အညှီအဟောက်ဟူသည်
နိဒါနကထာ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
န ကိရတ္ထိ ရသေဟိ ပါပိယော၊
အာဝါသေဟိ ဝါ သန္ထဝေဟိ ဝါ။
ဝါတမိဂံ ဂဟနနိဿိတံ၊
ဝသမာနေသိ ရသေဟိ သဉ္ဇယော။ (ဇာတက၊၁၊၄။)
ဘော = အို အချင်းတို့ ...။ ရသေဟိ = ဇိဝှာဝိညာဏ်ဖြင့် သိအပ်ကုန်သော ချိုချဉ်ဖန်ခါး စသည်ပြားကုန်သော ရသာရုံတို့၌ လိုလား တပ်မက်တတ်ကုန်သော ဆန္ဒရာဂတို့အောက်။ ပါပိယော = အထူးသဖြင့် သာလွန်၍ ယုတ်မာသော သဘောတရားသည်။ န အတ္ထိ ကိရ = မရှိလေသတတ်။ ရသတဏှာ = ရသာရုံအမျိုးမျိုးတို့အပေါ်၌ တွယ်တာ တပ်မက်တတ်သော ရသတဏှာသည်။ အာဝါသေဟိ ဝါ = အမြဲနေထိုင်ရာ အရိပ်အာဝါသ နေရာထိုင်ခင်း အဆောက်အအုံတို့အပေါ်၌ လိုလားတပ်မက်တတ်ကုန်သော ဆန္ဒရာဂတို့အောက်လည်းကောင်း။ သန္ထဝေဟိ ဝါ = ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်အပ်ကုန်သော မိတ်ဆွေအပေါင်းအသင်းတို့အပေါ်၌ လိုလား တပ်မက်တတ်ကုန်သော ဆန္ဒရာဂတို့အောက်လည်းကောင်း။ ပါပတရာ ကိရ = အဆပေါင်းရာထောင်သောင်းသိန်းမက သာလွန်၍ ယုတ်မာလေသတတ်။
ဘော = အချင်းတို့ ...။ တုမှေ = သင်တို့သည်။ ရသာနံ = ချိုချဉ်ဖန်ခါးစသည်ပြားကုန်သော ရသာရုံအမျိုးမျိုးတို့အပေါ်၌ လိုလားတပ်မက်ကုန်သော ဆန္ဒရာဂတို့၏။ ပါပိယဘာဝံ = အလွန်တရာ ယုတ်မာသည်၏အဖြစ်ကို။ ပဿထ = ရှုကြည့်ကြကုန်လော့။ ဂဟနနိဿိတံ = လူသူ မနီးသည့် တောမြိုင်ကြီးကိုသာ မှီတင်းနေထိုင်လေ့ရှိသော။ ဝါတမိဂံ = လေအဟုန်ကဲ့သို့ လျင်မြန်သော အသွားရှိသည့် ဝါတမိဂအမည်ရသော တောသားသမင်ကို။ သဉ္ဇယော = သဉ္ဇယအမည်ရသော ဥယျာဉ်စောင့်ယောကျ်ားသည်။ ရသေဟိ = ပျားလူးမြက်တည်းဟူသော ရသာရုံတို့ဖြင့်။ ဝသံ = မိမိ၏ အလိုအကြိုက်သို့ လိုက်ပါအောင်။ အာနေသိ = ဆောင်ယူနိုင်ခဲ့လေပြီ။
ဤဒေသနာတော်ကား ဧကကနိပါတ် ဝါတမိဂဇာတ်ဝယ် ဘုရားအလောင်းတော် ဗြဟ္မဒတ်မင်းကြီးက မှူးကြီးမတ်ရာ သေနာပတိအမှူးရှိသည့် နန်းတွင်းသူနန်းတွင်းသား ပရိသတ်အများတို့အား ရသာရုံအမျိုးမျိုးတို့ အပေါ်၌ တွယ်တာ မက်မောတတ်သည့် ရသတဏှာ၏ ဆိုးညစ်ယုတ်မာပုံကို ဟောကြားလိုက်သော တရားဒေသနာပင် ဖြစ်ပေသည်။ ထိုဒေသနာဂါထာကို ဂေါတမရှင်တော်မြတ်ဘုရားကလည်း စူဠပိဏ္ဍပါတိကတိဿမထေရ်၏ ရသတဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့ခံရမှုကို အကြောင်းပြုကာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူခိုက် တစ်ဖန် ပြန်လည်၍ ဟောကြားတော်မူခဲ့လေသည်။
တစ်ချိန်တွင် နတ်နှင့်တကွသော တစ်လောကလုံးကို မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်း, သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်သည့် နိယျာနိကတရားကောင်းတို့ကို ဟောကြားပြသ ဆိုဆုံးမတော်မူ တတ်သော သဗ္ဗညုတဉာဏသခင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် တောင်ငါးလုံး ပိတ်ဖုံးကာခိုသည့် ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်ကျောင်းတိုက်တော်၌ သီတင်းသုံး စံနေတော်မူဆဲဖြစ်၏။ တစ်နေ့ဝယ် စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသည့် သူဌေးသား တိဿလုလင်သည် ဝေဠုဝန်ကျောင်းတိုက်တော်သို့ သွားရောက် ကာ ဘုရားရှင်ထံတော်မှောက်မှ ချိုမြိန် ကောင်းမြတ်သော တရားစကားတော်တို့ကို နာကြားခွင့်ရရှိသောအခါ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလိုသော ကုသိုလ်ဆန္ဒဓာတ်တို့သည် သည်းထန်စွာ ရွာသွန်း နေသော မိုးကြီးပမာ သည်းထန်စွာ တဖွားဖွား ဖြစ်ပေါ်ခဲ့လေသည်။
- မိဘတို့ထံ ရှင်ရဟန်းပြုခွင့်ပေးပါရန် အကြိမ်ကြိမ် တောင်းပန်ခဲ့၏။
- သို့သော် အမွေဆက်ခံမည့် တစ်ဦးတည်းသော သားရတနာဖြစ်ခြင်းကြောင့် မိဘနှစ်ပါးတို့ကလည်း ခွင့်မပြုနိုင် ဖြစ်နေကြ၏။
- ထိုအခါ အရှင်ရဋ္ဌပါလမထေရ်မြတ် ကဲ့သို့ပင် ခုနစ်ရက်တိုင်တိုင် အစာငတ်ခံကာ ဆန္ဒပြလေတော့သည်။
- ထိုအခါတွင်မှ မိဘနှစ်ပါးတို့ကလည်း သာသနာ့ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုဖို့ရန် ခွင့်ပြုခဲ့ကြလေသည်။
ဘုရားရှင်ကလည်း ထိုတိဿအမျိုးကောင်းသားကို ရှင်ရဟန်း ပြုစေ တော်မူလိုက်၏။ ထိုနောင် ဘုရားရှင်သည်လည်း ဝေဠုဝန်ကျောင်းတိုက်တော်ဝယ် လဝက်ခန့် သီတင်းသုံးတော်မူပြီးနောက် တိဿရဟန်းငယ်ကိုပါ တစ်ပါတည်း ခေါ်ဆောင်တော်မူကာ သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်သို့ ကြွချီတော်မူလေသည်။ ထိုဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးတော်မူခိုက် ရဟန်းတော် အရှင်တိဿ ကိုယ်တော်မြတ်သည် ဓုတင် (၁၃)ပါးလုံးကို ဆောင်တော်မူ၏။ သာဝတ္ထိမြို့တွင်း၌ အိမ်စဉ်အတိုင်း လှည့်လည်ကာ ဆွမ်းရှာမှီးခြင်း ကျင့်ဝတ်ပဋိပတ်ကို ဆောက်တည်တော်မူ၏။ အချိန်ကာလ တော်တော်ကလေး ကြာညောင်းသွားခဲ့၏။ စူဠပိဏ္ဍပါတိက တိဿမထေရ်ဟူသော အမည်ဖြင့် ကောင်းကင်ပြင်၌ လပြည့်ဝန်းပမာ ဗုဒ္ဓမြတ်စွာသာသနာတော်၌ ထင်ရှားကျော်ကြားခဲ့လေသည်။
သို့သော် အရဟတ္တဖိုလ်နိဗ္ဗာန်ကို အရမှန်းကာ အပြင်းအထန် ကြိုးစားအားထုတ်နေပါသော်လည်း တစ်နေ့တွင် ပျက်စီးဖို့ရန် အခွင့်အလမ်းကား ဆိုက်ရောက်လာခဲ့၏။ ရသတဏှာကို အကြောင်းခံကာ ကာမဂုဏ် ကျော့ကွင်းကို ဇွတ်အတင်း နင်းခဲ့မိခြင်းပင်ဖြစ်၏။
တစ်နေ့တွင် ရာဇဂြိုဟ်မြို့ဝယ် တောင်ထိပ်နက္ခတ်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့လေသည်။ အရှင်တိဿမထေရ်မြတ်၏ မိဘနှစ်ပါးတို့သည် အရှင်တိဿ လူ့ဘဝက ဝတ်ဆင်ခဲ့သော ရတနာဝတ်စုံ တန်ဆာအမျိုးမျိုးတို့ကို ရတနာပန်းတောင်း၌ထည့်ကာ ရင်၌ပိုက်ပြီးလျှင် --- ဟိုရှေးယခင့်ယခင် နက္ခတ်ပွဲသဘင်တို့၌ ငါတို့ရဲ့သားဟာ ဤအဆင်းတန်ဆာရတနာဖြင့် ဝတ်စား ဆင်ယင်ကာ နက္ခတ်ပွဲသဘင်ကို ဆင်နွှဲခဲ့၏။ ငါတို့ရဲ့ ထိုတစ်ဦးတည်းသော သားကို ရဟန်းဂေါတမသည် ခေါ်ဆောင်ကာ သာဝတ္ထိသို့ သွားခဲ့၏။ ငါတို့ သားသည် ယခုအခါ အဘယ်အရပ်၌ နေထိုင်နေပါသနည်း? အဘယ်အရပ်၌ ရပ်တည်နေပါသနည်း? ဤသို့ ပြောဆိုကာ ငိုကြွေးနေကြ၏။
မိမိ၏ ရုပ်အဆင်းကို ဗန်းပြကာ အမျိုးသားတို့ကို ကျွန်ခံလေ့ရှိသော ဝဏ္ဏဒါသီ = ပြည့်တန်ဆာမတစ်ဦးသည် ယင်းသတင်းကို ကြားသဖြင့် အရှင် တိဿ၏ မိဘတို့ထံသို့ ချဉ်းကပ်ကာ ငိုကြွေးနေသော သူဌေးကတော်ကြီးကို ငိုကြွေးရခြင်း၏ အကြောင်းရင်း အစုံအလင်ကို ကုန်စင်အောင် စုံစမ်း ထောက်လှမ်းပြီးနောက် အရှင့်သားသည် အဘယ် အစာအာဟာရကို ကြိုက်တတ်ပါသနည်းဟု မေးမြန်းခဲ့၏။ ရသတဏှာ ငါးမျှားချိတ်ဖြင့် အမိဖမ်းရန် ကြံရွယ်ကာ ဤမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်၏။ တက္ကသိုလ်သို့ တက်ရောက်ကာ သင်ယူဖို့ မလိုသည့် သံသရာအဆက်ဆက်မှ ကပ်ပါလာသည့် ဝမ်းတွင်းပါ ပညာတစ်မျိုးပင် ဖြစ်၏။ ထိုအခါ သူဌေးကတော်ကြီးကလည်း --- ဤမည် ဤမည်သော အစာအာဟာရကို ငါ့သား သိပ်ကြိုက်တတ်သည်ဟု မခြွင်းမချန်ဘဲ ကုန်စင်အောင် ဖြူစင်သော စိတ်မနောဖြင့် ဒလဟော ပြောပြလိုက်လေသည်။ ထိုအခါ သူဌေးကတော်ကြီး၏ ပြောပြချက် အရပ်ရပ်ကို စိတ်ထဲတွင် စာရင်းအင်း ပြုစုပြီးနောက် ဒေါ်ဝဏ္ဏဒါသီက --- အရှင်တို့သည် ဤအိမ်၌ ရှိသော စည်းစိမ်ဥစ္စာအားလုံးကို ကျွန်တော်မအား (အမွေစား အမွေခံ ချွေးမအရာထားကာ) ပေးကုန်ငြားအံ့။ အရှင့်သားကို ကျွန်တော်မ အရခေါ်ဆောင်ပေးပါမည်ဟု မိမိ၏ လိုအပ်ချက်ကို တင်ပြ တောင်းဆိုလေသည်။
ဤတောင်းဆိုချက်ကို မိဘတို့ကလည်း သဘောတူညီလိုက်ကြ၏။ ဒေါ်ဝဏ္ဏဒါသီအလိုရှိသလောက် စားနပ်ရိက္ခာအဝဝကိုလည်းကောင်း, အခြွေ အရံပရိသတ်ကိုလည်းကောင်း ထည့်ပေးလိုက်ကာ ''ရှင်မ သွားပါချေ၊ ရှင်မ၏ အစွမ်းဖြင့် ငါ့သားကိုသာ ခေါ်ဆောင်ခဲ့ပါချေ''ဟု ခိုင်းစေလိုက်၏။ ဒေါ်ဝဏ္ဏဒါသီကလည်း ရထားပေါင်းချုပ်စီးကာ သာဝတ္ထိသို့ ခရီးနှင်ခဲ့လေသည်။
သာဝတ္ထိသို့ ရောက်သောအခါ အရှင်တိဿမထေရ် ဆွမ်းခံ ကြွလေ့ရှိသည့် ဆွမ်းခံလမ်းကို ရှေးဦးစွာ ထောက်လှမ်း စုံစမ်းကြ၏။ သိရှိသောအခါ ထိုလမ်းတွင် သင့်တော်သည့် အိမ်တစ်အိမ်ကို ငှားရမ်းလိုက်ကြ၏။ သူဌေးကတော်ကြီးအိမ်မှ ထည့်ပေးလိုက်သော သူတို့ကို အရှင်တိဿမမြင်အောင် အိမ်တွင်းမှာထားကာ မိမိ၏ အခြွေအရံပရိသတ်ဖြင့်သာ ခြံရံကာ ဆွမ်းခံ ကြွဝင်တော်မူလာသော အရှင်တိဿမထေရ်အား တစ်ဟင်းချိုသော ယာဂုကို လည်းကောင်း အရသာနှင့်ပြည့်စုံသော ဆွမ်းကိုလည်းကောင်း ဆက်ကပ် လှူဒါန်းကာ ရသတဏှာဖြင့် စတင် နှောင်ဖွဲ့လေသည်။
ရသတဏှာငါးမျှားချိတ်ကား စူးဝင်စ ပြုလေပြီ။ အစာအာဟာရကို မှီဝဲရာ၌ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သည့် နိဿရဏပညာ ချို့တဲ့သွားခဲ့သည့်အတွက် ရသတဏှာ၏ စတင် ရစ်ပတ်နှောင်ဖွဲ့မှုကို ခံရခြင်းဖြစ်၏။ ထိုလမ်းကို ဆွမ်းခံမသွားရ မနေနိုင်ဖြစ်နေ၏။ ဤလက်ရာမျိုးနှင့် ခွဲလာခဲ့ရသည်မှာလည်း ကြာညောင်းလှပြီဖြစ်သည့်အတွက် ထိုလက်ရာနှင့် တွေ့ဖို့ရန် ဦးတည်ကာ ထိုလမ်းသို့ပင် ရက်ပေါင်းများစွာ ဆက်တိုက် သွားခဲ့၏။ တဖြည်းဖြည်း ရပ်ကိုယ်တော်ဘဝမှ ထိုင်ကိုယ်တော်ဘဝသို့ ရောက်အောင် ပရိယာယ်မာယာ အကွက်ဆင်ကာ ကျုံးသွင်းခဲ့လေသည်။ ရသတဏှာ ငါးမျှားချိတ် အစူးခံနေရသော အရှင်တိဿသည်လည်း မိမိ ဆောက်တည် ကျင့်သုံးထားသည့် ဓုတင်ကျင့်ဝတ်ပဋိပတ်ကိုပင် ပျက်စေပြီးနောက် ရပ်ကိုယ်တော်အဆင့်မှ ထိုင်ကိုယ်တော်အဆင့်သို့ လွယ်လွယ်ကူကူ ရှောရှောရှူရှူ ပြောင်းလဲလိုက်လေသည်။
ဒေါ်ဝဏ္ဏဒါသီကား ရုပ်အဆင်း ဥပဓိသမ္ပတ္တိနှင့် ပြည့်စုံသူလည်း ဖြစ်၏။ တကယ့် သူဌေးသမီး မဟုတ်သော်လည်း သူဌေးသမီးအသွင်ကို ဆောင်ယူထားသူလည်းဖြစ်၏။ အချက်အပြုတ်ကလည်း အလွန်ကောင်းသူ ဖြစ်သဖြင့် အရှင်တိဿစိတ်တိုင်းကျ အစားအစာကို လှူဒါန်း ဆက်ကပ်နိုင်သူလည်း ဖြစ်၏။ ဤအရည်အချင်းတို့က --- အစာအာဟာရအပေါ်၌ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိဿရဏပညာ ချို့တဲ့နေရှာသော အရှင်တိဿကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါအောင် ဆွဲဆောင်နိုင်သော အရည်အသွေးတို့ ဖြစ်နေကြ၏။
တစ်နေ့တွင် အရှင်တိဿသည်လည်း မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်လောက်ပြီဟု သိရှိသောအခါ မယ်မင်းကြီးမက မဖျားနာသော်လည်း ဖျားနာသူယောင်ဆောင်ကာ ဆွမ်းခံလာချိန်တွင် အိမ်တွင်းပုန်းကာ တိုက်ခန်းအတွင်းဝယ် ကာမဂုဏ်ကျော့ကွင်းအမျိုးမျိုးကို အသင့်ထောင်ကာ စောင့်ဆိုင်းနေလေသည်။
ထိုင်ကိုယ်တော်အရှင်တိဿကလည်း အိမ်စဉ်အတိုင်း ဆွမ်းခံ ကြွဝင်တော်မူလာသောအခါ ထိုအိမ်တံခါးဝသို့ ဆိုက်ရောက်တော်မူလာ၏။ အလုပ်အကျွေးတစ်ယောက်က မထေရ်၏ သပိတ်ကို ယူ၍ မထေရ်ကို အိမ်၌ ထိုင်နေစေတော်မူ၏။ အရှင်တိဿကလည်း မယ်မင်းကြီးမကို မတွေ့ရသဖြင့် ဥပါသိကာမ အဘယ်မှာနည်း?ဟု မေးမြန်းတော်မူလိုက်၏။ ထိုအခါ ကျိတ်ဝိုင်းထိုင်ထားပြီးဖြစ်နေကြသည့် အလုပ်အကျွေးတို့က --- အရှင်ဘုရား အရှင်ဘုရားတို့ရဲ့ ဥပါသိကာမကတော့ မကျန်းမမာ ဖြစ်နေပါတယ်ဘုရား၊ အရှင်ဘုရားတို့ကိုလည်း ဖူးမြင်လိုပါတယ်ဘုရား ...ဟု လျှောက်ထားလိုက်ကြ၏။
ထိုအရှင်တိဿကား အစာအာဟာရအပေါ်၌ နိဿရဏပညာ ချို့တဲ့နေသည့်အတွက် ရသတဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့မှုကို ခံနေရသူလည်း ဖြစ်ခြင်းကြောင့် မိမိ ဆောက်တည်ကျင့်သုံးထားသည့် ကျင့်ဝတ်ပဋိပတ်ကို ဖျက်ကာ မယ်မင်းကြီးမ၏ အိပ်ရာတိုက်ခန်းအတွင်းသို့ ဝင်ရောက်တော်မူလေသည်။ မယ်မင်းကြီးမကလည်း ရသတဏှာငါးမျှားချိတ်ဖြင့် အသာအယာဆွဲချိတ်ယူထားပြီးဖြစ်ရကား အသင့်ထောင်ထားသော ကာမဂုဏ် ကျော့ကွင်းဖြင့် အမိဖမ်းလေတော့သည်။ အရှင်တိဿလည်း လူထွက်ကာ မယ်မင်းကြီးမနှင့်အတူ ရာဇဂြိုဟ်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့လေသည်။ ထိုအခါ ဘုရားရှင်က အရှင်တိဿ၏ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်ကြောင်းကို ပြန်ပြောင်းကာ ဟောကြားတော်မူလေသည်။
လွန်လေပြီးသောအခါ ဘုရားအလောင်းတော်သည် ဗာရာဏသီပြည်ကို တရားနှင့်အညီ ထီးဖြူအုပ်ချုပ်သည့် ဗြဟ္မဒတ်မည်သော မင်းဖြစ်ခဲ့၏။ ထိုဗာရာဏသီမင်းဥယျာဉ်တွင် သဉ္ဇယအမည်ရှိသော ဥယျာဉ်စောင့်တစ်ယောက်ရှိ၏။ ထိုအခါ လေအဟုန်ကဲ့သို့ အလွန် လျင်မြန်စွာ ပြေးသွားနိုင်သော ဝါတမိဂအမည်ရသည့် သမင်တစ်ကောင်သည် မင်းဥယျာဉ်တွင် လာရောက် ကျက်စားနေ၏။ အစပိုင်းတွင် သဉ္ဇယကို မြင်သော် ထွက်ထွက် ပြေးတတ်၏။ နောက်ပိုင်းတွင်ကား တဖြည်းဖြည်း ယဉ်ပါးလာ၏။ မကြာမကြာ လာရောက် ကျက်စားတတ်၏။
ဥယျာဉ်စောင့်ကား ဥယျာဉ်မှ ထွက်ပေါ်လာကြသည့် ပန်း သစ်သီး အမျိုးမျိုးတို့ကို ခူးဆွတ်ကာ ရှင်ဘုရင်အား နေ့စဉ် ဆက်သရ၏။ တစ်နေ့တွင် ဥယျာဉ်စောင့်ကို ဘုရင်မင်းမြတ်က အချင်း ဥယျာဉ်စောင့် ... ဥယျာဉ်အတွင်း၌ အံ့ဩဖွယ်ရာ တစ်စုံတစ်ခုကို တွေ့မြင်ပါသလား?ဟု မေးမြန်းခဲ့၏။ အရှင်မင်းမြတ်...အခြားတစ်စုံတစ်ရာကိုတော့ မတွေ့မြင်ပါ။ ဝါတမိဂသမင် တစ်ကောင်တော့ ဥယျာဉ်တော်မှာ လာရောက် ကျက်စား နေတာကို တွေ့မြင်ပါတယ် အရှင်မင်းမြတ် ...ဟု တင်ပြ လျှောက်ထား လေသည်။ ထိုဝါတမိဂသမင်ကို သင် ဖမ်းယူနိုင်ပါသလားဟု ရှင်ဘုရင်က မေးမြန်းလိုက်သောအခါ --- အရှင်မင်းမြတ် ပျားရည်အနည်းငယ်ကို ရရှိခဲ့ပါမူ နန်းတော်တွင်းသို့တိုင်အောင်ပင် သွင်းဆောင် ခေါ်ယူလာနိုင်ပါသည်ဟု တင်ပြလျှောက်ထားလိုက်၏။ ရှင်ဘုရင်ကလည်း ဥယျာဉ်စောင့် အလိုရှိသလောက် ပျားရည်ကို ထုတ်ပေးစေလိုက်၏။
ဥယျာဉ်စောင့်လည်း ပျားရည်ကို သယ်ဆောင်ကာ ဥယျာဉ်တော်သို့ သွားလိုက်၏။ ဝါတမိဂသမင် ကျက်စားနေကျနေရာတွင် ပေါက်ရောက်လျက် ရှိကြသည့် မြက်တို့ကို ပျားရည်ဖြင့် လူး၍ သင့်တော်သော တစ်နေရာတွင် မိမိကား ပုန်းအောင်းနေလိုက်၏။ ဝါတမိဂသမင်သည် ဥယျာဉ်တွင်းသို့ လာရောက် ကျက်စားသောအခါ ပျားလူးမြက်တို့ကို စားရလေသော် ပျားလူးမြက်အရသာအပေါ်၌ ရသတဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့အပ်သည်ဖြစ်ရကား အခြားအခြားသော အရပ်ဒေသသို့ အစာရှာ မသွားတော့ဘဲ ဥယျာဉ်တော်သို့သာလျှင် ထာဝစဉ်လာရောက်ကာ ကျက်စားလေတော့၏။
ဥယျာဉ်စောင့်သည် သမင်၏ ပျားလူးမြက်တို့၌ တပ်မက်နေသည့် သဘောကို သိရှိလေသော် တဖြည်းဖြည်း မိမိကိုယ်ရောင်ကို ပြလေသည်။ သမင်သည် ဥယျာဉ်စောင့်ကို မြင်လျှင် နှစ်ရက်သုံးရက်လောက်တော့ ထွက်ပြေးသေး၏။ သို့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မြင်တွေ့ရလေသော် တစ်ဦးနှင့်တစ်ဦး ချစ်ကျွမ်းဝင်ခြင်းသို့ ရောက်ရှိလာ၏။ တဖြည်းဖြည်း ကြာလာသော် ဥယျာဉ်စောင့်၏ လက်၌ တည်ရှိသော ဆုပ်ကိုင်ထားသည့် ပျားလူးမြက်တို့ကိုပင် ခဲစားဖို့ရန် ကြိုးစားအားထုတ်လာလေသည်။
ဥယျာဉ်စောင့်သည် ထိုသမင်၏ မိမိနှင့် အကျွမ်းတဝင် နေထိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်ကို သိရှိလေသော် ဥယျာဉ်တော်မှသည် မင်းနန်းတော်သို့တိုင်အောင် လမ်းခရီးတစ်လျှောက် ဘေးနှစ်ဖက်တို့၌ ဖျာရိုင်တို့ဖြင့် ကာရံစေပြီးလျှင် ထိုထိုအရပ်၌ သစ်ခက်တို့ကို ချိုးပြီးလျှင် ချထားစေ၏။ ပျားရည်ဘူးကို ပခုံး၌လွယ်ကာ မြက်စည်းတို့ကို လက်ကတီးချိုင့်ကြား၌ ထားပြီးလျှင် ပျားလူးမြက်တို့ကို သမင်၏ ရှေးမှ ရှေးမှ ကြဲချလျက် မင်းနန်းတော်တွင်းသို့ ရောက်ရှိသည်တိုင်အောင် သွားခဲ့လေသည်။ သားသမင်သည် နန်းတော်တွင်းသို့ ဝင်ရောက်သွားခဲ့သည်နှင့် တစ်ပြိုင်နက် မင်းနန်းတော်တွင်းသို့ ဝင်ရောက်ရာတံခါးကို ပိတ်လိုက်ကြလေသည်။ ဝါတမိဂသမင်သည် လူတို့ကို မြင်လေသည်ရှိသော် စိတ်ဓာတ်တွေ တုန်လှုပ်ချောက်ချားကာ သေဘေးမှလည်း ကြောက်ရွံ့ထိတ်လန့်သဖြင့် မင်းနန်းတော်ရင်ပြင်တွင် ထိုမှ ဤမှ ခေါက်တုံ့ခေါက်ပြန် ပြေးလေသည်။
ဘုရားအလောင်းတော် ဗာရာဏသီဘုရင်မင်းမြတ်သည် ပြာသာဒ်ထက်မှ ဆင်းသက်ပြီး လာခဲ့၏။ သေဘေးမှ ကြောက်ရွံ့သဖြင့် တုန်တုန်ရီရီဖြစ်နေသော ထိုသားသမင်ကို ကြည့်ရှုကာ --- ဝါတမိဂသမင်မည်သည်ကား လူတို့ကို တစ်ကြိမ်တစ်ခါ တွေ့မြင်ဖူးသည့်အရပ်သို့ ခုနစ်နှစ်တိုင်တိုင် မလာပေ။ ထိတ်လန့် ကြောက်ရွံ့ကာ ထွက်ပြေးဖူးသည့်နေရာဖြစ်လျှင်ကား ထိုအရပ်သို့ အသက်ထက်ဆုံး ဘယ်တော့မှ မလာပေ။ ဤကဲ့သို့သဘော- ရှိသည့် လူသူမနီးသည့် တောမြိုင်ကြီးကို မှီတင်းနေထိုင်လေ့ရှိသည့် ဝါတမိဂသမင်သည် ရသာရုံ၌ တွယ်တာမက်မောသည့် တဏှာက ရစ်ပတ်နှောင်ဖွဲ့ထားအပ်သည်ဖြစ်ရကား ယခုအခါဝယ် သို့စဉ်သဘောရှိသည့် ဤနန်းရင်ပြင် အရပ်သို့ပင် ရောက်ရှိလာရ၏။ အို အချင်းတို့ ...လောက၌ ရသတဏှာအောက် အထူးသဖြင့် ယုတ်မာသော သဘောမည်သည် မရှိလေယောင်တကားဟု နှလုံးသွင်း ကြံစည်ကာ ဤနိဒါန်းအစတွင် တင်ပြထားသော တရားဂါထာဒေသနာကို ဟောကြား မြွက်ဆိုခဲ့လေသည်။ ထိုဂါထာ၏ ဆိုလိုရင်းသဘောကား ဤသို့တည်း။
အို အချင်းတို့ ... ဇိဝှာဝိညာဏ်ဖြင့် သိအပ်ကုန်သော ချိုချဉ်ဖန်ခါး စသည်ပြားကုန်သော ရသာရုံအမျိုးမျိုးတို့အပေါ်၌ လိုလား တပ်မက်တတ်ကုန်သော ဆန္ဒရာဂတို့အောက် (= ဆန္ဒရာဂတို့ထက်) အထူးသဖြင့် သာလွန်၍ ယုတ်မာသော သဘောတရားသည် မရှိလေသတတ်။ ရသာရုံအမျိုးမျိုးတို့ အပေါ်၌ တွယ်တာ မက်မောတတ်သော ရသတဏှာသည်ကား --- အမြဲနေထိုင်ရာ အရိပ်အာဝါသ နေရာထိုင်ခင်းအဆောက်အအုံတို့အပေါ်၌ လိုလား တပ်မက်တတ်ကုန်သော ဆန္ဒရာဂတို့အောက်လည်းကောင်း, ပေါင်းဖော် ယှဉ်တွဲ မှီဝဲဆည်းကပ်အပ်ကုန်သော မိတ်ဆွေအပေါင်းအသင်းတို့အပေါ်၌ လိုလား တပ်မက်တတ်ကုန်သော ဆန္ဒရာဂတို့အောက်လည်းကောင်း အဆပေါင်းရာထောင် သောင်းသိန်းမက သာလွန်၍ ယုတ်မာလေသတတ်။
အို အချင်းတို့ ...သင်တို့သည် ချိုချဉ်ဖန်ခါး စသည်ပြားကုန်သော ရသာရုံအမျိုးမျိုးတို့အပေါ်၌ လိုလားတပ်မက်ကုန်သော ဆန္ဒရာဂတို့၏ အလွန်တရာ ယုတ်မာသည်၏အဖြစ်ကို ရှုကြည့်ကြကုန်လော့ ...။ လူသူ မနီးသည့် တောမြိုင်ကြီးကိုသာ မှီတင်းနေထိုင်လေ့ရှိသော လေအဟုန်ကဲ့သို့ လျင်လျင်မြန်မြန် ပြေးသွားနိုင်သည့် စွမ်းအားရှိသော ဝါတမိဂအမည်ရသော တောသားသမင်ကို သဉ္ဇယဥယျာဉ်စောင့် ယောက်ျားသည် ပျားလူးမြက်ရသာရုံတို့ဖြင့် ဖြားယောင်းကာ မိမိအလိုအကြိုက်သို့ လိုက်ပါအောင် ခေါ်ဆောင်နိုင်ခဲ့လေပြီတကား ...
ဤဒေသနာတော်ကိုပင် ဘုရားရှင်က --- ရသတဏှာကို အကြောင်းခံကာ ကာမဂုဏ်ညွှတ်ကွင်းကို ဇွတ်အတင်းနင်းမိသော စူဠပိဏ္ဍပါတိကတိဿမထေရ်ကို အကြောင်းပြုကာ ရဟန်းပရိသတ်ဦးဆောင်သည့် တရားနာ ပရိသတ်တို့အား တစ်ဖန် ပြန်၍ ဟောကြားတော်မူလေသည်။
ထိုအချိန်အခါက ဗာရာဏသီဘုရင်ကြီးမှာ ဂေါတမဘုရားရှင် အလောင်းအလျာသူတော်ကောင်းပင် ဖြစ်၏။ ဘသားချောကြီး အရှင်တိဿသည်ကား ထိုအချိန်အခါက ဝါတမိဂသားသမင်ပင် ဖြစ်ခဲ့၏။ သူတစ်ပါးတို့ကို ကာမဂုဏ်အာရုံနှင့် ဗန်းပြကာ အရဖမ်းယူသည့်အပိုင်းတွင် သူတစ်ပါးတို့၌ နည်းခံဖို့မလို အလိုလို ကျွမ်းကျင်လိမ်မာတော်မူလှသည့် ဒေါ်ဝဏ္ဏဒါသီသည်ကား ထိုအချိန်က ပျားလူးမြက်ဖြင့် ဝါတမိဂသားသမင်ကို အရဖမ်းယူခဲ့သည့် ဥယျာဉ်စောင့်သဉ္ဇယပင် ဖြစ်ခဲ့လေသည်။
ဘဝတစ်ခုဝယ် လက်ခံ ကျင့်သုံးခဲ့သော ရသတဏှာဓာတ်ငွေ့ကို နိဿရဏပညာဖြင့် ပြတ်အောင် မဖြတ်နိုင်ခဲ့သည့်အတွက် ကာမဂုဏ် ထောင်ကြီးချုပ်စခန်းတွင် စံမြန်းခဲ့ရသူတစ်ဦး ဖြစ်သွား၏။ အရှင်တိဿကဲ့သို့ ကာမဂုဏ်ထောင်ကြီးချုပ်စခန်းတွင် မစံမြန်းလိုသူ သူတော်ကောင်းတို့သည် ရသတဏှာကို ပယ်ရှားနိုင်ရေးအတွက် အစာအာဟာရကို မှီဝဲရာ၌ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နိဿရဏပညာဖြင့် မှီဝဲတတ်ဖို့ လိုပေသည်။
ယင်းသို့ ဖြစ်လျှင် နိဿရဏပညာဟူသည် အဘယ်နည်းဟု မေးရန် ရှိ၏။ ဤကျမ်းစာငယ်တွင် ယင်းနိဿရဏပညာအကြောင်းကို သီလကျင့်စဉ်ပိုင်းဆိုင်ရာရှုထောင့်, သမာဓိကျင့်စဉ်ပိုင်းဆိုင်ရာရှုထောင့်, ပညာကျင့်စဉ်ပိုင်းဆိုင်ရာရှုထောင့်ဟူသည့် ရှုထောင့်အမျိုးမျိုးမှ ဘက်စုံ မြင်နိုင်အောင် အကျဉ်းချုပ်ကာ ရှင်းလင်းတင်ပြထားပါသည်။ အရဟတ္တဖိုလ်နိဗ္ဗာန်ကို မျှော်မှန်းကာ သမထ-ဝိပဿနာဘာဝနာတို့ကို အပြင်းအထန် ကြိုးစား အားထုတ်နေကြသည့် ယောဂီသူတော်ကောင်းတို့အဖို့ အာဟာရကို မှီဝဲရာ၌ ယင်းနိဿရဏပညာကား မပါမပြီး မရှိမဖြစ် အလွန် အလိုရှိအပ်သည့် ပညာရပ် တစ်ခုပင် ဖြစ်ပေသည်။ ယင်းနိဿရဏပညာရပ်ကို အသေးစိတ် နားလည် သဘောပေါက်ရန် ရည်သန်တောင့်တလျက် ဤကျမ်းစာငယ်တွင်-
- ၁။ အာမဂန္ဓသုတ္တန် ပထမပိုင်း
- ၂။ မစ္ဆမံသဝိနိစ္ဆယကထာပိုင်း
- ၃။ အာမဂန္ဓသုတ္တန် ဒုတိယပိုင်း
- ၄။ ပုတ္တမံသူပမသုတ္တန်ပိုင်း
- ၅။ အာမဂန္ဓသုတ္တန် တတိယပိုင်း
- ၆။ အာဒိတ္တပရိယာယသုတ္တန်ပိုင်း
- ၇။ အာမဂန္ဓသုတ္တန် စတုတ္ထပိုင်း
ဤသို့အားဖြင့် အပိုင်းကဏ္ဍ (၇)ရပ် ခွဲခြားကာ ရေးသားတင်ပြထားပါသည်။ ဤအာမဂန္ဓသုတ္တန်နှင့်တကွ အရပ်ရပ်သော ဤတရားဒေသနာတော်ကို ဖားအောက်တောရတွင် ယောဂီသူတော်စင်တို့အား အချိန် ကြာမြင့်စွာက ဟောကြားခဲ့ဖူး၏။ ယင်းတရားတော်ကို နာယူရသည့် သူတော်စင် အချို့တို့က ကျမ်းစာအဖြစ် ရေးသားချီးမြှင့်ပါရန် လျှောက်ထားတောင်းပန်ကြသဖြင့် တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ရောက်အောင် လိုတိုး --- ပိုလျှော့ စနစ်ကို အသုံးပြုကာ ရေးသား တင်ပြလိုက်ရပေသည်။ ဤကျမ်းစာကို ဖတ်ရှုသူ သူတော်ကောင်းအပေါင်းတို့သည်လည်း အစာအာဟာရကို မှီဝဲစားသုံးရာ၌ ရသတဏှာကို ပယ်ရှားနိုင်သည့် နိဿရဏ ပညာဖြင့် မှီဝဲ စားသုံးနိုင်ကြပါစေသောဝ် ...။
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသောဝ် ...။
ဖားအောက်တောရဆရာတော်
၁၃၆၇-ခု၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။
အာမဂန္ဓသုတ္တန် (ပထမပိုင်း)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
သာမာကစိင်္ဂူလကစီနကာနိ စ၊ ပတ္တပ္ဖလံ မူလဖလံ ဂဝိပ္ဖလံ။
ဓမ္မေန လဒ္ဓံ သတမသ္နမာနာ၊ န ကာမကာမာ အလိကံ ဘဏန္တိ။ (သုတ္တနိပါတ၊ ၃၁၅။)
ဘော ကဿပ = အို အရှင်ကဿပမြတ်စွာဘုရား ...။ ဓမ္မေန လဒ္ဓံ = တရားသော နည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သော။ သာမာကစိင်္ဂူလကစီနကာနိ စ = မြက်သီးစပါး, ဆောင်းလှေကားပွင့်သဏ္ဌာန်အနံ့ရှိသော စပါး, အလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း။ ပတ္တပ္ဖလံ = သစ်ရွက် စိမ်းကိုလည်းကောင်း။ မူလဖလံ = သစ်မြစ် သစ်ဥကိုလည်းကောင်း။ ဂဝိပ္ဖလံ = သစ်သီးဝလံကိုလည်းကောင်း။ အသ္နမာနာ = စားသုံးလျက်ရှိကြကုန်သော။ သတံ = သူတော်ကောင်းတို့သည်။ ကာမကာမာ = ကာမဂုဏ်ကို အလိုရှိခြင်း တည်းဟူသော အကြောင်းတရားကြောင့်။ အလိကံ = ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့ စကားကို။ န ဘဏန္တိ = ဘယ်တော့မှ မပြောဆိုကြပါကုန်။
ဤတရားဒေသနာတော်က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာသလဲ? ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကို အဋ္ဌကထာက အတ္ထုပ္ပတ္တိနှင့်တကွ ရှင်းလင်းတင်ပြထားပါတယ်။ ဘယ်လို ဖြစ်ပေါ်လာသလဲလို့ မေးတော့ ---
ဂေါတမဘုရားရှင်၏ လက်ထက်တော်၌ အာမဂန္ဓသုတ္တန် ဖြစ်ပေါ်လာပုံ
ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရား မပွင့်ထွန်း မပေါ်ပေါက်မီ အချိန် အခါကာလမှာ အာမဂန္ဓ အမည်ရှိတဲ့ ပုဏ္ဏားကြီးက လုလင်ငါးရာတွေနဲ့ အတူအကွ ရသေ့ရဟန်းပြုတယ်။ ပြုပြီးတော့ ဟိမဝန္တာတောကို ဝင်ကြတယ်၊ တောထွက်ကြတယ်။ ဟိမဝန္တာတောအတွင်းသို့ ဝင်ကြပြီးတော့ တောင်နှစ်ခုတို့အကြားမှာ သင်္ခမ်းကျောင်းကလေးတွေ ဆောက်လုပ်ပြီးတော့ တော သစ်မြစ် သစ်ဥ သစ်ဖုလေးတွေကိုပဲ စားသုံးပြီး ရသေ့ရဟန်းတရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကာ နေထိုင်ကြတယ်။
မှန်းမျှော်ကြည့်လိုက်ပေါ့နော်။ ရသေ့တွေဟာ အင်မတန် ကြည်ညိုဖို့ ကောင်းကြပါတယ်။ တောထဲမှာ သစ်ဥ သစ်ဖုလေးတွေပဲ စားသုံးပြီးတော့ နေထိုင်ကြတယ်။ ငါးအမဲဆိုလို့ တစ်ခါမှလည်း မစားကြဘူး။ အဲဒီလို မစားဘဲနဲ့ နေထိုင်လိုက်ကြတော့ ဘာဖြစ်လာကြသလဲ? သူတို့မှာ အချဉ်လည်း မစားကြရဘူး၊ ဆားလည်း မစားကြရဘူး။ တောထဲမှာ အချဉ်တို့ ဆားတို့လည်း မရှိကြဘူး။ အဲဒီလို အချဉ်တို့ ဆားတို့ အစရှိတဲ့ မှီဝဲသင့် မှီဝဲထိုက်တဲ့ ပစ္စည်းဝတ္ထုတွေကို မစားသုံးရတဲ့အတွက် သူတို့ရဲ့သန္တာန်မှာ ပဏ္ဍုရောဂါခေါ်တဲ့ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိနေတဲ့ ရောဂါတွေ ထင်ရှား ဖြစ်ပေါ်လာကြတယ်။ ဒီပဏ္ဍုရောဂါက စာပေမှာ တော်တော်များများတော့ ဖော်ပြထားပါတယ်။ သူတို့ရဲ့သန္တာန်မှာ သွေးဖြူဥတွေက အလွန်အားကောင်း ပြီးတော့ သွေးနီဥတွေက တဖြည်းဖြည်း နည်းပါးလာကြတယ်။ အာဟာရဓာတ် ချို့တဲ့မှုပဲ။ ပြီးတော့ အာဟာရဓာတ် မမျှတတဲ့အတွက် ကိုယ်ခံအား နည်းပါးကာ သူတို့ရဲ့ သန္တာန်မှာ ရောဂါအမျိုးမျိုးတွေက ဝင်လာတယ်။ ဒီရောဂါတွေကို အကြောင်းပြုပြီးတော့ စိတ်ဓာတ်ခြောက်ချားမှုဆိုတဲ့ သဘော တရားတွေကလည်း ဖြစ်ပေါ်လာကြပါတယ်။
တောသစ်ဥ သစ်ဖုသာ စားနေတယ်ဆိုပေမယ့်လို့ အမြဲတမ်း ကျန်းမာမှုက မဖြစ်ကြဘူး။ တစ်ခါတစ်ရံ ဆားဓာတ်ကလေးကလည်း လိုပြန်တယ်၊ တစ်ခါတစ်ရံ အချဉ်ဓာတ်ကလေးကလည်း လိုပြန်တယ်၊ တစ်ခါတစ်ရံ အခါးဓာတ်ကလေးကလည်း လိုပြန်တယ် စသည်ဖြင့် ဓာတ်သဘာဝတွေကမစားဘဲ ကြာကြာ ထားလိုက်ပြီဆိုရင်တော့ အာဟာရဓာတ်တွေက ချို့တဲ့ပြီးတော့ ခန္ဓာအိမ်ရဲ့ တည်ဆောက်မှုတွေက ပုံစံအမျိုးမျိုး ပြောင်းလဲသွားတတ်တယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေမှာတော့ ဒီ ချဉ်ဆားအစရှိတဲ့ စားသင့်စားထိုက်တဲ့ အာဟာရလေးတွေကို မမှီဝဲရခြင်းတည်းဟူသော အကြောင်းကြောင့် အရိုးအဆစ်တွေ ပျော့ပျောင်းတဲ့ရောဂါ ယားယံတဲ့ရောဂါ အစရှိသည်ဖြင့် ဒီလို ရောဂါတွေလည်း ဖြစ်ပေါ်လာတတ်ကြပါတယ်။
ခု ဒီရသေ့တွေကို ကြည့်လိုက်တဲ့အချိန်အခါကျတော့ ... သူတို့မှာ ပဏ္ဍုရောဂါခေါ်တဲ့ ရောဂါတစ်မျိုး စွဲကပ်လာတယ်။ သူတို့ရဲ့ အသားအရေ အဆင်းဟာ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့ပြီးနေတဲ့ အသားအရေအဆင်းတွေ ဖြစ်လာပြီ၊ မကျန်းမာကြတော့ဘူး။ အဲဒီအခါကျတော့မှ ဒီ ချဉ်ဆားအစရှိတဲ့ လိုအပ်တဲ့အာဟာရဓာတ်တွေကို တို့ မှီဝဲရန်ဆိုတဲ့ ဦးတည် ချက်ဖြင့် လူတို့၏ ဒေသကို သွားရာဖြစ်တဲ့ လမ်းအတိုင်း ခရီးဒေသစာရီ ကြွချီလာလိုက်ကြတာ တိုင်းစွန်ပြည်နားဖြစ်တဲ့ ပစ္စန္တရာဇ် ရွာတစ်ရွာသို့ ဆိုက်ရောက်လာကြတယ်။ ရသေ့တွေကို မြင်လိုက်တော့ လူတွေကလည်း သိပ်ကြည်ညိုကြတယ်။ ကြည်ညိုတဲ့အတွက် ရသေ့တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်း, ခဲဖွယ်, ဘောဇဉ်တို့ဖြင့် ကျွေးမွေး လှူဒါန်းကြတယ်။ လှူဒါန်းပြီးတဲ့ အချိန်အခါ ဘာလုပ်ကြသလဲ?
ဒါယကာ ဒါယိကာမတို့ရဲ့ တာဝန်ပဲနော်။ ကြွရောက်လာကြတဲ့ ရသေ့ရဟန်းတွေအပေါ်၌ ပြုသင့်ပြုထိုက်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို သူတို့က ပြုလုပ်ကြတာပဲ । ရသေ့ရဟန်းတွေအပေါ်မှာ ကြည်ညိုတဲ့အတွက် ဆွမ်းတွေ လှူဒါန်းပူဇော်ကြတယ်။ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အချိန်အခါမှာ ဒီရသေ့ ရဟန်းတွေ သုံးဆောင်ဖို့ရန်အတွက် ခုတင်တွေ ညောင်စောင်းတွေ ကျောင်း အသုံးအဆောင်တွေ အိုးတွေ ခွက်တွေ ခြေဆေးခွက် အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်ပြီးတော့ အရှင်ဘုရားတို့ ဒီနေရာမှာ သီတင်းသုံးတော်မူကြပါ။ ငြီးငွေ့တော်မမူကြပါနဲ့ ဆိုပြီးတော့ ပြောဆိုလျှောက် ထားပြီးတော့ နေရာဒေသတွေကို ညွှန်ပြပေးကြတယ်။ ညွှန်ကြား ပြသပေးပြီးတဲ့ အချိန်အခါမှာ မိမိတို့ အိမ်ဘက်သို့ ဖယ်ခွာထွက်သွားကြတယ်နော်။ ဒီတော့ ...
ဒီနေရာမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူတို့ ရသေ့တွေကလည်း တောထဲမှာ သီတင်းသုံးနေကျဖြစ်တော့ သူတို့အတွက် နေရာက အဆင့်အတန်း မြင့်မြင့်တော့ မဟုတ်ကြပါဘူး။ ယခုကာလ တောကျောင်းလေးတွေ ကြည့်မယ်ဆိုရင်တော့ ဒီရသေ့တွေ သီတင်းသုံးတဲ့ နေရာထက်တော့ ပိုပြီး အဆင့် မြင့်တယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်နော်။ ဒကာ ဒကာမတွေကို ဘယ်လောက် ကျေးဇူးတင်ဖို့ ကောင်းသလဲ။ မိမိ ချမ်းချမ်းသာသာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို အားထုတ်တဲ့ အချိန်အခါမှာ ခုလို မိုးလုံလေလုံ အဆောက်အဦလေးတွေနဲ့ မျှတတဲ့ ပစ္စည်းလေးပါးနဲ့ ပြုစုလုပ်ကျွေးနေတာ အင်မတန် ကျေးဇူးတင်ဖို့ ကောင်းကြပါတယ်။ ခု ဒီမှာလည်း ရသေ့တွေကို အသုံးအဆောင်ဖြစ်တဲ့ ခုတင်တွေ ညောင်စောင်းတွေ ထိုင်ခုံတွေ အသုံးအဆောင်ပစ္စည်းတွေ အိုးတွေ ခွက်တွေ ခြေဆေးစရာ ခွက်တွေ အစရှိတဲ့အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်ပြီးတော့ အရှင်ဘုရားတို့ ... ဒီမှာ သီတင်းသုံးတော်မူကြပါ၊ မငြီးငွေ့ကြပါနဲ့လို့ ဆိုပြီး လျှောက်ထားပြီးတော့ နေရာကလေးတွေ ခင်းကျင်းပေးကြပါတယ်။ ဒီပုံစံကို ထောက်ကြည့်ရင်တော့ ကျောင်းဆောက်တဲ့ ပုံစံတော့ မဟုတ်ဘူးနော်။ သင့်တင့်လျောက်ပတ်တဲ့ သစ်ပင်အောက်တွေမှာ ခုတင်ညောင်စောင်း ကလေးတွေ ကုလားထိုင်ကလေးတွေ ထားပေးပြီးတော့ အသုံးအဆောင် ပစ္စည်းကလေးတွေ ထိုက်သလို လှူဒါန်းပြီး သွားကြပုံရတယ်။ လာလိုက်တဲ့ အချိန်အခါကို ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း မိုးလလွန်မြောက်ပြီး ဆောင်းကာလနှင့် နွေကာလ စပ်ကြားကာလ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ နောက်တစ်နေ့ကျတော့ ဘာလုပ်ကြသလဲ?
နောက်တစ်နေ့ကျတော့လည်း စုပေါင်းပြီးတော့ အလှူဒါနတွေ ပြုကြတယ်။ အဲဒီအလှူဒါနတွေပြုလုပ်ပြီးတဲ့ နောက်နေ့တွေကျတော့ တစ်အိမ်မှာ တစ်ရက်စီ တစ်ရက်စီ တာဝန်ယူပြီးတော့ အလှူဒါနတွေ ပြုနေကြတယ်။ ရသေ့တွေလည်း လေးလကာလပတ်လုံး ထိုလူတို့ဒေသမှာ နေထိုင်လိုက်တဲ့အတွက် လေးလပတ်လုံး ချဉ် ဆားအစရှိတဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို မှီဝဲလိုက်ရတော့ ခန္ဓာကိုယ်တွေက အလွန် ခိုင်ခံ့သွားတယ်။ ခိုင်ခံ့တဲ့ ခန္ဓာကိုယ်ရှိတဲ့အဖြစ်သို့ ရောက်ရှိသွားတဲ့ အချိန်အခါကျတော့မှ ကဲ ... သွားကြစို့၊ တို့ လိုရင်းကိစ္စတော့ ပြီးပြီဆိုပြီး တိုင်ပင်ပြီးတော့ ဟိမဝန္တာတောကို ပြန်ဖို့ရန်အတွက် ဒကာ ဒကာမတွေကို ပြောပြကြတယ်။ ပြောပြလိုက်တဲ့ အချိန်အခါကျတော့ ဒကာ ဒကာမတွေကလည်း ထိုရသေ့တွေကို ဆီ ဆန် အစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတွေကို လှူဒါန်းပူဇော်ကြတယ်။ ဆားလည်း ပါ, ပါလိမ့်မည်။ မိမိတို့ကို ဒီပစ္စည်းဝတ္ထုလေးတွေကို လှူလိုက်တော့ လှူဖွယ်ဝတ္ထုကလေးတွေကို ယူဆောင်ပြီးတော့ မိမိတို့ နေထိုင်ရာဖြစ်တဲ့ ဟိမဝန္တာတောအတွင်း တောင်နှစ်ခုတို့ရဲ့ အကြားမှာ တည်ရှိနေတဲ့ သင်္ခမ်းကျောင်းကလေးတွေကို ပြန်ကြွသွားကြပြီ။
ဒီပုံစံအားဖြင့်ပေါ့လေ ရသေ့တွေက တောထဲပြန်ကြွသွားပြီးတဲ့အခါ နောက်နှစ်ကျတော့လည်း ဒီရွာကို လာကြပြန်တယ်။ နောက်နှစ်ကျတော့လည်း လာကြပြန်တယ်၊ နှစ်တိုင်းနှစ်တိုင်း ဒီရွာကို လာနေကျဖြစ်တယ်။ ရသေ့တွေ ကြွလာပြီဆိုလို့ရှိရင်လည်း ရှေးနည်းအတိုင်း ရိုရိုသေသေနဲ့ မြတ်မြတ်နိုးနိုးနဲ့ ပြုစုလုပ်ကျွေးကြတယ်။ လူဒကာ ဒကာမတွေကလည်း ရသေ့တွေ ဘယ်အချိန်အခါ လာကြတော့မယ်ဆိုတာ ကြာလာတော့ သိကြတယ်။ သိတဲ့အတွက် လှူဖွယ်ဝတ္ထုတွေလည်း အသင့်စီမံထားကြတယ်။ အဲဒီလိုနဲ့ နေလာလိုက်တာ နှစ်တွေကြာညောင်းလာတဲ့ တစ်ချိန်မှာ ဘာဖြစ်လာသလဲ?
ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရား လောကမှာ ပွင့်လာပြီ၊ ပွင့်လာပြီးတဲ့နောက် မြတ်စွာဘုရားက မြတ်သော တရားဓမ္မစက်လို့ခေါ်ဆိုအပ်တဲ့ ဓမ္မစကြာဒေသနာတော် အမှူးရှိနေတဲ့ တရားဒေသနာတော်တွေကို လူလောကမှာ ဟောကြားပြသ ဆိုဆုံးမပြီ။ ဆိုဆုံးမနေတဲ့ အချိန်အခါမှာ အစဉ်အတိုင်း သာဝတ္ထိပြည်သို့ မြတ်စွာဘုရားလည်း ဆိုက်ရောက်လာပြီ။ ဇေတဝန်ကျောင်းတိုက်တော်ကြီးကိုလည်း အလှူခံပြီးပြီ။ ဇေတဝန်ကျောင်းတိုက်တော်ကြီးကို အလှူခံပြီးတဲ့အချိန်အခါ ထိုဇေတဝန်ကျောင်းတိုက်မှာ သီတင်းသုံးစံနေတော်မူခိုက် တစ်နေ့ မြတ်စွာဘုရားက မဟာကရုဏာတော် သမာပတ်ကို ဝင်စားပြီး လောကကို ကြည့်ရှုတော်မူလိုက်တဲ့အချိန်အခါ ထိုရသေ့ သူတော်ကောင်းတို့ရဲ့ အရဟတ္တဖိုလ်ရနိုင်တဲ့ အားကြီးသောမှီရာ ဥပနိဿယ အကြောင်းတရားတွေနဲ့ ပြည့်စုံနေတာကို ဘုရားရှင်က မြင်တော်မူပြီ । မြင်တော်မူလိုက်တဲ့အချိန်အခါ မြတ်စွာဘုရားသခင်လည်း ထိုသာဝတ္ထိပြည်မှ ထွက်ခွာတော်မူပြီး ရဟန်းသံဃာအပေါင်း ခြံရံလျက် ခရီးဒေသစာရီ ကြွချီ တော်မူပါတယ်။ အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူရာ နောက်ဆုံး ရသေ့တွေ လာနေကျဖြစ်တဲ့ ထိုတောရွာကလေးကို ဆိုက်ရောက်သွားတော် မူပါတယ်။ ပစ္စန္တရာဇ်ရွာကလေး ရောက်လိုက်တဲ့အချိန်အခါကျတော့ ဘာဖြစ်လာသလဲ?
ဒကာ ဒကာမတွေကလည်း ဘုရားရှင်ကို ဖူးတွေ့လိုက်ရတဲ့အချိန်အခါ ဘုန်းတော်ခြောက်ပါးသခင် မြတ်စွာဘုရားရှင်ကို ဖူးတွေ့လိုက်ရတဲ့အတွက် သိပ်ဝမ်းသာကြတယ်။ အလှူကြီးတွေ အကြီးအကျယ် လှူဒါန်းကြတယ်။ ဘုရားရှင်ကလည်း ထိုဒကာ ဒကာမတွေကို တရားဒေသနာ ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ဒါနနဲ့စပ်တဲ့ တရားစကား, သီလနဲ့စပ်တဲ့ တရားစကား, နတ်ရွာသုဂတိနဲ့စပ်တဲ့ တရားစကား ကာမဂုဏ်တို့ရဲ့အပြစ် ကာမဂုဏ်မှ ထွက်မြောက်ကြောင်းဖြစ်တဲ့ သစ္စာ (၄)ပါးနဲ့ စပ်တဲ့ တရားစကားအစရှိတဲ့ ဒီတရားအမျိုးမျိုးတွေကို ဟောကြားပေးတော်မူပါတယ်။ ဟောကြားပေးလိုက်တဲ့ အချိန်အခါကျတော့ တချို့ပုဂ္ဂိုလ်တွေက သောတာပန်, တချို့ပုဂ္ဂိုလ်တွေက သကဒါဂါမ်, တချို့ပုဂ္ဂိုလ်တွေက အနာဂါမ် ဖြစ်သွား ကြပြီ။ တချို့ပုဂ္ဂိုလ်တွေကျတော့ သာသနာတော်သို့ ဝင်ရောက်ကာ ရှင် ရဟန်းပြုကြတယ်။ ရှင်ရဟန်းပြုပြီးတဲ့အချိန်အခါမှာ တရားဘာဝနာတွေ ဆက်လက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားကြတယ်။ ထို့နောင် ဘုရားရှင်လည်း သာဝတ္ထိပြည်ကို ပြန်ကြွတော်မူပါတယ်။ ကြွလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ?
ရသေ့တွေလည်း သူတို့လာနေကျအတိုင်း ဘုရားရှင်ပြန်ကြွသွားပြီးတဲ့ နောက်ပိုင်းကာလမှာ ဒီရွာကို ရောက်လာပြီ၊ ရသေ့တွေ ဒီတစ်ခါ ဆိုက်ရောက်လာကြတဲ့အခါ ရှေးယခင်က ပုံစံမျိုးလို အုတ်အုတ်ကျက်ကျက်နဲ့ ဒကာ ဒကာမတွေက ဆီးပြီးတော့ မကြိုကြတော့ဘူး။ ပုံစံ ပြောင်းမသွားကြဘူးလား? ပြောင်းသွားကြတယ်နော်။ ရှေးကနဲ့ ခု ဘာဖြစ်လို့မတူကြသလဲ? ဒီလို ရသေ့တွေက မေးကြည့်ကြတယ်။ သင်တို့ ရွာသူ ရွာသားအားလုံးဟာ မင်းပြစ်မင်းဒဏ်ဖြင့် အနှိပ်စက်ခံရလို့လား? သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေရလို့လား? သို့မဟုတ် တို့ထက် သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူးအားဖြင့် သာလွန် ပြည့်စုံ မြင့်မြတ်နေတဲ့ သူတော်ကောင်း ရသေ့ရဟန်းတို့က ဒီရွာသို့ အစဉ်တစိုက် ဆိုက်ရောက်လာလို့များလား? လို့ မေးကြည့်ကြတယ်။ မေးကြည့်လိုက်တဲ့အချိန်အခါကျတော့ လူသားတွေက ဘာပြန်လျှောက်ထားကြသလဲ?
အရှင်ဘုရား ... ဒီရွာကို ပြန်ကြည့်မယ်ဆိုရင် ဒီရွာဟာ မင်းပြစ် မင်းဒဏ်ဖြင့် အနှိပ်စက်ခံရတဲ့ ရွာလည်း မဟုတ်ဘူး၊ ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ ဒုဗ္ဗိက္ခန္တရဘေးဖြင့် အနှိပ်စက်ခံရတဲ့ရွာလည်း မဟုတ်ပါဘူး။ အရှင်ဘုရား ... တကယ်စင်စစ် ပြောရမယ်ဆိုရင်တော့ လောကမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာပြီဖြစ်တယ်။ ထိုဘုရားရှင်သည် သတ္တဝါအပေါင်းတို့ရဲ့ အကျိုးစီးပွားအလို့ငှာ တရားတော်ကို ဟောကြားပြသ ဆိုဆုံးမလျက် ဒီရွာသို့ ဆိုက်ရောက်တော်မူလာပါတယ် ဆိုပြီးတော့ လျှောက်ထားကြတယ်။ လျှောက်ထားလိုက်ကြတော့ ဘာဖြစ်လာသလဲ? ဒီ စကားကလေး ကြားလိုက်တဲ့ အချိန်အခါမှာ အာမဂန္ဓရသေ့ကြီးက ဒါယကာတို့ ... သင်တို့ဟာ ဗုဒ္ဓဆိုတဲ့ ဒီစကားကို ပြောဆိုလိုက်ကြသလားလို့ ထပ်မေးကြည့်တယ်။ မေးကြည့်လိုက်တော့လည်း ဒကာတွေက တပည့်တော်တို့ ဗုဒ္ဓလို့ပဲ ပြောဆိုလိုက်ကြပါတယ်ဆိုပြီးတော့ လျှောက်ထားကြတယ်။
သုံးကြိမ်တိုင်တိုင် မေးတယ်။ သုံးကြိမ်တိုင်တိုင် ဒီပုံစံအတိုင်းပဲ ပြန်ပြီးတော့ အဖြေပေးကြတယ်။ အဲဒီအခါကျတော့မှ --- လောကမှာ ဗုဒ္ဓ ဗုဒ္ဓဆိုပြီး ကြွေးကြော်တဲ့ ဒီစကားအသံဟာ အလွန် ရခဲတဲ့ သဘောရှိတယ်။ လောကမှာ ဘုရားဆိုတဲ့ ဒီစကားအသံလေးဟာ ကြားရဖို့ရန်အတွက် အလွန် ခက်ခဲပါတယ်။ ခုအခါ ဗုဒ္ဓဆိုတဲ့ အသံကို ကြားလိုက်ရတော့ သိပ်ဝမ်းသာသွားကြတယ်။ ဒီလို ဝမ်းမြောက်တဲ့အတွက် ဝမ်းမြောက်တဲ့စကားကို ပြောဆိုပြီးတော့ ထပ်မေးကြည့်ပြန်တယ်။ ဘာမေးသလဲ?
ကဲ - ကောင်းပြီ ဤ ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ဟာ အာမဂန္ဓခေါ်တဲ့ အညှီ အဟောက်ကို ဘုဉ်းပေးသုံးဆောင်ပါသလား? (သို့မဟုတ်) မဘုဉ်းပေး မသုံးဆောင်ဘူးလား? မေးကြည့်တယ်။ အဲဒီအခါကျတော့ ဒကာ ဒကာမတွေက ဘာပြန်မေးသလဲ? အရှင်ဘုရား ... အညှီအဟောက်ဆိုတာ ဘာလဲ? ဒီလို မေးကြည့်တယ်။
ဒါယကာတို့ ... အညှီအဟောက် အညှီအဟောက်ဆိုတာ တခြားဟာ မဟုတ်ဘူး၊ ငါးအမဲကိုပြောတာ၊ ဒီလို အာမဂန္ဓရသေ့ကြီးက ပြန်ဖြေတယ်။ အဲဒီအခါကျတော့ ဒကာ ဒကာမတွေက ဘာပြန်လျှောက်ထားကြသလဲ?
အရှင်ဘုရား ... ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ငါးအမဲကို ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ ဒီလို ဒကာ ဒကာမတွေက ပြန်ပြီး လျှောက်ထားကြတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့အချိန်အခါမှာ ဒီရသေ့ကြီး ဘာဖြစ်သွားလဲ?
မြတ်စွာဘုရားသည် အသားငါးကို ဘုဉ်းပေးပါတယ်လို့ ဒကာ ဒကာမတွေက ပြန်ပြီး လျှောက်ထားတဲ့ ဒီစကား ကြားလိုက်တော့ အာမဂန္ဓ ရသေ့ကြီးက အင်မတန် စိတ်မချမ်းမသာ ဖြစ်သွားတယ်။ ဧကန္တကတော့ ဘုရားဟုတ်ပုံတော့မပေါ်ဘူး သူက ဒီလို စဉ်းစားတယ်နော်။ အဲဒီလို စဉ်းစားပြီးတော့ နောက်ထပ် သူက စဉ်းစားပြန်တယ်။ လောကမှာ ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူတယ်ဆိုတာက အလွန်ရခဲတဲ့ သဘောတစ်ခုသာဖြစ်တယ်။ ဒီတော့ ငါကိုယ်တိုင်သွားမယ်၊ သွားပြီးတော့ ငါကိုယ်တိုင် ဖူးတွေ့မယ်၊ ဖူးတွေ့ပြီးတော့ ငါကိုယ်တိုင်မေးမယ်၊ မေးပြီးတဲ့အခါ ငါသိအောင် လုပ်မယ်၊ သူများအပြောနဲ့ ငါလက်ခံလို့တော့ မဖြစ်သေးဘူး၊ သူက ဒီလို စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အချိန်အခါကျတော့မှ ---
ကိုယ်တိုင်သိအောင် စုံစမ်းမေးမြန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် မြတ်စွာ ဘုရား ကြွသွားတဲ့လမ်းကို ဒကာ ဒကာမတွေကို မေးမြန်းပြီးတော့ ဘုရားရှင် ကြွတဲ့ လမ်းအတိုင်း အစဉ်တစိုက် နောက်ကနေလိုက်ပြီး နွားသားငယ်ကလေး ပျောက်ဆုံးနေတဲ့ မိခင်နွားမကြီးက နွားသားငယ်အပေါ်မှာ ချစ်ခင်မြတ်နိုး နေတဲ့ စိတ်ဓာတ်ဖြင့် နွားသားငယ်ကလေးကို အစဉ်တစိုက် လိုက်လံရှာဖွေ သလိုပဲ အာမဂန္ဓရသေ့ အမှူးရှိတဲ့ ရသေ့ငါးရာတို့ဟာလည်း တစ်နေရာ တစ်ည-နေခြင်းဆိုတဲ့ သဘောတရားဖြင့် အလွန် လျင်လျင်မြန်မြန်နဲ့ ခရီး ဆက်ခဲ့ကြပြီ။ တစ်နေရာမှာ တစ်ညပဲ နေထိုင်တယ်။ အဲဒီလို လာလိုက်တာ သာဝတ္ထိပြည်သို့ ရောက်ပြီ။ မိမိပရိသတ်နှင့် အတူတကွ ဇေတဝန်ကျောင်းတိုက်တော်အတွင်း ဝင်သွားပြီ။ ဘုရားရှင်ကလည်း ထိုအချိန်အခါမှာ တရား ဟောဖို့ဆိုတဲ့ ဦးတည်ချက်ဖြင့် ဓမ္မာသနပလ္လင်ထက်မှာ တက်ပြီး သီတင်းသုံး နေတော်မူတဲ့အချိန် ဖြစ်တယ်။
ရသေ့တွေကလည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပါတယ်။ ဒါပေမဲ့ စကားဘာမှ မပြောကြဘူး။ သူတို့က ခပ်ဆိတ်ဆိတ်ပဲ နေကြတယ်။ မြတ်စွာဘုရားကို ရှိမခိုးဘဲနဲ့ အပြစ်ခြောက်ပါးလွတ်တဲ့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်နေလိုက်ကြပြီ။ ဘာဖြစ်လို့လဲ? စိတ်ထဲမှာ မကျေနပ်ချက်ကလေးက နည်းနည်း ကိန်းဝပ်နေတယ်လေ။ ရှိမခိုးနိုင်ကြဘူး။ မြတ်စွာဘုရားသည် အသားငါးတွေ စားနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ နည်းနည်းလေး စူးစမ်းချင်ကြသေးတယ်။ ကျေနပ်မှုက သိပ်မရှိ ဖြစ်နေကြတယ်။ အဲဒါကြောင့် ရှိမခိုးဘဲနဲ့ တစ်နေရာမှာပဲ အသာလေး ထိုင်နေလိုက်ကြတယ်။
ဒီနေရာမှာ ဘုရားရှင်တို့ရဲ့ ကရုဏာတော်များ ဘယ်လောက် အံ့ဩဖို့ ကောင်းသလဲနော်။ ကိုယ့်ကျောင်းကိုလည်း လာသေးတယ်၊ ကိုယ့်ကိုလည်း စကားမပြောဘဲနဲ့ ရှိမခိုးဘဲနဲ့လည်း သူတို့က ထိုင်နေကြတယ်။ ဒီကောင်တွေ နေပလေ့စေဆိုတဲ့ ဒီစိတ်ထားမျိုး ရှိသလား? မရှိပါဘူးနော်။ သူတို့ အရဟတ္တဖိုလ်ရနိုင်တဲ့ အကြောင်းဥပနိဿယတွေကို ဘုရားရှင်က မြင်နေတယ်။ မြင်လိုက်တဲ့ အချိန်အခါကျတော့ ဘုရားရှင်က ဘာအမိန့်ရှိတော်မူသလဲ?
ရသေ့တို့ ... သင်တို့ ကျန်းမာကြပါရဲ့လား? ကိုယ်၏ ကျန်းမာခြင်း ရှိကြရဲ့လား? ဣရိယာပထ မျှတခြင်း ရှိကြရဲ့လား? မပင်မပန်းဘဲနဲ့ ဒီနေရာသို့ ရောက်ရှိလာကြပါရဲ့လား? စသည်ဖြင့် နှုတ်ဆက်စကားကလေးတွေကို ဘုရားရှင်က စတင်ပြီး အမိန့်ရှိတော်မူပါတယ်။ တစ်ဦးနဲ့တစ်ဦး ပြောဆို နှုတ်ဆက်လို့ ဝမ်းမြောက်ဝမ်းသာစကားတွေ ပြောဆိုပြီးဆုံးပြီးတဲ့နောက် အာမဂန္ဓရသေ့ကြီးက သူအင်မတန် အရေးတကြီးသိချင်နေတဲ့အချက်ကို စတင် မေးပါတယ်။
အရှင်ဂေါတမ ... အရှင်ဘုရားဟာ အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်ပါသလား? မဘုဉ်းပေးမသုံးဆောင်ဘူးလား? ဆိုပြီး တိုက်ရိုက်ပဲ မေးမြန်းလိုက်တယ်။ အဲဒီအခါမှာ ဘုရားရှင်က ဘာအမိန့်ရှိတော်မူသလဲ?
ဒကာတော်ပုဏ္ဏား ... သင်မေးနေတဲ့ ဒီအာမဂန္ဓအညှီအဟောက် ဆိုတာက ဘာလဲ? စကားချီရတယ်နော်။ အဲဒီလို မေးလိုက်တဲ့အချိန်အခါမှာ ရသေ့ကြီးက ဘာပြန်လျှောက်ထားလဲ? အာမဂန္ဓ အာမဂန္ဓ အညှီအဟောက် ဆိုတာက တခြားမဟုတ်ပါဘူး အရှင်ဂေါတမ၊ ငါးအမဲကို ပြောနေတာပါလို့ လျှောက်ထားလိုက်တယ်။
ဘုရားရှင်က ပြန်ပြောပြီ။ ဒကာတော်ပုဏ္ဏား ... ငါးအမဲတွေဟာ အညှီအဟောက် မဟုတ်ဘူး၊ အာမဂန္ဓ မဟုတ်ဘူး၊ တကယ်စင်စစ်အားဖြင့် ခပ်သိမ်းသော ကိလေသာ, ခပ်သိမ်းသော အကုသိုလ်တရား မှန်သမျှဟာ (အာမဂန္ဓ =) အညှီအဟောက် မည်ပါပေတယ်လို့ မိန့်ကြားတော်မူလိုက်ပါတယ်။ ပြီးတော့ ဘုရားရှင်က ဆက်ပြီး မိန့်တော်မူပြန်တယ်။
ဒကာတော်ပုဏ္ဏား ... ခုအခါမှာ သင်ကသာလျှင် ဒီအာမဂန္ဓနှင့် ပတ်သက်နေတဲ့ မေးခွန်းပြဿနာကို မေးမြန်းခဲ့ဖူးတာ မဟုတ်သေးဘူး။ ရှေးလွန်လေပြီးသော အတိတ်ကာလကလည်း တိဿအမည်ရှိသော ပုဏ္ဏားကြီးတစ်ဦးက ဘုန်းတော်ခြောက်ပါးသခင် ကဿပဘုရားရှင်ကို ဒီအာမဂန္ဓနှင့် ပတ်သက်တဲ့ မေးခွန်းတွေကို မေးခဲ့ဖူးတယ်။ တိဿဗြာဟ္မဏ ပုဏ္ဏားကြီးက လည်း ကဿပမြတ်စွာဘုရားကို ဒီလိုမေးခဲ့တယ်။ ကဿပဘုရားရှင်ကလည်း ထိုတိဿဗြာဟ္မဏခေါ်တဲ့ တိဿပုဏ္ဏားကို ဒီလိုပဲ ဖြေကြားတော်မူခဲ့တယ် ဆိုပြီးတော့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ပြန်ပြောင်းကာ ဟောကြားတော်မူပြန်တယ်။
တိဿပုဏ္ဏားကြီးနဲ့ ကဿပမြတ်စွာဘုရားတို့ အမေးအဖြေ ပြုလုပ်နေ တဲ့ ဂါထာတွေကိုပဲ ဆောင်ယူပြီးတော့ ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားက လည်း ဒီအာမဂန္ဓပုဏ္ဏားကြီးကို ဒီတရားဒေသနာကို သိကြားစေလိုတဲ့အတွက် ထပ်မံပြီးတော့ ဟောပေးတော်မူပါတယ်။ တိဿပုဏ္ဏားကြီးက ကဿပမြတ်စွာဘုရားကို ဘယ်လို မေးခဲ့တယ်၊ ကဿပဘုရားရှင်ကလည်း ဒီ တိဿပုဏ္ဏားကြီးကို ဒီအာမဂန္ဓအညှီအဟောက်နှင့် ပတ်သက်တဲ့ မေးခွန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြေကြားတော်မူခဲ့တယ်ဆိုတဲ့ ဒီအချက်ကို ဘုရားရှင်က ပြန်ဟောပြတော်မူပါတယ်။ ဒါက ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဒီအာမဂန္ဓသုတ္တန် ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကလေး တစ်ခုပဲ။
ကဿပဘုရားရှင်၏ လက်ထက်တော်၌ အာမဂန္ဓသုတ္တန် ဖြစ်ပေါ်လာပုံ
ကဿပဘုရားရှင်လက်ထက်တုန်းက ဒီအာမဂန္ဓသုတ္တန်က ဘယ်လို ဖြစ်ပေါ်လာသလဲ? တိဿပုဏ္ဏားကြီးကလည်း ကဿပဘုရားရှင်ကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် မေးမြန်းသလဲ? ဒီအပိုင်းကိုလည်း အဋ္ဌကထာဆရာတော်က ဆက်ပြီးတော့ ဖွင့်ဆိုထားပါတယ်နော်။
ကဿပဘုရားရှင်က ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် သဗ္ဗညုတဉာဏ် ရရှိရေးအတွက် ပါရမီတော်တို့ကို ဖြည့်ကျင့်ခဲ့ပါတယ်။ ပါရမီတော်များ ပြည့်ဝစုံညီလာတဲ့ နောက်ဆုံးဘဝမှာ ဗာရာဏသီမှာ ဗြဟ္မဒတ်ပုဏ္ဏားကြီးရဲ့ ဓနဝတီ အမည်ရှိတဲ့ ပုဏ္ဏေးမကြီးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ တည်နေခဲ့ပါတယ်။ ဗြဟ္မဒတ်ပုဏ္ဏားကြီးရဲ့ နောက်လိုက်ဖြစ်တဲ့ ဒုတိယပုရောဟိတ် ပုဏ္ဏားတစ်ဦး ရှိတယ်။ ထို ဒုတိယပုရောဟိတ်ပုဏ္ဏားကြီးရဲ့ အိမ်ရှင်မရဲ့ ဝမ်းကြာတိုက်မှာလည်း အဂ္ဂသာဝကအလောင်းတော်ဖြစ်တဲ့ သူတော်ကောင်း တစ်ဦးကလည်း ဘုရားအလောင်းတော်နဲ့အတူ တစ်နေ့တည်းမှာပဲ ပဋိသန္ဓေ နေခဲ့ပါတယ်။ ထိုသူတော်ကောင်းနှစ်ဦးတို့ဟာ ပဋိသန္ဓေနေတာလည်း တစ်ရက်တည်း၊ မွေးတာလည်း တစ်ရက်တည်း ဖြစ်ကြတယ်။ နာမည်မှည့်တော့လည်း တစ်နေ့တည်းပဲ။ တစ်နေ့တည်းမှာ တစ်ယောက်ကိုတော့ ကဿပလို့ နာမည်မှည့်လိုက်တယ်၊ တစ်ယောက်ကိုတော့ တိဿလို့ နာမည် မှည့်လိုက်တယ်။ အလောင်းတော်ကြီး နှစ်ဦးတို့ဟာ မြေမှုန့်ကစားဘက် သူငယ်ချင်းနှစ်ဦး ဖြစ်သွားကြပြီ။ တဖြည်းဖြည်းနဲ့ ကြီးပြင်းလာကြပြီ။ ကြီးပြင်းလာတော့ ဘာဖြစ်လာသလဲ?
တိဿရဲ့ ဖခင်ဖြစ်တဲ့ ပုဏ္ဏားကြီးကနေပြီးတော့ သူ့သားဖြစ်တဲ့ တိဿကို ပြောပြီ။ ဘယ်လိုပြောသလဲ? သူ့ရဲ့ ပြောဆိုချက်တွေကိုကြည့်ပြီး ပုဏ္ဏားကြီးရဲ့ စိတ်နေစိတ်ထားတွေဟာ သိပ်တော်တယ်လို့ ဘုန်းကြီးကတော့ ယူဆပါတယ်နော်။ သူတို့ဟာ ချမ်းသာကြွယ်ဝတဲ့ ပုဏ္ဏားတွေပါ။ ချမ်းသာကြွယ်ဝနေတဲ့ ပုဏ္ဏားတွေအဖို့ နောက်ထပ် စီးပွားဥစ္စာရှာဖို့ဆိုတဲ့ အခွင့်အလမ်းတွေဟာ ရှာမယ်ဆိုရင်လည်း အများကြီးရှိပါတယ်။ ဒါတွေ သူတို့ မလိုချင်တော့ဘူး။ ဘာလဲ? မိမိ အလွန် ချစ်မြတ်နိုးနေတဲ့ သားရတနာကို ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ တရားကောင်းတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ပဲ တိုက်တွန်းတယ်။ ဘာကြောင့် တိုက်တွန်းရသလဲ ဆိုတော့ သူတို့ဟာ ပညာရှိ သူတော်ကောင်းတွေ ဖြစ်ကြတဲ့အတွက် အဘက်ဘက်မှာ တတ်သိနားလည်နေကြတယ်။
ကဿပဘုရားရှင်ရဲ့ အလောင်းတော်ဖြစ်တဲ့ ကဿပသူတော်ကောင်းကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့နှင့် တန်ဆာဆင်ထားတဲ့အတွက် အလွန်ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနေတာကို သူက တွေ့မြင်နေတယ်။ ဒီလို ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်နဲ့ ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ အိမ်ရာတည်ထောင် လူ့ဘောင်မှာနေခဲ့ရင်လည်း စကြဝတေးမင်း ဖြစ်မယ်, အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာပြီးတော့ ရသေ့ရဟန်းပြုခဲ့မယ်ဆိုလို့ရှိရင်လည်း သဗ္ဗညုတသမ္မာသမ္ဗုဒ္ဓဘုရားရှင် ဧကန်ဖြစ်မယ်ဆိုတာ သူက တပ်အပ်သိနေတယ်။
ဒီတော့ ကဿပဘုရားအလောင်းတော် သူတော်ကောင်းရဲ့ သန္တာန်မှာ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့က ပြည့်ပြည့်ဝဝ စုံစုံ လင်လင် ဖြစ်နေတယ်ဆိုတာကိုလည်း မြင်တယ်, အဲဒီလက္ခဏာတော်တွေ ပြည့်စုံတဲ့အပြင် နောက်ထပ် သူ့ရဲ့ စိတ်နေစိတ်ထား အပြုအမူတွေကို လှမ်းမျှော်ကြည့်လိုက်တဲ့ အချိန်အခါမှာ သူက အိမ်ရာတည်ထောင် လူ့ဘောင်မှ ရှောင်ခွာပြီး တောထွက်မည့်ပုဂ္ဂိုလ်ပဲဆိုတာကိုလည်း ပညာရှိတွေက တွေးကြည့်လိုက်ရင် ပြေးကြည့်တာထက်တောင် တပ်အပ်သေချာ သိနေကြပြန်တယ်။
သိနေတဲ့အတွက် ငါ အင်မတန် ချစ်မြတ်နိုးနေတဲ့ ငါ့သားအတွက် ငါ ဘာလုပ်သင့်သလဲဆိုတာကို တစ်ဆင့်ပြန်ပြီး စဉ်းစားလိုက်တဲ့ အချိန်အခါမှာ ငါ့သားကို သံသရာဝဋ်ဆင်းရဲဒုက္ခဘဝတွေမှ လွတ်မြောက်စေရမယ်ဆိုတဲ့ စိတ်ထား မိဘတို့ရဲ့ သန္တာန်မှာ ကိန်းဝပ်လာတယ်။ အဲဒီလို စိတ်ထားမျိုးဟာ မကောင်းဘူးလား? ဒကာကြီးတွေ ... သူများသားသမီးတွေကို သွားပြီးတော့ ကျွန်ခံခိုင်းတာက ကောင်းသလား? မကောင်းဘူးလား? မကောင်းဘူးလို့တော့ ဘုန်းကြီးရှေ့မှာတော့ ပြောတာပေါ့လေ။ ဒါကတော့ ဘုန်းကြီး ကျေနပ်အောင် ပြောတယ်ထင်တယ်။ ကဲ - သံသရာဝဋ်ဆင်းရဲဒုက္ခဘဝမှ လွတ်မြောက်စေရမယ်ဆိုတဲ့ ဒီစိတ်ထားပါနော်။ အဲဒီစိတ်ထားက သိပ် အရေးကြီးတဲ့ စိတ်ထားပါ၊ အဲဒီအခါကျတော့ သားလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ဘာပြောလဲ? ဘုန်းကြီးတို့ကတော့ ဒီလိုစိတ်ထားမွန်မြတ်မှုမျိုးကို သိပ်ကြည်ညိုတယ်။ ပါရမီဆိုတာ ဒီနေရာမှာ စကားပြောတယ်နော်။
ဖခင်လုပ်တဲ့ပုဂ္ဂိုလ်က အကျိုးကို လိုလားတောင့်တတဲ့ စိတ်ထားဖြင့် စေခိုင်းနေတယ်ဆိုတာကို သားဖြစ်တဲ့ တိဿကလည်းသိတယ်။ သိတဲ့အတိုင်းလည်း တစ်ခွန်းပဲ ပြောရပါတယ်။ နှစ်ခွန်းပြောရသလား? မပြောရပါဘူးနော်။ ကောင်းပြီဆို တစ်ခါတည်းဝန်ခံပြီးတော့ မိတ်ဆွေဖြစ်နေတဲ့ ဘုရားအလောင်းကဿပထံ ချက်ချင်းသွားပြီးတော့ တို့ ရဟန်းပြုကြရအောင် ဆိုပြီးတော့ သွားတိုင်ပင်တယ်၊ တိုင်ပင်လိုက်တဲ့ အချိန်အခါမှာလည်း ဘုရားအလောင်းကဿပသူတော်ကောင်းက ဘာပြန်ပြောသလဲ? သာဓု ကောင်းပြီမိတ်ဆွေဆိုပြီးတော့ ဝန်ခံစကား ပြောကြားပါတယ်၊ ဒါပေမဲ့လို့ ရဟန်းမပြုဖြစ်ကြဘူး။
နည်းနည်းလေး ဒီထက်ပိုပြီး ကြီးပြင်းလာတဲ့ အချိန်အခါကျတော့လည်း တိဿလုလင်ကနေပြီးတော့ ဘုရားအလောင်းကဿပကို ပြောပြန်ပြီ။
မိတ်ဆွေ ... လာပေတော့၊ တို့ ရဟန်းပြုကြရအောင်ကွယ် .. ဆိုပြီး ပြောပြန်တယ်။
ဘုရားအလောင်းက ထိုအချိန်အခါမှာလည်း တောမထွက်နိုင်သေး ဖြစ်နေတယ်နော်။ တောမထွက်သေးဘူး။ မထွက်သေးတဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ? တိဿက စဉ်းစားပြီ။
ဘုရားအလောင်းတော် တောမထွက်တဲ့ အချိန်အခါကျတော့ တိဿက စဉ်းစားတယ်။ သူ့ရဲ့ ပါရမီဉာဏ်တွေက မရင့်ကျက်သေးလို့နဲ့တူတယ်။ ဒီလို နှလုံးပိုက်ပြီးတော့ မိမိက ကိုယ်တိုင်အရင်တောထွက်လိုက်တယ်။ တောထွက်ပြီး ရသေ့ရဟန်းလုပ်ပြီးတဲ့အခါ တောအတွင်းတောင်ခြေတစ်ခုမှာ သင်္ခမ်းကျောင်းကလေး ဆောက်လုပ်ပြီးတော့ ရသေ့ရဟန်းတရားများကို ပွားများ အားထုတ်ပြီးတော့ နေထိုင်ပြီ၊ နေထိုင်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ?
အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်တော်မူခြင်း
အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်တော်မူခြင်း
ကဿပဘုရားအလောင်းတော်ကလည်း နောက်ပိုင်းကာလရောက်လာတော့ မိမိအိမ်မှာ တည်နေစဉ်အတွင်းမှာပဲ အာနာပါနဿတိကို ဉာဏ်နှင့် ပိုင်းခြားယူတယ်၊ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါတယ်၊ ပွားများ အားထုတ်လိုက်တဲ့ အချိန်အခါမှာ စျာန်လေးပါးကို ရတယ်။ ဆက်လက်ပြီး ကသိုဏ်းပရိကံတွေကို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ အဘိညာဏ်တွေကိုလည်း ရရှိသွားတော်မူပါတယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အားထုတ်သလဲ? ဒီဌာနမှာ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်နေတဲ့ ပုဂ္ဂိုလ် တွေ ဒီစကားလေး ကြားလိုက်တာနဲ့ ဘယ်လိုအားထုတ်ရမယ်ဆိုတာ နား မလည်ကြဘူးလား? နားလည်သွားကြတယ်၊ အားမထုတ်ရသေးတဲ့ပုဂ္ဂိုလ်တွေ အတွက်တော့ နည်းနည်းလေးပြောမယ်။
အာနာပါနကမ္မဋ္ဌာန်း
အာနာပါနကျင့်စဉ်မှာ မြတ်စွာဘုရားက သတိမြဲအောင် ညွှန်ကြားထားပါတယ်။ သတိမြဲအောင် ကျင့်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီးတော့ ---
နံပါတ် တစ် ပထမစတုက္ကမှာ ---
- အရှည်
- အတို
- အစအဆုံး အကုန်လုံး
- ငြိမ်သက်အောင် ငြိမ်းအောင် ကျင့်ပါ ...
တစ်နာရီ နှစ်နာရီ စသည်ဖြင့် အရှည်အတိုမှာ စိတ်က ခိုင်ခံ့လာပြီ ဆိုလို့ရှိရင်တော့ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုရတယ်။ ရှည်ချင်လည်း ရှည်ပါစေ၊ တိုချင်လည်း တိုပါစေ၊ အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိပြီဆိုတဲ့ အချိန်အခါကျတော့မှ ထိုသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရသလဲ? အဲဒီ စတယ် ဆုံးတယ် ဆိုတာက နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှာပဲ စတယ် ဆုံးတယ်နော်။ အထဲကို လိုက်ကြည့်စရာလည်း မလိုဘူး၊ အပြင်ကိုလည်း လိုက်ကြည့်ဖို့ မလိုဘူး၊ အဲဒီ အစ အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိပြီဆိုရင် တစ်နာရီ နှစ်နာရီလောက်လည်း စိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်ပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်က ဒီလေကလေး သိမ်မွေ့စေရမည်ဆိုတဲ့ ဦးတည်ချက်ဖြင့် ရှည်ချင်လည်း ရှည်ပါစေ၊ တိုချင်လည်း တိုပါစေ၊ အစ အဆုံး အကုန်လုံး ထင်ထင် ရှားရှား သိအောင်သာ ဆက်ရှုနေပါ။
လေကလေး တဖြည်းဖြည်း သိမ်မွေ့လာမယ်။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် လေက သိမ်မွေ့လာပြီဆိုရင် ထိုချိန်အခါမှာ နိမိတ်ပေါ်တတ်ပါတယ်။ မီးခိုးရောင်လိုလည်း စပေါ်ချင် ပေါ်တတ်ပါတယ်၊ အဖြူရောင်လိုလည်း စပေါ်ချင် ပေါ်တတ်ပါတယ်။ ပေါ်စမှာ နိမိတ်တွေက များသောအားဖြင့် မခိုင်ခံ့တဲ့သဘောရှိခြင်းကြောင့် နိမိတ်ကို မကြည့်သေးဘဲ ပကတိ လေကိုသာ ကြည့်နေပါက နောက်တော့ တဖြည်းဖြည်း လေပေါ်မှာ စိတ်က ကပ်သွားတတ်တယ်။ လေနှင့် နိမိတ်နဲ့လည်း တစ်သားတည်း ဖြစ်လာလိမ့်မည်။ တစ်သားတည်း ဖြစ်လာပြီဆိုလို့ရှိရင်တော့ ထိုလေနှင့် နိမိတ်နဲ့ တစ်သားတည်းဖြစ်တဲ့ အချိန်အခါမှာ ဒီနိမိတ်ကိုပဲ ဆက်ပြီး စိုက်ကြည့်နေရတယ်။
ပကတိလေကို အာရုံမယူတော့ဘဲနဲ့ နိမိတ်ကို စိုက်ပြီး ကြည့်လိုက်တဲ့အခါ တဖြည်းဖြည်း နိမိတ်တွေ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူလာမယ်။ ဖြူရာကနေ တဖြည်းဖြည်း ကြည်လင်ပြီး တောက်ပလာပါလိမ့်မည်။ ပုံသဏ္ဌာန်ကတော့ အမျိုးမျိုး ရှိပါလိမ့်မည်။ ယောဂီတို့ရဲ့ ဘာဝနာသညာရဲ့ ကွဲပြားမှုအပေါ် အခြေတည်ပြီးတော့ နိမိတ်ပုံသဏ္ဌာန်ကလေးတွေကတော့ အမျိုးမျိုး ပြောင်းလဲတတ်တယ်။ အရောင်လည်း ပြောင်းလဲတတ်ပါတယ်၊ ထိုအချိန်အခါမှာ ယောဂီက အရောင်ကိုလည်း နှလုံးမသွင်းရဘူး၊ ပုံသဏ္ဌာန်ကိုလည်း နှလုံးမသွင်းရဘူး၊ ဝင်လေထွက်လေ ဆိုတာကို နှလုံးသွင်းပြီးတော့ နောက်ဆုံး နိမိတ်ပေါ်တဲ့အခါ အဲဒီနိမိတ်ထဲကို စိတ်ကလေး ငြိမ်ပြီး ကပ်နေအောင် ကြိုးစားရပါတယ်။
နိမိတ်ကလည်း ကြည်လင်တောက်ပလာပြီ, ထိုကြည်လင်တောက်ပလာတဲ့ နိမိတ်မှာလည်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီး တည်နေပြီဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် ဒီစျာန်တွေကို ကူးလို့ရပါတယ်။ အဲဒီစျာန်တွေကို ရရှိတဲ့ သူတော်ကောင်းက စတုတ္ထစျာန်လောက်အထိ ရောက်ပြီဆိုလို့ရှိရင် လင်းရောင်ခြည်ရဲ့ စွမ်းအင်က ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့အတွက် ထိုဉာဏ်ရောင်ရဲ့ အကူအညီဖြင့် ထိုအချိန်အခါမှာ (၃၂)ကောဋ္ဌာသကို ကူးလိုက်ရင် လွယ်နေပြီ။
ကသိုဏ်းဘာဝနာပရိကံ
အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်ဌာနလုံးမှာ (၃၂)ကောဋ္ဌာသတွေကို သေသေချာချာ ရှုလို့ရရှိတဲ့ သူတော်ကောင်းက (နီလ, ပီတ, လောဟိတ, ဩဒါတ =) အညို, အဝါ, အနီ, အဖြူ --- ခေါ်ဆိုတဲ့ ဒီဝဏ္ဏကသိုဏ်းလေးမျိုးကို စတင်ပြီးတော့ ရှုမယ်ဆိုရင်တော့ လွယ်သွားပြီ။ ဆံပင်ကဲ့သို့ ညိုနေတဲ့ ကောဋ္ဌာသကိုကြည့်ပြီး အညိုရောင်ကသိုဏ်း ရှုနိုင်တယ်။ ကျင်ငယ်ကဲ့သို့ ဝါနေတဲ့ ကောဋ္ဌာသကို အာရုံယူပြီးတော့ အဝါရောင်ကသိုဏ်း ရှုနိုင်တယ်၊ သွေးကဲ့သို့ နီနေတဲ့ ကောဋ္ဌာသကို အာရုံယူပြီးတော့လည်း အနီရောင်ကသိုဏ်း ရှုနိုင်တယ်၊ အရိုးကဲ့သို့ ဖြူနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အဖြူရောင် ကသိုဏ်း ရှုနိုင်ပါတယ်နော်။
အဲဒီကသိုဏ်းတွေကို ရှုနိုင်ပြီဆိုရင်တော့ ကသိုဏ်းတစ်ခုတစ်ခုမှာ သမာပတ်ရှစ်ပါးအထိ ပေါက်နိုင်ပါတယ်။ ကသိုဏ်းတစ်ခုတစ်ခုမှာ သမာပတ် ရှစ်ပါးပေါက်နေတဲ့ ပုဂ္ဂိုလ်က ကျန်နေတဲ့ ပထဝီကသိုဏ်း အစရှိတဲ့ ကသိုဏ်းတွေကို ဆက်လက်ပြီး စီးဖြန်းမယ်ဆိုရင်လည်း ပိုပြီး လွယ်ကူသွားပြီ၊ အဲဒီ ကသိုဏ်းတွေကို အခြေခံပြီး စျာန်သမာဓိတွေကို (၁၄)မျိုးသော အခြင်းအရာအားဖြင့် ကြိတ်ခြေနိုင်ခဲ့မယ်ဆိုရင် အဘိညာဏ်ကူးလို့ ရပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂ ...။)
ခု ဒီနေရာမှာ ကဿပဘုရားအလောင်းတော်က အာနာပါနကို အခြေတည်ပြီးတော့ စျာန်လေးပါးကို ရရှိအောင် ကြိုးစားတယ်။ အဘိညာဏ်တွေကို ရရှိအောင် ကြိုးစားတယ်။ ကြိုးစားပြီးတဲ့အချိန်အခါ ဘာလုပ်သလဲ? ပြာသာဒ်နှင့် အတူတကွ တောထွက်ပြီ။ တောထွက်တဲ့အချိန်အခါမှာ သူ့ရဲ့ အဘိညာဏ်တန်ခိုးရဲ့ စွမ်းအင်ကြောင့် ပြာသာဒ်ကြီးနှင့် အတူတကွ တောထွက်သွားတယ်။ ဗောဓိမဏ္ဍိုင်အနီး ရောက်သွားပြီ။ ဗောဓိမဏ္ဍိုင်ကို ပြာသာဒ်ကြီးနဲ့ ဝင်မယ်ဆိုလို့ရှိရင် မတော်ဘူးဆိုပြီးတော့ ဗောဓိမဏ္ဍိုင်နှင့် မလှမ်းမကမ်း တစ်နေရာမှာ ပြာသာဒ်ကနေ ဆင်းလိုက်ပါတယ်။ ဆင်းပြီးတဲ့ အချိန်အခါမှာ ဒီပြာသာဒ်ကြီးလည်းပဲ နဂိုတည်တဲ့နေရာအတိုင်း ပြန်ပြီး ရောက်စေဆိုပြီးတော့ အဓိဋ္ဌာန်လိုက်တော့ ပြာသာဒ်ကြီးလည်း မူလတည်ရာနေရာနန်းတော်သို့ ပြန်သွားလိုက်ပြီ။ ပြန်သွားလိုက်တဲ့ အခါကျတော့ ဘာလုပ်သလဲ?
ဘုရားအလောင်းက ရဟန်းမပြုဘဲနဲ့ ဗောဓိမဏ္ဍိုင်ကို ကြွမယ်ဆိုလို့ရှိရင်တော့ မသင့်တော်ဘူး။ ကြွလို့လည်း မရနိုင်ဘူး။ အဲဒီလို နှလုံးပိုက်ပြီးတော့ ဘာလုပ်သလဲ? ဘုရားအလောင်းတော်က ရဟန်းပြုတယ်။ ရဟန်းပြုပြီးတဲ့ အချိန်အခါကျတော့မှ ဗောဓိမဏ္ဍိုင်ကို ကြွတော်မူတယ်။ ဗောဓိမဏ္ဍိုင်မှာ ခုနစ်ရက် သီတင်းသုံးပြီးတော့ ခုနစ်ရက် အပြင်းအထန် တရားတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ အဲဒီလို ပွားများအားထုတ်လိုက်တဲ့အတွက် ခုနစ်ရက်ပြည့်တဲ့နေ့မှာပဲ သဗ္ဗညုတဉာဏ် သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိတော်မူပါတယ်။ ဒီတော့ ဒီနေရာမှာ ဘုရားအလောင်းတော်များ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်တော်မူတယ်ဆိုတော့ ဘယ်တရားတွေကို ဝိပဿနာရှုသလဲဆိုတာတော့ ပြောလိုသေးတယ်။
အာနာပါန စတုတ္ထစျာန်အထိ ပွားပြီးတော့မှ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတွေကိုလည်း ဆက်လက်ပွားများအားထုတ်တယ်။ အဘိညာဏ်တွေကိုလည်း ဆက်လက်ကာ ရရှိအောင် ကြိုးစားအားထုတ်တော်မူပါတယ်။ သမထပိုင်းပြီးတဲ့အခါ ဝိပဿနာကူးတော့ ဘယ်တရားတွေကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူသလဲ? ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဟို အနုပဒသုတ္တန်မှာ သမ္မသနစာရခေတ် သုံးမျိုးကို ဖွင့်ဆိုထားပါတယ်နော်။
သမ္မသနစာရခေတ် (၃) မျိုး
သမ္မသနစာရဆိုတာက --- အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ရှုပွားသုံးသပ်တတ်တဲ့ ဝိပဿနာဉာဏ်တို့ရဲ့ ကျက်စားရာ အာရုံတွေကို သမ္မသနစာရခေတ်လို့ ခေါ်တယ်။ အဲဒီသမ္မသနစာရခေတ်သည် (၃)မျိုး ရှိပါတယ်။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓအလောင်းလျာတို့ရဲ့ သမ္မသနစာရခေတ်က တစ်မျိုး၊ ပစ္စေကဗုဒ္ဓါအလောင်းတော်တို့ရဲ့ သမ္မသနစာရခေတ်က တစ်မျိုး၊ သာဝကတို့ရဲ့ သမ္မသနစာရခေတ်က တစ်မျိုးဆိုပြီးတော့ (၃)မျိုး ဖွင့်ဆိုထားပါတယ်။ အဲဒီမှာ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ သမ္မသနစာရခေတ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဖွင့်ဆိုထားသလဲ? ---
သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သမ္မသနစာရခေတ်
ဗုဒ္ဓါနံ သမ္မသနစာရော ဒသသဟဿိလောကဓာတုယံ သတ္တသန္တာန ဂတာ, အနိန္ဒြိယဗဒ္ဓါ စ သင်္ခါရာတိ ဝဒန္တိ။ (ဥပရိပဏ္ဏာသဋီကာ၊ နှာ-၂၇၅။)
ဗုဒ္ဓါနံ = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏။ သမ္မသနစာရော = အနိစ္စ ဒုက္ခ အနတ္တလက္ခဏာရေး သုံးတန်တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်၏ ကျက်စားရာအာရုံသည်ကား။ ဒသသဟဿလောကဓာတုယာ = တစ်သောင်းသော လောကဓာတ်အတွင်း၌။ သတ္တသန္တာနဂတာ = သတ္တဝါ အသီးအသီးတို့၌ တည်ရှိသော သင်္ခါရတရားအစုတို့သည်လည်းကောင်း။ အနိန္ဒြိယဗဒ္ဓါ စ သင်္ခါရာ = ဣန္ဒြေတို့နှင့် ဆက်စပ်မှု မရှိသော သက်မဲ့လောက၌ တည်ရှိကြကုန်သော သင်္ခါရတရားစုတို့သည်လည်းကောင်း။ ဟောန္တိ = ဖြစ်ကြလေကုန်၏။ ဣတိ = ဤသို့။ ဝဒန္တိ = ပြောဆိုကြလေကုန်၏။
ဝဒန္တိ ဆိုတာကတော့ များသောအားဖြင့်တော့ ဆရာအစဉ်အဆက် ပြောရိုးဆိုစဉ်ရှိနေတဲ့ စကားတစ်ခုကို ဝဒန္တိလို့ သုံးတတ်ပါတယ်။ အထူးသဖြင့်တော့ မိမိတို့ကို သင်ကြားပြသပေးနေတဲ့ ဆရာသမားတွေ အစဉ်အဆက် ဆောင်ယူလာတဲ့ နည်းစနစ်ပါပဲ။ အဲဒီတော့ ဘုရားရှင်တို့ရဲ့ သမ္မသနစာရခေတ် ဝိပဿနာဉာဏ်ရဲ့ ကျက်စားရာအာရုံတွေဟာ ဘာတွေလဲလို့ မေးရင်တော့ လောကဓာတ်တိုက်တစ်သောင်းအတွင်း စကြဝဠာတစ်သောင်း အတွင်း၌ တည်ရှိနေတဲ့ သတ္တဝါအားလုံးတို့ရဲ့ သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ် ဓမ္မသင်္ခါရတရားတွေပဲ ဖြစ်ကြတယ်။ ထိုစကြဝဠာတိုက်တစ်သောင်းအတွင်းမှာ တည်ရှိနေတဲ့ အနိန္ဒြိယဗဒ္ဓလို့ခေါ်တဲ့ ဣန္ဒြေတို့နဲ့ ဆက်စပ်မှုမရှိတဲ့ သက်မဲ့လောကမှာ တည်ရှိနေတဲ့ ရုပ်သင်္ခါရတရားအားလုံးပဲ ဖြစ်ကြတယ်လို့ ဒီလိုလည်း ဆိုကြတယ်။ ဒါပေမဲ့လို့ အခြားအခြားသော ဆရာသမားတွေကတော့ ဘာပြောလဲ?
ကောဋိသတသဟဿစက္ကဝါဠေသူတိ အပရေ။ (ဥပရိပဏ္ဏာသဋီကာ၊ နှာ-၂၇၅၊၊)
အပရေဆရာတို့ကတော့ ကုဋေတစ်သိန်းသော စကြဝဠာတိုက်အတွင်း၌ တည်ရှိနေကြတဲ့ သတ္တဝါအသီးသီး သန္တာန်မှာ တည်ရှိတဲ့ သင်္ခါရတရား, ထိုစကြဝဠာကုဋေတစ်သိန်းအတွင်းမှာပဲ တည်ရှိနေတဲ့ သက်မဲ့သင်္ခါရတရား အဲဒီသင်္ခါရတရားနှစ်မျိုးသည် ဘုရားအလောင်းတော်တို့ရဲ့ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေ ရှုပွားသုံးသပ်ရမည့် တရားအစုတွေ ဖြစ်တယ်လို့ ဒီလို အပရေဆရာများကတော့ ဖွင့်ဆိုကြတယ်။
အဲဒီ အပရေဝါဒကို နောက်ထားပြီး ဖွင့်တဲ့အတွက် ဘုန်းကြီးတို့ စာပေနယ်ရဲ့ စည်းကမ်းအရဆိုရင်တော့ ဒီအပရေဝါဒကို အနှစ်သာရအဖြစ် မှတ်ရမယ်။ ဒီတော့ ဘုရားအလောင်းတော်များဟာ သဗ္ဗညုတသမ္မာသမ္ဗောဓိဉာဏ်ကို မရမီအတွင်းမှာ ဘယ်သင်္ခါရတရားတွေကို ဝိပဿနာ ရှုပွားသုံးသပ်ကြသလဲလို့မေးရင် မိမိရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား အားလုံးကို ရှုတယ်။ စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေတဲ့ သက်ရှိသတ္တဝါအားလုံးရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ သင်္ခါရတရားတွေကိုလည်း အကုန်လုံး ရှုတယ်။ စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေတဲ့ သက်မဲ့ သင်္ခါရတရားအားလုံးကိုလည်း အကုန်လုံး ရှုပွားသုံးသပ်တော်မူတယ်။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်တော်မူပါတယ်။ လက္ခဏာရေးသုံးတန်တင်ပြီး မရှုပွား မသုံးသပ်လိုက်မိတဲ့တရားဆိုတာ တစ်ခုမျှ မရှိဘူးလို့ ဒီလို ဟိုဘက်က မူလပဏ္ဏာသ အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၅၄။)မှာတော့ ဖွင့်ဆိုထားပါတယ်။
ဗုဒ္ဓါနံ ပန အဏုပ္ပမာဏမ္ပိ သင်္ခါရဂတံ ဉာဏေန အဒိဋ္ဌမတုလိတမတီရိတမသစ္ဆိကတံ နတ္ထိ။ (မ၊ဋ္ဌ၊၁၊၅၄။)
အဏုပ္ပမာဏမ္ပိ ။ ပ ။ နတ္ထိ၊ ယတော ဆတ္တိံသ ကောဋိသတသဟဿမုခေန ဗုဒ္ဓါနံ မဟာဝဇိရဉာဏံ ပဝတ္တတီတိ ဝဒန္တိ။ (မ၊ဋီ၊၁၊၁၁၁။)
ဒါကြောင့် ---
တထာ ဟိ အဒ္ဓတ္တယဝသေန ပဋိစ္စသမုပ္ပါဒနယံ ဩသရိတွာ ဆတ္တိံသကောဋိသတသဟဿမုခေန ဗုဒ္ဓါနံ မဟာဝဇိရဉာဏံ ပဝတ္တံ။ (ဥပရိပဏ္ဏာသဋီကာ၊ နှာ-၂၇၅။)
ဘုရားအလောင်းတော်များ အဲဒီလို စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပြီးတဲ့နောက် သဗ္ဗညုတဉာဏ်ကို ဝင်တော့မယ်ဆဲဆဲကျရင် ဘာလုပ်သလဲ? ပဋိစ္စသမုပ္ပါဒ်တရား ဒေသနာတော်တွေကို ဝိပဿနာ ရှုပွားသုံးသပ်တော်မူပါတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တွေက, ဝိပဿနာရဲ့ အရှုခံအာရုံ ဖြစ်နေတဲ့ အင်္ဂါရပ်တွေက ဘယ်နှစ်ခု ရှိလဲလို့မေးရင် (၁၂)ခုနော်။ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏဆိုပြီး ဘယ်နှစ်ခုရှိလဲ? အင်္ဂါ (၁၂)ရပ်။ စကြဝဠာ ကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေတဲ့ သတ္တဝါအသီးအသီးသန္တာန်မှာ တည်ရှိနေတဲ့ အဝိဇ္ဇာတွေကို တစ်စု ဆွဲစုလိုက်တယ်။ သင်္ခါရကို တစ်စု၊ ဝိညာဏ်ကို တစ်စု၊ နာမ်ရုပ်ကို တစ်စု၊ သဠာယတန တစ်စု၊ ဖဿ တစ်စု၊ ဝေဒနာ တစ်စု၊ တဏှာ တစ်စု၊ ဥပါဒါန် တစ်စု၊ ဘဝ တစ်စု၊ ဇာတိ တစ်စု၊ ဇရာမရဏ တစ်စုဆိုပြီး ပေါင်းလိုက်တော့ ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါရပ် (၁၂)ရပ်နော်။ အင်္ဂါရပ် (၁၂)ရပ်ကို စကြဝဠာကုဋေတစ်သိန်းနဲ့ ပုံလိုက်မယ် ဆိုလို့ရှိရင်တော့ ကုဋေပေါင်း (၁၂)သိန်း မရဘူးလား? အနိစ္စလက္ခဏာ ကုဋေပေါင်း (၁၂)သိန်း, ဒုက္ခလက္ခဏာ ကုဋေပေါင်း (၁၂)သိန်း, အနတ္တလက္ခဏာ ကုဋေပေါင်း (၁၂)သိန်းဆိုတော့ သုံးဆယ့်ခြောက်ကုဋေသော မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်တွေ ဖြစ်ကြတယ်။
ဘုရားရှင်တို့ရဲ့ သမ္မသနစာရခေတ်လို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်တော်မြတ်ဖြင့် ရှုပွားသုံးသပ်ရမည့် သင်္ခါရတရားတွေဟာ စကြဝဠာပေါင်း တိုက်တစ်သောင်းအတွင်း၌ တည်ရှိနေတဲ့ သတ္တဝါအသီးအသီးသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရားနာမ်တရား ခန္ဓာငါးပါး, သက်မဲ့အနိန္ဒြိယဗဒ္ဓလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတွေလို့ ဒီလို ဆရာမြတ်တို့က မိန့်ဆိုကြတယ်။ သို့သော် အပရေလို့ ခေါ်ဆိုအပ်တဲ့ အခြားအခြားသော ဆရာမြတ်တို့ကလည်း စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေတဲ့ သတ္တဝါအသီးအသီး သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား, သက်မဲ့အနိန္ဒြိယဗဒ္ဓ သင်္ခါရတရား ဖြစ်ကြတယ်ဆိုပြီးတော့ ဒီလိုလည်း မိန့်ဆိုကြပါတယ်နော်။ ဒါကြောင့် ဘုရားရှင်သည် ဘာလုပ်သလဲ? ---
တထာ ဟိ အဒ္ဓတ္တယဝသေန ပဋိစ္စသမုပ္ပါဒနယံ ဩသရိတွာ ဆတ္တိံသ ကောဋိသတသဟဿမုခေန ဗုဒ္ဓါနံ မဟာဝဇိရဉာဏံ ပဝတ္တံ။ (ဥပရိပဏ္ဏာသဋီကာ၊ မ၊ဋီ၊၂၊၂၇၅။)
တထာ ဟိ = ထိုကြောင့်ပင်လျှင်။ အဒ္ဓတ္တယဝသေန = အတိတ် အနာဂတ် ပစ္စုပ္ပန်ဟု ဆိုအပ်ကုန်သော ကာလသုံးပါးတို့၏ အစွမ်းဖြင့်။ ပဋိစ္စသမုပ္ပါဒနယံ = ပဋိစ္စသမုပ္ပါဒ်နည်းသို့။ ဩသရိတွာ = ဉာဏ်ဖြင့် သက်ဝင်တော်မူ၍။ ဆတ္တိံသကောဋိသတသဟဿမုခေန = သုံးဆယ့်ခြောက်ကုဋေသော မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်ကို အဦးမူသဖြင့်။ ဗုဒ္ဓါနံ = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သန္တာန်၌။ မဟာဝဇိရဉာဏံ = မဟာဝဇိရ ဝိပဿနာဉာဏ်တော်မြတ်သည်။ ပဝတ္တံ = ဖြစ်ပေါ်တော်မူခဲ့လေပြီ။
ဒီလိုဆိုရင် ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိခဲ့ပြီးတဲ့ နောက်ပိုင်းကာလကျမှ ပရမတ္ထအစစ်ဖြစ်တဲ့ ရုပ်တွေ နာမ်တွေကို သဗ္ဗညုတ ဉာဏ်တော်မြတ်ဖြင့် ပြန်ပြီး ဆင်ခြင်လိုက်တဲ့ အချိန်အခါကျမှ သိရှိပါတယ် ဆိုတဲ့စကားသည် မှားလား, မှန်လား? မှားနေတယ်နော်။ စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား ပရမတ္ထဓာတ်သား မှန်သမျှကို သက်ရှိသက်မဲ့အားလုံး ပရမာဏုမြူခန့် သေးငယ်နေတဲ့ အဏုမြူမှုန်ပမာဏလောက်ရှိတဲ့ သင်္ခါရတရားကိုသော်လည်းပဲ မရှုလိုက်မိတာ မရှိဘူး။ ဉာဏ်တော်မြတ်ဖြင့် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး မရှုလိုက်မိတဲ့ သင်္ခါရတရား, ဉာဏ်တော်မြတ်ဖြင့် မျက်မှောက် မပြုလိုက်မိတဲ့ သင်္ခါရတရား တစ်ခုမျှ မရှိဘူးဆိုပြီးတော့ မူလပဏ္ဏာသအဋ္ဌကထာမှာ (မ၊ဋ္ဌ၊၁၊၅၄။) ဖွင့်ဆိုထားပါတယ်နော်။
သဗ္ဗညုတဉာဏ်တော်သို့ ဆိုက်ရောက်တော်မူပုံ
နောက်တစ်ခု ထပ်ပြောရဦးမယ် --- ဗောဓိမဏ္ဍိုင်မှာ ဘုန်းကြီးတို့ရဲ့ ဘုရားအလောင်းတော် ဝိပဿနာရှုပုံနှင့် ပတ်သက်လို့ မဟာပရိနိဗ္ဗာနသုတ္တန် အဋ္ဌကထာမှာလည်း ဒီလို ဖွင့်ဆိုထားပါတယ်။
ဣတိ ဘဂဝါ တံ ဒိဝသံ မဟာဗောဓိပလ္လင်္ကေ အဘိနဝဝိပဿနံ ပဋ္ဌပေန္တော ဝိယ ရူပသတ္တကံ အရူပသတ္တကံ နိဂ္ဂုမ္ဗံ နိဇ္ဇဋံ ကတွာ စုဒ္ဒသဟာကာရေဟိ သန္နေတွာ မဟာဝိပဿနာယ ဝေဒနံ ဝိက္ခမ္ဘေတွာ ဒသမာသေ မာ ဥပ္ပဇ္ဇိတ္ထာတိ သမာပတ္တိံ သမာပဇ္ဇိ။ သမာပတ္တိဝိက္ခမ္ဘိတာ ဝေဒနာ ဒသမာသေ န ဥပ္ပဇ္ဇိယေဝ။ (ဒီ၊ဋ္ဌ၊၂၊၁၃၇။)
အထက်ပါ အဋ္ဌကထာရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ။ ဘုန်းကြီးတို့ရဲ့ ဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံလွန်တော်မမူမီ (၁၀)လမြောက်မှာ ခါးနာသည့် ဝေဒနာကို ဝိပဿနာဝီရိယစွမ်းအား အရဟတ္တဖိုလ်ဖလသမာပတ်စွမ်းအားတို့နှင့် ပယ်ခွာတော်မူခဲ့ပါတယ်။ အလောင်းတော်ဘဝ မဟာဗောဓိမဏ္ဍိုင်မှာ ရူပသတ္တကဝိပဿနာရှုနည်း, အရူပသတ္တကဝိပဿနာရှုနည်းဆိုတဲ့ မဟာဝိပဿနာရှုနည်းဖြင့် ဝိပဿနာရှုခဲ့သလို အလားတူပဲ ပရိနိဗ္ဗာန်မစံမီ ဆယ်လမြောက် ဝါဆိုလပြည့်နေ့မှာလည်း ရူပသတ္တကဝိပဿနာရှုနည်း အရူပသတ္တကဝိပဿနာရှုနည်းဆိုတဲ့ မဟာဝိပဿနာရှုနည်းဖြင့် ဝိပဿနာ ရှုပွားတော်မူကာ ယင်းဝိပဿနာစွမ်းအားဖြင့် မရဏန္တိကဝေဒနာလို့ ခေါ်ဆိုတဲ့ သေခြင်းလျှင် အဆုံးအပိုင်းအခြားရှိတဲ့ ယင်းခါးနာတဲ့ ဝေဒနာကို ပယ်ခွာတော်မူပြီးနောက် ဆယ်လအတွင်း၌ မဖြစ်စေသား ဟု အဓိဋ္ဌာန်တော်မူကာ အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားတော်မူပါတယ်။ ဖလသမာပတ်ရဲ့ ရှေးမှာရှိတဲ့ ဝိပဿနာဝီရိယစွမ်းအား အရဟတ္တဖိုလ်သမာပတ် ဝီရိယစွမ်းအားကြောင့် ယင်းအရဟတ္တဖိုလ်သမာပတ်နဲ့ ခွာထားတဲ့ ဒီခါးနာတဲ့ ဝေဒနာဟာ ဆယ်လတို့ပတ်လုံး ဖြစ်ပေါ်မလာပါလို့ ဆိုတယ်။ (ဒီ၊ဋ္ဌ၊၂၊၁၃၇။)
ဒီအဋ္ဌကထာရဲ့ ဖွင့်ဆိုပုံကို ကြည့်လိုက်မယ်ဆိုရင် အလောင်းတော် ဘဝက မဟာဗောဓိမဏ္ဍိုင်မှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူခဲ့စဉ်က ရူပသတ္တကဝိပဿနာရှုနည်း, အရူပသတ္တကဝိပဿနာရှုနည်းဆိုတဲ့ ဝိပဿနာရှုနည်းတို့ကိုလည်း ရှုပွားတော်မူခဲ့တယ်လို့ သိနိုင်ပါတယ်။ ဒီရူပသတ္တကဝိပဿနာရှုနည်း အရူပသတ္တကဝိပဿနာရှုနည်းတွေကို ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၅၃-၂၆၁။)မှာ ဖော်ပြထားပါတယ်။
ဘုရားအလောင်းတော်ဟာ မဟာဗောဓိမဏ္ဍိုင်မှာတော့ ဝိပဿနာရှုကွက် တော်တော်များများ ရှုကွက်တွေစုံအောင် ဝိပဿနာဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ရှုပွားသုံးသပ်တော်မူပြီးနောက် နောက်ဆုံး အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရခါနီးဆဲဆဲကာလမှာ ဘယ်တရားတွေကို ဝိပဿနာရှုပါသလဲလို့တော့ မေးစရာရှိတယ်။
အဖြေကတော့ ဥပရိပဏ္ဏာသပါဠိတော် ဥပက္ကိလေသသုတ္တန် (မ၊၃၊၂၀၁၊၊) မှာ လာရှိပါတယ်။ ဘုရားရှင်က ထိုသုတ္တန်မှာ အရှင်အနုရုဒ္ဓါနှင့် တကွသော ရဟန်းတော် အရှင်နန္ဒိယ အရှင်ကိမိလတို့အား ဒီလို ဟောကြားထားတော်မူပါတယ်။ ---
သော ခေါ အဟံ အနုရုဒ္ဓါ သဝိတက္ကမ္ပိ သဝိစာရံ သမာဓိံ ဘာဝေသိံ၊ အဝိတက္ကမ္ပိ ဝိစာရမတ္တံ သမာဓိံ ဘာဝေသိံ၊ အဝိတက္ကမ္ပိ အဝိစာရံ သမာဓိံ ဘာဝေသိံ။ --- (မ၊၃၊၂၀၁။)
စသည်ဖြင့် ဟောကြားထားတော်မူပါတယ်။ ဆိုလိုတာကတော့ ဒီလိုပါ၊ အနုရုဒ္ဓါတို့ ...ထိုဘုရားအလောင်းတော်ဟာ -
၁။ ဝိတက်လည်းရှိတဲ့ ဝိစာရလည်းရှိတဲ့ ပထမစျာန်သမာဓိကိုလည်း ပွားများခဲ့တယ်။
၂။ ဝိတက်ကားမရှိ ဝိစာရမျှသာရှိတဲ့ ဒုတိယစျာန်သမာဓိကိုလည်း ပွားများ ခဲ့တယ်။
၃။ ဝိတက်လည်းမရှိ ဝိစာရလည်းမရှိတဲ့ တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိ, ပဉ္စမစျာန်သမာဓိကိုလည်း ပွားများခဲ့ပါတယ်။
စသည်ဖြင့် သုံးမျိုးသော သမာဓိတွေကို ပွားများခဲ့ဖူးကြောင်းကို အရှင်အနုရုဒ္ဓါတို့အား ဟောပြတော်မူခဲ့ပါတယ်။ ဒီပါဠိတော်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာက ဒီလို ဖွင့်ပြထားပြန်တယ်။ ---
ကဒါ ပန ဘဂဝါ ဣမံ တိဝိဓံ သမာဓိံ ဘာဝေတိ?
မဟာဗောဓိမူလေ နိသိန္နော ပစ္ဆိမယာမေ။ ဘဂဝတော ဟိ ပဌမမဂ္ဂေါ ပဌမဇ္ဈာနိကော အဟောသိ၊ ဒုတိယာဒယော ဒုတိယတတိယစတုတ္ထဇ္ဈာနိကာ။ ပဉ္စကနယေ ပဉ္စမဇ္ဈာနဿ မဂ္ဂေါ နတ္ထီတိ သော လောကိယော အဟောသီတိ လောကိယလောကုတ္တရမိဿကံ သန္ဓာယေတံ ဝုတ္တံ။ (မ၊ဋ္ဌ၊၄၊၁၄၉။)
ဒီအဋ္ဌကထာအဖွင့်ရဲ့ ဆိုလိုရင်းကို ပြောရအောင် ...။ ဘုရားအလောင်းတော်ဟာ မဟာဗောဓိမဏ္ဍိုင်မှာ မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ည ပစ္ဆိမနောက်ဆုံးယာမ် ရောက်ရှိတဲ့အခါ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပါတယ်။ ဝိပဿနာဉာဏ်စဉ်အတိုင်း ဝိပဿနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းလိုက်လို့ ဝိပဿနာဉာဏ်တွေက အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရနိုင်လောက်အောင် ရင့်ကျက်လာတဲ့ အခါမှာ ဘုရားအလောင်းတော်က ----
၁။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးရှိတဲ့ ပထမစျာန်သမာဓိကို ဝင်စားတော်မူပါတယ်။ ဒီလို ဝင်စားတဲ့စျာန်ကတော့ လောကီစျာန်ပဲ ဖြစ်ပါသေးတယ်။ ဒီပထမစျာန်ကို ဝင်စားတော်မူပြီးနောက် ပထမစျာန်မှထကာ ယင်းပထမစျာန် နာမ်တရားတွေကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူပါတယ်။ အဲဒီပထမစျာန် နာမ်တရားတွေကို ဝိပဿနာရှုနေတဲ့ ဝိပဿနာဉာဏ်ရဲ့အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေက အသင်္ခတဓာတ်အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံ ယူကာ ဖြစ်ပေါ်လာခဲ့ကြပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ သောတာပတ္တိ မဂ်ဉာဏ်ဟာ ပထမစျာန်နှင့်ယှဉ်တဲ့ အရိယမဂ်ဉာဏ် ဖြစ်ပါတယ်။
၂။ နောက်ထပ် ဆက်ပြီးတော့ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါလေးပါးရှိတဲ့ ဒုတိယစျာန်ကို ဝင်စားတော်မူပါတယ်။ စျာန်မှထကာ ယင်းဒုတိယစျာန် နာမ်တရားတွေ ဝိပဿနာရှုတော်မူပြန်တယ်။ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူပြန်တယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ သကဒါဂါမိမဂ်ဉာဏ်ဟာ ဒုတိယစျာန်နှင့် ယှဉ်နေတဲ့ ဒုတိယစျာနိကမဂ် ဖြစ်ပါတယ်။
၃။ အဲဒီနောက် ပီတိ သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါသုံးပါးရှိတဲ့ တတိယစျာန်ကို တစ်နည်း စတုက္ကနည်းအရ ပြောရရင် သုခ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ တတိယစျာန်ကို ဝင်စားပြန်တယ်။ စျာန်မှထကာ ယင်း တတိယစျာန် နာမ်တရားတွေကို ဝိပဿနာရှုပြန်တယ်။ အဲဒီဝိပဿနာဉာဏ်တွေရဲ့အဆုံးမှာ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူပြန်တယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ အနာဂါမိမဂ်ဉာဏ်ဟာ တတိယစျာန်နှင့် ယှဉ်တဲ့ တတိယဇ္ဈာနိကမဂ် ဖြစ်တော်မူတယ်။
၄။ နောက်ထပ် သုခ ဧကဂ္ဂတာခေါ်တဲ့ တစ်နည်း စတုက္ကနည်းအရ ပြောရရင် ဥပေက္ခာ ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို ဝင်စားတော်မူပြန်တယ်။ အဲဒီစတုတ္ထစျာန်သမာဓိမှ ထပြီးတော့ ယင်းစတုတ္ထစျာန် နာမ်တရားတွေကို ဝိပဿနာရှုပွားသုံးသပ်တော်မူပါတယ်။ အဲဒီ ဝိပဿနာဉာဏ်တွေရဲ့အဆုံးမှာ အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်တွေ ဖြစ်ပေါ်တော်မူလာပါတယ်။ ဘုရားရှင်ရဲ့ အရဟတ္တမဂ်က သဗ္ဗညုတဉာဏ်ဆိုတဲ့ ထီးတော်ကို ဆောင်းပြီးတော့ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ အရဟတ္တမဂ်ဉာဏ်ဟာ စတုတ္ထစျာန်နှင့် ယှဉ်နေတဲ့ စတုတ္ထဇ္ဈာနိကမဂ် ဖြစ်တော်မူပါတယ်။ (မ၊ဋ္ဌ၊၄၊၁၄၉။)
နောက်တစ်ခု --- ပစ္စေကဗုဒ္ဓါဘုရားရှင်တွေအတွက်လည်း ဖွင့်ဆိုထားပါတယ်။
ပစ္စေကဗုဒ္ဓဘုရားရှင်တို့၏ သမ္မသနစာရခေတ်
ပစ္စေကဗုဒ္ဓါနံ သသန္တာနဂတေဟိ သဒ္ဓိံ မဇ္ဈိမဒေသဝါသိသတ္တသန္တာနဂတာ အနိန္ဒြိယဗဒ္ဓါ စ သမ္မသနစာရောတိ ဝဒန္တိ။ (ဥပရိပဏ္ဏာသဋီကာ၊ နှာ-၂၇၅။)
ဒါကတော့ ဆရာမြတ်တွေ မိန့်ဆိုတော်မူတဲ့ ဝါဒပဲနော်။
ပစ္စေကဗုဒ္ဓဘုရားရှင်တွေကျတော့ မိမိသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ် ပရမတ္ထဓာတ်သားမှန်သမျှအားလုံးကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူကြတယ်။ မဇ္ဈိမဒေသလို့ ခေါ်ဆိုအပ်တဲ့ ဒေသအတွင်းမှာ တည်ရှိနေတဲ့ သတ္တဝါအသီးအသီးတို့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားမှန်သမျှတွေကိုလည်း အကြွင်းအကျန်မရှိ ကုန်စင်အောင် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုပွား သုံးသပ်တော်မူကြပါတယ်။ အနိန္ဒြိယဗဒ္ဓလို့ ခေါ်ဆိုအပ်တဲ့ ထိုမဇ္ဈိမဒေသအတွင်း တည်ရှိနေတဲ့ သက်မဲ့သင်္ခါရတရား မှန်သမျှတွေကိုလည်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပွားသုံးသပ်တော်မူကြတယ်။ ဒါကြောင့် ပစ္စေကဗုဒ္ဓဘုရားရှင်တို့ရဲ့ ဝိပဿနာဉာဏ်ရဲ့ ကျက်စားရာ သင်္ခါရအာရုံဟာ ဘာလဲလို့မေးရင် မိမိသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ပရမတ္ထဓာတ်သားအားလုံး, မဇ္ဈိမဒေသ တိုက်နယ်အတွင်း၌ တည်ရှိနေတဲ့ သတ္တဝါအားလုံးတို့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရအားလုံး အနိန္ဒြိယဗဒ္ဓလို့ ခေါ်ဆိုအပ်တဲ့ သက်မဲ့ သင်္ခါရတရားအားလုံး --- ဒီသင်္ခါရတရားတွေသည် ပစ္စေကဗုဒ္ဓ အလောင်းလျာကြီးများတို့ရဲ့ ဝိပဿနာဉာဏ်ဖြင့် လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ရမည့် သမ္မသနစာရခေတ် ဖြစ်တယ်လို့ ဒီလို ဆရာမြတ် တို့က မိန့်ဆိုကြတယ်။
ဇမ္ဗုဒီပဝါသိသတ္တသန္တာနဂတာတိ ကေစိ။ (ဥပရိပဏ္ဏာသဋီကာ၊ နှာ-၂၇၅၊၊)
ကေစိဆရာတို့ကတော့ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းအတွင်းမှာ တည်ရှိနေတဲ့ သတ္တဝါအသီးအသီး သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရား အားလုံးကိုပဲ ဝိပဿနာရှုပွားသုံးသပ်တော်မူကြပါတယ်လို့ ဒီလိုလည်း ဆိုကြတယ်တဲ့နော်။ နောက်တစ်ခု --- သာဝကတို့ရဲ့ သမ္မသနစာရခေတ်ကို ပြန်ပြီးတော့ အမိန့်ရှိတယ်။
သာဝကတို့၏ သမ္မသနစာရခေတ်
သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (ဥပရိပဏ္ဏာသဋီကာ၊ နှာ-၂၇၄။)
သာဝကတို့ ဝိပဿနာရှုပွားသုံးသပ်ရမည့် အရှုခံအာရုံ ဝိပဿနာ ဉာဏ်ရဲ့ ကျက်စားရာနယ်မြေက ဘာလဲ? မိမိသန္တာန်မှာ တည်ရှိနေတဲ့ ပရမတ္ထဓာတ်သား အမျိုးအစားအားလုံး၊ အရေအတွက်တော့ မဆိုလိုဘူးနော်။ သူတစ်ပါးသန္တာန်မှာ တည်ရှိနေတဲ့ သင်္ခါရတရား အားလုံးပဲ၊ ဒါပေမဲ့လို့ အဲဒီဗဟိဒ္ဓရှုတဲ့အခါမှာ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် သန္တာန်ခွဲခြားဝေဖန်ခြင်း မပြုဘဲ ဗဟိဒ္ဓချင်းတူညီလို့ သာမန် ပေါင်းစု ခြုံငုံပြီးတော့ အနိစ္စ ဒုက္ခ အနတ္တလက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ရတယ်။ ဒီလို ဝိပဿနာရှုပွားသုံးသပ်ခြင်းသည် သာဝကတို့ရဲ့ သမ္မသနစာရခေတ် ဖြစ်တယ်။ ပေါင်းလိုက်တော့ သမ္မသနစာရခေတ် ဘယ်နှစ်မျိုးရှိသလဲ? (၃)မျိုး။
သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ အလောင်းလျာကြီးတို့အတွက် ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် သမ္မသနစာရခေတ်ခေါ်တဲ့ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံက တစ်မျိုး, ပစ္စေကဗုဒ္ဓအလောင်းလျာသူတော်ကောင်းတို့ရဲ့ ပစ္စေကဗောဓိဉာဏ် ရရှိရေးအတွက် ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေရှုပွားရမယ့် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ သမ္မသနစာရခေတ်က တစ်မျိုး, သာဝကတို့ရဲ့ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမယ့် သမ္မသနစာရခေတ်က တစ်မျိုး၊ ဝိပဿနာဉာဏ်ဖြင့် ရှုပွားသုံးသပ်ရမည့် သင်္ခါရတရားအာရုံဆိုတဲ့ သမ္မသနစာရခေတ်တွေကို ပေါင်းလိုက်တော့ ဘယ်နှစ်ခေတ်ရှိသလဲ? သုံးခေတ်ပဲ။ ဒီတော့ သာဝကတိုင်း သာဝကတိုင်းသည် ဒီပုံစံအတိုင်း ရှုရပါတယ်နော်။ ဟို သာဝကကျတော့ တစ်မျိုး, ဒီသာဝကကျတော့ တစ်မျိုး ဒီလို ခေတ်ချင်း မတူညီတာရယ်လို့ မရှိဘူး။ သာဝကတို့ရဲ့ခေတ်က တစ်ခေတ်တည်းပဲ သွားတယ်။ ဒီတစ်ခေတ်တည်း သွားတဲ့အတွက် ---
ဓမ္မသေနာပတိနောပိ ယထာဝုတ္တသာဝကာနံ ဝိပဿနာဘူမိယေဝ သမ္မသနစာရော-- ဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားတယ်။
ဓမ္မသေနာပတိအမည်ရတော်မူတဲ့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့လည်း သာဝကတို့ရဲ့ သမ္မသနစာရခေတ်အတိုင်းပဲ ဝိပဿနာ ရှုပွားသုံးသပ်တော်မူပါတယ်။ ဒီလိုရှုတဲ့အပိုင်းမှာ တချို့က ရုပ်ကလာပ်တစ်ခု အတွင်းမှာ တည်ရှိတဲ့ ပထဝီကို သက်သက် ဝိပဿနာရှုတယ်၊ တေဇောဓာတ်ကို ရှုတယ်၊ အာပေါဓာတ်ကို ရှုတယ်၊ ဝါယောဓာတ်ကို ရှုတယ်၊ တချို့ကျတော့ နာမ်တရားတွေမှာ ဆိုလို့ရှိရင်လည်း စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်းမှာ တည်ရှိတဲ့ ဖဿကို ရှုတယ်၊ ဝေဒနာကို ရှုတယ်၊ သညာကို ရှုတယ်၊ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပွားသုံးသပ်ကြတယ်။ အဲဒီလို ရှုပွားသုံးသပ်တဲ့ နည်းစနစ်ကိုတော့ အနုပဒဓမ္မဝိပဿနာလို့ ခေါ်ပါတယ်။
ရုပ်တွေ နာမ်တွေကို နှစ်စု,စုပြီးတော့ ရုပ်တစ်ပုံ နာမ်တစ်ပုံ ပုံပြီး ရှုတာကိုတော့ ကလာပသမ္မသနနည်း။ အဲဒီရုပ်တရားတွေကို တစ်ပုံ၊ နာမ်တရားတွေကို လေးပုံ ပုံပြီး ခန္ဓာငါးပါးနည်းနဲ့ ရှုတယ်။ တချို့ကျတော့ အာယတန (၁၂)ပါးနည်း, တချို့ကျတော့ ဓာတ် (၁၈)ပါးနည်းနဲ့ ရှုကြတယ်။ အဲဒီလိုရှုတဲ့ နည်းစနစ်တွေကိုတော့ ကလာပသမ္မသန အပေါင်းအစုအလိုက် ခြုံငုံပြီးတော့ ဝိပဿနာရှုနည်းလို့ ခေါ်ပါတယ်။ သာဝကတို့ရဲ့ ဝိပဿနာနယ်မြေမှာ ကလာပသမ္မသနဝိပဿနာရှုနည်းဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန် ဆိုက်နိုင်တယ်။ အနုပဒဓမ္မဝိပဿနာရှုနည်းဖြင့်လည်း မဂ်ဖိုလ်နိဗ္ဗာန် ဆိုက်နိုင်ပါတယ်။ ကလာပသမ္မသန, အနုပဒဓမ္မဝိပဿနာခေါ်ဆိုအပ်တဲ့ နှစ်နည်းလုံး ဝိပဿနာ ရှုခဲ့မယ်ဆိုရင်လည်း မဂ်ဖိုလ်နိဗ္ဗာန် ဆိုက်နိုင်ပါတယ်။
ခုဒီနေရာမှာ ကဿပဘုရားအလောင်းဖြစ်တဲ့ သူတော်ကောင်းက ဘာလုပ်သလဲ? ---
ကဿပဘုရားအလောင်းတော် ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူခြင်း
ကဿပဘုရားအလောင်းတော်က စဉ်းစားတယ်နော်။ ဗောဓိမဏ္ဍိုင်ကို ကြွမယ်ဆိုရင်တော့ ရဟန်းမဟုတ်တဲ့ပုဂ္ဂိုလ်က ဒီဗောဓိမဏ္ဍိုင် ကြွဖို့ရန်အတွက်တော့ မစွမ်းနိုင်ဘူးဆိုပြီးတော့ ဒီလိုနှလုံးပိုက်ပြီး ကဿပဘုရား အလောင်းတော်သည် ရဟန်းပြုတော်မူလိုက်ပါတယ်။ ရဟန်းပြုတော်မူပြီးတဲ့နောက် ဗောဓိမဏ္ဍိုင်ကို ကြွချီတော်မူတယ်။ ဗောဓိမဏ္ဍိုင်မှာ ထိုင်လျက် သီတင်းသုံးတော်မူပြီး ခုနစ်ရက်တို့ကာလပတ်လုံး ပဓာနလို့ ခေါ်အပ်တဲ့ ကမ္မဋ္ဌာန်းအလုပ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူပါတယ်။ အဲဒီလို အားထုတ်တဲ့အပိုင်းမှာ ဗောဓိမဏ္ဍိုင်သို့ မကြွမီအတွင်း မိမိရဲ့အိမ်မှာ တည်ရှိစဉ် အချိန်အခါကတည်းက ကဿပဘုရားအလောင်းတော်သည် အာနာပါနစျာန်တွေကို အခြေခံပြီးတော့ အဘိညာဏ်တွေကို ရအောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူတော်ကောင်းဖြစ်တော့ သမထပိုင်းမှာ သူက အောင်မြင်မှုရရှိပြီးတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်နော်။
ခုလို ဗောဓိမဏ္ဍိုင် ရောက်ရှိလာတဲ့အချိန်အခါကျတော့ ဒီသမထတွေကို ဝိပဿနာရဲ့ အခြေပါဒကအဖြစ်နဲ့ တစ်ဖန်ပြန်ပြီးတော့ သမာဓိထူထောင်ပြီးတော့ မိမိသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေနှင့် အတူတကွ စကြဝဠာကုဋေတစ်သိန်းအတွင်းမှာ တည်ရှိနေတဲ့ ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားအားလုံးကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ခုနစ်ရက်တို့ကာလပတ်လုံး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့ပါတယ်။ ဒီလိုစီးဖြန်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူတဲ့အတွက် ခုနစ်ရက်ပြည့်တဲ့နေ့ ရောက်သောအခါ ခုနစ်ရက်အတွင်းမှာပဲ သမ္မာသမ္ဗောဓိဉာဏ်ကြီးကို မျက်မှောက်ပြုတော်မူပါတယ်။
မိဂဒါဝုန်တော၌ ဝါကပ်တော်မူခြင်း
ကဿပဘုရားအလောင်းတော်လည်း သဗ္ဗညုတဉာဏ်တော်မြတ်သို့ ဆိုက်ရောက်သွားပြီ၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီ။ ထိုအချိန်အခါမှာ ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တောမှာက ရသေ့သူတော်ကောင်း နှစ်သောင်းတို့က သီတင်းသုံးစံနေတော်မူဆဲဖြစ်ကြတယ်။
ဗာရာဏသီပြည် ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောမှာ တည်ရှိနေကြတဲ့ ရသေ့တွေထံသို့ ဘုရားရှင်ကြွသွားတော်မူပြီးတော့ ဓမ္မစကြာတရားဒေသနာ ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ဆိုဆုံးမပေးလိုက်တဲ့ အချိန်အခါကျတော့ အားလုံး ရဟန္တာဖြစ်သွားကြတယ်။ ထိုသူတော်ကောင်းတွေဟာ ကဿပမြတ်စွာဘုရား ရဟန်းဖြစ်တော်မူတဲ့ အချိန်အခါမှာ မိမိတို့လည်း ဘုရားရှင်နောက်တော်ပါးကနေပြီးတော့ အမြဲမကွာ ထပ်ချပ် လိုက်ပါပြီး ခြံရံခစားနေတဲ့ ရဟန္တာမထေရ်မြတ်များ ဖြစ်ဖို့ရန် ဆိုတဲ့ ဦးတည်ချက်ဖြင့် ပါရမီမျိုးစေ့တွေကို ကြဲချစိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ပါရမီတွေကလည်း ရင့်ညောင်းလာပြီ ဖြစ်တဲ့အတွက် ကဿပဘုရား မပွင့်မီကတည်းက ကြိုတင်ပြီးတော့ ရသေ့ရဟန်းပြုကာ သာသနာဘောင်သို့ ဝင်ရောက်နေတဲ့ သာသနာပရသေ့အဖြစ်နဲ့ နေထိုင်နေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ အဲဒီအချိန်အခါမှာ ဘုရားရှင်က ထိုသူတော်ကောင်းတို့ထံ ကြွပြီးတော့ ဓမ္မစကြာတရား ဟောကြားပြသ ဆိုဆုံးမတော်မူလိုက်တဲ့အခါ တရားဒေသနာတော်နိဂုံး ပြီးဆုံးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း အားလုံး အရဟတ္တဖိုလ် တည်သွားကြပြီ။ ထိုရဟန်းတော်ပေါင်း နှစ်သောင်း ခြံရံပြီးတော့ ကဿပဘုရားရှင်လည်း ထိုဗာရာဏသီပြည် ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောမှာပဲ သီတင်းသုံးတော်မူတယ်။
ကာသိတိုင်းကို ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ ကိကီဘုရင်မင်းမြတ်ကြီးက ပစ္စည်းလေးပါးဖြင့် ကဿပဘုရားအမှူးရှိနေတဲ့ သံဃာတော်တွေကို ပြုစုလုပ်ကျွေးတယ်။ ပစ္စည်းလေးပါးဒါယကာခံပြီးတော့ အလိုရှိတာဖြင့် ပြုစုလုပ်ကျွေးနေပါတယ်။
တိဿရသေ့ကြီး
ထိုအချိန်အခါမှာ ဗာရာဏသီမြို့သား ယောက်ျားတစ်ဦးက ဟိမဝန္တာတောင်အတွင်း၌ စန္ဒကူးနံ့သာနှစ်စတဲ့ နံ့သာနှစ်တွေကို ငါ ရှာဖွေစုဆောင်း မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် နံ့သာရှာဖွေထွက်ရင်းနဲ့ ဟိမဝန္တာတောထဲမှာ လှည့်လည်လိုက်တာ တိဿရသေ့ကြီး သီတင်းသုံးရာဖြစ်တဲ့ သင်္ခမ်းကျောင်းကို ဆိုက်ရောက်သွားပြီ။ ဆိုက်ရောက်သွားတဲ့အခါ တိဿရသေ့ကြီးကို ရှိခိုးပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ရပ်တည်နေလိုက်တဲ့ အချိန်အခါမှာ တိဿရသေ့ကြီးက ဘာပြောသလဲ? ---
ဒါယကာတို့ရဲ့ ဗာရာဏသီမှာ ထူးထွေခြားနားနေတဲ့ သတင်းစကားဖြစ်မှု ဘာတွေများ ရှိသလဲလို့ မေးကြည့်တယ်။
အရှင်ဘုရား ... ထိုဗာရာဏသီပြည်မှာ ကဿပအမည်ရှိတော်မူတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်နေပြီ ဖြစ်တယ်လို့ ဒီသတင်းကောင်းလေးကို လျှောက်ထားလိုက်တယ်။ အဲဒီအခါကျတော့မှ ---
တိဿရသေ့ကြီးကလည်း အလွန်ရခဲတဲ့ သတင်းစကား တစ်ခုကို ကြားလိုက်ရတော့ သိပ်ဝမ်းသာသွားတယ်၊ သိပ်ပြီးတော့ နှစ်သက်သွားတယ်။ ဝမ်းသာသွားတော့ သူက မေးတယ်၊ ဘယ်လို မေးသလဲ? ---
တိဿရသေ့ကြီးကနေပြီးတော့ ကဿပမြတ်စွာဘုရားသည် အညှီအဟောက်တွေကို ဘုဉ်းပေးသလား, မဘုဉ်းပေးဘူးလား ... ဆိုပြီးတော့ မေးကြည့်တယ်၊ မေးကြည့်လိုက်တဲ့ အချိန်အခါကျတော့ ထိုယောက်ျားက နေပြီးတော့ ဘာပြန်မေးသလဲ? ---
အညှီအဟောက် အညှီအဟောက်ဆိုတာ ဘာပါလဲဘုရားလို့ မေးကြည့်တယ်။
ဒါယကာ ... အညှီအဟောက်ဆိုတာ ငါးအမဲကို ပြောနေတာပါ။
အရှင်ဘုရား ... ကဿပဘုရားရှင်ကတော့ ငါးအမဲကို ဘုဉ်းပေး သုံးဆောင်တော်မူပါတယ်ဆိုပြီးတော့ ဒီဒါယကာကလည်း ပြန်ပြီး လျှောက်ထားတယ်။ အဲဒီအခါကျတော့ ဘာဖြစ်လာသလဲ? ---
ကဿပမြတ်စွာဘုရားက အာမဂန္ဓခေါ်တဲ့ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေပြီဆိုတဲ့ ဒီသတင်းစကားကို ကြားလိုက်တဲ့ အချိန်အခါမှာ စိတ်ထဲမှာ တော်တော် မချမ်းမသာဖြစ်သွားတယ်။ မချမ်းမသာ ဖြစ်တဲ့အတွက် တိဿရသေ့ကြီးက နောက်ထပ်တစ်ဖန် ပြန်ပြီးတော့ စဉ်းစား ပြန်တယ်။ ဘာဖြစ်လို့ စဉ်းစားရသလဲ? ---
အဂ္ဂသာဝကဖြစ်မယ့် သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ကဿပဘုရားရှင်ရဲ့ အဂ္ဂသာဝကဖြစ်ဖို့ရန်အတွက် ပါရမီမျိုးစေ့တွေက လုံလောက်နေပြီဖြစ်တဲ့အတွက် ဒီပါရမီကောင်းမှုကုသိုလ်တွေက လှုံ့ဆော်တိုက်တွန်း လိုက်တဲ့အတွက် ဒီနေရာမှာ စဉ်းစားခန်းတွေက ဝင်လာပါတယ်နော်။ စဉ်းစားခန်းဝင်လာတဲ့အခါ သူက ဘယ်လို စဉ်းစားသလဲ?
ငါကိုယ်တိုင် ကဿပမြတ်စွာဘုရားထံ သွားမယ်၊ သွားပြီးတော့ ငါကိုယ်တိုင် မေးကြည့်မယ်။ အကယ်၍ ကဿပဘုရားရှင်ကိုယ်တိုင်က ငါသည် အာမဂန္ဓခေါ်တဲ့ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေပါတယ်လို့ ပြောဆိုခဲ့မယ်ဆိုရင် အဲဒီအချိန်အခါမှာ ဒီကဿပမြတ်စွာဘုရားရှင်ကို ငါက - အရှင်ဘုရား ... အရှင်တို့လို အမျိုးမြတ်တဲ့ ပုဏ္ဏားဇာတ် ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ပုဏ္ဏားအမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ပုဏ္ဏားအနွယ် ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဒီလိုပုဂ္ဂိုလ်တစ်ဦးဟာ ဒီလိုအသားငါးတွေကို အညှီအဟောက်တွေကို စားသုံးနေခြင်းသည် မတင့်တယ်မလျောက်ပတ်ပါဘူးလို့ ဒီလို ငါကိုယ်တိုင် ပြောမယ်၊ တားမြစ်မယ်။
တားမြစ်ပြီးတဲ့ အချိန်အခါကျတော့မှ ထိုကဿပမြတ်စွာဘုရားရှင်ရဲ့ ထံတော်မှာပဲ ငါရဟန်းပြုမယ်။ ရဟန်းပြုပြီးတဲ့အချိန်အခါကျတော့မှ ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ငါကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်လို့ သူက ဒီလို ကြံစည်စိတ်ကူးတယ်။
ဒီကြံစည်စိတ်ကူးမှုကလေးက ဘာကြောင့် ဖြစ်ပေါ်နေရသလဲလို့ ဆိုတော့ အကြောင်းနှစ်ချက်တော့ ရှိပါတယ်နော်။ ခုနကပြောခဲ့တဲ့ အတိတ်က သူက အဂ္ဂသာဝက ဖြစ်ဖို့ရန်အတွက် ပါရမီမျိုးစေ့တွေက ရင့်ကျက်လာပြီ၊ ဒါကလည်း အကြောင်းတစ်ခု၊ သူ့ရဲ့ ဖခင်ဖြစ်တဲ့ ပုဏ္ဏားကြီးကိုယ်တိုင်က နေပြီးတော့ တစ်ချိန်မှာ ဒီကဿပသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင် စင်စစ်ဧကန် ဖြစ်လိမ့်မယ်။ ဒါကြောင့် ဒီကဿပဘုရားရှင်ရဲ့ သာသနာတော်မှာ ဝင်ရောက် ပြီးတော့ သင်သည် ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။ ဒီလို ဖခင်ပုဏ္ဏားကြီးက သေသေ ချာချာ မှာသွားတယ်။ ဒီစကားကလည်း သူ့နားထဲမှာ စွဲနေတယ်။ စွဲနေတဲ့ အတွက် သူကလည်း ဒီသံသရာဝဋ်ဆင်းရဲဒုက္ခဆိုတဲ့ ဘဝမှလွတ်မြောက် ကြောင်းဖြစ်တဲ့ တရားတွေကို တကယ်လက်တွေ့ ကျင့်ချင်နေတဲ့ သူတော် ကောင်း ဖြစ်ခြင်းကြောင့် ဘာလုပ်သလဲ? ကြိုတင် တောထွက်ပြီးတော့ ရသေ့ရဟန်းပြုတယ်။ ရဟန်းတရားတွေကို လက်တွေ့ကျင့်တဲ့ သူတော်ကောင်းလည်း ဖြစ်ပါတယ်နော်။ ဒီအချက်လည်း အကြောင်းတစ်ခု ဖြစ်တယ်။ အဲဒီလို သူတော်ကောင်းဖြစ်ခြင်းကြောင့် သူက ဒီနေရာမှာ ဒီအသားငါးခေါ်တဲ့ အညှီအဟောက်တွေကို စားသုံးနေခြင်းကတော့ ကဿပဘုရားရှင်ရဲ့ ပုဏ္ဏားအမျိုးအနွယ်ဂုဏ်နှင့်တော့ မလိုက်လျောဘူး။ ဒါကြောင့် ဒီလို မစားသုံးဖို့ရန်အတွက် ငါတားမြစ်မယ်၊ တားမြစ်ပြီးတဲ့ အချိန်အခါကျတော့မှ ကဿပမြတ်စွာဘုရားရဲ့အထံမှာ ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ တရားတွေကို ငါ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်မယ်လို့ သူက ဒီလို စဉ်းစားတယ်။ စဉ်းစားပြီးတဲ့ အချိန်အခါ ဘာဖြစ်လာသလဲ? ---
ပေါ့ပါးတဲ့ ပရိက္ခရာကလေးတွေကို ဆောင်ယူကာ တစ်နေရာမှာ တစ်ညပဲ နေခြင်းဖြင့် ဗာရာဏသီပြည် ဘုရားရှင်ရှိတော်မူရာဘက်သို့ ကြွချီလာခဲ့ပြီ၊ ကြွချီလာတဲ့အခါမှာ တစ်နေ့ ညနေချမ်းအချိန်အခါ ဗာရာဏသီပြည်သို့ ဆိုက်ရောက်လာတယ်။ ဆိုက်ရောက်လာပြီးနောက် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တောကို ဝင်ရောက်သွားပါတယ်။
ထိုအချိန်အခါမှာ ကဿပဘုရားရှင်ကလည်း တရားဟောကြားဖို့ရန် ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဓမ္မာသနပလ္လင်ထက်မှာ ထိုင်ပြီး သီတင်းသုံးတော် မူပါတယ်။
တိဿရသေ့ကြီးကလည်း ကဿပမြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ပါတယ်။ ဒါပေမဲ့ ရှိမခိုးဘူး။ ဘာဖြစ်လို့လဲ? စိတ်ထဲမှာ မကျေနပ်ချက်ကလေးက ရှိနေတယ်၊ စိတ်မချမ်းသာမှုက ရှိနေတယ်။ အဲဒါနဲ့ ဆိတ်ဆိတ် နေပြီးတော့ အပြစ်ခြောက်ပါးလွတ်တဲ့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာပဲ ရပ်ပြီးတော့ နေလိုက်တယ်။
ကဿပမြတ်စွာဘုရားက တိဿရသေ့ကြီးကို မြင်လိုက်ပြီ၊ မြင်လိုက်တဲ့ အချိန်အခါကျတော့ မှတ်မိပါတယ်။ ဘာဖြစ်လို့လဲ? ဟို ... ငယ်စဉ် တောင်ကျေးကလေးဘဝကတည်းက မြေမှုန့်ကစားဘက်လည်း ဖြစ်ခဲ့တယ်။ တစ်နေ့တည်း မွေးခဲ့တဲ့ ဖွားဘက်တော်လည်း ဖြစ်နေတယ်။ အင်မတန် ချစ်ကျွမ်းဝင်တဲ့ မိတ်ဆွေနှစ်ဦးလည်း ဖြစ်ကြတယ်။ ရဟန်းပြုဖို့ရန်အတွက် တိုင်ပင်ထားတဲ့ သူတော်ကောင်းနှစ်ဦးလည်း ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီတိဿရသေ့ကြီးကို မြင်လိုက်တဲ့အချိန်အခါမှာ ကဿပဘုရားရှင်ဘက်က နေပြီးတော့ ဘယ့်နှယ်တုန်း ဒါယကာ ... သင့်မှာ ခန့်ကျန်းပါရဲ့လား? ကျန်းမာပါရဲ့လား? ဣရိယာပထ မျှတပါရဲ့လား? မပင်မပန်းဘဲနဲ့ ဒီ ဗာရာဏသီပြည်သို့ ဆိုက်ရောက်လာခဲ့ပါရဲ့လား? စသည်ဖြင့် နှုတ်ဆက် စကားတွေကို ဘုရားရှင်က အမိန့်ရှိပါတယ်။ ထိုအချိန်အခါမှာလည်း အေး ခန့်ကျန်းပါတယ် ကဿပဘုရား စသည်ဖြင့် တိဿရသေ့ကြီးကလည်း ပြန်ပြီးတော့ လျှောက်ထားပါတယ်။ ဒါကတော့ ယဉ်ကျေးမှုပါပဲနော်။
အဲဒီလို လျှောက်ထားပြီးတဲ့ အချိန်အခါကျတော့မှ သူက အပြစ်ခြောက်ပါးလွတ်တဲ့ တစ်နေရာမှာ ထိုင်လိုက်တယ်။ ထိုင်ပြီးတော့မှ ကဿပ မြတ်စွာဘုရားကို သူက မေးခွန်းတစ်ခု စမေးတယ်နော်။ ဘယ်လိုလဲ? ---
ကဿပမြတ်စွာဘုရား ... အရှင်ဘုရားသည် အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်ပါသလား? မဘုဉ်းပေး မသုံးဆောင်ပါဘူးလားလို့ ဒီမေးခွန်းတစ်ခုကို မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့ အချိန်အခါမှာ ကဿပမြတ်စွာဘုရားက ဘာအမိန့်ရှိလဲ? ---
ဒကာတော်ပုဏ္ဏား ... ငါဘုရားဟာ အညှီအဟောက်ကို မဘုဉ်းပေး မသုံးဆောင်ပါဘူးကွယ်။ ဒီလို အမိန့်ရှိတယ်။ အမိန့်ရှိလိုက်တော့ တိဿရသေ့ကြီးက ဘာပြန်လျှောက်ထားလဲ? ---
သူ့ရဲ့ အပြောလေးက သိပ်ကောင်းတယ်နော်။ သာဓုပါပဲဘုရား။ အရှင်ကဿပ ... အရှင်ဘုရားသည် သူတစ်ပါးရဲ့ အသေကောင်ပုပ်ကို မစားခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပြုကျင့်ခြင်းသည် အလွန်ကောင်းတဲ့ လုပ်ငန်း ရပ်ကို အရှင်ဘုရားပြုကျင့်နေခြင်းပဲဖြစ်ပါတယ်ဘုရား။
အရှင်ဘုရား ... ဒီလိုအညှီအဟောက်ဆိုတဲ့ သူတစ်ပါးရဲ့ အသေကောင်ပုပ်တွေကို မစားခြင်းဆိုတဲ့ လုပ်ငန်းရပ်သည် အရှင်ဘုရားရဲ့ အမျိုးဇာတ် အရှင်ဘုရားရဲ့ အမျိုးအနွယ်နှင့် ကြည့်မယ်ဆိုရင် တင့်တယ်လျောက်ပတ်နေတဲ့ လုပ်ငန်းရပ်ဖြစ်ပါတယ်။
ထိုအချိန်အခါက ပုဏ္ဏားတွေက သူတစ်ပါးတို့ရဲ့ အသေကောင်ပုပ်ကို စားတဲ့ အလေ့အထရှိပုံ မပေါ်ပါဘူးနော်။ ဒါကြောင့် သူက ဒီစကားကို လျှောက်ထားနေတယ်။ ထိုအချိန်အခါကျတော့ ကဿပမြတ်စွာဘုရားရှင်က စဉ်းစားတော်မူပြီ၊ ဘယ်လိုစဉ်းစားတော်မူသလဲ?
ငါကတော့ ကိလေသာအညစ်အကြေးတွေကို ရည်ရွယ်ပြီးတော့ အာမဂန္ဓခေါ်တဲ့ အညှီအဟောက်တွေကို ငါမစားသုံးပါဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ တိဿပုဏ္ဏားကြီးကတော့ အာမဂန္ဓအညှီအဟောက်ဆိုတာ အသား ငါးကို ဆိုလိုတယ်ဆိုပြီး သူကတော့ ယုံကြည်နေတယ်။ ငါသည် မနက်ဖြန် ရွာတွင်းကို ဆွမ်းခံမကြွဘဲ ကိကီမင်းကြီးရဲ့ နန်းတော်မှ ပို့ဆောင်လိုက်တဲ့ ဆွမ်းတွေကို ဘုဉ်းပေးရမယ်ဆိုရင်တော့ သိပ်ကောင်းမယ်။ ဒီလို ဘုဉ်းပေး လိုက်မယ်ဆိုလို့ရှိရင် ဒီအာမဂန္ဓခေါ်တဲ့ အညှီအဟောက်ကို အကြောင်းပြု ပြီးတော့ တရားစကားတစ်ခုတော့ ဖြစ်ပေါ်လာပါပေလိမ့်မည်။ ထိုအချိန်အခါမှာ ငါသည် တိဿပုဏ္ဏားကြီးကို ဓမ္မဒေသနာတော်ဖြင့် အသိဉာဏ် တွေကို ခွဲဝေပေးရမယ်ဆိုလို့ရှိရင်တော့ သိပ်ကောင်းလိမ့်မယ် ... ဒီလို စဉ်းစားတယ်။
အဲဒီလို စဉ်းစားပြီးတဲ့ အချိန်အခါကျတော့ နောက်တစ်နေ့ နံနက်စောစောအိပ်ရာမှ ထတော်မူပြီးတဲ့အချိန်အခါ ကိုယ်လက်သုတ်သင်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးတော့ ဂန္ဓကုဋီကျောင်းတော်အတွင်းသို့ ဝင်ပြီး သီတင်းသုံးနေတော်မူလိုက်ပါတယ်။
ရဟန်းတွေက ဂန္ဓကုဋီကျောင်းတော်ကြီး ပိတ်ထားတာကို လှမ်းကြည့်တော့ မြင်ပြီ၊ မြင်လိုက်တဲ့အခါ အလိုလိုသိတယ်။ ပြောနေဖို့ မလိုဘူး။ ဒီလို ဂန္ဓကုဋီကျောင်းတော်ရဲ့ တံခါးကို ပိတ်ဆို့ထားပြီးဆိုရင် ဒီနေ့မှာ အကြောင်းကိစ္စတစ်ခုခုတော့ ရှိနေပြီ၊ ရဟန်းသံဃာနှင့် အတူတကွ ဆွမ်းခံကြွလိုတဲ့ စိတ်ထားမရှိဘူးဆိုတာ ရဟန်းတွေက အားလုံး သိကြတယ်။ သိလိုက်ကြတဲ့အတွက် ဂန္ဓကုဋီကျောင်းတော်ကို လက်ျာရစ်သုံးကြိမ် လှည့်ပြီးတော့ အရိုအသေပြုပြီးတော့ ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံဝင်သွားကြပြီ။
ဂန္ဓကုဋီကျောင်းတော်ကနေပြီးတော့ ကဿပဘုရားရှင်လည်း ထွက်တော်မူပြီ။ ဘုရားရှင်အတွက် အသင့် ခင်းကျင်းထားတဲ့နေရာမှာ ထိုင်ပြီး သီတင်းသုံးတော်မူလိုက်ပြီ။
တိဿရသေ့ကြီးကတော့ ဟင်းရွက်ကလေးတွေကို ပြုတ်ပြီးတော့ စားလိုက်တယ်။ တစ်ဘက်က ကြည့်မယ်ဆိုရင်တော့ အင်မတန် သန္တုဋ္ဌိသလ္လေခဂုဏ်နှင့် ပြည့်စုံတဲ့ သူတော်ကောင်းလို့ ပြောနိုင်ပါတယ်နော်။ သူတို့ရဲ့ မျှတမှု စွမ်းအင်လေးတွေပဲ၊ သစ်ရွက်ကလေးပဲပြုတ်ပြီး ဆားမပါ ဆီမပါဘဲနဲ့ စားလိုက်တာနဲ့ တစ်နေ့တာ မျှတတယ်ဆိုရင်တော့ ဒီကျောင်းမှာ လောင်းလှူနေတဲ့ ဆွမ်းဟင်းတွေက ဒီထက်တောင် ပိုပြီး အဆင့်အတန်းမြင့်မယ်လို့ မပြောနိုင်ဘူးလား? ဒီမှာ လောင်းနေတာက ဆားလည်းပါတယ်၊ ဆီလည်း ပါတယ်၊ ပိုပြီး အဆင့်မမြင့်ဘူးလား? မြင့်ပါတယ်။ သိပ်စိတ်မပျက်ကြစမ်းပါနဲ့၊ ဒီရသတဏှာကို နည်းနည်းလေး ဘုန်းကြီးက တိုက်ဖျက်စေချင်လို့ ဒီသုတ္တန်ကို ဟောနေတာပါနော်။ ကဲ..စားပြီးတဲ့အခါကျတော့မှ ဘုရားရှင်ရဲ့ အထံမှာ သူက လာထိုင်လိုက်ပြီ။ ထိုင်တဲ့အခါမှာ ပြဿနာကတော့ ပေါ်တော့မယ်နော်။
ကိကီမင်းကြီးကလည်း မြတ်စွာဘုရား ဆွမ်းခံကြွလာတာ မတွေ့ရတဲ့အတွက် ရဟန်းတွေကို မေးကြည့်တယ်။ မြတ်စွာဘုရား ဘယ်မှာလဲ? မေးကြည့်လိုက်တဲ့ အချိန်အခါမှာ ကျောင်းတော်မှာပဲ ကျန်ရစ်ခဲ့ပြီလို့ ရဟန်းတွေက ပြန်အမိန့်ရှိကြတယ်။ အဲဒီအခါမှာ အထူးထူးသော ငါးအမဲတို့ဖြင့် ထူးထူးထွေထွေ အရသာရှိအောင် ပြုပြင်ဖန်တီးထားတဲ့ ဘောဇဉ်တွေကို ကဿပမြတ်စွာဘုရားထံသို့ မှူးမတ်ယောက်ျားတွေကို အပို့ခိုင်းလိုက်ပြီ။
ရှေးဦးစွာ သူတို့ရဲ့ ယဉ်ကျေးမှုပေါ့လေ ... ရေစက်သွန်ချတယ်။ ရေစက်သွန်ချတယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အလှူခံဖြစ်တဲ့ သူတော်ကောင်းတို့သည် ဤလှူဖွယ်ဝတ္ထုပစ္စည်းစုတွေကို ရရှိခြင်းတည်းဟူသော အကြောင်းကြောင့် ဤရေစင်ကဲ့သို့ အေးမြပါစေ ဆိုပြီးတော့ အလှူခံပုဂ္ဂိုလ်ရဲ့ လက်ပေါ်ကို ရေသွန်းလောင်းချတဲ့ လုပ်ငန်းရပ်ပဲ။ ခုခေတ် ရေစက်ချတာကတော့ ဘယ်မှာ သွားပြီး လောင်းသလဲ? ကိုယ့်လက်ပေါ် ကိုယ်ပြန်ပြီးတော့ လောင်းနေတယ်။ နည်းနည်းလေးတော့ ဦးတည်ချက် မှန်ရင်တော့လည်း မှန်တယ်လို့တော့ ပြောနိုင်ပါတယ်။ ဘယ်လို မှန်သလဲ? ကိုယ့်လက်ကို သူများ လက်လို့ သဘောထားလိုက်ပေါ့။ ကိုယ့်လက်ကို အလှူခံပုဂ္ဂိုလ်ရဲ့လက်လို့ သဘောထားပြီးတော့ ဒီရေလိုပဲ အေးပါစေဆိုတဲ့ စိတ်ထားလိုက်ရင်လည်း ပြီးတော့ ပြီးနိုင်ပါတယ်။ ကဲ ... အဲဒီလို ရေစက်သွန်းချပြီးတော့ မြတ်စွာဘုရားကို ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြတယ်။ ပြုစုလုပ်ကျွေးကြလိုက်တဲ့ အချိန်အခါမှာ ရှေးဦးစွာ ဘာနဲ့ ပြုစုလုပ်ကျွေးသလဲလို့ မေးရင်တော့ အထူးသဖြင့်တော့ နောက်ပိုင်းမှာ ဖော်ပြထားတာကတော့ ငှက်သားဖြစ်ပါတယ်။ အဲဒီငှက်သားဖြင့် အရသာ ထူးထူးထွေထွေနဲ့ ပြည့်စုံလာအောင် စီမံဖန်တီးထားတဲ့ ယာဂုကို ရှေးဦးစွာ လှူဒါန်းလိုက်တယ်။
တိဿရသေ့ကြီးက လှမ်းကြည့်နေတယ်။ တိဿရသေ့ကြီးက စားသလား မစားဘူးလားလို့ အကဲခတ်တဲ့နည်းနဲ့ မတ်တပ်ရပ်ပြီး သေသေချချာ ကြည့်နေလိုက်တယ်။
တိဿရသေ့ကြီးကြည့်နေတုန်း ယာဂုဘုဉ်းပေးရင်းနဲ့ အသားတုံးလေးတစ်တုံးကို ပါးစပ်ထဲ အသာလေး ထည့်ပြလိုက်တယ်။ အရွဲ့တိုက်တာတော့ မဟုတ်ဘူးနော်။ ဘုရားရှင်မှာ အရွဲ့တိုက်တဲ့စိတ်ထား မရှိပါဘူး။ အသားတုံး တစ်တုံး ထည့်ပြလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ?
တိဿရသေ့ကြီး ဒေါသသိပ်ထွက်သွားပြီ၊ ဘယ့်နှယ်တုန်း ဟင် ဆိုပြီး စိတ်ထဲမှာ တော်တော်လေး ဒေါသထွက်သွားတယ်။
ယာဂုသောက်ပြီးတဲ့ အချိန်အခါကျတော့ အထူးထူးသော အရသာတွေနဲ့ စီမံဖော်စပ်ထားတဲ့ ချက်ပြုတ်ထားအပ်တဲ့ ငါးအမဲပါနေတဲ့ ဘောဇဉ်တွေကို ဆက်လက်လှူဒါန်းပြန်ပြီ၊ လှူဒါန်းလိုက်တဲ့အခါ ငါးအမဲပါတဲ့ ထိုဆွမ်းကိုလည်း ဘုဉ်းပေးတော်မူပြန်တယ်။
တိဿရသေ့ကြီးက မြင်လိုက်ပြန်တဲ့အခါ ငါးအမဲတွေ စားလျက်နဲ့ မစားဘူးလို့ ပြောတယ် ဆိုပြီး စိတ်ထဲမှာ တော်တော်လေး ဒေါသဖြစ်သွားပြီ။ ဒေါသဖြစ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ? တိဿရသေ့ကြီးက စကား စပြောပြီ။
မုသာဝါဒဖြင့် စွပ်စွဲခြင်း
ကဿပမြတ်စွာဘုရား ... အရှင်ဘုရားဟာ ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့ မုသားစကားကို ပြောတယ်။
ဒီလို ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့ မုသားစကားပြောကြားခြင်း ဆိုတာက ပညာရှိသူတော်ကောင်းတို့ရဲ့ လုပ်ငန်းကိစ္စ မဟုတ်ပါဘူး။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ဆိုတာက ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့ မုသားစကား ပြောကြားခြင်းကို ကဲ့ရဲ့တော်မူကြပါတယ်။
ဟိုတောင်တွေ ထူထပ်တဲ့ တောင်ခြေ တောင်ရှိုင်အတွင်းမှာ တော သစ်မြစ် သစ်ဥ သစ်ဖု သစ်သီးဝလံလေးတွေကို ရှာဖွေစားသောက်ပြီးတော့ နေထိုင်တဲ့ ရသေ့တွေ ရှိကြတယ်။ အဲဒီလို သစ်သီးဝလံရှာဖွေစားသောက်ပြီး တောထဲ တောင်ထဲမှာနေတဲ့ ရသေ့တွေတောင်မှ မုသားစကား ဘယ်တော့မှ မပြောကြားကြပါဘူး။ ရသေ့တွေရဲ့ ဂုဏ်ကျေးဇူးတွေကို ပြောကြားချင်တာနဲ့ပဲ ခု အဲဒီအာမဂန္ဓသုတ္တန်မှာ လာရှိတဲ့ ခေါင်ဆုံးဂါထာကလေး တစ်ခုကို စတင်ပြီးတော့ တိဿရသေ့ကြီးက ကဿပမြတ်စွာဘုရားကို လျှောက်ထားပြီ။ ဘယ်လို လျှောက်ထားသလဲ?
တိဿရသေ့ကြီးရဲ့ လျှောက်ထားချက်
သာမာကစိင်္ဂူလကစီနကာနိ စ၊
ပတ္တပ္ဖလံ မူလဖလံ ဂဝိပ္ဖလံ။
ဓမ္မေန လဒ္ဓံ သတမသ္နမာနာ၊
န ကာမကာမာ အလိကံ ဘဏန္တိ။
ဘော ကဿပ = အို ရှင်ကဿပမြတ်စွာဘုရား ...။ ဓမ္မေန လဒ္ဓံ = တရားသော နည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သော။ သာမာကစိင်္ဂူလကစီနကာနိ စ = မြက်သီးစပါး, ဆောင်းလှေကားပွင့်သဏ္ဌာန်အနံ့ရှိသော စပါး, အလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း။ ပတ္တဖလံ = သစ်ရွက် စိမ်းကိုလည်းကောင်း။ မူလဖလံ = သစ်မြစ် သစ်ဥကိုလည်းကောင်း။ ဂဝိပ္ဖလံ = သစ်သီးဝလံကိုလည်းကောင်း။ အသ္နမာနာ = စားသုံးကြကုန်သော။ သတံ = သူတော်ကောင်းတို့သော်လည်းပဲ။ ကာမကာမာ = ကာမဂုဏ်ကို အလို ရှိခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ အလိကံ = ချွတ်ယွင်း ဖောက်ပြန် မမှန်ကန်တဲ့ စကားကို။ န ဘဏန္တိ = ဘယ်တော့မှ မပြောကြား ကြပါကုန်။
ဒီစကားလေးကို သူက စပြီး လျှောက်ထားပြီ။ကဿပမြတ်စွာဘုရား တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်တဲ့ မြက်သီးစပါး, ကုလား ဆောင်းလှေကားပွင့်သဏ္ဌာန်အနံ့ရှိနေတဲ့စပါး, အလေ့ကျပေါက်တဲ့ ပဲနောက်တွေကို စားနေတဲ့ ရသေ့တွေ ရှိကြပါတယ်။ သစ်ရွက်စိမ်းကို စားနေတဲ့ ရသေ့တွေလည်း ရှိကြတယ်။ သစ်မြစ် သစ်ဥ သစ်သီးဝလံတွေကို ရှာဖွေပြီး စားသောက်နေတဲ့ ရသေ့တွေလည်း ရှိကြတယ်။ အဲဒီရသေ့သူတော်ကောင်းတွေတောင်မှ ကာမဂုဏ်ကို အလိုရှိခြင်းတည်းဟူသောအကြောင်းကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့ စကားကို ဘယ်တော့မှ မပြောကြားကြပါဘူး။
အဲဒီမှာ ဗဟုဿုတကလေးတစ်ခုကတော့ ဂဝိပ္ဖလံပဲ။ သစ်သီးနှင့် ဝလံဆိုပြီးတော့ နှစ်ခု ခွဲတမ်းချထားတယ်။ ဒကာကြီးတွေ ဒကာမကြီးတွေ ဘယ်လို သဘောပေါက်ကြသလဲ? သစ်ပင်က သီးတဲ့ အသီးကိုတော့ သစ်သီး, နွယ်ကသီးတဲ့ အသီးကိုတော့ ဝလံဆိုပြီး ဒီလို ခွဲတမ်းချလိုက်တဲ့ ထုံးလည်း ရှိတယ်။ တခြားခွဲတမ်းတွေလည်း ရှိပါတယ်။
အဲဒီသစ်သီးဝလံတွေကို ရှာဖွေစားသောက်နေတဲ့ သစ်ရွက်ကို စားနေတဲ့ သစ်ဥ သစ်ဖုကိုစားနေတဲ့ အလေ့ကျပေါက်နေတဲ့စပါးတွေ အလေ့ကျ ပေါက်နေတဲ့ ပဲနောက်တွေကို ရှာဖွေပြီး စားသောက်နေတဲ့ ဟိုတောင်ကြားမှာ နေထိုင်တဲ့ ရသေ့သူတော်ကောင်းတွေသော်မှလည်း ကာမဂုဏ်ကို အလိုရှိခြင်းတည်းဟူသော အကြောင်းတရားကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်ကန်တဲ့စကားကို ဘယ်တော့မှ မပြောကြားကြပါဘူးဆိုပြီးတော့ ဒီလိုရသေ့ကြီးက စပြီးတော့ ပြောတယ်။ နောက်တစ်ခု ဘာဆက်ပြောလဲ?
ယဒသ္နမာနော သုကတံ သုနိဋ္ဌိတံ၊
ပရေဟိ ဒိန္နံ ပယတံ ပဏီတံ။
သာလီနမန္နံ ပရိဘုဉ္ဇမာနော၊
သော ဘုဉ္ဇသီ ကဿပ အာမဂန္ဓံ။
ကဿပ = ကဿပအနွယ်၌ဖြစ်သော အို မြတ်စွာဘုရား ...။ သုကတံ = ကောင်းစွာ ပြုပြင်စီရင်၍ ထားအပ်ပြီးသော။ သုနိဋ္ဌိတံ =ကောင်းစွာ ချက်ပြုတ်အပ်ပြီးသဖြင့် ပြီးဆုံးပြီးသည်ဖြစ်သော။ ပရေဟိ = သူတစ်ပါးတို့က။ ဒိန္နံ = ကံ,ကံ၏အကျိုးကို ရည်ကိုးမြော်သန်၍ လှူဒါန်းအပ်သော။ ပယတံ = ပူဇော်အပ်သော။ ပဏီတံ = မွန်မြတ်သော။ ယံ = အကြင် အမဲဟင်းလျာကို။ အသ္နမာနော စ = စားသုံးသည်လည်းဖြစ်သော။ သာလီနမန္နံ = သလေးဆန်ဆွမ်းကို။ ဘုဉ္ဇမာနော စ = ဘုဉ်းပေးသုံးဆောင်သည်လည်းဖြစ်သော။ သော တွံ = ထိုအရှင်ဘုရားသည်။ အာမဂန္ဓံ = အညှီအဟောက်ကို။ ဘုဉ္ဇသိ = သုံးဆောင်၍နေသည် မည်ပါပေ၏။
သူ့ရဲ့ ပြောဆိုချက်ကလေးက ကဿပမြတ်စွာဘုရားကို သူက ပြန်ပြီးတော့ စွပ်စွဲနေတယ်နော်။ ကဿပမြတ်စွာဘုရားကို သူက ဘယ်လို စွပ်စွဲနေသလဲလို့မေးတော့ ဒီနေရာမှာ သုကတဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဆရာတော်က ဖွင့်ထားပါတယ်။ အသားတွေ ငါးတွေဆိုတာက ဒီအတိုင်း အကောင်တိုင်းကြီး ဖြုန်းခနဲချက်လို့ များသောအားဖြင့်တော့ မလွယ်ပါဘူးနော်။ မလွယ်တဲ့ အချိန်အခါကျတော့ အသားတွေကို ချက်တော့မယ် ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? ဒီအသားတွေကို ခုတ်ရတယ်၊ ထစ်ရတယ်၊ စဉ်းရတယ်၊ ရေ ကျကျနန ဆေးရတယ်။ အဲဒီလိုဟာကို (သုကတ =) ကောင်းစွာ ပြုပြင်စီမံထားလို့ ဆိုတယ်။
နောက်တစ်ခု --- (သုနိဋ္ဌိတ =) ချက်လိုက်တဲ့ အချိန်အခါ ရေဆေးပြီးပြီ၊ ဆေးရုံနဲ့ မပြီးသေးဘူး။ သေသေချာချာ ချက်ရတယ်။ ချက်မယ်ဆိုလို့ရှိရင်လည်း သင့်တင့်လျောက်ပတ်တဲ့ ဆီ ဆား အစရှိသည်ဖြင့် အမွှေးအကြိုင် စသည်ဖြင့် ထုံမွှမ်းပြီးတော့ စနစ်တကျ ချက်ရတယ်။ အဲဒီလို ချက်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီအသားတွေ ငါးတွေကို လှူကြတယ်။ လှူလိုက်တဲ့ အချိန်အခါကျတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လှူသလဲလို့ မေးရင် ---
လှူဒါန်းတဲ့နေရာမှာ အမေတော်လို့ လှူဒါန်းနေတာလည်း မဟုတ်ဘူး။ အဖေတော်လို့ လှူဒါန်းပေးကမ်းနေတာလည်း မဟုတ်ဘူး။ တကယ်စင်စစ် အားဖြင့်တော့ ဒီပုဂ္ဂိုလ်ဟာ (ဒက္ခိဏေယျ =) ကံနှင့် အကျိုးကို ရည်ကိုး မြော်သန်ပြီး လှူဒါန်းနေတဲ့ အလွန် အဆင့်အတန်းမြင့်နေတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလို အောက်မေ့မှတ်ထင်ပြီးတော့ တရားကို ချစ်ခင်မြတ်နိုးတဲ့ သူတော်ကောင်းတွေက လှူဒါန်းနေကြတာ ဖြစ်ပါတယ်။
အဲဒီလို လှူဒါန်းခြင်းဟာ ဘာလုပ်တာလဲလို့မေးတော့ မရိုမသေ လှူဒါန်းနေတာလည်း မဟုတ်ဘူး။ ရိုရိုသေသေနဲ့ သေသေချာချာ ကျကျနန ပူဇော်နေကြတာ ဖြစ်တယ်။ ပူဇော်ရုံတင် မဟုတ်ဘူး။ မွန်မြတ်တဲ့ မင်္ဂလာအလို့ငှာ ရည်ရွယ်ပြီးတော့ လှူဒါန်းကြတာ ဖြစ်တယ်။ မင်္ဂလာအလို့ငှာ ဆိုတာကတော့ ကုသိုလ်တရားတွေ တို့မှာ တိုးပွားလိမ့်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ လှူတာမျိုးကို ဆိုလိုပါတယ်။ ဒီလိုရည်ရွယ်ချက်ဖြင့် ဒီလှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို အရသာ အကောင်းဆုံးဖြစ်အောင် အဆီဩဇာ အများဆုံး ဖြစ်အောင် မိမိတို့ စွမ်းအားရှိသလောက် ပြုပြင်ဖန်တီးပြီးမှ သေသေချာချာ ကျကျနန လှူဒါန်းကြတာ ဖြစ်တယ်။ အဲဒီလို လှူဒါန်းနေတဲ့ မွန်မြတ်တဲ့ အသားငါးဦးဆောင်နေတဲ့ အာဟာရတွေကိုလည်း အရှင်ဘုရားက ဘုဉ်းပေး နေသည် ဖြစ်တယ်။
သလေးဆန်ဆွမ်းကိုလည်း အရှင်ဘုရားက ဘုဉ်းပေးနေသည် ဖြစ်ပါတယ်။ ဒီလို ဘုဉ်းပေးနေတဲ့ အရှင်ဘုရားဟာ အာမဂန္ဓခေါ်တဲ့ အညှီအဟောက်ကို အရှင်ဘုရား ဘုဉ်းပေးနေတာပဲ။ အဲဒီလို ဘုဉ်းပေးနေပါလျက် အရှင်ဘုရားကနေပြီးတော့ အညှီအဟောက်ကို မဘုဉ်းပေးဘူး ဆိုပြီးတော့ ဒီစကားကို တပည့်တော်ကို ပြောနေတယ် .. ဆိုပြီးတော့ သူက ဒီလို စွပ်စွဲတာနော်။ အဲဒီအချိန်အခါကျတော့ သူက နည်းနည်းလေးတော့ စဉ်းစားတယ်နော်။ ဘယ်လို စဉ်းစားလဲဆိုတော့ ---
န အာမဂန္ဓော မမ ကပ္ပတီတိ၊
ဣစ္စေဝ တွံ ဘာသသိ ဗြဟ္မဗန္ဓု။
သာလီနမန္နံ ပရိဘုဉ္ဇမာနော၊
သကုန္တမံသေဟိ သုသင်္ခတေဟိ။
ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ၊
ကထံ ပကာရော တဝ အာမဂန္ဓော။
ဗြဟ္မဗန္ဓု = ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူပါပေသော အို ကဿပရှင်တော်မြတ်ဘုရား...။ အာမဂန္ဓော = အညှီအဟောက်သည်။ မမ =ငါဘုရားအား။ န ကပ္ပတီတိ = မအပ်ပါဟူ၍။ ဣစ္စေဝ = ဤသို့လျှင်။ တွံ = အရှင်ဘုရားသည်။ ဘာသသိ =ပြောဆိုတော်မူပါပေ၏။
ဗြဟ္မာမင်းရဲ့အဆွေဖြစ်တော်မူပါပေသော ကဿပမြတ်စွာဘုရား ... အရှင်ဘုရားဟာ အညှီအဟောက်ဟာ ငါဘုရားအတွက် မအပ်စပ်ပါဘူး ဆိုပြီးတော့ ဒီစကားကို အရှင်ဘုရားပြောတယ်နော်။
သာလီနမန္နံ ပရိဘုဉ္ဇမာနော၊
သကုန္တမံသေဟိ သုသင်္ခတေဟိ။
သုသင်္ခတေဟိ = ကောင်းစွာပြုပြင်စီမံ၍ ထားအပ်ကုန်သော။ သကုန္တမံသေဟိ = ငှက်သားတို့နှင့် အတူတကွ။ သာလီနမန္နံ = သလေးဆန်ဆွမ်းကို။ ပရိဘုဉ္ဇမာနော = ဘုဉ်းပေးသုံးဆောင်သည် ဖြစ်ပါလျက်။ အာမဂန္ဓော = အညှီအဟောက်သည်။ မမ = ငါဘုရားအား။ န ကပ္ပတိ =မအပ်စပ်ပါ။ ဣစ္စေဝံ = ဤသို့လျှင်။ တွံ = အရှင်ဘုရားသည်။ ဘာသသိ = ပြောဆို၍နေပါပေ၏။
အရှင်ဘုရား ...သေသေချာချာ ကြည့်မယ်ဆိုရင် ငှက်သားတွေဖြင့် ကျကျနန စီမံထားတဲ့ သလေးဆန်ဆွမ်းကို အရှင်ဘုရားက ဘုဉ်းပေးနေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ဒီလိုဘုဉ်းပေးနေပါလျက်နဲ့ ငါဘုရားမှာ အညှီအဟောက်သည် မအပ်စပ်ပါဘူးဆိုတဲ့ ဒီစကားကို အရှင်ဘုရား ပြောနေတယ်နော်။
ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ၊
ကထံ ပကာရော တဝ အာမဂန္ဓော။
ကဿပ = ကဿပရှင်တော်မြတ်ဘုရား ...။ တံ =ရှင်တော်မြတ်ဘုရားကို။ ဧတမတ္ထံ =ဤအာမဂန္ဓအညှီအဟောက်အကြောင်းကို။ ပုစ္ဆာမိ = မေးမြန်းလျှောက်ထားပါ၏။ တဝ = ရှင်တော်မြတ်ဘုရား၏။ အာမဂန္ဓော =အညှီအဟောက်သည်ကား။ ကထံ ပကာရော = အဘယ်မျှ အပြားရှိပါသနည်း။
ကဿပမြတ်စွာဘုရား ... အရှင်ဘုရားကို တပည့်တော်က ဒီအကြောင်း မေးချင်တယ်။ အရှင်ဘုရားရဲ့ အာမဂန္ဓဆိုတဲ့ သဘောတရားက ဘယ်မျှ အတိုင်းအတာပမာဏ ရှိနေပါသလဲ? ဒီမေးခွန်းလေးကို သူက ဆက်မေးတယ်။ ဘာဖြစ်လို့ သူက ဒီလိုမေးရသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာက ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကဿပမြတ်စွာဘုရားကို သူက (ဗြဟ္မဗန္ဓု =) ဗြဟ္မာမင်းရဲ့ အဆွေခင်ပွန်းအဖြစ်နဲ့ သူက ခေါ်ထားတယ်။
ဗြဟ္မာမင်းရဲ့ အဆွေခင်ပွန်းဖြစ်တဲ့ ဗြာဟ္မဏသာ မှန်ခဲ့မယ်ဆိုရင် အရှင်ဘုရားမှာ ဒီလိုသဘော မရှိသင့်ဘူး။ ခု အရှင်ဘုရားကို ကြည့်လိုက်တော့ အရှင်ဘုရားက ငှက်သားတွေနဲ့ အတူတကွ ပြုပြင်စီမံထားတဲ့ သလေးဆန်ဆွမ်းကို ဘုဉ်းပေးနေတယ်။ ဗြာဟ္မဏတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်ကျေးဇူး တွေမှ အရှင်ဘုရားဟာ ကင်းဆိတ်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ ဇာတိအားဖြင့်သာ အရှင်ဘုရားက ဗြာဟ္မဏမည်ပြီးတော့ ကျင့်ဝတ်ပဋိပတ်အားဖြင့် အရှင်ဘုရားဟာ တကယ်တမ်း ဗြာဟ္မဏမမည်တဲ့ ပုဂ္ဂိုလ်ပဲလို့ သူက ဒီလို စွပ်စွဲနေတယ်။
အဲဒီလိုစွပ်စွဲပြီးလိုက်တဲ့ အချိန်အခါကျတော့ မြတ်စွာဘုရားအတွက် ထိုအချိန်အခါက ကိကီမင်းကြီးက ပို့ဆောင်လိုက်တဲ့ ဟင်းလျာကို အထူးသဖြင့် ရည်ညွှန်းပြီးတော့ သူက ပြောနေတာ။ ဒါပေမဲ့ သူက နည်းနည်းကလေး စဉ်းစားတယ်။ စဉ်းစားတယ်ဆိုတာက ပါရမီရှိနေတဲ့ သူတော်ကောင်းများမှာ စဉ်းစားတတ်တဲ့ အတွေးအခေါ်ကလေးတွေက ပါရမီရဲ့ လှုံ့ဆော်မှုကြောင့် ဝင်ဝင်ပြီးတော့ လာတတ်ပါတယ်။ ဘယ်လို သူက စဉ်းစားသလဲ?
အာမဂန္ဓအညှီအဟောက်အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကဿပမြတ်စွာဘုရားအပေါ်၌ မကျေနပ်ချက်တွေ တစ်ပုံကြီးဖြင့် တင်ပြလျှောက်ထားနေတဲ့ ဒီတိဿရသေ့ကြီးက ပြောဆိုနေရင်းနဲ့ သူက ကဿပမြတ်စွာဘုရားကို လှမ်းပြီးတော့ ဖူးမြော်ကြည့်မိတယ်။ ခြေဖဝါးကနေ ဆံဖျားအထိ လှမ်းပြီးတော့ ကြည့်လိုက်တဲ့ အချိန်အခါမှာ ကဿပမြတ်စွာဘုရားရဲ့ ခန္ဓာအိမ်မှာ (၃၂)ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်ထားတာကိုလည်း တွေ့ရတယ်။ (၈၀)သော လက္ခဏာတော်ငယ်တို့ဖြင့် ပြည့်စုံနေတာကိုလည်း ဖူးတွေ့ရတယ်။ ဗျာမပဘာလို့ ခေါ်ဆိုအပ်တဲ့ ရောင်ဝါထိန်လင်း ရောင်ခြည်တော်ဝန်းဖြင့် တင့်တယ်စွာ ခြံရံထားတာကိုလည်း သွားပြီး တွေ့ရတယ်။
သပြေကန်ဆရာတော်ဘုရားကတော့ သူ့ရဲ့ ပရိတ်ကြီးနိဿယမှာ ဒီဗျာမဆိုတဲ့ အသုံးနှုန်းကို နည်းနည်းကလေး ဆန်းစစ်ထားပါတယ်။ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းမှာ ရောင်ခြည်တော်ဝန်းဆိုတာ ရှိကြပါတယ်။ တန်ခိုးတော်ဖြင့် ဖန်ဆင်းမှု မပြုရဘဲ ပင်ကိုပကတိအတိုင်း လင်းထိန်နေတဲ့ ရောင်ခြည်ဝန်းပဲ၊ အဲဒီရောင်ခြည်ဝန်းမှာ ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားရဲ့ ရောင်ခြည်တော်ဝန်းနဲ့ ပတ်သက်ပြီးတော့ အယူအဆတွေကတော့ တစ်လံလို့ ပြောတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ အတောင်ရှစ်ဆယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်လည်း ရှိတယ်။ ဒီတော့ ဒီဗျာမသည် ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းအတွက် ရည်ညွှန်းပြီး ပြောဆိုနေတဲ့ ရောင်ခြည်တော်ဝန်းသာဖြစ်တယ်။ အတိအကျ အတောင်အတိုင်းအတာ တစ်လံကို ပြောနေခြင်း မဟုတ်ဘူးဆိုပြီးတော့ ဆရာတော်ကတော့ ဆန်းစစ်ထားတယ်။
နမူနာဆိုလို့ရှိရင်တော့ မင်္ဂလမြတ်စွာဘုရား ဆိုကြပါစို့နော်။ မင်္ဂလမြတ်စွာဘုရားရဲ့ ဒီလို ပကတိရောင်ခြည်တော်ဝန်းက စကြဝဠာတိုက်တစ်သောင်းအထိ အမြဲတမ်း ပျံ့နှံ့ပြီးနေတယ်။ တစ်လံမကဘူးနော်။ အဲဒါကြောင့် အဲဒီမင်္ဂလမြတ်စွာဘုရားရဲ့ ရောင်ခြည်တော်ဝန်းကိုလည်း ဗျာမဆိုပြီး ခေါ်ဝေါ် သုံးစွဲထားတာ ရှိပါတယ်။ ဒါ တစ်လံ မကဘူး။ ခုဒီနေရာမှာ ကဿပမြတ်စွာဘုရားကျတော့ ဘယ်ရွေ့ဘယ်မျှ အတိအကျ မသိနိုင်ပေမယ့်လို့ ကဿပမြတ်စွာဘုရားရှင်ရဲ့ ရောင်ခြည်တော်ဝန်းဟာလည်း တော်တော်လေးကို ကျယ်ပြန့်နေတယ်လို့ ယူဆရပါတယ်။ ဒီတော့ ဒီရောင်ခြည်တော်ဝန်းဖြင့် တင့်တယ်စံပယ်စွာ သီတင်းသုံးနေတော်မူတဲ့ ဘုရားရှင်ကို ဒီရောင်ခြည်တော်ဝန်းတွေက ခြုံငုံပြီး ခြံရံထားတာကိုလည်း သူက လှမ်းပြီး ဖူးတွေ့လိုက်ရတဲ့ အချိန်အခါကျတော့ သူက စဉ်းစားပြီ။ ဒီလို ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်ထားတဲ့ ခန္ဓာကိုယ် ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာ ချွတ်ယွင်းဖောက်ပြန် မမှန်ကန်နေတဲ့ မုသားစကားကို ပြောဆိုဖို့ရန်အတွက် ဘယ်လိုမှ မထိုက်တန်ဘူးလို့ သူက ဒီလို သဘောပေါက်တယ်။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ မစဉ်းစားသင့်ဘူးလား? စဉ်းစားသင့်တယ်နော်။
ကဿပမြတ်စွာဘုရားရဲ့ မျက်မှောင်တော်နှစ်ခုအကြားမှာ ဝါဂွမ်းစိုင်ကဲ့သို့ အလွန် ဖြူစင်ပြီး ဖြူဖွေးနေတဲ့ ရောင်ခြည်တော်တွေ တလက်လက် တောက်ပနေတဲ့ ဥဏ္ဏလုံမွေးရှင်တော်ဆိုတဲ့ အမွေးတော်တစ်ခု ရှိပါတယ်။ ဆန့်လိုက်မယ်ဆိုလို့ရှိရင် ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားကတော့ (၂)တောင်လောက်ရှိတယ်လို့ ဆိုတယ်နော်။ ကဿပမြတ်စွာဘုရားမှာတော့ ဒီထက် ပိုရှည်ချင်လည်း ရှည်ပါလိမ့်မယ်။ လွှတ်လိုက်ပြီ ဆိုလို့ရှိရင် စပလိန်လို လက်ျာရစ်ခွေပြီးတော့ အဲဒီမှာ ဝါဂွမ်းစိုင်ကဲ့သို့ တည်နေတယ်။ ဖြူနေတဲ့ ရောင်ခြည်တော်တွေက တဖျတ်ဖျတ် တောက်နေတယ်။ အဲဒီလို တောက်ပ နေတဲ့ ဖြူနေတဲ့ ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီးတော့ အစုလိုက် အပုံလိုက် တည်နေတဲ့ ဒီဥဏ္ဏလုံမွေးရှင်တော်ဆိုတဲ့ လက္ခဏာတစ်တော်တစ်ခု ပေါက်ရောက်ခြင်းဆိုတာက အတိတ်ဘဝတုန်းက ပြုစုပျိုးထောင်ခဲ့တဲ့ မှန်ကန်နေတဲ့ သစ္စာစကားကို ပြောကြားခြင်းတည်းဟူသော ကောင်းမှုကုသိုလ်ကံ၏ အကျိုးဆက်ကြောင့်သာလျှင် ဖြစ်ပေါ်လာရတယ်။ အကျိုးရင်းတွေကတော့ လူ့ပြည် နတ်ပြည်တွေမှာ ပဋိသန္ဓေအကျိုးပေးပြီးပြီ။ အခု ပဝတ္တိအခါမှာ လာပြီး ဒီအကျိုးပေးတယ်ဆိုတာက အကျိုးဆက်လို့ ခေါ်ပါတယ်။
မွေးညင်းတော်တွေ ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း မွေးညင်းတော်တွင်း တစ်ခုတစ်ခုမှာ မွေးညင်းပင် တစ်ပင်တစ်ပင်ပဲ ပေါက်တယ်။ အဲဒီ တစ်ပင်တစ်ပင်ကလည်း မျက်နှာတော်ကို မော်ဖူးသလို အထက်ကို အမြဲတမ်း ကော့နေတယ်နော်။
ဟို အတိတ်သံသရာအဆက်ဆက်ကတည်းက မှန်ကန်တဲ့ သစ္စာစကားကိုသာ ပြောပြီး မုသာဝါဒမှ ရှောင်ကြဉ်ခဲ့ခြင်းတည်းဟူသော ဤအကြောင်းတရားကြောင့် ကဿပမြတ်စွာဘုရားရှင်ရဲ့ မျက်မှောင်နှစ်ခုတော်တို့ရဲ့ အကြား၌ လဲဝါဂွမ်းစိုင်ကဲ့သို့ အလွန် ဖြူဆွတ်နေသော ဥဏ္ဏလုံမွေးရှင်တော်ရှိခြင်း မွေးညင်းတွင်း တစ်ခုတစ်ခုမှာ မွေးညင်း တစ်ပင်တစ်ပင်သာ ပေါက်ခြင်းဆိုတဲ့ ဒီယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တွေ ထင်ရှား ဖြစ်နေတယ်။ ဒီလက္ခဏာတော်ဟာ မုသား မပြောခဲ့ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ရရှိတဲ့ လက္ခဏာတော်တွေ ဖြစ်ကြတယ်။ ဒါကို သူက နားလည်တယ်။ ဘာဖြစ်လို့လဲ? သူတို့ ဗြာဟ္မဏတွေက ဝေဒကျမ်းတွေကို တစ်ဖက်ကမ်းခပ်အောင် သင်ယူထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။
ကဿပဘုရားအလောင်းတော်က တောမထွက်လို့ သူက အရင် ကြိုတင်ပြီးတော့ တောထွက်နေတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက္ခဏာတော်တို့နှင့် ပြည့်စုံနေတာကို ငယ်ရွယ်စဉ်အချိန်အခါ ကတည်းက ကစားဖော်ကစားဖက် ဖြစ်နေခြင်းကြောင့်လည်း သိရှိခဲ့တယ်။ ခုတစ်ဖန် ဒီလက္ခဏာတော်တွေက ဘုရားရှင်သန္တာန်မှာ ထင်ရှားရှိနေတာကို မြင်တွေ့နေရပြန်တယ်။ ဗျာမပဘာလို့ ခေါ်ဆိုအပ်တဲ့ ရောင်ခြည်တော်ဝန်းဖြင့် ထွန်းလင်းတင့်တယ်နေတဲ့ ဒီလိုဘုရားရှင်တစ်ဆူသည် ဘုရားဖြစ်တဲ့ ခုလို အချိန်အခါကျမှ ဘယ်လို အကြောင်းတရားကြောင့် ဒီမုသားစကားကို ပြောရမှာလဲလို့ သူက စဉ်းစားတယ်။
ပညာရှိသူတော်ကောင်းဆိုတာ ဒီလို နည်းနည်း စဉ်းစားနှိုင်းချိန်တတ်တဲ့ ဉာဏ်ကလေးတွေရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို စဉ်းစားနှိုင်းချိန်တတ်တဲ့ ဉာဏ်မရှိခဲ့ရင်တော့ အယူဝါဒဆိုတာ တစ်ဖက်စွန်းကို စောင်းသွားတတ်တဲ့ သဘော ရှိတယ်။ သူက ဒီနေရာမှာ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့နှင့် ပြည့်စုံနေတဲ့ ဘုရားရှင်ကို လက်တွေ့လည်း ဖူးမြင်နေရတယ်။ ဗျာမပဘာလို့ ခေါ်ဆိုအပ်တဲ့ ရောင်ခြည်တော်ဝန်းဖြင့် ထွန်းလင်း တင့်တယ်နေတာကို သူကိုယ်တိုင်က ဖူးမြင်တွေ့ရှိနေပြီ။ ဒါကြောင့် ဒီလို ဘုရားရှင်တစ်ဆူသည် မည်သည့်အကြောင်းကြောင့်မျှ ခုအခါမှာ မုသားတော့ ပြောမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ? အတိတ်သံသရာအဆက်ဆက်ကတည်း က မုသာဝါဒမှ ရှောင်ကြဉ်ခဲ့ခြင်းတည်းဟူသော ဒီအကြောင်းတရားကြောင့် ဒီအကျိုးတရားတွေက ဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထင်ရှား ရှိနေပြီ ဖြစ်တယ်။ ဒီလို သူက စဉ်းစားတယ်။ အဲဒီလို စဉ်းစားပြီးတော့ .. သူက ဘာဆက်ပြီး တွေးတောသလဲ?
ဒီလို မုသားမပြောတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ ဒါကြောင့် ငါထင်မြင် ယူဆနေတဲ့ အာမဂန္ဓမှ တခြားတစ်ပါးသော အာမဂန္ဓတစ်ခုခုတော့ မချွတ်ဧကန် ထင်ရှားရှိပါလိမ့်ဦးမယ်။ ယင်းကဲ့သို့သော အာမဂန္ဓကို ရည်ရွယ်တော်မူပြီးတော့ ဒကာတော်ပုဏ္ဏား ... ငါဘုရားသည် အာမဂန္ဓအမည်ရနေတဲ့ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်ခြင်း မပြုပါဘူးဆိုတဲ့ ဒီစကားတော်ကို ဘုရားရှင် မိန့်ကြားတော်မူခြင်း ဖြစ်ပေလိမ့်မယ်။
ဒီအာမဂန္ဓအကြောင်းကို ဒီကဿပရှင်တော်မြတ်ဘုရားအား ငါ မေးမြန်းကြည့်ရင်တော့ သိပ်ကောင်းမယ်။ အဲဒီလို သူက စဉ်းစားတယ်၊ စဉ်းစားပြီးတော့ ဘာလုပ်သလဲ? ---
ရှေးအပိုင်းမှာကတော့ သူက မေးမြန်းတာက နည်းနည်းလေး မုသာဝါဒဖြင့် ဘုရားရှင်ကို စွပ်စွဲတဲ့ ပုံစံလေးနဲ့ မေးထားတယ်။ ဒီအပိုင်းကျတော့ နည်းနည်းလေး စိတ်ထဲမှာ ပုံစံတစ်မျိုးပြောင်းပြီးတော့မှ မေးသွားတယ်နော်။ အဲဒီဂါထာလေး ပြန်နာကြည့်ကြရအောင်နော်။
န အာမဂန္ဓော မမ ကပ္ပတီတိ၊
ဣစ္စေဝ တွံ ဘာသသိ ဗြဟ္မဗန္ဓု။
သာလီနမန္နံ ပရိဘုဉ္ဇမာနော၊
သကုန္တမံသေဟိ သုသင်္ခတေဟိ။
ပုစ္ဆာမိ တံ ကဿပ ဧတမတ္ထံ၊
ကထံ ပကာရော တဝ အာမဂန္ဓော။
ဗြဟ္မဗန္ဓု = ဗြဟ္မာမင်းရဲ့ အဆွေခင်ပွန်းဖြစ်တော်မူပါပေသော ကဿပမြတ်စွာဘုရား ...။ သုသင်္ခတေဟိ = ကောင်းစွာ ပြုပြင်စီမံ၍ ထားအပ်ကုန်သော။ သကုန္တမံသေဟိ = ငှက်သားနှင့်အတူတကွ ဖြစ်ကြကုန်သော။ သာလီနမန္နံ = သလေးဆန်ဆွမ်းကို။ ပရိဘုဉ္ဇမာနော =ဘုဉ်းပေးသုံးဆောင်နေသည်ဖြစ်ပါလျက်။ တွံ = ရှင်တော်မြတ်ဘုရားသည်။ မမ = ငါဘုရားရှင်အား။ အာမဂန္ဓော = အာမဂန္ဓအမည်ရတဲ့ အညှီအဟောက်သည်။ န ကပ္ပိတီတိ = မအပ်ပါဟု။ ဣစ္စေဝ = ဤသို့လျှင်။ ဘာသသိ = ပြောကြားတော်မူဘိ၏။ ကဿပ = ကဿပအနွယ်၌ ဖြစ်တော်မူပါပေသော အို ရှင်တော်မြတ်ဘုရား။ တံ = ရှင်တော်မြတ်ဘုရားကို။ ဧတမတ္ထံ =ဤအာမ -ဂန္ဓအကြောင်းအရာကို။ ပုစ္ဆာမိ = မေးမြန်း လျှောက်ထားပါ၏။ တဝ = ရှင်တော်မြတ်ဘုရား၏။ အာမဂန္ဓော = အာမဂန္ဓအညှီအဟောက်ဟူသည်ကား။ ကထံ ပကာရော = အဘယ်မျှ အပြားရှိပါသနည်း?
ဗြဟ္မာမင်းရဲ့ အဆွေခင်ပွန်းဖြစ်တော်မူပါပေသော ကဿပမြတ်စွာဘုရား ... ကောင်းစွာ ပြုပြင်စီမံ ချက်ပြုတ်ထားအပ်တဲ့ ငှက်သားနှင့် အတူတကွ ဖြစ်နေတဲ့ သလေးဆန်ဆွမ်းကို အရှင်ဘုရားသည် ဘုဉ်းပေးသုံးဆောင်နေသည်ဖြစ်ပါလျက် ဒကာတော် တိဿပုဏ္ဏား ... ငါဘုရားရှင်တို့အား အာမဂန္ဓလို့ခေါ်ဆိုအပ်တဲ့ အညှီအဟောက်သည် မအပ်စပ်ပါဘူးဆိုပြီးတော့ ဒီစကားကို အရှင်ဘုရား ပြောကြားတော်မူဘိတယ်။
တပည့်တော် ဒီအရာမှာ အရှင်ဘုရားကို မေးမြန်းလျှောက်ထားချင်ပါတယ်။ အရှင်ဘုရားရည်ရွယ်မှန်းထားပြီး ပြောကြားနေတဲ့ အရှင်ဘုရားရဲ့ အာမဂန္ဓအညှီအဟောက်ဆိုတာ ဘယ်မျှအတိုင်းအရှည်အပြား ရှိပါသလဲ မြတ်စွာဘုရားဆိုပြီးတော့ သူက မေးမြန်းတယ်။ အဲဒီလို မေးမြန်းတဲ့ အချိန်အခါကျတော့မှ ကဿပမြတ်စွာဘုရားက တိဿပုဏ္ဏားကြီးကို အာမဂန္ဓအကြောင်းအရာနှင့် ဆက်စပ်ပြီးတော့ တရားဒေသနာတော်ကို ဂါထာပေါင်း များစွာဖြင့် ဟောကြားပေးတော်မူပါတယ်။ ထိုဂါထာတွေကိုပဲ ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားကလည်း မိမိကို ဒီ အာမဂန္ဓအညှီအဟောက် အကြောင်းနဲ့ ပတ်သက်ပြီး လာပြီး မေးမြန်းလျှောက်ထားနေတဲ့ အာမဂန္ဓရသေ့အမှူးရှိနေတဲ့ ရသေ့ငါးရာတို့အား ကဿပမြတ်စွာဘုရားက တိဿရသေ့ကြီးအား ဟောကြားပြသ ဆိုဆုံးမသည့်အတိုင်း တစ်ဆင့်ပြန်ပြီးတော့ ဟောကြားတယ်။ အဲဒီဂါထာတွေကို နာကြည့်ကြရအောင်နော်။
ကာယဒုစရိုက် - ဝစီဒုစရိုက် အကုသိုလ်တရားများ
၁။ ပါဏာတိပါတော ဝဓဆေဒဗန္ဓနံ၊
ထေယျံ မုသာဝါဒေါ နိကတိဝဉ္စနာနိ စ။
အဇ္ဈေနကုတ္တံ ပရဒါရသေဝနာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
တိဿ = ဒကာတော် တိဿရသေ့ ...။ ပါဏာတိပါတော = သူ့အသက်ကို သတ်ခြင်းသည်လည်းကောင်း။ ဝဓဆေဒဗန္ဓနံ = သတ္တဝါ တို့အား ညှဉ်းပန်း နှိပ်စက်ခြင်း, သတ္တဝါတို့၏ ခြေ လက် စသည်တို့ကို ဖြတ်တောက်ခြင်း, သတ္တဝါတို့ကို ကြိုးစသည်ဖြင့် ရစ်ပတ်နှောင်ဖွဲ့ခြင်းသည် လည်းကောင်း။ ထေယျံ = အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်တဲ့ သူတစ်ပါး ၏ ဥစ္စာကို ခိုးယူခြင်း = မတရားယူခြင်းသည်လည်းကောင်း။ မုသာဝါဒေါ စ = ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော မုသားစကားကို ပြောကြားခြင်း သည်လည်းကောင်း။ နိကတိဝဉ္စနာနိ စ = လှည့်ပတ်ခြင်း ကောက်ကျစ်စဉ်းလဲ ခြင်းတို့သည်လည်းကောင်း။ အဇ္ဈေနကုတ္တံ = အကျိုးမရှိသော ကျမ်းဂန်စာပေ ကို သင်ကြားခြင်းသည်လည်းကောင်း။ ပရဒါရသေဝနာ =သူတစ်ပါးတို့၏ သားမယားတို့ကို မှီဝဲခြင်းသည်လည်းကောင်း။ အတ္ထိ = ရှိပေ၏။ ဧသာ = ဤအလုံးစုံသော ဒုစရိုက်မှု မှန်သမျှသည်။ အာမဂန္ဓော = အညှီအဟောက် အာမဂန္ဓ မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် အာမဂန္ဓ မဟုတ်ပါပေ။
ဂါထာကလေးတစ်ခုနဲ့ စဟောတယ်နော်။ ဒီတော့ (ပါဏာတိပါတ =) သူ့အသက်ကို သတ်ဖြတ်ခြင်းဆိုတဲ့ ဒီလိုဒုစရိုက်လုပ်ငန်းတွေကို ပြုကျင့်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သူတစ်ပါးတို့ရဲ့ အသက်ကို သတ်ဖြတ်နေပြီဆိုလို့ရှိရင် ထိုအချိန်အခါမှာ သူတစ်ပါးရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ် ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်ဟာ ရာဂ ဒေါသမောဟ အစရှိတဲ့ ကိလေသာမီးတွေ လူးလဲပေကျံပြီး မနေဘူးလား? နေတယ်။ ကိလေသာ အညစ်အကြေးတွေ လူးလဲပေကျံနေတယ်။ အဲဒီကိလေသာ အညစ်အကြေးတွေကို ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်လို့ ပြောချင်တယ်။
နောက်တစ်ခု --- သူတစ်ပါးတွေကို သတ်တော့ မသတ်ဘူး။ ဒါပေမဲ့ သတ္တဝါတွေကို တုတ် ဓား စသည်တို့ဖြင့် မသေတသေလေး ညှဉ်းပန်းနှိပ်စက်တယ်။ ဒီလိုညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်အစဉ်သန္တာန်မှာလည်း ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယအစရှိတဲ့ ကိလေသာအညစ်အကြေးတွေ လူးလဲပေကျံပြီး မနေဘူးလား? နေပါတယ်။ အဲဒီကိလေသာ အညစ်အကြေးတွေကိုလည်း ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်တွေလို့ ဒီလို ခေါ်ဝေါ်သုံးစွဲထားတော်မူတယ်။
နောက်တစ်ခု --- သူတစ်ပါးရဲ့ လက်တွေ ခြေတွေကို ဖြတ်တောက်ပစ်နေတယ်။ အဲဒီလို သူတစ်ပါးရဲ့ လက်တွေ ခြေတွေကို ဖြတ်တောက်ပစ်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ စိတ်အစဉ်သန္တာန်မှာလည်း ထိုကဲ့သို့ ဖြတ်တောက်နေတဲ့ အချိန်အခါမှာ ရာဂ ဒေါသ မောဟ မာန်မာန အစရှိတဲ့ ကိလေသာအညစ်အကြေးတွေက လူးလဲပေကျံပြီး မနေဘူးလား? နေတယ်။ ဒါကြောင့် အဲဒီလို ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအညစ်ကြေးတွေဖြင့် လူးလဲပေကျံခြင်းဆိုတဲ့ ဒီသဘောတရားကို တစ်နည်းပြောရလျှင်တော့ အဲဒီကိလေသာ အညစ်အကြေးတွေကို ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်လို့ ခေါ်ဆိုတော်မူတယ်။
နောက်တစ်ခု --- သူတစ်ပါးတွေကို ကြိုးစသည်ဖြင့် တုတ်နှောင်ပြီးတော့ ချုပ်နှောင်ထားကြတယ်။ အဲဒီလို သူတစ်ပါးတွေကို ကြိုးစသည်ဖြင့် တုတ်နှောင်ထားနေတဲ့ ထိုအချိန်အခါမှာ ထိုပုဂ္ဂိုလ်တို့က အတုတ်အနှောင်ခံရတဲ့ ပုဂ္ဂိုလ်တွေအပေါ်၌ ပြစ်မှားနေတဲ့အတွက် ရာဂ ဒေါသ မောဟ အစရှိသည့် မီးတွေသည် အညစ်အကြေးတွေသည် ထိုပြစ်မှားနေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ သန္တာန်မှာ လူးလဲပေကျံမှု မရှိဘူးလား? ရှိနေတယ်။ အဲဒီ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေဖြင့် လူးလဲပေကျံမှု သို့မဟုတ် ကိလေသာ အညစ်အကြေးများကို မြတ်စွာဘုရားက အာမဂန္ဓလို့ ခေါ်ဆိုထားတော်မူတယ်။
နောက်တစ်ခု --- သူတစ်ပါးတို့ရဲ့ ပစ္စည်းတွေကို မတရားသော နည်းလမ်းဖြင့် ခိုးယူနေကြတယ်။ လာဘ်ပေးလာဘ်ယူတွေ ပြုကြတယ်။ သူတစ်ပါးတို့က ကြည်ဖြူစွာ ကိုယ်နှုတ်တို့ဖြင့် မပေးအပ်တဲ့ ပစ္စည်းတွေကို မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ယူကြတယ်။ ဒီလို ယူနေတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်တို့ရဲ့ စိတ်အစဉ်သန္တာန်မှာ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေက လူးလဲပေကျံပြီး မနေဘူးလား? နေပြန်တယ်။ အဲဒီကိလေသာ အညစ်အကြေးတွေကိုလည်း ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်လို့ သုံးစွဲထားတော်မူတယ်။
နောက်တစ်ခု --- မုသားပြောပြီ။ မုသားစကား ပြောကြားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်အစဉ်သန္တာန်မှာလည်း မုသားစကား ပြောကြားနေတဲ့ အချိန်အခါမှာ ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယအစရှိတဲ့ ကိလေသာအညစ်အကြေးတွေက လူးလဲပေကျံပြီး မနေဘူးလား? ပေကျံနေကြတယ်။ အဲဒီ လူးလဲပေကျံနေတဲ့ ဒီကိလေသာအညစ်အကြေးတွေကိုပဲ ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်တွေလို့ ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်။
(နိကတိ =) လှည့်ပတ်ခြင်း ကောက်ကျစ်စဉ်းလဲခြင်းဆိုတာ ဘာလဲ? ပစ္စည်းတစ်ခုခု ယူသွားတယ်၊ ပြန်ပြီး တောင်းတယ်၊ ပေးပါ့မယ်လို့ ပြောတယ်။ဟာ ဒါလေး ပြုလုပ်ပေးစမ်းပါလို့ အကူအညီ တောင်းတဲ့အခါ ပြုလုပ်ပေးပါ မယ်လို့ ခပ်လွယ်လွယ်ပဲ နှုတ်ကတိတော့ ပေးလိုက်တယ်။ အဲဒီလို နှုတ်ကတိ ပေးလိုက်တော့ .. တစ်ဘက်ကလည်း တကယ်ပြန်ပေးလိမ့်မယ်ဆိုပြီး မျှော်လင့်ချက်ကလေး ရှိနေတယ်။ တကယ်ပြုလုပ်ပေးလိမ့်မယ်လို့ စိတ်ထဲ လည်း ထင်နေတယ်။ အဲဒီ မျှော်လင့်ချက်ကလေးတွေကို ဖြစ်စေပြီးတော့မှ တကယ်တော့ ပြန်လည်မပေးပြန်ဘူး။ တကယ်တမ်း ဆောင်ရွက်ပေးရမယ့် လုပ်ငန်းရပ်တွေကိုလည်း ဆောင်ရွက်မပေးဘူး။ အဲဒီလို လုပ်ရပ်မျိုးကို (နိကတိ =) လှည့်ပတ်တယ်လို့ ခေါ်ဆိုတယ်။
(ဝဉ္စန =) ကောက်ကျစ်စဉ်းလဲတယ်။ ကောက်ကျစ်စဉ်းလဲတာက ဘာလဲလို့မေးတော့ အသုဝဏ္ဏံ သုဝဏ္ဏန္တိ ဂါဟာပနာဒီနိဆိုပြီး ဒီလို ဖွင့်ထားတယ်။ ရွှေမဟုတ်တာကို ရွှေလုပ်ပြီးတော့ လှည့်ပတ်တယ်နော်။ ကောက်ကျစ် စဉ်းလဲပြတယ်။ ငွေအစစ်မဟုတ်တာကို ငွေလုပ်ပြီးတော့ ကောက်ကျစ် စဉ်းလဲပြတယ် စသည်ဖြင့် အဲဒီလို အတုအပတွေ လုပ်တယ်။ ခုခေတ်မှာက အတုတွေ မပေါဘူးလား?ဆံပင်လည်း အတုပဲ၊ မျက်လုံးလည်း အတုတွေ ဆိုးထားတယ်။ မမည်းဘဲနဲ့ မည်းအောင် လုပ်ထားတယ်။ နှုတ်ခမ်းလည်း မနီဘဲနဲ့ နီအောင် လုပ်ထားတယ်။ အတုတွေ မဟုတ်ဘူးလား? ဒီကြားထဲ အိုနေပါလျက်နဲ့လည်း မအိုအောင် အတုတွေ မလုပ်ဘူးလား? လုပ်ကြပြန်တယ်။ ဆံပင်လည်း ဖြူနေပါလျက်နဲ့လည်း မမည်းဘဲနဲ့ မည်းအောင် မလုပ်ကြဘူးလား? လုပ်ကြပြန်တယ်။ အတုတွေက သိပ်များနေတယ်။
အတုတွေက သိပ်များတော့ ဒီကြားထဲ ဘုန်းကြီးတွေ အချောင်ထိသွားတယ်။ ဘယ်လိုထိသလဲ? တစ်ချိန်က ကပ္ပိယလုပ်တဲ့ ဒကာသိန်းဟန် အခုတော့ ကွယ်လွန်သွားရှာပါပြီ၊ အဘိုးကြီးပဲ၊ ဘုန်းကြီးလည်း တော်တော်လေးတော့ သံဝေဂရသွားပါတယ်။ ဘုန်းကြီးက သူ့ဆီကို တမာစေးကို တောင်းတယ်၊ တစ်နှစ်လောက် ကြာသွားပါတယ်။ သူ မလှူနိုင်ဘူး၊ နောက်တော့ ဘုန်းကြီးက ဘာဖြစ်လို့လဲလို့ မေးကြည့်တယ်၊ အရှင်ဘုရား တမာစေးကိုက သိပ်ရှားသွားတယ်။ ဘာဖြစ်လို့ ရှားရသလဲ? တမာစေးကော်နဲ့ ဆံပင်ကို လိမ်းပြီးတော့ မီးအပူပေးပြီးတော့မှ ဆံပင်ကို လိုချင်တဲ့ပုံစံအတိုင်း ကောက်ကြတယ်။ အဲဒါကြောင့် ဆံပင်ကောက်ဆိုင်တွေက ဒီတမာစေးကော်ကို ခပ်များများ သုံးတာနဲ့ တပည့်တော်လည်း ရှာလို့မရ ဖြစ်နေတယ်။ ဘုန်းကြီးက စာအုပ်ကပ်ဖို့ပါ။ ဒီတော့ စာအုပ်ကပ်ဖို့ကော်တောင်မှ ဘုန်းကြီးတွေမှာ တော်တော်ကလေးရဖို့ရန် ခက်ခဲသွားတယ်။ ထိခိုက်မသွားဘူးလား? ထိခိုက်သွားတယ်။ ဘာဖြစ်လို့လဲ? ---
မကောက်တဲ့ ဆံပင်ကို သူက ကောက်အောင်လုပ်တယ်။ အတုတွေ သိပ်များလာတယ်။ အတုအပတွေက သိပ်များလာတော့ ဒကာကြီးတွေရဲ့ စီးပွားရေးတွေပါ ထိခိုက်လာတယ်။ ဘာဖြစ်လို့လဲ? သမီးက ဆံပင်ကောက်ချင်ပြီဆိုရင် ပိုက်ဆံထုတ်မပေးရဘူးလား? ပေးရမှာပေါ့။ ဘာလုပ်ချင်တယ် ဆိုရင်လည်း ပေးရမယ်။ အဘွားကြီးကလည်း ဆံပင်က ဖြူနေတော့ ဆံပင် မည်းချင်တယ်ဆိုရင် ကြည့်မကောင်းတော့ ပိုက်ဆံလည်း ထုတ်မပေးရဘူးလား? ပေးနေကျဆိုတော့ ဒကာကြီးတွေလည်း သဘောပေါက်တာနဲ့ တူပါတယ်နော်။
ဒီကြားထဲ မျက်နှာပေါင်းတင်ချင်တယ်တဲ့၊ ဟို ပါးရေတွန့်တာကို မတွန့်အောင်ပေါ့။ အဲဒီမျက်နှာပေါင်းတင်ဖို့ ဆိုလို့ရှိရင်လည်း ပိုက်ဆံထုတ်မပေးရဘူးလား? အေး ဟန်ကျပြီ။ ကဲ အဲဒီလိုပေါ့၊ ရွှေ မဟုတ်တာကို ရွှေလို့ ပြုလုပ်ပေးချင်နေတဲ့ ဒီစိတ်ထားလေးတွေဟာ ရာဂ ဒေါသ မောဟ မာန်မာန အစရှိတဲ့ ကိလေသာအညစ်အကြေးတွေဖြင့် လူးလဲပေကျံနေတဲ့ စိတ်ဓာတ်ပဲ။အဲဒီကိလေသာအညစ်အကြေးတွေကို ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်တွေလို့ ဒီလို သုံးထားတယ်။
နောက်တစ်ခု --- (အဇ္ဈေနကုတ္တံ =) လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအင်မရှိတဲ့ ကျမ်းဂန်အမျိုးမျိုးကို သင်ယူခြင်းတဲ့၊ အဲဒီ ကျမ်းဂန်တွေကတော့ သာသနာတော်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ကျမ်းဂန်တော်တော်များများပဲ ဖြစ်ကြပါတယ်။ ဒီကျမ်းဂန်တော်တော် ခပ်များများကတော့ ဒီစာရင်းထဲမှာ ဝင်လိမ့်မယ်လို့ ဘုန်းကြီး တွက်ပါတယ်။ အဲဒီ ကျမ်းဂန်တွေမှာ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိစေနိုင်တဲ့ စွမ်းအင်ရှိတဲ့ ညွှန်ကြားချက်တွေ ပါကြလား? များသောအားဖြင့် မပါ,ပါဘူး။ သာသနာတော်ရဲ့ ပြင်ပမှာရှိနေတဲ့ ကျမ်းဂန်တွေကတော့ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးနိုင်တဲ့စွမ်းအင်ရှိတာက တော်တော်လေး နည်းလိမ့်မည်လို့ ဘုန်းကြီးယူဆပါတယ်။
သို့သော် အသက်မွေးဝမ်းကျောင်းပညာဆိုတာကိုတော့ သင်ကြားဖို့ရန်အတွက် ခွင့်ပြုထားပါတယ်။ ခုပြောနေတာက အသက်မွေးဝမ်းကျောင်းနှင့် သိပ်ဆက်စပ်ပုံ မပေါ်ဘူး။ အဲဒီလို အကျိုးမရှိတဲ့ ကျမ်းဂန်တွေကို သင်ကြားခြင်းကိုတော့ တားမြစ်ထားပါတယ်။ အထူးသဖြင့်တော့ အခုခေတ်မှာက ကာလပေါ်ဝတ္ထု အမျိုးမျိုးတွေပေါ့။ အဲဒါတွေကို သင်ကြားခြင်း ဖတ်ရှုခြင်း ဒီလုပ်ငန်းရပ်တွေကို ပြုလုပ်ကြတယ်။ အဲဒီတော့ ဒီလိုသင်ကြား ဖတ်ရှုရုံ မဟုတ်ဘဲနဲ့ အဲဒါတွေကို ရုပ်ရှင်ဇာတ်ကားတွေ ဗွီဒီယိုတွေ ရိုက်ပြီးတော့ ဖြန့်ဝေကြပြန်တယ်။ ဖြန့်ဝေလိုက်တဲ့ အချိန်အခါကျတော့ ဒီနည်းစနစ်ဖြင့် စီပွားရှာလိုက်တော့ သမ္မာအာဇီဝတော့ ဖြစ်ဦးမလား? မဖြစ်တော့ဘူးနော်။ မိမိကိုယ်တိုင်ကလည်း အာရုံငါးပါး ကာမဂုဏ်တရားတွေမှာ မူးယစ်မေ့လျော့နေတဲ့ သူတစ်ပါးတွေကိုလည်း အာရုံငါးပါး ကာမဂုဏ်တရားတွေမှာ မူးယစ် မေ့လျော့စေတဲ့ လုပ်ငန်းရပ်တွေသာ များတယ်။
ဒါကြောင့် အဲဒီလို အကျိုးမရှိတဲ့ စာပေကျမ်းဂန်များကို သင်ကြားခြင်းဟာလည်း သင်ကြားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်၌ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေ လူးလဲပေကျံမှု ရှိနေတယ်။ ဝတ္ထု တစ်ခု ဖတ်ကြည့်ပါလား? ဝမ်းနည်းခန်းကို ဖတ်လိုက်တော့ မိမိဝမ်းနည်းတဲ့ စိတ်ထား ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဒေါသ ဖြစ်လောက်တဲ့ အခန်းလေး ဖတ်လိုက်တော့ မိမိမှာ ဒေါသတွေ ဖြစ်လာတယ်။ ရာဂဖြစ်လောက်တဲ့ အခန်းလေးဖတ်လိုက်တော့ မိမိမှာ ရာဂတွေ ဖြစ်မလာဘူးလား? ဖြစ်လာတယ်။ ဒါကြောင့် ဒီလိုကျမ်းဂန်စာပေတွေကို သင်ကြားခြင်းသည် ရာဂ ဒေါသ မောဟအစရှိတဲ့ ကိလေသာအညစ်အကြေးတွေ လူးလဲ ပေကျံဖို့ရန်အတွက် အကြောင်းမဖြစ်ဘူးလား? ဖြစ်နေတယ်။ အဲဒီ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေကို ဘုရားရှင်က (အာမဂန္ဓ = ) အညှီအဟောက်တွေလို့ ဒီလို သုံးထားတယ်။
နောက်တစ်ခု --- သူတစ်ပါးတို့ရဲ့ သားမယားတွေကို သွားပြီးတော့ ပြစ်မှားတယ်။ ထိုအချိန်အခါမှာလည်း ရာဂ ဒေါသ မောဟအစရှိတဲ့ ကိလေသာ အညစ်အကြေးတွေ ထိုပြစ်မှားနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ လူးလဲပေကျံပြီး မနေဘူးလား? နေပြန်တယ်။ အဲဒီလို ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ အစရှိတဲ့ ဒီကိလေသာအညစ်အကြေးတွေကိုပဲ ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်လို့ ခေါ်ထားတယ်။
ဒီပါဏာတိပါတအစရှိတဲ့ ဒုစရိုက်အမျိုးမျိုးတွေကို ပြုကျင့်ခြင်းကိုပဲ ဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်လို့ ခေါ်တယ်။ န ဟိ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်ကိုတော့ ငါဘုရားရှင်က (အာမဂန္ဓ =) အညှီအဟောက်လို့ မခေါ်ပါဘူးဆိုပြီးတော့ ဒီလို ဟောကြား တော်မူလိုက်ပါတယ်။ အဲဒီနေရာနှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာ ဆရာတော်က ဖွင့်ဆိုထားတယ်။
ဧသာမဂန္ဓော န ဟိ မံသဘောဇနန္တိ ဧသ ပါဏာတိပါတာဒိအကုသလဓမ္မသမုဒါစာရော အာမဂန္ဓော ဝိဿဂန္ဓော ကုဏပဂန္ဓော။
ဧသာမဂန္ဓော န ဟိ မံသဘောဇနန္တိ =ဧသာမဂန္ဓော န ဟိ မံသဘောဇနံ-ဟူသည်ကား။ ဧသ ပါဏာတိပါတာဒိအကုသလဓမ္မသမုဒါစာရော = ဤ သူ့အသက်ကိုသတ်ခြင်းအစရှိသော အကုသိုလ်တရားအစုကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည်ကား။ အာမဂန္ဓော = အာမဂန္ဓ အညှီအဟောက် မည်ပါပေ၏။ ဝိဿဂန္ဓော = စူးရှတဲ့ အညှီအဟောက် မည်ပါ ပေ၏။ ကုဏပဂန္ဓော = ပုပ်သိုးနေတဲ့ အညှီအဟောက် မည်ပါပေ၏။
အပုပ်နံ့တွေ တလှိုင်လှိုင်ထွက်နေတယ်ဆိုတာ ဘာကို ဘုရားရှင်က ရည်ညွှန်းနေသလဲ? အကုသိုလ်ဒုစရိုက်တွေကို လွန်ကျူးကြောင်းဖြစ်နေတဲ့ အကုသိုလ်တရားတွေကို (အာမဂန္ဓ =) အညှီအဟောက်နံ့၊ (ဝိဿဂန္ဓော =) အဆိပ်နံ့၊ (ကုဏပဂန္ဓော =) အပုပ်နံ့တွေ တလှိုင်လှိုင်ထွက်နေတာလို့ ဒီလို ဘုရားရှင်က ဟောကြားတော်မူနေတယ်။ ဘာကြောင့်လဲ?
ဒီအကုသိုလ်ဒုစရိုက်အမျိုးမျိုးတွေကို လွန်ကျူးနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ အကုသိုလ်တရား သို့မဟုတ် ဒီအကုသိုလ်ဒုစရိုက်တွေကို လွန်ကျူးမှုဆိုတဲ့ ပြစ်ချက် ဒီပြစ်ချက်တွေဟာ (အမနုညာတ္တ =) ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ဘယ်တော့မှ မနှစ်သက်ဘူးတဲ့။ နှစ်သက်မြတ်နိုးမှု ဘယ်တော့မှ မရှိဘူး။ ဒီအကုသိုလ် ဒုစရိုက်တွေကို လွန်ကျူးကြောင်း ဖြစ်နေတဲ့ စိတ်ဓာတ်တွေဟာ (ကိလေသအသုစိမိဿက =) မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ကိလေသာအညစ်အကြေးတွေဖြင့် လူးလဲ ပေကျံပြီးနေတဲ့ စိတ်ဓာတ်တွေ ဖြစ်နေတယ်တဲ့။
ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကလည်း ဒီမကောင်းမှု ဒုစရိုက်တွေကို လွန်ကျူးကြောင်းဖြစ်နေတဲ့ ဒီအကုသိုလ် ကိလေသာအညစ်အကြေးတွေကို အလွန် ရွံရှာစက်ဆုပ်တော်မူကြတယ်။ ရွံရှာစက်ဆုပ်ကြောင်း ဖြစ်နေတဲ့ ဒီအကုသိုလ် ကိလေသာအညစ်အကြေး ဒုစရိုက်တွေကို လွန်ကျူးကြောင်းဖြစ်နေတဲ့ ဒီအကုသိုလ် အညစ်အကြေးတွေဟာ ဘယ်လိုဖြစ်နေသလဲ? (ပရမဒုဂန္ဓဘာဝါဝဟ =) အလွန့်အလွန် မကောင်းဆိုးဝါးတဲ့ အနံ့တွေကို ဖြစ်ပေါ်စေတတ်တဲ့စွမ်းအား ရွက်ဆောင်ပေးတတ်တဲ့စွမ်းအားတွေ ရှိနေတယ်။
အပုပ်ကောင်ဘဝ
နည်းနည်းလေး စဉ်းစားကြည့်စမ်းနော်။ ဘုန်းကြီးတို့ ဒီခန္ဓာအိမ်ကြီးဟာ အပုပ်ကောင်လား? မပုပ်ကောင်လား? အပုပ်ကောင်။ အဲဒီအပုပ်ကောင်က ဘာကြောင့် ဖြစ်လာသလဲ? ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အချိန်အခါ ဒီထဲမှာ ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို လက်တွေ့ ရှုထားပြီးတဲ့ သူတော်ကောင်းတွေလည်း များစွာ ပါကြပါတယ်နော်။ လွန်ခဲ့သော အတိတ်ဘဝက သို့မဟုတ် အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ ထားအပ်တဲ့ ကုသိုလ်သင်္ခါရကံတွေဆိုတာ ရှိကြတယ်။ လူသားတိုင်းဟာ ဒီကုသိုလ်သင်္ခါရကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်။
ထိုထို ကုသိုလ်သင်္ခါရကံတွေက ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်စေတယ်။ ဖြစ်စေလိုက်တဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေသည် အလွန် မွှေးသလား? မမွှေးပါဘူး။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ မွှေးကြသလား? မမွှေးကြပါဘူး။ အဲဒီတော့ ဒီမကောင်းတဲ့ ရွံရှာစက်ဆုပ်ဖွယ်အနံ့တွေဟာ ဘာကို အခြေခံပြီး ဖြစ်ရသလဲလို့မေးတော့ ကံကို အခြေခံတယ်။ သင်္ခါရနဲ့ကံကို အခြေခံခဲ့တယ်။ ဒီသင်္ခါရကံတွေကို ဘာကြောင့် ထူထောင်ရသလဲလို့မေးတော့ လူလို့ အသိမှားနေတဲ့ အဝိဇ္ဇာ၊ လူ့ဘဝကို တွယ်တာတပ်မက်နေတဲ့တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့ တဏှာအရင်းခံဖြစ်တဲ့ ဥပါဒါန်၊ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာ အညစ်အကြေးတွေ ထင်ရှားရှိခြင်းကြောင့် ဒီသင်္ခါရကံကို ပြုစုပျိုးထောင်တာ၊ အကယ်၍ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာအညစ်အကြေးသာ ထင်ရှားမရှိခဲ့ဘူးဆိုရင် ဒီကုသိုလ်သင်္ခါရကံတွေကို ထူထောင်မှုဆိုတာ မရှိ တော့ဘူး။ ပြုပြုသမျှ ကာယကံမှု ဝစီကံမှု မနောကံမှုတွေဟာ ပြုကာမတ္တ ကိရိယာအရာမှာသာ တည်ရှိကြလိမ့်မယ်။
ဒီတော့ အခြေခံအကြောင်းရင်းစစ်ကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ အကြောင်းရင်းတွေက အခြေခံ အကြောင်းတရားတွေ ဖြစ်နေကြတယ်။ အဲဒီ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေက ကိလေသာ အညစ်အကြေးတွေပဲ။ အဲဒီကိလေသာ အညစ်အကြေးတွေက အခုလို အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ မကောင်းတဲ့ အနံ့အသက် ရှိနေတဲ့ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းပြီး ထောက်ပံ့နေတယ်။ ဒီကိလေသာတွေကို အမှီပြုကာ ပြုစုပျိုးထောင်လိုက်တဲ့ သင်္ခါရကံတွေက ဖြစ်စေလိုက်တဲ့ ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေထဲမှာ ပြန်ပြီး ဆန်းစစ်ကြည့်စမ်းပါ။ ဒီရုပ်တရားကြီးကို (၇)ရက်လောက် ရေမချိုးဘဲနဲ့ ကိုယ်တုံးလုံး ထားကြည့်ပါ။ ဘယ့်နှယ်နေမလဲ? ပုပ်ပြီ၊ အဲဒီလို အနံ့အသက်တွေ ဘာကို အခြေခံပြီး ဖြစ်ရသလဲ? မကောင်းတဲ့ အနံ့တွေ ဘာကို အခြေခံပြီး ဖြစ်ရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ ဒီမကောင်းတဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ကိလေသာအညစ်အကြေးတွေကို အခြေမခံဘူးလား? ခံနေတယ်။ အဲဒီ မကောင်းတဲ့ ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ ကိလေသာအညစ်အကြေးတွေကို အခြေခံပြီး သင်္ခါရကံတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီနာမ်တရားတွေကို ပြန်ပြီး ဆန်းစစ်ကြည့်ပါ။ မိမိရဲ့ စိတ်နေစိတ်ထားကလေးကို အကယ်၍များပေါ့လေ၊ ခုခေတ် ဗွီဒီယို ရိုက်လို့ရတဲ့ ပုံစံလို တစ်နေ့တာ ဖြစ်ပေါ်နေတဲ့ စိတ်ထားကလေးတွေကို ဗွီဒီယို ရိုက်ကြည့်မယ်ဆိုရင် လူတောထဲတောင် ပြရဲပါ့မလား? ဘယ့်နှယ်တုန်း ဒကာကြီးတွေ လူတောထဲကို သွားပြရဲပါမလား? မပြရဲဘူး။
ကလေးဘဝငယ်စဉ်က အပျိုလူပျိုဘဝက စသည်ဖြင့် ဖြစ်ခဲ့တဲ့ စိတ်နေ စိတ်ထားကလေးတွေ တစ်နေ့တာဖြစ်တဲ့ စိတ်ထားကလေးတွေ မှတ်တမ်း တင်ရလို့သာ ဗွီဒီယိုရိုက်ပြမယ်ဆိုရင် လူတောထဲပြလို့ ရပါမလား? ဒီလောက် ညံ့ဖျင်းတဲ့ ဒီစိတ်နေစိတ်ထားတွေဟာ ဘာတွေကို အခြေခံပြီး ဖြစ်ရသလဲ? အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသာ အညစ်အကြေးတွေကို အခြေခံပြီးမှ ပစ္စုပ္ပန်မှာလည်း နှလုံးသွင်းမှားမှု = အယောနိသောမနသိကာရကို အခြေခံပြီးမှ ဖြစ်ပေါ်လာရတယ်။ ဒီလို ဖြစ်ပေါ်လာရတဲ့အခါ ဒီအကုသိုလ်ကံတွေက ဒီဘဝမှာ ထပ်ဆင့်ပြီး တစ်ခါ ထပ်ပြီးတော့ မဖြစ်ပြန်ဘူးလား? ဖြစ်ပြန်တယ်။ ဘာဖြစ်လို့လဲ? လက်ရှိ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို အချိန်မီ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ မရှုဘူး။ ဝိပဿနာ မရှုနိုင်တော့ အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲလို့ နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်တော့ဘူး။ အာရုံတစ်ခုအပေါ်မှာ နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်တဲ့အတွက် ယောက်ျားပဲ မိန်းမပဲ စသည်ဖြင့် နည်းမှား လမ်းမှား နှလုံးသွင်းမိတယ်။ အယောနိသောမနသိကာရလို့ ခေါ်တယ်။ ဒီလို အယောနိသောမနသိကာရ ရှိနေတဲ့အတွက် ဝိပဿနာကိုလည်း မရှုလိုက်တဲ့အတွက် ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို အခြေခံပြီးတော့ နောက်ထပ် ရာဂ ဒေါသ မောဟ အစရှိသည့် ကိလေသာအညစ်အကြေးတွေက ထပ်ပြီး လူးလဲပေကျံပြီး ဖြစ်ပြန်ပြီ။
ကိလေသာအညစ်အကြေးတွေက ထပ်ပြီး လူးလဲပေကျံလိုက်တဲ့ အတွက် ရာဂမဖြစ်သင့်တဲ့ နေရာမှာလည်း ရာဂဖြစ်တယ်၊ ရာဂဖြစ်သင့်တဲ့ နေရာမှာလည်း ရာဂဖြစ်တယ်၊ ဒေါသမဖြစ်သင့်တဲ့ နေရာမှာလည်း ဒေါသ ဖြစ်တယ်၊ ဒေါသဖြစ်သင့်တဲ့ နေရာမှာလည်း ဒေါသဖြစ်တယ်၊ မာန်မာန ဣဿာ မစ္ဆရိယအစရှိတဲ့ ကိလေသာအညစ်အကြေးတွေ မဖြစ်သင့်တဲ့ နေရာမှာလည်း ဖြစ်တယ်၊ ဖြစ်သင့်တဲ့ နေရာမှာလည်း ဖြစ်ကြပြန်တယ်။ ဖြစ်လိုက်တဲ့အတွက် ဒီရာဂ ဒေါသ မောဟ မာန်မာနအစရှိတဲ့ ကိလေသာ အညစ်အကြေးတွေဟာ ကောင်းတဲ့ အနံ့အသက်တွေလား? မကောင်းတဲ့ အနံ့အသက်တွေလား? မကောင်းတဲ့ အနံ့အသက်တွေ ထပ်ဖြစ်ပြန်တယ်။ အဲဒီမကောင်းတဲ့ အနံ့အသက်တွေက နောက်ထပ် အသစ်တစ်ဖန် ရုပ်တွေ နာမ်တွေကို ဖြစ်စေမယ်ဆိုရင် ကောင်းတဲ့ ရုပ်တွေ နာမ်တွေကို သူက ဖြစ်စေနိုင်ပါ့မလား? မဖြစ်စေနိုင်ဘူး။
မကောင်းတဲ့ ရုပ်တွေ နာမ်တွေကိုပဲ ထပ်ပြီးတော့ ဖြစ်စေဦးမယ်။ ဖြစ်ပေါ်လာမယ့် ဒီရုပ်တရားကြီးကို ကြည့်လိုက်လည်း ပုပ်သိုးမှုရှိတယ်။ ရှင်နေတုန်းလည်း ပုပ်တယ်၊ သေသွားပြန်တော့လည်း ပုပ်တယ်၊ အဲဒီလို ပုပ်သိုးနေတဲ့ ဒီမကောင်းတဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီအနံ့ကြီးကို ဘယ်သူက ဖြစ်စေပါသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်နေတဲ့ အကုသိုလ်တရားတွေက အခြေခံ အကြောင်းရင်းစစ် ဖြစ်နေတယ်။ သစ္စာဒေသနာတော်နည်းနဲ့ ပြောရင်တော့ သမုဒယသစ္စာက အကြောင်းရင်းစစ် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။
ထိုထိုဘဝ ထိုထိုအာရုံတွေအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီသမုဒယတဏှာကို အခြေခံပြီးတော့ ကံတွေကို ထူထောင်ခဲ့မိတယ်။ အထူးသဖြင့် လူသားတွေအတွက်ကို ကွက်ပြီးပြောမယ်ဆိုရင် တစ်ချိန်က ပုပ်သိုးနေတဲ့ မကောင်းတဲ့ အနံ့အသက်တွေနှင့် ပြည့်နှက်နေတဲ့ လူ့ဘဝ လူ့ခန္ဓာကို လိုလား တောင့်တတပ်မက်နေတဲ့ တဏှာလောဘကို အခြေခံကာ လူ့ဘဝရောက်ကြောင်း သင်္ခါရကံဆိုတဲ့ သမုဒယသစ္စာတွေကို ထူထောင်ခဲ့ကြတယ်။ သမုဒယသစ္စာအမည်ရနေတဲ့ ဒီကံတွေက အကျိုးပေးလိုက်တဲ့ အချိန်အခါမှာ အကြောင်းရင်းဖြစ်တဲ့ကံတွေ ကိုယ်တိုင်က အညှီအဟောက်တွေ ပြည့်နေတဲ့ ခန္ဓာအိမ်ကို တွယ်တာမက်မောတဲ့တဏှာနှင့် ပေါင်းဖော်ထားတဲ့ကံတွေ ဖြစ်နေတဲ့အတွက် ဒီအညှီအဟောက် ဦးဆောင်နေတဲ့ ဒီကံတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီခန္ဓာငါးပါးဟာလည်း မွှေးပါဦးမလား? မမွှေးတော့ဘူး။ အညှီအဟောက်တွေနှင့် ပြည့်နေတယ်။
အညှီအဟောက်တွေ ပြည့်နေတဲ့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီခန္ဓာအိမ်ကြီးကို ရလာတဲ့ အချိန်အခါမှာ နောက်ထပ်တစ်ဖန် အညှီအဟောက်ခေါ်တဲ့ ဒီအကုသိုလ်တရားတွေကို ထပ်ပြီး မွေးမြူလိုက်တော့ ဒီအကုသိုလ်တရားတွေကြောင့် နောက်ထပ်တစ်ဖန် ဖြစ်ပေါ်စေမည့် ရုပ်တွေ နာမ်တွေကို ကြည့်လိုက်တော့ ပိုပြီးတော့ ညှီဟောက်မှု မရှိဘူးလား? ရှိပြန်တယ်။
ဘာဖြစ်လို့ ပိုညှီဟောက်သလဲလို့ ပြောရသလဲ? အပါယ်လေးဘုံ တစ်ဘုံ ဘုံတော့ ဒီအကုသိုလ်အညစ်အကြေးတွေကြောင့် ကျိန်းသေဧကန် ထပ်ပြီးတော့ ရောက်ဦးမယ်။ ရောက်မယ်ဆိုလို့ရှိရင် အပါယ်ခန္ဓာနှင့် လူ့ဘဝခန္ဓာ တိုင်းတာနှိုင်းစာကြည့်မယ်ဆိုရင်တော့ လူ့ဘဝခန္ဓာက ပြုပြင်ပြောင်းလဲရေးတွေ လုပ်တတ်တဲ့ အသိဉာဏ်ရှိခြင်းကြောင့် နည်းနည်းတော့ အညှီအဟောက် သက်သာတယ်လို့ ပြောချင်ပြောနိုင်တယ်။ အပါယ်လေးဘုံမှာ တည်ရှိနေတဲ့ ဒီခန္ဓာငါးပါးကျတော့ ပိုပြီးတော့ ညှီဟောက်တဲ့သဘော မရှိနိုင်ဘူးလား? ရှိနေတယ်။ အဲဒီညှီဟောက်တဲ့ ခန္ဓာတွေထဲမှာ အကုသိုလ်တရားတွေလည်း ထပ်ပြီးတော့ မပါပြန်ဘူးလား? ပါပြန်တယ်။
အပါယ်သားသတ္တဝါမှာ တည်ရှိနေတဲ့ ကိလေသာအညစ်အကြေးနဲ့ လူသားသတ္တဝါတစ်ဦးမှာ တည်ရှိနေတဲ့ ကိလေသာအညစ်အကြေး ဘယ်ဒင်းက ထူထပ်တယ်လို့ ယူဆမလဲ? ဘုန်းကြီးတို့နှင့် အနီးကပ်ဆုံး တိရစ္ဆာန်သတ္တဝါတွေကို ကြည့်ပေါ့။ အရှင်လတ်လတ် တခြားတခြားသော သတ္တဝါတွေကို လိုက်ပြီး သတ်ဖြတ်စားနေတဲ့ တိရစ္ဆာန်တွေ ဘယ်လောက် များသလဲ? အများကြီးပဲ။ နေ့စဉ်နေ့စဉ် သူတို့မှာ ဘာလုပ်နေကြသလဲ? ပြန်ကြည့်လိုက်ပေါ့။ လူတွေထက် ပိုပြီး များပြားတဲ့ ကိလေသာထုထည်တွေ သူတို့မှာ မရှိကြဘူးလား? ရှိနေတယ်။ ဒီမကောင်းမှုဒုစရိုက်တွေသည် မကောင်းမှုအကျိုးကို ပေးလိမ့်မယ် ဆိုတာလည်း သူတို့မှာ ခိုင်မြဲတဲ့ အသိဉာဏ်ရှိတဲ့ သတ္တဝါဆိုတာ အလွန် ရှားပါလိမ့်မယ်။ ဒီဒုစရိုက်တွေကို လက်သွက်သွက်နဲ့ သူတို့က တစ်နေ့တာကာလပတ်လုံး လွန်ကျူးနေကြပြန်တယ်။ နည်းနည်းကြာသွားရင် အမေလဲ မသိကြတော့ဘူး၊ အဖေလဲ မသိကြတော့ဘူး။ လွတ်လွတ်လပ်လပ် သတ်ဖြတ်စားခြင်း မေထုန်မှီဝဲခြင်း အိပ်ခြင်း ဆိုတဲ့ လုပ်ငန်းတွေကိုသာ ပြုလုပ်နေကြတယ်။ ဒီလိုဒုစရိုက်တွေကို လွန်ကျူးလိုက်တဲ့အတွက်ကြောင့် ဒီဒုစရိုက်တွေကြောင့် သူတို့ဟာ အလွန့်အလွန် အခြေအနေ ပိုပိုပြီး ဆိုးရွားနေတဲ့ အပါယ်လေးဘုံမှာရှိတဲ့ ခန္ဓာငါးပါးတွေကို ထပ်ထပ်ပြီး မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါကြောင့် တကယ့် အာမဂန္ဓခေါ်တဲ့ အညှီအဟောက်သည် ဘာလဲ? ကိလေသာအညစ်ကြေးတွေ ဖြစ်တယ်။ ဒါကြောင့် ----
အလွန် ရွံရှာစက်ဆုပ်ဖွယ် ခန္ဓာတို့ရဲ့ အကြောင်းရင်း
ယေ ဟိ ဥဿန္နကိလေသာ သတ္တာ။ တေ တေဟိ အတိဒုဂ္ဂန္ဓာ ဟောန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
ဥဿန္နကိလေသာ =ထူပြောသော ကိလေသာရှိကြကုန်သော။ ယေ သတ္တာ = အကြင်သတ္တဝါတို့သည်။ သန္တိ = ရှိကြလေကုန်၏။ တေ =ထိုသတ္တဝါ တို့သည်။ တေဟိ = ထိုကိလေသာအညစ်အကြေးတို့ကြောင့်။ အတိဒုဂ္ဂန္ဓာ = အလွန့်အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အနံ့အသက်ရှိတဲ့ ပုဂ္ဂိုလ် တို့သည်။ ဟောန္တိ =ဖြစ်ကြရပြန်ကုန်၏။
ခုမျက်မှောက်ဘဝမှာ ဆိုကြပါစို့။ သတ္တဝါတစ်ဦးရဲ့ သန္တာန်မှာ ရာဂ ဒေါသ မောဟ အစရှိတဲ့ ကိလေသာအညစ်အကြေးတွေက အလွန့်အလွန် လူးလဲပေကျံပြီး နေပြန်ပြီ။ ကိလေသာအညစ်အကြေးတွေ တစ်ပုံကြီး လူးလဲ ပေကျံနေတဲ့ သတ္တဝါတွေအဖို့ နောက်ထပ် သံသရာခရီးဆိုတာက ကောင်းတဲ့ သုဂတိဘုံ ဖြစ်နိုင်ပါဦးမလား? မဖြစ်နိုင်ဘူး။ မကောင်းတဲ့ ဘုံဘဝကို ရမယ်ဆိုရင် လူ့ဘဝလူ့ခန္ဓာထက် ပိုပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အနံ့ အသက်ရှိနေတဲ့ ခန္ဓာငါးပါးကို နောက်ထပ် ထပ်ပြီး မရနိုင်ဘူးလား? ရနိုင်ပြန်တယ်။ ဒါကြောင့် ---
ဥဿန္နကိလေသာ =ထူပြောတဲ့ကိလေသာတရား ထင်ရှားရှိကြကုန် သော။ ယေ သတ္တာ = အကြင်သတ္တဝါတို့သည်။ သန္တိ = ရှိကြလေကုန်၏။ တေ = ထိုသတ္တဝါတို့သည်။ တေဟိ = ထိုအကုသိုလ်တရားတို့ကြောင့်။ အတိဒုဂ္ဂန္ဓာ = အလွန့်အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အနံ့အသက်ရှိတဲ့ သတ္တဝါတို့သည်။ ဟောန္တိ = ဖြစ်ကြရပြန်ကုန်၏။
နောက်ထပ်တစ်ဖန် ဘဝတစ်ခု ရလိုက်ရင် ဒီအကုသိုလ်ကံတွေကြောင့် အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အနံ့အသက်ရှိတဲ့ ခန္ဓာငါးပါး ထပ်ပြီးတော့ ရဦးမယ်။
ကိလေသာမရှိသူတို့၏ ခန္ဓာအိမ်
နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
နိက္ကိလေသာနံ = ကိလေသာအညစ်အကြေး ကင်းစင်တော်မူကြကုန်သော ရဟန္တာအရှင်မြတ်တို့၏။ မတသရီရမ္ပိ = ကွယ်လွန်သွားတဲ့ ခန္ဓာကိုယ်ကောင်သည်သော်လည်းပဲ။ ဒုဂ္ဂန္ဓံ = မကောင်းသော အနံ့အသက် ရှိသည်။ န ဟောတိ = မဖြစ်ပေ။
ဒီစကားကိုလည်း ကြည့်ပြီးတော့ ရဟန္တာပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံပြီဆိုလို့ ရှိရင်တော့ မပုပ်မသိုးဘူးဆိုတဲ့ ဒီစကားလေး ပြောနေကြတယ်နော်။ ကိလေသာအညစ်အကြေး ကင်းစင်တော်မူတဲ့ ရဟန္တာအရှင်မြတ်တို့ ကွယ်လွန်သွားပြီ၊ ပရိနိဗ္ဗာန် စံသွားပြီ၊ ပရိနိဗ္ဗာန်စံသွားတဲ့ အချိန်အခါမှာ ရဟန္တာအရှင်မြတ်တို့ရဲ့ အလောင်းကောင်တွေဟာ (ဒုဂ္ဂန္ဓာ =) မကောင်းတဲ့ အနံ့အသက် မရှိဘူး။ ဘာဖြစ်လို့လဲ? ကိလေသာအညစ်အကြေးတွေ ကင်းစင်နေတဲ့ အတွက်ကြောင့် စိတ်ဓာတ်သာ ဖြူစင်သည် မဟုတ်ဘူး။ ကိလေသာအညစ်အကြေးကင်းစင်နေတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့ သေသွားတဲ့ အလောင်းကောင်သည်သော်လည်းပဲ မကောင်းတဲ့ အနံ့အသက်ဆိုတာ လုံးလုံး မရှိဘူး၊၊
တသ္မာ ဧသာမဂန္ဓော။
တသ္မာ = ထို့ကြောင့်။ ဧသ ဧသော =ဤကိလေသာ အညစ်အကြေး သည်သာလျှင်။ အာမဂန္ဓော = တကယ့်အညှီအဟောက် မည်ပါပေ၏။
မံသဘောဇနံ ပန အဒိဋ္ဌမသုတမပရိသင်္ကိတဉ္စ အနဝဇ္ဇံ၊ တသ္မာ န ဟိ မံသဘောဇနံ အာမဂန္ဓောတိ။
မံသဘောဇနံ ပန = အသားတည်းဟူသော ဘောဇဉ်သည်ကား။ အဒိဋ္ဌမသုတမပရိသင်္ကိတဉ္စ = မမြင်အပ် မကြားအပ် သံသယမရှိအပ်သော အသားငါးသည်။ အနဝဇ္ဇံ =အပြစ်မရှိပေ။ တသ္မာ =ထိုကြောင့်။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န အာမဂန္ဓော =အညှီအဟောက်အာမဂန္ဓ မဟုတ်ပါပေ။
မံသဘောဇနခေါ်တဲ့ အသားငါးဘောဇဉ်ဟာ မိမိအတွက် ရည်ညွှန်းကာ သတ်တယ်လို့ (၁) မြင်လည်းမမြင်ဘူး, (၂) ကြားလည်းမကြားဘူး, (၃) ယုံမှားသံသယဖြစ်ထိုက်တဲ့အကြောင်းလည်း မရှိဘူးဆိုရင်တော့ (အနဝဇ္ဇ =) အပြစ်မရှိဘူး။ ဒါကို ကြည့်ပြီးတော့ အစွန်းသုံးပါး လွတ်တယ်လို့ ပြောတာပေါ့။ မိမိတို့အတွက် သို့မဟုတ် မိမိအတွက် ရည်ရွယ်ပြီး သတ်ဖြတ်ထားတယ်လို့ မိမိကိုယ်တိုင်လည်း မမြင်ဘူး၊ သို့မဟုတ် ကြားလည်း မကြားဘူး၊ သံသယလည်း မရှိဘူး။ အဲဒီလို အစွန်းသုံးပါး လွတ်ခဲ့ရင်တော့ ဒီအစွန်းသုံးပါး လွတ်နေတဲ့ အသားငါးသည် (အနဝဇ္ဇ =) အပြစ်မရှိဘူး။ ဒါကြောင့် အသားတည်းဟူသော ဘောဇဉ်သည် အာမဂန္ဓအစစ် မဟုတ်ဘူး။ ဒုစရိုက်အမျိုးမျိုးတို့ကို လွန်ကျူးကြောင်းဖြစ်နေတဲ့ အကုသိုလ် ကိလေသာအညစ်အကြေးတွေကသာလျှင် (အာမဂန္ဓ =) အညှီအဟောက်အစစ် ဖြစ်ပါတယ်ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောပြတော်မူတယ်။ အဲဒီတင်ပြချက်နဲ့ ပတ်သက်ပြီး ဘုန်းကြီး ဒီည ဗဟုဿုတကလေးတွေ ထပ်ပြီးဟောဖို့ ရည်ရွယ်ထားပါတယ်။
အခြားဗဟုဿုတကလေးတွေကို မဟောမီမှာ ဒီအမှတ် (၁) ဂါထာမှာ လာရှိတဲ့ အာမဂန္ဓ = အညှီအဟောက် အမျိုးအစားကို အကျဉ်းချုပ်ပြီးတော့ ရေတွက်ကြည့်ရအောင် ---
၁။ ပါဏာတိပါတော = သူ့အသက်ကို သတ်ခြင်း,
၂။ ဝဓ = သတ္တဝါတွေကို တုတ်လက်နက် စသည်တို့ဖြင့် ထောင်းထုရိုက်ပုတ်ခြင်း,
၃။ ဆေဒ = လက်ခြေစသည်တို့ကို ဖြတ်ပစ်ခြင်း,
၄။ ဗန္ဓနံ = သတ္တဝါတွေကို ကြိုးစသည်တို့ဖြင့် နှောင်ဖွဲ့ခြင်း,
၅။ ထေယျံ = သူတစ်ပါးတို့ ပိုင်ဆိုင်တဲ့ပစ္စည်းကို ခိုးယူခြင်း, မတရားသော နည်းလမ်းအမျိုးမျိုးဖြင့် ရအောင်ယူခြင်း,
၆။ မုသာဝါဒေါ = မုသားစကား ပြောကြားခြင်း,
၇။ နိကတိ = ပေးပါ့မယ်, ပြုလုပ်ပေးပါ့မယ်ဟု နှုတ်ကတိ ပေးပြီးမှ ဘာမှ ပြုလုပ်ဆောင်ရွက်မပေးခြင်း,
= ကောက်ကျစ်စဉ်းလဲခြင်း,
၈။ ဝဉ္စန = ရွှေမဟုတ်တာကို ရွှေပါဟု လှည့်ပတ်ပြခြင်း,
၉။ အဇ္ဈေနကုတ္တ = မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်မှ ဆန့်ကျင်ဘက်ဖြစ်တဲ့ အကျိုးမရှိတဲ့ ကျမ်းဂန်တွေကို သင်ယူခြင်း,
၁၀။ ပရဒါရသေဝနာ = သူတစ်ပါးပိုင်တဲ့ သားမယားတွေကို လိုက်လံ ဖျက်ဆီးခြင်း ---
ပေါင်းလိုက်တော့ (၁၀)မျိုး ဖြစ်ပါတယ်။ ဒီ (၁၀)မျိုးလုံးကိုပဲ ဖြစ်စေ၊ ဒီ (၁၀)မျိုးထဲက တစ်မျိုးမျိုးကိုပဲ ဖြစ်စေ လက်သွက် ခြေသွက် မြိန်ရေရှက်ရေ လွန်ကျူးနေတဲ့ သူတွေဟာ အာမဂန္ဓ = အညှီအဟောက်တွေကို စားသုံးနေတဲ့ သူတွေ ဖြစ်ကြတယ်။ ဘာဖြစ်လို့လဲ? အဲဒီပြစ်မှုတွေကို လွန်ကျူးနေတဲ့ သူတွေရဲ့ စိတ်အစဉ်တွေဟာ ဒီလို လွန်ကျူးနေတဲ့အချိန်မှာ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ စတဲ့ ကိလေသာအညစ်အကြေးတွေနဲ့ လူးလဲပေကျံနေတဲ့အတွက်ကြောင့် သူတို့ဟာ အညှီအဟောက်တွေကို စားသုံးနေတဲ့သူတွေ ဖြစ်ကြတယ်။ ဒီနေရာမှာ သားငါးတွေကို စားသုံးသူတွေ လိုက်နာ ပြုကျင့်သင့်တဲ့ အချက်တွေလည်း ရှိကြတယ်။ ဒီအချက်တွေနှင့် ဆက်စပ်ပြီး ဆုံးဖြတ်ထားတဲ့ ဝိနယသင်္ဂဟအဋ္ဌကထာမှာ လာရှိတဲ့ မစ္ဆမံသဝိနိစ္ဆယကထာကို ဦးတည်ကာ စားသင့်တဲ့ သားငါး, မစားသင့်တဲ့ သားငါး အကြောင်းကို နာကြည့်ကြရအောင် ..။
မစ္ဆမံသဝိနိစ္ဆယကထာပိုင်း
အဋ္ဌကထာများမှာ ဖွင့်ဆိုထားတဲ့ မစ္ဆမံသဝိနိစ္ဆယကထာ = အသားငါးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်စကားတစ်ရပ် လာရှိပါတယ်။ ဘယ်အသားသည် စားသင့်တယ်။ ဘယ်အသားက မစားသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။ အဲဒီတော့ ဒီဆုံးဖြတ်ချက်က အဋ္ဌကထာကြီးများမှာ ဖော်ပြထားပါတယ်။
ဖော်ပြထားတာက ဘုရားရှင် ပညတ်တော်မူချက်ကို အခြေတည်ပြီးတော့ အဋ္ဌကထာကြီးများက အကျဉ်းချုပ်ပြီးတော့ ဖော်ပြထားခြင်း ဖြစ်ပါ တယ်။ ဒီတော့ အဲဒီအဋ္ဌကထာအဖွင့်တွေကို ဘုန်းကြီး ပိုက်စိပ်တိုက်ပြီး ဒီည ဟောမယ်နော်။
မစ္ဆမံသ = ငါးနှင့် အမဲဆိုပြီးတော့ နှစ်မျိုးရှိတယ်။ အဲဒီမှာ မစ္ဆဆိုတာကတော့ ရေသတ္တဝါအားလုံးကိုပဲ ဆိုလိုတယ်။ ရေသတ္တဝါနဲ့ ပတ်သက်ပြီးတော့ အကပ္ပိယဆိုတာကတော့ မရှိဘူး။ ရဟန်းတော်တို့နဲ့ မအပ်တယ်ဆိုတာ မရှိဘူး။
အသားကြီး (၁၀) မျိုး
အသားကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ အသားကြီး (၁၀)မျိုး မအပ်ဘူးလို့ မြတ်စွာဘုရား ပညတ်ထားတော်မူပါတယ်။
နံပါတ် (၁ ) လူသား
နံပါတ် (၂) ဆင်သား
နံပါတ် (၃) မြင်းသား
နံပါတ် (၄) ခွေးသား
နံပါတ် (၅) မြွေသား
နံပါတ် (၆) ခြင်္သေ့သား
နံပါတ် (၇) ကျားသား
နံပါတ် (၈) သစ်သား၊
သစ်ဆိုတာ ကျားလို အကောင်မျိုးပဲနော်။ နောက် ----
နံပါတ် (၉) အစ္ဆ = ဝံ
နံပါတ် (၁၀) (တရစ္ဆ =) အောင်း ---
ဒီအသားကြီး (၁၀)မျိုးကို မစားရဘူး ဆိုပြီးတော့ မြတ်စွာဘုရားက သိက္ခာပုဒ်ပညတ်ထားတော်မူပါတယ်။ လူသားကတော့ ဇာတ်တူသားတွေ ဖြစ်တဲ့အတွက် ဒါကတော့ မစားထိုက်ပါဘူး။
ဆင်သားရယ် မြင်းသားရယ် ဒါတွေကတော့ ရှင်ဘုရင် = တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရတနာတွေ ဖြစ်နေတယ်။ အဲဒီရတနာတွေကို သွားပြီးတော့ ရဟန်းတော်တွေက စားခဲ့မယ်ဆိုရင် မင်းတို့ရဲ့ အန္တရာယ်တွေက ရဟန်းတော်အပေါ်၌ ကျရောက်လာနိုင်တဲ့အတွက် မြတ်စွာဘုရားက ဒီ အသားတွေကို မစားဖို့ရန်အတွက် ပညတ်ထားတော်မူတယ်။
ခွေးသားကတော့ လူ့လောကမှာ သတ္တဝါတွေက ရွံရှာစက်ဆုပ်ဖွယ် အနေနဲ့ သမုတ်ထားတဲ့အတွက် ဒီလို ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံးဖြစ်တဲ့ ခွေးသားကိုတော့ မစားဖို့ သတ်မှတ်ထားတယ်။
မြွေသားတို့ ခြင်္သေ့သားတို့ ကျားသားတို့ သစ်သားတို့ ဝံသားတို့ အောင်းသားအစရှိတဲ့ ဒီသတ္တဝါတွေရဲ့ အသားတွေကျတော့ မိမိတို့ တောနေ ရဟန်းတွေကို အထူးသဖြင့် ပြန်ပြီးတော့ အန္တရာယ်ပြုနိုင်တဲ့သဘော ရှိတယ်။ မြွေတွေဟာ သူတို့အသားကို စားလိုက်တဲ့ပုဂ္ဂိုလ်ကို ပိုပြီးတော့ အန္တရာယ် ပြုတတ်တယ်။ သူတို့ အနံ့ခံလို့ရတယ်။ အလားတူပဲ ခြင်္သေ့တို့ ကျားတို့ သစ်တို့ကလည်း သူတို့ရဲ့အသားကို စားပြီဆိုရင် စားနေတဲ့ပုဂ္ဂိုလ်တွေကို တစ်ဖန်ပြန်ပြီးတော့ အန္တရာယ်ပြုတတ်တယ်။ ဝံတွေ အောင်းတွေကလည်း ဒီအတိုင်းပဲ။ သူတို့ အသားတွေကို စားနေတဲ့ပုဂ္ဂိုလ်တွေကို တစ်ဖန်ပြန်ပြီးတော့ အန္တရာယ်ပြုတတ်တဲ့အတွက် ဒီအသားကြီးတွေကို မစားရဆိုပြီးတော့ မြတ်စွာဘုရားက သိက္ခာပုဒ် ပညတ်ထားတော်မူပါတယ်။ ဒါကြောင့် ဒီ အသားကြီး (၁၀)မျိုးသည် ရဟန်းတော်များအတွက် မအပ်တဲ့ အသားတွေ ဖြစ်တယ်။ အဲဒီမှာ ---
အာပတ်သင့်ပုံ
တတ္ထ မနုဿမံသေ ထုလ္လစ္စယံ၊ သေသေသု ဒုက္ကဋံ။ (ဝိနယသင်္ဂဟ၊၂၅၊၊)
လူသားကို စားခဲ့မယ်ဆိုလို့ရှိရင်တော့ ထုလ္လစ္စဉ်းအာပတ် သင့်စေဆိုပြီးတော့ မြတ်စွာဘုရားက သိက္ခာပုဒ်ပညတ်ထားတော်မူပါတယ်။ ကြွင်းတဲ့ အသား (၉)မျိုးကတော့ စားခဲ့မယ်ဆိုလို့ရှိရင် ရဟန်းတော်များမှာ ဒုက္ကဋ်အာပတ် သင့်ပါတယ်။ မစားရဘူးလို့ ဘုရားရှင်ပညတ်ထားတဲ့ သိက္ခာပုဒ်တော်ကို လွန်ကျူးဖျက်ဆီးလိုက်တဲ့အတွက် ထိုရဟန်းတော်မှာ ပါတိမောက္ခ သံဝရသီလလည်း ကျိုးပျက်သွားတယ်။ ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်၌ သမာဓိဖြစ်ပါ့မလား? မဖြစ်ဘူး။ ဒီကိုယ်ကျင့်သီလ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စျာန်မဂ်ဖိုလ်တရားဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။
သမ္ပဇာနမုသာဝါဒေါ ခေါ ပနာယသ္မန္တော အန္တရာယိကော ဓမ္မော ဝုတ္တော ဘဂဝတာ - ဆိုပြီးတော့ ..
ဟို ... ပါတိမောက်ပြတဲ့ အချိန်အခါမှာ ရွတ်ဖတ်တဲ့ နိဒါန်းပါဠိထဲမှာ လာရှိတယ်။ အာပတ်သင့်နေတဲ့ ရဟန်းတော်က အာပတ်သင့်ရင် သင့်တယ်လို့ အနီးမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို အနည်းဆုံး သတိရရင် ပြောရတယ်။ မပြောဘဲနဲ့ ဆိတ်ဆိတ်နေခဲ့မယ်ဆိုလို့ရှိရင် အဲဒီမှာ သမ္ပဇာနမုသာဝါဒဒုက္ကဋ် အာပတ်သင့်စေဆိုပြီး ဘုရားရှင် ထပ်ပြီး သိက္ခာပုဒ် ပညတ်ထားတယ်။ အဲဒီ သမ္ပဇာနမုသာဝါဒဒုက္ကဋ်ဆိုတာက ပြောသင့်တဲ့ စကားကို မပြောလို့ သင့်တဲ့ အာပတ်ပဲ။
ဘာဖြစ်လို့လဲ? သိမ်ထဲမှာက အရှင်ဘုရားတို့ တပည့်တော် အခု ပါတိမောက်ပြတော့မယ်။ ပါတိမောက်ပြမည့်အတွက် အရှင်ဘုရားတို့မှာ အာပတ်တွေ ထင်ရှားရှိခဲ့ရင် ရှိတယ်လို့ ပြောပါ၊ ထင်ရှား မရှိဘူးဆိုလို့ရှိရင်တော့ ဆိတ်ဆိတ်နေပါ။ ဒီလို ပါတိမောက်ပြမည့် ရဟန်းတော်က ပထမ အသိပေးလိုက်တယ်။ ဒီအချိန်ခါမှာ မိမိမှာ အာပတ်ရှိလျက်နဲ့ ကိုယ်က မရှိဟန်ဆောင် ပြီးတော့ ဆိတ်ဆိတ်နေလိုက်ရင် ဒီဆိတ်ဆိတ်နေခြင်းသည် ပြောသင့် ပြောထိုက်တဲ့ စကားကို မပြောခြင်း၊ မပြောဘဲနဲ့ လိမ်လည်လှည့်ဖျားခြင်း တစ်မျိုး ဖြစ်တယ်။ ဒါ့ကြောင့် သူ့ကို သမ္ပဇာနမုသာဝါဒဒုက္ကဋ်ဆိုပြီး ဒီလို သတ်မှတ်ထားတယ်။
အဲဒီဒုက္ကဋ်အာပတ်သည်ပင် (အန္တရာယ ကရော =) စျာန်မဂ်ဖိုလ်ကို မရအောင် တားထားနိုင်တဲ့စွမ်းအား ရှိတယ်။ သိပ်သေးတယ်လို့ မယူဆနဲ့ နော်။ ရဟန်းတော်များမှာ ဒီသီလဝိသုဒ္ဓိဖြစ်ဖို့ဆိုတာက အလွန် အရေးကြီးပါတယ်။ သီလဝိသုဒ္ဓိ မဖြစ်ဘူးဆိုလို့ရှိရင်တော့ သမာဓိလည်း မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ရုံတင် မဟုတ်ဘူး။ မိမိအားထုတ်နေတဲ့ စျာန်တရား မဂ်တရား ဖိုလ်တရားတွေ ဘယ်လိုမှ မရနိုင်ဘူး။ စျာန်မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ရှိတယ်။
ဒီထက် တစ်ဆင့်တက်ပြီးတော့ ဋီကာများကိုးကားနေတဲ့ ပါဠိတော်လေး တစ်ခု ရှိပါတယ်။ သာပတ္တိကဿ ဘိက္ခဝေ နိရယံ ဝါ ဝဒါမိ တိရစ္ဆာနယောနိံ ဝါ၊ (သာရတ္ထ၊၃၊၃၇၉။) အာပတ်တန်းလန်းနဲ့ သေတဲ့ ရဟန်းကို ငရဲနဲ့တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ သေသည်၏ အခြားမဲ့မှာ ရောက်လိမ့်မယ်လို့ ငါဘုရား ဒီလိုဟောတယ်ဆိုပြီး ဒီပါဠိကလေးကို သာရတ္ထဒီပနီဋီကာဆရာတော် အစရှိတဲ့ ဆရာတော်များက ကိုးကားထားကြပါတယ်။ အာပတ်တန်းလန်းနဲ့ သေတဲ့ရဟန်းတော်ဟာ ကောင်းရာသုဂတိ မရောက်ဘူး ဆိုတဲ့ ထုံးလည်း ရှိနေတယ်နော်။ ဒီတော့ အဲဒီအာပတ်တွေဟာ အခုလို အသေးအဖွဲအာပတ် ဖြစ်ချင်ဖြစ်ပါစေ။ ဒီအာပတ်ကြောင့် ကောင်းရာသုဂတိသို့ ဘယ်လိုမှ မရောက်ဘူး။ ဒီတော့ မိမိကိုယ်ကို မိမိသနားရင် မိမိတို့ဟာ အာပတ်တန်းလန်းနဲ့ မသေမိအောင် ကြိုးစားဖို့တော့ မလိုဘူးလား? လိုအပ်တယ်။
အဲဒီလို အာပတ်တန်းလန်းနဲ့ မသေအောင် ကြိုးစားရမယ့် အပိုင်းထဲမှာ အထူးသဖြင့် အရုပ်ဆိုးနေတဲ့ အပိုင်းကတော့ နိဿဂ္ဂိ ပြဿနာပဲ။ ရွှေငွေ အစရှိတဲ့ ပစ္စည်းကို အလှူခံပြီးတော့ ထိုပစ္စည်းတွေဖြင့် ဝယ်ခြမ်းထားတဲ့ ပစ္စည်း, ထိုရွှေငွေပစ္စည်း, ဒါတွေအားလုံးကို နိဿဂ္ဂိခေါ်တယ်။ နိဿဂ္ဂိဆိုတာကတော့ စွန့်ခြင်း ဝိနည်းကံရှေးရှိတဲ့ အာပတ်မျိုးလို့ ဆိုလိုတယ်။ အဲဒီမအပ်တဲ့ ပစ္စည်းကို စွန့်ပြီးတဲ့အချိန်အခါကျမှ ဒေသနာကြားရမယ်။ မစွန့်ဘူး၊ ဒေသနာကြားတယ်။ အကြိမ် ထောင်နဲ့ သောင်းနဲ့ သိန်းနဲ့ သန်းနဲ့ ချီပြီး ဒေသနာကြားချင်လည်း ကြားပါစေ၊ ဒီအာပတ် ဘယ်တော့မှ မထဘူး။ ဘာဖြစ်လို့လဲ? နိဿဂ္ဂိတို့ရဲ့သဘောက စွန့်ခြင်းဝိနည်းကံ ရှေးရှိတယ်။ စွန့်ပြီးမှသာလျှင် ဒေသနာကြားလို့ရတယ်။ အဲဒီတော့ ငွေအလှူခံတယ်၊ ဒီငွေနဲ့ ကျောင်းဆောက်တယ်၊ ဒီကျောင်းသည် မအပ်ဘူး။ ငွေကို အလှူခံတယ်၊ ဒီငွေနဲ့ မိမိကိုယ်တိုင် သစ်တွေ ဝါးတွေ ဝယ်တယ်၊ ဝယ်ပြီးတော့ ကျောင်း ဆောက်တယ်၊ ဒီကျောင်းသည် မအပ်ဘူး။
တပည့်တော်က ကျောင်းဆောက်တယ်ကြားလို့ဘုရား ငွေလာလှူတယ်။ အေးအေး လှူခဲ့ လှူခဲ့ ဒီမှာ ထားခဲ့၊ ပေး ပေး၊ ယူထားလိုက်တယ်။ ဒီငွေ ယူထားလိုက်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီငွေနဲ့ မိမိက ဦးဆောင်ခန့်ခွဲပြီး ကျောင်းဆောက်တယ်၊ ဒီကျောင်း မအပ်တော့ဘူး။ အဲဒီလို မအပ်စပ်တဲ့ အတွက်ကြောင့် ဒီမအပ်တဲ့ ကျောင်းတွေ, မအပ်တဲ့ သင်္ကန်းတွေ, ဒီလို ငွေနဲ့ ဝယ်ခြမ်းထားတဲ့ သင်္ကန်းတို့ ပစ္စည်းတို့ ရှိလို့ရှိရင် ဘာလုပ်ရသလဲ? အဲဒီ ကျောင်းတွေ အဲဒီသင်္ကန်းတွေ ပစ္စည်းတွေကို ပထမ စွန့်လိုက်ရတယ်။ စွန့်တယ်ဆိုတာက ပြန်ယူဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွန့်ရတာ မဟုတ်ဘူး။ အာလယပြတ် စွန့်ရတယ်။ စွန့်ပြီးတဲ့ အချိန်အခါကျတော့မှ ဒေသနာကြားရင် ဒီအာပတ်က ထတယ်။ ထတယ်ဆိုသော်လည်း အဲဒီကျောင်းကို သူက ပြန်ပြီးနေဦးမယ်ဆိုရင် ဒါက အာပတ်ထပ်သင့်တာပဲ။ ဒီကျောင်းပေါ်ကို တက်တိုင်း တက်တိုင်း ဒီကျောင်းပေါ်ကို သီတင်းသုံးတိုင်း သီတင်းသုံးတိုင်း အာပတ် ပြန်သင့်တယ်။ အဲဒီသဘော ရှိတယ်။
ဒါကြောင့် ဒီနေရာမှာလည်း ဒီအသားငါးနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားပညတ်ထားတဲ့ သိက္ခာပုဒ်တွေ ရှိတယ်။ ဒီသိက္ခာပုဒ်ကလေးတွေက သေးသေးဖွဲဖွဲ သိက္ခာပုဒ်ကလေးတွေပဲလို့ ဒီလိုဂရုမစိုက်တော့ မဖြစ်စေရဘူးနော်။ ဒီနေရာမှာ လူသားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက လူသားကို စားခဲ့ရင် ထုလ္လစ္စဉ်းအာပတ်သင့်စေ။ ကြွင်းတဲ့ အသားတွေကို စားခဲ့ရင်တော့ ဒုက္ကဋ်အာပတ်သင့်စေ ဆိုပြီးတော့ ဒီလိုသိက္ခာပုဒ် ပညတ်ထားတယ်။ ဒီသားငါးအကြောင်းအရာနှင့် ပတ်သက်လို့ အပ်-မအပ် အဆုံးအဖြတ်ကို ဝိနယသင်္ဂဟအဋ္ဌကထာ မစ္ဆမံသဝိနိစ္ဆယကထာ (ဝိနယသင်္ဂဟ၊၂၅-၂၇။)မှာ လာရှိတဲ့အတိုင်း ဆက်လက်ပြီး နာကြည့်ရအောင် ..။
ဣတိ ဣမေသံ မနုဿာဒီနံ ဒသန္နံ မံသမ္ပိ အဋ္ဌိပိ လောဟိတမ္ပိ စမ္မမ္ပိ လောမမ္ပိ သဗ္ဗံ န ဝဋ္ဋတိ။
အဲဒီလူသားအစရှိတဲ့ ဒီအသားတွေထဲမှာ အသားသာ မအပ်တာ မဟုတ်ဘူးတဲ့၊ အရိုးလည်း မအပ်ဘူး၊ အသွေးလည်း မအပ်ဘူး၊ အရေလည်း မအပ်ဘူး၊ အမွေးလည်း မအပ်ဘူး၊ အကုန်လုံး ဘာတစ်ခုမှ မစားသင့်ဘူးတဲ့။ နောက်တစ်ခု ---
အဆီတွေကို ပြောမယ်ဆိုလို့ရရှိရင်တော့ အဲဒီထဲမှာ လူတို့ရဲ့ အဆီ တစ်ခုပဲ မအပ်တာ၊ ကျန်နေတဲ့ အဆီတွေက အပ်ပါတယ်။ နို့ရည်ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်တော့ မအပ်တဲ့ နို့ရည်ဆိုတာတော့ တစ်ခုမှ မရှိဘူးတဲ့။
ခီရာဒီသု အကပ္ပိယံ နာမ နတ္ထိ။ (ဝိနယသင်္ဂဟ၊၂၅။)
ပါစိတ်ပါဠိတော် ပဏီတဘောဇနသိက္ခာပုဒ် ပဒဘာဇနီပါဠိတော်မှာတော့ ရဟန်းတွေက ဉာတိ-ပဝါရိတ မဟုတ်သူတို့ထံတွင် တောင်းမစားအပ်တဲ့ ပဏီတဘောဇဉ် (၉)မျိုးတို့တွင် ခီရံ = နို့လည်း ပါဝင်ပါတယ်။ ယင်းနို့ကို ပါဠိတော်က ဒီလို ဟောထားတော်မူပါတယ်။ ---
ခီရံ နာမ ဂေါခီရံ ဝါ အဇိကာခီရံ ဝါ မဟိံသခီရံ ဝါ၊ ယေသံ မံသံ ကပ္ပတိ၊ တေသံ ခီရံ။ (ဝိ၊၂၊၁၁၉။)
ဒီနေရာမှာ နို့ဆိုတာကတော့ နွားနို့ပဲဖြစ်ဖြစ်, ဆိတ်နို့ပဲဖြစ်ဖြစ်, ကျွဲနို့ပဲ ဖြစ်ဖြစ် အသားစားကောင်းတဲ့ သတ္တဝါတွေမှ ဖြစ်ပေါ်လာတဲ့ နို့ကို ဆိုလိုတယ် လို့ လာရှိပါတယ်။
ဒီလူသားအစရှိတဲ့ အသားကြီး (၁၀)မျိုးဆိုတဲ့ ဒီမအပ်တဲ့ အကပ္ပိယ အသားတွေထဲမှာ အရိုးအစရှိသည့် တစ်စုံတစ်ခုသော ပစ္စည်းတွေကို သိလို့ပဲ ဖြစ်စေ၊ မသိလို့ဘဲ ဖြစ်စေ၊ စားခဲ့မိမယ် ဆိုလို့ရှိရင်တော့ အာပတ်သင့်တယ်။ အခုကာလမှာ နည်းနည်းလေး ပြဿနာရှုပ်ထွေးတာကတော့ အချို့အချို့သော ဆေးပစ္စည်းတွေပဲ။ တချို့ ကျားတို့ရဲ့ သွေးတို့, ကျားတို့ရဲ့ အကြောတို့ စသည်ဖြင့် ထည့်ပြီးတော့ ဒီဆေးထဲမှာ ဖော်စပ်ထားပါတယ်ဆိုပြီးတော့ တချို့ကလည်း သူတို့ ဆေးအစွမ်းထက်ကြောင်း ကြေငြာကြတယ်။ ဟုတ်ချင်လည်း ဟုတ်မလား မဟုတ်လားတော့ မသိဘူးပေါ့လေ။ အဲဒီလို ဆေးမျိုး ဆိုရင်တော့ စားကောင်းပါ့မလား? မစားကောင်းဘူးနော်။
နောက်တစ်ခု ကြံ့သွေးပါတဲ့ဆေးများလည်း ရှိကြတယ်။ အဲဒီကြံ့ဆိုတာက ဘယ်လို သတ္တဝါဆိုတာကတော့ များသောအားဖြင့် မြင်ဖူးကြတဲ့ ပုဂ္ဂိုလ်တွေ များကြပါတယ်။ အဲဒီတော့ အစ္ဆ = ဝံ, တရစ္ဆ = အောင်းဆိုတာနဲ့ ပတ်သက်ပြီး အောင်းဟာ တချို့ကလည်း ဒီကြံ့ကိုပဲ အောင်းဆိုပြီး ပြောကြတော့ တံခွန်တိုင်က ဦးဩဘာသကတော့ အောင်းဆိုတာ ကြံ့မဟုတ်ဘူးဆိုတဲ့ အကြောင်းကို သူကတော့ ဓာတ်ပုံလေးနဲ့ ဖော်ပြထားပါတယ်။ ကဲ ရှိစေတော့၊ အဲဒီတော့ ဒီမအပ်တဲ့ အသား (၁၀)မျိုးမှာ အရိုးကနေ စပြီးတော့ အသွေး, အရေ, အမွေး အားလုံး ဘာမှ စားလို့မအပ်ဘူး။ မအပ်တဲ့ အသားတွေကို သိလို့ပဲဖြစ်စေ မသိလို့ဘဲဖြစ်စေ စားခဲ့မယ်ဆိုလို့ရှိရင်တော့ ဘာဖြစ်လဲ? အာပတ်သင့်စေ။ ဒါ ပညတ်ထားတယ်နော်။
ယဒါ ဇာနာတိ၊ တဒါ ဒေသေတဗ္ဗာ။
ယဒါ = အကြင်အခါ၌။ ဇာနာတိ = သိရှိ၏။ တဒါ = ထိုအခါ၌။ ဒေသေတဗ္ဗာ = ဒေသနာပြောကြားအပ်ပေ၏။
မသိလို့ စားခဲ့မိတယ်ဆိုလို့ရှိရင်တော့ သိတဲ့အချိန်အခါမှာ ဒီသင့်နေတဲ့ အာပတ်ကို ဒေသနာကြားပေတော့တဲ့။ နောက်တစ်ခု ..
မေးမြန်းရမည်
အပုစ္ဆိတွာဝ ခါဒိဿာမီတိ ဂဏှတော ပဋိဂ္ဂဟဏေပိ ဒုက္ကဋံ။ ပုစ္ဆိတွာ ခါဒိဿာမီတိ ဂဏှတော အနာပတ္တိ။
အပုစ္ဆိတွာ = မမေးမြန်းဘဲသာလျှင်။ ခါဒိဿာမိ = ငါစားပေအံ့။ ဣတိ =ဤသို့နှလုံးပိုက်၍။ ဂဏှတော = အကပ်ခံသော ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ပဋိဂ္ဂဟဏေပိ = အကပ်ခံတဲ့ အချိန်အခါ၌လည်းပဲ။ ဒုက္ကဋံ = ဒုက္ကဋ်အာပတ် သင့်၏။
ဘုန်းကြီးတို့ အသားဟင်းကို အကပ်ခံတယ်၊ ဘာသားပဲဖြစ်ဖြစ်ပေါ့နော်။ ရဟန်းတော်များက အဲဒီအသားဟင်းကို အကပ်ခံပြီးလို့ရှိရင် ဒီအသားဟာ ဘာအသားလဲလို့ မေးပြီးမှ စားရမယ်။ ဒါ သိက္ခာပုဒ် ပညတ်ထားတယ်။ အသားဟင်းကို စားမယ်ဆိုရင် အဲဒီအသားဟာ ဘာအသားလဲလို့ လှူတဲ့ လာကပ်တဲ့ ပုဂ္ဂိုလ်ကို ပထမ မေးရမယ်။ မေးပြီးမှ စားရမယ်ဆိုပြီး မြတ်စွာဘုရားက သိက္ခာပုဒ် ပညတ်ထားပါတယ်။ တစ်ချိန်မှာ သုပ္ပိယ ဥပါသိကာမက မိမိရဲ့ ပေါင်သားကို လှီးဖြတ်ကာ စွပ်ပြုတ်ပြုလုပ်ကာ အသားကို တောင်းနေတဲ့ ဂိလာနရဟန်းတစ်ပါးအား လှူခဲ့ဖူးတယ်။ ဒီဝတ္ထုကို အကြောင်းပြုကာ ဘုရားရှင်က လူသားကို ရဟန်းတော်စားက ထုလ္လစ္စဉ်းအာပတ်သင့်စေ၊ အသားဟင်းကို မမေးမြန်းဘဲနှင့်စားက ဒုက္ကဋ်အာပတ်သင့်စေဆိုပြီး ဝိနည်းမဟာဝါပါဠိတော် (ဝိ၊၃၊၃၁၂။)မှာ ပညတ်ထားတော်မူပါတယ်။
ဒီလိုပညတ်ထားတဲ့အတွက်ကြောင့် အသားဟင်းကို မမေးဘဲနဲ့ စားမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိပြီးတော့ အကပ်ခံလိုက်မယ်ဆိုရင် အကပ်ခံတဲ့ အချိန်အခါမှာထဲကစပြီး ဒုက္ကဋ်အာပတ်သင့်တယ်။
မေးပြီးတော့မှ ငါ စားမယ်ဆိုပြီးတော့ အသားဟင်းကို အကပ်ခံလိုက်မယ်ဆိုရင်တော့ အဲဒီအကပ်ခံတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာတော့ အာပတ်မသင့်ပါဘူး။ ဒါက အပ်တဲ့ အသားငါး ပြောတာနော်။
ရည်ညွှန်းသား
ဥဒ္ဒိဿကတံ ပန ဇာနိတွာ ခါဒန္တေဿဝ အာပတ္တိ၊ ပစ္ဆာ ဇာနန္တော အာပတ္တိယာ န ကာရေတဗ္ဗော။
ဥဒ္ဒိဿကတံ ပန = ရည်ညွှန်း၍ ပြုပြင် စီမံထားအပ်တဲ့ အသားငါးကို။ ဇာနိတွာ = သိခဲ့သည်ရှိသော်။ ခါဒန္တေဿဝ =ခဲစားသောပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင်။ အာပတ္တိ = အာပတ်သင့်ပေ၏။ ပစ္ဆာ = နောက်ကာလ၌။ ဇာနန္တော = သိခဲ့သည်ရှိသော်။ အာပတ္တိယာ = အာပတ္တိဖြင့်။ န ကာရေတဗ္ဗော = မဆုံးဖြတ်သင့် မဆုံးဖြတ်ထိုက်ပေ။
ရည်ညွှန်းသားလို့ ခေါ်တာပေါ့နော်။ ခုနက အစွန်းသုံးပါး မလွတ်တဲ့ အသား၊ အစွန်းသုံးပါး မလွတ်တဲ့အသားကို သိလျက်နှင့် စားခဲ့မယ်ဆိုလို့ရှိရင်တော့ အာပတ်သင့်တယ်တဲ့၊ မသိလို့ စားခဲ့ရင်တော့ အာပတ်မသင့်ဘူးလို့ ဆိုလိုတယ်။ ဒါပေမဲ့ စားတုန်းကတော့ မသိဘူး။ နောက်ကျမှ သိတယ် ဆိုရင်ကော ဘယ့်နှယ်နေမလဲဆိုရင် စားတုန်းက မသိတာက လိုရင်းပဲ။ နောက်ပိုင်းကျမှ သိတယ်ဆိုလို့ရှိရင်တော့ ဒါ အာပတ်ဒေသနာကြားဖို့ မလိုဘူး။ သူ့ကို အာပတ်သင့်တယ်လို့ ဆုံးဖြတ်ချက်ချဖို့ မလိုတော့ဘူးတဲ့။ ကဲ ဒီတော့ ဒီနေရာမှာ ရည်ညွှန်းသားဆိုတာ ဘာလဲ?
တတ္ထ ဥဒ္ဒိဿကတံ နာမ ဘိက္ခူနံ အတ္ထာယ ဝဓိတွာ သမ္ပာဒိတံ မစ္ဆမံသံ။
တတ္ထ = ထိုစကားရပ်၌။ ဥဒ္ဒိဿကတံ နာမ = ရည်ညွှန်းသားမည်သည်ကား။ ဘိက္ခူနံ = ရဟန်းတော်တို့၏။ အတ္ထာယ = အကျိုးငှာ။ ဝဓိတွာ = သတ်ဖြတ်၍။ သမ္ပာဒိတံ = ပြီးစီး ပြုပြင်စီရင်အပ်သော။ မစ္ဆမံသံ = ငါး အမဲတည်း။
ရဟန်းတော်တို့အတွက် ရည်ညွှန်းပြီးတော့ သတ်ဖြတ်ထားအပ်တဲ့ စီမံထားအပ်တဲ့ အသားငါးကို (ဥဒ္ဒိဿကတ =) ရည်ညွှန်းသားလို့ ခေါ်တယ်။ လူတွေအတွက်ကျတော့ကော ပုံစံတူပဲနော်။ လူတွေအတွက်ကို ရည်ညွှန်းပြီးတော့ သတ်ဖြတ်ထားအပ်တဲ့ စီမံထားအပ်တဲ့ အသားငါးဟာလည်း ဘာလဲ? ဥဒ္ဒိဿ မံသလို့ ခေါ်တယ်။ ရည်ညွှန်းသားပဲ။ မိမိရဲ့ သီလကို ချစ်မြတ်နိုးတဲ့ ပုဂ္ဂိုလ်များ ဒါ ရိုရိုသေသေ သိထားသင့်တဲ့ အချက်ပဲ။ ဒီနေရာမှာတော့ ရဟန်းတော်များကို ဦးစားပေးပြီး ဖွင့်ဆိုနေတာ။ လူတွေလည်း ငါးပါးသီလ မြဲချင်တယ် ဆိုလို့ရှိရင်တော့ ဒီနေရာမှာ အရေးကြီးလာပြီနော်။ နောက်တစ်ခု ---
ဥဘယမ္ပိ ဟိ ဥဒ္ဒိဿကတံ န ဝဋ္ဋတိ။
ဥဘယမ္ပိ = အသားငါး နှစ်မျိုးတို့သည်လည်းပဲ။ ဥဒ္ဒိဿကတံ = ရည်ညွှန်း၍ ပြုပြင်စီမံအပ်ခဲ့သည်ရှိသော်။ န ဝဋ္ဋတိ = မအပ်ပေ။
ငါးပဲဖြစ်ဖြစ် အသားပဲဖြစ်ဖြစ် နှစ်မျိုးလုံးကတော့ ရည်ညွှန်းပြီးတော့ ပြုပြင်စီမံထားလို့ရှိရင် မအပ်ဘူး။ နည်းနည်း နမူနာလေးတစ်ခု ပြောမယ်။ တောအလေ့အထကလေးတစ်ခု ဆိုကြပါစို့။ အိမ်တစ်အိမ်မှာ ကြက်ကလေးတွေ မွေးထားတယ်၊ စားခါနီးကျတော့ တစ်ယောက်က ရိုက်ပြီး ချက်လိုက်တယ်၊ စားတဲ့အခါကျတော့ မိသားစုအကုန်လုံး ဝိုင်းပြီးတော့ စားကြတယ်။
အစွန်းသုံးပါးလွတ်တဲ့ အသားငါး
တမ္ပိ အဒိဋ္ဌံ အသုတံ အပရိသင်္ကိတံ ဝဋ္ဋတိ။
တမ္ပိ = ထိုအသားနဲ့ ငါး နှစ်ခုလုံးသည်လည်းပဲ။ အဒိဋ္ဌံ = မမြင်ခဲ့သည်ရှိသော်။ အသုတံ = မကြားခဲ့သည်ရှိသော်။ အပရိသင်္ကိတံ = သံသယ မဖြစ်ခဲ့သည်ရှိသော်။ ဝဋ္ဋတိ = အပ်ပါပေ၏။
မိမိတို့အတွက် ရည်ညွှန်းပြီး သတ်ထားတယ်လို့ မိမိတို့ကိုယ်တိုင် မမြင်ဘူး၊ မိမိတို့အတွက် ရည်ညွှန်းပြီး သတ်ပါတယ်လို့ မိမိတို့ ကိုယ်တိုင်လည်း မကြားဘူး၊ မိမိတို့အတွက် ရည်ညွှန်းပြီး သတ်ထားပါတယ်လို့ စိတ်ထဲမှာလည်း သံသယ မရှိဘူး၊ ဒီလိုဆိုရင်တော့ အပ်တယ်။
နောက်တစ်ခု --- မိမိတို့အတွက် ရည်ညွှန်းပြီး သတ်တယ်လို့ မမြင်ဘူး၊ မကြားဘူး၊ သံသယ မရှိဘူးဆိုရင် အစွန်းသုံးပါး လွတ်တယ်လို့ ခေါ်တယ်။ ဒီလို အစွန်းသုံးပါးလွတ်နေတဲ့ ငါးအမဲကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က ခွင့်ပြုထားပြီး ဖြစ်နေတယ်။ ကဲ ... ဒီနေရာမှာ မမြင်ဘူးဆိုတာက ဘာလဲ?
တတ္ထ အဒိဋ္ဌံ နာမ ဘိက္ခူနံ အတ္ထာယ မိဂမစ္ဆေ ဝဓိတွာ ဂယှမာနံ အဒိဋ္ဌံ။
တတ္ထ = ထိုအစွန်းသုံးပါး လွတ်ခြင်းဆိုတဲ့ စကားရပ်၌။ အဒိဋ္ဌံ နာမ = (မမြင်ဘူး) မမြင်ခြင်း မည်သည်ကား။ ဘိက္ခူနံ = ရဟန်းတို့၏။ အတ္ထာယ = အလို့ငှာ။ မိဂမစ္ဆေ = သားငါးတို့ကို။ ဝဓိတွာ = သတ်ဖြတ်၍။ ဂယှမာနံ = ယူဆောင်လာသည်ကို။ အဒိဋ္ဌံ = မမြင်ခြင်းတည်း။
မမြင်ဘူးဆိုတာက ရဟန်းတွေအတွက် ရည်ညွှန်းပြီးတော့ သားငါးတွေကို သတ်ဖြတ်ပြီးတော့ ယူဆောင်လာတာကို မမြင်တာကို ပြောတာတဲ့။ နောက်တစ်ချက် ---
အသုတံ နာမ ဘိက္ခူနံ အတ္ထာယ မိဂမစ္ဆေ ဝဓိတွာ ဂဟိတန္တိ အသုတံ။
အသုတံ နာမ = အသုတမည်သည်ကား။ ဘိက္ခူနံ = ရဟန်းတို့၏။ အတ္ထာယ = အကျိုးငှာ။ မိဂမစ္ဆေ =သားငါးတို့ကို။ ဝဓိတွာ =သတ်ဖြတ်၍။ ဂဟိတန္တိ = သယ်ဆောင်ခဲ့ပါ၏ဟူ၍။ အသုတံ = မကြားအပ်သော အသား ငါးတည်း။
အသုတ အသုတဆိုတာက ရဟန်းတွေအတွက် ရည်ညွှန်းပြီးတော့ သားတွေ ငါးတွေကို သတ်ဖြတ်ပြီးတော့ ယူဆောင်လာတယ်လို့ မိမိတို့ မကြားဘူး။ အဲဒီလို မကြားတဲ့အသားကို အသုတလို့ ခေါ်တယ်။ နောက်တစ်ခု
အပရိသင်္ကိတံ ပန ဒိဋ္ဌပရိသင်္ကိတံ သုတပရိသင်္ကိတံ တဒုဘယဝိနိမုတ္တပရိသင်္ကိတဉ္စ ဉတွာ တဗ္ဗိပက္ခတော ဇာနိတဗ္ဗံ။
အပရိသင်္ကိတံ - ဆိုတာက ဒိဋ္ဌပရိသင်္ကိတ = မြင်လို့ သံသယရှိခြင်း၊ သုတပရိသင်္ကိတံ = ကြားလို့ သံသယရှိခြင်း၊ တဒုဘယဝိနိမုတ္တပရိသင်္ကိတဉ္စ = မြင်လည်း မမြင်ဘူး, ကြားလည်း မကြားဘူး, ဒါပေမဲ့ သံသယရှိခြင်း၊ အဲဒီ သံသယရှိခြင်း (၃)ခုက လွတ်နေခဲ့မယ် ဆိုလို့ရှိရင်တော့ အပရိသင်္ကိတ လို့ ခေါ်တယ်။ ဒါ ဘယ်လိုလဲဆိုတော့ ---
ဣဓ ဘိက္ခူ ပဿန္တိ မနုေဿ ဇာလဝါဂုရာဒိဟတ္ထေ ဂါမတော ဝါ နိက္ခမန္တေ အရညေ ဝါ ဝိစရန္တေ။
ဣဓ =ဤအရပ်၌။ ဘိက္ခူ = ရဟန်းတို့သည်။ ဇာလဝါဂုရာဒိဟတ္ထေ = ပိုက်ကွန် ဆောက်ပုတ် အစရှိသော လက်နက်တို့ကို ဆွဲကိုင်ကြကုန်လျက်။ ဂါမတော ဝါ = ရွာမှမူလည်း။ နိက္ခမန္တေ = ထွက်၍ လာကြကုန်သော။ အရညေ ဝါ =တော၌မူလည်း။ ဝိစရန္တေ = လှည့်လည်ကျက်စား၍ နေကြကုန်သော။ မနုေဿ =လူဒါယကာတို့ကို။ ပဿန္တိ = တွေ့မြင်ကြလေကုန်၏။
ရဟန်းတွေက တွေ့ပြီ။ ပိုက်ကွန်တွေ ဆောက်ပုတ်တွေ လက်နက်တွေ စွဲကိုင်ပြီးတော့ ရွာက ထွက်လာတဲ့ လူတွေ သို့မဟုတ် တောမှာ လှည့်လည် ကျက်စားနေတဲ့ လူတွေကို မြင်ပြီ။ မြင်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ?
ဒုတိယဒိဝသေ စ နေသံ တံ ဂါမံ ပိဏ္ဍာယ ပဝိဋ္ဌာနံ သမစ္ဆမံသံ ပိဏ္ဍပါတံ အဘိဟရန္တိ။ (ဝိနယသင်္ဂဟ၊၂၆။)
ဒုတိယဒိဝသေ စ = နောက်တစ်နေ့၌လည်းပဲ။ တံ ဂါမံ =ထိုရွာတွင်းသို့။ ပိဏ္ဍာယ =ဆွမ်းအလို့ငှာ။ ပဝိဋ္ဌာနံ = ဝင်ရောက်၍ လာကြကုန်သော။ နေသံ = ထိုရဟန်းတော်တို့အား။ သမစ္ဆမံသံ = ငါးအမဲနှင့် တကွသော။ ပိဏ္ဍပါတံ = ဆွမ်းကို။ အဘိဟရန္တိ =ရှေးရှုဆောင်ယူ၍ လှူဒါန်းကြလေကုန်၏။
နောက်တစ်နေ့ ဆွမ်းခံကြွပြီ။ ဆွမ်းခံကြွလိုက်တဲ့ အချိန်အခါကျတော့ ဒီရဟန်းတော်တွေကို သူတို့က အသားငါးနှင့် တကွသော ဆွမ်းတွေကို ရှေးရှု ဆောင်ယူပြီးတော့ လာပြီး လှူဒါန်းကြပြီ။
တေ တေန ဒိဋ္ဌေန ပရိသင်္ကန္တိ ဘိက္ခူနံ နု ခေါ အတ္ထာယ ကတန္တိ။
တေ = ထိုရဟန်းတော်တို့သည်။ တေန ဒိဋ္ဌေန =ထိုကဲ့သို့ မြင်ရခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ ဘိက္ခူနံ = ရဟန်းတော်တို့၏။ အတ္ထာယ = အလို့ငှာ။ ကတံ နု ခေါ =ပြုပြင်စီမံအပ်လေသလော? ဣတိ =ဤသို့။ ပရိသင်္ကန္တိ = သံသယရှိကြလေကုန်၏။
ဩော်! မနေ့က တို့ တောထဲမှာ သို့မဟုတ် ရွာပြင်မှာ လက်နက်တွေ ကွန်တွေနဲ့ ထွက်လာတာ ဒီလူတွေကို တို့တွေ့ကြတယ်။ တို့အတွက် ရည်ညွှန်း ပြီးတော့များ ဒီပုဂ္ဂိုလ်တွေ စီမံထားလေသလားဆိုပြီးတော့ ရဟန်းတော်တွေက သံသယဖြစ်ကြတယ်။ ဘာဖြစ်လို့ သံသယဖြစ်ကြသလဲ? ကိုယ့်ဒကာကြီးတွေအကြောင်း ကိုယ်နားလည်နေတယ်။ ဘုန်းကြီးတို့ တောဓလေ့ပေါ့နော်။ စျေးထဲမှာ ကြက်ဆိုတာ အင်မတန် ရောင်းခဲပါတယ်။ ဆွမ်းအုပ်ထဲမှာ ကြက်ပါလာပြီလို့ ဆိုလို့ရှိရင် ဒီကြက်က ဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာတော့ နည်းနည်း နားမလည်ဘူးလား? နားလည်ကြပါတယ်။ (စျေးထဲမှာ) တောဓလေ့ပေါ့လေ၊ ကြက်ဥ ရောင်းတယ်ဆိုတာ အလေ့အထ အင်မတန် နည်းတယ်။ ဘုန်းကြီး ဆွမ်းအုပ်ထဲမှာ ကြက်ဥကြော် ပါလာပြီဆိုလို့ရှိရင် သံသယ မဖြစ်သင့်ဘူးလား? ဖြစ်သင့်နေပြီနော်။ အလားတူပဲ၊ မနက်ဖြန် ဆွမ်းအလှည့်ကျပြီ။ ဒကာကြီးတစ်ယောက် လျှောက်ဖူးပါတယ်။ ဒီကွေ့ဝမ်းက ဒကာကြီးပဲ။ အခုတော့ မရှိတော့ဘူး။ တပည့်တော်ဘုရား .. ဟိုတုန်းက နက်ဖြန် တို့အိမ် ဆွမ်းအလှည့်ကျပြီဆိုလို့ရှိရင် ညနေပိုင်း တပည့်တော်က ပိုက်ကွန်ယူပြီး လယ်တောထဲ ထွက်တော့တာပဲတဲ့။ အဲဒီလို ထွက်သွားတာကို ဘုန်းကြီးက မြင်လိုက်တယ်။ မြင်လိုက်ပြီဆိုလို့ရှိရင် နောက်တစ်နေ့လည်း သူက ပိုက်ကွန်ကနေ ရလာတဲ့ငါးတွေက ဆွမ်းအဖြစ်နဲ့ ပါလာပြီဆိုလို့ရှိရင်တော့ သံသယ မဖြစ်သင့်ဘူးလား? တပည့်တော်တို့ကတော့ သံသယ မရှိပါဘူး။ ဒီလိုလုပ်လို့ မဖြစ်ဘူးနော်။ ရဟန်းဆိုတာ သံသယ ရှိသင့်တဲ့ နေရာမှာ ရှိရမှာပဲ။
သံသယရှိသင့်ပါလျက်နဲ့ မရှိပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို လိမ်ညာနေလို့တော့ မဖြစ်ဘူးနော်။ ကဲ - အဲဒီမှာ သူက ဒါ ဒိဋ္ဌပရိသင်္ကိတံ = မြင်ရုံနဲ့ ကိုယ်က သံသယရှိတယ်။
ဣဒံ ဒိဋ္ဌပရိသင်္ကိတံ၊ ဧတံ ဂဟေတုံ န ဝဋ္ဋတိ။
ဣဒံ = ဤသည်ကား။ ဒိဋ္ဌပရိသင်္ကိတံ = မြင်၍ သံသယရှိခြင်းတည်း။ ဧတံ = ဤမြင်၍ သံသယရှိနေတဲ့ အသားကို။ ဂဟေတုံ = ခံယူခြင်းငှာ။ န ဝဋ္ဋတိ = မအပ်ပေ။
မြင်လိုက်လို့ ခုလို သံသယရှိခဲ့ရင် သံသယရှိနေတဲ့ ဒီအသားငါးကို ခံယူဖို့ရန် မအပ်ဘူးတဲ့နော်။
ယံ ဧဝံ အပရိသင်္ကိတံ၊ တံ ဝဋ္ဋတိ။
ယံ = အကြင်အသားငါးသည်။ ဧဝံ = ဤသို့။ အပရိသင်္ကိတံ = သံသယ မရှိအပ်။ တံ = ထိုကဲ့သို့သော အသားငါးမျိုးသည်ကား။ ဝဋ္ဋတိ = အပ်၏။ အဲဒီလို သံသယမရှိတဲ့ အသားငါး ဖြစ်ခဲ့မယ်ဆိုရင်တော့ အပ်ပါတယ်တဲ့။ နောက်တစ်ခု ---
သစေ ပန တေ မနုဿာ ကသ္မာ ဘန္တေ န ဂဏှထာတိ ပုစ္ဆိတွာ တမတ္ထံ သုတွာ နယိဒံ ဘန္တေ ဘိက္ခူနံ အတ္ထာယ ကတံ။ အမှေဟိ အတ္တနော အတ္ထာယ ဝါ ရာဇယုတ္တာဒီနံ ဝါ အတ္ထာယ ကတန္တိ ဝဒန္တိ ကပ္ပတိ။
သစေ ပန = အကယ်၍ကား။ တေ မနုဿာ = ထိုဒါယကာတို့က။ ဘန္တေ = အရှင်ဘုရားတို့။ ကသ္မာ = အဘယ်အကြောင်းကြောင့်။ န ဂဏှထ = အလှူမခံယူကြပါကုန်သနည်း။ ဣတိ = ဤသို့။ ပုစ္ဆိတွာ = မေးမြန်း လျှောက်ထားကြကုန်၍။ တမတ္ထံ = ထို သံသယရှိနေတဲ့ အကြောင်းအရာကို။ သုတွာ = ကြားကြကုန်သည်ရှိသော်။ ဘန္တေ = အရှင်မြတ်တို့ဘုရား။ ဣဒံ = ဤအသားကို။ ဘိက္ခူနံ အတ္ထာယ =ရဟန်းတော်တို့၏အကျိုးငှာ။ န ကတံ = ပြုပြင်စီမံ၍ ထားအပ်သည်ကား မဟုတ်ပါ။ အမှေဟိ = တပည့်တော်တို့သည်။ အတ္တနော အတ္ထာယ ဝါ = မိမိ၏ အကျိုးငှာလည်းကောင်း။ ရာဇယုတ္တာဒီနံ ဝါ အတ္ထာယ =မင်းချင်းယောက်ျားစတဲ့ ပုဂ္ဂိုလ်တို့၏ အကျိုးငှာလည်းကောင်း။ ကတံ = ပြုပြင်စီမံ၍ ထားအပ်ပါပေ၏။ ဣတိ = ဤသို့။ ဝဒန္တိ = လျှောက်ထားကြပါကုန်မူကား။ ကပ္ပတိ = အပ်ပါပေ၏။
အဲဒီအခါမှာ ရဟန်းတော်တွေက နေပြီးတော့ မအပ်ဘူးလို့ သံသယရှိတာနဲ့ သူတို့က အလှူမခံကြတော့ဘူး။ အလှူမခံတဲ့ အချိန်အခါမှာ ဒကာတွေက နေပြီးတော့ မေးမယ်။ မမေးရင်တော့ ဘာမှ ပြောခွင့် မရှိဘူးနော်။ မေးပြီ၊ အရှင်ဘုရားတို့ ဘာဖြစ်လို့ အလှူမခံကြပါသလဲ? မေးလိုက်ပြီး၊ အလှူမခံရင် ကောင်းတာပေါ့လေ။ တို့ချည်းပဲ စားရတာပေါ့။ အလှူရှင် ဒကာတွေဘက်က အဲဒီပုံစံနဲ့ဆိုရင်တော့ ဒီဘုန်းကြီး ငတ်ပြီ ထင်တယ်နော်။ ကဲ အရှင်ဘုရားတို့ ဘာဖြစ်လို့ အလှူမခံသလဲလို့ မေးပြီ။ မေးလိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတွေကလည်း မိမိတို့ မြင်လိုက်တဲ့ အချိန်အခါမှာ သံသယရှိကြလို့ပါဆိုပြီးတော့ သူတို့က ပြန်ပြီးတော့ အဖြေပေးကြတယ်။ အဖြေပေးလိုက်တဲ့စကားကို ကြားလိုက်ရတဲ့ အချိန်အခါကျတော့ ဒကာက ဒါ လှည့်ပတ်တာလည်း ဖြစ်နိုင်တယ်နော်။ ဘယ်လိုကြောင့်လဲ? အရှင်ဘုရား ဒါက ရဟန်းတော်တို့အလို့ငှာ တပည့်တော် ပြုပြင်စီမံထားတဲ့အသား မဟုတ်ပါဘူး၊ ငါး မဟုတ်ပါဘူး။ တပည့်တော်တို့ စားဖို့အတွက် တပည့်တော်တို့ပြုပြင် စီမံထားတဲ့ အသားငါးသာ ဖြစ်တယ်။ မင်းယောက်ျားအစရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် တပည့်တော်တို့ ပြုပြင်စီမံထားတဲ့ အသားငါးသာ ဖြစ်ပါတယ်လို့ ဒကာက အလျှောက်ကောင်းခဲ့ရင်ပေါ့နော်။ အဲဒါဆိုရင် အပ်ပါတယ်။
ဒါပေမဲ့ အဲဒါ တကယ်ဟုတ်မှနော်။ ဒကာကနေပြီးတော့ ဝိနည်းနားလည်လို့ ငါတို့ ဒီလိုလျှောက်ရင်တော့ ဒီကိုယ်တော်တွေ အလှူခံမယ်ဆိုပြီး ကျိတ်ဝိုင်းထိုင်လိုက်တဲ့ ပုံစံမျိုးဆိုရင်တော့ အပ်ပါ့မလား? မအပ်ဘူးနော်။ ဒကာက နားလည်လို့ တချို့ ဒီလို လှည့်ပြီးတော့ လျှောက်တာလည်း မရှိဘူးလား? ရှိနိုင်ပါတယ်။ ဒကာကြီးတွေ လျှောက်ဖူးတယ်ထင်တယ်။ ကဲ... လျှောက်တဲ့စကား ရှိခဲ့ရင်တော့ လှည့်ပတ်တာပဲ။ လှည့်ပတ်တဲ့စကားက ဘာဖြစ်လို့ သူက ဒီမှာ လှည့်သလဲ? သူ့အသက်ကိုတောင် သတ်ရဲတဲ့ ပုဂ္ဂိုလ် တစ်ယောက်က ဒီလို လှည့်ပတ်ဖို့ရန်အတွက်တော့ ဝန်လေးပါဦးမလား? ဝန်မလေးပါဘူးနော်။ ကဲ နောက်တစ်ခု ---
န ဟေဝ ခေါ ဘိက္ခူ ပဿန္တိ၊ အပိစ ခေါ သုဏန္တိ။
ရဟန်းတွေ ကိုယ်တိုင်တော့ မမြင်လိုက်ဘူး။ ဒါပေမဲ့ ကြားလိုက်တယ်။ ဘယ်လို ကြားသလဲ?
မနုဿာ ကိရ ဇာလဝါဂုရာဒိဟတ္ထာ ဂါမတော ဝါ နိက္ခမန္တိ၊ အရညေ ဝါ ဝိစရန္တီတိ။
မနုဿာ = လူတို့သည်။ ဇာလဝါဂုရာဒိဟတ္ထာ =ပိုက်ကွန် လက်နက် စသည်တို့ကို လက်ဝယ်စွဲကိုင်ကြကုန်လျက်။ ဂါမတော ဝါ နိက္ခမန္တိ = ရွာမှမူလည်း ထွက်လာကြကုန်၏။ အရညေ ဝါ ဝိစရန္တိ = တောထဲ၌မူလည်း လှည့်လည်၍ နေကြလေကုန်၏။ ဣတိ = ဤသို့။ သုဏန္တိ =ကြားကြလေကုန်၏။
ကဲ - မြင်တော့ မမြင်လိုက်ဘူး ကြားလိုက်ပြီနော်။ လူတွေ ပိုက်ကွန်တွေ လက်နက်တွေ လက်စွဲပြီးတော့ ရွာကနေ ထွက်လာကြတယ်လို့ ကြားလိုက် တယ်။ သို့မဟုတ် တောထဲမှာ လှည့်လည်နေကြတယ်ဆိုပြီးတော့ ကြားလိုက်ပြီ။ ကြားလိုက်တဲ့ အချိန်ခါမှာကျတော့ ဘာဖြစ်သလဲ?
ဒုတိယဒိဝသေ စ တေသံ တံ ဂါမံ ပိဏ္ဍာယ ပဝိဋ္ဌာနံ သမစ္ဆမံသံ ပိဏ္ဍပါတံ အဘိဟရန္တိ။
နောက်တစ်နေ့ ကိုယ်တော်တွေကလည်း ရွာထဲကို ဆွမ်းခံကြွပြီ။ ဆွမ်းခံ ကြွလိုက်တဲ့ အချိန်ခါမှာ ဒီကိုယ်တော်တွေကို အသားငါးနဲ့ တကွသော ဆွမ်းတွေကို ရှေးရှုဆောင်ယူပြီးတော့ လှူဒါန်းကြပြီ။
တေ တေန သုတေန ပရိသင်္ကန္တိ။
အဲဒီရဟန်းတွေက မူလက ကြားထားတဲ့အတွက်ကြောင့် ဒီအသား ငါးအပေါ်၌ သံသယဖြစ်လာပြီ။ သံသယဖြစ်တဲ့အတွက် ဘာဖြစ်သလဲ?
ဘိက္ခူနံ နု ခေါ အတ္ထာယ ကတန္တိ။
ဘိက္ခူနံ အတ္ထာယ = ရဟန်းတော်တို့၏ အကျိုးငှာ။ ကတံ နု ခေါ = ပြုပြင်စီမံ၍ ထားလေသလော? ဣတိ = ဤသို့။ ပရိသင်္ကန္တိ =သံသယရှိကြ လေကုန်၏။
ရဟန်းတော်တွေ အတွက်ပေါ့။ နက်ဖြန် ဆွမ်းကျွေးမယ်၊ ဆွမ်းလောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ပြုပြင်စီမံများ ထားလေသလားဆိုပြီးတော့ စိတ်ထဲမှာ သံသယဖြစ်သွားကြတယ်။ အဲဒီလို သံသယဖြစ်လာတဲ့အတွက် ဘာဖြစ်သလဲ? သံသယဖြစ်ခဲ့လို့ရှိရင်တော့ ---
ဣဒံ သုတပရိသင်္ကိတံ နာမ။
ဣဒံ = ဤအသားသည်။ သုတပရိသင်္ကိတံ နာမ = အကြားဖြင့် သံသယရှိတဲ့ အသား မည်ပါပေ၏။
ဧတံ ဂဟေတုံ န ဝဋ္ဋတိ။
ဧတံ = ထို သံသယရှိနေတဲ့ အသားငါးကို။ ဂဟေတုံ = အလှူခံယူခြင်းငှာ။ န ဝဋ္ဋတိ =မအပ်ပါ။
အဲဒီလို သံသယရှိနေရင် ဒီလိုအသားငါးမျိုးကို အလှူခံရမလား? အလှူ မခံရဘူးတဲ့နော်။ ကဲ - ဒကာကြီးတွေ အိမ်မှာ တစ်ယောက်ယောက်ကနေပြီး ကြက်ရိုက်ချက်တယ် ဆိုတာကတော့ ကိုယ်က မမြင်ဖူးဘဲထား။ ဒါပေမဲ့ ကြက်အော်လိုက်တဲ့ အသံလေးကြားလိုက်တယ် ဆိုကြပါစို့နော်။ အဲဒီလို ဆိုလို့ရှိရင်ကော သံသယမဖြစ်သင့်ဘူးလား? ဖြစ်သင့်ပါတယ်။ အဲဒီအခါမှာ စားရင်ကော အတူတူပဲ မအပ်ဘူးနော်။ ကဲ နောက်တစ်ခု ---
ယံ ဧဝံ အပရိသင်္ကိတံ၊ တံ ဝဋ္ဋတိ။
ယံ = အကြင် အသားငါးသည်။ ဧဝံ = ဤသို့။ အပရိသင်္ကိတံ = သံသယ မရှိ။ တံ = ထို အသားငါးသည်။ ဝဋ္ဋတိ = အပ်ပါ၏။
ဒီလို သံသယမရှိတဲ့ အသားငါးဖြစ်ခဲ့မယ်ဆိုရင်တော့ အပ်တယ်နော်။ နောက်တစ်ခု ဘာလဲ?
သစေ ပန တေ မနုဿာ ကသ္မာ ဘန္တေ န ဂဏှထာတိ ပုစ္ဆိတွာ တမတ္ထံ သုတွာ နယိဒံ ဘန္တေ ဘိက္ခူနံ အတ္ထာယ ကတံ။ အမှေဟိ အတ္တနော အတ္ထာယ ဝါ ရာဇယုတ္တာဒီနံ ဝါ အတ္ထာယ ကတန္တိ ဝဒန္တိ ကပ္ပတိ။
ခုနက အတိုင်းပဲနော်။ အကယ်၍ ဒကာ ဒကာမတွေကလည်း နားလည် လို့ မေးမြန်းကြပြီ။ အရှင်ဘုရားတို့ ဘာဖြစ်လို့ အလှူမခံကြသလဲ? မေးကြည့်ကြတယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့လည်း မိမိတို့ သံသယရှိတဲ့ အကြောင်း ရဟန်းတော်တွေက ပြန်ပြီးတော့ ပြောပြကြတယ်။ ပြောလိုက်တဲ့ အချိန်အခါမှာ ဒကာ ဒကာမတွေကလည်း အရှင်ဘုရားတို့ တပည့်တော်တို့ဟာ ဒီအသားတွေ ငါးတွေကို ရဟန်းတော်တို့အတွက် ရည်ရွယ်ပြီးတော့ ပြုပြင်စီမံထားတာ မဟုတ်ပါဘူး။ တပည့်တော်တို့ စားဖို့ရန်အတွက် ပြုပြင် စီမံထားတာပါ။ မင်းချင်းယောက်ျား အစရှိတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ပြီးတော့ ပြုပြင်စီမံထားတဲ့ အသားငါးသာ ဖြစ်ပါတယ်။ အဲဒီလို လျှောက်ထားခဲ့ကြမယ်ဆိုလို့ရှိရင်တော့ ဒါ အပ်ပါတယ်။ ဒါ သံသယမရှိသင့်တော့ဘူးနော်။ ဒီနေရာမှာလည်း ခုနကလို ဒကာက ဝိနည်းနားလည်လို့ ကျိတ်ဝိုင်းထိုင်တဲ့ ပုံစံဆိုရင်တော့ အပ်ပါ့မလား? မအပ်ဘူးနော်။ နောက်တစ်ခု ---
န ဟေဝ ခေါ ပန ဘိက္ခူ ပဿန္တိ န သုဏန္တိ၊ အပိစ ခေါ တေသံ တံ ဂါမံ ပိဏ္ဍာယ ပဝိဋ္ဌာနံ ပတ္တံ ဂဟေတွာ သမစ္ဆမံသံ ပိဏ္ဍပါတံ အဘိသင်္ခရိတွာ အဘိဟရန္တိ။ (ဝိနယသင်္ဂဟ၊၂၆။)
ဘိက္ခူ = ရဟန်းတော်တို့သည်။ န ဟေဝ ခေါ ပန ပဿန္တိ = မြင်လည်း မမြင်ကြကုန်။ န သုဏန္တိ = ကြားလည်း မကြားကုန်။
ရဟန်းတော်တို့အတွက် ရည်ရွယ်ပြီးတော့ သတ်တယ်လို့ မမြင်ဘူး။ ရည်ရွယ်ပြီး သတ်တယ်ဆိုတာလည်း ကြားလည်း မကြားဘူး။ တစ်နည်း ပြောရင်တော့ ခုနက ပိုက်ကွန်တွေ ဆောက်ပုတ်တွေ ယူပြီးတော့ သွားတာကို မြင်လည်း မမြင်ဘူး၊ ကြားလည်း မကြားဘူး။
အပိစ ခေါ = တကယ်စင်စစ်အားဖြင့်သော်ကား။ တံ ဂါမံ = ထိုရွာတွင်းသို့။ ပိဏ္ဍာယ = ဆွမ်းအလို့ငှာ။ ပဝိဋ္ဌာနံ = ဝင်ရောက်၍ လာကြကုန်သော။ တေသံ =ထိုရဟန်းတော်တို့၏။ ပတ္တံ = သပိတ်ကို။ ဂဟေတွာ = ဆောင်ယူကြကုန်၍။ သမစ္ဆမံသံ = အသားငါးနှင့်တကွသော။ ပိဏ္ဍပါတံ = ဆွမ်းကို။ အဘိသင်္ခရိတွာ = ပြုပြင်စီမံ၍။ အဘိဟရန္တိ = ရှေးရှုဆောင်ယူလာကြလေကုန်၏။
မြင်လည်း မမြင်ဘူး၊ ကြားလည်း မကြားဘူး။ ဒါပေမဲ့လို့ ရွာထဲ ဆွမ်းခံရောက်လိုက်တဲ့အချိန်ခါမှာ ဒီရဟန်းတော်ရဲ့ သပိတ်ကို ဒကာတွေက ယူတယ်။ ဒါ ရှေးရှေးယဉ်ကျေးမှုပဲနော်။ ယူပြီးတဲ့ အချိန်အခါကျတော့ အသားငါးနှင့်တကွ စီမံထားတဲ့ ဆွမ်းတွေကို သပိတ်ထဲ လောင်းထည့်ပြီးတော့ ရဟန်းတွေကို လာကပ်ပြီ။ လာကပ်လိုက်တဲ့ အချိန်အခါ သပိတ်ထဲ ကြည့်လိုက်တော့ ဒီအသားငါးတွေ တွေ့ပြီ၊ တွေ့တော့ ဘာဖြစ်သလဲ?
ရှေးယခင်က ဘုရားရှင်လက်ထက်မှာ အများအားဖြင့် သပိတ်ဖုံးကို အသုံးမပြုကြဘူးနော်။ သပိတ်ဖုံး အသုံးမပြုတဲ့အခါကျတော့ သပိတ်ကြီးက ပွင့်လျက်သားကြီးဆိုတော့ လှမ်းကြည့်လိုက်လို့ရှိရင် မမြင်ဘူးလား? မြင်နေတယ်။ အလှူရှင်ဆိုတာကလည်း သူလှူတာ ဘာလှူတယ်ဆိုတာလေး နည်းနည်း ဖော်ပြချင်တယ်နဲ့ တူပါတယ်နော်။ အောက်ကနေ အသာလေး ဆွမ်းလေးနဲ့ ဖုံးမထားဘူး။ သူကလည်း အပေါ်ဖော်ထားပြန်တယ်။ အပေါ်ဖော်ထားတော့ ရဟန်းတော်ကလည်း သူက နည်းနည်း သံသယကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့ လှမ်းကြည့်လိုက်တော့ မြင်နေပြီ။ မြင်နေလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လာသလဲ?
တေ ပရိသင်္ကန္တိ ဘိက္ခူနံ နု ခေါ အတ္ထာယ ကတန္တိ။
တေ = ထိုရဟန်းတော်တို့သည်။ ဘိက္ခူနံ = ရဟန်းတော်တို့၏။ အတ္ထာယ = အလို့ငှာ။ ကတံ နု ခေါ = ပြုပြင်စီမံ၍များ ထားလေသလော။ ဣတိ = ဤသို့။ ပရိသင်္ကန္တိ = သံသယရှိ၍ နေကြလေကုန်၏။
ရဟန်းတော်တို့အတွက်များ ပြုပြင်စီမံထားလေသလားဆိုပြီးတော့ စိတ်ထဲ သံသယ ဖြစ်လာကြတယ်။
ဣဒံ တဒုဘယဝိနိမုတ္တပရိသင်္ကိတံ နာမ။
ဣဒံ = ဤကဲ့သို့ သံသယရှိခြင်းသည်ကား။ တဒုဘယဝိနိမုတ္တပရိသင်္ကိတံ နာမ = မြင်ခြင်းကြားခြင်းဆိုတဲ့ ထိုအစွန်းနှစ်ဘက်မှလွတ်သော သံသယရှိခြင်း မည်ပါပေ၏။
မြင်လို့ သံသယရှိတာလည်း မဟုတ်ဘူး၊ ကြားလို့ သံသယရှိတာလည်း မဟုတ်ဘူး၊ မြင်ခြင်း ကြားခြင်း ဒီနှစ်မျိုးမှ လွတ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ သံသယပဲ။ အိမ်မှာ ကြက်ရိုက်ချက်တာ ကိုယ်ကိုယ်တိုင် မမြင်ဘူး၊ ကြားလည်း မကြားဘူး၊ ဒါပေမဲ့ စားပွဲထဲမှာ ရောက်လာပြီဆိုလို့ရှိရင်တော့ သံသယ မရှိဘူးလား? ဒကာကြီး။
မြင်ခြင်း ကြားခြင်းဆိုတဲ့ နှစ်ပါးမှ လွတ်ပြီးတော့ သံသယရှိပုံပဲ။ မိမိတို့ကိုယ်တိုင် သတ်တယ်ဆိုတာလည်း မမြင်ဘူး။ မိမိတို့အတွက် ရည်ရွယ်ပြီးသတ်တယ်ဆိုတာလည်း မကြားဘူး။ ဒါပေမဲ့ သံသယရှိနေတယ် ဘာဖြစ်လို့လဲ? အထူးသဖြင့် တောအရပ်ဒေသတွေမှာကတော့ မသတ်မဖြတ်ဘဲနဲ့ စားရဖို့ဆိုတာကတော့ အခက်အခဲတွေများစွာ ရှိတတ်ပါတယ်နော်။ ဒါကြောင့် ထမင်းဝိုင်းထဲမှာ ဒီကြက်သားတစ်ခု ပါလာပြီ ဆိုလို့ရှိရင်တော့ သံသယတော့ မဖြစ်သင့်ဘူးလား? တောဒေသအလိုက် ဖြစ်သင့်တာ ပြောတာပါနော်။ သံသယ ဖြစ်သင့်ပါလျက်နဲ့ မိမိက သံသယမရှိပါဘူးလို့ ကိုယ့်ကိုကိုယ် လိမ်ပြီး စားလိုက်ခဲ့မယ်ဆိုရင် ရဟန်းတော်များအဖို့ကျတော့ သံသယရှိခဲ့ရင် ဘာဖြစ်လဲ?
ဧတမ္ပိ ဂဟေတုံ န ဝဋ္ဋတိ။
ဧတမ္ပိ = ထိုအစွန်းနှစ်ပါးမှလွတ်၍ သံသယရှိသော အသားငါးကို လည်းပဲ။ ဟေတုံ = ခံယူအပ်သောငှာ။ န ဝဋ္ဋတိ = မအပ်ပါပေ။
သံသယဖြစ်လောက်တဲ့ အသားဖြစ်ခဲ့ရင် အလှူခံဖို့ရန်အတွက်တောင် မအပ်ဘူးနော်။
ယံ ဧဝံ အပရိသင်္ကိတံ၊ တံ ဝဋ္ဋတိ။
ယံ = အကြင်အသားငါးသည်ကား။ ဧဝံ = ဤသို့။ အပရိသင်္ကိတံ = ယုံမှားသံသယမရှိ။ တံ = ထိုကဲ့သို့သော အသားငါးသည်ကား။ ဝဋ္ဋတိ = ရဟန်းတော်တို့အား အပ်စပ်ပါပေ၏။
သံသယတကယ်မရှိတာ ပြောတာနော်။ ကိုယ့်ကိုကိုယ် လိမ်ပြီးတော့ သံသယမရှိပါဘူးဆိုတဲ့ လုပ်တဲ့ပုံစံမျိုးကတော့ ရဟန်းဖြစ်ရင် အာပတ်သင့်မှာပဲ၊ လူဖြစ်လည်း အထိုက်အလျောက် ပါဏာတိပါတကံ ဖြစ်ပါတယ်။
သစေ ပန တေ မနုဿာ ကသ္မာ ဘန္တေ န ဂဏှထာတိ ပုစ္ဆိတွာ တမတ္ထံ သုတွာ နယိဒံ ဘန္တေ ဘိက္ခူနံ အတ္ထာယ ကတံ။ အမှေဟိ အတ္တနော အတ္ထာယ ဝါ ရာဇယုတ္တာဒီနံ ဝါ အတ္ထာယ ကတံ။
သစေ = အကယ်၍။ တေ မနုဿာ = ထိုလူဒါယကာ ဒါယိကာမတို့က။ ဘန္တေ = အရှင်မြတ်ဘုရားတို့။ ကသ္မာ = အဘယ်အကြောင်းကြောင့်။ န ဂဏှထ = အလှူမခံယူကြပါကုန်သနည်း။ ဣတိ = ဤသို့။ ပုစ္ဆိတွာ = မေးမြန်း လျှောက်ထားကုန်၍။ တမတ္ထံ = ထိုအကြောင်းကို။ သုတွာ = ကြားရကုန်သည်ရှိသော်။ ဘန္တေ = အရှင်မြတ်တို့ဘုရား ...။ ဣဒံ = ဤအသားငါးကို။ ဘိက္ခူနံ အတ္ထာယ = ရဟန်းတို့ရဲ့အလို့ငှာ။ န ကတံ = ပြုပြင်စီမံ၍ ထားအပ်သည်ကား မဟုတ်ပါ။ အမှေဟိ = ဘုရားတပည့်တော်တို့သည်။ အတ္တနော အတ္ထာယ ဝါ = မိမိရဲ့အတွက်ငှာလည်းကောင်း။ ရာဇယုတ္တာဒီနံ အတ္ထာယ ဝါ = မင်းချင်းယောက်ျားစတဲ့ ပုဂ္ဂိုလ်တို့အတွက်ငှာလည်းကောင်း။ ကတံ = ပြုပြင်စီမံ၍ ထားအပ်ပါပေ၏။
တပည့်တော်တို့က ဒီအသားငါးတွေကို တပည့်တော်တို့ စားဖို့စီမံထားတာ၊ ရဟန်းတွေအတွက် ရည်ရွယ်ပြီး စီမံထားတာလည်း မဟုတ်ဘူး။ တစ်နည်း မင်းချင်းယောက်ျား အစရှိတဲ့ ဧည့်သည်တွေအလို့ငှာ စီမံထားတဲ့ အသားငါးသာ ဖြစ်ပါတယ်။ အရှင်ဘုရားတို့အတွက် တပည့်တော် ရည်ရွယ်ပြီးတော့ စီမံထားတာ မဟုတ်ပါဘူး။ တကယ်လည်း ရဟန်းတော်တွေအတွက် မရည်ရွယ်တာလည်း ဖြစ်ရမယ်နော်။ မိမိတို့စားဖို့ဆိုပြီးတော့ မိမိတို့ သတ်ဖြတ်ထားတာ ဖြစ်ချင်ဖြစ်ပါစေ။ သို့မဟုတ် ဧည့်သည်တော် မင်းချင်းယောက်ျား အစရှိတဲ့ ဧည့်သည်တို့အလို့ငှာ သတ်ဖြတ်ထားတာလည်း ဖြစ်ချင် ဖြစ်ပါစေ။ မှန်နေခဲ့ရင်ပေါ့ ရဟန်းတော်အတွက်ဆိုတဲ့ ရည်ရွယ်ဦးတည်ချက် မရှိဘူး။ ယောဂီတို့အတွက် ရည်ရွယ်ဦးတည်ချက် မရှိဘူး။ မရှိခဲ့ရင် ဘာဖြစ်မလဲ? နောက်တစ်ခု ---
ပဝတ္တမံသ = အလိုလိုဖြစ်ပေါ်တဲ့အသား
ပဝတ္တမံသံ ဝါ ကပ္ပိယမေဝ လဘိတွာ ဘိက္ခူနံ အတ္ထာယ သမ္ပာဒိတန္တိ ဝဒန္တိ၊ ကပ္ပတိ။
ပဝတ္တမံသံ ဝါ ကပ္ပိယမေဝ = အပ်စပ်တဲ့ အလိုလိုဖြစ်ပေါ်လာတဲ့ အသားကိုသာလျှင်။ လဘိတွာ = ရရှိ၍။ ဘိက္ခူနံ အတ္ထာယ = ရဟန်းတော်တို့၏အလို့ငှာ။ သမ္ပာဒိတံ = စီမံ၍ ထားအပ်ပေ၏။ ဣတိ = ဤသို့။ ဝဒန္တိ = လျှောက်ထားကြပါကုန်မူကား။ ကပ္ပတိ = အပ်ပါပေ၏။
ဒီအသားငါးဟာ (ပဝတ္တမံသ =) ရဟန်းတော်တို့နှင့် အပ်စပ်နေတဲ့ အလိုလို ဖြစ်ပေါ်လာတဲ့အသား ဖြစ်ပါတယ်။ ဒီအသားကို တပည့်တော်တို့ရ၍ ရဟန်းတော်တို့အတွက် စီမံပြီးထားခြင်းဖြစ်ပါတယ်လို့ လျှောက်ထားခဲ့မယ်ဆိုရင်လည်း ထိုအသားသည် အပ်တယ်။ ဒီတော့ ဒီနေရာမှာ လူဒကာ ဒကာမတွေက မိမိတို့ စားဖို့အတွက်ဆိုတဲ့ ဖြူစင်ဖြောင့်စင်းတဲ့စိတ်ထား ရဟန်းတော်တို့အတွက်ဆိုတဲ့ ရည်ရွယ်ချက် ဦးတည်ချက်မပါဘဲနဲ့ သတ်ဖြတ် စီမံပြီးတော့မှ ချက်ပြုတ်ထားတဲ့ အသားဆိုလို့ရှိရင်လည်း ကြုံကြိုက်လို့ ရဟန်းတော်တွေကို ဆွမ်းခံကြွလာတဲ့အခါတွေ့လို့ လောင်းတယ်။ ဒါဆိုရင်လည်း ဒီအသားငါးဟာ ရဟန်းတော်တွေမှာ အပ်တယ်။ သို့မဟုတ် ဧည့်သည်တော်သူ အစရှိတဲ့ မင်းချင်းယောက်ျား အစရှိတဲ့ ပုဂ္ဂိုလ်တို့အဖို့ ရည်ရွယ်ပြီးတော့ သတ်ဖြတ်ပြီး စီမံထားတယ်၊ ချက်ပြုတ်ထားတယ်။ ကိုယ်တော်ကလည်း ဆွမ်းခံကြွလာတော့ ကြုံကြိုက်တာနဲ့ လောင်းလှူလိုက်တယ်၊ ဒါမျိုးဆိုရင်လည်း အပ်တယ်။ သို့မဟုတ် (ပဝတ္တမံသ ကပ္ပိယ =) အပ်စပ်နေတဲ့အသား အလိုလို ဖြစ်ပေါ်လာတဲ့အသား ဒီအသားကို ရရှိတဲ့အချိန်အခါမှာ ရဟန်းတော်တို့ အကျိုးငှာ စီမံချက်ပြုတ်ပြီး ထားတယ် ဆိုလို့ရှိရင်လည်း အဲဒီအသားသည် အပ်တယ်။
ဒီတော့ ဒီ ပဝတ္တမံသ ဆိုတာက သူ့စကားလုံးအဓိပ္ပါယ်ကို အလိုလို ဖြစ်ပေါ်လာတဲ့ အသားဆိုပြီးတော့ ဒီလို ဘာသာပြန်ကြပါတယ်။ သို့သော် ဋီကာဆရာတော်များက ပဝတ္တမံသကို ..
ပဝတ္တမံသန္တိ အာပဏာဒီသု ပဝတ္တံ ဝိက္ကာယိကံ မတမံသံ။ (ဝိမတိ၊၁၊၂၉၅။)
စျေးစတဲ့နေရာတွေမှာ ဖြစ်ပေါ်လာတဲ့ ဝယ်ယူလို့ရရှိတဲ့ သေနေတဲ့ အသားဆိုပြီးတော့ ဒီလိုလည်း ဘာသာတစ်မျိုးပြန်ကြတယ်။ အဲဒီ (ဝိက္ကာယိက မံသ =) ဝယ်ယူလို့ရရှိတဲ့ အသား ဆိုတဲ့ စကားလုံးကို ခုခေတ်စကားလုံးနဲ့ ပြောတော့ ခုံတင်သားဆိုလား ဟုတ်လား? ဒီခုံပေါ်မှာ တင်ထားတဲ့အသား ဆိုပြီးတော့ သူတို့ ဒီလိုလည်း ကိုယ်ကြိုက်တဲ့ဘက်ကို ဆွဲပြီးတော့ ဘာသာပြန်ကြတယ်။
သို့သော် ဒီ ပဝတ္တမံသဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်က အလိုအလျောက် ဖြစ်ပေါ်လာတဲ့ အသားပါ။ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ အသားမှန်လျှင် (ကပ္ပိယ =) ရဟန်းတွေနဲ့ အပ်ပါတယ်လို့ ဘုရားရှင်ခွင့်ပြုထားတဲ့အသား ဖြစ်ရမယ်။ ဒီတော့ ဒီအလိုအလျောက် ဖြစ်ပေါ်တယ်ဆိုတာ ခုခေတ်မှာ ကြည့်စမ်းကြည့်ပါ၊ ဒကာကြီးတွေ ဒကာမကြီးတွေ စဉ်းစားကြည့်ပါနော်။ အလိုလိုသေတဲ့ ကျွဲတွေ နွားတွေ ဝက်တွေဆိုတာ စျေးမှာ ဘယ်နှစ်ကောင်များ ရှိသလဲ? များသောအားဖြင့်နော်။ နည်းနည်း လေးလေးနက်နက် စဉ်းစား ကြနော်။ စီမံထားတာတွေ များပါတယ်။ အဲဒီ စီမံမှုနဲ့ ပတ်သက်ပြီး နောက် ဘုန်းကြီး ဆက်ပြောပါမယ်။ ဒီတော့ ဒီပဝတ္တမံသကို ရရှိခဲ့မယ်ဆိုရင်လည်း အလိုလိုဖြစ်ပေါ်လာတဲ့ အသားတစ်ခု ရရှိလို့ ဒီရဟန်းတော်တို့အတွက် ရည်ရွယ်ပြီးတော့ ချက်ပြုတ်စီမံထားခဲ့မယ်ဆိုရင်လည်း ဒါလည်း အပ်ပါတယ်။ နောက်တစ်ခု ---
မတာနံ ပေတကိစ္စတ္ထာယ မင်္ဂလာဒီနံ ဝါ အတ္ထာယ ကတေပိ ဧသေဝ နယော။
မတာနံ = ကွယ်လွန်သွားကြကုန်သော ပုဂ္ဂိုလ်တို့၏။ ပေတကိစ္စတ္ထာယ = ကုတ်ဟီးထမင်းဟုခေါ်ဆိုအပ်သော ပေတကိစ္စအလို့ငှာလည်းကောင်း။ မင်္ဂလာဒီနံ ဝါ အတ္ထာယ = မင်္ဂလာစသည်တို့အလို့ငှာလည်းကောင်း။ ကတေပိ = ပြုပြင်စီမံ၍ ထားရာ၌လည်းပဲ။ ဧသေဝ နယော = ဤနည်းပင်တည်း။
ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်ပြုဖို့ စီမံထားတယ်။ ဒါ ကုတ်ဟီးထမင်း ခေါ်ပါတယ်နော်။ အဲဒီကုတ်ဟီးထမင်း ကိစ္စအတွက် စီမံခန့်ခွဲတဲ့နေရာမှာလည်း ပုံစံတူပဲတဲ့နော်။ ဒီတော့ ကွယ်လွန်သွားတဲ့ ပုဂ္ဂိုလ်တွေအတွက် မိမိတို့က စီမံထားတယ်။ ရဟန်းတော်တို့အတွက် ဆိုတဲ့ ရည်ရွယ်ချက် ဦးတည်ချက်မပါဘူး။ နောက်တစ်ခု ---
(မင်္ဂလာဒီနံ ဝါ အတ္ထာယ =) မိမိတို့ရဲ့ မွေးနေ့မင်္ဂလာ စသည်ပေါ့လေ၊ မင်္ဂလာပွဲအခမ်းအနားတွေမှာ ဖိတ်ကျွေးပြီး ခုလို ဒင်နာပါတီဆိုတဲ့ ပုံစံမျိုးလိုပေါ့နော်။ ဒီလိုပုံစံနဲ့ မင်္ဂလာအလို့ငှာ ရည်ရွယ်ပြီးတော့ မိမိတို့က စီမံထားတဲ့ အသားငါး၊ ရဟန်းတော်တို့အတွက်ဆိုပြီး ရည်ရွယ်ချက် ဦးတည်ချက်မပါဘူး။ အဲဒီအသားငါးကို ကြုံကြိုက်လို့ ရဟန်းတော်တွေကို လောင်းလှူခဲ့မယ်ဆိုရင် အပ်ပါတယ်။ သို့သော် ရဟန်းတော်တို့အတွက် ရည်ရွယ်ပြီး သတ်ခဲ့ရင်တော့ ဘယ်နဲ့လုပ်မလဲ? ဒီပြဿနာ ပေါ်လာတယ်နော်။ အဲဒီပြဿနာကို နောက်ထပ် အဋ္ဌကထာဆရာတော်က ဆက်ပြီး ဖွင့်ထားပါတယ်။
ယံ ယဥှိ ဘိက္ခူနံယေဝ အတ္ထာယ အကတံ၊ ယတ္ထ စ နိဗ္ဗေမတိကောဟောတိ၊ တံ သဗ္ဗံ ကပ္ပတိ။
ယံ ယဥှိ = အကြင်အကြင်အသားငါးကို။ ဘိက္ခူနံယေဝ အတ္ထာယ = ရဟန်းတော်တို့ရဲ့အကျိုးငှာသာလျှင်။ အကတံ = မပြုပြင်မစီမံအပ်ပေ။ ယတ္ထ စ = ယင်းအသားငါး၌လည်းပဲ။ နိဗ္ဗေမတိကော = ယုံမှားသံသယ မရှိသည်။ ဟောတိ = ဖြစ်၏။ တံ သဗ္ဗံ = ထိုအလုံးစုံသော အသားငါးသည်။ ကပ္ပတိ = ရဟန်းတော်တို့အား အပ်စပ်ပါပေ၏။
အကြင်အကြင် အသားငါးကို ရဟန်းတော်တို့အတွက်ဆိုတဲ့ ဦးတည်ချက်ဖြင့် ပြုပြင်စီမံထားတာတစ်ခုမှ မဟုတ်ဘူး။ အဲဒီအသားငါး အပေါ်၌လည်း ရဟန်းတို့က ယုံမှားသံသယ လုံးလုံး မရှိကြဘူး။ ဒီလိုဆိုရင်တော့ ဒီအသားငါး အားလုံး အပ်စပ်ပါတယ်။ ဒါပေမဲ့ အဋ္ဌကထာဆရာတော်က ဆက်ပြီး ဖွင့်ထားတယ်နော်။
ဥဒ္ဒိဿမံသ = ရည်ညွှန်းသား
သစေ ပန ဧကသ္မိံ ဝိဟာရေ ဘိက္ခူနံ ဥဒ္ဒိဿကတံ ဟောတိ။
သစေ ပန = အကယ်၍ကား။ ဧကသ္မိံ ဝိဟာရေ = ကျောင်းတိုက် တစ်ခုအတွင်း၌။ ဘိက္ခူနံ = ရဟန်းတော်တို့ရဲ့အလို့ငှာ။ ဥဒ္ဒိဿကတံ = ရည်ညွန်း၍ စီမံထားအပ်သော အသားငါးသည်။ ဟောတိ = ဖြစ်ငြားအံ့။
ကျောင်းတိုက်တစ်တိုက်မှာ အခုလိုပေါ့၊ သံဃာ ရာနဲ့ ထောင်နဲ့ ချီပြီး ရှိကြတယ် ဆိုကြစို့နော်။ အဲဒီရဟန်းတော်တို့အတွက်ဆိုပြီးတော့ ရည်ရွယ်ချက် ဦးတည်ချက်နဲ့ အသားတွေ ငါးတွေ စီမံထားတယ်။ စီမံတယ်ဆိုတာ နားလည်ကြလား - ဟင်? နားလည်ကြလား? နားလည်မှာပါ။ စီမံနေကျ ပုဂ္ဂိုလ်တွေက နားလည်ပါလိမ့်မယ်နော်။ ကြိုတင်ပြီး မှာရတာတို့ သို့မဟုတ် ကိုယ်တိုင်သတ်တာတို့ ဖြတ်တာတို့ စသည်ဖြင့် ဒီပုံစံတွေ ရှိတယ်။ အခုခေတ်တော့ ဘာတဲ့လဲ? ရဟန်းသံဃာ သိပ်များပြီး အလှူက သိပ်ပြီး ကြီးကျယ် လာပြီဆိုလို့ရှိရင် ကြိုတင်ပြီး ဘုတ်လုပ်ထားရတယ်ဆိုလား ဘာဆိုလား ဟုတ်တယ်မဟုတ်လား? အဲဒီ ပုံစံပေါ့နော်။
သစေ ပန ဧကသ္မိံ ဝိဟာရေ ဘိက္ခူနံ ဥဒ္ဒိဿကတံ ဟောတိ၊ တေ စ အတ္တနော အတ္ထာယ ကတဘာဝံ န ဇာနန္တိ၊ အညေ ဇာနန္တိ။ ယေ ဇာနန္တိ၊ တေသံ န ဝဋ္ဋတိ၊ ဣတရေသံ ပန ဝဋ္ဋတိ။
သစေ ပန = အကယ်၍ကား။ ဧကသ္မိံ ဝိဟာရေ = ကျောင်းတိုက် တစ်ခုရဲ့အတွင်း၌။ ဘိက္ခူနံ = ရဟန်းတို့၏အကျိုးငှာ။ ဥဒ္ဒိဿကတံ = ရည်ညွန်း၍ စီမံထားအပ်တဲ့အသားငါးသည်။ ဟောတိ = ဖြစ်၍နေငြားအံ့။ တေ စ = ထိုရဟန်းတော်တို့သည်လည်းပဲ။ အတ္တနော = မိမိရဲ့။ အတ္ထာယ = အကျိုးငှာ။ ကတဘာဝံ = ပြုပြင်စီမံထားသည်၏အဖြစ်ကို။ န ဇာနန္တိ = မသိရှိကြကုန်သည် ဖြစ်ငြားအံ့။ အညေ = အခြားတစ်ပါးသော ရဟန်းတော်တို့က။ ဇာနန္တိ = သိရှိကြကုန်သည်ဖြစ်ငြားအံ့။ ယေ = အကြင်ရဟန်းတို့ သည်။ ဇာနန္တိ = သိရှိကြကုန်၏။ တေသံ = ထိုရဟန်းတို့အား။ န ဝဋ္ဋတိ = မအပ်စပ်ပါ။ ဣတရေသံ = မသိရှိတဲ့ ပုဂ္ဂိုလ်တို့အား။ ဝဋ္ဋတိ = အပ်စပ် ပါပေ၏။
ကျောင်းတိုက်တစ်ခုအတွင်းမှာ ရဟန်းသံဃာတွေ ရာနဲ့ ထောင်နဲ့ချီပြီး ရှိတယ်ဆိုကြပါစို့။ ထိုရဟန်းတော်တွေကို ရည်စူးပြီးတော့ အသားငါးတွေ ပြုပြင်စီမံထားတယ်။ သတ်ဖြတ်ပြီးတော့ ပြုပြင်စီမံထားတယ်ပေါ့။ နည်းအမျိုးမျိုးနဲ့နော်။ အဲဒီလို ပြုပြင်စီမံထားလိုက်တဲ့ အချိန်အခါမှာ အချို့အချို့သော ဒီရဟန်းတွေက မိမိတို့အတွက် ဒီအသားငါးတွေကို ပြုပြင်စီမံထားတယ် ဆိုတဲ့အဖြစ်ကို မသိကြဘူး။ တခြားတခြား တချို့တချို့ ရဟန်းတော်တွေကတော့ သိကြတယ်။ သိခဲ့ရင် ဘာဖြစ်သလဲ? သိတဲ့ပုဂ္ဂိုလ်တွေအတွက် မအပ်ဘူး၊ မသိတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ အပ်တယ်။ သိရက်သားနဲ့ မသိချင်ယောင်ဆောင်ရင်ကော ဒီအာပတ်က လွတ်မလား? မလွတ်ဘူးနော်။ အဲဒီတော့ ဒီနေရာမှာ နည်းနည်းစဉ်းစားကြည့်စမ်းနော်။ အညေ ဆိုတာကတော့ တခြားတခြား ကျောင်းတိုက်က ပုဂ္ဂိုလ်တွေကို ဒီနေရာမှာ အထူးသဖြင့် ရည်ညွန်းထားပါတယ်နော်။ ဒီတော့ ---
မသိသူနှင့် သိသူ
အညေ န ဇာနန္တိ၊ တေယေဝ ဇာနန္တိ၊ တေသံယေဝ န ဝဋ္ဋတိ၊ အညေသံ ဝဋ္ဋတိ။
အညေ = မိမိကျောင်းတိုက်မှ အခြားတစ်ပါးကုန်သော ကျောင်းတိုက်၌ တည်ရှိကြကုန်သော ရဟန်းတို့သည်။ န ဇာနန္တိ = မသိရှိကြလေကုန်။ တေယေဝ = ထိုကျောင်းတိုက်အတွင်း၌ တည်ရှိတဲ့ ရဟန်းတော်တို့ကသာလျှင်။ ဇာနန္တိ = သိရှိကြကုန်၏။ တေသံယေဝ = ထိုသိရှိကြတဲ့ ရဟန်းတော်တို့အားသာလျှင်။ န ဝဋ္ဋတိ = မအပ်။ အညေသံ = မသိရှိကြတဲ့ အခြားအခြားသော ရဟန်းတော်တို့အား။ ဝဋ္ဋတိ = အပ်စပ်ပါပေ၏။
လိုရင်းကလေးကတော့ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျောင်းတိုက်အတွင်းက ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ တခြားကျောင်းက ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်၊ ရဟန်းတွေအတွက် ရည်ရွယ်ပြီး ပြုပြင်စီမံထားတာလို့ မသိရင်တော့ အပ်တယ်။ သိရင် မအပ်ဘူး။ ဒီတော့ ကျောင်းတိုက်တစ်တိုက်အတွင်းမှာ ရဟန်းတစ်ထောင်လောက်ရှိပြီ ဆိုကြပါစို့နော်။ တစ်ထောင်သော ထိုရဟန်းတွေအတွက် ရည်ညွှန်းပြီး ပြုပြင် စီမံထားတယ်လို့ သိခဲ့ရင် အပ်မလား? မအပ်ဘူး။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဒီအချက်ကို သဘောပေါက်ကြသလား? သဘောပေါက်ကြသလား? တိတ်နေတယ်။ နည်းနည်းလေး သိနေတယ်နဲ့တူတယ်နော်။ အဲဒီတော့ မိမိတို့အတွက် ပြုပြင်စီမံထားတယ်လို့ သိခဲ့ရင် အပ်သလား, မအပ်ဘူးလား? မအပ်ဘူး။ မအပ်ဘူးဆိုတာကတော့ ဝိနည်းတော်အရကတော့ အာပတ် သင့်တယ်။ သုတ္တန်ကြောင်းအရ ပြောခဲ့ရင် ပါဏာတိပါတကံ ထိုက်ကြတယ်လို့ ဒီလို ဆိုလိုပါတယ်။ ဘာဖြစ်လို့လဲ? ဒုစရိုက်ကို လွန်ကျူးတဲ့ အချိန်အခါမှာ ကိုယ်တိုင်သတ်ဖြတ်ခြင်းဟာလည်း ဒုစရိုက်ပဲ၊ သူတစ်ပါးကို ခိုင်းစေပြီးတော့ အသတ်ခိုင်းတာလည်း ဒုစရိုက်ပဲ၊ ဒုစရိုက်လုပ်နေတာကို မိမိက ချီးမွမ်းခဲ့မယ် ဆိုလို့ရှိရင် ဒါလည်း ဒုစရိုက်ပဲနော်။ သဘောတူ ခွင့်ပြုချက်ရှိခဲ့ရင်လည်း ဒါလည်း ဒုစရိုက်ပဲ၊ ခုဒီနေရာမှာကျတော့ ဒီလို မိမိတို့အတွက် ရည်ညွှန်းပြီး သတ်ဖြတ်နေတယ်ဆိုတာ သိပါလျက် မိမိတို့က စားခဲ့လျှင် ဒါ သဘောတူ ခွင့်ပြုတဲ့အဓိပ္ပါယ်ထဲမှာ ဝင်သွားတယ်။ ဒါကြောင့် ဒီနေရာမှာ သူက ဒုစရိုက်ထဲမှာ ဝင်ပါတယ်။ ကျောင်းတိုက်တစ်တိုက်အတွင်းမှာ ရဟန်းတွေက ထောင်နဲ့ချီပြီးရှိတဲ့အချိန်အခါမှာ ဒီရဟန်းတွေအတွက် ရည်ညွှန်းပြီးတော့ အသားတွေ ငါးတွေ ပြုပြင်စီမံထားကြတယ်။ ပြုပြင်စီမံလိုက်တဲ့အချိန်အခါမှာ ဒီရဟန်းတော်တွေအထဲက သိတဲ့ပုဂ္ဂိုလ်တွေအတွက် မအပ်ဘူးဆိုရင် နည်းနည်းလေး ချဲ့ကြည့်ပါ။ ကျေးရွာတစ်ရွာအတွင်းနော်။ ကျေးရွာတစ်ရွာအတွင်းမှာ တည်ရှိနေတဲ့ လူတွေအတွက် ရည်ညွှန်းပြီးတော့ အသားတွေ ငါးတွေ စီမံထားတယ်။ တို့အတွက် ရည်ညွှန်းပြီး စီမံထားတယ်ဆိုတာသိခဲ့ရင် အဲဒီကျေးရွာသူ ကျေးရွာသားတွေ စားသင့်ပါ့မလား? (မစားသင့်ပါဘုရား) ထပ်ပြောပါဦး ... (မစားသင့်ပါဘုရား)
ခုဒီနေရာမှာ ကျောင်းတိုက်တစ်တိုက်အတွင်းမှာ သီတင်းသုံးတော်မူကြတဲ့ ရဟန်းတော်တွေအတွက် သီးသန့် စီမံထားတဲ့ သားငါးတွေဟာ သိတဲ့ ရဟန်းတော်တွေအတွက် မအပ်ဘူးဆိုတာကို လက်ခံနိုင်လျှင် ကျေးရွာ တစ်ရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေအတွက် ရည်ညွှန်းကာ စီစဉ်ထားတဲ့ သားငါးတွေဟာလည်း အဲဒီရွာသူရွာသားတွေအတွက်လည်း မအပ်ဘူးလို့ လက်မခံနိုင်ဘူးလား? လက်ခံနိုင်ရမယ်။ ဒီတော့ အခုလို ဖားအောက်တို့လို စျေးဆိုကြပါစို့ .. ဖားအောက်စျေးအတွက် စီမံပြီးတော့ထားတဲ့ အသားတွေ ငါးတွေဟာ ဖားအောက်သူ ဖားအောက်သားတွေ စားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စီမံတယ်လို့တော့ မသိနိုင်ဘူးလား? ဖားအောက်မှာ သတ်ပြီး စီမံထားတဲ့ ဖားအောက်စျေးမှာလည်း ရောင်းချနေတဲ့ ဒီသားငါးတွေဟာ ဘယ်သူ့တွေအတွက်လဲ? ဟို ရန်ကုန်က ပုဂ္ဂိုလ်တွေအတွက် ဟုတ်သလား? မဟုတ်ဘူး၊ ဘယ်ပုဂ္ဂိုလ်တွေအတွက်လဲ? အဲဒီ ဖားအောက်သူ ဖားအောက်သားတွေထဲမှာ လူအားလုံး ရဟန်းအားလုံး မပါဘူးလား? ပါနိုင်တယ်။ ဒါ သတိရှိဖို့ လိုတယ်နော်။
ဒီတော့ ကျောင်းတိုက်တစ်တိုက်အတွင်းမှာ တည်ရှိတဲ့ ရဟန်းတော်တို့ကို ရည်ညွှန်းပြီး စီမံထားတဲ့အသားငါးတွေကို သိခဲ့ရင် ဒီရဟန်းတော်တွေအဖို့ မအပ်ဘူးဆိုရင် ရွာတစ်ရွာမှာ တည်ရှိနေတဲ့ ရွာသူရွာသား ရဟန်းတွေ အဝင်ပါဖြစ်တဲ့ ရွာသူရွာသားအားလုံးအတွက် ရည်ညွှန်းပြီးတော့ ပြုပြင် စီမံထားတဲ့အသား ပြုပြင်စီမံထားတဲ့ငါး၊ ဒါတွေကို ထိုရွာသူရွာသားနှင့် ထိုရဟန်းတွေအတွက် အပ်တယ်လို့ ပြောနိုင်ပါ့မလား? နည်းနည်းစဉ်းစားကြ။ ဘာပဲဖြစ်ဖြစ် ကိုယ်က မျက်စိမှိတ်ပြီး လက်ခံလို့တော့ မဖြစ်ဘူး။ ဖားအောက်စျေးမှာ လာရောင်းတဲ့ပုဂ္ဂိုလ်က ဖားအောက်စျေးမှာဝယ်တဲ့ ပုဂ္ဂိုလ်တွေအတွက်ဆိုတဲ့ ရည်ရွယ်ချက် ဦးတည်ချက်တော့ မရှိဘူးလား? ရှိတယ်။ ဝယ်တဲ့သူ တစ်ယောက်မှ မရှိဘူးဆိုလျှင် ထို ပုဂ္ဂိုလ်တွေ သတ်ပြီး ဒီစျေးမှာ ရောင်းမလား? မရောင်းပါဘူး။ ဒါ စဉ်းစားနော်။ ဒါကြောင့် ရှေးခေတ် မန္တလေးခေတ်တုန်းကတော့ နာမည်ကျော်ဖြစ်တဲ့ စလေဦးပုညကတော့ သတ်သူရှိလို့ စားသူရှိ၊ စားသူရှိလို့ သတ်သူရှိတယ်ဆိုပြီး သူက ဒီလို စာကလေး တစ်ပုဒ် ချိုးထားတယ်။ အဲဒါ ဟုတ်သလား မဟုတ်ဘူးလား? ဟုတ်သင့်သလောက်တော့ ဟုတ်တယ်နော်။ သတ်သူတွေကရှိလို့ စားသူတွေက ပေါ်လာတယ်။ စားသူတွေက ရှိတော့လည်း သတ်သူတွေက ပေါ်မလာဘူးလား? ပေါ်လာတယ်။ ကွင်းဆက် ကြောင်းကျိုးဆက်နွယ်မှုဆိုတာ မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် သိပ်ပြီးတော့ စဉ်းစားစရာအချက်တွေ တော်တော်များပါတယ်။ မိမိတို့က သီလကို စင်ကြယ်ချင်တယ်၊ မြတ်နိုးချင်တယ် ဆိုလို့ရှိရင်တော့ ဒီအချက်က တော်တော်လေး အလေးအနက် စဉ်းစားရမယ့် သဘောပဲ။ နောက်တစ်နည်း ထပ်ပြီးတော့ စဉ်းစားလိုက်ဦး။ ကျေးရွာတစ်ရွာ အတွင်းမှာ လက်ခံနိုင်မယ်ဆိုရင် မြို့တစ်မြို့မှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေ မော်လမြိုင်တို့လိုမြို့ပဲ ဆိုကြပါစို့။ အဲဒီမြို့မှာရှိတဲ့ ဒီအသားတွေ ငါးတွေကို ဒီမြို့သူမြို့သားတွေ စားသုံးဖို့ ဆိုပြီးတော့ စီမံမှု ရည်ရွယ်ချက် ဦးတည်ချက် မရှိနိုင်ဘူးလား? အေး မော်လမြိုင်က တစ်ယောက်မှ စားတဲ့သူ မရှိဘူးဆိုရင် ဒီလိုသတ်တဲ့လူ ရှိပါဦးမလား? မရှိတော့ဘူး။ စဉ်းစားကြနော်။ အဲဒီလိုဆိုရင် ဒီမြို့သူမြို့သားတွေအတွက် ဦးတည်ချက်နဲ့ သတ်ဖြတ်ထားပါတယ်ဆိုရင် ဒီအသားငါးမျိုးကို အပ်နိုင်ပါ့မလား? အဲဒါကြောင့် အလေးအနက် စဉ်းစားရမယ့် သဘောပဲနော်။ အခုဒီနေရာမှာ ရဟန်းတွေအတွက် ကွက်ပြီး ပြောနေတာမှန်သော်လည်း လူတွေလည်း ဗုဒ္ဓဘာသာဝင်မှန်ခဲ့ရင် ဒီအချက်ကို အလေးအနက်ထားပြီးတော့ လိုက်နာကျင့်ကြံဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီတော့ မသိတဲ့ ပုဂ္ဂိုလ်တွေ အတွက်တော့ အပ်တယ်။ သိတဲ့ပုဂ္ဂိုလ်တွေအတွက်က မအပ်ဘူးလို့ ဒီလို ပြောထားတာတော့ မော်လမြိုင်မြို့သူ မြို့သားတွေအတွက် ရည်ရွယ်ပြီးတော့ ပြုပြင်စီမံထားပါတယ် ဆိုပြီးတော့ မသိတဲ့ပုဂ္ဂိုလ်များ ဘယ်နှစ်ယောက်လောက်ရှိသလဲ? ဘယ်နှစ်ယောက် ရှိပါတယ်လို့ သိဖို့ရန် တော်တော်လေး ခက်ခဲလိမ့်မယ်လို့ ဘုန်းကြီးတော့ ယူဆပါတယ်နော်။ ဒါကြောင့် နည်းနည်း ဒီအပိုင်းကျတော့ တော်တော်လေး လေးလေးနက်နက် စဉ်းစားဖို့ရန် ကောင်းပါတယ်။ မိမိတို့ရဲ့ သီလကို ချစ်မြတ်နိုးမယ် ဆိုလို့ရှိရင်တော့ ဒီအပိုင်းလေးတွေမှာ တော်တော်လေးကို မိမိတို့ သီလအတွက် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဝတ္တရားကလေးတွေက တော်တော် ပေါ်လာပြီ ဖြစ်တယ်နော်။ နောက်တစ်ခု ---
တေပိ အမှာကံ အတ္ထာယ ကတန္တိ ဇာနန္တိ၊ အညေပိ ဧတေသံ အတ္ထာယ ကတန္တိ ဇာနန္တိ၊ သဗ္ဗေသမ္ပိ န ဝဋ္ဋတိ။
တေပိ = ထိုကျောင်းတိုက်အတွင်း၌ တည်ရှိနေတဲ့ ရဟန်းတော်တို့ကလည်းပဲ။ အမှာကံ = ငါတို့ရဲ့။ အတ္ထာယ = အကျိုးငှာ။ ကတန္တိ = ပြုပြင်စီမံ၍ ထားအပ်ပါပေ၏ဟူ၍။ ဇာနန္တိ = သိရှိကြလေကုန်၏။ အညေပိ = ကျောင်းတိုက်ပြင်ပ၌ တည်ရှိကြကုန်သော အခြားရဟန်းတော်တို့ကလည်းပဲ။ ဧတေသံ = ထိုရဟန်းတော်တို့၏။ အတ္ထာယ = အကျိုးငှာ။ ကတန္တိ = ပြုပြင်စီမံ၍ ထားအပ်ပါပေ၏ဟူ၍။ ဇာနန္တိ = သိရှိကြလေကုန်၏။ သဗ္ဗေသမ္ပိ = ခပ်သိမ်းသော ပုဂ္ဂိုလ်တို့အားလည်းပဲ။ န ဝဋ္ဋတိ = မအပ်ပါ။
ကျောင်းတိုက်တစ်ခုအတွင်းမှာ သံဃာတစ်ထောင်လောက် ရှိတယ်။ ဒီသံဃာတစ်ထောင်အတွက် ရည်ညွှန်းပြီးတော့ ဒီအသားငါးတွေ စီမံထားတယ်။ ကြိုတင်ပြီးတော့ မှာထားတယ်။ အဲဒီလိုဆိုလို့ရှိရင် သိကြမယ်ဆိုရင် သိနေတဲ့ ဒီကျောင်းတိုက်အတွင်းရှိ ရဟန်းတော်တစ်ထောင်လုံးအတွက် အပ်မလား? မအပ်ဘူး။ ကျောင်းတိုက်ပြင်ပရှိနေတဲ့ အခြားရဟန်းတော်တွေ ရှိကြတယ်။ အဲဒီရဟန်းတော်တွေကလည်း ဒီအသားငါးတွေဟာ ဒီကျောင်းတိုက်အတွင်းမှာ တည်ရှိနေတဲ့ ရဟန်းတော်တွေအတွက် ပြုပြင်စီမံထားတယ်လို့ သိခဲ့ရင် အဲဒီတခြားရဟန်းတော်တွေအတွက်လည်း မအပ်ပါဘူး။ ဒီတော့ ဖားအောက်သားတွေအတွက် ပြုပြင်စီမံထားတဲ့ အသားငါးဆိုပြီး သိပြီ။ ဖားအောက်သားတွေ အပ်မလား? မအပ်ဘူး။ တခြားက ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒီဖားအောက်သားတွေအတွက် ပြုပြင်စီမံထားတဲ့ အသားငါးပါလို့ သိခဲ့မယ်ဆိုရင် အပ်မလား? ဟော .. ဘယ့်နှယ်တုန်း ယောဂီတွေ ဘယ်လိုတုန်း သီလကို ချစ်မြတ်နိုးမလား? ဘာကို ချစ်မြတ်နိုး မလဲ? စဉ်းစားသင့်တဲ့ အချက်တွေပဲ။ နည်းနည်း စဉ်းစားကြည့်နော်။ ဒီ ဖားအောက်စျေးသူတွေအတွက် ဖားအောက်မှာ စျေးလာဝယ်မယ့် ပုဂ္ဂိုလ်တွေ အတွက် ရည်ညွှန်းထားပါတယ်ဆိုရင် ဖားအောက်စျေးမှာ မိမိတို့ကလည်း သွားဝယ်မိတယ်ဆိုရင် ဖားအောက်စျေးမှာ သွားဝယ်မယ့်ပုဂ္ဂိုလ်တွေစာရင်း ထဲမှာ မိမိတို့လည်း မပါဘူးလား? ပါနေတယ်။
ဒီအချက်တွေကို အလေးအနက် စဉ်းစားပါ။ ဒါ မိမိသီလကို မိမိ ချစ်မြတ်နိုးမယ်ဆိုရင် ဒါက အလေးအနက် စဉ်းစားရမယ်။ ဘုန်းကြီးက အသားငါး မစားရဘူးလို့ ဘုန်းကြီး မပြောဘူးနော်။ ဘုန်းကြီး ပြောနေတာက ဒီအပ်မအပ်ဆိုတဲ့အချက်နဲ့ ဝိနည်းဒေသနာတော်နဲ့သာ ဘုန်းကြီး ပြောနေတာပါ။ တစ်ဖက်စွန်းရောက်အောင် ဘုန်းကြီး ပြောနေတာတော့ မဟုတ်ဘူးနော်။ ကဲ နောက်တစ်ခု ---
သဗ္ဗေ န ဇာနန္တိ၊ သဗ္ဗေသမ္ပိ ဝဋ္ဋတိ။
သဗ္ဗေ = ခပ်သိမ်းကုန်သော ရဟန်းတော်တို့သည်။ န ဇာနန္တိ = မသိရှိကြပါကုန်မူကား။ သဗ္ဗေသမ္ပိ = ခပ်သိမ်းသော ရဟန်းတို့အားလည်းပဲ။ ဝဋ္ဋတိ = အပ်၏။
ကျောင်းတိုက်အတွင်းမှာ တည်ရှိတဲ့ ရဟန်းပဲဖြစ်ဖြစ်၊ ကျောင်းတိုက် အပြင်ပမှာ တည်ရှိနေတဲ့ ရဟန်းပဲဖြစ်ဖြစ်၊ အကုန်လုံးက မသိကြဘူး။ ဒီလို တို့အတွက် သို့မဟုတ် ရဟန်းတွေအတွက် သို့မဟုတ် ဒီကျောင်းတိုက် အတွင်းမှာ တည်ရှိနေတဲ့ ရဟန်းတွေအတွက် ပြုပြင်စီမံထားတယ်ဆိုပြီးတော့ မသိကြဘူး။ မသိဘူးဆိုလို့ရှိရင်တော့ အကုန်လုံးအတွက် အပ်ပါတယ်။ ဒါပေမဲ့ ဘုန်းကြီးတစ်ခု ထပ်မေးမယ်နော်။ ဖားအောက်စျေးမှာ ပြုပြင်စီမံထားတဲ့ သားငါးတွေကို ဖားအောက်စျေးမှာ လာဝယ်ယူကြတဲ့သူတွေအတွက် ပြုပြင်စီမံထားတယ်ဆိုတာကို ဝယ်ယူသူတွေက မသိကြဘူးလား? သွားဝယ် တဲ့ ပုဂ္ဂိုလ်တွေ မသိကြဘူးလား? အေး မသိကြဘူးလို့ဆိုရင်တော့ ဒါ ကိုယ့်ကိုယ်ကို ကိုယ် လိမ်နေတာပဲလို့ ဘုန်းကြီးက ယူဆတယ်၊ ကိုယ့်ကိုယ် ကိုသာ လိမ်နေပြီဆိုလို့ရှိရင်တော့ သူများကို လိမ်ဖို့ရန်အတွက် ဝန်လေးကြဦးမလား? ဝန်မလေးတော့ဘူး။ ဒါ သတိရှိကြနော်။ နောက်တစ်ခု ---
ပဉ္စသု ဟိ သဟဓမ္မိကေသု ယဿ ဝါ တဿ ဝါ အတ္ထာယ ဥဒ္ဒိဿကတံ သဗ္ဗေသံ န ကပ္ပတိ။
ပဉ္စသု သဟဓမ္မိကေသု = သီတင်းသုံးဖော်ငါးဦးတို့၌။ ယဿ အတ္ထာယ ဝါ = အကြင်ပုဂ္ဂိုလ်အလို့ငှာလည်းကောင်း။ တဿ အတ္ထာယ ဝါ = ထို ပုဂ္ဂိုလ်အလို့ငှာလည်းကောင်း။ ဥဒ္ဒိဿကတံ = ရည်ညွှန်း၍ ပြုပြင်စီမံအပ်တဲ့ အသားငါးသည်။ သဗ္ဗေသံ = ခပ်သိမ်းသော သီတင်းသုံးဖော် ငါးဦးတို့အား။ န ကပ္ပတိ = မအပ်ပေ။
သီတင်းသုံးဖော်ငါးဦးဆိုတာ ရှိတယ်။ ရဟန်းယောက်ျား ရဟန်းမိန်းမ သာမဏေယောက်ျား သာမဏေမိန်းမ သိက္ခမာန်ဆိုပြီးတော့ ဘယ်နှစ်ဦး ရှိလဲ? ငါးဦး။ သိက္ခမာန်ဆိုတာကတော့ ရဟန်းမ ပြုတော့မယ့် = သာမဏေရီမဟာ ပါဏာတိပါတ, အဒိန္နာဒါန, အဗြဟ္မစရိယ, မုသာဝါဒ, သုရာမေရယ, ဝိကာလဘောဇနာခေါ်တဲ့ ဒီသိက္ခာပုဒ်ခြောက်ပါးကို မကျိုးမပေါက် မပြောက် မကြားအောင် ရဟန်းမခံမီ နှစ်နှစ်တိုင်တိုင် ကျင့်ရပါတယ်။ ရဟန်းသံဃာကနေ မကျိုးမပေါက် မပြောက်မကြားအောင် ကျင့်လို့ ကျေနပ်ရင်တော့ ရဟန်းခံပေးခွင့် ရှိတယ်။ သာမဏေရီမလေးတွေပဲ။ အဲဒီ သာမဏေမလေးတွေကို သိက္ခမာန်လို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဲဒီသီတင်းသုံးဖော် ငါးဦးထဲမှာ တစ်ဦးတစ်ဦးအတွက် ရည်ညွှန်းပြီးတော့ ပြုပြင်စီမံထားတဲ့ အသားငါး ဖြစ်ခဲ့မယ်ဆိုရင် သီတင်းသုံးဖော်ငါးဦးလုံး တစ်ဦးမှ မအပ်ဘူးတဲ့။ ဆိုကြပါစို့ ရဟန်းတော်တစ်ပါးအတွက် ရည်ရွယ်ပြီးတော့ ဒီကိုယ်တော်ကို ကျွေးဖို့ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ ကြက်တစ်ကောင် သတ်လိုက်တယ် ဆိုကြပါစို့။ နည်းနည်းလေး လက်သွက်တဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ အကောင် ပေါက်နိုင်တဲ့ ကြက်ဥလေး ဘဲဥလေးဝယ်ပြီးတော့ ကြော်လိုက်တယ် ဆိုကြပါစို့နော်။ အဲဒီကြက်ဥ ဘဲဥက ရည်ရွယ်တာတော့ ကိုယ်တော်တစ်ပါး အတွက်ပဲ၊ ဒါပေမဲ့ သီတင်းသုံးဖော် ငါးဦးလုံး အပ်သလား? မအပ်ဘူး။ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်အတွက် ရည်ရွယ်ချက် ရှိတယ်။ အေး ...ကိုရင်တစ်ပါး၊ ကိုရင်က စားလို့ သောက်လို့ မကောင်း ဖြစ်နေတယ်။ သူကလည်း ကြက်သား ဝက်သားပဲ စားချင်တယ်ကြားလိုက်တဲ့ အချိန်အခါကျတော့ ကဲလေ ကိုရင်ကလေး သနားပါတယ် ဆိုပြီးတော့ အဲဒါ ကြက်ကလေး တစ်ကောင် ရိုက်ချက်ပြီး ကျွေးတယ် ဆိုကြပါစို့။ ကိုရင်အတွက် ရည်ရွယ်ပြီး ချက်တဲ့ စီမံထားတဲ့ ဒီအသားဟင်း - သီတင်းသုံးဖော်ငါးဦးလုံး ဘယ်သူပဲ စားစား အပ်သလား? မအပ်ဘူးတဲ့နော်။ ကဲ ...သီလရှင်တွေ အခုခေတ် ပြောမယ်ဆိုကြပါစို့၊ ဘိက္ခူနီမ မဟုတ်သော်လည်း ဘိက္ခူနီမ ဆိုကြပါစို့နော်။သီလရှင်တစ်ပါးအတွက် ရည်ညွှန်းပြီး ရှဲကနဲဆိုပြီး ကြက်ဥတစ်လုံး ကြော်လိုက်တယ်။ ပေါက်မည့်ကြက်ဥ ဆိုကြပါစို့နော်။
ကဲ ... အဲဒီသီလရှင်အတွက် ကြော်ထားတော့ အခြားသီလရှင်ကို သွားကြွေးလိုက်ရင် သို့မဟုတ် ဘုန်းကြီးကို သွားလောင်းလို့ရှိရင် အပ်ပါသလား? စဉ်းစားနော်။ ဒါကတော့ ဘိက္ခူနီမလို့ မဆိုလိုပါဘူး။ စဉ်းစားစရာအချက်ကိုသာ ဘုန်းကြီး တင်ပြတာနော်။ ကဲ ... သီတင်းသုံးဖော် ငါးဦးမှာ တစ်ဦးဦးအတွက် ရည်ညွှန်းပြီး ပြုပြင် စီမံလိုက်တဲ့ အသားငါးတွေ သီတင်းသုံးဖော်ငါးဦးလုံးအတွက် မအပ်ဘူးတဲ့နော်။ နောက်တစ်ခု ---
ရည်ညွှန်းပုံတစ်မျိုး
သစေ ပန ကောစိ ဧကံ ဘိက္ခုံ ဥဒ္ဒိဿ ပါဏံ ဝဓိတွာ တဿ ပတ္တံ ပူရေတွာ ဒေတိ။
ပြဿနာလေးတစ်ခု ပေါ်လာတယ်။ သစေ =အကယ်၍။ ကောစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က။ ဧကံ ဘိက္ခုံ = ရဟန်းတစ်ပါးကို။ ဥဒ္ဒိဿ = ရည်ညွှန်း၍။ ပါဏံ = သတ္တဝါကို။ ဝဓိတွာ = သတ်ဖြတ်၍။ တဿ = ထိုရဟန်းတော်၏။ ပတ္တံ = သပိတ်ကို။ ပူရေတွာ = ပြည့်စေ၍။ ဒေတိ = ပေးလှူသည် ဖြစ်ငြားအံ့။
ဒကာတစ်ဦးက ဆိုကြပါစို့။ ရဟန်းတော်တစ်ပါးအတွက် ရည်ညွှန်းပြီးတော့ အသားတစ်ခုကို စီမံတယ်၊ သတ်ဖြတ်လိုက်တယ်။ သတ်ဖြတ်လိုက်ပြီးတော့မှ ဒီအသားကို စီမံချက်ပြုတ်ပြီးတော့ ထိုရဟန်းတော်ရဲ့ သပိတ်ထဲ အပြည့် လောင်းထည့်လိုက်တယ်။ လှူလိုက်ပြီ။
သော စ အတ္တနော အတ္ထာယ ကတဘာဝံ ဇာနံယေဝ ဂဟေတွာ အညဿ ဒေတိ။
သော စ = ထိုရဟန်းတော်သည်လည်းပဲ။ အတ္တနော = မိမိ၏။ အတ္ထာယ = အကျိုးငှာ။ ကတဘာဝံ = ပြုပြင်စီမံထားသည်၏အဖြစ်ကို။ ဇာနံယေဝ = သိလျက်သာလျှင်။ ဂဟေတွာ = အလှူခံယူ၍။ အညဿ ဘိက္ခုနော = အခြား တစ်ပါးသော ရဟန်းတော်အား။ ဒေတိ = ပေးလှူသည်ဖြစ်ငြားအံ့။
အဲဒီရဟန်းတော်က သိတယ်၊ သိလျက်နဲ့ သူက အလှူခံလိုက်ပြီ၊ အလှူခံပြီးတဲ့အချိန်အခါမှာ သူကတော့ မစားပါဘူး။ အခြားရဟန်းတော်တစ်ပါးကို သူက သွားပြီးလှူတယ်။
သော တံ တဿ သဒ္ဓါယ ပရိဘုဉ္ဇတိ။
သော = ထိုတခြားရဟန်းတော်က။ တံ =ထိုလာလှူတဲ့ အသားငါးကို။ တဿ = ထိုလာလှူတဲ့ ရဟန်းအပေါ်၌။ သဒ္ဓါယ = ယုံကြည်ချက်သဒ္ဓါတရား ထင်ရှားရှိနေသည့်အတွက်ကြောင့်။ ပရိဘုဉ္ဇတိ = ဘုဉ်းပေးသုံးဆောင်သည်ဖြစ်အံ့။
ဒီကိုယ်တော်က သီလချစ်မြတ်နိုးနေတဲ့ ကိုယ်တော်ဆိုပြီးတော့ အလှူခံတဲ့ ရဟန်းတော်က လာလှူတဲ့ ရဟန်းတော်အပေါ်မှာ သံသယ မရှိဘူး၊ ယုံကြည်ချက် ရှိတယ်။ ဒီလို ယုံကြည်ချက်ရှိတဲ့အတွက် ဒီအသားငါးကို လာလှူတဲ့ရဟန်းတော်အတွက် စီမံပြီးတော့ထားတယ်ဆိုတာ အလှူခံတဲ့ ရဟန်းက မသိဘူး။ ရိုးသားဖြောင့်မတ်တယ်၊ မသိတဲ့အတွက် ဒီရဟန်းတော်ဟာ သီလချစ်မြတ်နိုးတဲ့ ရဟန်းတော်ပဲ ဆိုပြီးတော့ ဒီရဟန်းတော်အပေါ်၌ ယုံကြည်တဲ့သဒ္ဓါတရားဖြင့် သူက ဘုဉ်းပေးလိုက်တယ်။ ဘုဉ်းပေးလိုက်တော့ (ကဿ အာပတ္တိ =) အဲဒါ ဘယ်သူ အာပတ်သင့်သလဲတဲ့။ ဒီပြဿနာ ပေါ်လာတယ်။ (ဒွိန္နံပိ အနာပတ္တိ =) ရဟန်းနှစ်ပါးလုံးအတွက် အာပတ် မသင့်ဘူး။ ဘာဖြစ်လို့လဲ?
ယဥှိ ဥဒ္ဒိဿ ကတံ၊ တဿ အဘုတ္တတာယ အနာပတ္တိ။
ယံ = အကြင်ရဟန်းတော်ကို။ ဥဒ္ဒိဿ = ရည်ညွှန်း၍။ ကတံ = ပြုပြင် စီမံ၍ ထားအပ်ပေ၏။ တဿ = ထိုရည်ညွှန်း၍ ပြုပြင်အစီမံခံရတဲ့ ရဟန်းတော်အား။ အဘုတ္တတာယ = ထိုရဟန်းတော်က မစားသည့်အတွက်ကြောင့်။ အနာပတ္တိ = အာပတ်မသင့်။
မိမိအတွက် ရည်ညွှန်းပြီးတော့ ပြုပြင်စီမံထားတယ်ဆိုပြီး ဒီအသားကို သိပြီ။ သိလိုက်တဲ့အတွက် ဒီအသားငါးကို ဒီရဟန်းတော်က မစားဘူး။ မစားခြင်းအကြောင့်လည်း ဒီရဟန်းတော်မှာ အာပတ်မသင့်ဘူး။
ဣတရဿ အဇာနနတာယ။
ဣတရဿ = အလှူခံယူတဲ့ တခြားရဟန်းတော်အား။ အဇာနနတာယ = လာလှူတဲ့ရဟန်းတော်အတွက် ရည်ညွှန်း၍ ပြုပြင်စီမံထားအပ်သည်ဟု မသိသည့်အတွက်ကြောင့်။ အနာပတ္တိ = အာပတ်မသင့်။
ထိုရဟန်းကလည်း ရိုးသားတယ်လေ။ ဒီလာလှူတဲ့ ကိုယ်တော်အတွက် ရည်ညွှန်းပြီးတော့ ပြုပြင်စီမံထားပါတယ်ဆိုတာ သူက မသိဘူး။ မသိလို့သူက ဘုဉ်းပေးတဲ့အတွက် သူ့မှာလည်း အာပတ်မသင့်ဘူး။ သိလျက်နဲ့ ဘုဉ်းပေးရင်တော့ အာပတ်သင့်တယ်နော်။ ဒါ အပြစ်ရှိတယ်။ နောက်တစ်ခု ----
အပ်တဲ့ အသားငါး
ကပ္ပိယမံသဿ ဟိ ပဋိဂ္ဂဟဏေ အာပတ္တိ နတ္ထိ။
ကပ္ပိယမံသဿ = ရဟန်းတော်တွေနှင့် အပ်စပ်နေသော အသားအား။ ပဋိဂ္ဂဟဏေ = ခံယူခြင်း၌။ အာပတ္တိ = အာပတ်သည်။ နတ္ထိ = မရှိပါ။
အပ်စပ်နေတဲ့အသား ရဟန်းတော်တွေ စားဖို့ရန် ဘုရားရှင်က ခွင့်ပြုထားတဲ့ အသားကြီး (၁၀)မျိုးမှ လွတ်နေတဲ့အသား၊ အဲဒီ အသားတွေကတော့ ခံယူရုံသက်သက်နဲ့ပဲ ရဟန်းတော်တို့မှာ အာပတ်မသင့်ဘူး။ သို့သော် ခံယူရုံ သက်သက်နဲ့ အာပတ်မသင့်ဘူးဆိုတာက အသားအစိမ်းလိုက်ကို မပြောပါဘူး။ ကျက်နေတဲ့ ပြုပြင်စီမံထားတဲ့ အသားကိုသာ ပြောတာပါနော်။ အသားစိမ်းဟင်း ငါးစိမ်းဟင်း ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ မြတ်စွာဘုရားက မစားဖို့ရန်အတွက် ရဟန်းတွေကို ပညတ်ထားပြီး ဖြစ်တယ်။ အလှူမခံဖို့ရန်အတွက်လည်း ပညတ်ထားပြီး ဖြစ်ပါတယ်။ သို့သော် ပြဿနာကလေးတစ်ခု ပေါ်လာတယ်နော်။
တစ်ချိန်မှာ မြတ်စွာဘုရားက ရဟန်းတော်များအား အသားစိမ်း ငါးစိမ်း အကပ်မခံရ၊ အသားစိမ်း ငါးစိမ်း မစားရဆိုပြီး သိက္ခာပုဒ်တွေ ပညတ်ထားပြီး ဖြစ်တယ်။ ထိုအချိန်အခါမှာ ဘီလူးတစ်ကောင်ကနေပြီးတော့ ရဟန်းတော်ကို ဝင်ပြီးတော့ ပူးပြန်တယ်။ ရဟန်းတော်ကို ဝင်ပူးတဲ့ အချိန်အခါမှာ ရဟန်းတော်တွေက မေးတယ်။ အသင်ဘီလူး ဘာကြောင့် ဝင်ပြီး ပူးရသလဲ? မေးလိုက်တယ်။ မေးလိုက်တော့ ဘီလူးကလည်း ရှင်းရှင်းပဲ ဖြေပါတယ်။ သူသားစိမ်း ငါးစိမ်း စားချင်လို့တဲ့၊ သားစိမ်း ငါးစိမ်း စားချင်လို့ပါဆိုပြီး အဖြေပေးလိုက်တော့ မြတ်စွာဘုရားကို တင်ပြပြီး လျှောက်ထားတယ်၊ တင်ပြလျှောက်ထားတော့ မြတ်စွာဘုရားက ဘီလူးပူးတဲ့ရဟန်း သားစိမ်း ငါးစိမ်း စားစေဆိုပြီးတော့ ခွင့်ပြုလိုက်ပါတယ်။
အဲဒါ အခုခေတ်လည်း ဘုန်းကြီး နည်းနည်း စဉ်းစားကြည့်တယ်။ ငါးချဉ်ပေါ့နော်။ ဒါ မီးနဲ့ ကြိုချက်ထားတာ မဟုတ်ဘူး။ ပုဇွန်ချဉ် - မီးနဲ့လည်း ချက်ထားတာမဟုတ်ဘူး။ ဒါ ဝိနည်းစည်းကမ်းအရကတော့ ဒါ အစိမ်းပဲ။ အလားတူပဲ အမဲချဉ်တို့ ဘာတို့ မီးနဲ့ ကြိုချက်မထားဘူးဆိုရင်တော့၊ ဒီပုဇွန်ချဉ်တို့ ဒီငါးချဉ်တို့ကို အစိမ်းလိုက်စားခဲ့ရင် ဘယ်လိုလဲလို့ ဘုန်းကြီးက နည်းနည်း စဉ်းစားကြည့်တယ်။ ဒီလူတွေ ဘီးလူးများ ပူးနေသလားလို့နော်။နည်းနည်း စဉ်းစားရမလို ဖြစ်နေတယ်။ ဘုရားရှင်ကတော့ ခွင့်မပြုဘူး။ ဘီလူး ဝင်ပူးတဲ့ ပုဂ္ဂိုလ်ကိုတော့ ခွင့်ပြုထားတယ်။ နောက်တစ်ချက်က အစိမ်းကောပဲနော်။ ငါးစိမ်းကောတဲ့ အမဲစိမ်းကောတဲ့ ဝက်စိမ်းကောတဲ့ စသည်ဖြင့် အစိမ်းကော အမျိုးမျိုးပဲ။ အဲဒါလည်း မီးနဲ့ ကြိုချက်ထားတာ မဟုတ်ခြင်းကြောင့် ဝိနည်းတော်အရ ဒါ ပြောခဲ့ရင်တော့ အသားစိမ်းပဲ။ အဲဒီအစိမ်းကောတွေလည်း မစားကြဘူးလား? စားကြပြန်တယ်။ ဘာဖြစ်လို့ စားလဲလို့ ပြန်ပြီးတော့ ဆန်းစစ်ကြည့်တော့လည်း ခုနကလိုပဲ သူတို့လည်း ဘီလူးများ ပူးနေသလားတော့ မပြောတတ်ဘူးနော်။ဘုရားရှင်ကတော့ ဘီလူးပူးတဲ့ ရဟန်းကို ဒီသားစိမ်း ငါးစိမ်း စားဖို့ရန်အတွက် ခွင့်ပြုထားတယ်။ ဘီလူး မပူးဘူးဆိုရင်တော့ ဒီလိုသားစိမ်း ငါးစိမ်း စားဖို့ရန် မြတ်စွာဘုရား ခွင့်ပြုသလား? မပြုဘူး။ သို့သော် အကျက် ဆိုလို့ရှိရင်တော့ အလှူခံယူခြင်း တည်းဟူသောအကြောင်းကြောင့် အာပတ် မသင့်ဘူးနော်။
မသိသူ
ဥဒ္ဒိဿကတဉ္စ အဇာနိတွာ ဘုတ္တဿ ပစ္ဆာ ဉတွာ အာပတ္တိဒေသနာကိစ္စံ နာမ နတ္ထိ။
ဥဒ္ဒိဿကတဉ္စ = ရည်ညွှန်း၍ ပြုပြင်စီမံထားအပ်သည်၏ အဖြစ်ကိုလည်းပဲ။ အဇာနိတွာ = မသိရှိခြင်းကြောင့်။ ဘုတ္တဿ = စားသော ရဟန်းအား။ ပစ္ဆာ = နောက်ပိုင်းကာလ၌။ ဉတွာ = သိရှိပါသော်လည်းပဲ။ အာပတ္တိဒေသနာကိစ္စံ နာမ = အာပတ်ကို ဒေသနာပြောကြားခြင်းကိစ္စ မည်သည်။ နတ္ထိ = မရှိပါ။
ရဟန်းတော်က သူ့အတွက် ပြုပြင်စီမံထားတယ်ဆိုပြီးတော့ သူက မသိဘူး။ မသိတဲ့အတွက် သူက စားလိုက်တယ်။ စားလိုက်တဲ့အခါကျတော့ နောက်ပိုင်းကျတော့ တစ်ခါ သိပြန်တယ်။ ဩော် ငါ့အတွက် သူဟာ ပြုပြင် စီမံထားတဲ့ အသားပဲ၊ နောက်တော့ သိပြီ။ သိလို့ရှိရင်တော့ အဲဒီမှာ ဒေသနာ ထပ်ပြီးကြားဖို့ မလိုဘူးတဲ့နော်။ နောက်တစ်ခု ---
မအပ်တဲ့ အသားငါး
အကပ္ပိယမံသံ ပန အဇာနိတွာ ဘုတ္တေန ပစ္ဆာ ဉတွာပိ အာပတ္တိ ဒေသေတဗ္ဗာ။
အကပ္ပိယမံသံ = မအပ်စပ်တဲ့အသားကို။ အဇာနိတွာ = မသိရှိ၍။ ဘုတ္တေန = ဘုဉ်းပေးသော ရဟန်းသည်။ ပစ္ဆာ = နောက်ပိုင်းကာလ၌။ ဉတွာ = သိရှိပါသော်လည်းပဲ။ အာပတ္တိံ = အာပတ်ကို။ ဒေသေတဗ္ဗာ = ဒေသနာ ကြားအပ်ပေ၏။
မအပ်စပ်တဲ့အသားကြီး ဘယ်နှစ်မျိုးလဲ? (၁၀)မျိုး။ အဲဒီမအပ်စပ်တဲ့ အသားကြီး (၁၀)မျိုးကို မသိလို့ စားရင်လည်း သူကတော့ အာပတ်သင့်တယ်။ စားတုန်းက မသိဘူး။ နောက်ပိုင်းကျမှ သိတယ်ဆိုရင်လည်း အဲဒီအာပတ်ကို ဒေသနာကြားရတယ်။ အပ်စပ်နေတဲ့ အသားကျတော့ မသိလို့ စားခဲ့မယ် ဆိုရင်တော့ အာပတ်မသင့်ဘူး။ နောက်ပိုင်းမှ သိခဲ့ရင်လည်း ဒေသနာကြားနေဖို့ မလိုဘူး။ နောက်တစ်ခု ---
ထူးခြားချက်နှစ်ခု
ဥဒ္ဒိဿကတဥှိ ဉတွာ ဘုဉ္ဇတောဝ အာပတ္တိ။
ဥဒ္ဒိဿကတံ = ရည်ညွှန်း၍ ပြုပြင်စီမံထားအပ်သည့် အသားငါးကို။ ဉတွာ = သိရှိမှသာလျှင်။ ဉတွာ = သိရှိပြီးနောက်။ ဘုဉ္ဇတောဝ = စားသုံးသော ရဟန်းသာလျှင်။ အာပတ္တိ = အာပတ်သင့်သည်။ ဟောတိ = ဖြစ်၏။
ရည်ညွှန်းသားကို မိမိတို့အတွက် ရည်ညွှန်းပြီး သို့မဟုတ် သီတင်းသုံးဖော် ငါးဦး တစ်ဦးဦးအတွက် ရည်ညွှန်းပြီး ပြုပြင်စီမံထားပါတယ်လို့ သိရှိတဲ့အခါ စားမှသာလျှင် အာပတ်သင့်ပါတယ်။
အကပ္ပိယမံသံ အဇာနိတွာ ဘုဉ္ဇန္တဿပိ အာပတ္တိယေဝ။
အကပ္ပိယမံသံ = မအပ်တဲ့အသားကို။ အဇာနိတွာ = မသိရှိသည်ဖြစ်၍ ဘုဉ္ဇန္တဿပိ = စားသောရဟန်းအားလည်းပဲ။ အာပတ္တိယေဝ = အာပတ်သင့်သည်သာလျှင်တည်း။
မအပ်စပ်တဲ့ အသား ဖြစ်ခဲ့မယ်ဆိုရင်တော့ မသိလို့ဘဲ စားစား၊ သိလို့ပဲ စားစား၊ ဒါကတော့ အာပတ်သင့်တယ်။ မသိလို့ စားမိတောင် အာပတ် သင့်တယ်ဆိုရင်တော့ သိလျက်နဲ့ စားခဲ့ရင်တော့ အာပတ်က ပိုပြီး သင့်ပါတယ်နော်။
တသ္မာ အာပတ္တိဘီရုကေန ရူပံ သလ္လက္ခေန္တေနာပိ ပုစ္ဆိတွာဝ မံသံ ပဋိဂ္ဂဟေတဗ္ဗံ။
တသ္မာ = ထိုကြောင့်။ အာပတ္တိဘီရုကေန = အာပတ်ကို ကြောက်ရွံ့တတ်တဲ့ စိတ်ထားရှိတဲ့ ရဟန်းတော်သည်။ ရူပံ = ချက်ပြုတ်ထားတဲ့ အသား၏ အသွင်အပြင်ကို။ သလ္လက္ခေန္တေနာပိ = ကောင်းစွာ ပိုင်းခြား မှတ်သားလျက်လည်း။ ပုစ္ဆိတွာဝ = မေးမြန်း၍သာလျှင်။ မံသံ = အသားကို။ ပဋိဂ္ဂဟေတဗ္ဗံ = ခံယူသင့် ခံယူထိုက်ပေ၏။
ရဟန်းတော်တစ်ပါးကို ဒကာ ဒကာမတွေက အသားတွေ လာပြီး လောင်းလှူပြီ၊ လောင်းလှူလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်က ဘယ်လို လိုက်နာပြုကျင့်ရမလဲ? အာပတ်ကို မိမိက ကြောက်ရွံ့တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဒါဟာ အသားပဲလို့ မှတ်မိမယ်၊ မှတ်မိခဲ့မယ်ဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ?
ပုစ္ဆိတွာဝ မံသံ ပဋိဂ္ဂဟေတဗ္ဗံ၊
မေးပြီးမှသာလျှင် ဒီအသားကို လက်ခံရမယ်နော်။ မေးမြန်းတယ်ဆိုတာက ဒါ ဘာအသားလဲလို့ မေးရတယ်။ ဒါ ဝိနည်းစည်းကမ်းပဲနော်။ မေးမြန်းပြီးမှသာလျှင် အလှူခံယူပါတဲ့နော်။ နောက်တစ်ခု ---
ပရိဘောဂကာလေ ပုစ္ဆိတွာ ပရိဘုဉ္ဇိဿာမီတိ ဝါ ဂဟေတွာ ပုစ္ဆိတွာဝ ပရိဘုဉ္ဇိတဗ္ဗံ။
အလှူခံယူစဉ် အချိန်အခါမှာ မိမိက ဆွမ်းခံသွားရင်းဖြစ်နေတော့ မေးရမှာ ရှက်နေတယ်၊ မမေးချင်ဘူးဆိုရင် ဘာလုပ်သလဲ?
ပရိဘောဂကာလေ = ဘုဉ်းပေးသုံးဆောင်သော အချိန်အခါကာလ၌။ ပုစ္ဆိတွာ = မေးမြန်းပြီးမှ။ ပရိဘုဉ္ဇိဿာမိ = ငါ စားပေအံ့။ ဣတိ ဝါ = ဤသို့မူလည်းနှလုံးပိုက်၍။ ဂဟေတွာ = အလှူခံ၍။ ပုစ္ဆိတွာဝ = မေးမြန်းပြီးမှသာလျှင်။ ပရိဘုဉ္ဇိတဗ္ဗံ = ဘုဉ်းပေးသင့် ဘုဉ်းပေးထိုက်ပေ၏။
ဒါကလည်း ဝိနည်းသိက္ခာပုဒ်ပဲနော်။ ဝိနည်းသိက္ခာပုဒ်တစ်ခုကတော့ ဥပါသိကာမ ဒါယိကာမသုပ္ပိယနှင့် တူပါတယ်နော်။ အဲဒီဒါယိကာမတစ်ဦးက သဒ္ဓါတရားက အင်မတန်ကောင်းတယ်။ အရိယာသူတော်ကောင်းလည်း ဖြစ်ပါတယ်။ ရဟန်းတော်တွေကို ကျကျနန သူက ပြုစုလုပ်ကျွေးနေတယ်။ ပစ္စည်းလေးပါးဖြင့် ကျကျနန ပြုစုလုပ်ကျွေးနေတဲ့ အချိန်အခါမှာ ရဟန်းတော် တစ်ပါးပေါ့။ မကျန်းမမာဖြစ်တဲ့ အချိန်အခါမှာ အသားစွပ်ပြုတ် လိုအပ်နေတယ်။ အသားစွပ်ပြုတ်လိုအပ်နေတဲ့ အချိန်အခါကျတော့ မကျန်းမာတဲ့ ဒီရောဂါပျောက်ကင်းရေးအတွက် အသားစွပ်ပြုတ် စားရမှ ဖြစ်မယ်ဆိုပြီးတော့ သိရှိလာတော့ ဒီအမျိုးသ္မီးကလည်း သဒ္ဓါတရားက သိပ်ထက်သန်တယ်။ ထက်သန်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ဘာလုပ်သလဲ? အသားလိုက်ရှာတာ ရှာလို့မရတော့ နောက်ဆုံး မိမိရဲ့ပေါင်သား လှီးပြီးတော့ စီမံပြီးတော့ အဲဒါ စွပ်ပြုတ်လုပ်ပြီး သွားကပ်ပါတယ်။ ထိုရဟန်းတော်က မမေးဘဲနဲ့ စားတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက အသားကို စားတဲ့အချိန်အခါမှာ မေးမြန်းပြီးမှသာလျှင် စားရမယ်ဆိုပြီးတော့ ဒီလိုသိက္ခာပုဒ် ပညတ်ထားပါတယ်နော်။ မမေးဘဲနဲ့ စားခဲ့ရင် ဝတ္တဘေဒဒုက္ကဋ် ထပ်ပြီး သင့်တယ်။ ဒီကျင့်ဝတ်ပဋိပတ်ကို ပျက်စီးအောင် ဖျက်ဆီးတဲ့ ပုဂ္ဂိုလ်အနေနဲ့ အာပတ်ထပ်သင့်ပါတယ်နော်။ ဒါကြောင့် အသားကို စားမယ့် ပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? အလှူခံယူစဉ် အချိန်အခါမှာသော်လည်း မေးရမယ်၊ အလှူခံစဉ်အချိန်အခါမှာ မမေးခဲ့ရင်တော့ ဘာလုပ်ရမလဲ? စားတဲ့ အချိန်အခါမှာ ငါမေးပြီးမှသာလျှင် စားမယ်လို့ ဒီလိုနှလုံးပိုက်ပြီးတော့ မေးကိုမေးရမယ်။ မမေးဘဲနဲ့ ဒီအသားဘယ်တော့မှ မစားရဘူး။ ဒါ သိက္ခာပုဒ် ပညတ်ထားတယ်နော်။
ဘာကြောင့် မေးရသလဲလို့မေးတော့ သိနိုင်ခဲတယ်၊ ခုနက ဝတ္ထုမှာ အသားတွေကို သေချာစဉ်းပြီးတော့ စွပ်ပြုတ်လုပ်ထားတယ်၊ ဘာအသားဆိုတာ သိဖို့ရန် မခက်ခဲဘူးလား? ခက်ခဲတယ်နော်။
အစ္ဆမံသမ္ပိ ဟိ သူကရမံသသဒိသံ ဟောတိ၊
အစ္ဆမံသမ္ပိ = ဝက်ဝံသားသည်လည်းပဲ။ သူကရမံသသဒိသံ = ဝက်သားနှင့် အလားတူသည်။ ဟောတိ = ဖြစ်၏။
ဝက်ဝံသားနှင့် ဝက်သားဟာ သိပ်ပြီးတော့တူတယ်။ ဝက်ခြင်းအတူတူပဲနော်။
ဒီပိမံသာဒီနိ စ မိဂမံသာဒိသဒိသာနိ၊
ကျားသစ်အသား-စတဲ့ အသားတွေဟာလည်း သမင်အသား-စတဲ့ သားကောင်တွေရဲ့ အသားနဲ့ သိပ်ပြီးတော့ တူနေတယ်နော်။
တသ္မာ ပုစ္ဆိတွာ ဂဟဏမေဝ ဝတ္တန္တိ ဝဒန္တိ။
တသ္မာ = ထိုကြောင့်။ ပုစ္ဆိတွာ = မေးမြန်းပြီးမှ။ ဂဟဏမေဝ = အလှူ ခံယူခြင်းသည်သာလျှင်။ ဝတ္တန္တိ = ကျင့်ဝတ်တရားတည်း-ဟူ၍။ ဝဒန္တိ = ဆရာမြတ်တို့ မိန့်ဆိုတော်မူကြလေကုန်၏။
ဒါကြောင့် အသားငါးတွေကို အလှူခံယူတဲ့အချိန်အခါမှာ မေးမြန်းပြီးမှ သာလျှင် အလှူခံသင့်ပါတယ်ဆိုပြီး ဆရာမြတ်တို့ကတော့ ကျင့်ဝတ်တစ်ခုလို့ အမိန့်ရှိကြတယ်။ ဒါပေမဲ့ အလှူခံယူစဉ်အချိန်အခါမှာ မမေးမိရင် စားတဲ့အချိန်အခါကျမှ မေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် အာပတ်မသင့်ပါဘူး၊ သို့သော် အလှူခံယူစဉ်အခါကလည်း မမေးဘူး၊ စားတဲ့အချိန်အခါကလည်း မမေးဘူးဆိုရင်တော့ ဘာဖြစ်လဲ? အာပတ်သင့်တယ်။ မမေးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အာပတ်ပဲနော်။ သိနေတာပဲ မေးစရာမလိုဘူး။ ဒီလို မဟုတ်ဘူးနော်။ ဝိနည်းစည်းကမ်းဆိုတာက သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သိနိုင်ခဲတဲ့သဘောရှိခြင်းကြောင့် မေးရမယ်လို့ ဘုရားရှင်က သိက္ခာပုဒ်ပညတ်ထားတယ်။ သိက္ခာပုဒ် ပညတ်ထားတဲ့အတွက် မေးပြီးမှသာလျှင် စားသုံးရမယ်။ ကဲ ဒါနဲ့ သီလရှင်ဖြစ်ရင် ဘယ်သူ့ကို မေးမှာတုန်း၊ အဲဒါ မေးချင်တဲ့သူ မေးကြပေတော့ပဲနော်။ ပြဿနာတော့ ရှိနေပြီ၊ ဒီတော့ မမေးဘဲနဲ့တော့ ရဟန်းတော်များကတော့ မစားကောင်းဘူး ဆိုပြီးတော့ ဒီလို ပညတ်ထားပါတယ်။
ဗြာဟ္မဏဓမ္မိကသုတ္တန်
(သုတ္တနိပါတ၊၃၂၂-၃၂၅။)
သို့သော် ဒီနေရာမှာ နည်းနည်းလေး ဘုန်းကြီး ဆက်ပြောချင်ပါတယ်။ ဗြာဟ္မဏဓမ္မိကသုတ္တန်မှာ မြတ်စွာဘုရား ဒီအသားငါးနဲ့ပတ်သက်ပြီးတော့ ပြဿနာကလေးတစ်ခု ထပ်ပြီးတော့ ဟောထားပါတယ်နော်။တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။ ...ဆိုပြီးတော့ စသည်ဖြင့် ဂါထာလေးတွေနဲ့ ဟောထားတယ်။ ဟိုးရှေးယခင်တုန်းက ဆိုကြပါစို့နော်၊ ဥက္ကာကမင်း လက်ထက် လူတို့သက်တမ်း နှစ်ပေါင်းရှစ်သောင်းတမ်း အထက်မှာလို့ ယူဆရပါတယ်။ အဲဒီဝန်းကျင်လောက်မှာ ဥက္ကာကမင်း ပေါ်လာခဲ့တယ်။ ပေါ်လာတဲ့အချိန်အခါကျတော့ ဒီဥက္ကာကမင်းကို ပုဏ္ဏားတွေကနေပြီးတော့ နည်းနည်းလေး ယဇ်ပူဇော်ဖို့ရန်အတွက် အကြံဉာဏ်ပေးကြတယ် ဆိုကြပါစို့။ ပုဏ္ဏားတို့ အကြံပေးချက်ကို ဥက္ကာကမင်းက လိုက်နာပြုကျင့်ပြီးတော့ ဘာလုပ်သလဲ? ဆိတ်တို့, သိုးတို့, နွားတို့ စသည်ပေါ့လေ၊ ယဇ်ပူဇော်ရမယ့် သတ္တဝါကလေးတွေကို ယဇ်တိုင်မှာ ချည်ပြီးတော့ အဲဒီမှာ သတ်တော့တာပဲ၊ ဥက္ကာကမင်းကိုယ်တိုင် နွားမတစ်ကောင်ရဲ့ လည်ပင်းပေါ်မှာ ဓားတင်လိုက်သည်နှင့် တစ်ပြိုင်နက်ထဲ အဲဒီမှာ ဘာဖြစ်လာသလဲ? စောင့်ရှောက်နေတဲ့ နတ်တွေလည်း ဖယ်ခွာပြီးသွားတယ်။ သိကြားမင်းကြီးလည်း ဖယ်ခွာပြီး သွားတယ်၊ ပိတရလို့ ဖခင်လို့ သူတို့ခေါ်ဝေါ်သုံးစွဲနေတဲ့ ဗြဟ္မာကြီးတွေလည်း ဖယ်ခွာပြီးတော့သွားကြတယ်၊ ဘီလူးတွေကလည်း အကုန်လုံး ထွက်ခွာ သွားကြတယ်။ ထွက်ခွာသွားတဲ့ အချိန်အခါမှာ ဘယ်လိုလဲ? အဓမ္မ အဓမ္မ အဓမ္မဝါဒကြီး လောကမှာ ထွန်းကားလာပြီ။ အဓမ္မဝါဒကြီး လောကမှာ ထွန်းကားလာပြီလို့ ဒီလို ပြောဆိုပြီးတော့ ထွက်ခွာသွားကြတယ်။ ဘုရားရှင် ခွင့်ပြုတယ်ဆိုတာက ခုနက ခုလို သတ်ဖြတ်ပြီး စားဖို့ရန်အတွက် မြတ်စွာဘုရား ခွင့်ပြုထားတာ ဟုတ်ပါသလား? မဟုတ်ဘူးနော်။ အပ်အပ်စပ်စပ် အစွန်းသုံးပါးလွတ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အသားငါးကိုတော့ မြတ်စွာဘုရား ခွင့်ပြုပါတယ်။ အစွန်းသုံးပါးမလွတ်ခဲ့ဘူးဆိုလို့ရှိရင်တော့ ဘုရားရှင်အနေနဲ့ ခွင့်ပြုသလား? ခွင့်မပြုဘူး။ အခုခေတ်မှာ အသားငါးတွေဟာ မသတ်ဘဲနဲ့ ဖြစ်ပေါ်လာတဲ့ အသား ငါး ရှိသလား? ရှားပါတယ်နော်။ တော်တော်လေး ရှားလိမ့်မလားလို့ ယူဆပါတယ်။
ဒါကြောင့် သူက ပြုပြင်စီမံထားတဲ့ အစွန်းသုံးပါးလွတ်နေတဲ့ အသားတွေဆိုတာ အင်မတန် ရှားပါတယ်။ ပြုပြင်စီမံထားတဲ့ အသားတွေကသာ ပိုပြီး များနေတဲ့ သဘောရှိပါတယ်။ ကြည့်လိုက်တဲ့အခါကျတော့ အဲဒီမှာ အဓမ္မဝါဒကြီး အဲဒီအချိန်အခါကစပြီး ထွန်းကားလာတဲ့အတွက် ဒီအဓမ္မဝါဒ မထွန်းကားခင် အချိန်အခါတုန်းက လူသားတွေမှာ ရောဂါသုံးမျိုးပဲ ရှိတယ်။
တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။ (သုတ္တနိပါတ၊၃၂၅၊၊)
(ဣစ္ဆာ =) ထိုထိုသက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ လိုလားတပ်မက်တဲ့ စိတ်ထားလေးတစ်ခု၊ ဒါကိုလည်း ရောဂါလို့ပဲ သတ်မှတ်တယ်။ (အနသနံ =) ထမင်းဆာတဲ့ ရောဂါတစ်ခု၊ (ဇရာ =) အိုတဲ့ ရောဂါတစ်ခု၊ ဒီရောဂါသုံးခုပဲ၊ ရှေးယခင်တုန်းက ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီဥက္ကာက မင်းကနေ စပြီးတော့ နွားတွေကို သတ်ဖြတ်ပြီးတော့ နွားလည်ပင်းပေါ်မှာ ဓားတင်လိုက်တဲ့အချိန်အခါက စပြီးတော့ လူ့လောကကြီးမှာ (၉၆)ပါး သို့မဟုတ် အဲဒီမှာတော့ (၉၈)ပါးဆိုပြီး ဖော်ပြထားတယ်။ (၉၆)ပါး, (၉၈)ပါးသော အနာရောဂါဝေဒနာတွေသည် အဲဒီအချိန်အခါကစပြီး ဖြစ်ပေါ်လာတယ်။ အနာရောဂါတွေ ထူပြောလာကြတယ်။ နည်းနည်းလေး ပြန်ဆန်းစစ် ကြည့်ပါနော်။ အဲဒီလို အသားငါးတွေ မစားခင် အချိန်အခါတုန်းက လူ့လောက၌ အဲဒီလောက် ထူပြောနေတဲ့ အနာရောဂါတွေ ရှိသလား? မရှိခဲ့ဖူးဘူး၊ ဒါ ဘုရားကိုယ်တိုင် ဟောထားတယ်။ဗြာဟ္မဏဓမ္မိကသုတ္တန် (သုတ္တနိပါတ၊၃၂၅။)မှာ ပါပါတယ်။ သတ္တဝါတွေကို သတ်ဖြတ်ပြီး အသားငါးတွေကို မစားခင်မှာ ရောဂါ ဘယ်နှစ်မျိုးရှိသလဲ? သုံးမျိုး။ လိုချင်တယ်ဆိုတဲ့ ရောဂါ တစ်ခု၊ ထမင်းဆာတယ်ဆိုတဲ့ ရောဂါတစ်ခု၊ အိုတယ်ဆိုတဲ့ ရောဂါတစ်ခု ဒီသုံးခုပဲ ရှိတယ်။ ဒီလိုဆိုရင် တရားစောင့်ခြင်းသည် အနာရောဂါကင်းဖို့ရာအတွက် အကြောင်းမဖြစ်ဘူးလား? ဖြစ်နေတယ်နော်။ တရားမစောင့်ကြတော့ဘူးဆိုတော့ အနာရောဂါတွေ ထူပြောပြီး မလာဘူးလား? ထူပြောပြီး လာကြတယ်။ အနာရောဂါအမျိုးမျိုး ဘာကြောင့် ထူပြောရတယ်ဆိုတာ ဒီနေ့ခေတ် သိပ္ပံပညာရှင်များလည်း သဘောပေါက်ကြပါတယ်။ ဘာဖြစ်လို့လဲ?
သတ္တဝါအားလုံးမှာ များသောအားဖြင့် အနာရောဂါ အနည်းအများ ရှိကြပါတယ်နော်။ အဲဒီသတ္တဝါအားလုံးမှာ အနာရောဂါတွေက ရှိနေတော့ အနာရောဂါရှိနေတဲ့ သတ္တဝါတစ်ဦးကို သတ်ဖြတ်ပြီး စားလိုက်တဲ့အတွက် ဒီရောဂါတွေဟာ တစ်ဆင့် ကူးစက်ပြီး မလာဘူးလား? ကူးစက်လာတယ်။ ဒါကလည်း တစ်ခု၊ အသားတိုင်း အသားတိုင်းမှာ အဆိပ်ဓာတ်ဆိုတာ ရှိကြပါတယ်၊ ငါးတွေမှာလည်း အဆိပ်ဓာတ်ဆိုတာ ရှိကြပါတယ်။ အဲဒီ အသားငါးတွေမှာ အဆိပ်ဓာတ်ရှိတော့ ဒီအဆိပ်ဓာတ်ရှိနေတဲ့ အသားငါးတွေကို သွားစားလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း ရောဂါတွေ ထူပြောပြီး မလာဘူးလား? ထူပြောလာကြတယ်။ မျက်စိရောဂါ နားရောဂါ အစရှိသည်ဖြင့် (၉၆)ပါး သို့မဟုတ် (၉၈)ပါးသော အနာရောဂါ အမျိုးမျိုးတွေ ဖြစ်ပေါ်လာကြတယ်နော်။ ဒါပေမဲ့ ကြိုက်လာပြီဆိုလို့ရှိရင် အဲဒီလို ရောဂါ ဖြစ်တာကို ကိုယ်က လှမ်းပြီး ကြည့်သေးလား? မကြည့်ကြတော့ဘူးနော်။ မကြည့်ကြတဲ့အတွက် သတ္တဝါတွေမှာ ဘာတွေဖြစ်လာကြသလဲ? ဖြစ်လာပုံနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် အာမဂန္ဓသုတ္တန်မှာ မြတ်စွာဘုရားက ဂါထာ နှစ်ခု ထပ်ပြီး ဟောတော်မူပါတယ်။ နာကြည့်ကြရအောင် ...။
အာမဂန္ဓသုတ္တန် (ဒုတိယပိုင်း)
ယေ ဣဓ ကာမေသု အသညတာ ဇနာ၊
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ။
နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဂါထာနှစ်ခုထဲက ပထမဂါထာကို ဆက်ဟောတော်မူပါတယ်၊ ဒီဂါထာတွေကို ဘုရားရှင်က ဘယ်လိုဦးတည်ချက်နဲ့ ဟောတော်မူသလဲလို့မေးတော့ အဋ္ဌကထာဆရာတော်က ဘုရားရှင်၏ ဦးတည်ချက်ကို ဖွင့်ဆိုထားပါတယ်။
ပြောခဲ့ပြီးတဲ့ နံပါတ် (၁)ဂါထာမှာ ပါဏာတိပါတ, အဒိန္နာဒါန စသည်ဖြင့် အာမဂန္ဓအညှီအဟောက်အကြောင်းတွေကို မြတ်စွာဘုရားက ဟောကြားတော်မူလိုက်တယ်။ ဒီလိုဟောကြားချက်ကတော့ ဘယ်သူဘယ်ဝါဆိုတဲ့ ဦးတည်ချက်မပါတဲ့အတွက် ဓမ္မာဓိဋ္ဌာန်နည်းအားဖြင့် ဒေသနာတော်ကို ဟောကြားတော်မူခြင်းလို့ ဆိုလိုပါတယ်။ အဲဒီနည်းအားဖြင့် မြတ်စွာဘုရားက အာမဂန္ဓ = အညှီအဟောက်ကို ဖြေဆိုပြီးတဲ့အချိန်အခါမှာ ယခုအခါမှာ ထိုထိုသတ္တဝါတွေရဲ့ သန္တာန်မှာ ထိုထို အာမဂန္ဓတရားတွေ = အညှီအဟောက် တရားတွေနှင့် ပြည့်စုံနေကြတယ်။ သတ္တဝါတစ်ယောက်တည်းမှာပဲ အာမဂန္ဓ = အညှီအဟောက်တရားတွေ အကုန်လုံးနှင့် ပြည့်စုံနေတာလည်း မဟုတ်ဘူး၊ အာမဂန္ဓ = အညှီအဟောက်တရားအားလုံးဟာလည်း ပြိုင်တူ တစ်ပြိုင်နက်တည်း ပြည့်စုံနေတာလည်း မဟုတ်ဘူး၊ ထိုထိုသတ္တဝါတွေရဲ့ သန္တာန်မှာ ထိုထို အာမဂန္ဓ = အညှီအဟောက်တရားတွေဟာ ထိုက်သလို ပြည့်စုံနေကြတယ်။ အဲဒီလို ပြည့်စုံနေတဲ့ ဒီအာမဂန္ဓအမျိုးမျိုးတွေကို မြတ်စွာဘုရားက ထင်ရှား ပြချင်တဲ့အတွက် ပုဂ္ဂလာအဓိဋ္ဌာန်ဒေသနာတော်နည်းအားဖြင့် ဒေသနာတော်ကို မြတ်စွာဘုရားက ဆက်ပြီး အဖြေပေးလိုတယ်။ အဖြေပေးလိုတဲ့ အတွက် ဂါထာ နှစ်ဂါထာ ဆက်ပြီး ဟောတယ်။ အဲဒီနှစ်ဂါထာထဲက ပထမ ဂါထာက ဘယ်လိုလဲ?
ယေ ဣဓ ကာမေသု အသညတာ ဇနာ၊
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ။
နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဣဓ = ဤလောက၌။ ယေ ဇနာ = အကြင်လူသားတို့သည်။ ကာမေသု = ကာမဂုဏ်တို့၌။ အသညတာ = စောင့်စည်းမှုမရှိကြလေကုန်။ ရသေသု = ရသာရုံအမျိုးမျိုးတို့၌။ ဂိဒ္ဓါ = တွယ်တာမက်မောသော စိတ်ထားရှိ၍နေကြလေကုန်၏။ အသုစိဘာဝမဿိတာ = မစင်ကြယ်သော မိစ္ဆာအာဇီဝအဖြစ်ကို မှီတင်းနေကြလေကုန်၏။ နတ္ထိကဒိဋ္ဌီ = နတ္ထိကဝါဒအယူရှိ၍ နေကြလေကုန်၏။ ဝိသမာ = မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၍ နေကြလေကုန်၏။ ဒုရန္နယာ = မှန်ကန်တဲ့ အသိဉာဏ်ကို ပေးတဲ့အခါ သိနိုင်ခဲသော သဘောရှိ၍ နေကြလေကုန်၏။ ဧသ ဧသော = ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှု စသည်ဖြင့် (၆)မျိုးအပြားရှိသော သဘောတရားသည်။ အာမဂန္ဓော = အာမဂန္ဓအညှီအဟောက်ပါပေတည်း။ မံသဘောဇနံ = အသားတည်းဟူသောဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် အာမဂန္ဓ မဟုတ်ပါ။
အာမဂန္ဓကို တစ်နည်းတဖုံ မြတ်စွာဘုရားက ဆက်ပြီး အဖြေပေးတော်မူပါတယ်။ လောကမှာ အကြင်လူသားတွေ ရှိကြတယ်။ အဲဒီလူသားတွေကဘယ်လိုလဲ?
ယေ ကေစိ ဣဓ လောကေ ကာမပဋိသေဝနသင်္ခါတေသု ကာမေသု မာတိမာတုစ္ဆာဒီသုပိ မရိယာဒါဝိရဟေန ဘိန္နသံဝရတာယ အသံယတာ ပုထုဇ္ဇနာ။
ဣဓ လောကေ = ဤလောက၌။ ယေ ကေစိ = အချို့အချို့သော သတ္တဝါတို့သည်။ ကာမပဋိသေဝနသင်္ခါတေသု ကာမေသု = ကာမဂုဏ်ကို မှီဝဲခြင်းဟုခေါ်ဆိုအပ်သော ကာမတို့၌။ မာတိမာတုစ္ဆာဒီသုပိ = မိကြီး မိထွေး စတဲ့ ပုဂ္ဂိုလ်တို့၌သော်လည်းပဲ။ မရိယာဒါဝိရဟေန = အပိုင်းအခြားကင်းသောစိတ်ထားဖြင့်။ ဘိန္နသံဝရတာယ = ပျက်ပြားသော စောင့်စည်းမှု ရှိလေသည်အတွက်ကြောင့်။ အသံယတာ = မစောင့်စည်းကြကုန်သော။ ပုထုဇ္ဇနာ = ပုထုဇန်ငမိုက်သားတို့သည်။ သန္တိ = ရှိ၍နေကြလေကုန်၏။
လောကမှာပေါ့နော်။ ကာမဂုဏ်နဲ့ပတ်သက်ပြီး မလိုက်စားသင့်တဲ့ပုဂ္ဂိုလ်တွေ အပိုင်းအခြားဆိုတာ လူ့လောက ယဉ်ကျေးမှုအရ ရှိကြပါတယ်။ အမိကဲ့သို့ ပုဂ္ဂိုလ်တွေ မိထွေး မိကြီးအစရှိတဲ့ ပုဂ္ဂိုလ်တွေ ဒီလို ပုဂ္ဂိုလ်တွေ အပေါ်မှာလည်း ပိုင်းခြားခြင်းကင်းနေတဲ့စိတ်ထားတွေ ရှိကြတယ်။ ရောယှက်ရှုတ်ထွေးမှုတွေဖြင့် ပေါင်းသင်းဆက်ဆံလာကြပြီ။ စောင့်စည်းမှု ဘာမှ မရှိကြဘူး။ နောက်တစ်ခု ဘာဖြစ်လဲ?
ရသေသု ဂိဒ္ဓါ၊
ရသေသု = ရသာရုံအမျိုးမျိုးတို့၌။ ဂိဒ္ဓါ = တွယ်တာမက်မောသော စိတ်ထားရှိ၍ နေကြလေကုန်၏။
သူတို့ကို တစ်ဖန် ပြန်ကြည့်လိုက်တဲ့ အချိန်အခါမှာ ရသာရုံတွေအပေါ်၌ အလွန် မက်မောတွယ်တာနေတဲ့ စိတ်ထားရှိကြတယ်။ ဘယ်လိုလဲ?
ရသေသု ဂိဒ္ဓါတိ ဇိဝှါဝိညေယျေသု ရသေသု ဂိဒ္ဓါ ဂဓိတာ မုစ္ဆိတာ အဇ္ဈောသန္နာ အနာဒီနဝဒဿာဝိနော အနိဿရဏပညာ ရသေ ပရိဘုဉ္ဇန္တိ။
ရသေသု ဂိဒ္ဓါတိ = ရသာရုံအမျိုးမျိုးတို့၌ တွယ်တာမက်မော၍ နေကြကုန်၏ဟူသည်ကား။ ဇိဝှါဝိညေယျေသု = ဇိဝှါဝိညာဏ်စိတ်အစဉ်ဖြင့်သိအပ်ကုန်သော။ ရသေသု = ရသာရုံအမျိုးမျိုးတို့၌။ ဂိဒ္ဓါ = မက်မောနေကြကုန်သည်။ ဂဓိတာ = တွယ်တာကြကုန်သည်။ မုစ္ဆိတာ = မေ့မျော၍ နေကြကုန်သည်။ အဇ္ဈောသန္နာ = မျိုမတတ်စွဲလမ်း၍ နေကြကုန်သည်။ အနာဒီနဝဒဿာဝိနော =အပြစ်ကိုရှုမြင်လေ့ မရှိကြကုန်သည်။ အနိဿရဏပညာ = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာ မရှိကြကုန်သည်ဖြစ်၍။ ရသေ = ရသာရုံအမျိုးမျိုးတို့ကို။ ပရိဘုဉ္ဇန္တိ = ဘုဉ်းပေး သုံးဆောင်၍ နေကြလေကုန်၏။
ရသာရုံအပေါ်မှာ တွယ်တာမက်မောနေတဲ့ ပုဂ္ဂိုလ်တွေ လောကမှာ ရှိကြတယ်။ အဲဒီပုဂ္ဂိုလ်တွေက ဇိဝှါဝိညာဏ်ဖြင့် လှမ်းပြီးသိအပ်တဲ့ ရသာရုံ အမျိုးမျိုးတွေအပေါ်၌ သိပ်ပြီးတော့ မက်မက်မောမော ရှိနေကြတယ်။ မျိုမတတ်စွဲလမ်းပြီးတော့ တည်နေကြတယ်။ မျိုမတတ် စွဲလမ်းပြီး တည်နေတယ်ဆိုတာက ဘာပြောတာလဲ? မျိုလည်းမျိုတယ်လို့ ပြောတာပါ။ လျှာပေါ် တင်လိုက်ပြီဆိုလို့ရှိရင် လျှာပေါ်မှာ တင်ထားပြီးတော့ ထွေးပြစ်သလား? ထွေးမပြစ်ပါဘူး။ မျိုမတတ်စွဲလမ်းနေတယ်နော်။ သိပ်ပြီးတော့ စွဲနေကြတယ်။ စွဲနေတဲ့အချိန်အခါကျတော့ အဲဒီမှာ နည်းနည်းလေး စကားတစ်ခုတော့ ရှိတယ်ပေါ့၊ ဘုရားရှင်က ဒီနေရာမှာ အသားရယ် ငါးရယ် ဘာရယ်လို့ မပြောပါဘူး။ ရသာရုံအမျိုးမျိုးလို့ ဒီလို ဟောတာပါ။
ဓမ္မာဓိဋ္ဌာနပိုင်းအနေနဲ့ ရည်ရွယ်ပြီးတော့ ဟောနေတယ်။ ဘယ်ရသာရုံပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်ရသာရုံဖြစ်ဖြစ်ဆိုတာ နည်းနည်းလေး ဘုန်းကြီး ပွင့်ပွင့် လင်းလင်း ထပ်ပြီး ပြောပါ့မယ်။ တံခွန်တိုင်မှာ ဘုန်းကြီးတို့ သီတင်းသုံးဖော်ဖြစ်တဲ့ ဥုးဩဘာရှိစဉ်အချိန်အခါတုန်းက သူ့ဆီရောက်ရင် ခဏခဏပြောတယ်။ ငါးသာလျှင် အရိုးစူးတာ မဟုတ်ဘူးတဲ့။ အာလူးကလည်း အရိုးစူး တတ်ပါတယ်တဲ့။ သူ ခဏခဏပြောဖူးတယ်။ ကျုပ်တို့ကတော့ အသားငါးတော့ မကြိုက်ပါဘူး။ အာလူးမှ ကြိုက်တယ်ဆိုတော့ အာလူးကြိုက်တာဟာလည်း အဲဒါ အာလူးအရိုးစူးတာ မဟုတ်ဘူးလား? စူးနေတာပဲ။ ဘာပဲဖြစ်ဖြစ် ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီစိတ်ထားရှိတာကို ဘုရားရှင်က မနှစ်ခြိုက်ဘူး။ မအပ်စပ်ရင်တော့ ဘာမှ မယူပါနဲ့၊ မစားနဲ့၊ သက်သတ်လွတ်သည် ဖြစ်စေ၊ မလွတ်သည် ဖြစ်စေ၊ မအပ်စပ်ဘူးဆိုလို့ရှိရင်တော့ ဘာကိုမျှ မစားနဲ့၊ အပ်စပ်နေတယ်ဆိုလို့ရှိရင်တော့ ရသာရုံအပေါ်မှာ တွယ်တာမက်မောတဲ့ စိတ်ဓာတ်ဖြင့် စားသုံးတာကိုလည်း ဘုရားရှင်က မနှစ်ခြိုက်ပြန်ဘူး။ မအပ်ရင်တော့ ဘာမှ မြတ်စွာဘုရား ခွင့်မပြုပါဘူးနော်။ အဲဒီတော့ ဒီနေရာမှာ သူက ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့စိတ်ထား, မျိုမတတ် စွဲလမ်းနေတဲ့ စိတ်ထား အဲဒီ မျိုမတတ်စွဲလမ်းတဲ့ စိတ်ထားဖြင့် သူတို့က ရသာရုံအမျိုးမျိုးတွေကို စားသုံးနေကြတယ်။ အဲဒီလို စားသုံးတဲ့အချိန်အခါမှာ သူတို့က ဘယ်လို ဖြစ်နေလဲ?
(အနာဒီနဝဒဿာဝိနော =) ရသာရုံကြောင့်ရရှိမယ့် အပြစ်တွေကို ရှုတတ်တဲ့ စိတ်ထား မရှိကြဘူး။ နောက်တစ်ခု --- (အနိဿရဏပညာ =) သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာ ဉာဏ်ပညာလည်း မရှိကြဘူး။ အဲဒီလို အသိအလိမ္မာဉာဏ်ပညာ မရှိဘဲနဲ့ ဒီရသာရုံအမျိုးမျိုးတွေကို စားသုံးပြီး နေကြတယ်။ အဲဒီလို စားသုံးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာတဲ့လဲ? အာမဂန္ဓအညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒီလိုဆိုရင် အာလူးကို သဘောကျလို့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ စားခဲ့ရင်ကော ဒါ အညှီအဟောက်ကို စားတယ်လို့ မခေါ်နိုင်ဘူးလား? ခေါ်နိုင်တယ်၊ ပဲငပိကို သဘောကျပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ စားခဲ့ရင်ရော အညှီအဟောက်ကိုစားတယ် မခေါ်နိုင်ဘူးလား? ခေါ်နိုင်ပါတယ်။ ကြက်ဥ ဘဲဥတွေကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကြော်ချက်ပြီး စားလိုက်တယ် ဆိုလို့ရှိရင်လည်း အညှီအဟောက်ကို စားတယ်လို့ မခေါ်ဘူးလား? ခေါ်နိုင်ပါတယ်။ ရသာရုံ အမျိုးမျိုးအပါ်၌ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်ဖြင့် စားနေရင် ဒါ အားလုံး အညှီအဟောက်ကို စားနေတာပဲ။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က (အနိဿရဏပညာ =) သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာဉာဏ်ပညာ မရှိဘဲနဲ့ စားတယ် ဆိုပြီး ဒီစကား ဖော်ပြထားတယ်။
သား၏ အသားပမာ
(ပုတ္တမံသူပမသုတ္တန်ပိုင်း)
ဒီတော့ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာ ဉာဏ်ပညာဆိုတဲ့ အပိုင်းနဲ့ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီညတော့ သုတ္တန် တစ်ခု ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ လာရှိတယ်၊ အဲဒီ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ လာရှိတဲ့ ဒီသုတ္တန်ကတော့ ပုတ္တမံသူပမသုတ္တန် (သံ၊၁၊၃၂၂-၃၂၄။)လို့ ခေါ်ပါတယ်။ သား၏အသားပမာလို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီသုတ္တန်က ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရသလဲ? ဖြစ်ပေါ်လာရင်း အကြောင်းရင်းကို မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။
ဒီသုတ္တန်က အတ္ထုပ္ပတ်တစ်ခုကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတာပါ။ ဒီအကြောင်း အတ္ထုပ္ပတ်ကို ထင်ထင်ရှားရှား ဖော်ပြပြီးမှ အဖွင့်သံဝဏ္ဏနာ တွေကို ဆက်လက်ပြီးတော့ ပြုလုပ်ပေးပါမယ်၊ ရေးသားပေးပါမယ်ဆိုပြီး အဋ္ဌကထာဆရာတော်က ဒီလို နိဒါန်းချီထားပါတယ်။ ဘယ်လိုလဲ? ဒီ အတ္ထုပ္ပတ္တိက ဘယ်အချိန်အခါက ဖြစ်ပေါ်လာသလဲ? ဖြစ်ပေါ်လာပုံကတော့ (လာဘသက္ကာရေန =) လာဘ်လာဘ အပူဇော်သက္ကာရ များပြားခြင်းကို အကြောင်းခံပြီးတော့ ဘုရားရှင်က ဒီသုတ္တန်ကို ဟောတော်မူရပါတယ်။ (သံ၊ဋ္ဌ၊၂၊၉၄-၉၅။)
ဘုရားရှင့်သာသနာတော်ကို ကြည်ညိုတဲ့ ဒကာ ဒကာမတွေက ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို အကြီးအကျယ် လှူကြပြီ။ လှူဒါန်းလိုက်တဲ့ အချိန်အခါမှာ အကြီးအကျယ် လာဘ်လာဘရခြင်း, အပူဇော် ခံရခြင်းဆိုတဲ့ လာဘသက္ကာရသဘောတရားတွေက ထင်ရှားဖြစ်ပေါ်လာပြီ။
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းမှာ ဘုရားရှင်သည် ဒါန ပါရမီအစရှိတဲ့ ပါရမီ (၁၀)ပါးကို ဖြည့်ကျင့်တော်မူခဲ့ပါတယ်။ ထိုပါရမီ (၁၀)ပါးတို့ရဲ့ စုပေါင်းပြီး အကျိုးပေးနေတဲ့ စွမ်းအင်အဟုန်ကြောင့် နောက်ဆုံး ဘဝ ဘုရားဖြစ်တဲ့အချိန်အခါမှာ လာဘ်လာဘတွေက သိပ်ပြီးတော့ ပေါများလာပြီ။
ဘုရားရှင်ရဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ဖြည့်ကျင့်ထားတဲ့ ဒါနပါရမီအစရှိတဲ့ ပါရမီတော်တွေက တို့ ဒီနေရာမှာ စုပေါင်းပြီးတော့ ဒီနောက်ဆုံးဘဝမှာ အကျိုးပေးကြမယ်ဆိုပြီးတော့ စုပေါင်းတိုင်ပင်ထားတဲ့ ပုံစံလိုပဲ။ လာဘသက္ကာရခေါ်တဲ့ လာဘ်လာဘအပူဇော်ခံရခြင်းဆိုတဲ့ ရေအလျဉ်ကြီးဟာ အကြီးအကျယ် ဖြစ်ပေါ်လာပြီ။
ဒီပါရမီတော်တို့ရဲ့ အစွမ်းဟုန်ကြောင့် ကံတွေက အကျိုးပေးဖို့ရာ အခါအခွင့်က သင့်လာကြပြီ။ နောက်ဆုံးဘဝလည်း ဖြစ်လာပြီ။ ထိုထိုဒေသ ထိုထိုအရပ်ဌာနတွေကနေပြီးတော့ ဆွမ်းတွေ အဖျော်ယမကာတွေ ယာဉ်တွေ အဝတ်တွေ ပန်းနံ့သာတွေ နံ့သာပျောင်းတွေ လက်ဆွဲပြီးတော့ မင်းသူဌေး သူကြွယ် ပုဏ္ဏားသူဌေးသူကြွယ် အစရှိတဲ့ ပုဂ္ဂိုလ်တွေ လာကြတယ်။ လာပြီးတော့ မြတ်စွာဘုရား ဘယ်မှာလဲဘုရား၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင် ဘယ်နေရာမှာ ရှိပါသလဲဘုရား၊ နတ်ထက်နတ် မြတ်တော်မူသော ဘုရားရှင် ဘယ်နေရာမှာ ရှိပါသလဲဘုရား၊ လူတို့တွင် အသာဆုံး အမြတ်ဆုံး ဖြစ်နေတဲ့ ဘုရားရှင် ဘယ်မှာရှိပါသလဲ၊ ယောက်ျားခြင်္သေ့မြတ် ဖြစ်တော်မူသော ဘုရားရှင် ဘယ်မှာရှိပါသလဲစသည်ဖြင့် ဒီလို မေးကြတယ်။ ဘုရားရှင်ကို လိုက်ပြီးတော့ ရှာဖွေနေကြတယ်။
မြတ်စွာဘုရား ဘယ်နေရာ ကြွကြွပေါ့လေ။ လှူချင်လွန်းလို့ ဘုရားရှင်ကို ရှာဖွေပြီးတော့ လှည်းတွေ ရာနဲ့ချီပြီးတော့ လှူဖွယ်ပစ္စည်းတွေကို တင်ဆောင်ကာ ဘုရားရှင်အား လှူဖို့အတွက် ရည်စူးပြီး သယ်လာကြတယ်။ သယ်ပြီးတဲ့အခါမှာ လှူဖို့ အခါအခွင့်မရဘူးဆိုလို့ရှိရင် ဘုရားရှင်နောက်တော်ကနေ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ ပြည့်နေအောင် လိုက်ကြတယ်။ တစ်ဂါဝုတ်ပမာဏမျှရှိနေတဲ့ ပရိသတ်အစုကြီးဟာ ပစ္စည်းတွေ လှည်းတွေနဲ့ အပြည့်တင်ပြီးတော့ လိုက်ကြတယ်။ လှည်းဦးတစ်ခုနဲ့ လှည်းဦး တစ်ခုဟာ ထိစပ်ပြီးတော့ တည်နေတယ်။ နောက်ကနေ အစဉ်တစိုက်လိုက်ပြီး နေကြတယ်။
ဘုရားရှင်မှာသာ ဒီပစ္စည်းလေးပါး ပေါများသည် မဟုတ်ဘူး။ ရဟန်း သံဃာမှာလည်း ပေါနေတယ်။ ဘုရားရှင်သာ အရိုအသေပြုခံရတာ အလေးစားခံရတာ အမြတ်နိုးခံရတာ အပူဇော်ခံရတာ မဟုတ်ဘူး။ ရဟန်းသံဃာတွေလည်း အရိုအသေခံရတယ်၊ အလေးစားခံရတယ်၊ အမြတ်နိုးခံရတယ်၊ အပူဇော်ခံရတယ်၊ ဆွမ်းသင်္ကန်းကျောင်းဆေးခေါ်တဲ့ ပစ္စည်းလေးပါး အသုံးအဆောင်ပရိက္ခရာတွေက အလွန် ရလွယ်တဲ့သဘော ရှိနေတယ်။
နောက်သုတ္တန်တစ်ခု ပြန်ဟောထားသေးတယ်နော်။
ချစ်သားစုန္ဒ ... ယခုအခါမှာ သံဃာတော် ဖြစ်ပေါ်လာပြီဖြစ်တယ်။ ဂိုဏ်းဂဏလည်း ဖြစ်ပေါ်လာပြီဖြစ်တယ်။ ဒါပေမဲ့ ငါဘုရားရှင်ရဲ့ ဒီသံဃာလို ငါဘုရားရဲ့ ဂိုဏ်းဂဏလို တခြားတခြား သံဃာတွေ တခြားတခြား ဂိုဏ်း ဂဏတွေမှာ လာဘ်လာဘ အခြွေရံပရိသတ် အခြံရံအကျော်စောတွေမှာ အထွတ်အထိပ် ရောက်သွားတဲ့ ရဟန်းသံဃာဆိုတာ ငါဘုရား မမြင်ပါဘူး။ ဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ တည်ရှိနေတဲ့ ရဟန်းတော်တွေမှာ သာလျှင် လာဘဂ္ဂ-ယသဂ္ဂပတ္တံ =အထွတ်အထိပ်ဖြစ်တဲ့ လာဘ်လာဘ အထွတ်အထိပ်ဖြစ်တဲ့ အခြွေအရံပရိသတ် အထွတ်အထိပ်ဖြစ်တဲ့ အကျော် အစောဆိုတဲ့ ဒီဂုဏ်တွေ ရရှိပါတယ်။ (ဒီ၊၃၊၁၀၄။ ခု၊၁၊၈၉။ သံ၊၁၊၃၄၀။ ...)
အဲဒီလို လာဘ်လာဘတွေက သိပ်ပေါလာပြီ။ ဂုဏ်သတင်းတွေကလည်း သိပ်ကျော်ကြားလာပြီနော်။ ဘုရားရှင်ရဲ့ ဘုန်းကံ, ရဟန်းသံဃာတော်တို့ရဲ့ ဘုန်းကံကြောင့် ဖြစ်ပေါ်လာတဲ့ လာဘ်ပူဇော်သက္ကာရတရားတွေဟာ မြစ်ကြီး နှစ်စင်း ပြိုင်တူ စီးဆင်းလာတဲ့ ရေတွေကို ချင်တွယ်ကြည့်မယ်ဆိုရင် ချင်တွယ်လို့ မရနိုင်သလို အလွန့်အလွန် များပြားလာပြီ။
တစ်ချိန် ဘုရားရှင်က ဆိတ်ငြိမ်ရာအရပ်ကို တစ်ပါးထီးတည်း သမာပတ် ဝင်စားလျက် ချဉ်းကပ်ပြီး နေထိုင်ပြီးတဲ့အခါ သမာပတ်မှအထ စဉ်းစားကြည့်တယ်။ ဘယ်လိုလဲ?
ဘုရားရှင်က မိမိနဲ့ ရဟန်းသံဃာမှာ မြစ်ကြီးနှစ်ခု ပေါင်းဆုံပြီး စီးဆင်းလာတဲ့ရေတွေဟာ ထုထည်ပမာဏ တိုင်းတာလို့မရအောင် အလွန့်အလွန် များပြားလှသလို လာဘ်ပူဇော်သက္ကာရဆိုတဲ့ သဘောတရားတွေ ထင်ရှား ဖြစ်ပေါ်လာတဲ့အတွက် စဉ်းစားတော်မူတယ်နော်။ ရှေးလွန်လေပြီးသော အတိတ်ကာလက ပွင့်ထွန်းတော်မူခဲ့တဲ့ ဘုရားရှင်တို့မှာလည်းပဲ ယခုကဲ့သို့ သဘောရှိနေတဲ့ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ လာဘ်အပူဇော်သက္ကာရတရားတွေ ထင်ရှားဖြစ်ခဲ့တယ်။ နောင်အနာဂတ်ကာလမှာ ပွင့်ထွန်းတော်မူလတ္တံ့ ဖြစ်ကြကုန်သော ဘုရားရှင်တို့မှာလည်း အလားတူပဲ ဤကဲ့သို့ ကြီးကျယ် ဖွံ့ဖြိုးများမြတ်တဲ့ လာဘ်အပူဇော်သက္ကာရတရားတွေ ထင်ရှားဖြစ်ပေါ်လာပေ လိမ့်မယ်။ ဘယ့်နှယ်တုန်း ငါဘုရားရှင်ရဲ့တပည့်သာဝက ရဟန်းတော်တွေဟာ အာဟာရကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ် သိမ်းဆည်းတတ်တဲ့ သတိသမ္ပဇဉ် ဉာဏ်တွေနဲ့ ပြည့်စုံပြီးတော့ စိတ်ကို အလယ်အလတ်၌ ထားနိုင်လျက် အာဟာရအပေါ်၌ လိုလားတပ်မက်ခြင်း ဆန္ဒရာဂတရားတွေ ကင်းကင်း ရှင်းရှင်းနဲ့ အာဟာရကို ဘုဉ်းပေးသုံးဆောင်ဖို့ရန်အတွက် စွမ်းနိုင်ကြသလား, မစွမ်းနိုင်ကြဘူးလား? ဒီလိုဘုရားရှင်က ဆင်ခြင်ကြည့်တော်မူလိုက်တယ်။ ဆင်ခြင်ကြည့်တော်မူလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ဘာသွားတွေ့ တော်မူသလဲ?
မြတ်စွာဘုရား လှမ်းကြည့်တော်မူလိုက်တဲ့ အချိန်အခါကျတော့နော်။ သာသနာတော်သို့ ရောက်သစ်စဖြစ်နေတဲ့ တချို့တချို့ ရှင်တွေ ရဟန်းတွေ အစာအာဟာရကို ဘုဉ်းပေးသုံးဆောင်တဲ့အခါမှာ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှု မပြုကြဘဲ ဘုဉ်းပေးသုံးဆောင်နေကြတယ်ဆိုတာ ဘုရားရှင်က လှမ်းပြီး မြင်တော်မူတယ်။
မြင်လိုက်တဲ့အချိန်ခါမှာ ဘုရားရှင်ရဲ့ သန္တာန်မှာ စိတ်အကြံအစည် တစ်ခုပေါ်လာပြီ ဘယ်လိုလဲ?
ငါဘုရားသည် လေးသင်္ချေအလွန်ရှိတဲ့ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး ဒါနအစရှိတဲ့ အတွင်းအပ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုကို စွန့်လွှတ်ကာ ဖြည့်ကျင့်ဆည်းပူးတော်မူအပ်တဲ့ ပါရမီ (၁၀)ပါး, အင်္ဂါခြေလက်တို့ကို စွန့်လွှတ်၍ ဖြည့်ကျင့်တော်မူအပ်တဲ့ ဥပပါရမီက (၁၀)ပါး, အသက်ကို စွန့်လွှတ်ပြီး ဖြည့်ကျင့်တော်မူအပ်တဲ့ ပရမတ္ထပါရမီက (၁၀)ပါး ပေါင်းလိုက်တော့ ပါရမီအပြား (၃၀)။ ပါရမီအပြား (၃၀)ရှိနေတဲ့ ဒီပါရမီတော်မြတ်အပေါင်း တွေကို ဖြည့်ကျင့်တော်မူသော ငါဘုရားရှင်သည် သင်္ကန်းကို ရလိုခြင်း, ဆွမ်းကို ရလိုခြင်း, ကျောင်းတွေ ရလိုခြင်း, ဆေးပစ္စည်းတွေကို ရလိုခြင်း အစရှိတဲ့ ဒီပစ္စည်းအာမိသတည်းဟူသော အကြောင်းတရားတွေကြောင့် ငါဘုရား ဒီပါရမီတော်တွေကို ဖြည့်ကျင့်ဆည်းပူးခဲ့လေတာ မဟုတ်ဘူး။ အသာဆုံး အမြတ်ဆုံး အကျိုးတရားလို့ ခေါ်ဆိုအပ်တဲ့ အရဟတ္တဖိုလ် အကျိုးငှာသာလျှင် ငါဘုရားရှင်သည် ဒီပါရမီတော်မြတ်အပေါင်းကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့တယ်။
ဣမေပိ ဘိက္ခူ မမ သန္တိကေ ပဗ္ဗဇန္တာ န စီဝရာဒိဟေတု ပဗ္ဗဇိတာ၊ အရဟတ္တေဿဝ ပန အတ္ထာယ ပဗ္ဗဇိတာ။ (သံ၊ဋ္ဌ၊၂၊၉၅။)
ဣမေပိ ဘိက္ခူ = ဤရဟန်းတို့သည်လည်းပဲ။ မမ = ငါဘုရားရှင်၏။ သန္တိကေ = အထံတော်၌။ ပဗ္ဗဇန္တာ = ရှင်ရဟန်းပြုကြကုန်သည်ရှိသော်။ စီဝရာဒိဟေတု = သင်္ကန်းအစရှိသော ပစ္စည်းလေးပါးတို့ကို ရလိုခြင်းတည်းဟူသော အကြောင်းတရားကြောင့်။ န ပဗ္ဗဇိတာ = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြသည်ကား မဟုတ်ကြလေကုန်။ အရဟတ္တေဿဝ ပန အတ္ထာယ = အရဟတ္တဖိုလ်တည်းဟူသော အကျိုးငှာသာလျှင်။ ပဗ္ဗဇိတာ = သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုလာကြပေကုန်၏။
မယံ ဘန္တေ သံသာရဝဋ္ဋဒုက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇံ ယာစာမိ။
သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ ကျွတ်လွတ်ထွက်မြောက်ပါရခြင်းအကျိုးငှာ အရှင်မြတ်တို့ဘုရား ... တပည့်တော်အား ရှင်ရဟန်းပြုပေးတော်မူပါ စသည်ဖြင့် နဂိုဦးတည်ချက် မှန်မှန်ကန်ကန်နဲ့ သာသနာဘောင်သို့ ဝင်လာကြ တယ်နော်။ ဒီတော့ ငါဘုရားရှင်ရဲ့ သာသနာတော်အတွင်းသို့ ဒီရဟန်းတွေ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတာဟာ သင်္ကန်းတည်းဟူသော အကြောင်း တရားကြောင့်, ဆွမ်းတည်းဟူသော အကြောင်းတရားကြောင့်, ကျောင်းတည်း ဟူသော အကြောင်းတရားကြောင့်, ဆေးပစ္စည်းတည်းဟူသော အကြောင်း တရားကြောင့် ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုလာကြတာတော့ မဟုတ်ဘူး။ အရဟတ္တဖိုလ်ရလိုမှုဆိုတဲ့ အကြောင်းကို အခြေခံပြီးတော့မှ ငါဘုရားရှင်ရဲ့ သာသနာတော်အတွင်းသို့ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုလာကြတာ ဖြစ်တယ်။
တေ ဣဒါနိ အသာရမေဝ သာရံ အနတ္ထမေဝ စ အတ္ထံ ကရောန္တီတိ ဧဝမဿ ဓမ္မသံဝေဂေါ ဥဒပါဒိ။ (သံ၊ဋ္ဌ၊၂၊၉၅။)
တေ = ထိုရဟန်းတို့သည်ကား။ ဣဒါနိ = ယခုအခါ၌။ အသာရမေဝ = အနှစ်မဟုတ်တဲ့ တရားကိုပင်လျှင်။ သာရံ =အနှစ်သာရရှိ၏ဟူ၍။ အနတ္ထမေဝ = အကျိုးမရှိတဲ့တရားကိုပင်လျှင်။ အတ္ထံ = အကျိုးထင်ရှားရှိ၏ဟူ၍။ ကရောန္တိ = ပြုမူ၍နေကြပေကုန်၏။ ဣတိ ဧဝံ =ဤသို့လျှင်။ အဿ =ထိုဘုရားရှင်၏ သန္တာန်တော်၌။ ဓမ္မသံဝေဂေါ = ဓမ္မသံဝေဂသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။
မိမိရဲ့ တပည့်တွေကို မိမိ လှမ်းကြည့်လိုက်တော့ ဘုရားရှင်ရဲ့ စိတ်ထဲမှာ အားရကျေနပ်မှု မဖြစ်ဘူး၊ ဓမ္မသံဝေဂတွေ ဖြစ်သွားတယ်။ သာသာနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာစဉ် အချိန်အခါတုန်းကတော့ အရဟတ္တဖိုလ် ရစေရမယ်ဆိုတဲ့ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ ဝင်လာကြတာ ဖြစ်တယ်။ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုပြီးတဲ့ အချိန်အခါ ကျတော့မှ ဒီပစ္စည်းလေးပါးတွေကို မဆင်ခြင်ဘဲနဲ့ ဘဝမှထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာမရှိဘဲနဲ့ သုံးစွဲနေကြပြီ။ ဒီလိုသုံးစွဲတဲ့ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေကြတာလဲ?
အသာရံ = အနှစ်သာရမရှိတဲ့ တရားကို။ သာရံ = အနှစ်သာရဟူ၍။ ကရောန္တိ = ပြုမူ၍ နေကြလေကုန်၏။ အနတ္ထမေဝ = အကျိုးမရှိတဲ့ တရားကို ပင်လျှင်။ အတ္ထံ = အကျိုးရှိ၏ဟူ၍။ ကရောန္တိ = ပြုမူ၍ နေကြလေကုန်၏။
သာသနာဘောင်ရောက်လာတဲ့ အချိန်အခါကျတော့ ဘာလုပ်နေကြသလဲ? အနှစ်မရှိတဲ့ တရားတွေကို တကယ့်အနှစ်သာရအနေအားဖြင့် ပြုမူနေကြတယ်။ အကျိုးမရှိတဲ့တရားတွေကို တကယ့်အကျိုးတရားအဖြစ်နဲ့ ပြုမူပြီးတော့ သာသနာမှာ နေထိုင်ကြတယ်ဆိုပြီးတော့ ဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဓမ္မသံဝေဂတရားတွေ အထင်အရှား ဖြစ်ပေါ်လာပါတယ်။ အဲဒီလို ဓမ္မသံဝေဂ တရားတွေ အထင်အရှား ဖြစ်ပေါ်လာပြီးတဲ့နောက် ဘုရားရှင်က ဘာဆက်ပြီး ဘာစဉ်းစားတော်မူသလဲ?
ပဉ္စမပါရာဇိကရှိသင့်လျှင်
အကယ်၍များပေါ့လေ နောက်ထပ် ငါးခုမြောက်ဖြစ်တဲ့ ပါရာဇိက သိက္ခာပုဒ်တစ်ခု ပညတ်မယ်ဆိုရင် အာဟာရကို ဉာဏ်ဖြင့် ဆင်ခြင်ခြင်း မရှိဘဲ သုံးစွဲခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်ကို ပဉ္စမပါရာဇိကသိက္ခာပုဒ်အဖြစ်နဲ့ ပညတ်မယ်ဆိုရင် ပညတ်လို့ရတယ်။ ဘယ်လောက် မြတ်စွာဘုရား စက်ဆုပ်တယ်ဆိုတာ ကြည့်ပေါ့နော်။ ဒီတော့ ဒီနေရာမှာ အားလုံးလည်း သိတဲ့ ပုဂ္ဂိုလ်တွေ များကြပါလိမ့်မယ်။ နံပါတ် (၁) ပါရာဇိကက မေထုနပါရာဇိက ဖြစ်ပါတယ်။ ပါရာဇိကဆိုတာက သာသနာတော်မှ ရှုံးသွားပြီ။ ရဟန်း အဖြစ်က ဆုံးရှုံးသွားပြီ။ ဒီဘဝမှာတော့ ရဟန်းအဖြစ်ကို ဘယ်လိုမှ မရနိုင်တဲ့ ပြစ်မှုကြီးတစ်ခု လွန်ကျူးလိုက်ပြီ။ ဘုရားရှင် ဘယ်တော့မှ လက်မခံတော့ဘူး။ ဒီလိုပြစ်မှုကို ပါရာဇိကလို့ ခေါ်ပါတယ်။ (၁) ပါရာဇိကက မေထုန်မှီဝဲခြင်း, (၂) ပါရာဇိကက သူတစ်ပါးရဲ့ပစ္စည်း ခိုးယူခြင်း, (၃) ပါရာဇိကက လူဇာတ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ အသက်ကို သတ်ခြင်း, (၄) ပါရာဇိကက စျာန်မဂ်ဖိုလ်နိဗ္ဗာန်ကို မရဘဲနဲ့ ရတယ်လို့ ဝါကြွားပလွှားပြီးတော့ ပြောကြားခြင်းတဲ့ ပေါင်းလိုက်တော့ ပါရာဇိက (၄)ခု ဘုရားရှင် ပညတ်ထားတော်မူတယ်။ အကယ်၍များ (၅)ခုမြောက် ပဉ္စမပါရာဇိကသိက္ခာပုဒ်တစ်ခုကို ပညတ်ဖို့ရန် စွမ်းနိုင်ခဲ့မယ် ဆိုလို့ရှိရင်တော့ အာဟာရကို မှီဝဲတဲ့ အချိန်အခါမှာ, သုံးဆောင်တဲ့ အချိန်အခါမှာ ဉာဏ်ဖြင့် မဆင်ခြင်ဘဲ သုံးဆောင်ခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်ကို အကြောင်းပြုပြီးတော့ ပဉ္စမပါရာဇိကသိက္ခာပုဒ်ကို ပညတ်မယ်ဆိုရင် ပညတ်သင့်တယ်။ (သံ၊ဋ္ဌ၊၂၊၉၅။)
တကယ်လို့ ပညတ်မယ်ဆိုရင်လည်း ပညတ်လို့မရနိုင်တဲ့ သဘော ရှိနေပြန်တယ်။ ဘာဖြစ်လို့လဲ? သတ္တဝါတွေက ဒီအာဟာရကို အမြဲတမ်း မှီဝဲ ဆည်းကပ်နေကြရတယ်။ ဒါကြောင့် ဒီအာဟာရသည် သတ္တဝါတို့ရဲ့ အမြဲတမ်း မှီဝဲဆည်းကပ်ရာဌာနတစ်ခု ဖြစ်နေတယ်။
ပါရာဇိကအနေနဲ့ ပညတ်လို့ မရကောင်းပေမယ့်လို့ ပဉ္စမပါရာဇိကလို သဘောထားပြီးတော့ ကျင့်နိုင်တဲ့ပုံစံ အခြင်းအရာအားဖြင့် ငါဘုရားရှင်သည် ဓမ္မာဒါသအမည်ရနေတဲ့ တရားကြေးမုံမှန်တစ်ချပ်ကို ရဟန်းတော်တွေ စောင့်စည်းဖို့ရန်အတွက် ရဟန်းတော်တွေ လိုက်နာပြုကျင့်နိုင်ဖို့ရန်အတွက် အပိုင်းအခြား အကန့်အသတ် တစ်ခုတော့ ထားခဲ့မယ်။
ပဉ္စမပါရာဇိကကဲ့သို့ သဘောထားပြီးတော့ ဒီငါဘုရားဟောလိုက်တဲ့ ဒီတရားတော်တွေကို သူတို့ဉာဏ်ဖြင့် ကြည့်နေကြလိမ့်မယ်။ ဓမ္မာဒါသ ကြေးမုံအနေနဲ့ ကြည့်ပြီးတော့ ဒီတရားတွေဟာ တို့စောင့်စည်းဖို့ တရားတွေ ဖြစ်ကြတယ်၊ တို့လိုက်နာ ပြုကျင့်ဖို့ရန်အတွက် သတ်မှတ်ပေးထားတဲ့ စည်းကမ်းဘောင်ရိုးတစ်ခုလို ဖြစ်နေပြီလို့ ဒီလိုသဘောထားပြီးတော့ လိုက်နာ ပြုကျင့်နိုင်ကြဖို့ရန် ရည်ရွယ်ပြီးတော့, ဒီတရားတော်ကို ဆင်ခြင်ပြီးတော့ နောင်အနာဂတ်ကာလမှာ ရှိနေတဲ့ ရဟန်းတွေက ပစ္စည်းလေးပါးကို ဉာဏ်ဖြင့် ဆင်ခြင်ပြီး သုံးစွဲကြလိမ့်မယ်လို့ ဒီလိုသဘောပေါက်ပြီးတော့ မြတ်စွာဘုရားက ဒီပုတ္တမံသူပမသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခုကို ဟောကြားတော်မူခဲ့ပါတယ်။ (သံ၊ဋ္ဌ၊၂၊၉၅။) ကဲ အဲဒီသုတ္တန်ကို စပြီးတော့ နာကြည့်ကြရအောင် ...။
အာဟာရလေးမျိုး
စတ္တာရောမေ ဘိက္ခဝေ အာဟာရာ ဘူတာနံ ဝါ သတ္တာနံ ဌိတိယာ သမ္ဘဝေသီနံ ဝါ အနုဂ္ဂဟာယ။ (သံ၊၁၊၃၂၂။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဘူတာနံ ဝါ သတ္တာနံ = ဖြစ်ပြီးသာလျှင်ဖြစ်ကြကုန်၍ နောင်မဖြစ်ရမည့် ရဟန္တာအရှင်မြတ် သတ္တဝါတို့အားလည်းကောင်း။ သမ္ဘဝေသီနံ ဝါ = နောင်ဖြစ်ရမည့်ဘဝသစ်ကို ရှာမှီးဆဲ ဖြစ်ကြကုန်သော ပုထုဇန်သေက္ခပုဂ္ဂိုလ်တို့အားလည်းကောင်း။ ဌိတိယာ = တည်ခြင်းငှာ။ အနုဂ္ဂဟာယ = ချီးမြှောက်ခြင်းငှာ။ အာဟာရာ = အာဟာရတရားတို့သည်။ ဣမေ စတ္တာရော =ဤလေးမျိုးတို့ပါပေတည်း။
သတ္တဝါတွေ နှစ်မျိုးနှစ်စား ခွဲလိုက်ရင်ပေါ့။ ဘူတဆိုတာက ဖြစ်ပြီးသာ ဖြစ်တဲ့ --- နောင်တစ်ဖန် ဘဝသစ်မှာ ဖြစ်ခွင့်မရှိတဲ့ ရဟန္တာအရှင်မြတ်တွေကိုတော့ ဘူတလို့ ဒီလိုသုံးတယ်။ သမ္ဘဝေသီဆိုတာကတော့ နောင်ဖြစ်ရမည့် ဘဝသစ်ကို ရှာမှီးနေဆဲဖြစ်တဲ့ ပုထုဇန်တွေနဲ့ သေက္ခအရိယာ သူတော်ကောင်း တွေကိုတော့ သမ္ဘဝေသီလို့ ဒီလိုသုံးပါတယ်။ အဲဒီလိုသုံးတဲ့ ခွဲတမ်းအပြင် နောက်ထပ် ခွဲတမ်းတွေလည်း ရှိကြပါသေးတယ်။ ဒီတစ်ခုနဲ့ လုံလောက်ပါတယ်နော်။ ဒီတော့ ဒီရဟန္တာအရှင်မြတ်တွေပဲဖြစ်ဖြစ် နောင်ဘဝကိုဖြစ်ရန် ရှိနေသေးတဲ့ ရှာမှီးနေဆဲဖြစ်တဲ့ ပုထုဇန်သေက္ခပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် ထိုထိုဘဝတွေမှာ တည်တံ့ဖို့ရန်အတွက် ထိုထိုဘဝတွေမှာ မိမိတို့ ရရှိထားတဲ့ ခန္ဓာငါးပါးကို ချီးမြှောက်ဖို့ရန်အတွက် အာဟာရလေးမျိုး ရှိတယ်။ အာဟာရဆိုတာကတော့ ဒီနေရာမှာ အထူးသဖြင့် အကြောင်းတရားကို ဆိုလိုပါတယ်။ တည်တံ့နိုင်စေတတ်တဲ့ အကြောင်းတရား ဘယ်နှစ်မျိုးရှိသလဲ? (၄)မျိုး၊ အဲဒီ (၄)မျိုးတွေက ဘာတွေလဲ? မြတ်စွာဘုရား ဆက်ဟောတော်မူတယ်။
အာဟာရလေးမျိုး (ကဗဠီကာရအာဟာရ)
ကဗဠီကာရော အာဟာရော ဩဠာရိကော ဝါ သုခုမော ဝါ၊ ဖေဿာ ဒုတိယော၊ မနောသေဉ္စတနာ တတိယာ၊ ဝိညာဏံ စတုတ္ထံ။ (သံ၊၁၊၃၂၂။)
ကာဗဠီကာရ အာဟာရ = အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ် သကဲ့သို့သော အာဟာရ၊ ဒါ ရှေးရှေးဆရာတော်ကြီးများ ဘာသာပြန်ထားတဲ့ ဘာသာပြန်နည်းပဲ။ အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရ။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဒကာမကြီးတွေ နားလည် ကြသလား? ဘယ့်နှယ်တုန်း ဘုန်းကြီးပိုင်းကော နားလည်ကြသလား? နားလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင်ရှိပါလိမ့်မယ်၊ နားမလည်တဲ့ ပုဂ္ဂိုလ်လည်း ရှိချင်ရှိပါလိမ့်မယ်။ ရှေးရှေးဆရာတော်ကြီးတွေ ဘာသာပြန်ထားတာကတော့ စကားလုံးတစ်လုံးကို သူက ခပ်တိုတို ခပ်ကျဉ်းကျဉ်းလေးနဲ့ နားလည်လွယ်အောင် ဘာသာပြန်တော်မူခဲ့ကြပါတယ်။ သို့သော်လည်း နှောင်းခေတ် ရောက်လာတော့ ဒီဘာသာပြန်ဆိုချက်နဲ့ ပတ်သက်ပြီးတော့ နားလည်တဲ့ပုဂ္ဂိုလ်ကတော့ အရေအတွက် တော်တော်ကလေး နည်းလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီတော့ ကဗဠီကာရာဟာရ ကြမ်းတမ်းချင်လည်း ကြမ်းတမ်းပါစေ၊ သိမ်မွေ့ချင်လည်း သိမ်မွေ့ပါစေ၊ အဲဒီ ကဗဠီကာရာဟာရသည် အကြောင်းတစ်ခု၊ ဖဿက ဒုတိယအာဟာရ, မနောသေဉ္စတနာက တတိယအာဟာရ အသိစိတ် ဝိညာဏ်က စတုတ္ထအာဟာရဆိုပြီး မြတ်စွာဘုရားက အာဟာရအကြောင်းတရားလေးပါး ဟောလိုက်တယ်။
အဲဒီလေးပါးထဲမှာ ကဗဠီကာရအာဟာရဆိုတာက အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော ဆိုတာကတော့ အခု ရုပ်ကမ္မဋ္ဌာန်း ပိုင်း ရှုကွက်ကို စနစ်တကျ ရှုထားတတ်တဲ့ ယောဂီတွေအတွက်က နားလည် ပါလိမ့်မယ်နော်။ မိမိတို့စားမယ့် အစာအာဟာရကို ကြည့်လိုက်ပါ။ ထမင်း ပန်းကန်ထဲမှာ ထည့်ထားတဲ့ ဟင်းတွေ ထမင်းတွေ အားလုံး အစုံရှိတယ်။ ယင်းထမင်းဟင်းတွေမှာ တည်ရှိနေကြတဲ့ ဓာတ်လေးပါးကို စိုက်ရှုလိုက်ရင် ဘာတွေ့မလဲ? ကလာပ်အမှုန်လေးတွေပဲ။ အဲဒီ အမှုန်လေးတွေကို ဓာတ်ခွဲ လိုက်ရင် တစ်မှုန်တစ်မှုန်မှာ ဘယ်လောက်ရှိနေသလဲ? သဘောတရား ရှစ်ခု၊ ဘာတွေလဲ? ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ ပေါင်းလိုက်တော့ ရုပ်သဘောတရား ဘယ်နှစ်ခုလဲ? ရှစ်ခု၊ အဲဒီ ရှစ်မျိုးသော ရုပ်တရားတွေသည် ဘာကြောင့် ဖြစ်ရသလဲ ပြန်ပြီး ဉာဏ်နဲ့ စူးစမ်းဆင်ခြင် ကြည့်လိုက်တဲ့အခါမှာ ကလာပ်တစ်ခုမှာ တည်ရှိနေတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ်ကလာပ်တွေ ဆင့်ကဲဆင့်ကဲ ရုပ်ကလာပ်တွေဖြစ်အောင် ကျေးဇူးပြုပေးနေလို့ ဖြစ်ပေါ်နေရတယ်။ တေဇောဓာတ် ဥတုကြောင့်ဖြစ်တဲ့ ရုပ်တရားတွေပဲ။ တေဇောဓာတ်ရဲ့ ကျေးဇူးပြုပေးမှု အရှိန်အဝါ မကုန်သေးရင်တော့ ဒီရုပ်တရားတွေက ဒီအတိုင်းပဲ ဆက်ပြီးတော့ ဖြစ်နေကြလိမ့်မယ်။ အဲဒီလို ဖြစ်နေတဲ့ ဒီရုပ်တရားတွေထဲမှာ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ ဩဇာဆိုတာ မပါဘူးလား? ပါတယ်။ အဲဒီဩဇာကို အာဟာရလို့ ဆိုလိုရင်း ဖြစ်ပါတယ်နော်။ ဒါက အကြောင်းတစ်ခု၊ အဲဒီတော့ ဒီစားလိုက်တဲ့ ပုဂ္ဂိုလ်က အဲဒီဩဇာကလေးတစ်ခုကို ကွက်ပြီးတော့ မျိုမယ် ဆိုလို့ရှိရင် မျိုလို့ရသလား? မရဘူး။
သသမ္ဘာရဝတ္ထုခေါ်တဲ့ ဩဇာနဲ့ အတူတကွ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ ရုပ်တရားအားလုံးကို စုပေါင်းပြီး ထမင်းလုတ်ကလေးပြုပြီးတော့ မျိုရတယ်။ မျိုလိုက်တဲ့ အချိန်အခါကျတော့ တကယ်တမ်း ဩဇာတစ်ခုထဲကို မျိုတာ ဟုတ်သလား? မဟုတ်ဘူး။ ဩဇာနှင့်တကွ သသမ္ဘာရဝတ္ထုလို့ ခေါ်ဆိုအပ်တဲ့ အဆီအစေးဩဇာနှင့်တကွ အားလုံးကို ရောနှောပြီးတော့ မျိုလိုက်ရတယ်။ အဲဒါကြောင့် ဩဇာတစ်ခုတည်းကို ကွက်ပြီးတော့ တကယ်တမ်း အလုတ်အလွေးပြုပြီးစားရင် စားလို့တော့ မရဘူး။
သို့သော် နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုနေတဲ့ပုဂ္ဂိုလ်များ ပိုနားလည်လိမ့်မယ်။ ထမင်းလေး လုတ်ပြီး လက်ကလေးနဲ့ ထမင်းဆုပ်လိုက်ပြီ၊ ဆုပ်လိုက်စဉ် အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ဥတုဇရုပ်တွေက ပါးစပ်ထဲရောက်တဲ့အခါ ရှိသေးလား? မရှိတော့ဘူး။ လက်ထဲတည်ရှိနေခိုက် ဥတုဇရုပ်တွေက သူ့ဟာနဲ့သူ ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။နောက်ထပ် ပါးစပ်ထဲ ရောက်တာတွေက ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီးတော့ အသစ်အသစ် ဖြစ်နေတယ်။ အဲဒီလို ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီး အသစ်အသစ် ဖြစ်နေတာဖြစ်တော့ မူလ မိမိတို့ စားမယ်လို့ ရည်ရွယ်ပြီး ထား,ထားတဲ့ ထမင်းပန်းကန်ထဲမှာရှိတဲ့ ထမင်းတွေကို တကယ်တမ်း ပါးစပ်ထဲ ရောက်အောင် ပို့ဆောင်လို့ရသလား? မရဘူးနော်။
အလုတ်အလွေးမပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော မဖြစ်ဘူးလား? ဖြစ်နေတယ်။ တကယ်တမ်း စားလို့ရတာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ? ရုပ်တို့မည်သည်မှာ စိတ္တက္ခဏ (၁၇)ချက်ပဲ သက်တမ်းရှည်တယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ ထမင်းလုတ်ပြုပြီး ပါးစပ်ထဲရောက်အောင် သွင်းလောက်တဲ့အချိန်အထိ သက်တမ်းရှည်တဲ့ ရုပ်ရယ်လို့ ရှိသလား? မရှိဘူး။ သူက ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီး ဖြစ်ပေါ်သွားတာပဲနော်။ ဘုတ်အဆက်ဆက် ရိုက်ခတ်တယ်ဆိုတာက ရုပ်ကလာပ်တစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ်မဟာဘုတ်က နောက်ထပ် ရုပ်ကလာပ်အသစ်သစ်ကို ဖြစ်ပေါ် လာအောင် ကျေးဇူးပြုမှုကို ဒီနေရာမှာ ဆိုလိုပါတယ်။
ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)
ဒီလို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် တကယ်တမ်း အလုတ်အလွေးပြုပြီး စားမျိုလိုက်မယ်ဆိုရင် စားမျိုလို့ ရသလား? မရဘူး။ မရခြင်းကြောင့် ကာဗဠီကာရဆိုတဲ့ စကားလုံးကို ရှေးရှေး ဆရာတော်ကြီးတွေက အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သောဆိုပြီး ဒီလို ဘာသာပြန်ကြတယ်။ သူတို့ ဘာသာပြန်ချက် မမှန်ဘူးလား? မှန်နေပါတယ်နော်။
နောက်တစ်ခု အဖွင့်တစ်မျိုး ရှိသေးတယ်။ အဲဒီအဖွင့် တစ်မျိုးကတော့ ခန္ဓာကိုယ်မှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို ဖမ်းပြီး စိုက်ရှုလိုက်မယ်ဆိုလို့ ရှိရင်တော့ ကလာပ်အမှုန်တွေကို တွေ့နိုင်တယ်။ အဲဒီ ကလာပ်အမှုန်တိုင်း အမှုန်တိုင်းမှာ ဩဇာမပါဘူးလား? ပါတယ်။ ဒီတော့ ဒီကလာပ်အမှုန်တွေကို ခွဲတမ်းချလိုက်တဲ့ အချိန်အခါမှာ အတိတ်က ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေထဲမှာပါတဲ့ ဩဇာလည်း ရှိတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ကလာပ်တွေထဲမှာ ပါတဲ့ ဩဇာလည်း ရှိတယ်။ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့်ဖြစ်တဲ့ အဲဒီ ဥတုဇကလာပ်တွေထဲမှာပါတဲ့ ဩဇာလည်း ရှိတယ်။ ခုနက ပြောခဲ့တဲ့ အာဟာရဇဩဇာကြောင့်ဖြစ်တဲ့ ကလာပ်အမှုန်တွေထဲမှာပါတဲ့ ဩဇာတွေလည်း ရှိကြပါတယ်။ ဒီလေးမျိုးသော အကြောင်းတရားတွေကြောင့် ဖြစ်နေတဲ့ လေးမျိုးသော ဩဇာတွေကို စတုသမုဋ္ဌာနိကဩဇာ = အကြောင်းတရား လေးမျိုးကြောင့်ဖြစ်တဲ့ ဩဇာလို့ ခေါ်တယ်။ ယင်း စတုသမုဋ္ဌာနိကဩဇာကို ကဗဠီကာရာဟာရဆိုပြီးတော့ ဘုရားရှင်က ဟောကြားထားတော်မူတယ်။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။) ဟောကြားထားတော်မူလိုက်တဲ့ အချိန်အခါကျတော့ အဲဒီမှာ ခုနက ဥတုဇဩဇာကတော့ စားလို့ရတယ်၊ မှန်တယ်။ ခုနက ကမ္မဇဩဇာ စိတ္တဇဩဇာ အာဟာရဇဩဇာတွေကျတော့ စားလို့ရသေးလား? မရဘူး။ ဘာဖြစ်လို့ မရလဲဆိုတော့ ခန္ဓာအိမ်ထဲမှာ သူတို့က ဖြစ်ပြီးတာနဲ့ ပျက်နေတဲ့ တရားတွေပဲနော်။ ခုနက ဥတုဇဩဇာ အာဟာရကတော့ ဘုတ်အဆက်ဆက် ရိုက်ခတ်သွားတဲ့အတွက် တကယ်စားလိုက်သော် စားရသလို အလုတ်အလွေး မပြုအပ်သော်လည်း (ထမင်းလုတ်ပြုလို့ မရသော်လည်း) ပြုလုပ်လို့ ရသလို ဖြစ်နေတယ်နော်။ အဲဒီမှာ ကံ စိတ် ဥတု အာဟာရခေါ်တဲ့ အကြောင်းတရား လေးပါးကြောင့်ဖြစ်တဲ့ ဩဇာအားလုံးကိုလည်း ကဗဠီကာရာဟာရလို့ ခေါ်ထားတယ်။ ဘာဖြစ်လို့လဲ? အကြောင်းရှိပါတယ်နော်၊ အဲဒီ ကမ္မဇကလာပ်တွေထဲမှာ ပါနေတဲ့ ဩဇာကို ခုနက စားလိုက်တဲ့ အာဟာရက ကျေးဇူးပြုပုံစသည်ကို ပြောကြရအောင် ...။
ဥတုဇရုပ်ဖြစ်ကြတဲ့ စားလိုက်တဲ့ အာဟာရတွေက အစာအိမ်ထဲ ရောက်ပြီဆိုကြပါစို့၊ အစာအိမ်ကနေ ဖမ်းပြောလိုက်မယ်။ ပါးစပ်ထဲကနေလည်း ဒီရုပ်တွေက ပျံ့ပါတယ်။ ဒီတော့ အစာအိမ်အတွင်း ရောက်သွားတဲ့ ဒီဥတုဇရုပ်တွေ = အစာအာဟာရဆိုတာတွေကို ယင်းတို့မှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို စိုက်ရှုလိုက်ရင် ကလာပ်အမှုန်တွေပဲတွေ့မယ်၊ မပျံ့ခင် အစာအိမ်အတွင်းမှာ တည်ရှိတဲ့ ရုပ်ကလာပ်တို့သည် ရုပ်ကလာပ် တစ်ခု တစ်ခုမှာ တည်ရှိတဲ့ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားနေတဲ့ ရုပ်တွေပဲ။ အဲဒီဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် အဆင့်ဆင့် ဖြစ်ပွားနေတဲ့ ဒီရုပ်တွေထဲမှာပါတဲ့ ဩဇာကို ဥတုဇရုပ်တွေထဲမှာပါတဲ့အတွက် ဥတုဇဩဇာလို့ ခေါ်ပါတယ်။ ဒီဥတုဇဩဇာကို အစာအိမ်ပတ်ဝန်းကျင် အစရှိတဲ့ ထိုထိုဒေသမှာ တည်ရှိနေတဲ့ ဇီဝိတနဝကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ဇီဝိတလျှင် ကိုးခုမြောက်ရှိတဲ့ ရုပ်ကလာပ်တွေထဲမှာပါတဲ့ ကမ္မဇဝမ်းမီးတေဇောဓာတ်က အားပေးထောက်ပံ့လိုက်တဲ့ အချိန်အခါမှာ ယင်းဥတုဇဩဇာလို့ ခေါ်ဆိုအပ်တဲ့ စားမျိုလိုက်တဲ့ အစာအာဟာရထဲမှာ ပါနေတဲ့ ဩဇာက နောက်ထပ် ကလာပ်အသစ်အသစ်တွေကို ထပ်ပြီး ဖြစ်စေတယ်။ အဲဒီ ကလာပ်အသစ်အသစ်တွေကို ဖြစ်စေလိုက်တဲ့ အပိုင်းကျတော့ ဩဇာကြောင့် ဖြစ်တဲ့အတွက် အဲဒီကလာပ်အသစ်တွေကိုတော့ အာဟာရဇရုပ်တွေလို့ ခေါ်ပါတယ်။ ဩဇာကြောင့် ဖြစ်တဲ့အတွက် အဲဒီကလာပ်အသစ်တွေကိုတော့ အာဟာရဇရုပ်ကလာပ်တွေလို့ ခေါ်ပါတယ်။ အဲဒီအာဟာရဇရုပ်တွေက မျက်စိ နား နှာ လျှာ ကိုယ် နှလုံး ခြောက်ဌာနလုံးကို အကုန်လုံး ပျံ့တယ်။ ပျံ့သွားလိုက်တဲ့ ဒီအာဟာရဇရုပ်ကလာပ်တွေထဲမှာ ပါနေတဲ့ ဩဇာက ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြားအာဟာရဇ ကလာပ်တွေမှာ ပါနေတဲ့ဩဇာကို ထောက်ပံ့လိုက်တဲ့ အချိန်အခါမှာ အထက်က ပြောခဲ့တဲ့ ကမ္မဇဝမ်းမီးကလည်း ထပ်ဆင့်ပြီး ထောက်ပံ့လိုက်တဲ့အခါ နောက်ထပ် ဆင့်ကဲ ရုပ်ကလာပ်တွေ ထပ်ထပ်ပြီးတော့ ပွားကြတယ်။ အဲဒီလို ပွားခြင်းကြောင့် ဒီရုပ်ကလာပ်လေးတွေ ခုလို ဆင့်ကဲဆင့်ကဲ ထပ်ခါ ထပ်ခါ ပွားမှ သတ္တဝါတွေ တည်တံ့လို့ ရပါတယ်။ တည်တံ့လို့ရခြင်းကြောင့် ကဗဠီကာရာဟာရကိုလည်း သတ္တဝါတွေ တည်တံ့ရေးအတွက် မိမိ ခန္ဓာအိမ်ကို အသက်ရှည်စွာ ချီးမြှောက်ထားနိုင်ရေးအတွက် အကြောင်းတရားတစ်ခုအဖြစ်နဲ့ မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ပဋ္ဌာန်းအဋ္ဌကထာက ----
ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေရူပေ ဩဇာ အာဟာရော နာမ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
စသည်ဖြင့် ကံ-စိတ်-ဥတု-အာဟာရ --- ဆိုတဲ့ အကြောင်းတရား လေးမျိုးတို့ကြောင့် ဖြစ်ပေါ်လာကြတဲ့ ရုပ်ကလာပ်တွေမှာ တည်ရှိကြတဲ့ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဆိုတဲ့ ဩဇာ လေးမျိုးလုံးကိုပဲ ကဗဠီကာရအာဟာရလို့ ဆိုလိုကြောင်းကို ရှင်းပြထားပါတယ်။ ဒီလေးမျိုးသော ဩဇာက ကမ္မဇဝမ်းမီးရဲ့ အားပေးထောက်ပံ့မှုဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဆိုတဲ့ မိမိ မိမိတို့ရဲ့ ဆိုင်ရာလုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်တဲ့အပိုင်းမှာ စားမျိုလိုက်တဲ့ အာဟာရကို အကြောင်းခံကာ ဖြစ်ပေါ်လာတဲ့ အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တဲ့ အာဟာရဇဩဇာရဲ့ အထောက်အပံ့ကို ရရှိပါမှ ဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ယင်းလေးမျိုးလုံးသော ဩဇာ = အာဟာရကို ကဗဠီကာရ =အလုတ်အလွေးပြု၍ဆိုတဲ့ စကားရပ်ကို ကူစွက်ကာ ကဗဠီကာရ အာဟာရဟု ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။
မနောသေဉ္စတနာဟာရ
ဧတ္ထ စ မနောသေဉ္စတနာ တယော ဘဝေ အာဟရတီတိ သာသဝကုသလာကုသလစေတနာဝ ဝုတ္တာ။ (သံ၊ဋ္ဌ၊၂၊၂၄။)
= ဒီနေရာမှာ မနောသေဉ္စတနာ အာဟာရက ဘုံသုံးပါးကို ဆောင်တယ် ဆိုတာ အာသဝေါတရားတို့ရဲ့ အာရုံဖြစ်တဲ့ လောကီကုသိုလ်စေတနာ အကုသိုလ်စေတနာကို ဆိုလိုပါတယ်။
အထူးသဖြင့်တော့ ဘဝတစ်ခုကို ဖြစ်စေတဲ့နေရာမှာ ဒီစေတနာသည် အဓိက အရေးကြီးပါတယ်။ ကံပဲနော်။ အဲဒါကြောင့် ဘဝတစ်ခုကို ဖြစ်စေတဲ့ နေရာမှာ သို့မဟုတ် ခန္ဓာငါးပါးကို ဖြစ်စေတဲ့နေရာမှာ ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာက အကြောင်းရင်းဖြစ်လို့ ဒီစေတနာမရှိရင် ဒီခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ်တွေလည်း ထင်ရှား ရှိနိုင်တဲ့စွမ်းအား မရှိကြလို့ စေတနာကိုလည်း အာဟာရအကြောင်းတရား တစ်ခုအဖြစ်နဲ့ မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။
ဖဿာဟာရ
နောက်တစ်ခု --- ဖဿ --- အာရုံနဲ့ ဒွါရတိုက်ဆိုင်တဲ့အချိန်အခါမှာ ဖဿက ဆက်သွယ်ပြီး မပေးခဲ့ရင် ဝေဒနာဦးဆောင်တဲ့ နာမ်တွေ နောက်ထပ် ဖြစ်ဖို့ မလွယ်ဘူး။ နာမ်တရားတွေ နောက်ထပ် မဖြစ်နိုင်ဘူးနော်။ နောက်ထပ် ဝေဒနာနှင့်အတူတကွ နာမ်တရားတွေ ဖြစ်ပေါ်လာရေးအတွက် ဖဿသည် အနီးကပ်ဆုံး အကြောင်းတစ်ခု ဖြစ်တယ်။
ဝိညာဏာဟာရ
စတုတ္ထက ဝိညာဏ်ပဲ။ ဘဝတစ်ခုမှာ ဝိညာဏ်က ဦးဆောင်ပြီး ပဋိသန္ဓေ မတည်နေခဲ့ရင် ကျန်နေတဲ့ ရုပ်နာမ်တွေ ထင်ရှားဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မစွမ်းနိုင်ဘူး။ ဒါကြောင့် ပဋိသန္ဓေတည်နေတဲ့ နေရာမှာလည်း ဝိညာဏ်သည် အကြောင်းအရင်းတစ်ခု ဖြစ်တယ်။ ဒီလို ဘုရားရှင်က ဟောတော်မူလိုက်တယ်။ နောက်ထပ် မြတ်စွာဘုရားက ဘာတွေကို ဆက်ဟောတော်မူသလဲ?
ကထဉ္စ ဘိက္ခဝေ ကဗဠီကာရော အာဟာရော ဒဋ္ဌဗ္ဗော? (သံ၊၂၊၃၂၂။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ကဗဠီကာရော အာဟာရော = ကဗဠီကာရာဟာရကို။ ကထဉ္စ = အဘယ်သို့လျှင်။ ဒဋ္ဌဗ္ဗော = ရှုသင့်ပါသနည်း။
ဒီကဗဠီကာရာဟာရကို အဓိကကတော့ ဘုရားရှင်က စားသုံးလိုက်တဲ့ အာဟာရကို ဦးတည်ပြီး ဟောနေတယ်။ အဲဒီစားသုံးလိုက်တဲ့ ကဗဠီကာရာဟာရကို သင်ချစ်သားတို့ ဘယ်လို ရှုသင့်သလဲ? ရှုသင့်ပုံလေးကို မြတ်စွာဘုရားက ကန္တာရခရီးခဲကို သွားနေကြတဲ့ ဇနီးမောင်နှံ နှစ်ဦးကို စံထားပြီး ဟောကြားတော်မူပါတယ်။
ကန္တာရခရီးခဲကို သွားနေကြတဲ့ ဇနီးမောင်နှံနှစ်ဦး
ဇနီးမောင်နှံ နှစ်ဦးတို့က ဆင်းရဲလည်း ဆင်းရဲကြတယ်။ အနည်းငယ်သော စားနပ်ရိက္ခာကို ယူဆောင်ကာ ချစ်လှစွာသော သားငယ်ကို ခေါ်ဆောင်ပြီးတော့ ကန္တာရခရီးခဲတစ်ခုကို သွားကြတယ်။ ခရီးက ယူဇနာ တစ်ရာလောက် ဝေးကွာနေတဲ့ ခရီးလည်း ဖြစ်တယ်။ အဲဒီယူဇနာတစ်ရာလောက် ဝေးကွာနေတဲ့ခရီးကို သွားလိုက်တဲ့ အချိန်အခါမှာ လမ်းခုလတ် ယူဇနာ ငါးဆယ်လောက် ရောက်ရှိလိုက်တော့ သူတို့ပါလာတဲ့ ဒီစားနပ်ရိက္ခာလေးက ကုန်ခန်းသွားပြီ။ အဲဒီတော့ ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ရှင်းပြထားပါတယ်။ ကျော်လွှားလွန်မြောက်ဖို့ရန် ခက်ခဲတဲ့ ကန္တာရ = ခရီးခဲနဲ့ ပတ်သက်ပြီးတော့ ခရီးခဲ (၅)မျိုး ဖွင့်ထားတယ်။
ကန္တာရ = ခရီးခဲ (၅) မျိုး
စောရကန္တာရ, ဝါဠကန္တာရ, အမနုဿကန္တာရ, နိရုဒကကန္တာရ အပ္ပဘက္ခကန္တာရဆိုပြီး ကန္တာရ (၅)မျိုး ဖွင့်ထားတယ်။ အဲဒီမှာ ခိုးသားဓားပြတွေ ရှိနေတဲ့ ခရီးတစ်ခုကိုတော့ စောရကန္တာရလို့ ခေါ်ပါတယ်။ ခြင်္သေ့, သစ်ကျား အစရှိတဲ့ သတ္တဝါတွေ ပုန်းအောင်းပြီး နေထိုင်နေတဲ့ တောအုပ်ကြီးကို ဖြတ်သန်းသွားခဲ့ရရင်တော့ ဒီလိုခရီးမျိုးကိုလည်း ကျော်လွှားလွန်မြောက်ဖို့ရန် ခက်ခဲတဲ့အတွက် ဝါဠကန္တာရလို့ ခေါ်ပါတယ်။ အေး တချို့တချို့ တောအုပ်တွေကျတော့နော်။ (ဘီလူး)ယက္ခ အစရှိတဲ့ လူသားစားနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီမှာ သွားပြီးတော့ မှီတင်းပြီး နေထိုင်ကြတယ်။ အဲဒီလို ခရီး ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်း ကျော်လွှားလွန်မြောက်ဖို့ရန် ခက်ခဲတဲ့အတွက် သူ့ကိုလည်း အမနုဿကန္တာရလို့ ခေါ်တယ်။ တချို့တချို့ ခရီးခဲတွေကျတော့ သဲကန္တာရခရီးခဲလို ဖြစ်ချင်ဖြစ်မယ်။ ရေလည်း မရှိဘူး၊ ချိုးဖို့လည်း ရေမရှိ၊ သောက်ဖို့လည်း ရေမရှိ။ အဲဒီလို ရေမရှိတဲ့ ခရီးခဲကျတော့ နိရုဒကကန္တာရလို့ ခေါ်တယ်။ နောက် ကန္တာရတစ်မျိုးကျတော့ အဲဒီမှာ စားဖို့သောက်ဖို့ဆိုလို့ ဘာမှ မရှိဘူး၊ လမ်းခရီးမှာ ရှာဖွေစားမယ်ဆိုရင် စားလို့ဘယ်လိုမှ မရနိုင်ဘူး။ အဲဒီလို ရှာဖွေစားလို့ မရနိုင်တဲ့ ခက်ခဲနေတဲ့ ခရီးကိုတော့ အပ္ပဘက္ခကန္တာရလို့ ဒီလိုခေါ်ပါတယ်။ အဲဒီကန္တာရ ခရီးခဲ (၅)မျိုး ရှိတယ်။ ဒီကန္တာရ = ခရီးခဲ ငါးမျိုးထဲမှာ တချို့တချို့ ခရီးခဲတွေကတော့ သွားမယ်ဆိုရင် တစ်ရက် နှစ်ရက်လောက်နှင့်ပဲ ဒီခရီးခဲကို ကျော်လွန်သွားနိုင်တယ်။ ဒီလို တစ်ရက်နှစ်ရက်အတွင်း ကျော်လွှားသွားနိုင်တဲ့ ကန္တာရ = ခရီးခဲမျိုးကို မဆိုလိုပါဘူး။ ဒီသုတ္တန်မှာ ဆိုလိုတဲ့ ခရီးခဲက ရေလည်း မရှိဘူး၊ အစာလည်း မရှိဘူး။ ယူဇနာရာနဲ့ ချီပြီး ရှည်လျားနေတဲ့ အလွန်ခက်ခဲနေတဲ့ ခရီးခဲတစ်ခုပဲ၊ အဲဒီခရီးခဲမျိုးကို ဘုရားရှင်ရည်ရွယ်ပြီး ဟောနေတယ်နော်။ ဘာဖြစ်လဲဆိုတော့ ဒီနေရာမှာ ဒီဇနီးမောင်နှံတို့က သူတို့မှာ သိပ်ပြီး ဆင်းရဲနွမ်းပါးကြတယ်။ စားဝတ်နေရေးက မပြေလည်ဘူး။ အနာရောဂါတွေကလည်း သိပ်ပြီး ထူပြောနေတယ်။ မင်းပြစ်မင်းဒဏ်ဖြင့်လည်း အနှိပ်စက်ခံနေရတယ်။ အဲဒီလို အနှိပ်စက်ခံနေရတဲ့အတွက် ဘာဦးတည်ချက်ရှိသလဲ? (သံ၊ဋ္ဌ၊၂၊၉၅-၉၆။)
ဧတံ ကန္တာရံ နိတ္ထရိတွာ ဓမ္မိကဿ ရညော နိရုပဒ္ဒဝေ ရဋ္ဌေ သုခံ ဝသိဿာမ။ (သံ၊ဋ္ဌ၊၂၊၉၆။)
ဒီလောက် ခက်ခဲနေတဲ့ ခရီးခဲကို တို့ ကျော်လွှားအောင် သွားကြမယ်။ ဓမ္မိကရညခေါ်တဲ့ တရားရှိတဲ့မင်းတွေ တရားစောင့်တဲ့ မင်းတွေရဲ့ အထံမှာ အန္တရာယ်ကင်းနေတဲ့ တိုင်းနိုင်ငံအတွင်းမှာ တို့ ချမ်းချမ်းသာသာနဲ့ သွားပြီး နေထိုင်ကြမယ်။ ဒီလို ထင်မြင်ယူဆပြီးတော့ သူတို့က ဒီခရီးခဲ သွားကြတယ်။ သွားလိုက်ကြတဲ့အချိန်အခါမှာ လမ်းခုလတ်တစ်နေရာရောက်တဲ့ အချိန်အခါကျတော့ သူတို့ ဘာဖြစ်လာကြသလဲ? ရိက္ခာက ပြတ်သွားပြီနော်။ ရိက္ခာက ပြတ်သွားတော့ သူတို့မှာလည်း အလွန် ချစ်မြတ်နိုးနေတဲ့ တစ်ဦးတည်းသော သားကလေးက တစ်ပါတည်း ပါလာတယ်။ ပါလာလိုက်တဲ့ အချိန်အခါကျတော့ ဒီခရီးခဲကို ဆက်ပြီးသွားဖို့ရန် အခက်အခဲတွေက များစွာ ဖြစ်နေပြီ။ နောက်ထပ် ကျန်နေတဲ့ ခရီးက ရှိနေတယ်။
သူတို့ရဲ့အကြံ
နောက်ထပ် ကျော်လွှား လွန်မြောက်ဖို့ရန် ကြွင်းကျန်နေသေးတဲ့ ခရီးခဲကလည်း များစွာရှိနေတယ်။ ဘယ်လောက်လဲ? ယူဇနာ (၅၀)လောက် ကျန်နေသေးတယ်။ သူတို့အထံမှာ ကြံစည်စိတ်ကူးမှု တစ်ခုတော့ ပေါ်လာပြီ၊ ဘယ်လိုလဲ?
တို့ ပါလာတဲ့ရိက္ခာကလေးကလည်း ကုန်သွားပြီ။ နောက်ထပ် တို့ မကူးမြောက်နိုင်သေးတဲ့ ကြွင်းကျန်တဲ့ ခရီးခဲကလည်း ထင်ရှားရှိနေတယ်။ အေး တို့ ချစ်မြတ်နိုးနေတဲ့ သားကလေးတစ်ဦးတော့ ရှိတယ်။ ဒီတစ်ဦးတည်းသောသားကို သတ်ပြီးတော့ သူရဲ့အသားတွေကို အသားအညှင်းကလေးတွေ အချောင်းလိုက်ကလေးတွေ ပြုလုပ်မယ်။ အသားတုံးကလေးတွေ ပြုလုပ်မယ်။ ပြုလုပ်ပြီးတဲ့ အချိန်အခါကျတော့မှ အခြောက်လှန်းကာ ဒီသားရဲ့ အသားကို တို့ စားပြီး ကြွင်းကျန်နေသေးတဲ့ ဒီလောက် ခက်ခဲနေတဲ့ ဒီခရီးခဲတစ်ခုကို ကျော်လွှားလွန်မြောက်အောင် သွားကြမယ်။ တို့သုံးဦးစလုံးတော့ မပျက်စီး သင့်ဘူး အပျက်စီး မခံထိုက်ဘူးဆိုပြီးတော့ ဒီလို စဉ်းစားမိတယ်။ စဉ်းစား မိတဲ့အတွက် ဘာဖြစ်လာသလဲ?
ဘုရားရှင်က ဥပမာကလေးနဲ့ ဟောတော်မူတယ်နော်။ အဲဒီတော့ ဒီနေရာမှာ ပြဿနာကလေးတစ်ခုကို အဋ္ဌကထာက ရှင်းထားပါတယ်။ မိမိတို့ရဲ့ မွေးထားတဲ့ ဒီလောက်ချစ်မြတ်နိုးတဲ့ တစ်ဦးတည်းသော သားကလေးကို သတ်ပြီး စားရက်ပါ့မလားဆိုတဲ့ ဒီအကြောင်းပဲနော်။
ဘုရားရှင်က ဒီသုတ္တန်ကို သိပ်ပြီးတော့ အာဟာရနဲ့ (ပတ်သက်ပြီးတော့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်မှုမရှိတဲ့အတွက်) ပဉ္စမပါရာဇိကသိက္ခာပုဒ်ကဲ့သို့ ဉာဏ်ထဲမှာ ထင်လာစေချင်လို့ ဒီလောက် ပြင်းပြတဲ့ ဥပမာနဲ့ မြတ်စွာဘုရားက ဟောတော်မူနေတယ်နော်။ ထင်ရှားပေါ်လွင်လွန်းတဲ့ ဥပမာနဲ့ ဟောတော်မူနေတယ်။ ဒီတော့ ဒီနေရာမှာ ဆိုလိုရင်းကလေးကို အဋ္ဌကထာကတော့ (သံ၊ဋ္ဌ၊၂၊၉၆-၉၈။) ရှင်းပြထားပါတယ်နော်။
ရိက္ခာကလေး နည်းနည်းယူပြီးတော့ ဇနီးမောင်နှံနှစ်ဦးက သားကလေးကို ခေါ်ပြီးတော့ အလွန် ခက်ခဲတဲ့ ယူဇနာတစ်ရာလောက် ဝေးကွာနေတဲ့ ခရီးခဲကြီးတစ်ခုကို သွားနေကြပြီ။ ယူဇနာ (၅၀)လောက် သွားပြီးတဲ့ အချိန်အခါမှာ ရိက္ခာက ကုန်သွားပြီ။ ရိက္ခာကပြတ်တော့ စားစရာက မရှိဘူး။ ဆာလောင်မွတ်သိပ်မှု ဒဏ်ချက်တွေက သိပ်ပြင်းထန်လာပြီ။ ပြင်းထန်လာတဲ့ အချိန်အခါမှာ အခက်အရွက် မရှိလှတဲ့ ကျိုးတိုးကျိုးတဲ ဖြစ်နေတဲ့ သစ်ပင်ရိပ် တစ်ပင်အောက်မှာ ဝင်ပြီးတော့ ထိုင်လိုက်ကြပြီ။ နေကလည်း အလွန်ပူနေတဲ့ အချိန် ဖြစ်ပါလိမ့်မယ်နော်။ အိမ်ရှင်ယောက်ျားက အိမ်ရှင်မကို ပြောပြီ။
အသက်ကို စွန့်လွှတ်နိုင်သူများ
ရှင်မ ဒီနေရာကနေ လှမ်းပြီး ကြည့်မယ်ဆိုလို့ရှိရင် ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာမှာ ယူဇနာငါးဆယ်အတွင်း ရွာဆိုလို့ နိဂုံးဆိုလို့ တစ်ခုမှ မရှိဘူး။ ရှင်မ ခုအခါမှာ ပြန်ကြည့်လိုက်မယ်ဆိုလိုရှိရင် ဒီနေရာမှာ ခု တို့ရောက်နေတဲ့ အချိန်အခါမှာ လယ်ထွန်ခြင်း နွားကျောင်းခြင်းစတဲ့ ယောက်ျားတို့ ပြုလုပ်နိုင်တဲ့ လုပ်ငန်းရပ်ဆိုလို့လည်း တစ်ခုမှ မရှိ ဖြစ်နေပြီ။ ဒီလုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးတော့ သင်တို့တစ်တွေကို ငါက အသက်မွေးဝမ်းကျောင်းအတွက် ပြုစုလုပ်ကျွေးနိုင်တဲ့ အခွင့်အလမ်းတွေလည်း မရှိ ဖြစ်နေပြီ။ လုပ်မကျွေးနိုင် ဖြစ်နေပြီနော်။ အဲဒီတော့ ဘာလုပ်ရမလဲ?
ရှင်မ လာပြီးတော့ကွယ် ငါ့ကို သတ်ပေတော၊့ ထက်ဝက်သော အသားကို သင်တို့ကိုယ်တိုင် ခဲစားကြ။ ထက်ဝက်ကို ရိက္ခာအဖြစ် ပြုလုပ်ပြီးတော့ သားနှင့်တကွ ဒီခရီးခဲကို ကျော်လွှားလွန်မြောက်အောင် သွားပေတော့ ...။ ဒီလို အိမ်ရှင်ယောက်ျားက စပြီး ပြောတယ်။ ပြောလိုက်တဲ့အချိန်ခါကျတော့ အိမ်ရှင်မကလည်း အိမ်ရှင်ယောက်ျားကို ပြောပြီ။
တောလယ်ခေါင် ရောက်နေတော့ အမျိုးသ္မီးတွေ ပြုလုပ်နိုင်တဲ့ ရက်ကန်း ရက်ခြင်း ရက်ဖောက်ယောက်ခြင်း အစရှိတဲ့ ဒီလုပ်ငန်းရပ်တွေကိုလည်း ကျမ မလုပ်နိုင် ဖြစ်နေပြီ။ ကဲ လာပေတော့ ကျွန်တော်မကို သတ်ပြီးတော့ ကျွန်တော်မရဲ့ အသား တစ်ဝက်ကိုစား တစ်ဝက်ကိုတော့ ခရီးရိက္ခာအဖြစ် ပြုလုပ်ပြီး သားနှင့်အတူတကွ ဒီခရီးခဲကို ကျော်လွှားလွန်မြောက်အောင် သွားပါ။ အိမ်ရှင်မကလည်း အားကျမခံ ပြောပြီ။
စဉ်းစားကြည့်ပါ
ယခုလို သံသရာခရီးခဲကို ကျင်လည်ခိုက် ဇနီးမောင်နှံ နှစ်ဦးတို့လိုပဲ တစ်ဦးနှင့်တစ်ဦး မိတ်ကောင်းဆွေကောင်း အပေါင်းအဖော်ကောင်းအဖြစ် ပေါင်းသင်းဆက်ဆံကြတဲ့နေရာမှာ မိမိရဲ့ ကိုယ်ကျိုးသက်သက်ကိုသာ တစ်ဖက်သတ် မကြည့်ဘဲ တစ်ဘက်သားရဲ့ အကျိုးစီးပွားကိုသာ အလေးဂရု ပြုကာ ရှုမြင်တတ်တဲ့ စိတ်ထားရှိဖို့ သိပ်လိုအပ်ပါတယ်၊ တစ်ဦးကောင်းစားရေး အတွက် တစ်ဦးက အနစ်နာခံနိုင်တဲ့ စိတ်ထား, အသက်ကိုသော်လည်း စွန့်လွှတ်နိုင်တဲ့ စိတ်ထားတွေဟာ သံသရာခရီးဖော်အချင်းချင်းမှာ အလွန် ရှိသင့်တဲ့ စိတ်ထားတွေ ဖြစ်ကြတယ်။ ခု ဒီသုတ္တန်မှာ လာရှိတဲ့ ဇနီးမောင်နှံ နှစ်ဦးသားတို့ တစ်ဦးအပေါ်တစ်ဦး ထားရှိတဲ့ စိတ်ထားများလို သံသရာ ခရီးခဲကို ဖြတ်ကျော်ကာ နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ အရောက် သွားနေကြတဲ့ သူတော်ကောင်း အချင်းချင်းဟာလည်း ဒီလို စိတ်ထားမျိုးတွေသာ ရှိနေကြမယ်ဆိုရင်တော့ မိမိတို့ ဖြတ်ကျော်ရမည့် သံသရာခရီးခဲဟာလည်း ဖြောင့်ဖြူး သာယာလျက်ပင် ရှိနေကြမှာ ဖြစ်ပါတယ်။
တစ်ဦးအပေါ် တစ်ဦးက အပေါ်စီးက နေလိုတဲ့ စိတ်ထား, ညှဉ်းပန်း နှိပ်စက်လိုတဲ့ စိတ်ထား, ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ထား, ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထား ---- ဒီလိုစိတ်ထားမျိုးတွေကတော့ သံသရာခရီးခဲကို ဖြတ်ကျော်နေကြရာအခါမှာ ဒီခရီးခဲကို ကျော်လွှားလွန်မြောက်ဖို့ရန် အလွန် ခက်ခဲလှတဲ့ အတားအဆီးတွေ ဖြစ်နေတတ်ကြတယ်။
ဒီနေရာမှာ အကယ်၍ အိမ်ရှင်ယောက်ျားက မိမိရဲ့ကိုယ်ကို သတ်ပြီးတော့ မိမိရဲ့ အသားကို စားကာ သားအမိ နှစ်ဦးတို့ ကန္တာရခရီးခဲကြီးကို ဖြတ်ကျော်ပြီး သွားကြဖို့ရန် အလျင် စပြီးတော့ မပြောဘဲ ---- အိမ်ရှင်မရဲ့ အသားကို သားအဖနှစ်ဦးတို့ စားပြီး ကန္တာရခရီးခဲကို ဖြတ်ကျော်သွားဖို့ အစီအစဉ်ကို အလျင် စပြီးတော့ ပြောလိုက်မယ်ဆိုရင် အိမ်ရှင်မဘက်ကလည်း သူ့အသက်ကို သတ်ကာ သူ့အသားကို စားကာ ကန္တာရခရီးခဲကို ဖြတ်ကျော်သွားဖို့ရန် ပြောကြားချင်မှ ပြောကြားမှာ ဖြစ်ပါတယ်။ တစ်ဦးကို တစ်ဦး နားလည်ချင်မှ နားလည်မယ်။
ခုတော့ တစ်ဦးကို တစ်ဦး နားလည်နေကြတယ်၊ တစ်ဦးရဲ့ စေတနာ မေတ္တာကို တစ်ဦးက လေးစားနေကြတယ်။ သံသရာခရီး ကျင်လည်နေသူတို့ အချင်းချင်း, သံသရာခရီးမှ ထွက်မြောက်ရာ မဂ္ဂင်လမ်းမပေါ်သို့ လျှောက်သွားနေကြသူအချင်းချင်း တစ်ဦးကို တစ်ဦး နားလည်မှု ရှိခြင်း, တစ်ဦးရဲ့ စေတနာမေတ္တာကို တစ်ဦးက လေးစားခြင်းဆိုတဲ့ ဒီသဘောတရားတွေသာ ထင်ရှား ရှိနေကြမယ်ဆိုရင် တစ်ဦးကို အကြောင်းပြုကာ တစ်ဦးရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေသာ တိုးပွားနေမှာ ဖြစ်တယ်။ ဒီလို နားလည်မှု ရှိခြင်း, လေးစားခြင်းတွေဟာ ကုသိုလ်တရားတွေ တိုးပွားလာဖို့ရန် အကြောင်းတရား တွေသာ ဖြစ်ကြပါတယ်။
သား၏အသား
အမျိုးသမီးဘက်က ခုလို မိမိကိုပင် သတ်ကာ အသားကို စားပြီးတော့ သားအဖတို့ ကန္တာရခရီးခဲကို ဖြတ်ကျော်သွားဖို့ရန် တင်ပြလာတဲ့အခါ အမျိုးသားက ဘာပြန်ပြောသလဲ? -----
မိခင်ကြီး သေသွားပြီဆိုလို့ရှိရင် နှစ်ဦးသားတို့ရဲ့ သေခြင်းဆိုတဲ့ သဘောတရား ဖြစ်လာတတ်တယ်။ ဘာဖြစ်လို့လဲ?
ငယ်ရွယ်နုနယ်နေတဲ့ ကလေးဟာ မိခင်နှင့် ခွဲပြီးတော့ အသက် ရှင်မယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကြောင့် မိခင်သာ မရှိဘူး ဆိုလို့ရှိရင် ကလေးပါ သေလိမ့်မယ်။ မိခင်တစ်ယောက်တည်း သေရတာ မဟုတ်ဘူး။ နှစ်ယောက်စလုံး သေကျေပျက်စီးရလိမ့်မယ်။ အကယ်၍ တို့.. အသက်ရှင်နေကြဦးမယ်ဆိုရင်တော့ကွယ် နောက်ထပ် ကလေးဆိုတာ ရနိုင်ပါသေးတယ်နော်။
ကဲ အခုအခါမှာ သားငယ်ကို သတ်ပြီးတော့ သားငယ်ရဲ့အသားကို ယူဆောင်ပြီးတော့ ကန္တာရခရီးခဲကြီးကို တို့ ကျော်လွှားလွန်မြောက်အောင် သွားကြစို့ဆိုပြီးတော့ အိမ်ရှင်ယောက်ျားက ပြောပြန်ပြီ။ အဲဒီအခါကျတော့ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းသလဲနော်။ မိခင်ကနေပြီးတော့ သားငယ်ကို ပြောပြနေပြီ။
ချစ်သား သင့်ဖခင်ထံ သွားပေတော့လို့ဆိုပြီး ပြောနေပြီ။ ပြောလိုက် တဲ့ အချိန်အခါကျတော့နော်။ ကလေးက ဘာမှ မသိပဲကိုး၊ သွားပြီ။ သွားလိုက်တဲ့အချိန်အခါကျတော့ ----
ငါဟာ သားငယ်ကလေးကို ပြုစုလုပ်ကျွေးမယ်ဆိုတဲ့ ဒီရည်ရွယ်ချက်ဖြင့် လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိတဲ့ လုပ်ငန်းရပ်တို့ဖြင့် များပြားလှတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရဖူးပြီ။ ဒီလုပ်ငန်းရပ်တွေဖြင့် သားငယ်ကို လုပ်ကျွေးပြုစုခဲ့ရတယ်။ ငါကတော့ ဒီသားကလေးကို သတ်ဖြတ်မယ်ဆိုရင် ငါ ဘယ်လိုမှ မသတ်ရက်ဘူးကွယ်။ ဒါကြောင့် သင့်ရဲ့သားကို သင်ပဲ သတ်ပါ ဆိုပြီးတော့ ပြောလိုက်ပြန်တယ်။
ကဲ ချစ်သား သင့်အမေထံ သင်သွားပေတော့ ဆိုပြီးတော့ ပြောလိုက်ပြီ။ [စဉ်းစားကြည့်တော့နော်။ ဒီစိတ်ထားကလေးတွေကို ဘုရားရှင်က ထားရှိ စေချင်ပါတယ်။ အစာအာဟာရကို စားသုံးတဲ့အချိန်အခါမှာ ဒီလိုဇနီးမောင်နှံ နှစ်ဦး သန္တာန်မှာ ကိန်းဝပ်နေတဲ့ စိတ်နေစိတ်ထားမျိုးနဲ့ စားစေချင်လို့ ဘုရားရှင်က ဒီသုတ္တန်ကို ဟောနေတာနော်။
ဟိုနေရာမှာ ကျောက်တုံးလေး သွားမလိုက်၊ ဒီနေရာမှာ ကျောက်တုံးလေး သွားမလိုက်၊ ဟိုနေရာသွားပြီး ဆုတောင်းလိုက်၊ ဒီနေရာသွားပြီး ဆုတောင်းလိုက်ပေါ့နော်။ သားကလေးကို လိုချင်လို့ အင်မတန် ပြင်းထန်တဲ့ ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရဖူးတယ်။ သားကလေးရလာလို့ဖြင့် ဝမ်းဖြင့် သယ်ဆောင်ရတဲ့အချိန်အခါမှာ ရရှိတဲ့ ဆင်းရဲဒုက္ခဆိုတာကတော့ ဘာပြောဖွယ်ရာ ရှိတော့မလဲ?]
အဲဒီလို ပြောလိုက်တဲ့အခါ ဘာဖြစ်သလဲ? ချစ်သား ...သင်အဖေထံပဲ သင်သွားပါဆိုပြီး မိခင်ကလည်း လွှတ်လိုက်ပြန်ပြီ။ အဲဒီလို လွှတ်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်သွားသလဲ?
သားကလေးသေသွားပြီ၊ အမေကလည်း အဖေ့ဆီလွှတ်၊ အဖေကလည်း အမေ့ဆီလွှတ်နဲ့ မသတ်ရက်ကြဘူးနော်။ အဲဒီမှာ ခေါက်တုံ့ခေါက်ပြန် သွားရင်းနဲ့ သားလေးက အစားပြတ် ရေငတ်ဖြစ်နေတော့ နုနယ်နေတဲ့သား ဖြစ်ခြင်းကြောင့် သူကလည်း အဲဒီမှာ ခေါက်တုံ့ခေါက်ပြန် သွားရင်းနဲ့ပဲ သေကျေပျက်စီးသွားပြီနော်။ သေကျေပျက်စီးလိုက်တဲ့ အချိန်အခါကျတော့ ဘာတွေကို ပြုလုပ်ကြသလဲ?
အဲဒီသားကလေးရဲ့ အသားအချို့ကို စားပြီးတော့ ကြွင်းကျန်နေတဲ့ အသားကို အခြောက်လုပ်လို့ ရအောင် အချောင်းအချောင်းလေးတွေ လုပ်လို့ ရတာ အချောင်းလုပ်၊ အတုံးလုပ်လို့ရတဲ့ အသားတွေကို အတုံးလုပ်ပြီးတော့ နေခြောက်လှန်းကာ ယင်းအသားကို စားပြီး သွားကြပြီ။ ဒီလိုသွားတဲ့ အပိုင်းမှာ ဘုရားရှင်က ဘာဟောတော်မူသလဲ?
ကဗဠီကာရအာဟာရအပေါ်၌ ထားရှိစေလိုသော စိတ်ထား
ချစ်သားရဟန်းတို့ ...သင်တို့တစ်တွေကို ငါဘုရား မေးခွန်းတစ်ခု မေးမယ်။ သင်ချစ်သားတို့ ဘယ်လို ထင်မြင်ယူဆကြသလဲ?
ဘုရားရှင်က မေးလိုက်တယ်နော်။ အဲဒီဇနီးမောင်နှံနှစ်ဦးတို့ဟာ ဒီသားရဲ့ အသားတည်းဟူသော အာဟာရကို စားသုံးတဲ့အချိန်အခါမှာ မြူးထူးပျော်ပါးကစားဖို့ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့များ ဒီအသားကို စားနေကြသလား? အားဟူသော မာန်ယစ်ခြင်းအလို့ငှာ ဒီအာဟာရကို စားသုံးနေကြသလား? နန်းတွင်းသူ လှပျိုဖြူတို့ကဲ့သို့ မိမိကိုယ်ကို လှပတင့်တယ်အောင် တန်ဆာဆင်ဖို့ရန်ဆိုတဲ့ ဦးတည်ချက်ဖြင့်လည်း ဒီအာဟာရကို စားသုံးနေကြသလား? မိမိကိုယ်က အသားအရေ ပြည့်ဖြိုးတင့်တယ်ဖို့ရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်လည်း ဒီအာဟာရကို စားသုံးနေကြသလား? ဆိုပြီးတော့ ရဟန်းတော်တွေကို မေးကြည့်တယ်။ မေးကြည့်လိုက်တဲ့အခါမှာ ရဟန်းတော်တွေက ဒီလို စားတယ်ဆိုတာတော့ မသင့်ပါဘူးမြတ်စွာဘုရား ...လို့ ပြန်လျှောက်ထားကြတယ်။
အေး ချစ်သားတို့ ...ဒီဇနီးမောင်နှံတွေဟာ အလွန် ကျော်လွှားလွန်မြောက်ဖို့ရာ ခက်ခဲနေတဲ့ ကြွင်းကျန်နေသေးတဲ့ ဒီကန္တာရခရီးခဲကို ကျော်လွှား လွန်မြောက်ဖို့ရန်ဆိုတဲ့ ရည်ရွယ်ချက်တစ်မျိုးတည်းနဲ့သာလျှင် ဒီအာဟာရကို မှီဝဲ စားသုံးနေကြတာ မဟုတ်ဘူးလား? အဲဒီလို ဘုရားရှင်က မေးတော်မူလိုက်ပြန်တယ်။
ကန္တာရခရီးခဲကို ကျော်လွှားလွန်မြောက်ဖို့ရန်ဆိုတဲ့ ဒီရည်ရွယ်ချက်ဖြင့် ဒီဇနီးမောင်နှံနှစ်ဦးတို့က ဒီသားရဲ့ အသားတည်းဟူသော အာဟာရကို မှီဝဲ စားသောက်နေကြပါတယ် မြတ်စွာဘုရား ...ဆိုပြီးတော့ လျှောက်ထားကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က ဘယ်လို ပြန်ပြီး အမိန့်ရှိသလဲ?
သင်ချစ်သားတို့ ကဗဠီကာရာဟာရကို အဲဒီအတိုင်း ရှုစမ်းပါ။ ဘယ်လို ရှုရမလဲ? အင်မတန် ချစ်မြတ်နိုးနေတဲ့ သားရဲ့အသားကို စားနေတဲ့ပုံအသွင်ဖြင့် သင်ချစ်သားတို့ ရှုပြီးတော့ စားကြပါနော်။
ပရိညာသုံးမျိုး
ချစ်သားရဟန်းတို့ ကဗဠီကာရာဟာရလို့ ခေါ်ဆိုအပ်တဲ့ ဒီအစာအာဟာရကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သင်ချစ်သားတို့တစ်တွေ သိရှိကြမယ်ဆိုရင် အာရုံငါးပါးကာမဂုဏ်တရားတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပဉ္စကာမဂုဏိကရာဂခေါ်တဲ့ ဒီတွယ်တာမက်မောနေတဲ့ ရာဂတရားကိုလည်းပဲ သင်ချစ်သားတို့တစ်တွေ ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားလည်း သိကြလိမ့်မယ်။ (သံ၊၁၊၃၂၃။)
ပဉ္စကာမဂုဏိကေ ရာဂေ ပရိညာတေ နတ္ထိ တံ သံယောဇနံ ယေန သံယောဇနေန သံယုတ္တော အရိယသာဝကော ပုန ဣမံ လောကံအာဂစ္ဆေယျ။ (သံ၊၁၊၃၂၃။)
ပဉ္စကာမဂုဏိကေ ရာဂေ = အာရုံငါးပါး ကာမဂုဏ်တရားတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော တွယ်တာမက်မောမှု ရာဂတရားကို။ ပရိညာတေ = ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့သည် ရှိသော်။ ယေန သံယောဇနေန =ယင်းသံယောဇဉ်တည်းဟူသော အကြောင်းတရားကြောင့်။ သံယုတ္တော = ယင်းသံယောဇဉ်တွေနှင့် ယှဉ်တွဲလျက်ရှိသော။ အရိယသာဝကော = အရိယာသာဝကသည်။ ဣမံ လောကံ = ဤကာမ လောကသို့။ အာဂစ္ဆေယျ = တစ်ဖန် ပြန်၍လာလေရာ၏။ တံ သံယောဇနံ =ထိုကာမလောကသို့ တစ်ဖန် ပြန်လာကြောင်း ဖြစ်တဲ့ သံယောဇဉ်တရားသည်။ နတ္ထိ = မရှိပါ။
ကဗဠီကာရာဟာရကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သင်ချစ်သားတို့ သိခဲ့မယ်ဆိုရင် အာရုံငါးပါးကာမဂုဏ်တရားတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပဉ္စကာမဂုဏိကရာဂခေါ်တဲ့ တွယ်တာမက်မောနေတဲ့ ရာဂ တရားကိုလည်း သင်ချစ်သားတို့ ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိလိမ့်မယ်။ အာရုံငါးပါးကာမဂုဏ်တရားတွေကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ တွယ်တာမက်မောမှု ရာဂတရားကို သင်ချစ်သားတို့တစ်တွေ ပရိညာဉာဏ်သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုလို့ရှိရင်လည်း ကာမ (၁၁)ဘုံသို့ ပြန်လာကြောင်းဖြစ်တဲ့ သံယောဇဉ်တရားတွေ သင်ချစ်သားတို့ရဲ့ သန္တာန်မှာ လုံးလုံးမရှိ ဖြစ်ပါလိမ့်မယ်။ ဒီလိုအကျိုးပြပြီးတော့ ဘုရားရှင်က ဟောကြားတော်မူလိုက်ပါတယ်။ (သံ၊၁၊၃၂၃။) အဲဒီအပိုင်းလေးကတော့ တော်တော်လေး ပိုက်စိပ်တိုက် ဟောရမယ့်အပိုင်း ဖြစ်ပါတယ်နော်။
အဲဒီတော့ ဒီနေရာမှာ ဒီဇနီးမောင်နှံနှစ်ဦးတို့က ဒီသားရဲ့အသားကို စားတဲ့ အချိန်အခါမှာ သူတို့သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်နေစိတ်ထားကလေးတွေကို ပိုက်စိပ်တိုက်ပြီးတော့ အဋ္ဌကထာက (သံ၊ဋ္ဌ၊၂၊၉၇-၁၀၁။) ဖွင့်ထားပါတယ်။
ဒီအဖွင့် သံဝဏ္ဏနာတွေဟာ အလွန် တန်ဖိုးရှိပါတယ်။ ဒီနေ့ တရားနာ ပရိသတ်အပေါင်းသူတော်ကောင်းတို့ မိမိတိုရဲ့ စိတ်ဓာတ်ကလေးတွေကို ပြုပြင်ပြောင်းလဲပေးတဲ့ နေရာကလေးတွေမှာ အတုယူဖို့ကောင်းတဲ့ ဆိုဆုံးမချက်တွေ ဖြစ်နေတယ်နော်။ ကဲ - ဘယ်လိုဆုံးမထားလဲ?
ဇနီးမောင်နှံတို့ရဲ့ ဦးတည်ချက်
ဒီဇနီးမောင်နှံနှစ်ဦးတို့ရဲ့ သန္တာန်မှာ ဒီသားရဲ့ အသားတည်းဟူသော အာဟာရသည် ကိုးမျိုးသော အကြောင်းတရားတို့ဖြင့် ရွံရှာစက်ဆုပ်ဖွယ် ဧကန်ဖြစ်နေတယ်။ ကိုးမျိုးသော အကြောင်းတို့ဖြင့် ရွံရှာစက်ဆုပ်ဖွယ် ဧကန်ဖြစ်နေတဲ့အတွက်ကြောင့် ဒီဇနီးမောင်နှံ နှစ်ဦးတို့ဟာ ဒီသားရဲ့ အသားကို စားလိုက်တဲ့အခါ ဒီသားရဲ့ အသားတည်းဟူသော အာဟာရက သူတို့ရဲ့သန္တာန်မှာ မြူးထူးပျော်ပါးခြင်းဆိုတဲ့ စိတ်ဓာတ်တွေ ဖြစ်ပေါ်လာဖို့ရန်အတွက်လည်း မဟုတ်ဘူး။ မာန်ယစ်ဖို့ရန် မာန်မာနတရားတွေ ထင်ရှားဖြစ်ပေါ်လာဖို့ရန်အတွက်လည်း မဟုတ်ဘူး။ လှပသွားအောင် တန်ဆာဆင်ဖို့ရန် အတွက် တန်ဆာဆင်လိုတဲ့ စိတ်နေစိတ်ထားတွေကို ဦးတည်ပြီး စားနေတာ လည်း မဟုတ်ဘူး။ အသားအရေပြည့်ဖြိုးဖို့ရန်အတွက်လည်း မဟုတ်ပေဘူး။ (သံ၊ဋ္ဌ၊၂၊၉၇။)
အစာအာဟာရကို မှီဝဲရာ၌ မှန်ကန်တဲ့ ဦးတည်ချက်
ခရီးခဲ ကန္တာရခရီးခဲကို ကျော်လွှားလွန်မြောက်ဖို့ရန်ဆိုတဲ့ ဦးတည်ချက် ကလေး တစ်ခုပဲ ရှိနေတယ်နော်။ အဲဒီတော့ ဒီနေရာမှာ ကိုးမျိုးသော အကြောင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ နည်းနည်းတော့ ဖွင့်ထားပါတယ်။ ဒါပေမဲ့လည်း အဲဒီကိုးမျိုးသောအကြောင်း မပြောခင်ကလေးမှာ ဘုန်းကြီး ပြောချင်တာကလေး တစ်ခုတော့ ရှိနေပါတယ်။ ဒီနေ့ ယောဂီတွေ တော်တော် ခပ်များများ ဆွမ်းခံကာနီးလို့ရှိရင်တော့ ရွတ်နေတယ် ဘာတဲ့လဲ?
ဤသည့်စားဖွယ်ဆိုတဲ့ လင်္ကာကလေးပဲနော်။ အဲဒီလင်္ကာလေးဖြင့် ဆင်ခြင်တာဟာလည်း ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာ ခေါ်တဲ့ အခြေခံ ပညာတစ်ခု ဖြစ်နေပါတယ်။ အဲဒီတော့ ဒီပညာက မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ စသည်ဖြင့် ဟောကြားထားတော်မူတဲ့ ပစ္စဝေက္ခဏာ ဆင်ခြင်နည်းအတိုင်း ရှေးရှေးဆရာတော်ကြီးများက လွယ်ကူအောင်ဆိုပြီးတော့ လင်္ကာကလေးတွေ သီကုံးပြီးတော့ ဆိုဆုံးမထားတာ ဖြစ်တယ်နော်။
အဲဒီတော့ ဒီနေရာမှာ (ဒဝါယ =) မြူးထူးပျော်ပါးကစားဖို့ရန်အတွက် ဆိုတာက ဘာလဲလို့မေးတော့ ကခြေသည်တို့ ကျွမ်းသမားတို့ဟာ အစာအာဟာရကို စားတယ်ဆိုလို့ရှိရင် သူတို့က ဒီလို ကျကျနန ကနိုင် ခုန်နိုင်ဖို့ရန်အတွက် မြူးထူးပျော်ပါးနိုင်ဖို့ရန်အတွက် ဦးတည်ချက်ဖြင့် အစာအာဟာရကို စားကြတယ်။ သီချင်းကောင်းကောင်း ဆိုနိုင်မယ်၊ ကောင်းကောင်း ကနိုင်မယ်။ ကောင်းကောင်း ကျွမ်းဘားတွေ ကစားနိုင်မယ်။ ဒီလို ရည်ရွယ်ချက်ဖြင့် ဒီအာဟာရကို စားသုံးကြတယ်။ ရဟန်းတော်တစ်ပါးက အစာအာဟာရကို စားတဲ့အချိန်အခါမှာ ဒီလိုဦးတည်ချက် မရှိစေရဘူးတဲ့ နော်။ (အဘိ၊ဋ္ဌ၊၁၊၄၃၀။)
နောက်တစ်ခု --- မာန်ယစ်တယ်။မိမိတို့ယောက်ျားမှာ ယောက်ျားရဲ့ စွမ်းအားတွေ ရှိတယ်။ ဒီစွမ်းအားကို ထင်ရှားဖော်ပြချင်တယ်ဆိုတဲ့ စိတ်ဓာတ်ဖြင့် အစာအာဟာရကိုစားတာ ဘုရားရှင် မနှစ်ခြိုက်ဘူးနော်။ ဒီလို ဦးတည်ချက်တွေနဲ့ မစားစေချင်ပါဘူး။ အားရှိအောင်ပေါ့လေနော်။ ယောက်ျားတို့ရဲ့ ခွန်အားကို ထင်ထင်ရှားရှား တိုးပွားအောင် ပြုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အာဟာရကို မစားစေချင်ဘူး။ အားရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဒီအစာအာဟာရတွေကို စားသုံးတာ ဘုရားရှင်မနှစ်ခြိုက်ဘူး။ အဲဒီတော့ မင်းချင်းယောက်ျားတွေ အစာအာဟာရကို စားပြီဆိုရင် အမတ်ကြီးတွေ အစာအာဟာရကို စားပြီဆိုရင် မာန်ယစ်ဖို့ရန်အတွက် စည်းစိမ်ယစ်ဖို့ရန်အတွက် များသောအားဖြင့် စားကြတယ်။ အဲဒီရည်ရွယ်ချက်ဖြင့် သူတို့က မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်တွေကို ကျကျနန စားသုံးကြတယ်။ သာသနာမှာ နေထိုင်တဲ့ ရဟန်းတော်က အဲဒီလို ဦးတည်ချက်ဖြင့်လည်း ဒီအာဟာရကို မမှီဝဲကောင်းဘူးနော်။(အဘိ၊ဋ္ဌ၊၁၊၄၃၀။)
ခန္ဓာကိုယ်ကို တင့်တယ်သွားအောင် တန်ဆာဆင်ဖို့ရန်ဆိုတဲ့ ဒီရည်ရွယ်ချက်ဖြင့်လည်း အာဟာရကို မမှီဝဲရဘူး။ အဲဒီမှာ ပြည့်တန်ဆာမတို့လို အမျိုးသ္မီးတွေ, နန်းတွင်းသူတွေ ရှိကြပါတယ်။ သူတို့က မိမိတို့ရဲ့ သန္တာန်မှာ အသားအရေတွေ ပြည့်ဖြိုးပြီး နူးညံ့သိမ်မွေ့လာအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အသားအရေကလေးတွေ နူးညံ့လာအောင် ထောပတ်တွေ တင်လဲတွေ စသည်ဖြင့် အလွန် အဆင့်အတန်း မြင့်နေတဲ့ အစာအာဟာရကို စားသုံးကြတယ်။ အဲဒီလို ဦးတည်ချက်ဖြင့် မိမိတို့ရဲ့ ခန္ဓာအိမ်ကြီးကို တန်ဆာဆင်ရန် လှပသွားအောင် တန်ဆာဆင်ရန်ဆိုတဲ့ ဒီရည်ရွယ်ချက်ဖြင့်လည်း အစာအာဟာရကို မစားသုံးရဘူးတဲ့နော်။ (အဘိ၊ဋ္ဌ၊၁၊၄၃၀-၄၃၁။)
နောက်တစ်ခု --- (န ဝိဘူသနာယ =) လက်ဝှေ့သည်တို့လို လက်ပန်းသည်တို့လို ပုဂ္ဂိုလ်တွေဟာ ခန္ဓာကိုယ်ကို အသားအရေတွေ ပြည့်ဖြိုး တင့်တယ်သွားပြီး တင်းမာလာပြီဆိုလို့ရှိရင် တစ်ဘက်ပုဂ္ဂိုလ်က ထိုးလိုက်မယ် ဆိုလို့ရှိရင် ထိုထိုးကြိတ်တဲ့ ဒဏ်ချက်ကို ခံနိုင်အောင် ကြိုတင်ပြီးတော့ အစာအာဟာရတွေ စားပြီးတော့ လေ့ကျင့်ကြတယ်။ အဲဒီလို အသားအရေတွေ တင်းမာလာအောင် ပြည့်ဖြိုးလာအောင်ဆိုတဲ့ ဒီရည်ရွယ်ချက်နှင့်လည်း ရဟန်းတော်ဟာ သာသနာတော်မှာ နေထိုင်ပြီဆိုလို့ရှိရင် အာဟာရကို မမှီဝဲသင့်ဘူးတဲ့နော်။ (အဘိ၊ဋ္ဌ၊၁၊၄၃၁။)
ဘာအတွက်သာလျှင် မှီဝဲရမလဲလို့မေးတော့ မဟာဘုတ်လေးပါးနော်။ ဓာတ်ကြီးလေးပါး ဦးတည်ထားတဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ဇီဝိတိန္ဒြေဆိုတာ ရှိတယ်။ ဇီဝိတိန္ဒြေဆိုတဲ့ ဒီတရားကလေးကို အရှည်တည်တံ့ရေးအတွက်သာ ရည်ရွယ်ပြီးတော့ မှီဝဲတယ်။ အကယ်၍များ အစာကို မစားခဲ့ဘူးဆိုလို့ရှိရင် မိမိရဲ့ သန္တာန်မှာ ပင်ပန်းမှု နွမ်းနယ်မှု ဆာလောင်မွတ်သိပ်မှု အစရှိတဲ့ ဘေးရန်တွေ ဖြစ်ပေါ်လာမယ်။ အဲဒီလို ပင်ပန်းမှု နွမ်းနယ်မှုဆိုတဲ့ ဒီသဘောတရားတွေကို ပယ်ဖျောက်ရန်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့်သာ ဒီအစာအာဟာရကို စားရပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၄၃၁။)
နောက်တစ်ခု --- (ဗြဟ္မစရိယ =) သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာ ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေ ရှိတယ်။ အဲဒီ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကြုံးရေတွက်ထားအပ်တဲ့ ဘုရားရှင်ရဲ့ အဆုံးအမသာသနာတော်ကို ငါ ချီးမြှောက်နိုင်ဖို့အတွက်သာ ရည်ရွယ်ပြီးတော့ ဒီအစာအာဟာရကို စားပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၄၃၁။)
ဒီလိုဦးတည်ချက်နဲ့ ဘုရားရှင်က စားစေချင်တယ်နော်။ အဲဒီလို စားလိုက်တဲ့အချိန်အခါမှာ ဘာဖြစ်လာမလဲ? အကျိုးတရားတွေကတော့ ဆာလောင်မွတ်သိပ်နေတဲ့ အဟောင်းဖြစ်တဲ့ ဒဏ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဝေဒနာတွေလည်း ပျောက်ကွယ်သွားမယ်။ နောက်ထပ် ဆာလောင် မွတ်သိပ်ခြင်းတည်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမယ့် ဝေဒနာ အသစ်တွေလည်း ထပ်ပြီးတော့ မဖြစ်တော့ဘူး။ မဖြစ်လိုက်တဲ့အချိန်အခါကျတော့ ဘာဖြစ်မလဲ? မိမိမှာ ဣရိယာပုထ် လေးပါးလုံး မျှမျှတတနဲ့ တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်လိမ့်မယ်။ အဲဒီလို အားထုတ်နိုင်တဲ့အတွက်ကြောင့် မိမိသန္တာန်မှာ အစာမစားရခြင်း တည်းဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာမယ့် အကုသိုလ်အပြစ်တွေလည်း ထင်ရှား မဖြစ်တော့ဘူး။ (အဘိ၊ဋ္ဌ၊၁၊၄၃၁။)
ဣရိယာပထ မျှမျှတတနေနိုင်တဲ့အတွက် ဘုရားရှင်ရဲ့သာသနာတော်မှာ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ ကျင့်နိုင်သည့် အဆင့်အထိ ဒီအာဟာရက အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးပါလိမ့်မယ်။ နောက်တစ်ခုကတော့ အနဝဇ္ဇတာ စ ဆိုတဲ့ အပြစ်မရှိမှုနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဘယ်လို ဖွင့်ဆိုထားသလဲ?
အပြစ်ရှိမှုဟူသည်
အနဝဇ္ဇတာ စာတိ ဧတ္ထ အတ္ထိ သာဝဇ္ဇံ၊ အတ္ထိ အနဝဇ္ဇံ။
အနဝဇ္ဇတာဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီးတော့ သာဝဇ္ဇ = အပြစ်ရှိတဲ့ သဘောလည်း ရှိတယ်။ (အနဝဇ္ဇ =) အပြစ်မရှိမှုဆိုတာလည်း ရှိပါတယ်။ ဘယ်လိုလဲဆိုတော့။
တတ္ထ အဓမ္မိကပရိယေသနာ အဓမ္မိကပဋိဂ္ဂဟဏံ အဓမ္မေန ပရိဘောဂေါတိ ဣဒံ သာဝဇ္ဇံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၄၃၁။)
တတ္ထ = ထိုစကားရပ်၌။ အဓမ္မိကပရိယေသနာ = မတရားသော နည်းလမ်းဖြင့် အစာအဟာရကို ရှာဖွေခြင်းသည်လည်းကောင်း။ အဓမ္မိကပဋိဂ္ဂဟဏံ =ဝိနည်းတော်နှင့် မလျော်ညီသော မအပ်သောနည်းဖြင့် အကပ် ခံယူခြင်းသည်လည်းကောင်း အလှူခံယူခြင်းသည်လည်းကောင်း။ အဓမ္မေန ပရိဘောဂေါ = ဝိနည်းတော်နှင့် မလျော်ညီသော သုံးဆောင်ခြင်းသည်လည်းကောင်း။ အတ္ထိ = ရှိ၏။ ဣဒံ = ဤသည်ကား။ သာဝဇ္ဇံ နာမ = သာဝဇ္ဇမည်၏။ အပြစ်ရှိတယ် မည်တယ်တဲ့။
မြတ်စွာဘုရား ဝိနည်းဒေသနာတော်မှာ ပစ္စည်းလေးပါးရှာဖွေပုံနဲ့ ပတ်သက်ပြီးတော့ ပညတ်ထားတဲ့ ပညတ်ချက်တွေ ရှိကြပါတယ်။ ဥပမာ ဆိုကြပါစို့၊ စျာန်မဂ်ဖိုလ်နိဗ္ဗာန် မရဘဲနဲ့ ရတယ်လို့ ဝါးကြွားပလွှားပြီး မပြောကြားရဘူး။ ပြောကြားလို့ ဒကာဒကာမတွေက လှူဒါန်းခဲ့ရင် ဒီပစ္စည်းသည် မအပ်စပ်ဘူး။ အောင်တမန် မပြုရဘူး။ ပြုခဲ့လို့ ကြည်ညိုပြီး လှူဒါန်းခဲ့ရင် အဲဒီပစ္စည်းဟာလည်း မအပ်စပ်ဘူး။ ဆွေမျိုးမတော်သူ ပစ္စည်းလေးပါး မဖိတ်ကြားထားသူ ဒါယကာတို့ထံ၌ မအပ်သောနည်းဖြင့် တောင်းခံခြင်းကို မပြုရဘူး။ ပြုခဲ့လို့ ရရှိခဲ့ရင် ရရှိလာတဲ့ ဒီပစ္စည်းလည်း မအပ်စပ်ဘူး။ ဆေးကုခြင်း သစ်သီးပေးခြင်း ပန်းပေးခြင်း ဗေဒင်ဟောခြင်း ယတြာ ဓာတ်ရိုက်ဓာတ်ဆင်ပြုခြင်း စသည်ဖြင့် ဒီလို မအပ်သောနည်းတွေဖြင့် ပစ္စည်းလေးပါးတွေကို ရှာဖွေကြတယ်။
ခုခေတ်အပြောနဲ့ ပြောရင်တော့ ချဲနံပါတ်ကလေး ပေးတာပေါ့နော်။ အဲဒီပုံစံနည်းစနစ်အားဖြင့် မတရားသောနည်းလမ်းဖြင့် ပစ္စည်းလေးပါးကို ရအောင် ရှာဖွေတာဟာလည်း ဒါ (သာဝဇ္ဇ =) အပြစ်ရှိတဲ့ လုပ်ငန်းပဲ။ နောက်တစ်ခု (အဓမ္မိကပဋိဂ္ဂဟဏ =) ခံယူတဲ့နေရာမှာလည်း ဝိနည်းတော်နှင့် မလျော်ညီတဲ့ နည်းစနစ်တွေဖြင့် အလှူခံယူတယ်နော်။ ညက ပြောခဲ့ပြီးပြီပေါ့လေ။ သားစိမ်း ငါးစိမ်း အလှူမခံရ စသည်ဖြင့်ပေါ့၊ အဲဒီလို ဝိနည်းတော်နှင့် မလျော်ညီတဲ့ အလှူခံယူခြင်းဖြင့် ခံယူပြီးတော့လည်း သုံးစွဲခဲ့ရင် ဒါဟာ သာဝဇ္ဇပဲ။ နောက် (အဓမ္မေန ပရိဘောဂေါ =) ဓမ္မနည်းလမ်း ဝိနည်းနည်းလမ်းနဲ့ မလျော်ညီဘဲနဲ့ သုံးစွဲခဲ့မယ်ဆိုလို့ရှိရင်လည်း ဒါ သာဝဇ္ဇပဲ၊ နောက်တစ်ခု ----
ဓမ္မေန ပန ပရိယေသိတွာ ဓမ္မေန ပဋိဂ္ဂဟေတွာ ပစ္စဝေက္ခိတွာ ပရိဘုဉ္ဇနံ အနဝဇ္ဇံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၄၃၁။)
ဓမ္မေန = တရားသောနည်းလမ်းဖြင့်။ ပရိယေသိတွာ =ပစ္စည်းလေးပါးကို ရှာဖွေပြီး၍။ ဓမ္မေန = တရားသောနည်းလမ်းဖြင့်။ ပဋိဂ္ဂဟေတွာ = အကပ် ခံယူပြီး၍။ ပစ္စဝေက္ခိတွာ = ဉာဏ်ဖြင့်ဆင်ခြင်၍။ ပရိဘုဉ္ဇနံ = သုံးဆောင်ခြင်းသည်ကား။ အနဝဇ္ဇံ နာမ =အနဝဇ္ဇ မည်၏။
ပစ္စည်းလေးပါးကို ရှာဖွေတဲ့ အချိန်အခါမှာလည်း ဘုရားရှင်နှစ်ခြိုက်တဲ့ တရားသော နည်းလမ်းဖြင့်သာ ရှာဖွေတယ်။ တရားသော နည်းလမ်းဖြင့်သာ အကပ်ခံတယ်။ တရားသောနည်းလမ်းဖြင့် အကပ်ခံယူလို့ ရရှိထားတဲ့ ဒီ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်ပြီးတော့ သုံးဆောင် တယ်။ ဒါဟာ အနဝဇ္ဇပဲ။ သို့သော် ဉာဏ်နဲ့ ဆင်ခြင်တဲ့အပိုင်းတွေမှာ အဆင့်ဆင့် သွားပါလိမ့်မယ်နော်။ အခုပြောနေတဲ့ အပိုင်းလေးကတော့ ပစ္စဝေက္ခဏာ ဆင်ခြင်တဲ့အပိုင်းကို ပြောနေတာပါ။
ဧကစ္စော အနဝဇ္ဇေယေဝ သာဝဇ္ဇံ ကရောတိ၊ လဒ္ဓံ မေတိ ကတွာ ပမာဏာတိက္ကန္တံ ဘုဉ္ဇတိ၊ တံ ဇီရာပေတုံ အသက္ကောန္တော ဥဒ္ဓံဝိရေစနအဓောဝိရေစနာဒီဟိ ကိလမတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၂။)
နည်းနည်းလေး အဋ္ဌကထာဆရာတော်က ဖွင့်ပြထားတယ်။
ဧကစ္စော = အချို့သောပုဂ္ဂိုလ်သည်။ အနဝဇ္ဇေယေဝ = အပြစ်မရှိသော ဆွမ်းပစ္စည်း၌ပင်လျှင်။ သာဝဇ္ဇံ =အပြစ်ရှိအောင်။ ကရောတိ = ပြုမူတတ်ပြန်၏။
တရားသောနည်းလမ်းဖြင့် ရှာဖွေတဲ့ ပစ္စည်းလည်း မှန်တယ်။ ဝိနည်းတော်နှင့် လျော်ညီစွာ အကပ်ခံထားတဲ့ ခံယူထားတဲ့ ပစ္စည်းလည်း မှန်တယ်။ ဒါပေမဲ့လို့ ဒီလိုအပြစ်မရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို ရရှိတဲ့အချိန်အခါမှာ အပြစ်ရှိအောင် တချို့က ပြုလုပ်တတ်တယ်။ ဘယ်လိုလဲ?
ငါ ရလေပြီဆိုပြီးတော့ ဝမ်းသာတယ်။ ဝမ်းသာပြီးတဲ့ အချိန်အခါကျတော့ ဘာဖြစ်သလဲ? မိမိရဲ့ အတိုင်းအတာပမာဏကို ကျော်လွန်ပြီးတော့ စားပြန်တယ်။ စားလိုက်တော့ ဘာဖြစ်သလဲ?
တံ = ထိုအတိုင်းအတာထက် လွန်ကဲအောင် စားသောက်ထားတဲ့ အစာ အဟာရကို။ ဇီရာပေတုံ = ကြေကျက်စေအပ်သောငှာ။ အသက္ကောန္တော = မစွမ်းနိုင်သည်ဖြစ်၍။ ဥဒ္ဓံဝိရေစနအဓောဝိရေစနာဒီဟိ = ဝမ်းလျှောဆေး အန်ဆေးစသည်တို့ကို မှီဝဲရခြင်း စသည်တို့ဖြင့်။ ကိလမတိ =ပင်ပန်း၏။
အစာက မချက်နိုင်ဘူး။ စားတဲ့အစာကလည်း အပေါ်လည်းမတက် အောက်လည်းမကျ ဒီလိုဖြစ်နေပြီဆိုရင်တော့ ဘာလုပ်ရမလဲ? အန်ဆေး တိုက်သင့်ရင်လည်း တိုက်ရမယ်။ ဝမ်းလျှောဆေးတွေ တိုက်သင့်ရင်လည်း တိုက်ရမယ်။ အဲဒီပုံစံစနစ်အားဖြင့် ပင်ပန်းပြီ၊ ပင်ပန်းလိုက်တော့ ဘာဖြစ်လဲ?
ကျောင်းတိုက်အတွင်းမှာရှိနေတဲ့ ရဟန်းတော်တွေ အားလုံးပဲ ဒီ ကိုယ်တော်အတွက် သန့်ရှင်းရေးတွေ ပြုလုပ်ပေးရတယ်။ အန်နေပြီ၊ သို့မဟုတ် ဝမ်းတွေကလည်း မတရားလျှောနေပြီ။ လျှောနေတော့ သန့်ရှင်းရေးတွေ ပြုလုပ်ပေးရတာနဲ့ သူ့အတွက် သင့်လျော်တဲ့ ဆေးပစ္စည်း ရှာဖွေရတာနဲ့ ကြောင့်ကြမှုတွေ များလာတယ်။ ဒါပေမဲ့ သူ့ကို မေးလိုက်ရင်တော့ ဘယ်လို ပြောမလဲ? နည်းနည်းကလေး သွားစားမိတာပါလို့ လျော့လျော့ပေါ့ပေါ့ ပြော မှာပါ။ စားလိုက်တာတော့ သိပ်မများပါဘူး။ နည်းနည်းဗိုက်ထဲ အဆင်မပြေ ဖြစ်သွားတာနဲ့ တူတယ်နော်။
အေး ကိုယ်တော် တစ်ပါးကတော့ ဗိုက်ကယ်နေလို့ ဒီကိုယ်တော် ဗိုက်ကယ်နေလို့ပါ စသည်ဖြင့် ဒီလိုစကားတွေ ပြောနေရတယ်။ တကယ်တော့ သူဟာ တစ်ခါတလေ ဖြစ်တာမဟုတ်ဘူး။ ဒီလိုပဲ အမြဲတမ်း အစားအစာက ကိုယ့်ပမာဏကို ကိုယ်မနှိုင်းချိန်ဘူး။ လွန်လွန်ကျွံကျွံပဲ စားနေတယ်။
ဩော်! ဒီကိုယ်တော်နဲ့ ကိုယ်ရဲ့ ဝမ်းဗိုက်အတိုင်းအတာပမာဏကို မသိပါလားဆိုပြီးတော့ ဘေးကပုဂ္ဂိုလ်တွေက ကဲ့ရဲ့ကြတယ်၊ ရှုတ်ချကြတယ်။ဒီပုဂ္ဂိုလ်မျိုးဟာ အပြစ်မရှိတဲ့ အစာအာဟာရမှာ အပြစ်ရှိအောင် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ပဲ။
မိမိရဲ့ အတိုင်းအတာပမာဏနဲ့ လျော်ညီစွာ ဒီလိုအပြစ်တွေ မဖြစ်အောင် မှီဝဲရမယ်နော်။ မှီဝဲလိုက်တဲ့အချိန်အခါကျတော့ ဘာဖြစ်မလဲ? ဖာသုဝိဟာရ = ချမ်းချမ်းသာသာ နေရမယ်။ အဲဒီချမ်းချမ်းသာသာ နေရမယ်ဆိုတဲ့ အပိုင်းမှာလည်း အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်နော်။ (အဋ္ဌသာလိနိ အဋ္ဌကထာ၊၄၃၂။) မှာ ---
ဖာသုဝိဟာရော စာတိ ဧတ္ထာပိ အတ္ထိ ဖာသုဝိဟာရော၊ အတ္ထိ န ဖာသုဝိဟာရော။ (အဘိ၊ဋ္ဌ၊၁၊၄၃၂။)
ချမ်းချမ်းသာသာ နေထိုင်ရမှုလည်း ရှိတယ်။ ချမ်းချမ်းသာသာ မနေထိုင်ရမှုလည်း ရှိပါတယ်တဲ့နော်။ ဘယ်လိုလဲ?
အစားကြူးတဲ့ပုဏ္ဏား (၅) ဦး
အာဟာရဟတ္ထကပုဏ္ဏား အလံသာဋကပုဏ္ဏား တတြဝဋ္ဋကပုဏ္ဏား ကာကမာသကပုဏ္ဏား ဘုတ္တဝမိတကပုဏ္ဏားဆိုပြီးတော့ ပုဏ္ဏား(၅)ဦးတို့ကို ပုံစံထုတ်ပြထားတယ်။ ဘုန်းကြီးတို့ရဲ့ စာပေမှာ တော်တော်လေး အကဲခတ်ကြည့်ပါတယ်။ ပုဏ္ဏားတွေကတော့ တော်တော်လေး နာမည်ပျက်နေတယ်။ အဲဒီတော့ အဲဒီပုဏ္ဏား (၅)ဦးကို ထုတ်ပြထားတော့ ဒီပုဏ္ဏား (၅)ဦးတို့ရဲ့ စားခြင်းသည် န ဖာသုဝိဟာရ = ချမ်းချမ်းသာသာမနေရတဲ့ စားနည်းပဲ။ အဲဒီပုဏ္ဏား (၅)ဦးထဲက ---
နံပါတ် (၁)ဖြစ်တဲ့ အာဟာရဟတ္ထကပုဏ္ဏားဆိုတာက ဘယ်လိုလဲ?
စားလိုက်တာက သိပ်များတယ်။ ကိုယ့်ဟာကိုယ် ထလို့တောင် မနိုင်တဲ့အတွက် ဟ! ငါ့လက်ဆွဲပြီးတော့ ထူကြစမ်းပါဦးဆိုပြီး ပြောယူရလောက်အောင် အစားကြီးတဲ့ပုဏ္ဏားကို ဘယ်ပုဏ္ဏားလို့ခေါ်သလဲ? အာဟရဟတ္ထက ပုဏ္ဏားတဲ့။
နောက်တစ်ယောက် နံပါတ် (၂) အလံသာဋကပုဏ္ဏား၊
စားလိုက်တာက တော်တော်ကြီးကို ဗိုက်က တင်းသွားတယ်။ ဗိုက်က တင်းသွားလိုက်တဲ့အချိန်အခါကျတော့ ထတော့ ထလိုက်နိုင်ပါရဲ့၊ ဒါပေမဲ့ ပုဆိုးကိုဝတ်လို့ကို မတတ်နိုင်ဘူးတဲ့။ ဒီလိုပုဆိုးမဝတ်နိုင်လောက်အောင် အစားကြီးတဲ့ ပုဏ္ဏားကို အလံသာဋကပုဏ္ဏားလို့ ခေါ်တယ်။ နောက်တစ်ယောက် တတြဝဋ္ဋကပုဏ္ဏား ...
ထလို့တောင် မနိုင်တော့ဘူး။ စားတဲ့နေရာမှာပဲ လဲနေရတယ်။ အဲဒီပုဏ္ဏားကတော့ တတြဝဋ္ဋကပုဏ္ဏား။
နောက်တစ်ယောက် နံပါတ် (၄) ကာကမာသကပုဏ္ဏား၊
ပါးစပ်ပြည့်အောင် စားလိုက်တာ ကျီးလာပြီး ပါးစပ်ထဲ နှိုက်စားမယ် ဆိုတောင် နှိုက်စားလို့ရအောင် စားတယ်။ အဲဒီလို အစားကြီးတဲ့ ပုဏ္ဏားကိုတော့ ကာကမာသကပုဏ္ဏားလို့ ခေါ်တယ်။
ကဲ နောက်တစ်ယောက်က ဘုတ္တဝမိတကပုဏ္ဏားတဲ့။ နံပါတ် (၅) ပုဏ္ဏားပဲ။
ပါးစပ်ထဲထားလို့ကို မနိုင်တော့ဘူး။ ဗိုက်ထဲထားလို့ကို မနိုင်တော့ဘူး။ စားတဲ့နေရာမှာပဲ ပါးစပ်ကနေပြီးတော့ အန်ထုတ်ပစ်ရတယ်။ အဲဒီလောက်အထိ အစားကြီးတဲ့ပုဏ္ဏားကို ဘာခေါ်သလဲ? ဘုတ္တဝမိတကပုဏ္ဏားတဲ့။ ဒီ ပုဏ္ဏား (၅)ဦးတို့ကို ဖော်ပြထားတယ်။ အဲဒီပုဏ္ဏား (၅)ဦးလိုတော့ မစားပါနဲ့တဲ့။
ကဲ အဲဒီလို မစားဘူးဆိုလို့ရှိရင်တော့ (ဖာသုဝိဟာရ =) ချမ်းချမ်းသာသာ နေထိုင်ရပါလိမ့်မယ်၊ ချမ်းချမ်းသာသာ နေထိုင်ရတာကတော့ နောက်ပိုင်း လည်း ထပ်ပြီး ပြောပါလိမ့်မယ်။ ဒီတော့ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ လင်္ကာလေးတွေ သီကုံးပြီးတော့ ဆရာတော်ကြီးတွေ ဆိုဆုံးမထားတယ်။ ဘာတဲ့လဲ?
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုထ် မျှလစ် ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။
ဒီလို ဆင်ခြင်တတ်တဲ့ ပစ္စဝေက္ခဏာဉာဏ်ကို အစာအာဟာရကို မှီဝဲတိုင်း မှီဝဲတိုင်း စွမ်းနိုင်က ဆွမ်းလုတ်တိုင်း ဆွမ်းလုတ်တိုင်း ဆင်ခြင်ပြီး စားဖို့ရန်အတွက် မြတ်စွာဘုရားပေးထားတဲ့ အခြေခံ နိဿရဏပညာလို့ ခေါ်တယ်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း ပညာတစ်ခုပါ။ ခုဒီဟောဆဲဖြစ်နေတဲ့ ပုတ္တမံသူပမသုတ္တန်မှာ လာရှိတဲ့ နိဿရဏပညာကတော့ မြတ်စွာဘုရား ပုံစံတစ်မျိုးလေးနဲ့ ဟောထားတယ်။ ဒီပညာက နည်းနည်း အဆင့်မြင့်သွားပြီ။ ဘယ်လိုလဲ? ညက ဇာတ်ထုတ်ကလေး ပြန်ပြီး နားထောင်ကြည့်ပါနော်။
တေသံ သော ပုတ္တမံသာဟာရော နဝဟိ ကာရဏေဟိ ပဋိကူလတ္တာ နေဝ ဒဝါယ ဟောတိ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊ ကေဝလံ ကန္တာရနိတ္ထရဏတ္ထာယေဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၉၇။)
တေသံ =ထိုဇနီးမောင်နှံ (၂)ဦးတို့အဖို့။ သော ပုတ္တမံသာဟာရော = ထို သားရဲ့ အသားတည်းဟူသော အစာအာဟာရသည်ကား။ နဝဟိ ကာရဏေဟိ = ကိုးမျိုးသော အကြောင်းတရားတို့ဖြင့်။ ပဋိကူလတ္တာ = ရွံရှာ စက်ဆုပ်ဖွယ် ဧကန် ဖြစ်နေခြင်းကြောင့်။ ဒဝါယ = မြူးထူးပျော်ပါး ကစားဖို့ငှာလည်း။ နေဝ ဟောတိ = မဖြစ်ပါ။ မဒါယ = အားဟူသော မာန်ယစ်ခြင်းငှာလည်း။ န ဟောတိ = မဖြစ်ပါ။ မဏ္ဍနာယ =လှပအောင် တန်ဆာဆင်ခြင်းငှာလည်း။ န ဟောတိ =မဖြစ်ပါ။ ဝိဘူသနာယ = အသားရေ ပြည်ဖြိုးတင့်တယ်ဖို့ရန်လည်း။ န ဟောတိ = မဖြစ်ပါ။
ဘာ ဦးတည်ချက်ကလေးနဲ့ စားနေကြသလဲ?
ကေဝလံ ကန္တာရနိတ္ထရဏတ္ထာယေဝ = မိမိတို့ သွားနေဆဲဖြစ်တဲ့ ကန္တာရခရီးခဲကို ကျော်လွှားလွန်မြောက်ရန် အကျိုးငှာသာလျှင်။ ဟောတိ = ဖြစ်ပါပေ၏။
အခု တရားနာနေတဲ့ ပရိသတ်တွေ ဘယ်သွားနေကြသလဲလို့မေးရင် သံသရာခရီးကြီး ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို သွားနေကြတယ်။ မိမိသွားနေတဲ့ ဒီနိဗ္ဗာန်ကို ရောက်ရှိနိုင်ရေးအတွက် မိမိတို့သွားနေတဲ့ သံသရာခရီးကြီး ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်သို့ ရောက်ရှိနိုင်ရေးအတွက်သာလျှင် ဦးတည်ပြီးတော့ ဒီလိုအစာအာဟာရကို မှီဝဲစေချင်တယ်။ ဘုရားရှင်ရဲ့ ဆန္ဒဓာတ်တော်က မြူးထူးပျော်ပါးဖို့ရန်အတွက် မာန်ယစ်ဖို့ရန်အတွက်ဆိုတဲ့ ဒီလိုမမှန်ကန်တဲ့ ဦးတည်ချက်တွေဖြင့် ဒီလိုအစာအာဟာရကို မမှီဝဲစေချင်ဘူး။ နောက်တစ်ခု ဒီမှာ ကိုးမျိုးသော အခြင်းအရာတို့ဖြင့် ရွံရှာစက်ဆုပ်ဖွယ်သဘောဆိုတာ ဘာတွေလဲ?
အစာအာဟာရ၏ ရွံရှာစက်ဆုပ်ဖွယ် (၉) မျိုးသော အခြင်းအရာ
ကိုးမျိုးသော အကြောင်းတရားတို့ကြောင့် ဒီအစာအာဟာရဟာ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလသဘောရှိနေတယ်ဆိုတာ ဒီ (၉)မျိုးသော အကြောင်းတွေက ဘာတွေလဲ?
သဇာတိမံသတာယ ဉာတိမံသတာယ ပုတ္တမံသတာယ ပိယပုတ္တမံသတာယ တရုဏမံသတာယ အာမကမံသတာယ အဘောဂမံသတာယ အလောဏတာယ အဓူပိတတာယာတိ။ (သံ၊ဋ္ဌ၊၂၊၉၇။)
၁။ သဇာတိမံသတာယ = ဇာတ်တူအသား ဖြစ်နေသည့်အတွက်ကြောင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတယ်တဲ့။ လူဇာတ်ချင်း တူနေတယ်။ စားတဲ့ပုဂ္ဂိုလ်ကလည်း လူပဲ၊ အစားခံရတဲ့ အသားကလည်း လူပဲဖြစ်နေတယ်။ ဇာတ်တူသား ဖြစ်နေတယ်နော်။ သဇာတိမံသတာယ = ဇာတ်တူအသား ဖြစ်နေခြင်းကြောင့်လည်းကောင်း။
၂။ ဉာတိမံသတာယ =ဆွေမျိုး၏အသား ဖြစ်နေသည့်အတွက် လည်းကောင်း။ ဆွေမျိုးရဲ့ အသား ဖြစ်နေတယ်နော်။ နောက်တစ်ခု ..
၃။ ပုတ္တမံသတာယ = သား၏အသား ဖြစ်နေသည့်အတွက်ကြောင့် လည်းကောင်း။
၄။ ပိယပုတ္တမံသတာယ = အလွန် ချစ်မြတ်နိုးအပ်တဲ့ သား၏ အသား ဖြစ်နေသည့်အတွက်ကြောင့်လည်းကောင်း။
အစာစားတဲ့အချိန်မှာ ထားရှိစေချင်တဲ့ ဘုရားရှင် သင်ပေးတော်မူတဲ့ စိတ်ဓာတ်ကလေးပဲနော်။ ဇာတ်တူသားလည်း ဖြစ်တယ်၊ ဆွေမျိုးရဲ့ အသားလည်း ဖြစ်တယ်၊ သားရဲ့ အသားလည်း ဖြစ်တယ်၊ ဒီသားကလည်း မိမိတို့ အလွန် ချစ်မြတ်နိုးနေတဲ့ သားရဲ့အသား ဖြစ်နေတယ်။ နောက်တစ်ခု ဒီသားကလေးကို ကြည့်လိုက်တော့။
၅။ တရုဏမံသတာယ = အလွန် နုနယ်တဲ့အသား ဖြစ်နေသည့်အတွက်ကြောင့်လည်းကောင်း။
သားကလေးကလည်း အလွန် နုနယ်နေတဲ့ သားလည်း ဖြစ်တယ်။ အလွန် နုနယ်နေတဲ့ သတ္တဝါတစ်ဦးရဲ့ အသားလည်း ဖြစ်နေပြန်တယ်။
၆။ အာမကမံသတာယ = အသားစိမ်းဖြစ်နေသည့်အတွက်ကြောင့် လည်းကောင်း။
၇။ အဘောဂမံသသာယ =မသုံးဆောင်ထိုက်တဲ့အသား မသုံးဆောင် ဖူးတဲ့ အသား ဖြစ်နေသည့်အတွက်ကြောင့်လည်းကောင်း။
၈။ အလောဏတာယ = ဆားမပါသည့်အတွက်ကြောင့်လည်းကောင်း။
၉။ အဓူပိတတာယ = မီးဖြင့် မချက်အပ်သည့်အတွက်ကြောင့်လည်းကောင်း။
ဣမေဟိ နဝဟိ ကာရဏေဟိ = ဤ (၉)မျိုးသော အကြောင်းတရားတို့ကြောင့်။ ပဋိကူလော = ရွံရှာစက်ဆုပ်ဖွယ် ဧကန်ဖြစ်၍ နေပါပေ၏။
အစာအာဟာရ စားတဲ့အချိန်အခါမှာ ဘုရားရှင်က ထားရှိစေချင်တဲ့ စိတ်ထားကလေးပါနော်။ ကဲ ---
စဉ်းစားကြည့်စမ်းနော်။ ဒီဇနီးမောင်နှံနှစ်ဦးက ဒီအသားလေးကို စားလိုက်တဲ့အချိန်အခါမှာ သူတို့ရဲ့ သန္တာန်မှာ ဒီအသားရဲ့ အရသာအပေါ်၌ မက်မောနေတဲ့ တွယ်တာနေတဲ့ တပ်မက်နေတဲ့စိတ်ထား ရှိကြသလား? မရှိနိုင်ဘူး။ ကိုယ့်သားရဲ့အသား ဖြစ်နေပြီနော်။ ခုနက (၉)မျိုးသော အကြောင်းတို့ဖြင့် အလွန် စက်ဆုပ်ဖွယ်ကောင်းသော အသား ဖြစ်နေပြီ။ နောက်တစ်ခု ---
မဇ္ဈတ္တဘာဝေယေဝ ပန နိစ္ဆန္ဒရာဂပရိဘောဂေ ဌိတာ ခါဒိံသု။
မဇ္ဈတ္တဘာဝေယေဝ = အလယ်အလတ် မဇ္ဈတ္တသဘော၌ တည်သော စိတ်ထားရှိသည်ဖြစ်၍သာလျှင်။ နိစ္ဆန္ဒရာဂပရိဘောဂေ = လိုလားတပ်မက်ခြင်းကင်းသော သုံးဆောင်ခြင်း၌။ ဌိတာ = တည်ကြကုန်သည်ဖြစ်၍။ ခါဒိံသု =ခဲစားကြလေကုန်၏။
အလယ်အလတ်၌ တည်နေသည့်စိတ်ထား, စားလိုတဲ့ လိုလားတပ်မက် နေတဲ့ ဆန္ဒရာဂ ကင်းနေတဲ့ စိတ်ထားမှာ ရပ်တည်ပြီးတော့သာလျှင် စားနေတယ်။ ဒီအသားအပေါ်၌ စားလိုတဲ့ စိတ်ထား မရှိဘူး။ အလယ်အလတ်မှာ တည်ရှိနေတဲ့ စိတ်ထားဆိုတာက မိမိတို့ သွားရမယ့် လမ်းခရီးကို ကျော်လွှား လွန်မြောက်ရေးဆိုတဲ့ ဦးတည်ချက်ကလေးကို ထားပြီးတော့ အသားရဲ့ အရသာအပေါ်မှာ တပ်မက်တဲ့စိတ်ထား မရှိဘဲ စားနေတာ၊ ဒါကို အလယ်အလတ်မှာ တည်နေတဲ့ စိတ်ထားလို့ ပြောတာ။ အဲဒီလို စားလိုက်တဲ့ အချိန် အခါမှာ ဒီအသားအပေါ်၌ လိုလားတပ်မက်နေတဲ့ သုံးဆောင်ခြင်းမှာ ရပ်တည်ပြီးတော့ စားနေတာ မဟုတ်ဘူး။ ကောင်းလိုက်တာ ကောင်းလိုက်တာ ကောင်းလိုက်တာဆိုတဲ့ အဲဒီလို အာဟာရအပေါ်၌ တပ်မက်တဲ့ ပုံစံ စနစ်အားဖြင့် ဒီအသားကို စားနေတာလား? မဟုတ်ဘူးတဲ့နော်။ (သံ၊ဋ္ဌ၊၂၊၉၇။)
နောက်တစ်ခု --- သားကောင်တစ်ကောင်ကို ဖျက်ဖူးတဲ့ပုဂ္ဂိုလ် နားလည်ပါလိမ့်မယ်။ ကောင်းနိုးရာရာ အသားလေးတွေကို ရွေးပြီးတော့ အရိုးတခြား အကြောတခြား အရေခွံတွေတခြား စုပြီးတော့ မကောင်းတဲ့ဟာတွေ ဖယ်ရှားပြီး ကောင်းတာကလေးတွေ ရွေးပြီးတော့ သက်သက် စားနေတာလည်း မဟုတ်ဘူးတဲ့နော်။ ဘယ်လိုသာ စားသလဲ?
မိမိလက်ထဲ ဆိုက်ရောက်လာတဲ့ အသားကိုသာလျှင် စားတယ်။ ကောင်းနိုးရာရာကို ရွေးစားတယ်ဆိုတဲ့ စိတ်ထား၊ ထိုဇနီးမောင်နှံ နှစ်ဦးလုံးမှာ မရှိဘူးတဲ့နော်။ (သံ၊ဋ္ဌ၊၂၊၉၇။)
လည်ပင်းအထိ ဘယ်တော့မှ မစားဘူး။ ဘယ်လိုသာ စားသလဲ?
နည်းနည်းကလေးပဲ စားတယ်နော်။ လည်ပင်းအထိ ပြည့်သွားအောင် ဘယ်တော့မှ မစားဘူး။ တစ်နေ့တာပမာဏ မျှတရုံ အတိုင်းအတာ ပမာဏမျှလောက်သာ စားကြတယ်။
အစာစားတဲ့ အချိန်အခါမှာ တစ်ဦးနှင့်တစ်ဦး ဇနီးမောင်နှံ နှစ်ယောက်တို့ တစ်ဦးအပေါ် တစ်ဦး ဝန်တိုစောင်းမြောင်းနေတဲ့ စိတ်ထားတွေမရှိကြဘူး။ ဝန်တို စောင်းမြောင်းခြင်းဆိုတဲ့ အညစ်အကြေးကင်းနေတဲ့ စင်ကြယ်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် ဒီဇနီးမောင်နှံနှစ်ဦးက ဒီအစာအာဟာရကို စားနေကြတယ်။ အစာစားတဲ့ အချိန်အခါမှာ ထားရှိစေချင်တဲ့ စိတ်ဓာတ်လေးတွေကို ဘုရားရှင်က ညွှန်ကြားပေးနေတာပါနော်။ (သံ၊ဋ္ဌ၊၂၊၉၇။)
နောက်တစ်ခု --- ဩော်! တို့ စားနေတာဟာလေ သမင်သားပဲ၊ ဒေါင်းသားပဲ စသည်ဖြင့် ဒီလို တွေဝေသောစိတ်ထားဖြင့် စားနေကြတာ မဟုတ်ဘူး။ ဘယ်လိုသာ စားသလဲ?
တို့ စားနေတဲ့ အသားဟာ တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ တို့ရဲ့ သားလေးရဲ့အသားသာ ဖြစ်တယ်။ ဒီလိုသိရှိပြီးတော့သာ စားနေကြတာ၊ ဒါက သမင်သားပဲ၊ ဒါက ဥဒေါင်းသားပဲ စသည်ဖြင့် ဒီလိုအသိနဲ့ တွေဝေတဲ့ စိတ်နဲ့ စားနေတာ မဟုတ်ဘူးတဲ့နော်။ နောက်တစ်ခု ---
ဩော်! တို့ နောက်ထပ်ကွယ် ဒီလို သားရဲ့အသားမျိုး စားရရင်တော့ သိပ်ကောင်းမှာပဲဆိုတဲ့ ဒီလိုတောင့်တချက်ဖြင့် စားနေတာလည်း မဟုတ်ဘူး။ ဘယ့်နှယ်တုန်း! ကြားကြသလား? ကြားကြရဲ့လား ပရိသတ်တွေ ... သတိထားကြ၊ သတိထားကြ ... နောက်ထပ် ဒီလိုသားရဲ့ အသားမျိုးကို စားပါရစေ၊ စားရရင် သိပ်ကောင်းမယ်ဆိုတဲ့ ဒီလို တောင့်တချက်နဲ့ စားနေရတာ ဟုတ်သလား? မဟုတ်ဘူး။ ဘုရားရှင်က အစာစားတဲ့ အချိန်အခါမှာ ဒီလို တောင့်တချက် မရှိစေချင်ဘူးနော်။
တောင့်တချက်တွေကို ကျော်လွှားလွန်မြောက်သွားတဲ့ စိတ်ထားဖြင့်သာလျှင် စားနေကြတယ်။ နောက်ထပ် ဒီလို သားရဲ့အသားမျိုးလေးကို စားပါရစေ။ စားရရင် သိပ်ကောင်းမယ်ဆိုတဲ့ စိတ်ထားမျိုးဟာ ဒီဇနီးမောင်နှံ နှစ်ဦးတို့ရဲ့ သန္တာန်မှာ ရှိသလား? မရှိဘူး။ နောက်တစ်ခု ---
အေး ဒီသားရဲ့ အသားလေးကို ဒီခရီးခဲသွားနေရင် ဒီလောက်စားမယ်။ ကျန်နေတဲ့ အသားကျတော့ ခရီးခဲ ကျော်လွှားလွန်မြောက်သွားတဲ့ အချိန်အခါမှာ မကျည်းသီးလေးတို့ ဆားတို့ ဆီတို့ ထည့်ပြီး နှပ်ပြီး ကျကျနန စားလိုက်မယ်ဆိုပြီး သိုမှီးသိမ်းဆည်းထားတယ်ဆိုတဲ့ စိတ်ထားရှိသလား? မရှိဘူး။ တရားနာပရိသတ်တွေ ကြားကြရဲ့လား? ကြားကြလား? (ကြားပါတယ်ဘုရား ..) အဲ ဟုတ်ပြီ ဟုတ်ပြီ၊ ကြားတယ်ဆို ဘုန်းကြီးက ဝမ်းသာ ပါတယ်နော်။ ကဲ နောက်တစ်ခု ---- ဘာတဲ့လဲ?
အကယ်၍များပေါ့လေ လမ်းခရီးသွားရင်းနဲ့ ဒီသားအသားက မကုန်လို့ ကျန်နေခဲ့မယ်ဆိုရင် တခြားတခြားပုဂ္ဂိုလ်တွေ မမြင်ခင်ဆိုပြီး ဒီလို ရည်ရွယ်ချက်ဖြင့် ဒီပိုနေတဲ့အသားကို မြေကြီးထဲမှာသော်လည်း မြှုပ်ပစ်တယ်။ မီးနဲ့သော်လည်း ရှို့မြိုက်ပစ်ကြတယ်။ (သံ၊ဋ္ဌ၊၂၊၉၈-၉၉။)
မြွေတစ်ကောင် ပါးပျဉ်းထောင်ပြလိုက်တဲ့ ပုံစံလိုပေါ့နော်။ တက်ကြွ မြင့်မောက်နေတဲ့ စိတ်ထားတွေ မဖြစ်ဘူး။ ဩော်! တို့သာ ဒီလိုစားရတယ်။ သင်းတို့ ဒီလိုမစားရဘူးဆိုတဲ့ တစ်ဘက်သားအပေါ်၌ အသာယူလိုတဲ့ တက်ကြွ မြင့်မောက်နေတဲ့ မြွေပါးပျဉ်းလို အမောက်ထောင်ပြတဲ့ စိတ်ထားမျိုး ရှိသလား? မရှိဘူးတဲ့၊ အစာစားပြီဆိုရင် ဒီလိုစိတ်ထားရှိဖို့ လိုတယ်လို့ ပြောနေတာနော်။ နောက်တစ်ခု ---
ဟင်းကလည်း ဘယ်လို ချက်ထားမှန်းလည်း မသိဘူး။ ဆားလည်း မပါဘူး။ အဲဒီလို ဆိုပြီး ရှုတ်ချတဲ့စိတ်ထား ရှိသလား? မရှိဘူးနော်။ အချဉ်လေးကလည်း မပါဘူးဆိုပြီးတော့ ရှုတ်ချတဲ့စိတ်ထား ရှိသလား? မရှိဘူး။ အေး မကျက်တကျက်ကြီး ချက်ထားပါတယ်ဆိုပြီးတော့ ရှုတ်ချတဲ့စိတ်ထားလည်း မရှိဘူး။ အနံ့ကလည်း မကောင်းဘူးဆိုပြီးတော့ ရှုတ်ချတဲ့စိတ်ထားလည်း မရှိဘူးတဲ့နော်။ ဘယ်လိုသာ စိတ်ထားရှိသလဲ?
ရှုတ်ချတတ်တဲ့ စိတ်နေစိတ်ထားတွေကို သူတို့က ကျော်လွှားလွန်မြောက် သွားပြီ။ ကျော်လွှားလွန်မြောက်ပြီးတော့မှ သူက ဒီအစာကို စားနေတယ်။ အစားစားတဲ့ ပုဂ္ဂိုလ်တွေမှာ ထားရှိစေချင်တဲ့ စိတ်ဓာတ်ကို ဘုရားရှင်က ဥပမာ ကွက်ကွက်ကွင်းကွင်းလေးပေါ်အောင် ဟောနေတာနော်။ (သံ၊ဋ္ဌ၊၂၊၉၉။)
စားလိုက်တဲ့အချိန်အခါမှာ ဒါက သင့်အတွက်လေ, ဒါက ငါ့အတွက်လေ အဲဒီလို ဝေစုချနေတဲ့ပုံစံလည်း မရှိဘူး။ ဒါက သင့်သား, ဒါက ငါ့သားပဲဆိုပြီး ဒီလို တစ်ဦးနဲ့တစ်ဦး မထီမဲ့မြင်ပြုတဲ့ စိတ်ထားလည်း မရှိကြဘူးနော်။ ဘယ်လို စိတ်ထားသာရှိနေလဲ?
အညီအညွတ် ဝမ်းမြောက်တဲ့စိတ်ထားကလေး တူတူညီညီနဲ့ စားနေကြတယ်။ ဝမ်းမြောက်တယ်ဆိုသော်လည်း ကန္တာရခရီးခဲသွားရေးအတွက် ဝမ်းမြောက်မှုသာ ပြောတာပါနော်။ သားကလေးသေကျေပျက်စီးရလို့ တစ်ဘက်က ဝမ်းနည်းမှုကလည်း ရှိလျက်ပါပဲ။
ဇနီးမောင်နှံနှစ်ဦးတို့က ဒီကန္တာရခရီးခဲကို သွားနေတဲ့အချိန်အခါမှာ ဒီသားရဲ့ အသားပေါ်၌ လိုလားတပ်မက်တဲ့ ဆန္ဒရာဂကင်းရှင်းနေတဲ့ သုံးဆောင်ခြင်းဖြင့် သုံးဆောင်မှုကို ပြုလုပ်ကြသလို သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ဟာလည်း တစ်နည်းပြောရလျှင်တော့ ဗုဒ္ဓဘုရားရှင်ရဲ့ တပည့် သာဝကတွေဟာလည်း အစာအာဟာရအပေါ်၌ လိုလားတပ်မက်တဲ့ ဆန္ဒရာဂ ကင်းရှင်းနေတဲ့ သုံးဆောင်ခြင်းဖြင့် သုံးဆောင်မှုကို ကောင်းစွာ ဉာဏ်ဖြင့် ရှုမြော်စေလိုတဲ့ စိတ်ထား ဘုရားရှင်မှာ ရှိတော်မူပါတယ်။ အဲဒီ စိတ်ထားရှိတဲ့အတွက် ဘုရားရှင်ကလည်း ရဟန်းသံဃာတော်အပေါင်းကို ဒီအကြောင်းကို ခွင့်ပြုတော်မူလိုသည့်အတွက် ပုတ္တမံသူပမသုတ္တန်လို့ ခေါ်ဆိုအပ်တဲ့ ဒီသုတ္တန်ကို ဘုရားရှင်က ဟောနေတာနော်။ အဲဒီ သုတ္တန်မှာ တံ ကိံ မညထ စသည်ဖြင့် ဒီအပိုင်းလေး ဘုရားရှင်ဟောတယ်။ ဘယ်လိုလဲ?
ချစ်သားရဟန်းတို့ သင်ချစ်သားတို့ သင်ချစ်သမီးတို့ကို ငါဘုရား မေးမယ်။ ငါဘုရားမေးမယ့် မေးခွန်းကို သင်ချစ်သားတို့ သင်ချစ်သမီးတို့ ထင်မြင် ယူဆသည့်အတိုင်း ဖြေဆိုနိုင်တယ်။ ဘယ်လို ထင်မြင်ကြသလဲ? ဒီဇနီးမောင်နှံ နှစ်ဦးဟာ သားရဲ့အသားတည်းဟူသော အာဟာရကို စားသုံးတဲ့ အချိန်အခါမှာ မြူးထူးပျော်ပါးဖို့ရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် စားကြသလား? အားဟူသော မာန်ယစ်ခြင်းငှာ ရည်ရွယ်ပြီးတော့လည်း စားကြသလား? လှပရေဆင်း ပြည့်ဖြိုးဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ပဲ စားကြသလား? တန်ဆာ ဆင်ဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ပဲ စားကြသလား? ဒီလို မေးလိုက်တဲ့အခါ ရဟန်းတော်များကလည်း (နော ဟေတံ ဘန္တေ =) ဒီဦးတည်ချက်တွေဖြင့် အာဟာရတွေကို မှီဝဲနေတာ မဟုတ်ပါဘူး မြတ်စွာဘုရား ...ဆိုပြီးတော့ လျှောက်ထားကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က ----
မိမိတို့သွားရမယ့် ကန္တာရခရီးခဲကြီးကို ကျော်လွှားလွန်မြောက်ရေးအတွက် ဦးတည်ချက်ဖြင့်သာလျှင် ဒီအာဟာရကို မှီဝဲနေကြသည် မဟုတ်ပါလား? ဒီလိုမေးလိုက်တော့ ဧဝံ ဘန္တေ မှန်ပါမြတ်စွာဘုရား ...ဆိုပြီးတော့ ပြန်ပြီးလျှောက်ထားတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ---
အေး သင်ချစ်သားတို့ ... ဒီဥပမာအတိုင်းပဲ သင်ချစ်သားတို့ဟာ ကဗဠီကာရအာဟာရလို့ ခေါ်ဆိုအပ်တဲ့ အစာအာဟာရကို မှီဝဲတဲ့ အချိန်အခါမှာ ဒီဥပမာအတိုင်း သင်ချစ်သားတို့ ရှုပွားသင့်တယ်နော်။ အဲဒီတော့ ဘယ်လို ရှုရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ခုနက ရွံရှာစက်ဆုပ်ဖွယ် (၉)မျိုးကို ပြောခဲ့ပြီးပြီ၊ ဒါပေမဲ့ မဆုံးသေးဘူး။ အဋ္ဌကထာဆရာတော်က စကား မရှုပ်ထွေးရန်အတွက် တစ်ခုပြီးတစ်ခု ဖွင့်ထားတယ်။ အဲဒီတော့ ရောယှက် ရှုပ်ထွေးမှု မရှိအောင် ဒီနေရာမှာ ဒီသုတ္တန်ကြောင်းအရ အာဟာရဟာ ရွံရှာစက်ဆုပ်ဖွယ်သဘော ရှိပုံ (၉)မျိုးအကြောင်းကို ဖွင့်ထားတယ်။ နောက်ထပ်တစ်ခုလည်း ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဖွင့်ထားတာကို အဋ္ဌကထာက ထပ်ပြီး ညွှန်ကြားထားပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၃၃၆ ..) မှာကတော့ အာဟာရကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေဖြင့် နှလုံးသွင်း ဖို့ရန်အတွက် အကြောင်း (၁၀)မျိုး ဖွင့်ထားပါတယ်။
၁။ ဂမနတော = အစာရှာဖွေရန်သွားသည့်အခါ
အဲဒီမှာ နံပါတ် (၁)အကြောင်းက --- ဂမနတော ဆိုပြီး ဒီလို ဖွင့်ထားတယ်။ အစာရှာဖွေရန်သွားတဲ့အခါမှာလည်း ရွံရှာစက်ဆုပ်ဖွယ် အနေအားဖြင့် ရဟန်းတော်ဆိုတာ ဆင်ခြင်ရတယ်။ အဲဒီတော့ ဘာဖြစ်လို့ ဆင်ခြင်ရသလဲလို့ မေးတော့ --- ဥပမာလေးနဲ့ ဆက်ဖွင့်ထားတယ်။
ဧဝံ = ဤသို့လျှင်။ မဟာနုဘာဝေ နာမ သာသနေ = ဤကဲ့သို့ ကြီးကျယ် မြင့်မြတ်သော တန်ခိုးအာနုဘော်ရှိတဲ့ သာသနာတော်အတွင်း၌။ ပဗ္ဗဇိတေန = ဝင်ရောက်၍ ရှင်ရဟန်းပြုလာတဲ့ပုဂ္ဂိုလ်သည်။
ဘုရားရှင့်သာသနာတော်ဟာ တန်ခိုးအာနုဘော် ကြီးမားတော်မူပါတယ်။ ဘာဖြစ်လို့ကြီးသလဲ? အိုနာသေရေးဒုက္ခဘေးတို့မှ အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခဘေးတို့မှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအား ရှိတယ် ဆိုရင် ဒါ အင်မတန် ကြီးကျယ်တဲ့ တန်ခိုးအာနုဘော်တွေလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အဲဒီလို အိုနာသေရေးဒုက္ခဘေး အပါယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခဘေးကြီး အစရှိတဲ့ ဒီဘေးဒုက္ခအမျိုးမျိုးမှ ထုတ်ဆောင် ကယ်တင်နိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိနေတဲ့ ကျင့်ဝတ်ပဋိပတ်တွေ စုံစုံညီညီ ရှိနေတဲ့ ဒီသာသနာတော်အတွင်းမှာ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဘာလုပ်သလဲ?
တစ်ညဉ့်ကာလပတ်လုံး စွမ်းအားရှိသလောက် ဘုရားရှင်၏ တရားစကားတော်ကို ရွတ်ဖတ်သရဇ္ဈယ်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကိုသော်လည်း ပြုလုပ်တယ်၊ သို့မဟုတ် သမဏဓမ္မလို့ ခေါ်ဆိုအပ်တဲ့ သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကိုလည်း တစ်ညဥ့်လုံး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တယ်။ ပွားများအားထုတ်ပြီးတော့ ဘာလုပ်သလဲ?
ခဏခေတ္တတော့ ကျိန်းစက်ပါတယ်၊ ကျိန်းစက်ပြီးတော့ ခပ်စောစောကလေး ထတယ်။ ခုနက ကျီးနှိုးလို့နိုးလာရတဲ့အချိန်ကျမှ ထတာ ဟုတ်သလား? မဟုတ်ဘူးနော်။ ကျုပ်တို့က မူးတတ်လို့ပါ၊ နှလုံးရောဂါလေးက ရှိလို့ပါ --- ဒီလိုအကြောင်းပြချက် အမျိုးမျိုးနဲ့ (၇)နာရီတောင်မှ မထတဲ့ပုံစံမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ ခပ်စောစော အိပ်ရာမှ ထပြီးနောက် .. ဆရာသမားပေါ်မှာ ပြုရမယ့်ကျင့်ဝတ်, ဗောဓိပင်မှာ ပြုကျင့်ရမယ့်ဝတ်, စေတီရင်ပြင်မှာ ပြုကျင့်ရမယ့်ဝတ် စသည်ဖြင့် ရဟန်းနဲ့ ထိုက်တန်နေတဲ့ ဝတ်တွေ ရှိပါတယ်။ အဲဒီ ဝတ်ကြီး ဝတ်ငယ်တွေကို ပြုကျင့်ပါတယ်။ ဝတ္တံ အပရိပူရေန္တေ၊ န သီလံ ပရိပူရတိ။ (ဝိ၊၄၊၄၁၆။)လို့ ဟောကြားထားတော်မူသည့်အတိုင်း ရဟန်းဆိုလို့ရှိရင် ဒီဝတ်ကို မဖြည့်ကျင့်လို့ရှိရင် သီလကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်သည် မမည်ဘူး၊ သီလပြည့်စုံတယ် မမည်ဘူးတဲ့။ ဒါကြောင့် နံနက်စောစောထပြီဆိုလို့ရှိရင် စေတီယင်္ဂဏဝတ်ကို ပြုတယ်။ ဗောဓိယင်္ဂဏဝတ်တွေကို ပြုရတယ်။
နံနက်စောစော ထပြီးတော့ သောက်ရေတွေ သုံးရေတွေ တည်ထားရတယ်။ တည်ထားတယ်ဆိုတာ ဘာပြောတာလဲ? ခပ်ရတာ၊ ဟုတ်တယ် မဟုတ်လား? ဘယ့်နှယ်တုန်း ဒကာကြီးတွေ ရေခပ်ကြသလား? ဘုန်းကြီးကတော့ ဘုန်းကြီးအချင်းချင်း အားနာလို့ပါ။ ဒကာကြီးတွေဘက် လှည့်မေးလိုက်တာ နံနက်စောစော ထပြီးတော့ ရေလေးဘာလေး ခပ်ရပါတယ်။ သောက်ရေသုံးဆောင်ရေဆိုတာ တည်ထားရပါတယ်နော်။
နောက်တစ်ခု --- ပရိဝုဏ်ကို တံမြက်စီးလှည်းရတယ်၊ မိမိနေတဲ့ ပတ်ဝန်းကျင်မှာ မိမိက တံမြက်စီးမလှည်းဘူးဆိုလို့ရှိရင် ဘယ်သူတွေ လာလှည်းပေးမလဲ? သန့်ရှင်းရေးဆိုတာ လုပ်ရပါတယ်။ မိမိနေတဲ့နေရာမှာ မိမိနဲ့ သက်ဆိုင်တယ်ဆိုပြီးတော့ ဒီလိုရည်ရွယ်ချက်ဖြင့် တံမြက်စီးလှည်းခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ရဟန်းတော်တိုင်း သို့မဟုတ် ယောဂီတိုင်း သီလရှင်တိုင်း လိုက်နာပြုကျင့်သင့်ပါတယ်။
နံနက်စောစောထပြီးတော့ ပြုသင့်ပြုသင့်ထိုက်တဲ့ ဝတ်ကြီးဝတ်ငယ်တွေ ပြုတယ်။ ကိုယ်လက်သန့်ရှင်းရေးလေး ပြုလုပ်ပြီးတဲ့အချိန်အခါမှာ တရားတော့ ထိုင်ရပါတယ်။ အစားဘက်ကိုတော့ အရင်မသွားနဲ့ဦး တရားကို အရင်ထိုင်လိုက်ဦး။ ကမ္မဋ္ဌာန်း နှလုံးသွင်းပြီးတဲ့အခါ အစာရှာဖွေသွားတော့မယ်လေ၊ အစာရှာဖွေသွားတော့မယ်ဆိုလို့ရှိရင်တော့ မိမိနေတဲ့နေရာလေးက ဘယ်လိုနေရာလဲ? (နိဇနသမ္ဗာဓာ =) လူသူကင်းနေတဲ့ လူတွေ ရောယှက် ရှုပ်ထွေးမှု မရှိတဲ့ အရပ်တစ်ခု ဖြစ်တယ်။ ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေကခေါ်တဲ့ ဝိဝေကသုံးဖြာ ချမ်းသာသုခကို ပေးနိုင်တဲ့နေရာလည်း ဖြစ်နေတယ်။ ကာယဝိဝေကဆိုတာကတော့ တစ်ကိုယ်ရေတစ်ကာယ တစ်ယောက်ထီးတည်း နေခြင်းကို ဆိုလိုပါတယ်။ စိတ္တဝိဝေကဆိုတာကတော့ စျာန်သမာပတ်တွေကို ဝင်စားပြီး နီဝရဏတရားတွေ ကင်းကင်းရှင်းရှင်းနှင့် နေထိုင်ခြင်းကို ဆိုလိုတယ်။ ဥပဓိဝိဝေကဆိုတာက မိမိက ဖလသမာပတ် ဝင်စားနိုင်တဲ့ အဆင့်ထိ ရောက်နေခဲ့ရင်လည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကြီးကို အာရုံယူပြီးတော့ ဖလသမာပတ်ကို ဝင်စားကာ အာရုံငါးပါး ကာမဂုဏ်တရားဆိုတဲ့ ကာမူပဓိ, ခန္ဓာငါးပါးဆိုတဲ့ ခန္ဓူပဓိ, ကိလေသာဆိုတဲ့ ကိလေသူပဓိ, ဘဝသစ်ကို ပြုပြင်ပေးတတ်တဲ့ အဘိသင်္ခါရတရားဆိုတဲ့ အဘိသင်္ခါရုပဓိ --- ဒီဥပဓိတရားတို့မှ ကင်းဆိတ်ရာနိဗ္ဗာန်ကို အာရုံပြုပြီး အငြိမ်းဓာတ်အရသာကို ခံစားပြီးနေထိုင်ခြင်းကို ဆိုလိုပါတယ်။ အာရုံငါးပါး ကာမဂုဏ်တရားတွေကို အကြောင်းခံပြီးတော့ သုခ သောမနဿ ဝေဒနာတွေ ဖြစ်ပေါ်လာတတ်လို့ အဲဒီ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ သုခ သောမနဿ ဝေဒနာရဲ့ တည်ရာဖြစ်ကြတယ်၊ ဒါကြောင့် အာရုံငါးပါးကာမဂုဏ်တရားတွေကို ဥပဓိလို့ ခေါ်တယ်။ ခန္ဓာငါးပါးကိုလည်း ခန္ဓာလျှင် အကြောင်းရင်းရှိတဲ့ ဆင်းရဲဒုက္ခရဲ့ တည်ရာဖြစ်လို့ ဥပဓိလို့ ခေါ်တယ်။ ကိလေသာတွေကိုလည်း အပါယ်ဝဋ်ဆင်းရဲဒုက္ခရဲ့ တည်ရာဖြစ်လို့ ဥပဓိလို့ ခေါ်တယ်။ ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်တဲ့ ကုသိုလ် သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေကိုလည်း ဘဝဒုက္ခရဲ့ တည်ရာဖြစ်လို့ ဥပဓိလို့ ခေါ်တယ်။ (သံ၊ဋ္ဌ၊ ၁၊၃၀။) နိဗ္ဗာန်မှာ ဒီဥပဓိတရားလေးပါး မရှိဘူး။ ဒီလို ဥပဓိလေးဖြာမှ ကင်းဆိတ်နေတဲ့ နိဗ္ဗာန်ကို အာရုံပြုကာ ဖလသမာပတ် ဝင်စားပြီး နေထိုင်ခြင်းကို ဥပဓိဝိဝေကလို့ ခေါ်ဆိုပါတယ်။ အဲဒီ ချမ်းသာ သုခတွေဟာ ဒီလိုဆွမ်းခံသွားတဲ့ အချိန်အခါမှာ ခဏခေတ္တတော့ ထားမပစ်ခဲ့ရဘူးလား? ထားပစ်ခဲ့ရတယ်။ အဲဒီဝိဝေကချမ်းသာတွေကို ခဏစွန့်လွှတ်ပြီးတော့ ထားခဲ့ရတယ်။ တစ်ဖန် မိမိနေရာက အရိပ်တွေ ရေတွေနဲ့ ပြည့်စုံနေတဲ့ နေရာ စင်ကြယ်တဲ့နေရာ အေးမြတဲ့နေရာ မွေ့လျော်ဖွယ်ကောင်းတဲ့ မြေအဖို့ရှိတဲ့နေရာ တောအုပ်ကြီး ဖြစ်နေတယ်။ အဲဒီ တောအုပ်ကိုလည်း အစာ ရှာဖွေသွားပြီဆိုရင် ခေတ္တမထားခဲ့ရဘူးလား? ထားခဲ့ရမယ်။
အရိယာသူတော်ကောင်း သူမြတ်လောင်းတို့ရဲ့ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုလို့ ခေါ်ဆိုအပ်တဲ့ ဒီဝိဝေကသုံးပါး၌ မွေ့လျော်မှုကို မငဲ့ကွက်တော့ဘဲ မြေခွေးအိုကြီးဟာ မိမိနေထိုင်ရာဖြစ်တဲ့ဂူကို ကျောပေးပြီးတော့ အစာရှာထွက်ခွာသွားသလိုပဲ။ မိမိလည်း မိမိနေရာ သင်္ခမ်းကျောင်း တောအုပ်ကြီးကို ကျောခိုင်းပြီးတော့ ရွာဘက်ကို ရှေးရှုပြီးတော့ သွားရပြီ။ အဲဒီလိုသွားတဲ့အချိန်အခါကစပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ဆင်ခြင်ရပါတယ်နော်။
မိမိက ကမ္မဋ္ဌာန်းကျောင်းအတွင်းက ထလိုက်ပြီဆိုတာနဲ့ ရှေးခေတ် ယဉ်ကျေးမှုက အခုလို ပျဉ်ခင်းတဲ့ အလေ့အကျင့် နည်းတယ်နဲ့တူပါတယ်။ မြေညက်တွေနဲ့ လိမ်းကျံပြီးတော့ အပေါ်မှာ နွားချေးလိမ်းကျံ အဲဒီအပေါ်မှာ မြက်အခင်းဆိုတဲ့ အခင်းတစ်ခု ခင်းထားတဲ့ အလေ့အထ ရှိတယ်။ အဲဒီတော့ အဲဒီအခင်းတွေပေါ့လေ အခုလို ကြမ်းဆိုလည်း ကြမ်းပေါ့၊ သစ်ဆိုလည်း သစ်ပေါ့နော်။ အဲဒီအခင်းကနေ စပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့သဘောတွေကို ဆင်ခြင်ရမယ်။ ဘာတွေ ရွံစရာရှိသလဲ? လင်းနို့ချေးတို့ အိမ်မြောင်ချေးတို့ ကြမ်းပိုးတို့ စသည်ပေါ့လေ။ မြူမှုန်တို့ အညစ်အကြေးတွေ အမျိုးမျိုးလိမ်းကျံနေတယ်။ အဲဒီကနေစပြီး ရွံရှာစက်ဆုပ်ဖွယ် သဘောလေးကို စပြီးဆင်ခြင်လိုက်တော့ အောက်ရောက်ပြီ၊ ကျောင်းဝင်းအတွင်းမှာ အညစ်အကြေးတွေ ပြည့်နေတယ်။ နှပ်တွေ တံတွေးတွေ ထွေးထားတာ ရှိမယ်၊ မကျန်းမာတဲ့ ကိုရင်တွေ ဦးဇင်းတွေ စွန့်ပစ်ထားတဲ့ ကျင်ငယ်တွေရှိမယ်၊ ကျင်ကြီးတွေ ရှိမယ်၊ ခွေးချေးတွေ ရှိမယ် စသည်ဖြင့် အဲဒီလို အညစ်အကြေးတွေနဲ့ ပေကျံနေတဲ့ မိမိကျောင်းတိုက်အတွင်းကိုလည်း သေသေချာချာ ရွံရှာဖွယ်တွေကိုသာ တစ်ဖက်သတ် လှမ်းကြည့်သွားရတယ်။ ဘာဖြစ်လို့လဲ? ဒီရွံရှာဖွယ်တွေက မိမိ စားသုံးမယ့် အာဟာရမှာ လာပြီးတော့တိုက်ရိုက် ဆက်စပ်နေတဲ့ သဘောကလေးကို ဘုရားရှင်က မြင်စေချင်လို့ပါ။ အဲဒီ ရွံရှာဖွယ်တွေကို တဖြည်းဖြည်း လှမ်းကြည့်သွားလိုက်တာ နောက်ဆုံး လမ်းတစ်လျှောက် ရွာသွားတဲ့လမ်း ဆိုပါစို့။ အစဉ်အတိုင်း သွားပြီဆိုလို့ရှိရင်လည်း အဲဒီသွားတဲ့ လမ်းတစ်လျှောက်မှာ တွေ့နေတဲ့ အသေကောင်ပုပ်တွေ ခွေးသေကောင်ပုပ်တွေ မစင်တွေ စသည်ဖြင့် အကောင်ပုပ်အမျိုးမျိုးတွေကိုလည်း ကြည့်ပါ။ ကြည့်ရုံတင် မကဘူး၊ အဲဒီအပုပ်ကောင် အမျိုးမျိုးတို့ရဲ့ အနံ့ကိုလည်း ရပ်ပြီးတော့ နည်းနည်း အနံ့ခံစမ်းပါ။ ဘာဖြစ်လို့လဲ? ငါစားရမယ့် အာဟာရဟာ ဒါတွေပဲလို့ စိတ်ထဲမှာ သွင်းစေချင်တယ်၊ နှလုံးသွင်းစေချင်တယ်။ ဘယ့်နှယ်တုန်း! အဲဒါတွေ စားနိုင်မလား? အဲဒါတွေကို မစားနိုင်သလို မိမိရဲ့ စိတ်ထဲမှာလည်း သပိတ်ထဲပါမယ့် အာဟာရအပေါ်၌ ဒါတွေနဲ့ အလားတူတယ်ဆိုတဲ့ သဘောကို နည်းနည်းကလေး နှလုံးသွင်းစေချင်တယ်။ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောကလေးတွေကို သေသေချာချာ ကျကျနန ဘုရားရှင်က ဆင်ခြင်စေချင်တယ်။ မိမိစားသုံးမယ့် အာဟာရမှာ ကြည့်လိုက်ပေါ့။ ရွာသွားတဲ့ လမ်းတစ်လျှောက် ရွာနားရောက်ပြီးပဲထားတော့ ရွာအဝင်ဝမှာ လှမ်းကြည့်မယ်ဆိုလို့ရှိရင် ရှေးခေတ် ယဉ်ကျေးမှုအတိုင်း ပြောရရင်တော့ အိမ်သာမရှိကြပဲကိုး၊ အိမ်သာ မရှိကြတော့ စွန့်ချင်ရာ စွန့်ထားကြတယ်။ ရွာထိပ်ရောက်ပြီဆိုလို့ရှိရင် ဒီအနံ့တွေက လှမ်းပြီး ဆီးကြိုမနေဘူးလား? ဆီးကြိုနေတယ်။ အဲဒီလို ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ ဒီအနံ့သက်တွေကိုလည်း လှမ်းပြီးတော့ အနံ့ခံပေးပါတဲ့၊ ဘာဖြစ်လို့လဲ? ငါစားရမယ့် အစာအာဟာရတွေဟာ ဒါတွေ ပါနေတယ် ဆိုတာ သဘောပေါက်စေချင်နေတယ်။ ဘာဖြစ်လို့လဲ? ဒါတွေဆိုတာက ဒီလိုပါ။ နည်းနည်းလေး နားလည်အောင် ထပ်ပြီး ကြည့်ကြစမ်း။ ရွာနားနီးနေတဲ့ လယ်တွေဟာ ဝဲမကောင်းဘူးလား? ဝဲကောင်းတယ်။ အဲဒီ စပါးတွေက အသီးမသီးကြဘူးလား? သီးတယ်။ အဲဒီစိုက်ခင်းတွေက ပိုပြီးတော့ မြေဆီဩဇာ မကောင်းဘူးလား? ကောင်းနေတယ်။ ဘာဖြစ်လို့လဲ? ရွာထဲက စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေက ဒီလယ်ကွက်ထဲတွေကို ရောက်လာတယ်။ အဲဒီလယ်ကွက်ထဲ ရောက်လာတော့ ဒီစပါးတွေမှာ အမြစ်ကလေးတွေ ရှိတော့ အမြစ်တွေက အဲဒီအညစ်အကြေးတွေကို စုပ်တယ်။ အဲဒီ စုပ်လိုက်တဲ့အခါ အပင်တွေ ဖြစ်လာပြီ။ အဲဒီအပင်က အသီးကို မစားရဘူးလား? စားရတယ်။ ငါစားမယ့် အစာတွေဟာ ဒါတွေက ဖြစ်လာတာလို့ ဒီလို သဘောပေါက်အောင် ဆင်ခြင်စေချင်တယ်။ ဘုန်းကြီးက တစ်ချိန်တုန်းက စပ်မိတော့ ကြက်တွေ ဝက်တွေအကြောင်း ပြောမိပါတယ်။ လူတွေစွန့်တဲ့ မစင်တွေကို ကြက်တွေ ဝက်တွေကစား၊ ကြက်တွေ ဝက်တွေကို လူတွေက ပြန်စားတဲ့အကြောင်း ဘုန်းကြီးကလည်း စပ်မိတော့ သီတင်းသုံးဖော်တစ်ဦးကို ပြောမိတော့ သူက ဘာပြောသလဲ? အရှင်ဘုရားတို့ သက်သတ်လွတ်လည်း ဘာထူးလဲတဲ့ နွားချေးစားနေတာပဲတဲ့။ ဟော သူက ပြန်ပြောတယ်။ မဟုတ်ဘူးလား? နွားချေးဆိုတာ ယဉ်ကျေးအောင် ပြောတာပါ။ အကုန်လုံး ပါတယ်။ ဘာဖြစ်လို့လဲ? အဲဒီ ဟင်းသီးဟင်းရွက်ကလေးတွေမှာ အမြစ်ဆိုတာ ရှိပါတယ်။ ဒီအမြစ်ကနေပြီးတော့ သူက စုပ်လိုက်တဲ့အခါ နွားချေး များများ ထည့်ပေးလိုက်တဲ့ အပင်ဆိုလို့ရှိရင် ပိုပြီးတော့ မဖွံ့ဘူးလား? ဖွံ့တယ်။ တချို့ တချို့က မရွံတဲ့ ပုဂ္ဂိုလ်ကျတော့ လူတွေရဲ့ မစင်နဲ့ လူတွေရဲ့ ကျင်ငယ်တွေကို ရောစပ်ပြီးတော့ အဲဒီအပင်တွေကို ဝဲပေးကြတယ်။ အဲဒီ ဝဲပေးလိုက်တော့ ဒီအပင်လေးတွေမှာလည်း အမြစ်ကလေးတွေရဲ့ထိပ်မှာ အပေါက်ကလေးတွေ ရှိတယ်။ အဲဒီအပေါက်ကလေးတွေက ကောင်းကောင်း စုပ်တယ်။ စုပ်လိုက်တဲ့ အခါကျတော့ ဘာဖြစ်သလဲ? ဂေါ်ဖီထုပ်ကြီးတွေဆို ကြီးလိုက်တာမှ အကြီးအကျယ်ပဲ၊ ဒီတော့ သူတို့လည်း ရွံရှာစက်ဆုပ်ဖွယ်ပဲ၊ မဟုတ်ဘူးလား? ဟုတ်နေပါတယ်။ အားလုံးက ရွံရှာစက်ဆုပ်ဖွယ်ကြီးပဲ။ ဘုန်းကြီး တစ်ချိန်က တရုတ်ပြည်ရောက်ခိုက်မှာ ဘုန်းကြီးတို့ တည်းခိုတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှ တည်ရှိနေတဲ့ မှိုချောက်ပန်းချောက်စိုက်တဲ့ စိုက်ခင်းတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ ပန်းချောက်ပင်တွေကို မစင်ဝဲတွေကို ထည့်ပေးထားတာကို တွေ့ခဲ့ရတယ်။ အမြတ်တနိုး စားသုဉ်းနေကြတဲ့ မှိုချောက်ပန်းချောက်တွေသည်ပင် ရွံရှာစက်ဆုပ်ဖွယ်တွေနှင့် ပြည့်နှက်နေကြတယ်။ အဲဒီရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ဘုရားရှင်အနေနဲ့ မြင်အောင် ဆင်ခြင်စေချင်တယ်။ ဒီဆွမ်းခံသွားနေတဲ့ အချိန်အခါမှာ ကိုယ်က ရွာဝသို့ မရောက်ခင်မှာ မိမိကို ဒီရွံရှာစက်ဆုပ်ဖွယ်တွေက အားလုံး ဆီးကြို နှုတ်ဆက်နေတဲ့ သဘောကို မြင်အောင် ကြည့်စေချင်နေတယ်။ ပြီးတော့ ----
အနာကြီးတစ်ခုရှိနေတော့ သူများတွေ မြင်မှာစိုးတာနဲ့ ဒီအနာကို သင်္ကန်းကလေးနဲ့ ဖုံးလိုက်သလို သင်းပိုင်ကလေးကို ဝတ်တယ်ဆိုရင် အဲဒီ စိတ်ထားကလေးနဲ့ ဝတ်ပါ။ နောက်တစ်ခု ---
အနာကို ပတ်တီးကလေးစီးလိုက်တော့ ဒီပတ်တီးကလေး ထပ်ပြီးတော့ ပြုတ်ကျ မသွားအောင် အပေါ်ကနေ ကြိုးကလေးတစ်ချောင်းနဲ့ ထပ်ပြီးတော့ ချည်ရတယ်။ အဲဒီပုံစံအတိုင်းပဲ သင်းပိုင်ဝတ်ပြီးတဲ့အခါ ခါးပန်းကြိုးနှင့် ခိုင်ခံ့အောင် ထပ်ပြီး ဖွဲ့ချည်ရပြန်တယ်။
သင်္ကန်းအပေါ်၌ ထားရှိရမည့်စိတ်ထား
အရိုးစုကြီးကို ဖုံးလွှမ်းထားပေးရသလို အပေါ်ကနေ ကိုယ်ဝတ်သင်္ကန်းကို ဝတ်ဆင်ပေးရပြန်တယ်။ တောကျောင်းကနေ ရွာထိပ်မရောက်ခင် အတွင်းကတော့ သင်္ကန်းမရုံဘဲ သွားခွင့်ရှိပါတယ်။ ရွာထိပ်ရောက်ရင်တော့ သင်္ကန်းက ရုံရတော့မယ်။ အဲဒီမှာ သင်္ကန်းရုံခါနီး အချိန်လေးကို ခု ရွံရှာစက်ဆုပ်ဖွယ်လေးကို နှလုံးသွင်းဖို့ပြောနေတာ၊ မိမိခန္ဓာကိုယ်ကနေအစ ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းတတ်ဖို့ လိုအပ်နေတယ်။ အဲဒါကြောင့် ဒီနေရာမှာ အရိုးစုကြီးတစ်ခုကို ဖုံးလွှမ်းထားသလို သင်္ကန်းဖြင့် ရုံပေးနေပြီ။ ဒီနေရာမှာပေါ့လေ ... အကယ်၍များ သမာဓိရှိနေတဲ့ သူတော်ကောင်း တစ်ဦးက သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို စနစ်တကျ ရှုတတ်မယ်ဆိုရင် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ဒီနေရာမှာ ပေါလောကြီး ပေါ်အောင် ရှုလို့ ရနိုင်တယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသတို့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို တွေ့နေတဲ့ သူတော်ကောင်းက မိမိခန္ဓာအိမ်မှာ တည်ရှိနေတဲ့ အရိုးစုကြီးကို ဖမ်းပြီး စိုက်ရှုလိုက်လို့ရှိရင် အရိုးစုကြီးကိုပါ ဒီသင်္ကန်းကြီး ပတ်ပေးနေတယ် ဆိုတဲ့ အသိဉာဏ်ကလေးတွေ ပေါ်လာနိုင်တယ်။ အဲဒီ အသိဉာဏ်တွေနဲ့ စားတာနဲ့ ဘာဆိုင်သလဲလို့ ဒီလို မမေးနဲ့နော်။ ဒီအသိဉာဏ် ရှိနေတဲ့ပုဂ္ဂိုလ်က ဒီသုံးဆယ့်နှစ်ကောဋ္ဌာသတွေအတွက် ဒီအရိုးစုကြီးအတွက် မက်မက် မောမောနဲ့ ဒီအာဟာရကို ရှာဖွေစေချင်တဲ့စိတ်ထား မရှိတော့ဘူး။ လျော့နည်းသွားတယ်။ ဒီရာဂကို တိုက်ဖျက်နေတာပါ။ အာဟာရအပေါ်၌ တွယ်တာ မက်မောနေတဲ့ ရာဂကို တိုက်ဖျက်ရန်အတွက် ဘုရားရှင်က နည်းကောင်း လမ်းကောင်းကလေးတွေ ပေးနေတယ်နော်။
သပိတ်အပေါ်၌ ထားရှိရမည့်စိတ်ထား
နောက်တစ်ခု --- သပိတ်ကို ဘယ်လို သဘောထားရမလဲ? ဆေးထည့်တဲ့ ခွက်လို့ သဘောထားရမယ်နော်။ မိမိမှာ အနာကြီးတွေက ရှိပြီ။ ကိုးပေါက်ဒွါရ အမာဝလို့ဆိုတဲ့အတိုင်း မိမိရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ အနာတွေက ရှိနေတဲ့အတွက် ဒီအနာကြီးတွေကို ဆေးထည့်ပေးဖို့ မလိုဘူးလား? လိုတယ်။ ဆေးထည့်ပေးရမယ်ဆိုလို့ရှိရင် ဆေးထည့်မယ့်ခွက်ကော မလိုဘူးလား? လိုအပ်တယ်။
ဒါကြောင့် ဘေသဇ္ဇကပါတိံ = ဆေးထည့်သည့်ခွက်ကို။ နီဟရန္တေန ဝိယ = ထုတ်ဆောင်ပြီး ကိုင်လိုက်ဘိသကဲ့သို့။ ပတ္တံ = သပိတ်ကို။ နိဟရိတွာ = သပိတ်အိတ်အတွင်းမှ ထုတ်၍။
အရညကဝတ်ဆိုပြီးတော့ မြတ်စွာဘုရား ပညတ်ထားတော်မူတဲ့ သိက္ခာပုဒ်တွေ ရှိကြပါတယ်။ ထိုသိက္ခာပုဒ်တော်များနှင့်အညီ တောနေရဟန်းများ တောကနေ လာတဲ့အချိန်အခါမှာ သပိတ်အိတ်ထဲ သပိတ်ထည့်ပြီးတော့ လာတယ်။ ရွာဝရောက်လို့ ခုလိုသင်္ကန်းရုံပြီးပြီ ဆိုလို့ရှိရင် ဆေးထည့်မည့် ခွက်ကို ထုတ်ယူလိုက်သလို သပိတ်အိတ်ထဲကနေ သပိတ်ကို ထုတ်ယူလိုက်ရတယ်။ သပိတ်အိတ်ထဲက သပိတ်ကို ထုတ်ပြီးတဲ့အချိန်အခါ ဘာလုပ်ရမလဲ?
အကောင်ပုပ်တွေကို ကြည့်ပါ
ရွာနားပတ်ဝန်းကျင်မှာဆိုတာကတော့ ရှေးယခင် ယဉ်ကျေးမှုအရ တချို့တချို့ ဒီအသားတွေကို မစားတဲ့ပုဂ္ဂိုလ်များကတော့ သေပြီဆိုလို့ရှိရင် ဒီအသေကောင်တွေကို ရွာဝတစ်နေရာမှာ လာစုပုံပြီးတော့ ပစ်ထားကြတယ်။ အလားတူပဲ လူတွေ သေလို့ရှိရင်လည်း ရှေးခေတ်တုန်းကတော့ မြေမြှုပ်တဲ့ အလေ့အထ မရှိဘူး။ မရှိတော့ တစ်နေရာမှာ လာပြီးတော့ စွန့်ပစ်ထားကြတယ်။ အဲဒီလို စွန့်ထားတာ ရှိခဲ့မယ်ဆိုရင်တော့ အဲဒီနေရာမှာ ရှိနေကြတဲ့ ဆင်သေကောင်ပုပ်, မြင်းသေကောင်ပုပ်, နွားသေကောင်ပုပ်, ကျွဲသေကောင်ပုပ်, လူသေကောင်ပုပ်, မြွေသေကောင်ပုပ်, ခွေးသေကောင်ပုပ် အစရှိတဲ့ အကောင်ပုပ်တွေကို မြန်မြန်ကြည့်စမ်းပါတဲ့၊ ဆွမ်းမခံခင်မှာ နည်းနည်း ကြည့်ပေးရတယ်။ ဘာဖြစ်လို့လဲ? ဒီအကောင်ပုပ်တွေကို မြင်လိုက်တဲ့ အချိန်အခါမှာ ဒီအသားတွေ စားချင်တဲ့စိတ်ထားလေးတွေ လျော့နည်းသွားအောင် မြတ်စွာဘုရားက ဆင်ခြင်ခိုင်းနေတယ်။ နောက်တစ်ခု ဒီအကောင်ပုပ်တွေက တစ်ချိန် ခုနက ပြောသလို ဘာဖြစ်မလဲ? မြေကြီးထဲ ရောက်ပြီးတော့ ခုခေတ်အပြောနဲ့ ပြောရင်တော့ ဝဲဖြစ်သွားမယ်။ မြေဆီ မြေဩဇာတွေ ဖြစ်မယ်။ ဒီမြေဆီ မြေဩဇာတွေကို စုပ်ယူပြီးတော့ ဒီစပါး အစရှိတဲ့ အသီးအနှံတွေ ထွက်ပေါ်ပြီး မလာဘူးလား? လာမယ်။
အဲဒီ စပါးအစရှိတဲ့ အသီးအနှံတွေဟာလည်း ရွံရှာစက်ဆုပ်ဖွယ်ပဲ ဖြစ်နေတယ်။ ဒီသဘောကိုမြင်အောင် ဘုရားရှင်က ရှုစေချင်တဲ့အတွက် ဒီရှုကွက်ကလေးကို ရှုပါဆိုပြီး အဋ္ဌကထာက ညွှန်ကြားနေတယ်။ နောက်တစ်ခု
အကောင်ပုပ်ကို ရပ်ကြည့်ရုံလေးတင် မကြည့်ပါနဲ့ အဲဒီ အကောင်ပုပ်တွေရဲ့အနံ့ ဘယ်ဘက်က ရသလဲ? ရတဲ့ဘက်မှာ သွားပြီးတော့ မတ်တပ်ရပ်လိုက်ပါ။ ဒီအနံ့တွေက နှာခေါင်းလာပြီးရိုက်ခတ်တဲ့အထိ စောင့်ပြီးတော့ ကြည့်စမ်းပါ။ ဘာဖြစ်လို့လဲ? ပုပ်သိုးနေတဲ့အတွက် ရွံရှာစက်ဆုပ်ဖွယ် သဘောကလေးကို ဉာဏ်ထဲမှာ ထင်လာအောင် အရှုခိုင်းနေတာ၊ ဟို တစ်လောတုန်းက ဟောခဲ့ဖူးတဲ့ ရခိုင်ဘက်က ဆရာတော်ကြီးတစ်ပါးလိုပေါ့နော်။ မိမိ စားချင်တဲ့အစာကို ယူထားပြီးတော့ ပုပ်အောင် ထားပြီးတော့ ယင်းပုပ်နေတဲ့ အသားကို ကြည့်ရှုတယ်ဆိုတာလည်း ဒီထုံးကလေးတွေကို ကြည့်ပြီးပြုကျင့်တာ ဖြစ်တယ်။ အဲဒီလို ပုပ်နေပြီဆိုလို့ရှိရင် စားကြဦးမလား? ဘုန်းကြီးကတော့ သိပ်မယုံဘူး။ ငပိကိုတော့ ကောင်းကောင်း ကြိုက်နေကြလို့ ပြောတာပါ။ ငပိက မပုပ်ဘူးလား? ပုပ်သလား? ပုပ်ပါတယ်။ မကြိုက်ဘူးလား? ကြိုက်နေတယ်။ တော်တော်ခက်တယ်နော်။ ကဲ - ဒီတော့ ဒီနေရာမှာ ဒီပုပ်သိုးနေတဲ့ ဒီအနံ့တွေကို နည်းနည်းလေး ခံပေးရမယ်။ အနံ့ခံလိုက်တဲ့ အချိန်အခါမှာတော့ ဒီအာဟာရအပေါ်၌ ရွံရှာစက်ဆုပ်မှု သဘောတရားကလေးတွေကို ဉာဏ်ထဲမှာ ဝင်လာပေလိမ့်မယ်။ ဒီလိုဝင်လာစေချင်တဲ့ အတွက် အနံ့ခံခိုင်းခြင်း ဖြစ်တယ်။
အဲဒီလို အသုဘသဘောကို ကြည့်ပြီးတဲ့ အချိန်အခါ အနံ့ခံပြီးတဲ့ အချိန်အခါကျတော့မှ ရွာတွင်းကို ဆွမ်းခံသွားတော့မယ်ဆိုရင် ရွာထိပ်မှာ ရပ်ရပ်ပြီးတော့ ဆင်ကြမ်း မြင်းကြမ်း အစရှိတဲ့ ကြမ်းတမ်းတဲ့ သတ္တဝါတွေ ရှိမရှိ အဲဒီမှာ လှမ်းပြီးတော့ ဆင်ခြင်ရတယ်။ ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဒီလိုကြမ်းတမ်းတဲ့ အန္တရာယ်တွေပြုမယ့် သတ္တဝါတွေ မရှိဘူးဆိုလို့ရှိရင်တော့ အဲဒီရွာတွင်းကို သွားပါ။ သွားလိုက်တဲ့ အချိန်အခါ အဲဒီမှာ အစာကို စပြီးတော့ ရှာဖွေရတာပဲ။
၂။ ပရိယေသန = အစာကို ရှာဖွေခြင်း
အဲဒီအစာရှာဖွေတာ နံပါတ် (၂)ပဲ။ (ပရိယေသန =) အစာရှာဖွေစဉ် အချိန်အခါမှာလည်း ရွံရှာစက်ဆုပ်ဖွယ်သဘောကလေးကို ဉာဏ်နဲ့မြင်အောင် ကြည့်ပါတဲ့နော်။ ဘယ်လိုကြည့်ရမလဲလို့မေးတော့ ရွာတွင်းသွားပြီဆိုလို့ရှိရင်တော့ သွားနေတဲ့ပုဂ္ဂိုလ်က မိမိကိုယ်ကို အထီးကျန်နေတဲ့ပုဂ္ဂိုလ်လို စိတ်ထားရတယ်။ အထီးကျန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က မိမိ ခွက်ကလေးကို ဆွဲပြီးတော့ အိမ်စဉ်အတိုင်း လှည့်ပတ်ပြီး တောင်းသလို မိမိလည်းပဲ သပိတ်ကလေး လက်ပိုက်ပြီးတော့ အိမ်စဉ်အတိုင်း ရွာထဲမှာ လှည့်ပတ်ရမယ့် သဘောကို ဆင်ခြင်ပါတဲ့။
အဲဒီရွာတွင်းမှာ မိုးအခါဆိုလို့ရှိရင် ရွှံ့တွေ, ဗွက်တွေရှိမယ်၊ သလုံးမြင်းခေါင်းအထိ နစ်တဲ့နေရာတွေနစ်မယ်၊ ရွှံ့ညွန်တွေ ရှိမယ်နော်။ အဲဒီ အခါမှာ လက်တစ်ဘက်ဖြင့် သပိတ်ကိုင်, လက်တစ်ဘက်ဖြင့် သင်္ကန်းလေး မ,ပြီးတော့ သွားလောက်အောင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောကို ကြည့်ပါ။ နွေအခါဆိုလို့ရှိရင်လည်း လေတိုက်ခတ်တဲ့အတွက် မြူမှုန်အမျိုးမျိုးကနေပြီးတော့ ခန္ဓာကိုယ်မှာ လာပြီးတော့ လိမ်းကျံမယ်၊ သပိတ်မှာ လာပြီး လိမ်းကျံမယ်၊ ထိုထို အိမ်တံခါးဝတွေမှာ ငါးဆေးတဲ့ရေ, အသားဆေးတဲ့ရေ, ဆန်ဆေးတဲ့ရေ, တံတွေး, နှပ်အစရှိသည်ဖြင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောတရားတွေ, ကလေးတွေစွန့်ထားတဲ့ ကျင်ကြီး ကျင်ငယ်, ခွေးတွေစွန့်ထားတဲ့ ကျင်ကြီး ကျင်ငယ်, ဝက်တွေစွန့်ထားတဲ့ ကျင်ကြီး ကျင်ငယ် အစရှိသည်ဖြင့် ရောနှောနေတဲ့ အရာဝတ္ထုတွေကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ပိုးလောက် အမျိုးမျိုးတွေနဲ့ ပြည့်နေတဲ့ တစည်းအိုင်တွေ ရှိခဲ့ရင် အဲဒီတစည်းအိုင်ကြီးတွေကိုလည်း လှည့်ပြီးတော့ ကြည့်ပါတဲ့နော်။
အဲဒီလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ နေရာတွေကို ကျော်လွှားလွန်မြောက်ပြီး သွားရပုံကို ဉာဏ်နဲ့မြင်အောင် ကြည့်ရမယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောတရားတွေကို အခြေခံပြီးတော့ ခုနက မိမိ စားခဲ့တဲ့အာဟာရနဲ့ ကွင်းဆက်ဖြစ်နေပုံကို သဘောပေါက်ရတယ်။ သားဆေးရည်, ငါးဆေးရည်တွေနဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းရင် ဒီအသားကော ဒီငါးကကော ရွံရှာစက်ဆုပ်ဖွယ် မကောင်းဘူးလား? ကောင်းနေတယ်။
ဒီတစည်းအိုင်အစရှိတဲ့ သဘောတရားတွေက ရွံရှာစက်ဆုပ်ဖွယ် ကောင်းတယ်ဆိုရင် ဒီတစည်းအိုင်အစရှိတဲ့ ဝဲတွေကို အခြေခံပြီး အပင်ပေါက်လာရတဲ့ ဒီစားဖွယ် သောက်ဖွယ် ဟင်းသီး ဟင်းရွက် စပါး ဆန်ရေ စသည်တို့ဟာလည်း ရွံရှာစက်ဆုပ်ဖွယ် မကောင်းဘူးလား? ကောင်းနေတယ်။ မိမိတို့ ရရှိနေတဲ့ဘဝ မိမိတို့ မှီဝဲရမယ့်အာဟာရ ဘယ်လောက် အဆင့်အတန်း နိမ့်ကျနေတယ်ဆိုတာကို လှမ်းကြည့်ပါနော်။ မိမိတို့ဘဝဟာ ဒီလို ညစ်ပတ်ပေရေနေတဲ့ အစာအာဟာရတွေကို စားသုဉ်းကာ မျှတပြီးတော့ အသက်ရှင်ရမယ့် ဘဝမျိုး ဖြစ်တယ်။ ဒါကြောင့် ဒီနေရာကလေးမှာ ဆွမ်းခံသွားရင်းနဲ့ အဲဒီလို ညစ်ပတ်ပေရေတဲ့ နေရာရောက်ပြီ ဆိုလို့ရှိရင် နိဿရဏပညာလို့ ခေါ်ဆိုအပ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာရရှိရေးအတွက် ဘုရားရှင် သင်ကြားပေးနေတဲ့ ပဋိကူလမနသိကာရပိုင်းကို ရှုဖို့ရန် ဘုရားရှင်က နည်းပေးထားတော်မူပါတယ်။ ရဟန်းတော် တစ်ပါးက ဆွမ်းခံကြွပြီ၊ ဆွမ်းခံကြွလိုက်တဲ့ အချိန်ခါမှာ မစင်အမျိုးမျိုး, သားဆေးရည် ငါးဆေးရည်အမျိုးမျိုး, ပိုးကောင်အမျိုးမျိုး, ယင်မမဲရိုင်း အမျိုးမျိုး အစရှိတဲ့ ရွံရှာစက်ဆုပ်ဖွယ်တွေနဲ့ ကြုံတဲ့အခါမှာ ထိုရွံရှာစက်ဆုပ်ဖွယ် သဘောတွေကိုလည်း ဉာဏ်နဲ့မြင်အောင်ကြည့်ဖို့ အမှိုက်သရိုက်တွေ စုပုံထားတဲ့ ဗွက်တွေ အိုင်တွေ ညွန်တွေ တွေ့ခဲ့ရင်လည်း ရွံရှာစက်ဆုပ်ဖွယ် သဘောရှိနေတဲ့ ဒီညွန်အိုင်တွေကိုလည်း ဖြတ်ကျော်ပြီး သွားရတဲ့အခါ တွေ့ရှိရတဲ့ ရွံရှာဖွယ်သဘောတွေကို ဆင်ခြင်ဖို့ ညွှန်ကြားထားတော်မူတယ်။
အလားတူပဲ ဆွမ်းခံသွားရင်းဖြင့် ယင်မမဲရိုင်းတွေက သိပ်အားကောင်းလာပြီဆိုလို့ရှိရင်တော့ ဘာလုပ်ရသလဲ? ထိုယင်မမဲရိုင်းတွေက မိမိကိုယ်ကို လာနားတဲ့အခါ သပိတ်ကိုလာနားတဲ့အခါ လောင်းလှူမယ့် ဆွမ်းအာဟာရတွေကို လာနားတဲ့အခါ ရွံရှာစက်ဆုပ်ဖွယ်သဘောတွေကို ဉာဏ်နဲ့မြင်အောင် ကြည့်ဖို့ရန်အတွက်လည်း ညွှန်ကြားထားတော်မူတယ်။
ဆွမ်းခံသွားနေတဲ့ ဆွမ်းကိုရှာဖွေနေတဲ့အချိန်ခါမှာ ဖြစ်ပေါ်နေတဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘောတွေပဲ။ ဒီရွံရှာစက်ဆုပ်ဖွယ်သဘောကိုတော့ ဘုန်းကြီး တော်တော်လေးတော့ သဘောပေါက်သင့်သလောက်တော့ ပေါက်ပါတယ်။ သဘောပေါက်သင့်သလောက် ပေါက်ပါတယ်ဆိုတာက အိမ်ပေါက်စေ့ လှည့်လည်ပြီး ဆွမ်းခံနေရတဲ့ ဘုန်းကြီးဖြစ်ခြင်းကြောင့် တစ်ချိန် သူကြီးကုန်းဆိုတဲ့ အပိုင်းတစ်ခု ဆွမ်းခံရောက်သွားတယ်။ မိုးတွင်းဆိုလို့ရှိရင် ရေကလည်း ဒူးလောက် များသောအားဖြင့် ကူးရတဲ့ဒေသတစ်ခု ဖြစ်ပါတယ်။ ဗမာတန်းဆိုတဲ့ အတန်းတစ်ခု ရောက်သွားပြီဆိုရင် အဲဒီရပ်ကွက်မှာရှိတဲ့လူတွေ စုပေါင်းပြီး အညစ်အကြေးသွားတဲ့ အိမ်သာတွေက တန်းစီနေတယ်။ ချောင်းဘေးမှာ တန်းစီထားတဲ့ အိမ်သာတွေနဲ့ ဒီဘက်က ဘုန်းကြီးဆွမ်းခံတဲ့ အိမ်တစ်အိမ်မှာ တည်ရှိနေတဲ့ မုန့်တီလုပ်တဲ့အိမ်နဲ့ သိပ်ပြီး မဝေးလှဘူး။ ပေလေးငါးခြောက်ဆယ်တော့ ရှိကောင်း ရှိလိမ့်မယ်လို့ ထင်ရတယ်။ မုန့်တီကို ဘယ်လိုလုပ်တယ်တော့ ဘုန်းကြီး မပြောတတ်ဘူး။ ဒါပေမဲ့ အဲဒီဒေသမှာ တည်ရှိနေတဲ့ မုန့်တီလုပ်တဲ့ မောင်းဆုံတွေ ကြိတ်ဆုံတွေဆိုတာ ရှိတယ်။ အဲဒီ မောင်းဆုံတွေ ကြိတ်ဆုံတွေမှာ ဆိုလို့ရှိရင်တော့ ယင်မမဲရိုင်းတွေက မည်းနေတယ်။ ဘုန်းကြီးကို လောင်းမယ့်ဆွမ်းတွေမှာလည်း ယင်မမဲရိုင်းတွေက မည်းနေတယ်။ အဲဒီယင်ကောင်တွေက ဟိုဘက်က အိမ်သာနဲ့ ဒီဘက်က ဆုံတွေရှိတဲ့ နေရာကို ကူးလူးဆက်ဆံရေး သယ်ယူပို့ဆောင်ရေး လုပ်နေကြတယ်။ အဲဒီ ပစ္စည်းတွေကို ဘုန်းကြီးကို လောင်းလှူလိုက်တာပဲ။ အဲဒီမုန့်တီတွေက တစ်ခါတလေလည်း ကျောင်းရောက်များ ရောက်လာမလား မပြောတတ်ဘူးနော်။ ခေတ်မီတဲ့ နိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ ဒီလိုယင်နားနေတဲ့ ပစ္စည်းတွေကို မစားသုံးကြဘူး။ ဘာဖြစ်လို့လဲ? အဲဒီယင်ကောင်တွေက အခုလို မစင်တွင်းတွေမှာ ရှိနေကြတဲ့ ညစ်ပတ်ပေရေနေတဲ့ ပိုးလောက်တွေကို သယ်ဆောင်ပြီး အဲဒီအစာပေါ်မှာ လာနား၊ နားပြီးတဲ့အခါ အစာမှာရှိတဲ့ သူတို့ကြိုက်တဲ့ အစာအာဟာရတွေကို စားကြပြန်တယ်၊ သူတို့ရဲ့ကိုယ်မှာ ကပ်ပါလာတဲ့ မစင်မှ အညစ်အကြေးတွေကို လူတွေစားမယ့် အစာအာဟာရတွေအပေါ်မှာ တစ်ခါ ပြန်စွန့်ကြပြန်တယ်။ တစ်ခါ မစင်တွေဆီ သူတို့ ပြန်သွားကြပြန်တယ်၊ ဒီလိုပဲ ခေါက်တုံ့ခေါက်ပြန် လုပ်နေတော့ ဒီမှာ ယင်တွေကို အခြေခံပြီးတော့ အလွန် ညစ်ပတ်ပေရေနေတဲ့ ဘက်တီးရီးယားဆိုတဲ့ ပိုးတွေ အတော်များများ အစာအာဟာရထဲမှာ ကူးစက်လာတယ်။ အဲဒီလို ကူးစက်လာခြင်းတည်းဟူသောအကြောင်းကြောင့် ကျန်းမာရေးကို လေ့လာလိုက်စားနေတဲ့ ခေတ်မီ နိုင်ငံတွေမှာ ဆိုလို့ရှိရင်တော့ ဒီလို ယင်နားစာတွေကို စားသုံးတဲ့အလုပ် မလုပ်ကြဘူး။ ဘုန်းကြီးတို့ နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဖြစ်ခြင်းကြောင့် ဒီယင်နားစာတွေကို စားနေရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ရွံဖို့ မကောင်းဘူးလား? အဲဒီမုန့်တီတွေ ရွံဖို့မကောင်းဘူးလား? ရွံကော ရွံကြသလား? အဲဒါပဲ ရွံဖို့ ကောင်းပါတယ်ဆိုတော့ ဘုန်းကြီးက ရှေ့ကနေ မေးခွန်းလေးနဲ့ မေးလိုက်တာကို ရွံဖို့ကောင်းပါတယ် ဒီလိုတော့ ပြန်ဖြေရတာပေါ့လေ။ ရွံကော ရွံကြသလားလို့ ပြန်မေးလိုက်တဲ့ အချိန်ခါကျတော့ နည်းနည်းလေးတော့ အင်တင်တင် ဖြစ်သွားလိမ့်မယ်ထင်တယ်။
ဒီတော့ ဒီနေရာမှာ ဘုန်းကြီးတစ်ခုတော့ နည်းနည်းကလေး ပြောချင်ပါတယ်။ ဘုန်းကြီးမှာ ပြဿနာကလေးတွေက တော်တော်ရင်ဆိုင်နေရတယ်။ တစ်ချိန်တုန်းက ဘုန်းကြီး အစင်တောထဲမှာ နေစဉ်အခါ ဆိုကြပါစို့။ ကျောင်းဆရာတစ်ဦးကနေ သက်သတ်လွတ်ဆိုတာ ဘာအဓိပ္ပါယ် ရှိသလဲတဲ့။ မေးလိုက်တဲ့အချိန်ခါကျတော့ သူ ဘာဦးတည်ချက်နဲ့ မေးတယ် ဆိုတာ ဘုန်းကြီးလည်း နည်းနည်း နားလည်တယ်။ သူက မကျေနပ်ချက်တွေ တစ်ပုံကြီး ထမ်းပြီးတော့ လာမေးနေတယ်ဆိုတာသိလိုက်တော့ ဘုန်းကြီးက ဘာမှ အဓိပ္ပါယ်မရှိပါဘူးလို့ ဒီလိုပဲ ဖြေလိုက်တယ်။ ဒီလို ခပ်တိုတိုဖြေလိုက်တော့ သူက နည်းနည်းလေး စျေးဆစ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ဘာဖြစ်လို့လဲတဲ့။ သူက ထပ်မေးတယ်။ မေးလိုက်တဲ့ အချိန်အခါကျတော့ မလွှဲမရှောင်သာတဲ့ ပြဿနာကလေးတွေ သူ့ကို ရှင်းလင်းတင်ပြပါတယ်။ အသားငါးကို မစားဘူးလို့ပြောရင်တော့ အဓိပ္ပါယ်ရှိတန်သလောက် ရှိပါတယ်။ သို့သော်လည်း သက်သတ်လွတ် စားနေပါတယ်ဆိုရင်တော့ အဓိပ္ပါယ် နည်းနည်း ကင်းမဲ့တဲ့သဘော ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ခုလိုပေါ့ ... ယင်နားစာမှာ စားလိုက်ရင် ဒါ သက်သတ်လွတ်တယ်လို့ ပြောမလား? မပြောနိုင်ဘူး။ အိမ်ရှင်မတွေ တစ်ခါတလေ နည်းနည်းလေးပဲ ပျင်းကြသလား မပြောတတ်ပါဘူး။ ဆန်ထဲမှာပါနေတဲ့ ဆန်ပိုးကို စင်အောင် မရွေးလိုက်ဘူး။ ရောချက်လိုက်တယ်။
ဘုန်းကြီးသပိတ်ထဲလည်း ဒီပိုးကောင်တွေ ပါမလာဘူးလား? သက်သတ် တကယ်လွတ်တယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူးနော်။ သူများ အသားငါးတွေ သတ်ပြီး စားရမယ်လို့ ဘုန်းကြီးဆိုလိုရင်း မဟုတ်ဘူး။ ဒါ အဓိပ္ပါယ် ဆန်းစစ်ပြနေတာ။ နောက်တစ်ခု ကြည့်ဦး ---
ဘုန်းကြီးတို့ .. ဟင်းသီးဟင်းရွက်တွေမှာ ဘက်တီးရီးယားပိုးတွေ အများဆုံး ရှိတတ်ပါတယ်။ ဥပမာ --- မြင်းခွာရွက်တို့လို အရွက်မျိုးဆိုကြပါစို့။ ပကတိမျက်စိဖြင့် မြင်ဖို့ရန်အတွက် ခက်ခဲတယ်နော်။ ခက်ခဲပေမယ့် အဲဒီမှာက ဘက်တီးရီးယားလို့ခေါ်တဲ့ ပကတိသာမန်မျက်စိဖြင့် မြင်လို့မရနိုင်တဲ့ အမျိုးအစားမှာ တည်ရှိတဲ့ပိုးတွေ တော်တော်များများ ရှိနေကြပါတယ်။ ဒီလိုရှိနေတဲ့အတွက် ဒီလို ဟင်းသီးဟင်းရွက်တွေကို စားနေရင် တကယ် သက်သတ်လွတ်တယ်လို့ မပြောနိုင်ပါဘူး။ ခေတ်မီသိပ္ပံပညာနဲ့ တိုင်းတာပြီး ဒီဆရာကလည်း လာမေးနေတယ်ဆိုတာကို ဘုန်းကြီးက သဘောပေါက်လို့ ဒီလိုပြောတာပါ။ ဒီကြားထဲမှာ တချို့ အပျင်းထူနေတဲ့ အိမ်ရှင်မတွေကလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဘုန်းကြီးက နည်းနည်းပြောချင်တယ်။ အိုးဆေးရမှာလည်း နည်းနည်းပျင်းတယ်၊ ခွက်ဆေးရမှာလည်း နည်းနည်းပျင်းတယ်၊ ဘုန်းကြီးကလည်း မိုးလင်းရင် ဆွမ်းခံလာမှာဖြစ်တော့ မီးတိုင်လေး မှိတ်တုတ် မှိတ်တုတ်နဲ့ ခပ်စောစော ထပြီး ချက်ချင်သလိုချက်လိုက်တော့ အဲဒီ အိုးထဲမှာ ပုရွက်ဆိတ်တွေ တစ်ပုံကြီး ကြော်ချင်တာတွေနှင့် ရောကြော်ထည့်လိုက်တော့ ဟင်းထဲမှာလည်း ပရွက်ဆိတ်တွေ တစ်ပုံကြီး ပါလာတယ်။ အဲဒါကြောင့် သက်သတ် တကယ်လွတ်တယ်လို့တော့ ဒါပြောဖို့ သိပ်မလွယ်ဘူးလို့ ဘုန်းကြီးက သူ့ကို ရှင်းပြတယ်။ သို့သော် ပိုဆိုးတဲ့ ပြဿနာတစ်ခု ထပ်ပြောဦးမယ်။
ရှေးယခင် အင်္ဂလိပ်လက်ထက်လောက်က ဆိုကြပါစို့။ နာမည်ကျော် ဖြစ်တဲ့ ဒီသစ်သီးကျောင်းကို တည်ထောင်သွားတဲ့ သစ်သီးဆရာတော်ဘုရားရဲ့ ဆရာတစ်ဆူဖြစ်တော်မူတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားဆိုတာ စစ်ကိုင်းမှာ ထင်ရှားပါတယ်။ နေလို လလို ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ အင်္ဂလိပ်အမျိုးသား ဒကာကြီးတစ်ဦးကနေပြီးတော့ ဆရာတော်ဘုရားထံ ချဉ်းကပ်ပြီးတော့ အရှင်ဘုရားတို့ ... ဘုရားရှင်ကနေပြီးတော့ သူတစ်ပါးရဲ့အသက်ကို မသတ်ရဘူး ဆိုပြီးတော့ ပညတ်ထားတယ်တဲ့။ ဒီလို ပညတ်ထားတဲ့ အပိုင်းမှာ အခု အရှင်ဘုရားတို့ သောက်နေတဲ့ ရေတွေကို သိပ္ပံပညာနည်းနဲ့ သေသေချာချာ စမ်းသပ်ကြည့်လိုက်တဲ့အချိန်ခါမှာ အဲဒီထဲမှာ ပိုးလောက်တွေ များစွာ ပါနေတယ်တဲ့။ အဲဒါ သူများအသက်ကို သတ်နေတာ မဟုတ်ဘူးလား? ဆိုပြီးတော့ ဒီမေးခွန်းတစ်ခု လာမေးတယ်။ မေးလိုက်တဲ့အချိန်အခါကျတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဘာပြန်ဖြေသလဲ? အေး ... ငါတို့ရဲ့ ဘုရားရှင်ကနေပြီးတော့ ရေကို စစ်ပြီးသောက်သုံးစေ ဆိုပြီးတော့ ခွင့်ပြုထားတယ်။ တို့လည်း စစ်ပြီးတော့ သောက်တယ်။ သောက်လိုက်တဲ့ အချိန်ခါမှာ ရေက စစ်ထားတယ်။ ပိုးလောက်ရှိတယ်လို့ တို့မသိဘူး။ မြင်လည်း မမြင်နိုင်ဘူး။ မမြင်နိုင်တဲ့ အတွက်ကြောင့် ဒီရေထဲမှာပါတဲ့ ပိုးတွေဟာ အာပတ်ရဲ့အင်္ဂါ (အပြစ်)လို့ မခေါ်လောက်တဲ့ အဗ္ဗောဟာရိကပဲ ဖြစ်ပါတယ်လို့ဆိုပြီးတော့ ဒီလို ပြန်ဖြေတယ်ဆိုပြီး ကြားဖူးပါတယ်နော်။
အဲဒီတော့ ဒီရေတောင်မှ သက်သတ်လွတ်သေးသလား? မလွတ်ဘူး။ ရေတောင် သက်သတ်မလွတ်ဘူး ဆိုလို့ရှိရင်တော့ ဒီအပြင် သက်သတ်လွတ်ဖို့ ဆိုတာကော ရှိနိုင်ပါဦးမလား? မရှိနိုင်ပါဘူးနော်။ သို့သော် ဒီထက်ပိုဆိုးတဲ့ ပြဿနာတစ်ခု ဘုန်းကြီး စဉ်းစားမိတယ်။ စဉ်းစားမိတယ်ဆိုတာက ဘုန်းကြီးတို့ ဒီသိပ္ပံပညာနည်းအရ ပြောမယ်ဆိုလို့ရှိရင် အခု အသက်ရှူလိုက်တဲ့ လေထဲမှာလည်း ကူးစက်တတ်တဲ့ ပိုးမွှားတွေ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြတယ်။ ဥပမာ --- တီဘီရောဂါရှိတဲ့ ပုဂ္ဂိုလ်နဲ့ အတူတူနေမယ်ဆိုရင် တံတွေးတွေကနေ ကူးစက်နိုင်တယ်။ ချောင်းဆိုးလိုက်တဲ့ အချိန်ခါမှာ သူချောင်းဆိုးလိုက်တဲ့လေထဲမှာ ပိုးတွေက ပါလာတယ်။ အဲဒီပိုးတွေကို မိမိက အသက်ရှူခဲ့မိရင်လည်း ဒီပိုးတွေက ဝမ်းထဲဝင်သွားလို့ရှိရင် ဒီရောဂါတွေက ကူးစက်နိုင်တယ်လို့ ပြောတယ်။ ဒီလိုဆိုလို့ရှိရင် အသက်ရှူလို့ရှိရင်လည်း အဲဒီပိုးကောင်တွေက ပါမသွားဘူးလား? တကယ့် သက်သတ်လွတ်အစစ် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နည်းနည်းကလေး အစွန်းတစ်ဖက်ကို ရောက်တဲ့စိတ်ထား မရှိစေချင်လို့ ဘုန်းကြီးက ပြောတာပါ။
ဘုရားရှင်ကတော့ အစွန်းသုံးပါးလွတ်နေတဲ့ အသားငါးမှန်ရင် စားစေ ဆိုပြီး ဒါတော့ ခွင်ြ့ပုထားတယ်။ သို့သော် အစွန်းသုံးပါး တကယ်လွတ်ဖို့ ဆိုရင်လည်း တိတိကျကျ လိုက်နာပြီးကျင့်ဖို့ မခက်ဘူးလား? ခက်ခဲပါတယ်။ တကယ့် သက်သတ်လွတ်ဖို့ဆိုရင်ကော အခက်အခဲတွေ များစွာ မရှိဘူးလား? ရှိပါတယ်။ ဘုန်းကြီး လက်ဖက်မစားတာ နှစ်ပေါင်း တော်တော်ကြာပြီ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကနေထုတ်ဝေတဲ့ ကျန်းမာရေးစာစောင် တစ်ခုကို ဘုန်းကြီးငယ်စဉ်က ဖတ်ခဲ့ဖူးတယ်။ ဘက်တီးရီးယားလို့ခေါ်တဲ့ ပိုးအမျိုးမျိုးတွေဟာ လက်ဖက်ထဲမှာ တော်တော်များများ ပါတယ်ဆိုပြီးတော့ ဝေဖန်ပြီး ဒီစာစောင်က ဆန်းစစ်ပြထားတယ်။ တကယ်တမ်း ဓာတ်ခွဲခန်း တင်ကြည့်တဲ့အချိန်ခါမှာလည်း ဒီပိုးတွေ ဒီလက်ဖက်ထဲမှာ များစွာ ရှိနေတယ်။ ရှိနေတဲ့အချိန်အခါကျတော့ လက်ဖက်စားလို့ရှိရင် တို့ဟာ ပိုးကို စားတာပဲ၊ ဒီတော့ ငါ မစားဘူးဆိုပြီးတော့ နှစ်ပေါင်းအတော်ကြာကြာ လက်ဖက်ကို မစားဘူး။ နောက်တော့ ဘုန်းကြီး ပြန်စဉ်းစားကြည့်တယ်။ ရေသောက်ရင်လည်း ပိုးပါနေတော့ ရေမသောက်ဘဲ နေရတော့မလား? အသက်ရှူရင်လည်း ပိုးပါနေတော့ မရှူဘဲ နေရတော့မလား? ကိုယ့်ဟာကို ပြန်ဆန်းစစ်ကြည့်တယ်။
နောက်တစ်ခု --- ကျင်ကြီးစွန့်တယ်၊ ကျင်ငယ်စွန့်တယ်၊ ကျင်ကြီး စွန့်လိုက်ရင် ကျင်ကြီးထဲမှာ ပိုးတွေက ပါမသွားဘူးလား? ပါသွားမယ်။ ကျင်ကြီးစွန့်လိုက်တဲ့ အချိန်အခါမှာ ဒီပိုးတွေ သေကျေပျက်စီးမှုဆိုတာ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒီလိုဆိုရင် ပိုးတွေသေမှာကြောက်တဲ့အတွက် ကျင်ကြီးမစွန့်ဘဲ နေရတော့မလား? ဒါကြောင့် တစ်ဖက်စွန်းကို မရောက်အောင်တော့ စဉ်းစား နှိုင်းချိန်တတ်ဖို့ လိုပါတယ်။
ဒီနေရာမှာ ဥပါလိသူကြွယ်နဲ့ ဘုရားရှင်တို့ရဲ့ အမေးအဖြေကလေး တစ်ခုကို အတိုချုပ်ပြီး နည်းနည်း ပြောမယ်။ ဥပါလိသူကြွယ်က ရှေးယခင် ဗုဒ္ဓဘာသာ မဖြစ်ခင်က နိဂဏ္ဌလို့ခေါ်တဲ့ မဟာဝီရလို့လည်းခေါ်တဲ့ ဂျိန်းဂိုဏ်းကို ကိုးကွယ်ဆည်းကပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ နိဂဏ္ဌတွေကနေပြီးတော့ ဥပါလိသူကြွယ်ကို ဂေါတမမြတ်စွာဘုရားနဲ့ တရားဆွေးနွေးဖို့ဆိုပြီးတော့ ရွေးချယ်ပြီး လွှတ်လိုက်တဲ့အခါ တစ်ဦးနှင့်တစ်ဦး မှန်ကန်တဲ့ သစ္စာစကားပေါ်မှာ ရပ်တည်ပြီး စကားပြောဆိုနိုင်ခဲ့မယ်ဆိုရင်တော့ ငါဘုရားရှင်ဘက်က တရားဆွေးနွေးဖို့ရန်အတွက် ဝန်မလေးပါဘူး ဆိုပြီးတော့ စကားချည်ရတယ်။ မှန်ကန်တဲ့ သစ္စာစကားပေါ်မှာ ရပ်တည်ပြီး တရားဆွေးနွေးပါ့မယ်ဆိုတဲ့ အချိန်အခါကျတော့မှ ဘုရားရှင်က မေးခွန်းကလေးတွေ မေးတယ်။ အဲဒီမေးခွန်းတွေထဲမှာ ဒီနေရာနဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခုကို ပြောမယ်။ နိဂဏ္ဌတွေဟာ သူတို့ နိဂဏ္ဌအခေါ်အရ ကာယကံ ဝစီကံ မနောကံတွေကို ကာယဒဏ္ဍ ဝစီဒဏ္ဍ မနောဒဏ္ဍလို့ ခေါ်ဆိုကြတယ်။
ဘုန်းကြီးတို့ သာသနာတော်ဘက်ကတော့ ကာယကံ ဝစီကံ မနောကံ ဆိုပြီးတော့ ဒီလို သုံးနှုန်းပါတယ်။ အဲဒီမှာ ဒီကာယဒဏ် ဝစီဒဏ် မနောဒဏ် ဆိုတဲ့ ဒဏ် (၃)မျိုးရှိတဲ့အနက်က ဘယ်ဒဏ်ကို အပြစ်အကြီးဆုံးလို့ သင်တို့ နိဂဏ္ဌတွေက ပညတ်ပါသလဲ? ဒီမေးခွန်းကို ဘုရားရှင်က မေးကြည့်တယ်။ နိဂဏ္ဌတွေရဲ့ အယူအဆကတော့ ကာယဒဏ်က အပြစ်အကြီးဆုံးလို့ အဖြေပေးတယ်။ အဲဒီနောက်တော့ ဘုရားရှင်က မေးခွန်းလေးတစ်ခုကို ထပ်ပြီးတော့ မေးတော်မူပါတယ်။
ကဲ ဒီလိုဆိုလို့ရှိရင် သင်တို့ နိဂဏ္ဌဆရာကြီးက သင်တို့ လမ်းလျှောက် တဲ့အချိန်ခါမှာ သိလည်း မသိဘူး၊ မြင်လည်း မမြင်ဘူး၊ နင်းမိတဲ့ ပိုးမွှားတွေ သေကျေပျက်စီးခဲ့ရင် ဘာအပြစ်ရှိတယ်လို့များ ပညတ်သလဲလို့ ထပ်မေးကြည့်တယ်။ အဲဒါတော့ အပြစ်မရှိဘူးဆိုပြီး သူက ပြောပြန်တယ်။ ပြောလိုက်တော့ သင့်ရဲ့ ရှေ့စကားနဲ့ နောက်စကား မညီပါ့လားလို့ ဘုရားရှင်က ဒီနေရာမှာ ပြန်ပြီးတော့ မိန့်တော်မူလိုက်တယ်။ ဘာဖြစ်လိုလဲ? ကာယဒဏ်ကသာ အပြစ်ကြီးရိုးမှန်ခဲ့ရင် ခုလမ်းလျှောက်တဲ့ အချိန်အခါမှာ ကိုယ်က မြင်လည်း မမြင်ဘူး၊ သိလည်း မသိဘူး၊ ပိုးမွှားတွေ နင်းမိတယ်။ သေကျေပျက်စီးသွားတယ်။ ကာယဒဏ်ကသာ အပြစ်ပိုကြီးတာ မှန်ခဲ့ရင် ဒါ မနောကံ မပါဘူး။ ကာယကံသက်သက် ဖြစ်ခြင်းကြောင့် အပြစ်မကြီးရဘူးလား? ကြီးရမယ်။
အခုတော့ အပြစ်ရှိသလား? မရှိဘူး၊ ဘုန်းကြီးတို့ ဘုရားရှင်ဘက်ကလည်း စိတ်သာ ရှင်စော ဘုရားဟောလို့ လောကဝေါဟာရ ပြောတဲ့အတိုင်း ဒီလိုနေရာမျိုးမှာကျတော့ သေစေလိုတဲ့ စိတ်စေတနာ အထင်အရှားရှိမှသာ ပါဏာတိပါတကံ မြောက်ပါတယ်လို့ ဟောကြားတော်မူပါတယ်။ လုံ့လပယောဂလည်း ရှိပါမှ ပါဏာတိပါတကံမြောက်တယ် ... စသည်ဖြင့် အခြားအင်္ဂါရပ်တွေလည်း ရှိကြတယ်။ အဲဒီထဲမှာ သေစေလိုတဲ့ စိတ် စေတနာက အဓိက ဖြစ်တယ်။ မိမိတို့မှာ စိတ်ဓာတ်တွေက စင်ကြယ်သန့်ရှင်းနေခဲ့မယ်ဆိုရင် အခုလို ခရီးသွားတဲ့အချိန်ခါမှာ သတ္တဝါတွေကို သေကျေပျက်စီးစေလိုတဲ့ စိတ်ထား မရှိဘူး။ ရိုးရိုး ကိုယ်သွားနေကျလမ်းအတိုင်း သွားတယ်ဆိုရင် နှလုံးသွင်းမှန်ခဲ့မယ်ဆိုရင်တော့ ဒါ အပြစ်ဖြစ်ပါ့မလား? မဖြစ်ဘူး။ အကယ်၍ အပြစ်ဖြစ်ပါတယ်ဆိုရင်တော့ လမ်းမသွားဘဲ နေရတော့မလား? အဲဒါပဲ တစ်ဖက်စွန်း သိပ်မရောက်ဖို့ လိုအပ်ပါတယ်။
အဲဒီတော့ ဒီနေရာမှာ အဋ္ဌကထာ ဋီကာဆရာတော်တွေက ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်ကလေးတစ်ခု ရှိတယ်။ အဲဒီဖွင့်ဆိုချက်က ဘာလဲဆိုတော့ ဘုရားရှင်ရဲ့အလိုတော်အတိုင်းကတော့ တကယ့်သက်သတ်လွတ်ဖို့ဆိုတဲ့ အပိုင်းကတော့ အခုလို ဆန်းစစ်ကြည့်တဲ့အခါ မလွယ်တဲ့အတွက် အစွန်းသုံးပါး လွတ်နေမယ်ဆိုလို့ရှိရင်တော့ မည်သည့်အာဟာရကိုမဆို စားသုံးခွင့် ပြုတော်မူပါတယ်။
သို့သော် စားသုံးတဲ့အချိန်အခါမှာ နိဿရဏပညာခေါ်တဲ့ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း အသိအလိမ္မာဉာဏ်ပညာရှိဖို့ကတော့ ဘုရားရှင်က အခု နည်းပေးနေတယ်နော်။ နည်းပေးနေတဲ့ အဲဒီအပိုင်းမှာ ဘယ်လို ပြဿနာပေါ်လာလဲလို့ မေးရင်တော့ သက်သတ်လွတ်စားတဲ့ လေ့ကျင့်ခန်းသည် ကျင့်ဝတ်သည် သတ္တဝါတွေအပေါ်မှာ ကြင်နာသနားတဲ့ မွန်မြတ်တဲ့ ကျင့်ဝတ်ပဋိပတ်တစ်ခု ဖြစ်တယ်လို့ ယူဆခဲ့ရင် ယူဆခဲ့မယ်ဆိုရင် ဒါ မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်ဆိုပြီး အဋ္ဌကထာဋီကာတွေက ဖွင့်ဆိုထားတယ်။
သတ္တာနုဒ္ဒယမုခေန ဗာဟိရကာနံ မစ္ဆမံသပရိဘောဂပဋိက္ခေပေါ တယိဒံ မိစ္ဆာ၊ တိကောဋိပရိသုဒ္ဓေဿဝ မစ္ဆမံသဿ ပရိဘောဂေါ ဘဂဝတာ အနုညာတော။ (မ၊ဋီ၊၃၊၂၇။)
= သတ္တဝါတွေအပေါ်မှာ ကြင်နာသနားမှုကို အကြောင်းပြုကာ သာသနာပ အယူအဆ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေက ငါးအမဲကို သုံးစွဲမှုကို ပယ်မြစ်ခြင်းဟာ မှားယွင်းတဲ့ မိစ္ဆာဝါဒ ဖြစ်တယ်။ အစွန်းသုံးပါးလွတ်နေတဲ့ ငါးအမဲကို သုံးဆောင်ဖို့ရန် ဘုရားရှင်က ခွင့်ပြုထားတော်မူပြီး ဖြစ်တယ်။ (မ၊ဋီ၊၃၊၂၇။) ဒီလို မဇ္ဈိမပဏ္ဏာသဋီကာက ဖွင့်ဆိုထားတော်မူပါတယ်။ ဘာဖြစ်လို့လဲ? မှားယွင်းနေတဲ့ အယူအဆတစ်ခု ဖြစ်တယ်။ အခု ဘုန်းကြီး ဆန်းစစ်ပြတဲ့အတိုင်း တကယ့် သက်သတ်လွတ်ဖို့ဆိုတဲ့အပိုင်းဟာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်တဲ့သဘော ရှိတယ်။ အသက်ရှူတာတောင်မှ ပိုးမွှားပါနေတယ်။ ရေသောက်ရင်တောင် ပိုးမွှားပါနေတယ် ဆိုလို့ရှိရင် တကယ် သက်သတ်လွတ်ဖို့ဆိုတဲ့ အပိုင်းတွေဟာ အလွန် မခက်ခဲဘူးလား? ခက်ခဲနေတယ်။ သို့သော် သိလျက်နဲ့ လွန်ကျူးတဲ့ စိတ်စေတနာဖြင့် ဒီသတ္တဝါတွေကို သတ်ဖြတ်ပြီး စားသောက်နေတာကိုလည်း ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဒီနေ့ လူများစု စားနေရတဲ့ အစာအာဟာရတွေဟာ မသတ်ဘဲ စားရတဲ့ အစာအာဟာရ အသားငါးဆိုတာ ရှိပါ့မလား? မရှိသလောက် ရှားပါတယ်။ သတ္တဝါတွေကို သတ်ဖြတ်တာကိုလည်း ဘုရားရှင်က မနှစ်ခြိုက်ပါဘူး။ သတ္တဝါတွေကို ဒီလိုသတ်ဖြတ်ပြီး စားသောက်နေတာကိုလည်း ဘုရားရှင် မနှစ်ခြိုက်ပါဘူး။ တားမြစ်ထားတော်မူပါတယ်။
သို့သော် သက်သတ်လွတ်စားခြင်းသည် မွန်မြတ်တဲ့ ကျင့်ဝတ်ပဋိပတ် တစ်ခု ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်သလို သက်သတ်မလွတ်မှသာလျှင်, သားငါးကို စားမှသာလျှင် သမ္မာဒိဋ္ဌိဖြစ်တယ်လို့ ယူဆခဲ့ရင်ကော အဲဒါ မမှားဘူးလား? မှားနေတယ်။ ဘာဖြစ်လို့လဲ? အသားငါး မစားတဲ့နေ့က အပြစ်ရှိရမယ့်ပုံစံ ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒါကြောင့် အသားငါးပါခြင်း မပါခြင်း, သက်သတ်လွတ်ခြင်း မလွတ်ခြင်းကို ဘုရားရှင်က ဒီလောက်အထိ အဓိက မထားဘူး။ ထားနေတာက အစွန်းသုံးပါးလွတ်ဖို့ကိုတော့ ဘုရားရှင် အဓိကထားတယ်။ ဘာဖြစ်လို့လဲ? ဘုရားရှင်သည် အားလုံးကိုသိတော်မူပါတယ်။ ဒီဘက်တီးရီးယားခေါ်တဲ့ ပိုးတွေဟာ ဘယ်လောက်အထိ သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်နေတယ်၊ နှောင့်ယှက်နေတယ်ဆိုတာ ဘုရားရှင် အားလုံးသိတယ်။ သိပေမယ့် ဒါတွေကို သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းမဟုတ်တဲ့အတွက် မြတ်စွာဘုရား မဟောဘူး။ မဟောပေမယ့်လို့ ခန္ဓာအိမ်မှာ ပိုးအမျိုးမျိုး ရှိတယ်ဆိုတာတော့ မဟောဘူးလား? ဟောထားပါတယ်နော်။ ခန္ဓာအိမ်ထဲမှာ ပိုးအမျိုးမျိုး ရှိသလို မိမိရဲ့ ခန္ဓာအိမ်ထဲမှာ ရှိသလို သူတစ်ပါးရဲ့ ခန္ဓာအိမ်ထဲမှာလည်း ရှိတယ်။ သူတစ်ပါးဆိုတဲ့အထဲမှာ သက်ရှိသက်မဲ့ သတ္တဝါ သင်္ခါရတွေလည်း မပါဘူးလား? ပါနေတယ်။ အဲဒီတော့ ဒီသတ္တဝါ အားလုံးရဲ့ သန္တာန်မှာ ဒီပိုးလောက်တွေက ရှိပြီးသားဖြစ်တော့ ဒီပိုးလောက်တွေသည် အလွန် သေးငယ်တဲ့ ပိုးလောက်တွေက ဒီလေထဲမှာ ပျံ့နှံ့နေတယ်ဆိုတဲ့ သဘောတရားတွေဟာ တချို့တချို့ ထောက်ခံမယ့် ပရိသတ်မရှိရင် ဘုရားရှင်လည်း သိပ်ပြီး ပွင့်ပွင့်လင်းလင်း မဟောဘူး။ သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းလည်း မဟုတ်ဘူး။
ပြိတ္တာ အမျိုးမျိုး
နမူနာတစ်ခု ဆိုကြပါစို့။ အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးနဲ့ အရှင်လက္ခဏမထေရ်မြတ်တို့ ဂိဇ္ဈကုဋ်တောင်ကနေပြီးတော့ ဆွမ်းခံအဆင်း အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးက ကောင်းကင်မှာ ပြိတ္တာအမျိုးမျိုးတွေ မြင်တဲ့အတွက် ပြုံးတော်မူတယ်။ ဘာ့ကြောင့် ပြုံးရသလဲဆိုတာကို အရှင်လက္ခဏမထေရ်က မေးလိုက်တဲ့အချိန်ခါမှာ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်က အဖြေမပေးဘူး။ အရှင်ဘုရား အဖြေကို သိချင်တယ် ဆိုလို့ရှိရင်တော့ အရှင်ဘုရားနဲ့တပည့်တော် ရာဇဂြိုဟ်မြို့ထဲ ဆွမ်းခံသွားကြမယ်။ ဆွမ်းစားခြင်းကိစ္စ ပြီးတဲ့အခါ ဝေဠုဝန်ကျောင်းကို သွားပြီးတော့ ဘုရားရှင်ကို ဖူးမြော်ကန်တော့မယ်၊ ဘုရားရှင် ရှေ့တော်မှောက် ရောက်တဲ့အချိန်ခါမှာ အရှင်ဘုရား အဲဒီမေးခွန်းကို ထပ်ပြီးတော့ မေးပါ။ ဒီလိုပဲ အရှင်မဟာမောဂ္ဂလ္လာန်က ဖြေတယ်။ ဘာဖြစ်လို့လဲ? ထောက်ခံမယ့် ပရိသတ် မရှိဘူး။ ဘုရားရှေ့မှောက် ရောက်ကြပြီ၊ အရှင်လက္ခဏက ထပ်ပြီး မေးတယ်။ မေးလိုက်တဲ့အချိန်အခါကျတော့မှ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီးက ကောင်းကင်မှာ ပြိတ္တာအမျိုးမျိုးတွေကို မြင်တွေ့မိလို့ ပြုံးရယ်မိကြောင်းကို အဖြေပေးတော်မူပါတယ်။ ဘုရားရှင်ကလည်း ရဟန်းတွေကို ဘာအမိန့် ရှိသလဲ? ဒီပြိတ္တာအမျိုးမျိုးကို ငါဘုရားသည် ဗောဓိမဏ္ဍိုင်မှာ သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးကို ထိုးထွင်းသိမြင်တော်မူသည့် ညကတည်းက စပြီးတော့ မြင်ပါတယ်။ သို့သော်လည်း ငါဘုရားရှင်ကို ထောက်ခံမယ့် ပရိသတ်က မရှိဘူး။ မရှိတဲ့အတွက် ငါဘုရား ဒီအကြောင်းကို မဟောခဲ့ဘူး။ အခု မောဂ္ဂလ္လာန်လို ထောက်ခံမယ့် သာဝကတစ်ဦး ပေါ်လာတဲ့အတွက် ဒီပြိတ္တာတွေအကြောင်းကို ငါဘုရား ဟောပါတယ် ဆိုပြီးတော့ အဲဒီပြိတ္တာတွေ အကြောင်းကို ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတွေနဲ့ အတူတကွ သူတို့ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံတွေကိုပါ ထည့်သွင်းပြီးတော့ မြတ်စွာဘုရား ဟောပေးပါတယ်နော်။ (သံ၊၁၊၄၄၆-၄၄၉။)
အဲဒါကြောင့် တချို့တချို့ တရားတွေဟာ ဘုရားရှင်သည် သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းမဟုတ်လို့ တချို့တချို့ တရားတွေ ကျတော့လည်း မိမိကို ထောက်ခံမယ့် ပရိသတ်က မရှိသေးလို့ မဟောဘဲ ထားခဲ့တဲ့ တရားတွေလည်း များစွာ ရှိပါတယ်နော်။ ဒါကြောင့် အယူအဆကလေးတွေ နည်းနည်းလေး လွန်လွန်ကျွံကျွံ မဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဒီတော့ သက်သတ်မလွတ်မှ ဘုရားအလိုတော်ကျတယ် မွန်မြတ်တယ်ဆိုပြီး တချို့က ဒီလိုလည်း အယူအဆတွေ ရှိကြတယ်။ ဒါကလည်း တစ်ဖက်စွန်း ရောက်သွားတယ်။ သက်သတ်လွတ်စားမှသာလျှင် မွန်မြတ်သော ကျင့်ဝတ်ပဋိပတ် ဖြစ်တယ်။ ဒါလည်း တစ်ဖက်စွန်း ရောက်တယ်။ ဘာဖြစ်လို့လဲ? စားလိုက်တဲ့ အချိန်အခါမှာ သက်သတ်လွတ်ခြင်း မလွတ်ခြင်းက လိုရင်း မဟုတ်ဘူး။ နိဿရဏပညာခေါ်တဲ့ ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာဉာဏ်ပညာရှိဖို့က လိုရင်းဖြစ်တယ်။ သက်သတ်လွတ်ပဲ စားတယ်ထား၊ အာလူးပဲ စားတယ်ထား၊ ပဲ,ပဲ စားတယ်ထား၊ နိဿရဏပညာ လို့ ခေါ်ဆိုတဲ့ ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာဉာဏ်ပညာ မရှိခဲ့ရင် ထိုပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မလား? မလွတ်ပါဘူး။ အပ်စပ်နေတဲ့ အသားငါးကို သူစားချင်လည်း စားပါစေ၊ ဒါပေမဲ့လို့ ဘဝမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာ ရှိခဲ့မယ်ဆိုရင် ဒီပုဂ္ဂိုလ်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်နိုင်ဘူးလား? လွတ်နိုင်တယ်။
နမူနာဆိုလို့ရှိရင် ဘုန်းကြီးတို့ ဘုရားရှင်ကိုပဲ ကြည့်ပါ။ အခု အာမဂန္ဓ ပုဏ္ဏားကြီးကနေပြီးတော့ ဘုရားရှင် အညှီအဟောက်စားတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ တစ်ပုံကြီးဖြင့် လာရောက် ရန်တွေ့နေတယ်။ ဒီအချိန် အခါမှာ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်ခါမှာ ဘုန်းကြီးတို့ ဘုရားရှင် သည် အာမဂန္ဓခေါ်တဲ့ သူတို့သတ်မှတ်နေတဲ့ အသားငါးကို ဘုရားရှင်ဘက် ကလည်း စားသုံးပါတယ်။ နိဿရဏပညာခေါ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာဉာဏ်ပညာ ရှိနေတဲ့အတွက် ဘုရားရှင်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်မြောက်ဘူးလား? လွတ်မြောက်သွားတော်မူပါတယ်။
တချို့တချို့ ပုဂ္ဂိုလ်ဟာတွေ သားငါး မစားကြဘူး။ ရှောင်ကြဉ်ကြပါတယ်။ ဒါပေမဲ့လို့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာ မရှိတဲ့အတွက် ဒီပုဂ္ဂိုလ်တွေသည် သံသရာဝဋ်ဆင်းရဲမှ လွတ်သလား? မလွတ်ကြဘူး။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်ဖို့ နိဿရဏ ပညာကို ဘုရားရှင်က သင်ပေးနေတယ်။ ဆွမ်းကို ရှာဖွေနေစဉ်အချိန်အခါမှာ ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့သဘောကို ဘုရားရှင်က နှလုံးသွင်းပြီးတော့ မိမိစားမယ့် အစာအာဟာရမှာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသညာဖြစ်အောင် စားပါလို့ ဘုရားရှင်က နည်းပေးနေတယ်နော်။ အဲဒီတော့ ဒီအာဟာရကို ရှာဖွေတဲ့အပိုင်းမှာ ခုလို ဆွမ်းခံရွာအတွင်းမှာ တွေ့နေရတဲ့ မြင်ကွင်း အရပ်ရပ်သည် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသလို နောက်ထပ် ရွံရှာစက်ဆုပ်ဖွယ် ကောင်းတဲ့ အခြင်းအရာကလေးတွေကိုလည်းပဲ အဋ္ဌကထာဆရာတော်ဘက်က ဖွင့်ထားတယ်။ ဘယ်လိုလဲ?
ဆွမ်းခံနေတဲ့ ကိုယ်တော်ဘက်ကတော့ မျှော်လင့်ချက်ကလေးက ဘယ်လိုရှိသလဲ? များသောအားဖြင့် ပြောတာပါနော်။ အရိယာသူတော်ကောင်းတို့လို တကယ့် ကလျာဏပုထုဇန်တွေကို ဘုန်းကြီး မဆိုလိုပါဘူး။ ရရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ အိမ်ရှေ့ သွားမရပ်လိုက်ဘူးလား? ရပ်လိုက်ပါတယ်။ ရပ်တိုင်းကော လှူကြသလား? မလှူကြဘူး။ တချို့က လှူတယ်။ တချို့က မလှူပြန်ဘူး။ မိမိရဲ့ ဘဝကို မိမိ ရွံရှာစက်ဆုပ်တတ်ဖို့ မြတ်စွာဘုရားက နည်းပေးနေတာနော်။ မိမိဘယ်လို ဘဝရရှိနေတယ်ဆိုတာလေးကို နည်းနည်းလေးပြန်ပြီး သတိရနေဖို့ နည်းပေးနေတာနော်။
တချို့တချို့တွေ လှူတော့လှူပါရဲ့၊ လှူလိုက်တဲ့အချိန်အခါမှာ ယမန်နေ့က ကျန်နေတဲ့ ထမင်းကျန်ကလေးတွေကို လှူရင်လည်း လှူတတ်ကြတယ်။ ယမန်နေ့က သူတို့စားလို့ ပိုနေတဲ့ ခဲဖွယ်ကလေးတွေကို လာပြီး လှူရင်လည်း လှူတတ်ကြတယ်။ ပုပ်သိုးနေတဲ့ မုယောမုန့်စတဲ့ ဒီလိုပုပ်သိုးနေတဲ့ ပစ္စည်းတွေကိုလည်း လာလှူချင်လည်း လှူတတ်ကြတယ်။ ထိုအချိန်အခါမှာ မိမိက သူတို့နဲ့ ဆန်းစစ်ဝေဖန်နေလို့ ရပါ့မလား? ကိုယ်က သွားတောင်းနေတဲ့ သူတောင်းစားအဆင့် ဖြစ်ပါတယ်နော်။
အေး မပေးလှူတဲ့ပုဂ္ဂိုလ်တွေကို ကြည့်လိုက်လို့ရှိရင်လည်းပဲ အချို့အချို့ ပုဂ္ဂိုလ်တွေကတော့ ကန်တော့ဆွမ်းပါဘုရား ဆိုပြီးတော့ ဒီလို ရိုရိုသေသေ ပြန်ပြီးတော့ လျှောက်ထားကြတယ်။ တချို့ကျတော့ ဘာလုပ်သလဲ?
တချို့တချို့ ပုဂ္ဂိုလ်တွေကတော့ မမြင်ချင်ယောင်ဆောင်နေကြတယ်။တရားနာပရိသတ်တွေ မမြင်ချင်ယောင်ဆောင်ဖူးကြသလား? ဆောင်ဖူး ကြလိမ့်မယ် ထင်တယ်။ ဒါကတော့ ဘုန်းကြီးတို့တွေ့ရတဲ့ လောကဓံပါနော်။ ရဟန်းဖြစ်လာပြီဆိုရင် ဒီလောကဓံကလေးတွေကို တွေ့ရမယ်။ နောက်တစ်ခု
တချို့တချို့ ပုဂ္ဂိုလ်တွေကျတော့ တစ်ဖက်ကို အသာလေး မျက်နှာလှည့်လိုက်ပြီးတော့ မမြင်ချင်ယောင်ဆောင် လိုက်ကြတယ်။
ဟေ့ ...ဦးပြည်းကတုံးယုတ်တွေ သွားကြ။ ဒီလာမရပ်နဲ့ စသည်ဖြင့် တချို့သော ပုဂ္ဂိုလ်တွေက ကြမ်းတမ်းတဲ့ စကားလုံးတွေ အသုံးပြုပြီးတော့ ခေါ်ဝေါ် ပြောဆိုကြတယ်နော်။
အဲဒီလို လှမ်းပြီး ပြောရင်လည်း ဒီဘုန်းကြီးဘက်ကနေ ဝင်ကူညီမယ့် ပုဂ္ဂိုလ်ရှိသလား? မရှိဘူး။ အထီးကျန် သူတောင်းစားစိတ်ထားနဲ့ ထွက်ခွာသွားရတယ်။ အဲဒီလောက် အောက်တန်းကျနေတဲ့ ဒီလို ဘဝမျိုးကို ဘာ့ကြောင့် ရဟန်းတော်တွေက ဝင်ပြီးတော့ ရှင်ရဟန်းပြုလုပ်ပြီးတော့ နေထိုင်ကြရသလဲ? မေးဖို့တော့ မလိုဘူးလား? လိုအပ်တယ်။ ဒီအချက်နဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟို ပိဏ္ဍောလျသုတ္တန်မှာ ဟောထားတယ်နော်။
အယုတ်ညံ့ဆုံးသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း
အန္တမိဒံ ဘိက္ခဝေ ဇီဝိကာနံ ယဒိဒံ ပိဏ္ဍောလျံ။ (သံ၊၂၊၇၆။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဇီဝိတာနံ = အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်မှန်သမျှတို့တွင်။ ယဒိဒံ ပိဏ္ဍောလျံ = အကြင် သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် ရင်းနှီးလျက် ဆွမ်းခံစားရခြင်းဆိုတဲ့ အသက်မွေးဝမ်းကျောင်းသည်ကား။ အတ္ထိ = ရှိပေ၏။ ဣဒံ = ဤအသက်မွေးဝမ်းကျောင်းသည်ကား။ အန္တံ = အယုတ်ညံ့ဆုံး အသက်မွေးဝမ်းကျောင်းပါပေတည်း။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းရပ်တွေ လောကမှာ များစွာ ရှိကြပါတယ်။ သလုံးမြင်းခေါင်း ခြေနှစ်ချောင်းဖြင့် ရင်းနှီးပြီးတော့ အိမ်စဉ်လှည့်လည် တောင်းစားတယ်ဆိုတဲ့ ဒီအသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်သည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ်ဟူသမျှတို့တွင် အယုတ်ညံ့ဆုံးသော အသက်မွေး ဝမ်းကျောင်းလုပ်ငန်းရပ် ဖြစ်တယ်။ မဟုတ်ဘူးလား? ဟုတ်ကြတယ်နော်။ သူများထံမှာ အိမ်စဉ်လှည့်လည်ပြီးတော့ လိုက်တောင်းစားရတယ်ဆိုတဲ့ ဘဝသည် အညံ့စား အယုတ်ညံ့ဆုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်းရပ် တစ်ခု ဖြစ်နေတယ်။
အဘိသာပေါယံ ဘိက္ခဝေ လောကသ္မိံ ပိဏ္ဍောလော ဝိစရသိ ပတ္တပါဏီတိ။(သံ၊၂၊၇၆။)
ဘိက္ခဝေ = ချစ်သား ရဟန်းတို့။ ပတ္တပါဏီ = ခွက်လက်စွဲလျက်။ ပိဏ္ဍောလော = သူတောင်းစားသည်။ ဝိစရသိ = လှည့်လည်၍ နေဘိ၏။ ဣတိ = ဤသို့လျှင်။ လောကသ္မိံ = လောက၌။ အယံ = ဤ စကားသည်ကား။ အဘိသာပေါ = ကျိန်ဆဲကြောင်းဖြစ်သော စကားပါပေတည်း။
နည်းနည်း ခပ်ရိုင်းရိုင်းလေး ဘာသာပြန်ခဲ့ရင်ပေါ့နော်။ ခွက်ကြီးလက်စွဲပြီးတော့ ရွာထဲတောင်းစားနေတဲ့ လူပဲလို့ တစ်ယောက်နဲ့တစ်ယောက် ပြောလိုက်လို့ရှိရင် ဒါဟာ လောကမှာ ဘာလုပ်တာလဲ? တစ်ယောက်က တစ်ယောက်ကို ဆဲတာပဲ၊ နင် ခွက်လက်စွဲပြီးတော့ ရွာထဲမှာ တောင်းစားရပါစေ ဒီလိုပြောလိုက်လို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ဒါ ဘာလုပ်တာလဲ? ကျိန်တာ။ သင်ချစ်သားတို့ သင်ချစ်သမီးတို့ရဲ့ ဘဝရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းရပ်ဟာ သူတစ်ပါးတို့ ကျိန်ဆဲကြောင်းဖြစ်နေတဲ့ လုပ်ငန်းရပ်မျိုး ဖြစ်ပါတယ်။ မိမိရဲ့ဘဝ အခြေအနေမှန်လေးကို ပြန်လည်သုံးသပ်ဖို့အတွက် မြတ်စွာဘုရားက ဟောနေတာနော်။
တဉ္စ ခေါ ဧတံ ဘိက္ခဝေ ကုလပုတ္တာ ဥပေန္တိ အတ္ထဝသိကာ, အတ္ထဝသံ ပဋိစ္စ၊ (သံ၊၂၊၇၆။)
ဘိက္ခဝေ = ချစ်သား ရဟန်းတို့။ တဉ္စ ခေါ = ထိုကဲ့သို့ အယုတ်ညံ့ဆုံးဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းရှိတဲ့ သာသနာတော်အတွင်းသို့။ ကုလပုတ္တာ = အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်။ ဥပေန္တိ = ကပ်ရောက်၍ လာကြပေကုန်၏။
ဒီလောက် အယုတ်ညံ့ဆုံးဖြစ်နေတဲ့ အသက်မွေးဝမ်းကျောင်းရှိတဲ့ သာသနာတော်အတွင်းသို့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေ ဝင်ရောက်ပြီး လာကြတယ်။ ဘာဦးတည်ချက်နဲ့လဲ?
အတ္ထဝသိကာ = အရဟတ္တဖိုလ်တည်းဟူသော အကျိုးကို လိုလား တောင့်တသော စိတ်ထားရှိကုန်သည်ဖြစ်၍။ အတ္ထဝသံ = အရဟတ္တဖိုလ် တည်းဟူသောအကျိုးကို။ ပဋိစ္စ = အစွဲပြု၍။ ဥပေန္တိ = ကပ်ရောက်၍ လာကြကုန်၏။
မိမိတို့ရဲ့ မှန်ကန်နေတဲ့ ဦးတည်ချက်ကလေး မပျောက်ဖို့ရန်အတွက် မြတ်စွာဘုရားက ဆိုဆုံးမနေတယ်နော်။ ဒီလောက်တောင် အယုတ်ညံ့ဆုံး ဖြစ်နေတဲ့ အသက်မွေးဝမ်းကျောင်းရှိတဲ့ သာသနာတော်အတွင်းသို့ အမျိုးကောင်းသားတွေ အမျိုးကောင်းသမီးတွေက အရဟတ္တဖိုလ်ကို လိုလား တောင့်တတဲ့စိတ်ထား အရဟတ္တဖိုလ်ကို လိုချင်နေတဲ့ ကုသိုလ်ဆန္ဒဓာတ်တွေကို အစွဲပြုပြီးတော့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာကြတယ်။
နေဝ ရာဇာဘိနီတာ န စောရာဘိနီတာ န ဣဏဋ္ဋာ န ဘယဋ္ဋာ န အာဇီဝိကာပကတာ၊ (သံ၊၂၊၇၆။)
ရာဇာဘိနီတာ = မင်းက ဆောင်ယူအပ်သည်ဖြစ်၍လည်းပဲ။ နေဝ ဥပေန္တိ = ကပ်ရောက်၍လာကြသည် မဟုတ်ကုန်။ စောရာဘိနီတာ = ခိုးသား ဓားပြတို့က နှိပ်စက်ညှဉ်းပန်းအပ်ကုန်သည်ဖြစ်၍လည်းပဲ။ နေဝ ဥပေန္တိ = ကပ်ရောက်၍လာကြသည် မဟုတ်ကုန်။ ဣဏဋ္ဋာ = ကြွေးမြီနှိပ်စက်ခြင်းကြောင့်။ န ဥပေန္တိ = ကပ်ရောက်၍လာကြသည် မဟုတ်ကုန်။ ဘယဋ္ဋာ = မင်းဘေးအစရှိသော ဘေးအမျိုးမျိုးတို့သည် ညှဉ်းပန်းနှိပ်စက်ခံရသည့် အတွက်ကြောင့်။ န ဥပေန္တိ = ကပ်ရောက်၍လာကြသည် မဟုတ်ကုန်။ အာဇီဝိကာပကတာ = အသက်မွေးဝမ်းကျောင်း ကျပ်တည်းသည့်အတွက်ကြောင့်။ န ဥပေန္တိ = ကပ်ရောက်၍လာကြသည် မဟုတ်ကုန်။
ဒီလို သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုလာတာ မင်းကနေ ရှေးရှုသယ်ဆောင်လာတဲ့အတွက် ရှင်ရဟန်းပြုလာတာ မဟုတ်ပါဘူး။ မင်းပြစ် မင်းဒဏ် တစ်ခုခုရှိပြီး ရဟန်းပြုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ပြုမယ်။ ရှင်ရဟန်းမပြုရင်တော့ သင့်ကို မင်းပြစ်မင်းဒဏ် ပေးခံရမယ်လို့ ရာဇဝတ်သား တစ်ဦးကို ပြောခဲ့ရင် မင်းပြစ်မင်းဒဏ်ကို ကြောက်တဲ့အတွက် သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတယ်။ ဒီပုံစံနဲ့ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုတာလည်း မဟုတ်ပါဘူးတဲ့နော်။
ခိုးသားဓားပြတွေက သယ်ဆောင်လိုက်တဲ့အတွက် ခိုးသားဓားပြ ညှဉ်းပန်းနှိပ်စက်လိုက်လို့ ဒီသာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုတာလည်း မဟုတ်ဘူး။ ကြွေးမြီနှိပ်စက်လို့ ဘေးအမျိုးမျိုးတွေ နှိပ်စက်လို့ အသက်မွေး ဝမ်းကျောင်း ကျပ်တည်းလို့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြတာလည်း မဟုတ်ပါဘူး။ ဘယ်လို ဦးတည်ချက်နဲ့ သာသနာဘောင်ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြသလဲ?
အပိ စ ခေါ ဩတိဏ္ဏာမှ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနေဿဟိ ဥပါယာသေဟိ ဒုက္ခောတိဏ္ဏာ ဒုက္ခပရေတာ။ (သံ၊၂၊၇၆။)
ဇာတိယာ = ပဋိသန္ဓေနေရခြင်း ဇာတိဒုက္ခဖြင့်။ ဇရာယ = အိုခြင်း ဇရာတရားဖြင့်။ မရဏေန = သေကျေပျက်စီးရခြင်း မရဏတရားဖြင့်။ သောကေဟိ = စိုးရိမ်ရခြင်းသောကတရားတို့ဖြင့်။ ပရိဒေဝေဟိ = ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝတရားတို့ဖြင့်။ ဒုက္ခေဟိ = ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရားတို့ဖြင့်။ ဒေါမနေဿဟိ = စိတ်ဆင်းရဲရခြင်း ဒေါမနဿတရားတို့ဖြင့်။ ဥပါယာသေဟိ = ပြင်းစွာ ပူပန်ရခြင်း ဥပါယာသတရားတို့ဖြင့်။ အပိ စ ခေါ = တကယ်စင်စစ်အားဖြင့်သော်ကား။ မယံ = ငါတို့သည်။ ဩတိဏ္ဏာ = သက်ဆင်း၍ တည်နေကြရပါကုန်သည်။ အမှ = ဖြစ်ကုန်၏။ ဒုက္ခောတိဏ္ဏာ = ဒုက္ခတည်းဟူသော တွင်းကြီးထဲသို့ သက်ဆင်း၍ တည်နေကြရပါကုန်၏။ ဒုက္ခပရေတာ = ဆင်းရဲဒုက္ခအမျိုးမျိုးတို့က ညှဉ်းပန်းနှိပ်စက်၍ နေကြပါပေ ကုန်၏။
လူ့ဘဝ ပြန်ကြည့်မယ်ဆိုရင် တို့ဟာ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ ဇာတိဘေးဆိုးကြီး တွင်းကြီးထဲမှာ သက်ဆင်းပြီး နေရတယ်။ သေဘေးဆိုးကြီး ဆိုတဲ့ မရဏဘေးဆိုးကြီး တွင်းကြီးထဲမှာ သက်ဆင်းပြီး နေရတယ်။ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသလို့ ခေါ်အပ်တဲ့ ဘေးဆိုးကြီးဆိုတဲ့ တွင်းကြီးထဲမှာ ဆင်းပြီးတော့ နစ်မြုပ်နေကြရတယ်။ ဒုက္ခအမျိုးမျိုးတွေက တို့ကို နှိပ်စက်နေကြတယ်။ ဒါ့ကြောင့် ---
အပ္ပေဝ နာမ ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ အန္တကိရိယာ ပညာယေထာတိ။ (သံ၊၂၊၇၆။)
ဣမဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ = ဤချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏။ အန္တကိရိယာ = အဆုံးအပိုင်းအခြားသည်။ အပ္ပေဝ နာမ ပညာယေထ = ထင်ရှားမူလည်း ထင်ရှားလေရာ၏။ ဣတိ = ဤသို့ နှလုံးပိုက်၍။ တဉ္စ ခေါ ဧတံ = ထိုအယုတ်ညံ့ဆုံးဖြစ်နေတဲ့ အသက်မွေးဝမ်းကျောင်းရှိတဲ့ သာသနာတော်အတွင်းသို့။ ကုလပုတ္တာ = အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်။ ဥပေန္တိ = ကပ်ရောက်လာကြလေကုန်၏။
မှန်ကန်တဲ့ ဦးတည်ချက်ကလေးနော်။ တို့ဟာ ဇာတိ ဇရာ ဗျာဓိ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသလို့ခေါ်ဆိုအပ်တဲ့ ဘေးဆိုးကြီး တွင်းဆိုးကြီးထဲမှာ ဆင်းပြီးတော့ နေကြရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ ဒီသာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုလို့ သီလကျင့်စဉ်တွေ သမာဓိကျင့်စဉ်တွေ ပညာကျင့်စဉ်တွေကို တို့တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြမယ်ဆိုရင် ဒီချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံရဲ့ အဆုံးအပိုင်းအခြားသည် ငါတို့ရဲ့ သန္တာန်မှာ ထင်ရှားကောင်း ထင်ရှားလာပေလိမ့်မယ်ဆိုပြီးတော့ ဒီလိုမှန်ကန်တဲ့ ဦးတည်ချက်ဖြင့် အရဟတ္တဖိုလ်ကို အလိုရှိတဲ့စိတ်ထား အရဟတ္တဖိုလ်ကို လိုလား တောင့်တမှုကို အစွဲပြုပြီး သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာကြတာနော်။ အဲဒီလို ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ်တွေက အခုလို အာဟာရတစ်ခုကို မှီဝဲပြီဆိုလို့ရှိရင် နိဿရဏပညာလို့ ခေါ်ဆိုအပ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်း ဉာဏ်ပညာရှိဖို့တော့ မလိုအပ်ဘူးလား? လိုအပ်ပါတယ်။ အဲဒီတော့ ဒီနေရာကလေးမှာ ဘုန်းကြီး မပြောမိလို့ ကျန်နေတာကလေး တရားဟောရင်းနဲ့ သတိရလို့ ထပ်ပြီး ပြောဦးမယ်။
အစွန်းလွတ်အောင် ယူဆပါ
အစွန်းလွတ်အောင်လို့ ယူဆတတ်ဖို့ လိုပါတယ်။ အချို့ကလည်း အသား ငါးမစားတာ အပြစ်တစ်ခုလို အဖြစ်နဲ့ မြင်တယ်။ တချို့ကလည်း အသားငါး စားမှသာလျှင် ဘုရားရှင်ရဲ့ အလိုတော်ကျတယ်လို့ ဒီလိုတစ်ဖက်မြင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ အဲဒီလို ဒီအစာအာဟာရနဲ့ ပတ်သက်ပြီး ခုနက ဘုန်းကြီးပြောခဲ့သလိုပေါ့လေ ... တကယ် သက်သတ်လွတ်ဖို့ ဆိုတာလည်း မလွယ်ဘူး။ မလွတ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ ရရသမျှနဲ့ ရောင့်ရဲတင်းတိမ်နေတဲ့ စိတ်ထားရှိဖို့ကိုသာ ဘုရားရှင်က အတတ်နိုင်ဆုံး ချီးမွမ်းနေတယ်။ အဲဒီလို ချီးမွမ်းတဲ့အပိုင်းမှာ ခုနက ရွံတယ် မစားဘူး။ ဘာမှ မဖြစ်ပါဘူး။ ကိုယ်မစားချင်တဲ့ အစာတစ်ခုကို ရွံတယ် မစားဘူး။ ရွံလို့သာ မစားလို့ အာပတ်သင့်မယ် ဆိုလို့ရှိရင်တော့ မခက်ဘူးလား? ခက်နေပြီနော်။
ရွံလို့ မစားတာ ဘာမှ မဖြစ်ဘူး။ နောက်တစ်ခုက မိမိနဲ့ သပ္ပါယမဖြစ်ဘူး။ ကျန်းမာရေးအရ အာဟာရတစ်ခု ဘယ်အာဟာရပဲဖြစ်ဖြစ် သပ္ပါယ မမျှတလို့ မစားဘူး။ ဘာဖြစ်မလဲ? ဘာမှ မဖြစ်ပါဘူး။ ဒါ မှန်ကန်နေတဲ့ ဦးတည်ချက်ပဲ။
နောက်တစ်ခု -- နတ်တွေ ချစ်မြတ်နိုးစေချင်လို့ မိမိက မစားဘူး။ ဘာဖြစ်လို့လဲ? နတ်တွေက များသောအားဖြင့် ဒီအသားငါးစားတဲ့ ပုဂ္ဂိုလ်တွေကို အင်မတန် စက်ဆုပ်ရွံရှာကြတယ်။ ဒါကြောင့် မိမိကလည်း နတ်တွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီး တရားဆွေးနွေးချင်တယ်၊ မေးမြန်းချင်တယ်၊ တောထဲ တောင်ထဲမှာ နတ်တွေရဲ့ ချစ်မြတ်နိုးမှုနှင့် နေချင်တယ်၊ နတ်တွေရဲ့ ကြည်ညိုမှု လေးစားမှု မြတ်နိုးမှုကိုလည်း ခံယူချင်တယ်ဆိုလို့ရှိရင်လည်း နတ်တွေ ချစ်မြတ်နိုးစေချင်တယ်ဆိုတဲ့ ဒီရည်ရွယ်ချက်ဖြင့် ဒီအသားငါး မစားလို့ ဘာမှ မဖြစ်ပါဘူးနော်။ တောထဲ တောင်ထဲမှာနေတဲ့ ရဟန်းတွေအဖို့ နတ်တွေရဲ့ အနှောင့်အယှက်ကင်းဖို့ နတ်တွေ ချစ်မြတ်နိုးဖို့ဆိုတာ လိုအပ်ပါတယ်။
နောက်တစ်ခု --- မိမိက သုသာန်ဓုတင်အစရှိတဲ့ ဓုတင်တွေကိုဆောင်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့လို့ အသားငါးကို မစားဘူးဆိုရင်လည်း ဘာမှ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ? သုသာန်ဓုတင်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေကို အသားငါးမစားရဘူးဆိုပြီးတော့ ဘုရားရှင်ကလည်း နည်းပေးထားပါတယ်။ ဘာဖြစ်လို့လဲ? သုသာန်မှာ တည်ရှိနေတဲ့ တစ္ဆေ သရဲတွေက ဒီအသား ငါးဆိုရင် အင်မတန် ကြိုက်ကြတယ်။ ဒီနေရာလည်း သုသာန်နဲ့က နည်းနည်း နီးနေတယ်နော်။ အဲဒါကြောင့် သုသာန်မှာ တည်ရှိနေတဲ့ တစ္ဆေ သရဲတွေက ဒီအသားငါးဆိုရင် သိပ်ကြိုက်လွန်းတဲ့အတွက် သုသာန်ဓုတင်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေမှာ အန္တရာယ်တွေက များစွာ ဖြစ်ပေါ်လာနိုင်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် သုသာန်ဓုတင်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ဒီအသား ငါးကို မစားဖို့ နွားနို့မသောက်ဖို့ ဆီမစားဖို့ ပဲကြီးမစားဖို့ စသည်ဖြင့် ပညတ်ထားပါတယ်။ ဘာဖြစ်လို့လဲ? ဆီ သူတို့က သိပ်ကြိုက်တယ်။ ပဲကြီးလည်း သူတို့က သိပ်ကြိုက်တယ်တဲ့နော်။ အဲဒါကြောင့် ဒီလိုပေါ့လေ မိမိရဲ့ ဦးတည်ချက်ကလေးက မှန်နေရင်တော့ ဘာမှ မဖြစ်ဘူး။ မှန်ကန်တဲ့ ဦးတည်ချက်ဖြင့် မှန်ကန်တဲ့အာဟာရကို နိဿရဏပညာလို့ ခေါ်ဆိုအပ်တဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ကြောင်း အသိအလိမ္မာဉာဏ်ပညာဖြင့် ရှေ့သွားပြုပြီး စားဖို့သာ ဘုရားရှင်က သတ်မှတ်ပေးထားပါတယ်နော်။
နံပါတ် (၂) အစာရှာဖွေပုံမှာလည်း ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့သဘော မိမိဘဝရဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့သဘော မိမိ ရှာဖွေ ရရှိလာတဲ့အာဟာရဟာ ရှာဖွေတဲ့ အချိန်ကာလမှာကတည်းက ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောတွေကို ဆင်ခြင်ပါတဲ့။ ဘုန်းကြီး မုန့်တီမစားတာ အတော်ကြာပြီနော်။ ဘာဖြစ်လို့လဲ? ခုနက ပြဿနာ၊ ယင်တွေက ခေါက်တုံ့ ခေါက်ပြန် သယ်ယူပို့ဆောင်ရေးလုပ်နေတော့ ဘုန်းကြီးကလည်း ဒီမုန့်တီက ဆွမ်းသွားခံရင် ခဏခဏ မြင်နေရတယ်။ အဲဒီတော့ ဒီမုန့်တီအပေါ်မှာ တွယ်တာတဲ့တဏှာတော့ ဒီလိုဆင်ခြင်တတ်ရင် လျော့မသွားဘူးလား? လျော့သွားတယ်။ အဲဒါကြောင့် ဒီလိုဆင်ခြင်တဲ့နည်းသည် အာဟာရမှာ ရွံရှာစက်ဆုပ်နေတဲ့ စိတ်ဓာတ်ကလေးတွေကို ပေါ်လာစေပါတယ်။ အာဟာရ အပေါ်မှာ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်တွေ လျော့မသွားဘူးလား? လျော့သွားနိုင်တယ်။ သို့သော် နောက်အကြာင်းတစ်ခုလည်း ရှိပါတယ်။ ဘုန်းကြီးက မုန့်တီစားလိုက်ရင် ဝမ်းလျှောတတ်တယ်။ အဲဒီ ဝမ်းလျှောခြင်း တည်းဟူသော အကြောင်းကြောင့်လည်း ဒီမုန့်တီကို မစားတာပါ။
၃။ ပရိဘောဂ = သုံးဆောင်တဲ့အခါ
ကဲ နံပါတ် (၃) ပရိဘောဂသုံးဆောင်တဲ့ အချိန်အခါမှာလည်း ရွံရှာ စက်ဆုပ်ဖွယ်သဘောကို နှလုံးသွင်းပြီးတော့ သုံးဆောင်ပါတဲ့နော်။
မိမိ ရရှိလာတဲ့ ဆွမ်းကလည်း မျက်နှာလေး အောက်ကျို့ပြီးတော့ ရှာဖွေလို့ ရရှိတဲ့ဆွမ်းဖြစ်တယ်။ ဟိုကြည့် ဒီကြည့် ဟိုငေး ဒီငေးနဲ့ ငေးနေတဲ့ ကိုယ်တော်ဆိုလို့ရှိရင်လည်း လောင်းပါ့မလား? လောင်းမှာ မဟုတ်ဘူး။ ဒီကိုယ်တော် အလကား၊ ဣန္ဒြေမရှိဘူးဆိုပြီး ဘယ်သူမှ ကြည်ညိုမှာလည်း မဟုတ်ဘူး။ ဒီတော့ သူတစ်ပါး ကြည်ညိုအောင်ဆိုပြီး ကြည်ညိုဖွယ် ဂုဏ်ဆောင်နိုင်တဲ့ ဣရိယာပုထ် အမူအရာကလေးနဲ့ အောက်ကျနောက်ကျ ခံပြီးတော့ အိမ်စဉ်လှည့်လည်ပြီးတော့ ဆွမ်းခံပြီ။ ဆွမ်းခံလိုက်တဲ့အချိန်အခါမှာ အဲဒီအထဲမှာ အပုပ်အသိုးတွေလည်း ပါချင်ပါလာလိမ့်မယ်။ ပါလာလို့လည်း မိမိက ရန်တွေ့လို့ ဖြစ်မလား? မဖြစ်ဘူးနော်။ အဲဒီလိုရှာဖွေလို့ ရရှိလာတဲ့ ဆွမ်းအာဟာရဖြင့် ဘာဖြစ်သလဲ?
ရွာပြင် ရေမိုးချမ်းသာလွယ်ကူတဲ့ တစ်နေရာမှာ စားတော့မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ထိုင်ပြီးတော့ နေ,နေပြီ။ ဒါပေမဲ့ စားမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် သပိတ်ထဲ လက်မချသေးဘူး။
ရဟန်းဆိုတဲ့ စိတ်ထားကလေးပေါ့။ ဆွမ်းစားတော့မယ်ဆိုရင် ဘယ်လို စိတ်ထားကလေးကို ရှေးဦးစွာ ထားရမယ်ဆိုတာပေါ့နော်။ မိမိဆွမ်းတွေက ခံလို့ရလာပြီ။ ရရှိလာတဲ့အခါမှာ ရွာပြင် ရေမိုးချမ်းသာတဲ့ တစ်နေရာမှာ ထိုင်လိုက်ပြီ။ သပိတ်ထဲကို လက်ကတော့ မချသေးဘူး။ အဲဒီအချိန်အခါမှာ ဆရာသမားကဲ့သို့ လေးစားထိုက်တဲ့ ရဟန်းတော်တစ်ပါး သီတင်းသုံးဖော် တစ်ပါးကို တွေ့ခဲ့မယ်ဆိုရင်လည်း ဖိတ်ကြားသင့်တယ်။ သီလကို ချစ်မြတ်နိုးတဲ့ လဇ္ဇီသူတော်ကောင်းတစ်ပါးကို တွေ့ခဲ့မယ်ဆိုရင်လည်း ဖိတ်ကြားသင့်တယ်။ ဆွမ်းကို အလှူခံတော်မူပါ စသည်ဖြင့် ဒီလို ဖိတ်ကြားရပါတယ်။ ငါရလာတာ ငါ့ဖာသာ ငါစားမယ်ဆိုတဲ့ ဒီစိတ်ထား သူတော်ကောင်းတွေမှာ မရှိသင့်ဘူးနော်။
စားမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် လက်ကို ချလိုက်ပြီ။ သို့မဟုတ် စားပြီ ဆိုကြပါစို့။ အဲဒီအချိန်အခါကျမှ အရှင်ဘုရား အလှူခံပါဦးလား စားပါဦးလား သွားပြောရင် သိပ်မကောင်းဘူး။ ဒါ ရှက်စရာ ဖြစ်နေပြီတဲ့နော်။
ရွာအပြင်ရောက်ပြီဆိုတော့ .. ဆွမ်းစားဖို့ရန် ထိုင်လိုက်ပြီဆိုလျှင် လမ်းလျှောက်ဖူးတဲ့ပုဂ္ဂိုလ်တွေ နားလည်ပါတယ်နော်။ အညောင်းပြေအောင် ခပ်သွက်သွက်ကလေး လမ်းလျှောက်ပြီးတဲ့ အချိန်အခါ တစ်နေရာမှာ ထိုင်ချလိုက်ရင် ချွေးတွေ ကျမလာဘူးလား? ကျလာပြီ။ ဒီပုံစံပဲ ရွာထဲမှာ တစ်ပတ် မွှေ့ပြီးတော့ ဆွမ်းခံလိုက်တဲ့အချိန်အခါ ရွာပြင်ရေမိုးချမ်းသာတဲ့ တစ်နေရာမှာ ထိုင်ပြီး ဆွမ်းဘုဉ်းပေးတော့မယ်လို့ ရည်ရွယ်ပြီး ထိုင်ချလိုက်တဲ့ အချိန်မှာ ချွေးတွေက ကျပြီ၊ သပိတ်ထဲ လက်ချလိုက်တော့ လက်ငါးချောင်းကနေ ချွေးတွေ စီးကျသွားတယ်။ ချွေးတိတ်တဲ့အထိ စောင့်ပါလားဆိုတော့ ဝမ်းမီးကလည်း အော်နေပြီနော်။ ဆာလောင်မွတ်သိပ်နေတဲ့အတွက် ချွေးတိတ်သည် တိုင်အောင် အချိန်ဖြုန်းပြီးတော့ မစောင့်နိုင်ဘူး။ ဒါကြောင့် အဲဒီ ချွေးတွေ ယိုစီးတဲ့လက်ကြီးနဲ့ ဒီဆွမ်းကို နယ်ရတယ်။ နယ်တယ်ဆိုတာက ဘာဖြစ်လို့လဲ? ဒီနေရာလေးမှာ ဘာကလေးတော့ ရှိနေလေရဲ့ ဟိုနေရာလေးမှာ ဘာကလေးတော့ ရှိနေလေရဲ့ဆိုတဲ့ ဒီအမှတ်သညာမျိုး ရဟန်းတော်များမှာ မထားသင့်ဘူး။ သပိတ်ထဲပါလာတာကို အကုန်လုံး ရောပြီးတော့ မွှေလိုက်ရတယ်။ အဲဒီလို မွှေလိုက်တဲ့အခါမှာ ချွေးတွေက စီးကျပြီး ဒီသပိတ်ထဲ ကျသွားတာ၊ ခြောက်သွ့နေတဲ့ ဆွမ်းလုံးတွေ ကြမ်းတမ်းနေတဲ့ ဆွမ်းလုံးတွေတောင်မှ ဒီချွေးက စွတ်စိုလိုက်တဲ့အတွက် ဆွမ်းလုံးတွေက နူးညံ့သွားတယ်။ ဒီလို ရွံရှာဖွယ်သဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ခိုင်းတာ။ နောက်တစ်ခု ---
ဆွမ်းကို နည်းနည်းလေး နယ်လိုက်ရတယ်။ စားပုံ နည်းစနစ်ပဲနော်။ ဆွမ်းကို နယ်လိုက်ပြီးတဲ့ အချိန်အခါကျတော့ ဆွမ်းတွေက အရောရော အနှောနှော ဖြစ်သွားပြီ။ အရောရောအနှောနှော ဖြစ်သွားတဲ့ အချိန်အခါမှာ တင့်တယ်ခြင်းတွေ အားလုံး ပျောက်မသွားဘူးလား? ပျောက်ကင်းသွားပြီ။ ဘာကလေးကတော့ သိပ်ကောင်းတယ်။ ဥပမာ --- ဆီပြန်ဟင်းလေး ဝေ့နေအောင် ချက်ထားတယ်ဆိုကြစို့ ... အဲဒီလို ရောမွှေလိုက်ပြီဆိုတော့ ဝေ့နေတဲ့ ဆီပြန်လေးရော ရှိသေးသလား? မရှိတော့ဘူးနော်။ တင့်တယ်မှုကလေးတွေက ရောယှက်သွားပြီတဲ့အခါ ပျောက်ကွယ်သွားခဲ့ပြီ။ အဲဒီလို ရောယှက်ပြီးတဲ့အခါကျတော့မှ မွှေထားတဲ့ ဒီဆွမ်းကို ဆွမ်းလုတ်ပြုတယ်၊ ခံတွင်းထဲ ထည့်လိုက်ပြီ။ ထည့်လိုက်ပြီဆိုလို့ရှိရင်ပဲ အောက်သွားတွေက ဆုံကိစ္စ၊ အပေါ်သွားတွေက ကျည်ပွေ့ကိစ္စ လျှာကနေပြီးတော့ လက်ကိစ္စ ပြုလုပ်ပြီးတော့ ဆောင်ရွက်ကြပြီ။
ပါးစပ်ထဲ ထည့်ပြီး ဝါးလိုက်ပြီ။ ဝါးလိုက်တဲ့အခါ ဘာနဲ့တူသလဲလို့ မေးလိုက်လို့ရှိရင် ခွေးစားခွက်ထဲ ထည့်ထားတဲ့ ခွေးစာနဲ့ သိပ်တူတယ်တဲ့။ ဟုတ်သလား မဟုတ်သလား? စဉ်းစားပါနော်။ ဝါးပြီးတဲ့ အာဟာရလေးကို နည်းနည်းလေး ထွေးကြည့်လိုက်ပါ။ ထွေးကြည့်လိုက်လို့ရှိရင် ခွေးစားခွက်ထဲ ထည့်ထားတဲ့ ခွေးစာနဲ့ တူမတူ ကိုယ့်ဟာကို ဆန်းစစ်ကြည့်နော်။ ခွေးစားခွက်ထဲ ထည့်ထားတဲ့ ခွေးစာနဲ့ တူနေတဲ့ ဒီအစာကို ဘာလုပ်သလဲ? သွားတည်းဟူသော ကျည်ပွေ့နဲ့ ထောင်းထုပြီးတော့ လျှာတည်းဟူသော လက်ကနေ တပြောင်းပြန်ပြန် ပြုလုပ်ပေးပြီးတော့ ဝါးလိုက်တဲ့အချိန်အခါ ဘာဖြစ်လာသလဲ? လျှာဖျားကနေပြီးတော့ ကျဲနေတဲ့ ကြည်လင်နေတဲ့ တံတွေးရည်တွေ ထွက်လာမယ်။ အဲဒီတံတွေးရည်တွေက ဒီအစာကို လူးပေးတယ်။ လျှာလယ်ကနေစပြီးတော့ ပျစ်ချွဲနေတဲ့ တံတွေးရည်တွေက ထွက်လာပြီးတော့ ဒီအစာကို လိမ်းကျံပေးလိုက်တယ်။
စားပြီးရင် သွားကလေးကိုတော့ ဆေးပါရဲ့ တိုက်ပါရဲ့၊ ဒါပေမဲ့ မိမိ တိုက်လိုက်တဲ့ ဒန်ပူက မရောက်နိုင်တဲ့နေရာမှာ ရှိနေတဲ့ သွားချေးတွေ ရှိကြတယ်။ အဲဒီသွားချေးတွေနဲ့ ဒီအစာဟာ သွားပြီးတော့ ရောထွေး မသွားပြန်ဘူးလား? ရောထွေးပြန်တယ်။ မိမိ ဝါးနေတဲ့ အစာကို သွားချေးတွေက လှမ်းပြီးတော့ လိမ်းကျံပေးလိုက်ပြန်ပြီ။
မိမိစားလိုက်တဲ့ အစာအာဟာရကြည့်လိုက်ပေါ့။ ဥပမာ --- ငရုပ်ဆီကလေး ဝင်းနေအောင် လှပနေအောင် ချက်ပြုတ်ထားတဲ့ အနံ့ကောင်းနေတဲ့ ပြုပြင်ထားတဲ့ အဆင်းရှိတဲ့ ဟင်းလျာတစ်ခုပဲ ဆိုကြစို့။ အဆင်း အနံ့ အရသာတွေဖြင့် ပြည့်စုံအောင် ပြုပြင်ဖန်တီးထားတဲ့ ဒီဟင်းလျာတစ်ခု ဒီအာဟာရတစ်ခုသည် ခုလို ပါးစပ်ထဲမှာ ကျကျနန ဝါးချလိုက်တဲ့ အချိန်အခါမှာ ဒီအဆင်းအနံ့တွေအားလုံး ပျောက်ပျက်ပြီး မသွားဘူးလား? ပျောက်ပျက်သွားပြီ၊ ပြောင်းလဲသွားပြီ။ ဘာနဲ့ တူနေသလဲလို့ မေးလို့ရှိရင် ခွေးစားခွက်ထဲ ထည့်ထားတဲ့ ခွေးအန်ဖတ်နဲ့ တူနေပြီ။ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်ရှိသွားပြီ။ တကယ်တမ်း စက်ဆုပ်ဖွယ် ကောင်းတဲ့ အဆင့်သို့ ရောက်မရောက် သိချင်တယ်ဆိုလို့ရှိရင်တော့ မိမိ ရှေ့မှာ ခွက်ကလေးတစ်လုံး ချပြီး ထွေးကြည့်။ အဲဒီအစာအာဟာရကို တစ်ဖန် ပြန်စားပါလို့ပြောရင် ဘယ့်နှယ်နေပါ့မလဲ? သူတစ်ပါး အန်ဖတ်ကိုထားနော်။ မိမိပါးစပ်က ထွက်သွားတဲ့ ဒီအန်ဖတ်ကိုတောင် တစ်ခါ ပြန်စားပါဆိုလို့ရှိရင် စားနိုင်ပါ့မလား? မစားနိုင်ဘူး။ များသောအားဖြင့် မောဟသိပ်ကြီးတဲ့ ပုဂ္ဂိုလ်တွေကတော့ စားချင်လည်း စားမယ်ပေါ့။ ဒါပေမဲ့ မှန်တမ်းအရ ပြောရမယ်ဆိုလို့ရှိရင် ခွေးအန်ဖတ်နဲ့တူနေတဲ့ ဒီအာဟာရကို မိမိတို့ စားကြပါဦးမလား? မစားနိုင်ဘူး။ မစားတာက ဘာဖြစ်လို့လဲ? အလွန် စက်ဆုပ်ဖွယ် ကောင်းနေတယ်။ အာဟာရရဲ့ ဒီရွံရှာစက်ဆုပ်ဖွယ်သဘောတွေကို နှလုံးသွင်းပြီးတော့မှ ဘုရားရှင်က ဒီလို အာဟာရကို စားစေချင်တယ်။ ကောင်းတယ် ကောင်းတယ် ကောင်းတယ် ဒီပုံစံတွေနှင့် ကောင်းတာတွေ တစ်ပုံကြီးထမ်းပြီး စားရမလား? မစားစေချင်ဘူးနော်။ နောက်တစ်ခု ---
ဒီလောက် စက်ဆုပ်ရွံရှာဖွယ် ကောင်းနေပေမယ့်လို့ တကယ်တမ်း မျက်စိနဲ့ လှမ်းကြည့်တော့ မြင်နိုင်တဲ့အရာဌာနကို လွန်မနေဘူးလား? လွန်နေတယ်။ လွန်နေတဲ့အတွက်ကြောင့် မျိုချလိုက်တယ်နော်။ ဒါပေမဲ့လို့ မမျိုခင်လေးမှာ ဒီအာဟာရရဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောတရားကို ဆွမ်းစားရင်းနဲ့ ဆင်ခြင်ရမလား, မဆင်ခြင်ရဘူးလား? ဆင်ခြင်ပါ။ အဲဒီလို ဆင်ခြင်နေတဲ့ ဉာဏ်ပညာသည် နိဿရဏပညာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ပညာဖြစ်ပါတယ်။ ကောင်းတယ် ကောင်းတယ် ကောင်းတယ်လို့ နှလုံးသွင်းကာ ကောင်းတယ်ဆိုတဲ့ နှလုံးသွင်းမှုတွေကို တစ်ပုံကြီး ထမ်းပြီးတော့ ထိုင်စားနေတဲ့ပုဂ္ဂိုလ် မကောင်းဘူး မကောင်းဘူး မကောင်းဘူးလို့ နှလုံးသွင်းကာ မကောင်းဘူးဆိုတဲ့ နှလုံး သွင်းမှုတွေကို တစ်ပုံကြီး ထမ်းပြီး ထိုင်စားနေတဲ့ပုဂ္ဂိုလ် ဒင်းတို့ ဒင်းတို့ နားလည်တယ် မဟုတ်လား? ဒင်းတို့ဆိုတာ နားလည်ကြလား? နားလည်ရင် ပြီးရော၊ အဲဒီ ဒင်းတို့ ဒင်းတို့ဆိုတဲ့ မကျေနပ်ချက်တွေ တစ်ပုံကြီး ထမ်းပြီး တော့ ထိုင်စားနေတဲ့ပုဂ္ဂိုလ် .. ဒီလို ကျေနပ်ချက် မကျေနပ်ချက်တွေနှင့် အာဟာရကို မှီဝဲနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ မရှိကြဘူးလား? ရှိကြပါတယ်။ အဲဒီလို ကျေနပ်ချက် မကျေနပ်ချက် အမျိုးမျိုးတွေနှင့် အာဟာရကို စားစေချင်တဲ့ ဆန္ဒဓာတ် ဘုရားရှင်မှာ ရှိသလား? မရှိဘူးတဲ့နော်။ စားနေတဲ့ အချိန်အခါမှာလည်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီပဋိကူလသဘောကို နှလုံးသွင်းပြီးတော့ စားကြစမ်းပါ။ ဒီလိုစားခဲ့ရင် (နိဿရဏပညာ =) သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာကို သင်ချစ်သားတို့ သင်ချစ် သမီးတို့ ရရှိလိမ့်မယ်။ ဒါက အခြေခံပဲ ရှိပါသေးတယ်နော်။ အထက်တန်း မကျသေးဘူး။ တစ်နည်းပြောရရင်တော့ သမထပိုင်းပဲ ရှိသေးတယ် ..။ ဝိပဿနာပိုင်း မဟုတ်သေးဘူး။
၄။ အာသယတော = တည်ရှိနေတဲ့ပုံစံအနေအထား
နောက်တစ်ခု --- အာသယတော။
အာသယတောဆိုတာကတော့ တည်နေတဲ့ ပုံစံအနေအထားလို့ ဒီနေရာမှာ ဆိုလိုပါတယ်။
သမ္မာသမ္ဗုဒ္ဓဘုရားရှင်ပဲ ဖြစ်ချင်ဖြစ်ပါစေ, ပစ္စေကဗုဒ္ဓဘုရားရှင်ပဲ ဖြစ်ချင်ဖြစ်ပါစေ, စကြဝတေးမင်းကြီးပဲ ဖြစ်ချင်ဖြစ်ပါစေ ဘယ်သတ္တဝါတို့ရဲ့ သန္တာန်မှာမဆို သည်းခြေ သလိပ် ပြည် သွေးလို့ ခေါ်ဆိုအပ်တဲ့ ဒီအာသယ (၄)မျိုး ရှိတယ်။
သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင် ပစ္စေကဗုဒ္ဓဘုရားရှင် စကြဝတေးမင်း တို့ရဲ့ သန္တာန်မှာတော့ အာသယ (၄)မျိုးထဲက တစ်မျိုးပဲ ရှိတယ်။ လွန်ကဲတာ ပြောတာပါနော်။ ဘုန်းကံနည်းပါးတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာကျတော့ အာသယ လေးမျိုးလုံး ရှိနေတယ်တဲ့။
ပုဂ္ဂိုလ်တစ်ယောက်ယောက်မှာ သည်းခြေအာသယခေါ်တဲ့ သည်းခြေ ဓာတ်က လွန်နေပြီ။ လွန်နေလိုက်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်စားလိုက်တဲ့ မျိုချလိုက်တဲ့ အစာအာဟာရဟာ ဘာနဲ့တူသလဲ? အစာအိမ်ထဲ မရောက်ခင် အဆင့်ကို ပြောတာနော်။ အဲဒီ အဆင့်မှာ သည်းခြေအာသယများနေတဲ့ ပုဂ္ဂိုလ်ရဲ့ အစာအာဟာရတွေဟာ ပျစ်ချွဲနေတဲ့ သစ်မည်စည်အသီး သစ်မည်စည်အပွင့်အဆီနဲ့ လူးပြီး လိမ်းကျံထားသလို အလွန် စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ အခြေအနေကို ရောက်ရှိသွားပြီ။
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သန္တာန်မှာ သလိပ်ဆိုတဲ့ အာသယဓာတ်တွေက သိပ်အားကောင်းနေတယ်၊ လွန်ကဲနေတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်ကျတော့ သူစားလိုက်တဲ့ အစာအာဟာရတွေဟာ ဘာနဲ့ တူသလဲလို့မေးတော့ ဝက်ချေးဘနဲအရွက်ကို ညှစ်လိုက်၊ ညှစ်လိုက်ပြီးတဲ့ အဲဒီအရည်တွေနဲ့ ရောစပ်ထားသလို ဖြစ်နေတယ်။ ဝက်ချေးဘနဲရွက် ဆိုတာကတော့ နည်းနည်း စိမ်းရွှေတဲ့ သဘောရှိပါတယ်။ သလိပ်ဓာတ် လွန်ကဲနေတဲ့ ပုဂ္ဂိုလ်တွေမှာ အစိမ်းဓာတ်အားများတယ်။ သူ့အစာအာဟာရက အစိမ်းရောင်ပေါက်နေတယ်။ နောက်တစ်ခု ---
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သန္တာန်မှာ ကြည့်လိုက်တော့ ပြည်အာသယဓာတ်တွေ သိပ်အားကောင်းနေတယ်။ ပြည်အာသယဓာတ် အားကောင်းနေတဲ့ ပုဂ္ဂိုလ်ရဲ့ အစာအာဟာရဟာ ဘာနဲ့တူသလဲလို့မေးတော့ ရက်တက်ပုပ်ရည်နဲ့ လိမ်းကျံထားတာနဲ့ သိပ်တူတယ်။ ခန့်မှန်းလို့ ရပါတယ်။ ပြည်အာသယအားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့ မလှမ်းမကမ်းလောက်မှာနေပြီး နည်းနည်းလောက် ပါးစပ်ချင်းကပ်လို့ နှာခေါင်းလေးနဲ့လည်း မလှမ်းမကမ်းမှာ ကပ်ပြီးတော့ စကားပြောကြည့်ပါ။ အပုပ်နံ့တွေ မရဘူးလား? ရတယ်။ အဲဒါဟာ ပြည်အာသယဓာတ် သိပ်အားကောင်းနေတဲ့ ပုဂ္ဂိုလ်တွေပဲတဲ့နော်။ အဲဒါ သူတို့ စားလိုက်တဲ့ အစာအာဟာရတွေဟာ အဲဒီ ရက်တက်ပုပ်အနံ့ ထွက်လာတယ်။ နောက်တစ်ခု ---
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သန္တာန်မှာ သွေးဆိုတဲ့ အာသယဓာတ်က လွန်ကဲနေတယ်။ လွန်ကဲနေပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်စားလိုက်တဲ့ အစာအာဟာရဟာ ဘာနဲ့တူသလဲ? ဆိုးရည်နဲ့ ဆိုးထားသလို ဖြစ်သွားတယ်တဲ့နော်။ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အနေအထားသို့ ဆိုက်သွားတယ်။ အဲဒီ အဆင့်ကိုလည်း ဉာဏ်နဲ့မြင်အောင် ကြည့်ရမယ်။ အဲဒီအဆင့်ကတော့ အာနာပါနနဲ့ပဲ ဖြစ်စေ၊ ကသိုဏ်းနဲ့ပဲ ဖြစ်စေ၊ သို့မဟုတ် ဓာတ်ကြီးလေးပါးနဲ့ပဲ ဖြစ်စေ၊ တစ်မျိုးမျိုးသော သမထကမ္မဋ္ဌာန်းဖြင့် လင်းရောင်ခြည်စွမ်းအားတွေ အားကောင်းလာတဲ့အထိ သမာဓိကိုထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်များကတော့ ဒီအစာသွားလမ်းတစ်လျှောက် ဒီအစာအိမ်မရောက်ခင် စပ်ကြားကာလမှာ တည်ရှိနေတဲ့ ဒီအစာရဲ့အခြေအနေကို လှမ်းကြည့်မယ်ဆိုရင် မြင်နိုင်တယ်။ ရှုလို့မြင်နိုင်ခဲ့လို့ရှိရင်တော့ တိုက်ရိုက်ရှုပြီးတော့ စားစေချင်တယ်။ ဒါက နိဿရဏပညာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အခြေခံပညာတစ်ခုပါ။ ရှုလို့ မမြင်ရင်တော့ ဘာလုပ်ရမလဲ? မှန်းဆပြီးတော့သာ နှလုံးသွင်း၍ ရှုနေပါတဲ့။ မြင်မယ်ဆိုလို့ရှိရင်တော့ မြင်တဲ့အတိုင်း ရှုပြီးတော့ စားစမ်းပါ။ ဒီလိုပြောနေတာနော်။
၅။ နိဓာနတော = သိုမှီးသိမ်းဆည်းထားသည့်နေရာ
နောက်တစ်ခု --- (နိဓာနတော =) နိဓာနဆိုတာကတော့ သိုမှီး သိမ်းဆည်းထားတာပဲ။ ဘယ်နေရာမှာ ဒီအစာအာဟာရတွေကို ဘယ်လို သိုမှီးသိမ်းဆည်းထားသလဲ?
လေးမျိုးသော အာသယထဲက အာသယတစ်မျိုးမျိုးဖြင့် လူးလဲပေကျံ နေရတဲ့ ဝမ်းအတွင်းဝင်သွားတဲ့ ဒီအစာအာဟာရသည် ရွှေခွက်မှာ သွားပြီး တည်နေတာလည်း မဟုတ်ဘူး။ ပတ္တမြားခွက် ငွေခွက် အစရှိတဲ့ ခွက်တစ်ခုတည်းမှာ သွားပြီးတည်နေတာလည်း မဟုတ်ဘူး။ ဘယ်မှာတည်နေသလဲ?
စဉ်းစားကြည့်စမ်းနော် စားလိုက်တဲ့ အစာအာဟာရဟာ ရွှေခွက်ထဲမှာ သွားပြီး ထည့်ထားတာလည်း မဟုတ်ဘူး၊ ငွေခွက်ထဲ ထည့်ထားတာလည်း မဟုတ်ဘူး၊ ပတ္တမြားခွက်ထဲ ထည့်ထားတာလည်း မဟုတ်ဘူး။ အကယ်၍ အစာစားတဲ့ပုဂ္ဂိုလ်က ဆယ်နှစ်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုရင် ဆယ်နှစ်ကာလပတ်လုံး တစ်ခါမှ ရေမဆေးဖူးတဲ့ မစင်တွင်းကြီးနဲ့ တူနေတဲ့ အစာအိမ်ထဲမှာ သွားပြီး တည်နေရတာနော်။ အဲဒီ အစာအိမ် ဘယ်နှစ်ခါ ထုတ်ပြီး ရေဆေးဖူးသလဲ? တစ်ခါမှ ရေမဆေးဖူးကြပါဘူး။ များသောအားဖြင့်နော်။ တစ်ခါမှ ရေမဆေးဖူးတဲ့ ဒီအစာအိမ်ထဲမှာ သွားပြီးတော့ တည်နေပြီ။
နောက်တစ်ခု --- အဲဒီအစာအိမ်ဟာ မစင်တွင်းနဲ့ တူတယ်။ ဆယ်နှစ်လုံးလုံး တစ်ခါမှ ရေမဆေးဖူးတဲ့ မစင်တွင်း၊ နောက်တစ်ခု အနှစ်နှစ်ဆယ်ရှိတဲ့ပုဂ္ဂိုလ် အနှစ်သုံးဆယ်, လေးဆယ်, ငါးဆယ်, ခြောက်ဆယ်, ခုနစ်ဆယ်, ရှစ်ဆယ်, ကိုးဆယ်, တစ်ရာရှိတဲ့ပုဂ္ဂိုလ်ပဲ ဆိုကြစို့။ အဲဒီပုဂ္ဂိုလ် စားလိုက်ပြီ ဆိုလို့ရှိရင်လည်း ဒီအစာအာဟာရသည် ဘယ်မှာ သွားတည်မလဲ? နှစ်ပေါင်း နှစ်ဆယ်, သုံးဆယ်, လေးဆယ်, ငါးဆယ်, ခြောက်ဆယ်, ခုနစ်ဆယ်, ရှစ်ဆယ်, ကိုးဆယ်, တစ်ရာတို့ ကာလပတ်လုံး တစ်ခါမှ ရေမဆေးတဲ့ ကျင်ကြီးတွင်းနဲ့ တူနေတဲ့ ဒီအစာအိမ်မှာ သွားပြီးတော့ တည်နေတယ်နော်။ ဒါကြောင့် တည်ရာနေရာအားဖြင့်လည်း ရွံရှာစက်ဆုပ်ဖွယ်သဘော မရှိဘူးလား? ရှိတယ်။ စားသုံးလိုက်တဲ့ အချိန်အခါမှာ ဒီတည်ရာအနေအားဖြင့် ဒီအာဟာရ တွေရဲ့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပါ။ ဓာတ်ကြီးလေးပါးနဲ့ပဲ ဖြစ်စေ၊ အာနာပါနနဲ့ပဲ ဖြစ်စေ၊ ကသိုဏ်းနဲ့ပဲ ဖြစ်စေပေါ့နော်။ ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် လင်းရောင်ခြည်စွမ်းအင် အားကောင်းသည့် အဆင့်အထိ သမာဓိထူထောင်ထားနိုင်တဲ့ သူတော်ကောင်းတစ်ဦးက သုံးဆယ့်နှစ်ကောဋ္ဌာသကိုသာ စနစ်တကျ ရှုလို့ရပါစေ။ ရနေတဲ့ အချိန်အခါမှာ ဒီအစာသစ်တွေဟာ တစ်ခါမှ ရေမဆေးဖူးတဲ့၊ ကျင်ကြီးတွင်းနဲ့ တူနေတဲ့ ဒီအစာအိမ်မှာ သွားပြီး တည်နေတဲ့သဘောကို ဉာဏ်နဲ့ လှမ်းကြည့်ရင် မြင်နိုင်တယ်။ အဲဒီအသိအလိမ္မာဉာဏ်ပညာသည် နိဿရဏပညာ = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်နေတဲ့ ပညာဖြစ်တယ်။
၆။ အပရိပက္ကတော = မကျက်သေးတဲ့အစာ
နောက်တစ်ခု -- နံပါတ် (၆) (အပရိပက္က =) မကြေကျက်သေးတဲ့အစာ။ဒီစားလိုက်တဲ့ အစာအာဟာရဟာ ခုနက အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ တစ်ခါမှ ရေမဆေးဖူးတဲ့ မစင်တွင်းကြီးနဲ့ တူနေတဲ့ အစာအိမ်ထဲမှာ သွားပြီးတော့ တည်နေပြီ၊ သိုမှီးထားလိုက်ပြီ။ သိုမှီးထားတော့ သူက ကျက်သလား? မကျက်သေးဘူး။ ဒါပေမဲ့လို့ ခုနက အစာအိမ် အတွင်းမှာ တည်နေတဲ့အချိန်ခါမှာ ဒီအစာတွေဟာ ဘယ်လိုသဘောရှိသလဲ? (ပရမန္ဓကာရတိမိသ =) အစာအိမ်ဆိုတာ အလွန်မှောင်နေတဲ့ တိုက်ခန်းကြီးပါ၊ ယင်းအစာအိမ်ကို သာမန်မျက်စိနဲ့ လှမ်းကြည့်ရင် မြင်နိုင်သလား? မမြင်နိုင် ဘူး။ ခုနက ဉာဏ်မျက်စိလို့ ခေါ်ဆိုအပ်တဲ့ သမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်လင်းရောင်ခြည်စွမ်းအင်တွေ အားကောင်းလာတဲ့ အချိန်အခါကျမှ လှမ်းကြည့်မယ်ဆိုရင်တော့ မြင်နေတယ်။ အလွန် မိုက်မှောင်နေတဲ့ အမိုက်တိုက်ကြီးအတွင်းမှာ တည်နေပြီ၊ အဲဒီအစာအိမ်အတွင်းမှာ (နာနာကုဏပဂန္ဓဝါသီ =) ပိုးအမျိုးမျိုးတို့ရဲ့ အနံ့တို့ဖြင့် သိုမှီးထားတဲ့ လေတွေလည်း အဲဒီအစာအိမ်ထဲမှာ ရှိနေတယ်။ ခုနက ပြောခဲ့ပြီးပြီနော်။ ခန္ဓာအိမ်ထဲမှာ ပိုးလောက်တွေ အမျိုးမျိုး မရှိဘူးလား? ရှိကြတယ်။ အဲဒီပိုးလောက်တွေသည် ဒီခန္ဓာအိမ်ထဲမှာ ဘာလုပ်ကြသလဲ? ဒီခန္ဓာအိမ်ထဲမှာပဲ မှီတင်းပြီး နေထိုင်ကြတယ်၊ ဒီခန္ဓာအိမ်ထဲမှာပဲ ကျင်ကြီး စွန့်ကြတယ်၊ ဒီခန္ဓာအိမ်ထဲမှာပဲ ကျင်ငယ် စွန့်ကြတယ်၊ ဒီခန္ဓာအိမ် မှာပဲ အိမ်ထောင်ပြုကြတယ်၊ ဒီခန္ဓာအိမ်ထဲမှာပဲ သားမွေးကြတယ်၊ ဒီခန္ဓာအိမ်ထဲမှာပဲ သေရင် အသုဘချကြတယ်၊ ဒီလို ဆိုလို့ရှိရင် ဒီပိုးလောက်တွေရဲ့ ကျင်ကြီးနံ့တွေ ကျင်ငယ်နံ့တွေ အိမ်ထောင်ပြုနေတဲ့ အနံ့အသက်တွေ သေလို့ရှိရင် ပုပ်သိုးနေတဲ့ အနံ့အသက်တွေ ဒီအစာအိမ် ပတ်ဝန်းကျင်လို့ ခေါ်ဆိုအပ်တဲ့ ဒီခန္ဓာအိမ်ကြီးထဲမှာ ထင်ရှားမရှိဘူးလား? ရှိတယ်။ ဒီပိုးလောက်အမျိုးမျိုးတို့ရဲ့ ဒီလိုရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့ အနံ့တွေကို လေက သယ်ဆောင်ပြီ၊ သယ်ဆောင်လိုက်တဲ့ အချိန်အခါ အပေါ်တက်တဲ့ လေလည်း ရှိမယ်၊ အောက်ဆင်းတဲ့ လေလည်း မရှိဘူးလား? ရှိတယ်။ ဆင်းသွားလိုက်တဲ့ အချိန်ခါကျတော့ အဲဒီလေက တော်တော်လေးများ မွှေးသလား? အဲဒါ ကြည့်ပေါ့။ မိမိဟာ ဘယ်လောက် တန်ဖိုးရှိတဲ့ဘဝကို ရထားတယ်ဆိုတာ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ဖို့ ဘုရားက ဟောနေတာနော်။ အဲဒီတော့ ပိုးအမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေတဲ့ ဒီပိုးလောက် အမျိုးမျိုးရဲ့ မကောင်းတဲ့ အနံ့သက်တွေဖြင့် ထုံထားတဲ့ ဒီလေတွေကို သယ်ဆောင်တဲ့ လေတွေ ခန္ဓာကိုယ်ထဲမှာ ထင်ရှားရှိတယ်။ ရှိပြီးတော့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီအရပ်ထဲမှာ သွားပြီးတော့ တည်နေတာ ဒီအစာက ဘာနဲ့ တူသလဲလို့ မေးလို့ရှိရင် အခါမဲ့မိုးကြီးတစ်ခု သည်းထန်းစွာ ရွာသွန်းလိုက်ပြီ။ စဏ္ဍာလရွာဝမှာ တွင်းကြီးတစ်တွင်း ရှိတယ်။ အဲဒီတွင်းကြီးထဲမှာ စဏ္ဍာလတွေကလည်း မြက်တွေကော ဖျာစုတ်တွေကော မြွေပုပ်တွေကော ခွေးပုပ်တွေကော လူပုပ်တွေကော အပုပ်အမျိုးမျိုးတွေ အကုန်လုံး စုပုံပြီး အဲဒီ တွင်းကြီးထဲ သွားထည့်ထားကြတယ်။
(အပရိပက္က =) မကျက်သေးတဲ့ အစာအာဟာရရဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘောတွေကို ပြောနေပါတယ်နော်။ စဏ္ဍာလတွေက ရွာဝမှာ တည်ရှိနေတဲ့ တံစည်းတွင်းလို့ ခေါ်ဆိုအပ်တဲ့ တွင်းကြီးတစ်ခုအတွင်းမှာ မြက်တွေ ဖျာစုပ်တွေ မြွေပုပ်တွေ ခွေးပုပ်တွေ ပိုးကောင်ပုပ်အမျိုးမျိုးတွေ လူသေကောင်ပုပ် အစရှိတဲ့ အကောင်ပုပ်အမျိုးမျိုးတွေကို ထိုတွင်းကြီးထဲမှာ သွားပြီးတော့ စုထည့်ထားကြပြီ။ စုထည့်ထားလိုက်တဲ့ အချိန်အခါမှာ မိုးက သည်းထန်စွာ ဒီအကောင်ပုပ်တွေရှိတဲ့ တွင်းကြီးထဲလည်း ရွာသွန်းချလိုက်တယ်။ ရွာအညစ်ကြေးတွေကလည်း ဒီတွင်းကြီးထဲ စီးဆင်းပြီးတော့ ကျလာတယ်။ မိုးက အခါမဲ့ မိုးဖြစ်တော့ ရွာပြီးတာနဲ့ ရပ်သွားပြီ။ နေက ပြင်းထန်စွာ ပူလာပြီ။ ပူလိုက်တော့ နေပူရှိန်ကလည်း အလွန် ပြင်းလာတဲ့ အခါမှာ အပုပ်နံ့တွေနဲ့ ရောယှက်နေတဲ့ ဒီရေတွေက အမြုပ် တစီစီထပြီးတော့ အပေါ်တက်လာပြီ၊ အမြုပ်တွေ တစီစီနဲ့ အနံ့တွေ ထွက်ပြီးတော့ အပေါ်တက်လာပြီ။ အဲဒီပုံစံလေးက ဥပမာပါနော်။ မိမိ ခန္ဓာအိမ်ထဲမှာ တည်ရှိနေတဲ့ အစာအိမ်ကို ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ခုနက ပိုးအမျိုးမျိုးလို့ ခေါ်ဆိုအပ်တဲ့ သေနေတဲ့ အကောင်ပုပ် အမျိုးမျိုးတွေလည်း ရှိမနေဘူးလား? ရှိနေတယ်။ မြက်စုပ် ဖျာစုပ်အစရှိတဲ့ ဒီလို အစုပ်ပလုပ်တွေနဲ့ တူနေတဲ့ အစာအညစ်အကြေးတွေလည်း မရှိဘူးလား? ရှိတယ်။ အဲဒီတွင်းကြီးကို နှစ်ပေါင်း (တစ်ဆယ်, နှစ်ဆယ်, သုံးဆယ်, လေးဆယ်) စသည်ဖြင့် တစ်ခါမှ မဆေးကြောသလို မိမိတို့ရဲ့ အစာသွားလမ်း အစာအိမ် အဝင်အပါဖြစ်တဲ့ ဒီအတွင်းမှာရှိတဲ့ ခန္ဓာအိမ်ကြီးကိုလည်း အသက်နှစ်ဆယ် ရှိတဲ့ ပုဂ္ဂိုလ်ကလည်း နှစ်ပေါင်း (၂၀)အတွင်း တစ်ခါမှ မဆေးကြောတဲ့အတွက် ညစ်ပတ်ပေရေနေပြီ၊ အသက် (၃၀)ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အနှစ် (၃၀)အတွင်းမှာ တစ်ခါမှ မဆေးဘူး။ လေးဆယ်, ငါးဆယ် စသည်ဖြင့် တည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေကလည်း မိမိတို့ အသက်ရှည်သမျှ ကာလပတ်လုံး တစ်ကြိမ်တစ်ခါမှ မဆေးကြောတဲ့ ဒီအစာအိမ်ဆိုတဲ့ခွက်ကြီး ရှိနေပြီ။ ဒီကျင်ကြီး ရှိနေပြီ။ အဲဒီ ကျင်ကြီးထဲမှာ ဘာတွေဖြစ်လာသလဲ? ---
အပူရှိန်ပေါ့၊ ကာယဂ္ဂိလို့ ခေါ်ဆိုအပ်တဲ့ ကမ္မဇဝမ်းမီး အစရှိတဲ့ ကိုယ်အပူရှိန်တွေက လောင်မြိုက်လိုက်တဲ့အချိန်အခါမှာ အမြုပ်တစီစီ ထနေတဲ့ ဒီအစာအာဟာရတွေ ရှိကြတယ်။ အကောင်ပုပ်အမျိုးမျိုးဖြင့် ပြည့်နေတဲ့ ဒီအာဟာရထဲ အခါမဲ့မိုးကြီးနဲ့တူတဲ့ ရေကလေးကို မိမိကလည်း သောက်ချလိုက်ပြီ သောက်ချလိုက်တော့ မီးအပူရှိန်ကလည်း ပေးလိုက်တဲ့ အချိန်ခါမှာ အကောင်ပုပ်အမျိုးမျိုးနဲ့ အစားအမျိုးမျိုးတို့ ရောယှက်ပြီးတော့ အဲဒီမှာ အမြုပ်တစီစီ ထလာပြီနော်။ ပွက်ပွက်ဆူပြီး အမြုပ်တစီစီ ထလာတဲ့ အချိန်အခါမှာ အခိုးအငွေ့တွေက အပေါ်တက်တာလည်း ရှိတယ်။ အောက်ဆင်းတာလည်း ရှိပြီ။ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အဖြစ်သို့ ကပ်ရောက်သွားပြီ။ အဲဒီသဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီးတော့ မိမိတို့ စားသုံးနေတဲ့အာဟာရ၌ အာဟာရေ ပဋိကူလသညာလို့ ခေါ်ဆိုအပ်တဲ့ အစာအာဟာရအပေါ်၌ ရွံရှာစက်ဆုပ်ဖွယ် ဘာဝနာသညာတစ်ခုကိုလည်း ပွားများ အားထုတ်ဖို့ရန်အတွက် ညွှန်ကြားထားတယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသကို စနစ်တကျ ရှုတတ်တဲ့ ယောဂီသူတော်ကောင်းများဟာ ဒီရှုကွက်ကို ပိုက်စိပ်တိုက်ပြီးတော့ ဒီအာဟာရရဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ သဘောကို အာရုံယူပြီးတော့ သမာဓိထူထောင်ခဲ့မယ်ဆိုရင် ဥပစာရသမာဓိ နယ်မြေအထိလည်း ဆိုက်နိုင်တယ်၊ ပထမစျာန်ဆိုတဲ့ အပ္ပနာစျာန်သမာဓိ နယ်မြေသို့လည်း ဆိုက်နိုင်ပါတယ်။ ဒီလို ရှုကွက်ကိုလည်း နိဿရဏပညာ = သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာဆိုပြီးတော့ အခြေခံဉာဏ်ပညာအဖြစ်နဲ့ မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။
၇။ ပရိပက္က = ရင့်ကျက်သွားပြီးတဲ့အခါ
ကဲ - နံပါတ် (၆)ပြီးတော့ နောက်တစ်ခု --- နံပါတ် (၇)အလှည့် ရောက်လာပြီ။ (ပရိပက္က =) ရင့်ကျက်သွားပြီတဲ့နော်။
ရွှေပါနေတဲ့ သတ္တုဓာတ် ကျောက်တွေ မြေတွေ ရှိကြတယ်။ အဲဒီ မြေတွေကို သူ့နည်းသူ့ဟန်နဲ့ သူ အဆင့်ဆင့် ချက်လိုက်တဲ့ အချိန်အခါမှာ ရွှေဆိုတဲ့ သန့်စင်နေတဲ့ သတ္တုတစ်ခု ရရှိတယ်။ ငွေပါနေတဲ့ ကျောက်တွေ, ငွေပါနေတဲ့ မြေတွေကို သူ့နည်းသူ့ဟန်နဲ့ သူ့နည်းအမျိုးမျိုးနဲ့ ချက်လိုက်တဲ့ အချိန်မှာ ငွေဆိုတဲ့ သတ္တုတစ်မျိုး ပေါ်လာတယ်။ အဲဒီပုံစံလိုပဲ ခုအစာအိမ်ထဲမှာ တည်ရှိနေတဲ့ ညစ်ပတ်ပေရေနေတဲ့ အကောင်ပုပ်အမျိုးမျိုးနဲ့ ရောနှောနေတဲ့ ဒီအစာအာဟာရတွေကို ကမ္မဇဝမ်းမီးလို့ ခေါ်ဆိုအပ်တဲ့ မီးနဲ့ ကျိုချက်လိုက်တဲ့အချိန်အခါမှာ ရွှေအဖြစ်များ ပြောင်းလဲလာတာ ရှိသလား? မရှိပါဘူး။ ငွေအဖြစ် ပြောင်းလဲလာတာ ရှိသလား? မရှိဘူး။ ဘယ်လိုသာ ဖြစ်သလဲ?
အမြုပ်တွေ တစီစီထလာပြီနော်။ (ဖေဏပုပ္ဖုဠက =) အမြုပ်တွေ တစီစီ လွှတ်ပြီးတော့ အင်မတန် သိမ်မွေ့နေတဲ့ ကျောက်ဖျာထက်မှာ ကြိတ်လိုက်သလိုပဲ ဝါးကျည်တောက်ထဲကို ထည့်ထားတဲ့ မြေညက်စိုင်လိုပဲ ကျင်ကြီး အဖြစ်ကို ပြောင်းလဲသွားတယ်။ ကျင်ကြီးအိမ်ကို ပြည့်ပြီးတော့ တည်နေပြီ၊ အချို့က ကျင်ငယ်အဖြစ်ကို ပြောင်းလဲသွားလျှင်လည်း ဆီးအိမ်ထဲမှာလည်း ပြည့်ပြီးတော့ တည်နေပြီ။ အကယ်၍များ စားလိုက်တဲ့ပုဂ္ဂိုလ်က ကမ္မဇဝမ်းမီး ထက်မြက်တဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ဝါးကျည်တောက်ထဲ ထည့်ထားတဲ့ မြေညက်စိုင်လို မာကြောပြီး တင်းနေတဲ့ သဘောတော့ တွေ့လိမ့်မယ်။ ရွံရှာစက်ဆုပ်ဖွယ် မကောင်းဘူးလား? ဒီလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သားငယ် သမီးငယ်တွေရဲ့ ကျင်ကြီးတွေကို အိမ်ရှင်မတွေက သဘောကျပြီးတော့ သေသေချာချာ ကျကျနန မကျုံးကြဘူးလား? ကျုံးနေကြတယ်။ အဲဒီလို ကျုံးရတဲ့ ဘဝကိုရော ကြိုးကြိုးပမ်းပမ်းနဲ့ တမ်းတပြီးတော့ မရှာဖွေကြဘူးလား? ရှာဖွေကြတယ်။ အဲဒီကျုံးရတဲ့ အထဲမှာ ဒကာကြီးတွေလည်း မပါကြဘူးလား? ပါပါတယ်။ မကျုံးချင်သလား, ကျုံးချင်သလားလို့ မေးရင်ကော ဘယ်လို အဖြေပေးကြမလဲ? ကျုံးချင်ကြတယ်။ ဒါက ဓမ္မတာပဲ၊ ဟုတ်တယ်မဟုတ်လား? အဲဒီကျုံးချင်တဲ့ အထဲမှာ ဘုန်းကြီးငယ်စဉ်အခါတုန်းက ဘုန်းကြီးတစ်ပါးပြောသွားတဲ့ ဝတ္ထုကလေးကို ဘုန်းကြီးက ဒီတရား ဟောရင်း သွား,သွားသတိရတယ်၊ စပ်မိတော့ ပြောလိုက်ရဦးမယ်။
ရန်ကုန်မှာ ရှေးယခင်အခါတုန်းက မစင်တွေ တင်တင်ပြီးတော့ စက်ရုံကို ဆွဲရတဲ့ ကားကြီးတွေ ရှိတယ်။ ပုဇွန်တောင်ဘက်မှာ ဒီစက်ရုံရှိတယ် ထင်ပါရဲ့နော်။ အဲဒီတော့ ဒီမစင်ကားကြီးတွေက ဘာလုပ်သလဲ? စက်ရုံရောက်ပြီ ဆိုလို့ရှိရင် ဇကာကြီးတွေအပေါ် ဒီမစင်တွေ အားလုံး သွန်ချလိုက်တယ်။ ရေပိုက်ကြီးတွေနဲ့ ထိုးပြီးတော့ ဒီမစင်တွေကို ရေဖျော်ချလိုက်တာပဲ၊ ဖျော်ချလိုက်တဲ့ အချိန်အခါမှာ ခုနက ဝါးကျည်တောက်လို ကျည်တောက်ထဲမှာ တည်ထားတဲ့ ပုံစံအတိုင်း ကမ္မဇဝမ်းမီးကောင်းနေတဲ့ ပုဂ္ဂိုလ်တွေ့ရဲ့ မစင် ကျတော့ စမြင်းတုံးအဖြစ်နဲ့ အတုံးလိုက်ကြီး ခံနေတယ်။ အောက်ကို ပျော်ကျမသွားဘူး။ အဲဒီ စမြင်းတုံးကို လိုက်ပြီး ကောက်ယူနေတဲ့သူတွေ ရှိကြတယ်တဲ့။ မရွံတာကို ဘုန်းကြီးက ပြောချင်လို့ပါ။ ဒကာကြီးတွေလို သားချေးကျုံးတာ မဟုတ်ဘူး။ စမြင်းတုံးကို လိုက်ပြီးကောက်ယူနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ ဒီလိုဆိုတော့ ဖြုန်းခနဲ ဘာဖြစ်လို့များ ကောက်ပါလိမ့်လို့ နည်းနည်းတော့ စဉ်းစားချင် စဉ်းစားလိမ့်မယ်နော်။ ဘုန်းကြီးက ကောက်တဲ့အကြောင်း နည်းနည်းတော့ ဆက်ပြောဖို့ လိုလိမ့်မယ်ထင်တယ်။ ဘယ်နှယ့်လဲ? လိုမလား? အဲဒီမှာ သူတို့က ဖွဲတွေနဲ့ဆုပ် ပုံးကြီးတွေထဲမှာ ဖွဲတွေကလည်း ထည့်ထားသေးတယ်။ မစင်စက်ရုံက မစင်တွေကို ဖျော်ချလိုက်တဲ့ မစင်ရေတွေကို သယ်ဆောင်သွားတဲ့ ပိုက်ကြီးရဲ့ အဝတည့်တည့် ရန်ကုန်မြစ်ထဲမှာ သွားပြီးတော့ ဖွဲတွေနှင့် ဆုပ်ထားတဲ့ ဒီစမြင်းတုံးကြီးတွေနဲ့ ငါးမျှားချိတ်ထဲ ချိတ်ပြီးတော့ ငါးမျှားကြတယ်။ အဲဒီပိုက်ဝမှာကလည်း ရန်ကုန်မှာ နာမည်ကျော်ဖြစ်တဲ့ ငါးမြင်းတွေက အဲဒီမှာ ပြွတ်ကျပ်ညှပ်နေကြတယ်။ ငါးသေးသေးကလေးတွေက ရေဖျော်ချလိုက်တဲ့ မစင်တွေကို လာပြီး စောင့်စားကြတယ်။ ငါးသေးသေးတွေကို ငါးကြီးကြီးတွေကလည်း စောင့်ပြီး စားကြ ပြန်တယ်။ ဒီအထဲ ငါးမြင်းတွေလည်း ပါကြတယ်။ အဲဒီ ငါးမြင်းတွေကို တစ်ကောင်ပြီးတစ်ကောင် စမြင်းတုံးတွေနဲ့မျှားကြတယ်။ မိပြီ၊ မိလိုက်တဲ့အခါ ဒီငါးမြင်းကို ဝယ်ယူစားတဲ့သူ တချို့တွေက ဒီငါးမြင်းကို ဝမ်းဗိုက်ခွဲကြည့်လိုက်တဲ့အခါ စမြင်းတုံးကြီးတွေကို ဝမ်းဗိုက်ထဲမှာ သွားတွေ့ကြတယ်။ စျေးသွားရောင်းတယ်။ စမြင်းတုံးတောင် အထဲမှာ မကြေသေးတဲ့ အဲဒီငါးမြင်းတွေကို ဘယ်သူတွေ စားကြသလဲ? အဲဒီသဘောတရားတွေကို ကြည့်စမ်းပါ။ ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတာတွေကိုတောင်မှ ရွံရှာစက်ဆုပ်နိုင်တဲ့ စိတ်ထား မရှိဘူးဆိုရင် မိမိတို့ဘဝဟာ ဘယ်လောက်များ ရာဂ, ဒေါသ, မောဟတွေ ထူပြောနေတယ်ဆိုတာ ကြည့်ပေတော့။ ဒီရာဂ ဒေါသ မောဟတွေ တန်းလန်းနဲ့ ရာဂ ဒေါသ မောဟတို့ရဲ့ ကုန်ရာဖြစ်တဲ့ ဒီအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ရောက်နိုင်ပါ့မလား? မရောက်နိုင်ပါဘူး။ ဒါကြောင့် အကယ်၍များ ပဉ္စမပါရာဇိကသိက္ခာပုဒ်သာ ပညတ်လို့ ရကောင်းတယ်ဆိုရင် ဘုရားရှင်က ဉာဏ်ပညာဖြင့် မဆင်ခြင်ဘဲ ပစ္စည်းလေးပါးတွေကို သုံးစွဲမှုကို အကြောင်းပြုပြီး ပစ္စည်းလေးပါးတွေကို မအပ်ဟု ပညတ်ကောင်း ပညတ်တော်မူရာတယ်။ သို့သော် ဒီလို သိက္ခာပုဒ် ပညတ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး။ (မ၊ဋ္ဌ၊၁၊၉၂ ။) ဘာဖြစ်လို့လဲ? ကြည့်စမ်း၊ သူများ အသက်လည်း သတ်သေးတယ်။ သတ်တဲ့အချိန်အခါမှာ ဉာဏ်ကို ကြည့်စမ်းပါဦး၊ ကလိမ်ဉာဏ်ကို ပြောတာပါ။ မစင်တုံးကိုမှ ငါးစာလုပ်ပြီးတော့ မျှားတယ်။ အဲဒီ မစင်ကလည်း သာမန်မစင်တုံးမဟုတ်ဘူး၊ သူက အဆင့်မြင့်သွားပြီ။ ဘာတဲ့လဲ? စမြင်းတုံးတဲ့နော်။ စမြင်းတုံးကိုမှ ဖွဲနဲ့ သေသေချာချာ ကျကျနန ဆုပ်ပြီးတော့မှ သွားပြီး မျှားတယ်။ အဲဒီမျှားတဲ့ ငါးကို လူတွေကို ပြန်ရောင်းတယ်တဲ့။ ကြည့်စမ်းပါဦး ဒကာကြီးတွေ စဉ်းစားကြည့်စမ်းပါ။ ဘယ်လောက် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ လုပ်ငန်းရပ်တွေလဲ? သူများအသက်ကိုလည်း သတ်သေးတယ်၊ သတ်တာကလည်း ရက်ရက်စက်စက်ပဲ၊ ရက်ရက်စက်စက် အစာကလေးနဲ့ မျှားပြီး သတ်လိုက်တယ်။ သတ်ပြီးတဲ့အခါ ရပြန်တော့လည်း ရောင်းလိုက်တဲ့အခါမှာ အဲဒီငါးကို စားတဲ့ အထဲမှာ ဘုန်းကြီးတွေလည်း ပါကောင်း ပါ,ပါလိမ့်မယ်နော်။ ဒီတော့ သူတော်ကောင်းတွေ စားဖို့သောက်ဖို့ အတွက် ဒီလို ညစ်တီးညစ်ပတ်တွေ လုပ်ပြီးတော့ ရောင်းဝယ်ဖောက်ကားတယ်ဆိုတဲ့ အလုပ်မျိုးကျတော့ အလွန် အဆင့်နိမ့်မသွားဘူးလား? နိမ့်သွားပြီ။ ဒါပေမဲ့ ဘုန်းကြီး ဒီနေရာမှာ ပြောချင်တာကတော့ မိမိတို့ စားသုံးနေတဲ့ အာဟာရသည် ဘယ်လောက် ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတယ်။ ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာကလေးကို သဘောပေါက်စေချင်လို့ပါနော်။
ဒီတော့ ရင့်ကျက်သွားတဲ့ အစာ၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ပဋိကူလမနသိကာရခေါ်တဲ့ ကမ္မဋ္ဌာန်းကို နှလုံးသွင်းစေချင်တယ်။ သွင်းမယ်ဆိုလို့ရှိရင်လည်း ဒီနေရာမှာ ကျင်ကြီးဆိုတဲ့ ရွံရှာ စက်ဆုပ်ဖွယ် ကောဋ္ဌာသကို အာရုံယူပြီးတော့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေနဲ့ နှလုံးသွင်းခဲ့ရင်တော့ ဗဟိဒ္ဓကျင်ကြီးဖြစ်နေတဲ့အတွက် ဥပစာရ သမာဓိနယ်မြေကိုတော့ ဆိုက်နိုင်တယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဇ္ဈတ္တကောဋ္ဌာသတွေ၏ ရွံရှာစက်ဆုပ်ဖွယ်ကို အာရုံယူပြီးတော့ ရှုရင်တော့ ပထမစျာန်အထိ ပေါက်နိုင်တယ်။ ဒီနေရာမှာတော့ ရွံရှာစက်ဆုပ်ဖွယ် ကောင်းတဲ့ အဲဒီကောဋ္ဌာသထဲက စားမျိုလိုက်တဲ့ ဥတုဇဩဇဋ္ဌမကရုပ်တို့ရဲ့ အပေါင်းအစုဖြစ်တဲ့ အာဟာရဩဇာဓာတ်ကနေ ပြောင်းလဲပြီး မစင်ဖြစ်သွားတဲ့ သဘောတွေကိုပါ ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီး တဖြည်းဖြည်း ပြောင်းလဲပုံကို မြင်အောင် ရှုစေချင်တဲ့အတွက် ဒီဩဇာဓာတ်ကနေ မစင် အဖြစ်အထိ တဖြည်းဖြည်း ပြောင်းလဲသွားတယ်ဆိုတဲ့ ဒီသဘောတရားကို မြင်အောင် ရှုဖို့ကို အဋ္ဌကထာက ဖွင့်ဆိုနေခြင်း ဖြစ်တယ်။ သို့သော် ဒီရှုကွက် အပြည့်အစုံကိုတော့ ပရမတ္ထသစ္စာနယ်အထိ ရှုနေတဲ့ ပုဂ္ဂိုလ်တွေမှ တဖြည်းဖြည်း သဘောပေါက်နိုင်ပါတယ်။ ပရမတ္ထသစ္စာနယ်ကို မရောက်သေးတဲ့ ပုဂ္ဂိုလ်တွေကတော့ အတုံးလိုက်အခဲလိုက် လည်မျိုမှ အစာသစ်အိမ်, အစာသစ်အိမ်မှ အစာဟောင်းအိမ်သို့တိုင်အောင် အဆင့်ဆင့် ပြောင်းလဲသွားတဲ့ အစာဟောင်းအတုံးအခဲတွေကိုပဲ မြင်အောင် ရှုရမယ့် နားလည်ရမယ့် အခြေအနေ ရှိနေပါတယ်။ ဒါကြောင့် သူက ပရမတ္ထဓမ္မသဘာဝကို အာရုံယူပြီးတော့မှ တဆင့်ဆင့် ပြောင်းလဲပြီးတော့ မစင်တုံးအဖြစ် ပြောင်းလဲသွားတဲ့ သဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်ကို ရှုရမှာ ဖြစ်တဲ့အတွက် တကယ့်ပရမတ္ထဩဇာကလည်း ပရမတ်တရားဖြစ်ခြင်းကြောင့် နက်နဲနေတဲ့အတွက်ကြောင့် ဒီနေရာမှာ ဥပစာရသမာဓိပဲ ဆိုက်နိုင်တယ် ဆိုပြီးတော့ အဋ္ဌကထာကလည်း ရှင်းထားတယ်နော်။ ကဲ-နောက်တစ်ခု ---
၈။ ဖလတော = အကျိုးရင်း
ဖလ အစာကို စားလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးတရားဘက်ကလည်း လှည့်ပြီးတော့ ရွံရှာစက်ဆုပ်ဖွယ် သဘောတွေကို ရှုဖို့ရန် အတွက် ညွှန်ကြားနေပါတယ်နော်။ ဘယ်လိုလဲ?
မိမိစားလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ဒီအာဟာရက ကောင်းကောင်း ကျက်သွားပြီဆိုရင် ကောင်းကောင်းကျက်နေတဲ့ အစာတွေက ဘာကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသလဲ? ဆံပင် မွေးညင်း ခြေသည်း လက်သည်း သွား အရေစသည်ဖြင့် သုံးဆယ့်နှစ်ကောဋ္ဌာသ, လေးဆယ့်နှစ် ကောဋ္ဌာသအစုအဝေးတွေကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။ ပိုးလောက် အမျိုးမျိုးတွေကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်တဲ့။
မိမိစားလိုက်တဲ့ အစာအာဟာရကို အကြောင်းပြုပြီးတော့ မိမိခန္ဓာ အိမ်ထဲမှာ ပိုးလောက်အမျိုးမျိုးတွေ ပြည့်နှက်ပြီး မသွားဘူးလား? ပြည့်နှက် သွားတယ်။ ဘာဖြစ်လို့ ပြည့်နှက်သွားရသလဲလို့ မေးလိုက်ရင် မိမိစားသုံး လိုက်တဲ့ အာဟာရထဲမှာကိုက ပိုးလောက်တွေလည်း ပါချင်ပါမယ်။ ဘက်တီးရီးယားဆိုတဲ့ ပိုးတွေပဲ။ ခုခေတ်မှာ ဒီပိုးမွေးမြူရေးလုပ်ငန်း ဖြစ်နေတဲ့ အစာအာဟာရကို တီထွင်တဲ့အပိုင်းမှာ ပြင်သစ်က ရှေ့တန်းက ပြေးနေတယ်ဆိုပြီး ပြောကြတယ်။ နွားနို့ကို အဆင့်ဆင့် သူတို့ ဓာတုဗေဒနည်းလား ခေတ်ပေါ် နည်းလား ဘယ်လို ပြောမလဲ မသိပါဘူး။ နည်းအမျိုးမျိုးနဲ့ ပြောင်းပြီးတော့ ဒီနွားနို့ထဲမှာ ပိုးတွေကို မွေးမြူကြတယ်။ မွေးမြူပြီးတဲ့ အချိန်အခါကျတော့မှ ဒီပိုးတွေကို အဆင့်ဆင့်ပြောင်းလဲပြီး ဒိန်ခဲတို့ ဘာတို့ စသည်ပေါ့ စားသောက်ဖွယ်တွေ ပြုလုပ်ကြတယ်။ ပိုးမွေးမြူရေးစနစ်နဲ့ ဒီအာဟာရတွေကို တီထွင် ဖန်ဆင်းနေကြပါတယ်။ ဒါကြောင့် လက်ဖက်တို့လို အာဟာရတွေ ကိုယ်တိုင်က ပိုးအမျိုးမျိုးနဲ့ ပြည့်နေတယ်။ ပိုးအမျိုးမျိုးနဲ့ ပြည့်နေတဲ့ ဒီလက်ဖက်လို အာဟာရတစ်ခုကို စားလိုက်ရင် ဒီပိုးတွေက ခန္ဓာအိမ်ထဲမှာ ပျံ့နှံ့မသွားဘူးလား? ပျံ့နှံ့သွားတယ်။ ဒီအာဟာရကို အခြေခံပြီးတော့ ခန္ဓာအိမ်ထဲမှာ ပိုးအမျိုးမျိုးတွေလည်း ဖြစ်ပေါ်နေတယ်။ ဒါ့ကြောင့် ---
ကောင်းမွန်မှန်ကန်စွာ မကျက်တဲ့ ဒီအစာအာဟာရတွေက ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်စေသလဲ? ပွေးနာတွေ ဖြစ်စေတယ်။ ယားနာ ဝဲနာတွေ ဖြစ်စေတယ်။ နူနာတွေ ညှင်းနာတွေ ကုတ်ဟီးနာတွေ ချောင်းဆိုးနာတွေ ဝမ်းသွေးသွန်နာတွေ စသဖြင့် ရောဂါအမျိုးမျိုး ရာပေါင်းများစွာကို ဖြစ်စေတယ်။ ရောဂါအမျိုးမျိုးဖြစ်တာ ဘယ်သူ့ကြောင့်လဲလို့မေးတော့ အခြေခံ အကြောင်းအရင်းကို ပြန်ဆန်းစစ်ကြည့်တဲ့အခါမှာ စားသုံးနေတဲ့ အာဟာရတွေ အပေါ် အခြေမတည်ဘူးလား? တည်နေတယ်။ ဒီလိုဆိုရင် ဒီအာဟာရတွေကြောင့် ရရှိပြီးနေတဲ့ ဒီအကျိုးတရားတွေသည် ရွံရှာစက်ဆုပ်ဖွယ် မကောင်းဘူးလား? ကောင်းတယ်။ ပြန်ကြည့်ပါ၊ ကောင်းကောင်း ကြေကျက်လို့ အကျိုးပေးလိုက်တဲ့ ဆံပင် မွေးညင်း ခြေသည်း လက်သည်း သွား အစရှိတဲ့ သုံးဆယ့်နှစ်ကောဋ္ဌာသ စုအဝေးတွေကို တစ်နေရာမှာ တစ်ပုံစီ တစ်ပုံစီ ပုံထားကြည့်ပါ။ ဘယ်အပုံကများ နှစ်သက်မြတ်နိုးဖွယ်ကောင်းသလဲ? ဘယ်အပုံကိုများ လိုချင်သလဲလို့ မေးရင် ဘယ်လို ဖြေကြမလဲ? ဘယ်အပုံကိုမှ မလိုချင်ဘူး။ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသတွေကို အတိတ်က ကံစီမံသည့်အတိုင်း အချိုးတကျ တပ်ဆင်လိုက်ပြီ။ သနပ်ခါးလေး ဘာလေး လိမ်းပေးလိုက်တော့ မလိုချင်ဘူးလား? အေး - အဲဒါပဲ။
ဘုရားရှင်က ပုံစံမှန်အတိုင်း ပြန်ပြီး မြင်စေချင်ပါတယ်။ အဲဒီတော့ ဒီသုံးဆယ့်နှစ်ကောဋ္ဌာသတွေကို ကံ-စိတ်-ဥတု-အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးတို့က ပြုပြင်ပေးနေတာ ဖြစ်ပေါ်စေတာမှန်သော်လည်း အာဟာရဇဩဇာရဲ့ အထောက်အပံ့ကို ရရှိပါမှ အရှည်ခိုင်ခံ့တည်တံ့မှာ ဖြစ်တယ်။ အာဟာရဇဩဇာက အားပေးထောက်ပံ့နေတဲ့ စွမ်းအင် အာဟာရဇဩဇာက ဖြစ်ပေါ်စေတတ်တဲ့ စွမ်းအင်ဆိုတာကတော့ ပရမတ္ထသစ္စာနယ်ထဲ ရောက်အောင် ရုပ်တရားတွေကို စနစ်တကျ ရှုနိုင်တဲ့ ယောဂီသူတော်ကောင်း အဖို့တော့ ဒီရှုကွက်က လွယ်နေလိမ့်မယ်။ ပရမတ္ထသစ္စာနယ် ရောက်အောင် ရုပ်တွေကို မရှုတတ်သေးရင်တော့ သမုတိသစ္စာနယ်ကပဲ အစာသစ်ကောဋ္ဌာသမှ အစာဟောင်းကောဋ္ဌာသသို့တိုင်အောင် စားမျိုလိုက်တဲ့ အာဟာရက အဆင့်ဆင့် ပြောင်းလဲသွားပုံလောက်ကိုပဲ မြင်နိုင်မှာ ဖြစ်တယ်။ ကျန်ကောဋ္ဌာသတွေကို အာဟာရတွေရဲ့ သို့မဟုတ် အာဟာရဇရုပ်တွေရဲ့ ပျံ့နှံ့ပုံကိုတော့ မှန်းဆပြီး ရှုရမယ့် အခြေအနေမှာပဲ ရှိပါတယ်။ မှန်းဆပြီး ရှုရမယ်ဆိုလို့ရှိရင်တော့ သမာဓိရခဲ့ရင် ဥပစာရသမာဓိနယ်မြေလောက်ပဲ ဆိုက်နိုင်တယ်။ အပ္ပနာစျာန်သမာဓိအထိတော့ မဆိုက်နိုင်ဘူး။
ဒီတော့ ဒီနေရာမှာ ဓာတ် (၄)ပါးနဲ့ပဲဖြစ်ဖြစ် သမာဓိထူထောင်နိုင်တယ်။ အာနာပါနနဲ့ဖြစ်ဖြစ် သမာဓိထူထောင်နိုင်တယ်။ အဲဒီသမာဓိ တစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်လင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ သို့မဟုတ် ကသိုဏ်းနဲ့ သမာဓိထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ကသိုဏ်းစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်စွမ်းအင်ရဲ့ အကူအညီကို ယူပြီးတော့ ဒီသုံးဆယ့်နှစ်ကောဋ္ဌာသတွေကို စိုက်ကြည့်မယ်ဆိုရင် စိုက်ကြည့်လို့ရမယ်။ သို့သော် ရုပ်ကမ္မဋ္ဌာန်းကို ပိုင်ပိုင်နိုင်နိုင် မရှုတတ်သေးရင်တော့ ဒီစားလိုက်တဲ့ အစာအာဟာရကနေပြီးတော့ ဒီသုံးဆယ့်နှစ်ကောဋ္ဌာသအထိ အာဟာရဇရုပ်တွေရဲ့ ပျံ့သွားပုံဆိုတဲ့ သဘောတရားကိုတော့ မြင်နိုင်ဖို့ရန် နည်းနည်းခက်လိမ့်မယ်နော်။ ဒီနေရာမှာကတော့ စားလိုက်တဲ့ အစာအာဟာရက ကျက်သွားပြီ၊ ကျက်လိုက်လို့ရှိရင် ဒီသုံးဆယ့်နှစ်ကောဋ္ဌာသတွေမှာ တည်ရှိနေတဲ့ ရုပ်တရားတွေကို သွားပြီး အားပေးထောက်ပံ့တယ်။ ဩဇာ ဩဇာချင်း ကျေးဇူးပြုပုံ အထောက်အပံ့ ပေးပုံကို ဒီအပိုင်းမှာ ရှုရမယ်။ အဲဒီလို ထောက်ပံ့လိုက်တဲ့အတွက် သုံးဆယ့်နှစ်ကောဋ္ဌာသတွေ အားကောင်းလာပုံ ဆိုတဲ့ အပိုင်းနှင့် တည်ရှိနေတယ်ဆိုတဲ့ အပိုင်းကို မြင်အောင် လှမ်းပြီး ကြည့်ရမယ်။
နောက်တစ်ခု --- ဒီအစာအာဟာရကို အခြေခံပြီးတော့ ပိုးလောက် အမျိုးမျိုးတွေ ဖြစ်ပေါ်လာပုံကိုလည်း ပြန်ကြည့်ရမယ်။ ကြည့်လိုက်မယ်ဆိုရင် မိမိခန္ဓာအိမ်ကြီးဟာ ဒီပိုးလောက်အမျိုးမျိုးတို့ရဲ့ အိမ်ထောင်ရာ သားမွေးရာ အိမ်ကြီးလည်း ဟုတ်တယ်၊ ကျင်ကြီးစွန့်ရာအိမ်လည်း ဟုတ်တယ်၊ ကျင်ငယ် စွန့်ရာ အိမ်လည်း ဟုတ်တယ်၊ ပိုးလောက်အမျိုးမျိုးတို့ သေကျေပျက်စီးခဲ့ရင် အသုဘချဖို့ရန်အတွက် သုသာန်သင်္ချိုင်းကြီးလည်း ဖြစ်နေတယ်။
မိမိခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီခန္ဓာကိုယ်ကြီးဟာ သုသာန် သင်္ချိုင်းကြီးပဲနော်။ ဒီလိုဆိုရင် တစ်ယောက်နဲ့တစ်ယောက် မာန်မာနတွေ သိပ်ပြီး ကြီးနေဖို့ လိုသေးသလား? မလိုပါဘူး။ မိမိဗိုက်ထဲမှာလည်း သုသာန် သင်္ချိုင်းတွေ မရှိဘူးလား? ရှိနေတယ်။ သူ့ဗိုက်ထဲမှာလည်း သုသာန်သင်္ချိုင်းတွေ ရှိနေတယ်။ မိမိဗိုက်ထဲမှာလည်း အသေကောင် အမျိုးမျိုး ရှိတယ်။ သူ့ဗိုက်ထဲမှာလည်း အသေကောင် အမျိုးမျိုး ရှိနေတယ်။ မိမိဗိုက်ထဲမှာလည်း အရှင်ကောင် အမျိုးမျိုးတွေ ရှိနေသေးတယ်။ သူ့ဗိုက်ထဲမှာလည်း အရှင်ကောင်အမျိုးမျိုးတွေ ရှိနေသေးတယ်။ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်မယ် ဆိုလို့ရှိရင် သတ္တဝါတစ်ယောက်တည်း ဟုတ်သလား? မဟုတ်တော့ဘူး။သတ္တဝါ အမျိုးမျိုးတို့ရဲ့ စုပေါင်းနေထိုင်ရာ အိမ်ကြီးတစ်ခု ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ ဒါ့ကြောင့် အဲဒီလို ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောတွေကို ဉာဏ်နဲ့မြင်အောင် ကြည့်စေချင်တယ်။ ဖြစ်ပေါ်လာတဲ့ အကျိုးတရားဘက်ကနေ လှမ်းပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ကြည့်ရမယ်။
နောက်တစ်ခု --- ဒီအစာကနေပြီးတော့ မကြေမကျက် ဖြစ်သွားမယ် ဆိုလို့ရှိရင် ဒီမကြေမကျက်တဲ့ အစာအာဟာရကို အခြေခံပြီးတော့ ခန္ဓာကိုယ်မှာ ပွေးတွေ ဖြစ်လာမယ်၊ ဝဲတွေ ဖြစ်လာမယ်၊ ယားနာတွေ ဝဲနာတွေ ဖြစ်လာမယ်။ နူနာတွေ စွဲကပ်လာပြီ ဆိုလို့ရှိရင် ဒီနူနာကနေ ပြည်တစိုစို မကောင်းတဲ့ အနံ့အသက်တွေ ရောပြီးတော့ ထွက်လာပြီ။ ရွံရှာစက်ဆုပ်ဖွယ် ပိုပြီးတော့ မကောင်းဘူးလား? ကောင်းနေတယ်။ စားလိုက်တဲ့ အစာအာဟာရကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဒီရွံရှာစက်ဆုပ်ဖွယ်သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပါ။ အလားတူပဲ ညှင်းနာတို့ ကုတ်ဟီးနာတို့ ချောင်းဆိုးနာတို့ ဝမ်းသွေးသွန်တဲ့ရောဂါတို့ ဝမ်းလျှောတဲ့ရောဂါတို့ မျက်စိရောဂါ နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုးတွေ ဖြစ်လာပြီ။ ရာပေါင်းများစွာသော ဖြစ်လာတဲ့ ဒီရောဂါတွေသည် အာဟာရကို အခြေတည်ပြီး ဖြစ်ပေါ်လာတဲ့အတွက် ဒီအာဟာရရဲ့ မကောင်းတဲ့ အကျိုးတရားတွေကို ပေးနေပုံ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ သဘောကို ဉာဏ်နဲ့မြင်အောင် ကြည့်ပြီးတော့လည်း ဒီအပိုင်းမှာ အာဟာရကို ပဋိကူလ ရွံရှာစက်ဆုပ်ဖွယ်သဘောကို နှလုံးသွင်းပါတဲ့နော်။ ဒါ နိဿရဏပညာပဲ။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းပညာပဲ။ ဒီပညာသည် မိမိစိတ်က နေပြီးတော့ တည်ထောင် ဖန်ဆင်းပြီးတော့ သက်သက် ပုံကြီးချဲ့ပြီး ယူတဲ့သဘော ဟုတ်သလား? မဟုတ်ပါဘူး။ ခန္ဓာအိမ်မှာ ရှိနေတဲ့သဘောတွေကို အရှိအတိုင်း မြင်အောင် ဘုရားရှင်က ပြန်ကြည့်ဖို့ရန်အတွက် နည်းစနစ် ပေးနေတာပဲနော်။
၉။ နိဿန္ဒတော = အကျိုးဆက်
ကဲ နောက်တစ်ခု --- နံပါတ် (၉)က ဘာတဲ့လဲ? နိဿန္ဒတဲ့ အကျိုးဆက်၊ အစာကို စားလိုက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးဆက်ရဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘောတွေကိုလည်း ဉာဏ်နဲ့မြင်အောင် ကြည့်ပြီးတော့ ဒီအာဟာရရဲ့ ရွံရှာစက်ဆုပ်ဖွယ် အဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်းကို စီးဖြန်းပါတဲ့နော်။
ဝင်တုန်းကတော့ ပါးစပ်ပေါက်လို့ ခေါ်ဆိုအပ်တဲ့ ဒွါရတစ်ပေါက်ကနေ ဝင်သွားတယ်။ ပြန်ပြီး ထွက်ပြီဆိုလို့ရှိရင်တော့ ဒွါရကြီး (၉)ပေါက်နဲ့ မွေးညင်းပေါက် အစရှိတဲ့ ဒွါရပေါက်အမျိုးမျိုးကနေပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်သဘော အမျိုးမျိုးတွေ ထွက်မလာဘူးလား? ထွက်လာပြီ မျက်စိကနေ မျက်ချေးတွေ ထွက်တယ်။ နှာက နှာချေး, နှာခေါင်းက နှပ်ချေး, သွားကလည်း သွားချေး စသည်ဖြင့် ရွံရှာစက်ဆုပ်ဖွယ် အညစ်အကြေးတွေ ဒီခန္ဓာအိမ်က ထွက်ပေါ် လာပြီ။ စားတုန်းကျတော့ မိမိက သားတွေနဲ့ သမီးတွေနဲ့ ဇနီးတွေနဲ့ မြေးတွေနဲ့ မြစ်တွေနဲ့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဝိုင်းဖွဲ့ပြီးတော့ မစားကြဘူးလား? စားကြတယ်။
စားတုန်းကတော့ ဝိုင်းဖွဲ့ပြီးစားတယ်။ ထုတ်လိုက်တဲ့အချိန်ကျတော့ ကျင်ကြီး ကျင်ငယ်စတဲ့ သဘောတရားအဖြစ်သို့ ပြောင်းလဲသွားပြီဆိုလို့ရှိရင် တစ်ယောက်တည်း ပုန်းပြီးတော့ မထွက်ရဘူးလား? ထွက်ရပြန်တယ်။
စားတဲ့နေ့ ပထမနေ့ ဆိုကြစို့။ ပထမနေ့ စားလိုက်တဲ့အချိန်အခါမှာတော့ သိပ်ပြီးတော့ ရွှင်တယ်၊ သိပ်ပြီးတော့ ပျော်တယ်၊ စိတ်ဓာတ်တွေက သိပ်တက်ကြွနေတယ်၊ ကောင်းတယ် ကောင်းတယ်ဆိုပြီး ဝိုင်းဖွဲ့ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ စားကြတယ်။ နက်ဖြန်လည်း လာခဲ့ဦးနော်။ လာစား၊ ဟုတ်တယ် မဟုတ်လား? ဖိတ်လိုက်သေးတယ်။ ဝမ်းမြောက်ဝမ်းသာနဲ့ ဖိတ်ပြီး .. နောက်တစ်နေ့ကျတော့ ဘာဖြစ်လာသလဲ?
နောက်တစ်နေ့ ထွက်ပြီဆိုလိုက်တဲ့ အချိန်အခါကျတော့ နှာခေါင်း ပိတ်ထားရပြီး၊ မျက်မှောင်လေးက အသာလေးကုတ်ပြီး မျက်နှာလေးကလည်း ရှုံ့နေပြီ၊ ရွံရှာတဲ့ စိတ်နှလုံးမသာယာတဲ့ သဘောတွေကလည်း ရှိနေပြီနော်။
ပထမနေ့ စားတဲ့အချိန်အခါကျတော့ ဒီအာဟာရအပေါ်မှာ လိုလား တပ်မက်နေတဲ့ မိန်းမောနေတဲ့ စိတ်ထားတွေနဲ့ စားတယ်။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်ဆိုတဲ့ ဒီစိတ်ထားနဲ့ စားကြတယ်။ ဒုတိယနေ့ တစ်ညလောက် လွန်သွားတော့ ထုတ်ပြီဆိုလို့ရှိရင်တော့ ဘာဖြစ်သလဲ? နာကြည်းတဲ့ စိတ်ထား ရွံရှာတဲ့စိတ်ထား ရှက်နိုးတဲ့ စိတ်ထားတွေဖြင့် အညစ်အကြေးတွေကို ထုတ်ဆောင်ပေးရတယ်။ ဒါ့ကြောင့် ရှေးရှေးပညာရှိတို့က ဒီနေရာမှာ ဆိုဆုံးမ ထားတယ်။ ဘယ်လိုလဲ?
အဆင့်အတန်း မြင့်မားနေတဲ့ သူတော်သူမြတ်တွေနဲ့တောင် ထိုက်တန်နေတဲ့ ဒီအစာအာဟာရတွေ ရှိကြတယ်။ ဆွမ်းတွေ အဖျော်ယမကာတွေ ခဲဖွယ်ဘောဇဉ်တွေ ဝင်သွားစဉ်အချိန်အခါက ဒွါရတစ်ခုဖြင့် ဝင်သွားပြီ ထွက်တဲ့အချိန်အခါ ဒွါရကိုးပေါက်ကနေ စီးပြီးတော့ ထွက်ပြီ။
စားဖွယ်သောက်ဖွယ် မြတ်သောသူတို့အား ထိုက်တန်နေတဲ့ ဘောဇဉ်တွေကို အခြံရံ ဝိုင်းဖွဲ့ပြီးတော့ စားတဲ့အခါတော့ စားတယ်။ ဒါပေမဲ့ ထွက်တော့ ပုန်းပြီး ထွက်ရတယ်တဲ့နော်။
စားတုန်းကတော့ အင်မတန် သဘောကျတယ်။ ထွက်တဲ့အခါကျတော့မှ ရွံရှာတယ်တဲ့ ကောင်းသလား? ရှေ့နဲ့နောက် မညီဘူးနော်။ ရွံရှာစက်ဆုပ်ဖွယ် သဘောကို စားစဉ်အချိန်အခါမှာလည်း ဘုရားရှင်ဘက်က ဖြစ်စေလိုတဲ့ အာသာဆန္ဒ ရှိနေပါတယ်။ ဒီအချိန်ခါလေးကျတော့ မရွံဘူး။ ဟိုအချိန်ကျမှ ရွံတယ်ဆိုတဲ့ပုံစံ မဖြစ်စေချင်ဘူး။ နောက်တစ်ခု ---
ဆန်ကို ဆန်အတိုင်း ထားကြည့်မယ်ဆိုရင် ညသိပ်ရုံဖြင့် ပုပ်သိုးတဲ့ အဖြစ် ပြောင်းမလား? မပြောင်းဘူး။ ပဲကို ဒီအတိုင်း ထားခဲ့မယ်ဆိုရင် တစ်နှစ်လောက် သိပ်ရုံဖြင့် ပုပ်သိုးတဲ့အဖြစ် ပြောင်းမလား? မပြောင်းဘူး။ ဒါပေမဲ့ လူနဲ့ပေါင်းလိုက်ပြီး လူဗိုက်ထဲ ရောက်သွားပြီး တစ်ညလောက် သိပ်လိုက်တာနဲ့ ဒီဆန်တွေဟာ ပုပ်သိုးတဲ့အဖြစ်သို့ ပြောင်းသွားတယ်။ ဒီပဲတွေ ပုပ်သိုးတဲ့အဖြစ်သို့ ပြောင်းသွားတယ်။
လူဟာ ဘယ်လောက် ယုတ်ညံ့တယ်ဆိုတာ ကြည့်ပေါ့နော်။ မိမိရရှိထားတဲ့ဘဝဟာ ဘယ်လောက် ပုပ်သိုးနေတယ် ညစ်ပတ်နေတယ်။ စုတ်ပဲ့နေတယ်ဆိုတဲ့ ဒီသဘောကို လှမ်းကြည့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ အဲဒီ ပုပ်သိုးနေတဲ့ ဓာတ်ခံရှိနေတဲ့ အပုပ်တွေနဲ့ ဒီအစာအာဟာရ ပေါင်းစုံလိုက်တဲ့ အချိန်ခါမှာ အကုန်လုံးရောပြီး မပုပ်ဘူးလား? ပုပ်သွားပြီနော်။ ငါးပုပ်နဲ့ပေါင်းတဲ့ သမန်းမြက်ပါ ရောပြီးတော့ ပုပ်မသွားဘူးလား? ပုပ်သွားပြီ။ အလားတူပဲ ဒီမှာ ပုပ်သိုးတဲ့ ခန္ဓာအိမ်ကြီးနဲ့ သွားပြီး ပေါင်းဖော်မိတဲ့အတွက် ဒီအစာအာဟာရတွေဟာ တစ်ညလေးနေရုံနဲ့ပဲ အကုန်လုံး ပုပ်သိုးမသွားဘူးလား? ပုပ်သိုးသွားပြီ၊ အဲဒီလို ပုပ်သိုးပြီး ရွံရှာစက်ဆုပ်ဖွယ် ကောင်းနေတဲ့သဘောကို ဉာဏ်နဲ့မြင်အောင်ကြည့်ပြီးတော့ အာဟာရေ ပဋိကူလမနသိကာရပညာကို ပွားများအားထုတ်ပါလို့ ဒီလို တိုက်တွန်းထားတယ်။ ဒီလို ပွားများ အားထုတ်ခဲ့ရင် အာဟာရအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာ ရာဂ ဆန္ဒကို ပယ်ရှားနိုင်တဲ့ စွမ်းအားတွေ ပေါ်လာလိမ့်မယ်။
ရသတဏှာဟာ သတ္တဝါတွေကို အလွန် အလုပ်များစေပါတယ်။ တစ်နေ့ တစ်နေ့ ကြည့်ပေါ့ ချက်ရပြုတ်ရ စီမံခန့်ခွဲရတဲ့အချိန်သည် သူ့အတွက် အချိန်ပေးရတာ မများဘူးလား? များနေတယ်။ ဘာကို အခြေခံသလဲ? ဒီရသတဏှာကို အခြေခံနေတယ်။ အကယ်၍ အဲဒီအချိန်ခါလေးမှာပေါ့လေ အဲဒီ အချိန်မှာ စိတ်ထားတတ်လို့ တရားဘာဝနာ စီးဖြန်းတတ်မယ်ဆိုရင်တော့ ကုသိုလ်တရားတွေ (၁)နာရီ (၂)နာရီလောက် ဆက်တိုက် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်နော်။ ကဲ - နောက်တစ်ခု ---
၁၀။ သမ္မက္ခနတော = လူးလဲပေကျံနေတဲ့သဘော
နံပါတ် (၁၀) (သမ္မက္ခန =) လူးလဲပေးကျံနေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အာဟာရရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကိုလည်း နှလုံးသွင်းပါတဲ့။
စားလိုက်ပြီဆိုလို့ရှိရင် ဒီအစာအာဟာရကို ကိုင်ပြီ နယ်ပြီ လက်တွေ မပေဘူးလား? ပေပြီ။ နှုတ်ခမ်းတွေ မပေဘူးလား? ပေပြီ။ လျှာတွေ ပေပြီ။ အာခေါင်တွေ အာစောက်တွေ အကုန်လုံး ပေကျံသွားပြီ။
အစာအာဟာရနဲ့ သွားရောလိုက်တဲ့အတွက် လက်တွေလည်း ရွံရှာ စက်ဆုပ်ဖွယ် ကောင်းမသွားဘူးလား? ကောင်းသွားတယ်။ ပါးစပ်တွေလည်း ရွံရှာစက်ဆုပ်ဖွယ် ကောင်းသွားတယ်။ နှုတ်ခမ်းတွေ လျှာတွေလည်း အကုန်လုံး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသွားပြီ။ နောက်တစ်ခု ---
အဲဒီလက်တွေ ခြေတွေ ပါးစပ်တွေကို သွားပြီး ဆေးလိုက်တယ်။ တစ်ကြိမ်တစ်ခါ ဆေးရုံနဲ့ စင်သလား? မစင်ဘူးတဲ့။ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ဆေးကြောရတဲ့သဘော ရှိနေတယ်။ နောက်တစ်ခု ---
ထမင်းတွေ ဆိုကြပါစို့၊ ဆန်ကွဲတွေ ဖွဲတွေ အိုးတစ်လုံးတည်း ထည့်ပြီးတော့ ချက်လိုက်ပြီး မီးထဲ အပူပေးလိုက်ပြီဆိုလို့ရှိရင်တော့ တစ်ခါတည်း ပွက်ပွက်ဆူလာပြီ။ ပွက်ပွက်ဆူဝေကျလာတဲ့ အချိန်အခါမှာ အဲဒီ ဖုံးထားတဲ့ ထမင်းအိုးအဖုံးကိုလည်း လူးလဲပေကျံပြီးတော့ သွားတယ်။ အိုးနှုတ်ခမ်းတွေလည်း ပေကျံပြီး မသွားဘူးလား? ပေကျံသွားတယ်။ အဲဒီပုံစံအတိုင်းပဲ စားလိုက်တဲ့ အစာအာဟာရတွေဟာ ဝမ်းမီးလို့ခေါ်ဆိုအပ်တဲ့ ပါစက တေဇောဓာတ်မီးကနေပြီး မီးရှို့ပေးလိုက်တဲ့ အချိန်အခါမှာ အမြုပ်တွေတစီစီ အပေါ်တက်လာပြီ၊ တက်လာတဲ့အချိန်အခါမှာ အဲဒီအမြုပ်တစီစီ တက်လာတဲ့အခါ ဘာဖြစ်သလဲ? --
သွားတွေကို သွားချေးအဖြစ်နဲ့ ဒီအစာအာဟာရရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေက လာပြီးတော့ လူးလဲပေကျံပြီတဲ့နော်။
လျှာတို့ အာစောက်တို့စတဲ့ ထိုထိုအရပ်တွေမှာတော့ တံတွေးတို့ သလိပ်တို့စတဲ့ ဒီသဘောတရားတွေဖြင့် လာပြီး လူးလဲပေကျံမယ်။ မျက်စိမှာ မျက်ချေးအဖြစ်နဲ့ လာပြီး လူးလဲပေကျံတယ်၊ နားမှာ နားချေးအဖြစ်နဲ့, နှာခေါင်းမှာ နှပ်ချေးအဖြစ်နဲ့, အေး - ကျင်ကြီးအဖြစ်နဲ့, ကျင်ငယ်အဖြစ်နဲ့ သွားပြီးတော့ ဆိုင်ရာဒွါရအပေါက်တွေမှာ သွားပြီးတော့ လူးပြီး ပေကျံလိုက်ပြီ။
အစာအာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေက ဆိုင်ရာ ဆိုင်ရာ ဒွါရ (၉)ပေါက်မှာ လူးလဲပေကျံလိုက်ပြီ။ ပေကျံနေတဲ့ ဒီအညစ် အကြေးတွေကို နေ့တိုင်းနေ့တိုင်း ဆေးကြောသုတ်သင်ပေးပါတယ်။ နေ့တိုင်း နေ့တိုင်း ဆေးကြောသုတ်သင်ပေမယ့်လို့ ဒီဒွါရပေါက်တွေသည် စင်ကြယ် သန့်ရှင်းသွားသလား? စင်ကြယ်သန့်ရှင်းပြီး မသွားကြဘူးတဲ့နော်။ စိတ်နှလုံးကို မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့အဆင့်သို့ကော ပြောင်းလဲသွားသလား? မပြောင်းလဲသွားဘူးတဲ့နော်။
ဒီဒွါရပေါက်တွေမှာ လူးလဲပေကျံနေတဲ့ အညစ်အကြေးတွေကို လက်တစ်ခုနဲ့ သွားပြီး ဆေးလိုက်ပြီ။ ဆေးလိုက်တဲ့ ဒီလက်ကိုလည်း နောက်ထပ် တစ်ဖန်ပြန်ပြီး ဆေးရတဲ့သဘော မရှိဘူးလား? ရှိနေတယ်နော်။
နွားချေး, မြေညက်, နံ့သာမှုန့်, ဆပ်ပြာတွေနဲ့ နှစ်ခါသုံးခါလောက် ထပ်ပြီးဆေးမှ မကောင်းတဲ့ အနံ့အသက်တွေက ကင်းရှင်းသွားတတ်တယ်။ ဒါကြောင့် ဒီလိုအစာကြောင့် ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေရဲ့ လူးလဲပေကျံနေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဒီအာဟာရမှာ ရွံရှာစက်ဆုပ်ဖွယ်သဘောကို ရှုပါ။ ရှုတတ်မယ်ဆိုလို့ရှိရင်တော့ မိမိတို့ရဲ့ ပါရမီ အားလျော်စွာ ဥပစာရသမာဓိအထိတော့ သမာဓိဆိုက်နိုင်ပါတယ်။ ဒါက အာဟာရေပဋိကူလသညာခန်းမှာ လာရှိတဲ့ အစာအာဟာရကို စားသုံးနေတဲ့ အချိန်အခါမှာ ဆင်ခြင်ရမယ့် ဘဝမှ ထွက်မြောက်ကြောင်းဖြစ်နေတဲ့ နိဿရဏပညာတစ်မျိုး ဖြစ်ပါတယ်။ ခုဒီပုတ္တမံသူပမသုတ္တန်မှာတော့ ဘုရားရှင်က အစာအာဟာရနဲ့ ပတ်သက်ပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်သဘော သားရဲ့ အသားကို ပုံစံထားပြီးတော့ အစာအာဟာရရဲ့ ရွံရှာစက်ဆုပ်ဖွယ် သဘောကို ထပ်လောင်းပြီး ဆင်ခြင်စေချင်တဲ့အတွက် ဒီသုတ္တန်ကို ဟောနေတယ်။ အဲဒီတော့ ဒီနေရာမှာ ဒီသုတ္တန်မှာက သားရဲ့အသားနဲ့ ပတ်သက်ပြီးတော့ ပုံစံတူထားပြီး ဆင်ခြင်တဲ့အပိုင်းမှာ ရွံရှာစက်ဆုပ်ဖွယ် သဘောကို ဘယ်နှစ်မျိုး ထားသလဲဆိုတော့ (၉)မျိုးနော်။ ဘယ်နှစ်မျိုးလဲ? (၉)မျိုး၊ ခုနက အာဟာရေပဋိကူလသညာက ဘယ်နှစ်မျိုးလဲ? ဆယ်မျိုး။ အခု ဒီနေရာမှာကျတော့ (၉)မျိုးပဲ၊ ပုတ္တမံသူပမသုတ္တန်အကြောင်းကို ပြန်ဆက်ကြရအောင် ---
ဘဝမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာနဲ့ ပတ်သက်ပြီးတော့ အစာအာဟာရကို စားသုံးတဲ့အပိုင်းမှာ ဘုန်းကြီး အခု နှစ်မျိုး ဟောပြီးပြီ။ ယောဂီတွေအများစု နေ့စဉ်လိုလို ရွတ်ဖတ်နေတဲ့ ပစ္စဝေက္ခဏာဖြင့် ဆင်ခြင်ခြင်းနော်။ ဤသည့်စားဖွယ် အမယ်မယ်ကို ---- စသည်ဖြင့် ဒီလို ဆင်ခြင်ခြင်းလည်း ဒါ ဘဝမှ လွတ်မြောက်ကြောင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ဘဝနိဿရဏပညာတစ်မျိုး ဖြစ်ပါတယ်။ အခြေခံပညာတွေပဲ။
ပြီးတော့ တစ်ဆင့်တက်လိုက်တော့ ခုနကပြောတဲ့ အာဟာရေပဋိကူလသညာပဲ၊ နောက်တစ်ဆင့်ကတော့ ပုတ္တမံသူပမဆိုပြီးတော့ ဒီသုတ္တန်မှာ လာရှိတဲ့ အာဟာရနဲ့ပတ်သက်ပြီး ရွံရှာစက်ဆုပ်ဖွယ် အာဟာရေပဋိကူလသညာပဲ၊ အာဟာရေပဋိကူလသညာ တစ်မျိုးပဲ၊ အဲဒီမှာ ဘယ်လို ဖွင့်ထားသလဲ? ---
၁။ တွယ်တာမက်မောတဲ့ စိတ်ဓာတ်မရှိပါစေနှင့်
ဒီဇနီးမောင်နှံနှစ်ဦးက ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ မိမိတို့ရဲ့ သားရဲ့ အသားကလေးကို စားနေပြီ။ စားလိုက်တဲ့အချိန်အခါမှာ သူတို့က ဒီသားရဲ့ အသားအပေါ်၌ မက်မောတဲ့ စိတ်ထား တပ်မက်နေတဲ့ စိတ်ထားဖြင့် စားကြသလား? မစားကြဘူးတဲ့နော်။
အလယ်အလတ်မဇ္ဈတ္တအဖြစ်မှာ တည်ပြီးတော့ လိုလားတပ်မက်ခြင်း ဆန္ဒရာဂကင်းလျက် သုံးဆောင်ခြင်းဆိုတဲ့ နိစ္ဆန္ဒရာဂပရိဘောဂမှာ ရပ်တည်ပြီးတော့ စားနေကြတယ်။ အလယ်အလတ်မှာ တည်ပြီး စားတယ်။ နိစ္ဆန္ဒရာဂ ပရိဘောဂမှာ ရပ်တည်ပြီးတော့ စားတယ်ဆိုတာ ဘာပြောတာလဲမေးတော့ သူတို့ သွားနေတဲ့ ခရီးခဲလေး ကျော်လွှား လွန်မြောက်ရုံအတွက် ဦးတည်ချက်ကလေးနဲ့ စားနေတာတဲ့နော်။ ဒါက ဥပမာ။
ယောဂါဝစရရဟန်းဆိုတာ အစာအာဟာရစားပြီဆိုလို့ရှိရင် ဒီအစာအာဟာရအပေါ်၌ လိုလားတပ်မက်နေတဲ့ စိတ်ထားမရှိတဲ့ သုံးဆောင်ခြင်းဖြင့် သုံးဆောင်ပါ။ လိုလားတပ်မက်နေတဲ့ စိတ်ဓာတ်ဖြင့် စားရမလား? မစားရဘူး။ အဲ - အာလူးကလေးကို စားချင်တယ်ဆိုတဲ့ စိတ်ထားဖြင့် စီမံပြီး စားရမလား? မစားရဘူး။ ငါးခြောက်ကလေးကို စားချင်တယ်ဆိုတဲ့စိတ်ထားဖြင့် စီမံပြီး စားရမလား? မစားရဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်အာဟာရကိုပဲဖြစ်ဖြစ် စားချင်တယ်ဆိုတဲ့ စိတ်ဓာတ်ကလေးခြံရံပြီး စားရမလား? မစားရဘူးတဲ့နော်။ လိုလားတပ်မက်နေတဲ့စိတ်ဓာတ် ကင်းကင်းရှင်းရှင်းလေးနဲ့ ဒီအစာအာဟာရကို စားပါတဲ့၊ ဒါက ပုတ္တမံသူပမသုတ္တန်မှာလာတဲ့ အစာစားနည်းစနစ်တစ်ခုပဲ၊ ဒါက (နိဿရဏပညာ =) သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်တဲ့ ဉာဏ်ပညာတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု ---
၂။ ကောင်းနိုးရာရာကို ရွေးချယ်မစားပါနှင့် အစဉ်အတိုင်းသာ စားပါ
နံပါတ် (၂)ကျတော့ ဘာလဲ?
အဲဒီဇနှီးမောင်နှံ နှစ်ဦးတို့က ဒီသားရဲ့အသားကို စားလိုက်တဲ့ အချိန်အခါမှာ အရိုးတို့ အကြောတို့ အရေတို့ ဒါတွေကို မှီနေတဲ့ အသားတွေကို ဖယ်ရှားပြီးမှ ကောင်းပေ့ဆိုတဲ့ အသားကလေးတွေကို ရွေးပြီးတော့ စားတာ ဟုတ်သလား? မဟုတ်ဘူး။ မိမိတို့လက်ထဲ ရောက်လာတဲ့ အသားလောက်ကလေးကိုသာ မှီပြီးတော့ စားကြတယ်။ ဒါက ဥပမာ၊ အဲဒီဥပမာ အတိုင်းပဲ အစာစားပြီဆိုလို့ရှိရင် ဘုရားရှင်နှစ်ခြိုက်တဲ့ အလေ့အထတစ်ခုပေါ့နော်။ ရှေးဦးစွာ ဘာလုပ်ရမလဲ? ဒီအစာအာဟာရကို နယ်လိုက်ရတယ်။ နယ်ပြီး စားလိုက်တဲ့ အချိန်ခါမှာ ဘယ်လိုစားရမလဲ? ---
မကောင်းတဲ့ ခြောက်သွေ့နေတဲ့ မကောင်းတဲ့ ထမင်းတို့ မကောင်းတဲ့ အသားတွေ ငါးတွေ ဟင်းသီး ဟင်းရွက်တွေ အဲဒါတွေကို ဘေးဖယ်လိုက်၊ ဖယ်ပြီးတဲ့အခါကျတော့မှ ငုံးတွေ ကြက်တွေလိုတော့ မစားပါနှင့်တဲ့။ ငုံးစားတာတော့ မမြင်ဖူးလို့ ထားပါတော့၊ ကြက်ကတော့ မြင်ဖူးလိမ့်မယ်နော်။ ကြက်တွေ စားပြီဆိုလို့ရှိရင်တော့ ကိုယ်စားချင်တာကလေးကို ဒီအတိုင်း အစဉ်အတိုင်းစားတာ မဟုတ်ဘူး။ သူက ယက်လိုက်သေးတယ်၊ ယက်လိုက်ပြီးတဲ့အခါမှာ အထဲမှာ သူတို့ ကြည့်လိုက်တယ်၊ စားချင်တဲ့ ပိုးကောင်ကျမှ ဆတ်ကနဲ့ ကောက်ပြီး စားလိုက်တယ်၊ အပိုင်းအခြား မထားဘူးလား? ထားတယ်။ အကုန်လုံး စားမယ်ဆိုတဲ့သဘော မဟုတ်ဘူး။ ဆန်တွေ ဘယ်လောက်ပဲ ပက်ကျွေးကျွေး အကုန်လုံးစားမယ်ဆိုတဲ့သဘော မဟုတ်ဘူး။ သူတို့က ယက်ယက်ပြီးတော့မှ စားတယ်။ အဲဒီပုံစံအတိုင်းပဲ ယောဂီသူတော်ကောင်း သို့မဟုတ် ရဟန်းတော်တစ်ပါးက အစာစားပြီဆိုလို့ရှိရင် ဒီငုံးတွေ ကြက်တွေလို စိတ်ထားမျိုး မထားရဘူး။ အပိုင်းအခြားထားပြီးတော့ မစား ရဘူး။
ဘယ်လို စားရမလဲ? ငုံးတွေ ကြက်တွေလို အပိုင်းအခြား ထားပြီး စားတယ်ဆိုတာက ခုနက သပိတ်ထဲ နှိုက်ကြည့်လိုက်လို့ရှိရင် ဘယ်နေရာမှာ ဘာရှိတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကြည့်လိုက်ရင် မမြင် ဘူးလား? မြင်နေတယ်။ ဘယ်နေရာက ကောင်းတယ်။ ဘယ်နေရာက မကောင်းဘူးဆိုတာလည်း မသိဘူးလား? သိတယ်။
သိလိုက်တဲ့အချိန်အခါမှာ ထောပတ်တို့ အသားတို့ ကောင်းကောင်းရောနေတဲ့ မွန်မြတ်တဲ့ ဘောဇဉ်တွေကို ရွေးပြီးတော့ အရင်မစားရဘူးတဲ့နော်။ ဘယ်လို စားရမလဲ? ခြင်္သေ့လိုပဲ မိမိဘက်ကနေ စပြီးတော့ အစဉ်အတိုင်း စားရမယ်။ ခြင်္သေ့များဟာ သားကောင်တစ်ခုရလို့ စားပြီဆိုလို့ရှိရင် အစဉ်အတိုင်း စားတယ်။ ဟိုနေရာကျော်စား ဒီနေရာကျော်စား ဘယ်တော့မှ မစားဘူး။ ခြင်္သေ့လိုစိတ်ထားပြီး သူတော်ကောင်းဆိုတာက ခုနက သပိတ်ထဲ ရှိတာတွေကို အကုန်လုံး ရောမွှေလိုက်ပြီးတော့ မိမိဘက်ကနေ စပြီးတော့ အစဉ်အတိုင်း စားသွားရတယ်၊ ကျေနပ်တဲ့အချိန်အခါမှာ ရပ်လိုက်တယ်နော်။ ဒီစိတ်ထား ရှိရတယ်။ အဲဒီလိုဆိုလို့ရှိရင် ငါးခြောက်လေးတော့ ဒီနေ့ ကြော်စားလိုက်ရရင်တော့ ကောင်းမယ်ထင်တယ်။ အဲဒီ စိတ်ထားမျိုး ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ငပိလေး ဒီနေ့တော့ ကြော်ထားလိုက်ရင် ပုလင်းလေးနဲ့ ထည့်ထားလိုက်ရင်တော့ ကောင်းမယ်ထင်တယ်၊ ဒီစိတ်ထားမျိုးတော့ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဖြစ်နေမယ်ဆိုရင် ဒီအစာအာဟာရအပေါ်မှာ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်က သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာ ဟုတ်သေးလား? မဟုတ်တော့ဘူး။ အဲဒီလို ဖြစ်ခဲ့ပြီဆိုရင် ဘယ်လိုစားတာနဲ့ တူသလဲ? ငုံးတွေ ကြက်တွေ စားတာနဲ့ တူနေပြီ။ ခြင်္သေ့မင်းစားတာနဲ့ တူသေးလား? မတူတော့ဘူး။ ခြင်္သေ့မင်းစားသလို ဘုရားရှင်ကတော့ အစဉ်အတိုင်း မိမိဘက်ကနေ စပြီးတော့ စားစေချင်တယ်နော်။
သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ သိက္ခာ ကရဏီယာ
မိမိဘက်ကစပြီး အစဉ်အတိုင်း ဆွမ်းကို စားရမယ်ဆိုပြီးတော့ သိက္ခာပုဒ် ပညတ်ထားတာ မရှိဘူးလား? ရှိတယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေ ဘယ်မှာ နေကြသလဲလို့မေးရင် ဘုရားရှင်သာသနာမှာ မှီတင်းနေကြတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဘုရားရှင်သာသနာမှာ မှီတင်းနေရင် ဘုရားရှင်ရဲ့ အဆုံးအမကလေးတွေကို မလိုက်နာသင့်ကြဘူးလား? လိုက်နာသင့်ကြတယ်။ ဒါက တဏှာကို တိုက်ဖျက်နေတာပါ။ ဒီတဏှာ မကုန်သရွေ့ သံသရာဝဋ်ဆင်းရဲဒုက္ခကုန်မလား? မကုန်ဘူး။ ဒီတဏှာမကုန်သရွေ့ ခုနက မစင်တွေနဲ့ကော အဆက်အသွယ် ကင်းပါ့မလား? မကင်းနိုင်ဘူး။ နေ့စဉ် ရေဆေးပေးနေရပေမယ့်လို့ သန့်ရှင်းသွားသလား? မသန့်ရှင်းဘူး။ အဲဒီညစ်ပတ်တဲ့ ခန္ဓာအိမ်ကြီးနဲ့ မိမိက အမြဲတမ်း ဆက်စပ်နေရမယ်။ သို့သော် ဒီညစ်ပတ်နေတဲ့ ခန္ဓာအိမ်က ညစ်ပတ်ရုံနဲ့ သူက ရပ်နေသလား? မရပ်ဘူး။ ရောဂါအမျိုးမျိုးတို့ဖြင့် နှိပ်စက်မယ်၊ ဆင်းရဲတဲ့ ဒုက္ခဝေဒနာ အမျိုးမျိုးဖြင့် နှိပ်စက်မယ်၊ ဒီကြားထဲမှာ ဒီတဏှာရဲ့ အလိုကို လိုက်ပြီးတော့ သူ့အသက်သတ်ခြင်းအစရှိတဲ့ မကောင်းတဲ့ ဒုစရိုက်တွေ လွန်ကျူးခဲ့မိရင်လည်း အပါယ်သံသရာဝဋ်ဆင်းရဲဆိုတဲ့ ဒုက္ခတွေနဲ့လည်း ဆက်စပ်ပြီး မနေဘူးလား? ဆက်စပ်နေတယ်။ ဒါကြောင့် အစာအာဟာရကို အကြောင်းပြုပြီးတော့ မိမိတို့ရဲ့ သန္တာန်မှာ အကုသိုလ်တရားတွေ မတိုးပွားအောင် ဘုရားရှင်က နည်းစနစ်ပေးနေတယ်နော်။ နောက်တစ်ခု .. နံပါတ် (၃) ရောက်သွားပြီ။
၃။ မျှတရုံသာ စားသုံးပါ
ထိုဇနီးမောင်နှံနှစ်ဦးတို့ဟာ လည်ပင်းရောက်တဲ့အထိ သူတို့ အလိုရှိသလို စားကြသလား? မစားကြဘူး။ မိမိတို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ ဒီသားလေးရဲ့အသားကို စားတဲ့ အခါမှာ အလိုရှိသလောက် လည်ပင်းရောက်အောင် တဝကြီး ထိုင်စားကြတာ ဟုတ်သလား? မဟုတ်ဘူး။ နေ့တိုင်းနေ့တိုင်း အနည်းငယ် အနည်းငယ် မိမိတို့နဲ့ မျှတရုံပမာဏလောက်ကလေးကိုသာလျှင် စားကြတယ်။ ဒါက ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ စိတ်ထားပဲ။ အဲဒီဇနီးမောင်နှံ နှစ်ဦးတို့မှာ ဒီစိတ်ထားရှိသလို နောက်ထပ် ဥပမေယျကို အဋ္ဌကထာက ဘယ်လို ဆက်ဖွင့်သလဲ? ---
ယာဝဒတ္ထံ ဥဒရာဝဒေဟကံ အဘုဉ္ဇန္တေန စတုန္နံ ပဉ္စန္နံ ဝါ အာလောပါနံ ဩကာသံ ဌပေတွာဝ ဓမ္မသေနာပတိနာ ဝိယ ပရိဘုဉ္ဇိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၉၉။)
လက်ကို ဆွဲပြီး ထူပေးရလောက်အောင် အစားကြီးတဲ့ အာဟာရဟတ္ထကပုဏ္ဏား, စားတဲ့ နေရာမှာပဲ လဲသွားတဲ့ တတြဝဋ္ဋကပုဏ္ဏား, စားပြီးတဲ့ အခါ ပုဆိုးကို ဝတ်လို့ကို မရနိုင်လောက်အောင် အစားကြီးတဲ့ အလံသာဋက ပုဏ္ဏား, ပါးစပ်ထဲ ကျီးနှိုက်လို့ရလောက်အောင် စားတဲ့ ကာကမာသကပုဏ္ဏား, စားပြီးတဲ့နေရာမှာ ထိုးအန်လောက်အောင်ကို အစားကြီးတဲ့ ဘုတ္တဝမိတက ပုဏ္ဏား ပေါင်းလိုက်တော့ အစားကြူးတဲ့ပုဏ္ဏား (၅)ဦး ရှိကြတယ်။ အဲဒီလို ပုဏ္ဏားမျိုးတွေ လောကမှာ ရှိသလားလို့မေးရင် ဘယ်လိုဖြေမလဲ? အဲဒါ ရှိမရှိတော့ မသိဘူး။ ဘုန်းကြီး ကြားဖူးတာကလေးတစ်ခုကို ပြောဦးမယ်။ဘုန်းကြီးတို့ အစင်မှာ နေစဉ်အခါတုန်းက ကပ္ပိယလုပ်တဲ့ ဒကာကြီးက သူ ငယ်စဉ်က အတွေ့အကြုံကလေး တစ်ခုကို သူက လျှောက်ထားတယ်။ သူက လမိုင်းသားပဲ၊ မော့ကနင်ဘက်မှာ သူတို့က တောင်ယာသွားပြီး လုပ်တယ်။ တောင်အရှေ့ဘက်က ဒကာကြီးတွေ ဒကာမကြီးတွေ အမျိုးသားတွေက ခုလို တော်သလင်းလလောက် ရောက်လာပြီဆိုလို့ရှိရင် တောင် အနောက်ဘက် ကော့ဒွတ်တို့လို လမိုင်းတို့လို ဒီလို ရွာတွေကို သွားကြတယ်။ အဲဒီရွာတွေမှာက ဘာလုပ်ကြသလဲ? ဘုရားဆွမ်းတော်ကြီး တင်ကြတယ်။ တော်သလင်းလပြည့် ဆိုလို့ရှိရင် ဘုရားဆွမ်းတော်တင်ကပ်ပွဲရှိတော့ တောင်အရှေ့ဘက်က ဒကာကြီးတွေ အမျိုးသားတွေက တောင်အနောက်ဘက်က လူတွေဆီ လာပြီးတော့ မုန့်ဖက်ထုတ်စတဲ့ စားဖွယ်သောက်ဖွယ်တွေကို စားကြသောက်ကြတယ်။ တစ်နေ့ တောင်အရှေ့က ဒကာကြီး တစ်ယောက်က အဲဒီ ကော့ဒွတ်မှာ သွားပြီး စားတယ်။ စားပြီးတော့ ပြန်လာရော၊ ပြန်လာတဲ့အခါမှာ သူ တောင်ယာလုပ်နေတဲ့ မော့ကနင်တဲလေးကို ရောက်လာတယ်။ ရောက်လာတော့ သူ့ဆီလာပြီး အကူအညီတစ်ခု တောင်းတယ်။ တဲမှာ ခဏဝင်ပြီး နားပါရစေတဲ့၊ အေး - နားပါ၊ ရပါတယ်။ ဘာဖြစ်လို့လဲ? ဒီနေ့ နေလို့ မကောင်းဘူးတဲ့၊ ဘယ်လို ဖြစ်လာသလဲ? ဘာများ စားမိသလဲ? ဗိုက်ထဲမှာ နေလို့မကောင်းဘူး။ ဘာများ စားမိသလဲမေးတော့ မုန့်ဖက်ထုတ်တွေ စားလာ တယ်တဲ့၊ အခုမနက်က မုန့်ဖက်ထုတ်မျိုးတွေ ထင်ပါရဲ့၊ အထဲမှာ အုန်းသီးနဲ့ သကြားနဲ့ ထည့်ပြီး ဌာပနာထုပ်ထားတဲ့ မုန့်ဖက်ထုပ်တွေကို စားလာခဲ့တယ်တဲ့၊ ဘယ်လောက်များ စားခဲ့သလဲ? မများပါဘူးတဲ့၊ အထုပ် (၂၀၀)လောက်ပဲ စားခဲ့တယ်တဲ့။ အထုပ် (၂၀၀)လောက် စားလာတယ်ဆိုပြီးတော့ အဲဒီတဲထဲက တိုင်ကလေးတစ်ခုကို မှီပြီးတော့ နားနေရင်း အဲဒီမှာပဲ သေသွားရှာတယ်တဲ့။ ရဟန်းဆိုတာ အဲဒီပုံစံမျိုးနဲ့ စားရမလား? မစားရဘူးတဲ့နော်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ ညွှန်ကြားချက်
ဆွမ်းစားတဲ့အချိန်အခါမှာ အဲဒီလိုဗိုက်ပြည့်အောင် မစားပါနဲ့၊ ဒီပုဏ္ဏားကြီး (၅)ဦးတို့လို ဗိုက်ပြည့်အောင် မစားဘဲ ဆွမ်းလေးလုတ်စာ ငါးလုတ်စာလောက်ကို ချန်ထားပါ။ မစားနဲ့၊ လေးလုတ်စာ ငါးလုတ်စာလောက်ကို ချန်ထားပြီးတဲ့အခါ အဲဒီကျန်နေတဲ့ အစာအိမ်နေရာကို ပြည့်သွားအောင် ရေသောက်ပေးရတယ်။ အဲဒီတော့ ဒီနေရာမှာ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ ထုံးလေးကို အဋ္ဌကထာက ဖွင့်ပြထားတယ်။
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးဟာ ဆွမ်းစားပြီးတဲ့ နောက်ပိုင်းကာလမှာ လေချဉ်တက်မှုကို ဖြစ်ပေါ်စေလောက်အောင် တစ်ခါမှ တစ်နေ့မှ အစာအာဟာရကို မစားမိခဲ့ဖူးဘူး။ အဲဒီလို မစားခဲ့တဲ့အတွက် ဘာဖြစ်သလဲ? (သီဟနာဒံ နာဒန္တော ဣမံ ဂါထမာဟ =) ခြင်္သေ့မင်းကဲ့သို့ ကြုံးဝါးလိုတဲ့ အတွက် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက သူ့ရဲ့ ထေရာပဒါန်မှာ သူ့ရဲ့ ဇာတ်ကြောင်းကို ပြန်ပြောင်းပြီး ရဟန်းတွေကို ဟောပြတဲ့အပိုင်းမှာ ဒီဂါထာကလေးကို ထည့်ပြီးတော့ ရွတ်သွားတယ်နော်။ ဘယ်လိုလဲ?
စတ္တာရော ပဉ္စ အာလောပေ၊ အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊ ပဟိတတ္တဿ ဘိက္ခုနော။ (ခု၊၂၊၃၄၃။ ထေရဂါထာပါဠိ၊ဂါထာနံပါတ်-၉၈၃။)
စတ္တာရော ပဉ္စ အာလောပေ = လေးလုတ် ငါးလုတ်တို့ကို။ အဘုတွာ = မစားမူ၍။ ဥဒကံ = ရေကို။ ပိဝေ = သောက်သုံးလေရာ၏။ ဧတံ = ဤကဲ့သို့သော အစာအာဟာရကို စားသုံးတဲ့နည်းသည်ကား။ ပဟိတတ္တဿ = နိဗ္ဗာန်သို့ စေလွှတ်ထားအပ်သော စိတ်ထားရှိသော။ ဘိက္ခုနော = ယောဂါ ဝစရ ရဟန်းတော်အဖို့။ ဖာသုဝိဟာရာယ = ချမ်းချမ်းသာသာနေထိုင်ခြင်းငှာ။ အလံ = သင့်တင့်လျောက်ပတ်လှပေ၏။
အစာစားတဲ့အချိန်အခါမှာ လေးလုတ်ငါးလုတ်လောက် မစားပါနဲ့။ မစားဘဲနဲ့ ရေကိုသာ သောက်လိုက်ပါ၊ အဲဒီလို နေထိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ ဒီလိုစားသုံးခြင်းသည် နိဗ္ဗာန်သို့ စေလွှတ်ထားတဲ့ စိတ်ဓာတ်ရှိနေတဲ့ ရဟန်းတော်တစ်ပါးအဖို့ ချမ်းချမ်းသာသာနေဖို့ရန် လုံလောက်ပါပြီ။ ဒီလို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ကြုံးဝါးခဲ့ဖူးတယ်။ သို့သော် ဒီနေရာမှာ မူကွဲကလေးတော့ ရှိတယ်။ မူကွဲကလေးကတော့ ---
စတ္တာရော ပဉ္စ အာလောပေ၊ အဘုတွာ ဥဒကံ ပိဝေ။
ဒါကတော့ မူတော်တော်ခပ်များများမှာ ရှိပါတယ်။ သို့သော် မူလဋီကာ ဆရာတော်က ဒီနေရာမှာ မူကွဲတစ်ခု ရှိတဲ့အကြောင်း သူက ထုတ်ပြထားတယ်။ (စတ္တာရော ပဉ္စ အာလောပေ၊ ဘုတွာန ဥဒကံ ပိဝေ)ဆိုပြီး ဒီလိုလည်း မူကွဲတစ်ခု ရှိတဲ့အကြောင်းကို ဖွင့်ဆိုထားတယ်။ ဒီစကားရပ်က ဘာကို ဆိုလိုပါသလဲ?
စတ္တာရော ပဉ္စ အာလောပေ = လေးလုတ် ငါးလုတ်တို့ကို။ ဘုတွာန = စားပြီးနောက်။ ဥဒကံ = ရေကို။ ပိဝေ = သောက်၍ နေလေရာ၏။
တရားအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာ လေးလုတ်ငါးလုတ်ပဲ စားပါ။ စားပြီး ရေသာ သောက်နေပါ။ အဲဒီလို ဝါဒတစ်ခု ရှိတဲ့အကြောင်းကို ဖော်ပြထားတယ်။ အဲဒီတော့ အဲဒီဝါဒနှစ်ခုမှာ ဘယ်ဝါဒက ပိုကောင်းသလဲဆိုတော့ ဒီအချက်နဲ့ပတ်သက်ပြီးတော့ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဖြစ်တော်မူတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးကတော့ လေးလုတ် ငါးလုတ်လောက်သာ စားပြီး ရေသောက်နေပါဆိုတဲ့ ဝါဒကို သူက ပိုကြိုက်တယ်တဲ့၊ ဘာဖြစ်လို့လဲ? သူက နည်းနည်းလောက်ပဲ စားတာကို၊ သူက နည်းနည်းလောက်ပဲ စားတော့ အဲဒီဝါဒကို သူကတော့ ပိုကြိုက်တယ်ဆိုပြီး မိန့်ဆိုထားတယ်။ ဘုန်းကြီးတို့လည်း ရှေးတုန်းက ဒီဝါဒကို သိပ်လက်မခံချင်သလိုလိုပဲ။ ခုတော့ အဲဒီဝါဒကို လက်မခံချင်ပေမယ့် လက်ခံရမလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ? အသက်ကြီးလာတော့ သူက သိပ်မစားနိုင်တော့ဘူး။ အစာအိမ်က ကျဉ်း လာတယ်။ ကျဉ်းလာတဲ့အချိန်အခါကျတော့ လေးလုတ်ငါးလုတ်လောက် စားပြီး ရေသောက်နေမယ် ဆိုလို့ရှိရင်လည်း မမျှတဘူးလား? ကြည့်ပြောနော်။ တော်ကြာ မုသားဖြစ်နေဦးမယ်။ အဲဒီတော့ မျှတမယ်ဆိုရင် အဲဒီလောက်ပဲ စားပြီး တရားအားထုတ်ပါတဲ့။ သိပ်ဗိုက်ကို တင်းအောင် မစားရဘူးနော်။ ဇနီးမောင်နှံနှစ်ဦးတို့က မိမိတို့ရဲ့ သားကလေးရဲ့အသားကို စားတဲ့ အချိန်အခါမှာ ဗိုက်ကြီး တင်းသွားအောင် စားတာ မဟုတ်ဘူး။ တစ်နေ့တစ်နေ့ မျှတရုံလောက်ကလေး ချိန်ပြီးတော့ နည်းနည်းကလေးပဲ စားကြသလို တရား အားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာက တစ်နေ့တာကာလ မိမိနဲ့တိုင်းတာပြီး မျှတရုံလောက်ကိုသာ စားရပါတယ်။ ဒါက နည်းစနစ်တစ်ခု၊ ဥပမာ တစ်မျိုးနော်။ နောက်တစ်ခု ဒီပုတ္တမံသူပမသုတ္တန်မှာဟောတဲ့ နောက်ဥပမာတစ်ခုက ဘာလဲ?
၄။ ဝန်တိုခြင်း = မစ္ဆရိယကင်းတဲ့ စိတ်ဓာတ်ဖြင့် စားပါ
ဇနီးမောင်နှံနှစ်ဦးတို့ ဒီသားလေးရဲ့အသားကို စားလိုက်တဲ့အချိန်အခါမှာ တစ်ဦးအပေါ်တစ်ဦး ဝန်တိုစောင်းမြောင်းနေတဲ့, ငြူစူစောင်းမြောင်းနေတဲ့ ဒီစိတ်ထားမျိုး ရှိသလား? မရှိဘူးနော်။ ဝန်တိုခြင်း အညစ်အကြေးကင်းပြီးတော့ တစ်ဦးပေါ်မှာတစ်ဦး စင်ကြယ်သန့်ရှင်းနေတဲ့ စိတ်ဓာတ်ဖြင့်သာ စားကြတယ်။ ဒါက ခုလို အများစုနေထိုင်တဲ့ အပိုင်းလေးတွေမှာ တစ်ဦးအပေါ်တစ်ဦး ဝန်တိုခြင်းမစ္ဆရိယ အညစ်အကြေး ကင်းကင်းရှင်းရှင်းကလေးနဲ့ ကင်းရှင်းစင်ကြယ်နေတဲ့ စိတ်ဓာတ်ဖြင့် အစာအာဟာရကို စားတတ်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ ဒါက သတိသိပ်ရှိဖို့ လိုတယ်နော်။ ရဟန်းတွေဘက်ကို ဘယ်လို ဆက်ပြီးတော့ အဋ္ဌကထာက ဖွင့်ထားသလဲ?
ဆွမ်းလေး ရလာပြီ၊ ရလာပြီဆိုလို့ရှိရင် ဒီဆွမ်းအပေါ်မှာ ဝန်တိုခြင်း မစ္ဆရိယအညစ်အကြေး ကင်းရမယ်။ ဝန်တိုတယ်ဆိုတာကတော့ ဒီဆွမ်းကို သူတစ်ပါးနဲ့ ဆက်ဆံတာကို မနှစ်ခြိုက်တဲ့သဘောကို ဝန်တိုတယ်ခေါ်တယ်။ ဒီနေရာမှာ သူတစ်ပါးနဲ့ ဆက်ဆံတာကို မနှစ်ခြိုက်တဲ့စိတ်ထား သူတော်ကောင်းမှန်ရင် မရှိရဘူးတဲ့နော်။ ကိုယ်အစာအာဟာရကလေးကို သူများ စားလိုက်ရင် မကျေနပ်တဲ့စိတ်ထား ရှိရမလား? မရှိရဘူးလား? မရှိရဘူး။ ငါက နှမြောလို့ပြောတာ မဟုတ်ပါဘူး။ နင် ငါ့ကို ဒီလိုလာစော်ကားတာ နည်းနည်းမှ မခံနိုင်ဘူး ဒီပုံစံမျိုး ရှိရမလား? မရှိရဘူးတဲ့နော်။ ဝန်တိုခြင်း မစ္ဆရိယ အညစ်အကြေးကင်းတဲ့ စိတ်ထားဖြင့် အစာအာဟာရကို စားစမ်းပါ။ ဘယ်လိုလဲ? အကယ်၍ သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်ရှိခဲ့ရင် ဒီအလှူခံပုဂ္ဂိုလ်က ငါသပိတ်ထဲ ရလာတဲ့ ဒီဆွမ်းကို အကုန်အလှူခံမယ်ဆိုရင် ငါအကုန်လုံး လှူမယ်၊ တစ်ဝက် အလှူခံရင် တစ်ဝက်လှူမယ်၊ သူတို့ အလှူခံပြီးလို့ ကျန်နေတာ ရှိခဲ့ရင်တော့ ငါ စားမယ်၊ မကျန်ရင်တော့ မစားတော့ဘူးဆိုတဲ့ ဒီစိတ်ထားလေး မွေးပြီးတော့ သာရဏိယဓမ္မလို့ ခေါ်ဆိုအပ်တဲ့ ကျင့်ဝတ် ပဋိပတ်မှာ ရပ်တည်ပြီးတော့မှသာလျှင် အစာအာဟာရကို ဘုဉ်းပေးထိုက်တယ်။ သာရဏိယဓမ္မဆိုတာက ဖြည့်ကျင့်လို့ တော်တော်လေးခက်ခဲတဲ့ ဝတ်တစ်ခုပါနော်။
သီလစင်စင်ကြယ်ကြယ် ရှိရမယ်။ သီလစင်ကြယ်နေတဲ့ မိမိရဲ့ သီတင်းသုံးဖော်တွေကို လှူပြီးမှသာ စားတယ်။ မလှူဘဲနဲ့ ဘယ်တော့မှ မစားဘူး။ ဒီဝတ်ကို ဆောက်တည်ထားရတယ်။ အဲဒီလို ဝတ်ကလေး ဖြည့်ကျင့်ပြီးတော့မှသာလျှင် ရဟန်းဆိုတာ စားသင့်ပါတယ်နော်။ ဘာဖြစ်လို့လဲ? တစ်ဦးနဲ့ တစ်ဦး ခဏခေတ္တကလေး တွေ့ကြတာနော်။ တစ်ဦးနဲ့တစ်ဦး ခဏခေတ္တကလေး တွေ့တဲ့ အချိန်အခါကလေးမှာ ဒီအစာအာဟာရကို အကြောင်းပြုပြီးတော့ တစ်ဦးနဲ့ တစ်ဦး မေတ္တာဓာတ်ကလေးတွေ ကူးလူး ဆက်ဆံစေချင်တဲ့ စိတ်ထား ဘုရားမှာ ရှိပါတယ်။
ဇနီးမောင်နှံ နှစ်ဦးတို့က ဒီသားကလေးရဲ့အသားကို စားလိုက်တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဝန်တိုခြင်းဆိုတဲ့ အညစ်အကြေးတွေ ရှိကြသလား? မရှိဘူး။ ဒီလိုပဲ သီတင်းသုံးဖော်တွေက အခုလို နေထိုင်တဲ့အပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အစာအာဟာရကို အကြောင်းပြုပြီး ဝန်တိုစဉ်းလဲနေတဲ့ စိတ်ဓာတ်ကလေးတွေ မရှိစေချင်ဘူးတဲ့နော်။ ကဲ - နောက်ဥပမာတစ်ခု၊ ဥပမာဘယ်နှစ်ခု ပြီးသွားပြီလဲ? လေးခု ပြီးသွားပြီနော်။ နောက် (၅)ခုမြောက် ဥပမာ ----
၅။ အတ္တစွဲ မရှိပါစေနှင့် - အမှန်တရားကို သိနေပါစေ
ဇနီးမောင်နှံနှစ်ဦးတို့က ဒီသားကလေးရဲ့အသားကို စားလိုက်တဲ့ အချိန် အခါမှာ အခု ငါတို့စားနေတာဟာ သမင်သားပဲ၊ တို့စားနေတာဟာ ဒေါင်းသားပဲ၊ ဒီလို စိတ်ထားမျိုး ရှိကြသလား? မရှိကြဘူး။ တို့စားနေတာက ကြက်သားပဲ၊ တို့စားနေတာက ဝက်သားပဲဆိုတဲ့ ဒီစိတ်ထားမျိုးကော ရှိကြသလား? မရှိကြဘူး။ ဘယ်လို စိတ်ထားမျိုးသာ ရှိကြသလဲ? တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားရဲ့အသားကလေးပဲဆိုတဲ့ အသိနဲ့ စားနေကြတယ်နော်။
ဇနီးမောင်နှံနှစ်ဦးတို့က အသားကိုစားတဲ့ အချိန်အခါမှာ တို့ စားနေတဲ့ အသားသည် သမင်သားဖြစ်တယ်၊ ဒေါင်းသားဖြစ်တယ် စသည်ဖြင့် ဒီလိုစိတ်ထား မရှိကြပါဘူး။ တို့အင်မတန် ချစ်မြတ်နိုးနေတဲ့ သားရတနာရဲ့အသား ဖြစ်တယ်လို့ ဒီလိုသိရှိတဲ့စိတ်ထားနဲ့ စားနေကြတယ်။ ဒါက ဥပမာပဲ။ အဲဒီ ဥပမာနဲ့ နှိုင်းခိုင်းပြီးတော့ ရဟန်းတော်တို့ စိတ်ထားရမယ့် အချက်ကို ဘုရားရှင်က ဆက်လက်ပြီး ဟောတော်မူပြန်တယ်။
ဆွမ်းကလေးရလာပြီဆိုလို့ရှိရင်တော့ ငါစားနေတယ်။ ငါခဲနေတယ် ဆိုတဲ့ ဒီစိတ်ထားကို မဖြစ်စေရဘူး။ အတ္တနှင့် ယှဉ်တွဲနေတဲ့ အယူအဆ သမ္မောဟတရားကို မရောက်ရှိစေဘဲ စားရမယ်။ ဒီအပိုင်းကလေးမှာတော့ ဘုန်းကြီး သမုတိသစ္စာပိုင်း ပရမတ္ထသစ္စာပိုင်းဆိုပြီးတော့ အပိုင်းကဏ္ဍ (၂)ပိုင်း ထားပြီးတော့ ခွဲပြီးဟောဖို့ ရည်ရွယ်ထားပါတယ်နော်။
ဒီတော့ ဒီဇနီးမောင်နှံနှစ်ဦးတို့က အသားကိုစားတဲ့ အချိန်အခါမှာ ဒါက သမင်သားပဲ၊ ဒါက ဒေါင်းသားပဲ စသည်ဖြင့် ဒီလိုစိတ်ထား ရှိကြသလား? မရှိကြဘူး။ တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားရဲ့အသား ဖြစ်တယ်လို့ ဒီအသိစိတ်ဓာတ်နဲ့ စားနေကြတယ်။
အလားတူပဲ ဘုန်းကြီးတို့ ဒီယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက အာဟာရကို စားသုံးတဲ့အပိုင်းမှာလည်း ဒီစိတ်ထားကလေးတွေရှိဖို့ လိုအပ်ပါတယ်။ ဒီစိတ်ထားဆိုတာ ဘာပြောတာလဲ? နည်းနည်းလေး နှိုက်ပြီး တွေးခေါ်တတ်ဖို့တော့လိုတယ်။ အဲဒီတော့ မိမိတို့ စားနေတဲ့အာဟာရက ကြက်သားကို စားတယ်ဆိုလို့ရှိရင် တို့စားနေတာဟာ ကြက်သားကို စားတာ မဟုတ်ဘူး။ တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့အသားကို စားနေတယ်။ ဝက်သားကို စားတယ်ဆိုလို့ရှိရင်လည်း တို့ဟာ ဝက်သားကို စားနေတာ မဟုတ်ဘူး။ တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့ အသားကို စားနေတယ်။ ငါးကို စားရင်လည်း တို့ ငါးကို စားနေတာ မဟုတ်ဘူး။ တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့ အသားကို စားနေတယ်လို့ ဒီလိုစိတ်ထား ရှိတတ်ဖို့ လိုတယ်။ ဒီတော့ မေးစရာတော့ ရှိတာပေါ့လေ။
ကြက်သားက ကြက်သားပဲပေါ့၊ ဝက်သားက ဝက်သားပဲပေါ့၊ ဘယ်လိုလုပ် သားဖြစ်မလဲလို့ ဒီလိုတော့ မေးစရာရှိတယ်နော်။ ဒီအပိုင်းကလေးမှာ ဘုန်းကြီး အနမတဂ္ဂသံယုတ်မှာ မြတ်စွာဘုရားဟောထားတဲ့ ဒေသနာတော်ကလေးတွေကို ဘုန်းကြီး နည်းနည်းလေး ဒီညဆက်ပြီးဟောဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအနမတဂ္ဂသံယုတ်မှာ မာတုသုတ္တန် ပိတုသုတ္တန် စသည်ဖြင့် ဟောထားတယ်နော်။
သံသရာကြီးက သိပ်ရှည်တယ်၊ အဝိဇ္ဇာနီဝရဏတရားတွေက ပိတ်ဖုံးကာဆီးထားတယ်၊ တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ထားတယ်၊ ဘယ်လိုအဝိဇ္ဇာတွေက ပိတ်ဖုံးကာဆီးပြီး ထားသလဲ? ဒါက ကြက်သားပဲ၊ ဒါက ဝက်သားပဲ၊ ဒါက ငါးပဲ၊ ဒါက အမဲပဲ၊ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက ပုဂ္ဂိုလ်, ဒါက သတ္တဝါ, ဒါက လူ, ဒါက နတ်, ဒါက ဗြဟ္မာစသည်ဖြင့် ဒီလိုသိနေတဲ့ အသိသည် မှားသလား? မှန်သလား? မှားတယ်။ အဲဒီအသိမှားမှုကို ဘာခေါ်သလဲ? အဝိဇ္ဇာ။ ဘာဖြစ်လို့ မှားတယ် ပြောရသလဲလို့မေးတော့ ပရမတ္ထသစ္စာနယ်ကနေ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ကြက်တို့ ဝက်တို့ အသားတို့ ငါးတို့စတဲ့ လူ နတ် ဗြဟ္မာစတဲ့ ဒီသတ္တဝါတွေကို ဖမ်းပြီး ဓာတ်ခွဲကြည့်လိုက်တဲ့ အချိန်အခါမှာ ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရား အစုအပုံ ရှိတယ်၊ ရုပ်နာမ်ပရမတ် အစုအပုံတွေ ရှိကြတယ်။ အသညသတ်သတ္တဝါတွေအတွက် ရုပ်တရားလို့ သိခဲ့မယ်ဆိုရင် အရူပသတ္တဝါတွေအတွက် နာမ်တရားလို့ သိခဲ့မယ်ဆိုရင် ပဉ္စဝေါကာရလို့ခေါ်တဲ့ ခန္ဓာငါးပါးရှိတဲ့ နယ်ပယ်မှာ တည်ရှိနေကြတဲ့ သတ္တဝါတွေအတွက် ရုပ်တရား နာမ်တရား အစုအပုံတွေပဲလို့ သိခဲ့မယ်ဆိုရင် ထိုအသိသည် မှားသလား? မှန်သလား? မှန်နေတယ်။
ထိုရုပ်တရား နာမ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ မဖြစ်ခင်ကလည်း မရှိဘူး။ ဖြစ်ပြီးနောက်လည်း မရှိဘူး။ မရှိခြင်းနှစ်ခုတို့ရဲ့ အလယ်ခေါင်၌ ယာယီအခိုက်အတန့်အားဖြင့် ဖြစ်ပေါ်လာတဲ့ ဓမ္မသဘာဝတွေသာ ဖြစ်ကြတယ်။ အဲဒီအသိဉာဏ်ရှိခဲ့ရင်လည်း မှန်တယ်။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတွေပဲလို့ သိခဲ့ရင်လည်း မှန်တယ်။ အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံလို့ သိခဲ့ရင်လည်း မှန်တယ်။ အဲဒီလို အမှန်အတိုင်းသိတတ်တဲ့ ပရမတ္ထဉာဏ်ပညာမျက်စိ မရှိဘူး။ ကြက်လို့ သိတယ်၊ ဝက်လို့ သိတယ်၊ ငါးလို့ သိတယ်၊ အသားလို့ သိတယ်၊ အမဲလို့ သိတယ်၊ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာလို့ သိတယ်။ ဒီလိုအသိသည် မှားသလား? မှန်သလား? မှားနေတယ်နော်။ အဲဒီအသိမှားမှုအဝိဇ္ဇာကို အခြေတည်ပြီးတော့ ထိုထိုဘဝ ထိုထိုအာရုံတွေကို တွယ်တာမက်မောနေတဲ့ တဏှာက ရစ်ပတ်နှောင်ဖွဲ့ထားတဲ့အတွက် သတ္တဝါတွေ သံသရာခရီး ကျင်လည်လိုက်တာ သိပ်ပြီးတော့ ရှည်လျားတယ်နော်။ ထိုဘဝမှ ဤ ဘဝသို့ တပြောင်းပြန်ပြန် ကျင်လည် ကျက်စား ပြေးသွားနေရတဲ့ ဘဝတွေက သိပ်များတယ်။ တစ်ခုသော ဘဝမှာလည်း ထပ်ခါထပ်ခါ ကျင်လည်ကျက်စား ပြေးသွားနေရတာကလည်း သိပ်များတယ်။ သံသရာခရီး သိပ်ရှည်တယ်။ ဘယ်လောက်အထိ ရှည်သလဲလို့ မေးလို့ရှိရင် မိမိတို့ ဉာဏ်က ကြီးမားလို့ လှမ်းပြီးရှုမယ်ဆိုရင် မသိအပ် မသိနိုင်လောက်အောင် အလွန် ရှည်လျားတယ်လို့ ဒီလို ဘုရားရှင် ဟောထားတော်မူတယ်နော်။ ရှည်လျားတော့ ဘာဖြစ်သလဲ?
အနမတဂ္ဂဒေသနာတော်များကို သတိရပါ
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န မာတာဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။ (သံ၊၁၊၃၉၅။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣမိနာ ဒီဃေန အဒ္ဓုနာ = ဤကဲ့သို့ ရှည်လျားလှစွာသော သံသရာခရီးကာလပတ်လုံး။ ယော =အကြင် သတ္တဝါသည်။ န မာတာဘူတပုဗ္ဗော =အမိမဖြစ်ခဲ့ဖူးပေ။ သော သတ္တော = ထိုကဲ့သို့ အမိမဖြစ်ဖူးတဲ့သတ္တဝါကို။ သုလဘရူပေါ = ရလွယ်သော သဘောရှိသည်။ န ဟောတိ = မဖြစ်နိုင်ပေ။
ဒီလောက်ရှည်လျားတဲ့ သံသရာခရီးအတွင်းမှာ ဒီသတ္တဝါသည် ငါ့ရဲ့အမိ မတော်ဖူးဘူးလို့ လှမ်းပြီး ရှာဖွေကြည့်မယ်ဆိုရင် အမိမတော်ခဲ့ဖူးတဲ့သတ္တဝါဟာ အလွန် ရခဲ့တဲ့သဘော ရှိတယ်။ သတ္တဝါတွေဟာ အားလုံး မိမိရဲ့ အမေတွေ မတော်ခဲ့ဖူးကြဘူးလား? တော်ခဲ့ဖူးကြတယ်။ ဘုရားရှင်က သတ္တဝါအချင်းချင်း အပေါ်မှာ ဒီလို မိခင်စိတ်ဓာတ်ကလေး ပြန်ပြီးတော့ မွေးစေချင်တယ်နော်။ နောက်တစ်ခု ---
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န ပိတုဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။ (သံ၊၁၊၃၉၅။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့...။ ဣမိနာ ဒီဃေန အဒ္ဓုနာ = ဤကဲ့သို့ ရှည်လျားလှစွာသော သံသရာခရီးကာလပတ်လုံး။ (ဝါ) သံသရာခရီးကာလ၌။ ယော = အကြင်သတ္တဝါသည်။ န ပိတုဘူတပုဗ္ဗော = အဖမဖြစ်ခဲ့စဖူးပေ။ သော သတ္တော = ထိုကဲ့သို့ အဖမဖြစ်စဖူးတဲ့ သတ္တဝါကို။ သုလဘရူပေါ = ရလွယ်သောသဘောရှိသည်။ န ဟောတိ = မဖြစ်နိုင်ပေ။
ဒီလောက်ရှည်လျားတဲ့ သံသရာခရီး ကျင်လည်စဉ်အချိန်အခါမှာ ဒီသတ္တဝါက ငါ့ရဲ့အဖေမတော်ခဲ့ပါဘူးလို့ ဒီလို သတ္တဝါတစ်ယောက်ကို လက်ညှိုးထိုးပြီး လိုက်ပြီးပြောမယ်ဆိုရင် ရလွယ်တဲ့သဘော ရှိသလား? မရှိနိုင်ဘူး။ သံသရာခရီးက သိပ်ရှည်တယ်။ ရှည်လျားလှစွာသော သံသရာခရီးမှာ အမေမတော်ဖူးတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အဖေမတော်ဖူးတဲ့ပုဂ္ဂိုလ် မရှိဘူး။ နောက်တစ်ခု ---
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န ဘာတာဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။ (သံ၊၁၊၃၉၅။)
ဒီလောက်ရှည်လျားလှတဲ့ သံသရာခရီးမှာ ဒီသတ္တဝါက ငါ့ရဲ့အစ်ကို မတော်ခဲ့ဖူးပါဘူးလို့ ပြောမယ်ဆိုရင် ဒီလို ပြောလို့ရနိုင်တဲ့ သတ္တဝါဆိုတာ ရလွယ်သလား? မရနိုင်ဘူး။ အစ်ကို မတော်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူးနော်။ နောက်တစ်ခု ---
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န ဘဂိနိဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။ (သံ၊၁၊၃၉၆။)
ဒီလောက်ရှည်လျားတဲ့ သံသရာခရီးမှာ ညီမ မတော်ခဲ့ဖူးတဲ့ သတ္တဝါဆိုတာလည်း ရလွယ်တဲ့သဘော ရှိသလား? မရှိဘူး။
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န ပုတ္တဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။ (သံ၊၁၊၃၉၆။)
ဒီလောက်ရှည်လျားတဲ့ သံသရာခရီးကာလမှာ သားမတော်ခဲ့ဖူးတဲ့ သတ္တဝါကော ရလွယ်တဲ့သဘော ရှိသလား? မရှိဘူးနော်။
န သော ဘိက္ခဝေ သတ္တော သုလဘရူပေါ၊ ယော န ဓီတုဘူတပုဗ္ဗော ဣမိနာ ဒီဃေန အဒ္ဓုနာ။ (သံ၊၁၊၃၉၆။)
ဒီလောက်ရှည်လျားတဲ့ သံသရာခရီးမှာ ဒီသတ္တဝါက ငါ့ရဲ့ သမီး မဟုတ်ပါဘူးဆိုပြီးတော့ ရေတွက်ကြည့်မယ်ဆိုရင် ရေတွက်လို့ ရနိုင်တဲ့သဘော ရှိသလား? မရှိဘူး။ ဒီလောက်ရှည်လျားတဲ့ သံသရာခရီးမှာ အမေ မတော်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်မရှိဘူး၊ အဖေ မတော်ခဲ့ဖူးတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အစ်မ မတော်ခဲ့ဖူးတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အစ်ကို မတော်ခဲ့ဖူးတဲ့ပုဂ္ဂိုလ် မရှိဘူး၊ အစ်မ ညီမ မတော်ခဲ့ဖူးတဲ့ပုဂ္ဂိုလ် ညီအစ်ကို မတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ် မရှိဘူး၊ သား မတော်ခဲ့ဖူးတဲ့ပုဂ္ဂိုလ် သမီး မတော်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်ဆိုတာလည်း မရှိဘူး။ ဒါကြောင့် မိမိတို့က အသားတစ်ခု စားပြီပဲ ဆိုကြပါစို့နော်။ မိမိစားနေတဲ့ အသားလေးဟာ ခုခေတ် ခုမျက်မှောက်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ ကြက်သားလို့ ပြောချင်လည်း ပြောပါတော့၊ ဝက်သားလို့ ပြောချင်လည်း ပြောပေတော့၊ ငါးလို့ ပြောချင်လည်း ပြောပါတော့၊ အမဲလို့ ပြောချင်လည်း ပြောပါတော့၊ တစ်ချိန်က ဒီသတ္တဝါကလေးတွေဟာ မိမိရဲ့သား မဖြစ်ခဲ့ဖူးဘူးလား? ဖြစ်ခဲ့ဖူးတယ်။ မိမိရဲ့ အမေတွေ မဖြစ်ခဲ့ဖူးဘူးလား? ဖြစ်ခဲ့ဖူးတယ်၊ မိမိရဲ့အဖေ ဖြစ်ခဲ့ဖူးတယ်၊ အစ်ကို အစ်မတွေ ဖြစ်ခဲ့ဖူးတယ်၊ အင်မတန် ချစ်လှတဲ့ သားကလေး အင်မတန် ချစ်လှတဲ့ သမီးကလေးတွေလည်း မဖြစ်ခဲ့ဖူးဘူးလား? ဖြစ်ခဲ့ဖူးပါတယ်။
ဒါကြောင့် အခု ငါစားနေတဲ့ ဒီအသားသည် ငါ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားရဲ့ အသားပဲလို့ ဒီလို အသိစိတ်ဓာတ်ကလေးဝင်ပြီး စားမယ် ဆိုရင် ဒီအသားအပေါ်၌ တွယ်တာမက်မောနေတဲ့ ရသတဏှာဓာတ်တွေ ဝင်လာနိုင်ဦးမလား ..? ကြည့်လည်းဖြေကြနော်။ ဒုတိယမ္ပိ မုသာဝါဒတွေ ထပ်ပြီး ဖြစ်နေကြဦးမယ်။ ဒီတော့ ယခုလို အာဟာရတွေကို စားသုံးနေတဲ့ အပိုင်းမှာ နှိုင်းဆပြီးတော့ တွေးဆပြီးတော့ နည်းနည်းလေး ဉာဏ်နဲ့ နှိုင်းယူကြည့်ဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ သားသာမှန်ခဲ့မယ်၊ မိမိတို့ရဲ့သမီးသာ မှန်ခဲ့မယ်၊ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေး အင်မတန် ချစ်မြတ်နိုးနေတဲ့ သမီးကလေးသာ မှန်ခဲ့မယ်ဆိုရင် ဒီအသားကို တွယ်တာမက်မောနေတဲ့ စိတ်ထားဖြင့် စားနိုင်ပါ့မလား? မစားနိုင်ဘူး။ နောက်တစ်ခု ဆက်ပြီး ပြောစရာတော့ ရှိလာသေးတယ်နော်။
သံသရာရဲ့ ရှေးအစွန်းဟာ ရှည်လျားသလို (ဒီဃော ဗာလာန သံသာရော =) လူမိုက်တွေအတွက် နောက်ထပ် အနာဂတ်သံသရာခရီးကလည်း ရှည်လျားပါတယ်ဆိုပြီး ဘုရားရှင်က ဟောထားပါတယ်နော်။ မိမိတို့ဟာ လူမိုက်ဘဝမှာသာ တည်ရှိနေကြဦးမယ်ဆိုလို့ရှိရင်တော့ အတိတ် သံသရာ ခရီးသည် ရှည်လျားသကဲ့သို့ နောက်ထပ် အနာဂတ် သံသရာခရီးတွေလည်း ရှည်မနေဘူးလား? ရှည်နေကြလိမ့်မယ်။ လူလိမ္မာပညာရှိ သူတော်ကောင်း ဖြစ်ဖို့အတွက် မြတ်စွာဘုရားက ဒီသုတ္တန်ကို ရည်ရွယ်ပြီး ဟောနေတယ်နော်။ နာကြည့်ရအောင် ---
တံ ကိဿ ဟေတု၊ အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (သံ၊၁၊၃၉၆။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တံ = ထိုကဲ့သို့ ဖြစ်ခြင်းသည်။ ကိဿ ဟေတု = အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ ဘိက္ခဝေ = ချစ်သား ရဟန်းတို့။ အယံ သံသာရော = ဤခန္ဓာအာယတနဓာတ်တို့၏ ဆက်မပြတ် ဖြစ်ပေါ်၍နေရာ အစဉ်အတန်းဟု ခေါ်ဆိုအပ်သောဤသံသရာသည်။ အနမတဂ္ဂေါ = ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း မသိအပ် မသိနိုင်သော အစရှိပေ၏။ အဝိဇ္ဇာနီဝရဏာနံ = အဝိဇ္ဇာနီဝရဏတရားသည် ပိတ်ဖုံး ကာဆီးအပ်ကုန်သည်ဖြစ်၍။ တဏှာသံယောဇနာနံ = တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ထားအပ်ကုန်သည်ဖြစ်၍။ သန္ဓာဝတံ = ထိုဘဝမှ ဤဘဝ ဤဘဝမှ ထိုဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သံသရတံ = တစ်ခုသော ဘဝ၌လည်းပဲ ထပ်ခါထပ်ခါ ကျင်လည်ကျက်စား ပြေးသွား၍ နေကြရကုန်သော။ သတ္တာနံ = သတ္တဝါတို့၏။ ပုဗ္ဗာ ကောဋိ =ရှေးအစွန်းကို။ န ပညာယတိ = မသိအပ် မသိနိုင်ပေ။
သံသရာက သိပ်ပြီး ရှည်တယ်နော်။ ရှည်လျားလှစွာသော သံသရာခရီးကာလပတ်လုံး အဝိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးကာဆီးပြီး တဏှာတည်းဟူသော သံယောဇဉ်ကြိုးက ရစ်ပတ်နှောင်ဖွဲ့ထားတဲ့အတွက် သတ္တဝါတွေဟာ ဒါက ငါ့အမေပဲ၊ ဒါက ငါ့အဖေပဲ၊ ဒါက ငါ့သား၊ ဒါက ငါ့သမီး၊ ဒါက ငါ့အစ်ကို၊ ဒါက ငါ့အစ်မစသည်ဖြင့် အသိဉာဏ် ရှိသေးလား? မရှိတော့ဘူး။ မရှိလိုက်တဲ့ အချိန်အခါကျတော့ အခုလို အာဟာရတစ်ခုစားဖို့ရန် အကြောင်းက ပေါ်လာပြီ။ အကယ်၍ အခုလို ဘုရားဟောဒေသနာတော်အတိုင်း မိမိက အသိဉာဏ် အထိုက်အလျောက် ရှိလာပြီဆိုကြပါစို့။ ကိုယ့်အဖေရဲ့ အသားကို ကိုယ်စားနေတယ်ဆိုရင် ကိုယ်အမေရဲ့ အသားကို ကိုယ်စားနေတယ်ဆိုရင် ကိုယ်အင်မတန်ချစ်မြတ်နိုးနေတဲ့ ကိုယ့်ရဲ့သားကလေးရဲ့ အသားကို ကိုယ်စားနေတယ်ဆိုရင် ကိုယ်အင်မတန် ချစ်မြတ်နိုးနေတဲ့ သမီးကလေးရဲ့အသားကို ကိုယ် စားနေတယ်ဆိုရင် ကိုယ်အင်မတန် ချစ်မြတ်နိုးနေတဲ့ အစ်ကိုတွေ အစ်မတွေရဲ့ အသားကို ကိုယ်စားနေတယ်ဆိုရင် မိမိရဲ့စိတ်ဓာတ်ဟာ ဘယ်အဆင့်လောက်ထိ ရှိနေမလဲ? ပြန်စဉ်းစားကြည့်လေ ... ကိုယ့်အဖေ အသားတောင် ကိုယ်စားရက်တယ်ဆိုရင် မိမိရဲ့ စိတ်ဓာတ်ဟာ အလွန် နိမ့်ကျ နေတဲ့ အဆင့်မှာ မရှိဘူးလား? ရှိနေတယ်။ ဒီလိုဆိုရင် အရှင်ဘုရား အာလူးတို့ ပဲတို့ကော ဘယ်လိုလုပ်မလဲလို့ မေးစရာရှိတယ်နော်။ အဲဒါတွေလည်း ပုံစံတူပါပဲ၊ ဘုရားရှင်ကိုယ်တော်တိုင်ပဲ ဆက်လက်ပြီး ဟောကြားတော်မူပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို မိမိတို့ကိုယ်တိုင် ဒီရသတဏှာဓာတ်ကို နည်းပါးသွားအောင် ပြင်ပေးဖို့ လိုအပ်နေပါတယ်နော်။ ဘယ်လိုလဲ?
ဧဝံ ဒီဃရတ္တံ ဝေါ ဘိက္ခဝေ ဒုက္ခံ ပစ္စနုဘူတံ တိဗ္ဗံ ပစ္စနုဘူတံ ဗျသနံ ပစ္စနုဘူတံ၊ ကဋသီ ဝဍ္ဎိတာ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဧဝံ ဒီဃရတ္တံ = ဤသို့ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ ဝေါ = သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ ဒုက္ခံ = ဆင်းရဲဒုက္ခအမျိုးမျိုးကို။ ပစ္စနုဘူတံ = အစဉ် တစိုက် ခံစားခဲ့ရဖူးလေပြီ။ တိဗ္ဗံ = ထက်မြက်စူးရှလှသော ဆင်းရဲဒုက္ခ အမျိုးမျိုးကိုလည်း။ ပစ္စနုဘူတံ = အစဉ်တစိုက် ခံစားခဲ့ရဖူးလေပြီ။ ဗျသနံ = ပျက်စီးခြင်း အမျိုးမျိုးကိုလည်း။ ပစ္စနုဘူတံ = အစဉ်တစိုက် ခံစားခဲ့ရဖူးလေပြီ။
ဒီလောက်ရှည်လျားတဲ့ သံသရာခရီးမှာ သင်ချစ်သားတို့တစ်တွေ သင် ချစ်သမီးတို့တစ်တွေဟာ ဆင်းရဲဒုက္ခအမျိုးမျိုးတွေကို အစဉ်တစိုက် ရခဲ့ဖူးတယ်။ သူတစ်ပါးတို့ လုံ့လပယောဂဖြင့် လည်ပင်းလှီးပြီး သတ်လိုက်လို့ သေခဲ့ ရတဲ့ ဘဝတွေကို ပြန်ရေတွက်ကြည့်လိုက်လျှင် လည်ပင်းက ကျလာတဲ့ သွေးတွေကို စုပုံထား၊ တစ်ဘက်က မဟာသမုဒ္ဒရာရေကို စုပုံထား၊ မဟာသမုဒ္ဒရာ ရေက နည်းသေးတယ်၊ လည်ပင်းက ကျလာတဲ့ သွေးတွေက များသေးတယ်။ ဝက်ဖြစ်လို့ လည်လှီးခံရတဲ့ဘဝ, ကြက်ဖြစ်လို့ လည်လှီးခံရတဲ့ ဘဝ, နွားဖြစ်လို့ လည်လှီးခံရတဲ့ဘဝ စသည်ဖြင့် ထိုထိုဘဝ တစ်ခုတစ်ခုမှာပဲ လည်ချောင်း သွေးတွေကို စုပုံလိုက်ရင် မဟာသမုဒ္ဒရာရေက နည်းသေးတယ်။ လည်ချောင်း သွေးက ပိုပြီးတော့များသေးတယ်။ ဘာဖြစ်လို့လဲ? ထက်မြက် စူးရှနေတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ဒီလောက် ရှည်လျားတဲ့သံသရာခရီးမှာ သင်ချစ်သားတို့ သင်ချစ်သမီးတို့ ခံခဲ့ကြရတယ်တဲ့နော်။
ကဋသီ = မြေကြီးကို။ ဝဍ္ဎိတာ = တိုးပွားအောင် ပြုလုပ်ခဲ့ဖူးလေပြီ။
သင်ချစ်သားတို့တစ်တွေ သင်ချစ်သမီးတို့တစ်တွေဟာ မြေကြီး တိုးပွားအောင် ပြုလုပ်ခဲ့ဖူးတယ်။ ဘယ်လို တိုးပွားသလဲ? သေလိုက်ပြီဆိုရင် အလောင်းကောင်တွေ မြေကြီးပေါ်သွားစွန့်ပစ်၊ မြေကြီးတွေ တိုးပွားမလာဘူးလား? တိုးပွားလာတယ်။ တစ်ကမ္ဘာ တစ်ကမ္ဘာကို ပိုင်းခြားပြီး ပြောမယ် ဆိုလို့ရှိရင် သတ္တဝါတစ်ဦးတစ်ယောက် သေကျေပျက်စီးသွားတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုရင် အရိုးတွေကလည်း မဆွေးမြည့် မပျက်စီးခဲ့ဘူးဆိုရင် ဝေပုလ္လတောင်လောက်မြင့်တဲ့ တောင်ကြီးတစ်တောင် ဖြစ်နိုင်တယ်လို့ ဒီလို ဟောထားပါတယ်။ အကယ်၍ အရိုးတွေကသာ မဆွေးမြည့် မပျက်စီးခဲ့ဘူး ဆိုရင် ပြောတာပါနော်။ တစ်နည်းပြောမယ်ဆိုလို့ရှိရင်တော့ တစ်ယူဇနာလောက်မြင့်တဲ့ တောင်ကြီးတစ်တောင် ဖြစ်နိုင်တယ်။ အရိုးတွေ တောင်လို ပုံပြီးတော့ တစ်ဘဝပြီး တစ်ဘဝ သေခဲ့ရတယ်ဆိုလို့ရှိရင် မိမိတို့ရဲ့ အရိုးကြောင့် မြေကြီးတွေ တိုးပွားမှုတွေ ပိုပြီးတော့ မများဘူးလား? များတယ်။ အသားတွေကြောင့် မြေကြီးတွေလည်း တိုးပွားပြီး မနေဘူးလား? တိုးပွားနေတယ်။ အဲဒီတိုးပွားနေတဲ့ ဒီမြေကြီးပေါ်မှာ ထွန်ယက်ပြီး စိုက်ပျိုးကြတယ်။ စိုက်ပျိုးလိုက်တဲ့ အချိန်အခါကျတော့ သီးလာတဲ့ သီးနှံမှန်သမျှဟာလည်း မိမိရဲ့ အသားအသွေးတွေ မိမိရဲ့ အမေအဖေရဲ့ အသားအသွေးတွေ မိမိရဲ့ အလွန် ချစ်မြတ်နိုးနေတဲ့ သားတွေ သမီးတွေရဲ့ အသားအသွေးတွေ မိမိ အလွန် ချစ်မြတ်နိုးနေတဲ့ အစ်ကို အစ်မတွေရဲ့ အသားအသွေးတွေကို အခြေခံပြီး ဖြစ်ပေါ်လာတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်သေးတယ်။ ဒါကြောင့် ဘယ်အရသာကိုမဆို တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် ဘုရားရှင်က မစားစေချင်ဘူး။ မိမိစားနေတဲ့ အစာအာဟာရအပေါ်မှာ ငါ အလွန် ချစ်မြတ်နိုးနေတဲ့ သားရဲ့အသားကို ငါစားနေတဲ့ဆိုတဲ့ ဒီစိတ်ဓာတ်ကလေးကို မွေးမြူစေချင်တယ်။ ဘယ့်နှယ်တုန်း ယောဂီတွေ စားတိုင်းစားတိုင်း ဒီစိတ်ဓာတ်ကလေးကို သတိရနိုင်မလား? သတိရနိုင်ကြပါ့မလား? ဆင်ခြင်ကော ဆင်ခြင်ကြမလား? ဆင်ခြင်ကြစေချင်တယ်။ မဆင်ခြင်လို့ရှိရင်တော့ ဘာဖြစ်မလဲ? ရသတဏှာတွေ တိုးပွားလာလိမ့်မယ်။ အဲဒီရသတဏှာက တိုးပွားလာပြီဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ နိဿရဏပညာခေါ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာတွေ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ရသတဏှာတွေက နေရာယူသွားပြီး ဖြစ်တယ်နော်။ ဒါကြောင့် ဒီသံသရာခရီးမှာ ဒီလောက် ရှည်မြင့်စွာ မိမိတို့ ကျင်လည်စဉ်အချိန်အခါမှာ မိမိတို့ရဲ့ အဖေရဲ့ အသားတွေကို စားပြီးတော့ ကျင်လည်နေရတယ်။ မိမိတို့ရဲ့ အမေရဲ့ အသားကို စားပြီး ကျင်လည်နေရတယ်။ မိမိတို့ရဲ့ အစ်ကို အစ်မတွေရဲ့ အသားတွေကို စားပြီးတော့ ကျင်လည်နေရတယ်။ ညီတွေ ညီမတွေရဲ့ အသားတွေကို စားပြီးတော့ ကျင်လည်နေရတယ်။ အင်မတန် ချစ်မြတ်နိုးနေတဲ့သားတွေ အင်မတန် မြတ်နိုးနေတဲ့ သမီးတွေရဲ့ အသားကို စားပြီး ကျင်လည်နေရတယ် ဆိုရင် ဒီသံသရာခရီးကြီးကို ရွံရှာစက်ဆုပ်ဖို့ ကောင်းတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒါကြောင့် ----
ယာဝဉ္စိဒံ ဘိက္ခဝေ အလမေဝ သဗ္ဗသင်္ခါရေသု နိဗ္ဗိန္ဒိတုံ၊ အလံ ဝိရဇ္ဇိတုံ၊ အလံ ဝိမုစ္စိတုံ။ (သံ၊၁၊၃၉၆။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ယာဝဉ္စ = အလွန်အကဲလျှင်။ သဗ္ဗသင်္ခါရေသု = အလုံးစုံသော သင်္ခါရတရားတို့အပေါ်၌။ နိဗ္ဗိန္ဒိတုံ = ငြီးငွေ့ခြင်းငှာ။ အလမေဝ = သင့်လျော်သည်သာလျှင်တည်း။ ဝိရဇ္ဇိတုံ = တွယ်တာ မက်မောခြင်း ကင်းခြင်းငှာ။ အလမေဝ = သင့်လျော်သည်သာလျှင်တည်း။ ဝိမုစ္စိတုံ = အလုံးစုံသော သင်္ခါရတရားတို့မှ လွတ်မြောက်ခြင်းငှာ။ အလမေဝ = သင့်လျော်သည်သာလျှင်တည်း။
ဒါကြောင့် ဒီလောက်ရှည်လျားတဲ့ သံသရာခရီးကြီးကို သင်ချစ်သားတို့တစ်တွေ ငြီးငွေ့ဖို့ရန်အတွက် အလွန်သင့်ပါတယ်။ ဒီသင်္ခါရတွေအပေါ်၌ ငြီးငွေ့ဖို့ရန်လည်း သင့်တယ်။ ဒီသင်္ခါရတွေအပေါ်၌ တွယ်တာမက်မောမှုတွေ ကင်းပြတ်ဖို့ရန်လည်း သင့်တယ်။ ဒီသင်္ခါရတရားတွေမှ လွတ်အောင်လည်း ရုန်းကန်ဖို့ရန်အတွက် သင့်တင့်လှပါတယ် ဆိုပြီးတော့ မြတ်စွာဘုရားရှင်က မေတ္တာကရုဏာရှေ့ထားပြီးတော့ ဟောကြားတော်မူပါတယ်။ စဉ်းစားကြည့်ပေါ့နော်။ ကိုယ့်အမေရဲ့အသားကို ကိုယ်စားပြီးတော့ ဒီသံသရာခရီးကို ကျင်လည်ခဲ့ရမယ်ဆိုရင် ကိုယ့်အဖေရဲ့ အသားတွေကို စားပြီးတော့ ဒီသံသရာ ခရီးကို ကိုယ်ကကျင်လည်နေခဲ့ရမယ်ဆိုရင် ကိုယ်အင်မတန် ချစ်မြတ်နိုးနေတဲ့ သားတွေ သမီးတွေရဲ့ အသားကို စားပြီးတော့ ဒီသံသရာခရီးကို ကိုယ်က ဆက်လက်ပြီး ကျင်လည်နေရမယ် ဆိုရင် မိမိထက် မိုက်တဲ့ ပုဂ္ဂိုလ် ရှိဦးမလား? မရှိနိုင်တော့ဘူး။ ဒါကြောင့် နည်းနည်း ဆက်ပြီးတော့ စဉ်းစားကြနော်။ ဒီလို စဉ်းစားစေချင်တဲ့အတွက် မြတ်စွာဘုရားက အာမဂန္ဓသုတ္တန်ကို ဟောနေပါတယ်နော်။ သို့သော်လည်း ခု ဒီအာမဂန္ဓသုတ္တန်ကို ပြန်ပြီး မဆက်နိုင်သေးဘူး။ ခု ဒီနေရာမှာ သမုတိသစ္စာနယ်က နေပြီးတော့ ဇနီးမောင်နှံ နှစ်ဦးတို့က မိမိတို့ အလွန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့ အသားကို စားနေပါတယ်ဆိုတဲ့ အသိဓာတ်နဲ့ ရသတဏှာ နည်းပါးပုံကို ဥပမာဆောင်ပြီးတော့ ဘုရားက ဟောနေတာနော်။ ပရမတ္ထသစ္စာနယ်ဘက်ကနေပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ဦးတည်ချက်ကိုလည်း အဋ္ဌကထာ ဆရာတော်က ဆက်လက်ပြီး ဖွင့်ထားတယ်။ ဘယ်လိုလဲ?
ပရမတ္ထသစ္စာမျက်လုံးနှင့် ကြည့်ပြီးတော့လည်း စားသုံးပါ
ဧဝမေဝ ပိဏ္ဍပါတံ လဘိတွာ အဟံ ခါဒါမိ ဘုဉ္ဇာမီတိ အတ္တူပလဒ္ဓိသမ္မောဟံ အနုပ္ပါဒေတွာ ကဗဠီကာရော အာဟာရော န ဇာနာတိ စတုမဟာဘူတိကကာယံ ဝဍ္ဎေမီတိ၊ ကာယောပိ န ဇာနာတိ ကဗဠီကာရော အာဟာရော မံ ဝဍ္ဎေတီတိ၊ ဧဝံ သမ္မောဟံ ပဟာယ ပရိဘုဉ္ဇိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၉၉။)
ဧဝမေဝ = ဤဥပမာအတူသာလျှင်။ ပိဏ္ဍပါတံ = ဆွမ်းကို။ လဘိတွာ = ရရှိခဲ့သည်ရှိသော်။ အဟံ ခါဒါမိ = ငါခဲ၍ နေပေ၏။ အဟံ ဘုဉ္ဇာမိ = ငါစား၍ နေပေ၏။ ဣတိ = ဤသို့လျှင်။ အတ္တူပလဒ္ဓိသမ္မောဟံ = အတ္တ ဟူသော အယူအဆကို အခြေခံ၍ ဖြစ်ပေါ်လာသော သမ္မောဟတရားကို။ အနုပ္ပါဒေတွာ = မဖြစ်စေမူ၍။ ကဗဠီကာရော အာဟာရော = ကဗဠီကာရ အာဟာရသည်။ စတုမဟာဘူတိကကာယံ = မဟာဘုတ်ဓာတ်ကြီးလေးပါး ဦးဆောင်နေတဲ့ ရူပကာယကို။ ဝဍ္ဎေမိ = ငါတိုးပွားအောင် ပြုလုပ်နေ၏ဟူ၍။ န ဇာနာတိ = မသိရှိပေ။ ကာယောပိ = ဓာတ်ကြီးလေးပါးဦးဆောင်နေတဲ့ စတုမဟာဘူတိကကာယ အမည်ရတဲ့ ရုပ်တရားအပေါင်းကလည်းပဲ။ ကဗဠီကာရော အာဟာရော = ကဗဠီကာရ အာဟာရသည်။ မံ = ငါကို။ ဝဍ္ဎေတီတိ = တိုးပွားစေ၏ဟူ၍။ န ဇာနာတိ = မသိရှိပေ။ ဧဝံ = ဤသို့လျှင်။ သမ္မောဟံ = သမ္မောဟတရားကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပရိဘုဉ္ဇိတဗ္ဗော = ဘုဉ်းပေးသုံးဆောင်ထိုက်ပေ၏။
ဒီအချက်ကတော့ ပရမတ္ထသစ္စာနယ်ဘက် ကူးသွားပြီ၊ ကဗဠီကာရ အာဟာရလို့ ခေါ်ဆိုအပ်တဲ့ ဒီအာဟာရတစ်ခုကို စားနေတဲ့အချိန်အခါမှာ ငါသည် ကြက်သားကို စားနေတယ်ဆိုတဲ့စိတ်ထား မဖြစ်စေရဘူး။ ငါသည် ဝက်သားကို စားနေတယ်ဆိုတဲ့ စိတ်ထား မဖြစ်စေရဘူး။ ငါသည် အမဲကို စားနေတယ်ဆိုတဲ့စိတ်ထား မဖြစ်စေရဘူး။ ငါသည် အာလူးကို စားနေတယ် ဆိုတဲ့စိတ်ထား, ငါသည် ပဲကို စားနေတယ်ဆိုတဲ့စိတ်ထား မဖြစ်စေရဘူး။ အဲဒီလို စိတ်ထားဖြစ်ခဲ့ရင် ဒါ ဘာဖြစ်သလဲ? (အတ္တူပလဒ္ဓိ =) အတ္တဝါဒ အပေါ်၌ အခြေတည်ပြီး ဖြစ်ပေါ်လာတဲ့ အယူအဆတစ်ခု ဖြစ်နေပြီတဲ့နော်။ အေး - ဒီထက်ပိုဆိုးတာကတော့ ငါစားတာ မဟုတ်ဘူး။ အသက်ကောင် လိပ်ပြာကောင် ဝိညာဉ်ကောင် အတ္တကောင်ဆိုတဲ့ အတ္တလေးက စားနေပါတယ်ဆိုရင်တော့ အဆင့်မြင့်သွားတဲ့ အတ္တဝါဒပဲနော်။ အဲဒီ အတ္တအယူအဆရှိနေပြီးတော့ စားခဲ့မယ်ဆိုလို့ရှိရင်တော့ ဒါ သမ္မောဟတရားလို့ ခေါ်တယ်။ ပရမတ္ထသစ္စာနယ်ကို ဉာဏ်မျက်စိက မရောက်ဘဲ ပြင်းစွာ တွေတွေဝေဝေနဲ့ စားနေပြီ။ စားနေလိုက်တဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သမ္မောဟတရား ဝင်လာပြီဆိုသည်နှင့် တစ်ပြိုင်နက်တည်း ဒီ သမ္မောဟတရားကို ဘာလို့ခေါ်သလဲ? အဝိဇ္ဇာလို့ ခေါ်တယ်နော်။ အသိမှား ပြီ၊ အသိမှားတဲ့ အဝိဇ္ဇာရဲ့ နောက်ဆွယ်မှာ တဏှာဆိုတဲ့ ရာဂတရားက ပူးကပ်ပြီးတော့ လိုက်ပါလာတတ်တယ်။ သို့မဟုတ် အယောနိသောမနသိကာရတွေ သိပ်ပြီး အခြေခံအားကောင်းနေခဲ့ရင် မကျေနပ်ချက်ဆိုတဲ့ ဒေါမနဿတရားတွေကလည်း ပူးကပ်ပြီးတော့ လိုက်ပါလာပြီ။ ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယအစရှိတဲ့ ကိလေသာတရားဆိုးတွေက ဒီအဝိဇ္ဇာရဲ့ နောက်ဆွယ်မှာ အမြဲတမ်း ပုန်းအောင်းနေပြီးတော့ နေထိုင်ကြတယ်။ အဝိဇ္ဇာရဲ့ နောက်ဆွယ် သမ္မောဟတရားရဲ့ နောက်ဆွယ်မှာ ရာဂ ဒေါသ မောဟ မာန်မာန အစရှိတဲ့ ကိလေသာတွေက ဝင်ပြီးနှောင့်ယှက်လိုက်တဲ့ အချိန်အခါမှာ ဒီအာဟာရနဲ့ ပတ်သက်ပြီးတော့ မက်မောတဲ့ စိတ်ထားတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ မကျေနပ်တဲ့ စိတ်ထားတွေ ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ထောင်လွှားတဲ့ စိတ်ထားတွေ ဝန်တိုတဲ့ စိတ်ထားတွေ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားတွေ စသည်ဖြင့် အကုသိုလ်အယုတ်တရားတွေဟာ ဆက်တိုက်တိုးပွားပြီး လာချင်လည်း လာနိုင်တယ်။ အဲဒီလို တိုးပွားလာခဲ့ရင် ထိုပုဂ္ဂိုလ်သည် သမ္မောဟတရားကို ဖြစ်စေ၍ အစာအာဟာရကို စားနေတယ်လို့ ခေါ်ရတယ်။ ယောဂီသူတော်ကောင်းက နိဗ္ဗာန်ကို လိုချင်တဲ့ သူတော်ကောင်း မှန်ခဲ့ရင် ထိုသမ္မောဟတရားကို ဖြစ်စေပြီးတော့ စားရမလား? မစားရဘူး။ ဘယ်လို စားရမလဲ? ကဗဠီကာရအာဟာရသည် ဘာမှ မသိဘူး။ ဘယ်လို မသိတာလဲလို့မေးတော့ စတုမဟာဘူတိကကာယလို့ ခေါ်ဆိုအပ်တဲ့ ကံ စိတ် ဥတု အာဟာရ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ ဓာတ်ကြီးလေးပါးတွေ ရှိတယ်။ ကံကြောင့်ဖြစ်တဲ့ ဓာတ်ကြီးလေးပါး, စိတ်ကြောင့်ဖြစ်တဲ့ ဓာတ်ကြီးလေးပါး, ဥတုကြောင့်ဖြစ်တဲ့ ဓာတ်ကြီးလေးပါး, အာဟာရကြောင့်ဖြစ်တဲ့ ဓာတ်ကြီးလေးပါး, ထိုဓာတ်ကြီး လေးပါးကို အခြေတည်ပြီးတော့ တိုးပွားလာနေတဲ့ ရုပ်တရားတွေ ဒီခန္ဓာအိမ်မှာ ရှိကြတယ်။
ဒီတော့ ဒီအချက်က နံပါတ် (၁) ကဗဠီကာရအာဟာရလို့ ခေါ်ဆိုအပ်တဲ့ ဩဇာကို သိရမယ်။ နံပါတ် (၂) ကံ စိတ် ဥတု အာဟာရခေါ်တဲ့ အကြောင်းတရား လေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ ဓာတ်ကြီးလေးပါး ဦးဆောင်နေတဲ့ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တွေကို သိရမယ်။ သိလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်မလဲ? ဒီကဗဠီကာရ အာဟာရသည် စတုမဟာဘူတိကကာယလို့ခေါ်ဆိုအပ်တဲ့ ဓာတ်ကြီးလေးပါး ဦးဆောင်နေတဲ့ ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်လို့ ခေါ်ဆိုအပ်တဲ့ ရုပ်တရားအပေါင်းကို ငါ တိုးပွားအောင် လုပ်မယ်ဆိုတဲ့ သဘောထား ကဗဠီကာရအာဟာရမှာ မရှိဘူး။ သိလည်း မသိဘူးတဲ့နော်။ နောက်တစ်ခု ကံ စိတ် ဥတု အာဟာရခေါ်တဲ့ အကြောင်းတရားလေးပါးကြောင့် ထင်ရှား ဖြစ်ပေါ်နေတဲ့ ဓာတ်ကြီးလေးပါး ဦးဆောင်နေတဲ့ ရုပ်တရား အပေါင်းကလည်းပဲ ကဗဠီကာရအာဟာရက ငါ့ကို တိုးပွားအောင် ပြုလုပ်နေတယ်လို့ ဒီလို သိသလား? မသိဘူးတဲ့နော်။
ဒီတော့ ဆိုလိုရင်းက ဘယ်လို မသိသလဲလို့မေးတော့ အဲဒီမှာ ယောဂီ ပုဂ္ဂိုလ်က မိမိစားနေတဲ့ အချိန်အခါမှာ အထူးသဖြင့်ပေါ့လေ အစာအိမ်ရှိတဲ့ ဒေသမှာ တည်ရှိနေတဲ့ အစာသစ် ဆိုကြပါစို့၊ အစာသစ်ကောဋ္ဌာသမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကာ သမာဓိကို ထူထောင်နိုင်ခဲ့ရင် သမာဓိဒီဂရီကလည်း စံချိန်မီလာတဲ့အခါမှာ ယောဂီပုဂ္ဂိုလ်က ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့မယ်။ ဒီကလာပ်အမှုန်လေးတွေကို ဓာတ်ခွဲလိုက်တော့ တစ်မှုန်တစ်မှုန်မှာ သဘောတရား ဘယ်နှစ်ခုရှိသလဲ? (၈)ခု၊ အဲဒီ (၈)မျိုးသော ရုပ်တွေက ဘယ်သူ့ကြောင့် ဖြစ်သလဲလို့ ပြန်ဆန်းစစ်လိုက်တဲ့ အချိန်အခါမှာ ကလာပ်တစ်ခု အတွင်းမှာ တည်ရှိနေတဲ့ တေဇောဓာတ်ဥတုကြောင့် ဆင့်ကဲ ဖြစ်ပွားနေတဲ့ ရုပ်တရားတွေပဲ၊ ဒါကို ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီး ဖြစ်နေတယ်လို့ ဆိုလိုပါတယ်နော်။ အဲဒီ ရုပ်တရားတွေထဲမှာ ပါနေတဲ့ ဩဇာအဆီအစေးလေးက ဥတုဇဩဇာပဲ၊ ဒီဥတုဇဩဇာကို ကမ္မဇဝမ်းမီးကနေပြီးတော့ အားပေးထောက်ပံ့လိုက်တဲ့ အချိန်အခါမှာ ရသဓာတ်ရည်လို့ သမုတိသစ္စာနယ်ကခေါ်တဲ့ ရသဓာတ်ရည် အနေအားဖြင့် တစ်ကိုယ်လုံး ပျံ့သွားတယ်။ ဒီရသဓာတ်ရည်မှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်လိုက်လျှင် သမာဓိလည်း ရင့်ကျက်လာတဲ့အခါမှာ ရသဓာတ်ရည် ဆိုတာလည်း ရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုပဲ ဖြစ်တယ်ဆိုတာကို ဉာဏ်မျက်စိနှင့် တွေ့မြင်နိုင်ပါတယ်။ ဒီအမှုန်လေးတွေက ဩဇာကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်ဖြစ်ခြင်းကြောင့် သူတို့ကို အာဟာရဇရုပ်လို့ ခေါ်တယ်။
အဲဒီအာဟာရဇရုပ်ကလာပ်တွေမှာပါတဲ့ အာဟာရဇဩဇာကို ကဗဠီကာရအာဟာရလို့ အထူးသဖြင့် ရည်ညွှန်းထားတယ်နော်။ သို့သော် အထူးသဖြင့်လို့သာ ပြောတာပါ။ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာ ဩဇာလေးမျိုးလုံးကိုလည်း ကဗဠီကာရအာဟာရလို့ ဒီလို ဖွင့်ဆိုထားပါတယ်။ (ပဋ္ဌာန၊ဋ္ဌ၊၃၇၇။)
အဲဒီတော့ ဒါဘာဖြစ်လို့လည်းဆိုတော့ အဲဒီကမ္မဇရုပ်ကလာပ်တွေမှာ ပါနေတဲ့ ဩဇာကို ခုနက အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီးတို့က သွားပြီး ထောက်ပံ့လိုက်တဲ့ အချိန်အခါမှာလည်း ရုပ်ကလာပ် အသစ်အသစ်တွေ ဆင့်ကဲဆင့်ကဲ ပွားသွားတယ်။ အာဟာရဇရုပ်တွေပဲ၊ အလားတူပဲ ဥတုဇဩဇာ စိတ္တဇဩဇာ ကလာပ်ပြားအာဟာရဇဩဇာတွေကို ကလာပ်ပြားအာဟာရဇဩဇာတွေက သွားပြီး အားပေးထောက်ပံ့လိုက်တဲ့ အချိန်အခါမှာလည်း ရုပ်ကလာပ်တွေ အသစ်အသစ် ဆင့်ကဲဆင့်ကဲ တိုးပွားနေတယ်။ အဲဒီလို တိုးပွားနေတဲ့ အချိန်အခါမှာ အတိုးပွားခံရတဲ့ ရုပ်လည်း ရှိတယ်။ တိုးပွားအောင် အားပေးထောက်ပံ့နေတဲ့ ရုပ်တွေလည်း ရှိတယ်။ တိုးပွားစေတတ်တဲ့ ရုပ်တွေလည်း ရှိတယ်။ အတိုးပွားခံရတဲ့ ရုပ်တွေကလည်း တို့ကို သင်းက လာပြီး တိုးပွားအောင် လုပ်နေတယ်လို့ မသိဘူး။ တိုးပွားစေတတ်တဲ့ ရုပ်တွေကလည်း ငါက သင်းတို့ကို တိုးပွားအောင် လုပ်ပေးနေတာပဲလို့ သိသလား? မသိဘူးတဲ့။ အတိုးပွားခံရတဲ့ ရုပ်တွေက ဘာလဲ? ကံ စိတ် ဥတု အာဟာရ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ ရုပ်တွေပါ၊ တိုးပွားအောင် ပြုလုပ်ပေးတဲ့ ရုပ်က ကဗဠီကာရအာဟာရ အမည်ရတဲ့ ကံ-စိတ်-ဥတု-အာဟာရ - ဆိုတဲ့ အကြောင်းတရားလေးမျိုးကြောင့် ဖြစ်နေကြတဲ့ ရုပ်ကလာပ်တွေမှာပါတဲ့ ဩဇာအသီးအသီးပဲ။ သို့သော် ဒီလေးမျိုးသော ဩဇာအသီးအသီးက ရုပ်ကလာပ်အသစ်သစ်ကို ဖြစ်စေရာမှာ ကမ္မဇဝမ်းမီးနှင့် ရသဓာတ်ရည် အမည်ရတဲ့ အာဟာရဇရုပ်ကလာပ်တို့မှာ ပါဝင်တည်ရှိတဲ့ ဩဇာရဲ့ အထောက်အပံ့ကို ရရှိပါမှာ ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်တယ်။
အဲဒီတော့ အဲဒီနှစ်ဘက်လုံးကို ပရမတ္ထဉာဏ်ပညာမျက်စိနဲ့ မြင်အောင် ကြည့်ရမယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေသည် အချင်းချင်း ဘာကိုမှ မသိကြဘူး။ ငါ့ကို သင်းက လာပြီးတိုးပွားအောင် လုပ်နေတယ်။ ငါက သင်းကို တိုးပွားအောင် လုပ်ပေးနေရတယ်ဆိုတဲ့ ဒီလို အသိမျိုး ရုပ်တရားတွေမှာ ရှိသလား? မရှိဘူး။ အဲဒီလို ရုပ်တရားတွေမှာ ဒီလို တိုးပွားအောင် ပြုလုပ်ပေးနေတယ်ဆိုတဲ့ သဘောတရား မရှိပုံကို ယောဂီပုဂ္ဂိုလ်က ဉာဏ်နဲ့မြင်အောင် ကြည့်ရမယ်။ အဲဒီလို ဉာဏ်နဲ့ မြင်ပြီဆိုလို့ရှိရင်တော့ ဒီအခါမှာ သမ္မောဟတရားကို မိမိက ပယ်စွန့်နိုင်ပြီတဲ့။ သို့သော် ဒီလောက်နဲ့ မလုံလောက်ပါဘူးနော်။ အဲဒီလို သမ္မောဟတရားကို ပယ်စွန့်နိုင်ပြီဆိုလို့ရှိရင်တော့ ဘာဖြစ်လဲ?
ဧဝံ သမ္မောဟံ ပဟာယ ပရိဘုဉ္ဇိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၉၉။)
ဧဝံ = ဤသို့လျှင်။ သမ္မောဟံ = သမ္မောဟတရားကို။ ပဟာယ = ပယ်စွန့်ထားခဲ့၍။ ပရိဘုဉ္ဇိတဗ္ဗော = အစာအာဟာရကို ဘုဉ်းပေးသုံးဆောင် ထိုက်ပေ၏။
ဒါက ပရမတ္ထသစ္စာနယ်က ပြောလိုက်တာပဲနော်။ သမုတိသစ္စာနယ်ဘက်ကလည်း ပြောပြီးပြီ။ ပရမတ္ထသစ္စာနယ်ဘက်ကလည်း ပြောပြီးပြီ။ သို့သော် ဒီလောက်နဲ့ မလုံလောက်ဘူး။ မလုံလောက်တဲ့အတွက် အဋ္ဌကထာ ဆရာတော်က ဘာထပ်ဖွင့်လဲ?
သတိသမ္ပဇညဝသေနာပိ စေသ အသမ္မူဠှေနေဝ ဟုတွာ ပရိဘုဉ္ဇိ တဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၉၉။)
ဧသ ဧသော = ဤကဗဠီကာရအာဟာရမည်တဲ့ အစာအာဟာရကို။ သတိသမ္ပဇညဝသေနာပိ = သတိသမ္ပဇဉ်ရဲ့ အစွမ်းဖြင့်လည်းပဲ။ အသမ္မူဠှေန = မတွေဝေသော အသိဉာဏ်ရှိသည်။ ဟုတွာဝ = ဖြစ်၍သာလျှင်။ ပရိဘုဉ္ဇိတဗ္ဗော = ဘုဉ်းပေးသုံးဆောင်ထိုက်ပေ၏။
ဒီကဗဠီကာရအာဟာရကို နောက်တစ်နည်းအားဖြင့် ပြောရင်တော့ သတိသမ္ပဇဉ်၏အစွမ်းဖြင့် မတွေမဝေသိနေတဲ့ အသိဉာဏ်လေးနဲ့ ယှဉ်ပြီးတော့ ဘုဉ်းပေးသုံးဆောင်ပါ။ ဘာပြောတာလဲ?
အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ။ (မ၊၁၊၇၂။)
အသိတေ = စားရာ၌။ ပီတေ = သောက်ရာ၌။ ခါယိတေ = ခဲရာ၌။ သာယိတေ = လျက်ရာ၌။ သမ္ပဇာနကာရီ = သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ သည်။ ဟောတိ = ဖြစ်၏။
စားတဲ့အခါ သမ္ပဇဉ်ဉာဏ်နဲ့ ပြုပါ၊ ခဲတဲ့အခါ သမ္ပဇဉ်ဉာဏ်နဲ့ ပြုပါ၊ သောက်တဲ့အခါ သမ္ပဇဉ်ဉာဏ်နဲ့ ပြုနေပါ၊ လျက်တဲ့အခါ သမ္ပဇဉ်ဉာဏ်နဲ့ ပြုနေပါ၊ ဘာပြောတာလဲ?
စားရင်လည်း ခန္ဓာငါးပါး၊ သောက်ရင်လည်း ခန္ဓာငါးပါး၊ ခဲရင်လည်း ခန္ဓာငါးပါး၊ လျက်ရင်လည်း ခန္ဓာငါးပါး၊ အဲဒီခန္ဓာငါးပါးကို ပိုင်းပိုင်းခြားခြား ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့ရင် ထိုပုဂ္ဂိုလ်သန္တာန်မှာ အသမ္မောဟသမ္ပဇဉ်ဉာဏ်ဖြစ်ပြီတဲ့နော်။ (မ၊ဋ္ဌ၊၁၊၂၆၅။)ထိုအသမ္မောဟသမ္ပဇဉ်ဉာဏ်ကို ရရှိအောင် ကြိုးစားပြီးတော့ အစာအာဟာရကို စားပါတဲ့။
အဲဒီအပိုင်းတော့ နောက်မှ ထပ်ပြောမယ်နော်၊ ကဲ - အခုအမှတ် (၅) ဥပမာ ဥပမေယျအနေနဲ့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းပြီးတော့ အစာအာဟာရကို စားဖို့ ပြောပြီးပြီ။ နောက်ထပ် အမှတ် (၆)ပေါ့နော်။ ပုတ္တမံသူပမသုတ္တန်မှာ လာရှိနေတဲ့ အမှတ် (၆) ရွံရှာစက်ဆုပ်ဖွယ် သဘောအားဖြင့် နှလုံးသွင်းပြီးတော့ စားပုံကလေးကို ဘယ်လို ဖွင့်ထားသလဲ?
၆။ တောင့်တချက်ကို ကျော်လွှားလွန်မြောက်သွားတဲ့ စိတ်ဓာတ်ဖြင့် စားပါ
ဒီဇနီးမောင်နှံနှစ်ဦးတို့ဟာ သူတို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ တစ်ဦး တည်းသော သားကလေးရဲ့ အသားကို စားနေတဲ့ အချိန်အခါမှာ ဘယ်လို စိတ်ဓာတ်ရှိသလဲ? နောက်ထပ်တစ်ဖန် တို့ ဒီလိုသားရဲ့ အသားမျိုးကို စားရရင် ကောင်းမှာပဲဆိုတဲ့ ဒီစိတ်ထားမျိုး တောင့်တချက်မျိုး ရှိသလား? မရှိကြဘူးနော်။ တောင့်တချက်ကို ကျော်လွှားလွန်မြောက်ပြီးသွားတဲ့ စိတ်ထားဖြင့်သာလျှင် ဒီအစာအာဟာရကို စားနေကြတယ်နော်။
ဆွမ်းခံတဲ့အခါ တစ်ခါတစ်ရံ မွန်မြတ်တဲ့ အဆင့်အတန်း မြင့်နေတဲ့ ဘောဇဉ်တွေ ရချင်ရမယ်။ တစ်ခါတစ်ရံ ကြမ်းတမ်းတဲ့ အဆင့်နိမ့်ကျနေတဲ့ ဘောဇဉ်လည်း ရချင်လည်း ရလိမ့်မယ်နော်။ အဲဒီအခါမှာ ဘာဖြစ်မလဲ?
ဒီနေ့တော့ မွန်မြတ်တဲ့ ဘောဇဉ်ကို ရပြီ၊ ရလိုက်တော့ ဒီနေ့တင် သူက ကျေနပ်သလား? မကျေနပ်ပြန်ဘူး။ နက်ဖြန်လည်း ဒီလို မွန်မြတ်တဲ့ ဘောဇဉ်လေးရရင် သိပ်ကောင်းမယ်၊ သန်ဘက်ခါကျရင်လည်း ဒီလို မွန်မြတ်တဲ့ ဘောဇဉ်လေးရရင် သိပ်ကောင်းမယ်ဆိုပြီးတော့ ဒီစိတ်ထားဖြင့် တောင့်တနေတယ်။
သို့သော် ရဟန်းဆိုတာ မွန်မြတ်တဲ့ဘောဇဉ် ရတော့လည်း မနက်ဖြန်ကျရင်လည်း ဒီလို ကောင်းတာကလေးရရင် သိပ်ကောင်းမယ်။ သန်ဘက်ခါ ကျရင်လည်း ဒီလို ကောင်းတဲ့ မွန်မြတ်တဲ့ ဘောဇဉ်ကလေးရရင် သိပ်ကောင်းမှာပဲဆိုတဲ့ တောင့်တချက် မဖြစ်စေရဘူးနော်။ ကြမ်းတမ်းတဲ့ အစာအာဟာရကို ရခဲ့ရင်လည်း ဟိုမနေ့ကလို ဒီနေ့လည်း မွန်မြတ်တဲ့ ဘောဇဉ်ကို ရခဲ့ရင်တော့ သိပ်ကောင်းမှာပဲ၊ ဒီနေ့တော့ မရလေခြင်းဆိုပြီးတော့ စိုးရိမ်နေတဲ့ စိတ်ထား, ပူဆွေးတဲ့ စိတ်ထား ရှိရမလား? မရှိရဘူး။ အဲဒီလိုစိတ်ထား မရှိစေရဘူးတဲ့။ ဘုရားရှင်ဘက်ကတော့ ရဟန်းတော်တစ်ပါးအနေနဲ့ သူက အစာအာဟာရကို စားတယ်ဆိုတာ ဒီစိတ်ထားမျိုးကလေးတွေ မရှိစေချင်ဘူး။
ဒီနေ့ ကောင်းတာကလေးရရင် ရတာကလေးနဲ့ ကျေနပ်စေချင်တယ်။ မကောင်းတာကလေးရရင်လည်း မကောင်းတာကလေးနဲ့ ကျေနပ်စေချင်တယ်။ ကျေနပ်စေချင်တယ်ဆိုတာ ဘာပြောတာလဲ? ဆွဲခြင်းလေးကိုင်ပြီး စျေးထဲသွားတဲ့ ပုံစံမျိုး လုပ်ရမလား? ဒါကြောင့်ဒီနေရာမှာ ပြန်ပြောပြမယ်။
ယောဂီလုပ်တဲ့ ပုဂ္ဂိုလ်တို့ထားရှိရမယ့် စိတ်ထားပဲ။ မွန်မြတ်တဲ့ ဘောဇဉ်ကို ရခဲ့ရင်လည်း နက်ဖြန်လည်း ဒီလို မွန်မြတ်တဲ့ ဘောဇဉ်ရရင် သိပ်ကောင်းမှာပဲ။ သန်ဘက်ခါကျရင်လည်း ဒီလိုမွန်မြတ်တဲ့ ဘောဇဉ်ရရင် ကောင်းမှာပဲ ဆိုတဲ့ ဒီလိုတောင့်တတဲ့စိတ်ထားကို မဖြစ်စေရဘူး။ ကြမ်းတမ်းခေါင်းပါးနေတဲ့ ညံ့ဖျင်းတဲ့ အစာအာဟာရကို ရရှိခဲ့ရင်လည်း မနေ့ကလို ငါ့မှာ ဒီနေ့ မွန်မြတ်တဲ့ဘောဇဉ် မရလေခြင်းဆိုပြီး အဖန်ဖန် အထပ်ထပ် စိုးရိမ်ခြင်း မကျေနပ်ခြင်းဆိုတဲ့ သဘောတရားကိုလည်း မဖြစ်စေရဘူး။ မဖြစ်စေဘဲနဲ့ ဘာလုပ်သလဲ?
(နိတဏှေန =) လိုလားတပ်မက်တဲ့ တဏှာ မရှိဘဲ ..။
အတီတံ နာနုသောစာမိ၊ နပ္ပဇပ္ပါမိနာဂတံ။
ပစ္စုပ္ပန္နေန ယာပေမိ၊ တေန ဝဏ္ဏော ပသီဒတိ။ (ဇာ၊၂၊၁၅၆။)
ဒီဂါထာလေးက တေမိဇာတ်က လာရှိတဲ့ ဂါထာလေးပါနော်။ တေမိ မင်းသားကို ဘယ်လိုအကြောင်းတရားကြောင့် အသားအရေတွေက ပြည့်ဖြိုးပြီး ရုပ်အဆင်းတွေက အလွန် ကြည်လင်နေပါသလဲဆိုပြီး မေးလိုက်တဲ့ အခါမှာ ပြန်ဖြေတဲ့ အဖြေကလေးပဲ။ အဲဒီအဖြေကလေးကို ဆောင်ပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတယ်။ သူတော်ကောင်းဆိုတာ ဒီတေမိ မင်းသားရဲ့ တေမိဇာတ်တော်မှာလာရှိတဲ့ ဆိုဆုံးမချက်ကို အစဉ်တစိုက် နှလုံးသွင်းရမယ်။ ဘယ်လိုလဲ?
အတီတံ = အတိတ်ကိုလည်းပဲ။ နာနုသောစာမိ = အဖန်ဖန် အထပ်ထပ် စိုးရိမ်ပူဆွေးမှု မရှိပါ။ အနာဂတံ = အနာဂတ်ကိုလည်းပဲ။ နပ္ပဇပ္ပါမိ = မျှော်လင့်တောင့်တမှု မရှိပါ။ ပစ္စုပ္ပန္နေန = ပစ္စုပ္ပန်ဖြင့်သာလျှင်။ ယာပေမိ = ငါမျှတ၍ နေပါ၏။ တေန = ထို့ကြောင့်။ မေ = ငါ၏။ ဝဏ္ဏော = ရုပ်အဆင်းသည်။ ပသီဒတိ = ကြည်လင်၍ နေပါပေ၏။
အတိတ်ကိုလည်း လှမ်းတွေးပြီးတော့ ဆွေးပြီးတော့ မနေဘူး။ အနာဂတ် ကိုလည်း လှမ်းပြီး မျှော်လင့်တောင့်တချက် မထားဘူး။ ပစ္စုပ္ပန် ရရသမျှနဲ့ပဲ ရောင့်ရဲပြီးတော့ နေတယ်။ မျှတပြီး နေတယ်၊ ဒါကြောင့် ငါ့ရဲ့ ရုပ်အဆင်းတွေဟာ အလွန် ကြည်လင်ပြီး နေပါတယ်ဆိုပြီးတော့ တေမိမင်းသားလေးက ပြန်ပြီးတော့ အဖြေပေးတယ်။ အဲဒီ အဖြေကို ဘုရားရှင်က တစ်ဖန် ပြန်ပြီးတော့ ရဟန်းတွေကို ဟောထားတာပါနော်။
ဒီအဆုံးမဩဝါဒကို ငါဦးထိပ်ရွက်ပန်ဆင်ပြီးတော့ ပစ္စုပ္ပန်ရရသမျှနဲ့ သာလျှင် ငါ မျှတမယ်။ ကျေနပ်မယ်လို့ ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူပြီးတော့ အစာအာဟာရကို ဘုဉ်းပေးသုံးဆောင်ပါတဲ့။ အဲဒီလို သုံးဆောင်ခဲ့မယ်ဆိုလို့ ရှိရင်တော့ နံပါတ် (၆) ပုတ္တမံသူပမသုတ္တန်မှာ လာရှိတဲ့ ဒေသနာတော် နည်းအတိုင်း အစာအာဟာရကို စားသုံးခြင်းဖြစ်တယ်။ ဒါ ပဋိကူလမနသိကာရ တစ်မျိုးပဲနော်။ ကဲ ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဘုန်းကြီးက ဒီသုတ္တန်ကို ဟောနေတာသည် ဒီလိုစိတ်ထားကလေးတွေ ထားစေချင်လို့ပါ။ ဘာဖြစ်လိုလဲ? အဲဒီ စိတ်ထားကို မထားနိုင်ဘူးဆိုလို့ရှိရင် နိဿရဏ ပညာခေါ်တဲ့ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာရှိမလား? မရှိဘူး။
သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း ဉာဏ်ပညာမရှိပဲ အစာ အာဟာရအပေါ်မှာ တွယ်တာမက်မောတဲ့ စိတ်ဓာတ်ဖြင့် ရရသမျှနှင့် မရောင့်ရဲနိုင်တဲ့ စိတ်ဓာတ်ဖြင့် မျှော်လင့်တောင့်တနေတဲ့ စိတ်ဓာတ်ဖြင့် အစာအာဟာရကို မှီဝဲခဲ့ရင် ဘုရားရှင်က ဘယ်လို ဟောတော်မူပါသလဲ? (အာမဂန္ဓ =) အညှီအဟောက်တွေကို မှီဝဲနေတာပဲ။ ဘာဖြစ်လိုလဲ? ဒီအစာအာဟာရကို အကြောင်းပြုပြီး အကုသိုလ်တရားတွေက သူ့သန္တာန်မှာ တိုးပွားနေပြီ။ မွန်မြတ်တဲ့ ဘောဇဉ်တွေ ရရှိတဲ့အခါမှာ ပြုံးပြုံးနဲ့ အလွန် ကျေနပ်တဲ့ စိတ်ထားဖြင့် စားသုံးနေပြီ၊ ကြမ်းတမ်းတဲ့ ခေါင်းပါးနေတဲ့ ညံ့ဖျင်းတဲ့ အစာအာဟာရ ရရှိပြန်တော့လည်း မကျေနပ်ချက်တွေကို တစ်ပုံကြီး ထမ်းပြီးတော့ အစာအာဟာရကို စားသုံးနေပြီ။ ကျေနပ်ချက်တွေကို တစ်ပုံကြီး ထမ်းပြီးတော့ အစာအာဟာရကို စားသုံးခြင်း, မကျေနပ်ချက်တွေကို တစ်ပုံကြီးထမ်းပြီးတော့ အစာအာဟာရကို စားသုံးခြင်းသည် အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေသည် မည်တယ်လို့ ..ဒီလို ဘုရားရှင်က ဟောနေပါတယ်နော်။ ဒါကြောင့် မိမိတို့က အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်ချင်တဲ့စိတ်ထား မရှိခဲ့ဘူး ဆိုလို့ရှိရင် ဘာလုပ်ရမလဲ?
အတီတံ နာနုသောစာမိ၊ နပ္ပဇပ္ပါမိနာဂတံ။
ပစ္စုပ္ပန္နေန ယာပေမိ၊ တေန ဝဏ္ဏော ပသီဒတိ။ (ဇာ၊၂၊၁၅၆။)
အတီတံ = အတိတ်ကိုလည်းပဲ။ နာနုသောစာမိ = အစဉ်တစိုက်လိုက်၍ စိုးရိမ်ပူဆွေးမှုမရှိပါ။ အနာဂတံ = အနာဂတ်ကိုလည်းပဲ။ နပ္ပဇပ္ပါမိ = မျှော်လင့် တောင့်တမှု မရှိပါ။ ပစ္စုပ္ပန္နေန = ပစ္စုပ္ပန်ရရသမျှဖြင့်။ ယာပေမိ = ငါ မျှတ၍ နေပါ၏။ တေန = ထို့ကြောင့်။ မေ = ငါ၏။ ဝဏ္ဏော = ရုပ်အဆင်းသည်။ ပသီဒတိ = ကြည်လင်၍ နေပါပေ၏။ ဣတိ = ဤသို့လျှင်။ ဣမံ ဩဝါဒံ = ဤကဲ့သို့သော အဆုံးမဩဝါဒကို။ အနုဿရန္တေန = ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သဖြင့်။ ပစ္စုပ္ပန္နေနေဝ = ပစ္စုပ္ပန်ရရသမျှသော အာဟာရဖြင့်သာလျှင်။ ယာပေဿာမိ = ငါ မျှတ၍ နေထိုင်ပေအံ့။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ပရိဘုဉ္ဇိတဗ္ဗော = ဘုဉ်းပေးသုံးဆောင်ထိုက်ပါပေ၏။
ပစ္စုပ္ပန်ရရသမျှလေးနဲ့ပဲ ကျေနပ်ကြပါနော်။ ဆွဲခြင်းလေး ကိုင်ပြီးတော့ ဟိုစျေးသွားလိုက် ဒီစျေးသွားလိုက် သွားနေတဲ့ပုံစံကတော့ သူတော်ကောင်းနဲ့ အံဝင်ခွင်ကျ ဖြစ်ကြရဲ့လား? ကိုယ်က သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ချင်တယ်ဆိုပြီးတော့ ဒီနေရာကိုတော့ လာနေတာမှန်တယ်။ တကယ်သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို ညွန်ကြားပြသ ဆိုဆုံးမလိုက်တဲ့ အချိန်အခါမှာ မလိုက်နာဘူးဆိုလို့ရှိရင် အကျိုးရှိပါ့မလား? မရှိနိုင်ဘူး။ ဒါ စဉ်းစားနော်။
မိမိတို့ဘဝကို မိမိတို့က မြှင့်တင်ချင်တယ်၊ မိမိတို့ရဲ့ စိတ်ဓာတ်ကို မိမိတို့က မြှင့်တင်ချင်တယ်, ဒီတွယ်တာမက်မောနေတဲ့ တဏှာရာဂတရားတွေကို ကုန်ခန်းစေချင်တယ်ဆိုလို့ရှိရင် ဒီလို အဆုံးမကလေးတွေကို မိမိတို့လိုက်နာဖို့ မလိုဘူးလား? လိုအပ်တယ်။ ရတာလေးနဲ့ ကျေနပ်စမ်းပါ။ သို့သော် တို့ရတာသည် ဘုရားရှင်အလိုတော်ကတော့ အပ်စပ်တဲ့ ပစ္စည်းဝတ္ထု ဖြစ်ပါစေ။မအပ်မရာရတဲ့ နည်းကိုတော့ ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ကဲ နောက်တစ်ခု --- နံပါတ် (၇) ပေါ့နော်။
၇။ သိုမှီးသိမ်းဆည်းလိုတဲ့ စိတ်ထား မရှိပါနှင့်
ဒီဇနီးမောင်နှံနှစ်ဦးတို့ဟာ ကြည့်လိုက်မယ်ဆိုရင်နော်။ အေး - ဒီမျှလောက်သောအသားကို တို့ စားပြီးတဲ့အချိန်အခါ ကြွင်းကျန်နေသေးတဲ့ အသားရှိခဲ့ရင် ဒီအသားတွေကို ဒီကန္တာရခရီးခဲကို ကျော်လွှားလွန်မြောက်သွားတဲ့ အချိန်အခါမှာ ဆားတွေ အချဉ်တွေနဲ့ ရောစပ်ပြီးတော့ တို့ စားမယ် ဆိုပြီးတော့ သိုမှီးသိမ်းဆည်းလိုတဲ့ စိတ်ထားရှိသလား? မရှိဘူးနော်။ နောက်တစ်ခု ---
ကန္တာရခရီးခဲကလည်း ပြီးဆုံးသွားပြီ ဆိုလို့ရှိရင် လူများအပေါင်း မမြင်မီ အချိန်အခါအတွင်း ကြွင်းကျန်နေတဲ့ အသားကို ဘာလုပ်သလဲ? မြေထဲမှာသော်လည်း မြုပ်ပြစ်ကြတယ်၊ မီးသော်လည်း ရှို့ပြစ်ကြတယ်။ သိုမှီးသိမ်းဆည်းခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ကြသလား? မပြုလုပ်ဘူး။ ပုလင်းလေးတွေ ဗူးလေးတွေထဲ ထည့်ပြီးတော့ သိမ်းထားတာ ရှိသလား? မရှိဘူး။ သူတော်ကောင်းမှန်ခဲ့ရင် သိုမှီးသိမ်းဆည်းလိုတဲ့ စိတ်ထား ရှိရမလား? မရှိရဘူးလား? မရှိရဘူး။ ဒါ သတိရှိဖို့ လိုအပ်တယ်နော်။
ဒီသိုမှီးသိမ်းဆည်းနေတယ်ဆိုတဲ့ လုပ်ငန်းရပ်ကို ဘုရားရှင်က အလွန် ရွံရှာစက်ဆုပ်တော်မူပါတယ်နော်။ သိုမှီးသိမ်းဆည်းခြင်းဆိုတဲ့ လုပ်ငန်းရပ်နဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်ကလည်း ရဟန်းတွေကို သန္နိဓိကာရကသိက္ခာပုဒ်ဆိုပြီး သီးသန့် ပညတ်ထားပါတယ်။ ထို သန္နိဓိကာရကသိက္ခာပုဒ်က သိုမှီးသိမ်းဆည်းပြီးတော့ အစာအာဟာရကို စားသုံးခဲ့ရင် ပါစိတ်အာပတ် သင့်စေဆိုပြီးတော့ ဒီလို တိုက်ရိုက် ပညတ်ထားပါတယ်နော်။ ဘုရားရှင်ရဲ့ ပညတ်တော်တွေဟာ မိမိတို့ ကျင့်ဖို့ ဟုတ်သလား? မဟုတ်ဘူးလား? ဟုတ်ပါတယ်။ ကျင့်ရမယ်ဆိုရင် ကျင့်ဖို့ကော မလိုဘူးလား? လိုအပ်တယ်။
မိမိတို့က သာသနာတော်ကို မှီခိုကပ်ရပ်ပြီး နေတာပဲ၊ မှီခိုကပ်ရပ်နေတဲ့ အပိုင်းမှာ တို့က ယောဂီတွေပဲ၊ ဝိနည်းနဲ့ တို့နဲ့ ဘာမှ မဆိုင်ဘူး။ ဒီလိုတော့ မစဉ်းစားနဲ့နော်။ မိမိတို့လည်း စွမ်းအားရှိသလောက် ကျင့်ကြမယ်ဆိုရင် ကုသိုလ်တရားတော့ မတိုးပွားနိုင်ဘူးလား? တိုးပွားနိုင်ပါတယ်။ ဘုရားရှင် နှစ်ခြိုက်တဲ့ ကျင့်ဝတ်ပဲ။ ဘုရားရှင် နှစ်ခြိုက်နေတဲ့ ကျင့်ဝတ်တွေကို မိမိတို့ စွမ်းအားရှိသလောက် ကျင့်ကြမယ်ဆိုရင် မိမိတို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေက အတိုင်းထက်အလွန် တိုးပွားလာကြမှာ ဖြစ်ပါတယ်နော်။ ဒါကြောင့်
အန္နာနမထော ပါနာနံ၊
ခါဒနီယာနံ အထောပိ ဝတ္ထာနံ။
လဒ္ဓါ န သန္နိဓိံ ကယိရာ၊
န စ ပရိတ္တသေ တာနိ အလဘမာနော။ (သု၊နိ၊၉၃၀။)
ဧဝမေဝ = ဤဥပမာအတူသာလျှင်။ ဘိက္ခုနာ = ယောဂါဝစရရဟန်းတော်သည်။ အန္နာနံ = ဆွမ်းတို့ကိုလည်းကောင်း။ အထော = ထို့အပြင်။ ပါနာနံ = အဖျော်ယမကာတို့ကိုလည်းကောင်း။ ခါဒနီယာနံ ဝါ = ခဲဖွယ်တို့ကို လည်းကောင်း။ အထောပိ = ထို့အပြင်လည်း။ ဝတ္ထာနံ ဝါ = အဝတ်တို့ကို လည်းကောင်း။ လဒ္ဓါ = ရရှိခဲ့သည်ရှိသော်။ သန္နိဓိံ = သိုမှီးသိမ်းဆည်းခြင်း သန္နိဓိသဘောတရားကို။ န ကယိရာ = မပြုသင့် မပြုလေရာ။ တာနိ = ထို ဆွမ်းခဲဖွယ်ဘောဇဉ် အဝတ်သင်္ကန်း အစရှိသည်တို့ကို။ အလဘမာနော = မရခဲ့သည်ရှိသော်။ န စ ပရိတ္တသေ = တဏှာဒိဋ္ဌိတို့ဖြင့် လိုလားတောင့်တမှုလည်း မဖြစ်လေရာ။
ဆွမ်းတွေ ရပြီ၊ အဖျော်ယမကာတွေ ရပြီ၊ ခဲဖွယ်ဘောဇဉ်တွေ ရပြီ၊ ဒီနေ့ အကပ်ခံထားရင် ဒီနေ့ စားပြီးတာနဲ့ ဘာလုပ်ရမလဲ? စွန့်ပစ်ရတယ်။ ဒါက ဘုရားရှင်နှစ်ခြိုက်တဲ့ စည်းကမ်းပဲ၊ အေး - အဝတ်သင်္ကန်းနဲ့ ပတ်သက်ပြီးတော့ နည်းနည်းတော့ ပြဿနာကလေးတော့ ရှိပါတယ်။
အဝတ်သင်္ကန်းကို ဘုရားရှင်က ရဟန်းတော်တွေကို တိစီဝရိတ်လို့ ခေါ်ဆိုအပ်တဲ့ သင်းပိုင်က တစ်ထည် ဧကသီက တစ်ထည် နှစ်ထပ်သင်္ကန်းက တစ်ထည် သုံးထည်ခွင့်ပြုထားပါတယ်။ အဲဒီထက် ပိုလွန်လာပြီဆိုရင် တချို့ မမျှတနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ငဲ့ညှာပြီးတော့ ဘုရားရှင်က ထိုသင်္ကန်းတွေကို ဝိကပ္ပနာပြုပြီးတော့ သုံးစွဲစေ ဆိုပြီးတော့လည်း ခွင့်ပြုထားတယ်။ ဝိကပ္ပနာ ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်က ဒီသင်္ကန်းသည် မိမိရဲ့ ပစ္စည်းမဟုတ်၊ မိမိ ရင်းနှီးနေတဲ့ သီတင်းသုံးဖော်တစ်ဦးရဲ့ ပစ္စည်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ မိမိ ပစ္စည်းအဖြစ်နဲ့ မသုံးဘဲ မိမိနဲ့ ရင်းနှီးနေတဲ့ သီတင်းသုံးဖော်တစ်ဦးရဲ့ ပစ္စည်း အဖြစ်နဲ့ သုံးစွဲခြင်းကို ဝိကပ္ပနာပြုတယ်လို့ ခေါ်ပါတယ်။ ဒါက ပါဠိတော်နည်းပဲ။ အဋ္ဌကထာများကတော့ တိစီဝရိတ်အနေနဲ့ အဓိဋ္ဌာန် မတင်ဘဲ ပရိက္ခာရစောဠအနေနဲ့ အဓိဋ္ဌာန်တင်ပြီး သုံးရင်လည်း အပ်ပါတယ်ဆိုပြီး ခွင့်ပြုထားပါတယ်။ အဋ္ဌကထာရဲ့ ခွင့်ပြုချက်ကိုတော့ အချို့အချို့ ဝိနည်း လေးစားတော်မူတဲ့ ဆရာတော်ကြီးများက သိပ်ပြီးတော့ အားမရကြဘူး။ အားမရတဲ့အတွက် ဝိကပ္ပနာပြုပြီး သုံးစွဲခြင်းက ဘုရားရှင်ရဲ့ အလိုတော်နဲ့ ပိုပြီး နီးကပ်တယ် ဆိုပြီးတော့ ဒီလိုတော့ ဆုံးဖြတ်ကြပါတယ်နော်။ ဒီလို ဆိုဆုံးမကြတယ်။ ဒါကြောင့် အဲဒီလို အစာအာဟာရတွေကို ဒီနေ့ရရှိပြီး မွန်းလွဲတာနဲ့ စွန့်ပစ်ရတယ်။ သိုမှီးသိမ်းဆည်းထားမှု မပြုလုပ်ရဘူး။ သို့သော် ဒီဇာတ်ကြောင်းကလေးကိုတော့ ဘုန်းကြီး ဗဟုဿုတအဖြစ် နည်းနည်း ထပ်ပြီးတော့ ပြောပါ့မယ်။
ဒီသိက္ခာပုဒ်ကို ပညတ်တဲ့အကြောင်းရင်း ကြည့်လိုက်လို့ရှိရင် အရှင်အာနန္ဒာမထေရ်မြတ်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူတဲ့ အရှင်ဗေလဋ္ဌသီသ မထေရ်မြတ်ကြီး၏ အစာအာဟာရကို သိုမှီးသိမ်းဆည်းကာ အသုံးပြုတော်မူခြင်းကို အကြောင်းပြုကာ ပညတ်တော်မူခြင်း ဖြစ်ပါတယ်။ ဝေသာလီ မဟာဝုန်တောအတွင်းမှာ သီတင်းသုံးနေတဲ့ ရဟန္တာမထေရ်မြတ်ကြီးပါ။ ဝေသာလီမြို့ထဲကို ဆွမ်းခံတစ်ကြိမ်ကြွလိုက်လို့ရှိရင် ဆွမ်းဟင်းကလေးတွေနဲ့ ရောနေတဲ့ ဆွမ်းတွေကို ထိုနေ့ ဘုဉ်းပေးလိုက်တယ်။
ကြွင်းကျန်နေတဲ့ ဆွမ်းကလေးတွေကို ရေဆေးပြီးတော့ ထမင်းခြောက် လှန်းလိုက်တယ်။ အဲဒီထမင်းခြောက်ကလေးတွေကို သိုမှီးသိမ်းဆည်းပြီးတော့ (၇)ရက် နိရောဓသမာပတ် ဝင်စားတော်မူပါတယ်။ နိရောဓသမာပတ်က (၇)ရက်စေ့လို့ ထလာပြီဆိုလို့ရှိရင် ကြွင်းကျန်နေတဲ့ နေလှန်းထားတဲ့ ထမင်းခြောက်ကို ရေကလေးနဲ့ အသာကလေး တေပြီးတော့ ဘုဉ်းပေးလိုက်တယ်။ ဘုဉ်းပေးပြီးလို့ရှိရင် အဲဒါ နောက်ထပ် (၇)ရက်ထပ်ပြီးတော့ နိရောဓသမာပတ် ဝင်စားတော်မူတယ်။ (၇)ရက်ပြည့်လို့ တစ်ခါ တစ်ဖန်နောက်ထပ် နိရောဓသမာပတ်က ထပြီဆိုလို့ရှိရင် ကြွင်းကျန်နေသေးတဲ့ ထမင်းခြောက်ရှိရင် အဲဒီထမင်းခြောက်ကလေးနဲ့ ရေကလေးနဲ့ ဆွတ်ပြီး တေပြီးတော့ ဘုဉ်းပေးလိုက်တယ်။ ဘုဉ်းပေးပြီး နောက်ထပ် (၇)ရက် နိရောဓသမာပတ် ထပ်ပြီး ဝင်စားတော်မူပြန်တယ်။ တစ်ခါတစ်ရံ ဝေသာလီမြို့အတွင်းကို တစ်ကြိမ်လောက် ဆွမ်းခံကြွရင် (၂၁)ရက်လောက်အထိ နိရောဓသမာပတ်တွေကို ဝင်စားပြီးတော့ နေထိုင်လို့ရတဲ့ အခြေအနေ ရှိပါတယ်။ တစ်ခါတစ်ရံ တစ်လလောက်အထိ နေတယ်လို့ ဆိုတယ်။
အဲဒီတော့ တချို့ရဟန်းတော်တွေက နည်းနည်း သတိပြုမိကြတယ်။ ဒီကိုယ်တော်ကြီး ဝေသာလီမြို့အတွင်းကို ဆွမ်းခံကြွတာ တစ်ခါတစ်ရံမှ တွေ့တယ်။ သူ ဘာများလုပ်နေသလဲ? သွားပြီး ထောက်လှမ်းရေးနဲ့ စုံစမ်းလိုက်တဲ့ အချိန်အခါ သူရဲ့ နေထိုင်ပုံ နည်းစနစ်တွေကို ပြန်ပြီးတော့ ပြောပြတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်ကို တင်ပြလျှောက်ထားတော့ .. ဘုရားရှင်က ဒီသူတော်ကောင်းကတော့ ရဟန္တာပုဂ္ဂိုလ်ဖြစ်လို့ ပြဿနာ နောက်ထပ် ပေါ်စရာမရှိပေမဲ့ ပုထုဇန်တွေအတွက်ကတော့ ပြဿနာတွေက များစွာ ရှုပ်ထွေးပြီးတော့ လာနိုင်တယ်။ လာနိုင်တဲ့အတွက်ကြောင့် ခဲဖွယ် ဘောဇဉ်တွေကို သိုမှီးသိမ်းဆည်းပြီးတော့ မဘုဉ်းပေး မသုံးဆောင်ရ။ သုံးဆောင်ခဲ့ရင် ပါစိတ်အာပတ်သင့်စေ ဆိုပြီးတော့ သိက္ခာပုဒ် ပညတ်တော် မူရပါတယ်နော်။ (ဝိ၊၂၊၁၁၆။)
ဒါကြောင့် သာသနာတော်မှာ ဘုရားရှင်က အရှည်မြော်မြင်ပြီး ပညတ်တော်မူတဲ့သိက္ခာပုဒ်ကို သာသနာဝန်ထမ်း ရှင်ရဟန်းတွေဟာ အသက်နဲ့လဲပြီး ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပြီး လိုက်နာပြုကျင့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ ရရှိလာတဲ့ ပစ္စည်းဝတ္ထုကို သိုမှီးသိမ်းဆည်းထားခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ဘုရားရှင် မနှစ်ခြိုက်ဘူး။ နောက်တစ်ခု ဘာ မနှစ်ခြိုက်သလဲ?
န စ ပရိတ္တသေ တာနိ အလဘမာနော ..
တာနိ = ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုတို့ကို။ အလဘမာနော = မရရှိခဲ့သည်ရှိသော်။ န စ ပရိတ္တသေ = တဏှာဒိဋ္ဌိတို့ဖြင့် မျှော်လင့်တောင့်တမှုလည်း မရှိလေရာ။
မိမိ မှန်းချက်နဲ့ နှမ်းထွက်က သိပ်ပြီး မကိုက်ဖြစ်နေပြီ။ ဒီနေ့ ထင်လိုက်တာက တစ်မျိုး ရတာက တစ်မျိုး ပုံစံပြောင်းသွားပြီဆိုရင်လည်း နောက်နေ့ ဒီလို ရစေရမယ်ဆိုပြီးတော့ မျှော်လင့်တောင့်တချက် ထားရမလား? မထားရဘူး။ ဒီအဆုံးအမကိုတော့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ဟာ အမြဲတမ်း အမှတ်ရနေရမယ်။
မိမိကို လာလှူတဲ့ ပုဂ္ဂိုလ်တွေများပြီပဲ ဆိုကြပါစို့နော်။ ပစ္စည်းလေးပါးကို ရရှိပြီ။ ရရှိလိုက်တဲ့အချိန်အခါမှာ ဒီပစ္စည်းလေးပါးထဲက မိမိနဲ့ မျှတရုံလောက် အလှူခံပါနော်။ ဘယ်လောက် အလှူခံရမလဲ? မျှတရုံတဲ့နော်။ မနေ့က ကိုယ်ရင်ကလေးတစ်ပါးကတော့ မေးတယ်။ ဆရာတော် ပုဏ္ဏားကြီး ငါးယောက်ထဲမှာ တပည့်တော်တို့ ဘယ်ပုဏ္ဏားထဲ ပါတယ်လို့ မပြောတတ်ဘူးတဲ့ ကဲ - သီလရှင်တွေကော မေးလိုက်ရဦးမယ်။ ဘယ်ပုဏ္ဏားထဲများ ပါနေသလဲ? ကိုရင်လေးကတော့ သူက ပြောတယ်။ တပည့်တော်တို့ကတော့ စားပြီး လှဲပြီး အိပ်တဲ့ ပုဏ္ဏားထဲမှာ ပါတယ်နဲ့တူတယ်တဲ့။ ဘယ့်နှယ်တုန်း ဟုတ်ကြသလား? ကဲ -ဒီနေရာမှာ သူက မိမိနဲ့ မျှတရုံပမာဏကလေး အလှူခံဘုဉ်းပေးပါ။ ဘုဉ်းပေးပြီးတဲ့အခါ ကြွင်းကျန်နေတာကို မိမိရဲ့ သီတင်းသုံးဖော်တွေကို စွန့်လွှတ်ပြီးတော့ လှူဒါန်းပါ။ (သန္နိဓိ =) သိုမှီးသိမ်းဆည်း ထားခြင်းဆိုတဲ့ လုပ်ငန်းရပ်ကိုတော့ မပြုလုပ်ပါနဲ့။ မြတ်စွာဘုရား တားမြစ်ထားတယ်နော်။ ဒီတော့ မိမိတို့က မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို မှီတင်းနေထိုင်တယ်ဆိုရင် မြတ်စွာဘုရား နှစ်ခြိုက်တော်မူတဲ့ ကျင့်ဝတ်ပဋိပတ် ကလေးတွေကို ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်ပြီး လိုက်နာပြုကျင့်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်နော်။ နောက်တစ်ခု ---
၈။ အစာအာဟာရကို မှီဝဲနေစဉ် မာန်မာနကို နှိမ်ချထားပါ
အဲဒီ ဇနီးမောင်နှံနှစ်ဦးက ဒီသားရဲ့ အသားကို စားလိုက်ပြီ။ သားရဲ့ အသားကို စားနေတဲ့အချိန်အခါမှာ တို့မှတစ်ပါး အခြားအခြားသော ပုဂ္ဂိုလ်တွေဟာ တို့လို ဒီလို သားရဲ့ အသားကို မစားရပါဘူး ဆိုပြီးတော့ ထောင်လွှား တက်ကြွတဲ့ မာန်မာနတရားတွေ ထိုဇနီးမောင်နှံ နှစ်ဦးတို့ရဲ့ သန္တာန်မှာ ဖြစ်သလား? မဖြစ်ဘူး။ စိတ်ထဲမှာလည်း မဖြစ်ဘူး။ နှုတ်ကလည်း ထုတ်ဖော်ပြီးတော့ ထောင်လွှားတက်ကြွနေတဲ့ စကားတွေကို ပြောကြားသလား? မပြောကြဘူး။ ဘယ်လိုလဲ?
နိဟတမာနာ = ချထားအပ်သော မာန်မာန ရှိကြကုန်သည်ဖြစ်၍။ နိဟတဒပ္ပါ = ချထားအပ်သော တက်ကြွသော စကားရှိကြကုန်သည်။ ဟုတွာ = ဖြစ်ကြကုန်၍။ ဒါဒိံသု = ခဲစားကြလေကုန်၏။
နှိမ်ချထားတဲ့ မာန်မာနတရား ထင်ရှားရှိပြီးမှ ဒီအစာအာဟာရကို စားတယ်။ ထောင်လွှားတက်ကြွတဲ့ စကားတွေကို မပြောကြားဘဲနဲ့သာလျှင် ဒီအစာအာဟာရကို စားသုံးကြတယ်။ တို့က ဒီလိုစားနေတာ သင်းတို့လို အညံ့စားဟာမျိုးတွေကို စားနေတာ မဟုတ်ဘူး၊ တို့စားတာမျိုး သင်းတို့ ဘယ်စားနိုင်မလဲ ဒီစကားမျိုးတွေကို သူတို့ပြောကြသလား? မပြောကြဘူးနော်။
ဘုရားရှင်ဘက်ကတော့ တပည့်သာဝကတွေကို မာန်မာန မရှိဘဲနဲ့ အစာအာဟာရကို စားစေချင်ပါတယ်။ တို့က ဒီလို စားနေတာပဲဆိုပြီးတော့ ဂုဏ်ယူဝင့်ကြွားတဲ့ စိတ်ထားဖြင့် စားတဲ့ပုံစံကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဂုဏ်ယူဝင့်ကြွားပြီး ပြောကြားနေတာမျိုးကိုကော ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူး။ ဘယ့်နှယ်တုန်း ယောဂီတွေ ကြွားများ ကြွားတတ်ကြလား? မကြွားပါဘူးလို့ ပြောတဲ့ပုဂ္ဂိုလ်က ဘယ်နှစ်ယောက်လောက် ရှိသလဲ? နည်းနည်းလေးပဲ၊ များသောအားဖြင့်တော့ လက်စွပ်ကလေး ဝတ်ထားတဲ့ပုဂ္ဂိုလ်က လက်ကလေး တဖြန့်ဖြန့်တော့ မလုပ်တတ်ဘူးလား? လုပ်တတ်ပါတယ်။ လူတစ်ယောက်က မေးခွန်းတစ်ခု မေးလိုက်ပြီ ဆိုရင် လက်ညိုးလေး ထိုးထိုးပြီးတော့ ဒီနေရာပြရ ဟိုနေရာပြရ မလုပ်ချင်ဘူးလား? လုပ်ချင်ကြတယ်။ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင်လေးကို ဖက်ပြီးတော့ တက်မပြလိုက်ချင်ဘူးလား ..? တက်ပြချင်ကြတယ်။ အဲဒီ စိတ်ထားမျိုးကို ဘုရားရှင် နှစ်ခြိုက်သလား? မနှစ်ခြိုက်ဘူးတဲ့နော်။
မွန်မြတ်တဲ့ဘောဇဉ်တွေ ရရှိခဲ့ပြီ ဆိုလို့ရှိရင် ငါဟာ မွန်မြတ်နေတဲ့ ဆွမ်း သင်္ကန်းအစရှိတဲ့ ပစ္စည်းလေးပါးကို ရလေ့ရှိတဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ဒီလို ထောင်လွှားတက်ကြွတဲ့ စိတ်ထားကိုလည်း မပြုသင့်ဘူး။ ထောင်လွှားနေတဲ့ ကြွားဝါတဲ့ စကားမျိုးကိုလည်း မပြောကြားသင့်ဘူးနော်။
နာယံ ပဗ္ဗဇ္ဇာ စီဝရာဒိဟေတု၊ အရဟတ္တဟေတု ပနာယံ ပဗ္ဗဇ္ဇာတိ ပစ္စဝေက္ခိတွာ နိဟတမာနဒပ္ပေနေဝ ပရိဘုဉ္ဇိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၁၀၀။)
အယံ ပဗ္ဗဇ္ဇာ = ဤရှင်ရဟန်း၏ အဖြစ်သည်ကား။ စီဝရာဒိဟေတု = သင်္ကန်းစသော အကြောင်းတရားကြောင့်။ န ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍လာ သည်ကား မဟုတ်ပေ။
မိမိ သာသနာ့ဘောင်ဝင်ရောက်လာတဲ့ ဦးတည်ချက်က ဘာလဲ? ရှင်ရဟန်းပြုလာတဲ့ ဦးတည်ချက်ကို ပြန်ကြည့်လိုက်လို့ရှိရင် သင်္ကန်းတည်း ဟူသောအကြောင်းကြောင့် ဆွမ်းတည်းဟူသောအကြောင်းကြောင့် ကျောင်းတည်းဟူသောအကြောင်းကြောင့် ဆေးပစ္စည်းတည်းဟူသော အကြောင်းကြောင့် ရှင်ရဟန်းပြုလာတာ ဟုတ်သလား? မဟုတ်ဘူးနော်။ ဘာအတွက် ရှင်ရဟန်းပြုလာရသလဲ?
အယံ ပဗ္ဗဇ္ဇာ = ရှင်ရဟန်းအဖြစ်သည်ကား။ အရဟတ္တဟေတု = အရဟတ္တဖိုလ်တည်းဟူသောအကြောင်းကြောင့်။ ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍ လာရပေ၏။
အရဟတ္တဖိုလ်တည်းဟူသော အကြောင်းတရားကြောင့်သာလျှင် ဒီရဟန်းအဖြစ်ဆိုတာ ဖြစ်ပေါ်လာရတယ်။ အရဟတ္တဖိုလ်ကို လိုချင်တောင့်တတဲ့ စိတ်ထားဖြင့်သာလျှင် ငါသည် ရှင်ရဟန်းပြုလာခြင်း ဖြစ်တယ်။
ဣတိ = ဤသို့။ ပစ္စဝေက္ခိတွာ = ဉာဏ်ဖြင့်ဆင်ခြင်၍။ နိဟတမာနဒပ္ပေနေဝ = ချထားအပ်သော မာန်မာန (= ဒပ္ပတရား) ထင်ရှားဖြစ်သည်ရှိ၍ သာလျှင်။ ပရိဘုဉ္ဇိတဗ္ဗော = ဘုဉ်းပေးသုံးဆောင်ထိုက်ပေ၏။
ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို အကြောင်းပြုပြီး ငါ ရှင်ရဟန်းပြုလာတာလည်း မဟုတ်ဘူး။ အရဟတ္တဖိုလ်ကို အကြောင်းပြုပြီးတော့ ငါ ရှင်ရဟန်းပြုလာတာပဲ။ ဒီလို ဉာဏ်နဲ့ဆင်ခြင်ပြီးတော့ နှိမ်ချတဲ့ မာန်မာနတရားရှိပြီးတော့ နှိမ်ချနေတဲ့ ဒပ္ပတရားတွေ ထင်ရှားရှိပြီးမှ ဘုဉ်းပေး သုံးဆောင်ပါ။ ကြွားဝါတဲ့ စိတ်ထားဖြင့်, ဂုဏ်ယူတဲ့စိတ်ထားဖြင့်, ဝင့်ကြွားနေတဲ့ စိတ်ထားဖြင့် ဝင့်ကြွားတဲ့စကားတွေ ပြောပြီးတော့ မစားပါနဲ့တဲ့။ ဒါက နံပါတ် (၈)ပဲ။ နောက်တစ်ခု --- နံပါတ် (၉) ဥပမာက ဘာလဲ?
၉။ အာဟာရအပေါ်, အလှူရှင်အပေါ် ရှုတ်ချတဲ့ စိတ်ထား မရှိပါစေနှင့်
ဇနီးမောင်နှံတို့ဟာ သဲကန္တာရခရီးထဲမှာ သွားနေကြပြီ၊ ကန္တာရထဲမှာ ဆားဆိုတာလည်း မရနိုင်ဘူး၊ အချဉ်ဆိုတာလည်း မရနိုင်ဘူး၊ အခိုးအထုံ အမွှေးအကြိုင် ဆိုတာလည်း ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့် ဆားမပါတဲ့ ဒီဟင်းဖြင့် ဘာအကျိုးရှိမှာလဲ? အချဉ်မပါတဲ့ ဒီဟင်းဖြင့် မဆလာမပါတဲ့ ဒီဟင်းဖြင့် အနံ့မကောင်းတဲ့ ဒီဟင်းဖြင့် ဘာအကျိုးရှိမှာလဲ ဆိုပြီးတော့ ဒီလို သားရဲ့ အသားအပေါ်၌ ရှုတ်ချတဲ့စိတ်ထား ရှိသလား? မရှိဘူး။ ရှုတ်ချခြင်း ဆိုတဲ့ သဘောတရားကို ကျော်လွှားလွန်မြောက်သွားတယ်တဲ့။
ဆားမပါရကောင်းလားဆိုပြီး ရှုတ်ချတဲ့ စိတ်ထား မရှိဘူး၊ အချဉ် မပါရကောင်းလားဆိုတဲ့ ရှုတ်ချတဲ့ စိတ်ထား မရှိဘူး၊ မဆလာအစရှိတဲ့ အမွှေး အကြိုင်တွေ မပါရကောင်းလားဆိုပြီး ရှုတ်ချတဲ့ စိတ်ထားလည်း မရှိဘူး၊ အနံ့အသက်က မကောင်းဘူးဆိုပြီးတော့ ဒီလို ရှုတ်ချတဲ့ စိတ်ထား ရှိကြ သလား? မရှိကြဘူး။ ရှုတ်ချတဲ့စိတ်ထားကို ကျော်လွှားလွန်မြောက်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် စားကြတယ်။ ဂျီးမများကြဘူးနော်။ နိဗ္ဗာန်သွားမယ့် သူတော်ကောင်း တစ်ဦးက သိပ်ပြီး ဂျီးများနေမယ်ဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ အစာအာဟာရနဲ့ ပတ်သက်ပြီး ရာဂဒေါသအစရှိတဲ့ ကိလေသာ အညစ်အကြေးတွေက လူးလဲပေကျံပြီးတော့ မလာဘူးလား? လာလိမ့်မယ်။
ဒါကြောင့် ဒီဇနီးမောင်နှံနှစ်ဦးက မိမိတို့စားလိုက်တဲ့ အာဟာရနဲ့ ပတ်သက်ပြီးတော့ ဆားမပါလို့ အချဉ်မပါလို့ အမွှေးနံ့သာ မပါလို့ဆိုပြီး ရှုတ်ချတဲ့ စိတ်ထား မရှိဘဲ စားကြသလို နိဗ္ဗာန်ကို သွားလိုတဲ့ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ယောဂီလို့ ခေါ်ဆိုအပ်တဲ့ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်ဆိုတာ ဘယ်လို စိတ်ထားရှိရမလဲ?
ယောဂါဝစရရဟန်းတော် ထားရမယ့် စိတ်ထားလေးကို ပုံနဲ့နှိုင်းပြီး ပြောနေတယ်။ ဆွမ်းကို ရရှိလာတဲ့အခါ မိမိ ရရှိတဲ့ ဆွမ်းကို မကျေနပ်တဲ့ မျက်လုံးနဲ့ ကြည့်ပြီးတော့ ----
မြင်းတွေစားတဲ့ ထမင်းနဲ့တူနေတဲ့, နွားစားတဲ့ ထမင်းနဲ့တူနေတဲ့, ကြမ်းတမ်းတဲ့ အရသာကင်းမဲ့နေတဲ့ ဒီအစာအာဟာရဖြင့် အဘယ်အကျိုး ရှိမှာလဲ။
အေး - မြင်းစာ ခွေးစာ နွားစာနဲ့တူနေတဲ့ ဒီကြမ်းတမ်းနေတဲ့ အရသာ မရှိတဲ့ ဆွမ်းဖြင့် ဘာအကျိုးရှိမှာလဲဆိုပြီးတော့ ဒီဆွမ်းတွေကို ဟို ခွေးစားခွက်ထဲ သွားပြီး ထည့်ပစ်လိုက်ကြတော့ဆိုပြီး ဒီလို ဆွမ်းကို ရှုတ်ချတဲ့ စိတ်ထား မရှိပါစေနဲ့တဲ့။ ရှုတ်ချတဲ့ စိတ်ဓာတ်မရှိဘဲနဲ့ စားပါ။ အာဟာရဆိုတာက ကောင်းချင်လည်း ကောင်းမယ်၊ မကောင်းသော်လည်း ရှိမယ်နော်။ နောက်တစ်ခု ---
အလှူရှင်ဆိုတာကတော့ များသောအားဖြင့်ပေါ့လေ.. မိမိတို့ အလှူရှင် နေရာမှာ ဝင်နေကြည့်ပါ။ အဆင့်အတန်း အမြင့်မားဆုံး အကောင်းဆုံးကို လှူချင်တဲ့စိတ်ဓာတ် များသောအားဖြင့် ရှိကြပါတယ်။ သို့သော်လည်း အားမတန်တော့ မာန်လျှော့ဆိုတဲ့ ပုံစံလိုပေါ့။ အကောင်းစားလှူချင်ပေမယ့်လို့ မိမိက လှူနိုင်တဲ့ စွမ်းအင်မရှိတော့ သင့်တင့်လျောက်ပတ်ရုံ တစ်ခါတစ်ရံ လှူရတယ်။ အဲဒီလို လှူလိုက်တဲ့အချိန်အခါမှာ ဒီအစာအာဟာရက မကောင်းတော့ ဘာဖြစ်သလဲ? ဒီလိုအစာမျိုး ဘယ်သူ စားမှာလဲ? ကျီးတွေ ခွေးတွေသာ သွားပြီး ကျွေးလိုက်ပါဆိုပြီး ဒီလို အစာအာဟာရနှင့် အလှူရှင်ကို ရှုတ်ချတဲ့ စိတ်ထားဖြင့် ယောဂီပုဂ္ဂိုလ်ဆိုတာ မစားပါနဲ့နော်။ ဘယ်လို ဖြစ်ရမလဲ?
သ ပတ္တပါဏိ ဝိစရန္တော၊ အမူဂေါ မူဂသမ္မတော။
အပ္ပံ ဒါနံ န ဟီဠေယျ၊ ဒါတာရံ နာဝဇာနိယာ။ (သံ၊နိ၊၂၊၁၆၁။)
ဒါ ဘုရားရှင် ဆုံးမထားတဲ့ အဆုံးမလေးပဲ။
အမူဂေါ = မဆွံ့မအသည်။ ဟုတွာ = ဖြစ်ပါလျက်။ မူဂသမ္မတော = ဆွံ့အတဲ့ပုဂ္ဂိုလ်ဟူ၍ ခေါ်ဝေါ်သမုတ်အပ်သော။ ပတ္တပါဏိ = သပိတ်ကို လက်စွဲလျက်။ ဝိစရန္တော = ဆွမ်းခံရန်အလို့ငှာ လှည့်လည်ကျက်စားလျက်ရှိသော။ ဧသ ဧသော = ထိုရဟန်းတော်သည်။ အပ္ပံ ဒါနံ = နည်းပါးတဲ့ ခေါင်းပါးတဲ့ အလှူဒါနကိုလည်းပဲ။ န ဟီဠေယျ = မရှုတ်ချလေရာ။ ဒါတာရံ = ပေးလှူနေတဲ့ပုဂ္ဂိုလ်ကို။ နာဝဇာနိယာ = မထီမဲ့မြင် မပြုလုပ်လေရာ။ ဣတိ ဣမံ ဩဝါဒံ = ဤကဲ့သို့သော ဘုရားရှင်၏ အဆုံးအမဩဝါဒကို။ အနုဿရန္တေန = အစဉ်လျှောက်၍အောက်မေ့သဖြင့်။ ပရိဘုဉ္ဇိတဗ္ဗော = ဘုဉ်းပေး သုံးဆောင်ထိုက်ပေ၏။
ဘုရားရှင် ဆုံးမထားတယ်နော်။ ရဟန်းဆိုတာ ရွာထဲဆွမ်းခံသွားပြီဆိုရင် ဘယ်လို စိတ်ထားရမလဲ? (အမူဂ=) မိမိက မဆွံ့မအတာ မှန်တယ်။ ဒါပေမဲ့လို့ ငဆွံ့ငအလို့ ခေါ်ဝေါ်သမုတ်ရလောက်အောင် ဣန္ဒြေသိက္ခာကလေးနဲ့ သွားရတယ်။ သွားလိုက်တဲ့အချိန်အခါမှာ သပိတ်ကလေး လက်စွဲပြီးတော့ ဆွမ်းအလို့ငှာ လှည့်လည်နေတဲ့ ထိုရဟန်းဟာ နည်းနည်းလေး လှူလို့ရှိရင် လည်း စိတ်ထဲက ဒီအလှူရှင်ကို သို့မဟုတ် ဒီလှူဖွယ်ဝတ္ထုအပေါ်မှာ ရှုတ်ချတဲ့ စိတ်ထား မရှိရဘူး။ ခပ်ညံ့ညံ့လေး လှူလိုက်လို့လည်း ဒီလှူဖွယ်ဝတ္ထု အပေါ်မှာ ဒီအလှူရှင်အပေါ်မှာ ရှုတ်ချတဲ့စိတ်ထား မရှိရဘူး။ ပေးလှူနေတဲ့ အလှူရှင်ကို မထီမဲ့မြင် ဘယ်တော့မှ မလုပ်ပါနဲ့။ ဒါက ဘုရားရှင် ဆုံးမထားတာ၊ မိမိတို့ဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ မှီတင်းနေထိုင်နေတဲ့ ပုဂ္ဂိုလ်မှန်ခဲ့ရင် ဒီလို ဆုံးမထားတဲ့ ဘုရားရှင်ရဲ့ အဆုံးမကလေးတွေကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်ပြီး လိုက်နာပြုကျင့်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ အခုလို တရားဘာဝနာ အားထုတ်နေတဲ့အပိုင်းကလေးတွေမှာ ကြည့်ပေါ့နော်။ မိမိဘက်က လက်ကလေး ဆေးစားရုံပဲ၊ အခန့်သင့် ပြုပြင်ဖန်တီးပေးကြတယ်ဆိုရင် ကျေးဇူးတောင် အလွန်တင်ဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ ရှုတ်ချတယ်ဆိုတဲ့ စိတ်ထား မထားသင့်ဘူးနော်။
၁၀။ အချင်းချင်းလည်း မထီမဲ့မြင် မပြုပါနှင့်
ဒါက ငါ့အတွက် ဒါက နင့်အတွက် ဒါက ငါ့သား ဒါက နင့်သားဆိုပြီး ဒီလို တစ်ဦးနဲ့တစ်ဦး မထီမဲ့မြင်ပြုလုပ်လိုတဲ့စိတ်ထား ဒီသားရဲ့ အသားကို စားနေတဲ့ အချိန်အခါမှာ ဇနီးမောင်နှံနှစ်ဦးတို့ရဲ့ သန္တာန်မှာ ရှိကြသလား? မရှိကြဘူး။
ညီညီညွတ်ညွတ်နဲ့ ဝမ်းပန်းတသာဖြင့် ဝမ်းမြောက်တဲ့ စိတ်ထားဖြင့် ခဲစားကြတယ်။ ဝမ်းမြောက်တဲ့စိတ်ထားဆိုတာက ဒီလို တစ်ဦးအပေါ်တစ်ဦး ကျေနပ်တဲ့စိတ်ထားလို့ ပြောလိုတာပါ။ ဒီအသားကို စားရလို့ ဝမ်းသာနေတဲ့ စိတ်ထား ဒီလိုပြောလိုရင်းတော့ မဟုတ်ဘူးနော်။ နှစ်ဦးအတူတူ စားသောက်တဲ့အချိန်အခါကလေးမှာ တစ်ဦးနဲ့တစ်ဦး ကြည်ဖြူတဲ့ စိတ်ဓာတ်ဖြင့်သာ စားကြတယ်။ ခုလို အများစုပေါင်းပြီး နေထိုင်တဲ့အချိန်အခါမှာ အစာအာဟာရကို စားသုံးတဲ့အချိန်အခါမှာ တစ်ဦးပေါ်တစ်ဦး မကျေနပ်တဲ့ စိတ်ဓာတ်တွေဖြင့် စားနေကြမယ်ဆိုရင် အကုသိုလ်တရားတွေ ထပ်ပြီး မတိုးပွားဘူးလား? တိုးပွားလာမယ်။ တစ်ဦးအပေါ်တစ်ဦး ကျေနပ်နေတဲ့ ကြည်ဖြူနေတဲ့ စိတ်ဓာတ်ဖြင့်သာ အစာအာဟာရကို စားသုံးကြပါလို့ ဒီလို ပြောချင်တယ်နော်။ ဒါကြောင့် ---
တချို့တချို့ ပုဂ္ဂိုလ်နော်။ ပုဂ္ဂိုလ်တိုင်းတော့ မဆိုလိုပါဘူး။ ဆွမ်းကလေး ရပြီ၊ သင်္ကန်းကလေး ရပြီ၊ ကျောင်းကလေး ရပြီ၊ ဆေးကလေး ရပြီ ဆိုကြပါစို့နော်။ အဲဒီလို ပစ္စည်းလေးပါးရရှိလိုက်တဲ့အချိန်အခါမှာ အရှင်ဘုရားတို့က သူတစ်ပါးတွေ စွန့်ပစ်တဲ့ လှေကားခုံတွေမှာရှိနေတဲ့ အစာအာဟာရတွေကို လှည့်လည်ပြီး ရှာဖွေစားသောက်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကို ဘယ်လိုပုဂ္ဂိုလ်က အကြောင်းမရှိဘဲ လှူမှာလဲ? အရှင်ဘုရားတို့လို ပုဂ္ဂိုလ်မျိုးတွေကို မွေးနေတဲ့ မိခင်အရင်းသော်လည်း လှူမယ်ဆိုတဲ့ စိတ်ထား ရှိချင်မှ ရှိမယ်။ လှူရကောင်းမှန်းတောင် သိချင်မှ သိမယ်။ တပည့်တော်တို့ကတော့ ဘယ်နေရာသွားသွား ရောက်လေရာနေရာမှာ မွန်မြတ်တဲ့ ဆွမ်းတွေ သင်္ကန်းတွေ ကျောင်းတွေ ဆေးတွေ ပစ္စည်းတွေရလွယ်တဲ့သဘော ရှိကြပါတယ်။ စသည်ဖြင့် ကြွားလုံးကလေးတွေ ထုတ်ပြီးတော့ သီတင်းသုံးဖော် ပုဂ္ဂိုလ်တို့ အပေါ်၌ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တို့အပေါ်၌ မထီမဲ့မြင် ပြုလုပ်လိုတဲ့ စိတ်ထား တချို့ ရှိကြတယ်။ ပစ္စည်းလေးပါး ရှားပါးတိုင်းလည်း မသူတော်လို့ ပြောလို့ရမလား? မရပါဘူး။ အရှင်လောသကတိဿမထေရ်တို့ ကြည့်ပေါ့ - အရှင်သာရိပုတြာရဲ့ တပည့်ရင်းပဲ။ ရဟန္တာမထေရ်မြတ်လည်း ဖြစ်ပါတယ်။ အတိတ်က ပြုစုခဲ့တဲ့ မကောင်းမှုအကုသိုလ်ကံကလေးက အကျိုး ပေးဖို့ရန် အခါအခွင့်သင့်နေတဲ့အတွက် ဆွမ်းရရှာသလား? မရရှာဘူး။ ဒီလို ပုဂ္ဂိုလ်တွေဟာ သီလမရှိတဲ့ပုဂ္ဂိုလ်လို့ ပြောလို့ဖြစ်မလား? မဖြစ်ဘူး။ တကယ့် သီလရှိနေတဲ့ သူတော်ကောင်း သီတင်းသုံးဖော်တစ်ဦး ဖြစ်ပါတယ်။ ရဟန္တာ မထေရ်မြတ်ပဲ။ ဒါပေမဲ့ သူက ဆွမ်းမရရှာဘူး။ ဒီလိုမရတဲ့ ပုဂ္ဂိုလ်တွေကို သွားပြီးတော့ မိမိတို့က မထီမဲ့မြင် မထီလေးစား လုပ်သင့်သလား? မလုပ်သင့်ပါဘူးတဲ့နော်။ ဒီလို မထီမဲ့မြင် မထီလေးစားလုပ်တာကို ရည်ရွယ်ပြီးတော့ ဘုရားရှင်က သုတ္တန်တစ်ခုမှာ ဘယ်လို ဟောထားသလဲ?
သော တေန လာဘသက္ကာရသိလောကေန အဘိဘူတော ပရိယာဒိဏ္ဏစိတ္တော အညေ ပေသလေ ဘိက္ခူ အတိမညတိ။ တဥှိ တဿ ဘိက္ခဝေ မောဃပုရိသဿ ဟောတိ ဒီဃရတ္တံ အဟိတာယ ဒုက္ခာယာတိ။ (သံ၊နိ၊၂၊၁၆၁။)
သော = ထိုရဟန်းသည်။ တေန လာဘသက္ကာရသိလောကေန = ထို လာဘ်ပူဇော်သက္ကာရ အကျော်စောဖြင့်။ အဘိဘူတော = လွှမ်းမိုးဖိစီး ခံရသော စိတ်ထားရှိသည်။ ပရိယာဒိဏ္ဏစိတ္တော = သိမ်းကျုံးယူငင်၍ထားအပ်သော စိတ်ထားရှိသည်။ ဟုတွာ = ဖြစ်၍။ အညေ = မိမိမှ အခြားတစ်ပါးကုန်သော။ ပေသလေ ဘိက္ခူ = သီလကို ချစ်မြတ်နိုးတဲ့ ရဟန်းတော်တို့ကို။ အတိမညတိ = မထီမဲ့မြင်ပြုလုပ်၍ နေတတ်ပေ၏။ ဘိက္ခဝေ = ချစ်သား ရဟန်းတို့ ...။ တဿ မောဃပုရိသဿ = ထိုမဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောက်ျား၏။ တံ = ထိုကဲ့သို့ မထီမဲ့မြင်ပြုလုပ်၍ နေခြင်းသည်ကား။ ဒီဃရတ္တံ = နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး။ အဟိတာယ = အကျိုးစီးပွားမဲ့ရန်အလို့ငှာ။ ဒုက္ခာယ = ဆင်းရဲရန် အလို့ငှာ။ ဟောတိ = ဖြစ်ပါပေ၏။
ဒီလို ဘုရားဟောထားတယ်နော်။ သီလရှိနေတဲ့ အရှင်ကောင်း အရှင်မြတ်တွေကို မိမိတို့က မထီမဲ့မြင်ပြုတယ်။ ဘယ်အခါမှာလဲ? မိမိက လာဘ် တွေ သိပ်ရပြီ၊ အပူဇော် သိပ်ခံနေရပြီ၊ နာမည်ကလည်း သိပ်ကြီးနေပြီ၊ အဲဒီ အချိန်အခါမှာ လာဘ်အပူဇော်ခံရခြင်း နာမည်ကြီးခြင်းဆိုတဲ့ ဒီသဘောတရားတွေက လွှမ်းမိုးဖိစီးထားတဲ့ စိတ်ဓာတ် မိမိမှာ ကိန်းဝပ်နေပြီ။ ဒီတရားတွေက သိမ်းကျုံးယူငင်ထားတဲ့ စိတ်ဓာတ်ရှိနေတဲ့ မိမိက မိမိမှ အခြား တစ်ပါးဖြစ်တဲ့ သီလကို ချစ်မြတ်နိုးတဲ့ အရှင်ကောင်းအရှင်မြတ်တွေကို ဒီ လာဘ်လာဘကို အခြေခံပြီးတော့ အပူဇော်သက္ကာရတွေကို အခြေခံပြီးတော့ နာမည်ကြီးမှုကို အခြေခံပြီးတော့ မထီလေးစားလုပ်တယ်။ မထီမဲ့မြင်ပြုလုပ်နေတယ်။ ဒီလိုမထီမဲ့မြင်ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ကို ဘုရားရှင်က (မောဃပုရိသ=) မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းအနှီးဖြစ်တဲ့ ယောက်ျားလို့ ဒီလို ခေါ်ဝေါ် သုံးစွဲထားပါတယ်။ ဒီမောဃပုရိသ အသုံးအနှုန်းကတော့ (၂)မျိုး ရှိပါတယ်။ (အရှင်ဥဒါယီတို့လို) ဒီဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန်ကို ဘယ်တော့မှ မရထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့ရင်လည်း ထိုပုဂ္ဂိုလ်မျိုးကို မြတ်စွာဘုရားက မောဃပုရိသလို့ ခေါ်တယ်။ (ဒုတိယပါရာဇိကသိက္ခာပုဒ်မှာ လာရှိတဲ့ အရှင်ဓနိယမထေရ်တို့လို) ဒီဘဝမှာ မဂ်ဖိုလ်နိဗ္ဗာန် ရလတ္တံ့ ဖြစ်ပေမယ့်လို့ ဘုရားရှင် မောဃပုရိသလို့ ခေါ်တဲ့ အချိန်အခါမှာ ရပြီးမဟုတ်သေးရင်လည်း ထိုပုဂ္ဂိုလ်တွေကို ရံခါ မြတ်စွာဘုရားက မောဃပုရိသလို့ ခေါ်ပါတယ်။ ခုဒီနေရာမှာလည်း ဒီအတိုင်းပဲ မဂ်ဖိုလ်နိဗ္ဗာန်မှ အချည်းအနှီး ဖြစ်နေတဲ့ ဒီရဟန်းအား မိမိရဲ့ သီတင်းသုံးဖော် ဖြစ်နေတဲ့ သီလကို ချစ်မြတ်နိုးနေတဲ့ အရှင်ကောင်း အရှင်မြတ်တွေအပေါ်၌ မိမိက လာဘ်တွေ သိပ်ရတာကို ဂုဏ်ယူပြီးတော့ အပူဇော်ခံရတာကို ဂုဏ်ယူပြီးတော့ နာမည်ကြီးနေတာကို ဂုဏ်ယူပြီးတော့ မထီလေးစား ပြုလုပ်တယ်။
လောကမှာ ဒါမျိုးတွေ မရှိကြဘူးလား? ရှိကြတယ်။ သိပ် သတိထားဖို့ ကောင်းပါတယ်နော်။ မိမိက အတိတ်က ဆည်းပူးထားတဲ့ ပါရမီဘုန်းကံလေးက အားကောင်းနေတဲ့အတွက် လာဘ်လာဘတွေ ပေါများတယ်၊ အပူဇော် ခံရတယ်၊ ဂုဏ်သတင်းတွေ ကြီးတယ်။ မိမိလို လာဘ်မရတဲ့ပုဂ္ဂိုလ်, အရိုအသေ အလေးအမြတ် မခံရတဲ့ပုဂ္ဂိုလ် နာမည်မကြီးတဲ့ ပုဂ္ဂိုလ်တွေကို အထင် သေးဖို့တော့ မလိုဘူး။ ဘာဖြစ်လို့လဲ? ဒီလိုလာဘ်လာဘ နည်းပါးနေတဲ့ပုဂ္ဂိုလ်, အပူဇော်မခံရတဲ့ပုဂ္ဂိုလ်, နာမည်မကြီးတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း သီလရှိနေတဲ့ အရှင်ကောင်း အရှင်မြတ်တွေ မရှိကြဘူးလား? ရှိကြပါတယ်။ ဒါကြောင့်ဒီလို သီလရှိနေတဲ့ အရှင်ကောင်း အရှင်မြတ်တွေကို သွားပြီး မိမိက မထီလေးစား ပြုလုပ်ခြင်းသည် မထီမဲ့မြင် ပြုလုပ်ခြင်းသည် မိမိအတွက် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလတို့ပတ်လုံး အကျိုးစီးပွားမဲ့ဖို့ရန် ဆင်းရဲဒုက္ခ ရောက်ဖို့ရန်အတွက် အကြောင်းဖြစ်တယ်ဆိုပြီးတော့ မြတ်စွာဘုရားက ဆိုဆုံးမထားတော်မူတယ်နော်။ ဒါကြောင့် ----
ဧဝံ ကဉ္စိ အနတိမညိတွာ သဗ္ဗေဟိ သဗြဟ္မစာရီဟိ သဒ္ဓိံ သမဂ္ဂေန သမ္မောဒမာနေန ဟုတွာ ပရိဘုဉ္ဇိတဗ္ဗံ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
ဧဝံ = ဤသို့လျှင်။ ကဉ္စိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အပေါ်၌။ အနတိမညိတွာ = မထီမဲ့မြင်မပြုမူ၍။ သဗ္ဗေဟိ သဗြဟ္မစာရီဟိ = ခပ်သိမ်းသော သီတင်းသုံးဖော်တို့နှင့်။ သဒ္ဓိံ = အတူတကွ။ သမဂ္ဂေန = ညီညွတ်သော စိတ်ဓာတ်ဖြင့်။ သမ္မောဒမာနေန = ဝမ်းမြောက်ကြည်ဖြူသောစိတ်ထားရှိသည်။ ဟုတွာ = ဖြစ်၍။ ပရိဘုဉ္ဇိတဗ္ဗံ = ဘုဉ်းပေးသုံးဆောင်သင့်ပေ၏။
သူတစ်ပါးအပေါ်၌ မထီလေးစားလုပ်ချင်တဲ့ ဒီစိတ်ဓာတ်မရှိဘဲ၊ မိမိရဲ့ သီတင်းသုံးဖော် ပုဂ္ဂိုလ်အားလုံးနှင့် အတူအကွ ညီညီညွတ်ညွတ် ကြည်ကြည် ဖြူဖြူ ဝမ်းမြောက်ဝမ်းသာဖြင့် ဘုဉ်းပေးသုံးဆောင်သင့်တယ်နော်။ ယခု ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကတော့ ဘုရားရှင်ညွှန်ကြား ဆုံးမထားတော်မူတဲ့ ပုတ္တမံသူပမသုတ္တန်မှာလာရှိနေတဲ့ အစာအာဟာရနဲ့ပတ်သက်ပြီး အစာအာဟာရကို မှီဝဲသုံးဆောင်တဲ့နေရာမှာ ထားရှိသင့်တဲ့စိတ်ထား သို့မဟုတ် နှလုံးသွင်းရမယ့် စိတ်ထားကလေးတွေ ဖြစ်ကြပါတယ်။ အားလုံး ဘယ်နှစ်ခု ရှိသွားလဲဆိုတော့ (၁၀)ခုပါ။ မှတ်မိကြလား? (မမှတ်မိပါဘူး။) ကြက်သား ဘယ်စျေးရှိတယ်၊ ဝက်သား ဘယ်စျေးရှိတယ် ဆိုလို့ရှိရင် လွယ်လွယ်လေးနဲ့ မှတ်မိမယ် ထင်တယ်နော်။ ကဲ - မမှတ်မိရင်လည်း တစ်ခေါက်တော့ ထပ်ပြောပြမယ်နော်။
ဆိုလိုရင်း အကျဉ်းချုပ်
နံပါတ် (၁)က ဘာလဲ? နံပါတ် (၁)က ဇနီးမောင်နှံနှစ်ဦးတို့က မိမိ စားနေတဲ့အသား သားရဲ့ အသားကို စားလိုက်တဲ့အချိန်အခါမှာ တွယ်တာ မက်မောနေတဲ့ စိတ်ထားမရှိဘဲနဲ့ စားကြတယ်။ အလယ်အလတ်လို့ ခေါ်ဆိုအပ်တဲ့ အလယ်အလတ်မှာ တည်နေတဲ့ စိတ်ထား။ အလယ်အလတ်မှာ တည်နေတဲ့ စိတ်ထားဆိုတာက ကန္တာရခရီးခဲကို ကျော်လွှားလွန်မြောက်ချင်နေတဲ့ စိတ်ထားနဲ့ အစာအာဟာရအပေါ်၌ လိုလားတပ်မက်ခြင်း ကင်းပြီးတော့ သုံးဆောင်ခြင်းဖြင့် သုံးဆောင်ကြတယ်။ အဲဒီအတိုင်းပဲ ရဟန်းဆိုတာက မိမိရရှိလာတဲ့ အစာအာဟာရအပေါ်၌ လိုလားတပ်မက်ခြင်း ဆန္ဒရာဂ တရား ကင်းကင်းရှင်းရှင်းဖြင့် သံသရာခရီးခဲကို ကျော်လွှားလွန်မြောက်ချင်တဲ့ အလယ်အလတ်မှာ တည်နေတဲ့ စိတ်ထားဖြင့်သာ သုံးဆောင်ရတယ်။ ဒါက နံပါတ် (၁)။
နံပါတ် (၂)ကတော့ ဒီဇနီးမောင်နှံနှစ်ဦးတို့က မိမိတို့ရဲ့ သားကလေးရဲ့ အသားကို စားလိုက်တဲ့အချိန်အခါမှာ အရိုးတွေ အကြောတွေ အရေတွေ ဖယ်ရှားပြီး ကောင်းနိုးရာရာ အသားတွေကို ရွေးချယ်ပြီး မစားကြသလို မိမိတို့ လက်သို့ ဆိုက်ရောက်လာတဲ့ အသားကိုသာလျှင် ဆိုက်ရောက်သည့် ပုံစံ အတိုင်းသာလျှင် စားကြသလိုပဲ။ အလားတူပဲ -ရဟန်းဆိုတာက ကြမ်းတမ်းတဲ့ အစာအာဟာရကိုပဲ ဖြစ်စေ, မွန်မြတ်တဲ့ အစာအာဟာရကိုပဲ ဖြစ်စေ, ရရှိလာတဲ့ အချိန်အခါမှာ ဘယ်လိုအစားအစာကိုပဲ ဖြစ်စေ ရောမွှေပြီးတော့ မိမိဘက်ကနေ စပြီးတော့ အစဉ်အတိုင်း စားရတယ်။ ငုံးတွေ ကြက်တွေလို ဟိုယက် ဒီယက်နဲ့ မစားရဘူး။ ကောင်းနိုးရာရာလေးတွေကို ရွေးချယ်ပြီးတော့ မစားရဘူး။ ခြသေ့င်္ကဲ့သို့ မိမိဘက်ကနေ စပြီးတော့ အစဉ်အတိုင်း စားရတယ်။ ဒါက နံပါတ် (၂)။
နံပါတ် (၃)ကတော့ ဘာလဲ? အစာအာဟာရကို စားလိုက်တဲ့ အချိန်အခါမှာ ဒီဇနီးမောင်နှံနှစ်ဦးတို့က လည်ပင်းရောက်သည့်တိုင်အောင် အားရှိ ပါးရှိ တဝကြီး စားကြသလား? မစားကြဘူး။ အနည်းငယ် အနည်းငယ် တစ်နေ့တစ်နေ့ မျှတရုံလောက်သာ စားကြတယ်။ အေး - ဒီပုံစံအတိုင်းပဲ။ ရဟန်းဆိုတာ အာဟရဟတ္ထကပုဏ္ဏားအစရှိတဲ့ ပုဏ္ဏားကြီးတွေလို ရလိုက်တဲ့ အချိန်အခါမှာ အလိုရှိသလို ဝမ်းဗိုက်ပြည့်အောင် စားကြရမလား? မစားကြရဘူး။ လေးလုတ် ငါးလုတ်စာလောက် ချန်ပြီးတော့ ကြွင်းကျန်နေတဲ့အရပ် အစာအိမ်ဒေသကလေးမှာ ရေကို သောက်ပြီးတော့ အစာအာဟာရကို မိမိရဲ့အတိုင်းအတာနှင့် နှိုင်းချိန်ပြီးတော့ စားသုံးရမယ်တဲ့။ ဒါက နံပါတ်(၃)။
နံပါတ် (၄)ကျတော့ ဘာလဲ? ဇနီးမောင်နှံနှစ်ဦးတို့က အချင်းချင်း (ဝန်တိုခြင်း =) မစ္ဆရိယအညစ်အကြေးတွေ ကင်းပြီးတော့ ဒီအစာအာဟာရကို စားကြသလို စင်ကြယ်သော စိတ်ဓာတ်ဖြင့်သာလျှင် အစာအာဟာရကို စားကြသလို အလားတူပဲ ရဟန်းဆိုတာ ဆွမ်းရခဲ့မယ်ဆိုရင် ဝန်တိုခြင်း မစ္ဆရိယအညစ်အကြေး ကင်းပြီးတော့ အလှူခံပုဂ္ဂိုလ် သီလရှိတဲ့ သူတော်ကောင်းတွေသာ တွေ့ခဲ့မယ်ဆိုရင် အကုန်အလှူခံလိုက အကုန်လှူပါ၊ ထက်ဝက် အလှူခံလိုက ထက်ဝက်လှူပါ၊ ကြွင်းကျန်နေသေးတဲ့ အစာကိုသာ စားခြင်းဆိုတဲ့ သာရဏီယဝတ်ကို ဖြည့်ကျင့်ပြီးတော့ အစာကို စားသင့်တယ်။ ဒါက နံပါတ် (၄)။
နောက်နံပါတ် (၅)ကတော့ --- ဒီဇနီးမောင်နှံနှစ်ဦးသားတို့ဟာ ဒီအစာ အာဟာရကို မိမိတို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့အသားကို စားလိုက်တဲ့အချိန်အခါမှာ ဒါက သမင်သားပဲ၊ ဒါက ဒေါင်းသားပဲ၊ စသည်ဖြင့် ဒီလို စိတ်ထားမရှိပဲ စားကြတယ်။ ဘယ်လိုစိတ်ထားသာရှိပြီး စားနေကြသလဲ? တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့ အသားပဲလို့ ဒီလိုအသိစိတ်ဓာတ်နဲ့ စားနေကြတယ်။ အလားတူပဲ၊ ရဟန်းဆိုတာက အာဟာရကို စားသုံး လိုက်တဲ့ အချိန်ခါမှာ ဒါက ကြက်သားပဲ၊ ဒါက ဝက်သားပဲ၊ ဒါက ငါးပဲ စသည်ဖြင့် ဒီလိုစိတ်ထားနဲ့ စားရမလား? မစားရဘူး။ တို့အင်မတန် ချစ်မြတ်နိုးနေတဲ့ သားလေးရဲ့ အသားပဲ၊ ဒီလိုစိတ်ထားနဲ့ စားရမှာ။ တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ အမေ့ရဲ့အသား, တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ အဖေရဲ့ အသား, တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ အစ်ကိုရဲ့အသား, တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ အစ်မရဲ့အသား, တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့အသား, တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သမီးကလေးရဲ့ အသားပဲလို့ ဒီလိုစိတ်ထားဖြင့် စားပါတဲ့နော်။ ဒါကတစ်ချက် နောက်တစ်ခုကတော့ ----
ဒီအာဟာရနဲ့ ပတ်သက်ပြီးတော့ တွေဝေမှု သမ္မောဟတရား မရှိဘဲ အာဟာရမှာ တည်ရှိနေတဲ့ ရုပ်တရား၊ ဒီအာဟာရနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ ရုပ်တရား၊ ဒီရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရား, အဲဒီ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတော့ အကြာင်းတရားတွေကို ရှာဖွေပြီးလျှင် အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿာရှုပြီး သမ္မောဟတရားတွေကို ပယ်ရှားပြီးတော့ စားပါ။ ဒါက နံပါတ် (၅)ပဲ။
နံပါတ် (၆) စားနည်းကျတော့ ဘာတဲ့လဲ? ဒီဇနီးမောင်နှံနှစ်ဦးတို့ဟာ နောက်ထပ် တစ်ဖန် ဒီလိုချစ်မြတ်နိုးဖွယ်ရာကောင်းနေတဲ့ သားကလေးရဲ့ အသားကို တို့ နောက်တစ်ကြိမ်လည်း စားရပါစေဆိုတဲ့ တောင့်တချက် ရှိသလား? မရှိဘူး။ တောင့်တချက်မရှိဘဲနဲ့ တောင့်တချက်ကို ကျော်လွှား လွန်မြောက်ပြီး စားကြသလို ရဟန်းဆိုတာက မွန်မြတ်တဲ့ဘောဇဉ်ကို ရပြီ ဆိုရင်လည်း နက်ဖြန်လည်း ဒီလိုဟာမျိုး ဒီလို ဘောဇဉ်မျိုးရရင် သိပ်ကောင်းမှာပဲ။ သန်ဘက်ခါကျရင်လည်း ဒီလို ဘောဇဉ်မျိုးတွေ မွန်မြတ်တဲ့ ဘောဇဉ်တွေရရင် သိပ်ကောင်းမယ်၊ ဟိုး နောက်တစ်နေ့ကျရင်လည်း ဒီလို မွန်မြတ်တဲ့ ဘောဇဉ်တွေရရင် သိပ်ကောင်းမှာပဲဆိုပြီး ဒီလိုတောင့်တချက်နဲ့ စားရမလား? မစားရဘူးနော်။အေး-ကြမ်းတမ်းတဲ့ အာဟာရကို ရပြီဆိုလို့ရှိရင်လည်း ဩော်! မနေ့တုန်းကတော့ မွန်မြတ်တဲ့ ဘောဇဉ်တွေ ရလေရဲ့၊ အဲဒီလို မနေ့ကလို မွန်မြတ်တဲ့ ဘောဇဉ်မရဘဲ ဒီနေ့ကျတော့ ကြမ်းတမ်းတဲ့ ညံ့တဲ့ အစာအာဟာရတွေကို ရလေခြင်းဆိုပြီးတော့ စိတ်မချမ်းသာတဲ့ စိတ်ဓာတ်ဖြင့်ကော စားရ မလား? မစားရဘူး။ အတိတ်က ရခဲ့ပြီးတာတွေကိုလည်း လှမ်းပြီးတော့ ဆွေးမနေနဲ့၊ အနာဂတ်ကိုလည်း လှမ်းပြီးတော့ မမျှော်နဲ့၊ ပစ္စုပ္ပန်ရရသမျှနှင့် ရောင့်ရဲတင်းတိမ်တဲ့ စိတ်ဓာတ်ဖြင့်သာ အစာအာဟာရကို စားပါတဲ့။ ကျေနပ်နေမယ်ဆိုလို့ရှိရင် ဘယ်အရာမဆို အာလုံးဟာ မိမိအတွက် အလိုဆန္ဒပြည့်ဝ နေပါတယ်နော်။ ကိုယ်ထင်ရင် ကုတင်ရွှေနန်းဆိုတဲ့ ပုံစံလိုပေါ့။ ရရသမျှလေးနဲ့ ကျေနပ်နေပြီဆိုလို့ရှိရင်တော့ မိမိအတွက် သမထ-ဝိပဿနာဘာဝနာတွေကို ပွားများအားထုတ်ဖို့ရန် အကောင်းဆုံးသော အခွင့်အရေးကြီး ဖြစ်မနေဘူးလား? ဖြစ်နေပြီနော်။
ခြေဖဝါးလေး သေးသေးလေးပဲ။ ဒါပေမဲ့ ဖိနပ်လို့ခေါ်တဲ့ သားရေနဲ့ ဖုံးအုပ်ထားလိုက်ရင် မြေတစ်ပြင်လုံးဟာ သားရေနဲ့ ဖုံးအုပ်ပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒါကြောင့် သန္တုဋ္ဌီခေါ်တဲ့ ရောင့်ရဲလွယ်တဲ့ မင်္ဂလာ တရားကို လက်ကိုင်ထားနေတဲ့ ပုဂ္ဂိုလ်တွေအဖို့ ရရသမျှနဲ့သာ မျှတတဲ့ စိတ်ဓာတ်သာ ရှိပါ။ တစ်လောကလုံးမှာ မကျေနပ်ချက်ဆိုတာ သူ့သန္တာန်မှာ ဖြစ်နိုင်ဦးမလား? မဖြစ်တော့ဘူးတဲ့နော်။ ဒါက နံပါတ် (၆)ပဲ။
နောက်နံပါတ် (၇)က ဘာလဲ? အေး - ဒီဇနီးမောင်နှံနှစ်ဦးတို့က ဒီအစာအာဟာရကို စားလိုက်တဲ့အချိန်အခါမှာ ကန္တာရခရီးခဲ သွားလာနေတဲ့ အချိန်အခါမှာ တို့က ဒီလောက်ပဲ စားမယ်။ ကြွင်းကျန်နေသေးတဲ့ အစာအာဟာရ ကလေးကို တို့ သိမ်းထားပြီးတော့ ကန္တာရခရီးခဲကို ကျော်လွှားလွန်မြောက် သွားတဲ့ အချိန်အခါကျတော့ တို့ ဆားတို့ အချဉ်တို့နဲ့ ရောစပ်ပြီးတော့ စားမယ် ဆိုပြီး ဒီလို သိုမှီးသိမ်းဆည်းတဲ့ စိတ်ထားရှိသလား? မရှိဘူး။ ကန္တာရခရီးခဲကို ကျော်လွှား လွန်မြောက်သွားသည်နှင့် တစ်ပြိုင်နက်တည်း တခြားပုဂ္ဂိုလ်တွေ မမြင်ခင် ဒီအစာအာဟာရတွေကို မြေတူးပြီး မြှုပ်ပစ်တယ်။ (သို့မဟုတ်) မီးရှို့ပစ်တယ်။
ရဟန်းဆိုတာလည်း ဒီအတိုင်းပဲ ရရသမျှ ဆွမ်းခဲဖွယ်ဘောဇဉ်တွေကို သိုမှီးသိမ်းဆည်းမှု မရှိဘဲ သိုမှီးသိမ်းဆည်းခြင်းကို မပြုဘဲနဲ့စားပါ။ နောင် အနာဂတ်အတွက် လှမ်းပြီးမျှော်လင့်တောင့်တနေတဲ့ စိတ်ဓာတ်နဲ့ စားရ မလား? မစားပါနဲ့နော်၊ အကယ်၍များ အာဟာရတွေက များများ ရခဲ့မယ် ဆိုလို့ရှိရင် ရရှိလာတဲ့ အာဟာရတွေကို မိမိအတွက် မျှတရုံလောက်သာ လက်ခံပြီး ပိုလျှံနေသေးတဲ့ အာဟာရတွေကို မိမိ သီတင်းသုံးဖော်တို့အား လှူဒါန်းပြီးတော့မှသာလျှင် စားသုံးပါ။ ဒါက နံပါတ် (၇)ပဲ။
နံပါတ် (၈)ကျတော့ ဘာဖြစ်လဲ? သားရဲ့အသားကို စားနေတဲ့ ဇနီးမောင်နှံနှစ်ဦးတို့ဟာ ငါတို့မှ တစ်ပါးအခြားအခြားသော ပုဂ္ဂိုလ်တွေက ဒီလို ချစ်မြတ်နိုးဖွယ်ရာ ကောင်းနေတဲ့ သားရဲ့အသားကို မစားရဘူးဆိုပြီးတော့ ထောင်လွှားတက်ကြွနေတဲ့ မာန်မာနတရားတွေ ဝင့်ကြွားတဲ့ စကားတွေ ပြောကြသေးလား? မပြောဘူးနော်။ ထောင်လွှားတက်ကြွနေတဲ့စိတ်ထား ဝင့်ကြွားတဲ့စကား ပြောကြားခြင်းဆိုတဲ့ စိတ်ထားတွေကို ကျော်လွှားလွန်မြောက်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီသားကလေးရဲ့ အသားကို စားကြတယ်။ အေး - ဒီပုံစံအတိုင်းပဲ ရဟန်းဆိုတာ မွန်မြတ်တဲ့ ဘောဇဉ်တွေကို မွန်မြတ်တဲ့ ပစ္စည်းလေးပါးကို ရရှိပြီဆိုလို့ရှိရင် ငါဟာ မွန်မြတ်တဲ့ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းလေးပါးကို ရရှိတဲ့ ပုဂ္ဂိုလ်ပဲဆိုပြီးတော့ မာန်မာနတွေ ထောင်လွှားရမလား? မထောင်လွှားရဘူး။ ဝင့်ကြွားနေတဲ့ စကားတွေလည်း ပြောကြားရမလား? မပြောကြားရဘူး။ မာန်မာန ထောင်လွှားမှုမရှိဘဲ ဝင့်ကြွားတဲ့စိတ်ထား မရှိဘဲနဲ့ အစာအာဟာရကို စားပါ။
မိမိ သာသနာ့ဘောင်ဝင်ရောက်လာတဲ့ အခြေခံ အကြောင်းရင်းလေးကို မမေ့ပျောက်ပါစေနဲ့ ဘာတဲ့လဲ? ဆွမ်း သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်း လေးပါးကို ရလိုမှုကို အကြောင်းပြုပြီး ငါ သာသနာ့ဘောင်ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတာ မဟုတ်ဘူး။ အရဟတ္တဖိုလ်တည်းဟူသော အကြောင်းကြောင့်သာလျှင် ငါသည် သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတယ်။ ဒီစိတ်ဓာတ်ဖြင့် ဆင်ခြင်ပြီးတော့ မာန်မာန ကင်းကင်းရှင်းရှင်းဖြင့် အစာအာဟာရကို စားပါတဲ့။ ဒါက နံပါတ် (၈)နော်။
နံပါတ် (၉)ကျတော့ ဘယ်လိုစိတ်ထားမျိုးလဲ? ---- အစာအာဟာရဟာ တစ်ခါတလေကျတော့ ဆားမပါတဲ့ အစာအာဟာရ ဖြစ်ချင်ဖြစ်မယ်၊ တစ်ခါတလေ အချဉ်မပါတဲ့ အာဟာရ ဖြစ်ချင်ဖြစ်မယ်၊ တစ်ခါတလေ အမွှေးနံ့သာမပါတဲ့ အာဟာရ ဖြစ်ချင်လည်း ဖြစ်မယ်။ ဘယ်လို အာဟာရပဲ ရပါစေ၊ ဒီဇနီးမောင်နှံ နှစ်ဦးတို့ဟာ မိမိတို့သားကလေးရဲ့ အသားမှာ ဆားလည်း မပါဘူး၊ အချဉ်လည်း မပါဘူး၊ အမွှေးနံ့သာတွေလည်း ဘာမှ မပါဘူး၊ မပါရကောင်းလားဆိုပြီးတော့ ဒီအာဟာရအပေါ်၌ ရှုတ်ချတဲ့ စိတ်ထားလည်း ရှိကြသလား? မရှိကြဘူး။ ရှုတ်ချတဲ့ စိတ်ထားကို ကျော်လွှား လွန်မြောက်တဲ့ စိတ်ဓာတ်ဖြင့်သာလျှင် ဒီအစာအာဟာရကို စားသုံးကြတယ်။ အလားတူပဲ၊ ရဟန်းဆိုတာက မည့်သည့်အာဟာရကိုမဆို ရရှိခဲ့မယ်ဆိုလို့ ရှိရင် ထိုရရှိတဲ့ အာဟာရဟာ ကောင်းသည်ပဲဖြစ်စေ မကောင်းသည်ပဲဖြစ်စေ ဒီအာဟာရနဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့ စိတ်ထား ရှိရမလား? မရှိရဘူး။
အာဟာရအပေါ်မှာလည်း ရှုတ်ချတဲ့စိတ်ထား မရှိရဘူး၊ အလှူရှင် အပေါ်၌လည်း ရှုတ်ချတဲ့စိတ်ဓာတ် မရှိရဘူး။ အာဟာရအပေါ်၌လည်း ရှုတ်ချတဲ့စိတ်ထား မရှိဘဲ အလှူရှင်အပေါ်၌လည်း ရှုတ်ချတဲ့စိတ်ဓာတ် မရှိဘဲနဲ့ ဘုဉ်းပေးသုံးဆောင်ပါတဲ့။
နံပါတ် (၁၀) ကျတော့ ဘာဖြစ်လဲ? အေး - တစ်ဦးနဲ့တစ်ဦး ဇနီးမောင်နှံ နှစ်ဦးတို့က အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့ အသားကို စားတဲ့ အချိန်အခါမှာ တစ်ဦးပေါ်တစ်ဦး မထီမဲ့မြင် ပြုလုပ်လိုတဲ့ စိတ်ထား ရှိသကြလား? မရှိကြဘူး။ မထီမဲ့မြင်ပြုလုပ်မှု မရှိကြဘဲ မထီမဲ့မြင် ပြုလုပ်ခြင်းဆိုတဲ့ ဒီစိတ်ဓာတ်တွေကို ကျော်လွှားလွန်မြောက်ပြီး ညီညီညွတ်ညွတ် ဝမ်းမြောက် ဝမ်းသာ ကြည်ကြည်နူးနူးနဲ့ စားကြတယ်။ တစ်ယောက်အပေါ် တစ်ယောက် ကြည်နူးနေတဲ့ စိတ်ဓာတ်ဖြင့် စားကြတယ်။
အလားတူပဲ ရဟန်းဆိုတာက အစာအာဟာရကို ရရှိပြီဆိုလို့ရှိရင် မိမိက ရရှိခြင်းတည်းဟူသော အကြောင်းကြောင့် တစ်ဘက်သားပုဂ္ဂိုလ်တွေအပေါ်၌ မထီမဲ့မြင် ပြုလုပ်ရမလား? မပြုလုပ်ရဘူး။ မထီမဲ့မြင် မပြုလုပ်ဘဲ ရိုရိုသေသေ လေးလေးစားစားဖြင့် သီတင်းသုံးဖော်တို့နှင့် ဝမ်းမြောက်ဝမ်းသာ အတူတကွ စားသုံးရမယ်တဲ့။ ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၁၀)ခုနော်။ ဒါက ဒီပုတ္တမံသူပမသုတ္တန်မှာလာရှိနေတဲ့ အာဟာရနဲ့ ပတ်သက်ပြီးတော့ ရွံ့ရှာစက်ဆုပ်ဖွယ် နှလုံးသွင်းပုံ (၁၀)ခုပဲ။
ကဲ - နည်းနည်းလေး တရားပြန်ဆက်ကြည့်ကြရအောင် မြတ်စွာဘုရားက ဒီပုတ္တမံသူပမသုတ္တန်မှာ ဘယ်လိုဟောနေသလဲ? နည်းနည်းလေး စကား ပြန်ဆက်ရအောင် ---
ချစ်သားရဟန်းတို့ ... ငါဘုရား မေးမယ်၊ ဒီဇနီးမောင်နှံနှစ်ဦးတို့ အစာအာဟာရကို စားတဲ့အချိန်အခါမှာ မြူးထူးပျော်ပါးဖို့ရန် ကစားဖို့ရန် အတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ကော စားကြသလား? မာန်ယစ်ဖို့ရန်အတွက် တစ်ဦးပေါ်တစ်ဦး မာန်မာနတွေ ထောင်လွှားဖို့ရန်အတွက် ဦးတည်ချက်နဲ့ကော ဒီအစာအာဟာရကို စားနေကြသလား? တန်ဆာဆင်ဖို့ရန်အတွက် ဒီအစာအာဟာရကို စားနေကြသလား? မိမိ အသားအရေ ပြည့်ဖြိုးတင့်တယ် ရန်အတွက် ဦးတည်ချက်နဲ့ကော ဒီအစာအာဟာရကို စားနေကြသလား? ဒီလို ဘုရားရှင်က မေးကြည့်တယ်နော်။ အဲဒီအခါမှာ ရဟန်းတွေက (နော ဟေတံ ဘန္တေ =) မဟုတ်ပါဘူး မြတ်စွာဘုရား - ဆိုပြီတော့ ပြန်ပြီးတော့ လျှောက်ထားတယ်နော်။
နနု တေ ဘိက္ခဝေ ယာဝဒေဝ ကန္တာရဿ နိတ္ထရဏတ္ထာယ အာဟာရံ အာဟာရေယျုန္တိ?
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တေ = ထိုဇနီးမောင်နှံနှစ်ဦးသားတို့သည်။ ယာဝဒေဝ ကန္တာရဿ နိတ္ထရဏတ္ထာယ = ကန္တာရခရီးခဲကို ကျော်လွှား လွန်မြောက်ရန် အလို့ငှာသာလျှင်။ အာဟာရံ = အာဟာရကို။ အာဟာရေယျုံ နနု = စားသုံးကြသည်မဟုတ်ပါလား?
ချစ်သားရဟန်းတို့ ဒီဇနီးမောင်နှံနှစ်ဦးတို့က မိမိတို့ အလွန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့ အသားကို စားတဲ့အချိန်အခါမှာ မိမိတို့ သွားနေတဲ့ အလွန် ကျော်လွှားလွန်မြောက်ဖို့ရန် ခက်ခဲနေတဲ့ ကန္တာရခရီးခဲကို ကျော်လွှား လွန်မြောက်ရန်ဆိုတဲ့ ဦးတည်ချက်ဖြင့်သာလျှင် ဒီအစာအာဟာရကို စားသုံး နေကြတယ် မဟုတ်ဘူးလား? ဒီလို မေးကြည့်တယ်။ မေးလိုက်တဲ့ အချိန်အခါမှာ ရဟန်းတော်များကလည်း (ဧဝံ ဘန္တေ =) မှန်ပါတယ် မြတ်စွာဘုရား ဆိုပြီးတော့ ပြန်လျှောက်ထားတယ်နော်။ အဲဒီအခါမှာ ဘုရားရှင်က ဘာပြန်မိန့်ကြားတော်မူသလဲ?
ကဗဠီကာရာဟာရပိုင်း
ဧဝမေဝ ခွာဟံ ဘိက္ခဝေ ကဗဠီကာရော အာဟာရော ဒဋ္ဌဗ္ဗောတိ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧဝမေဝ ခေါ = ဤဥပမာ အတူသာလျှင်။ ကဗဠီကာရော အာဟာရော = ကဗဠီကာရအာဟာရကို။ ဒဋ္ဌဗ္ဗောတိ = ရှုသင့်၏ဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။
ချစ်သားရဟန်းတို့ ... ဒီဥပမာအတိုင်းပဲ ကဗဠီကာရအာဟာရကို သင်ချစ်သားတို့ ရှုသင့်တယ်လို့ ငါဘုရားဟောပါတယ်။ ဒီဥပမာဆိုတာ ဘယ်နှစ်ချက်လည်း (၁၀)ချက်နော် ..။ အဲဒီ ဥပမာ (၁၀)ချက်နဲ့အတူ ဒီအာဟာရကို ရှုပြီးတော့ စားသုံးကြပါလို့ ဒီလို ငါဘုရား ဟောပါတယ်။ အဲဒီလို ရှုနိုင်မယ်ဆိုရင် ဘာဖြစ်မလဲ?
ပရိညာသုံးပါး
ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ကဗဠီကာရေ အာဟာရေ = ကဗဠီကာရအာဟာရကို။ ပရိညာတေ = ပရိညာဉာဏ်သုံးမျိုးတို့ဖြင့် ပိုင်းပိုင်း ခြားခြား ထိုးထွင်း၍ သိမြင်ခဲ့သည်ရှိသော်။ ပဉ္စကာမဂုဏိကော ရာဂေါ = အာရုံငါးပါး ကာမဂုဏ်တရားတို့ကို မှီ၍ဖြစ်ပေါ်လာသော ပဉ္စကာမဂုဏိက ရာဂတရားကို။ ပရိညာတော = ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိပြီးဖြစ်သည်။ ဟောတိ = ဖြစ်ပေ၏။
ချစ်သားရဟန်းတို့ ကဗဠီကာရအာဟာရကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားသာ သင်ချစ်သားတို့ ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ပါ။ ကဗဠီကာရအာဟာရကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း သိခဲ့မယ်ဆိုရင် အာရုံငါးပါး ကာမဂုဏ်တရားတွေအပါ်၌ တွယ်တာမက်မောနေတဲ့ ပဉ္စကာမဂုဏိကရာဂကို သင်ချစ်သားတို့တစ်တွေလည်း ပိုင်းပိုင်း ခြားခြား ထိုးထွင်းသိပြီး ဖြစ်ပါလိမ့်မယ်နော်။ သိလိုက်ရင် ဘာဖြစ်မလဲ?
ပဉ္စကာမဂုဏိကေ ရာဂေ ပရိညာတေ နတ္ထိ တံ သံယောဇနံ ယေန သံယောဇနေန သံယုတ္တော အရိယသာဝကော ပုန ဣမံ လောကံ အာဂစ္ဆေယျ။
ပဉ္စကာမဂုဏိကေ ရာဂေ = အာရုံငါးပါး ကာမဂုဏ်တရားတို့အပေါ်၌ တွယ်တာမက်မောလျက် မှီ၍ဖြစ်ပေါ်လာသော ပဉ္စကာမဂုဏိကရာဂတရားကို။ ပရိညာတေ = ပရိညာဉာဏ်သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့သည်ရှိသော်။ ယေန သံယောဇနေန = ယင်းသံယောဇဉ်တရားနှင့်။ သံယုတ္တော = ယှဉ်တွဲလျက်ရှိသော။ အရိယသာဝကော = အရိယာသာဝကသည်။ ပုန = နောက်ထပ်တစ်ဖန်။ ဣမံ လောကံ = ဤကာမလောကသို့။ အာဂစ္ဆေယျ = ပြန်လာလေရာ၏။ တံ သံယောဇနံ = ထိုကဲ့သို့ ကာမဘုံသို့ လားရောက်ကြောင်းဖြစ်တဲ့ သံယောဇဉ်တရားမျိုးသည်။ နတ္ထိ = မရှိနိုင်သည် သာလျှင်တည်း။
ပဉ္စကာမဂုဏိကရာဂ = အာရုံငါးပါး ကာမဂုဏ်တရားတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အာရုံငါးပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီရာဂတရားကို သင်ချစ်သားတို့တစ်တွေ ပရိညာ ဉာဏ်သုံးပါးဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် .. နောက်ထပ်တစ်ဖန် ကာမဘုံသို့ လာရောက်ကြောင်းဖြစ်တဲ့ သံယောဇဉ်တရားတွေ သင်ချစ်သားတို့ရဲ့ သန္တာန်မှာ မရှိနိုင်ဘူး။ မရှိခဲ့ဘူးဆိုရင် သင်ချစ်သားတို့တစ်တွေ ဒီကာမဘုံသို့ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ပြန်မလာရတော့ဘူး။ ဒီလို ဟောကြားတော်မူလိုက်ပါတယ်။
နည်းနည်း စဉ်းစားကြည့်ပေါ့။ ကာမဘုံဆိုတာ ဘယ်လို ဘုံဖြစ်တယ် ဆိုတာ ကိုယ်နေနေတဲ့ ဌာနဖြစ်ခြင်းကြောင့် မသိနိုင်ဘူးလား? တော်တော်လေးတော့ သိနိုင်ပါတယ်နော်။ အမိဝမ်းတွင်းပြန်ပြီး ပဋိသန္ဓေ တည်နေရမယ်။ စဉ်းစားကြည့်စမ်းပါ။ အင်မတန် ကျဉ်းမြောင်းကျပ်တည်းတဲ့ နေရာကလေး တစ်ခုပါနော်။ အဲဒီမှာ လမ်းလျှောက်ဖို့ စင်္ကြံတွေ ဘာတွေများ ရှိသလား? မရှိပါဘူး။ အနံ့အသက်တွေကလည်း တော်တော်လေး မွှေးသလား? မမွှေးပါဘူး။ ကျဉ်းမြောင်းကျပ်တည်းပြီး ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အနံ့အသက်တွေနဲ့ ပြည့်နေတဲ့နေရာ၊ အဲဒီ နေရာမှာ ပြန်ပြီးတော့ ကိုးလဆယ်လ နေရဦးမယ်ဆိုရင် ဒီလိုဒုက္ခမျိုးဟာ အင်မတန် မကြီးဘူးလား? ကြီးပါတယ်။ ဘာဖြစ်လို့ ဒီလိုဒုက္ခတွေ ခံနေရသလဲလို့ ပြန်ဆန်းစစ် ကြည့်လိုက်တဲ့အခါ အဆင်း အသံ အနံ့ အရသာ အတွေ့အထိခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေအပေါ်၌ တွယ်တာမက်မောနေတဲ့ ရာဂတရားကို အခြေခံနေတယ်။ ဒီအာရုံ ငါးပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီရာဂတရား ထင်ရှားရှိနေရင် ထိုရာဂထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ပြုလုပ်နေတဲ့ ကာယကံမှန်သမျှ ဝစီကံမှန်သမျှ မနောကံမှန်သမျှသည် ကံအရာ တည်သွားပြီ။
ဒီကံတွေက ဒီကာမဘုံကနေ မလွတ်အောင် ကာမဘုံ၌ တစ်ဖန်ပြန်ပြီး ပဋိသန္ဓေတည်နေရအောင် ပြုပြင်ဖန်တီးပေးလိမ့်မယ်။ အဲဒီ ကံတွေကနေပြီးတော့ ကာမဘုံမှာ ပဋိသန္ဓေတည်နေရအောင် ပြန်ပြီး ပြုပြင်ဖန်တီးပေးနေပြီ ဆိုလို့ရှိရင် ထိုပုဂ္ဂိုလ်သည် ကာမဘုံမှ လွတ်နိုင်မလား? မလွတ်နိုင်ဘူး။ ကာမဘုံမှ လွတ်ချင်တယ်ဆိုလို့ရှိရင် ဒီအာရုံငါးပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ပဉ္စကာမဂုဏိကရာဂကို ပရိညာပညာဉာဏ် သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိအောင် လေ့ကျင့်ရမယ်လို့ ဒီလို ဘုရားက နည်းပေးတော်မူပါတယ်။
ဒီတော့ ဒီပဉ္စကာမဂုဏိကရာဂ = အာရုံငါးပါးကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီရာဂတရားကို ပိုင်းပိုင်းခြားခြား သိဖို့ရန်အတွက် ဘာကို အခြေခံလေ့ကျင့်ရမလဲ? ကဗဠီကာရအာဟာရကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား ပထမသိအောင် လေ့ကျင့်ရမယ်။ ခုနက ဥပမာ (၁၀)ရပ်ထဲမှာ ဘယ်ဥပမာနဲ့ သွားပြီး ကပ်သလဲ? ပြောပြီးပြီ။ နံပါတ် (၅)ပေါ့ နော်။
နံပါတ် (၅)မှာ မြတ်စွာဘုရားက ကဗဠီကာရအာဟာရကို ပိုင်းပိုင်း ခြားခြား သိဖို့၊ သိပြီး စားဖို့ ဇနီးမောင်နှံ နှစ်ဦးတို့ဟာ အသားကို စားတဲ့အချိန်အခါမှာ ဒါက သမင်သားပဲ၊ ဒါက ဥဒေါင်းသားပဲ စသည်ဖြင့် ဒီလိုအသိနဲ့ စားတာ ဟုတ်သလား? မဟုတ်ဘူး။ ဘယ်လိုလဲ? တို့ အင်မတန် ချစ်မြတ်နိုးနေတဲ့ သားကလေးရဲ့အသားကို စားနေတယ်ဆိုတဲ့ ဒီအသိနဲ့ စားတယ်။ အလားတူပဲ သာသနာတော်မှာ ရှင်ရဟန်းပြုနေတဲ့ပုဂ္ဂိုလ်က ကဗဠီကာရ အာဟာရကို စားပြီဆိုရင် ဒီကဗဠီကာရအာဟာရရဲ့ ပရမတ္ထဓမ္မ သဘာဝတွေကို ဟုတ်တိုင်းမှန်စွာ သိပြီးတော့ စားပါတဲ့။ အဲဒီတော့ နံပါတ်(၁) ကဗဠီကာရအာဟာရကို သိရမယ်။ နံပါတ် (၂)က ကဗဠီကာရအာဟာရတို့ရဲ့ မှီရာဖြစ်တဲ့ စတုမဟာဘူတိကကာယလို့ ခေါ်ဆိုအပ်တဲ့ ဓာတ်ကြီးလေးပါး ဦးဆောင်နေတဲ့ ဒီရူပကာယရုပ်တရားအပေါင်းကို သိရမယ်။ နံပါတ် (၃)က ဘာလုပ်ရမလဲ? အဲဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က အသေးစိတ် ဖွင့်ထားပါတယ်နော်။ ဒီတော့ ဒီနေရာမှာ ကဗဠီကာရ အာဟာရကို ပရိညာပညာသုံးချက်ဖြင့် ပိုင်းခြားသိရမယ်ဆိုတာ ဘယ်လို သိနည်းလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်။
ပရိညာတေတိ ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာတိ ဣမာဟိ တီဟိ ပရိညာဟိ ပရိညာတေ။ (သံ၊ဋ္ဌ၊၂။၁၀၁။)
ပရိညာတဆိုတာက ဘာလဲလို့မေးရင် ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာခေါ်တဲ့ ဒီပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားသိခြင်းကို ဆိုလိုတယ်တဲ့။ ဘယ်လိုလဲ?
ကဗဠီကာရာဟာရဆိုတာ ဘာလဲ?
ကဗဠီကာရအာဟာရဆိုတာ ဘာလဲလို့မေးလို့ရှိရင် သဝတ္ထုက မှီရာ တည်ရာ ဝတ္ထုရုပ်တွေရှိနေတဲ့ ဝတ္ထုရုပ်နှင့်အတူတကွ ရေတွက်ကြည့်မယ် ဆိုလို့ရှိရင် ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ရုပ်တရားအစုအပုံပဲ။ ဒီတော့ မစားခင် ထမင်းပွဲထဲမှာ ရှိနေတဲ့ အစာအာဟာရကိုပဲ ဖြစ်စေပေါ့။ စားလိုက်လို့ ဝမ်းဗိုက်ထဲရောက်သွားတဲ့ အစာအာဟာရကိုပဲ ဖြစ်စေ။ ယင်းအစာအာဟာရမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကာ ယင်းဓာတ်လေးပါးအာရုံကို အာရုံယူကာ သမာဓိကို ထူထောင်နိုင်လျှင် ရုပ်ကလာပ် အမှုန်ကလေးတွေကို တွေ့မယ်။ အဲဒီအမှုန်ကလေးတွေကို ဓာတ်ခွဲလိုက်လို့ ရှိရင် တစ်မှုန်တစ်မှုန်မှာ ရုပ်သဘောတရား ပရမတ်သဘောတရား ဘယ်လောက် ရှိသလဲ? (၈)ခု၊ ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာဆိုပြီး သဘောတရား ဘယ်နှစ်ခုရှိသလဲ? (၈)ခု၊ ဒီတော့ ကဗဠီကာရအာဟာရဆိုတာ ဘာတွေလဲလို့ မေးလို့ရှိရင် ဩဇာလျှင် (၈)ခုမြောက် ရှိနေတဲ့ ရုပ်တရားအပေါင်းအစုပဲ။ အဲဒီ ရုပ်တွေက ပထမ အစာအိမ်ထဲတည်ရှိခိုက် ဆိုကြစို့။ သို့မဟုတ် ပန်းကန်ထဲ တည်ရှိခိုက် ဘာရုပ်တရားတွေလဲလို့မေးတော့ ကလာပ်တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် အသစ်အသစ် ဆင့်ကဲဖြစ်ပွားနေတဲ့ ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီး ဖြစ်ပေါ်နေတဲ့ ဥတုဇရုပ်တွေသာ ဖြစ်ပါတယ်။ ဥတုဇဩဇဋ္ဌမက ရုပ်ပဲ။ အဲဒီ ဥတုဇဩဇဋ္ဌမကရုပ်တွေက အစာအိမ်အတွင်းရောက်ပြီ ဆိုကြပါစို့။ ပါးစပ်ထဲကလည်း စတင်ပြီးတော့ ရုပ်ကလာပ်တွေဟာ တစ်ကိုယ်လုံးသို့ ပျံ့ပါတယ်။ ဒါပေမဲ့ နားလည်လွယ်အောင်လို့ အစာအိမ်ကပဲ စဖြတ်ပြီး ပြောကြစို့။ အစာအိမ်အတွင်း ရောက်ပြီဆိုတဲ့အခါကျတော့ အစာအိမ် အတွင်းမှာ တည်ရှိနေတဲ့ ဒီအစာသစ်ကောဋ္ဌာသမှာရှိတဲ့ ဓာတ်လေးပါးကို စိုက်ရှုလိုက်ရင် သမာဓိက အားကောင်းလာတဲ့အခါ ရုပ်ကလာပ်အမှုန်ကလေးတွေ တွေ့ပြီ၊ ရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲတော့ ရုပ်သဘောတရား (၈)ခု၊ ဥတုဇရုပ်တွေပဲ၊ အဲဒီ ဥတုဇရုပ်ထဲမှာ ပါနေတဲ့ ဩဇာကို ဘာ ဩဇာလို့ ခေါ်လဲ? ဥတုဇရုပ်ထဲမှာ တည်ရှိနေတဲ့အတွက် ဥတုဇဩဇာလို့ ခေါ်တယ်။
အဲဒီ ဥတုဇဩဇာကို အစာအိမ်ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ ဇီဝိတနဝကကလာပ်တွေထဲမှာ ပါနေတဲ့ တေဇာဓာတ်လို့ ခေါ်ဆိုအပ်တဲ့ ပါစကဝမ်းမီးကနေ အားပေးထောက်ပံ့လိုက်တဲ့အခါ ဒီဥတုဇဩဇာက နောက်ထပ် အာဟာရဇရုပ်ကလာပ် အသစ်အသစ်တွေကို ဆင့်ကဲဆင့်ကဲ ဖြစ်စေတယ်။ နောက်ထပ် ဖြစ်ပေါ်သွားတဲ့ ဒီအာဟာရဇရုပ်ကလာပ်တွေကို သမ္မုတိသစ္စာနယ်က ပြောရင်တော့ ရသဓာတ်ရည်လို့ ဒီလို ခေါ်ပါတယ်။ ထိုရသဓာတ်ရည် ခေါ်တဲ့ ရုပ်ကလာပ်အမှုန်ကလေးတွေသည် တစ်ကိုယ်လုံး ပျံ့သွားတယ်။ အရည်အနေနဲ့ တစ်ကိုယ်လုံး ပျံ့တယ်ဆိုလိုတာပေါ့။ ပရမတ္ထသစ္စာကတော့ အမှုန်ကလေးတွေပဲ။ အဲဒီ ပျံ့သွားတဲ့ ကလာပ်အမှုန်ကလေးတွေက ခုနက ဥတုဇဩဇာကြောင့် ဖြစ်ရတယ်။ ကမ္မဇဝမ်းမီးက အားပေးထောက်ပံ့လိုက်တဲ့ အချိန်အခါမှာ ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာရတဲ့အတွက် သူတို့ကို အာဟာရဇဩဇာရုပ် ဩဇာကြောင့်ဖြစ်တဲ့ ရုပ်လို့ခေါ်တယ်။ အဲဒီ ဩဇာကြောင့်ဖြစ်တဲ့ ရုပ်တွေက မျက်စိ နား နှာ လျှာ ကိုယ် နှလုံးဆိုတဲ့(၆)ဒွါရလုံးကို အားလုံး ပျံ့သွားပြီ။ ပျံ့သွားလိုက်တဲ့ အချိန်အခါကျတော့ မျက်စိရောက်ပြီ၊ မျက်စိမှာလည်း စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇ ဩဇဋ္ဌမကကလာပ်ဆိုပြီး ရုပ်ကလာပ်တွေ ရှိတယ်။
တစ်ကြိမ်စားလိုက်တဲ့ အာဟာရက ခုနစ်ရက်အထိ ပျံ့နိုင်တယ်ဆိုတော့ မိမိ အစာမစားခင်မှာလည်း ဒီမျက်စိမှာ အာဟာရဇရုပ်ကလာပ်တွေက ရှေးရှေးရက်တွေက စားထားတဲ့ အာဟာရဇရဲ့ စွမ်းအားကြောင့် အာဟာရဇ ရုပ်ကလာပ်တွေ ဆက်ခါဆက်ခါ ဖြစ်နေတဲ့သဘော ရှိပါတယ်။ အဲဒါကြောင့် ဒီစက္ခုဒသကကလာပ်ပဲ ဆိုကြစို့။ စက္ခုဒသကကလာပ်မှာ ပါနေတဲ့ ဩဇာ၊ ခုနက မျက်စိအထိ ပျံ့သွားတဲ့ အာဟာရဇရုပ်တွေမှာ ပါနေတဲ့ အာဟာရဇ ကလာပ်တွေမှာ ပါနေတဲ့ ဩဇာက သွားပြီး အားပေးထောက်ပံ့လိုက်တဲ့ အချိန်အခါမှာ ကမ္မဇဝမ်းမီးကလည်း ရောပြီး ထောက်ပံ့လိုက်တဲ့အခါမှာ စက္ခုဒသကကလာပ်မှာ ရှိနေတဲ့ ဩဇာတွေကလည်း နောက်ထပ် ရုပ်ကလာပ် အသစ်အသစ်တွေကို လေးငါးဆင့်လောက်အထိပေါ့လေ။ များသောအားဖြင့် ဖြစ်စေပါတယ်။ အဲဒီ ဖြစ်သွားတဲ့ ရုပ်ကလာပ်ကလေးတွေကလည်း မကြည်ဘူး၊ ဒီအမှုန်ကလေးတွေကို ဓာတ်ခွဲလိုက်တော့ သဘောတရား (၈)ခုစီပေါ့။ အဲဒီရုပ် (၈)မျိုးကိုလည်း ရေတွက်ကြည့်လိုက်ရင် ဩဇာအထိ (၈)မျိုးရှိလို့ ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ဩဇဋ္ဌမကရုပ်လို့ ခေါ်တယ်။
အလားတူပဲ မျက်စိမှာရှိနေတဲ့ ကာယဒသကကလာပ်မှာရှိတဲ့ ဩဇာ၊ ဘာဝဒသကကလာပ်မှာရှိနေတဲ့ ဩဇာ၊ စိတ္တဇအဋ္ဌကလာပ်မှာရှိတဲ့ ဩဇာ၊ ဥတုဇအဋ္ဌကလာပ်တွေမှာ ရှိနေတဲ့ဩဇာ၊ အဲဒီဩဇာတွေကိုလည်း ခုနက မျက်စိတိုင်အောင် ပျံ့သွားတဲ့ အာဟာရဇရုပ်ကလာပ်တွေမှာပါတဲ့ အာဟာရဇ ဩဇာတွေက အားပေးထောက်ပံ့တယ်။ ကမ္မဇဝမ်းမီးကလည်း အားပေး ထောက်ပံ့တယ်။ အလားတူပဲ၊ ရှေးရှေးရက်တွေက စားမျိုလိုက်တဲ့ အာဟာရကြောင့်ဖြစ်တဲ့ ရှေးရှေးအာဟာရဇကလာပ်တွေ မျက်စိမှာ ရှိတယ်။ အဲဒီ အာဟာရဇရုပ်ကလာပ်များစွာထဲက အချို့အချို့သော ကလာပ်ပြားဩဇာက အချို့အချို့သော ကလာပ်ပြားဩဇာကို အားပေးထောက်ပံ့လိုက်တဲ့အခါ ကမ္မဇဝမ်းမီးကလည်း ထပ်ဆင့် အားပေးထောက်ပံ့လိုက်တဲ့အခါ အထောက် အပံ့ခံရတဲ့ အာဟာရဇဩဇာကလည်း မိမိရဲ့ စွမ်းအင်က အားကောင်းရင် အားကောင်းသလို ဆယ်ဆင့် ဆယ့်နှစ်ဆင့်အထိ ရုပ်ကလာပ်အမှုန်ကလေးတွေကို ထပ်ခါထပ်ခါ ဖြစ်စေပါတယ်။ အဲဒီ ဖြစ်သွားတဲ့ အမှုန်တွေ မကြည်ဘူး။ ဓာတ်ခွဲလိုက်တော့ (၈)ခုပဲ။ စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒကကလာပ်စတဲ့ ရုပ်တွေက ကမ္မဇရုပ်ဖြစ်တော့ သူတို့ထဲမှာပါတဲ့ ဩဇာကို ကမ္မဇဩဇာလို့ ခေါ်တယ်။ အဲဒီ ကမ္မဇဩဇာကလည်း အာဟာရဇ ဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိခဲ့လျှင် အာဟာရဇရုပ်ကလာပ် အသစ်အသစ်တွေကို ဖြစ်စေတယ်။ အလားတူပဲ စိတ္တဇရုပ်ကလာပ်တွေမှာ ပါနေတဲ့ စိတ္တဇဩဇာကလည်း ရုပ်ကလာပ် အသစ် အသစ်တွေကို ဖြစ်စေတယ်။ ဥတုဇရုပ်တွေထဲမှာ ပါနေတဲ့ ဥတုဇဩဇာကလည်း ရုပ်ကလာပ်အသစ်အသစ်တွေကို ဖြစ်စေတယ်။ အာဟာရဇကလာပ်မှာ ပါနေတဲ့ ဩဇာတွေကလည်း ရုပ်ကလာပ် အသစ်အသစ်တွေကို ဖြစ်စေတယ်။
ဒီနေရာမှာ အာဟာရဇဩဇာသည် အခြားအခြားသော (၄)မျိုးသော ဩဇာတွေကို အားပေးထောက်ပံ့နေတဲ့ အာဟာရဇဩဇာလည်း ရှိတယ်။ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေတတ်တဲ့ အာဟာရဇဩဇာလည်း ရှိတယ်လို့ မှတ်ပါ။ ဒါကြောင့် ကဗဠီကာရအာဟာရအရ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဆိုတဲ့ လေးမျိုးလုံးသော ဩဇာကိုပဲ ယင်းဩဇာအသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် = ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ရုပ်ကလာပ် အသစ်သစ်ကို ဖြစ်စေနိုင် ဆောင်ထားနိုင်တဲ့အတွက်ကြောင့် ကဗဠီကာရအာဟာရလို့ ခေါ်ဆိုတယ် မှတ်ပါ။
ယင်းဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ရုပ်တရားသည်။ ဘယ်မှာ သွားထိ သလဲ? (ဇိဝှါပသာဒေ =) ဇိဝှါပသာဒမှာ သွားထိပြီ။
ဇိဝှါပသာဒနှင့် ရုပ်နာမ်ခန္ဓာ
ဇိဝှါပသာဒေ ဇိဝှါပသာဒေါ ကိန္နိဿိတော?
(ဇိဝှါပသာဒ =) ဇိဝှါပသာဒအကြည်ဓာတ်က ဘာကို မှီပြီး ဖြစ်နေသလဲ? (စတုမဟာဘူတနိဿိတော =) မဟာဘုတ်ဓာတ်ကြီးလေးပါးကို မှီဖြစ်တယ်။ လျှာမှာ ဓာတ်လေးပါး စိုက်ရှုကြည့်ပါ။ ကလာပ်အမှုန်တွေ တွေ့မယ်နော်။ ဒီ ကလာပ်အမှုန်တွကို ခွဲတမ်းချလိုက်ရင် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဆိုပြီးတော့ လျှာမှာ ရုပ်ကလာပ်အမျိုးအစား (၆)မျိုး၊ ရုပ်အမျိုးအစား (၅၄)ရှိတယ်။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
အဲဒါကို ရည်ညွှန်းထားတယ်နော်။ အဲဒီတော့ ဒီရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ မဟာဘုတ်ဓာတ်ကြီးလေးပါး မပါဘူးလား? ပါနေတယ်။ ဒီတော့ (ဇိဝှါပသာဒ =) ဇိဝှါအကြည်ဓာတ်ပါနေတဲ့ ရုပ်ကလာပ်ကို ဓာတ်ခွဲလိုက်ရင် ပထဝီ အာပေါ တေဇော ဝါယော အဆင်း အနံ့ အရသာ ဩဇာ ဇီဝိတ ဇိဝှါပသာဒဆိုပြီး ရုပ်သဘောတရား ဘယ်နှစ်ခုလဲ? (၁၀)ခု၊ အဲဒီ ရုပ်တရားတွေကို စနစ်တကျ ကျကျနန သိဖို့ လိုတယ်နော်။ ဒီတော့ ဇိဝှါပသာဒက စတုမဟာဘူတခေါ်တဲ့ မဟာဘုတ်ဓာတ်ကြီးလေးပါးကို မှီဖြစ်နေပြီ။
ဣတိ ဩဇဋ္ဌမကံ ဇိဝှါပသာဒေါ တဿ ပစ္စယာနိ မဟာဘူတာနီတိ ဣမေ ဓမ္မာ ရူပက္ခန္ဓော နာမ၊
ဩဇာလျှင် (၈)ခုမြောက်ရှိနေတဲ့ ရုပ်တရား, ဇိဝှါပသာဒ, ဇိဝှါပသာဒရဲ့ အခြေခံအကြောင်းရင်းဖြစ်နေတဲ့ မဟာဘုတ်ဓာတ်ကြီးလေးပါး အဲဒီတရားတွေသည် ရူပက္ခန္ဓာမည်တယ်တဲ့။ ဒါကလျှာဘက်ကနေ လှည့်ပြောလိုက်တာနော်။ ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုသွားခြင်း ဖြစ်ပါတယ်။ အရိပ်ပြလျှင် အကောင်ထင်ရမယ့် နည်းစနစ်အားဖြင့် ဖွင့်ဆိုသွားခြင်း ဖြစ်ပါတယ်။ ဇိဝှါဒွါရ = လျှာမှာရှိတဲ့ အထက်က ပြောခဲ့တဲ့ (၅၄)မျိုးသော ရုပ်တွေကို သိမ်းဆည်းရမှာဖြစ်တယ်။ မကင်းစကောင်းသော အဝိနာဘာဝ နည်းအားဖြင့် (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိနေတဲ့ ရုပ်တရား အားလုံးကိုပဲ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ သဠာယတနဝဂ္ဂသံယုတ်ပါဠိ တော်မှာ လာရှိတဲ့ အပရိဇာနနသုတ္တန် (သံ၊၂၊၂၄၉-၂၅၀။) တို့ကို ထောက်ရှုပါ။ နောက်ထပ် ဆက်ပြောဦးမယ်။
တံ ပရိဂ္ဂဏှတော ဥပ္ပန္နာ ဖဿပဉ္စမကာ ဓမ္မာ စတ္တာရော အရူပက္ခန္ဓာ (သံ၊ဋ္ဌ၊၂၊၁၀၁။)
အဲဒီ ရုပ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူနေပြီ။ ဉာဏ်ဖြင့် လှမ်းပြီး ပိုင်းခြားယူနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်လို့ခေါ်ဆိုအပ်တဲ့ ဖဿလျှင် (၅)ခုမြောက်ရှိတဲ့ ဖဿပဉ္စမကတရားတွေက စတ္တာရော အရူပက္ခန္ဓာ နာမ်ခန္ဓာလေးပါးတဲ့နော်။ ပေါင်းလို်က်တော့ ---
ဣတိ သဗ္ဗေပိ မေ ပဉ္စက္ခန္ဓာ သင်္ခေပတော နာမရူပမတ္တံ ဟောတီတိ ပဇာနာတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
ဒါက ဘုန်းကြီးတို့ ဥပလက္ခဏနည်း, နိဒဿနနည်းလို့ ခေါ်ပါတယ်။ ဒီတော့ လျှာမှာ ရှိနေတဲ့ (၅၄)မျိုးသော ရုပ်တွေက ရူပက္ခန္ဓာ၊ တစ်နည်းပြောရလျှင်တော့ (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတွေမှာ ရှိနေတဲ့ ရုပ်တရားတွေက ရူပက္ခန္ဓာ၊ ဒီရုပ်တရားတွေကို လှမ်းပြီး သိမ်းဆည်းနေတဲ့ နာမရူပပရိစ္ဆေဒဉာဏ် သို့မဟုတ် ရူပပရိစ္ဆေဉာဏ် အဲဒီဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်ခေါ်တဲ့ ဖဿပဉ္စမကတရားငါးပါး ဦးဆောင်နေတဲ့ စိတ် စေတသိက်တရားစုတွေက နာမ်တရားတဲ့၊ ဒီဖွင့်ဆိုချက်ကလည်း ရသတဏှာကို တိုက်ဖျက်ရေးကို ဦးတည်ပြီး ဖွင့်နေတဲ့ ဖွင့်ဆိုချက် ဖြစ်ပါတယ်။ ရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေကြတဲ့ နာမ်တရားတွေကိုရော မိမိက စျာန်တွေကို ရခဲ့လျှင် မိမိရရှိထားတဲ့ စျာန်နာမ်တရားတွေကိုရော အားလုံးကို သိမ်းဆည်းရမှာ ဖြစ်တယ်။ ပေါင်းလိုက်တော့ ရုပ်နာမ် (၂)ပါးပဲ၊ အဲဒီရုပ်နာမ် (၂)ပါးကို အခြေတည်ပြီးတော့ ရှေ့သို့ ဆက်ရမည့် လုပ်ငန်းခွင်က ဘာလဲ?
သော တေ ဓမ္မေ သရသလက္ခဏတော ဝဝတ္ထပေတွာ တေသံ ပစ္စယံ ပရိယေသန္တော အနုလောမပဋိလောမံ ပဋိစ္စသမုပ္ပါဒံ ပဿတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁၊၊)
ဒီရုပ်တွေ နာမ်တွေကို မိမိတို့ရဲ့ ကိုယ်ပိုင် သဘာဝလက္ခဏာသို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားပါ၊ သိမ်းဆည်းပါ။ ဒီအဆင့်ကျတဲ့အခါကျတော့ ဥပလက္ခဏနည်း, နိဒဿနနည်းဆိုတာက လျှာတစ်ပေါက်လို့ ပြောလိုက်ရင် မျက်စိ နား နှာ လျှာ ကိုယ် နှလုံး (၆)ဒွါရလုံး အားလုံးကို သဘောတူလို့ ယူရပါတယ်။ အဲဒီလို ယူရမယ်ဆိုတဲ့အကြောင်း နောက်ပိုင်းမှာ အဋ္ဌကထာက ထပ်ပြီး ဖွင့်ပါလိမ့်မယ်နော်။ ဒီတော့ လျှာမှာ ရှိနေတဲ့ (၅၄)မျိုးသောရုပ်ကို သိမ်းဆည်းတတ်ပြီဆိုရင် မျက်စိမှာရှိနေတဲ့ (၅၄)မျိုး, နှာခေါင်းမှာ (၅၄)မျိုး, လျှာမှာ (၅၄)မျိုး, ကိုယ်မှာ (၄၄)မျိုး, နှလုံးမှာ (၅၄)မျိုး, အဲဒီရုပ်တရားတွေကို သိမ်းဆည်းပြီးတော့ ဒီရုပ်တရားတွေကို လှမ်းသိမ်းဆည်းနေတဲ့ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်ခေါ်တဲ့ ဖဿပဉ္စမကတရားငါးပါး ဦးဆောင်နေတဲ့ နာမ်တရားတွေကိုပါ ဆက်လက် သိမ်းဆည်းခဲ့မယ်ဆိုရင် ဒီရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကိုလည်း အားလုံး သိမ်းဆည်းရမယ်လို့ ဒီလို ဆိုလိုပါတယ်နော်။
ဒီတော့ (၆)ဒွါရ (၄၂)ကောဋ္ဌာသမှာ ရှိနေတဲ့ ရုပ်တွေက ရုပ်တရား၊ ဒီရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေက နာမ်တရား၊ ပေါင်းလိုက်တော့ ရုပ်နာမ် (၂)ပါး၊ အဲဒီ ရုပ်နာမ် (၂)ပါးကို သိမ်းဆည်းပြီးပြီ။ ဉာဏ်နဲ့ ပိုင်းခြားယူပြီးတဲ့ ပုဂ္ဂိုလ်က ဘာလုပ်ရမလဲ?
တေသံ ပစ္စယံ ပရိယေသန္တော အနုလောမပဋိလောမံ ပဋိစ္စသမုပ္ပါဒံ ပဿတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
ယင်းရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို လှမ်းပြီးရှာဖွေလိုက်တဲ့ အချိန်အခါမှာ အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သွားပြီး သိပြီ။
ဤအကြောင်းတရားရှိခဲ့ရင် ဤအကျိုးတရား ဖြစ်တယ်၊ ဤအကြောင်းတရားဖြစ်ခြင်းကြောင့် ဤအကျိုးတရားက ဖြစ်ပေါ်လာရတယ်၊ ဒီလိုလည်း သိတယ်။ ဤအကြာင်းတရားသာ မရှိရင် ဤအကျိုးတရား မဖြစ်ဘူး။ ဤ အကြောင်းတရားချုပ်ခြင်းကြောင့် ဤအကျိုးတရားလည်း ချုပ်ငြိမ်းသွားတယ်။ ဒီလိုလည်း သိတယ်။ ဖြစ်ပုံကို သိတာက အနုလောမပဋိစ္စသမုပ္ပါဒ်, ချုပ်စဉ်ကို သိတာက ပဋိလောမပဋိစ္စသမုပ္ပါဒ် အဲဒီကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရား ဖြစ်စဉ်ချုပ်စဉ် (၂)ခုလုံးကို သိအောင် ကြိုးစားအားထုတ်ရပါတယ်။ အားထုတ်လိုက်ပြီးတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ?
ဉာတပရိညာ
ဧတ္တာဝတာနေန ကဗဠီကာရအာဟာရမုခေန သပ္ပစ္စယဿ နာမရူပဿ ယာထာဝတော ဒိဋ္ဌတ္တာ ကဗဠီကာရအာဟာရော ဉာတပရိညာယ ပရိညာတော ဟောတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
ကဗဠီကာရအာဟာရကို အဦးမူပြီးတော့ ရုပ်တွေ နာမ်တွေကို ပထမ သိအောင် ကြိုးစားအားထုတ်တယ်။ ဒုတိယ ဒီရုပ်တွေ နာမ်တွေရဲ့ အကြောင်း တရားတွေကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်တယ်။
အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်၊ ဒီလိုသိတယ်။ ပစ္စုပ္ပန်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရားပဲရှိတယ်လို့ သိတယ်။ အနာဂတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်လို့ သိတယ်။ အဲဒီ အသိဉာဏ်ကို ဉာဏ်စဉ်နည်းအရ ဘာဉာဏ်လို့ခေါ်လဲ? ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်တယ်။ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ထိုထွင်းသိတဲ့ဉာဏ်က နာမရူပပရိစ္ဆေဒဉာဏ်၊ အကြောင်းတရား အကျိုးတရားတွေကို ထိုးထွင်းသိတဲ့ဉာဏ်က ပစ္စယပရိဂ္ဂဟဉာဏ် နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ဒီပစ္စယပရိဂ္ဂဟဉာဏ် (၂)ပါးကို ဘာပရိညာလို့ ခေါ်လဲ? ဉာတပရိညာလို့ ခေါ်တယ်။ အဲဒီ ဉာတပရိညာစခန်း ဆိုက်သွားပြီ။ ဒါ အစာစားတတ်လို့ရှိရင် ဉာတပရိညာစခန်း မဆိုက်ဘူးလား? ဆိုက်ပါတယ်။
ဘယ်နေရာမှာမဆို ဝိပဿနာဆိုတာက ရှုတတ်မယ်ဆိုလို့ရှိရင် ရှုလို့ မရနိုင်ဘူးလား? ရနိုင်တယ်။ ဒါ သတိရှိဖို့ လိုအပ်တယ်။ ဘုရားရှင်က ဒီလို အသိဉာဏ်ကလေးနဲ့ အစာအာဟာရတွေကို စားသုံးစေချင်တဲ့အတွက် အခုလို ဟောနေတာနော်။ နောက်တစ်ခု ---
သော တဒေဝ သပ္ပစ္စယံ နာမရူပံ အနိစ္စံ ဒုက္ခံ အနတ္တာတိ တီဏိ လက္ခဏာနိ အာရောပေတွာ သတ္တန္နံ အနုပဿနာနံ ဝသေန သမ္မသတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
ထိုယောဂါဝစရ ရဟန်းတော်က ဘာလုပ်ရမလဲ?
အကြောင်းတရားနှင့်တကွသော ထိုနာမ်တရား ရုပ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ (၇)မျိုးသော အနုပဿနာ ဉာဏ်တို့ရဲ့ အစွမ်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ပြီးနေပါ။ ဝိပဿနာ ရှုပွားသုံးသပ်ပါနော်။ အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာ, အနတ္တာနုပဿနာ, ဝိရာဂါနုပဿနာ, နိရောဓာနုပဿနာ, ပဋိနိဿဂ္ဂါနုပသနာ, နိဗ္ဗိဒါနုပဿနာ ဆိုပြီး အနုပဿနာ (၇)မျိုးရှိပါတယ်။ အဲဒီ အနုပဿနာ (၇)မျိုးတို့ဖြင့် ဒီအကြောင်းတရားနှင့်တကွသော ရုပ်တရား နာမ်တရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပါတဲ့။ ရှုလိုက်တော့ ဘာဖြစ်လဲ? ---
တီရဏပရိညာ
ဧတ္တာဝတာနေန သော တိလက္ခဏပဋိဝေဓသမ္မသနဉာဏသင်္ခါတာယ တီရဏပရိညာယ ပရိညာတော ဟောတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
ဒီလိုရှုတတ်မယ်ဆိုရင် ထိုရဟန်းတော်ဟာ ဒီကဗဠီကာရအာဟာရကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်တတ်တဲ့ သမ္မသနဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ တီရဏပရိညာနဲ့ ပိုင်းခြားသိပြီး ဖြစ်သွား တယ်နော်။
ပဟာနပရိညာ
တသ္မိံယေဝ နာမရူပေ ဆန္ဒရာဂါဝကဍ္ဎနေန အနာဂါမိမဂ္ဂေန ပရိဇာနတာ ပဟာနပရိညာယ ပရိညာတော ဟောတီတိ။
အဲဒီမှာ သမ္မသနဉာဏ်ဆိုတာကတော့ အထူးသဖြင့် အများနားလည်နေတဲ့ သမ္မသနဉာဏ်တော့ မဟုတ်ပါဘူးနော်။ ဝိပဿနာဉာဏ်အားလုံးကို သမ္မသနဉာဏ်လို့ ဒီနေရာမှာ သုံးထားပါတယ်။ ဒီတော့ ဝိပဿနာဉာဏ်စဉ်အတိုင်း ဒီက ဗဠီကာရအာဟာရကို အဦးမူပြီးတော့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုလိုက်ပြီး၊ ရှုလိုက်တဲ့အချိန်အခါမှာ ထိုယောဂါဝစရ ရဟန်းတော်ရဲ့ သန္တာန်မှာ မိမိရဲ့ ပါရမီအားလျော်စွာ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်, သကဒါဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်, အနာမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ ဒီမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ဆိုက်လာပြီ၊ ဆိုက်လာတဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ?--
ဒီကဗဠီကာရအာဟာရအပေါ်၌ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂ တရားကို ပယ်ရှားနိုင်လိမ့်မယ်။ ပယ်ရှားနိုင်လိုက်တဲ့အတွက် ထိုအချိန်အခါမှာ ထိုယောဂီ သူတော်ကောင်းသည် ဘာဖြစ်မလဲ? အနာဂါမိမဂ်ဉာဏ်ဖြင့် ဒီကဗဠီကာရအာဟာရကို ပဟာနပရိညာဖြင့် ပိုင်းခြားသိပြီး ဖြစ်သွားတယ်။ ပဟာနပရိညာစခန်းကို ဆိုက်သွားတယ်နော်။ အဲဒီ ပဟာနပရိညာစခန်း ဆိုက်သည့်အထိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စေချင်တဲ့အတွက် မြတ်စွာဘုရားက ဒီတရားကို ဟောတယ်။ ဘယ်လိုလဲ? ---
ဧဝမေဝ ခွာဟံ ဘိက္ခဝေ ကဗဠီကာရော အာဟာရော ဒဋ္ဌဗ္ဗောတိ ဝဒါမိ။ (သံ၊ဋ္ဌ၊၂၊၃၂၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဧဝမေဝ ခေါ = ဤဥပမာအတူသာလျှင်။ ကဗဠီကာရော အာဟာရော = ကဗဠီကာရအာဟာရကို။ ဒဋ္ဌဗ္ဗောတိ = ရှုပွား သုံးသပ်ထိုက်၏ဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။
ပဉ္စကာမဂုဏိကရာဂကို ပရိညာသုံးမျိုးဖြင့် ပိုင်းခြားသိပြီ
ကဗဠီကာရေ ဘိက္ခဝေ အာဟာရေ ပရိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ။ (သံ၊၁၊၃၂၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ကဗဠီကာရေ အာဟာရေ = ကဗဠီကာရအာဟာရကို။ ပရိညာတေ = ပရိညာဉာဏ်ပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်း ခြားခြား ထိုးထွင်း၍ သိမြင်ခဲ့သည်ရှိသော်။ ပဉ္စကာမဂုဏိကော ရာဂေါ = အာရုံငါးပါး ကာမဂုဏ်တရားတို့အပေါ်၌ တွယ်တာမက်မောလျက်ရှိသော ပဉ္စကာမဂုဏိကရာဂတရားကို။ ပရိညာတော = ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍သိပြီး ဖြစ်သည်။ ဟောတိ = ဖြစ်ပေ၏။
အာရုံငါးပါး ကာမဂုဏ်တရားတွေအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီကာမရာဂတရားကိုလည်း ပိုင်းပိုင်းခြားခြားသိပြီး ဖြစ်သွားပါတယ်တဲ့။ ဘာဖြစ်လို့လဲ? ကဗဠီကာရအာဟာရကို အဦးမူပြီးတော့ ရုပ်တွေ နာမ်တွေ သိမ်းဆည်းတယ်။ အကြောင်းတရားရှာဖွေပြီးတော့ အကြောင်းတရားနှင့် တကွ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုတယ်။ ရှုလိုက်တဲ့အချိန်အခါမှာ အဲဒီရုပ်နာမ် သင်္ခါရတရားတွေ ထဲမှာလည်း ဒီအာရုံငါးပါး ကာမဂုဏ်တရားကို အကြောင်းပြုပြီး တွယ်တာမက်မောနေတဲ့ ရာဂတရားလည်း အဝင်အပါ ဖြစ်နေပါတယ်။ အဝင်အပါဖြစ်နေခြင်းကြောင့် ထိုယောဂီပုဂ္ဂိုလ်က ဒီရာဂတရားကိုလည်း ပိုင်းခြားသိပြီး ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းခြားသိပြီး ဖြစ်သွားတယ်။ ဖြစ်လိုက်တဲ့အတွက် ဘာဖြစ်လဲ?
ပဉ္စကာမဂုဏိကေ ရာဂေ ပရိညာတေ နတ္ထိ တံ သံယောဇနံ ယေန သံယောဇနေန သံယုတ္တော အရိယသာဝကော ပုန ဣမံ လောကံ အာဂစ္ဆေယျ။ (သံ၊၁၊၃၂၃။)
ယင်းအာရုံငါးပါး ကာမဂုဏ်တရားတွေအပေါ်မှာ တွယ်တာမက်မောနေတဲ့ ရာဂတရား ထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်ဟာ ဒီကာမဘုံ ပြန်လာနိုင်တယ်။ ခု ဒီသူတော်ကောင်းက ကဗဠီကာရအာဟာရကို အဦးမူပြီးတော့ အာရုံငါးပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီကာမရာဂတရားကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားသိအောင် ကျင့်နိုင်တဲ့အတွက် ထို ပုဂ္ဂိုလ်သည် ကာမဘုံကို တစ်ဖန် ပြန်လာတဲ့သဘောမရှိတဲ့ အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်အဆင့်သို့ ရောက်ရှိသွားတယ်နော်။
ကဗဠီကာရအာဟာရအပေါ်၌ တွယ်တာမက်မောနေတဲ့ ရာဂတရားကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် နောက်ထပ်တစ်ဖန် ဒီကာမဘုံမှာ ပြန်ပြီး ပဋိသန္ဓေနေရဦးမလား? မနေရတော့ဘူး။ အကျိုးမကြီးဘူးလား? အကျိုးကြီးပါတယ်။ ဒီလိုဆိုရင် စားတတ်မယ်ဆိုရင် အနာဂါမိ မဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ မဆိုက်နိုင်ဘူးလား? ဆိုက်နိုင်တယ်။ သို့သော် ဒီနေရာမှာ အဋ္ဌကထာဆရာတော်က အကွက်စေ့စေ့လေး နည်းနည်း ထပ်ပြီး ဖွင့်ထားတယ်နော်။ အဲဒီ အဖွင့်လေးတွေ ဒီနေ့ နာကြည့်ရအောင် ..။
ဧကပရိညာ
ပဉ္စကာမဂုဏိကောတိ ပဉ္စကာမဂုဏသမ္ဘဝေါ ရာဂေါ ပရိညာတော ဟောတိ။ (သံ၊ဋ္ဌ၊၂၊၁၀၁။)
အာရုံငါးပါး ကာမဂုဏ်တရားတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ရာဂတရားကို ပိုင်းခြားသိပြီးတော့ ဖြစ်သွားတယ်။ ဘယ်လိုလဲ? ဒီနေရာမှာ ပရိညာသုံးမျိုးဆိုပြီး ထပ်ပြီး ဖွင့်ထားတယ်။ ဘယ်လို ပရိညာလဲ?---
အများနားလည်နေတဲ့ ခုနက ပြောခဲ့တဲ့ ပရိညာနဲ့ မတူဘူး။ ခုနက ပြောခဲ့တဲ့ ပရိညာက ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာ ပရိညာ သုံးမျိုး။ ခုဒီမှာ အဋ္ဌကထာဆရာတော်က ပရိညာသုံးမျိုး ထပ်ပြီးတော့ ဖွင့်တယ်။ ဘာတဲ့လဲ? ဧကပရိညာ သဗ္ဗပရိညာ မူလပရိညာဆိုတဲ့ ပရိညာ သုံးမျိုးကို ထပ်ဖွင့်ထားတယ်။
ယောဂါဝစရရဟန်းတော်က ဇိဝှါဒွါရကို အကြောင်းပြုပြီး အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ တစ်ခုတည်းသော ရသတဏှာကို ပရိညာဉာဏ်ဖြင့် ပိုင်းခြားသိပြီ။ ရသတဏှာလို့ ခေါ်ဆိုအပ်တဲ့ အာရုံက ဘယ်နှစ်ခုရှိသလဲ? ဒီနေရာမှာ အထူးသဖြင့် ရည်ညွှန်းထားတာ အာရုံငါးပါးပေါ့။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဗောဋ္ဌဗ္ဗာရုံ ဆိုပြီးတော့ အာရုံဘယ်နှစ်ခုလဲ? ငါးခု။ အာရုံငါးပါး ကာမဂုဏ်တရားနော်။ အဲဒီ ကာမဂုဏ်တရားတွေထဲမှာ ရသာရုံလည်း မပါဘူးလား? ပါတယ်။ ရသာရုံအပေါ်မှာ တွယ်တာတပ်မက်နေတဲ့ တဏှာကို ရသတဏှာလို့ ခေါ်တယ်။
အဲဒီရသတဏှာကို ဉာဏ်ဖြင့် ပိုင်းပိုင်းခြားခြား သိပြီဆိုရင် အာရုံငါးပါး ကာမဂုဏ်တရား အကုန်လုံးအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီရာဂတရားကိုလည်း ပိုင်းခြားသိပြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲ?
ဒီတဏှာက ဒီအာရုံငါးပါး ကာမဂုဏ်တရားမှာ ထင်ရှားဖြစ်နေတဲ့အတွက် ရသတဏှာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ တဏှာကို ပိုင်းခြားသိရင် ကျန်နေတဲ့ တဏှာတွေကိုလည်း ပိုင်းခြားသိပြီးပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?
ဒီတဏှာကလေးပဲ စက္ခုဒွါရမှာ ဖြစ်ခဲ့ရင် ရူပတဏှာလို့ ခေါ်တယ်။ သောတဒွါရမှာ ဖြစ်ခဲ့ရင် သဒ္ဒတဏှာလို့ ခေါ်တယ်။ ဃာနဒွါရမှာ ဖြစ်ခဲ့ရင် ဂန္ဓတဏှာလို့ ခေါ်တယ်။ ဇိဝှါဒွါရမှာ ဖြစ်ခဲ့ရင် ရသတဏှာလို့ ခေါ်တယ်။ ကာယဒွါရမှာ ဖြစ်ခဲ့ရင် ဖောဋ္ဌဗ္ဗတဏှာလို့ ခေါ်တယ်။ တဏှာကတော့ တစ်ခုတည်းပဲ မဟုတ်ဘူးလား? နော်။ ခံစားစရာ အာရုံအခြေအနေလိုက်ပြီးတော့ နာမည်ကလေးတွေ အမျိုးမျိုးသာ ပြောင်းသွားတယ်။ တွယ်တာတပ်မက်ပုံ အခြင်းအရာချင်းက မတူဘူးလား? တူနေတယ်။
ဥပမာလေးတစ်ခု ဖွင့်ထားတယ်နော်။ ခိုးသားတစ်ယောက်က လမ်းခရီး (၅)ခုမှာ ခွပြီးတော့ သူက ဒုက္ခပေးနေတယ်။ ဒုက္ခပေးနေတဲ့ အချိန်အခါကျတော့ ဒီခိုးသားတစ်ယောက်ကို လမ်းခရီးတစ်ခုကနေ စောင့်ပြီးဖမ်းလိုက်တော့ မိသွားပြီ။ မိပြီးသတ်လိုက်တဲ့ အချိန်အခါမှာ လမ်းခရီး (၅)ခုလုံးဟာ အန္တရာယ် ကင်းမသွားဘူးလား? ကင်းသွားတယ်။
ရသတဏှာဆိုတာက ဇိဝှါဒွါရကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ရာဂပဲ။ ဒီရသတဏှာကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် အာရုံငါးပါး ကာမဂုဏ်တရား (၅)မျိုးတို့ အပေါ်၌ တွယ်တာမက်မောနေတဲ့ ပဉ္စကာမဂုဏိကရာဂကိုလည်း ပိုင်းခြားသိပြီးပဲ ဖြစ်တယ်။ ဒီအပိုင်းလေးကတော့ အရိယမဂ် ဆိုက်ခါနီးအပိုင်းကို အထူးသဖြင့် ရည်ညွှန်းထားပါတယ်။
ယောဂါဝစရပုဂ္ဂိုလ်က ပထမ အာရုံ (၆)ပါးပေါ့။ အာရုံ (၆)ပါးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို သိမ်းဆည်းရတယ်။ ရုပ် တရားတွေကို ပထမသိမ်းဆည်းရတယ်။ ဒုတိယ ရုပ်တရားတွေကို ခွဲတမ်းချလိုက်တဲ့ အချိန်အခါမှာ အာရုံ (၆)ပါး ဖြစ်ပါတယ်။ ဒီအာရုံ (၆)ပါးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို ဆက်လက်ပြီး သိမ်းဆည်း ရတယ်။ အဲဒီ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အကြောင်းတရားရှာဖွေပြီး အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုလိုက်ပြီ၊ ဝိပဿနာဉာဏ်တွေ အဆင့်ဆင့် တက်သွားလိုက်တာ နောက်ဆုံး ရှုကွက်တွေ ကုန်ပြီ။ ဟိုသင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်ရောက်ပြီ ဆိုကြစို့။ ထိုအချိန်အခါမှာ မိမိက ဇိဝှါဒွါရကို အကြောင်းပြုပြီး ဇိဝှါဒွါရမှာ ဖြစ်ပေါ်လာတဲ့ ဒီရသတဏှာ ဦးဆောင်နေတဲ့ နာမ်တရားတွေကို သိမ်းဆည်းပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုတယ်ဆိုကြစို့။ အဲဒီ အချိန်အခါမှာ အရိယမဂ် ဆိုက်ခဲ့မယ်ဆိုရင် တဏှာတစ်ခုကို အရိယမဂ်တရားက ပယ်ရှားနိုင်ခဲ့ရင် တဏှာအားလုံး အဲဒီအခါမှာ ကုန်သွားပြီ၊ ဒီလို ဆိုလိုတယ်။
ဘာဖြစ်လို့လဲ? တဏှာချင်း အတူတူပဲ။ ရသာရုံကို တွယ်တာတဲ့ တဏှာကို ရသတဏှာလို့ ခေါ်တယ်။ ရူပါရုံကို တွယ်တာတာကျတော့ ရူပတဏှာလို့ ခေါ်တာပဲ။ နာမည်သာ ကွဲသွားတယ်၊ တဏှာချင်းကတော့ မတူဘူးလား? အတူတူပဲ။ ဒါကြောင့် တဏှာတစ်ခုကို သေအောင်သာ သတ်ပါ။ ဒီတဏှာ သေပြီဆိုရင် တဏှာအားလုံး ကုန်မသွားဘူးလား? ကုန်သွားတယ်။ ဒါကို ဧကပရိညာလို့ ခေါ်တယ်နော်။ နောက်တစ်ခု --- သဗ္ဗပရိညာဆိုတာက ဘာလဲ?
သဗ္ဗပရိညာ
သပိတ်ထဲမှာ ဆွမ်းထည့်ပြီး အဲဒီ ဆွမ်းတစ်မျိုးတည်းကို အာရုံယူပြီးတော့ ပဉ္စကာမဂုဏိကရာဂခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ရာဂ (၅)မျိုးလုံး ရနိုင်တယ်တဲ့။ ဘယ်လိုလဲ?
ချက်ထားတဲ့ဟင်းလေးက အရောင်အဆင်းက သိပ်ကောင်းတယ်။ ဝင်းနေတယ် ဆိုကြပါစို့နော်။ အရောင်အဆင်းလေး သိပ်လှနေတာကို သာယာပြီ။ တစ်ခါတစ်ရံကျတော့ အရောင်အဆင်းက မကောင်းပြန်ဘူး။ ဆီတွေကလည်း အပေါ် ဝေ့မနေဘူး၊ ဆီလည်း မပါဘူး၊ ဘာမှန်းလည်း မသိဘူး။
ဆွမ်းကလေးကို သိပ်သဘောကျနေပြီ၊ အရောင်အဆင်းလေးက သိပ်ကောင်းပြီ၊ ထိုအချိန်အခါမှာ မိမိစားသုံးမယ့် ဒီအာဟာရ ဆွမ်းရဲ့ အရောင် အဆင်းအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂတရားက ပေါ်လာပြီ။ ဒါ ရူပတဏှာတစ်ခု၊ နောက်တစ်ခု ---
လောလောပူနေတဲ့ ထောပတ်တွေကို ဆွမ်းပေါ် လောင်းချလိုက်လို့ရှိရင် အသံကလေး ထွက်လာတယ်။ ဒီအသံလေးကို ကိုယ်က သိပ်ပြီး သဘောကျတယ်။ သို့မဟုတ် ---
တစ်ခါတလေ ခဲဖွယ်တစ်ခုခုပေါ့နော်။ ဘယာကြော်တို့လို ခဲဖွယ်မျိုးပဲ ဆိုကြပါစို့၊ သို့မဟုတ် သစ်သီးခဲဖွယ်တစ်ခုပဲ ဆိုကြပါစို့၊ ဝါးလိုက်တဲ့ အခါမှာ ကရောက်ရောက်ရောက် မည်သွားပြီ။ စိတ်ထဲမှာ ကျေနပ်သွားတယ်။ ဘယာကြော်စားလိုက်လို့ အသံက မထွက်ဘူးဆိုတော့ သိပ်မကျေနပ်ဘူး။ အသံတစ်ခု ပေါ်လာလို့ရှိရင် ဒီလိုဝါးလိုက်တဲ့အချိန်အခါမှာ အသံလေး မြည်လာပြီဆိုလို့ရှိရင် သိပ်သဘောကျတယ်။ ဒါ သဒ္ဒတဏှာ၊ ဆွမ်းရဲ့ သဒ္ဒါရုံ အပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာပဲ။
ဒီအသံလေးကို သဘောကျသာယာနေမယ် ဆိုလို့ရှိရင်တော့ သဒ္ဒရာဂ ဖြစ်ပြီ။ နောက်တစ်ခု ---
မဆလာတို့ ဇီယာတို့ အစရှိတဲ့ ဟင်းထဲမှာ အမွှေးအကြိုင် တစ်ခုခုကို ထည့်လိုက်ပြီ၊ ထည့်လိုက်တဲ့ အချိန်အခါမှာ ဒီအနံ့အသက်ကလေးကို သာယာမယ်ဆိုရင် ထိုသာယာနေတဲ့ ရဟန်းတော်ရဲ့ သန္တာန်မှာ ဂန္ဓာရုံနဲ့ ပတ်သက်ပြီးတော့ တွယ်တာတပ်မက်နေတဲ့ ဂန္ဓရာဂတရား ထင်ရှားဖြစ်လာပြီ။ နောက်တစ်ခု ---
ချက်ပြုတ်ထားတာ အရသာကလေးက သိပ်အချိုးကျနေပြီ။ သိပ်ကောင်းမွန်နေတဲ့ အဆင့်အတန်းမြင့်နေတဲ့ အရသာရှိတဲ့ ဒီအာဟာရတစ်ခုကို မှီဝဲလိုက်တဲ့ အချိန်အခါမှာ ရသာအပေါ်၌ တွယ်တာတပ်မက်နေတဲ့ စိတ်ထား သာယာနေတဲ့စိတ်ထားဖြစ်ခဲ့ရင် ထိုရဟန်းတော်၏ သန္တာန်မှာ(ရသရာဂ =) ရသတဏှာ ထင်ရှားဖြစ်လာပြန်ပြီနော်။
ချက်ပြုတ်ထားလိုက်တာက နူးနူးညံ့ညံ့ ပျော့ပျော့ပျောင်းပျောင်း ဖြစ်နေပြီ။ ဒီဘောဇဉ်က နူးညံ့ပျော့ပျောင်းနေတဲ့ ဒီဘောဇဉ်ကလေးကို သွားပြီး တွေ့ထိလိုက်တဲ့ အချိန်အခါမှာ အတွေ့အထိကလေးအပေါ်၌ တော်တော်လေး သဘောကျသွားတယ်။ အဲဒီလို သဘောကျ သာယာ တပ်မက်တယ် ဆိုလို့ရှိရင်တော့ ဆွမ်းနဲ့ပတ်သက်တဲ့ ဖောဋ္ဌဗ္ဗာရုံအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ဖောဋ္ဌဗ္ဗရာဂတရား ထင်ရှားဖြစ်လာပြီ။ ပေါင်းလိုက်တော့ ရာဂ ဘယ်နှစ်မျိုးလဲ? (၅)မျိုး၊ (ရူပရာဂ =) ဆွမ်းရဲ့ အရောင်အဆင်းအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂ၊ (သဒ္ဒရာဂ =) ဝါးလိုက်လို့ ဖြစ်ပေါ်လာတဲ့ သို့မဟုတ် ဆွမ်းကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ အသံအပေါ်၌ တွယ်တာ တပ်မက်နေတဲ့ ရာဂ။ (ဂန္ဓရာဂ =) ဆွမ်းရဲ့အနံ့အသက်အပေါ်၌ တွယ်တာ တပ်မက်နေတဲ့ ဂန္ဓရာဂ၊ (ရသရာဂ =) ဆွမ်းရဲ့ အရသာအပေါ်၌ တွယ်တာ တပ်မက်နေတဲ့ ရသရာဂ၊ (ဖောဋ္ဌဗ္ဗရာဂ =) ဆွမ်းရဲ့ နူးညံ့ပျော့ပျောင်းနေတဲ့ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂ၊ ပေါင်းလိုက်တော့ ဘယ်နှစ်မျိုးလဲ? (၅)မျိုး။ အဲဒီရာဂ (၅)မျိုး ထင်ရှားဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့အခါ ဘာဖြစ်သလဲ?
ဣတိ ဣမသ္မိံ အာဟာရေ သတိသမ္ပဇညေန ပရိဂ္ဂဟေတွာ နိစ္ဆန္ဒရာဂ ပရိဘောဂေန ပရိဘုတ္တေ သဗ္ဗောပိ သော ပရိညာတော ဟောတီတိ အယံ သဗ္ဗပရိညာ နာမ။
ဒီရာဂတွေ ထင်ရှားဖြစ်ပေါ်လာပြီ ဆိုလို့ရှိရင် ဒီရဟန်းတော်က ဘာလုပ်ရသလဲ?
ဒီအာဟာရကို သတိသမ္ပဇဉ်ဉာဏ်ဖြင့် ပိုင်းခြားပြီး ယူလိုက်တယ်။ သို့မဟုတ် အာဟာရကို အကြောင်းပြုပြီး ဖြစ်ပေါ်လာနေတဲ့ ရာဂအမျိုးမျိုးကို ဉာဏ်နဲ့ ပိုင်းခြားပြီး ယူလိုက်တယ်၊ အာဟာရကိုလည်း ဉာဏ်နဲ့ ပိုင်းခြားယူတယ်၊ အာဟာရကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ရာဂအမျိုးမျိုး ကိုလည်း ဉာဏ်နဲ့ ပိုင်းခြားယူတယ်၊ သိမ်းဆည်းတယ်၊ ဝိပဿနာ ရှုတော့မယ်။ ဘာနဲ့ သိမ်းဆည်းသလဲလို့မေးတော့ ---
သတိသမ္ပဇဉ်တရားနဲ့ ပိုင်းခြားပြီး ယူလိုက်တယ်။ ယူပြီးတဲ့အခါ ဘာလုပ်သလဲ?
ဒီအာဟာရအပေါ်၌ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂ ကင်းကင်းရှင်းရှင်းလေးဖြင့် ဒီအာဟာရကို သုံးဆောင်ပြီ။ သုံးဆောင်လိုက်တဲ့အခါ ဘာဖြစ်သလဲ?
ဒါက (သဗ္ဗပရိညာပဲ =) ရာဂကို လှမ်းပြီး သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ရာဂရဲ့တည်ရာ ဝတ္ထုဖြစ်နေတဲ့ ဆွမ်းအာဟာရ၊ ဆွမ်းကို အကြောင်း ပြုပြီး ဖြစ်ပေါ်လာတဲ့ ရာဂ၊ ရာဂဦးဆောင်နေတဲ့ စိတ် စေတသိက် နာမ်တရားစု၊ ဒီရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီးတော့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုပြီးတော့ စားလိုက်ပြီ။ စားလိုက်တဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းရဲ့ သန္တာန်မှာ ဝိပဿနာ ဉာဏ်တွေက ရင့်ကျက်ခဲ့မယ်ဆိုရင် ဝိပဿနာဉာဏ်တို့ရဲ့အဆုံး၌ အရိယ မဂ်ဉာဏ်တွေ ပေါ်လာမယ်။ အရိယဖိုလ်ဉာဏ်တွေ ပေါ်လာမယ်။ ထိုအရိယ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့က ထိုအာဟာရအပေါ်၌ တွယ်တာတပ်မက်နေတဲ့ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂတရားတွေကို ပယ်ရှားပစ်လိမ့်မယ်။ အရိယ မဂ်တရားက ထိုဆန္ဒရာဂတရားကို ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် ထိုရဟန်းတော်သည် ဆန္ဒရာဂ ကင်းကင်းရှင်းရှင်းဖြင့် ဒီအာဟာရကို ဘုဉ်းပေးသုံးဆောင်နိုင်တဲ့ အဆင့်သို့ ရောက်ရှိသွားမယ်။ အဲဒီအဆင့်သို့ ရောက်သည့်တိုင်အောင် ကျင့်ကြံကျိုးကုတ် ပွားများအားထုတ်ပါလို့ ဒီလိုဘုရားရှင်က တိုက်တွန်းနေတယ်နော်။ ဒါက သဗ္ဗပရိညာ။ နောက်တစ်ခု ---
မူလပရိညာ
(မူလပရိညာ =) မူလပရိညာဆိုတာက ဘာလဲလို့မေးတော့ ---
အာရုံ (၅)ပါးအပေါ်၌ တွယ်တာတပ်မက်နေတဲ့ ရာဂတရားသည် ဘာကို အကြောင်းခံပြီး ဖြစ်ပေါ်လာရသလဲလို့မေးလိုက်တော့ ကဗဠီကာရ အာဟာရလို့ ခေါ်ဆိုအပ်တဲ့ အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အစာအာဟာရအပေါ်၌ အခြေတည်နေတယ်။ အခြေစိုက်နေတယ်။ ဒီအာဟာရသည် အခြေခံအကြောင်းရင်း ဖြစ်ပါတယ်တဲ့၊ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီအာဟာရက အခြေခံ အကြောင်းရင်း ဖြစ်သလဲ ဒီအပိုင်းကို အဋ္ဌကထာဆရာတော်က ဆက်ပြီး ဖွင့်ထားတယ်နော်။
ကဗဠီကာရအာဟာရက စားသုံးခြင်းဆိုတဲ့ သဘောတရားနှင့် ကဗဠီကာရအာဟာရသာ ထင်ရှား ရှိနေပါစေ။ ထိုအာရုံ (၅)ပါး ကာမဂုဏ်တရားတို့ အပေါ်၌ တွယ်တာ မက်မောနေတဲ့ ရာဂတရားသည် ထင်ရှားဖြစ်ပေါ်လာနိုင်တဲ့ သဘောရှိနေတယ်။ ဒါကြောင့် အာရုံ (၅)ပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ရာဂတရားရဲ့ အခြေခံအကြောင်းရင်းသည် ကဗဠီကာရအာဟာရပဲ ဖြစ်တယ်လို့ ဒီလို ဖွင့်ထားတယ်။ ပုံစံလေး ထုတ်ပြထားတယ်။
ဗြာဟ္မဏတိဿ ခိုးသားသူပုန်ကြီး ထနေတယ်၊ သီဟိုဠ်ကျွန်းမှာ တစ်ဆယ့်နှစ်နှစ် ကြာပါတယ်။ ထိုတစ်ဆယ့်နှစ်နှစ်အတွင်းမှာ အစာအာဟာရ တွေက ငတ်မွတ်ခေါင်းပါးတဲ့အဆင့်အထိ ရောက်နေတယ်။ သစ်ရွက်တွေ စားနေရတယ်၊ သစ်ခွံတွေ စားနေရတယ်၊ အဲဒီအာဟာရတွေက အခြေအနေ မကျလိုက်တဲ့ အချိန်အခါကျတော့ ဇနီးမောင်နှံနှစ်ဦးတို့ဟာ တစ်ဦးပေါ်တစ်ဦး တွယ်တာမက်မောတဲ့ ရာဂစိတ်ဖြင့် ကြည့်တယ်ဆိုတာ မရှိခဲ့ဖူးဘူးတဲ့နော်။ ဘာဖြစ်လို့လဲ? ကဗဠီကာရအာဟာရက ကျေးဇူးပြုပေးမှုအားက သိပ်နည်းနေ တယ်နော်။
ဗြာဟ္မဏတိဿ သူပုန်ဘေးကြီး ငြိမ်းအေးသွားတဲ့ အချိန်အခါ ယူဇနာ တစ်ရာရှိနေတဲ့ သီဟိုဠ်ကျွန်းတစ်ကျွန်းလုံးမှာ မွေးလာတဲ့ ကလေးတွေကို မွေးနေ့မင်္ဂလာပြုလိုက်တာ တစ်နေ့တည်းနဲ့ သီဟိုဠ်ကျွန်း တစ်ကျွန်းလုံး ပျံ့နှံ့နေတယ်နော်။
ဒီတော့ အာဟာရကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြားသိရမယ်။ ဘယ်လို သိရမလဲ? ကဗဠီကာရအာဟာရကိုလည်း ပရိညာပညာသုံးချက်ဖြင့် ပိုင်းခြားသိရမယ်။ ကဗဠီကာရအာဟာရခေါ်တဲ့ ဩဇာက ကျေးဇူးပြုပေးလိုက်တဲ့ အချိန်အခါမှာ စတုသမုဋ္ဌာနိကဩဇာတွေကလည်း နောက်ထပ် အာဟာရဇရုပ်တွေကို ဆင့်ကဲ ဖြစ်ပွားစေတယ်။ ဆင့်ကဲ ဖြစ်ပွားစေတဲ့အတွက် ထို စတုသမုဋ္ဌာနိကဩဇာဆိုတဲ့ ရုပ်တရားတွေကိုလည်း ပရိယာယ်တစ်မျိုးအားဖြင့် ကဗဠီကာရအာဟာရဆိုပြီး အဋ္ဌကထာများက (အဘိ၊ဋ္ဌ၊၃၊၃၇၇ -ပဋ္ဌာနအဋ္ဌကထာ) ဒီလို ဖွင့်ထားပါတယ်။ အဲဒီကဗဠီကာရအာဟာရ အမည်ရနေတဲ့ ကမ္မဇရုပ်တွေ စိတ္တဇရုပ်တွေ ဥတုဇရုပ်တွေ အာဟာရဇရုပ်တွေမှာ ပါဝင်တည်ရှိတဲ့ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာ ခေါ်တဲ့ ဒီဩဇာဓာတ်တွေကြောင့် ဖြစ်ပွားသွားတဲ့ ရုပ်တရားတွေကို စနစ်တကျ ဉာဏ်နဲ့ပိုင်းခြားယူရပါတယ်။ ဓာတ်ကြီးလေးပါးကို ပြည်တည်ပြီး သိမ်းဆည်းရှုပွားလိုက်တဲ့အခါ ရုပ်ကလာပ်တွေ မြင်တဲ့အချိန်အခါမှာ ရုပ်ကလာပ်တွေ ဓာတ်ခွဲနိုင်မယ်။ ခြောက်ဒွါရ လေးဆယ့်နှစ်ကောဋ္ဌာသမှာ ရှိနေတဲ့ ရုပ်တွေကို ဓာတ်ခွဲနိုင်မယ်ဆိုလို့ရှိရင်တော့ ဒီဩဇာကြောင့် ဖြစ်ပေါ်သွားတဲ့ အာဟာရဇရုပ်တွေကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ အဆင့်ကို ရောက်သွားပြီ။ အဲဒီလိုရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ ထို ယောဂီသူတော်ကောင်းက ဘာလုပ်ရမလဲ? ထိုရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းရတယ်။ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေတယ်။ အကြောင်းတရားတွေကို သိမ်းဆည်းပြီးလို့ ရှိရင်တော့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဉာတပရိညာပညာ ရရှိသွားပြီ။ ထိုဉာတပရိညာပညာရရှိနေတဲ့ သူတော်ကောင်းက ဒီရုပ်နာမ် ကြောင်းကျိုး သင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ရတယ်။ အဲဒီလို ဝိပဿနာ ရှုပွားသုံးသပ်ခဲ့မယ် ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တီရဏပရိညာပညာတွေ ရရှိသွားပြီ။ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လို့ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံး၌ အရိယမဂ်ဉာဏ်တွေက ပေါ်ခဲ့ရင် ထိုအရိယမဂ်တရားတွေက ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့ အချိန်အခါ နောက်ဆုံး အာရုံ (၅)ငါးပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီရာဂတရားသည် အမြစ်ပြတ် ကင်းရှင်းပြီး ချုပ်ငြိမ်းသွားလိမ့်မယ်။ သမုစ္ဆေဒပဟာန်ဖြင့် ရပ်ဆိုင်းသွားလိမ့်မယ်။ အဲဒီလို ရပ်ဆိုင်းသွားတာကို သိခဲ့မယ်ဆိုလို့ရှိရင်တော့ ဒါ ပဟာနပရိညာစခန်း ဆိုက်သွားပြီ၊ အဲဒီလို ပရိညာပညာ (၃)မျိုးဖြင့် အာဟာရကို ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် အာရုံ (၅)ငါးပါး ကာမဂုဏ်တရားအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီရာဂတရားကိုလည်း ပရိညာဉာဏ်ပညာ (၃)မျိုးဖြင့် ပိုင်းခြားသိပြီးပင် ဖြစ်ပါတယ်။ ဘာကြောင့်လဲ? အာဟာရကို တစ်နည်း --- ရုပ်တရားတွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေထဲမှာ ဒီရာဂ ဦးဆောင်နေတဲ့ လောဘ ဒိဋ္ဌိ အုပ်စုတွေလည်း မပါဘူးလား? ပါနေတယ်နော်။ ရုပ်တွေကို ခွဲတမ်းချလိုက်ရင် အာရုံ (၆)ပါးပေါ့။ ဒီအာရုံ (၆)ပါးကို အခြေခံပြီး ဖြစ်ပေါ်လာနေတဲ့ ကုသိုလ် ဇောစောတဲ့ ဝီထိစိတ်အစဉ် အကုသိုလ်ဇောစောတဲ့ ဝီထိစိတ်အစဉ် ဒီဝီထိစိတ်အစဉ်တွေကို စနစ်တကျ သိမ်းဆည်းတတ်ပြီဆိုလို့ရှိရင်တော့ ထိုဝီထိစိတ် အစဉ်တွေထဲမှာ ရာဂဦးဆောင်နေတဲ့ လောဘဒိဋ္ဌိအုပ်စု နာမ်တရားတွေလည်း အားလုံး ပါဝင်သွားကြပါတယ်နော်။ ဒါကြောင့် ဒီလောဘ ဒိဋ္ဌိ ဦးဆောင်နေတဲ့ နာမ်တရားတွေကိုလည်း ပရိညာပညာဉာဏ် (၃)မျိုးဖြင့် ပိုင်းခြားသိပြီးပဲ ဖြစ်သွားတယ်။ ဒါကမူလပရိညာပဲ၊အဲဒီလို ဧကပရိညာ သဗ္ဗပရိညာ မူလပရိညာခေါ်တဲ့ ပရိညာပညာ (၃)မျိုးဖြင့် ဒီအာဟာရကို ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲ? ထို ပိုင်းပိုင်းခြားခြား သိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘုရားရှင်က ဘယ်လို ဟောသလဲ?
အာရုံ (၅)ပါး ကာမဂုဏ်တရားတွေကို အခြေခံပြီး အခြေစိုက်ပြီး ဖြစ်ပေါ်လာတဲ့ ပဉ္စကာမဂုဏိကရာဂခေါ်တဲ့ ဒီတဏှာကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား သိနိုင်ခဲ့မယ်ဆိုလို့ရှိရင် ကာမ (၁၁)ဘုံသို့ ပြန်လည် ဆိုက်ရောက်လာနိုင်တဲ့ အကြောင်းရင်းစစ်ဖြစ်နေတဲ့ သံယောဇဉ်တရား လုံးလုံး မရှိတော့ဘူး။ ကာမရာဂသံယောဇဉ် လုံးဝ ကင်းရှင်းသွားလိမ့်မယ်။ ကာမရာဂသံယောဇဉ် လုံးဝ ကင်းရှင်းသွားပြီ ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်သည် ကာမ (၁၁)ဘုံသို့ ဘယ်တော့မှ ပြန်မလာတော့ဘူး။ အပါယ်လေးဘုံလည်း ရောက်ဦးမလား? မရောက်တော့ဘူး။ လူ့ဘုံမှာ အင်မတန် ညစ်ပတ်စုတ်ပဲ့နေတဲ့ အမိရဲ့ ဝမ်းကြာတိုက်မှာ လာပြီး ပဋိသန္ဓေတည်နေမှုဆိုတဲ့ ဆင်းရဲဒုက္ခကိုလည်း ရဦးမလား? မရတော့ဘူး။ ဟို နတ်ပြည်မှာလည်း တစ်ဖက်ငါးရာဆိုတဲ့ မယ်မင်းကြီးမတွေ ကလိတဲ့ ဒဏ်ချက်က ခံရဦးမလား? မခံရတော့ဘူး။ အားလုံး ကွင်းလုံးကျွတ် လွတ်မသွားဘူးလား? လွတ်သွားပြီနော်။ ဒါကြောင့် ကာမ (၁၁)ဘုံကို နောက်ထပ် ပြန်မလာအောင် ကွင်းလုံးကျွတ် လွတ်မြောက်စေတတ်တဲ့ တရားတစ်ခုဟာ ဘာလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန် အခါ ဘာလဲ? ကဗဠီကာရအာဟာရကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်း ခြားခြား သိခဲ့ရင် ဒီကဗဠီကာရအာဟာရအပေါ်၌ တွယ်တာတပ်မက်မောနေတဲ့ ပဉ္စကာမဂုဏိကရာဂလို့ ခေါ်ဆိုအပ်တဲ့ ရာဂတရားကိုလည်း ပိုင်းပိုင်း ခြားခြား သိပြီး ဖြစ်သွားတယ်။ အဲဒီလို ပိုင်းပိုင်းခြားခြား သိပြီးဖြစ်တဲ့ အတွက်ကြောင့် ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ (သံယောဇဉ် =) ကာမရာဂသံယောဇဉ် ဦးဆောင်နေတဲ့ ကာမ (၁၁)ဘုံကို ပြန်လည်စေတတ်တဲ့ စွမ်းအားရှိတဲ့ သံယောဇဉ်တွေ ရှိသေးသလား? မရှိတော့ဘူး။ ဒါကြောင့် ---
ဒီကာမရာဂကို ပယ်လိုက်ပြီဆိုရင် ကာမရာဂနဲ့ အတူယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ အကုသိုလ်တရားတွေကိုလည်း ပယ်ရှားပြီးပဲ ဖြစ်သွားတယ်။ ဒါကို ပဟာနေကဋ္ဌတရားလို့ ခေါ်ပါတယ်။ ရာဂနဲ့ယှဉ်တွဲနေတဲ့ လောဘမူစိတ္တုပ္ပါဒ်တွေ အားလုံးကို ပယ်ရှားပြီး ဖြစ်သွားပြီ။ အားလုံးဆိုသော်လည်း ရူပရာဂနဲ့ အရူပရာဂတော့ ကျန်တယ်နော်။ ကာမဘုံမှာ တွယ်တာမက်မော နေတဲ့ ကာမရာဂနဲ့ ယှဉ်တွဲနေတဲ့ လောဘမူစိတ်တွေအားလုံး ကုန်သွားပြီနော်။
ဒီဒေသနာကိုတော့ ဘုရားရှင်က အနာဂါမိမဂ်ဉာဏ်သို့တိုင်အောင် ဟောတော်မူလိုက်ပြီ။ သို့သော် အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက်ပြီ ဆိုပြီးတော့ ဒီလောက်နဲ့ ရပ်တန့်ပြီး မနေပါနှင့်တဲ့၊ ဓမ္မကထိကလုပ်တဲ့ပုဂ္ဂိုလ် ဆိုတာက ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ခေါ်တဲ့ ဒီခန္ဓာ (၅)ပါးတွေ အပေါ်၌ ဝိပဿနာကမ္မဋ္ဌာန်းတွေ စီးဖြန်းဖို့ရန်အတွက် ဆက်လက်ပြီး တိုက်တွန်းပေးရပါတယ်။ အရဟတ္တဖိုလ် ဆိုက်သည်အထိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်အောင် ဆက်လက်ပြီး တိုက်တွန်းပါဆိုပြီးတော့ အဋ္ဌကထာက ဒီလို ဖွင့်ထားတယ်နော်။ ဒါက ပထမ အာဟာရလို့ ခေါ်ဆိုအပ်တဲ့ ကဗဠီကာရအာဟာရကို အခြေခံပြီးတော့ နိဗ္ဗာန်ကို သွားနေတဲ့ လမ်းတစ်ခုပဲနော်။
ဖဿာဟာရပိုင်း
နောက်တစ်ခု --- ဒုတိယအာဟာရက ဘာလဲ? ဖဿာဟာရ အဲဒီ အာဟာရအကြောင်းကိုလည်း နည်းနည်း အခွင့်သင့်နေတော့ ဆက်ပြီးတော့ ဟောမယ်နော်။
ဖဿော အာဟာရော တိဿော ဝေဒနာ အာဟာရတိ။
ဖဿော အာဟာရော = ဖဿအာဟာရသည်။ တိဿော ဝေဒနာ = ဝေဒနာ (၃)ပါးတို့ကို။ အာဟာရတိ = ဖြစ်ပေါ်စေတတ်၏။ (ဝါ) ဆောင်ရွက်၍ နေတတ်၏။
ဖဿာဟာရက ဝေဒနာ (၃)မျိုးကို ရွက်ဆောင်ပေးတယ်။ ဝေဒနာ (၃)မျိုး ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးတယ်။ သို့သော် ဒါက ပဓာနနည်းပါနော်။ ဝေဒနာဖြစ်ပေါ်လာပြီဆိုရင် ဝေဒနာသည် ဝေဒနာတစ်ခုတည်းဖြစ်တာ ဟုတ်သလား? မဟုတ်ဘူး။ ယှဉ်ဖက် စိတ် စေတသိက်တွေ မပါဘူးလား? ပါတယ်။ ဝေဒနာ မပါတဲ့ ယှဉ်ဖက် စိတ် စေတသိက်ဆိုတာ ရှိကောင်းသလား? မရှိကောင်းဘူး။ ဝေဒနာသည် သဗ္ဗစိတ္တသာဓာရဏ စေတသိက် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း အမြဲတမ်းယှဉ်တွဲပြီး ပါနေတဲ့ စေတသိက် တစ်ခု ဖြစ်တယ်။ ဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိပြီဆိုရင် ဝေဒနာနှင့် ယှဉ်တွဲနေတဲ့ စိတ် စေတသိက်တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိပြီး ဖြစ်ရမယ်။ နောက်တစ်ခု ---
ဝေဒနာကိုရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာတစ်ခုတည်း မရှုပါနဲ့၊ ဒီဝေဒနာနှင့်အတူ ယှဉ်တွဲပြီး ဒီအာရုံမှာ တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်နေတဲ့ ဖဿ, ထိုအာရုံပေါ်သို့ စိတ် စေတသိက် သမ္ပယုတ်တရားတွေကို ရောက်အောင် စေ့ဆော်တိုက်တွန်းပေးနေတဲ့ စေတနာ, ထိုအာရုံကို မှတ်သားနေတဲ့ သညာ, ထိုအာရုံကို ပိုင်းခြားပြီး ယူတတ်တဲ့ ပိုင်းခြားပြီး သိတတ်တဲ့ ဝိညာဏ်၊ ဒီလို ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် ဖဿပဉ္စမကတရား (၅)ပါး ဦးဆောင်နေတဲ့ နာမ်တရားတွေကို စနစ်တကျ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးတော့ ဝိပဿနာရှုပါ ဆိုပြီးတော့ ဒီလိုညွှန်ကြားထားတယ်။ (မ၊ဋ္ဌ၊၁၊၂၈၀...) အဲဒီညွှန်ကြားချက်အတိုင်း ဖဿကြောင့် ဝေဒနာ ဖြစ်တယ်ဆိုတဲ့နေရာမှာ ဝေဒနာတစ်ခုတည်းဖြစ်တာ ဟုတ်သလား? မဟုတ်ဘူး။ မဟုတ်တဲ့အတွက် ဝေဒနာနှင့် ယှဉ်ဖက် စိတ် စေတသိက်တွေကိုလည်း ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ ဒါပေမဲ့ အဲဒီဝေဒနာနုပဿနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ့် ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဘာလုပ်ရမလဲ? ဘုရားရှင်ရဲ့ သတိပဋ္ဌာန် ဟောစဉ်ကလေးကို ပြန်ကြည့်ပါနော်။ သတိပဋ္ဌာန် ဘယ်နှစ်ပါးရှိသလဲ? လေးပါး။ ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုပြီး သတိပဋ္ဌာန် ဘယ်နှစ်ပါးလဲ? လေးပါး၊ သတိပဋ္ဌာန်လေးပါးကို ဘုရားရှင် ဟောလိုက်တဲ့အခါမှာ ဘယ်သတိပဋ္ဌာန်တရားကို အရင်စဟောသလဲ? ကာယာနုပဿနာသတိပဋ္ဌာန်ကို စပြီး ဟောတယ်။ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းထဲမှာ အာနာပါနကဲ့သို့ သမထကမ္မဋ္ဌာန်းတွေလည်း မပါဘူးလား? ပါတယ်။ (၃၂)ကောဋ္ဌာသကို ပဋိကူလ ရွံရှာစက်ဆုပ်ဖွယ် အနေနဲ့ ရှုပွားသုံးသပ်တဲ့ သမထကမ္မဋ္ဌာန်းတွေလည်း မပါဘူးလား? ပါနေတယ်။ ဒါကြောင့် ကာယာနုပဿနာဆိုသော်လည်း ရုပ်တရား သက်သက်ကို ရှုနေတဲ့ ကမ္မဋ္ဌာန်းမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ သမထပိုင်း သမာဓိ ထူထောင်သင့်သလောက် ထူထောင်ပုံအပိုင်းတွေလည်း မြတ်စွာဘုရား ဒီကာယာနုပဿနာသတိပဋ္ဌာန်ထဲမှာ ထည့်သွင်းပြီး ဟောထားပါတယ်။
နောက်တစ်ခု --- အဲဒီကာယာနုပဿနာသတိပဋ္ဌာန်ကို ဟောပြီးတဲ့ အပိုင်းကျမှ ဘုရားရှင်က ဝေဒနာနုပဿနာ အစရှိတဲ့ နာမ်ကမ္မဋ္ဌာန်းပိုင်းတွေကို ဆက်ပြီး ဟောတယ်။ ဟောသွားပုံအစဉ်ကို ထောက်ရှုကြည့်မယ် ဆိုလို့ရှိရင် ဘုရားရှင်ရဲ့ အလိုတော်ဟာ ကာယနုပဿနာသတိပဋ္ဌာန်ကို ပွားများပြီးတဲ့ အချိန်အခါကျမှ ဝေဒနာနုပဿနာ အစရှိတဲ့ နာမ်ကမ္မဋ္ဌာန်းတွေကို ပွားစေလိုတယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိမနေဘူးလား? ရှိနေတယ်နော်။ ဒါကြောင့် အဋ္ဌကထာကြီးများက ဒီဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ့် ပုဂ္ဂိုလ်သည် ---
သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ၊ (မ၊ဋ္ဌ၊၁၊၂၈၀...)
ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းနဲ့ပဲ ဖြစ်ဖြစ်, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းနဲ့ပဲ ဖြစ်ဖြစ် ဓာတ်ကြီးလေးပါးကို ဦးတည်ကာ ရုပ်တရားတွေကို ရှုပွားသိမ်းဆည်းခြင်းဆိုတဲ့ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမယ်ဆိုပြီး ဒီလို စည်းကမ်းကလေးတွေ သတ်မှတ်ပေးထားပါတယ်နော်။ ဒါကြောင့် ဝေဒနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတော့မယ့် ယောဂီပုဂ္ဂိုလ်သည် ပထမ ဘာရှုပြီးဖြစ်ရမလဲ? ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားပြီး သိမ်းဆည်းပြီး ဖြစ်ရမယ်။ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ရှုပွားပြီး ဖြစ်ရမယ်ဆိုတော့ မိမိ သိမ်းဆည်းထားတဲ့ ရုပ်တရားတွေက ရူပက္ခန္ဓာ၊ ဝေဒနာ ဦးဆောင်နေတဲ့ စိတ် စေတသိက်တွေက နာမ်ခန္ဓာလေးပါး ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါးလဲ? ခန္ဓာ (၅) ပါးပဲနော်၊ ဒါကြောင့် ဝေဒနာနုပဿနာ ဆိုသော်လည်း ဝေဒနာတစ်ခုတည်းရှုနေတာ ဟုတ်သလား? မဟုတ်ဘူး။ အဲဒီအပိုင်းလေးကို နည်းနည်း အခြေခံအဖြစ်နဲ့ မှတ်ထားနော်။ ဘုရားရှင်က ဒီဖဿာဟာရနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဘယ်လို ဟောတော်မူသလဲ?
အရေခွံခွာထားတဲ့နွားမ
အရေတွေ အကုန်လုံး ခွာထားတဲ့ နွားမတစ်ကောင် ရှိတယ်။ ဘာဖြစ်လို့ ဘုရားရှင်က ဒီနေရာမှာ နွားမကို ဥပမာပေးနေရသလဲလို့ မေးရင်တော့ နွားမတို့ရဲ့သဘော သို့မဟုတ် အမျိုးသမီးတို့ရဲ့သဘောက ဆင်းရဲတဲ့ ဒုက္ခဝေဒနာကို သည်းခံဖို့ရန် သို့မဟုတ် ဝေဒနာအားလုံး သုခဝေဒနာ, ဒုက္ခဝေဒနာ အစရှိတဲ့ ဒီဝေဒနာတွေကို သည်းခံဖို့ရန်အတွက် စွမ်းအင်သတ္တိ နည်းနည်း လျော့နည်းတဲ့ သဘောရှိတယ်။ ဒါကြောင့် ဒီနေရာမှာလည်း ဘုရားရှင်က နွားထီးကို ဥပမာမပြုဘဲ နွားမကို ဥပမာပြုထားတယ်။ နွားမကို ဥပမာ ပြုလိုက်တဲ့ အချိန်အခါမှာ ဒီနွားမကို ခွာကနေစပြီး ခေါင်းအထိ အကုန်လုံး အရေတွေ ခွာထားပြီ။ အရေခွာထားလိုက်တဲ့ ဒီနွားမတစ်ကောင်က အကယ်၍ နံရံတစ်ခုကို သွားပြီး မှီခဲ့မယ်ဆိုလို့ရှိရင်လည်း အဲဒီနံရံမှာ မှီပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတွေက ဒီနွားမကို လှမ်းပြီးတော့ ကိုက်ကြတယ်၊ ခဲကြတယ်၊ စားကြတယ်။ နံရံမှာ မှီပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတွေဆိုတာက ဘာတွေလည်းလို့ မေးတော့ အိမ်မြှောင်တို့, ပင့်ကူတို့, ကြွက်တို့ အစရှိတဲ့ သတ္တဝါတွေပဲ။ အဲဒီ သတ္တဝါတွေကလည်း အသားလုံး ပေါ်နေတဲ့ ဒီနွားမကို တွေ့တဲ့ အချိန်အခါမှာ လှမ်းစားကြပြီ။ နောက်တစ်ခု ---
သစ်ပင်များ သွားပြီးတော့ ဒီနွားမက မှီနေလိုက်မယ် ဆိုလို့ရှိရင်လည်း သစ်ပင်မှာ မှီတင်းပြီး ဖြစ်ပေါ်နေတဲ့ ပိုးလောက်သတ္တဝါအားလုံးတွေက ဒီနွားမကို လှမ်းပြီးတော့ စားကြပြီနော်။ ပိုးလောက်တွေ အမျိုးမျိုးပဲနော်။ နောက်တစ်ခု ---
ရေထဲမှာ သွားပြီးတော့ ရပ်နေတယ်။ ဒုက္ခတွေက သိပ်များလွန်းလို့ ရေထဲမှာ သွားရပ်တော့ကော ဒုက္ခက လွတ်မလား? မလွတ်ပြန်ဘူးနော်။ ရေမှာ မှီနေတဲ့ ငါး လိပ်အစရှိတဲ့ သတ္တဝါတွေကနေ ဒီနွားမကို စားကြပြန်ပြီ။
လွင်တီးခေါင်အရပ်မှာ သွားရပ်တယ်။ သစ်ပင်ဘေးလည်း မကပ်ဘူး၊ နံရံဘေးလည်း မကပ်ဘူး၊ တောအုပ်ထဲလည်း မနေဘူး၊ ရေထဲလည်း မဆင်းဘူး၊ လွင်တီးခေါင်မှာ သွားပြီးတော့ ရပ်နေပြီ။ ရပ်နေလိုက်တဲ့ အချိန်အခါ ဘာဖြစ်လဲ?
လွင်တီးခေါင်မှာ သွားနေတော့လည်း ကောင်းကင်မှာ ပျံသန်းနေတဲ့ ငှက်အမျိုးမျိုးတွေ ရှိကြတယ်။ အဲဒီသတ္တဝါတွေကလည်း ဒီနွားမကို လာပြီးတော့ ဆိတ်စားကြပြန်ပြီ။
နွားမက ဆက်လက်ပြီး တည်နေဦးမယ်ဆိုရင်တော့ ဒီအရေခွံ မရှိမှုကို အကြောင်းပြုပြီးတော့ နောက်ထပ် ပိုးလောက်အမျိုးမျိုး အစရှိတဲ့ သတ္တဝါ တွေက သူ့ကို ခဲစားကြလိမ့်မယ်နော်။ ဒါက ဥပမာစကားရပ်ပဲ။ နောက်ထပ် မြတ်စွာဘုရားက ဘာဟောတော်မူပြန်သလဲ? --
ဖဿအာဟာရကို ဒီလိုပဲ ရှုပွားသင့်တယ်လို့ ငါဘုရားဟောတယ်နော်။ ဘယ်လိုလဲ? ---
အဲဒီနွားမ အရေခွံတွေက အကုန်လုံး စုတ်နေပြီ။ အကုန်လုံး အရေခွံ စုတ်နေတဲ့အတွက် ဘယ်နေရာကိုပဲ သွားမှီမှီ ပိုးလောက်အမျိုးမျိုး သတ္တဝါ အမျိုးမျိုးတို့က လိုက်ပြီးတော့ ခဲစားနေကြပြီ၊ ခဲစားနေတာကို မိမိကိုယ်တိုင်က တွေ့နေရတဲ့အတွက် မိမိကို သူတစ်ပါးတို့က လာပြီးတော့ မြတ်နိုးမှုကို မျှော်လင့်တောင့်တချက် ရှိသေးလား? မရှိဘူး။ ဘာဖြစ်လို့လဲ? သူ့မှာ အရေတွေက အကုန်လုံး စုတ်နေတယ်နော်။ နောက်တစ်ခု --- မိမိကို လာပြီးတော့ ကျောကုန်းလေးကို ဆုပ်နယ်ပေးမယ့် ပုဂ္ဂိုလ်, ကိုယ်ကို လာပြီးတော့ ဆုပ်နယ်ပေးမယ့် ပုဂ္ဂိုလ်, ရေနွေးဖြင့် လာပြီးတော့ ပွတ်သပ်ပေးမယ့် ပုဂ္ဂိုလ် ဒီပုဂ္ဂိုလ် တွေကို သူ အလိုရှိသေးသလား? အလိုမရှိဘူး။ သူ အထိမခံနိုင် ဖြစ်နေပြီနော်။
ယောဂါဝစရရဟန်းတော်ဆိုတာ ဒီဖဿကို ပထမ သိအောင် ကြိုးစား အားထုတ်ဖို့ လိုအပ်တယ်။ ဖဿက ဘာလဲ? အသိစိတ်နဲ့ အာရုံကို ဆက်သွယ်ပေးနေတဲ့ သဘာဝတစ်ခုပဲနော်။ အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်နေတယ်။ အသိစိတ်နဲ့ အာရုံကို ဆက်သွယ်ခြင်းဆိုတဲ့ လုပ်ငန်းကိစ္စကို ပြုလုပ်ပေးနေတဲ့ သဘောတရားတစ်ခုပဲ။ ဒီတော့ ဒီဖဿက အာရုံနဲ့ အသိစိတ်ကို ဆက်သွယ်ပေးနေလိုက်တဲ့အတွက် ဒီအာရုံတွေနဲ့ တွေ့ထိလိုက်တဲ့အခါမှာ ခံစားချက်တွေ ဝေဒနာတွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဖဿပစ္စယာ ဝေဒနာပဲ၊ ဒီဝေဒနာအပေါ်မှာ မိမိက အယောနိသော မနသိကာရ နှလုံးသွင်းတွေက မှားပြီ၊ မှားလိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ကိလေသပါဏကခါဒနဘယ = ကိလေသာပိုးလောက် အမျိုးမျိုးတို့ရဲ့ ခဲစားတဲ့ ဒဏ်ချက်ကို မိမိ မခံရဘူးလား? ခံရပြီ။ မနက်ကျထ မီးလေးဖို ကြော်တာ လှော်တာ ပြုတ်တာ ချက်တာ မလုပ်ရဘူးလား? လုပ်ရတယ်။ ဘာဖြစ်လို့လဲ? ကိလေသာပိုးလောက်က ထိုးဆွနေပြီ၊ ချက်စမ်းပါ၊ စောစော ထစမ်းပါ၊ မချက်ရင် စားရမှာ မဟုတ်ဘူး စသည်ဖြင့် သူက ထိုးဆွ မနေဘူးလား? ထိုးဆွတယ်နော်။ အေး တစ်နေကုန် တစ်နေခန်း ကြိုးပမ်းပြီးတော့ နဖူးကချွေး ခြေမကျသည့်တိုင်အောင် ရှာဖွေကြရတယ်။ အဲဒီ ရှာဖွေနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဘာကို အခြေခံလဲမေးတော့ ဒီသုခဝေဒနာလေးကို လိုလားတောင့်တလို့ပဲနော်။ အာရုံ (၅)ပါး ကာမဂုဏ်တရားတွေကို အကြောင်းခံပြီး ဖြစ်ပေါ်လာမယ့် သုခဝေဒနာကို မျှော်လင့်တောင့်တနေတဲ့အတွက် ဒီသုခဝေဒနာကို အခြေခံပြီးတော့ ဘာဖြစ်လဲ? (ဝေဒနာပစ္စယာ တဏှာ =)ဝေဒနာကို အကြောင်းခံပြီးတော့ တဏှာတွေက ပေါ်လာပြီ။ ပေါ်လာလိုက်တဲ့ အချိန်အခါမှာ ဒီတဏှာနှင့် အပေါင်းအဖော်ဖြစ်တဲ့ ကိလေသာပိုးတွေက ဒီသတ္တဝါကို လိုက်ပြီးတော့ မထိုးဆွဘူးလား? ထိုးဆွနေပြီ။ အဲဒီ ထိုးဆွနေတဲ့ ဒဏ်ချက်ကို ယောဂါဝစရရဟန်းတော်က ကောင်းစွာ မြင်ရမယ်။ ကောင်းစွာ မြင်ရမယ်ဆိုတော့ သူက ဘာလုပ်ရမလဲလို့ မေးရင် ဒီဖဿကို ပထမ သိအောင် ကြိုးစားအားထုတ်ရပါတယ်။ ဖဿကို သိအောင် ကြိုးစားလိုက်တဲ့ အချိန်အခါမှာ ဖဿကို ပိုင်ပိုင်နိုင်နိုင် သိပြီဆိုရင် ဖဿကြောင့် ဝေဒနာဖြစ်ပုံ ဝေဒနာကြောင့် တဏှာဖြစ်ပုံ အစရှိတဲ့ ဒီကြောင်းကျိုးဆက်နွယ်ပြီး ပဋိစ္စသမုပ္ပါဒ် ဒီသံသရာစက်ရဟတ်ကြီး လည်ပတ်နေပုံကို ပထမ မြင်အောင် ကြည့်ရပါတယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဖဿကို မြင်အောင် ကြည့်ပြီဆိုလို့ရှိရင် ဒီဖဿသည် ဖဿတစ်ခုတည်း ဖြစ်သလား? မဖြစ်ဘူးနော်။ ဖဿတစ်ခုတည်း မဖြစ်တဲ့ အချိန်အခါကျတော့ ဖဿက ဘယ်သူနဲ့ ယှဉ်တွဲပြီး ဖြစ်သလဲ? မိမိနဲ့ ယှဉ်ဖော်ယှဉ်ဖက်ဖြစ်တဲ့ စိတ် စေတသိက်တွေနဲ့ အမြဲတမ်း ယှဉ်တွဲပြီးတော့ ဖြစ်တယ်။ တစ်နည်း ပြောရင်တော့ ဖဿသည် သဗ္ဗစိတ္တသာဓာရဏစေတသိက်တစ်ခု ဖြစ်ပါတယ်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဒီဖဿ မပါဘူးလား? ပါနေတယ်။ ဖဿကို ပိုင်းပိုင်း ခြားခြား ပရမတ်သို့ဆိုက်အောင် သိတဲ့ပုဂ္ဂိုလ်က ဖဿနဲ့ ယှဉ်တွဲနေတဲ့ စိတ် စေတသိက်တွေကိုလည်း ပရမတ်သို့ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိအောင် သိမ်းဆည်းရပါတယ်။ သိမ်းဆည်းပြီးတဲ့ အချိန် အခါကျတော့မှ ဒီဖဿ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ? သို့မဟုတ် ဖဿဦးဆောင်နေတဲ့ ဒီနာမ်တရားတွေသည် ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်။ အဲဒီအကြောင်းကို ရှာဖွေတဲ့ အပိုင်းကလေး တွေမှာ ပဉ္စဝေါကာရဘုံသားတွေအတွက် ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဖဿသည် မှီရာဝတ္ထုရုပ် အာရုံရုပ်တွေမရှိဘဲနဲ့ ဖြစ်ပေါ်နိုင်တဲ့ သဘော ရှိသလား? မရှိဘူး။ မှီရာဝတ္ထုရုပ်နဲ့ အာရုံရုပ်တွေက ရုပ်တရား ဖဿဦးဆောင်နေတဲ့ စိတ်စေတသိက်တွေက နာမ်တရား ဒီရုပ်နာမ် နှစ်ပါးကို သိပြီ။ ရုပ်နာမ်နှစ်ပါးကို သိပြီးတဲ့ ထိုယောဂီသူတော်ကောင်းက ဒီရုပ် ဒီနာမ်သည် ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် တရားသဘောတွေကို တစ်ဆင့်တက်ပြီးတော့ ရှာဖွေရတယ်။ အဲဒီလို ရှာဖွေပြီးတဲ့ အချိန် အခါကျတော့မှ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုရပါတယ်နော်။ အဲဒီဝိပဿနာရှုတဲ့ အပိုင်းအထိ နည်းနည်းလေး အာရုံ ယူထားပါနော်။ ဒါကြောင့် ဘုရားရှင်က ဘယ်လို ဆက်ဟောတော်မူသလဲ?
ဖဿေ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော ဝေဒနာ ပရိညာတာ ဟောန္တိ။ တီသု ဝေဒနာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။ (သံ၊၁၊၃၂၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဖဿေ အာဟာရေ = ဖဿတည်း ဟူသော အကြောင်းတရားကို။ (အာဟာရဆိုတာ ဒီနေရာမှာ အကြောင်းတရား ဟောတယ်နော်။) ပရိညာတေ = ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်း ခြားခြား ထိုးထွင်း၍သိခဲ့သည်ရှိသော်။ တိဿော ဝေဒနာ = ဝေဒနာ (၃)မျိုးတို့ကို။ ပရိညာတာ =ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပြီးဖြစ်ကုန်သည်။ ဟောန္တိ = ဖြစ်ကြလေကုန်၏။ တီသု ဝေဒနာသု = ဝေဒနာ (၃)မျိုးတို့ကို။ ပရိညာတာသု = ပရိညာပညာ (၃)မျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိမြင်ခဲ့ကုန်သည်ရှိသော်။ အရိယသာဝကဿ = အရိယာ သူတော်ကောင်းရဲ့ သန္တာန်၌။ ဥတ္တရိကရဏီယံ = ထို့ထက်အလွန် ပြုသင့် ပြုထိုက်သော။ ကိဉ္စိ = တစ်စုံတစ်ခုသော တရားသည်။ နတ္ထိ = မရှိနိုင်တော့လေပြီ။
အေး ဖဿဆိုတဲ့ အကြောင်းတရားကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်း ခြားခြား သိပါ။ ပရိညာပညာ (၃)မျိုးဖြင့် ဖဿကို ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် ဒီဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာ (၃)မျိုးကိုလည်း ပိုင်းပိုင်းခြားခြား ပရိညာဏ် (၃)မျိုးဖြင့် သိလိမ့်မယ်။ ဝေဒနာ (၃)မျိုးကို ပရိညာဉာဏ်ပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြားသိခဲ့မယ်ဆိုရင် ထိုသိနေတဲ့ အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ ထို့ထက်အလွန် ပြုဖွယ်လုပ်ငန်း ကိစ္စရပ်သည် ဒီသာသနာတော်မှာ မရှိတော့ပြီ။ ပြောလိုက်တာ စကားက နည်းနည်းကျဉ်းတော့ လွယ်တယ်လို့ ထင်ရတယ်နော်။ ဒီနေရာမှာ အဋ္ဌကထာ က နည်းနည်းလေး ဖွင့်ထားတယ်။
ဖဿေ ဘိက္ခဝေ အာဟာရေ ပရိညာတေတိ တီဟိ ပရိညာဟိ ပရိညာတေ။ (သံ၊ဋ္ဌ၊၂၊၁၀၃။)
ဖဿကို ဖဿတည်းဟူသော အာဟာရကို ပိုင်းခြားသိတယ်ဆိုတာက ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြားသိတာကို ဘုရားရှင်က ရည်ညွှန်းနေတယ်။ ဘာလဲ?
ဣဓာပိ တိဿော ပရိညာ = ဒီနေရာမှာလည်း ပရိညာ (၃)မျိုးပဲတဲ့။
တတ္ထ ဖဿော သင်္ခါရက္ခန္ဓော တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ စိတ္တံ ဝိညာဏက္ခန္ဓော၊ တေသံ ဝတ္ထာရမ္မဏာနိ ရူပက္ခန္ဓောတိ ဧဝံ သပ္ပစ္စယဿ နာမရူပဿ ယာထာဝတော ဒဿနံ ဉာတပရိညာ။ (သံ၊ဋ္ဌ၊၂၊၁၀၃။)
ဟော ဖဿက ခန္ဓာနည်းနဲ ပြောရင် ဘာခန္ဓာလဲ? သင်္ခါရက္ခန္ဓာ၊ ဖဿနဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာက ဝေဒနာက္ခန္ဓာ, သညာက သညာက္ခန္ဓာ, အသိစိတ်က ဝိညာဏက္ခန္ဓာ, ပေါင်းလိုက်တဲ့အခါကျတော့ နာမ်ခန္ဓာ ဘယ်နှစ်ပါးလဲ? (၄)ပါး။ ဒီနာမ်ခန္ဓာ (၄)ပါးသည် ခုနက ပြောခဲ့တဲ့အတိုင်း မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ပဉ္စဝေါကာရဘုံမှာ ဖြစ်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ ခံစားစရာ အာရုံ မရှိဘဲနဲ့ကော ဖြစ်နိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။ ဒီဝတ္ထုနဲ့ အာရုံတွေက ရူပက္ခန္ဓာ၊ ပေါင်းလိုက်တော့ ခန္ဓာ ဘယ်နှစ်ပါး ဖြစ်သွားသလဲ? ခန္ဓာ (၅)ပါး။ အဲဒီတော့ ခန္ဓာ (၅)ပါးဆိုတာက ဖြုန်းခနဲပြောတော့ လွယ်တယ်။ လက်တွေ့ ဒီနေရာမှာ ယောဂီသူတော်ကောင်းတွေကတော့ ဒီခန္ဓာ (၅)ပါးအကြောင်း တော်တော်လေး နားလည်ပါတယ်နော်။ ဥပမာ ဆိုကြပါစို့ ... ရူပါရုံတစ်ခုကို လှမ်းပြီး မြင်လိုက်ပြီ ဆိုကြစို့။ မြင်လိုက်တဲ့အချိန်အခါမှာ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, အစရှိသည်ဖြင့်ပေါ့လေ။ ဝီထိစိတ်အစဉ်တွေ ဖြစ်သွားပြီ။ ပဉ္စဒွါရာဝဇ္ဇန်း စိတ္တက္ခဏအခိုက်မှာ ခန္ဓာဘယ်နှစ်ပါးလဲ? ခန္ဓာ (၅)ပါး၊ စက္ခုဝိညာဏ် စိတ္တက္ခဏအခိုက်မှာလည်း ခန္ဓာ (၅)ပါး၊ သမ္ပဋိစ္ဆိုင်းစိတ္တက္ခဏအခိုက်မှာ ခန္ဓာ(၅)ပါး၊ သန္တီရဏစိတ္တက္ခဏအခိုက်မှာ ခန္ဓာ (၅)ပါး၊ ဝုဋ္ဌောစိတ္တက္ခဏ အခိုက်မှာ ခန္ဓာ (၅)ပါး၊ ပထမဇောစိတ္တက္ခဏအခိုက်မှာ ခန္ဓာ (၅)ပါး၊ ဒုတိယဇောစိတ္တက္ခဏအခိုက် ခန္ဓာ (၅)ပါး စသည်ဖြင့် ဇော (၇)ခုမှာ ဇောအသီးသီး စိတ္တက္ခဏတိုင်းမှာ ခန္ဓာဘယ်နှစ်ပါးလဲ? (၅)ပါး။ တဒါရုံကျခဲ့ရင် တဒါရုံ အသီးအသီး စိတ္တက္ခဏမှာလည်း ခန္ဓာ (၅)ပါး၊ အဲဒီ စနစ်ကို သိအောင်ရှုရမှာ ဖြစ်ပါတယ်နော်။ (မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။) အဲဒီလို ခန္ဓာ (၅)ပါးတွေကို စနစ်တကျ သိခဲ့ပြီးတဲ့ အချိန်အခါမှာ ထိုခန္ဓာ (၅)ပါးသည် ဘာကြောင့် ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေရတယ်။ အဲဒီ အကြောင်းတရား ရှာဖွေတဲ့အပိုင်းကတော့ ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုးဆက်နွယ်တဲ့ သဘောနဲ့ ဆိုင်တယ်။
အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ သိပြီဆိုလို့ရှိရင်တော့ ခန္ဓာ (၅)ပါးကို ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်က နာမရူပပရိစ္ဆေဒဉာဏ် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါးအတွင်းမှာ အကြောင်းတရား အကျိုးတရားတွေကို ဟုတ်တိုင်းမှန်စွာ ပိုင်းခြားသိတဲ့ ဉာဏ်က ပစ္စယပရိဂ္ဂဟဉာဏ် ထို နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် (၂)ပါးကို ယထာဘူတဉာဏ်လို့လည်း ခေါ်တယ်။ ယာထာဝတောဒဿနဉာဏ်လို့လည်း ခေါ်ပါတယ်။ ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိနေတဲ့ ဉာဏ်အမြင်ပဲ။ အဲဒီ ဉာဏ်အမြင်ကို ဘာခေါ်လဲ? ဉာတပရိညာလို့ခေါ်တယ်နော်။
တတ္ထေဝ တိလက္ခဏံ အာရောပေတွာ သတ္တန္နံ အနုပဿနာနံ ဝသေန အနိစ္စာဒိတော တုလနံ တီရဏပရိညာ။ (သံ၊ဋ္ဌ၊၂၊၁၀၃။)
ထိုဉာတပရိညာအမည်ရနေတဲ့ ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတွေကို သင်္ခါရတရားလို့ ခေါ်တယ်။ ဒီသင်္ခါရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပြီ။ အနုပဿနာ (၇)မျိုးဖြင့် ရှုတယ်။ အနိစ္စာနုပဿနာ, ဒုက္ခာနုပဿနာ, အနတ္တာ နုပဿနာ, ဝိရာဂါနုပဿနာ, နိရောဓာနုပဿနာ, ပဋိနိဿဂ္ဂါနုပဿနာ, နိဗ္ဗိဒါနုပဿနာ -- ဆိုပြီး အနုပဿနာဉာဏ် (၇)မျိုးဖြင့် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပြီ။ အဲဒီလို ရှုနေတဲ့ဉာဏ်ကို ဘာခေါ်သလဲ? ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို အနိစ္စလို့ စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနေတဲ့, ဒုက္ခလို့ အနတ္တလို့ ဆင်ခြင် ဆုံးဖြတ်ချက်ချနေတဲ့ ဉာဏ်တွေဖြစ်ခြင်းကြောင့် သူတို့ကို တီရဏပရိညာလို့ ခေါ်ပါတယ်။ ဝိပဿနာဉာဏ်အားလုံး ပါတယ်။
တသ္မိံယေဝ ပန နာမရူပေ ဆန္ဒရာဂနိက္ကဍ္ဎနော အရဟတ္တမဂ္ဂေါ ပဟာနပရိညာ။ (သံ၊ဋ္ဌ၊၂၊၁၀၃။)
ထို ရုပ်နာမ်တွေအပေါ်၌ လိုလားတပ်မက်နေတဲ့ ဆန္ဒရာဂကို အကြွင်းမဲ့ နှင်ထုတ်နိုင်တဲ့ အရဟတ္တမဂ်ဉာဏ်သည် ပဟာနပရိညာ မည်တယ်တဲ့။ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ပရိညာ (၃)ပါး၊ ဖဿကို ပရိညာပညာ (၃)ပါးဖြင့် ပိုင်းခြား သိခဲ့မယ်ဆိုရင် ဘာဖြစ်လဲ? တိဿော ဝေဒနာ ပရိညာတာ ဟောန္တိ။ ဝေဒနာသုံးမျိုးကိုလည်း ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြား သိပြီးသာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ? ခုနက ဖဿကို သိတယ်ဆိုတာ ဖဿ တစ်ခုတည်းရှုတာ ဟုတ်သလား? မဟုတ်ဘူး။ ဖဿနဲ့ ယှဉ်ဖက် စိတ် စေတသိက် သမ္ပယုတ်တရားတွေကိုပါ အားလုံး ရှုရတယ်။ မှီရာဝတ္ထုရုပ်တွေလည်း ရှုရတယ်။ အာရုံရုပ်တွေလည်း ရှုရတယ်။ ပေါင်းလိုက်တော့ ဖဿ တစ်ခုတည်း ရှုတာ မဟုတ်ဘူး။ ခန္ဓာဘယ်နှစ်ပါး ရှုသလဲ? (၅)ပါး၊ အဲဒီ ခန္ဓာ (၅)ပါးထဲမှာ ဝေဒနာ မပါဘူးလား? ပါတယ်။ ဒါဖြင့် ဖဿကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိအောင် ရှုတဲ့အပိုင်းမှာ ဝေဒနာကိုလည်း ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိမှုဆိုတာ ကဏ္ဍတစ်ခုအဖြစ်နဲ့ ပါမသွားဘူးလား? ပါသွားတယ်။ ဒါကြောင့် ---
ဖဿေ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော ဝေဒနာ ပရိညာတာ ဟောန္တိ။ (သံ၊၁၊၃၂၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဖေဿ အာဟာရေ = ဖဿအာဟာရ တရားကို။ ပရိညာတေ = ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့သည်ရှိသော်။ တိဿော ဝေဒနာ = ဝေဒနာသုံးမျိုးတို့ကို လည်းပဲ။ ပရိညာတာ = ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပြီး ဖြစ်ကုန်သည်။ ဟောန္တိ = ဖြစ်ကြလေကုန်၏။
ဝေဒနာသုံးမျိုးက ဘာတွေလဲ? သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာ (အဒုက္ခမသုခခေါ်တဲ့ ဥပေက္ခာဝေဒနာပဲနော်၊) အဲဒီတော့ ဝေဒနာ (၃) မျိုးကို ပိုင်းပိုင်းခြားခြား သိပြီး ဖြစ်တယ်။ ဒါကြောင့် ----
တိဿော ဝေဒနာတိ ဧဝံ ဖဿာဟာရေ တီဟိ ပရိညာဟိ ပရိညာတေ တိဿော ဝေဒနာ ပရိညာတာဝ ဟောန္တိ တမ္မူလကတ္တာ တံသမ္ပယုတ္တတ္တာ စ။ (သံ၊ဋ္ဌ၊၂၊၁၀၃။)
ဝေဒနာ သုံးမျိုးက ဖဿလျှင် အခြေခံ အကြောင်းရင်းရှိတာက အကြောင်းတစ်ခု။ ဖဿနဲ့ အမြဲတမ်း ယှဉ်တွဲပြီး ဖြစ်ပေါ်နေတာကလည်း အကြောင်းတစ်ခု။ ဒီအကြောင်း နှစ်ချက်ကြောင့် ဖဿကိုသာ ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိပါ။ ဖဿလျှင် အခြေခံအကြောင်းရင်း ရှိနေတဲ့ ဝေဒနာသုံးမျိုးကိုလည်း ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိပြီး ဖြစ်တယ်။ ဖဿနဲ့ အတူယှဉ်တွဲပြီး စိတ္တက္ခဏတစ်ခုအတွင်းမှာ အမြဲတမ်း ဖြစ်နေတဲ့ ဝေဒနာကိုလည်း ပိုင်းခြားသိပြီး ဖြစ်လိမ့်မယ်လို့ ဒီလိုဘုရားရှင် ဟောကြားတော်မူလိုက်ပါတယ်။
ဣတိ ဖဿာဟာရဝသေန ဒေသနာ ယာဝ အရဟတ္တာ ကထိတာ။
ဣတိ = ဤသို့လျှင်။ ဖဿာဟာရဝသေန = ဖဿအာဟာရရဲ့ အစွမ်းဖြင့်။ ဒေသနာ = ဒေသနာတော်ကို။ ယာဝ အရဟတ္တာ = အရဟတ္တဖိုလ် တိုင်အောင်။ ကထိတာ = ဟောကြားတော်မူအပ်ပါပေပြီ။
ဖဿာဟာရကျတော့ မြတ်စွာဘုရားက အရဟတ္တဖိုလ်ပေါက် ဟောလိုက်ပြီ၊ ဒီတော့ ပြောတော့သာ ဖဿတစ်လုံးပဲနော်၊ ရှုရမှာက ဘာတွေလဲ? ခန္ဓာ (၅)ပါး၊ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် သဘောတရား၊ ယင်း ခန္ဓာ ငါးပါးနှင့် ကြောင်းကျိုးဆက်ပဋိစ္စသမုပ္ပါဒ် သဘောတရားကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုရမယ်။ ရှုလိုက်လို့ ပရိညာပညာသုံးမျိုးသာ ကမ်းကုန်အောင် သိပါစေ။ အရဟတ္တဖိုလ် မပေါက်ဘူးလား? ပေါက်တယ်။ နောက်တစ်ခု --- မနောသေဉ္စတနာဟာရတဲ့။
မနောသေဉ္စတနာဟာရပိုင်း
ကထဉ္စ ဘိက္ခဝေ မနောသေဉ္စတနာဟာရော ဒဋ္ဌဗ္ဗော? (သံ၊၂၊၃၂၄။)
မနောသေဉ္စတနာဟာရကို ဘယ်လိုရှုသင့်သလဲ?
သေယျထာပိ ဘိက္ခဝေ အင်္ဂါရကာသု သာဓိကပေါရိသာ ပုဏ္ဏာ အင်္ဂါရာနံ ဝီတစ္စိကာနံ ဝီတဓူမာနံ။ (သံ၊၂၊၃၂၄။)
အလံတစ်ရာလောက်နက်နေတဲ့ တွင်းကြီးတစ်ခု ရှိတယ်။ အဲဒီ တွင်းကြီးထဲမှာ (ဝီတစ္စိ =) မီးတောက်မီးလျှံ ကင်းနေတဲ့, (ဝီတဓူမ =) မီးခိုး မီးလျှံ ကင်းနေတဲ့, မီးလည်း မတောက်ဘူးတဲ့, မီးခိုးလည်း မရှိတဲ့ မီးကျီးခဲတွေ ပြည့်နေပြီ၊ အပူရှိန် သိပ်အားကောင်းတယ်လို့ ဆိုလိုပါတယ်။
အဲဒီနေရာကို အသက်ရှင်လိုတဲ့ မသေလိုတဲ့ ချမ်းသာကို အလိုရှိတဲ့ ဆင်းရဲကို ရွံရှာစက်ဆုပ်နေတဲ့ ယောက်ျားတစ်ဦး ဆိုက်ရောက်လာပြီ။ ထို ယောက်ျားကို အားကောင်းမောင်းသန်နေတဲ့ ယောက်ျား နှစ်ဦးတို့ကနေ လက်မောင်းတစ်ဘက်တစ်ချက် ကိုင်ပြီးတော့ မီးကျီးတွင်းသို့ အတင်း ဆွဲခေါ် သွားကြပြီ။
အဲဒီလို ဆွဲခေါ်ခံနေရတဲ့ ဒီယောက်ျားရဲ့ စိတ်ထဲမှာ ဘယ်လို ဖြစ်နေသလဲ? သူ့ရဲ့စေတနာ သူ့ရဲ့တောင့်တချက် အားလုံးကတော့ မီးကျီးတွင်းနဲ့ ဝေးချင်နေတဲ့ စေတနာပဲ ရှိနေတယ်။ လိုလားတောင့်တချက်ပဲ ရှိနေတယ်။ ဘာကြောင့်လဲ? ယောက်ျားရဲ့ သန္တာန်မှာ စိတ်အကြံအစည်က ဒီလို ဖြစ်နေတယ်။ ဘယ်လိုလဲ?
အကယ်၍များ မီးကျီးတွင်းထဲ ငါ ကျသွားမယ်ဆိုရင် သေချင်လည်း သေမယ်။ သေလောက်တဲ့ ဆင်းရဲဒုက္ခသို့လည်း ရောက်ချင်ရောက်လိမ့်မယ်လို့ ဒီလို သူ့စိတ်ထဲမှာ အကြံအစည် ဖြစ်နေတယ်။ ဒါကြောင့် ဒီမီးကျီးတွင်းမှ ဝေးချင်နေတဲ့ စေတနာ, ဝေးချင်နေတဲ့ ဆန္ဒဓာတ် တောင့်တချက်တွေသာ သူ့မှာ ရှိနေတယ်။
အေး - ဒီပုံစံအတိုင်းပဲ၊ မနောသေဉ္စတနာဟာရကို သင်ချစ်သားတို့ ရှုပွားသင့်တယ်။ ဘာဖြစ်လို့လဲ? ဒီမနောသေဉ္စတနာဟာရဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကသာလျှင် မီးကျီးတွင်းနဲ့ တူနေတဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးထဲကို ထိုးပြီးတော့ ပစ်ချနေကြတယ်။ ဒီလို ပစ်ချနေတဲ့အတွက်ကြောင့် ဒီကုသိုလ်ကံစေတနာ အကုသိုလ်ကံစေတနာတွေက မီးကျီးတွင်းကြီးနဲ့ တူနေတဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခထဲ ပစ်ချနေတဲ့အတွက် ဒီသံသရာ ဝဋ်ဆင်းရဲဒုက္ခကြီးထဲမှာ ဘာတွေ ဖြစ်နေကြသလဲ? ပဋိသန္ဓေနေရတဲ့ ဒုက္ခတွေနဲ့ တွေ့ရတယ်။ အိုရတဲ့ ဒုက္ခ, နာရတဲ့ ဒုက္ခ, သေရတဲ့ ဒုက္ခ, စိုးရိမ်ပူဆွေး ငိုကြွေးရတဲ့ ဒုက္ခ, ကိုယ်ဆင်းရဲရတဲ့ ဒုက္ခ, စိတ်ဆင်းရဲရတဲ့ ဒုက္ခ, ပြင်းစွာ ပူပန်ရတဲ့ ဒုက္ခဆိုပြီးတော့ ဒီဒုက္ခအဝဝတွေနဲ့ တွေ့နေရတယ်။ အခြေခံ အကြောင်းရင်း ကြည့်လိုက်တဲ့ အချိန်အခါမှာ ဘာလဲ? ဒီမနောသေဉ္စတနာဟာရကို အခြေခံနေတယ်နော်။ ဒါကြောင့်--
မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော တဏှာ ပရိညာတာ ဟောန္တိ။ (သံ၊၁၊၃၂၄။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ မနောသေဉ္စတနာယ အာဟာရေ = မနောသေဉ္စတနာအာဟာရကို။ ပရိညာတေ = ပရိညာဉာဏ်ပညာ (၃)မျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့သည်ရှိသော်။ တိဿော တဏှာ = ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာတည်းဟူသော။ (ဝါ) ကာမတဏှာ ရူပတဏှာ အရူပတဏှာတည်းဟူသော (၃)မျိုးသော တဏှာတို့ကို။ ပရိညာတာ = ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိပြီး ဖြစ်ကြကုန်သည်။ ဟောန္တိ = ဖြစ်ကြ လေကုန်၏။
တီသု တဏှာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ။ (သံ၊၁၊၃၂၄။)
တီသု တဏှာသု = တဏှာ သုံးမျိုးတို့ကို။ ပရိညာတာသု = ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိကုန်သည်ရှိသော်။ အရိယသာဝကဿ = အရိယာပုဂ္ဂိုလ်ရဲ့ သန္တာန်၌။ ဥတ္တရိကရဏီယံ = ထို့ထက်အလွန် ပြုသင့်ပြုထိုက်သော။ ကိဉ္စိ = တစ်စုံတစ်ခုသော ကိစ္စသည်။ နတ္ထိ = မရှိတော့ပြီ။ ဣတိ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။
အေး - ဒီမနောသေဉ္စတနာဟာရကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းခြားပြီး သိခဲ့မယ်ဆိုရင် ဒီလို ပိုင်းခြားသိနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တဏှာသုံးမျိုးကိုလည်း ပိုင်းခြားသိပြီး ဖြစ်မယ်။ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ တစ်နည်းပြောရင်လည်း ကာမ ရူပ အရူပ ဘုံသုံးပါးအပေါ်မှာ တွယ်တာ တပ်မက်မောနေတဲ့ တဏှာပဲ။ ဒီတဏှာကို ပိုင်းခြားသိပြီး ဖြစ်လိမ့်မယ်။ ဒီ နေရာကလေးမှာ ဥပမာ ဥပမေယျနဲ့ နှီးနှောပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်နော်။
မီးကျီးတွင်းနဲ့ ကာမ ရူပ အရူပခေါ်တဲ့ ဘုံသုံးပါးဆိုတဲ့ သံသရာဝဋ်ဒုက္ခကြီးနဲ့ တူတယ်တဲ့နော်။ အသက်ရှင်လိုတဲ့ ယောက်ျားနဲ့ သံသရာဝဋ်ဆင်းရဲကို မှီနေတဲ့ ပရမတ္ထဉာဏ်ပညာမျက်စိကာဏ်းနေတဲ့ ပုထုဇန် ငမိုက်သားနဲ့ တူတယ်။ အားကောင်းမောင်းသန်နေတဲ့ ယောက်ျားနှစ်ဦးနဲ့ ကုသိုလ်ကံ အကုသိုလ်ကံနဲ့ တူကြတယ်။
အားကောင်းမောင်းသန်နေတဲ့ ယောက်ျားနှစ်ဦးကနေပြီးတော့ ခုနက အသက်ရှင်လိုတဲ့ မသေလိုတဲ့ ချမ်းသာကို အလိုရှိနေတဲ့ ဆင်းရဲကို ရွံရှာစက်ဆုပ်နေတဲ့ ယောက်ျားတစ်ယောက်ကို လက်မောင်းတစ်ဖက်တစ်ချက် ကိုင်ပြီးတော့ မီးကျီးတွင်းကို ရှေးရှုဆွဲငင်ပြီး ခေါ်သွားတဲ့ အချိန်ကာလနဲ့ ပရမတ္ထဉာဏ်ပညာမျက်စိကာဏ်းနေတဲ့ ဗာလပုထုဇန်ငမိုက်သားရဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်နေတဲ့ အချိန်အခါကာလနဲ့ တူတယ်။ ကံထူထောင်နေတာနဲ့ သိပ်တူတယ်နော်။
ကမ္မဥှိ အာယူဟိယမာနမေဝ ပဋိသန္ဓိံ အာကဍ္ဎတိ နာမ။ (သံ၊ဋ္ဌ၊၂၊၁၀၄၊၊)
ကမ္မံ = ကံကို။ အာယူဟိယမာနမေဝ = အားထုတ်ပြီး ဖြစ်ခြင်းသည်သာ ပင်လျှင်။ ပဋိသန္ဓိံ = ပဋိသန္ဓေကို။ အာကဍ္ဎတိ နာမ = ဆွဲငင်၍နေသည် မည်၏။
ကံကို အားထုတ်ပြီးပြီ ဆိုလို့ရှိရင် ဒီကံက အကျိုးမပေးဘူးလား? ပေးတော့မယ်၊ တစ်ချိန် အကျိုးပေးမယ်၊ ဒီလိုဆိုရင် ကံကို အားထုတ်ပြီးခြင်း သည်ပင်လျှင် ပဋိသန္ဓေကို လှမ်းပြီး ဆွဲယူတာနဲ့ မတူဘူးလား? တူနေတယ်။
အင်္ဂါရကာသုနိဒါနံ ဒုက္ခံ ဝိယ ကမ္မနိဒါနံ ဝဋ္ဋဒုက္ခံ ဝေဒိတဗ္ဗံ။ (သံ၊ဋ္ဌ၊၂၊၁၀၄။)
မီးကျီးတွင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခနဲ့ ကံကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ သံသရာဝဋ်ဒုက္ခဆင်းရဲကြီးနဲ့ သိပ်တူတယ် နော်။ ဒီဥပမာ ဥပမေယျကို ဘုရားရှင်က ဟောကြားတော်မူတယ်။ ဟောကြားတော်မူလိုက်တဲ့အခါမှာ ဒီနေရာမှာ ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်း ခြားခြား သိပုံအပိုင်းကိုတော့ ဖဿမှာ ဖွင့်ဆိုခဲ့တဲ့အတိုင်းပဲ မှတ်ပါဆိုပြီး အဋ္ဌကထာဆရာတော်က ဒီလိုပဲ ဖွင့်ထားပါတယ်။ ဒီတော့ ဒီနေရာမှာ မနောသေဉ္စတနာဟာရဆိုတော့ ဒီကုသိုလ်စေတနာ အကုသိုလ် စေတနာလို့ ခေါ်ဆိုအပ်တဲ့ ဒီစေတနာတရားတွေသည် စေတနာတစ်လုံးတည်း သက်သက် ဖြစ်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ စေတနာသည် သဗ္ဗစိတ္တသာဓာရဏစေတသိက် ဖြစ်ပါတယ်။ စိတ်ဖြစ်တိုင်း ဖြစ်တိုင်း ဒီစေတနာ မပါဘူးလား? ပါတယ်။ ဒီစေတနာကို ပိုင်းပိုင်းခြားခြား သိရမယ် ဆိုရင် ပရမတ်သို့ ဆိုက်ရောက်အောင် သိရမှာ ပြောတာ။ ဃနပြိုအောင် သိရမှာ၊ ဃနပြိုအောင် ရှုရမယ်ဆိုလို့ရှိရင်တော့ စေတနာနဲ့ ယှဉ်တွဲနေတဲ့ စိတ် စေတသိက်တွေကို မရှုရင် ဃနပြိုပါ့မလား? မပြိုဘူး။ ဒီစေတနာနဲ့အတူ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်တွေထဲမှာ ဝေဒနာမပါဘူးလား? ပါတယ်။ ဝေဒနာက ဝေဒနက္ခန္ဓာ, သညာက သညာက္ခန္ဓာ, စေတနာနှင့် တကွသော ကျန်စေတသိက်တွေက သင်္ခါရက္ခန္ဓာ, အသိစိတ်က ဝိညာဏက္ခန္ဓာ ပေါင်းလိုက်တော့ ခန္ဓာ ဘယ်နှစ်ပါးလဲ? နာမ်ခန္ဓာလေးပါး။ အဲဒီ နာမ်ခန္ဓာလေးပါးသည် ပဉ္စဝေါကာရသတ္တဝါတွေအတွက် မှီရာဝတ္ထုရုပ် မရှိဘဲနဲ့ ဖြစ်သလား? မဖြစ်နိုင်ဘူး။ အာရုံရုပ်တွေ မရှိဘဲနဲ့ကော ဖြစ်သလား? မဖြစ်နိုင်ဘူး။ မှီရာဝတ္ထုရုပ်နဲ့ အာရုံရုပ်တွေက ရုပ်တရား = ရူပက္ခန္ဓာ ဖြစ်တယ်။ ပေါင်းလိုက်တော့ ခန္ဓာ ဘယ်နှစ်ပါးလဲ? (၅)ပါး။ အဲဒီ ခန္ဓာ (၅)ပါးကို ပထမ ပိုင်းပိုင်းခြားခြား သိအောင် လေ့ကျင့်ရပါတယ်နော်။ ခန္ဓာ (၅)ပါးကို ပိုင်းပိုင်း ခြားခြား သိပြီးတဲ့ အချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဒီခန္ဓာ (၅)ပါးတွေသည် ဘယ်လို အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်နေရပါသလဲဆိုပြီးတော့ အကြောင်းတရားတွေကို သိချင်တဲ့ စိတ်ဖြင့် အတိတ်ဘက်ကို တာစူပြီး ရုပ်နာမ်တွေကို သိမ်းဆည်းရတယ်။ သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ အတိတ်က ပြစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်လျှင် အကြောင်းရင်းခံရှိနေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကို သွားတွေ့ပြီ။ ထိုကုသိုလ်ကံ အကုသိုလ်ကံတွေကနေပြီးတော့ ဒီဘဝခေါင်ဆုံး အမိဝမ်းတွင်းမှာ ပဋိသန္ဓေကို လှမ်းပြီး ဆွဲယူနေပုံကိုလည်း ဉာဏ်နဲ့ မြင်အောင် ကြည့်ရတယ်။ အဲဒီလို ကြည့်နိုင်ပြီဆိုလို့ရှိရင်တော့ နောက်တစ်ဆင့်တက်ပြီး ထိုယောဂီသူတော်ကောင်းက ဘာလုပ်ရသလဲ?
အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရား, ပစ္စုပ္ပန်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရား, နောင် အနာဂတ်ကြည့်လည်း အကြောင်းတရားနှင့် အကျိုးတရားပဲလို့ ဒီလိုသိအောင် ရှုရတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။) အတိတ်က အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ ခြံရံပြီးတော့ သင်္ခါရကံတွေကို ထူထောင်ခဲ့တဲ့အတွက် ဒီဘဝမှာ ခန္ဓာ (၅)ပါး ရုပ်တရား, နာမ်တရားတွေ ထင်ရှားဖြစ်ပေါ်လာရတယ်။ ဒီဘဝမှာလည်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ ခြံရံပြီး သင်္ခါရကံတွေကို ထပ်ပြီး ထူထောင်ခဲ့ရင် နောင်အနာဂတ် ကာလမှာ ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရားတွေ ထပ်ပြီးတော့ မဖြစ်ဘူးလား? ဖြစ်မယ်။ အေး အလားတူပဲ ဟို အတိတ်သံသရာ အဆက်ဆက်ကလည်း ဆိုင်ရာဆိုင်ရာ အတိတ်တွေမှာ ဆိုင်ရာဆိုင်ရာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေ ခြံရံပြီး သင်္ခါရကံတွေကို ထူထောင်ခဲ့တဲ့အတွက် ဆိုင်ရာဆိုင်ရာ အတိတ်တွေမှာလည်း ခန္ဓာ (၅)ပါး ရုပ်တရား နာမ်တရားတွေ ထင်ရှား မဖြစ်ခဲ့ဘူးလား? ဖြစ်ခဲ့တယ်။ အဲဒီလို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ (၃)ပါးအတွင်းမှာ တည်ရှိနေတဲ့ ခန္ဓာ (၅)ပါးတို့ရဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောတွေကို ဟုတ်တိုင်းမှန်စွာ သိရအောင် ရှုရတယ်။ အဲဒီလို ရှုလိုက်တဲ့ အပိုင်းမှာ ဒီသင်္ခါရကံလို့ခေါ်တဲ့ မနောသေဉ္စတနာဟာရမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့က ခြံရံလျက် မရှိဘူးလား? ခြံရံလျက်ရှိတယ်နော်။ လူလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ, လူ့ဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောက တဏှာ, စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်, လူ့ဘဝရောက်ကြောင်းဖြစ်တဲ့ ဘုရားစေတီတော်အား ပန်းလှူခြင်း ဆီမီးရေချမ်း လှူခြင်း ဆိုတဲ့ ဒီသင်္ခါရကံတွေကို ပြုစုပျိုးထောင်တယ် ဆိုကြစို့၊ ပန်းလှူတဲ့ ဒီကုသိုလ် စေတနာတွေက ဘာလဲ? သင်္ခါရ၊ မနောသေဉ္စတနာဟာရ၊ ဒီမနောသေဉ္စတနာဟာရကို ပိုင်းခြားပြီး သိဖို့ရန်အတွက် ထိုယောဂီသူတော်ကောင်းက ဒီမနောသေဉ္စတနာဟာရမှာ ခြံရံနေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေကိုလည်း ပိုင်းပိုင်းခြားခြား သိအောင် မလေ့ကျင့်ရဘူးလား? လေ့ကျင့်ရတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒီနေရာမှာ ဘာဟောတော်မူသလဲ? ---
မနောသေဉ္စတနာယ ဘိက္ခဝေ အာဟာရေ ပရိညာတေ တိဿော တဏှာ ပရိညာတာ ဟောန္တိ (သံ၊၁၊၃၂၄။)
မနောသေဉ္စတနာဟာရကိုသာ ပိုင်းပိုင်းခြားခြား ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိပါ။ မနောသေဉ္စတနာဟာရကို ပရိညာ ဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် တဏှာသုံးမျိုးတို့ကိုလည်း ပရိညာဉာဏ်ပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိပြီးပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ? တဏှာအစိုဓာတ် အစေးဓာတ်မရှိတဲ့ မနောသေဉ္စတနာဟာရခေါ်တဲ့ ကံတွေသည် အကျိုးပေး နိုင်သလား? မပေးနိုင်ဘူး။ တဏှာ အစိုဓာတ် အစေးဓာတ်ရှိပါမှ မနောသေဉ္စတနာဟာရလို့ ခေါ်ဆိုအပ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေက အကျိုး ပေးနိုင်တဲ့ စွမ်းအား ရှိတယ်။ ဒါကြောင့် ဒီကုသိုလ်ကံတွေရဲ့ အကျိုးပေးပုံကို ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိနေတဲ့ ပုဂ္ဂိုလ်က ဒီကုသိုလ်ကံ အကုသိုလ်ကံတွေကို ခြံရံထားနေတဲ့ သို့မဟုတ် အားပေး ထောက်ပံ့နေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေကိုလည်း ပုံစံမှန် ပရိညာဉာဏ်ပညာသုံးမျိုးတို့ဖြင့် ပိုင်းခြားသိပြီးပဲ ဖြစ်သွားတယ်။ အဲဒီလို ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် မနောသေဉ္စတနာဟာရကို ပိုင်းပိုင်းခြားခြား သိခဲ့မယ်၊ တဏှာသုံးမျိုးတို့ကို ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် ဘာဖြစ်လဲ? --
တီသု တဏှာသု ပရိညာတာသု အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏီယန္တိ ဝဒါမိ (သံ၊၁၊၃၂၄။)
ပရိညာဉာဏ်ပညာသုံးမျိုးတို့ဖြင့် ဒီတဏှာသုံးမျိုးတို့ကို ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့မယ်ဆိုရင် ထိုအရိယာသူတော်ကောင်းအဖို့ နောက်ထပ် သံသရာခရီးမှာ ပြုလုပ်ဖွယ်ကိစ္စ ဘာမှ မရှိတော့ဘူးလို့ ငါဘုရား ဟောတော်မူပါတယ်။ ဒါကြောင့် ဘာဖြစ်လို့်လဲ?
တဏှာမူလကတ္တာ မနောသေဉ္စတနာယ။ (သံ၊ဋ္ဌ၊၂၊၁၀၄။)
မနောသေဉ္စတနာယ = ကုသိုလ်ကံ အကုသိုလ်ကံတည်းဟူသော မနောသေဉ္စတနာတရား၏။ တဏှာမူလကတ္တာ = တဏှာလျှင် မူလအကြောင်းရင်းခံ ရှိသည်အဖြစ်ကြောင့်တည်း။
တဏှာလျှင် အကြောင်းရင်းခံရှိတယ်။ ဘယ်လိုလဲ?
န ဟိ ဟေတုမှိ အပ္ပဟီနေ ဖလံ ပဟီယတိ။ (သံ၊ဋ္ဌ၊၂၊၁၀၄။)
ဟေတုမှိ = အကြောင်းတရားကို။ အပ္ပဟီနေ = မပယ်ရှားနိုင်ခဲ့သည် ရှိသော်။ ဖလံ = အကျိုးတရားကို။ န ပဟီယတိ = ဘယ်တော့မှ မပယ်ရှားနိုင်။
အကြောင်းတရားကိုသာ မပယ်နိုင်ဘူးဆိုလို့ရှိရင် အကျိုးတရားကို ပယ်နိုင်ပါ့မလား? မပယ်နိုင်ဘူး။ ဘုရားရှင်ရဲ့ ဝါဒက အကြောင်းသတ်တဲ့ ဝါဒနော်။အကျိုးသတ်တဲ့ ဝါဒဟုတ်သလား? မဟုတ်ဘူး။ တဏှာ အစိုဓာတ် အစေးဓာတ်ရှိပါမှ မနောသေဉ္စတနာဟာရခေါ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေက ခန္ဓာငါးပါးဆိုတဲ့ အကျိုးတရားတွေကို ဖြစ်စေနိုင်တယ်။ တဏှာ အပေါင်းအဖော်ကို မရရှိတဲ့ ကံတွေဟာ အကျိုးမပေးနိုင်ကြတော့ဘူး။ဒါကြောင့် တဏှာကို ပယ်သတ်နိုင်ရင် ကံတွေကိုလည်း ပယ်သတ်ပြီး ဖြစ်သွားတယ်။
မနောသေဉ္စတနာဟာရ၏ အစွမ်းဖြင့်လည်း မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ပေါက် ဟောတော်မူလိုက်ပြီ။ အဲဒီတော့ ဒီနေရာမှာ စေတနာ တစ်ခုတည်းရှုတာ ဟုတ်သလား? မဟုတ်ဘူးနော်။ မနောသေဉ္စတနာဟာရ ဆိုသော်လည်း စေတနာတစ်ခုတည်း ရှုတဲ့လုပ်ငန်းခွင်တော့ မဟုတ်ဘူး။ စေတနာဦးဆောင်နေတဲ့ စိတ် စေတသိက် နာမ်တရားစုတွေကို ရှုရမှာ ရှုရတာ ဖြစ်တယ်၊ ဒီကုသိုလ် အကုသိုလ်စေတနာတွေကို ခြံရံထားတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေကိုလည်း ရှုရတယ်။ ဒီစေတနာနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စိတ် စေတသိက်တွေကိုလည်း ရှုရတယ်။ အကြောင်းတရားတွေကိုလည်း ရှုရ တယ်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တွေကိုလည်း လှမ်းပြီးတော့ ရှုရပါတယ်နော်။ မှီရာဝတ္ထုရုပ်နဲ့ အာရုံရုပ်တွေကိုလည်း ရှုရတယ်။ တစ်နည်းအားဖြင့် ပြောရင်တော့ စေတနာနှင့်တကွ ရုပ်နာမ်ဓမ္မသင်္ခါရတရား အားလုံးကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ပရိညာဉာဏ်ပညာ သုံးမျိုးဖြင့် ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိသည့်တိုင်အောင် ရှုရပါတယ်။ ရှုလိုက်ခြင်းကြောင့် ထိုပုဂ္ဂိုလ်သည် နောက်ဆုံး ဘယ်ရောက်သွားသလဲ? အရဟတ္တဖိုလ် ဆိုက်သွားတယ်နော်။ နောက်တစ်ခု ---
ဝိညာဏာဟာရပိုင်း
အာဟာရ တစ်မျိုးက ဘာလဲ? ဝိညာဏာဟာရ။
ဝိညာဏာဟာရော ပဋိသန္ဓိက္ခဏေ နာမရူပံ အာဟာရတိ။
ဝိညာဏာဟာရက ပဋိသန္ဓေအချိန်အခါမှာ နာမ်နှင့် ရုပ်ကို ဆောင်တယ်။ နာမ်နှင့် ရုပ်ကို ဖြစ်စေတယ်။ အဲဒီအပိုင်းနှင့် ပတ်သက်ပြီး မြတ်စွာဘုရား ဘယ်လို ဟောကြားထားတော်မူသလဲ?
ဝိညာဏာဟာရကို ဘယ်လို ရှုပွားသင့်သလဲ? ရှုပွားသင့်ပုံကို ဘုရားရှင်က လောကဥပမာတစ်ခုနှင့် နှိုင်းခိုင်းပြီး ဟောကြားတော်မူပါတယ် ---
မကောင်းမှုတွေကို ပြုလုပ်လေ့ရှိတဲ့ ခိုးသားဓားပြတစ်ဦးကို ဖမ်းပြီးတော့ ရှင်ဘုရင်ထံ အပ်နှံကြပြီ။
အရှင်မင်းမြတ် ဒီပုဂ္ဂိုလ်ကတော့ အရှင်မင်းမြတ်ရဲ့ တိုင်းနိုင်ငံမှာ လုယက် ဖျက်ဆီးနေတဲ့ ခိုးသားဓားပြတစ်ဦး ဖြစ်နေပြီ။ ဒါကြောင့် အရှင်မင်းမြတ် ထားလိုတဲ့ဒဏ်ကို ဒီခိုးသားအပေါ်၌ ဒဏ်တပ်တော်မူပါလို့ လျှောက်ထားကြပြီ။
ရှင်ဘုရင်က ပြောပြီ။ ဘယ်လိုလဲ?
ကဲသွားကြပေတော့ ဒီယောက်ျားကို နံနက်အချိန်အခါမှာ လှံအချက် တစ်ရာဖြင့် ထိုးဆွကြပေတော့လို့ ခိုင်းလိုက်ပြီ။
ထိုယောက်ျားကိုနံနက်အခါမှာ လှံအချက်ပေါင်းတစ်ရာတို့ဖြင့် ထိုးဆွ သတ်ပုတ်ကြပြီ၊ ဒါပေမဲ့ သူက ဇွဲတော်တော်လေးကောင်းတယ်နော်။ ဇွဲကောင်းတော့ ဘာဖြစ်လဲ? မသေသေးဘူး မသေသေးဘူး၊ မသေသေးတော့ ဘာဖြစ်သလဲ?
ကဲ - အမောင်ယောက်ျားတို့ ဒီယောက်ျား ဘယ်လိုနေသလဲဆိုပြီးတော့ မွန်းလွဲပိုင်းကျတာ့ ရှင်ဘုရင်ကြီးက မေးပြီ။ မေးလိုက်တဲ့ အချိန်အခါကျတော့မှ အရှင်မင်းမြတ် ဟိုရှေးယခင် အသက်ရှင်စဉ်ကလိုပဲ ဒီယောက်ျားဟာ အသက် ရှင်လျက်ပဲ ရှိနေပါသေးတယ်။ ဒီလိုပြန်ပြီးတော့ လျှောက်ထားကြတယ်။
အဲဒီအခါကျတော့ ရှင်ဘုရင်ကြီးက ဒီယောက်ျားနဲ့ ပတ်သက်ပြီးတော့ အမိန့်ထပ်ပြီးတော့ ချမှတ်ပြန်ပြီ။ မွန်းလွဲပိုင်းမှာလည်း လှံအချက်တစ်ရာ ထိုးစေဆိုပြီးတော့ အမိန့်ချလိုက်တယ်။
လှံအချက်တစ်ရာဖြင့် မင်းချင်းယောက်ျားတွေကလည်း ထိုးဆွပြီး သတ်ပုတ်ကြပြန်ပြီ။
ညနေချမ်းအချိန်အခါကျတော့ ရှင်ဘုရင်ကြီးက မေးပြီ၊ အမောင်ယောက်ျားတို့ ဒီခိုးသားဓားပြအခြေနေ ဘယ်လိုရှိသလဲ?
မနက်ပိုင်းမှာက လှံအချက်တစ်ရာ, နေ့လယ်ပိုင်းမှာ လှံအချက်တစ်ရာ အထိုးခံရတဲ့အတွက် အခြေအနေကို မေးကြည့်လိုက်တော့ အသက်မသေသေးဘူးဆိုတဲ့ သတင်း ကြားရပြီ။ ကြားလိုက်ရတဲ့အချိန်အခါမှာ မင်းချင်း ယောက်ျားတွေကို ရှင်ဘုရင်ကြီးက ဘယ်လို အမိန့်ချသလဲ?
ညနေချမ်းကျတော့လည်း ထပ်ပြီးတော့ အမိန့်ချတယ်။ အမောင် ယောက်ျားတို့ သွားကြကုန်လော့ ဒီခိုးသားဓားပြယောက်ျားကို ညနေချမ်း အချိန်အခါမှာ လှံအချက်တစ်ရာဖြင့် ထိုးဆွကြလို့ဆိုပြီး ဒီလိုအမိန့် ထပ်ပြီး ချမှတ်ပေးလိုက်ပြန်တယ်။
မင်းချင်းယောက်ျားတွေကလည်း ဘုရင်မင်းမြတ်၏ အမိန့်တော်အတိုင်း ထိုခိုးသားဓားပြကို ညနေချမ်းအချိန်အခါမှာ လှံအချက်တစ်ရာဖြင့် ထပ်မံပြီး ထိုးဆွသတ်ပုတ်ကြပြန်တယ်။
အေး မနက် လှံအချက် (၁၀၀)၊ နေ့လယ်မှာ လှံအချက် (၁၀၀)၊ ညနေချမ်းမှာ လှံအချက် (၁၀၀) အထိုးအဆွခံရခြင်းတည်းဟူသော ဒီအကြောင်းကြောင့် ဒီခိုးသားယောက်ျားသည် ကိုယ်ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဝေဒနာ, စိတ်ဆင်းရဲခြင်းဆိုတဲ့ ဒေါမနဿဝေဒနာတွေကို ခံစားရပါသလား?ဘုရားရှင်က ရဟန်းတော်တို့အား ဒီမေးခွန်းကို မေးကြည့်တယ်။ ရဟန်းတော်တွေက ဘာပြန်လျှောက်ထားပါသလဲ?
မြတ်စွာဘုရား လှံတစ်ချက်ဖြင့် ထိုးဆွခံရမယ်ဆိုရင်လည်း ထို ထိုးဆွ ခံရခြင်းတည်းဟူသော အကြောင်းတရားကြောင့် ထိုယောက်ျားရဲ့ သန္တာန်မှာ ကိုယ်ဆင်းရဲရခြင်းဆိုတဲ့ ဒုက္ခဝေဒနာ, စိတ်ဆင်းရဲရခြင်းဆိုတဲ့ ဒေါမနဿ ဝေဒနာ ဒီနှစ်မျိုးသော ဆင်းရဲရတဲ့ ဝေဒနာကို ခံစားနိုင်ရပါတယ်။
လှံအချက် (၃၀၀)ဖြင့် ထိုးဆွခံရမယ်ဆိုရင်တော့ မြတ်စွာဘုရား.. အဘယ်မှာ ပြောဆိုဖွယ်ရာ ရှိနိုင်ပါတော့မလဲဆိုပြီး ရဟန်းတွေက လျှောက်ထားကြတယ်။ အဲဒီအခါကျတော့မှ ဘုရားရှင်က ဝိညာဏာဟာရ ရှုကွက်ကို ဟောကြားတော်မူပါတယ်။ ---
ချစ်သားရဟန်းတို့ ... ဝိညာဏာဟာရကို ဒီပုံဒီအတိုင်း ရှုပွားသင့် တယ်လို့ ငါဘုရားဟောတော်မူတယ်။ ဒီဥပမာနဲ့ အတူနော်။
ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ၊ (သံ၊၁၊၃၂၄။)
ချစ်သားရဟန်းတို့ ဝိညာဏာဟာရကို သင်ချစ်သားတို့က ဒီဥပမာအတိုင်း ရှုပွားသုံးသပ်လိုက်လို့ ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့မယ်ဆိုရင် နာမ်ရုပ်ကိုလည်း သင်ချစ်သားတို့တစ်တွေ ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိလိမ့်မယ်။
နာမရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယန္တိ ဝဒါမိ။ (သံ၊၁၊၃၂၄။)
နာမ်ရုပ်ကို ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်း၍ သိခဲ့မယ်ဆိုရင် အရိယာသူတော်ကောင်း၏ သန္တာန်၌ နောက်ထပ်တစ်ဖန် ထို့ထက်အလွန် သာလွန်ကောင်းမြတ်တဲ့ ပြုဖွယ်လုပ်ငန်းကိစ္စရပ်ဆိုတာ ဒီသာသနာတော်မှာ တစ်စုံတစ်ခု မရှိတော့ဘူးလို့ ငါဘုရား ဟောတော်မူပါတယ်။ ဒီနေရာမှာ အာဟာရသုတ္တန် ပြီးသွားပါပြီ။ သို့သော်လည်း ဒီနေရာမှာ အဋ္ဌကထာက ဒီဝိညာဏာဟာရနဲ့ ပတ်သက်ပြီးတော့ ဖွင့်ဆိုထားပါတယ်။ အဲဒီတော့ ဘယ်လို ဖွင့်ဆိုသလဲဆိုတော့ ဒီနေရာလေးမှာ ဘုရားရှင် ဆိုလိုတဲ့ ခိုးသားဓားပြ လှံအထိုးခံရတဲ့ ဥပမာလေးနဲ့ အဋ္ဌကထာဆရာတော်က ကပ်ပြီးတော့ ယှဉ်ပြထားတယ်။
ရှင်ဘုရင်နဲ့ ဘာနဲ့တူသလဲ? ကံနဲ့တူတယ်။ ခိုးခြင်းဝှက်ခြင်း, လုယက်ခြင်း, ဖျက်ဆီးခြင်း, သတ်ခြင်း, ဖြတ်ခြင်း အစရှိနေတဲ့ မကောင်းမှုတွေကို ပြုလုပ် လွန်ကျူးနေတဲ့ တရားခံယောက်ျားနဲ့ ဘာနဲ့ တူသလဲ? သံသရာဝဋ်ဆင်းရဲဒုက္ခကို မှီနေတဲ့ ပရမတ္ထဉာဏ်အမြင်မရှိတဲ့ ပုထုဇန်ငမိုက်သားနဲ့ တူတယ်။ အဲဒီပုံစံအတိုင်း မြင်အောင်ရှုပါ။
ပဋိသန္ဓေဝိညာဏ်နဲ့ ဘာနဲ့ တူသလဲ? လှံအချက် (၃၀၀) ထိုးဆွခံရတာနဲ့ တူတယ်။ ဒါကြောင့် လှံအချက် (၃၀၀) ထိုးဆွခြင်းကို ပဋိသန္ဓေဝိညာဏ်နဲ့ တူတယ်လို့ ရှုပါတဲ့ ဘယ်လိုလဲ?
မကောင်းမှုကို ပြုကျင့်လေ့ရှိတဲ့ ခိုးသားဓားပြကို လှံအချက် (၃၀၀)တို့ဖြင့် ထိုးဆွပြီး သတ်ပုတ်ကြဆိုပြီးတော့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်က ခိုင်းစေတယ်။ အဲဒီလို ခိုင်းစေလိုက်တဲ့ အချိန်အခါကာလနဲ့ ဘာနဲ့ တူသလဲလို့ မေးရင် ကံတည်းဟူသော မင်းတရားက သံသရာဝဋ်ဆင်းရဲဒုက္ခကို မှီနေတဲ့ ပညာမျက်စိကာဏ်းနေတဲ့ ပုထုဇန်ငမိုက်သားကို အရဖမ်းပြီးတော့ ပဋိသန္ဓေ အချိန်အခါကာလအတွင်းသို့ ပစ်ချလိုက်တာနဲ့ တူတယ်တဲ့။
ဒီနေရာမှာ အဋ္ဌကထာဆရာတော်က နည်းနည်းလေး ဆန်းစစ်ပြထားတယ်။ လှံအချက် (၃၀၀)နဲ့ ပဋိသန္ဓေဝိညာဏ်နဲ့ တူတယ်ဆိုသော်လည်း လှံတွေမှာ ဆင်းရဲဒုက္ခမရှိပါဘူးနော်။ ဘယ်မှာသာ ဆင်းရဲဒုက္ခက ရှိသလဲလို့ မေးရင် လှံအချက် (၃၀၀)ထိုးလိုက်တဲ့အတွက် ခန္ဓာအိမ်မှာ အနာတွေ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ ထိုအနာတွေကြောင့်သာလျှင် ဆင်းရဲတဲ့ ဒုက္ခဝေဒနာက ပေါ်တာ၊ လှံကြောင့် ဆင်းရဲဒုက္ခပေါ်တာ ဟုတ်သလား? မဟုတ်ဘူး။ သို့သော် လှံက အကြောင်းတော့ မှန်တယ်။ လှံကြောင့် ဆင်းရဲဒုက္ခဖြစ်တာ မဟုတ်ဘူး၊ လှံထိုးလိုက်ခြင်းတည်းဟူသော အကြောင်းတရားကြောင့် ခန္ဓာကိုယ်ပေါ်မှာ အနာတွေပေါ်လာပြီး ထိုနာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အခြေခံပြီး ဆင်းရဲတဲ့ ဒုက္ခဝေဒနာတွေက ပေါ်လာတယ်တဲ့။ အလားတူပဲ။
အလားတူပဲ ပဋိသန္ဓေအချိန်ကာလကို လှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင် ဆင်းရဲတဲ့ဒုက္ခဝေဒနာ မရှိပါဘူးတဲ့။ ဒီအချက်ကတော့နည်းနည်းလေး ပရမတ္ထ ဉာဏ်ပညာမျက်စိနဲ့ ကပ်ပြီးတော့ ပြောနေတဲ့စကားပါ။ လူသားတစ်ဦးအတွက် အခု ဆိုကြစို့၊ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေပဲ ဆိုကြစို့။ မိမိရဲ့ ပဋိသန္ဓေအချိန် အခါကာလမှာ ဖြစ်ပေါ်နေတဲ့ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းနိုင်ပြီ ဆိုကြစို့။အကယ်၍ မိမိက တိဟိတ်ပဋိသန္ဓေ တည်နေခဲ့တယ်။ သောမနဿ ဝေဒနာနဲ့လည်း ယှဉ်တွဲပြီးတော့ ပဋိသန္ဓေနေခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုရင် စိတ် စေတသိက် (၃၄)လုံးရှိမယ်။ ထို (၃၄)လုံးထဲမှာ ဒုက္ခဝေဒနာမပါဘူး။ တစ်ချက်။ ဒေါမနဿဝေဒနာလည်း မပါဘူး။ အကယ်၍ မိမိက ဥပေက္ခာဝေဒနာနဲ့ ယှဉ်တွဲပြီး ပဋိသန္ဓေတည်နေခဲ့တဲ့ တိဟိတ်လူသား ဖြစ်ခဲ့မယ်ဆိုရင် စိတ် စေတသိက် (၃၃)လုံး ရှိပါတယ်။ ထို (၃၃)လုံးထဲမှာလည်း ဒုက္ခဝေဒနာ မပါဘူး။ ဒေါမနဿဝေဒနာလည်း မပါဘူး။ ဒါကြောင့် ပဋိသန္ဓေအခိုက်အတန့်မှာ ကိုယ်ဆင်းရဲခြင်း ဒုက္ခဝေဒနာ, စိတ်ဆင်းရဲခြင်း ဒေါမနဿဝေဒနာဆိုတဲ့ တရားတွေ ဥပါဒ်, ဌီ, ဘင် အနေအားဖြင့် ထင်ရှားဖြစ်သလား? မဖြစ်ဘူးတဲ့နော်။ ဒါပေမဲ့လို့ ဘာဖြစ်သလဲ?
ဒါပေမဲ့ ဘဝတစ်ခုမှာ ပဋိသန္ဓေတည်နေရပြီ။ ပဋိသန္ဓေတည်နေပြီးတဲ့ နောက်ပိုင်းမှာ ပဝတ္တိကာလလို့ခေါ်တဲ့ ဘဝတစ်လျှောက် ဆိုကြစို့ ..။ အဲဒီ ဘဝတစ်လျှောက်မှာ ဆင်းရဲတဲ့ ဒုက္ခဝေဒနာ အမျိုးမျိုးတွေ မခံစားကြရဘူးလား? ခံစားကြရတယ်။ ဒီဆင်းရဲတဲ့ ဒုက္ခဝေဒနာသည် ဘာကို အခြေခံပြီး ဖြစ်ပေါ်လာသလဲလို့မေးတော့ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ ဇာတိဒုက္ခကို အခြေခံတယ်။ အကယ်၍ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ ဒီဇာတိဒုက္ခသာ ထင်ရှားမရှိခဲ့ဘူးဆိုရင် ပဝတ္တိအခါမှာ ကိုယ်ဆင်းရဲခြင်း ဒုက္ခ စိတ်ဆင်းရဲခြင်း ဒေါမနဿ အစရှိတဲ့ ဆင်းရဲတဲ့ ဒုက္ခဝေဒနာ အမျိုးမျိုးတွေ ဖြစ်ပေါ်လာမလား? မလာနိုင်ဘူး။ ဒါကြောင့် ပဝတ္တိအချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ ဒီ ဆင်းရဲဒုက္ခဝေဒနာ အမျိုးမျိုးတွေဟာ ဘာနဲ့ တူသလဲမေးတော့ လှံအချက် (၃၀၀) ထိုးဆွလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အနာဒဏ်ချက်တွေ ရှိတယ်။ ထိုအနာဒဏ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခ ဝေဒနာတွေနဲ့ သိပ်ပြီးတော့ တူတယ်တဲ့။ အဲဒီသဘောကို ဉာဏ်နဲ့ မြင်အောင် ရှုပွားသုံးသပ်ဖို့ရန်အတွက် ဘုရားရှင်က ရဟန်းတော်တွေကို နည်းပေးနေပါတယ်။ ဒီလိုဆိုရင် ဘယ်လို ရှုရမလဲ? ရှုပုံ ရှုနည်းလေးတွေကို ဘုန်းကြီး နောက်ပြီးတော့ ထပ်ပြောပါ့မယ်။ ဒီပဋိသန္ဓေဝိညာဏ်ကို ဒီကဲ့သို့ ရှုနိုင်ခဲ့မယ် ဆိုလို့ရှိရင် ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်းသိအောင်ရှုပါ။ ဘယ်လို ထိုးထွင်း သိရမလဲမေးတော့ ဘုန်းကြီးတို့ ဒီနေရာမှာ ဝိပါက်ဝိညာဏ်ကို ဦးစားပေးပြီး ရှုရမယ့်အပိုင်း ဖြစ်ပါတယ်။ သို့သော်လည်း ဝိညာဏ်ချင်း တူညီနေတဲ့ ဧကတ္တနည်းအရ ဝိညာဏ်အားလုံးကိုပဲ ပေါင်းစုပြီး ရှုရပါတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ဒီတော့ ခုပစ္စုပ္ပန်မှာပဲ ဆိုကြစို့။ အသိစိတ် ဝိညာဏ်ကို ပဓာနထားပြီးတော့ မိမိက သိမ်းဆည်းတော့မယ်ဆိုရင် ထို ပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ?
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန်မှာ အသိစိတ်ဝိညာဏ် ထင်ရှားပြီ။ ထင်ရှားပြီဆိုလို့ရှိရင် ထိုယောဂီပုဂ္ဂိုလ်သည် အသိစိတ်ဝိညာဏ် တစ်လုံးတည်း ကိုသာ သိမ်းဆည်းရမလား? ရှုပွားရမလား? မဟုတ်ဘူး။ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အသိစိတ်ဝိညာဏ် ထင်ရှားခဲ့ရင် ဒီအသိစိတ်ဝိညာဏ်နဲ့ အတူ ယှဉ်တွဲပြီးတော့ ထိုအာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်နေတဲ့ ဖဿလည်း ရှိတယ်။ ထိုအာရုံရဲ့ အရသာကို ခံစားတတ်တဲ့ ဝေဒနာလည်း ရှိတယ်။ ထို အာရုံကို မှတ်သားတတ်တဲ့ သညာလည်း ရှိတယ်။ ထို အာရုံ ပေါ်သို့ စိတ် စေတသိက် သမ္ပယုတ်တရားတွေကို ရောက်အောင် စေ့ဆော် တိုက်တွန်း လှုံ့ဆော်ပေးနေတဲ့ စေတနာလည်း ရှိတယ်လို့ ဒီလို နှလုံးပိုက် ပြီးတော့ ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်လို့ခေါ်တဲ့ (ဖဿပဉ္စမကတရား) ဖဿလျှင် ငါးခုမြောက်ရှိတဲ့ တရား (၅)ပါး ဦးဆောင်နေတဲ့ နာမ်တရားတွေကို ဆက်လက်ပြီး သိမ်းဆည်းရှုပွားရပါတယ်။ (မ၊ဋ္ဌ၊၁၊၂၈၀။) ဒါက စည်းကမ်းပဲ။ ဒီစည်းကမ်းအရ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတဲ့ပုဂ္ဂိုလ်မှာ နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် ခု ဒီနည်းကတော့ ဝိညာဏာဟာရခေါ်တဲ့ အသိစိတ်ဝိညာဏ်ကနေ စသိမ်းဆည်းတဲ့ နည်းစနစ် ဖြစ်ပါတယ်။
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းဆိုတာက ဘာလဲ? ဖဿကနေ စတင်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်က တစ်ခု၊ ဝေဒနာက စတင်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်က တစ်ခု၊ အသိစိတ်ဝိညာဏ်က စတင်ပြီး သိမ်းဆည်းတဲ့ နည်းစနစ်က တစ်ခု၊ အဲဒီ (၃)ခုရှိတဲ့အနက်က ခု ဒီဝိညာဏာဟာရပိုင်းမှာ ဘာကနေစပြီး သိမ်းဆည်းလဲ? အသိစိတ် ဝိညာဏ်ကနေ စပြီးတော့ နာမ်တရားတွေကို သိမ်းဆည်းတယ်။ အဲဒီလို သိမ်းဆည်းပြီးလိုက်တဲ့အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က အသိစိတ်ဝိညာဏ် တစ်ခုတည်း ရှုရတာ မဟုတ်ဘူး။ အသိစိတ်ဝိညာဏ်နဲ့ ယှဉ်တွဲပြီး စိတ္တက္ခဏတစ်ခု အတွင်းမှာ ဖြစ်ပေါ်သွားတဲ့ စေတသိက်တွေကိုပါ ကုန်စင်အောင် လိုက်ပြီးတော့ သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ စိတ်တို့ မည်သည်မှာ ဝီထိစိတ် ဝီထိမုတ်စိတ်ဆိုပြီးတော့ (၂)မျိုးရှိတော့ ဝီထိစိတ်တွေကလည်း သူတို့ရဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်းပဲ ဝီထိခေါ်တဲ့ စိတ်အစဉ်အတိုင်း ဖြစ်ပေါ်ရိုးဓမ္မတာ ရှိကြပါတယ်။ ဝီထိမုတ်စိတ်တွေကလည်း ဝီထိမှ အလွတ်ဖြစ်တဲ့ ပုံစံအတိုင်းပဲ ဖြစ်နေကြတယ်။ ဘဝတစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့ စိတ်ကို ပဋိသန္ဓေစိတ်, နောက်ဆုံးဖြစ်တဲ့ စိတ်ကို စုတိစိတ်လို့ခေါ်ပြီး အလယ်မှာ ဝီထိစိတ်တွေ မဖြစ်ရင် ဖြစ်ပေါ်နေတဲ့ စိတ်တွေကိုတော့ ဘဝင်စိတ်တွေလို့ ခေါ်ပါတယ်။ အဲဒီဘဝင်စိတ်တွေက ဝီထိစိတ် မဖြစ်ခဲ့ရင် သူတို့က ဖြစ်တယ်။ ဝီထိစိတ်ဖြစ်နေရင် သူတို့က ရပ်သွားတယ်။ ဒါကလည်း ဓမ္မတာပဲ၊ ဒါ စိတ္တနိယာမပဲ။ အဲဒီ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်နေတဲ့ ဒီဝီထိစိတ်နဲ့ ဝီထိမုတ်စိတ်တွေကို = ဝီထိမှ အလွတ်ဖြစ်တဲ့ စိတ်တွေကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ ယှဉ်ဖက်စေတသိက်တွေနဲ့ အတူတကွ ဉာဏ်ဖြင့် ပိုင်းခြားယူရပါတယ်။ သိမ်းဆည်းရပါတယ်။ အဲဒီလို နာမ်တရားတွေကို ဒီအသိစိတ်ကို ဦးတည်ပြီး သိမ်းဆည်းတော့မယ့် ယောဂီပုဂ္ဂိုလ်သည် ဘာလိုသလဲ? ရှေးဦးစွာ ဘာလုပ်ရမလဲ?
ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ ..တဲ့၊ (မ၊ဋ္ဌ၊၁၊၂၈၀။) ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမယ်၊ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီ ဖြစ်ရမယ် ဆိုတော့ အဲဒီရုပ်ကမ္မဋ္ဌာန်းကို စနစ်တကျ သိမ်းဆည်းပြီးပြီ။ သိမ်းဆည်းပြီးမှ ဒီနာမ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ဝိညာဏ်ကို ပဓာနထားပြီး သိမ်းဆည်းလိုက်ရင် ဝိညာဏ်နဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စေတနာစတဲ့ စေတသိက်တရားတွေကိုလည်း သိမ်းဆည်းရပါတယ်။ ဝိညာဏ်ရဲ့ မှီရာရုပ်တွေကိုလည်း တစ်ဖန်ပြန်ပြီး သိမ်းဆည်းရပါတယ်။ အာရုံရုပ်ကိုလည်း တစ်ဖန် ပြန်ပြီးတော့ သိမ်းဆည်းရပါတယ်။ ဒါကြောင့် ဒီဝိညာဏ်ကို စနစ်တကျ ပရိညာဉာဏ်ပညာသုံးမျိုးဖြင့် ပိုင်းခြားပြီးတော့ သိမ်းဆည်းနိုင်ခဲ့မယ်ဆိုရင် နာမ်ရုပ်တွေကို သိမ်းဆည်းခြင်းဆိုတဲ့ လုပ်ငန်းရပ်သည် အကျုံးဝင်သွားတယ်။ နာမ်ရုပ်ကိုလည်း သိမ်းဆည်းပြီးဖြစ်တယ်လို့ ဒီလို ဘုရားရှင်က ဟောတော်မူနေတယ်။
ဒီတော့ ပရိညာပညာသုံးမျိုးမှာ ခု ဒီရုပ်တွေ နာမ်တွေကို = နာမ်ရုပ်တွေကို အဇ္ဈတ္တမှာ သိမ်းဆည်းပြီးတဲ့ ယောဂီသူတော်ကောင်းက ဗဟိဒ္ဓမှာလည်း သိမ်းဆည်းရတယ်။ အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနလုံးမှာ ရုပ်နာမ်တရားတွေကို အလားတူ သိမ်းဆည်းပြီးပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ? ဒီရုပ် ဒီနာမ်သည် ဘာကြောင့် ဖြစ်သလဲဆိုတဲ့ အကြောင်းတရားတွေကို စနစ်တကျ သိချင်တဲ့ စိတ်ထားဖြင့် အတိတ်ဘက်ကို တာစူပြီး ရုပ်တွေနာမ်တွေကို သိမ်းဆည်းသွားရတယ်။ တစ်စတစ်စ နောက်ဆုံး ပဋိသန္ဓေကလလရေကြည် အခိုက်မှာ ဖြစ်ပေါ်နေတဲ့ ရုပ်တွေ နာမ်တွေ သိမ်းဆည်းနိုင်တဲ့ အဆင့်အထိ သွားပါ။ အဲဒီလို သိမ်းဆည်းနိုင်ပြီ ဆိုလို့ရှိရင် ထိုပဋိသန္ဓေ အချိန်အခါကာလမှာ ဝိညာဏ်ခေါ်တဲ့ ပဋိသန္ဓေ ဝိညာဏ်စိတ်ကလေးကို ပိုင်းခြားပြီး ယူနိုင်တဲ့ အဆင့်ကို ပထမ ကြိုးစားပြီး ရှုကြည့်ပါ။ အဲဒီလို ကြိုးစားပြီး ရှုလိုက်နိုင်တဲ့ အချိန်အခါမှာ ဝိညာဏ်ကို ပိုင်းပိုင်းခြားခြား ပရိညာပညာသုံးမျိုးဖြင့် ပိုင်းခြား သိခဲ့ရင် နာမ်ရုပ်တရားတွေကိုလည်း ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိမှုသည် အကျုံးဝင်သွားတယ်လို့ ဘုရားရှင်က ဒီလိုဟောတော်မူတယ်။ သိပြီးသားပဲ ဖြစ်တယ်။ ဘာကြောင့်လဲ?
ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ကို အကြောင်းခံပြီးတော့ စေတသိက် = နာမ်တရားတွေနှင့် ရုပ်တရားတွေ ဖြစ်ပေါ်လာကြောင်းကို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ပဋိသန္ဓေ အချိန်အခါကာလမှာ တိဟိတ်လူသားတစ်ဦးပဲ ဆိုကြပါစို့၊ သောမနဿဝေဒနာနဲ့ ယှဉ်ပြီး ပဋိသန္ဓေ တည်တယ် ဆိုကြပါစို့ .. ပဋိသန္ဓေကလလရေကြည် အခိုက်မှာ ရုပ်တရားဘက်က ကြည့်မယ်ဆိုလို့ရှိရင် ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်ဆိုပြီး ရုပ်ကလာပ်အမျိုးအစားက သုံးမျိုး၊ ရုပ်အမျိုးအစားက (၃၀)၊ အမျိုးအစားသာ (၃၀)ပြောတာပါ။ ကံအားလျော်စွာ ဟဒယဒသကကလာပ်တွေလည်း များစွာ ဖြစ်ချင်ဖြစ်မယ်။ ကာယဒသကကလာပ်တွေလည်း များစွာ ဖြစ်ချင်ဖြစ်မယ်။ ဘာဝဒသကကလာပ်တွေလည်း များစွာ ဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ ရုပ်အမျိုးအစားက (၃၀)၊ အဲဒီ ရုပ်အမျိုးအစား (၃၀)က ရူပက္ခန္ဓာ ဖြစ်ပါတယ်။ စိတ် စေတသိက်တွေကို ပြန်လည် ရေတွက်ကြည့်လိုက်လို့ရှိရင် သောမနဿဝေဒနာနဲ့ ယှဉ်ပြီး ပဋိသန္ဓေ တည်နေတဲ့ တိဟိတ်လူသားတစ်ဦး ဖြစ်ခြင်းကြောင့် စိတ်စေတသိက် (၃၄)လုံး ရှိပါတယ်။ အဲဒီအထဲမှာ အသိစိတ်က ဝိညာဏက္ခန္ဓာ ဖြစ်ပြီး ကျန်နေတဲ့ စေတသိက် (၃၃)လုံးက နာမ်ခန္ဓာ လေးပါး ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါးလဲ? (၅)ပါး။ အဲဒီခန္ဓာ (၅)ပါးထဲမှာ ရုပ်တရားတွေလည်း ပါဝင်တယ်။ စေတသိက်ခေါ်တဲ့ နာမ်တရားတွေလည်း ပါဝင်တယ်။
အဲဒီစေတသိက်နာမ်တရားတွေနဲ့ မှီရာ ဝတ္ထုရုပ်တွေသည် ဘယ်သူ့ကြောင့် ဖြစ်သလဲလို့မေးတော့ ဝိညာဏပစ္စယာ နာမရူပံဆိုပြီး မြတ်စွာဘုရားက ဒီလိုဟောထားတော်တယ်။ ပဋိသန္ဓေဝိညာဏ်ရယ်လို့ ဖြစ်လိုက်ပြီ ဆိုလို့ရှိရင် ဒီဝိညာဏ်သည် ယှဉ်ဖက်စေတသိက်တွေ မပါဘဲနဲ့ ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး။ မရှိပေမယ့်လို့ ဝိညာဏ်က ဦးဆောင်ပြီးတော့ ပဋိသန္ဓေ တည်နေမှု ဘဝတစ်ခုမှာ မဖြစ်ဘူးဆိုရင် ဒီစေတသိက်လည်း ဘယ်လိုမှ ဖြစ်ခွင့်မရဘူး။ ဒီမှီရာဝတ္ထုရုပ် ဟဒယရုပ်ဦးဆောင်နေတဲ့ ရုပ်တရားတွေလည်း ဘယ်လိုမှ ဖြစ်လို့မရဘူး။ သို့သော် ဒီဝိညာဏ်က ခေါင်ဆုံးစပြီး ဖြစ်တွယ်မှ သာလျှင် ပဋိသန္ဓေစေတသိက်လို့ ခေါ်ဆိုအပ်တဲ့ နာမ်တရားနဲ့ မှီရာဝတ္ထုလို့ ခေါ်ဆိုအပ်တဲ့ ဟဒယတို့ ဦးဆောင်နေတဲ့ ရုပ်တရားတွေ ဖြစ်နေတယ်ဆိုရင် ဝိညာဏ်ကရော ဒီစေတသိက်တွေမပါဘဲနဲ့ ဒီဟဒယဝတ္ထုရုပ် ဦးဆောင်နေတဲ့ ရုပ်တရားတွေ မပါဘဲနဲ့ ဖြစ်နိုင်သလား ဆိုတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်
ဩက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော, သဟဇာတပစ္စယေန ပစ္စယော .. စသည်ဖြင့် မြတ်စွာဘုရား ပဋ္ဌာန်းဒေသနာတော်မှာ ဟောထားတော်မူပါတယ်။ ပဋိသန္ဓေခဏမှာ နာမ်နဲ့ ရုပ်တရားတွေသည် အချင်းချင်း အညမည, သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူး ပြုပေးနေပါတယ် ဆိုပြီး ဒီလို ဟောထားတယ်။ ဒါကြောင့် အပြန်အလှန် ကျေးဇူးပြုနေကြတယ်။ အပြန်အလှန် ကျေးဇူးပြုပေးနေတဲ့ ဒီတရားတွေကို ပရမတ်သို့ဆိုက်အောင် ပိုင်းခြားပြီး ယူတတ်ပြီဆိုလို့ရှိရင်တော့ ဒီအပိုင်းမှာ ဉာတပရိညာစခန်း ဆိုက်ပြီ။ အဲဒီ ဉာတပရိညာစခန်း ဆိုက်နေတဲ့ ပုဂ္ဂိုလ်က နောက်ထပ်တစ်ဖန် ဒီရုပ် ဒီနာမ်သည် ဘာကြောင့် ဖြစ်သလဲဆိုတဲ့ အကြောင်း ကို သိချင်တဲ့ စိတ်ဖြင့် အတိတ်ဘက်သို့ တာစူပြီး လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုတဲ့ အကြောင်းတရားတွေကို လှမ်းပြီး ရှာဖွေလို့ တွေ့ပြီ ဆိုကြပါစို့။ အတိတ်က စေတီတော်တစ်ဆူမှာ ဆီမီးလှူပြီးတော့ ရဟန်းဘဝကို ဆုတောင်းခဲ့တယ်ပဲ ဆိုကြပါစို့။
ရဟန်းလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ၊ ထို ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့ သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ တဏှာ ဥပါဒါန် (၃)ခု ခြံရံပြီး စေတီတော်အား ဆီမီး ပူဇော်ခဲ့တယ်။ ဆီမီးလှူနေတဲ့ ကုသိုလ်စေတနာက သင်္ခါရ (= ကုသိုလ်စေတနာ ပြဓာန်းနေတဲ့ စိတ် စေတသိက်တွေက သင်္ခါရ)၊ ထိုသင်္ခါရတရားတွေက ဥပါဒ် ဌီ ဘင်လို့ခေါ်တဲ့ သက်တမ်းစေ့လို့ ချုပ်ပျက်သွားတဲ့ အချိန်အခါမှာ ရုပ်နာမ်အစဉ်မှာ နောင်တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို မြုပ်နှံပြီးမှ ချုပ်ပျက်သွားတယ်။ အဲဒီကမ္မသတ္တိကလေးက ဘာလဲ? ကံ၊ ပေါင်းလိုက်တော့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဆိုပြီးတော့ အကြောင်းတရား (၅)ခု ရှိတယ်။
အဲဒီ ကံတွေဟာ အကျိုးပေးတော့မယ်ဆိုရင် အတိတ်ဘဝက သေခါနီးကာလ မရဏာသန္နဇောစောတဲ့ အချိန်အခါမှာ ဘဝင်မနောအကြည်မှာ ဒီအာရုံတွေ လာပြီးထင်တယ်။ စေတီတော်လည်း ပေါ်ချင်ပေါ်မယ်။ ဆီမီးတွေသော်လည်း ပေါ်ချင်ပေါ်မယ်။ အသစ်တစ်ဖန် ဆီးမီးပြန်ပြီး လှူဒါန်းနေတဲ့ အခြင်းအရာအားဖြင့်သော်လည်း ပေါ်ချင်ပေါ်မယ်။ သို့မဟုတ် မိမိက လူ့ပြည် လူ့လောက ရောက်မယ့်ပုဂ္ဂိုလ် ဖြစ်ခဲ့ရင် မိမိ သွားရမယ့် ဂတိနိမိတ်လို့ ခေါ်ဆိုအပ်တဲ့ ကမ္ဗလာနီအဆင်းရှိနေတဲ့ အမိရဲ့ ဝမ်းရေအလွှာသော်လည်း ဒီအချိန်အခါမှာ ပေါ်ချင်ပေါ်နေတတ်ပါတယ်နော်။ ကံ ကမ္မနိမိတ် ဂတိနိမိတ် ခေါ်တဲ့ နိမိတ် (၃)မျိုး တစ်မျိုးမျိုး ပေါ်မြဲဓမ္မတာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဘုန်းကြီး သုတေသနပြုကြည့်တာက ကံအာရုံထင်တဲ့ ယောဂီ တော်တော်ကလေး များကြပါတယ်။ သေခါနီးကာလမှာ ဒီစေတီတော်အား ဆီမီးလှူဒါန်းနေတဲ့ ကံက အကျိုးပေးတော့မယ်မှန်ရင် နောက်ထပ်တစ်ဖန် သေခါနီးကာလမှာလည်း စေတီတော်ကို ဆီမီး တစ်ဖန် ပြန်ပြီးတော့ လှူနေတဲ့ အခြင်းအရာအားဖြင့် သေခါနီးကာလမှာ ထင်နေတတ်တယ်။ ကံအာရုံ ထင်ခြင်းပဲ။ အဲဒီအခါမှာ ဒီစေတီတော်ကို ဆီမီးလှူနေတဲ့ပုံမှာ ပြောင်းပြီး ဓာတ်လေးပါး စိုက်ရှုပါ။ ဆက်လက်ပြီး ရုပ်နာမ်တွေကို သိမ်းဆည်းပါ။ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုစေတီတော်အား လှူဒါန်းနေစဉ် အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ဘဝင်မနောအကြည်ကို သိမ်းဆည်းတတ်မယ်ဆိုရင် ထိုဘဝင်မနောအကြည်ကို ရှေ့တိုးနောက်ဆုတ် ကြည့်ခဲ့ရင် ဒီဆုတောင်းနေတဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်နေတဲ့ စိတ်စေတသိက်တွေနှင့် စေတီတော်အား ဆီမီးလှူဒါန်းနေတဲ့ ကုသိုလ်စိတ် စေတနာတွေကို အဲဒီ အခါမှာ ပြန်တွေ့မယ်။ တွေ့လိုက်တဲ့ အချိန်အခါကျတော့ ဒီသင်္ခါရ စိတ် စေတသိက်တွေရဲ့ စွမ်းအင် ကမ္မသတ္တိကို တစ်ဆင့်တက်ပြီးတော့ ပြန်ရှာဖွေရတယ်။ ရှာဖွေလို့ တွေ့ပြီဆိုတော့မှ ဒီကမ္မသတ္တိကြောင့် ဒီဘက်ဘဝမှာ ပဋိသန္ဓေဝိညာဏ် အစရှိတဲ့ ဝိပါက်ဝိညာဏ် နာမ်တရားတွေ ရုပ်တရားတွေ ထင်ရှားဖြစ်ပုံကို လှမ်းပြီးတော့ ကြည့်ရပါတယ်နော်။ ကြည့်လိုက်တဲ့ အချိန်အခါကျတော့မှ အဲဒီမှာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတွေကြောင့် ဒီဘဝမှာ ဝိပါက်ရုပ်တွေ နာမ်တွေ ထင်ရှား ဖြစ်တာကို မြင်ပြီဆိုလို့ရှိရင်တော့ ထိုအချိန်အခါမှာ ပစ္စယပရိဂ္ဂဟဉာဏ်ကို စတင်ရရှိပြီ ဖြစ်ပါတယ်။
ထိုပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိခဲ့မယ်ဆိုရင် နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် (၂)ပါးကို ဘာခေါ်လဲ? ဉာတပရိညာလို့ ခေါ်တယ်။ ထိုဉာတပရိညာစခန်းကို ဆိုက်နေတဲ့ ယောဂီသူတော်ကောင်းက ဘာလုပ်ရသလဲ? ဒီရုပ် ဒီနာမ် အကြောင်းတရား ဒီအကျိုးတရားတွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုရပါတယ်။ အဲဒီလို ရှုလိုက်တဲ့အချိန်အခါမှာ ဝိပဿနာဉာဏ်တွေက တစ်ဆင့်ပြီးတစ်ဆင့် ရင့်ကျက်လာပြီဆိုရင် ထိုရင့်ကျက်နေတဲ့ ဝိပဿနာဉာဏ်အားလုံးကို ဘာလို့ ခေါ်သလဲ? တီရဏပရိညာလို့ ခေါ်တယ်။ ဒီဝိပဿနာဉာဏ်တွေက ရင့်ကျက် လာလို့ ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ အရိယမဂ်ဉာဏ် ပေါ်ခဲ့မယ်ဆိုရင် ထိုအရိယမဂ်ဉာဏ်က ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ ပယ်ရှား သွားလိမ့်မယ်။ အဲဒီအရိယမဂ်ဉာဏ်ကိုတော့ ဘာပရိညာလို့ ခေါ်သလဲ? ပဟာနပရိညာ ခေါ်တယ်။ အထူးသဖြင့်တော့ ဒီနေရာမှာ ဘုရားရှင်က ဒီသုတ္တန်မှာ အရဟတ္တမဂ်ကို အထွတ်တပ်ပြီးတော့ ဒေသနာတော်ကို ဟောကြားနေပါတယ်။ ထိုအရဟတ္တမဂ်အထိသာ ဒီဝိညာဏာဟာရလို့ ခေါ်ဆိုအပ်တဲ့ သို့မဟုတ် ဝိညာဏာဟာရ ဦးဆောင်နေတဲ့ ရုပ်တွေ နာမ်တွေကို စနစ်တကျ သိခဲ့မယ်ဆိုရင် ဘာဖြစ်သလဲ? ---
နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယံ။
ဒီသာသနာတော်မှာ နောက်ထပ် ထို့ထက် အဆင့်အတန်း မြင့်မားနေတဲ့ ပြုဖွယ်လုပ်ငန်းကိစ္စရပ် မရှိတော့ပြီ။ ဒီလို သိသွားတယ်နော်။
ဒါကြောင့် ဒီနေရာမှာ ---
ဝိညာဏသ္မိဥှိ ပရိညာတေ တံ ပရိညာတမေဝ ဟောတိ တမ္မူလကတ္တာ သဟုပ္ပန္နတ္တာ စ။ (သံ၊ဋ္ဌ၊၂၊၁၀၅။)
ဝိညာဏသ္မိံ = ဝိညာဏာဟာရကို။ ပရိညာတေ = ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်းသိခဲ့သည် ရှိသော်။ တံ = ထိုနာမ်ရုပ်ကို။ ပရိညာတမေဝ = ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြား၍ သိပြီးသည်သာလျှင်။ ဟောတိ = ဖြစ်ပေ၏။
ဝိညာဏ်ကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့မယ်ဆိုရင် ထိုဝိညာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ နာမ်ရုပ်ကိုလည်း ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပြီးပဲဖြစ်တယ်။ ဘာကြောင့်လဲ ---
တမ္မူလကတ္တာ သဟုပ္ပန္နတ္တာ စ။
တမ္မူလကတ္တာ စ = ထိုဝိညာဏ်လျှင် အကြောင်းရင်းရှိသည့်အတွက်ကြောင့်လည်းကောင်း။ သဟုပ္ပန္နတ္တာ စ = အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေသည့် အတွက်ကြောင့်လည်းကောင်း။ ဟောတိ = ဖြစ်ပါပေ၏။
ဝိညာဏ်နှင့် နာမ်ရုပ်ဆိုတာက ဝိညာဏ်ကို အကြောင်းခံပြီး ဒီနာမ်ရုပ်က ဖြစ်ပေါ်တယ်။ ဒါကလည်း အကြောင်းတစ်ခု။ နောက်တစ်ခု ဝိညာဏ်နဲ့ နာမ်ရုပ်သည် ဝိညာဏ်က အကြောင်းတရား၊ နာမ်ရုပ်က အကျိုးတရား ဆိုသော်လည်း (သဟုပ္ပန္နတ္တာ =) ပြိုင်တူလည်း ဖြစ်နေကြတယ်။ စိတ္တက္ခဏ တစ်ခုအတွင်းမှာ အတူတူယှဉ်တွဲပြီး ဖြစ်ပေါ်နေကြတဲ့အတွက်ကြောင့် ဝိညာဏ်ကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြားသိတဲ့ သူတော်ကောင်းသည် နာမ်ရုပ်ကိုလည်း ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပြီးဖြစ်ပါတယ်။ အဲဒီလို သိခဲ့မယ်ဆိုရင် ဘာဖြစ်လဲ? အရဟတ္တဖိုလ်ဆိုက်သွားမယ်လို့ ဒီလို ဘုရားရှင်က ဟောထားတော်မူပါတယ်။ ဒါကြောင့် ---
ဣတိ ဝိညာဏာဟာရဝသေနပိ ယာဝ အရဟတ္တာ ဒေသနာ ကထိတာ။ (သံ၊ဋ္ဌ၊၂၊၁၀၅။)
ဣတိ = ဤသို့လျှင်။ ဝိညာဏာဟာရဝသေနပိ = ဝိညာဏာဟာရ၏ အစွမ်းဖြင့်လည်းပဲ။ ယာဝ အရဟတ္တာ = အရဟတ္တဖိုလ်တိုင်အောင်။ ဒေသနာ = ဒေသနာတော်ကို။ ကထိတာ = ဟောကြားတော်မူအပ်ခဲ့လေပြီ။
သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း = နိဿရဏပညာ
မြတ်စွာဘုရားက ဒီပုတ္တမံသူပမသုတ္တန်မှာ ဝိညာဏာဟာရ၏ အစွမ်းဖြင့်လည်း အရဟတ္တဖိုလ်ပေါက်ပဲ ဒေသနာတော်ကို ဟောကြားတော်မူလိုက်ပါတယ်။ ဒီနေရာမှာ ခုပြောနေတာက ဘာလဲ? ပုတ္တမံသူပမသုတ္တန်မှာ လာရှိတဲ့ အာဟာရလေးပါးပဲ။ အာဟာရလေးပါးကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြား သိခဲ့မယ်ဆိုရင် အရဟတ္တဖိုလ်ပေါက် ရောက်နိုင်တယ်။ အာဟာရ လေးပါးကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်းသိခြင်းသည် ဘာပညာလို့ ခေါ်လဲ? နိဿရဏပညာ။ နိဿရဏပညာဆိုတာက ဘာပြောတာလဲ? သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ပညာ။ အဲဒီ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်စေတတ်တဲ့ ပညာကို နိဿရဏပညာလို့ ခေါ်တယ်။ ဒီနိဿရဏပညာမှာ ခု ပုတ္တမံသူပမသုတ္တန်မှာ လာနေတဲ့ နိဿရဏပညာကတော့ အဆင့် အင်မတန် မြင့်မားနေတဲ့ နိဿရဏပညာ ဖြစ်ပါတယ်။ ဒီတော့ အာဟာရ တစ်ခုကို မှီဝဲစားသုံးနေတဲ့ နေရာမှာ ---
နံပါတ် (၁) ပစ္စဝေက္ခဏာဆင်ခြင်ခြင်း၊
နံပါတ် (၂) အာဟာရေပဋိကူလသညာလို့ ခေါ်ဆိုအပ်တဲ့ အာဟာရ၌ ရွံရှာ စက်ဆုပ်ဖွယ် ပဋိကူလအနေအားဖြင့် နှလုံးသွင်းပြီးတော့ စားသုံးခြင်း၊
နံပါတ် (၃) ပုတ္တမံသူပမသုတ္တန်မှာ လာရှိတဲ့အတိုင်း (၁၀)မျိုးသော အခြင်း အရာအားဖြင့် သား၏အသားကို စားနေတဲ့ ဇနီးမောင်နှံတို့၏ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်နေစိတ်ထားကို အတုယူပြီးတော့ (၁၀)မျိုးသော အခြင်းအရာအားဖြင့် အာဟာရ၌ ရွံရှာစက်ဆုပ်ဖွယ်ကို နှလုံးသွင်းပြီးတော့ စားခြင်း (၃)မျိုး လာတယ်။
ဒါ အခြေခံပဲ။ အခြေခံနိဿရဏပညာလို့ ခေါ်ပါတယ်။ အဲဒီစားခြင်း (၁၀)မျိုးထဲမှာ ပရိညာပညာ (၃)မျိုးဖြင့် ကဗဠီကာရအာဟာရကို ပိုင်းခြား သိခဲ့မယ်ဆိုရင်လည်း အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ ဆိုက်နိုင်တဲ့ အကြောင်းကို မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။
ဒီတော့ ကဗဠီကာရအာဟာရဆိုတာက ကံ စိတ် ဥတု အာဟာရလို့ ခေါ်ဆိုတဲ့ အကြောင်းတရားလေးပါးကြောင့် ဖြစ်ပေါ်နေတဲ့ ဩဇာတွေကိုလည်း ကဗဠီကာရအာဟာရလို့ ပရိယာယ်အားဖြင့် ခေါ်တယ်။ စားမျိုလိုက်တဲ့ အစာအာဟာရမှာ တည်ရှိနေတဲ့ ဥတုဇရုပ်တွေမှာ တည်ရှိနေတဲ့ ဥတုဇရုပ်ကလာပ်တိုင်းမှာ တည်ရှိနေတဲ့ အဆီအစေးဩဇာကိုလည်း ကဗဠီကာရအာဟာရလို့ ခေါ်တယ်။ အဲဒီကဗဠီကာရအာဟာရ အမည်ရတဲ့ ဒီဥတုဇဩဇာကနေပြီးတော့ ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အချိန်အခါမှာ နောက်ထပ် ရုပ်ကလာပ်အသစ်သစ်တွေကို ထပ်ပြီးတော့ ဖြစ်စေတယ်။ အဲဒီရုပ်ကလာပ် အသစ်အသစ်တွေမှာ ပါနေတဲ့ ဩဇာက နောက်ထပ် ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြားအာဟာရဇဩဇာခေါ်တဲ့ ဒီဩဇာ (၄)မျိုးကို သွားပြီး ထောက်ပံ့လိုက်တဲ့ အချိန်အခါမှာလည်း ကမ္မဇဝမ်းမီးကလည်း ထပ်ပြီး ပံ့ပိုးကူညီပေးလိုက်ရင် ရုပ်ကလာပ်တွေ အသစ် အသစ် ထပ်ပြီးတော့ ပွားလာတယ်။ အဲဒီလိုပွားလာတဲ့ ဒီရုပ်တရားတွေကို စနစ်တကျ ပိုင်းခြားသိမယ်။ ဒီရုပ်တရားကို မှီတွယ်ပြီးတော့ ဒီရုပ်တရားကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားကိုလည်း ပိုင်းခြားသိမယ်။ ထိုရုပ်နာမ်တို့ရဲ့ အကြောင်းတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေကိုလည်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ဝိပဿနာရှုတတ်မယ်ဆိုရင် ဝိပဿနာဉာဏ်ကလည်း ရင့်ကျက်ခဲ့ရင်ပေါ့လေ ဝိပဿနာဉာဏ်တို့ရဲ့ အဆုံး၌ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ ပေါ်လာမယ်။ ထိုအရိယမဂ်တရားက ဆိုင်ရာ ဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ ပယ်ရှားပေးလိမ့်မယ်။ ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းရဲ့ သန္တာန်၌ ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာခေါ်တဲ့ ပရိညာဉာဏ်ပညာ (၃)မျိုးကို ရရှိသွားလိမ့်မယ်။ ထိုပရိညာဉာဏ်ပညာ (၃)မျိုးကို ရရှိခြင်းသည် ကဗဠီကာရအာဟာရကို စားသုံးတဲ့ အချိန်အခါမှာ စနစ်တကျအားဖြင့် ပရိညာဉာဏ်ပညာ (၃)မျိုးဖြင့် ပိုင်းပိုင်း ခြားခြား သိအောင် စားသုံးတတ်သည့်အတွက်ကြောင့် ရရှိခြင်းပဲ ဖြစ်တယ်။
ထို ပရိညာပညာတွေကို ရရှိပြီးတော့ အစာအာဟာရတစ်ခုကို မှီဝဲ သုံးဆောင်ခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်၌ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဿရဏပညာ တည်ရှိသွားပြီ။ ဒါပေမဲ့ လောကမှာ တချို့တချို့ ပုဂ္ဂိုလ်တွေက ဘယ်လို သဘောရှိလဲ? အာမဂန္ဓသုတ္တန်လေး ပြန်ဆက်ကြည့်ကြရအောင် ...။
အာမဂန္ဓသုတ္တန် (တတိယပိုင်း)
၂။ ယေ ဣဓ ကာမေသု အသညတာ ဇနာ၊
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ။
နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဒီဂါထာလေးကို အခြေခံပြီးတော့ ဘဝနိဿရဏပညာအကြောင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်း ဉာဏ်ပညာအကြောင်းကို ပြောနေပါတယ်နော်။ ဘာတဲ့လဲ? ----
၁။ ကာမဂုဏ်၌ စောင့်စည်းမှု မရှိခြင်း
ဣဓ = ဤလောက၌။ ယေ ဇနာ = အကြင်လူသားတို့သည်ကား။ ကာမေသု = ကာမတို့၌။ အသညတာ = စောင့်စည်းမှု မရှိကြလေကုန်။
အပိုင်းအခြား ဘာမှ မထားဘူး။ အာရုံငါးပါး ကာမဂုဏ်တရားတွေကို မှီဝဲတဲ့အပိုင်းမှာ မိကြီး မိထွေး ဘကြီး ဘထွေး စသည်ဖြင့် အပိုင်းအခြား အကန့်အသတ်ကလေးတောင် မထားတော့ဘူး။ စောင့်စည်းမှုဆိုတာ လုံးလုံး မရှိဘူး။ အဲဒီလို စောင့်စည်းမှုမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ?
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဧသ ဧသော = ဤကာမဂုဏ်တို့၌ မစောင့်စည်းခြင်းဆိုတဲ့ သဘောတရားသည်ကား။ အာမဂန္ဓော = အညှီအဟောက် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
ကာမဂုဏ်မှာ စောင့်စည်းမှုမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ နောက်တစ်ခု ---
၂။ ရသာရုံတို့၌ တွယ်တာမက်မောခြင်း
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ၊
ရသေသု = ရသာရုံအမျိုးမျိုးတို့၌။ ဂိဒ္ဓါ = တွယ်တာမက်မောတဲ့ စိတ်ထား ရှိကြလေကုန်၏။
အာဟာရကို မှီဝဲသုံးဆောင်လိုက်တဲ့အချိန်အခါမှာ ရသာရုံအမျိုးမျိုး အပေါ်၌ လိုလားတပ်မက်နေတဲ့ စိတ်ထားတွေ ရှိနေကြတယ်။ တွယ်တာမက်မောနေတဲ့စိတ်ထား ရှိကြတယ်။
ရသာရုံအမျိုးမျိုးကို အာရုံယူနေတဲ့ ဇိဝှါဒွါရဝီထိ, ရသာရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ၊ အဲဒီနာမ်တရားစုဖြင့် လှမ်းပြီး အာရုံယူလို့ရနေတဲ့ ဒီရသာရုံ အမျိုးမျိုးအပေါ်၌ မျိုမတတ် စွဲလမ်းပြီးတော့ မက်မက် မောမောနဲ့ စားသုံးနေကြတယ်နော်။ (အနာဒီနဝဒဿာဝီ =) ထိုရသာရုံကြောင့် ဖြစ်ပေါ်လာမည့် အပြစ်တွေကိုလည်း ရှုမြင်တတ်တဲ့ စိတ်ထားလည်း မရှိဘူး။ အပြစ်ကို မကြည့်တော့ဘူး။ အပြစ်ကို မကြည့်ဘဲနဲ့ ဒီရသာရုံတွေအပေါ်၌ မျိုမတတ် စွဲလမ်းတဲ့ စိတ်ထားဖြင့် ရသာရုံအမျိုးမျိုးတွေကို သုံးဆောင်နေကြတယ်။
နောက်တစ်ခု -- အနိဿရဏပညာ = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာလည်း မရှိပါဘဲနဲ့ ဒီရသာရုံအမျိုးမျိုးကို သုံးဆောင်နေကြတယ်။ အဲဒီလိုသုံးဆောင်ခဲ့ရင် ဘာဖြစ်သလဲ?
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဧသ ဧသော = ဤကဲ့သို့ သုံးဆောင်ခြင်းသည်ကား။ အာမဂန္ဓော = အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်သည် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
အညှီအဟောက်တွေကို စားသုံးနေကြတာပဲတဲ့နော်။
ဒီတော့ ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာတပ်မက်နေတဲ့ စိတ်ဓာတ်ဖြင့် စားခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတာ။
နောက်တစ်ခု --- ရသာရုံအမျိုးမျိုးကြောင့် ရရှိမယ့် အပြစ်တွေကို ရှုမြင်လေ့ မရှိဘူး။ ဒီတော့ နည်းနည်းကြည့်ပေါ့၊ အစွန်း (၃)ပါးလွတ်နေရင်တော့ မြတ်စွာဘုရားက စားစေလို့ ခွင့်ပြုထားတာမှန်တယ်။ သို့သော် အစွန်း (၃)ပါး မလွတ်ဘူး ဆိုလို့ရှိရင်တော့ စားရမလား? မစားရဘူး။ ရသာရုံအပေါ်မှာ တွယ်တာခဲ့ရင် တွယ်တာမက်မောနေတဲ့ ဒီရသတဏှာ ထင်ရှား ဖြစ်ပေါ်နေတုန်း ဖြုန်းခနဲ ဘဝတစ်ခု အဆုံးသတ်ခဲ့ရင် ဘယ်ရောက်မလဲ? အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်လိမ့်မယ်။ ဒါက ဟို အာဒိတ္တပရိယာယသုတ္တန် (သံ၊၂၊၃၇၈။)မှာ မြတ်စွာဘုရား ဟောထားပြီး ဖြစ်ပါတယ်နော်။ အင်မတန် ထက်လှစွာသော သင်တုန်းဓားငယ်ဖြင့် လျှာကို လှီးဖြတ်လိုက်တာက မြတ်သေးတယ်။ ဒီရသာရုံ အမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် ဒီရသာရုံကို ဘုဉ်းပေးသုံးဆောင်ခြင်းသည် မမြတ်ဘူးတဲ့။ ဒါကလေးက ကြက်သားပဲ၊ ဒါကလေးက ဝက်သားပဲ၊ ဒါကလေးက အာလူးပဲ၊ ဒါကလေးက ပဲပဲစသည်ဖြင့် ဒီလို စွဲယူခြင်းဟာ မမြတ်ဘူး။ ဒါက အသည်း၊ ဒါက အမြစ်ပဲ စသည်ဖြင့် ဒီလို အသေးစိတ် ကိုယ်အင်္ဂါလေးတွေကို စွဲယူခြင်းဟာကလည်း မမြတ်ဘူး။ ဘာက မြတ်သလဲ? လျှာကို ထက်လှစွာသော သင်တုန်းဓားငယ်ဖြင့် လှီးဖြတ်လိုက်တာက မြတ်သေးတယ်။ ဘာဖြစ်လို့လဲ? ဒီလို လှီးဖြတ်လိုက်ခြင်းတည်းဟူသောအကြောင်းကြောင့် သေချင်လည်း သေမယ်။ သေလောက်တဲ့ ဆင်းရဲဒုက္ခသော်လည်း ဖြစ်မယ်။ သို့သော် အပါယ်ကိုတော့ မရောက်နိုင်ဘူး။ ရသာရုံအပေါ်မှာ တွယ်တာတပ်မက်မောနေတဲ့ ဒီရသတဏှာဖြစ်နေတုန်း ဖြုန်းခနဲ သေသွားခဲ့ရင်တော့ ဘယ်ကို ရောက်မလဲ? ငရဲနှင့် တိရစ္ဆာန် (၂)မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ် ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ဒါကြောင့် ရသာရုံနဲ့ ပတ်သက်ပြီးတော့ ခုနက တွယ်တာတပ်မက်မောနေတဲ့ ဒီစိတ်ဓာတ်ဖြင့် စားသုံးခဲ့မယ် ဆိုလို့ရှိရင်တော့ ငရဲရောက်နိုင်တယ်။
နောက်တစ်ခု --- အစွန်းသုံးပါးလွတ်ရင်တော့ မြတ်စွာဘုရားစားစေလို့ ခွင့်ပြုထားတာ မှန်တယ်။ သို့သော် အစွန်းသုံးပါးမလွတ်ဘူး ဆိုရင်တော့ ငရဲမရောက်နိုင်ဘူးလား? ရောက်နိုင်တဲ့သဘော ရှိတယ်။ ဟို ဘိုးတော်ဘုရား လက်ထက်တုန်းကပေါ့၊ ထင်ရှားခဲ့တဲ့ ဝိနန္ဒာသဘ အမည်ရတော်မူတဲ့ တတိယ နံမော်ဆရာတော်ဘုရားကြီးက သီလဝိသောဓနီဆိုတဲ့ ကျမ်းစာတစ်ခု ရေးခဲ့ပါတယ်။ အဲဒီကျမ်းစာထဲမှာ ဆရာတော်ဘုရားကြီးက ဝက် (၃)မျိုး ဖော်ပြထားတယ်။ ဘုန်းကြီးကတော့ ခုခေတ်မှာ ဝက်သုံးမျိုးမကဘူး (၄)မျိုးလောက်တော့ ရှိလိမ့်မယ်လို့ထင်တယ်။ ဝက်သုံးမျိုးက ဘာတွေလဲဆိုတော့ အလှူဝက်ရယ်, ဝတ်ပွဲဝက်ရယ်, ကထိန်ဝက်ရယ်လို့ ရှေးတုန်းက ဝက် (၃)မျိုး ရှိတယ်။ ခုခေတ်မှာတော့ ဥပုသ်ဝက်လည်း တစ်ခု ရှိလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲ? ဘုန်းကြီး ဒီနေရာရောက်စတုန်းက ကိုရင်ကလေးတွေ ကျောင်းမှာလာပြီး သင်္ကန်းဆီးရင်းနဲ့ စပ်မိတော့ သူတို့က လျှောက်တယ်။ ဆရာတော် ဥပုသ်နေ့ဆိုလို့ရှိရင် ဝက်သားက အစောကြီး ကုန်သွားတယ်။ ဘာဖြစ်လို့လဲလို့ သူတို့ကို မေးကြည့်တယ်။ ဘုန်းကြီး ဒီနေရာရောက်စတုန်းက ဝက်သားက ၂၅-ကျပ် စျေးလောက်ရှိတယ်ဆိုလား?အဲဒီတစ်ပိဿာကို ၂၅-ကျပ်လောက် ရှိတယ်တဲ့။ ဥပုသ်နေ့ကျလို့ရှိရင် သူတို့က ဥပုသ်သည်တွေအတွက် လှူနိုင် ဒါန်းနိုင်အောင် ဆိုပြီးတော့ လျှော့စျေးနဲ့ ရောင်းတယ်တဲ့။ တစ်ပိဿာ ၁၆-ကျပ်နဲ့ပဲ ရောင်းတယ်တဲ့။ အဲဒါကြောင့် အစောကြီး ကုန်သွားတယ်တဲ့။ ဒီလိုဆိုရင် အဲဒီဝက်သား ဘယ့်နှယ်နေမလဲ? အပ်မလား? မအပ်ဘူးလား? မအပ်ပါဘုရား မအပ်တဲ့အသား စားကြသလား? မစားကြဘူးလား? အဲဒါပဲ အနာဒီနဝဒဿာဝီဆိုတာ ဒါ ပြောတာ။ အပြစ်ကို ရှုမြင်လေ့ မရှိကြဘူး။ ဒီအာဟာရကြောင့် ရရှိမယ့် အပြစ်တွေကို မရှုကြဘူး။ ဒီအာဟာရသည် စင်ကြယ်၏ မစင်ကြယ်၏ စသည်ဖြင့် ဘာမှ ရှုပွားမှု မရှိကြတော့ဘူး။ အနိဿရဏပညာ = ဒီအာဟာရကို စာသုံးနေတဲ့ အချိန်အခါမှာလည်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာဆိုတာ လုံးလုံး မရှိဘူး။ တွယ်တာမက်မောနေတဲ့ ရသတဏှာပြဓာန်းပြီးတော့ ဒီအရသာတွေကို ဘုဉ်းပေးသုံးဆောင်ကြတယ်။ ဒီလို ဘုဉ်းပေးသုံးဆောင် နေခဲ့မယ်ဆိုလို့ရှိရင်တော့ ဘာလုပ်တာလဲ? (ဧသာမဂန္ဓော =) ဒါဟာ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
ရသာရုံအမျိုးမျိုးကို အာရုံယူနေတဲ့ ဇိဝှါဒွါရဝီထိ, ရသာရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ၊ အဲဒီနာမ်တရားစုဖြင့် လှမ်းပြီး အာရုံယူလို့ရနေတဲ့ ဒီရသာရုံ အမျိုးမျိုးအပေါ်၌ မျိုမတတ် စွဲလမ်းပြီးတော့ မက်မက် မောမောနဲ့ စားသုံးနေကြတယ်နော်။ (အနာဒီနဝဒဿာဝီ =) ထိုရသာရုံကြောင့် ဖြစ်ပေါ်လာမည့် အပြစ်တွေကိုလည်း ရှုမြင်တတ်တဲ့ စိတ်ထားလည်း မရှိဘူး။ အပြစ်ကို မကြည့်တော့ဘူး။ အပြစ်ကို မကြည့်ဘဲနဲ့ ဒီရသာရုံတွေအပေါ်၌ မျိုမတတ် စွဲလမ်းတဲ့ စိတ်ထားဖြင့် ရသာရုံအမျိုးမျိုးတွေကို သုံးဆောင်နေကြတယ်။
နောက်တစ်ခု -- အနိဿရဏပညာ = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဉာဏ်ပညာလည်း မရှိပါဘဲနဲ့ ဒီရသာရုံအမျိုးမျိုးကို သုံးဆောင်နေကြတယ်။ အဲဒီလိုသုံးဆောင်ခဲ့ရင် ဘာဖြစ်သလဲ?
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဧသ ဧသော = ဤကဲ့သို့ သုံးဆောင်ခြင်းသည်ကား။ အာမဂန္ဓော = အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်သည် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
အညှီအဟောက်တွေကို စားသုံးနေကြတာပဲတဲ့နော်။
ဒီတော့ ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာတပ်မက်နေတဲ့ စိတ်ဓာတ်ဖြင့် စားခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတာ။
အညှီအဟောက်တွေကို စားပြီးတော့ အသက်မွေးနေကြတယ်။ အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေကြတာ ဘာအညှီအဟောက်လဲ? ဒီအကုသိုလ်အညှီအဟောက်တွေနော်။ အကုသိုလ်အညှီအဟောက်တွေကို မှီပြီးတော့ နေထိုင်ကြတယ်။ နောက်တစ်ခု ---
(နတ္ထိကဒိဋ္ဌိ =) နတ္ထိကအယူဝါဒ ရှိပေ၏။ နတ္ထိကဒိဋ္ဌိ အယူရှိပြီးတော့လည်း လူလောကမှာ နေထိုင်တယ်။ အဲဒီလို နတ္ထိကအယူရှိပြီးတော့ လူ့ လောကမှာ နေထိုင်ခဲ့လို့ရှိရင် ထိုပုဂ္ဂိုလ်သည်လည်း အညှီအဟောက်ကို ဘုဉ်းပေး သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒီတော့ ဒီနတ္ထိကဒိဋ္ဌိနဲ့ ပတ်သက်ပြီးတော့ နာဖူးထပ်မံပေါ့နော်။ ဘုန်းကြီး နည်းနည်း ဗဟုဿုတကလေး ထပ်ပြော ပါ့မယ်။ ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၂၄၁။)နှင့် အဋ္ဌသာလိနီအဋ္ဌကထာတို့မှာ ဖွင့်ဆိုထားတဲ့အတိုင်း ပြောကြရအောင်။ (အဘိ၊ဋ္ဌ၊၁၊၄၁၅-၄၁၆။)
၄။ နတ္ထိကဒိဋ္ဌိ
ပေးလှူခြင်းဆိုတဲ့ ဒီဒါနဆိုတဲ့ သဘောတရားက ရှိတယ်ဆိုတာတော့ သူ လက်ခံတယ်။ ပုဂ္ဂိုလ်တစ်ယောက်က ပုဂ္ဂိုလ်တစ်ယောက်ကို တစ်စုံတစ်ခု လှူမယ်ဆိုရင် လှူသင့်ပါတယ်။ လှူသင့်တယ်ဆိုတာ လက်ခံတယ်၊ လှူကောင်းတယ်၊ ဒါပေမဲ့လို့ ပေးလှူတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ပေးလှူခြင်းတည်းဟူသော အကြောင်းတရားကြောင့် အကျိုးရှိတယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်ဘူး။ အကျိုးကို သူလက်ခံသလား? လက်မခံဘူး။ နောက်တစ်ခု ---
အေး အကြီးအကျယ် လှူဒါန်းပွဲကြီးတွေ ကျင်းပပြီး လှူဒါန်းသင့်တယ် ဆိုတာ သူသိတယ်။ ဒါပေမဲ့ ဒီယဇ်ကြီးတွေ ပူဇော်ပြီး အကြီးအကျယ် လှူဒါန်းနေတဲ့ ကုသိုလ်စေတနာရဲ့ အကျိုးတရားရှိတယ်ဆိုတာကတော့ သူက လက်မခံဘူးတဲ့နော်။ ဘုန်းကြီး တစ်ချိန်တုန်းက အစင်တောထဲ နေခဲ့ပါတယ်။ ဒကာကြီးတစ်ယောက် ကွန်မြူနစ်လူထွက်ပဲ။ တောထဲမှာ နှစ်ပေါင်း အစိတ်လောက် တောခိုပြီးမှ သူက အလင်းဝင်လာတဲ့ပုဂ္ဂိုလ်ပဲ။ ဆွမ်းအုပ်ကလေး တစ်အုပ်နဲ့ ကျောင်းလာတယ်။ တပည့်တော်က ဒီကောင်းမှုကုသိုလ်ကြောင့် နောင်တစ်ချိန် အကျိုးရလိမ့်မယ်ဆိုတာ တပည့်တော် မျှော်လင့်ချက် နည်းနည်းမှ မရှိဘူး။ လက်လည်း မခံဘူးတဲ့၊ ဒါပေမဲ့ အခုလို တောထဲ တောင်ထဲမှာ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေကို တို့ ပေးကမ်းလှူဒါန်းသင့်တယ်ဆိုတဲ့ ဒီအသိနဲ့ လာလှူတာပါ ဆိုပြီး ဆွမ်းအုပ်ကလေး တစ်အုပ် လာလှူတယ်။ စားဖို့ရန် မခက်ဘူးလား? တော်တော်ကလေးတော့ ခက်တယ်နော်။ အဲဒီပုံစံပဲ၊ သူက နတ္ထိကဒိဋ္ဌိပဲ။ နောက်တစ်ခု ---
ဧည့်သည်တွေအတွက်နော်၊ မင်္ဂလာအတွက် ကျွေးမွေးလှူဒါန်းသင့်တယ်ဆိုတာတော့ လက်ခံတယ်။ ဒါပေမဲ့လို့ အဲဒီ ပေးကမ်းလှူဒါန်းတဲ့ မင်္ဂလာအခမ်းနားမှာ လှူဒါန်းတဲ့ ဒီကျွေးမွေးဧည့်ခံခြင်းဆိုတဲ့ လုပ်ငန်းရပ်တွေကြောင့် အကျိုးတရားရှိတယ်ဆိုတာကို သူက လက်မခံဘူးနော်။နောက်တစ်ခု ---
ကုသိုလ်ကမ္မပထတရား (၁၀)ပါးကို သုကတကမ္မလို့ ခေါ်တယ်။ အကုသိုလ်ကမ္မပထတရား (၁၀)ပါးကို ဒုက္ကတကမ္မလို့ ခေါ်ပါတယ်တဲ့။ ဒါကတော့ သိပြီးသား သုစရိုက် (၁၀)ပါး, ဒုစရိုက် (၁၀)ပါးပဲ။
ဒုစရိုက်, သုစရိုက်ဆိုတာ ရှိတယ်။ လက်ခံတယ်။ ဒါပေမဲ့လို့ ဒီဒုစရိုက် သုစရိုက်တွေကြောင့် ရရှိမယ့် အကျိုးတရားရှိတယ်ဆိုတာတော့ သူက လက်မခံဘူး။ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်။ သူလက်မခံဘူး။ ကောင်းတာလုပ်ရင်လည်း ကောင်းကျိုးရမယ်ဆိုတာ သူလက်မခံဘူး။ ဘယ်လောက်ဆိုးတဲ့ဝါဒလည်းဆိုတာ ဒကာကြီးတို့ ကြည့်ပေတော့။ သူ့အတွက် ဒုစရိုက်တံခါးကြီးက အမြဲတမ်း ပွင့်မနေဘူးလား? ပွင့်နေတယ်။ သုစရိုက် တံခါးကြီးကလည်း အမြဲတမ်း ပိတ်မနေဘူးလား? ပိတ်နေလိမ့်မယ်။ မကောင်း တာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး။ မကောင်းတဲ့အကျိုး မရဘူး၊ ကောင်းတဲ့ သုစရိုက်တရားတွေ ပြုလုပ်ဖြည့်ကျင့်လို့လည်း ကောင်းကျိုး မရပါဘူးဆိုတော့ သူ့အတွက်က လမ်းပိတ်သွားပြီနော်။ နောက်တစ်ခု ---
ဒီလောကလည်း မရှိဘူး၊ ဟိုလောကလည်း မရှိဘူး။ ဘာပြောတာလဲ? ဒီလောကမရှိဘူးဆိုတာက တမလွန်လောကမှာ ရပ်တည်နေတဲ့ ပုဂ္ဂိုလ်အတွက် ဒီလောကကို ပြောင်းလာတယ်ဆိုတာ ဘယ်လိုမှ မဖြစ်ဘူး။ မရှိနိုင်ဘူးတဲ့။
တမလွန်လောက မရှိဘူးဆိုတာ ဒီလောကရပ်တည်နေတဲ့ ပုဂ္ဂိုလ်က ဟိုဘက်ကလောက ရောက်သွားမယ်ဆိုတာ ဘယ်လိုမှ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ? သေရင်ပြတ်သွားတယ်၊ ခေါင်းဟိုဘက် ဘာမှ မရှိဘူး၊ ဘဝဆိုတာ ပုခက်နဲ့ ခေါင်းကြားမှာပဲ ရှိပါတယ် လို့ သူက ဒီလို လက်ခံထားတဲ့ပုဂ္ဂိုလ်နော်။
နောက်တစ်ခု --- နတ္ထိ မာတာ နတ္ထိ ပိတာ၊ အမေဆိုတာ မရှိပါဘူး။ အဖေဆိုတာ မရှိပါဘူး။ သူက ဒီလိုယူတယ်။ ဘာပြောတာလဲ?
မိဘနှစ်ပါး ထင်ရှားရှိတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့လို့ ဒီမိဘတွေအပေါ်မှာ ကောင်းတဲ့ ကောင်းမှုပြုလုပ်ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း ကောင်းကျိုးမရဘူး။ မိဘအပေါ်၌ မကောင်းမှုပြုလုပ်ခြင်း တည်းဟူသော အကြောင်းကြောင့်လည်း မကောင်းကျိုး မရနိုင်ဘူးလို့ သူက ဒီလို စွဲလမ်းယုံကြည်တယ်နော်။
ဩပပါတိကသတ္တဝါဆိုတာ မရှိဘူး။ ဩပပါတိကသတ္တဝါဆိုတာက ဒီနေရာမှာ ဘာပြောတာလဲ?
စဝနကာ ဥပ္ပဇ္ဇနကာ သတ္တာ နတ္ထီတိ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၆။)
စဝနကာ ဥပ္ပဇ္ဇနကာ သတ္တာ = သေပြီးနောက် ပဋိသန္ဓေ တစ်ဖန် တည်နေကြတဲ့ သတ္တဝါမည်သည်။ နတ္ထိ = မရှိ။
သေပြီးလို့ရှိရင် နောက်ထပ်တစ်ဖန် ပဋိသန္ဓေတည်နေတယ်ဆိုတဲ့ သတ္တဝါ လောကမှာ မရှိဘူး။ ဘာဖြစ်လို့လဲ? သေရင် ပြတ်တယ်လို့ သူတို့က လက်ခံထားတယ်။ နောက်တစ်ခု ဘာလဲ?
သမ္မဂ္ဂတာ သမ္မာပဋိပန္နာ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။ (အဘိ၊၁၊၂၄၁။)
ယေ = အကြင်သမဏ ဗြာဟ္မဏတို့သည်။ ဣမဉ္စ လောကံ = ဤလောက ကိုလည်းကောင်း။ ပရဉ္စ လောကံ = တမလွန်လောကကိုလည်းကောင်း။ သယံ = ကိုယ်တိုင်။ အဘိညာယ = ထူးသော ဉာဏ်ဖြင့် ထိုးထွင်းသိမြင်ကြကုန်၍။ သစ္ဆိကတွာ = မျက်မှောက်ပြု၍။ ပဝေဒေန္တိ = ဟောကြားပြသနိုင်ကြလေကုန်၏။ သမဂ္ဂတာ = အညီအညွတ် ဖြစ်ကြကုန်သော။ သမ္မာပဋိပန္နာ = ကောင်းမွန်မှန်ကန်စွာ ကျင့်ကြကုန်သော။ တေ = ထိုသမဏ ဗြာဟ္မဏတို့သည်။ လောကေ = လောက၌။ နတ္ထိ = မရှိပါ။
ဒီလောက တမလွန်လောကအကြောင်းကို ထိုးထွင်းသိတဲ့ ကောင်းမွန် မှန်ကန်စွာ ကျင့်နေတဲ့ သမဏ ဗြာဟ္မဏဆိုတာ လောကမှာ မရှိဘူး။ ဘာပြောတာလဲ?
ဣမဉ္စ လောကံ, ပရဉ္စ လောကံ အတ္တနာဝ အဘိဝိသိဋ္ဌေန ဉာဏေန ဉတွာ ပဝေဒနသမတ္ထော သဗ္ဗညုဗုဒ္ဓေါ နာမ နတ္ထီတိ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၁၊၄၁၆။)
ဣမဉ္စ လောကံ = ဤလောကကိုလည်းကောင်း။ ပရဉ္စ လောကံ = တမလွန်လောကကိုလည်းကောင်း။ အတ္တနာဝ = မိမိကိုယ်တိုင်ပင်လျှင်။ အဘိဝိသိဋ္ဌေန ဉာဏေန = ထူးကဲမြင့်မြတ်သော ဉာဏ်ဖြင့်။ ဉတွာ = သိရှိ၍။ ပဝေဒနသမတ္ထော = ဟောကြားပြသ ဆိုဆုံးမခြင်းငှာ စွမ်းနိုင်သော။ သဗ္ဗညုဗုဒ္ဓေါ နာမ = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်မည်သည်။ နတ္ထိ = မရှိပါ။ ဣတိ = ဤသို့။ ဂဏှာတိ = စွဲယူ၏။
ဒီလောက တမလွန်လောကအကြောင်းကို မိမိကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ထိုးထွင်းသိပြီး ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားဆိုတာ မရှိပါဘူးလို့ သူက ဒီလို လက်ခံတယ်။ အဲဒီလို လက်ခံနေတဲ့ ဝါဒကို နတ္ထိကဒိဋ္ဌိဝါဒလို့ ခေါ်ပါတယ်နော်။ အဲဒီလို နတ္ထိကဒိဋ္ဌိအယူရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဘာလုပ်နေတာလဲ? (အာမဂန္ဓ =) အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတာလို့ ဒီလို မြတ်စွာဘုရားက ဟောတော်မူတယ်။ နောက်တစ်ခု ---
၅။ မညီမျှတဲ့ စိတ်နေစိတ်ထား
ဝိသမာတိ ဝိသမေန ကာယကမ္မာဒိနာ သမန္နာဂတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
မညီမျှတဲ့ ကာယဒုစရိုက်တရားတွေနဲ့ ပြည့်စုံနေတယ်။ မညီမျှတဲ့ ဝစီဒုစရိုက်တွေနဲ့ ပြည့်စုံနေတယ်။ မညီမျှတဲ့ မနောဒုစရိုက်တရားတွေနဲ့ ပြည့်စုံနေတယ်။ သူ့စိတ်ဓာတ်ထဲမှာ ညီမျှတဲ့ စိတ်ထား မရှိဘူး။ မညီမျှတဲ့ စိတ်ထားသာရှိနေတယ်။ သူ့အသက်ကို သတ်မယ်၊ သူ့ပစ္စည်းကို မတရား ယူမယ်၊ သူ့သားမယားတွေကို ဖျက်ဆီးမယ်ဆိုတဲ့ ဒီစိတ်ထား ရှိတယ်။ အဲဒီစိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ နောက်တစ်ခု --- မုသားပြောမယ်။ ကြမ်းတမ်းတဲ့ စကားတွေ ပြောမယ်၊ ပြိန်ဖျင်းတဲ့စကားတွေ ပြောမယ်၊ ကုန်းစကားတွေ ပြောမယ်၊ ဒီစိတ်ထားပဲ သူ့သန္တာန်မှာ ရှိတယ်။ အဲဒီစိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတာပဲ။ ဒါ မညီမျှတဲ့ စိတ်ဓာတ်ပဲ။ ညီမျှတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်မှာ ဒီစိတ်ထားမျိုး ရှိမလား? မရှိဘူး။ နောက်တစ်ခု --- (အဘိဇ္ဈာ =) သူ့ပစ္စည်း မတရားသော နည်းလမ်းဖြင့် ရဖို့ရန်အတွက် အမြဲတမ်း ကြံစည်စိတ်ကူးနေတဲ့ စိတ်ထားပဲ ရှိနေတယ်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခရောက်ဖို့ရန်အတွက် သူတစ်ပါးတွေကို ဖျက်ဆီးဖို့ရန်အတွက် ကြံစည်စိတ်ကူးနေတဲ့ စိတ်ထားပဲ ရှိတယ်။ ခုနက ပြောခဲ့တဲ့ နတ္ထိကဒိဋ္ဌိခေါ်တဲ့ မှားယွင်းတဲ့ ခံယူချက်တွေနဲ့ ပတ်သက်ပြီးတော့ ကြံစည်စိတ်ကူးတဲ့ စိတ်ထားတွေပဲ ရှိနေတယ်။ အဲဒီကြံစည်စိတ်ကူးမှု စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲတဲ့နော်။ ဒီလို မညီမျှတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒုစရိုက်တွေကို လွန်ကျူးဖို့ရန် ဝန်မလေးတော့ဘူး။ ဒီစိတ်ထားတွေက ဒုစရိုက်တွေကို လွန်ကျူးဖြစ်အောင် အမြဲ တွန်းအားပေးနေတယ်၊ မှားယွင်းတဲ့ အသက်မွေးမှုဆိုတဲ့ မိစ္ဆာဇီဝနှင့် အသက်မွေးဖို့ရန် အမြဲတမ်း တွန်းအားပေးနေတဲ့ စိတ်ထားတွေပဲ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်လုံးကို အညီအမျှ ကြည့်တတ်တဲ့ မြင်တတ်တဲ့ စိတ်ထားမျိုးတွေ မဟုတ်ကြဘူး။ ဒါကြောင့် ဘုရားရှင်က ဒီစိတ်ထားမျိုးတွေကို မမွေးမြူဖို့ရန် ဆိုဆုံးမတော်မူနေခြင်း ဖြစ်ပါတယ်။
နောက်တစ်ခု --- (ဒုရန္နရ =) ဒီပုဂ္ဂိုလ်တွေကို အသိဉာဏ်တစ်ခု ပေးမယ် ဆိုရင် အင်မတန် ခက်ခဲတယ်။ ဘယ်လိုလဲ?
၆။ မှန်ကန်တဲ့ အသိဉာဏ် ပေးဖို့ရန် ခက်ခဲသူ
ဒုရန္နယာတိ ဒုဝိညာပယာ သန္ဒိဋ္ဌိပရာမာသီ-အာဓာနဂ္ဂါဟီ-ဒုပ္ပဋိနိဿဂ္ဂိတာ-သမန္နာဂတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
(ဒုရန္နယာဆိုတာ ဒုဝိညာပယာ =) သူတို့ကို အသိဉာဏ်တစ်ခု ပေးမယ် ဆိုရင် အသိပေးဖို့ရန်အတွက် အလွန် ခက်ခဲတယ်။ နည်းနည်းလေး စဉ်းစား ကြည့်စမ်းနော်။ ခုခေတ်မှာပေါ့လေ၊ ဘုန်းကြီး ခဏခဏ အဝေဖန် ခံနေရပါတယ်။ ဘုန်းကြီး သီတင်းသုံးဖော်တစ်ပါးကနေပြီး ဘုန်းကြီးကို ဝေဖန်တယ်။ အရှင်ဘုရားတို့ ဆရာတော်ဟာတဲ့ လူတစ်ရာမှာ လူတစ်ယောက်လောက်ပဲ လက်ခံနိုင်တဲ့ တရားကို ဟောနေတယ်တဲ့။ တပည့်တော်ကတော့ လူတစ်ရာမှာ လူကိုးဆယ့်ကိုးယောက်လောက် လက်ခံနိုင်တဲ့ တရားကို ဟောတာပါတဲ့။ ဘယ့်နှယ်တုန်း! ဟုတ်သလား မဟုတ်ဘူးလား? ဟုတ်နေတယ်။ ဘုန်းကြီးကတော့ အဲဒီအတိုင်း ဖြစ်နေတယ်နော်။ သူများက သမာဓိမထူထောင်ရဘူး၊ ဘုန်းကြီးက သမာဓိထူထောင်သင့်တယ်လို့ ဟောတယ်။
ဒီတော့ သူတို့ကို အသိဉာဏ်ပေးရတာ ခက်ခဲတယ်ဆိုတော့ အဲဒီပုဂ္ဂိုလ်တွေ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို စားနေကြတာပဲ။ မှန်ကန်တဲ့ အသိဉာဏ်ကို ပေးလိုက်တဲ့ အချိန်အခါမှာ သူတို့ကို အသိဉာဏ်ပေးလို့ တချို့ ရသလား မရဘူးနော်။ သူတို့ကို အသိဉာဏ်ပေးရတာ အင်မတန်ကို ခက်ခဲနေ တယ်။ (ဒုဝိညာပယာ)။ နောက်တစ်ခု --- (သန္ဒိဋ္ဌိပရာမာသီ =) မိမိ မြင်တွေ့ထားတဲ့ အယူအဆတစ်ခု မှားတာ မှန်တာ ဝေဖန်မှု ဆန်းစစ်မှု မရှိဘူး။ စွဲမြဲပြီးတော့ ဆုပ်ကိုင်ထားတယ်။ (အာဓာနဂ္ဂါဟီ =) စွဲစွဲမြဲမြဲကို လက်ခံထားတယ်။ အဲဒါက မှားနေတယ်လေ စွန့်လွှတ်လိုက်ပါလို့ပြောရင် သူတို့ စွန့်သလား? မစွန့်နိုင်ဘူး။ လွယ်လွယ်လေးနဲ့ မစွန့်နိုင်ဘူး။ (ဒုပ္ပဋိနိဿဂ္ဂိတာ=) စွန့်လွှတ်ဖို့ရန်အတွက် အလွန်ကို ခက်ခဲထားတယ်။ စွဲမြဲပြီးတော့ ဆုပ်ကိုင်ထားတယ်။ အဲဒီလို မှားယွင်းတဲ့ အယူဝါဒတွေအပေါ်၌ စွန့်လွှတ်ဖို့ရန် ခက်ခဲပြီးတော့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတာပဲတဲ့။ ဒါကြောင့် နည်းနည်းလေး ဒီဂါထာလေး ပြန်နာကြည့်ကြရအောင် ---
၂။ ယေ ဣဓ ကာမေသု အသညတာ ဇနာ၊
ရသေသု ဂိဒ္ဓါ အသုစိဘာဝမဿိတာ။
နတ္ထိကဒိဋ္ဌီ ဝိသမာ ဒုရန္နယာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ဣဓ = ဤလောက၌။ ယေ ဇနာ = အကြင်လူသားတို့သည်။ ကာမေသု = ကာမတို့၌။ အသညတာ = စောင့်စည်းမှုလည်း မရှိကြလေကုန်။ ရသေသု = ရသာရုံအမျိုးမျိုးတို့အပေါ်၌။ ဂိဒ္ဓါ = တွယ်တာမက်မောတဲ့စိတ်ထား ရှိကြကုန်၏။ အဿုစိဘာဝမဿိတာ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော မိစ္ဆာဇီဝအမျိုးမျိုးကို မှီ၍ အသက်မွေးကြကုန်၏။ နတ္ထိကဒိဋ္ဌီ = နတ္ထိက ဝါဒထင်ရှားရှိ၍ နေကြကုန်၏။ ဝိသမာ = မညီမျှသော ဒုစရိုက်တရားတို့နှင့် ပြည့်နှက်လျက် မညီမျှသောစိတ်ထား ထင်ရှားရှိ၍နေကြလေကုန်၏။ ဒုရန္နာယာ = အသိဉာဏ်ပေးဖို့ရာ ခက်ခဲသော စိတ်ထားလည်း ရှိကြကုန်၏။ ဧသ ဧသော = ဤခြောက်မျိုးသော တရားသည်ကား။ အာမဂန္ဓော = အညှီ အဟောက်ပါပေတည်း။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
ကဿပမြတ်စွာဘုရားက ဟောနေတယ်နော်။ ပေါင်းလိုက်မယ်ဆိုလို့ရှိရင် ဘယ်နှစ်ခုရှိသလဲ?
- ကာမေသု အသညတာ = ကာမတို့၌ စောင့်စည်းမှု မရှိခြင်း။
- ရသေသု ဂိဒ္ဓါ = ရသာရုံအမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ထားရှိခြင်း။
- အသုစိဘာဝမဿိတာ= အသက်မွေးဝမ်းကျောင်း ပျက်စီးနေခြင်း။
- နတ္ထိကဒိဋ္ဌီ = ကံ,ကံ၏အကျိုး မရှိပါဘူးလို့ လက်ခံယုံကြည်နေတဲ့ နတ္ထိကဒိဋ္ဌိ ထင်ရှားရှိခြင်း။
- ကာယဒုစရိတာဒိဝိသမတာ = ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်လို့ ခေါ်ဆိုအပ်တဲ့ မညီမမျှတဲ့စိတ်ထား ရှိနေခြင်းတဲ့။ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တွေကို လွန်ကျူးကြောင်းဖြစ်တဲ့ မညီမျှတဲ့ စိတ်ထား ရှိနေခြင်း။
- ဒုရန္နယာတဲ့ အသိဉာဏ် ပေးဖို့ရန်အတွက် အလွန်ခက်ခဲတဲ့ စိတ်ထားရှိခြင်းတဲ့။
ပေါင်းလိုက်တော့ ဘယ်နှစ်ခုလဲ? (၆)ခု။ အဲဒီ (၆)မျိုးကို ဘုရားရှင်က အာမဂန္ဓ = အညှီအဟောက်လို့ ငါဘုရားဟောပါတယ်။ အသားတည်းဟူသော ဘောဇဉ်ကိုတော့ ငါဘုရားက အညှီအဟောက်လို့ မဟောဘူး ဆိုပြီးတော့ တိဿရသေ့ကြီးကို ကဿပမြတ်စွာဘုရားက ဟောတော်မူလိုက်ပြီ။ အဲဒီလို ဟောပြီးတဲ့အချိန်အခါ ဒါလောက်နဲ့ ပြီးသွားသလား? မပြီးသေးဘူး။ နောက်ထပ် အာမဂန္ဓ = အညှီအဟောက်တွေအကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ဟောတော်မူပြန်တယ်။
၃။ ယေ လူခသာ ဒါရုဏာ ပိဋ္ဌိမံသိကာ၊
မိတ္တဒ္ဒုနော နိက္ကရုဏာတိမာနိနော။
အဒါနသီလာ န စ ဒေန္တိ ကဿစိ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေ =အကြင်ပုဂ္ဂိုလ်တို့သည်ကား။ လူခသာ = ခေါင်းပါးသော အတ္တကိလမထာနုယောဂဟုခေါ်ဆိုအပ်တဲ့ အကျင့်ရှိကြလေကုန်၏။ ဒါရုဏာ = ကြမ်းတမ်းသော စိတ်ထားရှိကြကုန်၏။ ပိဋ္ဌိမံသိကာ = သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့တတ်ကြပြန်ကုန်၏။ မိတ္တဒ္ဒုနော =မိတ်ဆွေခင်ပွန်းတို့ကို ပြစ်မှားတတ်ကြကုန်၏။ နိက္ကရုဏာ = သနားခြင်း ကင်းကြကုန်၏။ အတိမာနိနော = အလွန် မာနကြီးကြကုန်၏။ အဒါနသီလာ = ပေးကမ်းစွန့်ကြဲသော အလေ့အထလည်း မရှိကြ လေကုန်။ ကဿစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား။ န စ ဒေန္တိ = အနည်းငယ်မျှသော်လည်း မပေးလှူကြကုန်။ ဧသ ဧသော = ထိုသူတို့၏ အတ္တကိလမထ အစရှိသော သဘောတရားသည်။ အာမဂန္ဓော = အညှီအဟောက်ပါပေတည်း။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
၁။ အတ္တကိလမထကျင့်စဉ်ကို ကျင့်သူ
လောကမှာ ပုဂ္ဂိုလ်တွေ လူခသာလို့ ခေါ်ဆိုတဲ့ (အတ္တကိလမထ =) မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်နေတဲ့ လုပ်ငန်းရပ်ကျင့်စဉ်တွေမှာ မှီဝဲဆည်းကပ်နေကြတယ်တဲ့နော်။ မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်တယ် ဆိုတာကတော့ ဘုရားအလောင်းတော်ပဲ ကြည့်ပေါ့နော်။ တစ်ချိန်တုန်းက အလောင်းတော်ဘဝမှာ ဘုရားအလောင်းတော်က ချမ်းသာအစစ်ကို ချမ်းသာ ဖြင့် ရှာဖွေလို့ မရနိုင်ဘူး။ ဆင်းရဲဖြင့်သာလျှင် ချမ်းသာသုခကို ရှာဖွေလို့ ရရှိနိုင်ပေလိမ့်မယ်။ ဒီလို မျှော်လင့်ချက်ထားပြီးတော့ ဒုက္ကရစရိယာကျင့်စဉ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပါတယ်။ ဒီဒုက္ကရစရိယာကျင့်စဉ်တွေဟာ တစ်နည်းတစ်ဖုံအားဖြင့်တော့ အတ္တကိလမထာနုယောဂကျင့်စဉ်ပဲနော်။ သာသနာပ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့ရဲ့ အယူအဆ အားလျော်စွာ အတ္တကိလမထခေါ်တဲ့ မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ကျင့်ဝတ်ပဋိပတ်တွေ ရှိကြတယ်။ ထို အတ္တကိလမထကျင့်ဝတ်တွေကို ကျင့်တဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင် နေကြတာပဲတဲ့နော်။ နောက်တစ်ခု ---
၂။ ဆိုဆုံးမဖို့ရန် အလွန်ခက်ခဲသူ
ဒါရုဏာတိ ကက္ခဠာ ဒေါဝစဿတာယုတ္တာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၃။)
ဒါရုဏာ ဆိုတာက ကက္ခဠ = ကြမ်းတမ်းနေတဲ့ စိတ်ထားရှိတယ်။
(ဒေါဝစဿတာ ယုတ္တာ =) ဆိုဆုံးမဖို့ရန်အတွက် အလွန် ခက်ခဲတဲ့ စိတ်နေစိတ်ထားတွေနဲ့ ယှဉ်တွဲပြီးတော့ လောကမှာ နေထိုင်ကြတယ်။ ဒီတော့ ဒီလိုဆိုရင် စိတ်ဓာတ်တွေက ခက်ထန် ကြမ်းတမ်းပြီးတော့ ပြောဆိုဆုံးမဖို့ရန် အတွက် အလွန် ခက်ခဲနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်တဲ့နော်။ ကဲ - တရားနာ ပရိသတ်တွေ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေလား, ဆိုဆုံးမခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလား? လွယ်ကူသလား, ခက်ခဲသလား? မပြောတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲနော်။ ဘာဖြစ်လို့လဲ ဘုန်းကြီးက ထပ်မေးတော့မှာကို လွယ်ကူတယ်ဆိုလို့ ရှိရင် အိမ်ပြန်မလား, မပြန်ဘူးလားလို့ ထပ်မေးရင် ဘယ့်နှယ် ပြောမလဲ? အဲဒါပဲ ဆိုဆုံးမလွယ်ကူလို့ရှိရင် မပြန်နဲ့ဆိုရင် မပြန်ဘဲ နေရမယ်။ ပြန်ဆိုလို့ရှိရင် ပြန်ရမယ်ပေါ့။ သူက ဒါ လွယ်ကူတဲ့ ပုဂ္ဂိုလ်ကိုး၊ မလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေ ကျတော့ ဘယ်နှယ့်လုပ်မလဲ? အရှင်ဘုရား, အရှင်ဘုရား ..ဆိုတဲ့ စကားလုံး လှလှကလေးတွေနှင့် လက်အုပ်ချီပြီးတော့ လျှောက်ပြီ၊ ဒီလိုပုဂ္ဂိုလ်တွေ စုံနေတာပဲ ဘုန်းကြီးကို လာလှိမ့်သွားတာ ---
နောက်တစ်ခု --- ကဲ - ဆိုဆုံးမခက်ခဲနေတဲ့ ပုဂ္ဂိုလ်ဟာ သူ့အသက် မသတ်ရဘူးလို့ ပြောတယ်၊ သတ်တယ်၊ သူ့ပစ္စည်းမတရားမယူရဘူးလို့ ပြောတယ်၊ ယူတယ်၊ သူ့သားမယား မပြစ်မှားရဘူးလို့ ပြောတယ်၊ ပြစ်မှား တယ်၊ မုသား မပြောရဘူးလို့ ဆိုဆုံးမတယ်။ ပြောတယ်၊ ဒီလိုဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်တွေဟာ ဆိုဆုံးမလွယ်ကူတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောနိုင်မလား? မပြော နိုင်ဘူး။ အဲဒီလို ဆိုဆုံးမခက်ခဲနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
နောက်တစ်ခု -- (ပိဋ္ဌိမံသိကာ =) သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားတယ်။ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားနေတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ဘယ်လိုဟာလဲ?
၃။ သူတစ်ပါးတို့ရဲ့ ကျောက်ကုန်းသားကို ခဲစားနေသူ
ပိဋ္ဌိမံသိကာတိ ပုရတော မဓုရံ ဘဏိတွာ ပရမ္မုခေ အဝဏ္ဏဘာသိနော။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ပိဋ္ဌိမံသိကာ = သူတစ်ပါး၏ ကျောက်ကုန်းသားကို စားနေ၏ဟူသည်ကား။ ပုရတော = ရှေ့၌။ မဓုရံ = ချိုမြိန်ကောင်းမြတ်သော စကားကို။ဘဏိတွာ = ပြောဆိုပြီး၍။ ပရမ္မုခေ = မျက်ကွယ်၌။ အဝဏ္ဏဘာသိနော = ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုလေ့ရှိသူတို့တည်း။
ရှေ့မှာကျတော့ နှုတ်ခမ်းလေး ပျားရည်လေးဆမ်းတယ်။ ဘုန်းကြီးကတော့ နှုတ်ခမ်းပျားရည်ဆမ်းတာတော့ မမြင်ဖူးဘူး။ ပျားရည်သုတ်ထားတာတော့ မြင်ဖူးတယ်နော်။ အဲဒီတော့ နှုတ်ခမ်းကလေး ပျားရည်ကလေး ဆမ်းပြီးတော့ ဘာလုပ်သလဲ? ချိုမြိန်တဲ့ စကားကလေးတွေကို ပြောတယ်။ ကွယ်ရာမှာကျတော့ အကောင်းတစ်ချက်မှ မပြောဘူးတဲ့။ ဘယ့်နှယ်တုန်း! အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ဖူးသလား? မတွေ့ဖူးရင်လည်း မှန်ရှေ့မှာ သွားရပ်ကြည့်လိုက်ကြ။ ဟုတ်တယ်မဟုတ်လား? ပျားရည်လေး ဆမ်းဆမ်းပြီးတော့ နှုတ်ခမ်းလေးက ချိုချိုလေးနဲ့ ပြောပြီးတော့ ကွယ်ရာကျတဲ့အခါကျတော့ တစ်ချက်ကလေးမှ အကောင်းမပြောဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေကြတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲတဲ့နော်။
ဧတေ ဟိ အဘိမုခံ ဩလောကေတုမသက္ကောန္တာ ပရမ္မုခါနံ ပိဋ္ဌိမံသခါဒကာ ဝိယ ဟောန္တိ၊ တေန ပိဋ္ဌိမံသိကာတိ ဝုစ္စန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဧတေ = ထိုပုဂ္ဂိုလ်တို့သည်ကား။ အဘိမုခံ = ရှေးရှုရင်ဆိုင်။ ဩလောကေတုံ = ကြည့်ရှုအံ့သောငှာ။ အသက္ကောန္တာ = မစွမ်းနိုင်ကုန်သည်ဖြစ်၍။ ပရမ္မုခါနံ = သူတစ်ပါးတို့ရဲ့ မျက်ကွယ်၌။ ပိဋ္ဌိမံသခါဒကာ ဝိယ = သူတစ်ပါးတို့ရဲ့ ကျောက်ကုန်းကို ခဲစား၍ နေကြဘိသကဲ့သို့။ ဟောန္တိ = ဖြစ်ကြလေကုန်၏။ တေန = ထို့ကြောင့်။ ပိဋ္ဌိမံသိကာတိ = ပိဋ္ဌိမံသိကာဟူ၍။ ဝုစ္စန္တိ = ခေါ်ဆိုအပ်လေကုန်၏။
အဲဒီပုဂ္ဂိုလ်တွေကို ပိဋ္ဌိမံသိကာလို့ ခေါ်ဆိုတယ်။ ဘာကြောင့်လဲ? ရှေ့မှာ ကျတော့ သူတို့က မျက်နှာချင်းတောင် ရင်ဆိုင်ဖို့ရန်အတွက် ခက်ခဲနေတယ်။ မျက်နှာချင်း မဆိုင်ရဲဘူး။ ဒါပေမဲ့ နောက်ကွယ်ရောက်လာပြီဆိုလို့ရှိရင်တော့ ဘာလုပ်ဖြစ်သလဲ? သင်မပေးရပါဘူး။ ဘယ်သူမှ ကျောင်းမှာ ကျကျနန သင်မပေးရပါဘူး။ ပြောတတ်လိုက်တာ စုံနေတာပဲနော်။ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားရမယ်ဆိုလို့ရှိရင်တော့ သူတစ်ပါးမကောင်းကြောင်း ပြောရမယ်ဆိုလို့ရှိရင်တော့ သိပ်ပြီးတော့ အာသွက်တယ်။
ရှေးရှုရင်ဆိုင်မျက်နှာချင်းဆိုင် ပြောကြစို့ဆိုတော့ မပြောရဲဘူး။ မျက်နှာချင်းဆိုင် ကြည့်ကြစို့ဆိုလည်း မကြည့်ရဲဘူး။ ဒါပေမဲ့ မျက်ကွယ်ရောက်ပြီ ဆိုလို့ရှိရင်တော့ သူတစ်ပါးရဲ့ မကောင်းသတင်းတွေကို မြိန်ရေယှက်ရေ တဝကြီး ထိုင်ပြီး ပြောလေ့ရှိတယ်။ ဒီလို ပုဂ္ဂိုလ်တွေဟာ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို နောက်ကနေ စားတာနဲ့ သိပ်တူတဲ့အတွက် ဒီလိုပုဂ္ဂိုလ်တွေကို ပိဋ္ဌိမံသိကလို့ ခေါ်ပါတယ်တဲ့။ အဲဒီပိဋ္ဌိမံသိကခေါ်တဲ့ သူတစ်ပါးရဲ့ ဂုဏ်ကျေးဇူးမဲ့တွေကို မျက်ကွယ်မှာ ပြောနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို စားသုံးနေကြတယ်။ ဘယ့်နှယ်တုန်း ယောဂီတွေ အညှီအဟောက်တွေကို ဝဝ စားကြသလား? မဝတဝပဲ စားနေကြသလား? ကဲ - ဟုတ်ပြီ။ ယောဂီတွေကတော့ မဖြေဘူး။ ဘာဖြစ်လို့ မဖြေသလဲ? သိကြပါတယ်။ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားနေတဲ့ပုဂ္ဂိုလ်တွေသည် အညှီအဟောက်ကို စားနေတဲ့ပုဂ္ဂိုလ်တွေပဲတဲ့။
၄။ မိတ်ဆွေကို ပြစ်မှားတဲ့ စိတ်ထားရှိသူ
နောက်တစ်ခု --- (မိတ္တဒ္ဒုနော =) မိတ်ဆွေတို့ကို ပြစ်မှားတတ်ကြကုန်၏။ သူတော်ကောင်းဆိုတာက မိတ်ဆွေကို ပြစ်မှားတဲ့စိတ်ထား ရှိရမလား? မရှိရဘူးနော်။
မိတ္တဒ္ဒုနောတိ မိတ္တဒူဟကာ၊ ဒါရဓနဇီဝိတေသု ဝိဿာသမာပန္နာနံ မိတ္တာနံ တတ္ထ မိစ္ဆာပဋိပဇ္ဇနကာတိ ဝုတ္တံ ဟောတိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
မိမိကို သားတွေ သမီးတွေ ဇနီးတွေကိုသော်လည်း စွန့်လွှတ်ကာ ကူညီနေတဲ့ ပုဂ္ဂိုလ်တွေ, မိမိကို စည်းစိမ်ဥစ္စာတွေ စွန့်လွှတ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ, မိမိကို အသက်စွန့်ပြီးတော့ ကယ်တင်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ချစ်ကျွမ်းဝင်နေတဲ့ ပုဂ္ဂိုလ်တွေပဲ၊ အဲဒီလို မိတ်ကောင်း ဆွေကောင်းတွေ အပေါ်၌။ (မိစ္ဆာပဋိပဇ္ဇနကာ =) မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို သွားကျင့်တယ်။ ကာယကံဖြင့် မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို သွားကျင့်တယ်။ ဝစီကံဖြင့် မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို ကျင့်တယ်။ မနောကံဖြင့် မှားယွင်းဖောက်ပြန်နေတဲ့ အကျင့်တွေကို ကျင့်တယ်။ အဲဒီလို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို စားသုံးနေတယ်နော်။
၅။ အကြင်နာတရား ကင်းမဲ့သူ
နောက်တစ်ခု --- (နိက္ကရုဏာ =) ကြင်နာသနားခြင်း ကင်းမဲ့သော စိတ်ထား ရှိကြကုန်၏။
နိက္ကရုဏာတိ ကရုဏာဝိရဟိတာ သတ္တာနံ အနတ္ထကာမာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄၊၊)
နိက္ကရုဏာတိ = နိက္ကရုဏာဟူသည်ကား။ ကရုဏာဝိရဟိတာ = ကြင်နာ သနားခြင်းကရုဏာတရားမှ ကင်းသောစိတ်ထားရှိကြကုန်သည်ဖြစ်၍။ သတ္တာနံ = သတ္တဝါတို့၏။ အနတ္ထကာမာ = အကျိုးစီးပွားမဲ့ကို လိုလားတောင့်တကုန်သော စိတ်ထား ရှိကြကုန်၏။
ကြင်နာသနားတတ်တဲ့ စိတ်ထားတွေက ကင်းမဲ့နေပြီ။ သတ္တဝါတွေရဲ့ အကျိုးစီးပွားမဲ့ကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်တွေက ရှိနေပြီ။ စဉ်းစားကြည့်စမ်း။ ဘုန်းကြီး အစွဲအလမ်းရှိလို့ ပြောတာ မဟုတ်ပါဘူး။ သတ္တဝါ တစ်ယောက်ကို သတ်ဖြတ်ပြီး စားသောက်တယ်ဆိုတာ အဲဒီ အသတ်ခံရတဲ့ သတ္တဝါရဲ့ အကျိုးစီးပွားကို လိုလားတောင့်တတဲ့ စိတ်ထားများရှိတယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ စဉ်းစားကြနော်။ သတ်သူရှိလို့ စားသူရှိတယ်၊ စားသူရှိတော့လည်း သတ်သူက မရှိဘူးလား? ရှိပြန်တယ်။ သေကျေပျက်စီးသွားတဲ့ သတ္တဝါတွေဘက်ကို ပြန်ပြီးတော့ ကြည့်စမ်းပါ၊ ချမ်းချမ်း သာသာလေးနဲ့ သူသေရတာ ဟုတ်သလား? မဟုတ်ပါဘူးနော်။ မချိမဆန့် ရိုက်သတ်လို့ သို့မဟုတ် အကြောင်းအမျိုးမျိုးပေါ့လေ၊ နည်းမျိုးစုံဖြင့် သတ်ဖြတ်လို့ သေကျေပျက်စီးရတာ၊ အဲဒီသေကျေပျက်စီးသွားတဲ့ ဒီသတ္တဝါသည် မိမိစားတဲ့ဘက်ကတော့ ထားပေါ့၊ သေကျေပျက်စီးတဲ့ သတ္တဝါဘက် ပြန်ကြည့်ရင် ဒီလိုမချိမဆန့် ဆင်းရဲဒုက္ခခံပြီးမှ သေကျေရတယ်ဆိုတော့ ဒီသတ္တဝါကလေးတွေသည် သေပြီးနောက် ကောင်းရာသုဂတိ ရောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? တော်တော်လေး ခက်ခဲတယ်နော်။ ကြောက်ကြောက်လန့်လန့် ထိတ်ထိတ်ရွံ့ရွံ့ဖြင့် မသေရဘူးလား? သေရတယ်။ တချို့တချို့ သတ္တဝါတွေ သူတို့ကို သတ်တော့မယ် ဆိုတာသိတယ်။ အထူးသဖြင့် နွားတွေ သူတို့ကို သတ်မယ့်နေရာ ဆွဲခေါ်သွားပြီဆိုရင် မျက်ရည်တောင် ကျကြတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဘုန်းကြီးတို့ သတ္တဝါတွေကို ဒီလို သတ်ဖြတ်နေခြင်းသည် သတ္တဝါတွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်တွေ ရှိနေတယ်လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူး။ အဲဒီတော့ သတ္တဝါ တွေရဲ့ အကျိုးစီးပွားကို လိုလားတောင့်တနေတဲ့စိတ်ဓာတ် မရှိခြင်းသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲနော်။
နောက်တစ်ခု --- (အတိမာနိနော =) အလွန် မာန်မူတဲ့စိတ်ထားရှိကြကုန်၏။ မာန်မာနတွေ သိပ်ကြီးတာ၊ မတူဘူး, မတန်ဘူး, စိတ်က ဘယ်သူနဲ့မှ အဖက်မတန်ဘူး၊ သူ့စိတ်ထဲ သူ့ကိုယ်သူ ဘဝင်မြင့်နေတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘာဖြစ်သလဲ? မိမိရဲ့ အမျိုးဇာတ်ကို, မိမိရဲ့ ရုပ်အဆင်းကို, မိမိရဲ့ ဉာဏ်ပညာကို မိမိကို ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တွေကို စသည်ဖြင့် ဝတ္ထုတစ်ခုခုကို အခြေခံပြီးတော့ ဘာဖြစ်လဲ?
အညတရညတရေန ဝတ္ထုနာ ပရေ အတိမညတိ။ (ဋ္ဌ၊၁၊၃၀၄။)
တစ်မျိုးမျိုးသော ဝတ္ထုဖြင့် သူတစ်ပါးတွေကို မိမိက မထီမဲ့မြင်ပြုတယ်။ မိမိကိုယ်ကို မိမိ သိပ်ပြီးတော့ အထင်ကြီးနေတယ်နော်။ အဲဒီလို အထင်ကြီးနေတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ (ကေတုကမျတာ =) တံခွန်အလံကဲ့သို့ လွှားလိုတဲ့စိတ်ထား, အပေါ်ယံက အပေါ်စီးက အမြဲတမ်း နေချင်တဲ့ စိတ်ထား အမြဲတမ်း ရှိနေတယ်။ ဘုရားစေတီတော်တွေမှာ ဘေးမှာ တံခွန်တိုင်တွေ ရှိကြပါတယ်။ တံခွန်တိုင်ပေါ်မှာ အလံကလေးတစ်ခု တင်ထားရင် အလံသည် အမြင့်မှာနေပြီးတော့ တဖျပ်ဖျပ်နဲ့ လှုပ်မနေဘူးလား? လှုပ်နေတယ်။ အေး ဒီပုံစံအတိုင်းပဲ သတ္တဝါတွေ တစ်ဦးနဲ့တစ်ဦး ဆက်ဆံကြတဲ့ အပိုင်းမှာ တစ်ဦးနှင့်တစ်ဦး အပေါ်စီးက ဆက်ဆံပြီး အမြဲတမ်း မာန်မူနေတဲ့ စိတ်ထား အထင်ကြီးနေတဲ့ စိတ်ထားတွေက ရှိနေကြတယ်။ တစ်ဘက်ပုဂ္ဂိုလ်တွေကို အင်မတန် အထင်သေးကြတယ်။ အဲဒီလို အထင်သေးနေတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေ မာန်မာနအလွန်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၇။ ပေးလှူလေ့မရှိသူ
နောက်တစ်ခု --- (အဒါနသီလ =) ပေးကမ်းစွန့်ကြဲခြင်း အလေ့အထ မရှိကြလေကုန်။ ပေးကမ်းစွန့်ကြဲတဲ့ အလေ့အထမရှိဘူးဆိုတာက ဘာလဲ?
အဒါနသီလာတိ အဒါနပကတိကာ၊ အဒါနာဓိမုတ္တာ အသံဝိဘာဂရတာတိ အတ္ထော။ (ဋ္ဌ၊၁၊၃၀၄။)
ပေးကမ်းစွန့်ကြဲတဲ့ အလေ့အထ မရှိဘူးဆိုတာက အလှူဒါနပြုတဲ့ နေရာမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ စိတ်ထားမရှိခြင်း ခွဲခြမ်းဝေဖန် ပေးကမ်းလှူဒါန်းလိုတဲ့ စိတ်ဓာတ် မရှိခြင်းကို ပြောနေတယ်။ အဲဒီစိတ်ဓာတ် မရှိတာက ဘာကို အခြေခံလဲ? မိမိရရှိထားတဲ့ စည်းစိမ်ဥစ္စာ သို့မဟုတ် မိမိ ရရှိထားတဲ့ ပစ္စည်းလေးပါးအပေါ်၌ ငြိကပ်တွယ်တာနေတဲ့ စိတ်ဓာတ်အပေါ်မှာ အခြေမတည်ဘူးလား? တည်နေတယ်။ အဲဒီ ငြိကပ်တွယ်တာမှုပဲ။ အဲဒီ ငြိကပ်တွယ်တာမှုကို အကြောင်းခံပြီးတော့ ထပ်ဆင့် ဖြစ်ပွားလာတဲ့ တရား ဆိုတာတွေက ဘာတွေလဲ? ဝန်တိုမှုအညစ်အကြေးပဲ၊ မစ္ဆရိယအညစ်အကြေးပဲ၊ ဝန်တိုမှုအညစ်အကြေး မစ္ဆရိယအညစ်အကြေး တည်ရှိနေတဲ့ ပုဂ္ဂိုလ်သည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ နောက်တစ်ခု ---
န စ ဒေန္တိ ကဿစိ။
ကဿစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား။ ကိဉ္စိ = တစ်စုံတစ်ခုသော လှူဖွယ်ဝတ္ထုကိုမျှ။ န ဒေန္တိ = ပေးလှူလေ့ မရှိကြပေ။
မည်သည့်ပုဂ္ဂိုလ်ကိုမဆို နည်းနည်းပါးပါးလေးတောင် ပေးလှူလိုတဲ့ စိတ်ထား မရှိကြဘူး။ ဘာပြောသလဲ?
န စ ဒေန္တိ ကဿစီတိ တာယ စ ပန အဒါနသီလတာယ ယာစိတာပိ သန္တာ ကဿစိ ကိဉ္စိ န ဒေန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
(အဒါနသီလ =) မည်သည့်သတ္တဝါ တစ်စုံတစ်ယောက်အပေါ်၌ ပေးလှူတဲ့ အလေ့အထ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်က ဘာဖြစ်လဲ? လာပြီး သူ့ထံမှာ တစ်ခုခု တောင်းပြီ၊ တောင်းလိုက်လို့ရှိရင် တောင်းနေတဲ့ ပုဂ္ဂိုလ်ကို မည်သည့် ပစ္စည်းဝတ္ထုကိုမျှ တစ်စုံတစ်ခုကိုမျှ ပေးတဲ့အလေ့အထ မရှိဘူး။ အဒိန္နပုဗ္ဗကကုလခေါ်တဲ့ တစ်ခါမျှ မလှူဖူးတဲ့ အမျိုးအနွယ်တွေ လောကမှာ တစ်ခါတလေ ရှိတတ်ပါတယ်။ အဲဒီအမျိုးအနွယ်မှာရှိတဲ့ လူတွေလိုပဲတဲ့။ ဒီပုဂ္ဂိုလ်တွေဟာလည်း ဘာဖြစ်သလဲ? မိမိတို့ ပစ္စည်းဥစ္စာအပေါ်၌ တွယ်တာမက်မောနေတဲ့ ဒီစိတ်ဓာတ်တွေခြံရံပြီး ဘဝတစ်ခုကို အဆုံးသတ်သွားခဲ့ရရင် ဘာဖြစ်မလဲ?
အဒိန္နပုဗ္ဗကကုလေ မနုဿသဒိသာ နိဇ္ဈာမတဏှိကပေတပရာယဏာ ဟောန္တိ။
(နိဇ္ဈာမတဏှိကပေတပရာယဏာ =) ပြိတ္တာဘဝသို့ ရောက်သွားတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေပဲ။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ပြီးတော့မှ သုတ္တန်တစ်ခု ထပ်ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ (ယင်းသုတ္တန်ကို စာမျက်နှာ-၃၈၇-၌ ကြည့်ပါ။) နိဇ္ဈာမတဏှိကပြိတ္တာဆိုတာကတော့ မီးငုတ်တိုလိုပဲ။ အမြဲတမ်း ပူလောင်နေတဲ့ အပူဒဏ်တွေကို ခံရပြီးတော့ ဘုရား တစ်ဆူနဲ့တစ်ဆူအကြား ထမင်းတစ်လုံးတောင် မစားရဘူး။ ရေတစ်ပေါက်မှ မသောက်ရဘူး။ အဲဒီလို ပြိတ္တာမျိုးတွေပဲ၊ သစ်ငုတ်တိုလို အမြဲတမ်း ပူလောင်ပြီး မီးရှို့မြိုက်ခံနေရတဲ့ ပြိတ္တာမျိုးတွေပဲ။ အဲဒီလို ဘဝမျိုးကို ရောက်ရှိတတ်တယ်။ မိမိရရှိနေတဲ့ ပစ္စည်းဝတ္ထုအပေါ်၌ အလွန် မက်မောနေတဲ့ ဒီစိတ်ထားကြောင့် ဒီလို ဖြစ်ရတာနော်။ ဒီတော့ ကိုယ်ရရှိထားတဲ့ ပစ္စည်းဝတ္ထုအပေါ်၌ အလွန် မက်မောနေတဲ့ စိတ်ထားရှိနေရင် ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အပူဓာတ်တွေ ကိန်းဝပ်မနေဘူးလား? ရာဂမီးပဲ၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုအပေါ်၌ တစ်ဘက်ပုဂ္ဂိုလ် နည်းနည်းပါးပါး လာတောင်းတာတောင် ပေးချင်တဲ့စိတ်ထား နည်းနည်းမှ မရှိဘူး။ တွယ်တာမှု အရှိန်အဝါအပူဓာတ်တွေက သိပ်အားကောင်းနေတယ်။ အားကောင်းနေတဲ့ ဒီအကုသိုလ်ကံ လောဘကနေပြီးတော့ ခုလိုပြိတ္တာဘဝရောက်အောင် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်တယ်။ နောက်တစ်ခု ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ကေစိဝါဒဆိုပြီး ဝါဒလေးတစ်ခု ထပ်ဖွင့်ထားတယ်။
၈။ ယူတဲ့ဘက်ကသာ အမြဲနေသူ
ကေစိ ပန အာဒါနသီလာတိပိ ပဌန္တိ၊ (ဋ္ဌ၊၁၊၃၀၄။)
တချို့တချို့ ပုဂ္ဂိုလ်ကတော့ ဒီနေရာမှာ အဒါနသီလလို့ မရွတ်ဘဲ၊ အာဒါနသီလဆိုပြီး ဒီလို ရွတ်ဖတ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ ဘာပြောတာလဲ?
ကေဝလံ ဂဟဏသီလာ၊ ကဿစိ ပန ကိဉ္စိ န ဒေန္တိ။
ယူတဲ့ဘက်ကသာ အမြဲတမ်းနေတယ်။ ပေးတဲ့ဘက်က ဘယ်တော့မှ မနေဘူး။ အဲဒီလိုပုဂ္ဂိုလ်တွေကိုလည်း အာဒါနသီလလို့ ဒီလိုလည်း ခေါ်တယ်။ အဲဒီလို ယူတဲ့ဘက်မှာသာ အမြဲတမ်းနေပြီး ပေးတဲ့ဘက်မှာ နည်းနည်းမှ မနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတယ်နော်။ ကဲ ဂါထာလေး ပြန်ပြီးတော့ ဆက်စပ်ကြည့်ကြရအောင်နော်။
၁။ လူခသာ = မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်တဲ့ =အတ္တကိလမထ ကျင့်စဉ်ကို မှီဝဲဆည်းကပ်ခြင်း,
၂။ ဒါရုဏာ = ဆိုဆုံးမဖို့ရန်အတွက် အလွန် ခက်ခဲတဲ့ စိတ်နေစိတ်ထားတွေနဲ့ ယှဉ်တွဲပြီး နေထိုင်ခြင်း,
၃။ ပိဋ္ဌိမံသိကာ = ရှေ့မှာ ချိုမြိန်ကောင်းမြတ်တဲ့ စကားတွေကို ပြောပြီး နောက်ကွယ်ကျတော့ ကျေးဇူးမဲ့ ကဲ့ရဲ့စကားတွေကိုပဲ အာဘောင်အာရင်းသန်သန်နှင့် ပြောဆိုတတ်ခြင်း,
၄။ မိတ္တဒ္ဒုနော မိတ္တဒူဟကာ = မိတ်ဆွေကို ပြစ်မှားတဲ့ စိတ်ထားရှိခြင်း,
၅။ နိက္ကရုဏာ = သတ္တဝါတွေအပေါ်မှာ အကြင်နာတရားတွေ ကင်းမဲ့ ကာ အကျိုးစီးပွားမဲ့ကိုသာ လိုလားတောင့်တတဲ့ စိတ်ထား ရှိခြင်း,
၆။ အတိမာနိနော = မာန်မာနတွေ တစ်ပုံကြီးနှင့် ဘဝင်မြင့်ကာ တစ်ဘက်သားတွေကို မထီမဲ့မြင်ပြုခြင်း,
၇။ အဒါနသီလာ = ပေးကမ်းစွန့်ကြဲတဲ့ အလေ့အထ မရှိဘဲ မိမိပစ္စည်း အပေါ်မှာ နှမြောဝန်တိုတဲ့ စိတ်ထား ရှိခြင်း,
၈။ အာဒါနသီလာ = တစ်နည်းပြောရရင်တော့ --- ယူတဲ့ဘက်ကသာ အမြဲနေပြီးတော့ ပေးတဲ့ဘက်က ဘယ်တော့မှ မနေခြင်း, တစ်နည်းပြောရရင်တော့ မိမိရဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတွေအပေါ်မှာ နှမြောဝန်တို တွန့်တို ဆုတ်နစ်တဲ့ စိတ်ထား ထာဝစဉ် တည်ရှိနေခြင်းပဲ ဖြစ်တယ်။
ပေါင်းလိုက်တော့ ဒီဂါထာမှာ ဘုရားရှင်က ယုတ်ညံ့တဲ့ စိတ်နေစိတ်ထား (၈)မျိုးတို့ကို ဟောကြားထားတော်မူပါတယ်။ အဲဒီတရား (၈)မျိုးလုံးနဲ့ပဲ ဖြစ်စေ, တစ်မျိုးမျိုးနဲ့ပဲ ဖြစ်စေ ပြည့်စုံနေတဲ့ သူဟာ အာမဂန္ဓ = အညှီအဟောက်ကို စားသုံးနေတဲ့ သူပဲ ဖြစ်တယ်။
ကဿပမြတ်စွာဘုရားက တိဿရသေ့ကြီးကို ဟောတော်မူနေပြီ။ နောက်တစ်ခု မြတ်စွာဘုရား ဂါထာတစ်ခု ဆက်ပြီးတော့ ဟောတော်မူပြန် တယ်နော်။
ဓမ္မာဓိဋ္ဌာန်နည်းဖြင့် ဟောကြားတော်မူခြင်း
၄။ ကောဓော မဒေါ ထမ္ဘော ပစ္စုပဋ္ဌာပနာ၊
မာယာ ဥသူယာ ဘဿသမုဿယော စ။
မာနာတိမာနော စ အသဗ္ဘိ သန္ထဝေါ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ကောဓော စ = အမျက်ဒေါသထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ မဒေါ စ = မာန်မူခြင်း မာန်ယစ်ခြင်းလည်းကောင်း။ ထမ္ဘော စ =စိတ်ဓာတ် ခက်ထန်တင်းမာခြင်းလည်းကောင်း။ ပစ္စုပဋ္ဌာပနာ စ = ဆန့်ကျင်ဘက် ပြုလုပ်ခြင်းလည်းကောင်း။ မာယာ စ = လှည့်ပတ်ခြင်းလည်းကောင်း။ ဥသူယာ စ =ငြူစူစောင်းမြောင်းခြင်းလည်းကောင်း။ ဘဿသမုဿယော စ = ဝါကြွားပလွှား၍ ပြောဆိုခြင်းလည်းကောင်း။ မာနာတိမာနော စ = အလွန် မာန်မူခြင်းလည်းကောင်း။ အသဗ္ဘိ သန္ထဝေါ စ = မသူတော်တို့နှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခြင်းလည်းကောင်း။ ဧသ ဧသော = ဤ အမျက်ဒေါသထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းစတဲ့ သဘောတရားသည်။ အာမဂန္ဓော = အညှီအဟောက် မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော =အညှီအဟောက် မဟုတ်ပါပေ။
မြတ်စွာဘုရားက နောက်ထပ် အညှီအဟောက်အကြောင်းကို ဆက်ပြီးတော့ ဟောတော်မူတယ်။ အဲဒီတော့ ဒီနေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်နည်းအားဖြင့် မြတ်စွာဘုရားက ဒေသနာဂါထာနှစ်ခု ဟောတော်မူပြီးတဲ့နောက် တရား နာယူနေတဲ့ တိဿရသေ့ကြီးက စိတ်ဓာတ်တွေ တစ်မျိုးပြောင်းသွားတယ်။ ပြောင်းသွားလိုက်တဲ့ အချိန်အခါမှာ တိဿရသေ့ကြီးရဲ့ အာသယဓာတ်ခံတွေ ပြောင်းလဲသွားပြီဆိုတာလည်း ကဿပဘုရားရှင်က သိရှိတော်မူတဲ့အတွက် ဓမ္မာဓိဋ္ဌာနနည်းအားဖြင့် ဂါထာကလေး တစ်ခုကို ဆက်ပြီး ဟောတော် မူတာပါနော်။
၁။ ကောဓ = အမျက်ထွက်ခြင်း = ရန်ငြိုးဖွဲ့ခြင်း
အဲဒီတော့ ဒီနေရာမှာ (ကောဓ =) အမျက်ဒေါသထွက်တယ်။ တစ်နည်းတော့ ရန်ငြိုးဖွဲ့တယ်။ ဘယ်လိုရန်ငြိုးဖွဲ့တာလဲ? ဟို မင်္ဂလသုတ်တုန်းက ဘုန်းကြီး တစ်ခါပြောခဲ့ဖူးပါတယ်နော်။ ဒီပုဂ္ဂိုလ်ဟာ ငါ့ရဲ့ အကျိုးမဲ့ကို တစ်ချိန်က ပြုခဲ့ဖူးတယ်၊ ခုလည်း ပြုနေတယ်၊ နောင်လည်း ပြုလုပ်လိမ့်မယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဒီပုဂ္ဂိုလ်သည် ငါချစ်ခင်မြတ်နိုးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးမဲ့ကို ရှေးကလည်း ပြုခဲ့ဖူးတယ်၊ ယခုလည်း ပြုလုပ်နေတယ်၊ နောင်လည်း ပြုလုပ်လိမ့်မယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဒီပုဂ္ဂိုလ်တွေဟာ ငါမုန်းနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးကျေးဇူးတွေကို ရှေးကလည်း ပြုခဲ့ဖူးတယ်၊ ယခုလည်း ပြုလုပ်နေတယ်၊ နောင်လည်း ပြုလုပ်လိမ့်မယ် ဆိုပြီးတော့ ရန်ငြိုးဖွဲ့တယ်။ ဒီပုဂ္ဂိုလ်ဟာ ငါ့ရဲ့ အကျိုးကျေးဇူးကို ရှေးကလည်း မပြုခဲ့ဖူးဘူး၊ ခုလဲ မပြုဘူး၊ နောင်လည်း ပြုမှာမဟုတ်ဘူးဆိုပြီးတော့လည်း ရန်ငြိုး ဖွဲ့ပြန်တယ်။ ဒီပုဂ္ဂိုလ်ဟာ ငါချစ်ခင်မြတ်နိုးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျိုးကျေးဇူး ကို ရှေးကလည်း မပြုခဲ့ဖူးဘူး၊ ယခုလည်း မပြုဘူး၊ နောင်လည်း ပြုမှာ မဟုတ်ဘူး ဆိုပြီးတော့လည်း ရန်ငြိုး ဖွဲ့ပြန်တယ်။ ဒီပုဂ္ဂိုလ်က ငါမုန်းနေတဲ့ သူတွေရဲ့ အကျိုးမဲ့ကိုတော့ ရှေးကလည်း မပြုခဲ့ဖူးဘူး၊ ယခုလည်း မပြုဘူး၊ နောင်လည်း ပြုမှာမဟုတ်ဘူးဆိုပြီးတော့ ရန်ငြိုးဖွဲ့ပြန်တယ်။ ပေါင်းလိုက်တော့ (၁၈)မျိုးပဲ။ နောက်တစ်မျိုး ကျန်နေသေးတယ်၊ ဘာတဲ့လဲ --- အဋ္ဌာနကောပ တဲ့။ အရာဌာန မဟုတ်တဲ့ နေရာတွေမှာ ဒေါသလိုက်ထွက်နေတယ်၊ ရန်ငြိုးတွေ ဖွဲ့နေတယ်၊ ခလုတ်တိုက်တော့လည်း ဒေါသထွက်ပြန်တယ်၊ ဆူးစူးတော့လည်း ဒေါသထွက်ပြန်တယ်၊ မိုးရွာတော့လည်း ရွာလွန်းလို့, နေပူတော့လည်း ပူလွန်းလို့ စသည်ဖြင့် အရာဌာန မဟုတ်တဲ့ နေရာတွေမှာ ဒေါသမဖြစ်သင့်တဲ့ နေရာတွေမှာ ဒေါသ ဖြစ်နေပြန်တယ်၊ ရန်ငြိုးတွေ ဖွဲ့ပြန်တယ်။ ပေါင်းလိုက်တော့ (၁၉)မျိုးဆိုတဲ့ ရန်ငြိုးဖွဲ့ခြင်းတွေ ရှိတယ်။ အဲဒီလို ရန်ငြိုးဖွဲ့နေတဲ့ပုဂ္ဂိုလ်တွေ အမျက်ဒေါသ သိပ်ကြီးတဲ့ ပုဂ္ဂိုလ်တွေ အခဲမကြေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ နောက်တစ်ခု (မဒေါ =) မာန်ယစ်တယ်။
၂။ မဒ = မာန်ယစ်ခြင်း
ဇာတိ မဒေါ၊ ဂေါတ္တ မဒေါ၊ အာရောဂျ မဒေါတိအာဒိနာ နယေန ဝိဘင်္ဂေ ဝုတ္တပ္ပဘေဒေါ စိတ္တဿ မဇ္ဇနဘာဝေါ။ (ဋ္ဌ၊၁၊၃၀၄။)
အမျိုးဇာတ် မြင့်မြတ်မှုကို အခြေခံပြီးတော့ မာန်မူတယ်, မာန်ကြီးတယ်, မာန်ယစ်တယ်၊ ဆင်းသက်လာတဲ့ အစဉ်အဆက် အမျိုးအနွယ်တွေက သိပ်ပြီး အဆင့်အတန်း မြင့်နေတာကို အကြောင်းပြုပြီးတော့လည်း မာန်ယစ်တယ်၊ အနာရောဂါကင်းရှင်းမှုကို အကြောင်းပြုပြီးတော့ မာန်ယစ်တယ်၊ ရုပ်အဆင်း လှမှုကို အကြောင်းပြုပြီးတော့ မာန်ယစ်တယ်၊ စည်းစိမ်ဥစ္စာပေါများမှုကို အကြောင်းပြုပြီး မာန်ယစ်တယ်, ပညာဂုဏ်ကြီးမားမှုကို အကြောင်းပြုပြီးတော့ မာန်ယစ်တယ်စသည်ဖြင့် မာန်ယစ်ခြင်း အမျိုးမျိုးတွေ ရှိကြတယ်။ အဲဒီလို မာန်ယစ်နေတဲ့ပုဂ္ဂိုလ် မိမိကိုယ်ကို မိမိ အထင်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
၃။ ထမ္ဘ = စိတ်ဓာတ်ခက်ထန်တင်းမာခြင်း
နောက်တစ်ခု --- (ထမ္ဘ =) ထမ္ဘကို အဋ္ဌကထာဆရာတော်က (ထမ္ဘဘာဝ =) စိတ်ဓာတ်ခက်ထန်တင်းမာနေတဲ့ သဘောတဲ့။ မြွေတစ်ကောင်က ထွန်တုံးကို မြိုထားလိုက်တဲ့အချိန်အခါမှာ ကွေးလို့ ဆန့်လို့မရတဲ့ ပုံစံမျိုးလိုပေါ့။ နည်းနည်းမှ အောက်ချချင်တဲ့ စိတ်ထား အောက်ကျို့ချင်တဲ့စိတ်ထား မရှိဘူး။ နည်းနည်းကလေးတော့ ဝန်ချတောင်းပန်လိုက်လေ၊ လူကြီးတွေကို ဒီလို ပြစ်မှားတာ မကောင်းဘူး စသည်ဖြင့် ဆိုဆုံးမလိုက်တဲ့အခါ နည်းနည်းမှ အလျော့မပေးဘူး၊ စိတ်ဓာတ်တွေ အင်မတန် ခက်ထန်တင်းမာနေတယ်။ အဲဒီလို စိတ်ဓာတ်တွေ ခက်ထန်တင်းမာနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။
၄။ ပစ္စုပဋ္ဌာပနာ = ဆန့်ကျင်ဘက်ရပ်တည်နေမှု
နောက် (ပစ္စုပဋ္ဌာပနာ =) ပစ္စုပဋ္ဌာပနာဆိုတာနဲ့ ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်ထားတယ်။ ပစ္စုပဋ္ဌာပနာတိ ပစ္စနိကဋ္ဌာပနာ ဆန့်ကျင်ဘက် ရပ်တည်နေမှုပဲ။ မိမိရဲ့ စိတ်ဓာတ်ကို မိမိက ဆန့်ကျင်ဘက် ပြုလုပ်တဲ့ဘက်မှာ သွားပြီးတော့ ရပ်တည်ထားခိုင်းလိုက်တယ်။
ဓမ္မေန နယေန ဝုတ္တဿ ပဋိဝိရုဇ္ဈိတွာ ဌာနံ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဓမ္မေန နယေန = တရားသော နည်းလမ်းဖြင့်။ ဝုတ္တဿ = ပြောဆို ဆုံးမနေတဲ့ ပုဂ္ဂိုလ်အား။ ပဋိဝိရုဇ္ဈိတွာ = တစ်ဖန် ဆန့်ကျင်ဘက်ပြုလုပ်၍။ ဌာနံ = ရပ်တည်၍ နေခြင်းတည်း။
တရားသော နည်းလမ်းဖြင့် လာဆုံးမတယ်။ တရားသော နည်းလမ်းဆိုတာ ဘာပြောတာလဲ? ဘုရားရှင် ဟောကြားပြသဆိုဆုံးမနေတဲ့ နည်းလမ်း အတိုင်းပဲ။ အဲဒီနည်းလမ်းတွေက သုတ္တန်မှာလာတဲ့နည်းလမ်း, အဘိဓမ္မာမှာ လာတဲ့နည်းလမ်း, ဝိနည်းဒေသနာတော်မှာလာတဲ့နည်းလမ်း, အဲဒီနည်းလမ်းတွေကို တရားသောနည်းလမ်းတွေလို့ ခေါ်ပါတယ်။ ဝိနည်းဒေသနာတော် အရ မအပ်ဘူးလို့ ဘုရားရှင်က ပညတ်ထားရင် ဒါ မအပ်ဘူးလို့ သွားပြီးတော့ ဆုံးမတယ်။ ဝိနည်းဒေသနာတော်အရ ဒါ အပ်စပ်တယ်လို့ ဘုရားရှင်က ပညတ်ထားရင် ဒီအချက်က အပ်စပ်တယ်, ပြုလုပ်ပါဆိုပြီးတော့ သွားဆိုဆုံးမ ရတယ်။ ဒီလိုဆုံးမတာကို နည်းနည်းမှ လက်မခံဘူး။ သုတ္တန်ဒေသနာတော်နည်းအရ ဒီကျင့်ဝတ်တွေကို မကျင့်ရဘူး။ သွားပြီး ဆိုဆုံးမကြည့်တယ်။ အဲဒီလို ဆိုဆုံးမလိုက်မှ ပိုပြီး ဆိုးလာတယ်။ သက်သက် သူက ထိပ်တိုက် ဆန့်ကျင်ဘက်လုပ်ပြီးတော့ ရပ်တည်နေတယ်။ အဘိဓမ္မာဒေသနာတော်နည်းအရ ဒီလိုရာဂတွေ ထူပြောအောင် ရာဂထူပြောကြောင်းဖြစ်တဲ့ ကျင့်ဝတ်တွေ, ဒေါသထူပြောကြောင်းဖြစ်တဲ့ ကျင့်ဝတ်တွေ, မောဟထူပြောကြောင်း မာန်မာန ဣဿာ မစ္ဆရိယ ထူပြောကြောင်းဖြစ်တဲ့ ဒီလိုစိတ်နေ စိတ်ထားတွေ မထားသင့်ဘူးဆိုပြီးတော့ သွားပြီးတော့ ဆိုဆုံးမကြည့်တယ်။ ဆိုဆုံးမတဲ့အချိန်အခါမှာ ထိပ်တိုက် ဆန့်ကျင်ဘက် ပြုလုပ်ပြီးတော့ ရပ်တည် နေတယ်။ နောက်ထပ် ဘာပြောသေးလဲ? ငါက မခံချင်လို့ သက်သက် ဂွတိုက်နေတာ၊ ဒင်းကို ငါက အရေးနည်းနည်းကလေးမှ မစိုက်ဘူး။ ငါဟာ ဘယ်လိုလူစားဆိုတာ သိအောင်လို့ ငါက အကြောင်းပြနေတာ ဒီလိုပြောဆိုကာ တကယ်တော့ သူသက်သက် ဆန့်ကျင်ဘက် ဂွတိုက်တဲ့ ပုံစံသာ ဖြစ်ပါတယ်။ အဲဒီလို ဂွတိုက်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတာကို ဘုန်းကြီးထပ်ပြောပါ့မယ်။ (စာမျက်နှာ-၃၉၂-၃၉၄။ ၄၂၂-၄၂၃။ တို့၌ ကြည့်ပါ။)
၅။ မာယာ = လှည့်ပတ်မှု
နောက်တစ်ခု --- (မာယာ =) လှည့်ပတ်နေတယ်။ ဘယ်လိုလဲ?
မာယာတိ ဣဓေကစ္စော ကာယေန ဒုစ္စရိတံ စရိတွာတိအာဒိနာ နယေန ဝိဘင်္ဂေ ဝိဘတ္တာ ကတပါပပဋိစ္ဆာဒနတာ။ (ဋ္ဌ၊၁၊၃၀၄။)
ဘုရားရှင်ဟောကြားထားတော်မူတဲ့ ဝိဘင်းပါဠိတော်ကြီးမှာ မာယာအကြောင်း လာရှိတယ်။ မိမိက သူ့အသက်လည်း သတ်တာပဲ၊ သူ့ပစ္စည်းလည်း မတရားယူတာပဲ၊ သူ့သားမယားတွေလည်း ဖျက်ဆီးတာပဲ၊ ဒီလို ကာယဒုစရိုက်တွေကို လွန်ကျူးထားတယ်။ လွန်ကျူးထားပါလျက်နဲ့ ကျုပ်တို့က ဒီလို ကာယဒုစရိုက်မျိုးကို ဘယ်တော့မှ မလွန်ကျူးပါဘူးဆိုပြီးတော့ မိမိလွန်ကျူးထားတဲ့ ပြုလုပ်ထားတဲ့ မကောင်းမှုကို ဖုံးလွှမ်းထားတယ်။ အဲဒါ ဘာလုပ်တာလဲ? မာယာ။ မိမိက ဝစီဒုစရိုက်တွေကို ပြောတယ်၊ မုသားလည်း ပြောတယ်၊ ကုန်းတိုက်စကားလည်း ပြောတယ်၊ ကြမ်းတမ်းတဲ့စကားလည်း ပြောတယ်၊ ပြိန်ဖျင်းတဲ့စကားတွေလည်း ပြောတယ်၊ ဩော်! ကျုပ်က ဒါမျိုး မပြောပါဘူး ဆိုပြီးတော့ ထင်ရှားရှိနေတဲ့ အပြစ်တွေကို လှမ်းပြီး ဖုံးလွှမ်းနေတာပဲ။ အဲဒီလို မိမိမှာ ထင်ရှားရှိနေတဲ့ အပြစ်တွေကို ဖုံးလွှမ်းနေတဲ့ ပုဂ္ဂိုလ်ကို မာယာများတဲ့ ပုဂ္ဂိုလ်လို့ခေါ်တယ်။ အဲဒီမာယာများနေတဲ့ပုဂ္ဂိုလ်သည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ နောက်တစ်ခု --- မနောဒုစရိုက်၊ မနောဒုစရိုက်တွေကို မိမိက တွင်တွင်ကြီး လွန်ကျူးနေတယ်။ တစ်ဖက်ပုဂ္ဂိုလ်ကနေပြီးတော့ ပြောလိုက်တဲ့ အချိန်အခါမှာ ဩော်! ကျုပ်တို့ကတော့ ဒီလိုစိတ်ထားမျိုး မရှိပါဘူး ဆိုပြီးတော့ လှည့်ပတ်လိုက်တယ်။ မိမိမှာ ထင်ရှားရှိနေတဲ့ မကောင်းမှုကို ဖုံးလွှမ်းလိုက် တာပဲ။ အဲဒီလို မိမိမှာ ထင်ရှားရှိနေတဲ့ မကောင်းမှုကို ဖုံးလွှမ်းခြင်းကို မာယာလို့ခေါ်တယ်။ အဲဒီလို မာယာရှိနေတဲ့ပုဂ္ဂိုလ်, လှည့်ပတ်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။
၆။ ဥသူယာ = ငြူစူစောင်းမြောင်းခြင်း
နောက်တစ်ခု --- (ဥသူယာ =) ငြူစူစောင်းမြောင်းနေတယ်။ ဘယ်လို ငြူစူစောင်းမြောင်းသလဲလို့ မေးတော့ ---
ဥသူယာတိ ပရလာဘသက္ကာရာဒီသု ဣဿာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဥသူယာတိ =ဥသူယာဟူသည်ကား။ ပရလာဘသက္ကာရာဒီသု = သူတစ်ပါးတို့၏ လာဘ်လာဘရရှိခြင်း, အရိုအသေခံရခြင်း, အလေးအမြတ် ခံရခြင်း, အပူအဇော်ခံရခြင်း, အမြတ်အနိုးခံရခြင်းစသည်တို့၌။ ဣဿာ = ငြူစူစောင်းမြောင်းသော စိတ်ထားရှိခြင်းတည်း။
သူတစ်ပါးတွေ လာဘ်လာဘရတယ်။ လာဘ်လာဘရထိုက်တဲ့ ပါရမီ ဘုန်းကံကလေးတွေ သူ့မှာ တည်ရှိနေသည့်အတွက် ဒီလာဘ်လာဘတွေက သူ့မှာ ပေါများခြင်းဖြစ်တယ်။ အဲဒါကို မိမိက ကြည့်လို့မရပြန်ဘူးတဲ့။ အဲဒီလို ကြည့်လို့မရတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ သူတစ်ပါးတွေက အပူဇော်သက္ကာရတွေ ခံရတယ်၊ အမြတ်နိုးခံရတယ်၊ အပူဇော်ခံရတယ်၊ အလေးစားခံရတယ်၊ အကြည်ညိုခံနေရတယ်၊ သူတစ်ပါးတွေ အရိုအသေ အလေးအမြတ် အပြုခံရခြင်း, အမြတ်အနိုးခံရခြင်း, အကြည်ညိုခံရခြင်း, အပူဇော်ခံရခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်တွေကို ကြည့်ပြီးတော့ မိမိက စိတ်ထဲမှာ အခဲမကျေ မကျေမနပ် ဖြစ်တယ်၊ ကြည့်လို့မရ ဖြစ်နေတယ်။ ဒီလိုယုန်တော့ ချုံတိုင်းရှိရဲ့၊ ဒီးဒုတ်လောက်တော့ ငှက်တိုင်းလှရဲ့ ဆိုတဲ့ စိတ်ထားမျိုးတွေကို တိုးပွားအောင်ပဲ မွေးမြူနေတယ်။ အဲဒီလို ကြည့်လို့မရဖြစ်နေရင် မိမိဟာ ငြူစူစောင်းမြောင်းတဲ့ စိတ်ထားရှိနေတဲ့ ပုဂ္ဂိုလ်လို့ ဒီလို ခေါ်ရတယ်။ အဲဒီလို ငြူစူစောင်းမြောင်းတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ နောက်တစ်ခု ---
၇။ ဘဿသမုဿယ = အပေါ်စီးကနေပြီး စကားပြောခြင်း
ဘဿသမုဿယောတိ သမုဿိတံ ဘဿံ၊ အတ္တုက္ကံသနတာတိ ဝုတ္တံ ဟောတိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၄။)
ဘဿသမုဿယ-ဆိုတာ ဘဿ-က စကားပြောတာ၊ သမုဿယ-က အပေါ်စီးကနေတာ။ အပေါ်စီးကနေပြီးတော့ စကားပြောတယ်ဆိုတာက ဘာလဲလို့မေးတော့ အတ္တုက္ကံသနတာတိ ဝုတ္တံ ဟောတိ မိမိကိုယ်ကို မိမိက ချီးမြှောက်တယ်။ မိမိကိုယ်ကို မိမိအပေါ်ကနေ ထားတယ်။ သူတစ်ပါးကို အောက်ကနေပြီး နှိမ်ချထားတယ်။ မိမိကိုယ်ကို အပေါ်မြှောက်ပြီးတော့ သူတစ်ပါးတွေကို အောက်ကထားနေတဲ့ ဒီစိတ်ထားသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ ဒါ အကုသိုလ်တရားတွေကို မွေးမြူနေတာပါနော်။
၈။ မာနာတိမာန = မာန်မာနအလွန်ကြီးခြင်း
နောက်တစ်ခု --- (မာနာတိမာနော =) မာန်မာနတွေ သိပ်ကြီးတယ်။ ဒီစကားလုံးတွေကို ဘုရားရှင်က ထပ်ခါထပ်ခါ ဘာကြောင့် ဟောနေရသလဲလို့မေးရင်တော့ - နောက်ပိုင်းမှာ အဋ္ဌကထာဆရာတော်ကလည်း ထပ်ခါ ထပ်ခါ ဖွင့်ထားပါတယ်။ ဘုရားရှင်အနေနဲ့ ဒီမကောင်းတဲ့ အကုသိုလ် ဒုစရိုက် တွေ စိတ်နေစိတ်ထားတွေကို ဒီသတ္တဝါရဲ့ သန္တာန်မှာ ကိန်းဝပ်တည်ရှိတာကို အလိုမရှိဘူး။ ဘာဖြစ်လို့လဲ? ဒီစိတ်နေစိတ်ထားတွေက နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး သတ္တဝါတွေကို အပါယ်လေးဘုံ အစရှိတဲ့ အလွန် ဆင်းရဲဒုက္ခပြည့်နှက်နေတဲ့ နေရာတွေကို ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအား အပြည့်အဝ ရှိနေတယ်ဆိုတာ သိတော်မူတယ်။ သိလိုက်တဲ့အတွက် ဒီစိတ်နေစိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်စေချင်တဲ့ ဆန္ဒဓာတ်တော် ကဿပမြတ်စွာဘုရားမှာကော ဒုတိယ အကြိမ် ထပ်မံပြီးတော့ ကဿပဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း အာမဂန္ဓပုဏ္ဏားအမှူးရှိနေတဲ့ ပုဏ္ဏားငါးရာတို့အား ဟောကြားပြသ ဆိုဆုံးမတော်မူနေတဲ့ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ သန္တာန်မှာရော တည်ရှိတယ်နော်။ ဒါကြောင့် ဒီ (မာနာတိမာန =) အလွန့်အလွန် မာန်မူတယ်ဆိုတဲ့ စကားလုံးလေးကို ဘုရားရှင်က ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဒီဂါထာတွေထဲမှာ ထည့်ပြီး ဟောနေတယ်နော်။
မာနာတိမာနောတိ ဣဓေကစ္စော ဇာတိယာ ဝါ ။ပ။ အညတရညတရေန ဝတ္ထုနာ ပုဗ္ဗကာလံ ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ အပရကာလံ အတ္တာနံ သေယျံ ဒဟတိ၊ ပရေ ဟီနေ ဒဟတိ၊ ယော ဧဝရူပေါ မာနော။ပ။ ကေတုကမျတာ စိတ္တဿာတိ ဝိဘင်္ဂေ ဝိဘတ္တော။ (ဋ္ဌ၊၁၊၃၀၄-၃၀၅။)
ဝိဘင်းပါဠိတော်ကြီးကို ကိုးပြီးတော့ အဋ္ဌကထာဆရာတော်က ဖွင့်နေတယ်။ ဘာပြောတာလဲ? ဝတ္ထုတစ်ခုခုပေါ့လေ။ ဝတ္ထုတစ်ခုခု ဆိုတာက မိမိရဲ့ အမျိုးအနွယ်က ပိုမြင့်မြတ်လို့ မိမိရဲ့ ပညာဂုဏ်သိက္ခာက ပိုပြီး အဆင့်အတန်း မြင့်မားလို့ မိမိရဲ့သီလဂုဏ်ကျေးဇူးက, မိမိရဲ့သမာဓိဂုဏ်ကျေးဇူးက, မိမိရဲ့ ဝိပဿနာဉာဏ်တွေက ပိုပြီး အဆင့်မြင့်လို့ စသည်ဖြင့် ဝတ္ထုတစ်ခုခုကို အခြေတည်ပြီးတော့ မိမိက ကြွားလုံးထုတ်မယ်။ မာန်မာနကြီးမှာ ဖြစ်တယ်။အဲဒီရှေ့ပိုင်းကာလမှာကျတော့ ဘာဖြစ်လဲ? ရှေ့မှာဆိုလို့ရှိရင်တော့ ---
ပရေဟိ သဒိသံ အတ္တာနံ ဒဟတိ၊ မိမိနဲ့ သူတစ်ပါးကို တန်းတူ သူက ထားလိုက်တယ်။
အပရကာလံ အတ္တာနံ သေယျံ ဒဟတိ၊ နောက်ပိုင်းကာလကျတော့ မိမိက သူတို့ထက် သာလွန်ပြီး မြင့်မြတ်ပါတယ်ဆိုပြီးတော့ မိမိကိုယ်ကို မိမိက နေရာထားပေးလိုက်တယ်။
ပရေ ဟီနေ ဒဟတိ၊
ပရေ = သူတစ်ပါးတို့ကို။ ဟီနေ = ယုတ်ညံ့တဲ့နေရာ၌။ ဒဟတိ = ထားတတ်၏။
သူတစ်ပါးတွေကို မိမိထက် အဆင့်အတန်းနိမ့်နေတဲ့နေရာမှာ သွားပြီးတော့ ထားလိုက်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေဟာ ဘာလုပ်တာလဲ? အလွန့် အလွန် မာနကြီးနေတယ်လို့ ခေါ်ရတယ်။ ဒီလို အလွန့်အလွန် မာနကြီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတယ်။ နောက်တစ်ခု ---
၉။ အသဗ္ဘိ သန္ထဝေါ = မသူတော်တို့နှင့် ပေါင်းဖော်ခြင်း
အသဗ္ဘိ သန္ထဝေါတိ အသပ္ပုရိသေဟိ သန္ထဝေါ။
မသူတော်တွေနဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ပြီးတော့ နေထိုင်တယ်။ ဟို မင်္ဂလသုတ်မှာ ဟောခဲ့တဲ့ အသေဝနာ စ ဗာလာနံ ဆိုတဲ့ မင်္ဂလာအတိုင်းပဲနော်။ လူမိုက်တွေနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်နေတဲ့ သူတွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင် နေတယ်။ ဒါဖြင့်ရင် သူ့အသက်သတ်တဲ့သူနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ပြီး မိတ်ဖွဲ့နေခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတယ်ခေါ်တယ်။ သူ့ပစ္စည်း မတရားယူတတ်တဲ့ပုဂ္ဂိုလ် သူ့သားမယားဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်ခဲ့ရင် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ အလားတူပဲ မုသားပြောနေတဲ့ပုဂ္ဂိုလ်နဲ့ မိမိက သွားပြီး ပေါင်းဖော်ယှဉ်တွဲမှီဝဲ ဆည်းကပ်ခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ အလားတူပဲနော်။ ကျန်တဲ့ ကာယဒုစရိုက် ဝစီဒုစရိုက် မနော ဒုစရိုက်ခေါ်တဲ့ ဒီဒုစရိုက်တရားတွေကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေကို လူမိုက်လို့ ခေါ်တယ်။ အဲဒီမသူတော်လူမိုက်တွေနဲ့ သွားပြီး ပေါင်းဖော်ယှဉ်တွဲ မှီဝဲ ဆည်းကပ်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ ဒီလိုဆိုလို့ရှိရင် ယောဂီတွေ မုသားပြောနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းရမလား မပေါင်းရဘူးလား? ပေါင်းခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ သူတစ်ပါး မကောင်းကြောင်းကို အာသွက် လျှာသွက် လက်သွက်သွက်နဲ့ ပြောနေတဲ့ ပုဂ္ဂိုလ် တွေနဲ့ ပေါင်းရမလား မပေါင်းရဘူးလား? ပေါင်းခဲ့ရင် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ ဒါ သတိရှိဖို့လိုတယ် နော်။ မိမိတို့ နေ့စဉ်တွေ့ကြုံနေရမယ့် အခက်အခဲကလေးတွေပဲ။ နေ့စဉ်နေ့စဉ် မိမိတို့ရဲ့ စိတ်နေစိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဒီနေရာမှာလည်း ဓမ္မာဓိဋ္ဌာန်နည်းအားဖြင့် တင်ပြခဲ့တဲ့ (၉)မျိုးသော အညှီအဟောက်တွေကို ဟောကြားတော်မူလိုက်ပါတယ်။
ပုဂ္ဂလာဓိဋ္ဌာန်နည်းအားဖြင့် ထပ်မံ ဟောကြားတော်မူခြင်း
၅။ ယေ ပါပသီလာ ဣဏဃာတသူစကာ၊
ဝေါဟာရကူဋာ ဣဓ ပါဋိရူပိကာ။
နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသံ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေ ဇနာ = အကြင်လူသားတို့သည်ကား။ ဣဓ = ဤလောက၌။ ပါပ သီလာ = ယုတ်မာသော ကိုယ်ကျင့်သီလရှိကြကုန်၏။ ဣဏဃာတာ = သူတစ်ပါး၏ ကြွေးမြီကိုယူ၍ မဆပ်ဘဲ ဖျက်ဆီးလေ့ရှိကြကုန်၏။ သူစကာ = ကုန်းချောတဲ့ အလေ့အထ ရှိကြကုန်၏။ ဝေါဟာရကူဋာ = တံစိုးလက်ဆောင် စား၍ မတရားသော နည်းလမ်းဖြင့် တရားစီရင်လေ့ရှိကြကုန်၏။ ပါဋိရူပိကာ = အတုပြုလုပ်၍ လှည့်ပတ်တတ်ကြကုန်၏။ ဣဓ = ဤလောက၌။ နရာဓမာ = အမိ, အဖ, ဘုရား, ပစ္စေကဗုဒ္ဓ အစရှိသော သူတော်ကောင်းတို့အပေါ်၌။ ကိဗ္ဗိသံ = ရက်စက်ကြမ်းကြုတ်မှုကို။ ကရောန္တိ = ပြုလုပ်၍ နေတတ်ကြကုန်၏။ ဧသ ဧသော = ဤယုတ်မာသော ကိုယ်ကျင့်တရားရှိခြင်းစတဲ့ ဤသဘောတရားသည်ကား။ အာမဂန္ဓော = အညှီအဟောက်မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အာမဂန္ဓ အညှီအဟောက် မမည်ပါပေ။
နောက်ဂါထာတစ်ခုပဲနော် ---
လောကမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ဓမ္မာဓိဋ္ဌာန်နည်းအားဖြင့် ဒေသနာကို မြတ်စွာဘုရားဟောပြီးတဲ့အခါ နောက်ထပ်တစ်ဖန် ပုဂ္ဂလာဓိဋ္ဌာန် နည်းအားဖြင့် မြတ်စွာဘုရားက ဒေသနာတော်ကို ပြန်ပြီးတော့ ဟောတော်မူပြန်တယ်။ လောကမှာ တချို့တချို့ ပုဂ္ဂိုလ်တွေက ဘယ်လိုရှိလဲ?
၁။ ပါပသီလာ = ယုတ်မာတဲ့ ကိုယ်ကျင့်တရားရှိသူ
ယေ ပါပသီလာတိ ယေ ပါပသမာစာရတာယ ပါပသီလာတိ လောကေ ပါကဋာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ယုတ်မာတဲ့အကျင့်တွေ ရှိနေတဲ့အတွက်ကြောင့် ယုတ်မာတဲ့ ကိုယ်ကျင့် သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုပြီးတော့ လောကမှာ ထင်ရှားနေတယ်။ ဒီလို လောကမှာ ယုတ်မာတဲ့ ကိုယ်ကျင့်တရားရှိတဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ ထင်ရှားနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၂။ ဣဏဃာတာ = ကြွေးကို ပြန်မဆပ်သူ
နောက်တစ်ခု--ဣဏဃာတသူစကာတဲ့၊ ဣဏဃာတ - က သတ်သတ် သူစကာ - က သတ်သတ်ပဲ။ ဣဏဃာတဆိုတာက ဘာလဲလို့မေးရင်တော့
ဣဏံ ဂဟေတွာ တဿ အပ္ပဒါနေန ဣဏဃာတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ကြွေးယူလိုက်တယ်၊ ယူပြီးတဲ့အချိန်အခါမှာ အဲဒီကြွေးကို ဘယ်တော့မှ ပြန်ပြီးတော့မဆပ်ဘူး။ ကြွေးရှင်ကို ပျက်စီးသွားအောင် ဖျက်ဆီးပစ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ကြွေးယူပြီးတော့ ကြွေးရှင်ကို ပျက်စီးအောင် ဖျက်ဆီးနေတဲ့ ဒီပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ လောကမှာ တော်တော်ကြီး ဝမ်းနည်းဖို့ ကောင်းပါတယ် နော်။ ဒီနေ့ပဲ တောကျောင်းကို ဒကာတချို့ ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ ညီအငယ်ဆုံးတစ်ယောက်ဟာ ကြွေးတွေတင်ပြီးတော့ စိတ်ဓာတ်တွေ ကျဆင်းပြီးတော့ စိတ်ထိခိုက်ပြီး ကွယ်လွန်သွားတဲ့အကြောင်း လာပြီးတော့ လျှောက်ထားကြတယ်။ ဒီကြွေးတွေက ဘာကြောင့် သူ့မှာ ကြွေးတင်ရသလဲ ဆိုတော့ သူ့အပေါ်မှာ လာပြီး လိမ်လည်လှည့်ဖြားပြီး ယူသွားတဲ့ပုဂ္ဂိုလ်တွေက အလွန်များသွားကြတယ်။ အဲဒီ လိမ်လည်လှည့်ဖြားတဲ့ ပုဂ္ဂိုလ်တွေဆိုတာကလည်း တစ်နည်းတစ်ဖုံအားဖြင့် ဒီသုတ္တန်နည်းအရ ပြောတော့ သူ့ထံမှာ လာပြီးတော့ ကြွေးယူကြတာပဲ။ အဲဒီ ကြွေးယူတဲ့ ပုဂ္ဂိုလ်တွေက ကြွေးပြန်ပြီးတော့ မဆပ်ဘဲနဲ့ လှည့်ပတ်ပြီးတော့ အသက်တစ်ချောင်းကိုပင်သော်လည်း သေကျေပျက်စီးသွားတဲ့အထိ လိမ်လည်ထားလိုက်တဲ့အတွက် ထို လိမ် လည်နေတဲ့ ပုဂ္ဂိုလ်တွေသည် ကြွေးရှင်ကို ပျက်စီးအောင် ဖျက်ဆီးတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ ဒီလို ကြွေးယူပြီးတော့ ကြွေးပြန်မဆပ်ဘဲ ကြွေးရှင်ကို ပျက်စီးအောင် ဖျက်ဆီးနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၃။ သူစကာ = ကုန်းတိုက်စကား ပြောကြားသူ
နောက်တစ်ခု --- ဘာလဲ? သူစကာတဲ့ (ပေသုညေန သူစကာ စ =) ကုန်းတိုက်စကားပြောကြတယ်။ ဒီစကား ဟိုပို့, ဟိုစကား ဒီပို့နဲ့ ပြဿနာတွေ ရှုပ်ထွေးအောင် ပြုလုပ်နေတယ်။ အဲဒီလို ပြဿနာတွေ ရှုပ်ထွေးအောင် ပြုလုပ်ပြီးတော့ ကုန်းချောစကားတွေကို ပြုကျင့်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ နောက်တစ်ခု ---
၄။ တံစိုးလက်ဆောင်စားပြီး တရားစီရင်သူ
ဝေါဟာရကူဋာ ဣဓ ပါဋိရူပိကာတိ ဓမ္မဋ္ဋဋ္ဌာနေ ဌိတာ လဉ္ဇံ ဂဟေတွာ သာမိကေ ပရာဇေန္တာ ကူဋေန ဝေါဟာရေန သမန္နာဂတတ္တာ ဝေါဟာရကူဋာ။
(ဓမ္မဋ္ဋဋ္ဌာနေ =) တရားစီရင်ဆုံးဖြတ်တဲ့နေရာမှာ ရပ်တည်ပြီး နေကြတဲ့ ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တွေက ဘာလုပ်သလဲ? (လဉ္ဇံ ဂဟေတွာ =) တံစိုးလက်ဆောင်တွေ ယူတယ်၊ တံစိုးလက်ဆောင်တွေ စားကြတယ်၊ စားပြီးတော့ (သာမိကေ ပရာဇေန္တာ =) ဥစ္စာရှင် ပိုင်ရှင်အစစ်တွေကို ရှုံးစေတယ်။ တရားရုံးမှာနော်။
ကူဋေန ဝေါဟာရေန သမန္နာဂတတ္တာ ဝေါဟာရကူဋာ၊
ကောက်ကျစ်စဉ်းလဲတဲ့ တရားစီရင်ဖြတ်ထုံးတွေနဲ့ ပြည့်စုံနေတဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်တွေကို (ဝေါဟာရကူဋာ =) တရားစီရင်တဲ့နေရာမှာ ကောက်ကျစ်စဉ်းလဲမှုရှိနေတဲ့ တရားသူကြီးတွေပဲလို့ခေါ်တယ်။ အဲဒီလို တံစိုး လက်ဆောင်တွေ စားပြီးတော့ ကောက်ကျစ်စဉ်းလဲတဲ့ တရားစီရင်ထုံးတွေကို ဆုံးဖြတ်ချက်ချနေတဲ့ တရားသူကြီးတွေဟာ အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေကြတာတဲ့။ သို့သော် ဒီအထဲ တရားသူကြီးသာ ပါတယ်၊ ရှေ့နေတော့ ထည့်မထားဘူး၊ ဘုန်းကြီးကတော့ ရှေ့နေပါပါနေတယ်လို့ ထင်တယ်။ ကဲ နောက်တစ်ခု ---
၅။ သီလရှိသယောင် တရားရှိသယောင် ဟန်ဆောင်သူ
ဓမ္မဋ္ဌပဋိရူပကတ္တာ ပါဋိရူပိကာ။ အစစ်နဲ့အတု နှစ်မျိုး ရှိပါတယ်နော်။ အဲဒီ အစစ်အတု နှစ်မျိုး ရှိတဲ့အနက်က ဒီနေရာမှာ အယောင်ဆောင်တယ်။ ဘယ်လိုလဲ? ---
ပါဋိရူပိကာတိ ဒုဿီလာ။ တေ ဟိ ယသ္မာ နေသံ ဣရိယာပထသမ္ပဒါဒီဟိ သီလဝန္တပဋိရူပံ အတ္ထိ၊ တသ္မာ ပဋိရူပါ၊ ပဋိရူပါ ဧဝ ပါဋိရူပိကာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
တရားစစ် တရားမှန်မှာ တကယ်ရပ်တည်မှု မရှိပါဘဲလျက်နဲ့ တရားစစ် တရားမှန်မှာ မိမိတို့က ရပ်တည်နေပါတယ်ဆိုပြီးတော့ ဒီလို ကြွားလုံးထုတ်တယ်။ အဲဒါကိုလည်း ပါဋိရူပိကာလို့ ခေါ်ပါတယ်။ နောက်တစ်ခုကတော့ ဒီသာသနာတော်မှာ တကယ်သီလမရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဒုဿီလ ပုဂ္ဂိုလ်တွေပဲ၊ အဲဒီ ဒုဿီလပုဂ္ဂိုလ်တွေက သီလ တကယ်ရှိနေတဲ့ပုဂ္ဂိုလ် ယောင်ဆောင်ကြတယ်။ ဘယ်လိုလဲ? ---
ဣရိယာပထသမ္ပဒါဒီဟိ သီလဝန္တပဋိရူပံ အတ္ထိ။(သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅၊၊)
ဣရိယာပုထ်ကလေးတွေနဲ့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် သီလရှိနေတဲ့ ပုံစံအသွင် ပေါ်လာအောင် နေထိုင်ပြီး ပြတယ်။ ခြေထောက်ကလေးကို ကြွပုံ လှမ်းပုံ ချပုံကလည်း သိပ်ဣန္ဒြေရတယ်။ မျက်လုံးကလည်း ဘယ်မှ မကြည့်ဘူး၊ အတွင်းကြည့်လိုက်တော့ ကိုယ်ကျင့်သီလရှိသလား? မရှိဘူး။ အပေါ်ယံ ကြည့်လိုက်မယ်ဆိုရင်တော့ ကိုယ်ကျင့်သီလနဲ့ တကယ် ပြည့်စုံနေတဲ့ ပုံသဏ္ဌာန်အသွင်ကို ဆောင်နေတယ်။ ချဲနံပါတ် မမြင်ဘဲနဲ့ မြင်တဲ့ပုံစံပေါ့နော်။ဘုန်းကြီး ဆွမ်းခံတုန်းကတော့ တွေ့တွေ့နေပါတယ်။ ချဲဖွင့်ခါနီးပြီဆိုရင်တော့ ရသေ့ကြီးတွေ သပိတ်ထဲ ချဲနံပါတ်တွေ ထည့်ပြီးတော့ ဒေါက်ချာကြီးတွေလည်း ဆောင်းပြီးတော့ လာပြီ။ တွေ့တဲ့သူတိုင်းကို ချဲနံပါတ် ပေးသွားတယ်။ တစ်ယောက်ပေးတဲ့ ချဲနံပါတ်နဲ့ တစ်ယောက်ပေးတဲ့ ချဲနံပါတ်ကတော့ မတူဘူး။ နံပါတ်တစ်ထောင်ဆိုလား ဘာဆိုလား အကွက်တစ်ထောင်ဆိုလား၊ အကွက်ပြည့်အောင် ပေးသွားမယ်ဆိုလို့ရှိရင်တော့ ဒီထဲတစ်ကွက်တော့ မပေါက်ဘူးလား? ပေါက်မှာပဲ၊ ဟုတ်တယ်မဟုတ်လား? ဒီတော့ တကယ် သမာဓိရှိလို့ မြင်တယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ပုံစံတစ်မျိုးတော့ သွားကောင်းသွားပါလိမ့်မယ်။ သွားကောင်းသွားတယ်ဆိုတာက မလုပ်သင့်လို့ပါ။ ဒီချဲပေးတယ်ဆိုတဲ့အလုပ်က ပေါက်တဲ့ပုဂ္ဂိုလ်မှာလည်း အလကားသက်သက် ပေါက်တာ မဟုတ်ဘူး။ ဟိုဘက်က တစ်ဘက်က ဒိုင်ဆိုတာရှိတော့ ဒိုင်စားချင်ရင် စား၊ မစားချင်ရင် ပေါက်တဲ့ပုဂ္ဂိုလ် စား၊ နှစ်ခု တစ်ဦးဦးတော့ မနစ်နာဘူးလား? နစ်နာပါတယ်။ သူတစ်ပါးတို့ကို ဒီလိုနစ်နာစေတဲ့ လုပ်ငန်းရပ်ကို သူတော်ကောင်းမှန်ခဲ့ရင် မပြုလုပ်သင့်ပါဘူး။ ဒီတော့ နောက်တစ်ခုကတော့ တကယ် မမြင်ဘဲနဲ့ မြင်ချင်ယောင်ဆောင်လို့ရှိရင်ကတော့ ဒါ ဘာလုပ်တာလဲ? အတုပဲနော်။ ဒါကြောင့် (ပဋိရူပိကာ =) သီလမရှိဘဲနဲ့ သီလ ရှိယောင်ဆောင်တယ်၊ သမာဓိမရှိဘဲနဲ့ သမာဓိရှိယောင်ဆောင်တယ်၊ ပညာမရှိဘဲနဲ့ ပညာရှိယောင်ဆောင်နေတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတယ်။ နောက်တစ်ခု ---
၆။ သူတော်ကောင်းတို့အပေါ်၌ ရက်စက်ကြမ်းကြုတ်သူ
နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသံ။ လောကမှာ နရာဓမဆိုတဲ့ သူတော်ကောင်းတွေ ရှိကြတယ်။ ဘယ်လိုလဲ?
နရာဓမာ ယေဓ ကရောန္တိ ကိဗ္ဗိသန္တိ ယေ ဣဓ လောကေ နရာဓမာ မာတာပိတူသု ဗုဒ္ဓပစ္စေကဗုဒ္ဓါဒီသု စ မိစ္ဆာပဋိပတ္တိသညိတံ ကိဗ္ဗိသံ ကရောန္တိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
လူတွေကို တရားသောနည်းလမ်းဖြင့် ယဉ်ကျေးအောင် ဆိုဆုံးမနေကြတဲ့သူတွေ ရှိကြတယ်။ အဲဒီသူတော်ကောင်းတွေက ဘယ်သူတွေလဲ? အမိတွေ, အဖတွေ, ဗုဒ္ဓ, ပစ္စေကဗုဒ္ဓဘုရားရှင်တွေ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ တပည့်သာဝကတွေ စသည်ဖြင့် ဒီလို သူတော်ကောင်းတွေ ရှိကြတယ်။ အဲဒီ သူတော်ကောင်းတွေနဲ့ (မိစ္ဆာပဋိပတ္တိသညိတံ ကိဗ္ဗိသံ =) မိစ္ဆာပဋိပတ် မှားယွင်းဖောက်ပြန်နေတဲ့ ကျင့်ဝတ်ပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ ရက်စက်ကြမ်းကြုတ်နေတဲ့ လုပ်ငန်းရပ်တွေနဲ့ သွားပြီးတော့ ဆက်ဆံကြတယ်။ ရက်စက်ကြမ်းကြုတ်နေတယ်ဆိုတာက ကာယကံဖြင့် ရက်စက်ကြမ်းကြုတ်ခြင်း, ဝစီကံဖြင့် ရက်စက်ကြမ်းကြုတ်ခြင်း, မနောကံဖြင့် ရက်စက်ကြမ်းကြုတ်ခြင်းဆိုတဲ့ ရက်စက်ကြမ်းကြုတ်မှုအားလုံး ပါပါတယ်။ အဲဒီလို မိစ္ဆာပဋိပတ်လို့ ခေါ်ဆိုအပ်တဲ့ ရက်စက်ကြမ်းကြုတ်မှု အမျိုးမျိုးတွေကို မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့ မိဘဆရာသမား, ပစ္စေကဗုဒ္ဓဘုရားရှင်, သမ္မာသမ္ဗုဒ္ဓဘုရားရှင်, သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ တပည့်သာဝက အစရှိတဲ့ ဒီသူတော်ကောင်းတွေအပေါ်၌ ပြုမူဆက်ဆံနေတယ်။ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင် နေတယ်ဆိုပြီးတော့ ကဿပ မြတ်စွာဘုရားက တိဿရသေ့ကြီးကို ဟောတော်မူနေပြီ။ နောက်ထပ် ဂါထာလေး တစ်ခု -
ယေ ဣဓ ပါဏေသု အသညတာ ဇနာ၊
ပရေသမာဒါယ ဝိဟေသမုယျုတာ။
ဒုဿီလလုဒ္ဒါ ဖရုသာ အနာဒရာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
၁။ အသညတာ = စောင့်စည်းမှု မရှိကြသူများ
ယေ ဇနာ = အကြင်လူသားတို့သည်ကား။ ဣဓ = ဤလောက၌။ ပါဏေသု = သတ္တဝါတို့အပေါ်၌။ အသညတာ = စောင့်စည်းမှု မရှိကြလေကုန်။ ပရေသံ = သူတစ်ပါးတို့၏ဥစ္စာကို။ အာဒါယ = ယူ၍။ ဝိဟေသံ = ညှဉ်းဆဲခြင်းကို။ ဥယျုတာ = လုံ့လကြိုးကုတ် အားထုတ်၍ နေကြကုန်၏။ ဒုဿီလာ = သီလ မရှိကြကုန်။ လုဒ္ဒါ = ရက်စက်ကြမ်းကြုတ်သော ကာယကံမှု ရှိကြကုန်၏။ ဖရုသာ = ကြမ်းတမ်းသော ဝစီကံမှု ရှိကြကုန်၏။ အနဒရာ = ရိုသေလေးစားခြင်း ကင်းကြကုန်၏။ ဧသ ဧသော = ဤကဲ့သို့ သတ္တဝါတို့ အပေါ်၌ စောင့်စည်းမှု မရှိခြင်းစသော အကုသိုလ်တရားသည်ကား။ အာမဂန္ဓော = အာမဂန္ဓ အညှီအဟောက် မည်ပါပေ၏။ မံသဘောဇနံ = အသား တည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
နောက်ဂါထာလေး တစ်ခုပဲနော်။ လောကမှာ တချို့တချို့ ပုဂ္ဂိုလ်တွေ ဘယ်လို ဖြစ်နေသလဲ?
ယေ ဣဓ ပါဏေသု အသညတာ ဇနာတိ ယေ ဇနာ ဣဓလောကေ ပါဏေသု ယထာကာမစာရိတာယ သတမ္ပိ သဟဿမ္ပိ မာရေတွာ အနုဒ္ဒယာမတ္တဿာပိ အကရဏေန အသံယတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ယေ ဣဓ ပါဏေသု အသညတာ ဇနာတိ = ယေ ဣဓ ပါဏေသု အသညတာ ဇနာဟူသည်ကား။ ယေ ဇနာ = အကြင်လူသားတို့သည်။ ဣဓ= ဤလောက၌။ ပါဏေသု = သတ္တဝါတို့အပေါ်၌။ ယထာကာမစာရိတာယ = အလိုရှိတိုင်း ပြုကျင့်လေ့ရှိသည့်အတွက်ကြောင့်။ သတမ္ပိ = တစ်ရာသော သတ္တဝါကိုသော်လည်းကောင်း။ သဟဿမ္ပိ = တစ်ထောင်သော သတ္တဝါကို သော်လည်းကောင်း။ မာရေတွာ = သတ်ဖြတ်ကြကုန်၍။ အနုဒ္ဒယာမတ္တဿာပိ = ကြင်နာသနားခြင်း သဘောတရားမျှကိုသော်လည်းပဲ။ အကရဏေန = မပြုလုပ်ခြင်းဖြင့်။ အသံယတာ = စောင့်စည်းမှု မရှိကြလေကုန်။
လောကမှာ သတ္တဝါတွေ ရှိကြပါတယ်။ လူသားတွေ ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင်တော့ ဟို တစ်နေ့က မင်္ဂလသုတ်မှာ ဘုန်းကြီး ဟောခဲ့တဲ့အတိုင်းပဲ၊ လူသားတွေမှာ ဝိစရဏပညာခေါ်တဲ့ ပညာတစ်မျိုး ရှိတယ်။ ကောင်းတာ မကောင်းတာ ထားပေါ့။ မကောင်းတဲ့ဘက်မှာလည်း စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီး လုပ်ငန်းအမျိုးမျိုးကို ပြုလုပ်တတ်တဲ့ ဝိစရဏပညာ ရှိတယ်။ ကောင်းတဲ့ဘက်မှာလည်း ကောင်းတဲ့ လုပ်ငန်းရပ် အမျိုးမျိုးတွေကို ကောင်းသထက်ကောင်းအောင် စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချပြီး ပြုလုပ်တတ်တဲ့ ဝိစရဏပညာ ရှိကြတယ်။ အဲဒီတော့ သတ္တဝါတွေကို သတ်ဖြတ်တဲ့ နေရာမှာလည်း ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် တို့သတ်ဖြတ်ရမယ်ဆိုပြီးတော့ သတ်ဖြတ်ပုံနည်းလမ်းတွေမှာလည်း စူးစမ်းဆင်ခြင်တတ်တဲ့ ကောက်ကျစ်တဲ့ ဉာဏ်ပညာတွေ ရှိကြတယ်။ အဲဒီလို ဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေက ယထာကာမစာရိတာယ= မိမိတို့ လုပ်ချင်တဲ့ပုံစံအတိုင်း အမျိုးမျိုး ပြုကျင့်ကြတယ်။ မိမိတို့ ဝါသနာစရိုက်အတိုင်း အမျိုးမျိုး ပြုကျင့်ကြတယ်။ သတ္တဝါတစ်ရာကိုသော်လည်း တစ်နေ့တည်း သတ်ချင်သတ်တယ်။ သတ္တဝါတစ်ထောင်ကိုသော်လည်း တစ်နေ့တည်းနဲ့ သတ်ချင်လည်း သတ်လိုက်တယ်။ ခုလိုဆိုတော့ နားလည်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိချင်ရှိပါလိမ့်မယ်။ ဘုန်းကြီး နည်းနည်းတော့ ထပ်ပြောချင်တယ်။ ပြောချင်တဲ့ အပိုင်းလေးကတော့ ဒီလိုပါ။ ဝက်တစ်ကောင် ဆိုကြပါစို့နော်၊ ဘုန်းကြီး ကြားဖူးတာလေး ပြောတာပါ။ ခေတ်တွေက တစ်ဆင့်နဲ့တစ်ဆင့် ခေတ်မီလာပြီဆိုတော့ ဘယ်လို ပြောင်းလဲသွားတယ်ဆိုတာ မသိဘူး။ ဘုန်းကြီး ကြားဖူးတာလေး ပြောတာပါ။ ဝက်သတ်ရုံတစ်ခုမှာ ဝက်တွေတန်းစီပြီးတော့ မောင်းချလိုက်တယ်။ အောက်က ရေနွေးကန်ကြီးဆိုလား ရှိတယ်။ ရေနွေးကန်ကြီးကလည်း ရေနွေးတွေက ပွက်ပွက်ဆူနေတယ်။ ဝက်တစ်ကောင်သွားလောက်ရုံ လမ်းကလေးကို ရေနွေးကန်ပေါ်မှာ ဖောက်ထားပြီးတော့ မောင်းလိုက်တယ်။ နေရာမှန်ရောက်ပြီ ဆိုလို့ရှိရင် ဝက်ကို ထုတ်ချင်းပေါက်အောင် လှံချွန်တစ်ခုနဲ့ ထုတ်ချင်းပေါက် ထိုးလိုက်တယ်။ ထိုးပြီးတော့ ဒီသံချွန်ကြီးကို ကရိန်းနဲ့ ဆွဲမြှောက်ပြီးတော့ ရေနွေးကန်ထဲ ဒီဝက်ကြီးကို ပစ်ချလိုက်တယ်။ စဉ်းစားကြည့်စမ်းနော်။ မိမိသာ အဲဒီဝက်နေရာမှာ နေကြည့်စမ်းပါ။ ဘယ်လိုများ ဖြစ်သွားမလဲ?
(ယထာကာမစာရိတာ =) မိမိ အလိုရှိတိုင်း ပြုကျင့်တယ်။ ကိုယ်က ဒါလုပ်ချင်တယ်ဆိုရင် တစ်ဘက်ပုဂ္ဂိုလ်ကို ဘာမှမကြည့်ဘူး။ တစ်ဘက်သား အသေခံရမည့် သတ္တဝါအတွက် ဘာမှ မကြည့်တော့ဘူးနော်။ တချို့ ပုဂ္ဂိုလ်တွေ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဘုန်းကြီးကြားဖူးတာလေး ထပ်ပြောလိုက်ဦးမယ်။ မျောက်ကလေး စားချင်တယ်ဆိုလို့ရှိရင် ဦးနှောက်စားချင်တယ်ဆိုရင် သူတို့ ဘာလုပ်သလဲ? မျောက်ကို သူတို့ ကြိုးနဲ့ချည်ပြီး စားပွဲပေါ်မှာ ထူးခတ်ထားတယ်ဆိုလား၊ ထူးနဲ့ သေသေချာချာ ခိုင်ခိုင်ခံ့ခံ့ ချည်ပြီးတော့ ခေါင်းလေးတော့ အပေါ်ဖော်ထားလိုက်တယ်။ စားပွဲပေါ်မှာ စားတော့မယ်ဆိုလို့ရှိရင် ဒီမျောက်ကလည်း လှုပ်လို့မရဘူး။ မျက်လုံးလေး ကလယ်ကလယ်နဲ့လို့ဆိုတယ်။ အဲဒါ တူလေးနဲ့ဆိုလား ခေါင်းကို ထုခွဲလိုက်တယ်၊ ဦးခေါင်းခွံကို လှပ်လိုက်တယ်၊ လှပ်ပြီးတော့ အထဲက ဦးနှောက်ခွံ ခေါင်းခွံကို လှပ်လိုက်တယ်၊ လှပ်ပြီးတော့ အထဲက ဦးနှောက်ကို ခရင်းနဲ့ ထိုးပြီးတော့ စားတယ်၊ အရက်နဲ့ဆိုလား သောက်ပြီးတော့ မြည်းစားတယ်။ ဒါ ဘာပြောတာလဲ? (ယထာကာမစာရိတာ =) မိမိ ပြုချင်တယ်ဆိုရင် ပြုချင်တဲ့အတိုင်း လိုက်လုပ်ပြနေတယ်။ တချို့ကျတော့ ဘာလုပ်သလဲ? ကြက်ကလေးတစ်ကောင် မွေးလာပြီဆိုလို့ရှိရင် အဲဒီကြက်ကလေးကို ဝါးဆစ် ဗူးထဲထည့် ခေါင်းလေးထွက်လောက်ရုံ အပေါက်ကလေးပဲ ထားလိုက်တယ်။ အဲဒီ ဝါးဆစ်ဗူးကို ပိတ်ထားလိုက်တယ်၊ ပိတ်ထားပြီး ခေါင်းလေးပဲ အပြင်ထွက်တယ်၊ ကိုယ်လုံးက ဝါးဆစ်ဗူးထဲမှာရှိတယ်။ အဲဒါကို အပြင်ကနေ အစာ ကျွေးတယ်၊ အချိန်တန်လို့ ဝါးဆစ်ဗူး ပြည့်သွားလောက်ပြီ ဆိုကြပါစို့၊ အဲဒီ အခါမှာ ဝါးဆစ်ဗူး ဖောက်ပြီးတော့ ဒီကြက်သတ်ပြီးတော့ စားပြန်တယ်။ (ယထာကာမစာရိတာယ =) ဘာလုပ်ချင်သလဲ လုပ်ချင်တဲ့အတိုင်း ပြုကျင့် တယ်။
နောက်တစ်ခု --- ဘုန်းကြီး ပြောလိုက်ဦးမယ်နော်။ ဝက်အူချောင်းစားတဲ့ ပုံစံလိုပေါ့၊ ခွေးအူချောင်းစားတာလည်း ရှိတယ်နော်။ ဘယ်လို စားသလဲ? ခွေးစားတော့မယ် ဆိုလို့ရှိရင်တော့ ဒီခွေးကို သူတို့က တိုင်တစ်တိုင်မှာ သေသေချာချာ ကျကျနန ချည်လိုက်တယ်။ ချည်ပြီးတဲ့ အချိန်အခါမှာ အင်တုံကြီးတစ်လုံး ဘေးချပြီး အင်တုံထဲမှာ ရေထည့်ပြီး ဝမ်းနှုတ်ဆေးတွေ ထည့်ထားလိုက်တယ်။ ခွေးကလည်း တခြားစားစရာ မရှိဘူး။ ရုန်းလို့ကလည်း မရဘူး။ သွားလို့ကလည်း မရတော့ ဘာလုပ်လဲ? အဲဒီ ဝမ်းနှုတ်ဆေးရည်တွေပဲ ထပ်ထပ် သောက်တယ်။ သောက်ပါများလာတဲ့ အခါကျတော့ ခွေးကလည်း ဝမ်းတွေချည်း ဆက်တိုက်သွားတော့တယ်။ ခွေးဗိုက်ထဲမှာ အညစ်အကြေးတွေ စင်လောက်ပြီလို့ ယူဆတဲ့ အချိန်အခါကျတော့ ဘာလုပ်သလဲ? အဲဒီခွေးကို ကောက်ညှင်းတွေ ပေါင်းပြီးတော့ အဝ ကြွေးလိုက်တယ်။ ကြွေးလိုက်တဲ့ အချိန်အခါကျတော့ ဒီခွေးကလည်း ငတ်ငတ်နဲ့ တအားစားလိုက်တော့ အဲဒီမှာ စားပိုးနင့်ပြီ၊ အဲဒီလို စားပိုးနင့်ပြီးတော့ သေတယ်။ မသေရင်လည်း ရိုက်သတ်လိုက်တယ်။ ရိုက်သတ်ပြီးတော့ ဘာလုပ်သလဲ? အကောင်အတိုင်း မီးဖုတ်တယ်။ မီးဖုတ်ပြီးတဲ့ အချိန်အခါကျတော့မှ အဲဒီခွေးဝမ်းကို ခွဲပြီးတော့ အဲဒီအူတွေကို နှိုက်စားကြတယ်တဲ့။ ဒါ ဘာပြောတာလဲ? (ယထာကာမစာရိတာယ =) မိမိ ဘာလုပ်ချင်သလဲ ပြုလုပ်ချင်တဲ့ ပုံစံအတိုင်းအားဖြင့် သတ္တဝါတွေအပေါ်မှာ ပြုကျင့်ကြတယ်တဲ့။ စဉ်းစားကြည့်စမ်း! မိမိက အဲဒီလို အစားခံရတဲ့ သတ္တဝါဘက်မှာ တည်ရှိနေမယ် ဆိုလို့ရှိရင် မိမိရဲ့ လားရာဂတိဟာ ဘယ်လိုများနေမလဲ? စဉ်းစားဖို့ မကောင်းဘူးလား? ကောင်းပါတယ်။ နိုင်တဲ့နေရာမှာ မိမိတို့ကနေ နေတဲ့အချိန်အခါမှာ အားနွဲ့နေတဲ့ သတ္တဝါတွေအပေါ်၌ မိမိတို့ ပြုလုပ်ချင်တဲ့ ပုံစံအတိုင်း ဒီလို ပြုကျင့်ဆက်ဆံနေခြင်းသည် ဘာလုပ်တာတဲ့လဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။ အဲဒီလို အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လမ်းသွားရမလဲ? ပြီးတော့မှ ဘုန်းကြီး ပြောမယ်။ ကဲ သတ္တဝါတွေအပေါ်၌ စောင့်စည်းမှု ဘာမှ မရှိဘူး။
သတမ္ပိ = တစ်ရာကိုသော်လည်းကောင်း။ သဟဿမ္ပိ = တစ်ထောင်ကိုသော်လည်းကောင်း။ ဃာတေတွာ = သတ်ဖြတ်ကြ၍။ --- တစ်နေ့တစ်နေ့ ရာနဲ့ချီ ထောင်နဲ့ချီပြီးတော့ သတ်တယ်တဲ့။ ဘုန်းကြီး ငယ်စဉ်က စာအုပ်ကလေးတစ်အုပ် ဖတ်ဖူးပါတယ်။ အင်္ဂလန်မှာ နွားသတ်ရုံတစ်ခု အတွက် တစ်နေ့တာ သတ်ဖို့ရန်အတွက် နွားတွေကို တန်းစီလိုက်ရင် နှစ်မိုင်လောက် ရှိတယ်တဲ့။ စဉ်းစားကြည့်စမ်း - နော်။ တစ်နေ့တစ်နေ့ ရာနဲ့ ထောင်နဲ့ ချီပြီးတော့ အသတ်မခံကြရဘူးလား? အသတ်ခံနေရတယ်။ အဲဒီလို သတ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အသတ်ခံနေရတဲ့ သတ္တဝါတွေအပေါ်၌ သို့မဟုတ် ဒီနွားတွေ အပေါ်၌ ကြင်နာသနားတဲ့ စိတ်ဓာတ်ကလေးများကော ရှိကြသေးလား? မရှိကြတော့ဘူးနော်။
သတမ္ပိ = တစ်ရာကိုသော်လည်းကောင်း။ သဟဿမ္ပိ = တစ်ထောင်ကို သော်လည်းကောင်း။ ဃာတေတွာ = သတ်ဖြတ်ကြကုန်၍။ အနုဒ္ဒယမတ္တဿာပိ = ကြင်နာသနားတဲ့ စိတ်ထားမျှကိုသော်လည်းပဲ။ အကရဏေန = မပြုလုပ်ခြင်းဖြင့်။ အသံယတာ = စောင့်စည်းမှု မရှိကြလေကုန်။
ကြင်နာသနားတဲ့ စိတ်ဓာတ်ကလေး နည်းနည်းတောင်မှ မရှိကြဘူး။ သတ်ဖြတ်ဖို့ရန်အတွက် မတော်ဘူးဆိုပြီးတော့ စောင့်စည်းမှုလေးလည်း နည်းနည်းမှ မရှိကြဘူး။ အဲဒီလို မစောင့်စည်းတဲ့ ပုဂ္ဂိုလ်တွေသည် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲတဲ့။ ဒီတော့ သတ်သူ ရှိတော့ စားသူ ရှိပြန်တယ်။ စားသူရှိတော့ သတ်သူကလည်း ရှိပြန်တယ် ဆိုတော့ တစ်ဦးနဲ့တစ်ဦး ကြောင်းကျိုးဆက်နွယ်နေတဲ့ သဘောကလေးတော့ ကင်းကြရဲ့လား? မကင်းဘူးနော်။ ဒီအချက်ကိုတော့ နည်းနည်းကလေး သတိတော့ထားကြ၊ စားတာကို ဘုန်းကြီး အပြစ်ဖြစ်တယ်လို့ မပြောလိုဘူး။ သတ်တာကတော့ ဘုရားရှင်ကိုယ်တိုင်က အပြစ်ဖြစ်တယ်လို့တော့ မပြောဘူးလား? ပြောနေတယ်။ အဲဒီသတ်ခြင်းသည် စားသူရှိလို့ သတ်တယ်ဆိုတာကိုတော့ သွယ်ဝိုက်တဲ့နည်းအားဖြင့် စဉ်းစားကြမယ်ဆိုလို့ရှိရင်တော့ စဉ်းစားလို့ မပေါ်ဘူးလား? တစ်လောတုန်းက ဘုန်းကြီး မော်လမြိုင်မြို့ထဲမှာ ပရိတ်တစ်ခု သွားရွတ်တယ်။ ပရိတ်ရွတ်နေရင်းနဲ့ ပရိတ်ရွတ်တဲ့ အိမ်ရှေ့မှာ အသံချဲ့စက်ကြီးနဲ့ အကြီးအကျယ် လာအော်နေတယ်။ ပရိတ်ရွတ်လို့ မရဘူး။ ခဏနားနေရတယ်။ ဘာတွေ အော်သလဲလို့မေးတော့ မော်လမြိုင်မှာ တစ်လောတုန်းက ပြဿနာတစ်ခု ပေါ်သွားတယ်။ ခရုတွေကို ဝက်တွေကျွေးတယ်။ အဲဒီခရု စားထားတဲ့ ဝက်တွေကို စားခဲ့ရင် လူတွေမှာ အန္တရာယ်ဖြစ်တယ်ဆိုတဲ့သတင်း တစ်မြို့လုံး ပြန့်သွားတော့ ဝက်သားကို ဘယ်သူမှ ဝယ်မစားကြဘူး။ ဝယ်မစားတော့ အဲဒီ ကားကြီးက သက်ဆိုင်ရာနဲ့ တူပါတယ်။ အသံချဲ့စက်နဲ့ လိုက်ပြီးတော့ အော်နေတယ်။ ဝက်တွေမှာ ဒီလို ခရုကျွေးထားတာ မရှိပါဘူး။ ခုဝက်တွေက သန့်သန့်ရှင်းရှင်းပါ။ အဲဒါတွေလိုက်ပြီး ကြွေးကြော်နေကြတယ်။ ဒီတော့ ဒီလိုကြွေးကြော်နေတဲ့အချက်ကို ထောက်ကြည့်လိုက်မယ်ဆိုရင် စားသူရှိမှ သတ်သူရှိတယ်။ သတ်သူရှိလို့လည်း စားသူရှိတယ်ဆိုတဲ့ စလေဦးပုညရဲ့စကားဟာ မှားတယ်လို့တော့ ပြောနိုင်ပါ့မလား? မပြောနိုင်ဘူးနော်။ နည်းနည်း စဉ်းစားကြ။ ဒါကြောင့် ----
ယေ ဇနာ = အကြင်လူသားတို့သည်။ ဣဓ = ဤလောက၌။ ပါဏေသု= သတ္တဝါတို့အပေါ်၌။ အသညတာ = သတ်ဖြတ်ခြင်း စသည်ဖြင့် စောင့်စည်းမှု မရှိကြလေကုန်။ နောက်တစ်ခု ---
၂။ သူတစ်ပါးတို့၏ ပစ္စည်းများကို မတရားယူကာ ညှဉ်းပန်းနှိပ်စက်နေသူများ
ပရေသံ = သူတစ်ပါးတို့၏ဥစ္စာကို။ အာဒါယ = ယူ၍။ ဝိဟေသံ = ညှဉ်းပန်းနှိပ်စက်ခြင်းကို။ ဥယျုတာ = ကြိုးစားအားထုတ်၍ နေကြလေကုန်၏။
သူတစ်ပါးတို့ရဲ့ ပစ္စည်းတွေရှိတယ်။ အဲဒီပစ္စည်းတွေကို ဘာလုပ်သလဲ?
ပရေသမာဒါယ ဝိဟေသမုယျုတာတိ ပရေသံ သန္တကံ အာဒါယ ဓနံ ဝါ ဇီဝိတံ ဝါ တတော မာ ဧဝံ ကရောထာတိ ယာစန္တာနံ ဝါ နိဝါရေန္တာနံ ဝါ ပါဏိလေဍ္ဍုဒဏ္ဍာဒီဟိ ဝိဟေသံ ဥယျုတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၅။)
ပရေသံ = သူတစ်ပါးတို့၏။ သန္တကံ = ဥစ္စာကို။ အာဒါယ = ယူ၍။ ဓနံ ဝါ = စည်းစိမ်ဥစ္စာကိုသော်လည်းကောင်း။ ဇီဝိတံ ဝါ = အသက်ကိုသော်လည်းကောင်း။ တတော = ထိုနောင်မှ။ မာ ဧဝံ ကရောထာတိ = ဤသို့ မပြုကြပါကုန်လင့်ဟူ၍။ ယာစန္တာနံ ဝါ = တောင်းကုန်သော သူတို့အားလည်းကောင်း။ နိဝါရေန္တာနံ ဝါ = တားမြစ်ကုန်သော သူတို့အားလည်းကောင်း။ ပါဏိလေဍ္ဍုဒဏ္ဍာဒီဟိ = လက်, တုတ်, ခဲ စသည်တို့ဖြင့်။ ဝိဟေသံ = ညှဉ်းပန်းနှိပ်စက်ခြင်းကို။ ဥယျုတာ = ကြိုးစားအားထုတ်၍ နေကြလေကုန်၏။
မိမိက သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာကိုလည်း သွားယူသေးတယ်။ သူတစ်ပါးတို့ရဲ့ စည်းစိမ်ကိုသော်လည်းကောင်း, အသက်ကိုသော်လည်းကောင်း ဒီလို မပြုပါနဲ့လို့ လာပြီး တောင်းပန်နေရင် တောင်းပန်နေတဲ့ ပုဂ္ဂိုလ်တွေကို သော်လည်းကောင်း, လာပြီး တားမြစ်မယ်ဆိုရင် တားမြစ်နေတဲ့ ပုဂ္ဂိုလ်တွေကို သော်လည်းကောင်း လက်နဲ့ ရိုက်တယ်, တုတ်နဲ့ ရိုက်တယ်, လက်နက်နဲ့ ခုတ်တယ် စသည်ဖြင့် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ပြုလုပ်ကြတယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ဓားပြသွားတိုက်တယ် ဆိုကြပါစို့ .. နားကပ် ဆွဲပြီး ချွတ်ရုံတင်မကဘူး၊ တချို့ကျတော့ ဘာလုပ်သေးလဲ? ချွတ်တာ နှေးတယ်ဆိုပြီးတော့ နားရွက်ကို ဆွဲပြီးတော့ လှီးပစ်လိုက်သေးတယ်။ ဒီပုံစံမျိုးပေါ့၊ သူတစ်ပါးပစ္စည်းကလေးကိုလည်း သွားယူသေးတယ်။ ဟိုက စည်းစိမ် ဥစ္စာ ယူချင်ယူပါ၊ အသက်ကိုတော့ မသတ်ပါနဲ့၊ အသက်ကလေး ချမ်းသာခွင့် ပေးပါဆိုတော့ ရိုက်လိုက်သေးတယ်။ ဓားပြတိုက်ပြီဆိုရင် ပုံစံမှန် ရိုးရိုး မတိုက်သေးဘူး။ ဖနောင့်နဲ့ ပေါက်ချင်ပေါက်လိုက်သေးတယ်၊ သေနတ်ဒင်နဲ့ ဆောင့်ချင်ဆောင့်လိုက်သေးတယ်၊ ဓားနဲ့ ခုတ်ချင်လည်း ခုတ်လိုက်သေးတယ်။ အဲဒီတော့ သူတစ်ပါးပစ္စည်းကိုလည်း ယူသေးတယ်၊ သူတစ်ပါးကိုလည်း ညှဉ်းပန်းနှိပ်စက်ကြသေးတယ်နော်။ အဲဒီလို သူတစ်ပါးရဲ့ ပစ္စည်းကို ယူပြီးတော့ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာတဲ့လဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတယ်။ ဘေးကနေ မတော်လို့ ဝင်ပြီးတော့ တောင်းပန်ရင်လည်း တောင်းပန်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ထိုးလိုက်, ကြိတ်လိုက်, သတ်လိုက်, ပုတ်လိုက် ပြုလုပ်ကြပြန်တယ်။ ဘေးကနေဝင်ပြီး တားမြစ်မယ်ဆိုရင် တားမြစ်တဲ့ ပုဂ္ဂိုလ်တွေ ကိုလည်း ထိုးလိုက်, ကြိတ်လိုက်, သတ်လိုက်, ပုတ်လိုက် ပြုလုပ်ကြပြန်တယ်။ ညှဉ်းပန်းနှိပ်စက်ကြပြန်တယ်။ နောက်တစ်ခု - တခြားတခြား သတ္တဝါတွေကိုလည်း ဖမ်းယူပြီးတော့ အင်း - ဒီနေ့ ဆယ်ယောက်သတ်လိုက်၊ ဒီနေ့ အယောက်နှစ်ဆယ် သတ်လိုက်၊ စသည်ဖြင့် ကျကျနန နှောင်ဖွဲ့ခြင်းတွေကိုလည်း အပြုခိုင်းတယ်။ သတ်ပုတ်ခြင်းကိုလည်း အပြုခိုင်းတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာ၊ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ရာအတွက် ကြိုးစား အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။
၃။ ရက်စက်ကြမ်းကြုတ်တဲ့ ဒုဿီလပုဂ္ဂိုလ်များ
နောက်တစ်ခု --- (ဒုဿီလလုဒ္ဒါ =) တစ်ဖက်ပုဂ္ဂိုလ်တွေကို ကြည့်လိုက်လို့ရှိရင် ကိုယ်ကျင့်သီလတွေက ပျက်စီးနေတဲ့အတွက် သူတို့မှာ သီလကလည်း မရှိဘူး။ သီလမရှိတဲ့အပြင် သူတို့က ဘာဖြစ်သလဲ? (လုဒ္ဒါ စ ကုရူရကမ္မန္တာ=) ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ငန်းရပ်တွေ အမြဲတမ်းရှိတယ်။ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ငန်း ရှိတယ်ဆိုတာက ဘာပြောတာလဲ? (လောဟိတပါဏိတာယ =) သူတို့လက်ကို ကြည့်လိုက်လို့ရှိရင် သွေးတွေက အမြဲတမ်း စွန်းနေတယ်။ သွေး အမြဲတမ်း ပေနေတယ်။ တစ်ဘက်သားတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်နေတဲ့ စိတ်ထားရှိပြီးတော့ သွေးစွန်းနေတဲ့ လက်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဘယ်လို ပုဂ္ဂိုလ်တွေလည်းလို့ ဆိုတာတွေကို မစ္ဆဃာတကမိဂဗန္ဓကသာကုဏိကာဒယော ဣဓာဓိပ္ပေတာဆိုပြီး အဋ္ဌကထာက ဖွင့်ထားတယ်။ ငါးဖမ်းနေတဲ့ ပုဂ္ဂိုလ်တွေ, ငါးတွေကို သတ်ဖြတ်နေတဲ့ပုဂ္ဂိုလ်တွေ, သားသမင်တွေကို သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တွေ, ကြက်တွေ ဝက်တွေကို သတ်ဖြတ်နေတဲ့ ပုဂ္ဂိုလ်တွေ, နှောင်ဖွဲ့နေတဲ့ ပုဂ္ဂိုလ်တွေ, ငှက်တွေကို သတ် ဖြတ်နေတဲ့ပုဂ္ဂိုလ်တွေ အဲဒီလို မုဆိုးတံငါ အားလုံးကို ဒီနေရာမှာ ဆိုလိုတယ်လို့ ဆိုပြီး ရှင်းထားတယ်။ ဒီတော့ ဒီမုဆိုးတံငါလုပ်ငန်းရပ်ဖြင့် ခုလို ရက်ရက် စက်စက် သွေးစွန်းသော လက်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
၄။ နှုတ်ကြမ်း အာကြမ်း လျှာကြမ်းသူများ
နောက်တစ်ခု --- (ဖရုသာ =) ကိုယ်အမူအရာကသာ ခုလို ရက်စက်ကြမ်းကြုတ်တာ မဟုတ်ဘူး။ နှုတ်အမူအရာ ကြည့်လိုက်မယ်ဆိုရင်လည်း နှုတ်ကြမ်း အာကြမ်း လျှာကြမ်းတွေ ဖြစ်နေကြပြန်တယ်။ အဲဒီလို နှုတ်ကြမ်း အာကြမ်း လျှာကြမ်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်နေတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာတဲ့။ ဘယ့်နှယ်လဲ ယောဂီတွေ အညှီအဟောက်တွေ ဘုဉ်းပေးလို့ တော်တော်လေးအရသာရှိကြသလား? နှုတ်ကြမ်း အာကြမ်း လျှာကြမ်းနေတာ ဘာလုပ်တာတဲ့လဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာတဲ့။ အဲဒီအညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်တာ တော်တော်လေး အရသာရှိကြသလား? အေး .. အဲဒါ စဉ်းစားကြ၊ မိမိတို့အဝတ်က ဒီလို အညှီအဟောက်မျိုးကို သုံးဆောင်ရမယ့် အဝတ်မျိုး ဟုတ်သလား? မဟုတ်ဘူး။ ကာယကံတွေက နူးညံ့ပျော့ပျောင်းရမယ်၊ ဝစီကံတွေ နူးညံ့ပျော့ပျောင်းရမယ်၊ မနောကံတွေ နူးညံ့ပျော့ပျောင်းမှု ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ ကာယကံတွေကလည်း ရက်စက်ကြမ်းကြုတ် နေတယ်၊ ဝစီကကံတွေကလည်း ရက်စက်ကြမ်းကြုတ်နေတယ်၊ မနောကံတွေကလည်း ရက်စက်ကြမ်းကြုတ်နေကြပြီ ဆိုလို့ရှိရင်တော့ မိမိတို့ဟာ သာသနာမှာ နေပြီးတော့ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ မဖြစ်ဘူးလား? ဖြစ်နေပြီ၊ စဉ်းစားကြနော်။
၅။ ရိုသေလေးစားမှု မရှိကြသူများ
နောက်တစ်ခု --- (အနာဒရာ =) ရိုသေလေးစားမှု ဘာမှ မရှိဘူး။ ဘာတဲ့လဲ?
ဣဒါနိ န ကရိဿာမ၊ ဝိရမိဿာမ ဧဝရူပါတိ ဧဝံ အာဒရဝိရဟိတာ။
ဣဒါနိ = ယခုအခါ၌။ န ကရိဿာမ = တပည့်တော်တို့ မပြုကြပါကုန်အံ့။ ဧဝရူပါ = ဤကဲ့သို့ သဘောရှိတဲ့အမှုတို့ကို။ ဝိရမိဿာမ = ရှောင်ကြဉ်ကြပါကုန်အံ့။ ဣတိ ဧဝံ = ဤသို့လျှင်။ အာဒရဝိရဟိတာ = ရိုသေ လေးစားခြင်းကင်းသော စိတ်ထားရှိ၍ နေကြလေကုန်၏။
ဆရာသမားတွေကပဲဖြစ်စေ, ကြီးတဲ့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကပဲ ဖြစ်စေ သွားပြီးတော့ ပြောဆိုဆုံးမပြီ၊ ဆုံးမလိုက်တဲ့ အချိန်အခါမှာ နာယူတဲ့ စိတ်ထားမရှိဘူး။ အခုအခါမှာ ဒီလိုလုပ်ငန်းရပ်မျိုးကို မလုပ်ကြတော့ပါဘူး။ ဒီလို လုပ်ငန်းရပ်မျိုးတွေကို နောက်ကို ရှောင်ကြဉ်ကြမယ်ဆိုပြီးတော့ ရိုရိုသေသေ လေးလေးစားစားနဲ့ ဝန်ခံစကားပြောကြားတဲ့ စိတ်ထားရှိကြသလား? မရှိကြဘူး။ အဲဒီလို ရိုသေလေးစားမှု စိတ်ထားမရှိတဲ့ ပုဂ္ဂိုလ်တွေသည်ဘာလုပ် နေကြတာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ ဆိုပြီးတော့ ကဿပမြတ်စွာဘုရားက ဟောကြားတော်မူတယ်နော်။ အဲဒီတော့ ရှေးတုန်းက ဟောပြီးသားတရားတွေကိုလည်း ဒီနေရာမှာ ကဿပ မြတ်စွာဘုရားက ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဟောကြားနေတော်မူပါတယ်။ ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ လိုက်နာစေချင်တဲ့ စိတ်ထားတွေ ရှိနေတဲ့ အတွက်ကြောင့် ဒီလို ထပ်ခါ ထပ်ခါ ဟောကြားနေတော်မူခြင်းပဲ ဖြစ်ပါတယ်။ ဒီမကောင်းမှုတွေကို တားမြစ်ပိတ်ပင်လိုတဲ့အတွက် မိမိ၏ စကားတော်ကို ခိုင်ခံ့စေလိုတဲ့ အတွက်ကြောင့်လည်း ထပ်ခါ ထပ်ခါ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၆။) နောက်တစ်ခု -- ဘုရားရှင် ဘာဆက်ဟောတော်မူသလဲ?
သတ္တဝါတို့အပေါ် မက်မောတဲ့စိတ်ထား
၇။ ဧတေသု ဂိဒ္ဓါ ဝိရုဒ္ဓါတိပါတိနော၊
နိစ္စုယျုတာ ပေစ္စ တမံ ဝဇန္တိ ယေ။
ပတန္တိ သတ္တာ နိရယံ အဝံသိရာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေ = အကြင်လူသားတို့သည်။ ဧတေသု = ဤသတ္တဝါတို့အပေါ်၌။ ဂိဒ္ဓါ = လောဘဖြင့် မက်မောသော စိတ်ထားရှိ၍ နေကြလေကုန်၏။ ဝိရုဒ္ဓါ = ဒေါသဖြင့် ဆန့်ကျင်ဘက် ပြုကျင့်၍ နေကြလေကုန်၏။ အတိပါတိနော = မောဟဖြင့် အပြစ်ကို မမြင်ဘဲ အဖန်ဖန် အထပ်ထပ် လွန်ကျူးသော အကျင့်ကို ကျင့်ကာ အသက်ကို လျင်စွာ ချတတ်ကြကုန်၏။ နိစ္စုယျုတာ = အကုသိုလ်ကို ပြုကျင့်ခြင်း၌ တစ်ရံတစ်ဆစ်မျှသော်လည်း ပညာဖြင့် ဆင်ခြင်ကာ မရှောင်ကြဉ်ကြဘဲ အစဉ်တစ်စိုက် အားထုတ်နေကြကုန်၏။
ယေ = ယင်းသို့ အားထုတ်နေကြကုန်သော သူတို့သည်။ ပေစ္စ = တမလွန်လောက၌။ တမံ = အမိုက်မှောင်အတွင်းသို့။ ဝဇန္တိ = သွားကြရကုန်၏။ တေ = ထိုသတ္တဝါတို့သည်။ နိရယံ = ငရဲသို့။ အဝံသိရာ = ဦးခေါင်းဇောက်ထိုး။ ပတန္တိ = ကျတတ်ကြပေကုန်၏။
ကဲ ကြည့်စမ်း! သတ္တဝါတွေအပေါ်၌ မက်မောနေတဲ့ စိတ်ထားရှိတယ်။ သတ္တဝါတွေအပေါ်မှာ မက်မောတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာတဲ့လဲ? ဦးခေါင်းဇောက်ထိုး ငရဲသို့ ကျကြတယ်တဲ့။ သတ္တဝါတွေအပေါ်မှာ မက်မောတယ်ဆိုတာက အရှင်လိုက်မက်မောတာလည်းရှိတယ်။ သေပြီးတော့ မက်မောတာလည်း မရှိဘူးလား? ရှိကြတယ်။ အသေကို စားနေတယ် ဆိုတာက မက်မောလို့လား? မမက်မောလို့လား? မက်မောနေတယ်နော်။ အဲဒီ သေတဲ့သတ္တဝါက သူဟာသူ အလိုအလျောက်သေတာ ဟုတ်သလား? မဟုတ်ဘူး။ ခုနက ပြောခဲ့ပြီးပြီ၊ ရသာတဏှာကို အခြေခံပြီး သတ်ဖြတ်တဲ့အတွက် သူက အသေခံရတယ်။ အသေခံရတဲ့ ဒီသတ္တဝါတွေအပေါ်၌ မက်မောနေတဲ့ စိတ်ဓာတ်ရှိနေတဲ့ ပုဂ္ဂိုလ်တွေသည် ---
ပတန္တိ သတ္တာ နိရယံ အဝံသိရာ။
သတ္တာ = သတ္တဝါတို့သည်။ နိရယံ = ငရဲသို့။ အဝံသိရာ = ဦခေါင်း ဇောက်ထိုး။ ပတန္တိ = ကျ၍သွားကြလေကုန်၏။
ဦးခေါင်းဇောက်ထိုး ငရဲကို ကျတယ်နော်။ ဒီတော့ သက်ရှိသတ္တဝါ အချင်းချင်း မက်မောနေတဲ့ စိတ်ထားကလည်း ဦးခေါင်းဇောက်ထိုး ငရဲသို့ ရောက်စေနိုင်တဲ့ စွမ်းအား ရှိတယ်။ သက်ရှိသတ္တဝါတွေကို သက်မဲ့အသွင် ပြောင်းပြီးတော့ ဒီသက်မဲ့အသားငါးတွေကို တစ်နည်းပြောရရင်တော့ အသေကောင်တွေကို, သူများ မသာကောင်တွေကို တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် စားနေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဘာဖြစ်သလဲ? ဦးခေါင်းဇောက်ထိုး ငရဲသို့ ကျရောက်ခြင်းသဘော ရှိနေတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး ဒီည သုတ္တန်ကလေးတစ်ခု ဟောဖို့ ရည်ရွယ်ထားပါတယ်နော်။ အာဒိတ္တပရိယာယသုတ္တန် ဆိုပြီးတော့ သုတ္တန်လေးတစ်ခုပါပဲနော်။ ထိုသုတ္တန်ကို ဟောဖို့ရန်အတွက် ဘုန်းကြီးလည်း တော်တော်ကလေး ရည်ရွယ်ထားပါတယ်။ ဒီနေ့တော့ အကွက်ဆိုက်လာတယ်။ မြတ်စွာဘုရားက ဒီသုတ္တန်ကို ဘယ်လို ဟောတော်မူသလဲ?
အာဒိတ္တပရိယာယသုတ္တန်ပိုင်း
(သံ၊၂၊၃၇၇-၃၇၉။)
အာဒိတ္တပရိယာယံ ဝေါ ဘိက္ခဝေ ဓမ္မပရိယာယံ ဒေသေဿာမိ။ တံ သုဏာထ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဝေါ = သင်ချစ်သားတို့အား။ အာဒိတ္တပရိယာယံ = အာဒိတ္တပရိယာယ အမည်ရသော။ ဓမ္မပရိယာယံ = တရား ဒေသနာတော်မြတ်ကို။ အဟံ = ငါဘုရားသည်။ ဒေသေဿာမိ = ဟောကြားတော်မူပေအံ့။ တံ = ထိုငါဘုရားဟောကြားမယ့် တရားတော်မြတ်ကို။ တုမှေ= သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည်။ သုဏာထ = နာယူကြပါကုန်လော့။
အာဒိတ္တပရိယာယအမည်ရနေတဲ့ တရားဒေသနာတော်တစ်ခုကို သင် ချစ်သားတို့ကို ငါဘုရားဟောတော်မူမယ်။ ငါဘုရားဟောတော်မူမယ့် အာဒိတ္တပရိယာယ အမည်ရှိနေတဲ့ ဒီတရားဒေသနာတော်ကို သင်ချစ်သားတို့ ရိုသေစွာ နာယူကြပါ။
အာဒိတ္တဆိုတာက မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ သဘောပဲ။ အာဒိတ္တပရိယာယ ဒေသနာတော်ဆိုတာက အလျှံတပြောင်ပြောင် မီးတဟုန်း ဟုန်းတောက်လောင်နေတဲ့ ပုံစံတွေကို စံထားပြီးတော့ ဘုရားရှင်ဟောတော်မူမယ့် ဒေသနာတော် ဖြစ်ပါတယ်။ ထိုဒေသနာကို အာဒိတ္တပရိယာယဓမ္မဒေသနာဆိုပြီး ဘုရားရှင်က နာမည်ပေးထားပါတယ်နော်။ ဘယ်လိုလဲ?
ကတမော စ ဘိက္ခဝေ အာဒိတ္တပရိယာယော, ဓမ္မပရိယာယော?
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အာဒိတ္တပရိယာယော = အာဒိတ္တပရိယာယအမည်ရှိသော။ ဓမ္မပရိယာယော = တရားဒေသနာတော်သည်ကား။ ကတမော စ = အဘယ်နည်း?
အာဒိတ္တပရိယာယ အမည်ရှိနေတဲ့ ဓမ္မပရိယာယဆိုတာက ဘာလဲ?
ရူပါရုံ၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တတ္တာယ အယောသလာကာယ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ စက္ခုန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ စက္ခုဝိညေယျေသု ရူပေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တတ္တာယ = လောလောပူသော။ အာဒိတ္တာယ = ရဲရဲညီးသော။ သမ္ပဇ္ဇလိတာယ = အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော။ သဇောတိဘူတာယ = မီးတောက်မီးလျှံနှင့်တကွ ဖြစ်သော။ အယောသလာကာယ = သံချောင်းဖြင့်။ စက္ခုန္ဒြိယံ = သင်ချစ်သားတို့၏ စက္ခုန္ဒြေကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။ စက္ခုဝိညေယျေသု = စက္ခုဝိညာဏ်ဖြင့် သိမြင်အပ်ကုန်သော။ ရူပေသု = ရူပါရုံအမျိုးမျိုးတို့၌။ အနုဗျဉ္ဇနသော = အနုဗျဉ္ဇနသဘောအားဖြင့် (ဝါ) အသေးစိတ်ကိုယ်အင်္ဂါ အစိတ်အပိုင်းအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမ လှမလှစသော အမှတ်နိမိတ်ကို စွဲယူခြင်းသည်ကား။ န တွေဝ ဝရံ = မမြတ်သည်သာတည်း။
ချစ်သားရဟန်းတို့ ...လောလောပူနေတဲ့ တပြောင်ပြောင် မီးဟုန်းဟုန်း တောက်နေတဲ့ မီးတောက်မီးလျှံနှင့် တကွဖြစ်နေတဲ့ လောလောပူနေတဲ့ သံချောင်းတစ်ချောင်း ရှိတယ်။ အဲဒီသံချောင်းဖြင့် သင်ချစ်သားတို့ရဲ့ မျက်လုံး အစုံကို ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ပက်လက်လှန်လိုက်နော်။ ပက်လက်လှန်ပြီးတဲ့ အချိန်အခါမှာ ဒီသံချောင်းနှစ်ချောင်းဖြင့် မျက်လုံးကို တစ်ခါတည်း ထုတ်ချင်းပေါက်သွားအောင် ဟိုမြေကြီးကို သံချောင်းဝင်သွားသည်အထိ ထိုးဖောက်လိုက်။ အဲဒီ ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဒါပေမဲ့ ဘာက မမြတ်သလဲ? စက္ခုဝိညာဏ်ဖြင့် သိအပ်တဲ့ ရူပါရုံ အမျိုးမျိုးတွေ ရှိကြတယ်။ အဲဒီ ရူပါရုံအမျိုးမျိုးတွေအပေါ်၌ အနုဗျဉ္ဇနဂ္ဂါဟ နိမိတ္တဂ္ဂါဟ ခေါ်တဲ့ စွဲလမ်းချက်နှစ်မျိုးဖြင့် လှမ်းပြီး စွဲယူခြင်းက မမြတ်ဘူးတဲ့။ အနုဗျဉ္ဇနဂ္ဂါဟဆိုတာက မျက်လုံးက လှတယ်, မျက်ခုံးက လှတယ်, သွားက လှတယ်, ပါးက လှတယ် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကို နှစ်သက် မြတ်နိုးတဲ့ စိတ်ထားဖြင့် လှမ်းပြီး စွဲယူခြင်းကို အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်တယ်။ နိမိတ္တဂ္ဂါဟဆိုတာကတော့ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် တစ်ကိုယ်လုံးကို နှစ်သက်မြတ်နိုးတဲ့ စိတ်ထားဖြင့် လှမ်းပြီး စွဲယူတာကို နိမိတ္တဂ္ဂါဟလို့ ခေါ်ပါတယ်။ ကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုအပေါ်မှာပဲ ဖြစ်စေ, တစ်ကိုယ်လုံးအပေါ်မှာပဲ ဖြစ်စေ, ယောက်ျား မိန်းမ လှမလှ စသည်ဖြင့် ဒီလိုစွဲယူတာဟာ မမြတ်ဘူးနော်။ ဘာဖြစ်လို့လဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဝိညာဏံ = သင်ချစ်သားတို့ရဲ့ သန္တာန်၌ နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ တိဋ္ဌမာနံ = ဖြစ်ပေါ်တည်နေခဲ့သည်ရှိသော်။ တစ်နည်း --- တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့ သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား မိန်းမ လှမလှ စသော အမှတ်နိမိတ်အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်ခြေအင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အသေးစိတ် ကိုယ်အမူအရာအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ= ဖြစ်ပေါ်တည်နေလေရာ၏။
ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး, ဒါက အဖိုးကြီး, ဒါက အဖွားကြီးစသည်ဖြင့် နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်နဲ့ လှမ်းပြီး စွဲယူလိုက်တယ်။ ဒါက တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ စွဲယူတဲ့ စွဲယူနည်းပဲ။ ဒီလို စွဲယူနည်းကိုတော့ နိမိတ္တဂ္ဂါဟလို့ ခေါ်ပါတယ်။ ဒါက မျက်နှာ, ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုအပေါ်မှာလည်း နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့တဲ့ စိတ်အစဉ်ဖြင့် လှမ်းပြီးတော့ စွဲယူလိုက်တယ်။ ဒီလို စွဲယူနည်းကိုတော့ အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်ပါတယ်။ ဒီလို စွဲယူလိုက်တဲ့ အချိန် အခါမှာ တစ်ကိုယ်လုံးအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ထိုစိတ်အစဉ်သည် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေဆိုတဲ့ အကျိုးတရားကို ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့ ကမ္မဝိညာဏ်လို့ခေါ်တဲ့ စိတ်အစဉ်ဖြစ်တယ်။ ဒီလိုဆိုရင် သားလေးကို ချစ်ခင်ကြည်နူးနေတဲ့ စိတ်ဓာတ်ဖြင့် တစိမ့်စိမ့် ကြည့်နေခြင်း, သမီးကို ချစ်ခင် ကြည်နူးတဲ့ စိတ်ဓာတ်ဖြင့် တစိမ့်စိမ့် ကြည့်နေခြင်းဟာဘာလုပ်နေတာလဲ? ကံတွေကို ထူထောင်နေတာပဲ။ အဖိုးကြီးကို တစိမ့်စိမ့်နဲ့ ကြည့်နေတယ်၊ အဖွားကြီးကို တစိမ့်စိမ့်နဲ့ ကြည့်နေတယ်၊ ဘာလုပ်တာလဲ? ကံတွေကို ထူထောင်နေတယ်နော်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ကမ္မဝိညာဏ်ခေါ်တဲ့ စိတ်အစဉ်တွေကို ထူထောင်နေကြတယ်။ အဲဒီလို ထူထောင်လိုက်တော့ ဘာဖြစ်သလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသည့် ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍ များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်ယောနိမူလည်း ဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤကဲ့သို့ ငရဲ တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးသည်။ ဝိဇ္ဇတိ = ထင်ရှားဧကန်ရှိသည် အမှန်သာလျှင်တည်း။
တစ်ကိုယ်လုံးအပေါ်မှာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေဖြစ်နေတုန်း သို့မဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ် အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေသွားခဲ့မယ်ဆိုရင် ငရဲနဲ့တိရစ္ဆာန်နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန်ရှိနေတယ်။ အဲဒီလိုရှိနေတဲ့အတွက် မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ လောလောပူနေတဲ့ မီးတောက်မီးလျှံနဲ့ တကွဖြစ်တဲ့ သံချောင်းဖြင့် သင်ချစ်သားတို့ရဲ့ သင်ချစ်သမီးတို့ရဲ့ မျက်လုံးအစုံကို ထိုးဖောက်လိုက်တာက မြတ်သေးတယ်။ ဒါကယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး စသည်ဖြင့် တစ်ကိုယ်လုံးအပေါ်မှာ နှစ်သက်မြတ်နိုးမှုဖြင့် ဒီလို စွဲယူတာဟာ မမြတ်ဘူး။ ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် လှမ်းပြီးစွဲယူလိုက်တာလည်း မမြတ်ဘူး။ စွဲယူခဲ့ရင် ဘာဖြစ်မလဲ? နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ ဘဝတစ်ခု အဆုံးသတ်ခဲ့ရရင် ဘယ်ရောက်မလဲ? ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒီလိုဆိုရင် ဒကာကြီးတွေ မိမိတို့က နှစ်သက်မြတ်နိုးလို့ အိမ်ထောင်ရေးဆိုတဲ့ လောကတစ်ခုကို တည်ထောင်ဖန်တီးထားကြတာ ဖြစ်တယ်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ သေခဲ့မယ်ဆိုရင် ငရဲနဲ့ တိရစ္ဆာန်ဘုံ နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုရင် အိမ်ပြန်ဖို့ ကောင်းသေးလား? (ကောင်းတယ်) ဟန်ကျပြီ၊ ဒီလိုဆိုရင်နော် မကောင်းဘူးဆိုရင်တော့ ကဲ -မပြန်တော့ဘူးလား? ပြန်တော့ပြန်ဦးမယ်နော်။ အဲဒါပဲ ဒကာကြီးတွေ ကိုယ့်ကိုယ်ကို သနားသလား, မသနားဘူးလား? ဒါ ပြန်ဆန်းစစ်ကြည့်ဖို့ မလိုဘူးလား? လိုအပ်တယ်။ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ဆိုတာက လောဘဦးဆောင်နေတဲ့စိတ်ပါ။ လောဘ ဦးဆောင်တဲ့စိတ် ဖြစ်ရုံတင်မဟုတ်ဘူး။ ဒေါသဦးဆောင်နေတဲ့ စိတ်တွေ, မောဟဦးဆောင်နေတဲ့ စိတ်တွေ ဘယ်အကုသိုလ်တရားမဆို အကုသိုလ်တရားတွေက မရဏာသန္နဇောရဲ့ နေရာကို ယူသွားပြီဆိုရင် ထိုပုဂ္ဂိုလ်သည် ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံ ရောက်တော့မယ်။ မိမိကိုယ်ကို မိမိ သနားမယ်ဆိုရင်တော့ ဒီနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ မဖြစ်အောင် ကြိုးစားအားထုတ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ အကယ်၍ ဒီနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေကို မွေးမြူရေးပြုလုပ်နေမယ်ဆိုရင် ဘာလုပ်နေတာလဲ အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပဲ။
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣမံ အာဒီနဝံ = ဤကဲ့သို့သော အပြစ်ကို။ ဒိသွာ = တွေ့မြင်ရသည်ဖြစ်၍။ ဧဝံ ခေါ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်း ဖြစ်ပါပေ၏။
ချစ်သားရဟန်းတို့ ... ဒီလို ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ သေသည်၏ အခြားမဲ့မှာ ရောက်ရှိနိုင်တယ်ဆိုတဲ့ ဒီအပြစ်ကို မြင်တော်မူတဲ့အတွက်ကြောင့် ငါဘုရားရှင်က ယခုလို ဟောပြတော်မူခြင်း ဖြစ်ပါတယ် --- တဲ့။ စဉ်းစားကြ - စဉ်းစားကြ၊ အချိန်ရှိခိုက် လုံ့လစိုက်လို့ ရနိုင်သေးတယ်။ ဒီနေရာမှာ ငရဲနှင့် တိရစ္ဆာန် ငရဲနှင့် တိရစ္ဆာန် ဟောနေတာ ကတော့ ဒါ ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရနဲ့ ပြောရင်တော့ အာဒိဒီပကနည်းနဲ့ အန္တဒီပကနည်းလို့ ခေါ်ပါတယ်။ အပါယ်လေးဘုံမှာ အဆိုးဆုံးက ငရဲ၊ အပေါ့ဆုံးကတော့ တိရစ္ဆာန်။ အဆိုးဆုံးနဲ့ အပေါ့ဆုံးကို ပြောလိုက်ရင် အလယ်ခေါင်မှာ တည်ရှိနေတဲ့ ပြိတ္တာနဲ့ အသူရကာယ်လည်း အကျုံးဝင် မသွားဘူးလား? ဝင်သွားတယ်။ အစနဲ့အဆုံးကို သိမ်းကျုံးပြီး ဟောလိုက်တဲ့အတွက် အလယ်ခေါင် အကုန်လုံး ပါသွားတဲ့နည်းကို အာဒိဒီပကနည်း အန္တဒီပကနည်းလို့ ဒီလိုခေါ်ပါတယ်နော်။ ဒါကြောင့် လောဘ ဒေါသ မောဟ တစ်ခုခု ဦးဆောင်နေတဲ့ အကုသိုလ်တရားတွေက မရဏာသန္နဇောခေါ်တဲ့ သေခါနီး နောက်ဆုံး ဖြစ်သွားတဲ့ ဇောစိတ်အစဉ်နေရာကို ယူသွားခဲ့ရင်တော့ ငရဲလည်း ရောက်နိုင်တယ်၊ ပြိတ္တာလည်း ဖြစ်နိုင်တယ်၊ အသုရကာယ်ဘုံလည်း ရောက်နိုင်တယ်၊ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်လို့ ဆိုလိုပါတယ်။ နောက်တစ်ခု
သဒ္ဒါရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှေန အယောသင်္ကုနာ အာဒိတ္တေန သမ္ပဇ္ဇလိတေန သဇောတိဘူတေန သောတိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ သောတဝိညေယျေသု သဒ္ဒေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တိဏှေန = ထက်မြက်လှစွာသော။ အာဒိတ္တေန = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတေန = အလျှံတပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတေန = မီးတောက်မီးလျှံနှင့် အတူတကွဖြစ်သော။ အယောသင်္ကုနာ = သံချွန်ဖြင့် (ဝါ) သံချွန်းဖြင့်။ သောတိန္ဒြိယံ = သောတိန္ဒြေကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်သေး၏။ သောတဝိညေယျေသု = သောတဝိညာဏ်ဖြင့် သိအပ်ကုန်သော။ သဒ္ဒေသု = သဒ္ဒါရုံအမျိုးမျိုးတို့၌။ အနုဗျဉ္ဇနသော = အသေးစိတ် ကိုယ်အမူအရာအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမစသော အမှတ် နိမိတ်ကို စွဲယူခြင်းသည်။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
အသံကလေးတစ်ခုကို ကြားလိုက်ပြီ။ အသံကလေးတစ်ခုကို ကြားလိုက်တဲ့ အချိန်အခါမှာ ဒါက သားပဲ, ဒါက သမီးပဲ, ဒါက ဇနီးပဲ, ဒါက မြေးပဲ, ဒါက အဖိုးကြီး, ဒါက အဖွားကြီးလို့ ဒီလို စွဲယူလိုက်ရင်လည်း မမြတ်ဘူးတဲ့။ ဒီအသံကတော့ သားရဲ့အသံနှင့် တူတယ်၊ ဒီအသံကတော့ သမီးရဲ့အသံနှင့် တူတယ်၊ ဒီအသံကတော့ အဖိုးကြီးအသံနှင့် တူတယ်၊ ဒီအသံကတော့ အဖွားကြီးအသံနှင့် တူတယ် --- စသည်ဖြင့် ဒီလို စွဲယူလိုက်ရင်လည်း မတော်ဘူးတဲ့။ အေး - ဒီအသံကလေးကတော့ ဘာသံပဲစသည်ဖြင့် အသံနဲ့ ပတ်သက်ပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်းကလေးတစ်ခုကို နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်ဖြင့် လှမ်းပြီး စွဲယူတယ်။ ဟာ - ဒါက မျက်လုံးပဲ၊ ဒီအသံပိုင်ရှင်အထိ ကိုယ်က သွားပြီးတော့ ဒီအသံပိုင်ရှင်ရဲ့ မျက်လုံးက ဘယ်လိုနေတယ်။ ပါးစပ်အနေအထားက ဘယ်လိုနေတယ် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုအပေါ်မှာ လှမ်းပြီးတော့ စွဲယူလိုက်တယ်။ အဲဒီလို စွဲယူတာက မမြတ်ဘူး။ ဘာဖြစ်လို့လဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ၊
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဧဝံ သတိ = ဤသို့ စွဲယူခဲ့သည်ရှိသော်။ တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟုခေါ်ဆိုအပ်သော စိတ်အစဉ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ= ယောက်ျား မိန်းမအစရှိသော အမှတ်နိမိတ်အပါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်ခြေ အစရှိသော ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ= ဖြစ်ပေါ်တည်နေလေရာ၏။
အသံကလေးတစ်ခု ကြားလိုက်ပြီ။ အသံကြားလိုက်တဲ့ အချိန်အခါမှာ ဒါက ယောက်ျား, ဒါက မိန်းမ စသည်ဖြင့် စွဲယူတယ်။ ဒါက အဖိုးကြီး, ဒါက အဖွားကြီး, ဒါက သားပဲ, ဒါက သမီးပဲ, သားပြန်လာပြီ, သမီးပြန်လာပြီ, ဒါက အဆိုကျော် ဘယ်သူပဲ စသည်ဖြင့် ဒီလို စွဲယူလိုက်တယ်။ အဲဒီလို စွဲယူခဲ့ရင် တစ်ကိုယ်လုံးအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီးတည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ထိုအချိန်အခါမှာ ဖြစ်ချင်ဖြစ်မယ်။ ဟာ - ဒါက မျက်လုံးလေး, ဒါက မျက်ခုံးစသည်ဖြင့် ဒီလိုအသံပိုင်ရှင်ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခုအပေါ်ကို လှမ်းပြီး စွဲယူလိုက်ခဲ့ရင်လည်း မိမိ လှမ်းပြီး စွဲယူလိုက်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမယ်။ ထိုစိတ်အစဉ်သည် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေ အကျိုးကိုပေးခြင်းငှာ စွမ်းနိုင်တဲ့ ကမ္မဝိညာဏ်လို့ခေါ်ဆိုအပ်တဲ့ စိတ်အစဉ် ဖြစ်ပါတယ်။ အဲဒီစိတ်အစဉ်ဖြစ်တော့ ဘာဖြစ်သလဲ?
တသ္မိဉ္စေ သမယေ ကာလင်္ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျေ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တသ္မိံ သမယေ = ထိုကဲ့သို့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာန်ယောနိမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသောဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသောဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသောဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန်ရှိသည် အမှန်သာလျှင်တည်း။
နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ သေခဲ့ရင် ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒီလို ဆိုလို့ရှိရင် အသံကလေးတစ်ခု ကြားလိုက်တဲ့ အချိန်အခါမှာလည်း အပါယ်လေးဘုံရောက်ကြောင်းဖြစ်တဲ့ အကုသိုလ်ကံတွေကို ထူထောင်ပြီး ဖြစ်မသွားနိုင်ဘူးလား? ဖြစ်သွားနိုင်တယ်။ ဘယ်အချိန်အခါမှာလဲ? ယောနိသော မနသိကာရခေါ်တဲ့ နည်းမှန်လမ်းမှန် နှလုံးသွင်းမှုဓာတ်ခံ မရှိခဲ့လို့ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး စသည်ဖြင့် အသံပိုင်ရှင်ကို ဒီလို စွဲယူခဲ့မယ်, ဒါကမျက်လုံး ဒါကမျက်ခုံး စသည်ဖြင့် အသံပိုင်ရှင်ကို ဒီလို စွဲယူခဲ့မယ်ဆိုရင် ယောနိသောမနသိကာရ မဖြစ်တော့ဘူး၊ ယောနိသောမနသိကာရမဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အပါယ်ရောက်ကြောင်းဖြစ်တဲ့ အကုသိုလ်ကံတွေကို ဆည်းပူးအားထုတ်ပြီး ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒါဟာ ဒကာကြီးတွေ ဒကာမကြီးတွေ တရားနာနေတဲ့ ပရိသတ်တွေ နေ့စဉ်နေ့စဉ် တွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေ မဟုတ်ဘူးလား? ဟုတ်နေတယ်။
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
= ချစ်သားရဟန်းတို့ ...ဒီလိုအပြစ်တွေကို တွေ့မြင်ရလို့ ငါဘုရားရှင်က ခုလို ဟောတော်မူခြင်း ဖြစ်ပါတယ်။
နောက်တစ်ခု --- မြတ်စွာဘုရားက သဒ္ဒါရုံလိုင်း = အသံနဲ့ ပတ်သက်လို့ ဟောတော်မူပြီးတဲ့အခါ အနံ့နဲ့ပတ်သက်လို့ မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်တယ်။ ဘယ်လိုလဲ?
ဂန္ဓာရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှေန နခစ္ဆေဒနေန အာဒိတ္တေန သမ္ပဇ္ဇလိတေန သဇောတိဘူတေန ဃာနိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ ဃာနဝိညေယျေသု ဂန္ဓေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အာဒိတ္တေန = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတေန = အလျှံပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတေန = မီးတောက်မီးလျှံနှင့်တကွ ဖြစ်သော။ တိဏှေန = ထက်လှစွာသော။ နခစ္ဆေဒနေန = လက်သည်းလှီးဓားငယ်ဖြင့်။ ဃာနိန္ဒြိယံ = နှာခေါင်းကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်သေး၏။ ဃာနဝိညေယျေသု = ဃာနဝိညာဏ်ဖြင့် သိရှိအပ်ကုန်သော။ ဂန္ဓေသု = အနံ့ဂန္ဓာရုံအမျိုးမျိုးတို့အပေါ်၌။ အနုဗျနဉ္ဇနသော = လက်ခြေစသော အမှတ်နိမိတ်အားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမ လှမလှစသော အမှတ်နိမိတ်ကို စွဲယူလိုက်ခြင်းသည်ကား။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
အနံ့တစ်ခုရပြီ၊ အနံ့တစ်ခု ရလိုက်တဲ့အချိန်အခါမှာ အနံ့တင် ရပ်တည်ပြီး မနေဘူး။ အနံ့ပိုင်ရှင်တွေအထိ စိတ်ကရောက်သွားကာ ဒါက သားပဲ, ဒါက သမီးပဲ, ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက အဖိုးကြီး, ဒါက အဖွားကြီး, ဒါက မြေး စသည်ဖြင့် ဒီလို လှမ်းပြီး စွဲယူတယ်။ သို့မဟုတ် ဒါက ပါးလေးပဲ, ဒါက မျက်လုံးလေးပဲ, ဒါက မျက်ခုံးလေးပဲ စသည်ဖြင့် သွားပြီးတော့ စွဲယူလိုက်တယ်။ အဲဒီလို စွဲယူတာက မြတ်သလား? မမြတ်ဘူးတဲ့နော်။ မီးတဟုန်းဟုန်းတောက်လောင်နေတဲ့ မီးတောက်မီးလျှံနှင့် တကွဖြစ်တဲ့ လက်သည်းလှီးဓားငယ်ဖြင့် ဒီနှာခေါင်းကို အထဲသွင်းပြီးတော့ ထိုးပြီး ကလိပြီးတော့ ဖြတ်ပစ်လိုက်တာ ဖောက်ပစ်လိုက်တာက မြတ်သေးတယ်။ ဘာဖြစ်လို့လဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ၊ အနု ဗျဉ္ဇနဿာဒဂထိတံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော အချိန် အခါကာလမျိုး၌။ တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်ဖြစ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား, မိန်းမ လှမလှစသော အမှတ်နိမိတ် အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်ခြေသဏ္ဌာန် အစရှိသော အသေးစိတ် ကိုယ်အမူအရာအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။
ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါကသမီး, ဒါကဇနီး, ဒါက မြေး စသည်ဖြင့် လှမ်းပြီး စွဲယူခဲ့ရင် ထိုယောက်ျား, မိန်းမ, ဇနီး, မြေး အစရှိတဲ့ ပုဂ္ဂိုလ်တို့အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် ဒါက ပါး, ဒါက မျက်လုံး, ဒါက မျက်ခုံး စသည်ဖြင့် ဒီလို လှမ်းပြီးစွဲယူခဲ့ရင် ထိုကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်နေမယ်။ ဖြစ်ခဲ့တော့ ဘာဖြစ်သလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များသေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာန ယောနိံ ဝါ = တိရစ္ဆာနယောနိမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသောဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသောဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟုခေါ်ဆိုအပ်သော နှစ်မျိုးသောဂတိတို့တွင် တစ်မျိုးမျိုးသော ဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန်ရှိသည် အမှန်သာတည်း။
ဒီလိုနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ အချိန်အခါမှာ ဖြုန်းခနဲသေခဲ့ရင် ငရဲနဲ့တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣမံ ခေါ အာဒီနဝံ= ဤကဲ့သို့ အပါယ်သို့ ရောက်နိုင်ခြင်းတည်းဟူသော အပြစ်ကို။ ဒိသွာ = ငါဘုရား သိမြင်ရသည် ဖြစ်၍။ ဧဝံ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်းဖြစ်ပေ၏။
မီးဟုန်းဟုန်းတောက်နေတဲ့ ထက်လှစွာသော လက်သည်းလှီးဓားငယ်ဖြင့် သင်ချစ်သားတို့ရဲ့ နှာခေါင်းကို ထိုးဖြတ်တာက မြတ်သေးတယ်။ ဒီလို လှမ်းပြီး ယောက်ျား, မိန်းမ စသည်ဖြင့် စွဲယူခြင်း, မျက်လုံး, မျက်ခုံး စသည်ဖြင့် လှမ်းပြီးစွဲယူခြင်းက မမြတ်ဘူးလို့ ငါဘုရားဟောတာဟာ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထိုအချိန်အခါမှာ ဖြုန်းခနဲ သေခဲ့မယ် ဆိုရင် အပါယ်လေးဘုံကို ရောက်နိုင်တယ်ဆိုတဲ့ ဒီသဘောတရား ဒီအပြစ်ကြီးကို ငါဘုရား မြင်နေတဲ့အတွက်ကြောင့် ဒီလို ဟောတာပါ။ နည်းနည်းလေး စဉ်းစားကြည့်ကြနော်။ ငရဲမှာခံရမယ့် ဆင်းရဲဒုက္ခနဲ့ လက်သည်းလှီးဓားငယ်နဲ့ နှာခေါင်းကို အဖြတ်ခံရမယ့်ဒုက္ခ ဘယ်ဒင်းကပိုပြီး ကြီးကျယ်မလဲ? ငရဲမှာ ခံရမယ့် ဒုက္ခတွေက သိပ်ပြီးတော့ကြီးကျယ်တယ်။ ဒီလို ကြီးကျယ်တယ်ဆိုရင် နေ့စဉ်နေ့စဉ် မိမိတို့ဟာ ငရဲရောက်ကြောင်းဖြစ်နေတဲ့ ကံတွေကို ထူထောင်နေတယ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်နော်။ နောက်တစ်ခု --- မြတ်စွာဘုရားက ဆက်ဟောတော်မူပြန်ပြီ။
ရသာရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှေန ခုရေန အာဒိတ္တေန သမ္ပဇ္ဇလိတေန သဇောတိဘူတေန ဇိဝှိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ ဇိဝှါဝိညေယျေသု ရသေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ အာဒိတ္တေန =ရဲရဲငြီးသော။ သမ္ပဇ္ဇလိတေန = အလျှံတပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတေန = မီးတောက်မီးလျှံနှင့် တကွဖြစ်သော။ တိဏှေန =ထက်မြက်လှစွာသော။ ခုရေန = သင်တုန်းဓားငယ်ဖြင့်။ ဇိဝှိန္ဒြိယံ = သင်ချစ်သားတို့ရဲ့ လျှာကို။ သမ္ပလိမဋ္ဌံ = ထိုးဖြတ်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။ ဇိဝှါဝိညေယျေသု= ဇိဝှါဝိညာဏ်ဖြင့် သိရှိအပ်ကုန်သော။ ရသေသု= ရသာရုံ အမျိုးမျိုးတို့အပေါ်၌။ အနုဗျဉ္ဇနသော = အသေးစိတ်ကိုယ်အမူအရာအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား မိန်းမစသည်ဖြင့် အမှတ်နိမိတ်တို့ကို စွဲယူလိုက်ခြင်းသည်။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်မီးလျှံနှင့် တကွဖြစ်တဲ့ အင်မတန်ပူလောင်နေတဲ့ ထက်လှစွာသော သင်တုန်းဓားငယ်တစ်ခုဖြင့် သင်ချစ်သားတို့ရဲ့လျှာကို ဖြတ်ပစ်လိုက်တာက မြတ်သေးတယ်။ ဇိဝှါဝိညာဏ်ဖြင့် သိအပ်တဲ့ ရသာရုံတွေ ရှိကြတယ်။ အဲဒီ ရသာရုံအမျိုးမျိုးတို့ အပေါ်၌ အနုဗျဉ္ဇနဂ္ဂါဟ, နိမိတ္တဂ္ဂါဟဆိုတဲ့ နှစ်မျိုးသော အမှတ်နိမိတ်တို့ကို စွဲယူခြင်းက မမြတ်ဘူး။ အရသာတစ်ခု စားပြီဆိုကြစို့နော်။ ဒါက အသည်းလေးပဲ, ဒါက အမြစ်ကလေးပဲ ဒီလို စွဲယူခဲ့မယ်ဆိုလို့ရှိရင် အနုဗျဉ္ဇနဂ္ဂါဟလို့ခေါ်တယ်။ အေး ဒါက ကြက်သား ဒါက ဝက်သား, ဒါက ငါး, ဒါက အာလူး, ဒါက ပဲစသည်ဖြင့် ဒီလို စွဲယူခဲ့မယ် ဆိုရင်တော့ ဘာခေါ်သလဲ? နိမိတ္တဂ္ဂါဟလို့ ခေါ်ပါတယ်။ အဲဒီလို အနုဗျဉ္ဇနဂ္ဂါဟ, နိမိတ္တဂ္ဂါဟခေါ်တဲ့ နှစ်မျိုးသော စွဲယူခြင်းဖြင့် သို့မဟုတ် တစ်မျိုးမျိုးသော စွဲယူခြင်းဖြင့် လှမ်းပြီး စွဲယူလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်သလဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ၊ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ၊
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တိဋ္ဌမာနံ = သင်ချစ်သားတို့၏ သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန်ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟုခေါ်ဆိုအပ်သော စိတ်အစဉ်ဖြစ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား, မိန်းမ, ကြက်သား ဝက်သား အစရှိသော အမှတ်နိမိတ်အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = အသည်းအမြစ်စသော အသေးစိတ် ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ် နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည် သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။
အေး ... ဒါက ကြက်သား, ဒါက ဝက်သား, ဒါက အာလူး, ဒါက ပဲ စသည်ဖြင့် စွဲယူခဲ့ရင် ဒီ ကြက်, ဝက်, အာလူး, ပဲတို့အပေါ်၌ နှစ်သက် သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့စိတ်အစဉ်တွေသည်သော်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ ဒါက အသည်း, ဒါက အမြစ်, ဒါက အဆုတ် စသည်ဖြင့် ဒါက အရိုး စသည်ဖြင့် လှမ်းပြီး စွဲယူခဲ့ရင်လည်း ထို အသည်း, အမြစ်, အဆုတ်စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဟုတ်သလား မဟုတ်ဘူးလား? စဉ်းစားကြည့်နော်။ အဲဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ဒီစိတ်အစဉ်တွေ ဖြစ်နေတာက ဘာလုပ်တာလဲလို့မေးတော့ ကမ္မဝိညာဏ်ခေါ်တဲ့ နောင်တတစ်ဖန် ဘဝအသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့စွမ်းအား ရှိတဲ့ကံတွေကို ထူထောင်နေတာပဲနော်။ အဲဒီ ကံတွေက တစ်ချိန် အကျိုးပေးတော့မယ်နော်။ ဒီတော့ နည်းနည်းကလေးတော့ စဉ်းစားကြည့်ပါ။ ဘုန်းကြီး အစွဲအလမ်းကြီးလို့ ပြောနေတာတော့ မဟုတ်ဘူးနော်။ လက်တွေ့ များသောအားဖြင့် ဖြစ်ပေါ်နေတဲ့ ပြဿနာ ကလေးတွေပါ။
ဘုန်းကြီး ဒူးယားတောထဲ နေစဉ်အချိန်ခါတုန်းက ဒူးယားက ဒကာကြီးတွေက လျှောက်ထားဖူးတယ်။ ဆရာတော် ... တပည့်တော်က ဒူးယားမှာ အလှူတာဝန်တစ်ခုနဲ့ ပတ်သက်ပြီးတော့ ကျောင်းဒါယကာ အများစုကနေပြီးတော့ တပည့်တော်အပေါ်မှာ ယုံကြည်စိတ်ချတဲ့အတွက် အပြစ်လွတ်ကင်းအောင် ဆိုပြီးတော့ ခုံတင်သား အရှာခိုင်းတယ်။ သူက သီလမြဲတဲ့ပုဂ္ဂိုလ် ဖြစ်နေတယ်။ ကိုယ်ကျင့်သီလမြဲတဲ့ပုဂ္ဂိုလ် အကျင့်စာရိတ္တကောင်းမွန်တဲ့ ပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် ကျောင်းဒါယကာကြီးတွေ အများစုကလည်း ဒီအလှူပွဲကြီးမှာ အကြီးအကျယ် လှူရမယ့် အလှူပွဲဖြစ်နေခြင်းကြောင့် အပ်အပ်စပ်စပ် အပြစ်အနာအဆာ ကင်းရှင်းနေတဲ့ အသား ရရှိရန်အတွက် သူ့ကို တာဝန်ပေးကြတယ်။ တာဝန်ပေးလိုက်တဲ့ အချိန်အခါကျတော့ ရွာကလည်း အိမ်ခြေ (၁၀၀၀)ကျော်ရှိတဲ့ရွာ ဖြစ်တယ်။ ကျောင်းကလည်း တစ်ကျောင်းတည်း ရှိတယ်။ ဒီလို ကြီးကျယ်တဲ့ အလှူပွဲကြီးတစ်ခု ကျင်းပပြီဆိုရင် ဒီရွာသူ ရွာသားတွေတင်သာမက တခြားတခြား နီးစပ်ရာဖြစ်တဲ့ ရွာသူ ရွာသားတွေကလည်း လာပြီးတော့ အလှူအတန်းမှာ စားကြသောက်ကြတယ်။ နီးစပ်ရာ ကျောင်းတွေမှာရှိတဲ့ သံဃာတော်တွေကိုလည်း အားလုံး ပင့်ဖိတ်ကြပါတယ်။ ဒီလို ပင့်ဖိတ်တဲ့ အလှူအတန်းပွဲတွေမှာ သူတို့ဘက်ကလည်း ခုံတင်သား မဟုတ်လို့ ပံသုကူအသား မဟုတ်ခဲ့ဘူးဆိုရင် အပြစ် ရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်လေးကလည်း သူတို့မှာ ရှိနေကြတယ်။ ရှိနေကြခြင်းကြောင့် အပြစ် လွတ်ကင်းနေတဲ့ အသားကို ဒီမှာ ကျွေးချင်ကြတယ်။ အထူးသဖြင့် ဝက်သား ကျွေးမယ်ပေါ့။ ဒီတော့ ဝက်ကို အချိန်လေးရာကျော်လောက် လိုနေတယ်။အချိန်လေးရာ ကျော်လောက် လိုတဲ့အချိန်အခါကျတော့ ဒီဒကာကို တာဝန် ပေးလိုက်တော့ သူကလည်း ထောက်လှမ်းရေးက ခပ်ကောင်းကောင်းဆိုတော့ လှမ်းပြီး ထောက်လှမ်းလိုက်တာ ဘယ်မှာရမလဲ? ရေးမှာလည်း မရနိုင်ဘူး။ သံဖြူဇရပ်မှာလည်း မရနိုင်ဘူး။ ကမာဝက်မှာ ရနိုင်တယ်ဆိုတဲ့ ဒီသတင်း သူက ကြားပြီ။ ကြားလိုက်တဲ့ အချိန်အခါကျတော့ ရထားနဲ့ သွားလိုက်တယ်။ အိမ်တစ်အိမ်မှာ ဝင်တည်းလိုက်တယ်။ မိတ်ဆွေအိမ်တစ်အိမ် ဝင်တည်းလိုက်တဲ့ အချိန်အခါကျတော့ သူ့မိတ်ဆွေအိမ်ကနေပြီးတော့ မေးတယ်။ ဘာလာလုပ်သလဲ? ဘာကိစ္စရှိသလဲ? မအပ်မရာတွေ ဖြစ်မှာစိုးတဲ့အတွက် ဟို - ကိစ္စတစ်ခုရှိလို့ လာတယ်လို့ပဲ ပြောလိုက်တယ်။ ဘာကိစ္စလို့ မပြောလိုက်ဘူး။ ဝက်ကို စီမံနေတဲ့ပုဂ္ဂိုလ်တွေကို သတင်းပို့လိုက်မှာစိုးလို့ ဘာမှ မပြောဘူး။ မနက်လေးနာရီလည်းတီး အုန်းမောင်းလည်းခေါက်ကော မြင်းလှည်းတစ်စီး ငှားပြီးတော့ အဲဒီ ဝက်ရနိုင်တဲ့ နေရာကို သွားတယ်။ သွားလိုက်တဲ့ အချိန်အခါကျတော့ ဟိုမှာ ဝက်စီမံဖန်တီးနေတဲ့ ပုဂ္ဂိုလ်တွေကလည်း အကျိုးအကြောင်း မေးလိုက်တဲ့အခါ အလိုရှိသလောက် ရပါတယ်။ အချိန်လေးရာကျော်ရတယ်။ အားလုံးအသင့်ပဲတဲ့ အားလုံး ချိန်တွယ်ပြီးပြီ။ ချိန်တွယ်လည်းပြီးရော တပည့်တော် တော်တော်စိတ်မကောင်း ဖြစ်သွားတယ်တဲ့။ ဘာဖြစ်လို့လဲ၊ သူတို့က ဒီအချိန်လေးရာကျော်ကို ဒီရွာမှာ ရောင်းဖို့ရန် စီစဉ်ထားပြီး ဖြစ်နေတယ်။ စီစဉ်ထားပြီးဖြစ်တော့ တပည့်တော်က အချိန်လေးရာကျော်ကို အကုန်ယူလိုက်တော့ နောက်ထပ် ရွာမှာပဲ ထပ်ပြီး ရောင်းဖို့ရန်အတွက် အသစ်တွေ တပည့်တော် ရှေ့မှာ သတ်လိုက်တာဘုရား။ တစ်ပုံကြီး တပည့် တော် တွေ့ခဲ့ရတယ်။ အဲဒါကြောင့် တပည့်တော် ဒီနေ့ကနေ စပြီးတော့ ဒီလိုတာဝန်ကို နောက်ထပ် ဘယ်တော့မှ မထမ်းဆောင်တော့ဘူး ဆိုပြီးတော့ ဒီလို စိတ်ဆုံးဖြတ်ချက် ချလိုက်တယ်။ ဘယ့်နှယ်တုန်း အဲဒီ အတွေ့ အကြုံဟာ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒကာကြီးတွေ ဒါ စဉ်းစားကြ။ ဒါ အစွဲအလမ်းကြီးလို့ပြောတာ မဟုတ်ပါဘူး။ ဒီလိုသတ်ဖြတ်ပြီးတော့ စားနေတယ်ဆိုတာက ဒီအသားငါးတွေအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နိုင် မဖြစ်နိုင်ကိုတော့ နည်းနည်း စဉ်းစားကြနော်။ အကယ်၍ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ဒီစိတ်အစဉ်တွေ ဖြစ်နေခဲ့မယ်ဆိုရင် ဒီစိတ်အစဉ်တွေက ဘာတွေလဲ? နောင်တစ်ချိန်ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိနေတဲ့ ကမ္မဝိညာဏ်လို့ခေါ်တဲ့ စိတ်အစဉ်တွေ ဖြစ်နေပြီ။ နောင် တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ ကမ္မဝိညာဏ်ခေါ်တဲ့ ဒီစိတ်အစဉ်တွေသည် ဘာဖြစ်မလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ -- နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
တသ္မိံ သမယေ =ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ = ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာနယောနိမူလည်း ဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသော ဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရာ၏။ ဧတံ ဌာနံ = ဤငရဲတိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုးသောဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်အမှန်သာလျှင်တည်း။
ဒီလိုနှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ ထို အချိန်အခါမှာ ဖြုန်းခနဲသာ သေပါစေ၊ သေသွားခဲ့ရင် ငရဲနှင့်တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဘာဖြစ်လို့လဲ? မိမိ စားသုံးလိုက်တဲ့ အစာအာဟာရနော်။ အသားငါးဖြစ်ချင်လည်း ဖြစ်ပါစေ၊ အသားငါးမဟုတ်တဲ့ အာလူးတို့ ပဲတို့စတဲ့ ပစ္စည်းဝတ္ထုတွေ ဖြစ်ချင်ဖြစ်ပါစေ၊ ဒီအစာအာဟာရအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်ဖြင့် စားသုံးခဲ့လို့ရှိရင် တွယ်တာမက်မော နေတဲ့စိတ်ဓာတ်တွေ ထင်ရှားဖြစ်နေတုန်း ဖြုန်းခနဲသေသွားခဲ့ရင် ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန်ရှိနေတယ်။ ဒီလိုဆိုလိုရှိရင် အာလူးကလည်း အရိုးစူးတတ်တယ်ဆိုတာ ဟုတ်သလား, မဟုတ်ဘူးလား? ဟုတ်နေပါတယ်။ ပဲကလည်း အရိုးမစူးတတ်ဘူးလား? စူးတတ်ပါတယ်။ အသားငါးမှသာ မဟုတ်ပါဘူးနော်။ အပ်စပ်တဲ့ အသားငါးကို စားခြင်းတည်းဟူသော အကြောင်းကြောင့် ဘုရားရှင်က ဘာမှ အပြစ်မပြောဘူး။ သို့သော် မအပ်မရာ ဖြစ်ခဲ့မယ်၊ အစွန်းသုံးပါး မလွတ်ခဲ့ဘူး ဆိုလို့ရှိရင်တော့ နည်းနည်းဆင်ခြင်ရမယ့်အပိုင်းတော့ မရှိဘူးလား? ရှိတယ်။
သို့သော် ဒီနေရာမှာ ရသတဏှာ မဖြစ်ဖို့က လိုရင်းပါပဲဆိုပြီး ပါးစပ်ကတော့ ပြောကြတာပဲ။ဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ရဲ့ ကျေးဇူးရှင် ဖြစ်ခဲ့ဖူးတဲ့ မဟာစည်ဆရာတော်ဘုရားက သူ့ရဲ့ ကျမ်းစာတစ်ခုမှာ သူက ဘယ်လိုရေးသားထားသလဲ အေး - တွယ်တာမှု ရသတဏှာမဖြစ်ဖို့က လိုရင်းပဲလို့ ပါးစပ်ကတော့ ပြောကြတာပဲတဲ့။ တကယ်တမ်းကျတဲ့ အချိန်အခါကျတော့ အဲဒီကိုယ်တော်တွေကို ပဲဟင်းလေးနဲ့ ငါးခြောက်ကလေးနဲ့ ပင့်ပြီး ဆွမ်းကျွေးလိုက်မယ်ဆိုရင် အဲဒီဆွမ်းပွဲမှာ သူတို့မျက်နှာကို ကြည့်လိုက်ရင် မျက်နှာလေးတွေက ရှုံ့နေကြတယ်တဲ့ ဘယ့်နှယ်တုန်း ဟုတ်သလား, မဟုတ်ဘူးလား? အဲ - ကိုယ်ကြိုက်တဲ့ အသားငါးတွေ လှိုင်လှိုင် ကျကျနန အချက်ကောင်းကောင်းနဲ့ ကျွေးလိုက်ရင်တော့ ပြုံးပြုံး ပြုံးပြုံးနဲ့၊ ပုဂ္ဂိုလ် တစ်ယောက်ကို ပင့်ပြီးတော့ ပဲဟင်းလေးနဲ့သာ ပင့်ဖိတ်ပြီး ဆွမ်းကျွေးလိုက်ရင် ဘယ့်နှယ်နေမလဲ? မျက်နှာလေးတွေက ရှုံ့နေတယ်တဲ့။ အဲဒါ သတိထားကြနော်။ နှစ်သက်သာယာမှု ရှိသလား, မရှိဘူးလားဆိုတာ မိမိကိုယ်ကို မိမိ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေ မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒါကြောင့် အဲဒီလို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေဟာ နောင်တစ်ဖန် ဘဝသစ်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကမ္မဝိညာဏ်လို့ခေါ်တဲ့ စိတ်အစဉ်တွေ ဖြစ်ကြပါတယ်။ အဲဒီ စိတ်အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေခဲ့မယ်ဆိုရင် အပါယ်လေးဘုံ ရောက်မယ်။ အပါယ်လေးဘုံ ရောက်ခဲ့မယ်ဆိုလို့ရှိရင် ငရဲမှာ ခံစားရမယ့် ဒုက္ခနဲ့ လျှာကို ဓားနဲ့ဖြတ်လိုက်တဲ့ဒုက္ခ ဒီနှစ်ခု တိုင်းတာနှိုင်းစာကြည့်မယ်ဆိုရင် လျှာကို ဓားနဲ့ဖြတ်လိုက်တဲ့ လုပ်ငန်းကိစ္စက နည်းနည်း တော်သေးတယ်။ ငရဲမှာ ခံရတဲ့ဒုက္ခက သိပ်ပြီးတော့ ကြီးကျယ်တယ်။ ဒါကြောင့် ---
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဣမံ အာဒီနဝံ = ဤကဲ့သို့ အပါယ်လေးဘုံသို့ ရောက်နိုင်ခြင်းတည်းဟူသောအပြစ်ကို။ ဒိသွာ = ငါဘုရား တွေ့မြင်ရသည်ဖြစ်၍။ ဧဝံ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်းဖြစ်ပါပေ၏။
ရသာရုံအမျိုးမျိုးတို့အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေဖြစ်နေတုန်း ဖြုန်းခနဲ သေသွားခဲ့ရင် ငရဲ တိရစ္ဆာန် ဦးဆောင်နေတဲ့ အပါယ်လေးဘုံရောက်မယ်ဆိုတဲ့ ဒီအပြစ်ကို ငါဘုရား မြင်နေပြီ။ ဒီလိုမြင်နေတဲ့အတွက်ကြောင့် ငါဘုရားက သင်ချစ်သားတို့ရဲ့ လျှာကို မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ ထက်လှစွာသော သင်တုန်းဓားငယ်ဖြင့် ဖြတ်ပြစ်လိုက်တာက မြတ်ပါသေးတယ်လို့ ဒီလို ငါဘုရား ဟောနေတာ ဖြစ်ပါတယ်။ ကဲ - နောက်တစ်ခု -- မြတ်စွာဘုရား ဖောဋ္ဌဗ္ဗာရုံနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဟောတော်မူသလဲ?
ဖောဋ္ဌဗ္ဗာရုံအပေါ်၌ တွယ်တာမက်မောမှု
ဝရံ ဘိက္ခဝေ တိဏှာယ သတ္တိယာ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ ကာယိန္ဒြိယံ သမ္ပလိမဋ္ဌံ၊ န တွေဝ ကာယဝိညေယျေသု ဖောဋ္ဌဗ္ဗေသု အနုဗျဉ္ဇနသော နိမိတ္တဂ္ဂါဟော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ အာဒိတ္တာယ = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတာယ = အလျှံပြောင်ပြောင် တောက်ပလျက်ရှိသော။ သဇောတိဘူတာယ = မီးတောက်မီးလျှံနှင့် တကွဖြစ်သော။ တိဏှာယ = ထက်မြက်လှစွာသော။ သတ္တိယာ = လှံဖြင့်။ ကာယိန္ဒြိယံ = သင်ချစ်သားတို့ရဲ့ ခန္ဓာကိုယ်ကြီးကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။ ကာယဝိညေယျေသု = ကာယဝိညာဏ်ဖြင့် သိရှိအပ်ကုန်သော။ ဖောဋ္ဌဗ္ဗေသု = ဖောဋ္ဌဗ္ဗာရုံအမျိုးမျိုးတို့အပေါ်၌။ အနုဗျဉ္ဇနသော = လက်ခြေစသော အသေးစိတ်ကိုယ်အမူအရာအားဖြင့်။ နိမိတ္တဂ္ဂါဟော = ယောက်ျား, မိန်းမ လှမလှ စသော အမှတ်နိမိတ်တို့ကို စွဲယူလိုက်ခြင်းသည်ကား။ န တွေဝ ဝရံ = မမြတ်သည်သာလျှင်တည်း။
အတွေ့ဖောဋ္ဌာဗ္ဗာရုံကလေးတစ်ခု တွေ့ထိမိပြီ။ တွေ့ထိလိုက်တဲ့ အချိန် အခါမှာ ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက ဇနီး, ဒါက မြေး, ဒါက အဖိုးကြီး, ဒါက အဖွားကြီးပဲလို့ လှမ်းပြီးစွဲယူခဲ့ရင်လည်း မမြတ်ဘူးတဲ့။ အေး - ဒါက လက်ကလေး, ဒါက ခြေထောက်, ဒါက ပါး စသည်ဖြင့် ဒီလိုစွဲယူခဲ့ရင်လည်း မြတ်သလား? မမြတ်ဘူး။ တစ်ကိုယ်လုံးကို ခြုံပြီးစွဲယူခဲ့ရင် နိမိတ္တဂ္ဂါဟလို့ ခေါ်တယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပဲလို့ လှမ်းပြီး စွဲယူခဲ့ရင်တော့ အနုဗျဉ္ဇနဂ္ဂါဟလို့ ခေါ်တယ်။ ထို နိမိတ္တဂ္ဂါဟ အနုဗျဉ္ဇနဂ္ဂါဟ နှစ်မျိုးလုံးကို မမြတ်ဘူးလို့ ဘုရားရှင်က ဟောကြားတော်မူပါတယ်။ အဲဒီလို စွဲယူခဲ့ရင် ဘာဖြစ်လို့ မမြတ်သလဲ?
နိမိတ္တဿာဒဂထိတံ ဝါ ဘိက္ခဝေ ဝိညာဏံ တိဋ္ဌမာနံ တိဋ္ဌေယျ, အနုဗျဉ္ဇနဿာဒဂထိတံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော ဖောဋ္ဌဗ္ဗာရုံကိုတွေ့ထိ၍ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေတဲ့ အချိန်အခါမျိုး၌။ တိဋ္ဌမာနံ = သင်ချစ်သားတို့ရဲ့ သန္တာန်၌ ဖြစ်ပေါ်တည်နေဆဲဖြစ်သော။ ဝိညာဏံ = နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်သော ကမ္မဝိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်အစဉ်ဖြစ်သည်။ နိမိတ္တဿာဒဂထိတံ ဝါ = ယောက်ျား မိန်းမ အစရှိသော အမှတ်နိမိတ်ကို နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။ အနုဗျဉ္ဇနဿာဒဂထိတံ ဝါ = လက်, ခြေအစရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေသော စိတ်အစဉ်သည်သော်မူလည်း။ တိဋ္ဌေယျ = ဖြစ်ပေါ်တည်နေလေရာ၏။
ဒါက ယောက်ျား, ဒါက မိန်းမ, ဒါက သား, ဒါက သမီး, ဒါက မြေး, ဒါက ဇနီး, ဒါက အဖိုးကြီး, ဒါက အဖွားကြီး စသည်ဖြင့် တစ်ကိုယ်လုံးကို ခြုံပြီးတော့ စွဲယူခဲ့ရင် အဲဒီတစ်ကိုယ်လုံးအပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေသော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒါက လက်ပဲ, ဒါက ခြေပဲ, ဒါက မျက်နှာ, ဒါက ခေါင်း စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို လှမ်းပြီးစွဲယူခဲ့ရင်လည်း ထိုကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု အပေါ်၌ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်သည်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုဖြစ်ခဲ့ရင် ဘာဖြစ်မလဲ?
တသ္မိဉ္စေ သမယေ ကာလံ ကရေယျ၊ ဌာနမေတံ ဝိဇ္ဇတိ, ယံ ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဂစ္ဆေယျ - နိရယံ ဝါ တိရစ္ဆာနယောနိံ ဝါ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တသ္မိံ သမယေ = ထိုကဲ့သို့သော နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ တည်နေတဲ့ ထိုအချိန်အခါမျိုး၌။ စေ ကာလံ ကရေယျ = အကယ်၍များ သေသွားငြားအံ့။ ဧဝံ သတိ =ဤသို့ သေသွားခဲ့သည်ရှိသော်။ နိရယံ ဝါ = ငရဲမူလည်းဖြစ်သော။ တိရစ္ဆာနယောနိံ ဝါ = တိရစ္ဆာနယောနိမူလည်းဖြစ်သော။ ဒွိန္နံ ဂတီနံ = နှစ်မျိုးသောဂတိတို့တွင်။ ယံ အညတရံ ဂတိံ = အကြင်အမှတ်မထား တစ်ပါးပါးသော ဂတိသို့။ ဂစ္ဆေယျ = လားရောက်လေရ၏။ ဧတံ ဌာနံ = ဤငရဲ တိရစ္ဆာန်ဟု ခေါ်ဆိုအပ်သော နှစ်မျိုးသော ဂတိတို့တွင် တစ်မျိုးမျိုး သောဂတိသို့ လားရောက်ရခြင်းဟု ခေါ်ဆိုအပ်သော ဤအကြောင်းအရာမျိုးဖြစ်သည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည်အမှန်သာလျှင်တည်း။
နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဆိုတာက --- နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးခြင်းငှာ စွမ်းနိုင်တဲ့ ကမ္မဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ စိတ်အစဉ်တွေ ဖြစ်ပါတယ်။ ထိုကမ္မဝိညာဏ်ခေါ်တဲ့ စိတ်အစဉ်တွေဖြစ်နေတုန်း တစ်နည်းပြောရင်တော့ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ပြီး တည်နေတဲ့ စိတ်အစဉ်တွေ ဖြစ်နေတုန်း ဖြုန်းခနဲ သေခဲ့မယ်ဆိုရင် ငရဲနဲ့တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်ရှိမယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒါကြောင့် ---
ဣမံ ခွာဟံ ဘိက္ခဝေ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣမံ အာဒီနဝံ = ဤကဲ့သို့သော အပြစ်ကို။ ဒိသွာ = ငါဘုရား တွေ့မြင်ရသည်ဖြစ်၍။ ဧဝံ = ဤသို့လျှင်။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူခြင်း ဖြစ်ပါပေ၏။
ငရဲနှင့် တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအပြစ်ကို ငါဘုရား မြင်နေတယ်ကွယ်။ ဒါကြောင့် သင်ချစ်သားတို့ရဲ့ ခန္ဓာအိမ်ကြီးကို မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ ထက်လှစွာသော လှံဖြင့် ထိုးလိုက်တာက မြတ်သေးတယ်။ ဖောဋ္ဌာဗ္ဗာရုံ အတွေ့အထိ အာရုံ အမျိုးမျိုးတို့အပေါ်၌ ယောက်ျားပဲ, မိန်းမပဲ, သားပဲ, သမီးပဲ, ဇနီးပဲ, မြေးပဲစသည်ဖြင့် စွဲယူခြင်းက မမြတ်ဘူး။ မျက်လုံးပဲ, မျက်ခုံးပဲ, ခေါင်းပဲ, လက်ပဲ, ခြေပဲစသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလေးတွေကို လှမ်းပြီး စွဲယူခြင်းက မမြတ်ပါဘူးလို့ ဒီလို ငါဘုရားဟောခြင်းဖြစ်တယ်။ ဒီလိုဆို ဒကာကြီးတွေ မြေးကလေးတွေ ချီသင့်သလား? မချီသင့်ဘူးလား? မြေးကလေးကို တစ်ခါချီလိုက်ပြီ ဆိုလို့ရှိရင် အပါယ်လေးဘုံ ရောက်ဖို့ရန်အတွက် ကမ္မဝိညာဏ်တွေ ဘယ်လောက်များ ဖြစ်သွားမလဲ? မြေးကလေးကို တစ်ခါချီတာက အပါယ်လေးဘုံရောက်ဖို့ရန်အတွက် ကမ္မဝိညာဏ်တွေ ဖြစ်တယ်ဆိုလျှင် အဖွားကြီးကို သွားချီမိရင်ကော အေး - အဲဒါ သတိထားကြပေတော့။ ဒီလိုဆိုရင် အိမ်ပြန်ဖို့ ကောင်းသေးသလား? အဲဒါ စဉ်းစားကြ။ ဒကာကြီးတွေ ကိုယ့်ကိုယ်ကို သနားခဲ့မယ်ဆိုရင်တော့ အိမ်ပြန်ဖို့ ကောင်းသေးသလား? မကောင်းတော့ဘူးနော်။ မကောင်းတော့ မကောင်းဘူးဘုရား။ ဒါပေမဲ့ တပည့်တော်တို့က ပြန်မှ ဖြစ်မယ်ဆိုတဲ့ လူတန်းစားတွေပါ ဆိုရင်တော့ အဲဒါ ပြဿနာပဲနော်။ နောက်တစ်ခု ---
ဝရံ ဘိက္ခဝေ သောတ္တံ။ သောတ္တံ ခေါ ပနာဟံ ဘိက္ခဝေ ဝဉ္ဈံ ဇီဝိတာနံ ဝဒါမိ၊ အဖလံ ဇီဝိတာနံ ဝဒါမိ၊ မောမူဟံ ဇီဝိတာနံ ဝဒါမိ၊ န တွေဝ တထာရူပေ ဝိတက္ကေ ဝိတက္ကေယျ ယထာရူပါနံ ဝိတက္ကာနံ ဝသံ ဂတော သံဃံ ဘိန္ဒေယျ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သောတ္တံ = အိပ်ပျော်၍ နေခြင်းသည်ကား။ ဝရံ = မြတ်ပါသေး၏။
အိမ်မက်တွေ မမက်ဘဲနဲ့ပေါ့နော်။ ဘဝင်စိတ်တွေ ဆက်တိုက် ဖြစ်ပေါ်နေတာကို အိပ်ပျော်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို အိပ်ပျော်နေတာက မြတ်သေးတယ်။ ဘာက မမြတ်သလဲ?
သောတ္တံ ခေါ ပနာဟံ ဘိက္ခဝေ ဝဉ္ဈံ ဇီဝိတာနံ ဝဒါမိ၊ အဖလံ ဇီဝိတာနံ ဝဒါမိ၊ မောမူဟံ ဇီဝိတာနံ ဝဒါမိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သောတ္တံ = အိပ်ပျော်၍ နေခြင်းကို။ ဇီဝိတာနံ = အသက်ရှင်နေကြကုန်သော သတ္တဝါတို့၏။ ဝဉ္ဈံ = အမြုံဓာတ် တစ်မျိုးဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူပါ၏။ ဇီဝိတာနံ = အသက်ရှင်နေကြကုန်သော သတ္တဝါတို့၏။ အဖလံ = အကျိုးမရှိတဲ့ တရားမျိုးဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူပါ၏။ ဇီဝိတာနံ = အသက်ရှင်နေကြကုန်သောသတ္တဝါတို့၏။ မောမူဟံ = တွေဝေနေတဲ့ ဓာတ်တစ်မျိုးဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြားတော်မူပါ၏။
အိပ်ပျော်နေတာက မြတ်သေးတယ်ကွယ်။ အိပ်ပျော်နေတာကို အသက် ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အမြုံဓာတ်တစ်မျိုးလို့ ငါဘုရားဟောတယ်။ အကျိုးကို မပေးနိုင်တဲ့ အကျိုးမရှိတဲ့ ဓာတ်တစ်မျိုးလို့လည်း ငါဘုရား ဟောတယ်။ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ တွေဝေနေတဲ့ ဓာတ်တစ်မျိုးလို့လည်း ငါဘုရား ဟောပါတယ်။ ဆိုလိုတာကတော့ ဘဝင်စိတ်တွေဆက်တိုက် ဖြစ်နေပြီဆိုရင် ဒီဘဝင်စိတ်က အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားတဲ့ သင်္ခါရ, ကံတွေရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ်အစဉ် ဖြစ်ပါတယ်။ သူက အကျိုးဝိပါက်စိတ် ဖြစ်တယ်။ အကျိုးဝိပါက်စိတ် ဖြစ်ခြင်းကြောင့် ဒီဝိပါက်စိတ်တွေ ဆက်တိုက်ဖြစ်နေရင် နောက်ထပ် ဒီဝိပါက်စိတ်တွေကြောင့် အသစ်တစ်ဖန် အကျိုးတရားဆိုတာ ထပ်ပြီး ပေါ်နိုင်မလား? မပေါ်နိုင်ဘူး။ ဒီဝိပါက်စိတ်တွေ ဆက်တိုက်ဆက်တိုက် ဖြစ်နေခြင်းဟာ ဘာမှ နောက်ထပ် အကျိုးမရှိတဲ့အတွက် အမြုံပဲနော်။ အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အကျိုးမရှိတဲ့ လုပ်ငန်းရပ်တစ်မျိုးလို့ ငါဘုရားဟောတယ်။ ဒီလို လုပ်ငန်းရပ်မျိုးကို တကယ်မောဟနဲ့ ယှဉ်တွဲနေတဲ့ လုပ်ငန်းရပ် မဟုတ်ခြင်းကြောင့် မြတ်စွာဘုရားက (မောမူဟ =) တွေဝေနေတဲ့ သဘောတရားတစ်ခုလို့ ဒီလို ဟောပါတယ်။ တွေဝေတဲ့ သဘောတရားတစ်ခုလို့ ဟောရခြင်းကလည်း ထိုအချိန်အခါမှာ ဥပါဒ်, ဌီ, ဘင်အနေအားဖြင့် ကိလေသာတွေက ထင်ရှား မဖြစ်ပေမဲ့လို့ အနုသယဓာတ်အနေအားဖြင့်တော့ ကိန်းဝပ်နေတဲ့ ကိလေသာကတော့ ဆက်တိုက် ရှိနေလို့ပါနော်။ ကဲ - ကောင်းပြီ ဒီလိုဝိပါက်စိတ် တွေက ဖြစ်နေတာက နောက်ထပ်အကျိုးကို ဒီဝိပါက်စိတ်တွေက ဖြစ်စေနိုင်တဲ့ စွမ်းအင် မရှိခြင်းကြောင့် အမြုံဓာတ် တစ်မျိုးပဲ အကျိုးမရှိတဲ့ လုပ်ငန်းရပ် တစ်မျိုးလို့ ဟောပြီ။ ဒါပေမဲ့ ထိုအချိန်အခါမျိုးမှာ ဘာဖြစ်လို့ ဘုရားရှင်က ဒီလို အိပ်ပျော်နေတာကို ကောင်းရတယ်လို့ ပြောသလဲ?
န တွေဝ တထာရူပေ ဝိတက္ကေ ဝိတက္ကေယျ ယထာရူပါနံ ဝိတက္ကာနံ ဝသံ ဂတော သံဃံ ဘိန္ဒေယျ။
ယထာရူပါနံ ဝိတက္ကာနံ = အကြင်သို့သဘောရှိကြကုန်သော ဝိတက်တို့၏။ ဝသံ = အလိုသို့။ ဂတော = လိုက်ပါသောပုဂ္ဂိုလ်သည်။ သံဃံ = သံဃာကို။ ဘိန္ဒေယျ = သင်းခွဲလေရာ၏။ တထာရူပေ ဝိတက္ကေ = ထိုကဲ့သို့ သံဃာကို သင်းခွဲနိုင်လောက်သော ကြံစည်စိတ်ကူးမှု ဝိတက်တရားတို့ကို။ န တွေဝ ဝိတက္ကေယျ = မကြံစည်မိလေရာ။
အိပ်ပျော်နေတဲ့ အချိန်အခါမှာ အမိကို သတ်ဖို့ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ အဖကို သတ်ဖို့ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်နိုင်ဘူး။ ရဟန္တာပုဂ္ဂိုလ်အား သတ်ဖို့ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်နိုင်ဘူး။ ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်မယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်နိုင်ဘူး။ သံဃာသင်းခွဲမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုတွေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါကတော့ အကုသိုလ်ထဲမှာ ပဉ္စာနန္တရိယလို့ ခေါ်ဆိုအပ်တဲ့ အကြီးဆုံးဖြစ်တဲ့ အကုသိုလ်ကံတွေတောင် မဖြစ်ဘူးဆိုရင် အပေါ့စားဖြစ်တဲ့ အကုသိုလ်ကံတွေကော ဖြစ်ဦးမလား? မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် အကြီးဆုံးဖြစ်တဲ့ ကံတွေကို ပုံစံထုတ်ပြီး ဟောတော်မူလိုက်တာပါ။ အကုသိုလ် ကံတွေလည်း ထိုအချိန်အခါမှာ ဖြစ်မလား? မဖြစ်ဘူး။ အကုသိုလ်ကံ အကုသလဝိတက်ခေါ်တဲ့ ကြံစည်စိတ်ကူးမှုတွေ မဖြစ်ဘူး။ မဖြစ်တဲ့အတွက်ကြောင့် ဘုရားရှင်က အိပ်ပျော်တာက မြတ်သေးတယ်တဲ့။ ဒီလို ဟောလိုက်တယ်။
ဣမံ ခွာဟံ ဘိက္ခဝေ ဝဉ္ဈံ ဇီဝိတာနံ အာဒီနဝံ ဒိသွာ ဧဝံ ဝဒါမိ။
ဒီလို အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အမြုံဓာတ်တစ်မျိုးကို ငါဘုရားက သိနေတဲ့အတွက် အိပ်ပျော်တာက မြတ်သေးတယ်ဆိုပြီး ဒီလို ဟောတာပါ။ အကယ်၍ အိပ်မပျော်ဘဲနဲ့ တောင်ကြံ မြောက်ကြံ ဟိုကြံ ဒီကြံ ကြံစည်စိတ်ကူး နေမယ်ဆိုရင် ထိုကြံစည်စိတ်ကူးမှုကလည်း အကုသလဝိတက်တွေသာ ဖြစ်နေခဲ့မယ်ဆိုရင် ထိုအချိန်အခါမှာ အကုသိုလ်တရားသည် မိမိရဲ့သန္တာန်မှာ ဆက်တိုက် ဖြစ်မနေဘူးလား? ဖြစ်နေပြီ၊ အကုသိုလ်တရားတွေ ဆက်တိုက် ဖြစ်နေတုန်း ဖြုန်းခနဲ ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရရင် ဘယ်ရောက်မလဲ? ငရဲနဲ့ တိရစ္ဆာန် နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝသို့ ရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားသည် ထင်ရှားဧကန် ရှိနေတယ်။ ဒါကြောင့် အိပ်ပျော်နေတာက မြတ်သေးတယ်လို့ ငါဘုရားဟောခြင်း ဖြစ်ပါတယ်တဲ့။ ဒီတော့ ဒီနေရာမှာ မြတ်စွာဘုရား ဟောလိုက်တာ အာရုံဘယ်နှစ်ပါး ဖြစ်သွားလဲ? အာရုံ (၆)ပါးနော်။ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ ဓမ္မသဘောခေါ်တဲ့ အာရုံ (၆)မျိုးကို မြတ်စွာဘုရား ဟောပြီးပြီ။ တကယ်တော့လည်း ဘုရားရှင်က ဒီလို ငါဘုရားဟောတဲ့အတိုင်း ခန္ဓာကိုယ်ကြီးကို လှံနဲ့ထိုးရမယ်၊ ဓားနဲ့ ခုတ်ရမယ်၊ လျှာကိုဖြတ်ရမယ်၊ ဒီလို ဆိုလိုသလား? မဟုတ်ပါဘူးနော်။
သံသရာမှ ထွက်မြောက်ကြောင်း = နိဿရဏပညာစခန်းသို့
တတ္ထ ဘိက္ခဝေ သုတဝါ အရိယသာဝကော ဣတိ ပဋိသဉ္စိက္ခတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ တတ္ထ = ထိုအာရုံ (၆)ပါးတို့အပေါ်၌။ သုတ ဝါ = အကြားအမြင်ဗဟုဿုတရှိသော။ အရိယသာဝကော = အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည်။ ဣတိ = ဤသို့။ ပဋိသဉ္စိက္ခတိ = ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ နေလေ၏။
ဒီလို အာရုံတွေနဲ့ တိုက်ဆိုင်လာတဲ့အခါမှာ ဒီအာရုံ (၆)ပါးတို့အပေါ်၌ အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကတစ်ဦးကတော့ ဒီလိုဆင်ခြင်တယ်။ ဘယ်လိုလဲ?
တိဋ္ဌတု တာဝ တတ္တာယ အယောသလာကာယ အာဒိတ္တာယ သမ္ပဇ္ဇလိတာယ သဇောတိဘူတာယ စက္ခုန္ဒြိယံ သမ္ပလိမဋ္ဌံ။
တတ္တာယ = လောလောပူသော။ အာဒိတ္တာယ = ရဲရဲငြီးသော။ သမ္ပဇ္ဇလိတာယ = အလျှံပြောင်ပြောင်တောက်ပလျက်ရှိသော။ သဇောတိဘူတာယ= မီးတောက်မီးလျှံနှင့် အတူတကွဖြစ်သော။ အယောသလာကာယ =သံချောင်းဖြင့်။ စက္ခုန္ဒြိယံ = စက္ခုန္ဒြေကို။ သမ္ပလိမဋ္ဌံ = ထိုးဖောက်လိုက်ခြင်းကို။ တိဋ္ဌတု= ထားလိုက်စမ်းပါဦး။
မီးတဟုန်းဟုန်း တောက်လောင်နေတဲ့ အလွန် လောလောပူနေတဲ့ သံချောင်းတစ်ခုဖြင့် ပက်လက်လှန်ပြီးတော့ မျက်လုံးနှစ်လုံးကို ဟိုး မြေကြီးထဲ ထိုးစိုက်သွားတဲ့အထိ ထိုးဖောက်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကို ခေတ္တထား လိုက်ပါဦး။ ဘာလုပ်ရမလဲ?
ဟန္ဒာဟံ ဣဒမေဝ မနသိ ကရောမိ။
ဟန္ဒ = ယခုအခါ၌။ အဟံ = ငါသည်။ ဣဒမေဝ = ဤသဘောတရား ကိုသာလျှင်။ မနသိ ကရောမိ = နှလုံးသွင်းရှုပွား၍ နေပေအံ့။
ရူပါရုံတစ်ခုက လာပြီးတိုက်ဆိုင်ပြီ၊ စက္ခုအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းနိုင်တဲ့ယောဂီများ နာမ်ကမ္မဋ္ဌာန်းပိုင်း ရုပ်ကမ္မဋ္ဌာန်းပိုင်းတွေကို စနစ်တကျ ရှုတတ်တဲ့ယောဂီများအတွက် ဒီနေရာမှာတော့ အခွင့်ကောင်းပဲနော်။ စက္ခုအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းပြီးတော့ ရူပါရုံအရောင်လေးကို လှမ်းပြီးတော့ အာရုံယူလိုက်ပါ။ ထိုရူပါရုံအရောင်က ဒီစက္ခုအကြည်ဓာတ်နဲ့ ဘဝင်မနောအကြည်ဓာတ်နှစ်ခုမှာ ပြိုင်တူလာပြီး ရိုက်ခတ်ပြီနော်။ ရိုက်ခတ်လိုက်တဲ့ အချိန်ခါမှာ ဘာလုပ်ရမလဲ?
ဟန္ဒာဟံ ဣဒမေဝ မနသိ ကရောမိ။
အဟံ = ငါသည်။ ဟန္ဒ = ယခုအခါ၌။ ဣဒမေဝ = ဤသဘောတရားကိုသာလျှင်။ မနသိ ကရောမိ = နှလုံးသွင်းရှုပွား၍ နေပေအံ့။
ငါကတော့ ဒီလိုပဲ နှလုံးသွင်းရှုပွားနေမယ်။ ဒီသဘောတရားတွေကို နှလုံးသွင်းရှုပွားနေမယ်။ ဘယ်လိုလဲ?
ဣတိ စက္ခု အနိစ္စံ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
ဣတိ = ဤကဲ့သို့သော အကြောင်းကြောင့်လည်းပဲ။ စက္ခု = စက္ခုသည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ ရူပါ = အဆင်းရူပါရုံတို့သည်။ အနိစ္စာ = အနိစ္စတရားတို့သာတည်း။ စက္ခုဝိညာဏံ = စက္ခုဝိညာဏ်သည်။ အနိစ္စံ = အနိစ္စတရားသာတည်း။ စက္ခုသမ္ဖေဿာ = စက္ခုသမ္ဖဿတရားသည်။ အနိစ္စော = အနိစ္စတရားသာတည်း။ စက္ခုသမ္ဖဿပစ္စယာ =စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့်။ သုခံ ဝါ = သုခမူလည်းဖြစ်သော။ ဒုက္ခံ ဝါ = ဒုက္ခမူလည်းဖြစ်သော။ အဒုက္ခမသုခံ ဝါ = အဒုက္ခမသုခမူလည်းဖြစ်သော။ ယမ္ပိဒံ ဝေဒယိတံ = အကြင်ခံစားမှုဝေဒနာသည်လည်းပဲ။ ဥပ္ပဇ္ဇတိ = ဖြစ်ပေါ်၍လာ၏။ တမ္ပိ = ထိုခံစားမှုဝေဒနာသည်လည်းပဲ။ အနိစ္စံ = အနိစ္စ သဘောတရားသာတည်း။ ဣတိ = ဤသို့လျှင်။ ဣဒမေဝ = ဤသဘောတရားကိုသာလျှင်။ အဟံ = ငါသည်။ မနသိ ကရောမိ = နှလုံးသွင်းရှုပွား၍ နေပေအံ့။
ရူပါရုံတစ်ခုကို လှမ်းပြီးတော့ မြင်လိုက်ပြီဆိုရင် ယောဂီပုဂ္ဂိုလ်ဘက်က ဘယ်လိုနှလုံးသွင်းရမလဲ?
- စက္ခုအကြည်ဓာတ်ကို အနိစ္စလို့ နှလုံးသွင်းပါ။
- ရူပါရုံတွေကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
- စက္ခုဝိညာဏ်ကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
- စက္ခုသမ္ဖဿကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
- စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာခေါ်တဲ့ ဒီဝေဒနာတွေကိုလည်း အနိစ္စလို့ နှလုံးသွင်းပါ။
ဘယ်နှစ်ချက်လဲ? (၅)ချက်။
အဲဒီမှာ စက္ခုကို အနိစ္စလို့ နှလုံးသွင်းပါဆိုရင် စက္ခုအကြည်ဓာတ်သည် စက္ခုအကြည်ဓာတ်တစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ စက္ခုဒသကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ရုပ်ကလာပ်အမှုန်ကလေးအနေနဲ့ ဖြစ်တော့ ဒီစက္ခုဒကကကလာပ် စက္ခုအကြည်ဓာတ်ပါနေတဲ့ ရုပ်ကလာပ် အမှုန်ကို ဓာတ်ခွဲလိုက်ရင် ရုပ်သဘောတရား ဘယ်နှစ်မျိုးရှိသလဲ? (၁၀)မျိုး။ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, စက္ခုပသာဒဆိုပြီး ရုပ်သဘောတရား ဘယ်နှစ်မျိုးရှိသလဲ? (၁၀)မျိုး၊ အဲဒီ (၁၀)မျိုးသော ရုပ်တရားတွေကို အားလုံးသိမ်းကျုံးပြီးတော့ အနိစ္စလို့ ရှုရမှာ ဖြစ်တယ်။ သို့သော် မျက်စိမှာ ဒီစက္ခုဒသကကလာပ်ခေါ်တဲ့ စက္ခုအကြည်ဓာတ် ပါနေတဲ့ ရုပ်ကလာပ်တစ်မျိုးသာ ရှိသလားလို့ဆိုတော့ မဟုတ် ပြန်ဘူး။ ဘယ်နှစ်မျိုးလောက်ရှိလဲ? ရုပ်ကလာပ်အမျိုးအစားက (၆)မျိုး၊ ရုပ်အမျိုးအစားက (၅၄)နော်။ စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်ဆိုပြီး ရုပ်ကလာပ်အမျိုးအစား ဘယ်လောက် လဲ? (၆)မျိုး ရုပ်အမျိုးအစားက (၅၄)၊ (ဝိသုဒ္ဓိ၊၂၊၂၅၉။) အဲဒီ (၅၄)မျိုးသော ရုပ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းပြီးတော့ ဖြစ်ပြီးပျက်နေတဲ့ သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုပါ။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောတွေကို ဉာဏ်နဲ့မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုပါ။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ အနတ္တလို့ ရှုပါ။ ဒါက တစ်ချက်။
နောက်တစ်ခု --- (ရူပါ အနိစ္စာ =) ရူပါရုံသည် ရူပါရုံတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား ရှိသလား? မရှိဘူး။ သူကလည်း ကလာပ်ခေါ်တဲ့ အမှုန်လေးတွေ အနေနဲ့ဖြစ်တော့ ရူပါရုံမပါတဲ့ ရုပ်ကလာပ်အမှုန် ဆိုတာကတော့ ရှိကောင်းသလား? မရှိကောင်းဘူး။ ဒါကြောင့် ရူပါရုံနှင့်တကွ မိမိ ရှုပွားသုံးသပ်နေတဲ့ ရုပ်ကလာပ်အများစုမှာ တည်ရှိနေတဲ့ ရုပ်တရားတွေကို ခြုံငုံပြီးတော့ အနိစ္စလို့ ရှုရမယ်၊ ဒုက္ခလို့ ရှုရမယ်၊ အနတ္တလို့ ရှုရမယ်။
နောက်တစ်ခု --- စက္ခုဝိညာဏ်၊ နာမ်ပိုင်း ရောက်ပြီ။ ရုပ်ပိုင်းမှာ ဝတ္ထုနဲ့အာရုံ ဘုရားဟောလိုက်ပြီ။ နာမ်ပိုင်း ရောက်လာတော့ ---
စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
စက္ခုဝိညာဏ်ကို အနိစ္စလို့ ရှုခိုင်းတယ်။ စက္ခုသမ္ဖဿကို အနိစ္စလို့ ရှုခိုင်းတယ်။ စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့သုခ သို့မဟုတ် ဒုက္ခ သို့မဟုတ် ဥပေက္ခာဝေဒနာကိုလည်း အနိစ္စလို့ အရှုခိုင်းတယ်။ ဒီတော့ နာမ်ပိုင်းကျတော့ ရှုကွက်ဘယ်နှစ်မျိုးဖြစ်သွားသလဲ? သုံးမျိုး၊ ဝိညာဏ်ရယ်, ဖဿရယ်, ဝေဒနာရယ်ဆိုပြီးတော့ ဘယ်နှစ်မျိုးလဲ? သုံးမျိုး။ ဒီရှုကွက် ကလေးတွေ ဟောကွက်ကလေးတွေကို ကြည့်ပြီးတော့ အဋ္ဌကထာဆရာတော်များက နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်းနဲ့ ပတ်သက်ပြီးတော့ သုံးနည်း ရှိတယ်လို့ ဖွင့်ဆိုကြတယ်။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။) ဖဿက စသိမ်းဆည်းတဲ့နည်း တစ်နည်း၊ အသိစိတ်ဝိညာဏ်ကစ သိမ်းဆည်းတဲ့နည်း တစ်နည်း၊ ဝေဒနာက စသိမ်းဆည်းတဲ့နည်း တစ်နည်းဆိုပြီးတော့ သုံးနည်းရှိတယ်လို့ ဖွင့်ဆိုထားတယ်။ ဘုရားဟောဒေသနာတွေကို မွှေနှောက်ပြီးမှ ဖွင့်ဆိုထားတဲ့ အဖွင့်သံဝဏ္ဏနာတွေ ဖြစ်ကြပါတယ်။ ဒီတော့ ဝိညာဏ်ကနေ စပြီးတော့ သိမ်းဆည်းတဲ့ နည်းကိုတော့ စိတ္တာနုပဿနာလို့ခေါ်တယ်။ ဝေဒနာကနေ စသိမ်းဆည်းတဲ့ နည်းကိုတော့ ဝေဒနာနုပဿနာလို့ခေါ်တယ်။ ဖဿကနေ စပြီးသိမ်းဆည်းတဲ့ နည်းကိုတော့ ဓမ္မာနုပဿနာလို့ ခေါ်ပါတယ်။ ခုနက မှီရာဝတ္ထုရုပ်နဲ့ အာရုံရုပ်တွေကို သိမ်းဆည်းတာကျတော့ ကာယာနုပဿနာ၊ ပေါင်းလိုက်တော့ သတိပဋ္ဌာန် ဘယ်နှစ်ပါး ဖြစ်သွားသလဲ? လေးပါး။ ဒီတော့ စက္ခုဝိညာဏ်ကို ရှုမယ်ဆိုရင် စက္ခုဝိညာဏ်သည် စက္ခုဝိညာဏ်တစ်လုံးတည်း ဖြစ်သလား? မဖြစ်ဘူး။ ယှဉ်ဖက် စိတ် စေတသိက်တွေနဲ့ ယှဉ်တွဲပြီးမှ ဖြစ်တယ်။ ယှဉ်ဖက်စေတသိက်တွေနဲ့ ယှဉ်တွဲပြီးဖြစ်တော့ ယှဉ်ဖက်စေတသိက်တွေထဲမှာ ဝေဒနာ, သညာ, သင်္ခါရခေါ်တဲ့ နာမ်ခန္ဓာ သုံးပါး ပါမနေဘူးလား? ပါနေတယ်။ အဲဒါကြောင့် စက္ခုဝိညာဏ်ရှုလည်း စက္ခုဝိညာဏ်တစ်ခုတည်း မရှုနဲ့၊ ယှဉ်ဖက်စေတသိက်တွေကို ရှု။ စက္ခုသမ္ဖဿကို ရှုရင်လည်း စက္ခုသမ္ဖဿ တစ်ခုတည်း မရှုနဲ့၊ ယှဉ်ဖက် စိတ် စေတသိက်တွေကို ရှု။ စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာကို ရှုမယ်ဆိုရင်လည်း ဒီဝေဒနာတစ်ခုတည်းကို မရှုပါနဲ့။ ယှဉ်ဖက်စိတ် စေတသိက်တွေအားလုံးကိုပဲ ရှုပါ ဆိုပြီးတော့ ဒီလို အဋ္ဌကထာကြီးတွေက ညွှန်ကြားထားတယ်။ အဲဒီ ညွှန်ကြားချက်ကို ကြည့်လိုက်တော့ ဒီစက္ခုဝိညာဏ်က စက္ခုဝိညာဏ်တစ်ခုပဲ ရှုတယ်။ စက္ခုသမ္ဖဿကတော့ စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ ဖဿတစ်ခုပဲ ရှုတယ်၊ ဒီလို မယူဆနှင့်နော်။ တစ်ဖန် ဝေဒနာကျတော့ ---
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ တမ္ပိ အနိစ္စံ။
စသည်ဖြင့် ဒီလို ဟောကြားထားတော်မူတယ်။ အဲဒီလို ဟောကြားတော်မူလိုက်တဲ့ ဒေသနာတော်မှာ စက္ခုသမ္ဖဿကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာသည် သုခလည်း ဖြစ်ချင်ဖြစ်မယ်, ဒုက္ခလည်း ဖြစ်ချင်ဖြစ်မယ်, ဥပေက္ခာလည်း ဖြစ်ချင်ဖြစ်မယ်လို့ ဒီလိုဟောကြားထားတော်မူတယ်။ ဟောကြားချက်ကို ပြန်ပြီးတော့ နည်းနည်းအကဲခတ်ကြည့်လိုက်လို့ရှိရင် စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲပြီး ဖြစ်နေတဲ့ဝေဒနာသည် ဘာဝေဒနာလဲ? ဥပေက္ခာဝေဒနာ၊ ဒါ ပုံသေပဲ။ ခုဘုရားရှင် အရှုခိုင်းနေတာက သုခ သို့မဟုတ် ဒုက္ခ သို့မဟုတ် ဥပေက္ခာဆိုပြီး သုံးမျိုးလုံးကို အရှုခိုင်းတယ်။ အရှုခိုင်းတဲ့ ဒီ ဦးတည်ချက်ကို လှမ်းကြည့်လိုက်ရင် ဒီဝေဒနာသည် စက္ခုဝိညာဏ်နဲ့ တွဲနေတဲ့ ဝေဒနာတွင်သာမက စက္ခုဝိညာဏ်ကို အကြောင်းခံပြီး သို့မဟုတ် စက္ခုသမ္ဖဿကို အကြောင်းခံပြီးတော့ ဖြစ်ပေါ်လာတဲ့ စက္ခုဝိညာဏ်ရဲ့ နောက်ပိုင်းမှာ ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ ဝေဒနာတွေလို့ ခန့်မှန်းလို့ မရဘူးလား? ရပါတယ်နော်။ အဲဒါကြောင့် စက္ခုသမ္ဖဿဇာဝေဒနာလို့ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာလို့ပြောရင် စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာသာမက သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, မနောဒွါရာဝဇ္ဇန်း စသည်ဖြင့် ရူပါရုံကို ဆက်လက်အာရုံယူနေတဲ့ ဝီထိစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာ အားလုံးကို ဆိုလိုတယ်ဆိုပြီး ဒီလိုရှင်းတဲ့ ရှင်းတမ်း တစ်ခုလည်း ရှိတယ်။ နောက်ရှင်းတမ်း တစ်ခုကတော့ စက္ခုသမ္ဖဿဇာ ဝေဒနာ။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဆိုတာက စက္ခုဝိညာဏ်နဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာသာမက စက္ခုဝိညာဏ်ရဲ့ နောက်ဆွယ်မှာ ဆက်လက်ပြီး ရူပါရုံကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ဝေဒနာနဲ့ ယှဉ်တွဲနေတဲ့ နာမ်တရားအားလုံးကို ဆိုလိုတယ်ဆိုပြီး ဒီလိုဖွင့်ထားတာလည်း ရှိတယ်။ အတူတူပါပဲ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋီ၊၁၊၃၇၀။ ...)
နောက်တစ်ခု --- ဒီလိုဆိုရင် စက္ခုဝိညာဏ်ရဲ့ရှေ့မှာ ဖြစ်လေ့ရှိနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်းခေါ်တဲ့ ရူပါရုံကို ဆင်ခြင်နေတဲ့ စိတ်ကျတော့ မရှုကောင်းတော့ဘူးလားဆိုတော့ အဲဒီရူပါရုံကို ဆင်ခြင်နေတဲ့ ဒီပဉ္စဒွါရာဝဇ္ဇန်းဟာလည်း အကြောင်းပရိယာယ်တစ်မျိုးအားဖြင့် သူ့ကိုလည်း စက္ခုသမ္ဖဿကြောင့် ဖြစ်တယ်လို့ ပြောဆိုနိုင်တယ်။ သို့မဟုတ် စက္ခုသမ္ဖဿကြောင့်ဖြစ်တဲ့ ဝေဒနာလို့ပဲ ပြောဆိုနိုင်တယ်။ ဘယ်လိုကြောင့်လဲ? မျက်စိကန်းနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ သန္တာန်မှာ စက္ခုဝိညာဏ်ဖြစ်မလား? မဖြစ်ဘူး။ စက္ခုဝိညာဏ် မဖြစ်ရင် စက္ခုသမ္ဖဿကော ဖြစ်ဦးမလား? မဖြစ်ဘူး။ စက္ခုသမ္ဖဿမဖြစ်ရင် ရူပါရုံကို ဆင်ခြင်နေတဲ့ ဒီပဉ္စဒွါရာဝဇ္ဇန်းစိတ်ကော ဖြစ်ဦးမလား? မဖြစ်တော့ဘူး။ ဟော - ဒီအကြောင်းပရိယာယ်အားဖြင့် စက္ခုဝိညာဏ်ရဲ့ ရှေ့မှာ ရှိနေတဲ့ ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စဒွါရာဝဇ္ဇန်းနဲ့ ယှဉ်တွဲနေတဲ့ ဝေဒနာဟာလည်း စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ သို့မဟုတ် စက္ခုသမ္ဖဿဇာ ဝေဒနာလို့ပဲ ခေါ်နိုင်တယ်။ ဒီတော့ ပြောလိုရင်းကတော့ စက္ခုဒွါရဝီထိမှာရှိတဲ့ စိတ် စေတသိက်တွေကို အသိစိတ်ဝိညာဏ်ကို ဦးတည်၍ဖြစ်စေ, ဝေဒနာကို ဦးတည်၍ဖြစ်စေ, ဖဿကို ဦးတည်၍ဖြစ်စေ သိမ်းဆည်းပြီးတော့ ရူပါရုံကို ဆက်လက်ပြီး အာရုံယူနေတဲ့ ဒီနာမ်တရားတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပါလို့ ဒီလို ဆိုလိုပါတယ်။ အလားတူပဲ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော ခေါ်တဲ့ အာရုံ (၆)ပါးနဲ့ တိုက်ဆိုင်လာတဲ့ အချိန်အခါမှာ ထို တိုက်ဆိုင်တိုင်း တိုက်ဆိုင်တိုင်း ဖြစ်ပေါ်နေတဲ့ မှီရာဝတ္ထုရုပ်တွေ အာရုံရုပ်တွေ စက္ခုဒွါရဝီထိ နာမ်တရားစု ရူပါရုံကို ဆက်လက်ပြီး အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ် တရားစု, သောတဒွါရဝီထိ နာမ်တရားစု သဒ္ဒါရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရ နာမ်တရားစုစတဲ့ ထိုထို ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အဲဒီတော့ ခုဒီနေရာမှာ ပြောနေတာကတော့ အထူးသဖြင့် ရသာရုံနဲ့ ပတ်သက်ပြီး ပြောနေတဲ့ အပိုင်းပဲနော်။ ရသာရုံ တစ်ခုက မိမိတို့ရဲ့ လျှာ ဇိဝှါဒွါရမှာ လာပြီးတော့ ထိခိုက်ပြီဆိုကြတော့ ဇိဝှါဒွါရနဲ့ မနောအကြည်ဓာတ် (= မနောဒွါရ)မှာ လာပြီးတော့ ထိခိုက် လိုက်ပြီ။ ထိခိုက်လိုက်တဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းဘက်က ဘာလုပ်ရမလဲ?
ဣတိ ဇိဝှါ အနိစ္စာ၊ ရသာ အနိစ္စာ၊ ဇိဝှါဝိညာဏံ အနိစ္စံ၊ ဇိဝှါသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ ဇိဝှါသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ။ ပ ။ တမ္ပိ အနိစ္စံ။
ဇိဝှါအကြည်ဓာတ် ဦးဆောင်နေတဲ့ (၅၄)မျိုးသော ရုပ်တရားတွေလည်း အနိစ္စပဲ။ ရသာရုံဦးဆောင်နေတဲ့ ရသာရုံနဲ့ အတူဖြစ်နေတဲ့ ရုပ်တရားတွေလည်း အနိစ္စပဲ။ ဇိဝှါဝိညာဏ် ဇိဝှါဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ နာမ်တရားစု, ရသာရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစု အဲဒီ နာမ်တရားစုတွေလည်း အနိစ္စပဲလို့ ဒုက္ခပဲလို့ အနတ္တပဲလို့ ဒီလို လက္ခဏာရေး သုံးတန်တင်ပြီးတော့ဝိပဿနာ ရှုနေပါ။ အဲဒီလို ဝိပဿနာ ရှုနေခဲ့ရင်တော့ ဝိပဿနာရှုပြီးတော့ အစာအာဟာရတစ်ခုကို စားခဲ့မယ်ဆိုရင် ဘာဖြစ်သလဲ? (နိဿရဏပညာ =) သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ အသိအလိမ္မာဉာဏ်ပညာတွေကို မိမိတို့ ရရှိပြီ ဖြစ်ပါတယ်။
အဲဒီနိဿရဏပညာ မရှိဘဲနဲ့ သတ္တဝါတွေအပေါ်၌ တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်တွေ တစ်ပုံကြီးဖြင့် ဒီအာရုံ (၆)ပါးတွေနဲ့ ဆက်ဆံနေခဲ့ရင် ဘာဖြစ်မလဲ? ဒီအပိုင်းကို အာမဂန္ဓသုတ္တန်မှာ မြတ်စွာဘုရား ဟောတော်မူနေတယ်နော်။
အာမဂန္ဓသုတ္တန် (စတုတ္ထပိုင်း)
၇။ ဧတေသု ဂိဒ္ဓါ ဝိရုဒ္ဓါတိပါတိနော၊
နိစ္စုယျုတာ ပေစ္စ တမံ ဝဇန္တိ ယေ။
ပတန္တိ သတ္တာ နိရယံ အဝံသိရာ၊
ဧသာမဂန္ဓော န ဟိ မံသဘောဇနံ။
ယေဇနာ = အကြင်လူသားတို့သည်ကား။ ဧတေသု = ထိုသတ္တဝါ အမျိုးမျိုးတို့အပေါ်၌။ ဂိဒ္ဓါ = တွယ်တာမက်မောတဲ့စိတ်ထား ထင်ရှားရှိကြ၍ နေလေကုန်၏။ ဝိရုဒ္ဓါ = မကျေနပ်ချက်ဖြင့် ဆန့်ကျင်ဘက်ပြုလုပ်၍ နေကြလေကုန်၏။ အတိပါတိနော = ပြစ်မှားလွန်ကျူးခြင်းသို့ ကျရောက်၍ နေကြလေကုန်၏။ နိစ္စံ = အမြဲ။ ဥယျုတာ = အကုသိုလ်အမှုကို ပြုလုပ်ရန်အတွက် ကြိုးစားအားထုတ်၍ နေကြလေကုန်၏။ တေ = ထိုသတ္တဝါတို့သည်။ပေစ္စ = တမလွန်လောက၌။ တမံ = အမှိုက်တိုက်ထဲသို့။ ဝဇန္တိ = သွားရောက်ကြရလေကုန်၏။ တေ သတ္တာ = ထိုသတ္တဝါတို့သည်။ အဝံသိရာ = ဦးခေါင်းဇောက်ထိုး။ နိရယံ = ငရဲသို့။ ပတန္တိ = ကျရောက်ကြရလေကုန်၏။ ဧသ ဧသော = ဤကဲ့သို့ သတ္တဝါတို့အပေါ်၌ တွယ်တာမက်မောခြင်း အစရှိသော အကုသိုလ်တရားသည်ကား။ အာမဂန္ဓော = အညှီအဟောက်မည်ပါပေ၏။ မံသဘောဇနံ = အသားတည်းဟူသော ဘောဇဉ်သည်ကား။ န ဟိ အာမဂန္ဓော = အညှီအဟောက် မဟုတ်ပါပေ။
၁။ လောဘဖြင့် တွယ်တာမက်မောခြင်း
သတ္တဝါတွေအပေါ်မှာ လောဘဖြင့် တွယ်တာမက်မောနေတဲ့ စိတ်ဓာတ်တွေ ရှိနေပြီ။ အဲဒီလို လောဘဖြင့် တွယ်တာမက်မောနေတဲ့ စိတ်ဓာတ် ရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ထိုအချိန်အခါမှာ အကုသိုလ်တရားတွေက ကိန်းဝပ်လာပြီ။ ကိန်းဝပ်လာလို့ရှိရင် ဒီအကုသိုလ်တရားတွေ ထင်ရှားဖြစ်နေတုန်း ဒီသတ္တဝါ ဖြုန်းခနဲ သေခဲ့ရင် ဘယ်ရောက်မလဲ? အပါယ်လေးဘုံ ရောက်မယ်။ ငရဲကို ဦးခေါင်းဇောက်ထိုး ကျသွားလိမ့်မယ်။
၂။ ဒေါသဖြင့် ထိပ်တိုက် ဆန့်ကျင်ဘက်ပြုခြင်း
နောက်တစ်ခု --- ဒေါသဖြင့် ထိပ်တိုက်ဆန့်ကျင်ဘက် ပြုလုပ်နေပြီ။ တချို့ သတ္တဝါတွေ သတ္တဝါ အချင်းချင်း ခုလိုပေါ့ - တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်အချင်းချင်း တစ်ဦးနဲ့ တစ်ဦး မကျေနပ်ချက်တွေ တစ်ပုံကြီး ထမ်းပြီးတော့ ဒေါသနဲ့ ထိပ်တိုက်ဆန့်ကျင်ဘက်တွေ ပြုလုပ်တယ်။ အဲဒီလို ဒေါသဖြင့် ထိပ်တိုက်ဆန့်ကျင်ဘက် ပြုလုပ်နေတော့ ဒီအကုသိုလ်တရားတွေ ထင်ရှား ဖြစ်နေတုန်း ဖြုန်းခနဲ သေခဲ့ရင်လည်း ဘယ်ရောက်မလဲ? ငရဲကို ဇောက်ထိုး ကျသွားလိမ့်မယ်။
၃။ မောဟဖြင့် အပြစ်အမျိုးမျိုးကို လွန်ကျူးခြင်း
ဧတေသု ပါဏေသု ဂေဓေန ဂိဒ္ဓါ, ဒေါသေန ဝိရုဒ္ဓါ, မောဟေန အာဒီနဝံ အပဿန္တာ ပုနပ္ပုနံ အဇ္ဈာစာရပ္ပတ္တိယာ အတိပါတိနော။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၆၊၊)
တချို့တချို့သတ္တဝါတွေက သတ္တဝါတွေရဲ့ အပေါ်မှာ လောဘဖြင့် တွယ်တာမက်မောမှု, ဒေါသဖြင့် ဆန့်ကျင်ဘက် ပြုလုပ်မှု, မောဟဖြင့် တွေဝေ မိန်းမောမှုတွေက အမှန်တရားကို မသိမှုတွေက သိပ်အားကောင်းနေတယ်။ ဒီမောဟတရားကြောင့် ဖြစ်ပေါ်လာမယ့် အပြစ်ကို မြင်နိုင်တဲ့ စွမ်းအား သို့မဟုတ် ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တရားဆိုးတွေကြောင့် ဖြစ်ပေါ်လာမယ့် အပြစ်တွေကို မြင်နိုင်တဲ့ စွမ်းအား မရှိကြဘူး။ မရှိတဲ့အတွက် ဘာဖြစ်သလဲ? မလွန်ကျူးသင့် မလွန်ကျူးထိုက်တဲ့ အကုသိုလ်လုပ်ငန်းရပ်တွေကို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ လွန်ကျူးပြီးတော့နေကြတယ်။ အဲဒီလို ကြိမ်ဖန်များ ထပ်ခါထပ်ခါ လွန်ကျူးဖို့ရန် အကုသိုလ် အမှုတွေကို ပြုလုပ်ဖို့ရန်အတွက် အမြဲမပြတ် ကြောင့်ကြစိုက်ပြီးတော့ အားထုတ်နေကြတယ်။
နိစ္စုယျုတာတိ အကုသလကရဏေ နိစ္စံ ဥယျုတာ, ကဒါစိ ပဋိသင်္ခါယ အပ္ပဋိဝိရတာ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၆။)
အကုသိုလ်လုပ်ငန်းရပ်တွေကို ပြုလုပ်ဖို့ရန် (နိစ္စံ ဥယျုတာ =) အမြဲ ကြိုးစားအားထုတ်နေတယ်။ (ကဒါစိ ပဋိသင်္ခါယ အပ္ပဋိဝိရတာ =) တစ်ခါတစ်ရံ တို့ရှောင်ကြဉ်သင့်တယ်ဆိုပြီးတော့ ဉာဏ်ကလေးနဲ့ ဆင်ခြင်မှုတောင် မရှိကြတော့ဘူး။ အိမ်ထောင်ရေးလောကမှာ နေတဲ့ပုဂ္ဂိုလ်တွေ သတိမထားသင့်ဘူးလား? သတိထားသင့်တယ်နော်။ အဲဒီလိုပုဂ္ဂိုလ်တွေက ဘာလုပ်မလဲ? တမလွန်လောကရောက်သည်နှင့် တစ်ပြိုင်နက်ထဲ ထိုပုဂ္ဂိုလ်တွေ ဘယ်သွားမလဲ? အမှောင်ထဲသွားပြီး ငရဲကို ဦးခေါင်းဇောက်ထိုး ကျပြီးတော့ သွားလိမ့်မယ်လို့ ဒီလို ဘုရားဟောတော်မူနေတယ်နော်။ အဲဒီလို ငရဲကို ဦးခေါင်းဇောက်ထိုးကျသွားခြင်းသည် ဘယ်လို အကြောင်းကြောင့်လဲလို့ မေးရင် အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေလို့ပဲ ဖြစ်တယ်။ အဲဒီ အညှီအဟောက်တွေက ဘာတွေလဲ? သတ္တဝါတွေအပေါ်၌ မက်မောနေတဲ့ စိတ်ထား, သတ္တဝါတွေအပေါ်၌ မကျေနပ်ချက်တွေ တစ်ပုံကြီး ထားပြီးတော့ ဆန့်ကျင်ဘက်ပြုလုပ်နေတဲ့ စိတ်ထား, သတ္တဝါတွေကို ညှဉ်းပန်းနှိပ်စက်နေတဲ့ အမြဲမပြတ် မကောင်းမှုအကုသိုလ်တွေကို လွန်ကျူးဖို့ရန်အတွက် ပြုလုပ်နေတဲ့ စိတ်ထား, အဲဒီစိတ်နေစိတ်ထားတွေနဲ့ ရာဂ, ဒေါသ, မာန်မာန, ဣဿာ, မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တရားတွေကို တိုးပွားအောင် အမြဲတမ်း ကြိုးစား အားထုတ်နေပြန်ပြီ။ ဘာလုပ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတာပဲ။ ဒီလိုအညှီအဟောက်တွေကို ဘုဉ်းပေး သုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သေခဲ့ရင် ငရဲကို ဦးခေါင်းဇောက်ထိုး ကျသွားလိမ့်မယ်။ ဒါကြောင့် ဒီအကုသိုလ်တရားဆိုးတွေကို ငါဘုရားရှင်က အညှီ အဟောက်လို့ ခေါ်ပါတယ်။ အသားတည်းဟူသော ဘောဇဉ်ကိုတော့ ငါဘုရား အညှီအဟောက်လို့ မခေါ်ဘူးဆိုပြီးတော့ ဟောထားတော်မူတယ်။ နောက်ထပ် ဂါထာလေးတစ်ခု မြတ်စွာဘုရား ဆက်ဟောတော်မူပြန်တယ်။
၈။ န မစ္ဆမံသာနမနာသကတ္တံ၊
န နဂ္ဂိယံ န မုဏ္ဍိယံ ဇဋာဇလ္လံ။
ခရာဇိနာနိ နာဂ္ဂိဟုတ္တဿုပသေဝနာ၊
ယေ ဝါပိ လောကေ အမရာ ဗဟူ တပါ။
မန္တာဟုတီ ယညမုတူပသေဝနာ၊
သောဓေန္တိ မစ္စံ အဝိတိဏ္ဏကင်္ခံ။
၁။ အသားငါးကို မစားခြင်း
မစ္ဆမံသာနံ = အသားငါးတို့ကို။ အနာသကတ္တံ = မစားသည်၏အဖြစ်သည်။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါကို။ န သောဓေန္တိ = စင်ကြယ်အောင် ပြုလုပ်၍ မပေးနိုင်ကြပေ။
ဘုရားရှင်ဟောပြီ။ မစ္ဆမံသ အသားငါးကို မစားခြင်းဆိုတဲ့ ဒီကျင့်ဝတ် ပဋိပတ်တစ်ခုသည် ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ဖို့ရန်အတွက် စွမ်းဆောင်ခြင်းငှာ မစွမ်းနိုင်သော သတ္တဝါတစ်ဦးကို စင်ကြယ်အောင် ဘယ်လိုမှ လုပ်မပေးနိုင်ဘူးတဲ့။ စဉ်းစားကြည့်ပါ။ ခု ဒီသုတ္တန်မှာ လာနေတဲ့ ကဿပဘုရားရှင်လက်ထက်က တိဿရသေ့ကြီးဆိုကြစို့, ခု ဘုန်းကြီးတို့ ဂေါတမြတ်စွာဘုရားရှင်လက်ထက်ကျတော့ အာမဂန္ဓရသေ့ကြီး ဦးဆောင်နေတဲ့ ရသေ့ငါးရာတို့ ဆိုကြစို့ ... သူတို့က အသားငါး စားကြ သလား? မစားကြဘူး။ အသားငါး မစားခြင်းတည်းဟူသော ဒီလုပ်ငန်းရပ်က သူတို့မှာ ထင်ရှားရှိနေကြတဲ့ ယုံမှားခြင်းဝိစိကိစ္ဆာတရားနှင့်တကွ ကိလေသာ တရားဆိုးတွေကို စင်ကြယ်အောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။ ဒါကြောင့် ---
မစ္ဆမာသာနံ = ငါးအသားတို့ကို။ အနာသကတ္တံ = မစားသည်၏ အဖြစ်သည်။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတို့ကို။ န သောဓေန္တိ = စင်ကြယ်အောင် ပြုလုပ်၍ မပေးနိုင်ကြကုန်။
အသားငါးမစားခြင်းဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ်တစ်ခုက ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်း မရှိနိုင်သေးတဲ့ သတ္တဝါ တစ်ဦးကို စင်ကြယ်အောင် ဘယ်လိုမှ ပြုလုပ်မပေးနိုင်ဘူး။ ဘာတွေကို ယုံမှားသလဲ? ဘုရားစစ် ဘုရားမှန် ဧကန် ဟုတ်ပါ၏။ တရားစစ် တရားမှန် ဧကန် ဟုတ်ပါ၏။ သံဃာစစ် သံဃာမှန် ဧကန် ဟုတ်ပါ၏ဆိုပြီးတော့ ဒီရတနာသုံးပါးအပေါ်၌ ယုံမှားခြင်းဟာ လုံးလုံး ကင်းကင်းရှင်းရှင်းဖြင့် တည်ရှိနေခဲ့မယ်ဆိုရင်တော့ ဒါက ဝိစိကိစ္ဆာကို ကျော်လွှားလွန်မြောက်သွားပြီလို့ ပြောလို့ရတယ်။ အဲဒီလို ယုံမှားခြင်း လုံးလုံး ကင်းရှင်းတာက ဘယ်အချိန်အခါကျမှ ကင်းရှင်းသလဲ? သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်တဲ့ အချိန်အခါကျမှ ဝိစိကိစ္ဆာက လုံးလုံးကင်းတယ်။ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မဆိုက်သေးဘူး ဆိုလို့ရှိရင်တော့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဝိစိကိစ္ဆာတွေ ဥပါဒ်, ဌီ, ဘင်အနေအားဖြင့် တစ်ခါတစ်ရံ ထင်ရှားဖြစ်ချင်ဖြစ်မယ်။ မဖြစ်ချင်သော်လည်း ရှိချင်ရှိမယ်။ ဒါပေမဲ့ အနုသယဓာတ် အနေအားဖြင့်တော့ ကိန်းဝပ်တည်နေမှုဆိုတာကတော့ ရှိနေဦးမယ်။ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်သွားရင် ထို အနုသယဓာတ် ဝိစိကိစ္ဆာ ကိလေသာပါ အားလုံး ရှင်းသွားမယ်။ ဒီတော့ အနုသယဓာတ်အနေနဲ့ ငုတ်နေတဲ့ ဒီဝိစိကိစ္ဆာတရားကို မပယ်ရှားနိုင်သေးတဲ့ သတ္တဝါတစ်ဦး ဖြစ်ခဲ့မယ် ဆိုရင် ထိုသတ္တဝါသည် အသားငါးကို မစားခြင်းတည်းဟူသော အကြောင်း တရားက ထိုသတ္တဝါတို့ကို စင်ကြယ်သွားအောင်, ဝိစိကိစ္ဆာတရားတွေ ကင်းစင်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား မရှိဘူးနော်။ အာမဂန္ဓ ရသေ့တို့ တရားရကြပြီလား? မရသေးဘူးနော်။ တိဿရသေ့ကြီးကော တရားထူး တရားမြတ် ရသလား? မရသေးဘူး။ နောက်ပိုင်းတော့ ရကြ လိမ့်မယ်။ နောက်တစ်ခု ..
၂။ အဝတ်မဝတ်ခြင်း
နဂ္ဂိယံ = အဝတ်မစည်း အချည်းအနှီး နေထိုင်ခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတစ်ဦးကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြကုန်။
တချို့တွေက အဝတ်မဝတ်တဲ့အကျင့် ကျင့်ကြတယ်။ အဝတ်မဝတ်ခြင်းဆိုတဲ့ ဒီအကျင့်ကို ကျင့်ခြင်းဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ်ကလည်း ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်တဲ့ သတ္တဝါ တစ်ဦးကို စင်ကြယ်အောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားရှိသလား? မရှိဘူး။
၃။ ဦးပြည်းကတုံး တုံးခြင်း
မုဏ္ဍိယံ = ဦးပြည်းကတုံး တုံးခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန် မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတို့ကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြကုန်။
ကတုံး တုံးခြင်းဆိုတဲ့လုပ်ငန်းရပ်ကို လိုက်နာပြုကျင့်နေတဲ့ သူတွေဟာ ဒီတရားနာပရိသတ်ထဲမှာ အများကြီး ပါနေပါတယ်။ ကတုံး တုံးရုံသက်သက်ဖြင့် ဒီသတ္တဝါတစ်ဦး စင်ကြယ်သွားသလား? မစင်ကြယ်ပါဘူး။ သူဟာ ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်အောင် မကျင့်နိုင်သေးဘူးဆိုရင် ကတုံး တုံးခြင်းဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ် တစ်ခုတည်းကြောင့် ဒီသတ္တဝါဟာ စင်ကြယ်သွားနိုင်တဲ့သတ္တဝါ မဖြစ်နိုင်ဘူး။
၄။ ဆံကျစ်ထုံးခြင်း
ဇဋာဇလ္လံ = မြူမှုန်အလိမ်းလိမ်းကပ်လျက်ရှိသော ဆံကျစ်ကို ထုံးခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည်။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတစ်ဦးကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍မပေးနိုင်ကြကုန်။
ရှေးယခင်ကပေါ့ ဆံကျစ်ထုံးကြတယ်။ ဘုန်းကြီးတို့ ငယ်စဉ်ကလည်း ဒီလို ကုလားကြီးတွေ မြင်လိုက်ဖူးပါတယ်။ ခေါင်းမှာ ဆံပင်တွေက ပြွတ်ခဲနေတဲ့ မြူမှုန်တွေ အလိမ်းလိမ်းနဲ့ တစ်ခါမှ ဖီးခြင်း, လိမ်းခြင်း, ဆေးခြင်း, ကြောခြင်း ဘာမှ မရှိဘူး။ အဲဒီလို ဆံကျစ်ကလေးတွေကို ထုံးထားခြင်း တည်းဟူသော ဒီကျင့်ဝတ်ပဋိပတ်တစ်ခုကလည်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်တဲ့ သတ္တဝါတစ်ဦးကို စင်ကြယ် သန့်ရှင်းသွားအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။
၅။ ရသေ့ပရိက္ခရာနှင့် သစ်နက်ရေ
ခရာဇိနာနိ = ရသေ့တို့ ဆောင်ယူအပ်တဲ့ ရသေ့ပရိက္ခရာ သစ်နက်ရေတို့သည်လည်း။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာ တရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါ တစ်ဦးကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
ရသေ့ပရိက္ခရာတွေ ရှိတယ်။ အဲဒီ ရသေ့ပရိက္ခရာတွေထဲမှာ ရှေးယခင်ကတော့ အထွတ်အမြတ်ထားတဲ့ ပရိက္ခရာတစ်ကခုတော့ သစ်နက်ရေဖြစ်ပါတယ်။ အဲဒီ ရသေ့ပရိက္ခရာတွေနဲ့တကွ ဒီသစ်နက်ရေတွေကို ဆောင်မယ် ဆိုလို့ရှိရင် ဒီရသေ့ပရိက္ခရာတွေကို ဆောင်နေခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်, သစ်နက်ရေကို ဆောင်ခြင်းဆိုတဲ့ ဒီကျင့်ဝတ်ပဋိပတ်တွေက ယုံမှားခြင်း သံသယ ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းမှ မစွမ်းနိုင်တဲ့ သတ္တဝါ တစ်ဦးကို စင်ကြယ်အောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ရှိကြသလား? မရှိဘူး။
၆။ မီးကို ပြုစုလုပ်ကျွေးခြင်း
အဂ္ဂိဟုတ္တဿုပသေဝနာ = မီးကိုပြုစုလုပ်ကျွေးခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်း ဝိစိကိစ္ဆာ တရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါ တစ်ဦးကို။ န သောဓေန္တိ= စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
ရှေးယခင် ယဉ်ကျေးမှုတစ်ခုပေါ့။ သားတစ်ဦး မွေးလာပြီဆိုလို့ရှိရင် အထူးသဖြင့် ဗြာဟ္မဏဝါဒအရ ဒီသားမွေးစဉ် အချိန်အခါမှာ မိခင်လုပ်တဲ့ ပုဂ္ဂိုလ်က အအေးဒဏ်ကို ကာကွယ်နိုင်ရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် မီးလှုံခဲ့တဲ့ အဲဒီ မီးတွင်းမှာ အသုံးပြုခဲ့တဲ့ ဒီမီးကို မသေအောင် မိဘတွေက အစဉ်မပြတ် မီးထည့်ပေးရတယ်။ သားအချိန်တန် အရွယ်ရောက်လာတဲ့အခါမှာ ငါ့သား အိမ်ထောင်ပဲ ပြုမလား? မီးပဲ ပြုစုလုပ်ကျွေးမလားလို့ ဒီမေးခွန်းကို မိဘတွေက မေးလိုက်တဲ့ အချိန်အခါမှာ သားဖြစ်တဲ့ပုဂ္ဂိုလ်က မီးကို ပြုစုလုပ်ကျွေးမယ် ဆိုရင် အဲဒီမီးကို သားလက်ထဲ အပ်ပြီးတော့ တောထွက်ခိုင်းလိုက်တယ်။ တောထဲမှာ ဒီမီးမသေအောင် ပြုစုလုပ်ကျွေးနေရတယ်။ အဲဒီ မီးမသေအောင် ပြုစုလုပ်ကျွေးခဲ့ရင် သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည် ရောက်တယ်လို့ သူတို့က ဒီလို အယူရှိကြတယ်။ အဲဒီ အယူဝါဒအရ မီးကို ပြုစုလုပ်ကျွေးမယ် ဆိုရင်လည်း ဒီလိုမီးကို ပြုစုလုပ်ကျွေးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်သည် ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော သတ္တဝါဖြစ်ခဲ့မယ်ဆိုရင် မီးကို ပြုစုလုပ်ကျွေးခြင်းတည်းဟူသော ဒီကျင့်ဝတ်ပဋိပတ်က ယုံမှားခြင်းဝိစိကိစ္ဆာတရားကို မလွန်မြောက်နိုင်တဲ့ ဒီသတ္တဝါ တစ်ဦးကို စင်ကြယ်အောင် ပြုလုပ်ပေးနိုင်သလား? မပေးနိုင်ဘူးတဲ့နော်။ နောက်တစ်ခု ---
၇။ မိမိကိုယ်ကို ပင်ပန်းစေတဲ့ အတ္တကိလမထာနုယောဂအကျင့်
ယေ ဝါပိ လောကေ အမရာ ဗဟူ တပါ။
လောကေ = လောက၌။ ယေ ဝါပိ = အကြင်ပုဂ္ဂိုလ်တို့သည်လည်းပဲ။ အမရာ = မသေရာနိဗ္ဗာန်ကိုတောင့်တလျက်။ ဗဟူ တပါ = များပြားစွာကုန်သော ပူပန်စေတတ်သော အကျင့်တို့ကို။ ကရောန္တိ= လိုက်နာပြုကျင့်၍ နေကြလေကုန်၏။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ တံ မစ္စံ = ထိုကဲ့သို့သော သတ္တဝါ မျိုးကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
လောကမှာ တချို့ မသေရာအမြိုက်နိဗ္ဗာန်တရားကိုတော့ ရှာဖွေကြတယ်။ အဲဒီလို ရှာဖွေတဲ့ အချိန်အခါမှာ များသောအားဖြင့် မိမိကိုယ်ကို ပူပန်စေတတ်တဲ့ အတ္တကိလမထာနုယောဂခေါ်တဲ့ ကျင့်ဝတ်ပဋိပတ်တွေကို တော်တော်ခပ်များများ ကျင့်ကြတယ်။ မိမိကိုယ်ကို ပူပန်စေတတ်တဲ့ ဒီ အတ္တကိလမထာနုယောဂခေါ်တဲ့ ဒီကျင့်ဝတ်ပဋိပတ် အမျိုးမျိုးကို ကျင့်နေခဲ့မယ်ဆိုရင် ဒီကျင့်ဝတ်ပဋိပတ်တွေကလည်း ယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်တဲ့ သတ္တဝါတစ်ဦးကို စင်ကြယ်သွားအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအားရှိသလား? မရှိဘူး။
၈။ မန္တာန် = ဗေဒင်တို့ကို သင်ယူခြင်း
မန္တာ = ဗေဒင်တို့သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတို့ကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
ဝေဒကျမ်းတွေကို တချို့ သင်ယူကြတယ်။ သင်ယူလိုက်တဲ့အချိန်အခါမှာ ဒီဝေဒကျမ်းတွေကလည်း ဒီယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်တဲ့ သတ္တဝါတစ်ဦးကို စင်ကြယ်အောင်ပြုလုပ် ပေးနိုင်သလား? မပေးနိုင်ဘူး။ နောက်တစ်ခု ဘာလဲ?
၉။ ဟုန်းပူဇော်ခြင်း
အာဟုတီ = ဟုန်းပူဇော်သော အကျင့်သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတစ်ဦးကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
ဟုန်းပူဇော်တယ်နော်။ အဲဒီမှာ အဂ္ဂိဟောမကမ္မံ (ဋ္ဌ၊၁၊၃၀၇။) ဆိုပြီးတော့ ဒီလိုတော့ ဖွင့်ထားပါတယ်။ မီးကို ပြုစုလုပ်ကျွေးခြင်းတစ်မျိုးလို့ပဲ ယူဆရပါတယ်။ အဲဒီ ဟုန်းပူဇော်ခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်မှာ အထူးသဖြင့်တော့ သူတို့က ဒီမီးထဲမှာ ထောပတ်တို့လို တန်ဖိုးရှိတဲ့ ပစ္စည်းဝတ္ထုတွေကို ထည့်ပေးနိုင်ရင် ပြုစုလုပ်ကျွေးနိုင်ရင်တော့ ပိုပြီးတော့ မြတ်တယ်လို့ သူတို့က ဒီလို ယူပုံရတယ်။ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ (ဒီ၊ဋ္ဌ၊၁၊၈၈။)မှာတော့ ဤမည်သော ထင်းဖြင့် ဤသို့ ပူဇော်ခဲ့ရင် ဤမည်သော အကျိုးရမယ်ဆိုတဲ့ ဦးတည်ချက်နှင့် မီးကို ပြုစုလုပ်ကျွေးခြင်းတစ်မျိုး ဖြစ်တယ်လို့ ဖွင့်ဆိုထားပါတယ်။ အပါဒါန်အဋ္ဌကထာ (အပါဒါန၊ဋ္ဌ၊၂၊၂၉။)ကတော့ မီးထဲမှာ ထည့်သွင်းပြီး ပူဇော်တဲ့ ခဲဖွယ် ဘောဇဉ်စတဲ့ အရာဝတ္ထုအမျိုးမျိုးနဲ့ ပူဇော်ခြင်းကို ဆိုလိုကြောင်း -- ဖွင့်ဆိုထားပါတယ်။ အဲဒီလို မီးကို ပြုစုလုပ်ကျွေးခြင်းဆိုတဲ့ ဒီလုပ်ငန်းရပ်ဟာလည်း ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်တဲ့ သတ္တဝါတစ်ဦးကို စင်ကြယ်အောင် ပြုလုပ်ပေးနိုင်သလား? မပေးနိုင်ဘူး။
၁၀။ ယဇ်ပူဇော်ခြင်း
ယညမုတူပသေဝနာ =(ယညံ =) ယဇ်ပူဇော်ခြင်းဆိုတဲ့ လုပ်ငန်းရပ်သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါတစ်ဦးကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
ရှေးယခင်တုန်းကပေါ့လေ ... ယဇ်ပူဇော်ကြတယ်။ ယဇ်ပူဇော်တယ် ဆိုတာက သားကောင်တွေ သတ်ပြီးတော့ကို ပူဇော်ကြတယ်။ အဲဒီလို ယဇ်ပူဇော်ခြင်းဆိုတဲ့ လုပ်ငန်းရပ်ကလည်း ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှား လွန်မြာက်ခြင်းငှာ မစွမ်းနိုင်သော သတ္တဝါတစ်ဦးကို စင်ကြယ်သန့်ရှင်းသွားအောင် ပြုလုပ်ပေးနိုင်တဲ့ စွမ်းအား ရှိသလား? မရှိဘူး။
၁၁။ ဥတုကို မှီဝဲခြင်း
ဥတူပသေဝနာ = ဥတုကို မှီဝဲခြင်းဆိုတဲ့ ကျင့်ဝတ် ပဋိပတ်သည်လည်းပဲ။ အဝိတိဏ္ဏကင်္ခံ = ယုံမှားခြင်းဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော။ မစ္စံ = သတ္တဝါကို။ န သောဓေန္တိ = စင်ကြယ်အောင်ပြုလုပ်၍ မပေးနိုင်ကြလေကုန်။
ဥတုကိုမှီဝဲခြင်းဆိုတာ ဘယ်လိုလည်းဆိုတော့ နွေကာလမှာ အင်မတန် ပူပြင်းတဲ့ လွင်တီးခေါင်မှာ သွားပြီးတော့ နေတယ်။ မိုးရွာတဲ့ အချိန်အခါကျတော့ သစ်ပင်ရင်းမှာ သွားပြီးတော့ နေတယ်။ ဆောင်းအခါကျတော့ ရေထဲမှာ သွားနေတယ်။ အဲဒီလို နေထိုင်ခြင်းကို ဥတုကို မှီဝဲတယ်လို့ ခေါ်ပါတယ်။ အဲဒီလို ရေငုတ်ခြင်း မီးလှုံခြင်းစသည့် ပဋိပတ်တွေကို ကျင့်နေခြင်းဆိုတဲ့ ဥတုကို မှီဝဲခြင်းဟာလည်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ခြင်းငှာ မစွမ်းနိုင်သော သတ္တဝါတစ်ဦးကို စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ပေးနိုင်သလား? မပြုလုပ်ပေးနိုင်ပါဘူးဆိုပြီးတော့ ကဿပမြတ်စွာဘုရားက တိဿရသေ့ကြီးကို ဟောတော်မူပါတယ်။ နောက်ဂါထာတစ်ခု ဆက်ကြစို့ ...။
အာမဂန္ဓစင်ကြယ်ကြောင်းကျင့်စဉ်
ယော တေသု ဂုတ္တော ဝိဒိတိန္ဒြိယော စရေ၊
ဓမ္မေ ဌိတော အဇ္ဇဝမဒ္ဒဝေ ရတော။
သင်္ဂါတိဂေါ သဗ္ဗဒုက္ခပ္ပဟီနော၊
န လိပ္ပတိ ဒိဋ္ဌသုတေသု ဓီရော။
ယော ဓီရော = အကြင်ပညာရှိတဲ့ပုဂ္ဂိုလ်သည်။ တေသု = ထိုဣန္ဒြေ (၆)ပါးတို့၌။ ဂုတ္တော = လုံခြုံသောတံခါးရွက်ရှိသည်ဖြစ်၍။ ဝိဒိတိန္ဒြိယော = ဣန္ဒြေတို့ကို နိုင်နိုင်နင်းနင်း ပရိညာပညာဖြင့် ထိုးထွင်းသိမြင်ခြင်းရှိသည်။ ဟုတွာ = ဖြစ်၍။ စရေ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်၍ နေပေ၏။ ဓမ္မေ = သစ္စာလေးရပ်တရားမြတ်၌။ ဌိတော =ရပ်တည်လျက်ရှိ၏။ အဇ္ဇဝမဒ္ဒဝေ = ဖြောင့်မတ်ခြင်း, စိတ်ဓာတ်နူးညံ့ခြင်း၌။ ရတော = မွေ့လျော် ပျော်ပိုက်နှစ်ခြိုက်လျက်ရှိ၏။ သင်္ဂါတိဂေါ = ကပ်ငြိတွယ်တာမှု ရာဂတရား မှန်သမျှကို ကျော်လွှားလွန်မြောက်လျက်ရှိ၏။ သဗ္ဗဒုက္ခပ္ပဟီနော = သံသရာဝဋ်ဆင်းရဲဒုက္ခအားလုံးကို ဖယ်ရှားနိုင်သည့် စွမ်းအားလည်းရှိ၏။ သော ဓီရော = ထိုကဲ့သို့သော ပညာရှိသည်။ ဒိဋ္ဌသုတေသု = ဒိဋ္ဌတရား သုတတရားတို့၌ (ဝါ) ဒိဋ္ဌသုတေသု =ဒိဋ္ဌတရား သုတရား မုတတရား ဝိညာတတရားတို့အပေါ်၌။ န လိပ္ပတိ = လိမ်းကျံကပ်ငြိမှုမရှိတော့ပေ။
၁။ ဣန္ဒြိယသံဝရသီလနှင့် ပြည့်စုံခြင်း
ကဿပမြတ်စွာဘုရားက နောက်ဆုံး တိဿရသေ့ကြီးကို သစ္စာလေးပါးနဲ့ စပ်နေတဲ့ တရားစကားတွေ ဟောပေးပါတယ်။ ဂါထာက အင်မတန်မှ ကျဉ်းပါတယ်။ သို့သော်လည်း ပါရမီရင့်ညောင်းနေတဲ့ သူတော်ကောင်းတွေကတော့ လွယ်လွယ်နဲ့ နားလည်သွားကြတယ်။ ပုဂ္ဂိုလ်တစ်ယောက်က ပညာရှိသူတော်ကောင်း ဖြစ်ချင်ပြီဆိုလို့ရှိရင် ဣန္ဒြေမှာ စောင့်စည်းရမယ်။ (ဣန္ဒြိယေသု ဂုတ္တဒွါရတာ =) မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဆိုတဲ့ ဒွါရ (၆)ပါးကို လုံခြုံအောင် ပိတ်ဆို့ပေးရမယ်။ ဘာတွေ လုံခြုံရမလဲ? ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ အစရှိတဲ့ ကိလေသာတရားဆိုးတွေ ဝင်မလာအောင် လုံလုံခြုံခြုံ သတိတည်းဟူသော တံခါးရွက်နဲ့ စောင့်ရမယ်။ စောင့်လိုက်တဲ့ အချိန်အခါမှာ ဘယ်လိုစိတ်ထားရမလဲ? မိမိက သမထနယ်ထဲမှာ တည်ရှိနေသေးရင် သမထကမ္မဋ္ဌာန်းအာရုံဆိုတဲ့ လိပ်ခွံအတွင်းမှာ မိမိရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ မိမိက ဝိပဿနာနယ်ထဲ ရောက်နေပြီဆိုရင်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံခေါ်တဲ့ လိပ်ခွံအတွင်းမှာ မိမိရဲ့ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားရမယ်။ လိပ်ခွံဆိုတာကတော့ ဘုရားရှင်က ဥပမာကလေး တစ်ခုနဲ့ ဟို ကုမ္မောပမသုတ္တန် (သံ၊၂၊၃၈၅-၃၈၆။)ဆိုပြီး သုတ္တန်ကလေးတစ်ခု ဟောထားလို့ ဘုန်းကြီးလည်း ထည့်ပြောလိုက်တာပါ။
မြစ်ကမ်းပါးတစ်နေရာမှာ တစ်ချိန် မြေခွေး တစ်ကောင်ကလည်း အစာ ရှာဖွေထွက်တယ်၊ လိပ်တစ်ကောင်ကလည်း အစာရှာဖွေထွက်တယ်၊ လိပ်ကလည်း မြေခွေးကို ခပ်လှမ်းလှမ်းကနေ လှမ်းပြီးတော့ မြင်လိုက်တယ်၊ မြေခွေးကလည်း လိပ်ကို မြင်တယ်။ မြင်လိုက်တဲ့ အချိန်အခါကျတော့ လိပ်က ဘာလုပ်လိုက်သလဲ? လက်နှစ်ဖက် ခြေနှစ်ဖက် ခေါင်းဆိုတဲ့ ဒီအင်္ဂါ (၅)ခုကို မိမိရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်းမှာ သွတ်သွင်းပြီး ထားလိုက်တယ်။ ထိုအချိန်အခါမှာ မြေခွေးက အနားမှာ ထိုင်ပြီးတော့ လာစောင့်တယ်။ အကယ်၍ ဒီလိပ်သည် လက်တစ်ဖက်ဖက်သော်လည်းကောင်း, ခြေတစ်ဖက်ဖက်သော်လည်းကောင်း, ခေါင်းသော်လည်းကောင်း အင်္ဂါအစိတ်အပိုင်း (၅)ခုထဲက တစ်ခုခုသာ ထွက်လာခဲ့ရင် ငါကိုက်ခဲပြီး စားလိုက်မယ်ဆိုပြီး ဒီဦးတည်ချက်ဖြင့် စောင့်မျှော်ပြီးတော့ နေတယ်။ မြေခွေးစောင့်နေတယ် ဆိုတာ သိတဲ့အတွက် လိပ်ကလည်း မိမိရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်းမှာ မိမိရဲ့အင်္ဂါ (၅)ခုကို မထုတ်ဘူး။ နောက်ဆုံး မြေခွေးက ငြီးငွေ့ပြီး ထွက်ခွာ သွားရတယ်။ အေး - ဒီဥပမာအတိုင်းပဲ၊ လိပ်ခွံဆိုတာက ကမ္မဋ္ဌာန်းအာရုံပါ၊ သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းနှစ်မျိုး ရှိတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ ဒီလိပ်ခွံနဲ့ တူနေတဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်း၌ လက် နှစ်ဖက် ခြေနှစ်ဖက် ခေါင်းဆိုတဲ့ မိမိတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သို့မဟုတ် မိမိတို့ရဲ့ စိတ်ဓာတ်ကို ဒီကမ္မဋ္ဌာန်းအာရုံအတွင်းမှာ အမြဲတမ်း သွတ်သွင်းထားရမယ်။ အဲဒီလို သွတ်သွင်းထားခဲ့မယ် ဆိုလို့ရှိရင်တော့ ဘာ ဖြစ်မလဲ? မြေခွေးနဲ့ တူနေတဲ့ ကိလေသာဒဏ်ချက်တွေက ကိုက်ခဲခြင်း ဒဏ်ချက်မှ မိမိတို့ ခံနိုင်ရည်စွမ်းအားတွေ ရှိလာလိမ့်မယ်။ မြေခွေးကိုက်ခဲတဲ့ ဒဏ်ကို မိမိတို့ မခံရဘူးနော်။ သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိတို့ရဲ့ စိတ်ကို သွတ်သွင်းမထားဘူး ဆိုလို့ရှိရင်တော့ မြေခွေးအကိုက်ခံရမလား? မခံရဘူးလား? ခံရလိမ့်မယ်။ မြေခွေး အကိုက်ခံရပြီ ဆိုလို့ရှိရင်တော့ ဒီသုတ္တန်အရ ဘာဖြစ်တာလဲ? အညှီအဟောက်တွေကို ဘုဉ်းပေးသုံးဆောင်နေတာပဲ။ အညှီအဟောက်ကို ဘုဉ်းပေးသုံးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာလုပ်နေတာလဲ? အပါယ်လေးဘုံကို ဇောက်ထိုးကျမယ့် ကံတွေကို ပြုစုပျိုးထောင်နေတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်ကြတယ်။ ဒါကြောင့် ဒီနေရာမှာ ကဿပမြတ်စွာဘုရားကနေပြီးတော့ တိဿရသေ့ကြီးကို သမထကမ္မဋ္ဌာန်း, ဝိပဿနာကမ္မဋ္ဌာန်းဆိုတဲ့ ဒီကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိရဲ့ ဘာဝနာစိတ်ကို သွတ်သွင်းထားဖို့ရန်အတွက် ဆိုဆုံးမလိုက်ပြီ။
၂။ ဣန္ဒြေတို့ကို ပရိညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိခြင်း
ဝိဒိတိန္ဒြိယော = ဣန္ဒြေတို့ကို ပရိညာပညာဖြင့် ထိုးထွင်းသိရှိသည်။ ဟုတွာ = ဖြစ်၍။ စရေ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာ၏။
ဣန္ဒြေဆိုတာကတော့ ဘုန်းကြီးတို့ အဘိဓမ္မာကို အခြေခံအသင့်အသင့် သင်ဖူးရင် သိပါတယ်နော်။ ဣန္ဒြေ (၂၂)ပါး ရှိပါတယ်။ လောကုတ္တရာတရားများ ဖြစ်ကြတဲ့ ဣန္ဒြေအချို့ကို နုတ်ပယ်လိုက်လျှင် ကျန်ဣန္ဒြေတွေက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။ ဣန္ဒြေဆိုတာက တစ်နည်းအားဖြင့် ပြောရရင်တော့ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေ ဖြစ်ကြပါတယ်။ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေကို ပရိညာပညာဖြင့် ထိုးထွင်းသိအောင် ကျင့်ပါ။ ဘုရားရှင်က တိုက်တွန်းပြီ။ အဲဒီလို တိုက်တွန်းတာက အညှီအဟောက်တွေ ကင်းရှင်းနေတဲ့ ဘဝတစ်ခုကို ရရှိဖို့ရန်အတွက် ကဿပဘုရားရှင်က တိဿရသေ့ကြီးကို တိုက်တွန်းနေခြင်း ဖြစ်တယ်။ ဣန္ဒြေတွေကို ပထမသိရှိအောင် ကြိုးစားပါ။ ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား, ဒုက္ခသစ္စာတရားနှင့် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်ခေါ်တဲ့ သမုဒယသစ္စတရားတွေကို သိရှိအောင် ကြိုးစားအားထုတ်ပါ။ ကြိုးစား အားထုတ်လိုက်တဲ့ အချိန်အခါမှာ ထို ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရား တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ခဲ့ရင် ဘာဖြစ်မလဲ?
၃။ သစ္စာလေးရပ်တရားမြတ်၌ ရပ်တည်ပါ
ဓမ္မေ ဌိတော။
ဓမ္မေ = သစ္စာလေးရပ် တရားမြတ်၌။ ဌိတော = ရပ်တည်နိုင်သည်ဖြစ်၍။ သစ္စာလေးပါးကို သင်ချစ်သား ထိုးထွင်းပြီး သိသွားလိမ့်မယ်။ သစ္စာလေးပါးကို သိတဲ့အရိယမဂ်ဉာဏ်မှာ သင်ချစ်သား ရပ်တည်နိုင်လိမ့်မယ်။ ဒါက သောတာပတ္တိမဂ်ဉာဏ်ကို ရည်ညွှန်းထားတယ်လို့ အဋ္ဌကထာက ဖွင့်ထားတယ်။
၄။ ဖြောင့်မတ်တဲ့ နူးညံ့ပျော့ပျောင်းတဲ့ စိတ်ထား၌ မွေ့လျော်ခြင်း
အဇ္ဇဝမဒ္ဒဝေ = ဖြောင့်မတ်ခြင်း နူးညံ့ပျော့ပျောင်းခြင်းဆိုတဲ့ စိတ်ထား၌။ ရတော = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သည်ဖြစ်၍။ သောတာပန်ပုဂ္ဂိုလ်က သောတာပန်ဖြစ်ပြီးတဲ့ အချိန်ခါမှာ သကဒါဂါမ်မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေးအတွက် ဆက်လက်ပြီး ကြိုးပမ်းပြီ၊ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုနေပြီ။ ရှုလိုက်တဲ့ အချိန်အခါမှာ ထိုသူတော်ကောင်းက အကယ်၍များ သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်ခဲ့မယ်ဆိုလို့ရှိရင်တော့ ရာဂ, ဒေါသတွေက အလွန် ခေါင်းပါးသွားပြီ။ ရာဂ, ဒေါသတွေ သိပ်ခေါင်းပါးသွားတဲ့ ထိုပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်ဓာတ်တွေက ဖြောင့်မတ်နေပြီ၊ နူးညံ့ပျော့ပျောင်း နေပြီ၊ အဲဒီလိုနူးညံ့ပျော့ပျောင်းမှု, စိတ်ဓာတ်ဖြောင့်မတ်မှု, စိတ်ဓာတ်နူးညံ့ ပျော့ပျောင်းမှုဆိုတဲ့ ဒီသဘောတရား၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်အောင် သင်ချစ်သား ကြိုးစားပါ။ ဒါ တိုက်တွန်းလိုက်ပြီ။
၅။ သင်္ဂါတိတရားကို ကျော်လွှားလွန်မြောက်ခြင်း
နောက်တစ်ခု --- (သင်္ဂါတိကော =) ရာဂ ဒေါသဟူသော ငြိကပ်တွယ်တာမှု သင်္ဂါတိတရား အားလုံးကို ကျော်လွှားလွန်မြောက်နိုင်သည်ဖြစ်၍၊ ကာမ (၁၁)ဘုံ အပေါ်မှာ တွယ်တာမက်မောနေတဲ့ ငြိကပ်နေတဲ့ ရာဂတရားကို ကျော်လွှားလွန်မြောက်အောင် သင်ချစ်သား ကျင့်ပါ။ ဒါကတော့ အနာဂါမိမဂ်ဉာဏ် ဆိုက်သည်အထိ ကျင့်ပါလို့ ဆိုလိုတယ်။
၆။ ဒုက္ခအားလုံးကို ကျော်လွှားလွန်မြောက်အောင် ကျင့်ပါ
နောက်တစ်ခု --- သဗ္ဗဒုက္ခပ္ပဟီနော = အလုံးစုံသော သံသရာဝဋ်ဆင်းရဲ ဒုက္ခကို ပယ်ရှားနိုင်သည်။ ဟုတွာ = ဖြစ်၍ ..။
သံသရာဝဋ်ဆင်းရဲဒုက္ခ အားလုံးကို ပယ်ရှားနိုင်တဲ့ အဆင့်အထိ ကျင့်ပါ ဆိုတော့ ဒါကတော့ အရဟတ္တမဂ်ကို ဘုရားရှင်ဟောတော်တယ်နော်။ အဲဒီလို ကျင့်နိုင်ခဲ့ရင် ဘာဖြစ်မလဲ? ဒိဋ္ဌသုတေသု = ဒိဋ္ဌတရား, သုတတရား, မုတတရား, ဝိညာတတရားတွေအပေါ်၌။ န လိပ္ပတိ= ငြိကပ်တွယ်တာမှု မရှိတော့ပေ။
အဲဒီလို သင်ချစ်သား အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်သည်အထိ ဒုက္ခအားလုံးကို ပယ်နိုင်တဲ့စွမ်းအင် ရတဲ့အဆင့်အထိ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့မယ်ဆိုရင် ဒိဋ္ဌတရား, သုတတရား, မုတတရား, ဝိညာတတရားလို့ ခေါ်ဆိုအပ်တဲ့ ဒီတရားတွေအပေါ်၌ လိမ်းကျံကပ်ငြိမှု မရှိတော့ပါဘူး။ လိမ်းကျံကပ်ငြိမှု မရှိဘူးဆိုရင် ဘာပြောတာလဲ? အညှီအဟောက်တွေ ကုန်သွားပြီလို့ ဒီလို ဆိုလိုပါတယ်။ အဲဒီအဆင့်ရောက်မှ စင်ကြယ်တဲ့အဆင့် ရောက်ပါတယ်။ အဲဒီအဆင့်ကို မရောက်သေးဘူး ဆိုလို့ရှိရင်တော့ သတ္တဝါ တစ်ဦးဟာ စင်ကြယ်တဲ့ အဆင့်ကို ရောက်ပြီလား? မရောက်သေးဘူးတဲ့နော်။ အဲဒီတော့ ဒိဋ္ဌတရားဆိုတာက ဘာလဲ?
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်
ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန။ (ဥဒါန၊ဋ္ဌ၊၈၂။)
ဒီလို အဋ္ဌကထာက ဖွင့်ဆိုတဲ့အတိုင်း ဒိဋ္ဌတရားဆိုတာ မြင်အပ်တဲ့တရား မြင်တတ်တဲ့တရားပဲ ဖြစ်တယ်။ မြင်အပ်တဲ့တရားက ရူပါရုံ, မြင်တတ်တဲ့ တရားက စက္ခုဒွါရဝီထိ နာမ်တရားစုနဲ့ ရူပါရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိနာမ်တရားစုပဲ။ သုတတရားဆိုတာက ကြားအပ်တဲ့တရား ကြားတတ်တဲ့တရားပဲ။ ကြားအပ်တဲ့တရားဆိုတာက အသံ သဒ္ဒါရုံ, ကြားတတ်တဲ့တရားဆိုတာက သောတဒွါရဝီထိနာမ်တရားစုနှင့် သဒ္ဒါရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။
နောက်တစ်ခု --- မုတတရား၊ မုတတရားတွေဆိုတာက ဘာတွေလဲလို့ မေးတော့ ထိအပ်တဲ့တရား ထိတတ်တဲ့တရားပဲ၊ ဘာတွေလဲလို့မေးတော့ ထိအပ်တဲ့တရားတွေက ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ၊ ထိတတ်တဲ့တရားတွေ ဆိုတာက ဃာနဒွါရဝီထိနဲ့ ဂန္ဓာရုံကို ဆက်လက်အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစု၊ ဇိဝှါဒွါရဝီထိ စိတ် စေတသိက်နာမ်တရားစုတွေနဲ့ ရသာရုံကို ဆက်လက်ပြီး အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစု၊ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူနေတဲ့ ကာယဒွါရဝီထိ နာမ်တရားစုနဲ့ ဖောဋ္ဌဗ္ဗာရုံကို ဆက်လက် အာရုံယူနေတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။ အဲဒီရုပ်တွေနာမ်တွေကို မုတတရားတွေလို့ ခေါ်ပါတယ်။
နောက်တစ်ခု --- ဝိညာတတရား၊ သိအပ်တဲ့တရား သိတတ်တဲ့တရား သိအပ်တဲ့တရားဆိုတာက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဓမ္မာရုံ အမည်ရနေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေပဲ။ သိတတ်တဲ့တရားဆိုတာကတော့ ဓမ္မာရုံအမည်ရနေတဲ့ သင်္ခါရတရားတွေကို အာရုံယူပြီး ဖြစ်ပေါ်လာတဲ့ မနောဒွါရဝီထိ နာမ်တရားစုတွေပဲ။ ပေါင်းလိုက်မယ်ဆိုရင်တော့ ရုပ်တရား, နာမ်တရားကုန်သွားပြီ။ အာရုံ (၆)ပါးနှင့် ယင်းအာရုံ (၆)ပါးတို့ကို ထိုက်သလို အာရုံယူနေကြတဲ့ နာမ်တရားတွေပဲ။ အဲဒီအာရုံ (၆)ပါး ရုပ်တရား, နာမ်တရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာရှုလိုက်တဲ့အခါ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ထိ ဆိုက်ခဲ့မယ်ဆိုရင်တော့ သင်ချစ်သားရဲ့ သန္တာန်မှာ ဒိဋ္ဌတရား, သုတတရား, မုတတရား, ဝိညာတတရားလို့ ခေါ်ဆိုအပ်တဲ့ ဒီအာရုံ (၆)ပါးအပေါ်၌ ငြိကပ်တွယ်တာမှု လုံးလုံး မရှိဘဲနဲ့ ကိလေသာအာသဝေါ ကင်းစင်သွားလိမ့်မယ်။ ထိုအချိန်အခါမှာ သင်ချစ်သားသည် အညှီအဟောက်နယ်ပယ်က လွတ်ကင်းသွားလိမ့်မယ်လို့ ဒီလို ကဿပဘုရားရှင်က တိဿရသေ့ကြီးကို ဟောကြားတော်မူလိုက်ပါတယ်။ (၉)ဂါထာ ရှိသွားပြီနော်။ ခုမှ (၉)ဂါထာပြည့်တယ်။ အဲဒီလို ဟောပြီးတဲ့ အချိန်အခါကျတော့မှ ဒီတိဿရသေ့ကြီးအား ကဿပမြတ်စွာဘုရားဟောနေတဲ့ ဒီ (၉)ဂါထာကိုပဲ တစ်ဖန် ဆောင်ပြီးတော့ ဂေါတမ မြတ်စွာဘုရားကလည်း အာမဂန္ဓပုဏ္ဏား အမှူးရှိနေတဲ့ ရသေ့ (၅၀၀)တို့ကို တစ်ဖန် ပြန်ပြီးတော့ ဟောတော်မူနေပါတယ်။ ဟောတော်မူလိုက်တဲ့ တရားကတော့ ပြီးသွားပြီ။ သို့သော် ကဿပဘုရားရှင်ရဲ့ တပည့်သာဝက ဖြစ်တော်မူကြတဲ့ သင်္ဂါယနာမထေရ်မြတ်တွေက ဂါထာကလေးနှစ်ခု ဆက်ပြီးတော့ သင်္ဂါယနာ တင်ထားတော်မူခဲ့ကြတယ်။ ကဿပဘုရားရှင် ဟောကြားတော်မူတဲ့ (၉)ဂါထာနှင့်တကွ ယင်း (၂)ဂါထာတို့ကိုပါ စုပေါင်းပြီးတော့ ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရားက အာမဂန္ဓရသေ့ကြီးနှင့်တကွ ရသေ့ (၅၀၀)တို့အား ထပ်မံပြီး ဟောကြားပေးတော်မူပြန်ပါတယ်။
သင်္ဂါယနာမထေရ်မြတ်တို့၏ ဂါထာများ
၁၀။ ဣစ္စေတမတ္ထံ ဘဂဝါ ပုနပ္ပုနံ၊
အက္ခာသိ န ဝေဒယိ မန္တပါရဂူ။
စိတြာဟိ ဂါထာဟိ မုနီ ပကာသယိ၊
နိရာမဂန္ဓော အသိတော ဒုရန္နယော။
ဣတိ = ဤသို့လျှင်။ ဧတမတ္ထံ = ဤအနက်သဘောတရားကို။ ဘဂဝါ = ကဿပ မြတ်စွာဘုရားသည်။ ပုနပ္ပုနံ = အဖန်ဖန် အထပ်ထပ်။ အက္ခာသိ = ဟောကြားတော်မူခဲ့လေပြီ။ မန္တပါရဂူ = ဝေဒကျမ်းတို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်တော်မူသော တိဿရသေ့ကြီးသည်။ နံ = ထိုအနက်သဘောကို။ ဝေဒယိ = သိရှိခဲ့လေပြီ။ နိရာမဂန္ဓော = ကိလေသာအညှီအဟောက် ကင်းရှင်းတော်မူသော။ အသိတော = တဏှာဒိဋ္ဌိတို့ဖြင့် မှီတွယ်မှုမရှိသော။ ဒုရန္နယော = သူတစ်ပါးတို့၏ အယူဝါဒအားဖြင့် ဆွဲဆောင်ခြင်းငှာ မစွမ်းနိုင်သော။ မုနိ = ကဿပမြတ်စွာဘုရားသည်။ စိတြာဟိ ဂါထာဟိ = ဆန်းကြယ်သော ဂါထာတို့ဖြင့်။ ပကာသယိ = ထင်ရှား ပြတော်မူခဲ့လေပြီ။
မြတ်စွာဘုရားက အာမဂန္ဓအညှီအဟောက်အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်တရားတွေကို အညှီအဟောက်လို့ ခေါ်တယ်ဆိုတာကို အကြိမ်ကြိမ် အထပ်ထပ် ဝေဒကျမ်းတတ်ဖြစ်နေတဲ့ တိဿရသေ့ကြီးကို ဟောကြားပေးတော်မူပါတယ်။ ဟောတော်မူလိုက်တဲ့ ကဿပမြတ်စွာဘုရား ကြည့်လိုက်တော့ ကဿပမြတ်စွာဘုရားရှင်သည် ဘယ်လိုဘုရားလည်းလို့ မေးတော့ (နိရာမဂန္ဓ =) ကိလေသာအညှီအဟောက် ကင်းရှင်းတော်မူတဲ့ ဘုရားရှင် ဖြစ်တော်မူပါတယ်။
(အသိတံ =) မည်သည့် အာရုံအပေါ်၌မျှ တဏှာဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာ ဆိုပြီးတော့ မှီတွယ်မှု လုံးလုံး မရှိတဲ့ ဘုရားရှင်လည်း ဖြစ်တော်မူတယ်။ (ဒုရန္နယ =) ဆန့်ကျင်ဘက်ဝါဒသမားတွေက နေပြီးတော့ ကဿပမြတ်စွာဘုရားကို လာပြီးတော့ အခြေအတင် ဆွေးနွေးကြမယ်ဆိုရင် ထိုဆွေးနွေးနေတဲ့ ပုဂ္ဂိုလ်တွေနောက် အလိုအကြိုက်သို့ ဘယ်လိုမှ လိုက်ပါနိုင်တဲ့ စိတ်ဓာတ်မရှိတဲ့ အဆင့်သို့ ရောက်နေတဲ့ ဘုရားရှင် ဖြစ်တော်မူတယ်။ ထိုဘုရားရှင်က ဆန်းကြယ်သော ဂါထာတို့ဖြင့် တိဿရသေ့ကြီးကို နိရာမဂန္ဓ ခေါ်တဲ့ အညှီအဟောက် ကင်းရှင်းပုံအကြောင်းတွေကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ နောက်တစ်ခု ---
၁၁။ သုတွာန ဗုဒ္ဓဿ သုဘာသိတံ ပဒံ၊
နိရာမဂန္ဓံ သဗ္ဗဒုက္ခပ္ပနူဒနံ။
နီစမနော ဝန္ဒိ တထာဂတဿ၊
တတ္ထေဝ ပဗ္ဗဇ္ဇမရောစယိတ္ထ။
သော = ထိုတိဿရသေ့ကြီးသည်။ ဗုဒ္ဓဿ = ကဿပမြတ်စွာဘုရား၏။ သုဘာသိတံ = ကောင်းစွာဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော။ နိရာမဂန္ဓံ = ကိလေသာအညှီအဟောက် ကင်းရှင်းလျက်ရှိသော။ သဗ္ဗဒုက္ခပ္ပနူဒနံ = သံသရာဝဋ်ဆင်းရဲဒုက္ခအားလုံးကို ပယ်ရှားခြင်းငှာ စွမ်းနိုင်သော။ ပဒံ = တရားတော်မြတ်ကို။ သုတွာန =ကြားနာရသည်ဖြစ်၍။ တထာဂတဿ = တထာဂတ အမည်ရတော်မူသော ကဿပမြတ်စွာဘုရားအား။ နီစမနော = နှိမ်ချသော စိတ်ထားရှိသည်ဖြစ်၍။ ဝန္ဒိ = ရှိခိုးခဲ့လေပြီ။ တတ္ထေဝ = ထို နေရာ၌ပင်လျှင်။ ပဗ္ဗဇ္ဇံ = ရှင်ရဟန်းအဖြစ်ကို။ အရောစယိတ္ထ = လျှောက်ထား တောင်းပန်ခဲ့လေပြီ။
တိဿရသေ့ကြီးကို ကဿပမြတ်စွာဘုရားကနေပြီးတော့ နိရာမဂန္ဓ အညှီအဟောက်ကင်းရှင်းပုံနဲ့ ပတ်သက်ပြီးတော့ ဟောကြားတော်မူလိုက်တယ်။ ဟောကြားတော်မူလိုက်တဲ့ ဒီတရားတွေကို နာကြားလိုက်ရတဲ့ အချိန်အခါမှာ ဒီတရားတွေက သဗ္ဗဒုက္ခပ္ပနူဒန သံသရာဝဋ်ဆင်းရဲဒုက္ခ အားလုံးမှ နုတ်ပယ်နိုင်တဲ့ စွမ်းအားရှိတဲ့ တရားတွေပဲလို့ ဒီလို သူက ယုံကြည်သွားတယ်။ အဲဒီလို ယုံကြည်ချက်ရှိနေတဲ့အတွက်ကြောင့် ကဿပမြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမလိုက်တဲ့ ဒီတရားဒေသနာတော်ကို နာကြားပြီးတဲ့ အချိန်အခါမှာ ဘာလုပ်သလဲ? ထိုနေရာမှာပဲ ကဿပမြတ်စွာဘုရားထံမှာ ရှင်ရဟန်းအဖြစ်ကို တောင်းပန်တယ်။ တောင်းပန်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ?
တံ ဘဂဝါ ဧဟိ ဘိက္ခူတိ အာဟ။
တံ = ထိုတိဿရသေ့ကြီးကို။ ဘဂဝါ = ကဿပမြတ်စွာဘုရားက။ ဘိက္ခု = ချစ်သားရဟန်း။ ဧဟိ = လာပေတော့။ ဣတိ = ဤသို့လျှင်။ အာဟ = ခေါ်တော်မူလိုက်လေပြီ။
ဧဟိ ဘိက္ခု = ချစ်သားရဟန်း လာပေတော့။ ငါဘုရားသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်ဆိုတဲ့ ကျင့်စဉ်သုံးရပ်ဖြင့် သိမ်းကျုံးရေတွက်အပ်တဲ့ သာသနာ့ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယခေါ်တဲ့ မြတ်သောအကျင့်ကို စနစ်တကျ ဟောကြား ထားတယ်။ သင်ချစ်သား ကျင့်ပေတော့ ဆိုပြီးတော့ လှမ်းပြီးတော့ ခေါ်တော် မူလိုက်ပါတယ်။ ခေါ်လိုက်တဲ့ အချိန်အခါမှာ ထိုခဏမှာပဲ ပရိက္ခရာ ရှစ်ပါး တန်ဆာဆင်ထားပြီးဖြစ်နေတဲ့ ဝါ (၆၀)ရပြီး မထေရ်ကြီးကဲ့သို့ တင့်တယ် စံပယ်စွာဖြင့် ကောင်းကင်ခရီးဖြင့် ကဿပမြတ်စွာဘုရားထံ လာပြီးတော့ ရိုသေစွာ ရှိခိုးတယ်။ ရိုသေစွာ ရှိခိုးပြီးတော့ ဘာလုပ်သလဲ?
ကတိပါဟေနေဝ သာဝကပါရမိဉာဏံ ပဋိဝိဇ္ဈိတွာ တိဿော နာမ အဂ္ဂသာဝကော အဟောသိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၈။)
နှစ်ရက်သုံးရက်လောက် တရားဘာဝနာတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုက်တာ နှစ်ရက်သုံးရက်အတွင်းမှာပဲ သာဝကပါရမီဉာဏ် အရာမှာ အထွတ်အထိပ်ဖြစ်တဲ့ အဂ္ဂသာဝကတစ်ဦးဖြစ်သွားပြီ။ ရဟန္တာ မထေရ်မြတ်ကြီး ဖြစ်သွားတယ်နော်။ဘုန်းကြီးတို့ မြတ်စွာဘုရားအလှည့် ရောက်လာပြီ။
အမှာကံ ပန ဘဂဝါ ယာ စ တိဿေန ဗြာဟ္မဏေန အာဒိတော တိဿော ဂါထာ ဝုတ္တာ၊ ယာ စ ကဿပေန ဘဂဝတာ မဇ္ဈေ နဝ၊ ယာ စ တဒါ သင်္ဂီတိကာရေဟိ အန္တေ ဒွေ၊ တာ သဗ္ဗာပိ စုဒ္ဒသ ဂါထာ အာနေတွာ ပရိပုဏ္ဏံ ကတွာ ဣမံ အာမဂန္ဓသုတ္တံ အာစရိယပ္ပမုခါနံ ပဉ္စန္နံ တာပသသတာနံ အာမဂန္ဓံ ဗျာကာသိ။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၃၀၉။)
ဘုန်းကြီးတို့ မြတ်စွာဘုရားကျတော့ တိဿပုဏ္ဏားကြီး အဂ္ဂသာဝက မဖြစ်ခင် တိဿပုဏ္ဏားဘဝ တိဿရသေ့ဘဝကနေပြီးတော့ ကဿပမြတ်စွာဘုရားကို အာမဂန္ဓအညှီအဟောက်အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ ဂါထာ သုံးဂါထာ၊ ကဿပမြတ်စွာဘုရားက ပြန်ပြီး အဖြေပေးလိုက်တဲ့ အလယ်ခေါင်မှာ လာရှိတဲ့ (၉)ဂါထာ၊ ကဿပမြတ်စွာဘုရားရဲ့ သာသနာတော်နောက်ပိုင်းမှာ သင်္ဂါယနာမထေရ်တွေက ထည့်သွင်းထားတဲ့ဂါထာ နှစ်ဂါထာ၊ ပေါင်းလိုက်တော့ ဘယ်နှစ်ဂါထာလဲ? (၁၄)ဂါထာ။ အဲဒီ (၁၄)ဂါထာတွေကို အပြည့်အစုံပြုလုပ်ပြီးတော့ အာမဂန္ဓရသေ့အမှူးရှိနေတဲ့ ရသေ့ငါးရာတို့ကို အာမဂန္ဓသုတ္တန်ဆိုတဲ့အမည်ဖြင့် မြတ်စွာဘုရားက ဟောပေးတော်မူလိုက်ပြီ၊ ဟောတော်မူလိုက်တဲ့အခါ ဘာဖြစ်သလဲ?
တံ သုတွာ သော ဗြာဟ္မဏော တထေဝ နီစမနော ဟုတွာ ဘဂဝတော ပါဒေ ဝန္ဒိတွာ ပဗ္ဗဇ္ဇံ ယာစိ သဒ္ဓိံ ပရိသာယ။ (ဋ္ဌ၊၁၊၃၀၉။)
အာမဂန္ဓပုဏ္ဏားကြီးလည်း ဘုရားရှင်ဟောတော်မူလိုက်တဲ့ အာမဂန္ဓသုတ္တန် တရားဒေသနာတော်ကို ကြားနာရတဲ့အတွက် တိဿရသေ့ကြီးပုံစံတူပဲ နှိမ်ချတဲ့စိတ်ထားရှိပြီးတော့ မြတ်စွာဘုရားရဲ့ ခြေတော်အစုံ ကြာပဒုံကို ရှိခိုးဦးတိုက်တယ်။ မိမိ ပရိသတ်နှင့် အတူတကွ မြတ်စွာဘုရားထံ၌ ရှင်ရဟန်း ပြုခွင့် တောင်းပန်လျှောက်ထားတယ်။ အဲဒီအချိန်အခါမှာ - ဘုရားရှင်လည်း ဧထ ဘိက္ခဝေါ စသည်ဖြင့် ဧဟိ ဘိက္ခု ခေါ်တော်မူလိုက်ပါတယ်။
တေ တထေဝ ဧဟိဘိက္ခုဘာဝံ ပတွာ အာကာသေနာဂန္တွာ ဘဂဝန္တံ ဝန္ဒိတွာ ကတိပါဟေနေဝ သဗ္ဗေဝ အဂ္ဂဖလေ အရဟတ္တေ ပတိဋ္ဌဟိံသူတိ။ (ဋ္ဌ၊၁၊၃၀၈။)
ဒီပုံစံလေးကြည့်လိုက်မယ်ဆိုရင် ဒီရသေ့တွေက တောထဲမှာနေစဉ် အခါတည်းက သမာဓိစခန်းမှာတော့ တော်တော်ကလေး ပေါက်ရောက်နေတယ်လို့ ယူဆရပါတယ်နော်။ ဂေါတမမြတ်စွာဘုရားက ဒီအာမဂန္ဓရသေ့ ဦးဆောင်နေတဲ့ ရသေ့ငါးရာတို့ကို ဧဟိ ဘိက္ခုဆိုပြီး ခေါ်လိုက်တဲ့ အချိန်အခါမှာ အားလုံး ဧဟိ-ဘိက္ခုရဟန်းတွေ ဖြစ်သွားကြပြီ။ ဧဟိ-ဘိက္ခုရဟန်း ဖြစ်လိုက်တဲ့ အချိန်အခါမှာလည်း သူတို့ ဘာလုပ်ကြသလဲ? ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရားထံ လာပြီးတော့ ရှိခိုးနိုင်ကြတယ်။ ဒီလိုဆိုရင် သူတို့ရဲ့ အဆင့်အတန်းက တော်တော်ကလေးမြင့်မားနေတဲ့ အဆင့်အတန်းလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်နော်။ ကောင်းကင်ခရီးဖြင့် လာရှိခိုးပြီးတော့ ဘာလုပ်ကြသလဲ?
နှစ်ရက်သုံးရက်ပဲ သမထ-ဝိပဿနာဘာဝနာတွေကို ကြိုးစားအားထုတ်ကြတယ်။ နှစ်ရက်သုံးရက်အတွင်းမှာပဲ အကုန်လုံး အသာဆုံး အမြတ်ဆုံး ဖိုလ်လို့ ခေါ်ဆိုအပ်တဲ့ အရဟတ္တဖိုလ်မှာ တည်သွားကြတယ်။ ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းကို အတုလိုက်ပြီး ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ဒီအာမဂန္ဓသုတ္တန်ဒေသနာတော်ကို အဆုံးသတ်ကြစို့နော်။
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။
(သာဓု သာဓု သာဓု ...)
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
___________
Comments
Post a Comment