လောကကို သုညဆိုက်အောင်သာ ကြည့်ပါ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
ဘုရားရှင်သည် ဤစူဠသုညတသုတ္တန်တွင် အဆင့်ဆင့်သော သုညတ သဘာဝများကို အရဟတ္တဖလသမာပတ်တည်းဟူသော အသာဆုံး အမြတ်ဆုံးဖြစ်သည့် သုညတဖလသမာပတ်ကို အထွတ်တပ်ကာ ဟောကြားထား တော်မူခဲ့၏။ ယင်းအရဟတ္တဖလသမာပတ် အဝင်အပါဖြစ်သော လေးဆင့်သော အရိယမဂ်ဉာဏ်၊ လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့၏ အာရုံသည်ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးပင် ဖြစ်ပေ၏။
ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်တွင် ပရမတ်တရားတို့ကို -----
၁။ သင်္ခတာ ဓမ္မာ = သင်္ခတတရား (၁၀၉၁။၁၄၅၅။)
၂။ အသင်္ခတာ ဓမ္မာ = အသင်္ခတတရား (၁၀၉၂။၁၄၅၆။)
ဟု ဤကဲ့သို့ နှစ်စုနှစ်ပုံပြုကာ ဟောကြားထားတော်မူခဲ့၏။ ထိုတွင် စိတ်၊ စေတသိက်၊ ရုပ်ဟူသည့် ခန္ဓာငါးပါး ပရမတ်တရားတို့ကား ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင်ဖြစ်ပေါ် လာကြရသော တရားတို့ ဖြစ်ခြင်းကြောင့် သင်္ခတတရားတို့ ဖြစ်ကြ၏။ အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား မည်သည့် အကြောင်းတရားတွေကမျှ ပြုပြင်လို့ ဖြစ်ပေါ်လာရသည့်တရား မဟုတ်ခြင်းကြောင့် အသင်္ခတ တရားမည်၏။ (အဘိ၊၁၊၂၁၉။) ဤတွင် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့် ပိဋကတ်စာပေတွင် လာရှိသော နိဗ္ဗာန်အကြောင်းအရာများကို ဤစူဠသုညတသုတ္တန်ကို ဖတ်ရှုရာ၌ ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန် ရည်သန်လျက် ဆက်လက်ကာ ရေးသားတင်ပြအပ်ပါသည်။
နိဗ္ဗာနဓာတုသုတ္တန် (ဣတိဝုတ်ပါဠိတော်)
(သဥပါဒိသေသနိဗ္ဗာနဓာတ် + အနုပါဒိသေသနိဗ္ဗာနဓာတ်)
ဤတရားဒေသနာတော်ကို ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော် အထူးကို ခံယူတော်မူထိုက်သော ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏---ဟု တပည့်တော် အာနန္ဒာသည် ကြားနာခဲ့ရပါသည်ဘုရား ---
ရဟန်းတို့ ... နိဗ္ဗာနဓာတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူကား ----
၁။ ခန္ဓာငါးပါး အကြွင်းရှိနေသေးသော သဥပါဒိသေသနိဗ္ဗာနဓာတ် လည်းကောင်း,
၂။ ခန္ဓာငါးပါး အကြွင်းမရှိတော့သော အနုပါဒိသေသနိဗ္ဗာနဓာတ် လည်းကောင်း ---
ဤနှစ်မျိုးတို့ပင်တည်း။
ရဟန်းတို့ ... ခန္ဓာငါးပါး အကြွင်းရှိနေသေးသော သဥပါဒိသေသနိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း?
ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းတော်တစ်ပါးသည် မြတ်သောအလှူ ပူဇော်အထူးကို ခံယူထိုက်သူ, ကိလေသာအာသဝေါ ကုန်ခန်း ပြီးသူ, အရိယမဂ်တည်းဟူသော အကျင့်မြတ်ကို ကျင့်သုံးပြီးသူ, ပြုကျင့်အပ် ပြီးသော အရိယမဂ်ကိစ္စရှိသူ,(ဘဝသစ်ခန္ဓာငါးပါးတည်းဟူသော ခန္ဓာဝန်ထုပ် ဝန်ပိုး, ကိလေသာဝန်ထုပ်ဝန်ပိုး, ဘဝသစ်ကို ပြုစီမံတတ်သော ကုသိုလ်ကံ အကုသိုလ်ကံတည်းဟူသော အဘိသင်္ခါရဝန်ထုပ်ဝန်ပိုး ဤသုံးမျိုးသော) ဝန်ထုပ်ဝန်ပိုးကို ချထားပြီးသူ, မိမိအကျိုး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီးသူ, ဘဝသံယောဇဉ် ကုန်ခန်းပြီးသူ, အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ကောင်းစွာသိ၍ ကိလေသာမှ လွတ်မြောက်ပြီးသူ ဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘဝ၏ ခန္ဓာငါးပါးကို ဖြစ်စေတတ်သည့် အကြောင်းရင်း ကံသည် မကုန်သေးသမျှ ကာလပတ်လုံး) စက္ခုစသော ဣန္ဒြေငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင်တည်း။ ထိုရဟန္တာပုဂ္ဂိုလ်သည် ယင်းဣန္ဒြေငါးပါး တို့၏(နောင်တစ်ဖန်မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ ၏ အစွမ်းဖြင့်) မချုပ်ကုန်သေးသောကြောင့်ပင် ရူပါရုံစသည့် နှစ်သက်ဖွယ်, မနှစ်သက်ဖွယ်သော အာရုံကို ခံစား၏၊ချမ်းသာဆင်းရဲကို ခံစား၏။ ထိုရဟန္တာ ပုဂ္ဂိုလ်အား အကြင် ရာဂကုန်ခန်းမှု, ဒေါသကုန်ခန်းမှု, မောဟကုန်ခန်းမှုသည် ရှိ၏။ ဤ ရာဂ၊ ဒေါသ၊ မောဟကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိနေသေးသော သဥပါဒိသေသနိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။
ရဟန်းတို့ ... ခန္ဓာငါးပါးအကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း?---ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းတော်တစ်ပါးသည် မြတ်သောအလှူ ပူဇော်အထူးကို ခံယူထိုက်သူ။ ပ ။ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ကောင်းစွာသိ၍ ကိလေသာမှ လွတ်မြောက်ပြီးသူ ဖြစ်၏။ ဤအတ္တဘော၌ပင် ထိုရဟန္တာပုဂ္ဂိုလ်အား ခံစားမှု = ဝေဒနာအားလုံးတို့သည် [ကုသိုလ်ဝေဒနာ အကုသိုလ်ဝေဒနာတို့ကား အရဟတ္တမဂ်ရသည့်အခိုက် ရှေးမဆွကပင် ချုပ်ခဲ့ကြပြီး ဖြစ်ကုန်၏။ ထိုကြောင့် အဗျာကတဝေဒနာတို့ကိုသာ ဆိုလိုသည်။ သို့သော် ဝေဒနာတစ်ခုတည်းသာ ချုပ်သည်မဟုတ်၊ ဝေဒနာနှင့်တကွသော ခန္ဓာငါးပါး အားလုံးတို့သည်ပင် ချုပ်ကြကုန်၏။ (ဣတိဝုတ်၊ဋ္ဌ၊၁၅၉။) ထိုကြောင့် ဝေဒနာနှင့်တကွသော ခန္ဓာ ငါးပါး အားလုံးတို့သည်] ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ (နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့်) ငြိမ်းအေးကုန်လတ္တံ့။ ရဟန်းတို့ ဤခံစားမှုဟူသမျှတို့၏ ( = ခံစားမှုဟူသမျှတို့နှင့်တကွ ခန္ဓာငါးပါးလုံးတို့၏) နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာအကြွင်းအကျန်မရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ...ထိုနိဗ္ဗာနဓာတ်တို့သည် ဤနှစ်မျိုးတို့တည်း။ ဤအနက်သဘောတရားကို မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်၏။ ထိုသုတ်၌ ဤအနက်သဘောတရားကို ----
တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော သင်္ခါရတရားကို ငါ - ငါ့ဟာဟု မမှီသော မစွဲယူသော, လောကဓံ လေပြင်းမုန်တိုင်းတို့ကြောင့် တုန်လှုပ်ခြင်း မရှိသော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော (ဗုဒ္ဓစက္ခု၊ ဓမ္မစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခု၊ သမန္တစက္ခုဟု ခေါ်ဆိုအပ်သော) စက္ခုငါးတန် ဉာဏ်အမြင်ရှိတော်မူသော မြတ်စွာဘုရားသည် ဤနှစ်မျိုးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။ မှန်၏ --- တစ်မျိုးသော သဥပါဒိသေသနိဗ္ဗာနဓာတ်သည် ဤမျက်မှောက်သော ခန္ဓာကိုယ်အတ္တဘော၌ ဖြစ်၏။ ခန္ဓာငါးပါး ကြွင်းကျန်၏။ ဘဝတဏှာ ကုန်ခန်း၏။ ခန္ဓာငါးပါး အကြွင်းမရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ်သည်ကား ခန္ဓာကိုယ် ပျက်စီးပြီးသောအခါ၌ ဖြစ်၏။ ယင်းနိဗ္ဗာနဓာတ်၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝဟူသမျှတို့သည် ချုပ်ကုန် ၏။
အကြင်ပုဂ္ဂိုလ်တို့သည်ကား အကြောင်းတရားတို့သည် မပြုပြင်အပ်သော = ပြုပြင်ခြင်းကင်းသော ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်ကို (အရဟတ္တမဂ်၊ အရဟတ္တဖိုလ်)ပညာဖြင့် သိမြင်သည်ဖြစ်၍ ကိလေသာမှ လွတ်မြောက်သောစိတ် ရှိကြကုန်၏။ ဘဝသစ်ကို တွယ်တာတပ်မက် သည့် ဘဝတဏှာ ကုန်ခန်းကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည်ကား အရဟတ္တဖိုလ် တည်းဟူသော တရားအနှစ်သာရကို ရရှိကြကုန်သောကြောင့် ရာဂစသည်တို့၏ကုန်ရာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၌ (အရဟတ္တဖလသမာပတ်ကို ဝင်စားလျက်) မွေ့လျော်ကြကုန်၏။ တာဒိဂုဏ်ရှင် ထို ဘုရားသခင်တို့သည် အလုံးစုံသော ဘဝတို့ကို ပယ်စွန့်ကုန်၏ဟု ဤဂါထာ တရားဒေသနာတော်ကို ဟောကြားမြွက်ဆိုတော်မူ၏။
ဤအနက်သဘောတရားကိုလည်း မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ဟု တပည့်တော်အာနန္ဒာသည် ကြားနာခဲ့ရပါသည်ဘုရား ... (ဣတိဝုတ္တက၊၂၂၀-၂၂၁။)
အဋ္ဌကထာ၏ရှင်းလင်းချက်
ယဒိပိ တဿာ ပရမတ္ထတော ဘေဒေါ နတ္ထိ၊ ပရိယာယေန ပန ပညာယတီတိ တံ ပရိယာယဘေဒံ သန္ဓာယ ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုယောတိ ဝတွာ ယထာဓိပ္ပေတပ္ပဘေဒံ ဒေဿတုံ သဥပါဒိသေသာတိအာဒိ ဝုတ္တံ။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၅၇။)
အထ သဗ္ဗကိလေသက္ခယကရသမတ္ထာရဟတ္တမဂ္ဂဝိသယဘူတမေဝ နိဗ္ဗာနံ ကိလေသာနဉ္စေဝ, တဒနုဝတ္တကာယ တံနိဗ္ဗတ္တိရဟာနဉ္စ ခန္ဓာနံ ပဟာနဉ္စ ကိစ္စဒွယကရတ္တာ ဒွိဓာ ဘိန္နံ ဟောတိ။ နိတရမဂ္ဂတ္တယ ဝိသယဘူတံ၊ ဒိဋ္ဌေဝ ဓမ္မေ ဧဝံ ပရိနိဗ္ဗာနဿ အပ္ပစ္စယတ္တာတိ ဒဋ္ဌဗ္ဗံ။ (ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာဂဏ္ဌိ၊၂၀၂။)
ဤအထက်ပါ ဣတိဝုတ္တကအဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာဂဏ္ဌိတို့၏ ဆိုလိုရင်းသဘောတရားမှာ ဤသို့ဖြစ်၏ ----
လောကုတ္တရစိတ္တာနိ နိဗ္ဗာနာရမ္မဏာနိ။ --- ဟူသော အဘိဓမ္မတ္ထသင်္ဂဟ အာရမ္မဏသင်္ဂဟစကားနှင့်အညီ မဂ်စိတ်လေးပါး + ဖိုလ်စိတ်လေးပါးဟူသည့် လောကုတ္တရာ စိတ်စေတသိက်တရားစုတို့သည် နိဗ္ဗာန်ကို ဧကန်အာရုံ ပြုကြ၏။ အရဟတ္တဖိုလ်စိတ်သည်လည်း နိဗ္ဗာန်ကိုပင် ဧကန်အာရုံပြု၏။ ယင်းနိဗ္ဗာန်ကား ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၂၁၉။)၌ ဘုရားရှင် ဟောထားတော်မူသော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ပင် ဖြစ်ပေသည်။ ကံ-စိတ်-ဥတု-အာဟာရ စသော အကြောင်းတရား၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံစသော အကြောင်းတရားတို့ကြောင့် ယင်းအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးက ဖြစ်ပေါ်လာရသည်ကား မဟုတ်၊ မည်သည့် တစ်စုံတစ်ခုသော အကြောင်းတရားကမျှ ပြုပြင်လို့ ဖြစ်ပေါ်လာရသော တရားမျိုးမဟုတ်ဘဲ နိစ္စထာဝရ အမြဲတည်ရှိနေသည် ဓာတ်သဘာဝတစ်ခုသာ ဖြစ်ခြင်းကြောင့် အသင်္ခတဓာတ်ဟု ယင်းနိဗ္ဗာန်ကို ခေါ်ဆိုခြင်းဖြစ်၏။
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စနစ်တကျ စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏အဆုံး၌ အရိယမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်လာကြ၏။ ယင်းအရိယမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ကား ယင်းအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုနေကြ၏။
အထက်ပါ နိဗ္ဗာနဓာတုသုတ္တန်တွင် ဘုရားရှင်က သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဟု နိဗ္ဗာနဓာတ်နှစ်မျိုးကို ဟောကြားထားတော်မူ၏။ အထက်ပါ ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာဂဏ္ဌိက ---- သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်၊ သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်၊ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို ရည်ရွယ်တော်မူ၍ သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ် တို့ကို ဟောကြားတော်မူခဲ့သည် မဟုတ်ကြောင်းကိုလည်းကောင်း, အရဟတ္တမဂ် အရဟတ္တဖိုလ်၏ အာရုံဖြစ်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ် ကိုသာ ရည်ရွယ်တော်မူ၍ ယင်းသဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ် နှစ်မျိုးတို့ကို ဟောကြားတော်မူခဲ့ကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြထား၏။ အောက်မဂ်သုံးပါး၊ အောက်ဖိုလ်သုံးပါးတို့၏ အာရုံ ဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်မှာ မျက်မှောက်သော ကိုယ်၏အဖြစ်၌ ကိလေသာအပူမီး အားလုံးတို့၏ ငြိမ်းအေးခြင်း သဘော, နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုသဘော၏ အကြောင်းတရား မဖြစ်သောကြောင့် ယင်းအရိယာသူတော်ကောင်း သုံးမျိုးတို့၏ စုတိ၏နောက်တွင် ခန္ဓာ ငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း၏ အကြောင်းတရားလည်း မဟုတ်သောကြောင့် --- ဟု အကြောင်းပြထား၏။
သို့အတွက် အရဟတ္တမဂ် အရဟတ္တဖိုလ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုသာလျှင် ရည်ရွယ်တော်မူ၍ ယင်းသဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်တို့ကို ဟောကြားတော်မူခဲ့သည်ဟု မှတ်သားပါလေ။ သို့သော် ထိုသို့ ဟောကြားတော်မူရာ၌ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၌ ပရမတ္ထအနက်သဘောအားဖြင့် ထိုကဲ့သို့ ကွဲပြားမှုကား မရှိပေ။ ထိုသို့ ကွဲပြားမှု မရှိသော်လည်း အကြောင်းပရိယာယ်အားဖြင့် ထင်ရှားသောကြောင့် ထိုအကြောင်း ပရိယာယ်၏ ကွဲပြားမှုကို ရည်ရွယ်တော်မူကာ နိဗ္ဗာနဓာတ် နှစ်မျိုးရှိကြောင်းကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ ဣတိဝုတ္တကအဋ္ဌကထာက ရှင်းလင်းတင်ပြထားပေသည်။
အကြောင်းပရိယာယ်တစ်မျိုး --
ရဟန္တာအရှင်မြတ်တို့၏ အရဟတ္တမဂ် အရဟတ္တဖိုလ်စိတ်တို့ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကိုပင် အာရုံပြုကြ၏။ ထိုအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်က တစ်နည်းဆိုရသော် ယင်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုရသော အရဟတ္တမဂ်ဉာဏ်က ကိလေသာတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားပေး၏။ ဤသဘောတရားကိုပင် ရည်ရွယ်၍ ----- နိဗ္ဗာနဥှိ အာဂမ္မ တဏှာ အသေသာ ဝိရဇ္ဇတိ နိရုဇ္ဈတိ။ (အဘိ၊ဋ္ဌ၊၂၊၁၀၆။) = နိဗ္ဗာန်ကို အစွဲပြု၍ အကြောင်းပြု၍ တဏှာသည် (တဏှာနှင့်တကွသော ကိလေသာသည်) အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်၏ဟု သမ္မောဟဝိနောဒနီအဋ္ဌကထာက ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။ တစ်ဖန် ကိလေသာ အစိုဓာတ် အစေးဓာတ် မရှိသဖြင့် အထူးသဖြင့် ဘဝသစ်ကို တွယ်တာတပ်မက်မှု တဏှာ အစိုဓာတ် အစေးဓာတ် မရှိတော့သဖြင့် ရဟန္တာမဖြစ်မီက ထူထောင်ခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံတို့သည်လည်း အကျိုးပေးနိုင်သည့် စွမ်းအင်များ ကုန်ခန်းသွားရကား ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် ဘဝသစ်ဟူသည့် ခန္ဓာငါးပါးတို့လည်း ဖြစ်ခွင့် မရှိနိုင်သောကြောင့် ခန္ဓာတို့လည်း ချုပ်ငြိမ်းသွားကြ၏။ သို့အတွက် ယင်းအရဟတ္တမဂ်က ခန္ဓာတို့ကိုလည်း ပယ်သတ်လိုက်၏။ ယင်းသို့ ကိလေသာကို ပယ်သတ်ခြင်း, ခန္ဓာကို ပယ်သတ်ခြင်းဟူသည့် ကိစ္စ နှစ်ရပ်ကို ယင်းအရဟတ္တမဂ် အရဟတ္တဖိုလ်၏ အာရုံဖြစ်သောအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်က ရွက်ဆောင်ပေး၏။ တစ်နည်းဆိုရသော် ယင်းအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံ ယူရသော အရဟတ္တမဂ်ဉာဏ်က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိ အကူအညီဖြင့် ကိလေသာကို ပယ်သတ်ခြင်း, ခန္ဓာကို ပယ်သတ်ခြင်းဟူသည့် လုပ်ငန်းကိစ္စရပ် နှစ်ခုကို ရွက်ဆောင်ပေးလိုက်၏။
ကိလေသာကို ပယ်သတ်ခြင်းကို ကိလေသပရိနိဗ္ဗာန်ဟုလည်းကောင်း, သဥပါဒိသေသနိဗ္ဗာနဓာတ်ဟုလည်းကောင်း ခေါ်ဆို၏။ ခန္ဓာကို ပယ်သတ်ခြင်းကို ခန္ဓပရိနိဗ္ဗာန်ဟုလည်းကောင်း, အနုပါဒိသေသနိဗ္ဗာနဓာတ်ဟုလည်းကောင်း ခေါ်ဆို၏။ --- ဤကဲ့သို့သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို အစွဲပြု၍ ကိလေသာတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းခြင်းဟူသော အကြောင်းပရိယာယ်တစ်မျိုးအားဖြင့်သဥပါဒိသေသနိဗ္ဗာနဓာတ်ဟုလည်းကောင်း, ခန္ဓာတို့၏ အနုပ္ပါဒနိရောဓသဘော အားဖြင့်ချုပ်ငြိမ်းခြင်းဟူသော အကြောင်းပရိယာယ်တစ်မျိုးအားဖြင့် အနုပါဒိသေသနိဗ္ဗာနဓာတ်ဟုလည်းကောင်း နိဗ္ဗာနဓာတ် နှစ်မျိုးကို ဟောကြားသွားတော်မူခြင်း ဖြစ်ပေသည်။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၅၇။)
နိရောဓသစ္စာ
ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ အဖွင့်နှင့်အညီ ---- အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အစွဲပြု၍ အကြောင်းပြု၍ (အရဟတ္တမဂ်ဉာဏ်ကြောင့်) ကိလေသာတို့၏ တစ်နည်းဆိုရသော် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်ဟူသော ကိလေသဝဋ်တရားတို့နှင့် ဘဝသစ်ကို ဖြစ်စေတတ်သော သင်္ခါရ၊ ကံဟူသော ကမ္မဝဋ်တရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုဟူသော သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဟူသော အကြောင်းတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ( = သဥပါဒိသေသနိဗ္ဗာနဓာတ်ကြောင့်) အကျိုးခန္ဓာငါးပါးတို့၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုဟူသော အနုပါဒိသေသနိဗ္ဗာနဓာတ် --- ဤနှစ်မျိုးသော နိဗ္ဗာနဓာတ်တို့သည်လည်း နိရောဓသစ္စာတရားပင် ဖြစ်ကြသည်။ သို့သော် ယင်းနိရောဓသစ္စာသည်ကား လောကုတ္တရာအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိရောဓသစ္စာတရားကား မဟုတ်ပေ။
အဝိဇ္ဇာသမုဒယာ ရူပသမုဒယော ... အဝိဇ္ဇာနိရောဓာ ရူပနိရောဓော ...(ပဋိသံ၊၅၃။)
ဤသို့ စသည်ဖြင့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် စသည်တို့၌ ဟောကြားထား တော်မူအပ်သည့် ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာဉာဏ်တို့ဖြင့် ထိုးထွင်း သိမြင်အပ်သော ဝိပဿနာဉာဏ်တို့၏ အာရုံဖြစ်သော နိရောဓသစ္စာတရား သာ ဖြစ်ပေသည်။ ယင်းနိရောဓသစ္စာကား လောကီတရားဟုလည်းကောင်း, လောကုတ္တရာတရားဟုလည်းကောင်း မခေါ်ဆိုထိုက်သော သစ္စာတစ်မျိုး ဖြစ်၏။ သဥပါဒိသေသနိဗ္ဗာနဓာတ်ဟူသည် ကိလေသာတို့၏ ချုပ်ငြိမ်းမှု မရှိမှု သဘာဝတစ်မျိုးသာ ဖြစ်၏။ အနုပါဒိသေသနိဗ္ဗာနဓာတ်ဟူသည်မှာလည်း ခန္ဓာတို့၏ ချုပ်ငြိမ်းမှု မရှိမှု သဘာဝတစ်မျိုးသာ ဖြစ်၏။ ယင်းသဥပါဒိသေသနိဗ္ဗာနဓာတ်နှင့် အနုပါဒိသေသနိဗ္ဗာနဓာတ်တို့ကား အရဟတ္တမဂ်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဟူသည့် အကြောင်းတရား ထင်ရှားရှိသော သပ္ပစ္စယတရားမျိုးဖြစ်၏။
လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား လောကုတ္တရာ နိရောဓသစ္စာတရားတော်ကြီး ဖြစ်ပေသည်။ ယင်းအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ဘုရားရှင်က အသင်္ခတဓာတု = အကြောင်းတရားတို့သည် မပြုပြင်အပ်သော ဓာတ်သဘာဝဟုလည်းကောင်း, အပ္ပစ္စယ = အကြောင်းမရှိသော တရားဟုလည်းကောင်း ဓမ္မသင်္ဂဏီ ပါဠိတော် (အဘိ၊၁၊၂၁၉။) စသည်တို့၌ ဟောကြားထားတော်မူခဲ့၏။ ဤကဲ့သို့သော ဟောကြားထားတော်မူသည့် အကြောင်းအရာတို့နှင့် ဆက်စပ်၍ နားလည်သင့် နားလည်ထိုက်သော အကြောင်းတရားတို့ကို ပိုမိုသဘောပေါက် နားလည်နိုင်ရန် အောက်ဖော်ပြပါ သုတ္တန်တို့ကို ဆက်လက်ကာ တင်ပြအပ် ပါသည်။ ----
အဇာတသုတ္တန် (ဣတိဝုတ္တက၊၂၂၀။) (တတိယနိဗ္ဗာနပဋိသံယုတ္တသုတ်၊ ဥဒါန၊၁၇၈။)
[တစ်ချိန်ဝယ် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူ၏။ တစ်နေ့တွင် ဘုရားရှင်သည် များစွာသော အကြောင်းပရိယာယ်တို့ဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခ၌ ထင်ရှားတည်ရှိနေသည့် အပြစ်အာဒီနဝကို ထင်ရှားဖော်ပြတော်မူကာ ထိုသံသရာဝဋ်ဆင်းရဲဒုက္ခ၏ ငြိမ်းအေးခြင်းစသည်တို့၏ အစွမ်းဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်နှင့် ဆက်စပ်နေသော တရားဒေသနာတော်ကို ဟောကြား ပြသ ဆိုဆုံးမတော်မူအပ်သည်ရှိသော် တရားနာပရိသတ် ဖြစ်ကြကုန်သော ရဟန်းတော်တို့၏ သန္တာန်ဝယ် ---- ဘုရားရှင်သည် ဤသံသရာကြီးကို အဝိဇ္ဇာစသော အကြောင်းတရားတို့ဖြင့် အကြောင်းတရား ထင်ရှားရှိသော သဟေတုကတရား = သပ္ပစ္စယတရားဟု ဟောကြားတော်မူအပ်၏။ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ထိုကဲ့သို့ ငြိမ်းအေးရခြင်း၏ တစ်စုံတစ်ခုသော အကြောင်းတရားကို ဟောကြားတော်မမူအပ်ပေ။ ယင်းကဲ့သို့ အကြောင်းတရား ထင်ရှားမရှိသည့် ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုအပ်သည့် ပရမတ္ထအနက်သဘောအားဖြင့် ရအပ်ပါသနည်းဟု ဤကဲ့သို့သော စိတ်အကြံအစည်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ထိုအခါ ဘုရားရှင်က ထိုရဟန်းတို့၏သန္တာန်ဝယ် ဖြစ်ပေါ်နေသည့် ယုံမှားသံသယကို ပယ်ဖျောက်ခြင်း အကျိုးငှာလည်းကောင်း, ဤလောကဝယ် အချို့သော သာသနာပ သမဏ ဗြာဟ္မဏတို့ကလည်း -- နိဗ္ဗာန် နိဗ္ဗာန်ဆိုသည့် စကားလုံးကို အသုံးပြုကြ၏။ ယင်းတို့ ပြောဆိုကြသော နိဗ္ဗာန်ကား စကားအရာမှာသာ တည်ရှိနေ၏။ ယင်းတို့ ပြောဆိုသော နိဗ္ဗာန်မည်သည်ကား ပရမတ္ထသဘောအားဖြင့် မရအပ်သည့် သဘောရှိခြင်းကြောင့် တကယ်ထင်ရှား ရှိသည်ကား မဟုတ်ဟု လောကာယတကျမ်းကို လေ့လာလိုက်စားသူတို့ကဲ့သို့ ချွတ်ယွင်းဖောက်ပြန် မမှန်သော အကျင့်ကို ကျင့်လေ့ ရှိကြကုန်သော, သာသနာတော်၏ ပြင်ပဝယ် အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူ ရှိကြကုန်သော သူတို့၏ မိစ္ဆာဝါဒကို ချိုးဖဲ့ ဖျက်ဆီးရန်အလို့ငှာလည်းကောင်း, အသင်္ခတဓာတ် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီး၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏အဖြစ်ကို ထင်ရှား ပြတော်မူခြင်းငှာလည်းကောင်း, ထိုအသင်္ခတဓာတ် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီး၏ သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်းဖြစ်မှု စသည့် စွမ်းအားရှိန်စော် အာနုဘော်ရှိသည်၏ အဖြစ်ကို ထင်ရှားပြတော်မူခြင်းငှာလည်းကောင်း နှစ်သက်ဝမ်းမြောက်သည့် ပီတိစွမ်းဟုန်ကြောင့် ဥဒါန်းကျူးရင့်သည်၏ အစွမ်းဖြင့် ဤအဇာတသုတ္တန်ကို ဥဒါန်းပါဠိတော်, ဣတိဝုတ်ပါဠိတော်တို့၌ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (ဣတိဝုတ္တက၊ဋ္ဌ၊၁၅၄။ ဥဒါန၊ဋ္ဌ၊၃၅၆-၃၅၇။)]
ဤအဇာတသုတ္တန်တရားဒေသနာတော်ကို ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏ -- ဟု တပည့်တော် အာနန္ဒာသည် ကြားနာခဲ့ရပါသည်ဘုရား ...
အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ။ နော စေတံ ဘိက္ခဝေ အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ နယိဓ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယေထ။ ယသ္မာ စ ခေါ ဘိက္ခဝေ အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ တသ္မာ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယတိ။ (ဥဒါန၊၁၇၈။ ဣတိဝုတ္တက၊၂၂၀။)
= ဘိက္ခဝေ = ရဟန်းတို့ ...(အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ်လာရမှု မရှိသော, (အဘူတံ = အကြောင်းတရားတို့ကြောင့်) ထင်ရှားဖြစ်နေမှု မရှိသော, (အကတံ = အကြောင်းတရားတို့က) ပြုလုပ်ထားမှု မရှိသော, (အသင်္ခတံ = အကြောင်းတရားတို့က) ပြုစီရင်ထားမှု မရှိသော နိဗ္ဗာန်တရားတော်မြတ်သည် (= အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်သည်) ရှိ၏။
နော စေတံ ဘိက္ခဝေ အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ = ရဟန်းတို့ ... (အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ် လာရမှု မရှိသော, (အကြောင်းတရားတို့ကြောင့်) ထင်ရှားဖြစ်နေမှု မရှိသော, (အကြောင်းတရားတို့က) ပြုလုပ်ထားမှု မရှိသော, (အကြောင်းတရားတို့က) ပြုစီရင်ထားမှု မရှိသော ဤအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်သည် အကယ်၍ မရှိပါမူ။ နယိဓ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယေထ = ဤလောက၌ (ဇာတဿ = အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ်လာရမှု ရှိသော, (ဘူတဿ = အကြောင်းတရားတို့ကြောင့်) ထင်ရှားဖြစ်နေမှုရှိသော, (ကတဿ = အကြောင်းတရားတို့က) ပြုလုပ်ထားမှုရှိသော, (သင်္ခတဿ = အကြောင်းတရားတို့က) ပြုစီရင်ထားမှုရှိသော ခန္ဓာငါးပါးမှ ထွက်မြောက်ရာသည် မထင်ရှားလေရာ။
ယသ္မာ စ ခေါ ဘိက္ခဝေ အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ၊ တသ္မာ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယတိ။ = ရဟန်းတို့ ... (အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ်လာရမှု မရှိသော, (အကြောင်းတရားတို့ကြောင့်) ထင်ရှားဖြစ်နေမှု မရှိသော, (အကြောင်းတရားတို့က) ပြုလုပ်ထားမှု မရှိသော, (အကြောင်းတရားတို့က) ပြုစီရင်ထားမှု မရှိသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်သည် ရှိ၏။ ထို့ကြောင့်သာလျှင် (အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ်လာရမှု ရှိသော, (အကြောင်းတရားတို့ကြောင့်) ထင်ရှား ဖြစ်နေမှု ရှိသော, (အကြောင်းတရားတို့က) ပြုလုပ်ထားမှု ရှိသော, (အကြောင်းတရားတို့က) ပြုစီရင်ထားမှု ရှိသော ခန္ဓာငါးပါးမှ ထွက်မြောက်ရာသည် ထင်ရှား၏။ --- ဤအနက်သဘောကို မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို ----
(အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ်လာရမှု ရှိသော, (အကြောင်းတရားတို့ကြောင့်) ထင်ရှားဖြစ်နေမှုရှိသော, (အကြောင်းတရားတို့က) ပြုလုပ်ထားမှု ရှိသော, (အကြောင်းတရားတို့က) ပြုစီရင်ထားမှု ရှိသော, မခိုင်ခံ့သော, အိုခြင်းတရား သေခြင်းတရားတို့နှင့် ရောစပ်နေသော, ရောဂါ အပေါင်းတို့၏ တည်နေရာ အသိုက်သဖွယ်ဖြစ်သော, ပျက်စီးခြင်း သဘော တရားရှိသော, (ကဗဠီကာရာဟာရ၊ မနောသေဉ္စတနာဟာရ၊ ဖဿာဟာရ၊ ဝိညာဏာဟာရတည်းဟူသော) အာဟာရလေးပါးနှင့် ဘဝကို တွယ်တာ တပ်မက်သည့် တဏှာလျှင် ဖြစ်ကြောင်း အမွန်အစရှိသော ထိုခန္ဓာငါးပါးကို နှစ်သက်မြတ်နိုးခြင်းငှာ မသင့်တော်ပေ။
ထိုခန္ဓာငါးပါး သက္ကာယတရား၏ ထွက်မြောက်ရာဖြစ်သော, (ဘဝသစ်ကို ပြုစီရင်တတ်သော အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံတည်းဟူသော) ကိလေသာ အဘိသင်္ခါရတရားတို့၏ ငြိမ်းအေးရာဖြစ်သော, ကြံစည်စိတ်ကူးမှု တက္ကဉာဏ်၏ အာရုံမဟုတ်သော, မြဲမြံခိုင်ခံ့မှု = နိစ္စထာဝရတည်တံ့မှုရှိသော, (အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့်) ဖြစ်ပေါ်လာရမှု မရှိသော, (အကြောင်းတရားတို့ကြောင့်) ကောင်းစွာ ထင်ရှားဖြစ်နေမှု မရှိသော, စိုးရိမ်ရခြင်း သောကတရားလည်း မရှိသော, ကိလေသာမြူ အညစ်အကြေး ကင်းစင်သော, သံသရာဝဋ်ဆင်းရဲဒုက္ခ၏ နှိပ်စက်မှုကို ခံယူရသူတို့ ရရှိအောင် ကျင့်အပ်သော တရားဖြစ်သော, ဒုက္ခတရား အားလုံးတို့၏ ချုပ်ရာဖြစ်သော, သင်္ခါရတရားတို့၏ ငြိမ်းအေးရာဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား ချမ်းသာလှဘိ၏ဟု ---
ဤဂါထာ တရားဒေသနာတော်တို့ကို ဟောကြားမိန့်ဆိုတော်မူအပ်၏။ဤအနက်သဘောကိုလည်း ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်၏ --- ဟု တပည့်တော် အာနန္ဒာသည် ကြားနာခဲ့ရပါသည်ဘုရား ...(ဥဒါန၊၁၇၈။ ဣတိဝုတ္တက၊၂၂၀။)
နိဗ္ဗာနဥှိ အာရမ္မဏံ ကတွာ ပဝတ္တမာနာ သမ္မာဒိဋ္ဌိအာဒယော အရိယမဂ္ဂဓမ္မာ အနဝသေသတော ကိလေသေ သမုစ္ဆိန္ဒန္တိ၊ တေနေတ္ထ သဗ္ဗဿပိ ဝဋ္ဋဒုက္ခဿ အပ္ပဝတ္တိ အပဂမော နိဿရဏံ ပညာယတိ။ (ဥဒါန၊ဋ္ဌ၊၃၅၈။ ဣတိဝုတ္တက၊ဋ္ဌ၊၁၅၅။)
= အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြကုန်သော သမ္မာဒိဋ္ဌိအစရှိကုန်သော အရိယမဂ်ဓမ္မာတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်ကြကုန်၏ = (သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဆိုက်ရောက်ကြကုန်၏)။ ထိုသို့ ကံ-ကိလေသာတို့ အရိယမဂ်တရားတို့ကြောင့် အကြွင်း အကျန်မရှိ ချုပ်ငြိမ်းသွားခြင်းကြောင့် (အကြောင်း ကံ-ကိလေသာတို့ ချုပ်ငြိမ်းသွားခြင်းကြောင့် ဘဝသစ်ဟူသည့် အကျိုးခန္ဓာတို့လည်း ပရိနိဗ္ဗာနစုတိ၏ နောက်၌ ဖြစ်နိုင်စွမ်း မရှိကြတော့သဖြင့်) ဤအရာ၌ အလုံးစုံသော သံသရာဝဋ်ဆင်းရဲဒုက္ခ၏ မဖြစ်ခြင်း ကင်းခြင်း ထွက်မြောက်ခြင်းသည် ထင်ရှားလာပေသည် = (အနုပါဒိသေသနိဗ္ဗာနဓာတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏ဟု ဆိုလိုပေသည်။) (ဥဒါန၊ဋ္ဌ၊၃၅၈။ ဣတိဝုတ္တက၊ဋ္ဌ၊၁၅၅။)
ပထမနိဗ္ဗာနပဋိသံယုတ္တသုတ် (ဥဒါန၊၁၇၇။)
တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ ထံတော်မှောက်မှ ဤသို့ နာခံမှတ်သား ဆောင်ထားခဲ့ရပါသည်ဘုရား ...
အခါတစ်ပါးဝယ် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို (အသင်္ခတဓာတ် အငြိမ်းဓာတ်) နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့်စပ်သော တရားစကားတော်ဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဆောက်တည်စေကာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားစကားတော်ကို အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ဒေသနာတော်ကို မိမိ၏ စိတ်အစဉ်သို့ ရောက်အောင် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားတော်ကို နာယူကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိရှိတော်မူသည် ဖြစ်၍ ထိုသို့ သိတော်မူသော အချိန်၌ ----
ရဟန်းတို့ ... အကြင် နိဗ္ဗာန်အရပ်၌ ပထဝီဓာတ်သည် မရှိ, အာပေါဓာတ်သည် မရှိ, တေဇောဓာတ်သည် မရှိ, ဝါယောဓာတ်သည် မရှိ။ (ဓာတ်ကြီးလေးပါး မရှိက ဓာတ်ကြီးလေးပါးကို မှီတွယ်ဖြစ်ပေါ်လာရသည့် ဥပါဒါရုပ်လည်း မရှိဟု ဆိုလိုသည်။ ရုပ်တရားမရှိဟု ဆိုသဖြင့် ရုပ်တရား ထင်ရှားရှိသည့် ကာမဘဝ၊ ရူပဘဝတို့လည်း မရှိဟု ဆိုလို၏။ ယင်းကာမဘဝ၊ ရူပဘဝတို့၌ အကျုံးဝင်သော သင်္ခတတရားအားလုံး မရှိဟု ဆိုလိုပေသည်။) အာကာသာနဉ္စာယတနစျာန်သည် မရှိ၊ ဝိညာဏဉ္စာယတနစျာန်သည် မရှိ၊ အာကိဉ္စညာယတနစျာန်သည် မရှိ၊ နေဝသညာနာသညာယတနစျာန်သည် မရှိ၊ (အရူပဘဝလည်း မရှိဟု ဆိုလိုသည်၊) ပစ္စုပ္ပန်လောက, တမလွန်လောကလည်း မရှိ၊ နှစ်ပါးစုံသော လ-နေ-တို့သည်လည်း မရှိကုန်။ [ဣမိနာ အာလောကသဘာဝတံယေဝ နိဗ္ဗာနဿ ဒေဿတိ။(ဥဒါန၊ဋ္ဌ၊၃၅၄။) = ဣမိနာ = ဤစကားရပ်ဖြင့် (အသင်္ခတ) နိဗ္ဗာန်တရားတော်မြတ်၏ အာလောကသဘာဝတံယေဝ = အရောင်အလင်း သဘောတရားရှိသည်ကိုသာလျှင် နိဗ္ဗာနဿ = နိဗ္ဗာန်၏။ ဒေဿတိ = ညွှန်ပြ၏။] ထိုနိဗ္ဗာန်တရားတော်မြတ်သည် ရှိသည်သာတည်း။
ရဟန်းတို့ ... ထိုနိဗ္ဗာန်၌လည်း တစ်စုံတစ်ခုသော ဘဝမှ လာခြင်းကို ငါဘုရား ဟောကြားတော်မမူ။ တစ်စုံတစ်ခုသော ဘဝသို့ သွားခြင်းကိုလည်း ငါဘုရား ဟောကြားတော်မမူ။ တစ်စုံတစ်ခုသော အရပ်၌ တည်ခြင်းကိုလည်း ငါဘုရား ဟောကြားတော်မမူ။ ထိုနိဗ္ဗာန်မှ ရွေ့လျောစုတေခြင်းကိုလည်း ငါဘုရား ဟောကြားတော်မမူ။ ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်းကိုလည်း ငါဘုရား ဟောကြားတော်မမူ။ ထိုနိဗ္ဗာန်သည် တည်ရာနေရာလည်း မရှိ, ဖြစ်ခြင်းသဘောလည်း မရှိ, အာရုံပြုမှုလည်း မရှိ၊ (အာရုံမယူတတ်သည့် အနာရမ္မဏ တရားဟု ဆိုလိုသည်။) ဤ (အသင်္ခတဓာတ် အငြိမ်းဓာတ်) နိဗ္ဗာန်သဘောတရားသည်သာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးပင်တည်း--- ဟု ဤဥဒါန်း စကားကို ကျူးရင့်တော်မူ၏။ (ဥဒါန၊၁၇၇။)
ဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ်
တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ ထံတော်မှောက်မှ ဤသို့ နာခံမှတ်သား ဆောင်ထားခဲ့ရပါသည်ဘုရား ...
အခါတစ်ပါးဝယ် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်ဝယ် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို (အသင်္ခတဓာတ် အငြိမ်းဓာတ်) နိဗ္ဗာန်တရားတော်မြတ်ကြီးနှင့်စပ်သော တရားစကားတော်ဖြင့် အကျိုးစီးပွားကို သိမြင်စေလျက် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဆောက်တည်စေကာ နိဗ္ဗာန်ရောက်ကြောင်း အကျင့် ကောင်းကို ကျင့်သုံးရန် ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားစကား တော်ကို အရိုအသေပြု၍ နှလုံးသွင်းလျက် အလုံးစုံသော စိတ်ဖြင့် ဒေသနာ တော်ကို မိမိ၏ စိတ်အစဉ်သို့ ရောက်အောင် ကောင်းစွာ ဆောင်ပြီးလျှင် နားစိုက်ကာ တရားတော်ကို နာယူကြကုန်၏။ ---
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိရှိတော်မူသည်ဖြစ်၍ ထိုသို့ သိတော်မူသော အချိန်၌ ---
တဏှာ၏ ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရာဖြစ်သော (အသင်္ခတဓာတ် အငြိမ်းဓာတ်) နိဗ္ဗာန်တရားတော်မည်သည်ကား မြင်နိုင်ခဲသော တရားတည်း။ မှန်၏ --- (အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်သည်ကား မြင်ခြင်းငှာ လွယ်ကူသော တရားမဟုတ်။ (အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ) နိရောဓသစ္စာကို အာရုံပြုသောအားဖြင့် (သစ္ဆိကိရိယာဘိသမယ = သစ္ဆိကိရိယပဋိဝေဓ = အာရမ္မဏပဋိဝေဓအားဖြင့်) ထိုးထွင်း၍ သိအပ်၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသောအားဖြင့် (= ပရိညာဘိသမယ = ပရိညာပဋိဝေဓအားဖြင့်) ထိုးထွင်း၍ သိအပ်၏။ မဂ္ဂသစ္စာကို ပွားသောအားဖြင့် (= ဘာဝနာဘိသမယ = ဘာဝနာပဋိဝေဓအားဖြင့်) ထိုးထွင်း၍ သိအပ်၏။တဏှာဟူသောသမုဒယသစ္စာကိုလည်း ပယ်သောအားဖြင့် (= ပဟာနာဘိသမယ = ပဟာနပဋိဝေဓ အားဖြင့်) ထိုးထွင်း၍ သိအပ်၏။ ဤသို့ သစ္စာလေးပါးကို အရိယမဂ်ပညာဖြင့် သိသူ မြင်သူအား ရာဂစသော ကြောင့်ကြမှု မရှိနိုင်တော့ပြီဟု ဤဝမ်းမြောက် ဖွယ် ဥဒါန်းစကားကို ကျူးရင့်တော်မူ၏။ (ဥဒါန၊၁၇၇-၁၇၈။)
အဂ္ဂိဝစ္ဆသုတ္တန်ကောက်နုတ်ချက် (မ၊၂၊၁၅၄။)
[အခါတစ်ပါးဝယ် ဘုရားရှင်သည် သာဝတ္ထိပြည်မွန်ဝယ် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ အဂ္ဂိဝစ္ဆနွယ်ဖွား ပရိဗိုဇ်တစ်ဦးသည် ဘုရားရှင် ရှိတော်မူရာအရပ်သို့ ချဉ်းကပ်ကာ သိလိုသော မေးခွန်းအရပ်ရပ်တို့ကို ဘုရားရှင်အား လျှောက်ထားမေးမြန်းခဲ့၏။ ထို မေးခွန်းတို့တွင် ကိလေသာတို့မှ လွတ်မြောက်သော စိတ်ဓာတ်ရှိတော်မူသော ( = သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဆိုက်ရောက်တော်မူပြီးသော) ရဟန္တာ အရှင်မြတ်နှင့် ဆက်စပ်နေသည့် မေးခွန်းများလည်း ပါဝင်ခဲ့ကြ၏။ ယင်း မေးခွန်းနှင့် အဖြေတို့မှာ အောက်ပါအတိုင်း ဖြစ်ကြပေသည်။]
၁။ အရှင်ဂေါတမ ...ဤကဲ့သို့ ကိလေသာတို့မှ လွတ်မြောက်သော စိတ်ရှိသော ရဟန်းတော်သည် အဘယ်အရပ်ဌာန, အဘယ်ဘုံဘဝ၌ ပဋိသန္ဓေအားဖြင့် ဖြစ်ပါသနည်းဟု လျှောက်ထား၏။
ဒါယကာတော် ဝစ္ဆ ...ပဋိသန္ဓေအားဖြင့် ဖြစ်၏ဟူသော ဤစကားကို ပြောဆိုဖို့ရန် မသင့်ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။
၂။ အရှင်ဂေါတမ ... ထိုသို့ဖြစ်ပါမူ ပဋိသန္ဓေအားဖြင့် မဖြစ်ပါ သလောဟု လျှောက်ထားပြန်၏။
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် မဖြစ်ဟူသော ဤစကားကိုလည်း ပြောဆိုဖို့ရန် မသင့်ဟု ဘုရားရှင်က မိန့်ကြားတော်မူ၏။
၃။ အရှင်ဂေါတမ ...ထိုသို့ဖြစ်ပါမူ ပဋိသန္ဓေအားဖြင့် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ပါသလောဟု လျှောက်ထားပြန်၏။
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူသော ဤစကားကိုလည်း ပြောဆိုဖို့ရန် မသင့်ဟု ဘုရားရှင်က မိန့်ကြားတော်မူပြန်၏။
၄။ အရှင်ဂေါတမ ...ထိုသို့ဖြစ်ပါမူ ပဋိသန္ဓေအားဖြင့် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ပါသလောဟု လျှောက်ထားပြန်၏။
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူသော ဤစကားကိုလည်း ပြောဆိုဖို့ရန် မသင့်ဟု ဘုရားရှင်က မိန့်ကြားတော်မူပြန်၏။
၁။ အရှင်ဂေါတမ ... ဤကဲ့သို့ ကိလေသာတို့မှ လွတ်မြောက်သော စိတ်ရှိသော ရဟန်းတော်သည် အဘယ်အရပ်ဌာန, အဘယ်ဘုံဘဝ၌ ပဋိသန္ဓေအားဖြင့် ဖြစ်ပါသနည်းဟု မေးမြန်းလျှောက်ထားခဲ့သည်ရှိသော် ---
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် ဖြစ်၏ဟူသော ဤစကားကို ပြောဆိုဖို့ရန် မသင့်ဟုဆို၏။
၂။ အရှင်ဂေါတမ ... ထိုသို့ဖြစ်ပါမူ ပဋိသန္ဓေအားဖြင့် မဖြစ်ပါသလောဟု မေးမြန်း လျှောက်ထားခဲ့သည်ရှိသော် ---
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် မဖြစ်ဟူသော ဤစကားကိုလည်း ပြောဆိုဖို့ရန် မသင့်ဟုဆို၏။
၃။ အရှင်ဂေါတမ ...ထိုသို့ဖြစ်ပါမူ ပဋိသန္ဓေအားဖြင့် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ပါသလောဟု မေးမြန်း လျှောက်ထားခဲ့သည်ရှိသော် ---
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် ဖြစ်လည်းဖြစ်, မဖြစ်လည်း မဖြစ်ဟူသော ဤစကားကိုလည်း ပြောဆိုဖို့ရန် မသင့်ဟု ဆို၏။
၄။ အရှင်ဂေါတမ ... ထိုသို့ဖြစ်ပါမူ ပဋိသန္ဓေအားဖြင့် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ပါသလောဟု မေးမြန်းလျှောက်ထားခဲ့သည်ရှိသော် -----
ဒါယကာတော် ဝစ္ဆ ... ပဋိသန္ဓေအားဖြင့် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူသော ဤစကားကိုလည်း ပြောဆိုဖို့ရန် မသင့်ဟု ဆို၏။
အရှင်ဂေါတမ ... ဤအရာ၌ တပည့်တော်သည် နားမလည်ခြင်းသို့ ရောက်ခဲ့ပါ၏။ ဤအရာ၌ တပည့်တော်သည် တွေဝေခြင်းသို့ ရောက်ခဲ့ပါ၏။ အရှင်ဂေါတမ ... ရှေ့ပိုင်းက ပြောခဲ့သော စကားဖြင့်လည်း တပည့်တော်မှာ ဖြစ်ပေါ်လာသော စိတ်ကြည်လင်ခြင်းမျှသည်လည်း ယခုအခါမှာ ကွယ်ပျောက်ခဲ့ပါလေပြီဟု လျှောက်ထား၏။
ဒါယကာတော် ဝစ္ဆ ... သင်၏သန္တာန်ဝယ် မသိနားမလည်ခြင်း သဘောတရား ထင်ရှားဖြစ်ပေါ်လာဖို့ရန် ထိုက်တန်လှပါပေ၏၊ တွေဝေခြင်းငှာ ထိုက်တန်လှပါပေ၏။ ဒါယကာတော် ဝစ္ဆ ... အကြောင်းတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံ, အကြောင်းတရား ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံဟူသော ဤကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား၏ ဖြစ်စဉ်, ချုပ်စဉ်သဘောတရားသည်ကား နက်လည်း နက်နဲ၏၊ မြင်လည်း မြင်နိုင်ခဲ၏၊ မဂ်ဆိုက် ဖိုလ်ဆိုက် ထိုးထွင်းသိလည်း သိနိုင်ခဲ၏၊ ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ကြံစည်စိတ်ကူးမှုဖြင့် သက်ဝင်အပ်, သိအပ်သော တရားလည်းမဟုတ်၊ သိမ်လည်း သိမ်မွေ့၏၊ ပညာရှိတို့သာ သိစွမ်းနိုင်၏။ ထိုကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား၏ ဖြစ်စဉ်, ချုပ်စဉ်သဘောတရားကို သာသနာ့အယူဝါဒမှ အခြားတစ်ပါးသော အယူဝါဒရှိသော, သာသနာ့အယူဝါဒမှ အခြားတစ်ပါးသော အယူဝါဒကို နှစ်သက်မြတ်နိုးခြင်းရှိသော, သာသနာ့အယူဝါဒမှ အခြားတစ်ပါးသော အယူဝါဒကို ကြိုက်နှစ်သက်နေသော, သာသနာ့အယူဝါဒမှ အခြားတစ်ပါးသော အယူဝါဒ ကျင့်စဉ်အရပ်ရပ်၌ မှားမှားယွင်းယွင်း လုံ့လကြိုးကုတ် အားထုတ်လျက်ရှိသော, သာသနာတော်မှ အခြားတစ်ပါးသော ဒိဋ္ဌိဘောင်၌ တင်ထားအပ်သော ဆရာရှိသော သင်ကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်သည် သိနိုင်ဖို့ရန် ခက်ခဲလှ၏။
ဒါယကာတော် ဝစ္ဆ ...ထိုသို့ဖြစ်ပါမူ ဤအရာ၌ သင့်ကိုသာလျှင် ငါဘုရားရှင် မေးမြန်းတော်မူပေအံ့ --- သင်ဒါယကာတော် သဘောကျသည့်အတိုင်း ဖြေကြားပါလော့ ...
ဒါယကာတော် ဝစ္ဆ ... ထို ငါပြောဆိုမေးမြန်းမည့် စကားကို သင် အဘယ်သို့ မှတ်ထင်သနည်း? အကယ်၍ သင်၏ရှေ့၌ မီးသည် တောက်လောင်နေငြားအံ့၊ ငါ၏ရှေ့၌ ဤမီးသည် တောက်လောင်နေ၏ဟု သင်သည် သိနိုင်ရာပါအံ့လောဟု မေးမြန်းတော်မူလိုက်၏။
အရှင်ဂေါတမ ... အကယ်၍ တပည့်တော်၏ရှေ့၌ မီးသည် တောက်လောင်နေငြားအံ့၊ ငါ၏ ရှေ့၌ ဤမီးသည် တောက်လောင်နေ၏ဟု တပည့်တော်သည် သိနိုင်ရာပါ၏ဟု လျှောက်ထားလိုက်၏။
ဒါယကာတော် ဝစ္ဆ ... သင်၏ ရှေ့၌ တောက်လောင်နေသော ဤမီးသည် အဘယ်အရာဝတ္ထုကို အစွဲပြု၍ တောက်လောင်နေပါသနည်းဟု သင့်ကို အကယ်၍ မေးငြားအံ့၊ ဒါယကာတော် ဝစ္ဆ ... ဤသို့ မေးမြန်းခဲ့သည်ရှိသော် သင်သည် အဘယ်သို့လျှင် ဖြေကြားရာပါသနည်းဟု မေးမြန်းတော်မူပြန်၏။
အရှင်ဂေါတမ ... သင်၏ ရှေ့၌ တောက်လောင်နေသော ဤမီးသည် အဘယ်အရာဝတ္ထုကို အစွဲပြု၍ တောက်လောင်နေပါသနည်းဟု တပည့်တော်ကို အကယ်၍ မေးငြားအံ့၊ အရှင်ဂေါတမ ဤသို့ မေးမြန်းခဲ့သည်ရှိသော် တပည့်တော်သည် --- ငါ၏ ရှေ့၌ တောက်လောင်နေသော ဤမီးသည် မြက်ထင်းလောင်စာကို အစွဲပြု၍ တောက်လောင်နေပါ၏ဟု ဖြေကြားပါအံ့ဟု လျှောက်ထား၏။
ဒါယကာတော် ဝစ္ဆ ...အကယ်၍ သင်၏ ရှေ့၌ တောက်လောင်နေသော ထိုမီးသည် ငြိမ်းသွားငြားအံ့၊ သင်သည် ငါ၏ရှေ့၌ တောက်လောင် နေသော ဤမီးသည် ငြိမ်းသွား၏ဟု သိနိုင်ရာပါအံ့လောဟု မေးမြန်းတော်မူပြန်၏။
အရှင်ဂေါတမ ...တပည့်တော်၏ ရှေ့၌ တောက်လောင်နေသော ထိုမီးသည် ငြိမ်းသွားငြားအံ့၊ ငါ၏ရှေ့၌ တောက်လောင်နေသော ဤမီးသည် ငြိမ်းသွားပြီဟု တပည့်တော်သည် သိနိုင်ရာပါ၏ဟု လျှောက်ထားပြန်၏။
ဒါယကာတော် ဝစ္ဆ ...အကယ်၍ သင်၏ရှေ့၌ ငြိမ်းအေးသွားသော မီးသည် ဤအရပ်မှ အဘယ်အရပ်သို့ သွားပါသနည်း၊ အရှေ့အရပ်သို့လည်းကောင်း, တောင်အရပ်သို့လည်းကောင်း, အနောက်အရပ်သို့လည်းကောင်း, မြောက်အရပ်သို့လည်းကောင်း သွားလေသလောဟု အကယ်၍ သင့်ကို မေးငြားအံ့၊ ဒါယကာတော် ဝစ္ဆ ... ဤသို့ မေးသည်ရှိသော် သင်သည် အဘယ်သို့လျှင် ဖြေကြားရာပါအံ့နည်းဟု မေးမြန်းတော်မူပြန်၏။
အရှင်ဂေါတမ ... သွား၏ဟူသော ခေါ်ဆိုနိုင်သည့် အရေအတွက်သို့ မရောက်ရှိတော့ပါ။ အရှင်ဂေါတမ ... ထိုမီးသည် အကြင် မြက်ထင်းလောင်စာကို အစွဲပြု၍ တောက်လောင်ခဲ့၏။ ထိုမြက်ထင်းလောင်စာ၏ ကုန်ခန်းသွားခြင်းကြောင့်လည်းကောင်း, အခြားတစ်ပါးသော မီးလောင်စာ၏ မရှိခြင်းကြောင့်လည်းကောင်း, လောင်စာမရှိသည်ဖြစ်၍ ငြိမ်းအေးသွားပြီ ဟူသော ခေါ်ဝေါ်ရေတွက်ခြင်းသို့သာလျှင် ရောက်ရှိသွားပါ၏ဟု လျှောက်ထားလိုက်လေသည်။
ဒါယကာတော် ဝစ္ဆ ...ဤဥပမာအတူသာလျှင် အကြင် ရုပ်ဖြင့်။ပ။ အကြင် ဝေဒနာဖြင့်။ အကြင် သညာဖြင့်။ အကြင် သင်္ခါရတို့ဖြင့်။ အကြင် ဝိညာဏ်ဖြင့် သတ္တဝါဟူ၍ ပညတ်သော် ပညတ်ရာ၏၊ ထိုရုပ် ။ပ။ ဝေဒနာ။ သညာ။ သင်္ခါရ။ ဝိညာဏ်ကို မြတ်စွာဘုရားသည် ပယ်ရှားအပ်ပြီးဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီး ဖြစ်၏၊ တစ်ဖန် မဖြစ်အောင် ပြုအပ်ပြီး ဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်းသဘော မရှိတော့ချေ။
ဒါယကာတော် ဝစ္ဆ ...ရုပ်။ ပ ။ ဝေဒနာ။ သညာ။ သင်္ခါရ။ ဝိညာဏ်ကို ကောင်းစွာ ကုန်ခြင်းဖြင့် လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် မဟာသမုဒ္ဒရာကဲ့သို့ နက်နဲ၏၊ မနှိုင်းယှဉ်အပ်၊ ထက်ဝန်းကျင် သက်ဝင်နိုင်ခဲ၏၊ ပဋိသန္ဓေအားဖြင့် ဖြစ်၏ဟူသော ခေါ်ဝေါ်နိုင်သည်၏ အဖြစ်သို့လည်း မရောက်၊ ပဋိသန္ဓေအားဖြင့် မဖြစ်ဟူသော ခေါ်ဝေါ်နိုင်သည်၏ အဖြစ်သို့လည်း မရောက်၊ ပဋိသန္ဓေအားဖြင့် ဖြစ်လည်းဖြစ်၏, မဖြစ်လည်း မဖြစ် ဟူသော ခေါ်ဝေါ်နိုင်သည်၏ အဖြစ်သို့လည်း မရောက်၊ ပဋိသန္ဓေအားဖြင့် ဖြစ်သည်လည်း မဟုတ်, မဖြစ်သည်လည်း မဟုတ်ဟူသော ခေါ်ဝေါ်နိုင်သည်၏ အဖြစ်သို့လည်း မရောက်ဟု မိန့်ကြားတော်မူလိုက်၏။ (အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံသွားတော်မူပြီဟု ဆိုလို၏။)
အဂ္ဂိဝစ္ဆပရိဗိုဇ်၏ အင်ကြင်းပင်ဥပမာ
ဤသို့ မိန့်ကြားတော်မူအပ်သည်ရှိသော် ဝစ္ဆအနွယ်ဖြစ်သော (အဂ္ဂိဝစ္ဆ) ပရိဗိုဇ်သည် မြတ်စွာဘုရားကို --- အရှင်ဂေါတမ ... ဥပမာသော်ကား ရွာ၏လည်းကောင်း, နိဂုံး၏လည်းကောင်း, မနီးမဝေးသော အရပ်၌ အင်ကြင်းပင်ကြီးသည် ရှိလေရာ၏၊ ထိုအင်ကြင်းပင်ကြီး၏ မမြဲသော သဘောကြောင့် အခက်အရွက်တို့သည် ပျက်စီးကုန်ရာ၏၊ အခွံအပွေးတို့သည် ပျက်စီး ကုန်ရာ၏၊ အကာတို့သည် ပျက်စီးကုန်ရာ၏။ ထိုအင်ကြင်းပင်ကြီးသည် နောင်အခါ၌ ကင်းသော အခက်, အရွက်၊ ကင်းသော အခွံ, အပွေး၊ ကင်းသော အကာရှိသည်ဖြစ်၍ အနှစ်သက်သက်သာ တည်နေသကဲ့သို့ ဤဥပမာအတူသာလျှင် အရှင်ဂေါတမ၏ တရားစကားတော်သည် အခက် အရွက်မှ ကင်းပါပေ၏၊ အခွံ, အပွေးမှ ကင်းပါပေ၏၊ အကာမှ ကင်းပါပေ၏၊ အနှစ်သက်သက်၌ တည်ရှိနေပါပေ၏။ --- (ဟုလျှောက်ထားလေသည်။) (မ၊၂၊၁၅၄-၁၅၆။)
အဂ္ဂိဝစ္ဆပရိဗိုဇ်၏ ရဟန္တာဖြစ်တော်မူခြင်း
ဤ ဝစ္ဆအနွယ်ဖွား အဂ္ဂိဝစ္ဆပရိဗိုဇ်ကြီးသည် နောက်ပိုင်းကာလဝယ် တရားတော်ကို အလွန် နှစ်ခြိုက်သဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူလေရာ ---
၁။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သော ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဉာဏ်၊
၂။ နတ်မျက်စိကဲ့သို့ အဝေးအနီး ရှိသမျှ အာရုံအမျိုးမျိုးတို့ကို မြင်သိနိုင်သော ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်၊
၃။ ကိလေသာ အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သည့် အာသဝက္ခယဉာဏ် ( = အရဟတ္တမဂ်ဉာဏ်)
ဤဝိဇ္ဇာဉာဏ်သုံးပါးတို့ကို ရရှိတော်မူသည့် ကိလေသာအာသဝေါ ကင်းကွာသည့် ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်သွားတော်မူပေသည်။ (မ၊၂၊၁၆၄-၁၆၅။)
ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင်သူတော်ကောင်းသည်လည်း အကယ်၍ ကိလေသာအာသဝေါကင်းစင်သည့် ရဟန္တာသခင် အရှင်မြတ် တစ်ပါး ဖြစ်လိုပါက ရဟန္တာဖြစ်ရေးအတွက် သို့မဟုတ် အရိယာသူတော်ကောင်းတစ်ဦး ဖြစ်ရေးအတွက် တစ်နည်းဆိုရသော် သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်တို့သို့ ဝင်စံနိုင်ရေးအတွက် မည်သည့် တရားတို့ကို ရှေးဦးစွာ သိရှိအောင် ကြိုးစားအားထုတ်ရမည်နည်း?--- အဖြေကို သိလိုပါက အောက်ပါ အာသဝက္ခယသုတ္တန်ကို ဆက်လက် ဖတ်ရှုကြည့်ပါ။
အာသဝက္ခယသုတ္တန်
(သံ၊၃၊၃၈၀။ သုတ္တန်နံပါတ်-၁၀၉၅။)
ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော အပဿတော။ ကိဉ္စ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ?။
ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခသမုဒယောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံဒုက္ခနိရောဓောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။
တသ္မာတိဟ ဘိက္ခဝေ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော။ အယံ ဒုက္ခသမုဒယောတိ ယောဂေါ ကရဏီယော။ အယံ ဒုက္ခနိရောဓောတိ ယောဂေါ ကရဏီယော။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယောဂေါကရဏီယောတိ။ (သံ၊၃၊၃၈၀။)
ရဟန်းတို့ ... သိသောသူအား, မြင်သောသူအား အာသဝေါတရား တို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မူ၏။ မသိသောသူအား, မမြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောကြားတော်မမူ။ ရဟန်းတို့ ... အဘယ်တရားကို သိသောသူအား, မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာပါသနည်း?
ရဟန်းတို့ ... ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရား တည်းဟု သိသောသူအား, မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိသောသူအား, မြင်သောသူအား အာသဝေါတရား တို့၏ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိသောသူအား ဤသို့ မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏။ --- ရဟန်းတို့ ... ဤသို့သိသောသူအား ဤသို့ မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ထင်ရှားဖြစ် ပေါ်လာ၏။
ရဟန်းတို့ ... ထို့ကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့သည် ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ဤကား ဒုက္ခချုပ်ရာနိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ ဤကား ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါဟု မိန့်ကြားတော် မူ၏။ (သံ၊၃၊၃၈၀။)
ပပါတသုတ္တန်
(သံ၊၃၊၃၉၁။)
အခါတစ်ပါး၌ မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးစံနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ---ရဟန်းတို့ ...နေ့သန့်စင်ရန် အလို့ငှာ ပဋိဘာနတောင်ထွတ်သို့ သွားကြကုန်အံ့ဟု ရဟန်းတို့ကို မိန့်ကြားတော်မူလတ်သော် မှန်ပါ့ မြတ်စွာဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်လည်ကာ လျှောက်ထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် များစွာကုန်သော ရဟန်းတို့နှင့်အတူ ပဋိဘာန တောင်ထွတ်သို့ ချဉ်းကပ်တော်မူ၏။
ရဟန်းတော်တစ်ပါးသည် ပဋိဘာနတောင်ထွတ်အရပ်၌ ကြီးစွာသော ချောက်ကမ်းပါးကို မြင်ရ၍ ဘုရားရှင်အား မြတ်စွာဘုရား ဤချောက်ကမ်းပါးသည် ကြီးမားလေစွ၊ မြတ်စွာဘုရား...ဤချောက်ကမ်းပါးသည် အလွန် ကြောက်မက်ဖွယ်ကောင်းလေစွ၊ မြတ်စွာဘုရား ... ဤချောက်ကမ်းပါးထက် ပို၍လည်း ကြီးမားသော, ပို၍လည်း ကြောက်မယ်ဖွယ်ကောင်းသော အခြားသော ချောက်ကမ်းပါးသည် ရှိပါသေးသလောဟု ဤစကားကို လျှောက်ထား၏။ ထိုအခါ ဘုရားရှင်က --- ချစ်သားရဟန်းတို့ ... ဤ ချောက်ကမ်းပါးထက် ပို၍လည်း ကြီးမားသော, ပို၍လည်း ကြောက်မက်ဖွယ်ကောင်းသော အခြားသော ချောက်ကမ်းပါးသည် ရှိသေးသည်သာတည်းဟု မိန့်ကြားတော်မူလိုက်၏။
မြတ်စွာဘုရား ... ဤချောက်ကမ်းပါးထက် ပို၍လည်း ကြီးမားသော, ပို၍လည်း ကြောက်မက်ဖွယ်ကောင်းသော အခြားသော ချောက်ကမ်းပါးဟူသည် အဘယ်ပါနည်းဟု ပြန်လည် လျှောက်ထားပြန်၏။ ထိုအခါ ဘုရားရှင်က ဤသို့ မိန့်ကြားတော်မူ၏။
ချစ်သားရဟန်းတို့ ...အချို့ အချို့ကုန်သော အကြင် သမဏတို့သည်လည်းကောင်း, အကြင် ဗြာဟ္မဏတို့သည်လည်းကောင်း ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြကုန်၊ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား မသိကြကုန်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြကုန်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိကြကုန်။ ထို သမဏ + ဗြာဟ္မဏဟူသမျှတို့သည် ပဋိသန္ဓေ တည်နေရမှု = ဇာတိ တရားကို ထင်ရှားဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ခြင်း လုပ်ငန်းရပ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏၊ အိုရမှု = ဇရာတရားကို ထင်ရှားဖြစ်စေတတ်ကုန်သော။ပ။ သေရမှု = မရဏတရားကို ထင်ရှားဖြစ်စေတတ်ကုန်သော၊၊ပ။ ပူဆွေးရမှု = သောကတရား, ငိုကြွေးရမှု = ပရိဒေဝတရား, ကိုယ်ဆင်းရဲရမှု = ဒုက္ခတရား, စိတ်ဆင်းရဲရမှု = ဒေါမနဿတရား, ပြင်းစွာပူပန်ရမှု = ဥပါယာသတရားတို့ကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ခြင်း လုပ်ငန်းရပ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်၏။
ထို သမဏ + ဗြာဟ္မဏတို့သည် ပဋိသန္ဓေ တည်နေရမှု = ဇာတိတရား ကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ခြင်း လုပ်ငန်းရပ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်၍ နေကြလေကုန်သောကြောင့်, အိုရမှု = ဇရာတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော။ပ။ သေရမှု = မရဏတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော။ ပ ။ ပူဆွေးရမှု = သောကတရား, ငိုကြွေးရမှု = ပရိဒေဝတရား, ကိုယ်ဆင်းရဲရမှု = ဒုက္ခတရား, စိတ်ဆင်းရဲရမှု = ဒေါမနဿတရား, ပြင်းစွာ ပူပန်ရမှု = ဥပါယာသတရားတို့ကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ခြင်း လုပ်ငန်းရပ်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ကြကုန်သောကြောင့် --- ပဋိသန္ဓေ တည်နေရမှု = ဇာတိတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ကြကုန်၏။ အိုရမှု = ဇရာတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော။ ပ ။ သေရမှု = မရဏတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော။ ပ ။ ပူဆွေးရမှု = သောက တရား, ငိုကြွေးရမှု = ပရိဒေဝတရား, ကိုယ်ဆင်းရဲရမှု = ဒုက္ခတရား, စိတ်ဆင်းရဲရမှု = ဒေါမနဿတရား, ပြင်းစွာပူပန်ရမှု = ဥပါယာသတရားတို့ကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရတရားတို့ကို ပြုစုပျိုးထောင်ကြကုန်၏။
ထိုသမဏ + ဗြာဟ္မဏတို့သည် ပဋိသန္ဓေ တည်နေရမှု = ဇာတိတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရ တရားတို့ကို ပြုစုပျိုးထောင်ကြလေကုန်သောကြောင့်, အိုရမှု = ဇရာ တရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော။ ပ ။ သေရမှု = မရဏတရားကို ထင်ရှား ဖြစ်စေတတ်ကုန်သော။ ပ ။စိုးရိမ်ရမှု = သောကတရား, ငိုကြွေးရမှု = ပရိဒေဝတရား, ကိုယ်ဆင်းရဲရမှု = ဒုက္ခတရား, စိတ်ဆင်းရဲရမှု = ဒေါမနဿ တရား, ပြင်းစွာပူပန်ရမှု = ဥပါယာသတရားတို့ကို ထင်ရှား ဖြစ်စေတတ်ကုန်သော ကုသိုလ်ကံ = သင်္ခါရ, အကုသိုလ်ကံ = သင်္ခါရတရားတို့ကို မပြုစု မပျိုးထောင်ကြကုန်သောကြောင့် ပဋိသန္ဓေတည်နေရမှု = ဇာတိတရား တည်းဟူသော ချောက်ကမ်းပါးထဲသို့လည်း ကျရောက်ကြရကုန်၊ အိုရမှု = ဇရာတရားတည်းဟူသော ချောက်ကမ်းပါးထဲသို့လည်း မကျရောက်ကြရကုန်၊ သေရမှု = မရဏတရားတည်းဟူသော ချောက်ကမ်းပါးထဲသို့လည်း မကျရောက်ကြရကုန်၊ စိုးရိမ်ရမှု, ငိုကြွေးရမှု, ကိုယ်ဆင်းရဲရမှု, စိတ်ဆင်းရဲရမှု, ပြင်းစွာ ပူပန်ရမှုတည်းဟူသော ချောက်ကမ်းပါးထဲသို့လည်း မကျရောက်ကြရကုန်။
ထိုသူတို့သည် ပဋိသန္ဓေ တည်နေရမှု, အိုရမှု, သေရမှု, စိုးရိမ်ရမှု, ငိုကြွေးရမှု, ကိုယ်ဆင်းရဲရမှု, စိတ်ဆင်းရဲရမှု, ပြင်းစွာပူပန်ရမှုတည်းဟူသော ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြရကုန်၏ဟု ငါဘုရား ဟောကြားတော်မူ၏။
ရဟန်းတို့ ... ထိုကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့သည် ---- ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်းဟု။ ပ ။ ဤကား ဒုက္ခချုပ်ရာ နိရောဓ = အရိယသစ္စာတရားတည်း ဟု။ ပ ။ ဤကား ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါဟု မိန့်ကြားတော်မူ၏။ (သံ၊၃၊၃၉၁-၃၉၃။)
တိုက်တွန်းချက် ဥယျောဇဉ်
ဤမျှဆိုလျှင် သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ် ဟူသော နှစ်မျိုးသော နိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ရေးအတွက် လေးဆင့်သော မဂ်ဉာဏ်၊ လေးဆင့်သော ဖိုလ်ဉာဏ်တို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူနိုင်အောင် ကြိုးပမ်းရတော့မည် ဖြစ်၏။ ထိုသို့ ကြိုးပမ်းရာ၌ အရဟတ္တမဂ်တိုင်အောင်သော အရိယမဂ်တရားတို့က လောကုတ္တရာ နိရောဓသစ္စာဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီးကို အာရုံယူကာ ကိလေသာအာသဝေါတရားတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားလိုက်ပါမှ သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်မည် ဖြစ်ပေသည်။ သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်သော ရဟန္တာသခင် အရှင်မြတ်သည်သာလျှင် ပရိနိဗ္ဗာနစုတိသို့ ဆိုက်ရောက် သွားသောအခါ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်မည် ဖြစ်ပေသည်။
ဤအထက်တွင် တင်ပြထားသော အာသဝက္ခယသုတ္တန်စသည့် အရပ်ရပ်သော သုတ္တန်တရားဒေသနာတော်တို့က လောကုတ္တရာနိရောဓသစ္စာ တရားတော်မြတ်ကြီး အဝင်အပါ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ဝိပဿနာသမ္မာဒိဋ္ဌိ၊ အရိယမဂ္ဂသမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောသူ၏ သန္တာန်၌သာလျှင် ကိလေသာအာသဝေါတရားတို့ ကုန်ခန်းနိုင်ကြောင်းကို ညွှန်ပြလျက် ရှိပေသည်။
ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ရေးအတွက် ရှေးဦးစွာ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဝိပဿနာဉာဏ် မဂ်ဉာဏ်တို့ဖြင့် သိအောင် ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေးအတွက် ညွှန်ကြားပြသလျက်ရှိသော သုတ္တန်ပေါင်းများစွာတို့တွင် ယခု စာဖတ်သူတို့၏လက်ဝယ် ရောက်ရှိနေသော စူဠသုညတသုတ္တန်သည်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။
ယင်းစူဠသုညတသုတ္တန်တွင် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို အသိကြီး သိတော်မူကာ ကိလေသာအပူမီးတို့မှ အငြိမ်းကြီး ငြိမ်းတော်မူ ပြီးသော ဘုရားရှင်သည် ကိလေသာအပူမီးတို့မှ ဆိတ်သုဉ်းရာ သင်္ခါရတရားတို့မှ ဆိတ်သုဉ်းရာဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူလျက်ရှိသော တကယ့် သုညတအစစ် အဖြစ်ကြီး ဖြစ်ပေသော အရဟတ္တဖိုလ်သမာပတ်တည်းဟူသော အမြတ်ဆုံးဖြစ်သည့် သုညတဓာတ်ကို အထွတ်တပ်ကာ အဆင့်ဆင့်သော သုညတတရားတို့ကို ဟောကြားထားတော်မူခဲ့၏။ ထိုတွင် သမထပိုင်းဆိုင်ရာ သုညတတရားများလည်း ပါဝင်ကြ၏။ အနိမိတ္တစေတောသမာဓိ အမည်ရသည့် ဝိပဿနာပိုင်း ဆိုင်ရာ သုညတတရားများလည်း ပါဝင်ကြ၏။ ဝိပဿနာပိုင်းဆိုင်ရာ သုညတ တရားကို ဘုရားရှင်က အနိမိတ္တစေတောသမာဓိဟု အမည်တပ်ကာ ဟောကြားထားတော်မူ၏။ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား + နာမ်တရားတည်းဟူသော ဒုက္ခသစ္စာတရား၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတည်းဟူသော သမုဒယသစ္စာတရားတို့၌ --- ခိုင်မြဲသည့် နိစ္စဟူသော အမှတ်နိမိတ်, ချမ်းသာသည့် သုခဟူသော အမှတ် နိမိတ်, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တဟူသော အမှတ်နိမိတ်, တင့်တယ်သည့် သုဘဟူသော အမှတ် နိမိတ်တို့မှ ဆိတ်သုဉ်းနေသည့် သဘာဝကို ဝိပဿနာဉာဏ်က ထိုးထွင်း သိမြင်နေသဖြင့် ယင်းဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမာဓိက ယင်းဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စ အခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ သို့မဟုတ် အသုဘအခြင်းအရာ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေသောကြောင့် ယင်းဝိပဿနာသမာဓိကို အနိမိတ္တစေတောသမာဓိဟု အမည်တပ်ကာ ဘုရားရှင်က ဟောကြားထားတော်မူပေသည်။ ယင်းအနိမိတ္တစေတောသမာဓိအမည်ရသည့် ဝိပဿနာသမာဓိကို ရင့်ကျက်အောင် အဆင့်ဆင့် ပွားများအားထုတ်ပါမှ လေးပါးသော မဂ်ဉာဏ်, လေးပါးသော ဖိုလ်ဉာဏ်တို့သို့ ဆိုက်ရောက်မည် ဖြစ်သည်။ ယင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့တွင် အသာဆုံး အမြတ်ဆုံးဖြစ်သည့် အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပါမှ အသာဆုံး အမြတ်ဆုံးဖြစ်သည့် အရဟတ္တဖိုလ်သမာပတ်တည်းဟူသော သုညတဖလသမာပတ်ကို ဝင်စားနိုင်မည် ဖြစ်ပေသည်။
ယခု စာဖတ်သူတို့၏ လက်ဝယ် ရောက်ရှိနေသော ဤကျမ်းစာငယ်တွင် သမထပိုင်းဝယ် သမထပိုင်းဆိုင်ရာ အာရုံတို့ကို သုညဆိုက်အောင် ကြည့်ရှု ပွားများအားထုတ်ပုံ နည်းစနစ်များကိုလည်းကောင်း, ဝိပဿနာပိုင်း၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြကုန်သော ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ = သင်္ခါရလောကကို သုညဆိုက်အောင် ကြည့်ရှုပုံ နည်းစနစ်များကိုလည်းကောင်း အကျဉ်းချုပ်ကာ တင်ပြထားပါသည်။ ဤမျှ သေးငယ်သော ကျမ်းစာငယ်တစ်စောင်အတွင်း၌ သမထပိုင်းဆိုင်ရာ, ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်အရပ်ရပ်တို့ကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် မတင်ပြနိုင်ခြင်းကိုကား စာဖတ်သူ သူတော်ကောင်း အပေါင်းတို့သည် နားလည်ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်အပ်ပါသည်။ အကယ်၍ သမထပိုင်း, ဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ် အရပ်ရပ်တို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုပါက နိဗ္ဗာနဂါမိနိပဋိပဒါ --- အမည်ရသော ကျမ်းစာကြီးငါးတွဲ၌လည်းကောင်း, နိဗ္ဗာနဂါမိနိပဋိပဒါ -- (အကျဉ်း) အမည်ရသော ကျမ်းစာငယ် (၉)တွဲ၌လည်းကောင်း ကြည့်ရှုကြပါလေကုန်။
မေတ္တာပို့သ ဆုတောင်းခြင်း
ယတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။ တံ တေ ဓမ္မံ ဣဓညာယ၊ အစ္ဆိဒုံ ဘဝဗန္ဓနံ။ (သံ၊၁၊၃၂။)
= ယတ္ထ = အကြင် အရဟတ္တဖိုလ်၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၌။ နာမဉ္စ ရူပဉ္စ = နာမ်-ရုပ်ဓမ္မလည်းကောင်း။ အသေသံ = အကြွင်းအကျန်မရှိ။ ဥပရုဇ္ဈတိ = ချုပ်ငြိမ်းလျက်ရှိ၏။ ရုပ်-နာမ်ဓမ္မ = သင်္ခါရတရားမှန်သမျှသည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းလျက်ရှိ၏။ ရုပ်-နာမ်ဓမ္မ = သင်္ခါရတရားမှန်သမျှမှ စင်စစ် ဆိတ်သုဉ်းနေသည့် အမြတ်ဆုံးသော သုညတ သဘာဝတစ်ခု ဖြစ်၏။ တေ = ထိုအရဟတ္တဖိုလ်ပိုင်ရှင် ရဟန္တာသခင် အရှင်မြတ်တို့သည်။ ဣဓ = ဤဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌။ တံ ဓမ္မံ = ထိုအမြတ်ဆုံးသော သုညတဓမ္မကို။ ဉာယ = အရဟတ္တမဂ်ပညာ၊ အရဟတ္တဖိုလ်ပညာဖြင့် ထိုးထွင်းသိမြင် တော်မူကြကုန်သည်ဖြစ်၍။ ဘဝဗန္ဓနံ = ဘဝမှ မလွတ်မြောက်အောင် နှောင်ဖွဲ့ထားတတ်သည့် သံယောဇဉ်အနှောင်အဖွဲ့မှန်သမျှကို။ အစ္ဆိဒုံ = အကြွင်းအကျန်မရှိ ကုန်စင်အောင် ဖြတ်တောက်တော်မူနိုင်ကြလေကုန်ပြီ။ (သံ၊၁၊၃၂။)
ဤကျမ်းစာငယ်ကို ဖတ်ရှုနေသော အသင်သူတော်ကောင်းသည်လည်း ရုပ်-နာမ်ဓမ္မ = သင်္ခါရလောကကို သုညသို့ဆိုက်အောင် အဆင့်ဆင့်သော ဝိပဿနာပညာ၊ အဆင့်ဆင့်သော အရိယမဂ်ပညာတို့ဖြင့် ကြည့်ရှုနိုင်သဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝမှ အပြီးတိုင် ကျွတ်လွတ် ထွက်မြောက်ရာ ဖြစ်တော်မူသည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို စင်စစ် အသာဆုံး အမြတ်ဆုံး သုညတဖြစ်သည့် အရဟတ္တဖိုလ်သမာပတ်ဖြင့် မျက်မှောက်ပြုကာ သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ပါစေသောဝ်၊ ထိုသဥပါဒိသေသနိဗ္ဗာနဓာတ်မှ တစ်ဆင့်တက်ကာ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်၌ ဘဝသစ်ဟူသည့် ခန္ဓာငါးပါးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသည့် အနုပါဒိသေသနိဗ္ဗာနဓာတ်သို့လည်း ဝင်စံနိုင် ပါစေသောဝ်ဟု မေတ္တာမွန်ဖြင့် ဆန္ဒပြုလျက် ---
ဖားအောက်တောရဆရာတော်
ဖားအောက်တောရ
စိတ္တလတောင်ကျောင်း
ကောဇာသက္ကရာဇ် ၁၃၆၇-ခုနှစ်၊ တပေါင်းလဆန်း (၇)ရက်
ခရစ်သက္ကရာဇ် ၂၀၀၆-ခုနှစ်၊ မတ်လ (၄)ရက်
တနင်္ဂနွေနေ့
လောကကို သုညဆိုက်အောင်သာ ကြည့်ပါ
(စူဠသုညတသုတ္တန် တရားဒေသနာတော်)
၁၃၆၀-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆-ရက်နေ့ည၊ သန်လျင်မြို့၊ ဖားအောက်တောရရိပ်သာခွဲ၌ ဓမ္မပူဇာအဖြစ်ဖြင့် ဟောကြားအပ်သော ဥပရိပဏ္ဏာသပါဠိတော် သုညတဝဂ်၌ လာရှိသော စူဠသုညတသုတ္တန် တရား ဒေသနာတော် ---
ဒီဒေသနာတော်ကို ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမ ထားတော်မူတဲ့အတွက် ဒေသကဖြစ်တော်မူသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်အား ရှေးဦးစွာ ရှိခိုးပူဇော် ကန်တော့ကြရအောင် ...
ဘုရားရှင်အား ရှိခိုးခြင်း (ဂါထာ)
မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသီဝရေဟိ။
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ၊
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ။
ဒယုဒယရုဏော = မဟာကရုဏာတော် သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ ဧကော = သောင်းလောကဓာတ်တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော။ ယော မုနိန္ဒက္ကော = အကြင် ဘုရားတည်းဟူသော နေမင်းသည်။ သုဒ္ဓေ = သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။ တိဘဝကုဟရေ = ကာမ ရူပ အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ် ကြာအိုင်၌။ [နိဗ္ဗတ္တံ = ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့် ဖြစ်ထွန်းပေါ်ပေါက်၍ နေပေသော၊၊] ကမလကထိတံ = ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ ဝိနေယျပ္ပါဏောဃံ = ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ ဓမ္မရံသီဝရေဟိ = မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရား တည်းဟူသော မြတ်သော ဒေသနာရောင်ခြည်တော်တို့ဖြင့်။ သုဗောဓေသိ = သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။
ဗျာပိတက္ကိတ္တိနဉ္စ = သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကက်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ တိလောကေကစ္စက္ခုံ = ဗြဟ္မာနတ်လူ သုံးဘုံသူ တို့၏ တစ်လုံးတည်းသော မျက်စိသဖွယ်လည်း ဖြစ်တော်မူပေထသော။ ဒုခမသဟနံ = မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံ တော်မူတတ်ထသော။ မဟေသိံ = သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓ, ဝိမုတ္တိက္ခန္ဓ, ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူးအထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော။ တံ မုနိန္ဒက္ကံ = ထိုဘုရားတည်း ဟူသော နေမင်းကို။ အဟံ = တရားဟော တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။ နမာမိ = ကာယဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် သဒ္ဓါရိုကျိုး မာန်စွယ်ချိုးလျက် ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။ (သာဓု သာဓု သာဓု)
လောကကို သုညဖြစ်အောင် ကြည့်ပါ
သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါသတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။ (ခု၊၁၊၄၄၈။ စူဠနိ၊၁၈၀။)
မောဃရာဇ = ဒါယကာတော် မောဃရာဇရှင်ရသေ့။ သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမပြတ် ခပ်သိမ်းသော အခါကာလ၌။ သတော = သတိပဋ္ဌာန် တရားလေးပါးကို အစဉ်ပွားလျက် ထင်လင်းသောသတိနှင့် ပြည့်စုံသည်ဖြစ်၍။ အတ္တာနုဒိဋ္ဌိံ = သင်္ခါရတရားတို့အပေါ်၌ အတ္တဟု အစဉ်ပြေးသွားတတ် သော သက္ကာယဒိဋ္ဌိတရားကို။ ဥဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်တို့ဖြင့် နုတ်ပစ် ပယ်ခွာ၍။ လောကံ = ဒုက္ခသစ္စာ၊ သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ သုညတော = နိစ္စ-သုခ-အတ္တ-သုဘစသော အနှစ်သာရမှ ဆိတ်သုဉ်းသော သုညသဘော အားဖြင့်။ အဝေက္ခဿု = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် ရှုပွားသုံးသပ်ပါလေလော့။ ဧဝံ = ဤသို့ ရှုပွားသုံးသပ်နိုင်သည် ရှိသော်။ မစ္စုတရော = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကျော်လွှားလွန်မြောက်၍ သွားနိုင်သည်။ သိယာ = ဖြစ်လေရာ၏။ ဧဝံ = ဤသို့ သုညသဘောအားဖြင့်။ လောကံ = ဒုက္ခသစ္စာ၊ သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ အဝေက္ခန္တံ = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်လျက်ရှိသောသူကို။ မစ္စုရာဇာ = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းသည်။ န ပဿတိ = ဘယ်တော့မှ မမြင်နိုင်ပါပေသတည်း။ (သာဓု သာဓု သာဓု)
တရားနာပရိသတ်တွေ ဘုန်းကြီး မေးခွန်းတစ်ခု မေးပါမယ်။ ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုး မဖြစ်ချင်ဘူးလား? ဖြစ်ချင်တယ်။ ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ချင်တယ်ဆိုလျှင် ဘာလုပ်ရမလဲ? ရှင်သေမင်း မြင်နိုင်တဲ့နေရာကို ပြန်သွားရ မလား? မသွားရဘူး။ ဒါကြောင့် ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲဆိုတဲ့ ဒီမေးခွန်း ကလေးတစ်ခုကို ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ သာသနာတော်မှာ ခေါင်းပါးသော သင်္ကန်းကို ဆောင်တော်မူတဲ့အရာ၌ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်မောဃရာဇမထေရ်မြတ်ရဲ့ အလောင်းလျာဖြစ်တဲ့ မောဃရာဇလုလင်က ဘုရားရှင် အား မေးမြန်း လျှောက်ထားခဲ့ဖူးပါတယ်။
အရှင်မောဃရာဇမထေရ်မြတ် အလောင်းအလျာက သာသနာ့ဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းမပြုမီ အချိန်အခါကာလမှာ ဗာဝရိပုဏ္ဏားကြီးရဲ့ တပည့် မောဃရာဇရှင်ရသေ့အဖြစ်နဲ့ တည်ရှိခဲ့ပါတယ်။ ဗာဝရိပုဏ္ဏားကြီးက ပသေနဒိကောသလမင်းကြီးရဲ့ မင်းဆရာကြီးတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ရှင်ဘုရင်ထံ ခွင့်တောင်းပြီးတော့ တပည့်အပေါင်း ခြံရံလျက် တောထွက်ကာ တရားဘာဝနာတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။ တပည့်တွေကလည်း ဆရာကို အတုလိုက်ကာ ကျင့်နေကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။
မသေရာ အမြိုက်နိဗ္ဗာန်တရားကို ရှာဖွေနေတဲ့ သူတော်ကောင်းတွေဟာ တစ်နေ့တော့ ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရားရှင် ပွင့်ထွန်း ပေါ်ပေါက် တော်မူလာတဲ့ အချိန်အခါမှာ အတိတ်က မိခင် တော်စပ်ခဲ့ဖူးတဲ့ နတ်သမီး တစ်ဦးရဲ့ ပြောကြားချက်အရ လောကမှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင် ပွင့်ထွန်း ပေါ်ပေါက်တော်မူနေပြီဆိုတဲ့ သတင်းကောင်း ကြားရတဲ့အတွက် တပည့်ကြီး (၁၆)ဦးတို့ကို ဦးဆောင်ဦးရွက်ပြုကာ ရသေ့ ထောင်ပေါင်းများစွာတို့ကို မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မေးခွန်းတွေ မေးဖို့ရန်အတွက် သင်ပေးလိုက် ပါတယ်။ ဘုရားရှင်ကလည်း ထိုရသေ့ ထောင်ပေါင်းများစွာတို့ရဲ့ မေးခွန်း တွေကို ကျေနပ်အောင် ဖြေကြားပေးတော်မူခဲ့ပါတယ်။ ထိုတပည့်ရသေ့တွေ ထံမှ တစ်ဆင့် ဘုရားရှင်၏ မသေရာ အမြိုက်နိဗ္ဗာန်တရားတွေကို ကြားနာခွင့် ရရှိတဲ့အတွက် ဗာဝရိပုဏ္ဏားကြီးလည်း အသက် (၁၂၀)ပြည့်တဲ့အချိန်အခါမှာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်အထိ ဆိုက်သွားခဲ့ပါတယ်။
ဘုရားရှင်ထံသို့ ချဉ်းကပ်ပြီး မေးခွန်းတွေ မေးကြတဲ့ တပည့်ကြီး (၁၆)ဦး ထဲမှာ မောဃရာဇရှင်ရသေ့လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဒီမောဃရာဇရှင်ရသေ့က မြတ်စွာဘုရားကို မေးခွန်းမေးဖို့ရန်အတွက် အခွင့်အလမ်း ရတဲ့အချိန်မှာ ဘုရားရှင်ကို သူက ဘယ်မေးခွန်း မေးလျှောက်သလဲ?
ဧဝါဘိက္ကန္တဒဿာဝိံ၊ အတ္ထိ ပေဥှန အာဂမံ။
ကထံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။ (ခု၊၁၊၄၄၈။ စူဠနိ၊၁၈၀။)
လောကကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုမြင်နေတဲ့ သူကို ရှင်သေမင်းက မမြင်နိုင်ပါသလဲ မြတ်စွာဘုရားဆိုပြီးတော့ ဒီမေးခွန်း ကလေးကို မေးလျှောက်ခဲ့တယ်။ ဒီမေးခွန်းကို မေးလိုက်တဲ့အချိန်အခါမှာ ဘုရားရှင်ဘက်ကလည်း လောကကို သုညဖြစ်အောင် ကြည့်ပါ၊ လောကကို သုညဆိုက်အောင် သုညမြင်အောင် ကြည့်နိုင်ခဲ့မယ်ဆိုလျှင် ရှင်သေမင်း မမြင်တဲ့ပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်ဆိုပြီးတော့ ဒီဂါထာဒေသနာတော်ကလေးကို ဟောတော်မူပေးပါတယ်။ ဒီလိုဆိုလျှင် လောကကို သုညဖြစ်အောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲ? ဒီကျင့်စဉ်တွေနဲ့ ပတ်သက် ပြီးတော့ ဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ?
သဒါ = နေ့ရောညဉ့်ပါ ဘယ်ခါမပြတ် ခပ်သိမ်းသော အခါကာလ၌။ သတော = သတိပဋ္ဌာန်တရားလေးပါးတို့ကို အစဉ်ပွားလျက် ထင်ရှားသော သတိရှိသည်ဖြစ်၍။
ဘာလုပ်ရမလဲ? နေ့ညဉ့်မပြတ် အခါခပ်သိမ်း သတိပဋ္ဌာန်တရား လေးပါးတို့ကို အစဉ်ပွားပြီးတော့ ထင်ရှားနေတဲ့ သတိနဲ့ ပြည့်စုံရမယ်၊၊ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရေးအတွက် နံပါတ် (၁) ကြိုးစားအားထုတ်ရမှာက ဘာလဲ? သတိပဋ္ဌာန်တရားလေးပါး ဖြစ်ပါတယ်။ ဒီသတိပဋ္ဌာန်တရားလေးပါး ကို လျော့လျော့ပေါ့ပေါ့ သမံကာ လျှံကာ ရှုပွား သုံးသပ်ရမှာလားဆိုတော့ မဟုတ်ဘူး။
သဒါ = နေ့ရောညဉ့်ပါ ဘယ်ခါမပြတ် ခပ်သိမ်းသော ကာလတို့၌။ သတော = သတိပဋ္ဌာန်တရားလေးပါးကို အစဉ်ပွားလျက် ထင်ရှားသော သတိ ရှိသည်ဖြစ်၍။
နေ့ရောညဉ့်ပါ ဘယ်ခါမပြတ် အခါခပ်သိမ်း သတိပဋ္ဌာန်တရားလေးပါးကို အစဉ်တစိုက် ပွားများအားထုတ်ပြီးတော့ ထင်ရှားနေတဲ့ သတိပဋ္ဌာန်ရဲ့ အာရုံတွေအပေါ်၌ ထင်လင်းနေတဲ့ သတိနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ပါ။ အားထုတ်တဲ့အခါမှာ ဘာလုပ်ရမလဲ? --
အတ္တာနုဒိဋ္ဌိံ = အတ္တဟု အစဉ်ပြေးသွားတတ်သော သက္ကာယဒိဋ္ဌိတရား ကို။ ဥဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် နုတ်ပစ် ပယ်ခွာ၍။ လောကံ = ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ သုညတော = သုညသဘောအားဖြင့်။ အဝေက္ခဿု = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင်ပါလေလော့။
ဒုတိယဆင့်အနေနဲ့ နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် ဒီဉာဏ် နှစ်ပါးကို ရှေးဦးစွာ ရရှိအောင် ကြိုးစားရပါမယ်။ နံပါတ် (၁)က သတိပဋ္ဌာန်တရားလေးပါးကို အခါခပ်သိမ်း ပွားများရမယ်။ နံပါတ် (၂)က သတိပဋ္ဌာန်တရားလေးပါးကို ပွားများတဲ့အခါ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟ ဉာဏ်ကို ရရှိအောင် ကြိုးစားရပါမယ်။ ဒီဉာဏ်တွေကို ရရှိအောင် ကြိုးစားနိုင်တဲ့ အချိန်အခါမှာ အတ္တဒိဋ္ဌိကို ပယ်နုတ်နိုင်တဲ့စွမ်းအားတွေ ပေါ်လာမှာ ဖြစ်ပါတယ်။ စိတ်ဓာတ်ရဲ့စွမ်းအင်တွေကို ထုတ်ဖော်ပြီး အသုံးချပုံ စနစ်ကို မြတ်စွာဘုရားက ညွှန်ကြားနေပါတယ်။
ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေမှာလည်း ဒီစိတ်ဓာတ်ရဲ့စွမ်းအင်တွေ ရှိကြပါတယ်။ ဒီစိတ်ဓာတ်ရဲ့စွမ်းအင်တွေက ထုတ်ဖော်ပြီး အသုံးမချ တတ်ဘူးဆိုလျှင် အပါယ်လေးပါးကို ရောက်အောင် ပို့ဆောင်နိုင်တဲ့စွမ်းအားတွေ ရှိနေပါတယ်။ စိတ်ဓာတ်ရဲ့စွမ်းအင်တွေကို စနစ်တကျ ထုတ်ဖော်ပြီး အသုံးချသောအားဖြင့် လောကကြီးကို သုညမြင်အောင် ကြည့်နိုင်မယ်ဆိုလျှင်လည်း ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ်အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ ဒါကြောင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် ကြိုးစားအားထုတ်ပြီးတဲ့အခါ အတ္တဒိဋ္ဌိလို့ ခေါ်ဆိုအပ်တဲ့ အတ္တဝါဒနောက်ကို အစဉ်တစိုက် ပြေးသွားနေတဲ့ ဒီသက္ကာယဒိဋ္ဌိတရားကို ပယ်ရှားနိုင်အောင် ကြိုးစားရပါတယ်။
ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်က ပြောလျှင်တော့ ခန္ဓာကိုယ်ကို စိုက်ပြီး အစဉ်တကျ ရှုပွားသုံးသပ်တတ်မယ်ဆိုလျှင် ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရားအစုအပုံ ရှိတယ်၊ အကြောင်းတရားအစုအပုံ ရှိတယ်၊ အကျိုးတရားအစုအပုံ ရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်ကို ရရှိနိုင်ပါတယ်။ ရုပ်တွေ နာမ်တွေကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်ကိုတော့ နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ပါတယ်။ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်ကိုတော့ တစ်နည်းပြောလျှင်တော့ အကြောင်းတရားကြောင့် အကျိုး တရား ထင်ရှားဖြစ်ပုံကို သိမ်းဆည်းတတ်တဲ့ ဉာဏ်ကိုတော့ ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်တယ်။ ထိုနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ပိုင်ပိုင်နိုင်နိုင် ရရှိထားတဲ့ သူတော်ကောင်းတစ်ဦးရဲ့ သန္တာန်မှာ ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာ တကယ်ထင်ရှား ရှိတယ်ဆိုတဲ့ ဒီစွဲလမ်းယုံကြည်ချက်တွေဟာ ကွာကျသွား ကြပါတယ်။ သာသနာပအယူအဆရှိနေတဲ့ပုဂ္ဂိုလ်တို့ ကြံဆထားအပ်တဲ့ အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်, အတ္တကောင် တကယ် ထင်ရှား ရှိပါတယ်ဆိုတဲ့ ဒီစွဲလမ်းယုံကြည်ချက်တွေ, အတ္တဝါဒ = သက္ကာယဒိဋ္ဌိ တရားတွေဟာ ကွာကျသွားနိုင်ကြပါတယ်။ ဒီသက္ကာယဒိဋ္ဌိတရားကို ပယ်နုတ် နိုင်တဲ့စွမ်းအင်သည် ဒီနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်မှာ ရှိနေပါတယ်။
သို့သော် ဒီနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့က သက္ကာယဒိဋ္ဌိဆိုတဲ့ အတ္တဝါဒကို ပယ်နုတ်နိုင်ကြတယ်ဆိုသော်လည်း တဒင်္ဂအား ဖြင့်သာ ပယ်နုတ်နိုင်ကြတဲ့စွမ်းအား ရှိပါတယ်။ အကြွင်းမဲ့ ပယ်နုတ်နိုင်တဲ့ စွမ်းအားတော့ မရှိပါဘူး။ အကြွင်းမဲ့ ပယ်နုတ်နိုင်တဲ့စွမ်းအားအထိ ရောက်အောင် ကြိုးစားအားထုတ်နိုင်ပါမှ ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်နိုင်ပါ မယ်။ ဒါကြောင့် အကြွင်းမဲ့ ပယ်နုတ်နိုင်တဲ့စွမ်းအားရှိအောင် ဘာလုပ်ရမလဲ? နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် သိမ်းဆည်းထားအပ်တဲ့ ရုပ်တရား နာမ်တရား, ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းထားအပ်တဲ့ အကြောင်းတရားတွေကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ ဒီရုပ်တရား နာမ်တရားတွေမှာ ရုပ်တရားက တစ်ပုံ၊ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ နာမ်တရားတွေက လေးပုံ၊ ပေါင်းလိုက်တော့ ရုပ်နာမ်တရားတွေက ငါးပုံ၊ ခန္ဓာငါးပါး ဖြစ်ကြပါတယ်။ ငါးစုငါးပုံရှိတဲ့ ဒီခန္ဓာငါးပါးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။
အကြောင်းတရားတွေက သမုဒယသစ္စာ ဖြစ်ကြပါတယ်။ ဒီဒုက္ခသစ္စာ တရား, သမုဒယသစ္စာတရား နှစ်ပါးကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေက ပြုပြင်ပေးမှ ဖြစ်ပေါ်လာရတဲ့ တရားတွေ ဖြစ်ခြင်းကြောင့် ဒီတရားနှစ်မျိုးကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ သင်္ခါရတရား တွေကို ဒီသုတ္တန်မှာ သင်္ခါရလောကလို့ မြတ်စွာဘုရားက လောကဆိုတဲ့ အသုံး အနှုန်းနဲ့ ဟောကြားထားပါတယ်၊ လောကလို့ ခေါ်ဆိုအပ်တဲ့ ဒီသင်္ခါရတရား တွေကို သုညဆိုက်အောင် ဆက်လက်ပြီး ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။
သုညဆိုတာကတော့ နိစ္စဆိုတဲ့ မြဲနေတဲ့ အနှစ်သာရမှ ကင်းဆိတ်နေတဲ့ သုညသဘော၊ သုခခေါ်တဲ့ ချမ်းသာတဲ့ အနှစ်သာရမှ ဆိတ်သုဉ်းနေတဲ့ သုည သဘော၊ အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်လို့ စွဲလမ်းယုံကြည်နေတဲ့ အတ္တဝါဒမှ ဆိတ်သုဉ်းနေတဲ့ သုညသဘော၊ ဒီသုည သဘောတွေကို မြင်အောင် ကြည့်ရမှာ ဖြစ်ပါတယ်။ လောကကို သုည သဘောအားဖြင့် မြင်အောင် ကြည့်နိုင်ခဲ့လျှင်တော့ ရှင်သေမင်းကို ကျော်လွှား လွန်မြောက်သွားနိုင်တဲ့ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက ဘယ်လို ဟောကြားထားတော်မူသလဲ?--
သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။ (ခု၊၁၊၄၄၈။ စူဠနိ၊၁၈၀။)
မောဃရာဇ = ဒါယကာတော် မောဃရာဇရှင်ရသေ့။ သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမပြတ် ခပ်သိမ်းသောအခါကာလ၌။ သတော = သတိပဋ္ဌာန် တရားလေးပါးကို အစဉ်ပွားလျက် ထင်လင်းသောသတိနှင့် ပြည့်စုံသည်ဖြစ်၍။ အတ္တာနုဒိဋ္ဌိံ = သင်္ခါရတို့အပေါ်၌ အတ္တဟု အစဉ်ပြေးသွားတတ်သော သက္ကာယဒိဋ္ဌိတရားကို။ ဥဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် စသော ဝိပဿနာဉာဏ်တို့ဖြင့် နုတ်ပစ် ပယ်ခွာ၍။ လောကံ = ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ သုညတော = နိစ္စ-သုခ-အတ္တ-သုဘစသော အနှစ်သာရမှ ဆိတ်သုဉ်းသော သုညသဘောအားဖြင့်။ အဝေက္ခဿု = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် ရှုပွားသုံးသပ်ပါလေလော့။ ဧဝံ = ဤသို့ ရှုပွားသုံးသပ်နိုင်သည် ရှိသော်။ မစ္စုတရော = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကျော်လွှား လွန်မြောက်၍ သွားနိုင်သည်။ သိယာ = ဖြစ်လေရာ၏။ ဧဝံ = ဤသို့ သုညသဘောအားဖြင့်။ လောကံ = ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ အဝေက္ခန္တံ = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်လျက်ရှိသောသူကို။ မစ္စုရာဇာ = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းသည်။ န ပဿတိ = ဘယ်တော့မှ မမြင်နိုင်ပါပေသတည်း။ (သာဓု သာဓု သာဓု)
ဒီဂါထာဒေသနာတော်ကလေးကို နာကြားခွင့်ရတဲ့အတွက် မောဃရာဇရှင်ရသေ့ဟာ ထိုနေရာမှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ် တည်သွားပါ တယ်။ ဘာကြောင့်လဲ? အရဟတ္တမဂ် အရဟတ္တဖိုလ် တည်နိုင်တဲ့ အကြောင်း တရားလို့ ခေါ်ဆိုအပ်တဲ့ ပါရမီမျိုးစေ့ကောင်းတွေကို ရှေးရှေးသော ဘုရားရှင် တို့ရဲ့ သာသနာတော်အတွင်းမှာ ကြဲချ စိုက်ပျိုးခဲ့ပါတယ်။ မောဃရာဇ ရှင်ရသေ့ဟာ ဧတဒဂ်ဘွဲ့ထူးကို ရရှိတော်မူမယ့် သူတော်ကောင်းတစ်ဦး ဖြစ်ပါ တယ်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးနှင့်တကွ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ဆိုက်ရောက်တော်မူမယ့် သူတော်ကောင်းလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့သော ပဋိသမ္ဘိဒါဉာဏ်တွေကို ရရှိတော်မူမယ့် သူတော်ကောင်းတို့ရဲ့ ဓမ္မတာမှာ ပြည့်စုံရမယ့် အကြောင်းအင်္ဂါ ငါးချက် ရှိပါတယ်။ ဒီအင်္ဂါရပ် ငါးချက်ထဲမှာ ပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ်တစ်ခုလည်း ပါဝင်နေပါတယ်။ ပုဗ္ဗယောဂဆိုတာက ဘာလဲ? ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲမှာ အောက်ပါအတိုင်း ရှင်းလင်း တင်ပြထားပါတယ်။
ပုဗ္ဗယောဂကျင့်စဉ်
ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)
ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)
ပုဗ္ဗယောဂဆိုတာက ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော် အတွင်းမှာ ဂတပစ္စာဂတဝတ်တွေကို ဖြည့်ကျင့်ခြင်းကို ခေါ်ဆိုပါတယ်။ ဆွမ်းခံရွာသို့ သွားတဲ့အခါမှာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီး သွားတဲ့ကျင့်ဝတ် ပဋိပတ်ကို ဂတကျင့်ဝတ်လို့ ခေါ်ပါတယ်။ ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာတဲ့ အခါမှာ ကမ္မဋ္ဌာန်းကို ဆောင်လျက် ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်ပြီး ပြန်လာတဲ့ကျင့်ဝတ်ပဋိပတ်ကို ပစ္စာဂတကျင့်ဝတ်လို့ ခေါ်ပါတယ်။ ဆွမ်းခံ ရွာသို့ သွားစဉ်, ဆွမ်းခံရွာမှ ပြန်လာစဉ် နှစ်ခုလုံးမှာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီး သွားတဲ့ကျင့်ဝတ်ပဋိပတ်ကို ဂတပစ္စာဂတဝတ်လို့ ခေါ်ပါတယ်။ ထိုဂတပစ္စာဂတကျင့်ဝတ်ကို ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ဖြည့်ကျင့်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းလိုက်တာ ယာဝ အနုလောမံ ဂေါတြဘုသမီပံ = ဂေါတြဘုဉာဏ်ရဲ့ အနီးအပါး၌ တည်ရှိနေတဲ့ အနုလောမဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်းရပါတယ်။
ဝိပဿနာဉာဏ်တွေကို ရရှိအောင် စီးဖြန်းတဲ့အပိုင်းနဲ့ ပတ်သက်ပြီး မဟာဋီကာဆရာတော်ကတော့ ဒီနေရာမှာ ယာဝ အနုလောမံ ဂေါတြဘုသမီပံဆိုတာက သင်္ခါရုပေက္ခာဉာဏ်တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဆိုလိုတဲ့အကြောင်း ရှင်းလင်း တင်ပြထားပါတယ်။ (မဟာဋီ၊၂၊၈၄၊၊) ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ စီးဖြန်းခဲ့ဖူးခြင်းဆိုတဲ့ ပါရမီမျိုးစေ့တွေကို ပုဗ္ဗယောဂလို့ ခေါ်ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိတော်မူတဲ့ ရဟန္တာမထေရ်သာ မှန်ခဲ့လျှင် ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့ဖူးတယ်ဆိုတဲ့ ဒီပါရမီမျိုးစေ့ကောင်းတွေ ရှိပြီးသား ဖြစ်ပါတယ်။
ဒီဘဝမှာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေးအတွက် ကြိုးစားအားထုတ်လို့ ရရှိတဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေက အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသကဲ့သို့ အလားတူပဲ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်ကံ ပါရမီမျိုးစေ့ကောင်းတွေကလည်း ဒီဘဝမှာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ လျင်လျင်မြန်မြန် ဆိုက်ရောက်ရေးအတွက် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပဲ ရှိနေပါတယ်။ ဒီလို ကျေးဇူးပြုနိုင်တဲ့ ထုံးကလေးကို အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် သောတာနုဂတသုတ္တန် မှာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပါတယ်။
သောတာနုဂတသုတ္တန် ကောက်နုတ်ချက်
ပရိယတ္တိတရားတွေအပေါ်၌ အထင်သေးနေတဲ့ ရဟန်းတော်တွေကို ပရိယတ္တိတရားတော်တွေကို သင်ယူခြင်း, သင်ယူထားတဲ့ ပရိယတ်တရား တော်မှာ လာရှိတဲ့အတိုင်း ပဋိပတ်တရားတွေကို လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကြောင့် မည်မျှ အကျိုးအာနိသင် ကြီးမားတယ်ဆိုတာကို မြတ်စွာဘုရားရှင်ကိုယ်တိုင်က ထိုသောတာနုဂတသုတ္တန်မှာ ဟောကြား တော်မူပါတယ်။ ထိုသုတ္တန်မှာ မြတ်စွာဘုရားက ရဟန်းလေးမျိုး ခွဲပြီး ဟောတော်မူပါတယ်။ ဒီလေးမျိုးထဲက တစ်မျိုးလောက်ကိုပဲ ဘုန်းကြီး ဒီညဉ့် ပုံစံ ထုတ်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။
ရဟန်းတော်တစ်ပါးဟာ အင်္ဂါကိုးတန်နဲ့ ပြည့်စုံတဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို သင်သိအနေဖြင့် ပထမ ကြိုးစားရပါတယ်။ သင်သိအနေနဲ့ သိအောင် ကြိုးစားပြီးတဲ့ အချိန်အခါမှာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုတရားတော်မှာ လာရှိနေတဲ့ တရားတော်တွေကို ထိုးထွင်း သိမြင်အောင် တစ်ဆင့် တက်ပြီး ကြိုးစားပါတယ်။
ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မံ ပရိယာပုဏာတိ -- သုတ္တံ, ဂေယျံ, ဝေယျာကရဏံ, ဂါထံ, ဥဒါနံ, ဣတိဝုတ္တကံ, ဇာတကံ, အဗ္ဘုတဓမ္မံ, ဝေဒလ္လံ။ တဿ တေ ဓမ္မာ သောတာနုဂတာ ဟောန္တိ၊ ဝစသာ ပရိစိတာ၊ မနသာနုပေက္ခိတာ၊ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (အံ၊၁၊၅၀၅။)
ဒီလို ဘုရားရှင်က အဆင့်ဆင့် ဟောတော်မူပါတယ်။ ဒါကြောင့် ဒီ တရားတော်တွေကို ရှေးဦးစွာ နှုတ်ငုံဆောင်ရပါတယ်။ နှုတ်ငုံဆောင်ပြီးတဲ့အခါ ဝစသာ ပရိစိတာ = မမေ့မပျောက်အောင် နှုတ်ဖြင့် အဖန်ဖန် အထပ်ထပ် လေ့ကျင့်ရပါတယ်။ လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ -- မနသာနုပေက္ခိတာ = စိတ်ဖြင့် ဒီတရားတွေကို ထိုးထွင်း သိအောင် အဖန်ဖန် အထပ်ထပ် ရှုပွား သုံးသပ်ရပါတယ်။
ဒီတရားနာပရိသတ်တွေထဲမှာ ဓာတ်ကမ္မဋ္ဌာန်း ရှုဖူးတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါလိမ့်မယ်။ ပထဝီဓာတ်ဆိုကြပါစို့ -- ပထဝီဓာတ်ကို ဘယ်လို ရှုရတယ် ဆိုတာကို ဆရာသမားတွေက သင်ပေးလိုက်တယ်။ သွားကလေး နှစ်ခု ထိထားတဲ့နေရာမှာ မာနေတဲ့သဘော ရှိတယ်။ ဒီမာတဲ့တစ်နေရာက စပြီး မာတဲ့ သဘောကို တစ်ကိုယ်လုံး မြင်အောင် ကြည့်ပါ။ တင်ပါးနဲ့ကြမ်း ထိနေတဲ့ နေရာတွေမှာ မာတဲ့သဘော ထင်ရှားနေပါလိမ့်မယ်။ ဒီမာမှုထင်ရှားတဲ့ တစ်နေရာက စပြီး တစ်ကိုယ်လုံးမှာ မာနေတဲ့သဘောကို မြင်အောင် ကြည့်ပါ။ အရိုးအရိုးချင်း ထိနေတဲ့နေရာ ဘယ်နေရာကမဆို မာနေတဲ့သဘော ထင်ရှား နေပါလိမ့်မယ်။ ဒီလို မာမှုထင်ရှားနေတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ကြည့်ပါဆိုပြီး သင်ပေးလိုက်တယ်။ ဒီလို စာမှာလာရှိတဲ့အတိုင်း သင်ပေး လိုက်တဲ့ အချိန်အခါမှာ သင်ပေးတဲ့အတိုင်းကို ယောဂီပုဂ္ဂိုလ်က လက်တွေ့ ကျင့်လို့ ခန္ဓာကိုယ်မှာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ဒီမာတဲ့သဘောကို ထိုးထွင်းသိပြီ ဆိုလျှင်တော့ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ = သမ္မာဒိဋ္ဌိဖြင့် ကောင်းစွာ သိမြင်တဲ့အဆင့် ကူးသွားပါတယ်။
ဒီသမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ သိမြင်တဲ့အဆင့်သို့ မရောက်မီ ကလေးမှာ ဆရာသမားတွေက သင်ပေးလိုက်တဲ့အတိုင်း မနသာနုပေက္ခိတာ = စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် ဒီခန္ဓာအိမ်ထဲမှာ စေ့စေ့ငုငု လိုက်ပြီး ကြည့်ရ ပါတယ်။ ဒီလို မကြည့်ဘဲ မရှုဘဲနဲ့ ဒီမာတဲ့သဘောကို တစ်ကိုယ်လုံးမှာ ထင်ထင်ရှားရှား မြင်နိုင်မလား? မမြင်နိုင်ဘူး။ စေ့စေ့ငုငု ကြည့်ရှုလိုက်တဲ့အခါ မာတဲ့သဘောကို တစ်ကိုယ်လုံး မြင်ပြီဆိုလျှင် ဒီမြင်တဲ့အဆင့်ကိုတော့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်တဲ့အဆင့် ရောက်ပြီလို့ ဆိုရတယ်။
ဒီပုံစံအတိုင်း ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဆိုတဲ့ ဓာတ်လေးပါးကို စနစ်တကျ ဆရာသမားတွေက သင်ပေးလိုက်တယ်။ သင်ပေးတဲ့အတိုင်း စနစ်တကျ ခန္ဓာအိမ်မှာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်အောင် လိုက်ပြီး ရှုကြည့်တယ်။ အောင်မြင်မှု ရပြီဆိုလျှင် ရှေ့တစ်ဆင့်တက်ပြီး ရှုပွားသုံးသပ်လိုက်တာ ရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ အကြောင်းတရား အကျိုးတရား တွေကို ဟုတ်တိုင်းမှန်စွာ သိတယ်။ ဒီလို သိနေတဲ့အဆင့်ကိုတော့ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ -- ဆိုပြီးတော့ ဒီလို ဘုရားရှင်က ဟောတော်မူပါတယ်။ ဒါကြောင့် အဋ္ဌကထာက --
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
ဒီလို ဖွင့်ဆိုထားပါတယ်။ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ ဆိုတာက ဒီပရိယတ် တရားတော်မှာ လာရှိနေတဲ့ ရုပ်တွေ နာမ်တွေ အကြောင်းတရား အကျိုး တရားတွေ ရှိကြတယ်။ ရုပ်တွေ နာမ်တွေကိုတော့ အတ္ထ လို့ ခေါ်ပါတယ်။ အကြောင်းတရားတွေကိုတော့ ကာရဏ လို့ ခေါ်ပါတယ်။
အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ။ (အံ၊ဋ္ဌ၊၂၊၃၆။)
အတ္ထ ခေါ်တဲ့ ရုပ်တွေ နာမ်တွေကို တရားကိုယ်အနက်သဘောအားဖြင့်လည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းသိမြင် အောင် ကြိုးစားအားထုတ်ရတယ်။ ကာရဏ ခေါ်တဲ့ အကြောင်းတရားအား ဖြင့်လည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ရတယ်။ ဒီလို ကြိုးစားအားထုတ်ပြီးတဲ့ အချိန် အခါမှာ ထိုယောဂါဝစရပုဂ္ဂိုလ်ဖြစ်တဲ့ ရဟန်းတော်ရဲ့သန္တာန်မှာ ရုပ်တွေ နာမ်တွေကို ထိုးထွင်းသိတဲ့ နာမရူပပရိစ္ဆေဒဉာဏ်, အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်တွေကို ရရှိပြီ ဖြစ်ပါတယ်။
ထိုနာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိပြီးတဲ့ ထို ရဟန်းတော်သည် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိမ်းဆည်းထားတဲ့ ဒီရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင်ရှုတယ်၊ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီးတော့ ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမရှိတဲ့ အတ္တမဟုတ်တဲ့ သဘောတရားတွေကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုတယ်။
ဒီလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာဉာဏ်စဉ်အတိုင်း အဆင့်ဆင့် ရှုပွားလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဆိုက်ရောက်သွားပြီ၊ သို့သော် ထိုရဟန်းတော်က မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို မရ ဖြစ်နေသေးတယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို မရမီ စပ်ကြားကာလမှာ ဘဝတစ်ခုကို အဆုံးသတ်လိုက်ရပြီ၊ သေသွားပြီ။ သေဆုံးသွားတဲ့ အချိန်အခါ မှာတော့ ထိုကဲ့သို့သော သေခြင်းမျိုးကို --
သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ။ (အံ၊၁၊၅၀၅။)
သော =ထိုရဟန်းတော်သည်။ မုဋ္ဌဿတိ = သတိလက်လွတ်သည် ဖြစ်၍။ ကာလံ ကုရုမာနော = သေလွန်ခဲ့သည်ရှိသော်။ အညတရံ ဒေဝနိကာယံ = အမှတ်မထား တစ်ပါးပါးသော နတ်ပြည် နတ်လောကသို့။ ဥပပဇ္ဇတိ = ပဋိသန္ဓေအားဖြင့် ကပ်ရောက် တည်နေရပေ၏။
ဒီလို ဘုရားရှင်က ဟောကြားထားပါတယ်။ အမှတ်မထား တစ်ပါးပါးသော နတ်ပြည် နတ်လောကကို ပဋိသန္ဓေအားဖြင့် သွားတည်နေရပြီ။ ဘယ် အချိန်အခါမှာလဲ? မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်မရမီ စပ်ကြားမှာ ဘဝတစ်ခုကို ထိုရဟန်းတော်က အဆုံးသတ်သွားလို့ ကွယ်လွန်သွားပြီဆိုလျှင်တော့ ဒီလို ကွယ်လွန်သွားတဲ့နည်းစနစ်ကိုလည်း ဘုရားရှင်က မုဋ္ဌဿတိ = သတိလက်လွတ်ပြီး သေခြင်း (ကွယ်လွန်နည်း)ဆိုပြီးတော့ ဒီလို ဟောတော်မူပါတယ်။ ဒီဟောကြားချက်နှင့် ပတ်သက်ပြီး အဋ္ဌကထာဆရာတော်ကလည်း ပုထုဇန် အဖြစ်နှင့် ကွယ်လွန်ခြင်းကို ရည်ရွယ်ကြောင်း ဖွင့်ဆိုထားပါတယ်။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
သတိသမ္ပဇဉ်ဉာဏ်နှင့်ယှဉ်ပြီးတော့ အရိယာသူတော်ကောင်းအဖြစ်နဲ့ သေခြင်းကိုသာလျှင် သတိသမ္ပဇဉ်နှင့် ပြည့်စုံတဲ့သေခြင်းလို့ မြတ်စွာဘုရား ဟောတော်မူပါတယ်။ ပုထုဇန်အဖြစ်နဲ့ ကွယ်လွန်ခြင်းကိုတော့ မုဋ္ဌဿတိ = သတိလက်လွတ်ပြီး သေတယ်လို့ ဟောတော်မူပါတယ်။ ဒီပုဂ္ဂိုလ်က သတိ လက်လွတ်တယ်ဆိုသော်လည်း တရားဘာဝနာကို ရှုပွားသုံးသပ်မှုမရှိဘဲ သေခြင်းမျိုးတော့ မဟုတ်ပါဘူး၊ သေခါနီးကာလသို့တိုင်အောင် အကြောင်း တရားနှင့်တကွသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ရှုပွားသုံးသပ်ပြီးတော့သာ သေသွားခြင်း ဖြစ်ပါတယ်။
ဒီလို ရှုပွား သုံးသပ်လျက် သေသွားတဲ့အချိန်အခါမှာ ဒီရဟန်းတော်ရဲ့ မရဏာသန္နဇောလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်ခုမှာ နောက်ဆုံး ဖြစ်ပေါ်သွားတဲ့ ဇောစိတ်အစဉ်သည် ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက် တစ်ခုခုကို သိနေပါတယ်။ ဒီမရဏာသန္နဇောက သိနေတဲ့ အာရုံကိုပဲ နတ်ပြည် နတ်လောကသို့ ရောက်ရှိသွားတဲ့ အသစ်ဖြစ်တဲ့ နတ်သားပုဂ္ဂိုလ်ရဲ့ ပဋိသန္ဓေ-ဘဝင်-စုတိစိတ်တို့ကလည်း ဆက်လက်ပြီး အမွေခံကြပါတယ်။ မရဏာသန္နဇောက သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်ကို သိလျှင် နတ်သားဘဝမှာ ဖြစ်ပေါ်နေတဲ့ ပဋိသန္ဓေ-ဘဝင်-စုတိစိတ်တို့ကလည်း သင်္ခါရတရားတို့ရဲ့ အနိစ္စသဘောကိုပဲ သိနေပါတယ်။
အကယ်၍ မရဏာသန္နဇောက သင်္ခါရတရားတွေရဲ့ ဒုက္ခသဘောကို ထိုးထွင်း သိနေခဲ့လျှင် နတ်သားဘဝမှာ ဖြစ်ပေါ်နေတဲ့ ပဋိသန္ဓေ-ဘဝင်-စုတိစိတ်တို့ကလည်း သင်္ခါရတရားတို့ရဲ့ ဒုက္ခသဘောကိုပဲ ဆက်လက်ပြီး သိနေပါတယ်။ အကယ်၍ ဒီမရဏာသန္နဇောက သင်္ခါရတရားတွေရဲ့ အနတ္တ သဘောကို ထိုးထွင်း သိနေခဲ့လျှင် နတ်သားဘဝမှာ ဖြစ်ပေါ်နေတဲ့ ပဋိသန္ဓေ-ဘဝင်-စုတိစိတ်တို့ကလည်း သင်္ခါရတရားတို့ရဲ့ အနတ္တအချက်ကိုပဲ လှမ်းပြီး အာရုံပြုနေပါတယ်။ ဒီပဋိသန္ဓေ-ဘဝင်-စုတိစိတ်တွေထဲမှာ အကြိမ်အများဆုံး ဖြစ်တဲ့စိတ်ကတော့ ဘဝင်စိတ် ဖြစ်ပါတယ်။ အိမ်ရှင်ဘဝင်စိတ်လို့လည်း ခေါ်ပါတယ်။ ကျန်နေတဲ့စိတ်တွေက တစ်ရံတစ်ခါမှာသာ အကြောင်းတိုက် ဆိုင်ခဲ့သော် ဖြစ်ပေါ်လာတတ်တဲ့အတွက် အာဂန္တုကသဖွယ် ဖြစ်ခြင်းကြောင့် အာဂန္တုကစိတ်တွေလို့ ခေါ်ပါတယ်။ အိမ်ရှင်ဘဝင်စိတ်ကိုယ်တိုင်က ဒီသင်္ခါရ တရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် တစ်ခုခုကို ထိုးထွင်း သိနေတဲ့အတွက် ဒီလို ဘုရားရှင်ရဲ့ တရားတော်တွေကို ရှုပွားသုံးသပ်ပြီး ဘဝတစ်ခုကို အဆုံးသတ်သွားတဲ့ ဒီနတ်သားဖြစ်တဲ့ သတ္တဝါရဲ့ သန္တာန်မှာ ဘယ်လို ဖြစ်ပေါ်လာမလဲ?
သော မုဋ္ဌဿတိ ကာလံ ကုရုမာနော အညတရံ ဒေဝနိကာယံ ဥပပဇ္ဇတိ။ တဿ တတ္ထ သုခိနော ဓမ္မပဒါ ပ္လဝန္တိ။ (အံ၊၁၊၅၀၅။)
သော = ထိုရဟန်းတော်သည်။ မုဋ္ဌဿတိ = သတိလက်လွတ်သည်ဖြစ်၍။ ကာလံ ကုရုမာနော = သေလွန်ခဲ့သည်ရှိသော်။ အညတရံ ဒေဝနိကာယံ = အမှတ်မထား တစ်ပါးပါးသော နတ်ပြည်နတ်လောကသို့။ ဥပပဇ္ဇတိ = ပဋိသန္ဓေအားဖြင့် ကပ်ရောက်၍ တည်နေရပေ၏။ တတ္ထ = ထိုနတ်ပြည် နတ်လောက၌။ သုခိနော = ချမ်းသာခြင်းရှိသော။ တဿ = ထိုနတ်သား ဖြစ်သော သတ္တဝါရဲ့သန္တာန်၌။ ဓမ္မပဒါ = တရားပုဒ်အစုတို့သည်။ ပ္လဝန္တိ = ပေါလောပေါ်၍ နေကြလေကုန်၏။
ဘယ်လောက်ကောင်းသလဲ? ချက်ချင်း နတ်ပြည်မှာ ဘွားခနဲဆိုပြီးတော့ ဩပပါတိကပဋိသန္ဓေအဖြစ်နဲ့ နတ်သား သွားဖြစ်ပြီ၊ ဖြစ်လိုက်တာနဲ့ သူရဲ့ သန္တာန်မှာ တရားပုဒ်အစုတွေဟာ ပေါလောကြီး ပေါ်နေတယ်။ ဘာကြောင့်လဲ? ရဟန်းဘဝ, နတ်သားဘဝဆိုတဲ့ ဘဝတစ်ခုနဲ့တစ်ခု ခြားနေသော်လည်း စိတ္တက္ခဏအားဖြင့် ကြည့်မယ်ဆိုလျှင်တော့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် မရှိပါဘူး။ အချိန်အနည်းငယ်အတွင်းမှာ စိတ်တွေက ဆက်တိုက် ဖြစ်သွားတဲ့ အတွက် ဒီဘက်ဘဝမှာ မရဏာသန္နဇောက သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်ခုခုကို အာရုံယူတဲ့အခါ နတ်သားအသစ်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တည်ရှိနေတဲ့ ပဋိသန္ဓေ-ဘဝင်-စုတိစိတ်တို့ကလည်း သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုးကိုပဲ ဆက်လက်ပြီး အာရုံယူနေပါတယ်။ အိမ်ရှင်ဘဝင်စိတ်ကိုယ်တိုင်က ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်လို့ ခေါ်ဆိုအပ်တဲ့ အခြင်းအရာ တစ်မျိုးမျိုးကို အာရုံ ပြုနေတဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီသင်္ခါရတရား ပုဒ်အစုတွေဟာ ရေပေါ်မှာ ဘူးတောင်းတွေ ပေါလောပေါလော ပေါ်နေသလို အလွန်ထင်ရှား နေပါတယ်။ ထင်ရှားနေတဲ့အတွက် ဘာဖြစ်လာသလဲ?
ဒန္ဓော ဘိက္ခဝေ သတုပ္ပါဒေါ အထ သော သတ္တော ခိပ္ပံယေဝ ဝိသေသဂါမီ ဟောတိ။ (အံ၊၁၊၅၀၅။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သတုပ္ပါဒေါ = တရားတော်ကို အစဉ် လျှောက်၍ ရှုပွားသုံးသပ်တတ်သော သတိ၏ ဖြစ်ပေါ်ခြင်းသည်။ ဒန္ဓော = နုံ့နှေးလှသေး၏။အထ = တကယ်စင်စစ်မှာမူကား။ သော သတ္တော = ထိုနတ်သားဖြစ်တဲ့သတ္တဝါသည်။ ခိပ္ပံယေဝ = လျင်မြန်စွာသာလျှင်။ ဝိသေသဂါမီ = မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူး တရားမြတ်ကို ရလေ့ရှိသည်။ ဟောတိ = ဖြစ်၏။
ဒါယကာကြီး ဒါယိကာမကြီးတွေ သေသွားတဲ့ အချိန်အခါမှာ ဒီလို သေခြင်းမျိုးဖြင့် သေရမယ်ဆိုလျှင် အားရစရာ မကောင်းဘူးလား? သိပ် ကောင်းတယ်။ ဒါ ဘာကြောင့်လဲ? လောကကို သုညမြင်အောင် ကြည့်နိုင်တဲ့ အတွက် သုညကို မြင်သွားတဲ့ပုဂ္ဂိုလ်ရဲ့ သေခြင်းသည် ဘယ်လောက် အဆင့်အတန်း မြင့်မားနေတယ်ဆိုတာကို သဘောပေါက်အောင် ဘုန်းကြီး ပြောနေ ခြင်း ဖြစ်ပါတယ်။ ဒီလို လောကကို သုညဆိုက်အောင် ကြည့်နိုင်တဲ့အတွက် သေသွားတဲ့အချိန်အခါမှာ နတ်ပြည် နတ်လောကသို့ ရောက်လျှင် ရောက်နေတဲ့ ဒီနတ်သားသတ္တဝါရဲ့ သန္တာန်မှာ တရားပုဒ်အစုတွေဟာ ပေါလောကြီး ပေါ်နေတယ်။ နောက်တစ်ခု ဒီနေရာမှာ ထူးခြားချက်ကလေးတစ်ခု ထည့်ပြီး ဘုရားရှင်က ဟောတော်မူပါတယ်။
တဿ တတ္ထ သုခိနော ဓမ္မပဒါ ပ္လဝန္တိ။ (အံ၊၁၊၅၀၅။)
တတ္ထ = ထိုနတ်ပြည် နတ်လောက၌။ သုခိနော = ချမ်းသာခြင်းရှိသော။ တဿ = ထိုနတ်သားဖြစ်တဲ့သတ္တဝါရဲ့ သန္တာန်၌။ ဓမ္မပဒါ = တရားပုဒ်အစု တို့သည်။ ပ္လဝန္တိ = ပေါလောပေါ်၍ နေကြလေကုန်၏။
ဒီလို ဘုရားရှင်က ဟောတော်မူပါတယ်။ အမိဝမ်းတွင်းမှာ ကိုးလ ဆယ်လလောက် တည်နေခဲ့ရတဲ့ဒုက္ခမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒီအချက် နဲ့ ပတ်သက်ပြီး ဘုန်းကြီးက ဒါယကာကလေးတစ်ယောက်ကို ပြောပြဖူးတယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့ မိခင်ဝမ်းတွင်း ပဋိသန္ဓေ တည်နေရတဲ့ဒုက္ခတွေ ကြီးကျယ်တဲ့အကြောင်း ပြောပြလိုက်တော့ သူက ဘယ်လို ပြန်ပြော သလဲ? အရှင်ဘုရား ...တပည့်တော်တို့ အမိဝမ်းထဲမှာ ဘယ်လောက်ပင် ဆင်းရဲဒုက္ခ ရောက်ခဲ့သော်လည်း ဒီဒုက္ခရောက်တာတွေ ကိုယ်သိတာမှ မဟုတ်ဘဲလို့ သူက ဒီလို ဆင်ခြေပေးတယ်။
ဘယ့်နှယ်တုံး ဒါယကာကြီးတွေလည်း ဒီလို ဆင်ခြေမျိုး ပေးကြမယ် ထင်ပါတယ်။ မြတ်စွာဘုရားက ဒီနေရာမှာ ပြောလိုတာက ဒီလူ့ဘဝက စုတိ ပြတ်ကြွေ သေလွန်သွားတယ်။ ဟိုဘက် နတ်ပြည်နတ်လောကမှာ ပဋိသန္ဓေ အားဖြင့် ကပ်ရောက်ရတယ်။ ဘွားခနဲ ထင်ရှား ဖြစ်ပေါ်လိုက်တဲ့အတွက် သူ့မှာ ချမ်းသာနေပါတယ်။ ဆင်းဆင်းရဲရဲ မိခင်ဝမ်းအတွင်းမှာ ပဋိသန္ဓေ တည်နေရတဲ့ဒုက္ခမျိုးတွေ သူ့မှာ ခံစားရသေးသလား? မခံစားရတော့ဘူး၊ ဘာကြောင့်လဲ? လောကကို သုညမြင်အောင် ကြည့်နိုင်တဲ့အတွက် ရရှိနိုင်တဲ့ ချမ်းသာသုခမျိုးတွေ ဖြစ်ပါတယ်။
သို့သော် ဒီချမ်းသာသုခလောက်နဲ့ ရပ်တည်နေဖို့ရန်အတွက် မြတ်စွာ ဘုရားရှင်က မတိုက်တွန်းပါဘူး။ ဘုရားရှင်ဆိုလိုတာက ဒီနတ်သားဖြစ်တဲ့ သတ္တဝါဟာ ဘွားခနဲ ပဋိသန္ဓေ တည်နေရတာနဲ့ ချက်ချင်း တရားပုဒ်အစု တွေက ပေါလောပေါ်နေတဲ့အတွက် ပေါလောပေါ်နေတဲ့ ဒီတရားတွေကို ပြန်ပြီး ရှုပွားသုံးသပ်ခဲ့မယ်ဆိုလျှင် ရှုပွားသုံးသပ်နေတဲ့ သတိရဲ့ ဖြစ်နေတာကပင် နှေးပါသေးတယ်။ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူး တရား မြတ်ကို လျင်လျင်မြန်မြန်ကြီး ရရှိနိုင်ပါတယ်။ ဒီလို အာမခံပြီး ဘုရားရှင် ဟောကြားထားတော်မူပါတယ်။
ဒီနေရာမှာ ဘုန်းကြီး ပြောချင်တဲ့အချက်က လူ့ပြည် လူ့လောကမှာ ရဟန်းဘဝက တစ်ခု၊ နတ်ပြည် နတ်လောကမှာ နတ်သားဘဝက တစ်ခု၊ ရဟန်းဘဝက ကြိုးစားအားထုတ်ခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်တွေက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်တဲ့အတွက် နတ်သားဖြစ်တဲ့ သတ္တဝါရဲ့ သန္တာန်မှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူး တရားမြတ်တွေ လျင်လျင် မြန်မြန်ကြီး ဖြစ်ပေါ်လာတယ်။ ဒီပုံစံအတိုင်း မောဃရာဇရှင်ရသေ့ကလည်း ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဂတပစ္စာဂတဝတ်တွေ ကို ဖြည့်ကျင့်လျက် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို ကြိမ်ဖန်များစွာ စီးဖြန်းခဲ့ဖူးတဲ့အတွက် ထိုပါရမီမျိုးစေ့ ကောင်းတွေက အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးလိုက်တဲ့ အချိန်အခါမှာ ဒီဂါထာဒေသနာတော်ကလေး ပြီးဆုံးတဲ့အချိန် အခါမှာပဲ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို တည်သွားပါတယ်။
ရှင်သေမင်း မမြင်နိုင်သူ
ဒီနေရာမှာ ပါရမီမျိုးစေ့က အလွန် စကားပြောနေပါတယ်။ မိမိမှာ ခိုင်လုံတဲ့အာမခံချက် ရှိနေတဲ့ ပါရမီမျိုးစေ့ကောင်းတွေ ရှိခဲ့ပါလျှင် တရားပုဒ် အစုတွေက ရေပေါ်မှာ ဘူးတောင်းတွေ ပေါလောပေါ်နေသလို ဉာဏ်ထဲမှာ လည်း ပေါလောကြီး ပေါ်နေပါတယ်။ ဒါကြောင့် လောကကို သုညမြင်အောင် ကြည့်နိုင်ခဲ့လို့ အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ ရောက်ရှိသွားခဲ့မယ်ဆိုလျှင် ရှင်သေမင်း မြင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်နိုင်မလား? မဖြစ်နိုင်တော့ဘူး။
ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရေးအတွက် သုညသဘာဝတစ်ခုကို ဆိုက်ရောက်သည့်တိုင်အောင် အရှင်အာနန္ဒာမထေရ်မြတ်ကလည်း ကြိုးစား ခဲ့ပါတယ်။ ကြိုးစားခဲ့သော်လည်း သူက သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံယူနိုင်တဲ့အဆင့်လောက်သာ ရှိတဲ့အတွက် လောကကို သုည ဖြစ်အောင် ကြည့်တဲ့အပိုင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့်သာ ကြည့်နိုင်တဲ့ စွမ်းအား ရှိခဲ့ပါတယ်။ ကုန်စင်အောင် ကမ်းကုန်အောင် ကြည့်နိုင်တဲ့ စွမ်းအား တွေ မရှိခဲ့ပါဘူး။ မရှိတဲ့အတွက် တစ်နေ့မှာ ဘယ်လို ဖြစ်လာသလဲ?
လောကကို သုညမြင်အောင် ကြည့်တဲ့အပိုင်းနဲ့ ဆက်စပ်ပြီးတော့ ဒီ သုညတကထာတွေကို အရှင်အာနန္ဒာမထေရ်မြတ်က နာကြားချင်တဲ့အတွက် ဘုရားရှင်ထံမှာ ချဉ်းကပ်ပြီး လျှောက်ထားပုံ, ဘုရားရှင်ရဲ့ ဖြေကြားပုံတွေကို ဒီစူဠသုညတသုတ္တန် မှာ အပြည့်အစုံ ထည့်သွင်းပြီးတော့ သင်္ဂါယနာ တင်ထား တော်မူခဲ့ပါတယ်။ ဒါကြောင့် လောကကို သုညမြင်အောင် ကြည့်တဲ့အပိုင်းနဲ့ ဆက်စပ်ပြီးတော့ ဒီစူဠသုညတသုတ္တန် ကို ဒီနေ့ စပြီး နာကြားကြည့်ရအောင်-
စူဠသုညတသုတ္တန် နိဒါန်း
ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ပုဗ္ဗာရာမေ မိဂါရမာတုပါသာဒေ။ (မ၊၃၊၁၄၇။)
ဧကံ သမယံ = အခါတစ်ပါး၌။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ သာဝတ္ထိယံ = သာဝတ္ထိမြို့၏အနီး၌။ မိဂါရမာတုပါသာဒေ = မိဂါရသူဌေး၏ မိခင်သဖွယ်ဖြစ်သော ဝိသာခါကျောင်းအမ၏ ပြာသာဒ် ဖြစ်သော။ ပုဗ္ဗာရာမေ = ပုဗ္ဗာရုံကျောင်းတိုက်၌။ ဝိဟရတိ = သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေ၏။
ဝိသာခါကျောင်းအမကြီး ဆောက်လုပ် လှူဒါန်းထားတဲ့ ပုဗ္ဗာရုံကျောင်း တော်မှာ မြတ်စွာဘုရား သီတင်းသုံး စံနေတော်မူခိုက် ဘာဖြစ်လာသလဲ?
အထ ခေါ အာယသ္မာ အာနန္ဒော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ။ (မ၊၃၊၁၄၇။)
အထ ခေါ = ထိုအခါ၌။ အာယသ္မာ အာနန္ဒော = အရှင်အာနန္ဒာ မထေရ်မြတ်သည်။ သာယနှသမယံ = ညနေချမ်းအခါ၌။ ပဋိသလ္လာနာ = တစ်ပါးထီးတည်း ဖလသမာပတ် ဝင်စားလျက် ကိန်းအောင်းတော်မူရာမှ။ ဝုဋ္ဌိတော = ထခဲ့သည်ရှိသော်။ ယေန = အကြင်အရပ်၌။ ဘဂဝါ = ဘုန်းတော် ခြောက်ပါးသခင် ဘုရားရှင်သည်။ အတ္ထိ = ရှိတော်မူ၏။ တေန = ထို ဘုရားရှင် ရှိတော်မူရာအရပ်သို့။ ဥပသင်္ကမိ = အနီးအစပ် ချဉ်းကပ်တော်မူခဲ့လေ၏။ ဥပသင်္ကမိတွာ = အနီးအစပ် ချဉ်းကပ်လေပြီး၍။ ဘဂဝန္တံ = ဘုန်းတော် ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကို။ အဘိဝါဒေတွာ = အလွန် ရိုသေစွာ ရှိခိုးပြီး၍။ ဧကမန္တံ = အပြစ်ခြောက်ပါးလွတ်၍ သင့်တင့် လျောက်ပတ်သော တစ်ခုသောအရပ်၌။ နိသီဒိ = ထိုင်တော်မူခဲ့လေပြီ။ ဧကမန္တံ = အပြစ်ခြောက်ပါးလွတ်၍ သင့်တင့်လျောက်ပတ်သော တစ်ခုသော အရပ်၌။ နိသိန္နော ခေါ = ထိုင်ပြီးသော။ အာယသ္မာ အာနန္ဒော = အရှင် အာနန္ဒာမထေရ်မြတ်သည်။ ဘဂဝန္တံ = ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကို။ ဧတံ ဝစနံ = ဤစကားကို။ အဝေါစ = လျှောက်ထားတော်မူခဲ့လေ၏။
အရှင်အာနန္ဒာမထေရ်မြတ်က နေ့အခါမှာ မိမိ စွမ်းအားရှိသလောက် သောတာပတ္တိဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုလျက် သောတာပတ္တိဖလသမာပတ်ကို ဝင်စားလျက် နေတော်မူပါတယ်။ ဖလသမာပတ်မှ ထလိုက်တဲ့ အချိန်အခါမှာ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ သန္တာန်မှာ ဘယ်လို ဖြစ်ပေါ် လာသလဲ?
အထဿ သင်္ခါရာ သုညတော ဥပဋ္ဌဟိံသု။ (မ၊ဋ္ဌ၊၄၊၁၀၇။)
အထ = ထိုအခါ၌။ အဿ = ထိုအရှင်အာနန္ဒာမထေရ်မြတ်ရဲ့ သန္တာန်၌။ သင်္ခါရာ = သင်္ခါရတရားတို့သည်။ သုညတော = သုညသဘောအားဖြင့်။ ဥပဋ္ဌဟိံသု = ဉာဏ်၌ ရှေးရှုတည်၍ နေကြလေကုန်ပြီ။
အရှင်အာနန္ဒာမထေရ်မြတ်က သောတာပတ္တိဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုပြီး သောတာပတ္တိဖလသမာပတ်ကို ဝင်စားတယ်။ ဝင်စားပြီး ဖလသမာပတ်မှ ထတော်မူလိုက်တဲ့ အချိန်အခါမှာ ဒီသင်္ခါရတရားတွေရဲ့ သုည သဘောဟာ ဉာဏ်ထဲမှာ ထင်ရှားလာတယ်။ လောကလို့ ခေါ်ဆိုအပ်တဲ့ သင်္ခါရတရားတွေကို သုညသဘောအားဖြင့် မြင်နေတယ်။ ဘယ်လို သုညလဲလို့ မေးလျှင်တော့ ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတို့မှာ နိစ္စဆိုတဲ့ မြဲနေတဲ့ အနှစ်သာရမှ ဆိတ်သုဉ်းနေတဲ့ သုညသဘော, သုခဆိုတဲ့ ချမ်းသာတဲ့ အနှစ်သာရမှ ဆိတ်သုဉ်းနေတဲ့ သုညသဘော, သုဘခေါ်တဲ့ တင့်တယ်တယ်ဆိုတဲ့ သုဘသဘောမှ ဆိတ်သုဉ်းနေတဲ့ သုညသဘော, အတ္တခေါ်တဲ့ ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာလို့ ခေါ်ဆိုအပ်တဲ့ လောကသမညာ အတ္တနှင့် အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်လို့ ခေါ်ဆိုအပ်တဲ့ မိစ္ဆာဒိဋ္ဌိတို့ ကြံဆထားအပ်တဲ့ အတ္တဝါဒ အတ္တကလေး ရှိတယ်ဆိုတဲ့ စွဲလမ်းယုံကြည်နေတဲ့ အတ္တမှ ဆိတ်သုဉ်းနေတဲ့ သုညသဘော။ ယခုလို နိစ္စ, သုခ, သုဘ, အတ္တသဘာဝတွေမှ ဆိတ်သုဉ်းနေတဲ့ ဒီသုညသဘောတွေက သူရှုနေတဲ့ သင်္ခါရတရားတွေမှာ ပေါလောကြီး ပေါ်နေတယ်။ အသိဉာဏ်ထဲမှာ ထင်ရှားနေတယ်။ ဒီလို ထင်ရှားနေတဲ့ အတွက် သူ့စိတ်ထဲ ဘယ်လို ဖြစ်လာသလဲ?
သော သုညတာကထံ သောတုကာမော ဇာတော။ (မ၊ဋ္ဌ၊၄၊၁၀၇။)
သော = ထိုအရှင်အာနန္ဒာမထေရ်မြတ်သည်။ သုညတာကထံ = သုညတနဲ့ဆက်စပ်နေတဲ့ တရားစကားကို။ သောတုကာမော = နာကြားလိုတဲ့ အလို ဆန္ဒသည်။ ဇာတော = ထင်ရှား ဖြစ်ပေါ်၍လာခဲ့လေပြီ။
သင်္ခါရတရားတွေကို လှမ်းရှုလိုက်တဲ့ အချိန်အခါမှာ နိစ္စ, သုခ, သုဘ, အတ္တဆိုတဲ့ သဘာဝတွေမှ ဆိတ်သုဉ်းနေတဲ့ သုညသဘောက ဉာဏ်ထဲမှာ ပေါလောကြီး ပေါ်နေတဲ့အတွက် သုညတနဲ့ ဆက်စပ်နေတဲ့ တရားစကား တွေကို နာကြားချင်တဲ့စိတ်ထားတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ ဘာဖြစ်လာသလဲ?
အထဿ ဧတဒဟောသိ။ (မ၊ဋ္ဌ၊၄၊၁၀၇။)
အထ = ထိုအခါ၌။ အဿ = ထိုအရှင်အာနန္ဒာမထေရ်မြတ်၏ သန္တာန်၌။ ဧတံ = ဧသော ပရိဝိတက္ကော = ဤသို့သော စိတ်အကြံအစည်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။
သုညသဘာဝတွေနဲ့ ဆက်စပ်နေတဲ့ တရားစကားတွေကို နာကြားချင်တဲ့ အလိုဆန္ဒတွေက ထင်ရှား ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ သန္တာန်မှာ အကြံအစည်တစ်ခု ဖြစ်ပေါ်လာ တယ်။
တရားနာပရိသတ်တွေကို စောင်းချိတ်ပြီး ပြောတယ်လို့ ဒီလိုတော့ မယူဆစေလိုပါဘူး။ ဒီနေရာမှာ ဘုန်းကြီး ပြောလိုတာက သာသနာတော်မှာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုကလေးတွေကို နည်းနည်းကလေး နားလည် စေချင်တဲ့ဆန္ဒ, စိတ်ဓာတ်ကလေးတွေကို တဖြည်းဖြည်း ပြုပြင် ပြောင်းလဲ စေချင်တဲ့ဆန္ဒနဲ့ ပြောတာပါ။ အရှင်အာနန္ဒာက ဘယ်လို ကြံစည်သလဲ?
မေးမြန်းခြင်း ယဉ်ကျေးမှု
န ခေါ ပန သက္ကာ ဓုရေန ဓုရံ ပဟရန္တေန ဝိယ ဂန္တွာ သုညတာကထံ မေ ဘန္တေ ကထေထာတိ ဘဂဝန္တံ ဝတ္တုံ။ (မ၊ဋ္ဌ၊၄၊၁၀၇။)
ဓုရေန = လှည်းဦးတစ်ခုဖြင့်။ ဓုရံ = လှည်းဦးတစ်ခုကို။ ပဟရန္တေန ဝိယ = ပုတ်ခတ်လိုက်ဘိသကဲ့သို့။ ဂန္တွာ = ဘုရားရှင်ထံသို့ သွား၍။ ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ မေ = ဘုရား တပည့်တော်အား။ သုညတာကထံ = သုညတနှင့် ဆက်စပ်နေတဲ့ တရား စကားကို။ ကထေထ = ဟောကြားတော်မူပါဘုရား။ ဣတိ = ဤသို့လျှင်။ ဘဂဝန္တံ = ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော ဘုရားရှင် ကို။ ဝတ္တုံ = လျှောက်အံ့သောငှာ။ န ခေါ ပန သက္ကာ = မတတ်ကောင်းသည် သာလျှင်တည်း။
ရှေးခေတ် ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဘာပြောလိုတာလဲ? လှည်းဦးတစ်ခုနဲ့ လှည်းဦးတစ်ခုကို ထိပ်တိုက် ဝင်တိုက်လိုက်တဲ့ ပုံစံမျိုးနဲ့ မြတ်စွာဘုရား ... တပည့်တော်အား သုညတနှင့် ဆက်စပ်နေတဲ့ တရား စကားတွေ နာကြားချင်လို့ ဟောကြားပေးတော်မူပါဆိုပြီး ဒီလို မပြောကောင်းဘူးလို့ ဆိုလိုပါတယ်။ ဒါကြောင့် ဆရာသမားတွေထံ ချဉ်းကပ်ပြီး တရားစကား မေးမြန်းလျှောက်ထားတဲ့ အချိန်အခါမှာလည်း ယဉ်ကျေးမှုတွေ ရှိဖို့တော့ လိုအပ်ပါတယ်။
လှည်းဦးတစ်ခုနဲ့ လှည်းဦးတစ်ခု ဝင်ပြီး ထိပ်တိုက် တိုက်လိုက်တဲ့ ပုံစံမျိုးနဲ့ အရှင်ဘုရား ... တပည့်တော်ကို သုညတကထာနဲ့ ဆက်စပ်နေတဲ့ တရား စကားကလေး ဟောပေးစမ်းပါ၊ တပည့်တော် နာချင်လို့ပါဆိုပြီး ဒီလို လျှောက်ထားမယ်ဆိုလျှင် အင်မတန် ရိုင်းစိုင်းတဲ့ အပြုအမူတစ်ခု ဖြစ်သွားပါတယ်။ သူတော်ကောင်းများက တစ်ဦးနဲ့တစ်ဦး အလေးဂရုပြုတဲ့ အချိန်အခါ ကလေးတွေမှာ ဘယ်လို စိတ်ထားကြတယ်ဆိုတာတွေကို ဗုဒ္ဓဘာသာဝင်တိုင်း သိစေချင်လို့ ဘုန်းကြီး ပြောနေခြင်း ဖြစ်ပါတယ်။ အရှင်အာနန္ဒာ ကတော့ ဒီလို လျှောက်ထားလို့ မတော်ဘူးဆိုပြီး ဘာလုပ်သလဲ?
ဟန္ဒာဟံ ယံ မေ ဘဂဝါ နဂရကံ ဥပနိဿာယ ဝိဟရန္တော ဧကံ ကထံ ကထေသိ၊ တံ သာရေမိ။ (မ၊ဋ္ဌ၊၄၊၁၀၇။)
ဘဂဝါ = မြတ်စွာဘုရားသည်။ နဂရကံ = နဂရကအမည်ရှိသော ရွာနိဂုံးကို။ ဥပနိဿာယ = အမှီပြု၍။ ဝိဟရန္တော = သီတင်းသုံး စံနေတော်မူစဉ်။ ယံ ဧကံ ကထံ = အကြင် တစ်မျိုးသောစကားကို။ မေ = ငါ့အား။ ကထေသိ = ဟောကြားတော်မူခဲ့ဖူးလေပြီ။ ဟန္ဒ = ယခုအခါ၌။ အဟံ = ငါသည်။ တံ = ထိုတရားစကားကို။ သာရေမိ = ငါ အမှတ်ရစေအံ့။
မြတ်စွာဘုရားရှင်ရဲ့ ပထမဗောဓိလို့ ခေါ်ဆိုအပ်တဲ့ ဝါ (၂၀)အတွင်းကာလက သာကီဝင်မင်းသားတို့ရဲ့ တိုင်းနိုင်ငံအတွင်းမှာ တည်ရှိတဲ့ နဂရက အမည်ရတဲ့ ရွာနိဂုံး မြို့ငယ်ကလေးတစ်ခုမှာ အမှီပြုပြီးတော့ တစ်ချိန်မှာ ဘုရားရှင်နဲ့ အရှင်အာနန္ဒာမထေရ်မြတ်တို့ သီတင်းသုံးတော်မူခဲ့ကြဖူးပါတယ်။ အဲဒီအချိန်အခါတုန်းက အရှင်အာနန္ဒာမထေရ်မြတ်ကို မြတ်စွာဘုရားက တရားစကားကလေးတစ်ပုဒ် ဟောကြားခဲ့ဖူးတယ်။ ဒီတရားစကားကလေးကို ငါသည် ဘုရားရှင်ကို တစ်ဖန် အောက်မေ့အမှတ်ရစေမယ်ဆိုလျှင်တော့ သိပ်ကောင်းမယ်၊ ပြန်ပြီး လျှောက်ထားရလျှင် သိပ်ကောင်းမယ်လို့ သူက ဒီလို စဉ်းစားတယ်။
ဧဝံ မေ ဘဂဝါ သုညတာကထံ ကထေဿတီတိ ဒသဗလံ သာရေန္တော။ (မ၊ဋ္ဌ၊၄၊၁၀၇။)
ဧဝံ = ဤသို့ လျှောက်ထားခဲ့သည်ရှိသော်။ မေ = ငါ့အား။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ သုညတာကထံ = သုညတနှင့် ဆက်စပ်နေတဲ့ တရားစကားတော်ကို။ ကထေဿတိ = ဟောကြား၍ ပြတော် မူပေလတ္တံ့။ ဣတိ = ဤသို့နှလုံးပိုက်၍။ ဒသဗလံ = ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးတို့နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကို။ သာရေန္တော = အောက်မေ့အမှတ်ရစေလိုသည်ဖြစ်၍။ ဧဝံ = ဤသို့။ အာဟ = လျှောက်ထားလိုက်လေပြီ။
ဒီလိုသာ ငါသည် တင်ပြ လျှောက်ထားမယ်ဆိုလျှင်တော့ မြတ်စွာဘုရားရှင်က ငါ့ကို သုညတနှင့်ဆက်စပ်နေတဲ့ တရားစကားတွေကိုတော့ ဟောပေးမှာပဲလို့ သူက ဒီလို သဘောပေါက်နေတယ်။ ဒီလို သဘောပေါက်တဲ့ အတွက် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုးတယ်၊ သင့်တင့် လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်ပြီးတော့ မြတ်စွာဘုရားကို သူက ဘယ်လို လျှောက်ထားသလဲ?
ဧကမိဒံ ဘန္တေ သမယံ ဘဂဝါ သက္ကေသု ဝိဟရတိ နဂရကံ နာမ သကျာနံ နိဂမော။ (မ၊၃၊၁၄၇။)
ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ ဧကံ သမယံ = အခါတစ်ပါး၌။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ သက္ကေသု = သက္ကတိုင်း၌။ နဂရကံ နာမ = နဂရကအမည်ရှိ သော။ သကျာနံ = သာကီဝင်မင်းသားတို့၏။ နိဂမော = နိဂုံးရွာကြီးသည်။ အတ္ထိ = ရှိပါပေ၏။ တတ္ထ = ထိုနိဂုံးရွာ၌။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ ဝိဟရတိ = သီတင်းသုံး စံနေတော်မူပါပေ၏။
တတ္ထ မေ ဘန္တေ ဘဂဝတော သမ္မုခါ သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ သုညတာဝိဟာရေနာဟံ အာနန္ဒ ဧတရဟိ ဗဟုလံ ဝိဟရာမီတိ။ (မ၊၃၊၁၄၇။)
ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ အာနန္ဒ = ညီဘွားအာနန္ဒာ။ အဟံ = ငါဘုရားသည်။ သုညတာဝိဟာရေန = သုညတာဝိဟာရဖြင့်။ ဧတရဟိ = ယခုအခါ၌။ ဗဟုလံ = အကြိမ်များစွာ။ ဝိဟရာမိ = နေထိုင်ပါ၏။ ဣတိ = ဧတံ ဝစနံ = ဤကဲ့သို့သောစကားကို။ တတ္ထ = ထိုနဂရကအမည်ရှိသော နိဂုံးရွာ၌။ မေ = ဘုရားတပည့်တော်သည်။ ဘဂဝတော = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်၏။ သမ္မုခါ = မျက်မှောက်တော်မှ။ သုတံ = ကြားနာခဲ့ရပါ၏။ သမ္မုခါ = မျက်မှောက်တော်မှ။ ပဋိဂ္ဂဟိတံ = ရိုသေစွာ သင်ယူမှတ်သားခဲ့ပါ၏။
မြတ်စွာဘုရား ... တစ်ချိန်တုန်းက မြတ်စွာဘုရားသည် သာကီဝင် မင်းသားတို့၏ နဂရကအမည်ရှိတဲ့ နိဂုံးရွာမှာ သီတင်းသုံး စံနေတော်မူခိုက် တပည့်တော်ကို မိန့်ကြားတော်မူခဲ့ဖူးတဲ့ စကားကလေးတစ်ခု ရှိပါတယ် မြတ်စွာဘုရား။ အာနန္ဒာ ... ငါဘုရားသည် ယခုအခါမှာ သုညတာဝိဟာရခေါ်တဲ့ သုညတနှင့် နေထိုင်ခြင်းဖြင့် ကြိမ်ဖန်များစွာ နေထိုင်ပါတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ဖူးပါတယ် မြတ်စွာဘုရား။
ကစ္စိ မေတံ ဘန္တေ သုဿုတံ သုဂ္ဂဟိတံ သုမနသိကတံ သူပဓာရိတံ။ (မ၊၃၊၁၄၇။)
ဘန္တေ = ဘုန်းတော်နေလ ထိန်ထိန်ပတော်မူပါပေသော မြတ်စွာဘုရား။ ဧတံ = ဤသို့ကြားနာခဲ့ရခြင်းသည်။ ကစ္စိ = အသို့ပါနည်း။ သုဿုတံ = ကောင်းစွာ ကြားနာအပ်သည်။ သုဂ္ဂဟိတံ = ကောင်းစွာ သင်ယူအပ်သည်။ သုမနသိကတံ = ကောင်းစွာ နှလုံးသွင်းအပ်သည်။ သူပဓာရိတံ = ကောင်းစွာ နှုတ်ဖြင့် ဆောင်ထားအပ်သည်။ ဟောတိ = ဖြစ်ပါသလား မြတ်စွာဘုရား။
ဘုရားရှင်ထံမှ တပည့်တော်ဟာ ဒီလို ကြားနာခဲ့ရခြင်းသည် ကောင်းစွာ ကြားနာခဲ့ခြင်း, ကောင်းစွာ သင်ယူခဲ့ခြင်း, ကောင်းစွာ နှလုံးသွင်းခဲ့ခြင်း, ကောင်းစွာ နှုတ်ငုံဆောင်ထားခဲ့ခြင်း ဖြစ်ပါသလား မြတ်စွာဘုရားဆိုပြီးတော့ မေးမြန်း လျှောက်ထားတယ်။ ဒီလို မေးမြန်း လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ဘယ်လို ပြန်ဖြေသလဲ?
တဂ္ဃ တေ ဧတံ အာနန္ဒ သုဿုတံ သုဂ္ဂဟိတံ သုမနသိကတံ သူပဓာရိတံ။ ပုဗ္ဗေပါဟံ အာနန္ဒ ဧတရဟိပိ သုညတာဝိဟာရေန ဗဟုလံ ဝိဟရာမိ။ (မ၊၃၊၁၄၇။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ တဂ္ဃ = တကယ် စင်စစ်အားဖြင့်။ တေ = သင် အာနန္ဒာသည်။ ဧတံ = ဤစကားကို။ သုဿုတံ = ကောင်းစွာ ကြားနာ အပ်ခဲ့ပါ၏။ သုဂ္ဂဟိတံ = ကောင်းစွာ သင်ယူအပ်ခဲ့ပါ၏။ သုမနသိကတံ = ကောင်းစွာ နှလုံးသွင်းအပ်ခဲ့ပါ၏။ သူပဓာရိတံ = ကောင်းစွာ ဆောင်ထား အပ်ခဲ့ပါ၏။ အာနန္ဒ = ညီဘွားအာနန္ဒာ။ အဟံ = ငါဘုရားသည်။ ပုဗ္ဗေပိ = ဟိုရှေးယခင်အခါတုန်းကလည်းကောင်း။ ဧတရဟိပိ = ယခုအခါ၌လည်း ကောင်း။ သုညတာဝိဟာရေန = သုညတသဘောအားဖြင့် နေထိုင်ခြင်းဖြင့်။ ဗဟုလံ = အကြိမ်များစွာ။ ဝိဟရာမိ = နေထိုင်ပါ၏။
ချစ်သားအာနန္ဒာ ... သင်သည် ဤစကားတော်ကို ကောင်းစွာ ကြားနာခဲ့ခြင်း, ကောင်းစွာ သင်ယူခဲ့ခြင်း, ကောင်းစွာ နှလုံးသွင်းခဲ့ခြင်း, ကောင်းစွာ ဆောင်ထားခဲ့ခြင်းပင် ဖြစ်ပါတယ်။ ငါဘုရားရှင်သည် ရှေးတုန်းကရော ယခုအခါမှာရော သုညတသဘောကို ဉာဏ်သက်ဝင်ပြီး နေထိုင်ခြင်းဖြင့် ကြိမ်ဖန်များစွာပဲ နေထိုင်ပါတယ်။
ဒီနေရာမှာ ဘုရားရှင်ဆိုလိုတဲ့သုညတနဲ့ အရှင်အာနန္ဒာ သိရှိတော်မူတဲ့ သုညတကတော့ သဘောချင်း ကွာဟချက် ရှိပါတယ်။ အရှင်အာနန္ဒာက နိဗ္ဗာန်ကို အာရုံယူပြီးတော့ သောတာပတ္တိဖလသမာပတ်ကို ဝင်စားလိုက်တဲ့ အခါ သောတာပတ္တိဖိုလ်စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်နေတဲ့ အချိန်အခါမှာ ထိုသောတာပတ္တိဖိုလ်စိတ်အစဉ်တို့က နိဗ္ဗာန်ကိုပဲ ဆက်တိုက် အာရုံပြုနေ ပါတယ်။ ဒီလို အာရုံပြုတဲ့အတွက် နိဗ္ဗာန်မှာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့မှ ဆိတ်သုဉ်းနေတဲ့ သုညသဘောလည်း ရှိနေပါတယ်။
သို့သော် အရှင်အာနန္ဒာမထေရ်မြတ်က သောတာပတ္တိမဂ်ဉာဏ်ဖြင့်သာ နိဗ္ဗာန်ကို အာရုံပြုနိုင်ပြီး ဘုရားရှင်ကဲ့သို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်တဲ့စွမ်းအား မရှိတဲ့အတွက် တစ်စိတ်တစ်ဒေသအားဖြင့်သာ သုညတသဘောကို သက်ဝင်နိုင်တဲ့ အနေအထားမှာ တည်ရှိပါတယ်။ ဘုရားရှင်ကို ပြန်ကြည့်လိုက်တဲ့အခါမှာ ဘုရားရှင်က အရဟတ္တဖိုလ် သမာပတ်ကို ဝင်စားပြီး အရဟတ္တဖိုလ်စိတ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနေခြင်း ဖြစ်တယ်။ ဒီအရဟတ္တဖိုလ်ဖြင့် အာရုံယူထားအပ်တဲ့ ဒီနိဗ္ဗာန်မှာလည်း ရုပ်နာမ်ဓမ္မသင်္ခါရ တရားတွေမှ အားလုံး ဆိတ်သုဉ်းနေတဲ့သဘာဝသာ ဖြစ်တယ်။ ဒီလို ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့မှ ဆိတ်သုဉ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း သုညတဝိဟာရ = သုညတသဘောကို သက်ဝင်ပြီး နေထိုင်ခြင်းလို့ ဒီလို ခေါ်ပါတယ်။
သို့သော် ဘုရားရှင်က ဒီနေရာမှာ သုညတနဲ့ ဆက်စပ်နေတဲ့ တရား စကားတွေကို ဖလသမာပတ်အဆင့်လောက်တွင်သာမက ပြည့်ပြည့်စုံစုံ ဟောကြားပေးချင်တဲ့ ဆန္ဒဓာတ် ရှိနေပါတယ်။ အရှင်အာနန္ဒာမထေရ်မြတ် ဘက်က လှမ်းပြီး ကြည့်လိုက်လျှင်လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် အာရုံပြုထားအပ်တဲ့ နိဗ္ဗာန်တရားတော်မှာ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေမှ ဆိတ်သုဉ်းနေတဲ့ သုညသဘောရှိတာ မှန်သော်လည်း နိဗ္ဗာန်မှာ တည်ရှိနေတဲ့ သုညတဓာတ်သဘာဝကို သူက အာရုံမပြုဘဲ သင်္ခါရတရားတွေမှာ တည်ရှိ နေတဲ့ သုညတသဘာဝတွေကိုသာ သူ့ဉာဏ်ထဲ အာရုံပြုလိုက်လို့ ထင်လာတဲ့ အတွက်ကြောင့် ဒီသင်္ခါရတရားတွေနဲ့ ဆက်စပ်နေတဲ့ သုညတသဘာဝတွေကို ကုန်စင်အောင် သူက နာကြားချင်တဲ့ စိတ်ဆန္ဒဓာတ်တွေ ဖြစ်ပေါ်နေတယ်။
တရားတော်ကို နာကြားလိုတဲ့ပုဂ္ဂိုလ်ဆိုတာ သိပြီးသူကဲ့သို့ မေးခွန်း တစ်ခုကို မေးဖို့ရန် မသင့်ဘူးဆိုတာကိုလည်း သူက သဘောပေါက်နေပါတယ်။ အကျယ်တဝင့် ချဲ့ထွင်ကာ ဟောကြားတော်မူမည့် သုညတကထာ တရားစကားတော်ကို နာကြားလိုတဲ့အတွက် မသိသူတစ်ယောက်ကဲ့သို့ သူက ဒီလို မေးမြန်း လျှောက်ထားခြင်း ဖြစ်တယ်။ အချို့အချို့သောသူက မိမိ ကိုယ်တိုင်က မသိပါဘဲလျက် သိသကဲ့သို့ ပြုလုပ်ကာ ပြောဆိုတတ်ပါတယ်။ အရှင်အာနန္ဒာမထေရ်မြတ်ကတော့ ဒီလို ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။ မသိဘဲနှင့် သိသယောင် ဟန်ဆောင်တဲ့အလုပ်မျိုးကိုလည်း ဘယ်တော့မှ မပြုလုပ်တတ် ပါဘူး။ မိမိ သိထားပြီးတဲ့ နေရာဌာနမှာသော်လည်း ဘုရားရှင်ကို အရိုအသေ ပြုမှု လေးစားမှုကို ဖော်ပြကာ အထက်က ဖော်ပြခဲ့တဲ့ မေးခွန်းကို မေးမြန်း လျှောက်ထားခဲ့ခြင်း ဖြစ်ပါတယ်။ (မ၊ဋ္ဌ၊၄၊၁၀၇။)
ဒီအလို အဇ္ဈာသယဓာတ်ခံကို ဘုရားရှင်ကလည်း သိတော်မူတဲ့အတွက် သုညတပဋိသံယုတ္တကထာလို့ ခေါ်ဆိုအပ်တဲ့ သုညတသဘာဝတွေနဲ့ ဆက်စပ်နေတဲ့ တရားစကားတွေကို ဆက်လက်ပြီး ဟောကြားပေးတော်မူပါတယ်။ ဘယ်လို ဟောကြားပေးတော်မူသလဲ?
ပုဗ္ဗာရုံကျောင်း၏ သုညတသဘာဝ
သေယျထာပိ အာနန္ဒ အယံ မိဂါရမာတုပါသာဒေါ သုညော ဟတ္ထိဂဝဿဝဠဝေန၊ သုညော ဇာတရူပရဇတေန၊ သုညော ဣတ္ထိပုရိသသန္နိပါတေန အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ - ဘိက္ခုသံဃံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၇။)
သေယျထာပိ အာနန္ဒ = ဤဥပမာအတူသာလျှင် အာနန္ဒာ။ အယံ မိဂါရမာတုပါသာဒေါ = ဤမိဂါရ သူဌေး၏ မိခင်သဖွယ်ဖြစ်သော ဝိသာခါကျောင်းအမသည် ဆောက်လုပ် လှူဒါန်းအပ်သော ပြာသာဒ်ကျောင်းသည်။ သုညော = ကင်းဆိတ်လျက်ရှိ၏။ ဟတ္ထိဂဝဿဝဠဝေန = ဆင်နွား မြင်းမြည်းတို့ဖြင့်။ သုညော = ကင်းဆိတ်လျက်ရှိ၏။ ဇာတရူပရဇတေန = ရွှေငွေဖြင့်။ သုညော = ကင်းဆိတ်လျက်ရှိ၏။ ဣတ္ထိပုရိသသန္နိပါတေန = အမျိုးသမီး အမျိုးသားတို့ရဲ့ စုဝေးနေထိုင်ခြင်းဖြင့်။ သုညော = ကင်းဆိတ် လျက်ရှိ၏။ အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ - ဘိက္ခုသံဃံ ပဋိစ္စ ဧကတ္တံ = အကြင် ရဟန်းသံဃာကို အစွဲပြု၍ တစ်ခုတည်းသော မဆိတ်သုဉ်းမှု ရှိ၏။
ချစ်သားအာနန္ဒာ...ဒီမိဂါရမာတုပါသာဒခေါ်တဲ့ ပုဗ္ဗာရုံကျောင်းကြီးကို လှမ်းကြည့်မယ်ဆိုလျှင် ဆင်တွေမှလည်း ကင်းဆိတ်နေတယ်၊ မြင်းတွေမှလည်း ကင်းဆိတ်နေတယ်၊ နွားတွေမှလည်း ကင်းဆိတ်နေတယ်၊ မြည်းတွေမှ လည်း ကင်းဆိတ်နေတယ်၊ တိရစ္ဆာန်အမျိုးမျိုးမှလည်း ကင်းဆိတ်နေတယ်။ ဒီကျောင်းထဲမှာ ဆင်တွေ မရှိသလို, နွားတွေ မြည်းတွေ မြင်းတွေ မရှိသလို ဒီအတိုင်းပဲ ပုဗ္ဗာရုံကျောင်းတိုက်ကြီး အတွင်းမှာလည်း ဆင်တွေ နွားတွေ မြင်းတွေ မြည်းတွေဆိုတဲ့ ဒီသတ္တဝါတွေမှ ကင်းဆိတ်နေတယ်။ ဒါလည်း သုညသဘောတစ်ခုပဲ။
သို့သော် အဋ္ဌကထာကတော့ ဒီနေရာမှာ ရှင်းလင်း တင်ပြထားပါတယ်။ ကတ်သီးကတ်သတ်မေးမယ့် ပုဂ္ဂိုလ်တွေအတွက်သာ ဖြစ်ပါတယ်။ ဒီပုဗ္ဗာရုံ ကျောင်းတိုက်အတွင်းမှာ ပန်းချီကားချပ်တွေတော့ ရှိပါတယ်။ အဲဒီ ပန်းချီ ကားချပ်တွေထဲမှာ ဆင်ရုပ် မြင်းရုပ် အစရှိတဲ့ ဒီလို တိရစ္ဆာန်အရုပ်တွေတော့ ရှိတယ်။ အဲဒါတွေ ဆိတ်သုဉ်းမှုကိုတော့ မဆိုလိုပါဘူး။ ဒီနေရာမှာ ဆိုလို တာက အသက်တကယ်ထင်ရှားရှိနေတဲ့ ဆင်တွေ နွားတွေ မြင်းတွေ မြည်းတွေ ဒီလို သတ္တဝါတွေရဲ့ ဆိတ်သုဉ်းမှုကိုသာ အထူးသဖြင့် ရည်ညွှန်း ထားပါတယ်။ နောက်တစ်ခု ---
သုညော ဇာတရူပရဇတေန။ (မ၊၃၊၁၄၇။)
ဇာတရူပရဇတေန = ရွှေငွေမှ။ သုညော = ဆိတ်သုဉ်းလျက်ရှိ၏။
ရွှေတွေငွေတွေလည်း ဒီပုဗ္ဗာရုံကျောင်းကြီးအတွင်းမှာ မရှိပါဘူး။ မရှိတဲ့ အတွက် ရွှေငွေတွေမှလည်း ဆိတ်သုဉ်းနေတယ်။ ဒီနေရာမှာလည်း ကတ်သီး ကတ်သတ်မေးမယ့် ပုဂ္ဂိုလ်တွေအတွက် အဋ္ဌကထာကတော့ ခြွင်းချက်ကလေး ရေးထားပါတယ်။ တချို့တချို့ တိုင်တွေ တချို့တချို့ နေရာတွေမှာ ရွှေတွေ ချထားတာ ရှိပါတယ်။ ဒီလို ရွှေချမှုနှင့် ပတ်သက်လို့ ဆိတ်သုဉ်းတယ်လို့ မဆိုလိုပါဘူး။ အလားတူပဲ ကျောင်းက ဟောင်းနွမ်းသွားတဲ့အခါ ပြင်ဆင်ဖို့ရန် လှူဒါန်းထားတဲ့ ရွှေငွေတွေမှ ဆိတ်သုဉ်းမှုကိုလည်း မဆိုလိုပါဘူး။ ဆိုလိုတာ ကတော့ လူတို့ အသုံးချနေတဲ့ ရွှေဒင်္ဂါး ငွေဒင်္ဂါး အစရှိတဲ့ ဒီရွှေငွေတွေမှ ဆိတ်သုဉ်းမှုသဘောကိုသာ ဘုရားရှင်က အထူး ရည်ညွှန်းထားပါတယ်။ နောက်တစ်ခု --
သုညော ဣတ္ထိပုရိသသန္နိပါတေန။ (မ၊၃၊၁၄၇။)
ဣတ္ထိပုရိသသန္နိပါတေန = အမျိုးသမီး အမျိုးသားတို့၏ စုဝေးနေထိုင် ခြင်းမှ။ သုညော = ဆိတ်သုဉ်းလျက်ရှိ၏။
ဒီပုဗ္ဗာရုံကျောင်းကြီးအတွင်းမှာ တရားလာနာနေတဲ့ အမျိုးသား အမျိုးသမီးတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အမျိုးသား အမျိုးသမီးတွေ စုဝေးနေထိုင်ခြင်းမှ ဆိတ်သုဉ်းနေတယ်ဆိုတာက အမြဲတမ်း အနေအားဖြင့် ကိုယ့်အိမ်ကဲ့သို့ နေထိုင်နေတဲ့သဘာဝမှ ဆိတ်သုဉ်းမှုကို ဘုရားရှင်က ဆိုလို တယ်ဆိုပြီး ရှင်းထားပါတယ်။ (မ၊ဋ္ဌ၊၄၊၁၀၇-၁၀၈။) နောက်တစ်ခု ဘာကျန် နေသလဲ?
အတ္ထိ စေဝိဒံ အသုညတံ၊ ယဒိဒံ ဘိက္ခုသံဃံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၇။)
ဘိက္ခုသံဃံ = ရဟန်းသံဃာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ အသုညတံ = အကြင် တစ်ခုတည်းသော မဆိတ်သုဉ်းမှုသည်။ အတ္ထိ = ရှိ၏။ ဣဒံ အသုညတံ ဧဝ = ဤတစ်ခုတည်းသော မဆိတ်သုဉ်းမှုသာလျှင်။ အတ္ထိ = ထင်ရှားရှိ၍ နေပေ၏။
ဘာကျန်နေသလဲလို့ မေးလျှင်တော့ ရဟန်းသံဃာတွေကို အစွဲပြုပြီး တော့ မဆိတ်သုဉ်းတဲ့ အသုညသဘာဝတစ်ခုတော့ ရှိနေသေးတယ်။ ဒီ ကျောင်းတိုက်ကို ကြည့်လိုက်လျှင် တိရစ္ဆာန်အမျိုးမျိုးမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘောလည်း ထင်ရှားရှိတယ်။ ရွှေငွေမှ ဆိတ်သုဉ်းနေတဲ့ သုညတ သဘောတွေလည်း ထင်ရှားရှိတယ်။ အမြဲနေထိုင်နေတဲ့ အမျိုးသား အမျိုးသမီးတို့မှ ဆိတ်သုဉ်းနေတဲ့ သုညတသဘောလည်း ထင်ရှားရှိတယ်။ဒါပေမယ့် ရဟန်းသံဃာတွေက အမြဲတမ်း နေထိုင်နေတဲ့အတွက် ရဟန်းသံဃာကို အစွဲ ပြုပြီးတော့ တစ်ခုတည်းသော မဆိတ်သုဉ်းမှုက ထင်ရှားရှိနေတယ်။
အရညသညာ
ဧဝမေဝ ခေါ အာနန္ဒ ဘိက္ခု အမနသိကရိတွာ ဂါမသညံ၊ အမနသိကရိတွာ မနုဿသညံ၊ အရညသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၇။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမေဝ ခေါ = ဤဥပမာအတူသာလျှင်။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ ဂါမသညံ = ရွာဟူသောအမှတ် သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ မနုဿသညံ = လူဟူသော အမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အရညသညံ = တောဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်း သော တောဟူသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း၍ နေပေ၏။
ရွာဟူသောအမှတ်သညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ လူဟူသော အမှတ်သညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ တောဟူသောအမှတ်သညာ တစ်ခုတည်းကိုသာလျှင် နှလုံးသွင်းပြီး နေထိုင်တော့တယ်။ ဘာပြောလိုတာလဲ? ရဟန်းတော်တစ်ပါးဟာ တရားဘာဝနာတွေကို လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူမယ်ဆိုလျှင် ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ နည်းစနစ်က တောထဲ တောင်ထဲ သွားပြီးတော့ တစ်ပါးထီးတည်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းကိုပဲ ဘုရားရှင်က ပိုပြီး နှစ်ခြိုက် တော်မူပါတယ်။
အဲဒီလို နှစ်ခြိုက်တော်မူတဲ့ ထုံးရှိတဲ့အတွက်ကြောင့် ဒီနေရာမှာလည်း ရဟန်းတော်က တောထဲကို သွားပြီ၊ တောအတွင်းမှာ တစ်ပါးထီးတည်း သီတင်းသုံးလိုက်တဲ့ အချိန်အခါမှာ မိမိရဲ့ ရွာကို, မိမိရဲ့ အိုးအိမ်ကို လွမ်းဆွတ်တသ သတိရတဲ့အနေဖြင့် ရွာဟူသောအမှတ်သညာကို စိတ်ထဲက နည်းနည်းကလေးမှ နှလုံးမသွင်းမိအောင် သူက ကြိုးစားတယ်။ လူဟူသော အမှတ်သညာတွေကိုလည်း နှလုံးမသွင်းမိဖို့ရန်အတွက် ကြိုးစားတယ်။ တရား အားထုတ်တဲ့ပုဂ္ဂိုလ်မှာ အမှန်တကယ် နိဗ္ဗာန်ကို စေလွှတ်ထားတဲ့စိတ်ဓာတ် အပြည့်အဝ ရှိနေမယ်ဆိုလျှင် မိမိရဲ့ ရပ်ရွာကို ခဏခဏ သတိရနေမယ်၊ မိမိရဲ့ အိမ်သူအိမ်သားဆိုတဲ့ လူသားတွေကို ခဏခဏ သတိရနေမယ်ဆိုလျှင် ဘယ့်နှယ်တုံး ဒါယကာကြီးတွေ တရားတိုးတက်မှု ရှိနိုင်ပါမလား? မရှိနိုင် ဘူး။
တရားဘာဝနာကို တကယ်လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော့မည့်ပုဂ္ဂိုလ်က မိမိရွာကို နည်းနည်းကလေးမှ သတိမရဖို့ နှလုံး မသွင်းမိဖို့ လိုအပ်ပါတယ်။ မိမိရဲ့ အိမ်သူအိမ်သား အစရှိတဲ့ လူသားတွေကို လည်း နည်းနည်းကလေးမှ သတိမရဖို့ နှလုံးမသွင်းမိဖို့ လိုအပ်ပါတယ်။ လူဟူ သောအမှတ်သညာမှ မိမိရဲ့ စိတ်အစဉ်မှာ ဆိတ်သုဉ်းပြီးတော့ ကင်းရှင်းနေရ မယ်၊ ရွာဟူသောအမှတ်သညာမှလည်း မိမိရဲ့ စိတ်အစဉ်မှာ ကင်းရှင်းပြီး နေရမယ်။ အဲဒီလို အမှတ်သညာကလေးတွေ ကင်းရှင်းပြီးတော့ ဘာကိုသာ နှလုံးသွင်းရမလဲ?
အရညသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၇။)
အရညသညံ = တောဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသော တောဟူသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်းလျက်နေပေ၏။
တောဟူသောအမှတ်သညာ တစ်ခုတည်းကိုပဲ နှလုံးသွင်းပြီးတော့ နေထိုင်တယ်။ ဘယ်လို နှလုံးသွင်းရမလဲ?
ဣဒံ အရညံ အယံ ရုက္ခော အယံ ပဗ္ဗတော အယံ နီလောဘာသော ဝနသဏ္ဍောတိ ဧဝံ ဧကံ အရညံယေဝ ပဋိစ္စ အရညသညံ မနသိ ကရောတိ။ (မ၊ဋ္ဌ၊၄၊၁၀၈။)
ဒါက တောပဲ, ဒါကတော့ သစ်ပင်ပဲ, ဒါကတော့ တောင်ပဲ, ဒါကတော့ အညိုရောင်တွေဖြင့် မှိုင်းနေတဲ့ တောအုပ်ကြီးပဲလို့ ဒီလိုပဲ နှလုံးသွင်းပြီးတော့ နေထိုင်တယ်။ တောဆိုတဲ့အမှတ်သညာ သူ့သန္တာန်မှာ ရှိနေတယ်။ ရွာဟူသောအမှတ်သညာ လူဆိုတဲ့အမှတ်သညာတွေ သူ့သန္တာန်မှာ ကင်း ပျောက်သွားမယ်၊ ကင်းပျောက်သွားတဲ့ အချိန်အခါမှာ ဒီနှလုံးသွင်းခြင်းကို ဘုရားရှင်က ဘယ်လို ဆက်ပြီး ဟောတော်မူသလဲ?
တဿ အရညသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၇။)
တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ အရညသညာယ = တောဟူသောအမှတ်သညာ၌။ ပက္ခန္ဒတိ = ပြေးဝင်၍နေပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေပေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
တောဆိုတဲ့အမှတ်သညာမှာပဲ စိတ်က ပြေးဝင်သွားတယ်။ တောဆိုတဲ့ အမှတ်သညာမှာပဲ စိတ်တွေက ကောင်းစွာ ကြည်လင်နေတယ်။ တောဆိုတဲ့ ဒီအမှတ်သညာမှာပဲ စိတ်က ကောင်းစွာ တည်နေတယ်။ ဒါဟာ တောပဲလို့ ဆုံးဖြတ်ကာ တောဆိုတဲ့ ဒီအမှတ်သညာထဲမှာပဲ လွတ်လွတ်ကျွတ်ကျွတ်ကြီး စိတ်တွေက ပြေးဝင်နေတယ်။
တရားအားထုတ်ပြီဆိုလျှင် ဒီလို စိတ်ထားကလေးတွေ ရှိဖို့ မလိုဘူးလား? လိုအပ်တယ်။ တပည့်တော်က ခဏကလေး ကိစ္စရှိလို့ ပြန်သွားလိုက် ဦးမယ်ဘုရားဆိုတဲ့ ဒီလို ပုံစံမျိုးနဲ့ဆိုလျှင် တရားက ရနိုင်ပါ့မလား? မရနိုင် ဘူး။ ဒီတောဆိုတဲ့အမှတ်သညာထဲမှာ စိတ်ဓာတ်တွေက ညွှတ်ပြီးနေတယ်။ ဒါပေမယ့် ဒီလောက်နဲ့ ကိစ္စပြီးနိုင်သလားဆိုတော့ မဟုတ်သေးဘူး။
ရွာဟူသောအမှတ်သညာမှ ဆိတ်သုဉ်းမှုသဘော
သော ဧဝံ ပဇာနာတိ ယေ အဿု ဒရထာ ဂါမသညံ ပဋိစ္စ တေဓ န သန္တိ။ (မ၊၃၊၁၄၇။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဂါမသညံ = ရွာဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားရှိ၍ နေကုန်လေရာ၏။ ဣဓ = ဤတောဟူသောအမှတ်သညာ၌။ တေ ဒရထာ = ထိုပူပန်မှုတို့သည်။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
သူရဲ့ စိတ်အစဉ်ကို သူက ကျကျနန သိနေတယ်။ ဘယ်လို သိနေသလဲ? မိမိရဲ့ရပ်ရွာ အရေးအခင်းတွေနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ကြောင့်ကြမှုမျိုး တို့သည် တောဆိုတဲ့အမှတ်သညာ တစ်ခုတည်းမှာ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားလိုက်တဲ့အခါမှာ ဒီပူပန်မှုတွေ ရှိနိုင်မလား? မရှိနိုင်တော့ဘူး။
လူဟူသော အမှတ်သညာမှ ဆိတ်သုဉ်းမှုသဘော
ယေ အဿု ဒရထာ မနုဿသညံ ပဋိစ္စ တေဓ န သန္တိ။ (မ၊၃၊၁၄၇။)
မနုဿသညံ = လူဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားရှိ၍ နေလေကုန်ရာ၏။ ဣဓ = ဤတောဟူသောအမှတ်သညာ၌။ တေ ဒရထာ = ထိုပူပန်မှုတို့သည်။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
မိမိရဲ့ အိမ်သူအိမ်သား လူအများလို့ ခေါ်ဆိုအပ်တဲ့ သားအတွက်ပူပန်မှု, သမီးအတွက် ပူပန်မှု, အဘိုးကြီးအတွက် ပူပန်မှု, အဘွားကြီးအတွက် ပူပန်မှု အစရှိတဲ့ ဒီပူပန်မှုတွေလည်း တောဆိုတဲ့အမှတ်သညာထဲမှာ ရှိနိုင်မလား? မရှိနိုင်တော့ဘူး။ တောဆိုတဲ့အမှတ်သညာထဲမှာ စိတ်ဓာတ်တွေက နစ်မြုပ်ပြီး သက်ဝင်နေပြီဆိုလျှင် ထိုနစ်မြုပ်ပြီး သက်ဝင်နေတဲ့ အချိန်အခါမျိုးမှာ မိမိရဲ့ အိမ်သူအိမ်သားတွေ, နီးစပ်ရာ လူသားတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်ရမယ့် ပူပန်မှုတွေ ထင်ရှားရှိနိုင်မလား? မရှိနိုင်တော့ဘူး။ ပူပန်မှုတွေ ငြိမ်းအေးနေတယ်။ ပူပန်မှုတွေ ဖြစ်ရခြင်းက ဘာကြောင့်လဲ?
ရွာအတွက် ပူပန်ရခြင်းသည် ရွာဆိုတဲ့အမှတ်သညာ ထင်ရှားရှိနေလို့ ရွာကို သတိရနေလို့ ပူပန်ရခြင်း ဖြစ်တယ်။ လူသားတွေအတွက် အိမ်သူ အိမ်သားတွေအတွက် ပူပန်ရခြင်းသည် အိမ်သူအိမ်သားတွေဆိုတဲ့ အမှတ် သညာတွေ ထင်ရှားရှိနေလို့ ပူပန်ရခြင်း ဖြစ်တယ်။ အိမ်ကိုလည်း သတိမရဘူး, ရွာကိုလည်း သတိမရဘူးဆိုလျှင် ရွာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့်ပူပန်မှု, အိမ်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့်ပူပန်မှုတွေ ရှိနိုင် မလား? မရှိနိုင်တော့ဘူး။ ဒါယကာကြီး ဒါယိကာမကြီးတွေ တရားအားထုတ်တဲ့အခါမှာ မိမိအိမ်ကို မိမိရပ်ရွာကို မေ့နိုင်သလောက် မေ့ထားဖို့တော့ မလိုဘူး လား? လိုအပ်နေတယ်။
ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် မေ့ထားရမလဲ? တောဆိုတဲ့ အမှတ်သညာထဲမှာ မိမိရဲ့ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် လွတ်လွတ် သက်ဝင်နေအောင် ကြိုးစားရမယ်။ ဒါကတော့ ပထမအဆင့် အနေနဲ့ အခြေခံအဖြစ် မြတ်စွာဘုရားက ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒါယကာကြီးတွေ တရားအားထုတ်နေတဲ့နေရာက တောမဟုတ်ဘဲ ကျောင်းဖြစ်နေတော့ ကျောင်းဆိုတဲ့အမှတ်သညာထဲမှာ မိမိရဲ့ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားဖို့တော့ မလိုဘူးလား? လိုအပ်နေ တယ်။ ဒီလောက်နဲ့တော့ ကိစ္စပြီးတယ်လို့ မဆိုလိုပါဘူး။
ရှေးတုန်းက မထေရ်ကြီးတွေ တရားဆွေးနွေးကြတဲ့ အချိန်အခါမှာ ဝါတွင်းသုံးလကာလပတ်လုံး အရှင်ဘုရားရဲ့ စိတ်အစဉ်ကို ဘယ်မှာ ထားပါသလဲလို့ တစ်ပါးက မေးလိုက်တော့ တစ်ပါးက တပည့်တော်ရဲ့ စိတ်အစဉ် တွေကို ဒီကျောင်းဝန်းရဲ့ အပြင်ဘက်ကို မထွက်အောင် အမြဲတမ်း ဟန့်တား ထားပါတယ်။ ကျောင်းဝန်းရဲ့ အပြင်ဘက်ကို စိတ်ဓာတ် ထွက်ခွာခွင့် ဘယ်တော့မှ မပေးဘူးဆိုပြီးတော့ တစ်ပါးက ပြန်ပြီး လျှောက်ထားပါတယ်။
ဒီလို လျှောက်ထားပြီးတဲ့ အချိန်အခါမှာ မေးတဲ့ဆရာတော်ကို ဖြေတဲ့ ဆရာတော်က တစ်ဖန်ပြန်ပြီးတော့လည်း မေးပြန်ပါတယ်။ အရှင်ဘုရားကတော့ စိတ်ကို ဘယ်မှာ ထားပါသလဲ? ဒီလို တစ်ဖန်ပြန်မေးတဲ့အခါ တပည့်တော်ကတော့ တပည့်တော်ရဲ့ ခန္ဓာအိမ်ထဲက လွဲပြီး စိတ်ကို အပြင်ဘက်ထွက်ခွင့် ဘယ်တော့မှ မပေးပါဘူးလို့ ဒီလို ပြန်ပြီး ဖြေတော်မူပါတယ်။
တရားအားထုတ်ပြီဆိုလျှင် ဒီလို စိတ်ထားကလေးတွေရှိဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဟိုသတိရလိုက်, ဒီသတိရလိုက်, ဟိုလူ သတိရလိုက်, ဒီလူ သတိရလိုက်ဆိုလျှင်တော့ မိမိရဲ့ တရားဘာဝနာမှာ အနှောင့်အယှက်တွေ များစွာ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဒါကြောင့် မိမိရဲ့ ဘာဝနာစိတ်အစဉ် မှာ ရွာဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့သုညသဘော ထင်ရှား ရှိရမယ်။ အိမ်သူအိမ်သား လူအများလို့ မှတ်သားနေတဲ့ အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညသဘောလည်း ထင်ရှားရှိရမယ်။ ဒီသုညသဘော နှစ်ခု လိုအပ်နေပါတယ်။
ဒီသုညသဘောတွေ ထင်ရှား ရှိဖို့ရန်အတွက် ဒီသုတ္တန်မှာတော့ ဘုရားရှင်က တောဆိုတဲ့အမှတ်သညာကလေးကို နှလုံးသွင်းဖို့ ဟောထားပါတယ်။ ဒီရွာဆိုတဲ့အမှတ်သညာကို အစွဲပြုပြီးတော့ ပူပန်မှု, လူဆိုတဲ့အမှတ်သညာကို အစွဲပြုပြီးတော့ ပူပန်မှုတွေဟာ ဒီတောဆိုတဲ့ အမှတ်သညာထဲမှာ စိတ်ဓာတ် တွေက သက်ဝင် နစ်မြုပ်နေတဲ့ အချိန်အခါမှာ ထင်ရှားရှိနိုင်မလား? မရှိနိုင် တော့ဘူး။ ဒါပေမယ့် ဘယ်သဘောသာ ရှိနေသလဲ?
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- အရညသညံ ပဋိစ္စ ဧကတ္တန္တိ။ (မ၊၃၊၁၄၇။)
အရညသညံ = တောဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသော ကိလေသာမဖက် ကိုယ်-စိတ် ပူပန်ခြင်းသက်သက်မျှသည်။ အဿ = ဖြစ်ရာ၏။ အယမေဝ ဒရထမတ္တာ = ဤတစ်ခုတည်းသော ကိလေသာမဖက် ကိုယ်,စိတ် ပူပန်ခြင်းသဘောတရားမျှသည်သာလျှင်။ အတ္ထိ စေဝါတိ = ရှိသည်သာတည်းဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဘယ်သဘောသာ ကျန်နေသလဲ? ရွာဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ ပူပန်မှုလည်း သူ့သန္တာန်မှာ မရှိတော့ဘူး။ အိမ်သူအိမ်သား လူအများ အစရှိတဲ့ လူသားဟူသောအမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ် လာတဲ့ ပူပန်မှုတွေလည်း သူ့သန္တာန်မှာ မရှိတော့ဘူး။ ဒါပေမယ့် တောဟူသော အမှတ်သညာကို အစွဲပြုပြီးတော့ ဖြစ်ပေါ်လာရတဲ့ တစ်ခုတည်းသော ပူပန်မှုကလေးပဲ သူ့သန္တာန်မှာ ရှိနေတယ်။ ဒီတစ်ခုတည်းသော ပူပန်မှုကလေး ရှိနေတဲ့အတွက်ကြောင့် ဘာလုပ်သလဲ?
သော သုညမိဒံ သညာဂတံ ဂါမသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ မနုဿသညာယာတိ ပဇာနာတိ။ (မ၊၃၊၁၄၇။)
သော = ထိုရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤတောဟူသော အမှတ်သညာသည်ကား။ ဂါမသညာယ = ရွာဟူသောအမှတ်သညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤတောဟူသောအမှတ်သညာသည်ကား။ မနုဿသညာယ = လူဟူသောအမှတ်သညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
တောဆိုတဲ့အမှတ်သညာထဲမှာ စိတ်ဓာတ်ကလေး နစ်မြုပ် သက်ဝင် နေတဲ့ အချိန်အခါမှာ ဒီတောဆိုတဲ့အမှတ်သညာသည် ရွာဆိုတဲ့အမှတ် သညာမှလည်း ဆိတ်သုဉ်းနေတယ်။ လူဟူသောအမှတ်သညာမှလည်း ဆိတ် သုဉ်းနေတယ်လို့ ဒီလို သူက ကွဲကွဲပြားပြား သိသွားတယ်။ နောက်တစ်ခု ဘယ်လို သိနေသေးသလဲ?
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ -- အရညသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၇။)
အရညသညံ = တောဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသော တောဟူသောအမှတ်သညာသည်။ အတ္ထိ = ရှိ၏။ ဣဒမေဝ အသုညတံ = ဤတစ်ခုတည်းသော တော ဟူသော မဆိတ်သုဉ်းသော အမှတ်သညာသည်သာလျှင်။ အတ္ထိ = အထင် အရှား ရှိ၍နေပေ၏။
တောဆိုတဲ့အမှတ်သညာကလေးကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ တစ်ခုတည်းသော အမှတ်သညာသာလျှင် ထင်ရှားရှိနေတယ်လို့ သိသွားတယ်။ ဒီလို သိလိုက်တဲ့အတွက် ဘာဖြစ်လာသလဲ?
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၄၇။)
ဣတိ = ဤသို့လျှင်။ တတ္ထ = ထိုတောဟူသောအမှတ်သညာ၌။ ယံ = အကြင် ပူပန်မှုသည်။ ယေန = အကြင် အကြောင်းတရားကြောင့်။ န ဟောတိ = ထင်ရှားမဖြစ်ပေ။ တံ = ထိုပူပန်မှုသည်။ တေန = ထိုအကြောင်းတရား ကြောင့်။ သုညံ = ကင်းဆိတ် ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ သမနုပဿတိ = ကောင်းစွာ အဖန်ဖန် အထပ်ထပ် ရှုပွား၍နေပေ၏။ တတ္ထ = ထိုတောဟူသောအမှတ်သညာ၌။ ယံ ပန = အကြင် ပူပန်မှုသည်ကား။ အဝသိဋ္ဌံ = ကြွင်းကျန်လျက်ရှိသေးသည်။ ဟောတိ = ဖြစ်၏။ သန္တံ = ထင်ရှား ရှိသော။ တံ = ပူပန်မှုကို။ ဣဒံ = ဤပူပန်မှုသည်။ အတ္ထီတိ = ထင်ရှားရှိ၏ ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
တောဆိုတဲ့အမှတ်သညာတစ်ခုကို သူက ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီတောဆိုတဲ့အမှတ်သညာထဲမှာ ရွာဟူသောအမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှု, လူသားဟူသောအမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်တဲ့ ပူပန်မှုတွေက မရှိတော့ဘူး။ ဘာဖြစ်လို့လဲ? နှလုံးမသွင်းတော့လို့ မရှိတော့ဘူး။ နှလုံးမသွင်းခြင်းဟူသော အကြောင်းကြောင့် ဒီလို ပူပန်မှုတွေ ကတော့ မရှိဘူး။ ဒီတောဆိုတဲ့အမှတ်သညာမှာ ပူပန်မှုတွေဟာ ဆိတ်သုဉ်း နေတယ်လို့ သူက ကောင်းစွာ ရှုလို့ မြင်သွားတယ်။ ဒါပေမယ့် ဘယ်ပူပန်မှု ကလေးတစ်ခုက ကြွင်းကျန်နေသေးလဲ?
တောဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ကိလေသာမဖက် သက်သက်သော ကိုယ်-စိတ်ပူပန်မှုကလေးတစ်ခုကတော့ ထင်ရှားရှိနေတယ် လို့ သူက ကွဲကွဲပြားပြား သိနေတယ်။ ဆိုလိုရင်းကတော့ မရှိတာကိုလည်း မရှိဘူးလို့ ထင်ထင်ရှားရှား သိဖို့လိုတယ်။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က ထင်ရှားရှိနေတာကိုလည်း ရှိတယ်လို့တော့ ကွဲကွဲပြားပြား သိဖို့ မလိုဘူးလား? လိုအပ်တယ်။ ဒါမှသာလျှင် သူက ပယ်နိုင်မယ်။ ရှိနေပါလျက်နဲ့ မရှိဘူးလို့ ယူဆခဲ့မယ်ဆိုလျှင်, မရှိဘဲနဲ့ ရှိတယ်လို့ ယူဆခဲ့မယ်ဆိုလျှင် ပယ်ရှားဖို့ရန် အတွက် မခက်ခဲဘူးလား? ခက်ခဲနေမယ်။ ဒါကြောင့် --
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၄၇။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်အား။ ယထာဘုစ္စာ = ဟုတ်မှန်တိုင်းသော။ အဝိပလ္လတ္ထာ = မဖောက် မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ သုညတာဝက္ကန္တိ = ရွာဟူ သောအမှတ်သညာ, လူဟူသောအမှတ်သညာ နှစ်မျိုးတို့၏ အစွမ်းအားဖြင့် ဖြစ်ပေါ်လာသော ပူပန်ခြင်း နှစ်မျိုးမှ ဆိတ်သုဉ်းသည်၏အဖြစ်ဟူသော ဤသုညတသို့ ပြေးသွား သက်ဝင်ခြင်းသည်။ ဘဝတိ = ထင်ရှားဖြစ်ပေါ်၍ လာပေ၏။
တောဆိုတဲ့အမှတ်သညာကို နှလုံးသွင်းနိုင်တဲ့အတွက် ဒီရဟန်းတော်ရဲ့ သန္တာန်မှာ ဟုတ်တိုင်းမှန်စွာ မဖောက်မပြန် မှန်နေတဲ့ စင်ကြယ်တဲ့ သုညတ သဘောတစ်ခု ထင်ရှား ဖြစ်ပေါ်လာတယ်။ ဘယ်သုညတသဘောလဲ? ရွာ ဟူသောအမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘော, လူသားဟူသော အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘောတစ်ခု သူ့သန္တာန်မှာ ထင်ရှားဖြစ်ပေါ်လာတယ်။ ရွာဟူသောအမှတ်သညာ, လူဟူသောအမှတ် သညာမှ ဆိတ်သုဉ်းနေတဲ့အတွက် ရွာဟူသောအမှတ်သညာ, လူဟူသော အမှတ်သညာတို့နှင့် ဆက်စပ်နေတဲ့ ပူပန်မှုတွေမှလည်း ဆိတ်သုဉ်းနေပါ တယ်။ တောဆိုတဲ့အမှတ်သညာကတော့ မဆိတ်သုဉ်းသေးဘူး။ ထင်ရှား ရှိနေသေးတယ်။
ဒီသုညတသဘောလောက်နဲ့တင် ရပ်နေမယ်ဆိုလျှင် ထိုပုဂ္ဂိုလ်အတွက် သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်တဲ့ အကျိုးတရားတွေ ပြီးဆုံးပြီလားလို့ ဒီလိုတော့ မေးစရာ ရှိပါတယ်၊ မပြီးသေးပါဘူး။ ဒါက အခြေခံ အကြောင်းရင်း ကလေးတစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီတော့ တောဆိုတဲ့အမှတ်သညာကလေး ရှိဖို့, တောထဲမှာ နေနိုင်ဖို့ဆိုတဲ့ စိတ်ဓာတ်ကလေး မွေးမြူပေးဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။
ဘာကြောင့် မြတ်စွာဘုရားက ရွာတွေ မြို့တွေကို ရွံရှာစက်ဆုပ်နေတဲ့ စိတ်ဓာတ် ရှိရသလဲလို့တော့ မေးစရာရှိတယ်၊ ဒါယကာကြီးတွေ လက်တွေ့ တရားအားထုတ်နေတော့ နားလည်လိမ့်မယ်လို့ ဘုန်းကြီး ထင်ပါတယ်။ ဟိုက အသံချဲ့စက်တွေ ဖွင့်လိုက်, ဒီဘက်က ဘွားခနဲ အော်လိုက်, ဟိုက ဟစ်လိုက်, ဒီက ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ ကားတွေက လာလိုက်နဲ့ မဆူဘူးလား? ဆူနေတယ်။ ဆိတ်သုဉ်းမှု သုညတသဘောတွေကို လိုလားတောင့်တနေတဲ့, ဘာဝနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်အဖို့ ဒီအသံတွေက ကြီးစွာသော အနှောင့်အယှက်တွေ မဖြစ်ဘူးလား? ဖြစ်နေတယ်။
သဒ္ဒကဏ္ဋကတ္တာ စျာနဿ။ (ဝိ၊ဋ္ဌ၊၂၊၁၂။)
စျာန်မှာ အကြီးဆုံးသော အန္တရာယ်ကတော့ အသံဖြစ်ပါတယ်၊ ဆူး ငြောင့်ခလုတ်တွေနဲ့တူလို့ မြတ်စွာဘုရား ဒီလို ဟောတော်မူခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တောထဲရောက်သွားလျှင်တော့ ဒီဆူးငြောင့်ခလုတ်တွေရဲ့ နှောင့်ယှက်တဲ့ ဒဏ်ချက်ကတော့ ဝေးမသွားဘူးလား? ဝေးသွားတယ်။ အဲဒီလောက် ဝေးရုံနဲ့တော့ ကိစ္စပြီးနိုင်သလားဆိုတော့ မပြီးသေးပါဘူး။ မြတ်စွာဘုရားက ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?
ပထဝီသညာ
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ မနုဿသညံ၊ အမနသိကရိတွာ အရညသညံ၊ ပထဝီသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၇။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ မနုဿသညံ = လူသားဟူသော အမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အရညသညံ = တောဟူသောအမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသော ပထဝီဟူသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံး သွင်း၍ နေပေ၏။
ရွာဆိုတဲ့အမှတ်သညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ လူသားဆိုတဲ့ အမှတ်သညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ နောက်တစ်ဆင့် တက်လိုက်တော့ တောဆိုတဲ့အမှတ်သညာကိုလည်း သူက နှလုံးမသွင်းတော့ဘူး။ နှလုံး သွင်းမှုကို သူက ရှေ့တစ်ဆင့် တက်ပြီး ပြောင်းလဲပေးလိုက်တယ်။ စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးနေတာပဲ၊ ဘာကို သူက နှလုံးသွင်းနေသလဲ?
ပထဝီသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၇။)
ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသော ပထဝီဟူသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွားလျက်နေပေ၏။
ဘုန်းကြီးတို့ ပထဝီမှာ နှစ်မျိုး ရှိပါတယ်။ ဓာတ်ကြီးလေးပါးထဲမှာ ပါဝင် နေတဲ့ ပထဝီဓာတ်လည်း ရှိတယ်။ ကသိုဏ်း (၁၀)ပါးထဲမှာ ပါဝင်နေတဲ့ ပထဝီကသိုဏ်းလည်း ရှိပါတယ်။ ဒီနေရာမှာတော့ ဘုရားရှင်က ပထဝီ ကသိုဏ်းကို ရည်ညွှန်းပြီး ဟောတော်မူနေခြင်း ဖြစ်ပါတယ်။ မြေဆိုတဲ့ အမှတ်သညာကလေးတစ်ခုကိုပဲ နှလုံးသွင်းတယ်။ ဘာကြောင့်လဲလို့မေးလျှင် တော့ ဘုရားရှင်က ဒီနေရာမှာ သညာတွေရဲ့ ဆိတ်သုဉ်းမှုသဘာဝတွေကို တစ်ဆင့်ပြီးတစ်ဆင့် တက်ပြီးတော့ ဟောတော်မူလိုတဲ့ ဆန္ဒဓာတ် ရှိနေပါတယ်။
မြတ်စွာဘုရားက ဒီနေရာမှာ ဂါမသညာကို ထည့်ပြီး မဟောတော့ဘူး။ မနုဿသညာကိုပဲ ဟောတော်မူလိုက်တယ်။ လူသားဆိုတဲ့အမှတ်သညာကို ဂါမသညာ (= ရွာဆိုတဲ့အမှတ်သညာ)ဖြင့် ပြောင်းလဲပြီး ဟောတော်မူလိုက် တယ်။ ရွာဆိုတဲ့အမှတ်သညာကို လူသားဆိုတဲ့အမှတ်သညာဖြင့် ပြောင်းလဲပြီး ဟောတော်မူလိုက်တယ်။ တစ်ဖန် လူသားဆိုတဲ့အမှတ်သညာကိုလည်း တော ဆိုတဲ့အမှတ်သညာနဲ့ တဆင့်တက်ပြီး ပြောင်းလဲပြီး ဟောတော်မူလိုက်တယ်။ တစ်ဖန် တောဆိုတဲ့အမှတ်သညာ (= အရညသညာ)ကိုလည်း ပထဝီဆိုတဲ့ မြေကသိုဏ်းကို ပွားများအားထုတ်ခြင်းဖြင့် ပထဝီဆိုတဲ့အမှတ်သညာဖြင့် ပြောင်းလဲပြီး ဟောတော်မူလိုက်တယ်။ သညာကလေးတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဘုရားရှင်က ပြောင်းလဲပြီး ဟောတော်မူခြင်း ဖြစ်ပါတယ်။
အလားတူပဲ ပထဝီဆိုတဲ့အမှတ်သညာကိုလည်းပဲ အာကာသာနဉ္စာယတနသညာလို့ ခေါ်ဆိုအပ်တဲ့ အာကာသကို နှလုံးသွင်းပြီး ဖြစ်ပေါ်လာတဲ့ အမှတ်သညာဖြင့် ပြောင်းလဲပြီး ဟောတော်မူပြန်တယ်။ အာကာသာနဉ္စာယတနသညာကိုလည်း ဝိညာဏဉ္စာယတနသညာဖြင့်, ဝိညာဏဉ္စာယတနသညာကိုလည်း အာကိဉ္စညာယတနသညာဖြင့်, အာကိဉ္စညာယတနသညာ ကိုလည်း နေဝသညာနာသညာယတနသညာဖြင့် ပြောင်းလဲပြီး ရှုစေချင်တဲ့ စိတ်ဆန္ဒဓာတ် ဘုရားရှင်ရဲ့သန္တာန်မှာ ရှိနေပါတယ်။
တစ်ခါ ဒီနေဝသညာနာသညာယတနသညာကိုလည်းပဲ ဝိပဿနာသညာနဲ့ ပြောင်းပေးပြန်တယ်။ ဝိပဿနာသညာကိုလည်းပဲ အစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပွားလိုက်တဲ့အခါမှာ အဇ္ဈတ္တသုညတလို့ ခေါ်ဆိုအပ်တဲ့ အဇ္ဈတ္တသုညတသညာဖြင့် ပြောင်းလဲပေးပြန်ပါတယ်။ ဒီလို ဒေသနာတော်ကို အဆင့်ဆင့် ပြောင်းလဲပြီး ဟောသွားလိုတဲ့အတွက် ဘုရားရှင်က ဒီနေရာမှာ ရွာဟူသောအမှတ်သညာကို ထည့်ပြီး မဟောတော့ပါဘူး။ တဖြည်းဖြည်း သညာကလေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းပြီး ဟောတော်မူပါတယ်။
ခေါင်ဆုံး မြတ်စွာဘုရားက ဒီနေရာမှာ ရွာဟူသောအမှတ်သညာကို နှလုံးမသွင်းခိုင်းတော့ဘူး။ လူသားဟူသောအမှတ်သညာကိုလည်း နှလုံး မသွင်းခိုင်းတော့ဘူး။ ဘာကို နှလုံးသွင်းခိုင်းသလဲ? တောဟူသောအမှတ် သညာကို နှလုံးသွင်းခိုင်းတယ်။ ဒီလို တောဟူသောအမှတ်သညာကို နှလုံး သွင်းရာမှ နောက်တစ်ဆင့် တက်ပြီးတော့ ဘာကို နှလုံးသွင်းခိုင်းသလဲ? ပထဝီ ဆိုတဲ့အမှတ်သညာကို နှလုံးသွင်းခိုင်းပြန်တယ်၊ တစ်ခုတည်းသော အမှတ်သညာကို ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်။
အာရုံအမျိုးမျိုးတွေနောက်ကို လိုက်နေမယ်ဆိုလျှင်တော့ သမာဓိက ဖြစ်ဖို့ရန် တော်တော် ခက်ခဲပါတယ်။ ဒါကြောင့် ဘုရားရှင်က တစ်ခုတည်းသော သညာရှိမှုကို ရှေးဦးစွာ သင်ပေးတော်မူပါတယ်။ ဒီလို သင်ပေးလိုက်တဲ့ အချိန်အခါမှာ တောဟူသောအမှတ်သညာကို နှလုံးမသွင်းဘဲနဲ့ ပထဝီဟူသောအမှတ်သညာကိုသာလျှင် ဘာကြောင့် နှလုံးသွင်းခိုင်းရသလဲလို့ မေးစရာတော့ ရှိနေပါတယ်။ အကြောင်းကတော့ ---
အရညသညာယ ဝိသေသာနဓိဂမနတော။ (မ၊ဋ္ဌ၊၄၊၁၀၉။)
တောဆိုတဲ့အမှတ်သညာကို နှလုံးသွင်းမယ်ဆိုလျှင် ဒီတောဆိုတဲ့ အမှတ်သညာက ဝိသေသခေါ်တဲ့ စျာန်တရားတွေ, ဝိပဿနာဉာဏ်တွေ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေဆိုတဲ့ တရားထူး တရားမြတ်တွေကို ရရှိဖို့ရန်အတွက် မစွမ်းနိုင်ပါဘူး။
ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုလျှင် လယ်ပိုင်ရှင်တစ်ဦးက မိမိ လယ်တောရှိရာ အရပ်ကို သွားပြီးတော့ လှမ်းကြည့်လိုက်တယ်။ ဩော်! ဒီနေရာမှာ စပါးတွေ စိုက်ပျိုးလိုက်မယ်ဆိုလျှင် ဘယ်လိုအသီးတွေ ရမှာပဲလို့ မျှော်လင့်ပြီးတော့ စိတ်ထဲကနေ ဒီစပါးတွေ ငါ စိုက်မယ်၊ ဒီစပါးတွေ ငါ စိုက်မယ်ဆိုပြီး ပြုပြင်နေသော်လည်း စပါးတွေ ပေါ်လာနိုင်မလား? မပေါ် လာနိုင်ပါဘူး။ ဘာလုပ်ရမလဲ? ဒီလယ်တောမှာ တည်ရှိနေတဲ့ မကောင်းတဲ့ ဆူးငြောင့်ခလုတ်တွေ မြက်ပင်တွေကို ပယ်ရှားပြီးတော့ လယ်ကို ထွန်ယက်ပြီး ကျကျနန စိုက်ပျိုးမှသာလျှင် တစ်ချိန်မှာ အသီးတွေ ဖြစ်ပေါ်လာပါမယ်။
ဒီဥပမာအတိုင်းပဲ တောဆိုတဲ့အမှတ်သညာဖြင့် ဒါက တောဖြစ်တယ်၊ ဒါက သစ်ပင်ဖြစ်တယ်၊ ဒါက တောင်ဖြစ်တယ်၊ ဒါက ညိုမှိုင်းနေတဲ့ တောအုပ်ကြီးတစ်ခု ဖြစ်တယ် စသည်ဖြင့် ဒီလို အကြိမ် ရာနဲ့ ထောင်နဲ့ ချီပြီး နှလုံးသွင်းနေသော်လည်း ဥပစာရသမာဓိကိုသော်လည်း ဘယ်တော့မှ မရောက်ရှိနိုင်ပါဘူး၊ ပထမစျာန်သမာဓိကိုသော်လည်း ဘယ်တော့မှ မရောက် ရှိနိုင်ပါဘူး။ ဒါကြောင့် ဘုရားရှင်က စျာန်သမာဓိတွေကို ရောက်စေချင်တဲ့ ဆန္ဒဓာတ် ရှိနေတဲ့အတွက် --
ပထဝီသညာယ ပနဿ ဓုဝသေဝနံ ကမ္မဋ္ဌာနံ ပထဝီကသိဏံ ပရိကမ္မံ ကတွာ စျာနာနိ နိဗ္ဗတ္တေတွာ စျာနပဒဋ္ဌာနမ္ပိ ဝိပဿနံ ဝဍ္ဎေတွာ သက္ကာ အရဟတ္တံ ပါပုဏိတုံ။ တသ္မာ အရညသညံ ပဟာယ ပထဝီသညံ မနသိ ကရောတိ။ (မ၊ဋ္ဌ၊၄၊၁၀၉။)
ဒီလို အဋ္ဌကထာက ရှင်းပြထားပါတယ်။ ဘာပြောလိုတာလဲ? ဒီရဟန်းတော်ရဲ့သန္တာန်မှာ ပထဝီသညာကို ဓုဝသေဝနံ = အမြဲတမ်း မှီဝဲ ပွားများအပ်တဲ့ ကမ္မဋ္ဌာန်းတစ်ခုအဖြစ်နဲ့ ပထဝီကသိဏံကို ပရိကမ်ပြုပြီးတော့ စျာန်တွေကို ဖြစ်အောင် ကြိုးစားအားထုတ်ဖို့အတွက် နည်းလမ်းကို ဘုရားရှင်က ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု ဒီစျာန်တွေကို ဖြစ်စေပြီးတဲ့ အခါမှာ --
စျာနပဒဋ္ဌာနမ္ပိ ဝိပဿနံ ဝဍ္ဎေတွာ = စျာန်ကို အခြေခံ အကြောင်းအရင်း ပါဒကစျာန် ပြုပြီးတော့ ဝိပဿနာဉာဏ်တွေကိုလည်း တိုးပွားအောင် ကြိုးစား အားထုတ်မယ်ဆိုလျှင် အားထုတ်လို့ ရနိုင်ပါတယ်။ ဘယ်အဆင့်အထိ အားထုတ်လို့ ရနိုင်သလဲလို့ မေးလျှင် -- သက္ကာ အရဟတ္တံ ပါပုဏိတုံ = အရဟတ္တဖိုလ် ဆိုက်ရောက်သည့်တိုင်အောင် ကြိုးစားအားထုတ်မယ်ဆိုလျှင် အားထုတ်လို့ ရနိုင်ပါတယ်။ ဒါကြောင့် အရညသညံ ပဟာယ = တောဟူသော အမှတ်သညာကို ပယ်စွန့်ပါ၊ ပထဝီသညံ မနသိ ကရောတိ = ပထဝီဆိုတဲ့ အမှတ်သညာကို နှလုံးသွင်းပါလို့ နှလုံးသွင်းဖို့ရန်အတွက် မြတ်စွာဘုရားက နည်းပေးတော်မူပါတယ်။
ဒီပထဝီကသိုဏ်းကို ရှုပွားတော့မည့်ပုဂ္ဂိုလ်မှာ ပွားများပုံ နည်းစနစ် တွေကတော့ အမျိုးမျိုး ရှိပါတယ်။ အဲဒီ အမျိုးမျိုးထဲက ဘုန်းကြီး များသောအားဖြင့် ယောဂီအများစုကို သင်ပေးနေတဲ့ နည်းစနစ်နှင့်ပဲ ဒီညဉ့် ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒီပထဝီသညာကို ရှုပွားသုံးသပ်တဲ့အပိုင်းကလေးတွေမှာ တခြားတခြား ကမ္မဋ္ဌာန်းတွေကို အောင်မြင်မှု ရရှိပြီးတဲ့ အချိန်အခါမှာ ပထဝီကသိုဏ်းကို ပွားများအားထုတ်တဲ့နည်းလည်း ရှိပါတယ်။ ပထဝီ ကသိုဏ်းကိုပဲ တိုက်ရိုက် အားထုတ်တော့မယ်ဆိုလျှင်လည်း ပွားများအားထုတ်တဲ့ နည်းစနစ်လည်း ရှိပါတယ်။
ဒီတိုက်ရိုက်အားထုတ်တဲ့နည်းစနစ်မှာ ယောဂီ တော်တော် ခပ်များများကို ဘုန်းကြီး သုတေသနပြုကြည့်တာကတော့ တခြားတခြား ကမ္မဋ္ဌာန်းတွေဖြင့် သမာဓိကို မထူထောင်ဘဲ ပထဝီကသိုဏ်းကို တိုက်ရိုက် ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင် အောင်မြင်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိတန်သလောက် တော့ ရှိပါတယ်။ သို့သော် အချိန် တော်တော် ခပ်ကြာကြာ ပေးပြီးတော့ အားထုတ်ရတဲ့သဘောတော့ ရှိပါတယ်။ ဒီလို အားထုတ်တဲ့အပိုင်းမှာလည်း အောင်မြင်တဲ့ပုဂ္ဂိုလ် အရေအတွက် တော်တော်ကလေး နည်းပါးတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလို နည်းပါးရသလဲလို့ မေးလျှင်တော့ အတိတ်က ဆည်းပူးထားခဲ့တဲ့ ပါရမီအရှိန်အဝါက အားပျော့နေတယ်လို့ပဲ ဘုန်းကြီးတို့ ဘက်က သဘောပေါက်ပါတယ်။
ဒါကြောင့် များသောအားဖြင့် ဘုန်းကြီးကတော့ နံပါတ် (၁) အာနာပါန ကမ္မဋ္ဌာန်းဖြင့် စတုတ္ထစျာန်သမာဓိလောက် ပေါက်ရောက်သည့်တိုင်အောင် ကြိုးစားအားထုတ်စေပါတယ်။ သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းဖြင့် ဥပစာရသမာဓိသို့ ဆိုက်သည့်တိုင်အောင် အားထုတ်စေပါတယ်။ အာနာပါနစတုတ္ထစျာန် သမာဓိနှင့် ယှဉ်သောဉာဏ်ကြောင့် သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ ဥပစာရသမာဓိနှင့် ယှဉ်သောဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင် အလင်းများကို အောင်မြင်မှု ရရှိတဲ့အချိန်အခါမှာ (၃၂)ကောဋ္ဌာသကို ကူးပြီး ထို (၃၂)ကောဋ္ဌာသကို အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနတို့မှာ စနစ်တကျ သိမ်းဆည်း တတ်အောင် လေ့ကျင့်စေပါတယ်။ အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကိုပဲဖြစ်စေ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကိုပဲဖြစ်စေ အာရုံယူပြီး အဖြူရောင်ကသိုဏ်း, ဆံပင်ကဲ့သို့ ညိုနေတဲ့ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အညိုရောင်ကသိုဏ်း, အဆီခဲကဲ့သို့ ကျင်ငယ်ကဲ့သို့ ဝါနေတဲ့ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အဝါရောင်ကသိုဏ်း, သွေးကဲ့သို့ နီနေတဲ့ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အနီရောင်ကသိုဏ်းဆိုတဲ့ ဒီကသိုဏ်းလေးခုကို ရှေးဦးစွာ သင်ပေးပါ တယ်။
ဒီကသိုဏ်းလေးခုလောက်ကို စတုတ္ထစျာန်သမာဓိဆိုက်အောင် သင်ပေးပြီးတဲ့ အချိန်အခါမှာ ထိုပုဂ္ဂိုလ်က ဒီစတုတ္ထစျာန်သမာဓိတွေရဲ့ အားကြီး သော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိ ထူးကြီးကို ဆက်ခံရတဲ့အခါ မြေကြီးမှာ တစ်ပေပတ်လည်လောက်ဖြစ်စေ, တစ်တောင်ပတ်လည်လောက်ဖြစ်စေ အဝန်းအဝိုင်းကလေး ပြုပြီးတော့ ဒီအဝန်းအဝိုင်းရဲ့အတွင်းမှာ တည်ရှိနေတဲ့ မြက်, သစ်ရွက်တွေ အားလုံး ဖယ်ရှားပြီး မြေကို ညီညာအောင် ပြုလုပ်ပြီးတဲ့ အချိန်အခါမှာ နိမိတ်အယူခိုင်းလိုက်မယ်ဆိုလျှင် ပထဝီကသိုဏ်းဝန်းနိမိတ်ကို လွယ်လွယ်ကူကူနဲ့ ယူလို့ ရတဲ့ ယောဂီအရေအတွက်ကတော့ ပိုများပါတယ်။ ဒါကြောင့် အဲဒီ နည်းစနစ်ကိုပဲ ဘုန်းကြီး ဒီညဉ့် စတင်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။
သမာဓိကို စတင် ထူထောင်တဲ့အပိုင်းမှာ များသောအားဖြင့် ဘုန်းကြီး သုတေသနပြုလို့ ရသလောက်တော့ အာနာပါနကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်လျှင် အောင်မြင်တဲ့ပုဂ္ဂိုလ် အရေအတွက်တော့ ပိုများပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းနဲ့ သမာဓိထူထောင်ခဲ့မယ်ဆိုလျှင် အောင်မြင်တဲ့ပုဂ္ဂိုလ် အရေအတွက်လည်း အထိုက်အလျောက်တော့ များပါတယ်။ အခြားအခြား ကမ္မဋ္ဌာန်း တွေနဲ့ စတင်ပြီး သမာဓိထူထောင်ခဲ့မယ်ဆိုလျှင်လည်း မအောင်မြင်ဘူး လို့တော့ ဘုန်းကြီး မဆိုလိုပါဘူး။ အောင်မြင်တဲ့ ရာခိုင်နှုန်းအနေအားဖြင့် ပြောမယ်ဆိုလျှင်တော့ အောင်မြင်မှု နည်းပါးတဲ့သဘော ရှိတန်သလောက် ရှိနေပါတယ်။
ဒါကြောင့် လွယ်ကူရာကနေ ခက်ရာကို တစ်ဆင့်သွားတဲ့ ရှေးဟောင်း ပညာသင်မှု နည်းစနစ်အတိုင်းပဲ ရှုပွားလို့ လွယ်ကူတဲ့ အာနာပါနကမ္မဋ္ဌာန်း ကနေ ကသိုဏ်းတွေကို ကူးတဲ့စနစ်ကို ဒီနေရာမှာ ဘုန်းကြီး စူဠသုညတသုတ္တန်ကို ရပ်နားပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဒီအာနာပါနကမ္မဋ္ဌာန်းကို ဒီပရိသတ်ထဲမှာ လက်တွေ့အားထုတ်နေတဲ့ ယောဂီတွေ, နာကြားဖူးတဲ့ ယောဂီတွေလည်း တော်တော် ခပ်များများ ရှိနေတဲ့အတွက် ဒီညဉ့်မှာလည်း နာဖူးထပ်မံအနေအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကိုပဲ အကျဉ်းချုပ်ပြီး ဟောဖို့ ရည်ရွယ်ထားပါတယ်။
___________
အာနာပါနကမ္မဋ္ဌာန်းပိုင်း
ဒီအာနာပါနကမ္မဋ္ဌာန်းမှာ အခြေခံအားဖြင့် ရှုပွားသုံးသပ်ပုံ နည်းစနစ် နှစ်ခု ရှိနေပါတယ်။ (၄၂)ကောဋ္ဌာသထဲမှာ ဝါယောကောဋ္ဌာသဆိုပြီး ကောဋ္ဌာသခြောက်ခု ရှိပါတယ်။ အဲဒီဝါယောကောဋ္ဌာသခြောက်ခုထဲမှာ အဿာသ ပဿာသကောဋ္ဌာသတစ်ခုကိုလည်း မြတ်စွာဘုရား ထည့်သွင်းပြီး ဟောကြား ထားတော်မူပါတယ်။ အဲဒီ ဟောကြားချက်ကတော့ ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားပုံ နည်းစနစ်အားဖြင့် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။
ယခု ဘုန်းကြီးဟောမယ့် အာနာပါနကမ္မဋ္ဌာန်းကတော့ ဝင်သက်လေ ထွက်သက်လေဆိုတဲ့ ပညတ်ကို အာရုံယူပြီး ရှုပွားသုံးသပ်ရမည့် အာနာပါန ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။ ဒီအာနာပါနကမ္မဋ္ဌာန်းကို မြတ်စွာဘုရားသည် မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ အလျဉ်းသင့်သလို ဟောကြားတော်မူခဲ့ပါတယ်။ ထိုဟောကြားတော်မူတဲ့ သုတ္တန်တွေထဲက ဒီညဉ့်တော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ လာရှိတဲ့ ဟောကြားချက်ကိုပဲ အခြေတည်ပြီးတော့ အာနာပါနကမ္မဋ္ဌာန်းကို ဟောကြ နာကြရအောင် ---
ခန္ဓာကိုယ် အနေအထား
အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တော့မယ့်ပုဂ္ဂိုလ်သည် ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ထားဖို့ လိုပါတယ်။ ဘာကြောင့် ခပ်ဖြောင့်ဖြောင့်ထားရသလဲ? ခါးကို ခွေချထားခဲ့မယ်ဆိုလျှင် မဖြောင့်တဲ့အတွက် ဝင်လေထွက်လေက အသက်ရှူရာမှာ ကြာလာလျှင် ပုံမမှန် ဖြစ်တတ်ပါတယ်။ အသက်ရှူနေတဲ့ လမ်းကြောင်းက ပုံမမှန်လျှင် အားစိုက်ပြီး ရှူရတဲ့အတွက် သမာဓိဖြစ်ဖို့ရန် တော်တော်ကလေး ခက်ခဲတတ်ပါတယ်။ တစ်ဖန် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကလည်း ဒီလို ဆက်ဖွင့်ထားတော်မူပြန်တယ်။
ဥဇုံ ကာယံ ပဏိဓာယာတိ ဥပရိမသရီရံ ဥဇုကံ ဌပေတွာ။ အဋ္ဌာရသပိဋ္ဌိကဏ္ဋကေ ကောဋိယာ ကောဋိံ ပဋိပါဒေတွာ။ ဧဝဥှိ နိသီဒန္တဿ စမ္မမံသနှာရူနိ န ပဏမန္တိ။ အထဿ ယာ တေသံ ပဏမနပ္ပစ္စယာ ခဏေ ခဏေ ဝေဒနာ ဥပ္ပဇ္ဇေယျုံ၊ တာ န ဥပ္ပဇ္ဇန္တိ။ တာသု အနုပ္ပဇ္ဇမာနာသု စိတ္တံ ဧကဂ္ဂံ ဟောတိ၊ ကမ္မဋ္ဌာနံ န ပရိပတတိ၊ ဝုဒ္ဓိံ ဖာတိံ ဥပဂစ္ဆတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၂။)
ဒီအဋ္ဌကထာရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ -- ဘုန်းကြီးတို့ရဲ့ ကျောရိုး အဆစ်တွေက (၁၈)ခု ရှိနေကြပါတယ်။ အရိုးအဆစ်တစ်ခုရဲ့ အစွန်းနှင့် အခြားအရိုးအဆစ်တစ်ခုရဲ့ အစွန်းတို့ဟာ တည့်တည့် ရှိနေဖို့ လိုပါတယ်။ အဲဒီလို တည့်တည့် တည်ရှိနေပါမှ အရေ-အသား-အကြောတို့ဟာ မတွန့်လိပ်ဘဲ တည်ရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီလို တည်ရှိနေပါမှ ယင်း အရေ- အသား-အကြောတို့ တွန့်လိပ်ခြင်းဆိုတဲ့ အကြောင်းတရားကြောင့် ခဏခဏ ဖြစ်ပေါ်လာကြမယ့် ဆင်းရဲတဲ့ နာကျင်ကိုက်ခဲတဲ့ဝေဒနာတွေဟာ မဖြစ်ပေါ် ကြမှာ ဖြစ်ကြတယ်။ ယင်းဒုက္ခဝေဒနာတွေ မဖြစ်ကြဘူးဆိုလျှင်တော့ စိတ်ဓာတ်တွေက တည်ကြည်လာမယ်၊ ကမ္မဋ္ဌာန်းအာရုံမှ စိတ်က လျောမကျ တော့ဘူး။ တဖြည်းဖြည်း တိုးတက်သွားလိမ့်မယ်လို့ ဆိုလိုပါတယ်။
ဒါကြောင့် ဘုရားရှင်က ဒီအာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တော့မယ့် ပုဂ္ဂိုလ်ကို ဥဇုံ ကာယံ ပဏိဓာယ = ခန္ဓာကိုယ်အထက်ပိုင်းကို ခပ်ဖြောင့်ဖြောင့်ထားပါ ဆိုပြီးတော့ ဒီလို နည်းစနစ်ပေးထားပါတယ်။ အထက်ပိုင်း ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့် ထားပြီးတော့ -- ပလ္လင်္ကံ အာဘုဇိတွာ = တင်ပလ္လင်ခွေပြီး ထိုင်ပါဆိုပြီး ဒီလို ညွှန်ကြားချက် ထားပါတယ်။ မတ်တတ်ရပ်လျက် အားမထုတ်ကောင်းဘူး၊ သွားနေစဉ်လည်း အားမထုတ်ကောင်းဘူး၊ အိပ်လျက်လည်း အားမထုတ်ကောင်းဘူး။ ဒီလိုတော့ မဆိုလိုပါဘူး။
အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်တဲ့အပိုင်းမှာ သမာဓိကို အများဆုံးဖြစ်စေတတ်တဲ့ ဣရိယာပုထ်ကို မြတ်စွာဘုရားက ရွေးချယ် ညွှန်ကြားထားခြင်းသာ ဖြစ်ပါတယ်။ သွားနေစဉ်လည်း ဒီအာနာပါနကမ္မဋ္ဌာန်းကို ရှုနိုင်ပါတယ်၊ ရပ်နေစဉ်လည်း ရှုနိုင်ပါတယ်၊ အိပ်နေစဉ်လည်း ရှုနိုင်ပါတယ်။ သို့သော် ထိုင်ပြီးရှုတာကတော့ သမာဓိအဖြစ်မြန်တဲ့အတွက် အကောင်းဆုံးသော ဣရိယာပုထ်လို့ ဒီလို ရွေးချယ်ပြီးတော့ မြတ်စွာဘုရားက ညွှန်ကြား ထားခြင်း ဖြစ်ပါတယ်။
သို့သော် တပည့်တော်တို့က အိပ်ပြီးရှုမှ ပိုကောင်းတယ်လို့ နည်းနည်း ကလေး ကတ်သီးကတ်သတ် ပြောတတ်တဲ့ယောဂီတွေလည်း တွေ့ရပါတယ်။ တချို့ကလည်း ဆင်ခြေအမျိုးမျိုး ပေးတတ်ကြတယ်။ အဲဒီ အိပ်ပြီးရှုလို့ ပိုကောင်းတယ်ဆိုတဲ့ ယောဂီတွေကို ဘုန်းကြီးက သူတို့ဆန္ဒအတိုင်း ရှုကြည့်ပါ ဆိုပြီး ခွင့်ပေးလိုက်ပါတယ်။ သွားပြီး အကဲခတ်ကြည့်လိုက်ပြီဆိုလျှင် ဘာလုပ် နေကြသလဲ? ခေါ ခေါနဲ့ အိပ်ပျော်နေတာပဲ များပါတယ်။ ဒါကြောင့် ဘုရားရှင်အပေါ်မှာတော့ သိပ်ပြီးတော့ ဆင်ခြေပေးဖို့တော့ မကောင်းပါဘူး။
ဝင်လေထွက်လေဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ သတိကို ရှေးရှုကပ်ထားပါ
ဒါကြောင့် ဘုရားရှင်က ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့် ထားပြီးတော့ အားထုတ်ပါဆိုလျှင် ခန္ဓာကိုယ်ကလေးကို ခပ်မတ်မတ် ထားပြီး ထိုင်ပါ၊ ထိုင်ပြီးတဲ့ အချိန်အခါမှာ ဘာလုပ်ရမလဲ? ပရိမုခံ သတိံ ဌပေတွာ = မိမိ ရှုပွား သုံးသပ်မယ့် ကမ္မဋ္ဌာန်းအာရုံပေါ်သို့ သတိကလေးကို ကပ်ထားပါ ရွာဆိုတဲ့ အမှတ်သညာတွေကို ပယ်ဖျောက်နိုင်ဖို့ လိုပါတယ်။ အိမ်သူအိမ်သား လူ အများဆိုတဲ့အမှတ်သညာတွေကို ပယ်ဖျောက်နိုင်ဖို့လည်း မလိုဘူးလား? လိုအပ်နေပါတယ်။ ကျောင်းထဲကို ရောက်လာပြီ တောထဲကို ရောက်လာပြီ ဆိုလျှင်တော့ တောဆိုတဲ့အမှတ်သညာ, ကျောင်းဆိုတဲ့အမှတ်သညာတွေ ကိုလည်း တစ်ဆင့်တက်ပြီး ပယ်ဖျောက်ပေးဖို့ မလိုဘူးလား? လိုအပ်လာပါ တယ်။ သညာပြောင်းရမှာဖြစ်တော့ ပြောင်းခါနီးမှာ ဒီဝင်လေထွက်လေဆိုတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ သတိကလေးကို ရှေ့ရှုပြီး တည်နေအောင် ကြိုးစား ရတယ်။ ကြိုးစားလိုက်တော့ စိတ်ဓာတ်က ဒီဝင်လေထွက်လေ အာရုံပေါ်မှာ ငြိမ်လာပြီဆိုတဲ့ အချိန်အခါမှာ --
ပြည့်စုံရမည့်အင်္ဂါ (၃) ရပ်
ဣဓ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊ (မ၊၂၊၂၃၁။)
စသည်ဖြင့် မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီး ဟောတော်မူပါတယ်။ အင်္ဂါငါးချက် ရှိပါတယ်။ နံပါတ် (၁) အာတာပီ = ကိလေသာတို့ကို ပူပန်စေတတ်သည့် ပြင်းထန်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိရမယ်။ မဖြစ်ပေါ်သေးတဲ့အကုသိုလ်တွေ မိမိသန္တာန်မှာ မဖြစ်အောင် ကြိုးစား အားထုတ်ရပါမယ်၊ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တွေကိုလည်း မိမိသန္တာန်မှာ ပယ်နိုင်အောင် ကြိုးစားအားထုတ်ရပါမယ်။ မဖြစ်ပေါ်သေးတဲ့ ကုသိုလ် တရားတွေ မိမိသန္တာန်မှာ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ရပါမယ်။ ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်ရားတွေကို အရဟတ္တဖိုလ်တိုင် ပေါက်မြောက်သည် အထိ မိမိသန္တာန်မှာ တိုးပွားလာအောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ ဦးတည် ချက်ဖြင့် အရိုးကြွင်းစေ, အရေကြွင်းစေ, အကြောကြွင်းစေ, အသား အသွေး တွေ အကုန် ခန်းခြောက်ချင် ခန်းခြောက်ပါစေ၊ ယောက်ျားတို့ရဲ့ ဇွဲလုံ့လ ဝီရိယဖြင့် ရနိုင်တဲ့အရာသာ မှန်ပါက နောက်ကို ဘယ်တော့မှ မဆုတ်ဘူးလို့ ဒီလို ပြင်းထန်တဲ့ ကိလေသာတွေကို ပူပန်စေတတ်တဲ့ လောင်ကျွမ်းစေနိုင်တဲ့ စွမ်းအားရှိတဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယနဲ့ ပြည့်စုံရပါမယ်။
ဘယ့်နှယ်တုံး ဒါယကာကြီးတွေ တရားအားထုတ်လျှင် ဒီလို လုံ့လဝီရိယ မျိုး မလိုဘူးလား? လိုအပ်နေတယ်။ ကိလေသာတွေကို ပူပန်စေရမယ်ဆိုတဲ့ စိတ်ဓာတ် လောင်ကျွမ်းသွားစေရမယ်ဆိုတဲ့စိတ်ဓာတ် ရှိရမယ်။ ကိလေသာ တွေရဲ့ လောင်ကျွမ်းမှုကို ခံရမယ်ဆိုတဲ့စိတ်ဓာတ် ရှိရမလား? မရှိရဘူး။
တပည့်တော်က တရားတော့ အားထုတ်ချင်ပါတယ်၊ ကျန်းမာရေးက သိပ်မကောင်းလို့ဘုရားဆိုပြီး တချို့က လာလျှောက်ကြတယ်။ ဒီနေ့ပဲ ယောဂီ တစ်ယောက်က လာလျှောက်တယ်။ ရောက်လာကတည်းက ဟိုနေရာက ကိုက်လို့ ဒီနေရာက ခဲလို့နဲ့ သူ့ကိုပဲ နှိပ်ပေးနေရတယ်၊ ဆေးပဲ လူးပေးနေရ တယ်ဘုရား၊ ဒါကြောင့် တပည့်တော် သူ့ကို ပြန်ပို့လိုက်တော့မယ် ဘုရားလို့ လာလျှောက်တယ်။ ရောက်လာကတည်းက ညှောင်ညက် ညှောင်ညက်နဲ့ ဖြစ်နေလျှင်တော့ ဒီတရားအားထုတ်လို့ ရနိုင်ပါတော့မလား? မရနိုင်တော့ ဘူး။
အရိုးကျန်ချင်ကျန်ပါစေ, အရေပဲ ကျန်ချင်ကျန်ပါစေ, အကြောပဲ ကျန်ချင်ကျန်ပါစေ, အသားအသွေးတွေ အကုန် ခန်းခြောက်ချင်ခန်းခြောက်ပါစေ, ယောက်ျားတို့ရဲ့ ဇွဲ-လုံ့လ-ဝီရိယနဲ့ ရနိုင်တဲ့အရာမှန်လျှင် ငါ နောက်ကို ဘယ်တော့မှ မဆုတ်ဘူး။ ဒီလို ပြင်းထန်နေတဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယရှိဖို့ မလိုဘူး လား? လိုအပ်နေတယ်။ စိတ်ဓာတ်ကို ပြုပြင် ပြောင်းလဲပေးတဲ့နေရာမှာ ပျော့ညံ့ပျော့ညံ့နဲ့ လုပ်ပြီး နည်းနည်းကလေး ခေါင်းကိုက်တာနဲ့, နည်းနည်း ကလေး ခါးနာတာနဲ့, နည်းနည်းကလေး တင်ပါးနာတာနဲ့ ခဏ ပြန်နားလိုက် ဦးမယ်ဆိုလျှင် ရနိုင်ပါမလား? မရနိုင်ဘူး။
တပည့်တော်က တရားတော့ အားထုတ်ချင်ပါတယ် အရှင်ဘုရား၊ ကိစ္စ ကလေးတွေက မပြီးပြတ်သေးလို့ပါဆိုတော့ ဘယ်အမှတ်သညာတွေ ပေါ်လာသလဲ? ရွာဆိုတဲ့အမှတ်သညာ, အိမ်သူအိမ်သားဆိုတဲ့အမှတ်သညာ, လူသားဆိုတဲ့အမှတ်သညာတွေ, ရွှေငွေဆိုတဲ့အမှတ်သညာတွေ လုပ်ငန်းကိစ္စ အဝဝဆိုတဲ့အမှတ်သညာတွေ ပေါ်မလာဘူးလား? ပေါ်လာတယ်။ ဒီလို အမှတ်သညာတွေ ပေါ်လာခဲ့မယ်ဆိုလျှင် ဒီအမှတ်သညာတွေက တရား ဘာဝနာမှာ ကြီးစွာသော အနှောင့်အယှက် အဟန့်အတားတွေ မဖြစ်နိုင်ဘူးလား? ဖြစ်လာနိုင်တယ်။
ဒါကြောင့် ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ အကျုံးဝင်နေတဲ့ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်မယ့်ပုဂ္ဂိုလ်ဟာ --
နံပါတ် (၁) အာတာပီ = ကိလေသာတွေကို ပူပန်စေတတ်, လောင်ကျွမ်း စေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိဖို့ လိုအပ်ပါတယ်။
နံပါတ် (၂)က သမ္ပဇာနော = မိမိက အာနာပါနကမ္မဋ္ဌာန်းကို အားထုတ် တော့မယ်ဆိုလျှင် ဒီဝင်လေထွက်လေကို ကောင်းစွာ ကွဲကွဲပြားပြား သိတတ်တဲ့ သမ္ပဇဉ်ဉာဏ်ရှိဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။
စထိုင်တာနဲ့ လေရှူတာ မတွေ့ဘူး၊ ရှာလို့ကို မတွေ့ဘူးဆိုလျှင်တော့ ဟန်ကျနိုင်ပါ့မလား? မဟန်တော့ဘူး။ ကမ္မဋ္ဌာန်းအားမထုတ်မီ စထိုင် ကတည်းက ပျောက်နေတယ်၊ ရှာလို့ကို မတွေ့တော့ဘူး။ ဒါနဲ့ ဘုန်းကြီးက အသက်ရှူသလားလို့ သူ့ကို မေးကြည့်တယ်။ အသက်တော့ ရှူနေတယ်။ အသက်မရှူလျှင်တော့ သေတဲ့လူကတော့ မရှူဘူး။ သေတော့ သေပြီလားလို့ မေးကြည့်တော့လည်း မသေသေး ဖြစ်နေတယ်။ မသေဘဲနဲ့ စထိုင်တာနဲ့ သူက အသက်ရှူလို့ မရတော့ဘူးဆိုတော့ သမ္ပဇဉ်ဉာဏ်က အားပျော့မနေ ဘူးလား? အားပျော့နေတယ်။ ကွဲကွဲပြားပြား ကျကျနန ဒီဝင်လေထွက်လေကို သိဖို့တော့ လိုအပ်နေပါတယ်။
ကိုယ်က ဝင်လေထွက်လေကမ္မဋ္ဌာန်းကိုတော့ ရှုနေပါတယ်၊ ကိုယ်ရှုတဲ့ ကမ္မဋ္ဌာန်းကို ကိုယ်က မသိတော့ဘူးဆိုလျှင်တော့ ရှေ့ဆက်ဖို့ရန်အတွက် အခက်အခဲတွေ များစွာ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။ ဒီပုဂ္ဂိုလ်မျိုးဟာ သမာဓိ ထူထောင်ခဲ့လျှင် တော်တော်ကလေး ခက်ခဲတတ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်အခါမှာ ဒီလိုပုဂ္ဂိုလ်မျိုးကို ဘုန်းကြီးက များသောအားဖြင့်တော့ ဓာတ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး ရှုခိုင်းပါတယ်။
ဓာတ်ကမ္မဋ္ဌာန်းကို ပြောင်းရှုဖို့ သူ့တို့ရဲ့ဆန္ဒကို မေးကြည့်လိုက်တော့လည်း ဓာတ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး မရှုချင်ဘူးဆိုပြီး သူတို့က ငြင်းဆန်ပြန် တယ်။ ဓာတ်ကမ္မဋ္ဌာန်း မပြောင်းချင်တော့ ဘယ်ကမ္မဋ္ဌာန်း ပြောင်းရှုချင်သလဲလို့ မေးလိုက်ပြန်တော့လည်း တချို့က အဖြူရောင်ကသိုဏ်း ရှုချင်တယ်၊ တချို့က အဝါရောင်ကသိုဏ်း ရှုချင်တယ် စသည်ဖြင့် နားပူနားဆာ လုပ်လာ ကြပြန်တယ်။ သူတို့အလိုဆန္ဒအတိုင်း ရှုကြည့်ပါဆိုပြီး သင်ပေးလိုက်တော့ လည်း ဘယ်လိုမှ ဖြစ်မလာဘူး၊ မဖြစ်တဲ့အချိန်အခါမှာ တစ်ဖန် အာနာပါနကမ္မဋ္ဌာန်း ပြန်ရှုချင်တယ် ဖြစ်ကြပြန်တယ်။
ဒီလို ခေါက်တုံ့ခေါက်ပြန်တွေက သိပ်များနေတော့ အာနာပါနကမ္မဋ္ဌာန်းကလည်း နည်းနည်းကလေး မူတတ် စျေးကိုင်တတ်ပါတယ်။ ဒီလို ကမ္မဋ္ဌာန်းတွေက ဟိုပြောင်း ဒီပြောင်းဖြစ်နေတော့ ဖြုန်းခနဲ သမာဓိက မဖြစ်နိုင်တော့ဘူး၊ အဲဒါကြောင့် ဒီနေရာမှာ ဒုတိယအရေးအကြီးဆုံး အင်္ဂါရပ် ကတော့ -- သမ္ပဇာနော = မိမိ ရှုပွားသုံးသပ်မည့် ဝင်လေထွက်လေအာရုံကို ကွဲကွဲပြားပြား ထင်ထင်ရှားရှား သိတတ်တဲ့ သမ္ပဇဉ်ဉာဏ် ရှိရပါတယ်။ ဒါက ဒုတိယပြည့်စုံရမယ့်အင်္ဂါရပ် ဖြစ်ပါတယ်။
နောက်တစ်ခု -- သတိမာ = သတိ မြဲရပါမယ်၊ ဝင်လေထွက်လေကို စူးစူးစိုက်စိုက် လှမ်းပြီး ကြည့်လိုက်လျှင်တော့ ကွဲကွဲပြားပြား သိနေပါတယ်။ ဒါပေမယ့် သတိတွေက အားမကောင်းတော့ စိတ်တွေက ဟိုထွက် ဒီထွက် ဖြစ်နေတယ်။ ဟိုထွက် ဒီထွက်ဆိုတာက ဒီသုတ္တန်နည်းအရ ပြောလျှင်တော့ ဘာဖြစ်နေသလဲ? ရွာကို အမှတ်ရနေတယ်၊ အိမ်ကို အမှတ်ရနေတယ်၊ သားတွေကို အမှတ်ရနေတယ်၊ သမီးတွေကို အမှတ်ရနေတယ်၊ လုပ်ငန်းခွင်ကို အမှတ်ရနေတယ်။ နောက်တစ်ခု ဘာတွေကို အမှတ်ရနေသလဲ? အဘိုးကြီး ကိုလည်း အမှတ်ရနေတယ်၊ အဘွားကြီးကိုလည်း အမှတ်ရနေတယ်၊ အဲဒီ အမှတ်ရမှုတွေက သိပ်ပြီး အားကောင်းနေပြီဆိုလျှင် သတိက ဘာဖြစ်သွား သလဲ? အားပျော့သွားတယ်။ ဒါကြောင့် အာနာပါနကမ္မဋ္ဌာန်းကိုပဲဖြစ်စေ အခြားကမ္မဋ္ဌာန်းတစ်ခုခုကိုပဲဖြစ်စေ အားထုတ်မယ့်ပုဂ္ဂိုလ်မှာ ပြည့်စုံရမယ့် အင်္ဂါရပ် ဘယ်နှစ်ခု ရှိသွားပြီလဲ? (၃)ခု ရှိပါတယ်။
နံပါတ် (၁)က အာတာပီ = ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိရမယ်။
နံပါတ် (၂)က မိမိ ရှုပွားသုံးသပ်မယ့် ဝင်လေထွက်လေကဲ့သို့သော ကမ္မဋ္ဌာန်းအာရုံကို ကွဲကွဲပြားပြား ထင်ထင်ရှားရှားသိတတ်တဲ့ သမ္ပဇဉ်ဉာဏ် ရှိရမယ်။
နံပါတ် (၃)က ဒီကမ္မဋ္ဌာန်းအာရုံပေါ်၌ ခိုင်မြဲနေတဲ့ သတိ = အမှတ်ရမှု ရှိနေရမယ်။
ပြည့်စုံရမယ့်အင်္ဂါရပ် ဘယ်နှစ်ချက် ရှိသလဲ? (၃)ချက် ရှိပါတယ်။ အဲဒီ သုံးချက်နှင့် ပြည့်စုံပြီးတဲ့အခါ နောက်ထပ် ပယ်ရှားရမယ့်အင်္ဂါရပ်က နှစ်ချက် ရှိနေပါတယ်။
ပယ်ရှားရမည့်အင်္ဂါ (၂)ရပ်
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ (မ၊၂၊၂၃၁။)
အဘိဇ္ဈာ, ဒေါမနဿတရား နှစ်ပါးကို ပယ်ရှားထားရမယ်၊ တချို့တချို့ နေရာတွေမှာ သူတစ်ပါးရဲ့ပစ္စည်းတွေကို မတရားသောနည်းလမ်းဖြင့် လိုလား တောင့်တတဲ့စိတ်ထားကို အဘိဇ္ဈာလို့ ခေါ်ပါတယ်။ ဒီနေရာမှာတော့ သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတွေအပေါ်၌ လိုလားတပ်မက်မှုမှန်သမျှကို အဘိဇ္ဈာ လို့ ခေါ်ပါတယ်။ ဒေါမနဿကတော့ ဒီသက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု တွေကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ စိတ်မချမ်းမှုသာကို ဒေါမနဿလို့ ခေါ်ပါတယ်။ ဒီအဘိဇ္ဈာ, ဒေါမနဿတရား နှစ်ပါးကို ပယ်ရှားထားရပါမယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပယ်ရှားရမလဲ?
ရွာဆိုတဲ့အမှတ်သညာတွေ ကင်းပျောက်နေရပါမယ်၊ လူဆိုတဲ့အမှတ် သညာတွေ ကင်းပျောက်နေရပါမယ်၊ အိမ်ဆိုတဲ့အမှတ်သညာတွေ, သားဆိုတဲ့ အမှတ်သညာတွေ, သမီးဆိုတဲ့အမှတ်သညာတွေ, ပစ္စည်းဆိုတဲ့အမှတ်သညာတွေ, လုပ်ငန်းဆိုတဲ့အမှတ်သညာတွေ ဒီလို အမှတ်သညာတွေ ဘာဖြစ်ရ မလဲ? ကင်းပျောက်နေရပါမယ်၊ ဆိတ်သုဉ်းနေရပါမယ်၊ သုညဖြစ်နေရပါမယ်။ ဒီလို သုညဖြစ်အောင် ရှုပွားနိုင်ပြီဆိုလျှင်တော့ အဘိဇ္ဈာ, ဒေါမနဿတရား နှစ်ပါးကို ခေတ္တ ပယ်ရှားထားလို့ ရနိုင်ပါတယ်။ ဒီလို ပယ်ရှားထားနိုင်တဲ့ အချိန်အခါမှာ ဒီပုဂ္ဂိုလ်က ရှေ့ဆက်ပြီး ဘာလုပ်ရမလဲ?
သတိမြဲပါစေ
သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ (မ၊၂၊၂၃၁။)
သော = ထိုပုဂ္ဂိုလ်သည်။ သတောဝ = သတိနှင့် ပြည့်စုံသည်ဖြစ်၍ သာလျှင်။ အဿသတိ = ဝင်သက်လေကို ဖြစ်စေ၏။ သတောဝ = သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင်။ ပဿသတိ = ထွက်သက်လေကို ဖြစ်စေ၏။
သတိတရား ပြည့်ပြည့်စုံစုံနဲ့ပဲ ဝင်သက်လေကို ဖြစ်စေပါ၊ ထွက်လေကို ဖြစ်စေပါ၊ သတိတရား ပြည့်ပြည့်စုံစုံနဲ့ အသက်ရှူပါဆိုပြီးတော့ မြတ်စွာဘုရားက အသက်ရှူပုံနည်းစနစ်ကို စနစ်တကျ ညွှန်ကြားထားခြင်း ဖြစ်ပါ တယ်။ ဒီလို ဘုရားရှင် ညွှန်ကြားတော်မူတဲ့အတိုင်း အသက်ရှူခဲ့မယ်ဆိုလျှင် တော့ ဘာဖြစ်လာမလဲ? အရဟတ္တဖိုလ်ရသည်အထိ အကျိုးတရားတွေကို ခံစားနိုင်ပါတယ်။ ဘုရားရှင်ဆိုလိုနေတဲ့ အသက်ရှူပုံနည်းစနစ်ဖြင့် အသက် ရှူခြင်းကိုတော့ မြတ်သော အသက်ရှူခြင်းလို့ ခေါ်ပါတယ်။
ဒါယကာကြီး ဒါယိကာမကြီးတွေ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ နည်းစနစ်အတိုင်း မြတ်သော အသက်ရှူခြင်းဖြင့် အသက်ရှူချင်သလားဆိုတာကို ဘုန်းကြီးကတော့ မေးရမယ့်အပိုင်း ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ? ပြန်ပြေးဖို့ အထုပ်တပြင်ပြင် ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေက တော်တော် များနေကြတယ်။ ဒီလို အထုပ်ပြင်နေလျှင်တော့ မြတ်သော အသက်ရှူခြင်းမျိုး ရနိုင်ပါ့မလား? မရ နိုင်ဘူး။ ဘုရားရှင် နှစ်ခြိုက်တော်မူသည့်အတိုင်း အသက်ရှူတတ်မယ်ဆိုလျှင်တော့ အကျိုးတရားတွေ များစွာ ရရှိနိုင်ပါတယ်။ အရဟတ္တဖိုလ် ရသည် အထိ အကျိုးတရားတွေ ရရှိနိုင်ပါတယ်။
အကယ်၍ အရဟတ္တဖိုလ်သာ ဆိုက်ခဲ့မယ်ဆိုလျှင် အိုဘေးဆိုးကြီးမှ လွတ်မယ်၊ နာဘေးဆိုးကြီးမှ လွတ်မယ်၊ သေဘေးဆိုးကြီးမှ လွတ်မယ်၊ နောက် ထပ်တစ်ဖန် အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်နေရတဲ့ ဇာတိဆိုတဲ့ ဘေးဆိုး ကြီးမှလည်း လွတ်မြောက်သွားမယ်၊ သံသရာဝဋ်ဆင်းရဲဒုက္ခတွေမှ ကွင်းလုံးကျွတ် လွတ်သွားမယ်။ ဒီထက်ကောင်းတဲ့အကျိုးတရား ဘယ်မှာ ရရှိနိုင်မလဲ? ဘယ်မှာမှ မရရှိနိုင်ဘူး။ ဒါကြောင့် ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့အတိုင်း အသက်ရှူဖို့ရန်အတွက် နံပါတ် (၁) ဘုရားရှင်က ဘယ်လို ညွှန်ကြားထား တော်မူသလဲ?
သတောဝ အဿသတိ သတောဝ ပဿသတိ = သတိမြဲမြဲနဲ့ အသက်ရှူပါဆိုပြီး ဒီလို ညွှန်ကြားထားပါတယ်။ ဘယ်အပေါ်မှာ သတိမြဲရမလဲလို့ မေးလျှင်တော့ ဘုရားရှင်က ဝင်သက်လေမှာ (၁၆)မျိုးသောအခြင်းအရာ၊ ထွက်သက်လေမှာ (၁၆)မျိုးသောအခြင်းအရာဆိုပြီး (၃၂)မျိုးသောအခြင်း အရာတွေကို ဟောကြားတော်မူပါတယ်။ ဒီမဟာသတိပဋိဋ္ဌာနသုတ္တန်မှာတော့ သမထပိုင်းဆိုင်ရာ ပထမစတုက္ကလို့ ခေါ်ဆိုအပ်တဲ့ လေးမျိုးသောအခြင်းအရာအားဖြင့် အသက်ရှူပုံကို ရှေးဦးစွာ ဟောတော်မူပါတယ်။ ကျန်နေတဲ့ အသက်ရှူပုံ (၁၂)မျိုးကို ဝိပဿနာပိုင်းမှာ ပေါင်းစုခြုံငုံပြီးတော့ ဟောကြား ထားတော်မူပါတယ်။
ဒီစတုက္က တစ်ခုတစ်ခုမှာ မြတ်စွာဘုရားက အသက်ရှူပုံစနစ် လေးမျိုး လေးမျိုး ပိုင်းခြားပြီး ဟောတော်မူပါတယ်။ ပထမစတုက္ကမှာ သမထပိုင်းဆိုင်ရာကျင့်စဉ်တွေကို စတုတ္ထစျာန်တိုင်အောင် သမာဓိကို ထူထောင်ဖို့ တိုက်တွန်း ထားတော်မူပါတယ်။ ထို့နောင် ထိုသမာဓိကို အခြေခံလျက် ဝိပဿနာ ကူးပုံ စနစ်ကို မြတ်စွာဘုရားက ဆက်လက်ကာ ညွှန်ကြားထားတော်မူပါတယ်။ ဒါကြောင့် ယခု မြတ်စွာဘုရား ညွှန်ကြားတော်မူတဲ့အတိုင်း အသက်ရှူပုံစနစ်ကို စတင်ပြီးတော့ နာကြားကြည့်ရအောင် ...
အရှည် -- အတို
ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ၊ (မ၊၂၊၂၃၁။)
ဒီဃံ ဝါ = ရှည်စွာမူလည်း။ အဿသန္တော = ဝင်သက်လေကို ဖြစ်စေ ခဲ့သည်ရှိသော်။ ဒီဃံ = ရှည်စွာ။ အဿသာမီတိ = ဝင်သက်လေကို ဖြစ်စေ၏ ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဒီဃံ ဝါ = ရှည်စွာမူလည်း။ ပဿသန္တော = ထွက်သက်လေကို ဖြစ်စေခဲ့သည်ရှိသော်။ ဒီဃံ = ရှည်စွာ။ ပဿသာမီတိ = ထွက်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲ ပြားပြား သိ၏။
အသက်ရှူတာ ရှည်လျှင် ရှည်တယ်လို့ ကွဲကွဲပြားပြား သိပါ။ ရှည်တယ် ဆိုတာက ဘာပြောတာလဲ? ဝိသုဒ္ဓိမဂ်အဋ္ဌကထာနဲ့ ဝိသုဒ္ဓိမဂ်မဟာဋီကာ တို့က ---
ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)
အဒ္ဓါနဝသေနာတိ ကာလဒ္ဓါနဝသေန။ (မဟာဋီကာ၊၁၊၃၁၈။)
ဒီလို ဖွင့်ဆိုထားပါတယ်။ အချိန်ခပ်ကြာကြာ အသက်ရှူတာကို ရှည် တယ်လို့ ခေါ်ပါတယ်။ တစ်နည်းပြောရလျှင် အသက်ရှူနှေးတာကို ရှည် တယ်လို့ ခေါ်ပါတယ်။ အသက်ရှူနှေးလို့ အသက်ရှူတာ ရှည်ခဲ့လျှင်လည်း ရှည်တယ်လို့ ကွဲကွဲပြားပြား သိပါ။ ဒါက နံပါတ် (၁)အချက် ဖြစ်ပါတယ်။ နောက် နံပါတ် (၂) မြတ်စွာဘုရားက ဘယ်လို ညွှန်ကြားထားတော်မူသလဲ?
ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (မ၊၂၊၂၃၁။)
ရဿံ ဝါ = တိုစွာမူလည်း။ အဿသန္တော = ဝင်သက်လေကို ဖြစ်စေခဲ့ သည်ရှိသော်။ ရဿံ = တိုစွာ။ အဿသာမီတိ = ဝင်သက်လေကို ဖြစ်စေ၏ ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ရဿံ ဝါ = တိုစွာမူလည်း။ ပဿသန္တော = ထွက်သက်လေကို ဖြစ်စေခဲ့သည်ရှိသော်။ ရဿံ = တိုစွာ။ ပဿသာမီတိ = ထွက်သက်လေကို ဖြစ်စေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
အသက်ရှူတာ တိုလျှင်လည်း တိုတယ်လို့ ကွဲကွဲပြားပြား သိပါ၊ တိုတယ် ဆိုတာက ဘာပြောတာလဲဆိုလျှင်တော့ အသက်ရှူမြန်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်ရှူနှေးတာကို ရှည်တယ်။ အသက်ရှူမြန်တာကို တိုတယ်လို့ ဒီလို မှတ်သားထားပါတယ်။ အသက်ရှူနှေးအောင် အသက် ရှူမြန်အောင် သက်သက် ပြုပြင်ပြီး ရှူရမလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ ဘယ်လို ရှူရမလဲလို့မေးလျှင်တော့ ပုံမှန် ရှူမြဲတိုင်းသာ ရှူနေပါ။ ပုံမှန် ရှူမြဲတိုင်း ရှူလိုက်တဲ့အခါ တစ်ခါတစ်ရံ အသက်ရှူတာက နှေးချင်လည်း နှေးတတ်တယ်၊ တစ်ခါတစ်ရံ အသက်ရှူတာက မြန်ချင်လည်း မြန်တတ်တယ်၊ နှေးလျှင်လည်း နှေးတဲ့အတိုင်း သိပါ၊ မြန်လျှင်လည်း မြန်တဲ့အတိုင်း သိပါလို့ ဆိုလိုပါတယ်။ သို့သော် ဒီအပိုင်းမှာ ပြည့်စုံသွားအောင် နောက်ထပ် နံပါတ်(၃) အချက်ကို မြတ်စွာဘုရား ဆက်ပြီး ဟောတော်မူပါတယ်။
အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ရှုပါ
သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ၊ (မ၊၂၊၂၃၁-၂၃၂။)
သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေရဲ့ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိရှိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ သဗ္ဗကာယပဋိသံဝေဒီ = ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိရှိ သည်ဖြစ်၍။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။
ဒီနံပါတ် (၃)အချက်က ဘာပြောလိုတာလဲ? အသက်ရှူတဲ့အချိန်အခါမှာ ဝင်သက်လေထွက်သက်လေကို အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်ပါလို့ ဒီလို ဘုရားရှင်က ညွှန်ကြား ထားတယ်။ ဒီညွှန်ကြားချက် (၃)ခုကို ပေါင်းစပ်ပြီး ပြောရမယ်ဆိုလျှင် ဝင်သက်လေထွက်သက်လေ အသက်ရှူမှုက နှေးမယ် ရှည်နေမယ်ဆိုလျှင်လည်း အစ-အလယ်-အဆုံး အကုန်လုံးသိပါ၊ ဝင်သက်လေထွက်သက်လေအသက်ရှူမှုက မြန်နေမယ် တိုနေမယ်ဆိုလျှင်လည်း အစ-အလယ်-အဆုံး အကုန်လုံး ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်ပါလို့ ဒီလို ဆိုလိုပါတယ်။ ဒီအချက် (၃)ခုကို ပေါင်းစပ်ပြီးတော့ လုပ်ငန်းခွင်ကို ဘုန်းကြီးတို့က စတင်ပြီး သင်ပေးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?
အသက်ရှူတဲ့လေက တစ်ခါတစ်ရံ နှေးချင်လည်း နှေးမယ်၊ မြန်ချင်လည်း မြန်မယ်၊ ဘယ်လိုမှ ရှောင်လို့ မရဘူး။ နှေးတာနဲ့မြန်တာ တစ်ခုခု တော့ ရှိပါလိမ့်မယ်။ ဒီဝင်လေထွက်လေက နှေးလျှင်လည်း နှေးတဲ့အတိုင်း သိဖို့ မြန်လျှင်လည်း မြန်တဲ့အတိုင်း သိဖို့ ပထမတော့ ကြိုးစားရပါတယ်။ ဒီလို ကြိုးစားရတဲ့အပိုင်းမှာ နှေးလျှင်လည်း နှေးတဲ့အတိုင်း သိရမှာဖြစ်တော့ ဘယ်လောက်အထိ သိရမှာလဲလို့မေးလျှင်တော့ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိလျှင် ပိုကောင်းပါတယ်။ မြန်လျှင်လည်း မြန်တဲ့အတိုင်း သိရမယ်ဆိုလျှင်လည်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိမယ်ဆိုလျှင် ပိုကောင်းပါတယ်။ ပိုကောင်းတဲ့အတွက် ဒီအချက် (၃)ခုကို ရောစပ်ပြီး ဘုန်းကြီးတို့က ပထမတော့ သင်ပေးရပါတယ်၊ သင်ပေးတဲ့အပိုင်းမှာ ဒီဝင်လေထွက်လေကို ဘယ်နေရာကနေ စောင့်ပြီး ကြည့်ရမလဲ, ဘယ်နေရာက စောင့်ပြီး ရှုရမလဲလို့ ဒီလိုတော့ မေးစရာရှိပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဘယ်လို ညွှန်ကြားချက် သတ်မှတ်ချက် ပေးထားသလဲ?
ဝင်လေထွက်လေ ထိသည့်နေရာ
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဖုဋ္ဌဖုဋ္ဌောကာသေ = ဝင်လေထွက်လေ ထိထိသွားတဲ့နေရာ၌။ ပန = ထိုသို့သာလျှင်။ သတိံ ဌပေတွာ = သတိကို စွဲစွဲမြဲမြဲ ကပ်ထားပြီး၍။ ဘာဝန္တေဿဝ = ရှုပွားသုံးသပ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်၌သာလျှင်။ ဘာဝနာ = အာနာပါနဿတိသမာဓိဘာဝနာသည်။ သမ္ပဇ္ဇတိ = ပြီးစီး ပြည့်စုံနိုင်ပေ၏။
ဝင်လေထွက်လေ ထိထိသွားတဲ့နေရာမှာ သတိကို စွဲစွဲမြဲမြဲ ကပ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာသာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်ပါတယ်လို့ ဒီလို စည်းကမ်းသတ်မှတ်ချက် ပေးထားပါတယ်။ ဝင်လေ ထွက်လေ ထိတဲ့နေရာကိုလည်း နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျားဆိုပြီး ဒီလို နေရာနှစ်ခု သတ်မှတ်ပေးထားပါတယ်။ နှာသီးဖျားမှာ ဝင်လေထွက်လေက ထင်ရှားလျှင် နှာသီးဖျားမှာ စိုက်ပြီး ရှုပါ။ အထက်နှုတ်ခမ်းဖျားမှာ ဝင်လေ ထွက်လေ ထိမှုက ထင်ရှားလျှင်လည်း အထက်နှုတ်ခမ်းဖျားမှာ စိုက်ပြီး ရှုပါ။ ဘာကို ရှုနေရမလဲ? ဝင်လေထွက်လေကို ရှုရပါမယ်။ ထိတာ သက်သက်ကို ရှုရမလားဆိုတော့ မဟုတ်ပါဘူး။ ထိမှုထင်ရှားတဲ့နေရာကသာ စောင့်ပြီးတော့ ဝင်လေထွက်လေကို ရှုရမှာ ဖြစ်ပါတယ်။
ကကစူပမာ = လွှဥပမာ (ဝိသုဒ္ဓိ၊၁၊၂၇၃-၂၇၄။)
ပုံစံတစ်ခု ပြောရမယ်ဆိုလျှင် သစ်တုံးတစ်တုံးကို တစ်ဖက်ထိုးလွှ ကလေးနဲ့ ဖြတ်တယ်ဆိုကြစို့၊ လွှနဲ့ သစ်တုံးကို ဖြတ်နေတဲ့အချိန်မှာ သစ်တုံးရဲ့ ဟိုဘက်ကို သွားလိုက် မိမိဘက်ကို ပြန်လာလိုက် ဆွဲလိုက် တွန်းလိုက် လုပ်နေတော့ လွှက ငြိမ်ငြိမ်နေသလား? ငြိမ်မနေပါဘူး။ ဟိုဘက်သွားလိုက် ဒီဘက်လာလိုက် ဖြစ်နေတဲ့အတွက် လွှသွားတဲ့နောက်ကို လိုက်ကြည့်နေလျှင်တော့ စိတ်က ငြိမ်သက်မှု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်နေရာကနေ စောင့်ပြီးတော့ ဒီလွှကို ကြည့်ရမလဲ? သစ်တုံးနဲ့လွှ ထိနေတဲ့နေရာကသာ စောင့်ပြီးတော့ လွှကို ကြည့်ရပါတယ်။ ကြည့်ရမှာက သစ်တုံးကို ကြည့်ရမှာ လား, လွှကို ကြည့်ရမှာလားလို့မေးလျှင်တော့ လွှကို ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီပုံစံအတိုင်းပဲ ဝင်လေထွက်လေက လွှကလေးနဲ့ တူပါတယ်။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားက သစ်တုံးနဲ့ တူပါတယ်။ သစ်တုံးနဲ့တူတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားက စောင့်ပြီး ဝင်လေထွက်လေ ဆိုတဲ့ လွှကို စောင့်ကြည့်ပါ။ စောင့်ကြည့်လိုက်တဲ့အခါ ဒီလေက အထဲဝင်လျှင် အထဲကို လိုက်ကြည့်ရမလား? မကြည့်ရပါဘူး။ အပြင်ထွက်လျှင်လည်း အပြင်ကို လိုက်ကြည့်ရမလား? မကြည့်ရပါဘူး၊ ဒီစည်းကမ်းက သိပ်အရေးကြီးပါတယ်။ မိမိက စျာန်သမာဓိကဲ့သို့သော စွမ်းအင်ထက်မြက်နေတဲ့ သမာဓိ တစ်ခုခုကို လိုလားတောင့်တခဲ့မယ်ဆိုလျှင် ဒီစည်းကမ်းကလေးတွေကို ရိုရိုသေသေ ဦးထိပ်ရွက်ပန်ဆင်ပြီးတော့ လိုက်နာဖို့တော့ မလိုဘူးလား? လိုအပ် နေတယ်။
ဒီအာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တဲ့အပိုင်းမှာ နှာသီးဖျားမှာ ဝင်လေ ထွက်လေ ထိမှုက ထင်ရှားလျှင် နှာသီးဖျားက စောင့်ပြီးတော့ လေကို စောင့်ကြည့်ပါ။ ထိမှုကို ကြည့်ရမှာလား, လေကို ကြည့်ရမှာလားဆိုလျှင်တော့ လေကို ကြည့်ရမှာ ဖြစ်ပါတယ်။ အထက်နှုတ်ခမ်းဖျားမှာ ထိမှုက ထင်ရှားခဲ့လျှင် အထက်နှုတ်ခမ်းဖျားကနေ စောင့်ပြီးတော့ ထိတဲ့လေကို စောင့်ကြည့်ရ ပါတယ်။ ထိတာသက်သက်ကို ကြည့်ရမှာ မဟုတ်ပါဘူး။ ထိတဲ့လေကို ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီလေမှာ စိတ်ကလေးကို ငြိမ်နေအောင် ကပ်ထားရပါ မယ်။ ကပ်လိုက်တဲ့အချိန်အခါမှာ စိတ်က မငြိမ်မသက် ဖြစ်ခဲ့လျှင်တော့ အဋ္ဌကထာကြီးများက ရေတွက်တဲ့နည်းကို အသုံးပြုဖို့ရန်အတွက် သတ်မှတ် ပေးထားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)
ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်
ဝင်လေထွက်လေ နှစ်
ဝင်လေထွက်လေ သုံး
ဝင်လေထွက်လေ လေး
ဝင်လေထွက်လေ ငါး
ဝင်လေထွက်လေ ခြောက်
ဝင်လေထွက်လေ ခုနစ်
ဝင်လေထွက်လေ ရှစ်၊
ဒီလောက်ဆိုလျှင် လုံလောက်ပြီ ဆိုကြစို့၊ ဒီလို ရေတွက်လိုက်တဲ့အပိုင်းမှာ ယောဂီပုဂ္ဂိုလ်ဘက်က စိတ်ဓာတ်ကို ခပ်တင်းတင်းကလေး ဆုံးဖြတ်ချက် ချပြီး ရှုဖို့တော့ လိုအပ်ပါတယ်။ တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက် စေရလို့ ဒီလို စိတ်တင်းတင်း ထားပြီး ရေတွက်ပါ။ ဒီလို ရေတွက်တဲ့နည်းနဲ့ ရှုခိုင်းလိုက်လျှင် တချို့ယောဂီပုဂ္ဂိုလ်တွေက ဆင်ခြေ ပေးကြပြန်တယ်။ ရေတွက်တဲ့နည်းစနစ်နဲ့ ရေတွက်ပြီး ရှုနေပေမယ့်လို့ ဝင်လေထွက်လေ နှစ်ခု ပေါင်းကို တစ်လို့ ရေတွက်ပြီး ဝင်လေထွက်လေ နှစ်ခုပေါင်းကို နှစ်လို့ မရေတွက်မီအတွင်းမှာပဲ စိတ်က အပြင်ထွက်ထွက်သွားပြန်တယ်လို့ လျှောက်ထားကြတယ်။ ဒါကြောင့် အဋ္ဌကထာများမှာ ဖော်ပြထားတဲ့အတိုင်း နောက်ထပ် စပါးခြင်သမား ရေတွက်တဲ့နည်းစနစ်ကို သင်ပေးရပြန်တယ်။
ဓညမာပက = စပါးခြင်သမား ရေတွက်နည်း
စပါးခြင်တဲ့ပုဂ္ဂိုလ်တွေက စပါးကို တောင်းနဲ့ ခြင်ပြီဆိုလျှင် တောင်းထဲကို စပါး စပြီး လောင်းထည့်ပါတယ်။ တင်းတောင်း မပြည့်မချင်း တစ်,တစ်... လို့ပဲ ရေတွက်နေပါတယ်။ တောင်းထဲကို ပြည့်တဲ့အထိ ဖြည့်ပြီးတော့ ဟိုဘက်ကို လောင်းလိုက်တဲ့အခါ စပါး မကုန်မချင်း သူက ဘယ်လို ရေတွက် နေသလဲ? တစ်, တစ် ...လို့ ဒီလိုပဲ ရေတွက်နေပါတယ်။ စပါး စ,ခြင်တဲ့ အချိန်အခါက စပြီးတော့ ပြန်သွန်လောင်းထည့်နေဆဲအချိန်မှာလည်း တစ်, တစ် ...လို့ပဲ ရေတွက်နေတယ်။ ပြန်သွန်လောင်းထည့်ပြီးလို့ တောင်းထဲမှာ စပါးကုန်သွားပြီဆိုလျှင် နှစ်, နှစ် ...လို့ စတင် ရေတွက်ပြီး စပါးတွေကို တောင်းထဲ ထည့်ပါတယ်။ တောင်းထဲ ပြည့်လာလို့ ဟိုဘက် ပြန်သွန်လောင်း ထည့်နေဆဲအချိန်မှာလည်း နှစ်, နှစ် ...လို့ ဒီလိုပဲ ရေတွက်နေပါတယ်။
ဒီပုံစံအတိုင်းပဲ ယောဂီပုဂ္ဂိုလ်က ဒီစပါးခြင်သမား ရေတွက်တဲ့နည်းစနစ်နဲ့ ဝင်လေမှာလည်း တစ်, တစ် ... ထွက်လေမှာလည်း တစ်, တစ် ...လို့ ရေတွက်နေပါ။ စိတ်က သိပ်ထွက်နေပြီဆိုတာက ဘာဖြစ်လို့ ထွက်သလဲ? ခဏခဏ သတိရနေလို့ ထွက်နေခြင်း ဖြစ်ပါတယ်။ ရွာကိုလည်း သတိရတယ်၊ အိမ်ကိုလည်း သတိရတယ်၊ ဟိုလူကိုလည်း သတိရတယ်၊ ဒီလူကိုလည်း သတိရတယ်။ ဒီလို သတိရနေတဲ့ ပုဂ္ဂိုလ်တွေအတွက် နည်းပေးထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဝင်လေမှာ နှစ်, နှစ် ... ထွက်လေမှာလည်း နှစ်,နှစ် ... ဝင်လေမှာသုံး, သုံး ... ထွက်လေမှာလည်း သုံး, သုံး... စသည်ဖြင့် ဒီလို တစ်ကနေ ရှစ်လောက်အထိ ရေတွက်ကြည့်ပါ။
သို့သော် တစ်ကနေ တစ်ဆယ်အထိလည်း ရေတွက်နိုင်တယ်။ တစ်ကနေ ငါးအထိလည်း ရေတွက်နိုင်တယ်။ ငါးထက်လည်း မလျော့စေနဲ့၊ တစ်ဆယ်ထက်လည်း မပိုပါစေနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက် ရှိပါတယ်။ (ဝိသုဒ္ဓိ၊ ၁၊၂၇၀။) ဒီလို ရေတွက်တဲ့အပိုင်းမှာ ရေတွက်ခြင်း ဂဏနာနည်းရဲ့စွမ်းအင်ကြောင့် တဖြည်းဖြည်း စိတ်က ငြိမ်သက်သွားတတ်တဲ့သဘော ရှိပါတယ်။ မငြိမ်လည်း ငြိမ်အောင် ကြိုးစားအားထုတ်မယ်ဆိုတဲ့ အလွန် ပြင်းထန်နေတဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယရှိဖို့တော့ လိုအပ်ပါတယ်။
ဒီအပိုင်းမှာ လျော့ရိလျော့ရဲ အားထုတ်လျှင်တော့ စိတ်က သံသရာ တစ်လျှောက်မှာ အာရုံအမျိုးမျိုးတွေအပေါ်မှာ ကျက်စားလာတဲ့ ဝါသနာ စရိုက်တွေက ရှိနေတော့ စိတ်ဓာတ်ကို တစ်နေရာမှာ ဆွဲစုပြီး ထိန်းချုပ်လိုက် တဲ့အပိုင်းမှာ လွယ်လွယ်နဲ့ ထိန်းချုပ်လို့တော့ မရနိုင်ဘူး။ ဒါကြောင့် အင်မတန် ပြင်းထန်နေတဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယရှိဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့် ဒီလို စိတ်ဓာတ်ကို ပြုပြင်သောအားဖြင့် သမာဓိထူထောင်နေရသလဲလို့ မေးလျှင်တော့ အကြောင်းရှိနေပါတယ်။ စိတ်ဓာတ်မှာ စွမ်းအားကလေးတွေ ရှိပါတယ်။ ဒီစိတ်ဓာတ်စွမ်းအင်က ဘယ်အခါမှာ စွမ်းအားကြီးမားလာသလဲ?
နေရောင်ခြည်ရဲ့စွမ်းအင်ကို မှန်ဘီလူးတစ်ခုဖြင့် ဆွဲစုပေးလိုက်တဲ့ အချိန်အခါမှာ မီးထတောက်နိုင်တဲ့စွမ်းအင်တွေ ပေါ်မလာနိုင်ဘူးလား? ပေါ်လာနိုင်တယ်။ ဒီပုံစံအတိုင်းပဲ စိတ်ဓာတ်ကို အာရုံတစ်ခုအပေါ်မှာ ဆွဲစုပေး လိုက်တဲ့ အချိန်အခါမှာ ဒီစိတ်ဓာတ်မှာ သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဆိုတဲ့ စွမ်းအင်တွေ ထက်မြက် စူးရှလာတတ်ပါတယ်။
သဒ္ဓါဆိုတာက အာနာပါနကမ္မဋ္ဌာန်း အားထုတ်လျှင် ဒီဝင်လေထွက်လေ ကို ရှုပွားသုံးသပ်ခြင်းသည် ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို ရရှိစေနိုင်တယ်လို့ ဒီလို ယုံကြည်ချက် ရှိရပါတယ်။ ဒီသမာဓိကို အခြေခံပြီးတော့ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းမယ်။ အကြောင်းတရားတွေကို ရှာဖွေမယ်၊ အကြောင်းတရားနှင့်တကွ ဒီရုပ် နာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့မယ်ဆိုလျှင်လည်း အရဟတ္တဖိုလ်အထိ ပေါက်ရောက်နိုင်တယ်ဆိုတဲ့ ဒီယုံကြည်ချက်တွေ ခိုင်ခိုင်မြြဲမဲ ရှိဖို့တော့ လိုအပ် ပါတယ်။ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ မျှော့သွေးစမ်းတဲ့ပုံစံဖြင့် တရားတော်ကို လာပြီး စမ်းသပ်နေမယ်ဆိုလျှင်တော့ ဒီပုဂ္ဂိုလ်သန္တာန်မှာ အထက်တန်းကျ နေတဲ့ စိတ်ရဲ့စွမ်းအင်တွေ ပေါ်လာနိုင်ပါမလား? မပေါ်လာနိုင်ပါဘူး။ဒါကြောင့် --
၁။ သဒ္ဓါ = ယုံကြည်ချက်ရှိဖို့ လိုအပ်ပါတယ်။
၂။ ဝီရိယ = ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိဖို့ လိုအပ်ပါတယ်။
၃။ သတိ = ဝင်လေထွက်လေအာရုံ၌ ခိုင်မြဲတဲ့သတိရှိဖို့ လိုအပ်ပါတယ်။
၄။ သမာဓိ = ဒီဝင်လေထွက်လေအာရုံ၌ ခိုင်မြဲတဲ့သမာဓိရှိဖို့ လိုအပ်ပါ တယ်။
၅။ ပညာ = ဒီဝင်လေထွက်လေကို ကျကျနန ထိုးထွင်းသိနေတဲ့ သမ္ပဇဉ် ဉာဏ်ရှိဖို့ လိုအပ်ပါတယ်။
ဒီသဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာဆိုတဲ့ တရားတွေကတော့ စိတ်ဓာတ်ရဲ့ စွမ်းအားကြီး ငါးခု ဖြစ်ပါတယ်။ စိတ်ဓာတ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားတွေ ဖြစ်ခြင်းကြောင့် ဣန္ဒြေလို့လည်း ခေါ်တယ်၊ စိတ်ရဲ့စွမ်းအားတွေ ရှိနေတဲ့အတွက်ကြောင့် ဗလ = ဗိုလ်လို့လည်း ခေါ်တယ်။ အာရုံ တစ်ခု အပေါ်မှာ စိတ်ဓာတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ဆွဲစုပေးလိုက်လျှင် ဒီစွမ်းအင်ကြီး ငါးခုက တဖြည်းဖြည်း ကြီးထွား ရင့်ကျက်လာပါတယ်။
ရင့်ကျက်လာတဲ့အတွက် ဒီစွမ်းအင်တွေက လင်းရောင်ခြည်ကို ဖြစ်စေ နိုင်တဲ့စွမ်းအင်အထိ ထပ်ဆင့် တိုးတက်လာတတ်ပါတယ်။ ဒါလောက်တင် စွမ်းအားရှိသလား? ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် သမာဓိသုတ္တန်နှင့် သစ္စဝဂ္ဂသံယုတ်ပါဠိတော် သမာဓိသုတ္တန်တွေမှာ မြတ်စွာဘုရားက ဒီသမာဓိရဲ့ စွမ်းအင်ကလေးတွေကို အကျယ်ဝေဖန်ပြီး ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောကြားထားတော်မူသလဲ?
သမာဓိကို ထူထောင်ပါ
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ? (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြပါကုန်လော့။ သမာဟိတော ဘိက္ခု = သမာဓိရှိတဲ့။ ဘိက္ခု = ရဟန်းတော် သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ချစ်သားရဟန်းတို့ ...သမာဓိကို ပွားများကြပါ၊ ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ရဟန်းတော်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ်။ ဘာတွေကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိသလဲ?
ရူပဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သညာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သင်္ခါရာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝိညာဏဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ။ (သံ၊၂၊၁၂။)
ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးကို ဟုတ် တိုင်းမှန်စွာ သိမယ်၊ ယင်းခန္ဓာငါးပါးတို့ရဲ့ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတွေကိုလည်း ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဒီလို ဘုရားရှင်က ဟောကြားတော်မူပါတယ်။ ပုံစံတူပဲ ဥပနိသသုတ္တန် (သံ၊၁၊၂၆၇။)မှာ ဘုရားရှင်က ဒီလို ဟောကြားထား တော်မူပြန်တယ် --
ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။ (သံ၊၁၊၂၆၇။)
ဤကား ရုပ်တရားလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတယ်။ ဤကား ရုပ်တရားရဲ့ ဖြစ်ကြောင်းသဘောနဲ့ ဖြစ်ခြင်းသဘောလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတယ်။ ဤကား ရုပ်တရားရဲ့ ချုပ်ကြောင်းသဘောနဲ့ ချုပ်ခြင်းသဘောလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတယ်။
ဣတိ ဝေဒနာ။ ပ ။ ဣတိ သညာ။ ဣတိ သင်္ခါရာ။ ဣတိ ဝိညာဏံ ဣတိ ဝိညာဏဿ သမုဒယော ဣတိ ဝိညာဏဿ အတ္ထင်္ဂမောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။ (သံ၊၁၊၂၆၇။)
စသည်ဖြင့် ပုံစံတူ ဟောကြားတော်မူပါတယ်။ ဒီဟောကြားချက်တွေကို ခြုံငုံပြီး ပြောမယ်ဆိုလျှင် ဤကား ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်လို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ရုပ်-ဝေဒနာ- သညာ-သင်္ခါရ-ဝိညာဏ်တို့ရဲ့ ဖြစ်ကြောင်းသဘောနဲ့ ဖြစ်ခြင်းသဘောလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ဤကား ရုပ်-ဝေဒနာ- သညာ-သင်္ခါရ-ဝိညာဏ်တို့ရဲ့ ချုပ်ကြောင်းသဘောနဲ့ ချုပ်ခြင်း သဘောလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဒီလို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိဖို့ရန်အတွက် သင်ချစ်သား ချစ်သမီးတို့တစ်တွေသည် သမာဓိကို ထူထောင်ကြပါလို့ ဒီလို မြတ်စွာဘုရားက တိုက်တွန်းတော်မူပါတယ်။
ရုပ်ဟူသည်
မြတ်စွာဘုရား ဟောကြားတော်မူတဲ့ ရုပ်တရားအကြောင်း, မြတ်စွာဘုရား ဟောကြားတော်မူတဲ့ နာမ်တရားအကြောင်းတွေကို နည်းနည်းကလေး ကြိုတင်ပြီး ပြောပြပါမယ်။ ရုပ်တရားတွေကို ရူပက္ခန္ဓာလို့ ခေါ်ပါတယ်။ နာမ်တရားတွေကိုတော့ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာဆိုပြီး လေးစုလေးပုံ ပုံပြီးတော့ ဟောတော်မူပါတယ်။ ခန္ဓာငါးပါး ဆိုတာနဲ့ ရုပ်နာမ်နှစ်ပါးဆိုတာ အတူတူပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာက ပုံစံအမျိုးမျိုး ပြောင်းလဲပြီး ဖြစ်ပေါ်နေတဲ့ ရှေ့ကဖြစ်သွားတဲ့ ရုပ်သန္တတိအစဉ်နဲ့ နောက်ထပ် ဆက်လက်ပြီး ဖြစ်ပေါ်နေတဲ့ ရုပ်သန္တတိအစဉ်တို့ ရှေ့နောက် တူညီမှုမရှိဘဲ မတူခြားနား ကွဲပြားစွာ ဖြစ်တတ်တဲ့သဘာဝဖြစ်လို့ သူတို့ကို ရုပ်လို့ ခေါ်ပါတယ်။ ဘာကြောင့် ဒီလို မတူကွဲပြားမှုတွေ ဖြစ်ပေါ်နေရသလဲ?
ရုပ္ပတီတိ ခေါ ဘိက္ခဝေ တသ္မာ ရူပန္တိ ဝုစ္စတိ။ ကေန ရုပ္ပတိ? သီတေနပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ၊ ဇိဃစ္ဆာယပိ ရုပ္ပတိ၊ ပိပါသာယပိ ရုပ္ပတိ၊ ဍံသမကသဝါတာတပသရီသပသမ္ဖေဿနပိ ရုပ္ပတိ။ (သံ၊၂၊၇၁။)
စသည်ဖြင့် မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။ အပူဓာတ်ကြောင့်လည်း ရုပ်သန္တတိအစဉ်တွေ အမျိုးမျိုး ပြောင်းလဲပြီး ဖြစ်နိုင်တယ်၊ အအေးဓာတ်ကြောင့်လည်း ရုပ်သန္တတိအစဉ်တွေ အမျိုးမျိုး ပြောင်းလဲပြီး ဖြစ်နိုင်တယ်၊ ဆာလောင်မွတ်သိပ်မှုကြောင့်လည်း ရုပ်သန္တတိအစဉ်တွေ အမျိုးမျိုး ပြောင်းလဲပြီး ဖြစ်နိုင်တယ်။ မြွေကိုက်လျှင်လည်း ရုပ်သန္တတိအစဉ်တွေ အမျိုးမျိုး ပြောင်းလဲပြီး ဖြစ်နိုင်တယ်၊ ကင်းကိုက်လျှင်လည်း ရုပ်သန္တတိ အစဉ်တွေ အမျိုးမျိုး ပြောင်းလဲပြီး ဖြစ်နိုင်တယ်၊ အကြောင်းတရားတွေက ပြောင်းလဲလာတဲ့အခါ အကျိုးဖြစ်တဲ့ ရုပ်တွေကလည်း ဖြစ်ပုံအခြင်းအရာ မတူဘဲ ရုပ်သန္တတိအစဉ်အားဖြင့် ပြောင်းလဲပြီး ဖြစ်ပေါ်နေပါတယ်။
ဒီလိုပြောင်းလဲမှုတွေက ရုပ်လောကမှာ သိပ်ထင်ရှားတဲ့အတွက် အထင်ရုဠှီအားဖြင့် ရုပ်တရားတွေကို ဖောက်ပြန်တဲ့သဘာဝတွေလို့ ခေါ်ပါတယ်၊ ဖောက်ပြန်တဲ့သဘာဝရှိတဲ့ တရားတွေကို ပါဠိဘာသာနဲ့ ရူပလို့ ခေါ်ပါတယ်၊ ရူပဆိုတဲ့စကားလုံးကိုပဲ အဓိပ္ပာယ် မပျက်စီးအောင် ရှေးရှေးဆရာတော်ဘုရား ကြီးများက ရုပ်ဆိုပြီးတော့ ဘာသာပြန်ထားပါတယ်။ ဒီရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့ ဖြစ်နေပါတယ်၊ ဒီရုပ်ကလာပ်တွေသည် ရုပ်လောကမှာ အသေးဆုံး အဖွဲ့အစည်းတစ်ခုရဲ့အမည် ဖြစ်ပါတယ်။ ဒီရုပ်ကလာပ်ကလေးတွေကို ဓာတ်ခွဲကြည့်လိုက်လျှင် ကလာပ်တစ်ခု တစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ - စသည်ဖြင့် သဘောတရားကလေးတွေ အနည်းဆုံး ရှစ်ခုလောက် ရှိတတ်ပါတယ်၊ ရံခါ ဇီဝိတပါခဲ့လျှင် သဘောတရား ကိုးခုလောက်အထိ ရှိတတ်ပါတယ်။ ရံခါ ဘာဝရုပ်, ဟဒယရုပ်, အကြည်ဓာတ် တစ်ခုခု ပါရှိခဲ့မယ် ဆိုလျှင်လည်း ဆယ်ခုလောက်အထိ ရှိတတ်ပါတယ်။
ဒီရုပ်တရားတွေက ကလာပ်လို့ခေါ်တဲ့ အုပ်စုအလိုက် ဖြစ်နေတဲ့အတွက် ဒီကလာပ်သည် ယနေ့ခေတ် သိပ္ပံပညာမှာ ပြောနေတဲ့ အက်တမ်လို့ ခေါ်ဆို အပ်တဲ့ အနုမြူထက် အဆပေါင်းများစွာ သေးငယ်မယ်လို့ ယူဆရပါတယ်။ ဒီကလာပ်အမှုန်ကလေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဤကား ပထဝီ, ဤကား အာပေါ, ဤကား တေဇော, ဤကား ဝါယော, ဤကား အဆင်း, ဤကား အနံ့, ဤကား အရသာ, ဤကား ဩဇာ စသည်ဖြင့် ဒီလို ခွဲခြမ်း စိတ်ဖြာပြီး ရှုနိုင်ပါမှ ရုပ်တရားကို စတင် သိရှိပါတယ်။ သို့သော် ဒီရုပ်တရားတွေကို သိရေးအတွက်က လွယ်ကူတဲ့လုပ်ငန်းကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ?
ဒီကလာပ်အမှုန်ကလေးတွေက ပေါ်ပြီးတာနဲ့ ချက်ချင်း ပျောက်ပျက် သွားပါတယ်။ ပေါ်ပြီး ချက်ချင်း ပျောက်ပျက်သွားတဲ့ အချိန်အခါမှာ ပေါ်လာ ပြီးနောက် မပျောက်မီ ဘယ်လောက် ကြာမြင့်စွာ တည်တံ့ပါသလဲ? ဗုဒ္ဓအဘိဓမ္မာမှာ ရုပ်တို့ရဲ့သက်တမ်းကို စိတ္တက္ခဏ (၁၇)ချက် အသက်ရှည်တယ် ဆိုပြီးတော့ ဒီလို ဖော်ပြထားပါတယ်။ နာမ်တရားတွေရဲ့သက်တမ်းက မျက်စိ တစ်မှိတ် လျှပ်တစ်ပြက် တစ်စက္ကန့်လို့ ခေါ်ဆိုအပ်တဲ့ အချိန်အခါကာလကို အကြိမ်ပေါင်း ကုဋေတစ်သိန်းလောက် ပုံခဲ့လျှင် တစ်ပုံလောက်သာ သက်တမ်း ရှည်ပါတယ်။ ဒီနာမ်တရားတို့ရဲ့ စိတ္တက္ခဏ (၁၇)ချက်လောက်ပဲ ရုပ်တရားတွေက သက်တမ်းရှည်တယ်လို့ ဒီလို သတ်မှတ်ထားပါတယ်။
ဒီသတ်မှတ်ချက်အရ ရုပ်တရားတို့ရဲ့သက်တမ်းကို အကြမ်းစားအားဖြင့် တွက်ချက်ပြီး ပြောမယ်ဆိုလျှင် ကုဋေတစ်သိန်းကို တစ်ဆယ့်ခုနစ်နဲ့ စားခဲ့သော် ကုဋေငါးထောင်ရှစ်ရာခန့်လောက် အဖြေထွက်လာပါတယ်။ ရုပ်ကလာပ်တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ရုပ်တရားတို့ရဲ့ သက်တမ်းသည် တစ်စက္ကန့်ခေါ်တဲ့ အချိန်အခါကာလကို ကုဋေငါးထောင်ကျော်လောက် ပုံလျှင် တစ်ပုံခန့်လောက်သာ သက်တမ်းရှည်မယ်လို့ ဒီလို ခန့်မှန်း ယူဆ ရပါတယ်။ ဒီလောက်တောင် လျင်လျင်မြန်မြန်ကြီး ဖြစ်ပျက်နေတဲ့ သဘာဝ တွေကို မြင်နိုင်ပါ့မလားလို့ ဒီလိုတော့ မေးစရာ ရှိပါတယ်။ ဒါကြောင့် ဘုရား အပေါ်၌ ယုံကြည်မှု ရှိသလား, မရှိဘူးလားဆိုတာ ဒါယကာကြီး ဒါယိကာမကြီးတွေကို ဘုန်းကြီးကလည်း နည်းနည်းလောက် ပြန်မေးချင်ပါတယ်။ ဘုရားရှင်က ဒီရုပ်နာမ်သဘောတရားတွေကို မြင်နိုင်ရေးအတွက် ဘယ်လို ဟောကြားထားသလဲ?
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ? (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြပါကုန်လော့။ သမာဟိတော ဘိက္ခု = သမာဓိရှိသောပုဂ္ဂိုလ်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ ရဟန်းတော်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်လို့ ဘုရားရှင်က အာမခံချက် အပြည့်အဝနဲ့ ဟောတော်မူခဲ့ပါတယ်။ ဘာတွေကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမလဲ? ရုပ်တရားတွေကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ခေါ်တဲ့ နာမ်တရားတွေကိုလည်း မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဒီရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေ, အကြောင်းတရားတွေကြောင့် ထင်ရှား ဖြစ်ပေါ်လာတဲ့ အကျိုး ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေ ထင်ရှားဖြစ်ပေါ်နေတာကိုလည်း မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားဖြစ်တဲ့ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေ ချုပ်ငြိမ်းသွားတာကိုလည်း မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ အကြောင်းအကျိုး နှစ်ရပ်လုံးတို့၌ ဖြစ်မှုပျက်မှု သဘောတွေကိုလည်း မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဒီလို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် သင်ချစ်သား ချစ်သမီးတို့တစ်တွေသည် သမာဓိကို ထူထောင်ကြပါလို့ ဒီလို မြတ်စွာဘုရားက တိုက်တွန်းထားတော်မူပါတယ်။
ဘုရားရှင်အပေါ်၌ ယုံကြည်ခဲ့မယ်ဆိုလျှင် ဘုရားရှင် ဟောကြားတော် မူတဲ့ တရားတော်တွေအပေါ်၌လည်း ယုံကြည်ခဲ့မယ်ဆိုလျှင် ဒီရုပ်တရား တွေကို မြင်မှမြင်နိုင်ပါ့မလားလို့ သံသယရှိနေဖို့ လိုသေးသလား? မလိုတော့ ပါဘူး။ ယုံကြည်ဖို့ သိပ်လိုအပ်တယ်။ မယုံကြည်ဘူးဆိုလျှင် ဒီပုဂ္ဂိုလ် ကြိုးစားပါ့မလား? မကြိုးစားတော့ဘူး။ ယုံကြည်ချက် အပြည့်အဝနဲ့ ကြိုးစားခဲ့မယ် ဆိုလျှင်တော့ ဘုရားရှင်ကလည်း သိနိုင်ပါတယ်လို့ ဒီလို ဝန်ခံပြီး တရားတော်ကို ဟောတော်မူပါတယ်။ ဘုန်းကြီးအပေါ်မှာ မယုံကြည်လို့ ဘာမှမဖြစ်ပါဘူး။ ဘုရားအပေါ်မှာ ယုံကြည်ဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်အပေါ်မှာလည်း ယုံကြည်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒါကြောင့် ဒီတရားတော်တွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိရှိရေးအတွက် သမာဓိတစ်ခုခုကို ထူထောင်ဖို့ လိုအပ်နေပါတယ်။ သစ္စသံယုတ်ပါဠိတော် သမာဓိသုတ္တန်မှာလည်း ဘုရားရှင်က ပုံစံတူပဲ ဟောကြားတော်မူပါတယ်။ ဘယ်လို ဟောကြားတော်မူသလဲ?
သစ္စာလေးပါးကို သိရန်
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ ကိဉ္စ ယထာဘူတံ ပဇာနာတိ? (သံ၊၃၊၃၆၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သမာဓိံ = သမာဓိကို။ ဘာဝေထ= ပွားများကြပါကုန်လော့။ သမာဟိတော ဘိက္ခု = သမာဓိရှိတဲ့ ရဟန်းတော်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ၊ ပွားများကြပါ။ သမာဓိရှိနေတဲ့ရဟန်းတော်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိပါတယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမလဲ?
ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။
ဣဒံ ဒုက္ခန္တိ = ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခသမုဒယောတိ = ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခနိရောဓောတိ = ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ = ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟူ၍။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဤကား ဒုက္ခအရိယသစ္စာတရားလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရားလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ခေါ်တဲ့ မဂ္ဂအရိယသစ္စာတရားလို့ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဒီလို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိနိုင်ရေး အတွက် သင်ချစ်သား ချစ်သမီးတို့တစ်တွေ သမာဓိကို ထူထောင်ကြပါလို့ ဒီလို တိုက်တွန်းထားတော်မူပါတယ်။
ဒီသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ရမယ်။ ဒီသစ္စာလေးပါးထဲမှာ နံပါတ်တစ်သစ္စာက ဒုက္ခသစ္စာ ဖြစ်ပါတယ်။ ဘယ်တရားတွေကို ဒုက္ခသစ္စာလို့ခေါ်သလဲ? ဒါယကာကြီး ဒါယကာမကြီးတွေ အမြဲကြားနာနေရတဲ့ ဓမ္မစကြာဒေသနာတော်ကိုပဲ ပြန်ပြီး အာရုံယူကြည့်ပါ။ ဒီဓမ္မစကြာဒေသနာတော်မှာ ဘုရားရှင်က ဘယ်လို ဟော ကြားတော်မူသလဲ?
သံခိတ္တေန ပဉ္စ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။)
အကျဉ်းချုပ်အားဖြင့် လိုရင်းတိုရှင်းကို ပြောမယ်ဆိုလျှင် ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဒုက္ခသစ္စာဖြစ်တယ်လို့ ဒီလို ဘုရားရှင်က ဟောတော်မူပါတယ်။ ဥပါဒါနက္ခန္ဓာငါးပါးဆိုတာက ဘာတွေလဲ? ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ ပေါင်း လိုက်တော့ ခန္ဓာဘယ်နှစ်ပါး ရှိသလဲ? ငါးပါး ရှိပါတယ်။ တစ်ခါတစ်ရံ ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓ္ခာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာဆိုပြီး ဒီလိုလည်း အတိုအားဖြင့် သုံးပါတယ်။ ဘယ်တရားတွေကို ရူပုပါဒါနက္ခန္ဓာ ခေါ်သလဲ, ဘယ်တရားတွေကို ဝေဒနုပါဒါနက္ခန္ဓာ ခေါ်သလဲလို့ ဒီလို မေးဖို့တော့ မလိုဘူးလား? လိုအပ်လာတယ်။ ဒီမေးခွန်းကို ဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်မှာ အတိအကျ အဖြေပေးသော အားဖြင့် ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဘုရားရှင်က ရှင်းလင်း ဟောကြားထားတော်မူသလဲ?
ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)
အတိတ်ဖြစ်သော ရုပ်တရား, ပစ္စုပ္ပန် ရုပ်တရား, အနာဂတ် ရုပ်တရား, မိမိ အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေတဲ့ရုပ်တရား, ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းနေတဲ့ ရုပ်တရား,သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့နေတဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့နေတဲ့ ရုပ်တရား, ပဏီတ ခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ ဝေးကွာနေတဲ့ အရှုရခက်တဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ နီးစပ်နေတဲ့ ရှုလို့ လွယ်ကူတဲ့ ရုပ်တရား။ ပေါင်းလိုက်တော့ ရုပ်တရား (၁၁)မျိုး တည်ရှိပါတယ်။ ဒီ (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေတဲ့ ရုပ်တရားသည် အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံ နယ်မြေအတွင်းမှာ တည်ရှိခဲ့မယ်ဆိုလျှင်, တဏှာဒိဋ္ဌိတို့ဖြင့် ငါ,ငါ့ဟာလို့ စွဲလမ်းဖွယ်ရာ ဖြစ်မယ်ဆိုလျှင် ဒီ (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာ ခေါ်တယ်လို့ ဒီလို ဘုရားရှင်က ရှင်းပြထားပါတယ်။
ယာ ကာစိ ဝေဒနာ။ ပ ။ ယာ ကာစိ သညာ။ ယေ ကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ။ ပ ။ အယံ ဝုစ္စတိ သင်္ခါရုပါဒါနက္ခန္ဓော။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သာသဝံ ဥပါဒါနိယံ အယံ ဝုစ္စတိ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ။ (သံ၊၂၊၃၉။)
အလားတူပဲ (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်ရှိနေတဲ့ ဝေဒနာ အစုအပုံကို ဝေဒနုပါဒါနက္ခန္ဓာ, (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်ရှိနေတဲ့ သညာတရားအစုအပုံကို သညုပါဒါနက္ခန္ဓာ, (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်ရှိနေတဲ့ စေတသိက် (= သင်္ခါရတရား) အစုအပုံတွေကို သင်္ခါရုပါဒါနက္ခန္ဓာ, (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်ရှိနေတဲ့ အသိစိတ် (= ဝိညာဏ်) အစုအပုံကို ဝိညာဏုပါဒါနက္ခန္ဓာ ဆိုပြီးတော့ အသီးသီး ခေါ်ဆိုကြောင်းလည်း ဆက်လက်ပြီး ရှင်းလင်းထားပါတယ်။
ဒီ (၁၁)မျိုးသောအခြင်းအရာဖြင့် တည်ရှိနေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ ဒီလိုဆိုလျှင် ဒုက္ခသစ္စာစာရင်းထဲမှာ အတိတ်ခန္ဓာငါးပါးလည်း မပါဘူးလား? ပါနေတယ်။ ပစ္စုပ္ပန်ခန္ဓာငါးပါးလည်း မပါဘူးလား? ပါနေတယ်။ အနာဂတ်ခန္ဓာငါးပါးလည်း မပါဘူးလား? ပါနေတယ်။ မိမိ အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာ ငါးပါးလည်း မပါဘူးလား? ပါနေတယ်။ ဗဟိဒ္ဓသန္တာန်ဖြစ်တဲ့ သက်မဲ့လောကနှင့်တကွ များထိုထိုသတ္တဝါတို့ရဲ့ သန္တာန်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး တွေလည်း မပါဘူးလား? ပါနေတယ်။ ဩဠာရိကခန္ဓာငါးပါး, သုခုမခန္ဓာ ငါးပါး, ဟီနခန္ဓာငါးပါး, ပဏီတခန္ဓာငါးပါး, ဒူရခန္ဓာငါးပါး, သန္တိကခန္ဓာငါးပါး ဆိုပြီး (၁၁)မျိုးသောအခြင်းအရာဖြင့် တည်ရှိနေတဲ့ ခန္ဓာငါးပါးအစုအပုံတွေ ပါဝင်နေတယ်။ ဒီဒုက္ခသစ္စာတရားတွေသည် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။
နောက်တစ်ခု ဘယ်တရားတွေကို သမုဒယသစ္စာလို့ ခေါ်သလဲ? ဒုက္ခသစ္စာရဲ့ အကြောင်းရင်းတရားတွေကို သမုဒယသစ္စာလို့ ခေါ်ပါတယ်။ ဒီဒုက္ခသစ္စာရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာကို သစ္စဝိဘင်းပါဠိတော်မှာ ဘုရားရှင် ကိုယ်တော်တိုင်က --
နံပါတ် (၁) တဏှာကို ပဓာနနည်းအားဖြင့် သမုဒယသစ္စာလို့ ဟောတော်မူပါတယ်။ ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာလို့ ဘာကြောင့် ဟောတော်မူသလဲ?
ကုသိုလ်ကံ အကုသိုလ်ကံတွေက တဏှာအစိုဓာတ်အစေးဓာတ်ရှိနေတဲ့ သတ္တဝါရဲ့သန္တာန်မှာသာလျှင် အကျိုးပေးပါတယ်။ တဏှာအစိုဓာတ် အစေးဓာတ် ခန်းခြောက်သွားတဲ့ ရဟန္တာအရှင်မြတ်တို့ရဲ့သန္တာန်မှာ ဒီကုသိုလ်ကံ အကုသိုလ်ကံတွေသည် အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။ ဒါကြောင့် ဒီတဏှာအစိုဓာတ်အစေးဓာတ်တွေက ဒုက္ခသစ္စာခေါ်တဲ့ ခန္ဓာငါးပါးရှိတဲ့ ဘဝတစ်ခုကို ဖြစ်စေတဲ့နေရာမှာ အဓိက အချက်အချာကျနေတဲ့ အကြောင်းရင်းတရားတစ်ခု ဖြစ်နေတဲ့အတွက် ဒီတဏှာကိုလည်း သမုဒယသစ္စာလို့ ခေါ်ဆိုကြောင်း မြတ်စွာဘုရားက ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်ပါတယ်။
ရင့်ကျက်နေတဲ့ မြေပဲစေ့ကလေးတစ်စေ့ ဆိုကြပါစို့၊ ရင့်ကျက်နေတဲ့ ဒီမြေပဲစေ့တစ်စေ့ဟာ အထဲမှာ အစိုဓာတ် အစေးဓာတ် အဆီဓာတ်တွေ ခန်းခြောက်ပြီး မသွားသေးဘူးဆိုလျှင် ရေမြေဥတု အစရှိတဲ့ အကြောင်းညီညွတ်နေတဲ့တစ်နေရာမှာ ကြဲချစိုက်ပျိုးခဲ့သော် အကြောင်းညီညွတ်ပါက အပင် ဆိုတဲ့သဘောတရားတစ်ခု ဖြစ်ပေါ်ပြီး မလာနိုင်ဘူးလား? ဖြစ်ပေါ်လာနိုင် တယ်။ အကယ်၍ ဒီမြေပဲစေ့ကလေးကို မီးရှို့ ဖျက်ဆီးလိုက်တဲ့အတွက် အထဲမှာရှိတဲ့ အစိုဓာတ်အစေးဓာတ်တွေ အားလုံး ခန်းခြောက်သွားပြီ။ ခန်းခြောက် သွားတဲ့ ဒီမြေပဲစေ့ကို ရေမြေဥတု အစရှိတဲ့ အကြောင်းညီညွတ်တဲ့ တစ်နေ ရာမှာ ကြဲချစိုက်ပျိုးလိုက်သော်လည်း အပင်ပေါက်နိုင်မလား? မပေါက်နိုင် တော့ဘူး။
ဒီပုံစံအတိုင်းပဲ တဏှာအစိုဓာတ်အစေးဓာတ်ဆိုတာက ဘဝတစ်ခုကို တွယ်တာတပ်မက်နေတဲ့ တဏှာအစိုဓာတ်အစေးဓာတ်ကလေးကို အထူး သဖြင့် ရည်ညွှန်းထားပါတယ်။ ဘဝတစ်ခုအပေါ်မှာ တွယ်တာတပ်မက်မှု ထင်ရှားရှိနေမယ်ဆိုလျှင် ဒီအစိုဓာတ်ကလေး ရှိနေတဲ့ပုဂ္ဂိုလ်တို့ရဲ့ သန္တာန်၌ ဒီပုဂ္ဂိုလ်တွေက ထူထောင်ထားခဲ့တဲ့ ကုသိုလ်ကံ, အကုသိုလ်ကံတွေသည် အကျိုးပေးဖို့ရန် အခါအခွင့်သင့်လို့ ရင့်ကျက်လာပြီဆိုလျှင် နောက်ထပ် တစ်ဖန် ပဋိသန္ဓေအစရှိတဲ့ အကျိုးဒုက္ခသစ္စာတရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ ဖြစ်ပေါ်လာပါတယ်။ ဒီကုသိုလ်ကံ, အကုသိုလ်ကံတွေက ဒုက္ခသစ္စာခေါ်တဲ့ အကျိုးခန္ဓာငါးပါးကို ဖြစ်စေနိုင်တယ်။ ဒါပေမယ့် တဏှာအစိုဓာတ်အစေးဓာတ် ခန်းခြောက်သွားပြီဆိုလျှင် အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင် တွေ လုံးဝ ကုန်ဆုံးသွားပါတယ်။ ဒါကြောင့် ဒီတဏှာကို သမုဒယသစ္စာလို့ မြတ်စွာဘုရားရှင်က နံပါတ် (၁)အနေအားဖြင့် ဟောတော်မူပါတယ်။
နံပါတ် (၂)အနေအားဖြင့် တဏှာနှင့်တကွသော ကိလေသာဆယ်ပါးကိုလည်း ပဓာနနည်းအားဖြင့် သမုဒယသစ္စာလို့ ဟောကြားတော်မူပါတယ်။
နံပါတ် (၃)အနေအားဖြင့် တဏှာနှင့်တကွ ကိလေသာ (၁၀)ပါးအပါ အဝင်ဖြစ်တဲ့ အကုသိုလ်ကံတရားတွေ အကုန်လုံးကိုလည်း သမုဒယသစ္စာလို့ ဟောကြားထားတော်မူပါတယ်။
နံပါတ် (၄)အနေအားဖြင့် အကုသိုလ်တရားအားလုံးနှင့် သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ အလောဘ, အဒေါသ, အမောဟ ဟိတ် (၃)ပါးကိုလည်း သမုဒယသစ္စာလို့လည်း ဟောကြားထားတော်မူပါတယ်။
နံပါတ် (၅)အနေအားဖြင့် သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ် ကံ,အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာလို့ ဒီလို ဟောတော်မူပါတယ်။ ဒီနံပါတ် (၅) ဟောကြားချက်ကတော့ သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူတဲ့နည်းစနစ်လို့ ဒီလို အဋ္ဌကထာကြီးများက ရှင်းလင်းထားပါတယ်။
တတ္ထ ယသ္မာ ကုသလာကုသလံ ကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ၊ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
ဒီလို အဋ္ဌကထာကြီးများက ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည် ဘယ်သစ္စာမှာ အကျုံးဝင်သလဲ? သမုဒယသစ္စာမှာ အကျုံးဝင်နေပါတယ်။ ဒီကုသိုလ်ကံ, အကုသိုလ်ကံတွေမှာ ယေဘုယျ အားဖြင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ခြံရံထားပါတယ်။ ဥပါဒ်-ဌီ-ဘင်အနေ အားဖြင့် တကယ်ထင်ရှား ဖြစ်ပေါ်ပြီး ခြံရံနေတာလည်း ရှိတယ်။ အနုသယဓာတ်အနေအားဖြင့် ကိန်းဝပ်ပြီးတော့ ခြံရံနေတာလည်း ရှိပါတယ်။ ဒီ ကုသိုလ်ကံ, အကုသိုလ်ကံ မှန်သမျှသည် သစ္စာဒေသနာတော်နည်းအရ သမုဒယသစ္စာ ဖြစ်တဲ့အတွက် ဒုက္ခသစ္စာက အကျိုးတရား, သမုဒယသစ္စာက အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်း သမုဒယသစ္စာတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ဒုက္ခသစ္စာတရား ထင်ရှား ဖြစ်ပေါ်လာရပါတယ်။
အကြောင်း သမုဒယသစ္စာတရား ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ဒုက္ခသစ္စာတရား ထင်ရှား ဖြစ်ပါတယ်ဆိုလျှင် အကြောင်း သမုဒယသစ္စာက အရင်ဖြစ်မလား၊ အကျိုး ဒုက္ခသစ္စာက အရင်ဖြစ်မလား? အကြောင်း သမုဒယသစ္စာတရားက အရင်ဖြစ်ရပါတယ်။ ဒီလိုဆိုလျှင် ဒါယကာကြီးတွေ ဒီဘဝကို ဆန်းစစ်ကြည့်ကြရအောင် --
ဘုန်းကြီးတို့ ဒီဘဝမှာ လူသားရယ်လို့ လာဖြစ်ပြီဆိုလျှင် မိခင်ဝမ်းထဲမှာ ခေါင်ဆုံး စပြီး ပဋိသန္ဓေ တည်နေရပါတယ်။ ပဋိသန္ဓေ တည်နေရတဲ့ ခေါင်ဆုံး အချိန်အခါကာလကလေးကို ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်က လှမ်းပြီး ဓာတ်ခွဲကြည့်လိုက်လျှင် ရုပ်တရားဘက်မှာ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဟဒယဒသကကလာပ်ဆိုပြီးတော့ ရုပ်ကလာပ်အမျိုးအစား သုံးမျိုး, ရုပ်အမျိုးအစား သုံးဆယ်က ရူပက္ခန္ဓာ ဖြစ်ပါတယ်။ နာမ်တရားကို ကြည့်လိုက်မယ်ဆိုလျှင်တော့ သောမနဿဝေဒနာနဲ့ ယှဉ်တွဲပြီးတော့ ဉာဏသမ္ပယုတ်စိတ်နဲ့ ပဋိသန္ဓေတည်နေတဲ့ လူသားတစ်ဦး ဖြစ်ခဲ့မယ်ဆိုလျှင် စိတ်စေတသိက် နာမ်တရားတွေသည် (၃၄)လုံးလောက်အထိ ရှိပါတယ်။
၁။ အသိစိတ် ၁ လုံး
၂။ အညသမာန်း စေတသိက် ၁၃ လုံး
၃။ သောဘဏသာဓာရဏစေတသိက် ၁၉ လုံး
၄။ ပညိန္ဒြေစေတသိက် ၁ လုံး
အားလုံး ပေါင်းလိုက်တော့ (၃၄)လုံး ဖြစ်ပါတယ်။ အဲဒီ (၃၄)လုံးထဲမှာ ဝေဒနာက ဝေဒနာက္ခန္ဓာ, သညာက သညာက္ခန္ဓာ, ကျန်တဲ့ စေတသိက်(၃၁) လုံးက သင်္ခါရက္ခန္ဓာ, အသိစိတ် = ဝိညာဏ်က ဝိညာဏက္ခန္ဓာဆိုပြီး နာမ်ခန္ဓာ က (၄)ပါး ရှိပါတယ်။ အားလုံး ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါး ရှိသွားပြီ လဲ? ခန္ဓာငါးပါး ဖြစ်ပါတယ်။ ဒီခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်း အရ ဒုက္ခသစ္စာတရားတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် ဒီဘဝမှာ အမိဝမ်းတွင်း၌ ပဋိသန္ဓေ စပြီး တည်နေပြီဆိုလျှင် ဘဝတစ်ခု စဖြစ်တဲ့ အချိန်အခါမှာ ဒုက္ခသစ္စာက အရင်ဖြစ်သလား, သမုဒယသစ္စာက အရင်ဖြစ်သလား? ဒုက္ခသစ္စာက ခေါင်ဆုံး စဖြစ်ပါတယ်။ ဒီဒုက္ခသစ္စာသည် ဘယ်သူ့ကြောင့် ဖြစ်သလဲ? သမုဒယသစ္စာကြောင့် ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ဒီသမုဒယသစ္စာသည် ဒီဘက်ဘဝမှာ ရှိမလား၊ ဟိုဘက်ဘဝမှာ ရှိမလား? ဟိုဘက်ဘဝမှာ ရှိနေပါမယ်။ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာကြောင့်သာလျှင် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်လာရပါတယ်။ အကယ်၍ အတိတ်ကို လှမ်းမရှုခဲ့ဘူးဆိုလျှင် အတိတ်က ဖြစ်ပေါ်ခဲ့တဲ့ သမုဒယသစ္စာကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်ပေါ်လာခြင်းကို သိနိုင်ပါ့မလား? မသိနိုင် ပါဘူး။ မသိဘူးဆိုလျှင် ထိုပုဂ္ဂိုလ် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရနိုင်ပါ့မလား? ဒီအချက်နဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားသည် သုတ္တန် တော်တော် ခပ်များများမှာ ဟောကြားတော်မူပါတယ်။ ထိုသုတ္တန်များစွာထဲက သုတ္တန်တစ် ခုကတော့ ကူဋာဂါရသုတ္တန် ဖြစ်ပါတယ်။ ထိုသုတ္တန်မှာ ဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ?
ကူဋာဂါရသုတ္တန်
ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ၊ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ယော စ ခေါ = အကြင် အမှတ်မထား တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည်ကား။ ဧဝံ = ဤသို့။ ဝဒေယျ = ပြောဆိုလာငြားအံ့။ အဟံ = ငါသည်။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာ တရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင် ပါဘဲလျက်။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကိုလည်းပဲ။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါဘဲလျက်။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာကိုလည်းပဲ။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိ မမြင်ပါဘဲလျက်။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကို လည်းပဲ။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ပါဘဲ လျက်။ ဒုက္ခဿန္တံ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို။ အဟံ = ငါသည်။ ကရိဿာမိ = ပြုလုပ်၍ ပြပေအံ့။ ဣတိ = ဤသို့လျှင်။ ဝဒေယျ = ပြောဆိုလာငြားအံ့။ ဧတံ ဌာနံ = ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်နိုင်သော ဤအကြောင်းအရာမျိုးသည်။ န ဝိဇ္ဇတိ = မရှိသည်သာလျှင်တည်း။
ချစ်သားရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်ယောက်က ဒီလို ပြောဆို လာမယ်၊ ဘယ်လို ပြောဆိုလာမလဲ? ဒုက္ခအရိယသစ္စာကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ဘဲ, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကိုလည်းပဲ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ဘဲ, ဒုက္ခချုပ်ရာဖြစ်တဲ့ ဒုက္ခနိရောဓအရိယသစ္စာတရားကိုလည်းပဲ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ဘဲ, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကိုလည်းပဲ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ဘဲ ငါသည် သံသရာဝဋ်ဆင်းရဲဒုက္ခကို ကုန်ဆုံးအောင် ပြုလုပ်ပြမယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က လာပြောခဲ့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း မရှိပါဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။
ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဥပမာကလေးတစ်ခုကို ထုတ်ဆောင်ပြီးတော့ ဟောတော်မူပါတယ်။ အိမ်တစ်အိမ် ဆောက်လုပ်ပြီ ဆိုကြစို့၊ အိမ် တစ်အိမ် ဆောက်လုပ်တဲ့အခါမှာ အောက်ပိုင်းအဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ တိုင်တွေ, ထုတ်တွေ, ယောက်တွေလည်း မပါရဘူးလား? ပါရတယ်။ ဒီလို အောက်ပိုင်းအဆောက်အဦဖြစ်တဲ့ တိုင်တွေ, ထုတ်တွေ, ယောက်တွေ မပါဘဲနဲ့ အပေါ်ပိုင်းအဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ မြားတွေကို တင်ပြီးတော့ ပြာသာဒ်ထွတ်တပ်ထားတဲ့ အိမ်တစ်အိမ်ကို ငါ ဆောက်လုပ် ပြမယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က လာပြောမယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း မရှိနိုင်ဘူး။
အလားတူပဲ ချစ်သားရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်က ဒုက္ခအရိယ သစ္စာ, သမုဒယအရိယသစ္စာ, နိရောဓအရိယသစ္စာ, မဂ္ဂအရိယသစ္စာလို့ ခေါ်တဲ့ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးအောင် ငါလုပ်ပြမယ်လို့ ပြောခဲ့မယ်ဆိုလျှင် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း ဘယ်လိုမှ မရှိနိုင်ဘူးလို့ ဒီလို ဘုရားရှင်က ဟောကြားတော်မူပါတယ်။ ပြောင်းပြန်အားဖြင့်လည်း မြတ်စွာဘုရားရှင်က သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်ဆုံးအောင် ပြုလုပ်မှုနှင့်ပတ်သက်ပြီး ဥပမာဆောင်ပြီး ဟောပြတော်မူပါ တယ်။
ဒါကြောင့် ဒီသစ္စာလေးပါးထဲမှာ အကျုံးဝင်နေတဲ့ ဒုက္ခသစ္စာကိုလည်း မသိဘူး, သမုဒယသစ္စာကိုလည်း မသိဘူး, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကိုလည်း မသိဘူးဆိုလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်နိုင်ပါ့မလား? မကုန်နိုင်ဘူး။ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ပါ့မလား? မပြုနိုင်ဘူး။ ဒါကြောင့် အတိတ်က သမုဒယသစ္စာကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ဒုက္ခသစ္စာဖြစ်ပုံကို သိအောင် ရှုရသလို အလားတူပဲ အတိတ်မှာလည်း ဆိုင်ရာအတိတ်က သမုဒယ သစ္စာတွေကြောင့် ဆိုင်ရာ အတိတ်ဒုက္ခသစ္စာ ဖြစ်ပုံတွေကိုလည်း မြင်အောင် ရှုဖို့ရန်အတွက် ဘုရားရှင်ကလည်း ညွှန်ကြားတော်မူပါတယ်။
အလားတူပဲ ပစ္စုပ္ပန်သမုဒယသစ္စာကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာ ဖြစ်ပုံတွေကိုလည်း မြင်အောင် လှမ်းပြီး ရှုဖို့ရန်လည်း မြတ်စွာဘုရားက ညွှန်ကြားတော်မူပါတယ်။ အလားတူပဲ အနာဂတ်ဘဝတွေက ထင်ရှားရှိနေ ဦးမယ်ဆိုလျှင် အနာဂတ်မှာ ဖြစ်ပေါ်မယ့် သမုဒယသစ္စာတွေကြောင့် နောက်ထပ် အနာဂတ်တွေမှာလည်း ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံတွေကိုလည်း မြင်အောင်ရှုဖို့ မြတ်စွာဘုရား ညွှန်ကြားထားပါတယ်။ ဒါကြောင့် အတိတ်, အနာဂတ်တွေကို မရှုခဲ့ဘူးဆိုလျှင် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ ဖြစ်ပုံကို ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ပြီး သိနိုင်ပါ့မလား? မသိနိုင်ဘူး။ သူများအပြောနဲ့ လွမ်းပြီးတော့ ပါးစပ်ဟပြီး သူများပါးစပ်မှာပဲ လမ်းဆုံးရမယ့် သိနည်းမျိုးသည် လုံလောက်နိုင်ပါ့မလား? မလုံလောက်နိုင်ဘူး။ ဘုရားရှင်က --
ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)
သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခကို ကုန်အောင်ပြုမယ်ဆိုလျှင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မြတ်စွာဘုရားက ဒီလို ဟောထားတော်မူပါတယ်။
မဟာနိဒါနသုတ္တန်
နောက်တစ်ခုက အရှင်အာနန္ဒာမထေရ်မြတ်ဟာ သောတာပန် ဖြစ်ပြီးတဲ့နောက် တစ်ချိန်မှာ သောတာပတ္တိဖလသမာပတ်ကို ဝင်စားတော်မူပါတယ်။ သောတာပတ္တိဖလသမာပတ်ကို အချိန်ပိုင်းခြားပြီးတော့ ဝင်စားပြီးတဲ့အခါ သောတာပတ္တိဖလသမာပတ်မှ ထပြီးတော့ သင်္ခါရတရားတွေကို ပြန်ပြီး ဆင်ခြင်တော်မူပါတယ်။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ အစရှိတဲ့ အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအားဖြင့်လည်း ဆင်ခြင်တော်မူပါတယ်။ ဇရာ မရဏ ဘာကြောင့် ဖြစ်သလဲ? ဇာတိကြောင့် ဖြစ်တယ်။ ဇာတိ ဘာကြောင့် ဖြစ်သလဲ? ဘဝကြောင့် ဖြစ်တယ် စသည်ဖြင့် အဝိဇ္ဇာသို့တိုင်အောင် ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအားဖြင့်လည်း ဆင်ခြင်တော်မူပါ တယ်။ အလယ်ခေါင်ကနေ အစ, အလယ်ခေါင်ကနေ အဆုံး, အဆုံးကနေ အလယ်, အစကနေ အလယ်ဆိုပြီးတော့ ဒီလို လေးမျိုးသော အခြင်းအရာ အားဖြင့်လည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွေကို လှမ်းပြီးတော့ ဆင်ခြင် တော်မူပါတယ်။
ဒီလို အနုလောမ ပဋိလောမ စသည်ဖြင့် ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့ ဉာဏ်ထဲမှာ ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေသည် အလွန် ပေါ်လွင်ထင်ရှားနေပါတယ်။ ဒီလို ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေ ပေါ်လွင် ထင်ရှားနေတဲ့ အကြောင်းအရာတွေကို အတ္ထုပ္ပတ်ပြုပြီးတော့ မြတ်စွာဘုရားထံ တင်ပြ လျှောက်ထားခဲ့မယ်ဆိုလျှင် ဘုရားရှင်ထံမှ ပဋိစ္စသမုပ္ပါဒ်နဲ့ ဆက်စပ် နေတဲ့ တရားကောင်းတစ်ပုဒ်ကိုတော့ ငါသည် နာကြားခွင့် ရလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်ဖြင့် ညနေချမ်းအခါမှာ ဘုရားရှင်ထံ ချဉ်းကပ်တော်မူပါတယ်။ ချဉ်းကပ်တော်မူပြီးတဲ့အခါမှာ မြတ်စွာဘုရား ... ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေသည် ခက်ခဲတယ် နက်နဲတယ်ဆိုသော်လည်း တပည့်တော်ရဲ့ အသိဉာဏ်၌ လွယ်လွယ်ကလေး တိမ်တိမ်ကလေး ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီးတော့ ဒီလို တင်ပြ လျှောက်ထားပါတယ်။ ဒီအခါမှာ ဘုရားရှင်က --
ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ။ ဧတဿ စာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလာဂဏိ္ဌကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)
ချစ်သားအာနန္ဒာ ... သင် ဒီလိုမပြောနဲ့ စသည်ဖြင့် တားမြစ်တော် မူပါတယ်။ ဒီလို တားမြစ်တော်မူပြီးတော့ မြတ်စွာဘုရားရှင်က ဘယ်လို ဆက်ပြီး တရားဟောတော်မူသလဲ? ချစ်သားအာနန္ဒာ ... ဒီကြောင်းကျိုး ဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို အနုဗောဓဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ခြင်းကြောင့် ပဋိဝေဓဉာဏ်ဖြင့်လည်း မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမြင်ခြင်းကြောင့် သတ္တဝါတွေသည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်ဘူးလို့ ဘုရားရှင်က ဒီလို ဟောတော်မူပါတယ်။ ဒီဟောကြားချက်ကို ကိုးကားပြီးတော့ အဋ္ဌကထာကြီးများကလည်း --
ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန။
ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။
သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။ (ဝိသုဒ္ဓိ၊၂၊၂၂၁။)
သမာဓိပဝရသိလာယံ = သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာ ထက်၌။ သုနိသိတေန = ကောင်းစွာ မြမြထက်အောင် သွေးထားအပ်သော။ ဉာဏာသိနာ = ဉာဏ်တည်းဟူသော သန်လျက်ဖြင့်။ အသနိဝိစက္ကမိဝ = မိုးကြိုးစက်ဝန်းကဲ့သို့။ နိစ္စနိမ္မထနံ = သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် မွှေနှောက်တတ်သော။ ဘဝစက္ကံ = ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟု ခေါ်ဆိုအပ်တဲ့ သံသရာဘဝစက်ကို။ အပဒါလေတွာ = မဖောက်ခွဲနိုင်ဘဲ။ သံသာရဘယမတီတော = သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်၍သွားသော။ ကောစိ = တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါသည်။ သုပိနန္တေရေပိ = အိပ်မက်အတွင်း၌သော်မျှလည်းပဲ။ နတ္ထိ = မရှိခဲ့စဖူးပေ။
ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ရှုမည့်ပုဂ္ဂိုလ်မှာ သမာဓိတည်းဟူသော ကျောက်ဖျာထက်၌ မြမြထက်နေအောင် သွေးထားတဲ့ ဉာဏ်တည်း ဟူသောသန်လျက်ရှိဖို့ လိုအပ်နေပါတယ်။ ဒီလို ဉာဏ်တည်းဟူသော သန်လျက်က လိုအပ်နေတဲ့အတွက် သမာဓိကို ထူထောင်ရမလား, မထူထောင် ရဘူးလား? ထူထောင်ရမယ့်သဘော ရှိပါတယ်။ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်မှာ မြမြထက်အောင် သွေးထားတဲ့ ဉာဏ်တည်းဟူသော သန်လျက်ဖြင့် သတ္တဝါတွေကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် မွှေနှောက် နေတဲ့ ကြောင်းကျိုးဆက်နွယ်နေတဲ့ ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဖောက်ခွဲရတော့မယ်။ ဒီလို မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲမှာတောင် တစ်ယောက်မှ မရှိခဲ့စဖူးပါဘူးလို့ ဒီလို ဆုံးဖြတ်ထားပါတယ်။
ဒီကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားဆိုတာက အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် စသည်ဖြင့် ဒီလို သိရပါမယ်။ ဒီလို သိတဲ့အပိုင်းမှာ ဒီကြောင်းကျိုးဆက်နွယ်မှုသဘောတရားဆိုတာနဲ့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိတယ်ဆိုတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်နေတဲ့ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို မသိခဲ့လျှင် သံသရာဝဋ် ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်မှု ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ ဒါက ကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။
ဒီကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိရှိရေးအတွက် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန် အကြောင်းတရားကြောင့် အနာဂတ်မှာ အကျိုးတရားဖြစ်ပုံတွေကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိရှိရေးအတွက် အတိတ် အကြောင်းတွေကို သိအောင်ရှုဖို့လည်း မလိုဘူးလား? လိုအပ်ပါတယ်။ အလားတူပဲ အနာဂတ်အကျိုးတရားတွေ, အနာဂတ်အကြောင်းတရားတွေကို လည်း သိအောင်ရှုဖို့လည်း မလိုဘူးလား? လိုအပ်ပါတယ်။ ဆိုင်ရာ အတိတ်က အကြောင်းတရားတွေကြောင့် အတိတ်တွေမှာ ဆိုင်ရာ အကျိုးတရားတွေ ထင်ရှားဖြစ်ပုံကိုလည်း သိအောင်ရှုဖို့လည်း မလိုဘူးလား? လိုအပ်နေတယ်။
ဒါကြောင့် ဝိပဿနာရှုတဲ့အပိုင်းမှာ ပစ္စုပ္ပန်သက်သက် ရှုပွားရုံနဲ့ ကြောင်း ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိဖို့ဆိုတာ လွယ်ကူနိုင်မလား? မလွယ်ကူနိုင်ဘူး။ ဒီကြောင်းကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘောတရား တွေကို ရှုရမယ်ဆိုလျှင် ဖြစ်နိုင်ပါ့မလားလို့ ဒီလိုလည်း တချို့က မေးကြတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ဒီမေးခွန်းက ဘုရားအပေါ်မှာ ယုံကြည်လို့ မေးနေတာလား, မယုံကြည်လို့ မေးနေတာလား? မယုံကြည်လို့ မေးနေခြင်းပဲ ဖြစ်ပါတယ်။ ဘုရားရှင်က ဘယ်လို ဟောကြားထားသလဲ?
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)
စသည်ဖြင့် ဒီလို ဟောတော်မူပါတယ်။ ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်း မှန်စွာ သိဖို့အတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ပါ၊ ဤကား သမုဒယသစ္စာလို့ ဟုတ်တိုင်းမှန်စွာ သိဖို့အတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ပါလို့ ဒီလို ဟောတော်မူပါတယ်။ ဒီဟောကြားချက်တွေကို ယောဂါဝစရပုဂ္ဂိုလ်တို့က ဦးထိပ်ရွက်ပန်ဆင်နိုင်တဲ့ စွမ်းအင် ရှိဖို့တော့ လိုအပ်နေ ပါတယ်။ ဒီလို သမာဓိထူထောင်တဲ့အပိုင်းတွေမှာ တချို့က လွယ်လွယ်ပဲ ပြောတတ်ကြတယ်။ ဒီသစ္စာလေးပါးမှာ တဏှာဟာ သမုဒယသစ္စာပဲ၊ ဒီ တဏှာကို သိနေလျှင် သမုဒယသစ္စာကို သိနေတာပဲလို့ ဒီလို ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ် ပြောတတ်ကြပါတယ်။
အဋ္ဌကထာကြီးများ၏ ရှင်းလင်းချက် (အဘိ၊ဋ္ဌ၊၃၊၃၇၄။)
ဒီအပြောနဲ့ပတ်သက်လို့ တဏှာကို သမုဒယသစ္စာ မဟုတ်ဘူးလို့တော့ ဘုန်းကြီးက မရှင်းလိုပါဘူး။ သို့သော် တဏှာတိုင်းသည် ပစ္စုပ္ပန်ဒုက္ခသစ္စာရဲ့ အကြောင်းရင်းလို့ ပြောလို့တော့ မရပါဘူး။ ဒီပစ္စုပ္ပန်ဒုက္ခသစ္စာရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေသည် အတိတ်ဘဝက ထူထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့သာ ဖြစ်ကြပါတယ်။ ပစ္စုပ္ပန်ကံတွေ ဟုတ်ကြသလား? မဟုတ်ကြပါဘူး။ အကယ်၍ ပစ္စုပ္ပန်ကံကြောင့် သို့မဟုတ် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ခြံရံထားတဲ့ ပစ္စုပ္ပန်ကုသိုလ်ကံ အကုသိုလ်ကံတွေကြောင့် ပစ္စုပ္ပန်မှာ ဒုက္ခသစ္စာ ဖြစ်ပါတယ်ဆိုတဲ့အချက်နှင့် ပတ်သက်ပြီး အဋ္ဌကထာကြီးများက ဥပမာကလေးနဲ့ ရှင်းလင်း တင်ပြထား ပါတယ်။
ယခု ဒါယကာကြီးတွေ တရားနာနေကြတဲ့ ကုသိုလ်က ဘာကုသိုလ်လို့ ခေါ်သလဲ? ဓမ္မဿဝနကုသိုလ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်ကို နာယူနေတဲ့ ဓမ္မဿဝနကုသိုလ်တွေ ဒါယကာကြီး တွေရဲ့သန္တာန်မှာ ဖြစ်ပေါ်နေတယ်၊ ကုသိုလ်ကံတွေကို ထူထောင်နေကြပြီ။ ဒီကုသိုလ်ကံတွေကြောင့် နတ်သားဖြစ်ရပါလို၏လို့ နည်းနည်းကလေး ဆုတောင်းကြည့်စမ်းပါ၊ ဘယ့်နှယ်တုံး ချက်ချင်း နတ်သားဖြစ်သွားသလား? မဖြစ်ပါဘူး။ အဘိုးကြီးက အဘိုးကြီးပဲ, အဘွားကြီးကလည်း အဘွားကြီးပဲ ရှိနေပါသေးတယ်။ အိုမြဲသာ အိုနေပါတယ်။ ချက်ချင်း ပျိုသွားသလား? မပျိုပါဘူး။
ဆိုလိုတာက ပစ္စုပ္ပန်ကံကြောင့် ပစ္စုပ္ပန်ဒုက္ခသစ္စာဖြစ်တာ မဟုတ်ပါဘူး။ ကံတို့မည်သည်မှာ ရင့်ကျက်ဖို့ရန်အတွက် အချိန်အနည်းငယ်တော့ စောင့်ဆိုင်းရပါတယ်။ စပါးကဲ့သို့သော မျိုးစေ့တစ်ခုကို ကြဲချ စိုက်ပျိုးလိုက်တဲ့ အချိန် အခါမှာ ချက်ချင်း အသီးသီးဖို့ ဖြစ်နိုင်ပါသလား? မဖြစ်နိုင်ပါဘူး။ ရင့်ကျက် ဖို့ဆိုတဲ့ အချိန်အခါကာလကလေးတော့ အနည်းငယ် စောင့်ဆိုင်းဖို့ မလို ဘူးလား? လိုအပ်နေပါတယ်။ အလားတူပဲ ကံတို့မည်သည်မှာ ကြဲချ စိုက်ပျိုး လိုက်လျှင် ချက်ချင်း အကျိုးပေးဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။
ဒိဋ္ဌဓမ္မဝေဒနီယ = မျက်မှောက်ဘဝမှာ ချက်ချင်း အကျိုးပေးတယ်ဆိုတဲ့ ကံတွေကို ကြည့်လိုက်မယ်ဆိုလျှင် မိနစ်ပိုင်းလောက် နာရီပိုင်းလောက်တော့ အကြောင်းနဲ့အကျိုး ကွာဟချက် ရှိနေပါသေးတယ်။ မျက်မှောက်ဘဝမှာ အကျိုးပေးတယ်ဆိုသော်လည်း ချက်ချင်း အကျိုးပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလို မျက်မှောက်ဘဝမှာ အကျိုးပေးတယ်ဆိုတာကလည်း လက်ရှိခန္ဓာ ငါးပါးကဲ့သို့သော ဒုက္ခသစ္စာတရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ အကျိုးမျိုးတော့ မဟုတ်ပါဘူး။
ယေဘုယျအားဖြင့် မောင်ပုဏ္ဏဇနီးမောင်နှံ ဆိုကြပါစို့၊ နိရောဓသမာပတ်မှ ထတော်မူလာတဲ့ အရှင်သာရိပုတြာမထေရ်မြတ်ကြီးကို ဆွမ်းလှူဒါန်း ပူဇော်ရတဲ့ ကောင်းမှုကုသိုလ်ကံကြောင့် ရွှေတုံးရွှေခဲတွေ ရရှိခဲ့ပါတယ်။ ဒီလို အကျိုးပေးမှုမှာလည်း နာရီပိုင်းလောက်တော့ အကြောင်းတရားနဲ့ အကျိုး တရားတွေဟာ ကွာဟချက် ရှိနေပါတယ်။ ဒီလို အပြင်အပ ဗဟိဒ္ဓ သက်မဲ့ဝတ္ထုလို့ ခေါ်ဆိုအပ်တဲ့ အကျိုးတရားမျိုးကိုသာလျှင် ယေဘုယျအားဖြင့် ဖြစ်စေနိုင်တဲ့သဘော ရှိပါတယ်။
သို့သော် အရှင်ဒေဝဒတ်တို့ကဲ့သို့ မျက်မှောက်ဘဝမှာပဲ မကောင်းတဲ့ အကျိုးတွေကို ခံစားရတာမျိုးလည်း ရှိတန်သလောက်တော့ ရှိတတ်ပါတယ်။ ဒါကလည်း အရှင်ဒေဝဒတ်သန္တာန်မှာ တည်ရှိတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ အကျိုးတရားမျိုးတော့ မဟုတ်ပါဘူး။ အကုသိုလ်ကံတွေက ရင့်ကျက်လာတဲ့ အချိန်အခါမှာ လက်ငင်း အပါယ်ကို ရောက်စေနိုင်တဲ့ အကျိုးတရားမျိုးတွေကို နောက်ထပ် အသစ်ဖြစ်စေခြင်းမျှသာ ဖြစ်ပါတယ်။
ဒါကြောင့် ဒိဋ္ဌဓမ္မဝေဒနီယကံတို့ကဲ့သို့သော ကံတွေသည်ပင်လျှင် ပစ္စုပ္ပန် ပဋိသန္ဓေအကျိုးကဲ့သို့သော ခန္ဓာငါးပါး ဒုက္ခသစ္စာကို ဖြစ်စေနိုင်တဲ့ အကျိုးတရားမျိုးကို ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဘုန်းကြီးတို့ ဒီလက်ရှိပစ္စုပ္ပန် ခန္ဓာငါးပါးရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာတရားသည် အတိတ်က ထူထောင်ခဲ့တာဖြစ်တော့ အတိတ်က ထူထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာတွေ ထင်ရှားဖြစ်ပုံကို သိချင်တယ်ဆိုလျှင် အတိတ်က သမုဒယသစ္စာကို လှမ်းရှုတတ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီလို သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို မသိခဲ့ဘူးဆိုလျှင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိနိုင်မလား? မရရှိနိုင်ဘူး။ မရရှိနိုင်တဲ့ အတွက်ကြောင့် ဒီသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက်လည်း သမာဓိကို ထူထောင်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒါကြောင့် ဘုန်းကြီးတို့ကလည်း သမာဓိကို ထူထောင်ဖို့ရန်အတွက် ဟောကြားနေခြင်းသာ ဖြစ်ပါ တယ်။
သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက်သာ
သို့သော် ဆရာတော်ကြီးတစ်ပါးထံ သွားကန်တော့တဲ့အချိန်အခါမှာ သမထအားထုတ်ချင်လျှင် ဖားအောက်ကိုသွား၊ ဝိပဿနာအားထုတ်ချင်လျှင် သူတို့ဆီလာလို့ ဆရာတော်ကြီးက ပြောလိုက်တဲ့ စကားကလေးကို ပြင်သစ် ဘုန်းကြီးတစ်ပါးက ပြန်ပြီး လျှောက်ထားဖူးပါတယ်။ ဖားအောက်တောရမှာ သမထလည်း သင်ပြပေးပါတယ်၊ ဝိပဿနာလည်း သင်ပြပေးပါတယ်၊ နှစ်ခုလုံး သင်ပြပေးနေပါတယ်လို့ သူက နည်းနည်းကလေး ပြန်ပြီး လျှောက်ထား ခဲ့တဲ့အကြောင်းကိုလည်း လျှောက်ထားတယ်။
သမာဓိကို ဘာကြောင့် ထူထောင်ရသလဲလို့ ဒီလို မေးခွန်းကို မေးခဲ့လျှင် ဘုန်းကြီးတို့ကတော့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် သာလျှင် သမထကို ထူထောင်ခြင်း ဖြစ်ပါတယ်။ ဒီမဂ္ဂင်ရှစ်ပါးကို သာသနာတော်တွင်းတရားအဖြစ် လက်ခံနိုင်လျှင် မဂ္ဂင်ရှစ်ပါးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ သမာဓိကိုလည်း သာသနာတွင်းတရားအဖြစ် လက်ခံနိုင်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ သမထသည် သာသနာတွင်းတရား မဟုတ်၊ သာသနာပတရားသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့မယ်ဆိုလျှင်တော့ ဘုရားဟောတဲ့ ရုပ်တွေ, ဘုရားဟောတဲ့ နာမ်တွေကို သိဖို့ရန်အတွက် အခက်အခဲတွေ များစွာ ရှိနိုင်ပါတယ်။
သမာဓိကို မထူထောင်ဘဲနဲ့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေ ဒီတရားနာ ပရိသတ်ထဲမှာလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဘုရားဟောတဲ့ ပရမတ္ထဓာတ်သားဖြစ်တဲ့ ရုပ်တရား, နာမ်တရားတွေကို ငါတို့ သိပြီလား မသိသေးဘူးလားလို့ မိမိကိုယ်ကို မိမိ ပြန်ပြီး မေးကြည့်မယ်ဆိုလျှင် လွယ်လွယ်ကလေးနဲ့ ဖြေလို့ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒါကြောင့် သမာဓိကို ချစ်မြတ်နိုးလို့ သမာဓိကို ထူထောင်နေခြင်း မဟုတ်ပါဘူး။ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက်သာလျှင် သမာဓိကို ထူထောင်နေခြင်း ဖြစ်ပါတယ်။
ဖောင်ဥပမာရှိသောတရား
ဘုရားရှင်သည် တရားတော်ကို ဟောတော်မူတဲ့ အချိန်အခါမှာ ကုလ္လူပမ (= ဖောင်ဥပမာ)ရှိတဲ့တရားတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ ဖောင်တစ်ခုဖြင့် ဟိုဘက်ကမ်းကို ကူးခတ်သွားပြီးတော့ ထိုမှာဘက်ကမ်းကို ရောက်ရှိတဲ့ အချိန်အခါမှာ ဒီဖောင်သည် ငါ့အတွက် အလွန် ကျေးဇူးများတယ်ဆိုပြီးတော့ ဒီဖောင်ကြီးကို ထမ်းပြီး ထိုမှာဘက်ကမ်းမှာ လမ်းသလား နေဖို့ လိုသေးသလား? မလိုတော့ပါဘူး။ ထိုမှာဘက်ကမ်းဆိုတဲ့ နိဗ္ဗာန်ကို ရောက်ရှိတဲ့ အချိန်အခါမှာလည်း ဒီမဂ္ဂင်ရှစ်ပါးဆိုတဲ့ ဖောင်ကြီးကို သယ်ဆောင်နေဖို့ လိုသေးသလား? မလိုတော့ပါဘူး။ ဒါကြောင့် ဘုရားရှင်က--
ကုလ္လူပမော မယာ ဓမ္မော ဒေသိတော နိတ္ထရဏတ္ထာယ၊ နော ဂဟဏတ္ထာယ။ ကုလ္လူပမံ ဝေါ ဘိက္ခဝေ ဓမ္မံ ဒေသိတံ၊ အာဇာနန္တေဟိ ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ ပဂေဝ အဓမ္မာ။ (မ၊၁၊၁၈၈။)
နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ကူးခတ်နိုင်ရေးအတွက် ဖောင်ဥပမာ ရှိတဲ့တရားကို ငါဘုရား ဟောကြားတော်မူခြင်း ဖြစ်တယ်။ စွဲလမ်း ဆုပ်ကိုင် ထားဖို့ရန်အတွက် တရားတော်ကို ဟောကြားတော်မူခြင်း မဟုတ်ပါဘူး။ ရဟန်းတို့ ...ဖောင်ဥပမာရှိတဲ့ ဟောကြားထားတော်မူတဲ့ တရားဒေသနာတော်ကို သိရှိကြတဲ့ သင်တို့တစ်တွေဟာ သင်တို့ သိနေတဲ့ ဓမ္မတွေကိုသော် လည်း စွန့်လွှတ်ရမည်လို့ ငါဘုရား ဟောကြားတော်မူပါတယ်။ သိမ်းပိုက်ထား ရမယ်လို့ ငါဘုရား မဟောကြားပါဘူး။ အဓမ္မဆိုတာကတော့ ပြောနေဖွယ်ရာတောင် မလိုတော့ပါဘူးလို့ ဒီလို မြတ်စွာဘုရားရှင်က ဟောကြားထား တော်မူပါတယ်။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးလို့ ခေါ်ဆိုအပ်တဲ့ ဓမ္မတွေကိုသော် လည်း တစ်နေ့မှာ ဘာလုပ်ရမှာလဲ? စွန့်လွှတ်ရမှာပဲ။ ဘယ်အခါမှာလဲ? နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းကို ရောက်ရှိသွားပြီဆိုလျှင် ဖောင်ဥပမာရှိနေတဲ့ ဒီဓမ္မတွေကို စွန့်ရမလား, သိမ်းပိုက်ထားရမလား? စွန့်လွှတ်ရတော့မယ်။
ဒါကြောင့် စွန့်ဖို့ရန်အတွက်သာလျှင် ဘုန်းကြီးတို့ကလည်း တရားတော်ကို ဟောနေခြင်းသာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောတော်မူတဲ့ ပရမတ္ထသစ္စာ ဖြစ်တဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်နေတဲ့အတွက် ထိုဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ရေးအတွက် သမာဓိကို ထူထောင်ခြင်းသာ ဖြစ်ပါတယ်။ ဒီလို သမာဓိကို ထူထောင်တဲ့အပိုင်းနဲ့ ဆက်စပ်ပြီးတော့ အာနာပါနကမ္မဋ္ဌာန်းကို ရှေ့ဆက်ပြီး နာကြားကြရအောင် --
အစ-အလယ်-အဆုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ပါ
သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (ဒီ၊၂၊၂၃၁-၂၃၂။)
သဗ္ဗကာယပဋိသံဝေဒီ = ဝင်သက်လေရဲ့ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ သဗ္ဗကာယပဋိသံဝေဒီ = ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိသည်ဖြစ်၍။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။
ဝင်သက်လေထွက်သက်လေရဲ့ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ကျင့်ပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းတော်မူ ပါတယ်။ ဒီညွှန်ကြားချက်က ဘယ်နေရာမှာ ရှုရမလဲလို့ မေးလျှင်တော့ ဝင်လေထွက်လေက နှာသီးဖျားမှာ ထိမှုထင်ရှားတဲ့ပုဂ္ဂိုလ်အတွက် နှာသီးဖျားမှာပဲ ဝင်လေကလေး စ,ပါတယ်၊ ဝင်လေကလေး ဆုံးသွားပါတယ်။ နှာသီးဖျားမှာပဲ ထွက်လေကလေး စ,ပါတယ်၊ ထွက်လေကလေး ဆုံးသွားပါ တယ်။ နှာသီးဖျားကသာ စောင့်ကြည့်ပါ၊ အကယ်၍ ဝင်လေထွက်လေက အထက်နှုတ်ခမ်းဖျားမှာ ထိမှုထင်ရှားတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်တော့ ဒီဝင်လေ ထွက်လေသည် အထက်နှုတ်ခမ်းဖျားမှာပဲ စ,ပါတယ်၊ အထက်နှုတ်ခမ်းဖျား မှာပဲ ဆုံးသွားပါတယ်။
အထဲကို လိုက်ကြည့်ဖို့လည်း မလိုပါဘူး။ အပြင်ကို လိုက်ကြည့်ဖို့လည်း မလိုပါဘူး။ အထဲကို လိုက်ကြည့်ခဲ့မယ်ဆိုလျှင်တော့ အထဲဘက်သို့ စိတ်ဓာတ် တွေ ပျံ့လွင့်သွားပါမယ်။ အပြင်ဘက်ကို လိုက်ကြည့်ခဲ့မယ်ဆိုလျှင်လည်း အပြင်ဘက်သို့ စိတ်ဓာတ်တွေ ပျံ့လွင့်သွားပါမယ်။ စိတ်ဓာတ်တွေက ပျံ့လွင့် နေမယ်ဆိုလျှင် စူးရှတဲ့သမာဓိတစ်ခု ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုပြီးတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ပဋိသံ၊၁၆၅။)မှာ ဟောကြားတော်မူပါတယ်။ ဒါကြောင့် ဝင်လေထွက်လေကို အတွင်းဘက်ကို လိုက်ကြည့်ဖို့လည်း မလိုပါဘူး။ အပြင် ဘက်ကို လိုက်ကြည့်ဖို့လည်း မလိုပါဘူး။ ထိမှုထင်ရှားတဲ့နေရာကနေ စောင့်ပြီး ထိရုံသက်သက်ကိုလည်း မကြည့်ဘဲ ထိတဲ့လေကိုသာ စောင့်ကြည့်နေပါ။
ဒီလေကလေးကို အသက်ရှူနှေးလျှင်လည်း နှေးတဲ့အတိုင်း အစ အဆုံး အကုန်လုံး တောက်လျှောက်သိအောင် ရှုနေရပါမယ်။ အသက်ရှူမြန်လျှင်လည်း မြန်တဲ့အတိုင်း အစအဆုံး အကုန်လုံးကို တောက်လျှောက်သိနေ အောင် ရှုရပါမယ်။ ဒီလို ရှုနေတဲ့အပိုင်းမှာ ဝင်လေထွက်လေအာရုံပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်လာပြီဆိုလျှင်တော့ ထိုတည်ကြည်နေတဲ့ သမာဓိကို ခိုင်ခံ့အောင် ဆက်လက်ပြီး ထူထောင်ရပါတယ်။ သွားနေစဉ်မှာ လည်း ဝင်လေထွက်လေကို ရှုနေပါ၊ ရပ်နေစဉ်မှာလည်း ဝင်လေထွက်လေကို ရှုနေပါ၊ ထိုင်နေစဉ်မှာလည်း ဝင်လေထွက်လေကို ရှုနေပါ၊ အိပ်နေစဉ်မှာလည်း ဝင်လေထွက်လေကို ရှုနေပါ။ အိပ်ပျော်နေတဲ့ အချိန်အခါက လွဲပြီး နိုးနေတဲ့ အချိန်အခါကာလအားလုံး မည်သည့်ဣရိယာပုထ်မှာမဆို ဣရိယာပုထ်တိုင်း ဣရိယာပုထ်တိုင်းမှာ ဒီဝင်လေထွက်လေကိုပဲ စူးစူးစိုက်စိုက် ရှုနေဖို့ လိုအပ်နေပါတယ်။
ဒီလို ရှုလိုက်မယ်ဆိုလျှင်တော့ သမာဓိက တဖြည်းဖြည်း အရှိန်အဝါ အားကောင်းလာတဲ့အခါ ကြာမြင့်စွာ တည်တံ့နိုင်တဲ့သဘောတစ်ခု ပေါ်လာပါလိမ့်မယ်။ တစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင် ယေဘုယျအားဖြင့် ဝင်လေထွက်လေသည် သိမ်မွေ့သွားတတ်ပါတယ်။ အကယ်၍ တစ်နာရီ, တစ်နာရီခွဲလောက်, နှစ်နာရီလောက်အထိ ဝင်လေထွက်လေ အာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေသော်လည်း ဝင်လေ ထွက်လေက မသိမ်မွေ့ခဲ့ဘူးဆိုလျှင် ဘာလုပ်ရမလဲ? ဒီဝင်လေထွက်လေကို သိမ်မွေ့စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် အသက်ရှူနေပါ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။) ဒီလို သိမ်မွေ့စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် အသက်ရှူနေဖို့ ဘုရားရှင် ဟောကြားတော်မူပါတယ်။ ဘုရားရှင်က ဘယ်လို ဟောကြားထားသလဲ?
ငြိမ်သက် သိမ်မွေ့ခြင်း - ငြိမ်းခြင်း
ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ၊ (ဒီ၊၂၊၂၃၂။)
ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ကာယသင်္ခါရဟုခေါ်ဆိုအပ်တဲ့ ဝင်သက်လေကို။ ပဿမ္ဘယံ ပဿမ္ဘယန္တော = ငြိမ်းစေလျက်။ အဿသိဿာမိ = ဝင်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။ ကာယသင်္ခါရံ = ရုန့်ရင်းကြမ်းတမ်းသော ကာယသင်္ခါရဟု ခေါ်ဆိုအပ်တဲ့ ထွက်သက် လေကို။ ပဿမ္ဘယံ ပဿမ္ဘယန္တော = ငြိမ်းစေလျက်။ ပဿသိဿာမိ = ထွက်သက်လေကို ဖြစ်စေအံ့။ ဣတိ = ဤသို့။ သိက္ခတိ = ကျင့်၏။
ဝင်သက်လေ ထွက်သက်လေကလေးကို ငြိမ်သက်စေရမယ်, ငြိမ်းစေရ မယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ ဝင်လေထွက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကျင့်ပါလို့ ဒီလို ဘုရားရှင်က ညွှန်ကြား ထားပါတယ်။ ဒီညွှန်ကြားချက်အရ ဝင်လေထွက်လေကို သိမ်မွေ့သွားအောင် ဆိုပြီးတော့ သက်သက် ပြုပြင်ပြီး ဖြည်းဖြည်းကလေးတော့ အသက်မရှူပါနဲ့၊ ပုံမှန် ရှူမြဲတိုင်းသာ ရှူနေပါ။
အကယ်၍ ပြုပြင်ပြီး ရှူလိုက်လျှင်တော့ ပြုပြင်မှု ဝီရိယက လွန်ကဲသွားတဲ့အတွက် ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက ဝင်လာတဲ့အခါ သမာဓိက လျှောကျ သွားတတ်ပါတယ်။ ငြိမ်သက်နေတဲ့သမာဓိသည် လျှောကျသွားလျှင် ရှေ့ဆက်ပြီး တရားအားထုတ်ရာမှာ အလွန် ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် ပုံမှန်သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူနေပါ၊ အသက်ရှူနှေးလျှင်လည်း အစ အဆုံး တောက်လျှောက်သိနေအောင်, အသက်ရှူမြန်လျှင်လည်း အစအဆုံး တောက်လျှောက် သိနေအောင် ကြိုးစားအားထုတ်ပါ။
ဒီဝင်လေထွက်လေကလေးကို သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဝင်လေထွက်လေမှာ အစအဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားလိုက်တဲ့အခါ လေက တဖြည်းဖြည်း သိမ်မွေ့သွားပါလိမ့်မယ်။ သိမ်မွေ့သွားပြီဆိုလျှင်လည်း သိမ်မွေ့နေတဲ့ လေကလေးက အသက်ရှူနှေးပြီး သိမ်မွေ့တာလည်း ရှိတတ်ပါတယ်။ အသက်ရှူမြန်ပြီး သိမ်မွေ့တာလည်း ရှိတတ်ပါတယ်။ ဒီလို ရှိခဲ့မယ်ဆိုလျှင် ဘာလုပ်ရမလဲ? အသက်ရှူနှေးလျှင်လည်း သိမ်မွေ့တဲ့လေကလေးမှာ အစအဆုံး တောက်လျှောက်သိအောင် ရှုနေပါ။ အသက်ရှူမြန်ခဲ့မယ်ဆိုလျှင်လည်း သိမ်မွေ့နေတဲ့ လေကလေးမှာ အစအဆုံး တောက်လျှောက်သိအောင် ရှုနေပါ။
အရှည်ရယ်, အတိုရယ်, အစ, အလယ်, အဆုံးရယ်, သိမ်မွေ့မှုရယ်ဆိုပြီး လေးဆင့် ရှိနေပေမယ့် နောက်ဆုံးရောက်သွားတဲ့အခါမှတော့ တစ်ဆင့်တည်း ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒီလို တစ်ဆင့်တည်းဖြစ်သွားတဲ့ အချိန် အခါမှာ အသက်ရှူနှေးချင်လည်း နှေးပါစေ၊ မြန်ချင်လည်း မြန်ပါစေ၊ သိမ်မွေ့ နေတဲ့ လေကလေးကို အစ, အလယ်, အဆုံး အကုန်လုံးကို တောက်လျှောက် သိအောင်သာ ရှုနေပါ။ ဘာဝနာစိတ်က သိမ်မွေ့သွားတဲ့လေမှာ ငြိမ်နေအောင် ကပ်ထားပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်သက်စွာ တည်လာပြီ ဆိုလျှင်တော့ ဘာဖြစ်လာမလဲ?
အာနာပါနနိမိတ်၏ ပေါ်စအချိန်
ထိုအချိန်အခါမှာ နိမိတ် စပြီး ပေါ်တတ်ပါတယ်။ နိမိတ်ကလည်း ဘာဝနာသညာရဲ့ ကွဲပြားမှုအပေါ်မှာ အခြေတည်ပြီးတော့ အရွယ်အမျိုးမျိုး အရောင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ပေါ်တတ်ပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၇။) သို့သော် ယောဂီပုဂ္ဂိုလ်က ဒီအပိုင်းမှာ ဘယ်လိုနိမိတ်မျိုး ပေါ်လာလျှင်တော့ ကောင်းမယ်ဆိုတဲ့ ဒီအတွေးအခေါ် အမှတ်သညာကလေးတွေကို ဖျောက်ဖျက်ပစ်နိုင်ဖို့ လိုအပ်ပါတယ်။ ဝင်လေထွက်လေအာရုံပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားဖို့ လိုအပ်ပါတယ်။
ဘယ်လိုအရောင်အဆင်း ဘယ်လိုပုံသဏ္ဌာန် ဖြစ်ပါစေဆိုတဲ့ အတွေးအခေါ်တွေက များလာပြီဆိုလျှင် ဒီတွေးခေါ်မှုတွေက ဘာဝနာအာရုံဖြစ်တဲ့ ဝင်လေထွက်လေအာရုံကနေ စိတ်ဓာတ်က အပြင်ဘက်ကို ပျံ့လွင့်သွားပြီ ဖြစ်ပါတယ်။ စိတ်ဓာတ်က အပြင်ဘက်ကို ပျံ့လွင့်သွားပြီဆိုလျှင်တော့ သမာဓိ ကလည်း စူးရှမှု မရှိတော့ပါဘူး။ သမာဓိက စူးရှမှု မရှိတော့ဘူးဆိုလျှင် နိမိတ်သည် ပေါ်လာလျှင်လည်း ချက်ချင်း ပျောက်သွားတတ်ပါတယ်။ အရှည် တည်တံ့ခိုင်မြဲမှု ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘယ်လိုနိမိတ် ပေါ်ပါစေ, ဘယ်လိုအရောင်အဆင်း ပေါ်ပါစေဆိုတဲ့ ဒီအမှတ်သညာကလေးတွေကို ဖျောက်ဖျက်နိုင်ဖို့ လိုအပ်ပါတယ်။
ဒီသိမ်မွေ့နေတဲ့ ဝင်လေထွက်လေမှာ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်သာ ရှုနေပါ၊ ဒီလို ရှုတဲ့အပိုင်းမှာ ယောဂီတွေကို ဘုန်းကြီး နည်းနည်း သတိပေးချင်ပါတယ်။ တချို့ယောဂီတွေ လာလျှောက်လို့ ဘုန်းကြီး ကြားထားတဲ့ စကားကလေးတစ်ခု ရှိပါတယ်။ ဒီအပိုင်းမှာ နိမိတ်က လည်း မပေါ်တပေါ်, စိတ်ကလေးကလည်း ငြိမ်တော့နေပြီ၊ ဒီအခါမှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်တယ်။ ဝိတက်, ဝိစာရတွေကို ဖြုတ်တယ်၊ ပီတိကို ဖြုတ်တယ်၊ သုခကို ဖြုတ်တယ်၊ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို ရောက်သွားပြီဆိုပြီး လာလျှောက်ပါတယ်။
ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ဒီပုံစံမျိုးဆို ဟန်ကျမသွားဘူးလား? အဆင့်က ကျော်သွားတယ်။ လှေကားထစ်တွေကို လွှားကနဲ့ လေးငါးထစ်လောက် ကျော်တက်လိုက်တဲ့အခါ ရောက်ချင်လည်း ရောက်မယ်၊ မရောက်ဘဲ ကျွမ်းပြန်ပြီး ကျချင်လည်း ကျလိမ့်ပါမယ်။ ဒီလိုဆိုလျှင် ပုံကျနိုင်ပါ့မလား? မကျနိုင်တော့ဘူး။ ဒီအာနာပါနကမ္မဋ္ဌာန်းက နိမိတ်ကို အာရုံယူတဲ့ ကမ္မဋ္ဌာန်း တစ်ခု ဖြစ်ပါတယ်။ နိမိတ်ဆိုတာက ဒီနေရာမှာ ဝင်လေထွက်လေကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ အမှတ်အသားကလေးတစ်ခု ဖြစ်ပါတယ်။ ဒီအမှတ်အသားကလေးတွေကို ဘာကြောင့် နိမိတ်ခေါ်သလဲလို့ မေးလျှင်တော့ အာနာပါနဿတိသမာဓိ ဖြစ်ဖို့ရန်အတွက် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေတဲ့ အကြောင်းတရားတွေဖြစ်လို့ သူတို့ကို နိမိတ်လို့ ခေါ်ပါတယ်။
ဒါကြောင့် ဒီနေရာမှာ စျာန်အင်္ဂါတွေကို ဆင်ခြင်ဖို့အပိုင်းလည်း မဟုတ် သေးပါဘူး။ ဘာလုပ်ရမလဲလို့ မေးလျှင်တော့ ဒီဝင်လေထွက်လေအပေါ်မှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရမယ့်အပိုင်းသာ ဖြစ်ပါတယ်။ ဒီလို ကြိုးစားတဲ့အပိုင်းမှာ လေက သိမ်မွေ့သွားလျှင် သိမ်မွေ့ နေတဲ့ လေကလေးမှာ အစ, အလယ်, အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိအောင် သတိကို ကပ်ထားရပါမယ်။ ဒီလို ကပ်ထားရာကနေ တချို့ယောဂီ တွေမှာ သတိက အားပျော့သွားပြီဆိုလျှင်တော့ ဘာဖြစ်တတ်သလဲ? ဝင်လေ ထွက်လေက မထင်ရှားတော့ဘူး။ ပျောက်ပျောက်ပြီး သွားတတ်ပါတယ်။
ဝင်လေထွက်လေ ပျောက်သွားပြီဆိုလျှင် ငါ့မှာ ဝင်လေထွက်လေ မထင် ရှားတော့ဘူးဆိုပြီးတော့ ကမ္မဋ္ဌာန်းကို ဖျက်ပြီး ထိုင်နေတဲ့ဣရိယာပုထ်ကို ဖျက်လိုက်မယ်၊ ကမ္မဋ္ဌာန်းကို နှလုံးမသွင်းဘဲနဲ့ အပြင်အာရုံဘက်တွေကို နှလုံး သွင်းပြီးတော့ ထသွားလိုက်မယ်ဆိုလျှင် သမာဓိက ပျက်သွားတတ်ပါတယ်။ နောက်တစ်ကြိမ် ပြန်ပြီး ထိုင်ပြန်တယ်။ ပြန်ထိုင်လိုက်လျှင်လည်း ဒီဝင်လေ ထွက်လေက သိမ်မွေ့သွားလို့ သတိက အားပျော့ခဲ့မယ်ဆိုလျှင် ဝင်လေထွက် လေက ပျောက်သွားပြန်ပါတယ်။ ပျောက်သွားပြီဆိုလျှင် ငါ့မှာ ကမ္မဋ္ဌာန်းက မထင်ရှားတော့ဘူးဆိုပြီး ထပြန်တယ်။
ဒီလို ထိုင်တိုင်းထိုင်တိုင်း ငြိမ်လာတိုင်း ငြိမ်လာတိုင်း ဝင်လေထွက်လေ ကလည်း ပျောက်ပျောက်ပြီးနေမယ်။ ပျောက်ပျက်တိုင်းလည်း ထထပြီး သွားမယ်ဆိုလျှင် ကမ္မဋ္ဌာန်းသည် ရှေ့တိုးတက်မှု မရှိဘဲ ကမ္မဋ္ဌာန်းတွေက အသစ်အသစ်သာ ဖြစ်နေပါလိမ့်မယ်။ ဒီလို ဖြစ်နေခဲ့မယ်ဆိုလျှင် ကမ္မဋ္ဌာန်းရဲ့ တိုးတက်မှုက ရှိနိုင်မလား? မရှိနိုင်တော့ဘူး။ (ဝိသုဒ္ဓိ၊၁၊၂၇၅။) ဒါကြောင့် ဒီနေရာမှာ အသက်မရှူတာတော့ မဟုတ်ပါဘူး၊ အသက်ကတော့ ရှူနေပါတယ်။ အသက်မရှူတဲ့ပုဂ္ဂိုလ်က ခုနစ်မျိုး ရှိပါတယ်။ သေနေတဲ့ပုဂ္ဂိုလ်တွေ, ရေနစ်တဲ့ ပုဂ္ဂိုလ်တွေ, အမိဝမ်းထဲမှာ ပဋိသန္ဓေ တည်နေဆဲပုဂ္ဂိုလ်တွေ, မေ့မျောနေတဲ့ ပုဂ္ဂိုလ်တွေ, စတုတ္ထစျာန်သမာပတ် ဝင်စားနေတဲ့ပုဂ္ဂိုလ်တွေ, ဗြဟ္မာတွေ, နိရောဓသမာပတ် ဝင်စားတဲ့ပုဂ္ဂိုလ်တွေဟာ အသက်မရှူကြပါဘူး။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)
ဒီပုဂ္ဂိုလ် ခုနစ်မျိုးထဲမှာ ငါ မပါဘူးလို့ မိမိကိုယ်ကို မိမိ ဆုံးမပါ၊ ငါဟာ အသက်ရှူနေပါလျက်နဲ့ မသိခြင်းသည် ငါ့ရဲ့ သတိသမ္ပဇဉ်ဉာဏ်တွေ အားပျော့မှုကြောင့်သာ ဖြစ်တယ်။ သတိဆိုတာက ဒီဝင်လေထွက်လေကို အမှတ်ရမှု, သမ္ပဇဉ်ဉာဏ်ဆိုတာက သိမ်မွေ့နေတဲ့ ဝင်လေထွက်လေကလေးကို ကွဲကွဲပြားပြားသိမှုကို ခေါ်ဆိုပါတယ်။ ဒီသတိသမ္ပဇဉ်ဉာဏ်တွေက အားပျော့ နေတဲ့အတွက်ကြောင့် ဝင်လေထွက်လေအာရုံကို ငါ သိမ်းဆည်းလို့ မရခြင်းသာ ဖြစ်တယ်လို့ ဒီလို နှလုံးပိုက်ပြီးတော့ မူလရှုနေတဲ့ ထိနေတဲ့နေရာ ကလေးကသာ စောင့်ကြည့်နေပါ။ စောင့်ကြည့်နေလျှင် အလွန်သိမ်မွေ့တဲ့ လေကလေးဟာ ထင်ထင်ရှားရှား ပေါ်လာပါလိမ့်မယ်။ အားကောင်းတဲ့သတိ အားကောင်းတဲ့သမ္ပဇဉ်ဉာဏ်တွေ ဒီနေရာမှာ လိုအပ်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၅။) မြတ်စွာဘုရားကလည်း --
နာဟံ ဘိက္ခဝေ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိဘာဝနံ ဝဒါမိ။ (မ၊၃၊၁၂၇။ သံ၊၃၊၂၉၄။)
နာဟံ = ငါဘုရားသည်။ ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ မုဋ္ဌဿတိဿ = သတိလက်လွတ်နေတဲ့ ပုဂ္ဂိုလ်၏။ အသမ္ပဇာနဿ = သမ္ပဇဉ်ဉာဏ် မရှိတဲ့ ပုဂ္ဂိုလ်၏။ အာနာပါနဿတိဘာဝနံ = အာနာပါနဿတိသမာဓိဘာဝနာ ကမ္မဋ္ဌာန်းကို။ န ဝဒါမိ = မဟောပါဘူး။ ဝဒါမိ = ဟောတော်မူ၏။
သတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်, သမ္ပဇဉ်ဉာဏ် မရှိတဲ့ပုဂ္ဂိုလ်ကို ငါဘုရား ဒီအာနာပါနဿတိသမာဓိဘာဝနာကမ္မဋ္ဌာန်းကို မဟောပါဘူးလို့ ဒီလို အတိအကျ ဟောတော်မူပါတယ်။ ဒီနေရာမှာ သတိသမ္ပဇဉ်ဉာဏ်တွေ အားကောင်းဖို့ လိုအပ်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒီအချိန်အခါမျိုးမှာ ဝင်လေ ထွက်လေက မထင်ရှားတဲ့အတွက် ထင်ရှားအောင်ဆိုပြီးတော့ အသက် ပြင်းပြင်း သွားပြီး ရှူခဲ့မယ်ဆိုလျှင်လည်း သမာဓိကလည်း လျှောကျသွား တတ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ အသက်ပြင်းပြင်း ရှူရမလား? မရှူရ ပါဘူး။ ဘယ်လို ရှူရမလဲ? ပုံမှန် ရှူမြဲတိုင်းသာ ရှူနေပါ။
အလွန် သိမ်မွေ့နေတဲ့ အပ်ကလေးတစ်ချောင်းကို အလိုရှိခဲ့လျှင် အပ်နဖားကို ထွင်းမယ့်စူးသည် ပိုပြီး သိမ်မွေ့တဲ့ စူးတစ်ချောင်းဖြစ်ဖို့တော့ မလို ဘူးလား? လိုအပ်နေပါတယ်။ အလွန် သိမ်မွေ့တဲ့လေမှာ အလွန် အားကောင်းနေတဲ့ သတိနဲ့ သမ္ပဇဉ်ဉာဏ်က လိုအပ်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ သတိသမ္ပဇဉ်ဉာဏ် အားကောင်းကောင်းနဲ့ ဒီဝင်လေထွက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားခဲ့မယ်ဆိုလျှင် မကြာမီ အချိန်ကာလအတွင်းမှာပဲ နိမိတ်က စပြီး ပေါ်လာတတ်ပါတယ်။ နိမိတ်ပေါ်တော့မယ့် အမှတ်အသားတစ်ခု ဖြစ်ပါတယ်။
ဒီလို နိမိတ်က ပေါ်စမှာလည်း မခိုင်ခံ့တဲ့သဘော ရှိတတ်ပါတယ်။ သို့သော် ဒီနေရာမှာ ယောဂီတို့ရဲ့ ပါရမီနဲ့ လေ့ကျက်မှုအပေါ် အခြေတည်ပြီး တော့ နိမိတ်တွေက ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းနေတတ်ပါတယ်။ တချို့က နှာသီးဖျားမှ တစ်ပေခန့်, တစ်ထွာခန့်လောက် ကွာနေတဲ့နေရာမှာ နိမိတ်က ပေါ်နေတတ်ပါတယ်။ တချို့က နဖူးမှာ လာပေါ်တတ်ပါတယ်။ တချို့က မျက်လုံးမှာ လာပေါ်တတ်ပါတယ်။ တချို့ကလည်း လက်လေးလုံးလောက် အကွာမှာ လာပေါ်တတ်ပါတယ်။ ဒီလို နိမိတ်အမျိုးမျိုး ပြောင်းလဲပြီး ပေါ်လာတတ်ကြပါတယ်။ ဒီအချိန်အခါမှာ နှာသီးဖျားနဲ့ ကွာနေတဲ့ နိမိတ်မှန် ခဲ့လျှင် လှမ်းပြီး ကြည့်ရမလား, မကြည့်ရဘူးလား? မကြည့်ရပါဘူး။ ဘာကြောင့်လဲ?
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဖုဋ္ဌဖုဋ္ဌောကာသေ = ဝင်လေထွက်လေ ထိထိသွားတဲ့နေရာ၌။ ပန = ထိုသို့သာလျှင်။ သတိံ ဌပေတွာ = သတိကို စွဲစွဲမြဲမြဲ ကပ်ထားပြီး၍။ ဘာဝေန္တေဿဝ = ရှုပွားသုံးသပ်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်၌သာလျှင်။ ဘာဝနာ = အာနာပါနဿတိသမာဓိဘာဝနာကမ္မဋ္ဌာန်းသည်။ သမ္ပဇ္ဇတိ = ပြီးစီး ပြည့်စုံနိုင်ပေ၏။
ဝင်လေထွက်လေကလေး ထိထိသွားတဲ့နေရာမှာ သတိကပ်ပြီး ရှုပွား သုံးသပ်ပါမှ အာနာပါနဿတိသမာဓိဘာဝနာကမ္မဋ္ဌာန်းသည် ပြီးစီးပြည့်စုံ နိုင်ပါတယ်လို့ ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက အလွန် တင်းကြပ်တဲ့စည်းကမ်း သတ်မှတ်ချက်တစ်ခုကို ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် ဒီစည်းကမ်း သတ်မှတ်ချက်ကို ကျော်လွှား လွန်မြောက်ပြီးတော့ ကျင့်ကြည့်ပါ၊ ဒီလို သမာဓိ ကို ရှေ့တစ်ဆင့်တက်ပြီး တိုးပြီး ထူထောင်မယ်ဆိုလျှင် ဘယ်လိုမှ အောင်မြင်မှု မရနိုင်ပါဘူး။
ဒါကြောင့် သမာဓိကို ထူထောင်နေတဲ့အပိုင်းကလေးမှာ ဝင်လေထွက်လေ ထိသွားတဲ့နေရာကို လွှတ်ပြီးတော့ နိမိတ်နောက်ကို လိုက်ကြည့်ရမလား, မကြည့်ရဘူးလား? မကြည့်ရဘူး။ နိမိတ်က ဝေးကွာနေလို့ နိမိတ်ကို မကြည့် ရဘူးဆိုလျှင် ဘာကိုသာ ကြည့်နေရမလဲ? နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းဖျားမှာ ထိနေတဲ့လေကိုသာ စူးစိုက်ပြီး ရှုနေရပါမယ်။ ဒီလို ရှုနေလျှင်တော့ များသောအားဖြင့် ဝေးကွာနေတဲ့ နိမိတ်ကလည်း နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ လာပြီး ကပ်နေတတ်ပါတယ်။ လေနဲ့နိမိတ် တစ်သားတည်း ဖြစ်သွားတတ်ပါတယ်။ ဒါက နိမိတ်ဝေးကွာခဲ့လျှင် ဖြစ်ပေါ်တတ်တဲ့ သဘာဝကို ပြောခြင်း ဖြစ်ပါတယ်။
သို့သော် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ပကတိသော ဝင်လေထွက်လေ ထိမှု ထင်ရှားတဲ့နေရာမှ ဝေးကွာတဲ့ နေရာဒေသအမျိုးမျိုးမှာ ဖြစ်ပေါ်နေတဲ့ နိမိတ်ကတော့ တကယ့် အာနာပါနနိမိတ်တော့ မဟုတ်ပါ ဘူး၊ နိမိတ်နှင့် အလားတူလို့သာ နိမိတ်လို့ ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်ပါ တယ်။ တကယ်တော့ ယင်းနိမိတ်တွေမှာ အာနာပါနဘာဝနာသမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်ရောင်ခေါ်တဲ့ အရောင် အလင်းတွေသာ ဖြစ်ကြပါတယ်။ သို့သော် တကယ့်စံချိန်မီ ဉာဏ်အရောင် အလင်းကတော့ --- သမန္တတော ပတ္ထရတိ (မဟာဋီ၊၂၊၄၂၉။) စသည်ဖြင့် မဟာဋီကာဆရာတော် ဖွင့်ဆိုထားသည့်အတိုင်း ယောဂီပုဂ္ဂိုလ်ရဲ့ ခန္ဓာအိမ် ဝန်းကျင်ပတ်ချာမှာ ဉာဏ်အာနုဘော်နှင့် လျော်ညီစွာ တောက်ပလျက် ရှိပါ တယ်။ ဒါပေမယ့် ယောဂီပုဂ္ဂိုလ်ရဲ့ ဘာဝနာသမာဓိက မရင့်ကျက်သေးတော့ ဟိုနေရာ ဒီနေရာ စသည်ဖြင့် နေရာဒေသအသီးအသီးမှာ ပေါ်နေခြင်း ဖြစ်ပါတယ်။
အလားတူပဲ အာနာပါနနိမိတ်ဆိုတာကလည်း -- သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားတဲ့ အတိုင်း အာနာပါနဘာဝနာသမာဓိနှင့် ယှဉ်တွဲနေတဲ့ ဘာဝနာသညာကြောင့်၊ တစ်နည်းပြောရလျှင် ဘာဝနာသညာ ဘာဝနာဉာဏ်ကြောင့်ပဲ ဖြစ်ပေါ်လာတဲ့ နိမိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်မျိုးလုံးကတော့ ဘာဝနာကြောင့်ချည်း ဖြစ်ကြပါတယ်။ တစ်နည်းပြောရလျှင်တော့ ဘာဝနာသညာ ဘာဝနာဉာဏ် ပြဓာန်းနေတဲ့ ဘာဝနာစိတ် စေတသိက်ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင် အလင်းတွေ နိမိတ်တွေ ဖြစ်ကြပါတယ်။
သို့သော် တချို့တချို့ ယောဂီများကတော့ လေကိုပဲ စူးစိုက်ပြီး ရှုနေတော့ ဘာကိုမှ ဂရုမစိုက်တဲ့အတွက် တဖြည်းဖြည်း လေကလေးက နိမိတ် အသွင် ပြောင်းသွားတတ်တာကို သူတို့ ကိုယ်တိုင် သိကြပါတယ်။ နှာခေါင်း ထဲက မီးခိုးတန်းပုံသဏ္ဌာန်ကဲ့သို့ အတန်းလိုက်ကလေး ထွက်ထွက်နေတာကို လည်း သွားတွေ့တတ်ပါတယ်။ ဒီလို တွေ့လိုက်တဲ့ အချိန်အခါမှာ နိမိတ်က ပေါ်စမှာ မခိုင်ခံ့တဲ့သဘော ရှိခြင်းကြောင့် နိမိတ်ကို မကြည့်သေးဘဲ မူလ ရှုမြဲဖြစ်တဲ့ ဝင်လေထွက်လေကိုပဲ စူးစိုက်ပြီး ရှုခဲ့မယ်ဆိုလျှင် လေနဲ့နိမိတ်ဟာ တစ်သားတည်း ဖြစ်သွားတတ်ပါတယ်။
ဒီလို လေနဲ့နိမိတ် တစ်သားတည်း ဖြစ်သွားလို့ လေသည်ပင် နိမိတ်, နိမိတ်သည်ပင် လေဖြစ်ပြီဆိုလျှင်, နိမိတ်ကလည်း ခိုင်လာပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်ရဲ့စိတ်သည် အလိုအလျောက် နိမိတ်မှာ ပြေးပြီး ကပ်နေတတ် ပါတယ်။ စိတ်က နိမိတ်မှာ ကပ်နေတဲ့အချိန်အခါမှာ ထိုပုဂ္ဂိုလ်သည် နိမိတ် ကိုပဲ ဆက်ပြီး ရှုနေဖို့ လိုအပ်ပါတယ်။ နိမိတ်ကို စိုက်ရှုနေပြီဆိုလျှင်တော့ လေကို ပြန်ကြည့်ဖို့ မလိုတော့ပါဘူး။
ပရိကမ္မနိမိတ် - ဥဂ္ဂဟနိမိတ်
အကယ်၍ ဒီနိမိတ်မှာ စိတ်က ကပ်မသွားဘူး၊ လေမှာပဲ စိတ်က ကပ်နေတယ်ဆိုလျှင်, နိမိတ်ကလည်း ခိုင်နေပြီဆိုလျှင်တော့ နိမိတ်ကို ပြောင်းပြီး စိတ်ကို ကပ်ကြည့်ပါ၊ စိတ်ကပ်ကြည့်လိုက်တဲ့ အချိန်အခါမှာ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီ ဆိုလျှင်တော့ ထိုအချိန်အခါမှာ မီးခိုးရောင်အဆင့်ကနေ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့အဆင့်သို့ ကူးသွားပါလိမ့်မယ်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ် ဆွတ်ဖြူနေတဲ့ နိမိတ်ကိုတော့ ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်။ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ဖြစ်နေတဲ့ နိမိတ်ကိုတော့ ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။
ပရိကမ္မနိမိတ်ကနေ ဥဂ္ဂဟနိမိတ်အဆင့်အထိ ကူးသွားပြီဆိုလျှင်တော့ ထိုဆွတ်ဆွတ်ဖြူနေတဲ့ နိမိတ်မှာ ဒါက အဖြူရောင်ပဲ, ဒါက အဝါရောင်ပဲ, ဒါက အနီရောင်ပဲ စသည်ဖြင့် သွားပြီးတော့ နှလုံးမသွင်းပါနဲ့။ ဒီနေရာမှာ အရောင်အဆင်းကိုလည်း နှလုံးမသွင်းပါနဲ့၊ သဘာဝလက္ခဏာ သာမညလက္ခဏာတွေကိုလည်း နှလုံးမသွင်းပါနဲ့ ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက သတိပေးထားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)
မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့၊ ယိုစီး, ဖွဲ့စည်း၊ ပူ, အေး၊ ထောက်, တွန်းဆိုတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာတွေကိုလည်း သွားပြီး နှလုံးမသွင်းပါနဲ့၊ ဝင်လေ ဖြစ်ပျက် အနိစ္စ၊ ထွက်လေ ဖြစ်ပျက် အနိစ္စဆိုပြီး ဒီလို သာမညလက္ခဏာကိုလည်း သွားပြီး နှလုံးမသွင်းပါနဲ့၊ အဖြူရောင်ပဲ, အဝါရောင်ပဲ စသည်ဖြင့် အရောင်အဆင်းတွေကိုလည်း သွားပြီး နှလုံးမသွင်း ပါနဲ့။ ဘာကိုသာ နှလုံးသွင်းရမလဲ? ဒီနိမိတ်ကို ဝင်လေထွက်လေဆိုတဲ့ အမှတ်သညာနဲ့သာ နှလုံးသွင်းနေပါ။
နောက်တစ်နည်း ပြောမယ်ဆိုလျှင်တော့ ရေပြည့်နေတဲ့ ဖန်ခွက်ထဲမှာ ကျောက်ခဲကလေးတစ်လုံးကို ထည့်ပြီးတော့ နှစ်ထားလိုက်သလိုပဲ ရေပြည့်တဲ့ ဖန်ခွက်နဲ့တူနေတဲ့ ဒီနိမိတ်ထဲမှာ ကျောက်ခဲနဲ့တူတဲ့ စိတ်ကလေးကို နှစ်သာ ထားလိုက်ပါ။ ဘာမှ ဆန်းစစ်မှု ဝေဖန်မှု မပြုပါနဲ့၊ ဖြူသလား ဝါသလား နီသလား ပြာသလားလို့လည်း မဆန်းစစ်ပါနဲ့၊ ဘယ်လောက်ကြီးသလဲ ဘယ် လောက်သေးသလဲ မဆန်းစစ်ပါနဲ့၊ ဘယ်လောက်ရှည်သလဲ ဘယ်လောက်တို သလဲလည်း မဆန်းစစ်ပါနဲ့၊ ဝင်လေထွက်လေကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ နိမိတ်ကလေးအပေါ်မှာသာ စိတ်ကို နှစ်ထားဖို့ လိုပါတယ်။ နိမိတ်ဆိုတာက ပကတိသော ဝင်သက်လေထွက်သက်လေကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့နိမိတ် ဖြစ်လို့ ဒီနိမိတ်ကိုလည်း အဿာသပဿာသလို့ ခေါ်ဆိုနိုင်တယ်ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်မဟာဋီကာမှာ ရှင်းလင်းထားပါတယ်။
အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ၊ (မဟာဋီ၊၁၊၃၁၉။)
အဿာသပဿာသေ = ဝင်သက်လေထွက်သက်လေကို။ နိဿာယ = အမှီပြု၍။ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ = ဖြစ်ပေါ်လာသော ဤနိမိတ်ကိုလည်းပဲ။ အဿာသပဿာသသမညမေဝ = ဝင်လေထွက်သက်လေ ဟူသော အမည်ဖြင့်သာလျှင်။ ဝုတ္တံ = ဆိုအပ်၏။
ဝင်သက်လေထွက်သက်လေကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ နိမိတ်ကို လည်း အဿာသပဿာသ (= ဝင်လေထွက်လေ)လို့ပဲ ခေါ်နိုင်တယ်လိ့ု ဒီလို ရှင်းလင်းထားပါတယ်။ ဒါကြောင့် နိမိတ်ကိုလည်း ဝင်လေထွက်လေလို့ပဲ နှလုံးသွင်းပြီးတော့ နိမိတ်ထဲမှာ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားပါ။ ဒီလို ကြိုးစားလိုက်တဲ့ အချိန်အခါမှာ နိမိတ်က ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူရာကနေ တစ်ဆင့်တက်ပြီးတော့ သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပတဲ့အဆင့်အထိ ကူးသွားတတ်ပါတယ်။
သို့သော် ဒီနေရာမှာ ယောဂီတွေ တော်တော် ခပ်များများ မျက်စိလည် တတ်တဲ့သဘာဝတစ်ခုတော့ ရှိနေပါတယ်။ ဘယ်လို မျက်စိလည်သလဲလို့ မေးလျှင်တော့ တချို့ယောဂီတွေက ကြားဖူးနားဝကလေးက ရှိနေတဲ့အတွက် ရှေ့ကိုလည်း သိပ်ပြီး တိုးတက်ပြီး ထိုင်ချင်ကြတယ်၊ တရားတွေက ရှေ့ကို သိပ်ပြီး မြန်မြန်တက်ချင်တဲ့ပုဂ္ဂိုလ်ကို ဘုန်းကြီးတို့ရဲ့ ကျေးဇူးရှင် ကန္နီဆရာတော်ဘုရားကတော့ ရှေ့တိုးထိုင်တဲ့ပုဂ္ဂိုလ်ဆိုပြီး ဒီလို သတ်မှတ်ထားပါတယ်။ တချို့ယောဂီတွေကတော့ တရားက ရှေ့မတက်ဘဲ တစ်နေ့လာလည်း တစ်နာရီ, တစ်နေ့လာလည်း တစ်နာရီ၊ ဒီတစ်နာရီကနေ ရှေ့လည်း မတက်နိုင်ဘူး။ နိမိတ်ကြည့်လိုက်တော့လည်း ကြည်တော့ကြည်နေတယ်၊ ဒါပေမယ့် သိပ်မတောက်ဘူးဘုရား။ နောက်တစ်နေ့ မေးလိုက်တော့လည်း ကြည်တော့ကြည် နေတယ်၊ သိပ်တော့ မတောက်သေးဘူးဘုရား။ ဒီလို ပုဂ္ဂိုလ်မျိုးကို ရှေ့မတက် ဘဲ တရားက တန့်နေတဲ့အတွက် ငုတ်တုတ်ထိုင်တဲ့ပုဂ္ဂိုလ်ဆိုပြီး ဆရာတော်ကြီးက ဒီလို ခေါ်ဝေါ်သုံးနှုန်းထားပါတယ်။
နောက်ဆုတ်ထိုင်တဲ့ပုဂ္ဂိုလ်လည်း တရားရှေ့တိုးတက်ဖို့ရန်အတွက် ခဲယဉ်းပါတယ်။ ငုတ်တုတ်ထိုင်နေတဲ့ပုဂ္ဂိုလ်တွေလည်း တရားတိုးတက်ဖို့ရန် အတွက် အလွန်ခဲယဉ်းပါတယ်။ ရှေ့တိုးထိုင်နေတဲ့ပုဂ္ဂိုလ်လည်း တရား ရှေ့တိုး တက်ဖို့ရန်အတွက် အလွန် ခဲယဉ်းပါတယ်။ ဒါကြောင့် ဒီထိုင်နည်း သုံးနည်းမှာ ဘယ်နည်းကိုမှ မရောက်စေထိုက်ပါဘူး။ နိမိတ်က ကြည်လင်တောက်ပလာပြီ ဆိုလျှင်လည်း ကြည်လင်တောက်ပနေတဲ့ ဒီနိမိတ်ထဲမှာ ဘာဝနာစိတ်ကလေး ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားရပါတယ်။
ဒီလို ကြိုးစားတဲ့အပိုင်းမှာ ရှေ့တိုးထိုင်ချင်တဲ့ စိတ်ဓာတ်တွေက များနေတဲ့အတွက် ဘဝင်မနောအကြည်ကလေးကို လှမ်းပြီး သိမ်းဆည်းလျှင်လည်း သိမ်းဆည်းလို့ ရတန်သလောက် ရနေပါတယ်၊ ကြားဖူးနားဝကလေးတွေက ရှိနေတဲ့အတွက် စျာန်အင်္ဂါတွေ သိမ်းဆည်းမယ်ဆိုပြီး သိမ်းဆည်းကြည့်လိုက် တော့ စျာန်အင်္ဂါတွေကလည်း ထင်ရှားနေပါတယ်။ ဟန်ကျပြီဆိုပြီး ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တွေ ကူးလိုက်တဲ့အခါမှာတော့ ဘာဖြစ်လာ သလဲ? စတုတ္ထစျာန်မှာလည်း ကြာကြာနေလို့ မရတော့ဘူး။ ကြာကြာနေလို့ မရရုံတင် မဟုတ်ဘဲ ရပြီးစျာန်ပင် နောက်တော့ တဖြည်းဖြည်း လျှောကျသွား ပါတယ်။ ဒါကြောင့် ရှေ့တိုးပြီး ထိုင်ချင်တဲ့ပုဂ္ဂိုလ်အဖို့ သမာဓိက မခိုင်ခံ့တဲ့ သဘော ဖြစ်တတ်ပါတယ်။
သမာဓိ မခိုင်ခံ့ရုံတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အခြား ကသိုဏ်း တစ်ခုခုကို ကူးတော့မယ်ဆိုလျှင်လည်း အခက်အခဲတွေ များစွာ တွေ့ကြုံနိုင် ပါတယ်။ ဘုန်းကြီးကတော့ များသောအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကနေ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်း ကူးတဲ့စနစ်ကို သင်ပေးလေ့ရှိတော့ ထိုပုဂ္ဂိုလ်တွေကို (၃၂)ကောဋ္ဌာသတွေကို လှမ်းပြီး အရှုခိုင်းလိုက်တဲ့ အချိန်အခါမှာ ကောင်းကောင်း သဲသဲကွဲကွဲ မမြင်တော့ဘူး၊ ဝိုးတိုးဝါးတားနဲ့ မသဲမကွဲ ဖြစ်နေ တတ်တယ်။ တစ်ခါတစ်ရံ မြင်လိုက်, တစ်ခါတစ်ရံ မမြင်လိုက်လည်း ရှိနေ တတ်ပြန်တယ်။ ဒီလို ဘာကြောင့် ဖြစ်ရသလဲ?
အိမ်တွေ ဆောက်လုပ်တဲ့အခါမှာ ဖောင်ဒေးရှင်းလို့ ခေါ်ဆိုအပ်တဲ့ အခြေခံအုတ်မြစ်က ခိုင်ခံ့မှုမရှိခဲ့လျှင် အပေါ်ပိုင်းအဆောက်အဦတွေဟာ ကာလအနည်းငယ် ကြာလာတဲ့ အချိန်အခါမှာ မခိုင်ခံ့တဲ့သဘာဝတွေ ဖြစ်ပေါ်လာသလိုပဲ ပထမစျာန်သမာဓိကို ခိုင်ခိုင်ခံ့ခံ့ ထူထောင်မှုမရှိဘဲ, ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်မထားဘဲ ဒုတိယစျာန်, တတိယစျာန်, စတုတ္ထ စျာန်တွေကို ခပ်မြန်မြန် တက်ခဲ့မယ်ဆိုလျှင်တော့ ပြဿနာအမျိုးမျိုးတွေနဲ့ ဒီလိုပဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြည်လင်တောက်ပနေတဲ့ နိမိတ်မှာ ဘာဝနာစိတ်ကလေး နစ်မြုပ်နေအောင်သာ ကြိုးစားပါ။
ဒီလို ကြိုးစားတဲ့အပိုင်းမှာ ဘာဝနာစိတ်ကို နိမိတ်ထဲမှာ တစ်နာရီ နှစ်ထားနိုင်လျှင် နှစ်နာရီ နစ်နေအောင်, နှစ်နာရီ နစ်နေလျှင် သုံးနာရီ နစ်နေ အောင်, သုံးနာရီ နစ်နေလျှင် လေးနာရီလောက်အထိ နစ်နေနိုင်အောင် ဆက်တိုက် ကြိုးစားရပါတယ်။ အကယ်၍ စွမ်းအားရှိခဲ့မယ်ဆိုလျှင်တော့ ငါးနာရီ ခြောက်နာရီ ခုနစ်နာရီလောက်အထိ ဆက်တိုက် နိမိတ်ထဲမှာ ဘာဝနာစိတ်ကို နှစ်ထားလို့ ရပြီဆိုလျှင်တော့ သိပ်ကောင်းသွားပါတယ်။ ဒီလို အချိန်ကြာကြာ အဓွန့်ရှည်စွာ သမာဓိက တည်တံ့လာပြီဆိုလျှင် နိမိတ်ရဲ့ ကြည်လင်တောက်ပမှု စွမ်းအင်တွေကလည်း ပိုကောင်းလာလိမ့်ပါမယ်။ လင်းရောင်ခြည်စွမ်းအင်တွေကလည်း ပိုပြီး ပြိုးပြိုးပြက် တလက်လက် တောက်ပလာတတ်ပါတယ်။
ပြိုးပြိုးပြက် တလက်လက် တောက်ပလတ်သော်
သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ --- (မ၊၁၊၄၄၆။)
စသည်ဖြင့် ဒီစျာန်သမာဓိတွေရဲ့စွမ်းအင်ကို မြတ်စွာဘုရားက ဂုဏ်တင်ကာ ချီးမွမ်းထားပါတယ်။ ဒီနေရာမှာ ဘုန်းကြီး ပြောချင်တာကတော့ ပရိသုဒ္ဓေ, ပရိယောဒါတေဆိုတဲ့ စကားလုံးကလေးကို အထူး ပြောလိုပါတယ်။ ဒီနိမိတ်က ကြည်လင်သန့်ရှင်းလာတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? စိတ်ဓာတ်ရဲ့စွမ်းအားကြောင့် နိမိတ်ဟာ ပရိယောဒါတ ပြိုးပြိုးပြက် တလက်လက် တောက်ပလာပါတယ်။
ဒီနေ့ တရားအားထုတ်နေတဲ့ပုဂ္ဂိုလ်တိုင်းမှာ ဒီစိတ်ဓာတ်ရဲ့စွမ်းအင်တွေ ရှိနေပါတယ်၊ ဘုရားရှင် ညွှန်ကြားထားတဲ့ နည်းလမ်းတွေအတိုင်း စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုလျှင် ဒီစိတ်ဓာတ်ရဲ့စွမ်းအင်ကြောင့် လင်းရောင်ခြည်တွေဟာ တဖြတ်ဖြတ် ထွက်လာပါတယ်၊ ဒါယကာကြီးတွေ ဒီအချက်နဲ့ ပတ်သက်လို့ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတွေအပေါ်မှာယုံကြည်ချက် သဒ္ဓါတရားတွေ အပြည့်အဝ ရှိဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ယုံကြည်ချက် အပြည့်အဝ ရှိတယ်ဆိုလျှင်တော့ ကြိုးစားဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ လူတိုင်းလူတိုင်းမှာ ဒီစိတ်ဓာတ်တွေ ရှိကြပါ တယ်၊ ဒီစိတ်ဓာတ်ကို အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ဓာတ်တစ်ခု ဖြစ်ပေါ် လာအောင် မြှင့်တင်ပေးတတ်ဖို့ကတော့ ဘုန်းကြီးတို့မှာ တာဝန်ရှိနေပါတယ်။
တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ စျာယိနော မာရဗန္ဓနာ။ (ဓမ္မပဒ၊၅၂။)
တုမှေဟိ = သင်ချစ်သားတို့သည်။ ကိစ္စမာတပ္ပံ = ပြုလုပ်ရမယ့် လုပ်ငန်းရပ်ကို အားထုတ်ခြင်းသည် ပြုလုပ်ရမယ့် လုပ်ငန်းရပ် ဖြစ်၏။ တထာဂတာ = ငါဘုရားရှင်တို့သည်။ အက္ခာတာရော = နည်းလမ်းကို ဟောကြားပြသ ဆုံးမတတ်တဲ့ပုဂ္ဂိုလ်တို့သာလျှင်။ ပဋိပန္နာ = လက်တွေ့ ကျင့်ကြံအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တို့သည်။ မာရဗန္ဓနာ = မာရ်ငါးပါး၏ အနှောင်အဖွဲ့မှ။ ပမောက္ခန္တိ = ကောင်းစွာ လွတ်မြောက်ကြလိမ့်မည်။ စျာယိနော = ဘာဝနာကို ပွားများအားထုတ်သူတို့သည်။ ပမောက္ခန္တိ = ကောင်းစွာ လွတ်မြောက်ကြလိမ့်မည်။
သင်ချစ်သားတို့ ပြုလုပ်ရမယ့်လုပ်ငန်းရပ်ကို သင်ချစ်သားတို့ ကိုယ်တိုင်သာ ကြိုးစားအားထုတ်ပါ။ ငါဘုရားရှင်တို့ကတော့ အက္ခာတာရော = နည်းလမ်းကို ဟောကြားပြသ ဆုံးမတတ်တဲ့ပုဂ္ဂိုလ်တွေသာလျှင် ဖြစ်ပါတယ်။ ကယ်တင်ရှင်တွေ ဟုတ်ကြသလား? မဟုတ်ကြဘူး။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမယ် ဆိုတဲ့ နည်းစနစ်ကောင်းတွေကိုသာလျှင် ဘုရားရှင်တို့က ညွှန်ကြား ပြသပေး နိုင်ပါတယ်။ ကြိုးစားအားထုတ်ရမယ့် လုပ်ငန်းတာဝန်ကတော့ ဘယ်သူ့ တာဝန်လဲ? တပည့်သားသာဝကတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိနေတဲ့ သူတော်ကောင်း မှန်ခဲ့မယ်ဆိုလျှင် ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမ ထားတဲ့ နည်းလမ်းကောင်းလို့ ခေါ်ဆိုအပ်တဲ့ တရားတော်အပေါ်၌လည်း ယုံကြည်ချက် သဒ္ဓါတရားတွေက အပြည့်အဝ ရှိခဲ့မယ်ဆိုလျှင် ဒီတရားတော်မှာ လာရှိတဲ့အတိုင်း စိတ်ရဲ့စွမ်းအင်တွေ ကြီးထွားလာအောင် လေ့ကျင့်ပေးဖို့ကတော့ တပည့်သားသာဝကတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။ တစ်နည်း ပြောရလျှင် ဒီစိတ်ဓာတ်တွေကို ဖြူစင်သွားအောင် သန့်ရှင်းသွားအောင် ဆေးကြောသုတ်သင်ဖို့ တာဝန်က တပည့်သားသာဝကတွေရဲ့ တာဝန်သာ ဖြစ်ပါ တယ်။
ဘယ်အခါမှာ ဒီစိတ်ဓာတ်တွေက အပြီးအပိုင် စင်ကြယ်သန့်ရှင်းသွား မလဲလို့ မေးလျှင်တော့ အရဟတ္တဖိုလ် ဆိုက်ရောက်တဲ့ အချိန်အခါမှာ အရဟတ္တဖိုလ်ရေစင်ဖြင့် ဒီစိတ်အစဉ်တွေကို ထုံမွမ်းပေးလိုက်တဲ့အခါ, ဆေးကြောသုတ်သင်ပေးလိုက်တဲ့ အချိန်အခါမှာ ဒီစိတ်ဓာတ်တွေသည် အပြီးတိုင် ဖြူစင်သန့်ရှင်းသွားပါလိမ့်မယ်။ ဒီလို စိတ်ဓာတ်တွေက သန့်ရှင်းပြီဆိုလျှင် ဘာဖြစ်လာမလဲ? စိတ်ဓာတ်တွေ ညစ်နွမ်းလျှင် သတ္တဝါတွေဟာ ညစ်နွမ်း ကြရတယ်။ စိတ်ဓာတ်တွေ ဖြူစင်လာလျှင် သတ္တဝါတွေဟာလည်း ဖြူစင် သွားကြပါမယ်။ ဒါကြောင့် ဘုရားရှင်က ---
ဤသို့ မကြာခဏ ဆင်ခြင်ပါ
တသ္မာတိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာတိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဣဟ = ဤသာသနာတော်မြတ် အတွင်း၌။ တုမှေဟိ = သင်ချစ်သား ချစ်သမီးတို့တစ်တွေသည်။ ဣဒံ စိတ္တံ = ဤငါတို့ရဲ့ စိတ်ဓာတ်သည်။ ဒီဃရတ္တံ = နေ့ညဉ့်သံသရာ ရှည်စွာသော ကာလပတ်လုံး။ ရာဂေန = ရာဂကြောင့်။ ဒေါသေန = ဒေါသကြောင့်။ မောဟေန = မောဟကြောင့်။ သံကိလိဋ္ဌန္တိ = ညစ်နွမ်း၍နေကြရပေ၏ဟူ၍။ အဘိက္ခဏံ = မကြာခဏ အမြဲမပြတ်။ သကံ စိတ္တံ = မိမိတို့ရဲ့ စိတ်ကို။ ပစ္စဝေက္ခိတဗ္ဗံ = ဆင်ခြင်သင့် ဆင်ခြင်ထိုက်ပေ၏။ ဟိ = အကြောင်းကို ဆိုရသည်ရှိသော်။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ စိတ္တသံကိလေသာ = စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ သံကိလိဿန္တိ = ညစ်နွမ်းကြရကုန်၏။ စိတ္တဝေါဒါနာ = စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ = စင်ကြယ်ကြကုန်၏။
စိတ်ဓာတ်တွေ ညစ်နွမ်းလျှင် ဘာဖြစ်မလဲ? သတ္တဝါတွေဟာ ညစ်နွမ်း ကြရတယ်။ စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းသွားလျှင်လည်း သတ္တဝါတွေဟာ စင်ကြယ်သွားကြတယ်။ ဒါကြောင့် သင်ချစ်သား ချစ်သမီးတို့တစ်တွေသည် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို မကြာခဏ ဆင်ခြင်ပေးကြစမ်းပါလို့ ဘုရားရှင်က တိုက်တွန်းထားပါတယ်။ ဘယ်လို ဆင်ခြင်ရမလဲ? ဒီငါတို့ရဲ့ စိတ်ဓာတ်သည် ရာဂကြောင့် ညစ်နွမ်းနေကြရတယ်၊ ဒေါသကြောင့် ညစ်နွမ်း နေကြရတယ်၊ မောဟကြောင့် ညစ်နွမ်းနေကြရတယ်လို့ ဒီလို မကြာခဏ မိမိတို့ရဲ့ စိတ်ဓာတ်ကို ဆင်ခြင်ပေးကြစမ်းပါ။
ဟိုလူကြောင့် ဒီလူကြောင့် ငါ့စိတ်တွေ ပင်ပန်းရတယ်၊ ဆင်းရဲရတယ်၊ ညစ်နွမ်းရတယ် စသည်ဖြင့် ဒီလို ဆင်ခြင်ရမလား? မဆင်ခြင်ရဘူး။ ဘယ်သူ့ကြောင့် ညစ်နွမ်းရသလဲ? ရာဂကြောင့် ညစ်နွမ်းရတယ်၊ ဒေါသကြောင့် ညစ်နွမ်းရတယ်၊ မောဟကြောင့် ညစ်နွမ်းရတယ်။ ဒီလို ဆင်ခြင်ပေးရပါတယ်။ ဟိုလူ့ကြောင့် ဒီလူ့ကြောင့်ဆိုတာတွေက ဟိုလူ့ကို မကျေနပ်လို့ ဒီလူ့ကို မကျေနပ်လို့ ပြောနေတဲ့စကားတွေသာ ဖြစ်ကြပါတယ်။ အကယ်၍ မိမိ သန္တာန်မှာ ရာဂ-ဒေါသ-မောဟတွေသာ ကင်းရှင်းနေပါစေ၊ ဟိုလူ့ကြောင့် ဒီလူ့ကြောင့် ငါ့စိတ်တွေ ညစ်နွမ်းနေရတယ်ဆိုတာမျိုး ရှိနိုင်မလား? မရှိနိုင် တော့ပါဘူး။
ဒါကြောင့် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေက ညစ်နွမ်းခဲ့မယ်ဆိုလျှင် သတ္တဝါတွေ ညစ်နွမ်းသွားတယ်၊ မိမိတို့ရဲ့စိတ်က ဖြူစင်သန့်ရှင်းသွားပြီဆိုလျှင်လည်း သတ္တဝါတွေ စင်ကြယ်သွားကြပါတယ်၊ စင်ကြယ်နေတဲ့သတ္တဝါ တစ်ဦး ဖြစ်ရေးအတွက်က မိမိတို့ရဲ့စိတ်ဓာတ်ကို စင်ကြယ်သွားအောင် သမထ ဝိပဿနာဆိုတဲ့ ရေစင်တို့ဖြင့် အမြဲတမ်း ဆေးကြောသုတ်သင်ပေးဖို့ လိုအပ် ပါတယ်၊ သမထ-ဝိပဿနာရေစင်ဖြင့် ဆေးကြောသုတ်သင်တယ်ဆိုတာက ဘာပြောတာလဲ?
မိမိတို့ရဲ့စိတ်ဓာတ်ကို သမထကမ္မဋ္ဌာန်းအာရုံထဲမှာ အမြဲတမ်း သွတ်သွင်းထားတတ်ဖို့ လိုပါတယ်။ အကယ်၍ မိမိက ဝိပဿနာနယ်ထဲ ရောက် နေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင်လည်း မိမိတို့ရဲ့စိတ်ဓာတ်ကို ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံထဲမှာ အမြဲတမ်း သွတ်သွင်းထားတတ်ဖို့ မလိုဘူး လား? လိုအပ်နေတယ်။ မိမိတို့က အာနာပါနဿတိဆိုတဲ့ သမထကမ္မဋ္ဌာန်းကို ကျင့်နေခိုက်ဖြစ်တော့ ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်ထဲမှာ မိမိတို့ရဲ့ စိတ်ဓာတ်ကလေးကို အမြဲတမ်း သွတ်သွင်းထားဖို့ လို အပ်နေပါတယ်။ မြတ်စွာဘုရားရှင်သည် သံယုတ္တနိကာယ် သဠာယတနဝဂ္ဂ သံယုတ်မှာ ကုမ္မောပမသုတ္တန် (သံ၊၂၊၃၈၅။)ဆိုတဲ့ သုတ္တန်တစ်ခု ဟောကြား တော်မူပါတယ်။
ကုမ္မောပမသုတ္တန်
တစ်ချိန် မြစ်ကမ်းပါးတစ်နေရာမှာ လိပ်တစ်ကောင်ကလည်း အစာရှာ ထွက်လာပါတယ်။ မြေခွေးတစ်ကောင်ကလည်း အစာရှာထွက်လာပါတယ်။ မြေခွေးကလည်း လိပ်ကို ခပ်ဝေးဝေးက လှမ်းကြည့်လိုက်တော့ မြင်နေတယ်။ လိပ်ကလည်း မြေခွေးကို ခပ်ဝေးဝေးက လှမ်းကြည့်လိုက်တော့ မြင်နေပါ တယ်။ မြေခွေးက လိပ်ကို မြင်တဲ့အချိန်အခါမှာ ဘယ်လို ရည်ရွယ်ချက် ရှိနေသလဲ? ဒီလိပ်ရဲ့ လက်နှစ်ဘက် ခြေနှစ်ဘက် ဦးခေါင်းလို့ ခေါ်ဆိုအပ်တဲ့ အင်္ဂါငါးခုထဲက တစ်ခုခုကို ငါဆွဲကိုင်လှုပ်ပြီးတော့ ကိုက်စားမယ်ဆိုတဲ့ ရည်ရွယ်ချက် သူ့မှာ ရှိနေတယ်။ ဒီရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာပြီဆိုတာကို လိပ်က သိတဲ့အတွက် ဘာလုပ်လိုက်သလဲ?
မိမိရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်းမှာ လက်နှစ်ဘက် ခြေနှစ်ဘက် ဦးခေါင်းဆိုတဲ့ အင်္ဂါငါးခုကို သွတ်သွင်းပြီး ထားလိုက်ပါတယ်။ ဒီလို အင်္ဂါ ငါးခုကို သွတ်သွင်းထားလိုက်တဲ့အခါမှာ မြေခွေးကလည်း အနားလာကြည့် လိုက်ပြီး ကိုက်လို့ မရတဲ့အတွက် ထိုင်စောင့်နေပါတယ်။ အကယ်၍ လိပ်သည် ဒီအင်္ဂါငါးခုထဲက တစ်ခုခုသာ အပြင်ထွက်ခဲ့မယ်ဆိုလျှင် ထွက်လာတဲ့ အင်္ဂါ ရပ်ကို ကိုက်ခဲပြီး ငါစားလိုက်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ ထိုင်စောင့်နေပါတယ်။ လိပ်ကလည်း ထိုင်စောင့်နေတဲ့ မြေခွေးရဲ့ အကြံအစည်ကို သိတဲ့အတွက် လက်နှစ်ဘက် ခြေနှစ်ဘက် ဦးခေါင်းဆိုတဲ့ အင်္ဂါငါးခုကို အပြင်ဘယ်တော့မှ မထုတ်ဘူး၊ ငြိမ်နေလိုက်ပါတယ်။ မိမိရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ လိပ်ခွံအတွင်း မှာပဲ သွတ်သွင်းထားလိုက်ပါတယ်။ ကြာလာတော့ မြေခွေးလည်း ငြီးငွေ့ပြီးတော့ ထွက်ခွာသွားရပါတယ်။
ဒီဥပမာအတိုင်းပဲ သင်ချစ်သား ချစ်သမီးတို့တစ်တွေလည်း မိမိတို့ရဲ့ ကိုယ်ပိုင်ဥစ္စာဖြစ်တဲ့ ကမ္မဋ္ဌာန်းအာရုံအတွင်းမှာ မိမိတို့ရဲ့ ဘာဝနာစိတ်ကလေးကို အမြဲတမ်း သွတ်သွင်းထားပါ၊ ဒီလို သွတ်သွင်းထားခဲ့မယ်ဆိုလျှင် မြေခွေးနဲ့တူနေတဲ့ ကိလေသာတွေရဲ့ ကိုက်ခဲတဲ့ဒဏ်ချက်မှ သင်ချစ်သား ချစ်သမီးတို့တစ်တွေ လွတ်မြောက်သွားပေလိမ့်မယ်လို့ ဒီလို ဘုရားရှင် ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် မြေခွေးနှင့်တူနေတဲ့ ကိလေသာ တို့ရဲ့ အကိုက်အခဲကို မခံချင်ဘူးဆိုလျှင် ဒါယကာကြီး ဒါယိကာမကြီးတွေ ဘာလုပ်ရမလဲ? မိမိတို့ရဲ့စိတ်ဓာတ်ကို မိမိတို့ ပွားများနေတဲ့ ကမ္မဋ္ဌာန်း အာရုံထဲမှာ အမြဲတမ်း သွတ်သွင်းထားဖို့ မလိုဘူးလား? လိုအပ်နေတယ်။ အကယ်၍ အိမ်ပြန်ချင်တယ်ဆိုလျှင်တော့ ကိလေသာမြေခွေးရဲ့ အကိုက်အခဲ ခံရတယ်လို့ ဆိုရပါမယ်။
သားကို သတိရတယ်၊ သမီးကို သတိရတယ်၊ အဘိုးကြီးကို သတိရတယ်၊ အဘွားကြီးကို သတိရတယ်ဆိုလျှင် ဘာဖြစ်တာလဲ? မြေခွေးရဲ့ ကိုက်ခဲခြင်းကို ခံနေရပြီ။ ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ ကိလေသာမြေခွေးရဲ့ ကိုက်ခဲတာကို ခံချင်ကြသလား? မခံချင်ဘူးဆိုလျှင် ဘာလုပ်ရမလဲ? မိမိတို့က သမထဘာဝနာကို ပွားများ အားထုတ်နေလျှင်လည်း သမထကမ္မဋ္ဌာန်းအာရုံထဲမှာ, ဝိပဿနာဘာဝနာကို ပွားများ အားထုတ်နေလျှင်လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းအာရုံထဲမှာ မိမိတို့ရဲ့စိတ်ကို အမြဲတမ်း သွတ်သွင်းထားဖို့ မလိုဘူးလား? လိုအပ်နေတယ်။
ဒါကြောင့် သွားနေစဉ်မှာလည်း ရှုနေပါ၊ ရပ်နေစဉ်မှာလည်း ရှုနေပါ၊ ထိုင်နေစဉ်မှာလည်း ရှုနေပါ၊ အိပ်နေစဉ်မှာလည်း ရှုနေပါလို့ ဒီလို သင်ပေး ရပါတယ်။ အိပ်ပျော်နေတဲ့အချိန်ကလေးက လွဲလျှင် ကြွင်းကျန်နေတဲ့ အချိန် မှန်သမျှမှာ ဒလစပ် ရှုပွားသုံးသပ်နေဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီလို ရှုပွားသုံးသပ်နေခြင်းသည် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးတွေကို ဖြူစင် မြင့်မြတ်ဖို့ရန်အတွက် ပြုပြင်ပြောင်းလဲပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်မှာ ညစ်နွမ်းနေတဲ့ ကိလေသာအညစ်အကြေးတွေကို ဖြူစင်သွားအောင် တဖြည်းဖြည်း ဆေးကြောသုတ်သင်နေခြင်းသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ?
စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ စိတ္တသံကိလေသာ = စိတ်ဓာတ်ညစ်နွမ်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ သံကိလိဿန္တိ = ညစ်နွမ်းကြရ ကုန်၏။ စိတ္တဝေါဒါနာ = စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့်။ သတ္တာ = သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ = စင်ကြယ်ကြရကုန်၏။
စိတ်ဓာတ်ညစ်နွမ်းလျှင် သတ္တဝါတွေ ညစ်နွမ်းကြတယ်၊ ပင်ပန်းကြ ရတယ်၊ ဆင်းရဲကြရတယ်။ စိတ်ဓာတ်တွေသာ ဖြူစင်သန့်ရှင်းကြမယ်ဆိုလျှင် သတ္တဝါတွေဟာ စင်ကြယ်သန့်ရှင်းသွားကြလိမ့်မယ်လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။
ဒါကြောင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်နေတဲ့ အချိန်အခါမှာ မူလ ဝင်လေထွက်လေကို ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ မီးခိုးရောင်ကဲ့သို့သော နိမိတ်ကိုလည်း ပရိကမ္မနိမိတ်လို့ခေါ်ပါတယ်။ သမာဓိက ရင့်ကျက်လာတဲ့ အချိန်အခါမှာ ဒီပရိကမ္မနိမိတ်ကနေ ဥဂ္ဂဟနိတ်မိတ်ခေါ်တဲ့ နိမိတ်အဆင့်သို့ ကူးသွားပါတယ်။ ဥဂ္ဂဟနိမိတ်ကတော့ ဝါဂွမ်းဆိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့ နိမိတ် ဖြစ်ပါတယ်။ ဥဂ္ဂဟနိမိတ်ထဲမှာ ဘာဝနာသမာဓိက ရင့်ကျက်လာပြီ ဆိုလျှင် ပဋိဘာဂနိမိတ်ဘက်ကို ကူးသွားပါတယ်၊ ပဋိဘာဂနိမိတ်ကတော့ သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပနေတဲ့နိမိတ် ဖြစ်ပါတယ်။
သို့သော် နိမိတ်တွေကလည်း အရောင်အမျိုးမျိုး, ပုံသဏ္ဌာန်အမျိုးမျိုး, အရွယ်အမျိုးမျိုးတော့ ပေါ်တတ်ပါတယ်။ အများဖြစ်တတ်တဲ့ နိမိတ်ကိုသာ ဘုန်းကြီးက ကွက်ပြီး ပြောနေခြင်း ဖြစ်ပါတယ်။ ဒီကြည်လင်တောက်ပနေတဲ့ နိမိတ်မှာ အနည်းဆုံးတော့ နှစ်နာရီ သုံးနာရီလောက်တော့ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေဖို့ နစ်မြုပ်နေဖို့ လိုအပ်ပါတယ်။ နှစ်နာရီ, သုံးနာရီ လောက် အနည်းဆုံး နစ်မြုပ်နေပြီဆိုလျှင် ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ လင်းရောင်ခြည်တွေသည် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာမှာ ထွက်ပေါ်လာပါလိမ့်မည်။ ဒီလင်းရောင်ခြည်တွေက ဘာဝနာဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင်အလင်းတွေ ဖြစ်ကြတယ်။ ဉာဏ်ရောင်လို့ ခေါ်ဆို ပါတယ်။ ထိုအချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က နိမိတ်နှင့် အလင်းရောင်ဟာ တခြားစီဖြစ်တယ်ဆိုတာကို နားလည်ဖို့တော့ လိုပါတယ်။ နိမိတ်ကတော့ ပကတိဝင်လေထွက်လေနှင့် ရောနေပါတယ်။ ယင်းဝင်လေထွက်လေကို မှီပြီး ဖြစ်ပေါ်လာတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ ဉာဏ်ရောင်ကတော့ ယောဂီရဲ့ ခန္ဓာကိုယ်ရဲ့ ဝန်းကျင်ပတ်ချာမှာ ရှိနေပါတယ်။
ဘယ်အရပ်ကိုပဲ ကြည့်ကြည့် ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ လင်းရောင်ခြည်ရဲ့စွမ်းအင်တွေကို တွေ့တဲ့အခါမှာ ထိုကဲ့သို့သော လင်းရောင်ခြည်စွမ်းအင်တွေက ခန္ဓာကိုယ်ရဲ့ ဝန်းကျင်ပတ်ချာမှာ အကုန်လုံး ပျံ့နှံ့နေပြီ ဆိုလျှင် မိမိရဲ့ နှလုံးအိမ်ရှိရာ အတွင်းဘက်သို့ စိုက်ပြီး ရှုကြည့်လိုက်တဲ့ အချိန် အခါမှာ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဘဝင်မနောအကြည်လို့ ခေါ်ဆိုအပ်တဲ့ မနောဒွါရကို လှမ်းပြီး သိမ်းဆည်းကြည့်မယ်ဆိုလျှင်တော့ သိမ်းဆည်းလို့ ရတတ်ပါတယ်။ ဘဝင်မနောအကြည်ဆိုတာကလည်း --
မနောဒွါရ = ဘဝင်မနောအကြည်ဆိုတာ ဘာလဲ?
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)
ဆိုပြီးတော့ အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသံဃာတဝဂ်မှာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့အတိုင်း ဘဝင်စိတ်သည် ကြည်လင်တောက်ပနေတဲ့ သဘော ရှိပါတယ်။ ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ အရောင် အလင်းကို ဖြစ်စေနိုင်တဲ့စွမ်းအားတွေ ရှိနေပါတယ်။ ဒီအချက်ကိုလည်း ဘုန်းကြီး နည်းနည်းတော့ ထပ်ပြီး ရှင်းလင်းတင်ပြဖို့ လိုလိမ့်မယ်လို့ ထင်ပါ တယ်။
ဒီဘဝင်စိတ်က ကြည်လင်တောက်ပတယ်ဆိုလျှင် ဘဝင်စိတ်မှာ အရောင်အလင်းရှိသလားလို့ ဒီလိုတော့ မေးစရာရှိနေပါတယ်။ နားလည်လွယ် အောင် ပြောနေတဲ့စကားသာ ဖြစ်ပါတယ်။ ဥပမာ -- ဉာဏ်ရောင် ဆိုကြစို့၊ ဉာဏ်ရောင်ဆိုတာ ဉာဏ်မှာ အရောင်ရှိတယ်လို့ ပြောနေခြင်းတော့ မဟုတ် ပါဘူး၊ ဉာဏ်သည် အရောင်အလင်းကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ စကားလုံးသုံးနှုန်းမှု လွယ်ကူစေရန်အတွက် ဉာဏ်ရောင်ဆိုပြီး ဒီလို သုံးနှုန်းထားခြင်း ဖြစ်ပါတယ်။
အလားတူပဲ ဒီဘဝင်မနောအကြည်ဓာတ်မှာလည်း အလင်းရောင်ရှိ တယ်လို့ ဆိုလိုနေခြင်း မဟုတ်ပါဘူး၊ သို့သော် ဘဝင်မနောအကြည်လို့ ခေါ်ဆိုအပ်တဲ့ မနောဒွါရဘဝင်စိတ်ကလည်း လင်းရောင်ခြည်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ ဘယ်လို လင်းရောင်ခြည်ကို ဖြစ်စေနိုင်သလဲ? အတိတ်က ဆည်းပူးထားအပ်တဲ့ အကြောင်းဖြစ်တဲ့ ပါရမီ ကုသိုလ်ကံအပေါ်မှာ အခြေတည်ပြီးတော့ ပါရမီ ကုသိုလ်အရှိန်အဝါတွေက အလွန် အားကောင်းခဲ့လျှင် ဒီကံကြောင့် ဖြစ်ပေါ်လာတဲ့ ဘဝင်စိတ်မှာလည်း စွမ်းအင်တွေ ကိန်းဝပ်လာပါတယ်။ ဘယ်လို ကိန်းဝပ်လာသလဲ? --
ရှေ့ပိုင်းမှာ ဘုန်းကြီး သောတာနုဂတသုတ္တန်ကလေးကို ပုံစံထုတ်ပြီး ပြောပြခဲ့ပါတယ်။ သောတာနုဂတသုတ္တန်မှာ ရဟန်းတော်တစ်ပါးက သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းပြီး တော့ ဘဝတစ်ခုကို အဆုံးသတ်သွားတဲ့အခါ ထိုရဟန်းတော်ရဲ့ မရဏာသန္နဇောက သင်္ခါတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တ အခြင်းအရာ တစ်ခုခုကို အာရုံယူခဲ့မယ်ဆိုလျှင် ထိုသင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်မြတ်နိုးနေတဲ့ (နိကန္တိ =) တဏှာအစိုဓာတ်အစေးဓာတ်ရဲ့ အားပေး ထောက်ပံ့မှုကို ရရှိတဲ့ အဲဒီ သင်္ခါရုပေက္ခာဉာဏ်ဆိုတဲ့ ကုသိုလ်ကံက နတ်ပြည် နတ်လောကမှာ ပဋိသန္ဓေကို ဖြစ်စေပြီ။ (ပဋိသံ၊၆၀။) နတ်ပြည်နတ်လောကကို ရောက်ရှိသွားလို့ နတ်သားအသစ်ဖြစ်နေတဲ့ ထိုနတ်သားရဲ့ ဘဝင်မနော အကြည်ဓာတ် (= မနောဒွါရ)ကလည်း သို့မဟုတ် ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်ကလည်း ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုးကိုပဲ လှမ်းပြီး အာရုံယူနေပါတယ်။
ဘဝတစ်ခုမှာ အများဆုံးဖြစ်နေတဲ့ ဘဝင်မနောအကြည်ဓာတ် ကိုယ်တိုင်က သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တ အခြင်းအရာ တစ်မျိုးမျိုးကို သိနေတယ်ဆိုလျှင် အတိတ်က သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ် ကံတို့ရဲ့စွမ်းအင်သတ္တိကြောင့် ဒီဘဝင်စိတ် ကိုယ်တိုင်က သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုးကို သိနေခြင်း ဖြစ်ပါတယ်။ ကံရဲ့စွမ်းအင်သတ္တိက အဆင့်အတန်း မြင့်မားလေတော့ ဘဝင်စိတ်ရဲ့ စွမ်းအင်သတ္တိတွေ လည်း အဆင့်အတန်း မြင့်မားမလာဘူးလား? မြင့်မားလာတယ်။
တစ်ခါ ဒီဘဝင်စိတ်ကိုယ်တိုင်က စိတ္တဇရုပ်ကလာပ်တွေကို များစွာ ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေပါတယ်။ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇ ရုပ်ကလာပ်တွေဟာလည်း ဘဝင်စိတ္တက္ခဏတစ်ခုအတွင်းမှာ စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်တဲ့အတွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်းမှာပဲ ဘဝင်စိတ်တွေကလည်း အကြိမ် ကုဋေပေါင်း သိန်းနှင့်ချီပြီး ဖြစ်နိုင်တဲ့သဘာဝ ရှိနေပါတယ်။
စိတ္တက္ခဏတစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်တဲ့ အတွက် ကုဋေပေါင်း သိန်းနှင့်ချီပြီးတော့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာ ဖြစ်ပေါ်သွားတဲ့ ဘဝင်စိတ်တိုင်း ဘဝင်စိတ်တိုင်းကြောင့် ဖြစ်ပေါ် လာတဲ့ စိတ္တဇရုပ်ကလာပ်တွေဟာလည်း မရေမတွက်နိုင်လောက်အောင် အလွန့်အလွန် မြောက်မြားစွာ ဖြစ်နေပါတယ်။ ဒီစိတ္တဇရုပ်ကလာပ်အမှုန်တိုင်းမှာ ဝဏ္ဏဓာတ် (= ရူပါရုံ)လည်း ပါရှိနေတယ်၊ ဒီရူပါရုံက (ဘာသုရ =) အလွန် တောက်ပပါတယ်။ ဘာကြောင့်လဲ? ဒီဘဝင်စိတ်ကိုယ်တိုင်က သင်္ခါရ တရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုးကို သိနေတဲ့ စိတ်ဓာတ်ဖြစ်ခြင်းကြောင့် ဒီစိတ်ဓာတ်မှာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်ရဲ့ စွမ်းအင်သတ္တိတွေက ကိန်းဝပ်နေပါတယ်။
ဒီလို ကြီးမားတဲ့စွမ်းအင်တွေ ကိန်းဝပ်နေခြင်းကြောင့် ဒီဘဝင်စိတ်ထဲမှာ ရေတွက်ကြည့်မယ်ဆိုလျှင် သောမနဿလည်း ဖြစ်မယ်, ဉာဏ်လည်း ယှဉ်မယ်ဆိုလျှင် စိတ်စေတသိက် (၃၄)လုံးလောက် ရှိနေပါတယ်။ ဒီ (၃၄)လုံးမှာ ပါနေတဲ့ ပညိန္ဒြေစေတသိက်လို့ ခေါ်ဆိုအပ်တဲ့ ဉာဏ်ဟာ စွမ်းအင် ကြီးမား နေပါတယ်။ ဉာဏ်က စွမ်းအင်အာနုဘော် ကြီးမားလျှင် စိတ္တဇရုပ်ကလာပ် တိုင်းမှာ ပါနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ပိုပြီး တောက်ပတဲ့သဘော ရှိတတ်ပါတယ်။ ဉာဏ်က စွမ်းအင်အာနုဘော် လျှော့နည်းနေခဲ့မယ်ဆိုလျှင် တော့ တောက်ပမှုလည်း လျှော့နည်းတဲ့သဘော ရှိတတ်ပါတယ်။
ဒါကြောင့် စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)က တောက်ပသလို အလားတူပဲ ဒီစိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါနေတဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့ ဥတုဇရုပ်ကလာပ်အမှုန်ကလေးတွေ လည်း ရှိပါတယ်။ အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ဓာတ်ကြောင့် ဖြစ်ပေါ် လာတဲ့ တေဇောဓာတ်သည် ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေတဲ့အခါ ဒီတေဇောဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ကလာပ်တစ်ခုမှာ တည်ရှိနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အဆင်းနဲ့ နောက်ကလာပ်တစ်ခုမှာ တည်ရှိနေတဲ့ ရူပါရုံ (= အရောင်အဆင်း)တို့ကလည်း ဆက်တိုက် ပွတ်ချုပ်ထိခိုက်ပြီး ဖြစ်ပေါ်နေတဲ့အတွက် ဉာဏ်အာနုဘော် ကြီးလျှင် တောက်ပနိုင်တဲ့စွမ်းအင် တွေကလည်း ကြီးမားတဲ့သဘော ရှိပါတယ်။ အလားတူပဲ အခြားအခြားသော စွမ်းအင်ကြီးမားတဲ့ ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ ဒီဘဝင်စိတ်ကိုယ်တိုင်က အဆင့်အတန်း မြင့်မားနေတဲ့ ဘဝင်စိတ်ဖြစ်ခဲ့မယ်ဆိုလျှင် လင်းရောင်ခြည်ကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေလည်း ကြီးမားမှု ရှိပါတယ်။ ဒီဘဝင်စိတ်ကို ဘုရားရှင်က --
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ၊ တဉ္စ ခေါ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ။ (အံ၊၁၊၉။)
ဒီဘဝင်စိတ်သည် ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ လင်းရောင်ခြည်ရှိတယ်ဆိုပြီး ဒီလို ဟောတော်မူပါတယ်။ ဆိုလိုတာကတော့ ဘဝင် စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)နှင့် ယင်းစိတ္တဇတေဇောဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုဇရုပ်ကလာပ်တွေမှာ ပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ဆိုတဲ့ ဒီနှစ်မျိုးသော ရူပါရုံတို့ရဲ့ ကြည်လင် တောက်ပမှုကိုပဲ တင်စားပြီးတော့ ဘဝင်မနောအကြည်လို့ ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပါတယ်။ ဒီဘဝင်မနောအကြည်ဓာတ်ရဲ့ မှန်လိုကြည်နေတဲ့ အကြည်ဓာတ်ကို လှမ်းကြည့်ပါ၊ လှမ်းပြီး သိမ်းဆည်းပါ။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အတွင်းမှာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ သုံးနာရီလောက် နစ်မြုပ်အောင် လေ့ကျင့်ရပါတယ်။ ဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ပုဂ္ဂိုလ်က ထိုသမာဓိမှ ထလိုက်တဲ့အချိန်အခါမှာ မိမိရဲ့ နှလုံးအိမ် ရှိရာဘက်သို့ ထိုလင်းရောင်ခြည်အကူအညီနဲ့ အိမ်ရှင်ဘဝင်မနောအကြည်ဓာတ်ကို လှမ်းပြီး သိမ်းဆည်းမယ်ဆိုလျှင် သိမ်းဆည်းလို့ ရနိုင်ပါတယ်။
အကယ်၍ မရခဲ့ဘူးဆိုလျှင်တော့ ဘာလုပ်ရမလဲ? မိမိရဲ့ သမာဓိသည် အဆင့်အတန်း စံချိန်မမီသေးဘူးလို့ ဒီလို မှတ်ရပါမယ်။ သမာဓိက စံချိန်မမီသေးလျှင် စံချိန်မီအောင် သမာဓိကို နက်ရှိုင်းသွားအောင် ဆက်လက်ပြီး ထူထောင်ရပါတယ်။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် သွတ်သွင်းထားနိုင်တာ မှန်သော်လည်း တစ်ခါတစ်ရံ ဒီသမာဓိက နက်ရှိုင်းမှုမရှိဘူးဆိုလျှင် လွယ်လွယ် ကလေးနဲ့ ဒီသမာဓိက ပျက်ပြားပြီး သွားတတ်ပါတယ်။ ပျက်ပြားတယ်ဆိုတာက ဘေးအာရုံကို စိတ်က မသိမသာရောက်လိုက် ပြန်ပြီး ငြိမ်အောင် ကြိုးစားလိုက်အားဖြင့် လှစ်ခနဲ လှစ်ခနဲ ခဏခဏ ထွက်တတ်တဲ့သဘော ရှိနေပါ တယ်။ စျာန်အင်္ဂါတွေရဲ့စွမ်းအင်က အားအင်မပြည့်ဝသေးသောကြောင့် ဖြစ်ပါတယ်။
ဒီလို သမာဓိရဲ့ နက်ရှိုင်းမှု စူးရှမှုတွေက အားမကောင်းသေးလျှင် ဒီ ပုဂ္ဂိုလ်က စျာန်အင်္ဂါကို ဆင်ခြင်မှု မပြုပါနဲ့၊ သမာဓိကို နက်ရှိုင်းအောင် သာလျှင် ဆက်လက်ပြီး ကြိုးစားပါ။ ဘယ်လို ကြိုးစားရမလဲ? ဒီကြည်လင် တောက်ပနေတဲ့ အာနာပါနနိမိတ်အာရုံထဲမှာပဲ စိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားပါ၊ ဒီလို ကြိုးစားလိုက်လို့ လင်းရောင်ခြည်စွမ်းအားတွေက သိပ်အားကောင်းလာပြီဆိုတဲ့ အချိန်အခါမှာ ဘဝင်မနောအကြည်ကို တစ်ဖန်ပြန်ပြီး သိမ်းဆည်းကြည့်ပါ၊ ဘဝင်မနောအကြည်ကို သိမ်းဆည်းတဲ့နေရာမှာ အချိန်ကြာကြာတော့ မသိမ်းဆည်းပါနဲ့။
တချို့ယောဂီများ သဘောမပေါက်တော့ တအားစိုက်ပြီး ရှုလိုက်တဲ့ အချိန်အခါမှာ ရင်တွေ တုန်လာတတ်ပါတယ်၊ နှလုံးတွေ အောင့်လာတတ် ပါတယ်။ တအားလည်း စိုက်ပြီးတော့ အကြာကြီး မရှုပါနဲ့၊ ခေတ္တခဏလောက် စက္ကန့်ပိုင်းလောက်သာ လှမ်းပြီး ကြည့်ပါ။ ဘဝင်မနောအကြည်ကို သိမ်းဆည်းကြည့်လို့ ရပြီဆိုလျှင် နောက်တစ်ခု ဘာရှုရမလဲ? ဘဝင်မနောအကြည်ဓာတ်က မှန်ကလေးဖြစ်တော့ ဒီမှန်ကလေးထဲမှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ရဲ့ အရိပ်အယောင်သည် ပုံတူအားဖြင့် လာပြီး ထင်နေပါလိမ့်မယ်။ ပုံစံတစ်ခု ပြောမယ်ဆိုလျှင် ကြည်နေတဲ့မှန်ရှေ့မှာ သွားရပ်ခဲ့သော် မှန်အတွင်းမှာ မိမိရဲ့ မျက်နှာရိပ်က ပုံတူလာပြီး မထင်ဘူးလား? ထင်နေတယ်၊ ဒီပုံစံအတိုင်းပဲ ကြည်လင်တောက်ပနေတဲ့ ဘဝင်ကို လှမ်းကြည့်လိုက်တဲ့အခါ မိမိ ရှုပွားနေတဲ့ အာနာပါနပဋိဘာဂနိမိတ်နဲ့ ပုံတူ နိမိတ်တစ်ခုအဖြစ် ဒီဘဝင်မနောအကြည်ဆိုတဲ့ မှန်ထဲမှာ လာပြီး ထင်နေ တတ်ပါတယ်။
ဒီလို အချိန်မျိုးမှာ တရားသင်ပေးရတာ ဘုန်းကြီးတို့မှာ တော်တော် အခက်အခဲတွေ တွေ့ရပါတယ်။ ဘဝင်မနောအကြည်ဟာ မှန်ကလေး ကြည်နေသလို ကြည်နေပါတယ်လို့ သင်ပေးလိုက်တဲ့အခါ တချို့ကလည်း မှန်ကို လိုက်ရှာနေတတ်တယ်။ မှန်ကို လိုက်ရှာပြီး မှန်ကို ရှေ့တည့်တည့်မှာ စိတ်ကူးနဲ့ ထောင်ကြည့်ကြတယ်၊ စိတ်ကူးနဲ့ ထောင်ကြည့်လိုက်တဲ့အခါ ဒီမှန်ထဲမှာ နိမိတ်ပေါ်သလား မပေါ်သလား လိုက်ပြီး ပြန်ရှာကြည့်ကြတယ်။ ဒီလို ဗျာများနေပြီး စကားရဲ့အဓိပ္ပါယ်ကို နားမလည်ဘူးဆိုလျှင်တော့ ဘာဖြစ်သလဲ? ငါ့ကို ဘုန်းကြီးက မှန်လိုပဲ ကြည်နေတယ်လို့ ပြောတယ်၊ ငါမှာ မှန်လိုက်ရှာတာ ရှာလို့လည်း မတွေ့ဘူးလို့ ဒီလို ပြောတတ်ကြတယ်။
ဒါကြောင့် ဘုန်းကြီးတို့ တရားသင်ပေးတယ်ဆိုတာက ဥပမာကလေး တွေနဲ့ နားလည်လွယ်အောင်သာ သင်ပေးခြင်း ဖြစ်ပါတယ်။ မှန်တစ်ချပ်ကို မိမိရဲ့ ရှေ့တည့်တည့်မှာ ထောင်ထားရမယ်လို့ သင်ပေးခြင်းမျိုးလည်း ဟုတ်သလား? မဟုတ်ပါဘူး။ အဲဒီမှန်ထဲမှာပဲ နိမိတ်ကို လှမ်းကြည့်ပါလို့ ပြောတာမျိုးလည်း ဟုတ်သလား? မဟုတ်ပါဘူး။ ဘဝင်မနောအကြည်က ဘယ်မှာ ဖြစ်သလဲလို့ မေးလျှင်တော့ မိမိရဲ့ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရုပ်တွေကို မှီပြီး ဖြစ်ပါတယ်။ နှလုံးအိမ်အတွင်းမှာ ဟဒယဝတ္ထုရုပ်ကလည်း နှလုံးကို ဖြတ်သန်းသွားလာနေတဲ့ သွေးတွေကို မှီဖြစ်တဲ့ရုပ်တွေ ဖြစ်ကြပါတယ်။
ဘုန်းကြီးတို့ ကျိုက်ခေါက်စေတီတော်ကဲ့သို့သော စေတီတော်တစ်ဆူ ရှိတယ် ဆိုကြစို့၊ ဒီကျိုက်ခေါက်စေတီတော်အတွင်းမှာ ဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်များ ဌာပနာထားတယ် ဆိုကြစို့၊ ဌာပနာတိုက်ထဲမှာ တည်ရှိနေတဲ့ ဒီဓာတ်တော်မွေတော်တွေကိုသာ စေတီလို့ ခေါ်ပါတယ်။ အပြင်မှာ တည်ရှိနေတဲ့ ကျိုက်ခေါက်စေတီလို့ အများခေါ်နေတဲ့ စေတီဟာ စေတီအိမ်မျှသာ ဖြစ်ပါတယ်။ အတွင်းမှာ တည်ရှိနေတဲ့ ဓာတ်တော်မွေတော်ကိုသာလျှင် စေတီလို့ ခေါ်ပါတယ်။ မျက်စိဖြင့် မြင်နေရတဲ့ ပုံသဏ္ဌာန်ကြီးကိုတော့ ဘာလို့ ခေါ်လဲ? စေတီအိမ်လို့ ခေါ်ပါတယ်၊ လူတို့ နေထိုင်တဲ့ အိမ်ပုံစံကဲ့သို့ ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာဌာနတစ်ခုသာ ဖြစ်ပါတယ်။
ဒီပုံစံအတိုင်းပဲ ဘဝင်မနောအကြည်ဓာတ်က နှလုံးအိမ်အတွင်းမှာ တည်ရှိတယ်ဆိုသော်လည်း နှလုံးအိမ်အတွင်းမှာ ဒီဘဝင်မနောအကြည်ဓာတ်က ဘာကို မှီဖြစ်သလဲလို့ မေးလျှင်တော့ ဟဒယဝတ္ထုရုပ်တွေကို မှီပြီး ဖြစ်ပါတယ်။ ဒီဟဒယဝတ္ထုရုပ်တွေက နှလုံးအိမ်အတွင်းမှာ ဖြတ်သန်းသွားလာနေတဲ့ သွေးကို မှီဖြစ်တဲ့ ရုပ်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးအိမ်ကြီးသည် စိတ်တော့ မဟုတ်ပါဘူး၊ နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့ ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေတဲ့ မနောဓာတ် မနောဝိညာဏဓာတ်တွေကိုသာလျှင် စိတ်လို့ ခေါ်ပါတယ်။ နှလုံးအိမ်ကြီးကတော့ ဟဒယဝတ္ထုရုပ်တို့ရဲ့ ကိန်းဝပ်ရာဌာနတစ်ခုသာ ဖြစ်ပါတယ်။ ယင်းဟဒယဝတ္ထုရုပ်က မနောဓာတ် မနောဝိညာဏဓာတ်ခေါ်တဲ့ စိတ် စေတသိက် (= နာမ်တရားတွေ)ရဲ့ မှီဖြစ်ရာ ရုပ်တရားမျှသာ ဖြစ်ပါတယ်။
စ,ရှုစမှာတော့ ဒီနှလုံးအိမ်ကို ဆန်းစစ်မှု ဝေဖန်မှု စူးစိုက်မှုတွေ မပြုလုပ် ပါနဲ့၊ သမာဓိကလည်း ရခါစသာ ဖြစ်နေသေးတဲ့အတွက် ကြာကြာကြီး နှလုံးအိမ်ကို စူးစိုက်ပြီး ကြည့်ခဲ့မယ်ဆိုလျှင်တော့ နှလုံးအိမ်တွေ အောင့်သွား တတ်ပါတယ်။ နှလုံးရောဂါရှိတဲ့ပုဂ္ဂိုလ် ဖြစ်လျှင်လည်း ရင်တွေ တအား ခုန်လာတတ်ပါတယ်၊ တအားလည်း အောင့်လာတတ်ပါတယ်။ ဒါကြောင့် ကြာကြာကြီးတော့ စိုက်မရှုပါနဲ့။ ခဏခဏ ရှုကြည့်လို့ မြင်လာလျှင်လည်း မြင်ပါစေ။ မမြင်လျှင်လည်း ဘာလုပ်ရမလဲ?
မိမိ ရှုပွားနေကျ ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ် ကိုပဲ ပြန်ပြီး အာရုံယူနေပါ၊ မိမိ ရှုပွားနေကျဖြစ်တဲ့ ကြည်လင်တောက်ပ နေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်မှာပဲ ပြန်ပြီးတော့ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ၊ ဒီလို ကြိုးစားလိုက်လို့ လင်းရောင်ခြည် စွမ်းအင်တွေက သိပ်အားကောင်းလာပြီဆိုလျှင် တစ်ခါပြန်ပြီးတော့ ရှုကြည့်ပါ၊ ဒီလို နည်းစနစ်နဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံမှာ ဘာဝနာစိတ်သည် တစ်နာရီ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပါစေ စသည်ဖြင့် တစ်နာရီ အဓိဋ္ဌာန်လျှင်လည်း တစ်နာရီပြည့်မှသာ ခဏရှုကြည့်ပါ။ နှစ်နာရီ အဓိဋ္ဌာန်ထားလျှင်လည်း နှစ်နာရီပြည့်မှသာ ခဏရှုကြည့်ပါ။ သုံးနာရီ အဓိဋ္ဌာန်ထားလျှင်လည်း သုံးနာရီပြည့်မှသာ ခဏရှုကြည့်ပါ။
တချို့ယောဂီတွေကလည်း တပည့်တော်တို့မှာ နာရီ မရှိဘူးဘုရားဆိုပြီး နည်းနည်းကလေး ကတ်သီးကတ်သတ် ပြောကြပြန်တယ်။ ဒီနေရာမှာ နာရီတွေ, မိနစ်တွေ, စက္ကန့်တွေ အတိအကျ သိရမယ်လို့ မပြောလိုပါဘူး။ အချိန်ကို ခန့်မှန်းနိုင်အောင်သာလျှင် ဘုန်းကြီးတို့ဘက်ကလည်း နာရီနဲ့ ပြောမှလည်း နားလည်လွယ်မှာဖြစ်လို့ နာရီကို သတ်မှတ်ပြီး ပြောခြင်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ ပြန်ချော့ပေးရတယ်။ ဒါကြောင့် တစ်နာရီလောက်, နှစ်နာရီလောက်, သုံးနာရီလောက် စသည်ဖြင့် အဓိဋ္ဌာန်ထားတဲ့ပုဂ္ဂိုလ်က မိမိ အဓိဋ္ဌာန် ပိုင်းခြားတဲ့ အချိန်စေ့မှသာလျှင် ခဏခေတ္တလောက် ပြန်ကြည့်ပါ။
ဘာကြောင့် ဒီလောက်ကြာကြာ သမာဓိကို ထူထောင်နေရသလဲ? အာဒိကမ္မိက (= စျာန်ကို ရစ အားထုတ်စ) ပုဂ္ဂိုလ်က စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါဆင်ခြင်မှု နည်းပါစေ ဆိုပြီးတော့ ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၄၈။)က သတ်မှတ်ချက် ပေးထားပါတယ်။ စျာန်အင်္ဂါတွေကို ခဏ ခဏ ဆင်ခြင်လျှင် စျာန်အင်္ဂါတွေက သိပ်ထင်ထင်ရှားရှား ပေါ်လာတဲ့အခါ စျာန်သမာဓိမှ လျှောကျသွားတတ်ပါတယ်။ ဒီစျာန်ဆိုတာနဲ့ ပတ်သက်လို့လည်း တရားနာပရိသတ်တွေကို နားလွယ်အောင် ဘုန်းကြီး နည်းနည်းလောက် ရှင်းချင်ပါတယ်။
စျာန်နှင့် အဘိညာဏ် ထူးခြားချက်
လယ်တီဆရာတော်ဘုရားကြီးကတော့ ပါဠိတော်, အဋ္ဌကထာ, ဋီကာ တွေကို အမှီပြုပြီးတော့ လင်္ကာကလေးတစ်ခုနဲ့ ရှင်းလင်းထားပါတယ်။ စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟုခေါ်သတတ်ဆိုပြီး ဒီလို ရှင်းထား ပါတယ်။ ဘုန်းကြီး ဟောနေတဲ့ကမ္မဋ္ဌာန်းက အာနာပါနကမ္မဋ္ဌာန်း ဖြစ်ပါတယ်။ ဒီအာနာပါနကမ္မဋ္ဌာန်းကို ရှုလိုက်တဲ့အချိန်အခါမှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အထိ ဆိုက်လာပြီ ဆိုကြစို့၊ ဒီ ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်က မိမိတို့ ရှုပွားသုံးသပ်နေတဲ့ ဘာဝနာစိတ်ရဲ့ အာရုံဖြစ်ပါတယ်။ ဒီအာနာပါနပဋိဘာဂနိမိတ်ဆိုတဲ့ အာရုံကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုနေတဲ့စိတ်ရဲ့ စွမ်းအင်ငါးခုကို စျာန်လို့ ခေါ်ပါတယ်။
ဒီစွမ်းအင်ငါးခုက ဘာတွေလဲ? ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ၊ ဒီစွမ်းအင်ငါးခုတို့ရဲ့ အပေါင်းကို စျာန်လို့ ခေါ်ပါတယ်။ တစ်ခုစီ တစ်ခုစီကိုတော့ စျာန်အင်္ဂါလို့ ခေါ်ပါတယ်။ မြေလျှိုးမိုးပျံခြင်း, တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းတွေကို များသောအားဖြင့် စျာန်လို့ နားလည်ကြပါတယ်။ မြေလျှိုးမိုးပျံခြင်း တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်ခြင်းအဆင့်တွေကတော့ အဘိညာဏ်ရဲ့ စွမ်းအင်တွေ ဖြစ်ကြပါတယ်။ စျာန်တွေကို အခြေခံပြီးတော့ ဒီအဘိညာဏ်ကို တက်ဖို့ အပိုင်းမှာ အဘိညာဏ်ကို ရရှိတဲ့ သူတော်ကောင်းဆိုတာကလည်း စျာန်ရတဲ့ ပုဂ္ဂိုလ် တစ်ထောင်မှာ တစ်ယောက်လောက်, တစ်သောင်းမှာ တစ်ယောက် လောက်သာ ရှိမြဲဓမ္မတာ ဖြစ်ပါတယ်။
ဘုရားရှင် လက်ထက်တော် အချိန်အခါတုန်းကတော့ စျာန်ရရှိတဲ့ သူတော်ကောင်းတွေလည်း များကြပါတယ်။ အဘိညာဏ်ရရှိတဲ့ သူတော်ကောင်းတွေလည်း များကြပါတယ်။ သူတို့ကတော့ ဘုရားရှင်နဲ့ ကျွတ်တမ်း ဝင်တော်မူတဲ့ ထိပ်တန်းစား သာဝကကြီးတွေ ဖြစ်ကြပါတယ်။ ဘုန်းကြီးတို့ ခေတ်ကတော့ ဓားမနောက်ပိတ်ခွေးတွေပဲ များကြပါတယ်။ ဓားမနောက်ပိတ်ခွေးတွေ များခြင်းကြောင့် သာသနာတော်ရဲ့ နောက်ပိုင်းကာလမှာ လူလာပြီး ဖြစ်ကြရတယ်။ သာသနာတော်နဲ့ လာကြုံကြရတယ်။ နောက်ပိတ်ခွေးတွေ ဖြစ်နေတဲ့အတွက် ဟိုရှေ့တန်းက ပုဂ္ဂိုလ်တွေလောက်တော့ စွမ်းအင် ကြီးမားနိုင်မလား? မကြီးမားနိုင်ဘူး၊ ဘာဖြစ်လို့လဲ?
ဟတ္ထိပါလဇာတ်, အယောဃရဇာတ် အဋ္ဌကထာတွေမှာ (ဇာတက၊ဋ္ဌ၊၄၊ ၄၉၄-၄၉၅။) မှတ်ချက် ချထားပါတယ်။ ဟတ္ထိပါလသတို့သားတို့ တောထွက် သွားတဲ့ အချိန်အခါမှာ ခုနစ်ပြည်ထောင်သော မင်းညီမင်းသားတွေနှင့်တကွ တိုင်းသူပြည်သားတွေ အားလုံး တောထွက်ကြတယ်။ အယောဃရမင်းသားတို့ တောထွက်သွားတဲ့ အချိန်အခါမှာလည်း အလားတူပဲ ခုနစ်ပြည်ထောင်သော မင်းညီမင်းသားတွေနဲ့တကွ တိုင်းသူပြည်သားတွေ အားလုံး တောထွက်ပြီး လိုက်ပါသွားကြပါတယ်။ ဒါပေမယ့် တချို့ နည်းနည်းပါးပါး ကျန်နေတာလည်း ရှိပါတယ်။ ဘယ်လိုပုဂ္ဂိုလ်တွေ ကျန်နေသလဲ? အခါးသမားတွေက ကျန်ရစ် ခဲ့ပါတယ်။ တောထွက်တဲ့အခါ လိုက်ပါမသွားကြပါဘူး၊ ဘယ်သူမှလည်း မရှိတော့တဲ့အတွက် ဒီအခါးသမားတစ်စုလည်း ကြာလာတော့ ပျင်းတာနဲ့ နောက်ကနေ လိုက်သွားကြပါတယ်။
ဘုရားရှင် ပွင့်ထွန်းလာတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်နဲ့အတူ တောထွက်သွားကြတဲ့ ပရိသတ်တွေက ရှေးဦးစွာ ကျွတ်တမ်း ဝင်သွားကြပါတယ်။ ဒီအခါးသမားတွေကတော့ လွယ်လွယ်နဲ့ ကျွတ်တမ်း မဝင်ကြဘူး၊ ဘယ်အချိန်ရောက်မှ ကျွတ်တမ်းဝင်ကြသလဲ? နှောင်းခေတ်လို့ဆိုရတဲ့ သီဟိုဠ်ခေတ်တို့လို မြန်မာနိုင်ငံခေတ်တို့လို ခေတ်တွေရောက်တဲ့အခါမှာ နည်းနည်းပါးပါး ကျွတ်တမ်းဝင်ကြရပါတယ်။
ဒါကြောင့် ကောင်းမှုကုသိုလ် ပြုတဲ့အခါမှာ ရှေ့တန်းကနေပြီး သွက်သွက်လက်လက် ပြုကြပါ။ စိတ်မပါတပါနဲ့ တပည့်တော်တို့ကတော့ ဝါတွင်း လောက်တော့ ခဲထားပါတယ်ဘုရား၊ တပည့်တော်ကတော့ ရှေ့နှစ်လောက် တော့ ခဲထားတယ်ဘုရား စသည်ဖြင့် ဒီလို ရက်တွေ လတွေ ရွှေ့ဆိုင်းနေ ကြမယ်ဆိုလျှင် ကုသိုလ်ကောင်းမှုတွေကို ဖင့်ဖင့်နွှဲနွှဲ ပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်နေရာက နေရမလဲ? နောက်တန်းကပဲ နေရပါမယ်။ ရှေ့တန်းက ရနိုင် မလား? မရနိုင်ဘူး။ ဒါကြောင့် သတိရှိကြဖို့ သိပ်လိုအပ်ပါတယ်။
ဒီနေရာမှာလည်း ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် ထဲမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားလိုက်လို့ စျာန်တွေ ရတယ်ဆိုသော်လည်း စျာန်ရတဲ့ သူတော်ကောင်းတွေထဲမှာလည်း တစ်ရာမှာ တစ်ယောက်လောက်, တစ်ထောင်မှာ တစ်ယောက်လောက်သာလျှင် အဘိညာဏ်ကူးလို့ ရနိုင်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၄။) ဒါကြောင့် စျာန်နဲ့ အဘိညာဏ်ကို ကွဲအောင် မှတ်သားတတ်ဖို့ လိုအပ်ပါတယ်။ စျာန်ဆိုတာက မိမိ ရှုပွားနေတဲ့အထဲမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး စိုက်စိုက်စူးစူး အထူးမြဲမြံစွာ ရှုနေတဲ့သဘာဝကိုသာလျှင် စျာန်လို့ ခေါ်နိုင်ပါတယ်။ ဒီပထမစျာန်မှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဆိုပြီးတော့ စျာန်အင်္ဂါတွေက ငါးပါး ရှိနေပါတယ်။
ဝိတက် = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော၊
ဝိစာရ = ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေခြင်းသဘော၊
ပီတိ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်နေခြင်းသဘော၊
သုခ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်း သဘော၊
ဧကဂ္ဂတာ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေ ခြင်းသဘော။
ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်ခု ရှိသလဲ? ငါးခု ရှိပါတယ်။
ဥပစာရသမာဓိနှင့် အပ္ပနာစျာန်သမာဓိတို့၏ ထူးခြားချက်
အပ္ပနာစျာန် မဆိုက်မီ ဥပစာရနယ်မြေမှာလည်း ဒီစျာန်အင်္ဂါငါးပါးက ရှိနေပါတယ်။ အပ္ပနာစျာန် ဆိုက်သွားတဲ့ အချိန်အခါမှာလည်း ဒီစျာန်အင်္ဂါ ငါးပါးက ရှိနေပါတယ်။ ဘယ်လိုကွာဟချက် ရှိနေသလဲ? ဥပစာရသမာဓိနယ်မြေမှာ စျာန်အင်္ဂါတို့ရဲ့စွမ်းအင်က သိပ်ပြီးတော့ မကြီးမားသေးပါဘူး၊ စွမ်းအင်ပြည့်ပြည့်ဝဝနဲ့ ဖြစ်ပေါ်မလာသေးပါဘူး၊ အပ္ပနာစျာန်သမာဓိသို့ ဆိုက်သွားတဲ့ အချိန်အခါမှာ စျာန်အင်္ဂါတွေရဲ့ စွမ်းအင်တွေက ကြီးမားလာပါတယ်။ စွမ်းအင်တွေက ပြည့်ဝလာပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)
ဒါကြောင့် ဘယ်လို ထူးခြားမှု ရှိနေသလဲလို့ မေးလျှင်တော့ အဖြေကတော့ ဒီလိုပါ -- ယခုကဲ့သို့ အာနာပါနကမ္မဋ္ဌာန်းကို ရှုခဲ့မယ်ဆိုလျှင် အပ္ပနာစျာန်သမာဓိအခိုက်မှာ တည်ရှိနေတဲ့ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါငါးပါးက စိတ်အစဉ်ကို ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံမှ ဘာဝနာစိတ်ကို လျှောကျမသွားအောင် ချီမ,ထား နိုင်တဲ့စွမ်းအင်တွေ ရှိနေပါတယ်။ စျာန်မဆိုက်မီ ဥပစာရသမာဓိနယ်မြေ လောက်မှာတော့ စျာန်အင်္ဂါတွေက စွမ်းအင် သိပ်ပြီး မကြီးမားသေးတဲ့ အတွက် ဘာဝနာစိတ်ကို ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကနေ လျှောကျမသွားအောင် ချီမထားနိုင်တဲ့ စွမ်းအားတွေက သိပ်ပြီးတော့ အားမကောင်းသေးပါဘူး။ အားမကောင်းသေးတဲ့အတွက် ဘာဖြစ် သလဲ? ဘဝင် ခဏခဏ ကျသွားတတ်ပါတယ်။
ဘဝင် ခဏခဏ ကျနေတဲ့အတွက် ယောဂီပုဂ္ဂိုလ်က အကယ်၍ ဗဟုဿုတ မရှိခဲ့ဘူးဆိုလျှင် တပည့်တော် မေ့နေသလို ဖြစ်ဖြစ်နေတယ်၊ ဘာမှလည်း မသိတော့ဘူး စသည်ဖြင့် ဒီလိုလည်း လျှောက်တတ်ကြတယ်။ ဒီလို လျှောက်ကြတဲ့အခါ သဘောရိုးတဲ့ပုဂ္ဂိုလ်တွေကိုတော့ ပြုပြင်ပေးရတာ လွယ်ကူပါတယ်။ သဘောရိုးတယ်ဆိုတာက နားမလည်တဲ့အတိုင်း ဘာမှန်းတော့ မသိဘူးဘုရား၊ တပည့်တော် ဒီလိုတော့ ဖြစ်နေတယ်ဆိုပြီး လျှောက်ထားခြင်းမျိုးကို ပြောခြင်း ဖြစ်ပါတယ်။ ဒါယကာကြီး ဒါကတော့ ဘဝင်ကျနေ တာပဲ၊ စိတ်ကလေးကို နည်းနည်း လျှော့ထားလို့ ဖြစ်သွားတာပါ၊ စိတ်ကို လျှော့မထားနဲ့၊ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို သတိအားကောင်းကောင်းနဲ့ စူးစိုက်ပေးပါဆိုပြီး ခိုင်းလိုက်လျှင် သူက ဒီအဆင့်ကို လွန်သွားတတ်ပါတယ်။
တချို့ယောဂီတွေကတော့ ဟိုကကြား ဒီကကြား ဗဟုဿုတကလေး တွေက နည်းနည်းပါးပါး ရှိနေတော့ ဘာဖြစ်ကြသလဲ? ဒီလို ဘာမှမသိတော့တဲ့အဆင့်ကို ဖလသမာပတ် ဝင်စားတယ်၊ နိဗ္ဗာန်ကို အာရုံပြုတယ်၊ စသည်ဖြင့် ဒီလို အထင်ကြီးတတ်ကြတယ်။ ရုပ်တွေ နာမ်တွေ အကုန်လုံး ချုပ်သွားပြီ စသည်ဖြင့် တချို့ကလည်း ဒီလို ပြောတတ်ကြတယ်။ ဒီလို ပြောကြခြင်းနှင့် ပတ်သက်ပြီး ဘုန်းကြီးဘက်က နည်းနည်းကလေး အောက်ခြေကနေ စပြီး ဖြေရှင်းပေးဖို့တော့ လိုအပ်လာပါတယ်။
လင်းရောင်ခြည်စွမ်းအင်တွေ အားကောင်းလာတဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံမပြုဘဲ သို့မဟုတ် မီးခိုးတန်းကဲ့သို့ ညစ်ထပ်ထပ် အဖြူရောင်ရှိနေတဲ့ ပရိကမ္မနိမိတ် ပေါ်နေတဲ့အချိန်အခါမှာလည်း ဒီနိမိတ်ကို ဆက်လက် အာရုံ မပြုတော့ဘဲ၊ သို့မဟုတ် ဝါဂွမ်းဆိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့ ဥဂ္ဂဟနိမိတ် ပေါ်လာတဲ့အချိန်အခါမှာလည်း ဒီနိမိတ်ကို အာရုံမပြုတော့ဘဲ ခန္ဓာကိုယ်ဘက်ကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီယောဂီပုဂ္ဂိုလ်က ဘာသွား တွေ့တတ်သလဲ? အချို့ပုဂ္ဂိုလ်တွေမှာ ပါရမီအားလျော်စွာ သမာဓိ အထိုက်အလျောက် ရှိလာပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်မှာ ရုပ်ကလာပ်လို့ခေါ်တဲ့ အမှုန်ကလေးတွေကို သွားတွေ့တတ်ပါတယ်။
ဒီရုပ်ကလာပ်အမှုန်ကလေးတွေကို ဓာတ်မခွဲဘဲ ဖြစ်ပျက်ရှုလိုက်တယ်။ ဒီအမှုန်ကလေးတွေသည် ပရမတ်ဖြစ်တဲ့ ရုပ်တရားအစုအပုံတို့ရဲ့ အသေးဆုံး အဖွဲ့အစည်းသာ ဖြစ်တယ်။ ရုပ်ပရမတ်အစစ် မဟုတ်သေးပါဘူး။ ရုပ်ပရမတ် အစစ် မဟုတ်သေးတဲ့အတွက် ဒီရုပ်ကလာပ်တွေအတိုင်း ဖြစ်ပျက် အနိစ္စ စသည်ဖြင့် သွားရှုခဲ့လျှင် ပရမတ်ကို ဝိပဿနာရှုနေသည် မဟုတ်ဘဲ ပညတ်ကို ဝိပဿနာရှုနေခြင်းသာ ဖြစ်ပါတယ်။ ပညတ်တို့မည်သည်မှာ ဝိပဿနာဉာဏ်ဖြင့် ကြာကြာ အကြိတ်အချေ မခံနိုင်တဲ့အတွက် တဖြည်းဖြည်းနဲ့ ဒီရုပ်ကလာပ်အမှုန်ကလေးတွေက ပါးပါးသွားပြီးတော့ နောက်ဆုံး ပျောက်သွားတဲ့ အချိန်အခါမှာ အဖြူပြင်လိုက် ကျန်ရစ်ခဲ့ပါတယ်။ ဒီအဖြူပြင်မှာ စိတ်ကလေးကို လျှော့ချလိုက်လျှင် ဆတ်ခနဲဆို ဘဝင်က ကျကျသွားတတ်ပါတယ်။ ဒီရုပ်ကလာပ်ကလေးတွေ ပျောက်ပြီး အဖြူပြင်လိုက် ဖြစ်နေတာကိုတော့ ရုပ်ချုပ်တယ်။ ဘဝင်စိတ်ကလေး ဆတ်ခနဲ ကျပြီး ဘာမှမသိ ဖြစ်သွားတာကိုတော့ နာမ်ချုပ်တယ်ဆိုပြီး ဒီလို တချို့ကလည်း ထင်တတ်ကြပါတယ်။
အပရိဇာနနသုတ္တန် ကောက်နုတ်ချက်
ဒါကြောင့် ဘုန်းကြီး ဒီနေရာမှာ အပရိဇာနနသုတ္တန်နဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရား ဒီနှစ်ခုနဲ့ ဆက်စပ်ပြီးတော့ နည်းနည်း ထပ်ပြီး သတိပေးချင် ပါတယ်။ သံယုတ်ပါဠိတော် ဒုတိယတွဲ ခန္ဓဝဂ္ဂသံယုတ် (သံ၊၂၊၂၅၉-၂၆၀။)မှာ အပရိဇာနနသုတ္တန် နှစ်ခု လာရှိပါတယ်၊ ထိုသုတ္တန်တွေမှာ မြတ်စွာဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ?
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၅၉-၂၆၀။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သဗ္ဗံ = အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားကို။ အနဘိဇာနံ အနဘိဇာနန္တော = ဉာတပရိညာပညာဖြင့် ထိုးထွင်း မသိပါဘဲလျက်။ အပရိဇာနံ အပရိဇာနန္တော = တီရဏပရိညာပညာဖြင့် ပိုင်းပိုင်းခြားခြား မသိပါဘဲလျက်။ အဝိရာဇယံ အဝိရာဇယန္တော = ထိုခန္ဓာ ငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို ပဟာနပရိညာပညာဖြင့် ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းအောင် မကျင့်နိုင်ပါ ဘဲလျက်။ အပ္ပဇဟံ အပ္ပဇဟန္တော = ထိုခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို ပဟာနပရိညာပညာဖြင့် မပယ်စွန့်နိုင်ပါဘဲလျက်။ ဒုက္ခက္ခယာယ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ခန်းခြင်းငှာ။ အဘဗ္ဗော = ဘယ်တော့မှ မထိုက်တန်ပါပေ။
ဒီလို ဘုရားရှင်ကိုယ်တိုင် ဟောတော်မူပါတယ်၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာ ခေါ်တဲ့ ဒီပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိဘဲနဲ့ အလုံးစုံသော ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို ပဟာနပရိညာဉာဏ်ပညာဖြင့် မပယ်စွန့်နိုင်ဘဲ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ကုန်ခန်းသွားတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ပြောင်းပြန်လှန်ပြီးတော့လည်း ဘယ်လို ဟောတော်မူသလဲ?
သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၅၉-၂၆၀။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သဗ္ဗံ = အလုံးစုံသော ရုပ်တရား နာမ်တရားကို။ အဘိဇာနံ အဘိဇာနန္တော = ဉာတပရိညာပညာဖြင့် ထိုးထွင်းသိလျက် (ဝါ) ထိုးထွင်းသိခဲ့သည်ရှိသော်။ ပရိဇာနံ ပရိဇာနန္တော = တီရဏပရိညာပညာဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့သည်ရှိသော်။ ဝိရာဇယံ ဝိရာဇယန္တော = ထိုရုပ်တရား နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာ တရားကို ပဟာနပရိညာပညာဖြင့် ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းအောင် ကျင့်နိုင်ခဲ့သည်ရှိသော်။ ပဇဟံ ပဇဟန္တော = ထိုအလုံးစုံသော ရုပ်တရား နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသည့် တဏှာတရားကို ပဟာနပရိညာပညာဖြင့် ပယ်စွန့်နိုင်ခဲ့သည်ရှိသော်။ ဒုက္ခက္ခယာယ = သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ငြိမ်းခြင်းငှာ။ ဘဗ္ဗော = ထိုက်တန်ပါပေ၏။
အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာခေါ်တဲ့ ဒီပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြား သိပါမှ, ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ အပေါ်၌ တွယ်တာမက်မော နေတဲ့ တဏှာတရားကို ပဟာနပရိညာပညာဖြင့် ပယ်စွန့်နိုင်ပါမှ သံသရာဝဋ် ဆင်းရဲဒုက္ခ ကုန်မယ်လို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ဒီဟောကြားချက်အရ ရုပ်ကလာပ်မြင်ရုံနဲ့ ရုပ်ပရမတ်ကို ထိုးထွင်းပြီး သိနိုင်ပါ့ မလား? မသိနိုင်ပါဘူး။ ရုပ်ပရမတ်ကို မသိသေးတဲ့အတွက် ဒီပရိညာပညာ သုံးရပ်ဖြင့် ရုပ်ကို ခွဲခြား မသိခဲ့လျှင်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်နိုင် မလား? မကုန်နိုင်ဘူး။ နာမ်တရားတွေကိုလည်း ပရိညာပညာသုံးချက်ဖြင့် ပိုင်းခြားမသိခဲ့ဘူးဆိုလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်နိုင်မလား? မကုန်နိုင်ဘူး။
ဒီပရိညာပညာ သုံးပါးထဲမှာ ဉာတပရိညာဆိုတာကတော့ ရုပ်နာမ်ပရမတ်တရားတွေကို ပိုင်းပိုင်းခြားခြား သိတတ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်, ယင်းရုပ်နာမ်ပရမတ်တရားတို့ရဲ့ အကြောင်းတရားတွေကို ပိုင်းခြားယူတတ်တဲ့ ပိုင်းခြားသိတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကို ခေါ်ပါတယ်။ တီရဏပရိညာဆိုတာကတော့ အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ပရမတ်တရား တွေရဲ့ ဖြစ်မှုပျက်မှုကို အာရုံယူကာ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွား သုံးသပ်တတ်တဲ့ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်တွေကို ခေါ်ပါတယ်။ ပဟာနပရိညာဆိုတာကတော့ ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကို တဒင်္ဂအားဖြင့် ပယ်စွန့်တတ်တဲ့ ဘင်္ဂဉာဏ်ကနေ စပြီးတော့ အထက်ပိုင်းဖြစ်တဲ့ ဝိပဿနာဉာဏ်တွေကို ခေါ်ပါတယ်။ ဒါကတော့ လောကီပရိညာ သုံးပါး ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၄၁-၂၄၂။)
လောကုတ္တရာပရိညာ သုံးပါးလည်း ရှိပါသေးတယ်။ အရိယမဂ်ဉာဏ် တွေက ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကို အကြွင်းမဲ့ သမုစ္ဆေဒအားဖြင့် ပယ်စွန့်လိုက်ကြတဲ့အတွက် မုချအားဖြင့် ပဟာနပရိညာလို့ ခေါ်ဆိုပါတယ်။ ဒီလို အရိယမဂ်ဉာဏ်တွေက ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကို အဆင့်ဆင့် ပယ်သတ်လိုက်တဲ့နေရာမှာ အရိယသစ္စာလေးပါးတို့ကို မသိအောင် ဖုံးလွှမ်းထားတဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကိုလည်း ပယ်သတ်လိုက်ပါတယ်။ မသိမှု ပျောက်သွားတဲ့အတွက် သိမှု ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်လာပါတယ်။ အသမ္မောဟပဋိဝေဓ သို့မဟုတ် ကိစ္စပဋိဝေဓလို့ ဒီလို ခေါ်ဝေါ် သုံးစွဲပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ဒီအကြောင်းပရိယာယ်အားဖြင့် အရိယမဂ်ဉာဏ်ကိုလည်း နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်တို့ဖြင့် သိမ်းဆည်းရမည့် ရုပ်တွေ နာမ်တွေ, အကြောင်းတရား အကျိုးတရားတွေ, သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်တို့ဖြင့် ထိုးထွင်းသိရမယ့် အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိတတ်တဲ့အတွက် ဉာတပရိညာ, တီရဏပရိညာလို့လည်း ခေါ်ဆိုပါတယ်။ (ဝိသုဒ္ဓိ၊၂၊၃၃၄-၃၃၅။)
ဒါကတော့ လောကုတ္တရာပရိညာ သုံးပါး ဖြစ်ပါတယ်။ ဒီလို လောကီ ပရိညာ သုံးပါး, လောကုတ္တရာပရိညာ သုံးပါးတို့ဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတွေကို ပိုင်းပိုင်းခြားခြား မသိခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မရောက်နိုင်ဘူးလို့ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။
ဒါကြောင့် ဒီပရိညာပညာ သုံးရပ်ဖြင့် သိမ်းဆည်း ပိုင်းခြားရမယ့်အပိုင်းမှာ ပစ္စယပရိဂ္ဂဟဉာဏ်လည်း ပါနေတဲ့အတွက် ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် ဒီဘဝမှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ အထင်အရှားဖြစ်ပုံ၊ ဒီဘဝမှာ ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် နောင်အနာဂတ်မှာ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေ အထင်အရှားဖြစ်ပုံကို ပိုင်းခြားယူတတ်တဲ့ ဉာဏ်ကိုသာလျှင် ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ပါတယ်။
ဒီပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ယင်းရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို ထိုးထွင်းမသိခဲ့ဘူးဆိုလျှင်လည်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်နိုင်မလား? မကုန်နိုင်ဘူး။ ဒါကြောင့် ရုပ်ကလာပ်မြင်ရုံမျှနဲ့ ရုပ်ကလာပ်ကို ဖြစ်ပျက်ရှုနိုင်ရုံမျှဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီး ကုန်နိုင်မလား? မကုန်နိုင်ဘူး။ ရုပ်ကလာပ်တွေ ပျောက်သွားလို့ အကြည်ပြင်မှာ ဘာဝနာစိတ်ကို လျှော့ချလိုက်လို့ ဘဝင်ကလေး ကျသွားပြီးတော့ ဘာမှမသိ ဖြစ်သွားတာနဲ့ သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်နိုင်မလား? မကုန်နိုင်ဘူး။ ဘာကြောင့်လဲ? ဘဝင်စိတ်တို့က ဒီပစ္စုပ္ပန်အာရုံ မှန်သမျှကို အာရုံမပြုပါဘူး၊ အတိတ် မရဏာသန္နဇောက ယူထားခဲ့တဲ့ အာရုံကိုသာလျှင် လှမ်းပြီး သိနေပါတယ်။ ပစ္စုပ္ပန်အာရုံ မှန်သမျှကို ဒီဘဝင်စိတ်က ဘယ်တော့မှ မသိပါဘူး။ ဒီလို မသိခြင်းကြောင့် ယောဂီပုဂ္ဂိုလ်က ဘာမှမသိတော့ဘူးလို့ ဒီလို ပြောလိုက်ခြင်း ဖြစ်ပါတယ်။
ဒီဘဝင်စိတ်သည် အတိတ်ဘဝ သေခါနီးကာလမှာ ထင်နေတဲ့ မရဏာသန္နဇောက ယူခဲ့တဲ့ အာရုံတစ်ခုခုကို အာရုံပြုနေပါတယ်။ ဒီလို အာရုံပြု နေတယ်ဆိုတာကလည်း အတိတ် မရဏာသန္နဇောရဲ့ အာရုံကို လှမ်းရှုနိုင်တဲ့ သူတော်ကောင်းတွေသာလျှင် ပိုင်းပိုင်းခြားခြား သိတတ်တဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဘဝင်ကျမှုနဲ့ ပတ်သက်ပြီး ယောဂီပုဂ္ဂိုလ်က မိမိကိုယ်ကိုလည်း အထင်မကြီးဖို့ လိုအပ်ပါတယ်။ မျက်စိလည် မသွားဖို့လည်း လိုအပ်ပါတယ်။ ဒီလို ဘဝင်ကျနေပြီဆိုလျှင် ဘာလုပ်ရမလဲ?
ပထမစျာန်သို့
ကြည်လင်တောက်ပနေတဲ့ ဒီနိမိတ်ကိုပဲ သတိအား ကောင်းကောင်းနဲ့ နည်းနည်းကလေး ပိုပြီး စူးစိုက်ပေးပါ၊ စူးစိုက်လိုက်လျှင်တော့ ဒီဘဝင်ကျ နေတဲ့အဆင့်ကို ကျော်လွှား လွန်မြောက်သွားပါလိမ့်မယ်။ ကျော်လွှား လွန်မြောက်သွားပြီဆိုလျှင် ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်မှာပဲ ဘာဝနာစိတ်ကို တစ်နာရီ, နှစ်နာရီ, သုံးနာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် စိုက်စိုက်စူးစူး မြဲမြဲမြံမြံ နစ်မြုပ် သက်ဝင်နေအောင် ကြိုးစားပါ။ ဒီလို ကြိုးစားနိုင်ခဲ့လို့ ကြိုးစားသည့်အတိုင်းလည်း အောင်မြင်မှု ရရှိခဲ့ပြီဆိုလျှင် ထိုအချိန်အခါမှာ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်လျှင် ဆင်ခြင်လို့ ရတတ်ပါတယ်။ စျာန်အင်္ဂါငါးပါးဟာ ထင်ရှားနေပါလိမ့်မယ်။
ဝိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း ဆုပ်နယ်ခြင်းသဘော၊
ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော၊
သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်း သာသာ ခံစားနေခြင်းသဘော၊
ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။
ပေါင်းလိုက်တော့ ပထမစျာန်ရဲ့ စျာန်အင်္ဂါ (၅)ပါး ဖြစ်ပါတယ်။ ပထမတော့ တစ်လုံးစီပဲ ဆင်ခြင်ကြည့်ပါ၊ တစ်လုံးစီ ဆင်ခြင်ကြည့်တယ်ဆိုတာက ဘယ်လိုလဲ?
ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုကာ စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည် (= မနောဒွါရ)နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ပူးတွဲသိမ်းဆည်းကာ ဝိတက် ဆိုတဲ့ စျာန်အင်္ဂါကို ဆင်ခြင်ကြည့်လိုက်၊ အလားတူပဲ ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို ပြန်အာရုံပြုကာ စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည် (= မနောဒွါရ)နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ပူးတွဲသိမ်းဆည်းကာ ဝိစာရဆိုတဲ့ စျာန်အင်္ဂါကို ဆင်ခြင်ကြည့်လိုက်၊ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုကာ စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည် (= မနောဒွါရ)နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ပူးတွဲသိမ်းဆည်းကာ ပီတိဆိုတဲ့ စျာန်အင်္ဂါကို တစ်ခါ ပြန်ဆင်ခြင်ကြည့်လိုက်၊ ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုကာ စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည် (= မနောဒွါရ)နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ပူးတွဲသိမ်းဆည်းကာ သုခဆိုတဲ့ စျာန်အင်္ဂါကို တစ်ခါ ပြန်ဆင်ခြင်ကြည့်လိုက်၊ အလားတူပဲ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုကာ စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည် (= မနောဒွါရ)နှင့် အာနာပါနပဋိဘာဂနိမိတ်အာရုံကို ပူးတွဲသိမ်းဆည်းကာ ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါကို တစ်ခါ ပြန်ဆင်ခြင်ကြည့်လိုက်၊ ဒီလို စျာန်ကို ဝင်စားလိုက်၊ စျာန်မှ ထလျှင်ထချင်း စျာန်အင်္ဂါကို ဆင်ခြင်လိုက် ဤသို့ ကြိမ်ဖန်များစွာတော့ လေ့ကျင့်ပေးရပါတယ်။ လေ့ကျင့်မှု များလာပြီဆိုလျှင်တော့ ဘာလုပ်ရမလဲ?
ဒီစျာန်အင်္ဂါ ငါးပါးတို့က စိတ္တက္ခဏတစ်ခုအတွင်းမှာ ပြိုင်တူ ဖြစ်နိုင်တဲ့ သဘာဝတွေ ဖြစ်ခြင်းကြောင့် ဒီစျာန်အင်္ဂါ ငါးပါးကို ပြိုင်တူမြင်အောင် တစ်ဖန် ပြန်ပြီးတော့ လေ့ကျင့်ရပါတယ်။ လေ့ကျင့်လိုက်လို့ အောင်မြင်ပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်က ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်ပြီး လေ့ကျင့်ရပြန်တယ်။ ဘယ်အခါမှာ လေ့ကျင့်ရမလဲ? ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို တစ်နာရီ, နှစ်နာရီ, သုံးနာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်, နစ်မြုပ်နေအောင် ကြိုးစားနိုင်တဲ့ အခါမှာသာလျှင် ဒီစျာန်အင်္ဂါကို ဆင်ခြင်ရပါတယ်။
နိမိတ်ကလည်း မပေါ်သေးဘူး၊ နိမိတ်ဆိုတာလည်း ဘယ်လိုမှန်း မသိသေးဘူး၊ ဒီအချိန်အခါတွေမှာ စျာန်အင်္ဂါတွေကို သွားပြီး ဆင်ခြင်မယ်ဆိုလျှင်တော့ မိုးမကျမီမှာ လယ်ထွန်နေတာနဲ့ မတူဘူးလား? တူနေပါလိမ့်မယ်၊ အကျိုးမရှိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီစျာန်အင်္ဂါတွေကို ဆင်ခြင်လို့ အောင်မြင်မှုရပြီဆိုလျှင်တော့ ဝသီဘော်ငါးတန် နိုင်နင်းအောင် တစ်ဆင့် တက်ပြီး လေ့ကျင့်ရပြန်တယ်။ အာဝဇ္ဇနဝသီ, သမာပဇ္ဇနဝသီ, အဓိဋ္ဌာနဝသီ, ဝုဋ္ဌာနဝသီ, ပစ္စဝေက္ခဏာဝသီဆိုပြီး ဝသီဘော် ငါးမျိုး ရှိပါတယ်။
ဝသီဘော် ငါးတန်
ဘုန်းကြီးတို့ နာမ်ကမ္မဋ္ဌာန်း ရှုနေတဲ့ ယောဂီများကတော့ နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီစျာန်အင်္ဂါကို ဆင်ခြင်တာက မနောဒွါရဝီထိနဲ့ ဆင်ခြင်ရပါတယ်။ မနောဒွါရဝီထိမှာ မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်, စိတ် စေတသိက် (၁၂)လုံး ရှိပါတယ်။ ဇောတွေက ငါးကြိမ် ခြောက်ကြိမ် ခုနစ်ကြိမ် များသောအားဖြင့် ဖြစ်တတ်ပါတယ်။ ဇောတစ်ခုတစ်ခုမှာ စိတ် စေတသိက် တွေက များသောအားဖြင့် (၃၄)လုံးလောက်တော့ ရှိတတ်ပါတယ်။ မနောဒွါရာဝဇ္ဇန်းနဲ့လည်း ဒီစျာန်အင်္ဂါတွေကို လှမ်းပြီး ဆင်ခြင်ကြည့်လျှင် မြင်နိုင် ပါတယ်။ ဇောတွေနဲ့ ဆင်ခြင်ကြည့်လျှင်လည်း မြင်နိုင်ပါတယ်။
မနောဒွါရာဝဇ္ဇန်းနဲ့ ဆင်ခြင်တာကိုတော့ အာဝဇ္ဇနဝသီလို့ ခေါ်ပါတယ်။ ဇောစိတ်စေတသိက်တွေနဲ့ လှမ်းပြီး ဒီစျာန်အင်္ဂါကို ဆင်ခြင်တာကိုတော့ ပစ္စဝေက္ခဏာဝသီလို့ ဒီလို နှစ်ခု ခွဲပြီး ဟောထားပါတယ်။ ဒါက အာဝဇ္ဇနဝသီ, ဒါက ပစ္စဝေက္ခဏာဝသီလို့ ယောဂီကတော့ လိုက်ပြီး ခွဲခြားနေဖို့တော့ မလိုပါဘူး။ ဒီလို လက်တွေ့ရှုတဲ့အပိုင်းမှာ စျာန်အင်္ဂါတွေကို တစ်လုံးစီ ဆင်ခြင်ကြည့်လိုက်, စျာန်အင်္ဂါတွေကို ပေါင်းစုပြီး ဆင်ခြင်ကြည့်လိုက်နဲ့ ခပ်သွက်သွက် ခပ်မြန်မြန် မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းလောက်မှာပဲ ဆင်ခြင်လို့ ရပြီဆိုလျှင်တော့ တော်တော်ကလေး ဟန်ကျပြီလို့ မှတ်ပါ။
နောက်ဝသီတစ်ခုကတော့ သမာပဇ္ဇနဝသီ ဖြစ်ပါတယ်၊ စျာန်ကို ဝင်စားချင်တဲ့ အချိန်အခါမှာ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ပေးရပါတယ်။ နောက်ဝသီတစ်ခုကတော့ ဝုဋ္ဌာနဝသီ ဖြစ်ပါတယ်။ စျာန်မှ ထချင်တဲ့ အချိန်အခါမှာ အချိန်မရွေး ထလို့ရအောင် လေ့ကျင့်ပေးရပါတယ်။ နောက် ဝသီတစ်ခုကတော့ အဓိဋ္ဌာနဝသီ ဖြစ်ပါတယ်။ အဓိဋ္ဌာနဝသီဆိုတာကတော့ တစ်နာရီ အဓိဋ္ဌာန်လျှင် တစ်နာရီတိတိ နေနိုင်အောင်, နှစ်နာရီ အဓိဋ္ဌာန်လျှင် နှစ်နာရီတိတိလောက် နေနိုင်အောင်, သုံးနာရီ အဓိဋ္ဌာန်လျှင်လည်း သုံးနာရီ တိတိလောက် နေနိုင်အောင် လေ့ကျင့်ရပါတယ်။ ဒီလို လေ့ကျင့်ပေးလိုက်လို့ လေ့ကျင့်ခန်းတွေက အောင်မြင်မှုရပြီ, ဝသီဘော်ငါးတန် နိုင်နင်းပြီဆိုတဲ့ အချိန်အခါမှာ ဒုတိယစျာန်ကို ကူးနိုင်ပါတယ်။ အောက်စျာန်မှာ ဝသီဘော် ငါးတန် မနိုင်နင်းသေးဘဲနဲ့ အထက်စျာန်ကို ကူးခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ရပြီး ပထမစျာန်မှလည်း လျှောကျသွားတတ်ပါတယ်။ ဒုတိယစျာန်ကိုလည်း မရောက် ဖြစ်တတ်ပါတယ်။
ဂါဝီဥပမာသုတ္တန် မှတ်ချက်
ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော် နဝကနိပါတ်မှာ ဂါဝီဥပမာသုတ္တန် (အံ၊၃၊၂၁၆-၂၁၉။)ဆိုပြီး သုတ္တန်တစ်ခု ဟောကြားထားတော်မူပါတယ်။ တောင်၌ ကျက်စားနေတဲ့ နွားမိုက်မတစ်ကောင် ရှိပါတယ်။ ဒီနွားမိုက်မက တောင်ပေါ်မှာ ကျက်စားနေတဲ့ အချိန်အခါ တစ်နေ့မှာ တောင်ထိပ် ရောက်သွားတော့ တောင်ထိပ်ကနေ လှမ်းမျှော်ကြည့်လိုက်တဲ့အခါ မလှမ်းမကမ်းမှာ ကြည်လင်အေးမြနေတဲ့ ရေကောင်းရေသန့်တွေနဲ့ ပြည့်စုံနေတဲ့ ရေကန်ကြီး တစ်ကန်ကိုလည်း လှမ်းမြင်တယ်။ ရေကန်ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါ စိမ်းလန်းစိုပြည်နေတဲ့ မြက်, သစ်ရွက်တွေကိုလည်း လှမ်းမြင်နေတယ်။ ဒီလို မြင်တွေ့လိုက်တဲ့အခါမှာတော့ ဒီနွားမိုက်မက ဘယ်လို ဆုံးဖြတ်ချက် ချလိုက်သလဲ?
ငါသည် ဒီတောင်ပေါ်ကနေ ဆင်းပြီးတော့ ဒီရေကန်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စိမ်းလန်းစိုပြည်နေတဲ့ မြက်, သစ်ရွက်တွေကိုလည်း စားမယ်၊ ကြည်လင်အေးမြနေတဲ့ ဒီရေတွေကိုလည်း သောက်မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် တောင်ပေါ်က ဆင်းလိုက်တယ်။ ဆင်းလိုက်တဲ့ အချိန်အခါမှာ ရှေ့ခြေထောက်နှစ်ချောင်းကို နင်းကွင်းကောင်းကောင်းမှာ မနင်းသေးဘဲနဲ့ နောက်ခြေထောက် နှစ်ချောင်းကို သွားပြီးတော့ မြှောက်လိုက်တယ်။ မြှောက်လိုက်တော့ တောင်ပေါ်ကနေ ကျွမ်းပြန်ပြီး ကျတဲ့အခါ ဒီနွားမိုက်မဟာ မိမိ မျှော်လင့်တောင့်တနေတဲ့ ရေကန်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မြက်သစ်ရွက်တွေ ကိုလည်း စားလို့ ရသေးသလား? မရတော့ဘူး။ စိမ်းလန်းစိုပြည်နေတဲ့ မြက်, သစ်ရွက်တွေကို မစားရတဲ့အပြင် ကြည်လင်အေးမြနေတဲ့ ရေတွေကိုလည်း သောက်သုံးခွင့် ရသေးသလား? မရတော့ဘူး။ ဒါလောက်တင်လားဆိုတော့ မကသေးပါဘူး၊ မူလကြံစည်စိတ်ကူးခဲ့ရာဖြစ်တဲ့ တောင်ထိပ်ကို တစ်ဖန်ပြန်ပြီး တက်မယ်ဆိုလျှင်လည်း တက်လို့ ရသေးသလား? မရတော့ဘူး။
ဒီပုံစံအတိုင်းပဲ ပထမစျာန်မှာ ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့ကျင့်ဘဲ ဒုတိယစျာန်ကို ကူးခဲ့မယ်ဆိုလျှင် ဒုတိယစျာန်မှ လျှောကျသွားနိုင်ပါတယ်။ ပထမစျာန်ကလည်း ပျက်စီးသွားနိုင်ပါတယ်လို့ ဒီလို ဘုရားရှင် ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ပထမစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ သူတော်ကောင်းကသာလျှင် ဒုတိယစျာန်ကို ကူးပါ။ ဒုတိယစျာန်ကို ကူးတော့မယ်ဆိုလျှင် ပထမစျာန်ကို အနည်းဆုံး တစ်နာရီလောက် ဝင်စားရပါတယ်။ တစ်နာရီလောက် ဝင်စားပြီးတဲ့ အချိန်အခါမှာ ထိုပထမစျာန်မှ ထပြီးတဲ့အခါ ယောဂီပုဂ္ဂိုလ်က ဆင်ခြင်ရပါမယ်။ ဘယ်လို ဆင်ခြင်ရသလဲ?
ဒုတိယစျာန်သို့
ဒီပထမစျာန်သည် နီဝရဏဆိုတဲ့ ရန်သူနှင့် နီးကပ်တယ်၊ နီဝရဏတွေက ဘယ်အခါမှာ ကွာကျသွားသလဲ? ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ထဲမှာ ဘာဝနာစိတ်ကလေးက ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတဲ့ အခါမှာ ကွာကျသွားပါတယ်။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂ နိမိတ်အာရုံထဲမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်နေတဲ့အချိန်နှင့် ပထမစျာန်သမာဓိနဲ့က အလွန် နီးကပ်နေပါတယ်။ ဒီလို အလွန် နီးကပ်နေတဲ့ အတွက်ကြောင့် နီဝရဏရန်သူနဲ့လည်း ဒီပထမစျာန်သည် နီးကပ်နေပါတယ်၊ ဒါက ဆင်ခြင်ရမယ့် အပြစ်တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု ဆင်ခြင်ရမှာကတော့ စျာန်အင်္ဂါတွေကို ပြန်သိမ်းဆည်းကြည့်ပါ၊ ဒီစျာန်အင်္ဂါတွေကို ပြန်သိမ်းဆည်းလိုက်တဲ့အခါမှာ ဝိတက်, ဝိစာရတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့ သဘာဝတစ်ခုအဖြစ်နဲ့ ထင်မြင်အောင် သိမ်းဆည်းရပါတယ်။
ဘာကြောင့် ရုန့်ရင်းကြမ်းတမ်းရသလဲ? ယောဂီပုဂ္ဂိုလ်က ငြိမ်သက်မှု သမာဓိကို လိုချင်နေတယ်။ ဝိတက်က ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးနေခြင်းသဘော၊ ဝိစာရက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ်ဆင်ခြင်နေခြင်းသဘော ဖြစ်တဲ့အတွက် တင်ပေးနေရခြင်း သုံးသပ်နေရခြင်းသည်ပင်လျှင် ငြိမ်သက်မှုသမာဓိကို လိုချင်နေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ စိတ်ရဲ့ ကြမ်းတမ်းနေတဲ့ အမူအရာသဘာဝတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဒီဝိတက်, ဝိစာရကို ပြန်ပြီး ဆင်ခြင် ကြည့်လိုက်တဲ့အခါ ဒီဝိတက်, ဝိစာရတွေရဲ့ ရုန့်ရင်းကြမ်းတမ်းနေတဲ့သဘာဝကို ဉာဏ်နဲ့ထင်အောင် ဆင်ခြင်ရပါတယ်။ ဒီဝိတက်, ဝိစာရတို့ရဲ့ ရုန့်ရင်း ကြမ်းတမ်းနေတဲ့အတွက် ကြိုးပဲ့ပျက်စီးလွယ်ရကား ဒီပထမစျာန်သည် အားနည်းသော စျာန်အင်္ဂါရှိတယ်။
နောက်ထပ် ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ သုံးပါးက ပိုပြီး ငြိမ်သက်တဲ့သဘာဝတစ်ခု ဖြစ်တယ်လို့ မြင်အောင် ဆင်ခြင်ရပါတယ်။ ဒီလို ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဝိတက်, ဝိစာရတွေကို ကြမ်းတမ်းတဲ့သဘာဝ တစ်ခုအဖြစ်, ပီတိ, သုခ, ဧကဂ္ဂတာကို ငြိမ်သက်တဲ့သဘာဝတစ်ခုအဖြစ်နဲ့ ထင်မြင်လာတဲ့အခါ ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝိတက်, ဝိစာရကို ပယ်ရှားလိုတဲ့ စိတ်ဓာတ်, ငြိမ်သက်တဲ့သဘောရှိနေတဲ့ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ သုံးပါးနှင့် ပြည့်စုံနေတဲ့ ဒုတိယစျာန်ကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်ဖြင့် ဆင်ခြင်ရမှာ ဖြစ်ပါတယ်။
တစ်နည်းပြောလျှင်တော့ ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝိတက်, ဝိစာရစတဲ့ စျာန်အင်္ဂါငါးပါးရှိနေတဲ့ ပထမစျာန်အပေါ်မှာ ငဲ့ကွက်တွယ်တာနေတဲ့ စိတ်ဓာတ်ကို ပယ်ရှားပြီးတော့ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ သိမ်မွေ့တဲ့ စျာန်အင်္ဂါ သုံးပါးနဲ့ ပြည့်စုံနေတဲ့ ဒုတိယစျာန်ကို လိုလားတောင့်တနေတဲ့ စိတ်ဓာတ်ဖြင့် ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်ကိုပဲ စူးစူးစိုက်စိုက် ရှုနေပါ၊ ဒီလို ရှုနေတဲ့အချိန်အခါမှာ ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါန ပဋိဘာဂနိမိတ်အာရုံထဲ၌ ဘာဝနာစိတ်က နစ်မြုပ်ပြီး တည်သွားပါလိမ့်မယ်။ ယခုလို အာနာပါနပဋိဘာဂနိမိတ်အာရုံမှာ နစ်မြုပ်သက်ဝင်ပြီး တည်နေတဲ့ သမာဓိမှာ အာဒိကမ္မိက (= အားထုတ်စပုဂ္ဂိုလ်)များအတွက် ပထမစျာန်သမာဓိပဲ ဖြစ်တတ်ပါတယ်။ ထိုပထမစျာန်သို့ပင် တစ်ဖန် ပြန်ဆိုက်ရောက်သွားတတ်ပါတယ်။
ထိုပထမစျာန်မှာ သတိ, သမ္ပဇဉ်ဉာဏ်ယှဉ်လျက် ထပြီးလျှင် စျာန်အင်္ဂါ တွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ ဝိတက်, ဝိစာရတွေကို ကြမ်းတမ်းတဲ့ သဘောအားဖြင့် ဉာဏ်နဲ့ တွေ့မယ်၊ ပီတိ, သုခ, ဧကဂ္ဂတာတွေကို ငြိမ်သက်သောသဘောအားဖြင့် ဉာဏ်နဲ့ တွေ့မယ်။ အဲဒီအခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စျာန်အင်္ဂါတွေကို ပယ်ရှားနိုင်ရေး, သိမ်မွေ့တဲ့ စျာန်အင်္ဂါတွေ ရှိနေတဲ့ ဒုတိယစျာန်ကို ရရှိလိုတဲ့ ဦးတည်ချက်နှင့် အာနာပါနပဋိဘာဂနိမိတ်ကိုပဲ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်လိုက်လျှင် ထိုနိမိတ်ထဲမှာ နစ်မြုပ် တည်ကြည်နေတဲ့ သမာဓိတစ်မျိုး ဖြစ်ပေါ်လာပါလိမ့်မယ်။ ယခုလို အာနာပါန ပဋိဘာဂနိမိတ်အာရုံထဲမှာ ဘာဝနာစိတ်က နစ်မြုပ်ပြီး တည်သွားပြီဆိုလျှင် ရုန့်ရင်းကြမ်းတမ်းနေတဲ့ ဝိတက်, ဝိစာရတွေ ပြုတ်သွားပါမယ်။ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါသုံးပါးပဲ ထင်ရှား နေပါလိမ့်မယ်။ ဒုတိယစျာန်သို့ ဆိုက်ရောက်သွားပြီ ဖြစ်တယ်။
သတိပြုရန် အချက်တစ်ရပ်
ဒီနေရာမှာ ယောဂီပုဂ္ဂိုလ်တွေအနေနဲ့ မှတ်တဲ့သဘာဝတစ်ခုကိုတော့ နည်းနည်း မေ့ထားဖို့ လိုအပ်ပါတယ်။ မှတ်တယ်ဆိုတာက စပြီး တရားအားထုတ်တဲ့အခါမှာ မမှတ်ဘဲ နေနိုင်လျှင်တော့ မမှတ်ဘဲ ဝင်လေထွက်လေကို စိုက်ကြည့်ပါ။ မမှတ်ဘဲ မနေနိုင်ဘူးဆိုလျှင်တော့ ဝင်လေထွက်လေလို့ မှတ်နေပါ။ ဒါပေမယ့် ခုလို ဒုတိယစျာန် ကူးတော့မယ့်အဆင့် ရောက်ပြီဆိုလျှင်တော့ ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်ကို ဝင်လေ ထွက်လေလို့ ဆက်ပြီး မှတ်နေမယ်ဆိုလျှင် ဝိတက်, ဝိစာရက မပြုတ်ဘဲ ရှိတတ်ပါတယ်။
ဒါယကာကြီးတွေ နမူနာကလေး နည်းနည်း အာရုံယူကြည့်ပါ၊ ဝင်လေ ထွက်လေ ဝင်လေထွက်လေလို့ စိတ်က ဆိုကြည့်ပါ၊ ဝင်လေထွက်လေလို့ ဒီလို စကားလုံးကလေးတွေ ဖြစ်ပေါ်လာအောင် ပြုပြင်ပေးရမှု မရှိဘူးလား? ရှိနေတယ်၊ ဒီလို ပြုပြင်ပေးနေတဲ့သဘောကို ဝိတက္ကဝိစာရာ ဝစီသင်္ခါရော (မ၊၁၊၃၇၅။)လို့ မြတ်စွာဘုရား ဟောတော်မူပါတယ်။ ဒီအသံကလေးတစ်ခု ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတာက ဝစီသင်္ခါရခေါ်တဲ့ ဝိတက်နဲ့ ဝိစာရက ပြုပြင်ပေးနေတာ ဖြစ်ပါတယ်။ ဒါယကာကြီးတွေ ယခု က လို့ ဆိုကြည့်ပါ၊ ကဆိုတဲ့ စကားလုံးကလေးတစ်ခု ဖြစ်ပေါ်လာအောင် ကဆိုတဲ့ စကားလုံးကို ငါ ရွတ်ဆိုမယ်ဆိုတဲ့ ကြံစည်စိတ်ကူးမှုသဘော မရှိရဘူးလား? ရှိရတယ်။ ခဆိုတဲ့ စကားလုံးတစ်ခု ဆိုကြည့်ပါ၊ ခဆိုတဲ့ စကားလုံးကလေးတစ်ခု ဖြစ်ပေါ်လာရေးအတွက် ခဆိုတဲ့ စကားလုံးကို ငါ ရွတ်ဆိုမယ်ဆိုတဲ့ ကြံစည် စိတ်ကူးမှုသဘော မရှိရဘူးလား? ရှိရပါတယ်။ ဒီကြံစည်စိတ်ကူးမှုတွေကို ဝိတက်, ဝိစာရက ဖြစ်စေပါတယ်။
ကြံစည်စိတ်ကူးမှုကို ဝိတက်, ဝိစာရက ဖြစ်စေနိုင်တဲ့အတွက် ဝိတက်, ဝိစာရ ပြုတ်ချင်တဲ့ပုဂ္ဂိုလ်က ဝင်လေထွက်လေ ဝင်လေထွက်လေလို့ ဒီလို မှတ်နေမယ်ဆိုလျှင် ဒီဝိတက်, ဝိစာရက ပြုတ်နိုင်မလား? မပြုတ်နိုင်ဘူး။ ဒါကြောင့် ဒုတိယစျာန်ကနေ စပြီး မှတ်တဲ့လုပ်ငန်းကိုတော့ ဘာလုပ်ရမလဲ? ပယ်ရှားထားရပါမယ်၊ မေ့ထားရပါမယ်။ အိမ်ပြန်ချင်တဲ့စိတ်ထားကို မေ့ထားရသလို ဝိတက်, ဝိစာရ ပျောက်ပျက်ရေးအတွက် ဝင်လေထွက်လေဆိုတဲ့ မှတ်သားမှုတွေကိုလည်း မေ့ထားရပါမယ်။
အိမ်ကို သတိရတဲ့စိတ်ကိုလည်း မေ့ထားရပါမယ်၊ လူတွေကို သတိရတဲ့ စိတ်ကိုလည်း မေ့ထားရပါမယ်၊ ဝင်လေထွက်လေကို မှတ်နေတဲ့စိတ်ကိုလည်း မေ့ထားရပါမယ်။ မမေ့လျှင်တော့ ရှေ့ဆက်သွားလို့ ရနိုင်မလား? မရနိုင်ဘူး။ ဒါကြောင့် ဝင်လေထွက်လေလို့ မှတ်သားနေတဲ့ မှတ်သားမှုကိုတော့ ဒီအချိန် အခါက စပြီး မပြုလုပ်တော့ဘဲ နိမိတ်ကိုသာ စိုက်ပြီး ကြည့်နေပါ။ စိတ်ကလေးနဲ့ စိုက်ကြည့်နေရုံပဲ ကြည့်နေပါ၊ ဘာမှ ဆန်းစစ်မှု ဝေဖန်မှုတွေ မလုပ်ပါနဲ့။ ဆန်းစစ်မှု ဝေဖန်မှုတွေ လုပ်နေခဲ့လျှင်တော့ ဒီဆန်းစစ်ဝေဖန်မှုတွေက ဓမ္မဝိစယသဘော ဖြစ်ခြင်းကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈင် လွန်ကဲလာပြီဆိုလျှင် သူရဲ့အပေါင်းအဖော်ဖြစ်တဲ့ ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တွေလည်း လွန်ကဲလာပါလိမ့်မယ်။
ဗောဇ္ဈင် (၇)ပါး ညီမျှရေး
၁။ ဓမ္မဝိစယသမ္ဗောဇ္ဈင် = အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိနေတဲ့သဘော၊
၂။ ဝီရိယသမ္ဗောဇ္ဈင် = အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်နေတဲ့သဘော၊
၃။ ပီတိသမ္ဗောဇ္ဈင် = အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေရတာကို နှစ်သက်နေတဲ့သဘော၊
ဗောဇ္ဈင်ခုနစ်ပါးထဲမှာ ဒီဗောဇ္ဈင်သုံးပါးက တစ်အုပ်စု ဖြစ်ပါတယ်။
၄။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်စေတသိက်တို့၏ ငြိမ်းအေးမှုသဘော၊
၅။ သမာဓိသမ္ဗောဇ္ဈင် = အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော တစ်ခုတည်း သောအာရုံပေါ်၌ စိတ်ကျရောက် တည်ငြိမ်နေမှုသဘော၊
၆။ ဥပေက္ခာသမ္ဗောဇ္ဈင် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်မှာ ဘာဝနာ စိတ်ကို အညီအမျှ အလယ်အလတ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ထားနိုင်တဲ့သဘော။
ဒီဗောဇ္ဈင်သုံးပါးက တစ်အုပ်စု ဖြစ်ပါတယ်။
၇။ သတိသမ္ဗောဇ္ဈင်ဖြင့် ဒီအုပ်စု နှစ်ခုကို ချိန်သားကိုက်သွားအောင် ညီမျှ သွားအောင် ထိန်းကွပ်ပေးရမှာ ဖြစ်ပါတယ်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တွေက အားကောင်းလာပြီဆိုလျှင် ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်ခေါ်တဲ့ ဒီဗောဇ္ဈင်တရား သုံးပါးက လျော့နည်းသွားပါလိမ့်မယ်။ အကယ်၍ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်ခေါ်တဲ့ ဗောဇ္ဈင်တရား သုံးပါးက အားကောင်းလာပြီဆိုလျှင်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်ခေါ်တဲ့ ဗောဇ္ဈင်တရားတွေက လျော့နည်းသွားတတ်ပါတယ်။
ဒါကြောင့် ဒီဗောဇ္ဈင်တရား ခုနစ်ပါးထဲက သုံးပါးစီ သုံးပါးစီ နှစ်အုပ်စု ရှိနေတဲ့အတွက် ဒီအုပ်စုတွေကို ညီမျှအောင် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး ရှုပွားသုံးသပ်တတ်ဖို့ လိုအပ်နေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီဒုတိယစျာန်ကို ကူးတဲ့အချိန်အခါမှာသာ ဗောဇ္ဈင် ခုနစ်ပါးကို ညီမျှရမလား ဆိုတော့ မဟုတ်ပါဘူး။ ပထမစျာန်သမာဓိကို ထူထောင်နေတဲ့ အချိန်အခါမှာ လည်း ဗောဇ္ဈင် ခုနစ်ပါးကို ညီမျှအောင် ကျင့်ရမှာ ဖြစ်ပါတယ်။ တတိယစျာန် စတုတ္ထစျာန် အစရှိတဲ့ အထက်ပိုင်းစျာန်တွေကို ကြိုးစားအားထုတ်တဲ့အပိုင်း မှာလည်း ဒီဗောဇ္ဈင် ခုနစ်ပါးကို ညီမျှအောင် ကြိုးစားရမယ့်ကဏ္ဍသာ ဖြစ်ပါတယ်။
ဒီလို ဗောဇ္ဈင် ခုနစ်ပါးကို ညီမျှအောင် ကြိုးစားအားထုတ်တဲ့အပိုင်းမှာ မှတ်သားမှုဆိုတဲ့ လုပ်ငန်းခွင်ကို မပြုတော့ဘဲ အလွန် ကြည်လင်တောက်ပ နေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်စိုက်စူးစူးနဲ့ ရှုပွားသုံးသပ်နေရ ပါတယ်။ ဒီလို ရှုပွားသုံးသပ်ခဲ့မယ်ဆိုလျှင် ဝိတက်, ဝိစာရ ပြုတ်သွားပါလိမ့်မယ်။ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ သုံးပါးပဲ ထင်ရှား ကျန်ရှိပါ လိမ့်မယ်။ ဝိတက်, ဝိစာရတွေ ပြုတ်သွားတာကို ယောဂီပုဂ္ဂိုလ်က နားလည်ပြီ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ သုံးပါးနဲ့ ပြည့်စုံနေတာကိုလည်း နားလည်ပြီဆိုလျှင် စတုက္ကနည်းအားဖြင့် ဒုတိယစျာန်သမာဓိသို့ ဆိုက်ရောက် သွားပြီ ဖြစ်ပါတယ်။
တတိယစျာန်သို့
ဒုတိယစျာန်သမာဓိသို့ ဆိုက်ရောက်သွားတဲ့အခါမှာ ဒီဒုတိယစျာန် သမာဓိကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် တစ်ဖန် ပြန်ပြီးတော့ လေ့ကျင့်ရပါတယ်။ လေ့ကျင့်ခန်းက အောင်မြင်လို့ ဒုတိယစျာန်မှာ တစ်နာရီ နှစ်နာရီ သုံးနာရီ လေးနာရီစသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး သမာဓိကို ထူထောင်နိုင်ပြီဆိုလျှင် နောက်နောင်အကြိမ်တွေမှာ ပထမစျာန်သမာဓိမှာ မိနစ်ပိုင်းလောက် စက္ကန့်ပိုင်းလောက်ပဲ ဝင်စားပြီး ဒုတိယစျာန်သမာဓိမှာ ကြာကြာ တည်နေနိုင်အောင် ကြိုးစားရပါတယ်။ ဝသီဘော်ငါးတန် နိုင်နင်းအောင်လည်း ကြိုးစားရပါတယ်။ ဒုတိယစျာန်မှာ ဝသီဘော်နိုင်နင်းလို့ တတိယစျာန် ကို ကူးတော့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်က ဘာလုပ်ရမလဲ?
ပထမစျာန်ကို တစ်မိနစ်ခန့်လောက် ဝင်စားပြီး ဒုတိယစျာန်ကို တစ်နာရီခန့် ပြန်ပြီးတော့ ဝင်စားရပါတယ်။ ဒုတိယစျာန်မှာ တစ်နာရီလောက် ဝင်စားပြီးတဲ့အချိန်မှာ ဒုတိယစျာန်မှ ထပြီးတော့ ဆင်ခြင်ရပါတယ်။ ဘယ်လို ဆင်ခြင်ရသလဲ? ဒီဒုတိယစျာန်သမာဓိသည် ဝိတက်, ဝိစာရဆိုတဲ့ ရန်သူနှင့် နီးကပ်တယ်၊ ပီတိကို ပြန်ပြီး ဆင်ခြင်ကြည့်တော့လည်း ပီတိက အာရုံတစ်ခု အပေါ်မှာ နှစ်သက်နေလျှင် စိတ်က လှုပ်ရှားနေတတ်တဲ့အတွက် ကြမ်းတမ်းတဲ့သဘော ရှိနေပါတယ်၊ သစ်ခွံလို ကြမ်းတမ်းနေတဲ့ အရာဝတ္ထုတွေဟာ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘောရှိသလို ကြမ်းတမ်းနေတဲ့ ဒီပီတိကြောင့် ဒီဒုတိယစျာန်ကလည်း လွယ်လွယ်ကူကူနဲ့ ပျက်စီးနိုင်တဲ့သဘော ရှိနေပါတယ်။ ဒါကြောင့် ပီတိကို ရုန့်ရင်းကြမ်းတမ်းတဲ့ အခြင်းအရာအားဖြင့် ထင်အောင် ဆင်ခြင်ရပါတယ်။
သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးကို တစ်ဖန်ပြန်ပြီး ဆင်ခြင် ကြည့်လိုက်တဲ့အပိုင်းမှာ သုခ, ဧကဂ္ဂတာခေါ်တဲ့ ဒီစျာန်အင်္ဂါနှစ်ပါးက ပိုပြီးတော့ သိမ်မွေ့နူးညံ့တဲ့သဘော ရှိပါတယ်၊ ဒီလို ဆင်ခြင်ပြီးတဲ့ အချိန်အခါမှာ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးနှင့် ပြည့်စုံနေတဲ့ တတိယစျာန်ကို လိုလားတောင့်တနေတဲ့စိတ်ထား, ဒုတိယစျာန်ကို အလိုမရှိတဲ့စိတ်ထားနဲ့ ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ စိုက်စိုက် စူးစူး ပြန်ပြီးတော့ ရှုရပါတယ်။
ဒီလို ရှုလိုက်တဲ့အချိန်အခါမှာ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်တွေကတော့ ဒုတိယစျာန်ကိုပဲ ပြန်ဆိုက်သွားတတ်ပါတယ်။ ထိုဒုတိယစျာန်မှ သတိ သမ္ပဇဉ် ဉာဏ်ယှဉ်လျက် ထပြီးတဲ့အခါ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့် လိုက်တဲ့အခါ ပီတိကို ရုန့်ရင်းကြမ်းတမ်းတဲ့သဘောအားဖြင့် ဉာဏ်နှင့် တွေ့မြင်မယ်၊ သုခ, ဧကဂ္ဂတာတို့ကို ငြိမ်သက် တည်ကြည်တဲ့သဘောအားဖြင့် ဉာဏ်နှင့် တွေ့မြင်မယ်။ အဲဒီအခါ ရုန့်ရင်းကြမ်းတမ်းတဲ့ စျာန်အင်္ဂါဖြစ်တဲ့ ပီတိကို ပယ်ရှားနိုင်ရေး, ငြိမ်သက်တဲ့ စျာန်အင်္ဂါဖြစ်တဲ့ သုခ, ဧကဂ္ဂတာတို့ကို ရရှိရေးအတွက် ဦးတည်ကာ အာနာပါနပဋိဘာဂနိမိတ်ကိုပဲ စိုက်စိုက်စူးစူး ပြန်ပြီးတော့ ရှုရပါတယ်။
အဲဒီလို ရှုလိုက်တဲ့အခါမှာ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာ ဘာဝနာစိတ်က တစ်ဖန် နစ်မြုပ်သွားပါလိမ့်မယ်။ ငြိမ်သက်စွာ တည်ကြည်နေ ပါလိမ့်မယ်။ အဲဒီအခါမှာ ပီတိပြုတ်သွားပါလိမ့်မယ်၊ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိနေတဲ့ တတိယစျာန်ကို ဆိုက်သွားပါလိမ့်မယ်၊ ဒီတတိယစျာန်ကတော့ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့စျာန် ဖြစ်ပါတယ်။
လောကီချမ်းသာသုခဟူသမျှတို့တွင် ဒီတတိယစျာန်သုခကိုတော့ အချမ်းသာဆုံးအဖြစ်နဲ့ မြတ်စွာဘုရားလည်း ချီးမွမ်းထားပါတယ်။ ဘာဖြစ်လို့လဲ? စတုတ္ထစျာန် ဆိုက်သွားပြီဆိုလျှင် ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးပဲ ရှိပါတယ်၊ သုခပြုတ်သွားပြီ ဖြစ်ပါတယ်၊ သုခသည် ဒီတတိယစျာန်မှာပဲ လမ်းဆုံးတဲ့သဘော ရှိပါတယ်။ ဒါကြောင့် လောကီချမ်းသာသုခ မှန်သမျှတို့တွင် ဒီတတိယစျာန်သုခကို အသာဆုံး အမြတ်ဆုံးအဖြစ်နဲ့ မြတ်စွာ ဘုရားကလည်း ချီးမွမ်းထားခြင်း ဖြစ်ပါတယ်။
သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်ပြီ ဆိုလျှင်လည်း ထိုတတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ ဒီလို လေ့ကျင့်တဲ့အပိုင်းမှာ ပထမစျာန်မှာ တစ်မိနစ် နှစ်မိနစ်လောက်, ဒုတိယစျာန်မှာလည်း တစ်မိနစ် နှစ်မိနစ်လောက်ပဲ ဝင်စားရပါတယ်။ တတိယစျာန်မှာသာလျှင် တစ်နာရီ နှစ်နာရီ စသည်ဖြင့် တည်နေအောင် ယောဂီပုဂ္ဂိုလ်က ဆက်လက်ပြီး ကြိုးစားရပါတယ်။ ကြိုးစားလို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ စတုတ္ထစျာန်ကို ကူးလိုက ကူးလို့ ရပါတယ်။
စတုတ္ထစျာန်သို့
ပထမစျာန်မှာ တစ်မိနစ်လောက်, ဒုတိယစျာန်မှာ တစ်မိနစ်လောက်, တတိယစျာန်မှာ တစ်နာရီလောက် ဝင်စားပြီးတော့ တတိယစျာန်မှ ထတဲ့ အချိန်အခါမှာ ဒီလို ဆင်ခြင်ပါ -- ဒီတတိယစျာန်သည် ပီတိဆိုတဲ့ ရန်သူနဲ့ နီးကပ်တဲ့သဘော ရှိနေပါတယ်။ အာရုံတစ်ခုဟာ ချမ်းသာလာပြီဆိုလျှင် ဒီချမ်းသာသုခကလေးက တဏှာ-ရာဂကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေပါတယ်။ ဒီအာရုံကို တပ်မက်မောမှုလည်း ဝင်လာတတ်တဲ့အတွက် ရာဂဆိုတဲ့ ရန်သူနဲ့လည်း နီးကပ်နေပါတယ်။
နောက်တစ်ခု သုခကို ပြန်ပြီး ဆင်ခြင်ကြည့်လိုက်လျှင် ရုန့်ရင်းကြမ်းတမ်းနေတဲ့သဘော ရှိနေပါတယ်။ အာရုံတစ်ခုကို အကြောင်းခံပြီး ချမ်းသာ သုခဖြစ်လာလျှင် စိတ်ထဲမှာ တသိမ့်သိမ့်နဲ့ နှစ်သက်မှု ပီတိကလေးတွေလည်း ဝင်လာတတ်တဲ့အတွက် ပီတိဆိုတဲ့ရန်သူနဲ့လည်း အလွန် နီးကပ်နေပါတယ်။ စိတ်ဓာတ်က အနည်းငယ် လှုပ်ရှားနေတဲ့အတွက် ကြမ်းတမ်းတဲ့သဘောလည်း ရှိနေပါတယ်။ သုခသည် ကြမ်းတမ်းတဲ့သဘော ရှိနေခြင်းကြောင့် ဒီသုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိနေတဲ့ ဒီတတိယစျာန်က ကျိုးပဲ့ ပျက်စီးလွယ်တတ်တဲ့သဘောလည်း ရှိပြန်တယ်။
ဒါကြောင့် ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးကို တစ်ဖန် ပြန်ပြီး ဆင်ခြင်ကြည့်တဲ့အခါ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးက ပိုပြီး ငြိမ်သက်တယ်လို့ နှလုံးသွင်းပြီးတော့ တတိယစျာန်ကို အလိုမရှိတဲ့ စိတ်ထား, စတုတ္ထစျာန်ကို လိုလားတောင့်တနေတဲ့စိတ်ထားဖြင့် ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပဲ စူးစူးစိုက်စိုက် ပြန်ပြီး ရှုရပါတယ်။ အဲဒီလို ရှုလိုက်တဲ့အခါ အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာ ဘာဝနာစိတ်က နစ်မြုပ်ကာ ငြိမ်သက်စွာ တည်နေပါလိမ့်မယ်။
အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်တွေအတွက် တတိယစျာန်သမာဓိပဲ ပြန်ဆိုက်ရောက်သွားတတ်ပါတယ်။ အဲဒီအခါမှာ သတိသမ္ပဇဉ် ဉာဏ်ယှဉ်ကာ ဒီတတိယစျာန်မှ ထပြီးတော့ စျာန်အင်္ဂါတွေကို ဆင်ခြင်ကြည့်လိုက်တဲ့အခါ သုခကို ရုန့်ရင်းကြမ်းတမ်းတဲ့သဘောအားဖြင့် ဉာဏ်နှင့် တွေ့မယ်။ တစ်ဖန် ဥပေက္ခာ, ဧကဂ္ဂတာကို ဆက်ဆင်ခြင်ကြည့်လိုက်တဲ့အခါ ငြိမ်သက်တဲ့ သဘောအားဖြင့် ဉာဏ်နှင့် တွေ့မြင်မယ်။ အဲဒီအခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ သုခကို ပယ်ရှားနိုင်ရေး, ငြိမ်သက်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို ရရှိရေးဆိုတဲ့ ဦးတည်ချက်နှင့် အာနာပါနပဋိဘာဂနိမိတ်ကိုပဲ အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ဒီလို ရှုလိုက်တဲ့ အပိုင်းမှာ သမာဓိစွမ်းအင်က ထက်မြက် စူးရှလာပြီဆိုလျှင် သုခပြုတ်သွား ပါလိမ့်မယ်၊ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်ကို ဆိုက်ရောက်သွားပြီဆိုတာကိုလည်း ယောဂီပုဂ္ဂိုလ်က ပိုင်းပိုင်းခြားခြား သိနိုင်ပါတယ်။
သို့သော် ဒီအပိုင်းမှာ သတိပြုစရာ အချက်ကလေးတွေက စတုတ္ထစျာန် သမာဓိသို့ မဆိုက်မီ ဥပစာရသမာဓိနယ်မြေအတွင်းမှာလည်း သုခပြုတ်ပြီး ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးတို့ ထင်ရှားရှိနေတတ်ပါတယ်၊ ဒီလို ရှိနေတဲ့အတွက် ဥပေက္ခာ, ဧကဂ္ဂတာဆိုက်တိုင်း စတုတ္ထစျာန်သမာဓိကို ဆိုက်ပြီလို့တော့ အတိအကျ မပြောနိုင်ပါဘူး။ စတုတ္ထစျာန်သို့ မဆိုက်မီ ဥပစာရသမာဓိနယ်မြေအတွင်းမှာလည်း ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးက ထင်ရှားရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်၊ ဘယ်လို ခွဲခြားပြီး သိနိုင်မလဲလို့ မေးလျှင်တော့ ဆန်းစစ်ဖို့တော့ သိပ်တော့ မလိုပါဘူး၊
သို့သော် သိနိုင်တဲ့အမှတ်အသားကတော့ ဥပစာရသမာဓိနယ်မြေမှာ အလွန် နူးညံ့သိမ်မွေ့နေတဲ့ အသက်ရှူမှု ရှိနေပါတယ်၊ စတုတ္ထစျာန်သမာဓိ ဆိုက်သွားပြီဆိုလျှင် လုံးဝ အသက်မရှူတော့ပါဘူး။ ဥပစာရသမာဓိနယ်မြေမှာ ဥပေက္ခာ, ဧကဂ္ဂတာလို့ခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးတို့ရဲ့ စွမ်းအင်က သိပ်ပြီးတော့ ခွန်အား မကြီးမားသေးပါဘူး။ သို့သော် စတုတ္ထစျာန်သမာဓိ ဆိုက်သွားပြီ ဆိုလျှင် ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးတို့ရဲ့ စွမ်းအင်တွေက အလွန် ကြီးထွားလာပါတယ်။ အသက်ရှူမှုကလည်း လုံးလုံး ချုပ်ငြိမ်းသွားပါတယ်။
စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)
စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သွားတဲ့အခါမှာ ဝင်သက်လေ ထွက်သက်လေတွေဟာ အလွန့်အလွန် သိမ်မွေ့ပြီး မဖြစ်ခြင်းသဘောသို့ပင် ဆိုက်ရောက်သွားပါတယ်ဆိုပြီး ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။
ဒါကြောင့် ဥပစာရသမာဓိနယ်မြေမှာ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန် အင်္ဂါနှစ်ပါးကို ဆိုက်ရောက်သွားတဲ့ပုဂ္ဂိုလ်, ရှုလို့ရတဲ့ပုဂ္ဂိုလ်ဟာ ငါ စတုတ္ထစျာန်သို့ ရောက်ပြီလို့ ဒီလို စိတ်ကို အမှတ်ထားပြီးတော့ ရှေ့ဆက်ပြီး မကြိုးစားခဲ့ဘူးဆိုလျှင် ဒီဥပစာရသမာဓိကနေ ဝိပဿနာကူးတဲ့ အချိန်အခါမှာ များစွာ အခက်အခဲတွေ တွေ့ရတတ်ပါတယ်။ (၃၂)ကောဋ္ဌာသတွေကို ရှုတဲ့ အပိုင်းမှာ ယောဂီ တော်တော် ခပ်များများဟာ ကွဲကွဲပြားပြား မမြင်ရတဲ့ ပြဿနာ ပေါ်တတ်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲ? စတုတ္ထစျာန် သမာဓိကို တကယ်မဆိုက်ဘဲ ဥပစာရသမာဓိအဆင့်လောက်မှာသာ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။
ထိုဥပစာရသမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်စွမ်းအင်ရဲ့ အကူအညီကို ယူပြီးတော့ ကောဋ္ဌာသကမ္မဋ္ဌာန်းကို ကူးလိုက်ခြင်းကြောင့် ကောဋ္ဌာသတွေက ဉာဏ်ထဲမှာ ထင်ထင်ရှားရှား သိပ်ပြီးတော့ အားရလောက် အောင် မတွေ့ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ငါသည် ဥပစာရသမာဓိနယ်မြေ မှာပဲ ရှိသလား၊ စတုတ္ထစျာန်သမာဓိအထိပဲ ဆိုက်သလားဆိုတာကို ဝေဖန် ဆန်းစစ်မှုတွေ လွန်လွန်ကဲကဲ မပြုလုပ်သေးဘဲ စတုတ္ထစျာန်သမာဓိသို့ ဆိုက်ပြီ လို့ ယူဆခဲ့လျှင် ထိုစတုတ္ထစျာန်သမာဓိကိုပဲ ဝသီဘော် ငါးတန် နိုင်နင်းအောင် ထပ်မံပြီး လေ့ကျင့်ရပါတယ်။
ဒီလို ထပ်မံပြီး လေ့ကျင့်တဲ့အပိုင်းမှာ ပထမစျာန်သမာဓိမှာ တစ်မိနစ်လောက်, ဒုတိယစျာန်သမာဓိမှာ တစ်မိနစ်လောက်, တတိယစျာန်သမာဓိမှာ တစ်မိနစ်လောက် ဝင်စားပြီးတော့ စတုတ္ထစျာန်သမာဓိမှာ တစ်နာရီ နှစ်နာရီ သုံးနာရီ လေးနာရီစသည်ဖြင့် ဝင်စားနိုင်အောင် ကြိုးစားရပါတယ်။ ဒီလို ကြိုးစားလိုက်လို့ အောင်မြင်မှုရပြီဆိုတဲ့ အချိန်အခါမှာ စျာန်အင်္ဂါတွေကိုလည်း ပြန်ပြီး ဆင်ခြင်ကြည့်ရပါတယ်၊ အသက်ရှူသလား, မရှူသလားဆိုတာလည်း ပြန်ပြီး ဆန်းစစ်ကြည့်ရပါတယ်။ အနည်းဆုံးအားဖြင့် လေးနာရီ ငါးနာရီ ဆယ်နာရီလောက်အထိ ဒီစတုတ္ထစျာန်သမာဓိမှာ ခိုင်ခိုင်ခံ့ခံ့ ရရှိအောင် ကြိုးစားအားထုတ်ဖို့တော့ လိုအပ်ပါတယ်။ ဒီလို ကြိုးစားအားထုတ်တဲ့ အပိုင်း မှာ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ---
သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ အနင်္ဂဏေ ဝိဂတူပက္ကိလေသေ မုဒုဘူတေ ကမ္မနိယေ ဌိတေ အာနေဉ္ဇပ္ပတ္တေ အာသဝါနံ ခယဉာဏာယ စိတ္တံ အဘိနိန္နာမေတိ။ (မ၊၁၊၃၄၇။)
စသည်ဖြင့် မဟာအဿပုရသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့အတိုင်းပဲ ဒီစတုတ္ထစျာန်သမာဓိက တည်တံ့ ခိုင်ခံ့လာပြီဆိုလျှင် လှုပ်ချောက်ချားလို့ မရနိုင်လောက်အောင် သမာဓိစွမ်းအင်က အလွန် ထက်မြက်လာတဲ့အတွက် လင်းရောင်ခြည်စွမ်းအင်တွေက လည်း အလွန် ကြည်လင်တောက်ပလာပါလိမ့်မယ်။ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာမှာလည်း လင်းရောင်ခြည်ရဲ့ စွမ်းအင်တွေက အလွန် အားကောင်းနေပါလိမ့်မယ်။ ဒီလို လင်းရောင်ခြည်စွမ်းအင်တွေက အလွန် အားကောင်းလာတဲ့ အချိန်အခါမှာ စတုတ္ထစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။
ဒီစတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးလို့ ကျေနပ်ပြီဆိုလျှင်တော့ ရှေ့ဆက်ပြီး သမထကမ္မဋ္ဌာန်းတွေကို ပွားများချင်တယ်ဆိုလျှင် ထိုပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်းတွေကို ဆက်လက်ပြီး အားထုတ်နိုင်ပါတယ်။ သို့သော် ယေဘုယျအားဖြင့် ဘုန်းကြီးကတော့ ကသိုဏ်းတွေကို ကူးပေးပါတယ်။ ကသိုဏ်း ဆယ်ပါး သမာပတ်ရှစ်ပါးကို ကျွမ်းကျင်ပြီးတဲ့ အချိန်အခါမှာ ဗြဟ္မစိုရ်တရား လေးပါးကို စနစ်တကျ သင်ပေးပါတယ်။
မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်တို့ကတော့ တတိယစျာန် သမာဓိအထိ ပေါက်နိုင်ပါတယ်။ ဒီမေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန် တို့ဖြင့် ရရှိထားတဲ့ တတိယစျာန်ကို အခြေခံပြီးတော့ ဥပေက္ခာဗြဟ္မဝိဟာရ တရားကို ပွားများခဲ့မယ်ဆိုလျှင် စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ ဒီလို ဗြဟ္မစိုရ်တရား လေးပါးကို ပွားများပြီးတဲ့ အချိန်အခါမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်းတွေကို ဆက်လက်ပြီး ပွားများမယ်ဆိုလျှင်လည်း လွယ်ကူသွားပါတယ်။ အစောင့်လေးပါးကမ္မဋ္ဌာန်းလို့ ခေါ်ဆိုအပ်တဲ့ မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်းတွေကို ပွားများပြီးတဲ့ အချိန်အခါမှာ ဝိပဿနာကို အကယ်၍ ကူးမယ်ဆိုလျှင် --
သော ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (မ၊၁၊၃၄၇။)
စသည်ဖြင့် မြတ်စွာဘုရား မဟာအဿပုရသုတ္တန်စတဲ့ ထိုထိုသုတ္တန် တွေမှာ ဟောတော်မူပါတယ်။ ဒီလို စွမ်းအားရှိတဲ့ သမာဓိတွေကို လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ဝိပဿနာကူးခဲ့မယ်ဆိုလျှင်တော့ ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလာမယ်။ ဤကား သမုဒယသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလာမယ်။ ဤကား နိရောဓသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိလာမယ်။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိရှိလာပါလိမ့်မည်။ ဒါက သမာဓိကြောင့် ရရှိတဲ့ အကျိုးဂုဏ်အင် အာနိသင်တွေပဲ ဖြစ်ပါတယ်။
(၃၂) ကောဋ္ဌာသသို့
ဝိပဿနာဘက်ကို မကူးချင်သေးဘူး၊ ကသိုဏ်းဆယ်ပါးကိုပဲ အရင် ရှုချင်တယ်ဆိုလျှင် ဘာလုပ်ရမလဲ? ဘုန်းကြီး ယောဂီ တော်တော် ခပ်များများကို သုတေသနပြုလို့ ရသလောက်ကတော့ (၃၂)ကောဋ္ဌာသကို အရင် ရှုခဲ့လျှင်တော့ ပိုပြီး လွယ်ကူတဲ့သဘော တွေ့ရပါတယ်။ ဒါကြောင့် အာနာပါန ပဋိဘာဂနိမိတ်ကို အာရုံယူပြီး ထူထောင်ထားတဲ့ စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် အကူအညီကို ယူပြီးတော့ မိမိ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေအစရှိတဲ့ (၃၂)ကောဋ္ဌာသ အစုအပုံတွေကို စနစ်တကျ တစ်ခုပြီးတစ်ခု သိမ်းဆည်း ကြည့်ရပါတယ်။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ မှန်ထဲမှာ မိမိရဲ့ ဆံပင်ကို လှမ်းကြည့် လိုက်လျှင် ကွဲကွဲပြားပြား မြင်ရသလို, မှန်ထဲမှာ မိမိရဲ့ မျက်ခုံးမွေး အစရှိတဲ့ မွေးညင်းတွေကို လှမ်းကြည့်လိုက်လျှင် ထင်ထင်ရှားရှား မြင်ရသလို ဒီလင်းရောင်ခြည် အကူအညီဖြင့် မိမိရဲ့ (၃၂)ကောဋ္ဌာသတွေကို တစ်ခုပြီးတစ်ခု လိုက်ပြီး ရှုကြည့်လိုက်တဲ့အခါ ဉာဏ်ထဲမှာ ထင်ထင်ရှားရှားကြီး တွေ့ပြီဆိုလျှင်တော့ ဘာလုပ်ရမလဲ? ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင်သို့ တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပေးရပါတယ်။
ဒီလို ရှုတဲ့အပိုင်းမှာ ဘုန်းကြီးတို့ဘက်ကလည်း တကယ်မြင်သလား, မမြင်ဘူးလား, အသိဉာဏ် သန့်ရှင်းသလား, မသန့်ရှင်းဘူးလားဆိုတာကို သိရှိဖို့ရန်အတွက် တော်တော်ကလေးကို ကြိုးစားပြီး မေးခွန်းတွေ မေးယူရ ပါတယ်။ နှလုံးက ဘယ်နေရာမှာ ရှိသလဲ၊ အသည်းက ဘယ်နေရာမှာ ရှိသလဲ၊ နှလုံးက ဘယ်လို ပုံသဏ္ဌာန် ရှိသလဲ၊ ပွင့်သလား ပိတ်သလား စသည်ဖြင့် ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ရပါတယ်။ အသည်းက ဘယ်နေရာမှာ ရှိပြီး အသည်းက ဘယ်လိုပုံသဏ္ဌာန် ရှိနေသလဲ၊ ဘယ်နှစ်ခု ရှိသလဲ စသည်ဖြင့် မေးမြန်းရပါတယ်။ ဘာကြောင့်လဲ?
ယောဂီပုဂ္ဂိုလ်တွေမှာ တစ်ဦးနဲ့တစ်ဦး အနည်းငယ် ကွာခြားချက် ရှိနေ ပါတယ်။ ဘုန်းကြီးတို့ စာပေကျမ်းဂန်များမှာ သတ်မှတ်ထားတာကတော့ ပညာထက်မြက်နေတဲ့ သူတော်ကောင်းဖြစ်ခဲ့လျှင် နှလုံးက အပေါ်ပိုင်းမှာ ပွင့်ယောင်သဏ္ဌာန်ကလေး ရှိနေပါတယ်။ အကယ်၍ အပေါ်ပိုင်းကလည်း ပိတ်နေပြီဆိုလျှင် ထိုပုဂ္ဂိုလ်ဟာ ဉာဏ်အနည်းငယ် နုံ့နှေးတတ်တဲ့သဘော ရှိတတ်ပါတယ်။ ဉာဏ်ထက်မြက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လျှင် နှလုံးရဲ့ အပေါ်ပိုင်းမှာ ပွင့်သကဲ့သို့ ဖြစ်နေတတ်ပါတယ်။
နောက်တစ်ခု အသည်းကို ကြည့်မယ်ဆိုလျှင် ဉာဏ်ပညာ ထက်မြက် နေတဲ့ သူတော်ကောင်းတို့ရဲ့ အသည်းရဲ့ ထိပ်ဖျားပိုင်းတွေမှာ ခွေးသွားစိတ်ကဲ့သို့သော အစိတ်အစိတ်ကလေးတွေက အသည်းရဲ့ ဘေးနားခမ်းပတ်လည်မှာ ဝိုင်းနေတာတွေကို တွေ့ရတတ်ပါတယ်။ ဉာဏ်ပညာ အလွန်ကြီး မထက်မြက်ဘူးဆိုလျှင် ဒီလို ခွေးသွားစိတ်သဏ္ဌာန်ကလေးတွေ မရှိပါဘူး။ ပုံသဏ္ဌာန် နည်းနည်း ဆင်တာကလေး ပြောမယ်ဆိုလျှင် ညောင်ရွက် ဆိုကြစို့၊ ဒီညောင်ရွက်ထိပ်ဖျားတွေမှာ ခွေးသွားစိတ်ကလေးတွေလို တန်းစီပြီး ဝိုင်းဝိုင်းလည် ရှိနေတဲ့ ပုံစံလိုပဲ အသည်းရဲ့ထိပ်ပိုင်းမှာလည်း ဒီလို ခွေးသွားစိတ်သဏ္ဌာန်ကလေးတွေ ရှိခဲ့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ဟာ ဉာဏ်ပညာ ထက်မြက်တတ်ပါတယ်။
အသည်းက နှစ်ခုမရှိဘဲ တစ်ခုတည်းသာ ရှိခဲ့လျှင်တော့ ထိုပုဂ္ဂိုလ်ရဲ့ အသည်းဟာ အလွန် အသည်းကြီးပါတယ်၊ စိတ်ဓာတ်လည်း အလွန် ခက်ထန် ကြမ်းကြုတ်တတ်ပါတယ်။ တချို့ပုဂ္ဂိုလ်တွေမှာ အသည်းက နှစ်ခု ရှိတတ် တယ်။ တချို့ပုဂ္ဂိုလ်တွေမှာ အသည်းက သုံးခုလောက်အထိ ရှိတတ်ပါတယ်။ ပုဂ္ဂိုလ်ရဲ့ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီအပေါ် ကုသိုလ်ကံတွေအပေါ် အခြေတည် ပြီးတော့ အသည်းက ပုံသဏ္ဌာန်တွေ မတူကွဲပြားမှုတော့ ရှိတတ်ပါတယ်။ အလားတူပဲ သရက်ရွက်က ဘယ်နေရာမှာ ရှိသလဲ၊ ကျောက်ကပ်က ဘယ်နေရာမှာ ရှိသလဲ စသည်ဖြင့် တစ်ခုပြီးတစ်ခု ဆန်းစစ်ပြီး မေးကြည့်ရပါတယ်။
ဒီလို မေးကြည့်တဲ့ အချိန်အခါမှာ လေ့လာထားတဲ့ပုဂ္ဂိုလ်တွေအဖို့ကတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် လွယ်လွယ်နဲ့ ဖြေတတ်တာတော့ ရှိချင်ရှိမယ်။ သို့သော် ဒီနေရာမှာ တရားအားထုတ်ပြီဆိုလျှင်တော့ ရိုးသားမှုရှိဖို့တော့ လိုအပ်ပါတယ်။ ဆရာဆိုတာက တပည့်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲကို အကူအညီပေးပြီးတော့ ဖြေရှင်းပေးရခြင်းသာ တာဝန်ရှိပါတယ်။ ဆရာ ဒါယကာ ဆက်ဆံတဲ့အပိုင်းမှာ မရိုးသားကြဘူးဆိုလျှင် ကမ္မဋ္ဌာန်းသင်ပေးရတဲ့အပိုင်းမှာလည်း အခက်အခဲတွေ များစွာ ရှိနိုင်ပါတယ်။
ဆံပင်ကနေ ကျင်ငယ်, ကျင်ငယ်ကနေ ဆံပင် ခေါက်တုံ့ခေါက်ပြန် ကြည့်လိုက်တဲ့အခါမှာ ထင်ထင်ရှားရှားကြီး ရှုလို့ရပြီဆိုလျှင် ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? ပုံစံထုတ်ပြီး ပြောရမယ်ဆိုလျှင် အိမ်ပေါ်ကနေ ထိုင်ပြီးတော့ မိမိရဲ့ အိမ်ရှေ့မှာ တည်ရှိနေတဲ့ ခြံစည်းရိုးတိုင် (၃၂)တိုင်လောက်ကို လှမ်း ကြည့်တယ် ဆိုကြစို့၊ ဒီခြံစည်းရိုးတိုင်တွေကို လှမ်းကြည့်ပြီး တစ်-နှစ်-သုံး-လေး စသည်ဖြင့် ရေတွက်နေမယ်ဆိုလျှင် နှေးနေပါလိမ့်မယ်၊ မရေတွက် ဘဲနဲ့ ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်၊ ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်၊ လှမ်း ကြည့်လိုက်လျှင် ခဏကလေးနဲ့ ကြည့်လို့ မြင်နိုင်ပါတယ်။ အလားတူပဲ ပွတ်လုံး (၃၂)ခု တန်းစီထားတဲ့ နေရာတစ်ခုကို လှမ်းကြည့်ပြီး တစ်-နှစ်-သုံး-လေး စသည်ဖြင့် ရေတွက်နေလျှင် အချိန်ကြာနေပါမယ်။ မရေတွက်ဘဲ လှမ်းကြည့်လိုက်လျှင် အကုန်လုံး မမြင်နိုင်ဘူးလား? မြင်နိုင်ပါတယ်။
ဒီပုံစံအတိုင်းပဲ ဆံပင်ကနေ ကျင်ငယ်၊ ကျင်ငယ်ကနေ ဆံပင် ခေါက်တုံ့ ခေါက်ပြန် ကြည့်ရုံသာ ကြည့်နေပါ၊ ကြည့်လိုက်လို့ နိုင်နိုင်နင်းနင်း ဉာဏ်ထဲမှာ ရှင်းရှင်းလင်းလင်းကြီး တွေ့ပြီဆိုလျှင်တော့ ဗဟိဒ္ဓကို ပြောင်းရှုနိုင်ပါတယ်။ ထိုအချိန်အခါမှာ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာမှာ လင်းရောင်ခြည် တွေက ပျံ့နှံ့ပြီး တည်ရှိနေပါလိမ့်တယ်။ ထိုလင်းရောင်ခြည်အောက်မှာ တွေ့ရှိနေတဲ့ မိမိရဲ့ ဗဟိဒ္ဓမှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လှမ်းရှုလို့ ရပါတယ်။ အထူးသဖြင့် စုပေါင်းပြီး တရားထိုင်ကြမယ်ဆိုလျှင် မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်းတစ်ဦးရဲ့ ကောဋ္ဌာသတွေကို အရင် စရှုနိုင်လျှင်တော့ ပိုကောင်းပါတယ်။
ရှုပုံနည်းစနစ်ကတော့ အာနာပါနကမ္မဋ္ဌာန်းကို အခြေခံပြီး (၃၂)ကောဋ္ဌာသကို ကူးတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်တော့ ထိုင်တိုင်းထိုင်တိုင်း အာနာပါန သမာဓိကို စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ထူထောင်ဖို့ လိုအပ်ပါတယ်။ လင်းရောင်ခြည်စွမ်းအင်က အားကောင်းလာတဲ့ အချိန်အခါမှာ မိမိရဲ့ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ (၃၂)ကောဋ္ဌာသကို ပထမဆုံး သိမ်းဆည်းကြည့်ပါ၊ တစ်ခေါက် နှစ်ခေါက်လောက် သိမ်းဆည်းပြီးတဲ့အခါ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ (၃၂)ကောဋ္ဌာသကိုလည်း လင်းရောင်ခြည်ရဲ့ အကူအညီဖြင့် လှမ်းပြီး ရှုကြည့်ပါ၊ ထိုအချိန်အခါမှာ ယောဂီပုဂ္ဂိုလ်ရဲ့ (၃၂)ကောဋ္ဌာသကို လွယ်လွယ်ကူကူနဲ့ သိမ်းဆည်းလို့ ရပါလိမ့်မယ်။ အောင်မြင်ခဲ့မယ်ဆိုလျှင် အဇ္ဈတ္တကို တစ်ဖန်ပြန်ပြီးတော့ ရှုရပါတယ်။ အဇ္ဈတ္တမှာ အောင်မြင်ပြန်လျှင် ဗဟိဒ္ဓကို တစ်ဖန်ပြန်ပြီးတော့ ရှုရပါတယ်။
အဇ္ဈတ္တ ရှုလိုက်, ဗဟိဒ္ဓ ရှုလိုက်နဲ့ ဒီလို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုလိုက်လို့ အောင်မြင်ပြီဆိုလျှင် ဘေးနားမှာထိုင်နေတဲ့ အခြားယောဂီပုဂ္ဂိုလ် တွေကိုလည်း လင်းရောင်ခြည်အကူအညီဖြင့် ပုံစံတူပဲ လှမ်းရှုလို့ ရနိုင်ပါတယ်။ ရှုလိုက်တိုင်း ရှုလိုက်တိုင်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ဒီလို ခေါက်တုံ့ ခေါက်ပြန် ကြိမ်ဖန်များစွာ ရှုပေးရပါတယ်။ ဘာကြောင့်လဲ? မဟာသတိပဋ္ဌာနသုတ္တန်ကျင့်စဉ်ထဲမှာလည်း ဘုရားရှင်က ---
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၃။)
စသည်ဖြင့် ဒီလို ဟောတော်မူပါတယ်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ဒီလို ခေါက်တုံ့ခေါက်ပြန် ရှုလိုက်တဲ့အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ကလည်း တဖြည်းဖြည်း ထက်မြက်လာပါလိမ့်မယ်၊ ဓားတစ်ချောင်းကို သွေးတဲ့အချိန်အခါမှာ ရှေ့တိုးနောက်ဆုတ်စနစ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ အပြန်ပြန် အလှန်လှန် သွေးလိုက်လျှင် ထက်မြက်လာသလိုပဲ ဉာဏ်ပညာတွေကလည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့်ဖြင့် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုလိုက်မယ်ဆိုလျှင် ပိုပြီး ထက်မြက်လာတတ်တဲ့သဘော ရှိပါတယ်။ လင်းရောင်ခြည်တွေကလည်း တစ်စထက်တစ်စ ပိုပြီး အားကောင်း လာတတ်ပါတယ်။
ဒီအခါမှာ ဝန်းကျင်ပတ်ချာ မိမိရဲ့ အရပ် (၁၀)မျက်နှာမှာ ထိုင်နေတဲ့ တရားအတူကျင့်သုံးနေတဲ့ ယောဂီပုဂ္ဂိုလ်တွေကို ရှေ့နောက်ဝဲယာ အကုန်လုံး တစ်ယောက်ပြီးတစ်ယောက် ပုံစံတူ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့်ဖြင့် ထပ်ခါထပ်ခါ ရှုကြည့်ပါ။ ဒီလို ရှုလိုက်လို့ အောင်မြင်ပြီဆိုလျှင်တော့ အလင်းရောင်နဲ့ တဖြည်းဖြည်း ဖြန့်ကြက်ပြီး ကြည့်ရပါတယ်။ အလင်းရောင်အောက်မှာ တွေ့နေရတဲ့ ဝန်းကျင်ပတ်ချာမှာ ရှိနေတဲ့ လူတွေ, တိရစ္ဆာန်တွေ, ငှက်တွေ, ကြက်တွေ, ဝက်တွေ စသည်ဖြင့် အလင်းရောင်ထဲမှာ တွေ့နေရတဲ့ သတ္တဝါတိုင်းကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့်ဖြင့် (၃၂)ကောဋ္ဌာသ တွေကို မြင်အောင် လှမ်းရှုရပါတယ်။
ဒီလို ရှုနေတဲ့အပိုင်းမှာ အနီးအနား ဝန်းကျင်တွေ အောင်မြင်လျှင် တဖြည်းဖြည်း တိုးချဲ့ပြီးတော့ တစ်ရွာ, နှစ်ရွာ, တစ်မြို့, နှစ်မြို့ စသည်ဖြင့် ချဲ့ရှုလိုက်တာ (၃၁)ဘုံ ကမ်းကုန်တဲ့အထိ ချဲ့ထွင်ပြီး ရှုပေးရပါတယ်။ အဇ္ဈတ္တ သန္တာန်, ဗဟိဒ္ဓသန္တာန်မှာရှိတဲ့ ဒီ (၃၂)ကောဋ္ဌာသတွေကို အဝါးဝစွာ နိုင်နိုင် နင်းနင်းနဲ့ ရှုနိုင်ပြီဆိုလျှင် ဘာဖြစ်မလဲ? ပဂုဏ ဖြစ်သွားပြီ။ အဝါးဝစွာ နိုင်နိုင် နင်းနင်း လေ့ကျင့်လို့ အောင်မြင်ပြီလို့ ဆိုလိုပါတယ်။ ဒီလို နိုင်နိုင်နင်းနင်း လေ့ကျင့်လို့ အောင်မြင်မှု ရရှိတဲ့ပုဂ္ဂိုလ်က ဘာလုပ်နိုင်သလဲ?
လမ်းသုံးသွယ်
ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ကောဋ္ဌာသာနံ = (၃၂)ကောဋ္ဌာသတို့ကို။ ပဂုဏကာလတော ပဋ္ဌာယ = အဝါးဝစွာ လေ့လာပြီးတဲ့ အချိန်အခါက စ၍။ တီသု မုခေသု = နိဗ္ဗာန်သို့ဝင်ရာ မုခ်ဦးကြီး သုံးခုတို့တွင်။ ဧကေန မုခေန = တစ်ခုသော မုခ်ဦးဖြင့်။ ဝိမုစ္စိဿတိ = ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်။
(၃၂)ကောဋ္ဌာသတွေကို အဝါးဝစွာ လေ့လာပြီးတဲ့ အချိန်အခါက စပြီးတော့ နိဗ္ဗာန်သို့ဝင်ရာ မုခ်ဦးကြီး သုံးခုထဲမှ ဘယ်မုခ်ဦးကမဆို ဝင်ရောက် သွားခဲ့လျှင် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်သွားနိုင်ပါတယ်လို့ ဒီလို အဋ္ဌကထာကြီးများမှာ ဖွင့်ဆိုထားပါတယ်။ မုခ်ဦးကြီး သုံးခုဆိုတာက ဘာပြောသလဲ? နိဗ္ဗာန်ဝင်တဲ့ တံခါးပေါက် သုံးပေါက်ရှိတယ်လို့တော့ မဆိုလိုပါဘူး။ နှိုင်းခိုင်းပြီး ပြောခြင်းသာ ဖြစ်ပါတယ်။ ဆိုလိုတာက ဒီနေရာမှာ (၃၂) ကောဋ္ဌာသကို အခြေခံပြီးတော့ သမထလမ်းကို ကူးခဲ့လျှင် သမထလမ်း နှစ်လမ်းနှင့် ဝိပဿနာလမ်းတစ်လမ်းဆိုတဲ့ လမ်းသုံးသွယ် ရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒီလမ်းသုံးသွယ်ကနေ ရှေ့တစ်ဆင့်တက်ပြီး ဝိပဿနာ ကူးခဲ့လျှင် နိဗ္ဗာန်သို့ ရောက်နိုင်တယ်လို့ ဒီလို ပြောလိုခြင်း ဖြစ်ပါတယ်။
မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၃၁။ မ၊၁၊ရဝ။)၌ ပဋိကူလမနသိကာရလမ်း = ရွံရှာစက်ဆုပ်ဖွယ်အနေနှင့် ရှုသည့်လမ်း၏အစွမ်းဖြင့် (၃၂)ကောဋ္ဌာသတို့ကို ဟောကြားထားတော်မူခဲ့ပါတယ်။ မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂။), မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃။), ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁။)တွေမှာတော့ (၃၂)ကောဋ္ဌာသတို့ကို ဓာတ်ကမ္မဋ္ဌာန်းလမ်းက ဟောကြားထားတော်မူခဲ့ပါတယ်။ ကာယဂတာသတိသုတ္တန် (မ၊၃၊၁၃၀။)မှာတော့ ဝဏ္ဏကသိုဏ်းလမ်း = အရောင်ကသိုဏ်းလမ်းက ဟောကြားတော်မူခဲ့ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းလမ်းကတော့ ဝိပဿနာကမ္မဋ္ဌာန်းလမ်း ဖြစ်ပါတယ်။ ဝဏ္ဏကသိုဏ်းလမ်း, ပဋိကူလမနသိကာရလမ်းတို့ကတော့ သမထကမ္မဋ္ဌာန်းတွေ ဖြစ်ကြပါတယ်။ ဒီလမ်းသုံးသွယ်အနက် ယောဂီပုဂ္ဂိုလ်က ကြိုက်ရာလမ်းကို ရွေးချယ်နိုင်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၁၆။)
အာကင်္ခမာနဿ ဝဏ္ဏတော၊ အာကင်္ခမာနဿ ပဋိကူလတော၊ အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)
ဆိုပြီးတော့ လမ်းသုံးသွယ် ဖော်ပြထားပါတယ်။ အလိုရှိခဲ့လျှင် ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းလမ်းကို လိုက်လည်း ရပါတယ်။ အလိုရှိခဲ့လျှင် ပဋိကူလခေါ်တဲ့ ရွံရှာစက်ဆုပ်ဖွယ်လမ်းကို လိုက်လည်း ရပါတယ်။ အလိုရှိခဲ့လျှင် သုညတကမ္မဋ္ဌာန်းလမ်း လိုက်လည်း ရပါတယ်။ ဒီလမ်းသုံးသွယ်ထဲက ဒီည ဘုန်းကြီး ဝဏ္ဏကသိုဏ်းလမ်းကို ပြောဖို့ ရည်ရွယ်ထားပါတယ်။ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းကို ကူးချင်တဲ့ပုဂ္ဂိုလ်က အဇ္ဈတ္တမှာပဲဖြစ်စေ ဗဟိဒ္ဓမှာပဲဖြစ်စေ မိမိ စိတ်ထက်သန်တဲ့ နေရာကနေ စပြီး ကူးလို့ ရပါတယ်။ အကယ်၍ အဇ္ဈတ္တကောဋ္ဌာသက ကူးချင်လည်း ကူးလို့ ရပါတယ်၊ ဗဟိဒ္ဓကောဋ္ဌာသက ကူးချင်တယ်ဆိုလျှင်လည်း ကသိုဏ်းကို ကူးလို့ ရပါတယ်။
ကသိုဏ်းကူးတဲ့ အချိန်အခါမှာ ဆံပင်တို့လို ညိုနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ နီလကသိုဏ်း = အညိုရောင်ကသိုဏ်းကို ပြောင်းရှုလည်း ရှုလို့ ရပါတယ်၊ စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ နောက်တစ်ခု --- ကျင်ငယ်ကဲ့သို့သော အဆီခဲကဲ့သို့သော ဝါနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူပြီးတော့ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်းကို ရှုလျှင်လည်း ရှုလို့ ရပါတယ်။ စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားလို့ ရပါ တယ်။ သွေးကဲ့သို့ နီနေတဲ့ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်းကို ရှုလျှင်လည်း ရှုလို့ ရပါတယ်။ စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ အရိုးကဲ့သို့သော ဖြူနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူပြီး ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းကို ရှုလျှင်လည်း ရှုလို့ ရပါတယ်။ စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားလို့ ရပါတယ်။ ဒါက ဝဏ္ဏကသိုဏ်းလမ်း ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။ အဘိ၊ဋ္ဌ၊၂၊၂၃၉။)
ဒီ (၃၂)ကောဋ္ဌာသတွေကို ရှုပြီးတဲ့ပုဂ္ဂိုလ်က အရောင်ကသိုဏ်းတွေကို ကူးမယ်ဆိုလျှင် ဘယ်နှစ်ခု ကူးလို့ ရနိုင်သလဲ? လေးခု ကူးလို့ ရနိုင်ပါတယ်။ ဒီအရောင်ကသိုဏ်းတွေကို တိုက်ရိုက်သွားချင်လည်း ရပါတယ်။ တိုက်ရိုက် သွားလျှင် တချို့ယောဂီတွေမှာ လွယ်လွယ်ကူကူနဲ့ ရှုလို့ရတာလည်း ရှိတတ်ပါတယ်။ တချို့ယောဂီတွေကျတော့ နည်းနည်းကလေး ခက်ခဲတာလည်း ရှိတတ်ပါတယ်။ ဒီလို ခက်ခဲနေလျှင် ခက်ခဲနေတဲ့ ဒီအခက်တွေကို ဖြေရှင်းဖို့ရန်လည်း အကြောင်းတစ်ရပ်, ကြားဖြတ်အနေအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းကိုလည်း ပွားများတတ်စေလိုတဲ့ ရည်ရွယ်ချက် ရှိတာလည်း အကြောင်းတစ်ရပ်၊ ဒီအကြောင်းနှစ်ရပ်ကြောင့် ဝဏ္ဏကသိုဏ်း= အရောင်ကသိုဏ်းကို မကူးမီမှာ များသောအားဖြင့် ဘုန်းကြီးတို့ကတော့ အရိုးစုကောဋ္ဌာသကို အာရုံယူပြီးတော့ ပဋိကူလမနသိကာရလမ်းကနေ သမာဓိထူထောင်တဲ့စနစ်ကို စတင်ပြီး သင်ပေးပါတယ်။
ပဋိကူလမနသိကာရလမ်း
ပဋိကူလမနသိကာရဆိုတာက ဒီ (၃၂)ကောဋ္ဌာသတွေကို ရွံရှာစက်ဆုပ် ဖွယ်အနေနဲ့ နှလုံးသွင်းခြင်းပဲ ဖြစ်ပါတယ်။ (၃၂)ကောဋ္ဌာသတွေကို ရွံရှာ စက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းတဲ့အပိုင်းမှာ (၃၂)ကောဋ္ဌာသတွေကို ခြုံငုံပြီးတော့လည်း ပဋိကူလမနသိကာရ = ရွံရှာစက်ဆုပ်ဖွယ်ကမ္မဋ္ဌာန်းအနေနဲ့ နှလုံးသွင်းလျှင်လည်း ရပါတယ်။ အကယ်၍ ကောဋ္ဌာသတစ်ခုကိုသာ ကွက်ယူပြီး ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းမယ်ဆိုလျှင်လည်း နှလုံးသွင်းလို့ ရပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၅၇။)
ဒီလို နှလုံးသွင်းတဲ့အပိုင်းမှာ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတွေကိုပဲဖြစ်စေ, အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတွေထဲက ကောဋ္ဌာသတစ်ခုခုကိုပဲဖြစ်စေ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းခဲ့မယ်ဆိုလျှင်တော့ ပထမစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ ဗဟိဒ္ဓ သက်ရှိသတ္တဝါတွေရဲ့ ကောဋ္ဌာသ တစ်ခုခုကို အာရုံယူပြီး ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်သဘောအားဖြင့် နှလုံးသွင်း ရှုပွားခဲ့မယ်ဆိုလျှင်တော့ မဟာတိဿမထေရ်မြတ်ကြီး (ဝိသုဒ္ဓိ၊၁၊၂၀။) တို့လို သက်ရှိအရိုးစုကိုလည်း သက်မဲ့အရိုးစုအရာမှာ ထားပြီး ရှုနိုင်ခဲ့မယ် ဆိုလျှင်လည်း ပထမစျာန်သမာဓိအထိ မဆိုက်နိုင်ဘဲ ဥပစာရသမာဓိအဆင့်သာ ဆိုက်နိုင်တယ်လို့ ဒီလို ဋီကာတွေမှာ ဆုံးဖြတ်ထားပါတယ်။ (မူလဋီ၊၂၊၁၅၆။)
ဒါကြောင့် အရိုးစုကောဋ္ဌာသတစ်ခုပဲ ဆိုကြပါစို့၊ ဒီအရိုးစုကောဋ္ဌာသကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းတော့မယ့် ယောဂီ ပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ထိုင်တိုင်းထိုင်တိုင်း အာနာပါနကို စတုတ္ထစျာန် သမာဓိဆိုက်အောင် ထူထောင်ပါ၊ လင်းရောင်ခြည် အားကောင်းလာတဲ့အခါမှာ အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေတဲ့ (၃၂)ကောဋ္ဌာသ, ဗဟိဒ္ဓ ရှေ့တည့်တည့် မှာ တည်ရှိတဲ့ ယောဂီတစ်ဦးရဲ့ (၃၂)ကောဋ္ဌာသကို အပြန်အလှန် တစ်ခေါက် နှစ်ခေါက်လောက် ရှုကြည့်ပါ၊ ရှုလိုက်လို့ အောင်မြင်ပြီဆိုလျှင် မိမိ အဇ္ဈတ္တမှာ တည်ရှိတဲ့ အရိုးစုကောဋ္ဌာသတစ်ခုကို ရွေးချယ်ပြီး ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အားဖြင့် နှလုံးသွင်းကြည့်ပါ။
ဒီလို နှလုံးသွင်းတဲ့အပိုင်းမှာ တစ်ကိုယ်လုံးမှာရှိနေတဲ့ အရိုးစုကောဋ္ဌာသ အကုန်လုံးကို ခြုံငုံပြီး ရှုနိုင်လျှင် ပိုကောင်းပါတယ်။ အကုန်လုံး မရှုနိုင်ဘဲ တချို့တစ်ဝက်လောက်ပဲ တွေ့ပြီး တချို့တစ်ဝက်ကလည်း မထင်ရှားဘူးဆိုလျှင်လည်း ရပါတယ်။ ထင်ရှားနေတဲ့အစိတ်အပိုင်းမှာ တည်ရှိနေတဲ့ အရိုးရဲ့ ရွံရှာစက်ဆုပ်ဖွယ်သဘောကိုပဲ နှလုံးသွင်းပါ။ ဒီလို နှလုံးသွင်းတဲ့အပိုင်းမှာ ပါဠိလို ကြိုက်နှစ်သက်မယ်ဆိုလျှင် အဋ္ဌိက-ပဋိကူလ အဋ္ဌိက-ပဋိကူလ မြန်မာလို ကြိုက်နှစ်သက်မယ်ဆိုလျှင်တော့ အရိုးစု-ရွံစရာ အရိုးစု-ရွံစရာလို့ ဒီလို ရွံရှာစက်ဆုပ်ဖွယ်အခြင်းအရာအားဖြင့် နှလုံးသွင်းပါ။ ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာအားဖြင့်လည်း ဉာဏ်ထဲမှာ ထင်လာပါစေ။
ဒီလို အရိုးစုတစ်ခုလုံးကို ခြုံငုံပြီးတော့ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ သဘောအားဖြင့် နှလုံးသွင်းနိုင်တဲ့ အချိန်အခါမှာ ရှေးရှေး အာနာပါနသမာဓိ တို့ရဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန် အဝါ သတ္တိထူးကြီးကို ဆက်ခံထားရတဲ့ နောက်နောက်သော ပဋိကူလမနသိကာရကမ္မဋ္ဌာန်းသည် လွယ်လွယ်နဲ့ သမာဓိကို ဖြစ်စေတတ်ပါတယ်။ အရိုးစု ကောဋ္ဌာသကဲ့သို့ ကောဋ္ဌာသတစ်ခုခုကိုပဲ ရှုနိုင်တယ်ဆိုလျှင် သမာဓိမရှိဘဲ လှမ်းကြည့်လျှင် မြင်နိုင်ပါ့မလား? မမြင်နိုင်ဘူး။ မြင်နိုင်ပြီဆိုကတည်းက သမာဓိက တော်တော်ကလေး စူးရှနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ရှေးရှေးသမာဓိတို့ရဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံထားတဲ့ နောက် နောက်သော ပဋိကူလမနသိကာရကမ္မဋ္ဌာန်း = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ အရိုးစုကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေတဲ့ သမာဓိဟာလည်း မကြာမီ အချိန်ကာလအတွင်းမှာ အရှိန်အဝါ အားကောင်းလာတဲ့သဘော ရှိတတ်ပါတယ်။ အားကောင်းလာပြီဆိုလျှင် ထိုပုဂ္ဂိုလ်က ဒီအရိုးစုရဲ့ ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ ယင်းအရိုးစုရဲ့ ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာကလည်း ဉာဏ်ထဲမှာ ပေါလောကြီး ပေါ်လာပြီဆိုလျှင်တော့ အဋ္ဌိက = အရိုးစုဆိုတဲ့ စကားလုံးကို မသုံးတော့ဘဲ ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာလို့ပဲ နှလုံးသွင်း ရှုပွားနေပါ။
အကယ်၍ တစ်နာရီ နှစ်နာရီလောက် ဘာဝနာစိတ်က ဒီအရိုးစုရဲ့ ရွံရှာ စက်ဆုပ်ဖွယ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင် ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၌ ဘာဝနာစိတ်က နစ်မြုပ်ပြီး ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင် ဒီအချိန်အခါမှာ စျာန်အင်္ဂါတွေကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ ဘဝင်မနောအကြည်ကို သိမ်းဆည်းပြီးတော့ ဘဝင်မနောအကြည်မှာ ဒီအရိုးစု ကောဋ္ဌာသကြီးက ထင်ရှားလာတဲ့ အချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ ဒီစျာန်အင်္ဂါ ငါးပါးကို ဆင်ခြင်ကြည့်ပါ။
ဝိတက် = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော၊
ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ရွံရှာစက်ဆုပ်ဖွယ် ရာအနေအားဖြင့် အဖန်ဖန် သုံးသပ်နေခြင်းသဘော၊
ပီတိ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်နေခြင်းသဘော၊
သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊
ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံတစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော။
အဋ္ဌကထာဆရာတော်များက ဒီနေရာမှာ ဥပမာကလေးနဲ့ ရှင်းပြထား ပါတယ်။ မစင်ဘင်ကျုံးသမားတစ်ဦး ရှိတယ်ဆိုကြစို့၊ မစင်ဘင်ကျုံးပြီးတော့ သူက အသက်မွေးဝမ်းကျောင်းကို ရှာဖွေနေတဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် မစင်ပုံကြီးတစ်ခုကို တွေ့လိုက်ပြီဆိုလျှင် ဘယ့်နှယ်နေမလဲ ဒါယကာကြီးတွေ ဝမ်းမသာဘူးလား? ဝမ်းသာနေမယ်၊ ဘာဖြစ်လို့လဲ? ဒီမစင်ကို အကြောင်းပြုပြီး သူက ငွေရတော့မှာ ဖြစ်တယ်။ ဒီပုံစံအတိုင်းပဲ ရွံရှာစက်ဆုပ်ဖွယ် အရိုးစု အာရုံ ဖြစ်ပေမယ့်လို့ ဒီရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်၌ ငြိမ်ဝပ်နေတဲ့ သမာဓိကြီး ဖြစ်ပေါ်လာတဲ့အခါမှာ ပီတိဆိုတဲ့သဘာဝတစ်ခုဟာ ယောဂီရဲ့ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာနိုင်ပါတယ်လို့ ဒီလို ရှင်းပြထားပါတယ်။
ဒါယကာကြီး ဒါယိကာမကြီးတွေနဲ့ နီးစပ်နေတဲ့ ဥပမာကလေးတစ်ခု ကတော့ ငပိ ဖြစ်ပါတယ်။ ငပိဟာ ရွံရှာဖွယ် မကောင်းဘူးလား? သိပ်ကောင်း ပါတယ်။ ရွံရှာဖွယ်ကောင်းနေတဲ့ ငပိကို ကျွမ်းကျင်နေတဲ့ အိမ်ရှင်မ တစ်ဦးက စားချင်စဖွယ်ဖြစ်အောင် ပြုပြင်ဖန်တီးပြီးတော့ ထမင်းပွဲအလယ် ချထားတဲ့ အခါ ရွံဖွယ်ရာ ရှိသေးသလား? မရှိတော့ဘူး။ ဒီပုံစံအတိုင်းပဲ ဘာဝနာသမာဓိရဲ့စွမ်းအင်ကြောင့် ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ အရိုးစုအာရုံ ပေါ်မှာသော်လည်းပဲ ပီတိက ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ရွံရှာစက်ဆုပ်ဖွယ်အနေအားဖြင့် ဒီအရိုးစုကမ္မဋ္ဌာန်းကို နှလုံးသွင်းလို့ စျာန်အင်္ဂါတွေက ထင်ရှားလာပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ဝသီဘော်ငါးတန် နိုင်နင်းအောင်တော့ လေ့ကျင့်လိုက လေ့ကျင့်နိုင်ပါတယ်။ လေ့ကျင့်လိုက လေ့ကျင့်နိုင်တယ်လို့ ပြောနေခြင်းက ရှေးရှေး အာနာပါနကမ္မဋ္ဌာန်းမှာ စနစ်တကျ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အားထုတ်ထားတဲ့ စျာန်သမာဓိအရှိန်အဝါတွေက ရှိနေတဲ့အတွက် အခုလို ပထမစျာန်သမာဓိလောက် ဆိုက်ပြီဆိုတဲ့အခါမှာ အနည်းအကျဉ်းလောက် ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်လျှင်လည်း အောင်မြင်နိုင်တဲ့သဘော ရှိတတ်ပါတယ်။
အဇ္ဈတ္တ အရိုးစုကောဋ္ဌာသမှာ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ပြောင်းကြည့်ရပါတယ်။ ပြောင်းကြည့်လိုက်တဲ့အပိုင်းမှာ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်ရာ ပဋိကူလသဘောအားဖြင့် နှလုံးသွင်းကြည့်ပါ။ ရွံရှာစက်ဆုပ်ဖွယ်အနေဖြင့် နှလုံးသွင်းလိုက်လို့ ဘာဝနာ စိတ်က ရွံရှာစက်ဆုပ်ဖွယ် အရိုးစုကောဋ္ဌာသအာရုံ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင် စျာန်အင်္ဂါတွေကို တစ်ဖန်ပြန်ပြီး ဆင်ခြင်ကြည့်ပါ၊ စျာန်အင်္ဂါတွေက မိမိရဲ့ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်နေပါတယ်။
ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ ဒီဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပြီးတော့ ဗဟိဒ္ဓ ရွံရှာစက်ဆုပ်ဖွယ် အရိုးစု ကောဋ္ဌာသက ဒီဘဝင်မနောအကြည်မှာ လာထင်လိုက်တဲ့အခါ စျာန်အင်္ဂါ တွေကို လွယ်လွယ်ကူကူနဲ့ ဆင်ခြင်လို့ ရတတ်ပါတယ်။ သို့သော် ဒီစျာန်အင်္ဂါ တွေက ဥပစာရစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ ဥပစာရစျာန်အင်္ဂါမျှသာ ဖြစ်ပါတယ်။ အပ္ပနာစျာန်သမာဓိမျိုးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့ ဒီလို ပွားရတယ်ဆိုတာ ဘုန်းကြီး နောက်ပိုင်းမှာ ထပ်ပြီး ရှင်းပြပါမယ်။
ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ဥပစာရ သမာဓိစျာန် ဆိုက်သည့်တိုင်အောင် စျာန်အင်္ဂါငါးပါး ထင်သည့်တိုင်အောင် ပွားများပြီးတဲ့အခါ နောက်တစ်ယောက်ကို ပြောင်းရှုကြည့်ပါ၊ နောက် အရိုးစု တစ်ခုကိုလည်း စျာန်အင်္ဂါငါးပါး ထင်ရှားအောင် ပွားပြီးတဲ့အခါ နောက် တစ်ယောက် ပြောင်းရှုကြည့်ပါ၊ ခပ်သွက်သွက်ကလေး ရှုကြည့်ပါ။ သမာဓိ အရှိန်အဝါက အားကောင်းလာပြီဆိုလျှင် တစ်ယောက်ပြီးတစ်ယောက် အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ရှုကြည့်ပါ။ နီးရာကနေ ဝေးရာကို ဖြန့်ကြက်ပြီး ရှုကြည့်လိုက်လို့ တစ်လောကလုံးမှာ ဘယ်နေရာကိုပဲ ကြည့်ကြည့် ဘယ်သတ္တဝါကိုပဲ ကြည့်ကြည့် သတ္တဝါဆိုတာကို မတွေ့တော့ဘူး။ အရိုးစုကောဋ္ဌာသကြီးသာ တွေ့ပြီဆိုလျှင်တော့ ထိုဘာဝနာသမာဓိရဲ့ အရှိန်အဝါသည် အလွန် အားကောင်းလာတတ်ပါတယ်။ အားကောင်းလာတော့ ဘာဖြစ်နိုင်သလဲ?
ဘုန်းကြီး ဝတ္ထုကြောင်းကလေးတစ်ခုတော့ ပြောပြပါမယ်။ ဒါယကာကြီးတွေက အဘိဓမ္မာသင်တန်း ဝိသုဒ္ဓိမဂ်သင်တန်းတွေကို တက်နေတဲ့ပုဂ္ဂိုလ် တွေ ဖြစ်ခြင်းကြောင့် တွေ့ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၂၀-၂၁။) ဣန္ဒြိယသံဝရသီလပိုင်းမှာ မဟာတိဿမထေရ်ကြီး အကြောင်းကို ဖော်ပြထားပါတယ်။ မဟာတိဿမထေရ်ကြီးက ဒီအရိုးစု ကောဋ္ဌာသကို အာရုံယူပြီးတော့ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေအားဖြင့် ပထမစျာန်သမာဓိဆိုက်အောင် နှလုံးသွင်းလေ့ရှိပါတယ်။ ထိုသမာဓိကို အခြေခံပြီးတော့ ဝိပဿနာရှုပွားနေတဲ့ မထေရ်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။
ဒီလို ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေအားဖြင့် နှလုံးသွင်းခြင်းကို ဂိရိမာနန္ဒသုတ္တန် (အံ၊၃၊၃၄၃။)များမှာတော့ ဘုရားရှင်က သဝိညာဏကအသုဘကမ္မဋ္ဌာန်းဆိုပြီး ဒီလို ဟောကြားထားတော်မူပါတယ်။ အလားတူပဲ ဝိဇယသုတ္တန် (သုတ္တနိပါတ၊၃၀၇-၃၀၈။)များမှာတော့ သဝိညာဏကအသုဘ= သက်ရှိအသုဘ, အဝိညာဏကအသုဘ = သက်မဲ့အသုဘဆိုပြီး နှစ်မျိုး ခွဲခြားပြီး ဟောကြားတော်မူသည့်အနက် ဒီသက်ရှိ (၃၂)ကောဋ္ဌာသတွေကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေနဲ့ ရှုကွက်ကို သဝိညာဏကအသုဘ = ရှင်အသုဘလို့ ဟောကြားထားတော်မူပါတယ်။ ဒီရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် မိမိရဲ့ အရိုးစုကောဋ္ဌာသကို အာရုံယူပြီး ရှုလိုက်လျှင် ပထမစျာန်သမာဓိအထိ ဆိုက်ပါတယ်။ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသတွေကို အာရုံယူပြီး ရှုလိုက်မယ်ဆိုလျှင် သက်မဲ့အရိုးစုကဲ့သို့လည်း စိတ်ထားနိုင်မယ်ဆိုလျှင် ဥပစာရသမာဓိအထိ ဆိုက်ပါတယ်။ အဇ္ဈတ္တ ရှုလိုက်, ဗဟိဒ္ဓ ရှုလိုက်နဲ့ ထပ်ခါထပ်ခါ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်အဖို့ ကျွမ်းကျင်လာတဲ့ အချိန်အခါမှာ ဒီသမာဓိကို အခြေခံပြီးတော့ ဝိပဿနာကို ကူးမယ်ဆိုလျှင် ကူးလို့ လွယ်ကူသွားပါတယ်။
ထိုမထေရ်ကြီးက ဒီအရိုးစုကောဋ္ဌာသကို ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် အနေနဲ့ သို့မဟုတ် အသုဘကမ္မဋ္ဌာန်းအနေနဲ့ ပထမစျာန်သမာဓိဆိုက်အောင် ထူထောင်ပြီးတော့ ထိုပထမစျာန်သမာဓိကို အခြေခံပြီး ဝိပဿနာရှုနေကျ ဖြစ်ပါတယ်။ တစ်နေ့မှာ မထေရ်ကြီးဟာ စေတိယတောင်ကနေ အနုရာဓမြို့ ထဲကို ဆွမ်းခံကြွလာတဲ့ အချိန်အခါမှာ လမ်းခုလတ် တစ်နေရာမှာ အမျိုးသမီး တစ်ဦးနဲ့ ခရီးရင်ဆိုင် တွေ့ဆုံမိကြတယ်။
ဒီအမျိုးသမီးကလည်း သူ့ရဲ့ အိမ်ရှင်ယောက်ျားနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ဆင်းလာရာမှာ ငါဟာ ဘယ်လို ကောင်မစားမျိုးဆိုတာ နင်သိစေရမယ်ဆိုပြီး အကြောင်းပြတဲ့ပုံစံနဲ့ တူပါတယ်၊ စာမှာ ဖော်ပြထားတာက နတ်သမီးလို လှအောင် ကျော့နေအောင် ကော့နေအောင် ပြင်ဆင်ပြီးတော့မှ အိမ်ပေါ်က ဆင်းလာခဲ့တယ်။ လမ်းခုလတ် တစ်နေရာရောက်တဲ့ အချိန် အခါမှာ မထေရ်ကြီးကို တွေ့လိုက်တော့ ဖောက်ပြန်တပ်မက်တဲ့စိတ်နဲ့ ဒီ အမျိုးသမီးက အသံထွက်အောင် ရယ်မောလိုက်တယ်။
မထေရ်ကြီးကလည်း အသံလာရာကို စူးစမ်းတဲ့အနေနဲ့ လှမ်းကြည့် လိုက်တဲ့ အချိန်အခါမှာ ဒီအမျိုးသမီးရဲ့ သွားအရိုးကို ဖမ်းစိုက်မိလျက်သား ဖြစ်သွားပြီး အရိုးစုကောဋ္ဌာသကမ္မဋ္ဌာန်းအဖြစ်နဲ့ ဉာဏ်ထဲမှာ လာထင်နေပါတယ်။ ဒီအရိုးစုကောဋ္ဌာသအပေါ်မှာ အသုဘသညာဖြင့် အာရုံယူပြီး ဥပစာရ သမာဓိဆိုက်အောင် ပွားလိုက်တယ်။ မိမိရဲ့ အဇ္ဈတ္တမှာ တည်ရှိတဲ့ အရိုးစုကောဋ္ဌာသကို တစ်ဖန်ပြန်ပြီး ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် စိုက်ရှုလိုက်တဲ့ အချိန်အခါမှာ ပထမစျာန်သမာဓိအထိ ဆိုက်သွားပါတယ်။ ဒီသမာဓိကို အခြေခံပြီး ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာ ရှုပွားသုံးသပ်လိုက်တာ ထိုလမ်းပေါ်မှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။
ဒီလို အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတဲ့ အချိန်အခါမှာ ရှေ့ဆက်ပြီး ဆွမ်းခံရမယ့်ဝတ္တရား ရှိတဲ့အတိုင်း ဆက်ပြီး ဆွမ်းခံကြွတော်မူပါတယ်။ အိမ်ရှင် ယောက်ျားကလည်း အိမ်ရှင်မသွားတဲ့လမ်းအတိုင်း ခြေရာခံပြီး နောက်က လိုက်လာရာကနေ မထေရ်ကြီးနဲ့ တွေ့ဆုံတဲ့အချိန်အခါမှာ အရှင်ဘုရား ဒီလမ်းမပေါ်မှာ အမျိုးသမီးတစ်ဦး ဖြတ်သွားတာများ မတွေ့ဘူးလားလို့ မေးကြည့်လိုက်တယ်။ မထေရ်ကြီးကလည်း ဒါယကာ ... ဒီလမ်းမပေါ်မှာ သွားနေတဲ့သူဟာ အမျိုးသမီးလား အမျိုးသားလားဆိုတာတော့ ငါမသိဘူး၊ အရိုးစုကြီးတစ်ခု လမ်းမပေါ်မှာ သွားနေတာတော့ သိလိုက်တယ်လို့ ဒီလို ပြန်ဖြေလိုက်ပါတယ်။
ဒါယကာကြီး ဒါယိကာမကြီးတွေ ဘယ်သူ့ကိုပဲ ကြည့်ကြည့် အရိုးစုကြီးပဲ မြင်တော့တယ်၊ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါတွေကို မမြင်တော့ဘူး ဆိုလျှင် မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒီလို ပုဂ္ဂိုလ်သတ္တဝါလို့ မမြင်ခြင်းဟာ ဘာကြောင့်လဲ? စိတ်ဓာတ်ရဲ့စွမ်းအင်ကြောင့်ပဲ၊ စိတ်ဓာတ်ရဲ့ စွမ်းအင်ကို လေ့ကျင့်ပေးမယ်ဆိုလျှင် မရနိုင်ဘူးလား? ရနိုင်ပါတယ်။
ဒါယကာကြီးတွေ အကယ်၍ ဒီစိတ်ဓာတ်ရဲ့စွမ်းအင်ကို ခိုင်မာအောင် လေ့ကျင့်နိုင်လို့ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဆိုတာ မတွေ့တော့ဘူး၊ အရိုးစုကြီးပဲ တွေ့တော့တယ်ဆိုလျှင် ဒါယကာကြီးတွေ ချီးကျုံးရမယ့်အလုပ် လုပ်ရပါတော့မလား? မလုပ်ရတော့ဘူး။ ဒီနေ့ ချီးကျုံးနေရတာက ဘာကြောင့်လဲ? အရိုးစုလို့ မမြင်ခြင်းကြောင့်ပဲ။ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါလို့ သွားပြီးတော့ မြင်နေတယ်။ ဒါကြောင့် စိတ်ဓာတ်ကို ဘာဝနာသမာဓိအရှိန်အဝါတွေနဲ့ ထုံမွမ်းပေးနိုင်မယ်ဆိုလျှင် ဒီစိတ်မှာ တန်ခိုးအာနိသင်တွေ မဖြစ်ပေါ်နိုင်ဘူးလား? ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေမှာ ဒီစိတ်ဓာတ်တွေရှိတော့ ဒီ စိတ်ဓာတ်ကို တန်ခိုးအာနိသင် ထက်မြက်နေတဲ့ စိတ်ဓာတ်တစ်ခုဖြစ်အောင် ထုံမွမ်းမယ်ဆိုလျှင် ဘုန်းကြီးတို့ သာသနာတော်မှာ နည်းကောင်းလမ်းကောင်း တွေ မရှိဘူးလား? ရှိနေပါတယ်။ သာသနာနဲ့ ကြုံခိုက်မှာ ကြိုးစားဖို့ မကောင်း ဘူးလား? သိပ်ကောင်းတယ်။ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်တွေမှာ ဒီအရိုးစု ကောဋ္ဌာသကို ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းလိုက်လို့ အရပ် (၁၀)မျက်နှာတွေမှာ ကြည့်လိုက်တိုင်း အရိုးစုပဲ ထင်နေပြီဆိုလျှင်တော့ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းကို ပြောင်းရှုလျှင် လွယ်ကူသွားပါတယ်။
ဩဒါတ = အဖြူရောင်ကသိုဏ်း
ဒီဩဒါတကသိုဏ်းကို ပြောင်းရှုတဲ့အပိုင်းမှာ အဇ္ဈတ္တသန္တာန်မှာ စိတ်ထက်သန်ခဲ့လျှင်လည်း အဇ္ဈတ္တက စပြီး အဖြူရောင်ကသိုဏ်းကို ရှုနိုင်ပါတယ်။ ဗဟိဒ္ဓမှာ စိတ်ထက်သန်လျှင်လည်း ဗဟိဒ္ဓသန္တာန်က စပြီး ရှုနိုင်ပါတယ်။ သို့သော် ယောဂီအများစုမှာတော့ ဗဟိဒ္ဓကနေ စရှုမယ်ဆိုလျှင်တော့ သမာဓိ ပိုပြီးတော့ အဖြစ်မြန်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဗဟိဒ္ဓပဲ ဆိုကြစို့၊ ဗဟိဒ္ဓဖြစ်တဲ့ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီတစ်ဦးရဲ့ သွေးကို အာရုံယူကြည့်ပါ။ အသည်းရဲ့အောက်မှာ တည်ရှိနေတဲ့ အိုင်နေတဲ့ သွေးလည်း ရှိတယ်။ နှလုံးအိမ်အတွင်းမှာ ဖြတ်သန်းသွားလာနေတဲ့ သွေးလည်း ရှိတယ်။ မိမိ နှစ်ခြိုက်တဲ့သွေးကို အာရုံယူပြီး ရှုကြည့်ပါ။ အဲဒီသွေးကို အာရုံယူပြီးတော့ သွေးရဲ့ နီမြန်းနေတဲ့သဘောကို နှလုံးသွင်းပြီးတော့ အနီ အနီလို့ အနီရောင်ကသိုဏ်းအဖြစ်နဲ့ ရှုကြည့်ပါ။ ရှုလိုက်လျှင် အနီရောင် ကသိုဏ်းဝန်း ပေါ်လာပါလိမ့်မယ်။ ကြည်လင်တောက်ပနေတဲ့ အချိန်အခါမှာလည်း အလားတူပဲ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီး ရှုရပါတယ်။ အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီးတဲ့အခါ သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်လိုက်လျှင်လည်း စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။
ပေါင်းလိုက်မယ်ဆိုလျှင် (၃၂)ကောဋ္ဌာသတွေကို အာရုံယူပြီးတော့ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း၊ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း၊ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း၊ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း ဆိုပြီးတော့ အရောင်ကသိုဏ်း ဘယ်နှစ်မျိုး ရှုလို့ ရနိုင်သလဲ? ၄-မျိုး ရနိုင်ပါတယ်။ ဒီ (၃၂)ကောဋ္ဌာသတွေမှာ အရောင်ကသိုဏ်းလေးမျိုးလုံး ကို စနစ်တကျ ရှုပွားလို့ အောင်မြင်တဲ့ ယောဂီပုဂ္ဂိုလ်က အပြင်ဗဟိဒ္ဓကို ပြောင်းကြည့်မယ်ဆိုလျှင် ဘယ်အရာဝတ္ထုကိုပဲ ကြည့်ကြည့် ကသိုဏ်းအဖြစ်နဲ့ ရှုပွားမယ်ဆိုလျှင် ရှုပွားလို့ အောင်မြင်တာ များပါတယ်။
ဗဟိဒ္ဓ သက်မဲ့လောကသို့
ဥပမာ -- အခိုင်လိုက်ပွင့်နေတဲ့ ဖြူဖွေးတဲ့ တရုတ်စကားပန်းပွင့်ကလေးတွေ, အကျော်ပန်းပွင့်ကလေးတွေ ဆိုကြစို့၊ ဒီလို ဖြူဖွေးနေတဲ့ ပန်းခိုင်ကလေး တစ်ခုကို အာရုံယူပြီးတော့ အဖြူ အဖြူလို့ အဖြူရောင်ကသိုဏ်းအဖြစ်နဲ့ ရှုကြည့်ပါ။ ကသိုဏ်းဝန်း ချက်ချင်း ဖြစ်သွားပါလိမ့်မယ်။ ကသိုဏ်းဝန်း ဖြစ်လာတဲ့အခါမှာ ဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီး ရှုကြည့်ပါ၊ ဒီလို ဖြန့်ကြက်ပြီးတဲ့အခါမှာ ဒီသမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်လိုက်လျှင် စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။
အလားတူပဲ အတာကူးတဲ့ လတန်ခူး အချိန်အခါမှာ ဖူးပွင့်နေတဲ့ ပိတောက်ပန်း ငုဝါပန်းတို့လို ဝါနေတဲ့ ပန်းတစ်မျိုးကို လှမ်းပြီး အာရုံယူကြည့်ပါ။ အာရုံယူပြီးတဲ့အခါ ဒီပန်းပွင့်တွေရဲ့ အဝါရောင်ကို အာရုံယူပြီး အဝါ-အဝါလို့ နှလုံးသွင်းပြီး ရှုကြည့်ပါ၊ ကသိုဏ်းဝန်း ချက်ချင်း ဖြစ်သွားပါလိမ့်မယ်၊ ကသိုဏ်းဝန်း ဖြစ်လာတဲ့အခါမှာ ဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်လိုက်လျှင် စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။
နောက်တစ်ခု -- နီနေတဲ့ နှင်းဆီပန်းကလေးတစ်ပွင့် ဆိုကြစို့၊ ဒီနှင်းဆီ ပန်းပွင့်ကလေးကို အာရုံယူပြီးတော့ အနီရောင်ကို နှလုံးသွင်းကြည့်ပါ။ အနီရောင်ကို နှလုံးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက်တည်း သမာဓိအရှိန်အဝါကြောင့် ကသိုဏ်းဝန်း ချက်ချင်း ဖြစ်သွားပါလိမ့်မယ်။ အနီရောင်ကသိုဏ်းဝန်း ဖြစ်လာတဲ့အခါ ကြည်လင်တောက်ပလာပြီဆိုလျှင် ဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီး ရှုကြည့်ပါ၊ ဖြန့်ကြက်ပြီးတဲ့ အချိန်အခါမှာ သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်မယ်ဆိုလျှင်လည်း စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ နောက်တစ်ခု -- ညိုနေတဲ့ပန်းပွင့်ကလေးတွေကို အာရုံယူပြီးတော့လည်း အညိုရောင်ကသိုဏ်းကို ရှုမယ်ဆိုလျှင် အလားတူပဲ စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။
ပန်းပွင့်တွေကိုသာ ရှုလို့ရသလားဆိုတော့ မဟုတ်ပါဘူး။ ညိုတဲ့ပိတ်စ, ဝါတဲ့ပိတ်စ, နီတဲ့ပိတ်စ, ဖြူနေတဲ့ ပိတ်စကလေးတွေကို အာရုံယူပြီးတော့လည်း အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်းတွေကို ပုံစံတူပဲ ရှုလို့ ရနိုင်ပါတယ်။ ဘယ်အရာဝတ္ထုကို မဆို အာရုံယူပြီးတော့ ကုသိုလ်ယူတတ်လို့ ယောနိသောမနသိကာရ ရှိမယ် ဆိုလျှင် ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထ စျာန်သမာဓိဆိုတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရားတွေ မရနိုင်ဘူးလား? ရနိုင်ပါတယ်။ ဒါတွေက ဘုရားရှင် ပေးထားတဲ့ နည်းစနစ်တွေ ဖြစ်ပါတယ်။
ဒီလို အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရားတွေ, နည်းကောင်း လမ်းကောင်းတွေကို ဒီသာသနာကြီးနဲ့ ကြုံကြိုက်ခိုက်မှာ ရရှိအောင် ကြိုးစား ထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒါယကာကြီးတွေ ... ကြိုးစားမယ်ဆိုလျှင် ဒီကုသိုလ်တွေကို ရရှိနိုင်ပါတယ်။ ဒီလို ယောနိသောမနသိကာရဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မယ်ဆိုလျှင် မြင်တွေ့သမျှ ဘယ်အရာဝတ္ထုတွေကမဆို ဒါယကာကြီးတွေကို ကုသိုလ်တရား ရရှိဖို့ရန် အတွက် ဖိတ်ခေါ်နေပါတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေဘက်က ကြိုးစားကြဖို့သာ လိုနေပါတယ်။ ဘယ်အရာဝတ္ထုကိုမဆို နှလုံးသွင်းတတ်မယ် ဆိုလျှင် ကုသိုလ်တရားတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒါက သမထပိုင်းကို ကွက်ပြီး ပြောနေခြင်းပဲ ဖြစ်ပါတယ်။
ယောနိသောမနသိကာရတစ်မျိုး
အကယ်၍ ဝိပဿနာပိုင်း ရောက်နေတဲ့ပုဂ္ဂိုလ်သာ ဖြစ်ပါစေ၊ ဓာတ် ကမ္မဋ္ဌာန်းကို စနစ်တကျ အားထုတ်တတ်လျှင် အဇ္ဈတ္တမှာရှိတဲ့ ဘယ်အရာဝတ္ထုကိုမဆို, ဗဟိဒ္ဓမှာရှိတဲ့ ဘယ်အရာဝတ္ထုကိုမဆို ယင်းအရာဝတ္ထုတွေမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းလိုက်လျှင် ဉာဏ်ဖြင့် လှမ်းကြည့်လိုက်လျှင် ကလာပ်အမှုန်တွေကိုပဲ တွေ့တော့မယ်၊ အဇ္ဈတ္တကြည့်လည်း ကလာပ်အမှုန်တွေပဲ၊ ဗဟိဒ္ဓကြည့်လည်း ကလာပ်အမှုန်တွေပဲ တွေ့တော့မယ်။ ဒီကလာပ်အမှုန်တွေကို ဓာတ်ခွဲနိုင်လျှင် ရုပ်ပရမတ်တရားတွေကို စနစ်တကျ ရှုလို့ ရနိုင်ပါတယ်။ ဒီရုပ်ပရမတ်တရားတွေကို သိမ်းဆည်းနိုင်တဲ့ပုဂ္ဂိုလ်က နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းပြီး ထိုရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို ရှာဖွေလျက် အကြောင်းတရားနှင့်တကွသော ဒီရုပ်နာမ်တရား တွေကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုမယ်ဆိုလျှင် ဝိပဿနာရှုလို့ ရနိုင်ပါတယ်။
အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်မှာရှိတဲ့ ဘယ်အရာဝတ္ထုကိုမဆို ယောနိသောမနသိကာရခေါ်တဲ့ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်လျှင် အားလုံးသည် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒါက ဘုရားရှင် ညွှန်ကြားထားတဲ့ အဆင့်အတန်း မြင့်မားနေတဲ့ ကုသိုလ်တရားတွေ ရရှိစေတတ်တဲ့ နည်းကောင်းလမ်းကောင်းတွေ ဖြစ်ကြပါတယ်။
ပထဝီကသိုဏ်း
ဒီစူဠသုညတသုတ္တန်မှာ ဘုန်းကြီး ဟောချင်တဲ့အချက်ကတော့ ပထဝီကသိုဏ်း ဖြစ်ပါတယ်။ နီလကသိုဏ်း, ပီတကသိုဏ်း, လောဟိတကသိုဏ်း, ဩဒါတကသိုဏ်းတွေမှာ စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် သမာဓိကို စနစ်တကျ ထူထောင်တတ်တဲ့ပုဂ္ဂိုလ်က ပထဝီကသိုဏ်းကို ပြောင်းရှုတော့မယ်ဆိုလျှင် လွယ်ကူသွားပါတယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဒီပထဝီကသိုဏ်းကို ရှုရမလဲ?
မနီလွန်း မမည်းလွန်းတဲ့ မြေတစ်နေရာကို ရွေးချယ်လိုက်ပါ၊ ဖြူလည်း မဖြူစေနဲ့၊ အရုဏ်တက်တဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ အရောင်အဆင်းလို အနည်းငယ် နီနေတဲ့ မြေတစ်နေရာကို ရွေးချယ်လိုက်ပါ။ အဲဒီ မြေအရပ်မှာ တုတ်ကလေးတစ်ချောင်းနဲ့ အချင်း တစ်ပေလောက် ညီညာတဲ့အဝန်းဝိုင်းကလေးတစ်ခုကို ရေးခြစ်လိုက်ပါ။ ဒီအဝန်းဝိုင်းအတွင်းမှာ မြက်ပင်တွေ သစ်ရွက်တွေ ခဲတွေလည်း မရှိပါစေနဲ့။ ညီညာအောင် အသာကလေး ညှိလိုက်ပါ၊ ညှိပြီးတဲ့အချိန်အခါမှာ အဲဒီ မြေအဝန်းဝိုင်းကို မျက်စိဖွင့်ကြည့်ကာ အာရုံယူပြီးတော့ မျက်စိကို တစ်ဖန်ပြန်မှိတ်ကြည့်ပါ၊ မြေ-မြေလို့ပဲ နှလုံးသွင်းပါ။
အဲဒီမြေရဲ့ မာနေတဲ့သဘောကိုတော့ နှလုံးမသွင်းပါနဲ့၊ နှလုံးသွင်းလိုက်လျှင် ခန္ဓာကိုယ်ကြီးတစ်ခုလုံး တောင့်တင်းခိုင်မာပြီးတော့ မခံနိုင်တဲ့သဘော ရှိလာတတ်ပါတယ်။ ဒါကြောင့် မြေ မြေလို့ပဲ နှလုံးသွင်းပြီး မျက်လုံးကို မှိတ်ကြည့်ပါ၊ မျက်လုံး မှိတ်ကြည့်လိုက်တဲ့အခါမှာ မြေအဝန်းအဝိုင်းကလေး ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ လုံလောက်ပါပြီ။ အကယ်၍ မထင်ဘူး ဆိုလျှင် ဘာလုပ်ရမလဲ?
ဒီနေရာမှာ မိမိ ရရှိပြီးတဲ့ သမာဓိတွေကို ပြန်ပြီး ထူထောင်ရပါတယ်။ အနည်းဆုံးအားဖြင့် အာနာပါနကမ္မဋ္ဌာန်းကို မတ်တတ်ရပ်ပြီး သမာဓိကို စတုတ္ထစျာန်သမာဓိအထိ ဆိုက်သွားအောင် ထူထောင်ပါ၊ စတုတ္ထစျာန်လောက် ဆိုက်သွားပြီဆိုလျှင် ဩဒါတကသိုဏ်းဖြင့် သမာဓိကို ဆက်ပြီး ထူထောင်ပါ၊ စတုတ္ထစျာန်သမာဓိလောက်အထိ ပေါက်သွားပြီဆိုလျှင်တော့ မျက်လုံးဖွင့်ပြီး ကြည့်ပါ၊ ကြည့်ပြီးတော့ မျက်စိကို တစ်ဖန်ပြန်မှိတ်လိုက်လျှင် ရှေးရှေးသော ဘာဝနာသမာဓိတို့ရဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံထားရတဲ့ နောက်ထပ် ဖြစ်ပေါ်လာတဲ့ ပထဝီသညာလို့ ခေါ်ဆိုအပ်တဲ့ ပထဝီဘာဝနာသမာဓိဟာလည်း တည်တံ့ ခိုင်ခံ့လာတတ်တဲ့သဘော ရှိတတ်ပါတယ်။
အာရုံထဲမှာ ပထဝီကသိုဏ်း အဝန်းအဝိုင်း နိမိတ်ကလေး ထင်လာ တတ်ပါတယ်။ နိမိတ် ထင်လာပြီဆိုလျှင် မိမိ နှစ်သက်တဲ့နေရာ တစ်နေရာကို သွားပြီး ကမ္မဋ္ဌာန်းကို ရှုပွားနေပါ။ ဒီလို ရှုပွားရာမှာလည်း သမာဓိကို အဆင့်ဆင့် ပြန်ထူထောင်ပြီး ဩဒါတကသိုဏ်းနဲ့ စတုတ္ထစျာန်လောက်အထိ ပေါက်မြောက်တဲ့အခါမှာ ထိုလင်းရောင်ခြည် အကူအညီနဲ့ မူလရှုခဲ့တဲ့ ဒီပထဝီ အဝန်းအဝိုင်းကလေးကိုပဲ ပြန်အာရုံယူလိုက်လျှင် ကသိုဏ်းဝန်း ပြန်ပေါ် လာပါလိမ့်မယ်။ ဒီလို ပေါ်လာတဲ့ ကသိုဏ်းဝန်းမှာပဲ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။ ကြိုးစားလိုက်တဲ့အခါ ဒီကသိုဏ်းဝန်းထဲမှာ စည်မျက်နှာပြင်တစ်ခုကဲ့သို့ ညီညာ ချောမွေ့ သိမ်မွေ့နေတဲ့ မြေ အဝန်းအဝိုင်းတစ်ခု ပေါ်လာပါလိမ့်မယ်။ ကြမ်းတမ်းနေတဲ့ တုတ်နဲ့ ခြစ်ထားတဲ့ အရာတွေ, သဲတွေ, ခဲလုံးတွေစတဲ့ ဒီအရာဝတ္ထုတွေလည်း လုံးလုံး မထင် တော့ဘဲ အလွန် သိမ်မွေ့ ချောမွေ့နေတဲ့ ချောညက်နေတဲ့ ပိတ်စကလေး တစ်ခုကဲ့သို့ ညီညီညာညာဖြင့် စည်မျက်နှာပြင်ကဲ့သို့ ဝန်းဝိုင်းနေတဲ့ မြေကသိုဏ်းဝန်းတစ်ခု ပေါ်လာပါလိမ့်မယ်။
ကသိုဏ်းဝန်း ပေါ်လာတဲ့အချိန်မှာ ဘာဝနာစိတ်ကို ကသိုဏ်းဝန်းမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ တစ်နာရီနီးနီးလောက် ဘာဝနာစိတ်က ငြိမ်ဝပ်နေပြီဆိုလျှင် ကသိုဏ်းဝန်းကလည်း ကြည်လင် တောက်ပလာမှာ ဖြစ်ပါတယ်။ အလားတူပဲ ဒီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်နိုင်ခဲ့လျှင် အရပ် (၁၀)မျက်နှာမှာ ဘယ်အရပ်ကိုပဲ ကြည့်ကြည့် ကြည့်လိုက်တိုင်း အကုန်လုံး ပထဝီချည်း ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်အခါမှာ မဟာပထဝီကြီးဟာ အဖုအထစ် အနိမ့်အမြင့် ဘာမှ မရှိ တော့ဘူး။ စည်မျက်နှာပြင်ကဲ့သို့ အားလုံး ညီညာနေပါလိမ့်မယ်။ ညီညာနေတဲ့ အချိန်အခါမှာ ပထဝီကသိုဏ်းဝန်း တစ်နေရာကို တစ်ဖန်ပြန်ပြီး အာရုံယူကာ သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်ရပါတယ်။ သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်လိုက်တဲ့ အချိန်အခါမှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် သမာဓိကို ထူထောင်ရပါတယ်။ ဒီလို သမာဓိကို ထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ရွယ်တော်မူပြီးတော့ ဒီစူဠသုညတသုတ္တန်မှာ မြတ်စွာဘုရားက ဘယ်လို ဟောကြားထားတော်မူသလဲ? စူဠသုညတသုတ္တန်ကလေးကို ပြန်ပြီး ဆက်ကြရအောင် ---
ပထဝီသညာ
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ မနုဿသညံ အမနသိ ကရိတွာ အရညသညံ ပထဝီသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၇။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ မနုဿသညံ = လူသားဟူသော အမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အရညသညံ = တောဟူသောအမှတ်သညာကိုလည်းပဲ။ အမနသိကရိတွာ = နှလုံးမသွင်းမူ ၍။ ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသော ပထဝီဟူသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွား၍နေပေ၏။
ဘာကိုမှ နှလုံးမသွင်းတော့ဘူး၊ ပထဝီဆိုတဲ့အမှတ်သညာကလေး တစ်ခု ကိုပဲ နှလုံးသွင်းပြီး နေတော့တယ်။ ဒီအချိန်အခါမှာ ဘာဝနာစိတ်ဟာ ဒီ ပထဝီကသိုဏ်းဝန်းမှာပဲ ကပ်ပြီး ငြိမ်ဝပ်စွာ တည်နေပါတယ်၊ တစ်နာရီ, နှစ်နာရီ, သုံးနာရီ, လေးနာရီ စသည်ဖြင့် ဒီကသိုဏ်းဝန်းမှာ ဘာဝနာသမာဓိက စူးစူးစိုက်စိုက်နဲ့ ရှုလို့ ရနေပါတယ်၊ ငြိမ်ဝပ်စွာ ကပ်ပြီး ကသိုဏ်းဝန်းမှာ တည်နေပါလိမ့်မယ်။ စတုတ္ထစျာန်သမာဓိအထိလည်း ဆိုက်သွားပါလိမ့်မယ်။
သမာဓိက ဆက်တိုက် အဆက်မပြတ် ဖြစ်နေတဲ့ ဒီအချိန်အခါမှာ ပထဝီ ဆိုတဲ့ အမှတ်သညာကလေးပဲ သူ့မှာ ရှိနေတော့တယ်၊ လူဆိုတဲ့အမှတ်သညာတွေကလည်း ဒီအချိန်အခါမှာ မရှိတော့ဘူး၊ ဘာကိုမှ သတိမရတော့ဘူး၊ ရွာဆိုတဲ့အမှတ်သညာတွေလည်း မရှိတော့ဘူး၊ ဘာကိုမှ သတိမရဘူး၊ အိမ်လည်း သတိမရတော့ဘူး၊ တောဆိုတဲ့အမှတ်သညာတွေလည်း ဒီအချိန် အခါမှာ မရှိတော့ဘူး၊ ဘာကိုမှ သတိမရတော့ဘူး၊ ဒီပထဝီကသိုဏ်းဝန်းကို အာရုံယူပြီး တစ်နာရီ စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ဝင်စားလျှင် တစ်နာရီ လုံးလုံး၊ နှစ်နာရီဝင်စားလျှင် နှစ်နာရီလုံးလုံး၊ သုံးနာရီဝင်စားလျှင်လည်း သုံးနာရီလုံးလုံး ပထဝီဆိုတဲ့အမှတ်သညာကလေးမှာပဲ ဘာဝနာစိတ်က တည်နေပါတော့တယ်။
ဒါယကာကြီး ဒါယိကာမကြီးတွေ ...ဘာဝနာစိတ်ကလေး ဒီလို ပထဝီ ဆိုတဲ့ အမှတ်သညာထဲမှာ အမြဲတမ်း တည်နေနိုင်မယ်ဆိုလျှင် မကောင်း ဘူးလား? သိပ်ကောင်းတယ်။ စိတ်ကို နိုင်နင်းအောင် လေ့ကျင့်ထားခြင်းရဲ့ အကျိုးအာနိသင်တွေပဲ ဖြစ်ပါတယ်။ ကသိုဏ်းဝန်းတစ်ခု အပေါ်မှာပဲ ဘာဝနာစိတ်ကလေးကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားလိုက်တော့ ဒီလို တည်နေတဲ့ အချိန်အခါမှာ ပထဝီကသိုဏ်းအပေါ်မှာ တည်နေလျှင် ပထဝီကသိုဏ်းကလေးတစ်ခုပဲ သိတော့တယ်၊ ဘာမှ မသိတော့ဘူး၊ အကုန်လုံး မေ့ထားလို့ ရသွားပါတယ်။ မကောင်းဘူးလား? သိပ်ကောင်းသွားပါတယ်၊ ဒါယကာကြီးတွေ မမေ့နိုင်တဲ့အတွက် အထုပ်ကလေးတွေ ပြင်ပြင်ပြီးတော့ ပြန်ပြေးကြတာတွေ တွေ့တွေ့နေရတယ်၊ ဘာဖြစ်လို့လဲ? မမေ့နိုင်ကြလို့ပဲ။ ယခု ဘုရားရှင်က မေ့နိုင်တဲ့နည်းစနစ်တွေကို သင်ပေးနေပါတယ်၊ ဒီလို ပထဝီကသိုဏ်းဝန်းမှာပဲ ဘာဝနာစိတ်က ကပ်ပြီး တည်နေတဲ့ အခါမှာ ဘာဖြစ်လာမလဲ?
တဿ ပထဝီသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၇-၁၄၈။)
ပထဝီသညာယ = ပထဝီဟူသောအမှတ်သညာ၌။ တဿ = ထိုယောဂါဝစရရဟန်းတော်၏။ စိတ္တံ = စိတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်၍ သွားပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေပေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
ပထဝီဆိုတဲ့အမှတ်သညာထဲမှာ ထိုရဟန်းတော်ရဲ့ စိတ်ဓာတ်သည် ပြေးဝင်သွားတယ်၊ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်၍နေတယ်။ ဘုရားရှင်က ဒီနေရာမှာ ပေါ်လွင်တဲ့ ဥပမာကလေး တစ်ခုဖြင့် ဟောကြားတော်မူပြန်တယ်။ ဘယ်လို ဟောကြားထားတော်မူသလဲ?
နွားလားဥသဘ၏ သားရေပမာ
သေယျထာပိ အာနန္ဒ အာသဘစမ္မံ သင်္ကုသတေန သုဝိဟတံ ဝိဂတဝလိကံ။ (မ၊၃၊၁၄၈။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ သင်္ကုသတေန = ငုတ်တစ်ရာဖြင့်။ သုဝိဟတံ = ကောင်းစွာ ဖြန့်ကြက်၍ထားအပ်သော။ အာသဘစမ္မံ = နွားလားဥသဘရဲ့ သားရေသည်။ ဝိဂတဝလိကံ = ကင်းသော တွန့်လိမ်ခြင်းရှိသည်။ ဟောတိ သေယျထာပိ = ဖြစ်သကဲ့သို့။
နွားလားဥသဘရဲ့ သားရေကို ဘုရားရှင်က စံထားပြီး ဟောထားတော်မူပါတယ်။ တခြားတခြား နွားတွေရဲ့ သားရေကို ကြည့်လိုက်လျှင် အမာရွတ်တွေလည်း ပါချင်ပါမယ်။ ဒဏ်ရာဒဏ်ချက်တွေလည်း ပါချင်ပါမယ်။ အပြစ်အနာအဆာ မကင်းတဲ့သဘော ရှိတတ်ပါတယ်။ နွားလားဥသဘရဲ့ သားရေကတော့ အပြစ်အနာအဆာ အားလုံး ကင်းပြီးတော့ သန့်ရှင်းနေပါတယ်။ ဒါကြောင့် ဘုရားရှင်က နွားလားဥသဘရဲ့ သားရေကို စံထားပြီးတော့ ဟောတော်မူပါတယ်။ ဒီနွားလားဥသဘရဲ့ သားရေကို ခွာပြီး နေလှမ်းတဲ့ အချိန်အခါမှာ ငုတ်တစ်ရာ စိုက်ပြီး ညီနေအောင် ဆွဲဖြန့်ကာ နေလှမ်းထားလိုက်တယ်။ ဒီလို နေလှမ်းလိုက်တဲ့အတွက် ဒီနွားလားဥသဘရဲ့ သားရေသည် အတွန့်အလိပ် ကင်းနေတယ်။ အတွန့်အလိပ် ကင်းနေတဲ့အတွက် ဒီနွားလား ဥသဘရဲ့ သားရေကို စံထားပြီး မြတ်စွာဘုရားက ဘယ်လို ဟောတော်မူသလဲ?
ဧဝမေဝ ခေါ အာနန္ဒ ဘိက္ခု ယံ ဣမိဿာ ပထဝိယာ ဥက္ကူလဝိက္ကူလံ နဒီဝိဒုဂ္ဂံ ခါဏုကဏ္ဋကဋ္ဌာနံ ပဗ္ဗတဝိသမံ တံ သဗ္ဗံ အမနသိကရိတွာ ပထဝီသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၈။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမေဝ ခေါ = ဤဥပမာအတူသာလျင်။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ ဣမိဿာ ပထဝိယာ = ဤပထဝီဟူသော ကသိုဏ်းဝန်း၌။ ယံ ဥက္ကူလဝိက္ကူလံ = အကြင် မြင့်ရာအရပ် နိမ့်ရာ အရပ်သည်။ ယံ နဒီဝိဒုဂ္ဂံ = အကြင် မြစ်ချောင်းအရပ် မညီညွတ်သော မြေအရပ်သည်။ ယံ ခါဏုကဏ္ဋကဋ္ဌာနံ = အကြင် သစ်ငုတ်ရှိရာအရပ် ဆူးငြောင့်ရှိရာအရပ်သည်။ ယံ ပဗ္ဗတဝိသမံ = အကြင် မညီညွတ်သော တောင် ရှိရာအရပ်သည်။ အတ္ထိ = ရှိပေ၏။ တံ သဗ္ဗံ = ထိုအလုံးစုံကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသော ပထဝီဟူသောအမှတ်သညာကိုသာလျှင်။ မနသိ ကရောတိ = နှလုံးသွင်း၏။
စိတ်ဓာတ်ကို လေ့ကျင့်ပေးတဲ့နေရာမှာ ဟိုရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်းပဲ ပထဝီကသိုဏ်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်လိုက်တဲ့ အချိန် အခါမှာ အရပ် (၁၀)မျက်နှာ ဘယ်ကိုပဲ ကြည့်ကြည့် ကြည့်လိုက်တဲ့နေရာတိုင်း အားလုံး ပထဝီချည်း ဖြစ်သွားပါတယ်။ ဒီပထဝီကသိုဏ်းဝန်းမှာ မညီညာတဲ့ သဘာဝဆိုတာ လုံးလုံး မရှိတော့ဘူး။
ပကတိသောမြေကြီးကို လှမ်းကြည့်မယ်ဆိုလျှင် မြင့်တဲ့နေရာတွေ ရှိတယ်၊ နိမ့်တဲ့နေရာတွေ ရှိတယ်၊ မြစ်တွေ ရှိတယ်၊ ချောင်းတွေ ရှိတယ်၊ သွားလာဖို့ရန် ခက်ခဲတဲ့အရပ်တွေလည်း ရှိတယ်၊ ဆူးငြောင့်ခလုတ်တွေ ရှိတဲ့နေရာတွေလည်း ရှိတယ်၊ မညီညွတ်တဲ့တောင်တွေ တည်ရှိတဲ့နေရာတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီပထဝီကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်လိုက်တဲ့ အချိန်အခါမှာ ဒီပထဝီကသိုဏ်းဝန်းအတွင်းမှာ ဒီလို မြင့်တဲ့နေရာတွေ နိမ့်တဲ့နေရာတွေ မြစ်တွေ ချောင်းတွေ သွားလာဖို့ရန် ခက်ခဲ့တဲ့နေရာတွေ ဆူးငြောင့်တွေ ငုတ်တွေ မညီညွတ်တဲ့တောင်တွေဆိုတာ ဘာမှ မရှိတော့ဘူး။ အားလုံး စည်မျက်နှာပြင်လို ညီညာသွားပါတယ်။ နွားလားဥသဘရဲ့ သားရေကို ငုတ်တစ်ရာစိုက်ပြီး ညီနေအောင် ဆွဲဖြန့်ကာ ဖြန့်ကြက်ထားသလို ညီညာနေတဲ့ ပထဝီဆိုတဲ့အမှတ်သညာတစ်ခုပဲ ရှိနေတယ်။ မြစ်တွေ ချောင်းတွေ မြင့်တဲ့နေရာတွေ နိမ့်တဲ့နေရာတွေ တောတောင်တွေ သစ်ငုတ်တွေ ခလုတ်တွေ ဆူးငြောင့်တွေ ဘာကိုမှ နှလုံးမသွင်းတော့ဘူး။ နှလုံးမသွင်းဘဲ ပထဝီဆိုတဲ့အမှတ်သညာကလေးတစ်ခုကိုပဲ နှလုံးသွင်းနေတယ်။ ဒီလို နှလုံးသွင်းလိုက်တဲ့အတွက် ဘာဖြစ်သလဲ?
တဿ ပထဝီသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၈။)
ပထဝီသညာယ = ပထဝီဟူသောအမှတ်သညာ၌။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်၍သွားပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေပေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
ပထဝီဆိုတဲ့အမှတ်သညာထဲမှာပဲ ထိုရဟန်းတော်ရဲ့ စိတ်ဓာတ်က ပြေးဝင်သွားတယ်၊ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်၍နေတယ်၊ တစ်ခုတည်းသော အာရုံထဲမှာပဲ ဘာဝနာစိတ်က တည်ရှိ နေတယ်။ ဒီလို တည်ရှိနေတဲ့အတွက် ဘယ်လို ဖြစ်လာသလဲ?
ပူပန်မှုတွေ ငြိမ်းအေး ရပ်စဲသွားပြီ
သော ဧဝံ ပဇာနာတိ ယေ အဿု ဒရထာ မနုဿသညံ ပဋိစ္စ တေဓ န သန္တိ၊ (မ၊၃၊၁၄၈။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိလေ၏။ မနုဿသညံ = လူဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှား ဖြစ်ပေါ်၍ လာကြကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤပထဝီဟူသော အမှတ်သညာ၌။ န သန္တိ = ထင်ရှား မရှိကြလေကုန်။
စိတ်ထဲမှာ ကွဲကွဲပြားပြား သိရှိသွားတယ်။ ဘယ်လို သိရှိသွားသလဲ? ပြဿနာတစ်ခုခု ပေါ်လာပြီပဲ ဆိုပါစို့၊ ပြဿနာတစ်ခုခု ပေါ်လာပြီဆိုလျှင် လူဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာလည်း ရှိတယ်။ ရွာဆိုတဲ့အမှတ်သညာတွေကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေလည်း ရှိတယ်။ တောဆိုတဲ့အမှတ်သညာတွေကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာ တွေလည်း ရှိကြပါတယ်။
ဒီနေရာမှာ လူဆိုတဲ့အမှတ်သညာကလေးတွေကို အစွဲပြုပြီး ပူပန်မှုတွေ, စိတ်ဆင်းရဲမှုတွေ, ကြောင့်ကြမှုတွေ, တောင့်တမှုတွေ, ဖြစ်ပေါ်လာပြီ ဆိုကြပါစို့၊ စိတ်ကို နိုင်နင်းအောင် လေ့ကျင့်နိုင်တဲ့ သူတော်ကောင်းက ဒီပထဝီ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာ ဖြန့်ကြက်ပြီးတော့ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိ ဆိုက်အောင် သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့လျှင် ထိုအချိန်အခါမှာ ပထဝီဆိုတဲ့ အမှတ်သညာ တစ်ခုတည်းမှာပဲ သူရဲ့စိတ်ဓာတ်က ပြေးသွားသက်ဝင်ပြီး တည်ရှိနေတဲ့အတွက် ထိုအချိန်မှာ လူဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှုတွေ သူ့သန္တာန်မှာ ရှိဦးမလား? မရှိတော့ဘူး။ စိတ်ကို ဒီလို ပြောင်းလဲပေးရပါတယ်။
လောကကြီးမှာ နေထိုင်ကြတဲ့ သတ္တဝါတိုင်းမှာ မိမိရဲ့ ဆိုင်ရာဆိုင်ရာ နီးစပ်ရာ နီးစပ်ရာ သက်ရှိသက်မဲ့ အာရုံအမျိုးမျိုးတွေကို အကြောင်းခံပြီး ပူပန်မှု ကြောင့်ကြမှု တောင့်တမှု စိတ်ဆင်းရဲမှု စိတ်ချမ်းသာမှုစတဲ့ ဒီလို သဘာဝကလေးတွေက ဖြစ်တတ်မြဲ ဓမ္မတာ ရှိပါတယ်၊ ဒီလို ဓမ္မတာတွေ ဖြစ်ပေါ်လာတဲ့အခါ အထူးသဖြင့် ဒီလို ပူပန်မှုတွေ, ကြောင့်ကြမှုတွေ, ဆင်းရဲမှုတွေ ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ ဒီလို ပထဝီသညာကို ဖျတ်ခနဲ ကောက်ပြီး နှလုံးသွင်းနိုင်လို့ ပထဝီဆိုတဲ့အမှတ်သညာထဲမှာ မိမိရဲ့စိတ်ဓာတ်က ပြေးသွား သက်ဝင်ပြီး ကောင်းစွာ တည်နေပြီဆိုလျှင် ထိုကဲ့သို့ တည်နေတဲ့ အချိန်အခါမှာ ဒီပူပန်မှုတွေ ရှိနိုင်ဦးမလား? မရှိနိုင်တော့ဘူး။ ဒါတွင်လားဆိုတော့ မကသေးပါဘူး၊
ယေ အဿု ဒရထာ အရညသညံ ပဋိစ္စ တေဓ န သန္တိ၊ (မ၊၃၊၁၄၈။)
အရညသညံ = တောဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှား ဖြစ်ပေါ်၍ လာကြကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤပထဝီဟူသော အမှတ်သညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
တောဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှုတွေလည်း ဒီပထဝီဆိုတဲ့အမှတ်သညာမှာ ထင်ရှားမရှိတော့ဘူး။ ဘယ်သညာသာ ထင်ရှားရှိနေသလဲ?
တစ်ခုတည်းသော ပူပန်မှု
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ ပထဝီသညံ ပဋိစ္စ ဧကတ္တန္တိ။ (မ၊၃၊၁၄၈။)
ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် ကိလေသာမဖက် သက်သက်သော တစ်ခုတည်းသော ပူပန်မှုသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤတစ်ခုတည်း သော ပူပန်မှုမျှသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိ၍နေပေ၏။ ဣတိ = ဤသို့လျှင်။ သော = ထိုရဟန်းတော်သည်။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိ၍နေပေ၏။
ပထဝီဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ကိလေသာမဖက် သက်သက်သော ပူပန်မှုကလေးမျှသာ ရှိတော့တယ်။ ဒီပထဝီဆိုတဲ့ အမှတ်သညာကလေး ပျောက်ပျက် မသွားရေးအတွက် ကြောင့်ကြစိုက်နေရတဲ့ ပူပန်မှုကလေးတစ်ခုပဲ ရှိတော့တယ်။ တခြားတခြား ပူပန်မှုတွေ ဘာမှ မရှိတော့ဘူး၊ သားအတွက် ပူပန်မှု, သမီးအတွက် ပူပန်မှု, အဘိုးကြီးအတွက် ပူပန်မှု, အဘွားကြီးအတွက် ပူပန်မှု, ပစ္စည်းတွေအတွက် ပူပန်မှုဆိုတဲ့ ပူပန်မှု ခပ်သိမ်းတွေ ရှိဦးမလား? မရှိတော့ဘူး၊ အပူတွေ ငြိမ်းစေတတ်တဲ့ ငြိမ်းအောင် ငြှိမ်းနေတဲ့ နည်းလမ်းကောင်းကလေး ဖြစ်ပါတယ်။ ဒီနည်းလမ်းကောင်းကို ဘုရားရှင်က ဘယ်လို ဆက်ပြီး ဟောတော်မူထားသလဲ?
သော သုညမိဒံ သညာဂတံ မနုဿသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ အရညသညာယာတိ ပဇာနာတိ၊ (မ၊၃၊၁၄၈။)
သော = ထိုရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤပထဝီဟူသော အမှတ်သညာသည်။ မနုဿသညာယ = လူသားဟူသောအမှတ်သညာမှ။ သုညာ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣဒံ သညာဂတံ = ဤပထဝီဟူသော အမှတ် သညာသည်။ အရညသညာယ = တောဟူသောအမှတ်သညာမှ။ သုညာ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ပထဝီဆိုတဲ့အမှတ်သညာထဲမှာ စိတ်ဓာတ်တွေက ပြေးသွား သက်ဝင်ပြီး ကောင်းစွာ တည်နေတဲ့ အချိန်အခါမှာ လူသားဆိုတဲ့ အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘောသို့လည်း သက်ဝင်သွားတယ်၊ တောဆိုတဲ့ အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတွေသို့လည်း သက်ဝင် သွားတယ်၊ ဒီသုညတသဘာဝနှစ်ခုကတော့ ပထဝီဆိုတဲ့အမှတ်သညာ ပေါ်လာတဲ့အခါမှာသာ သက်ဝင်သွားကြခြင်း ဖြစ်ပါတယ်။ ရွာဆိုတဲ့အမှတ်သညာ မှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝကတော့ ရှေ့ပိုင်းမှာကတည်းက သက်ဝင်သွားပါတယ်။ သုညတသဘော ဘယ်နှစ်ခု ရှိသွားပြီလဲ? ရွာဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘော, လူသားဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘော, တောဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်း နေတဲ့ သုညတသဘောဆိုပြီး သုညတသဘော သုံးခု ရှိသွားပါတယ်။ ဒါကြောင့် ရွာဆိုတဲ့အမှတ်သညာတွေမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘော, လူသားဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘော, တောဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘောတွေ မိမိရဲ့စိတ်ဓာတ်မှာ ရှိနေတဲ့အတွက် ရွာကိုလည်း အမှတ်မရတော့ဘူး၊ လူတွေကိုလည်း အမှတ်မရတော့ဘူး၊ တောကိုလည်း အမှတ်မရတော့ဘူး၊ ဘယ်သဘောတစ်ခုသာ ရှိနေသလဲ?
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ ပထဝီသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၈။)
ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသောအမှတ်သညာသည်။ အတ္ထိ = ရှိ၏။ ဣဒံ စေဝ အသုညတံ = ဤတစ်ခုတည်းသောအမှတ်သညာ၏ မဆိတ်သုဉ်းမှု အသုညတသဘောသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိ၍နေပေ၏၊
ပထဝီဆိုတဲ့အမှတ်သညာကလေး တစ်ခုတည်းပဲ ရှိပြီးတော့ ဒီပထဝီ ဆိုတဲ့အမှတ်သညာကလေးတစ်ခုမှ မဆိတ်သုဉ်းတဲ့ အသုညတသဘော တစ်ခုပဲ ထင်ရှားရှိနေတော့တယ်။ ဒီလို ထင်ရှား ရှိနေတဲ့အတွက် ဘာဖြစ်လာသလဲ?
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ။ (မ၊၃၊၁၄၈။)
ဣတိ = ဤသို့လျှင်။ တတ္ထ = ထိုပထဝီဟူသောအမှတ်သညာ၌။ ယံ = အကြင် ပူပန်မှုသည်။ ယေန = အကြင် အကြောင်းတရားကြောင့်။ န ဟောတိ = ထင်ရှားမရှိတော့ပေ။ တေန = ထိုအကြောင်းတရားကြောင့်။ တံ = ထိုပူပန်မှုကို။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် ရှုပွား၍နေပေ၏။
အကြင် အကြောင်းတရားကြောင့် ဒီပထဝီဆိုတဲ့အမှတ်သညာမှာ အကြင် ပူပန်မှုသဘောတရားဟာ ထင်ရှားမရှိဘူး။ ထိုထင်ရှားမရှိတဲ့ ပူပန်မှု သဘောတရားမှ ဆိတ်သုဉ်းနေတဲ့ သဘာဝတစ်ခုကို အဖန်ဖန် အထပ်ထပ် ရှုနေတယ်။ ဒါက ဘာဆိုလိုတာလဲ? ဒီပူပန်မှုတွေရဲ့ ဆိတ်သုဉ်းနေတဲ့ သဘာဝတစ်ခုက ဘာကြောင့် ပေါ်လာရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်တဲ့အခါ ပထဝီဆိုတဲ့ အမှတ်သညာကလေးတစ်ခုအပေါ်မှာ စိတ်ဓာတ်က ပြေးသွား သက်ဝင်ပြီး ကောင်းစွာ တည်နေခြင်းတည်းဟူသော အကြောင်းကြောင့်သာလျှင် ရွာဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ပူပန်မှု, လူသားဆိုတဲ့ အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ပူပန်မှု, တောဆိုတဲ့အမှတ်သညာကို အစွဲပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ပူပန်မှု၊ ဒီပူပန်မှု အမျိုးမျိုးတွေဟာ ဆိတ်သုဉ်းသွားခြင်း ဖြစ်ပါတယ်။ ဆိတ်သုဉ်းသွားတဲ့ သဘာဝတွေကိုလည်း ဆိတ်သုဉ်းနေပြီဆိုတာ ကွဲကွဲပြားပြား သိနိုင်ပါတယ်။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ငါ ဘာလုပ်နေတယ်, ငါ ဘာဖြစ်နေတယ်, ငါ ဘယ်အဆင့် ရောက်နေပြီဆိုတာတွေကို မိမိကိုယ်တိုင် စနစ်တကျ ကွဲကွဲပြားပြား သိတတ်ဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ နောက်တစ်ခု --
ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၄၈။)
တတ္ထ = ထိုပထဝီဟူသောအမှတ်သညာ၌။ ယံ ပန ဒရထံ = အကြင် ကိလေသာမဖက် ပူပန်မှုသက်သက်သည်။ အဝသိဋ္ဌံ = ကြွင်းကျန်လျက်ရှိသည်။ ဟောတိ = ဖြစ်၏။ သန္တံ = ထင်ရှားရှိသော။ တံ = ထိုပူပန်မှုကို။ ဣဒံ = ဤပူပန်မှုသည်။ အတ္ထီတိ = ထင်ရှားရှိနေ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ပထဝီဆိုတဲ့အမှတ်သညာကလေးတစ်ခုကို အစွဲပြုပြီးတော့ ဒီပထဝီ ဆိုတဲ့ အမှတ်သညာကလေး မပျောက်စေလိုတဲ့ ကိလေသာတွေနှင့် ရောယှက် ရှုပ်ထွေးမှုမရှိတဲ့ ပူပန်မှုသဘာဝတစ်ခုတော့ ထင်ရှားရှိနေပါတယ်။ ထင်ရှား ရှိနေတဲ့ ဒီသဘာဝကိုလည်း ထင်ရှားရှိနေတယ်လို့ ကွဲကွဲပြားပြား သိနေတယ်။ ဒါကြောင့် ---
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၄၈။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ အဝိပလ္လတ္ထာ = ဖောက်ပြန်ပျက်စီးမှုမရှိသော။ ပရိသုဒ္ဓါ = စင်ကြယ်သန့်ရှင်းသော။ ဧသာ သုညာတာဝက္ကန္တိ = ဤသုညတသဘောတရားသို့ သက်ဝင်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍လာပေ၏။
ဒီလို ထင်ရှားနေတဲ့ စင်ကြယ်တဲ့ ဖောက်ပြန်မှုမရှိတဲ့ သုညတသဘာဝ တစ်ခု ထင်ရှားဖြစ်ပေါ်လာတယ်။ ဒီသုညတလောက်တင်ပဲ သာသနာတော်မှာ ရပ်တန့်နေမလားဆိုတော့ မဟုတ်သေးပါဘူး၊ နောက်ထပ် အဆင့်မြင့်မား နေတဲ့ သုညတသဘာဝတစ်ခုကို မြတ်စွာဘုရားရှင် ဆက်ပြီး ဟောကြားတော် မူပါတယ်။ ဘယ်လို ဆက်ပြီး ဟောတော်မူထားသလဲ?
အာကာသာနဉ္စာယတနစျာန်သို့
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ အရညသညံ၊ အမနသိ ကရိတွာ ပထဝီသညံ၊ အာကာသာနဉ္စာယတနသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၈။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အရညသညံ = တောဟူသော အမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ ပထဝီသညံ = ပထဝီ ဟူသောအမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွား၍ နေပေ၏။
တောဆိုတဲ့အမှတ်သညာကို သူက နှလုံးမသွင်းတော့ဘူး၊ ပထဝီဆိုတဲ့ အမှတ်သညာကိုလည်း သူက နှလုံးမသွင်းတော့ဘူး၊ အာကာသာနဉ္စာယတနသညာဆိုတဲ့ တစ်ခုတည်းသော အမှတ်သညာကလေးကိုပဲ နှလုံးသွင်းနေတယ်။ အာကာသာနဉ္စာယတနသညာဆိုတာက ဘာလဲလို့ မေးလျှင်တော့ အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ သညာတစ်ခုပဲ။ အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ ဒီသညာကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားရမလဲ?
အာကာသာနဉ္စာယတနစျာန်ကို ကူးချင်တဲ့သူတော်ကောင်းက ပထဝီ ကသိုဏ်းကနေ စပြီး အာကာသကသိုဏ်းအထိ ကသိုဏ်း (၁၀)ပါး ရှိပါတယ်။ ဒီကသိုဏ်း (၁၀)ပါးထဲက ကသိုဏ်းတစ်ခုစီကို စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားရပါတယ်။ ပထဝီကသိုဏ်းကို အာရုံယူပြီးတော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဆိုတဲ့ ရူပါဝစရစျာန်သမာဓိတွေကို ထူထောင်ရသလို အလားတူပဲ အာပေါကသိုဏ်းကို အာရုံယူပြီးတော့လည်း ရူပါဝစရစျာန်လေးပါးကို ရရှိအောင် ကြိုးစားအားထုတ်ရပါတယ်။
အာပေါကသိုဏ်း = ရေကသိုဏ်း
ဒီအာပေါကသိုဏ်းကို ပွားချင်တဲ့ပုဂ္ဂိုလ်က ပကတိသော ရေခွက်ထဲမှာ တည်ရှိနေတဲ့ ရေကိုဖြစ်စေ၊ ရေတွင်းထဲမှာ တည်ရှိနေတဲ့ ရေကိုဖြစ်စေ၊ မြစ်တွေ ချောင်းတွေ ကန်တွေထဲမှာ တည်ရှိနေတဲ့ ရေကိုဖြစ်စေ ကသိုဏ်းဝန်း နိမိတ်အဖြစ်နဲ့ ယူရပါတယ်။ နိမိတ်ယူပြီး ကသိုဏ်းဝန်း ပေါ်လာတဲ့အခါ ယင်းကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရပါတယ်။ သမာဓိက ရင့်ကျက်လာလို့ ကသိုဏ်းဝန်းကလည်း ကြည်လင်တောက် ပလာပြီဆိုလျှင် ယင်းကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်ပြီး သမာဓိကို ဆက်လက် ထူထောင်ကာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ပွားရပါတယ်။
တေဇောကသိုဏ်း = မီးကသိုဏ်း
မီးကသိုဏ်းကို ပွားချင်တဲ့ပုဂ္ဂိုလ်က မိမိ မြင်ဖူးတဲ့ မီးတောက်တစ်ခုကိုပဲ ဖြစ်စေ, လောလောလတ်လတ် မီးပုံတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ အလယ်ခေါင် နီရဲနေတဲ့ မီးကိုပဲဖြစ်စေ အာရုံယူပြီးတော့ တေဇောကသိုဏ်းကို ပွားရပါတယ်။ ကသိုဏ်းဝန်း ပေါ်လာတဲ့အခါ ယင်းကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရပါတယ်။ သမာဓိက ရင့်ကျက်လာလို့ ကသိုဏ်းဝန်းကလည်း ကြည်လင်တောက်ပလာပြီဆိုလျှင် ယင်းကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်ပြီးတော့ အလားတူပဲ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အဆင့်ဆင့် ထူထောင်ရပါတယ်။
ဝါယောကသိုဏ်း = လေကသိုဏ်း
ဝါယောကသိုဏ်းကို ပွားချင်တဲ့ပုဂ္ဂိုလ်က သစ်ပင်တွေကို တိုက်ခတ်နေတဲ့ လေကိုဖြစ်စေ, ပြတင်းပေါက်တွေက ဝင်လာတဲ့ လေကိုဖြစ်စေ အာရုံ ယူပြီးတော့ လေကသိုဏ်းကို ပွားရပါတယ်။ ကသိုဏ်းဝန်း ပေါ်လာတဲ့အခါမှာ ယင်းကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရပါတယ်။ သမာဓိက ရင့်ကျက်လာလို့ ကသိုဏ်းဝန်းကလည်း ကြည်လင်တောက် ပလာပြီဆိုလျှင် ထိုကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်ပြီးတော့ အလားတူပဲ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အဆင့်ဆင့် ရရှိအောင် ထူထောင်ရပါတယ်။
ပထဝီကသိုဏ်း, အာပေါကသိုဏ်း, တေဇောကသိုဏ်း, ဝါယောကသိုဏ်းဆိုတဲ့ ကသိုဏ်းလေးပါးကို ရှုပြီးတဲ့အခါ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း, ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း, လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း, ဩဒါတကသိုဏ်း = အဖြူရောင် ကသိုဏ်းဆိုတဲ့ ဒီအရောင်ကသိုဏ်း လေးခုကိုလည်း ဆက်လက်ပြီး ပွားများရပါတယ်။ ဒီကသိုဏ်း ရှစ်မျိုးလုံး ပွားပြီးတဲ့အချိန်အခါမှာ အာလောကကသိုဏ်းကို ဆက်ပြီး ပွားရပါတယ်။
အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း
နေရောင်ကိုဖြစ်စေ, လရောင်ကိုဖြစ်စေ, မီးရောင်ကိုဖြစ်စေ အရောင်အလင်းတစ်ခုခုကို အာရုံယူပြီးတော့ အာလောကကသိုဏ်းကို ပွားရပါတယ်။ ကသိုဏ်းဝန်း ပေါ်လာတဲ့အချိန်အခါမှာ ယင်းကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရပါတယ်။ သမာဓိက ရင့်ကျက်လာလို့ ကသိုဏ်းဝန်းကလည်း ကြည်လင်တောက်ပလာပြီဆိုလျှင် ယင်းကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ ဖြန့်ကြက်ပြီးတော့ အလားတူပဲ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အဆင့်ဆင့် ရရှိအောင် ထူထောင်ရပါတယ်။
အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း
အာကာသကသိုဏ်းကို ရှုပွားမယ့်ပုဂ္ဂိုလ်က တစ်ပေလောက် အဝန်းအဝိုင်းရှိတဲ့ ခွေကလေးတစ်ခုကိုပဲဖြစ်စေ, သပိတ်ခြေကဲ့သို့သော ခွေကလေး တစ်ခုကိုပဲဖြစ်စေ ကောင်းကင်မှာ မိုးသားတိမ်လိပ်တွေ ကင်းစင်တဲ့ဘက် သစ်ခက်သစ်ရွက်တွေ မရှိတဲ့ဘက်ကို လှည့်ထောင်ထားပြီး ဒီသပိတ်ခြေရဲ့ အတွင်းဘက်လောက်မှာ အာကာသကို မြင်အောင် ကြည့်ရပါတယ်။ သပိတ်ခြေကနေ ထိုးဖောက်ပြီး ဟိုဘက် မိုးကောင်းကင်အထိတော့ မကြည့်ရပါဘူး။ သန့်ရှင်းကြည်လင်နေတဲ့ ကောင်းကင်ဘက်ကို လှည့်ပြီး အကြည့်ခိုင်းတာကတော့ မိုးသားတိမ်လိပ်တွေက ဉာဏ်ထဲမှာ ထင်လာတတ်တဲ့သဘောရှိလို့ ပြောခြင်း ဖြစ်ပါတယ်။
ဒီအာကာသကသိုဏ်းကို ကသိုဏ်းဝန်း ဆိုက်သည့်တိုင်အောင် ရှုနိုင်ပြီ နိမိတ်ယူလို့ ရပြီဆိုလျှင်လည်း ထိုကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ရပါတယ်။ သမာဓိက ရင့်ကျက်လာလို့ ကသိုဏ်းဝန်း ကလည်း ကြည်လင်တောက်ပလာပြီဆိုလျှင် ထိုကသိုဏ်းဝန်းကို အရပ်(၁၀)မျက်နှာသို့ ဖြန့်ကြက်ပြီးတော့ အလားတူပဲ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အဆင့်ဆင့် ရရှိအောင် ထူထောင်ရပါတယ်။ ဒီလို ကသိုဏ်းဆယ်ပါးဖြင့် ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အဝါးဝ စွာ ပွားများထားပြီးတဲ့ သူတော်ကောင်းက အာကာသာနဉ္စာယတနစျာန်ကို ရှုပွားတော့မယ်ဆိုလျှင်တော့ ဘာဆက်လုပ်ရသလဲ? ဒီအာကာသာနဉ္စာယတနစျာန် ပွားဖို့ရန်အတွက် ပထဝီကသိုဏ်းကပဲ စပြီးတော့ ပြောကြရအောင် --
ပထဝီကသိုဏ်းကို အာရုံယူပြီး ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားပါ။ စတုတ္ထစျာန်သမာဓိမှာ နာရီဝက် တစ်နာရီလောက် ဝင်စားပြီးတဲ့အချိန်အခါမှာ စတုတ္ထစျာန်သမာဓိမှ ထပြီး ဆင်ခြင်ရပါမယ်။ ဘယ်လို ဆင်ခြင်ရမလဲ?
အာကာသာနဉ္စာယတနစျာန် ရရှိရေးအတွက် ဆင်ခြင်ရန်
လောကကြီးမှာ တိုင်းပြည်တစ်ပြည်နဲ့ တိုင်းပြည်တစ်ပြည် စစ်တိုက်ပွဲတွေ ဖြစ်ပွားကြတယ်။ ဘာကြောင့်လဲ? ရုပ်တရားကြီး ထင်ရှားရှိနေလို့ပဲ။ ဒီရုပ်တရားတွေသာ မရှိခဲ့လျှင် ဒီတိုက်ပွဲတွေဆိုတာ ဖြစ်ပေါ်လာနိုင်ပါမလား? မဖြစ်ပေါ်နိုင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် သတ်ကြတယ်၊ ဖြတ်ကြတယ်၊ ခုတ်ကြတယ်၊ ထစ်ကြတယ်။ ဘာကြောင့်လဲ? ဒီရုပ်တရားကြီး ထင်ရှားရှိနေလို့ပဲ။ အကယ်၍ ဒီရုပ်တရားကြီးသာ ထင်ရှားမရှိခဲ့ဘူးဆိုလျှင် ဒီလို လက်နက် အမျိုးမျိုးတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် ခုတ်တာတွေ, ရိုက်တာတွေ, သတ်တာတွေ, ဖြတ်တာတွေ ရှိနိုင်မလား? မရှိနိုင်တော့ဘူး။
မျက်စိရောဂါတွေ ဖြစ်ရတယ်၊ နားရောဂါတွေ ဖြစ်ရတယ်၊ နှာခေါင်း ရောဂါတွေ ဖြစ်ရတယ် စသည်ဖြင့် (၉၆)ပါးသော ရောဂါတွေ ထင်ရှားဖြစ်ကြရတယ်။ ဘာကြောင့် ဖြစ်ကြရသလဲ? ဒီရုပ်တရားကြီး ထင်ရှားရှိနေလို့ပဲ။ အကယ်၍ ဒီရုပ်တရားကြီးသာ ထင်ရှားမရှိခဲ့ဘူးဆိုလျှင် ဒီရောဂါတွေ ဖြစ်နိုင် မလား? မဖြစ်နိုင်တော့ဘူး။ အိမ်ရှင်ယောက်ျားတွေက အိမ်ရှင်မတွေကို ရိုက်ကြတယ်။ ဘာကြောင့် အရိုက်ခံကြရသလဲ? ဒီရုပ်တရားကြီး ထင်ရှား ရှိနေလို့ပဲ။ အကယ်၍ ဒီရုပ်တရားကြီးသာ မရှိခဲ့ဘူးဆိုလျှင် အိမ်ရှင်ယောက်ျား တွေက အိမ်ရှင်မတွေကို ရိုက်လို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ အိမ်ရှင်မတွေက လည်း အိမ်ရှင်ယောက်ျားတွေကို ဆဲကြတယ်။ ဘာကြောင့် အဆဲခံရသလဲ? ဒီရုပ်တရားကြီး ထင်ရှားရှိနေလို့ပဲ။ ဒီရုပ်တရားသာ မရှိခဲ့ဘူးဆိုလျှင် ဒီလို အဆဲခံရပါ့မလား? မခံရပါဘူး။ ဒါပေမယ့် ဘယ်လောက်ပဲဆဲဆဲ အိမ်ရှင်ယောက်ျားတွေက အိမ်ပေါ်က ဆင်းကြသလား? မဆင်းပါဘူး။ ရုပ်တရားရှိတဲ့ အတွက် ဒီလို အပြစ်ဒေါသတွေ ဖြစ်ကြရတယ်။
နောက်တစ်ခု -- မင်းဘေးမင်းဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ သုံးဆယ့်နှစ်ပါးသော ညှဉ်းပန်းနှိပ်စက်တဲ့ ကံကြမ္မာအမျိုးမျိုးတွေကို ခံစားကြရတယ်။ ဘာကြောင့် ဒီလို ခံစားကြရသလဲ? ဒီရုပ်တရားကြီး ထင်ရှားရှိနေလို့ပဲ။ အကယ်၍ ဒီရုပ်တရားကြီးသာ ထင်ရှားမရှိခဲ့ဘူးဆိုလျှင် (၃၂)ပါးသော ကံကြမ္မာတွေရဲ့ ညှဉ်းပန်းနှိပ်စက်နေတဲ့ ဒဏ်ချက်တွေ ခံစားကြရမလား? မခံရတော့ဘူး။ ဒါကြောင့် ဒီလို ရုပ်တရားတွေအပေါ်၌ လိုလားတပ်မက်တဲ့ စိတ်ထား မရှိအောင် ဆင်ခြင်တဲ့သဘာဝကို ရူပါဓိကရဏသဘောလို့ ခေါ်ပါတယ်။ ရုပ်တရား၌ ရွံရှာစက်ဆုပ်တဲ့စိတ်ထားဖြင့် ရုပ်တရားတွေမှ လွတ်မြောက်စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဘာလုပ်ရမလဲ?
ဒိဿန္တိ ခေါ ပန ရူပါဓိကရဏံ ဒဏ္ဍာဒါန-သတ္ထာဒါန-ကလဟ-ဝိဂ္ဂဟ-ဝိဝါဒ-တုဝံတုဝံ-ပေသုည-မုသာဝါဒါ။ နတ္ထိ ခေါ ပနေတံ သဗ္ဗသော အရူပေတိ။ သော ဣတိ ပဋိသင်္ခါယ ရူပါနံယေဝ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ပဋိပန္နော ဟောတိ။ (မ၊၂၊၇၃။)
ဒီပါဠိတော်ကတော့ မဇ္ဈိမပဏ္ဏာသပါဠိတော် အပဏ္ဏကသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒေသနာတော် ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ဒီလိုပါ --- ရုပ်တရား ထင်ရှားရှိခြင်းတည်းဟူသော အကြောင်း တရားကြောင့် တုတ်ကိုင်ခြင်း, လက်နက်ကိုင်ခြင်း, ခိုက်ရန်ဖြစ်ခြင်း, ဆန့်ကျင်ဘက် နေရာယူထားခြင်း, ဆန့်ကျင်ဘက် ပြောဆိုခြင်း, နင်ပဲငဆပြောဆိုခြင်း, ကုန်းချောခြင်း, မုသားပြောခြင်းတို့ဟာ လောကမှာ ထင်ရှားလာကြသည် ဖြစ်ကြတယ်။ ဒီလို တုတ်ကိုင်ခြင်းစတဲ့ လုပ်ငန်းရပ်အားလုံးကတော့ အရူပဘုံ၌ လုံးဝမရှိသာ ဖြစ်တယ် ဒီလို ဆင်ခြင်ပါ။
ဒီလို ဉာဏ်ဖြင့် ဆင်ခြင်ပြီးနောက် ရုပ်တရားတွေမှာ ငြီးငွေ့ဖို့ရန်, တပ်မက်ခြင်း ကင်းဖို့ရန်, ချုပ်ငြိမ်းဖို့ရန် ကျင့်ပါလို့ ဒီလို ဘုရားရှင်က နည်းပေး ထားတော်မူပါတယ်။ ဒီညွှန်ကြားချက်အတိုင်း ရုပ်တရားတွေရဲ့အပြစ်ကို ဆင်ခြင်ပါ။ ပြီးတော့ ငါ ရရှိထားတဲ့ ဒီစတုတ္ထစျာန်ဟာလည်း ငါ ရွံရှာစက်ဆုပ်တဲ့ ရုပ်တရားကိုပဲ အာရုံပြုနေတယ်၊ သောမနဿဝေဒနာဆိုတဲ့ နီးကပ်တဲ့ရန်သူလည်း ရှိတယ်။ ဒီလို ဆင်ခြင်ပါ။ ပြီးတော့ အာကာသာနဉ္စာယတနစျာန်လောက်လည်း မငြိမ်သက်ဘူးလို့ ဆင်ခြင်ပါ။ ပြီးတော့ ဘာလုပ်ရမလဲ?
စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ပွားထားတဲ့ ဒီပထဝီကသိုဏ်းဝန်းမှာ အာကာသကို မြင်အောင် တစ်ဖန်ပြန်ပြီး ကြည့်ရပါတယ်။ ကြည့်ပုံ ကြည့်နည်း တွေကတော့ နှစ်နည်း ရှိပါတယ်။ တစ်နည်းကတော့ အာကာသကိုပဲ တစ်ဖက်သတ် နှလုံးသွင်းတဲ့နည်းစနစ် ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းလိုက်လို့ အာကာသကြီး ပေါ်လာလျှင်လည်း လိုရင်းကိစ္စ ပြီးပါတယ်။ မပေါ်ဖြစ်နေခဲ့လျှင်တော့ ဘုန်းကြီးတို့ ပကတိသော မိမိတို့ရဲ့ လက်မောင်းပဲ ဆိုကြပါစို့၊ လက်မောင်းကို လှမ်းကြည့်လိုက်လျှင် လက်မောင်းကို တစ်ဆက်တည်းလို့ ထင်ရသော်လည်း သေသေချာချာ စိုက်ကြည့်မယ်ဆိုလျှင် မွေးညင်းပေါက်ကလေးတွေ မရှိဘူးလား? ရှိနေတယ်။
ဒီပုံစံအတိုင်းပဲ ဒီပထဝီကသိုဏ်းထဲမှာလည်း အာကာသ = အကြားအပေါက် ရှိနေတယ်လို့ ဒီလို နှလုံးသွင်းပြီးတော့ အာကာသကို တစ်ဖက်သတ် စိုက်ရှုရန် ယောဂီပုဂ္ဂိုလ်ကို သင်ပေးရပါတယ်။ ယောဂီပုဂ္ဂိုလ်ကလည်း ဒီပထဝီကသိုဏ်းရုပ်မှာ အာကာသ = အကြားအပေါက်ရှိလေရဲ့လို့ နှလုံးပိုက်ကာ အာကာသကိုပဲ တစ်ဖက်သတ် စိုက်ကြည့်ရပါတယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီကသိုဏ်းထဲမှာ အာကာသ = အကြားအပေါက်ကလေး ပေါ်လာလျှင် ပေါ်လာတဲ့ ဒီအာကာသ = အကြားအပေါက်ကိုပဲ အာကာသ အာကာသလို့ ဒီလို နှလုံးသွင်းရပါတယ်။ ဒီလို နှလုံးသွင်းလိုက်တဲ့ အချိန်အခါမှာ အာကာသ = အကြားအပေါက်က ထင်ရှားလာလျှင် အာကာသကိုပဲ ဆက်လက်ပြီး တဖြည်းဖြည်း ဖြန့်ကြက်ပြီးတော့ နှလုံးသွင်းပါ။
အာကာသက အရပ် (၁၀)မျက်နှာ တဖြည်းဖြည်း တစ်စတစ်စ ပြန့်လာ သည်နှင့် တစ်ပြိုင်နက်တည်း အာကာသဖြင့် တွေ့ထိတဲ့နေရာတိုင်းမှာ ပထဝီက ပျောက်သွားပါလိမ့်မယ်။ ပထဝီကသိုဏ်းဝန်း ပျောက်သွားပြီးတော့အာကာသ ချည်း ကျန်ရှိသွားအောင် အာကာသကိုပဲ ဆက်လက်ပြီး အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်ပေးရပါတယ်။ ဖြန့်ကြက်လိုက်တဲ့ အချိန်အခါမှာ ဘယ်နေရာကိုပဲ ကြည့်ကြည့်, ဘာကိုပဲ ကြည့်ကြည့်, ဘယ်အရပ် မျက်နှာကိုပဲ ကြည့်ကြည့် အားလုံး အာကာသ ဟင်းလင်းပြင်ကြီး ဖြစ်သွားပါလိမ့်တယ်။ ဟင်းလင်းပြင်ကြီးကလည်း အနန္တစကြဝဠာအထိ မိမိက ဉာဏ်ဖြင့် ဖြန့်ကြက် ထားတဲ့အတွက် အဆုံးအစ အပိုင်းအခြားမရှိ ဖြစ်သွားပါလိမ့်မယ်။
ထိုအဆုံးအစမရှိ အပိုင်းအခြားမရှိတဲ့ ဒီအာကာသထဲမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ အာကာသ အာကာသ သို့မဟုတ် အနန္တ အာကာသ အနန္တ အာကာသလို့ ရှုနေရပါတယ်။ ဒီလို ရှုနေခဲ့သော် ဒီအာကာသဆိုတဲ့အာရုံမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ စိတ်ဓာတ်တစ်မျိုး ပေါ်လာပါလိမ့်မယ်။ အာကာသအာရုံမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့စိတ်ကို အာကာသာနဉ္စာယတနစျာန်စိတ်လို့ု ခေါ်ပါတယ်။ အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ စျာန်စိတ်ပဲ ဖြစ်ပါတယ်။ ဒီအာကာသာနဉ္စာယတနစျာန်စိတ်နဲ့ ယှဉ်တွဲနေတဲ့ အမှတ်သညာကို အာကာသာနဉ္စာယတနသညာလို့ ခေါ်ပါတယ်။
ထိုအာကာသာနဉ္စာယတနသညာကို ရောက်ရှိအောင် ကြိုးစားလိုတဲ့ သူတော်ကောင်းက အာကာသကို တစ်ဖက်သတ် နှလုံးသွင်းနေတဲ့ အချိန် အခါမှာ ရုပ်ကို ရွံရှာစက်ဆုပ်တဲ့စိတ်ထားသာ ရှိရမှာ မဟုတ်ပါသေး၊ စတုတ္ထစျာန်သမာဓိက အာကာသာနဉ္စာယတနစျာန်သမာဓိလောက် မငြိမ်သက်ဘူး။ ဥပေက္ခာ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးချင်း တူညီသော်လည်း အာကာသာနဉ္စာယတနစျာန်စိတ်က ပိုပြီး ငြိမ်သက်တယ်လို့ ဒီလို နှလုံးပိုက်ပြီး ရုပ်ကို ရွံရှာစက်ဆုပ်တဲ့စိတ်ထား, ပိုပြီး ငြိမ်သက်နေတဲ့ အာကာသာနဉ္စာယတနစျာန်ကို လိုလားတောင့်တနေတဲ့စိတ်ထားနဲ့ ရှုကြည့်ရပါတယ်။ ဒီလို ရှုကြည့်လိုက်လို့ အာကာသကို မြင်တဲ့အခါ အာကာသကို အရပ် (၁၀)မျက်နှာ သို့ ဖြန့်ကြက်ပြီးတော့ အာကာသမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရပါတယ်။ အာကာသမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့စိတ်ကို အာကာသလျှင် တည်ရာအာရုံရှိနေတဲ့ အာကာသာနဉ္စာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ ထိုအာကာသာနဉ္စာယတနစျာန်စိတ်နဲ့ ယှဉ်တွဲနေတဲ့ အမှတ်သညာကို အာကာသာနဉ္စာယတနသညာလို့ ခေါ်ပါတယ်။ ဒီအာကာသာနဉ္စာယတနစျာန်စိတ်ကို ရောက်သွားတဲ့ အချိန်အခါမှာ ဘာဝနာစိတ်က ဘယ်လို ဖြစ်လာသလဲ?
တဿ အာကာသာနဉ္စာယတနသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၈။)
အာကာသာနဉ္စာယတနသညာယ = အာကာသာနဉ္စာယတနသညာ၌။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်၍သွားပေ၏။ ပသီဒတိ = ကြည်လင်၍သွားပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေပေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
ဘာဝနာစိတ်က ကောင်းစွာ တည်နေပါတယ်၊ စိတ်ဓာတ်က ပထဝီဆိုတဲ့ အမှတ်သညာတွေကို လွှတ်ပြီးတော့ အာကာသထဲကို ပြေးဝင်သွားတယ်။ အာကာသဆိုတဲ့အာရုံထဲမှာ စိတ်ဓာတ်ကလေးက ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်၍နေတယ်။ မကောင်းဘူးလား? ဒါယကာကြီးတွေ စိတ်ဓာတ်က ပြောင်းသွားတဲ့အတွက် သိပ် ကောင်းသွားပါတယ်။ ပြဿနာတစ်ခုခု ပေါ်လာပြီဆိုလျှင် စိတ်ဓာတ်ကို ဒီလို ချက်ချင်း ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့မယ်ဆိုလျှင် ဒါယကာကြီးတွေ ချမ်းသာ သုခ မရနိုင်ဘူးလား? ရနိုင်ပါတယ်။
ဒီချမ်းသာသုခတွေကို အကောင်းစားကြီးလို့ ဘုန်းကြီး ဆိုလိုတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကောင်းသထက်ကောင်းနေတဲ့ ချမ်းသာသုခကို ရရှိသွားရန်အတွက် လှေခါးထစ်ကလေးတွေ ဖြစ်ပါတယ်။ ဒီလှေခါးထစ်ကလေးတွေကို တစ်ထစ်ပြီးတစ်ထစ် တက်သွားဖို့တော့ မလိုဘူးလား? လိုပါ တယ်။ လှေခါးထစ်တွေကို လှမ်းခုန်တက်လိုက်လျှင်တော့ ချော်ကျချင်လည်း ကျလိမ့်မယ်၊ ကျွမ်းပြန်ကျချင်လည်း ကျလိမ့်မယ်။ ရောက်ချင်လည်း ရောက်လိမ့်မယ်။ မရောက်သော်လည်း ရှိနိုင်ပါတယ်။ ဒီပုံစံအတိုင်းပဲ တစ်ဆင့်ပြီး တစ်ဆင့် မိမိတို့ရဲ့ စိတ်ဓာတ်ကလေးကို ပြောင်းလဲပေးလိုက်တဲ့ အချိန်အခါမှာ ဒီအာကာသအာရုံထဲကို ဘာဝနာစိတ်က ငြိမ်သက်စွာ သက်ဝင်ပြီး တည်နေတယ်၊ ကြည်လင်နေတယ်၊ လွတ်လွတ် သက်ဝင်၍နေတယ်။ ဒီလို လွတ်လွတ် သက်ဝင်၍နေတဲ့အတွက် ထိုရဟန်းတော်က ဘယ်သဘောကို သိနေသလဲ?
သော ဧဝံ ပဇာနာတိ -- ယေ အဿု ဒရထာ အရညသညံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ ပထဝီသညံ ပဋိစ္စ တေဓ န သန္တိ၊ (မ၊၃၊၁၄၈။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲ ပြားပြား သိနေ၏။ အရညသညံ = တောဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍ လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤ အာကာသာနဉ္စာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍ လာကြလေ ကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအာကာသာနဉ္စာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
ထိုရဟန်းတော်က ကောင်းကောင်း သိသွားတယ်။ ဘယ်လို သိသွားသလဲ? တောဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ပူပန်မှု, ပထဝီဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ပူပန်မှုတွေ ဒီ အာကာသာနဉ္စာယတနသညာမှာ လုံးလုံး မရှိကြတော့ဘူးလို့ ကွဲကွဲပြားပြား သိသွားတယ်။ ဘယ်သညာသာ ရှိနေသလဲ? --
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- အာကာသာနဉ္စာယတနသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၈။)
အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် ကိလေသာမဖက် သက်သက်သော တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤကိလေသာမဖက် သက်သက်သော တစ်ခုတည်းသောပူပန်မှုမျှသည် သာလျှင်။ အတ္ထိ = ထင်ရှားရှိပေ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိ၍နေပေ၏။
ထိုရဟန်းတော်ဟာ ဒီလို ကျကျနန ကွဲကွဲပြားပြား သိသွားတယ်။ ပထဝီ ဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ပူပန်မှု, တောဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ပူပန်မှု, ရွာဆိုတဲ့အမှတ်သညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှုစတဲ့ ပူပန်မှုတွေ မရှိတော့ဘူး။ ပူပန်မှုတစ်ခုတော့ ရှိနေသေးတယ်၊ ဘယ်ပူပန်မှုလဲ? အာကာသာနဉ္စာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ကိလေသာမဖက် သက်သက်သော ပူပန်မှုကလေးတစ်ခုသာ ရှိနေတော့တယ်။ ဒီအာကာသလျှင် တည်ရာအာရုံရှိနေတဲ့ ဒီအမှတ်သညာကလေး ပျောက်ပျက်မသွားရေးအတွက် ကြောင့်ကြမှု ပူပန်မှုကလေး တစ်ခုသာ ထင်ရှားရှိနေတယ်လို့ ဒီလို ကွဲကွဲပြားပြား သိနေတယ်။ သိနေတဲ့ အတွက် ဒီနေရာမှာ သုညတသဘာဝတစ်ခု မြတ်စွာဘုရားက ဆက်ပြီး ဟောတော်မူပြန်တယ်။ ဘယ်လို ဆက်ပြီး ဟောတော်မူသလဲ?
သုညတနှင့် အသုညတသဘော
သော သုညမိဒံ သညာဂတံ အရညသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ ပထဝီသညာယာတိ ပဇာနာတိ။ (မ၊၃၊၁၄၈။)
သော = ထိုယောဂါဝစရရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤ အာကာသာနဉ္စာယတနသညာသည်။ အရညသညာယ = တောဟူသော အမှတ်သညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ= ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤအာကာသာနဉ္စာယတနသညာသည်။ ပထဝီသညာယ = ပထဝီဟူသောအမှတ်သညာမှ။ သုညံ = ဆိတ်သုဉ်း လျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီအာကာသာနဉ္စာယတနသညာကို လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီအာကာသာနဉ္စာယတနသညာမှာ တောဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်း နေတဲ့ သုညတသဘာဝလည်း ရှိတယ်လို့ သိနေတယ်။ ပထဝီဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝလည်း ထင်ရှားရှိတယ်လို့ သိနေတယ်။ ဆိတ်သုဉ်းနေတဲ့သဘာဝကိုလည်း ဆိတ်သုဉ်းတဲ့သဘာဝတစ်ခု အဖြစ်နဲ့ သိနေတယ်။ ဒါပေမယ့် မဆိတ်သုဉ်းတဲ့ အသုညတသဘာဝတစ်ခု ကိုလည်း ဘယ်လို သိနေသလဲ?-
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ -- အာကာသာနဉ္စာယတနသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၈။)
အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ ဣဒံ စေဝ အသုညတံ = ဤတစ်ခုတည်းသော မကင်းဆိတ်တဲ့ သဘာဝတစ်ခုသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိပေ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
အာကာသာနဉ္စာယတနစျာန်နှင့် ယှဉ်တွဲနေတဲ့ အမှတ်သညာကလေး ပျောက်ပျက်မသွားရေးအတွက် ကြောင့်ကြပူပန်မှုသဘာဝကလေးတစ်ခုသာ မဆိတ်သုဉ်းနေတဲ့ အသုညတသဘောကလေးတစ်ခုအဖြစ် ရှိနေတယ်။ တစ်နည်းပြောလျှင်တော့ အာကာသာနဉ္စာယတနအမှတ်သညာကလေးမှာ မဆိတ်သုဉ်းတဲ့သဘာဝတစ်ခုတော့ အထင်အရှား ရှိနေတယ်။ ဒီမဆိတ်သုဉ်းမှုသဘောကလေးတစ်ခုပဲ အထင်အရှား ရှိနေတယ်လို့ ကွဲကွဲပြားပြား သိနေတယ်။ ဒါကြောင့် ---
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၄၈။)
ဣတိ = ဤသို့လျှင်။ တတ္ထ = ထိုအာကာသာနဉ္စာယတနသညာ၌။ ယံ = အကြင် ပူပန်မှုသည်။ ယေန = အကြင် အကြောင်းတရားကြောင့်။ န ဟောတိ = ထင်ရှားမရှိပေ။ တေန = ထိုအကြောင်းတရားကြောင့်။ တံ = ထိုပူပန်မှုကို။ သုညံ = ကင်းဆိတ်၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် ရှု၏။ ယံ ပန = အကြင် ပူပန်မှုသည်ကား။ တတ္ထ = ထိုအာကာသာနဉ္စာယတနသညာ၌။ အဝသိဋ္ဌံ = ကြွင်းကျန်လျက်ရှိသည်။ ဟောတိ = ဖြစ်၏။ သန္တံ = ထင်ရှားရှိသော။ တံ = ထိုပူပန်မှုကို။ ဣဒံ = ဤပူပန်မှု သဘောတရားသည်။ အတ္ထီတိ = ထင်ရှားရှိ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲ ပြားပြား သိ၏။
ပူပန်မှုကလေးတစ်ခု ထင်ရှားရှိတာကိုလည်း ရှိတဲ့အတိုင်း သိနေတယ်။ မရှိတာကိုလည်း မရှိတဲ့အတိုင်း ကွဲကွဲပြားပြား သိနေတယ်။ တစ်နည်းပြောလျှင်တော့ တောဆိုတဲ့အမှတ်သညာ, ပထဝီဆိုတဲ့အမှတ်သညာတွေ မရှိတာကိုလည်း မရှိတဲ့အတိုင်း သိနေတယ်၊ အာကာသာနဉ္စာယတနသညာကလေးတစ်ခု ထင်ရှားရှိနေတာကိုလည်း ရှိတဲ့အတိုင်းပဲ ကွဲကွဲပြားပြား သိနေတယ်။ ဒီလို သိလိုက်တဲ့အတွက် ဘာဖြစ်လာသလဲ?
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၄၈။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ အဝိပလ္လတ္ထာ = ဖောက်ပြန်မှုမရှိသော (ဝါ) မဖောက်မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ ဧသာ သုညတာဝက္ကန္တိ = တောဟူသောအမှတ်သညာ, ပထဝီဟူသောအမှတ်သညာတို့၏အစွမ်းဖြင့် ဖြစ်ပေါ်လာသော ပူပန်ခြင်းမှ ကင်းဆိတ်သည်၏အဖြစ်ဟူသော ဤသုညတသဘောသို့ သက်ဝင်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍ လာပေ၏။
သုညတသဘာဝတစ်ခု ဖြစ်ပေါ်လာတယ်။ ဘယ်သဘောတွေမှ ဆိတ်သုဉ်းနေတာကို သုညတလို့ ခေါ်နိုင်သလဲ? တောဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု, ပထဝီဆိုတဲ့ အမှတ်သညာမှ ဆိတ်သုဉ်း နေတဲ့ သုညတသဘာဝတစ်ခု ထင်ရှားဖြစ်ပေါ်လာတယ်။ တစ်နည်းပြောလျှင် တော့ တောဆိုတဲ့အမှတ်သညာနှင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ပူပန်မှုမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု, ပထဝီဆိုတဲ့အမှတ်သညာနှင့် ဆက်စပ် ဖြစ်ပေါ်လာတဲ့ပူပန်မှုမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု၊ ဒီနှစ်မျိုးသော သုညတသဘာဝတွေဟာ ထင်ရှားဖြစ်ပေါ်လာကြတယ်။ ဒီသုညတ သဘာဝကတော့ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ အဝိပလ္လတ္ထာ = မဖောက်မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သောလို့ ဒီလို ဘုရားရှင်က ဂုဏ်ထူးဝိသေသနတွေနဲ့ ဟောကြားထားပါတယ်။
နည်းနည်းကလေး စဉ်းစားကြည့်ကြစမ်းပါ။ ဒီပရိသတ်ထဲမှာ ရှုနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိပါလိမ့်မည်။ အာကာသဆိုတဲ့အာရုံထဲမှာ ဘာဝနာစိတ်ကလေးက ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလို့ အာကာသာနဉ္စာယတနသညာကလေးတစ်ခု ထင်ရှားဖြစ်ပေါ်နေပြီဆိုလျှင် ထိုအချိန်အခါမှာ ရာဂ-ဒေါသ-မောဟစတဲ့ ကိလေသာအညစ်အကြေးတွေ ဝင်ရောက်ပြီး နှောင့်ယှက်ခွင့် ရှိမလား? မရှိတော့ဘူး။ မရှိတဲ့အတွက် ဒီအမှတ်သညာကလေးဟာ စင်ကြယ်သန့်ရှင်းနေတဲ့ အမှတ်သညာလို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။
ဒီသုညတသဘာဝက ဘယ်သဘောတွေမှ ဆိတ်သုဉ်းနေသလဲ? ရွာဆိုတဲ့အမှတ်သညာမှလည်း ဆိတ်သုဉ်းနေတယ်။ လူဆိုတဲ့အမှတ်သညာမှလည်း ဆိတ်သုဉ်းနေတယ်၊ တောဆိုတဲ့အမှတ်သညာမှလည်း ဆိတ်သုဉ်းနေတယ်။ ပထဝီဆိုတဲ့အမှတ်သညာမှလည်း မဆိတ်သုဉ်းဘူးလား? ဆိတ်သုဉ်းနေတယ်။ ယင်းတို့နှင့် ဆက်စပ်နေတဲ့ ပူပန်မှုတွေမှလည်း ဆိတ်သုဉ်းနေတယ်။ မဆိတ်သုဉ်းတဲ့သဘောကလေးတစ်ခုတော့ ကျန်နေတယ်။ ဘယ်သဘောက မဆိတ် သုဉ်းသလဲ? အာကာသာနဉ္စာယတနသညာဆိုတဲ့ သဘာဝကလေးတစ်ခုကတော့ မဆိတ်သုဉ်းသေးဘူး၊ အာကာသာနဉ္စာယတနသညာကို အကြောင်း ပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှုသဘာဝကလေးတစ်ခုကတော့ မဆိတ်သုဉ်း သေးဘူး။ မဆိတ်သုဉ်းသေးတဲ့အတွက် နောက်ထပ် အဆင့်မြင့်နေတဲ့ သုညတ သဘာဝတစ်ခုကို မြတ်စွာဘုရား ဆက်ပြီး ဟောတော်မူပြန်တယ်။ ဘယ်လို ဆက်ပြီး ဟောတော်မူထားသလဲ?
ဝိညာဏဉ္စာယတနသညာသို့
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ ပထဝီသညံ၊ အမနသိကရိတွာ အာကာသာနဉ္စာယတနသညံ၊ ဝိညာဏဉ္စာယတနသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၈။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ ပထဝီသညံ = ပထဝီဟူသော အမှတ်သညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ ဝိညာဏဉ္စာယတနသညံ = ဝိညာဏဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသော ဝိညာဏဉ္စာယတနသညာကို။ မနသိ ကရောတိ = နှလုံးသွင်း၏။
ပထဝီဆိုတဲ့အမှတ်သညာကိုလည်း နှလုံးမသွင်းတော့ဘူး။ အာကာသာနဉ္စာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး။ ဝိညာဏဉ္စာယတနသညာလို့ ခေါ်ဆိုအပ်တဲ့ တစ်ခုတည်းသော အမှတ်သညာကလေးကိုပဲ နှလုံးသွင်း ရှုပွားနေတယ်။ ဝိညာဏဉ္စာယတနသညာဆိုတာက ဝိညာဏ်လျှင် တည်ရာအာရုံရှိနေတဲ့ အမှတ်သညာကလေးတစ်ခုပဲ။ ဘယ်လို ရှုပွားရသလဲ?
ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ပထဝီကသိုဏ်းကို အရပ်(၁၀) မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတဲ့ အချိန်အခါမှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အစဉ်အတိုင်း ထူထောင်ပါ။ စျာန်တစ်ခုတစ်ခုမှာ အနည်းဆုံး တစ်မိနစ်ခန့်လောက်သာ ဝင်စားပါ။ ဒီလို ထူထောင်ပြီးတဲ့ အချိန်အခါမှာ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ထားပြီးတဲ့ အာကာသာနဉ္စာယတနစျာန်ကို ကူးပြီးတော့ အာကာသာနဉ္စာယတနစျာန်မှာ နာရီဝက် တစ်နာရီလောက် ဝင်စားပြီးတဲ့ အချိန်အခါမှာ ဒီအာကာသာနဉ္စာယတနစျာန်စိတ်ကလေးကို အရှုခံအာရုံအဖြစ် ထားရပါတယ်။ အာကာသာနဉ္စာယတနစျာန်စိတ်ကို အာကာသာနဉ္စာယတနဝိညာဏ်လို့လည်း ခေါ်ပါတယ်။ အာကာသာနဉ္စာယတနဝိညာဏ်နှင့် ယှဉ်တွဲနေတဲ့ အမှတ်သညာကလေးကိုတော့ အာကာသာနဉ္စာယတနသညာလို့ ခေါ်ပါတယ်။
ယောဂီပုဂ္ဂိုလ်က အာကာသာနဉ္စာယတနစျာန်မှ ဝိညာဏဉ္စာယတနစျာန်ကို ကူးချင်တယ်ဆိုလျှင်တော့ ယင်းအာကာသာနဉ္စာယတနစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် ပြန်ပြီး လေ့ကျင့်ရပါတယ်။ ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ အာကာသာနဉ္စာယတနစျာန်မှ ထကာ ဤအာကာသာနဉ္စာယတနစျာန်သည် ငါ ရွံရှာစက်ဆုပ်တဲ့ ရုပ်ကို အာရုံပြုနေတဲ့ စတုတ္ထစျာန်ဆိုတဲ့ ရန်သူနှင့်လည်း နီးကပ်တယ်၊ အထက်ဖြစ်တဲ့ ဝိညာဏဉ္စာယတနစျာန်လောက်လည်း မငြိမ်သက်ဘူးလို့ ဒီလို ဆင်ခြင်ပြီးတော့ အာကာသာနဉ္စာယတနစျာန်ကို အလိုမရှိတဲ့စိတ်ထား, ပိုပြီး ငြိမ်သက်တဲ့ ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိတဲ့စိတ်ထားနှင့် ဒီအာကာသာနဉ္စာယတနဝိညာဏ်ကလေးကို အရှုခံအာရုံထားပြီးတော့ ဝိညာဏံ ဝိညာဏံလို့ ရှုရပါတယ်။ ဒီဝိညာဏ်က အဆုံးအပိုင်းအခြားမရှိတဲ့ အာကာသ ကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့အတွက် ဒီဝိညာဏ်ကို အနန္တဝိညာဏ်လို့လည်း ခေါ်ပါတယ်။
ဒီနေရာမှာ ဝိညာဏံ ဝိညာဏံလို့ပဲ ဖြစ်စေ၊ အနန္တံ ဝိညာဏံ အနန္တံ ဝိညာဏံလို့ပဲဖြစ်စေ ဒီလို နှလုံးသွင်းနိုင်ပါတယ်။ ဝိညာဏံ ဝိညာဏံလို့ နှလုံးသွင်းပြီ ဆိုကြစို့၊ အာကာသာနဉ္စာယတနဝိညာဏ်စိတ်ကလေးကို အရှုခံ အာရုံအဖြစ် ထားပြီးတော့ ဝိညာဏံ ဝိညာဏံလို့ နှလုံးသွင်းနေပါ။ ဒီလို နှလုံးသွင်းလိုက်လျှင် ဒီအာကာသာနဉ္စာယတနဝိညာဏ်ခေါ်တဲ့ ဝိညာဏ်အာရုံမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ နောက်ထပ် စိတ်ဓာတ်သဘာဝတစ်ခု ပေါ်လာပါလိမ့်မယ်။ ဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့စိတ်ကိုတော့ ဘာခေါ်သလဲ? ဝိညာဏဉ္စာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိနေတဲ့ စျာန်စိတ်ပဲ ဖြစ်ပါတယ်။ ဒီ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိနေတဲ့ စျာန်စိတ်ကို ဝိညာဏဉ္စာယတနစျာန်စိတ်လို့ ခေါ်တယ်။ ထိုဝိညာဏဉ္စာယတနစျာန်စိတ်တွေနှင့် ယှဉ်တွဲနေတဲ့ အမှတ်သညာကိုတော့ ဝိညာဏဉ္စာယတနသညာလို့ ခေါ်ပါတယ်။ ဒီဝိညာဏ်ကို အမှတ်ရနေတဲ့ သညာကလေးတစ်ခုတော့ ထင်ရှားရှိနေပါတယ်။ ထင်ရှားရှိတဲ့အတွက် ဘာဝနာစိတ်က ဘယ်လို ဖြစ်လာသလဲ? --
တဿ ဝိညာဏဉ္စာယတနသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၈။)
ဝိညာဏဉ္စာယတနသညာယ = ဝိညာဏဉ္စာယတနသညာ၌။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်၍ သွားပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
ဝိညာဏဉ္စာယတနသညာကလေးမှာပဲ စိတ်ဓာတ်တွေက ပြေးသွား သက်ဝင်ပြီး ကောင်းစွာ တည်နေမယ်။ ဒီလို တည်နေလိုက်တော့ ဘာဖြစ်လာသလဲ?
သော ဧဝံ ပဇာနာတိ -- ယေ အဿု ဒရထာ ပထဝီသညံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ အာကာသာနဉ္စာယတနသညံ ပဋိစ္စ တေဓ န သန္တိ။ (မ၊၃၊၁၄၈-၁၄၉။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ပထဝီသညံ = ပထဝီဟူသောအမှတ်သညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍ လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤဝိညာဏဉ္စာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍ လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤဝိညာဏဉ္စာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
ထိုရဟန်းတော်ဟာ ကောင်းစွာ သိသွားပါတယ်။ ဘယ်လို သိသွားသလဲ? ဝိညာဏဉ္စာယတနသညာ၌ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင် ထိုဝိညာဏဉ္စာယတနသညာမှာ ပထဝီဆိုတဲ့အမှတ်သညာတွေလည်း မရှိတော့ဘူး၊ အာကာသာနဉ္စာယတနသညာတွေလည်း မရှိတော့ဘူး။ ဘယ်သဘောသာ ရှိနေသလဲ?
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- ဝိညာဏဉ္စာယတနသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၉။)
ယဒိဒံ ဝိညာဏဉ္စာယတနသညံ = အကြင် ဝိညာဏဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် ကိလေသာမဖက် သက်သက်သော တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤတစ်ခုတည်းသော ပူပန်မှုမျှသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိ၍နေပေ၏။
ပထဝီဆိုတဲ့အမှတ်သညာ, အာကာသဆိုတဲ့အမှတ်သညာတွေကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှုတွေ မရှိတော့ဘူး၊ ဒါပေမယ့် ပူပန်မှုတစ်ခုတော့ ရှိနေတယ်။ ဝိညာဏဉ္စာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ ဝိညာဏဉ္စာယတနသညာကလေး မပျောက်ပျက်ရေးဆိုတဲ့ ပူပန်မှုကလေး တစ်ခုတော့ ထင်ရှားရှိနေသေးတယ်။ ဒီလို ထင်ရှားရှိနေတာကို သိတဲ့အတွက် ဘာဖြစ်လာသလဲ?
သော သုညမိဒံ သညာဂတံ ပထဝီသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ အာကာသာနဉ္စာယတနသညာယာတိ ပဇာနာတိ။ (မ၊၃၊၁၄၉။)
သော = ထိုရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤဝိညာဏဉ္စာယတနသညာသည်။ ပထဝီသညာယ = ပထဝီသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤဝိညာဏဉ္စာယတနသညာသည်။ အာကာသာနဉ္စာယတနသညာယ = အာကာသာနဉ္စာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီဝိညာဏဉ္စာယတနသညာမှာ ပထဝီဆိုတဲ့အမှတ်သညာမှလည်း ဆိတ်သုဉ်းနေတဲ့ သုညတသဘောတစ်ခု ရှိတယ်။ အာကာသာနဉ္စာယတနသညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘောလည်း ထင်ရှားရှိနေတယ်ဆိုတာ သိနေတယ်။ ဒီလို သုညတသဘော ထင်ရှားရှိနေတာကို သိလိုက်တဲ့အတွက် ဘာဖြစ်သလဲ?
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ -- ဝိညာဏဉ္စာယတနသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၉။)
ဝိညာဏဉ္စာယတနသညံ = ဝိညာဏဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ ဣဒံ စေဝ အသုညတံ = ဤတစ်ခုတည်းသော ကိလေသာမဖက် သက်သက်သော ပူပန်မှုမှ မကင်းဆိတ်သော သဘာဝတစ်ခုသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိပေ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီဝိညာဏဉ္စာယတနသညာကို အစွဲပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ တစ်ခုတည်းသော အမှတ်သညာကလေးသာ မဆိတ်သုဉ်းတဲ့ သဘာဝတစ်ခုအဖြစ် ရှိနေတယ်။ ဒီမဆိတ်သုဉ်းတဲ့သဘာဝကို မဆိတ်သုဉ်းတဲ့သဘာဝတစ်ခုအဖြစ်နဲ့ သိနေတယ်။ ဆိတ်သုဉ်းနေတဲ့သဘာဝတွေကိုလည်း ဆိတ်သုဉ်းနေတဲ့ သဘာဝပဲလို့ ထင်ရှားသိနေတယ်။ ဒီလို သိနေတဲ့အသိဉာဏ်ဟာ ရှေ့ကို တိုးဖို့ရန်အတွက် အကြောင်းတစ်ခု ဖြစ်လာပါတယ်။ ဒါဟာလည်း စင်ကြယ် သန့်ရှင်းနေတဲ့ သုညတသဘောတစ်ခု ထိုရဟန်းတော်ရဲ့သန္တာန်မှာ ဟုတ်မှန်သည့်အတိုင်း ဖြစ်ပေါ်လာခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ---
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၄၉။)
ဣတိ = ဤသို့လျှင်။ တတ္ထ = ထိုဝိညာဏဉ္စာယတနသညာ၌။ ယံ = အကြင် ပူပန်မှုသည်။ ယေန = အကြင် အကြောင်းတရားကြောင့်။ န ဟောတိ = ထင်ရှားမရှိပေ။ တေန = ထိုအကြောင်းတရားကြောင့်။ တံ = ထိုပူပန်မှုကို။ သုညံ = ကင်းဆိတ်၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် ရှု၏။ ယံ ပန = အကြင် ပူပန်မှုသည်ကား။ တတ္ထ = ထိုဝိညာဏဉ္စာယတနသညာ၌။ အဝသိဋ္ဌံ = ကြွင်းကျန်လျက် ရှိသည်။ ဟောတိ = ဖြစ်၏။ သန္တံ = ထင်ရှား ရှိသော။ တံ = ထိုပူပန်မှုကို။ ဣဒံ = ဤပူပန်မှုသဘောတရားသည်။ အတ္ထီတိ = ထင်ရှားရှိ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ပူပန်မှုကလေးတစ်ခု ထင်ရှားရှိတာကိုလည်း ရှိတဲ့အတိုင်း သိနေတယ်။ မရှိတာကိုလည်း မရှိတဲ့အတိုင်း ကွဲကွဲပြားပြား သိနေတယ်။ တစ်နည်း ပြောလျှင်တော့ ပထဝီဆိုတဲ့အမှတ်သညာ, အာကာသာနဉ္စာယတနသညာတွေ မရှိတာကိုလည်း မရှိတဲ့အတိုင်း သိနေတယ်၊ ဝိညာဏဉ္စာယတနသညာ ကလေးတစ်ခု ထင်ရှားရှိနေတာကိုလည်း ရှိတဲ့အတိုင်းပဲ ကွဲကွဲပြားပြား သိနေတယ်။ ဒီလို သိလိုက်တဲ့အတွက် ဘာဖြစ်လာသလဲ?
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၄၉။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်တိုင်းမှန်သော။ အဝိပလ္လတ္ထာ = ဖောက်ပြန်မှုမရှိသော (ဝါ) မဖောက်မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ ဧသာ သုညတာဝက္ကန္တိ = ပထဝီဟူသောအမှတ်သညာ, အာကာသာနဉ္စာယတနသညာဟူသော အမှတ်သညာတို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ပူပန်ခြင်းမှ ကင်းဆိတ်သည်၏ အဖြစ်ဟူသော ဤသုညတသဘောသို့ သက်ဝင်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍လာပေ၏။
သုညတသဘာဝတစ်ခု ဖြစ်ပေါ်လာတယ်။ ဘယ်သဘောတွေမှ ဆိတ်သုဉ်းနေတာကို သုညတလို့ ခေါ်နိုင်သလဲ? ပထဝီဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတဲ့သုညတသဘာဝတစ်ခု, အာကာသာနဉ္စာယတနသညာမှ ဆိတ်သုဉ်းနေတဲ့သုညတသဘာဝတစ်ခု ထင်ရှား ဖြစ်ပေါ်လာတယ်။ တစ်နည်းပြောလျှင်တော့ ပထဝီဆိုတဲ့အမှတ်သညာနှင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ ပူပန်မှုမှ ဆိတ်သုဉ်းနေတဲ့သုညတသဘာဝတစ်ခု, အာကာသာနဉ္စာယတနသညာနှင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ ပူပန်မှုမှ ဆိတ်သုဉ်းနေတဲ့ သုညတ သဘာဝတစ်ခု၊ ဒီနှစ်မျိုးသော သုညတသဘာဝတွေဟာ ထင်ရှားဖြစ်ပေါ်လာ ကြတယ်။
ဒီနေရာမှာ ဘုန်းကြီး နည်းနည်း ဗဟုဿုတကလေးအနေနဲ့ ပြောချင်ပါတယ်။ ဘုန်းကြီးတို့ တခြားတခြား ဟိန္ဒူယောဂကျင့်စဉ်တွေကို လေ့လာခဲ့ဖူးတဲ့ အထူးသဖြင့် နိုင်ငံခြားသားတွေ တော်တော်များများ ရှိကြပါတယ်။ ဟိန္ဒူဝါဒတွေမှာ တော်တော်ကလေး လေ့လာခဲ့တော့ ဒီဟိန္ဒူဝါဒတွေမှာ ဘာရှိသလဲလို့ မေးလျှင်တော့ တချို့ဟိန္ဒူဝါဒတွေက ဒီဝိညာဏဉ္စာယတနစျာန်ကို တော်တော်ကလေး အလေးဂရု ပြုကြပါတယ်။ ဝိညာဏဉ္စာယတနစျာန်ကို အလေးဂရုပြုတဲ့အတွက် သူတို့ရဲ့ အတိတ်က ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို လှမ်းရှုလိုက်တဲ့အပိုင်းမှာလည်း ဒီဝိညာဏဉ္စာယတနစျာန်ကိုပဲ အလေးဂရု ပြုခဲ့ဖူးတဲ့ဘဝတွေက တော်တော် ခပ်များများ ရှိနေကြတယ်။ အတိတ်ဘဝတွေမှာ ဒီဝိညာဏဉ္စာယတနစျာန်ကိုပဲ အလေးဂရုပြုမှု ရှိခဲ့တဲ့အတွက် ဘာဖြစ်လာသလဲ?
ဒီဘဝမှာ ဒီဝိညာဏဉ္စာယတနစျာန် ဆိုက်အောင် သူတို့ကို သင်ပေးလိုက်တဲ့ အချိန်အခါမှာ ဒီဝိညာဏဉ္စာယတနစျာန်ဆိုတဲ့ အမှတ်သညာနဲ့ နေရတာကို သူတို့က သိပ်ပြီး ပျော်မွေ့ နှစ်ခြိုက်ကြတယ်။ ဝိညာဏဉ္စာယတန ဝိညာဏ်ကို အသာဆုံး အမြတ်ဆုံး ဝိညာဏ်တစ်ခုအဖြစ်နဲ့ သူတို့က သဘောပေါက်နေတတ်ကြပါတယ်။ ဘာကြောင့်လဲ? အတိတ်က လေ့ကျက်ခဲ့တဲ့ ပါရမီအရှိန်အဝါတွေက ဒီဘဝမှာ လာပြီး ကျေးဇူးပြုပေးနေပါတယ်။ သို့သော် ဘုန်းကြီးတို့ သာသနာတော်မှာတော့ ဒီဝိညာဏဉ္စာယတနစျာန်စိတ်က အသာဆုံး အမြတ်ဆုံး သုညတသဘာဝတစ်ခုတော့ ဟုတ်သလား? မဟုတ်သေးပါဘူး။ နောက်ထပ် သုညတသဘာဝတွေ ရှိနေပါသေးတယ်။ နောက်ထပ် သုညတသဘာဝတွေကို မြတ်စွာဘုရားက ဘယ်လို ဆက်ပြီး ဟောတော်မူထားသလဲ?
အာကိဉ္စညာယတနသညာသို့
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ အာကာသာနဉ္စာယတနသညံ၊ အမနသိကရိတွာ ဝိညာဏဉ္စာယတနသညံ၊ အာကိဉ္စညာယတနသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၉။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ ဝိညာဏဉ္စာယတနသညံ = ဝိညာဏဉ္စာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွား၍နေပေ၏။
နောက်ထပ် တစ်ဆင့်တက်ဖို့ ဟောကြားထားပါတယ်။ အာကာသာနဉ္စာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ ဝိညာဏဉ္စာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ အာကိဉ္စညာယတနသညာကို အစွဲပြုပြီး အာကိဉ္စညာယတနသညာလို့ ခေါ်ဆိုအပ်တဲ့ တစ်ခုတည်းသော အမှတ်သညာကိုပဲ နှလုံးသွင်း ရှုပွားနေတယ်။ စိတ်ဓာတ်ကို တစ်မျိုးပြောင်းပြီး နှလုံး သွင်းရတော့မယ်။ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် နှလုံးသွင်း ရမလဲ? မိမိ ရရှိထားပြီးတဲ့ ဝိညာဏဉ္စာယတနစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ၊ လေ့ကျင့်ပြီးတဲ့အခါမှာ အာကိဉ္စညာယတနစျာန်ကို ကူးနိုင်ပါတယ်။ နှလုံးသွင်းနည်းစနစ်ကတော့ ဒီလိုပါ --
ဘုန်းကြီးတို့ အဘိဓမ္မာမှာ စည်းကမ်းကလေးတစ်ခု ရှိပါတယ်။ စိတ်တို့ မည်သည်မှာ စိတ္တက္ခဏတစ်ခုအတွင်းမှာ နှစ်ခု ပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိပါဘူး။ စိတ္တက္ခဏတစ်ခုအတွင်းမှာ စိတ်နှင့် စေတသိက်တရားတွေ ထိုက်သလို ယှဉ်တွဲပြီး ဖြစ်တာတော့ မှန်ပါတယ်။ သို့သော် စိတ္တက္ခဏတစ်ခုပြီးမှ နောက်ထပ် စိတ္တက္ခဏတစ်ခု ဖြစ်တယ်။ နောက်ထပ် စိတ္တက္ခဏတစ်ခုပြီးမှ နောက်ထပ် စိတ္တက္ခဏတစ်မျိုး ထပ်ပြီးတော့ ဖြစ်ပြန်တယ်။ ဒါကြောင့် စိတ်တို့မည်သည်မှာ နှစ်ခု ပြိုင်တူ ဖြစ်နိုင်တဲ့စွမ်းအား မရှိပါဘူး။ ဒါကလေးကိုတော့ သဘောပေါက်ထားဖို့ လိုပါတယ်။
ဒီပထဝီကသိုဏ်းကို အခြေတည်ပြီး စတုတ္ထစျာန်သမာဓိ ဆိုက်အောင် သမာဓိထူထောင်ပြီးမှ အာကာသာနဉ္စာယတနစျာန်ကို ကူးလာခဲ့တယ်။ ဒီ အာကာသာနဉ္စာယတနစျာန်စိတ်ကို အရှုခံအာရုံထားပြီးတော့ ဝိညာဏဉ္စာယတနစျာန်ကို ကူးလိုက်တယ်။ ကူးလိုက်တဲ့အချိန်အခါမှာ ဝိညာဏဉ္စာယတနစျာန်စိတ်ရဲ့ အရှုခံအာရုံက အာကာသာနဉ္စာယတနစျာန်စိတ် ဖြစ်နေပါတယ်။ အာကာသာနဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားဖြစ်နေတဲ့ အချိန်အခါမှာ ဝိညာဏဉ္စာယတနစျာန်စိတ်သည် ဖြစ်ခွင့် မရသေးပါဘူး။ ဝိညာဏဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ဆက်တိုက် ဖြစ်ပေါ်နေတဲ့ အချိန်အခါမှာလည်း အာကာသာနဉ္စာယတနစျာန်စိတ်သည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့ပါဘူး။ ဒီထင်ရှားမရှိတဲ့သဘာဝကလေးကို လှမ်းပြီး အာရုံယူရပါတယ်။
အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ ထင်ရှားမရှိမှုသဘောက ဘယ်အခါမှာ မရှိတော့တာလဲ? ဝိညာဏဉ္စာယတနစျာန်စိတ်တွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ ထင်ရှားမရှိမှုသဘော ဖြစ်ပါတယ်။ အာကာသာနဉ္စာယတနစျာန်စိတ်ကလေးရဲ့ ထင်ရှားမရှိတဲ့ ဒီသဘာဝကို အာရုံယူ ပြီးတော့ နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိ ဆိုပြီး ဒီလို ရှုရပါတယ်။ ဒီလို နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိ လို့ ရှုလိုက်တဲ့အချိန်အခါမှာ ဒီအာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘာဝအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့စိတ်တစ်မျိုး ပေါ်လာပါလိမ့်မယ်။ ဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့စိတ်ကို အာကိဉ္စညာယတနစျာန်စိတ်လို့ ခေါ်ပါတယ်။ ထို အာကိဉ္စညာယတနစျာန်စိတ်နဲ့ ယှဉ်တွဲနေတဲ့သညာကို အာကိဉ္စညာယတနသညာလို့ ခေါ်တယ်။ ဒီအာကိဉ္စညာယတနသညာသို့ ဆိုက်အောင် ပွားနိုင်တဲ့ သူတော်ကောင်း ဖြစ်ပြီဆိုလျှင် ထိုရဟန်းတော်ရဲ့စိတ်ဓာတ်သည် ဘယ်လို ဖြစ်နေမလဲ?
တဿ အာကိဉ္စညာယတနသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၉။)
အာကိဉ္စညာယတနသညာယ = အာကိဉ္စညာယတနသညာ၌။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးသွားသက်ဝင်၍ နေပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
အာကိဉ္စညာယတနသညာထဲမှာ ထိုရဟန်းတော်ရဲ့စိတ်ဓာတ်က ပြေးသွားသက်ဝင်နေတယ်၊ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်နေတယ်။ အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ မရှိမှုသဘာဝအာရုံမှာ ပြေးဝင်သွားတယ်။ ပြေးဝင်ပြီးတော့ ဒီအာရုံထဲမှာပဲ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်ပြီးနေတယ်။ ထိုရဟန်းတော်ရဲ့စိတ်ဓာတ်ကို တစ်ဖန်ပြောင်းပေးလိုက်တဲ့အတွက် စိတ်ဓာတ်က အာရုံတစ်မျိုး ပြောင်းမသွားဘူးလား? ပြောင်းသွားပါတယ်။
ဒီလို အာရုံတစ်မျိုး ပြောင်းသွားလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်ရဲ့စိတ်ဓာတ်က အာကာသာနဉ္စာယတနစျာန်စိတ်ရဲ့ နတ္ထိဘောပညတ်ဆိုတဲ့ မရှိမှုသဘာဝအပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ထိုရဟန်းတော်က နတ္ထိ ကိဉ္စိ နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိ ဒီလို ရှုနေရပါတယ်။ ဒီလို ရှုလိုက်လို့ ဒီအာကာသာနဉ္စာယတနဝိညာဏ်ရဲ့ မရှိမှုသဘာဝ၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလျှင် အာကိဉ္စညာယတနစျာန်ကို ဆိုက်သွားပါတယ်။ အာကိဉ္စညာယတနစျာန်ကို ဆိုက်သွားတဲ့ ယောဂီပုဂ္ဂိုလ်က ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ ဒီလို လေ့ကျင့်နိုင်တဲ့ စွမ်းအင်ရှိနေတဲ့ သူတော်ကောင်းတစ်ဦးရဲ့ သန္တာန်မှာ ဘယ်လို အသိဉာဏ်တွေ ပေါ်လာမလဲ?
သော ဧဝံ ပဇာနာတိ -- ယေ အဿု ဒရထာ အာကာသာနဉ္စာယတနသညံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ ဝိညာဏဉ္စာယတနသညံ ပဋိစ္စ တေဓ န သန္တိ၊ အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- အာကိဉ္စညာယတနသညံ ပဋိစ္စ ဧကတ္တန္တိ။ (မ၊၃၊၁၄၉။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ အာကာသာနဉ္စာယတနသညံ = အာကာသာနဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍လာကြပေကုန်၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအာကိဉ္စညာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ ဝိညာဏဉ္စာယတနသညံ = ဝိညာဏဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအာကိဉ္စညာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤတစ်ခုတည်းသော ကိလေသာမဖက် သက်သက်သော ပူပန်မှုမျှသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိ၍နေပေ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီရဟန်းတော်ရဲ့စိတ်ဓာတ်က အာကိဉ္စညာယတနသညာထဲမှာ လွတ်လွတ်ကြီး သက်ဝင်ပြီး တည်နေတယ်။ ဒီလို တည်နေတဲ့အတွက် ထိုအာကိဉ္စညာယတနသညာ ထင်ရှားဖြစ်ပေါ်နေတဲ့ အချိန်အခါမှာ ထိုရဟန်းတော်ရဲ့ သန္တာန်မှာ အာကာသာနဉ္စာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ ပူပန်မှု, ဝိညာဏဉ္စာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ပူပန်မှု၊ ဒီပူပန်မှုတွေလည်း ဘာမျှ မရှိတော့ဘူး၊ အာကိဉ္စညာယတနသညာကို အစွဲပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ကိလေသာမဖက် သက်သက်သော တစ်ခုတည်းသော ပူပန်မှုကလေးပဲ ရှိနေတယ်လို့ ဒီလို ကွဲကွဲပြားပြား သိနေတယ်။ ဒါကြောင့် --
သော သုညမိဒံ သညာဂတံ အာကာသာနဉ္စာယတနသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ ဝိညာဏဉ္စာယတနသညာယာတိ ပဇာနာတိ။ (မ၊၃၊၁၄၉။)
သော = ထိုရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤအာကိဉ္စညာယတနသညာသည်။ အာကာသာနဉ္စာယတနသညာယ = အာကာသာနဉ္စာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤအာကိဉ္စညာယတနသညာသည်။ ဝိညာဏဉ္စာယတနသညာယ = ဝိညာဏဉ္စာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီအာကိဉ္စညာယတနသညာဟာ အာကာသာနဉ္စာယတနသညာမှလည်း ဆိတ်သုဉ်းနေတယ်။ ဝိညာဏဉ္စာယတနသညာမှလည်း ဆိတ်သုဉ်းနေတယ်လို့ ဒီလို ကွဲကွဲပြားပြား သိနေတယ်။ တစ်နည်းပြောရလျှင်တော့ အာကာသာနဉ္စာယတနသညာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပူပန်မှု, ဝိညာဏဉ္စာယတနသညာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပူပန်မှု၊ ဒီပူပန်မှုတွေမှလည်း ဆိတ်သုဉ်းနေတယ်လို့ ကွဲကွဲပြားပြား သိနေတယ်။ သုညတသဘောနှစ်ခု တိုးပြီး သိသွားပါတယ်။ ဒီလိုဆိုလျှင် ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ ရွာဆိုတဲ့အမှတ်သညာ, လူဆိုတဲ့အမှတ်သညာ, တောဆိုတဲ့အမှတ်သညာ, ပထဝီဆိုတဲ့အမှတ်သညာတွေကတော့ မဆိတ်သုဉ်းဘူးလားလို့ မေးလျှင်တော့ ဆိတ်သုဉ်းနေပါတယ်။ ပြောနေဖို့တောင် မလိုတော့ပါဘူး။ ဒီသုညတသဘောတွေ ထင်ရှားရှိနေတာကိုလည်း ရှိတယ်လို့ သိနေတယ်။
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ အာကိဉ္စညာယတနသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၉။)
အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ ဣဒံ စေဝ အသုညတံ = ဤတစ်ခုတည်းသော မကင်းဆိတ်တဲ့ သဘာဝတစ်ခုသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိပေ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
အာကိဉ္စညာယတနစျာန်နှင့် ယှဉ်တွဲနေတဲ့ အမှတ်သညာကလေး ပျောက်ပျက်မသွားရေးအတွက် ကြောင့်ကြပူပန်မှုသဘာဝကလေးတစ်ခုသာ မဆိတ်သုဉ်းနေတဲ့ အသုညတသဘောကလေးတစ်ခုအဖြစ် ရှိနေတယ်။ တစ်နည်းပြောလျှင်တော့ အာကိဉ္စညာယတနအမှတ်သညာကလေးမှာ မဆိတ်သုဉ်းတဲ့သဘာဝတစ်ခုတော့ အထင်အရှား ရှိနေတယ်။ ဒီမဆိတ်သုဉ်းမှုသဘောကလေးတစ်ခုပဲ အထင်အရှား ရှိနေတယ်လို့ ကွဲကွဲပြားပြား သိနေတယ်။ ဒါကြောင့် ---
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၄၉။)
ဣတိ = ဤသို့လျှင်။ တတ္ထ = ထိုအာကိဉ္စညာယတနသညာ၌။ ယံ = အကြင် ပူပန်မှုသည်။ ယေန = အကြင် အကြောင်းတရားကြောင့်။ န ဟောတိ = ထင်ရှားမရှိပေ။ တေန = ထိုအကြောင်းတရားကြောင့်။ တံ = ထိုပူပန်မှုကို။ သုညံ = ကင်းဆိတ်၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် ရှု၏။ ယံ ပန = အကြင် ပူပန်မှုသည်ကား။ တတ္ထ = ထိုအာကိဉ္စညာယတနသညာ၌။ အဝသိဋ္ဌံ = ကြွင်းကျန်လျက် ရှိသည်။ ဟောတိ = ဖြစ်၏။ သန္တံ = ထင်ရှား ရှိသော။ တံ = ထိုပူပန်မှုကို။ ဣဒံ = ဤပူပန်မှုသဘောတရားသည်။ အတ္ထီတိ = ထင်ရှားရှိ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ပူပန်မှုကလေးတစ်ခု ထင်ရှားရှိတာကိုလည်း ရှိတဲ့အတိုင်း သိနေတယ်။ မရှိတာကိုလည်း မရှိတဲ့အတိုင်း ကွဲကွဲပြားပြား သိနေတယ်။ တစ်နည်းပြောလျှင်တော့ အာကာသာနဉ္စာယတနသညာ, ဝိညာဏဉ္စာယတနသညာတွေ မရှိတာကိုလည်း မရှိတဲ့အတိုင်း သိနေတယ်၊ အာကိဉ္စညာယတနသညာကလေးတစ်ခု ထင်ရှားရှိနေတာကိုလည်း ရှိတဲ့အတိုင်းပဲ ကွဲကွဲပြားပြား သိနေတယ်။ ဒီလို သိလိုက်တဲ့အတွက် ဘာဖြစ်လာသလဲ?
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၄၉။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာသော။ အဝိပလ္လတ္ထာ = ဖောက်ပြန်မှုမရှိသော။ (ဝါ) မဖောက်မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ ဧသာ သုညတာဝက္ကန္တိ = အာကာသာနဉ္စာယတနသညာ, ဝိညာဏဉ္စာယတနသညာဟူသော အမှတ်သညာတို့၏အစွမ်းဖြင့် ဖြစ်ပေါ်လာသော ပူပန်ခြင်းမှ ကင်းဆိတ်သည်၏အဖြစ်ဟူသော ဤသုညတ သဘောသို့ သက်ဝင်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍လာပေ၏။
သုညတသဘာဝတစ်ခု ဖြစ်ပေါ်လာတယ်။ ဘယ်သဘောတွေမှ ဆိတ်သုဉ်းနေတာကို သုညတလို့ ခေါ်နိုင်သလဲ? အာကာသာနဉ္စာယတနသညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု, ဝိညာဏဉ္စာယတနသညာမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု ထင်ရှားဖြစ်ပေါ်လာတယ်။ တစ်နည်း ပြောလျှင်တော့ အာကာသာနဉ္စာယတနသညာနှင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ ပူပန်မှုမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု, ဝိညာဏဉ္စာယတနသညာနှင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ ပူပန်မှုမှ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝ တစ်ခု၊ ဒီနှစ်မျိုးသော သုညတသဘာဝတွေဟာ ထင်ရှား ဖြစ်ပေါ်လာကြတယ်။
ဒါပေမယ့် မဆိတ်သုဉ်းနေတဲ့ သဘာဝတစ်ခု သူ့သန္တာန်မှာတော့ ရှိနေတယ်။ ဘယ်သဘောက မဆိတ်သုဉ်းသလဲ? အာကိဉ္စညာယတနသညာဆိုတဲ့ သဘာဝကလေးတစ်ခုကတော့ မဆိတ်သုဉ်းသေးဘူး။ အာကိဉ္စညာယတနသညာကို အစွဲပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ပူပန်မှုဆိုတဲ့ သဘာဝကလေး တစ်ခုကတော့ မဆိတ်သုဉ်းသေးဘူး။ ကြွင်းကျန်နေသေးတဲ့ ဒီမဆိတ်သုဉ်းမှု သဘာဝကိုလည်း မဆိတ်သုဉ်းဘူးလို့တော့ ထင်ထင်ရှားရှား သိနေတယ်။ ထင်ရှားရှိတာကို ထင်ရှားရှိတဲ့အတိုင်း သိနေတယ်။ ဒါကလည်း ထိုရဟန်းတော်ရဲ့သန္တာန်မှာ ဟုတ်မှန်သည့်အတိုင်း ဖြစ်ပေါ်လာတဲ့ စင်ကြယ်သန့်ရှင်း နေတဲ့ သုညတသဘောတစ်ခု ဖြစ်ပါတယ်။ ဒီလောက်တင်လားဆိုတော့ မကသေးပါဘူး။ နောက်ထပ် အဆင့်မြင့်နေတဲ့ သုညတသဘာဝ တစ်ခုကို မြတ်စွာဘုရားက ဆက်ပြီး ဟောတော်မူပြန်တယ်။
နေဝသညာနာသညာယတနသညာသို့
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ ဝိညာဏဉ္စာယတနသညံ၊ အမနသိကရိတွာ အာကိဉ္စညာယတနသညံ၊ နေဝသညာနာသညာယတနသညံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၄၉။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ ဝိညာဏဉ္စာယတနသညံ = ဝိညာဏဉ္စာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ အမနသိကရိတွာ = နှလုံး မသွင်းမူ၍။ နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွား၍နေပေ၏။
စိတ်ဓာတ်ကလေးကို တစ်ဆင့်တက်ပြီး ပြောင်းပေးပြန်ပါတယ်။ ဘယ်လို ပြုပြင်ပြောင်းလဲလိုက်သလဲ? ဝိညာဏဉ္စာယတနသညာကိုလည်း နှလုံးမသွင်း တော့ဘူး၊ အာကိဉ္စညာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ နေဝသညာနာသညာယတနသညာကလေးတစ်ခုကိုပဲ နှလုံးသွင်းနေတယ်။ဘယ်လို အာရုံပြောင်းပြီး နှလုံးသွင်းရမလဲ?
ရှေးဦးစွာ အာကိဉ္စညာယတနသညာကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရပါတယ်။ ဝသီဘော် နိုင်နင်းပြီးတဲ့အခါ နေဝသညာနာသညာယတနစျာန်ကို ကူးချင်တယ်ဆိုလျှင် ပထဝီကသိုဏ်းဝန်းကို အာရုံယူပြီး စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ပုံစံတူပဲ ထူထောင်ပါ၊ အာကာသာနဉ္စာယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန်တွေကို အစဉ်အတိုင်း ဝင်စားပါ။ အာကိဉ္စညာယတနစျာန်မှာ နာရီဝက် တစ်နာရီ လောက် ဝင်စားပြီးတဲ့အချိန်အခါမှာ ထိုစျာန်မှ ထပြီးတော့ ဤအာကိဉ္စညာယတနစျာန်သည် ဝိညာဏဉ္စာယတနစျာန်ဆိုတဲ့ နီးကပ်တဲ့ရန်သူ ရှိတယ်။ အထက်ဖြစ်တဲ့ နေဝသညာနာသညာယတနစျာန်လောက်လည်း မငြိမ်သက်ဘူးလို့ ဆင်ခြင်ပြီးတဲ့အခါ ပိုပြီး ငြိမ်သက်နေတဲ့ နေဝသညာနာသညာယတနစျာန်ကို လိုလားတောင့်တနေတဲ့စိတ်ဓာတ်ဖြင့် အာကိဉ္စညာယတနစျာန်ကို အရှုခံအာရုံထားပြီးတော့ သမာဓိကို ဆက်လက် ထူထောင်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ စျာန်အင်္ဂါတွေကတော့ ဥပေက္ခာ-ဧကဂ္ဂတာချည်း ဖြစ်တဲ့ အတွက် ရုန့်ရင်းကြမ်းတမ်းတယ်ပြောလို့တော့ မရပါဘူး။ သို့သော် အာကာသာနဉ္စာယတနစျာန်ထက် ဝိညာဏဉ္စာယတနစျာန်က ပိုပြီးတော့ ငြိမ်သက် ပါတယ်။ ဝိညာဏဉ္စာယတနစျာန်ထက် အာကိဉ္စညာယတနစျာန်က ပိုပြီးတော့ ငြိမ်သက်ပါတယ်။ အာကိဉ္စညာယတနစျာန်က ဝိညာဏဉ္စာယတနစျာန်နဲ့ နီးကပ်နေပါတယ်။ အချိန်မရွေး ပြန်ပြီး လျှောကျသွားနိုင်တယ်။ ဒါကြောင့် ပိုပြီး ငြိမ်သက်နေတဲ့ နေဝသညာနာသညာယတနစျာန်ကို လိုလား တောင့်တနေတဲ့စိတ်ဓာတ်ဖြင့် ဘာလုပ်ရမလဲ? အာကိဉ္စညာယတနစျာန်စိတ်ကလေးကို အရှုခံအာရုံထားပြီးတော့ ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏လို့ ဒီလို ရှုနေရပါတယ်။
ဒီလို ရှုတဲ့အပိုင်းမှာ အာကိဉ္စညာယတနစျာန်စိတ်ကိုပဲ ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏လို့ ရှုနေတဲ့အတွက် အာကိဉ္စညာယတနစျာန်အပေါ်မှာ နှစ်သက်မှု မြတ်နိုးမှုတွေ မဖြစ်နိုင်ဘူးလားလို့ ဒီလိုတော့ မေးစရာ ရှိနေပါတယ်။ ဒီအချက်နှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာများက ဥပမာကလေးတစ်ခုနဲ့ ရှင်းပြထားပါတယ်။
ရှင်ဘုရင်တစ်ပါးဟာ တိုင်းခန်းလှည့်လည်ပြီ ဆိုကြစို့၊ မိမိရဲ့ တိုင်းနိုင်ငံ အတွင်းကို လှည့်လည် ကြည့်ရှုလိုက်တဲ့ အချိန်အခါမှာ တစ်နေရာရောက်တော့ ဆင်စွယ်ပွတ်သမားတွေရဲ့ လက်ရာပြောင်မြောက်နေတဲ့ ဆင်စွယ်ရုပ်ကလေးတွေ ထုလုပ်နေတာ သွားတွေ့ပါတယ်။ တွေ့လိုက်တဲ့အချိန်အခါမှာ ဒီဆင်စွယ်ရုပ်ကလေးတွေရဲ့ လက်ရာမြောက်မှုကို ကြည့်ပြီးတော့ စိတ်ထဲမှာ တော်တော်ကလေး သဘောကျသွားတယ်။ ဆင်စွယ်ပွတ်သမားတွေကိုလည်း တော်တော်ကလေး သဘောကျသွားပါတယ်။ ဒီလို သဘောကျခြင်းသည် ရှင်ဘုရင်ကိုယ်တိုင် ဆင်စွယ်ပွတ်သမား ဖြစ်ချင်တာမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ လက်ရာကလေးတွေကို ကြည့်ပြီး လက်ရာကောင်းတဲ့အတွက် ဆင်စွယ်ပွတ်သမားတွေကို သဘောကျခြင်းမျှသာ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ? ရှင်ဘုရင်ဟာ ဆင်စွယ်ရုပ်ကလေးတွေကို ကြည့်ပြီးတော့ သူ့နန်းတော်ကို တစ်ဖန်ပြန်သွားပါတယ်၊ ဆင်စွယ်ပွတ်သမားအဖြစ် သူကိုယ်တိုင် ဖြစ်ချင်တာမျိုးတော့ မဟုတ်ပါဘူး။
ဒီပုံစံအတိုင်းပဲ ပိုပြီး ငြိမ်သက်နေတဲ့ နေဝသညာနာသညာယတနစျာန်ကို လိုချင်တဲ့စိတ်ဓာတ်ဖြင့်သာလျှင် ဒီအာကိဉ္စညာယတနစျာန်စိတ်ကို ချီးမွမ်းနေခြင်း ဖြစ်ပါတယ်။ အာကိဉ္စညာယတနစျာန်စိတ်ကို ဒီလို ချီးမွမ်းပါမှလည်း နေဝသညာနာသညာယတနစျာန်စိတ်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် နေဝသညာနာသညာယတနစျာန်စိတ်ကို လိုလားတောင့်တတဲ့စိတ်ဓာတ်ဖြင့် ချီးမွမ်းခြင်း ဖြစ်တဲ့အတွက် အပြစ်မဖြစ်ပါဘူး။ ဒီနေဝသညာနာသညာယတနစျာန်စိတ်ရဲ့ အရှုခံအာရုံက အာကိဉ္စညာယတနစျာန်စိတ် ဖြစ်ပါတယ်။ အာကိဉ္စညာယတနစျာန်စိတ်ကို နာရီဝက် တစ်နာရီလောက် ဝင်စားပြီးတဲ့ အချိန်အခါမှာ ထိုအာကိဉ္စညာယတနစျာန်စိတ်မှ ထပြီးတော့ ဒီအာကိဉ္စညာယတနစျာန်စိတ်ကို အရှုခံအာရုံထားပြီး ဧတံ သန္တံ ဧတံ ပဏီတံ = ဤ ဝိညာဏ်သည် ငြိမ်သက်၏, ဤဝိညာဏ်သည် မွန်မြတ်၏ ဒီလို ရှုနေရ ပါတယ်။
ဒီလို ရှုနေတဲ့အချိန်အခါမှာ အာကိဉ္စညာယတနစျာန်စိတ်အာရုံအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ စိတ်တစ်မျိုး ဖြစ်ပေါ်လာပါလိမ့်မယ်။ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ ဒီစိတ်က နေဝသညာနာသညာယတနစျာန်စိတ် ဖြစ်ပါတယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့သညာတော့ မရှိပါဘူး၊ အလွန့်အလွန် သိမ်မွေ့နူးညံ့နေတဲ့သညာသာ ရှိနေခြင်းကြောင့် သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သောစျာန်စိတ်လို့ ဒီလို ခေါ်ပါတယ်။ သညာတင်လား ဆိုတော့ မဟုတ်ပါဘူး။ သညာကို ဦးတည်ပြီးတော့ ဒေသနာတော်ကို ဘုရားရှင်က ဟောတော်မူခြင်းသာ ဖြစ်ပါတယ်။ ဒီနေဝသညာနာသညာယတနစျာန်စိတ်နှင့် ယှဉ်တွဲ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက် အားလုံး (၃၁)လုံးလောက် ရှိပါတယ်။ ဒီစိတ်စေတသိက် အကုန်လုံးဟာ သိမ်မွေ့နူးညံ့ကြပါ တယ်။ (ဝိသုဒ္ဓိ၊၁၊၃၃၁။)
ဘယ်လောက်အထိ သိမ်မွေ့နူးညံ့ကြသလဲ? အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ ဉာဏ်ပညာ ကြီးမားတော်မူတဲ့ သူတော်ကောင်းပင် ဖြစ်သော်လည်း ဒီနေဝသညာနာသညာယတနစျာန်စိတ်နှင့် ယှဉ်တွဲ ဖြစ်ပေါ် နေတဲ့ ဒီစိတ်စေတသိက် (၃၁)လုံးကို တစ်လုံးစီ တစ်လုံးစီ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် မစွမ်းနိုင်ပါဘူး။ သဗ္ဗညု သမ္မာသမ္ဗုဒ္ဓဘုရားရှင်တစ်ဆူသာလျှင် အနုပဒဓမ္မဝိပဿနာနည်းလို့ ခေါ်ဆိုအပ်တဲ့ နည်းစနစ်ဖြင့် ဒီစိတ်စေတသိက်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ ရှုပွားသုံးသပ်မည်ဆိုလျှင် သုံးသပ်နိုင်တယ်လို့ ဒီလို အဋ္ဌကထာများမှာ ရှင်းပြထားပါတယ်။ (မ၊ဋ္ဌ၊၄၊၆၁။)
ဒီလောက်အထိ နူးညံ့သိမ်မွေ့နေတဲ့ ဒီနေဝသညာနာသညာယတနစျာန်သို့ ဆိုက်ပြီဆိုလျှင်လည်း ထိုနေဝသညာနာသညာယတနစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင်တော့ လေ့ကျင့်ရပါတယ်။ ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ထိုရဟန်းတော်၏ စိတ်ဓာတ်သည် ဘယ်လို ဖြစ်လာသလဲ?
တဿ နေဝသညာနာသညာယတနသညာယ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၄၉။)
နေဝသညာနာသညာယတနသညာယ = နေဝသညာနာသညာယတန သညာ၌။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်၍သွားပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေပေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
အလွန့်အလွန် သိမ်မွေ့နူးညံ့နေတဲ့ ဒီနေဝသညာနာသညာယတနသညာမှာ ထိုရဟန်းတော်ရဲ့စိတ်ဓာတ်က ပြေးဝင်ပြီးတော့ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ သက်ဝင်၍ နေတယ်။ ဒီလို သက်ဝင်၍ နေလိုက်တော့ ဘာဝနာစိတ်က ဘယ်လို ဖြစ်လာသလဲ?
သော ဧဝံ ပဇာနာတိ -- ယေ အဿု ဒရထာ ဝိညာဏဉ္စာယတနသညံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ အာကိဉ္စညာယတနသညံ ပဋိစ္စ တေဓ န သန္တိ၊ (မ၊၃၊၁၄၉။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲ ပြားပြား သိ၏။ ဝိညာဏဉ္စာယတနသညံ = ဝိညာဏဉ္စာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု =ထင်ရှား ဖြစ်ပေါ်၍ လာကြလေကုန်၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤနေဝသညာနာသညာယတနသညာ၌။ န သန္တိ = ထင်ရှား မရှိကြလေကုန်။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍ လာကြ လေကုန်၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤနေဝသညာနာသညာယတနသညာ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
ဝိညာဏဉ္စာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ပူပန်မှု, အာကိဉ္စညာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ပူပန်မှုတွေ လုံးဝ ငြိမ်းသွားတယ်။ ဒါတင်လားဆိုတော့ မကသေးပါဘူး။ ဟိုရှေ့မှာ ဘုန်းကြီး ပြောခဲ့ တဲ့ ရွာဆိုတဲ့အမှတ်သညာ, လူဆိုတဲ့အမှတ်သညာ, တောဆိုတဲ့အမှတ်သညာ, ပထဝီဆိုတဲ့အမှတ်သညာ, အာကာသဆိုတဲ့အမှတ်သညာ, အာကာသာနဉ္စာယတနဝိညာဏ်လို့ ခေါ်ဆိုအပ်တဲ့ အမှတ်သညာစတဲ့ ဒီသညာတွေလည်း အကုန်လုံး ငြိမ်းနေပါတယ်။ စိတ်ဓာတ်ကလေးက အာကိဉ္စညာယတနစျာန်စိတ်ဆိုတဲ့ ဒီအာရုံတစ်ခုတည်းပေါ်မှာသာ အလွန့်အလွန် နူးညံ့သိမ်မွေ့စွာဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတယ်။ တည်နေတဲ့အတွက် ---
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- နေဝသညာနာသညာယတနသညံ ပဋိစ္စ ဧကတ္တန္တိ။ (မ၊၃၊၁၄၉။)
နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် ကိလေသာမဖက် သက်သက်သော တစ်ခုတည်းသောပူပန်မှုသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤတစ်ခုတည်းသော ပူပန်မှုမျှသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိ၍နေပေ၏။
ဒီနေဝသညာနာသညာယတနစျာန်စိတ်ကလေး လျှောမကျရေးအတွက် တစ်ခုတည်းသော ပူပန်မှုကလေးသာ ရှိတော့တယ်။ ဘာပူပန်မှုမှ မရှိတော့ဘူး။ ဘယ့်နှယ်တုံး ဒါယကာကြီး ဒါယိကာမကြီးတွေ အိမ်အတွက်ပူပန်မှု, သားအတွက်ပူပန်မှု, သမီးအတွက်ပူပန်မှု, ပစ္စည်းအတွက်ပူပန်မှု, အဘိုးကြီး အတွက်ပူပန်မှု, အဘွားကြီးအတွက်ပူပန်မှုတွေ ရှိဦးမလား? မရှိတော့ဘူး။ မကောင်းဘူးလား? ကောင်းတော့ ကောင်းတယ်ဘုရား၊ ဒါပေမယ့်ဆိုတဲ့ ကွက်လပ်ကလေးထဲ ပြေးပြေးပြီး မဝင်ကြဘူးလား? ဝင်ကြတယ်။ ဒီလို ကွက်လပ်ထဲ ပြေးပြေးပြီး ဝင်နေလျှင်တော့ စိတ်ဓာတ်ကို နိုင်နင်းအောင် လေ့ကျင့်ရာမှာ အခက်အခဲတွေ များစွာ ရှိနိုင်ပါတယ်။ စိတ်ဓာတ်ကို ဒီလို နိုင်နင်းအောင် လေ့ကျင့်နိုင်တဲ့အတွက် ဒီအဆင့်အထိ ရောက်သွားတဲ့ပုဂ္ဂိုလ်တွေမှာ ဘာအကျိုးရှိသလဲလို့ မေးစရာတော့ ရှိပါတယ်။ ဘုန်းကြီး ဒီနေရာမှာ ကြားဖြတ်အနေနဲ့ နည်းနည်းလောက်တော့ ပြောချင်ပါတယ်။
အာဠာရရသေ့နှင့် ဥဒကရသေ့
ဘုန်းကြီးတို့ ဘုရားအလောင်းတော် တောထွက်တော်မူတဲ့ အချိန်အခါတုန်းက ဆိုကြစို့၊ အာဠာရရသေ့ကြီး ဥဒကရသေ့ကြီးတွေထံ ချဉ်းကပ်ပြီးတော့ ဒီသမာပတ်ရှစ်ပါးကို သင်ယူခဲ့ပါတယ်။ ဒါကလည်း စာပေမှာ အထင်အရှား ရှိနေပါတယ်။ (မ၊၂၊၂၈၀-၂၈၂။) သို့သော် ဒီပုဂ္ဂိုလ်ကြီးတွေက အရှုံးကြီးရှုံးတဲ့ ပုဂ္ဂိုလ်တွေ စာရင်းထဲမှာ ဝင်သွားပါတယ်။ ဘာကြောင့်လဲ?
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးတဲ့ အချိန်အခါမှာ ဘယ်ပုဂ္ဂိုလ်တွေကို ငါသည် ရှေးဦးစွာ ချေချွတ်ရမလဲလို့ လှမ်းမျှော်ပြီး ကြည့်တော်မူပါတယ်။ ဘုရားရှင် တရားဦးဒေသနာတော် ဟောကြားတော့မယ်လို့ အာရုံယူပြီး ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဒီအာဠာရရသေ့နဲ့ ဥဒကရသေ့တို့က အရူပဘုံသို့ ရောက်ရှိနေပါတယ်။ တစ်ဦးက အာကိဉ္စညာယတနဘုံ၊ တစ်ဦးက နေဝသညာနာသညာယတနဘုံကို ရောက်ရှိသွားပါတယ်။ ဘာကြောင့်လဲ? သာသနာပကာလမှာ ရသေ့ရဟန်းပြုတဲ့ သူတော်ကောင်းတွေဟာ ဒီ စျာန်တွေကို သို့မဟုတ် စျာန်အဘိညာဏ်တွေကို ရရှိအောင် အားထုတ်ကြပါတယ်။ အမြင့်မားဆုံး ရရှိထားတဲ့ စျာန်ကသာလျှင် အကျိုးပေးနိုင်တယ်လို့ သူတို့က ဒီလို လက်ခံ ယုံကြည်ကြပါတယ်။
မိမိတို့ ကြိုက်နှစ်သက်ရာဘုံကို ရွေးချယ်ခဲ့လျှင် ကြိုက်နှစ်သက်တဲ့ ဘုံဌာနမှာ ဖြစ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်မျိုးကတော့ သာသနာတွင်းမှာသာ ဖြစ်နိုင်တယ်လို့ ကျမ်းဂန်များမှာ ဖော်ပြထားပါတယ်။ အကယ်၍ ဒီအာဠာရရသေ့ကြီးနှင့် ဥဒကရသေ့ကြီးတို့ဟာ ဒီသမာပတ်တွေထဲက မိမိ ကြိုက်နှစ်သက်ရာ သမာပတ်တစ်ခုတစ်ခုကို အလတ်စားဖြစ်စေ, အမြတ်စားဖြစ်စေ, အညံ့စားဖြစ်စေ ရွေးချယ်ပြီးတော့ ကိုယ်နှစ်ခြိုက်တဲ့ ပုံစံအနေအထားအားဖြင့် ပွားများအားထုတ်ခဲ့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် ဘာဖြစ်နိုင်သလဲ? မိမိတို့ ရွေးထားတဲ့ ဘုံဌာနမှာ ဖြစ်နိုင်ပါတယ်။
သဟမ္ပတိဗြဟ္မာ
အားလုံး ကြားဖူးကြတဲ့ နာမည်ကျော်ဖြစ်တဲ့ သဟမ္ပတိဗြဟ္မာကြီးဆိုတာ ရှိပါတယ်။ ဒီသဟမ္ပတိဗြဟ္မာကြီးဆိုတာက ကဿပဘုရားရှင်၏ သာဝက တစ်ဦး ဖြစ်ပါတယ်။ ကဿပဘုရားရှင်ရဲ့ လက်ထက်တော် အချိန်အခါမှာ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်ခဲ့တဲ့ သဟကအမည်ရှိတဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ (သံ၊၃၊၂၀၄။)
နောက်တစ်ချက်က အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိထားတဲ့ သူတော်ကောင်းတွေအဖို့ စျာန်တရားတွေကို အနှောင့်အယှက်ပြုတဲ့ နီဝရဏ တရားတွေက ကင်းရှင်းပြီး ဖြစ်နေတဲ့အတွက် စျာန်သမာပတ်တွေကို အားထုတ်ခဲ့မယ်ဆိုလျှင် လွယ်လွယ်ကူကူကလေးနဲ့ ရနိုင်တယ်ဆိုတာကို အာကင်္ခေယျသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ ဘုရားရှင်လည်း အတိအကျ ဟောတော်မူပါတယ်။ (မ၊၁၊၄၁-၄၂။)
ဒါကြောင့် သမာပတ်ရှစ်ပါးလည်း ကျွမ်းကျင်တော်မူတဲ့ အနာဂါမ် ရဟန်းတော်တစ်ပါးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပထမစျာန်သုံးဘုံထဲက အမြတ်ဆုံးဘုံဖြစ်တဲ့ မဟာဗြဟ္မာဘုံကို သူက ရွေးချယ်ထားပါတယ်။ ဒီလို ရွေးချယ်လိုက်တဲ့အတွက် သဟကအမည်ရှိတဲ့ ရဟန်းတော် ပျံလွန်တော်မူတဲ့ အချိန်အခါမှာ ပထမစျာန်သုံးဘုံထဲက အမြင့်ဆုံးဖြစ်တဲ့ မဟာဗြဟ္မာဘုံမှာ သွားပြီးတော့ မဟာဗြဟ္မာတစ်ဦး ဖြစ်ရပါတယ်။ ဘုန်းကြီးတို့ မြတ်စွာဘုရား တရားဟောတော်မူဖို့ရန်အတွက် စိတ်ဓာတ်တွေ နောက်တွန့်ဆုတ်သွားတဲ့ အချိန်အခါမှာ တရားဟောဖို့ရန် လာပြီး လျှောက်ထားတောင်းပန်တဲ့ ဗြဟ္မာကြီးလည်း ဒီသဟမ္ပတိဗြဟ္မာကြီးပဲ ဖြစ်ပါတယ်။
ဃဋိကာရဗြဟ္မာ
နောက်ပုံစံကလေးတစ်ခုကတော့ ဃဋိကာရအိုးထိန်းသည်ကြီးပဲ ဖြစ်ပါတယ်။ ဒီဃဋိကာရအိုးထိန်းသည်ကြီးက ကဿပဘုရားရှင်ရဲ့ တပည့်အလုပ်အကျွေးဖြစ်တဲ့ အနာဂါမ်သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။ သမာပတ် ရှစ်ပါးမှာ လိမ္မာကျွမ်းကျင်တဲ့ ဆယ်ပါးသီလမြဲတဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။ မျက်မမြင်မိဘနှစ်ပါးကိုလည်း ပြုစု လုပ်ကျွေးနေရပါတယ်။ ကဿပဘုရားရှင်ကိုလည်း စွမ်းအားရှိသလောက် သူ့ရဲ့ ချွေးနည်းစာနဲ့ ရိုသေစွာ ပြုစု လုပ်ကျွေးနေတဲ့ အလုပ်အကျွေး ဥပါသကာ ဒါယကာကြီး တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကွယ်လွန်ခါနီး အချိန်အခါမှာ သူက ဘယ်ဘုံကို ရွေးချယ်လိုက်သလဲ? သုဒ္ဓါဝါသငါးဘုံထဲက အဝိဟာဗြဟ္မာ့ပြည်ကို သူက ရွေးချယ်လိုက်ပါတယ်။ (သံ၊၁၊၃၂။ မ၊၂၊၂၄၂။)
မိမိ ကြိုက်ရာဘုံကို ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ ဒီအသိဉာဏ်သည် သာသနာတော်တွင်းမှာသာ ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြခြင်း ဖြစ်ပါတယ်။ ဒီလို ရွေးချယ်လိုက်တဲ့အတွက် ဘာဖြစ်သလဲ? ဃဋိကာရအိုးထိန်းသည် ဘဝတုန်းက အလွန်ချစ်ခင်တဲ့ မိတ်ဆွေတစ်ဦးကတော့ ဘုန်းကြီးတို့ ဘုရားအလောင်းတော်ဖြစ်တဲ့ ဇောတိပါလလုလင် ဖြစ်ပါတယ်။ ဇောတိပါလလုလင် သည် ဘုရားအလောင်းတော် ဖြစ်တယ်ဆိုတာကို ကဿပဘုရားရှင်၏ ဟောကြားတော်မူသည့် စကားတော်များကို ကြားနာရသည့်အခါ သိရှိထားတဲ့ အတွက် သုဒ္ဓါဝါသငါးဘုံထဲက အဝိဟာဗြဟ္မာ့ပြည်ကို ရောက်ရှိသွားတဲ့ အချိန်အခါမှာ မပျက်သော မေတ္တာစိတ်ဖြင့် မိမိရဲ့ မိတ်ဆွေအပေါ်၌ အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ငါ့ရဲ့ မိတ်ဆွေသည် ဘယ်သောအချိန်အခါမှာ တောထွက်တော်မူမလဲ, ဘုရားဖြစ်တော်မူမလဲဆိုတာကို အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ဒီလို စောင့်ကြည့်နေရာကနေ တစ်နေ့မှာ ဘုန်းကြီးတို့ရဲ့ သိဒ္ဓတ္ထမင်းသား တောထွက်ပြီ ဆိုကြစို့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့ အချိန်အခါမှာ ဃဋိကာရဗြဟ္မာကြီးက အနောမာသောင်ကမ်းမှာ ဆင်းပြီးတော့ ဘာလုပ်သလဲ? ပရိက္ခရာရှစ်ပါး လှူဒါန်းပူဇော်ပါတယ်။ (အပဒါန၊ဋ္ဌ၊၁၊၇၈။ ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၃၃။ ဇာတက၊ဋ္ဌ၊၁၊၇၆။)
ဃဋိကာရဗြဟ္မာကြီး လှူဒါန်းတဲ့ ဒီပရိက္ခရာတွေကို ဆင်မြန်းပြီးတဲ့ အချိန် အခါမှာ ဘုရားစင်စစ် ဧကန် ဖြစ်မှာမှန်ခဲ့လျှင် ဒီဝတ်လဲတော်သည် မြေသို့ မကျစေသတည်းဆိုပြီး ကောင်းကင်ကို မြှောက်ပစ်လိုက်တဲ့အခါ ဝတ်လဲတော်က ကောင်းကင်မှာ တည်နေပါတယ်။ ကောင်းကင်မှာ တည်နေတဲ့ ဒီဝတ်လဲတော်ကို ဃဋိကာရဗြဟ္မာကြီးက ယူပြီးတော့ သုဒ္ဓါဝါသဗြဟ္မာ့ပြည်မှာ ဒုဿစေတီဆိုတဲ့ စေတီတော်ကြီးတစ်ဆူ တည်ထား ကိုးကွယ်ပါတယ်။
စာမှာ ဖော်ပြထားတာကတော့ ထိုစေတီတော်ကြီးဟာ အဝန်းအဝိုင်းအားဖြင့် ဆယ့်နှစ်ယူဇနာ ရှိပါတယ်၊ အမြင့်အားဖြင့်လည်း (၁၂)ယူဇနာ မြင့်ပါတယ်။ တစ်ယူဇနာကို (၁၂)မိုင်နှုန်းနဲ့ တွက်တဲ့နည်းအရ တွက်ကြည့်မယ် ဆိုလျှင် အဝိုင်းအဝန်းအားဖြင့်လည်း (၁၄၄)မိုင်ရှိပြီး အမြင့်အားဖြင့်လည်း (၁၄၄)မိုင်လောက် မြင့်ပါတယ်။ အကယ်၍ တစ်ယူဇနာကို (၁၀)မိုင်နှုန်းနဲ့ တွက်မယ်ဆိုလျှင်တော့ အဝန်းအဝိုင်းအားဖြင့် မိုင် (၁၂၀)လောက်ရှိပြီး အမြင့်အားဖြင့်လည်း မိုင် (၁၂၀)လောက် မြင့်ပါတယ်။
ဒီလောက် ကြီးကျယ်ခမ်းနားနေတဲ့ စေတီတော်ကြီးကို ဘာနဲ့ တည်ဆောက်ထားသလဲဆိုတော့ ရတနာခုနစ်ပါးနဲ့ တည်ဆောက်ထားပါတယ်။ လူ့ပြည်က အုတ်တွေ, သဲတွေ, ခဲတွေ တစ်လုံးမျှ တစ်ခုမျှ မပါဘူး။ ဒီလောက် ကြီးကျယ် မြင့်မြတ်နေတဲ့ ရတနာခုနစ်ပါးနှင့် ပြည့်စုံနေတဲ့ ရတနာအစုအပုံ အတုံးအခဲကြီးနဲ့ တည်ဆောက်ထားတဲ့ ဒီစေတီတော်ကြီးကို လှူဒါန်း ပူဇော် နိုင်တာဟာ ဘယ်လိုပုဂ္ဂိုလ်လဲ? ကဿပဘုရားရှင်၏ သာသနာတော်တွင်းမှာ အိုးဖုတ်စားရတဲ့ အိုးထိန်းသည်တစ်ဦးမျှသာ ဖြစ်ပါတယ်။
ဒီအိုးထိန်းသည်တစ်ဦးက ဒီလောက် ကြီးကျယ်ခမ်းနားနေတဲ့ စေတီတော်ကြီးတစ်ဆူကို လှူနိုင်တယ်ဆိုတာ ဘယ်လိုကံတွေကို ထူထောင်ခဲ့သလဲ? သဒ္ဓါ-သီလ-သုတ-စာဂ-ပညာလို့ ခေါ်ဆိုအပ်တဲ့ သူတော်ကောင်းဥစ္စာ တွေကို ရရှိအောင် လူ့လောကမှာ ရှာဖွေခဲ့ပါတယ်။ လောကီစည်းစိမ်တွေကို မရှာဖွေခဲ့ပါဘူး။ မလွှဲမရှောင်သာတဲ့အတွက် ကဿပမြတ်စွာဘုရားရှင်နဲ့ မျက်မမြင်မိဘနှစ်ပါးတို့ကို ပြုစု လုပ်ကျွေးဖို့ရန်အတွက်သာ ရည်ရွယ်ပြီးတော့ သမ္မာအာဇီဝစစ်စစ်ဖြင့် အိုးကလေးတွေကို ဖုတ်ပြီးတော့ မိဘနှစ်ပါးနဲ့ ကဿပမြတ်စွာဘုရားရှင်ကို ပြုစု လုပ်ကျွေးခြင်းသာ ရှိခဲ့ပါတယ်။
ပြုစုလုပ်ကျွေးတဲ့အပိုင်းမှာလည်း ဒီအိုးကလေးတွေကို ဘယ်တော့မှ ရောင်းဝယ်မှု မပြုပါဘူး။ ဆယ်ပါးသီလ မြဲတဲ့အတွက် ရွှေငွေကို ကိုင်တွယ် သုံးသပ်မှုလည်း မပြုပါဘူး။ ဘယ်လို လုပ်သလဲ? အိုးကျက်ပြီဆိုလျှင် အိမ်ရှေ့မှာ အိုးတွေကို ချထားလိုက်ပါတယ်။ ဤအိုးကို အလိုရှိတဲ့ပုဂ္ဂိုလ်သည် ဤအိုးနဲ့ ထိုက်တန်တဲ့ ဆန်ကိုသော်လည်းကောင်း, ဆီသော်လည်းကောင်း, ပဲကိုသော်လည်းကောင်း ထားခဲ့ပါဆိုပြီး စာတန်းကလေးတစ်ခုသာ ချိတ်ပြီး အိမ်ရှေ့မှာ အိုးတွေကို ချထားလိုက်ပါတယ်။ အိုးအလိုရှိတဲ့ပုဂ္ဂိုလ်ကလည်း လိမ်လည် လှည့်ဖြားမယ်ဆိုတဲ့စိတ်ဓာတ် နည်းနည်းမျှ မရှိပါဘူး။ ဘာကြောင့်လဲ?
ဒီဃဋိကာရအိုးထိန်းသည်ကြီးဟာ မျက်မမြင်မိဘနှစ်ပါးကို ပြုစု လုပ်ကျွေးနေတဲ့ သူတော်ကောင်းကြီး ဖြစ်တယ်။ ကဿပဘုရားရှင်ကိုလည်း ရိုသေစွာ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးနေတဲ့ သူတော်ကောင်းကြီးလည်း ဖြစ်တယ် ဆိုတာကို အားလုံးက သိနေကြတယ်။ ဒီလို သိနေကြတဲ့အတွက် အိုးက ဆန်တစ်တင်းဖိုးလောက် တန်ဖိုးရှိခဲ့မယ်ဆိုလျှင် ဆန်တစ်တင်းလောက်ကို မိမိအိမ်ကဲ့သို့ သဘောထားပြီး အိမ်ထဲမှာ သိမ်းသွားကြပါတယ်။ ဆီနှစ်ပိဿာလောက် တန်ဖိုးရှိလျှင် ဆီနှစ်ပိဿာလောက် စသည်ဖြင့် အိမ်ထဲမှာ သိမ်းသွားကြပါတယ်။ ဒီလောက်အထိ လူအများကလည်း ဃဋိကာရအိုးထိန်းသည်ကြီးအပေါ်မှာ မေတ္တာထားကြပါတယ်။
ဒီလို နည်းစနစ်ဖြင့် သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေကို သူက ရှာဖွေခဲ့ပါတယ်။ ဘယ်အဆင့်အထိ ရှာဖွေခဲ့ သလဲ? သမထ-ဝိပဿနာတွေကို လက်တွေ့ကျင့်လိုက်တာ အနာဂါမိမဂ်ပညာ အနာဂါမိဖိုလ်ပညာဆိုတဲ့ ပညာအဆင့်အတန်းအထိ သူက ကြိုးစား ခဲ့ပါတယ်။ သူ့ရဲ့ယုံကြည်ချက် သဒ္ဓါတရားတွေကို ကြည့်လိုက်လျှင် ရတနာ သုံးတန် ကံ,ကံရဲ့အကျိုးမှာ ယုံကြည်ချက်တွေက အလွန် အားကောင်းနေပါ တယ်။ သမထဝိပဿနာ ဘာဝနာလုပ်ငန်းရပ်တွေ အပေါ်၌ ယုံကြည်ချက် တွေက သိပ်အားကောင်းပါတယ်။
ဝီရိယကလည်း စွမ်းအင်ကြီးမားပါတယ်။ နံနက် မိုးလင်းတာနဲ့ တစ်ပြိုင်နက်တည်း ကဿပမြတ်စွာဘုရားနဲ့ မိဘနှစ်ပါးအတွက် အားလုံး အသင့် ဖြစ်အောင် စောစောစီးစီး ထပြီးတော့ ပြုလုပ် စီမံပါတယ်။ အားလုံး စီမံပြီးတဲ့ အချိန်အခါမှာ မိဘနှစ်ပါးကို ထိုက်တန်သလို ကျွေးမွေးပါတယ်။ ကဿပ ဘုရားရှင်အတွက်လည်း ဆွမ်းတွေ ပြင်ထားပါတယ်။ တစ်ခါတစ်ရံ မစောင့်နိုင်ခဲ့ဘူးဆိုလျှင် မိဘနှစ်ပါးကို မှာကြားခဲ့ပါတယ်။ ကဿပမြတ်စွာဘုရား ကြွလာတဲ့အခါ ကဿပဘုရားရှင်အတွက် ဒီနေရာမှာ ဆွမ်းတွေ ပြင်ထားတဲ့ အကြောင်း ဘုရားရှင်အား လျှောက်ထားပေးပါဆိုပြီးတော့ ဒီလို ပန်ကြားပြီးတော့ တောကို ခပ်စောစောကလေး ထွက်ပြီး ထင်းခွေရပါတယ်။
အိုးဖုတ်ဖို့ရန်အတွက် သန့်ရှင်းတဲ့ မြေကလေးတွေကို မြစ်ကမ်းပါး တစ်နေရာစတဲ့ ဒီလို နေရာတွေမှာ သွားပြီတော့ သယ်ပိုးရပါတယ်။ ဒီလို ဝီရိယ ကြီးမားစွာဖြင့် မျက်မမြင်မိဘနှစ်ပါးနဲ့ ကဿပမြတ်စွာဘုရားကို ပြုစု လုပ်ကျွေးနေတဲ့သတင်းကို ကိကီမင်းကြီး ကြားလိုက်တဲ့အခါ လှည်အစီးပေါင်း ရာနဲ့ ထောင်နဲ့ ချီပြီးတော့ ဆန်တွေ, ဆီတွေ, ပဲတွေ, ငရုပ်, ကြက်သွန် တွေ အကုန်လုံး ပို့သော်လည်း တစ်ခုမျှ လက်မခံဘူး။ အကုန်လုံး ပြန်ပို့ပါတယ်။ ဘယ်လို ဦးတည်ချက်ကြောင့် ပြန်ပို့သလဲ?
ဧကန္တ ကဿပဘုရားရှင်သည် ငါ့ရဲ့ဂုဏ်ပုဒ်တွေကို ကိကီမင်းကြီးအား ဟောကြားပြလိမ့်မယ်။ ဒါကြောင့် ကိကီမင်းကြီးက ကြည်ညိုပြီးတော့ ဒီပစ္စည်း တွေကို ပို့လိုက်ခြင်း ဖြစ်ပေလိမ့်မယ်။ ဂုဏ်ပုဒ်ကို ပြောကြားလို့ ရရှိတဲ့စည်းစိမ် ချမ်းသာသည် ကချေသည်တို့ ကပြ အသုံးတော်ခံလို့ ရရှိတဲ့ဆုလာဘ်နဲ့ သိပ်တူတယ်။ နည်းနည်းမျှ မလိုချင်ဘူး၊ စင်ကြယ်နေတဲ့ ချွေးနည်းစာဖြင့်သာလျှင် ငါသည် ကဿပမြတ်စွာဘုရားကို ပြုစုလုပ်ကျွေးမယ်။ ဒီလို ဦးတည်ချက် ရှိနေပါတယ်။
လုံ့လဝီရိယနဲ့ ပြည့်စုံရုံတင် မကသေးပါဘူး၊ သမထ-ဝိပဿနာဘာဝနာ တွေကို ကြည့်လိုက်မယ်ဆိုလျှင်လည်း သမထမှာလည်း သမာပတ်ရှစ်ပါးလုံး ပေါက်မြောက်ထားပြီး ဖြစ်ပါတယ်။ ဝိပဿနာမှာလည်း အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ကြိုးစားအားထုတ်ထားပါတယ်။ ဒီလို ကြိုးစားထားတဲ့အတွက် ဒုက္ခသစ္စာအမည်ရတဲ့ ခန္ဓာငါးပါး = ရုပ်တရားနာမ်တရား, သမုဒယသစ္စာအမည်ရတဲ့ ကြောင်းကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သင်သိခေါ်တဲ့ ပရိယတ္တိဗဟုဿုတနှင့်လည်း သိတယ်။ ကျင့်သိခေါ်တဲ့ ပဋိဝေဓဉာဏ်နှင့်လည်း ထိုးထွင်းသိတယ်။
နာမရူပပရိစ္ဆေဒဉာဏ် = ရုပ်နာမ်ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိတဲ့ဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် = ယင်းရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို ပိုင်းခြားယူတတ်တဲ့ ပိုင်းခြားသိတတ်တဲ့ ဉာဏ်တွေနဲ့လည်း သိပါတယ်။ ပဋိဝေဓဗဟုဿုတလို့ ခေါ်ပါတယ်။ ဒီလို ပရိယတ္တိဗဟုဿုတ, ပဋိဝေဓဗဟုဿုတဆိုတဲ့ အကြားအမြင်ဗဟုဿုတနှင့်လည်း ပြည့်စုံတယ်။ သူ့ရဲ့ပညာတရားကလည်း ဝိပဿနာပညာတွင်သာမက အနာဂါမိမဂ်ပညာ ဖိုလ်ပညာ အထိ အဆင့်မြင့်နေပါတယ်။ ဒီလို သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ သူတော်ကောင်းဥစ္စာတွေကို သူက ရအောင် ရှာဖွေခဲ့တဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ခြင်းကြောင့် ဗြဟ္မာ့ပြည် ရောက်သွားတဲ့အချိန်အခါမှာ ဒုဿစေတီကဲ့သို့ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ ရတနာခုနစ်ပါးနဲ့ပြီးတဲ့ စေတီတော်ကြီးကို တည်ဆောက် ကိုးကွယ်နိုင်ခြင်း ဖြစ်ပါတယ်။
ဒီနေ့ လူ့ပြည်လူ့လောကမှာ တည်ရှိနေတဲ့ ရတနာခုနစ်ပါးကို စုပုံလိုက်သော် ဒီစေတီတော် တစ်ဆူစာလောက် ရှိကောင်းရှိနိုင်မလား? ရှိဖို့ရန် တော်တော် ခက်ခဲလိမ့်မယ်လို့ ဘုန်းကြီး ထင်ပါတယ်။ ဒါကြောင့် ဒါယကာကြီး တွေ လောကီရတနာတွေကို ရှာဖွေခြင်းထက် သူတော်ကောင်းဥစ္စာလို့ ခေါ်ဆို အပ်တဲ့ သဒ္ဓါ-သီလ-သုတ-စာဂ-ပညာဆိုတဲ့ ရတနာတွေကို ရှာဖွေမယ် ဆိုလျှင် ပိုပြီး မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ သာသနာတော်နဲ့ တွေ့ခိုက်မှာ ရရှိနိုင်တဲ့ သာသနာ့အမွေတွေ ဖြစ်ကြပါတယ်။
ကာလဒေဝိလရသေ့
နောက်တစ်ခုက နာမည်ကျော်ဖြစ်တဲ့ ကာလဒေဝိလရသေ့ကြီးတစ်ဦး ဖြစ်ပါတယ်။ သုဒ္ဓေါဒနမင်းကြီးရဲ့ မင်းဆရာကြီးတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ သုဒ္ဓေါဒနမင်းကြီး ငယ်ရွယ်စဉ် မင်းသားဘဝက မင်းဆရာတစ်ဦးအဖြစ်နဲ့ ပညာတွေ သင်ပေးခဲ့ပါတယ်။ သို့သော် သုဒ္ဓေါဒနမင်းကြီး ရှင်ဘုရင်အဖြစ် ရောက်ရှိတဲ့အချိန်အခါမှာ ရှေးယခင်ကကဲ့သို့ သူ့အပေါ်မှာ လေးစားမှုတွေက အားမကောင်းဘူးဆိုတာ သဘောပေါက်တော့ သံသရာဝဋ်ကိုလည်း ငြီးငွေ့ နေတဲ့ စိတ်ဓာတ်တွေက လွှမ်းခြုံလာတဲ့အတွက် ရသေ့ရဟန်းပြုဖို့ရန် သုဒ္ဓေါဒနမင်းကြီးထံမှာ ခွင့်တောင်းပါတယ်။ သုဒ္ဓေါဒနမင်းကြီးကလည်း ရသေ့ ရဟန်းပြုဖို့ရန်အတွက်တော့ ခွင့်ပေးပါမယ်၊ သို့သော် တခြား မကြွဘဲ ဥယျာဉ်တော်မှာပဲ သီတင်းသုံးတော်မူပါဆိုပြီးတော့ ပြန်ပြီး လျှောက်ထားတယ်။ ဒါကြောင့် ဥယျာဉ်တော်မှာ သင့်တင့်လျောက်ပတ်တဲ့ သင်္ခမ်းကျောင်းကလေး ဆောက်လုပ် လှူဒါန်းပြီး ပစ္စည်းလေးပါးဖြင့် အမြဲတမ်း ပြုစု လုပ်ကျွေး ထောက်ပံ့လျက် ရှိပါတယ်။
သို့သော် သူတော်ကောင်းတစ်ဦး ဖြစ်ခြင်းကြောင့် ထိုအချိန်အခါမှာ ကြိုးစား အားထုတ်လိုက်တာ ဘာဖြစ်သလဲ? သမာပတ်ရှစ်ပါးနှင့်တကွ လောကီအဘိညာဏ်တွေကို ရရှိထားပါတယ်။ လူ့ပြည်လူ့လောကမှာ နေ့အခါ ပူလွန်းတဲ့အတွက် တာဝတိံသာနတ်ပြည်ကို တက်ပြီးတော့ နေ့သန့်စင်တော်မူပါတယ်။ ညဉ့်အခါမှာတော့ လူ့ပြည်လူ့လောကကို ပြန်လာပါတယ်။ တစ်နေ့တော့ တာဝတိံသာနတ်ပြည်မှာ နေ့သန့်စင်နေတဲ့အချိန်မှာ နတ်တွေ မြူးထူးပျော်ပါးနေတာကို တွေ့လိုက်တဲ့အခါမှာ ဘာကြောင့် သင်တို့ဟာ မြူးထူးပျော်ပါးနေကြတာလဲ၊ သင်တို့ မြူးထူးပျော်ပါးရခြင်းရဲ့အကြောင်းကို ငါ့လည်း ပြောပါလို့ မေးမြန်းတယ်။
အချင်း ...ဒီနေ့ သုဒ္ဓေါဒနမင်းကြီးရဲ့ သားတော်ကလေး ဖွားမြင်တယ်၊ ဒီသားတော်ကလေးဟာ ဗောဓိမဏ္ဍိုင်မှာ ဘုရားဖြစ်ပြီး ဓမ္မစကြာ တရားဒေသနာတော် ဟောကြားတော်မူမှာ ဖြစ်တယ်။ ထိုဘုရားရှင်ရဲ့ အဆုံး အပိုင်းအခြားမရှိတဲ့ တင့်တယ်စမ္ပာယ်တော်မူခြင်းကို ဖူးမြင်ရတော့မယ့် အကြောင်းကြောင့်လည်းကောင်း, တရားတော်ကို နာကြားခွင့်ရတော့မယ့် အကြောင်းကြောင့်လည်းကောင်း မြူးထူးပျော်ပါးနေတဲ့အကြောင်း နတ်တွေက ပြန်ပြီး လျှောက်ထားကြပါတယ်။
ကာလဒေဝိလရသေ့ကြီးလည်း နတ်တွေရဲ့ စကားကို ကြားရတော့ ချက်ချင်း နတ်ပြည်ကနေ ဆင်းပြီး မင်းနန်းတော်ကို ကြွတော်မူပါတယ်။ နန်းတော်ထဲရောက်တော့ ခင်းထားတဲ့နေရာမှာ ထိုင်ပြီး မင်းကြီး သင့်ရဲ့သားတော်ကလေး မွေးဖွားတယ်ဆိုတာ ကြားသိရတယ်၊ ထိုသားတော်ကို ငါ ရှုမြင်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ သုဒ္ဓေါဒနမင်းကြီးလည်း သားတော်ကလေးကို တန်ဆာဆင်ခိုင်းပြီး ကာလဒေဝိလရသေ့ကြီးကို ရှိခိုးဖို့ရာ ခေါ်ဆောင်စေပါတယ်။
သိဒ္ဓတ္ထမင်းသားကလေးက ကာလဒေဝိလရသေ့ကြီးရဲ့ ဦးခေါင်းပေါ်ကို တက်ပြီး မတ်တပ်ရပ်နေတာကို အားလုံး ကြားဖူးကြပါလိမ့်မယ်။ ဒီရသေ့ကြီးက အဘိညာဏ်ရထားတော်မူတဲ့ ရသေ့ကြီးဖြစ်တဲ့အတွက် အတိတ်ကမ္ဘာ (၄၀), အနာဂတ်ကမ္ဘာ (၄၀)ကို မြင်နိုင်တဲ့စွမ်းအား ရှိပါတယ်။ သူ့ရဲ့ အဘိညာဏ် ဉာဏ်တော်မြတ်ဖြင့် လှမ်းမျှော်ကြည့်လိုက်တဲ့အခါ ဘုရားစစ်စစ် ဧကန်ဖြစ်တော့မယ်ဆိုတာ သိလိုက်တော့ သူက ဝမ်းသာသွားတယ်။ ဒါပေမယ့် ပြန်ပြီးတော့ ငိုပြန်တယ်။ ဘာကြောင့် ငိုသလဲ? သိဒ္ဓတ္ထမင်းသား ဘယ်အခါမှာ ဘုရားဖြစ်မလဲလို့ လှမ်းမျှော်ကြည့်လိုက်တဲ့အခါ (၃၅)နှစ်ပြည့်မှ ဘုရားဖြစ်မယ်ဆိုတာ သူက သိနေတယ်၊ နောက်ထပ် သူ့ရဲ့ သက်တမ်းက (၃၅)နှစ် ကြာအောင် မနေရတော့ဘူးဆိုတာ သိနေတဲ့အတွက် ဝမ်းနည်းသွားတယ်။ ဝမ်းနည်းတဲ့အတွက်ကြောင့် သူက ငိုခြင်း ဖြစ်ပါတယ်။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၃၂၂-၃၂၃။ ဇာတက၊ဋ္ဌ၊၁၊၆၄-၆၅။)
ဒီလို ဝမ်းနည်းတဲ့ ငိုပွဲတစ်ခု ဆင်နွှဲရခြင်းဟာလည်း သာသနာတွင်းမှာ သိအပ်တဲ့ အသိဉာဏ်မျိုး မရှိခြင်းကြောင့် ဖြစ်ရတာပဲ။ ဘယ်လို အသိဉာဏ်မျိုးလဲ? မိမိရရှိထားတဲ့ သမာပတ်ရှစ်ပါးထဲက အမြတ်ဆုံးဖြစ်တဲ့ ဒီ နေဝသညာနာသညာယတနစျာန်ကသာလျှင် နောက်ဘဝကို အကျိုးပေးတော့မယ်လို့ သူက ဒီလို နားလည်ထားတယ်။ အကယ်၍ မိမိတို့ ကြိုက်နှစ်သက်ရာ စျာန်ကို ဃဋိကာရအိုးထိန်းသည်ကြီးတို့ကဲ့သို့, သဟမ္ပတိဗြဟ္မာကြီးတို့ကဲ့သို့ ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ အသိဉာဏ်ကလေးသာ ရှိခဲ့မယ်ဆိုလျှင် သူလည်း အရှုံးကြီး မရှုံးရပါဘူး။ သာသနာတော်နဲ့ တွေ့နိုင်တဲ့အခွင့်အလမ်း ရှိနေပါတယ်။ ဒါပေမယ့် ယခုအချိန်အခါမှာတော့ ဘာဖြစ်သွားသလဲ? အရှုံးကြီး ရှုံးသွားပါတယ်။ ဘာကြောင့် အရှုံးကြီးရှုံးသွားရသလဲ?
အရူပဗြဟ္မာပြည်မှာ ရုပ်ဆိုတာ လုံးလုံး မရှိတဲ့အတွက် ဘုရားရှင်ကို ဖူးမြော်ဖို့ရန် မျက်လုံးလည်း မရှိဘူး၊ တရားနာဖို့ရန် နားကလည်း မရှိဘူး၊ ကိုယ်တိုင်လည်း ထိုးထွင်းသိနိုင်တဲ့ အမျိုးအစားကလည်း မဟုတ်ပြန်ဘူး။ ကိုယ်တိုင် သစ္စာလေးပါးကို ထိုးထွင်းသိတယ်ဆိုတာက သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားအလောင်းတော်တို့, ပစ္စေကဗုဒ္ဓဘုရားအလောင်းတော်တို့ရဲ့ ဓမ္မတာသာ ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓဘုရားအလောင်းတော်လည်း မဟုတ်ဘူး၊ သမ္မာသမ္ဗုဒ္ဓဘုရားအလောင်းတော်လည်း မဟုတ်ဘူးဆိုလျှင်တော့ ပရတောဃောသခေါ်တဲ့ သူတစ်ပါးထံမှ သစ္စာလေးပါးနဲ့ ဆက်စပ်နေတဲ့ တရားစကားကို နာကြားခွင့် ရရှိနိုင်မှသာလျှင် ကျွတ်တမ်းဝင်နိုင်ပါတယ်။
ဒါကြောင့် ဒါယကာကြီးတွေ ဒီနေ့ သာသနာတော်နဲ့တွေ့ခိုက်မှာ ဒီလို အသိဉာဏ်ကလေးတွေကို ရရှိအောင် ကြိုးစားမယ်ဆိုလျှင် မိမိတို့မှာ ကြိုးစား အားထုတ်နိုင်တဲ့ နည်းကောင်းလမ်းကောင်းတွေ ပွင့်နေတယ်ဆိုတာကိုတော့ သဘောပေါက်ကြသလား? သဘောပေါက်လျှင်တော့ ကြိုးစားစေချင်ပါတယ်။ ဘုန်းကြီးလည်း ကြိုးစားဖို့ရန် တိုက်တွန်းပါတယ်။ သို့သော် ဒီလောက်တင် အကောင်းစားလားဆိုတော့ မဟုတ်သေးပါဘူး။ ဒီနေရာမှာ ယောဂီ ပုဂ္ဂိုလ်က နေဝသညာနာသညာယတနစျာန် ဆိုက်အောင် ပွားပြီးတာ မှန်တယ်။ ဒီနေရာမှာ ဘယ်သုညတသဘောတွေကို သူက သိနေသလဲ? --
သော သုညမိဒံ သညာဂတံ ဝိညာဏဉ္စာယတနသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ အာကိဉ္စညာယတနသညာယာတိ ပဇာနာတိ။ (မ၊၃၊၁၄၉။)
သော = ထိုရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤနေဝသညာနာသညာယတနသညာသည်။ ဝိညာဏဉ္စာယတနသညာယ = ဝိညာဏဉ္စာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤနေဝသညာနာသညာယတန သညာသည်။ အာကိဉ္စညာယတနသညာယ = အာကိဉ္စညာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက် ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီနေဝသညာနာသညာယတနသညာမှာ ဝိညာဏဉ္စာယတနသညာမှလည်း ဆိတ်သုဉ်းနေတဲ့သုညသဘော ရှိတယ်။ အာကိဉ္စညာယတနသညာမှ ဆိတ်သုဉ်းနေတဲ့သုညသဘောလည်း ရှိတယ်လို့ ထင်ထင်ရှားရှား သိနေတယ်။ မဆိတ်သုဉ်းတာကလေးတစ်ခု ဘာကျန်နေသလဲ?
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ -- နေဝသညာနာသညာယတနသညံ ပဋိစ္စ ဧကတ္တံ။ (မ၊၃၊၁၄၉-၁၅၀။)
နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဧကတ္တံ = အကြင် တစ်ခုတည်းသော မကင်းဆိတ်သည်၏အဖြစ်သည်။ အတ္ထိ = ရှိ၏။ ဣဒံ အသုညတံ = ဤ တစ်ခုတည်းသော မကင်းဆိတ်သည်၏အဖြစ်သည်။ အတ္ထိ စေဝ = ရှိသည် သာတည်း။
နေဝသညာနာသညာယတနသညာဆိုတဲ့ တစ်ခုတည်းသော မဆိတ်သုဉ်းတဲ့ သညာကလေးတစ်ခုတော့ ရှိနေသေးတယ်။
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ၊ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၅၀။)
ဣတိ = ဤသို့လျှင်။ ယံ = အကြင် ဝိညာဏဉ္စာယတနသညာ, အာကိဉ္စညာယတနသညာတို့၏ အစွမ်းအားဖြင့်ဖြစ်သော ပူပန်မှုသည်။ တတ္ထ = ထို နေဝသညာနာသညာယတနသညာ၌။ ယေန = အကြင် အကြောင်းတရားကြောင့်။ န ဟောတိ = မရှိပေ။ တံ = ထိုနေဝသညာနာသညာယတနသညာကို။ တေန = ထိုအကြောင်းတရားကြောင့်။ သုညံ = ထိုပူပန်မှုမှ ဆိတ်သုဉ်း၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် ကောင်းစွာ ရှုပွား၍ နေပေ၏။ ယံ = အကြင် ပူပန်မှုသည်။ တတ္ထ = ထိုနေဝသညာနာသညာယတနသညာ၌။ အဝသိဋ္ဌံ = ကြွင်းကျန်လျက်ရှိသည်။ ဟောတိ = ဖြစ်၏။ သန္တံ = ထင်ရှားရှိသော။ ဣဒံ = ဤပူပန်မှုသည်။ အတ္ထီတိ = ထင်ရှား ရှိ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီနေဝသညာနာသညာယတနသညာကလေးတစ်ခု ရှိနေသေးတဲ့ အတွက် ဒီနေဝသညာနာသညာယတနစျာန်ကလေးမှ မလျှောကျအောင် ယင်းစျာန်ကလေး မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ပေးနေရတဲ့ ကြောင့်ကြပူပန်မှုကလေးတစ်ခုတော့ ထင်ရှားရှိနေသေးတယ်၊ ကြွင်းကျန် နေသေးတယ်ဆိုတာကိုလည်း ကွဲကွဲပြားပြား သိနေပါတယ်။ မရှိတာကိုလည်း မရှိဘူးလို့ သိနေပါတယ်။ ရှိတာကိုလည်း ရှိတယ်လို့ သိနေပါတယ်။
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၅၀။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = ဟုတ်မှန်တိုင်းသော။ အဝိပလ္လတ္ထာ = မဖောက်မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ ဧသာ သုညတာဝက္ကန္တိ = ဤသုညတသဘောတရားသို့ သက်ဝင်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍လာပေ၏။
သုညတသဘောတစ်ခု ထင်ရှား ဖြစ်ပေါ်လာတယ်။ သုညတတွေက ဒီလောက်နဲ့ လမ်းဆုံးပြီလားဆိုလျှင်တော့ မကသေးပါဘူး၊ ဒါက သမထပိုင်းမှာ ဖြစ်ပေါ်နေတဲ့ သုညတပဲ ရှိနေပါသေးတယ်။ ဒီသမထပိုင်းမှာ ဖြစ်ပေါ်နေတဲ့ သုညတသဘောတွေကို အခြေခံပြီးတော့ နောက်ထပ် အဆင့်မြင့်နေတဲ့ သုညတတစ်ခုကို မြတ်စွာဘုရားက ဆက်ပြီး ဟောတော်မူပြန်ပါတယ်။ ဘယ်လို ဆက်ပြီး ဟောတော်မူထားသလဲ?
အနိမိတ္တစေတောသမာဓိ
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ အာကိဉ္စညာယတနသညံ၊ အမနသိကရိတွာ နေဝသညာနာသညာယတနသညံ၊ အနိမိတ္တံ စေတောသမာဓိံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၅၀။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ အမနသိကရိတွာ = နှစ်လုံးမသွင်းမူ၍။ နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အနိမိတ္တံ = နိစ္စ-သုခ-သုဘ-အတ္တမှ ကင်းသော။ စေတောသမာဓိံ = ဝိပဿနာစိတ်နှင့် ယှဉ်တွဲနေတဲ့သမာဓိကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသောအမှတ်သညာကို။ မနသိ ကရောတိ = နှလုံးသွင်း၏။
အာကိဉ္စညာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ နေဝသညာနာသညာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး၊ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ ရွာဆိုတဲ့အမှတ်သညာ, လူဆိုတဲ့အမှတ်သညာ, တောဆိုတဲ့အမှတ်သညာ, ပထဝီဆိုတဲ့အမှတ်သညာ, အာကာသဆိုတဲ့အမှတ်သညာ, ဝိညာဏ် ဆိုတဲ့အမှတ်သညာ၊ ဒီသညာတွေ အကုန်လုံးကိုလည်း နှလုံးမသွင်းတော့ဘူး။ အနိမိတ္တစေတောသမာဓိခေါ်တဲ့ တစ်ခုတည်းသော ဝိပဿနာနဲ့ ယှဉ်တွဲ နေတဲ့သမာဓိကိုပဲ နှလုံးသွင်း ရှုပွားနေတယ်။ စိတ်ဓာတ်ကို နောက်တစ်ဆင့် တက်ပြီး ပြောင်းလဲပေးလိုက်ပြန်တယ်။
ဒါယကာကြီးတွေလည်း ဒီလို စိတ်ဓာတ်တွေကို ပြုပြင် ပြောင်းလဲပေးနိုင်မယ်ဆိုလျှင် အဆင့်အတန်း မြင့်မားနေတဲ့ စိတ်ဓာတ်တွေကို ပိုင်ဆိုင်နေတဲ့ သူတော်ကောင်းတွေ မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ကြိုးစားလျှင် ဘုရားတောင် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ မကြိုးစားလျှင် ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ သူက စိတ်ဓာတ်ကို ပြောင်းပေးလိုက်တော့ -- အနိမိတ္တစေတောသမာဓိဆိုတာက ဘာလဲ?
___________
ဝိပဿနာပိုင်း
အနိမိတ္တံ စေတောသမာဓိန္တိ ဝိပဿနာစိတ္တသမာဓိံ။ သော ဟိ နိစ္စနိမိတ္တာဒိဝိရဟိတော အနိမိတ္တောတိ ဝုစ္စတိ။ (မ၊ဋ္ဌ၊၄၊၁၀၉။)
အနိမိတ္တစေတောသမာဓိဆိုတာက ဝိပဿနာစိတ်ဓာတ်သမာဓိကို ဆိုလိုကြောင်း အဋ္ဌကထာဆရာတော်က ရှင်းလင်းထားပါတယ်။ ဝိပဿနာစိတ်နဲ့ ယှဉ်တွဲနေတဲ့ ဒီသမာဓိကို အနိမိတ္တစေတောသမာဓိလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲ? နိစ္စဆိုတဲ့ မြဲနေတဲ့အမှတ်နိမိတ်, သုခခေါ်တဲ့ ချမ်းသာတဲ့ အမှတ်နိမိတ်, အတ္တဆိုတဲ့ အသက်ကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် အတ္တကောင်ဆိုတဲ့ နိမိတ်, ဒီနိမိတ်တွေမှ ကင်းဆိတ်နေတဲ့အတွက်ကြောင့် ဒီဝိပဿနာသမာဓိကို အနိမိတ္တစေတောသမာဓိလို့ ခေါ်တယ်ဆိုပြီး အဋ္ဌကထာက ရှင်းထားပါတယ်။ ဒီအနိမိတ္တစေတောသမာဓိက ဘယ်ကို အာရုံပြုပြီး ဖြစ်ပေါ်လာသလဲလို့ ဒီလိုတော့ မေးစရာ ရှိလာပါတယ်။ ဒါကြောင့် ဘုန်းကြီးဘက်က ဒါယကာကြီး ဒါယိကာမကြီးတွေကို ဝိပဿနာနဲ့ပတ်သက်လို့ ဒီနေရာမှာ ရှင်းပြဖို့တော့ လိုအပ်လာပါတယ်။ ဝိပဿနာဆိုတာက ဘာကို ဝိပဿနာခေါ်သလဲ?
အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ ပညာဝေသာ အတ္ထတော။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
အဋ္ဌသာလိနီအဋ္ဌကထာမှာ ဒီလို ရှင်းလင်းထားပါတယ်။ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေကို သင်္ခါရလို့ ခေါ်ပါတယ်၊ တစ်နည်းပြောလျှင်တော့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေပဲ ဖြစ်ကြပါတယ်။ ရှေ့ပိုင်းမှာ ဘုန်းကြီး ရှင်းပြခဲ့တဲ့အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစတဲ့ (၁၁)မျိုးသောအခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ဘာသစ္စာလို့ ခေါ်သလဲ? ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။ ဒီဒုက္ခသစ္စာတွေထဲမှာ ရူပက္ခန္ဓာက ရုပ်တရား၊ ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာတွေက နာမ်တရား၊ ရုပ်နာမ်နှစ်ပါးပဲ။ ဒီဥပါဒါနက္ခန္ဓာငါးပါးက ဒုက္ခသစ္စာတရား၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေက သမုဒယသစ္စာတရား ဖြစ်ပါတယ်။
ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်ပါးလုံးသည် ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြုပြင်ပါမှ အနိုင်နိုင် ဖြစ်ပေါ်လာရတဲ့ အတွက် သူတို့ကို ဘာလို့ ခေါ်သလဲ? သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။ ယင်းသင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘာဝတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။ ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံနေရတဲ့အတွက် ချမ်းသာတဲ့ သုခမရှိမှု သဘောတရားတွေကို အာရုံယူပြီးတော့ မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ရှုတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်ရှိ နေတဲ့ အတ္တမရှိတဲ့သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုနေတယ်။
ဒီလို ရှုလိုက်တဲ့အခါ ဒီသင်္ခါရတရားတွေမှာ နိစ္စဆိုတဲ့သဘာဝမှလည်း ဆိတ်သုဉ်းနေတဲ့သုညသဘော, သုခဆိုတဲ့သဘာဝမှလည်း ဆိတ်သုဉ်းနေတဲ့ သုညသဘော, အတ္တဆိုတဲ့သဘာဝမှ ဆိတ်သုဉ်းနေတဲ့သုညသဘောတွေကို တွေ့နိုင်ပါတယ်။ ဒါလည်း သုညတတစ်မျိုး ဖြစ်ပါတယ်။ ဒီသုညတသဘောကိုပဲ အနိမိတ္တစေတောသမာဓိလို့ ခေါ်ပါတယ်။ နိစ္စ, သုခ, အတ္တဆိုတဲ့ အမှတ် နိမိတ်တွေမှ ကင်းဆိတ်နေတဲ့သဘာဝတွေ အပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ စေတောနိမိတ္တသမာဓိပဲ။ ဒီသမာဓိတွေကို တချို့နေရာမှာ စိတ္တေကဂ္ဂတာသမာဓိလို့လည်း ခေါ်ပါတယ်။ ခဏိကသမာဓိလို့လည်း ခေါ်ပါတယ်။
ဒီလိုဆိုလျှင် ဒီအနိမိတ္တစေတောသမာဓိကို ရရှိလိုတဲ့ သူတော်ကောင်းသည် ရုပ်တရားတွေကို သိအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာလေးပါး နာမ်တရားတွေကိုလည်း သိအောင် ကြိုးစားဖို့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်စေတတ်တဲ့ ဆိုင်ရာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေကို သိထားပြီးဖြစ်ဖို့ မလိုအပ်ဘူးလား? လိုအပ်နေတယ်။ မသိသေးလျှင် သိအောင် ပထမ ကြိုးစားရပါတယ်။ ဘာဖြစ်လို့လဲ?
လုပ်ငန်းခွင်တစ်ခု လုပ်တဲ့အချိန်အခါမှာ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွားသုံးသပ်ရတဲ့တရားတွေက ဒုက္ခသစ္စာ, သမုဒယသစ္စာအမည်ရနေတဲ့ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေ ဖြစ်ကြပါတယ်။ ရုပ်ကို မသိသေးလျှင် ဒီရုပ်တရားကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုမယ်ဆိုလျှင် ဒါယကာကြီးတွေ ဟန်ကျပါ့မလား? နည်းနည်း စဉ်းစားကြည့်ကြစမ်းပါ၊ ဒါက စဉ်းစားတွေးခေါ်ရမယ့်အပိုင်းကလေးတော့ ရောက်နေပါတယ်။ နာမ်တရားတွေကို မသိသေးလျှင် ဒီနာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ရှုမယ်ဆိုလျှင်လည်း ပုံစံကျပါ့မလား? မကျနိုင်ဘူး။ အကြောင်းတရားတွေကို မသိသေးဘူးဆိုလျှင်လည်း ဒီအကြောင်းတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ရှုရာမှာလည်း ပုံစံကျပါ့မလား? မကျနိုင်ဘူး။
ဒါကြောင့် ဒီရုပ်တွေနာမ်တွေကို ပထမ သိအောင် ကြိုးစားရပါမယ်။ ဒီလို ကြိုးစားလို့ သိခဲ့လျှင် ဒီဉာဏ်မျိုးကို နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ပါတယ်။ ရုပ်တွေနာမ်တွေကို ပိုင်းခြားပြီး သိတတ်တဲ့ ဒီနာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် ကြိုးစားတဲ့အပိုင်းမှာ သမာပတ်ရှစ်ပါးကို ရရှိနေတဲ့ သူတော်ကောင်းက လမ်းနှစ်သွယ်မှာ ကြိုက်ရာကနေ သွားနိုင်ပါတယ်။ လမ်းနှစ်သွယ် ဆိုတာက ရုပ်ကမ္မဋ္ဌာန်းက စပြီး ရှုပွားသိမ်းဆည်းလည်း ရပါတယ်။ နာမ်ကမ္မဋ္ဌာန်းက စပြီး ရှုပွားသိမ်းဆည်းလည်း ရပါတယ်။ ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း သို့မဟုတ် ရုပ်ကိုသိမ်းဆည်းခြင်း, နာမ်ကိုသိမ်းဆည်းခြင်းသည် အတူတူပဲ ဖြစ်ပါတယ်။ ရုပ်ကိုသိမ်းဆည်းခြင်း နာမ်ကိုသိမ်းဆည်းခြင်းဆိုတာလည်း ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းကိုပဲ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ကြိုက်ရာက စပြီး ရှုနိုင်တယ်ဆိုတာက သမာဓိအားကောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခြင်းကြောင့် ကြိုက်ရာက စပြီး ရှုနိုင်တယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ နာမ်ကမ္မဋ္ဌာန်း ကို စပြီး ရှုလျှင်တော့ စျာန်နာမ်တရားတွေက စပြီး ရှုပါလို့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာက ညွှန်ကြားထားပါတယ်။ အကယ်၍ ရုပ်ကမ္မဋ္ဌာန်းက စပြီး ရှုမယ်ဆိုလျှင်တော့ ဘာကနေ စပြီး ရှုရမလဲ? ဓာတ်ကမ္မဋ္ဌာန်းကနေ စပြီး ရှုရမှာ ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
အလားတူပဲ ပုဂ္ဂိုလ်တစ်ယောက်က သမထကို မထူထောင်ဘဲ ဝိပဿနာ ကို တိုက်ရိုက်ပဲ သွားချင်တဲ့ပုဂ္ဂိုလ်ကို သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။ ဝိပဿနာကို တိုက်ရိုက်သွားချင်လျှင် ဘာကနေ စပြီး ရှုရမလဲ? ဝိသုဒ္ဓိမဂ်အဋ္ဌကထာကတော့ ရုပ်ကမ္မဋ္ဌာန်းကနေ စပြီး ရှုပါဆိုပြီး ဒီလို ညွှန်ကြား ထားပါတယ်။ ဒီအဋ္ဌကထာရဲ့ ညွှန်ကြားချက်ကလေးကို ဘုန်းကြီး နည်းနည်းလောက် ရွတ်ပြပါမယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ ရှိပါတယ်။
သုဒ္ဓဝိပဿနာယာနိကော ပန အယမေဝ ဝါ သမထယာနိကော စတုဓာတုဝဝတ္ထာနေ ဝုတ္တာနံ တေသံ တေသံ ဓာတုပရိဂ္ဂဟမုခါနံ အညတရမုခဝသေန သင်္ခေပတော ဝါ ဝိတ္ထာရတော ဝါ စတေဿာ ဓာတုယော ပရိဂ္ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ပဲဖြစ်စေ, နာမ်ကမ္မဋ္ဌာန်းကနေ စပြီး ဝိပဿနာကို မကူးလိုဘဲ ရုပ်ကမ္မဋ္ဌာန်းကနေ စပြီး ဝိပဿနာကူးလိုတဲ့ သမထယာနိကပုဂ္ဂိုလ်ပဲဖြစ်စေ ဒီပုဂ္ဂိုလ် နှစ်မျိုးလုံးသည် ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ်ဆိုလျှင် စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းပိုင်းမှာ ဖွင့်ဆိုထားသည့် အတိုင်း ထိုထို ဓာတ်ကြီးလေးပါးကို သိမ်းဆည်းကြောင်းဖြစ်တဲ့ နည်းလမ်း တွေမှာ အကျဉ်းနည်းအားဖြင့်ဖြစ်စေ, အကျယ်နည်းအားဖြင့်ဖြစ်စေ ဓာတ်ကြီး လေးပါးကို စတင် သိမ်းဆည်းပါဆိုပြီး ဒီလို ညွှန်ကြားထားတယ်။ ဘာကြောင့် အဋ္ဌကထာကြီးများက ဒီလို ညွှန်ကြားရသလဲ? ဘုန်းကြီးတို့ သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိနေပါတယ်။ ဝိပဿနာပိုင်း ရောက်လာပြီဆိုလျှင်တော့ ကမ္မဋ္ဌာန်းက ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ ဒီကမ္မဋ္ဌာန်း နှစ်မျိုးထဲက ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရားက ဘယ်လို ဟောကြားထားတော်မူသလဲ?
ရုပ်ကမ္မဋ္ဌာန်းပိုင်း
တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။)
တတ္ထ = ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်။ ဘဂဝါ = မြတ်စွာဘုရားရှင်သည်။ ရူပကမ္မဋ္ဌာနံ = ရုပ်ကမ္မဋ္ဌာန်းကို။ ကထေန္တော = ဟောတော်မူသည်ရှိသော်။ သင်္ခေပမနသိကာရဝသေန ဝါ = အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ ဝိတ္ထာရမနသိကာရဝသေန ဝါ = အကျယ်နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ စတုဓာတုဝဝတ္ထာနံ = စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းကို။ ကထေသိ = ဟောတော်မူမြဲ ဓမ္မတာ ဖြစ်ပေတယ်။
ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လျှင် မြတ်စွာဘုရား ဟောတော်မူတဲ့ ကမ္မဋ္ဌာန်း ဘယ်နှစ်မျိုးရှိသလဲ? ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းဆိုပြီး နှစ်နည်း ရှိပါတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေ နည်းနည်း စဉ်းစားကြည့်စမ်းပါ၊ ဘုရားရှင် ဟောတော်မူတဲ့ အတိုင်း ကျင့်တာနဲ့ ဘုရားရှင် မဟောတဲ့အတိုင်း ကျင့်တာမှာ ဘယ်ဟာက ပိုကောင်းမလဲ? ဘုရားအပေါ်မှာ ယုံကြည်ချက် အပြည့်အဝ ရှိခဲ့လျှင်တော့ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း ကျင့်တာက မိမိတို့အတွက် ပိုပြီး အကျိုး မကြီးနိုင်ဘူးလား? ကြီးနိုင်ပါတယ်။
ရုပ်ကမ္မဋ္ဌာန်းရှုကွက်မှာ မြတ်စွာဘုရားက ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း ရှုပွားနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းဆိုပြီး နှစ်နည်း ဟောကြား ထားတော်မူရာမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို မဟာသတိပဋ္ဌာနသုတ္တန်မှာ ဟောကြားထားတော်မူပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းကိုတော့ မဟာရာဟုလောဝါဒသုတ္တန်, ဓာတုဝိဘင်္ဂသုတ္တန်, အဘိဓမ္မာ ဓာတုဝိဘင်းပါဠိတော်စတဲ့ ထိုထို ဒေသနာတော်တွေမှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။ ဒီဟောတော်မူခဲ့တဲ့အတိုင်း မိမိတို့က ကျင့်ခဲ့လျှင်တော့ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း ရုပ်တွေ နာမ်တွေကို ထိုးထွင်း သိနိုင်တဲ့ အဆင့် ရောက်နိုင်ပါတယ်။
ဒါကြောင့် ဘုန်းကြီးကတော့ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို ပြည်တည်ပြီးတော့ ရုပ်တရားတွေကို ရှုပွားပုံစနစ်ကို ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို မြတ်စွာဘုရားသည် ဘယ်မှာ ဟောတော်မူသလဲလို့ မေးလျှင်တော့ နာမည်ကျော်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာ ဟောတော်မူပါတယ်။ ဘယ်လို ဟောတော်မူသလဲ?
ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ -- အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (မ၊၁၊၇၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ ယထာဌိတံ = တည်မြဲတိုင်းသော။ ယထာပဏိဟိတံ = ထားမြဲတိုင်းသော။ ဣမမေဝ ကာယံ = ဤရူပကာယကြီးကိုပင်လျှင်။ ဣမသ္မိံ ကာယေ = ဤရူပကာယကြီး၌။ ပထဝီဓာတု = ပထဝီဓာတ်သည်။ အတ္ထိ = ရှိ၏။ အာပေါဓာတု = အာပေါဓာတ်သည်။ အတ္ထိ = ရှိ၏။ တေဇောဓာတု = တေဇောဓာတ်သည်။ အတ္ထိ = ရှိ၏။ ဝါယောဓာတု = ဝါယောဓာတ်သည်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့လျှင်။ ဓာတုသော = ဓာတ်သဘောအားဖြင့်။ ပစ္စဝေက္ခတိ = အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွား၍နေပေ၏။
ခန္ဓာကိုယ်ရပ်လျှင် ရပ်တဲ့အတိုင်း, သွားလျှင် သွားတဲ့အတိုင်း, ထိုင်လျှင် ထိုင်တဲ့အတိုင်း, အိပ်လျှင် အိပ်တဲ့အတိုင်း, ဒီခန္ဓာကိုယ်ကြီးထဲမှာ ပထဝီဓာတ် ရှိတယ်၊ အာပေါဓာတ် ရှိတယ်၊ တေဇောဓာတ် ရှိတယ်၊ ဝါယောဓာတ် ရှိတယ်လို့ ဒီလို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားပြီး နေဖို့ရန် ညွှန်ကြားထားပါတယ်။ ဒါက ဓာတ်ကမ္မဋ္ဌာန်း ပြည်တည်ခန်းပဲ ဖြစ်ပါတယ်။ ဒီဓာတ်ကမ္မဋ္ဌာန်း ပြည်တည်ခန်းကို ကြည့်လိုက်မယ်ဆိုလျှင် ဘုရားရှင်သည် ဓာတ်ကို ဘယ်နှစ်ပါး ရှုရမယ်လို့ ဟောတော်မူသလဲ? ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဒီဓာတ်လေးပါးကို ရှုရမယ်လို့ ဟောကြားထားတော်မူပါတယ်။
ဒီဓာတ်ကြီးလေးပါးနဲ့ ပတ်သက်လို့ ဘုန်းကြီး နည်းနည်းကလေးတော့ ပြောချင်ပါတယ်။ ဒီပရိသတ်ထဲမှာ ဓာတ်ကမ္မဋ္ဌာန်း ရှုတတ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါလိမ့်မယ်လို့ ဘုန်းကြီး ထင်ပါတယ်။ ဘုရားရှင်က ဓာတ်လေးပါးထဲက သုံးခုပဲ ရှုပါလို့ ဟောထားသလား? မဟောပါဘူး။ ဒီဓာတ် လေးပါးထဲမှာ အာပေါဓာတ်လည်း မပါဘူးလား? ပါနေတယ်။ ဒါပေမယ့် အာပေါဓာတ်က တွေ့ထိလို့ ရစကောင်းတဲ့ ဖောဋ္ဌဗ္ဗရုပ်တော့ မဟုတ်ပါဘူး။ တွေ့ထိလို့ ရစကောင်းတဲ့ ရုပ်ကတော့ ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး သုံးခုပဲ ရှိပါတယ်။
ဒါယကာကြီးတွေ နည်းနည်းကလေး နားလည်လွယ်အောင် ပြောမယ် ဆိုလျှင် ပုဂ္ဂိုလ်တစ်ယောက်ကို လက်ကလေးနဲ့ ကိုင်ကြည့်ပါ၊ ကိုင်ကြည့်လိုက်လျှင် ဒီပုဂ္ဂိုလ်ရဲ့ကိုယ်မှာ မာတဲ့သဘော, ပျော့တဲ့သဘော, ကြမ်းတဲ့သဘော, ချောတဲ့သဘော, လေးတဲ့သဘော, ပေါ့တဲ့သဘောတွေကို သိနိုင်တယ်။ ဒီပုဂ္ဂိုလ်ရဲ့အသားမှာ ပူတဲ့သဘော, အေးတဲ့သဘောလည်း မသိနိုင်ဘူးလား? သိနိုင်တယ်၊ တွန်းကန်နေတဲ့သဘော, ထောက်ကန်နေတဲ့သဘော, လှုပ်ရှားနေတဲ့သဘောတွေလည်း သိနိုင်တယ်။ ဒီဓာတ်သုံးပါးကတော့ ကိုင်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကျင်ငယ်တွေ သွားနေသလား, မသွားဘူးလား ဆိုတာကို ကိုင်ကြည့်ရုံနဲ့ သိနိုင်ပါ့မလား? မသိနိုင်ဘူး။ ယိုစီးတဲ့သဘော ကတော့ ကိုင်ကြည့်ရုံနဲ့ မသိနိုင်တာ မှန်တယ်။ ဒါပေမယ့် ဘုရားရှင်က အရှုခိုင်းသလား၊ မခိုင်းဘူးလား? အရှုခိုင်းနေတယ်။ ဖောဋ္ဌဗ္ဗရုပ်မဟုတ်လို့ အာပေါဓာတ်ကို ရှုလို့မရဘူးလို့ ယနေ့ခေတ်မှာ ပြောနေကြလို့ ဘုန်းကြီးက ဒါနဲ့ ပတ်သက်ပြီး နည်းနည်းကလေး ရှင်းပြနေခြင်း ဖြစ်ပါတယ်။
ဘုန်းကြီး နည်းနည်းကလေး နားလည်လွယ်အောင် ထပ်ပြီး နောက်တစ်ခု ပြောပြပါမယ်။ ဘုန်းကြီးဝတ်ရုံထားတဲ့ သင်္ကန်းကလေး ဒါယကာကြီးတွေ လှမ်းကြည့်လျှင် မမြင်ရဘူးလား? မြင်ရတယ်။ ဒီသင်္ကန်းရဲ့ အရောင် အဆင်းကလေးသည် ဖောဋ္ဌဗ္ဗရုပ် ဟုတ်သလား? မဟုတ်ပါဘူး။ ဒီအရောင် ကလေးက ဒါယကာကြီးတွေကို လာထိသလား? မထိပါဘူး။ ဆိုလိုတာက ဖောဋ္ဌဗ္ဗရုပ် မဟုတ်ပေမယ့် သိနိုင်တဲ့ရုပ်တွေ မရှိကြဘူးလား? ရှိနေတယ်။
ဟိုဘက် လမ်းမပေါ်မှာ ကားတွေ သွားလာနေတာကို နားထောင်ကြည့်စမ်းပါ၊ အသံတွေ မကြားရဘူးလား? ကြားနေရတယ်။ ဒီအသံတွေက ဖောဋ္ဌဗ္ဗရုပ် ဟုတ်သလား? မဟုတ်ပါဘူး။ အနံ့တစ်ခုခုကို နမ်းရှူကြည့်မယ် ဆိုလျှင် အနံ့ကို မသိနိုင်ဘူးလား? သိနိုင်တယ်။ ဒါကလည်း ဖောဋ္ဌဗ္ဗရုပ် ဟုတ်သလား? မဟုတ်ပါဘူး။ ဒါကြောင့် ဖောဋ္ဌဗ္ဗရုပ် မဟုတ်ပေမယ့် ရှုလို့ ရနိုင်တဲ့ရုပ်တွေ မရှိဘူးလား? ရှိနေတယ်။ ဒါကြောင့် ဓာတ်လေးပါး ရှုပါ ဆိုလျှင် မိမိတို့က ဓာတ်လေးပါး ရှုဖို့တော့ မလိုဘူးလား? လိုအပ်ပါတယ်။ ဓာတ်တစ်လုံး ရှုရုံနဲ့လည်း နိဗ္ဗာန်ရပါတယ်ဆိုပြီးတော့ တချို့ကလည်း အယူ ရှိကြပြန်တယ်။ ကိုးကားချက်ကတော့ ---
ဧကဒေသ = တစ်စိတ်တစ်ဒေသဟူသည်
သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ။ (မ၊ဋ္ဌ၊၁၊၅၄။)
ဆိုတဲ့ မဇ္ဈိမနိကာယ် မူလပရိယာယသုတ္တန်အဋ္ဌကထာကို ကိုးကားကြပါတယ်။ သို့သော် အဋ္ဌကထာကတော့ ဓာတ်တစ်လုံးရှုလျှင် နိဗ္ဗာန်ကို ရပါတယ်လို့ ပြောလိုရင်းတော့ မဟုတ်ပါဘူး။ ဒီဇာတ်ကြောင်းကလေးကို နည်းနည်းကလေးတော့ ဘုန်းကြီး ရှင်းပြချင်ပါတယ်။
ပုဏ္ဏားလုလင် ငါးရာတို့ဟာ ဉာဏ်သိပ်ထက်ကြပါတယ်။ ဗေဒင်သုံးပုံမှာ တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဗေဒင်ကျမ်းတွေမှာ အနှစ်သာရကို ရှာဖွေကြည့်လိုက်တဲ့အခါမှာ အနှစ်သာရကို ရှာလို့မရ ဖြစ်နေတယ်။ ဘုရားရှင်ရဲ့ သာသနာတော်က ပွင့်သစ်စဖြစ်တော့ နာမည်ကြီးစလည်း ဖြစ်နေတယ်။ နာမည်ကြီးစဖြစ်တဲ့ အချိန်အခါမှာ သူတို့ မိတ်ဆွေတွေ စုပေါင်း တိုင်ပင်ပြီးတော့ အရှင်ဂေါတမ၏ သာသနာသည် အနှစ်သာရ ဘယ်လောက်ရှိသလဲ သိရအောင် တို့ ဝင်ရောက်ပြီး ရှင်ရဟန်း ပြုကြစို့ဆိုပြီး တိုင်ပင်လိုက်ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေကလည်း ပစ္ဆိမဘဝိက = နောက်ဆုံးဘဝရှိတဲ့ ရဟန္တာ ကိန်းသေဧကန်ဖြစ်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်ခြင်း ကြောင့် ဉာဏ်ကလည်း အလွန်ထက်, စိတ်ဓာတ်တွေကလည်း အလွန် သန်မာနေကြပါတယ်။
လာကွာ တို့ ဒုလ္လဘ ဆယ်ရက်လောက် သွားဝတ်ကြရအောင်ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ဘယ့်နှယ်တုံး ဒုလ္လဘတွေ ဟုတ်သလား? မဟုတ်ကြပါဘူး။ တပည့်တော်က တစ်ဝါလောက်တော့ ဒုလ္လဘဝတ်လိုက်မယ် ဒီလို ပုံစံမျိုးလည်း ဟုတ်သလား? မဟုတ်ကြပါဘူး။ အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ အနှစ်သာရတရားတွေကို တို့ ရအောင် ရှာဖွေမယ်ဆိုတဲ့ ဒီစိတ်ဓာတ်တွေ ရှိနေကြတယ်၊ တရားအားထုတ်လျှင် ဒီစိတ်ဓာတ်ကလေးက ရှိဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ အထုပ်ကလေး တပြင်ပြင်ဆိုလျှင် ဒါယကာကြီးတွေ တရားက ရဖို့လွယ်ပါ့မလား? မလွယ်ဘူး။ ဘယ့်နှယ်တုံး ဒါယိကာမကြီးတွေ လွယ်ပါ့မလား? မလွယ်ဘူး။
ထိုင်ဝမ်ကနေ လာပြီး တရားအားထုတ်ကြတဲ့ မဟာယာနဘိက္ခုနီကလေးတွေဆိုလျှင် စိတ်ဓာတ်တွေ ဘယ်လောက် ပြင်းထန်ကြသလဲ? တရား မရမချင်း ဘယ်တော့မှ မပြန်ဘူးဆိုတဲ့ ဒီလို စိတ်ဓာတ်နဲ့ လာပြီး အားထုတ် ကြတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဝင်လိုက်ထွက်လိုက် ဝင်လိုက်ထွက်လိုက်နဲ့ ရှက်ဖို့ မကောင်းဘူးလား? သိပ်ရှက်ဖို့ကောင်းတယ်။ စိတ်ဓာတ်ကို ပြင်းပြင်းထန်ထန်ထားဖို့ အလွန် အရေးကြီးပါတယ်။
ဒီပုဏ္ဏားလုလင် ငါးရာတို့က သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုလာတဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? ရဟန္တာဖြစ်မယ့် နောက်ဆုံးဘဝ ရှိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် ဉာဏ်က အလွန် ထက်မြက်နေတဲ့အတွက် ဘုရားရှင်ရဲ့ တရားတော်တွေကို သင်ယူလိုက်တဲ့ အချိန်အခါမှာ လွယ်လွယ်ကလေးနဲ့ တတ်မြောက်သွားကြတယ်။
ဒီလို လွယ်လွယ်ကလေး တတ်မြောက်တာနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး သတိရလို့ ဒါယကာကြီးတွေကို နည်းနည်း ပြောပြပါမယ်။ ဘုန်းကြီး ကျောင်းနားမှာ ကျောင်းသားကလေးတစ်ယောက် ရှိပါတယ်၊ ဒီကျောင်းသားကလေးက ယခု ဆရာဝန်တက္ကသိုလ်မှာ တက်ရောက် ပညာသင်နေပါတယ်၊ သူ့ကို ဒါယကာတစ်ယောက်က ဟေ့ကောင် စာတစ်ပုဒ်ကို မှတ်မိအောင် အလွတ်ရအောင် မင်း ဘယ်နှစ်ခေါက်လောက် ဖတ်ရသလဲလို့ မေးကြည့်တယ်၊ တစ်ခေါက်ပဲ ဖတ်ရတယ်လို့ ကလေးက ပြန်ပြောတယ်။
နောက်တော့ တက္ကသိုလ်မှာ ဘာပြဿနာ ပေါ်လာသလဲဆိုတော့ ဆရာမတွေ စာသင်ပြီဆိုလျှင် သူက ထိုင်ပြီး နားထောင်နေလိုက်တယ်။ အထူး သဖြင့် သမိုင်းဘာသာရပ်ကို သင်ယူတဲ့အခါ ဆိုကြစို့။ ရာဇဝင်ကြောင်းတွေကို ထိုင်နားထောင်နေလိုက်တဲ့အခါ ဆရာမတွေ ပြောခဲ့တာ မဟုတ်ဘူးဆိုပြီး ချက်ချင်း ထပြောတယ်။ ဘာဖြစ်လို့လဲ? သူက ရာဇဝင်ကို ဆရာမတွေ မသင်ခင်က ကြိုတင်ပြီး ဖတ်ထားတယ်။ တစ်ခေါက်ဖတ်ရုံနဲ့ အားလုံး မှတ်မိ နေတယ်။ ဒီလို မှတ်မိနေတဲ့အတွက် ဆရာမ သင်ပြတာ ပြောသွားတာတွေက မှားနေတယ်၊ ခုနှစ်သက္ကရာဇ်တွေကလည်း မှားနေတယ်ဆိုလျှင် ဆရာမ ပြောတာ မဟုတ်တဲ့အကြောင်းကို ခုနှစ် သက္ကရာဇ်တွေနဲ့ သူက အကုန်လုံး ထပြောနိုင်တယ်။ ဘုန်းကြီး ပြောချင်တာက ယခုခေတ်မှာတောင် တစ်ခေါက် ဖတ်ထားရုံနဲ့ မှတ်မိ အလွတ်ရနေတဲ့ ဒီလို ပုဂ္ဂိုလ်တွေ ရှိတယ်ဆိုလျှင် ရှေးခေတ်က ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်တွေဟာ ဒီထက် ပိုပြီး ဉာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ မရှိနိုင်ဘူးလား? ရှိနိုင်တယ်။
အလားတူပဲ ဘုန်းကြီး မုဒုံမှာ နာမည်ကျော်ဖြစ်တဲ့ ဒါယကာ သိန်းဖေကို တွေ့ဖူးပါတယ်။ စပ်မိလို့ ဘုန်းကြီးက သူ့ကို ငယ်စဉ် ကိုရင်ဝတ်တုန်းက တစ်မနက် စာကျက်လိုက်လျှင် ဂါထာငါးရာ ရတယ်ဆိုတာ ဟုတ်သလားလို့ မေးကြည့်ဖူးပါတယ်။ ဘုန်းကြီးက သူ့အကြောင်းကို ကျေးဇူးရှင် ဆရာတော် တစ်ပါးထံမှ ကြားထားဖူးတယ်။ ဘုန်းကြီးရဲ့ ကျေးဇူးရှင် ဆရာတော်တစ်ပါး ရဟန်းဖြစ်စလောက်က ဒီကိုရင်နဲ့ မြင်းခြံမှာ စာသင်ခဲ့ဖူးပါတယ်။ ဒီကိုရင်ရဲ့ အကြောင်းကို ကြားရတော့ ဒီကိုရင် ဒီလောက်တောင် အပြောကြီးလှတယ်၊ ဟုတ်မဟုတ် သိရအောင် မေးစမ်းကြည့်မယ်ဆိုပြီးတော့ အင်မတန် ခက်ခဲတဲ့ ရှည်လျားတဲ့ အရိယာဂါထာကြီးတစ်ခုကို ကျက်ထားပါတယ်။ သပိတ် ဆေးနေရင်းနဲ့ ဒီကိုရင်နဲ့တွေ့တော့ ကိုရင်ကို ကိုရင် ... ဥုးပဉ္စင်း ရှေ့က ဂါထာ တစ်ပုဒ် ရွတ်ပြမယ်၊ ဒီဂါထာကို ပြန်ရွတ်ပြပါလို့ ဘုန်းကြီး ဆရာသမားကလည်း စမ်းကြည့်တဲ့အနေနဲ့ ဒီခက်ခဲတယ်ဆိုတဲ့ အရိယာဂါထာကြီးကို ရှေ့ကနေ တစ်ခေါက် ရွတ်ပြလိုက်တယ်။ ကိုရင် ရွတ်ပြစမ်းဆိုပြီး ရွတ်ခိုင်းလိုက်တော့ တန်းနေအောင် ရွတ်ပြနိုင်တယ်။ ခြောက်လလောက် ကြာတော့ တစ်ခါတွေ့တဲ့အခါ ကိုရင် ဟိုတစ်လောကဂါထာကို ပြန်ရွတ်ပြစမ်းဆိုပြီး နားထောင်ကြည့်လိုက်တယ်၊ တစ်လုံးမှ မလွဲဘူး။ တစ်ခါရပြီးတဲ့စာ ဘယ်တော့မှ မမေ့ဘူး။ ဒါက သိပ်တန်ဘိုးကြီးတယ်။ အရှင်အာနန္ဒာတို့ရဲ့ ဉာဏ်မျိုးပဲ။ ဒီလောက်ကောင်းတဲ့ဉာဏ်မျိုးတွေ ယနေ့ခေတ်မှာ ရှိနေပါတယ်။
ဒီပုဏ္ဏားလုလင် ငါးရာကလည်း ဘုရားရှင်ရဲ့ တရားတော်တွေကို တစ်ခေါက်လောက် ကြားနာရုံနဲ့ သေသေချာချာ တတ်သိ နားလည်သွားတယ်။ ဒီလို တရားတော်တွေကို လွယ်လွယ်ကူကူနဲ့ တတ်သိ နားလည်တဲ့ ဉာဏ်မျိုးတွေ ရှိနေတဲ့အတွက် ပရိယတ္တိမာန်ကလေးတွေ ဝင်လာပြန်တယ်။ အရှင်ဂေါတမ ဟောနေတဲ့တရားတွေက သိပ်မခက်ပါဘူး၊ တို့ သင်လည်း လွယ်လွယ်နဲ့ တတ်တာပဲ၊ လိင်သုံးပါး, ကံ-ကတ္တားစတဲ့ သာဓန ခုနစ်ပါး, ဧကဝုစ်-ဗဟုဝုစ်ဆိုတဲ့ ဝုစ်နှစ်ပါး, ဝိဘတ် ခုနစ်သွယ်က လွဲပြီး မဟောနိုင်ပါဘူး ဆိုပြီးတော့ ဘုရားရှင်အပေါ်၌ မထီလေးစားကလေးတွေ ဖြစ်လာတယ်။
ဒီလို မထီလေးစား ဖြစ်လာပြီးတော့ ပရိယတ္တိတရားတော်ကိုလည်း ကျကျနန မနာတော့ဘူး၊ သိပ်လည်း တန်ဖိုးမထားတော့ဘူး။ တန်ဖိုးမထားတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ဘုရားရှင်က လှမ်းကြည့်လိုက်တော့ ဒီမာန်မာနကို မနှိမ်ချိုးခဲ့ဘူးဆိုလျှင် ဒီရဟန်းတွေမှာ အရဟတ္တဖိုလ်ရဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိတွေတော့ ပျက်စီးကုန်တော့မယ်။ ဒီမာနတွေကို ငါ ချိုးနှိမ်ပစ်မှ ဖြစ်တော့မယ်ဆိုပြီးတော့ မြတ်စွာဘုရားက ဒီမူလပရိယာယသုတ္တန်ကို ဟောတော်မူပါတယ်။
အတိတ်ဇာတ်လမ်း
နောက်တစ်ခု ဘုန်းကြီး ပြောချင်တာကလေးကတော့ စိတ်ဓာတ်ပါ။ ဒီရဟန်းတော်တွေဟာ ဘာကြောင့် ဒီလို မာန်မာနတရားတွေ ကြီးနေရသလဲ? သူတို့ရဲ့ အတိတ်ဇာတ်ကြောင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ အတိတ်ဘဝတစ်ခုမှာ ဘုန်းကြီးတို့ ဘုရားအလောင်းတော်က ဒိသာပါမောက္ခဆရာကြီး ဖြစ်ခဲ့ပါတယ်။ ဒီပုဏ္ဏားလုလင် ငါးရာက ဒီဒိသာပါမောက္ခဆရာကြီးရဲ့ တပည့်ငါးရာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဘဝမှာလည်း သူတို့က အလားတူပဲ ဆရာကြီးထံမှာ ပညာတွေကို လွယ်လွယ်နဲ့ သင်ယူ တတ်မြောက်တော့ ဆရာကြီးကို မထီလေးစား ပြုလုပ်ခဲ့ကြပါတယ်။
ဒါကြောင့် ဆရာကြီးက သူတို့ရဲ့ မာန်မာနတွေကို အဲဒီတုန်းကလည်း ဂါထာဝှက်ကလေးတစ်ခုနဲ့ နှိမ်ချိုးခဲ့ဖူးတယ်။ အချိန်ရဲ့ အစားအမျိုကို ခံရတဲ့ သတ္တဝါတွေ လောကမှာ ရှိပါတယ်၊ ဘယ်လို သတ္တဝါလဲ? အချိန်ကာလကို စားမျိုနေတဲ့သတ္တဝါလည်း ရှိတယ်၊ အဲဒီသတ္တဝါဟာ ဘယ်သတ္တဝါလဲ?ဆိုတဲ့ ဒီမေးခွန်းကလေးတစ်ခုကို ဂါထာစကားဝှက်ကလေးနဲ့ မေးတဲ့အခါမှာ သူတို့ မဖြေနိုင်ကြဘူး။ မဖြေနိုင်တဲ့အခါမှာ ဒိသာပါမောက္ခဆရာကြီးက တပည့်တို့ လောကမှာ ပခုံးနှစ်ခုကြား ခေါင်းပေါက်တဲ့ သတ္တဝါချင်း တူပေမယ့်လို့ ဒီသတ္တဝါတွေထဲမှာ ပညာရှိဆိုတာ တစ်ယောက်တလေပဲ ရှိပါတယ်ဆိုပြီး ဒီလို သူတို့ရဲ့ မာနကို ချိုးနှိမ်ခဲ့ဖူးတယ်။ (မ၊ဋ္ဌ၊၁၊၅၉-၆၀။)
ဒီလို အတိတ်က ပညာမာန်တွေ တက်ကြွခဲ့ဖူးတဲ့ အရှိန်အဝါကလေးတွေက နောက်ဆုံး ရဟန္တာဖြစ်မယ့်ဘဝအထိ ဒီအရှိန်အဝါတွေက ကပ်ပြီး ပါလာတယ်။ ကပ်ပါလာတဲ့အတွက်ကြောင့် ဒေါသကြီးတဲ့ပုဂ္ဂိုလ်က ဒီဒေါသကို ဘဝတစ်လျှောက်မှာ မပယ်စွန့်နိုင်ခဲ့ဘူးဆိုလျှင် ဘဝဆက်တိုင်း ဒေါသကြီး တတ်တယ်။ မာနကြီးတဲ့ပုဂ္ဂိုလ်ကလည်း ဒီမာနတွေကို မပယ်စွန့်ခဲ့လျှင် ဘဝဆက်တိုင်း ဒီမာန်မာနတွေက လိုက်ပြီး ကြီးတတ်တယ်။ လောဘကြီးတဲ့ ပုဂ္ဂိုလ်ကလည်း ဒီလောဘကို မပယ်စွန့်နိုင်လျှင် ဘဝဆက်တိုင်းလိုလို ဒီ လောဘက ဆက်ပြီး ကြီးတတ်တယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ကြောက်ဖို့ မကောင်းဘူးလား? သိပ်ကြောက်ဖို့ကောင်းပါတယ်။
ဒါကြောင့် ဘုရားရှင်ရဲ့တရားတော်တွေကို နာယူပြီးတဲ့ အချိန်အခါမှာ ငါတို့ရဲ့ စိတ်ဓာတ်ကလေးကို ငါတို့ ပြုပြင် ပြောင်းလဲပေးမယ်။ ငါတို့ရဲ့စိတ်ဓာတ်မှာ ဒီလောဘတွေ ကင်းရှင်းသွားအောင်, ငါတို့ရဲ့စိတ်ဓာတ်မှာ ဒီဒေါသ တွေ ကင်းရှင်းသွားအောင်, ငါတို့ရဲ့စိတ်ဓာတ်မှာ ဒီမောဟတွေ ကင်းရှင်း သွားအောင်, ငါတို့ရဲ့စိတ်ဓာတ်မှာ ဒီမာန်မာနတွေ ကင်းရှင်းသွားအောင် ငါတို့ ပြုလုပ်ပေးမယ်ဆိုတဲ့ ဒီစိတ်ဓာတ်တွေ မွေးမြူဖို့ လိုအပ်ပါတယ်။ လောဘ ကင်းရေးအတွက် ဘာအရေးကြီးသလဲ? နိုင်ငံရေးစကားလုံးနဲ့ ပြောတာတော့ မဟုတ်ပါဘူး။ ကိုယ့်အရေးပဲ မဟုတ်လား? ဒေါသကင်းဖို့ကလည်း ကိုယ့်အရေးပဲ၊ မောဟကင်းဖို့ကလည်း ကိုယ့်အရေးပဲ။ တခြားအရေးတွေက ကိုယ့်အရေး ဟုတ်သလား? မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ?
ဒီလောဘ-ဒေါသ-မောဟတွေက ဒါယကာကြီးတွေကို အပါယ်သို့ ရောက်အောင် ဆွဲချသွားမှာ ဖြစ်ပါတယ်။ အပါယ်သို့ ရောက်အောင် ဆွဲချရုံ သာမက ဘဝတစ်လျှောက်မှာလည်း ထောင်ထောင် ထောင်ထောင်နဲ့ လျှောက်နေမယ်ဆိုလျှင်တော့ သူတော်ကောင်းတို့ရဲ့ကြားမှာ ပွဲဝင်လို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ နှိမ်ချိုးထားတဲ့ မာန်မာနကလေးရှိမှ ပွဲဝင်လို့ ရပါမယ်။ ဘယ်ပွဲ ဝင်ရမှာလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရနိုင်တယ်ဆိုတဲ့ ပွဲကြီးကို ဝင်လို့ ရပါမယ်။ ဒီမာန်မာနတွေ ရှိနေလျှင် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရနိုင်တယ်ဆိုတဲ့ပွဲကြီးကို ဝင်လို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။
ပုဏ္ဏားလုလင် ရဟန်းတော်တွေမှာ ဒီမာန်မာနတွေ ရှိနေတဲ့အတွက် ပွဲဝင်လို့မရ ဖြစ်နေတာကို ဘုရားရှင်က သိမြင်တော်မူပါတယ်။ ငါ့တပည့် တွေတော့ ဒီမာနကြီး တစ်ခွဲသားနဲ့ သံသရာခရီး ဒီလို ဆက်ပြီး သွားကြလျှင် တော့ အရဟတ္တဖိုလ်ရနိုင်တဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိတွေ ပျက်စီးကုန်တော့မှာပဲဆိုပြီးတော့ ဘုရားရှင်က ဒီမူလပရိယာယသုတ္တန်ကြီးကို ဟောတော်မူပါတယ်။
မာန်မာနကို ချိုးနှိမ်ရန်
ဒီသုတ္တန်ရဲ့ ဟောပုံစနစ်ကလည်း တော်တော် နက်နဲခက်ခဲလှပါတယ်။ အဋ္ဌကထာများက ဖွင့်ထားသော်လည်း ဒီအဋ္ဌကထာဖွင့်ကို အနောက်တိုင်းသားပုဂ္ဂိုလ်တွေ နားလည်နိုင်တဲ့စွမ်းအား မရှိကြဘူး။ တစ်ချိန်က အနောက်တိုင်း လန်ဒန်ပါဠိအသင်းက ဒီသုတ္တန်ကြီးကို ဘာသာပြန်ဆိုကြပါတယ်။ အခက်အခဲတွေ များစွာ တွေ့ကြုံနေတော့ လယ်တီဆရာတော်ဘုရားထံ လှမ်းပြီး တောင်းပန်တဲ့အတွက် လယ်တီဆရာတော်ဘုရားက သူတို့ နားလည် လွယ်အောင်ဆိုပြီးတော့ ဋီကာသစ်တစ်ခု ရေးသားပြီး ချီးမြှင့်ပေးတော်မူခဲ့ရပါတယ်။ ဒီလောက်အထိ ခက်ခဲ နက်နဲလှပါတယ်။
ဒီလောက် ခက်ခဲလှတဲ့ သုတ္တန်ကြီးတစ်ခုကို ဘာကြောင့် ဘုရားရှင်က ဟောတော်မူရသလဲ? မာနဘဉ္ဇနတ္ထံ (မ၊ဋ္ဌ၊၁၊၁၈။၅၈။) = မာနကြီးနေတဲ့ ပုဂ္ဂိုလ် တွေရဲ့ မာန်မာနတွေကို ချိုးနှိမ်ဖို့ဆိုတဲ့ ဦးတည်ချက်ဖြင့် မြတ်စွာဘုရားက ဒီသုတ္တန်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ ကျွတ်တမ်းဝင်ဖို့ရန်အတွက်ဆိုတဲ့ ဦးတည်ချက်ဖြင့် ဟောတော်မူခြင်း ဟုတ်သလား? မဟုတ်ပါဘူး။ မြတ်စွာဘုရားက ဘယ်လို ဟောတော်မူသလဲ? အစပိုင်းမှာ အန္ဓပုထုဇန်ခေါ်တဲ့ ပညာမျက်စိကန်းနေတဲ့ ပုထုဇန်ငမိုက်သားက ပထဝီဓာတ်ကို ငါလို့ သိတယ်၊ ငါ့ဟာလို့ သိတယ်၊ ငါ့ရဲ့ အတ္တလို့ သိတယ်၊ ဒါကို နားလည်လွယ်အောင် ဘုန်းကြီး နည်းနည်းကလေး ထပ်ပြီး ရှင်းပြပါမယ်။
ဒါယကာကြီးတွေ တရားထိုင်နာနေတဲ့အချိန်အခါမှာ ကျောတွေ တောင့် မနေဘူးလား? တောင့်နေတယ်။ ဒီကျောတောင့်နေတာကို တခြား တစ်ယောက်ကို သွားပြောတဲ့အခါ ဘယ်လိုပြောသလဲ? ဘုန်းကြီးကလည်း တရားက ရှည်လိုက်တာ၊ ငါ့ကျောတွေကို တောင့်သွားတာပဲလို့ ဒီလို မပြော ကြဘူးလား? ပြောကြတယ်။ ကျောတောင့်တာကို ဘာပြောလဲ? ငါ့ကျော တောင့်တယ်လို့ ဒီလို ပြောကြတယ်။ ငါ့ကျောတောင့်တယ်ဆိုလျှင် ပထဝီဓာတ်ကို ငါ့ဟာလို့, ငါလို့ သွားစွဲလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီပထဝီဓာတ်ကို ငါလို့ စွဲနေတယ်၊ ငါ့ရဲ့ အတ္တလို့ စွဲနေတယ်။
သေက္ခပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်တွေကတော့ တစ်စိတ်တစ်ဒေသအားဖြင့် ဒီပထဝီဓာတ်ကို ငါလို့လည်း စွဲသေးတယ်၊ ငါ့ဟာလို့လည်း စွဲသေးတယ်၊ ဒါပေမယ့် ငါ့ရဲ့အတ္တပဲလို့တော့ မစွဲတော့ဘူး။ ရဟန္တာပုဂ္ဂိုလ်တွေကတော့ ဒီပထဝီဓာတ်ကို သိတဲ့အပိုင်းမှာ ငါလို့လည်း မသိတော့ဘူး၊ ငါ့ရဲ့အတ္တလို့လည်း မသိတော့ဘူး၊ ဘယ်လို သိသွားသလဲ? အနိစ္စလို့ပဲ အမြဲသိနေတယ်၊ ဒုက္ခလို့ပဲ အမြဲသိနေတယ်၊ အနတ္တလို့ပဲ အမြဲသိနေတယ်၊ အစွဲသုံးခုလုံး ပြုတ်ပြီး သိနေတယ်။
ငါ့ဟာလို့သိတာက တဏှာစွဲ, ငါလို့သိတာက မာနစွဲ, ငါ့ရဲ့အတ္တလို့ သိတာက အတ္တစွဲဆိုပြီး အစွဲသုံးမျိုး ရှိပါတယ်။ အတ္တစွဲကို ဒိဋ္ဌိစွဲလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဆိုလိုတာက ပုထုဇန်ငမိုက်သားက ဒီပထဝီဓာတ်ကို သိတဲ့အခါ တဏှာစွဲ, မာနစွဲ, အတ္တစွဲ (= ဒိဋ္ဌိစွဲ)ဆိုတဲ့ ဒီအစွဲသုံးခုနဲ့ သိပါတယ်။ သေက္ခပုဂ္ဂိုလ်တွေကတော့ ဒိဋ္ဌိစွဲပြုတ်ပြီးတော့ တဏှာစွဲ, မာနစွဲ အချို့အဝက်နဲ့ သိပါတယ်။ အသေက္ခခေါ်တဲ့ ရဟန္တာတွေကတော့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ ဆိုတဲ့ ဒီအစွဲသုံးခုလုံး ပြုတ်ပြီးတော့ သိပါတယ်။ ဘုရားရှင်ကလည်း တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲ အစွဲသုံးခုလုံး ပြုတ်ပြီးတော့ပဲ သိပါတယ်။
ပုထုဇန်ငမိုက်သားက တစ်မျိုး, သေက္ခပုဂ္ဂိုလ်တွေက တစ်မျိုး, အသေက္ခရဟန္တာပုဂ္ဂိုလ်တွေက တစ်မျိုး, ဘုရားရှင်က တစ်မျိုးဆိုပြီး ပေါင်းလိုက်တော့ ပုဂ္ဂိုလ်အမျိုးအစား ဘယ်နှစ်မျိုး ဖြစ်သွားသလဲ? လေးမျိုး ဖြစ်သွားပါတယ်။ ဒီပုဂ္ဂိုလ်လေးမျိုး ရှိတဲ့အနက်က အာပေါဓာတ်ကိုလည်း ပုံစံတူပဲ ပုထုဇန်ငမိုက်သားက တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခုနဲ့ သိပါတယ်။ သေက္ခပုဂ္ဂိုလ်တွေက ဒိဋ္ဌိစွဲ ပြုတ်ပြီးတော့ တဏှာစွဲ, မာနစွဲ အချို့အဝက်နဲ့ သိပါတယ်။ အသေက္ခပုဂ္ဂိုလ်တွေကတော့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခုလုံး ပြုတ်ပြီးတော့ သိပါတယ်။ တထာဂတခေါ်တဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တွေဟာလည်း တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခုလုံး ပြုတ်ပြီးတော့ပဲ သိပါတယ်။
တေဇောဓာတ်, ဝါယောဓာတ်တွေကိုလည်း ပုံစံတူပဲ သိပါတယ်ဆိုပြီး ဓာတ်တစ်လုံးစီ တစ်လုံးစီကို ဘုရားရှင်က ခွဲခြားပြီး ဟောတော်မူလိုက်တယ်။ ဓမ္မသဘာဝတွေကိုသာ ဦးစားပေးပြီးတော့ ဟောတော်မူခြင်းကြောင့် ဒီလို ဟောတော်မူတဲ့စနစ်ကို ဓမ္မာဓိဋ္ဌာန်ပိုင်းလို့ ခေါ်ပါတယ်။ ဒီလို ဓာတ်လေးပါးကို ဟောတော်မူပြီးတဲ့အခါမှာ ဘုရားရှင်က ဒေသနာတော်ကို ပုဂ္ဂလာဓိဋ္ဌာန်ပိုင်းဘက်ကို ပြောင်းပြီး ဟောတော်မူပြန်ပါတယ်။
လူတွေ, နတ်တွေ, ဗြဟ္မာတွေကို ပုထုဇန်က ဘယ်လို သိတယ်၊ သေက္ခပုဂ္ဂိုလ်က ဘယ်လို သိတယ်၊ အသေက္ခပုဂ္ဂိုလ်တွေက ဘယ်လို သိတယ်၊ တထာဂတဘုရားရှင်က ဘယ်လို သိတယ် စသည်ဖြင့် ပုံစံတူပဲ ပြောင်းပြောင်းပြီး ဟောတော်မူပါတယ်။ လူတွေကို ပုထုဇန်က တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲတွေနဲ့ သိတယ်၊ ငါလို့ သိတယ်၊ ငါ့ဟာလို့ သိတယ်၊ ငါရဲ့အတ္တလို့ သိတယ်၊ ငါ့ရဲ့သားလို့ သိတယ်၊ ငါ့ရဲ့သမီးလို့ သိတယ်၊ ငါ့ရဲ့ဇနီးလို့ သိတယ်၊ ငါ့ရဲ့မြေးလို့ သိတယ်၊ ငါ့ရဲ့အဘိုးကြီးလို့ သိတယ်၊ ငါ့ရဲ့အဘွားကြီးလို့ သိတယ်၊ ဒီလို ပုံစံစနစ်ဖြင့် သိနေပါတယ်။
သေက္ခပုဂ္ဂိုလ်တွေကတော့ ဒိဋ္ဌိစွဲ ပြုတ်ပြီးတော့ ငါပဲ, ငါ့ဟာပဲ ဒီလို အစွဲအချို့အဝက်နဲ့ သိနေပါတယ်။ အသေက္ခပုဂ္ဂိုလ်တွေကတော့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခုလုံး ပြုတ်ပြီး အနိစ္စ, ဒုက္ခ, အနတ္တတရားတွေပဲလို့ ပုံမှန် သိနေပါတယ်။ တထာဂတဘုရားရှင်လည်း အစွဲသုံးခုလုံး ပြုတ်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တတရားတွေပဲလို့ ပုံမှန် သိနေပါတယ်။ ဒီလိုအသိဉာဏ်တွေ ကွာခြားပုံနဲ့ ပတ်သက်ပြီး (၃၁)ဘုံလုံးကို တစ်ဆင့်ပြီးတစ်ဆင့် မြတ်စွာဘုရားက ဟောတော်မူလိုက်ပါတယ်။
ဒီလို ဟောတော်လိုက်တဲ့အခါမှာ ဘယ်လို ပြဿနာတွေက ပေါ်လာ သလဲ? ဓမ္မာဓိဋ္ဌာန်ပိုင်းမှာ ပရမတ္ထသစ္စာတရားတွေနဲ့ ပတ်သက်ပြီး ဘုရားရှင်က ဓာတ်လေးပါးပဲ ဟောသွားပါတယ်။ ဒေသနာတော်ကို ဓမ္မာဓိဋ္ဌာန်ပိုင်းကနေ ပုဂ္ဂလာဓိဋ္ဌာန်ပိုင်းကို ပြောင်းဟောလိုက်တဲ့အတွက် ဒီပုဂ္ဂိုလ် လေးမျိုး တို့သည် ဓာတ်ကြီးလေးပါးအပေါ်၌သာလျှင် အသိဉာဏ် ကွာဟချက်ရှိပြီးတော့ တခြားတခြား ပရမတ္ထဓာတ်သားတွေအပေါ်၌ အသိဉာဏ် ကွာဟချက် မရှိနိုင်ဘူးလားဆိုတဲ့ပြဿနာ ပေါ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ရန်အတွက် အဋ္ဌကထာဆရာတော်များက နေတ္တိပါဠိတော်ကြီးမှာ အရှင်မဟာကစ္စည်းမထေရ်မြတ် ဟောကြားတော်မူတဲ့ လက္ခဏာဟာရနေတ္တိနည်းကို ထုတ်ဆောင်ပြီးတော့ မူလပဏ္ဏာသအဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၃၂) မှာ ရှင်းလင်း တင်ပြထားပါတယ်။
ဝုတ္တမှိ ဧကဓမ္မေ၊ ယေ ဓမ္မာ ဧကလက္ခဏာ တေန။
ဝုတ္တာ ဘဝန္တိ သဗ္ဗေ၊ ဣတိ ဝုတ္တော လက္ခဏော ဟာရော။ (မ၊ဋ္ဌ၊၁၊၃၂။)
ဒီလက္ခဏာဟာရနေတ္တိနည်းက ဘာကို ဆိုလိုသလဲ? ပရမတ္ထဓာတ်သား တွေထဲက ဓာတ်သားတစ်ခုကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် မြတ်စွာဘုရား ဟောကြားတော် မူပြီဆိုလျှင် ထိုပရမတ္ထဓာတ်သားတွေထဲက လက္ခဏာချင်း တူနေတဲ့တရား တွေကို ပုံစံတူပဲ ရှုရမယ်လို့ ယူဆရပါတယ်ဆိုပြီးတော့ စာပေကျမ်းဂန် ယူဆပုံ နည်းစနစ်ထုံးတစ်ခုကို အရှင်မဟာကစ္စည်းမထေရ်မြတ်က နေတ္တိပါဠိတော်ကြီးမှာ ဟောကြားထားခဲ့ပါတယ်။ ထိုဟောကြားချက်ကို လက္ခဏာဟာရနေတ္တိနည်းလို့ ခေါ်ပါတယ်။ နည်းတွေကတော့ တခြားနည်းတွေလည်း ဟောထားပါတယ်။ ဒီနေရာနဲ့ သက်ဆိုင်နေတာကတော့ လက္ခဏာဟာရနေတ္တိနည်းကို ကိုးကားပြီးတော့ အဋ္ဌကထာဆရာတော်က ဘယ်လို ဖွင့်ဆို ထားသလဲ?
ဧဝံ နေတ္တိယံ လက္ခဏော နာမ ဟာရော ဝုတ္တော၊ တဿ ဝသေန ယသ္မာ စတူသု ဘူတေသု ဂဟိတေသု ဥပါဒါရူပမ္ပိ ဂဟိတမေဝ ဘဝတိ၊ ရူပလက္ခဏံ အနတီတတ္တာ။ (မ၊ဋ္ဌ၊၁၊၃၂။)
ဓာတ်ကြီးလေးပါးမှာ ထိုပုဂ္ဂိုလ်လေးမျိုးတို့ အသိဉာဏ် ကွာဟချက် ရှိသလို ဓာတ်ကြီးလေးပါးနှင့် ရုပ္ပနလက္ခဏာချင်း တူညီနေတဲ့ ကျန်နေတဲ့ ဥပါဒါရုပ် (၂၄)မျိုးမှာလည်း အသိဉာဏ် ကွာဟချက် ရှိနေပါတယ်။ ဒီဥပါဒါရုပ် (၂၄)မျိုးကလည်း ဖောက်ပြန်တတ်တဲ့ ရုပ္ပနလက္ခဏာကို မလွန်ဆန်နိုင် သောကြောင့် ဖြစ်တယ်။ ဆိုလိုတာကတော့ ပုထုဇန်ငမိုက်သားက ဒီဥပါဒါရုပ်တွေကိုလည်း ငါပဲ, ငါ့ဟာပဲ, ငါရဲ့ အတ္တပဲလို့ အစွဲသုံးမျိုးနဲ့ သိပါတယ်။ သေက္ခပုဂ္ဂိုလ်တွေကတော့ တဏှာစွဲ, မာနစွဲ, အချို့အဝက်နဲ့ သိပါတယ်။ အသေက္ခပုဂ္ဂိုလ်ခေါ်တဲ့ ရဟန္တာပုဂ္ဂိုလ်တွေကတော့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခုလုံး ပြုတ်ပြီးတော့ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲလို့ ပုံမှန် သိပါတယ်။ ဘုရားရှင်ကလည်း တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခုလုံး ပြုတ်ပြီးတော့ အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲလို့ ပုံမှန် သိနေပါတယ်။ ဒီလို ကွာဟချက် ရှိတယ်ဆိုပြီးတော့ ဒီလက္ခဏာဟာရနေတ္တိနည်းကို ထုတ်ဆောင် ပြီးတော့ ရှင်းပြထားပါတယ်။
မြတ်စွာဘုရားက ကုန်စင်အောင် ဘာကြောင့် မဟောသလဲ? ဘုန်းကြီးတို့ ဒီရုပ်လောကမှာ ဓာတ်ကြီးလေးပါးက အမာခံဓာတ် ဖြစ်ပါတယ်။ ကျန်နေတဲ့ ရုပ်တရားတွေက ဒီဓာတ်ကြီးလေးပါးကို မှီတွယ် ကပ်ရပ်ပြီး ဖြစ်ပေါ်လာရ တဲ့ အမြှောင်ဓာတ် ရုပ်တရားကလေးတွေ ဖြစ်ကြပါတယ်။ ဒါက အကြောင်း တစ်ခု ဖြစ်ပါတယ်။ နောက်အကြောင်းတစ်ခုကတော့ သုတ္တန်မှာ ဝိပဿနာရှုကွက်ကို မြတ်စွာဘုရားက ဦးစားပေးပြီး ဟောနေခြင်း မဟုတ်ပါဘူး။ ဒီ ရဟန်းတော်တွေရဲ့မာနကို နှိမ်ချိုးပေးရန်အတွက် ဟောနေခြင်းသာ ဖြစ်ပါတယ်။
ဒီရဟန်းတော်တွေမှာ မာနတွေက သိပ်ကြီးလွန်းနေတဲ့အတွက် ဒီမာနတွေသာ ရှိနေခဲ့လျှင် ဒီရဟန်းတော်တွေမှာ အရဟတ္တမဂ်, အရဟတ္တဖိုလ် တွေကို ဆက်လက်ပြီး ရဖို့ရန်အတွက် တော်တော်ကလေး ခက်နေမယ်ဆို တာကို သိမြင်တော်မူတယ်။ ဒီလို သိမြင်တော်မူတဲ့အတွက်ကြောင့် မြတ်စွာဘုရားက ဒီမာနကို နှိမ်ချိုးဖို့ရာ ဘယ်လိုတရားကို ဟောလိုက်လျှင် ဒီမာနတွေ ကျိုးသွားမယ်ဆိုတာလည်း သိတော်မူပါတယ်။ ဒါကြောင့် မာနကျိုးဖို့ရန် ထိုက်တန်ရုံလောက်သာ မြတ်စွာဘုရားက ရည်ရွယ်ပြီး တရားတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။
နောက်တစ်ခါ အဋ္ဌကထာဆရာတော်က ဘယ်လို ဖွင့်ဆိုထားသလဲ? ဘုန်းကြီးတို့ မြတ်စွာဘုရားဟာ ဒီခန္ဓာငါးပါးထဲက ရူပက္ခန္ဓာမှာ အသိဉာဏ် ကွာဟချက်ရှိပုံ လေးမျိုးကို ဟောခဲ့လျှင် ရူပက္ခန္ဓာနှင့် ဝဓကလက္ခဏာချင်း တူညီနေတဲ့ ကျန်နေတဲ့ သင်္ခါရတရားအားလုံးမှာလည်း ပုံစံတူပါပဲလို့ ဧဝံ ရူပမုခေန သင်္ခါရဝတ္ထုကံ မညနံ ဝတွာ (မ၊ဋ္ဌ၊၁၊၃၃။) စသည်ဖြင့် ဒီလို ဖွင့်ဆိုထားပါတယ်။
ဆိုလိုတာက ဘုန်းကြီးတို့ ခန္ဓာငါးပါးကို လူသတ်သမားကြီး ငါးဦးအဖြစ်နဲ့ မြတ်စွာဘုရားက ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ယမကသုတ္တန် (သံ၊၂၊၉၃-၉၄။)မှာ ဟောကြားထားတော်မူပါတယ်။ ရုပ်တရားတွေ ဖောက်ပြန်ပျက်စီးလာပြီ ဆိုလျှင်လည်း သတ္တဝါတွေ မသေရဘူးလား? သေရတယ်။ အပူဓာတ်တွေ လွန်ကဲလာလျှင်လည်း သေရတယ်။ အအေးဓာတ်တွေ လွန်ကဲလာလျှင်လည်း သေရတယ်။ ဝါယောဓာတ်တွေ လွန်ကဲလာလို့ အကြောတွေ ပြတ်ထွက်သွားပြီဆိုလျှင်လည်း သေရတယ်။ ပထဝီဓာတ်တွေ လွန်ကဲလာလို့ ခန္ဓာကိုယ်ကြီး တောင့်တင်း ခိုင်မာလာပြီဆိုလျှင်လည်း သေရတယ်။ အာပေါဓာတ်တွေ လွန်ကဲလာလို့ ဝမ်းတွေတအားလျှော၊ ဆီးတွေတအားသွားလျှင်လည်း မသေရဘူးလား? သေရတယ်။ ဒါကြောင့် ရုပ်တရားဟာလည်း လူသတ်သမားကြီးတစ်ဦး ဖြစ်ပါတယ်။
ခံစားချက် ဝေဒနာတွေက သိပ်ပြင်းထန်လာပြီဆိုလျှင် သွေးတွေ ပွက်ပွက်ဆူပြီး မသေနိုင်ဘူးလား? သေနိုင်တယ်။ မှတ်သားမှု သညာတွေက သိပ်အားကောင်းလို့ အစွဲတွေ သိပ်ပြင်းထန်လာပြီဆိုလျှင်လည်း မသေနိုင် ဘူးလား? သေနိုင်တယ်။ တဏှာရာဂတွေက သိပ်အားကောင်းလို့ လောင်ကျွမ်းလာပြီဆိုလျှင်လည်း မသေနိုင်ဘူးလား? သေနိုင်တယ်။ အသိစိတ်တွေက ဖောက်ပြန် ပျက်စီးလာပြီဆိုလျှင်လည်း မသေနိုင်ဘူးလား? သေနိုင်တယ်။ ဒါကြောင့် ခန္ဓာငါးပါးကို လူသတ်သမားကြီး ငါးဦးလို့ မြတ်စွာဘုရားက ဟောတော်မူပါတယ်။ ရူပက္ခန္ဓာမှာ ဝဓကလက္ခဏာရှိသလို ကျန်နေတဲ့ နာမ်ခန္ဓာလေးပါး အသီးသီးမှာလည်း ဝဓကလက္ခဏာတွေ ရှိနေပါတယ်။ ဒါကြောင့် ရူပက္ခန္ဓာကို ဟောလိုက်လျှင် ကျန်နေတဲ့ နာမ်ခန္ဓာ လေးပါးလည်း ဝဓကလက္ခဏာချင်း တူညီနေတဲ့အတွက် သိမ်းကျုံးပြီး ယူရပါတယ်။ (သံ၊၂၊၃၈၁။)
ဒီလို လက္ခဏာချင်း တူညီနေတဲ့အတွက် သိမ်းကျုံးယူတဲ့နည်းစနစ်ကို လက္ခဏာဟာရနေတ္တိနည်းလို့ ခေါ်ပါတယ်။ ဒီလက္ခဏာဟာရနေတ္တိနည်းကို ထုတ်ဆောင် ရှင်းလင်းထားတဲ့အထဲမှာ လက္ခဏာဟာရနေတ္တိနည်းအရ ဒုက္ခသစ္စာ, သမုဒယသစ္စာအမည်ရတဲ့ ဒီသင်္ခါရတရားတွေအပေါ်၌ စွဲနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ ဒီအစွဲသုံးမျိုးကို မညနာလို့ ခေါ်ပါတယ်။
ဧဝံ သင်္ခေပတော သင်္ခါရဝသေန စ သတ္တဝသေန စ မညနာဝတ္ထုံ ဒေဿတွာ။ (မ၊ဋ္ဌ၊၁၊၃၅။)
စသည်ဖြင့် အဋ္ဌကထာက ဒီလို ရှင်းထားပါတယ်၊ သင်္ခါရတရားတို့လျှင် တည်ရာအာရုံရှိနေတဲ့ မညနာတရားတွေကို ဟောကြားတော်မူပြီးနောက် ဆိုပြီးတော့ ဒီလို အဋ္ဌကထာက စုပေါင်းပြီး ဖွင့်ဆိုထားပါတယ်။ သင်္ခါရတရားဆိုတာက ဒုက္ခသစ္စာအမည်ရနေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး, သမုဒယသစ္စာအမည်ရနေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံအစရှိတဲ့ အကြောင်းတရားတွေကို ခေါ်ဆိုပါတယ်။ ဘာ့ကြောင့်လဲ? ဆိုင်ရာဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြုပြင်မှ အနိုင်နိုင် ဖြစ်ပေါ်လာရတဲ့အတွက်ကြောင့် ဒီတရားတွေကို သင်္ခါရတရားလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
ဒီသင်္ခါရတရားတွေလျှင် တည်ရာအာရုံရှိနေတဲ့ မညနာတရားတွေကို မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဟောတော်မူတယ်လို့ အဋ္ဌကထာက ရှင်းလင်းထားပါတယ်။ ဒီလို ရှင်းလင်းပြီးတဲ့ နောက်ပိုင်းမှာ နောက်ပြဿနာတစ်ခု ပေါ်လာပြန်တယ်။ ဘာပြဿနာ ပေါ်လာသလဲ? အသေက္ခခေါ်တဲ့ ရဟန္တာ အရှင်မြတ်တွေကလည်း ဒီသင်္ခါရတရားတွေကို တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခု ပြုတ်ပြီးတော့ အနိစ္စတရားပဲ, ဒုက္ခတရားပဲ, အနတ္တတရားပဲလို့ သိကြတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့လည်း ဒီသင်္ခါရတရားတွေအပေါ်၌ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခု ပြုတ်ပြီးတော့ အနိစ္စတရား အစုအပုံတွေပဲ, ဒုက္ခတရား အစုအပုံတွေပဲ, အနတ္တတရား အစုအပုံတွေပဲလို့ပဲ သိကြတယ်။ ဒီလို သိနည်းမျိုးကို ရဟန္တာအရှင်မြတ်တို့၏ အမြဲနေထိုင်ပုံနည်းစနစ် ဖြစ်တဲ့အတွက် သတ္တဋ္ဌာနသုတ္တန်များမှာ မြတ်စွာဘုရားက သတတဝိဟာရလို့ ဟောကြားထားတော်မူပါတယ်။ (သံ၊၂၊၅၃-၅၄။ သံ၊ဋ္ဌ၊၂၊၂၅၅။)
ရဟန္တာအရှင်မြတ်တို့ နေထိုင်နေတဲ့နယ်ပယ်က ဘယ်နယ်ပယ်တွေလဲ? ခန္ဓာငါးပါးဆိုတဲ့ နယ်ပယ်, အာယတန ၁၂-ပါးဆိုတဲ့ နယ်ပယ်, ပဋိစ္စသမုပ္ပါဒ် သဘောတရားလို့ဆိုအပ်တဲ့ နယ်ပယ်တွေ ဖြစ်ပါတယ်။ ဒီနယ်ပယ်တွေမှာ ရဟန္တာအရှင်မြတ်တွေက အမြဲတမ်း နေထိုင်ကြပါတယ်။ အမြဲတမ်း နေထိုင်တယ်ဆိုတာက ဘာပြောတာလဲ? ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို ရဟန္တာ အရှင်မြတ်တို့သည် အမြဲတမ်း သိတော်မူကြတယ်။ ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကို အိပ်ချိန်ကလေး တစ်ခုက လွဲလို့ အချိန်ပြည့် အာရုံပြုလိုက်တိုင်း သိတော်မူကြတယ်။
ဒီလိုဆိုလျှင် မြတ်စွာဘုရားက ဘာကြောင့် အနာထပိဏ်ကျောင်းဒါယကာကြီး, ဝိသာခါကျောင်းအမကြီး, အရှင်အာနန္ဒာ စသည်ဖြင့် ဒီလို ခေါ်ဝေါ်ပြီး တရားဟောရသလဲ? ဒီလို တရားဟောတော်မူတဲ့ အချိန်အခါမှာ ဘုရားရှင်က ပရမတ်နယ်ပယ်ကနေ ပညတ်ကို သက်သက် တစ်ဖန်ပြန်ပြီး အာရုံယူပါတယ်။ ပညတ်ကို သက်သက် တစ်ဖန်ပြန်ပြီး အာရုံယူတဲ့အချိန် အခါမှ ဒီပညတ်အတုံးအခဲတွေက အာရုံထဲမှာ ထင်လာပါတယ်။ ပညတ်ကို သက်သက် တစ်ဖန်ပြန်ပြီး အာရုံမယူဘူးဆိုလျှင် ရဟန္တာအရှင်မြတ်တို့ရဲ့ အမြဲနေထိုင်ရာ စံအိမ်သည် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်စံအိမ် ဖြစ်ပါတယ်။ ယင်းကဲ့သို့ နေထိုင်ခြင်းကို သတတဝိဟာရလို့ ခေါ်ဆိုပါတယ်။
ထိုသတတဝိဟာရခေါ်တဲ့ စံအိမ်မှာ နေထိုင်ခိုက် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ သဘောတရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာတွေကို အမြဲတမ်း သိတော်မူကြပါတယ်။ ဒီလို သိနေလျှင် ရဟန္တာ အရှင်မြတ်တို့ကလည်း ဒီသင်္ခါရတရားတွေကို တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခု ပြုတ်ပြီးတော့ အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံတွေပဲလို့ သိတော်မူကြပါတယ်။ တထာဂတအမည်ရတော်မူတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကလည်း ဒီသင်္ခါရတရားတွေကို တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲသုံးခု ပြုတ်ပြီတော့ အနိစ္စတရားအစုအပုံ, ဒုက္ခတရား အစုအပုံ, အနတ္တတရားအစုအပုံတွေပဲလို့ သိနေတော်မူကြပါတယ်။ ဘယ်လို ကွာဟချက် ရှိနေသလဲ? ဒီကွာဟချက်ကလေးကို အဋ္ဌကထာဆရာတော်က ရှင်းလင်းပြခြင်းသာ ဖြစ်ပါတယ်။ ဘယ်လို ရှင်းလင်းပြသလဲ?
သာဝကတို့သည် ဒီသင်္ခါရတရားတွေကို သိတော်မူတယ်ဆိုတာကတော့ ပရိညာတတရားလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ပရိညာပညာ သုံးမျိုးတို့ဖြင့် သာဝကတို့ရဲ့ အတိုင်းအတာပမာဏနှင့် လျော်ညီစွာ ပိုင်းခြားပြီး သိတော်မူခြင်းသာ ဖြစ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကတော့ ပရိညာတတရားတွေကို ကုန်စင်အောင်, ကမ်းကုန်အောင်, လမ်းဆုံးအောင် ပရိညာဉာဏ်ဖြင့် ပိုင်းခြားသိရမယ့် ဒီ သင်္ခါရတရားတွေကို ထိုးထွင်းပြီး သိတော်မူပါတယ်။ ကမ်းကုန်အောင် သိတော်မူတယ်ဆိုတာက ဘာပြောတာလဲ? နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ရောက်သည့်တိုင်အောင် အကုန်အစင် သိတော်မူပါတယ်။ (မ၊ဋ္ဌ၊၁၊၅၄။)
ဒီအချက်ကို အားမရသေးလို့ အဋ္ဌကထာဆရာတော်က ဘယ်လို ဆက်ပြီး ရှင်းလင်းထားသလဲ? သာဝကတွေရဲ့ သောတာပတ္တိမဂ်ဉာဏ်ဟာလည်း သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိုပဲ ပယ်တယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ သောတာပတ္တိမဂ်ဉာဏ်ဟာလည်း သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကိုပဲ ပယ်တယ်။ ထိုထို မဂ်တရားဖြင့် ထိုထို ကိလေသာကို ပယ်သတ်ရာ၌ ထူးခြားချက် ဘာမှ မရှိပါဘူး။ ဒါပေမယ့် ပရိညာနယ်မှာတော့ ကွာဟချက် ရှိနေပါတယ်။ ဘယ်လို ကွာဟချက် ရှိနေသလဲ?
သာဝကာ ဟိ စတုန္နံ ဓာတူနံ ဧကဒေသမေဝ သမ္မသိတွာ နိဗ္ဗာနံ ပါပုဏန္တိ။ ဗုဒ္ဓါနံ ပန အဏုပ္ပမာဏမ္ပိ သင်္ခါရဂတံ ဉာဏေန အဒိဋ္ဌမတုလိတမတီရိတမသစ္ဆိကတံ နတ္ထိ။ (မ၊ဋ္ဌ၊၁၊၅၄။)
ဟိ = မှန်လှပေ၏။ သာဝကာ = သာဝကတို့သည်။ စတုန္နံ ဓာတူနံ = ဓာတ်ကြီးလေးပါးတို့၏။ ဧကဒေသမေဝ = တစ်စိတ်တစ်ဒေသမျှကိုသာလျှင်။ သမ္မသိတွာ = အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွား သုံးသပ်တော်မူကြကုန်လျက်။ နိဗ္ဗာနံ = နိဗ္ဗာန်သို့။ ပါပုဏန္တိ = ရောက်ရှိတော်မူကြလေကုန်၏။
ဒီစကားရပ်ကလေးကို အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသမျှကိုသာလျှင် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွား သုံးသပ်တော်မူကြသဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက်တော်မူကြတယ်၊ နိဗ္ဗာန်ကို အာရုံပြုတော်မူကြတယ်လို့ ဒီလို ဖွင့်ဆိုထားပါတယ်။
ဒီဖွင့်ဆိုချက်ကို ကိုးကားပြီးတော့ ဓာတ်ကြီးလေးပါးတို့တွင် ဓာတ်တစ်လုံး ကို ရှုခဲ့လျှင် နိဗ္ဗာန်ကို ရနိုင်ပါတယ်ဆိုပြီး တချို့တချို့ ဆရာတော်ကြီးများက ဆုံးဖြတ်တော်မူကြပါတယ်။ သို့သော် ဒီနေရာမှာ ဆိုလိုရင်းအချက်နဲ့ ပတ်သက်ပြီး ဓာတ်တစ်လုံးဆိုတာနဲ့ တစ်စိတ်တစ်ဒေသဆိုတာကတော့ မတူတဲ့ သဘော ရှိနေပါတယ်။ ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသဆိုပြီးတော့ ဒီလို ဖွင့်ဆိုထားပါတယ်။
အုန်းသီးတွေ အလုံးတစ်ရာလောက် စုပုံထားတယ် ဆိုကြစို့၊ အုန်းသီး တစ်လုံး ယူခဲ့ပါဆိုတာက အဓိပ္ပါယ်တစ်မျိုး၊ အုန်းသီး တချို့တစ်ဝက် တစ်စိတ်တစ်ဒေသလောက် ယူခဲ့ပါဆိုတာက အဓိပ္ပါယ်တစ်မျိုး ရှိနေပါတယ်။ တချို့တစ်ဝက်ဆိုလျှင် တစ်လုံးပဲ ပြောတာမျိုး ဟုတ်သလား? မဟုတ်တော့ဘူး။ ဒီပုံစံအတိုင်းပဲ ဒီနေရာမှာ ဘုရားရှင်က ဓာတ်ကြီးလေးပါးတို့ရဲ့ တချို့တစ်ဝက်လို့ ဒီလို ပြောလိုရင်း ဖြစ်ပါတယ်။
ဓာတ်ကြီးလေးပါးတို့ရဲ့ တချို့တစ်ဝက်လို့ ဘာကြောင့် ပြောရသလဲ? ဉာဏ်နဲ့ ခြင်တွယ်ကောင်းလို့ ခြင်တွယ်ကြည့်မယ်ဆိုလျှင် သတ္တဝါတစ်ဦး တစ်ဦးရဲ့ ခန္ဓာအိမ်အတွင်းမှာ တည်ရှိနေတဲ့ ရုပ်ကလာပ်အမှုန်ပေါင်းသည် ဒေါဏမတ္တ = တစ်စိတ်သားခန့်လောက် ရှိကောင်းရှိမယ်ဆိုပြီး ဝိသုဒ္ဓိမဂ် အဋ္ဌကထာက ဒီလို ရှင်းလင်း တင်ပြထားပါတယ်။
ဣမသ္မိံ ဟိ သရီရေ မဇ္ဈိမေန ပမာဏေန ပရိဂ္ဂယှမာနာ ပရမာဏုဘေဒသဉ္စုဏ္ဏာ သုခုမရဇဘူတာ ပထဝီဓာတု ဒေါဏမတ္တာ သိယာ။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)
ဒီလို အမှုန်ပေါင်း တစ်စိတ်သားခန့်ဆိုတော့ အမှုန်တွေကို ရေတွက်လို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ ဒီကလာပ်အမှုန်ကလေးတွေက အလွန့်အလွန် သေးငယ်တဲ့ ပရမာဏုမြူခန့်ရှိတဲ့ အမှုန်တွေ ဖြစ်ပါတယ်။ အလွန့်အလွန်လည်း များပြားပါတယ်။
ဒီလောက် များပြားနေတဲ့ ရုပ်ကလာပ်အမှုန်တိုင်း အမှုန်တိုင်းမှာ ဓာတ်ကြီးလေးပါး ရှိနေပါတယ်၊ ဒီဓာတ်ကြီးလေးပါးကို သာဝကတို့သည် ကုန်စင်အောင် ရှုနိုင်ပါသလား? မရှုနိုင်ပါဘူး၊ တချို့တစ်ဝက်လောက်ပဲ ရှုနိုင်ပါတယ်၊ သို့သော် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကတော့ စကြဝဠာ ကုဋေ တစ်သိန်းအတွင်းမှာ တည်ရှိတဲ့ ပရမတ္ထဓာတ်သားမှန်လျှင် ပရမာဏုမြူခန့် အမှုန်ကလေးတောင် မချန်ဘဲ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး မချိန်ထိုးမိလိုက်တဲ့ မရှုပွား မသုံးသပ်မိလိုက်တဲ့ မမြင်လိုက်မိတဲ့ ပရမတ္ထဓာတ်သားဆိုတာ လုံးလုံး မရှိပါဘူး။ ကုန်စင်အောင် သိတော်မူပါတယ်။ ဘယ်အတိုင်းအတာထိ ကုန်စင်အောင် သိတော်မူကြသလဲ? စကြဝဠာ ကုဋေတစ်သိန်းအတွင်းလို့ ဒီလို သတ်မှတ်ထားပါတယ်။ (မ၊ဋီ၊၁၊၁၁၁။)
သာဝကတွေကတော့ မိမိရဲ့ အဇ္ဈတ္တသန္တာန်မှာလည်း ကလာပ်အမှုန် ကလေးတွေကို မြင်တာတော့ မှန်တယ်။ ဒါပေမယ့် ကလာပ်အမှုန်တိုင်း ကလာပ်အမှုန်တိုင်းမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကိုတော့ မသိနိုင်ဘူး။ သိလိုက်နိုင်တဲ့ ကလာပ်အမှုန်ကလေးတွေမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါး လည်း ရှိတယ်။ မသိလိုက်နိုင်တဲ့ မရှုလိုက်နိုင်တဲ့ တချို့တချို့သော ကလာပ် အမှုန်မှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ဓာတ်ကြီးလေးပါးတို့ရဲ့ တချို့တစ်ဝက် တစ်စိတ်တစ်ဒေသမျှလောက်သာ သာဝကတို့ သိနိုင်တယ်လို့ ဒီလို ဆိုလိုပါတယ်။
အဇ္ဈတ္တမှာပင် မရှုနိုင်တာလားဆိုတော့ မကပါဘူး။ ဗဟိဒ္ဓမှာလည်း ထိုနည်းလည်းကောင်းပဲ။ စကြဝဠာတစ်ခုအတွင်း (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိတဲ့ ကလာပ်အမှုန်တွေကိုပဲ ချိန်ထိုးကြည့်ပါ။ ဒီလောက် များပြားနေတဲ့ ရုပ်ကလာပ်တွေကို သာဝကတို့သည် ကုန်စင်အောင် သိနိုင်ပါမလား? မသိနိုင်ဘူး။ သို့သော် သိလိုက်နိုင်တဲ့ ရုပ်ကလာပ်အမှုန်တွေမှာရှိတဲ့ ဓာတ်ကြီး လေးပါးလည်း ရှိပါတယ်။ မသိလိုက်နိုင်တဲ့ ကလာပ်အမှုန်တွေမှာရှိတဲ့ ဓာတ်ကြီးလေးပါးလည်း ရှိတယ်။ ဒီဓာတ်ကြီးလေးပါးမှာ တချို့တစ်ဝက်ကို သိတယ် ဆိုလျှင် ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ လက္ခဏာဟာရနေတ္တိနည်းအရ ဥပါဒါရုပ်တွေမှာလည်း တချို့တစ်ဝက်ပဲ သိပါတယ်။ နာမ်တရားတွေမှာလည်း တချို့တစ်ဝက်ပဲ သိပါတယ်။
နာမ်တရားတွေမှာ တချို့တစ်ဝက်ပဲ သိတယ်ဆိုတာလည်း နည်းနည်းတော့ ရှင်းပြချင်ပါတယ်။ ဘုန်းကြီးတို့ သတ္တဝါတစ်ဦးဟာ ဘဝတစ်လျှောက်မှာ ဖြစ်ပေါ်သွားတဲ့ ရူပါရုံကိုမြင်တဲ့ စက္ခုဒွါရဝီထိ စိတ်စေတသိက်တွေ ဘယ်လောက် များသလဲလို့မေးလျှင် ဘယ်လို ဖြေကြမလဲ? မရေတွက်နိုင်အောင် များပြားပါတယ်။ ဒီစက္ခုဒွါရဝီထိတွေကို ကုန်စင်အောင် သာဝကတစ်ဦး အနေနဲ့ ရှုနိုင်ပါမလားလို့ မေးလျှင်တော့ မရှုနိုင်ဘူး။ ရှုလိုက်နိုင်တဲ့ စက္ခုဒွါရဝီထိတွေလည်း ရှိတယ်။ မရှုလိုက်နိုင်တဲ့ စက္ခုဒွါရဝီထိ နာမ်တရားတွေလည်း ရှိကြပါတယ်။ အလားတူပဲ သောတဒွါရဝီထိစတဲ့ ဒွါရခြောက်ပါးမှာ ဖြစ်ပေါ်နေတဲ့ ဝီထိ (၆)မျိုးလုံးမှာလည်း ပုံစံတူသာ ဖြစ်ပါတယ်။
ဒီတစ်စိတ်တစ်ဒေသဆိုတာနဲ့ ပတ်သက်ပြီး ရုပ်တရားတွေကို တစ်စိတ်တစ်ဒေသသိသလို နာမ်တရားတွေမှာလည်း တစ်စိတ်တစ်ဒေသပဲသိပါတယ်။ ဘာကြောင့် ဒီလို ပြောနေရသလဲလို့ မေးလျှင်တော့ အကြောင်းကလေးတစ်ခု ရှိပါတယ်။ ဘုန်းကြီး ယခု ရှင်းလင်း တင်ပြနေတာက မူလပရိယာယသုတ္တန် ဖြစ်ပါတယ်။ မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်မှာ လာရှိတဲ့ နံပါတ် (၁) သုတ္တန် ဖြစ်ပါတယ်။
မဟာဂေါပါလကသုတ္တန်အဆို
မူလပဏ္ဏာသပါဠိတော်မှာပဲ နံပါတ် (၃၃)ခုမြောက်သုတ္တန်ကတော့ မဟာဂေါပါလကသုတ္တန် ဖြစ်ပါတယ်။ ထိုမဟာဂေါပါလကသုတ္တန်မှာ ဘုရားရှင်က အကြောင်းအင်္ဂါရပ် (၁၁)ပါးတို့နှင့် ပြည့်စုံ ညီညွတ်နေတဲ့ နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းဖို့ရန်အတွက် မထိုက်တန်သလိုပဲ အကြောင်း အင်္ဂါရပ် (၁၁)ပါးနဲ့ ပြည့်စုံနေတဲ့ ရဟန်းတော်ဟာလည်း ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ဆိုတဲ့ တရားထူး တရား မြတ်တွေကို ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားဖို့ရန်အတွက် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ဘူးလို့ ဒီလို ဟောထားတော်မူပါတယ်။
ဒီအကြောင်းအင်္ဂါရပ် (၁၁)ပါးကို ဘုရားရှင်က တစ်ခုစီ တစ်ခုစီ ပိုင်းခြား ပြီး ဟောထားပါတယ်။ ဒီလို ဟောကြားတဲ့အထဲမှာ နံပါတ် (၁) အင်္ဂါရပ် ကတော့ န ရူပညူဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ ရုပ်တရားတွေကို ဟုတ်တိုင်း မှန်စွာ ပိုင်းခြားမသိဘူးဆိုလျှင်လည်း ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားမှု ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ဘူးလို့ ဒီလို ဘုရားရှင်က ဟောထားတော်မူပါတယ်။ ရုပ်တရားဆိုတာက ဘယ်အရာတွေလဲ?
ဣဓ ဘိက္ခဝေ ဘိက္ခု ယံ ကိဉ္စိ ရူပံ သဗ္ဗံ ရူပံ စတ္တာရိ မဟာဘူတာနိ၊ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပန္တိ ယထာဘူတံ နပ္ပဇာနာတိ။ (မ၊၁၊၃၉၈။)
မဟာဘုတ်ဓာတ်ကြီးလေးပါးနှင့် မဟာဘုတ်ဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ (၂၄)မျိုးသော ဥပါဒါရုပ်ဆိုတဲ့ ရုပ် (၂၈)ပါးတွေကို ဟုတ်တိုင်းမှန်စွာ မသိခဲ့ဘူးဆိုလျှင် ငါဘုရားရှင်ရဲ့ သာသနာတော်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရသည့်တိုင်အောင် တိုးတက်စည်ကား ကြီးပွားမှု ဘယ်နည်းနှင့်မှ မဖြစ်နိုင်ဘူးလို့ ဒီလို ဘုရားရှင်က ဟောကြားထားတော် မူပါတယ်။ ဒီဟောကြားချက်ကို အဋ္ဌကထာဆရာတော်က ရုပ်တရားကို မသိမှုနဲ့ ပတ်သက်ပြီးတော့ --
နံပါတ် (၁) ဂဏနတော -- အရေအတွက်အားဖြင့်လည်း ဟုတ်တိုင်းမှန်စွာ မသိဘူး။
နံပါတ် (၂) သမုဋ္ဌာနတော -- အကြောင်းသမုဋ္ဌာန်အားဖြင့်လည်း ဟုတ်တိုင်းမှန်စွာ မသိဘူး။
ဒီနှစ်မျိုးသော အခြင်းအရာဖြင့် မသိမှုကို ဆိုလိုတဲ့အကြောင်း ရှင်းလင်း တင်ပြထားပါတယ်။ အရေအတွက်အားဖြင့် ဟုတ်တိုင်းမှန်စွာ မသိဘူးဆိုတာနဲ့ ပတ်သက်လို့လည်း စက္ခုပသာဒ, သောတပသာဒ စသည်ဖြင့် ရုပ် (၂၈)ပါးကို စနစ်တကျ ရေတွက်ပြထားပေးပါတယ်။
ဒီရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့ ဖြစ်နေတဲ့အတွက် ဒီရုပ်ကလာပ်အမှုန်ကို မမြင်သေးဘူး။ မြင်သော်လည်း ရုပ်ကလာပ်အမှုန်တွေကို ဓာတ်မခွဲနိုင်တဲ့အတွက် ကလာပ်တစ်ခုတစ်ခုမှာ တည်ရှိနေတဲ့ ရှစ်မျိုး ကိုးမျိုး ဆယ်မျိုးစတဲ့ ရုပ်ပရမတ္ထဓာတ်သားတွေကို ထိုးထွင်း မသိသေးဘူးဆိုလျှင်လည်း နိဗ္ဗာန်ကို ရနိုင်ပါမလား? မရနိုင်ဘူး။ အကယ်၍ ရပါတယ်လို့ ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့မယ်ဆိုလျှင်တော့ ဘုန်းကြီးတို့ဘက်ကလည်း ဘုရားဟောတဲ့နိဗ္ဗာန်တော့ မဟုတ်သေးဘူးလို့ လွယ်လွယ်နဲ့ ပြောလို့ ရပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ? ဒီနေရာမှာ အဋ္ဌကထာဆရာတော်က ရှင်းလင်းထားပါတယ်။
သော ဂဏနတော သမုဋ္ဌာနတော ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလ္လက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄။)
သော = ထိုယောဂါဝစရရဟန်းတော်သည်။ ဂဏနတော = အရေ အတွက်အားဖြင့်။ သမုဋ္ဌာနတော = ဖြစ်ကြောင်းသမုဋ္ဌာန်အားဖြင့်။ ရူပံ = ရုပ်တရားကို။ အဇာနန္တော = မသိရှိခဲ့သည်ရှိသော်။ ရူပံ = ရုပ်တရားကို။ ပရိဂ္ဂဟေတွာ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍။ အရူပံ = နာမ်တရားကို။ ဝဝတ္ထပေတွာ = ဉာဏ်ဖြင့် ပိုင်းခြားမှတ်သား၍။ ရူပါရူပံ = ရုပ်တရားနာမ်တရားတို့ကို။ ပရိဂ္ဂဟေတွာ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍။ ပစ္စယံ = ထိုရုပ်နာမ်တို့ရဲ့ အကြောင်း တရားကို။ သလ္လက္ခေတွာ = ကောင်းစွာ ပိုင်းခြားမှတ်သားလျက်။ လက္ခဏံ = လက္ခဏာရေးသုံးတန်သို့။ အာရောပေတွာ = တင်ထား၍။ ကမ္မဋ္ဌာနံ = ဝိပဿနာကမ္မဋ္ဌာန်းကို။ မတ္ထကံ = မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ အထွတ်အထိပ်သို့။ ပါပေတုံ = ရောက်ရှိစေအံ့သောငှာ။ န သက္ကောတိ = ဘယ်နည်းနှင့်မျှ မစွမ်းနိုင်ပေ။
ရုပ်တရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတာကို ရုပ်တရားကို သိမ်းဆည်းတယ်လို့ ခေါ်ပါတယ်။ နာမ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားတာကိုလည်း နာမ်တရားတွေကို သိမ်းဆည်းတယ်လို့ပဲ ခေါ်ပါတယ်။ ဒီရုပ်တရား (၂၈)ပါးကို အရေအတွက်အားဖြင့်လည်း ဟုတ်တိုင်းမှန်စွာ မသိဘူး၊ ဘယ်ရုပ်တရားတွေက ကံကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေက စိတ်ကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေက ဥတုကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေက အာဟာရကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေကတော့ အကြောင်းတစ်မျိုးကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေကတော့ အကြောင်းနှစ်မျိုးကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေကတော့ အကြောင်း သုံးမျိုးကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေကတော့ အကြောင်းလေးမျိုးကြောင့် ဖြစ်ကြတယ်၊ ဘယ်ရုပ်တရားတွေကတော့ ဘယ်အကြောင်းကြောင့်မှ မဖြစ်ဘူး -- စသည်ဖြင့် ဒီလို ခွဲခြမ်းစိတ်ဖြာပြီး မသိခဲ့ဘူးဆိုလျှင် နံပါတ်(၁) ရုပ်တရားကို ပိုင်းခြားယူတတ်တဲ့ ရူပပရိဂ္ဂဟဉာဏ် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
နံပါတ် (၂) နာမ်တရားတွေကို ပိုင်းခြားယူတတ်တဲ့ နာမပရိဂ္ဂဟဉာဏ်လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းတဲ့ ရူပါရူပပရိဂ္ဂဟဉာဏ်လည်း ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ဘူး။ ဒီရုပ်နာမ်ကိုမှ မသိခဲ့လျှင် ဒီရုပ်နာမ်တို့ရဲ့ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ ပိုင်းခြားမှတ်သားတတ်တဲ့ သိမ်းဆည်းထားတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေကိုမှ မသိတဲ့အတွက် နာမရူပပရိစ္ဆေဒဉာဏ်နဲ့ ပစ္စယပရိဂ္ဂဟဉာဏ် မဖြစ်ပေါ် သေးတဲ့ ထိုပုဂ္ဂိုလ်သည် ဒီရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ, လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဘယ်လိုနည်းနဲ့ ဝိပဿနာ ရှုမလဲ? ရှုရမယ့် အရှုခံအာရုံကို သူက စနစ်တကျ သိမထားတဲ့အတွက် ဝိပဿနာရှုလို့ မရနိုင်တော့ဘူး။
ဒီလို မရှုနိုင်ခဲ့လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ ဝိပဿနာဉာဏ်ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိဖို့ရန်အတွက် စွမ်းနိုင်ပါတော့မလား? မစွမ်းနိုင်ဘူးလို့ ဒီလို အဋ္ဌကထာကလည်း ရှင်းလင်းထားပါတယ်။ ဒီရှင်းလင်းချက်က နံပါတ် (၃၃)ခုမြောက် မဟာဂေါပါလကသုတ္တန်မှာ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ သာဝကတို့သည် ဓာတ်ကြီးလေးပါးတို့၏ တစ်စိတ်တစ်ဒေသကို လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်တဲ့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြတယ်, ရောက်နိုင်ကြတယ်ဆိုတာကလည်း နံပါတ် (၁) သုတ္တန်ဖြစ်တဲ့ ဒီမူလပရိယာယသုတ္တန်အဋ္ဌကထာမှာပဲ ဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အဋ္ဌကထာကလည်း တစ်စောင်တည်း, ရေးသားသွားတဲ့ ပုဂ္ဂိုလ်ကလည်း အရှင်မဟာဗုဒ္ဓဃောသ တစ်ပါးတည်းသာ ဖြစ်ပါတယ်။ ရေးသားတယ်လို့ ပြောရလောက်သော်လည်း သူက စုပေါင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ရှေးရှေးအဋ္ဌကထာတို့မှာ လာရှိတဲ့ ရှင်းတမ်းတွေကို သီဟိုဠ်ဘာသာမှ ပါဠိဘာသာသို့ ပြန်ဆိုကာ အဋ္ဌကထာသစ်တစ်ခုအဖြစ်နဲ့ သူရဲ့ သင်္ဂဟအဋ္ဌကထာမှာ ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။ သီဟိုဠ်ဘာသာမှ ပါဠိဘာသာအဖြစ် ပြန်ဆိုရေးသားတဲ့ ဘာသာပြန်ဆရာလို့လည်း ပြောနိုင်ပါတယ်။
ဒါကြောင့် ဘုန်းကြီး ဆိုလိုတာကတော့ ဓာတ်တစ်လုံးရှုလျှင် နိဗ္ဗာန် ရပါတယ်လို့ တစ်နေရာမှာ ဖွင့်ဆိုပြီးတော့ တစ်နေရာမှာတော့ ရုပ် (၂၈)ပါးကို အကုန်လုံး မသိခဲ့ဘူးဆိုလျှင် နိဗ္ဗာန်ကို ဘယ်လိုမှ မရဘူးလို့ ထည့်ရေးပါ့မလား? ဒါယကာကြီးတွေ စဉ်းစားကြည့်ပါ၊ ရေးတဲ့ပုဂ္ဂိုလ်ကလည်း တစ်ဦးတည်း, ကျမ်းစာကလည်း တစ်စောင်တည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းဂန်မှာ အဓိပ္ပါယ်ယူဆမှု လွဲချော်ခဲ့လျှင် ကျင့်စဉ်တွေလည်း လွဲချော်ပြီး မသွား နိုင်ဘူးလား? လွဲချော်သွားနိုင်တယ်။ ဓာတ်တစ်လုံးရှုလျှင် နိဗ္ဗာန်ရပါတယ်လို့ စိတ်က စွဲထားတဲ့အတွက် ဓာတ်တစ်လုံးနဲ့ပဲ ဒီပုဂ္ဂိုလ်သည် ကျေနပ်နေခဲ့လျှင် ရှေ့ဆက်ပြီး နိဗ္ဗာန်ရမယ့် လမ်းကြောင်းတွေပေါ်ကို ဆက်လက်လျှောက်လိုတဲ့ စိတ်ထားတွေ ရှိပါဦးမလား? မရှိတော့ဘူး။ ဒါကြောင့် လေးလေးနက်နက် စဉ်းစား ဆင်ခြင်သင့်ပါတယ်။
အယူအဆတစ်ခု လွဲမှားခဲ့လျှင် ကျင့်စဉ်တွေလည်း လွဲမှားပြီး မသွားနိုင်ဘူးလား? လွဲမှားသွားနိုင်တယ်။ ဒါကြောင့် ဓာတ်ကြီးလေးပါးရဲ့ တစ်စိတ် တစ်ဒေသကို ပြောလိုရင်းမဟုတ်ဘဲ သင်္ခါရတရားတို့ရဲ့ တစ်စိတ်တစ်ဒေသကိုသာ ပြောလိုရင်းဖြစ်တယ်လို့သာ မှတ်သားထားပါ။ ဒီလိုဆိုလျှင် ရုပ် (၂၈)ပါးကို သိအောင် တပည့်တော်တို့က ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ရှုပွားသုံးသပ်ရမလဲလို့ ဒီလိုတော့ မေးစရာ ရှိလာပါတယ်။ မေးစရာ ရှိလာတဲ့အတွက် ဘုန်းကြီးဘက်ကလည်း ရှေ့မှာ ရုပ်ကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီး ပြည်တည်ခဲ့ပါတယ်။
ရုပ်ကမ္မဋ္ဌာန်းရှုကွက်နဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင်သည် ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းဆိုပြီး နှစ်နည်း ဟောကြားထားတော်မူပါတယ်။ ဒီဓာတ်ကြီးလေးပါးကို ရှုတော့မယ့်ပုဂ္ဂိုလ်က ဒီခန္ဓာအိမ်ထဲမှာ ပထဝီဓာတ်ရှိတယ်, အာပေါဓာတ်ရှိတယ်, တေဇောဓာတ် ရှိတယ်, ဝါယောဓာတ်ရှိတယ်လို့ ဒီလို သိအောင် ရှုရပါတယ်။ ရှုရမယ့်တရား တွေက ဘယ်နှစ်ပါး ရှိသလဲ? ဓာတ်ကြီးလေးပါးပဲ ရှိပါတယ်။ ဘာကို ပထဝီဓာတ်ခေါ်သလဲ?
ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများ
ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၇၀။)မှာ မြတ်စွာဘုရားက ပထဝီဓာတ်ကို ဂရုပထဝီဓာတ်က သုံးမျိုး, လဟုပထဝီဓာတ်က သုံးမျိုးဆိုပြီး ခြောက်မျိုး ဟောကြားထားပါတယ်။ ဂရုပထဝီဓာတ်မှာ --
ကက္ခဠ = မာတဲ့သဘော၊
ဖရုသ = ကြမ်းတဲ့သဘော၊
ဂရုက = လေးတဲ့သဘောဆိုပြီး သုံးခု ရှိပါတယ်။
လဟုပထဝီဓာတ်မှာ --
မုဒုက = ပျော့တဲ့သဘော၊
သဏှ = ချောတဲ့သဘော၊
လဟုက = ပေါ့တဲ့သဘောဆိုပြီးတော့ သုံးမျိုး ရှိပါတယ်။
မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘောဆိုပြီး ပထဝီဓာတ်သဘောတရား ဘယ်နှစ်ခု ရှိသလဲ? ခြောက်ခု ရှိပါတယ်။ အာပေါဓာတ်ဆိုတာက ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော၊ တေဇောဓာတ်ဆိုတာက ပူတဲ့သဘော, အေးတဲ့သဘော၊ ဝါယောဓာတ်ဆိုတာက ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘော၊ ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်မျိုး ရှိသလဲ? ဆယ့်နှစ်မျိုး ရှိပါတယ်။ သမာပတ် (၈)ပါး ဆိုက်သည့်တိုင်အောင် သမာဓိကို ထူထောင်ထားနိုင်တဲ့ သူတော်ကောင်းတစ်ဦးအဖို့ ဒီဆယ့်နှစ်မျိုးမှာ ဘယ်ဓာတ်ကပဲ စစ လွယ်ကူနေပါမယ်။
နောက်တစ်ခု -- (၃၂)ကောဋ္ဌာသကိုလည်း စနစ်တကျ ရှုထားပြီးဖြစ်တဲ့ ပုဂ္ဂိုလ်အတွက်လည်း ဒီဆယ့်နှစ်မျိုးမှာ ဘယ်ဓာတ်ကပဲ စစ လွယ်ကူနေ ပါမယ်။ သို့သော် သမာဓိကိုလည်း စံချိန်မီ မထူထောင်ရသေးဘူး၊ သို့မဟုတ် အာနာပါနစတုတ္ထစျာန်လောက်ပဲ ထူထောင်ထားသေးတယ်ပဲ ဆိုကြစို့၊ (၃၂)ကောဋ္ဌာသကိုလည်း စနစ်တကျ မရှုတတ်သေးဘူးဆိုလျှင်တော့ ထိုပုဂ္ဂိုလ်က ဝါယောဓာတ်ကနေ စရှုရမယ့်သဘော ရှိပါတယ်။ ဒါကြောင့် အားလုံးကိုပဲ ခြုံငုံပြီးတော့ ဘုန်းကြီး ဝါယောဓာတ်က စပြီး ရှုတဲ့ စနစ်ကို ပြောပြပါမယ်။
ဝါယောဓာတ်က စရှုပုံ
အကယ်၍ သမထယာနိကပုဂ္ဂိုလ်မဟုတ်ဘဲ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်လို့ ဓာတ်ကမ္မဋ္ဌာန်းကပဲ စပြီး အားထုတ်ချင်တယ်ဆိုလျှင်လည်း ဝါယောဓာတ်က စပြီး ရှုဖို့ လိုအပ်ပါတယ်။ ဘာကြောင့် ဒီဝါယောဓာတ်ကလေးက စရှုရသလဲ? ယောဂီတွေကို သင်ပေးလိုက်တဲ့ အချိန်အခါမှာ လက်တွေ့ရှုလိုက်လျှင် ယောဂီ တော်တော် ခပ်များများက သဘောပေါက် သွားတတ်ကြပါတယ်။ ဝါယောဓာတ်ထဲမှာ ထောက်ကန်တဲ့သဘောက သဘာဝလက္ခဏာ, တွန်းကန်တဲ့သဘောက ကိစ္စရသ = လုပ်ငန်းကိစ္စဆိုပြီးတော့ ဒီလို အဋ္ဌကထာကြီးများက (ဝိသုဒ္ဓိ၊၁၊၃၆၂။) ရှင်းလင်း တင်ပြထားပါတယ်။
ဒီသဘာဝလက္ခဏာနှင့် ကိစ္စရသ နှစ်ခု ရှိတဲ့အနက်ကလည်း ကိစ္စရသ ဖြစ်တဲ့ တွန်းကန်တဲ့သဘောကလေးက ယောဂီတို့ရဲ့ဉာဏ်မှာ သင်ပေးလိုက်လျှင် ထင်လွယ်မြင်လွယ်တဲ့အတွက် ထိုတွန်းကန်တဲ့သဘောကိုပဲ ဘုန်းကြီး များသောအားဖြင့် စသင်ပေးလေ့ရှိပါတယ်။ တွန်းကန်တဲ့သဘောက ဘယ်မှာ ရှိသလဲ? ကြိုက်တဲ့နေရာမှာ ရှုလို့ ရနိုင်ပါတယ်။ သို့သော် အားထုတ်စ ပုဂ္ဂိုလ်က နှလုံးအိမ်အတွင်းမှာ တွန်းကန်တဲ့သဘောကလေးကိုတော့ သွားမရှုလိုက်ပါနဲ့။ ရှုလိုက်လျှင်တော့ အကယ်၍ နှလုံးရောဂါရှိတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် နှလုံးပတ်ဝန်းကျင်တွေမှာ အားလုံး အောင့်လာတတ်ပါတယ်၊ ရင်ခုန်မှုတွေ အားကောင်းလာတတ်ပါတယ်။ တွန်းကန်မှုတွေက အားကောင်းလာလို့ ရင်တွေက သိပ်ခုန်လာပြီဆိုလျှင် သမာဓိလည်း ပျက်သွားတတ်ပါတယ်။ ဒါကြောင့် နှလုံးအိမ်ရှိရာအရပ်မှတစ်ပါး ကျန်တဲ့နေရာ ဘယ်နေရာမှာမဆို မိမိရဲ့ သန္တာန်မှာ ဓာတ်လေးပါးက ရှိနေတာဖြစ်လို့ ကြိုက်တဲ့နေရာက စရှုနိုင်ပါတယ်။
ဘုန်းကြီးကတော့ သမာဓိထူထောင်တဲ့အပိုင်းမှာ အာနာပါနကနေ စပြီး များသောအားဖြင့် သင်ပေးတဲ့အတွက် ဝင်လေထွက်လေကနေ စပြီးတော့ ဒီဓာတ်ကမ္မဋ္ဌာန်းကိုလည်း သင်ပေးပါတယ်။ သို့သော် ဒီဓာတ်ကမ္မဋ္ဌာန်းကို ရှုချင်တဲ့ပုဂ္ဂိုလ်က သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုလျှင်တော့ မိမိ ရရှိပြီး ဖြစ်နေတဲ့ စျာန်သမာဓိတွေကိုတော့ ထိုင်တိုင်းထိုင်တိုင်း ပြန်ထူထောင်ဖို့ လိုအပ်လာပါတယ်။ ဒါက ဝိပဿနာရဲ့ အခြေပါဒကစျာန်လို့ ခေါ်ပါတယ်။ ဝိပဿနာရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ သမာဓိပဲ၊ မိမိက အာနာပါနကို စတုတ္ထစျာန်သမာဓိအထိ ထူထောင်ထားတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် အာနာပါနစတုတ္ထစျာန်သမာဓိကို ထိုင်တိုင်းထိုင်တိုင်း ပြန်ထူထောင်ပါ၊ အကယ်၍ ဩဒါတကသိုဏ်းကဲ့သို့ ကသိုဏ်းတစ်ခုခုမှာ စတုတ္ထစျာန်သမာဓိအထိ ပေါက်မြောက်အောင် သို့မဟုတ် သမာပတ်ရှစ်ပါး ပေါက်မြောက်သည့် တိုင်အောင် သမာဓိထူထောင်ထားတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်လည်း မိမိ ကြိုက်နှစ်သက်တဲ့ ကသိုဏ်းတစ်ခုခုမှာ စတုတ္ထစျာန်သမာဓိလောက်ဖြစ်စေ၊ သို့မဟုတ် ကြိုက်နှစ်သက်တဲ့ သမာဓိတစ်ခုခုကိုပဲဖြစ်စေ ပြန်ထူထောင်ဖို့ လိုအပ်ပါတယ်။
ထိုင်တိုင်း သမာဓိကို ထူထောင်ပါ
သမာဓိံ ဘိက္ခဝေ ဘာဝေထ။ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၃၊၃၆၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြပါကုန်လော့။ သမာဟိတော ဘိက္ခု = သမာဓိရှိတဲ့ပုဂ္ဂိုလ်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ချစ်သားရဟန်းတို့ သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိနေတဲ့ ရဟန်း တော်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ်လို့ ဒီလို ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ထိုင်တိုင်းထိုင်တိုင်း သမာဓိကို ထူထောင်ရပါတယ်။ ဒီသမာဓိမျိုးကို ဝိပဿနာရဲ့ အခြေပါဒကသမာဓိလို့ ခေါ်ပါတယ်။ ဝိပဿနာရဲ့ အခြေခံအကြောင်းရင်းဖြစ်တဲ့ သမာဓိပဲ၊ မိမိက အာနာပါနကို စတုတ္ထစျာန်သမာဓိအထိ ထူထောင်ထားတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် အာနာပါနစတုတ္ထစျာန်သမာဓိကို ထိုင်တိုင်းထိုင်တိုင်း ပြန်ထူထောင်ပါ၊ အကယ်၍ ဩဒါတကသိုဏ်းကဲ့သို့ ကသိုဏ်းတစ်ခုခုမှာ စတုတ္ထစျာန်သမာဓိအထိ ပေါက်မြောက်အောင် သို့မဟုတ် သမာပတ်ရှစ်ပါး ပေါက်မြောက်သည့် တိုင်အောင် သမာဓိထူထောင်ထားတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင်လည်း မိမိ ကြိုက်နှစ်သက်တဲ့ ကသိုဏ်းတစ်ခုခုမှာ စတုတ္ထစျာန်သမာဓိလောက်ဖြစ်စေ၊ သို့မဟုတ် ကြိုက်နှစ်သက်တဲ့ သမာဓိတစ်ခုခုကိုပဲဖြစ်စေ ပြန်ထူထောင်ဖို့ လိုအပ်ပါတယ်။
ဓာတ်သဘောတရား (၁၂) ခုကို ရှုပုံ
ဒီလို သမာဓိကို ရင့်ကျက်အောင် ထူထောင်လိုက်လို့ လင်းရောင်ခြည် စွမ်းအင်တွေက အားကောင်းလာတဲ့ အချိန်အခါမှာ ခန္ဓာကိုယ်ထဲမှာ တွန်းကန်တဲ့သဘောကလေးကို ရှုတော့မယ် ဆိုကြစို့၊ အသက်ကို ပြန်ရှူကြည့်ပါ၊ လေကလေးကို နှာခေါင်းအထဲ ဝင်သွားအောင် တွန်းသွင်းလိုက်တဲ့သဘော, လေကလေးကို နှာခေါင်းအပြင် ထွက်သွားအောင် တွန်းထုတ်လိုက်တဲ့ သဘောကို မြင်အောင်ကြည့်ပါ၊ ဘယ်နေရာက ကြည့်မလဲ? ခေါင်းတစ်ခုလုံးရဲ့ အလယ်ဗဟိုလောက်ကနေ စိုက်ပြီး ကြည့်လိုက်မယ်ဆိုလျှင်တော့ ပိုပြီး ထင်လွယ်မြင်လွယ်တဲ့သဘော ရှိပါတယ်။
အချို့ယောဂီများကတော့ ဝမ်းဗိုက်ကို စိတ်သန်ကြပါတယ်၊ ဝမ်းဗိုက်မှာ စိတ်သန်တယ်ဆိုလျှင်လည်း ဝမ်းဗိုက်အတွင်းထဲမှ ဝမ်းဗိုက်အပြင်ဘက်ကို ဖောင်းသွားအောင် တွန်းနေတဲ့သဘော, ပိန်သွားအောင် တွန်းလိုက်တဲ့သဘောတွေကို စိုက်ရှုလို့ ရပါတယ်၊ မိမိ ကြိုက်နှစ်သက်တဲ့နေရာက စပြီး ရှုနိုင် ပါတယ်။ ဒီလို ရှုလိုက်တဲ့အပိုင်းမှာ တွန်းကန်တဲ့သဘာဝကိုသာ အာရုံစိုက်ပါ၊ လေက အထဲဝင်သွားလျှင်လည်း တွန်းတဲ့သဘော, အပြင်ထွက်သွားလျှင်လည်း တွန်းတဲ့သဘောကိုသာ အာရုံစိုက်ပါ။
ဒီနေရာမှာ ဓာတ်ကမ္မဋ္ဌာန်းနဲ့ အာနာပါနကမ္မဋ္ဌာန်း ရောထွေးမှု မရှိဖို့တော့ လိုအပ်ပါတယ်။ အာနာပါနက ဘယ်မှာ စိတ်ကို ထားရသလဲ? နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ ဝင်လေထွက်လေကလေး ထိထိသွားတဲ့နေရာက စောင့်ပြီးတော့ ဝင်လေထွက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားရတဲ့ကမ္မဋ္ဌာန်း ဖြစ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကတော့ တွန်းကန်တဲ့သဘာဝကို တစ်ကိုယ်လုံးမြင်အောင် လိုက်ကြည့်ရတဲ့လုပ်ငန်းခွင် ဖြစ်ပါတယ်၊ ဒါကြောင့် အသက်ရှူလမ်းကြောင်းကနေ စပြီး တွန်းတဲ့သဘောကလေးကို စရှုခြင်းမျှသာ ဖြစ်တယ်။ ဒီတစ်နေရာထဲမှာ အမြဲတမ်း ရိုးမြေကျ ရှုရမယ်လို့ ဆိုလိုရင်းတော့ မဟုတ်ပါဘူး။
တွန်းကန်တဲ့သဘောကလေးကို ခေါင်းရဲ့အလယ်လောက်မှာ စိုက်ရှုလိုက်လို့ တွေ့ပြီဆိုလျှင် ထိုပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ဒီတွန်းကန်တဲ့သဘော အပေါ်မှာ စိတ်ကလေး ငြိမ်အောင် ခေတ္တခဏလောက် စောင့်ပြီး ကြည့်နေပါ၊ ကြည့်လိုက်လျှင် တွန်းကန်တဲ့သဘောကလေးက ထင်ရှားလာပါလိမ့်မယ်၊ ထင်ရှားလာပြီဆိုလျှင် ခေါင်းအတွင်းဘက်ကနေ အပြင်ဘက်ကို တစ်စတစ်စ ဖြန့်ကြက်ပြီးတော့ ကြည့်ပါ၊ တစ်ခေါင်းလုံး ဘယ်နေရာပဲ ကြည့်ကြည့် အတွင်း အပြင် အကုန်လုံး တွန်းကန်တဲ့သဘောကို တွေ့ပြီဆိုလျှင် တဖြည်းဖြည်း လည်ပင်း, ကိုယ်, ပေါင်တွေ, ခြေထောက်တွေအထိ အကုန်လုံး ပြန့်အောင် ဖြန့်ကြည့်ပါ၊ လက်တွေမှာလည်း အကုန်လုံး လိုက်ပြီး ဖြန့်ကြည့်ရပါတယ်။
တစ်ကိုယ်လုံး ခေါင်းကနေ ခြေထောက်၊ ခြေထောက်ကနေ ခေါင်းအထိ အစုန်အဆန် ထပ်ကာထပ်ကာ ရှုကြည့်လိုက်လို့ တွန်းတဲ့သဘော အကုန်လုံး မြင်ပြီဆိုလျှင်တော့ လွယ်ကူတာကလေးတစ်ခုကတော့ သွားနှစ်ခုကို အသာကလေး ထိထားကြည့်ပါ၊ မာနေတဲ့သဘောက ထင်ရှားနေပါလိမ့်မယ်။ ဒီမာမှု ထင်ရှားတဲ့နေရာက စပြီး မာတဲ့သဘောကိုလည်း တစ်ကိုယ်လုံး မြင်အောင် ရှုရပါတယ်။ တွန်းတဲ့သဘောနဲ့ မာတဲ့သဘော နှစ်ခု ပေါ်လာလျှင်တော့ ဒီတွန်းတဲ့သဘောနဲ့ မာတဲ့သဘော နှစ်ခုကို တစ်ကိုယ်လုံး မြင်အောင် တစ်လှည့်စီ ရှုနေပါ။
ဒီလို ရှုနေမယ်ဆိုလျှင် ကြမ်းတဲ့သဘောလည်း ပေါ်လာတတ်ပါတယ်၊ မထင်ရှားလျှင်တော့ လက်ခုံကလေးနဲ့ မိမိ ဝတ်ထားတဲ့ လုံချည်ကလေးကို အသာကလေး ပွတ်ကြည့်လိုက်ပါ၊ ဖြည်းဖြည်းကလေး ပွတ်ကြည့်လိုက်လျှင် ကြမ်းတဲ့သဘောတစ်ခု တွေ့နိုင်ပါတယ်။ ဒီနေရာမှာ တွန်းကန်တဲ့သဘောကို မိမိက အဝါးဝစွာ လေ့လာထားပြီးဖြစ်တဲ့အတွက် ကြမ်းတဲ့သဘော ပေါ်လာတဲ့အချိန်မှာ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော သုံးခုကို တွဲရှုလိုက်လျှင်လည်း လွယ်လွယ်ကူကူနဲ့ ဒီတစ်ကိုယ်လုံးမှာ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘောတွေ မြင်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ?
လောကဥပမာတစ်ခုနဲ့ ပြောမယ်ဆိုလျှင် ရိုင်းနေတဲ့ဆင်တစ်ကောင်ကို ဖမ်းချင်တယ်ဆိုလျှင် ယဉ်နေတဲ့ ဆင်နဲ့ ရှေးတုန်းကတော့ ချော့မြှူပြီး ဖမ်းရပါတယ်။ ဒီပုံစံအတိုင်းပဲ မထင်ရှားသေးတဲ့ဓာတ်ကို ထင်ရှားတဲ့ဓာတ်နဲ့ တွဲပြီး ရှုလိုက်မယ်ဆိုလျှင်တော့ မထင်ရှားတဲ့ဓာတ်လည်း ထင်ရှားတဲ့ဓာတ်တွေရဲ့ အကူအညီကြောင့် ပိုပြီးတော့ ထင်ရှားလာတတ်ပါတယ်။ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော သုံးခုစလုံးကို ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင် တော့ ဂရုပထဝီဓာတ်ချင်း တူညီနေတဲ့ လေးတဲ့သဘောတစ်ခုကို ဆက်ပြီး စိုက်ကြည့်ပါ။
ထိုင်ထားတဲ့ တင်ပါးတစ်နေရာလောက်ကို စိုက်ကြည့်လိုက်လျှင် လေးနေတဲ့သဘော ထင်ရှားလာပါလိမ့်မယ်။ မထင်ရှားခဲ့လျှင် လက်ကလေးနဲ့ ပေါင်ပေါ်မှာ နည်းနည်းကလေး ဖိကြည့်ပါ။ လေးတဲ့သဘော ထင်ရှားလာပါ လိမ့်မယ်။ လေးတဲ့သဘောကတော့ လွယ်လွယ်ကူကူ တွေ့နိုင်ပါတယ်။ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘောတွေကို တစ်ကိုယ်လုံး အနှံ့အပြား မြင်ပြီဆိုလျှင် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုတဲ့ အပိုင်းမှာ လေးခုလုံး ပြိုင်တူတွေ့လျှင် ပိုကောင်းပါတယ်။ တစ်ခုရှုလျှင် တစ်ခုပဲတွေ့ရမယ်၊ ဒီလိုတော့ မဆိုလိုပါဘူး။ ဘာကြောင့်လဲ?
ဓာတ်ကြီးလေးပါးတွေက အဝိနိဗ္ဘောဂရုပ်တွေ ဖြစ်နေတဲ့အတွက် ပြိုင်တူ ဖြစ်နေတဲ့ ရုပ်သဘာဝတွေ, ခွဲလို့ မရစကောင်းတဲ့ ရုပ်တရားတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဓာတ်တစ်ခုကိုတွေ့လျှင် ကျန်တဲ့ဓာတ်တွေက ကပ်ပြီး ပါနေတတ်ပါတယ်။ သို့သော် အားထုတ်စပုဂ္ဂိုလ်မှာ ဉာဏ်က အလွန်ကြီး မထက်မြက်သေးမီမှာ တစ်ခါတလေ တစ်လုံးချင်းပဲ တွေ့တတ်ပါတယ်။ တွန်းတဲ့သဘောကို ခေါင်းကနေ ခြေထောက်၊ ခြေထောက်ကနေ ခေါင်းအထိ ရှင်းရှင်းလင်းလင်း တွေ့လျှင် မာတဲ့သဘောကို ပြောင်းရှုကြည့်ပါ၊ မာတဲ့ သဘောလည်း တစ်ကိုယ်လုံး တွေ့လျှင် ကြမ်းတဲ့သဘောကို ပြောင်းရှုကြည့်ပါ၊ ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံးတွေ့လျှင် လေးတဲ့သဘောကို ပြောင်းရှု ကြည့်ပါ။
ဒီပုံစံအတိုင်း ထပ်ခါထပ်ခါ ရှုနေလျှင်တော့ ဉာဏ်ထဲမှာ ပြိုင်တူလိုလို တွေ့လာတတ်ပါတယ်။ တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘောတွေကို ဉာဏ်ထဲမှာ ထင်ရှားလာပြီဆိုလျှင် နောက်ထပ် ထောက်ကန်တဲ့သဘောတစ်ခုကို ရှုကြည့်ပါ။ ဘာ့ကြောင့်လဲ? မာတဲ့သဘော ထင်ရှားနေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်၌ ဒီထောက်ကန်နေတဲ့ စွမ်းအင်ကလေးကို လှမ်းပြီး ရှုခဲ့သော် လွယ်လွယ်နဲ့ သဘောပေါက်တတ်ပါတယ်။
ထောက်ကန်တယ်ဆိုတာက ပြိုတော့မယ့် အိမ်တစ်အိမ်ကို ကျားခေါ်တဲ့ သစ်သားချောင်းနဲ့ မလဲအောင် ပြန်ပြီး ထောက်ထားသလို ဒီခန္ဓာအိမ်ကြီး ရပ်လျှင် ရပ်တဲ့အတိုင်း, ထိုင်လျှင် ထိုင်တဲ့အတိုင်း, သွားလျှင် သွားတဲ့အတိုင်း မလဲအောင်, ငြိမ်နေအောင် ထိန်းထားတဲ့သဘာဝတစ်ခု ရှိပါတယ်။ ဒီထိန်းထားတဲ့သဘာဝစွမ်းအင်တစ်ခုကိုပဲ ထောက်ကန်တယ်လို့ ခေါ်ပါတယ်။ အကယ်၍ ဒီထောက်ကန်တတ်တဲ့သဘာဝ မရှိလျှင် ထိုင်နေတဲ့ပုဂ္ဂိုလ်ဟာ ဗိုင်းခနဲ လဲသွားနိုင်ပါတယ်။
ဒီထောက်ကန်တဲ့သဘာဝကလေးက မထင်ရှားဘူးဆိုလျှင် ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့ကို ယိုင်ကြည့်ပါ၊ လဲကျမသွားအောင် ထောက်ကန်ထားတဲ့ သဘောကလေးက ထင်ရှားလာပါလိမ့်မယ်။ ထပ်ခါထပ်ခါ ရှုလို့ အောင်မြင်မှု ရရှိလာပြီ, ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင် ပျော့တဲ့သဘောတစ်ခု တိုးရှုကြည့်ပါ။ ဘယ်လို ရှုရမလဲ? ပျော့မှုထင်ရှားတဲ့နေရာ ဘယ်နေရာကမဆို စရှုနိုင်ပါ တယ်။ ဥပမာ -- အောက်နှုတ်ခမ်းအတွင်းသားကလေးကို လျှာကလေးနဲ့ အသာကလေး ဖိထားကြည့်ပါ။ ပျော့မှုထင်ရှားနေပါလိမ့်မယ်။ ပျော့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပျော့တဲ့သဘော တစ်ကိုယ်လုံး မြင်အောင် ရှုကြည့်ပါ။
ပျော့တဲ့သဘောကို ရှုတဲ့အပိုင်းမှာ ခန္ဓာကိုယ်ကို သိပ်ပြီး တောင့်မထားဘဲ နည်းနည်းကလေး အသာကလေး လျှော့ပြီး ဖျော့ထားဖို့တော့ လိုပါတယ်။ ပျော့မှုထင်ရှားလာပြီဆိုလျှင် ပျော့မှုထင်ရှားနေတဲ့ အောက်နှုတ်ခမ်းအတွင်း- သားကလေးကို လျှာကလေးနဲ့ တံတွေးဆွတ်ပြီးတော့ အသာကလေး ပွတ်ကြည့်ပါ။ ချောမှုသဘောတရားကို တွေ့နိုင်ပါတယ်။ ဒီချောမှုသဘောတရား ကိုလည်း တစ်ကိုယ်လုံး မြင်အောင် ဆက်ပြီး ရှုကြည့်ပါ။ ပျော့မှုနဲ့ ချောမှုက တစ်ကိုယ်လုံး အနှံ့အပြား ထင်ထင်ရှားရှား ဖြစ်လာပြီဆိုလျှင် ပေါ့နေတဲ့ သဘာဝတစ်ခုလည်း ပေါ်လာပါလိမ့်မယ်။
ပေါ့တဲ့သဘာဝတစ်ခုက မပေါ်လို့ သိပ်ပြီး အားမရ မထင်မရှား ဖြစ်နေလျှင် လေးတဲ့သဘောကို ပြန်ပြီး စိုက်ရှုကြည့်ပါ။ လေးမှုထင်ရှားနေတဲ့ အချိန်အခါမှာ လက်ကလေးတစ်ဘက်ကို ဒူးပေါ်တင်ပြီး လက်ညှိုးကလေးတစ်ချောင်းကို အသာကလေး မ,ကြည့်ပါ။ ပေါ့မှုသဘောကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘောက လဟုပထဝီ သုံးခု၊ မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော သုံးခုက ဂရုပထဝီ သုံးခု၊ ပေါင်းလိုက်တော့ ပထဝီဓာတ် ဘယ်နှစ်ခု ဖြစ်သွားပြီလဲ? ခြောက်ခု၊ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောက ဝါယောဓာတ် နှစ်ခု၊ ပေါင်းလိုက်တော့ သဘောတရား ဘယ်လောက် ရှိသွားပြီလဲ? ရှစ်ခု ရှိသွားပါတယ်။
နောက် ပူတဲ့သဘော, အေးတဲ့သဘော နှစ်ခုကတော့ လွယ်သွားပါပြီ။ လက်ကလေးနှစ်ခုကို ထပ်ထားလျှင် ပူမှုသဘော ထင်ရှားနေပါတယ်။ ပူမှု ထင်ရှားတဲ့တစ်နေရာက စပြီး ပူတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုကြည့်ရပါတယ်။ ဝင်လေထွက်လေ ထိထိသွားတဲ့ နှာသီးဖျားမှာ စိုက်ကြည့်ပါ၊ အေးနေပါလိမ့်မယ်။ အေးမှုထင်ရှားတဲ့တစ်နေရာကနေ စပြီး အေးတဲ့ သဘောကို တစ်ကိုယ်လုံး မြင်အောင် ရှုကြည့်ပါ၊ ပူတဲ့သဘော အေးတဲ့ သဘောက တေဇောဓာတ် ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ သဘောတရား အားလုံး ဘယ်နှစ်ခု ဖြစ်သွားပြီလဲ? ဆယ်ခု ဖြစ်သွားပါမယ်။
ဒီသဘောတရား ဆယ်ခုကို ကြိမ်ဖန်များစွာ ခြေဆုံးခေါင်းဆုံး ထပ်ခါ ထပ်ခါ ရှုရပါတယ်။ တွန်းတဲ့သဘောက တစ်ကိုယ်လုံး ပြန့်သွားလျှင် မာတဲ့ သဘောကို ပြောင်းရှုပါ။ တွန်းတဲ့သဘောတစ်ခုတည်းပဲ ကြိမ်ဖန်များစွာ အကြာကြီး မရှုပါနဲ့၊ တစ်ကိုယ်လုံး ပြန့်သွားတာမြင်လျှင် လုံလောက်ပါပြီ။ တွန်းတဲ့သဘောက တစ်ကိုယ်လုံး ပြန့်လျှင် မာတဲ့သဘောကို ဆက်ရှုပါ၊ မာတဲ့ သဘောက တစ်ကုိယ်လုံး ပြန့်လျှင် ကြမ်းတဲ့သဘောကို ဆက်ရှုပါ၊ ကြမ်းတဲ့ သဘောက တစ်ကိုယ်လုံး ပြန့်လျှင် လေးတဲ့သဘောကို ဆက်ရှုပါ။ ဒီပုံစံ စနစ်အားဖြင့် ပြောခဲ့ပြီးတဲ့ သဘောတရား ဆယ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ရှုနေပါ။ ဒီသဘောတရား ဆယ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုနေခဲ့လျှင် ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးနဲ့စည်းထားသလို ဖွဲ့စည်းနေတဲ့ သဘာဝတစ်ခု ပေါ်လာပါလိမ့်မယ်။
တစ်ထိုင်လောက် နှစ်ထိုင်လောက် ကြိုးစားကြည့်လို့ ဒီဖွဲ့စည်းမှုသဘောက ဉာဏ်ထဲမှာ မထင်ဖြစ်နေခဲ့လျှင်တော့ နောက်အထိုင်တွေမှာ တွန်းတဲ့ သဘောနဲ့ မာတဲ့သဘော နှစ်ခုကိုပဲ ဦးစားပေးပြီး ရှုကြည့်ပါ။ တွန်းတဲ့သဘော, မာတဲ့သဘော ဒီနှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုလိုက်မယ်ဆိုလျှင် တစ်ကိုယ်လုံး ဖွဲ့စည်းထားတဲ့သဘော ကြိုးနဲ့ ဖွဲ့စည်းထားသလို တင်းကျပ်လာတဲ့သဘောကို တွေ့လာပါလိမ့်မယ်။
ဖွဲ့စည်းတဲ့သဘောကို ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင် သွားအရင်းမှာ သွားရေတွေ ယိုစီးနေတာကို ရှုကြည့်ပါ။ ဒီသွားရေတွေ ယိုစီးမှု ထင်ရှားတဲ့ တစ်နေရာက စပြီး တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့သဘာဝတွေကို မြင်အောင် ရှုကြည့်ပါ။ ဘာတွေ စီးဆင်းနေသလဲ? (၃၂)ကောဋ္ဌာသကို ရှုထားပြီးတဲ့ပုဂ္ဂိုလ် အဖို့ကတော့ ရှုလို့ လွယ်ကူနေပါလိမ့်မယ်။ သည်းခြေ, သလိပ်, ပြည်, သွေး စသည်ဖြင့် ယိုစီးနေတဲ့ အာပေါဓာတ်အုပ်စုတွေ (၁၂)ခု ရှိပါတယ်။ ဒီယိုစီး နေတဲ့အုပ်စုထဲမှာ ပိုပြီး ယိုစီးမှု ထင်ရှားတာကတော့ သွေး ဖြစ်ပါတယ်။ သွေးက တစ်ကိုယ်လုံး အပေါ်အောက် လည်ပတ်နေတဲ့အတွက် အထက်ကိုလည်း စီးနေတယ်၊ အောက်ကိုလည်း စီးနေပါတယ်။
(၃၂)ကောဋ္ဌာသကို မရှုရသေးတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုလျှင်တော့ သွားအရင်းတို့လို လျှာအရင်းတို့လို ယိုစီးမှု ထင်ရှားနေတဲ့ တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် စိုက်ရှုပါ။ ယိုစီးတဲ့သဘော ဖွဲ့စည်းတဲ့သဘောက အာပေါဓာတ် ဖြစ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းက စပြီး အားထုတ်တဲ့ပုဂ္ဂိုလ်ဖြစ်လျှင်တော့ ယိုစီးတဲ့သဘောက တချို့မှာ ရှုရတာ နည်းနည်းကလေး ခက်နေတတ်ပါတယ်။ ခက်နေလျှင်တော့ လွယ်တဲ့ ဓာတ်ကလေးတစ်ခုနဲ့ တွဲပြီးတော့ ရှုကြည့်ပါ။
ဥပမာ -- ပူတဲ့သဘောနဲ့ တွဲပြီး ယိုစီးတဲ့သဘောကို ရှုကြည့်ပါ၊ အေးတဲ့ သဘောနဲ့ တွဲပြီးတော့ ယိုစီးတဲ့သဘောကို ရှုကြည့်ပါ၊ တွန်းတဲ့သဘောနဲ့ တွဲပြီးတော့ ယိုစီးတဲ့သဘောကို ရှုကြည့်ပါ၊ ဒီလို ရှုလိုက်မယ်ဆိုလျှင် တွန်းတဲ့ သဘောက တစ်ကိုယ်လုံး ပြန့်သွားတဲ့အခါ ယိုစီးတဲ့သဘောပါ တစ်ကိုယ်လုံး ပြန့်သွားတာကို တွေ့နိုင်ပါတယ်။ ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်ခု ဖြစ်သွားပြီလဲ? တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့ သဘော, ထောက်ကန်တဲ့သဘော, ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့ သဘော, ပူတဲ့သဘော, အေးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော, ယိုစီးတဲ့သဘော ဆိုပြီး သဘောတရား (၁၂)ခု ဖြစ်သွားပါတယ်။
ဒေသနာစဉ်အတိုင်း ရှုပါ
ဒီ (၁၂)ခုကို တစ်ခုပြီးတစ်ခု ကြိမ်ဖန်များစွာ ခြေဆုံးခေါင်းဆုံး ထပ်ခါ ထပ်ခါ ရှုကြည့်ပါ။ ဒီလို ရှုလိုက်လို့ အောင်မြင်ပြီဆိုလျှင် ဒီ (၁၂)ခုလုံးကို ခြေဆုံးခေါင်းဆုံး အောင်အောင်မြင်မြင် ရှုနိုင်လျှင် တစ်ခေါက်လို့ ခေါ်ပါတယ်၊ တစ်မိနစ်အတွင်းမှာ နှစ်ခေါက် သုံးခေါက်လောက် ရပြီဆိုလျှင်တော့ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ ဒေသနာစဉ်အတိုင်း ပြောင်းပြီး ရှုရပါတယ်။ ဘုရားရှင်က ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဒီလို အစဉ်အတိုင်း ဟောကြားထားပါတယ်၊ ဒီအစဉ်အတိုင်း ပြန်ပြီး ရှုရပါတယ်။
ပထဝီဓာတ်က မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့၊ အာပေါဓာတ်က ယိုစီး, ဖွဲ့စည်း၊ တေဇောဓာတ်က ပူ, အေး၊ ဝါယောဓာတ်က ထောက်, တွန်း ဆိုတဲ့ သဘောတရား (၁၂)ခု ရှိပါတယ်။ အစဉ်အတိုင်းပြောလျှင်တော့ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့၊ ယိုစီး, ဖွဲ့စည်း၊ ပူ, အေး၊ ထောက်, တွန်း ဆိုပြီးတော့ သဘောတရား (၁၂)ခုကို အစဉ်အတိုင်း ရှုရပါတယ်။ ဒီလိုဆိုလျှင် နဂိုကတည်းက ဒီအစဉ်အတိုင်း ရှုလို့ ရနိုင်ပါသလားလို့ မေးစရာတော့ ရှိပါတယ်။ ဒီအစဉ်အတိုင်းသာ ရှုလို့ရလျှင်တော့ ပိုကောင်းပါတယ်။ မရခဲ့ဘူး ဆိုလျှင်တော့ ဘာလုပ်ရမလဲ?
ကလေးတစ်ယောက်ဟာ စာသင်ကျောင်း ရောက်သစ်စ ဖြစ်နေခဲ့လျှင် ဒီကလေးက ဝလုံးတန်းမှာ ရှိနေတော့ သူ့ကို ဝလုံးကနေ စပြီး အရင်ဆုံး သင်ပေးရပါတယ်၊ ဝလုံးတန်း ကျေညက်သွားပြီဆိုလျှင် ဒီကလေးကို ကကြီး ခခွေးကနေ တစ်ဖန်ပြန်ပြီးတော့ သင်ပေးရပါတယ်။ ဒီပုံစံစနစ်အတိုင်းပဲ လွယ်ရာကနေ ခက်ရာကို သွားရပါတယ်။ တွန်းကန်နေတဲ့သဘောကလေးက ယောဂီအများစုမှာ လွယ်ကူတဲ့သဘောလည်း ရှိနေပါတယ်။ ရှုလို့ သဘောလည်း ပေါက်လွယ်ပါတယ်။ တခြားတခြားဓာတ်တွေ ဉာဏ်မှာ ထင်ရှားလာရေးအတွက် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု ပေးနိုင်တဲ့ စွမ်းအားတွေလည်း ဒီတွန်းကန်တဲ့သဘောမှာ ရှိနေပါတယ်။
ဒါကြောင့် ဒီတွန်းကန်တဲ့သဘောကလေးကို များသောအားဖြင့် ဓာတ်သဘာဝတွေကို ခပ်မြန်မြန် သဘောပေါက်နိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ယောဂီအများစုကို သင်ပေးခြင်းသာ ဖြစ်ပါတယ်။ အကယ်၍ ယောဂီက သမာဓိတွေလည်း သိပ်အားကောင်းလို့ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါတွေကလည်း သိပ်အားကောင်းပြီဆိုလျှင်တော့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ ဒီအစဉ် အတိုင်းပဲ စရှုလို့ အောင်မြင်လျှင် ပိုကောင်းပါတယ်။ ဒီအစဉ်အတိုင်းသာ ရှုနေပါ။
ဘုရားဟောဒေသနာစဉ်အတိုင်း မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ ဒီသဘောတရား (၁၂)ခုကို ရှုလို့ အောင်မြင်ပြီဆိုလျှင် တစ်ခေါက်ရပြီ၊ တစ်မိနစ်အတွင်းမှာ နှစ်ခေါက်, သုံးခေါက်လောက် ခြေဆုံးခေါင်းဆုံး ရှုနိုင်ပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်က ဘာဆက်လုပ်ရမလဲ? မိမိ ထိုင်နေတဲ့ပုံကို အပေါ်က စီးကြည့်တဲ့ပုံစံဖြင့် တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ ဒီသဘာဝတွေကို ကြည့်နေပါ။
သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ ... (ဝိသုဒ္ဓိ၊၁၊၃၄၆။)
မိမိရဲ့ ရူပကာယတစ်ခုလုံးကို ဓာတ်သဘောအားဖြင့် ဆင်ခြင်ရမယ်ဆိုတဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာစကားရပ်နှင့်အညီ ဖြစ်ပါတယ်။ဒီလို အပေါ်ကနေပြီး ခြုံငုံကြည့်လိုက်တဲ့အပိုင်းမှာ ခြေထောက်ကြည့်လိုက်, လက်ကြည့်လိုက်, ခေါင်း ကြည့်လိုက်, ကိုယ်ကြည့်လိုက်, ဟိုရွှေ့ ဒီရွှေ့နဲ့ ရွှေ့ရွှေ့ပြီး လိုက်မကြည့်ပါနဲ့၊ တစ်ကိုယ်လုံးကို ခြုံငုံကာ ဓာတ်ကိုသာ အာရုံယူပြီး ရှုနေပါ။ ကိုယ်ကို အာရုံ မယူဘဲ ဓာတ်ကိုသာ အာရုံယူပြီး ရှုနေခဲ့မယ်ဆိုလျှင် တဖြည်းဖြည်း ဉာဏ်က ထက်လာခဲ့သော် မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ ဒီဓာတ်သဘာဝတွေက ဉာဏ်ထဲမှာ ပြိုင်တူလိုလို ထင်ရှားလာပါလိမ့်မယ်။
ဒီလို ပြိုင်တူလိုလို ထင်ရှားလာတဲ့အခါ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ပထဝီဓာတ်၊ ယိုစီး-ဖွဲ့စည်းသဘောတရား နှစ်ခုကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ-အေးသဘောတရား နှစ်ခုကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ တေဇောဓာတ်၊ ထောက်ကန်-တွန်းကန်သဘောတရား နှစ်ခုကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ ဝါယောဓာတ်လို့ ဒီလို ရှုရပါတယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ဒီလို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ရှုပေးရပါတယ်။
ဒီလို ရှုတဲ့အပိုင်းမှာ ဓာတ်သဘာဝတွေကို မမြင်ဘဲနဲ့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ဒီလို မရှုပါနဲ့၊ ဆိုကမ္မဋ္ဌာန်း သက်သက်ကတော့ အကျိုးကျေးဇူး သိပ်မများလှပါဘူး။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့သဘောတရားတွေကို ဉာဏ်ထဲမှာ မြင်မှသာ ပထဝီဓာတ်လို့ ရှုပါ၊ ယိုစီး-ဖွဲ့စည်းသဘောတရားတွေကို ဉာဏ်ထဲမှာ မြင်နေမှ အာပေါဓာတ်လို့ ရှုပါ၊ ပူ-အေးသဘောတရားတွေကို ဉာဏ်ထဲမှာ မြင်နေမှ တေဇောဓာတ်လို့ ရှုပါ၊ ထောက်ကန်-တွန်းကန်သဘာဝတွေကို ဉာဏ်ထဲမှာ ထင်ရှားစွာ မြင်နေပါမှ ဝါယောဓာတ်လို့ ရှုပါ။ ဒီလို ရှုရမယ့်သဘာဝကို ရည်ရွယ်တော်မူပြီးမှ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဒီဓာတ်ကမ္မဋ္ဌာန်းရှုကွက် ကို ဘယ်လို ဟောကြားထားတော်မူသလဲ?
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ -- အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (မ၊၁၊၇၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ ယထာဌိတံ = တည်မြဲတိုင်းသော။ ယထာပဏိဟိတံ = ထားမြဲတိုင်းသော။ ဣမမေဝ ကာယံ = ဤရူပကာယကြီးကိုပင်လျှင်။ ဣမသ္မိံ ကာယေ = ဤရူပကာယ၌။ ပထဝီဓာတု = ပထဝီဓာတ်သည်။ အတ္ထိ = ရှိ၏။ အာပေါဓာတု = အာပေါဓာတ်သည်။ အတ္ထိ = ရှိ၏။ တေဇောဓာတု = တေဇောဓာတ်သည်။ အတ္ထိ = ရှိ၏။ ဝါယောဓာတု = ဝါယောဓာတ်သည်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့လျှင်။ ဓာတုသော = ဓာတ်သဘောအားဖြင့်။ ပစ္စဝေက္ခတိ = အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင် သုံးသပ် ရှုပွား၍ နေပေ၏။
ဒီလို ဘုရားရှင်က ဟောကြားတော်မူပါတယ်။၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ဒီလို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပွားလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာမလဲ? သမာဓိက ဓာတ်လေးပါး အာရုံအပေါ်၌ ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပါလိမ့်မယ်။၊ ဓာတ်ကြီးလေးပါး အာရုံအပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာပြီဆိုလျှင်တော့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ဆက်လက်ပြီး သမာဓိကို ထူထောင်ပေးပါ။ ထူထောင်လိုက်ပြီဆိုလျှင် ဘာတွေ့မလဲ? ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲ ဓာတ်ကြီးလေးပါးတို့ရဲ့ အစုအပုံကြီးကိုသာ တွေ့နေပါလိမ့်မယ်။
အယံ ဓာတုမနသိကာရော ယာဝဒေဝ သတ္တသညာသမုဂ္ဃါဋနတ္ထော၊ (မဟာဋီ၊၁၊၄၄၆။)
ဒီလို ဖွင့်ဆိုထားတဲ့ မဟာဋီကာနှင့်အညီ ဓာတ်ကမ္မဋ္ဌာန်းရဲ့ ဦးတည်ချက်ဖြစ်တဲ့ သတ္တဝါဟူသောအမှတ်သညာဟာ စတင် ကွာစပြုလာပြီ ဖြစ်ပါတယ်။ စိတ်ဓာတ်တွေက ဓာတ်လေးပါးအာရုံမှာ ငြိမ်ဝပ်လာပြီဆိုလျှင်တော့ ခန္ဓာကိုယ်မှာ မီးခိုးရောင်ကဲ့သို့ အဖြူရောင် ဖြူညစ်ညစ်အရောင် အတုံးအခဲကြီး သွားတွေ့တတ်ပါတယ်။ သို့သော် တချို့တချို့ ပုဂ္ဂိုလ်များမှာ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီ နှစ်နာရီလောက်တော့ ငြိမ်တယ်၊ ငြိမ်ငြိမ်ချင်းတော့ ဒီလို အဖြူတော့ မတွေ့တတ်ပါဘူး။ သို့သော် နှစ်ရက်, သုံးရက်လောက် ဆက်တိုက် ငြိမ်ပါလျက်နဲ့ မတွေ့ခဲ့ဘူးဆိုလျှင်တော့ အဋ္ဌကထာက နည်းစနစ်တစ်ခု ပြောင်းပြီး ရှုဖို့တော့ သင်ပေးထားပါတယ်။ ဒီလို နည်းစနစ်တစ်ခုကို ပြောင်းပြီး ရှုဖို့ သင်ပေးတဲ့အပိုင်းကလေးမှာ အဓိကစည်းကမ်းသတ်မှတ်ချက်ကလေးတွေ မဟာဋီကာဆရာတော်က (၁၁)ချက်လောက် သတ်မှတ်ပေးထားပါတယ်။ ဒီ (၁၁)ချက်ထဲမှာ အရေးအကြီးဆုံးအချက်တစ်ခုကတော့ ဝိက္ခေပပဋိဗာဟနတော = စိတ်က ဓာတ်ကြီးလေးပါးအာရုံရဲ့ အပြင်ဘက်ကို ပျံ့လွင့်သွားမှုကို တားမြစ်ပေးရပါမယ်၊ ဒါက သိပ်အရေးကြီးပါတယ်။ (မဟာဋီ၊၁၊၃၃၄-၃၃၅။)
ဓာတ်ကမ္မဋ္ဌာန်းကို ရှုနေတဲ့ပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးအာရုံရဲ့ အပြင်ဘက်ကို ပျံ့လွင့်သွားမှုကို တားမြစ်ပေးရပါမယ်၊ ဒါက သိပ်အရေးကြီးပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကို ရှုနေတဲ့ပုဂ္ဂိုလ်က ဓာတ်ကြီးလေးပါးကိုသာ ရှုဖို့ လိုပါတယ်။ ဓာတ်ကြီးလေးပါးရဲ့ အပြင်ဘက်အာရုံအမျိုးမျိုးကို လိုက်ပြီး ရှုနေလျှင် အပြင်ဘက်အာရုံတွေဘက်သို့ စိတ်က ပျံ့လွင့်နေတဲ့အတွက် ဓာတ်ကြီးလေးပါးကို ရှုတာ ဟုတ်သေးသလား? မဟုတ်တော့ဘူး။ ဓာတ်ကမ္မဋ္ဌာန်း ဟုတ်သေးသလား? မဟုတ်တော့ဘူး။ ဓာတ်ကြီးလေးပါးရဲ့ အပြင်ဘက်အာရုံတွေကို လုံးလုံး မရှုရတော့ဘူးလို့ ဘုန်းကြီး ပြောလိုရင်း မဟုတ်ပါဘူး။ ရှုသင့် ရှုထိုက်တဲ့ အချိန်အခါ ရောက်လျှင်တော့ ရှုရမှာ ဖြစ်ပါတယ်။
ဓာတ်လေးပါးနဲ့ ပြည်တည်ပြီးတော့ သမာဓိထူထောင်နေတဲ့အပိုင်းမှာ ဓာတ်ကြီးလေးပါးရဲ့ အပြင်ဘက်သို့ စိတ်ဓာတ်ပျံ့လွင့်သွားမှုကို တားမြစ်ပေးရပါမယ်။ ဓာတ်ကြီးလေးပါးရဲ့ ပြင်ပမှာရှိနေတဲ့ အာရုံအမျိုးမျိုးတွေကို လိုက်ပြီး ရှုပွားသုံးသပ်ခြင်းကို မပြုလုပ်ပါနဲ့။ ဒါကလည်း သိပ်အရေးကြီးပါတယ်။ ဒီဓာတ်ကြီးလေးပါးကိုပဲ စနစ်တကျ ရှုပွားလိုက်လို့ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်ပြီး တည်နေသော်လည်း သမာဓိအဆင့်က စံချိန်မမီ ဖြစ်နေခဲ့လျှင်တော့ အဋ္ဌကထာဆရာတော်က သဘာဝလက္ခဏာကိုသာ ဦးစားပေးရှုပါဆိုပြီး ဒီလို ညွှန်ကြားထားပါတယ်။
သဘာဝလက္ခဏာကို ဦးစားပေး ရှုပါ
သဘာဝလက္ခဏာဆိုတာက ပထဝီဓာတ်မှာ မာတဲ့သဘော, အာပေါဓာတ်မှာ ယိုစီးတဲ့သဘော, တေဇောဓာတ်မှာ ပူတဲ့သဘော, ဝါယောဓာတ်မှာ ထောက်ကန်တဲ့သဘောပဲ။ ဒီမာတဲ့သဘော, ယိုစီးတဲ့သဘော, ပူတဲ့သဘော, ထောက်ကန်တဲ့သဘောတွေက အဓိကအရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီ သဘောတရားလေးခုမှာ မာတဲ့သဘောကို စူးစူးစိုက်စိုက် ကြည့်ပြီးတော့ ပထဝီဓာတ်, ယိုစီးတဲ့သဘောကို စူးစူးစိုက်စိုက် ကြည့်ပြီးတော့ အာပေါဓာတ်, ပူတဲ့သဘောကို စူးစူးစိုက်စိုက် ကြည့်ပြီးတော့ တေဇောဓာတ်, ထောက်ကန်တဲ့ သဘောကို စူးစူးစိုက်စိုက် ကြည့်ပြီးတော့ ဝါယောဓာတ်လို့ ဒီလို လေးချက် ပြောင်းပြီး ရှုကြည့်ပါ။
ဒီပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်တွေရဲ့ သဘာဝလက္ခဏာတွေကို အာရုံယူပြီး ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုလိုက်လို့ သမာဓိကလည်း စံချိန်မီလာပြီဆိုလျှင်တော့ မီးခိုးရောင်လို အဖြူရောင်အတုံးအခဲ နှင်းငွေ့တွေလို ညစ်ထပ်ထပ် အဖြူရောင်အတုံးအခဲကို သွားတွေ့တတ် ပါတယ်။ ဒီလို တွေ့စမှာတော့ ဒီအဖြူရောင်က မခိုင်ခံ့တဲ့သဘော ရှိခြင်းကြောင့် မိမိက အဖြူရောင်ကို အာရုံမယူသေးဘဲ မူလရှုမြဲဖြစ်တဲ့ ဓာတ်သဘာဝကိုသာ ဆက်လက်အာရုံယူပြီးတော့ သမာဓိကို ဆက်လက်ထူထောင် ရပါတယ်။ ဒီလို ထူထောင်လိုက်လျှင် ဒီအဖြူရောင်အတုံးအခဲဟာလည်း ဓာတ်ကြီးလေးပါးတို့ရဲ့ အစုအပုံပဲဆိုတာ များသောအားဖြင့်တော့ သဘောပေါက်တတ်ပါတယ်။
အဖြူရောင် အတုံးအခဲ
အကယ်၍ ဓာတ်ကြီးလေးပါးတို့ရဲ့ အစုအပုံပဲလို့ သဘောမပေါက် ဖြစ်နေခဲ့လျှင်, ဒီအဖြူရောင်ကလည်း တစ်နာရီလောက်အထိ ဆက်တိုက် ထိုင်တိုင်းထိုင်တိုင်း ခိုင်နေပြီဆိုလျှင်တော့ ဘာလုပ်ရမလဲ? ရှုနေကျအတိုင်း တစ်ကိုယ်လုံးကို ခြုံငုံပြီး မာတဲ့သဘော ရှုလိုက်၊ အဖြူရောင်မှာ မာတဲ့သဘော ရှုလိုက်၊ တစ်ကိုယ်လုံးကို ခြုံငုံပြီး မာတဲ့သဘော ရှုလိုက်၊ အဖြူရောင်မှာ မာတဲ့သဘော ရှုလိုက်၊ ဒီလို ထပ်ခါထပ်ခါ ပြောင်းကြည့်နေပါ။ ဒီလို ပြောင်းကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီအဖြူရောင်မှာ မာတဲ့သဘောကို သဘောပေါက်ပြီဆိုလျှင် မာတဲ့သဘောနှင့် ကြမ်းတဲ့သဘော နှစ်ခု၊ နှစ်ခု သဘောပေါက်လျှင် သုံးခု၊ သုံးခု သဘောပေါက်လျှင် လေးခု စသည်ဖြင့် တစ်ခုပြီးတစ်ခု တိုးပြီး ပုံစံတူ ရှုကြည့်ပါ။ တစ်ကိုယ်လုံးမှာ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ သဘောတရား (၁၂)ခု ကို ရှုသလို၊ ဒီအဖြူရောင်အတုံးအခဲမှာလည်း မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ သဘောတရားတွေကို ဆက်လက်ပြီး ရှုနေပါ။
အဖြူရောင်မှာ ဒီမာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ သဘောတရား (၁၂)ခုကို ရှုတဲ့အပိုင်းမှာ ဉာဏ်ထဲ မှာ ထင်ထင်ရှားရှား တွေ့ပြီဆိုလျှင် လေးချက် ပြန်ပြီး ပြောင်းရှုကြည့်ပါ။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်ပြီး ပထဝီဓာတ်၊ ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ-အေးကို ကြည့်ပြီးတော့ တေဇောဓာတ်၊ ထောက်-တွန်းကို ကြည့်ပြီးတော့ ဝါယောဓာတ်။ ဒီလို လေးချက်ပဲ ရှုနေရပါတယ်။ ဒီလို လေးချက် ရှုပြီး သမာဓိကို ဆက်လက်ထူထောင်ခဲ့လျှင် ဝါဂွမ်းဆိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့ အဖြူအတုံးအခဲကလေးကို သွားတွေ့ပါလိမ့်မယ်။
အကြည်အတုံးအခဲ
ဒီအဖြူအတုံးအခဲကလေးမှာလည်း ပုံစံတူပဲ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်း သဘောတရားတွေကို မြင်အောင် ရှုပါ။ မြင်ပြီဆိုလျှင် ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ဒီလို လေးချက်ပြောင်းပြီး ရှုကြည့်ပါ။ ဒီလို ရှုနိုင်ခဲ့မယ်ဆိုလျှင် သမာဓိက ထက်မြက် စူးရှလာပြီဆိုလျှင်တော့ တစ်ကိုယ်လုံးကို အကြည်အတုံး အခဲကြီးအနေနဲ့ အတုံးလိုက်အခဲလိုက်ကြီး သွားတွေ့ပါလိမ့်မယ်။ ဒီသဘာဝကလေးကတော့ များသောအားဖြင့် လုပ်ငန်းခွင်ကို စနစ်တကျ အားထုတ်နေတဲ့ ယောဂီပုဂ္ဂိုလ်တွေမှာ အစီအစဉ်တကျ များသောအားဖြင့် ပေါ်လာတတ်ပါတယ်။
ဒီလို ပေါ်လာတဲ့အပိုင်းမှာ ဘုန်းကြီး သဘာဝတစ်ခုကို နည်းနည်းကလေး ပြောချင်ပါတယ်။ မော်တော်ကား မောင်းနေကျပုဂ္ဂိုလ်တွေတော့ သတိထားမိလိမ့်မယ် ထင်ပါတယ်။ မော်တော်ကားရဲ့ ရှေ့ကမှန်ကို နည်းနည်း ကလေး အကဲခတ်ကြည့်ပါ။ ညနေ နေဝင်ပြီဆိုလျှင်တော့ သို့မဟုတ် နံနက်စောစော နှင်းတွေကျနေပြီဆိုလျှင်တော့ သို့မဟုတ် မိုးသေးမိုးဖွဲကလေးတွေ မဆိုစလောက် ကျနေပြီဆိုလျှင်တော့ မီးခိုးရောင်လိုလို အဖြူရောင်လိုလို ညစ်ထပ်ထပ်ကလေးတွေ မတွေ့တတ်ဘူးလား? တွေ့တတ်ပါတယ်။ ဒါပေမယ့် ဒီနှင်းငွေ့ကလေးတွေ ရေငွေ့တွေ စင်သွားပြီဆိုလျှင်တော့ ကြည်နေတဲ့ အကြည်ပြင်ကို မတွေ့နိုင်ဘူးလား? တွေ့နိုင်ပါတယ်။
ဒီပုံစံအတိုင်းပဲ ယောဂီပုဂ္ဂိုလ်ရဲ့ဉာဏ်က သိပ်ပြီးတော့ မထက်မြက် မစူးရှသေးတဲ့အတွက် ဒီအကြည်ပြင်ကို ဉာဏ်က မဆိုက်မီမှာ မီးခိုးရောင်လို အဖြူရောင်လို ညစ်ထပ်ထပ်ကို သွားတွေ့ခြင်းသာ ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ အကြည်ဓာတ်ပါပဲ။ ကြည်နေတဲ့မှန်တစ်ခုကို ခပ်လှမ်းလှမ်း ကနေ လှမ်းကြည့်လိုက်လျှင် မိမိမျက်လုံးက သိပ်အားမကောင်းဘူးဆိုလျှင်လည်း ခပ်ဖြူဖြူသဘောကလေးတစ်ခု တစ်ခါတစ်ရံ မတွေ့တတ်ဘူးလား? တွေ့တတ်ပါတယ်။ ဒီပုံစံအတိုင်းပဲ ဉာဏ်က သိပ်မထက်မြက်သေးတဲ့အတွက် ဒီအကြည်ဓာတ်တွေကို မဆိုက်သေးမီမှာ ဖြူရော်ရော်ကလေးတွေကို သွားတွေ့ရှိခြင်းသာ ဖြစ်ပါတယ်။
ဒီလို ရှုလိုက်တဲ့အပိုင်းမှာ အကြည်ဓာတ်ဆိုတာက ဘာတွေက ကြည်နေသလဲ? မြတ်စွာဘုရားက အကြည်ဓာတ် အကြည်ရုပ်တွေကို ပသာဒရုပ် အနေနဲ့ ဟောထားပါတယ်။ ပသာဒရုပ် ဘယ်နှစ်ခုရှိသလဲဆိုလျှင်တော့ ငါးခု ရှိပါတယ်။ စက္ခုပသာဒ = မျက်စိအကြည်၊ သောတပသာဒ = နားအကြည်၊ ဃာနပသာဒ = နှာခေါင်းအကြည်၊ ဇိဝှါပသာဒ = လျှာအကြည်၊ ကာယပသာဒ = ကိုယ်အကြည်၊ ပေါင်းလိုက်တော့ အကြည်ရုပ် ဘယ်နှစ်ခုရှိသလဲ? ငါးခု ရှိပါတယ်။
ဒီအကြည်ရုပ် ငါးခုမှာ မျက်စိအကြည်ကတော့ မျက်စိမှာပဲ ရှိပါတယ်၊ နားအကြည်ကတော့ နားမှာပဲ ရှိပါတယ်၊ နှာခေါင်းအကြည်ကတော့ နှာခေါင်း အတွင်းမှာပဲ ရှိပါတယ်၊ လျှာအကြည်ကတော့ လျှာမှာပဲ ရှိပါတယ်၊ ကိုယ် အကြည်ကတော့ တစ်ကိုယ်လုံးမှာ အနှံ့အပြား ရှိပါတယ်။ မျက်လုံးမှာလည်း ရှိနေတယ်၊ နားမှာလည်း ရှိနေတယ်၊ နှာခေါင်းမှာလည်း ရှိနေတယ်၊ လျှာမှာ လည်း ရှိနေတယ်၊ ကိုယ်မှာလည်း ရှိနေတယ်။ မျက်လုံးမှာ လက်ကလေးနဲ့ သွားပြီး တို့ထိကြည့်ပါ၊ ထိတာကို မသိနိုင်ဘူးလား? သိနိုင်တယ်။ ဒီ ထိတာ သိတဲ့စိတ် မှီဖြစ်တဲ့အကြည်က ကာယအကြည် ဖြစ်ပါတယ်။ အရောင်သိတဲ့စိတ် မှီဖြစ်တဲ့အကြည်က စက္ခုအကြည် ဖြစ်ပါတယ်။
အလားတူပဲ နားမှာလည်း ထိတာကို သိနိုင်ပါတယ်။ ထိတာသိတဲ့စိတ် မှီပြီးဖြစ်တဲ့အကြည်က ကာယအကြည် ဖြစ်ပါတယ်၊ အသံသိတဲ့စိတ် မှီဖြစ်တဲ့ အကြည်က သောတအကြည် ဖြစ်ပါတယ်၊ ထိတာသိတဲ့စိတ် မှီဖြစ်တဲ့အကြည်က ကာယအကြည် ဖြစ်ပါတယ်။ နှာခေါင်း, လျှာ, ကိုယ်, နှလုံး, ခြောက်ဌာနလုံးမှာ ပုံစံတူပဲ သဘောပေါက်ပါ။ ဒါကြောင့် မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး, ခြောက်ဌာနလုံးမှာ ကာယအကြည်ဓာတ်တွေက အနှံ့အပြား ရှိနေပါတယ်။ ခန္ဓာကိုယ်မှာ ဘယ်နေရာမှာမဆို သွားထိကြည့် ထိတာကိုသိနိုင်တဲ့ နေရာတိုင်းမှာ ကာယအကြည်ဓာတ်တွေ ရှိကြပါတယ်။ ဒီအကြည်ဓာတ်တွေက ဘယ်လို အကြည်ဓာတ်လဲ? ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ --
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ၊ (ဝိသုဒ္ဓိ၊၂၊၈၁။)
ဆိုပြီးတော့ ဒီလို အဋ္ဌကထာဆရာတော်က ရှင်းလင်း တင်ပြထားပါတယ်။ စက္ခုပသာဒစတဲ့ ပသာဒရုပ် ငါးခုဟာ ရူပါရုံစတဲ့ ဆိုင်ရာ အာရုံငါးမျိုးကို အာရုံယူတတ်တဲ့ စက္ခုဝိညာဏ်စတဲ့ ဝိညာဏ်ငါးမျိုးတို့ရဲ့ မှီရာ နိဿယ အကြောင်းတရားအဖြစ်နဲ့ ဖြစ်ပေါ်လာကြတဲ့ ကြေးမုံမှန်အပြင်လို ကြည်လင် နေတဲ့အတွက်ကြောင့် ဒီရုပ်တွေကို ဘုရားရှင်က ပသာဒရုပ်အဖြစ်နဲ့ ဟောကြားတော်မူခြင်း ဖြစ်တယ်ဆိုပြီး ရှင်းလင်းထားပါတယ်။ ကြေးမုံမှန်အပြင်လို ကြည်လင်နေတဲ့သဘာဝရှိတဲ့ ရုပ်တွေ ဖြစ်ကြပါတယ်။ ကြေးမုံမှန်အပြင်လို ကြည်လင်နေတဲ့ ဒီရုပ်တရားတွေကို တွေ့ပြီဆိုလျှင် ယောဂီက ဘာလုပ်ရ မလဲ?
ဒီအကြည်ပြင်အတုံးအခဲကြီးမှာလည်း မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ယိုစီး-ဖွဲ့စည်း-ပူ-အေး-ထောက်-တွန်းဆိုတဲ့ သဘောတရား (၁၂)မျိုးကို မြင်အောင် ဆက်ပြီး ရှုရပါတယ်။ ရှုလိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင် (၄)ချက် ပြန်ပြောင်းပြီး ကြည့်ရပါတယ်။ ဒီအကြည်တုံးမှာ တည်ရှိတဲ့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့သဘောတရားတွေကို ကြည့်ပြီး ပထဝီဓာတ်၊ ယိုစီး-ဖွဲ့စည်း သဘောတရားတွေကို ကြည့်ပြီး အာပေါဓာတ်၊ ပူ-အေးသဘောတရားတွေကို ကြည့်ပြီး တေဇောဓာတ်၊ ထောက်-တွန်းသဘောတရားတွေကို ကြည့်ပြီး ဝါယောဓာတ်ဆိုပြီး လေးချက် ရှုရပါတယ်။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ မနှေးမမြန် ရှုနေရပါတယ်။
ဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါတွေက အားကောင်းတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်နဲ့ တွေ့တတ်ပါတယ်။ တစ်ထိုင်အတွင်းမှာ တစ်နာရီလောက် ရှုကြည့်လို့ ဒီကလာပ်အမှုန်ကို မတွေ့ဘူး၊ အကြည် အတုံးအခဲကလည်း သိပ်ပြီး ကြည်လင်တောက်ပနေပြီဆိုလျှင် ထိုပုဂ္ဂိုလ်က ရှေ့ဆက်ပြီး ဘယ်လို ရှုရမလဲ?
အကြည်အတုံးအခဲမှာ တည်ရှိနေတဲ့ ဓာတ်သဘောတရား လေးပါး အာရုံမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ အချိန်အခါမှာ သမာဓိက စူးရှလာပါတယ်။ ဒီစူးရှလာတဲ့သမာဓိက လင်းရောင်ခြည်တွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ရှိခြင်းကြောင့် ဒီလင်းရောင်ခြည်တွေသည် ဒီအကြည်ပြင်ကို ထိုးဖောက်ပြီးတော့ တဖြတ်ဖြတ်နဲ့ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလင်းရောင်ခြည်နဲ့ ပတ်သက်ပြီး ရှေ့ပိုင်းမှာ ဘုန်းကြီး ရှင်းပြထားပါတယ်။
လင်းရောင်ခြည်ဆိုတာက စိတ္တဇရုပ်ကလာပ်မှာပါတဲ့ ဝဏ္ဏဓာတ် = ရူပါရုံနှင့် ထိုကလာပ်တွေမှာပါတဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပွားသွားတဲ့ ဥတုဇရုပ်ကလာပ်တွေမှာ တည်ရှိနေတဲ့ ဝဏ္ဏဓာတ် = ရူပါရုံတို့ရဲ့ တောက်ပမှုပဲ ဖြစ်ပါတယ်။ ဒီတောက်ပမှုစွမ်းအင်က ထက်လာလျှင် ဉာဏ်အာနုဘော် လည်း ကြီးလာပါတယ်။ ဉာဏ်အာနုဘော် ကြီးလာလျှင် လင်းရောင်ခြည်ရဲ့ စွမ်းအင်အာနုဘော်တွေကလည်း ပိုပြီးတော့ အားကောင်းတဲ့သဘော ရှိပါတယ်။ ဉာဏ်အာနုဘော်အပေါ်မှာ မှီတည်ပြီးတော့ လင်းရောင်ခြည်တွေက စွမ်းအင်တွေ သိပ်ထက်မြက်ကြပါတယ်။
ပဋ္ဌာန်းဒေသနာတော်ကို ဆင်ခြင်သည့် ဉာဏ်ရောင်တော်
မြတ်စွာဘုရားရှင်ရဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းနိုင်တဲ့ နာမရူပပရိစ္ဆေဒ ဉာဏ်တော်, ထိုရုပ်နာမ်တွေရဲ့ ကြောင်းကျိုးဆက်နွယ်မှု သဘောတရားတွေကို ပဋ္ဌာန်းပစ္စည်းဆက်သွယ်ပုံတွေနဲ့ ဆင်ခြင်သုံးသပ်တော်မူတဲ့ ပစ္စယပရိဂ္ဂဟဉာဏ်တော်၊ ဒီဉာဏ်တော်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေသည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့သွားလိုက်တာ စကြဝဠာတိုက် တစ်သောင်းအထိ ပျံ့နှံ့သွားတယ်။
တံ ဒိဝသဉ္စ ပန ဘဂဝတော သရီရာ နိက္ခန္တာ ယာဝဇ္ဇဒိဝသာပိ တာ ရသ္မိယော အနန္တာ လောကဓာတုယော ဂစ္ဆန္တိယေဝ။ (မ၊ဋ္ဌ၊၂၊၉၀။)
ယနေ့သို့တိုင်အောင် ယင်းသို့ပျံ့နှံ့နေတဲ့ အလင်းရောင်တွေဟာ ကြောင်း -ကျိုးဆက်နွယ်မှု ပဋ္ဌာန်းဒေသနာတော်တွေကို ဆင်ခြင်တော်မူတဲ့ ဉာဏ်တော်တို့ရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာကြပါတယ်။ ယင်းဉာဏ်တော် ပြဓာန်းနေတဲ့ စိတ်တော်များက စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေ ကြပါတယ်။ ယင်းစိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်နေတဲ့ ဝဏ္ဏဓာတ် = ရူပါရုံ ကလည်း တောက်ပပါတယ်။ တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါဝင်တဲ့ တေဇောဓာတ် = ဥတုကလည်းပဲ ရုပ်ကလာပ် အသစ်အသစ်တွေကို အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓ အနန္တစကြဝဠာသို့တိုင်အောင် ဖြစ်စေပြန်ပါတယ်။ ယင်းရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ ဝဏ္ဏဓာတ် = ရူပါရုံကလည်း တောက်ပ ပါတယ်။ သို့သော် စိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် = ရူပါရုံအရောင် တွေကတော့ အဇ္ဈတ္တမှာပဲ ပျံ့နှံ့တည်ရှိပါတယ်။ ယင်းဥတုဇရုပ်တွေမှာ ပါရှိတဲ့ ဝဏ္ဏဓာတ် = ရူပါရုံအရောင်အဆင်းကတော့ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓ အနန္တစကြဝဠာသို့တိုင်အောင် ပျံ့နှံ့တည်ရှိပါတယ်။ ယင်းဥတုဇရုပ်ကလာပ် တွေမှာ ပါဝင်တည်ရှိတဲ့ ဝဏ္ဏဓာတ် = ရူပါရုံတို့ရဲ့ လင်းရောင်ခြည်စွမ်းအင် တွေဟာ ယနေ့တိုင်အောင် ထင်ရှားတည်ရှိနေသေးတယ်လို့ အဋ္ဌကထာများက ဖွင့်ဆိုထားကြပါတယ်။ (မ၊ဋ္ဌ၊၂၊၉၀။)
ရှေးရှေး ဆရာတော်ကြီးများကတော့ ဘုတ်အဆက်ဆက် ရိုက်ခတ်ပြီးတော့ အဆက်မပြတ် ဖြစ်ပေါ်နေတယ်လို့ မိန့်ဆိုတော်မူကြပါတယ်။ ဘုတ် အဆက်ဆက် ရိုက်ခတ်တယ်ဆိုတာကတော့ ခုပြောနေတဲ့ ဥတုဇရုပ်ကလာပ်တိုင်းမှာ တေဇောဓာတ် = ဥတုပါဝင်လေတော့ ယင်း ဥတု = တေဇောဓာတ်က နောက်ရုပ်ကလာပ်အသစ်ကို ဖြစ်စေတယ်။ ယင်းအသစ်ရုပ်ကလာပ်မှာ တည်ရှိတဲ့ တေဇောဓာတ် = ဥတုကလည်း နောက်ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ ဒီလို တေဇောဓာတ် = ဥတုတိုင်းက အဆက်မပြတ် ရုပ်ကလာပ် အသစ်အသစ်တွေ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုနေတာကို ဆိုလိုပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၁၄-၁၅။ ဝိသုဒ္ဓိ၊၂၊၂၇၀--လည်းကြည့်ပါ။)
ဒီလို လင်းရောင်ခြည်တွေက တဖြတ်ဖြတ် ထွက်ပေါ်လာတဲ့အတွက် ဒီအကြည်ပြင်မှာ ဓာတ်လေးပါးကို စနစ်တကျ ရှုနိုင်ပါလျက် ကလာပ်အမှုန်ကလေးတွေကို မမြင်ခဲ့လျှင်တော့ ဒီအကြည်ပြင်အတုံးအခဲမှာ အာကာသဓာတ်ကို မြင်အောင် ရှုရပါတယ်။ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။)မှာ အရှင်ရာဟုလာကို မြတ်စွာဘုရားက ဓာတ်ခြောက်ပါးကမ္မဋ္ဌာန်း ဟောကြားတဲ့ အပိုင်းမှာလည်း အာကာသဓာတ်ကို ရှုဖို့ရန် ဟောကြားထားပါတယ်။ ဒီစနစ်ကို ဟောကြားတော်မူခြင်းသည် အာကာသဓာတ်နဲ့ ဥပါဒါရုပ်ချင်း တူညီနေတဲ့ ဥပါဒါရုပ် (၂၄)မျိုးလုံးကိုလည်း ရှုပွားဖို့ရန် ညွှန်ကြားလိုတဲ့အတွက် မြတ်စွာဘုရားရှင်က အာကာသဓာတ်ကို အရှုခိုင်းတယ်ဆိုပြီး ဒီလို အဋ္ဌကထာ ကြီးများကလည်း ရှင်းလင်းထားပါတယ်။
အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ? ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိစ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။
တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)
အာကာသဓာတ်ကို အကျယ်ဝေဖန်ကာ ဟောကြားတော်မူရခြင်းရဲ့ အကြောင်းရင်းကို အဋ္ဌကထာက အထက်ပါအတိုင်း ရှင်းပြထားပါတယ်။ ရုပ် (၂၈)ပါးတို့တွင် အာကာသဓာတ်ဟာ ဓာတ်ကြီးလေးပါးတို့ကို မှီတွယ် ဖြစ်ပေါ်လာရတဲ့ ဥပါဒါရုပ် ဖြစ်ပါတယ်။ လက္ခဏာဟာရနေတ္တိနည်းအားဖြင့် ကျန်နေတဲ့ ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစုကာ အာကာသဓာတ်ကို အဦးမူသဖြင့် ကျန်နေတဲ့ ဥပါဒါရုပ်အားလုံးကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ပြတော်မူလိုတဲ့အတွက် အာကာသဓာတ်ကို မြင်အောင် ရှုရန် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ မဟာရာဟုလောဝါဒသုတ္တန်ရဲ့ ရှေ့ပိုင်းမှာ ဓာတ်ကြီးလေးပါး ရှုကွက်မျှလောက်ကိုသာ ဟောကြားတော်မူရသေးတဲ့အတွက် အာကာသဓာတ်ကို အဦးမူသဖြင့် ဥပါဒါရုပ်အားလုံးကို ရှုပွားဖို့ရန် ညွှန်ကြားတော်မူလိုတဲ့အတွက် အာကာသဓာတ်ရှုကွက်ကို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။
တစ်နည်းပြောလျှင်တော့ အာကာသဓာတ်ဖြင့် အပိုင်းအခြားခံရတဲ့ ရုပ်တရားတွေဟာ ယောဂီရဲ့ဉာဏ်မှာ ထင်ရှားလာနိုင်တဲ့အတွက်ကြောင့် လည်း ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အာကာသဓာတ်ဆိုတာက ရုပ်ကလာပ်တွေရဲ့ အကြားအပေါက် ဖြစ်ပါတယ်။ ရုပ်ကလာပ်တွေ တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ပိုင်းခြားထားတဲ့ နယ်ခြား ဒေသ ဖြစ်ပါတယ်။ ရုပ်ကလာပ်တွေရဲ့ နယ်ခြားဒေသဖြစ်တဲ့ အာကာသဓာတ်ကို ရှုလို့မြင်လျှင် ရုပ်ကလာပ်ကို တွေ့မြင်ပြီ ဖြစ်တယ်။ ရုပ်ကလာပ်ကို မြင်ပါမှ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ပရမတ္ထဓာတ်သား ရုပ်တရားအစစ်တွေကို ရှုလို့ရမှာ ဖြစ်ပါတယ်။ ရုပ်ကလာပ်ကို မမြင်သေးလျှင် ရုပ်ကလာပ်ရဲ့အတွင်းမှာ တည်ရှိတဲ့ ပရမတ်ရုပ်တရားကိုလည်း မမြင်နိုင်ပါဘူး။ ရုပ်ကလာပ်ကို မြင်ပါမှ ယင်းရုပ်ကလာပ်ကိုလည်း ဉာဏ်နှင့် ခွဲခြမ်း စိတ်ဖြာပြီး ရှုနိုင်ပါမှ ပရမတ်ရုပ်တရားကို ရှုလို့ရမှာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ထင်ရှားပြခြင်းငှာလည်း ရည်ရွယ်ပြီးတော့ အာကာသဓာတ်ရှုကွက်ကို ဘုရားရှင်က ဟောကြားသွားတော်မူခြင်း ဖြစ်ပါတယ်။
ဒီအာကာသဓာတ်ဆိုတာက ရုပ်ကလာပ်တွေရဲ့ အကြားအပေါက် ကလေးတွေပဲ ဖြစ်ပါတယ်။ ဒီအကြည်ပြင်အတုံးအခဲထဲမှာ ရုပ်ကလာပ်တွေရဲ့ အကြားအပေါက်ကလေး ရှိလေရဲ့လို့ ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူ အညီနဲ့ ထိုးစိုက်ပြီး ကြည့်လိုက်တဲ့အခါ အာကာသ = အကြားအပေါက်ကို တွေ့ရပါတယ်။ တွေ့လိုက်တဲ့အခါ ဒီအာကာသ = အကြားအပေါက်ကို တစ်ဖက်သတ် နှလုံးသွင်းလိုက်လျှင် ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်နဲ့ တွေ့နိုင်ပါတယ်။ သို့သော် ဉာဏ်က အလွန်ကြီး မထက်လျှင်တော့ တချို့မှာ ကလာပ်အမှုန်တွေက အတုံးအခဲ ခပ်ကြီးကြီး ဖြစ်နေတတ်ပါတယ်။ ကလာပ်အမှုန်တွေက အတုံးအခဲ ခပ်ကြီးကြီး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ကလာပ် အမှုန်တွေ များစွာ ပေါင်းစုထားတဲ့ အပေါင်းအစု အတုံးအခဲကို သွားတွေ့ခြင်းသာ ဖြစ်ပါတယ်။
ဉာဏ်က အလွန် မထက်သေးတဲ့အတွက် ကလာပ်အမှုန် များစွာတို့ရဲ့ အပေါင်းအစုကို ဆန်စေ့, ဆန်ကွဲစေ့လောက် အတုံးလိုက်အခဲလိုက်အဖြစ် တွေ့နေခြင်းသာ ဖြစ်ပါတယ်။ ဒီအချိန်အခါမှာလည်း ယောဂီပုဂ္ဂိုလ်က ဒီ ကလာပ်အမှုန်တွေမှာ တည်ရှိနေတဲ့ ဓာတ်ကြီးလေးပါးကို မြင်အောင် တစ်ဆင့်တက်ပြီး သိမ်းဆည်းရမယ့်အပိုင်း ဖြစ်ပါတယ်။ ဒီသိမ်းဆည်းတဲ့အပိုင်းမှာ တချို့ကလာပ်အမှုန်တွေက ပေါ်တာပျောက်တာက သိပ်မြန်ပြီဆိုလျှင်တော့ ယောဂီပုဂ္ဂိုလ်ကလည်း ဒီကလာပ်အမှုန် တစ်ခုတစ်ခုမှာ ဓာတ်လေးပါး မသိမ်း ဆည်းတတ်ဘူးဆိုလျှင် ဘာလုပ်ရသလဲ?
လမ်းခုလတ် တစ်နေရာမှာ ကိုယ်မမြင်ချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့တဲ့အချိန်အခါမှာ ဒီပုဂ္ဂိုလ်ကို မကြည့်ဘဲ တစ်ဖက်ကို မျက်နှာလွှဲပြီး ကိုယ်ကြည့်ချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် ကိုယ်ကြည့်ချင်နေတဲ့ အရာဝတ္ထု တစ်ခုကို လှမ်းပြီး ကြည့်နေသလို ဒီကလာပ်အမှုန်တွေရဲ့ ပေါ်တာပျောက်တာ ကို အာရုံမယူဘဲ ကလာပ်အမှုန်တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ဓာတ်ကိုသာ ဆက်လက်ပြီး အာရုံယူကြည့်ပါ။
ရုပ်ပရမတ်တွေကို စတင် သိမ်းဆည်းပုံ
သဘောမပေါက်ခဲ့လျှင် တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ အမှုန်အားလုံးကို ခြုံငုံပြီးတော့ မာတဲ့သဘော စိုက်ကြည့်လိုက်၊ ကလာပ်အမှုန်တစ်ခုမှာ တည်ရှိနေတဲ့ မာတဲ့သဘော စိုက်ကြည့်လိုက်၊ တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ အမှုန် အားလုံးကို ခြုံငုံပြီးတော့ မာတဲ့သဘော စိုက်ကြည့်လိုက်၊ ကလာပ်အမှုန် တစ်ခုမှာ တည်ရှိနေတဲ့ မာတဲ့သဘော စိုက်ကြည့်လိုက်နဲ့ ဒီလို ကြိမ်ဖန်များစွာ စိုက်ရှုကြည့်ပါ။ မာတဲ့သဘောကို သဘောပေါက်ပြီဆိုလျှင် နောက်ထပ် ကလာပ်တစ်ခုကို ပြောင်းစိုက်ကြည့်ပါ။ ကလာပ်တစ်ခုမှာ သဘောပေါက်လျှင် နောက်ထပ် ကလာပ်တစ်ခု စသည်ဖြင့် ကလာပ်တွေ တစ်ခုပြီးတစ်ခု မာတဲ့ သဘောကလေးတွေကို ခပ်မြန်မြန် စိုက်ကြည့်ပါ။
မိမိ ရှုလိုက်တဲ့ကလာပ်တိုင်းမှာ မာတဲ့သဘောကို သဘောပေါက်ပြီ ဆိုလျှင် မာတဲ့သဘော ကြမ်းတဲ့သဘော နှစ်ခုကို တွဲရှုကြည့်ပါ။ နှစ်ခု သဘော ပေါက်လျှင် သုံးခု လေးခု စသည်ဖြင့် တဖြည်းဖြည်း တိုးပြီး ရှုကြည့်ပါ။ တိုးကြည့်လိုက်တဲ့အပိုင်းမှာ ယောဂီတွေ သတိထားရမယ့်အချက်ကတော့ ဘုန်းကြီးတို့ ပထဝီဓာတ်သဘောတရား ခြောက်မျိုးထဲမှာ မာ-ကြမ်း-လေးက တစ်အုပ်စု၊ ပျော့-ချော-ပေါ့က တစ်အုပ်စု ဖြစ်ပါတယ်။ ကလာပ်တစ်ခု အတွင်းမှာ နှစ်မျိုးစလုံး မထင်ရှားနိုင်ပါဘူး။ မာ-ကြမ်း-လေးက ထင်ရှားခဲ့လျှင် ပျော့-ချော-ပေါ့က မထင်ရှားပါဘူး၊ ပျော့-ချော-ပေါ့က ထင်ရှားလျှင် မာ-ကြမ်း-လေးက မထင်ရှားပါဘူး၊ ခြောက်မျိုးထဲက သုံးမျိုးပဲ ထင်ရှားနိုင်ပါတယ်။
နောက်တစ်ခုက အာပေါဓာတ်မှာ ယိုစီးတဲ့သဘော ဖွဲ့စည်းတဲ့သဘော နှစ်မျိုး ရှိပါတယ်။ ဒီယိုစီး-ဖွဲ့စည်း နှစ်မျိုးကတော့ နှစ်မျိုးစလုံး ထင်ရှားတတ်ပါတယ်။ ရေတွေက သိပ်များလာပြီဆိုလျှင်တော့ စီးဆင်းတဲ့သဘော ရှိတတ်ပါတယ်။ ရေက တန်ရုံလောက်, တော်ရုံလောက်, သင့်ရုံလောက်ဆိုလျှင်တော့ ဖွဲ့စည်းတဲ့သဘော ရှိတတ်ပါတယ်။ ဥပမာကလေးတစ်ခုနဲ့ ပြောရမယ်ဆိုလျှင် ဘိလပ်မြေကို ရေနဲ့ဖျော်တဲ့အခါ ရေက သိပ်များသွားလျှင်တော့ စီးဆင်း သွားပါလိမ့်မယ်၊ သင့်ရုံဆိုလျှင် အတုံးအခဲတွေ ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ ဒီပုံစံအတိုင်းပဲ ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘောတွေကတော့ နှစ်ခုစလုံး ထင်ရှားတတ်ပါတယ်။
တေဇောဓာတ်မှာ ပူတဲ့သဘော အေးတဲ့သဘော နှစ်မျိုး ရှိတဲ့အနက် ကလာပ်ကလေးတစ်ခုအတွင်းမှာ ပူတဲ့သဘော ထင်ရှားနေလျှင် အေးတဲ့ သဘောက မထင်ရှားပါဘူး၊ အေးတဲ့သဘောက ထင်ရှားနေလျှင်လည်း ပူတဲ့ သဘောကလည်း မထင်ရှားပါဘူး။ ဝါယောဓာတ်မှာ ထောက်ကန်တဲ့သဘော တွန်းကန်တဲ့သဘော နှစ်မျိုးစလုံး ထင်ရှားတတ်ပါတယ်။ ပေါင်းလိုက်မယ် ဆိုလျှင်တော့ ကလာပ်တစ်ခုတစ်ခုမှာ သဘောတရား ရှစ်ခုလောက်အထိ ထင်ရှားတတ်ပါတယ်။
ဥပမာ -- မာ-ကြမ်း-လေး-ယိုစီး-ဖွဲ့စည်း-ပူ-ထောက်-တွန်းဆိုတဲ့ သဘောတရား ရှစ်ခုလည်း ထင်ရှားချင်လည်း ထင်ရှားမယ်၊ ပျော့-ချော-ပေါ့အုပ်စုတွေ ထင်ရှားချင်လည်း ထင်ရှားမယ်၊ ပူတဲ့သဘောက ထင်ရှားချင်လည်း ထင်ရှားမယ်၊ အေးတဲ့သဘောက ထင်ရှားချင်လည်း ထင်ရှားမယ်၊ ဒီလိုသဘော ရှိပါတယ်။ ဒီသဘောတရားတွေကို ကလာပ်တိုင်းမှာ စိုက်ရှုလို့ ရပြီဆိုလျှင် ဒီနေရာမှာ ဉာဏ်ရင့်ကျက်အောင် နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ? ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဒီဓာတ်လေးပါးကို ကလာပ်တိုင်းမှာ စိုက်ရှုလိုက်တိုင်း ဓာတ်လေးပါး ဓာတ်လေးပါးလို့ ဒီလို မြင်ပြီဆိုလျှင်တော့ ဒီမြင်တဲ့အဆင့်ကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဘယ်လို ဟောကြားထားတော်မူသလဲ?
ရုပ်ဃန = ရုပ်တုံးရုပ်ခဲကို ဖြိုခွဲပါ
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ၊ (မ၊၁၊၇၃။)
စသည်ဖြင့် နွားသတ်တဲ့ယောက်ျားရဲ့ ဥပမာကလေးတစ်ခုကို ဒီမဟာသတိပဋ္ဌာနသုတ္တန်ထဲမှာ ထည့်သွင်းပြီး ဟောကြားထားပါတယ်။ ဒီဥပမာကလေးကို အဋ္ဌကထာတွေက ဘယ်လို ရှင်းလင်းထားသလဲ? ကျွမ်းကျင် လိမ္မာသော နွားသတ်သမား သို့မဟုတ် နွားသတ်သမားရဲ့ တပည့်ဟာ နွားကို ကျွေးမွေး ပြုစုစောင့်ရှောက်နေတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့အမှတ်သညာ ရှိနေတယ်၊ နွားကို သတ်တော့မယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ကြိုးချည်ပြီး ဆွဲခေါ်သွားတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့အမှတ်သညာ ရှိနေတယ်၊ သတ်မယ့်နေရာရောက်လို့ တိုင်တစ်တိုင်မှာ ခိုင်ခိုင်ခံ့ခံ့ ချည်နှောင်ထားလိုက်တဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့အမှတ်သညာ ရှိနေတယ်၊ သတ်နေတဲ့ အချိန်အခါမှာလည်း နွားဆိုတဲ့အမှတ်သညာ ရှိနေတယ်၊ သတ်ပြီးတော့ အသေကောင်ကြီးအတိုင်း တွေ့နေတဲ့အချိန်အခါမှာလည်း နွားဆိုတဲ့အမှတ်သညာ ရှိနေတယ်။ ဒါပေမယ့် ဒီနွားကို ဖျက်ပြီးတော့ အသားတစ်ပုံ အရိုးတစ်ပုံ အူတွေ အသည်းတွေကို တစ်ပုံစီ တစ်ပုံစီ ပုံပြီး လမ်းမလေးဖြာ ပေါင်းဆုံတဲ့ နေရာကို သွားပြီး ထိုင်ရောင်းလိုက်တဲ့ အချိန်အခါမှာ ဒီနွားသတ်ယောက်ျားရဲ့ သန္တာန်မှာ နွားဆိုတဲ့အမှတ်သညာ ပျောက်ပြီးတော့ နွားသားဆိုတဲ့ အမှတ်သညာပဲ ပေါ်နေတယ်။ လူတွေဟာ ငါ့ထံမှာ နွားဝယ်တယ်ဆိုတဲ့စိတ်ထား သူ့မှာ မဖြစ်တော့ဘူး၊ နွားသား လာဝယ်နေတယ်ဆိုတဲ့စိတ်ထားပဲ ရှိနေတယ်။
ဒီပုံစံအတိုင်းပဲ ရှေးယခင် ဒီဓာတ်ကမ္မဋ္ဌာန်းကို အားမထုတ်မီ အချိန်အခါမှာ ပုထုဇန်ငမိုက်သားရဲ့ သန္တာန်မှာ သားပဲ, သမီးပဲ, ဇနီးပဲ, မြေးပဲ, မြစ်ပဲ, ငါပဲ, သူပဲ, မိန်းမပဲ, ယောက်ျားပဲ, ပုဂ္ဂိုလ်သတ္တဝါပဲဆိုတဲ့ ဒီအမှတ် သညာကလေးတွေ ရှိနေပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ အားထုတ် လိုက်လို့ ကလာပ်အမှုန်တွေ ရှုပွားနိုင်ပြီ၊ ကလာပ်အမှုန် တစ်ခုတစ်ခုအတွင်းမှာလည်း ဓာတ်ကြီးလေးပါးကို ဃနအသီးသီး ပြိုအောင် စနစ်တကျရှုလို့ ကလာပ်အမှုန် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို ဉာဏ်နဲ့ ပိုင်းခြားယူနိုင်ပြီဆိုလျှင် ထိုအချိန်အခါမှာ ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဆိုတဲ့ အမှတ်သညာတွေ ပျောက်သွားမယ်၊ သားဆိုတဲ့အမှတ် သညာ, သမီးဆိုတဲ့အမှတ်သညာ, ရွှေဆိုတဲ့အမှတ်သညာ, ငွေဆိုတဲ့အမှတ်သညာ ဒီအမှတ်သညာတွေ အားလုံး ပျောက်သွားပါမယ်။
ဘယ်သဘောသာ တည်နေသလဲလို့ မေးလျှင်တော့ ဓာတ်သဘောအစုအပုံအနေဖြင့်သာ တည်ရှိနေမယ်။ သန္တတိဃနခေါ်တဲ့ ရုပ်ကလာပ်တွေကို မမြင်သေးတဲ့ ရုပ်အစဉ်အတန်း အတုံးအခဲ, သမူဟဃနခေါ်တဲ့ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းရှိ ရုပ်ပရမတ်တွေကို မမြင်နိုင်တဲ့ ရုပ်အပေါင်းအစု အတုံးအခဲ, ကိစ္စဃနခေါ်တဲ့ ရုပ်ကလာပ်တစ်ခုအတွင်းရှိ ပရမတ်ရုပ်တရားတို့ရဲ့ လုပ်ငန်းကိစ္စ အသီးအသီးကို မမြင်နိုင်တဲ့ ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲ ခေါ်တဲ့ ဒီဃန = အတုံးအခဲ သုံးမျိုးကို ပြိုကွဲသွားအောင် ဉာဏ်နဲ့ ဖြိုခွဲ ဖျက်ဆီးပြီး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုရမယ်လို့ ဆိုလိုကြောင်းကို ရှင်းပြထားပါတယ်။ (မ၊ဋ္ဌ၊၁၊၂၇၆။ မ၊ဋီ၊၁၊၃၆၅။)
သို့သော် ဒီအပိုင်းမှာ ပေါ်တာပျောက်တာကိုတော့ သိပ်ပြီး မကြည့်ပါနဲ့၊ ဓာတ်သဘာဝကိုသာ ဦးစားပေးပြီး ရှုနေပါ။ ဒီလို ရှုလိုက်လို့ ကလာပ်တိုင်း ကလာပ်တိုင်းမှာ ဓာတ်ကြီးလေးပါးကို စနစ်တကျ သိမ်းဆည်းတတ်ပြီဆိုလျှင် ဘာဖြစ်လာမလဲ?
ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)
ဣမေ စတ္တာရော မဟာဘူတေ = ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို။ ပရိဂ္ဂဏှန္တဿ = ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော ပုဂ္ဂိုလ်ရဲ့သန္တာန်၌။ ဥပါဒါရူပံ = ဓာတ်ကြီးလေးပါးတို့ကို မှီတွယ်၍ ဖြစ်ပေါ်နေသော ဥပါဒါရုပ် တရားသည်။ ပါကဋံ = ထင်ရှားလာသည်။ ဟောတိ = ဖြစ်၏၊
ဒီဓာတ်ကြီးလေးပါးကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ ဥပါဒါရုပ်တွေ ထင်ရှားလာပါလိမ့်မယ်။ ဘာကြောင့်လဲ? ဘူတရုပ်နဲ့ ဥပါဒါရုပ်တွေက ကလာပ် တစ်ခုအတွင်းမှာ ပြိုင်တူဖြစ်နေတဲ့ ဓမ္မသဘာဝကလေးတွေ ဖြစ်ပါတယ်။ ရုပ်ကလာပ်တစ်ခုအတွင်းမှာ ဓာတ်ကြီးလေးပါးနဲ့ အဆင်း, အနံ့, အရသာ, ဩဇာ ဆိုတဲ့ ဥပါဒါရုပ်တွေ အနည်းဆုံး ရှစ်ခုလောက် ရှိတတ်ပါတယ်။ ကလာပ် တစ်ခုအတွင်းမှာ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်လေးပါးကို ရှုနိုင်တဲ့ပုဂ္ဂိုလ်က ဒီကလာပ်ရဲ့ အရောင်ကလေးတွေကို မမြင်ဘူးလား? မြင်နေတယ်။ ဆက်ပြီး သိမ်းဆည်းတတ်လျှင် ဒီကလာပ်တွေမှာ အနံ့လည်း မရှိဘူးလား? ရှိနေတယ်။ ဒီအနံ့ကိုလည်း သိနိုင်ပါတယ်။
အရောင်က ဘာအရောင်လဲ? ပွင့်ပွင့်လင်းလင်း ပြောလျှင်တော့ ဓာတ်ကြီးလေးပါးတွေရဲ့ အရောင်ပဲ ဖြစ်ပါတယ်၊ အနံ့က ဘာအနံ့လဲလို့မေးလျှင် ဓာတ်ကြီးလေးပါးရဲ့အနံ့ပဲ၊ အရသာက ဘာအရသာလဲမေးလျှင် ဓာတ်ကြီး လေးပါးတို့ရဲ့ အရသာပဲ၊ ဩဇာက ဘာဩဇာလဲလို့မေးလျှင်တော့ ဓာတ်ကြီးလေးပါးတို့ရဲ့ အဆီအစေး ဩဇာကလေးပဲ၊ ဒီဓာတ်ကြီးလေးပါးကို မှီတွယ် ဖြစ်ပေါ်နေတဲ့ ဒီဥပါဒါရုပ်ကလေးတွေကို တစ်စတစ်စ ဆက်ပြီး သိမ်းဆည်းမယ်ဆိုလျှင် ဉာဏ်ထဲမှာ ထင်ရှားလာပါလိမ့်မယ်။ သိမ်းဆည်းပုံကိုတော့ ဆရာသမားတွေနဲ့ပဲ ချဉ်းကပ်ပြီး လေ့လာပါလို့ ဘုန်းကြီး တိုက်တွန်းပါတယ်။ ဒီရုပ်တွေ သိမ်းဆည်းပုံကို ဟောနေမယ်ဆိုလျှင်တော့ နောက်ထပ် (၁၀)ရက် ဟောလည်း မကုန်နိုင်လောက်ဘူး ထင်ပါတယ်။ ဒီရုပ်တရားတွေကို စနစ်တကျ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဘာဖြစ်လာမလဲ? နာမ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး သိမ်းဆည်းရပါတယ်။
နာမ်ကမ္မဋ္ဌာန်းပိုင်း
နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းပုံနဲ့ ပတ်သက်ပြီး ရှေ့ပိုင်းမှာ ဘုန်းကြီး ကြိုတင်ပြီး ပြောခဲ့တဲ့အတိုင်း သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုလျှင် စျာန်နာမ် တရားတွေကနေ စပြီး သိမ်းဆည်းလိုကလည်း သိမ်းဆည်းနိုင်တယ်။ ရုပ်ကမ္မဋ္ဌာန်းကနေ စပြီး သိမ်းဆည်းလိုကလည်း သိမ်းဆည်းနိုင်ပါတယ်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ရုပ်ကမ္မဋ္ဌာန်းကနေ စပြီး သိမ်းဆည်းပါဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ညွှန်ကြားထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
ဒါကြောင့် နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ သမထယာနိက ပုဂ္ဂိုလ်က စျာန်နာမ်တရားတွေကို သိမ်းဆည်းပြီးပြီဆိုလျှင် ကာမာဝစရနာမ်တရားလို့ ခေါ်ဆိုအပ်တဲ့ အရောင်ကိုသိတဲ့ စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်, အသံကိုသိတဲ့ သောတဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်စတဲ့ ဒီနာမ်တရားတွေကို သိမ်းဆည်းရပါမယ်။ ဒီလို ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့် လိုအပ်သလဲ?
ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ ကမ္မဋ္ဌာနတော ပရိဟာယတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)
ကောင်းမွန်ရိုသေစွာ ရုပ်တရားတွေကို သိမ်းဆည်းပြီးတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်၌သာလျှင် နာမ်တရားတွေက ထင်ရှားလာတတ်ပါတယ်။ ကောင်းမွန် ရိုသေစွာ ရုပ်တရားတွေကို မသိမ်းဆည်းရသေးဘဲ ရုပ်ဓာတ်တစ်လုံးလောက် သိမ်းဆည်းပြီးရုံနဲ့ သို့မဟုတ် ရုပ်ဓာတ်ကလေး နှစ်လုံးလောက် သိမ်းဆည်းပြီးရုံနဲ့ နာမ်တရားတွေကို ပြောင်းပြီး သိမ်းဆည်းခဲ့မယ်, နာမ်ကမ္မဋ္ဌာန်းကို လှမ်းပြီး ရှုခဲ့မယ်ဆိုလျှင် ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ် ပျက်စီးတတ်တယ်ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ သတိပေးထားပါတယ်။
ဒါကြောင့် နာမ်ကမ္မဋ္ဌာန်းကို ရှုတော့မယ့်ယောဂီပုဂ္ဂိုလ်သည် စျာန်နာမ် တရားမှတစ်ပါး ကျန်နေတဲ့ ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတော့မယ်ဆိုလျှင် ရုပ်ကမ္မဋ္ဌာန်းကို စနစ်တကျ ရှုထားပြီးဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဒီနာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ စျာန်နာမ်တရားကို သိမ်းဆည်းမယ့်ပုဂ္ဂိုလ်က စျာန်အင်္ဂါငါးပါးက စပြီး သိမ်းဆည်းရပါတယ်။ စျာန်အင်္ဂါငါးပါးတွေက သမထပိုင်းမှာကတည်းက သိမ်းဆည်းတတ်ပြီး ဖြစ်တဲ့ အတွက် ထိုပုဂ္ဂိုလ်အတွက် နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာလည်း လွယ်ကူနေပြီ ဖြစ်ပါတယ်။
စျာန်အင်္ဂါငါးပါးကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ အသိစိတ်က စ၍ဖြစ်စေ, ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ စျာန်နာမ်တရား တွေကို တစ်စတစ်စ တိုးပြီး သိမ်းဆည်းရပါတယ်။ ဥပမာ -- ပထဝီကသိုဏ်းကို ရှုပွားတဲ့ပုဂ္ဂိုလ်က ပထဝီကသိုဏ်းကို အာရုံယူပြီး ပထမစျာန်ကို ဝင်စားရ ပါတယ်။ ပထမစျာန်မှ ထတဲ့အခါ ဒီပထဝီကသိုဏ်းလျှင် အာရုံယူနေတဲ့ ပထမစျာန် နာမ်တရားတွေမှာ --
၁။ အသိစိတ် ၁-လုံး
၂။ အညသမာန်းစေတသိက် ၁၃-လုံး
၃။ သောဘဏသာဓာရဏစေတသိက် ၁၉-လုံး
၄။ ပညိန္ဒြေစေတသိက် ၁-လုံး
အားလုံးပေါင်းသော် -- (၃၄)လုံးလောက်အထိ ရှိပါတယ်။ ဒီ (၃၄)လုံးသော နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုးပြီး သိမ်းဆည်း ရပါတယ်။ အကယ်၍ ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းမယ်ဆိုလျှင်လည်း အလားတူပဲ နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းပုံနည်းစနစ် သုံးနည်းထဲက မိမိ နှစ်ခြိုက်တဲ့နည်းလမ်းနဲ့ သိမ်းဆည်းလို့ ရပါတယ်။
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းပုံနည်းစနစ် သုံးခုမှာ ဖဿက စပြီး သိမ်းဆည်းတဲ့နည်းစနစ်က တစ်ခု၊ ဝေဒနာက စပြီး သိမ်းဆည်းတဲ့နည်းစနစ်က တစ်ခု၊ အသိစိတ် = ဝိညာဏ်က စပြီး သိမ်းဆည်းတဲ့နည်းစနစ်က တစ်ခု ဆိုပြီးတော့ နည်းစနစ် သုံးခု ရှိနေပါတယ်။ မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုတဲ့ အဋ္ဌကထာများမှာ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဒီ၊ဋ္ဌ၊၂၊၃၀၄။ မ၊ဋ္ဌ၊၁၊၂၈၀။) ဒီနည်းစနစ် သုံးခုကို တိတိကျကျ ဖွင့်ဆိုထားပါတယ်။ ဖဿထင်ရှားတဲ့ပုဂ္ဂိုလ်က ဖဿက စပြီး သိမ်းဆည်းနိုင်ပါတယ်။ ဝေဒနာထင်ရှားတဲ့ပုဂ္ဂိုလ်က ဝေဒနာက စပြီး သိမ်းဆည်းနိုင်ပါတယ်။ အသိစိတ် = ဝိညာဏ် ထင်ရှားတဲ့ပုဂ္ဂိုလ်က အသိစိတ် = ဝိညာဏ်က စပြီး သိမ်းဆည်းနိုင်ပါတယ်။ သို့သော် ဖဿထင်ရှားလျှင် ဖဿကလေးတစ်ခုပဲ သိမ်းဆည်းရမှာလားဆိုတော့ မဟုတ်ပါဘူး။
ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ--စသည်ဖြင့်အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊ ၂၈၀...)များက ရှင်းထားတဲ့အတိုင်း ဖဿနှင့်တကွ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတွေကို အကုန်လုံးပဲ သိမ်းဆည်းရပါတယ်။ ဝေဒနာ ထင်ရှားလျှင်လည်း ဝေဒနာတစ်ခုတည်း သိမ်းဆည်းရမှာတော့ မဟုတ်ပါဘူး။ ဝေဒနာ နှင့် ယှဉ်ဖက် စိတ်စေတသိက်တွေကို အကုန်လုံး သိမ်းဆည်းရပါမယ်။ အသိစိတ် = ဝိညာဏ် ထင်ရှားလျှင်လည်း အသိစိတ်တစ်ခုတည်း သိမ်းဆည်းရမှာတော့ မဟုတ်ပါဘူး။ အသိစိတ်နှင့် ယှဉ်ဖက် စိတ်စေတသိက်တွေကို အကုန်လုံး သိမ်းဆည်းရပါမယ်။ (မ၊ဋီ၊၁၊၃၇၀။)
ဒီသိမ်းဆည်းတဲ့နည်းစနစ် သုံးခုထဲက ဖဿက စပြီး သိမ်းဆည်းလည်း ဒီစိတ်စေတသိက်တရားတွေပဲ၊ ဝေဒနာက စပြီး သိမ်းဆည်းလည်း ဒီစိတ် စေတသိက်တရားတွေပဲ၊ အသိစိတ် = ဝိညာဏ်က စပြီး သိမ်းဆည်းလည်း ဒီစိတ်စေတသိက်တရားတွေပဲ။ သိမ်းဆည်းပုံနည်းစနစ် စပြီး ဦးတည်ပုံသာ ကွာဟချက်ရှိသော်လည်း အားလုံးကို သိမ်းဆည်းနိုင်တဲ့အပိုင်းမှာ စိတ် စေတသိက် အရေအတွက် အားလုံး အတူတူပဲ ဖြစ်ပါတယ်။
ဥပမာ -- ပထမစျာန်နာမ်တရားမှာ ဖဿက စပြီး သိမ်းဆည်းလည်း (၃၄)လုံးပဲ၊ ဝေဒနာက စပြီး သိမ်းဆည်းလည်း (၃၄)လုံးပဲ၊ အသိစိတ် = ဝိညာဏ်က စပြီး သိမ်းဆည်းလည်း (၃၄)လုံးပဲ။ ဒီ (၃၄)လုံးက ဘာတွေလဲဆိုတာတော့ ထပ်မေးမနေနဲ့တော့၊ လက်တွေ့သိချင်လျှင်တော့ လက်တွေ့ ရှုကြည့်ပါလို့ တိုက်တွန်းပါတယ်။ ဒီဌာနမှာ စနစ်တကျ ဆရာသမားတွေ သင်ပြ ပေးနေပါတယ်။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ နာမ်တရားတွေမှာ ကဏ္ဍနှစ်ခု ရှိနေပါတယ်။ ဘုန်းကြီးတို့ စာပေနယ်သုံးဝေါဟာရနဲ့ ပြောလျှင်တော့ ဝီထိစိတ်နဲ့ ဝီထိမုတ်စိတ်ဆိုပြီး နှစ်မျိုး ရှိနေပါတယ်။ ဝီထိစိတ်ဆိုတာက စက္ခုဒွါရဝီထိစိတ်, သောတဒွါရဝီထိစိတ်, ဃာနဒွါရဝီထိစိတ်, ဇိဝှါဒွါရဝီထိစိတ်, ကာယဒွါရဝီထိ စိတ်, မနောဒွါရဝီထိစိတ်ဆိုပြီးတော့ ဝီထိစိတ်အစဉ် ခြောက်မျိုး ရှိပါတယ်။ ဝီထိမှအလွတ်ဖြစ်နေတဲ့ စိတ်တွေကိုတော့ ဝီထိမုတ်စိတ်လို့ ခေါ်ပါတယ်။ ဝီထိမှအလွတ်ဖြစ်တဲ့စိတ်က ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်ဆိုပြီး သုံးခု ရှိပါတယ်။ ဘဝတစ်ခုမှာ ခေါင်ဆုံး စဖြစ်တဲ့ဘဝင်စိတ်ကိုပဲ အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝ, အတိတ်ခန္ဓာနှင့် ပစ္စုပ္ပန်ခန္ဓာဆိုတဲ့ ဘဝတစ်ခုနှင့် ဘဝတစ်ခု ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို ဆက်စပ်ပေးတတ်သောကြောင့် ပဋိသန္ဓေစိတ်လို့ ခေါ်ပါတယ်။ ဘဝတစ်ခုမှာ နောက်ဆုံးဖြစ်ပေါ်တဲ့ ဘဝင်စိတ်ကိုပဲ ဘဝတစ်ခုမှ ရွေ့လျောသွားခြင်းကြောင့် စုတိစိတ်လို့ ခေါ်ပါတယ်။ ထိုပဋိသန္ဓေစိတ်နဲ့ စုတိစိတ်တို့အကြား ဘဝတစ်လျှောက်မှာ ဝီထိစိတ်တွေ မဖြစ်ခဲ့လျှင် စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝရဲ့ အကြောင်းတရားအဖြစ်နဲ့ ဖြစ်ပေါ်နေတဲ့ စိတ်ကို ဘဝင်စိတ်လို့ ခေါ်ပါတယ်။
အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်အဖို့ ဘဝင်စိတ်ကို သိမ်းဆည်းဖို့ရန်အတွက်ကတော့ နည်းနည်း ခက်ခဲမှု ရှိတတ်ပါတယ်။ ခက်ခဲမှု ရှိနေတဲ့အတွက် ဝီထိစိတ်လို့ ခေါ်ဆိုအပ်တဲ့ စက္ခုဒွါရဝီထိစိတ်, သောတဒွါရဝီထိစိတ်, ဃာနဒွါရဝီထိစိတ်, ဇိဝှါဒွါရဝီထိစိတ်, ကာယဒွါရဝီထိစိတ်, မနောဒွါရဝီထိစိတ် တွေထဲက မိမိ နှစ်ခြိုက်တဲ့ လွယ်ကူတဲ့ ဝီထိစိတ်ကနေ စပြီး သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပါတယ်။ သို့သော် ဒီဝီထိစိတ် ခြောက်မျိုးလုံးကိုတော့ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ မနောဒွါရဝီထိစိတ်တွေကတော့ စိတ်စေတသိက် အရေအတွက် နည်းတဲ့အတွက် မနောဒွါရဝီထိက စပြီး သိမ်းဆည်းခဲ့လျှင်တော့ ယောဂီပုဂ္ဂိုလ် တော်တော် ခပ်များများမှာ လွယ်ကူတဲ့သဘောတော့ ရှိတတ်ပါတယ်။ နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ဒီနာမ်တရား တွေကို သာဝကတွေသည် သိနိုင်ပါမလားဆိုပြီး တချို့က ဒီလို မေးတတ်ကြ ပါတယ်။ မြတ်စွာဘုရားက သံယုတ်ပါဠိတော် အပရိဇာနနသုတ္တန်များမှာ ဘယ်လို ဟောကြားထားတော်မူလဲ?
အပရိဇာနနသုတ္တန်
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၁။)
စသည်ဖြင့် ဟောကြားထားပါတယ်။ အလုံးစုံသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာ ခေါ်တဲ့ ပရိညာပညာ သုံးချက်ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထွင်းမသိခဲ့ဘူးဆိုလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခတွေ ဘယ်လိုမှ မကုန်နိုင်ဘူး။ အလုံးစုံသော ခန္ဓာ ငါးပါး, ရုပ်တရား နာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာခေါ်တဲ့ ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိပါမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခတွေ ကုန်မယ်လို့ ဒီလို အတိအကျ ဟောတော်မူပါတယ်။
ဒါကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခတွေ ကုန်ခန်းချင်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့မယ်ဆိုလျှင် အလုံးစုံသော ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရား တွေကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းခြားသိအောင် ရှုရမလား မရှုရဘူးလား? ရှုရတော့မယ်။ ဒါက ဘုရားဟောဒေသနာတော်နည်းပဲ ဖြစ်ပါတယ်။ ဒီရုပ် တရား, နာမ်တရားတွေကို ပိုင်းခြားပြီး သိမ်းဆည်းတတ်ပြီဆိုလျှင်တော့ ရုပ်တရားကို သိမ်းဆည်းခြင်းကို ရူပပရိဂ္ဂဟလို့ ခေါ်ပါတယ်။ နာမ်တရားတွေကို သိမ်းဆည်းခြင်းကို အရူပပရိဂ္ဂဟလို့ ခေါ်ပါတယ်။ ရုပ်နာမ်ကို တစ်ဖန် ပူးတွဲပြီး သိမ်းဆည်းတာကိုတော့ ရူပါရူပပရိဂ္ဂဟလို့ ခေါ်ပါတယ်။
ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီရုပ်နာမ်တွေကို ပိုင်းခြားမှတ်သားခြင်းဆိုတဲ့ နာမရူပဝဝတ္ထာနလုပ်ငန်းရပ်ကို လုပ်ရပါတယ်။ ဒီလေးခုလုံးကို ခြုံငုံပြီးတော့ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်ကို ပိုင်းခြားသိတတ်တဲ့ ပိုင်းခြားယူတတ်တဲ့ ဉာဏ်ဆိုပြီး ဒီလို သုံးထား ပါတယ်။ ဒီလို နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိအောင် သိမ်းဆည်းထားပြီးတဲ့ သူတော်ကောင်းက နောက်တစ်ဆင့် တက်ပြီး ဘာလုပ်ရမလဲ? မဟာသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ဘုရားရှင်ကိုယ်တော်တိုင်က ညွှန်ကြားချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားထားပါတယ်။ ဘယ်လို ညွှန်ကြားထားသလဲ?
အဇ္ဈတ္တကာယ + ဗဟိဒ္ဓကာယ
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)
အဇ္ဈတ္တမှာလည်း ရူပကာယ, နာမကာယကို ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ သိမ်းဆည်းပါ။ ဗဟိဒ္ဓမှာလည်း ရူပကာယ, နာမကာယတွေကို ကြိမ်ဖန် များစွာ ထပ်ခါထပ်ခါ သိမ်းဆည်းပါ။ အဇ္ဈတ္တဗဟိဒ္ဓ နှစ်မျိုးလုံးမှာပဲ တစ်ထိုင်အတွင်းမှာ အဇ္ဈတ္တမှာ ရူပကာယ, နာမကာယ သိမ်းဆည်းလိုက်၊ ဗဟိဒ္ဓမှာ ရူပကာယ, နာမကာယ သိမ်းဆည်းလိုက်၊ အဇ္ဈတ္တ သိမ်းဆည်းလိုက်, ဗဟိဒ္ဓ သိမ်းဆည်းလိုက်နဲ့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ပြုကျင့်ပါဆိုပြီး မြတ်စွာဘုရားရှင်က ညွှန်ကြားတော်မူပါတယ်။ ဒီလို ညွှန်ကြားပြီးတဲ့အခါမှာ နောက်ထပ်တစ်ဆင့် ဒီမဟာသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ မြတ်စွာဘုရားက ဘာကို ဆက်ပြီး ညွှန်ကြားထားသလဲ?
အနုလောမပဋိစ္စသမုပ္ပါဒ်
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မိံ = ကာယ၌။ (ဝါ) ရူပကာယ, နာမကာယ၌။ သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနဲ့ ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ကာယသ္မိံ = ကာယ၌။ (ဝါ) ရူပကာယ,နာမကာယ၌။ ဝယဓမ္မာနုပဿီ ဝါ = ချုပ်ကြောင်းသဘောနဲ့ ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ကာယသ္မိံ = ကာယ၌။ (ဝါ) ရူပကာယ,နာမကာယ၌။ သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနဲ့ ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
ဖြစ်ကြောင်းသဘောနဲ့ ဖြစ်ခြင်းသဘော၊ ချုပ်ကြောင်းသဘောနဲ့ ချုပ်ခြင်းသဘောတရားတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပါဆိုပြီး ဒီလို ဘုရားရှင်က ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်ကတော့ ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်တွေကို ပေါင်းစုပြီးတော့ မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ရုပ်တရား, နာမ်တရားတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနမှာ ပိုင်းခြား သိမ်းဆည်းနိုင်တဲ့ ယောဂီသူတော်ကောင်း က ဒီရုပ်နာမ်တွေသည် ဘာကြောင့် ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းတရားတွေကို ရှေ့တစ်ဆင့်တက်ပြီး ရှာဖွေရပါတယ်။ အကြောင်းတရားတွေကို ပိုင်းခြားသိတတ်တဲ့ဉာဏ်, ပိုင်းခြားယူတတ်တဲ့ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို နည်းလေးနည်း သို့မဟုတ် ငါးနည်း ဟောကြားထား ပါတယ်။ ဒီဟောကြားချက်တွေကို အခြေတည်ပြီးတော့ အဋ္ဌကထာဆရာတော်များကလည်း ဒီနေရာမှာ သမုဒယဓမ္မာနုပဿီဆိုတာနဲ့ ပတ်သက်ပြီး ဘယ်လို ဖွင့်ဆိုထားသလဲ? --
အဝိဇ္ဇာသမုဒယာ ရူပသမုဒယော, တဏှာသမုဒယာ ရူပသမုဒယော, ကမ္မသမုဒယာ ရူပသမုဒယော, အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၃။ ဝိသုဒ္ဓိ၊၂၊၂၆၆။)
စသည်ဖြင့် ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကားပြီးတော့ ရူပက္ခန္ဓာမှာ သမုဒယလက္ခဏာ ငါးချက် ဖွင့်ဆိုထားပါတယ်။ အလားတူပဲ ဝယဓမ္မာနုပဿီမှာလည်း ရူပက္ခန္ဓာနဲ့ ပတ်သက်ပြီး ဘယ်လို ဖွင့်ဆိုထားသလဲ? --
ပဋိလောမပဋိစ္စသမုပ္ပါဒ်
အဝိဇ္ဇာနိရောဓာ ရူပနိရောဓော, တဏှာနိရောဓာ ရူပနိရောဓော, ကမ္မနိရောဓာ ရူပနိရောဓော, အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၃။ ဝိသုဒ္ဓိ၊၂၊၂၆၆။)
ဆိုပြီးတော့ နိရောဓလက္ခဏာမှာလည်း ငါးချက် ဖွင့်ဆိုထားပါတယ်။ နှစ်ရပ်ပေါင်းလိုက်တော့ ရူပက္ခန္ဓာမှာ သမုဒယလက္ခဏာက ငါးချက်၊ ဝယလက္ခဏာက ငါးချက်ဆိုပြီး ရူပက္ခန္ဓာမှာ (၁၀)ချက် ရှိပါတယ်။ အလားတူပဲ ဝေဒနာက္ခန္ဓာမှာလည်း (၁၀)ချက်၊ သညာက္ခန္ဓာမှာလည်း (၁၀)ချက်၊ ဝိညာဏက္ခန္ဓာမှာလည်း (၁၀)ချက်ဆိုပြီး အားလုံး ပေါင်းလိုက်တော့ ခန္ဓာငါးပါးမှာ ဥဒယဗ္ဗယဉာဏ် (၅၀)ဆိုပြီးတော့ ဒီလို ဖွင့်ထားပါတယ်။
ဥဒယဉာဏ်က (၂၅)၊ ဝယဉာဏ်က (၂၅)၊ ဒီ (၅၀)သော ဥဒယဗ္ဗယဉာဏ်တွေကို ရှုပွားသုံးသပ်ဖို့ရန်အတွက် မြတ်စွာဘုရားက ညွှန်ကြားထား ပါတယ်ဆိုပြီးတော့ ဒီလို ရှင်းလင်းထားပါတယ်။ ဒီရှင်းလင်းချက်အရ ဘုန်းကြီးတို့ ဒီနေရာမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကို ရှာဖွေရတော့မယ်။ ရှာဖွေတဲ့အပိုင်းမှာ ပဋိစ္စသမုပ္ပါဒ်ကို အလယ်ခေါင်က ဖောက်ပြီးတော့ အရင်းသွားတဲ့နည်းစနစ်ကို အာဟာရသုတ္တန် (သံ၊၁၊၂၅၃-၂၅၄။)စတဲ့ ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရား ဟောကြား တော်မူပါတယ်။ ထိုနည်းနာနိဿယကို အမှီပြုပြီးတော့ ပစ္စုပ္ပန်မှာ အနာဂတ် အတွက် ထူထောင်နေတဲ့ ကိလေသာဝဋ်, ကမ္မဝဋ်တွေ တည်ရှိကြပါတယ်။ ယင်းကိလေသာဝဋ်, ကမ္မဝဋ်တွေက စတင်ပြီး သိမ်းဆည်းပုံ နည်းစနစ်ကို ပြောကြရအောင် ---
ပဋိစ္စသမုပ္ပါဒ် ရှုကွက် -- သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ
ဥပမာ -- တရားနာနေတဲ့ ဒါယကာကြီးတွေ နိဗ္ဗာန်ကိုပဲ ဆုတောင်းကြတယ် ထားကြပါစို့၊ သို့သော် နိဗ္ဗာန်မရမီ စပ်ကြားဆိုပြီး စပ်ကြားကလေးတစ်ခု ခံပြီး ဆုတောင်းမှုကလေးတွေ တစ်ခါတစ်ရံ ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲ? နိဗ္ဗာန်ရောက်အောင် ကြိုးစားအားထုတ်တယ်ဆိုသော်လည်း ဒီဘဝမှာ အရဟတ္တမဂ် အရဟတ္တဖိုလ်က ရမယ်, မရမယ် မသေချာတဲ့အတွက် မရခဲ့သည်ရှိသော် ဘဝတစ်ခုကို လက်ခံရမယ်ဆိုလျှင် မိမိ နှစ်ခြိုက်တဲ့ ဘဝ တစ်ခုကိုတော့ ရွေးချယ်ကောင်း ရွေးချယ်ရပါလိမ့်မည်။
ဒါကြောင့် ဘဝတစ်ခုကို ရွေးချယ်တယ်ပဲ ဆိုကြစို့၊ လူဖြစ်လည်း လူတော် လူကောင်း, နတ်ဖြစ်လည်း နတ်မြတ်နတ်ကောင်း ဖြစ်ချင်တယ်ဆိုလျှင် ဗုဒ္ဓ အဘိဓမ္မာနည်းအရ လူတော်လူကောင်း နတ်မြတ်နတ်ကောင်းဆိုတာ ပရမတ္ထ အားဖြင့် တကယ်ထင်ရှား ရှိပါသလား? မရှိပါဘူး။ သမ္မုတိသစ္စာနယ်မှာတော့ ရှိနေပါတယ်၊ သစ္စာက နှစ်ခု ရှိပါတယ်။ သမ္မုတိသစ္စာဆိုတာကတော့ လူတို့ ခေါ်တဲ့အတိုင်း မှန်ကန်နေတဲ့ အမှန်တရားကို သမ္မုတိသစ္စာလို့ ခေါ်ပါတယ်။ ပရမတ္ထသစ္စာဆိုတာကတော့ တကယ်ထင်ရှားရှိနေတဲ့ ပရမတ္ထဓမ္မသဘာဝတွေကို အမှန်အတိုင်း သိတတ်တဲ့ဉာဏ်ကို ပရမတ္ထသစ္စာဉာဏ်လို့ ခေါ်ပါတယ်။
ဒီယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာက လူတို့ ခေါ်ဝေါ်သည့်အတိုင်း သမ္မုတိသစ္စာနယ်ဘက်က ကြည့်လျှင်တော့ ရှိနေပါတယ်။ ဒီလို ရှိနေတဲ့အတွက် ဒီသမ္မုတိသစ္စာကိုလည်း မြတ်စွာဘုရားက အခြေအနေအရ ဟောပေးရပါတယ်။ ဘာဖြစ်လို့လဲ? သူ့အသက်ကို မသတ် ရဘူး၊ သူ့ပစ္စည်း မတရား မယူရဘူး၊ သူ့သားမယား မဖျက်ဆီးရဘူး စသည်ဖြင့် ဟောပေးရပါတယ်။ ဒီလို မဟောဘူးဆိုလျှင် ကိုယ်ကျင့်သီလဆိုတာ ဟောလို့ ရနိုင်ပါမလား? မရနိုင်ဘူး။
သီလကျင့်စဉ်ဆိုတဲ့ ကိုယ်ကျင့်သီလတွေနဲ့ ပတ်သက်လာပြီဆိုလျှင် ဒီ သမ္မုတိသစ္စာကို မလွဲမရှောင်သာ ဟောပေးရမယ့်သဘော ရှိနေပါတယ်။ ဒါကြောင့် ဒီသမ္မုတိသစ္စာက သတ္တဝါတွေအတွက် အကျိုးရှိတန်သလောက်လည်း ရှိနေပါတယ်။ ဒီသီလကျင့်စဉ်တွေမှာသာ အကျိုးရှိသလားဆိုတော့ မဟုတ်သေးပါဘူး။ ဒါနဆိုင်ရာကျင့်စဉ်တွေ, သမထပိုင်းဆိုင်ရာကျင့်စဉ်တွေ စတဲ့ ထိုထိုကျင့်စဉ်တွေမှာလည်း လူတို့ ခေါ်ဝေါ်သုံးနှုန်းနေတဲ့ သမ္မုတိသစ္စာ နယ်တွေအရ မြတ်စွာဘုရား ဟောကြားပေးရတာလည်း ရှိပါတယ်။
ဥပမာ -- မေတ္တာပွားတယ် ဆိုကြစို့၊ မိမိ ချစ်နှစ်သက်တဲ့ပုဂ္ဂိုလ်တွေကို မေတ္တာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပါ စသည်ဖြင့် ဒီလို သင်ပေးရပါတယ်။ သမ္မုတိသစ္စာနယ်အရ သင်ပေးလိုက်တော့ ကြိုးစားခဲ့လျှင် မေတ္တာစျာန်တွေ ရနိုင်ပါတယ်။ ဒါကြောင့် သမ္မုတိသစ္စာကိုလည်း လက်လွှတ်လို့ မရနိုင်တဲ့ အတွက် မြတ်စွာဘုရား ဟောပေးရခြင်း ဖြစ်ပါတယ်။ သို့သော် သမ္မုတိသစ္စာနယ်ကနေ နိဗ္ဗာန်သွားမယ်ဆိုလျှင် မရောက်နိုင်တဲ့အတွက် နိဗ္ဗာန်ရောက်ရှိရေးအတွက် ပရမတ္ထသစ္စာကိုလည်း တစ်ဖန်ပြန်ပြီး ဟောပေးရပြန်ပါတယ်။
ပရမတ္ထသစ္စာနယ်က ပြောမယ်ဆိုလျှင် ဘုန်းကြီး ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ အတိုင်း ရုပ်တရားတွေ ကြည့်လိုက်လျှင် ကလာပ်အမှုန်တွေပဲ တွေ့နိုင်ပါတယ်။ ဒီကလာပ်အမှုန်တွေ ဓာတ်ခွဲလိုက်လျှင် ရုပ်ကလာပ် တစ်ခုတစ်ခု အတွင်းမှာ ပရမတ္ထသဘောတရားကလေးတွေ ရှစ်ခု, ကိုးခု, ဆယ်ခု စသည်ဖြင့် ရှိတတ်ပါတယ်။ ဒီသဘောတရားကလေးတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားကြပါတယ်။ နာမ်တရားတွေကလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ကြပါတယ်။ ဖြစ်ပြီးတာနှင့် ချက်ချင်း ပျက်သွားကြတယ်။ ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက သားပဲ, ဒါက သမီးပဲ စသည်ဖြင့် ဒီလို ပြောပြနိုင်လောက်အောင် သက်တမ်း ရှည်ကြသလား? မရှည်ကြဘူး။ ဒီလို သက်တမ်း မရှည်တဲ့အတွက် ပရမတ္ထသစ္စာနယ်ဘက်ကပြောလျှင် ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာ တကယ်ထင်ရှား ရှိနိုင်သလား? မရှိနိုင်ဘူး။ လူတော်လူကောင်း, နတ်မြတ်နတ်ကောင်းဆိုတာလည်း ထင်ရှားရှိနိုင်သလား? မရှိနိုင်ဘူး။ ဘာသာ ရှိနေသလဲ?
အကြောင်းတရား ငါးပါး
ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရားအစုအပုံ ရှိတယ်၊ အကြောင်းတရား အကျိုးတရားအစုအပုံတွေပဲ ရှိတယ်။ ဒီအကြောင်းတရား အကျိုးတရားအစုအပုံတွေကလည်း အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံတွေသာ ဖြစ်ကြပါတယ်။ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာ မရှိပါဘူး၊ လူတော်လူကောင်း, နတ်ကောင်း နတ်မြတ်ဆိုတာလည်း မရှိပါဘူး။ မရှိပေမယ့်လို့ လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်လို့ သွားပြီးတော့ သိခဲ့လျှင် ဒီအသိသည် မှားသလား မှန်သလား? မှားနေတယ်။
ဒီအသိမှားမှုသဘောက ဘာလဲ? အဝိဇ္ဇာပဲ။ လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်ဘဝကို လှမ်းပြီး တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်၊ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီးတော့ ဘုရားရှင်ကို ဆီမီးပူဇော်တယ် ဆိုကြပါစို့၊ ဆီမီးပူဇော်တဲ့ ကုသိုလ်စေတနာအုပ်စုက သင်္ခါရ။ ထိုသင်္ခါရတရားတွေကလည်း အနိစ္စတရားတွေ ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားကြပါတယ်။ ပျက်သွားပေမယ့် ဝိပါက်နာမ်တရားတွေလို သတ္တိတစ်စုံတစ်ရာ မထားခဲ့ဘဲနဲ့ ချုပ်ပျက်သွားတာမျိုးတော့ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ မိမိ မျှော်လင့်တောင့်တထားတဲ့ လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်ဆိုတဲ့ ဘဝတစ်ခုလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိတွေကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိကလေးကို ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီး အကြောင်းတရား ဘယ်နှစ်ခု ဖြစ်သွားသလဲ? ငါးခု ဖြစ်သွားပါတယ်။
ဒီအကြောင်းတရား ငါးခုကို အာဟာရသုတ္တန် (သံ၊၁၊၂၅၃-၂၅၄။)ဒေသနာတော်နည်းအရ အာဟာရလေးပါးလို့ ခေါ်ပါတယ်။ ဒီအကြောင်းတရား ငါးခုထဲမှာ ပါနေတဲ့ အထူးသဖြင့် ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တွေထဲမှာ တည်ရှိနေတဲ့ ဩဇာက ကဗဠီကာရာဟာရ ဖြစ်ပါတယ်။ ဒီလို ဆုတောင်းပန်ထွာနေတဲ့ သင်္ခါရ (၃၄)ထဲမှာ ပါနေတဲ့ ဖဿက ဖဿာဟာရ, စေတနာက စေတနာဟာရ, အသိစိတ်က ဝိညာဏာဟာရ ဆိုပြီးတော့ ပေါင်း လိုက်တော့ အာဟာရလေးပါး ဖြစ်သွားပါတယ်။
ဘာကြောင့် သူတို့ကို အာဟာရလို့ ခေါ်သလဲ? သူတို့က အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ နောင်တစ်ချိန်မှာ သူမျှော်လင့်တောင့်တနေတဲ့ လူတော်လူကောင်း နတ်ကောင်းနတ်မြတ်လို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိသည် ဒီ အာဟာရလေးပါးမှာ တည်ရှိနေပါတယ်။ ဒါကြောင့် သူတို့ကို အာဟာရလေးပါးလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အာဟာရသဒ္ဒါက အကြောင်းလို့ ဆိုလိုပါတယ်။
အကြောင်းတရားတွေကို သိမ်းဆည်းပုံစနစ်တစ်ခု
ဒီအကြောင်းတွေကို ယောဂီပုဂ္ဂိုလ်က စပြီး သိမ်းဆည်းရတယ်။ သိမ်းဆည်းပုံ နည်းစနစ်ကတော့ တရားစထိုင်တော့မယ် ဆိုကြပါစို့၊ တရားမထိုင်မီ ကလေးမှာ ရုပ်ပွားတော်တစ်ဆူရှေ့မှာဖြစ်စေ, စေတီတော်တစ်ဆူရှေ့မှာ ဖြစ်စေ, ပန်းပဲဖြစ်စေ, ဆီမီးပဲဖြစ်စေ, ရေချမ်းပဲဖြစ်စေ လှူဒါန်းပြီးတော့ မိမိ ကြိုက်နှစ်သက်တဲ့ ဘဝတစ်ခုကို ဆုတောင်းကြည့်ပါ၊ လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်ပဲ ဆိုကြပါစို့၊ ဒီဆုတောင်းနေတဲ့ အချိန်အခါမှာ ဖြစ်ပေါ် နေတဲ့ စိတ်စေတသိက်တွေကို သေသေချာချာ မှတ်သားထားပါ။
တရားပြန်ထိုင်လိုက်တဲ့အချိန်မှာ သမာဓိတွေကို အဆင့်ဆင့် ထူထောင်ပြီး ရုပ်တွေနာမ်တွေကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်တွေမှာ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ သိမ်းဆည်းလို့ တော်တော်ကလေး အောင်မြင်လာတဲ့ အချိန်အခါမှာ တရားမထိုင်မီ အချိန်အခါက ရုပ်ပွားတော်ရှေ့မှာ မိမိ ဆုတောင်း ပန်ထွာခဲ့တဲ့ စိတ်အစဉ်ကို နောက်ကြောင်းပြန်ပြီးတော့ သိမ်းဆည်းကြည့်ပါ၊ သိမ်းဆည်းလို့ အောင်မြင်တတ်ပါတယ်။ မိမိ ဆုတောင်းခဲ့တဲ့ စိတ်စေတသိက် ကလေးတွေကို စနစ်တကျ သိမ်းဆည်းလို့ အောင်မြင်ပြီဆိုလျှင်တော့ အတိတ် ဘက်ကို တာစူပြီးတော့ ရုပ်တွေ နာမ်တွေကို တစ်စတစ်စ တိုးချဲ့ပြီး သိမ်းဆည်းကြည့်ပါ၊ အမိဝမ်းတွင်း ကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်နာမ်တွေ ဆိုက်သည်အထိ တစ်စတစ်စ သိမ်းဆည်းသွားပါ။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ရံခါ ကြိုးကြားကြိုးကြားအားဖြင့် ပညတ်ပုံရိပ်ကလေးတွေတော့ ဉာဏ်ထဲမှာ ထင်လာတတ်ပါတယ်။ ဘာကြောင့် ထင်လာရသလဲ? ပညတ်နယ်မှာ မိမိတို့ရဲ့ စိတ်အစဉ်တွေက ကျက်စားမှု များခဲ့တဲ့ အတွက် ပညတ်ဘက်ကို စိတ်က ညွတ်ကိုင်းသွားပြီ၊ မနသိကာရ = နှလုံးသွင်းမှု ရှိသွားပြီဆိုလျှင် ပညတ်ပုံရိပ်ကလေးတွေ ပေါ်လာတတ်ပါတယ်။ ပေါ်လာလျှင်လည်း ဒီပုံရိပ်ကလေးတွေမှာ တည်ရှိတဲ့ ဓာတ်လေးပါး စိုက်ပြီးတော့ စနစ်တကျ သိမ်းဆည်းတတ်လျှင် ရုပ်ကလာပ်အမှုန်တွေကို တွေ့တတ်ပါတယ်။ ဆက်ပြီး သိမ်းဆည်းနိုင်လျှင် ရုပ်ပရမတ်တရားတွေကို တွေ့တတ်ပါတယ်။
အထူးသဖြင့် ဟဒယဝတ္ထုကို ဦးစားပေးပြီး သိမ်းဆည်းနိုင်လျှင် ဘဝင်မနောအကြည်ကို တွေ့နိုင်ပါတယ်။ ဘဝင်မနောအကြည်ကို သိမ်းဆည်းတတ် လျှင် ဘဝင်မနောအကြည်တို့ရဲ့ အကြားအကြားမှာ ဖြစ်ပေါ်သွားတဲ့ ဝီထိစိတ်အစဉ်လို့ဆိုအပ်တဲ့ နာမ်တရားတွေကိုလည်း စနစ်တကျ သိမ်းဆည်းလို့ ရနိုင်ပါတယ်။ ဒီလို စနစ်တကျ သိမ်းဆည်းလိုက်တဲ့အပိုင်းမှာ အမိဝမ်းတွင်း ပဋိသန္ဓေကာလက ကလလရေကြည်ကနေ စပြီး မိမိ ယခု သိမ်းဆည်းနေတဲ့ တရားထိုင်နေတဲ့အချိန်အထိ ရုပ်တွေ နာမ်တွေကို တဖြည်းဖြည်း ရှေ့တိုးပြီး သိမ်းဆည်းရပါတယ်။
ပဋိသန္ဓေကနေ တစ်ဖန်ပြန်ပြီးတော့ ယခု တရားထိုင်နေတဲ့ဘက်ကို ပြန်သိမ်းဆည်းလိုက်လျှင် ဘယ်လို တွေ့နိုင်မလဲ? ဖြစ်ပျက်အစဉ်နဲ့ လာနေတဲ့ ရုပ်နာမ်သန္တာန် အစဉ်အတန်းကလေးဟာ အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်းထားသကဲ့သို့ သို့မဟုတ် အပ်ချည်ကြိုးနှစ်ချောင်းကို သွယ်တန်းထားသကဲ့သို့ ဖြစ်ပျက်အစဉ်နဲ့ လာနေတဲ့ ရုပ်အစဉ်အတန်းတစ်ခု, နာမ်အစဉ်အတန်းတစ်ခုဆိုတဲ့ နှစ်မျိုးသော အစဉ်အတန်းကလေးကို သဘောပေါက် နိုင်ပါတယ်။ အစဉ်အတန်းတစ်ခုအဖြစ် နိစ္စ ထာဝရ မြဲနေတယ်လို့ မဆိုလိုပါဘူး။ အနိစ္စအနေအထား, ဒုက္ခအနေအထားအားဖြင့် ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်သန္တာန်အစဉ်ကလေးက အစဉ်အတန်းတစ်ခုတည်း ဖြစ်နေတယ်ဆိုတာကို သဘောပေါက်အောင် ပြောခြင်းသာ ဖြစ်ပါတယ်။
ဒီရုပ်တရား နာမ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်ကြပါတယ်၊ အကြောင်းမကုန်သေးလျှင် ထပ်ပြီး ဖြစ်ပြန်တယ်၊ ထပ်ပြီး ပျက်ပြန်တယ်၊ ထပ်ပြီး ဖြစ်ပြန်တယ်၊ ထပ်ပြီး ပျက်ပြန်ပါတယ်။ ဒီလို ဖြစ်ပျက်အစဉ်အတန်းအားဖြင့် လာနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်တွေ ဖြစ်ကြပါတယ်။ ဒီရုပ် နာမ်သန္တာန်အစဉ်တွေကို ပဋိသန္ဓေ ကလလရေကြည်တိုင်အောင် သိမ်းဆည်း တတ်တဲ့ ယောဂီသူတော်ကောင်းက ဒီရုပ်တရား နာမ်တရားတွေသည် ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အကြောင်းတရားကို သိချင်တဲ့စိတ်ဓာတ်, ရှာဖွေလိုတဲ့စိတ်ဓာတ်ဖြင့် အတိတ်ဘက်ကို လှမ်းမျှော်ပြီး ကြည့်ရပါတယ်။
ထိုအချိန်အခါမှာ လင်းရောင်ခြည်တွေက အားကောင်းနေတတ်ပါတယ်၊ လင်းရောင်ခြည်အကူအညီဖြင့် အတိတ်က ရုပ်နာမ်တွေကိုလည်း သိမ်းဆည်း လို့ ရတတ်ပါတယ်။ အထူးသဖြင့် မိမိရဲ့ လက်ရှိဘဝ ပဋိသန္ဓေနဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ အတိတ်ဘဝ သေခါနီးကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ စုတိစိတ်စေတသိက် နာမ်တရားတွေ, စုတိမတိုင်မီ မရဏာသန္နဇောလို့ ခေါ်ဆိုအပ်တဲ့ ဇောဝီထိစိတ်အစဉ် နာမ်တရားတွေကို ဆက်လက်ပြီး သိမ်းဆည်းမယ်ဆိုလျှင် သိမ်းဆည်းလို့ ရနိုင်ပါတယ်။ ဒီလို သိမ်းဆည်းတဲ့ အချိန်အခါမှာ အထူးသဖြင့် ဟဒယဝတ္ထုကို ဦးစားပေးပြီး သိမ်းဆည်းတတ်ဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ?
ဟဒယဝတ္ထုကို ဦးစားပေးပြီး သိမ်းဆည်းလိုက်လျှင် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ ဘဝင်မနောအကြည်ဓာတ်ကိုလည်း သိမ်းဆည်းလို့ ရနိုင်ပါတယ်။ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်လျှင် မသေမီ ရှေ့ပိုင်းကာလကို လှမ်းပြီး ရှေ့တိုး သိမ်းဆည်းလိုက်, နောက်ဆုတ် သိမ်းဆည်း လိုက်ဖြင့် သိမ်းဆည်းခဲ့မယ်ဆိုလျှင် သေခါနီးကာလမှာ ဒီဘဝင်မနောအကြည်မှာ လာထင်နေတဲ့ နိမိတ်တွေကို တွေ့နိုင်ပါတယ်။ ဘုန်းကြီးတို့ စာပေနယ်သုံးဝေါဟာရနဲ့ ပြောလျှင်တော့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ နိမိတ် သုံးခုထဲက တစ်ခုခု ဖြစ်ပါတယ်။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ဘုန်းကြီး ယောဂီတစ်ဦးရဲ့ အတွေ့အကြုံကို နည်းနည်းကလေး သဘောပေါက်အောင် ပြောပြပါမယ်။ ယောဂီတစ်ဦးက ဒီလို အတိတ်ဘက်ကို လှမ်းပြီး သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ပိတ်ကားပြင်ကဲ့သို့ အဖြူရောင်ကြီးက သူ့ရှေ့မှာ ခံနေတာကို သွားတွေ့ပါတယ်၊ နှစ်ရက် သုံးရက်လောက် ထိုးဖောက်သော်လည်း မပေါက်နိုင် ဖြစ်နေတယ်။ ဒါကြောင့် ဘုန်းကြီးက ရှေ့ဘက်ကို ကျော်ပြီး သိမ်းဆည်းလိုက်ပါဆိုပြီးတော့ သူ့ကို နည်းနည်းကလေး သင်ပေးလိုက်ပါတယ်။ ရှေ့ဘက် တော်တော် ခပ်လှမ်းလှမ်းကို ကျော်ပြီး သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ ဘာသွားတွေ့သလဲ?
ကျေးလက်တောသူကလေးတစ်ယောက်အဖြစ်နဲ့ သံဃာတော်တစ်ပါးကို သပိတ်ဖုံးပေါ်မှာ သင်္ဘောသီးလို့ ယူဆရတဲ့ သစ်သီးတစ်လုံးကို လှူဒါန်း ပူဇော်နေတဲ့ အာရုံကလေးက ဉာဏ်ထဲမှာ လာထင်နေတယ်။ လှူဒါန်း ပူဇော်နေတဲ့ ဒီအမျိုးသမီးကလေးရဲ့ သန္တာန်မှာ တည်ရှိတဲ့ ရုပ်တွေ နာမ်တွေကို ဓာတ်လေးပါးကို ဦးတည်ပြီးတော့ ပြန်သိမ်းဆည်းခိုင်းလိုက်တဲ့အခါမှာ ဘာဆု တောင်းနေသလဲ, ဘာစိတ်အစဉ်တွေ ဖြစ်နေသလဲလို့ သူ့ကို သိမ်းဆည်းခိုင်း လိုက်ပါတယ်။
ကျေးလက်တောသူဘဝမှာ ပညာမတတ်တဲ့အတွက် နာကျည်းချက်ကလေးတစ်ခု သူ့မှာ ရှိနေပါတယ်။ ဒါကြောင့် သူက ဘာဆုကို တောင်းနေသလဲ? ခေတ်ပညာတတ် မြို့ကြီးသူ ဖြစ်ပါရစေဆိုပြီး ဒီဆုကလေးကို တောင်း နေတယ်။ ပရမတ္ထသစ္စာနယ်က ပြောလျှင်တော့ ခေတ်ပညာတတ် မြို့ကြီးသူ ဆိုတာ ရှိသလား? မရှိဘူး၊ ဘယ်သဘောသာ ရှိနေသလဲ? ရုပ်တရားအစု အပုံ, နာမ်တရားအစုအပုံ, အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံတွေသာ ရှိနေပါတယ်။
ခေတ်ပညာတတ် မြို့ကြီးသူလို့ သိလိုက်လျှင် ဒီအသိသည် မှားသလား, မှန်သလား? မှားနေတယ်။ ဒီအသိမှားမှုက အဝိဇ္ဇာပဲ၊ ဒီခေတ်ပညာတတ် မြို့ကြီးသူဘဝကို လှမ်းပြီး တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီး သံဃာတော်တစ်ပါးအား သစ်သီးဆွမ်း လှူဒါန်းခြင်းဆိုတဲ့ ကုသိုလ်စေတနာ သင်္ခါရတွေကို ပြုစု ပျိုးထောင်လိုက်ခြင်း ဖြစ်ပါတယ်။
စိတ်စေတသိက် ဘယ်နှစ်လုံး ရှိသလဲလို့ သူ့ကို ရေတွက်ခိုင်းလိုက်တဲ့ အခါ မနောဒွါရမှာ မနောဒွါရဝီထိအနေနဲ့ ဖြစ်ပေါ်နေပါတယ်။ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် (၁၂)လုံး၊ ဇောခုနစ်ကြိမ်မှာ စိတ်စေတသိက် (၃၄)လုံးစီအထိ တည်ရှိပါတယ်။ ထို (၃၄)လုံးသော နာမ်တရားတွေက အနိစ္စတရားသာ ဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။ ပျက်သွားပေမယ့်လို့ နောင်တစ်ချိန် သူမျှော်လင့်တောင့်တနေတဲ့ ခေတ်ပညာတတ် မြို့ကြီးသူဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးက ကံ ဖြစ်ပါတယ်။
ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ ဆိုပြီးတော့ အကြောင်းတရား ငါးခု စုံညီသွားပါတယ်။ အဲဒီ ကမ္မသတ္တိကလေးကြောင့် ဒီဘက်ဘဝမှာ ပဋိသန္ဓေ ကလလရေကြည်မှာ တည်ရှိနေတဲ့ ရုပ်တွေနာမ်တွေ ထင်ရှားဖြစ်သလား မဖြစ်သလားဆိုတာကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆန်းစစ်ကြည့်လိုက်တော့ ဒီကမ္မသတ္တိကြောင့် ပဋိသန္ဓေမှာ ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်နေတာကို သူကိုယ်တိုင် ဉာဏ်နဲ့ မြင်နေပါတယ်။
ဒီနေရာမှာ မေးစရာကလေးတစ်ခုတော့ ထပ်ပြီး ရှိလာပြန်ပါတယ်။ ဒီလို အတိတ်ဘက်ကို လှမ်းပြီး ရှုလိုက်တဲ့အချိန်အခါမှာ သူ့ရဲ့အာရုံထဲမှာက သစ်သီးဆွမ်း လောင်းလှူနေတဲ့ အာရုံတစ်ခု ပေါ်လာတဲ့အချိန်မှာ အလှူခံ ပုဂ္ဂိုလ်လည်း ရှိနေတယ်၊ ပေးလှူနေတဲ့ပုဂ္ဂိုလ်လည်း ရှိနေတယ်။ အလှူခံ ပုဂ္ဂိုလ်သည် မိမိလား, အလှူပေးတဲ့ပုဂ္ဂိုလ်သည် မိမိလားလို့ ခွဲခြားသိဖို့ လိုအပ်လာပါတယ်။ အလှူခံပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တည်ရှိတဲ့ ဓာတ်လေးပါးကို ဦးတည်ပြီး ရုပ်နာမ်တွေကို ခြုံငုံ သိမ်းဆည်းရပါတယ်။ အလှူပေးတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာလည်း ဓာတ်လေးပါး ဦးတည်ပြီးတော့ ရုပ်နာမ်တွေကို သိမ်းဆည်းရပါတယ်။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ အကယ်၍ မိမိက အလှူပေးတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့လျှင် မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ်နဲ့ အလှူပေးတဲ့ပုဂ္ဂိုလ်သန္တာန်မှာ တည်ရှိနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်တို့ဟာ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ အတိုင်းပဲ အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်းထားသလို အစဉ်အတန်း တစ်ခုတည်းအဖြစ်နဲ့ သွားတွေ့ရပါတယ်။ ဒီအစဉ်အတန်းက မြဲနေတယ်လို့ ဆိုလိုနေတာ မဟုတ်ပါဘူး။ ဖြစ်ပျက် ဖြစ်ပျက်ဆိုတဲ့ အစဉ်အတန်းနဲ့သာ ရှိနေပါတယ်။ တစ်ဖက်က အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ပုဂ္ဂိုလ်သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို ခြုံငုံပြီး လှမ်းသိမ်းဆည်းလိုက်တဲ့အခါ မိမိရဲ့ လက်ရှိ ရုပ်နာမ် သန္တာန်အစဉ်နဲ့ ဆက်စပ်မှု ဘာမှမရှိတာကို သွားတွေ့ရတယ်။ ဒါကြောင့် ဘယ်ပုဂ္ဂိုလ်သည် မိမိရဲ့ ရုပ်နာမ်သန္တာန်အစဉ် ဖြစ်တယ်ဆိုတာကို စနစ်တကျ သိနိုင်တဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်သန္တာန်အစဉ်တွေကို ခွဲခြားပြီး သိမြင်နေတဲ့ အချိန်အခါမှာ ဘာဆက်လုပ်ရမလဲ? ဘုရားရှင်က --
သမုဒယဓမ္မာနုပဿီ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မိံ = ကာယ၌။ (ဝါ) ရူပကာယ, နာမကာယ၌။ (ပဋိသံ၊၁၈၁။) သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
စသည်ဖြင့် ဒီလို ဟောကြားထားတော်မူပါတယ်။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုနေပါ။ ဒီလို ဘုရားရှင်က ဟောကြားထားပါတယ်။ ဒီဟောကြားထားတဲ့ ဒေသနာတော်နှင့်အညီ --
- အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ အဝိဇ္ဇာက အကြောင်းတရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
- တဏှာ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ တဏှာက အကြောင်းတရား, ပဋိသန္ဓေကမ္မရုပ်က အကျိုးတရား။
- ဥပါဒါန် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ ဥပါဒါန်က အကြောင်းတရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
- သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ သင်္ခါရက အကြောင်းတရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
- ကံဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ ကံက အကြောင်းတရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
စသည်ဖြင့် ဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ ဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းပြီးတဲ့ အခါမှာ နောက်ထပ် ဒီယောဂီမှာ ပြဿနာတစ်ခုက အဖြူရောင်ပြဿနာ ဖြစ်နေပါတယ်။ ဘုန်းကြီးတို့ သတ္တဝါတွေ သေတဲ့အချိန်အခါမှာ အဘိဓမ္မာဒေသနာတော်နည်းအရ ပြောမယ်ဆိုလျှင် --
- မရဏာသန္နဇောရဲ့ နောင်မှာ စုတိစိတ်ကျတာလည်း ရှိတယ်။
- မရဏာသန္နဇောရဲ့ နောင်မှာ တဒါရုံကျတယ်၊ တဒါရုံကျပြီးမှ စုတိစိတ် ကျတာလည်း ရှိတယ်။
- မရဏာသန္နဇောရဲ့ နောင်မှာ ဘဝင်တွေ များစွာကျတယ်၊ ဘဝင်ကျပြီးတော့မှ စုတိစိတ်ကျတာလည်း ရှိတယ်။
- မရဏာသန္နဇောရဲ့ နောင်မှာ တဒါရုံကျတယ်၊ တဒါရုံနောင်မှာ ဘဝင်တွေ များစွာ ကျပြီးတော့မှ စုတိစိတ်ကျတာလည်း ရှိတယ်။
အားလုံး ပေါင်းလိုက်တော့ စုတိစိတ်ကျပုံ လေးမျိုး ရှိပါတယ်။ ဒီလေးမျိုးထဲမှာ ဒီယောဂီက မရဏာသန္နဇောရဲ့ နောင်မှာ ဘဝင်တွေ အကြိမ်များစွာ ကျနေတယ်။ ဘဝင်တွေ အကြိမ်များစွာ ကျနေတာက ဘယ်လောက် ကြာသလဲလို့ မေးလျှင်တော့ ဘယ်လောက်ကြာတယ်လို့ အတိအကျ ခန့်မှန်းလို့ မရ သော်လည်း ရက်တော်တော် ခပ်ကြာကြာကလေး မေ့မြောနေတဲ့ ပုံသဏ္ဌာန်အသွင် ရှိနေပါတယ်။ မသေမီမှာ ဒီဘဝင်စိတ်တွေက အကြိမ်များစွာ ကျနေတဲ့အတွက် အဖြူပြင်ကြီးကို အချိန်အတော် ခပ်ကြာကြာကလေး မြင်လိုက်တော့ ဒီအဖြူပြင်ကို ဖြုန်းခနဲ ထိုးဖောက်ရှုလို့ မပေါက်နိုင် ဖြစ်နေတယ်။
ရှေ့ဘက်ကို ကျော်ပြီး စိုက်ခိုင်းလိုက်တဲ့ အချိန်အခါမှာ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံတွေက ပြန်ပြီး ထင်နေပါတယ်။ ဒီလို ထင်နေတဲ့အတွက် ဒီဘက်ကို ပြန်ဆုတ်ပြီး ကြည့်လိုက်တဲ့အခါ သေခါနီးကာလ စုတိစိတ် မကျမီအတွင်းကလေးမှာလည်း မရဏာသန္နဇောရဲ့ အာရုံတွေက ဒီအဖြူရောင်နိမိတ်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေရာမှာ ဘုန်းကြီး ပြောချင်တဲ့ အချက်ကတော့ ခုလို မေ့မြောနေတဲ့ပုဂ္ဂိုလ်မှာ ဒီအဖြူရောင်က ဝင်နေပြီ ဆိုတော့ ဒီအဖြူရောင်သည် ဘာလဲလို့ သိချင်တဲ့စိတ်ဓာတ်နဲ့ ဒုတိယအတိတ်ဘဝမှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို တစ်ဖန်ပြန်ပြီး သိမ်းဆည်းခိုင်းရပါတယ်။
အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
ဤကဲ့သို့သော အဋ္ဌကထာများရဲ့ ညွှန်ကြားချက်နှင့်အညီ ရှေ့ဆက်ပြီး ရုပ်နာမ်တွေကို သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ သူရဲ့ ဒုတိယအတိတ်ဘဝမှာ သူက စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ ဒီစာသင်ကျောင်း ဆောက်လုပ်လှူဒါန်းတဲ့ အခမ်းအနားမှာ ဒီစာသင်ကျောင်းရဲ့ မျက်နှာကြက်ကိုလည်း ပိတ်ဖြူမျက်နှာကြက်တွေနဲ့ မိုးထားပါတယ်။ နံရံ တွေကိုလည်း ပိတ်ဖြူတွေနဲ့ ကာရံပြီးတော့ အဖြူရောင်တွေဖြင့် လွှမ်းခြုံထား ပါတယ်။ သေခါနီးကာလမှာ ဒီကောင်းမှုကုသိုလ်ကံတွေက နိမိတ်အဖြစ်နဲ့ ထင်လာတဲ့အတွက် အဖြူရောင်အာရုံကြီး သူ့နိမိတ်ထဲမှာ လာပေါ်နေခြင်း ဖြစ်ပါတယ်။
ဒုတိယအတိတ် မရဏာသန္နဇောက အဖြူရောင်ကမ္မနိမိတ်ကို အာရုံပြုတဲ့အတွက် ပထမအတိတ် ပဋိသန္ဓေ, ဘဝင်, စုတိစိတ်တို့ကလည်း ဒီအဖြူရောင်ကမ္မနိမိတ်ကိုပဲ ပြန်ပြီး အာရုံပြုနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပထမအတိတ် သေခါနီးကာလမှာ မရဏာသန္နဇောနဲ့ စုတိစိတ်တို့ရဲ့အကြားမှာ ဘဝင်တွေ အကြိမ်များစွာ ကျနေတဲ့အချိန်အခါမှာ ဒီဘဝင်စိတ်က ဒီအဖြူရောင်အာရုံကိုပဲ ပြန်ပြီး အာရုံပြုနေပါတယ်။ သို့သော် လက်ရှိဘဝ ပဋိသန္ဓေ အကျိုးကို ပေးနေတဲ့ကံကတော့ ဒီအဖြူရောင်ကမ္မနိမိတ်ကို အာရုံယူနေတဲ့ သင်္ခါရကံတွေ မဟုတ်ပါဘူး။ သစ်သီးဆွမ်းလှူဒါန်းနေတဲ့ ကမ္မနိမိတ်ကို အာရုံ ယူနေတဲ့ သင်္ခါရကံတွေသာ ဖြစ်ကြပါတယ်။
ဒါကြောင့် ဒီလက်ရှိဘဝ ပဋိသန္ဓေ,ဘဝင်, စုတိစိတ်တို့ရဲ့ အာရုံကတော့ သစ်သီးဆွမ်းလောင်းလှူနေတဲ့ ကမ္မနိမိတ်အာရုံတွေ ဖြစ်ပါတယ်။ နိမိတ်ချင်း မတူပါဘူး။ ဒီလို အကြောင်းတရားတွေကို စနစ်တကျ သိမ်းဆည်းတဲ့ အပိုင်းမှာ ဘုန်းကြီးတို့လည်း ယောဂီပုဂ္ဂိုလ်တွေကို ပိုက်စိပ်တိုက်ပြီးတော့ စိတ္တက္ခဏတိုင်းမှာ ခန္ဓာငါးပါး ဖွဲ့ပြီးတော့ အကြောင်းတရား သိမ်းဆည်းပုံတွေကို သင်ပေးရပါတယ်။ ဒီလို သင်ပေးပြီးတဲ့ အချိန်အခါမှာ အဋ္ဌကထာကြီးများက ထပ်ဆင့်ပြီး ဘယ်လို ညွှန်ကြားထားသလဲ?
အတိတ်မှ အတိတ်သို့
အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါတိ -- ဧဝံ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
အတိတ် ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်။ အနာဂတ် ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရား ပဲ ရှိတယ်။ ပစ္စုပ္ပန် ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ်လို့ ဒီလို ဆက်လက်ပြီး သိမ်းဆည်းဖို့ရန် ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်က ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ အာဟာရသုတ္တန်ဒေသနာတော်နည်းအရ ညွှန်ကြားခြင်းဖြစ်တယ်ဆိုပြီးတော့ အဋ္ဌကထာများကလည်း ရှင်းလင်း တင်ပြထားပါတယ်။ ဘုရားဟောဒေသနာတော်များကို ကိုးကားပြီး ရှင်းလင်းထားတဲ့ ရှင်းလင်းချက်ကလေး ဖြစ်ပါတယ်။
ဒါကြောင့် အတိတ်မှာလည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ ရှိတယ် လို့ သိချင်လျှင် နောက်ထပ် အတိတ်ဘဝတစ်ခုကို ထပ်ရှုဖို့ မလိုဘူးလား? လိုအပ်နေပါတယ်။ သို့သော် အတိတ်သံသရာခရီးက သိပ်ပြီး ရှည်လျားလွန်းလှတဲ့အတွက် သာဝကတစ်ဦးအနေဖြင့် အတိတ်သံသရာခရီးကိုတော့ ကုန်စင်အောင် သိမ်းဆည်းလို့ ရနိုင်ပါမလား? မရနိုင်ဘူး။ ဒီလို ကုန်စင်အောင် သိမ်းဆည်းလို့ မရနိုင်တဲ့အတွက်ကြောင့် တစ်ဘဝ, နှစ်ဘဝ, သုံးဘဝ စသည်ဖြင့် မိမိ စွမ်းအားရှိသလောက် သိမ်းဆည်းရပါတယ်။
ဒီလို အတိတ်ဘဝတွေမှာ အကြောင်းတရားနဲ့ အကျိုးတရားတွေပဲ ရှိတယ်ဆိုတာကို သိမ်းဆည်းသိရှိပြီးတဲ့အခါ မသိမ်းဆည်းနိုင်တဲ့ အတိတ်တွေမှာလည်း ထိုနည်းလည်းကောင်းပဲလို့ အနုမာနအားဖြင့် မှန်းဆပြီးတော့ သိမ်းဆည်းရပါတယ်။ အတိတ်, အနာဂတ်တွေကို လုံးလုံး မသိမ်းဆည်းဘဲ စကတည်းက မှန်းဆပြီး အနုမာနအားဖြင့် အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလသုံးပါးအတွင်းမှာ အကြောင်းတရား, အကျိုးတရားတွေကို သိမ်းဆည်း ရတာမျိုးတော့ မဟုတ်ပါဘူး။
အတိတ်ကို သိမ်းဆည်းရသလို နောက်ထပ် အနာဂတ်ကိုလည်း သိမ်းဆည်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့် လိုအပ်တယ်ဆိုတာ နောက်ထပ် ဘုန်းကြီး ဆက်ပြီး ရှင်းပြပါမယ်။ အတိတ်ဘက်ကို တာစူပြီး ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတော့ အကြောင်းတရားတွေကို ရှာဖွေရသလို အနာဂတ် ကာလကို တာစူပြီးတော့လည်း ရုပ်နာမ်တွေကို သိမ်းဆည်းပြီး အကြောင်းတရားတွေကို တစ်ဆင့်တက်ပြီး ရှာဖွေနိုင်ပါတယ်။ ရှာဖွေတဲ့အပိုင်းမှာ ဝယဓမ္မာနုပဿီပိုင်းနဲ့လည်း ဆက်စပ်နေတဲ့အတွက် ဒီအပိုင်းကို ဘုန်းကြီး ထပ်ပြီး ပြောပြပါမယ်။ မြတ်စွာဘုရားက ဒီဝယဓမ္မာနုပဿီပိုင်းမှာ ဘယ်လို ဟောကြားထားတော်မူသလဲ?
ဝယဓမ္မာနုပဿီပိုင်း
ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မိံ = ကာယ၌။ (ဝါ) ရူပကာယ, နာမကာယ၌။ ဝယဓမ္မာနုပဿီ ဝါ = ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုနေဖို့ ညွှန်ကြားထားတော်မူပါတယ်။ ချုပ်တာက ဥပ္ပါဒနိရောဓနဲ့ အနုပ္ပဒနိရောဓဆိုပြီး နှစ်မျိုး ရှိပါတယ်။ နောက်ထပ်တစ်ဖန် ဘယ်တော့မှ ဖြစ်ခွင့်မရှိတဲ့ နောက်ထပ်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ ယောဂီတွေ ရုပ်တရား နာမ်တရားတွေကို လှမ်းပြီး သိမ်းဆည်းတတ်ပြီ ဆိုကြစို့။ ရုပ်တရားတွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်ကြပါတယ်။ နာမ်တရားတွေကလည်း ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်ကြပါတယ်။ ဒါပေမယ့် အကြောင်းတရားတွေက မကုန်သေးလျှင် ဒီရုပ်တွေ နာမ်တွေက ထပ်ပြီးတော့ ဖြစ်ပြန်တယ်။ တစ်ဖန် ထပ်ပြီး ပျက်ပြန်တယ်။ နောက်ထပ် အကြောင်းတရားတွေက မကုန်သေးလျှင် ထပ်ပြီးတော့ ဖြစ်ပြန်တယ်။ ထပ်ဖြစ်လည်း ပျက်သွားပြန်တယ်။ ဒီလို ပျက်သွားပေမယ့် အကြောင်းတရားတွေက မကုန်သေးလျှင် ထပ်ပြီးတော့ ဖြစ်ပြန်တယ်။ ဒီလို ဖြစ်မှုပျက်မှုမျိုးကိုတော့ ဥပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ အကြောင်းတရားတွေ မကုန်သေးတဲ့အတွက် နောင်တစ်ဖန် ဖြစ်ခွင့်ရှိနေသော ချုပ်ငြိမ်းမှုပဲ ဖြစ်ပါတယ်။
အနုပ္ပါဒနိရောဓဆိုတာကတော့ နောင်တစ်ဖန် ဖြစ်ခွင့်မရှိတဲ့ ချုပ်ငြိမ်းမှု ဖြစ်ပါတယ်။ နောင်တစ်ဖန် ဖြစ်ခွင့်မရှိဘူးဆိုတာက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေသည် နောက်ထပ်တစ်ဖန် ပြန်လည်ပြီး ဖြစ်ခွင့်မရှိတော့ဘူး။ ဒီလို နောက်ထပ်တစ်ဖန် ဘယ်တော့မှ ပြန်ဖြစ်ခွင့်မရှိတဲ့ ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ ဒီအနုပ္ပါဒနိရောဓကို တချို့နေရာမှာ ကိလေသပရိနိဗ္ဗာန် (အဘိ၊ဋ္ဌ၊၂၊၄၁၃။)ဆိုပြီး ဒီလိုလည်း သုံးထားပါတယ်။ ဒီကိလေသပရိနိဗ္ဗာန်ကိုပဲ သဥပါဒိသေသနိဗ္ဗာန်ဆိုပြီး တချို့နေရာမှာ (အံ၊၃၊၁၈၄-၁၈၇။ ဣတိဝုတ္တက၊၂၂၀။) ဒီလိုလည်း သုံးထားပါတယ်။
ဘုန်းကြီးတို့ မြတ်စွာဘုရားကို ကွက်ပြီး ပြောမယ်ဆိုလျှင် မြတ်စွာဘုရားရှင်ရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ဒီကိလေသာတွေသည် ဘယ်အခါမှာ လုံးဝ ချုပ်ငြိမ်း ကုန်ဆုံးသွားသလဲ? ဗောဓိမဏ္ဍိုင်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်ကို ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေသည် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓအားဖြင့် ချုပ်ငြိမ်းသွားပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၁၃။) နောက်ထပ်တစ်ဖန် ဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ထပ်ဖြစ်ခွင့် ရှိသေးသလား? မရှိတော့ဘူး။ ဒီလို ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ ဒီလို ချုပ်ငြိမ်းမှုကတော့ အရဟတ္တမဂ်ဆိုက်မှ ချုပ်ငြိမ်းပါတယ်။
သို့သော် ခန္ဓပရိနိဗ္ဗာန်ခေါ်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေရဲ့ လုံးဝ ချုပ်ငြိမ်းမှုကတော့ ဘယ်အခါမှာ ဘုရားရှင်ရဲ့သန္တာန်မှာ ချုပ်ငြိမ်းသွားသလဲ? ၄၅-ဝါပြည့်လို့ ကုသိနာရုံမှာ ပရိနိဗ္ဗာန် စံတော်မူတဲ့ အချိန်အခါမှာ ခန္ဓာငါးပါး တို့သည် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတယ်။ ဒီလို ချုပ်ငြိမ်းမှုကိုတော့ အနုပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၄၁၃။) ဒီခန္ဓာ ငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုကိုတော့ ခန္ဓပရိနိဗ္ဗာန်လို့ ဒီလိုလည်း သုံးထားပါတယ်။(အဘိ၊ဋ္ဌ၊၂၊၄၁၃။) အနုပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်ဝေါ် သုံးစွဲထားပါတယ်။ (ဣတိဝုတ္တက၊၂၂၀။)
ဒီလို အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင်ရှုပါ ဆိုပြီးတော့ မြတ်စွာဘုရားက ဒီမဟာသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။ ဒီအနုပ္ပါဒနိရောဓသဘောကို မြင်အောင် ရှုဖို့ရန် ယောဂီပုဂ္ဂိုလ်တွေကို ဘုရားရှင်က ညွှန်ကြားထားတဲ့အတွက် ဒီရှုရမယ့် ယောဂီပုဂ္ဂိုလ်သည် ထိုအချိန်အခါမှာ ရဟန္တာ ဖြစ်နေပြီလား? မဖြစ်သေးဘူး။ ရဟန္တာဖြစ်မယ့်အချိန်သည် ထိုပုဂ္ဂိုလ်အတွက် ဘယ်အချိန်ကာလ ဖြစ်မလဲ?
ဒီဘဝအနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ နောက်ထပ် ဘဝတစ်ခုလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်သော်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒီဘဝမှာ ရဟန္တာ ဖြစ်မယ့်ပုဂ္ဂိုလ်အတွက် ဒီဘဝအနာဂတ်, နောက်နောင် ဘဝတစ်ခုလို့ ခေါ်ဆို အပ်တဲ့ အနာဂတ်ကာလမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေက အရဟတ္တမဂ်ဆိုက်တဲ့ အချိန်အခါမှာ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်၌ ခန္ဓာငါးပါး, ရုပ်တရား, နာမ်တရားတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင် လှမ်းပြီး ရှုရတော့မယ်။ ဒီရှုကွက်ကို ရည်ရွယ်ပြီးတော့ ဘုရားရှင်က --
ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မိံ = ကာယ၌။ (ဝါ) ရူပကာယ, နာမကာယ၌။ ဝယဓမ္မာနုပဿီ ဝါ = ချုပ်ကြောင်းဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
ဒီလို ဟောကြားထားပါတယ်။ မဟာသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ဒီချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုနေဖို့ မြတ်စွာဘုရား ထည့်သွင်းပြီး ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒီချုပ်ကြောင်းသဘောနဲ့ ချုပ်ခြင်းသဘောဆိုတာက ဘယ်သဘောတွေလဲ? အဝိဇ္ဇာ,တဏှာ, ဥပါဒါန်,သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေက အရဟတ္တမဂ်ကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးခန္ဓာ ငါးပါးတို့ရဲ့ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး နောက်ထပ်တစ်ဖန် ဘယ်တော့မှမဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့ ခေါ်ဆိုတယ်။ ယင်းအနုပ္ပါဒနိရောဓသဘောကို ချုပ်ကြောင်းသဘောလို့ ဆိုလိုပါတယ်။ မိမိ ရှုနေတဲ့ ဒီခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတို့ရဲ့ ခဏမစဲ တသဲသဲ အားဖြင့် ချုပ်ပြတ်နေတဲ့သဘောတွေကို ဥပ္ပါဒနိရောဓဆိုပြီး ဒီလို ခေါ်ပါတယ်။ ယင်းဥပ္ပါဒနိရောဓကိုပဲ ချုပ်ခြင်းသဘောလို့ ဆိုလိုပါတယ်။ ဥပ္ပါဒနိရောဓသဘော, အနုပ္ပါဒနိရောဓသဘောဆိုတဲ့ ဒီနိရောဓ နှစ်မျိုးလုံးကို ဒီ အပိုင်းမှာ ယောဂါဝစရပုဂ္ဂိုလ်က မြင်အောင် ရှုရမယ့်လုပ်ငန်းခွင် ဖြစ်နေပါ တယ်။
ရှုပုံနည်းစနစ်ကတော့ အနာဂတ်ဘက်ကို တာစူကာ ရုပ်နာမ်တို့ကို သိမ်း ဆည်းပါ။ အရဟတ္တမဂ် ဆိုက်မည့်အချိန်အထိ သိမ်းဆည်းပါ။ အရဟတ္တမဂ်ကို ပုထုဇန်အနေနှင့် အာရုံမပြုနိုင်သော်လည်း ထိုအရဟတ္တမဂ် ဆိုက်မယ့် အချိန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ရဲ့ ချုပ်ငြိမ်းမှုကိုတော့ ဉာဏ်ဖြင့် တွေ့မြင်နိုင်ပါတယ်။ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားသောအခါ ဘဝသစ်ကို တွယ်တာတပ်မက်မှု ဆိုတဲ့ တဏှာအစိုဓာတ်အစေးဓာတ်ရဲ့ အားပေးထောက်ပံ့မှုကို မရရှိတဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့ ရဟန္တာမဖြစ်မီ ထူထောင်ခဲ့တဲ့ သင်္ခါရ, ကံတွေဟာလည်း ဘဝသစ်ကို ဖြစ်စေနိုင်တဲ့စွမ်းအင်တွေ ကုန်ခန်းသွားပါတယ်။ ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားတွေ မရှိကြတော့ဘူး။ ဒါကြောင့် အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေဟာ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားကြတယ်။ အကြောင်းတရားတွေရဲ့ ချုပ်ငြိမ်းမှုကြောင့် အကျိုးခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြတယ်။ ယင်းအကြောင်း အကျိုး နှစ်ရပ်လုံးတို့ရဲ့ ချုပ်ငြိမ်းမှုကို မြင်အောင် လှမ်းရှုပါ။ အဲဒီအခါကျမှ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ စတဲ့ ရှုကွက်ကို ရှုနိုင်မှာ ဖြစ်ပါတယ်။ ချုပ်ကြောင်းသဘောကိုရှုတဲ့ ရှုကွက် ဖြစ်ပါတယ်။
ဒီလို နိရောဓတွေကို ရှုရတဲ့အပိုင်းမှာ ခန္ဓာငါးပါး, ရုပ်တရား နာမ်တရား တို့ရဲ့ ဖြစ်ပြီး ပျက်နေတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုရပါတယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့သဘောတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုရပါတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့သဘောတရားတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီး အနတ္တလို့ ရှုရပါတယ်။ ဒီလို ရှုတဲ့ရှုကွက်ကတော့ ချုပ်ခြင်းသဘောကို ရှုတဲ့ရှုကွက် ဖြစ်ပါတယ်။
ဒီလို အနိစ္စ, ဒုက္ခ, အနတ္တလို့ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ဝိပဿနာရှုလိုက်တဲ့အခါ ဝိပဿနာဉာဏ်တွေက တော်တော်ကလေး ရင့်ကျက်လာပြီဆိုလျှင် ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေထဲမှာ မြဲနေတဲ့ နိစ္စသဘာဝ, ချမ်းသာတဲ့ သုခသဘာဝ, ခိုင်မြဲတဲ့ အတ္တသဘာဝကို လှမ်းပြီး ရှာဖွေကြည့်သော်လည်း ရှာဖွေလို့ မတွေ့နိုင်တော့ဘူး။ နိစ္စဆိုတဲ့ အမှတ်နိမိတ်တွေမှလည်း ကင်းဆိတ်နေတယ်၊ သုခဆိုတဲ့ အမှတ်နိမိတ်တွေမှလည်း ကင်းဆိတ်နေတယ်၊ အတ္တဆိုတဲ့ အမှတ်နိမိတ်တွေမှလည်း ကင်းဆိတ်နေတယ်။
အနိမိတ္တစေတောသမာဓိ
ဒီလို နိစ္စ, သုခ, အတ္တဆိုတဲ့ အမှတ်နိမိတ်တွေမှ ကင်းဆိတ်နေတဲ့ အတွက်ကြောင့် ဒီဝိပဿနာစိတ်အစဉ်တွေကို အနိမိတ္တစေတောသမာဓိ ဆိုပြီး ဒီလို ခေါ်ပါတယ်။ အနိမိတ္တစေတောသမာဓိဆိုတာက နိစ္စ, သုခ,အတ္တ ဆိုတဲ့ အမှတ်နိမိတ်တွေမှ ကင်းဆိတ်နေတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာတွေမှာ ကောင်းစွာ တည်နေတဲ့ သမာဓိလို့ ဒီလို ဆိုလိုပါတယ်။ ဒီအနိမိတ္တစေတောသမာဓိကို ပွားများဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားရှင်က ဒီစူဠသုညတသုတ္တန်မှာ ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ အာကိဉ္စညာယတနသညံ၊ အမနသိကရိတွာ နေဝသညာနာသညာယတနသညံ၊ အနိမိတ္တံ စေတောသမာဓိံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၅၀။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အနိမိတ္တံ စေတောသမာဓိံ = အနိမိတ္တစေတောသမာဓိကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသောသမာဓိကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွားလျက်ရှိပေ၏။
အနိမိတ္တစေတောသမာဓိဆိုတာ ဘာလဲ? နိစ္စနိမိတ်, သုခနိမိတ်, အတ္တနိမိတ်တို့မှ ကင်းဆိတ်နေတဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေတဲ့ သမာဓိကိုပဲ အနိမိတ္တစေတောသမာဓိလို့ ခေါ်ပါတယ်၊၊ ယင်းသမာဓိကို ဆက်လက် ပွားနေတယ်။ ယင်းသမာဓိကို ဆက်လက် ထူထောင်နေတယ်။
တဿ အနိမိတ္တေ စေတောသမာဓိမှိ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၅၀။)
အနိမိတ္တေ စေတောသမာဓိမှိ = အနိမိတ္တစေတောသမာဓိ၌။ တဿ = ထိုယောဂါဝစရရဟန်းတော်၏။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်၍သွားပေ၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
ဒီအနိမိတ္တစေတောသမာဓိထဲမှာပဲ ဒီရဟန်းတော်ရဲ့စိတ်ဓာတ်က ပြေးဝင်သွားတယ်၊ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်၍နေတယ်။ အထူးသဖြင့် ဒီအပိုင်းကတော့ သင်္ခါရုပေက္ခာပိုင်းကို မြတ်စွာဘုရား ရည်ညွှန်းထားပါတယ်။ သင်္ခါရတရားတွေရဲ့ ဖြစ်မှု ပျက်မှု သဘောတွေကို ရှုရာကနေ ဉာဏ်တွေက ထက်လာတဲ့အခါ အဖြစ်ကို မကြည့် တော့ပဲ အပျက်သက်သက်ကိုသာ အာရုံယူပြီး ကြည့်ရတယ်။ ဒီလို အပျက်သက်သက်ကို အာရုံယူပြီး ကြည့်လိုက်တဲ့အချိန်အခါမှာ တဖြည်းဖြည်းနဲ့ သမာဓိတွေက စွမ်းအင် ထက်မြက်လာပါတယ်။
ဥဒယဗ္ဗယဉာဏ်လောက်ကနေ စပြီး စွမ်းအင်တွေကတော့ ကြီးမားလာပါတယ်။ ဉာဏ်တွေက သိပ်ထက်လာတဲ့ အချိန်အခါမှာ သင်္ခါရုပေက္ခာဉာဏ် အဆင့်သို့ ရောက်လျှင်တော့ ဘာဝနာစိတ်က လှုပ်ရှားလို့ မရအောင် ဒီသင်္ခါရ တရားတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ ဆိုတဲ့ အခြင်းအရာတစ်ခုခုမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပါတယ်။ ဒီလို တည်နေတဲ့ သမာဓိမျိုးကို ဘုရားရှင်က ရည်ညွှန်းထားပါတယ်။ ဒီအဆင့်အထိ ရောက်လာတော့ ဒီရဟန်းတော်ရဲ့သန္တာန်မှာ ဘယ်လို ဖြစ်လာသလဲ?
မရှိတဲ့ပူပန်မှုနှင့် ရှိတဲ့ပူပန်မှု
သော ဧဝံ ပဇာနာတိ -- ယေ အဿု ဒရထာ အာကိဉ္စညာယတနသညံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ နေဝသညာနာသညာယတနသညံ ပဋိစ္စ တေဓ န သန္တိ။ (မ၊၃၊၁၅၀။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိ၏။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှား ဖြစ်ပေါ်၍ လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအနိမိတ္တစေတောသမာဓိ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ ပဋိစ္စ = အစွဲပြ၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှား ဖြစ်ပေါ်၍ လာကြလေကုန်ရာ၏။ တေ =ထိုပူပန်မှုတို့သည်။ ဣဓ = ဤအနိမိတ္တစေတောသမာဓိ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
ဘယ်လို သိလာသလဲ? အာကိဉ္စညာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ်လာတဲ့ပူပန်မှု, နေဝသညာနာသညာယတနသညာကို အစွဲပြုပြီး ဖြစ်ပေါ် လာတဲ့ပူပန်မှု ဒီပူပန်မှုတွေသည် ဒီအနိမိတ္တစေတောသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာသမာဓိမှာ ထင်ရှား မရှိကြတော့ဘူးဆိုတာကို ကွဲကွဲပြားပြား သိနေတယ်။ ဒီလောက်တွင် အကျိုးရှိသလားဆိုတော့ မကသေးပါဘူး။
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- ဣမမေဝ ကာယံ ပဋိစ္စ သဠာယတနိကံ ဇီဝိတပစ္စယာ။ (မ၊၃၊၁၅၀။)
သဠာယတနိကံ = အာယတနခြောက်ပါးတို့နှင့် ဆက်စပ်လျက်ရှိသော။ ဇီဝိတပစ္စယာ = ဇီဝိတိန္ဒြေ ထင်ရှားတည်ရှိနေခြင်းတည်းဟူသော အကြောင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော။ ဣမမေဝ ကာယံ = ဤရူပကာယ နာမကာယကိုပင်လျှင်။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဒရထမတ္တာ = အကြင် ပူပန်မှုမျှသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤတစ်ခုတည်းသော ပူပန်မှုမျှသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိပေ၏။
ပူပန်မှုကလေးတစ်ခုပဲ ရှိနေတော့တယ်၊ ဘယ်ပူပန်မှုလဲ? ဒီရူပကာယ နာမကာယတွေက --
- စက္ခာယတန + ရူပါယတန,
- သောတာယတန + သဒ္ဒါယတန,
- ဃာနာယတန + ဂန္ဓာယတန,
- ဇိဝှါယတန + ရသာယတန,
- ကာယာယတန + ဖောဋ္ဌဗ္ဗာယတန,
- မနာယတန + ဓမ္မာယတန
ဒီသဠာယတနခေါ်တဲ့ အာယတနခြောက်ပါးနဲ့ ဆက်စပ် ယှဉ်တွဲပြီး ဖြစ်ပေါ်နေကြတယ်။ ဇီဝိတိန္ဒြေ တည်ရှိခြင်းတည်းဟူသော အကြောင်းကြောင့်သာလျှင် ဒီရူပကာယ, နာမကာယတွေက ဆက်လက်ပြီးတော့ တည်တံ့နေတယ်။ ဇီဝိတခေါ်တဲ့ ဒီအသက်ကလေး မရှိတော့ဘူးဆိုလျှင် ဒီရူပကာယ, နာမကာယတွေ အရှည်ကြာမြင့်စွာ ဆက်လက်ပြီး တည်တံ့နိုင်မလား? မတည်တံ့နိုင်တော့ဘူး။
ဒါကြောင့် အာယတနခြောက်ပါးတို့နဲ့ ယှဉ်တွဲ ဆက်စပ်ပြီး ဖြစ်ပေါ်လာရတဲ့, ဇီဝိတိန္ဒြေ ထင်ရှားရှိခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ ဒီရူပကာယ နာမကာယကို အစွဲပြုပြီး ပူပန်မှုကလေးတစ်ခုတော့ ရှိနေတယ်။ ဒီပူပန်မှုက ဘာလဲလို့ မေးလျှင်တော့ ဒီဝိပဿနာဉာဏ်ကလေးကို ကြောင့်ကြစိုက်ပြီးတော့ ရှုပွားသုံးသပ်နေရတဲ့ ကြောင့်ကြမှုကလေးသာ ဖြစ်ပါတယ်။ ဒီကြောင့်ကြမှုကလေးတစ်ခုပဲ ထင်ရှားရှိတာကို ထင်ရှားရှိတယ်လို့ သူက သိနေတယ်။ သိနေတဲ့အတွက် ဘာဖြစ်လာသလဲ?
သော သုညမိဒံ သညာဂတံ အာကိဉ္စညာယတနသညာယာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ နေဝသညာနာသညာယတနသညာယာတိ ပဇာနာတိ၊ (မ၊၃၊၁၅၀။)
သော = ထိုရဟန်းတော်သည်။ ဣဒံ သညာဂတံ = ဤအနိမိတ္တစေတောသမာဓိဟု ခေါ်ဆိုအပ်တဲ့သညာသည်။ အာကိဉ္စညာယတနသညာယ = အာကိဉ္စညာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ =ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤအနိမိတ္တစေတောသမာဓိဟု ခေါ်ဆိုအပ်တဲ့သညာသည်။ နေဝသညာနာသညာယတနသညာယ = နေဝသညာနာသညာယတနသညာမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီအနိမိတ္တစေတောသမာဓိလို့ ခေါ်ဆိုအပ်တဲ့သညာမှာ အာကိဉ္စညာယတနသညာမှလည်း ဆိတ်သုဉ်းနေတဲ့ သုညတသဘော ထင်ရှားရှိတယ်။ နေဝသညာနာသညာယတနသညာမှလည်း ဆိတ်သုဉ်းနေတဲ့ သုညတသဘော ထင်ရှားရှိတယ်လို့ ဒီလို ကွဲကွဲပြားပြား သိနေတယ်။ နောက်တစ်ခု ဘယ်သဘောကို သိနေသလဲ? --
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ -- ဣမမေဝ ကာယံ ပဋိစ္စ သဠာယတနိကံ ဇီဝိတပစ္စယာ။ (မ၊၃၊၁၅၀။)
သဠာယနိကံ = အာယတနခြောက်ပါးတို့နှင့် ဆက်စပ် ယှဉ်တွဲလျက်ရှိသော။ ဇီဝိတပစ္စယာ = ဇီဝိတိန္ဒြေ ထင်ရှားတည်ရှိနေခြင်းကြောင့် ထင်ရှား ဖြစ်ပေါ်၍လာရသော။ ဣမမေဝ ကာယံ = ဤရူပကာယ, နာမကာယကို ပင်လျှင်။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ အသုညတံ = အကြင် တစ်ခုတည်းသော မဆိတ်သုဉ်းမှုသဘောတရားသည်။ အတ္ထိ = ရှိ၏။ ဣဒံ စေဝ အသုညတံ = ဤတစ်ခုတည်းသော မဆိတ်သုဉ်းတဲ့ အသုညတသဘောသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိပေ၏။ ဣတိ = ဤသို့လျှင်။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ဒီရုပ်တရား နာမ်တရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာကို ရှုပွားသုံးသပ်နေတော့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး သိနေတယ်။ ဒီလို သိနေတဲ့အချိန်အခါမှာ ဒီအသိဉာဏ် ထင်ရှားရှိနေတော့ သူ့ရဲ့သန္တာန်မှာ ဒီရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ ဆိတ်သုဉ်းနေတဲ့သဘာဝတစ်ခုကို သူက သိနေသလား? မသိသေးဘူး။ မဆိတ်သုဉ်းမှုသဘောကလေးတစ်ခုတော့ ကျန်နေသေးတယ်။ ဒါပေမယ့် အာကိဉ္စညာယတနသညာမှလည်း ဆိတ်သုဉ်းနေတဲ့သုညတသဘော, နေဝသညာနာသညာယတနသညာမှ ဆိတ်သုဉ်းနေတဲ့သုညတသဘောတွေ သူ့သန္တာန်မှာ ရှိနေတယ်။ မရှိတာကလေးက ဘာလဲ? ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စသဘာဝ, ဒုက္ခသဘာဝ, အနတ္တသဘာဝတွေမှ မဆိတ်သုဉ်းနေတဲ့ အသုညတသဘာဝကလေးတစ်ခုပဲ သူ့သန္တာန်မှာ ရှိနေတယ်။ ဒါကြောင့် ထိုရဟန်းတော်ဟာ ထင်ရှားရှိတာကိုလည်း ရှိတဲ့အတိုင်း သိနေတယ်။ မရှိတာကိုလည်း မရှိတဲ့အတိုင်း ထင်ရှားသိနေတယ်။ ဒီလို သိနေခြင်းဖြင့် ဘာအကျိုးရှိသလဲ?
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ၊ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၅၀။)
ဣတိ = ဤသို့လျှင်။ ယံ = အကြင် အာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနတို့၏ အစွမ်းအားဖြင့်ဖြစ်သော ပူပန်မှုသည်။ တတ္ထ = ထိုအနိမိတ္တစေတောသမာဓိဆိုတဲ့ ဝိပဿနာသမာဓိ၌။ န ဟောတိ = မဖြစ်။ တံ = အနိမိတ္တစေတောသမာဓိဆိုတဲ့ ဝိပဿနာသမာဓိကို။ တေန = ထိုအာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနသညာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာတဲ့ပူပန်ခြင်းမှ။ သုညံ = ကင်းဆိတ်၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ်ရှု၏။ တတ္ထ = ထိုအနိမိတ္တစေတောသမာဓိ၌။ ပဝတ္တံ = ဖြစ်ပေါ်၍နေသော။ ယံ ပန = အကြင် ကိလေသာမဖက် ပူပန်ခြင်း သက်သက်သည်ကား။ အဝသိဋ္ဌံ = ကြွင်းကျန်နေသေးသည်။ ဟောတိ = ဖြစ်၏။ တံ = ထိုကိလေသာမဖက် ပူပန်ခြင်းသက်သက်ကို။ ဣဒံ = ဤ ကိလေသာမဖက် ပူပန်ခြင်းသက်သက်သည်။ သန္တံ = ထင်ရှားရှိသည်ဖြစ်၍သာလျှင်။ အတ္ထီတိ = ရှိ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ပူပန်မှုကလေးတစ်ခု ထင်ရှားရှိတာကိုလည်း ရှိတဲ့အတိုင်း သိနေတယ်၊ မရှိတာကိုလည်း မရှိတဲ့အတိုင်း ကွဲကွဲပြားပြား သိနေတယ်။ တစ်နည်းပြောလျှင်တော့ အာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနသညာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာတဲ့ပူပန်မှု မရှိတာကိုလည်း မရှိတဲ့အတိုင်း သိနေတယ်၊ အနိမိတ္တစေတောသမာဓိခေါ်တဲ့ ဝိပဿနာသမာဓိကလေး မပျောက်ပျက်ရေးအတွက် ကြောင့်ကြပူပန်မှုကလေး ထင်ရှား ရှိနေတာကိုလည်း ရှိတဲ့အတိုင်းပဲ ကွဲကွဲပြားပြား သိနေတယ်။ ဒီလို သိလိုက်တဲ့အတွက် ဘာဖြစ်လာသလဲ?
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၅၀။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ အဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာသော။ အဝိပလ္လတ္ထာ = ဖောက်ပြန်မှုမရှိသော (ဝါ) မဖောက်မပြန်သော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ ဧသာ သုညတာဝက္ကန္တိ = အာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနသညာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ် လာတဲ့ ပူပန်ခြင်းမှ ကင်းဆိတ်သည်၏အဖြစ်ဟူသော ဤသုညတသဘောသို့ သက်ဝင်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍နေပေ၏။
ယခုလို ဝိပဿနာဘာဝနာတွေကို ဆက်တိုက် ပွားနေတဲ့ အချိန်အခါမှာ သင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုးမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့ အနိမိတ္တစေတောသမာဓိ ဖြစ်ခိုက်မှာ အာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနသညာတို့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်တွေကတော့ လုံးဝမရှိပါဘူး။ ယင်းပူပန်မှုတွေကတော့ ကင်းဆိတ်နေပါတယ်။ သို့သော် ဒီအနိမိတ္တစေတောသမာဓိခေါ်တဲ့ ဝိပဿနာသမာဓိကလေး မပျောက်ပျက်ရေးအတွက်တော့ ကြောင့်ကြပူပန်မှုကလေးတစ်ခုတော့ ရှိနေသေးပါတယ်။ မရှိတဲ့ပူပန်မှုကိုလည်း မရှိတော့ဘူးလို့ သိနေတယ်။ ရှိနေတဲ့ပူပန်မှုကိုလည်း ရှိနေတယ်လို့တော့ သိနေပါတယ်။
ချစ်သားအာနန္ဒာ ... ဒီလို သိနေခြင်းဟာလည်း ဒီရဟန်းတော်ရဲ့ သန္တာန်မှာ ဟုတ်တိုင်းမှန်စွာ မဖောက်မပြန် ဖြစ်ပေါ်လာတဲ့ စင်ကြယ်သန့်ရှင်း နေတဲ့ အာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနသညာတို့ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ပူပန်မှဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတစ်ခု ထင်ရှားဖြစ်ပေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာပဲ သုညတ သဘောက ကုန်ပြီလားဆိုတော့ မကုန်သေးပါဘူး။ မြတ်စွာဘုရားက နောက်ထပ် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသဘာဝတစ်ခုကို ဆက်ပြီး ဟောတော်မူပြန်ပါတယ်။ ဘယ်လို ဟောကြားထားတော်မူသလဲ?
ပုန စပရံ အာနန္ဒ ဘိက္ခု အမနသိကရိတွာ အာကိဉ္စညာယတနသညံ၊ အမနသိကရိတွာ နေဝသညာနာသညာယတနသညံ၊ အနိမိတ္တံ စေတောသမာဓိံ ပဋိစ္စ မနသိ ကရောတိ ဧကတ္တံ။ (မ၊၃၊၁၅၀။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ပုန စပရံ = နောက်တစ်မျိုးသော်ကား။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ အာကိဉ္စညာယတနသညံ = အာကိဉ္စညာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ နေဝသညာနာသညာယတနသညံ = နေဝသညာနာသညာယတနသညာကို။ အမနသိကရိတွာ = နှလုံးမသွင်းမူ၍။ အနိမိတ္တံ စေတောသမာဓိံ = အနိမိတ္တစေတောသမာဓိကို။ ပဋိစ္စ = အစွဲပြု၍။ ဧကတ္တံ = တစ်ခုတည်းသောအမှတ် သညာကို။ မနသိ ကရောတိ = နှလုံးသွင်း ရှုပွား၍နေပေ၏။
အနိမိတ္တစေတောသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာသမာဓိ တစ်ခုတည်းကိုသာ နှလုံးသွင်း ရှုပွားသုံးသပ်နေတယ်။ အာကိဉ္စညာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး။ နေဝသညာနာသညာယတနသညာကိုလည်း နှလုံးမသွင်းတော့ဘူး။
တဿ အနိမိတ္တေ စေတောသမာဓိမှိ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သန္တိဋ္ဌတိ အဓိမုစ္စတိ။ (မ၊၃၊၁၅၀။)
အနိမိတ္တေ စေတောသမာဓိမှိ = အနိမိတ္တစေတောသမာဓိ၌။ တဿ = ထိုရဟန်းတော်ရဲ့။ စိတ္တံ = စိတ်ဓာတ်သည်။ ပက္ခန္ဒတိ = ပြေးဝင်သွား၏။ ပသီဒတိ = ကြည်လင်၍နေပေ၏။ သန္တိဋ္ဌတိ = ကောင်းစွာ တည်နေပေ၏။ အဓိမုစ္စတိ = လွတ်လွတ် သက်ဝင်၍နေပေ၏။
ထိုရဟန်းတော်ရဲ့စိတ်ဓာတ်က ဒီအနိမိတ္တစေတောသမာဓိထဲမှာ ပြေးဝင်သွားတယ်၊ ကြည်လင်နေတယ်၊ ကောင်းစွာ တည်နေတယ်၊ လွတ်လွတ် သက်ဝင်၍နေတယ်၊ သက်ဝင်၍နေလိုက်တဲ့အတွက် ဘာဖြစ်လာသလဲ?
သော ဧဝံ ပဇာနာတိ -- အယမ္ပိ ခေါ အနိမိတ္တော စေတောသမာဓိ အဘိသင်္ခတော အဘိသေဉ္စတယိတော။ (မ၊၃၊၁၅၀။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ အယမ္ပိ ခေါ အနိမိတ္တော စေတောသမာဓိ = ဤအနိမိတ္တစေတောသမာဓိတရားကိုလည်းပဲ။ အဘိသင်္ခတော = အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်အပ်၏။ အဘိသေဉ္စတယိတော = အကြောင်းတရားတို့က စေ့ဆော်၍ ဖြစ်ပေါ်လာရပေ၏။
ဘယ်လို သိနေသလဲ? အနိမိတ္တစေတောသမာဓိ အမည်ရနေတဲ့ ဒီ ဝိပဿနာသမာဓိဟာလည်း ဆိုင်ရာ အကြောင်းတရားတွေက ပေါင်းစုပြုပြင် မှ ဖြစ်ပေါ်လာရတဲ့ ဓမ္မသဘာဝတစ်ခုသာ ဖြစ်ပါတယ်။ ဆိုင်ရာ အကြောင်းတရားတွေရဲ့ စေ့ဆော်မှု လှုံ့ဆော်မှုကြောင့်သာ ဖြစ်ပေါ်လာရတဲ့ သဘာဝ တစ်ခုသာ ဖြစ်ပါတယ်။ တရားနာပရိသတ်တွေ နည်းနည်းကလေး စဉ်းစား ကြည့်စမ်းပါ။ စထိုင်လိုက်တာနဲ့ ချက်ချင်း ဘုန်းကြီး ဟောနေတဲ့ ဝိပဿနာသမာဓိတွေ ဖြစ်နိုင်ပါမလား? မဖြစ်နိုင်ဘူး။
ဝိပဿနာသမာဓိကလေး ဖြစ်အောင်ကို တစ်ဆင့်ပြီးတစ်ဆင့် မကြိုးစားရဘူးလား? ကြိုးစားရတယ်။ ကြိုးစားအားထုတ်ပါမှ ဖြစ်ပေါ်လာခွင့်ရှိတဲ့ ဒီရုပ်တရား နာမ်တရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး ထိုးထွင်းသိနေတဲ့ ဒီဝိပဿနာ သမာဓိကိုလည်း အဘိသင်္ခတတရား အဘိသေဉ္စတယိတတရားလို့ ခေါ်ရတယ်။ ယောက်ျားတို့ရဲ့ ဇွဲလုံ့လဝီရိယ အမျိုးသမီးတို့ရဲ့ ဇွဲလုံ့လဝီရိယတွေနဲ့ အပြင်းအထန် စေ့ဆော် ကြိုးစားအားထုတ်ပါမှ ဖြစ်ပေါ်လာနိုင်တဲ့ သမာဓိ ဖြစ်ပါတယ်။ အချောင် ဖြစ်ပေါ်လာတာမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ အကြောင်းမရှိဘဲ ဖြစ်ပေါ်လာတာမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ ဒါကြောင့် --
ယံ ခေါ ပန ကိဉ္စိ အဘိသင်္ခတံ အဘိသေဉ္စတယိတံ တဒနိစ္စံ နိရောဓဓမ္မန္တိ ပဇာနာတိ။ (မ၊၃၊၁၅၀။)
အဘိသင်္ခတံ = ဖြစ်ကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်အပ်သော။ အဘိသေဉ္စတယိတံ = အကြောင်းတရားတို့သည် စေ့ဆော် တိုက်တွန်းအပ်သော။ ယံ ခေါ ပန ကိဉ္စိ = အကြင် တစ်စုံတစ်ခုသောတရားသည်။ အတ္ထိ = ရှိ၏။ တံ = ထိုတရားသည်ကား။ အနိစ္စံ = မမြဲတဲ့ အနိစ္စတရားသာတည်း။ နိရောဓဓမ္မံ = ချုပ်ပျက်ခြင်းသဘောရှိတဲ့ နိရောဓသဘောတရားသာတည်း။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
ပြုပြင်မှ ဖြစ်ပေါ်လာရတဲ့တရားဆိုတာက အနိစ္စတရားသာ မှန်တယ်၊ ချုပ်ပျက်တတ်တဲ့ နိရောဓတရားသာ မှန်တယ်။ ဘာကြောင့်လဲ? သဟေတုအနိစ္စသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။
အနိစ္စ-ဒုက္ခ-အနတ္တ ဖြစ်ရခြင်း၏ အကြောင်းရင်း
ရူပံ ဘိက္ခဝေ အနိစ္စံ။ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော။ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။)
ချစ်သားရဟန်းတို့ ... ရုပ်တရားသည် အနိစ္စတရားပဲ၊ ရုပ်တရားကို တိုက်ရိုက် ဖြစ်ပေါ်စေတတ်တဲ့ ဇနကအကြောင်းတရားတွေလည်း ရှိပါတယ်။ ရုပ်တရားတွေ ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နေတဲ့ ဥပတ္ထမ္ဘက အကြောင်းတရားတွေလည်း ရှိပါတယ်။ ဒီအကြောင်းတရားတွေ ကိုယ်တိုင်က ဖြစ်ပြီး ပျက်နေတဲ့ အနိစ္စတရားသာ မှန်တယ်။ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ ဒုက္ခတရားသာ မှန်တယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်ရှိနေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားသာ မှန်တယ်။ အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် အနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရတဲ့ ဒီရုပ်တရားသည် ဘယ်မှာသာလျှင် နိစ္စ, သုခ, အတ္တ ဖြစ်နိုင်ပါမလဲ ချစ်သားတို့ ...ဆိုပြီး ဒီလို ဘုရားရှင် ဟောတော်မူပါတယ်။
ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာတရား လေးပါးမှာလည်း ပုံစံတူပဲ ဟောထားပါတယ်။ ဒီခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတွေကို ဖြစ်စေတတ်တဲ့ အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် အနိစ္စ, ဒုက္ခ, အနတ္တဖြစ်နေတဲ့ ဒီအကြောင်းတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်လာတဲ့ ဒီခန္ဓာငါးပါး, ရုပ်တရားနာမ်တရားတွေသည် ဘယ်မှာ နိစ္စ, သုခ, အတ္တ ဖြစ်နိုင်မလဲ၊ အားလုံးဟာ အနိစ္စပဲ၊ အကြောင်း တရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့အတွက် အကျိုးခန္ဓာ ငါးပါး ရုပ်တရား, နာမ်တရားတွေလည်း အနိစ္စ, ဒုက္ခ, အနတ္တသဘောတွေသာ ဖြစ်ကြပါတယ်။
နာမ်ခန္ဓာလေးပါးထဲမှာ အကျုံးဝင်နေတဲ့ ဒီဝိပဿနာသမာဓိကလည်း ဆိုင်ရာအကြောင်းတရားတွေကြောင့်သာ ဖြစ်ပေါ်လာရတဲ့ သမာဓိတစ်ခု ဖြစ်ပါတယ်။ ဒီသမာဓိဟာလည်း အကြောင်းတရားတွေ ကိုယ်တိုင်က အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေတဲ့အတွက် အကျိုးဖြစ်တဲ့ ဒီဝိပဿနာသမာဓိဟာလည်း အနိစ္စ, ဒုက္ခ, အနတ္တသာ ဖြစ်ရပြန်တယ်။ အကယ်၍ နိစ္စသာ ဖြစ်မယ်ဆိုလျှင် ဒါယကာကြီးတွေ သမာဓိကလေး တစ်ချိန်လောက် ဖြစ်လိုက်လို့ နောက်ဘဝအထိ လျှောမကျဘူးဆိုလျှင်တော့ ဟန်ကျမသွားဘူးလား? ဟန်ကျသွားမယ်။ ခါးကလေးကော့ပြီးတော့ အိမ်ပြန်လို့ ရသွားမှာပဲ၊ သို့သော် ဒီဝိပဿနာသမာဓိက အနိစ္စတရားတွေပဲ၊ စေ့ဆော်နိုင်မှ ပြုပြင်နိုင်ပါမှ ဖြစ်ပေါ်လာရတဲ့ ဓမ္မသဘာဝတွေ ဖြစ်ခြင်းကြောင့် ဒီဝိပဿနာသမာဓိဟာလည်း အနိစ္စတရား, ဒုက္ခတရား, အနတ္တတရားသာ မှန်တယ်။ ဒီအချက်နဲ့ပတ်သက်လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ပေါရာဏအဋ္ဌကထာဆရာလို့ ခေါ်ဆိုအပ်တဲ့ ရှေးရှေးဆရာတော်ကြီးများ ဆုံးမထားတဲ့ အဆုံးအမကလေးတစ်ခုကို အဋ္ဌကထာဆရာတော်က မှတ်တမ်းတင်ထားပါတယ်။
တေနာဟု ပေါရာဏာ ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတီတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
ဉာတဆိုတာက ဝိပဿနာဉာဏ်ဖြင့် သိသင့်သိထိုက်တဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို ဉာတလို့ ခေါ်ပါတယ်။ ဒုက္ခသစ္စာတရား ဆိုတာက အတိတ်, အနာဂတ်, ပစ္စုပ္ပန် စတဲ့ (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးကို ခေါ်ပါတယ်။ သမုဒယသစ္စာတရားတွေဆိုတာက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေကို ခေါ်ပါတယ်။ ဒီဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေက ဝိပဿနာဉာဏ်ဖြင့် သိထိုက်တဲ့ တရားတွေဖြစ်လို့ သူတို့ကို ဉာတတရားလို့ ခေါ်တယ်။ သိနေတဲ့ ဝိပဿနာဉာဏ်ကိုတော့ ဉာဏတရားလို့ ခေါ်ပါတယ်။
ဉာတတရား, ဉာဏတရား နှစ်မျိုးလုံးကိုပဲ ဝိပဿနာရှုပါလို့ ဒီလို ညွှန်ကြားထားပါတယ်။ ဒါကြောင့် ဝိပဿနာဉာဏ်ကို တစ်ဖန်ပြန်ပြီးတော့ ဘာလုပ်ရမလဲ? ဝိပဿနာရှုရပါမယ်။ ဒီအပိုင်းမှာ ယေဘုယျအားဖြင့် ဒီ ဝိပဿနာဉာဏ်ဆိုသော်လည်း ဉာဏ်ဦးဆောင်နေတဲ့ စိတ်စေတသိက်တွေသာ ဖြစ်ပါတယ်။ ဉာဏ်လည်းယှဉ်မယ်, ပီတိလည်းယှဉ်မယ်ဆိုလျှင်တော့ ဒီဝိပဿနာဇောစိတ္တက္ခဏတိုင်းမှာ စိတ်စေတသိက် (၃၄)လုံးလောက်အထိ ရှိတတ်ပါတယ်။ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် (၁၂) လုံး၊ ဇော ခုနစ် ကြိမ်မှာ စိတ်စေတသိက် (၃၄)လုံးစီ ရှိတတ်ပါတယ်။ ဤဘင်္ဂဉာဏ်ပိုင်းလောက်က စပြီးတော့ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇောခုနစ်ကြိမ်တည်း ဖြစ်ပေါ်တဲ့ ဝိပဿနာဇောဝီထိစိတ်အစဉ်တွေ ဖြစ်ကြပါတယ်။ ဒီဇောဝီထိစိတ်အစဉ် နာမ်တရားတွေကိုလည်း တစ်ဖန်ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပေးရပါတယ်။ ဘာကြောင့် ရှုပေး ရသလဲ? အရှုခံအာရုံဖြစ်တဲ့ ဒုက္ခသစ္စာတရား, သမုသယသစ္စာတရားတွေက အနိစ္စ, ဒုက္ခ, အနတ္တတရားတွေ မှန်တယ်။ ရှုနေတဲ့ဝိပဿနာကိုတော့ နိစ္စ, သုခ, အတ္တပဲလို့ စွဲယူမှု မဖြစ်စေရန် ရှုနေတဲ့ဝိပဿနာဉာဏ်ကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တသာ မှန်တယ်လို့ တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုခိုင်းရပါတယ်။ ဘာကြောင့်လဲ?
ဧဝမေဝ ခေါ ဘိက္ခဝေ ကုလ္လူပမော မယာ ဓမ္မော ဒေသိတော နိတ္ထရဏတ္ထာယ၊ နော ဂဟဏတ္ထာယ။ ကုလ္လူပမံ ဝေါ ဘိက္ခဝေ ဓမ္မံ ဒေသိတံ၊ အာဇာနန္တေဟိ ဓမ္မာပိ ဝေါ ပဟာတဗ္ဗာ ပဂေဝ အဓမ္မာ။ (မ၊၁၊၁၈၈။)
ဘုရားရှင်က နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ကူးခတ်နိုင်ရေး ရောက်ရှိရေးအတွက် ဖောင်ဥပမာရှိတဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတွေကို ဟောကြား တော်မူခြင်း ဖြစ်ပါတယ်။ သမထပိုင်းမှာလည်း သမထဆိုင်ရာ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားရှိသလို ဝိပဿနာပိုင်းမှာလည်း ဝိပဿနာပိုင်းဆိုင်ရာ မဂ္ဂင် ရှစ်ပါးကျင့်စဉ်တရား ရှိပါတယ်။ ဝိပဿနာပိုင်းဆိုင်ရာ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားဆိုတာကလည်း ခုပြောခဲ့တဲ့ ဝိပဿနာဉာဏ် ပြဓာန်းနေတဲ့ ဝိပဿနာဇောဝီထိစိတ်အစဉ် သို့မဟုတ် ဝိပဿနာဇောစိတ်စေတသိက်တရားစုတွေပဲ ဖြစ်ကြပါတယ်။ ယင်းတရားတွေကို နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ကူးခတ် လွန်မြောက်နိုင်ရေးအတွက် ရောက်ရှိရေးအတွက်သာ ရည်ရွယ်ပြီး ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။
ငါ့ရဲ့ ဝိပဿနာဉာဏ်, ငါ့ရဲ့ ဝိပဿနာတရားတွေပဲ စသည်ဖြင့် စွဲလမ်း ဆုပ်ကိုင်ထားဖို့ ဟောကြားတော်မူခြင်း မဟုတ်ပါဘူး။ ဖောင်ဥပမာရှိတဲ့ တရားတော်ကို ဟောကြားတော်မူပါတယ်လို့ သိရှိကြတဲ့သူတွေဟာ ဓမ္မတွေကိုသော်လည်း စွန့်လွှတ်ရမယ်လို့ ငါဘုရား ဟောကြားပါတယ်။ အဓမ္မဆိုတာကတော့ ပြောဖွယ်ရာတောင် မလိုတော့ပါဘူး။ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ဓမ္မ, အဓမ္မ နှစ်မျိုးလုံးကိုပဲ စွန့်လွှတ်ဖို့ရန် မြတ်စွာဘုရားက တရားတော်ကို ဟောတော်မူခြင်း ဖြစ်တဲ့အတွက် ဓမ္မတွေ အပေါ်မှာ တစ်နည်းပြောရလျှင်တော့ ဓမ္မလို့ခေါ်ဆိုအပ်တဲ့ ဝိပဿနာမဂ္ဂင် = ဝိပဿနာနာမ်တရားတွေအပေါ်မှာ တွယ်တာနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲတွေကိုလည်း ပြုတ်ဖို့၊ အဓမ္မတွေအပေါ်မှာ တွယ်တာနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲတွေကိုလည်း ပြုတ်ဖို့ရန်အတွက် မြတ်စွာဘုရားက တရားတော်ကို ဟောကြားထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အရှုခံအာရုံဖြစ်တဲ့ ဉာတတရားတွေအပေါ်မှာသာ စွဲနေတဲ့ တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲဆိုတဲ့ အစွဲတွေ ကျွတ်ရေးအတွက် ဝိပဿနာရှုရသည် မဟုတ်ပါဘူး။ ရှုတတ်တဲ့ ဉာဏခေါ်တဲ့ ဝိပဿနာဉာဏ်တွေအပေါ်မှာလည်း တဏှာစွဲ, မာနစွဲ, ဒိဋ္ဌိစွဲတွေ မဖြစ်ရေးအတွက်လည်း ဆက်လက်ပြီးတော့ ဝိပဿနာ ရှုရပါတယ်။ ဒီလို ရှုနိုင်ပြီဆိုလျှင်တော့ ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာတဲ့အခါ ထိုဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာ အရိယမဂ်ဉာဏ် ပေါ်လာပါမယ်။ ထိုအရိယမဂ်ဉာဏ်ရဲ့ နောက်မှာ ဖိုလ်ဉာဏ်တွေ ပစ္စဝေက္ခဏာဉာဏ်တွေက ခြားခြားပြီး အကယ်၍ ဆက်တိုက် ဖြစ်သွားကြမယ်ဆိုလျှင် နောက်ဆုံး အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ ဆိုက်သွားနိုင်ပါမယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်အထိ ဆိုက်သွားလျှင် ဆိုင်ရာဆိုင်ရာ အရိယမဂ်တရားတွေက ဆိုင်ရာဆိုင်ရာ ကိလေသာတွေကို အကြွင်းမဲ့ ပယ်ရှားလိုက်တဲ့ အတွက် ဘာဖြစ်သွားမလဲ?
တဿ ဧဝံ ဇာနတော ဧဝံ ပဿတော ကာမာသဝါပိ စိတ္တံ ဝိမုစ္စတိ၊ ဘဝါသဝါပိ စိတ္တံ ဝိမုစ္စတိ၊ အဝိဇ္ဇာသဝါပိ စိတ္တံ ဝိမုစ္စတိ။ (မ၊၃၊၁၅၀။)
ဧဝံ = ဤသို့။ ဇာနတော = သိလျက်ရှိသော။ ဧဝံ = ဤသို့။ ပဿတော = မြင်လျက်ရှိသော။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်သည်။ ကာမာသဝါပိ = ကာမာသဝမှလည်းပဲ။ ဝိမုစ္စတိ = လွတ်မြောက်၍သွားပေ၏။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်သည်။ ဘဝါသဝါပိ = ဘဝါသဝမှလည်းပဲ။ ဝိမုစ္စတိ = လွတ်မြောက်၍သွားပေ၏။ တဿ = ထိုရဟန်းတော်၏။ စိတ္တံ = စိတ်သည်။ အဝိဇ္ဇာသဝါပိ = အဝိဇ္ဇာသဝါမှလည်းပဲ။ ဝိမုစ္စတိ = လွတ်မြောက်၍ သွားပေ၏။
နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းတဲ့အဆင့်ဖြစ်တဲ့ အနုပ္ပါဒနိရောဓကို ရောက်သွားပါတယ်။ ဘယ်အဆင့်လဲ? အရဟတ္တမဂ် အရဟတ္တဖိုလ် တိုင်အောင်သော အဆင့်အထိ ရောက်သွားပြီဆိုလျှင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ဒီအကြောင်းတရားတွေသည် နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွားပါတယ်။ ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝဆိုတဲ့ ဒီအာသဝေါတရားတွေဟာ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် ထိုရဟန်းတော်ရဲ့ စိတ်အစဉ်သည် ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝဆိုတဲ့ အာသဝေါတရား လေးပါးတို့မှ အပြီးတိုင် ကျွတ်လွတ် ထွက်မြောက်သွားပါတယ်။ ဒီလို ထွက်မြောက်သွားတဲ့အခါ စိတ်အစဉ်ဟာ ဘယ်လို ဖြစ်ပေါ်နေသလဲ?
ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။ (မ၊၃၊၁၅၀။)
ဒီလို အာသဝေါတရားတွေမှ အပြီးတိုင် လွတ်မြောက်သွားတဲ့အခါ ကိလေသာတို့မှ ငါ လွန်မြောက်ပြီဆိုတဲ့ ဒီအသိဉာဏ် ပေါ်လာပါတယ်။ ဒါကတော့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ရဲ့ နောက်ဆွယ်မှာ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့အခါ ငါ ကိလေသာတို့မှ လွတ်မြောက်ရပေပြီဆိုတဲ့ ဒီ ပစ္စဝေက္ခဏာဇောဝီထိ စိတ်အစဉ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို ဖြစ်ပေါ်လာတဲ့အခါမှာ နောက်ထပ် ဘယ်ဇောစိတ်အစဉ်တွေ ဖြစ်ပေါ်လာသလဲ?
ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။ (မ၊၃၊၁၅၀။)
ဇာတိ = ပဋိသန္ဓေနေရခြင်း ဇာတိတရားသည်။ ခီဏာ = ကုန်ဆုံး ပျက်ပြုန်းခဲ့လေပြီ။ ဗြဟ္မစရိယံ = သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်တဲ့ မဂ်တရားတည်းဟူသော မြတ်သောအကျင့်ကို။ ဝုသိတံ = ကျင့်သုံး၍ ပြီးခဲ့လေပြီ။ ကရဏီယံ = သာသနာတော်၌ ပြုသင့်ပြုထိုက်တဲ့ အရိယမဂ်ကိစ္စကို။ ကတံ = ငါ ပြုလုပ်၍ ပြီးခဲ့လေပြီ။ ဣတ္ထတ္တာယ = ဤမဂ်ဉာဏ်ကို ရရှိပါရခြင်း အကျိုးငှာ။ အပရံ = တစ်ပါးသော ပြုဖွယ်ကိစ္စသည်။ နတ္ထိ = မရှိတော့ပြီ။ ဣတိ = ဤသုိ့။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိလေ၏။
ပဋိသန္ဓေနေရခြင်း ဇာတိတရား ငါ့သန္တာန်မှာ ကုန်ဆုံး ပျက်စီးသွားပြီ။ သာသနာတော်မှာ ကျင့်သင့်ကျင့်ထိုက်တဲ့ မဂ္ဂဗြဟ္မစရိယခေါ်ဆိုတဲ့ မြတ်သော အကျင့်ကို ငါ ကျင့်သုံးပြီးပြီ။ သာသနာတော်မှာ ပြုသင့်ပြုထိုက်တဲ့ အရိယမဂ်ကိစ္စကို ငါ ပြုလုပ်ပြီးပြီ။ ဒီမဂ်ဉာဏ်ကို ရရှိရေးအတွက် နောက်ထပ်တစ်ဖန် ဆက်လက်ပြီး ငါ ပြုလုပ် ကြိုးစားဖို့ရန် မရှိတော့ပြီလို့ ဒီလို ကွဲကွဲပြားပြား သိရှိသွားတယ်။
ဒါယကာကြီးတွေ နည်းနည်း စဉ်းစားကြည့်စမ်းပါ။ ငါ့မှာ ပဋိသန္ဓေနေမှု ဒုက္ခတရားကြီး ကုန်ပြီလို့ မိမိကိုယ်တိုင် သိရလျှင် ဝမ်းသာဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ အိုနာသေရေး ဒုက္ခဘေးကြီးမှ လွတ်အောင် ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမယ်ဆိုတာကို ဘုရားရှင်က ဒီသုတ္တန်မှာ ဟောကြားထားပါတယ်။ နောက်ထပ် မြတ်စွာဘုရား ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?
သော ဧဝံ ပဇာနာတိ -- ယေ အဿု ဒရထာ ကာမာသဝံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ ဘဝါသဝံ ပဋိစ္စ တေဓ န သန္တိ၊ ယေ အဿု ဒရထာ အဝိဇ္ဇာသဝံ ပဋိစ္စ တေဓ န သန္တိ။ (မ၊၃၊၁၅၀။)
သော = ထိုရဟန်းတော်သည်။ ဧဝံ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိလေ၏။ ကာမာသဝံ = ကာမာသဝကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအနိမိတ္တစေတောသမာဓိ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ ဘဝါသဝံ = ဘဝါသဝကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုတို့သည်။ အဿု = ထင်ရှားဖြစ်ပေါ်၍လာကြလေကုန်ရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအနိမိတ္တစေတောသမာဓိ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။ အဝိဇ္ဇာသဝံ = အဝိဇ္ဇာသဝကို။ ပဋိစ္စ = အစွဲပြု၍။ ယေ ဒရထာ = အကြင် ပူပန်မှုသည်။ အဿု = ထင်ရှား ဖြစ်ပေါ်၍လာကြကုန်လေရာ၏။ တေ = ထိုပူပန်မှုတို့သည်။ ဣဓ = ဤအနိမိတ္တစေတောသမာဓိ၌။ န သန္တိ = ထင်ရှားမရှိကြလေကုန်။
ဒီအနိမိတ္တစေတောသမာဓိကို မြတ်စွာဘုရားက နောက်မှာ ပရမာနုတ္တရ သုညတ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသမာဓိဆိုပြီး ဒီလို ဟောကြားထားပါတယ်။ ဒီသမာဓိဖြင့် ကွဲကွဲပြားပြား သိနေပါတယ်။ ဘယ်လို သိနေသလဲ? ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝဆိုတဲ့ ဒီအာသဝတရားတွေကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ ပူပန်မှုတွေဟာ ဒီလို အနိမိတ္တစေတောသမာဓိ = ပရမာနုတ္တရစေတောသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ဒီသမာဓိတစ်ခုကို ရရှိနေတဲ့ သူတော်ကောင်းရဲ့သန္တာန်မှာ ဒီကာမာသဝတရား, ဘဝါသဝတရား, အဝိဇ္ဇာသဝတရားတွေကို အစွဲပြုပြီး ဖြစ်ပေါ်လာရတဲ့ ပူပန်မှုတွေ ရှိဦးမလား? မရှိတော့ဘူး။ ကိလေသာတည်းဟူသော အပူခပ်သိမ်းမှ အရှင်းကျွတ်ပြီး ကင်းလွတ်ထွက်မြောက်သွားပါတယ်။ ဒါပေမယ့် တစ်ခုတော့ ကျန်နေသေးတယ်။ ဘာကျန်နေသလဲ?
အတ္ထိ စေဝါယံ ဒရထမတ္တာ ယဒိဒံ -- ဣမမေဝ ကာယံ ပဋိစ္စ သဠာယတနိကံ ဇီဝိတပစ္စယာ။ (မ၊၃၊၁၅၀-၁၅၁။)
သဠာယတနိကံ = သဠာယတနခြောက်ပါးနှင့် ဆက်စပ် ယှဉ်တွဲလျက်ရှိသော။ ဇီဝိတပစ္စယာ = ဇီဝိတိန္ဒြေ ထင်ရှားရှိနေခြင်းတည်းဟူသော အကြောင်း ကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော။ ဣမမေဝ ကာယံ = ဤရူပကာယ နာမကာယကိုပင်လျှင်။ ပဋိစ္စ = အစွဲပြု၍။ ယဒိဒံ ဒရထမတ္တာ = အကြင် တစ်ခုတည်းသော ပူပန်မှုသည်။ အတ္ထိ = ရှိ၏။ အယံ စေဝ ဒရထမတ္တာ = ဤတစ်ခုတည်းသော ပူပန်မှုမျှသည်သာလျှင်။ အတ္ထိ = ထင်ရှားရှိပါပေ၏။
ပူပန်မှုကလေးတစ်ခု ရှိတယ်ဆိုတာက ဒီပူပန်မှုက ကိလေသာနဲ့ ယှဉ်တွဲ ဖြစ်ပေါ်နေတဲ့ ပူပန်မှုမျိုးတော့ မဟုတ်ပါဘူး။ ခန္ဓာဝန်ကြီးကို ရွက်ဆောင် နေရတဲ့ ဒုက္ခကလေးတစ်ခုလို့ ဆိုလိုပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ ကိလေသပရိနိဗ္ဗာန်ဟာ ဗောဓိမဏ္ဍိုင်မှာ စံတော်မူခဲ့ပါတယ်။ ဒါပေမယ့် (၄၅)ဝါအတွင်းမှာ ဒီခန္ဓာဝန်ကို မချနိုင်သေးတဲ့အတွက် ဒီခန္ဓာငါးပါး ရုပ်တရား နာမ်တရား ဆိုတဲ့ ဒုက္ခကြီးကို ဆက်လက်ပြီး ထမ်းဆောင် မနေရဘူးလား? ထမ်းဆောင် နေရတယ်။
ခန္ဓာငါးပါး မချုပ်ငြိမ်းသေးတဲ့ ဒီဒုက္ခကလေးတစ်ခုတော့ ရှိနေသေးတယ်။ ဘာဖြစ်လို့ မချုပ်ငြိမ်းသေးသလဲ? အာယတနခြောက်ပါးနှင့် ယှဉ်တွဲ ဆက်စပ်ပြီး ဖြစ်ပေါ်နေတယ်။ ဇီဝိတိန္ဒြေကလည်း ထင်ရှားရှိနေသေးတယ်။ ဒီလို ဇီဝိတိန္ဒြေကလေး ထင်ရှားရှိခြင်းတည်းဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာရတဲ့ ဒီရူပကာယ, နာမကာယဆိုတဲ့ ကာယကို အစွဲပြုပြီး ဖြစ်ပေါ် လာတဲ့ ပူပန်မှု ကြောင့်ကြမှုကလေးတစ်ခုပဲ ရှိနေသေးတယ်။ ဒါပေမယ့် ဒီပူပန် မှု ကြောင့်ကြမှုက ကိလေသာနဲ့ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ ပူပန်မှု ကြောင့်ကြမှုမျိုး ဟုတ်သလား? မဟုတ်ဘူး။ ခန္ဓာဝန်ကြီး ဇာတ်မသိမ်းနိုင်သေးတဲ့အတွက် ထမ်းဆောင်နေရတဲ့ ဆင်းရဲဒုက္ခကလေးတစ်ခုသာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒီရဟန်းတော်က ဘယ်လို သိနေသလဲ?
သော သုညမိဒံ သညာဂတံ ကာမာသဝေနာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ ဘဝါသဝေနာတိ ပဇာနာတိ၊ သုညမိဒံ သညာဂတံ အဝိဇ္ဇာသဝေနာတိ ပဇာနာတိ။ (မ၊၃၊၁၅၁။)
သော = ထိုရဟန်းသည်။ ဣဒံ သညာဂတံ = ဤပရမာနုတ္တရစေတောသမာဓိဟုခေါ်ဆိုအပ်တဲ့သညာသည်။ ကာမာသဝေန = ကာမာသဝမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤပရမာနုတ္တရစေတောသမာဓိဟုခေါ်ဆိုအပ်တဲ့ သညာသည်။ ဘဝါသဝေန = ဘဝသဝါမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။ ဣဒံ သညာဂတံ = ဤ ပရမာနုတ္တရစေတောသမာဓိဟုခေါ်ဆိုအပ်တဲ့ သညာသည်။ အဝိဇ္ဇာသဝေန = အဝိဇ္ဇာသဝမှ။ သုညံ = ဆိတ်သုဉ်းလျက်ရှိ၏။ ဣတိ = ဤသို့။ ပဇာနာတိ = ကွဲကွဲပြားပြား သိရှိ၏။
ဒီပရမာနုတ္တရစေတောသမာဓိက အထူးသဖြင့်တော့ အရဟတ္တဖိုလ် ဆိုက်သွားတဲ့အခါမှာ နိဗ္ဗာန်ကို အာရုံပြုနေပါတယ်။ ဒီလို နိဗ္ဗာန်ကို အာရုံပြုနေတဲ့ အချိန်အခါမှာ အရဟတ္တဖိုလ်စိတ်အစဉ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ထိုစိတ်စေတသိက်တွေမှာ ကာမာသဝ, ဘဝါသဝ, အဝိဇ္ဇာသဝတို့မှ ကင်းဆိတ် နေတဲ့ သုညတသဘာဝတွေ ထင်ရှားရှိနေပါတယ်။ ဒီသုညတသဘာဝကို ဆိုက်နေပါတယ်။ ဒါပေမယ့် မကင်းဆိတ်တဲ့ သဘာဝကလေးတစ်ခုတော့ ရှိနေသေးတယ်။ ဘယ်သဘောတရားက မကင်းဆိတ်သေးသလဲ?
အတ္ထိ စေဝိဒံ အသုညတံ ယဒိဒံ -- ဣမမေဝ ကာယံ ပဋိစ္စ သဠာယတနိကံ ဇီဝိတပစ္စယာ။ (မ၊၃၊၁၅၁။)
ဇီဝိတိန္ဒြေတွေ ထင်ရှားရှိနေခြင်းကြောင့် အာယတနခြောက်ပါးနဲ့ ဆက်စပ်နေတဲ့ ဒီရူပကာယ, နာမကာယကို အစွဲပြုပြီးတော့ ဒီရူပကာယ, နာမကာယမှ မဆိတ်သုဉ်းခြင်းဆိုတဲ့ အသုညတသဘာဝကလေးတစ်ခုပဲ ရှိတော့တယ်။ သုညတသဘာဝတွေက တဖြည်းဖြည်း တစ်ဆင့်ထက်တစ်ဆင့် မြင့်မားမလာဘူးလား? မြင့်မားလာတယ်၊ ဒါကြောင့် --
ဣတိ ယဥှိ ခေါ တတ္ထ န ဟောတိ၊ တေန တံ သုညံ သမနုပဿတိ၊ ယံ ပန တတ္ထ အဝသိဋ္ဌံ ဟောတိ၊ တံ သန္တမိဒံ အတ္ထီတိ ပဇာနာတိ။ (မ၊၃၊၁၅၁။)
ဣတိ = ဤသို့လျှင်။ တတ္ထ = ပရမာနုတ္တရစေတောသမာဓိဟုခေါ်ဆိုအပ်သော သုညတသဘာဝ၌။ ယံ = အကြင် အာကိဉ္စညာယတနသညာ, နေဝသညာနာသညာယတနသညာတို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပူပန်ခြင်းသည်။ န ဟောတိ = မဖြစ်ပေ။ တံ = ထိုအနိမိတ္တစေတောသမာဓိကို။ တေန = ထိုပူပန်ခြင်းမှ။ သုညံ = ဆိတ်သုဉ်း၏ဟူ၍။ သမနုပဿတိ = အဖန်ဖန် အထပ်ထပ် ရှု၍နေပေ၏။ တတ္ထ = ထို အနိမိတ္တစေတောသမာဓိဟု ခေါ်ဆိုအပ်သော အစ္စန္တသုညတသဘော၌။ ယံ = အကြင် ခန္ဓာဝန်ကို ထမ်းဆောင်ရသည့်ပူပန်မှုမှ မဆိတ်သုဉ်းမှုသဘောတရားသည်။ အဝသိဋ္ဌံ = ကြွင်းကျန်လျက်ရှိ၏။ သန္တံ = ထင်ရှားရှိသော။ တံ = ထိုမဆိတ်သုဉ်းမှု အသုညတသဘာဝကို။ ဣဒံ = ဤမဆိတ်သုဉ်းမှု အသုညတသဘောတရားသည်။ အတ္ထီတိ = ထင်ရှားရှိ၏ဟူ၍။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။
အဋ္ဌကထာအဖွင့်အရ ပြောမယ်ဆိုလျှင်တော့ တကယ်စင်စစ် ဆိတ်သုဉ်းနေတဲ့ အစ္စန္တသုညတပဲ။ ဆိတ်သုဉ်းနေတဲ့ သုညတသဘာဝတွေကိုလည်း ဆိတ်သုဉ်းနေတယ်လို့ သိတယ်။ မဆိတ်သုဉ်းတဲ့ အသုညတသဘာဝကိုလည်း မဆိတ်သုဉ်းသေးဘူးဆိုတာကို ထင်ထင်ရှားရှား သိနေတယ်။ ဘာသာ မဆိတ်သုဉ်းသလဲ? ခန္ဓာငါးပါး ရုပ်နာမ်တရားတွေမှ မဆိတ်သုဉ်းသေးတဲ့ သဘာဝကလေးတစ်ခုသာ ရှိတော့တယ်။ ဘယ်သဘောတွေ ဆိတ်သုဉ်းနေသလဲ? ဟို အစပိုင်းကို ပြောင်းပြန်လှန်ပြီး ပြောမယ်ဆိုလျှင်တော့ ပုဗ္ဗာရုံ ကျောင်းတော်ကြီးမှာ ဘယ်သဘောတွေက ဆိတ်သုဉ်းနေသလဲ?
အဆင့်မြင့်သော သုညတသဘာဝ
ဆင်,မြင်း,နွား အစရှိတဲ့ တိရစ္ဆာန်တွေမှ ဆိတ်သုဉ်းနေတယ်။ ဒီဆိတ်သုဉ်းမှုတွေကနေ တစ်ဆင့်တက်လာလိုက်တာ ရွှေငွေမှ ဆိတ်သုဉ်းနေတယ်။ အမြဲ စုဝေးနေထိုင်နေတဲ့ လူသားတွေမှလည်း ဆိတ်သုဉ်းနေတယ်၊ ဒီဆိတ်သုဉ်းမှုတွေကနေ တစ်ဆင့်တက်လာလိုက်တော့ တောထွက်ပြီ၊ တောထွက်လိုက်တဲ့ပုဂ္ဂိုလ်မှာ ရွာဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတယ်၊ လူဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတယ်၊ နောက်တစ်ဆင့် တက်လိုက်တော့ တော ဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတယ်၊ ပထဝီကို အာရုံယူလိုက်တယ်၊ ပထဝီကသိုဏ်းကို ပွားလိုက်တာ စတုတ္ထစျာန်သမာဓိအထိ ဆိုက်ရောက်သွားပြီ။ တစ်ခါ ပထဝီကသိုဏ်းကနေ အာကာသာနဉ္စာယတနစျာန်သို့ တစ်ဆင့်တက်လိုက်တော့ ပထဝီဆိုတဲ့အမှတ်သညာမှ ဆိတ်သုဉ်းနေတယ်၊ အာကာသာနဉ္စာယတနသညာမှ ဆိတ်သုဉ်းနေတယ်၊ ဝိညာဏဉ္စာယတနသညာမှ ဆိတ်သုဉ်းနေတယ်၊ အာကိဉ္စညာယတနသညာမှ ဆိတ်သုဉ်းနေတယ်၊ နေဝသညာနာသညာယတနသညာမှ ဆိတ်သုဉ်းနေတယ်။ ရှေ့တစ်ဆင့်တက်လိုက်တော့ ဘယ်ရောက်သွားသလဲ?
အနိမိတ္တစေတောသမာဓိဆိုတဲ့ နိစ္စ, သုခ, အတ္တ, သုဘဆိုတဲ့ သဘာဝတွေမှ ဆိတ်သုဉ်းနေတဲ့ ဝိပဿနာအဆင့် ကူးသွားပါတယ်။ ရှေ့တစ်ဆင့် တက်လိုက်တဲ့ အချိန်အခါမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်သည့်တိုင်အောင် မြင်တွေ့လိုက်တဲ့အခါ အစ္စန္တသုညတလို့ ခေါ်ဆိုအပ်တဲ့ တကယ် စင်စစ် သုညတသဘာဝတစ်ခုဖြစ်တဲ့ နိဗ္ဗာန်ကို မြင်သွားပါတယ်။ နိဗ္ဗာန်မှာ ဘာတွေရှိသလဲ?
ယတ္ထ နာမဉ္စ ရူပဉ္စ၊ အသေသံ ဥပရုဇ္ဈတိ။ (သံ၊၁၊၅၉။)ဆိုတဲ့အတိုင်း ရုပ်နာမ်တွေမှ ဆိတ်သုဉ်းနေတဲ့အတွက် အစ္စန္တသုညတလို့ ခေါ်ပါတယ်။ အစ္စန္တသုညတဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော်လည်း မျက်မှောက်ပြုနေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ တည်ရှိနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်ကလေးတော့ မကျန်ဘူးလား? ကျန်နေသေးတယ်။ ဒီရုပ်နာမ်သန္တာန်အစဉ်ကလေးမှ မဆိတ်သုဉ်းတဲ့ အသုညတသဘာဝကလေး တစ်ခုပဲ ရှိတယ်လို့ သူက မြင်နေပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ?
အလွန်မြတ်ဆုံးသော သုညတ
ဧဝမ္ပိဿ ဧသာ အာနန္ဒ ယထာဘုစ္စာ အဝိပလ္လတ္ထာ ပရိသုဒ္ဓါ ပရမာနုတ္တရာ သုညတာဝက္ကန္တိ ဘဝတိ။ (မ၊၃၊၁၅၁။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧဝမ္ပိ = ဤသို့လည်းပဲ။ တဿ = ထိုရဟန်းတော်ရဲ့သန္တာန်၌။ ယထာဘုစ္စာ = မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ အဝိပလ္လတ္ထာ = ဖောက်ပြန်မှုမရှိသော။ ပရိသုဒ္ဓါ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရာ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့။ ဧသာ သုညတာဝက္ကန္တိ = ဤသုညတသဘောတရားရဲ့ ထင်ရှားဖြစ်ပေါ်ခြင်းသည်။ ဘဝတိ = ဖြစ်ပေါ်၍ လာပေ၏။
အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ပရမာနုတ္တရသုညတသဘာဝတစ်ခု ထိုရဟန်းတော်သန္တာန်မှာ ဖြစ်ပေါ်လာပါတယ်။ ဒါယကာကြီးတွေ ဒီအသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသဘောသို့ ဆိုက်အောင် ရှုနိုင်ကြမယ်ဆိုလျှင် အိုနာသေရေး ဒုက္ခဘေးမှ မလွတ်နိုင်ဘူးလား? လွတ်နိုင်တယ်။ ဒါကြောင့် ဘုရားရှင်က ဒီနေရာမှာ ဘယ်လို ဆက်ပြီး ဟောကြားထားတော်မူသလဲ?
ဘုရားရှင်၏ တိုက်တွန်းတော်မူချက်
ယေပိ ဟိ ကေစိ အာနန္ဒ အတီတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရိံသု၊ သဗ္ဗေ တေ ဣမံယေဝ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရိံသု။ (မ၊၃၊၁၅၁။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ အတီတမဒ္ဓါနံ = လွန်ခဲ့သော အတိတ် အချိန်အခါကာလက။ ယေပိ ဟိ ကေစိ သမဏာ ဝါ = အကြင် သမဏတို့ သည်လည်းကောင်း။ ယေပိ ဟိ ကေစိ ဗြာဟ္မဏာ ဝါ = အကြင် ဗြာဟ္မဏ တို့သည်လည်းကောင်း။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရံ = အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်သော။ သုညတံ = သုညတသဘာဝကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံ ကပ်ရောက်စေ၍။ ဝိဟရိံသု = နေထိုင်ခဲ့ဖူးကြလေကုန်ပြီ။ သဗ္ဗေ တေ = ထိုခပ်သိမ်းကုန်သော သမဏဗြာဟ္မဏတို့သည်။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရံ = အသာဆုံး အမြတ်ဆုံးဖြစ်သော။ ဣမံယေဝ သုညတံ = ဤသုညတသဘာဝကိုပင်လျှင်။ ဥပသမ္ပဇ္ဇ = ပြည့်စုံ ကပ်ရောက်စေ၍။ ဝိဟရိံသု = နေထိုင်ခဲ့ဖူးကြလေပြီ။
အတိတ်ကာလက သမဏဗြာဟ္မဏအမည်ရှိတဲ့ ဘုရား, ရဟန္တာပုဂ္ဂိုလ်, ပစ္စေကဗုဒ္ဓအရှင်မြတ်စတဲ့ သူတော်ကောင်းတွေ ရှိကြပါတယ်။ ထိုသမဏ ဗြာဟ္မဏအမည်ရှိတဲ့ အရှင်ကောင်းအရှင်မြတ်တွေဟာလည်း အတိတ် ဘဝက သုညတသဘာဝကို ဆိုက်ပြီးတော့ နေထိုင်ခဲ့ဖူးကြပါတယ်။ သူတို့ နေထိုင်ခဲ့ဖူးတဲ့ သုညတသဘာဝဟာလည်း ယခု ငါဘုရား ဟောတော်မူခဲ့တဲ့ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ပရမာနုတ္တရလို့ ခေါ်ဆိုအပ်တဲ့ သုညတသဘာဝ သို့သာ ပြည့်စုံကပ်ရောက်ပြီး နေထိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။
ယေပိ ဟိ ကေစိ အာနန္ဒ အနာဂတမဒ္ဓါနံ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရိဿန္တိ၊ သဗ္ဗေ တေ ဣမံယေဝ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရိဿန္တိ။ (မ၊၃၊၁၅၁။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ အနာဂတမဒ္ဓါနံ = အနာဂတ်ကာလ၌။ ယေပိ ဟိ ကေစိ သမဏာ ဝါ = အကြင် သမဏတို့သည်လည်းကောင်း။ ယေပိ ဟိ ကေစိ ဗြာဟ္မဏာ ဝါ = အကြင် ဗြာဟ္မဏတို့သည်လည်းကောင်း။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရံ = အသာဆုံး အမြတ်ဆုံး ဖြစ်သည့်။ သုညတံ = သုညတသဘာဝကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံကပ်ရောက် စေ၍။ ဝိဟရိဿန္တိ = နေထိုင်တော်မူကြလေကုန်လတ္တံ့။ သဗ္ဗေ တေ = ထို ခပ်သိမ်းကုန်သော သမဏဗြာဟ္မဏတို့သည်။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ် သော။ ပရမာနုတ္တရံ = အသာဆုံး အမြတ်ဆုံးဖြစ်သော။ ဣမံယေဝ သုညတံ = ဤ သုညတသဘောကိုပင်လျှင်။ ဥပသမ္ပဇ္ဇ = ပြည့်စုံကပ်ရောက်၍။ ဝိဟရိဿန္တိ = နေထိုင်တော်မူကြကုန်လတ္တံ့။
နောင်အနာဂတ်ကာလမှာ အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဒီပရမာနုတ္တရသုညတသဘာဝတစ်ခုကို ဆိုက်ရောက်ပြီးနေတော်မူမယ့် သမဏ ဗြာဟ္မဏအမည်ရှိတဲ့ သူတော်ကောင်းတွေလည်း ရှိကြပါလိမ့်မယ်။ ထိုသမဏ ဗြာဟ္မဏအမည်ရှိတဲ့ သူတော်ကောင်းတွေဟာလည်း ယခု ငါဘုရား ဟောတော်မူခဲ့တဲ့ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဒီအတုမရှိတဲ့ ပရမာနုတ္တရသုညတသဘာဝကိုသာလျှင် ပြည့်စုံကပ်ရောက်ပြီးတော့ နေထိုင်တော်မူကြမှာ ဖြစ်ပါတယ်။
ယေပိ ဟိ ကေစိ အာနန္ဒ ဧတရဟိ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရန္တိ၊ သဗ္ဗေ တေ ဣမံယေဝ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။ (မ၊၃၊၁၅၁။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ ဧတရဟိ = ယခု ပစ္စုပ္ပန်၌လည်းပဲ။ ယေပိ ဟိ ကေစိ သမဏာ ဝါ = အကြင် သမဏတို့သည်လည်းကောင်း။ ယေပိ ဟိ ကေစိ ဗြာဟ္မဏာ ဝါ = အကြင် ဗြာဟ္မဏတို့သည်လည်းကောင်း။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရံ = အတုမရှိ အသာဆုံးအမြတ်ဆုံး ဖြစ်သော။ သုညတံ = သုညတသဘာဝသို့။ ဥပသမ္ပဇ္ဇ = ပြည့်စုံကပ်ရောက်၍။ ဝိဟရန္တိ = နေထိုင်ဆဲဖြစ်ကြလေကုန်၏။ သဗ္ဗေ တေ = ထိုခပ်သိမ်းကုန်သော သမဏဗြာဟ္မဏတို့သည်။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရံ = အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်သော။ ဣမံယေဝ သုညတံ = ဤသုညတသဘာဝကိုသာလျှင်။ ဥပသမ္ပဇ္ဇ = ပြည့်စုံကပ်ရောက်၍။ ဝိဟရန္တိ = နေထိုင်ကြလေကုန်၏။
ယခု ပစ္စုပ္ပန်မှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ စင်ကြယ်သန့်ရှင်းတဲ့ ဒီပရမာနုတ္တရသုညတသဘာဝကို ပြည့်စုံကပ်ရောက်ပြီး နေထိုင်ကြတဲ့ သမဏဗြာဟ္မဏတွေလည်း ရှိကြပါတယ်။ ထိုသမဏဗြာဟ္မဏတွေဟာလည်း ယခု ငါဘုရား ဟောတော်မူခဲ့တဲ့ သန့်ရှင်းစင်ကြယ်နေတဲ့ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသဘာဝကိုပဲ ပြည့်စုံကပ်ရောက်ပြီး နေထိုင်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီထက် သာလွန်နေတဲ့ သုညတသဘာဝနဲ့ နေနိုင်တဲ့အဆင့် ဆိုတာ ရှိသေးသလား? မရှိတော့ဘူး။ ဒီပရမာနုတ္တရသုညတသဘာဝသာလျှင် အသာဆုံး အမြတ်ဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် --
တသ္မာတိဟ အာနန္ဒ ပရိသုဒ္ဓံ ပရမာနုတ္တရံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရိဿာမာတိ -- ဧဝဥှိ ဝေါ အာနန္ဒ သိက္ခိတဗ္ဗံ။ (မ၊၃၊၁၅၁။)
အာနန္ဒ = ညီဘွားအာနန္ဒာ။ တသ္မာ = ထို့ကြောင့်။ ဣဟ = ဤ သာသနာ တော်မြတ်အတွင်း၌။ ပရိသုဒ္ဓံ = သန့်ရှင်းစင်ကြယ်သော။ ပရမာနုတ္တရံ = အတုမရှိ အသာဆုံးအမြတ်ဆုံးဖြစ်သော။ သုညတံ = သုညတသဘာဝသို့။ မယံ = ငါတို့သည်။ ဥပသမ္ပဇ္ဇ = ပြည့်စုံကပ်ရောက်၍။ ဝိဟရိဿာမ = နေထိုင်ကြပါကုန်အံ့။ ဣတိ ဧဝံ = ဤသို့လျှင်။ ဝေါ = သင်ချစ်သားတို့သည်။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စမ်းပါ။
မြတ်စွာဘုရားက ဒီအသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသဘာဝနဲ့ ပြည့်စုံကပ်ရောက်ပြီး နေထိုင်နိုင်ရန် ကြိုးစားအားထုတ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီထက်ကောင်းနေတဲ့ သုညတသဘာဝဆိုတာ ရှိသေးသလား? မရှိတော့ဘူး။ ဒါဟာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသဘာဝတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင်ချစ်သားဟာ ငါဘုရား ယခု ဟောတော်မူခဲ့တဲ့ သန့်ရှင်းစင်ကြယ်နေတဲ့ အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတ သဘာဝသို့ ဆိုက်ရောက်ဖို့ ထိုသုညတသဘာဝဖြင့် ပြည့်စုံပြီး နေထိုင်ကြဖို့ သင်ချစ်သား ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းတော်မူပါတယ်။
ဒီတိုက်တွန်းတော်မူချက်က အရှင်အာနန္ဒာမထေရ်မြတ်ကို တိုက်တွန်းထားသော်လည်း ဘုန်းကြီးတို့ သာသနာတော်မှာ တည်ရှိနေတဲ့ ရဟန်းတော် အားလုံးနဲ့ သာသနာတော်ကို ကြည်ညိုလေးစားနေတဲ့ သူတော်ကောင်း အားလုံးကို တိုက်တွန်းချက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီတိုက်တွန်းချက်ကို ဦးထိပ်ရွက် ပန်ဆင်ပြီးတော့ အရှင်အာနန္ဒာမထေရ်မြတ်ကလည်း ကြိုးစား အားထုတ်လိုက်တာ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးတဲ့နောက် ပထမသင်္ဂါယနာတင်ပွဲကြီး ကျင်းပမယ့်ညဉ့်မှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်သွားတော်မူတဲ့အတွက် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ပရမာနုတ္တရသုညတ သဘာဝကို ဆိုက်သွားပါတယ်။
ကြည်ညိုဖွယ်ရာ ရဟန်းတော်တစ်ပါး
အလားတူပဲ ဘုန်းကြီး ဒီသုတ္တန်ကို ပြည်တည်စတုန်းက ဟောခဲ့တဲ့ မောဃရာဇရှင်ရသေ့ဟာလည်း ဒီပရမာနုတ္တရသုညတသဘာဝသို့ ဆိုက်အောင် တရားနာရင်းနဲ့ ကြိုးစားအားထုတ်တဲ့အတွက် အရဟတ္တဖိုလ်၌ တည်ခဲ့ပါတယ်။ ဒီစူဠသုညတသုတ္တန်ကို ကြားနာခွင့် ရရှိတဲ့အတွက် ကြည်ညိုပြီး အသက်စွန့် ကြိုးစားအားထုတ်နေတဲ့ သူတော်ကောင်းတစ်ဦးအကြောင်းကို ဘုန်းကြီး တစ်ဆင့်စကားနဲ့ ကြားဖူးပါတယ်။ ဘုန်းကြီး ကြည်ညိုလွန်းလို့ ဒီပုဂ္ဂိုလ်အကြောင်းကို နည်းနည်းကလေး ပြောချင်ပါတယ်။
ဒီပုဂ္ဂိုလ်ကို ဘုန်းကြီး သီဟိုဠ်ရောက်စဉ် အချိန်အခါတုန်းကတော့ သူ့ကို တွေ့ခွင့်မရခဲ့ဘူး ဆိုကြစို့၊ (၂၅)ဝါကျော် ရှိပြီလို့တော့ သတင်းရပါတယ်။ ဒိန်းမတ်လူမျိုး အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ ဒီသုတ္တန်ကို ဖတ်ရှုပြီး ကြည်ညို လွန်းလို့ ရဟန်းပြုပါတယ်။ ရဟန်းပြုပြီး တောထဲမှာပဲ သွားနေပါတယ်။ တောထဲနေတဲ့အခါမှာ တိုင်မရှိ အမိုးမရှိတဲ့ ကျောက်တုံး ကျောက်ဆောင်တွေ အောက်မှာ အသင့်အတင့် ကာရံပြီး ဒီလိုပဲ တောထွက်ပြီး နေထိုင်ပါတယ်။ တစ်ခါတစ်ရံ သစ်ရွက်ကလေးတွေ မိုးပြီး တဲကလေး ထိုးပြီး နေထိုင်ပါတယ်။ နေဖို့ရန် အခင်းမရှိတဲ့အတွက် မြေကြီးပေါ်မှာ ကွပ်ပျစ်ကလေးတစ်ခု ချပြီး သုံးဖက်မှာ ကာရံပြီး တစ်ဖက်က သင်္ကန်းကလေး ကာပြီးတော့ ဒီလိုပဲ တောထဲမှာ နှစ်ပေါင်း
အတော်ကြာကြာ နေထိုင်ပါတယ်။ တစ်နေ့မှာ ဘာပြဿနာ ပေါ်လာသလဲ?
ဆွမ်းခံသွားစဉ် တောဆင်ရိုင်းနဲ့ သွားတွေ့တော့ ဒီဆင်ရိုင်းက နင်းချေလိုက်တဲ့အတွက် ပေါင်ကျိုးသွားပါတယ်။ ပေါင်ကျိုးသွားတော့လည်း ကျိုးသွား တဲ့အတိုင်း ဒီလိုပဲ နေပါတယ်။ ဘယ်သူမှလည်း မမြင်ဘူး။ ပေါင်ကျိုးတဲ့ ပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခကတော့ သိပ်မကြီးကျယ်ဘူး။ သို့သော်လည်း သွေးတွေထွက်သွားတဲ့အတွက် သွေးတွေကို လာစားတဲ့ ပုရွက်ဆိတ်တွေ ကိုက်တဲ့ဒဏ်ချက်က ပိုပြီး အခံရခက်နေတယ်။ နှစ်ရက်လောက် ကြာတဲ့အချိန်အခါမှာ တောလာတဲ့ ဒါယကာတစ်ဦးက ပွေ့ချီပြီး ဆေးရုံတင်လိုက်တော့ ဆေးရုံမှာ ကုသလိုက်တဲ့အတွက် ပျောက်ကင်းသွားပြီ ဆိုကြစို့။ပျောက်ကင်းတာနဲ့ ဒီတောထဲ တစ်ခါပြန်လာပြီး နေပြန်တယ်။ အသက် သေချင်သေပါစေ၊ ဒီသုညတသဘာဝကိုတော့ ငါ ရအောင် ကြိုးစားအားထုတ် မယ်ဆိုတဲ့ ဇွဲလုံ့လဝီရိယနဲ့ ကြိုးစားနေပါတယ်။ ဂုဏ်ယူဖွယ် အတုယူဖွယ် ကြည်ညိုဖွယ် မြတ်နိုးဖွယ် လေးစားဖွယ် အလွန်ကောင်းလှတဲ့ ရဟန်းတော်တစ်ပါးပင် ဖြစ်တော်မူပါတယ်။ အသက်ကိုသာ စွန်အံ့၊ သီလကို မစွန့်အံ့၊ အသက်ကိုသာ စွန့်အံ့၊ တရားတော်ကို မစွန့်အံ့ဆိုတဲ့ မွန်မြတ်သော ဦးတည်ချက်ဖြင့် သိက္ခာသုံးရပ် အကျင့်မြတ်ကို အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ပရမာနုတ္တရသုညတသဘာဝသို့ ဆိုက်အောင် ဘုရားရှင်၏ အဆုံးအမကို လိုက်နာ ပြုကျင့်နေသူတစ်ဦး ဖြစ်တော်မူပါပေစွ။ ထိုသူတော်ကောင်းအား ဤတရားဖြင့် ဂုဏ်ပြု ပူဇော်အပ်ပါသတည်း။
ဒါကြောင့် ဒီလောကမှာ ဒီသုညတသဘာဝကိုသာ မြင်အောင် ကြိုးစားနိုင်ခဲ့လျှင် ဘာဖြစ်မလဲ?
သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဥဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။ (ခု၊၁၊၄၈။ စူဠနိ၊၁၈၀။)
မောဃရာဇ = ဒါယကာတော် မောဃရာဇရှင်ရသေ့။ သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမပြတ် ခပ်သိမ်းသောအခါကာလ၌။ သတော = သတိပဋ္ဌာန် တရားလေးပါး အစဉ်ပွားလျက် ထင်လင်းသောသတိနှင့် ပြည့်စုံသည်ဖြစ်၍။ အတ္တာနုဒိဋ္ဌိံ = သင်္ခါရတို့အပေါ်၌ အတ္တဟုအစဉ်ပြေးသွားတတ်သော သက္ကာယဒိဋ္ဌိတရားကို။ ဥဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ် စသော ဝိပဿနာဉာဏ်တို့ဖြင့် နုတ်ပစ် ပယ်ခွာ၍။ လောကံ = ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ သုညတော = နိစ္စ, သုခ, အတ္တ, သုဘစသော အနှစ်သာရမှ ဆိတ်သုဉ်းသော သုညသဘောအားဖြင့်။ အဝေက္ခဿု = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွား သုံးသပ်ပါလေလော့။ ဧဝံ = ဤသို့ ရှုပွားသုံးသပ်နိုင်သည်ရှိသော်။ မစ္စုတရော = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကျော်လွှားလွန်မြောက်၍ သွားနိုင်သည်။ သိယာ = ဖြစ်လေရာ၏။ ဧဝံ = ဤသို့ သုညသဘောအားဖြင့်။ လောကံ = ဒုက္ခသစ္စာ, သမုဒယသစ္စာဟူသည့် ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ အဝေက္ခန္တံ = ဝိပဿနာဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွား သုံးသပ်လျက်ရှိသောသူကို။ မစ္စုရာဇာ = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းသည်။ န ပဿတိ = ဘယ်တော့မှ မမြင်နိုင်ပါပေသတည်း။
ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သုညတသဘာဝကို ဆိုက်အောင် သုညဖြစ်အောင် လောကကို ကြည့်နိုင်ခဲ့လျှင် ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် ဘယ်အခါမှာ ဖြစ်မလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ်တည်လို့ ပရိနိဗ္ဗာန် စံပြီ ဆိုကြစို့၊ ပရိနိဗ္ဗာနစုတိရဲ့ နောက်ဆွယ်၌ ခန္ဓာငါးပါး, ရုပ်တရား နာမ်တရားတို့ရဲ့ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတဲ့အတွက် နောက်ထပ် ခန္ဓာငါးပါး, ရုပ်တရား နာမ်တရား မရှိဘူးဆိုလျှင် နောက်ထပ် ပဋိသန္ဓေနေမှု ရှိဦးမလား? မရှိတော့ဘူး။
နောက်ထပ် ပဋိသန္ဓေ မနေရလျှင် နောက်ထပ် အိုမှု, နာမှု, သေမှု ဆိုတာတွေ ရှိဦးမလား? မရှိတော့ဘူး။ ပဋိသန္ဓေနေမှု, အိုမှု, နာမှု, သေမှုတွေ မရှိတော့တဲ့ပုဂ္ဂိုလ်ကို ရှင်သေမင်း ရှာဖွေလို့ တွေ့နိုင်သေးသလား? မတွေ့နိုင်တော့ဘူး။ ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ်အဆင့်သို့ ရောက်မသွားဘူးလား? ရောက်သွားတယ်။ ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း လောကကြီးကို သုညဆိုက်အောင် ကြည့်ကြပါ။ လောကကို သုညဆိုက်အောင် ရှေးသူတော်ကောင်းတို့ကဲ့သို့ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြမယ်ဆိုလျှင် ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရှင်သေမင်း မမြင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းရင်းဖြင့် တရားသိမ်းကြစို့ ---
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။
(သာဓု သာဓု သာဓု ...)
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
Comments
Post a Comment