Skip to main content

သရဏဂုံဝိနိစ္ဆယကျမ်းသစ်

သရဏဂုံဝိနိစ္ဆယကျမ်းသစ်

၁-ပဌမခန်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

သရဏဂုံပျက်မပျက်ကို ပြခြင်း

ကျိုက်ထိုမြို့မှ တပည့်ဖြစ်သူ ရှင်ကိတ္တိလျှောက်ထားလိုက်သော စာလွှာသည် သက္ကရာဇ် ၁၂၆၆-ခု၊ ပြာသိုလဆန်း ၈-ရက်နေ့တွင် ဆရာတော်ထံသို့ရောက်လာသည်၊ ၎င်းလျှောက်လွှာတွင် ပါရှိသမျှကို ကြည့်ရှုရာ ဝမ်းမြောက် ဝမ်းသာရှိ၏။

“ရသေ့ပရဗိုဇ်များကို ကိုးကွယ်ကြကုန်သော သူတို့အား သရဏဂုံ ပျက်မည် မပျက်မည်များကို ခြားနားစွာ သိလိုပါသည်”ဟု လျှောက်ထား ချက် ပါရှိသည်မှာ

၁။ သီလတည်မှု, သီလပျက်မှု၊
၂။ သရဏဂုံတည်မှု, သရဏဂုံပျက်မှု၊

တို့ကို ထင်ရှားစွာပြ၍ ထိုအမေးကိုဖြေဆိုရာ၏၊

၁။ သီလတည်မှုမည်သည် ရဟန်းသံဃာ, စေတီ, ပုထိုး၌ခံယူခဲ့ သော်လည်းကောင်း, မိမိအလိုအလျောက်ပင် နှုတ်မြွက်၍ ဆောက် တည်ခဲ့သော်လည်းကောင်း ထိုပုဂ္ဂိုလ်အား သီလသည်တည်၏၊ နေ့ရက် အပိုင်းအခြားနှင့်မှန်းထား၍ ခံယူဆောက်တည်သည်ရှိသော် ထိုအပိုင်း အခြားကိုလွန်လျှင် ထိုသီလသည်ပျက်၏။

ပျက်၏ဆိုသော်လည်း ခံယူမှု, ဆောက်တည်မှု ကွယ်ငြိမ်း၍ သွား သည်ကိုဆိုလိုသည်၊ ကျိုးပေါက်သော အပျက်မျိုး မဟုတ်၊ ခံယူဆောက် တည်သော နေ့ရက်အပိုင်းအခြားကို မလွန်သေးမီ ထိုထိုသိက္ခာပုဒ်ကို ကျူးလွန်ခဲ့သည်ရှိသော် ကျူးလွန်သော သိက္ခာပုဒ်သည် ကျူးလွန်သော ခဏ၌ပျက်၏၊ ဤအပျက်ကား ကျိုးပေါက်သော အပျက်တည်း။

[ဤကား-သီလတည်မှု သီလပျက်မှု၌ ပညာရှိသူလူအများတို့အား အရိုးအစဉ် ထင်ရှား၍နေကြသောအဓိပ္ပါယ်တည်း။]

၂။ သရဏဂုံတည်မှု, သရဏဂုံပျက်မှု၌ကား-နေ့ရက်အပိုင်း အခြားနှင့် မှန်းထား၍ ခံယူဆောက်တည်ရသော အရာမျိုး မဟုတ်၊ နေ့ရက်အပိုင်းအခြားနှင့် ခံယူဆောက်တည်၍မရ၊ ပါဏုပေတံ အသက် ထက်ဆုံးပြု၍ ခံယူ ဆောက်တည်ရသော အရာမျိုးပေတည်း၊ ပါဏုပေတံအသက်ထက်ဆုံးပြု၍ ခံယူဆောက်တည်မှရ၏၊ ထို့ကြောင့် သိက္ခာပုဒ် တို့၌သာလျှင် ပိုင်းခြားသော နေ့ရက်ကိုလွန်လျှင် ပျက်မှုဟူ၍ အသီး အခြားရှိသည်၊ သရဏဂုံ၌ ပိုင်းခြားသော နေ့ရက်ကိုလွန်၍ ပျက်မှုမရှိ၊ သေလွန်မှ ပျက်မှုသာရှိသည်။

[ကျူးလွန်၍ပျက်မှုသည်မူကား-သီလ,သရဏဂုံ ၂-ပါးစုံ၌ပင်ရှိ၏၊]

အထူးမူကား
သီလအရာ၌

၁။ တစ်ခုသောသိက္ခာပုဒ်ကို ကျူးလွန်ခဲ့လျှင် ၅-ပါး၊ ၈-ပါး အကုန်ပျက်နည်း တစ်မျိုး၊

၂။ တစ်ခုသော သိက္ခာပုဒ်ကို ကျူးလွန်ခဲ့လျှင် တစ်ပါးသော သိက္ခာပုဒ်ကား မပျက်၊ ကျူးလွန်သော သိက္ခာပုဒ် တစ်ခု သာ ပျက်နည်းတစ်မျိုး။

ဟူ၍ ၂-မျိုးရှိ၏။

၁။ ပဉ္စသိက္ခာပဒါနိ သမာဒိယာမိအဋ္ဌ ဥပေါသထင်္ဂါနိ သမာဒိယာမိ-ဟူ၍ တပေါင်းတည်း ခံယူဆောက်တည်ရာ ၌ တစ်ခုပျက်လျှင် အကုန်ပျက်၏။

၂။ ယခုကာလ၌ကဲ့သို့ အသီးအသီးခံယူဆောက်တည်ရာ၌ တစ်ခုခုကိုကျူးလွန်မိလျှင် ကျူးလွန်မိသော သိက္ခာပုဒ်သာ ပျက်၏။

ဟု သမ္မောဟဝိနောဒနီ သိက္ခာပဒဝိဘင်း အဋ္ဌကထာ၌လာ၏၊ သရဏဂုံအရာ၌မူကား

ထိုကဲ့သို့မဟုတ်၊ တပေါင်းတည်း ခံယူဆောက်တည်သည်ဖြစ်စေ၊ အသီးအသီး ခံယူဆောက်တည်သည်ဖြစ်စေ ကျူးလွန်သည်ရှိသော် တပေါင်းတည်းသာပျက်၏။

အဘယ်ကြောင့်နည်းဆိုသော်

၁။ သိက္ခာပုဒ်တို့မှာ ကျူးလွန်ခြင်းမြောက်ရန် အင်္ဂါအသီးအသီး ရှိကြကုန်၏။

၂။ သရဏဂုံ၌မူကား- ကျူးလွန်မှုမည်သည် ဗုဒ္ဓဘာသာကို စွန့်၍ ဘာသာတစ်ပါးသို့ ပြောင်းရွှေ့ခြင်း တစ်ပါးသာရှိ၏၊ တစ်ကြိမ်ဆောက် တည်၍ထားသော သရဏဂုံမည်သည် မသေမီအတွင်း၌ အရှင်ဂေါတမ ဘုရား, အရှင်ဂေါတမတရား, အရှင်ဂေါတမတပည့်သား သံဃာ, အရှင် ဂေါတမသာသနာကို မကိုးကွယ်လိုပြီ-ဟု ဗုဒ္ဓဘာသာကို စွန့်၍ ခရစ်ယာန် ဘာသာအစရှိသော ဘာသာတစ်ပါးသို့ ပြောင်းရွှ့မှပင် သရဏဂုံပျက် တော့သည်။

ထို့ကြောင့် သရဏဂုံမည်သည် တစ်ကြိမ်ခံယူဆောက်တည်ပြီး နောက် ဗုဒ္ဓဘာသာကို မစွန့်သမျှကာလပတ်လုံး အမြဲတည်၏၊ အခါခါ ခံယူဆောက်တည်ဘွယ်ကိစ္စမရှိ၊ သို့သော်လည်း အခါခါခံယူဆောက် တည်မှုသည် ကုသိုလ်တရား အသစ်အသစ် ပွင့်လင်းမှုဖြစ်၏၊ ထို့ကြောင့် ယခုကာလ၌ လူတို့သည် သရဏဂုံကိုလည်း သီလနှင့်အတူ အခါခါ ခံယူ ဆောက်တည်ကြရကုန်၏၊ ၅-ပါးသီလကဲ့သို့ ကျူးလွန်မိခဲ့သော်, ပျက်စီးခဲ့ သော်-ဟု မိမိကိုယ်ကို မိမိစိတ်မချသာရှိ၍ အခါခါခံယူဆောက်တည် ကြကုန်သည်လည်းမဟုတ်၊ ဥပေါသထသီလကဲ့သို့ ယခင်ကခံယူ ဆောက် တည်သော နေ့ရက်အပိုင်းအခြားကိုလွန်၍ ငြိမ်းခဲ့ပြီ-ဟု အခါခါ ခံယူ ဆောက်တည်ကြကုန်သည်လည်း မဟုတ်။

[ဤကား-သီလတည်မှု, သီလပျက်မှု, သရဏဂုံတည်မှု, သရဏဂုံပျက်မှု ၂-ပါးတို့၏ ကွဲပြားခြားနားကြပုံကို အကျဉ်းအားဖြင့် ထင်ရှားအောင်ပြဆိုလိုက်သော စကားတစ်ရပ် တည်း၊ ကျမ်းဂန်ပါဠိ ယုတ္တိသဘာဝများကို နောက်မှပြဆိုမည်။]

ပဌမခန်းပြီး၏။


၂-ဒုတိယခန်း

ကိုးကွယ်မှု ၂-ပါး ခြားနားပုံကိုပြခြင်း

လောက၌ ကိုးကွယ်ရာပြုမှုမည်သည် ၂-မျိုးရှိ၏။

၁။ သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှု တစ်မျိုး။

၂။ အထူးကုသိုလ်ဖြစ်ပွားရန် ကိစ္စနှင့်ကိုးကွယ်ရာ ပြုမှုတစ်မျိုး,

၁။ သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှုဆိုသည်ကား- သက်တော် ထင်ရှားရှိတော်မူသော သဗ္ဗညုမြတ်စွာဘုရားကိုလည်းကောင်း, မဂ် ၄- တန်, ဖိုလ် ၄-တန်, နိဗ္ဗာန်, ပရိယတ်တည်းဟူသော ၁၀-ပါးသော တရား တော်မြတ်ကိုလည်းကောင်း, သီလဝန်, ဂုဏဝန် ကလျာဏပုထုဇဉ်ရဟန်း နှင့်တကွ ၈-ယောက်သော အရိယာသံဃာတော်မြတ်တို့ကို လည်းကောင်း အသက်ထက်ဆုံး အမြဲနိစ္စအားဖြင့် ယခုဘဝ၌ မိမိ၏ကိုးကွယ်ရာဟု ခံယူဆောက်တည်၍ ကိုးကွယ်မှုသည် သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာ ပြုမှုမည်၏။

၂။ စေတီ, ပုထိုး, ရုပ်ပွား, ဆင်းတုတည်ထောင်၍ ကိုးကွယ်မှု၊ မိမိမိမိတို့ ကြည်ညိုလေးမြတ်ရာ ဂိုဏ်းသံဃာ ပုဂ္ဂိုလ်ကို မိမိတို့ဆိုင်ရာ ဆရာသမားပြုလုပ်၍ အသီးအသီး ကိုးကွယ်ကြမှုများသည် အထူး ကုသိုလ်ဖြစ်ပွားရန်ကိစ္စနှင့် ကိုးကွယ်ရာပြုမှု မည်၏။

ထို ၂-မျိုးတို့တွင်

၁။ သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှုသည် ဗုဒ္ဓဘာသာမှန်ကြသူ နတ်, လူ, ဗြဟ္မာ သတ္တဝါခပ်သိမ်း တစ်ထပ်တည်း တူမျှကြ၏၊ ဘယ်သူ၏ ကိုးကွယ်ရာက ယုတ်ညံ့သည်၊ ဘယ်သူ၏ကိုးကွယ်ရာက မြင့်မြတ်သည် ဟူ၍ မရှိကြပြီ။

၂။ အထူးကုသိုလ်ဖြစ်ပွားရန် ကိစ္စနှင့် ကိုးကွယ်ရာပြုကြမှု၌ကားဘယ်သူ၏ ကိုးကွယ်ရာက ယုတ်ညံ့သည်၊ ဘယ်သူ၏ ကိုးကွယ်ရာက မြင့်မြတ်သည်ဟူ၍ အထူးထူးအထွေထွေရှိကြ၏၊ အထူးကုသိုလ်ဖြစ်ပွား ရန် ကိစ္စနှင့် ကိုးကွယ်ရာ ပြုကြမှုသည်ကား- သရဏဂုံကိစ္စမျိုးမဟုတ်၊ ဤကဲ့သို့ ကိုးကွယ်မှုနှင့် သရဏဂုံကိစ္စ ပြီးစီးသည်လည်း မဟုတ်၊ သရဏဂုံကိစ္စကို ညစ်နွမ်းစေတတ်, ပျက်စီးစေတတ်သည်လည်း မဟုတ်။ ထို့ကြောင့် ခုဒ္ဒကပါဌအဋ္ဌကထာဧတံ ပန သရဏံ ဂတဿ အညသ္မိံ ဘိက္ခုသံဃေ ဝါ၊ ဘိက္ခုနီသံဃေ ဝါ ဗုဒ္ဓပ္ပမုခေ ဝါ သံဃေ သမ္မုတိသံဃေ ဝါ စတုဝဂ္ဂါဒိဘေဒေ ဧကသ္မိံ ပုဂ္ဂလေပိ ဘဂဝန္တံ ဥဒ္ဒိဿ ပဗ္ဗဇိတေ ဝန္ဒာဒိကိရိယာယ သရဏဂမနံ နေဝဘိဇ္ဇတိ န သံကိလိဿတိ။ ဟူ၍ မိန့်ဆိုပေ၏။

ပါဌ်လျှောက်အဓိပ္ပါယ်ကား။။ ဤသရဏဂုံသို့ ကပ်ပြီးသောသူအား တစ်ပါးသော ဘိက္ခုသံဃာ၌လည်းကောင်း, ဘိက္ခုနီ သံဃာ၌ လည်းကောင်း, ဘုရားအမှူးရှိသော သံဃာ၌လည်းကောင်း, စတုဝဂ္ဂ စသည် အပြားရှိသော သမ္မုတိသံဃာ၌လည်းကောင်း, သဗ္ဗညုဘုရားကို ရည်စူး၍ ပဗ္ဗဇိတအဖြစ်သို့ ရောက်သော သိက္ခမာန်-သာမဏေ-သီတင်း သည်-ရသေ့-ပရိဗိုဇ်တို့၌လည်းကောင်း ရှိခိုးခြင်းစသည်ကို ပြုခြင်းကြောင့် ခံယူဆောက်တည်၍ ထားအပ်သော ပကတိသရဏဂုံသည် ပျကိစီးခြင်း, ညစ်နွမ်းခြင်းမရှိ-ဟူလိုသည်။

ဤအဋ္ဌကထာပါဌ်ဖြင့်

ပကတိသရဏဂုံကိစ္စနှင့် အထူးကိုးကွယ်မှုကိစ္စ ၂-ပါး၏ ကွဲပြားခြား နားမှုသည် အလွန်ထင်ရှား၏၊ အထူးကိုးကွယ်မှု တစ်မျိုးဖြစ်၍ ရဟန်း သံဃာ၌ ရှိခိုးမှုစသည်ကိုပင် သရဏဂုံပျက်ကြောင်း မဟုတ်ဟု ကွက်ခြား ၍ မိန့်ဆိုရလေသတည်း၊ ပစ္စုပ္ပန်အကျိုးစီးပွားအတွက်နှင့် မင်းစိုးရာဇာကို ရှိခိုးမှု, မိရိုးဖလာနတ်တို့ကို ရှိခိုးမှု, ကိုးကွယ်မှု-စသည်တို့သည်လည်း ထို့အတူ သရဏဂုံပျက်ကြောင်း မဟုတ်ကုန်။

[ဤကား-သရဏဂုံကိစ္စနှင့်ကိုးကွယ်မှု,အထူးကိုးကွယ်မှု ၂-ပါးတို့၏ ကွဲပြားခြားနား ပုံကို ထင်ရှားအောင် ပြဆိုလိုက်သော စကားရပ်တည်း]

ဒုတိယခန်းပြီး၏၊

၃-တတိယခန်း

သရဏဂုံခံယူမှု ရမှုကိုပြခြင်း

သရဏဂုံ ခံယူဆောက်တည်မှုကို ဤသို့ကျမ်းဂန်တို့၌ လာ၏၊ သရဏဂမနံ ပန ဧကဘိက္ခုဿ ဝါ သန္တိကေ သံဃဿ ဝါ ဂဏဿ ဝါ သကိံ ဂဟိတံ ဂဟိတမေဝ ဟောတိ

[သီလက္ခန်အဋ္ဌကထာ။]

သရဏဂုံခံယူဆောက်တည်မှုမည်သည် တစ်ဦးတစ်ယောက်သော ရဟန်း၏အထံ၌လည်းကောင်း, ၂-ပါး- ၃-ပါးသော ဂိုဏ်း၏ အထံ၌ သော်လည်းကောင်း, ၄-ပါး- ၅-ပါးစသောသံဃာ၏ အထံ၌သော် လည်းကောင်း တစ်ကြိမ်တစ်ခါ ခံယူဆောက်တည်သည်ရှိသော် အသက် ထက်ဆုံး ခံယူဆောက်တည်မှု ပြီးသည်သာလျှင်ဖြစ်၏၊ ခရစ်ယာန် ဘာသာအစရှိသော ကိုးကွယ်ရာဘာသာတစ်ပါးသို့ မပြောင်းသည်ရှိသော် ထပ်မံ၍ အဖန်ဖန်အခါခါ ခံယူဆောက်တည်ဘွယ်ကိစ္စမရှိ-ဟူလိုသည်။

[ယခုကာလ၌ကဲ့သို့ အဖန်ဖန်အခါခါခံယူဆောက်တည်မှု၏ အကျိုးမူကား ပဌမခန်း မှာပြဆိုခဲ့ပြီ၊ ဓုတင် ဆောက်တည်ပုံကို ပြဆိုသော ကျမ်းဂန်များကို ထောက်ထား၍ စေတီ, ပုထိုးအထံ၌ ခံယူဆောက်တည်မှုကိုလည်း သိလေ။]

မိမိအိမ်မှာပင် အလိုအလျောက် ခံယူဆောက်တည်လျှင် မြောက် ကြောင်းကိုမူကား- ပြဆိုခဲ့ပြီးသော အဋ္ဌကထာပါဌ်၏ အဖွင့်ဖြစ်သော သီလက္ခန်မဟာဋီကာကြီး၌

ဧကဘိက္ခုဿ ဝါတိအာဒိ ဥပါသကာနံ တထာသမာဒါနေ အာစိဏ္ဏံ ဒဠှတရံ သမာဒါနဉ္စ ဒေဿတုံ ဝုတ္တံ၊ သရဏံ ပန တေသံ သာမံ သမာဒိန္နမ္ပိ သမာဒိန္နမေဝ ဟောတိ

ဟူ၍မိန့်ဆို၏။

သရဏဂုံခံယူမှု, ရမှုကိုပြခြင်း

မိမိအလိုအလျောက်ဆောက်တည်၍ မြောက်သည်ကို ၎င်းဋီကာ ကြီး၌ မိန့်ဆိုသဖြင့် ဘယ်ပုဂ္ဂိုလ်အထံမှာမဆို ခံယူဆောက်တည်လျှင် မမြောက်သည်ဟူ၍မရှိ၊ ခံယူမှု, ဆောက်တည်မှုသည်သာ လိုရင်း ပဓာန ဖြစ်၍ သာမဏေ, သိက္ခမာန်, သီတင်းသည်, ရသေ့, ပရဗိုဇ်တို့အထံမှာပင် ခံယူဆောက်တည်လျှင် မြောက်၏-ဟု ထင်ရှားလေသတည်း။

ဤအရာ၌ ခံယူဆောက်တည်မှု ဆိုသည်မှာအစခံယူဆောက်တည်မှုကိုသာ ဆိုလိုရင်းဖြစ်သည်၊ ငယ်ရွယ် စဉ်အခါ၌ တစ်ကြိမ်တစ်ခါ ခံယူဆောက်တည်မှုကို ပြုပြီးသည့်နောက်၌ ယခုကာလ၌ကဲ့သို့ သီလနှင့်အတူ အဖန်ဖန်ထပ်မံ၍ ခံယူဆောက်တည် မှုတို့၌ကား- ဘယ်ပုဂ္ဂိုလ် အထံ၌ ခံယူဆောက်ရမည်ဟူ၍ ဆိုဘွယ်ကိစ္စ ပင် မရှိ၊ ကုသိုလ်အသစ်အသစ် ပွင့်လင်းရုံမျှ ခံယူဆောက်တည်ရသော အရာမျိုးဖြစ်၍ ဝစီဘေဒပြုလျှင် ကုသိုလ်အသစ် ပွင့်လင်းမှုမြောက်တော့ သည်။

ငယ်ရွယ်စဉ်အခါ၌ တစ်ကြိမ်တစ်ခါခံ ယူဆောက်တည်မှုဆို သည်ကား- စကားပြီစအခါ၌ မိဘတို့၏ သွန်သင်တိုက်တွန်းမှုနှင့်ပင် ပြီး၏။

ထို့ကြောင့်

တံ အတ္ထတော ဗုဒ္ဓါဒီသု တီသု ဝတ္ထူသု သဒ္ဓါပဋိလာဘော သဒ္ဓါမူလိကာ စ သမ္မာဒိဋ္ဌိ၊ ဒသသု ပုညကိရိယဝတ္ထူသု ဒိဋ္ဌုဇုကမ္မန္တိ ဝုစ္စတိ

ဟူ၍လာသော သီလက္ခန်အဋ္ဌကထာ, မူလပဏ္ဏာသအဋ္ဌကထာ, အင်္ဂုတ္တိုရ်အဋ္ဌကထာကြီးတို့၏ အဖွင့်ဖြစ်သော ဋီကာကြီးတို့၌သဒ္ဓါပဋိလာဘောတိဣမိနာ မာတာဒီဟိ ဥဿာဟိတ ဒါရကာဒီနံ ဝိယ ဉာဏဝိပ္ပယုတ္တံ သရဏဂမနံ ဒေဿတိ

ဟူ၍မိန့်ဆိုကြကုန်၏။

[အဋ္ဌကထာပါဌ်၌- တံ=ထိုသရဏဂုံဟူသည်၊ သဒ္ဓါပဋိလာဘောစ=လည်း ကောင်း၊ သမ္မာဒိဋ္ဌိစ=လည်းကောင်း တည်း-ဟု ယောဇနာလေ။]

ပဋိသန္ဓေကပင် သရဏဂုံတည်သောဝတ္ထု

တစ်ရံရောအခါ မြတ်စွာဘုရားသည် သံသုမာရဂိရိမြို့သို့ ကြွရောက်တော်မူ၏၊ ဗောဓိမင်းသားသည် လုလင်တစ်ယောက်နှင့် ဘုရား ထံသို့လာ၍ ချမ်းသာသုခမည်သည်ကို ဒုက္ခနှင့်ရင်းမှ ရနိုင်သည်ဟု ထင်မိပါကြောင်း လျှောက်ထား၏၊ ထိုအခါ မြတ်စွာဘုရားသည် ဟုတ် လှ၏မင်းသား-ဟု မိန့်တော်မူ၍ ဘုရားအဖြစ်ဟူသော သုခကိုရခြင်းငှါ ၆-နှစ်ပတ်လုံး ကျင့်ရသော ဒုက္ကရစရိယ ဒုက္ခကို အကျယ်အားဖြင့် ဟော တော်မူ၏၊ ဒေသနာအဆုံး၌ ဗောဓိမင်းသားသည် “အဘိက္ကန္တံ ဘန္တေ” အစရှိသော စကားဖြင့် ဒေသနာတော်ကို ကြည်ညိုချီးမွမ်း၏၊ သရဏဂုံကို မဆောက်တည်။

ထိုအခါလုလင်က အရှင်မင်းသားသည် သည်လိုချည်း လုပ်သည်၊ ဒေသနာတော်ကိုသာ ကြည်ညိုချီးမွမ်းသည်၊ သရဏဂုံကိုကား-ဆောက် တည်သည်ဟူ၍မရှိ-ဟု ဆိုလေသည်။

ထိုအခါ လုလင်...ငါကား သရဏဂုံ ဆောက်တည်ဘွယ်ကိစ္စ မရှိ၊ မယ်တော်၏ဝမ်း၌ ပဋိသန္ဓေတည်စဉ်အခါ ငါ၏မယ်တော်သည် မြတ်စွာဘုရား အထံတော်သို့ရောက်၍ သရဏဂုံ ဆောက်တည်သော အခါ မိမိအတွက်တစ်ကြိမ်, ငါ၏အတွက်တစ်ကြိမ် ၂-ကြိမ်ထပ်မံ၍ ဆောက်တည်သည်၊ ထို့ကြောင့် ငါသည် မဖွားမီကပင် သရဏဂုံတည်ပြီး ဖြစ်သည်ဟု မြတ်စွာဘုရားရှေ့တော်၌ လုလင်အား ဗောဓိမင်းသား ပြောကြားပေ၏။

ယခုအခါ၌ သဒ္ဓါပညာရှိကြသော မာတုဂါမတို့လည်း မိမိဝမ်း၌ ကိန်းသော သူငယ်၏ ဘုန်းကြီးသက်ရှည်စေခြင်းငှါ အတုခိုးဘို့ကောင်း လှ၏၊ ဤဝတ္ထုကိုထောက်၍ လူတို့သရဏဂုံမည်သည် ရတနာ ၃-ပါးကို အထွတ်အမြတ်-ဟု ယုံကြည်၍ သိ၍ ငါ၏ကိုးကွယ်ရာတည်း-ဟု စိတ်ဖြစ်၍နေလျှင် ထိုသူ၌ သရဏဂုံတည်တော့သည်၊ ထိုစိတ်ကို မစွန့် သမျှကာလပတ်လုံး ဘယ်သူကိုပင် ဆည်းကပ်ကိုးကွယ်သော်လည်း သရဏဂုံပျက်သည်ဟု မရှိပြီ-မှတ်လေ။

ထိုအစစွာဆောက်တည်မှုမှာ

၁။ ယခုအခါ၌ သာသနာပိုင် သာသနာပြု ဆရာတော်ကြီး၏ အထံမှာပင် ခံယူဆောက်တည်သော်လည်း ထိုဆရာတော်ကြီးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သောအမှုမဟုတ်၊ ဆရာတော်ကြီးကို ရှေးရှုပြု၍ တိုင်တည်ရုံမျှ သွန်သင်၍ ပေးစေရုံမျှသာ ဖြစ်သည်၊ သရဏဂုံ မှာမူကား- နှုတ်မြွက်မှုနှင့်ပြီးစီးလေသည်။

၂။ ၂-ပါး, ၃-ပါးသောဂိုဏ်း၏ အထံမှာ ခံယူရာ၌လည်းကောင်း, ၄-ပါး, ၅-ပါးအစရှိသော သံဃာ၏အထံမှာ ခံယူရာ၌လည်းကောင်း ထိုဂိုဏ်းသံဃာတို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သည်မဟုတ်၊ ဂိုဏ်း သံဃာတို့ကို ရှေးရှုပြု၍ တိုင်တည်ရုံမျှ သွန်သင်၍ ပေးစေရုံမျှသာ ဖြစ်သည်၊ သရဏဂုံမှာမူကား- နှုတ်မြွက်ရုံမျှနှင့် ပြီးစေလေသည်။

ယခုသရဏဂုံသွန်သင်၍ ပေးကြသူ ဆရာတော်ကြီး ဂိုဏ်း သံဃာကြီးတို့သည်မူကား- မိမိတို့ပေးကြသော သရဏဂုံအတွင်း၌ မိမိတို့ ပါထိုက်မှ ပါကြရလိမ့်မည်၊ မပါထိုက်လျှင် မပါကြရ၊ ပါထိုက်, မပါထိုက်ကို နောက်မှဆိုလတ္တံ့။

ဤသို့လျှင် သရဏဂုံပေးသည်၊ ဥပုသ်သီလပေးသည်-ဟူသော စကားမျိုး၌ သွန်သင်၍ ပေးမှုကိုသာ ဆိုလိုရင်းဖြစ်သည်၊ သာသနာ ပိုင်ဆရာတော်ကြီးပင်ဖြစ်သော်လည်း ဤသူ၌ သရဏဂုံတည်စေ, ၅- ပါးသီလတည်စေ, ၈-ပါးဥပုသ်တည်စေ-ဟု အစိုးရမှုနှင့် ပေးနိုင်သော အမှုမျိုးမဟုတ်၊ ခံယူဆောက်တည်သူ၏ ကိုယ်, နှုတ်, နှလုံးသည်သာ ပေးနိုင်လေသည်၊ ဝစီဘေဒမြွက်ဆိုမှုသည်သာ ပဓာနဖြစ်လေသည်၊ ဘယ်ပုဂ္ဂိုလ်၏အထံမှာ ခံယူသော်လည်း ဝစီဘေဒအတွက်နှင့်သာ သရဏဂုံသီလ ရကြလေသည်၊ ထိုပုဂ္ဂိုလ်၏ပေးမှုနှင့် ရကြသည်မဟုတ်။

[ဤကား-သရဏဂုံခံယူမှု အထူးအပြား, သရဏဂုံရမှု အထူးအပြားကို ထင်ရှားစွာ ပြဆိုလိုက်သော စကားတစ်ရပ်တည်း။]

တတိယခန်းပြီး၏။

------------

၄-စတုတ္ထခန်း

ပုထုဇဉ်သံဃာ သရဏဂုံထိုက်, မထိုက်ကို ပြခြင်း

ယခုကာလ၌ သရဏဂုံပေးကြကုန်သော ဆရာတော် သံဃာတော် တို့သည် မိမိတို့ပေးကြသော သရဏဂုံ၌ မိမိတို့ ပါထိုက်, မပါထိုက်၊ ပုထုဇဉ်သံဃာသည် သရဏဂုံထိုက်, မထိုက်ဟူသော စကား၌

ဘိုးတော်မင်းတရားကြီးလက်ထက် “ဉာဏာဘိဝံသ ဓမ္မသေနာ ပတိ” တံဆိပ်တော်ရ ပဌမမောင်းထောင် သာသနာပိုင် ဆရာတော်ကြီး ရေးသားစီရင်သော သရဏဂုံဝိနိစ္ဆယကျမ်း၌

ပါဠိတော်အရပ်ရပ်တို့၌

- စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ

- အဋ္ဌ စ ပုဂ္ဂလာ ဓမ္မဒသာ တေ

အစရှိသည်ဖြင့် အရိယာပုဂ္ဂိုလ် ၈-ယောက်ကိုသာ ဟောတော် မူသည်၊ ပုထုဇဉ်ပုဂ္ဂိုလ်နှင့်တကွ ၉-ယောက်ဟူ၍ ဟောတော်မူသော အရာ မလာမရှိ။

သမန္တပါသာဒိကအဋ္ဌကထာ, ဒီဃနိကာယ်အဋ္ဌကထာ, မဇ္ဈိမနိကာယ်အဋ္ဌကထာ, အင်္ဂုတ္တရနိကာယ်အဋ္ဌကထာ, ခုဒ္ဒကပါဌအဋ္ဌကထာ၊ ဤအဋ္ဌကထာကြီးတို့၌လည်း “သံဃံ သရဏံ ဂစ္ဆာမသံဃံ သရဏံ ဂစ္ဆာမိ“၌ သံဃအရကို -

သော အတ္ထတော အဋ္ဌ အရိယပုဂ္ဂလသမူဟောဟူ၍ အရိယာပုဂ္ဂိုလ် ၈-ယောက်ကိုသာ ပြဆိုတော်မူကြကုန်သည်။ ထို့ကြောင့် ဝိနယမဉ္ဇူသာအမည်ရှိသော ကင်္ခါဝိတရဏီဋီကာ အစရှိသော နောက်ဖြစ်ဋီကာကျမ်း, ဥပါသကာလင်္ကာရ ကျမ်းများ၌-

- ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ကိုလည်း “သံဃံသရဏံ“၌

သင်္ဂြီုဟ်ရေတွက်ရမည်ဟူသော စကားကို ပယ်ရှား၍ ပရမတ္ထသံဃာ အရိယာ ၈-ယောက်ကိုသာ “သံဃံ သရဏံ“၌ သံဃာ-ဟူ၍ ယူရမည်၊ ပုထုဇဉ် သံဃာကို မယူအပ်ဟု ဆုံးဖြတ်ကြ၏။

ဤဝိနိစ္ဆယကျမ်းအလိုအားဖြင့်-

ယခုကာလရှိကြသော ပုထုဇဉ် သမ္မုတိသံဃာများသည် သရဏဂုံ မထိုက်၊ ထိုပုဂ္ဂိုလ်တို့၏ အထံ၌ အရိယာပုဂ္ဂိုလ် ၈-ယောက်ကို ရည်မှတ်၍ ခံယူမှ သံဃသရဏဂုံကို ရထိုက်၏၊ ယခုရှိကြသော မိမိမိမိတို့၏ ကိုးကွယ်ရာ ဆရာတော် သံဃာတော်များကိုသာ ကိုးကွယ်ရာရည်မှတ်၍ ခံယူသည်ရှိသော် သံဃ သရဏဂုံကို မရ-ဟု အဓိပ္ပါယ်ကျ၏။

ဆင်တဲဆရာတော် ရေးသားဆုံးဖြတ်သော သရဏာဒိ ဝိနိစ္ဆယ ကျမ်း၊ မန်လည်ဆရာတော် ရေးသားဆုံးဖြတ်သော ဝဇီရဗျာကရဏ ကျမ်း-အစရှိသည်တို့၌မူကား--

အဋ္ဌကထာကြီး၌ “သံဃံ သရဏံ“၏အရကို “အဋ္ဌအရိယ ပုဂ္ဂလ သမူဟော”ဟု ၈-ယောက်သော အရိယာသံဃာကိုသာ ထိုပုဒ်၌ ပြဆိုကြ သည်မှန်ပေ၏၊ သေက္ခဟူသော ပုဒ်၌မူကား-

ပုထုဇ္ဇနကလျာဏကေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တီတိ သေက္ခာ-

အစရှိသည်ဖြင့် ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ကို သေက္ခပုဂ္ဂိုလ်၌ ထည့်သွင်း၍ ဖွင့်ကြကုန်၏၊ ထို့ကြောင့် ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်သည် “အဋ္ဌအရိယပုဂ္ဂလသမူဟော”ဟူသော ထိုအဋ္ဌကထာကြီးတို့၌ သောတာ ပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်တွင် အတွင်းဝင်ဖြစ်၍ ပါလေ၏။

ထို့ကြောင့် သီလက္ခန်အဋ္ဌကထာ, အင်္ဂုတ္တိုရ်အဋ္ဌကထာ-စသည် တို့၌လည်း-

ပုထုဇ္ဇနကလျာဏကေန သဒ္ဓိံ သတ္တ သေက္ခာ မဂ္ဂဗြဟ္မစရိယံ စရန္တိနာမ-

ဟုမိန့်တော်မူကြကုန်၏။

ထုတ်ပြခဲ့ပြီးသော ပါဠိတော်တို့၌လည်း ထို့အတူ ပါဝင်လေ၏၊ ထို့ကြောင့် ပြဆိုခဲ့ပြီးသော ကင်္ခါဝိတရဏီဋီကာ, ဥပါသကာလင်္ကာရ ကျမ်းတို့၌ ဖွင့်ဆိုကြသော စကားများသည် ထိုပါဠိတော်ကြီး, အဋ္ဌကထာ ကြီးများနှင့်အညီပင်ဖြစ်၏၊ ကလျာဏပုထုဇဉ် ရဟန်းသည်လည်း သရဏဂုံထိုက်၏-ဟု ဆုံးဖြတ်တော်မူကြကုန်၏။

ဤဝိနိစ္ဆယကျမ်းတို့အလိုအားဖြင့် ယခုကာလရှိကြသော ကလျာဏပုထုဇဉ် သမ္မုတိသံဃာတော် အပေါင်း တို့သည်

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော” အစရှိသော ပါဠိတော်၌လည်း ပါဝင်ကုန်၏၊ သုပ္ပဋိပန္န, ဥဇုပ္ပဋိပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္န တစ်စိတ်ဖြစ်ကြကုန်၏-ဟု အဓိပ္ပါယ်ကျ၏၊ သင့်မြတ်လှပေ၏၊ ဉာဏ်ကြီးတော်မူကြပေကုန်၏။

အဘယ်သို့သင့်မြတ်လှပေသနည်းဟူမူကား-

ပါတိမောက်၌လာသော ၂၂၇-ပါးသော သိက္ခာပုဒ်တော်စုသည် အာဒိဗြဟ္မစရိယသီလမည်၏၊ အဘယ့်ကြောင့် အာဒိဗြဟ္မစရိယသီလ မည်သနည်းဟူမူကား

ဗြဟ္မစရိယဿ=မဂ်တည်းဟူသော ဗြဟ္မစရိယ၏၊ အာဒိ=အဦးအစ ပေတည်း၊ ဣတိ=ထို့ကြောင့်၊ အာဒိဗြဟ္မစရိယံ=အာဒိဗြဟ္မစရိယသီလ မည်၏။

ဟူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့်အညီ ထိုထို ၂၂၇-ပါးသော သိက္ခာပုဒ်တော်စုသည်၊ သောတာပတ္တိမဂ်၏ အဦးအစဖြစ်၏၊ သောတာ ပတ္တိမဂ်၏ နယ်တွင်းခေတ်၌ဖြစ်၏၊ ထိုသီလ၌ တည်ကြကုန်သော ရဟန်း, သာမဏေတို့၌လည်း ရဟန်း, သာမဏေအဖြစ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သောတာပတ္တိ မဂ္ဂဋ္ဌသေက္ခပုဂ္ဂိုလ်၏ အဦးအစ၌ တည်ကြ လေကုန်၏၊ သေက္ခပုဂ္ဂိုလ် ဟူသော အရေအတွက် သုပ္ပဋိပန္န, ဥဇုပ္ပဋိပန္န, ဉာယပ္ပဋိပန္န, သာမိစိပ္ပဋိပန္နပုဂ္ဂိုလ်အရေအတွက်သို့ ရောက်ကြလေ ကုန်၏။

ထို့ကြောင့် မဇ္ဈိမပဏ္ဏာသပါဠိတော် သေက္ခပဋိပဒါသုတ် အစရှိ သည်တို့၌ ပုထုဇဉ်ရဟန်းတို့၏ သိက္ခာပဒ သီလစုကိုလည်း-

ဣမိနာ အရိယေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ အစရှိသည်ဖြင့် အရိယသီလဟူ၍ ဟောတော်မူပြန်သောကြောင့် ထို ၂၂၇-ပါးသော သိက္ခာပုဒ်၌ တည်ကုန်သော ပုထုဇဉ်ရဟန်းတို့သည် သုပ္ပဋိပန္နအာစာရ အရိယာပုဂ္ဂိုလ်မျိုးလည်း မည်ကုန်၏၊ ထို့ကြောင့် ထိုဆရာတော်ကြီးတို့၏ ဝိနိစ္ဆယစကားသည် အလွန်သင့်မြတ်လှ ပေသတည်း။

သည်သာမကသေး ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏဝိဘင်္ဂသုတ်၌ ပုဂ္ဂလိကအလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေး လာရှိသည်တွင်-

၁။ ပဌမကား တိရစ္ဆာန်တည်း။

၂။ ဒုတိယကား လူဒုဿီလတည်း။

၃။ တတိယကား သာသနာပ လူသီလဝန္တတည်း။

၄။ စတုတ္ထကား သာသနာပ စျာန်ရ ရသေ့တည်း။

၅။ ပဉ္စမကား သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်တည်း၊ သောတာ ပတ္တိဖလသစ္ဆိကိရိယာယ ပဋိပန္န-ဟုခေါ်၏။

သာသနာတွင်း၌ ပုထုဇဉ်ဖြစ်သော လူ, သာမဏေ, ရဟန်းတို့သည် ပါဠိတော်၌ အလှူခံပုဂ္ဂိုလ်တို့မှ လွတ်သကဲ့သို့ ရှိကုန်၏၊ သရဏဂုံ တည်သော လူမှစ၍ အလုံးစုံသော ဗုဒ္ဓဘာသာဝင်ပုထုဇဉ်တို့ကို သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်နှင့် တပေါင်းတည်းပြု၍ ယူတော်မူသည်ဟု ဒက္ခိဏဝိဘင်္ဂသုတ် အဋ္ဌကထာ၌ ဖွင့်ဆိုတော်မူ၏။

ဤအဋ္ဌကထာအလိုအားဖြင့် သရဏဂုံ ၃-ပါး ကောင်းစွာတည် သော ဗုဒ္ဓဘာသာ အမျိုးအရိုးမှန်ခဲ့ပေလျှင် သောတာပတ္တိမဂ္ဂဋ္ဌ သေက္ခ ပုဂ္ဂိုလ်၌ ရေတွက်ရသည်ချည်းဖြစ်၏၊ ထို့ကြောင့် ငါတို့ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတစ်ခုလုံးသည် သုပ္ပဋိပန္န နိုင်ငံအမှန်ဆိုထိုက်၏၊ ထို့ကြောင့် ထိုဆရာတော်ကြီးတို့၏ ဝိနိစ္ဆယစကားသည် အလွန်သင့်မြတ်လှ ပေသတည်း။

အထူးမူကား။ ။သံဃသဒ္ဒါ၌ ဥပသမ္မန္နဖြစ်သော ရဟန်း ပုထုဇဉ်ကိုသာ ယူအပ်၏၊ ရဟန်း မဟုတ်သော သူကို မယူအပ်။

[ဤကား-သံဃသရဏဂုံ၌ ကလျာဏပုထုဇဉ်ရဟန်း ပါထိုက်, မပါထိုက်-ဟူသော စကားကို ထင်ရှားအောင်ဖြေဆိုချက်တည်း။]

စတုတ္ထခန်းပြီး၏

-------

၅-ပဉ္စမခန်း

သရဏဂုံထိုက်သော သံဃာကိုပြခြင်း

မေး။ သံဃသရဏဂုံ၌ ပါဝင်ထိုက်သော ကလျာဏပုထုဇဉ် ဟူသည် အဘယ်ကဲ့သို့သော ရဟန်းကို ဆိုပါသနည်း-ဟု အမေးထုတ် ရာ၏။

ဖြေ။ ပုထုဇဉ်သည် ကလျာဏပုထုဇဉ်, အန္ဓပုထုဇဉ် ဟူ၍ ၂- မျိုးရှိ၏။

ထို ၂-မျိုးတို့တွင်

၁။ ခန္ဓာ ၅-ပါး, အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး, ပဋိစ္စသမုပ္ပါဒ်တရား, သတိပဋ္ဌာန်စသော ဗောဓိပက္ခိယတရားတို့၌ ကျွမ်းကျင်လိမ်မာ သော ပညာမျက်စိမရှိကြသူ ရှင်လူအပေါင်းသည် အန္ဓပုထုဇဉ်မည်၏၊
၂။ ထိုတရားတို့၌ ကျွမ်းကျင်လိမ်မာသော ပညာမျက်စိနှင့် ပြည့် စုံကြသူ ရှင်လူအပေါင်းသည် ကလျာဏပုထုဇဉ် မည်၏။

[ဤကား-အဘိဓမ္မာအဋ္ဌကထာ, သုတ္တန်အဋ္ဌကထာတို့၌ များစွာလာရှိသည်ဖြစ်၍ လောက၌ ပြောရိုးဆိုစဉ်အားဖြင့် ထင်ရှား၍နေသော ပုထုဇဉ် ၂-မျိုး ခွဲနည်းတည်း။]

ယဿ ဟိ ခန္ဓဓာတု အာယတန ပစ္စယကာရ သတိပဋ္ဌာနာဒီသု ဥဂ္ဂဟပရိပုစ္ဆာဝိနိစ္ဆယ ရဟိတ္တတာ ဒိဋ္ဌိပ္ပဋိသေဓကော နေဝ အာဂမော အတ္ထိ-

အစရှိသည်ဖြင့် အဋ္ဌသာလိနီ အဋ္ဌကထာ, မူလပဏ္ဏာသ အဋ္ဌကထာစသည်တို့၌ ထင်ရှားစွာလာရှိ၏။

ဤသံဃသရဏဂုံအရာ၌ ရဟန်းကိုသာလျှင် လိုအပ်၏၊ ထို့ ကြောင့် ဤအဋ္ဌကထာကြီးတို့၏ အလိုအားဖြင့်
၁။ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌လည်းကောင်း၊ ဗောဓိပက္ခိယတရားတို့၌လည်းကောင်း ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သော ဉာဏ်မျက်စိမရှိသော ရဟန်းသည် အဝါ ၆၀-ပင် ရသော်လည်း အန္ဓပုဂ္ဂိုလ်ဖြစ်၍ သရဏဂုံ မထိုက်၊ ထိုရဟန်းကို ကိုးကွယ်၍သရဏဂုံ မရ။
၂။ ထိုတရားတို့၌ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောဉာဏ်မျက်စိ နှင့်ပြည့်စုံသောရဟန်းသည် ယနေ့မှဖြစ်သော ရဟန်းငယ်ပင်ဖြစ်သော် လည်း ကလျာဏပုဂ္ဂိုလ်ဖြစ်၍ သရဏဂုံထိုက်၏၊ ထိုကဲ့သို့သော ရဟန်းကို ကိုးကွယ်မှ သရဏဂုံ ရ၏။

ဟူသော အဓိပ္ပါယ်သည် ပြီးစီး၏။

မေးမြန်းဘွယ်

မေး။ ပုထုဇဉ်ရဟန်းကို သံဃသရဏဂုံအရာ၌လည်းကောင်း, သေက္ခအရာ၌လည်းကောင်း သွင်း၍ ပြဆိုကြကုန်သော ကျမ်းဂန် အရပ်ရပ်တို့၌ ကလျာဏပုထုဇဉ်ရဟန်းကိုသာ ပြဆိုကြကုန်၏၊ အန္ဓပုထုဇဉ်ရဟန်းကို ကြဉ်ဖယ်ကြကုန်၏၊ ထိုသို့ဖြစ်ခဲ့သော် အကြင် ရဟန်းသည် သီလနှင့်ပြည့်စုံ၏၊ ပြဆိုပြီးသောတရားတို့၌ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သော ဉာဏ်မျက်စိမူကား-မရှိ၊ ထိုရဟန်းသည် သံဃသရဏဂုံ အရာ၌ လုံးလုံးမဝင်ထိုက်-ဟုမှတ်ရမည်လောဟူမူ--

ဖြေ။ သီလသည်လည်း ကလျာဏဓမ္မပင်ဖြစ်၏၊ ထို့ကြောင့် သီလနှင့်ကောင်းစွာပြည့်စုံပေလျှင်ပင် ထိုကဲ့သို့သော ဉာဏ်မျက်စိ မရှိငြား သော်လည်း ကလျာဏပုထုဇဉ်၌ ပါဝင်သင့်သည်သာဖြစ်၏၊
မေး။ ထိုသို့ဖြစ်ခဲ့သော် ကလျာဏပုထုဇဉ်၏လက္ခဏာကို ပြဆိုကြကုန်သော အဋ္ဌကထာကြီးတို့၌ အဘယ့်ကြောင့် ပညာမျက်စိ ကိုသာ ကလျာဏအင်္ဂါပြု၍ ပြဆိုကြကုန်သနည်းဟူမူ-

ဖြေ။ ဤသာသနာတော်တွင်း၌ ခန္ဓာ, အာယတန, ဓာတ်တည်း ဟူသော အနတ္တတရားတို့ကို မြင်နိုင်သော သူသည်သာလျှင် ဘုရားကို တွေ့မြင်သောသူ မည်၏၊ တရားကိုတွေ့မြင်သောသူ မည်၏၊ သံဃာကို တွေ့မြင်သော သူမည်၏၊ သာသနာတော်ကိုတွေ့မြင်သောသူ မည်၏၊ ပြဆိုခဲ့ပြီးသော ပညာမျက်စိနှင့် ပြည့်စုံသော ရဟန်းသည်သာလျှင် မိမိသည်လည်း ဘုရား, တရား, သံဃာ, သာသနာတော်ကို တွေ့မြင်ရ၏၊ မိမိကို ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်ကြသူ ရှင်လူအပေါင်းတို့ အားလည်း ဘုရား, တရား, သံဃာ, သာသနာတော်ကို တွေ့မြင်နိုင်သော ဉာဏ်မျက်စိကို ပေးနိုင်၏၊ ထို့ကြောင့် ကလျာဏပုထုဇဉ်၏အင်္ဂါကို ပြဆိုကြကုန်သော အဋ္ဌကထာကြီးတို့၌ ခန္ဓာစသည်ကို မြင်နိုင်သော ပညာမျက်စိကိုသာ ကလျာဏအင်္ဂါပြု၍ ပြဆိုကြပေကုန်သတည်း၊ သီလ နှင့်ပြည့်စုံသော အန္ဓပုထုဇဉ်ရဟန်းသည် သရဏဂုံ မထိုက်သော ကြောင့်ပညာမျက်စိကိုသာ ကလျာဏအင်္ဂါပြု၍ ပြဆိုကြကုန်သည် မဟုတ်-ဟုဖြေ။

တစ်နည်းကား။။ဤသတ္တဝါတို့၌ သက္ကာယဒိဋ္ဌိတရားသည် ထင်ရှားရှိနေ၏။

သက္ကာယဒိဋ္ဌိတရား ဆိုသည်ကား-
သတ္တဝါတို့၏ ခန္ဓာကိုယ်မည်သည် အထူးထူး အထွေထွေသော ရုပ်ဓာတ်အစု, နာမ်ဓာတ်အစုသာဖြစ်၏၊ ပုဂ္ဂိုလ်မဟုတ်, သတ္တဝါမဟုတ်, မိန်းမမဟုတ်, ယောက်ျားမဟုတ်, ပုဂ္ဂိုလ်, သတ္တဝါ, မိန်းမ, ယောက်ျား ဟူ၍မရှိ၊ အပြုအမူ အပြောအဆို အကြံအစည်ဟူသမျှသည် ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ အမှုသာတည်း၊ ပုဂ္ဂိုလ်, သတ္တဝါ၏ အမှုမဟုတ်၊ ထိုသို့ ဖြစ်ပါလျက် ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို မသိမမြင်နိုင်ကြကုန်သည်ဖြစ်၍
၁။ ပုဂ္ဂိုလ်တွေကိုသာ ကြောင်ကြောင်ကြီးထင်မြင်၍ နေကြကုန်၏။

၂။ သတ္တဝါတွေကိုသာ ကြောင်ကြောင်ကြီးထင်မြင်၍ နေကြ ကုန်၏။

၃။ မိန်းမ, ယောက်ျားတွေကိုသာ ကြောင်ကြောင်ကြီးထင်မြင် ၍ နေကြကုန်၏။

၄။ ငါဟူ၍ ကြောင်ကြောင်ကြီးထင်မြင်လျက် နေကြကုန်၏။

၅။ မည်သူ, မည်ဝါဟူ၍ ကြောင်ကြောင်ကြီးထင်မြင်လျက် နေကြကုန်၏။

၆။ ငါမြင်သည်၊ ငါကြားသည်၊ ငါနံသည်၊ ငါလျက်သည်၊ ကိုယ်အင်္ဂါ၌ အတွေ့အထိကို ငါသိသည်၊ ငါကြံသည်၊ ငါသွားသည်၊ ငါလာသည်၊ ထိုထိုအမှုကို ငါပြုသည်၊ ငါပြောဆိုသည်၊ ငါကြံဖန်သည်-ဟု ကြောင်ကြောင်ကြီး ထင်မြင်လျက် နေကြကုန်၏။

ဤသို့ကြောင်ကြောင်ကြီး ထင်မြင်မှု, စွဲလမ်းမှုတွေကို သက္ကာယ ဒိဋ္ဌိဆိုသတည်း။

ထိုသက္ကာယဒိဋ္ဌိသည်-

၁။ သရဏဂုံ၏ အန္တရာယ်ကြီးပေတည်း။

၂။ ဣန္ဒြေသမာဓိ၏ အန္တရာယ်ကြီးပေတည်း။

၃။ ကမ္မဿကတာဉာဏ်ဟုဆိုအပ်သော လောကီသမ္မာဒိဋ္ဌိ၏ အန္တရာယ်ကြီးပေတည်း။

၄။ သရဏဂုံ, သီလ, ဣန္ဒြေ, သမာဓိ, လောကီသမ္မာဒိဋ္ဌိတို့ကို ပစ်ခွင်းဘို့လက်နက်ကြီးပေတည်း။

ဤသတ္တဝါအပေါင်းတို့သည်ကား--
၁။ ဘုရားသာသနာတော်တွင်း၌ ကြုံကြိုက်သည့်အခါ သဒ္ဓါ၏ အစွမ်းအားဖြင့် သရဏဂုံကိုလည်း အဖန်ဖန် ဆောက် တည်ကြကုန်၏

၂။ သရဏဂုံကို ပစ်ခွင်းရန် ငါငါဟူသော, ငါ၏ကိုယ်-ငါ၏ ကိုယ်ဟူသော သရဏဂုံပစ် လက်နက်ကြီးကိုလည်း နေ့ရှိ သမျှ တသသ ပြုစု ပျိုးထောင်လျက်နေကြကုန်၏။

၃။ မိမိတို့ဆောက်တည်ကြသော သရဏဂုံကို ပစ်ခွင်းရန် သက္ကာယဒိဋ္ဌိ လက်နက်တိုက်ကြီးကို နေ့ရှိသမျှ ကြောင့်ကြ စိုက်ထုတ် ပြုလုပ်တည်ထောင်လျက် နေကြကုန်၏။

၄။ သရဏဂုံကိုလည်း နေ့စဉ်ခံယူကြကုန်၏။

၅။ သရဏဂုံ၏ ရန်သူဖြစ်သော သက္ကာယဒိဋ္ဌိကြီးကိုလည်း ကိုယ်တွင်း, နှလုံးတွင်း၌ ရင်ခွင်ပိုက်၍ အမြဲမွေးမြူလျက် ရှိနေကြကုန်၏။

ထို့အတူ-

၁။ ၅-ပါးသီလ, ၈-ပါးသီလ, ၁၀-ပါးသီလ, ၂၂၇-ပါးသော ရဟန်းသီလတို့ကိုလည်း ခံယူဆောင့်ထိန်းကြကုန်၏၊
၂။ သီလ၏ရန်သူဖြစ်သော သက္ကာယဒိဋ္ဌိကိုလည်း ရင်ခွင် ပိုက်၍ မွေးမြူလျက်ထားကြကုန်၏။

၃။ ဣန္ဒြေသမာဓိကိုလည်း စောင့်ထိန်းကြကုန်၏၊
၄။ ဣန္ဒြေသမာဓိ၏ ရန်သူဖြစ်သော သက္ကာယဒိဋ္ဌိကိုလည်း ရင်ခွင်ပိုက်၍ မွေးမြူလျက်ထားကြကုန်၏၊
၅။ ဒါန, သီလအစရှိသော ကမ္မဿကတာ သမ္မာဒိဋ္ဌိ အမှုတို့ ကိုလည်း ပြုကြကုန်၏။

၆။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၏ ရန်သူဖြစ်သော သက္ကာယ ဒိဋ္ဌိကိုလည်း ရင်ခွင်ပိုက်၍ မွေးမြူလျက် ထားကြကုန်၏။

ရင်ခွင်ပိုက်၍ မွေးမြူမှုဆိုသည်ကား-
သက္ကာယဒိဋ္ဌိကို ပယ်သတ်ရန် ရုပ်, နာမ်ခန္ဓာတရားတို့၌ သိကျွမ်း လိမ်မာမှုကို အားမထုတ်ကြကုန်မူ၍ ငါငါဟူသော သက္ကာယဒိဋ္ဌိ ပွား များရန် လောကီစည်းစိမ်, လောကီဂုဏ်, လောကီကျက်သရေ ပွားများ မှုကိုသာ အားထုတ်ကြကုန်၏၊ ဤသို့အားထုတ်မှုကို “သက္ကာယဒိဋ္ဌိကို ရင်ခွင်ပိုက်၍ မွေးမြူမှု” ဆိုသတည်း။

လွန်လေပြီးသော အနမတဂ္ဂသံသရာ၌လည်း-

၁။ ဘုရားသာသနာနှင့်တွေ့ကြုံခဲ့ကြလှကုန်ပြီ။

၂။ သရဏဂုံကို ဆောက်တည်ခဲ့ကြလှကုန်ပြီ။

၃။ မိမိတို့သရဏဂုံကို သက္ကာယဒိဋ္ဌိဟူသော လက်နက်ဖြင့် မိမိတို့သည်ပင်လျှင် ပစ်ခွင်း၍, ပစ်ခွင်း၍ ပျက်ဆုံးစေကြ လှကုန်ပြီ။

၄။ ရဟန်းသီလ, လူသီလတို့ကိုလည်း စောင့်ထိန်းခဲ့ကြလှ ကုန်ပြီ။

၅။ ဣန္ဒြေသမာဓိတို့ကိုလည်း စောင့်ထိန်းခဲ့ကြလှကုန်ပြီ။

၆။ ကမ္မဿကတာ သမ္မာဒိဋ္ဌိမှုတို့ကိုလည်း ပြုခဲ့ကြလှကုန်ပြီ။

၇။ သီလ, သမာဓိ, ပညာမှုတို့ကိုလည်း သက္ကာယဒိဋ္ဌိဟူသော လက်နက်ဖြင့် မိမိတို့သည်ပင်လျှင် ပစ်ခွင်း၍, ပစ်ခွင်း၍ ပျက်ဆုံးစေလှကုန်ပြီ။

ယခုအခါ၌လည်း--
၁။ သက္ကာယဒိဋ္ဌိကို မွေးမြူလျက် ရှိနေကြကုန်သော ဗုဒ္ဓဘာသာဝင် ရှင်လူအပေါင်းတို့အား ဆောက်တည်စောင့်ရှောက်၍ ရှိနေကြကုန်သော သရဏဂုံ, သီလ, သမာဓိ, ပညာတို့သည် တစ်ရက်, တစ်လ, တစ်နှစ်, တစ်ဘဝ, တဒင်္ဂမျှသာ ထိုသူတို့၏သန္တာန်၌ တည်နေခွင့် ရကြကုန်လတ္တံ့၊ တည်နေကြစဉ်အခါ၌လည်း သက္ကာယဒိဋ္ဌိ လက်နက်ဦးမှာ တည်နေ ကြရကုန်သည်ဖြစ်၍ ယခုနေ့၌ပင် ပျက်ဆုံးရမည်လော၊ နက်ဖြန်၌ပင် ပျက်ဆုံးရမည်လော-ဟု ပျက်ဆုံးမှုကိုသာ ရှေးရှု၍ တည်နေကြရကုန်၏၊
၂။ သေလွန်သဖြင့်ပျက်ဆုံးမှု, ယခုဘဝတွင်လည်း ဘာသာ တစ်ပါးပြောင်းလဲသဖြင့် ပျက်ဆုံးမှု-ဟူသော သရဏဂုံ ပျက်ဆုံးမှု ၂-ပါးတို့တွင် တစ်ပါးပါးသို့ ဆိုက်ရောက်မှုကို ရှေးရှုလျက် တည်နေရ၏။

၃။ သီလ, သမာဓိ, ပညာတို့မှာလည်း ထို့အတူ တစ်စုံတစ်ခုနှင့် ပျက်ဆုံးမှုကိုသာ ရှေးရှုလျက် တည်နေ ကြရကုန်၏၊
၄။ ယခုဘဝ၌ ခံယူဆောက်တည်ပြီးသော သရဏဂုံကိုစွန့်ပစ် ၍ ရေရှုခရစ်ဘာသာသို့ ဝင်ကြသူတို့လည်း များစွာ ရှိကြ ကုန်၏

၅။ ယခုဘဝ၌ မစွန့်ကြကုန်သော်လည်း သေလွန်သောအခါ၌ ဧကန်စွန့်ကြရကုန်လတ္တံ့၊ နောက်ဘဝ၌ တွေ့ရှိရာ ဘာသာ သို့ ဝင်ကြရကုန်လတ္တံ့။

အဘယ်ကြောင့်နည်းဆိုသော်-

ဒါနကုသိုလ်မျိုးသည်လည်း သက္ကာယဒိဋ္ဌိကို နှိမ်နင်းနိုင်သော ကုသိုလ်မျိုး မဟုတ်၊ ရဟန်းသီလမျိုး, လူသီလမျိုးသည်လည်း သက္ကာယ ဒိဋ္ဌိကို နှိမ်နင်းနိုင်သောကုသိုလ်မျိုး မဟုတ်၊ ဣန္ဒြေသမာဓိကုသိုလ်မျိုး, လောကီ သမ္မာဒိဋ္ဌိမျိုးသည်လည်း သက္ကာယဒိဋ္ဌိကို နှိမ်နင်းနိုင်သော ကုသိုလ်မျိုး မဟုတ်၊ ရုပ်နာမ်, ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ တတ်သိလိမ်မာသော သာသနသမ္မာဒိဋ္ဌိ ကုသိုလ်မျိုးမှသာလျှင် သက္ကာယ ဒိဋ္ဌိကို နှိမ်နင်းနိုင်သော ကုသိုလ်မျိုးဖြစ်၏။

သာသနသမ္မာဒိဋ္ဌိ ကုသိုလ်မျိုးကိုမူကား-လေ့ကျက်သူ အလွန် နည်းပါးကြကုန်၏၊ တတ်သိလိမ်မာသူ လူလူရှင်ရှင် အလွန်နည်းပါး ကြကုန်၏၊ သက္ကာယဒိဋ္ဌိကို ရင်ခွင်ပိုက်၍ အလိုလိုက်၍ မွေးမြူ၍နေကြ ကုန်သော လူရှင်တို့သာ များကြကုန်၏။

ဗုဒ္ဓသရဏဂုံ၏ရန်သူကို မွေးမြူ၍ထားကြကုန်သော လူရှင် အပေါင်းတို့သည် ဘုရားကိုကြည်ညိုသမှု ပြုကြကုန်သော်လည်း၊ ကြည်ညို သည် မမည်၊ ကြည်ညိုရာ မရောက်၊ သီလ၏ရန်သူကို မွေးမြူ၍ ထားကြ ကုန်သော လူရှင်အပေါင်းတို့သည် သီလကို ရိုသေကြကုန်သော်လည်း ရိုသေသည် မမည်၊ ရိုသေရာ မရောက်၊ ဣန္ဒြေသမာဓိ၏ အန္တရာယ်ကို မွေးမြူ၍ ထားကြကုန်သော လူရှင်အပေါင်းတို့သည် ဣန္ဒြေသမာဓိကို စောင့်ရှောက်သည် မမည်၊ စောင့်ရှောက်ရာ မရောက်။

အဘယ့်ကြောင့်နည်းဆိုသော်-

သရဏဂုံ, သီလ, သမာဓိတို့၏ အန္တရာယ်ကို ပယ်သတ်ရန် ဉာဏ် လက်နက် မရှိသဖြင့် အန္တရာယ်ရန်သူကို မွေးမြူ၍ နေကြလျက်ရှိသော ကြောင့်တည်း။

ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ တတ်သိလိမ်မာသော ဉာဏ်ပညာမျက်စိ မရှိကြကုန်သော အန္ဓပုထုဇဉ် ရဟန်းတို့သည် မိမိတို့ သန္တာန်၌ အနမတဂ္ဂသံသရာတွင် အစဉ်ပါရှိ၍နေသော သရဏဂုံ၏ ရန်သူကြီး ဖြစ်သော သက္ကာယဒိဋ္ဌိကိုပင် ယခုဘဝ၌သော်လည်းကောင်း, နောက်ဘဝ၌သော်လည်းကောင်း ပယ်သတ်ရန် ဉာဏ်ပညာမျိုးစေ့ပင် မရှိကြကုန်သေး၊ မိမိကို ကိုးကွယ် ဆည်းကပ်ကြသူ လူရှင်အပေါင်းတို့အား ထိုဉာဏ်ပညာမျိုးကို ပေးဝေဖြန့်ဖြူးခြင်းငှါ အဘယ်မှာ စွမ်းနိုင်ကြကုန် အံ့နည်း၊ ထို့ကြောင့် မြတ်စွာဘုရားသခင်သည် အန္ဓပဝေဏီ ဥပမာကို ပြဆိုတော်မူပေသည်။

အန္ဓပဝေဏီ ဥပမာ

အန္ဓပဝေဏီ ဥပမာဆိုသည်ကား--
တစ်ယောက်၏ပခုံး၌ တစ်ယောက်ကိုင်၍ ဆက်လက်ကာနေကြ သော အထောင်မကသော သူကန်းတန်းကြီးကို ဆိုသတည်း၊ ပဌမသူကန်း ကြီးသွားရာ အစဉ်လိုက်ပါ၍ နေကြရကုန်၏၊ ပဌမသူကန်းလည်း လမ်း စခန်းကို မမြင်၊ နောက်နောက်သော သူကန်းတို့သည်လည်း မျက်စိမရှိ ကြသည့်အတွက် ပဌမသူကန်းကြီး မျက်စိမရှိသည်ကိုလည်း မမြင်နိုင်ကြ ကုန်၊ မျက်စိရှိသည်ဟူ၍ပင် ထင်ကြရကုန်၏၊ ပဌမသူကန်းကြီးသည် လည်း မိမိမှာ နောက်လိုက်နောက်ပါ အခြံအရံ ယုတ်လျော့မည်စိုးသော ကြောင့် ငါသည်သူကန်းပင်ဖြစ်သည်-ဟု မပြော၊ တလည်လည်တပတ် ပတ်နှင့်ပင် တောအရပ်၌ ပျက်စီးခြင်းသို့ ရောက်ကြလေကုန်၏။

[ဤကား-အန္ဓပဝေဏီ ဥပမာတည်း။]

ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ တတ်သိလိမ်မာသော ဉာဏ်ပညာမျက်စိမရှိသော အန္ဓပုထုဇဉ်ရဟန်းတို့ကို ကိုးကွယ်ကြသူ ရှင်လူအပေါင်းတို့သည်လည်း ဤအန္ဓပဝေဏီ ဥပမာအတိုင်းဖြစ်ကြ ကုန်ရာသောကြောင့် အဋ္ဌကထာ ဆရာမြတ်တို့သည် အန္ဓပုထုဇဉ် ရဟန်းကို သရဏဂုံအရာမှ အပပြု၍ထားကြကုန်သည်၊ သံဃသရဏဂုံ အရာ၌ လုံးလုံးမဝင်ထိုက်သောကြောင့် အပပြု၍ ထားကြကုန်သည် မဟုတ်ဟု-ထိုအမေးကို ဖြေဆိုရာ၏။

[ဤကား-ကျမ်းဂန်တို့၌ သံဃသရဏဂုံအရာမှ ပယ်၍ထားကြသော အန္ဓပုထုဇဉ် ရဟန်းကို သံဃသရဏဂုံ၌ ထည့်သွင်းနည်းကို ပြဆိုလိုက်သော စကားရပ်တည်း။]

ခန္ဓာ အစရှိသည်ကို သိမြင်နိုင်သောသူသည်သာလျှင် ဘုရား, တရား, သံဃာ, သာသနာကို တွေ့မြင်ရသောသူ မည်၏ဟူသော စကား၌ကိံ တေ ဝက္ကလိ ဣမိနာ မေ ပူတိကာယေန ဒိဋ္ဌေန၊ ယော ခေါ ဝက္ကလိ ဓမ္မံ ပဿတိ သော မံ ပဿတိ။

ဟူသော ဝက္ကလိသုတ်ကို ထိုအဋ္ဌကထာကြီးတို့၌ ပြဆိုကြကုန်၏၊ ထို့ကြောင့် ကျမ်းဂန်၌ပြဆိုသော ဉာဏဝိပ္ပယုတ်ဒွိဟိတ်-သရဏဂုံ, ဉာဏသမ္ပယုတ်-တိဟိတ်သရဏဂုံ ၂-ပါးတို့တွင်

၁။ ခန္ဓာအစရှိသော တရားကို မမြင်တတ်ကြကုန်သော သူတို့ သည် ဉာဏဝိပ္ပယုတ်ဒွိဟိတ်-သရဏဂုံကိုသာ ရနိုင်ကြ ကုန်၏။

၂။ ခန္ဓာအစရှိသော တရားကို မြင်တတ်ကြကုန်သော သူတို့ သည် ဉာဏသမ္ပယုတ်-တိဟိတ်သရဏဂုံကိုသာ ရနိုင်ကြ ကုန်၏။

ဤသို့သော အထူးကိုသာ မှတ်ရာ၏၊

သီလဝန္တအန္ဓပုထုဇဉ် ရဟန်းသည် အဝါ ၆၀-ပင် ရသော်လည်း သံဃသရဏဂုံအရာ၌ မပါထိုက်၊ ထိုရဟန်းအတွက် လူတို့မှာ သရဏဂုံ မရထိုက်၊ ထိုရဟန်းကို ကိုးကွယ်သည့်အတွက် သရဏဂုံပျက်သည်ဟူ၍ ကား--မဆိုသင့်ပေ။

မေးမြန်းဘွယ်

မေး။ အဘယ့်ကြောင့် တရားကို မမြင်တတ်ကြသော သူတို့မှာ ဒွိဟိတ်သရဏဂုံ, တရားကို မြင်တတ်ကြသော သူတို့မှာ တိဟိတ်သရဏဂုံဟူ၍ ခြားနားရလေသနည်းဟူမူ-

ဖြေ။ သရဏဂုံအဖွင့်ဋီကာကြီးတို့၌--
သမ္မာဒိဋ္ဌီတိ ဗုဒ္ဓ သုဗုဒ္ဓတံ ဓမ္မ သုဓမ္မတံ သံဃ သုပ္ပဋိပတ္တိဉ္စ လောကီယာဝ ဗောဓဝသေနေဝ သမ္မာဉာယေန ဒဿနတော။ ဟု မိန့်ဆိုကြကုန်၏၊

အဓိပ္ပါယ်ကား။ ။ ခန္ဓာအစရှိသော တရား အထွေအပြားတို့ မည်သည် ဘုရားမှတစ်ပါး တစ်စုံတစ်ယောက် သောသူမျှ သိနိုင်မြင်နိုင်ကြ သည် မဟုတ်၊ ဘုရားဉာဏ်တော်၏ အရာသာဖြစ်၏၊ တစ်ပါးသော သတ္တဝါတို့သည်မူကား--ဘုရားဟော ဒေသနာကို ကြားနာကြရကုန်မှသာ လျှင် ထိုတရားတို့ကို သိနိုင်မြင်နိုင်ကြကုန်၏။

ထိုတရားတို့ကို မြင်သောသူသည်သာလျှင်-
၁။ ဘုရားဉာဏ်တော်၏ အရာအချက်ကို ကိုယ်တိုင်မျက်မှောက် တွေ့၏၊ မြင်၏၊ ဗုဒ္ဓ သုဗုဒ္ဓတာ ဂုဏ်တော် ဆိုသည်ကား ခန္ဓာအစရှိသော တရားတို့၌ အဟုတ်အမှန်အားဖြင့် ထိုးထွင်းသောဉာဏ်တော်ကို ဆိုသ တည်း၊ ထိုဉာဏ်တော်အချက်ကို တွေ့၏၊ မြင်၏။

၂။ ဓမ္မ သုဓမ္မတာ ဂုဏ်ကိုလည်း တွေ့၏၊ မြင်၏၊ ဓမ္မ သုဓမ္မတာ ဂုဏ်ဆိုသည်ကား- ထိုခန္ဓာအစရှိသော တရားတို့ကို ဟောကြားသော ဒေသနာဓမ္မ၏ သွာက္ခာတအဖြစ်တည်း၊ ထိုဓမ္မ သုဓမ္မတာ အချက်ကို လည်း တွေ့၏၊ မြင်၏။

၃။ သံဃ သုပ္ပဋိပတ္တိကိုလည်း တွေ့၏၊ မြင်၏၊ သံဃ သုပ္ပဋိပတ္တိ ဆိုသည်ကား--ထိုတရားတို့ကို ထိုးထွင်း၍ သိခြင်းငှါ ကျင့်ကြကုန်သော အရိယာသံဃာတို့၏ သုပ္ပဋိပန္နအဖြစ်တည်း၊ ထိုသုပ္ပဋိပတ္တိ အချက်ကို လည်း ကိုယ်တိုင်မျက်မှောက် တွေ့၏၊ မြင်၏။

ထိုတရားတို့ကို မမြင်ကြသောသူသည်ကား--
ထို ၃-ချက်တို့တွင် တစ်ခုခုသောအချက်ကိုမျှ ကိုယ်တိုင်တွေ့မြင်မှု မရှိကြကုန်၊ ကျမ်းထွက် စာတွေ့ လူပြော သူပြောနှင့်သာ ရတနာသုံးပါးကို ကြည်ညိုစွာ ကိုးကွယ်ကြရကုန်၏၊ ထို့ကြောင့် ထို ၂-ဦးသောသူတို့မှာ ဒွိဟိတ်သရဏဂုံ, တိဟိတ်သရဏဂုံ ၂-ပါး ခြားနားလျက်ရှိကြလေသည်ဟူလို။

[ဤကား-သံဃသရဏဂုံ၌ ပါဝင်ထိုက်သော ကလျာဏပုထုဇဉ်အရနှင့်တကွ ကလျာဏယုတ်, ကလျာဏမြတ် ၂-ပါး, ဒွိဟိတ်သရဏဂုံ, တိဟိတ်သရဏဂုံ ၂-ပါးကို ထင်ရှားစွာ ပြဆိုချက်တည်း။]

ပဉ္စမခန်းပြီး၏။

---

၆-ဆဋ္ဌခန်း

သရဏဂုံပျက်ခြင်းနှင့် မပျက်ခြင်းအကျဉ်းချုပ်

ဒုဝိဓော သရဏဂမနဘေဒေါ-အစရှိသည်ဖြင့် ဗုဒ္ဓဘာသာကို စွန့်၍ ဘာသာတစ်ပါး ပြောင်းရွှေ့သဖြင့် ပျက်ခြင်း, သေလွန်သဖြင့် ပျက်ခြင်း-ဟူ၍ လောကီသရဏဂုံပျက်ခြင်း ၂-ပါးကား-ထင်ရှားပြီးဖြစ်၍ အကျယ်မဆိုလိုက်ပြီ။

လိုရင်းအဓိပ္ပါယ်မှာမူကား-
၁။ ရှင်ဂေါတမဘုရားကို ဘုရားမဟုတ်၊ ရှင်ဂေါတမ၏ တရားကို တရားကောင်းမဟုတ်၊ ရှင်ဂေါတမ၏ တပည့် အရိယာသံဃာကို သံဃာကောင်းမဟုတ်-ဟု စိတ်ဆုံးဖြတ်သည်နှင့်တစ်ပြိုင်နက် ထိုသူမှာ သရဏဂုံပျက်၏။

၂။ ထိုသို့သော စိတ်မျိုးမရှိမူ၍ ဘုရားကိုလည်းကောင်း, မဂ် ၄- တန်, ဖိုလ် ၄-တန်, နိဗ္ဗာန်, ပရိယတ်တရားကိုလည်းကောင်း၊ ၈-ယောက် သော အရိယာသံဃာတော်ကိုလည်းကောင်း ယုံကြည်မြဲ ကိုးကွယ်မြဲတိုင်း သော စိတ်ကို မစွန့်မူ၍ ကုသိုလ်ပွါး, ပညာပွါး, ဘေးကင်း, ရန်ကင်းအား ဖြင့် တစ်ပါးသောပုဂ္ဂိုလ်, တစ်ပါးသောဆရာ, မင်းစိုးရာဇာ, မိစ္ဆာစုန်းနတ် အစရှိသည်ကို ရှိခိုးဝပ်တွား ခ,စားရိုသေ ကိုးကွယ်လေသော်လည်း သရဏဂုံ မပျက်ဟုမှတ်။

[ဤကား-သရဏဂုံပျက်ခြင်းနှင့် မပျက်ခြင်းကို အကျဉ်းချုပ်ပြဆိုချက်တည်း။]

ဆဋ္ဌခန်းပြီး၏

---

၇-သတ္တမခန်း

သရဏဂုံအကျိုးကို ပြခြင်း

ယခုအခါ အနိယတသရဏဂုံ, နိယတသရဏဂုံ ၂-ပါးတို့၏ အကျိုးသွားကို ပြဆိုရာ၏၊

ပြဆိုခဲ့ပြီးသော ဒွိဟိတ်သရဏဂုံ, တိဟိတ်သရဏဂုံ ၂-မျိုးတို့တွင်
၁။ ဒွိဟိတ်သရဏဂုံသည် အနိယတသရဏဂုံ ပုံသေတည်း၊ အကျိုး သွားမှာလည်း နောက်နောက်ဘဝတို့၌ ဒွိဟိတ်ပဋိသန္ဓေအကျိုးကိုသာ ပေးနိုင်၏၊ ဉာဏ်ပညာအလိမ်မာအကျိုးကိုမူကား မပေးနိုင်။

ထို့ကြောင့် ယခုအခါ အလွန်တွေ့ခဲ ကြုံခဲ နက်နဲထူးမြတ်လှ စွာသော မြတ်စွာဘုရား သာသနာတော်မြတ်၌ ကြုံကြိုက်ကြရကုန်သော ရဟန်း ရှင် လူ သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ကိုယ်ကို အန္ဓပုထုဇဉ်အဖြစ်, ဒွိဟိတ်သရဏဂုံမျိုး အဖြစ်၌တည်၍ တစ်သက် တစ်ခန္ဓာ တစ်သာသနာပြီးဆုံး၍ သွားကြမည့်အရေးကို စိုးရိမ်ကြ ကုန်ရာ၏၊ မသေမီကာလ အတွင်း၌ တစ်ကြိမ်တစ်ခါမျှပင်သော်လည်း မိမိတို့ကိုးကွယ်ရာ ဘုရား, တရား, သံဃာ, သာသနာများကို ကိုယ်တွေ့ဒိဋ္ဌ တွေ့မြင်ဘူးရသော ကလျာဏကြီးအဖြစ်, တိဟိတ်သရဏဂုံမျိုးအဖြစ်၌ တည်၍ နောင်တိဟိတ်ပဋိသန် ဉာဏ်အလိမ်မာမျိုးများကို ရနိုင်ကြရန် ကြံဖန် အားစိုက်ကြကုန်ရာသည်။

၂။ ဤဒွိဟိတ်သရဏဂုံကဲ့သို့ပင်လျှင် ယခုဘဝ၌ အနတ္တပရိညာ စခန်းသို့ မရောက်သော တိဟိတ်သရဏဂုံ သည်လည်း အနိယတမျိုး ပင်တည်း၊ နောက်နောက်ဘဝတို့၌ အသိအလိမ်မာ ဉာဏ်ပညာကိုမူကား ပေးနိုင်၏။

ယခုအခါ၌ ဤအနိယတသရဏဂုံ ၂-ပါးတို့၏ အလားကို ထင်ရှား စေခြင်းငှါ-

နာနာသတ္ထာရာနံ မုခံ ဥလ္လောကေန္တီတိ ပုထုဇ္ဇနာ-

ဟူသော ပဋိသမ္ဘိဒါမဂ် ပါဠိတော်မြတ်၏ အနက်အဓိပ္ပါယ်ကို ပြဆိုရာ၏။

အနက်ကား။။နာနာသတ္ထာရာနံ=အထူးထူးသော ကိုးကွယ်ရာ ဆရာတို့၏၊ မုခံ=မျက်နှာကို၊ ဥလ္လောကေန္တိ=တမော့မော့ကြည့်တတ်ကုန်၏၊ ဣတိတသ္မာ=ထို့ကြောင့်၊ ပုထုဇ္ဇနာ=ပုထုဇဉ်မည်ကုန်၏။

[တစ်ဘဝတစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကိုးကွယ်ရာပြောင်းရွှေ့တတ်ကုန်၏-ဟူလို။]

ဘေးကြီး ၃-ပါး

ဤသံသရာ၌ အထူးကြောက်မက်ဖွယ် ကောင်းလှသော ဘေးကြီး ၃-ပါးရှိ၏။

၃-ပါးဟူသည်ကား-
၁။ ဝိနိပါတဘေးကြီး တစ်ပါး
၂။ မိစ္ဆာဒိဋ္ဌိဘေးကြီး တစ်ပါး
၃။ နာနာသတ္ထာရ ဥလ္လောကနဘေးကြီး တစ်ပါး

ဤ ၃-ပါးတို့တည်း၊ ထို ၃-ပါးတို့တွင်-

၁။ ဝိနိပါတဘေးကြီး ဆိုသည်ကား-သက္ကာယဒိဋ္ဌိ တင်းလင်း ရှိနေကြကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါ အပေါင်းတို့သည် မိမိတို့ ဖြစ်ရာဘုံဘဝမှ စုတေကြကုန်သည်ရှိသော် ဘယ်ဘုံဘယ်ဘဝမှာ ငါဖြစ် မည်ဟု အလိုရှိရာ ဘုံဘဝသို့ သွားနိုင်ကြကုန်သည်မဟုတ်၊ ကမ္မဿကာ ကံပစ်ချရာဟု သေသည့်နောက်ဘဝ၌ ပေါက်လွှတ်ထားကြရကုန်၏၊ ယူဇနာများစွာကျယ်သော ထန်းတော, အုန်းတောကြီးမှ ခုတ်ချိုင်၍ ချအပ် ကုန်သော ထန်းသီး, အုန်းသီးတို့သည် ပေါက်လွှတ်ဒလကြမ်း ပရမ်းပတာ ကျရောက်ကြလေကုန်သကဲ့သို့၊ ထို့အတူ-

(က) လူ့ဘုံမှ စုတေကုန်သော လူသတ္တဝါအပေါင်းတို့သည်လည်း သေသည်၏နောက်၌ ပေါက်လွှတ်ဒလကြမ်း ပရမ်းပတာ ကံပစ်ချရာ ကျရောက်ကြလေကုန်၏။

(ခ) နတ်ပြည် ၆-ထပ် နတ်ဘုံတို့မှ စုတေကြကုန်သော နတ် သတ္တဝါအပေါင်းတို့သည်လည်းကောင်း၊ ရူပါဝစရ, အရူပါဝစရဗြဟ္မာ့ ပြည်မှ စုတေကြကုန်သော ဗြဟ္မာသတ္တဝါအပေါင်းတို့သည်လည်းကောင်း၊ သေသည်၏ နောက်၌ ပေါက်လွှတ်ဒလကြမ်း ပရမ်းပတာ ကံပစ်ချရာ ကျရောက်ကြလေကုန်၏။

(ဂ) မဟာပထဝီ, မြင့်မိုရ်, သတ္တရဘန်, ဘုံဗိမာန်တို့သည် မသေမီကာလ၌သာ တည်ရာမှီရာကိစ္စကို ပြီးစီးစေကုန်၏၊ သေသည်၏ နောက်၌မူကား-အောက် မဟာအဝီစိငရဲကြီး အပြင်တိုင်အောင် ကောင်းကင်ဟင်းလင်း အနန္တချောက်ကြီးတွင်းသို့ ကျကြကုန်ဘိသကဲ့သို့ အငြိအတွယ် အကွယ်အကာမရှိ ကံပစ်ချရာ ကျရောက်ကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း-

သေကြကုန်သော သတ္တဝါအပေါင်းတို့တွင် သုဂတိဘဝသို့ ရောက်ကြကုန်သော သတ္တဝါတို့သည် ငါ၏ လက်သည်းတော်ပေါ်မှာ တင်ရှိသော မြေမှုန့်ပမာဏကဲ့သို့ အလွန်နည်းကြလှကုန်၏၊ အပါယ်ဘုံသို့ ရောက်ကြလေကုန်သော သတ္တဝါတို့သည်မူကား မဟာပထဝီမြေကြီး မှာရှိနေသော မြေမှုန့်ပမာဏကဲ့သို့ အလွန်များလှကုန်၏-ဟူ၍ ဟော တော်မူပေ၏၊ တစ်ယောက်သောသူ၏ ကိုယ်၌ရှိသော ပိုးမျိုး ၈၀-တို့မှစ၍ ငရဲကြီး ၈-ပြည်ထောင်တို့နှင့်တကွ အပါယ် ၄-ဘုံတို့၌ အလုံးစုံသော ရေသတ္တဝါ, ကုန်းသတ္တဝါတို့၏ ပေါများပုံကို ဆင်ခြင်မြော်ထောက် သဖြင့် လည်း ဒေသနာတော်အတိုင်း မှန်လှပေသည်ဟု ယုံကြည်ကြကုန်ရာ၏။

ဤသို့လျှင် အနမတဂ္ဂသံသရာပြင်ကြီး၌ သက္ကာယဒိဋ္ဌိ တင်းလင်းရှိ နေကြကုန်သော လူ, နတ်, ဗြဟ္မာသတ္တဝါ အပေါင်းတို့အား စုတေမနေ သေလွန်ကြသောအခါ၌ ကျလိုရာကျ ရောက်လိုရာရောက် ပေါက်လွှတ် လျောက်လျား ကမ္မဿကာ ကံပစ်ချရာဟု ကံတစ်ခု, ကြမ္မာတစ်ခု လွှတ်၍ ထားကြရသဖြင့် ကံပစ်ချရာ ပရမ်းပတာ ကျရောက်မြဲ ဓမ္မတာဖြစ်သော ဘေးကြီးသည် ဝိနိပါတဘေးကြီးမည်၏။

ပညာရှိသူ နတ်, လူအပေါင်းတို့သည် သံသရာအပြင်၌ ဤဝိနိပါတ ဒုက္ခဘေးကြီးကို အလွန်ကြောက်ကြ, စက်ဆုပ်ကြကုန်သည်ဖြစ်၍ ထိုဘေးကြီးမှ လွတ်ခွင့်ကို ရခြင်းငှါ ဘုရားသာသနာတော်ကို တမြော် တည်း မြော်ကြရကုန်၏၊ ဘုရားသာသနာတော်နှင့် တွေ့ကြုံကြသောအခါ တစ်ပါးသော ဆွေရေး, မျိုးရေး, ဥစ္စာရေး, စီးပွားရေးတို့ထက် ထိုဘေး ကြီးမှ လွတ်ပြီးဖြစ်တည့်ကြခြင်းငှါ အနတ္တဘာဝနာတရားကို အားထုတ်စွဲ မြဲကြရကုန်၏။

[ဤကား-အနမတဂ္ဂသံသရာကြီး၌ အလွန်ကြောက်မက်ဖွယ် ကောင်းလှသော ဝိနိပါတဘေးကြီးကို အရိပ်အမြွက်မျှ ပြဆိုလိုက်သော စကားရပ်တည်း။]

၂။ မိစ္ဆာဒိဋ္ဌိဘေးကြီးဆိုသည်ကား-နတ္ထိ ဒိန္နံ၊ နတ္ထိ ယိဋ္ဌံ၊ နတ္ထိ ဟုတံ-အစရှိသည်ဖြင့်လာသော ၁၀-ပါးအပြားရှိသော ယခုအခါ အနောက်နိုင်ငံတစ်ခွင်လုံး၌ ထွန်းကား၍နေသော မိစ္ဆာဒိဋ္ဌိဘေးကြီး တည်း၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဉာဏ်မျက်စိ၏ အန္တရာယ်ဖြစ်သော ဘေးကြီးတည်း။

[ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်မျက်စိဆိုသည်ကား--သံသရာစခန်းကိုလည်း ကောင်း, သံသရာလမ်းကိုလည်းကောင်း သိတတ်မြင်တတ်သော ဉာဏ်မျက်စိကို ဆိုသတည်။]

(က) သံသရာစခန်းဆိုသည်ကား သေသည်၏အခြားမဲ့၌ ကံအား လျော်စွာ ဆိုက်ရောက်ကြရသော အပါယ် ၄-ဘုံ, လူ့ဘုံ, နတ်ပြည် ၆- ထပ်နတ်ဘုံ, ရူပ, အရူပ, ဗြဟ္မာပြည်ဘုံတို့ကို သံသရာစခန်းဆိုသည်။

(ခ ) သေသည်မှ နောက်၌ သတ္တဝါတို့၏ လားရာ ရောက်ရာ အပါယ် ၄-ဘုံတို့သည် ရှိကုန်၏၊ အပါယ် ၄-ဘုံတို့သို့လည်း လားကြ ရောက်ကြရကုန်၏၊ အထက်နတ်ပြည် ၆-ထပ် နတ်ဘုံတို့သည် ရှိကုန်၏၊ နတ်ပြည်သို့လည်း ရောက်ကြရကုန်၏၊ ဗြဟ္မာ ၂၀-တို့လည်းရှိကုန်၏၊ ဗြဟ္မာပြည်သို့လည်း ရောက်ကြရကုန်၏-ဟု သိတတ်မြင်တတ်သော ဉာဏ်မျက်စိမည်၏။

(ဂ) သတ္တဝါတို့ပြု၍ နေကြရကုန်သော ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့ကို ဤအမှု ဤအမှုတို့ကား-ဒုစရိုက်မှုတို့တည်း၊ အပါယ် ငရဲသို့ ကြရောက်မည့်လမ်းတည်း၊ ဤအမှုဤအမှုတို့ကား-သုစရိုက်မှု တို့တည်း၊ လူ့ဘဝ, နတ်ဘဝသို့ ရောက်ရမည့်လမ်းတည်း၊ ဤအမှု ဤအမှုတို့ကား- ရူပ, အရူပ ဗြဟ္မာ့ဘုံသို့ ရောက်ရမည့်လမ်းတည်း-ဟု သိတတ်မြင်တတ်သော ဉာဏ်သည် သံသရာလမ်းကို သိတတ်မြင်တတ် သော ဉာဏ်မျက်စိမည်၏။

အနမတဂ္ဂသံသရာ၌ ကျင်လည်၍နေကြကုန်သော သတ္တဝါ အပေါင်းတို့အား ဤကမ္မဿကတာသမ္မာဒိဋ္ဌိ ဉာဏ်မျက်စိကိုပင် အလွန်တရာရခဲလှကုန်၏၊ ဘဝတစ်ရာမှ တစ်ခါမရနိုင်ကြကုန်၊ ဘဝ တစ်ထောင်မှ တစ်ခါမရနိုင်ကြကုန်၊ သံသရာမှာ သွားလာကျင်လည်ဆဲ မတ်တတ်၌ မိစ္ဆာဒိဋ္ဌိဒဏ်ကြီး ထိကြသဖြင့် ထိုမျက်စိ ၂-လုံး ကွယ်ဆုံး၍ နေကြသော ဘဝတို့သည်သာ အလွန်များကြကုန်၏၊ ယခုအခါ ဗုဒ္ဓ ဘာသာလူမျိုးတို့၌ ဤမျက်စိရှိကြကုန်၏၊ ဗုဒ္ဓဘာသာ လူမျိုးမှတစ်ပါး အရပ်ရပ်သောလူမျိုး, အလုံးစုံသော ရေသတ္တဝါ, ကုန်းသတ္တဝါမျိုးတို့မှာ ဤမျက်စိမရှိကြလေပြီ၊ အောက်၌ ငရဲဘုံ, ပြိတ္တာဘုံ, အသုရကာယ်ဘုံ, အထက်၌ နတ်ဘုံ, ဗြဟ္မာ့ဘုံရှိမှန်းကိုပင် မသိကြကုန်ပြီ၊ မိမိ မိမိတို့ နေ့ရှိသမျှ ပြုလုပ်၍နေကြသော ကာယကံမှု, ဝစီကံမှု, မနောကံမှု တို့ကိုပင် သုစရိုက်မှုမှန်း, ဒုစရိုက်မှုမှန်း, သုဂတိလမ်းမှန်း, ဒုဂ္ဂတိလမ်းမှန်း မသိကြ ကုန်ပြီ။

ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ်မျက်စိ ၂-လုံး ပျက်ဆုံး ကွယ် ပျောက်၍နေကြကုန်သော သတ္တဝါတို့အား နေ့ရှိသမျှ ရက်ရှိသမျှ လှုပ်လှုပ်ရွရွပြုကြ လုပ်ကြ ပြောကြ ဆိုကြ ကြံစည်ကြသမျှသော ကာယ ကံမှု, ဝစီကံမှု, မနောကံမှုတို့သည် အပါယ် ၄-ပါး၌ မြှုပ်ကြဘို့, နစ်ကြဘို့ သာဖြစ်ကုန်၏၊ ထိုမျက်စိ ၂-လုံး ကွယ်ပျောက်ရာ အရပ်တို့မည်သည် တစ်မျိုးလုံး, တစ်ဆွေလုံး, တစ်ရပ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး, တစ်နယ် လုံး, တစ်တိုင်းလုံး, တစ်ပြည်လုံး, တစ်နိုင်ငံလုံး အပါယ်ငရဲသို့ချည်း စုံးစုံး မြှုပ်ကြလေကုန်၏၊ အနမတဂ္ဂသံသရာတစ်ပြင်လုံးသည် မိစ္ဆာဒိဋ္ဌိတောကြီး ဂနိုင်ကြီးကဲ့သို့ဖြစ်၏၊ သတ္တဝါအပေါင်းတို့သည် များသောအားဖြင့် မိစ္ဆာဒိဋ္ဌိ ဘဝတို့နှင့်သာ တွေ့ကြုံကြရကုန်၏။

ဤသို့လျှင် သက္ကာယဒိဋ္ဌိ တင်းလင်းရှိနေကြကုန်သော သတ္တဝါ အပေါင်းတို့အား ကမ်းမမြင်သော သမုဒ္ဒရာအပြင်၌ နတ်နဂါးတို့၏ အဆိပ်လေ, အဆိပ်ခိုးတို့နှင့် တွေ့ကြုံကြ၍ ပကတိမျက်စိ ၂-လုံးပျက်ဆုံး ကွယ်ပ၍ နေကြကုန်သော သင်္ဘောသားများ, လှေသားအများ သူကန်း ယောက်ျားတို့သည် လှေသင်္ဘောကိုလွှတ်၍ ထားပြန်လျှင်လည်း ကမ်းနှင့် ဝေးသည်ထက် ဝေးရာသို့သာ ရေအလိုက် လေအလိုက် မျောကြ ပါကြ လေကုန်ရာ၏၊ လှော်မှု, ခတ်မှု, ရွက်တိုက်မှု, စက်ခုတ်မှု ပယောဂကို ပြုကြကုန်ပြန်လျှင်လည်း အရှေ့, အနောက်, တောင်, မြောက်ကို မမြင်ဘဲ ပြုကြရသည့်အတွက် ကမ်းနှင့်ဝေးသည်ထက် ဝေးရာသို့သာ ပြုမိကြ ကုန်ရာ၏။

ထို့အတူ အနမတဂ္ဂသံသရာပြင်ကြီးဝယ် သုညကမ္ဘာတို့၌ မိစ္ဆာဒိဋ္ဌိ တည်းဟူသော အဆိပ်လေ, အဆိပ်ခိုးတို့နှင့် တွေ့ကြုံကြ၍ ဘဝအဆက် ဆက် သမ္မာဒိဋ္ဌိမျက်စိ ၂-လုံး ပျက်ဆုံးကွယ်ပလျက် ကျင်လည်ကြကုန် သော သတ္တဝါ အပေါင်းတို့အား ပြုသမျှ ဖြစ်သမျှသော ကိုယ်ပယောဂ, နှုတ်ပယောဂ, စိတ်ပယောဂတို့သည် မြှုပ်သည်ထက် မြှုပ်ဘို့၊ နစ်သည် ထက် နစ်ဘို့သာ ဖြစ်ကြလေကုန်၏။

[ဤကား-ရာဇတောဝါ စောရတောဝါ-ဟူသော ပရိတ်ကြီး၌ အသန္ဒိဋ္ဌိတောဝါဟူ၍ လာရှိသော မိစ္ဆာဒိဋ္ဌိ သံသရာဘေးကြီးပေတည်း။]

ပညာရှိသူ နတ်, လူ, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် အနမတဂ္ဂ သံသရာတစ်ပြင်လုံး၌ သံသရာနှင့် အပြည့်ရှိသော မြို့ရွာနိုင်ငံနှင့်တကွ အပါယ်ငရဲသို့ စုံးစုံးစုပ်စုပ်မြှုပ်စေနိုင်သော ဤအသန္ဒိဋ္ဌိဘေးကြီးကိုလည်း အလွန်ကြောက်လန့်ကြ, အလွန်စက်ဆုပ်ကြကုန်သည်ဖြစ်၍ ထိုဘေး ကြီးမှ လွတ်ခွင့်ကို ရခြင်းငှါ ဘုရားသာသနာတော် ကိုသာ တမြော်တည်း မြော်ကြရကုန်၏၊ ဘုရားသာသနာတော်နှင့်တွေ့ကြုံကြသောအခါ တစ်ပါး သော ဆွေရေး, မျိုးရေး, စီးပွားရေး, ချမ်းသာရေးတို့ထက် ထိုဘေးကြီးမှ လွတ်ပြီးဖြစ်တည့်ကြရန် အနတ္တဘာဝနာရေးကိုသာ ကိုယ်ရေးပြုလုပ်၍ အားထုတ်စွဲမြဲကြရကုန်၏။

[ဤကား-အနမတဂ္ဂသံသရာကြီး၌ အလွန်ကြောက်မက်ဖွယ်ကောင်းလှသော အသန္ဒိဋ္ဌိမိစ္ဆာဘေးကြီးကို အရိပ်အမြွက်မျှ ပြဆိုလိုက်သော စကားရပ်တည်း။]

၃။ နာနာသတ္ထာရ ဥလ္လောကနဘေးကြီးဆိုသည်ကား-အနမတဂ္ဂ သံသရာအပြင်၌ ကျင်လည်ကြကုန်သော သတ္တဝါအပေါင်းတို့အား ဘုရားဟုတ် ဘုရားမှန်နှင့် တွေ့ကြုံမှုမည်သည် ကမ္ဘာအသင်္ချေပေါင်း အသင်္ချေပင် ကြာသော်လည်း တစ်ရံတစ်ခါ ကြုံကြိုက်ခဲလှ၏၊ ထို့အတူ တရားဟုတ် တရားမှန်, သံဃာဟုတ် သံဃာမှန်, သာသနာဟုတ် သာသနာမှန်ကို တွေ့ကြုံမှုမည်သည် ကမ္ဘာအသင်္ချေပေါင်း အသင်္ချေ ပင်ကြာသော်လည်း တစ်ရံတစ်ခါမျှ တွေ့ကြုံခဲလှ၏။

(က) ရံခါ ဗြဟ္မာကို ဘုရားလုပ်၍ ကိုးကွယ်ကြရကုန်၏၊

(ခ) ရံခါသိကြားကို ဘုရားလုပ်၍ ကိုးကွယ်ကြရကုန်၏၊

(ဂ) ရံခါနေကို, ရံခါလကို, ရံခါထိုထိုနက္ခတ်ကို, ရံခါပရမီသွာ နတ်မျိုးကို, ရံခါဗိဿဏိုးနတ်မျိုးကို, ရံခါထိုထို ဘီလူးကြီးတို့ကို, ရံခါ နဂါးကြီးတို့ကို, ရံခါဂဠုန်ကြီးတို့ကို၊
(ဃ) ရံခါတောင်ကို, ရံခါတောကို, ရံခါထိုထိုသစ်ပင်တို့ကို, ရံခါမြစ်ကြီးတို့ကို, ရံခါအိုင်ကြီးတို့ကို, ရံခါရေကို, ရံခါမီးကို, ရံခါလေကို ဘုရားလုပ်၍ ကိုးကွယ်ကြရကုန်၏၊

(င) ရံခါခွေးကို ဥပဇ္ဈာယ်ဆရာလုပ်၍ ကိုးကွယ်ကြရကုန်၏၊

(စ) ရံခါနွားကို, ရံခါမြင်းကို, ရံခါဆင်ကို အစရှိသည်ဖြင့် တစ်ဘဝတစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကိုးကွယ်ရာ ပြုကြရကုန်၏၊

အထူးအားဖြင့်မူကား- ပုရာဏကဿပ, မက္ခလိဂေါသာလအစရှိသည်တို့ကဲ့သို့သော အယုတ်တမာ မိစ္ဆာဒိဋ္ဌိ ကြီးတို့မည်သည် ဤသံသရာကြီး၌ ကမ္ဘာအစဉ်ရှိကြကုန်၏၊ ထိုသူတို့ကို ကြပ်ကြပ်ကိုး ကွယ်လေလေ အပါယ်ငရဲ နက်လေလေသာ ဖြစ်ကုန်၏၊ တစ်အိမ်လုံး ကိုးကွယ်လျှင် တစ်အိမ်လုံး စုံးစုံးမြှုပ်ကြလေကုန်၏၊ တစ်ရပ်လုံး, တစ်ရွာလုံး, တစ်မြို့လုံး, တစ်နိုင်ငံလုံး ကိုးကွယ်လျှင် တစ်နိုင်ငံလုံး အပါယ် ငရဲသို့ မြှုပ်ကြလေကုန်၏၊ ဘုရားလက်ထက်တော်၌ ပုရာဏကဿပ ကြီးကို ကိုးကွယ်ကြသူတို့သည် အိမ်ခြေငါးရာစလုံး အဝီစိငရဲသို့ မြှုပ်ကြ လေကုန်၏၊ ထို့အတူ မက္ခလိဂေါသာလဆရာကြီးကို ကိုးကွယ်ကြသူ အိမ်ခြေငါးရာ အစရှိသည်ဖြင့် ကျမ်းဂန်တို့၌လာ၏။

[ဤကား-အနမတဂ္ဂ သံသရာပြင်ကြီးနှင့် အပြည့်ရှိနေသော နာနာသတ္ထာရ ဥလ္လောကနဘေးကြီးတည်း။]

ပညာရှိသူ နတ်, လူ, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် သံသရာ၌ အယုတ်တမာကြီးတွေကို ဘုရားပြုလုပ်၍ တစ်ဘဝလျှင် တစ်မျိုးတစ်မျိုး ကြိုးကြိုးစားစား အမှောက်မှောက် အမှားမှား ကိုးကွယ်၍နေကြရသော ဘေးကြီးကိုလည်း အလွန်ကြောက်လန့်ကြ, အလွန်စက်ဆုပ်ကြကုန် သည်ဖြစ်၍ ထိုဘေးကြီးမှ လွတ်ခြင်းငှါ ဘုရားသာသနာတော်ကိုသာ တမြော်တည်း မြော်ကြရကုန်၏၊ ဘုရားသာသနာတော်နှင့် တွေ့ကြုံကြ သောအခါ တစ်ပါးသော ဆွေရေး, မျိုးရေး, စီးပွားရေး, ချမ်းသာရေးတို့ ထက် ထိုဘေးကြီးမှလွတ်ပြီး ဖြစ်တည့်ကြခြင်းငှါ အနတ္တဘာဝနာရေး ကိုသာ ကိုယ်ရေး ပြုလုပ်၍ အားထုတ်စွဲမြဲ အားခဲကြရကုန်၏။

[ဤကား-အနမတဂ္ဂသံသရာကြီး၌ အလွန်ကြောက်မက်ဖွယ်ကောင်းလှသော နာနာသတ္ထာရ ဥလ္လောကနဘေးကြီးကို အရိပ်အမြွက်မျှ ပြဆိုလိုက်သောစကားရပ်တည်း]

[ဤကား-ဘေးကြီး သုံးပါးကို ပြဆိုခြင်းတည်း။]

ပညာရှိသူ နတ်, လူ, ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ထိုဘေးကြီး သုံးပါးတို့မှ ကျွတ်လွတ်သော အခွင့်ကိုရခြင်းငှါ ဘုရားသာသနာတော်ကို မြော်ခေါ်တောင့်တ၍ ဒါန, သီလအစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်၍ လာကြကုန်ရာ ထိုကုသိုလ်ကောင်းမှုတို့၏ အကျိုး အားဖြင့် ဘုရားသာသနာတော်နှင့် တွေ့ကြုံကြရကုန်သော်လည်း အကြင်သူတို့သည် အနိယတသရဏဂုံမျှနှင့် သေဆုံးကြလေကုန်၏၊ အနတ္တပရိညာသို့ ဆိုက်သော နိယတ သရဏဂုံသို့ မရောက်ကြလေကုန်၊ ရဟန်း, ရှင်, လူ ထိုသူအပေါင်းတို့သည် ဘေးကြီးသုံးပါးတို့မှ ကျွတ်လွတ် ခွင့်သို့ မရောက်ကြကုန်မူ၍ သေသည်မှ နောက်ကာလ၌ သရဏဂုံကွယ် ပျောက်၍ ထိုဘေးကြီးသုံးပါးအတွင်းသို့သာ ရောက်မြဲရောက်ကြလေ ကုန်၏။

အဘယ့်ကြောင့်နည်းဆိုသော်-

ထိုရဟန်း, ရှင်, လူတို့သည် သာသနာတွင်း၌ ကြုံကြိုက်ကြ သည်ဆိုငြားသော်လည်း ကြုံကြိုက်ခါမျှသာ ရှိကြကုန်၏၊ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်ဟုဆိုအပ်သော အနတ္တဓမ္မတို့ကို မရှုတတ်, မမြင်တတ်ကြ ကုန်သည်ဖြစ်၍ ဘုရားကိုလည်း တွေ့မြင်ရသူ မဟုတ်ကြကုန်၊ တရားကို လည်း တွေ့မြင်ရသူ မဟုတ်ကြကုန်၊ သံဃာကိုလည်း တွေ့မြင်ရသူ မဟုတ်ကြကုန်၊ သာသနာတော်ကိုလည်း တွေ့မြင်ရသူ မဟုတ်ကြကုန်၊ ဘုရားလက်ထက်တော်၌ ကောသလမင်းကြီး, လာဠုဒါယီ မထေရ်ကြီး အစရှိသော လူ ရှင်, ရဟန်းတို့ကဲ့သို့တည်း။

(က) ကောသလမင်းကြီးသည် အသဒိသ အလှူကြီးကိုလည်း လှူရ၏၊ ဇေတဝန်ကျောင်းတော်တွင်း၌ ကလေရုမည်သော ကျောင်းကို ဆောက်လုပ်၍ ကျောင်းတကာလည်း ခံရ၏၊ ဘုရားအထံသို့လည်း နေ့စဉ် ဆည်းကပ်ရ၏၊ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်-တည်းဟူ သော အနတ္တဓမ္မကို တွေ့မြင်မှု မရှိသည့် အတွက်ကြောင့် ဘုရားကို တွေ့မြင်ရသူဟူ၍ကား-မဆိုအပ်။

(ခ) လာဠုဒါယီအမည်ရှိသော မထေရ်ကြီးသည် ဇေတဝန် ကျောင်းတော်တွင်းမှာ ဘုရားနှင့် အသက်ထက်ဆုံးနေရ၏၊ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်-တည်းဟူသော အနတ္တဓမ္မကို တွေ့မြင်မှု မရှိသည့် အတွက်ကြောင့် ဘုရားကို တွေ့မြင်ရသူဟူ၍ကား-မဆိုအပ်။

[ဝက္ကလိသုတ် သံယုတ်ပါဠိတော်ကို ရှေး၌ ပြဆိုခဲ့ပြီ]

အဋ္ဌကထာကြီးတို့၌လည်း
စက္ခုနာ=မျက်စိဖြင့်၊ ပဿန္တောပိ=မြင်၍နေပါသော်လည်း၊ ဉာဏေန=ဉာဏ်ဖြင့်၊ အရိယေဟိ=အရိယာ ပုဂ္ဂိုလ်တို့သည်၊ ဒိဋ္ဌံ=မြင်အပ် သော၊ အနိစ္စာဒိလက္ခဏံ=အနိစ္စအစရှိသော သဘောလက္ခဏာကို၊ အပဿန္တောစ=မမြင်သောသူကိုလည်းကောင်း၊ အရိယာဓိဂတံ=အရိယာ တို့သည် သိအပ်သော၊ ဓမ္မံ=ဗောဓိပက္ခိယတရားအစုကို၊ အနဓိဂစ္ဆန္တောစ= မသိသော သူကိုလည်းကောင်း၊ အရိယကရဓမ္မာနံ=အရိယာဖြစ်အောင် ပြုနိုင်သော ခန္ဓာအစရှိသော တရားတို့ကို၊ အဒိဋ္ဌတ္တာစ=မမြင်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အရိယဘာဝဿ=အရိယာဖြစ်ကြောင်း ဖြစ်သော ဗောဓိပက္ခိယတရားကို၊ အဒိဋ္ဌတ္တာစ=မမြင်သည်၏အဖြစ် ကြောင့်လည်းကောင်း၊ အရိယာနံ=ဘုရားအစရှိသော အရိယာတို့ကို၊ အဒဿာဝီတိ=မတွေ့မမြင်ရသော သူဟူ၍၊ ဝေဒိတဗ္ဗော=သိအပ်၏။

ဟူ၍မိန့်ဆိုကြလေကုန်၏။

[အနိစ္စနှင့် အနတ္တကား-အတူတူ၊ အနိစ္စအစစ်ကို မြင်တတ်လျှင် အနတ္တကိုမြင် တော့သည်၊ နောက်၌ သေချာစွာ ပြဆိုလတ္တံ့။]

ဤသို့လျှင် ကောသလမင်းကြီး လာဠုဒါယီမထေရ်ကြီးတို့ကဲ့သို့ သာသနာတွင်း၌ ကြုံကြိုက်ကြပါကုန်သော်လည်း သဒ္ဓါ၏စခန်းမျှသို့သာ ဆိုက်ရောက်ကြကုန်၍ ဉာဏ်၏စခန်းသို့ မရောက်ကြကုန်သည်နှင့် သဒ္ဓါတွေ့ကိုမျှသာ တွေ့ကြကုန်၍ ဉာဏ်တွေ့ မတွေ့ကြကုန်သော ကြောင့် သေသည်၏နောက်၌ သရဏဂုံ ကွယ်ပျောက်၍ ထိုဘေးကြီး သုံးပါးအတွင်းသို့သာ ရောက်မြဲ ရောက်ကြလေကုန်သတည်း။

လွန်လေပြီးသော အနမတဂ္ဂသံသရာ၌ မြတ်စွာဘုရားသည် ဂင်္ဂါသဲ လုံးမျှမက ပွင့်ကြလေကုန်ပြီ၊ ယခုရှိနေကြသော ရှင်လူအပေါင်းတို့ သည်လည်း လွန်လေပြီးသော မြတ်စွာဘုရားတို့၏ သာသနာ၌ ကြုံကြိုက် ခဲ့ကြလှကုန်ပြီ၊ ပညာစခန်းသို့ကား မရောက်၊ သဒ္ဓါစခန်းမျှနှင့်သာ အားရတင်းတိမ်၍ လာခဲ့ကြသောကြောင့် နိယတသရဏဂုံသို့ မရောက် ကြကုန်သည်နှင့် ယနေ့ထက်တိုင်အောင်ပင် ဘေးကြီးသုံးပါးမှ ကျွတ် လွတ်ခွင့် မရကြကုန်ဘဲ နစ်မြဲနစ်ခါ မျောမြဲမျောခါ ဝဋ်ပင်လယ် တကြော မှာ တမောမော နေကြကုန်သတည်း။

အကြင်လူလူရှင်ရှင် ပညာရှိတို့သည်မူကား ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တည်းဟူသော အနတ္တဓမ္မတို့ကို အသိဉာဏ် အမြင်ဉာဏ် ပေါက်ရောက်ကြကုန်၏၊ ထိုသူတို့သည်မူကား
(၁) မြတ်စွာဘုရားကိုလည်း သဒ္ဓါတွေ့, ပညာတွေ့ ၂-ပါးတို့ဖြင့် တွေ့မြင်ကြရကုန်၏။

(၂) တရားတော်ကိုလည်း သဒ္ဓါတွေ့, ပညာတွေ့ ၂-ပါးတို့ဖြင့် တွေ့မြင်ကြရကုန်၏။

(၃) အရိယာသံဃာတော်တို့ကိုလည်း သဒ္ဓါတွေ့, ပညာတွေ့ ၂- ပါးတို့ဖြင့် တွေ့မြင်ကြရကုန်၏။

(၄) သာသနာတော်ကိုလည်း သဒ္ဓါတွေ့, ပညာတွေ့ ၂-ပါးတို့ဖြင့် တွေ့မြင်ကြရကုန်၏။

ထိုသူတို့သည် ဉာဏသမ္ပယုတ် တိဟိတ်ဥက္ကဋ္ဌ နိယတသရဏဂုံသို့ ရောက်ကြကုန်သဖြင့် ဘေးကြီး ၃-ပါးမှ ကျွတ်လွတ်ကြလေကုန်၏၊

(၁) ဝိနိပါတ-ဟူသော ပဌမဘေးကြီးမှလည်း ကျွတ်လွတ်ကြလေ ကုန်၏၊ ယခုဘဝမှစ၍ ဘဝများစွာ, ကမ္ဘာများစွာ သံသရာ၌ ကျင်လည်၍ သွားကြရကုန်သော်လည်း ယုတ်ညံ့သောဘုံဘဝသို့ ပရမ်းပတာကျ ရောက်ခြင်းဟူ၍ မရှိကြကုန်ပြီ၊ ဘုန်းတန်ခိုးကျက်သရေ စည်းစိမ်ချမ်းသာ အလိမ္မာတို့နှင့်ပြည့်စုံသော မြင့်မြတ်သောလူမျိုး, မြင့်မြတ်သောနတ်မျိုး, မြင့်မြတ်သောဗြဟ္မာမျိုးတို့၌သာ ဖြစ်ကြရကုန်တော့သည်။

(၂) မိစ္ဆာဒိဋ္ဌိ-ဟူသော ဒုတိယဘေးကြီးမှလည်း ကျွတ်လွတ်ကြ လေကုန်၏၊ ယခုဘဝမှစ၍ ဘဝများစွာ, ကမ္ဘာများစွာ သံသရာ၌ ကျင်လည်၍သွားကြရကုန်သော်လည်း ကမ္မဿကတာ သမ္မာဒိဋ္ဌိမျက်လုံး ပျက်ဆုံးကွယ်ပသော မိစ္ဆာဒိဋ္ဌိဘဝသို့ မရောက်ကြကုန်ပြီ၊ ကမ္မဿကတာ သမ္မာဒိဋ္ဌိမျက်လုံးနှင့်တကွ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် တို့ကိုမြင်နိုင်သော ဓမ္မစက္ခုဉာဏ်မျက်လုံး, ဓမ္မဋ္ဌိတိဉာဏ်မျက်စိတို့နှင့် အမြဲနိစ္စထာဝရ ပြည့်စုံကြလေကုန်တော့သည်။

(၃) နာနာသတ္ထာရဥလ္လောကန-ဟူသော တတိယဘေးကြီးမှလည်း ကျွတ်လွတ်ကြလေကုန်၏၊ ယခုဘဝမှစ၍ ဘဝများစွာ, ကမ္ဘာများစွာ သံသရာ၌ ကျင်လည်၍သွားကြကုန်သော်လည်း ဘုရားဟုတ်, ဘုရားမှန်, ဘုရားစစ် ဟုဆိုအပ်သော သဗ္ဗညုမြတ်စွာဘုရားမှတစ်ပါး ဗြဟ္မာအစ ရှိသော တစ်ခြားတစ်ပါးသောသူကို ဘုရားဟူ၍ ထင်မှတ် ကိုးကွယ်ခြင်း မရှိကြလေကုန်ပြီ၊ ယခုဘဝ၌ ဆောက်တည်အပ်သော ဗုဒ္ဓသရဏဂုံသည် ထိုသူတို့အား အနုပါဒိသေသ နိဗ္ဗာန်ရသည် ဘဝတိုင်အောင် အစဉ် ထာဝရ နိစ္စအမြဲ တည်လေတော့သည်။

[ဓမ္မသရဏဂုံ, သံဃသရဏဂုံတို့သည်လည်း ထို့အတူတည်လေကုန်တော့သည်။]

ဘဝများစွာ ကမ္ဘာအဆက်ဆက် ကျင်လည်၍ သွားကြကုန်သော် လည်း ထိုသူတို့မှာ သာသနာပသောဘဝ, သာသနာကွယ်သောဘဝဟူ၍ မရှိကြကုန်ပြီ၊ ဤကဲ့သို့သောသူတို့သည် ယခုအခါ၌ နတ်ပြည် ၆- ထပ်တို့မှာလည်း အပြည့်ရှိကြကုန်၏၊ ဗြဟ္မာပြည်တို့မှာလည်း အပြည့်ရှိ ကြကုန်၏။

ဤသို့လျှင် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ အနတ္တပရိညာသို့ရောက်သဖြင့် နိယတသရဏဂုံကိုရ၍ ၃-ပါးသော ဘေးကြီးတို့မှ အပြီးတိုင် လွတ်ငြိမ်း၍သွားမှုကို ခပ်သိမ်းသော ဘုရားရှင် တို့၏သာသနာ၌ သဥပါဒိသေသ ပဌမနိဗ္ဗာန်ကြီး ခေါ်သတည်း။

[ဤပဌမနိဗ္ဗာန်ကြီး၏ အခြင်းအရာကိုမူကား- ငါတို့စီရင်သော စတုသစ္စဒီပနီကျမ်း, အနတ္တဒီပနီကျမ်း, သင်္ဂြီုဟ် ၉-ပိုင်းလုံးကို အကျဉ်းချုံး၍ သံပေါက်လင်္ကာဖြင့် စီရင်သော ပရမတ္ထသံခိပ်ကျမ်း-စသည်တို့မှာ ကြည့်ကြလေ။]

ဤကဲ့သို့သော နိယတသရဏဂုံကိုရ၍ ပဌမနိဗ္ဗာန်သူ, ပဌမ နိဗ္ဗာန်သားအဖြစ်သို့ ရောက်ခြင်းငှါ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် တရားတို့၌ အနတ္တဘာဝနာအလုပ်ကို အားထုတ်စွဲမြဲခဲ့ကြကုန်ရာ၏။

ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်ဟူသောစကား၌- မိမိ မိမိတို့၏ ကိုယ်ခန္ဓာမှာရှိနေကြသော ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်, အာကာသဓာတ်, ဝိညာဏဓာတ်တည်းဟူသော ၆-ပါးသော ပဓာန ဓာတ်ကြီးတို့၌ အနိစ္စလက္ခဏာကို နေရာတကျ ထင်မြင်နိုင်လျှင်ပင် အနတ္တပရိညာကိစ္စ ပြီးစီးနိုင်တော့သည်။

အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ

[အင်္ဂုတ္တိုရ်ပါဠိတော်, ဥဒါန်းပါဠိတော်။]

အနက်ကား။။ မေဃိယ=မေဃိယ ရဟန်း၊ အနိစ္စသညိနော= အနိစ္စသညာထင်မြင်စွဲမြဲသောသူအား၊ အနတ္တသညာ=အနတ္တသညာ သည်၊ သဏ္ဌာတိ=အလိုလိုတည်လာ၏။

အနတ္တဘာဝနာအလုပ်ကို တမင်အားထုတ်ဖွယ် မရှိ-ဆိုလိုသည်၊ အနတ္တသညာထင်မြင်စွဲမြဲ၍ အနတ္တပရိညာသို့ ရောက်လျှင်လည်း နိယတသရဏဂုံကို ရလေတော့သည်၊ နိယတသရဏဂုံကို ရလျှင်လည်း ဘေးကြီး ၃-ပါးမှအပြီးတိုင် လွတ်ငြိမ်းလေတော့သည်။

ထို့ကြောင့် ယခုအခါ သာသနာတော်တွင်း၌ ကြုံကြိုက်ကြရ ကုန်သော လူလူရှင်ရှင် ပညာရှိအပေါင်းသူတော် ကောင်းတို့သည် အလွန်တရာ ကြုံကြိုက်ခဲလှစွာသော သာသနာတော်မြတ်၌ ကြုံကြိုက်ကြ သည့်အခါမှာ ဘုရား, တရား, သံဃာ သာသနာတော်ကို ဉာဏ်မျက်စိမပါ သဒ္ဓါတွေ့မျှသာဖြစ်သော အနိယတသရဏဂုံကိစ္စနှင့် အားရ တင်းတိမ် ခြင်းသို့ မရောက်ကြကုန်မူ၍ နည်းစွအဆုံး ၆-ပါးသော ပဓာနဓာတ် ကြီးတို့၌ အနိစ္စလက္ခဏာကို ကောင်းစွာ ထင်မြင်ခြင်းတည်းဟူသော ဉာဏ်မျက်စိအလင်းပါသဖြင့် ဘုရား, တရား, သံဃာ သာသနာကို သဒ္ဓါတွေ့, ပညာတွေ့ ၂-မျိုးပါသော နိယတ သရဏဂုံကို ခိုလှုံဆည်းကပ် ခြင်းငှါ အားထုတ်ကြကုန်ရာသတည်း။

ဤအရာ၌ သဒ္ဓါတွေ့, ပညာတွေ့ ၂-ပါးကို အနည်းငယ် ပြဆိုရာ၏။

၁။ ဗုဒ္ဓဘာသာ အမျိုးအရိုးမှန်သူ မိကောင်း ဖကောင်းတို့ဖြစ် ကြကုန်သော ၅-နှစ်အရွယ်, ၆-နှစ်အရွယ်, ၇-နှစ်အရွယ် သူငယ်တို့အား မိဘတို့၏ တိုက်တွန်းမှုနှင့် ကြည်လင်စွာခံယူအပ်သော သရဏဂုံသည် သဒ္ဓါပဋိလာဘ သရဏဂုံမည်၏။

ထို့အတူ အသက်အရွယ်ပင်ကြီးသော်လည်း ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် အနတ္တဓမ္မတို့၌ လေ့ကျက်ခြင်းမရှိမူ၍ အတုမရှိ ကြီးမြတ်သည်ဟူသော ကျမ်းတွေ့ စာတွေ့ ဆရာသမား ပြောစကား ဟောစကားကို ကြားဘူးနားဝ ရှိရုံမျှနှင့် အလွန်ယုံကြည် လေးမြတ်စွာ ခံယူ၍နေကြသော သရဏဂုံသည်လည်း သဒ္ဓါပဋိလာဘသရဏဂုံ ပင်မည်၏။

၂။ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် အနတ္တဓမ္မတို့၌ လေ့ကျက်ခြင်း, ဆင်ခြင်ခြင်း, ထင်မြင်ခြင်းရှိကြကုန် သောသူတို့၏ သရဏဂုံသည်မူကား- ဗုဒ္ဓ သုဗုဒ္ဓတာ, ဓမ္မ သုဓမ္မတာ, သံဃ သုပ္ပဋိပတ္တိ ဉာဏ် ပညာစခန်းသို့ ရောက်သည်ဖြစ်၍ သမ္မာဒိဋ္ဌိသရဏဂုံမည်၏။

ထို့ကြောင့် အဋ္ဌကထာကြီးတို့၌
တံ အတ္ထတော ဗုဒ္ဓါဒီသု တီသု ဝတ္ထူသု သဒ္ဓါပဋိလာဘော တမ္ဗူလိကာစ သမ္မာဒိဋ္ဌိ

ဟူ၍မိန့်ဆိုကြကုန်၏၊

ဋီကာကြီးတို့၌လည်း
(က) သဒ္ဓါပဋိလာဘောတိ ဣမိနာ မာတာဒီဟိ ဥဿာဟိတ ဒါရကာဒီနံ ဝိယ ဉာဏဝိပ္ပယုတ္တံ သရဏဂမနံ ဒေဿတိ၊ သမ္မာဒိဋ္ဌီတိ ဣမိနာ ဉာဏသမ္ပယုတ္တံ သရဏဂမနံ

ဟူ၍လည်းကောင်း,
(ခ) သမ္မာဒိဋ္ဌီတိ ဗုဒ္ဓ သုဗုဒ္ဓတံ ဓမ္မ သုဓမ္မတံ သံဃ သုပ္ပဋိပတ္တိဉ္စ လောကိယာဝဗောဓဝသေနေဝ သမ္မာဉာယေန ဒဿနတော

ဟူ၍လည်းကောင်း, မိန့်ဆိုကြကုန်၏။

ထို့ကြောင့် ငယ်ရွယ်စဉ်အခါ၌မူကား- ခပ်သိမ်းသောသူတို့သည် ပင်လျှင် သဒ္ဓါပဋိလာဘ ဉာဏဝိပ္ပယုတ် သရဏဂုံနှင့် တည်ထောင်၍ လာကြရကုန်၏၊ ကြီးသောအရွယ်သို့ရောက်ကြသောအခါ၌မူကားငယ်ရွယ်စဉ်အခါက အတိုင်းနှင့်စိတ်ချ၍နေခြင်းငှါ မသင့်၊ ဗုဒ္ဓ သုဗုဒ္ဓတာ, ဓမ္မ သုဓမ္မတာ, သံဃသုပ္ပဋိပတ္တိ ဉာဏ်မျက်စိအလင်းနှင့်ယှဉ်သော သမ္မာဒိဋ္ဌိပြဋ္ဌာန်းသော ဒုတိယသရဏဂုံသို့ ရောက်နိုင်ကြအောင် အထူး ကြောင့်ကြစိုက်ကြကုန်ရာသတည်း။

ထိုမှတစ်ပါး ဤသရဏဂုံအရာ၌များစွာသော အဆုံးအဖြတ် တို့ကိုမူကား သရဏာဒိဝိနိစ္ဆယ အစရှိသော စာအုပ်များမှာ ကြည့်၍ယူကြ လေကုန်၊ ဤစာအုပ်၌မူကား-ထိုဝိနိစ္ဆယစာအုပ်များ၌ ကျန်ရှိ၍နေသော အချက်စုကိုသာ ပြဆိုလိုက်သည်။

[ဤကား အနိယတ အာဂန္တုကသရဏဂုံ, နိစ္စထာဝရ အပိုင်ရသော နိယတ သရဏဂုံ ၂-ပါးတို့၏ အလားကို ပြဆိုသော စကားရပ်တည်း။]

သတ္တမခန်းပြီး၏။

---------*--------

နိဂုံး

ဤတွင်ရွေ့ကား ကျိုက်ထိုမြို့မှ တပည့်ဖြစ်သူ ရှင်ကိတ္တိ လျှောက် ထား တောင်းပန်အပ်သည်ဖြစ်၍ ပျဉ်းမနားမြို့ စမ်းကျတောကျောင်း၌ နေခိုက်ဖြစ်သော မုံရွာမြို့ လယ်တီတောကျောင်းဆရာ ငါတို့ စီရင် ဆုံးဖြတ်အပ်သော သရဏဂုံဝိနိစ္ဆယကျမ်းသစ်သည် သက္ကရာဇ် ၁၂၆၆- ခု၊ ပြာသိုလဆန်း ၁၃-ရက်နေ့တွင် ပြီးစီးအောင်မြင်သတည်း။

သရဏဂုံဝိနိစ္ဆယကျမ်းသစ်ပြီး၏။

---------*-------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...