အစဉ်ဖြင့်၊ ဥတ္တမံ-ယခုလဲ မြတ်, နောင်လဲ မြတ်ဖို့, မြတ်ထက် မြတ်မွန်, တုဖက်လွန်သော၊ ဘာဝနာ ဒွယံ-သမထနှင့်, ဝိပဿနာ, ဘာဝနာနှစ်ခန်း, ကမ္မဋ္ဌာန်းကို၊ ဘာဝေတဗ္ဗံ-မိမိသန္တာန်, အဖန်ဖန်ဖြင့်, မှန်မှန် ဖြစ်စေ, ထုံမွှမ်းသင့်ပေသတည်း။

ဤကား ကမ္မဋ္ဌာန်းပိုင်းဘာသာဋီကာ။

ဘာသာဋီကာနိဂုံး

သိဇ္ဈိတ္ထ ဘော ဘာသာဋီကာ, ဒေသဘာသာယ သင်္ခတာ၊ ဝဏ္ဏနာ အဘိဓမ္မတ္ထ.သင်္ဂဟဿ သုဒုလ္လဘာ။

အဘိဓမ္မတ္ထသင်္ဂဟဿ -အဘိဓမ္မတ္ထသင်္ဂြိုဟ်, ခေါ်ဆိုလက်သန်း, အဋ္ဌကထာကျမ်း၏၊ ဝဏ္ဏနာ-ဖွင့် ကြောင်း ဖွင့်ရာ, ဋီကာတစ်မျိုးဖြစ်သော၊ သုဒုလ္လဘာ-ခေတ်နှင့်တန်အောင်, အမှန်ပင် ရခဲလှစွာသော၊ ဒေသဘာသာယ-မြန်ပြည်အားလုံး, အများသုံးစကားဖြင့်၊ သင်္ခတာ-တစ်သန့် တစ်သန့်, အကန့် ကန့်လျက်, ခန့်ခန့်စီရရီ, တည်ကြည်စွာ စီရင်အပ်သော၊ ဘာသာဋီကာ-ဘာသာဋီကာ, အမည်သာသည့်, မှီရာသိပ်သည်း, နိဿယည်းသည်၊ သိဇ္ဈိတ္ထဘော-ဝန်းကျင်ပတ်ကုံး, ကမ္ပတ်ဖုံး၍, နိဂုံးအရောက်, ပြီးမြောက်ပေပြီ တကား။

ယဒိ အညာ ဥပ္ပဇ္ဇေထ, ဣတောပိ သုခသမ္မတာ၊ တေဿာကာသံ ပဒါနာယ, အယံ အန္တရဓာယတံ။

ဣတောပိ -အများမှီးလောက်, ခရီးရောက်၍, ပြီးမြောက်ခဲ့ရာ, ဤဘာသာဋီကာထက်လည်း၊ သုခသမ္မ တာ-ကြည့်ရှုပို့ချ, လွယ်ကူလှသဖြင့်, အားရဖွယ်တောင်း, အကောင်းဟု သမုတ်အပ်သော၊ အညာ- အဘိဓမ္မတ္ထ, သင်္ဂဟ၌, ဆင်ပြကျစ်လစ်, ဋီကာသစ်တစ်မျိုးသည်၊ ယဒိ ဥပ္ပဇ္ဇေထ-ပညာလိုက်စား, နောက် နောက်သားတို့, ကြိုးစားရစ်သော်, အကယ်၍ ဖြစ်ပေါ်လာအံ့၊ တဿာ-ထိုသို့ဖြစ်ရစ်, ဋီကာသစ်၏၊ ဩကာသံ ပဒါနာယ-ထွန်းတောက်တင့်ရေး, အခွင့် ပေးခြင်းငှာ၊ အယံ-နှစ်ပေါင်းမြားမြောက်, လွန်အား ဆောက်မှ, ထွန်းတောက် ထွက်လာ, ဤဋီကာသည်၊ အန္တရဓာယတံ-ရိုးရာမတဲ့, တိုးကာငဲ့၍, ကပ်ဖဲ့မနေ, ကွယ်ပျောက်ရစ်ပါစေသတည်း။

သမ္ပူဇယာမိ ထေရာနံ, ယေသာ.ဟံ သမ္ပဂ္ဂဟိတော၊ ဇယံ ဇယံ ဇယန္တောဝ, သမ္ဗုဒ္ဓသာသနန္ဓရော။

ယေသံ ထေရာနံ-အထက်ဝေဟင်, နေအသွင်သို့, မြေပြင်ထင်ရှား, အကြင် ဆရာတော်ဘုရားတို့သည်၊ သမ္ပဂ္ဂဟိတော-အထူးစောင့်ရှောက်, ချီးမြှောက်အပ်သည် ဖြစ်၍၊ ဇယံ ဇယံ-အောင်သင့် အောင်ရန်, စာတော်ပြန်ဟု, တိုင်းမြန်ထင်ရှား, အောင်ပွဲများကို၊ ဇယန္တောဝ-လာဘ်လည်း မကူ, လူလည်း မပံ့, ခံ့ခံ့ သိုက်မြိုက်, အောင်လံစိုက်လျက်သာလျှင်၊ အဟံ-ငါသည်၊ သမ္ဗုဒ္ဓသာသနန္ဓရော-ဗုဒ္ဓမြတ်စွာ, သာသနာ ကျိုး, တိုးသင့်တိုးအောင်, တစ်မျိုးဆောင်ရပေ၏၊ တေသံ ထေရာနံ-ကျေးဇူးတော်ရင်, ဂုဏ်အင်ကြီးမား, ထိုဆရာတော်ဘုရားတို့အား၊ သမ္ပူဇယာမိ-ကျမ်းစာရေးသား, ကောင်းမှုများဖြင့်, လေးစားကော်ရော်, ပူဇော်ပါ၏။

နေ့ရပ် , ဖွားရက်။ ။ဤဘာသာဋီကာ ကျမ်းစာရှင်သည် ရွှေဘိုတောင်လက် သရိုင်ရွာတွင် ခမည်း တော် ဦးဇောတိ မယ်တော် ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁ ခုနှစ်, တပို့တွဲလဆုတ် (၁၄)ရက်နေ့တွင် ဖွားမြင် ခဲ့၏၊ မြန်မာမင်းနှစ်ပါး၏ ရာဇဂုရုတံဆိပ်နှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် သုံးတန်ကို လက်ခံတော်မူကြ ရသော မဟာဝိသုဒ္ဓါရုံဆရာတော်နှင့် ထရံကာဆရာတော်ကြီးတို့၏ မြေး-မြစ် ဖြစ်သည့်အပြင်, မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ နောက်ဆုံး သဒ္ဓိဝိဟာရိက (ဥပဇ္ဈာယ်ယူ တပည့်) ပေတည်း။

ဆရာတော်များ။ ။ဤ ကျမ်းစာရှင်ကို အထူး စောင့်ရှောက်ခဲ့ပေသော ကျေးဇူးတော်ရှင် ဆရာတော် တို့ကား သာသနာတော်ဝယ် အကျင့်သိက္ခာဂုဏ် ပရိယတ်ဂုဏ်အားဖြင့် ထင်ရှားတော်မူကြပေသည်၊ ထိုဆရာတော်များတွင်-

၁။ မန္တလေးမြို့-ရွှေကျင်တိုက်ကြီး၌ ဓမ္မာစရိယဖြစ်တော်မူခဲ့သော သရိုင်ရွာ ပင်းကျောင်းဆရာတော်၊- ထိုဆရာတော်ကြီးသည် သက်ရွယ်တော် ရင့်ညောင်းသဖြင့် ပရိသတ်အပေါင်းကို လက်ထောက် တပည့်ကြီးအား လွှဲအပ်ပြီးဖြစ်ပါလျက် ဤကျမ်းစာရှင်သူငယ်ကိုကား ကိုယ်တော်တိုင် ကြပ်မတ်၍ စာပြတော်မူပြန်သည်။

၂။ အရှင်ဉာဏာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ (မန္တလေး သကျသီဟဘွဲ့တံဆိပ်ရ) မြောင်းမြမြို့ ပဇ္ဇောတာရုံဆရာတော်-ဤဆရာတော်သည် မန္တလေးမြို့တွင် သီးတင်းသုံးတော်မူစဉ် အထက်အောက် ကျမ်းစာများကို အခြေရစေတော်မူသည့်ပြင်, စာအရေးအသား တတ်မြောက်စေ ခြင်းငှာ (၁၄)နှစ် (၁၅)နှစ်အရွယ်၌ ဂါထာစီကုံးစေခြင်း, (၁၆)နှစ်အရွယ်၌ ပျို့ကဗျာ လင်္ကာများကို လေ့လာစေခြင်းတို့ဖြင့် အရာရာ၌ တန်းစေ့လောက်အောင် စီစဉ်တော်မူကာ (၁၅,၁၆,၁၈)နှစ်အရွယ် တို့၌ အစိုးရပထမပြန်ကို အကြီးတန်းထိ အောင်မြင်စေတော်မူပြီးလျှင် ပခုက္ကူသို့ စေလွှတ်တော်မူ၍ အဝေးမှ နည်းလမ်း ညွှန်ပြတော်မူလျက် အကျနဆုံးဖြစ်အောင် စောင့်ရှောက်တော်မူပေသည်။

၃။ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် (ယခု) ပထမဆရာတော်။

၄။ ... ... ၎င်း ... ... ဒုတိယဆရာတော်။

၅။ ညောင်ဦးမြို့ မဟာဝိသုတာရာမတိုက်ဆရာတော်၊ [ထိုစဉ်က ပခုက္ကူ၌ သီတင်းသုံးတော်မူသည်။]

ဤဆရာတော် (၃)ပါးကား (၃)နှစ်တိုင်တိုင် ကိုယ်တိုင် စာဆိုစေ၍, ရဟန်း(၃)ဝါ အရတွင် စာချ အဖြစ်ဖြင့် (၄)ဝါမျှ ဆက်လက်နေထိုင်ပြီးနောက် ကျေးဇူးတော်ရှင် ဆရာတော်မြတ်တို့ သီတင်းသုံး တော်မူရာ မဟာဝိသုတာရာမတိုက်ကြီးကို ဝမ်းနည်းစွာဖြင့် မျက်နှာလွှဲခဲ့ရသည်။

၆။ ရဟန်း (၆)ဝါ (၇)ဝါ (၈)ဝါမြောက်တို့၌ သကျသီဟ အငယ် အကြီးတန်းများနှင့် အစိုးရ ပထမကျော်

တန်းကို အောင်မြင်ပြီးနောက် အဘယာရာမဆရာတော်၏ အချီးအမြှောက်ကို ခံယူလျက် သက္ကတ ကျမ်းစာကို လေ့လာစဉ် (၉)ဝါ လွန်၍ ဆယ်ဝါမြောက်လတ်သော် အားထုတ်ခဲ့သော ဝီရိယဓာတ် ကြောင့် ခန္ဓာကိုယ် မခိုင်မြဲဘဲ ယိုင်လဲလုမျှ ရှိလေပြီ၊ "သုံးနှစ်ထက် ပို၍ ဤလူ့ပြည်မှာ နေခွင့်ရပါ တော့မလား" ဟု ယုံမှားမိတော့၏။

ကျမ်းစာရေးသားခြင်း။ ။သို့ဖြစ်၍ မိမိ၏ လက်စကလေးများ ကျန်ရစ်စေတော့ဟု သဘောထားလျက် (၁၀)ဝါမြောက်မှာပင် ဤဘာသာဋီကာကို စထွင် ရေးသားခဲ့၏၊ ပထမတစ်ကြိမ် အကြမ်းရေးပြီးသောအခါ ဉာဏ်အားလျော်စွာ ခန္ဓာကိုယ် စည်ပင်လာသဖြင့် ဒုတိယအကြိမ် (အခြားကျမ်းများကို ရေးသားပို့ချရင်း) အချောရေးပြန်ရာ ၁၂၉၈ ခုနှစ် တပို့တွဲလဆုတ် (၁၄)ရက်နေ့တွင် ကောင်းစွာ ပြီးစီးပေပြီ၊ ဤကျမ်းအချော မပြီးခင်ပင် ရတနာ့ဂုဏ်ရည် (၂)ကြိမ်, အခြေပြုသင်္ဂြိုဟ် (၂)ကြိမ်, အခြေပြုသဒ္ဒါ တစ်ကြိမ် ရိုက်နှိပ် ပြီးစီးခဲ့ ပြီ၊ ဤကျမ်းများကို စီစဉ်ရကြောင်း ကောင်းမှုပဋိပတ် အကျင့်မြတ်ဖြင့် ထိုကျေးဇူးတော်ရှင် ဆရာအရှင်တို့ အား ကျေးဇူးတုံ့ဆပ် လွန်လေးမြတ်လျက် ပျပ်ဝပ်ကော်ရော် ပူဇော်ပါသည်။

အဘိဝဍ္ဎန္တု မေ ပညာ, သဒ္ဓါ သတိသမာဓယော၊ ပရက္ကမော လောကဿာဒ.ဗောဓျတ္ထာယ ပရံ ပရံ။

မေ -ငါ၏၊ ပညာ-ဝဇီရစိန်, ကဲ့အရှိန်သို့, ထိန်တလက်လက်, ထက်မြက်သော ပညာသည်လည်းကောင်း၊ သဒ္ဓါ-ယုံကြည်ဖွယ်ရန်, ဝတ္ထုမှန်လျှင်, ဧကန် ဆုံးဖြတ်, ယုံကြည်တတ်သော သဒ္ဓါသည်လည်းကောင်း၊ သတိသမာဓယော-ကုသိုလ်ဖြစ်မြောက်, ကိစ္စရောက်ဖို့, တအောက်မေ့မေ့, အဓလေ့တို့, တွေ့တွေ့ကြုံကြုံ, မတုန်လှုပ်သော သမာဓိတို့သည်လည်းကောင်း၊ ပရက္ကမော-ကိုယ်နှင့် အသက်, မငဲ့ကွက်ဘဲ, ဆက်ဆက် ကြိုးကုတ်, အားထုတ်နိုင်ကြောင်း, လုံ့လကောင်းသည်လည်းကောင်း၊ ကောကဿာဒဗောဓျတ္ထာယ- လောကီ လူပေါင်း, နှစ်မြို့ကြောင်းနှင့်, အကောင်းဆုံးရည်သန်, ဗောဓိဉာဏ်အကျိုးငှာ၊ ပရံ ပရံ-တမြင့် ထဲမြင့်, ဆင့်ကဲတင့်သည်ဖြစ်၍၊ အဘိဝဍ္ဎန္တု-တက်သစ်လဝန်း, နေသစ် ထွန်းသို့, ရွှန်းတဝေဝေ, တိုးတက်ကြ ပါစေသတည်း။

သင်္ဂြိုဟ်ဘာသာဋီကာပြီးပြီ။

2:10 PM, Dec 2, 2017 တွင် ပြီးဆုံးခြင်းသို့ ရောက်၏။ [Aung AungZaw]

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ