သေရာညောင်စောင်းလျောင်းစက်သောအခါ
(ပဗ္ဗဇိတအဘိဏှသုတ္တန် တရားဒေသနာတော်)
ဖားအောက်တောရဆရာတော်
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊
တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏၊
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏၊
မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏၊
ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏၊
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒ္ဓမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။
မာတိကာ
- ၁။ နိဒါနကထာ မိတ်ဆက်လွှာ .................... က
- ရခဲသော ဘဝ ........................... က
- အသုရသုတ် ............................. ခ
- ဒုတိယသမာဓိသုတ္တန် ....................... ဃ
- ဆဝါလာတသုတ္တန် ......................... ဆ
- ခိပ္ပနိသန္တိသုတ် ............................ စျ
- ကိလေသာ (၁၀)ပါး ......................... ဍ
- အမြတ်ဆုံး စကားတော် ...................... ဏ
- ပဗ္ဗဇိတအဘိဏှသုတ္တန် ပါဠိတော် ................. ဒ။
- ၂။ ပဗ္ဗဇိတအဘိဏှသုတ္တန် တရားဒေသနာတော် ........... ၁
- ၃။ ရုပ်အဆင်း၏ ဖောက်ပြန်ပြောင်းလဲခြင်း .............. ၂
- ၄။ ပရိက္ခရာတို့၏ အသွင်အပြင် ပြောင်းလဲခြင်း ............ ၅
- ၅။ အရှင်သာရိပုတ္တရာ၏ နှိမ်ချထားသော စိတ်ဓာတ် ......... ၉
- ၆။ သူတစ်ပါးတို့နှင့် ဆက်စပ်နေသော အသက်မွေးမှု ....... ၁၇
- ၇။ သိက္ခာပုဒ် (၆)ပါး ......................... ၁၉
- ၈။ မဟာမိတ္တ (အယျမိတ္တ) မထေရ်မြတ်ကြီး ............. ၂၁
- ၉။ အသွင်အပြင်ပြုပြင်ပြောင်းလဲရေး ................. ၃၃
- ၁၀။ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး ................... ၃၉
- ၁၁။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရား ..................... ၄၆
- သမထပိုင်း မဂ္ဂင်ရှစ်ပါး ....................... ၄၆
- ဝိပဿနာပိုင်း မဂ္ဂင်ရှစ်ပါး ..................... ၄၈
- ဒုက္ခသစ္စာ .............................. ၄၈
- သမုဒယသစ္စာ ............................ ၄၉
- နိရောဓသစ္စာ ............................ ၅၁
- အနုပ္ပါဒနိရောဓ ........................... ၅၁
- ဥပ္ပါဒနိရောဓ ............................ ၅၃
- လောကီမဂ္ဂသစ္စာ .......................... ၅၄
- ဝိပဿနာအခိုက် သစ္စာလေးပါး .................. ၅၄
- ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါး ................... ၅၉
- လောကုတ္တရာ မဂ္ဂင် (၈)ပါး .................... ၆၀
- ၁၂။ အားထုတ်ပုံစနစ်အမြွက် ...................... ၆၁
- ၁၃။ မဟာဋီကာအဖွင့် .......................... ၆၃
- ၁၄။ ဓာတ်သဘောတရား (၁၂)မျိုး ................... ၆၄
- ၁၅။ အကြည်အတုံးအခဲ အကြည်ပြင် ................. ၆၅
- ၁၆။ စိတ်ဓာတ်အသွင်အပြင် ပြောင်းလဲမှုပြုရန် ............ ၆၈
- ၁၇။ မဟာပထဝီမြေကြီးနှင့် တူညီတဲ့ စိတ်ဓာတ် ........... ၇၄
- ၁၈။ ရေနှင့် တူညီတဲ့ စိတ်ဓာတ် .................... ၇၅
- ၁၉။ မီးနှင့် တူညီတဲ့ စိတ်ဓာတ် ..................... ၇၅
- ၂၀။ လေနှင့် တူညီတဲ့ စိတ်ဓာတ် .................... ၇၆
- ၂၁။ ကောင်းကင်နှင့် တူညီတဲ့ စိတ်ဓာတ် ............... ၇၇
- ၂၂။ မိမိကိုယ်ကို သီလဖြင့် မစွပ်စွဲမိခြင်း ................ ၈၂
- ၂၃။ သီတင်းသုံးဖော်တို့၏ စွပ်စွဲမှု ................... ၈၅
- ၂၄။ ရှင်ကွဲနှင့် သေကွဲ .......................... ၈၇
- ၂၅။ ညဉ့်-နေ့တွေ ဘယ်လိုကုန်သွားသလဲ? .............. ၉၁
- ၂၆။ ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်းနှင့် အဓိကုသလဓမ္မတို့၌ ပျော်မွေ့ပါရဲ့လား? .......... ၉၄
- ၂၇။ သေရာညောင်စောင်း လျောင်းစက်သောအခါ .......... ၉၉
- ၂၈။ တရားဒေသနာတော်နိဂုံး .................... ၁၀၂
- ၂၉။ မဃဒေဝ နိက္ခမခန်း (တောထွက်ခန်း) ............. ၁၀၄
- ၃၀။ မှတ်သားဖွယ်ရာ အက္ခရာစဉ်အညွှန်း .............. ၁၀၈
နိဒါနကထာ မိတ်ဆက်လွှာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ရခဲသော ဘဝ
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ၊ ဒုလ္လဘော ဗုဒ္ဓုပ္ပါဒေါ လောကသ္မိံ၊ ဒုလ္လဘော မနုဿတ္တပဋိလာဘော၊ ဒုလ္လဘာ သမ္ပတ္တိ၊ ဒုလ္လဘာ ပဗ္ဗဇ္ဇာ၊ ဒုလ္လဘံ သဒ္ဓမ္မဿဝနံ။ (ဒီ၊ဋ္ဌ၊၁၊၄၇။)။
ချစ်သားရဟန်းတို့ ... မိမိတို့ ဖြည့်ကျင့်ရမည့် သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တည်းဟူသော ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း အပ္ပမာဒတရားဖြင့် သိက္ခာသုံးရပ် အကျင့်မြတ်ကို ပြည့်စုံအောင် ကြိုးစား အားထုတ်ကြကုန်လော့။ လောက၌ ဘုရားရှင်တို့၏ ပွင့်ထွန်း ပေါ်ပေါက်တော်မူရာ အခါကာလကိုလည်း ရခဲလှ၏၊ လူ့အဖြစ်ကိုလည်း ရခဲလှ၏၊ သူတော် သူမြတ်တို့ရှိရာ အရပ်၌ နေထိုင်ရခြင်း, ဣန္ဒြေမချို့တဲ့ခြင်း သဒ္ဓါတရားကို ရရှိခြင်းစသည့် ပြည့်စုံခြင်းသမ္ပတ္တိကိုလည်း ရခဲလှ၏၊ ရှင်ရဟန်း အဖြစ်ကိုလည်း ရခဲလှ၏၊ သူတော်ကောင်းတရားကို နာကြားရန် အခွင့်ကိုလည်း ရခဲလှ၏၊ (ဒီ၊ဋ္ဌ၊၁၊၄၇။)
ဘုရားရှင်သည် နံနက်ခင်း ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသောအခါ ဂန္ဓကုဋီ ကျောင်းတော်၏အနီး ရဟန်းတော်တို့ ညီမူဆည်းကပ်ရာ အရပ်ဝယ် အလုပ် အကျွေးရဟန်းတော်က ခင်းကျင်းထားအပ်သော နေရာ၌ ထိုင်တော်မူကာ ခြေတော်တို့ကို ဆေးကြောတော်မူ၏၊ ထိုနောင် ခြေဆေးအင်းပျဉ်၌ ရပ်တော် မူရင်းကပင် ရဟန်းသံဃာတော် အပေါင်းကို အထက်ပါ အဆုံးအမ ဩဝါဒကို နေ့စဉ် ပေးသနားတော်မူ၏၊
ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမတော်မူရခြင်း၏ ရည်ရွယ်ချက်မှာ ရှင်ကောင်း ရဟန်းကောင်း ဥပါသကာကောင်း ဥပါသိကာကောင်းများ ဖြစ်စေလိုသော ဦးတည်ချက်ပင် ဖြစ်၏၊ မည်ကဲ့သို့သော ရှင်ကောင်း ရဟန်းကောင်း ဥပါသကာကောင်း ဥပါသိကာကောင်းများ ဖြစ်စေရန် ဦးတည်ချက် ရှိပါသနည်းဟု မေးရန်ရှိ၏၊ အောက်ပါ သုတ္တန် ကောက်နုတ်ချက်များကို ဖတ်ရှုကြည့်ပါ။
အသုရသုတ်
(အံ၊၁၊၄၀၃-၄၀၄။)
အသုရောတိ အသုရသဒိသော ဗီဘစ္ဆော။ ဒေဝေါတိ ဒေဝသဒိသော ဂုဏဝသေန အဘိရူပေါ ပါသာဒိကော။ (အံ၊ဋ္ဌ၊၂၊၃၂၄။)
= အသုရာ - - ဟူသည် အသုရာနှင့် တူသော ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တည်း။ ဒေဝ = နတ် ဟူသည် နတ်နှင့် အလားတူသော ဂုဏ်၏ အစွမ်းဖြင့် အလွန်အဆင်းလှသော ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သော ပုဂ္ဂိုလ်တည်း။ ဤ ရှင်းလင်းချက်ကို နားလည်ပါက အောက်ပါ ဘုရားဟော ဒေသနာတော်ကို ဆက်လက် ဖတ်ရှုကြည့်ပါ။
ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ --
- ၁။ အသုရာဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်,
- ၂။ အသုရာဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်,
- ၃။ နတ်ဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်,
- ၄ । နတ်ဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်တို့တည်း။
၁။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ အသုရာအခြံအရံ ရှိသနည်း? ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ် သည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထိုသူ၏ ပရိတ်သတ်သည်လည်း သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ် သည် အသုရာဖြစ်၍ အသုရာအခြံအရံရှိ၏၊
၂။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ နတ် အခြံအရံ ရှိသနည်း? ရဟန်းတို့ ... အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထိုသူ၏ ပရိတ်သတ်သည်ကား သီလရှိ၏၊ ကောင်းသော တရားဓမ္မ ရှိ၏၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ နတ်အခြံအရံ ရှိ၏၊
၃။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ အသုရာ အခြံအရံရှိသနည်း? ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းမြတ်သော တရားဓမ္မရှိ၏၊ ထိုသူ၏ ပရိတ်သတ်သည်ကား သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ အသုရာအခြံအရံ ရှိ၏၊
၄။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ နတ်အခြံအရံ ရှိသနည်း? ရဟန်းတို့ ... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းမြတ်သော တရားဓမ္မ ရှိ၏၊ ထိုပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း သီလရှိ၏၊ ကောင်းမြတ်သော တရားဓမ္မ ရှိ၏၊ ရဟန်းတို့ ... ဤသို့ လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ နတ်အခြံအရံ ရှိ၏၊ ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု မိန့်ကြားတော်မူ၏၊
(အံ၊၁၊၄၀၃၊၄၀၄။)
ဤပုဂ္ဂိုလ် လေးမျိုးတို့တွင် ဘုရားရှင် နှစ်ခြိုက်တော်မူသော ပုဂ္ဂိုလ်ကား မိမိကိုယ်တိုင်က နတ်ဖြစ်၍ နတ်အခြံအရံ ရှိသော ပုဂ္ဂိုလ်တည်း။ တစ်ဖန် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဒုတိယသမာဓိသုတ္တန်၌ လာရှိသော ပုဂ္ဂိုလ်လေးမျိုးတို့ကို ဆက်လက်ဖတ်ရှုကြည့်ပါ။
ဒုတိယသမာဓိသုတ္တန်
(အံ၊၁၊၄၀၅။)
ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ --
- ၁။ ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကို ရရှိ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကို မရရှိ။
- ၂။ ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သင်္ခါရ တရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကို ရရှိ၏၊ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကိုကား မရရှိ။
- ၃။ ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိ ကိုလည်း မရရှိ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကိုလည်း မရရှိ။
- ၄။ ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကိုလည်း ရရှိ၏ ، သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကိုလည်း ရရှိ၏၊
၁။ ရဟန်းတို့ ... ထိုပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကိုသာ ရရှိ၍ သင်္ခါရ တရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကို မရရှိသေးသော ပုဂ္ဂိုလ်သည် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိ၌ ရပ်တည်၍ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကို ရရှိအောင် ကြိုးစားအားထုတ်အပ်၏၊ ထိုပုဂ္ဂိုလ်သည် နောင်အခါ မိမိ၏ ကိုယ် တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကိုလည်း ရရှိ၏၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကိုလည်း ရရှိ၏၊
၂။ ရဟန်းတို့ ... ထိုပုဂ္ဂိုလ်လေးမျိုးတို့တွင် သင်္ခါရတရားတို့ကို ရှုမြင် တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကိုသာ ရရှိ၍ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကို မရရှိသေးသော ပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာ၌ ရပ်တည်၍ မိမိ၏ ကိုယ် တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန်သမာဓိကို ရရှိ အောင် ကြိုးစားအားထုတ်အပ်၏၊ ထိုပုဂ္ဂိုလ်သည် နောင်အခါ သင်္ခါရတရား တို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကို လည်း ရရှိ၏၊ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန်သမာဓိကိုလည်း ရရှိ၏၊
၃။ ရဟန်းတို့ ... ထိုပုဂ္ဂိုလ်လေးမျိုးတို့တွင် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏ တည်ကြည်ခြင်း အပ္ပနာစျာန်ကိုလည်း မရရှိ၊ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကိုလည်း မရရှိသေးသော ပုဂ္ဂိုလ်သည် ထိုကုသိုလ်တရားတို့ကိုပင် ရရှိရန် လွန်ကဲသော အလိုဆန္ဒကိုလည်းကောင်း, ကြိုးစားအားထုတ်ခြင်း လုံ့လ ဝါယာမကိုလည်းကောင်း, အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဥဿာဟကိုလည်းကောင်း, ထိုထက်အလွန် ကြိုးစားအားထုတ်ခြင်း ဥဿောဠှီ ကိုလည်းကောင်း, စိတ်၏ မဆုတ်မနစ်ခြင်း အပ္ပဋိဝါနီကိုလည်းကောင်း, အောက်မေ့အမှတ်ရခြင်း သတိကိုလည်းကောင်း, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သည့် သမ္ပဇဉ်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏၊
ရဟန်းတို့ ... ပုဆိုးကို မီးလောင်သော သူသည်လည်းကောင်း, ဦးခေါင်းကို မီးလောင်သော သူသည်လည်းကောင်း, ထိုပုဆိုးကိုသော်လည်းကောင်း ဦးခေါင်းကိုသော်လည်းကောင်း မီးငြိမ်းစေရန် လွန်ကဲသော အလို ဆန္ဒကိုလည်းကောင်း, ကြိုးစားအားထုတ်ခြင်း လုံ့လဝါယာမကိုလည်းကောင်း, အပြင်းအထန် ကြိုးစားအားထုတ်ခြင်း လုံ့လဥဿာဟကိုလည်းကောင်း, ထို ထက်အလွန် ကြိုးစားအားထုတ်ခြင်း ဥဿောဠှီကိုလည်းကောင်း, စိတ်၏ မဆုတ်မနစ်ခြင်း အပ္ပဋိဝါနီကိုလည်းကောင်း, အောက်မေ့အမှတ်ရခြင်း သတိ ကိုလည်းကောင်း, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်ကို လည်းကောင်း ပြုလုပ်သကဲ့သို့ -- ဤဥပမာ အတူသာလျှင် ယင်းပုဂ္ဂိုလ်သည် ထို ကုသိုလ်တရားတို့ကိုပင် ရရှိရန် လွန်ကဲသော အလိုဆန္ဒကိုလည်းကောင်း, ကြိုးစားအားထုတ်ခြင်း လုံ့လဝါယာမကိုလည်းကောင်း, အပြင်းအထန် ကြိုး စားအားထုတ်ခြင်း လုံ့လဥဿာဟကိုလည်းကောင်း, ထိုထက်အလွန် ကြိုးစား အားထုတ်ခြင်း ဥဿောဠှီကိုလည်းကောင်း, စိတ်၏ မဆုတ်မနစ်ခြင်း အပ္ပဋိဝါနီကိုလည်းကောင်း, အောက်မေ့အမှတ်ရခြင်း သတိကိုလည်းကောင်း, ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏၊ ထို ပုဂ္ဂိုလ်သည် နောင်အခါ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏ တည်ကြည်ခြင်း အပ္ပနာစျာန်သမာဓိကိုလည်း ရရှိ၏၊ သင်္ခါရတရား တို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကို လည်း ရရှိ၏၊
၄။ ရဟန်းတို့ ... ထိုပုဂ္ဂိုလ် (၄)မျိုးတို့တွင် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်၏တည်ကြည်ခြင်း အပ္ပနာစျာန် သမာဓိကိုလည်း ရရှိ၍ သင်္ခါရ တရားတို့ကို ရှုမြင်တတ်သော လွန်မြတ်သော (အဓိပညာဓမ္မ) ဝိပဿနာပညာကိုလည်းရရှိသော ပုဂ္ဂိုလ်သည် ယင်းကုသိုလ်တရားတို့၌ပင် ရပ်တည်၍ အာသဝေါတရားတို့ကုန်ရန် အတိုင်းထက်အလွန် ကြိုးစားအားထုတ်အပ်၏၊ ရဟန်းတို့ ...လောက၌ ဤပုဂ္ဂိုလ် (၄)မျိုးတို့သည် ထင်ရှားရှိကုန်၏ဟု မိန့်ကြားတော်မူ၏၊ (အံ၊၁၊၄၀၅-၄၀၆။)
အိမ်ရာတည်ထောင်သည့် လူ့ဘောင်ကို စွန့်ခွာလျက် သာသနာဘောင် သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ ဘုရားရှင် ဘက်က ဖြစ်စေလိုသော ဂုဏ်အရည်အသွေးတို့ကို ဤအထက်ပါ ဒုတိယသမာဓိသုတ္တန်က ဖော်ပြလျက်ရှိ၏၊ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ သာသနာဘောင်သို့ ရောက်ရှိလာသည့်အခါ လိုက်နာပြုကျင့်ရမည့် တာဝန်ဝတ္တရားနှင့် ပြည့်စုံအောင် ကြိုးပမ်းရမည့် တရားဓမ္မများကို ဘုရားရှင်က ညွှန်ကြားထားတော်မူပေသည်။ နောက်ထပ် သုတ္တန်တစ်ခုကိုလည်း ဆက်လက် ဖတ်ရှုကြည့်ပါဦး --
ဆဝါလာတသုတ္တန်
(အံ၊၁၊၄၀၇-၄၀၈။)
ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ် (၄)မျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ် (၄)မျိုးတို့နည်းဟူမူ --
၁။ မိမိ အကျိုးစီးပွားအတွက်လည်း မကျင့်, သူတစ်ပါးတို့ အကျိုးစီးပွားအတွက်လည်း မကျင့်သော ပုဂ္ဂိုလ်၊
၂။ သူတစ်ပါး အကျိုးစီးပွားအတွက် ကျင့်၍ မိမိ အကျိုးစီးပွားအတွက် မကျင့်သော ပုဂ္ဂိုလ်၊
၃။ မိမိ အကျိုးစီးပွားအတွက် ကျင့်၍ သူတစ်ပါး အကျိုးစီးပွားအတွက် မကျင့်သော ပုဂ္ဂိုလ်၊
၄။ မိမိ အကျိုးစီးပွားအတွက်လည်း ကျင့်၍ သူတစ်ပါး အကျိုးစီးပွား အတွက်လည်း ကျင့်သော ပုဂ္ဂိုလ်တို့တည်း။
၁။ ရဟန်းတို့ ... အစွန်းနှစ်ဖက်ထိပ်၌ မီးလောင်၍ အလယ်၌ မစင် လူးလည်းပေကျံနေသော သူသေကောင်ဖုတ်သည့် ထင်းကုလားတုံး (= ဆဝါလာတ)သည် ရွာ၌လည်း သစ်သားဖြင့် ပြုလုပ်အပ်သော လုပ်ငန်းကိစ္စကို မပြီးစီးစေနိုင်, တော၌လည်း သစ်သားဖြင့် ပြုလုပ်အပ်သော လုပ်ငန်းကိစ္စကို မပြီးစီးစေနိုင်သကဲ့သို့ အကြင်ပုဂ္ဂိုလ်သည် မိမိ အကျိုးစီးပွားအတွက်လည်း မကျင့်၊ သူတစ်ပါး အကျိုးစီးပွားအတွက်လည်း မကျင့်၊ ဤပုဂ္ဂိုလ်မျိုးကို ထိုသူကောင်ဖုတ်သည့် ထင်းကုလားတုံးနှင့် တူ၏ဟူ၍ ငါဘုရားဟောတော်မူ၏၊
၂။ ရဟန်းတို့ ... အကြင်ပုဂ္ဂိုလ်သည် သူတစ်ပါး၏ အကျိုးစီးပွားအတွက် ကျင့်၏၊ မိမိ အကျိုးစီးပွားအတွက်ကား မကျင့်၊ ထိုနှစ်ဦးတို့တွင် ဤ ဒုတိယပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်း၏၊ အထူးသဖြင့် မြတ်၏၊
၃။ ရဟန်းတို့ ... အကြင်ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားအတွက် ကျင့်၏၊ သူတစ်ပါး အကျိုးစီးပွားအတွက်ကား မကျင့်၊ ထိုသုံးဦးတို့တွင် ဤ တတိယပုဂ္ဂိုလ်သည် အထူးသဖြင့် ကောင်း၏၊ အထူးသဖြင့် မြတ်၏၊
၄။ ရဟန်းတို့ ... အကြင်ပုဂ္ဂိုလ်သည် မိမိ အကျိုးစီးပွားအတွက်လည်း ကျင့်၏၊ သူတစ်ပါး အကျိုးစီးပွားအတွက်လည်း ကျင့်၏၊ ထိုလေးဦးတို့တွင် ဤ စတုတ္ထပုဂ္ဂိုလ်သည် ကဲလွန်၏ (= အဂ္ဂ), မြတ်၏ (= သေဋ္ဌ), အကြီးအမှူးဖြစ်၏ (= ပါမောက္ခ), မြင့်မြတ်၏ (= ဥတ္တမ), သာလွန်မြင့်မြတ်၏ (= ပဝရ)။
ရဟန်းတို့ ... နွားမမှ နို့ရည်, နို့ရည်မှ နို့ဓမ်း, နို့ဓမ်းမှ ဆီဦး, ဆီဦးမှ ထောပတ်, ထောပတ်မှ ထောပတ်ကြည် ဖြစ်၏၊ ထိုသို့ ဖြစ်ရာ၌ အဆင့်ဆင့် မြတ်၏ဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ... ဤဥပမာအတူပင်လျှင် အကြင်ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားအတွက်လည်း ကျင့်၏၊ သူတစ်ပါး၏ အကျိုးစီးပွားအတွက်လည်း ကျင့်၏၊ ထိုပုဂ္ဂိုလ် (၄)ဦးတို့တွင် ဤစတုတ္ထပုဂ္ဂိုလ်သည် ကဲလွန်၏၊ မြတ်၏၊ အကြီးအမှူး ဖြစ်၏၊ မြင့်မြတ်၏၊ သာလွန်မြင့်မြတ်၏၊ ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ် (၄)မျိုးတို့သည် ထင်ရှားရှိကုန်၏ဟု မိန့်ကြားတော်မူ၏၊ (အံ၊၁၊၄၀၇-၄၀၈။)
မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို မည်သို့မည်ပုံ ပြုကျင့်ပါသနည်းဟု မေးရန်ရှိ၏၊ အောက်ဖော်ပြပါ ခိပ္ပနိသန္တိသုတ်ကို ဆက်လက် ဖတ်ရှုကြည့်ပါ။ (ခိပ္ပ = လျင်မြန်စွာ၊ နိသန္တိ = သိနိုင်စွမ်းရှိခြင်း၊ ခိပ္ပနိသန္တိ = သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားတို့၌ လျင်မြန်စွာ သိနိုင်စွမ်းရှိခြင်း။)
ခိပ္ပနိသန္တိသုတ်
(အံ၊၁၊၄၀၉-၄၁၁။)
၁။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အကျိုးစီးပွားအတွက် ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွားအတွက် မကျင့်သနည်း? ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်မြန်စွာ သိနိုင်စွမ်းရှိ၏၊ ကြားနာအပ်ပြီးသော တရားတို့ကို နှုတ်ငုံဆောင်ထားနိုင်သော သဘောရှိ၏၊ နှုတ်ငုံဆောင်ထားအပ်ပြီးသော တရားတို့၏ အနက်သဘောတရားကို ဉာဏ်ဖြင့် ဆင်ခြင်နိုင်၏၊ အနက်အဓိပ္ပါယ် (= အဋ္ဌကထာ)ကို သိ၍, ပါဠိ (= ဓမ္မ)ကို သိ၍ လောကုတ္တရာကိုးပါးအားလျော်သော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ = ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်တည်းဟူသော သီလနှင့် တကွသော သမထ-ဝိပဿနာ ကျင့်စဉ်ကိုလည်း ကျင့်၏၊ သို့သော် ကောင်းသော တရားစကားမရှိ၊ ကောင်းသော တရားစကားကို မြွက်ဆိုသံမရှိ၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော, အနက်သဘောတရားကို သိစေတတ်သော ယဉ်ကျေးသော စကားနှင့် မပြည့်စုံ၊ သီတင်းသုံးဖော်တို့အား အကျိုးစီးပွားကို မသိမြင်စေတတ်၊ တရားကို မဆောက်တည်စေတတ်၊ တရားကျင့်သုံးရန် မထက်သန်စေတတ်၊ မရွှင်လန်းစေတတ်၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အကျိုးစီးပွားအတွက် ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွားအတွက် မကျင့်။
၂။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် သူတစ်ပါး အကျိုးစီးပွားအတွက် ကျင့်၍ မိမိ အကျိုးစီးပွားအတွက် မကျင့်သနည်း?
ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်မြန်စွာ သိနိုင်စွမ်းမရှိ။ ကြားနာအပ်ပြီးသော တရားတို့ကို နှုတ်ငုံဆောင်ထားနိုင်သော သဘောလည်းမရှိ၊ နှုတ်ငုံဆောင်ထားအပ်ပြီးသော တရားတို့၏ အနက်သဘောတရားကိုလည်း ဉာဏ်ဖြင့် မဆင်ခြင်နိုင်၊ အနက် = အဓိပ္ပါယ်ကို သိ၍, ပါဠိ = ဓမ္မကို သိ၍ လောကုတ္တရာကိုးပါးအားလျော်သော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ = ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် တည်းဟူသော သီလနှင့် တကွသော သမထဝိပဿနာကျင့်စဉ်ကိုလည်း မကျင့်။ သို့သော် ကောင်းသော တရားစကားရှိ၏၊ ကောင်းသော တရားစကားကို မြွက်ဆိုသံ ရှိ၏၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်သဘောတရားကို သိစေတတ်သော ယဉ်ကျေးသော စကားနှင့် ပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အား အကျိုးစီးပွားကို သိမြင်စေတတ်၏၊ တရားကို ဆောက်တည်စေတတ်၏၊ တရားကျင့်သုံးရန် ထက်သန်စေတတ်၏၊ ရွှင်လန်းစေတတ်၏၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် သူတစ်ပါး အကျိုးစီးပွားအတွက် ကျင့်၍ မိမိ အကျိုးစီးပွားအတွက် မကျင့်။
၃။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ အကျိုးစီးပွားအတွက်လည်း မကျင့် သူတစ်ပါး အကျိုးစီးပွားအတွက်လည်း မကျင့်သနည်း? ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်မြန်စွာ သိနိုင်စွမ်းမရှိ၊ ကြားနာအပ်ပြီးသော တရားတို့ကို နှုတ်ငုံဆောင်ထားနိုင်သော သဘောလည်းမရှိ၊ နှုတ်ငုံဆောင်ထားအပ်ပြီးသော တရားတို့၏ အနက်သဘောတရားကိုလည်း ဉာဏ်ဖြင့် မဆင်ခြင်နိုင်၊ အနက် = အဓိပ္ပါယ်ကို သိ၍, ပါဠိ = ဓမ္မကို သိ၍ လောကုတ္တရာကိုးပါးအားလျော်သော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ = ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် တည်းဟူသော သီလနှင့် တကွသော သမထဝိပဿနာကျင့်စဉ်ကိုလည်း မကျင့်၊ ကောင်းသော တရားစကား မရှိ၊ ကောင်းသော တရားစကားကို မြွက်ဆိုသံ မရှိ၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်သဘောတရားကို သိစေတတ်သော ယဉ်ကျေးသော စကားနှင့်လည်း မပြည့်စုံ၊ သီတင်းသုံးဖော်တို့အား အကျိုးစီးပွားကို မသိမြင်စေတတ်၊ တရားကို မဆောက်တည်စေတတ်၊ တရားကျင့်သုံးရန် မထက်သန်စေတတ်၊ မရွှင်လန်းစေတတ်၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ၏ အကျိုးစီးပွားအတွက်လည်း မကျင့်၊ သူတစ်ပါး၏ အကျိုးစီးပွားအတွက်လည်း မကျင့်။
၄။ ရဟန်းတို့ ... အဘယ်သို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ အကျိုးစီးပွားအတွက်လည်း ကျင့်၍ သူတစ်ပါး အကျိုးစီးပွားအတွက်လည်း ကျင့်သနည်း? ရဟန်းတို့ ... ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ လျင်မြန်စွာ သိနိုင်စွမ်းရှိ၏၊ ကြားနာအပ်ပြီးသော တရားတို့ကို နှုတ်ငုံဆောင်ထားနိုင်သော သဘောလည်းရှိ၏၊ နှုတ်ငုံဆောင်ထားအပ်ပြီးသော တရားတို့၏ အနက်သဘောတရားကိုလည်း ဉာဏ်ဖြင့် ဆင်ခြင်နိုင်၏၊ အနက် = အဓိပ္ပါယ်ကို သိ၍, ပါဠိ = ဓမ္မကို သိ၍ လောကုတ္တရာတရားကိုးပါးအားလျော်သော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ = ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်တည်းဟူသော သီလနှင့် တကွသော သမထ-ဝိပဿနာကျင့်စဉ်ကိုလည်း ကျင့်၏၊ ကောင်းသော တရားစကားရှိ၏၊ ကောင်းသော တရားစကားကို မြွက်ဆိုသံလည်း ရှိ၏၊ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်သဘောတရားကို သိစေတတ်သော ယဉ်ကျေးသော စကားနှင့်လည်း ပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အား အကျိုးစီးပွားကို သိမြင်စေတတ်၏၊ တရားကို ဆောက်တည်စေတတ်၏၊ တရားကျင့်သုံးရန် ထက်သန်စေတတ်၏၊ ရွှင်လန်းစေတတ်၏၊ ရဟန်းတို့ ... ဤသို့လျှင် ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ အကျိုးစီးပွားအတွက်လည်း ကျင့်၍ သူတစ်ပါး အကျိုးစီးပွားအတွက်လည်း ကျင့်၏၊
ရဟန်းတို့ ... လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု မိန့်ကြားတော်မူ၏၊ (အံ၊၁၊၄၀၉-၄၁၁။)
Ä အတ္ထမညာယ ဓမ္မမညာယ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတိ။ (အံ၊၁၊၄၁၀၊၊)
အတ္ထမညာယ ဓမ္မမညာယာ တိ အဋ္ဌကထဉ္စ ပါဠိဉ္စ ဇာနိတွာ။ ဓမ္မာနုဓမ္မပ္ပဋိပန္နော ဟောတီတိ နဝလောကုတ္တရဓမမ္မာနံ အနုရူပဓမ္မဘူတံ သသီလကံ ပုဗ္ဗဘာဂပ္ပဋိပဒံ ပဋိပန္နော ဟောတိ။ (အံ၊ဋ္ဌ၊၂၊၃၂၆။)
ဤအထက်ပါ ပါဠိတော်နှင့် အဋ္ဌကထာတို့၏ ညွှန်ကြားချက်အရ ပုဂ္ဂိုလ်တစ်ယောက်သည် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ရွက်ဆောင်လိုပါက ရှေးဦးစွာ ဘုရားရှင်၏ တရားတော်များကို သင်ယူဖို့ကား လိုအပ်ပေသည်။ ပိဋကတ်သုံးပုံကို အားလုံး သင်ယူကာ နှုတ်ငုံဆောင်ထား ရမည်ဟူ၍ကား မဆိုလိုပါ။ ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို စနစ်တကျ သင်ယူဖို့ကား လိုအပ်ပါသည်။ အထူးသဖြင့် အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်ရမည့် သသီလကံ ပုဗ္ဗဘာဂပဋိပဒံ = သီလကျင့်စဉ်နှင့် တကွသော သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို ဆရာသမားထံ၌ စနစ်တကျ သင်ယူဖို့ လိုအပ်ပါသည်။
မိမိ ဆောက်တည်ကျင့်သုံးရမည့် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟု ခေါ်ဆိုအပ်သည့် သီလကျင့်စဉ်ပိုင်း ဆိုင်ရာ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်လိုပါက ယင်းသီလကျင့်စဉ်ကို ရှေးဦးစွာ တတ်သိနားလည်ဖို့ကား လိုအပ်ပေသည်။ ထိုသို့ တတ်သိ နားလည်ပါမှလည်း ရိုရိုသေသေ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်မည် ဖြစ်ပေသည်။ သီလအကြောင်းကို ပြည့်ပြည့်စုံစုံ နားလည်မထားသူသည် သီလကို ပြည့်ပြည့်စုံစုံ ဖြူဖြူစင်စင် ခရုသင်းပွတ်သစ်နှင့် အတူ ဖြည့်ကျင့်ဖို့ရန်ကား မလွယ်ကူလှပေ။ သီလအကြောင်းကို ကောင်းကောင်း နားလည်မထားသောကြောင့် ဖြစ်၏၊
သီလကျင့်စဉ်ကို ဆောက်တည် ကျင့်သုံးပြီးသော ကျင့်သုံးလျက်ရှိသော ပုဂ္ဂိုလ်သည် သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတည်းဟူသော သမာဓိမဂ္ဂင် (၃)ပါးကို ဆက်လက်ကာ ကျင့်သုံးရမည် ဖြစ်ပေသည်။ ထိုကျင့်စဉ် ကမ္မဋ္ဌာန်းကို ဆရာသမားထံ၌ သင်ယူကာ လက်တွေ့ကျင့်သုံးရမည် ဖြစ်ပေသည်။ ထိုနောင် သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဟူသော ပညာမဂ္ဂင် (၂)ပါးနှင့် ပြည့်စုံအောင် ဆရာသမားထံ၌ စနစ်တကျ သင်ယူကာ ဆက်လက် ကြိုးစားရမည် ဖြစ်ပေသည်။ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပြည့်ပြည့်ဝဝ ဖြည့်ကျင့်နိုင်ပါမှ ရှင်ကောင်း ရဟန်းကောင်းများ ဖြစ်နိုင်ကြမည်။ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးကိုလည်း ရွက်ဆောင်နိုင်ကြမည် ဖြစ်ပေသည်။ မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်တည်ကြည်မှု သမာဓိကိုလည်းရရှိကာ သင်္ခါရတရားတို့ကို ရှုမြင်တတ်သော လွန်ကဲမြင့်မြတ်သော အဓိပညာဓမ္မ ဝိပဿနာပညာနှင့်လည်း ပြည့်စုံနိုင်မည် ဖြစ်ပေသည်။ ထိုကဲ့သို့သော သူတော်ကောင်းများ ဖြစ်ရေးအတွက် အရိယမဂ်၏ ရှေ့အဖို့၌ လိုက်နာ ပြုကျင့်ရမည့် ပုဗ္ဗဘာဂပဋိပဒါ = ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် ကျင့်စဉ်တို့ကို ညွှန်ကြားပြသပေးသည့် သုတ္တန်ဒေသနာတော် များစွာတို့တွင် ယခု ရေးသား တင်ပြလတ္တံ့သော အင်္ဂုတ္တရနိကာယ် ဒသကနိပါတ်၌ လာရှိသော ပဗ္ဗဇိတအဘိဏှသုတ္တန် (အံ၃၊၃၂၅။)လည်း ပါဝင်လျက်ရှိ၏၊
ကိလေသာ အညစ်အကြေးတို့ကို နှင်ထုတ်ပြီးသူများနှင့် နှင်ထုတ်ဖို့ရန် ကြိုးစားအားထုတ်နေဆဲ ပုဂ္ဂိုလ်များကို ပဗ္ဗဇိတဟု ခေါ်ဆို၏၊ ထိုပဗ္ဗဇိတ အမည်ရသော ကိလေသာတို့ကို နှင်ထုတ်ရန် ကြိုးစားအားထုတ်နေဆဲ ဖြစ်ကြသော ရှင်ကောင်း ရဟန်းကောင်း သီလရှင်ကောင်း ဥပါသကာကောင်း ဥပါသိကာကောင်းတို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်သင့် ဆင်ခြင်ထိုက်သည့် အချက်အလက်များကို အဘိဏှ ပစ္စဝေက္ခဏဓမ္မဟု ခေါ်ဆို၏၊ ဤသုတ္တန်တွင် ယင်းသို့ ဆင်ခြင်သင့် ဆင်ခြင်ထိုက်သည့် တရားဓမ္မ (၁၀)မျိုးကို ဘုရားရှင်က ဟောကြားထားတော်မူပေသည်။
ယင်းတရား (၁၀)မျိုးတို့ကား ယင်းတရားတို့နှင့် ပြည့်စုံအောင် လိုက်နာ ပြုကျင့်နေသူတို့အတွက် စျာန်ချမ်းသာ ဝိပဿနာချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဟူသည့် ချမ်းသာထူး ချမ်းသာမြတ်ကြီးတို့ကို မျက်မှောက်ဘဝ၌လည်း ရစေနိုင် ခံစား စံစားစေနိုင်သည့်အပြင် အကယ်၍ တမလွန်ဘဝသည် ထိုသူတော်ကောင်းအတွက် ထင်ရှား တည်ရှိနေသေးပါက တမလွန်ချမ်းသာဟူသည့် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကိုလည်း ရရှိစေနိုင်, ခံစား စံစားစေနိုင်သည့် စွမ်းအင် အပြည့်အဝရှိသော တရားတို့ ဖြစ်ကြ၏၊ ထိုမျှသာမကသေး ပြည့်ပြည့်စုံစုံ လိုက်နာပြုကျင့်သူတို့ကို သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြား ကိုလည်း ပြုလုပ်ပေးနိုင်စွမ်း ရှိကြသည့် တရားဓမ္မတို့လည်း ဖြစ်ကြ၏၊ ကိလေသာ အပူမီးတို့ကို ထာဝရ ငြိမ်းအေးစေနိုင်သည့် စွမ်းအင်အပြည့်အဝ ရှိကြသည့် ထာဝရ ငြိမ်းချမ်းရေးတရားတော်များလည်း ဖြစ်ကြ၏၊ သေရာညောင်စောင်း လျောင်းစက်သောအခါ မျက်နှာမသာမယာ မရှိရလေအောင် ကြိုတင်ပြင်ဆင်ထားရမည့်, ကြိုတင်ကာ ရရှိအောင် ကြိုးစားထားရမည့် တရားဓမ္မတို့လည်း ဖြစ်ကြ၏၊
သေရာညောင်စောင်း လျောင်းစက်သောအခါ မျက်နှာမလှအောင် ပြုလုပ်ပေးတတ်သော တရားဆိုးတို့ကား ကိလေသာ (၁၀)ပါးတို့ပင် ဖြစ်ကြ ၏၊ မသေမီ အချိန်ကာလအတွင်းဝယ် ထိုသူတော်ကောင်းတို့ ရရှိအောင် ကြိုးပမ်းထားသည့် ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့က သေခါနီးကာလဝယ် မျက်နှာမလှအောင် ဖန်တီးပေးတတ်သည့် ယင်းကိလေသာ တရားဆိုးတို့ကို ပယ်ရှားထားပြီး ဖြစ်သည့်အတွက် ထိုသူတော်ကောင်းတို့သည် တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့် မြတ်သထက်မြတ်သည့် ချမ်းသာသုခတို့ကို ရှုမျှော်လျက် ရွှင်ပျသော မျက်နှာ, လှပသော မျက်နှာ, ကြည်လင်သော စိတ်ဓာတ်ဖြင့် ဘဝကို အဆုံးသတ်ကြရမည် ဖြစ်ပေသည်။
သေရာညောင်စောင်း လျောင်းစက်သောအခါ ထိုကဲ့သို့ ပြုံးရွှင်သော မျက်နှာ ကြည်လင်သော စိတ်ထားဖြင့် ဘဝကို အဆုံးသတ်နိုင်ရန်အတွက် ကိလေသာတရားဆိုးတို့ကို ပယ်သတ်နိုင်သည့် စွမ်းအားရှိသော ဝိပဿနာ ဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို သူတော်ကောင်းတိုင်းသည် မသေမီ ရရှိအောင် ကြိုးပမ်းထားရမည်သာ ဖြစ်ပေသည်။
ကိလေသာ (၁၀) ပါး
စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော တရားများကို ကိလေသာဟု ခေါ်ဆို၏၊ ယင်းကိလေသာတို့မှာ အောက်ပါအတိုင်း (၁၀)မျိုး ရှိပေသည်။
၁။ လောဘ = ထိုထိုဘဝ ထိုထိုအာရုံကို လိုလားတပ်မက်မှုသဘော၊
၂။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းမှုသဘော၊ ဖျက်ဆီးလိုမှုသဘော၊
၃။ မောဟ = အသိမှားမှုသဘော (= အမှန်ကို မသိမှုသဘော)၊
၄။ မာန = စိတ်ဓာတ် တက်ကြွ မြင့်မောက်မှုသဘော၊
၅။ ဒိဋ္ဌိ = သင်္ခါရတရားတို့ကို နိစ္စ အတ္တ သုခ သုဘဟု စွဲလမ်း ယုံကြည်ခြင်းသဘော၊ အယူမှားခြင်းသဘော၊
၆။ ဝိစိကိစ္ဆာ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့၌ သို့လော သို့လော တွေးတော ယုံမှားခြင်းသဘော၊
၇။ ထိန = စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်းသဘော၊
၈။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်မှုသဘော၊
၉။ အဟိရိက = အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်ခြင်းသဘော၊
၁၀။ အနောတ္တပ္ပ = အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်ခြင်း သဘော၊
ဤသဘောတရား (၁၀)မျိုး ဦးဆောင်နေသည့် အကုသိုလ်တရားတို့သည် စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သောကြောင့် ကိလေသာဟု ခေါ်ဆို၏၊ ယင်းကိလေသာ အညစ်အကြေးတို့ကို စင်ကြယ်အောင် ဆေးကြော သုတ်သင်ဖို့ရန် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသော သူတော်ကောင်းတို့ကို ပဗ္ဗဇိတ = ကိလေသာတို့ကို နှင်ထုတ်နေသူများဟု ခေါ်ဆိုပေသည်။
ထိုသူတော်ကောင်းတို့ အမြဲမပြတ် မကြာခဏ ဆင်ခြင်သင့် ဆင်ခြင်ထိုက်သော ပဗ္ဗဇိတအဘိဏှသုတ္တန်၌ လာရှိသော တရားတို့ကို ဆွမ်းအနုမောဒနာတရားအဖြစ်ဖြင့် ဟောကြားခဲ့၏၊
ယင်းသုတ္တန်တရားတော်ကို နာကြားရသည့်အတွက် စာအုပ်အဖြစ် ရိုက်နှိပ်ကာ လှူဒါန်းပူဇော်လိုပါကြောင်းကို မလေးရှားသီလရှင် ဒေါ်သုသီလ က လျှောက်ထား တောင်းပန်လာသည့်အတွက် တရားတိတ်ခွေမှ စာအုပ်ဖြစ်အောင် စီစဉ်ကာ ဓမ္မဒါနအဖြစ် ထုတ်ဝေလိုက်ပါသည်။ ယင်းသုတ္တန်ဟောစဉ်၌ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို သဘောပေါက်နိုင်လောက်ရုံမျှကိုသာ အကျဉ်းချုပ်ကာ တင်ပြထားပါသည်။ တကယ်လက်တွေ့ ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လိုသူတို့သည်ကား ဆရာသမားထံသို့ ချဉ်းကပ်ကာ ဆည်းပူးကြရမည် ဖြစ်ပေသည်။ ဆရာသမား၏ အကူအညီကား လိုအပ်လျက်ပင် ရှိနေမည် ဖြစ်ပေသည်။
အမြတ်ဆုံး စကားတော်
ယံ ဗုဒ္ဓေါ ဘာသတေ ဝါစံ၊ ခေမံ နိဗ္ဗာနပတ္တိယာ။
ဒုက္ခဿန္တကိရိယာယ၊ သာ ဝေ ဝါစာနမုတ္တမာ။ (သံ၊၁၊၁၉၁။)
ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မိမိ အလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်း သိမြင်တော်မူပြီးသည် ဖြစ်၍ ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကိုလည်း ယင်းသစ္စာလေးရပ် တရားမြတ်ကို ပစ္စက္ခဉာဏ်ဖြင့် ထိုးထွင်း သိမြင်စေတော်မူတတ်သောကြောင့် 'ဗုဒ္ဓ'ဟူသော အမည်တော်ကို ရရှိတော်မူသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်၊ နိဗ္ဗာနပတ္တိယာ = ကိလေသာဟူ အပူခပ်သိမ်းမှ အငြိမ်းကြီးငြိမ်း အအေးကြီး အေးရာဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်သို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အာရုံ မျက်မှောက် ဆိုက်ရောက်ခြင်းငှာလည်းကောင်း၊ ဒုက္ခဿ = ကာမ ရူပ အရူပတည်းဟူသော တေဘူမက ဝဋ်ဒုက္ခ၏၊ အန္တကိရိယာယ = ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းခြင်းဖြင့် အဆုံးအပိုင်းအခြားကို ပြုခြင်းငှာလည်းကောင်း၊ ခေမံ = ဘေးဒုက္ခ အဝဝတို့၏ ကုန်ရာ ကုန်ကြောင်း ငြိမ်းအေးရာ ငြိမ်းအေးကြောင်း ဖြစ်သော၊ ယံ ဝါစံ = သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းဟု ခေါ်ဆိုသမုတ်အပ်သည့် မဂ္ဂင် (၈)ပါး အကြင် အကျင့်မြတ် တရားစကားတော်ကို၊ ဘာသတေ = ကရုဏာရှေ့သွား မေတ္တာထား၍ ဟောကြားပြသ ဆိုဆုံးမတော်မူအပ်ခဲ့လေပြီ၊ သာ ဝါစာ = သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းဟု ခေါ်ဆိုသမုတ်အပ်သည့် ထိုတရားစကားတော်သည်ကား၊ ဝေ = စင်စစ်။ ဝါစာနံ = စကားဟူသမျှတို့တွင်၊ ဥတ္တမာ = အသာဆုံး အမြတ်ဆုံး စကားတော် ဖြစ်တော်မူပါပေသတည်း။ (သံ၊၁၊၁၉၁။သံ၊ဋ္ဌ၊၁၊၂၅၂။)
သူတော်ကောင်း အပေါင်းတို့သည် ယင်း ပဗ္ဗဇိတအဘိဏှသုတ္တန်၌ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသော တရားဓမ္မတို့ကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။
ဖားအောက်တောရ ဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရဗုဒ္ဓသာသနာ့ရိပ်သာ
မော်လမြိုင်မြို့နယ်
ပဗ္ဗဇိတအဘိဏှသုတ္တန် ပါဠိတော်
သာသနာတော်သက္ကရာဇ် ၂၅၄၇ ခုနှစ်၊
ကောဇာသက္ကရာဇ် ၁၃၆၅ ခုနှစ်၊ တော်သလင်းလပြည့်နေ့၊ ခရစ်သက္ကရာဇ် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
- ''ဝေဝဏ္ဏိယမှိ အဇ္ဈုပဂတော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''ပရပဋိဗဒ္ဓါ မေ ဇီဝိကာ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''အညော မေ အာကပ္ပေါ ကရဏီယော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''ကစ္စိ နု ခေါ မေ အတ္တာ သီလတော န ဥပဝဒတီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''ကစ္စိ နု ခေါ မံ အနုဝိစ္စ ဝိညူ သဗြဟ္မစာရီ သီလတော န ဥပဝဒန္တီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ တဿ ဒါယာဒေါ ဘဝိဿာမီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ဝီတိဝတ္တန္တီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''ကစ္စိ နု ခေါ အဟံ သုညာဂါရေ အဘိရမာမီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
- ''အတ္ထိ နု ခေါ မေ ဥတ္တရိ မနုဿဓမ္မော အလမရိယဉာဏဒဿနဝိသေသော အဓိဂတော၊ ယေနာဟံ ပစ္ဆိမေ ကာလေ သဗြဟ္မစာရီဟိ ပုဋ္ဌော န မင်္ကု ဘဝိဿာမီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
ဣမေ ခေါ ဘိက္ခဝေ ဒသ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာ။ (အံ၊၃၊၃၂၅။)
ပဗ္ဗဇိတအဘိဏှသုတ္တန် တရားဒေသနာတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁၃၆၅-ခု၊ ဝါခေါင်လဆုတ် (၄)ရက်၊ ခရစ်သက္ကရာဇ် (၂၀၀၃)ခု၊ ဩဂုတ်လ ၁၆-ရက်နေ့၌ မလေးရှားနိုင်ငံမှ အလှူရှင်ဖြစ်သူ 'GohSeeLin TanYokeHar'၏ အလှူဒါနမင်္ဂလာပွဲ၌ အနုမောဒနာတရားအဖြစ် ဟော ကြားအပ်သော အင်္ဂုတ္တရနိကာယ် ဒသကနိပါတ် အက္ကောသဝဂ်၌ လာရှိသော ပဗ္ဗဇိတအဘိဏှသုတ္တန် တရားဒေသနာတော် ...။
"ပဗ္ဗဇိတ" --- ကိလေသာကို နှင်ထုတ်တဲ့ လုပ်ငန်းရပ်ကို တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ရှင်ရဟန်းတို့ကို "ပဗ္ဗဇိတ" လို့ ခေါ်ပါတယ်။ ထို ပဗ္ဗဇိတအမည်ရနေတဲ့, ကိလေသာကို နှင်ထုတ်မည် ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာ ကြတဲ့ ပုဂ္ဂိုလ်တွေ အမြဲမပြတ် မကြာခဏ ဆင်ခြင်သင့် ဆင်ခြင်ထိုက်တဲ့ တရားတွေကို ဒီ ပဗ္ဗဇိတအဘိဏှသုတ္တန်မှာ မြတ်စွာဘုရားက ဟောကြားပြသ ဆိုဆုံးမထားတော်မူပါတယ်။ ထိုသုတ္တန်ကို စတင်ပြီး နာကြား ကြည့်ကြ ရအောင် ...။
ဒသယိမေ ဘိက္ခဝေ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာ။
ဘိက္ခဝေ = သံသရာဘေးကို ရှုလေ့ရှိကြကုန်သော ရဟန်းတော်များ အို - ချစ်သားတို့ ...။ ဣမေ ဒသ ဓမ္မာ = ဤဆယ်ပါးကုန်သော တရားတို့ကို။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲအပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗာ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်လှပေ၏၊
ကိလေသာတွေကို ငါ၏ သန္တာန်မှာ မရှိစေရဘူး၊ နှင်ထုတ်ပစ်မည်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်သမျှ အမြဲမပြတ် မကြာခဏ ဆင်ခြင်သင့် ဆင်ခြင်ထိုက်တဲ့ တရား ဆယ်မျိုးရှိတယ်ဆိုပြီး ဒီလို ဘုရားရှင်က တရားကို နိဒါန်းပျိုးထားပါတယ်။ ထိုတရားဆယ်မျိုးကိုလည်း ဘုရားရှင်က တစ်ခုပြီးတစ်ခု စနစ်တကျ ဟောကြားပြသ ဆိုဆုံးမထားတော်မူပါတယ်။ နံပါတ် (၁) အဆုံးအမက ဘာလဲ?
ရုပ်အဆင်း၏ ဖောက်ပြန်ပြောင်းလဲခြင်း
''ဝေဝဏ္ဏိယမှိ အဇ္ဈုပဂတော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
အဟံ = ငါသည်။ ဝေဝဏ္ဏိယံ = အဆင်း၏ ဖောက်ပြန်ခြင်းသို့။ အဇ္ဈုပဂတော = ကပ်ရောက်၍ နေရလေသည်။ အမှိ = ဖြစ်ရပေပြီ။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
နံပါတ် (၁) ဆင်ခြင်သင့် ဆင်ခြင်ထိုက်တဲ့ တရား။ ဘာတဲ့လဲ?
ဝေဝဏ္ဏိယံ = အဆင်း၏ ဖောက်ပြန်ခြင်းသဘော --- ငါသည် အဆင်း၏ ဖောက်ပြန်ခြင်း သဘောသို့ ရှေးရှုကပ်ရောက်နေရတယ်လို့ မိမိကိုယ်ကို မိမိ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် မကြာ ခဏ အမြဲမပြတ် ဆင်ခြင်ပေးပါ။ ဘယ်လို အဆင်း၏ ဖောက်ပြန်တာလဲ ဆိုတာနဲ့ပတ်သက်ပြီး အဋ္ဌကထာက အဆင်း၏ ဖောက်ပြန်ပုံ (၂)မျိုးရှိကြောင်း ဖွင့်ဆိုထားပါတယ်။
- သရီရဝေဝဏ္ဏိယ = မိမိ၏ ရုပ်အဆင်း၏ ဖောက်ပြန် ပျက်စီးသွားခြင်း။
- ပရိက္ခာရဝေဝဏ္ဏိယ = မိမိသုံးစွဲခဲ့တဲ့ ပရိက္ခရာတို့၏ အသွင်အပြင် ပြောင်းလဲသွားခြင်းကို ဆိုလိုပါတယ်။
ရုပ်အဆင်းတွေက ဖောက်ပြန်ပျက်စီး ပြောင်းလဲသွားပုံကို ဘယ်ပုံ ဘယ် ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုရမှာလဲဆိုတာကိုတော့ အဋ္ဌကထာက အရိပ် အမြွက် အနည်းအကျဉ်း ဖော်ပြထားပါတယ်။ ရဟန်းတော်များ သီလရှင်များ မှန်တကြည့်ကြည့်ဖြင့် မိမိ၏ မျက်နှာကို မှန်ထဲမှာ ကြည့်ရမည့် လုပ်ငန်း ခွင်ကို ဘုရားရှင်ကလည်း တားမြစ်ထားတဲ့အတွက် အဋ္ဌကထာဆရာတော် က ထိုသိက္ခာပုဒ်ကို စောင့်စည်းသောအားဖြင့် ရိုသေလေးစားသောအားဖြင့် ဘယ်လို ဖွင့်ဆိုထားလဲ?
ကေသမဿုဩရောပနေန သရီရဝေဝဏ္ဏိယံ ဝေဒိတဗ္ဗံ။ (အံ၊၃၊ဋ္ဌ၊၃၁၃။)
ဆံပင်ကို ရိတ်ချလိုက်တော့ မိမိ၏ ဆံပင်တွေကို လှမ်းကြည့်လိုက်လျှင် ငယ်ငယ်ကဆံပင်၏ အရောင်အဆင်းနဲ့ အခုဆံပင်၏ အရောင်အဆင်းတွေ မတူညီတော့ဘူး၊ အဖြူရောင်တွေ ရောလာပြီ၊ တဖြည်းဖြည်း ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရေကလေးတွေကို လှမ်းမျှော်ပြီး ကြည့်လိုက်လို့ ရှိလျှင် အသားအရေကလေးတွေက ရှေးယခင် ငယ်စဉ်က နုပျိုစဉ်က အသား အရေနှင့် မတူတော့ဘဲ တဖြည်းဖြည်း ရင့်ရော်ပြီးတော့ အရေတွေက တွန့် လိပ်ပြီး လာတယ်၊ အရွယ်တွေက တဖြည်းဖြည်း အိုမင်းလာတယ်။ မိမိက ဘယ်လိုပင် လှချင်ပချင်ပေမည့်လို့ လှချင်ပချင်တဲ့ အရောင်အဆင်းအတိုင်း ဒီခန္ဓာကိုယ်ကြီးက ဖြစ်ပေါ်လာသလားဆိုတော့ မဖြစ်ဘူး၊ ''ရုပ်ဝါနုနယ် ရှုစဖွယ်နှင့် တင့်တယ်ရွှန်းစို နင်လှလိုလည်း အအိုစာရင်း သူက သွင်း၏၊'' နုနုနယ်နယ် လှလှပပ တင့်တင့်တယ်တယ်နဲ့ မိမိက အမြဲ နေချင်နေပေမည့်လို့ မိမိ ထူထောင်ထားတဲ့ ကံတို့၏ စွမ်းအင်က ဒီလို အမြဲ တည်တံ့အောင် ဆောင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူး။ ဒီလို စွမ်းအားမရှိတဲ့အတွက်ကြောင့် ဘာဖြစ်လဲ?
''ရုပ်ဝါနုနယ် ရှုစဖွယ်နှင့်
တင့်တယ်ရွှန်းစို နင်လှလိုလည်း
အအိုစာရင်း သူကသွင်း၏၊
ဘေးကင်းရန်ကွာလွန်ချမ်းသာ၍
မနာရလို တောင်းဆုဆိုလည်း
နင့်ကို မညှာ ဘေးရောဂါနှင့်
ခါခါမငဲ့ မိတ်ဆွေဖွဲ့၏၊''
တစ်နေ့ထက် တစ်နေ့ အိုသထက် အိုသွားအောင်သာ ဒီ ကံတွေက ရွက်ဆောင်ဖန်တီးပေးနေတယ်။ မိမိက ဘေးတွေ ရန်တွေ ကင်းချင်တယ်၊ အနာရောဂါ ကင်းချင်တယ်၊ ဒါပေမည့်လို့ မိမိ ထူထောင်ထားတဲ့ ကံတွေက ဘေးရောဂါအမျိုးမျိုး အနာရောဂါအမျိုးမျိုးတို့နှင့် တွေ့ကြုံအောင် အမြဲတမ်း ရွက်ဆောင်ပေးနေတယ်။ ''နောက်ဆုတ်လို့ ပြန်မပျိုသည် ရှေ့ကိုသာ အိုမြဲ'' ဆိုတဲ့အတိုင်း တစ်နေ့ထက်တစ်နေ့ တစ်စထက်တစ်စ မိမိက အိုခြင်းတရားဘက်သို့ နာခြင်းတရားဘက်သို့ သေခြင်းတရားဘက်သို့ နေ့စဉ်မပြတ် တရစပ် ချီတက်သွားလာနေရတယ်ဆိုတဲ့ သဘောရှိတယ်။ ဒီ သဘောတရားကို သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် အမြဲမပြတ် မကြာခဏ ဆင်ခြင်ပေးပါ။ နောက်တစ်ခုက - မိမိတို့၏ ပရိက္ခရာတို့၏ အသွင်အပြင် ပြောင်းလဲသွားပုံ သဘောတရားကိုလည်း ဆင်ခြင်ပေးရမည်၊ ဘယ်လိုလဲ --
ပရိက္ခရာတို့၏ အသွင်အပြင် ပြောင်းလဲခြင်း
ပုဗ္ဗေ ပန နာနာဝိရာဂါနိ သုခုမဝတ္ထာနိ နိဝါသေတွာပိ နာနဂ္ဂရသဘောဇနံ သုဝဏ္ဏရဇတဘာဇနေသု ဘုဉ္ဇိတွာပိ သိရိဂဗ္ဘေ ဝရသယနာသနေသု နိပဇ္ဇိတွာပိ နိသီဒိတွာပိ သပ္ပိနဝနီတာဒီဟိ ဘေသဇ္ဇံ ကတွာပိ ပဗ္ဗဇိတကာလတော ပဋ္ဌာယ ဆိန္နသံဃဋိတကသာဝရသပီတာနိ ဝတ္ထာနိ နိဝါသေတဗ္ဗာနိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
ဘာပြောသလဲ?
ပုဗ္ဗေ = ဟို ရှေးယခင် လူဖြစ်စဉ်အခါတုန်းက။ နာနာဝိရာဂါနိ = အထူးထူးသော ဆေးရောင်တို့ဖြင့် ဆိုး၍ ထားအပ်ကုန်သော။ သုခုမဝတ္ထာနိ = အလွန် နူးညံ့ သိမ်မွေ့သော အဝတ်တို့ကို။ နိဝါသေတွာပိ = ဝတ်ရုံခဲ့ရပါသော်လည်းပဲ --
ရှေးယခင် လူဖြစ်စဉ် အချိန်အခါတုန်းက မိမိတို့က ချမ်းသာကြွယ်ဝနေ တဲ့ သူဋ္ဌေးသားတွေ သူဋ္ဌေးသမီးတွေ ဖြစ်ခဲ့မည်ဆိုလို့ရှိလျှင် အရောင် အမျိုး မျိုးဖြင့် ဆိုးထားတဲ့ အလွန် နူးညံ့သိမ်မွေ့တဲ့ အဝတ်တွေကို ရှေးယခင် လူ ဖြစ်စဉ်အခါတုန်းကတော့ ဝတ်ရုံခဲ့ရတယ်။ အဲဒီလို ဝတ်ရုံခဲ့ရပေမည့်လို့ ... နောက်တစ်ခု --
နာနဂ္ဂရသဘောဇနံ = အထူးထူးသော မွန်မြတ်သော အရသာ ရှိသော ဘောဇဉ်ကို။ သုဝဏ္ဏရဇတဘာဇနေသု = ရွှေခွက် ငွေခွက်တို့၌။ (ပက္ခိပိတွာ = ထည့်၍။) ဘုဉ္ဇိတွာပိ = စားသုံးခဲ့ရပါသော်လည်းပဲ --
အရှင် သာရိပုတ္တရာတို့ အရှင် မဟာကဿပတို့လို သူဋ္ဌေးသားတွေ ဆိုကြစို့နော်၊ ရှေးယခင် လူဖြစ်စဉ် အချိန်အခါမှာ သူတို့က ရွှေခွက်တွေ ငွေခွက်တွေထဲကို အစာအာဟာရတွေ ထည့်ပြီးတော့ စားသုံးခဲ့ရတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ရှေးယခင် လူဖြစ်စဉ်အချိန်အခါတုန်းက ဒီလို ရွှေခွက် ငွေခွက်တွေထဲမှာ ထည့်ပြီး အစာကို စားသုံးခဲ့ရပေမည့်လို့ ... သိရိဂဗ္ဘေ = အသရေရှိလှတဲ့ ကျက်သရေတိုက်ခန်းအတွင်း၌။ ဝရသယနာသနေသု = မွန်မြတ်သော အိပ်ရာ နေရာထက်တို့၌။ နိပဇ္ဇိတွာပိ = အိပ်စက်ခဲ့ရပါသော်လည်းပဲ။ နိသီဒိတွာပိ = ထိုင်ခဲ့ရပါသော် လည်းပဲ --
သူဋ္ဌေးသားတွေ သူဋ္ဌေးသမီးတွေ ဖြစ်ခြင်းကြောင့် ရှေးယခင် လူဖြစ်စဉ် အချိန်အခါကို ကြည့်လိုက်လို့ရှိလျှင် အင်မတန် ကျက်သရေရှိလှတဲ့ တိုက်ခန်း အတွင်း မွန်မြတ်တဲ့ အိပ်ရာ နေရာတွေ စနစ်တကျ ပြင်ဆင်ထားတဲ့ အိပ်ရာ နေရာတွေမှာ အိပ်စက်ခဲ့ရတယ်၊ စနစ်တကျ ပြုပြင်ထားတဲ့ ကုလားထိုင်တွေ ပေါ်မှာ ကျကျနန ထိုင်ခဲ့ရတယ်၊ ဒီလိုပင် အိပ်ခဲ့ရသော်လည်း ဒီလိုပင် ထိုင်ခဲ့ရပါသော်လည်း ရဟန်းဘဝရောက်တော့ ပုံတွေက ပြောင်းသွားပြီ ...။၊ နောက်တစ်ခု --
သပ္ပိနဝနီတာဒီဟိ = ထောပတ် ဆီဦး စသည်တို့ဖြင့်။ ဘေသဇ္ဇံ = ဆေးကို။ ကတွာပိ = ဖော်စပ်၍ သုံးစွဲခဲ့ရပါသော်လည်းပဲ --လူ့ဘဝတုန်းက သုံးစွဲခဲ့ရတဲ့ ဆေးတွေကို ကြည့်လိုက်လို့ရှိလျှင် အလွန်အဆင့်မြင့်တဲ့ ဆေးတွေဖြစ်ကြပါတယ်။ ထောပတ်တွေ ဆီဦးတွေ ပျားတွေ တင်လဲတွေ အစရှိသည်တို့ဖြင့် ဆေးအမျိုးမျိုးတွေကို ဖော်စပ်ပြီးတော့ လူ့ဘဝမှာ သုံးစွဲခဲ့ရတယ်။ ဒါပေမည့် ရှင်ရဟန်းပြုလာတဲ့ အချိန်အခါကျတော့ ဘယ်လိုပုံပြောင်းသွားရလဲ?
ပဗ္ဗဇိတကာလတော = ရှင်ရဟန်းပြုလာရာ အချိန်အခါကာလမှ။ ပဋ္ဌာယ = စ၍။ ဆိန္နသံဃဋိတကသာဝရသပီတာနိ = အပိုင်းပိုင်းဖြတ်၍ ချုပ်စပ်အပ်သော, ဖန်ရည်ကို သောက်သုံးလျက်ရှိ ကြကုန်သော။ ဝတ္ထာနိ = အဝတ်ပုဆိုးတို့ကို။ နိဝါသေတဗ္ဗာနိ = ဝတ်ရုံအပ်ကုန်၏၊
လူ့ဘဝက ရောင်စုံဆိုးထားတဲ့ အလွန်နူးညံ့သိမ်မွေ့တဲ့ အဝတ်တွေကို ဝတ်နေရပေမည့်လို့ ရဟန်းပြုတဲ့ အချိန်အခါက စပြီးတော့ ဘာဖြစ်လဲ? တန်ဘိုးနည်းသွားအောင် အပိုင်းပိုင်းဖြတ်ထားတဲ့ သင်္ကန်းတွေကို ချုပ်စပ်၊ ချုပ်စပ်ပြီးတော့ ဖန်ရည်တွေဆိုး၊ ဖန်ရည်တွေကို သောက်သုံးထားတဲ့ ဒီ အဝတ်တွေကိုသာလျှင် ဝတ်ရုံရတဲ့ သဘောရှိတယ်၊ အသွင်ပြောင်းသွားတယ် နော်။
အယပတ္တေ ဝါ မတ္တိကပတ္တေ ဝါ မိဿကောဒနော ပက္ခိပိတွာ ဘုဉ္ဇိတဗ္ဗော။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
အယပတ္တေ ဝါ = သံသပိတ်၌သော်လည်းကောင်း။ မတ္တိကပတ္တေ ဝါ =
မြေသပိတ်၌သော်လည်းကောင်း။ ပက္ခိပိတွာ = ထည့်၍။ မိဿကောဒနော = ရောပြွမ်းနေတဲ့ ဆွမ်းအာဟာရကို။ ဘုဉ္ဇိတဗ္ဗော = ဘုဉ်းပေး သုံးဆောင်အပ်ပေ၏၊
လူ့ဘဝက ရွှေခွက်တွေ ငွေခွက်တွေထဲ ထည့်ပြီးတော့ အစာအာဟာရတွေကို စားသုံးခဲ့ရပေမည့်လို့ ရဟန်းဘဝ ရောက်လာပြီဆိုလျှင် သံသပိတ် သို့မဟုတ် မြေသပိတ်ထဲကို ရောနှောနေတဲ့အစာတွေ ထည့်သွင်းပြီးတော့ စားရတယ်။
ဒီနေ့ ဆွမ်းလောင်းလှူတဲ့ အခြေအနေကို ကြည့်ပါနော်၊ သပိတ်တစ်လုံးထဲမှာ ဆွမ်းတွေ ဟင်းတွေ အကုန်လုံး ရောနှောထည့်ပြီးတော့ ရောနှောထားတဲ့ မိဿကဘောဇဉ်လို့ ခေါ်ဆိုအပ်တဲ့ အစာအာဟာရတွေကိုသာ သုံးဆောင်ရတဲ့ သဘောရှိတယ်။ ဒါ ပုံစံပြောင်းသွားတယ် နော်။
နောက်တစ်ခု --
ရုက္ခမူလာဒိသေနာသနေ မုဉ္ဇတိဏသန္ထရဏာဒီသု နိပဇ္ဇိတဗ္ဗံ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
ရုက္ခမူလာဒိသေနာသနေ = သစ်ပင်ရင်း စသော ကျောင်း အိပ်ရာ နေရာ၌။ မုဉ္ဇတိဏသန္ထရဏာဒီသု = ဖြူဆံမြက် ပြိတ်မြက်တို့ဖြင့် ပြုလုပ် ထားအပ်သော အခင်းစသည်တို့၌။ နိပဇ္ဇိတဗ္ဗံ = အိပ်စက်ရ၏၊
လူ့ဘဝတုန်းက ကြည့်လိုက်မည်ဆိုလို့ရှိလျှင် ကျက်သရေမင်္ဂလာ အဖြာ ဖြာတို့နှင့် ပြည့်စုံနေတဲ့ အလွန် အဆင့်မြင့်တဲ့ မွေ့ရာတွေ ကော်ဇောတွေ ကတ္တီပါတွေ အစရှိတဲ့ မွန်မြတ်သော အိပ်ရာ နေရာတွေထက်မှာ အိပ်စက်ခဲ့ရသော်လည်းပဲ ရဟန်းဘဝရောက်လာပြီဆိုလျှင် သစ်ပင်ရင်းတည်းဟူသော ကျောင်း စတဲ့ ကျောင်းတွေထဲမှာ မြက်သစ်ရွက်ကလေးတွေကို စုရုံးပြီးတော့ ခင်းထားတဲ့ အခင်းတွေမှာ အိပ်စက်ရမည့် သဘောပဲ ရှိတယ်။
နောက်တစ်ခု --
စမ္မခဏ္ဍတဋ္ဋိကာဒီသု နိသီဒိတဗ္ဗံ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
စမ္မခဏ္ဍတဋ္ဋိကာဒီသု = သားရေနွယ်ပိုင်း ဖျာပိုင်းစသည်တို့၌။ နိသီဒိတဗ္ဗံ = ထိုင်နေအပ်၏၊
လူ့ဘဝတုန်းကလို အဆင့်အတန်းမြင့်နေတဲ့ ကုလားထိုင်တွေပေါ်မှာ ထိုင်ရတဲ့, ဆိုဖာတွေပေါ်မှာ ထိုင်ရတဲ့ သဘောမျိုးတော့ မဟုတ်တော့ဘူး၊ သားရေနွယ်ပိုင်းကလေးပေါ်မှာ ထိုင်နေရမည်၊ ဖျာပိုင်းကလေးတစ်ခုပေါ်မှာ ထိုင်နေရမည် စသည်ဖြင့် ပုံစံအသွင်ကလေးတွေ ပြောင်းသွားတယ်။
နောက်တစ်ခု
ပူတိမုတ္တာဒီဟိ ဘေသဇ္ဇံ ကတ္တဗ္ဗံ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
ပူတိမုတ္တာဒီဟိ = နွားကျင်ငယ်ပုပ် စသည်တို့ဖြင့်။ ဘေသဇ္ဇံ = ရောစပ် စီစဉ်၍ ထားအပ်သော ဆေးကို။ ကတ္တဗ္ဗံ = မှီဝဲသင့် မှီဝဲထိုက်သည်။ ဟောတိ = ဖြစ်၏၊
လူ့ဘဝတုန်းကတော့ ဆီဦး ထောပတ် ပျား တင်လဲ အစရှိသည်တို့ဖြင့် ရောစပ်ထားတဲ့ ဆေးအမျိုးမျိုးတွေကို သုံးစွဲခဲ့ရတယ်။ ရဟန်းဘဝ ရောက်လာပြီ ဆိုလို့ရှိလျှင်တော့ နွားကျင်ငယ်ပုပ်ဖြင့် စိမ်ထုံထားအပ်တဲ့ ဇီးဖြူသီး သျှိသျှားသီး ဖန်ခါးသီး အစရှိသည်တို့ကို မှီဝဲသုံးဆောင်ရတယ်။ ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါးတွေသည် လူ့ဘဝတုန်းက သုံးစွဲခဲ့ရတဲ့ ပစ္စည်းတွေနဲ့ ပုံစံမတူတော့ဘဲနဲ့ အသွင်ပြောင်းသွားတယ်။ အဲဒီလို အသွင် ပြောင်းမှုကို ''ပရိက္ခာရ ဝေဝဏ္ဏိယံ'' အသုံးအဆောင်ပရိက္ခရာတို့၏ အသွင်ပြောင်းခြင်းလို့ ခေါ်ပါတယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ကိလေသာတွေကို နှင်ထုတ်ပစ်မည်ဆိုတဲ့ ဦးတည်ချက်ဖြင့် ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ် မှန်ခဲ့လျှင်လည်း ဒီလို ပရိက္ခရာတို့၏ အသွင်ပြောင်းသွားမှု, သုံးစွဲသူတို့၏ အသွင်ပြောင်းသွားမှုတွေကိုလည်းပဲ အမြဲမပြတ် မကြာခဏ ဆင်ခြင်ပေးပါ ဆိုပြီးတော့ မြတ်စွာဘုရားက ဆိုဆုံးမထားပါတယ် နော်။
ဒီအဆုံးအမတွေကို တကယ်လက်တွေ့ လိုက်နာပြုကျင့်သွားတဲ့ သူတော်ကောင်းတွေကတော့ တကယ့် သူဋ္ဌေးသားအစစ် ဖြစ်တော်မူကြတဲ့ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အစရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ထိုသူတော်ကောင်းတွေထဲက အရှင် သာရိပုတ္တရာကြီး၏ ထုံးလေးတစ်ခုကို ဘုန်းကြီး နည်းနည်း ထပ်ပြောမည်။
အရှင်သာရိပုတ္တရာ၏ နှိမ်ချထားသော စိတ်ဓာတ်
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးသားတစ်ဦးဖြစ်ပါတယ်။ တစ်ချိန်မှာ ပရိနိဗ္ဗာန်စံပြီ ဆိုကြစို့နော်။ ပရိနိဗ္ဗာန်စံမည့် ညမှာ မိမိမွေးဖွားခဲ့တဲ့ တိုက်ခန်းအတွင်းမှာပဲ ပြန်ပြီးတော့ ပရိနိဗ္ဗာန် စံပါတယ်။
ဦးတည်ချက်ကတော့ - မယ်တော်ဖြစ်တဲ့ ရူပသာရီပုဏ္ဏေးမကြီးကို သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ်သို့ ဆိုက်အောင် တရားရေအေး အမြိုက် ဆေးကို တိုက်ကျွေးတော်မူချင်တဲ့ ဦးတည်ချက်ဖြင့် ထိုည မိမိ မွေးဖွားခဲ့ရာ နာဠကရွာအတွင်းမှာ တည်ရှိတဲ့ မွေးဖွားခဲ့ရာ တိုက်ခန်းအတွင်းမှာပဲ ပရိနိဗ္ဗာန်စံဖို့ ကြိုးစားခဲ့ပါတယ်။၊ မယ်တော်ဖြစ်တဲ့ ရူပသာရီပုဏ္ဏေးမကြီးကိုလည်း တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးနိုင်တဲ့အတွက် မယ်တော်ကြီးလည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ရောက်သွားခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးလည်း ပရိနိဗ္ဗာန် စံလွန်တော်မူ သွားပြီ။ ထိုအချိန်မှာ မိမိ၏ သားရတနာကို အလွန်ကြည်ညိုနေတဲ့ မိခင် ဖြစ်သူက ရွှေတွေကို ထည့်ထားတဲ့ ဂိုဒေါင်တိုက်တံခါးတွေကို ဖွင့်ပြီးတော့ ရွှေတွေကို ချိန်တွယ်ပြီးတော့ ပေးတယ်။ ငါ့သား ပရိနိဗ္ဗာန်စံတဲ့ မီးသင်္ဂြီုဟ်ရမည့်ပွဲမှာ ရွှေမဏ္ဍပ်ပေါင်း (၅၀၀)၊ ရွှေပြသာဒ်ပေါင်း (၅၀၀) ဆောက်လုပ်စေ ဆိုပြီးတော့ ဒီလို ရွှေတွေ ထုတ်ပေးတယ် နော်။ ဒါ ဘယ်လောက် ချမ်းသာနေ သလဲဆိုတာကို ဘုန်းကြီးပြောချင်တာပါ။
အဲဒီလောက် ချမ်းသာတဲ့ သူဋ္ဌေးသားရတနာ တစ်ဦးက တစ်ချိန် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာပြီ၊ ရှင်ရဟန်းပြုလာတဲ့ အချိန် အခါမှာ ဒီ အရှင်သာရိပုတ္တရာ၏ ဂုဏ်တွေကို ဘုရားရှင်က ချီးကျူးတော်မူတဲ့ အနေအားဖြင့် ပရိနိဗ္ဗာန်စံလွန်တော်မူသွားပြီးတဲ့နောက် အရှင်သာရိပုတ္တရာ၏ ဓာတ်တော်တွေကို ညီဖြစ်သူ အရှင်စုန္ဒမထေရ်က သာဝတ္ထိပြည်မွန် ဇေတဝန် ကျောင်းတိုက်သို့ ယူဆောင်လာပြီး မြတ်စွာဘုရားရှင်၏ လက်တော်သို့ အပ်နှင်းပူဇော်တဲ့ အချိန်အခါမှာ ဓာတ်တော်ထည့်ထားတဲ့ ကြုတ်ကလေးကို လက်ဝါးပေါ်တင်ပြီး ဘုရားရှင်က အရှင်သာရိပုတ္တရာ၏ ဂုဏ်ကျေးဇူးတွေကို ချီးမွမ်း မြှောက်စားသောအားဖြင့် ရဟန်းတွေကို လိုက်နာပြုကျင့် သင့်တဲ့ ဆင်ခြင်သင့် ဆင်ခြင်ထိုက်တဲ့ တရားတွေကို ဟောပေးပါတယ်။ နာကြည့်ကြရအောင် --
ယော ပဗ္ဗဇီ ဇာတိသတာနိ ပဉ္စ၊ ပဟာယ ကာမာနိ မနောရမာနိ။ တံ ဝီတရာဂံ သုသမာဟိတိန္ဒြိယံ၊ ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (သံ၊ဋ္ဌ၊၃၊၂၅၅။)
ဘိက္ခဝေ = ရဟန်းတော်များ အို ...ချစ်သားတို့။ ယော သာရိပုတ္တော = အကြင် သာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ မနောရမာနိ = စိတ်နှလုံးကို ရွှင်ပြုံးမွေ့လျော်စေနိုင်ကုန်သော။ ကာမာနိ = ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို။ ပဟာယ = မငဲ့မကွက် ရက်ရက်စွန့်ပယ်တော်မူခဲ့သည် ဖြစ်၍။ ပဉ္စ ဇာတိသတာနိ = ဘဝများစွာ ငါးရာတို့ကာလပတ်လုံး။ ပဗ္ဗဇီ = သဒ္ဓါလုလု ရှင်ရဟန်းပြုခဲ့လေပြီ။
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ရဟန်းပြုလာတာ ဒီတစ်ဘဝ တွင် မဟုတ်ဘူး၊ ဘဝပေါင်း (၅၀၀) ဆက်တိုက် ရှင်ရဟန်းပြုခဲ့တယ်။ ဘဝပေါင်း (၅၀၀) ဆက်တိုက် ရှင်ရဟန်းပြုလာတဲ့ အချိန်အခါမှာ မိမိ ပိုင်ဆိုင်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေကို ငဲ့ကွက်မှု မရှိဘဲနဲ့ ရက်ရက်ရောရော စွန့်လွှတ်ပြီးတော့မှ သာသနာဘောင် ဝင်ရောက်ပြီး ရဟန်းပြုလာတဲ့ သူတော်ကောင်းဖြစ်တယ်။ ဒါက သူ့မှာ ချီးကျူးထိုက်တဲ့ ဂုဏ်အင်္ဂါတစ်ခုနော် ...။ နောက်တစ်ခု --
ဝီတရာဂံ = ယခုအခါဝယ် တဏှာရာဂ လုံးဝ ကင်းပြီးထသော။ သုသမာဟိတိန္ဒြိယံ = ကောင်းစွာ တည်ငြိမ်သော သမာဓိန္ဒြေလည်း ရှိပေထသော။ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းလေပြီးသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ် ချိုး၍ ရှိခိုးဦးနှိမ်ကြပါကုန်လော့ ...။
ဓာတ်တော်ကြုတ်ကလေး လက်ျာလက်ဝါးပေါ်မှာ တင်ပြီးတော့ မြတ်စွာ ဘုရားက ရဟန်းတွေကို အရှင်သာရိပုတ္တရာ၏ ပုလဲရတနာနဲ့ တူညီနေတဲ့ ဓာတ်တော်ရတနာတွေကို ရှိခိုးပူဇော်ဖို့ရန်အတွက် တိုက်တွန်းတယ်နော်။ နောက်တစ်ခု --
ခန္တီဗလော ပထဝိသမော န ကုပ္ပတိ၊ န စာပိ စိတ္တဿ ဝသေန ဝတ္တတိ။ အနုကမ္ပကော ကာရုဏိကော စ နိဗ္ဗုတော၊ ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (သံ၊ဋ္ဌ၊၃၊၂၅၅။)
ဘိက္ခဝေ = ရဟန်းတော်များ အို ... ချစ်သားတို့။ ယော သာရိပုတ္တော = အကြင် သာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ ခန္တီဗလော = အလွန့်အလွန် သည်းခံဘိငြား အဓိဝါသနခန္တီတရားလျှင် ခွန်အားရှိသူဖြစ်၍။ ပထဝိသမော = မဟာပထဝီ ဤမြေ နှိုင်းယူ ပုံစံတူသည်ဖြစ်၍။ န ကုပ္ပတိ = အပြင်သူ တစ်ဘက်သားအား ဘယ်တော့မှ အမျက်မထွက်တတ်ချေ။ စိတ္တဿ = မတည်ငြိမ်ငြား စိတ်တရား၏၊ ဝသေန = အလိုအကြိုက် သူ့ စရိုက်ဖြင့်။ န စာပိ ဝတ္တတိ = မည်သည့်အခါမှ လိုက်လည်း မလိုက်ပါချေ။
အရှင်သာရိပုတ္တရာကို ကြည့်လိုက် ... ဒီလောက် ချမ်းသာကြွယ်ဝ- နေတဲ့ သူဋ္ဌေးသားရတနာတစ်ဦး ဖြစ်ပေမည့်လို့ သူက သာသနာဘောင်သို့ ဝင်ရောက်လို့ ရှင်ရဟန်းပြုလာတဲ့အချိန်အခါမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်သွားပြီ။ ရာဂ ဒေါသ မောဟတွေက ကင်းသွားပြီ။ ရာဂ ဒေါသ မောဟ တွေ ကင်းသွားတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို လှမ်းမျှော် ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်နေသလဲ? ခန္တီဗလ - အလွန့်အလွန် သည်းခံတဲ့ အဓိဝါသနခန္တီတရားကို သူက ခွန်အားအဖြစ် အမြဲတမ်း အသုံး ပြုတယ်။ ပထဝီသမ = မဟာပထဝီမြေကြီးနဲ့ တူညီနေတဲ့ သည်းခံခြင်း ခန္တီ တရား ရှိတယ်။ မဟာပထဝီမြေကြီးပေါ်ကို စင်ကြယ်တဲ့ အရာဝတ္ထုကိုပဲ ဖြစ်စေ၊ မစင်ကြယ်တဲ့ အရာဝတ္ထုကိုပဲဖြစ်စေ စွန့်ပစ်လိုက်တဲ့ အချိန်အခါမှာ မဟာပထဝီမြေကြီးမှာ ဖောက်ပြန်မှု တုန်လှုပ်မှု ဖောက်ပြန်ပျက်စီးမှု ဘာမျှ မရှိသလိုဘဲ အရှင်သာရိပုတ္တရာအပေါ်သို့ ကောင်းသော အာရုံတွေပဲ ဖြစ်စေ, မကောင်းသော အာရုံတွေပဲ ဖြစ်စေ တိုက်ခိုက်လာပြီ ဆိုလျှင် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ စိတ်ဓာတ်သည် တုန်လှုပ်မှုမရှိဘဲ မဟာပထဝီ မြေကြီးကဲ့သို့ ကြံ့ကြံ့ခိုင်ကြည်တဲ့ သည်းခံခြင်း ခန္တီစွမ်းအား ရှိနေတယ်။ နောက်တစ်ခု
စိတ္တဿ = မတည်ငြိမ်ငြား စိတ်တရား၏၊ ဝသေန = အလိုအကြိုက် သူ့စရိုက်ဖြင့်။ န စာပိ ဝတ္တတိ = မည်သည့်အခါမှ လိုက်လည်း မလိုက်ပါတတ်ချေ။ စိတ်၏ အလိုအတိုင်း အပြုအမူဆိုတာ တစ်ခါမျှ မရှိခဲ့ဘူး။ ပြုသင့် ပြုထိုက်တဲ့ လုပ်ငန်းရပ်တွေကို ပြုတယ်။ မပြုသင့်မပြုထိုက်တဲ့ လုပ်ငန်းရပ်တွေကို ရှောင်ကြဉ်ခဲ့တယ်။ ပြောသင့်ပြောထိုက်တဲ့ စကားကို ပြောတယ်။ မပြောသင့်မပြောထိုက်တဲ့ စကားတွေကို ရှောင်ကြဉ်ခဲ့တယ်။ ကြံစည်သင့် ကြံစည်ထိုက်တာကို စိတ်ကူးကြံစည်တယ်။ မကြံစည်သင့် မကြံစည်ထိုက်တဲ့ အာရုံတွေကို အမြဲတမ်း ရှောင်ကြဉ်ခဲ့တယ်။ စိတ်၏ အလိုအတိုင်း ပြုမူဆောင်ရွက်မှုဆိုတာ တစ်ခုမှ မရှိခဲ့ဘူး။ ဒါ အရှင်သာရိပုတ္တရာမှာရှိတဲ့ ဂုဏ်တွေပဲနော်။ နောက်တစ်ခု
အနုကမ္ပကော = ပြောထူများစွာ သတ္တဝါကို မေတ္တာပံ့ထောက် စောင့်ရှောက်တတ်ပေ၏၊
သတ္တဝါအပေါင်းအပေါ်မှာ ဖြန့်ကြက်ထားတဲ့ မေတ္တာစျာန်တွေကို အမြဲ ဝင်စားပြီးတော့ သတ္တဝါတွေအပေါ်၌ မေတ္တာဓာတ်ဖြင့် စောင့်ရှောက်တတ်တဲ့ စိတ်ထားလည်း ရှိတယ်။
ကာရုဏိကော စ = ကြင်နာဆပွား သနားလည်း သနားတတ်ပေ၏၊ ကရုဏာဘာဝနာကမ္မဋ္ဌာန်းကိုလည်း စျာန်ဆိုက်သည်တိုင်အောင် စီးဖြန်းနေတဲ့ သူတော်ကောင်းဖြစ်ခြင်းကြောင့် သတ္တဝါအားလုံးအပေါ်၌ ကြင်နာသနားတတ်တဲ့ စိတ်ထားကလည်း သူ့မှာ ရှိနေတယ်။ ဒါကြောင့် အနုကမ္ပကော = ပြောထူများစွာ သတ္တဝါကို မေတ္တာပံ့ထောက် စောင့်ရှောက်တတ်ပေ၏၊ ကာရုဏိကော စ = ကြင်နာဆပွား သနားလည်း သနား တတ်ပေ၏၊ နိဗ္ဗုတော = ကိလေသာဟူ အပူမလိမ်း အေးငြိမ်းပြီးသူလည်း ဖြစ်ပေ၏၊ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းလေပြီးသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြပါကုန်လော့။
ဒုတိယအကြိမ် မြတ်စွာဘုရားက တိုက်တွန်းပြန်တယ်နော်။ နောက်ထပ် တတိယအကြိမ် မြတ်စွာဘုရားက ဘာဆက်တိုက်တွန်းပြန်လဲ?
စဏ္ဍာလပုတ္တော ယထာ နဂရံ ပဝိဋ္ဌော၊ နီစမနော စရတိ ကဠောပိဟတ္ထော။ တထာ အယံ ဝိစရတိ သာရိပုတ္တော၊ ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (သံ၊ဋ္ဌ၊၃၊၂၅၅။) ဘိက္ခဝေ = ရဟန်းတော်များ အို ... ချစ်သားတို့။ နဂရံ ပဝိဋ္ဌော = မြို့ရွာအတွင်း ထမင်းအရှာ ဝင်ရောက်၍ လာပေသော။ စဏ္ဍာလပုတ္တော = ဆင်းရဲလှငြား ဒွန်းစဏ္ဍား၏ သားသည် --
အလွန် ဆင်းရဲနွမ်းပေနေတဲ့ သူတောင်းစားတစ်ဦး ရှိတယ်၊ ဒီသူ တောင်းစားက မြို့ရွာအတွင်းမှာ ထမင်းရှာဖို့ ဝင်လာပြီ၊
ဘိက္ခဝေ = ရဟန်းတော်များ အို ... ချစ်သားတို့။ နဂရံ ပဝိဋ္ဌော = မြို့ရွာအတွင်း ထမင်းအရှာ ဝင်ရောက်၍လာပေသော။ စဏ္ဍာလပုတ္တော = ဆင်းရဲလှငြား ဒွန်းစဏ္ဍား၏သားသည်။ ကဠောပိဟတ္ထော = နှီးဖြင့် ရက်လုပ် စုတ်နုတ်လှစွာသော ခွက်ငယ်ကို လက်ဝယ်ကိုင်စွဲလျက်။ နီစမနော = မာန် မတက်ကြွ နှိမ်ချသော စိတ်ဓာတ် ရှိလျက်။ စရတိ ယထာ = လှည့်လည် ကျက်စား သွားလာနေထိုင်ဘိသကဲ့သို့ --
သူတောင်းစားကို ကြည့်လိုက်လျှင် မြို့ရွာအတွင်းမှာ သူက ထမင်းရှာဖို့ ဝင်ရောက်လာတယ်။ အင်မတန်ဆင်းရဲ နွမ်းပါးပြီးတော့ စားစရာမဲ့ နေစရာမဲ့ ခိုကိုးရာမဲ့တဲ့ သူတောင်းစားလည်း ဖြစ်တယ်။ ပြီးတော့လည်း ဒီသူတောင်းစား ၏ တောင်းမည့် ခွက်ကလေးကို ကြည့်လိုက်လျှင် နှီးဖြင့် ရက်လုပ်ထားတဲ့ အင်မတန် စုတ်နေတဲ့ ခွက်စုတ်ကလေးတစ်ခုသာ ဖြစ်တယ်၊ အဲဒီ ခွက်စုတ်ကလေးတစ်ခုကို လက်ကကိုင်ပြီးတော့ မြို့ရွာအတွင်း ထမင်းတောင်းဖို့ ဝင်လာတယ်။ ဝင်လာတဲ့ ဒီသူတောင်းစား၏ သန္တာန်ကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ အင်မတန် တက်ကြွမြင့်မောက်နေတဲ့ မာနတရားတွေ သူ့မှာ မရှိဘူး၊ သူက ဒေါသ သိပ်ကြီးမည်, မာနတွေက သိပ်ကြီးနေမည်ဆိုလျှင် သူ့ကို ထမင်းပေးမဲ့လူ မရှိဘူးဆိုတာ သူ နားလည်နေတယ် နော် ...။
အဲဒီပုံစံလေးကို စံထားပြီးတော့ မြတ်စွာဘုရားက ဘယ်လိုဟောသလဲ?
ဘိက္ခဝေ = ရဟန်းတော်များ အို ... ချစ်သားတို့။ နဂရံ ပဝိဋ္ဌော = မြို့ရွာအတွင်း ထမင်းအရှာ ဝင်ရောက်၍လာပေသော။ စဏ္ဍာလပုတ္တော = ဆင်းရဲလှငြား ဒွန်းစဏ္ဍား၏သားသည်။ ကဠောပိဟတ္ထော = နှီးဖြင့် ရက်လုပ် စုတ်နုတ်လှစွာသော ခွက်ငယ်ကို လက်ဝယ်ကိုင်စွဲလျက်။ နီစမနော = မာန် မတက်ကြွ နှိမ်ချသော စိတ်ဓာတ်ရှိလျက်။ စရတိ ယထာ = လှည့်လည် ကျက်စား သွားလာနေထိုင်ဘိသကဲ့သို့။ တထာ = ထို့အတူ။ အယံ သာရိပုတ္တော = ဤသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ နီစမနော = မာန်မတက်ကြွ နှိမ့်ချသော စိတ်ဓာတ်ရှိလျက်။ ဝိစရတိ = လှည့်လည် ကျက်စား သွားလာနေထိုင်လေ့ ရှိပေ၏၊ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းလေပြီးသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာ ခေါ်မှတ် ရဟန်းမြတ်ကို။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့ သည်။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြပါကုန်လော့ ...။
အရှင်သာရိပုတ္တရာသည် ခုနက ဘုန်းကြီးပြောခဲ့သလိုပဲ အလွန် ချမ်းသာ ကြွယ်ဝတဲ့ သူဋ္ဌေးသားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သာသနာဘောင်ကို ဝင်ရောက်လာပြီဆိုလျှင် မိမိ စိတ်ဓာတ်ကို ဘယ်လို နှိမ့်ချထားသလဲ? အင်မတန် ဆင်းရဲလှတဲ့ မြို့ရွာအတွင်း ထမင်းတောင်းဖို့ရန် ဝင်လာတဲ့ သူတောင်း စားပမာ မိမိ၏ စိတ်ကို အမြဲတမ်း နှိမ့်ချထားတယ်။ ဒီလို နှိမ့်ချပြီးတော့မှ မြို့ရွာအတွင်းမှာ ဆွမ်းခံခြင်းဖြင့် လှည့်လည်လေ့ရှိတယ်။ ဒါကြောင့် သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာပြီဆိုလျှင် ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေမှာ ထားရှိသင့်တဲ့ စိတ်နေ စိတ်ထားကို မြတ်စွာဘုရားက ဟောနေ ပါတယ်။ နောက်တစ်ခု --
ဥသဘော ယထာ ဆိန္နဝိသာဏကော၊ အဟေဋ္ဌယန္တော စရတိ ပုရန္တရေ ဝနေ။ တထာ အယံ ဝိဟရတိ သာရိပုတ္တော၊ ပရိနိဗ္ဗုတံ ဝန္ဒထ သာရိပုတ္တံ။ (သံ၊ဋ္ဌ၊၃၊၂၅၅။)
ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့...။ ဆိန္နဝိသာဏကော ဥသဘော = ဦးချိုကျိုးငြား ဥသဘနွားလားသည်။ ပုရန္တရေ = မြို့ရွာအတွင်း ၌လည်းကောင်း။ ဝနေ = တောအတွင်း၌လည်းကောင်း။ အဟေဋ္ဌယန္တော = မည်သူ့ကိုမျှ နှိပ်စက်ညှဉ်းပန်းမှု အလျဉ်းပင် မပြုသည်ဖြစ်၍။ စရတိ ယထာ = လှည့်လည်ကျက်စား သွားလာ နေထိုင်ဘိသကဲ့သို့။ တထာ = ထို့အတူ။ အယံ သာရိပုတ္တော = ဤ သာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်သည်။ အဟေဋ္ဌယန္တော = မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်မှု အလျဉ်းပင် မပြုသည် ဖြစ်၍။ ဝိဟရတိ = လျောင်း, ထိုင်, ရပ်, သွား လေးပါးယာပထ မျှတတင့်တယ် နေစံပါယ်လေ့ ရှိပေ၏၊ ပရိနိဗ္ဗုတံ = ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဒုက္ခဇာတ် သိမ်းလေပြီးသော။ တံ သာရိပုတ္တံ = ထိုသာရိပုတ္တရာ မည်သာခေါ်မှတ် ရဟန်းမြတ်ကို။ တုမှေ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ဝန္ဒထ = သဒ္ဓါရိုကျိုး မာန်စွယ်ချိုး၍ ရှိခိုးဦးနှိမ်ကြပါကုန်လော့ ...။
ချိုကျိုးနေတဲ့ နွားလားဥသဘကြီး တစ်ကောင်ရှိတယ်၊ ချိုကျိုးနေတဲ့ နွားလားဥသဘကြီးသည် မြို့ရွာအတွင်း လှည့်လည်တဲ့ အချိန်အခါမှာပဲ ဖြစ် စေ, တောအတွင်းကို လှည့်လည်တဲ့ အချိန်အခါမှာပဲ ဖြစ်စေ၊ မည်သည့် သတ္တဝါ တစ်စုံတစ်ဦးကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း အလျဉ်းမပြုဘဲ လှည့်လည် ကျက်စား သွားလာနေထိုင်ဘိသကဲ့သို့ အလားတူပဲ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်သည်လည်းပဲ မြို့ရွာအတွင်း လှည့်လည်ကျက်စားတဲ့ အချိန် အခါမှာပဲဖြစ်စေ, ကျောင်းတိုက်အတွင်း လှည့်လည် ကျက်စားတဲ့ အချိန်အခါ မှာပဲ ဖြစ်စေ လျောင်း, ထိုင်, ရပ်, သွား လေးပါးသော ဣရိယာပုထ်ဖြင့် နေထိုင်တော်မူတဲ့ အချိန်အခါမှာ မည်သည့် သတ္တဝါ တစ်စုံတစ်ဦးကိုမျှ ညှဉ်းပန်းမှု နှိပ်စက်မှု, စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်မှုဆိုတာ တစ်ခါမျှ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် ဒုက္ခဇာတ်သိမ်းသွားပြီဖြစ်တဲ့ ပရိနိဗ္ဗာန် ဝင်စံတော်မူတဲ့ ဒီ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကို သင်ချစ်သားတို့ တတွေ သင်ချစ်သမီးတို့တတွေသည် သဒ္ဓါရိုကျိုး မာန်စွယ်ချိုးပြီးတော့ ရှိခိုး ဦးညွှတ်ကြပါ...ဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းတော်မူပါတယ်။ ဒီနေရာမှာ ဘုန်းကြီးပြောချင်တာက သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေသည် မိမိ၏ အသွင်အပြင် ပြောင်းလဲသွားမှုကို အမြဲတမ်း ဆင်ခြင်ရှုပွားဖို့ ဘုရားရှင်က တိုက်တွန်းထားတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလို ပစ္စဝေက္ခဏာဉာဏ်ဖြင့် အမြဲတမ်း ဆင်ခြင်လိုက်တဲ့အတွက် ဘာဖြစ်လာနိုင်သလဲ?
ဧဝံ ပစ္စဝေက္ခတော ကောပေါ စ မာနော စ ပဟီယတိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
ဧဝံ = ဤသို့။ ပစ္စဝေက္ခတော = ဆင်ခြင်ရှုပွားလျက်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌။ ကောပေါ စ = အမျက်ဒေါသကိုလည်းကောင်း။ မာနော စ = မာန်မာနတက်ကြွမှုကိုလည်းကောင်း။ ပဟီယတိ = ပယ်ရှားနိုင်ပေ၏၊ မိမိ၏ ဒီလို အဆင်း ဖောက်ပြန်ပျက်စီးနေတာတွေကို = ရုပ်အဆင်း၏ ဖောက်ပြန်ပျက်စီးမှု မိမိသုံးစွဲနေတဲ့ ပရိက္ခရာတွေ၏ အသွင်အပြင် ပြောင်း လဲသွားမှုတွေကို အမြဲမပြတ် ဆင်ခြင်လိုက်မည်ဆိုလို့ရှိလျှင် ဒီလို ဆင်ခြင် နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ အမျက်ဒေါသတရားတွေကိုလည်း ဒီပုဂ္ဂိုလ်က ပယ်ရှားနိုင်တဲ့သဘော ရှိသွားလိမ့်မည်။ မာန်မာနတရားတွေကိုလည်း ပယ်ရှားနိုင်တဲ့သဘော ရှိသွားလိမ့်မည်။ ဒါကြောင့် ''ဝေဝဏ္ဏိယမှိ အဇ္ဈုပဂတော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
အဟံ = ငါသည်။ ဝေဝဏ္ဏိယံ = ရုပ်အဆင်း၏ ဖောက်ပြန်ပျက်စီးခြင်းသို့။ အဇ္ဈုပဂတော = ကပ်ရောက်၍ နေရလေသည်။ အမှိ = ဖြစ်ရပေပြီ။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
မြတ်စွာဘုရားက ဒီအချက်ကို နံပါတ် (၁)ဆုံးမထားတယ်။ နံပါတ် (၂)အချက်ကို မြတ်စွာဘုရားက ဘယ်လို ဆက်ပြီး ဆုံးမသလဲ?
သူတစ်ပါးတို့နှင့် ဆက်စပ်နေသော အသက်မွေးမှု
''ပရပဋိဗဒ္ဓါ မေ ဇီဝိကာ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါ၏၊ ဇီဝိကာ = အသက်မွေးမှုသည်ကား။ ပရပဋိဗဒ္ဓါ = သူတစ်ပါးတို့နှင့် ဆက်စပ်လျက်ရှိ၏၊ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
ငါ့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းရပ်သည် သူတစ်ပါးတို့နှင့် အမြဲတမ်း ဆက်စပ်နေတယ်ဆိုတာကို သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် အမြဲမပြတ် ဆင်ခြင်ပေးပါ၊ မကြာခဏ ဆင်ခြင်ပေးပါ၊ ဒီလို ဆင်ခြင်လိုက်လို့ရှိလျှင် ဘာဖြစ်မလဲ?
ဧဝံ ပစ္စဝေက္ခတော ဟိ အာဇီဝေါ ပရိသုဇ္ဈတိ၊ ပိဏ္ဍပါတော စ အပစိတော ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခတော = ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ အာဇီဝေါ = အာဇီဝပါရိသုဒ္ဓိသီလသည်။ ပရိသုဇ္ဈတိ = စင်ကြယ်၏၊
အသက်မွေးမှုဆိုတဲ့ အာဇီဝပါရိသုဒ္ဓိသီလကြီး စင်ကြယ်သွားနိုင်တယ်။ ငါ့၏ အသက်မွေးမှုသည် သူတစ်ပါးတို့နှင့် အမြဲတမ်း ဆက်စပ်နေတယ် ဆိုတာကို အမြဲမပြတ် ဆင်ခြင်လိုက်မည်ဆိုလျှင် ဒီလို ဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ အာဇီဝပါရိသုဒ္ဓိသီလကြီး စင်ကြယ်သွားနိုင်တယ်။ ဘယ်လိုလည်း လို့ မေးလျှင်တော့ - ''ငါသည် သူတစ်ပါး လှူတဲ့ သင်္ကန်းကို ဝတ်ရုံနေရတယ်။ ငါသည် သူတစ်ပါး လှူနေတဲ့ ဆွမ်းကို စားနေရတယ်။ ငါသည် သူတစ်ပါး လှူနေတဲ့ ကျောင်းမှာ နေနေရတယ်။ ငါသည် သူတစ်ပါး လှူနေတဲ့ ဆေး ပစ္စည်းတွေကို သုံးစွဲနေရတယ်''လို့ ဒီလို ခဏခဏ ဆင်ခြင်ပေးလိုက်မည် ဆိုလို့ရှိလျှင် ဒီလို ဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ အာဇီဝပါရိသုဒ္ဓိ သီလက တဖြည်းဖြည်း ပြည့်စုံလာနိုင်တယ်။ စင်ကြယ်လာနိုင်တယ်။ ဘာကြောင့်လဲ?
ဒီလို ဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်က ဒီအသက်မွေးဝမ်းကြောင်းလုပ်ငန်းရပ်နှင့် ပတ်သက်ပြီးတော့ ဘုရားရှင် ပညတ်တော်မူတဲ့ သိက္ခာပုဒ်တွေကို အမြဲတမ်း အမှတ်ရအောင် ဒီဆင်ခြင်မှုက အမြဲတမ်း တိုက်တွန်းလှုံ့ဆော်ပေးနေပါတယ်။ တိုက်တွန်းလှုံ့ဆော်ပေးနေတဲ့ အတွက်ကြောင့် ဒီလို မကြာခဏ ဆင်ခြင်ပေးလိုက်လို့ရှိလျှင် ဘုရားရှင် မကြိုက်တဲ့ မိစ္ဆာအာဇီဝခေါ်တဲ့ မှားသော အသက်မွေးမှုလုပ်ငန်းရပ်တွေကို မိမိက ရှောင်ကြဉ်မှာ ဖြစ်တယ်။ မဆင်ခြင်တဲ့ ပုဂ္ဂိုလ်တွေက မရှောင်ကြဉ်ဘူး၊ ဆင်ခြင်တဲ့ပုဂ္ဂိုလ်ကတော့ မကြာခဏ ဆင်ခြင် နေတဲ့အတွက် ရှောင်ကြဉ်မည်။ ရှောင်ကြဉ်လိုက်လို့ရှိလျှင် မိမိ အသက်မွေး ဝမ်းကြောင်း လုပ်ငန်းရပ်သည် တဖြည်းဖြည်း စင်ကြယ်သွားမည်၊ ဒီလို စင်ကြယ်ခဲ့လျှင် အာဇီဝပါရိသုဒ္ဓိသီလနှင့် ပြည့်စုံပြီလို့ ဒီလိုဆိုရတယ်။ သို့သော် ဒီလောက်တွင်လားဆိုတော့ မကသေးဘူး ...။
သိက္ခာပုဒ် (၆) ပါး
ဒီနေရာမှာ အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ်ပြီး ဘုရားရှင် ပညတ် တော်မူထားတဲ့ သိက္ခာပုဒ် (၆)မျိုး ရှိပါတယ်။ ဒီသိက္ခာပုဒ် (၆)မျိုးကို ဝိနည်း ပရိဝါပါဠိတော် (ဝိ-၅-၁၇၈။)မှာ အကျဉ်းချုပ်ပြီး ဖေါ်ပြထားပါတယ်။
- နံပါတ် (၁)ကတော့ --- ပါရာဇိကအာပတ် ဖြစ်ပါတယ်။ အသက်မွေး ဝမ်းကြောင်းကို အကြောင်းပြုကာ ယုတ်မာတဲ့ အလိုဆိုးဖြင့် မိမိမှာ ထင်ရှား မရှိတဲ့ စျာန်မဂ်ဖိုလ် တရားတွေကို ရရှိတဲ့အနေနှင့် ဝါကြွားပလွှား ပြောဆိုခဲ့လျှင် ပါရာဇိကအာပတ်သင့်စေလို့ ဘုရားရှင်က သိက္ခာပုဒ် ပညတ်ထားတော် မူပါတယ်။ စျာန်တရား မဂ်တရား ဖိုလ်တရားတွေကို ရနေတဲ့ ရဟန်းလို့ လူတွေက အထင်ကြီးကာ လှူဒါန်း ပူဇော်ကြလိမ့်မည်ဆိုတဲ့ မျှော်လင့်ချက်မျိုး ကို ယုတ်မာတဲ့ အလိုဆိုးလို့ ဆိုလိုပါတယ်။ ဒီအလိုဆိုးကို အခြေခံကာ စျာန် မဂ်ဖိုလ်တွေကို မရဘဲနှင့် ရတယ်လို့ ဝါကြွား ပလွှား ပြောဆိုခဲ့လျှင်, လူတို့က လည်း အထင်ကြီးကာ ပစ္စည်းလေးပါးတို့ကို လှူဒါန်း ပူဇော်ခဲ့လျှင် ထို ပစ္စည်းတွေကို သုံးစွဲတဲ့ ရဟန်းဟာ အာဇီဝပါရိသုဒ္ဓိသီလ မစင်ကြယ်တော့ဘူး။
- နံပါတ် (၂)ကတော့ --- အသက်မွေးဝမ်းကြောင်းကို အကြောင်းပြုကာ ယုတ်မာတဲ့ အလိုဆိုးဖြင့် ယောကျ်ား မိန်းမ နှစ်ဦးသားတို့၏ အကြားမှာ အောင်တမန် လုပ်ငန်းရပ်ကို ပြုကျင့်တယ်၊ သံဃာဒိသေသ်အာပတ် သင့်တယ်။
- နံပါတ် (၃)ကတော့ --- အလားတူ ရည်ရွယ်ချက်နှင့် ''သင့်ကျောင်းမှာ သီတင်းသုံးတဲ့ ကိုယ်တော်ဟာ ရဟန္တာပဲ''လို့ ပြောဆိုတယ်၊ ထုလ္လစဉ်းအာပတ် သင့်တယ်။
- နံပါတ် (၄)ကတော့ --- အသက်မွေးမှုအတွက် ထောပတ် ဆီဦး ပျား တင်လဲ ငါး အမဲ စတဲ့ မွန်မြတ်တဲ့ ဘောဇဉ်တွေကို ဆွေမျိုးမတော်သူ, ပစ္စည်းလေးပါး တောင်းခံရန် မဖိတ်ကြားထားသူတို့ထံမှာ ဂိလာန မဟုတ်ဘဲ တောင်းရမ်း စားသုံးတယ်၊ ပါစိတ်အာပတ် သင့်တယ်။
- နံပါတ် (၅)ကတော့ --- အသက်မွေးဝမ်းကြောင်းကိုပဲ အကြောင်းပြုကာ ဘိက္ခုနီမက ဆီဦး ထောပတ် ပျား တင်လဲ ငါး အမဲစတဲ့ မွန်မြတ်တဲ့ ဘောဇဉ်တွေကို ဆွေမျိုးမတော်သူ, ပစ္စည်းလေးပါး တောင်းခံရန် မဖိတ်ကြားထားသူတို့ထံမှာ ဂိလာနမဟုတ်ဘဲ တောင်းရမ်း စားသုံးတယ်၊ ပါဋိဒေသနီအာပတ် သင့်တယ်။
- နံပါတ် (၆)ကတော့ --- အသက်မွေးမှုကို အကြောင်းခံကာ မွန်မြတ်တဲ့ ပဏီတဘောဇဉ် မဟုတ်တဲ့ ပဲနောက်ဟင်း ဆွမ်းစတဲ့ အာဟာရတွေကို ဂိလာန မဟုတ်ဘဲ ဆွေမျိုးမတော်စပ်သူ, ပစ္စည်းလေးပါး တောင်းခံရန် မဖိတ်ကြားထားသူတို့အထံ၌ တောင်းရမ်း စားသောက်တယ်၊ ဒုက္ကဋ်အာပတ် သင့်တယ်။
ဒီလို သိက္ခာပုဒ် (၆)မျိုး လာရှိပါတယ်။ ဒီသိက္ခာပုဒ် (၆)မျိုးတို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ အများကိုဖြစ်စေ လွန်ကျူးကာ ပစ္စည်းလေးပါးကို ရှာဖွေလျှင် မိစ္ဆာအာဇီဝ ဖြစ်တယ်၊ အသက်မွေးမှု မစယ်ကြယ်တော့ဘူး။ ''ငါ၏ အသက်မွေးမှုသည် သူတစ်ပါးတို့နှင့် အမြဲတမ်း ဆက်စပ်နေတယ်လို့'' ဒီလို မကြာခဏ ဆင်ခြင်ပေးနေတဲ့ ပုဂ္ဂိုလ်ဟာ ဒီလို မှားယွင်းတဲ့ နည်းလမ်းဖြင့် ပစ္စည်းလေးပါးကို ရအောင် ရှာဖွေမှုတွေကို အမြဲတမ်း ရှောင်ကြဉ်မှာ ဖြစ်ပါ တယ်။
ပြီးတော့လဲ ဘုရားရှင်က ဟို - ဝိဘင်းပါဠိတော် (အဘိ၊၂၊၂၅၅။) စတဲ့ ထိုထို ပါဠိတော်တွေမှာ လူတို့ကို သစ်သီးပေးခြင်း ပန်းပေးခြင်း ဆေးကုခြင်း စတဲ့ ဘုရားရှင် ရွံရှာ စက်ဆုပ်တော်မူတဲ့ မှားယွင်းသော အသက်မွေးမှု = မိစ္ဆာဇီဝမှုတို့ဖြင့် ရရှိတဲ့ လာဘ်လာဘတွေကိုလည်း မသုံးစွဲရန် တားမြစ်ထား တော်မူပါတယ်။ မိမိ၏ အသက်မွေးမှုဟာ သူတစ်ပါးတို့နှင့် ဆက်စပ်နေ တယ်လို့ အမြဲ ဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း ဒီလို ဘုရားရှင် ရွံရှာ စက်ဆုပ်တော်မူတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရပ်တွေကို ရှောင်ကြဉ်ချင်တဲ့ စိတ်ဓာတ်တွေ ပေါ်လာမည်၊ ရှောင်လည်း ရှောင်ကြဉ်ပေလိမ့်မည်။
သို့သော် ...
ပိဏ္ဍပါတော စ အပစိတော ဟောတိ။
ပိဏ္ဍပါတော စ = ဒါယကာ ဒါယိကာမတို့ လှူဒါန်းပူဇော်နေတဲ့ ဆွမ်းကို လည်းပဲ။ အပစိတော = တုံ့လှည့်တစ်ဖန် ပြန်လည်၍ ပူဇော်အပ်ပြီးဖြစ်သည်။ ဟောတိ = ဖြစ်ပေ၏၊
ဒကာ ဒကာမတို့ လှူဒါန်းနေတဲ့ ဆွမ်းတွေကိုလည်း တုံ့လှည့်တစ်ဖန် ပြန်လည်ပြီး ပူဇော်ခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကို မိမိသည် တဖြည်းဖြည်း ပြုလုပ်ပြီး ဖြစ်သွားလိမ့်မည်။ ဘယ်လို ပြုလုပ်ပြီး ဖြစ်သလဲ?
မဟာမိတ္တ (အယျမိတ္တ) မထေရ်မြတ်ကြီး
ဒီအပိုင်းလေးကို ဘုန်းကြီး ဝတ္ထုဇာတ်ကြောင်းကလေးတစ်ခုကို ရည် ညွှန်းပြီး နည်းနည်းလေး ထပ်ဟောမယ် နော်။ နာမည်ကျော်ဖြစ်တဲ့ မဟာ မိတ္တမထေရ်ကြီး (အယျမိတ္တမထေရ်ကြီး) ဆိုကြစို့။ သီဟိုဠ်ကျွန်း ကဿက လိုဏ်ဂူ တစ်ခုမှာ သူက သီတင်းသုံးနေပါတယ်။ ဒီမထေရ်ကြီးကို ဆွမ်းကို တုံ့လှည့်တစ်ဖန် ပူဇော်တဲ့ လုပ်ငန်းရပ်မှာ စံပြအဖြစ်နဲ့ အဋ္ဌကထာများက ဖော်ပြထားပါတယ်။ (ဒီ၊ဋ္ဌ၊၂၊၃၇၉-၃၈၀။ မ၊ဋ္ဌ၊၁၊၂၉၇-၂၉၈။ သံ၊ဋ္ဌ၊၃၊၁၉၆-၁၉၇။ အဘိ၊ဋ္ဌ၊၂၊၂၆၆-၂၆၇။)
ဒီတော့ ဒီနေရာမှာ - အထူးသဖြင့် ဆွမ်းနဲ့ ပတ်သက်ပြီးတော့ ''ငါ၏ အသက်မွေးမှုသည် သူတစ်ပါးတို့နှင့် ဆက်စပ်နေတယ်''လို့ ဒီ ဆင်ခြင်တာနဲ့ ပတ်သက်ပြီး ဆင်ခြင်ပုံနည်းစနစ်ကလေးတွေကိုလည်း အဋ္ဌကထာဆရာ တော်က နည်းနည်း ဖွင့်ဆိုထားတယ်။ ဘယ်လိုလဲ?
ယေ တံ ပိဏ္ဍပါတာဒီဟိ ဥပဋ္ဌဟန္တိ၊ ဣမေ တေ မနုဿာ နေဝ ဉာတကာ၊ န ဒါသကမ္မကရာ၊ နာပိ 'တံ နိဿာယ ဇီဝိဿာမာ'တိ တေ ပဏီတာနိ ပိဏ္ဍပါတာဒီနိ ဒေန္တိ။ (ဒီ၊ဋ္ဌ၊၂၊၃၇၉-၃၈၀။ မ၊ဋ္ဌ၊၁၊၂၉၇-၂၉၈။ သံဋ္ဌ၊၃၊၁၉၆-၁၉၇။ အဘိ၊ဋ္ဌ၊၂၊၂၆၆-၂၆၇။)
ယေ = အကြင်ဒါယကာ ဒါယိကာမတို့သည်။ တံ = သင့်ကို။ ပိဏ္ဍပါတာဒီဟိ = ဆွမ်းစသည်တို့ဖြင့်။ ဥပဋ္ဌဟန္တိ = ပြုစုလုပ်ကျွေး၍ နေကြ လေကုန်၏၊ ဣမေ မနုဿာ = ဤဒါယကာ ဒါယိကာမတို့သည်။ တေ သင်၏၊ နေဝ ဉာတကာ = ဆွေမျိုးတို့လည်း မဟုတ်ကြပါပေကုန်။ န ဒါသကမ္မကရာ = ကျွန်အမှုလုပ်ယောက်ျားတို့လည်း မဟုတ်ကြပါပေကုန်။ တံ = သင့်ကို။ နိဿာယ = အမှီပြု၍။ နာပိ ဇီဝိဿာမ = အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့လည်း မဟုတ်ကြပါကုန်။
အလှူရှင်တွေကို လှမ်းကြည့်လိုက်ပါ။ မိမိကို နေ့စဉ်ဆွမ်းဖြင့် လာပြီး ပူဇော်နေကြပြီ။ ပူဇော်နေတဲ့ ဒီ အလှူရှင်တွေကို ကြည့်လိုက်လို့ရှိလျှင် ဒီအလှူရှင်တွေသည် မိမိ၏ ဆွေမျိုးတွေလည်း မဟုတ်ကြဘူး။ မိမိ ခိုင်းစေ နေတဲ့ ကျွန်အမှုလုပ်ယောက်ျားတွေ ကျွန်အမှုလုပ်အမျိုးသမီးတွေလည်း မဟုတ်ကြဘူး။ မိမိကို အမှီပြုပြီးတော့ အသက်မွေးနေတဲ့ ပုဂ္ဂိုလ်တွေရော ဟုတ်ကြသလား? မဟုတ်ကြဘူးနော်။
တေ = ထိုဒါယကာ ဒါယိကာမတို့သည်။ ပဏီတာနိ = မွန်မြတ်ကုန် သော။ ပိဏ္ဍပါတာဒီနိ = ဆွမ်း ခဲဖွယ် အစရှိတဲ့ လှူဘွယ်ဝတ္ထုအစုစုတို့ကို။ ဒေန္တိ = ပေးလှူ၍ နေကြလေကုန်၏၊
တစ်ခါတစ်ရံ အလှူရှင်တွေဘက်ကို ကြည့်လိုက်လျှင် မိမိတို့တောင် မစားဘူး။ အလှူခံပုဂ္ဂိုလ်တွေကို လှူမည်ဆိုတဲ့ စိတ်ဓာတ်ဖြင့် လာလှူကြ တယ်။ လှူလိုက်တဲ့ ပစ္စည်းတွေကို ကြည့်လိုက်လျှင် မွန်မြတ်တဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ်တွေ ပါတယ်။ မွန်မြတ်တဲ့ သင်္ကန်းတွေ, မွန်မြတ်တဲ့ ကျောင်းတွေ, မွန်မြတ်တဲ့ ဆေးပစ္စည်းတွေ ပါကြတယ်။ အဲဒီလို မွန်မြတ်တဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ်စတဲ့ ဒီလှူဘွယ်ဝတ္ထု အစုစုတွေကို လှူဒါန်းပူဇော်နေတဲ့ ပုဂ္ဂိုလ် တွေကို လှမ်းကြည့်လိုက်တော့ မိမိတို့၏ ဆွေမျိုးလည်းမဟုတ်, မိမိ ခိုင်းစေ နေတဲ့ ကျွန်ယောက်ျား ကျွန်မိန်းမတွေလည်း မဟုတ်, မိမိကို မှီပြီး အသက်မွေးနေတဲ့ ပုဂ္ဂိုလ်တွေလည်း မဟုတ်ကြပါဘူး။ ဘာတွေလဲ?
အထ ခေါ အတ္တနော ကာရာနံ မဟပ္ဖလတံ ပစ္စာသီသမာနာ ဒေန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၆ ...။)
အထ ခေါ = တကယ်စင်စစ်အားဖြင့်သော်ကား။ အတ္တနော = မိမိ၏၊ ကာရာနံ = ပြုစုပျိုးထောင်ထားကြကုန်သော ကောင်းမှုကုသိုလ်တို့၏၊ မဟပ္ဖလတံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိသည်၏ အဖြစ်ကို။ ပစ္စာသီသမာနာ = လိုလားတောင့်တကြကုန်လျက်။ ဒေန္တိ = ပေးလှူကြကုန်၏၊
သူတို့လှူတဲ့ ဦးတည်ချက်က ဘာလဲ? မိမိ ပြုလိုက်တဲ့ ပြုစုပျိုးထောင် လိုက်တဲ့ ကောင်းမှုကုသိုလ်တရားတို့၏ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုး ရှိမှုကို လိုလားတောင့်တပြီးတော့သာ ကောင်းမှုကုသိုလ်တွေကို ပြုစုလှူ ဒါန်းပူဇော်နေကြခြင်းဖြစ်တယ်။ နောက်တစ်ခု
သတ္ထာရာပိ ''အယံ ဣမေ ပစ္စယေ ပရိဘုဉ္ဇိတွာ ကာယဒဠှိဗဟုလော သုခံ ဝိဟရိဿတီ''တိ န ဧဝဉ္စ သမ္ပဿတာ တုယှံ ပစ္စယာ အနုညာတာ။ (အဘိ၊ဋ္ဌ၊၂၊၂၆၆ ...။)
သတ္ထာရာပိ = လူနတ်တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော ဘုရားရှင်က လည်းပဲ။ အယံ = ဤ ရဟန်းတော်သည်။ ဣမေ ပစ္စယေ = ဤ ပစ္စည်း လေးပါးတို့ကို။ ပရိဘုဉ္ဇိတွာ = သုံးဆောင်၍။ ကာယဒဠှိဗဟုလော = ကိုယ်၌ တောင့်တင်းခိုင်မာခြင်း များပြားသည်။ ဟုတွာ = ဖြစ်၍။ သုခံ = ချမ်းချမ်း သာသာ။ ဝိဟရိဿတိ = သာသနာတော်၌ နေထိုင်ရပေလတ္တံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ဧဝဉ္စ = ဤသို့လည်း။ သမ္ပဿတာ = ကောင်းစွာ ရှုမျှော်လျက်။ တုယှံ = သင့်အား။ ပစ္စယာ = ပစ္စည်းလေးပါးတို့ကို။ န အနုညာတာ = ခွင့်ပြုတော်မူအပ်သည်လည်း မဟုတ်ပါပေ။ ဘုရားရှင်ကလည်း ဒီပစ္စည်းလေးပါးကို သင့်အတွက် ခွင့်ပြုထားတော်မူခြင်းသည် ဒီရဟန်းတော်သည် ဒီပစ္စည်းလေးပါးတွေကို သုံးဆောင်ပြီး ကိုယ်လက်ကြံ့ခိုင်ရေး လုပ်ငန်းရပ်တွေ များပြားပြီးတော့ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး သာသနာတော်မှာ ချမ်းချမ်းသာသာ နေထိုင်ရလိမ့်မည်ဆိုတဲ့ ဦးတည်ချက်ဖြင့် မြတ်စွာဘုရားက ခွင့်ပြုထားတာ မဟုတ်ဘူး။ ဒီလို ကိုယ် လက်ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မျှော်လင့်တောင့်တပြီး မြတ်စွာဘုရားက ပစ္စည်းလေးပါးကို ခွင့်ပြုထားခြင်း မဟုတ်တဲ့အတွက် ဘာကိုသာ ဦးတည်ပြီး မြတ်စွာဘုရားက ခွင့်ပြုသလဲ?
အထ ခေါ ''အယံ ဣမေ ပရိဘုဉ္ဇမာနော သမဏဓမ္မံ ကတွာ ဝဋ္ဋဒုက္ခတော မုစ္စိဿတီ''တိ တေ ပစ္စယာ အနုညာတာ။ (အဘိ၊ဋ္ဌ၊၂၊၂၆၆။)
အထ ခေါ = တကယ်စင်စစ်အားဖြင့်သော်ကား။ အယံ = ဤ ရဟန်း တော်သည်။ ဣမေ = ဤပစ္စည်းလေးပါးတို့ကို။ ပရိဘုဉ္ဇမာနော = သုံးဆောင်လျက်။ သမဏဓမ္မံ = သမထ-ဝိပဿနာဟု ခေါ်ဆိုအပ်သော ရဟန်း တရားကို။ ကတွာ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့်။ ဝဋ္ဋဒုက္ခတော = သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ။ မုစ္စိဿတိ = လွတ်မြောက်၍ သွားပေလိမ့်မည်။ ဣတိ = ဤသို့ နှလုံးပိုက်တော်မူ၍။ တေ = သင့်အား။ ပစ္စယာ = ပစ္စည်းလေးပါးတို့ကို။ အနုညာတာ = ခွင့်ပြုတော်မူအပ်ခဲ့လေပြီ။
မြတ်စွာဘုရားက ဘာဦးတည်ချက်နဲ့ ဒီပစ္စည်းလေးပါးကို ခွင့်ပြုခဲ့သလဲ? ဒီရဟန်းတော်သည် ဒီပစ္စည်းလေးပါးတွေကို သုံးစွဲပြီးတော့ သမထ-ဝိပဿနာ ဆိုတဲ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ပါစေ။ ဒီ သမထ-ဝိပဿနာဆိုတဲ့ ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်တဲ့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်သွားလိမ့်မည် ဆိုတဲ့ ဒီလို မျှော်လင့် ဦးတည်ချက်ဖြင့် ဒီပစ္စည်းလေးပါးတွေကို သင့်အား မြတ်စွာဘုရားက ခွင့်ပြုတော်မူခြင်းဖြစ်တယ်။
သော ဒါနိ တွံ ကုသိတော ဝိဟရန္တော န တံ ပိဏ္ဍပါတံ အပစာယိဿတိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၆။)
သော = ထိုသင်သည်။ ဒါနိ = ယခုအခါ၌။ ကုသိတော = ပျင်းရိလျက်။ ဝိဟရန္တော = နေထိုင်ခဲ့သည်ရှိသော်။ တံ ပိဏ္ဍပါတံ = ထိုဆွမ်းကို။ န အပစာယိဿတိ = တုံ့လှည့်တစ်ဖန် ပြန်၍ပူဇော်နိုင်သည် မဖြစ်ပေလတ္တံ့။
မဆင်ခြင်ဘဲနဲ့ ပျင်းပျင်းရိရိနဲ့ ဒီလို နေထိုင်ခဲ့မည်ဆိုလို့ရှိလျှင်တော့ သင်သည် ပျင်းပျင်းရိရိနဲ့ သမထ-ဝိပဿနာ ဘာဝနာတွေကို အားမထုတ်ဘဲ နေထိုင်တဲ့ သင်ကဲ့သို့သော ပုဂ္ဂိုလ်သည် ဒီလှူဒါန်းပူဇော်နေတဲ့ ဆွမ်းကို တုံ့လှည့်တစ်ဖန် ပြန်ပြီးတော့ ပူဇော်နေသည် မမည်ပါဘူး ...။ ဒကာ ဒကာမတို့ လှူဒါန်းပူဇော်နေတဲ့ ဆွမ်းကို တုံ့လှည့်တစ်ဖန် ပြန်ပြီးပူဇော်တယ် ဆိုတာက သမထ-ဝိပဿနာ ဘာဝနာတွေကို တကယ်အပြင်းအထန် ကျင့်ကြံ ကြိုးကုတ်ပွားများ အားထုတ်ပါမှ ဆွမ်းကို အကျိုးရှိအောင် မိမိတို့က ပြန်လည် ရွက်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့် တုံ့လှည့်တစ်ဖန် ပြန်ပြီးတော့ ဆွမ်းကို ပူဇော်နေသည်မည်တယ် ...နော်။
အာရဒ္ဓဝိရိယေဿဝ ဟိ ပိဏ္ဍပါတာပစာယနံ နာမ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၆။)
အာရဒ္ဓဝိရိယေဿဝ = အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်၍နေသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင်။ ပိဏ္ဍပါတာပစာယနံ နာမ = ဆွမ်းကို တုံ့လှည့်တစ်ဖန် ပြန်လည်၍ ပူဇော်ခြင်းမည်သည်။ ဟောတိ = ဖြစ်ပေါ်၍လာပေ၏၊
သမထ-ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာသာလျှင် ဒီဆွမ်းကို တုံ့လှည့် တစ်ဖန် ပြန်ပြီး ပူဇော်ခြင်းဆိုတဲ့ သဘောတရားတွေ ထင်ရှားဖြစ်ပေါ် လာနိုင်ပါတယ်။ အဲဒီလို ဆင်ခြင်နေတဲ့ လုပ်ငန်းရပ်မျိုးကိုပဲ မြတ်စွာဘုရားက ရည်ရွယ်ပြီးတော့
''ပရပဋိဗဒ္ဓါ မေ ဇီဝိကာ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။ ဒီလိုဟောထားတယ်။
မေ = ငါ၏၊ ဇီဝိကာ = အသက်မွေးမှုသည်။ ပရပဋိဗဒ္ဓါ = သူတစ်ပါး တို့နှင့် ဆက်စပ်၍နေ၏၊ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာ ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊ ဒီလို ဟောထားတယ်။
အဲဒီလို ဆင်ခြင်တဲ့ နေရာမှာ ထုံးတစ်ခုကတော့ ခုနက ပြောခဲ့တဲ့ မဟာမိတ္တမထေရ်ကြီးဖြစ်ပါတယ်။ မဟာမိတ္တ မထေရ်ကြီးက ကဿက လိုဏ်မှာ သီတင်းသုံးတော်မူတယ်။ ထိုမထေရ်ကြီး၏ ဆွမ်းခံရွာအတွင်း မှာလည်း ဥပါသိကာမ = ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေတဲ့ ဒါယိကာမကြီးတစ်ဦး ရှိတယ်။ ခန့်မှန်းခြေအားဖြင့် ကြည့်ရတာကတော့ တော်တော်လေး ဆင်းရဲနွမ်းပါးနေတဲ့ ဒါယိကာမကြီးလို့ ယူဆရပါတယ်။ ဒါပေမဲ့လို့ ဒီမဟာမိတ္တမထေရ်ကြီးကို ဒါယကာမကြီးကလည်း မိမိ၏ သားအရင်းလို သဘောထားပြီးတော့ ရိုသေစွာဖြင့် စွမ်းအားရှိသလောက် ဆွမ်းဖြင့် ပြုစု လုပ်ကျွေးနေပါတယ်။
တစ်နေ့မှာ ဒီဒါယိကာမကြီးက တောကို သွားခါနီး သမီးငယ်ဖြစ်သူကို မှာကြားနေတယ် --
''ချစ်သမီး ဟိုနေရာမှာကတော့ နှစ်ချို့ဆန် ဆန်ဟောင်းကလေးတွေ ရှိလေရဲ့၊ ဟိုနေရာမှာကတော့ နွားနို့တွေ ရှိတယ်၊ ဟိုနေရာမှာ ထောပတ် ရှိတယ်၊ ဟိုနေရာမှာ တင်လဲခဲတွေ ရှိတယ်။ သင်၏ မောင်တော်ကြီး မဟာမိတ္တမထေရ်မြတ်ကြီးလာတဲ့ အချိန်အခါမှာ ဆွမ်းကို ချက်ပြီး နွားနို့ ထောပတ် တင်လဲတို့ဖြင့် ရောစပ်ပြီးတော့ လှူဒါန်းပူဇော်လိုက်ပါ။ သင် ချစ်သမီး လည်း စားပါ။''
ဒီလိုမှာကြားနေတဲ့ စကားကို မဟာမိတ္တမထေရ်ကြီးက ကြားတယ်။ ဘယ်လိုကြားသလဲ မေးလိုက်တော့ --- ထိုအချိန်အခါမှာ မဟာမိတ္တမထေရ် ကြီးက ဆွမ်းခံကြွမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် မိမိ သီတင်းသုံးရာ လိုဏ်ဂူ အတွင်းကနေ ထွက်ခွာလာခဲ့ပြီ၊ ထွက်ခွာလာလိုက်တဲ့ အချိန်အခါမှာ ရွာထိပ် တစ်နေရာလို့ ခန့်မှန်းရပါတယ်။ အဲဒီ တစ်နေရာမှာ ရဟန်းတော်များ သင်္ကန်း ရုံတဲ့ နေရာကလေးတွေ ရှိတယ်။ အဲဒီသင်္ကန်းရုံတဲ့ နေရာမှာ သင်္ကန်းကလေး ရုံပြီးတော့ သင်္ကန်းရုံပြီးစမှာ သပိတ်အိတ်အတွင်းကနေ သပိတ်ကို ထုတ်ပြီး တော့ ဆွမ်းခံဖို့ရန် ပြင်လိုက်တဲ့ အချိန်အခါမှာ - မထေရ်ကြီးက ကမ္မဋ္ဌာန်းကို လက်လွှတ်ပြီးလာတာ မဟုတ်လေတော့ ထိုအချိန်အခါမှာ ဒိဗ္ဗသောတအဘိညာဏ်ကို ဝင်စားပြီးတော့ နားထောင်နေပါတယ်။ သားအမိတွေ ပြောနေတဲ့ စကားကို ဒိဗ္ဗသောတအဘိညာဏ်နားဖြင့် လှမ်းပြီး ကြားနေတယ်။
ဒီအချိန်အခါမှာ သမီးငယ်ဖြစ်သူက ဘာမေးသလဲ? ''အမေရော ဘာ စားမလဲ? အမေ့အတွက် ဘာပြင်ဆင်ထားလိုက်ရမလဲ?'' မေးလိုက်တော့''ငါတော့ မနေ့တုန်းက ကျန်နေတဲ့ ထမင်းကြမ်းလေးကို ပအုန်းရည်နဲ့ ခု စားပြီးပြီ။'' ''နေ့အခါကျလျှင်ကော အမေဘာစားမလဲ?''လို့ သမီးက မေးလိုက်တဲ့ အချိန်အခါကျတော့ ''နေ့အခါတော့ကွယ် ဟင်းရွက်ကလေးနဲ့ ဆန်ကွဲလေးနဲ့ ရောပြုတ်ထားတဲ့ ချဉ်စပ်စပ်ရှိနေတဲ့ ယာဂုလေးကိုပဲ ငါ့အတွက် စီစဉ်ထားလိုက်ပေတော့''လို့ ဒီလိုပြောသွားတယ်။
မထေရ်ကြီးက ဒီပြောနေတဲ့ စကားကို ကြားလိုက်တဲ့ အချိန်အခါမှာ စိတ်ထဲမှာ တော်တော်လေး မကောင်းဖြစ်သွားတယ် နော်။ ဘယ်လိုလဲ? မဟာဥပါသိကာ ကိရ ကဉ္စိယေန ပါရိဝါသိကဘတ္တံ ဘုဉ္ဇိ -(အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
ဥပါသိကာမကြီးက ပအုန်းရည်နဲ့ ရောထားတဲ့ ယမန်နေ့က ကျန်နေတဲ့ ထမင်းကြမ်းကိုတော့ စားပြီ၊
ဒိဝါပိ ကဏပဏ္ဏမ္ဗိလယာဂုံ ဘုဉ္ဇိဿတိ --- (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
နေ့အခါကျတော့လည်း ဆန်ကွဲလေးနဲ့ ဟင်းရွက်နဲ့ ရောပြုတ်ထားတဲ့ ချဉ်စပ်စပ်အရသာ ရှိနေတဲ့ ယာဂုလေးကို စားမည်လို့ ပြောနေတယ်။ တုယှံ အတ္ထာယ ပန ပုရာဏတဏ္ဍုလာဒီနိ အာစိက္ခတိ --(အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
သင့်အတွက်ကျတော့ ဆန်ဟောင်းတွေ ထောပတ်တွေ တင်လဲတွေ ပျားတွေ - ဒါတွေနဲ့ ရောစပ်ပြီးတော့ နွားနို့တွေနဲ့ ရောစပ်ပြီးတော့ ဆွမ်းကို ကျကျနန လှူခိုင်းနေပြီ။
တံ နိဿာယ ခေါ ပနေသာ နေဝ ခေတ္တံ န ဝတ္ထုံ န ဘတ္တံ န ဝတ္ထံ ပစ္စာသီသတိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
တံ = သင့်ကို။ နိဿာယ = အမှီပြု၍။ ဧသာ = ဤဒါယိကာမကြီး သည်ကား။ ခေါ ပန = တကယ်စင်စစ်အားဖြင့်။ ခေတ္တံ = လယ်ကိုလည်းပဲ၊။ နေဝ ပစ္စာသီသတိ = မတောင့်တပါ။ ဝတ္ထုံ = ယာကိုလည်းပဲ။ န ပစ္စာသီသတိ = မတောင့်တပါ။ ဘတ္တံ = ထမင်းကိုလည်းပဲ။ န ပစ္စာသီသတိ = မတောင့်တပါ။ ဝတ္ထံ = အဝတ်ကိုလည်းပဲ။ န ပစ္စာသီသတိ = မတောင့်တပါ။
ဒီ ဒါယိကာမကြီးကို လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီ ဒါယိကာမကြီးက သင့်ကို အမှီပြုပြီးတော့ လယ်တွေ ရဖို့ဆိုတဲ့ မျှော်လင့်တောင့်တ ချက်လည်း မရှိဘူး။ ယာတွေရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်တွေလည်း မရှိဘူး။ ထမင်းရဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်တွေလည်း မရှိဘူး။ အဝတ်ပုဆိုးတွေ ရရှိဖို့ဆိုတဲ့ မျှော်လင့်တောင့်တချက်လည်း မရှိဘူး။ ဘာကို သာ မျှော်လင့်သလဲ?
တိဿော ပန သမ္ပတ္တိယော ပတ္ထယမာနာ ဒေတိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
တိဿော ပန သမ္ပတ္တိယော = လူ နတ် နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိ ချမ်းသာတို့ကို။ ပတ္ထယမာနာ = လိုလားတောင့်တလျက်။ ဒေတိ = ပေးလှူ နေ၏၊
လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဆိုတဲ့ လူ နတ် နိဗ္ဗာန် သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို မျှော်လင့်တောင့်တပြီးတော့ လှူဒါန်း ပူဇော်နေခြင်းဖြစ်တယ်။
တွံ ဧတိဿာ တာ သမ္ပတ္တိယော ဒါတုံ သက္ခိဿသိ၊ န သက္ခိဿသိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
တွံ = အလှူခံဖြစ်တဲ့ သင်သည်။ ဧတိဿာ = ထိုဥပါသိကာမကြီးအား။ တာ သမ္ပတ္တိယော = ထိုမျှော်လင့်တောင့်တနေတဲ့ လူ နတ် နိဗ္ဗာန် သုံးတန် သော သမ္ပတ္တိချမ်းသာတို့ကို။ ဒါတုံ = ပေးခြင်းငှာ။ သက္ခိဿသိ = စွမ်းနိုင်လတ္တံ့လော။ န သက္ခိဿသိ = မစွမ်းနိုင်လတ္တံ့လေလော။
သင်သည် ဒီဒကာမကြီး မျှော်လင့်တောင့်တနေတဲ့ လူ နတ် နိဗ္ဗာန် သုံးတန်သော စည်းစိမ်ချမ်းသာတွေကို သမ္ပတ္တိတွေကို ပေးဖို့ရန်အတွက် စွမ်းအား ရှိပါရဲ့လား စွမ်းအားများ မရှိ ဖြစ်နေလေရော့သလားလို့ ဒီလို သူ့ကိုယ်သူ မေးကြည့်တယ်။
အယံ ခေါ ပန ပိဏ္ဍပါတော တယာ သရာဂေန သဒေါသေန သမောဟေန န သက္ကာ ဘုဉ္ဇိတုန္တိ ပတ္တံ ထဝိကာယ ပက္ခိပိတွာ ဂဏ္ဌိကံ မုဉ္စိတွာ နိဝတ္တိတွာ ကဿကလေဏမေဝ ဂန္တွာ ပတ္တံ ဟေဋ္ဌာမေဉ္စ စီဝရံ စီဝရဝံသေ ဌပေတွာ ''အရဟတ္တံ အပါပုဏိတွာ န နိက္ခမိဿာမီ''တိ ဝီရိယံ အဓိဋ္ဌဟိတွာ နိသီဒိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
အယံ ပိဏ္ဍပါတော = ဤဆွမ်းကို။ သရာဂေန = ရာဂတန်းလန်းနှင့် တကွသော။ သဒေါသေန = ဒေါသတန်းလန်းနှင့်တကွသော။ သမောဟေန = မောဟတန်းလန်းနှင့်တကွသော။ တယာ = သင်ကဲ့သော ပုဂ္ဂိုလ်သည်။ ဘုဉ္ဇိတုံ = ဘုဉ်းပေးသုံးဆောင်အံ့သောငှာ။ န သက္ကာ = မတတ်ကောင်းလေရာ။ ဣတိ = ဤသို့ နှလုံးပိုက်တော်မူ၍။ ပတ္တံ = သပိတ်ကို။ ထဝိကာယ = သပိတ်အိတ်၌။ ပက္ခိပိတွာ= တစ်ဖန် ပြန်ထည့်၍။ ဂဏ္ဌိကံ = နာပတ်ကွင်း နားပတ်သီးကို။ မုဉ္စိတွာ = ဖြေလိုက်၍။ နိဝတ္တိတွာ = တစ်ဖန် ပြန်လှည့်၍။ ကဿကလေဏမေဝ = ကဿကလိုဏ်ဂူသို့သာလျှင်။ ဂန္တွာ = ကြွသွား တော်မူ၍။ ပတ္တံ = သပိတ်ကို။ ဟေဋ္ဌာမေဉ္စ = ကုဋင်ညောင်စောင်းအောက်၌။ စီဝရံ = အပေါ်ရုံသင်္ကန်းကို။ စီဝရဝံသေ = သင်္ကန်းတန်းပေါ်၌။ ဌပေတွာ = တင်ထားလိုက်၍။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ အပါပုဏိတွာ = မဆိုက်ရောက်ဘဲ။ န နိက္ခမိဿာမိ = ဤလိုဏ်ဂူအတွင်းမှ ငါ မထွက်တော့ ပေအံ့။ ဣတိ = ဤသို့လျှင်။ ဝီရိယံ = ကြိုးစားအားထုတ်မှု လုံ့လဝီရိယကို။ အဓိဋ္ဌဟိတွာ = ဆောက်တည်၍။ နိသီဒိ = ထိုင်၍ နေတော်မူခဲ့လေပြီ။
သိပ်ကောင်းသွားတယ် နော်။ ဘာတဲ့လဲ? ဒီဆွမ်းကို ရာဂတန်းလန်းနဲ့ ဒေါသတန်းလန်းနဲ့ မောဟတန်းလန်းနဲ့ သင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကတော့ မစားသုံးထိုက်တော့ဘူးလို့ ဒီလို နှလုံးပိုက်ပြီးတော့ သပိတ်ကို သပိတ်အိတ်ထဲ ထည့်၊ နားပတ်ကွင်းအိမ်မှာ တပ်ထားတဲ့ နားပတ်သီးကို ဖြုတ်လိုက်၊ ဖြုတ်ပြီး သင်္ကန်းရုံ ဖျက်ပြီး ပြန်လှည့်တယ်။ ကဿကလိုဏ်ဂူကို ပြန်ကြွသွားတယ်။ လိုဏ်ဂူအတွင်း ရောက်တဲ့အချိန်အခါမှာ သပိတ်ကို ကုဋင်ညောင်စောင်းအောက်မှာ ထားလိုက်တယ်။ အပေါ်ရုံ ဧကသီကိုလည်း သင်္ကန်းတန်းပေါ်မှာ တင်ထားလိုက်ပြီးတော့ ဘယ်လို ဆုံးဖြတ်ချက် ချလိုက်သလဲ?
''အရဟတ္တံ အပါပုဏိတွာ န နိက္ခမိဿာမိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။) အရဟတ္တံ = အရဟတ္တဖိုလ်သို့။ အပါပုဏိတွာ = မဆိုက်ရောက်ဘဲ။ န နိက္ခမိဿာမိ= လိုဏ်ဂူအတွင်းမှ ငါ မထွက်တော့ပေအံ့။
အရဟတ္တဖိုလ် မရောက်မချင်း ဒီလိုဏ်ဂူအတွင်းမှ ငါဘယ်တော့မှ မထွက်တော့ဘူးလို့ စိတ်က ဆောက်တည်လိုက်တယ်။ အဲဒီလို ဆောက်တည် ပြီးတော့ သမထ-ဝိပဿနာ ဘာဝနာတွေကို တကယ် လက်တွေ့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်ပါတယ် နော်။ အားထုတ်လိုက်တဲ့ အချိန်အခါ ဘာဖြစ်လာသလဲ?
ဒီဃရတ္တံ အပ္ပမတ္တော ဟုတွာ နိဝုတ္ထဘိက္ခု ဝိပဿနံ ဝဍ္ဎေတွာ ပုရေဘတ္တမေဝ အရဟတ္တံ ပတွာ ဝိကသမာနမိဝ ပဒုမံ မဟာခီဏာသဝေါ ဟသိတံ ကရောန္တောဝ နိသီဒိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
ဒီဃရတ္တံ = နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလ တို့ပတ်လုံး။ အပ္ပမာဒေါ = သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားခဲ့သည်။ ဟုတွာ = ဖြစ်၍။ နိဝုတ္ထဘိက္ခု = နေထိုင်ခဲ့သော ရဟန်းသည်။ ဝိပဿနံ = ဝိပဿနာဉာဏ်ကို။ ဝဍ္ဎေတွာ = တိုးပွားစေခဲ့သည်ရှိသော်။ ပုရေဘတ္တမေဝ = ဆွမ်းမစားမီ နံနက်ပိုင်းအချိန်အခါကာလ၌ပင်လျှင်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပတွာ = ဆိုက်ရောက်တော်မူ၍။ ဝိကသမာနမိဝ ပဒုမံ = ပွင့်ဆဲဖြစ်သော ပဒုမ္မာ ကြာပန်း ကဲ့သို့။ မဟာခီဏာသဝေါ = အာသဝေါကင်းကွာ ရဟန္တာမြတ်ကြီး သည်။ ဟုတွာ = ဖြစ်၍။ ဟသိတံ = ပြုံးရယ်မှုကို။ ကရောန္တောဝ = ပြုတော်မူ လျက်သာလျှင်။ နိသီဒိ = ထိုင်တော်မူပြီ။
ရဟန္တာအဖြစ်သို့ ဆိုက်ရောက်သွားတဲ့ အချိန်အခါမှာ ပွင့်သစ်စဖြစ်တဲ့ ပဒုမ္မာကြာပန်းကြီးကဲ့သို့ ပြုံးရယ်မှုကိုပြုလျက် အာသဝေါကင်းကွာ ရဟန္တာ အဖြစ်နဲ့ ထိုင်ပြီးတော့ သီတင်းသုံးနေတော်မူလိုက်တယ်။ အဲဒီအချိန်အခါမှာ လိုဏ်ဂူတံခါးဝသစ်ပင်မှာ စိုးအုပ်ပြီး နေထိုင်တဲ့ နတ်ကနေပြီးတော့ ဘာ လျှောက်သလဲ?
နမော တေ ပုရိသာဇည၊ နမော တေ ပုရိသုတ္တမ။
ယဿ တေ အာသဝါ ခီဏာ၊ ဒက္ခိဏေယျောသိ မာရိသာ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
ပုရိသာဇည = ယောက်ျားအာဇာနည် ဖြစ်တော်မူပါပေသော အရှင် ဘုရား ...။ တေ = အရှင်ဘုရားအား။ နမော = ရှိခိုးပါ၏၊ ပုရိသုတ္တမ = ယောက်ျားမြတ်ဖြစ်တော်မူပါပေသော အရှင်ဘုရား ...။ တေ = အရှင်ဘုရား အား။ နမော = ရှိခိုးပါ၏၊ မာရိသာ = ဆင်းရဲခြင်းကင်းတော်မူတဲ့ အရှင် မြတ်ဘုရား ...။ ယဿ တေ = အကြင် အရှင်ဘုရား၏ သန္တာန်၌။ အာသဝါ = အာသဝေါတရားတို့သည်။ ခီဏာ = ကုန်ဆုံးခဲ့လေပြီ။ တွံ = သင်သည်။ ဒက္ခိဏေယျော = ကံနှင့် အကျိုး ရည်ကိုးမျှော်သန် အလှူကောင်း အလှူမှန်ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မူထိုက်တဲ့ ဒက္ခိဏေယျပုဂ္ဂိုလ်ဖြစ်သည်။ အသိ = ဖြစ်တော်မူပါပေ၏ အရှင်ဘုရား ...။
ယောက်ျားအာဇာနည် ဖြစ်တော်မူပါပေသော အရှင်ဘုရားအား တပည့် တော် ရှိခိုးပါတယ်။ ယောက်ျားမြတ်ဖြစ်တော်မူသော အရှင်ဘုရားအား တပည့်တော် ရှိခိုးပါတယ်။ ဆင်းရဲခြင်း ကင်းတော်မူတဲ့ အရှင်မြတ်ဘုရား အရှင်မြတ်ဘုရား၏ သန္တာန်မှာ အာသဝေါတရားတွေ ကုန်ခန်းသွားပြီ ဖြစ်တယ်။ ဒါကြောင့် အရှင်ဘုရားသည် ကံနှင့် အကျိုးတရားကို မျှော်လင့် တောင့်တပြီးတော့ လှူဒါန်းပူဇော်နေတဲ့ အလှူကောင်း အလှူမှန်ဟူသမျှကို စိုးယူပိုင်သ ခံယူတော်မူထိုက်တဲ့ ဒက္ခိဏေယျပုဂ္ဂိုလ်အစစ် ဖြစ်တော်မူပါပေ တယ်လို့ ဒီလို လျှောက်ထားတယ်။ လျှောက်ထားပြီးတဲ့ အချိန်အခါကျတော့ သူက ဘာတွေတိုက်တွန်းသလဲ?
ဘန္တေ ပိဏ္ဍာယ ပဝိဋ္ဌာနံ တုမှာဒိသာနံ အရဟန္တာနံ ဘိက္ခံ ဒတွာ မဟလ္လကိတ္ထိယော ဒုက္ခာ မုစ္စိဿန္တိ။ (အဘိ၊ဋ္ဌ၊၂၊၂၆၇ ...။)
ဘန္တေ = အရှင်မြတ်ဘုရား။ ပိဏ္ဍာယ = ဆွမ်းအလို့ငှာ။ ပဝိဋ္ဌာနံ = ရွာအတွင်းသို့ ဝင်ရောက်၍ ကြွသွားတော်မူကြကုန်သော။ တုမှာဒိသာနံ = အရှင်ဘုရားကဲ့သို့သော သဘောရှိကြကုန်သော။ အရဟန္တာနံ = ရဟန္တာ ပုဂ္ဂိုလ်တို့အား။ ဘိက္ခံ = ဆွမ်းကို။ ဒတွာ = ပေးလှူရခြင်းကြောင့်။ မဟလ္လကိတ္ထိယော = အသက်အရွယ်ကြီးရင့်ကြကုန်သော အမျိုးသမီးကြီးတို့သည်။ ဒုက္ခာ = သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ။ မုစ္စိဿန္တိ = လွတ်မြောက်၍ သွားနိုင်ကြပါကုန်တယ်။
အရှင်ဘုရား ... ဆွမ်းအလို့ငှာ ရွာတွင်းသို့ ကြွဝင်တော်မူကြတဲ့ အရှင်ဘုရားကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်တွေကို ဆွမ်းလှူဒါန်းပူဇော်ရခြင်း တည်းဟူသောအကြောင်းကြောင့် အသက်အရွယ်ကြီးရင့်နေတဲ့ အိုမင်းမစွမ်း ဖြစ်တဲ့ အမျိုးသမီးကြီးတွေသည် သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ပြီး သွားနိုင်ကြပါတယ်။ ဒါကြောင့် အရှင်ဘုရား ဆွမ်းကို ကြွရောက်ပြီး ချီးမြှင့် အလှူခံပေးတော်မူပါဆိုပြီးတော့ လျှောက်ထားတယ်။ အဲဒီ အချိန်အခါမှာ မဟာမိတ္တမထေရ်မြတ်ကြီးကလည်း ဆွမ်းအလှူခံ ကြွပေးတော်မူလိုက် ပါတယ်။ ဒါဟာ ဘာပြောတာလဲ? မိမိ၏ အသက်မွေးဝမ်းကြောင်းမှုသည် သူတစ်ပါးတို့နှင့် အမြဲတမ်း ဆက်စပ်နေတယ်ဆိုတာကို မကြာခဏ ဆင်ခြင် ပေးတဲ့အတွက် ဆွမ်းကို လှူဒါန်းပူဇော်နေတဲ့ ပုဂ္ဂိုလ်တို့၏ ဆွမ်းကို တုံ့လှည့် တစ်ဖန် ပြန်ပြီးတော့ မိမိက ပူဇော်နေခြင်း ဖြစ်တယ်။ ဒါကြောင့် မိမိ၏ အသက်မွေးဝမ်းကြောင်းမှုသည် သူတစ်ပါးတို့နှင့် အမြဲတမ်း ဆက်စပ်နေပါ တယ်လို့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေဟာ မကြာခဏ ဆင်ခြင်ပေးပါ ဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းတယ်။ ဒီလောက်တွင်လား? မကသေးဘူး နော်။
စတူသု ပစ္စယေသု အပစ္စဝေက္ခိတပရိဘောဂေါ နာမ န ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
စတူသု ပစ္စယေသု = ပစ္စည်းလေးပါးတို့၌။ အပစ္စဝေက္ခိတပရိဘောဂေါ နာမ = ပစ္စဝေက္ခဏာဉာဏ်ဖြင့် မဆင်ခြင်ဘဲ သုံးဆောင်ခြင်းမည်သည်။ န ဟောတိ = ဘယ်တော့မှ မဖြစ်နိုင်ပေ။
ဒီလို အမြဲမပြတ် ဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်တွေသည် မိမိတို့ သုံးစွဲနေတဲ့ ဆွမ်း သင်္ကန်း ကျောင်း ဆေး ဆိုတဲ့ ပစ္စည်းလေးပါးတွေကို ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် မဆင်ခြင်ဘဲ ဘယ်တော့မှ သုံးစွဲမှု မပြုတော့ဘူး။ ဒီအကျိုးတရား တွေ ရတယ်။
အာဇီဝပါရိသုဒ္ဓိသီလတွေ စင်ကြယ်ရုံတွင်မကဘူး။ ပစ္စယသန္နိဿိတ သီလလည်း စင်ကြယ်နိုင်တယ်။ ဆွမ်းကို တုံ့လှည့်တစ်ဖန် ပြန်ပူဇော်နိုင်တဲ့ အတွက် ရဟန္တာအဖြစ်သို့တောင် ရောက်ရှိသွားနိုင်တယ်လို့ ဆိုလိုပါတယ် နော်။ ဒါက နံပါတ် (၂) ရဟန်းတို့ ဆင်ခြင်ရမည့် တရားပဲ၊ နောက်တစ်ခု နံပါတ် (၃) ရဟန်းတို့ ဆင်ခြင်ရမည့်တရားကို မြတ်စွာဘုရားက ဆက်ပြီး ဟောတော်မူပြန်တယ်။ ဘယ်လိုလဲ --
အသွင်အပြင် ပြုပြင်ပြောင်းလဲရေး
''အညော မေ အာကပ္ပေါ ကရဏီယော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါသည်။ အညော = လူတို့၏ အသွင်အပြင် အပြုအမူမှ အခြား တစ်ပါးသော။ အာကပ္ပေါ = ရဟန်းတို့၏ အသွင်အပြင် အပြုအမူအရာကို။ ကရဏီယော = ပြုသင့်ပြုထိုက်လှပေ၏၊ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက် ပေ၏၊
သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်ဆိုတာက လူတို့၏ အသွင်အပြင်အပြုအမူမှအခြားတစ်ပါးသော ရဟန်းတို့၏ အသွင် အပြင်အပြုအမူကို ငါသည် အမြဲတမ်း ပြုသင့်ပြုထိုက်တယ်ဆိုတာကို ဆင်ခြင် ပေးရမည်။ ဘယ်လိုဆိုလိုတာလဲလို့ မေးတော့ အဋ္ဌကထာ (အံ၊ဋ္ဌ၊၃၊၃၁၃။) က ဒီနေရာမှာ ဖွင့်ဆိုထားပါတယ်။
လူတွေဟာ သွားမည်ဆိုလို့ရှိလျှင် ဘာလုပ်သလဲ? ရင်လေးကို ကော့ တယ်၊ ရင်လေးကို ကော့ပြီးတဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? လည်ပင်းကို ခပ်ဆန့်ဆန့်လေးနဲ့ အပေါ်ထောင်လိုက်တယ်။ တင့်တင့်တယ်တယ် စံစံ ပယ်ပယ်နဲ့ သူတို့က စံပယ်တဲ့ အခြင်းအရာအားဖြင့် သွားကြတယ်။
ဆံပင်ဆိုလည်း အလှဆုံး ပြင်လိုက်တယ် ပေါ့လေ၊ ခုလို ဖားလျားကြီး တော့ ဟုတ်ပုံမရဘူး နော်၊ ဆံပင်တွေကို အလှဆုံးပြင်တယ်။ ရွှေဘီး ငွေဘီး တွေကို အလှဆုံးတပ်တယ်။ ဆင်ယင်ပြင်ဆင်တယ်။ မိမိပြင်ဆင်ထားတဲ့ ရတနာကလေးတွေကို မြင်အောင် ရင်ကို အသာလေးကော့ပြီး ပြလိုက်သေး တယ်။ ဟုတ်တယ် မဟုတ်လား? အဲဒီပုံစံနဲ့ သူတို့ သွားကြတယ်။
နောက်တစ်ခု - သွားလိုက်တဲ့ အချိန်အခါမှာလည်း အနိယတပဒဝီတိဟာရေန = အမြဲ သတ်မှတ်ချက်မရှိတဲ့ ခြေလှမ်းတွေနဲ့ သွားနေတယ်။ ဆိုလိုတာက မြန်ချင်တဲ့အခါလည်း မြန်မည်။ နှေးချင်တဲ့အခါလည်း နှေးမည်။ ကျဲချင်တဲ့အခါလည်း ခြေလှမ်းက ကျဲမည်၊ ခပ်စိပ်စိပ် ခပ်ဖြည်းဖြည်းကလေး သွားချင်တဲ့အခါလည်း သွားမည်၊ ပုံမှန် ခြေလှမ်းမရှိဘူး၊ သူတို့၏ အသွင် အပြင်က တစ်မျိုးဖြစ်တယ်။ နောက်တစ်ခု - ရဟန်းကျတော့ အခြားပုံစံ တစ်မျိုး ပြောင်းပြီးတော့ လူတွေနဲ့ မတူညီတဲ့ အသွင်အပြင် အပြုအမူအရာ ဖြင့် သွားရတဲ့ သဘောရှိတယ်။ ဘယ်လိုလဲ?
သန္တိန္ဒြိယေန သန္တမာနသေန ယုဂမတ္တဒဿိနာ ဝိသမဋ္ဌာနေ ဥဒကသကဋေနေဝ မန္ဒမိတပဒဝီတိဟာရေန ဟုတွာ ဂန္တဗ္ဗန္တိ ပစ္စဝေက္ခိတဗ္ဗံ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
သန္တိန္ဒြိယေန = ငြိမ်သက်သော ဣန္ဒြေရှိလျက် --
ရဟန်းဆိုတာ သီလရှင်ဆိုတာ ငြိမ်သက် တည်ကြည်နေတဲ့ ဣန္ဒြေလေးနဲ့ သွားရတယ်။
သန္တမာနသေန = ငြိမ်သက်သော စိတ်ဓာတ်ဖြင့် --
မျက်လွှာလေးကတော့ အသာချသွားတယ်၊ စိတ်က မငြိမ်ဘူး။ ဒီလို ပုံစံလည်း မဖြစ်စေရဘူး။ ဣန္ဒြေကလည်း ငြိမ်သက်ရမည်၊ စိတ်ဓာတ်ကလည်း ငြိမ်သက်အေးချမ်းနေရမည်။ စိတ်ဓာတ် ငြိမ်သက်အေးချမ်းရေးအတွက် ဘာလုပ်ရသလဲ? မိမိရှုပွားနေကျ သမထကမ္မဋ္ဌာန်းအာရုံ သို့မဟုတ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ် သွင်းထားရမည်၊ ဒီလို သွတ်သွင်းထားမည်ဆိုလို့ရှိလျှင် ငြိမ်သက်အေးချမ်း နေတဲ့ စိတ်ထား ရှိလာလိမ့်မည်။ ငြိမ်သက်အေးချမ်းနေတဲ့ ဣန္ဒြေလည်း ရှိလာလိမ့်မည်။ ငြိမ်သက်အေးချမ်းနေတဲ့ စိတ်ထားလည်း ရှိတယ်၊ ငြိမ်သက် အေးချမ်းနေတဲ့ ဣန္ဒြေလည်း ရှိတယ်ဆိုလျှင် ဘာလုပ်ရမလဲ?
ယုဂမတ္တဒဿိနာ = ထမ်းပိုးတစ်ပြန်ခန့်မျှလောက်သော အရပ်ကို ရှုမြင်လျက် --
နွားလှည်းတွေမှာ တပ်ထားတဲ့ နွားရုန်းတဲ့ ထမ်းပိုးဆိုတာ ရှိပါတယ်။ ဒီ ထမ်းပိုးတစ်ပြန်ခန့် ပမာဏလောက် ရှိတဲ့ အရပ်လောက်ကိုသာ ကြည့်ပြီး သွားပါ။ တောင်ကြည့် မြောက်ကြည့်, ဟိုကြည့် ဒီကြည့် ဒီလိုကြည့်ပြီး မသွားရဘူး။ နောက်တစ်ခု --
ဝိသမဋ္ဌာနေ = မြေမညီညွတ်ရာ အရပ်၌။ ဥဒကသကဋေနေဝ = ရေကို သယ်ဆောင်လာသော လှည်းကြီးကဲ့သို့ --
မြေမညီညာတဲ့ အရပ်ကို သွားနေတဲ့ လှည်းက တအား ဒုန်းစိုင်းပြီး မောင်းလိုက်လျှင် တင်လာတဲ့ ရေတွေ အကုန်လုံး ကုန်မသွားနိုင်ဘူးလား? ကုန်သွားနိုင်တယ်၊ ဖိတ်ကုန်မည်၊ အဲဒီပုံစံလိုဘဲ မြေမညီညာတဲ့ အရပ်မှာ သွားတဲ့ လှည်းသည် ခပ်ဖြည်းဖြည်း သွားရသလိုနော် --
မန္ဒမိတပဒဝီတိဟာရေန = နှေးကွေးသော တိုင်းတာမှုရှိသော ခြေလှမ်း ဖြင့်။ ဟုတွာ = ဖြစ်၍။ ဂန္တဗ္ဗံ = သွားအပ်၏၊ မန္ဒမိတပဒဝီတိဟာရေန = နှောင့်နှေးသော တိုင်းတာသော ခြေလှမ်းရှိသည်။ ဟုတွာ = ဖြစ်၍။ ဂန္တဗ္ဗံ = သွားအပ်၏၊ ဣတိ = ဤသို့။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက် ပေ၏၊
ခပ်ဖြည်းဖြည်း ခပ်နှေးနှေးပေါ့၊ အလွန် ခပ်နှေးနှေးကြီးတော့ မဆိုလို ပါဘူး နော်။ ခပ်ဖြည်းဖြည်း ခပ်နှေးနှေးနဲ့ တိုင်းတာနှိုင်းစာလို့ရတဲ့ ခြေလှမ်း ဆိုတာက ပုံမှန် ခြေလှမ်းလေးနဲ့ သွားရတယ်၊ သိပ်မြန်မြန်လည်း မသွားနဲ့၊ သိပ်နှေးနှေးလည်း မသွားနဲ့လို့ ဆိုလိုတယ်။ ဥပမာ - ခြေလှမ်းက တစ်တောင် လောက် လှမ်းနေကျဖြစ်လျှင် တစ်တောင်လောက်ပဲ ပုံမှန်ကလေး လှမ်းပြီးတော့ သွားပါ။ တောင်ဆုပ်လောက်သာ လှမ်းနေကျဖြစ်လျှင် တောင်ဆုပ် လောက်ပဲ ပုံမှန်ကလေး လှမ်းပြီးတော့ သွားပါ။ ကျဲကျဲလည်း တအား မြန်မြန် မလှမ်းနဲ့၊ ခပ်ဖြည်းဖြည်းကလေး ဟန်ဆောင်ပြီးတော့လည်း သက်သက် နှေးနှေး ကွေးကွေးကလေး မသွားနဲ့လို့ ဆိုလိုပါတယ်။ ဒီလို သွားလိုက်တဲ့ အတွက် ဘာဖြစ်လဲ?
ဧဝံ ပစ္စဝေက္ခတော ဟိ ဣရိယာပထော သာရုပ္ပေါ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
ဧဝံ ပစ္စဝေက္ခတော = ဆင်ခြင်လျက်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌။ ဣရိယာပထော = ဣရိယာပုထ်သည်။ သာရုပ္ပေါ = ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်၍ ထားနိုင်သည်။ ဟောတိ = ဖြစ်၏၊
ဒီလို ဣရိယာပုထ်တွေကို ဣန္ဒြေရှိရှိ စိတ်ဓာတ်ငြိမ်ငြိမ်သက်သက်ဖြင့် ပုံမှန်လှမ်းနေတဲ့ ပုဂ္ဂိုလ်၏ ဣရိယာပုထ်သည် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ စွမ်းအားတွေ ရှိလာပါလိမ့်မည်။
တိဿော သိက္ခာ ပရိပူရေန္တိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
တိဿော သိက္ခာ = သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို။ ပရိပူရေန္တိ = ပြီးစီးပြည့်စုံစေနိုင်ကုန်၏၊
သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ပြီးစီးပြည့်စုံစေနိုင်တယ်၊ ဘာကြောင့် လဲ? သွားနေတာက အမှတ်တမဲ့ မသွားပါဘူး။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း မှာ မိမိ၏ စိတ်ဓာတ်ကို ငြိမ်းအေးသွားအောင် --- မိမိက သမထကမ္မဋ္ဌာန်း ပွားများအားထုတ်နေလျှင် သမထကမ္မဋ္ဌာန်းအာရုံထဲမှာ, ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို အားထုတ်နေလျှင်လည်း ဝိပဿနာကမ္မဋ္ဌာန်းအာရုံထဲမှာ စိတ်ဓာတ်ကို သွတ်သွင်းပြီးတော့ ပုံမှန်သွားနေတယ်။ ဒီလို သွားလိုက်တဲ့ အတွက် သီလကျင့်စဉ် သီလသိက္ခာ, သမာဓိကျင့်စဉ် သမာဓိသိက္ခာ, ပညာကျင့်စဉ် ပညာသိက္ခာဆိုတဲ့ သိက္ခာသုံးရပ်ကို ဖြည့်ကျင့်နေသည်လည်း မည်ပါ တယ်၊ ပြည့်စုံစေသည်လည်း မည်တယ်။
ထုံးလေးတစ်ခုကတော့ နာမည်ကျော်ဖြစ်တဲ့ မဟာတိဿမထေရ်မြတ်ကြီး ဖြစ်ပါတယ်။ စေတိယတောင်ကျောင်းမှ အနုရာဓမြို့သို့ ဆွမ်းခံအဝင် လမ်းခုလတ် တစ်နေရာမှာ ဖောက်ပြန်သော စိတ်ထား ရှိတဲ့ အမျိုးသမီး တစ်ဦးက အသံထွက်ပြီးတော့ ပြုံးရယ်လိုက်တဲ့ အသံကို ကြားလိုက်တဲ့အခါ ဒီအမျိုးသ္မီး၏ ပြုံးရယ်လိုက်တဲ့ သွားကို လှမ်းပြီး ဖမ်းစိုက်လိုက်တော့ အရိုးစု ကြီး ဖြစ်သွားပြီ။ ဘာကြောင့်လဲ?
မထေရ်ကြီးက - သူက အရိုးစုကမ္မဋ္ဌာန်းကို ပွားများလျက် လမ်းခရီး လျှောက်လာတာ, ဆွမ်းခံကြွလာတာ ဖြစ်ပါတယ်။ ဒီတော့ သန္တိန္ဒြိယ = ငြိမ်သက်သော ဣန္ဒြေကလည်း ရှိတယ်။ သန္တမာနသ = မိမိ ရှုပွားနေတဲ့ အရိုးစုကမ္မဋ္ဌာန်းအာရုံထဲမှာ ဘာဝနာစိတ်ကိုလည်း သွတ်သွင်းပြီး လာလိုက်တဲ့ အတွက် ငြိမ်သက်အေးချမ်းသော စိတ်ထားလည်း ရှိတယ်။ ဒီလို ငြိမ်သက် အေးချမ်းသော စိတ်ထားရှိလျက် အနုရာဓဘက်သို့ ဆွမ်းခံကြွလာတာ ဖြစ်လေတော့ ဗြုန်းကနဲ အမျိုးသမီးအသံ ကြားလို့ တစ်ချက် လှမ်းကြည့်လိုက်တဲ့ အခါ သွားကို မြင်လျှင် မြင်ချင်း အရိုးစုကမ္မဋ္ဌာန်းကို နှလုံးဆက်သွင်း လိုက်တယ်၊ အဲဒီအခါမှာ သွားကို မတွေ့တော့ဘဲနဲ့ အမျိုးသမီးတစ်ခုလုံး အရိုးစုကြီး ဖြစ်သွားပြီ။
ဘာဖြစ်လို့လဲ? ရှေးယခင်ကတည်းက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အရိုးစုကမ္မဋ္ဌာန်းကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ထားတာက အကြောင်းတစ်ခု, ထို မိမိ အဇ္ဈတ္တ အရိုးစုကမ္မဋ္ဌာန်းကို အခြေခံ၍ ပထမစျာန် သမာဓိဆိုက်အောင် သမာဓိကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ထူထောင်နေတာက အကြောင်းတစ်ခု, ထို ပထမစျာန်သမာဓိကို အခြေခံ၍ ရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ထိုသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုပွားနေတာကလည်း အကြောင်းတစ်ခု၊ ဒီအကြောင်းတရားတွေကြောင့် ဒီလို မမေ့မလျော့ အမြဲတမ်း နေထိုင်ခဲ့တဲ့ သူတော်ကောင်းသည် ခုလို လမ်းခုလတ် တစ်နေရာ ဆွမ်းခံကြွသွားတဲ့ အချိန်အခါမှာ ခုလို အာရုံတစ်ခုနှင့် တိုက်ဆိုင်လိုက်တော့ ဒီအမျိုးသမီး၏ သွားကို ဖမ်းစိုက်လိုက်တာနဲ့ အရိုးစု ပေါ်လာပြီ၊ ဗဟိဒ္ဓ အရိုးစုက ပထမစျာန်သမာဓိကို မဆိုက်နိုင်တဲ့အတွက် မိမိ ရှုပွားနေကျဖြစ်တဲ့ အဇ္ဈတ္တအရိုးစုကို တစ်ဖန်ပြန်ပြီးတော့ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလအားဖြင့် ပြောင်းစိုက်လိုက်တဲ့အခါ ပထမစျာန်သမာဓိ ဆိုက်ပြီး၊ ထို ပထမစျာန်သမာဓိကို အခြေခံပြီး မိမိ ရှုပွားနေကျ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူလိုက်တာ ထိုနေရာမှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ ဆိုက်ရောက်သွားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၀-၂၁။) တိဿော သိက္ခာ ပရိပူရေန္တိ။ (အံ၊ဋ္ဌ၊၃၊၃၁၃။)
တိဿော သိက္ခာ = သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို။ ပရိပူရေ န္တိ = ပြီးစီးပြည့်စုံစေနိုင်ကုန်၏၊
ကမ္မဋ္ဌာန်းလက်မလွတ်ဘဲနဲ့ ခုလို သွားခြင်းသည် သိက္ခာသုံးရပ် အကျင့် မြတ်ကို ပြီးစီးပြည့်စုံစေနိုင်တဲ့ စွမ်းအင်တွေကို ဖြစ်ပေါ်လာစေတယ်။ ဒီတော့ ဒီနေရာမှာ မြန်လှချည်လားလို့ ဒီလိုတော့ မထင်နဲ့နော်။ သူက ရုပ်နာမ် ကြောင်းကျိုးသင်္ခါရတရားတွေကို ဒီလို ဝိပဿနာရှုနေတာက သူက တစ်သက်တာလုံးလုံးပဲ။ သူ့တစ်သက်တာမှာ ကြိမ်ဖန်များစွာ ရှုခဲ့တာ မဂ် ဖိုလ် နိဗ္ဗာန် မဆိုက်သေးတာပဲ ရှိတယ်။ ဝိပဿနာဉာဏ်တွေက မရင့်ကျက် သေးလို့ မဂ်ဖိုလ်နိဗ္ဗာန် မဆိုက်သေးသော်လည်း တစ်ချိန်မှာ ဝိပဿနာဉာဏ်က ရင့်ကျက်လာပြီဖြစ်တယ်။ အဲဒီလို ရင့်ကျက်နေတဲ့ အချိန်အခါမှာ သင်္ခါရတရား တစ်စိတ်တစ်ဒေသကိုပဲဖြစ်စေ, အများစုကိုပဲဖြစ်စေ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပွားလိုက်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ဆိုက်နိုင်တယ်။ ဘာကြောင့်လဲ?
ဒီ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ သင်္ခါရတရားတွေကို ရှုကွက် ကုန်စင်အောင် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဝိပဿနာရှုထားပြီး ဖြစ်နေ တယ် နော်။ ဒါကြောင့် သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ပြီးစီးပြည့်စုံစေနိုင် တဲ့အတွက် မြတ်စွာဘုရားက
''အညော မေ အာကပ္ပေါ ကရဏီယော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါ၏၊ အညော = လူတို့၏ အသွင်အပြင် အပြုအမူမှ အခြားတစ်ပါးသော။ အာကပ္ပေါ = ရဟန်းတို့၏ အသွင်အပြင် အပြုအမူအရာကို။ ကရဏီယော = ပြုသင့်ပြုထိုက်၏၊ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲ မပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗ္ံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏ ...။ ဒီလိုဟောထားတယ် နော်။
စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး
ဘုရားရှင်သည် မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ္တန် (မ၊၁၊၅၄-၅၅၊၊) တွင် ရဟန်းတော်တစ်ပါးအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်သင့်သော ကာယကံမှု ဝစီကံမှု မနောကံမှုတို့ကို အရှင်စုန္ဒမထေရ်ကို စံထားကာ ရဟန်းတော်တို့ကို အောက်ပါအတိုင်း ဆိုဆုံးမထားတော်မူခဲ့ပါတယ်။ နာကြည့်ကြ ရအောင် --
စိတ္တုပ္ပါဒမ္ပိ ခေါ အဟံ စုန္ဒ ကုသလေသု ဓမ္မေသု ဗဟုပကာရံ ဝဒါမိ၊ ကော ပန ဝါဒေါ ကာယေန ဝါစာယ အနုဝိဓီယနာသု။ (မ၊၁၊၅၄။) စုန္ဒ = ချစ်သား စုန္ဒ ...။ အဟံ = ငါဘုရားသည်။ ကုသလေသု ဓမ္မေသု = ကုသိုလ်တရားတို့၌။ စိတ္တုပ္ပါဒမ္ပိ = စိတ်ဖြစ်ခြင်းမျှကိုသော်လည်း။ ဗဟုပကာရံ = ကျေးဇူးများလှ၏ ဟူ၍။ ဝဒါမိ = ဟောတော်မူ၏၊ ကာယေန = ကိုယ်ဖြင့်။ ဝါစာယ = နှုတ်ဖြင့်။ အနုဝိဓီယနာသု = ပြုလုပ်ပြောဆို စီရင်ခြင်း တို့၌။ ကော ပန ဝါဒေါ = အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။
ချစ်သား စုန္ဒ ... ငါဘုရားသည် ကုသိုလ်တရားတို့၌ စိတ်ထဲက ဖြစ်နေ ရုံမျှဖြင့်သော်လည်း အလွန်ကျေးဇူးများလှတယ်လို့ ဟောတော်မူပါတယ်၊ တကယ်လက်တွေ့ ကိုယ်ဖြင့် ပြုလုပ်စီရင်မည်, နှုတ်ဖြင့် ပြုလုပ်စီရင်မည် ဆိုလျှင် အဘယ်မှာ ပြောဆိုဖွယ်ရာ ရှိနိုင်ပါ့မလဲ? ပြောဆိုစရာ မရှိလောက် အောင်ပင် ကျေးဇူးများလှပါတယ်။
ဒီနေရာမှာ ဘယ်လို ကုသိုလ်တရားတွေလဲလို့တော့ မေးစရာရှိပါတယ်။ ဘုရားရှင်က ပုံစံအနည်းငယ် ထုတ်ပြကာ ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောကြားထားတော်မူခဲ့သလဲ?
ချစ်သား စုန္ဒ ...ဒါကြောင့် သင်ချစ်သားတို့တတွေ သင်ချစ်သမီးတို့ တတွေဟာ ဒီသာသနာတော်တွင်းမှာ ဒီလို စိတ်ဓာတ်တွေကို မွေးမြူကြ စမ်းပါ။
- သူတစ်ပါးတွေဟာ တစ်ဘက်သားကို ညှဉ်းဆဲတတ်သူတွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ တစ်ဘက်သားကို မညှဉ်းဆဲ သူတို့သာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ သူ့အသက်ကို သတ်လေ့ရှိတဲ့ ပုဂ္ဂိုလ်တို့ ဖြစ်ချင် ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ သူ့ပစ္စည်းကို မတရားယူတဲ့သူတွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ သူတစ်ပါးပစ္စည်းကို မတရား ယူခြင်းမှ ရှောင်ကြဉ်တဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ မမြတ်တဲ့ မေထုန်အကျင့်ကို ကျင့်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းဆိုတဲ့ မြတ်တဲ့အကျင့်ကိုသာ ကျင့်တဲ့သူတွေ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဒီအဆုံးအမတွေကတော့ အထူးသဖြင့် ကာယကံ စင်ကြယ်မှုရှိအောင် ဆိုဆုံးမချက်တွေ ဖြစ်ကြပါတယ်။ သို့သော် ဘုရားရှင်က ဝစီကံ စင်ကြယ်မှု တွေရှိအောင်လည်း ဆက်လက်ကာ ဆိုဆုံးမထားတော်မူခဲ့ပါတယ်။ ဘယ်လို ဆိုဆုံးမထားတော်မူခဲ့သလဲ?
- သူတစ်ပါးတွေဟာ မုသားစကား ပြောကြားတတ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ မုသားစကားမှ ရှောင်ကြဉ်သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ ကုန်းတိုက်စကား ပြောကြားတတ်တဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ ကုန်းတိုက်စကားမှ ရှောင်ကြဉ်သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူ ကြစမ်းပါ။
- သူတစ်ပါးတွေဟာ ကြမ်းတမ်းတဲ့စကားတွေ ခက်ထန်တင်းမာတဲ့ စကားတွေကို ပြောကြားတတ်တဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ ကြမ်းတမ်းတဲ့စကားတွေ ပြောကြားခြင်းမှ ခက်ထန်တင်းမာတဲ့ စကားတွေ ပြောကြားခြင်းမှ ရှောင်ကြဉ်တဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ ပြိန်ဖျင်းတဲ့ စကားတွေကို ပြောကြားတတ်တဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ ပြိန်ဖျင်းတဲ့ စကားတွေကို ပြောကြားခြင်းမှ ရှောင်ကြဉ်တဲ့သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဒီအချက်တွေကတော့ ဝစီကံတွေနှင့် ပတ်သက်ပြီး အသွင်အပြင် ပြုပြင် ပြောင်းလဲရေးတွေလုပ်ဖို့ ဘုရားရှင်၏ ဆိုဆုံးမချက်တွေ ဖြစ်ကြပါတယ်။ ရဟန်းရယ်လို့ ဖြစ်လာပြီးနောက် သီလရှင်ရယ်လို့ ဖြစ်လာပြီးနောက် ကာယကံ စင်ကြယ်မှုကလည်း မရှိဘူး၊ သိပ် ကြမ်းတမ်းနေတယ်ဆိုလျှင် လူ့ဘဝ အသွင်အပြင်နှင့် ရဟန်း၏ အသွင်အပြင်တွေဟာ ထူးခြားမှု မရှိတော့ဘူး။ မုသားတွေကို ရေလိုသုံးနေမည်၊ ကုန်းစကားတွေကို ခပ်များများ ပြောနေမည်၊ ခက်ထန်တင်းမာတဲ့ ကြမ်းတမ်းတဲ့ စကားတွေကိုသာ ရှေ့တန်းတင်ထားမည် အနှစ်မရှိတဲ့စကားတွေကိုသာ မြတ်နိုးနေမည်ဆိုလျှင် လူတို့၏ အသွင်အပြင် အတိုင်းပဲ နေထိုင်နေတယ်လို့ ဆိုရတယ်။ ရဟန်းရယ်လို့ ဖြစ်လာလျှင် မှန်ကန် တဲ့ စကား, ချစ်ဖွယ်စကား, သိမ်မွေ့နူးညံ့တဲ့ စကား, ဒါန သီလ သမထ ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရား တိုးပွားကြောင်း စကားတွေကိုသာ အလေးဂရုပြုကာ နှိုင်းချိန် ပြောဆိုတတ်ဖို့ လိုပါတယ်။ ဒါတွင်မကသေးဘူး၊ မနောကံ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ဆက်လက်ပြီး ဆိုဆုံးမထားတော် မူပါတယ်။ နာကြည့်ကြရအောင် --
- သူတစ်ပါးတွေဟာ အဘိဇ္ဈာတရား များပြားတဲ့, သူတစ်ပါးပစ္စည်းကို မတော်လောဘ လိုချင်နေတဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ အဘိဇ္ဈာ မများပြားတဲ့ သူတွေ မတော်လောဘ မရှိသူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြ စမ်းပါ။
- သူတစ်ပါးတွေဟာ တစ်ဘက်သားကို ဖျက်ဆီးလိုတဲ့ စိတ်ထား ချေမှုန်းပစ်လိုတဲ့ စိတ်ထား ရှိကြသူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့က တော့ ဒီနေရာမှာ တစ်ဘက်သားကို မဖျက်ဆီးလိုတဲ့ စိတ်ထား မေတ္တာနှင့်ယှဉ်တဲ့ စိတ်ထားသာ တို့သန္တာန်မှာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ မိစ္ဆာဒိဋ္ဌိ = မှားယွင်းတဲ့ အယူဝါဒရှိတဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ သမ္မာဒိဋ္ဌိ = မှန်ကန်တဲ့ အယူဝါဒရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
သိပ်ဟန်ကျတယ် သိပ်ဟန်ကျတယ်။ ဘုရားရှင်က ဒီမျှနှင့် မရပ်သေး ဘူး၊ ရှေးဆက်ပြီးတော့လည်း ဆိုဆုံးမတော်မူပြန်တယ် --- ဘယ်လိုလဲ?
- သူတစ်ပါးတွေဟာ မှားယွင်းတဲ့ အကြံရှိတဲ့ မိစ္ဆာသင်္ကပ္ပသမားတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ မှန်ကန်တဲ့ ကြံစည်မှုရှိကြတဲ့ သမ္မာသင်္ကပ္ပသမားတွေသာ ဖြစ်အောင် --
၁၃။ ၁၄။ ၁၅။ သူတစ်ပါးတွေဟာ မိစ္ဆာဝါစာသမား, မိစ္ဆာကမ္မန္တသမား တွေ (= ကာယဒုစရိုက်၊ ဝစီဒုစရိုက်တွေကို လွန်ကျူးသူတွေ) မိစ္ဆာအာဇီဝ = မှားယွင်းတဲ့ အသက်မွေးမှုရှိတဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ ကတော့ သမ္မာဝါစာသမား (= ဝစီသုစရိုက်နှင့် ပြည့်စုံသူတွေ) သမ္မာကမ္မန္တသမား (= ကာယသုစရိုက်နှင့် ပြည့်စုံသူတွေ) သမ္မာအာဇီဝသမား = မှန်ကန်တဲ့ အသက်မွေးမှု ရှိတဲ့သူတွေ ဖြစ်အောင် ကြိုးစား အား ထုတ်ကြမည်၊ ဖြစ်စေကြရမည်ဆိုတဲ့ ဒီစိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
၁၆။ ၁၇။ ၁၈။ သူတစ်ပါးတွေဟာ မှားယွင်းတဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ, မှားယွင်းတဲ့ သတိ ရှိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ, မှားယွင်းတဲ့ သမာဓိရှိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ ငါတို့ကတော့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု လုံ့လဝီရိယရှိတဲ့ သူတွေ, မှန်ကန်တဲ့ သတိရှိတဲ့ သူတွေ, မှန်ကန်တဲ့ သမာဓိရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ယခုပြောခဲ့တဲ့ နံပါတ် (၁၁) မှ (၁၈)အထိကတော့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတွေပဲ ဖြစ်ကြပါတယ်။ ဒီမဂ္ဂင်ရှစ်ပါးအကြောင်းကိုတော့ နောက်မှ ထပ်ပြီး ပြောပါမည်။ နောက်ထပ် ဖြစ်စေချင်တဲ့ စိတ်ဓာတ်ပြုပြင် ပြောင်းလဲရေးတွေကိုလည်း ဘုရားရှင်က ဆက်လက် ဟောကြားထားတော်မူပါသေး တယ်။ ဘာတွေလဲ?
- သူတစ်ပါးတွေဟာ မိစ္ဆာဉာဏီ = မိစ္ဆာဉာဏ်နီ ဉာဏ်နက်တွေ ရှိချင် ရှိကြပါစေ၊ ငါတို့ကတော့ ဒီနေရာမှာ သမ္မာဉာဏီ = မှန်ကန်တဲ့ ဆင်ခြင်တတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်ရှိတဲ့ သူတွေသာ ဖြစ်စေကြရ မည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဒီနေရာမှာ မိစ္ဆာဉာဏ်ဆိုတာကတော့ မကောင်းမှုတွေကို ပြုလုပ်တဲ့ အခါမှာ ဘယ်လိုမကောင်းမှုကို ဘယ်လိုပြုရမည်ဆိုတဲ့ ပြုပုံနည်းလမ်း အမျိုး မျိုးကို ကြံစည်တဲ့အခါ ဖြစ်ပေါ်လာတဲ့ မောဟ, မကောင်းမှုကို ပြုပြီးတဲ့ အခါမှာလည်း ''ငါတော့ ပြုပြီးပေပေါ့''လို့ အဲဒီ ပြုပြီးတဲ့ မကောင်းမှုကို ဆင်ခြင်တဲ့ အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာတဲ့ မောဟကို ဆိုလိုပါတယ်။ တကယ့်ဉာဏ်တော့ မဟုတ်ဘူး။
သမ္မာဉာဏီဝယ် သမ္မာဉာဏ် ဆိုတာကတော့ မဂ်လေးဆင့် ဖိုလ်လေးဆင့်ကို ဆိုက်ရောက်ပြီးတဲ့ အရိယာသူတော်ကောင်းတို့ သန္တာန်မှာ ဖြစ်ပေါ် သွားကြတဲ့ ပစ္စဝေက္ခဏာဉာဏ် (၂၉)မျိုးကို ဆိုလိုပါတယ်။ (မ၊ဋ္ဌ၊၁၊၁၉၂။)
(၂၉)မျိုးက ဘာတွေလဲ?
သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်ပြီးတဲ့ သောတာပန်အရိယာ သူတော်ကောင်း၏သန္တာန်မှာ --
- (က) မိမိရပြီးတဲ့ အရိယမဂ်ကို ဆင်ခြင်ခြင်း,
- ( ခ ) မိမိရပြီးတဲ့ အရိယဖိုလ်ကို ဆင်ခြင်ခြင်း,
- ( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
- (ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
- ( င ) မပယ်ရသေးတဲ့ ကိလေသာကို ဆင်ခြင်ခြင်း --
ဒီလို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဇော (၅)တန် စောတတ်တဲ့ သဘောတော့ ရှိပါတယ်။ ဒါကတော့ ယေဘုယျအားဖြင့် ပြောတာပါ။ အချို့အရိယာ သူတော်ကောင်းတွေဟာ စာပေဗဟုဿုတမှာ မကျွမ်းကျင်ကြဘူးဆိုလျှင် ပယ်ပြီးကိလေသာနှင့် မပယ်ရသေးတဲ့ကိလေသာတွေကိုတော့ မဆင်ခြင် ကြဘူးလို့ဆိုတယ်။ အလားတူပဲ သကဒါဂါမ် အနာဂါမ် အရိယာသူတော် ကောင်းတို့ သန္တာန်မှာလည်း ပစ္စဝေက္ခဏာဇော (၅)တန်စီပဲ စောကြပါတယ်။ သို့သော် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်မှာတော့ မပယ်ရသေးတဲ့ ကိလေသာ မရှိတော့တဲ့အတွက် မပယ်ရသေးတဲ့ ကိလေသာကို ဆင်ခြင်တဲ့ ပစ္စဝေက္ခဏာဇောက မစောတော့ဘူး။ ဒါကြောင့် ရဟန္တာ အရှင်မြတ်တို့၏ သန္တာန် မှာ ပစ္စဝေက္ခဏာဇော (၄)တန်သာ စောပါတယ်။ အားလုံးပေါင်းလိုက်တော့ ပစ္စဝေက္ခဏာဇော (၁၉)တန် ဖြစ်ပါတယ်။ ဒီပစ္စဝေက္ခဏာဇော (၁၉)တန် ကိုပဲ သမ္မာဉာဏ်လို့ ခေါ်ဆိုပါတယ်။ ထိုသမ္မာဉာဏ်နှင့် ပြည့်စုံတဲ့ အရိယာ သူတော်ကောင်းကို သမ္မာဉာဏီ = သမ္မာဉာဏ်ရှိသူလို့ ခေါ်ဆိုပါတယ်။
နောက်ထပ် မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်တယ် -- ဘာတဲ့ လဲ?
- သူတစ်ပါးတွေဟာ မိစ္ဆာဝိမုတ္တိရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ သမ္မာဝိမုတ္တိရှိတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဒီနေရာမှာ မိစ္ဆာဝိမုတ္တိဆိုတာ ဘာကို ပြောလိုတာလဲ? လောကမှာ အချို့ အချို့ပုဂ္ဂိုလ်တွေဟာ တကယ်တမ်း ကိလေသာတို့မှ မလွတ်မြောက်ကြဘဲ တကယ်တမ်း သံသရာဝဋ်ဆင်းဒုက္ခမှ မလွတ်ကြဘဲ ''တို့ လွတ်မြောက်ကြ တယ်''လို့ အမှတ်သညာ ရှိကြတယ်။ နွားလိုကျင့်ခဲ့လျှင် ခွေးလိုကျင့်ခဲ့လျှင် ကိလေသာမှ စင်ကြယ်နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင် တယ်လို့ ယူဆတဲ့ ပုံစံမျိုးတွေ ဖြစ်ကြတယ်။ တရားကိုယ်အနက်သဘောအား ဖြင့် ပြောလျှင်တော့ တကယ်မလွတ်မြောက်ဘဲ လွတ်မြောက်ပါတယ်လို့ ယူဆ တဲ့ အခြင်းအရာအားဖြင့် ဖြစ်ပေါ်သွားကြတဲ့ အကုသိုလ်ခန္ဓာတွေကိုပဲ မိစ္ဆာဝိမုတ္တိလို့ ဆိုလိုပါတယ်။ သမ္မာဝိမုတ္တိဆိုတာကတော့ အရိယဖိုလ်စိတ်တို့နှင့် ယှဉ်တွဲကာဖြစ်ပေါ်သွားကြတဲ့ သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင်ရှစ်ပါးကလွဲလျှင် ကြွင်းကျန် နေတဲ့ စိတ်စေတသိက်တွေပဲ ဖြစ်ကြတယ်။ (မ၊ဋ္ဌ၊၁၊၁၉၂။) ရဟန်းဆိုတာ မိစ္ဆာဝိမုတ္တိကို ရှောင်ကြဉ်ကာ သမ္မာဝိမုတ္တိဖြစ်အောင် ကြိုးစားမည်ဆိုတဲ့ စိတ်ဓာတ်ကို မွေးမြူပေးရတယ်။ အရိယဖိုလ်သို့ ဆိုက်အောင် ငါ ကြိုးစားမည် ဆိုတဲ့ စိတ်ဓာတ် ရှိရမည်လို့ ဆိုလိုပါတယ်။ အရိယဖိုလ်သို့ ဆိုက်အောင် သမ္မာဝိမုတ္တိဖြစ်အောင် ဘယ်လိုကျင့်ရမလဲလို့တော့ မေးစရာ ရှိလာပြန်တယ်။ အထက်ကပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကိုပဲ ကျင့်ရမှာဖြစ်တယ်။ ဒီတော့ ရဟန်းဆိုတာ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံတဲ့သူတွေဖြစ်အောင် တို့ ကြိုးစား အားထုတ်မည်ဆိုတဲ့ စိတ်ဓာတ်ကို အမြဲမပြတ် မကြာ ခဏ မွေးမြူပေးဖို့ လိုအပ်ပါတယ်။ သလ္လေခသုတ္တန်ပိုင်းကို ခေတ္တရပ်နားပြီးတော့ မဂ္ဂင်ရှစ်ပါး အကြောင်းကို အတိုချုပ်ပြီး နည်းနည်း ထပ်ရှင်းပြမည်။
မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရား
ဒီမဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတွေမှာ လောကီမဂ္ဂင်ရှစ်ပါး, လောကုတ္တရာ မဂ္ဂင်ရှစ်ပါးဆိုပြီး နှစ်မျိုးရှိနေတယ်။ ဒါတွင်မကသေးဘူး လောကီ မဂ္ဂင် ရှစ်ပါးကို ကြည့်လိုက်လျှင်လည်း သမထပိုင်း မဂ္ဂင်ရှစ်ပါး, ဝိပဿနာပိုင်း မဂ္ဂင် ရှစ်ပါးဆိုပြီး နှစ်မျိုးရှိနေပြန်တယ်။ သမထပိုင်း မဂ္ဂင်ရှစ်ပါးအကြောင်းကို ရှေးဦးစွာ ပြောကြရအောင် --
သမထပိုင်း မဂ္ဂင်ရှစ်ပါး
ရှေးဦးစွာ ယောဂါဝစရရဟန်းတော်က ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ် ခြင်းဆိုတဲ့ သမ္မာဝါစာ, ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ သမ္မာကမ္မန္တ, မိစ္ဆာအာဇီဝ = မှားယွင်းသော အသက်မွေးမှုမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ သမ္မာအာဇီဝ --- ဒီသီလမဂ္ဂင်သုံးပါးကို စင်ကြယ်အောင် ဖြည့်ကျင့်ရပါတယ်။
တစ်ဖန် ဒီသီလတည်းဟူသော မြေပေါ်မှာရပ်တည်ပြီးတော့ သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း, သမ္မာသတိ = မှန်ကန်သော သတိ, သမ္မာသမာဓိ = မှန်ကန်သော စိတ်တည်ကြည်မှု = သမာဓိဆိုတဲ့ သမာဓိ မဂ္ဂင်သုံးပါးနှင့် ပြည့်စုံအောင် ကြိုးစားရပြန်တယ်။ ဥပမာ - ကသိုဏ်းကို ရှုတယ်ဆိုကြစို့၊ အဲဒီ မိမိ ရှုနေတဲ့ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို သိအောင် အဆင့်ဆင့်ကြိုးစားအားထုတ်ခြင်း ဝီရိယနှင့် အဲဒီ ကသိုဏ်းပဋိဘာဂနိမိတ် အာရုံ၌ စိတ်ငြိမ်ဝပ်စွာကပ်တည်နေအောင် ကြိုးစားအားထုတ်ခြင်း ဝီရိယက သမ္မာဝါယာမ, အဲဒီ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို အမှတ်ရနေခြင်း သတိ မြဲနေခြင်းသဘောက သမ္မာသတိ၊ အဲဒီ ကသိုဏ်းပဋိဘာဂနိမိတ် အာရုံတစ်ခု တည်း၌ စိတ် ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်းသဘောက သမ္မာသမာဓိတို့ ဖြစ်ကြတယ်။ သမာဓိမဂ္ဂင်သုံးပါး ဖြစ်ကြတယ်။
အဲဒီကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ထွင်းဖောက်သိမြင်ခြင်း သဘော က သမ္မာဒိဋ္ဌိ (စျာနသမ္မာဒိဋ္ဌိ) ဖြစ်တယ်၊ အဲဒီ ကသိုဏ်းပဋိဘာဂနိမိတ် အာရုံ ပေါ်သို့ စိတ်ကိုရှေးရှုတင်ပေးခြင်းသဘောက သမ္မာသင်္ကပ္ပ ဖြစ်တယ်။ ဒီမဂ္ဂင် နှစ်ပါးကတော့ ပညာမဂ္ဂင်တွေဖြစ်ကြတယ်။ သီလမဂ္ဂင်သုံးပါး သမာဓိမဂ္ဂင် သုံးပါး ပညာမဂ္ဂင်နှစ်ပါး ပေါင်းလိုက်တော့ မဂ္ဂင်ရှစ်ပါးဖြစ်တယ်။
အကယ်၍ ယောဂါဝစရရဟန်းက ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်တယ် ဆိုရင်တော့ မဂ္ဂင်ရှစ်ပါးတို့မှာ ဒီလိုဖြစ်ကြတယ် --
ရှေးဦးစွာ ဆောက်တည်ကျင့်သုံးထားရတဲ့ မဂ္ဂင်တွေက သီလမဂ္ဂင်သုံးပါး ဖြစ်ကြတယ်။ ဒီသီလတည်းဟူသော မြေပေါ်မှာရပ်တည်ပြီးတော့ သမာဓိ တည်းဟူသော ကျောက်ဖျာထက်မှာ ဉာဏ်တည်းဟူသော သန်လျက်ကို မြမြ ထက်အောင် သွေးပေးရတယ်။
- (က) ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး ကို ထွင်းဖောက်သိမြင်ခြင်းသဘောက သမ္မာဒိဋ္ဌိ၊
- ( ခ ) အဲဒီ ဓာတ်လေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အာရုံ အသီးသီးပေါ်သို့ ဘာဝနာစိတ်ကို ရှေးရှုတင်ပေးခြင်းသဘောက သမ္မာသင်္ကပ္ပ၊
- ( ဂ ) ဓာတ်ကြီးလေးပါးအာရုံကို သိအောင် ကြိုးစားအားထုတ်ခြင်း, အဲဒီ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည် နေအောင် ကြိုးစားအားထုတ်ခြင်း သဘောက သမ္မာဝါယာမ၊
- (ဃ) ဓာတ်ကြီးလေးပါးအာရုံကို အမှတ်ရနေခြင်းသဘော, မမေ့ပျောက် ခြင်းသဘောက သမ္မာသတိ၊
- ( င ) ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်တည်ငြိမ်နေမှုသဘောက သမ္မာသမာဓိ
သီလမဂ္ဂင် သုံးပါးနှင့်ပါ ပေါင်းလိုက်တော့ မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။ ဒါကတော့ သမထပိုင်း မဂ္ဂင်ရှစ်ပါး ဖြစ်တယ်။
ဝိပဿနာပိုင်း မဂ္ဂင်ရှစ်ပါး
ဝိပဿနာပိုင်း မဂ္ဂင်ရှစ်ပါးအကြောင်းကို ပြောကြရအောင် --ဘုရားရှင်က နာမည်ကျော် မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၈။)မှာ သမ္မာဒိဋ္ဌိကို လေးမျိုးခွဲခြားပြီး ဟောကြားထားတော်မူပါတယ်။
- (က) ဒုက္ခသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
- ( ခ ) သမုဒယသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
- ( ဂ ) နိရောဓသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ,
- (ဃ) နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂသစ္စာကို သိတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ --
ဒီလို သမ္မာဒိဋ္ဌိကို (၄)မျိုးခွဲခြားပြီး ဟောကြားထားတော်မူပါတယ်။
ဒီသတိပဋ္ဌာန်ဒေသနာတော်မှာ ဟောကြားထားတော်မူတဲ့ မဂ္ဂသစ္စာကို ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ် = အရိယမဂ်၏ ရှေးအဖို့၌ လိုက်နာပြုကျင့်ရမည့် လောကီမဂ္ဂသစ္စာ ဖြစ်ကြောင်းကို အဋ္ဌကထာများက (ဒီ၊ဋ္ဌ၊၂၊၃၃၆-၃၃၇။ မဋ္ဌ၊၁၊၂၃၅-၂၃၆။) ဖွင့်ဆိုထားကြပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဒီသစ္စာ လေးပါး အကြောင်းကို နည်းနည်းရှင်းပြမည်။
ဒုက္ခသစ္စာ
ဒီနာမည်ကျော် မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုဒေသနာတော် များမှာ --- သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (မ၊၁၊၈၂။) လိုရင်းတိုရှင်း ပြောရလျှင် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာ ဖြစ်ကြတယ်ဆိုပြီး ဟောကြားထားတော်မူပါတယ်။
တစ်ဖန် - ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာ ဆိုပြီး ဥပါဒါနက္ခန္ဓာတို့ကိုလည်း ရေတွက်ပြထားတော်မူပါတယ်။ (မ၊၁၊၈၄။)
အာသဝေါတရားတို့၏ အာရုံဖြစ်တဲ့ တဏှာဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''လို့ စွဲယူအပ်တဲ့ စွဲလမ်းအပ်တဲ့ အတိတ် အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ (ကိုယ်တွင်း), ဗဟိဒ္ဓ (ပြင်ပ), ဩဠာရိက (အကြမ်း), သုခုမ (အနု), ဟီန (အယုတ်), ပဏီတ (အမြတ်), ဒူရ (အဝေး), သန္တိက (အနီး) ဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ဆို ကြောင်းကိုလည်း ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန် (သံ၊၂၊၃၉။) မှာ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။ ဝေဒနုပါဒါနက္ခန္ဓာ စတဲ့ ကျန်နာမ်ခန္ဓာ (၄)ပါးတို့ကိုလည်း ပုံစံတူပဲ ဟောကြားထားတော်မူပါတယ်။
ဒါကြောင့် အတိတ်, အနာဂတ,် ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ စတဲ့ (၁၁)မျိုး သော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာ ဖြစ်တယ်။ အဲဒီ ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်က သမ္မာဒိဋ္ဌိ ဖြစ်တယ်။
သမုဒယသစ္စာ
ဘုရားရှင်က သစ္စဝိဘင်း (အဘိ၊၂၊၁၁၂၊၁၁၅။) ပါဠိတော်မှာ သမုဒယ သစ္စာကို (၅)နည်း ခွဲခြားပြီး ဟောကြားထားတော်မူပါတယ်။
- (က) တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူတယ်၊ (အဘိ၊၂၊၁၁၂။)
- ( ခ ) တဏှာနှင့်တကွ ကိလေသာအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူတယ်၊ (အဘိ၊၂၊၁၁၃။)
- ( ဂ ) တဏှာ, ကိလေသာနှင့်တကွ အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူတယ်၊ (အဘိ၊၂၊၁၁၄။)
- (ဃ) တဏှာ, ကိလေသာ, အကုသိုလ်တရားအားလုံးနှင့် အာသဝေါ တရားတို့၏ အာရုံဖြစ်တဲ့ အလောဘ, အဒေါသ, အမောဟ = ကုသလမူလတရား သုံးပါးကိုလည်း သမုဒယသစ္စာလို့ ဟောကြား ထားတော်မူပါတယ်။ (အဘိ၊၂၊၁၁၄။)
- ( င ) အာသဝေါတရားတို့၏ အာရုံဖြစ်တဲ့ ကုသလမူလတရား သုံးပါး တို့နှင့်တကွ အာသဝေါတရားတို့၏ အာရုံဖြစ်တဲ့ ကုသိုလ်တရား အားလုံး, တဏှာ ကိလေသာနှင့်တကွသော အကုသိုလ်တရား အားလုံးတို့ကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူ ပါတယ်။ (အဘိ၊၂၊၁၁၅။)
ဒီသစ္စဝိဘင်းဒေသနာတော်ကိုပဲ ရည်ညွှန်းကာ အဋ္ဌကထာကြီးများ ကလည်း --
တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
စေတနာ, စေတနာနှင့် ယှဉ်ဖက်တရား စသည်ဖြင့် အထူး မပြောတော့ ပဲ သာမညအားဖြင့် ပြောရမည်ဆိုလျှင် ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဘုရားရှင်က ဟောကြားထားတော်မူတဲ့ အကြောင်းကို ဖွင့်ဆိုထားကြပါတယ်။
နောက်တစ်ခု ရှိသေးတယ်။ ဟို အင်္ဂုတ္တိုရ် ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာ အဝိဇ္ဇာပစ္စယာ သင်္ခါရာ စသည်ဖြင့် ဟောကြားထားတော်မူအပ်တဲ့ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံ စတဲ့ သင်္ခါရ လောက၏ ဖြစ်စဉ် = အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ကြောင်းကျိုးဆက်နွယ်မှုသဘောကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူ ပါတယ်။
ခုပြောခဲ့တဲ့ သမုဒယသစ္စာ အရပ်ရပ်တွေကို ခြုံပြောရလျှင်တော့ --အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကို အခြေတည်ကာ အကြောင်းခံကာ ပြုစု ပျိုးထောင်ထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှဟာ သမုဒယသစ္စာ မည်တယ်လို့ မှတ်ပါ။ အဲဒီ သမုဒယသစ္စာကို သိတဲ့ ဉာဏ်ဟာလည်း သမ္မာဒိဋ္ဌိပဲ ဖြစ်ပါတယ်။
နိရောဓသစ္စာ
နိရောဓသစ္စာ အကြောင်းကို ဆက်ပြောဦးမည်။ ဝိပဿနာပိုင်းမှာ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် နိရောဓသစ္စာကို ပြောမည်နော်။ ခုနက သမုဒယသစ္စာတုန်းက ပြောခဲ့တဲ့ တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာပဲ ဘုရားရှင်က --
အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော ===== စသည်ဖြင့် သင်္ခါရလောက၏ ချုပ်စဉ် ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရား ကိုလည်း နိရောဓသစ္စာလို့ ဟောကြားထားတော်မူပါတယ်။ ယောဂါဝစရရဟန်းတော်က အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံစတဲ့ သင်္ခါရလောက၏ ချုပ်စဉ်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် သိအောင် ကျင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဒေသနာတော်တွေကို ရည်ညွှန်းလျက် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၆၇။)က ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် နိရောဓသစ္စာကို ဒီလို ဖွင့်ဆိုထားပါတယ် --
အနုပ္ပါဒနိရောဓ
ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ၊ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
ယောဂါဝစရ ရဟန်းတော်က ဝိပဿနာပိုင်းရောက်တဲ့အခါ ဥဒယဗ္ဗယဉာဏ်၏ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ပစ္စယတော ဝယဒဿနဉာဏ် == အကြောင်းတရားအားဖြင့် အပျက်ကို = အချုပ်ကို ရှုမြင်တတ်တဲ့ ဉာဏ်ဖြင့် ဝိပဿနာရှုလိုက်တဲ့အခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်မှာ နိရောဓသစ္စာ တရားဟာ ထင်ရှားလာတယ်။ ဘာကြောင့်လဲ? အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေက နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်း လို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကြောင်းတရား ထင်ရှားရှိပါမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတဲ့ အကျိုးခန္ဓာငါးပါး တို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို ယင်း ဝိပဿနာဉာဏ်က ထိုးထွင်းသိသောကြောင့် နိရောဓသစ္စာဟာ ယောဂါဝစရ ရဟန်း၏ အသိဉာဏ်မှာ ထင်ရှားလာခြင်း ဖြစ်တယ်။ ဒီလို ဖွင့်ဆိုထားပါတယ်။
ဒီနေရာမှာ မေးစရာတစ်ခု ရှိလာတယ်။ ဘာလဲ? ဘယ်အခါမှာ ဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေက နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွား ပါသလဲလို့ မေးစရာ ရှိတယ်။ ဝိသုဒ္ဓိမဂ္ဂ မဟာဋီကာဆရာတော်က ဒီလို ဖြေဆိုထားပါတယ် -
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)
ဒီ ဋီကာစကားရပ်က ဘာကို ပြောလိုတာလဲ? ခုနက နိရောဓသစ္စာပိုင်း တုန်းက ပြောခဲ့တဲ့ ပဋိလောမပဋိစ္စသမုပ္ပါဒ်လို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရား တို့၏ ချုပ်စဉ်ကို ပြန်အာရုံယူထားပါ။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စာမျက်နှာ (၅၃) မှာ လာရှိတဲ့အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်း တရားတွေဟာ အရဟတ္တမဂ်သို့ ဆိုက်ရောက်သွားတဲ့ အခါမှာ မဟာ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလိုက်ရသော အဲဒီ အရဟတ္တမဂ်၏ စွမ်းအင်ကြောင့် ယတိပြတ် လုံးဝ ချုပ်ငြိမ်းသွားကြ တယ်။ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ထပ်မဖြစ်ကြတော့ဘူး။ ဒီလို နောက်ထပ်တစ်ဖန် ဘယ်တော့မှ မဖြစ်တဲ့ ချုပ်ငြိမ်းမှုမျိုးကို အနုပ္ပါဒနိရောဓလို့ ခေါ်ဆိုတယ်။
ဒီနေရာမှာ တကယ်ပြောကြစို့ ဆိုလျှင်တော့ အရဟတ္တမဂ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာတွေကိုသာ အကြွင်းမဲ့ ယတိပြတ် နောက်ထပ် ဘယ်တော့မှ မဖြစ်အောင် ပယ်သတ်လိုက်တာ ဖြစ်တယ်။ သို့သော် သင်္ခါရ ကံတွေဟာ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာအပေါင်းအဖော် ကို ရရှိပါမှသာလျှင် ဘဝသစ်လို့ ခေါ်ဆိုအပ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဆိုတဲ့ ကိလေသာ အဖော်သဟာယ်ကို မရရှိခဲ့လျှင် ဒုက္ခသစ္စာ အကျိုးတရားကို ဖြစ်စေနိုင်တဲ့ စွမ်းအားမရှိတော့ဘူး၊ စွမ်းအင်တွေ ကုန်ခန်းသွားတယ်။ ဒီ အကြောင်းပြချက်ကြောင့် အရဟတ္တမဂ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကို နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းစေတယ်လို့ပဲ ပြောရတယ်။
ဒီလို အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေ၏ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ပြန်မဖြစ်တဲ့ ချုပ်နည်းလို့ ခေါ်ဆိုတဲ့ = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ဥပါဒါနက္ခန္ဓာ ငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်မှာ နောက်ထပ်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်း ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားကြတယ်။ ဒီ ချုပ်ငြိမ်းမှုကို ဝိပဿနာဉာဏ်က မြင်အောင်ရှုရမှာ ဖြစ်တယ်။
ဥပ္ပါဒနိရောဓ
အနုပ္ပါဒနိရောဓ အကြောင်းကို ပြောပြီးတော့ ဥပ္ပါဒနိရောဓ အကြောင်း ကိုလည်း ပြောဦးမည်။ ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဆိုတဲ့ သင်္ခါရ တရားတွေဟာ ဖြစ်ပြီးတာနဲ့ တစ်ခါတည်း ပျက်သွားကြတယ်။ ဒီလိုဖြစ်ပြီးတာနဲ့ ခဏမစဲ တသဲသဲ ချုပ်ပျက်နေတဲ့ သဘောကို ခယဝိရာဂ = ခဏ----နိရောဓလို့လည်း ခေါ်ဆိုတယ်။ (ဝိသုဒ္ဓိ၊၂၊၁၊၂၈၂။)
ယောဂါဝစရ ရဟန်းတော်က ဝိပဿနာပိုင်း ရောက်တဲ့အခါ သင်္ခါရ တရားတွေ၏ ဒီဥပ္ပါဒနိရောဓသဘောကိုလည်း ဝိပဿနာဉာဏ်နှင့် မြင် အောင် ကြည့်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တို့သို့ တင်ကာ ဝိပဿနာရှုရမှာ ဖြစ်တယ်။
ခုပြောခဲ့တဲ့ သင်္ခါရတရားတို့၏ ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓ နှစ်မျိုးလုံးကိုပဲ သိတဲ့ ဝိပဿနာဉာဏ်ဟာ ဝိပဿနာသမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။
လောကီမဂ္ဂသစ္စာ
ယောဂါဝစရ ရဟန်းတော်က ဝိပဿနာပိုင်း ရောက်တဲ့အခါမှာ အရူပသတ္တက ဝိပဿနာရှုနည်းအပိုင်း (ဝိသုဒ္ဓိ၊၂၊၂၆၁၊၂၆၁၊၂၆၄။) ဥဒယဗ္ဗယာနုပဿနာဉာဏ်ပိုင်း (ဝိသုဒ္ဓိ၊၂၊၂၆၈။) ဘင်္ဂါနုပဿနာဉာဏ်ပိုင်း (ဝိသုဒ္ဓိ၊၂၊၂၈၈၊၊) စတဲ့ ဝိပဿနာပိုင်းသို့ ရောက်တဲ့အခါ ဝိပဿနာဉာဏ်ပြဓာန်းနေတဲ့ ဝိပဿနာမနောဒွါရိက ဇောဝီထိ စိတ်အစဉ်တွေကိုလည်း တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာရှုရမှာ ဖြစ်တယ်။
ဒီလို ဝိပဿနာရှုတဲ့ အပိုင်းမှာ ဒီဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏ တစ်ခု အတွင်းမှာ အတူယှဉ်တွဲ ဖြစ်နေကြတဲ့ သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တွေကိုလည်း ယောဂီပုဂ္ဂိုလ်က ရှင်းရှင်း လင်းလင်း သိနေပါတယ်။ သူ၏ ဉာဏ်ထဲမှာ ဒီမဂ္ဂင်တရားကိုယ် = မဂ္ဂသစ္စာ တရားတွေဟာ ထင်ရှားနေပါတယ်။ ဒီမဂ္ဂသစ္စာတရားတွေက တဒင်္ဂ အခိုက် အတန့်အားဖြင့် ကိလေသာတွေကို ပယ်သတ်နိုင်တဲ့အတွက် ဒီမဂ္ဂင်တရားကိုယ်တွေကို မဂ္ဂသစ္စာတရားတွေလို့ ခေါ်ဆိုခြင်းဖြစ်တယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)
ဒီလို ဝိပဿနာဉာဏ်က မဂ္ဂသစ္စာတရားတွေကို ထိုးထွင်းသိမှုကိုလည်း ဝိပဿနာသမ္မာဒိဋ္ဌိလို့ပဲ ခေါ်ဆိုပါတယ်။
ဝိပဿနာအခိုက် သစ္စာလေးပါး
ခုပြောခဲ့တာက ဝိပဿနာအခိုက်မှာ ဝိပဿနာဉာဏ် = ဝိပဿနာသမ္မာဒိဋ္ဌိနှင့် ထိုးထွင်းသိတဲ့ သစ္စာလေးပါး ဖြစ်ပါတယ်။ နားရှင်းအောင် နည်းနည်း ထပ်ပြောမည် --
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားတွေကို ထိုးထွင်းသိတဲ့ဉာဏ်က သမ္မာဒိဋ္ဌိ၊ ထို ဒုက္ခသစ္စာတရား အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောက သမ္မာသင်္ကပ္ပ၊ ထို ဒုက္ခသစ္စာတရားတွေကို သိအောင် ကြိုးစားအားထုတ်မှုသဘောက သမ္မာဝါယာမ၊ ထို ဒုက္ခသစ္စာတရားတွေကို အမှတ်ရနေမှုသဘောက သမ္မာသတိ၊ ထို ဒုက္ခသစ္စာတရား အာရုံတစ်ခုတည်းပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေမှုသဘောက သမ္မာသမာဓိ၊ ပေါင်းလိုက်တော့ မဂ္ဂင်တရားကိုယ် ငါးပါးဖြစ်ပါတယ်။ ကြိုတင်ကာ ဆောက်တည် ကျင့်သုံးထားတဲ့ သီလမဂ္ဂင် (၃)ပါးနှင့် ပေါင်းလိုက်ပါက မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်ပါတယ်။
ဒုက္ခသစ္စာကို ထိုးထွင်းသိရာ၌ မဂ္ဂင်တရားကိုယ် (၈)ပါးကို သဘောပေါက်ပါက သမုဒယသစ္စာကို ထိုးထွင်းသိရာ၌လည်း အလားတူပင် မဂ္ဂင်တရားကိုယ် (၈)ပါးပင် ရှိကြပါတယ်။
ဝိပဿနာပိုင်း ရောက်တဲ့အခါ --- နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတွေကတော့ ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို လက္ခဏာရေး (၃)တန်သို့ တင်ကာ ဝိပဿနာရှုတဲ့ အပိုင်းမှာ ထင်ရှားလာကြမှာ ဖြစ်တယ်။ ဒီဒုက္ခသစ္စာ သမုဒယသစ္စာဆိုတဲ့ သင်္ခါရတရားတွေကို ယင်းသင်္ခါရတရားတို့၏ ဖြစ်ပြီးတာနဲ့ ချုပ်ပျက်သွားတဲ့သဘောကို အာရုံယူပြီးတော့လည်း အနိစ္စ လို့ သို့မဟုတ် ဒုက္ခလို့ သို့မဟုတ် အနတ္တလို့ တစ်လှည့်စီ လက္ခဏာရေးတင်ကာ ဝိပဿနာရှုရတယ်။ ပြီးတော့ ဒီသင်္ခါရတရားတွေ၏ ခဏမစဲ တသဲသဲ ပြိုပြို ပျက်ပျက် ချုပ်ချုပ်နေတဲ့ သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့လည်း အနိစ္စလို့ သို့မဟုတ် ဒုက္ခလို့ သို့မဟုတ် အနတ္တလို့ တစ်လှည့်စီ လက္ခဏာရေးတင်ပြီးလည်း ဝိပဿနာရှုရတယ်။ ခဏတော ဥဒယဗ္ဗယဒဿနလို့ ခေါ်ပါတယ်။
ဒါတွင်မကသေးဘူး၊ အကြောင်းသမုဒယသစ္စာတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံကိုလည်း ရှုရတယ်။ (ပစ္စယတော ဥဒယဒဿနဉာဏ် ဖြစ်တယ်။) အကြောင်းတရားတွေ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရတယ်။ (ပစ္စယတော ဝယဒဿနဉာဏ် ဖြစ်တယ်။) နှစ်ရပ်ပေါင်းလိုက်တော့ ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် ဖြစ်တယ်။ နောက်တစ်ခု --အကြောင်းသမုဒယသစ္စာတရား - အကျိုးဒုက္ခသစ္စာတရား = အကြောင်းတရားနှင့်တကွသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏ ဖြစ်ပြီးပျက်တဲ့ သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့လည်း လက္ခဏာရေးသုံးတန်တို့သို့ တစ်လှည့်စီတင်ကာ ဝိပဿနာရှုရပြန်တယ်၊ ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် ဖြစ်တယ်။ ခဏအားဖြင့် ဖြစ်ပျက်ကို ရှုတဲ့ဉာဏ် ဖြစ်တယ်။ ဒါတွေကို ပေါင်းပြီး ထပ်ပြောရလျှင် (၆)မျိုး ဖြစ်ပါတယ် -
- (က) ခဏတော ဥဒယဒဿနဉာဏ် = ခဏအားဖြင့် အဖြစ်ကို မြင်အောင် ရှုတဲ့ဉာဏ်,
- ( ခ ) ခဏတော ဝယဒဿနဉာဏ် = ခဏအားဖြင့် အပျက်ကို မြင်အောင် ရှုတဲ့ဉာဏ်,
- ( ဂ ) ခဏတော ဥဒယဗ္ဗယဒဿနဉာဏ် = ခဏအားဖြင့် ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုတဲ့ဉာဏ်,
- (ဃ) ပစ္စယတော ဥဒယဒဿနဉာဏ် = အကြောင်းတရားအားဖြင့် အဖြစ်ကို မြင်အောင် ရှုတဲ့ဉာဏ် = အကြောင်းတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှား ဖြစ်ပုံကို မြင်အောင် ရှုတဲ့ဉာဏ်,
- ( င ) ပစ္စယတော ဝယဒဿနဉာဏ် = အကြောင်းတရားအားဖြင့် အပျက်ကို = အချုပ်ကို မြင်အောင် ရှုတဲ့ဉာဏ်၊ တစ်နည်းပြောရလျှင်တော့ အကြောင်းတရားတွေ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားတွေလည်း နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို မြင်အောင်ရှုတဲ့ဉာဏ်,
- ( စ ) ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် = အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရားတွေ ထင်ရှား ဖြစ်ပုံ, အကြောင်းတရားတွေ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားတွေ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို မြင်အောင် ရှုတဲ့ဉာဏ် --
ဒီလို (၆)မျိုး ခွဲခြားနိုင်ပါတယ်။ ဒီ (၆)မျိုးကိုပဲ ထပ်ပြီး ချုံးပြောရရင်တော့ ခဏတော ဥဒယဗ္ဗယဒဿနဉာဏ်နှင့် ပစ္စယတော ဥဒယဗ္ဗယဒဿနဉာဏ် ဆိုပြီး နှစ်မျိုးပဲ ရှိတော့တယ်။ ဒီလို သင်္ခါရတရားတွေကို နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်တို့ဖြင့် ရှုမြင်နေတဲ့ ယောဂါဝစရ ရဟန်းတော်၏ ဉာဏ်ထဲမှာ သစ္စာလေးပါး ထင်ရှားလာပုံ အပိုင်းကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက သစ္စာလေးပါး ထင်ရှားလာပုံ အပိုင်းကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ၂၆၇-၂၆၈။) ဒီလို ဖွင့်ဆိုထားပါတယ်။
- (က) ပစ္စယတော ဥဒယဒဿန = အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းဖြင့် ယောဂါဝစရ ရဟန်းတော်၏ အသိဉာဏ်မှာ သမုဒယသစ္စာတရားသမုဒယသစ္စာတရားဟာ ထင်ရှားလာပါတယ်။ အကျိုးတရားတွေကို (= ဒုက္ခသစ္စာတရားတွေကို) တိုက်ရိုက် ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေကို (= သမုဒယသစ္စာတရားတွေကို) ထွင်းဖောက်သိမြင်ခြင်းကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခု ပြောရအောင် --
- ( ခ ) ခဏတော ဥဒယဒဿန = ဒီသင်္ခါရတရားတွေ၏ ခဏမစဲ တသဲသဲ ဖြစ်နေမှုကို ရှုမြင်လိုက်ခြင်းဖြင့် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်မှာ ဒုက္ခသစ္စာတရားဟာ ထင်ရှားလာပါတယ်။ ဘာဖြစ်လို့လဲ? ဒီသင်္ခါရတရားတွေ၏ ဖြစ်ခြင်း = ဇာတိဒုက္ခကို ထွင်းဖောက် သိမြင်ခြင်းကြောင့် ဖြစ်တယ်။ ကဲ နောက်တစ်ခု ထပ်ပြောဦးမည် --
- ( ဂ ) ပစ္စယတော ဝယဒဿန = အကြောင်းတရားတွေ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းကြောင့် အကျိုးတရားတွေ၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကို ရှုမြင်လိုက်တဲ့အခါ အဲဒီ ယောဂါဝစရ ရဟန်းတော်၏ အသိဉာဏ်မှာ နိရောဓသစ္စာ တရားဟာ ထင်ရှားလာပါတယ်။ ဘာကြောင့်လဲ? အကြောင်း တရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်း ကြောင့် အကြောင်းတရားရှိတဲ့ အကျိုးတရားတို့၏ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကို ထွင်းဖောက် သိမြင် နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကဲ နောက်ထပ်တစ်ခု ထပ်ပြော ဦးမည် --
- (ဃ) ခဏတော ဝယဒဿန = ဒီသင်္ခါရတရားတွေ၏ ခဏမစဲ တသဲသဲ ချုပ်ပျက်နေတဲ့ ဥပ္ပါဒနိရောဓ သဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်လိုက်တဲ့အခါ အဲဒီ ယောဂါဝစရ ရဟန်း၏ အသိဉာဏ်မှာ ဒုက္ခသစ္စာတရားပဲ ထင်ရှားလာပြန်တယ်။ ဘာကြောင့်လဲ? ဒီ သင်္ခါရတရားတွေ၏ ခဏမစဲ တသဲသဲ သေကျေပျက်စီးနေတဲ့ မရဏဒုက္ခကို ထွင်းဖောက် သိမြင်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကဲ နောက်တစ်ခု ထပ်ပြောရဦးမည် --
- ( င ) ဒီယောဂါဝစရ ရဟန်း၏ သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ ဥဒယဗ္ဗယဒဿန = ခဏတော ဥဒယဗ္ဗယဒဿန+ပစ္စယတော ဥဒယဗ္ဗယဒဿနခေါ်တဲ့ နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင်ဟာ အကျိုးတရားတို့၏ သို့မဟုတ် အကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ဖြစ်ခြင်း ပျက်ခြင်း ဥဒယဗ္ဗယကိုလည်း သိမြင် တယ်၊ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး တရားတွေ ထင်ရှားဖြစ်ပုံ, အကြောင်းတရားတွေ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း သိမြင်တယ်။ ဒီလို နှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင် ဟာ လောကီမဂ္ဂသစ္စာတရား ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရဟန်း ၏ အသိဉာဏ်မှာ မဂ္ဂသစ္စာတရားဟာ ထင်ရှားလာပါတယ်။ ဘာကြောင့်လဲ? အဲဒီသင်္ခါရတရားတွေ၏ နှစ်မျိုးသော ဥဒယဗ္ဗယ သဘောတရားအပေါ်မှာ မသိအောင် ဖုံးလွှမ်းထားတဲ့ သမ္မောဟ တရားကို ဒီဝိပဿနာဉာဏ်က ပယ်ရှားနိုင်ခြင်းကြောင့် ဖြစ်ပါ တယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။)
ဝိပဿနာအခိုက် မဂ္ဂင် (၈) ပါး
ဒီတော့ ဒီနေရာမှာ ဝိပဿနာအခိုက် မဂ္ဂင် (၈)ပါး ဖြစ်ပုံကို သစ္စာ လေးပါးလုံးကို ခြုံငုံကာ ထပ်ပြီးတော့ ပြောဦးမည် --
ခုပြောခဲ့တဲ့ သစ္စာလေးပါးကို ထွင်းဖောက်သိမြင်ခြင်းသဘောက သမ္မာဒိဋ္ဌိ၊ အဲဒီ သစ္စာလေးပါးအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောက သမ္မာသင်္ကပ္ပ၊ အဲဒီသစ္စာလေးပါးကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်း သဘောက သမ္မာဝါယာမ၊ အဲဒီ သစ္စာလေးပါးကို အမှတ်ရနေခြင်း သဘောက သမ္မာသတိ၊ အဲဒီ သစ္စာလေးပါး အာရုံ၌ စိတ်ခိုင်မြဲနေခြင်း သဘော, ငြိမ်ဝပ်စွာ တည်ကြည်နေခြင်း သဘောက သမ္မာသမာဓိ၊ ပေါင်း လိုက်တော့ မဂ္ဂင်ငါးပါး ဖြစ်ပါတယ်။ ကြိုတင် ဆောက်တည်ထားတဲ့, ဖြူစင် အောင် ကျင့်သုံးထားတဲ့ သီလမဂ္ဂင်သုံးပါးနှင့် ပေါင်းလိုက်လျှင်တော့ ဝိပဿနာအခိုက် လောကီမဂ္ဂင် (၈)ပါး ဖြစ်ပါတယ်။ ဒီလောကီမဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားကိုပဲ ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ် (မ၊ဋ္ဌ၊၁၊၂၃၅။)လို့လည်း အဋ္ဌကထာ ဆရာတော်များက ခေါ်ဝေါ်သုံးစွဲထားပါတယ်။ အရိယမဂ်သို့ မဆိုက်မီ ရှေးအဖို့၌ ဖြည့်ကျင့်ရမည့် သတိပဋ္ဌာန်ကျင့်စဉ် ဖြစ်ပါတယ်။
ဒီလောကီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို ဝိပဿနာဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ကြိုစားအားထုတ်နိုင်ခဲ့သော် တစ်ချိန်မှာ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာကြပါလိမ့်မည်။ အဲဒီ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တို့၏ အဆုံးမှာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့က မဟာအသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ ဖြစ်ပေါ်လာကြပါလိမ့် မည်။ အဲဒီ မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး ကတော့ လောကုတ္တရာ နိရောဓသစ္စာတရားမြတ်ကြီးပဲ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ လောကုတ္တရာမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေဟာ ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ အရိယမဂ်အခိုက် ဖြစ်ပေါ်သွားကြတဲ့ မဂ္ဂင် (၈)ပါး တို့ကို စံထားကာ ထပ်ပြီး ရှင်းပြပါမည်။ ဖိုလ်ဉာဏ်အခိုက် မဂ္ဂင် (၈)ပါးတို့ကို လည်း နည်းတူသဘောပေါက်ပါ။
လောကုတ္တရာ မဂ္ဂင် (၈) ပါး
အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထွင်း ဖောက် သိမြင်တဲ့ အရိယမဂ်ဉာဏ်က သမ္မာဒိဋ္ဌိ = မဂ္ဂသမ္မာဒိဋ္ဌိဖြစ်တယ်၊ နိဗ္ဗာန်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောက သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်တယ်၊ သမ္မာဝါစာ မဖြစ်အောင် သမ္မာကမ္မန္တ မဖြစ်အောင် သမ္မာအာဇီဝ မဖြစ်အောင် တားမြစ် နှောင့်ယှက်တတ်တဲ့ ကိလေသာ အညစ်အကြေး တွေကို အဲဒီအရိယမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ ဒါကြောင့် သမ္မာဝါစာသဘော, သမ္မာကမ္မန္တသဘော, သမ္မာအာဇီဝသဘောတွေဟာ ထိုအရိယမဂ်ဉာဏ်အခိုက်မှာ ရှေးရှု တည်နေကြပါတယ်။
နောက်ထပ် မဂ္ဂင် (၃)ခုကို ဆက်ပြောမည်။ မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထွင်းဖောက်သိမြင်ဖို့ရန် ကြိုးစား အားထုတ်ခြင်း သဘောက သမ္မာဝါယာမမဂ္ဂင်၊ အဲဒီ နိဗ္ဗာန်အာရုံကို အမှတ်ရနေခြင်း သဘောက သမ္မာသတိမဂ္ဂင်၊ အဲဒီ နိဗ္ဗာန်အာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေမှု သဘောက သမ္မာသမာဓိမဂ္ဂင်တို့ ဖြစ်ကြပါတယ်။ အားလုံးပေါင်းလိုက်တော့ လောကုတ္တရာ မဂ္ဂင်ရှစ်ပါးတို့ ဖြစ်ကြတယ်။
ဒီလို လောကုတ္တရာမဂ္ဂင်တွေကို ပြည့်စုံအောင် အားထုတ်နိုင်တဲ့ ပုဂ္ဂိုလ် ၏ သန္တာန်မှာ သမ္မာဉာဏ်ခေါ်တဲ့ ပစ္စဝေက္ခဏာဉာဏ်တွေလည်း ပါရမီအား လျော်စွာ အဆင့်ဆင့် ဖြစ်ပေါ်လာကြပါလိမ့်မည်။ သမ္မာဝိမုတ္တိခေါ်တဲ့ အရိယ ဖိုလ်တရားတွေလည်း ဖြစ်ပေါ်လာကြပါလိမ့်မည်။
အားထုတ်ပုံစနစ်အမြွက်
ဒီနေရာမှာ ယောဂီရဟန်း တစ်ပါးအနေနှင့် လောကုတ္တရာ မဂ္ဂင်တရား တွေကို ရရှိဖို့အတွက် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်လို့ ခေါ်ဆိုတဲ့ လောကီမဂ္ဂင် တရားတွေကို ပထမ ပြည့်စုံအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်၊ ပွားများရမှာ ဖြစ်တယ်။ ပွားများပုံ စနစ်ကတော့ ရှေးဦးစွာ သီလမဂ္ဂင် (၃)ပါးကို ဖြူစင်အောင် ဖြည့်ကျင့်ပါ။ သီလဖြူစင်တဲ့အခါ သမာဓိမဂ္ဂင် (၃)ပါးကို ပွားများပါ။ လောကီ ဝိပဿနာဉာဏ်နှင့် သစ္စာလေးပါးကို သိမြင်ရေးအတွက် ဖြစ်ပါတယ်။ ဘာကြောင့်လဲ? သစ္စာလေးပါးကို ထိုးထွင်းသိမြင်ရေးအတွက် ဘုရားရှင်က ဒီလို တိုက်တွန်းထားတော်မူပါတယ်။ ဘယ်လိုလဲ?
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)
ရဟန်းတို့ ...သမာဓိကို ထူထောင်ကြပါ။ သမာဓိရှိတဲ့ ရဟန်းဟာ ဟုတ်တိုင်းမှန်စွာ သိပါတယ်။
ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ သမာဓိရှိလျှင် ဘာတွေကို ဟုတ်တိုင်းမှန်စွာ သိမှာလဲ? သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိမည်။ ဒီလို ဆက်ပြီး ဟောကြားထားတော်မူပါတယ်။ သမာဓိထူထောင်ပုံ နှင့် ပတ်သက်လို့ ဘုရားရှင်က သမထကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူပါတယ်။ မိမိတို့ ကြိုက်နှစ်သက်ရာ ကမ္မဋ္ဌာန်းဖြင့် သမာဓိကို ထူထောင်နိုင်ပါတယ်။ ဒီနေရာမှာ ဓာတ်ကမ္မဋ္ဌာန်းနှင့် သမာဓိထူထောင်ပုံ အပိုင်းကို အရိပ်အမြွက်လောက်ပဲ ပြောဖို့ ရည်ရွယ်ထားပါတယ်။ ဒီဓာတ်ကမ္မဋ္ဌာန်းဟာ သမထပိုင်း ကမ္မဋ္ဌာန်း (၄၀)ထဲမှာလည်း ပါဝင်ပါတယ်။ ဥပစာရသမာဓိ (= သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ)အထိ ဆိုက်ရောက်နိုင်တယ်။ (မဟာဋီ၊၁၊၄၃၆။) ဝိပဿနာကူးတဲ့အခါ ရုပ်တရားတွေကို သိမ်းဆည်းချင်ရင်လည်း ဒီဓာတ်ကမ္မဋ္ဌာန်းကိုပဲ စတင်အားထုတ်ရပါတယ်။ ဘာကြောင့်လဲ? အဋ္ဌကထာကြီးများက ဒီလို ဖွင့်ထားကြတယ်။ နားထောင်ကြည့်ပါ --
တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
ဒီအဋ္ဌကထာ စကားရပ်တွေက ဘာကိုဆိုလိုသလဲ? ဝိပဿနာအပိုင်းသို့ ကူးတဲ့အခါမှာ ယောဂါဝစရပုဂ္ဂိုလ်က ရုပ်တရားတွေ နာမ်တရားတွေကို စတင် သိမ်းဆည်းရတော့မည်။ ဒါကြောင့် ဒိဋ္ဌိဝိသုဒ္ဓိစခန်း ဆိုတဲ့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတွေကို စတင်သိမ်းဆည်းတဲ့ အပိုင်းမှာ --- ရုပ်ကမ္မဋ္ဌာန်း နာမ် ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်းနှစ်မျိုး ရှိတယ်။ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း၊ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းလို့လည်း ခေါ်ဆိုပါတယ်။
ဒီလို ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးရှိရာမှာ ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ ဘုရားရှင်က ဟောကြားတော်မူတဲ့ အပိုင်းမှာ --
- (၁) ဓာတ်ကြီး လေးပါးကို အကျဉ်းနှလုံးသွင်းနည်း,
- (၂) ဓာတ်ကြီးလေးပါးကို အကျယ်နှလုံးသွင်းနည်း
ဆိုတဲ့ နည်းနှစ်မျိုးတို့တွင် တစ်နည်းနည်းနှင့် စတုဓာတုဝဝတ္ထာန်ခေါ်တဲ့ ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပါတယ်။ ဒါကတော့ ဘုရားရှင် ဟော ကြားတော်မူတဲ့ ဓမ္မတာပါ။
ဒီလို အဋ္ဌကထာတွေက ဖွင့်ဆိုထားတော့ ဘုရားဟော ပါဠိတော်တွေကို လိုက်ကြည့်လိုက်တဲ့အခါမှာ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်မှာ (ဒီ၂၊၂၃၄။ မ၊၁၊၇၃။) ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း ရှုကွက်ကို ဟောကြားထားတော်မူပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကိုတော့ ဘုရားရှင်က မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၄-၈၆။) ဓာတုဝိဘင်္ဂသုတ္တန်ဓာတုဝိဘင်္ဂသုတ္တန် ၂၈၅။) အဘိဓမ္မာ ဓာတုဝိဘင်းပါဠိတော် (အဘိ၊၂၊၈၄-၈၆။)တို့မှာ ဟော ကြားထားတော်မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးကလည်း မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂၊၂၄၇။)မှာ ဒီဓာတ်ကမ္မဋ္ဌာန်း အကျယ် နည်းကို ဟောကြားထားတော်မူပါတယ်။
ဒါကြောင့် ရုပ်ကမ္မဋ္ဌာန်းရှုကွက်နှင့် ပတ်သက်လို့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းဆိုတဲ့ နည်းနှစ်မျိုးကိုသာ ဘုရားရှင် ဟောကြားထားတော်မူကြောင်းကို အဋ္ဌကထာများက ဖွင့်ဆိုကြခြင်း ဖြစ်ပါတယ်။
မဟာဋီကာအဖွင့်
ဒီနေရာမှာ မဟာဋီကာဆရာတော်၏ အဖွင့်ကိုလည်း ထပ်ပြီးတော့ ပြောချင်တယ်။ ဘယ်လိုဖွင့်ဆိုထားသလဲ?
ယထာ ရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန ဝိပဿနာယာနိကဿ၊ ဧဝံ အရူပေ ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဟောတိ။ အဘိနိဝေသောတိ စ ဝိပဿနာယ ပုဗ္ဗဘာဂေ ကတ္တဗ္ဗနာမရူပပရိစ္ဆေဒေါ ဝေဒိတဗ္ဗော။ တသ္မာ ပဌမံ ရူပပရိဂ္ဂဏှနံ ရူပေ အဘိနိဝေသော။ ဧသ နယော သေသေသုပိ။ (မဟာဋီ၊၂၊၄၇၀။)
ယေဘုယျ စည်းကမ်းသတ်မှတ်ချက်အရ ပြောရမည်ဆိုလျှင် ရုပ်တရား က စပြီးတော့ ဝိပဿနာနှလုံးသွင်းခြင်းဟာ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် အတွက် ဖြစ်တယ်။ အလားတူဘဲ နာမ်တရားက စပြီးတော့ ဝိပဿနာ နှလုံး သွင်းခြင်းဟာလည်း ယေဘုယျအားဖြင့်တော့ သမထယာနိကပုဂ္ဂိုလ်အတွက် ဖြစ်ပါတယ်။ ဒီနေရာမှာ ဝိပဿနာနှလုံးသွင်းခြင်းဆိုတာကလည်း ဝိပဿနာ ၏ ရှေးအဖို့မှာ ပြုသင့်ပြုထိုက်တဲ့ နာမ်ရုပ်ကို ပိုင်းခြားခြင်း နာမရူပပရိစ္ဆေဒ ဉာဏ်ကို ဆိုလိုပါတယ်။ ရုပ်တရားကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြား ယူခြင်းကို ရုပ်တရား၌ ဝိပဿနာနှလုံးသွင်းခြင်းလို့ ခေါ်ဆိုပါတယ်။ အလား တူပဲ နာမ်တရားကို သိမ်းဆည်းခြင်း = ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုလည်း နာမ်တရား၌ ဝိပဿနာ နှလုံးသွင်းခြင်းလို့ ဆိုလိုပါတယ်။
ဒီလို ယေဘုယျစည်းကမ်းသတ်မှတ်ချက်ကို လိုက်နာပြုကျင့်တဲ့အနေနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က ရုပ်ကမ္မဋ္ဌာန်းကစ၍ နှလုံးသွင်းလိုတဲ့ သမထယာနိကပုဂ္ဂိုလ်နှင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဟာ ဒိဋ္ဌိဝိသုဒ္ဓိစခန်း သို့ ကူးတဲ့အခါ ဓာတ်ကမ္မဋ္ဌာန်းက စတင်အားထုတ်ဖို့ရန် ညွှန်ကြားထား ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
ဓာတ်သဘောတရား (၁၂) မျိုး
ပထဝီဓာတ်၌ --- မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-လို့ သဘောတရား (၆)မျိုးရှိတယ်။ (အဘိ၊၁၊၁၇၀။ အဘိ ဋ္ဌ၊၁၊၃၆၈။) အာပေါဓာတ်မှာတော့ ယိုစီးဖွဲ့စည်းဆိုပြီး သဘောတရား (၂)မျိုး ရှိတယ်။ တေဇောဓာတ်မှာတော့ ပူမှု-အေးမှုဆိုတဲ့ သဘောတရား (၂)မျိုး ရှိတယ်။ ဝါယောဓာတ်မှာတော့ ထောက်ကန်မှုသဘော, တွန်းကန်မှုသဘောဆိုပြီး သဘောတရား (၂)မျိုး ရှိတယ်။
ယောဂီပုဂ္ဂိုလ်က ဒီဓာတ်သဘောတရား (၁၂)မျိုးကို ခြေဆုံး ခေါင်းဆုံး တစ်ကိုယ်လုံးမှာ တစ်ခုပြီးတစ်ခု မြင်အောင် ကြည့်ရမှာ ဖြစ်တယ်။ ဥပမာ -- မာမှုသဘောကို ရှုတော့မည်ဆိုရင် မာမှုထင်ရှားတဲ့ နေရာက စပြီးတော့ တစ်ကိုယ်လုံးမှာ မြင်အောင် ရှုပါ။ ကျန်သဘောတရားတွေကိုလည်း တစ်ခုပြီး တစ်ခု အလားတူပဲ ရှုပါ။ ဓာတ်သဘောတရား (၁၂)ခုလုံးကို ခြေဆုံး ခေါင်းဆုံး ရှုနိုင်ပါက ဒီသဘောတရားတွေကို တစ်ခုပြီး တစ်ခု ခပ်မြန်မြန် မြင်နိုင် အောင် ကြိုးစားပါ။ ဓာတ်သဘောတရားတစ်ခုကို ရှုသော်လည်း နှစ်ခု သုံးခု ကို ပြိုင်တူလိုလို တွေ့လျှင် ပိုကောင်းပါတယ်။ အဲဒီလို သွက်သွက်လက်လက် ရှုနိုင်တဲ့အခါ မိမိကိုယ် တစ်ကိုယ်လုံးကို ခြုံငုံပြီး ဓာတ်သဘောတရား (၁၂)ခု ကို မြင်အောင် ရှုပါ။ ခုလို တစ်ကိုယ်လုံးကို ခြုံရှုတဲ့ အပိုင်းမှာ ကိုယ်ကို အာရုံမယူဘဲ ဓာတ်သဘောတရားတွေကိုသာ တစ်ဖက်သတ် အာရုံယူပါ။ ဟိုရွှေ့ကြည့် ဒီရွှေ့ကြည့် မလုပ်ပါနှင့်။ ဓာတ်သဘောတရားတွေကိုသာ ခြုံငုံကြည့်ပြီး တစ်ခုစီ သွက်သွက်လက်လက် မြင်အောင် ရှုနေပါ။ ရှုဖန် များလာတဲ့အခါ ဓာတ်သဘောတရားတွေကို ပြိုင်တူလိုလို တွေ့နေပါလိမ့် မည်။ အဲဒီလို တွေ့ပြီဆိုရင်တော့ (၄)ချက် ပြောင်းရှုပါ။
- (က) မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ကို ကြည့်ပြီး ပထဝီဓာတ်,
- ( ခ ) ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီး အာပေါဓာတ်,
- ( ဂ ) ပူ-အေးကို ကြည့်ပြီး တေဇောဓာတ်,
- (ဃ) ထောက်-တွန်းကို ကြည့်ပြီး ဝါယောဓာတ် --
ဒီလို (၄)ချက် ပြောင်းရှုပါ။ သမာဓိကို ထူထောင်ပါ။ ထိုင်တိုင်း ထိုင်တိုင်း ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီခန့် တည်နေပြီဆိုလျှင် မကြာမီ ရက်ပိုင်းအတွင်းမှာပဲ ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲ အဖြူ အတုံးအခဲကြီးကို တွေ့တတ်ပါတယ်။ အဲဒီ အဖြူ အတုံးအခဲကြီးမှာ ရှိနေတဲ့ ဓာတ်ကြီးလေးပါးကိုပဲ သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်လိုက်လျှင်တော့ သမာဓိက ပို၍ ပို၍ နက်ရှိုင်းလာတဲ့အခါ ရေခဲတုံး ဖလ်တုံး မှန်တုံး လို ကြည်နေတဲ့ အကြည် အတုံးအခဲကြီးကို တွေ့နေပေလိမ့်မည်။ အဲဒီ အကြည် အတုံးအခဲမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကိုပဲ သိမ်းဆည်းပြီးတော့ သမာဓိကို ဆက်လက်ထူထောင်ပါ။
အကြည်အတုံးအခဲ အကြည်ပြင်
ဒီနေရာမှာ မေးစရာတော့ရှိတယ်။ ဒီ အကြည်အတုံးအခဲကြီးဆိုတာ ဘာလဲလို့ မေးစရာရှိတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဒီလို အဖြေပေးထားပါတယ် --
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒ = မျက်စိအကြည် နားအကြည် နှာအကြည် လျှာအကြည် ကိုယ်အကြည် ဆိုတဲ့ အကြည်ရုပ် ငါးခုတို့ဟာ ကြေးမုံမှန်အပြင်လို ကြည်လင်နေတဲ့အတွက် ကြောင့် ပသာဒရုပ်= အကြည်ရုပ်လို့ ခေါ်ဆိုပါတယ် ...တဲ့။ =
ဒီအဋ္ဌကထာ အဖွင့်အတိုင်းပဲ ယောဂီပုဂ္ဂိုလ်က ဃနခေါ်တဲ့ ရုပ်အတုံးအခဲကို မဖြိုခွဲနိုင်မီ ဃန = အတုံးအခဲ မပြိုမီ ဒီအကြည်ရုပ်တွေကို အတုံးလိုက် အခဲလိုက် အစုလိုက်အပြုံလိုက် တွေ့နေခြင်းဖြစ်တယ်။ ဒီအကြည်ရုပ်တွေထဲမှာ ကာယအကြည်ဓာတ် = ကိုယ်အကြည်ဓာတ်က တစ်ကိုယ်လုံး အနှံ့အပြားရှိတယ်။ ထိမှုကိုသိတဲ့ နေရာတိုင်းမှာ ရှိနေပါတယ်။ အဲဒီအကြည် ဓာတ်တွေကို ဃနခေါ်တဲ့ ရုပ်အတုံးအခဲ မပြိုမီ အတုံးလိုက် အခဲလိုက် တွေ့နေခြင်း ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က အဲဒီ အကြည်ပြင်မှာရှိတဲ့ အာကာသ ဓာတ်ကို မြင်အောင် ရှုရပါတယ်။ အာကာသဓာတ်ကို ရှုရန် အထက်က ပြောခဲ့တဲ့ မဟာရာဟုလောဝါဒသုတ္တန် စတဲ့ သုတ္တန်တွေမှာ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။
အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၉၇။)ကလည်း အာကာသဓာတ်ကို အဦးမူကာ ဥပါဒါရုပ်အားလုံးကို ရှုပွားစေလိုတဲ့အတွက် အာကာသဓာတ်ကို မြင်အောင် ရှုရန် ဘုရားရှင်က ညွှန်ကြားတော်မူခြင်းဖြစ်တယ်လို့ ဒီလို ရှင်းပြထားပါတယ်။ အဲဒီ အကြည်ပြင်မှာ အာကာသဓာတ်ကို မြင်တာနဲ့ တစ်ပြိုင်နက် ရုပ်ကလာပ်တွေကို စတင် တွေ့တတ်ပါတယ်။ ရုပ်ကလာပ်တွေကို တွေ့တဲ့ အခါ ရုပ်ကလာပ်တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ (= အရောင်အဆင်း), ဂန္ဓ (= အနံ့ ), ရသ (= အရသာ), ဩဇာ (= အဆီအစေး) စတဲ့ ပရမတ်ရုပ်သဘောတရားတွေကို ဆက်လက် သိမ်းဆည်းရပါတယ်။ ဆရာသမားနှင့်သာ ချဉ်းကပ်လေ့လာပါ။
စက္ခုဒွါရစတဲ့ ဒွါရ (၆)ပါးလုံးမှာ ရှိတဲ့ ရုပ်တရားတွေနှင့် (၄၂)ကောဋ္ဌာသ မှာရှိတဲ့ ရုပ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။
ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ ယောဂီပုဂ္ဂိုလ်က ဒီရုပ်တရားတွေကို အာရုံယူကာ ဒီရုပ်တရားတွေကို မှီတွယ်ဖြစ်ပေါ်နေကြတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။) ဒီလိုသိမ်းဆည်းတဲ့အပိုင်းမှာ ဖဿကစ၍ဖြစ်စေ, ဝေဒနာကစ၍ဖြစ်စေ, ဝိညာဏ် = အသိစိတ် က စ၍ဖြစ်စေ ဖဿလျှင် ငါးခုမြောက်ရှိတဲ့ ဖဿပဉ္စမကတရား ဦးဆောင် နေတဲ့ နာမ်တရားတွေကို စက္ခုဒွါရ သောတဒွါရစတဲ့ အာယတနဒွါရအလိုက် ဆက်လက်သိမ်းဆည်းပါ။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁၊စသည်။)
အောင်မြင်မှုရရှိပါက ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတွေကို တစ်ဆင့်တက်ကာ ရှာဖွေပါ။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အတိတ်အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် ပစ္စုပ္ပန်အကျိုး ဥပါဒါနက္ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ ကြွင်းကျန်တဲ့ အတိတ်အနည်းငယ်နှင့် အနာဂတ်တို့၌လည်း နည်းတူရှုပါ။
ပြီးတော့ ဟိုခပ်စောစောက ရှင်းပြခဲ့တဲ့အတိုင်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ဥပါဒါနက္ခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် ဆက်ရှုပါ။ ပြီးတော့ အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တွေကို လက္ခဏာရေးသုံးတန်တို့သို့တင်ကာ ဝိပဿနာဉာဏ်စဉ်အတိုင်း တွင်တွင်ကြီး ဝိပဿနာရှုပါ။ မဂ်ဆိုက်ဖိုလ်ဆိုက်သည့် တိုင်အောင် ရှုပါ။
အဲဒီလို မဂ်ဆိုက် ဖိုလ်ဆိုက်သည်အထိ ဝိပဿနာ ရှုနိုင်မည်ဆိုလျှင်တော့ လောကီမဂ္ဂင်ရှစ်ပါး, လောကုတ္တရာမဂ္ဂင် ရှစ်ပါးတို့ကိုလည်း ဖြည့်ကျင့်ပြီး ဖြစ်သွားပါလိမ့်မည်။ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် သစ္စာလေးပါး, အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိရမဲ့ သစ္စာလေးပါးတို့ကိုလည်း ထိုးထွင်းသိရှိပါလိမ့်မည်။
ဝိပဿနာဉာဏ်တွေက ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်ရှားပါလိမ့်မည်။ အရိယမဂ်ဉာဏ်ကတော့ အဲဒီ ကိလေသာတွေကို သမုစ္ဆေဒ အားဖြင့် အမြစ်ပြတ် ပယ်သတ်ပါလိမ့်မည်။ ဒီလို အရိယမဂ်ဆိုက်သည့်တိုင်အောင် အားထုတ်နိုင်ခဲ့လျှင်တော့ စိတ်ဓာတ်တွေဟာ အလွန့်အလွန် အပြောင်းလဲကြီး ပြောင်းလဲသွားပါလိမ့်မည်။
ဒီလို ပြောင်းလဲမှုတွေကို ဦးစားပေးလျက် ရည်ညွှန်းလျက် ဟိုရှေ့ပိုင်းက ပြောခဲ့တဲ့ သလ္လေခသုတ္တန်မှာ ဘုရားရှင်က စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားတွေကိုဆက်ပြီး ဟောတော်မူပါသေးတယ်။ ဆက်ပြီးတော့ နာကြည့် စမ်းပါ -- ကောင်းလွန်းလို့ပါ ကောင်းလွန်းလို့ပါ ...။
စိတ်ဓာတ် အသွင်အပြင် ပြောင်းလဲမှုပြုရန်
- သူတစ်ပါးတွေဟာ ထိနမိဒ္ဓ (= စိတ်စေတသိက်တို့ ထိုင်းမှိုင်းမှု) အလွှမ်းမိုးခံရတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ထိနမိဒ္ဓ ကင်းစင်တဲ့သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ စိတ်ပျံ့လွင့်တဲ့ သူတွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ စိတ်ဓာတ်မပျံ့လွင့်တဲ့ သူတွေသာ ဖြစ်စေ ကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ ဝိစိကိစ္ဆာ (= ရတနာသုံးတန် ကံ-ကံ၏ အကျိုး တရား စသည်တို့အပေါ်၌ ယုံမှားသံသယ) ထူပြောတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဝိစိကိစ္ဆာကို လွန် မြောက်နိုင်တဲ့ သူတော်ကောင်းတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ရဟန်းတော်တစ်ပါးဟာ ပစ္စယပရိဂ္ဂဟ = ရုပ်နာမ်တို့၏ အကြောင်း တရားတွေကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံးမှာ စွမ်းအားရှိ သလောက် သိမ်းဆည်းနိုင်ခဲ့မည် ဆိုလျှင်တော့ ဒီပစ္စယပရိဂ္ဂဉာဏ်ကလည်း တဒင်္ဂအားဖြင့် ဒီဝိစိကိစ္ဆာတရားကို ပယ်ရှားနိုင်ပါတယ်။ သို့သော် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင် ဆိုက်ရောက်သွားလျှင်တော့ ဒီ သောတာပတ္တိမဂ်ဉာဏ်က ဒီဝိစိကိစ္ဆာတရားကို အမြစ်ပြတ် ပယ်သတ်လိုက်မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အပြီးတိုင် ဒီဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်မှာ ဖြစ်ပါတယ်။ ဒီလို ကျော်လွှားလွန်မြောက်အောင် စိတ်ဓာတ် အသွင်အပြင်ကို ပြုပြင်ပြောင်းလဲပေးဖို့ ဘုရားရှင်က ဆိုဆုံးမနေတော်မူခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု
- သူတစ်ပါးတွေဟာ ဒေါသကြီးတဲ့ အမျက်ထွက်လေ့ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဒေါသမကြီးတဲ့ အမျက် မထွက်တတ်တဲ့သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဟို ဥဒါန်းပါဠိတော် မေဃိယသုတ္တန် (ဥဒါန-၁၂၀။)မှာ --- မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ = ဒေါသကို ပယ်ရှားနိုင်ရေးအတွက် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများပါဆိုပြီး ဘုရားရှင်က ဆိုဆုံးမထား တော်မူပါတယ်။ ဒါကြောင့် ရဟန်းဖြစ်လာလျှင် မိမိတို့၏ စိတ်ဓာတ်ကို မေတ္တာဓာတ်ဖြင့် အမြဲတမ်း ထုံမွမ်းပေးတတ်ဖို့ လိုပါတယ်။ ရဟန်းဖြစ်ပါလျက် ဒေါသက သိပ်ကြီးနေမည်ဆိုလျှင် မိမိခံယူထားတဲ့ ပဗ္ဗဇိတ = ကိလေသာ တွေကို နှင်ထုတ်နေသူဆိုတဲ့ နာမည်နှင့် ဘယ်လိုမှ မလိုက်လျောနိုင်တော့ဘူး။ ဒီအချက်ကတော့ သမထနည်းလမ်းနှင့် ဒေါသကို ဖြေရှင်းပုံစနစ် ဖြစ်ပါတယ်။
အကယ်၍ မိမိက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်တဲ့ သူတော်ကောင်းဖြစ်မည်ဆိုလျှင် ခုလို ဒေါသဖြစ်လောက်တဲ့ အာရုံတွေနဲ့ တိုက် ဆိုင်လာတဲ့အခါ မိမိဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်တို့၏ သန္တာန်မှာတည်ရှိနေတဲ့ ဓာတ်ကြီးလေးပါး ဦးဆောင်နေတဲ့ ရုပ်တရားတွေကို သိမ်းဆည်းကာ လက္ခဏာရေးသုံးတန်သို့တင်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင် မည်ဆိုလျှင်တော့ အဲဒီအချိန်အခါမှာ မိမိဒေါသဖြစ်ရမဲ့ ပုဂ္ဂိုလ်သတ္တဝါကို ရှာမတွေ့တော့ဘဲ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရား အစုအပုံတွေကိုသာ တွေ့နေပေလိမ့်မည်။ ဒီလိုသိနေမြင်နေတဲ့ ဝိပဿနာဉာဏ်တွေကလည်း တဒင်္ဂအားဖြင့်တော့ ဒေါသနှင့်တကွသော ကိလေသာ တွေကို ပယ်ရှားပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါကြောင့် ဝိပဿနာဘာဝနာ လက်နက်ဖြင့် ဒီဒေါသကို တိုက်ဖျက်နိုင်အောင် ဝိပဿနာဘာဝနာရေချမ်းဖြင့် မိမိတို့၏ စိတ်အစဉ်ကို ဆေးကြောသုတ်သင်ပေးပါ။ ဝိပဿနာဘာဝနာ စိတ်ဓာတ်တွေကို မွေးမြူပေးကြစမ်းပါ။ ဒီလို ဘုရားရှင်က ဆုံးမနေပါတယ်။
ဒါတွင်မကသေးဘူး --- အကယ်၍ ရဟန်းတစ်ပါးက ခုလို ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလိုက်လို့ ပါရမီအားလျော်စွာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့တိုင်အောင် ပေါက်ရောက်ခဲ့မည်ဆိုလျှင်တော့ ဒီအနာဂါမိမဂ်ဉာဏ်က ဒီဒေါသတရားကို အကြွင်းမဲ့ ပယ်ရှား သတ်ဖြတ်နိုင်ပါတယ်။ ဒီလို ဒေါသကို အပြီးတိုင် အမြစ်ပြတ် ဖြေရှင်းနိုင်လျှင်တော့ အကောင်းဆုံးသော စိတ်ဓာတ်မွေးမြူနည်းဖြစ်ပါတယ်။ ကဲ နောက်တစ်ခု ဆက်နာကြည့်ရအောင်
- သူတစ်ပါးတွေဟာ တစ်ဘက်သားကို ရန်ငြိုးဖွဲ့တတ်တဲ့ သူတွေ ဖြစ် ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ရန်ငြိုးမဖွဲ့တတ်တဲ့ သူတွေ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်တဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို မချေဖျက်တတ်တဲ့သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ ဂုဏ်ချင်းပြိုင်တတ်တဲ့ သူတွေဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဘယ်တော့မှ ဂုဏ်ချင်းမပြိုင်တဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ ငြူစူတတ်တဲ့ ကိုယ့်ထက်သာမနာလိုတဲ့ စိတ်ထား ရှိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ မငြူစူ တတ်တဲ့ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားမရှိတဲ့သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ ဝန်တိုခြင်း မစ္ဆရိယတရား ထင်ရှားရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ သဝန်တိုတဲ့ စိတ်ထား မရှိတဲ့သူတွေသာ ဖြစ်စေကြရမည် ... လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ခုပြောခဲ့တဲ့ ရန်ငြိုးဖွဲ့ခြင်း, သူတစ်ပါးဂုဏ်ကျေးဇူးကို ဖျက်ဆီးခြင်း, ဂုဏ်ချင်းပြိုင်ခြင်း, ငြူစူခြင်း, ဝန်တိုခြင်းဆိုတဲ့ ဒီစိတ်ထားကလေးတွေကတော့ ဒေါသ၏အဆွယ်အပွား တပည့်သားမြေးကလေးများသာ ဖြစ်ကြပါတယ်။ မေတ္တာစတဲ့ ဗြဟ္မစိုရ်တရားတွေကို ပွားများခြင်း၊ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း၊ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ရရှိအောင် ကြိုးစား အားထုတ်ခြင်းဖြင့် ဒီကိလေသာအညစ်အကြေးတွေကို စင်ကြယ်သွားအောင် စိတ်ဓာတ်ကို အသွင်အပြင် ပြောင်းပေးနိုင်ပါတယ်။ နောက်ထပ် ဘုရားရှင်ရဲ့ အဆုံးအမတွေကို ဆက်ပြီးတော့ နာကြည့်ကြရအောင် --
- သူတစ်ပါးတွေဟာ ကောက်ကျစ်စဉ်းလဲတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ မကောက်ကျစ်မစဉ်းလဲတဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ လှည့်ပတ်တတ်တဲ့ မာယာများတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ မလှည့်ပတ်တတ်တဲ့ မာယာမများတဲ့သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလိုစိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဒီနေရာမှာ မာယာနှင့် သာဌေယျ ဘယ်လို ကွာခြားသလဲလို့ မေးစရာရှိတယ်။ မဟာဋီကာဆရာတော်က ဒီလို ရှင်းပြထားပါတယ် -
သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)
မာယာက မိမိမှာ ထင်ရှားရှိနေတဲ့ အပြစ်ကို ဖုံးကွယ်တတ်တဲ့ သဘောရှိတယ်။ မိမိ၏ အပြစ်ကို ဖုံးကာ ဖိကာနှင့် အပြစ်မရှိယောင် ဟန်ဆောင်တတ်တယ်။ ဒီမာယာဟာ မျက်လှည့်သမားနဲ့တူတယ်။ မျက်လှည့်သမားတွေဟာ ရွှေမဟုတ်တဲ့ ကျောက်တုံးကျောက်ခဲကို ရွှေတုံးရွှေခဲလို့ ထင်လာအောင် လှည့်စားတတ်တယ်။ အလားတူပဲ မာယာသမားဟာလည်း လူတစ်ဘက်သားကို အထင်မှားအောင် မိမိမှာ ရှိတဲ့ အပြစ်ကို ဖုံးကွယ်ပြီးတော့ အပြစ်ရှိပါလျက် မရှိဟန်ဆောင်တတ်တယ်။ လောကမှာ လူအများက ကြောင်သူတော်လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့ စိတ်ဓာတ်တစ်မျိုး ဖြစ်တယ်။ ဘုရားရှင်က ဒီလို ညံ့ဖျင်းလွန်းလှတဲ့ စိတ်ဓာတ်မျိုးတွေကို မိမိ၏ တပည့်သားသမီးတွေ သန္တာန်မှာ မရှိစေချင်ဘူး။ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတို့၏ သဘောထားက --- မိမိမှာ ထင်ရှားရှိတဲ့ အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာပြုခြင်း ကုစားခြင်းကိုသာ အလိုရှိတော်မူကြပါတယ်။ ဒီမာယာဟာ ပရမတ္ထသဘောအရ ပြောရလျှင်တော့ လောဘ မောဟပြဓာန်းနေတဲ့ အကုသိုလ်စိတ်အစဉ် တစ်မျိုးသာဖြစ်ပါတယ်။
လူတစ်ဘက်သားတို့ အထင်ကြီးလာအောင် မိမိမှာ မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်တတ်တဲ့ လောဘတစ်မျိုးကိုပဲ သာဌေယျ = ကောက်ကျစ်စဉ်းလဲခြင်းလို့ ခေါ်တယ်။ မာယာက မိမိမှာရှိတဲ့ အပြစ်ကို ဖုံးကွယ်ကာ မိမိမှာ အပြစ်မရှိယောင် ဟန်ဆောင်တတ်တယ်။ သာဌေယျကတော့ မိမိမှာ ထင်ရှားမရှိတဲ့ဂုဏ်ကို ရှိလေယောင် ဟန်ဆောင်တတ်တယ်။ ဒီနှစ်မျိုးလုံးကတော့ အလိမ်ဉာဏ် အပလီဉာဏ် အကောက်ဉာဏ်မျိုးတွေချည်းဖြစ်ကြတယ်။ သီလမရှိဘဲ သီလရှိဟန်, သမာဓိမရှိဘဲ သမာဓိရှိဟန်, ပညာမရှိဘဲ ပညာရှိဟန်, အကျင့်မကောင်းပါဘဲ အကျင့်ကောင်းလေဟန်, စာပေကျမ်းဂန်မတတ်ဘဲ စာပေကျမ်းဂန်တတ်လေဟန်, မဂ်ဉာဏ် ဖိုလ်ဉာဏ်မရဘဲ ရလေဟန် - ဒီလိုဟန်ဆောင်မှုတွေ အားလုံးဟာ သာဌေယျချည်းပဲလို့သာ မှတ်ပါ။
လူ့လောက လူ့ဘောင်ဘက်ကို လှည့်ပြီး ပြောရလျှင်လည်း ပုံစံတူကလေးတွေကို တွေ့မြင်နိုင်တယ်။ အချို့က သီလ သမာဓိ ပညာ မရှိပါဘဲလျက် ရှိဟန်ဆောင်တတ်ကြပြန်တယ်။ အချို့က ဘွဲ့မရဘဲ ဘွဲ့ရလေဟန်, ပစ္စည်းဥစ္စာ မရှိပါဘဲ ရှိလေဟန် - ဒီလိုလည်း ဟန်ဆောင်တတ်ကြတယ်။ အချို့ဆိုလျှင် လူတကာ အထင်ကြီးသွားအောင် သူတစ်ပါး၏ လက်ဝတ်တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်တတ်ကြတယ်။ အချို့ကတော့ သတ္တိမရှိဘဲ သတ္တိရှိဟန် ဟိတ်ဟန် ထုတ်တတ်ကြတယ်။ ဒီလို ဟန်ဆောင်မှုတွေဟာ သာဌေယျချည်း ဖြစ်ကြပါတယ်။ ဘုရားရှင်က ဒီလို စိတ်ဓာတ်မျိုးတွေကိုလည်း သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ၏ သန္တာန်မှာ မရှိစေချင်ပါဘူး။ ဒါကြောင့် ''သူတစ်ပါးတွေဟာ မာယာသာဌေယျသမားတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ မာယာသာဌေယျသမား မဖြစ်ကြစေရဘူး''လို့ ဒီလို ခိုင်မြဲတဲ့ စိတ်ဓာတ်တွေကို မွေးမြူဖို့ရန် ဘုရားရှင်က တိုက်တွန်းတော်မူခြင်း ဖြစ်တယ်။ ဘုရားရှင်တို့ကတော့ ဒီလို စိတ်ထားမျိုးတွေကို ရွံရှာစက်ဆုပ်တော်မူကြပါတယ်။
နောက်ထပ်ဘုရားရှင်၏ အဆုံးအမတွေကို ဆက်ပြီးတော့ နာယူကြည့်ပါဦး ...
- သူတစ်ပါးတွေဟာ စိတ်ဓာတ်ခက်ထန်တင်းမာတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ စိတ်ဓာတ်ခက်ထန်တင်းမာမှု မရှိတဲ့ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ဓာတ်ရှိသူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ အလွန် မာန်မာနကြီးတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ အလွန် မာန်မာနမကြီးတဲ့သူတွေ နှိမ်ချထားတဲ့ စိတ်ဓာတ်ရှိသူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
သိပ်ကောင်းတယ် သိပ်ကောင်းတယ်...သာသနာ့ဝန်ထမ်း ရှင်ရဟန်းတစ်ပါးအနေနှင့် သာသနာမှာ နေတဲ့အခါ ဒီလို နှိမ်ချတဲ့ စိတ်ဓာတ်ကလေးနဲ့ နေထိုင်တတ်ဖို့ဟာ အလွန်လိုအပ်ပါတယ်။ အရှင်ရာဟုလာတို့လို နှိမ်ချတဲ့ စိတ်ထား, သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တတဲ့ စိတ်ထားတွေ ရှိဖို့ဟာ သိပ်လိုအပ်ပါတယ်။ ဒီနေရာမှာ အရှင်ရာဟုလာကို စံထားပြီးတော့ ရဟန်းတွေကို ဘုရားရှင်က ဆိုဆုံးမထားတော်မူတဲ့ အဆုံးအမတစ်ခုကို ပြောရဦးမည်။ မဇ္ဈိမပဏ္ဏာသပါဠိတော် မဟာရာဟုလောဝါဒသုတ္တန်မဟာရာဟုလောဝါဒသုတ္တန် ၈၆-၈၇။)မှာ လာရှိပါတယ်။ ဒီအဆုံးအမကတော့ စကြာဝတေးမင်း၏ သားကြီး ရတနာဖြစ်ဖို့ရန် ကြံစည်မိတဲ့ အရှင်ရာဟုလာကို စံထားကာ ဘုရားရှင်က ရဟန်းတော်တွေကို ဆိုဆုံးမတော်မူတဲ့ အဆုံးအမ ဖြစ်ပါတယ်။ ဘုရားရှင်က ဘယ်လို ဆိုဆုံးမထားတော်မူသလဲ?
မဟာပထဝီမြေကြီးနှင့် တူညီတဲ့ စိတ်ဓာတ်
ချစ်သား ရာဟုလာ ... မဟာပထဝီမြေကြီးနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ချစ်သား ရာဟုလာ ... မဟာပထဝီမြေကြီးနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင့်သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သား ရာဟုလာ ... ဥပမာတစ်ခု ပြောမည် --- မဟာပထဝီမြေကြီးပေါ်မှာ .စင်ကြယ်တဲ့ အရာဝတ္ထုတွေကိုလည်း ပစ်ချကြတယ်၊ မစင်ကြယ်တဲ့ အရာဝတ္ထုတွေကိုလည်း ပစ်ချကြတယ်၊ ကျင်ကြီးကိုလည်း ပစ်ချကြတယ်၊ ကျင်ငယ်ကိုလည်း ပစ်ချကြတယ်၊ တံတွေးကိုလည်း ပစ်ချကြတယ်၊ ပြည်ကိုလည်း ပစ်ချကြတယ်၊ သွေးကိုလည်း ပစ်ချကြတယ်။ ဒါပေမဲ့လို့ ဒီလို ပစ်ချတဲ့အတွက် မဟာပထဝီမြေကြီးဟာ နာကြည်းမှုလည်း မဖြစ်ဘူး၊ ရှက်နိုးမှုလည်း မဖြစ်ဘူး၊ ရွံရှာစက်ဆုပ်မှုလည်း မဖြစ်ဘူး။ ချစ်သား ရာဟုလာ ... ဒီဥပမာအတိုင်းပဲ၊ သင်ချစ်သားဟာ မဟာပထဝီမြေကြီးနှင့် တူညီနေတဲ့ စိတ်ဓာတ်ရှိအောင် ပွားများအားထုတ်စမ်းပါ။ ချစ်သား ရာဟုလာ ... မဟာပထဝီမြေကြီးနှင့် တူညီတဲ့ စိတ်ဓာတ်မျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။
ရေနှင့် တူညီတဲ့ စိတ်ဓာတ်
ချစ်သား ရာဟုလာ ... ရေနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ချစ်သား ရာဟုလာ ... ရေနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သား ရာဟုလာ ... ဥပမာတစ်ခု ပြောမည်၊ ရေထဲမှာ စင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း ဆေးကြောကြတယ်၊ မစင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း ဆေးကြောကြတယ်၊ မစင်ကိုလည်း ဆေးကြောကြတယ်၊ ကျင်ငယ်ကိုလည်း ဆေးကြောကြတယ်၊ တံတွေးကိုလည်း ဆေးကြောကြတယ်၊ ပြည်ကိုလည်း ဆေးကြောကြတယ်၊ သွေးကိုလည်း ဆေးကြောကြတယ်။ ဒါပေမဲ့လို့ ဒီလို ဆေးကြောလိုက်တဲ့အတွက် ရေဟာ နာကြည်းမှုလည်း မဖြစ်ဘူး၊ ရှက်နိုးမှုလည်း မဖြစ်ဘူး၊ ရွံရှာစက်ဆုပ်မှုလည်း မဖြစ်ဘူး၊ ချစ်သား ရာဟုလာ ... ဒီဥပမာအတိုင်းပဲ ရေနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ချစ်သား ရာဟုလာ ... ရေနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ၊ မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။
မီးနှင့်တူညီတဲ့စိတ်ဓာတ်
ချစ်သား ရာဟုလာ ... မီးနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ မီးနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သား ရာဟုလာ ... ဥပမာတစ်ခု ပြောမည် ... မီးဟာ စင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်တယ်၊ မစင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း လောင်ကျွမ်းပစ်တယ်၊ မစင်ကိုလည်း လောင်ကျွမ်းပစ်တယ်၊ ကျင်ငယ်ကိုလည်း လောင်ကျွမ်းပစ်တယ်၊ တံတွေးကိုလည်း လောင်ကျွမ်းပစ်တယ်၊ ပြည်ကိုလည်း လောင်ကျွမ်းပစ်တယ်၊ သွေးကိုလည်း လောင်ကျွမ်းပစ်တယ်။ ဒါပေမဲ့လို့ ...ဒီလို လောင်ကျွမ်းရတဲ့အတွက် မီးဟာ နာကြည်းမှုလည်း မဖြစ်ဘူး၊ ရှက်နိုးမှုလည်း မဖြစ်ဘူး၊ စက်ဆုပ်ရွံရှာမှုလည်း မဖြစ်ဘူး။ ချစ်သား ရာဟုလာ ... ဒီဥပမာအတိုင်းပဲ မီးနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ မီးနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။
လေနှင့် တူညီတဲ့ စိတ်ဓာတ်
ချစ်သား ရာဟုလာ ... လေနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ၊ လေနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သားရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သား ရာဟုလာ ... ဥပမာတစ်ခုပြောမည် ... လေဟာ စင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း တိုက်ခတ်သွားတယ်၊ မစင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း တိုက်ခတ်သွားတယ်၊ ကျင်ကြီးကိုလည်း တိုက်ခတ်သွားတယ်၊ ကျင်ငယ်ကိုလည်း တိုက်ခတ်သွားတယ်၊ တံတွေးကိုလည်း တိုက်ခတ်သွားတယ်၊ ပြည်ကိုလည်း တိုက်ခတ်သွားတယ်၊ သွေးကိုလည်း တိုက်ခတ်သွားတယ်။ ဒါပေမဲ့လို့ ဒီလို တိုက်ခတ်သွားရတဲ့အတွက် လေဟာ နာကြည်းမှုလည်း မဖြစ်ဘူး၊ ရှက်နိုးမှုလည်း မဖြစ်ဘူး၊ စက်ဆုပ်ရွံရှာမှုလည်း မဖြစ်ဘူး။ ချစ်သား ရာဟုလာ ...ဒီဥပမာအတိုင်းပဲ လေနှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ လေနှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။
ကောင်းကင်နှင့် တူညီတဲ့ စိတ်ဓာတ်
ချစ်သား ရာဟုလာ ... ကောင်းကင်နှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ကောင်းကင်နှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ချစ်သား ရာဟုလာ...ဥပမာတစ်ခုပြောမည်... ကောင်းကင်ဟာ ဘယ်အရပ်မှာမှ တည်မနေဘူး။ ချစ်သား ရာဟုလာ ... ဒီဥပမာအတိုင်းပဲ ကောင်းကင်နှင့် တူညီတဲ့ စိတ်ထားရှိအောင် သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။ ကောင်းကင်နှင့် တူညီတဲ့ စိတ်ထားမျိုးရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့ သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့ မြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေ, မမြတ်နိုးဖွယ်ရာ အတွေ့အထိ အာရုံတွေဟာ သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး ဘယ်တော့မှ မတည်နိုင်တော့ဘူး။ (မ၊၂၊၈၆-၈၇။)
ဘယ်လိုတုန်း ...တရားနာပရိတ်သတ်တွေ၊ ဘုရားရှင်၏ အဆုံးအမတွေဟာ သိပ်ကြည်ညိုဖို့ မကောင်းဘူးလား --- သိပ်ကြည်ညိုဖို့ကောင်းပါတယ်။ ဒီနေရာမှာ မြေကြီးနှင့် တူညီတဲ့ စိတ်ဓာတ်, ရေနှင့် တူညီတဲ့ စိတ်ဓာတ်, မီးနှင့် တူညီတဲ့ စိတ်ဓာတ်, လေနှင့် တူညီတဲ့ စိတ်ဓာတ်, ကောင်းကင်နှင့် တူညီတဲ့ စိတ်ဓာတ် ရှိအောင်ဆိုတာကတော့ တာဒီဂုဏ်နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်စမ်းပါလို့ ဆိုလိုပါတယ်။
ဣဋ္ဌာနိဋ္ဌေသု ဟိ အရဇ္ဇန္တော အဒုဿန္တော တာဒီ နာမ ဟောတိ။ (မ၊ဋ္ဌ၊၃၊၉၈။)
အလိုရှိအပ်တဲ့ ဣဋ္ဌာရုံတွေ အပေါ်မှာလည်း တပ်မက်မှုရာဂ မဖြစ်ဘူး။ အလိုမရှိအပ်တဲ့ အနိဋ္ဌာရုံတွေအပေါ်မှာလည်း ပြစ်မှားတဲ့ ဖျက်ဆီးလိုတဲ့ ဒေါသ မဖြစ်ဘူး။ ဒီလို တပ်မက်မှုလည်း မရှိပဲ၊ ပြစ်မှားမှုလည်း မရှိဘဲ အလယ်အလတ်မှာ တည်ငြိမ်နေတဲ့ဂုဏ်ဟာ တာဒီဂုဏ် မည်ပါတယ်။ လာဘ်ရခြင်း, လာဘ်မရခြင်း, အခြံအရံများခြင်း အကျော်အစောများခြင်း, အခြံအရံ နည်းပါးခြင်း အကျော်အစောမရှိခြင်း, အကဲ့ရဲ့ခံရခြင်း, အချီးမွမ်းခံရခြင်း, ချမ်းသာခြင်း, ဆင်းရဲခြင်း ဆိုတဲ့ လောကဓံ လေပြင်းမုန်တိုင်းတို့ တိုက်ခတ်လာခြင်းကြောင့် တုန်လှုပ်မှု မရှိခြင်းကို တာဒီဂုဏ်လို့ ဆိုလိုပါတယ်။
ဒီလို စိတ်ဓာတ်တွေ တုန်လှုပ်မှု မရှိအောင် တာဒီဂုဏ်နှင့် ပြည့်စုံအောင် ကျင့်ဖို့ရန် ဘုရားရှင်က တိုက်တွန်းတော်မူထားပါတယ်။ တာဒီဂုဏ်နှင့် ခြွင်းချက်မရှိ ပြည့်စုံမှုကတော့ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်မှာသာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဒီ မဟာရာဟုလောဝါဒသုတ္တန်ကို ဘုရားရှင် ဟောကြားတော်မူနေတဲ့ အချိန်မှာ အရှင်ရာဟုလာဟာ (၁၈)နှစ်သားသာ ရှိသေးတဲ့ ပုထုဇန်တစ်ဦး ဖြစ်ပါတယ်။ ပုထုဇန်ဘဝမှာပဲ ရှိနေသေးတဲ့ အရှင်ရာဟုလာကို မြေ-ရေ-မီး-လေ-ကောင်းကင်တို့နှင့် တူညီတဲ့ စိတ်ထားမျိုး ရှိအောင် ကျင့်ဖို့, တာဒီဂုဏ်နှင့် ပြည့်စုံအောင် ကြိုးစားဖို့ ဘုရားရှင်က အဆုံးအမ ဩဝါဒ ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလျာဏပုထုဇန်က စပြီးတော့ မည်သည့် ပုဂ္ဂိုလ်မဆို လိုက်နာ ပြုကျင့်သင့်တဲ့ အဆုံးအမ ဩဝါဒ ဖြစ်ပါတယ်။ ဒီလို တာဒီဂုဏ်နှင့် ပြည့်စုံအောင် = မြေ-ရေ-မီး-လေ-ကောင်းကင်တွေနှင့် တူညီနေတဲ့ စိတ်ထားမျိုးရှိအောင် ဘယ်လို ကျင့်ရမှာလဲလိ့ုတော့ မေးစရာ ရှိတယ်။ဟိုရှေ့ပိုင်းကပြောခဲ့တဲ့မဂ္ဂင်(၈)ပါး ကျင့်စဉ်တရားတွေ ဖြစ်ကြပါတယ်။
ဒီလို ကျင့်နိုင်လို့ အောင်မြင်မှုရတဲ့ အခါမှာ လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်မှု မရှိတဲ့ စိတ်ဓာတ်တွေ ပေါ်လာမည်။ အဲဒီအခါမှာ စိတ်ဓာတ် ခက်ထန်တင်းမာမှုတွေ အလွန်မာန်မာနကြီးမှုတွေဟာ တစ်စတစ်စ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့လျှင် ဒီစိတ်ဓာတ် ခက်ထန်တင်းမာမှုတွေ အလွန်မာန်မာနကြီးမှုတွေဟာ လုံးဝ ချုပ်ငြိမ်းသွားကြမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ တာဒီဂုဏ်နှင့်လည်း ခြွင်းချက်မရှိ ပြည့်စုံသွားပြီ ဖြစ်ပါတယ်။
သလ္လေခသုတ္တန်မှာ ဘုရားရှင်က ရဟန်းဖြစ်လာတဲ့အခါမှာ စိတ်ဓာတ် အသွင်အပြင် ပြောင်းလဲမှုတွေကို ပြုလုပ်သင့်ကြောင်း ဆိုဆုံးမနေတာ ဘယ်အထိ ရောက်သွားပြီလဲ ... စိတ်ဓာတ် ခက်ထန်တင်းမာမှု မရှိဖို့ အလွန် မာန်မာန မကြီးဖို့အထိ ရောက်ရှိသွားပြီ။ နောက်ထပ် ဆက်ပြီး ဆုံးမထားတာတွေ ရှိနေသေးတယ်။ ဆက်ပြီး နာကြည့်ကြရအောင် --
- သူတစ်ပါးတွေဟာ ဆိုဆုံးမခက်တဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဆိုဆုံးမလွယ်ကူတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ ယုတ်မာတဲ့ မိတ်ဆွေရှိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ။ တို့ကတော့ ဒီနေရာမှာ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ ဒါန သီလ သမထ ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်တဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဒါန သီလ သမထ ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားတဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ သဒ္ဓါတရား မရှိတဲ့သူတွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ သဒ္ဓါတရားရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ ဒုစရိုက်တရား အကုသိုလ်တရားတို့၌ အရှက်မရှိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဒုစရိုက်တရား အကုသိုလ်တရားတို့၌ ရှက်တတ်တဲ့ စိတ်ထားရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ ဒုစရိုက်တရား အကုသိုလ်တရားတို့၌ မထိတ်လန့်တတ်တဲ့သူတွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဒုစရိုက်တရား အကုသိုလ်တရားတို့၌ ထိတ်လန့်ကြောက်ရွံ့တဲ့ စိတ်ထားရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်။
- သူတစ်ပါးတွေဟာ အကြားအမြင် ဗဟုဿုတ မရှိတဲ့သူတွေ ဖြစ်ချင် ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဘုရားရှင်၏ တရားတော်တွေကို အာဂမသုတ အဓိဂမသုတဆိုတဲ့ သင်သိ ကျင့်သိ ဒီအသိ နှစ်မျိုးနှင့် အကြားအမြင် ဗဟုဿုတရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
ဒီနေရာမှာ ဘုရားရှင်၏ တရားတော်တွေကို အလွတ်ရအောင် လေ့ကျင့်ကာ နှုတ်ငုံဆောင်ထားနိုင်တဲ့ အသိမျိုးကိုတော့ အာဂမသုတ = သင်သိလို့ ခေါ်ဆိုပါတယ်။ အဲဒီ တရားတော်တွေကို သင်ယူထားတဲ့အတိုင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားလိုက်တဲ့အခါ လက်တွေ့ကျင့်လို့ သိလာတဲ့ အသိကို အဓိဂမသုတလို့ ခေါ်ဆိုပါတယ်။ အထူးသဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရည်ညွှန်းထားပါတယ်။ နောက်တစ်ခုက ဘာလဲ ...
- သူတစ်ပါးတွေဟာ သမထ ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတို့၌ ပျင်းရိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ သမထ-ဝိပဿနာစတဲ့ ကုသိုလ်တရားတို့၌ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လ ဝီရိယရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ ကာယ, ဝေဒနာ, စိတ္တ, ဓမ္မအမည်ရတဲ့ သင်္ခါရတရားတို့၌ သတိလက်လွတ်နေတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ သင်္ခါရတရားတို့၌ မမေ့ပျောက်တဲ့ သတိရှိတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
- သူတစ်ပါးတွေဟာ ဝိပဿနာပညာ မရှိတဲ့သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ ဝိပဿနာပညာနှင့် ပြည့်စုံတဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။
(ပညာတိ စ ဣဓ ဝိပဿနာ ပညာ ဝေဒိတဗ္ဗာ။ မ၊ဋ္ဌ၊၁၊၁၉၄။)
- သူတစ်ပါးတွေဟာ မိမိ အယူကို မှားသောအားဖြင့် သုံးသပ်လေ့ရှိသူတွေ, မိမိအယူဝါဒမှားကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားတဲ့ သူတွေ, မိမိအယူမှားကို စွန့်လွှတ်နိုင်ခဲတဲ့ သူတွေ ဖြစ်ချင်ဖြစ်ကြပါစေ၊ တို့ကတော့ ဒီနေရာမှာ မိမိအယူကို မှားသောအားဖြင့် သုံးသပ်လေ့ မရှိတဲ့သူတွေ, မိမိအယူမှားကို မြဲမြံစွာ ဆုပ်ကိုင်မထားတဲ့ သူတွေ, မိမိအယူမှားကို စွန့်လွှတ်လွယ်တဲ့ သူတွေသာ ဖြစ်စေကြရမည်လို့ ဒီလို စိတ်ဓာတ်ကို မွေးမြူကြစမ်းပါ။ (မ၊၁၊၅၂၊၅၃။)
သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာတဲ့ သူတွေမှာ ရှိသင့်ရှိထိုက်တဲ့ အသွင်အပြင် ပြုပြင်ပြောင်းလဲရေးတရား (၄၄)မျိုးကို ဘုရားရှင်က မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် သလ္လေခသုတ္တန် သလ္လေခသုတ္တန် ၅၂၊၅၃။)မှာ ဟောကြားထားတော်မူပါတယ်။ လူ့ဘဝက ထားရှိခဲ့တဲ့ စိတ်နေစိတ်ထားတွေ အပြုအမူတွေ အပြောအဆိုတွေ အားလုံးကို အသွင်ပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလို အသွင်ပြောင်းမှုမျိုးတွေကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က ပဗ္ဗဇိတ အဘိဏှသုတ္တန်မှာ --
''အညော မေ အာကပ္ပေါ ကရဏီယော''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ငါဟာ လူတို့၏ ကိုယ်အမူအရာ အသွင်အပြင်, နှုတ်အမူအရာ အသွင်အပြင်, စိတ်နေစိတ်ထား အသွင်အပြင်မှ အခြားတစ်ပါးသော ရဟန်းတို့၏ ကိုယ်အမူအရာ အသွင်အပြင်, နှုတ်အမူအရာ အသွင်အပြင်, စိတ်နေစိတ်ထား အသွင်အပြင်ကို ပြုသင့်ပြုထိုက်တယ်လို့ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်ဟာ အမြဲမပြတ် မကြာခဏ ဆင်ခြင်ပေးပါ --- ဒီလို ဘုရားရှင်က တိုက်တွန်းထားတော်မူပါတယ်။ ပဗ္ဗဇိတ အဘိဏှသုတ္တန်ကို ဆက်ကြရအောင် --
မိမိကိုယ်ကို သီလဖြင့် မစွပ်စွဲမိခြင်း
နောက်တစ်ခု - နံပါတ် (၄)
"ကစ္စိ နု ခေါ မေ အတ္တာ သီလတော န ဥပဝဒတီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကစ္စိ = အသို့ပါနည်း။ မေ = ငါ၏၊ အတ္တာ = စိတ်သည်။ အတ္တာနံ = မိမိကိုယ်ကို။ သီလတော = သီလအားဖြင့်။ န ဥပဝဒတိ နု ခေါ = မစွပ်စွဲဘဲ ရှိပါ၏လော။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့်ဆင်ခြင်ထိုက်ပေ၏၊
ငါ၏ စိတ်ကနေ ငါ့ကိုယ်ကို ပြန်ပြီးတော့ သီလအားဖြင့် မစွပ်စွဲဘဲ ရှိပါရဲ့လားဆိုပြီးတော့ သာသနာဘောင်သို့ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးပါတဲ့။
ဘာဖြစ်လို့လဲ? မိမိ၏ သီလကို မိမိ မကြာခဏ ဒီလို ဆင်ခြင်ပေးမည် ဆိုလျှင် မိမိ၏ သီလသည် စင်ကြယ်တဲ့ သီလ ဖြစ်တယ်၊ သို့မဟုတ် မစင်ကြယ် တဲ့ သီလ ဖြစ်တယ်ဆိုတာကို မိမိက ဆန်းစစ်လို့ရလောက်တယ်။ ဧဝံ ပစ္စဝေက္ခတော ဟိ အဇ္ဈတ္တံ ဟိရီ သမုဋ္ဌာတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခတော = ဆင်ခြင်သုံးသပ် ရှုပွားလျက်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌။ အဇ္ဈတ္တံ = မိမိကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌။ ဟိရီ = ရှက်ခြင်းဟိရီသဘောတရားသည်။ သမုဋ္ဌာတိ = ထင်ရှားဖြစ်ပေါ်၍ လာ၏၊
မိမိကိုယ်ကို မိမိစိတ်က ပြန်ပြီး စွပ်စွဲသလား? မစွပ်စွဲဘူးလားဆိုတာကို ဒီလို ခဏခဏ ဆင်ခြင်ပေးလိုက်လျှင် မိမိကိုယ်ကို မိမိ ရှက်နေတဲ့ ဟိရီ သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာမည်။
သာ တီသု ဒွါရေသု သံဝရံ သာဓေတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။) သာ = ထို ရှက်ခြင်းဆိုတဲ့ ဟိရီတရားသည်။ တီသု ဒွါရေသု = သုံးမျိုးသော ဒွါရတို့၌။ သံဝရံ = စောင့်စည်းခြင်းကို။ သာဓေတိ = ပြီးစီးပြည့်စုံစေ၏၊
ဒီရှက်ခြင်းသဘောတရား မိမိသန္တာန်မှာ ရှေးရှုတည်လာပြီဆိုလျှင် မိမိ၏ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရခေါ်တဲ့ ဒွါရသုံးပါးလုံး၌ စောင့်စည်းခြင်းကို ဒီရှက်ခြင်းဆိုတဲ့ ဟိရီတရားက ပြည့်စုံလာအောင် ရွက်ဆောင်ပေးနိုင်တယ်။ မိမိ၏ ကာယကံတွေ စင်ကြယ်မှုရှိသွားအောင် ရွက်ဆောင်ပေးမည်၊ မိမိ၏ ဝစီကံတွေ စင်ကြယ်မှုရှိသွားအောင် ရွက်ဆောင်ပေးမည်၊ မိမိ၏ မနောကံတွေ စင်ကြယ်မှုရှိသွားအောင် ရွက်ဆောင်ပေးမည်။
အဲဒီတော့ ဒီနေရာမှာ သီလဆိုတာက ပါတိမောက္ခသံဝရသီလလို့ ခေါ်ဆိုအပ်တဲ့ ဝိနည်းသီလ တစ်မျိုးကိုသာ ဆိုလိုသည်မဟုတ်ဘူး။ ပါတိမောက္ခသံဝရသီလနှင့်တကွ ဣန္ဒြိယသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလခေါ်တဲ့ ဒီ စတုပါရိသုဒ္ဓိသီလ လေးမျိုးလုံးကိုပဲ ရည်ညွှန်းထားပါတယ်။
အဲဒီထဲမှာ ဣန္ဒြိယသံဝရသီလ၏ ပြည့်စုံမှုဆိုတာက ကမ္မဋ္ဌာန်းအာရုံနဲ့ ကင်းပြီးတော့ ဣန္ဒြိယသံဝရသီလက မပြီးစီး မပြည့်စုံနိုင်တဲ့အတွက် သမထ ကမ္မဋ္ဌာန်း သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်း - ကမ္မဋ္ဌာန်းအာရုံ တစ်ခုတစ်ခု အတွင်း၌ မိမိ၏ ဘာဝနာစိတ်ကို မိမိက အမြဲတမ်း သွတ်သွင်းထားရမဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ (သံ၊၂၊၃၈၅။ ကုမ္မောပမသုတ်။) အဲဒီလိုသွတ်သွင်းထားနိုင်မှ ကာယကံ စင်ကြယ်မှုလည်း ရှိမည်။ ဝစီကံ စင်ကြယ်မှုလည်း ရှိမည်။ မနောကံ စင်ကြယ်မှုလည်း ရှိမည်။ ကာယကံကို စောင့်စည်းနိုင်တဲ့ သဘောတရား, ဝစီကံကို စောင့်စည်းနိုင်တဲ့ သဘောတရား, မနောကံကို စောင့်စည်းစေနိုင်တဲ့ သဘောတရားတွေ ထင်ရှားဖြစ်ပေါ်လာမည်။ ဖြစ်ပေါ်လာခဲ့လျှင် ဘာဖြစ် လဲ?
တီသု ဒွါရေသု သံဝရော စတုပါရိသုဒ္ဓိသီလံ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
တီသု ဒွါရေသု = ဒွါရသုံးပါးတို့၌။ သံဝရော = စောင့်စည်းခြင်းဖြစ်သည်။ စတုပါရိသုဒ္ဓိသီလံ = စတုပါရိသုဒ္ဓိသီလဖြစ်သည်။ ဟောတိ = ဖြစ်၏၊
ကာယကံကိုလည်း စောင့်စည်းနေတယ်၊ ဝစီကံကိုလည်း စောင့်စည်း တယ်၊ မနောကံကိုလည်း စောင့်စည်းတယ်ဆိုလျှင် စတုပါရိသုဒ္ဓိသီလခေါ်တဲ့ သီလကြီးလေးမျိုးလုံးပင် စင်ကြယ်သွားပြီ ...နော်။
စတုပါရိသုဒ္ဓိသီလေ ဌိတော ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ဂဏှာတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
စတုပါရိသုဒ္ဓိသီလေ = စတုပါရိသုဒ္ဓိသီလ၌။ ဌိတော = ရပ်တည်နိုင်တဲ့ ရဟန်းတော်ဖြစ်သည်။ ဝိပဿနံ = ဝိပဿနာကို။ ဝဍ္ဎေတွာ = တိုးပွားစေခဲ့သည် ရှိသော်။ အရဟတ္တံ = အရဟတ္တဖိုလ်ကို။ ဂဏှာတိ = အရယူနိုင်ပေ၏၊
စတုပါရိသုဒ္ဓိသီလမှာ ရပ်တည်ပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမည်ဆိုလျှင် ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ပြုလုပ်နိုင်ခဲ့သော် အရဟတ္တဖိုလ်အထိ အရယူနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အရဟတ္တဖိုလ်ကို အရယူနိုင်တဲ့ လုပ်ငန်းခွင်တွေကိုသာ လုပ်စေချင်တဲ့အတွက် မြတ်စွာဘုရား က --
"ကစ္စိ နု ခေါ မေ အတ္တာ သီလတော န ဥပဝဒတီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကစ္စိ = အသို့ပါနည်း။ မေ = ငါ၏၊ အတ္တာ = စိတ်သည်။ အတ္တာနံ = မိမိကိုယ်ကို။ သီလတော = သီလအားဖြင့်။ န ဥပဝဒတိ နု ခေါ = မစွပ်စွဲဘဲ ရှိပါ၏လော။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့်ဆင်ခြင်ထိုက်ပေ၏၊
ငါ၏ စိတ်ကနေ ငါ့ကိုယ်ကို ပြန်ပြီးတော့ သီလအားဖြင့် မစွပ်စွဲဘဲ ရှိပါရဲ့လားဆိုပြီးတော့ သာသနာဘောင်သို့ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးပါတဲ့။
ဘာဖြစ်လို့လဲ? မိမိ၏ သီလကို မိမိ မကြာခဏ ဒီလို ဆင်ခြင်ပေးမည် ဆိုလျှင် မိမိ၏ သီလသည် စင်ကြယ်တဲ့ သီလ ဖြစ်တယ်၊ သို့မဟုတ် မစင်ကြယ် တဲ့ သီလ ဖြစ်တယ်ဆိုတာကို မိမိက ဆန်းစစ်လို့ရလောက်တယ်။ ဧဝံ ပစ္စဝေက္ခတော ဟိ အဇ္ဈတ္တံ ဟိရီ သမုဋ္ဌာတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခတော = ဆင်ခြင်သုံးသပ် ရှုပွားလျက်ရှိသော ပုဂ္ဂိုလ်၏သန္တာန်၌။ အဇ္ဈတ္တံ = မိမိကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌။ ဟိရီ = ရှက်ခြင်းဟိရီသဘောတရားသည်။ သမုဋ္ဌာတိ = ထင်ရှားဖြစ်ပေါ်၍ လာ၏၊
မိမိကိုယ်ကို မိမိစိတ်က ပြန်ပြီး စွပ်စွဲသလား? မစွပ်စွဲဘူးလားဆိုတာကို ဒီလို ခဏခဏ ဆင်ခြင်ပေးလိုက်လျှင် မိမိကိုယ်ကို မိမိ ရှက်နေတဲ့ ဟိရီ သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာမည်။
သာ တီသု ဒွါရေသု သံဝရံ သာဓေတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။) သာ = ထို ရှက်ခြင်းဆိုတဲ့ ဟိရီတရားသည်။ တီသု ဒွါရေသု = သုံးမျိုးသော ဒွါရတို့၌။ သံဝရံ = စောင့်စည်းခြင်းကို။ သာဓေတိ = ပြီးစီးပြည့်စုံစေ၏၊
ဒီရှက်ခြင်းသဘောတရား မိမိသန္တာန်မှာ ရှေးရှုတည်လာပြီဆိုလျှင် မိမိ၏ ကာယဒွါရ, ဝစီဒွါရ, မနောဒွါရခေါ်တဲ့ ဒွါရသုံးပါးလုံး၌ စောင့်စည်းခြင်းကို ဒီရှက်ခြင်းဆိုတဲ့ ဟိရီတရားက ပြည့်စုံလာအောင် ရွက်ဆောင်ပေးနိုင်တယ်။ မိမိ၏ ကာယကံတွေ စင်ကြယ်မှုရှိသွားအောင် ရွက်ဆောင်ပေးမည်၊ မိမိ၏ ဝစီကံတွေ စင်ကြယ်မှုရှိသွားအောင် ရွက်ဆောင်ပေးမည်၊ မိမိ၏ မနောကံတွေ စင်ကြယ်မှုရှိသွားအောင် ရွက်ဆောင်ပေးမည်။
အဲဒီတော့ ဒီနေရာမှာ သီလဆိုတာက ပါတိမောက္ခသံဝရသီလလို့ ခေါ်ဆိုအပ်တဲ့ ဝိနည်းသီလ တစ်မျိုးကိုသာ ဆိုလိုသည်မဟုတ်ဘူး။ ပါတိမောက္ခသံဝရသီလနှင့်တကွ ဣန္ဒြိယသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတသီလခေါ်တဲ့ ဒီ စတုပါရိသုဒ္ဓိသီလ လေးမျိုးလုံးကိုပဲ ရည်ညွှန်းထားပါတယ်။
အဲဒီထဲမှာ ဣန္ဒြိယသံဝရသီလ၏ ပြည့်စုံမှုဆိုတာက ကမ္မဋ္ဌာန်းအာရုံနဲ့ ကင်းပြီးတော့ ဣန္ဒြိယသံဝရသီလက မပြီးစီး မပြည့်စုံနိုင်တဲ့အတွက် သမထ ကမ္မဋ္ဌာန်း သို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်း - ကမ္မဋ္ဌာန်းအာရုံ တစ်ခုတစ်ခု အတွင်း၌ မိမိ၏ ဘာဝနာစိတ်ကို မိမိက အမြဲတမ်း သွတ်သွင်းထားရမဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ (သံ၊၂၊၃၈၅။ ကုမ္မောပမသုတ်။) အဲဒီလိုသွတ်သွင်းထားနိုင်မှ ကာယကံ စင်ကြယ်မှုလည်း ရှိမည်။ ဝစီကံ စင်ကြယ်မှုလည်း ရှိမည်။ မနောကံ စင်ကြယ်မှုလည်း ရှိမည်။ ကာယကံကို စောင့်စည်းနိုင်တဲ့ သဘောတရား, ဝစီကံကို စောင့်စည်းနိုင်တဲ့ သဘောတရား, မနောကံကို စောင့်စည်းစေနိုင်တဲ့ သဘောတရားတွေ ထင်ရှားဖြစ်ပေါ်လာမည်။ ဖြစ်ပေါ်လာခဲ့လျှင် ဘာဖြစ် လဲ?
တီသု ဒွါရေသု သံဝရော စတုပါရိသုဒ္ဓိသီလံ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
တီသု ဒွါရေသု = ဒွါရသုံးပါးတို့၌။ သံဝရော = စောင့်စည်းခြင်းဖြစ်သည်။ စတုပါရိသုဒ္ဓိသီလံ = စတုပါရိသုဒ္ဓိသီလဖြစ်သည်။ ဟောတိ = ဖြစ်၏၊
ကာယကံကိုလည်း စောင့်စည်းနေတယ်၊ ဝစီကံကိုလည်း စောင့်စည်း တယ်၊ မနောကံကိုလည်း စောင့်စည်းတယ်ဆိုလျှင် စတုပါရိသုဒ္ဓိသီလခေါ်တဲ့ သီလကြီးလေးမျိုးလုံးပင် စင်ကြယ်သွားပြီ ...နော်။
စတုပါရိသုဒ္ဓိသီလေ ဌိတော ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ဂဏှာတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
စတုပါရိသုဒ္ဓိသီလေ = စတုပါရိသုဒ္ဓိသီလ၌။ ဌိတော = ရပ်တည်နိုင်တဲ့ ရဟန်းတော်ဖြစ်သည်။ ဝိပဿနံ = ဝိပဿနာကို။ ဝဍ္ဎေတွာ = တိုးပွားစေခဲ့သည် ရှိသော်။ အရဟတ္တံ = အရဟတ္တဖိုလ်ကို။ ဂဏှာတိ = အရယူနိုင်ပေ၏၊
စတုပါရိသုဒ္ဓိသီလမှာ ရပ်တည်ပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမည်ဆိုလျှင် ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ပြုလုပ်နိုင်ခဲ့သော် အရဟတ္တဖိုလ်အထိ အရယူနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အရဟတ္တဖိုလ်ကို အရယူနိုင်တဲ့ လုပ်ငန်းခွင်တွေကိုသာ လုပ်စေချင်တဲ့အတွက် မြတ်စွာဘုရား က --
"ကစ္စိ နု ခေါ မေ အတ္တာ သီလတော န ဥပဝဒတီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကစ္စိ = အသို့ပါနည်း။ မေ = ငါ၏၊ အတ္တာ = စိတ်သည်၊ အတ္တာနံ = မိမိကိုယ်ကို။ သီလတော = သီလအားဖြင့်။ န ဥပဝဒတိ နု ခေါ = မစွပ်စွဲဘဲ ရှိပါ၏လော။ ဣတိ = ဤသို့လျှင်။ ပဗ္ဗိဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊ ဒီလို ဆုံးမထားတယ် နော် ...။ ကဲ - နံပါတ် (၄) ပြီးစေ။ နံပါတ် (၅)က ဘာလဲ?
သီတင်းသုံးဖော်တို့၏ စွပ်စွဲမှု
"ကစ္စိ နု ခေါ မံ အနုဝိစ္စ ဝိညူ သဗြဟ္မစာရီ သီလတော န ဥပဝဒန္တီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကစ္စိ = အသို့ပါနည်း။ မံ = ငါ့ကို။ ဝိညူ = တတ်သိနားလည်သော ပညာရှိ ဖြစ်ကြကုန်သော။ သဗြဟ္မစာရီ = သီတင်းသုံးဖော်တို့က။ အနုဝိစ္စ = ဉာဏ်ဖြင့် သက်ဝင် စိစစ်၍။ သီလတော = သီလအားဖြင့်။ န ဥပဝဒန္တိ နု ခေါ = မစွပ်စွဲဘဲ ရှိကြပါကုန်၏လော။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
ဘယ်လိုလဲ? ငါ့ကို တတ်သိနားလည်တော်မူကြတဲ့ သီတင်းသုံးဖော် တို့က ဉာဏ်ဖြင့်သက်ဝင် စူးစမ်းဆင်ခြင်ပြီးတော့ သီလအားဖြင့် မစွပ်စွဲဘဲ ရှိပါရဲ့လား ဆိုတာကိုလည်း သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးပါ။ ဒီလို ဆင်ခြင်လိုက်တဲ့ အတွက် ဘာထူးနိုင်သလဲလို့တော့ မေးစရာရှိတယ် နော်။ ဧဝံ ပစ္စဝေက္ခတော ဟိ ဗဟိဒ္ဓါ ဩတ္တပ္ပံ သဏ္ဌာတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခတော = ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ ဗဟိဒ္ဓါ = ပြင်ပ သက်ရှိသတ္တဝါတို့ အပေါ်၌။ ဩတ္တပ္ပံ = ကြောက်ရွံ့ရိုသေတဲ့ ဩတ္တပ္ပတရားသည်။ သဏ္ဌာတိ = ရှေးရှုတည်လာပေ၏၊
သူတစ်ပါးတွေအပေါ်မှာ ကြောက်ရွံ့ရိုသေမှု, သီတင်းသုံးဖော်တို့အပေါ် မှာ ကြောက်ရွံ့ရိုသေမှုဆိုတဲ့ သဘောတရားတွေ ထင်ရှား ဖြစ်ပေါ်လာမည်။ ငါ့ကို သူတစ်ပါးတို့က သီလဖြင့် စွပ်စွဲကဲ့ရဲ့ကြလေမလားဆိုပြီး ဒီလို ဆင်ခြင် စဉ်းစားနေတဲ့ ပုဂ္ဂိုလ်သည် သူတစ်ပါးတို့အပေါ်၌ ရိုသေလေးစားနေတဲ့ စိတ်ထား၊ ကြောက်ရွံ့နေတဲ့ စိတ်ထားတွေ တဖြည်းဖြည်းပေါ်လာမည်။ ဒီလို ပေါ်လာလျှင် ဒီဩတ္တပ္ပတရားက ဘာဖြစ်လဲ?
တံ တီသု ဒွါရေသု သံဝရံ သာဓေတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
တံ = ထိုဩတ္တပ္ပတရားသည်။ တီသု ဒွါရေသု = ဒွါရသုံးပါးတို့၌။ သံဝရံ = စောင့်စည်းခြင်းကို။ သာဓေတိ = ပြီးစီးပြည့်စုံစေနိုင်၏၊
ဩတ္တပ္ပတရား --- အကုသိုလ်တရား ဒုစရိုက်တရားတို့ကို ပြုကျင့်ဖို့ရန် ကြောက်ရွံ့တဲ့ ဩတ္တပ္ပတရား, သူတစ်ပါးတို့အပေါ်၌ ကြောက်ရွံ့နေတဲ့ ဩတ္တပ္ပတရား ထင်ရှားရှိလာလျှင် ဒီဩတ္တပ္ပတရားက ကာယဒွါရ ဝစီဒွါရ မနောဒွါရခေါ်တဲ့ ဒွါရသုံးပါးလုံး၌ စောင့်စည်းမှုကို ပြီးစီးပြည့်စုံစေနိုင်တယ်။ နောက်တစ်ခု --
တီသု ဒွါရေသု သံဝရော စတုပါရိသုဒ္ဓိသီလံ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
တီသု ဒွါရေသု = ဒွါရသုံးပါးတို့၌။ သံဝရော = စောင့်စည်းခြင်းဖြစ်သည်။ စတုပါရိသုဒ္ဓိသီလံ = စတုပါရိသုဒ္ဓိသီလဖြစ်သည်။ ဟောတိ = ဖြစ်၏၊ ဒွါရသုံးပါးလုံးကို စောင့်စည်းနိုင်လျှင် စတုပါရိသုဒ္ဓိသီလ ပြီးစီးပြည့်စုံပြီ။ စတုပါရိသုဒ္ဓိသီလေ ဌိတော ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ဂဏှာတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
စတုပါရိသုဒ္ဓိသီလေ = စတုပါရိသုဒ္ဓိသီလ၌။ ဌိတော = ရပ်တည်နေ သော ပုဂ္ဂိုလ်ဖြစ်သည်။ ဝိပဿနံ = ဝိပဿနာကို။ ဝဍ္ဎေတွာ = တိုးပွားစေနိုင် ခဲ့သည်ရှိသော်။ အရဟတ္တံ = အရဟတ္တဖိုလ်ကို။ ဂဏှာတိ = အရယူနိုင်ပေ၏၊
စတုပါရိသုဒ္ဓိသီလ၌ ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလို့ ဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် တိုးပွား အောင် ဆောင်ရွက်ခဲ့လျှင် အရတ္တဖိုလ်ကို အရယူနိုင်တယ်။ ဒါကြောင့် ငါ့ကို တတ်သိနားလည်နေတဲ့ ပညာရှိ သီတင်းသုံးဖော် သူတော်ကောင်းတို့က သီလဖြင့် ဉာဏ်ဖြင့် သက်ဝင်ပြီးတော့ မစွပ်စွဲဘဲ ရှိကြပါရဲ့လား ဆိုတာကို လည်း ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည် အမြဲမပြတ် မကြာခဏ ဆင်ခြင်ပေးပါတဲ့။ နံပါတ် (၅) ပြီးသွားပြီ။ နံပါတ် (၆) --
ရှင်ကွဲနှင့် သေကွဲ
"သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါသည်။ ပိယေဟိ = ချစ်မြတ်နိုးအပ်ကုန်သော။ မနာပေဟိ = စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော။ သဗ္ဗေဟိ = ခပ်သိမ်းဥဿုံ အလုံးစုံ ကုန်သော သူတို့နှင့်။ နာနာဘာဝေါ = ရှင်ကွဲ ကွဲရခြင်းသည်လည်းကောင်း။ ဝိနာဘာဝေါ = သေကွဲ ကွဲရခြင်းသည်လည်းကောင်း။ ဘဝိဿတိ = ဖြစ်ရ ပေလိမ့်မည်။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
မိမိ ချစ်ခင်မြတ်နိုးနေတဲ့ နှစ်သက်မြတ်နိုးနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သေကွဲ ရှင်ကွဲ ဤနှစ်ကွဲ တစ်ခုခုတော့ ကျိန်းသေဧကန် ဖြစ်ရမည်ဆိုတာကို ခဏခဏ ဆင်ခြင်ပေးပါတဲ့ နော်။ ဒီလို ဆင်ခြင်လိုက်လျှင် ဘာဖြစ်မလဲ?
ဧဝံ ပစ္စဝေက္ခတော ဟိ တီသု ဒွါရေသု အသံဝုတာကာရော နာမ န ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
ဧဝံ = ဤသို့။ ပစ္စဝေက္ခတော = ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ တီသု ဒွါရေသု = ကာယဒွါရ ဝစီဒွါရ မနောဒွါရဟု ခေါ်ဆိုအပ်သော ဒွါရ သုံးပါးတို့၌။ အသံဝုတာကာရော နာမ = မစောင့်စည်းအပ်သော အခြင်းအရာ မည်သည်။ န ဟောတိ = မဖြစ်နိုင်။
ကာယဒွါရ ဝစီဒွါရ မနောဒွါရတွေမှာ မစောင့်စည်းနိုင်တဲ့ သဘောတရား သူ့သန္တာန်မှာ ဘယ်တော့မှ ထင်ရှား ဖြစ်ပေါ်မလာဘူး။ ဘာဖြစ်လို့ လဲ? သေကွဲ ကွဲရမည်၊ ရှင်ကွဲ ကွဲရမည်ဆိုတာကို သူက အမြဲမပြတ် ဆင်ခြင်နေတယ်။ ဆင်ခြင်နေတဲ့အတွက် ဒီ မိမိ ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေကို အကြောင်းပြုပြီးတော့ မိမိ၏ သန္တာန်မှာ မစောင့်စည်းနိုင်တဲ့ အခြင်းအရာတွေ ဘယ်တော့မှ ဖြစ်ပေါ်မလာဘူးဆိုတာက ငိုတာတို့ ရယ်တာတို့ စသည်တို့ပေါ့ လေ ...။ မိမိ ချစ်ခင်မြတ်နိုးနေတဲ့ ပုဂ္ဂိုလ်တွေ ဖောက်ပြန်ပျက်စီးတာကို အကြောင်းပြုပြီးတော့ စိတ်တွေ မချမ်းမသာဖြစ်တာတို့ ရင်ဘတ်စည်တီး ဖြစ်တာတို့ စတဲ့ ဒီလို မစောင့်စည်းတဲ့ အခြင်းအရာတွေ ဘယ်တော့မှ ဖြစ်ပေါ် မလာဘူး။ နောက်တစ်ခု --
မရဏဿတိ သူပဋ္ဌိတာ ဟောတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
မရဏဿတိ = မရဏာနုဿတိ ကမ္မဋ္ဌာန်းသည်။ သူပဋ္ဌိတာ = ရှေးရှု ကောင်းစွာ တည်နေသည်။ ဟောတိ = ဖြစ်၏၊
မိမိလည်း သေရမည်ဆိုတာကို အမြဲတမ်း ဆင်ခြင်မိနေတယ်။ သူတစ်ပါး တို့ သေရမည်ဆိုတာကိုလည်း အမြဲတမ်း ဆင်ခြင်မိတယ်။ ဒီထက် မိမိက စွမ်းနိုင်မည်ဆိုလျှင်ပေါ၊့ မိမိ သေတဲ့ပုံကို အာရုံယူပြီး မိမိ၏ ဇီဝိတခေါ်တဲ့ အသက်၏ ပြတ်စဲမှုသဘောတရားကို အာရုံယူပြီး မရဏာနုဿတိကမ္မဋ္ဌာန်း ကိုလည်း အမြဲတမ်း စီးဖြန်းနိုင်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမည်။ ဒီလို မရဏာနုဿတိကမ္မဋ္ဌာန်းကို အမြဲမပြတ် စီးဖြန်းနေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ ခုလို ချစ်ခင်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်တွေ ဖောက်ပြန်ပျက်စီးခြင်းတည်းဟူသော အကြောင်းတရားကြောင့် တုန်လှုပ်ခြင်း ဆိုတဲ့ အပြုအမူ၊ ဖောက်ပြန်ပျက်စီးတဲ့ အပြုအမူတွေ ဘယ်တော့မှ ဖြစ်ပေါ်မလာနိုင်ဘူး။
ဒါကြောင့် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်သည် ချစ်ခင်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်အားလုံးတို့နှင့် သေကွဲ ရှင်ကွဲ ဤနှစ်ကွဲ ကျိန်းသေဧကန် ဖြစ်ရမည်ဆိုတာကို မကြာခဏ အမြဲမပြတ် ဆင်ခြင်ပေးပါ။ ကဲ - နံပါတ် (၇)က ဘာလဲ?
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏
"ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ဝါ ပါပကံ ဝါ၊ တဿ ဒါယာဒေါ ဘဝိဿာမီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
အဟံ = ငါသည်။ ကမ္မဿကော = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်။ ကမ္မဒါယာဒေါ = ကံသာလျှင် အမွေခံ ရှိသည်။ ကမ္မယောနိ = ကံသာလျှင် အကြောင်းရင်းစစ် ရှိသည်။ ကမ္မဗန္ဓု = ကံသာလျှင် အဆွေခင်ပွန်း ရှိသည်။ ကမ္မပဋိသရဏော = ကံသာလျှင် ပုန်းအောင်းလည်းလျောင်းမှီခိုရာ ရှိသည်။ အမှိ = ဖြစ်ရပေ၏၊ ကလျာဏံ ဝါ = ကောင်းသည်မူလည်းဖြစ်သော။ ပါပကံ ဝါ = မကောင်းသည်မူလည်းဖြစ်သော။ ယံ ကမ္မံ = အကြင်ကံကို။ ကရိဿာမိ = ပြုစုပျိုးထောင်ပေအံ့။ တဿ = ထိုကံ၏၊ ဒါယာဒေါ = အမွေခံသည်။ ဘဝိဿာမိ = ဖြစ်ရပေအံ့။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာ ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်း ပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
ငါသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိတယ်၊ ကံသာလျှင် အမွေခံရှိတယ်၊ ကံသာလျှင် အကြောင်းရင်းရှိတယ်၊ ကံသာလျှင် အဆွေအမျိုးရှိတယ်၊ ကံသာလျှင် ပုန်းအောင်းလည်းလျောင်းမှီခိုရာ ရှိတယ်။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အကြင် ကံတစ်ခုကို ငါ ပြုစုပျိုးထောင်မည်ဆိုလျှင် ထိုကံ၏ အမွေခံသာ ငါ ကျိန်းသေဧကန် ဖြစ်ရမည်လို့ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်သည် အမြဲမပြတ် မကြာခဏ ဆင် ခြင်ပေးပါတဲ့။ အဲဒီလို ဆင်ခြင်လိုက်မည်ဆိုလျှင် ဘာဖြစ်မလဲ? --
ဧဝံ ကမ္မဿကတံ ပန ပစ္စဝေက္ခတော ပါပကရဏံ နာမ န ဟောတိ။ ဧဝံ = ဤသို့လျှင်။ ကမ္မဿကတံ = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို။ ပစ္စဝေက္ခတော = ဆင်ခြင်သုံးသပ် ရှုပွား၍နေသော ပုဂ္ဂိုလ်၏ သန္တာန်၌။ ပါပကရဏံ နာမ = မကောင်းမှုကို ပြုခြင်းမည်သည်။ န ဟောတိ = မဖြစ်နိုင်ပေ။
ငါက ဒီကံကို ပြုစုပျိုးထောင်လျှင် ဒီလိုအကျိုးတရားရမည်၊ ဒီကောင်းတဲ့ ကံကို ပြုစုပျိုးထောင်လျှင် ဒီလိုကောင်းတဲ့ အကျိုးတရားရမည်၊ ဒီမကောင်းတဲ့ ကံကို ပြုစုပျိုးထောင်ခဲ့လျှင် ဒီလိုမကောင်းတဲ့ အကျိုးရမည် စသည်ဖြင့် အမြဲ မပြတ် ဆင်ခြင်နေတဲ့ ပုဂ္ဂိုလ်သည် မကောင်းမှုကံကို သိပ်ကြောက်သွားတယ်။ ကြောက်သွားတဲ့အတွက်ကြောင့် ဒီ မကောင်းမှုကံတွေကို ပြုလုပ်ဖို့ရန် တာဝန် တွေ လျော့နည်းသွားပြီ၊ ပြုချင်တဲ့ စိတ်ထားလည်း မရှိတော့ဘူး။
အထူးသဖြင့် ဒီလို ဆင်ခြင်တဲ့အပိုင်းမှာ မိမိက စွမ်းအားရှိလို့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို တကယ်လက်တွေ့ ရှုနိုင်တဲ့ သူတော်ကောင်းဖြစ်ခဲ့လျှင် အတိတ်ဘဝဇာတ်ကြောင်းတစ်ခုမှာ မိမိ မှားခဲ့တဲ့ မှားယွင်းချက်တွေ မကောင်းတဲ့ အကုသိုလ်ကံတွေ ထူထောင်မိတဲ့ အတွက် မကောင်းတဲ့ အကျိုးတရား ခံစားခဲ့ရပုံတွေကို စနစ်တကျ သိမည် မြင်မည်ဆိုလျှင် ထိုကံမျိုးတွေကို နောက်ထပ် ထူထောင်ဖို့ရန်အတွက် စိတ် ဓာတ်တွေ တွန့်ဆုတ်သွားပြီ၊ ဒါဟာ ကောင်းကျိုးတစ်ခုပဲ နော်။ အဲဒီ အဆင့် အထိ မိမိက မရောက်နိုင်လျှင်လည်း ဘုရားရှင်၏ တရားတော်အပေါ်၌ ယုံကြည်စိတ်ချသောအားဖြင့် ကံ ကံ၏ အကျိုးကို ငါ ကျိန်းသေဧကန် ခံစား ရမည်လို့ အမြဲမပြတ် ဆင်ခြင်ပေးလျှင် ဘာဖြစ်မလဲ? လာဘ်ရခြင်း လာဘ်မရ ခြင်း, ချမ်းသာခြင်း ဆင်းရဲခြင်း, အခြံအရံ များခြင်း အခြံအရံ နည်းပါးခြင်း, အကဲ့ရဲ့ ခံရခြင်း အချီးမွမ်း ခံရခြင်းဆိုတဲ့ ဒီလောကဓံတရားတွေနဲ့ တွေ့တဲ့ အခါမှာ မိမိက ခံနိုင်ရည် ရှိသွားလိမ့်မည် နော်။ ဒါကြောင့် ဒီလို ကံ ကံ၏ အကျိုးကို အမြဲတမ်း ဆင်ခြင်ပေးပါ။ နောက်တစ်ခု နံပါတ် (၈) --
ညဉ့်-နေ့တွေ ဘယ်လိုကုန်သွားသလဲ?
"ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ဝီတိဝတ္တန္တီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါသည်။ ကထံဘူတဿ = အဘယ်သို့ ဖြစ်ပေါ်နေစဉ်။ မံ = ငါ့ကို။ ရတ္တိန္ဒိဝါ = နေ့ညဉ့်တို့သည်။ ဝီတိဝတ္တန္တိ = ကျော်လွန်မြောက်၍ သွားကြလေကုန်သနည်း။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာ ဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
ငါသည် ဘယ်လို ဖြစ်နေစဉ်အချိန်အခါမှာ ငါ့ကို နေ့တွေ ညဉ့်တွေက ကျော်လွှားလွန်မြောက်ပြီး သွားကြပါသလဲဆိုတာကို သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် အမြဲမပြတ် မကြာခဏ ဆင်ခြင်ပေးရမည်။ ဘာပြောတာလဲ --
ကိန္နု ခေါ မေ ဝတ္တပ္ပဋိပတ္တိံ ကရောန္တဿ, ဥဒါဟု အကရောန္တဿ, ဗုဒ္ဓဝစနံ သဇ္ဈာယန္တဿ, ဥဒါဟု အသဇ္ဈာယန္တဿ, ယောနိသောမနသိကာရေ ကမ္မံ ကရောန္တဿ, ဥဒါဟု အကရောန္တဿာတိ ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ဝီတိဝတ္တန္တိ, ပရိဝတ္တန္တီတိ အတ္ထော။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
ကိန္နု ခေါ = အသို့ပါနည်း။ မေ = ငါသည်။ ဝတ္တပ္ပဋိပတ္တိံ = ကျင့်ဝတ် ပဋိပတ်ကို။ ကရောန္တဿ = လိုက်နာပြုကျင့်၍ နေစဉ်။ ဥဒါဟု = ထိုသို့မဟုတ်။ အကရောန္တဿ = မလိုက်နာ မပြုကျင့်၍ နေစဉ်။ မံ = ငါ့ကို။ ရတ္တိန္ဒိဝါ = နေ့ညဉ့်တို့သည်။ ဝီတိဝတ္တန္တိ = ကျော်လွှားလွန်မြောက်၍ သွားကြလေကုန် သလား?
ဘယ်လိုလဲ? ငါသည် ဘုရားရှင် ပညတ်တော်မူတဲ့ ကျင့်ဝတ်ပဋိပတ် တွေကို လိုက်နာပြုကျင့်နေတုန်းမှာ ငါ၏ နေ့ညဉ့်တွေက ငါ့ကို ကျော်လွှား လွန်မြောက်ပြီးသွားတာ ဟုတ်ရဲ့လား၊ ဘုရား ဆိုဆုံးမတော်မူတဲ့ ကျင့်ဝတ် ပဋိပတ်တွေကို မလိုက်နာ မပြုကျင့်နေတဲ့ အချိန်အခါမှာပဲ ငါ၏ နေ့ညဉ့် တွေက ငါ့ကို ကျော်လွှားလွန်မြောက်ပြီး သွားလေသလား ဆိုတာကိုလည်း ဆင်ခြင်ပေးရမည်။ နောက်တစ်ခု --
ဗုဒ္ဓဝစနံ = ဘုရားရှင်၏ တရားစကားတော်ကို။ သဇ္ဈာယန္တဿ = ရွတ်ဖတ်သရဇ္ဈာယ်နေစဉ်။ ဥဒါဟု = ထိုသို့ မဟုတ်။ အသဇ္ဈာယန္တဿ = မရွတ်ဖတ် မသရဇ္ဈာယ်ဘဲ နေထိုင်စဉ်။ ရတ္တိန္ဒိဝါ = နေ့ညဉ့်တို့သည်။ မံ = ငါ့ကို။ ဝီတိဝတ္တန္တိ = ကျော်လွှားလွန်မြောက်၍ သွားကြလေကုန်သလော?
ဘုရားရှင်၏ တရားစကားတော်တွေကို ရွတ်ဖတ် သရဇ္ဈာယ်နေစဉ် သို့မဟုတ် ဘုရားရှင်၏ တရားတော်တွေကို မရွတ်ဖတ်ဘဲ နေထိုင်စဉ်အတွင်း မှာဘဲ ငါ့ကို ငါ၏ နေ့ညဉ့်တွေက ကျော်လွန်မြောက်၍ သွားကြလေသလား။ ဒါကိုလည်း ဆင်ခြင်ပေးရမည်။ နောက်တစ်ခု --
ယောနိသောမနသိကာရေ = ယောနိသောမနသိကာရ လုပ်ငန်းရပ်၌။ ကမ္မံ = ကမ္မဋ္ဌာန်းကို။ ကရောန္တဿ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေစဉ်။ ဥဒါဟု = ထိုသို့မဟုတ်။ ကမ္မံ = ကမ္မဋ္ဌာန်းကို။ အကရောန္တဿ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မှု မလုပ်ဘဲ နေထိုင်စဉ်။ ရတ္တိန္ဒိဝါ = နေ့ညဉ့်တို့သည်။ မံ = ငါ့ကို။ ဝီတိဝတ္တန္တိ = ကျော်လွှားလွန်မြောက်၍ သွားကြလေကုန်သလော?
သို့မဟုတ် - ယောနိသောမနသိကာရလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဋ္ဌ်းအာရုံကို ငါ တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ အချိန်အခါမှာ ငါ၏ နေ့ညဉ့်တွေက ငါ့ကို ကျော်လွှားလွန်မြောက်ပြီး သွားတာ ဖြစ်ရဲ့လား ...? သို့မဟုတ် ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်မှု မရှိတဲ့ အချိန်အခါတွေမှာပဲ, အားမထုတ်ဘဲ နေထိုင်စဉ်မှာပဲ ငါ၏ နေ့ညဉ့်တွေက ငါ့ကို ကျော်လွှားလွန်မြောက်ပြီး သွားလေသလား ...?ဆိုပြီးတော့ ဒီလို သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်သည် ဆင်ခြင် ပေးရတယ်။ အဲဒီလို ဆင်ခြင်လိုက်လျှင် ဘာဖြစ်မလဲ?
ဧဝံ ပစ္စဝေက္ခတော ဟိ အပ္ပမာဒေါ ပရိပူရတိ။ (အံ၊ဋ္ဌ၊၃၊၃၁၄။)
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခတော = ဆင်ခြင်၍ နေသော ပုဂ္ဂိုလ်၏ သန္တာန်၌။ အပ္ပမာဒေါ = ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့မလျော့ခြင်း အပ္ပမာဒတရားသည်။ ပရိပူရတိ = ပြီးစီးပြည့်စုံလာနိုင်ပေ၏၊
ဒီလို အမြဲမပြတ် ဆင်ခြင်ပေးမည်ဆိုလို့ရှိလျှင် မိမိ တကယ်လက်တွေ့ ကျင့်ရမည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေအပေါ်၌ မမေ့ မလျော့ခြင်း အပ္ပမာဒတရားသည် ပြီးစီးပြည့်စုံလာနိုင်တယ်။ အထူးသဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို မမေ့မလျော့ အမြဲတမ်း အမှတ်ရနေခြင်း အပ္ပမာဒတရားသည် ပြီးစီးပြည့်စုံလာနိုင်ပါတယ်။ ဒါကြောင့် ရှင်ရဟန်းဖြစ်လာပြီဆိုလို့ရှိလျှင် ဘာလုပ်ရမလဲ?
"ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ဝီတိဝတ္တန္တီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါသည်။ ကထံဘူတဿ = အဘယ်သို့ ဖြစ်နေစဉ်။ မံ = ငါ့ကို။ ရတ္တိန္ဒိဝါ = နေ့ညဉ့်တို့က။ ဝီတိဝတ္တန္တိ = ကျော်လွှားလွန်မြောက်၍ သွားကြ လေကုန်သနည်း။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊ ဒါက နံပါတ် (၈)ပဲ နော်။ နောက်တစ်ခု - နံပါတ် (၉)၊ မြတ်စွာဘုရား ဆက်ဟောပြီ --
ဆိတ်ငြိမ်တဲ့ တောကျောင်းတောင်ကျောင်းနှင့် အဓိကုသလဓမ္မတို့၌ ပျော်မွေ့ပါရဲ့လား?
"ကစ္စိ နု ခေါ အဟံ သုညာဂါရေ အဘိရမာမီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကစ္စိ = အသို့ပါနည်း။ အဟံ = ငါသည်။ သုညာဂါရေ = ဆိတ်ငြိမ်ရာ အရပ်၌။ အဘိရမာမိ နု ခေါ = မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်ပါ၏လော။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင် ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင် ထိုက်ပေ၏၊
ဘယ်လိုတုန်း ...? ငါသည် ဆိတ်ငြိမ်တဲ့ လုပ်ငန်းရပ်တွေ၌ ဆိတ်ငြိမ် တဲ့ အရပ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု ရှိပါရဲ့လား ဆိုတာကို သာသနာ ဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်မှန်လျှင် အမြဲမပြတ် မကြာခဏ ဆင်ခြင်ပေးပါတဲ့။ ဒါက နံပါတ် (၉) ပဲနော်။
ဒီတော့ ဒီနေရာမှာ ဆိတ်ငြိမ်မှုဆိုတာက ''ဝိဝေက''လို့ ခေါ်ပါတယ်။ ပဝိဝိတ္တဿာယံ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ။ (အံ၊၃၊၆၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အယံ ဓမ္မော = ဤလောကုတ္တရာတရား ကိုးပါးသည်ကား။ ပဝိဝိတ္တဿ = 'ဝိဝေက'သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်အားသာလျှင်။ ဟောတိ = ဖြစ်နိုင်၏၊ သင်္ဂဏိကာရာမဿ = အပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ န ဟောတိ = ဘယ်တော့မှ မဖြစ်နိုင်။
လောကုတ္တရာတရားကိုးပါးဆိုတာက 'ဝိဝေက'သုံးဖြာမှာ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာသာ ဖြစ်ပေါ်လာနိုင်တယ်။ 'ဝိဝေက'သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှု မရှိဘဲ အပေါင်းအဖော်နှင့် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ ဘယ်တော့မှ ဖြစ်ပေါ် ပြီးတော့ မလာနိုင်ဘူး။ ဒီလို မြတ်စွာဘုရားက အနုရုဒ္ဓမဟာဝိတက္ကသုတ္တန် ဆိုတဲ့ အင်္ဂုတ္တရနိကာယ် သုတ္တန်တစ်ခုမှာ ဟောထားပါတယ် နော်။
ဒီတော့ မိမိတို့က လောကုတ္တရာတရားကိုးပါးကို အလိုရှိခဲ့မည်ဆိုလျှင် 'ဝိဝေက'သုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားရှိဖို့တော့ လိုပါ တယ်။ 'ဝိဝေက'သုံးဖြာဆိုတာက ဘာတွေလဲ? ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေကတို့ ဖြစ်ကြပါတယ်။ တစ်ယောက်ထီးတည်း တစ်ပါးထီးတည်း သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, လျောင်းခြင်း, အိပ်ခြင်း စသည်ဖြင့် အဖော် မပါဘဲနဲ့ နေထိုင်ခြင်းကို ကာယဝိဝေကလို့ ခေါ်ပါတယ်။ ကာယဝိဝေကဖြင့် နေထိုင်ရုံသက်သက်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရနိုင်မလား လောကုတ္တရာ တရားထူးတရားမြတ်ကို ရနိုင်မလားဆိုတော့ မရနိုင်ဘူး။ မရနိုင်တော့ ဘာလုပ်ရမလဲ?
စိတ္တဝိဝေက အမည်ရတဲ့ စျာန်သမာပတ် ရှစ်ပါးတွေကို ရအောင် ကြိုးစားအားထုတ်ရပါတယ်။ စိတ္တဝိဝေက ဆိုတာကတော့ မိမိတို့၏ ဘာဝနာစိတ် အစဉ်မှာ နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းဆိတ်နေမှု သဘော တရားကို စိတ္တဝိဝေကလို့ ခေါ်ပါတယ်။ စိတ်အစဉ်မှာ နီဝရဏကိလေသာ အညစ်အကြေးတွေ မကပ်အောင် ကသိုဏ်းပရိကံတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး စျာန်သမာပတ်ရှစ်ပါးကို ရအောင် ကြိုးစားရတယ်။ အဲဒီ စျာန်သမာပတ်ရှစ်ပါးတွေက စိတ္တဝိဝေကတရားတွေ ဖြစ်ကြပါတယ်။ ဒီ စျာန်သမာပတ်ရှစ်ပါးကို ဝင်စားနေခိုက်မှာ မိမိတို့ သန္တာန်မှာ နီဝရဏ ကိလေသာ အညစ်အကြေးတွေက ကင်းဝေးနေပါတယ်။ သို့သော် ဒီစိတ္တဝိဝေကတရား သက်သက်မျှဖြင့်လည်း လောကုတ္တရာတရားကို ရနိုင်မလား ဆိုတော့ မရနိုင်ဘူး။ မရနိုင်တော့ ဘာလုပ်ရသလဲ?
စိတ္တဝိဝေက အမည်ရနေတဲ့ ဒီစျာန်သမာပတ်တွေကို အခြေခံပြီးတော့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို သိမ်းဆည်းပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ပြီး စီးဖြန်းရတယ်။ ဒီလို ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုက်တဲ့အခါ သင်္ခါရတရားတွေကို လက္ခဏာရေး သုံးတန် တင်ပြီး ဝိပဿနာရှုလိုက်တဲ့ အချိန်အခါမှာ --- တစ်ချိန် - ဝိပဿနာဉာဏ်တွေ က ရင့်ကျက်လာလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်သွားမှာ ဖြစ်တယ်။ အကယ်၍ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်ရောက်ခဲ့ပြီဆိုလျှင် တော့ ထိုအရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်သည် ဥပဓိဝိဝေကတရား ဖြစ် ပါတယ်။
ဥပဓိ ဆိုတာက တည်ရာ။ ဝိဝေကက ကင်းဆိတ်မှု သဘောပဲ။ တည်ရာ လေးမျိုးမှ ကင်းဆိတ်တယ်။ တည်ရာလေးမျိုးက ဘာတွေလဲလို့ မေးတော့ - ကာမုပဓိ ခန္ဓုပဓိ ကိလေသုပဓိ အဘိသင်္ခါရုပဓိ ဆိုပြီး ဥပဓိတရား လေးပါးရှိပါတယ်။
ကာမုပဓိ ဆိုတာက -- အာရုံငါးပါး ကာမဂုဏ်တရားတွေကိုလည်း ဥပဓိတရားလို့ခေါ်တယ်။ ဘာကြောင့်လဲ? အာရုံငါးပါး ကာမဂုဏ်တရားတွေ ကို အကြောင်းခံပြီး သုခဝေဒနာက ဖြစ်ပေါ်လာတဲ့အတွက် အာရုံငါးပါး ကာမဂုဏ်တရားတွေသည် သုခဝေဒနာတွေ၏ တည်ရာဖြစ်လို့ သူတို့ကို ကာမုပဓိလို့ ခေါ်တယ်။ အဲဒီ ကာမုပဓိအမည်ရနေတဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေသည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်မှာ မရှိဘူး။ မရှိတဲ့ အတွက်ကြောင့် ဒီအရဟတ္တဖိုလ်နိဗ္ဗာန်ကိုလည်း ကာမုပဓိခေါ်တဲ့ ဥပဓိ တရားမှ ကင်းဆိတ်နေတဲ့ တရားတစ်ခုဖြစ်သည့်အတွက် ဥပဓိဝိဝေကလို့ ခေါ်ပါတယ်။ နောက်တစ်ခု
ခန္ဓုပဓိ ဆိုတာက -- ခန္ဓာငါးပါးကိုလည်း ဥပဓိတရားလို့ ခေါ်တယ်။ ခန္ဓာငါးပါးကို ဘာကြောင့် ဥပဓိတရားလို့ ခေါ်ရသလဲလို့ မေးတော့ ခန္ဓာလျှင် အကြောင်းရင်းရှိတဲ့ ဒုက္ခတွေသည် ခန္ဓာငါးပါးအပေါ်မှာ သွားပြီး မှီတင်းပြီး နေထိုင်ကြတယ်။ ဆိုလိုတာက ဒီခန္ဓာငါးပါးရှိတဲ့အတွက် ငရဲမှာ ဒုက္ခခံရ တယ်။ ဒီခန္ဓာငါးပါး ရှိတဲ့အတွက် ပြိတ္တာဘဝမှာ ဒုက္ခ ခံရတယ်။ ဒီခန္ဓာ ငါးပါးရှိတဲ့အတွက် တိရစ္ဆာန်ဘဝမှာ ဒုက္ခခံရတယ်၊ ဒီခန္ဓာငါးပါးရှိတဲ့အတွက် လူ့ဘဝမှာ ဒုက္ခအမျိုးမျိုး ခံရတယ်။ ဒီခန္ဓာငါးပါးရှိတဲ့အတွက် အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေရတဲ့ ဒုက္ခ, အိုရတဲ့ ဒုက္ခ, နာရတဲ့ ဒုက္ခ, သေရတဲ့ ဒုက္ခ ခံရတယ်။ ခန္ဓာလျှင် အကြောင်းရင်းရှိတဲ့ ဒုက္ခအမျိုးမျိုးတွေ ခန္ဓာရှိမှုကြောင့် ထင်ရှား ဖြစ်ပေါ်လာရတဲ့အတွက် ခန္ဓာသည် ခန္ဓာလျှင် အကြောင်းရင်းရှိတဲ့ ဒုက္ခအမျိုးမျိုးတွေ၏ တည်ရာဖြစ်လို့ ခန္ဓာငါးပါးကိုလည်း ခန္ဓုပဓိလို့ ခေါ်ပါ တယ်။ နိဗ္ဗာန်မှာ ဒီခန္ဓုပဓိတရားမှလည်း လုံးဝကင်းဆိတ် နေတယ်။ ဒါကြောင့် နိဗ္ဗာန်သည် ဥပဓိဝိဝေက မည်ပါတယ်။
နောက်တစ်ခုကတော့ ကိလေသုပဓိဖြစ်ပါတယ်။ ကိလေသာ ဥပဓိ တရားတွေလည်း ဒီနိဗ္ဗာန်မှာ ကင်းဆိတ် နေတယ်။ ကိလေသာတွေကို ဥပဓိလို့ ဘာကြောင့်ခေါ်သလဲလို့ မေးတော့ အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခ တွေဟာ ကိလေသာ အထင်အရှားရှိတဲ့ ပုဂ္ဂိုလ်တွေ၏ သန္တာန်မှာသာ ဖြစ် ပေါ်တယ်။ ကိလေသာ အထင်အရှားမရှိတဲ့ ပုဂ္ဂိုလ်တွေ၏ သန္တာန်မှာ အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခတွေ မဖြစ်ပေါ်နိုင်တဲ့အတွက် အပါယ်သံသရာဝဋ် ဆင်းရဲဒုက္ခ၏ တည်ရာ ဖြစ်ခြင်းကြောင့် ကိလေသာတရားတွေကိုလည်း ဥပဓိ တရားလို့ ခေါ်ပါတယ်။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်မှာ ထို ကိလေသာ ဥပဓိတရားတို့မှလည်း ကင်းဆိတ်နေတဲ့အတွက် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်သည် ဥပဓိဝိဝေကတရားဖြစ်တယ်။ နောက်တစ်ခု --
အဘိသင်္ခါရုပဓိ -- အဘိသင်္ခါရဆိုတာက ဘဝသစ်ကို ဖြစ်ပေါ်လာ အောင် ပြုပြင်ပေးနေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ ကုသိုလ်သင်္ခါရ အကုသိုလ် သင်္ခါရတရားတွေကို အဘိသင်္ခါရလို့ ခေါ်ပါတယ်။ ထိုအဘိသင်္ခါရတွေသည် ကံလျှင် အကြောင်းရင်း ရှိနေတဲ့ ဒုက္ခ, သံသရာဝဋ်ဆင်းရဲဒုက္ခ အဝဝတို့၏ တည်ရာဖြစ်လို့ ဒီကုသိုလ်ကံ အကုသိုလ်ကံ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ တရားတွေကိုလည်း ဥပဓိတရားလို့ ခေါ်ပါတယ်။ အဲဒီ အဘိသင်္ခါရုပဓိ အမည်ရနေတဲ့ ဥပဓိတရားတွေလည်း ဒီအသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် မှာ မရှိဘူး။ ဒါကြောင့် အသင်္ခတဓာတ် အရဟတ္တဖိုလ် နိဗ္ဗာန်သည် ဥပဓိဝိဝေကမည်ပါတယ်။
ပေါင်းလိုက်တော့ ဝိဝေကတရား ဘယ်နှစ်ခုလဲ? (၃)ခု --- ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေက။ အဲဒီ ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားရှိတဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာသာလျှင် လောကုတ္တရာတရားကိုးပါးက ထင်ရှားဖြစ်ပေါ်လာနိုင်တယ်။ ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားမရှိဘဲ အပေါင်းအဖော်နဲ့ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်၏သန္တာန်မှာ လောကုတ္တရာ တရားကိုးပါးက ထင်ရှားဖြစ်ပေါ်ပြီး ဘယ်တော့မှ မလာနိုင်ဘူး။ အဲဒီလို မလာနိုင်တဲ့အတွက်ကြောင့် မြတ်စွာဘုရားက --
"ကစ္စိ နု ခေါ အဟံ သုညာဂါရေ အဘိရမာမီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကစ္စိ = အသို့ပါနည်း။ အဟံ = ငါသည်။ သုညာဂါရေ = ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်း အရပ်ဒေသ၌ (ဝါ) ဆိတ်ငြိမ်ရာဖြစ်တဲ့ ဝိဝေက တရား၌။ အဘိရမာမိ နု ခေါ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ပါ၏လော။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊ ဒီလို ဟောထားပါတယ်။ အဲဒီလို ဆင်ခြင်လိုက်လို့ရှိလျှင် ဘာဖြစ်လဲ --
ဧဝံ ပစ္စဝေက္ခတော ကာယဝိဝေကော ပရိပူရတိ။
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခတော = အမြဲမပြတ် ဆင်ခြင်နေသော ပုဂ္ဂိုလ်၏သန္တာန်၌။ ကာယဝိဝေကော = ကာယဝိဝေကသည်။ ပရိပူရတိ = ပြီးစီးပြည့်စုံလာနိုင်ပေ၏၊
ဒီလို ဆင်ခြင်နေမည်ဆိုလို့ရှိလျှင် ဆင်ခြင်တဲ့ ပုဂ္ဂိုလ်၏ သန္တာန်မှာ ကာယဝိဝေက သို့မဟုတ် စိတ္တဝိဝေက သို့မဟုတ် ဥပဓိဝိဝေက ဆိုတဲ့ ဝိဝေကတရား သုံးပါးတွေ တဖြည်းဖြည်း ပြည့်စုံလာနိုင်ပါတယ်။ ဒါကြောင့် အမြဲမပြတ် ဆင်ခြင်ပေးပါတဲ့။ နောက် - နံပါတ် (၁၀) နော်။
သေရာညောင်စောင်း လျောင်းစက်သောအခါ
''အတ္ထိ နု ခေါ မေ ဥတ္တရိ မနုဿဓမ္မော အလမရိယဉာဏဒဿနဝိသေသော အဓိဂတော၊ ယေနာဟံ ပစ္ဆိမေ ကာလေ သဗြဟ္မစာရီဟိ ပုဋ္ဌော န မင်္ကု ဘဝိဿာမီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါ၏သန္တာန်၌။ အဓိဂတော = ရရှိအပ်ပြီးသော။ ဥတ္တရိမနုဿဓမ္မော = လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်သော။ အလမရိယဉာဏဒဿနဝိသေသော = ကိလေသာ အညစ် အကြေးကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ဖြူစင်မြင့်မြတ်သော ဉာဏ်အမြင် ထူးသည်။ အတ္ထိ နု ခေါ = ရှိများရှိပါလေရဲ့လား? ယေန = ယင်းတရား ကြောင့်။ အဟံ = ငါသည်။ ပစ္ဆိမေ ကာလေ = နောက်ဆုံး သေရာညောင် စောင်း လျောင်းစက်သော အချိန်အခါကာလ၌။ သဗြဟ္မစာရီဟိ = သီတင်း သုံးဖော်တို့က။ ပုဋ္ဌော = မေးမြန်းအပ်သည်ရှိသော်။ မင်္ကု = မျက်နှာ မသာ မယာ ရှိသည်။ န ဘဝိဿာမိ = မဖြစ်ရပေအံ့။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ် သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
''ငါ့မှာ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန် မြင့်မြတ်နေတဲ့ စျာန်တရားတွေ မဂ်တရားတွေ ဖိုလ်တရားတွေ နိဗ္ဗာန်တရား တွေ ထင်ရှားရှိရဲ့လား, ဒီစျာန် မဂ်ဖိုလ်တရားတွေက ကိလေသာအညစ် အကြေးကို စင်ကြယ်အောင် ဆေးကြောသုတ်သင်နိုင်တဲ့ ဖြူစင်မြင့်မြတ်တဲ့ ဉာဏ်အမြင်ထူးတွေဖြစ်တယ်၊ ဒီဉာဏ်အမြင်ထူးတွေသည် ငါ့သန္တာန်မှာ ထင်ရှား ရှိကြပါရဲ့လား ...?''ဆိုပြီးတော့ ဆင်ခြင်ပေးရမည်။
ဒီလို ဆင်ခြင်ရုံတွင်လားဆိုတော့ မကသေးဘူး။ ဒီဆင်ခြင်ခြင်းက ဘာ အကျိုးရှိသလဲလို့ မေးတော့ နောက်ဆုံး မိမိက သေတော့မည်၊ သေရာ ညောင်စောင်း လျောင်းစက်ပြီဆိုတဲ့ အချိန်အခါမှာ သီတင်းသုံးဖော်တို့က မေးချင်မေးမည် ''အရှင်ဘုရားမှာ အားကိုးထိုက်တဲ့ လောကုတ္တရာတရားတွေ ထင်ရှား ရှိပါရဲ့လား''လို့ မေးလျှင် တပည့်တော်မှာ မရှိပါဘူးလို့ ပြောမည် ဆိုလျှင် မျက်နှာ မသာမယာ ဖြစ်သွားမည်။ အဲဒီလို မျက်နှာ မသာမယာ မဖြစ်ရအောင် ငါ့မှာ လောကုတ္တရာတရားတွေ ထင်ရှားရှိပါရဲ့လားဆိုတာကို သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်သည် အမြဲ မပြတ် မကြာခဏ ဆင်ခြင်ပေးပါ။ ဒီလို ဆင်ခြင်လိုက်လို့ ဘာထူးမလဲ?
ဧဝံ ပစ္စဝေက္ခန္တဿ ဟိ မောဃကာလကရိယာ နာမ န ဟောတိ။
ဧဝံ = ဤသို့လျှင်။ ပစ္စဝေက္ခန္တဿ = အမြဲမပြတ် မကြာခဏ ဆင်ခြင် သုံးသပ် ရှုပွားလျက်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌။ မောဃကာလကရိယာ နာမ = အချိန်ကို ဖြုန်းတီး၍ နေခြင်းမည်သည်။ န ဟောတိ = မဖြစ်နိုင် တော့ပေ။
အချိန်တွေကို မဖြုန်းတော့ဘူး။ ငါ့မှာ ဒီလောကုတ္တရာတရားကိုးပါးက ထင်ရှားရှိလျှင် ရှိတယ်၊ မရှိလျှင် မရှိဘူး ဆိုတာကို သိနေတဲ့အတွက် ဆင်ခြင် နိုင်တဲ့အတွက် ငါသည် အချိန်တွေ ဖြုန်းနေလို့တော့ မဖြစ်တော့ဘူး၊ နေဝင်တော့ မည်ဆိုတာ ကိုယ့်ကိုယ်ကို သိရတယ် နော်။ နေတွေက ဝင်ဖန် များလာပြီဆိုလျှင်တော့ ဘာဖြစ်မလဲ? သေရွာကို သွားဖို့က နီးကပ်လာတာပဲ။ တစ်နေ့ထက် တစ်နေ့ သေမည့်ဘက်သို့ နီးသထက်သာ နီးလာတယ်၊ ဝေး ဝေး မသွားဘူး။ တစ်နေဝင်တာသည် တစ်နေ့ သေမည့်ဘက်ကို နီးလာတာပဲ။ နောက်တစ်နေ့ တစ်နေဝင်လျှင်လည်း နောက်တစ်နေ့ သေမည့်ဘက်ကို နီးလာတာပဲ။
ဒါကြောင့် နေဝင်ခါနီးနေပြီဖြစ်တဲ့ သေမဲ့ဘက်ကို နီးကပ်လာတာကို မိမိက မကြာခဏ ဆင်ခြင်မိတဲ့အတွက် အချိန်တွေကို အလကား ဖြုန်းတီး တယ်ဆိုတဲ့ လုပ်ငန်းရပ်တွေကို မိမိက မပြု မကျင့်ဘဲ ရှောင်ကြဉ်နိုင်တဲ့ သဘောတွေ ရှိလာမည်။ အချိန်တွေကို အလကား မဖြုန်းတီးဘူးဆိုလျှင် ဘာလုပ်မလဲ? သီလကျင့်စဉ်တွေကို ငါ တကယ်လက်တွေ့ကျင့်မည်၊ သမာဓိ ကျင့်စဉ်တွေကို ငါ တကယ် လက်တွေ့ကျင့်မည်၊ ပညာကျင့်စဉ်တွေကို ငါ တကယ် လက်တွေ့ကျင့်မည်ဆိုတဲ့ စိတ်ထားတွေ ပေါ်လာမည်။ တကယ် လက်တွေ့ သီလကျင့်စဉ်တွေကိုလည်း ကျင့်တယ်၊ သမာဓိကျင့်စဉ်တွေကို လည်း ကျင့်တယ်၊ ပညာကျင့်စဉ်တွေကိုလည်း ကျင့်တယ်၊ အောင်အောင် မြင်မြင် ကျင့်နိုင်ခဲ့လျှင်တော့ တစ်နေ့မှာ မိမိ မျှော်လင့် တောင့်တနေတဲ့ လောကုတ္တရာ တရားထူးတရားမြတ်တွေကို ရရှိနိုင်ပါတယ်။ ဒီလို ရရှိနိုင်တဲ့ အတွက် မြတ်စွာဘုရားက --
''အတ္ထိ နု ခေါ မေ ဥတ္တရိမနုဿဓမ္မော အလမရိယဉာဏဒဿန ဝိသေသော အဓိဂတော၊ ယေနာဟံ ပစ္ဆိမေ ကာလေ သဗြဟ္မစာရီဟိ ပုဋ္ဌော န မင်္ကု ဘဝိဿာမီ''တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မေ = ငါ၏သန္တာန်၌။ အဓိဂတော = ရရှိအပ်ပြီးသော။ ဥတ္တရိမနုဿဓမ္မော = လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်၍ နေသော။ အလမရိယဉာဏဒဿနဝိသေသော = ကိလေသာ အညစ် အကြေးကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော ဖြူစင်မြင့်မြတ်သော ဉာဏ်အမြင်ထူးသည်။ အတ္ထိ နု ခေါ = ရှိများ ရှိလေသလား ...?။ ယေန = ယင်း တရားကြောင့်။ အဟံ = ငါသည်။ ပစ္ဆိမေ ကာလေ = နောက်ဆုံး သေရာညောင်စောင်း လျောင်းစက်သော အချိန်အခါကာလ၌။ သဗြဟ္မစာရီဟိ = သီတင်းသုံးဖော်တို့က။ ပုဋ္ဌော = မေးမြန်းအပ်သည်ရှိသော်။ မင်္ကု = မျက်နှာ မသာမယာ ရှိသည်။ န ဘဝိဿာမိ = မဖြစ်ရပေအံ့။ ဣတိ = ဤသို့လျှင်။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင် သင့် ဆင်ခြင်ထိုက်ပေ၏၊
ဒီလို ဟောထားပါတယ် နော်။ ဒါကြောင့် ကိလေသာတွေကို နှင်ထုတ် မည်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတဲ့ ပုဂ္ဂိုလ်တွေ အမြဲမပြတ် ဆင်ခြင်သင့် ဆင်ခြင်ထိုက်တဲ့ တရားတွေကို အားလုံးပေါင်းလိုက်တော့ ဘယ်နှစ်ပါး ရှိသွားသလဲ? ဆယ်ပါးပြည့်သွားပြီ။ ဣမေ ခေါ ဘိက္ခဝေ ဒသ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာ။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣမေ ခေါ ဒသ ဓမ္မာ = ဤ ဆယ်ပါးကုန်သော တရားတို့ကို။ ပဗ္ဗဇိတေန = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာသော ပုဂ္ဂိုလ်သည်။ အဘိဏှံ = အမြဲမပြတ် မကြာခဏ။ ပစ္စဝေက္ခိတဗ္ဗာ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏၊
ဒီတရားဆယ်ပါးကို သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြု လာတဲ့ ပုဂ္ဂိုလ်မှန်လျှင် အမြဲမပြတ် ဆင်ခြင်ပေးပါဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းထားတော်မူပါတယ်။
ဒါကြောင့် ဒီနေ့ အလှူရှင်နှင့်တကွ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ဘုရားရှင် ဆိုဆုံးမထားတဲ့ အဆုံးအမတွေကို တကယ်လက်တွေ့ လိုက်နာပြုကျင့်ပြီးတော့ မိမိတို့ မျှော်လင့်တောင့်တနေတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ရောက်ရှိနိုင်ပါစေလို့ တိုက်တွန်းရင်းဖြင့် ကဲ - တရားသိမ်းကြရအောင် နော် --
တရားဒေသနာတော်နိဂုံး
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေးက သူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ေ့ရှက သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း ...
သာဓု သာဓု သာဓုပါဘုရား . . .
မဃဒေဝ နိက္ခမခန်း (တောထွက်ခန်း)
မလိမ်းစိတ်မြူ၊ သူတော့်မူဖြင့်၊ ခြောက်ဆူ အာရမ္မဏ၊ ငါးကာမတွင်၊ ဟီနတရာ၊ လွန်ယုတ်မာသား၊ ရသာယတန၊ အာဟာရနှိုက်၊ ရာဂတိုးပွား၊ သတ္တိအားကြောင့်၊ ဘုရားပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၊ ဝိကာလဘောဇန၊ ကြဉ်ကုန်ကြသို့၊ နိစ္စမဘောက်၊ လှံမစောက်ဖြင့်၊ စောင့်ရှောက်ကြည်ဖြူ၊ ဗုဒ္ဓင်္ကူလျှင်၊ အယူမခွ၊ ဤကာယကို၊ မျှတနိုင်ရုံ၊ ရေစာကျုံလည်း၊ မကြုံစိတ်က၊ သဘောချ၏၊
ဂန္ထ ဝိပဿနာ၊ နှစ်ဖြာ ဓုရ၊ မလုံ့လဘဲ၊ ကိစ္စမနည်း၊ အလိုသည်း၍၊ အရည်းမပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီကျင့်ဆန်း၊ ရှင်ပေါက်ပန်းတို့၊ ရဟန်းတမင့်၊ တဝင့်ဝင့်နှင့်၊ မင်းကျင့်စိုးကျင့်၊ လူကျင့်,ကျင့်က၊ ပျောက်လွင့်သီတင်း၊ သီလ ကင်း၏၊
ကိုယ်တွင်းယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တဏှာအထည်း၊ လောဘသည်း၍၊ ပစ္စည်းလာဘ်သပ်၊ အပ်, မအပ်က၊ ရသမျှကို၊ ပြိတ္တာ့မျိုးစေ့၊ တပွေ့ပွေ့နှင့်၊ တပ်မြွေ့ခင်မက်၊ တသက်သက်တည့်၊ မသုံးရက်ဟူ၊ မလှူရက်ရေး၊ မပေး ရက်အား၊ မစားရက်နိုး၊ တစိုးစိုးဖြင့်၊ သူခိုးကပင်၊ ဥစ္စာရှင်ထက်၊ ခင်မင် နှစ်သက်၊ နှမြောခက်သို့၊ ရမ္မက်ငြိစွန်း၊ ဝတ်သင်္ကန်းနှင့်၊ ရဟန်းဖြစ်လျက်၊ ကျင့်လွဲလက်သော်၊ ကုမ္မဂ္ဂဆိုး၊ လမ်းရိုးမမှန်၊ တိရ စ္ဆာန်သို့၊ နိဗ္ဗာန်မပေါက်၊ အပါယ်ရောက်လျက်၊ လမ်းကောက်တိမ်းပင်း၊ ချွတ်ခဲ့ယွင်း၏၊
ယင်းသို့မဟူ၊ ဗုဒ္ဓင်္ကူကား၊ အယူဖြောင့်စင်း၊ နှလုံးသွင်းကြောင့်၊ အဖျင်း အသွမ်း၊ ဂုဏ်မဲ့နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ်တုလျက်၊ လူပြုလူကျင့်၊ မူမကျင့်ဘူး၊ ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍၊ မလျော်လျောက်ပတ်၊ မြေကြန် တတ်က၊ နက္ခတ်ပညာ၊ စေပါဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရ စ္ဆာဖြင့်၊ ယုတ်မာ ဝမ်းရေး၊ သက်မွေးကြငြား၊ လေ့ကျက်မှားသည့်၊ ငုံ့စား မော်စား၊ အမြော်စားနှင့်၊ ထောင့် စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုးလေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မျှတရံ၊ အကြံမဆန်း၊ မှဲ့မစွန်းတည့်၊ တခန်းထိုမှ၊ ပြည်မ တန်းဆာ၊ လင်ကွာ မိန်းမ၊ မုဆိုးမနှင့်၊ ဟိုင်းမပျိုကြီး၊ တသီးသွင်ယုတ်၊ ပဏ္ဍုက် ဘိက္ခုနီ၊ တလီ ထိုနောက်၊ သေသောက်အိမ်ခေါ်၊ အပ်မလျော်သား၊ ဆဂေါစရ၊ ခြောက်ဌာနနှိုက်၊ သီလချစ်ခင်၊ သူတော်စင်တို့၊ ကျွမ်းဝင်ဘယ်ခါ၊ မပြုရာတည့်၊ ပြုပါတပြီး၊ ခရီးကုန်းကြောင်း၊ ဖုံထောင်းထောင်းနှိုက်၊ မိကျောင်းကြည်းတင်၊ ဖြစ်တတ် ကျင်၏၊ သို့လျှင် မအပ်၊ ဆွမ်းခြောက်ရပ်လည်း၊ မစပ် မစွန်း၊ မြူမသန်းတည့်။
ရဟန်း ရဟန်း၊ မည်ပြဋ္ဌာန်းလျက်၊ ရဟန်းဟူလစ်၊ ခေါ်ရာဖြစ်ရုံ၊ စနစ် ခေါက်ချိုး၊ သလင်းပိုးလျက်၊ ချုပ်ရိုးခန်းခန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်းဝါဝါ၊ ဦးပြည်းကာဖြင့်၊ ပညာကင်းပ၊ ဒုစ္စာရနှင့်၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊ အကျိုး တစိ၊ ဘယ်မှာယှိလိမ့်၊ မော်မိမော်မန်း၊ နေကာဆန်းနှင့်၊ ရဟန်းကျင့်ဝတ်၊ တပါးချွတ်က၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏၊ နောင်နှိုက် ချမ်းသာ၊ နတ်ရွာ မဂ်ဖိုလ်၊ ကိုယ်လျှင်လိုက၊ သူ့ကို မတု၊ ကုသိုလ်မှု၌၊ ကိုယ်ပြုကိုယ်ကြွ၊ ကိုယ် လုံ့လ၍၊ ကိုယ်ထကိုယ်နှိုး၊ ကိုယ်အားကြိုးမှ၊ ကိုယ်ကျိုးကိုသာ၊ ကိုယ်ပြီးရာ၏၊
ကိုယ့်တာ ကိုယ့်ဝန်၊ မလွန်စေထိုက်၊ ကိုယ်အား စိုက်ဟု၊ ဉာဏ်နှိုက် မြော်ဆ၊ သဘောရလျက်၊ ဓန ရွှေငွေ၊ ဆန်ရေတသီး၊ သိုမှီးမဲ့ခြင်း၊ ပြစ်ကင်း ဆွမ်းရှာ၊ တဖြာမှတ်ရေး၊ ဆွမ်းဧးမျိုးစား၊ ပြည်တိုင်းကားနှိုက်၊ လျှပ်ဝါးကလူ၊ မမူဝေးစွာ၊ ပရိက္ခရာမမက်၊ လုယက်ဘေးကင်း၊ မင်းမင်းအမတ်၊ ပူးပွတ်မကပ်၊ လေးရပ်မျက်နှာ၊ လေပမာလျှင်၊ လိုရာမတွန့်၊ သွားမတန့်သည့်၊ ရဟန်းသုခ၊ ဟူတုံစွသား၊ အဋ္ဌသမဏ၊ ဘဒြဖြင့်၊ ဗြဟ္မစာရီ၊ လေ့ဝသီနှင့်၊ ယောဂီတို့ထုံး၊ မြတ်နှလုံးကို၊ ပိုက်ကျုံးဝမ်းတွင်း၊ ယူဖြောင့်စင်းသည်၊ ပြစ်ကင်းမိစ္ဆာ မုဒိမ်း တည်း။
ရှင်ဆိုးရှင်ညစ်၊ ရဟန်းဖြစ်လည်း၊ စင်စစ်ယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တကာ လူဗိုလ်၊ ချီးမွမ်းဆိုနှင့်၊ ထိုထိုဖြင်ပည်း၊ ပစ္စည်းလာဘ်ကို၊ တောင့်တလို၏၊ လိုသည့်ရမ္မက်၊ ကြံဝိတက်ကြောင့်၊ အုတ်ကျက်အုန်းအင်း၊ ကြော်ငြာလျှင်း၍၊ သတင်းပေးကာ၊ ဒေသစာဖြင့်၊ မြို့ရွာဇနပိုက်၊ နယ်တိုက်တိုက်ကို၊ လိုက်၍ ဖျက်ဆီး၊ ခိုးသူကြီးသို့၊ ရံသီးများစွာ၊ ပရိဝါနှင့်၊ မလိမ္မာသူ၊ ရှင်လူဗာလ၊ အပ္ပသုတ၊ မိန်းမယောက်ျား၊ သူတို့အားလျှင်၊ လှည့်ဖြားသမှု၊ သက်မွေးပြု၏၊ ရှင်တုရှင်ဝါ၊ ရှင်ယုတ်မာနှင့်၊ မဟာစောရ၊ ရှင်ဓားပြတို့၊ ပါပကျင့်မျိုး၊ အလို ဆိုးဖြင့်၊ အကျိုးမဟဲ့၊ မိုက်သင်းဖွဲ့၍၊ ငရဲစီးပွား၊ ရှာသောလားသို့၊ တရားတရား၊ တဟားဟားနှင့်၊ ပြစ်များပြောဟုံ၊ တောင့်နှယ်ပုံ၏၊
အာရုံဆိတ်ရာ၊ သုညာဂါရ၊ အရညနှိုက်၊ ကာယစိတ္တ၊ ဝိဝေကကို၊ ရလို သောပုံ၊ အချို့တုံကား၊ ရဂုံတောခွင်၊ ခိုဝင်နေငြား၊ ဆွမ်းခံစားလျက်၊ ခေါင်းပါး ဟာရ၊ ဝမ်းလျလျနှင့်၊ ရသမျှဟူ၊ စပ်ဆည်းဆူ၍၊ ပံသုကူဝတ်ရုံ၊ နေပါတုံလည်း၊ ပြာပုံခဲကျ၊ ထောင်းထောင်းထသို့၊ ဥဒ္ဓစ္စထုံး၊ နှလုံးမတည်၊ ခိုင်ကြည်မဲ့လျှင်း၊ စောင့်စည်းကင်း၍၊ ခံတွင်းနှုတ်ဆော့၊ ကျင့်သွမ်းသော့၏၊ တမော့ကြွားကြွား၊ တလွှားလွှားနှင့်၊ တရားဟောယောင်၊ ချို့ရှင်ပြောင်လည်း၊ တောင်တောင် မြောက်မြောက်၊ ပင့်မြှောက် ချနှိပ်၊ ရောင်ရိပ်ဝဲရစ်၊ လာဘ်ကို ညှစ်လျက်၊ ဗလစ်ဗလစ်၊ နှုတ်မထစ်ဘူး၊ မဆစ်မဆိတ်၊ မတိတ်အသံ၊ တညံညံဖြင့်၊ တရံ မစဲ၊ ဘွာစိကြဲ၍၊ နှုတ်ရဲလျှာရွ၊ တချို့ကမူ၊ မာနတောင်နီး၊ တက်ဖိစီး၍၊ ထေရ်ကြီးဝါကြီး၊ သိက္ခာကြီးအား၊ ခရီးလမ်းကြား၊ တွေ့ကြုံငြားလည်း၊ လေးစားမဲ့ဘိ၊ အတိမာနီ၊ မချီလက်အုပ်၊ မတုပ်မကွ၊ ဦးမချဘူး၊ ဝေးကကြဉ်ဖဲ၊ တိမ်းရှောင်လွှဲ၍၊ တပွဲထွက်ဝင်၊ ငါ့ပြင် မယှိ၊ ဟူဘိဝါဝင့်၊ မလျော်ကျင့်၏၊
သမင့်အလား၊ တောသစ်ကျားနှင့်၊ တောသားတို့သွင်၊ ဘယ်ကျိုးထင် လိမ့်၊ ရှင်ပင်တပဲ၊ ငရဲပြိတ္တာ၊ ဖြစ်တတ်စွာရှင့်၊ ဒကာ, ဒကာမ၊ ဒုပ္ပညတို့၊ မြှောက်ကြွအုံလှည့်၊ ကူညီဖြည့်လျက်၊ သူ၏ဆရာ၊ ငါ့ဆရာဟု၊ တဏှာ ရောယှက်၊ မာနတက်၍၊ သူ့ဘက်ငါ့ဘက်၊ တီးလက်ဆော်ရိုက်၊ နွားကို တိုက်သို့၊ အမိုက်ပွဲခံ၊ ပါပကံဖြင့်၊ အုန်းညံဝိုင်းညာ၊ ပြုကြခါဝယ်၊ ဆရာ ကျက်ဖျင်း၊ ပညာကင်းတို့၊ အတင်းစောင်၍၊ နွာ့းနှယ်ဝှေ့၏၊ ဝှေ့သည်အလိုက်၊ အပြင်းတိုက်သော်၊ နွားမိုက်ကံဆိုး၊ ဦးချိုကျိုးက၊ တပိုးမှုတ်ကာ၊ ကြမ္မာချွတ်လွဲ၊ ဥက္ခောင်းကွဲက၊ အမဲစားကာ၊ ဘယ်သူနာလိမ့်၊ လွန်စွာမိုက်လှ၊ နွားဗာလ သာ၊ သေရရုံတိ၊ ကျိုးမယှိဘူး၊
စုတိပျက်စီး၊ သေခါနီးနှိုက်၊ တွတ်တီးတွတ်တာ၊ ထိတ်လန့်စွာဖြင့်၊ 'သိက္ခာ' စွန့်ယောင်၊ 'ဝါ' စွန့်ယောင်နှင့်၊ ကတောင်ကချောက်၊ ပတောက်ပရစ်၊ မိုးကြိုးပစ်ခါ၊ လက်ဆီးကာသို့၊ ထွေရာစွဲလမ်း၊ ဆိုယောင်ယမ်း၍၊ မြည်တမ်း ဟိန်းဟီး၊ တညည်းညည်းနှင့်၊ ငရဲမီးပူ၊ အမွေယူလျက်၊ ရောရူဝီစိ၊ အောက်သို့ ထိအောင်၊ ကျဘိ ခြုတ်ခြုတ်၊ ခံကြမ်းကြုတ်ပြီး၊ ဂိဇ္ဈကုဋ်တောင်၊ မှိုင်းမှောင် ညို့ညို့၊ ပြိတ္တာမြို့ဝယ်၊ ရှင်တို့စံခန်း၊ ကြိုးခါးဗန်းက၊ သင်္ကန်းပြောင်ပြောင်၊ မီးအရောင်နှင့်၊ ကျီးကောင် လင်းတ၊ သိမ်း, စွန် စသည်၊ ဆိတ်ဆွဆွဲငင်၊ ကောင်းကင်ထက်ဝန်း၊ ပြေးပျံသန်း၍၊ ရဟန်းပြိတ္တာ၊ တဝါဝါ လျှင်၊ မဟာဒုက္ခ၊ တွင်းဆုံးကျလျက်၊ ပြင်းပြကြွက်ဆူ၊ ဟစ်ကြွေးအူ၍၊ ကယ်သူမမြင်၊ ပူပင် နွမ်းညှိုး၊ ထိုရှင်ဆိုးတို့၊ ကိုးရိုးကားရား၊ အပါယ်လားသည်၊ မမှားမှတ်နာ အိမ်းအိမ်းတည်း။။
(မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ စာပိုဒ်-၄၂၅။ ၄၂၆။ ၄၂၇။)
Comments
Post a Comment