မမုန်းပါစေနှင့်
နိဒါနကထာ
သုခေါ ဗုဒ္ဓါနမုပ္ပါဒေါ၊ သုခံ သဒ္ဓမ္မသဝနံ။
သုခံ သံဃဿ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ။
(ဓမ္မပဒ-ဂါထာနံပါတ်-၁၉၅။)
လောက၌ ဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည် ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်၏။ သူတော်ကောင်းတရားကို နာကြားခွင့်ရရှိခြင်းသည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ သံဃာတော်၏ ညီညွတ်ခြင်းသည်လည်း (သတ္တဝါတို့အချင်းချင်း ညီညွတ်မှုကို ရရှိခြင်းသည်လည်း) ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ ညီညွတ်သူတို့၏ သီလ-သမာဓိ-ပညာ (= သိက္ခာသုံးရပ် အကျင့်မြတ်)တို့ကို အညီအညွတ်ကျင့်ခြင်းသည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်၏။ (ဓမ္မပဒ-ဂါထာနံပါတ်-၁၉၅။)
လောက၌ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူလာသောအခါ ဘုရားရှင်တို့သည် လူ့ချမ်းသာကို အလိုရှိသူတို့အား လူ့ချမ်းသာကို ရရှိကြောင်း အကျင့်ကောင်းတို့ကိုလည်းကောင်း, နတ်ချမ်းသာကို အလိုရှိသူတို့အား နတ်ချမ်းသာကို ရရှိကြောင်း အကျင့်ကောင်းတို့ကိုလည်းကောင်း, ဗြဟ္မာ့ချမ်းသာကို အလိုရှိသူတို့အား ဗြဟ္မာ့ချမ်းသာကို ရရှိကြောင်း အကျင့်ကောင်းတို့ကိုလည်းကောင်း ညွှန်ကြားပြသ ဆိုဆုံးမပေးတော်မူ၏။ ဆိုဆုံးမတော်မူသည့်အတိုင်း လိုက်နာပြုကျင့်သူတို့သည်လည်း လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့ကို ရရှိကြ၏။ သို့သော် ယင်း ချမ်းသာတို့ကား အိုခြင်းတရား ထင်ရှား ရှိနေသော ချမ်းသာတို့သာ ဖြစ်ကြ၏။ နာခြင်းတရား ထင်ရှား ရှိနေသော ချမ်းသာတို့သာ ဖြစ်ကြ၏။ သေခြင်းတရား ထင်ရှား ရှိနေသော ချမ်းသာတို့သာ ဖြစ်ကြ၏။ ဘုရားရှင် ချီးမွမ်းတော်မူသည့်, နှစ်ခြိုက်တော်မူသည့် ချမ်းသာသုခတို့ကား မဟုတ်ကြပေ။ ထိုကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏။
သေယျထာပိ ဘိက္ခဝေ အပ္ပမတ္တကောပိ ဂူထော ဒုဂ္ဂန္ဓော ဟောတိ၊ ဧဝမေဝံ ခေါ အဟံ ဘိက္ခဝေ အပ္ပမတ္တကမ္ပိ ဘဝံ န ဝဏ္ဏေမိ အန္တမသော အစ္ဆရာသံဃာတမတ္တမ္ပိ။ (အံ၊၁၊စာပိုဒ်-၃၂၀။)
= ချစ်သားရဟန်းတို့ ... မစင်ဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ ရွံရှာစက်ဆုပ်ဖွယ် မကောင်းသော အနံ့အသက်သာရှိသကဲ့သို့ ချစ်သားရဟန်းတို့ ... အလားတူပင် ဘဝဟူသမျှသည် အနည်းငယ်ပင် ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ။ ယုတ်စွအဆုံး လက်ဖျစ်တစ်တွက်ခန့်မျှလောက်သာ ကြာညောင်းသည့် ဘဝ ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်ဘဝကိုမျှ ငါဘုရား မချီးမွမ်းပါ။ (အံ၊၁၊စာပိုဒ်-၃၂၀။)
ဤသို့လည်း ဘုရားရှင်သည် သတိပေးဆုံးမတော်မူခဲ့၏။ တစ်ဘက်တွင်လည်း အို-နာ-သေရေး ဒုက္ခဘေးတို့မှ လွတ်ရာလွတ်ကြောင်းဖြစ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားကဲ့သို့သော နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်း တရားတို့ကိုလည်း ညွှန်ကြားပြသ ဆိုဆုံးမတော်မူခဲ့၏။ ဆိုဆုံးမတော်မူသည့် အတိုင်း လိုက်နာပြုကျင့်သူတို့သည်လည်း စျာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာဟူသည့် ချမ်းသာထူးကြီးများကို သုံးဆောင် ခံစားကြရ၏။ အိုခြင်းတရားထင်ရှားရှိနေသည့် ဘဝမှ လွတ်မြောက်ကာ မအိုရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏။ နာခြင်းတရားထင်ရှား ရှိနေသည့် ဘဝမှ လွတ်မြောက်ကာ မနာရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏။ သေခြင်းတရား ထင်ရှားရှိနေသည့် ဘဝမှ လွတ်မြောက်ကာ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏။ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံသွားတော်မူခဲ့ကြ၏။ ထိုကြောင့် လောက၌ ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာခြင်းသည် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာတို့အတွက် ချမ်းသာသုခအဝဝတို့ကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန်ပင် ဖြစ်ပေသည်။
ထိုကြောင့် ဘုရားရှင်သည် အောက်ပါအတိုင်း ဟောကြားထားတော်မူခဲ့၏။
မမဥှိ အာနန္ဒ ကလျာဏမိတ္တံ အာဂမ္မ ဇာတိဓမ္မာ သတ္တာ ဇာတိယာ ပရိမုစ္စန္တိ၊ ဇရာဓမ္မာ သတ္တာ ဇရာယ ပရိမုစ္စန္တိ၊ ဗျာဓိဓမ္မာ သတ္တာ ဗျာဓိတော ပရိမုစ္စန္တိ၊ မရဏဓမ္မာ သတ္တာ မရဏေန ပရိမုစ္စန္တိ၊ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ သတ္တာ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသေဟိ ပရိမုစ္စန္တိ။ (သံ၊၁၊၈၈။)
အာနန္ဒာ ... ငါဘုရားရှင်တည်းဟူသော မိတ်ကောင်းဆွေကောင်းကို အစွဲပြု၍ ပဋိသန္ဓေတည်နေရခြင်း (= ဇာတိ)တရား ထင်ရှား ရှိနေကြသော သတ္တဝါတို့သည် ပဋိသန္ဓေတည်နေရခြင်း (= ဇာတိ)တရားမှ လွတ်မြောက်သွားကြကုန်၏။ အိုခြင်း (= ဇရာ)တရား ထင်ရှား ရှိနေကြသော သတ္တဝါ တို့သည် အိုခြင်း (= ဇရာ)တရားမှ လွတ်မြောက်သွားကြကုန်၏။ နာခြင်း (= ဗျာဓိ)တရား ထင်ရှားရှိနေကြသော သတ္တဝါတို့သည် နာခြင်း (= ဗျာဓိ) တရားမှ လွတ်မြောက်သွားကြကုန်၏။ သေခြင်း (= မရဏ)တရား ထင်ရှား ရှိနေကြသော သတ္တဝါတို့သည် သေခြင်း (= မရဏ)တရားမှ လွတ်မြောက်သွားကြကုန်၏။ စိုးရိမ်ရခြင်း (= သောက), ငိုကြွေးမြည်တမ်းရခြင်း (= ပရိဒေဝ), ကိုယ်ဆင်းရဲရခြင်း (= ဒုက္ခ), စိတ်ဆင်းရဲရခြင်း (= ဒေါမနဿ), ပြင်းစွာ ပူပန်ရခြင်း (= ဥပါယာသ)တရား ထင်ရှားရှိနေကြသော သတ္တဝါတို့သည် စိုးရိမ်ရခြင်း (= သောက), ငိုကြွေးမြည်တမ်းရခြင်း (= ပရိဒေဝ), ကိုယ်ဆင်းရဲရခြင်း (= ဒုက္ခ), စိတ်ဆင်းရဲရခြင်း (= ဒေါမနဿ), ပြင်းစွာ ပူပန်ရခြင်း (= ဥပါယာသ)တရားတို့မှ လွတ်မြောက်သွားကြကုန်၏။ (သံ၊၁၊၈၈။)
ပညာကြီးပွားကြောင်းတရား
စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ပညာဝုဒ္ဓိယာ သံဝတ္တန္တိ။ ကတမေ စတ္တာရော? သပ္ပုရိသသံသေဝေါ သဒ္ဓမ္မသဝနံ ယောနိသောမနသိကာရော ဓမ္မာနုဓမ္မပ္ပဋိပတ္တိ။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော ဓမ္မာ ပညာဝုဒ္ဓိယာ သံဝတ္တန္တီတိ။ (အံ၊၁၊စာပိုဒ်-၂၄၈။)
ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသဖြင့် -
၁။ ဘုရားအစရှိသော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း၊
(= သပ္ပုရိသသံသေဝေါ)
၂။ ထိုသူတော်ကောင်းတို့ထံမှ အရိယသစ္စာလေးပါးတို့ကို ထိုးထွင်း သိမြင်ကြောင်း သူတော်ကောင်းတရားတို့ကို နာကြားခြင်း၊
(= သဒ္ဓမ္မသဝနံ)
၃။ နာကြားထားသည့်အတိုင်း ဒုက္ခသစ္စာ သမုဒယသစ္စာအမည်ရသည့် ရုပ်+နာမ်-ကြောင်း-ကျိုး (= သင်္ခါရတရား)တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာယာဉ် သုံးတန်သို့တင်ကာ နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း၊
(= ယောနိသောမနသိကာရ)
၄။ လောကုတ္တရာတရားကိုးပါးအားလျော်သည့် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း၊
(= ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)
ဤတရားလေးပါးတို့ကား အရိယမဂ်ပညာ, အရိယဖိုလ်ပညာစသည့် အဆင့်အတန်းမြင့်မားလှသည့် မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သည့် စွမ်းအင် အပြည့်အဝရှိသည့် ပညာတရားတို့ကို ကြီးပွားတိုးတက်စေသော အကြောင်းတရားလေးပါးတို့ ဖြစ်ကြ၏။
ထိုတရားလေးမျိုးတို့တွင် သဒ္ဓမ္မသဝနံ = အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ကြောင်းဖြစ်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကဲ့သို့သော သူတော်ကောင်းတရားတို့ကို နာကြားခြင်းသည် မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေးအတွက် အလွန် အရေးပါလှသော အကြောင်းအင်္ဂါရပ်တစ်ခုပင် ဖြစ်ပေသည်။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့နှင့်ကား ဖူးတွေ့ခွင့် ဆုံတွေ့ခွင့်ကို ရရှိ၏။ သို့သော် မိမိဘက်က ကာမဂုဏ်ရေယာဉ်ကြောတွင် အသာမျှောကာ ရေသာစီးလိုသည့် စိတ်ဓာတ်က လွှမ်းမိုးဖိစီးနေသဖြင့် တရားတော်ကို နာကြားလိုစိတ်မရှိ ဖြစ်နေငြားအံ့၊ သို့မဟုတ် ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ ခေါင်းဟိုဘက် ဘာမျှမရှိဟု သေလျှင် ပြတ်စဲသည့် ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော အယူဝါဒဆိုးကြီးကို စွဲလမ်းဆုပ်ကိုင်ထားသဖြင့် သူတော်ကောင်းတရားကို နာယူလိုစိတ်မရှိ ဖြစ်နေငြားအံ့၊ ယင်းသို့ဖြစ်ခဲ့သော် ယောနိသောမနသိကာရခေါ်သည့် နည်းမှန်လမ်းမှန် နှလုံးသွင်းမှု, ဓမ္မာနုဓမ္မပ္ပဋိပတ္တိခေါ်သည့် လောကုတ္တရာတရားကိုးပါးတို့အား လျော်သည့် ကျင့်ဝတ်ပဋိပတ်အရပ်ရပ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်မှုကား မဖြစ်နိုင်တော့ပေ။ ယင်းသို့ဖြစ်ခဲ့သော် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ကား မိုးနှင့်မြေကြီးပမာ အလွန့်အလွန် ဝေးကွာလျက်သာ ရှိနေဦးမည် ဖြစ်ပေသည်။
သမ္မာသမ္ဗောဓိအလောင်းအလျာသူတော်ကောင်းကြီးများနှင့် ပစ္စေကဗုဒ္ဓါအလောင်းအလျာ သူတော်ကောင်းကြီးတို့ကား မိမိတို့ ဖြည့်ကျင့်ဆည်းပူး စုဆောင်းခဲ့သည့် ပါရမီကုသိုလ်ကံအရှိန်အဝါတို့ကြောင့် မိမိတို့ မျှော်မှန်းထားသည့် သမ္မာသမ္ဗောဓိဉာဏ်တော်, ပစ္စေကဗောဓိဉာဏ်တော်များကို ဆရာမကူ သယမ္ဘူဉာဏ်တော်မြတ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူနိုင်ကြ၏။ သို့သော် သာဝကတို့ကား - ပရတောဃောသ ခေါ်သည့် သူတစ်ပါးတို့ထံမှ သစ္စာလေးပါးနှင့်ဆက်စပ်သည့် တရားတော်များကို နာကြားခွင့် ရရှိကြပါမှသာလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေသည်။ သစ္စာလေးပါးနှင့်ဆက်စပ်သည့် မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဘုရားအစရှိကုန်သော သူတော်ကောင်းတို့ထံမှ နာကြားခွင့်ကို ရရှိကြသောအခါ မိမိတို့ နာယူခဲ့သော တရားတော်၌ လာရှိသည့်အတိုင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တို့သို့တင်ကာ တွင်တွင်ကြီး နှလုံးသွင်းခြင်း (= ယောနိသောမနသိကာရ), လောကုတ္တရာတရား ကိုးပါးအား လျော်ညီသည့် ကျင့်ဝတ်ပဋိပတ် အရပ်ရပ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်း (= ဓမ္မာနုဓမ္မပ္ပဋိပတ္တိ)အမှုတို့ကို တွင်တွင်ကြီး ပြုလုပ်နိုင်ကြမည် ဖြစ်ပေသည်။ ယင်းသို့ပြုကျင့်နိုင်ပါမှ, လုံလောက်သော ပါရမီလည်း ရှိပါမှ မိမိ မျှော်မှန်းထားသည့် မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာများကို ရယူနိုင်ကြမှာ ဖြစ်ပေသည်။
ထိုကြောင့် ဘုရားရှင်သည် ပထမဦးဆုံးဝါတွင် ဗာရာဏသီပြည်အနီး ဣသိပတနအမည်ရသည့် မိဂဒါဝုန်ကျောင်းတိုက်အတွင်း၌ ဝါဆိုဝါကပ်တော်မူပြီးနောက် ဝါကျွတ်သောအခါ မိမိတပည့်သာဝက ရဟန္တာမထေရ် ခြောက်ကျိပ်တို့အား တစ်ကြောင်းတည်းသော လမ်းကို နှစ်ပါးအတူမသွားဘဲ တစ်ကြောင်းတည်းသော လမ်းကို တစ်ပါးစီသာ ကြွချီလျက် အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသည့် တရားတော်တို့ကို ဟောကြားပြသ ဆိုဆုံးမတော်မူရန် သာသနာပြုခရီးကို စေလွှတ်တော်မူရာတွင် ဤသို့ မိန့်မှာတော်မူလိုက်၏။
သန္တိ သတ္တာ အပ္ပရဇက္ခဇာတိကာ၊ အဿဝနတာ ဓမ္မဿ ပရိဟာယန္တိ။ ဘဝိဿန္တိ ဓမ္မဿ အညာတာရော။ (ဝိ၊၃၊၂၈။)
= ချစ်သားရဟန်းတို့ ... လောက၌ ပညာမျက်စိဝယ် ကိလေသာမြူမှုန် အနည်းငယ်သာ ရှိကြသည့် သတ္တဝါတို့ ထင်ရှားရှိကြပါကုန်၏။ သစ္စာ လေးပါးနှင့် စပ်သည့် တရားစကားတော်ကို နာကြားခွင့် မရရှိကြသည့် အတွက် သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက်သိမြင်ခြင်းမှ ဆုတ်ယုတ် ပျက်စီးကြရကုန်၏။ သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက်သိမြင်သော သူတို့သည် ထင်ရှား ဖြစ်ပေါ်လာကြပါကုန်လတ္တံ့ဟု မိန့်မှာတော်မူလိုက်၏။ (ဝိ၊၃၊၂၈။)
ထိုသာသနာပြုခရီးတွင် တစ်ပါးအပါအဝင် ဖြစ်တော်မူသော ပဉ္စဝဂ္ဂီ ရဟန်းတော် ငါးဦးတို့တွင် အငယ်ဆုံးလည်း ဖြစ်တော်မူသော အရှင်အဿဇိ မထေရ်မြတ်ထံမှ သစ္စာလေးပါးနှင့် စပ်သည့် တရားဂါထာတစ်ပုဒ်ကို နာကြားခွင့်ရရှိရုံမျှဖြင့် အရှင်သာရိပုတ္တရာမထေရ်မြတ် အလောင်းအလျာ ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်သည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် သစ္စာလေးရပ်တရားမြတ်ကို ထွင်းဖောက် သိမြင်တော်မူခဲ့ရလေသည်။ ဤကဲ့သို့ ပါရမီရင့်ညောင်းတော်မူသည့် အရှင်သာရိပုတ္တရာအလောင်းအလျာ သူတော်ကောင်းကြီးတို့သော်မှလည်း သူတစ်ပါးတို့ထံမှ သစ္စာလေးပါးနှင့် စပ်သည့် တရားစကားတော်ကို နာကြားခွင့် ရရှိပါမှ သစ္စာလေးပါးကို ထိုးထွင်းသိမြင်တော်မူနိုင်ကြ၏။ မဂ်-ဖိုလ်-နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူနိုင်ကြ၏။ ထိုကြောင့် သစ္စာလေးပါးနှင့်စပ်သည့် တရားစကားတော်ကို နာကြားခွင့် ရရှိခြင်းသည်လည်း မဂ်ချမ်းသာ ဖိုလ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကဲ့သို့သော ချမ်းသာထူး ချမ်းသာမြတ်ကြီးတို့ကို ရရှိခြင်း၏ အကြောင်းရင်း တစ်ခုပင် ဖြစ်ရပေသည်။
ညီညွတ်ခြင်း၏ စွမ်းအား
သံဃာတော်၏ ညီညွတ်ခြင်းသည်လည်း ချမ်းသာသုခကို ရရှိခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။ ဘုရားရှင်၏ တပည့်သာဝကတို့ကား ရဟန်းယောက်ျားပရိသတ်, ရဟန်းမိန်းမပရိသတ်, လူဥပါသကာယောက်ျား ပရိသတ်, လူဥပါသိကာအမျိုးသမီးပရိသတ်ဟု ပရိသတ်လေးမျိုးရှိ၏။ ယင်း ပရိသတ်လေးမျိုးတို့တွင် ရဟန်းယောက်ျားပရိသတ်ကား ပဓာန (= ပြဓာန်းသော)ပရိသတ်ဖြစ်သဖြင့် သံဃာတော်၏ ညီညွတ်ခြင်းကို ဦးတည်ကာ ဟောကြားထားတော်မူခြင်းဖြစ်၏။ သို့အတွက် သံဃာတော်၏ ညီညွတ်ခြင်းသာမက ရွာသူရွာသားတို့၏ ညီညွတ်ခြင်း, မြို့သူမြို့သားတို့၏ ညီညွတ်ခြင်း, တိုင်းသူပြည်သားတို့၏ ညီညွတ်ခြင်း, ကမ္ဘာသူကမ္ဘာသားတို့၏ ညီညွတ်ခြင်း- ဤအရပ်ရပ်သော စည်းလုံးညီညွတ်ခြင်းတို့သည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းတစ်ခုပင် ဖြစ်ပေသည်။
ညီညွတ်သူတို့၏ ကျင့်ဝတ်စွမ်းအင်
အချင်းချင်းညီညွတ်မှု ရှိသဖြင့် တစ်ဦးအပေါ်တစ်ဦး ချစ်ကြည်နူးမှုကို ရရှိနေသော လူ့အဖွဲ့အစည်းတစ်ခုသည် အကယ်၍ အညီအညွတ် သီလ ကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟု ဆိုအပ်သည့် အကျင့်မြတ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါက လူ့ချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွင်သာမက နိဗ္ဗာန်ချမ်းသာအထိ ချမ်းသာသုခအဝဝတို့ုကို ရရှိနိုင်ပေသည်။ သို့အတွက် လူသားအချင်းချင်း အဖွဲ့အစည်းအချင်းချင်း ညီညွတ်မှုရှိခြင်း, ညီညွတ်သူတို့အချင်းချင်း အညီအညွတ် သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကျင့်ခြင်းတို့သည်လည်း ချမ်းသာသုခအဝဝကို ရရှိခြင်း၏ အကြောင်းရင်းများပင် ဖြစ်ကြပေသည်။
၁။ အငြင်းပွားမှုကို ပြုလုပ်တတ်ခြင်း,
၂။ သိက္ခာသုံးရပ်ကို မလိုလားခြင်း,
၃။ ယုတ်မာသော အလိုဆိုးရှိခြင်း,
၄။ အမျက်ဒေါသကြီးခြင်း = မေတ္တာဓာတ် ကင်းမဲ့ခြင်း,
၅။ သူ့ကျေးဇူးကို ချေဖျက်တတ်ခြင်း,
၆။ ကောက်ကျစ်စဉ်းလဲခြင်း,
၇။ တစ်ဦးအပေါ်တစ်ဦး လှည့်စားတတ်ခြင်း,
၈။ လောကုတ္တရာတရားတို့ကို မဆောင်ထားခြင်း,
၉။ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ မကိန်းအောင်း မမွေ့လျော်ခြင်း,
၁၀။ ပဋိသန္ထာရ = အစေ့အစပ်စကား မပြုတတ်ခြင်း = ဘုကန့်လန့် ပြောတတ်ခြင်း
ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးတို့ကား အဖွဲ့အစည်းတစ်ခု၏ ညီညွတ်မှုကို ပျက်ပြားစေတတ်သော, မညီညွတ်မှုကို ဖြစ်စေတတ်သော စိတ်နေစိတ်ထားများပင် ဖြစ်ကြ၏။
၁။ အငြင်းပွားမှုကို မပြုလုပ်တတ်ခြင်း,
၂။ သိက္ခာသုံးရပ်ကို လိုလားခြင်း,
၃။ အလိုရမ္မက်နည်းပါးခြင်း,
၄။ အမျက်မထွက်တတ်ခြင်း = မေတ္တာဓာတ် အားကောင်းခြင်း,
၅။ သူ့ကျေးဇူးကို မချေဖျက်တတ်ခြင်း,
၆။ မကောက်ကျစ် မစဉ်းလဲခြင်း,
၇။ တစ်ဦးအပေါ်တစ်ဦး မလှည့်စားတတ်ခြင်း,
၈။ လောကုတ္တရာတရားတို့ကို ဆောင်ထားနိုင်ခြင်း,
၉။ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း မွေ့လျော်ခြင်း,
၁၀။ ပဋိသန္ထာရ = အစေ့အစပ်စကား ပြောကြားတတ်ခြင်း = ဘုကန့်လန့် မပြောတတ်ခြင်း
ဤကဲ့သို့သော စိတ်နေစိတ်ထားမျိုးတို့ကား မညီညွတ်သူတို့ကို ညီညွတ် အောင်, ညီညွတ်ပြီးသူတို့ကိုလည်း ညီညွတ်မှုခိုင်မြဲအောင် ပြုလုပ်ပေးနိုင်သည့် စွမ်းအားရှိသော စိတ်နေစိတ်ထားများပင် ဖြစ်ကြ၏။ ယင်းကဲ့သို့သော ညီညွတ်မှုကို ပျက်ပြားစေတတ်သော မကောင်းသော စိတ်နေစိတ်ထားများကို ပယ်ရှားနိုင်ရန်, ညီညွတ်မှုကို ခိုင်မြဲစေသည့် ကောင်းသော စိတ်နေစိတ်ထား များ ကိန်းဝပ်လာနိုင်စေရန် ရည်သန်တောင့်တလျက် ဤ နပ္ပိယသုတ္တန်ကို ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့တင်ပြရာ၌ ညီညွတ်မှုကို ပျက်ပြားစေတတ်သည့် ယုတ်မာသော စိတ်နေစိတ်ထားများကို တိုက်ဖျက်ရာ၌ များစွာကုန်သော နည်းလမ်းတို့တွင် အကောင်းဆုံးသော လက်နက်တစ်ခုသဖွယ်ဖြစ်သည့် မေတ္တာကမ္မဋ္ဌာန်းပွားများပုံ အစီအစဉ်ကိုလည်း ဤကျမ်းစာငယ်တွင် ထည့်သွင်းကာ ရေးသား တင်ပြထားပေသည်။
ဥတ္တရာဥပါသိကာမနှင့် သာမာဝတီမိဖုရားအမှူးရှိသော ငါးရာကုန်သော မိဖုရားတို့၏ ထုံးကို အတုယူကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေသောဝ် ... ဟူသော ဆန္ဒမွန်ဖြင့် ---
သူတော်ကောင်းဓာတ် တရားမြတ်၊ လွှမ်းပတ် ကမ္ဘာတည်စေသောဝ်...
မေတ္တာရေချမ်း ပက်ကာဖျန်း၊ အေးချမ်းကြသည် ဖြစ်စေသောဝ်...
ဖားအောက်တောရဆရာတော်
မမုန်းပါစေနှင့်
[နပ္ပိယသုတ္တန် (အံ၊၃၊၃၈၉-၃၉၂။)]
ဤသုတ္တန်ကို ဘုရားရှင်သည် ပျံလွန်တော်မူသော ရဟန်းတော်တစ်ပါးကို အကြောင်းပြု၍ ရဟန်းတော်တို့အား ဟောကြားတော်မူခဲ့၏။ ရဟန်းတော် တစ်ပါး ပျံလွန်တော်မူသွားသောအခါ ကြွင်းကျန်သော ရဟန်းတော်တို့ လိုက်နာ ပြုကျင့်သင့်သည့် အချက်အလက်များကို ဤသုတ္တန်တွင် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ဤသုတ္တန်တွင် ရဟန်းတော်တို့ လိုက်နာပြုကျင့်ရန် အချက်ပေါင်း (၁၀)ချက်တို့ ပါဝင်ကြ၏။ ထိုအချက် (၁၀)မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
၁။ အငြင်းပွားမှု = အဓိကရုဏ်းကို ပြုတတ်သူ
ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည် အငြင်းပွားမှု = အဓိကရုဏ်းကို ပြုတတ်၏၊ အငြင်းပွားမှု = အဓိကရုဏ်းငြိမ်းခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ရဟန်းတို့ ...ဤကဲ့သို့ အငြင်းပွားမှု အဓိကရုဏ်း ကို ပြုတတ်ခြင်း၊ အငြင်းပွားမှု = အဓိကရုဏ်းငြိမ်းခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါး နှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)
ဤကား အမှတ်တစ် မနှစ်သက်အပ်သည့် တရားပင်ဖြစ်၏။ အဓိကရဏိက = အဓိကရုဏ်း = (အငြင်းပွားမှု)ကို ပြုလုပ်တတ်သော ရဟန်းတည်း။ ဤအရာဝယ် အဓိကရဏ = အဓိကရုဏ်းကား လေးမျိုးရှိ၏။ ဝိဝါဒါဓိကရုဏ်း, အနုဝါဒါဓိကရုဏ်း, အာပတ္တာဓိကရုဏ်း, ကိစ္စာဓိကရုဏ်းဟု အဓိကရုဏ်း လေးမျိုး ရှိပေသည်။ (ဝိ၊၁၊၂၅၀။)
ဝိဝါဒါဓိကရုဏ်း။ ။ ဓမ္မ, အဓမ္မ စသည်ဖြင့် အငြင်းပွားမှုများသည် သံဃာကွဲပြားခြင်းကို ပြုလုပ်တတ်ကုန်သော ဘေဒကရဝတ္ထုတို့တည်း။ ထို ဘေဒကရဝတ္ထု (၁၈)မျိုးတို့ကို အမှီပြုကာ ဖြစ်ပေါ်လာသော အငြင်းပွားမှု သည် ဝိဝါဒါဓိကရုဏ်း မည်၏။ (ဝိ၊ဋ္ဌ၊၂၊၁၈၀။)
အနုဝါဒါဓိကရုဏ်း။ ။ ရဟန်းတစ်ပါးက ရဟန်းတစ်ပါးကို (၁)သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲခြင်း, (၂) အကျင့်အာစာရ ပျက်စီးမှုဖြင့် စွပ်စွဲခြင်း, (၃) အယူဝါဒ ပျက်စီးမှုဖြင့် စွပ်စွဲခြင်း, (၄) အသက်မွေးဝမ်းကျောင်း ပျက်စီးမှုဖြင့် စွပ်စွဲခြင်း၊ ဤသို့လျှင် ပျက်စီးခြင်း လေးမျိုးတို့ကို အမှီပြု၍ ဖြစ်ပေါ်လာ သော စွပ်စွဲခြင်းသည် အနုဝါဒါဓိကရုဏ်း မည်၏။ (ဝိ၊၄၊၂၁၂။ ဝိ၊ဋ္ဌ၊၂၊၁၈၀။)
အာပတ္တာဓိကရုဏ်း။ ။ သမထတို့ဖြင့် ငြိမ်းအေးစေအပ်သော အာပတ် (၅)မျိုး, အာပတ် (၇)မျိုးသည် အာပတ္တာဓိကရုဏ်း မည်၏။ မာတိကာ ပါဠိတော်၌ လာရှိသော ပါရာဇိကအာပတ်, သံဃာဒိသေသ်အာပတ်, ထုလ္လစ္စဉ်းအာပတ်, နိဿဂ္ဂိယပါစိတ်အာပတ်, ပါစိတ်အာပတ်ဟူသော အာပတ် (၅)မျိုး, ဝိဘင်္ဂ၌လာရှိသော ဒုက္ကဋ်အာပတ်, ဒုဗ္ဘာသိအာပတ်ဟူသော အာပတ် (၂)မျိုး၊ နှစ်ရပ်ပေါင်းသော် အာပတ် (၇)မျိုးတည်း။ (ဝိ၊ဋ္ဌ၊၂၊၁၈၀။ ကင်္ခါ၊၂၈၉။)
ကိစ္စာဓိကရုဏ်း။ ။ (၁) သံဃာအား ပန်ကြား၍ ဆောင်ရွက်အပ်သော ကံ = အပလောကနကံ, (၂) သံဃာအား အသိပေးခြင်း = ဉတ်ကို ရွတ်ဖတ်၍ ဆောင်ရွက်အပ်သော ကံ = ဉတ္တိကံ, (၃) ယင်းဉတ်တစ်ကြိမ်, ကမ္မဝါစာတစ်ကြိမ် ဤသို့လျှင် ဉတ်လျှင် နှစ်ကြိမ်မြောက် ရွတ်ဖတ်၍ ဆောင်ရွက် ရသော ကံ = ဉတ္တိဒုတိယကံ, (၄) ယင်းဉတ်တစ်ကြိမ်, ကမ္မဝါစာ သုံးကြိမ် ဤသို့လျှင် ဉတ်လျှင် လေးကြိမ်မြောက် ရွတ်ဖတ်၍ ဆောင်ရွက်ရသော ကံ = ဉတ္တိစတုတ္ထကံ ဤလေးမျိုးသော သံဃကိစ္စသည် ကိစ္စာဓိကရုဏ်း မည်၏။ (ဝိ၊ဋ္ဌ၊၂၊၁၈၀။)
ဤသည်တို့ကား သမထတို့ဖြင့် ငြိမ်းအေးစေအပ်သော အငြင်းပွားမှု လေးမျိုးတို့တည်း။
ဘုရားရှင်ကား ဤကဲ့သို့သော အငြင်းပွားမှုများကို ရှောင်ရှားစေလိုသော ဆန္ဒဓာတ် ရှိတော်မူ၏။ ဤကဲ့သို့သော အငြင်းပွားမှုသည် ရဟန်းတစ်ပါးနှင့် တစ်ပါး ချစ်ခင်မြတ်နိုးဖို့ရန်လည်း မဖြစ်၊ ရဟန်းတော်တစ်ပါးနှင့်တစ်ပါး ရိုသေ လေးစားမှု ဂါရဝ နိဝါတမင်္ဂလာတရားများ ထင်ရှားဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ။ အငြင်းပွားမှုတွေက များပြားနေပါက ယင်းအငြင်းပွားမှုတွေအတွက် အချိန်တွေကို များစွာအသုံးပြုနေရသဖြင့် သမထ-ဝိပဿနာဘာဝနာတို့ကို ပွားများဖို့ရန် အချိန်များလည်း လျော့နည်းသွားတော့မည်သာ ဖြစ်၏။ သမထ- ဝိပဿနာဘာဝနာကုသိုလ်တို့၏ တိုးတက်ဖွံ့ဖြိုးလာဖို့ရန် အခွင့်အလမ်းများ လည်း လျော့နည်းသွားတော့မည်သာ ဖြစ်ပေသည်။ သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းတို့ တိုးတက်ဖွံ့ဖြိုးမှု မရှိလျှင်ကား မိမိတို့ မျှော်လင့်တောင့်တ နေသော ရဟန်းအဖြစ်ကို ပြီးစေတတ်သည့် ရဟန်းဖြစ်ရကျိုးနပ်စေသည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတို့ ထင်ရှားဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်နိုင် တော့ပေ။ ကောသမ္ဗီပြည်ဝယ် ရဟန်းတော်တို့၏ အငြင်းပွားမှုကို စံနမူနာ ယူကြည့်ပါ။
၂။ သိက္ခာသုံးရပ်ကို မလိုလားသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သီလ-သမာဓိ- ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသော စိတ်ထားမရှိ၊ သိက္ခာသုံးရပ်အကျင့်မြတ်ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တသော စိတ်ထားမရှိခြင်း, သိက္ခာသုံးရပ် အကျင့်မြတ်ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်း ဟူသော ဤတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)
ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဤသို့ ဟောကြားထား တော်မူခဲ့၏---
ရဟန်းတို့ ...ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်ဓာတ်သန့်ရှင်း စင်ကြယ်ဖို့ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးမြည်တမ်းခြင်းတို့ကို ကျော်လွှား လွန်မြောက်ဖို့ရန်, ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်းဒုက္ခတို့ ချုပ်ငြိမ်းဖို့ရန်, အရိယမဂ်ကို ရရှိဖို့ရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင် တည်း။ (မ၊၁၊ရဝ။)
သာဝကတစ်ဦးအနေဖြင့် ရဟန်းအဖြစ်ကို ပြီးစီးစေနိုင်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိရေးအတွက် လိုက်နာပြုကျင့်ရမည့် တရားကား ဤသတိပဋ္ဌာန်ကျင့်စဉ်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် သတိပဋ္ဌာန်ကျင့်စဉ် ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လိုပါက ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် (မ၊၁၊၈၈-၈၉။) အကျုံးဝင်သော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို လိုက်နာ ပြုကျင့်ရမည် ဖြစ်ပေသည်။ ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့ကား သီလသိက္ခာ = သီလကျင့်စဉ်တည်း။ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိတို့ကား သမာဓိသိက္ခာ = သမာဓိကျင့်စဉ်တည်း။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပတို့ကား ပညာသိက္ခာ = ပညာကျင့်စဉ်တည်း။ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားဟူသည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကျင့်စဉ်သာ ဖြစ်၏။ ထိုကျင့်စဉ်သည် ရဟန်းစစ် ရဟန်းမှန်ဟူသည့် ပရမတ္ထသံဃာ ဖြစ်ရေးအတွက်, မဂ်-ဖိုလ်-နိဗ္ဗာန် ရရှိရေးအတွက် တစ်ကြောင်းတည်းသော ကျင့်စဉ်လမ်း ဖြစ်၏။ ရဟန်း ဖြစ်ပါလျက် သီလကျင့်စဉ်ကိုလည်း မချစ်မြတ်နိုးတတ်ပါက, သမာဓိကျင့်စဉ် ကိုလည်း မချစ်မြတ်နိုးတတ်ပါက, ပညာကျင့်စဉ်ကိုလည်း မချစ်မြတ်နိုးတတ် ပါက ရဟန်းအဖြစ်ကို ပြီးစီးစေတတ်သည့် မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရရှိရေးမှာ အလှမ်းဝေးလျက်ပင် ရှိနေဦးမည် ဖြစ်ပေသည်။
သီတင်းသုံးဖော်တို့၏ ချစ်မြတ်နိုးမှု
ဘုရားရှင်သည် အာကင်္ခေယျသုတ္တန် (မ၊၁၊၃၉။), အာကင်္ခသုတ္တန် (အံ၊၃၊၃၆၁။)တို့တွင် ဤသို့ ဟောကြားထားတော်မူ၏ ---
ရဟန်းတို့ ...ရဟန်းသည် သီတင်းသုံးဖော်တို့က ချစ်ခင်မြတ်နိုး အပ်သူ, သီတင်းသုံးဖော်တို့၏ စိတ်နှလုံး၌ ကုသိုလ်တရားကို တိုးပွားစေတတ် သူ, သီတင်းသုံးဖော်တို့က ရိုသေလေးစားအပ်သူ ချီးမွမ်းအပ်သူ ဖြစ်လို၏ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့၌ ဖြူဖြူစင်စင် ဖြည့်ကျင့်သူ, မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ စိတ်ဓာတ်ငြိမ်းအေးအောင် သမထကမ္မဋ္ဌာန်းကို အပတ်တကုတ် ကြိုးစားအားထုတ်သူ, မလျောကျသော စျာန်ရှိသူ, ဝိပဿနာ ဉာဏ်နှင့် ပြည့်စုံသူ, ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းတို့ကို တိုးပွား စေသူသာလျှင် ဖြစ်ရာ၏။ (မ၊၁၊၃၉။ အံ၊၃၊၃၆၁။)
သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြူဖြူစင်စင် အောင်အောင်မြင်မြင် ဖြည့်ကျင့်နိုင်သဖြင့် ယင်းသိက္ခာသုံးရပ် အကျင့်မြတ် တို့နှင့် ပြည့်စုံကုံလုံနေသော သူတော်ကောင်းတစ်ဦးကို သီတင်းသုံးဖော်တို့က အလွန် ချစ်မြတ်နိုးကြသည်သာ ဖြစ်၏။ အကောင်းဆုံးသော ပိယဆေးဖြစ်၏။ ယင်းပိယဆေးထက် သာလွန်မြင့်မြတ်သည့် ပို၍ ပို၍ ကောင်းမွန်သည့် ပိယဆေးကား လောက၌ မရှိနိုင်ပေ။ ထိုကြောင့် ဓမ္မပဒပါဠိတော်၌ ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏ ---
သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။ (ဓမ္မပဒ၊၄၅။ ဂါထာနံပါတ်-၂၁၇။)
= စတုပါရိသုဒ္ဓိသီလနှင့်လည်း ပြည့်စုံ, မဂ်ဉာဏ် ဖိုလ်ဉာဏ်အမြင်နှင့် လည်း ပြည့်စုံသော လောကုတ္တရာတရားကိုးပါး၌ ရပ်တည်နေသော သစ္စာ လေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တတ်သော, မိမိ၏ ပြုကျင့်သင့် ပြုကျင့်ထိုက်သော သိက္ခာသုံးရပ် အကျင့်မြတ်ကို ဖြည့်ကျင့်လေ့ရှိသော သူကို လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။ (ဓမ္မပဒ၊၄၅။)
ထိုသို့ သိက္ခာသုံးရပ်အကျင့်မြတ်ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နေသော သူတော်ကောင်းတစ်ဦးကို လူများအပေါင်းက ချစ်မြတ်နိုးရုံတွင်သာမက ဖူးမြင် လို၏ ရှိခိုးလို၏ ပစ္စည်းလေးပါးဖြင့် ပူဇော်လို၏ဟု ဆိုလိုပေသည်။
သီလတည်းဟူသော မြေပေါ်၌ ကောင်းစွာရပ်တည်ကာ သမာဓိတည်း ဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာသွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် ဖောက်ခွဲနိုင်ပါမှသာလျှင် အကြောင်းနှင့်အကျိုး ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် လည်ပတ် နေသော သံသရာစက်ရဟတ်ကို ဖောက်ခွဲနိုင်မည် ဖြစ်ပေသည်။ သီလကိုလည်း ဖြူစင်အောင် မဖြည့်ကျင့်သဖြင့် မလုံခြုံသော သီလရှိသော, သမာဓိကိုလည်း စံချိန်မီ မဖြည့်ကျင့်သဖြင့် နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးသော စိတ်ဓာတ်မရှိသော, ဝိပဿနာဘာဝနာကိုလည်း တကယ် ပေါက်ပေါက်ရောက်ရောက် အားမထုတ်သဖြင့် ရုပ်နာမ်မျှကိုပင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကောင်းစွာ မသိသေးသောသူကို အဘယ်မည်သောသူတော်-ကောင်း သီတင်းသုံးဖော်က ရိုသေမြတ်နိုးမှု ရိုသေလေးစားမှုရှိနိုင်ပါအံ့နည်း?
ရဟန်းတော်အချင်းချင်း သီတင်းသုံးဖော်အချင်းချင်း ရေပူနှင့်ရေအေး ရောသကဲ့သို့ တစ်သားတည်း ညီညွတ်မှု မရှိခြင်းသည်ကား သီလကို စိတ်တူ သဘောတူ ဖြူဖြူစင်စင် ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်ကြခြင်း, သမာဓိကို မထူထောင်ကြသဖြင့် နီဝရဏကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးသော စိတ်ဓာတ်မရှိကြခြင်း, ဝိပဿနာဘာဝနာကို နည်းမှန်လမ်းမှန် မကျင့်ကြသဖြင့် အမှန်တရား သစ္စာတရားကို မသိကြခြင်း-ဟူသည့် အဓိကအကြောင်းသုံးရပ် တို့ကြောင့် ရဟန်းတို့ အချင်းချင်း တပေါင်းတစည်းတည်း စည်းလုံးညီညွတ်မှု မရှိကြခြင်း ဖြစ်ပေသည်။
ဤကဲ့သို့ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ဖြူဖြူစင်စင် အောင်အောင် မြင်မြင် မဖြည့်ကျင့်သူတို့သည်ကား နိဗ္ဗာန်တရားတော်မှ အဝေးကြီး ဝေးကွာ နေသူတို့သာ ဖြစ်ကြပေသည်။
၃။ အလိုဆိုးရှိသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် အလိုဆိုးရှိသူ ဖြစ်၏၊ အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ အလိုဆိုးရှိခြင်း, အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်၊ ရဟန်း တစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းအဖြစ်ကို ပြုလုပ်ပေးတတ်သော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်။ (အံ၊၃၊၃၈၉။)
ပါပိစ္ဆ = အလိုဆိုး
ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ---
၁။ မိမိ၌ သဒ္ဓါတရား မရှိပါဘဲလျက် သဒ္ဓါတရားရှိသူဟု ငါ့ကို လူများ အပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။
၂။ သီလမရှိပါဘဲလျက် သီလရှိသူဟု ငါ့ကို လူများအပေါင်းက သိပါစေ သတည်းဟု အလိုရှိ၏။
၃။ ဘုရားရှင်၏ တရားတော်များကို အာဂမသုတဟူသော သင်သိ, အဓိဂမ သုတဟူသော ကျင့်သိ, ဤအသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုဿုတ များပြားသူ မဟုတ်ပါဘဲလျက် ဗဟုဿုတ များပြားသူဟု ငါ့ကို လူများ အပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။
၄။ အပေါင်းအဖော်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဖြစ်ပါလျက် ကင်းကင်းရှင်းရှင်း နေလိုသည့် ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက်သူ ဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။
၅။ ပျင်းရိသူ ဖြစ်ပါလျက် အပြင်းအထန် ကြိုးစားအားထုတ်သည့် လုံ့လဝီရိယရှိသူဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။
၆။ သတိလက်လွတ်နေသူ ဖြစ်ပါလျက် ထင်လင်းသော သတိရှိသူဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။
၇။ စိတ်ဓာတ် မတည်ကြည်သော, သမာဓိ မရှိသော ပုဂ္ဂိုလ်ဖြစ်ပါလျက် တည်ကြည်သော သမာဓိရှိသော ပုဂ္ဂိုလ်ဟု (ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိရှိသော ပုဂ္ဂိုလ်မျိုးဟု) ငါ့ကို လူများအပေါင်းက သိပါစေ သတည်းဟု အလိုရှိ၏။
၈။ ပရိယတ္တိပညာ ပဋိပတ္တိပညာ မရှိပါဘဲလျက်, ဝိပဿနာပညာ မဂ်ပညာ မရှိပါဘဲလျက် ပညာရှိ၏ဟု ငါ့ကို လူများအပေါင်းက သိပါစေ သတည်းဟု အလိုရှိ၏။
၉။ ကိလေသာ အာသဝေါ ကုန်ခန်းသည့် ရဟန္တာ မဟုတ်ပါဘဲလျက် ကိလေသာ အာသဝေါကုန်ခန်းသည့် ရဟန္တာဟု ငါ့ကို လူများအပေါင်းက သိပါစေသတည်းဟု အလိုရှိ၏။ ဤကဲ့သို့သော အလိုရှိမှုမျိုးနှင့် ပြည့်စုံ နေသူကို ယုတ်မာသော အလိုဆိုးရှိသူဟု ခေါ်ဆိုသည်။(အဘိ၊၂၊၃၆၄၊၊) ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့သည်ကား သာသနာတော်၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရသည်တိုင်အောင် ကြီးပွားတိုးတက်မှု မရှိနိုင်သူ တို့သာ ဖြစ်ကြသည်။
၄။ အမျက်ဒေါသကြီးသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် အမျက်ဒေါသကြီးသူ ဖြစ်၏၊ အမျက်ဒေါသကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ အမျက်ဒေါသကြီးခြင်း အမျက်ဒေါသကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန် လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)
ရဟန်းတို့ ...အမျက်ထွက်မှု ကောဓကို (ဝိပဿနာပညာ မဂ်ပညာ ဟူသော) ထူးသောဉာဏ်ဖြင့် မသိသူ, ပိုင်းခြား၍ မသိသူ, ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် မပြုနိုင်သူ, ကိလေသဝဋ်ကို မပယ်စွန့်နိုင်သူသည် (= ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိသူသည်) သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။ ရဟန်းတို့ ... အမျက်ထွက်မှု ကောဓကို ထူးသော ဉာဏ်ဖြင့်သိသူ, ပိုင်းခြား၍သိသူ, ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင် ပြုနိုင်သူ, ကိလေသဝဋ်ကို ပယ်စွန့်နိုင်သူသည် (= ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်း ခြားခြားသိသူသည်) သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏။
ယေန ကောဓေန ကုဒ္ဓါသေ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
တံ ကောဓံ သမ္မဒညာယ၊ ပဇဟန္တိ ဝိပဿိနော။
ပဟာယ န ပုနာယန္တိ၊ ဣဒံ လောကံ ကုဒါစနံ။ (ဣတိဝုတ္တက၊၂၀၀။)
= အကြင်ကောဓတရားဖြင့် အမျက်ထွက်သူတို့သည် မကောင်းသော လားရာ အပါယ်ဒုဂ္ဂတိသို့ လားရောက်ကြရကုန်၏။ ထိုကောဓကို ကောင်းစွာ သိ၍ ခန္ဓာငါးပါးတို့ကို အနိစ္စစသော အခြင်းအရာတို့ဖြင့် ဝိပဿနာရှုသူ တို့သည် ယင်းကောဓကို ပယ်စွန့်နိုင်သောကြောင့် ဤလောကသို့ တစ်ရံတစ်ဆစ်မျှ မလာရောက်ကြရကုန်။ (ဣတိဝုတ္တက၊၂၀၀။)
ဘုရားမှ ဝေးနေသူ
ရဟန်းတို့ ...ရဟန်းသည် အဘိဇ္ဈာများပြားသူ, ကာမတို့၌ အားကြီးသော တပ်မက်မှုရာဂရှိသူ, ဒေါသဖြင့် ဖောက်ပြန်ပျက်စီးနေသော စိတ်ဓာတ် ရှိသူ, ဒေါသဖြင့် ပြစ်မှားလိုသော စိတ်အကြံရှိသူ, သတိလက်လွတ်သူ, ဆင်ခြင်ဉာဏ် ကင်းမဲ့သူ (ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ မရှိသဖြင့်) မတည်ကြည်သော စိတ်ဓာတ်ရှိသူ, တုန်လှုပ်သော စိတ်ဓာတ် ရှိသူ, မစောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရားရှင်၏ ခြေရာပေါ်၌ မိမိ၏ ခြေကို ချနင်းလျက် ငါဘုရားရှင်၏ နောက်မှ နောက်မှ အစဉ်တစိုက် လိုက်ပင်လိုက်နေသော်လည်း ထိုရဟန်းသည် ငါဘုရားမှ ဝေးကွာနေသည်သာတည်း။ ငါဘုရားသည်လည်းထိုရဟန်းမှ ဝေးကွာနေသည်သာတည်း။ အကြောင်းကား အဘယ်နည်း? ရဟန်းတို့ ထိုရဟန်းသည် တရားကို မမြင်၊ တရားကို မမြင်သည်ရှိသော် ငါဘုရားကို မမြင်သောကြောင့်ပင်တည်း။ (ဣတိဝုတ္တက၊၂၅၆။)
ဘုရားနှင့် နီးသူ
ရဟန်းတို့ ...ရဟန်းသည် အဘိဇ္ဈာမများပြားသူ, ကာမတို့၌ အားကြီးသော တပ်မက်မှုရာဂ မရှိသူ, ဒေါသဖြင့် ဖောက်ပြန်ပျက်စီးနေသောစိတ်ဓာတ် မရှိသူ, ဒေါသဖြင့် ပြစ်မှားလိုသော စိတ်အကြံ မရှိသူ, ထင်လင်းသော သတိ ရှိသူ (သင်္ခါရတရားတို့ကို ကွဲကွဲပြားပြား သိတတ်သော) ဆင်ခြင်ဉာဏ် = သမ္ပဇဉ်ဉာဏ်ရှိသူ, (ဥပစာရ အပ္ပနာနှစ်ဖြာသော သမာဓိဖြင့်) တည်ကြည်သော စိတ်ဓာတ်ရှိသူ, မတုန်လှုပ်သော စိတ်ဓာတ်ရှိသူ, စောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာဝေးကွာသော အရပ်၌ နေပင်နေသော်လည်း ငါဘုရားရှင်နှင့် နီးကပ်နေသည်သာတည်း၊ ငါဘုရားသည်လည်း ထိုရဟန်းနှင့် နီးကပ်နေသည်သာတည်း။ အကြောင်းကား အဘယ်နည်း? ရဟန်းတို့ ...ထိုရဟန်းသည် တရားကို မြင်၏၊ တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့်ပင်တည်း။ (ဣတိဝုတ္တက၊၂၅၆။)
၅။ သူ့ကျေးဇူးကို ချေဖျက်တတ်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ သူ့ကျေးဇူးကို ချေဖျက်တတ်ခြင်း, သူ့ကျေးဇူးချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်း တရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၈၉။)
ငြင်းခုံခြင်း၏ အကြောင်းရင်း
ရဟန်းတို့ ...ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်မျိုး တို့တည်း။ အဘယ်ခြောက်မျိုးတို့နည်းဟူမူကား ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် ---
၁။ အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏။
၂။ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။
၃။ ငြူစူစောင်းမြောင်းတတ်၏၊ ဝန်တိုတတ်၏။
၄။ ကောက်ကျစ်စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏။
၅။ ယုတ်မာသော အလိုဆိုးရှိ၏၊ မှားယွင်းသော အယူဝါဒရှိ၏။
၆။ မိမိအယူမှားကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူမှားကို စွဲမြဲစွာ ဆုပ်ကိုင်ထားတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။
ရဟန်းတို့ ...
၁။ အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည်။ ပ ။
၆။ မိမိအယူမှားကို မှားသောအားဖြင့် စွဲလမ်းတတ်သူ, မိမိအယူမှားကို စွဲမြဲစွာ ဆုပ်ကိုင်ထားတတ်သူ, စွန့်လွှတ်နိုင်ခဲသူသည် ---
မြတ်စွာဘုရား၌လည်း ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ တရားတော်၌လည်း ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေ၏၊ သိက္ခာသုံးရပ် အကျင့်မြတ်၌လည်း ဖြည့်ကျင့်လေ့ မရှိ။
ရဟန်းတို့ ...မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍ နေသော, တရားတော်၌ ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍နေသော, သံဃာတော်၌ ရိုသေတုပ်ဝပ်မှု မရှိသည်ဖြစ်၍နေသော, သိက္ခာသုံးရပ်အကျင့်မြတ်၌ ဖြည့်ကျင့်လေ့ မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏။ ယင်းငြင်းခုံခြင်းသည် လူများအပေါင်းတို့ အကျိုးစီးပွားမဲ့ရန် ဖြစ်၏၊ လူများ အပေါင်းတို့ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်၏။
ရဟန်းတို့ ...ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ဖြစ်စေ, သူတစ်ပါးသန္တာန်၌ဖြစ်စေ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့တွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရှားရန် လုံ့လကြိုးကုတ် အားထုတ်ကုန်လော့။ ရဟန်းတို့ ...သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ဖြစ်စေ, သူတစ်ပါးသန္တာန်၌ဖြစ်စေ အကယ်၍ မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသော ထို ငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွားစေရန် ကျင့်ကြကုန်လော့။
ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည်မည်၏၊ ဤသို့ ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွားစေသည်မည်၏။ (ဝိ၊၄၊၂၁၃။ ဝိ၊၅၊၁၆၆။ ဒီ၊၃၊၃၇၊၂၀၄။ အံ၊၂၊၂၉၄။)
အရှင်ဒေဝဒတ်သည် ဘုရားရှင်၏ သာသနာတော်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် သမထဘာဝနာတို့ကို ပွားများအားထုတ်လေရာ ပထမဝါအတွင်း၌ပင် လောကီစျာန်သမာပတ် (၈)ပါးနှင့် လောကီအဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူ၏။ သို့သော် ဘုရားရှင်ကို ဆရာမဟုတ်ပါဟု သူ့ကျေးဇူးကို ချေဖျက်ခဲ့သူဖြစ်၏။ သူ့ကျေးဇူးကို ချေဖျက်သူတို့ သွားရာလမ်းကို လိုက်ပါသွားရ၏၊ သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ရောက်ရှိသွားခဲ့၏။ တစ်လုတ်စားဖူး သူ့ကျေးဇူးကို အထူးသိတတ်ဖို့ လိုအပ်ပေသည်။
၆။ ကောက်ကျစ်စဉ်းလဲသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် ကောက်ကျစ် စဉ်းလဲ၏၊ ကောက်ကျစ်စဉ်းလဲခြင်းကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲခြင်း, ကောက်ကျစ်စဉ်းလဲခြင်းကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်း ဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)
၇။ လှည့်စားတတ်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် လှည့်စား တတ်၏၊ လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ လှည့်စားတတ်ခြင်း, လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့် တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်း အချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)
မာယာနှင့် သာဌေယျ
သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ (အသန္တဂုဏပကာသနလက္ခဏံ) သာဌေယျံ။ (မဟာဋီ၊၁၊၈၄၊၁၂၈။)
မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို ဖုံးလွှမ်းထားခြင်းသဘောလက္ခဏာ ရှိသော တရားကား မာယာတည်း။ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း ထင်ရှားဖော်ပြခြင်း သဘောလက္ခဏာရှိသော တရားကား သာဌေယျတည်း။ (မဟာဋီ၊၁၊၈၄၊၁၂၈။)
မိမိ၌ ထင်ရှားရှိနေသော အပြစ်ကို ဖုံးကွယ်ကာ အပြစ်မရှိယောင် ဟန်ဆောင်တတ်သည့် မာယာကို လှည့်စားခြင်းဟု အထက်တွင် ဘာသာပြန်ဆို ထား၏။ အပြစ်ရှိပါလျက် မရှိလေယောင် လှည့်ပတ်ခြင်းသဘောတရားတည်း။ သာဌေယျကို ကောက်ကျစ်စဉ်းလဲခြင်းဟု အထက်တွင် ဘာသာပြန်ဆိုထား၏။ မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကို ရှိလေဟန်ဆောင်ကာ ထုတ်ဖော်ပြောကြားခြင်းတည်း၊ ဝါကြွားခြင်းတည်း။ ယင်းနှစ်မျိုးစလုံးကား တဏှာလောဘ၏ စွမ်းအားများပင်တည်း။
မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရသုတ္တန် (မ၊၂၊၂၉၈။)တွင် သမထ-ဝိပဿနာဘာဝနာဟု ခေါ်ဆိုအပ်သော ပဓာနကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်သည့် ယောဂါဝစရပုဂ္ဂိုလ်တို့၌ ရှိရမည့် ပဓာနိယင်္ဂတရား (၅)ပါး တို့ကို ဟောကြားထားတော်မူ၏။ ယင်း (၅)ပါးတို့တွင် မာယာ သာဌေယျ ကင်းစင်ခြင်းကိုလည်း အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းကာ ဟောကြားထားတော်မူ၏။ မဂ်ဖိုလ် နိဗ္ဗာန်ရရှိရေးအတွက် ရှိရမည့် အင်္ဂါရပ်တစ်ခုပင် ဖြစ်သည်။ နိဗ္ဗာန် ရရှိရေးအတွက်သာ မဟုတ်၊ လူမှုဆက်ဆံရေး၌လည်း မာယာ သာဌေယျ ကင်းစင်ဖို့ လိုအပ်ပေသည်။
မာယာသည် မျက်လှည့်သမားနှင့် တူ၏။ မျက်လှည့်သမားသည် ကျောက်ခဲကို ကောက်ယူ၍ ရွှေတုံး ရွှေခဲထင်အောင် လှည့်စားနိုင်သကဲ့သို့ ဤမာယာသည်လည်း လူတစ်ဖက်သား အထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ဖုံးကွယ်တတ်လေသည်။ မိမိမှာ အပြစ်ရှိပါလျက် မရှိသလို ဟန်ဆောင်တတ်ပေသည်။ ကြောင်သူတော်ဟု လူအများက လောက၌ ခေါ်ဝေါ် သုံးစွဲနေသော စိတ်ဓာတ်တစ်မျိုးပင် ဖြစ်သည်။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကား မိမိ၌ ထင်ရှားရှိသော အပြစ်ကို အပြစ်အားလျော်စွာ ထင်စွာပြုခြင်း ကုစားခြင်းကိုသာ နှစ်ခြိုက်တော်မူကြ၏။
မိန်းမတို့မာယာ သဲကိုးဖြာ
ရှေးသရောအခါ တက္ကသိုလ်ပြည်ဝယ် ဒိသာပါမောက္ခဆရာကြီး၌ တပည့်တစ်ယောက် ရှိလေသည်။ ထိုတပည့်၏ အမျိုးသမီးသည် အခြား ယောကျ်ားနှင့် ဖောက်ပြားလေ့ရှိ၏။ ထိုဖောက်ပြားသော နေ့၌ကား မိမိ၏ ခင်ပွန်းကို ခါတိုင်းထက် ပို၍ ယုယ၏။ မဖောက်ပြားရသော နေ့၌ကား ကျွန်ကဲ့သို့ သဘောထားလျက် စော်စော်ကားကား ပြုမူ ဆက်ဆံလေ့ရှိ၏။ ထိုကဲ့သို့ ထူးခြားသော အမူအရာကို နားမလည်ရှာ၍ စိတ်ရှုပ်ထွေးလာသော တပည့်က မိမိဆရာကြီးကို ပြောပြလေရာ ဆရာကြီးက အမျိုးသမီးတို့၏ ပြုမူတတ်ပုံ သဘာဝမှန်ကို ဉာဏ်ဖြင့် နှိုင်းဆ၍ အမှန်အတိုင်း ပြောပြလေသည်။
ဤဝတ္ထု၌ လာရှိသော အမျိုးသမီးသည် အခြားယောကျ်ားနှင့် ဖောက်ပြားခွင့်ရသော နေ့ဝယ် ကျေနပ်မှုရရှိသဖြင့် မိမိ၏ အပြစ်ကို ကွယ်ကာလိုသောကြောင့် ခင်ပွန်းရင်းအပေါ်မှာ များစွာ ကြင်နာဟန်ဆောင်လေသည်။ ထိုကြင်နာဟန်ဆောင်မှုသည် ဤမာယာပင်တည်း။ ဤမာယာကိုပင် အချို့အရာ၌ တင်္ခဏုပ္ပတ္တိဉာဏ် = ရုတ်တရက် တစ်ခဏချင်း ဖြစ်ပေါ်လာသော ဉာဏ်ဟု ခေါ်ဝေါ်သုံးစွဲကြ၏။ အမှန်မှာ ဉာဏ်မဟုတ်ပါ မာယာပင်ဖြစ်သည်။
ရသေ့မာယာ
အမျိုးသမီးတို့၌သာ မာယာရှိသည်မဟုတ်၊ ယောကျ်ားယုတ်တို့၌လည်း မာယာရှိသည်သာ ဖြစ်၏။ ရှေးသရောအခါ ရွာတစ်ရွာဝယ် ဒါယကာ တစ်ယောက် ကိုးကွယ်ဆည်းကပ်ထားသော ဆရာရသေ့တစ်ဦး ရှိခဲ့ဖူးလေသည်။ ခိုးသူဘေးကြောင့် ရွှေစင် နိက္ခတစ်ရာကို ရသေ့ကမ္မဋ္ဌာန်းကျောင်း အနီးအပါး၌ မြှုပ်ထားပြီးလျှင် အရှင်ဘုရား ...သတိပြုလိုက်ပါဟု မှာထား သွား၏။ ထိုအခါ ဆရာရသေ့က ဟဲ့ ဒါယကာ - ရသေ့ရဟန်းတို့ကို ယခုလို ကြည့်ရှုရစ်ရန် မမှာကြားကောင်းဘူး။ ငါ့အဖို့ကား သူတစ်ပါးတို့ ဥစ္စာပစ္စည်း၌ လောဘမည်သည် မရှိပါဟု မိန့်ကြားလိုက်လေသည်။ လောဘတရား ထင်ရှားရှိပါလျက် မရှိဟန်ဆောင်ကာ လှည့်စားလိုက်ခြင်းပင်တည်း။
ထို့နောက် ရသေ့၌ အကြံဖြစ်သည်မှာ --- ရွှေစင် နိက္ခတစ်ရာလောက် ဆိုလျှင် လူ့ဘောင်မှာ ချောင်ချောင်လည်လည် ရှိပြီဟု ကြံလျက် ထိုရွှေများကို မိမိသွားမည့် လမ်းအနီး၌ ရွှေ့ပြောင်း မြှုပ်ထားလိုက်၏။ နောက်တစ်နေ့ နံနက် ဆွမ်းစားအပြီးတွင် ဒါယကာ ...ဒါယကာတို့ကို အမှီပြု၍ နေခဲ့ရသည်မှာ အတော်ကြာညောင်းခဲ့လေပြီ၊ ကြာလွန်းတော့လည်း သံယောဇဉ် ဖြစ်တတ်သည်၊ သို့ဖြစ်၍ တခြားအရပ်သို့ သွားဦးမည်ဟု ပြောပြလေရာ ရိုးသားသော ဒါယကာကလည်း အခါခါ တားရှာလေသည်။ ဘယ်လိုပင် အခါခါ တားသော်လည်း တားမရသောကြောင့် ရွာတံခါးထိအောင်ပင် လိုက်၍ ပို့ရှာလိုက်သေးသည်။
ထို့နောက် ရသေ့သည် အတန်ကြာအောင် တော်တော်ကလေး ခရီး သွားရောက်ပြီးကာမှ တစ်ဖန် ပြန်လာ၍ ဒါယကာ ... သင်တို့အိမ်၏ အမိုးက သက်ငယ်မြက် တစ်မျှင်သည် ငါ၏ ဆံကျစ်အကြား၌ ငြိကပ်၍ ပါလာသည်၊ ရသေ့ရဟန်းဆိုတာ ပိုင်ရှင်တို့က မပေးလှူအပ်သော အရာကို မြက်တစ်ပင်မျှသော်လည်း မယူကောင်းပါဟု ပြောပြလေ၏။ ရိုးသားရှာသော ဒါယကာကလည်း ငါ၏ဆရာရသေ့သည် သိပ်ပြီး သီလရှိတာပဲဟု လေးလေးပင်ပင် ကြည်ညိုသွားလေသည်။
သို့ရာတွင် ထိုအချိန်အခါ၌ ထိုဒါယကာ၏ အိမ်ဝယ် အလောင်းတော် ပညာရှိဖြစ်သည့် အလွန်ပါးနပ်သော ဧည့်သည်တစ်ယောက် ရောက်ရှိနေ သဖြင့် ထိုဧည့်သည်က မိတ်ဆွေ ...မိတ်ဆွေ၏ ဆရာထံမှာ ဘာများအပ်နှံ ထားပါသလဲ၊ အပ်ထားလျှင် ထိုပစ္စည်း ရှိသေး၏ မရှိသေး၏ကို သွားကြည့်စမ်းပါဟု သတိပေးမှ သွား၍ကြည့်လေရာ ရွှေများ မရှိတော့သဖြင့် ဧည့်သည် နှင့်အတူ ရသေ့နောက်သို့ အမြန်လိုက်ကြသောအခါ ရွှေများနှင့်တကွ ရသေ့ကို လက်ရဖမ်းမိကြလေသည်။ (ဇာတက၊ဋ္ဌ၊၁၊၃၉၈-၃၉၉-ကုဟကဇာတ်။)
ဤဝတ္ထု၌ ရသေ့၏ ရွှေခိုးမှု ပေါ်မည်စိုး၍ သက်ငယ်မြက် တစ်ပင်ကိုပင် ပြန်၍ပေးခြင်းသည် ရွှေကို ခိုးပါလျက် မခိုးယောင်ဆောင်တတ်သည့် ဤမာယာပင် ဖြစ်သည်။ ဤသို့လျှင် ပရိယာယ်မာယာသည် ရသေ့ရဟန်း အချို့သို့တိုင်အောင် ပျံ့နှံ့လျက်ရှိရကား ယခုကဲ့သို့ ပရိယာယ် တစ်ထောင် မာယာတစ်သိန်း အပလိန်းအနန္တ သဲကိုးဖြာ မလောက်လို့ ရှားကိုးပင်က ရှားရွက်တွေကိုပါ ရောနှောက်၍ ရေတွက်ရသည်ဟူသော ဉာဏ်နီဉာဏ်နက် အပွေအလီတွေ ပေါများလွန်းလှသော မာယာတွေ ရေလို လေလို ပေါများနေသော ခေတ်ကာလ၌ လုံးဝပုံ၍ ယုံကြည်ထိုက်သူ နည်းပါးသောကြောင့် ရိုးသားဖြောင့်မတ်သူ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံမိဖို့ အရေးမှာ ပုဗ္ဗေ စ ကတပုညတာစက်ဟူသော ရှေးကံကောင်း ထောက်မမှသာလျှင် ဖြစ်နိုင်ကြပေလိမ့်မည်။
သာဌေယျ
အခြားသူတို့ အထင်ကြီးအောင် မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်တတ်သော လောဘတစ်မျိုးကိုပင် သာဌေယျဟု ခေါ်သည်။ မာယာကား မိမိမှာ ရှိသောအပြစ်ကို ဖုံးကွယ်၍ အပြစ်ကင်းဟန်ဆောင်၏။ သာဌေယျကား မိမိမှာ မရှိသော ဂုဏ်ကို ရှိဟန်ဆောင်သည်။ ထိုနှစ်မျိုးလုံးပင် အလိမ်ဉာဏ်, အပလီဉာဏ်, အကောက်ဉာဏ်မျိုးချည်းတည်း။ သီလမရှိဘဲ သီလ ရှိဟန်, သမာဓိမရှိဘဲ သမာဓိရှိဟန်, ပညာမရှိဘဲ ပညာရှိဟန်, အကျင့် မကောင်းဘဲ အကျင့်ကောင်းဟန်, စာပေကျမ်းဂန်မတတ်ဘဲ စာပေကျမ်းဂန် တတ်ဟန် ဟန်ဆောင်ခြင်းဟူသမျှသည် သာဌေယျချည်းပင်တည်း။
လူ့လောက၌လည်း သီလ-သမာဓိ-ပညာ မရှိပါဘဲလျက် ရှိလေဟန်ဆောင်မှု, ဘွဲ့မရဘဲ ဘွဲ့ရဟန်ဆောင်မှု, ပစ္စည်းဥစ္စာ မရှိပါဘဲလျက် ပစ္စည်းဥစ္စာ ရှိဟန်ဆောင်မှု, လူတကာ အထင်ကြီးအောင် သူတစ်ပါး၏ လက်ဝတ် တန်ဆာ စိန်ရွှေရတနာ အဖြာဖြာတို့ကို ငှားရမ်းဝတ်ဆင်မှု, စွမ်းရည်သတ္တိ မရှိဘဲ သတ္တိရှိဟန်ဆောင်မှု, ဟိတ်ဟန်ထုတ်မှု စသည်တို့သည်လည်း သာဌေယျပင်တည်း။
ဗိဠာရဝတဇာတ်တော်
သုံးလောကထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဇေတဝန် ရွှေကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်တော်မူဆဲအခါတွင် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ မိမိသန္တာန်ဝယ် ထင်ရှားမရှိပါဘဲ လျက် ရှိလေဟန်ဆောင်တတ်သော, ဒါယကာ ဒါယိကာမတို့၏ စိတ်အစဉ်ဝယ် အံ့ဖွယ်သရဲ ဖြစ်စေတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဤဗိဠာရဝတဇာတ်တော်ကို ဟောကြားတော်မူလေသည်။
အတိတ်ဘဝတစ်ခုဝယ် ဘုရားအလောင်းတော်သည် ကြွက်မျိုး၌ ပဋိသန္ဓေတည်နေရသော် တဖြည်းဖြည်း ကြီးပြင်းလာသောအခါ ခန္ဓာကိုယ်ကား အလွန်ကြီးထွားသဖြင့် ဝက်ငယ်တစ်ကောင်နှင့် တူသည်ဖြစ်၍ များစွာသော ကြွက်အပေါင်း ခြံရံလျက် တောထဲ၌ နေ၏။
တစ်နေ့တွင် မြေခွေးတစ်ကောင်သည် ထိုထိုဤဤ လှည့်လည်ကျက်စားရင်းပင် ကြွက်အပေါင်းကို မြင်တွေ့ရ၍ ဤကြွက်တို့ကို လှည့်ပတ် ဖြားယောင်းလျက် စားပေအံ့ဟု စိတ်အကြံဖြစ်၍ ကြွက်တို့၏နေရာနှင့် မလှမ်းမကမ်း တစ်နေရာတွင် နေဘက်ကို မျက်နှာမူလျက် လေကို သောက်လျက် ခြေတစ်ဖက်တည်းဖြင့် ရပ်တည်နေ၏။
ဘုရားအလောင်းတော်ကြွက်သည် အစာရှာဖွေရန်အလို့ငှာ လှည့်လည် လတ်သော် ထိုမြေခွေးကို တွေ့မြင်သောအခါ ဤသူကား သီလရှိသူ ဖြစ်ပေလိမ့်မည်ဟု ယုံကြည်၍ ထိုမြေခွေးထံသို့ သွားရောက်ကာ အရှင်ဘုရားသည် အဘယ်အမည် ရှိပါသနည်းဟု မေးမြန်းလျှောက်ထားကြည့်သောအခါ ဓမ္မိက အမည်ရှိကြောင်း မြေခွေးက ပြန်ပြောလေ၏၊ (ဓမ္မိက ဟူသည် တရားစောင့်သူ, တရားရှိသူ, တရားကျင့်သုံးသူဟု အဓိပ္ပါယ်ရ၏။) ခြေထောက် လေးချောင်းလုံးတို့ကို မြေကြီးပေါ်၌ ရပ်တည်မထားဘဲ အဘယ်ကြောင့် ခြေထောက်တစ်ချောင်းတည်းဖြင့်သာလျှင် ရပ်တည်၍ နေပါသနည်းဟု မေးမြန်းသောအခါ ငါ၏အခြေလေးချောင်းတို့ကို မြေကြီး ပေါ်၌ ချထားလိုက်သော် မဟာပထဝီမြေကြီးသည် ငါ့ကို ရွက်ဆောင်ထားဖို့ရန် မစွမ်းနိုင်သောကြောင့် ခြေထောက်တစ်ချောင်းတည်းဖြစ်သာလျှင် ရပ်တည်နေရပါ၏ဟု ပြန်ပြောလေ၏။
ပါးစပ်ကို ဖွင့်ဟ၍ အဘယ်ကြောင့် ရပ်တည်နေပါသနည်းဟု မေးကြည့်သောအခါ ငါသည် အခြားသော အစားအစာကို မစားပါ၊ လေကိုသာ စားပါ၏ဟု အဖြေပေးပြန်၏။ ထိုသို့ဖြစ်လျှင် အဘယ်ကြောင့် နေကို မျက်နှာမူလျက် ရပ်တည်နေပါသနည်းဟု မေးမြန်းလိုက်သောအခါ နေကို ရှိခိုးပါ၏ဟု ဖြေဆိုပြန်၏။
ဘုရားအလောင်းတော်သည် ထိုမြေခွေး၏ စကားကို ကြား၍ ဤမြေခွေးသည် သီလရှိသောသူ ဖြစ်ပေလိမ့်မည်ဟု နှလုံးပိုက်၍ ထိုနေ့မှ စ၍ ကြွက်အပေါင်းနှင့် အတူတကွ တစ်နေ့လျှင် ညဉ့် နံနက် နှစ်ကြိမ် ထိုမြေခွေးအား ဆည်းကပ် ခစား၏။
ထိုအခါ မြေခွေးသည် ကြွက်အပေါင်းက မိမိအား ဆည်းကပ် ခစားလာသော အခါဝယ် နောက်ဆုံးပိတ် ကြွက်တစ်ကောင်ကို ဖမ်းစားပြီးနောက် ပါးစပ်ကို သုတ်၍ ရပ်တည်နေ၏။ တဖြည်းဖြည်း ကြွက်အပေါင်းသည် နည်းပါးလာ၏။ ထိုအခါ ကြွက်တို့က ဤသို့ စဉ်းစားမိကြ၏၊ ရှေးယခင် အခါတုန်းက ငါတို့၏ ဤနေရာကြွက်တွင်းသည် ကြွက်တို့ဖြင့် နေရာမဆံ့ ဖြစ်နေ၏၊ ကြွက်တို့သည် နေရာအကြားအလပ်မရှိ တည်နေကြရ၏။ ယခုအခါ၌ကား လျော့လျော့ရဲရဲ ကျိုးကျိုးကျဲကျဲ တည်နေကြရ၏။ ဤသို့ တည်နေရသော်လည်း ငါတို့၏ တည်နေရာကြွက်တွင်းသည် မပြည့်ဖြစ်နေ၏၊ ဤအကြောင်းကား အသို့နည်းဟု စဉ်းစားမိကြ၏။
ဘုရားအလောင်းတော်အားလည်း ထိုအကြောင်းကို ပြောပြကြ၏။ ဘုရားအလောင်းတော်သည်လည်း စဉ်းစားဆင်ခြင်တော်မူလတ်သော် မြေခွေးအပေါ်၌ သံသယမကင်း ဖြစ်နေသဖြင့် မြေခွေးကို စူးစမ်းဖို့ရန် ဆုံးဖြတ်ချက်ချလိုက်၏။ မြေခွေးထံသို့ ဆည်းကပ်ခစားရန် သွားသောအခါ၌ အခြားကြွက်တို့ကို ရှေ့ကသွားစေ၍ မိမိက နောက်မှ လိုက်ပါသွား၏။ မြေခွေး သည် ထိုဘုရားအလောင်း ကြွက်၏ အထက်၌ ခုန်အုပ်ဖို့ရန် ဘုရားအလောင်း ကြွက်ထံသို့ ပြေးလာ၏။ ဘုရားအလောင်း ကြွက်ကလည်း မိမိကို ခုန်ဖမ်းဖို့ရန် ပြေးလာသော ထိုမြေခွေးကို မြင်၍ နောက်သို့ ပြန်ဆုတ်ကာ ဤသို့ပြောဆို၏။
အိုမြေခွေး ...သင်၏ကျင့်ဝတ်ကို ဆောက်တည်ကျင့်သုံးထားခြင်းသည် တရားတော်၏ ကောင်းသော တရားဓမ္မဖြစ်သောကြောင့် ဤကျင့်ဝတ်ကို ဆောက်တည်၍ ကျင့်သည်ကား မဟုတ်၊ သူတစ်ပါးတို့အား ညှဉ်းဆဲလိုသည့်အတွက် တရားကို တံခွန်အလံပြု၍ လှည့်လည်ကျက်စားဘိ၏။ ဤသို့ ပြောဆို၍ အောက်ပါ ဂါထာကို ရွတ်ဆိုလေ၏ ---
ယော ဝေ ဓမ္မံ ဓဇံ ကတွာ၊ နိဂူဠှော ပါပမာစရေ။
ဝိဿာသယိတွာ ဘူတာနိ၊ ဗိဠာရံ နာမ တံ ဝတံ။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)
အကြင်သူသည် စင်စစ်အားဖြင့် ကုသိုလ်ကမ္မပထတရား (၁၀)ပါးတည်း ဟူသော တရားတံခွန်အလံကို တောင်ထွတ်ကဲ့သို့ အလေးဂရုပြုကာ ဆောင်းမိုးစိုက်ထူလျက်, ဤသူကား သီလရှိသူတည်းဟူသော အမှတ်သညာဖြင့် အကျွမ်းဝင်အောင် ပြုလုပ်၍ မကောင်းမှုကို လျှို့ဝှက်ကာ ပြုကျင့်နေ၏။ ဤကဲ့သို့ တရားတည်းဟူသော အလံတံခွန်ကို စိုက်ထူဆောင်းမိုးလျက် ဆိတ်ကွယ်ရာ၌ မကောင်းမှုတို့ကို ပြုနေသော သူသည်ကား စင်စစ်အားဖြင့် ကောက်ကျစ်စဉ်းလဲသော အကျင့်ရှိသော ကြောင်သူတော်ပင်တည်း။ (ဇာတက၊ဋ္ဌ၊၁၊၄၈၆။)
ထိုအခါက မြေခွေးသည်ကား ယခုအခါ၌ သီလ-သမာဓိ-ပညာ စသည့် အကျင့်မြတ် မရှိပါဘဲလျက် ရှိဟန်ဆောင်ကာ ဒါယကာ ဒါယိကာမတို့ အထင် ကြီးအောင် ပြုမိရှာသော ကုဟကဘိက္ခုခေါ်သော ရဟန်းတော် ဖြစ်ပေသည်။ ဘဝတစ်ခု၌ လက်ခံကျင့်သုံးခဲ့သော ဝါသနာဓာတ်ငွေ့တို့ကား အရှိန်အဝါသတ္တိ မကုန်သေးသမျှ သံသရာ အဆက်ဆက်၌ ကပ်၍ ပါလာတတ်သည်ကို သတိပြုသင့်လှပေသည်။
ဤမာယာ သာဌေယျတို့သည် ဖြစ်ရိုးဖြစ်စဉ် လိုချင်မှု လောဘထက်ပင် သာလွန်၍ ဆိုးရွား၏။ တစ်ဦးတစ်ယောက်ကို ဖြစ်စေ, ကျောင်းတိုက်တစ်ခုကို ဖြစ်စေ, သံဃာ့အဖွဲ့အစည်း တစ်ခုကို ဖြစ်စေ, လူအများကို ဖြစ်စေ, တစ်တိုင်း တစ်ပြည်လုံးကို ဖြစ်စေ ဘုရားမဟုတ်ပါဘဲလျက် ဘုရားလုပ်နေသူ တိတ္ထိ ဆရာကြီးများကဲ့သို့ တစ်ကမ္ဘာလုံးကို ဖြစ်စေ လှည့်ပတ်တတ်လေရကား အလွန်ယုတ်မာ ဆိုးရွားသောတရားဟု ဆိုထိုက်ပေသည်။ သံဃာ့အဖွဲ့အစည်း တစ်ခု, လူ့အဖွဲ့အစည်းတစ်ခုကို စည်းလုံးညီညွတ်မှု မရှိအောင် ရွက်ဆောင် ပေးတတ်သော တရားဆိုးများလည်း ဖြစ်ကြ၏။ ထိုမျှလောက် ဆိုးရွားသော်လည်း ယခုကာလ၌ အများအပြားပင် ဖြစ်လျက်ရှိသောကြောင့် မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု ဆုံးဖြတ်ထားသူတို့သည် ထိုမာယာ သာဌေယျသမား လူအများတွင် မပါဝင်ကြစေဘဲ မရိုးမသား ဆိုးရွားသော တရားတို့ကို မိမိ သန္တာန်မှာလည်း မဖြစ်အောင်, မိမိနှင့် ဆက်သွယ်သူများ၌လည်း မဖြစ်စေရအောင် အထူး သတိထားပြီးလျှင် ဖြူစင် ထက်မြက် သွက်လက် ဖြောင့်မတ် မြင့်မြတ်သော စိတ်ထားရှိသူချည်းသာ ဖြစ်အောင် ကြိုးစားသင့်ကြပေသည်။
---၈။ လောကုတ္တရာတရားတို့ကို မဆောင်ထားသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း သဘောရှိသူ မဟုတ်၊ လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ လောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်းသဘောရှိသူ မဟုတ်ခြင်း, လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်း တစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ် ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)
သံဃာတော်၏ မညီညွတ်မှုကို ရွက်ဆောင်ပေးနေသော တရားဆိုးတို့ကား ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယစသည့် ကိလေသာ တရားဆိုးတို့သာ ဖြစ်ကြ၏။ ယင်းကိလေသာ တရားဆိုးတို့ ထင်ရှားမရှိသော အဖွဲ့အစည်းတစ်ခု၌ မညီညွတ်မှုဟူသည် မရှိစကောင်းသော အရာသာ ဖြစ်၏။ ယင်းကိလေသာ အာသဝေါတရားတို့ကား မည်သည့်အခါ၌ ကုန်ခန်းသွားကြမည်နည်း? အောက်ပါ အာသဝက္ခယသုတ္တန်ကို ဆက်လက် ဖတ်ရှုကြည့်ပါ။
အာသဝက္ခယသုတ္တန်
ဇာနတောဟံ ဘိက္ခဝေ ပဿတော အာသဝါနံ ခယံ ဝဒါမိ၊ နော အဇာနတော အပဿတော။ ကိဉ္စ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဣဒံ ဒုက္ခန္တိ ဘိက္ခဝေ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခသမုဒယောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ၊ အယံ ဒုက္ခနိရောဓောတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ဇာနတော ပဿတော အာသဝါနံ ခယော ဟောတိ။ ဧဝံ ခေါ ဘိက္ခဝေ ဇာနတော ဧဝံ ပဿတော အာသဝါနံ ခယော ဟောတိ။
တသ္မာတိဟ ဘိက္ခဝေ ဣဒံ ဒုက္ခန္တိ ယောဂေါ ကရဏီယော။ ပ ။ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယောဂေါ ကရဏီယော။ (သံ၊၃၊၃၈၀။)
= ရဟန်းတို့ ...ဉာဏ်ဖြင့် သိသောသူအား, ဉာဏ်ဖြင့် မြင်သော သူအား အာသဝေါတရားတို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မူ၏။ ဉာဏ်ဖြင့် မသိသောသူအား ဉာဏ်ဖြင့် မမြင်သောသူအား အာသဝေါတရား တို့၏ ကုန်ခြင်းကို ငါဘုရား ဟောတော်မမူ။ ရဟန်းတို့ ...အဘယ်သို့ သိသောသူအား, မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်သနည်း?
ရဟန်းတို့ ...ဤကား ဒုက္ခအရိယသစ္စာတည်းဟု ဉာဏ်ဖြင့် သိသောသူအား ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်း သည် ဖြစ်၏။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတည်းဟု ဉာဏ်ဖြင့် သိသောသူအား ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတည်းဟု ဉာဏ်ဖြင့် သိသောသူအား ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။ ဤကား ဒုက္ခချုပ်ရာနိရောဓ (= နိဗ္ဗာန်)သို့ ရောက် ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတည်းဟု ဉာဏ်ဖြင့် သိသောသူ အား, ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ... ဤသို့ ဉာဏ်ဖြင့် သိသောသူအား, ဉာဏ်ဖြင့် မြင်သောသူအား အာသဝေါတရားတို့၏ ကုန်ခြင်းသည် ဖြစ်၏။
ရဟန်းတို့ ...ထို့ကြောင့် ဤသာသနာတော်မြတ်အတွင်း၌ သင်တို့ တစ်တွေသည် --- ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ ဤကား ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယ သစ္စာတည်းဟု သိအောင် ကြိုးစားအားထုတ်ပါ။ ဤသို့ မိန့်ကြားတော်မူ၏။ (သံ၊၃၊၃၈၀။)
ဒုက္ခအရိယသစ္စာ --- သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။) ဟူ၍ ဓမ္မစကြာဒေသနာတော် စသည့် ထိုထိုဒေသနာတော်တို့၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာ-ဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားမည်၏။
ဥပါဒါနက္ခန္ဓာ --- အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ ဒိဋ္ဌိ တို့သည် ငါ - ငါ့ဟာဟု စွဲယူအပ်သော အတိတ်, အနာဂတ်, ပစ္စုပ္ပန်,အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (အကြမ်း), သုခုမ (အနု), ဟီန (အယုတ်), ပဏီတ (အမြတ်), ဒူရ (အဝေး), သန္တိက (အနီး) ဟူသော (၁၁) မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ---
၁။ ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ,
၂။ ဝေဒနာအစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာ,
၃။ သညာအစုအပုံသည် သညုပါဒါနက္ခန္ဓာ,
၄။ သင်္ခါရအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ,
၅။ ဝိညာဏ်အစုအပုံသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်ပေသည်။ (ခန္ဓသုတ်၊သံ၊၂၊၃၉။)
ဤအထက်ပါ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြ၏။
သမုဒယသစ္စာ --- သစ္စဝိဘင်းပါဠိတော်၌ (အဘိ၊၂၊၁၁၂၊၁၁၅။) ဘုရားရှင်သည် -
၁။ တဏှာကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။
၂။ ကိလေသာ (၁၀)ပါးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော် မူ၏။
၃။ အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထား တော်မူ၏။
၄။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော အလောဘ, အဒေါသ, အမောဟ ကုသလမူလတရား သုံးပါးကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။
၅။ အကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာဟု ဟောကြားထား တော်မူ၏။
တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
ဤအထက်တွင် တင်ပြထားသော သစ္စဝိဘင်းပါဠိတော်ကြီးကိုပင် ကိုးကားလျက် - စေတနာ, စေတနာနှင့် ယှဉ်ဖက်သမ္ပယုတ်တရားဟု အထူး အထွေ မပြောတော့ဘဲ သာမညအားဖြင့် ပြောဆိုရမူ သစ္စဝိဘင်းပါဠိတော်၌ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဟူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူ၏ဟု အဋ္ဌကထာများက ဖွင့်ဆိုထားပေသည်။
တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊ ၁၇၈။)၌- အဝိဇ္ဇာပစ္စယာ သင်္ခါရာ-စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း, တစ်နည်းဆိုရသော် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောတရားကိုလည်း သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။
နိရောဓသစ္စာ --- အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော - ဤသို့စသည်ဖြင့် အဝိဇ္ဇာ၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းကြောင့် သင်္ခါရ၏ အကြွင်းမဲ့ချုပ်ငြိမ်းခြင်းသည် ဖြစ်၏- ဤသို့စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်း နိရောဓသစ္စာဟု ယင်း တိတ္ထာယတနသုတ္တန်၌ပင် (အံ၊၁၊၁၇၈။) ဟောကြားထားတော်မူ၏။
ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
အထက်ပါ တိတ္ထာယတနသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-ဟူသော အကြောင်း တရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ-ဟူသော အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထား၍ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သည့် အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကိုလည်း နိရောဓသစ္စာဟု အဋ္ဌကထာများက ဖွင့်ဆိုထား၏။ ဤနိရောဓသစ္စာကား ဥဒယဗ္ဗယဉာဏ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အကြောင်းတရားအားဖြင့် အပျက်ကို (= အချုပ်ကို) ရှုမြင်တတ်သည့် ပစ္စယတော ဝယဒဿနဉာဏ်ဖြင့် သိမြင်အပ်သော နိရောဓသစ္စာတည်း။အကြောင်း တရားတို့၏ ယင်းသို့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို သဥပါဒိသေသနိဗ္ဗာန်, အကျိုးခန္ဓာငါးပါးတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်ဟုလည်း အသီးသီး ခေါ်ဆိုပေသည်။ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သော သစ္စာတရားဖြစ်ခြင်း ဟူသော ဤအကြောင်းပရိယာယ်အားဖြင့် လောကီနိရောဓသစ္စာဟူ၍လည်း ခေါ်ဆိုနိုင်ပေသည်။
လောကုတ္တရာ နိရောဓသစ္စာ --- ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော ...(အဘိ၊၂၊၁၀၈။)
အသေသဝိရာဂနိရောဓောတိ အာဒီနိ သဗ္ဗာနိ နိဗ္ဗာနဝေဝစနာနေဝ။ နိဗ္ဗာနဥှိ အာဂမ္မ တဏှာ အသေသာ ဝိရဇ္ဇတိ နိရုဇ္ဈတိ၊ တသ္မာ တံ တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၂၊၁၀၅-၁၀၆။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့်အညီ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား လောကုတ္တရာနိရောဓသစ္စာ မည်၏။
မဂ္ဂသစ္စာ --- လောကုတ္တရာနိရောဓသစ္စာဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ---
၁။ လောကီမဂ္ဂသစ္စာ အမည်ရသည့် လောကီမဂ္ဂင် (၈)ပါး,
၂။ လောကုတ္တရာမဂ္ဂသစ္စာ အမည်ရသည့် လောကုတ္တရာမဂ္ဂင် (၈)ပါး-
ဤနှစ်မျိုးသော ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂသစ္စာတရားတို့ကို ပွားများရမည် ဖြစ်ပေသည်။ ထိုတွင်လည်း လောကုတ္တရာမဂ္ဂသစ္စာသို့ ဆိုက်ရောက်ရေးအတွက် လောကီမဂ္ဂသစ္စာတရားတို့ကို ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်က ပွားများအားထုတ်ရမည် ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၂၊၁၆၅၊၊)
ထိုတွင် လောကီမဂ္ဂသစ္စာကား လောကီဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဟူသော မဂ္ဂင်တရားကိုယ် ငါးပါးနှင့် ကြိုတင်၍ ဆောက်တည်ကျင့်သုံးထားအပ်သော သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော သီလမဂ္ဂင် သုံးပါး, ပေါင်း (၈)ပါးတည်း။
လောကုတ္တရာမဂ္ဂသစ္စာကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုနေသော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတည်း။
ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော လောကီမဂ္ဂင်တရားတို့က သင်္ခါရ တရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို အာရုံပြုကြ၏။ သမုဒယသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဒုက္ခသစ္စာတရားတို့၏ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်း အာရုံပြုကြ၏။ လောကုတ္တရာမဂ္ဂသစ္စာတရားတို့က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုကြ၏။
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)
သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာ၌ တည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးကဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)
ဤသို့ ဘုရားရှင်ဟောကြားထားတော်မူသည့်အတိုင်း သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်နေသော ဓမ္မဋ္ဌိတိအမည် ရသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာလျှင် အရိယမဂ်ဉာဏ်သည် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာနိုင်သည့် အတွက် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်ကို ရအောင် ရှေးဦးစွာ ကြိုးပမ်းရတော့မည် ဖြစ်ပေသည်။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါမှလည်း အရိယသစ္စာလေးပါးတို့ကို ပြည့်ပြည့်စုံစုံ နေရာတကျ ထိုးထွင်းသိမည် ဖြစ်ပေသည်။
ထိုသို့ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် မည်သို့ လိုက်နာပြုကျင့်ရမည်နည်းဟူမူ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်ပါ-ဟူပေ။ ရှေးဦးစွာ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသည့် သီလမဂ္ဂင်သုံးပါးကို ပြည့်ပြည့် စုံစုံ ဖြူစင်အောင် ဖြည့်ကျင့်ပါ။ ထို့နောင် သမာဓိကျင့်စဉ်ပိုင်းကို တက်လှမ်းပါ။
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)
သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် သမာဓိကို ထူထောင်ရန် ဘုရားရှင်က ညွှန်ကြား ထားတော်မူ၏။ (သံ၊၃၊၃၆၃။) သမထကမ္မဋ္ဌာန်း (၄၀)တို့တွင် မိမိနှစ်ခြိုက်ရာ ကမ္မဋ္ဌာန်း တစ်ခုခုဖြင့် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ပါ။ ဥပစာရ သမာဓိသို့ ဆိုက်အောင် သို့မဟုတ် အပ္ပနာသမာဓိသို့ ဆိုက်အောင် သမာဓိကို စနစ်တကျ ထူထောင်ပြီးသော ပုဂ္ဂိုလ်သည် ---
၁။ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ပထမ သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
၂။ ယင်းဒုက္ခသစ္စာတရားတို့၏ အကြောင်းရင်း သမုဒယသစ္စာတရားတို့ကို ဒုတိယသိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။
တတ္ထ ပုရိမာနိ ဒွေသစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော ဤသစ္စာနှစ်ပါးတို့ကား ဝဋ္ဋသစ္စာ တည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာ ဤသစ္စာ နှစ်ပါးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ ထိုနှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းမည့် ယောဂါဝစရ ရဟန်းသည် ဝဋ္ဋသစ္စာတရားနှစ်ပါးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းခြင်းအမှုကို ပြုအပ်၏။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ထို့ကြောင့် ဤဒုက္ခသစ္စာ သမုဒယသစ္စာတရားနှစ်ပါးတို့ကား ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏။ ယင်းသစ္စာတရား နှစ်ပါးတို့ကား ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က အညီအညွတ် ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာရသော တရားတို့ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့ ဖြစ်ကြ၏။ ယင်းသင်္ခါရတရားတို့ကို ---
၁။ ယင်းတို့၏ ဖြစ်ပြီးလျှင် ပျက်နေသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟုလည်းကောင်း,
၂။ ဖြစ်ခြင်း ပျက်ခြင်းဖြင့် အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခဟုလည်းကောင်း,
၃။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေ သည့် အတ္တမဟုတ်သည့် သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနတ္တဟုလည်းကောင်း-
ဤသို့လျှင် လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာ ဉာဏ်စဉ်အတိုင်း ရှုပွားခဲ့သော် ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ လောကုတ္တရာနိရောဓသစ္စာဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူ၍ အရိယမဂ်ဉာဏ်သည် ဖြစ်ပေါ်လာ၏။ ယင်းအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကား လောကုတ္တရာနိရောဓ သစ္စာတည်း။ ယင်းအရိယမဂ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ကား လောကုတ္တရာမဂ္ဂသစ္စာတည်း။
ဝိပဿနာအခိုက် ဖြစ်ပေါ်သွားကြသော မဂ္ဂင်တရားကိုယ်တို့ကား လောကီမဂ္ဂသစ္စာတည်း။ လောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော အကြောင်းသင်္ခါရတရား, အကျိုးသင်္ခါရ တရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းဟူသော အနုပ္ပါဒနိရောဓသဘောကား လောကီနိရောဓသစ္စာတည်း။
လောကီမဂ္ဂသစ္စာ အမည်ရသည့် ဝိပဿနာဉာဏ်တို့က ကိလေသာ အာသဝေါတရားတို့ကို တဒင်္ဂအားဖြင့် ပယ်ရှားသွား၏။ လောကုတ္တရာမဂ္ဂသစ္စာ အမည်ရသည့် အရိယမဂ်တရားတို့က ဆိုင်ရာ ဆိုင်ရာ ကိလေသာ အာသဝေါတရားတို့ကို အဆင့်ဆင့် အကြွင်းမဲ့ = သမုစ္ဆေဒအားဖြင့် ပယ်ရှား လိုက်၏။ အရဟတ္တမဂ်သို့ ဆိုက်ရောက်သောအခါ ကိလေသာအာသဝေါတို့ လုံးဝကုန်ခန်းသွားပြီ ဖြစ်၏။ ထို့ကြောင့် အရိယသစ္စာလေးပါးတို့ကို ဝိပဿနာဉာဏ် အရိယမဂ်ဉာဏ်တို့ဖြင့် သိသောသူအားသာလျှင် မြင်သောသူအား သာလျှင် အာသဝေါတရားတို့၏ ကုန်ခြင်းကို ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့ အာသဝေါတရားတို့ ကုန်ခန်းသွားသော ပုဂ္ဂိုလ်သည် အရိယမဂ်လေးပါး, အရိယဖိုလ်လေးပါး, နိဗ္ဗာန်တည်းဟူသော လောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားနိုင်သူဟု ခေါ်ဆိုထိုက်ပြီ ဖြစ်ပေသည်။
ဓမ္မာနံ န နိသာမကဇာတိကောတိ နဝန္နံ လောကုတ္တရဓမ္မာနံ န နိသာမနသဘာဝေါ န ဥပဓာရဏသဘာဝေါ။ (အံ၊ဋ္ဌ၊၃၊၃၂၅။)
ရဟန်းတော်တစ်ပါးအနေဖြင့် ဤလောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ မဆောင်ထားနိုင်သေးစေကာမူ ယင်းလောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးတို့ကို ပြောကြားတတ်ဖို့ကား လိုအပ်ပေသည်။ အကယ်၍ ရဟန်းတော်တစ်ပါး အနေဖြင့် ထိုလောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍လည်း မဆောင်ထားနိုင်သည်ဖြစ်အံ့၊ သို့မဟုတ် ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း မပြောဆိုတတ်သည် ဖြစ်ငြားအံ့၊ ထိုကဲ့သို့သော ရဟန်းတော်မျိုးကို သီတင်းသုံးဖော်တို့က ချစ်ခင်ရန် ရိုသေလေးစားရန်လည်း မဖြစ် နိုင်ပေ။ ထိုရဟန်းသည် မိမိသန္တာန်၌ ထိုလောကုတ္တရာတရားကိုးပါးတို့ကို ရကြောင်းရောက်ကြောင်းဖြစ်သည့် သမထဘာဝနာကုသိုလ် ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း ပွားများအားထုတ်တော့မည် မဟုတ်ပေ။ ပရမတ္ထသံဃာအစစ်ဖြစ်အောင် ရွက်ဆောင်ပေးတတ်သည့် ရဟန်းဖြစ်ကြောင်းတရားဟူသည့် အရိယမဂ်တရား ဖိုလ်တရားတို့သည်လည်း ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်ကို ပွားများမှု မရှိသဖြင့် ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ်တရား, ဘုရားရှင် ဟောကြား ထားတော်မူသည့် နာမ်တရား, ဘုရားရှင် ဟောကြားထားတော်မူသည့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သာဝကတို့သည် ရှုမရနိုင်ဟူသော ဆင်ခြေ ဆင်လက် အမျိုးမျိုးတို့ကို အကြောင်းပြကာ ဝေဖန်ရေးသမားသက်သက် ပြုလုပ်နေတတ်၏။ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါ တစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြားချေချွတ်၊ ဖြေမလွတ်ဖူး (မဃဒေဝ-စာပိုဒ်-၃၁၉။)ဟူသော ဆိုရိုး စကားအတိုင်း အသိန်းမကသော ဘုရားရှင်တို့ ဝိုင်း၍ ချွတ်သော်လည်း မကျွတ်နိုင်သူ ဖြစ်နေတတ်သည်။ ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ် တို့ကို တကယ်လက်တွေ့ မကျင့်သဖြင့် လောကုတ္တရာအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ ဖြစ်ပေါ်ခွင့် မရှိရကား ကိလေသာအာသဝေါတရားတို့၏ ကုန်ခန်းမှုမှာ မမျှော်မှန်းနိုင်သော အရာဌာနတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ ကိလေသာ အာသဝေါတို့ ထူပြောနေသော ရဟန်းတော်တို့ အချင်းချင်းသည် ရာဂ ဒေါသ မောဟစသည့် ထိုကိလေသာ အာသဝေါတို့၏ ထူပြောမှု စွမ်းအားကြောင့် တစ်ပါးနှင့်တစ်ပါး ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ဖြစ်ဖို့ရန် စည်းလုံးညီညွတ်မှု ရှိဖို့ရန်ကား မမျှော်မှန်း သင့်သောအရာ ဖြစ်နေပေသည်။ ရာဂ ဒေါသ မောဟ မာန်မာန ဣဿာ မစ္ဆရိယ-စသည့် ကိလေသာတရားဆိုးတို့က စည်းလုံးညီညွတ်မှုကို ပျက်ပြား စေတတ်သောကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် ဘုရားရှင်က ဤနပ္ပိယသုတ္တန်တွင် ဤသို့ ဟောကြားတော်မူခြင်း ဖြစ်၏။
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် လောကုတ္တရာ တရားကိုးပါးတို့ကို ဉာဏ်ဖြင့် ကပ်၍ ဆောင်ထားခြင်း သဘောရှိသူမဟုတ်၊ လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ... ဤကဲ့သို့ လောကုတ္တရာတရား ကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်းသဘော ရှိသူမဟုတ်ခြင်း, လောကုတ္တရာတရားကိုးပါးတို့ကို ဉာဏ်ဖြင့်ကပ်၍ ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်း တစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ်, ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်း အချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)
---၉။ န ပဋိသလ္လာနော = တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ မကိန်းအောင်း မမွေ့လျော်သူ
နာနာရမ္မဏတော ပဋိသံဟရိတွာ ကမ္မဋ္ဌာနဘူတေ ဧကသ္မိံယေဝ အာရမ္မဏေ စိတ္တဿ သမ္မဒေဝ လယနံ ပဋိသလ္လာနံ။ (မဟာဋီ၊၁၊၆၃၊၊)
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်တတ်သူ မဟုတ်၊ တစ်ပါးထီး တည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်။ ရဟန်းတို့ ...ဤကဲ့သို့ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်သူ မဟုတ်ခြင်း, တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း မဖြစ်ပေ၊ သမထဘာဝနာကုသိုလ်, ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန် လည်း မဖြစ်ပေ၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း မဖြစ်ပေ၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း မဖြစ်ပေ။ (အံ၊၃၊၃၉၀။)
ပဝိဝိတ္တဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော သင်္ဂဏိကာရာမဿ၊၊ (အံ၊၃၊၆၅။)
ရဟန်းတို့ ...ဤလောကုတ္တရာတရားကိုးပါးသည် ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ပုဂ္ဂိုလ်သတ္တဝါ အပေါင်းအဖော်, ကိလေသာ အပေါင်းအဖော်၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)
ကာယဝိဝေက, စိတ္တဝိဝေက, ဥပဓိဝိဝေက-ဟု ဝိဝေကသုံးပါးရှိ၏။ ဂိုဏ်းအပေါင်းအဖော်ကို စွန့်လွှတ်၍ တစ်ပါးထီးတည်း သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, စားခြင်း စသည်ဖြင့် တစ်ပါးထီးတည်း နေလေ့ရှိခြင်းသည် ကာယဝိဝေက မည်၏။ ကာယဝိဝေကမျှနှင့် လောကုတ္တရာတရားကိုးပါးသည် မပြီးစီးမပြည့်စုံနိုင်ရကား ကသိုဏ်းပရိကံများကို ပြုစုပျိုးထောင်၍, ပွားများ အားထုတ်၍ သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၏။ ဤသမာပတ် (၈)ပါးသည် သို့မဟုတ် သမာပတ် (၈)ပါးတို့ကို ဝင်စားလျက် နေထိုင်ခြင်းသည် ကိလေသာ အပေါင်းအဖော်မှ စိတ်ကို ကင်းရှင်းစေလျက် နေထိုင်ခြင်း ဖြစ်သောကြောင့် စိတ္တဝိဝေက မည်၏။ စိတ္တဝိဝေက အမည်ရသည့် သမာပတ် (၈)ပါးမျှဖြင့်လည်း လောကုတ္တရာတရားကိုးပါးသည် မပြီးစီးမပြည့်စုံနိုင်ရကား ယင်းစျာန်သမာပတ်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လေသော် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့် အတူတကွ အရဟတ္တမဂ်သို့ ဆိုက်ရောက်တော်မူ၏။ ဤအရဟတ္တဖိုလ် နိဗ္ဗာန်သည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပဓိဝိဝေက မည်၏။ ထိုနိဗ္ဗာန်သည် ကာမုပဓိအမည်ရသည့် ကာမဂုဏ်ဥပဓိတို့မှလည်း ကင်းဆိတ်၏။ ကိလေသုပဓိ အမည်ရသည့် ကိလေသာဥပဓိတို့မှလည်း ကင်းဆိတ်၏။ ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ်သော အဘိသင်္ခါရုပဓိ အမည်ရသည့် အဘိသင်္ခါရဥပဓိတရားတို့မှလည်း ကင်းဆိတ်၏။ ခန္ဓုပဓိ အမည်ရသည့် ခန္ဓာငါးပါး ဥပဓိတရားတို့မှလည်း ကင်းဆိတ်၏။ ထို့ကြောင့် ယင်းနိဗ္ဗာန်သည် ဥပဓိဝိဝေက = ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာ တရားမည်၏။ ဤသို့ ဝိဝေကသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သော ပုဂ္ဂိုလ်သည် ဆိုက်ရောက်လာသော ပရိသတ်အား ဝိဝေကသုံးဖြာ၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်သော စိတ်ထားရှိရန်, ဝိဝေကသုံးဖြာသို့ ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိရန် ညွှန်ကြားလျက် ပြန်လွှတ်ကာ သမထ-ဝိပဿနာဘာဝနာ တို့ကိုသာ အားထုတ်လေသည်။ (အံ၊၃၊၆၆။ အံ၊ဋ္ဌ၊၃၊၂၆။)
ဤကဲ့သို့ ဝိဝေကသုံးဖြာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်လျက် တစ်ပါး ထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း နေထိုင်ခြင်း, စျာန်သမာပတ်တို့ကို ဝင်စားလျက် နေထိုင်ခြင်း, ဖလသမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းတို့ကိုပင် ပဋိသလ္လာန = တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော် နေစံပျော်ခြင်းဟု ဆိုသည်။ ယင်းကဲ့သို့သော ပဋိသလ္လာနဂုဏ်နှင့် မပြည့်စုံခြင်း, ပဋိသလ္လာနဂုဏ်ကျေးဇူးကို မပြောဆိုတတ်ခြင်းဟူသော ဤသဘောတရား သည်ကား ရဟန်းတော် တစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်, ရိုသေလေးစားဖို့ရန် လည်း မဖြစ်ပေ၊ သမထ-ဝိပဿနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း မဖြစ်ပေ၊ အရိယာရဟန်းအဖြစ်ကို ပြုလုပ်ပေးတတ်သည့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ကို ရရှိဖို့ရန်လည်း မဖြစ်နိုင်တော့ပေ။ ထိုကဲ့သို့ သမထ-ဝိပဿနာဘာဝနာတို့ကို အောင်အောင်မြင်မြင် အားမထုတ်နိုင်ပါက အာသဝေါတရားတို့ ကုန်ခန်းဖို့အရေးမှာလည်း အလွန်အလှမ်းကွာဝေးလျက်ပင် ရှိနေပေမည်။ ရာဂ, ဒေါသ, မောဟ-စသည့် ကိလေသာတွေ ထူပြောနေသည့် အဖွဲ့အစည်း တစ်ခု၌ကား ညီညွတ်မှုကို ရရှိဖို့ရန်လည်း အလွန် ခက်ခဲဖွယ်ရာ ရှိပေသည်။
မြင်းယုတ်ဥပမာ
ရဟန်းတို့ ...ဥပမာသော်ကား --- မြင်းယုတ် မြင်းကြမ်းအား ငါ့ကို အကယ်၍ လူတို့သည် အာဇာနည်မြင်းရာထူး၌ ထားကြမူ, အာဇာနည်မြင်း စားသော အစာကို ကျွေးကြမူ, အာဇာနည်မြင်းကို ပွတ်သပ်ပေးခြင်း (ဆုပ်နယ်ပေးခြင်း)ကဲ့သို့သော ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) ပွတ်သပ်ကြကုန်မူ (ဆုပ်နယ်ကြကုန်မူ) ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်ငြားသော်လည်း ထိုမြင်းယုတ်ကို စင်စစ်အားဖြင့် လူတို့သည် အာဇာနည်မြင်းရာထူးတို့၌လည်း မထားကြကုန်၊ အာဇာနည်မြင်းစားသည့် အစာကိုလည်း မကျွေးကြကုန်၊ အာဇာနည်မြင်းကို (ပွတ်သပ်ပေးခြင်း, ဆုပ်နယ် ပေးခြင်းကဲ့သို့သော) ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) မပွတ်သပ်ပေးကြကုန် (မဆုပ်နယ်ပေးကြကုန်)။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ တတ်သိနားလည်သော လူတို့သည် ထိုမြင်း၏ ထိုစဉ်းလဲခြင်း, ကိုင်းခြင်း, ကောက်ခြင်း, ကွေးခြင်းတို့ကို မပယ်ရသေးသည်ကို မြင်ကုန်သောကြောင့်တည်း။
ရဟန်းတို့ ...ဤဥပမာအတူပင် ဤသို့ပြောဆိုအပ်ပြီးသော သဘော ရှိသော ရဟန်းအား အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေ ပြုကြကုန်မူ, အလေးပြုကြကုန်မူ, မြတ်နိုးကြကုန်မူ, ပူဇော်ကြကုန်မူ ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် ဖြစ်ရာ၏။ ထိုသို့ပင် ဖြစ်ငြား သော်လည်း ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် အရိုအသေလည်း မပြုကြကုန်၊ အလေးဂရုလည်း မပြုကြကုန်၊ မြတ်နိုးလည်း မမြတ်နိုးကြကုန်၊ ပူဇော်လည်း မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ တတ်သိနားလည်သော သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပယ်ရသေးသည်ကို မြင်ကြသောကြောင့်တည်း။ (အံ၊၃၊၃၉၀-၃၉၁။)
ဤသို့လျှင် ဘုရားရှင်သည် --- ရဟန်းတော်အချင်းချင်း တစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖို့ရန်, ရိုသေလေးစားဖို့ရန်, သမထ-ဝိပဿနာဘာဝနာကုသိုလ် တရားတို့ တိုင်းထက်အလွန် တိုးပွားဖို့ရန်, ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်အတွက် ရဟန်းတစ်ပါး၏ သန္တာန်ဝယ် မရှိသင့်သော အင်္ဂါရပ် (၁၀)ချက်တို့ကို ဟောကြားတော်မူပြီးနောက် - တစ်ဖန် ပဋိလောမ = အပြန်အားဖြင့် ရှိသင့်သော အင်္ဂါရပ် (၁၀)ချက်တို့ကို အောက်ပါအတိုင်း ဆက်လက်ဟောကြားတော်မူ၏။ သီတင်းသုံးဖော်တို့၏ ချစ်ခင်မှု အရိုအသေ ပြုမှု အလေးဂရုပြုမှု မြတ်နိုးမှု ပူဇော်မှုတို့ကို အလိုရှိသူတိုင်း သံဃာတော်၏ ညီညွတ်စည်းလုံးမှုကို အလိုရှိသူတိုင်း လိုက်နာပြုကျင့်သင့်သော အင်္ဂါရပ်တို့ပင် ဖြစ်ကြပေသည်။ ယင်းအင်္ဂါရပ်တို့မှာ ဤသို့ ဖြစ်ကြ၏ ---
၁။ အငြင်းပွားမှု = အဓိကရုဏ်းကို မပြုတတ်သူ
ရဟန်းတို့ ...ဤသာသနာတော်၌ ရဟန်းသည် အငြင်းပွားမှု = အဓိကရုဏ်းကို မပြုတတ်၊ အငြင်းပွားမှု = အဓိကရုဏ်း ငြိမ်းအေးခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ အငြင်းပွားမှု = အဓိကရုဏ်းကို မပြုတတ်ခြင်း၊ အငြင်းပွားမှု = အဓိကရုဏ်းကို ငြိမ်းခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း ဖြစ်၏၊ သမထဘာဝနာကုသိုလ် ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း ဖြစ်၏၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်းဖြစ်၏။ (အံ၊၃၊၃၉၁။)
၂။ သိက္ခာသုံးရပ်ကို လိုလားသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တသော စိတ်ထားရှိ၏။ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တသော စိတ်ထားရှိခြင်း၊ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို လိုလားတောင့်တခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၁။)
၃။ အပ္ပိစ္ဆ = အလိုနည်းပါးသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ရဟန်းသည် အလိုနည်းပါး၏၊ အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ဤကဲ့သို့ အလိုနည်းပါးခြင်း အလိုဆိုးကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့် တစ်ပါး ချစ်ခင်ဖို့ရန်လည်းဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်းဖြစ်၏။ (အံ၊၃၊၃၉၁။)
အပ္ပိစ္ဆဿာယံ ဘိက္ခဝေ ဓမ္မော၊ နာယံ ဓမ္မော မဟိစ္ဆဿ။ (အံ၊၃၊၆၅။)
ရဟန်းတို့ ...ဤလောကုတ္တရာတရားကိုးပါးသည် အလိုနည်းပါးသော = လိုချင်မှု ဣစ္ဆာ တဏှာ မရှိသော အပ္ပိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြည့်စုံနိုင်၏။ ဤလောကုတ္တရာတရားကိုးပါးသည် အလိုရမ္မက် ကြီးမားလှသော မဟိစ္ဆပုဂ္ဂိုလ်၏ သန္တာန်၌ မပြည့်စုံနိုင်။ (အံ၊၃၊၆၅။)
ပစ္စည်းလေးပါးကို များများလှူလျှင် နည်းနည်းသာ အလှူခံ၍, နည်းနည်း လှူလျှင်လည်း လှူသည့်အောက် ယုတ်လျော့၍ နည်းနည်းကိုသာ အလှူခံပြီးလျှင် အကုန်လုံးကို အလှူမခံသော ပစ္စည်းလေးပါး၌ အလိုနည်းပါးသော ပစ္စယအပ္ပိစ္ဆပုဂ္ဂိုလ်, (၁)
မိမိ မဂ်ဖိုလ် တရားထူး တရားမြတ် ရသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော အဓိဂမအပ္ပိစ္ဆပုဂ္ဂိုလ်, (၂)
မိမိ ပရိယတ်ဗဟုဿုတ ပေါများတတ်ကျွမ်းသည်ကို သူတစ်ပါးတို့အား အသိမပေးလိုဘဲ လျှို့ဝှက်ထားသော ပရိယတ္တိအပ္ပိစ္ဆပုဂ္ဂိုလ်, (၃)
မိမိ ဓုတင် ဆောက်တည်ကျင့်သုံးထားသည်ကို သူတစ်ပါးတို့အား အသိ မပေးလိုဘဲ လျှို့ဝှက်ထားသော ဓုတင်္ဂအပ္ပိစ္ဆပုဂ္ဂိုလ်, (၄)
ဤသို့အားဖြင့် အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ် လေးမျိုးရှိ၏။
ထိုအလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်သည် အပ္ပိစ္ဆပုဂ္ဂိုလ်ဖြစ်သော်လည်း အလိုနည်းပါးသော အပ္ပိစ္ဆပုဂ္ဂိုလ်ဟု သူတစ်ပါးတုိ့ သိမှာကို အလိုမရှိ။ ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်သူဖြစ်လျက် ရောင့်ရဲလွယ်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဖြစ်လျက် ဝိဝေကတရားသုံးပါး၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ ဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထက်သန်သော လုံ့လဝီရိယရှိသူ ဖြစ်လျက် ထက်သန်သော လုံ့လဝီရိယရှိသူဟု သူတစ်ပါးတို့က သိမှာကို အလို မရှိ။ ထင်လင်းသော သတိရှိသူ ဖြစ်လျက် ထင်လင်းသော သတိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိ ရှိသူဖြစ်လျက် သမာဓိရှိသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဖြစ်လျက် ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံသူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ သံသရာကို ချဲ့ထွင်တတ်သည့် တဏှာ မာန ဒိဋ္ဌိတည်းဟူသော ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဖြစ်လျက် ပပဉ္စတရားကင်းရာ နိဗ္ဗာန်တရားတော်မြတ်၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူဟု သူတစ်ပါးတို့က သိမှာကို အလိုမရှိ။ ထိုမျှ အလိုနည်းပါးသူ ဖြစ်၏။ (အံ၊၃၊၆၆။)
၄။ အမျက်မထွက်တတ်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် အမျက် မထွက်တတ်, အမျက်ထွက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ အမျက်မထွက်တတ်ခြင်း, အမျက်ထွက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘော တရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။(အံ၊၃၊၃၉၁၊၊)
အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။ (ဓမ္မပဒ၊၄၆။ ဂါထာ-၂၂၃။)
အမျက်ထွက်သော သူကို မေတ္တာတရားဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ မကောင်းသောသဘောရှိသော သူကို ကောင်းသောသဘောဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ နှမြောဝန်တိုသော သူကို ပေးကမ်းခြင်းဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ မဟုတ်မမှန် ပြောဆိုသော သူကို အဟုတ် အမှန်ကို ပြောဆိုခြင်းဖြင့် အောင်ပွဲကြည်ဖြူ အနိုင်ယူရာ၏။ (ဓမ္မပဒ၊၄၆။)
ဤညွှန်ကြားချက်များနှင့် အညီ အမျက်မထွက်လိုသူ ဖြစ်လိုပါက ဥတ္တရာဥပါသိကာမနှင့် သာမာဝတီတို့ကဲ့သို့ မေတ္တာစျာန်ကို နိုင်နိုင်နင်းနင်း လျင်လျင်မြန်မြန် ဝင်စားနိုင်အောင် ကြိုးစားပါ။
၅။ သူ့ကျေးဇူးကို မချေဖျက်တတ်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သူ့ကျေးဇူးကို မချေဖျက်တတ်၊ သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ဤကဲ့သို့ သူ့ကျေးဇူးကို မချေဖျက်တတ်ခြင်း, သူ့ကျေးဇူး ချေဖျက်မှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၁။)
တစ်လုတ်စားဖူး သူ့ကျေးဇူး
တစ်ချိန်တွင် ရာဓပုဏ္ဏားကြီးက ရဟန်းတော်တို့ထံသို့ ချဉ်းကပ်ကာ ရှင်ရဟန်းပြုပေးပါရန် တောင်းပန်လျှောက်ထားခဲ့၏။ ရဟန်းတော်တို့ကလည်း ထိုပုဏ္ဏားကြီးကို အသက်အရွယ်ကြီးရင့်မှုကြောင့် ရှင်ရဟန်းပြုပေးဖို့ရန် အလိုမရှိ ဖြစ်နေကြ၏။ ထိုပုဏ္ဏားကြီးသည် ရဟန်းတော်တို့အထံ၌ ရှင်ရဟန်း ပြုပေးဖို့ရန် အခွင့်အလမ်းကို မရရှိသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ ပိန်ကြုံလျက် အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိနေ၏။ ထိုပုဏ္ဏားကြီး၏ အခြေအနေ အရပ်ရပ်ကို ဘုရားရှင် သိတော်မူသောအခါ ရဟန်းတို့ကို ဘုရားရှင်က ရဟန်းတို့ ...ထိုပုဏ္ဏားကြီး၏ ပြုခဲ့ဖူးသည့် ကျေးဇူးကို မည်သူ အမှတ်ရပါသနည်းဟု မေးမြန်းတော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ထိုပုဏ္ဏားကြီး၏ သူ့အပေါ်၌ ပြုခဲ့ဖူးသည့် ကျေးဇူးကို အမှတ်ရပါကြောင်းကို ဘုရားရှင်အား လျှောက်ထားတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က မည်ကဲ့သို့ပြုခဲ့ဖူးသော သူ့ကျေးဇူးကို သင်သည် အမှတ်ရပါသနည်းဟု မေးမြန်းတော်မူ၏။ ထိုအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်က ဘုရားရှင်အား ဤသို့ လျှောက်ထားတော်မူ၏ မြတ်စွာဘုရား ... ထိုပုဏ္ဏားကြီးသည် တပည့်တော် ဤရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံ ဝင်ရောက်ခဲ့စဉ် တစ်ခါက ဆွမ်းတစ်ဇွန်းကို လောင်းလှူခဲ့ဖူးပါသည်။ တပည့်တော်သည် ထိုပုဏ္ဏားကြီး၏ ဤသို့ပြုခဲ့ဖူးသော ကျေးဇူးကို အမှတ်ရပါသည်ဘုရားဟု တင်ပြလျှောက်ထားတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က သာဓု သာဓု သာရိပုတ္တရာ - သူတော်ကောင်းတို့သည်ကား သူတစ်ပါးတို့ ပြုခဲ့ဖူးသည့် ကျေးဇူးကို သိတတ်ကြ၏။ သူ့ကျေးဇူးကို ကျေးဇူးတုံ့ဆပ်ရမည်ကို သိတတ်သူတို့ ဖြစ်ကြ၏။ သာရိပုတ္တရာ ထိုသို့ဖြစ်လျှင် သင်သည် ထိုပုဏ္ဏားကြီးကို ရှင်ရဟန်းပြုပေးလိုက်ပါဟု မိန့်ကြားတော်မူလိုက်၏။
ထိုအချိန်အခါမှာ သရဏဂုံဖြင့် ရှင်ရဟန်းအဖြစ်ကို ခွင့်ပြုမှုကို ရုပ်သိမ်းကာ ဉတ်လျှင် လေးကြိမ်မြောက်ရှိသည့် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်း ပြုရန် ခွင့်ပြုတော်မူလိုသည့် ဘုရားရှင်၏ ဆန္ဒတော်ကို သိရှိတော်မူသည့် အတွက် မည်သို့ ရှင်ရဟန်းပြုပေးရပါမည်နည်းဟု အရှင်သာရိပုတ္တရာ မထေရ်မြတ်က ဘုရားရှင်အား ထပ်မံလျှောက်ထားတော်မူလိုက်၏။ ထိုအခါ ဘုရားရှင်က ရှေးယခင်က ခွင့်ပြုထားပြီးဖြစ်သည့် သရဏဂုံဖြင့် ရဟန်းပြုခွင့်ကို ရုပ်သိမ်းတော်မူကာ ယခုကာလ သုံးစွဲနေသည့် ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုခွင့်ကို စတင်ခွင့်ပြုတော်မူလေသည်။ (ဝိ၊၃၊ရဝ။)
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ရဟန်းသစ်ဖြစ်သော အရှင်ရာဓကို ရွာငယ်တောကျောင်းတစ်ကျောင်းသို့ ခေါ်ဆောင်သွားကာ ကမ္မဋ္ဌာန်းတရားများကို သင်ကြားပေးလျက် ပစ္စည်းလေးပါးဖြင့်လည်း မငြိုငြင် မပင်ပန်းရအောင် ထောက်ပံ့လျက် သမထ-ဝိပဿနာဘာဝနာတို့ကို အားထုတ်စေလေရာ မကြာမီအချိန်ကာလအတွင်းမှာပင် အရှင်ရာဓလည်း ရဟန္တာ အဖြစ်သို့ ရောက်ရှိသွားတော်မူလေသည်။ (အံ၊ဋ္ဌ၊၁၊၂၅၄။)
သံယုတ်ပါဠိတော် (သံ၊၂၊၁၅၄-၁၆၅။)၌ လာရှိသော ရာဓသံယုတ် တစ်ခုလုံးသည် အရှင်ရာဓမထေရ်မြတ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော သုတ္တန်တို့ ဖြစ်ကြ၏။
ဧတဒဂ်ဘွဲ့ထူးရတော်မူခြင်း
နောင်တစ်ချိန်၌ မြတ်စွာဘုရားသည် မထေရ်မြတ်တို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်ရာဓမထေရ်ကို ---
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိဘာနေယျကာနံ ယဒိဒံ ရာဓော။ (အံ၊၁၊၂၆။)
= ရဟန်းတို့ ...ငါဘုရားရှင်၏ တရားဟောဆိုကြောင်းဖြစ်သည့် ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို ဖြစ်စေတတ်ကြသော ငါဘုရားရှင်၏ တပည့်သာဝကရဟန်းတို့တွင် ရာဓရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်၏။ (အံ၊၁၊၂၆။)
ဤသည်တို့ကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ တစ်လုတ် စားဖူး သူ့ကျေးဇူးကို သိတတ်မှု ကတညုတ ကတဝေဒီဂုဏ်ကို အကြောင်းခံကာ ဖြစ်ပေါ်လာကြသည့် ဂုဏ်ကျေးဇူးတို့ပင်တည်း။ ထို့ကြောင့် သူတော်ကောင်းမှန်သမျှတို့သည် တစ်လုတ်စားဖူး သူ့ကျေးဇူးကို အထူး သိထိုက်လှပေသည်။ ကျေးဇူးတုံ့ဆပ်ရမည်ကိုလည်း သိထိုက်လှပေသည်။
ဘုရားရှင်ကလည်း အရှင်ရာဓမထေရ်မြတ်၏ အသိအမြင်ဉာဏ်ဖြစ်ပုံ, တရားတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ကြီးမားပုံတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် အသစ်အသစ်ဖြစ်သော တရားဟောဆိုကြောင်း = ဓမ္မဒေသနာ အသိဉာဏ်ပညာတို့ တိုးပွားလာမှု တိုး၍ တိုး၍ ဖြစ်ပွားလာမှုကို အကြောင်းခံကာ ယင်းဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူခြင်း ဖြစ်သည်။
၆။ မကောက်ကျစ် မစဉ်းလဲသူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် မကောက်ကျစ် မစဉ်းလဲတတ်၊ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ မကောက်ကျစ် မစဉ်းလဲခြင်း, ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်း မိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)
၇။ မလှည့်စားတတ်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် မလှည့်စားတတ်, လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ မလှည့်စားခြင်း, လှည့်စားမှုကို ပယ်ဖျောက်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)
ကောက်ကျစ်စဉ်းလဲသူ လှည့်စားတတ်သူတို့ကား သီလပျက်စီးသူတို့ ဖြစ်ကြ၏။ မကောက်ကျစ် မစဉ်းလဲသူ မလှည့်စားတတ်သူတို့ကား သီလရှိသူတို့ ဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်နှစ်မျိုးတို့၏ ခြားနားချက်ကို ဘုရားရှင်က ဤသို့ မိန့်ကြားထားတော်မူ၏။
ရဟန်းတို့ ...အခက်အရွက်ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့, အခွံအခေါက်သည်လည်း၊ အကာသည်လည်း၊ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ရဟန်းတို့ ဤဥပမာအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှု (အဝိပ္ပဋိသာရ)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှု (ပါမောဇ္ဇ)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှု (ပီတိ)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းချမ်းမှု (ပဿဒ္ဓိ)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှု (သုခ)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား တည်ကြည်မှု (သမာဓိ) သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ တည်ကြည်မှု သမာဓိ မရှိလတ်သော် တည်ကြည်မှု သမာဓိ ပျက်စီးသူအား ဟုတ်တိုင်းမှန်စွာ သိမြင်မှု (ယထာဘူတဉာဏဒဿန)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော် ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု (နိဗ္ဗိဒါဝိရာဂ)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု မရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု ပျက်စီးသူအား ကိလေသာမှ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် (ဝိမုတ္တိဉာဏဒဿန)သည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းချို့တဲ့၏။ (အံ၊၃၊၂၅၉-၂၆၀။)
ရဟန်းတို့ ...အခက်အရွက်နှင့်ပြည့်စုံသော သစ်ပင်အား အပွေးသည် လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့, အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ရဟန်းတို့ ဤဥပမာအတူပင် သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်း ပြည့်စုံ၏။ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ ငြိမ်းချမ်းမှု ရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် (ဖြစ်ပေါ်လာဖို့ရန်) အကြောင်းပြည့်စုံ၏။ ချမ်းသာမှု ရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှု (သမ္မာသမာဓိ) သည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ ကောင်းသော တည်ကြည်မှု ရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအား ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ ဟုတ်တိုင်းမှန်စွာ သိမြင်မှု ရှိလတ်သော် ဟုတ်တိုင်းမှန်စွာ သိမြင်သူအား ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှုသည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ ငြီးငွေ့မှုနှင့် တပ်မက် ခြင်းကင်းမှု ရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်မက်ခြင်းကင်းမှု ပြည့်စုံသူအား (ကိလေသာမှ)လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် ဖြစ်ပေါ်လာဖို့ရန် အကြောင်းပြည့်စုံ၏။ (အံ၊၃၊၂၆၀။)
၈။ လောကုတ္တရာတရားတို့ကို ဆောင်ထားနိုင်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် လောကုတ္တရာ တရားတို့ကို ဆောင်ထား၏၊ လောကုတ္တရာတရားတို့ကို ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ လောကုတ္တရာ တရားတို့ကို ဆောင်ထားခြင်း, လောကုတ္တရာတရားတို့ကို ဆောင်ထားခြင်း၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)
၉။ ပဋိသလ္လာန = တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း မွေ့လျော်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်တတ်၏၊ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်၏။ ရဟန်းတို့ ...ဤကဲ့သို့ တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်းမွေ့လျော်တတ်ခြင်း, တစ်ပါးထီးတည်း ကမ္မဋ္ဌာန်းအာရုံ၌ ကိန်းအောင်း မွေ့လျော်ခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘောတရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏။ ပ။ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)
၁၀။ ပဋိသန္ထာရ = အစေ့အစပ်စကား ပြုတတ်သူ
ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား --- ရဟန်းသည် သီတင်းသုံးဖော်တို့အား ပဋိသန္ထာရ = အစေ့အစပ်စကား ပြုတတ်၏၊ ပဋိသန္ထာရ=အစေ့အစပ်စကား ပြုခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ... ဤကဲ့သို့ ပဋိသန္ထာရ = အစေ့အစပ်စကား ပြုတတ်ခြင်း, ပဋိသန္ထာရ = အစေ့အစပ်စကား ပြုခြင်း၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်ခြင်းဟူသော ဤသဘော တရားသည်လည်း ရဟန်းတစ်ပါးနှင့်တစ်ပါး ချစ်ခင်ဖို့ရန်လည်း ဖြစ်၏၊ ရဟန်းတစ်ပါးနှင့်တစ်ပါး ရိုသေလေးစားဖို့ရန်လည်း ဖြစ်၏၊ သမထဘာဝနာကုသိုလ်, ဝိပဿနာဘာဝနာကုသိုလ်တရားတို့ တိုးပွားဖို့ရန်လည်း ဖြစ်၏၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော ရဟန်းဖြစ်ကြောင်းတရား ဖြစ်ပေါ်လာဖို့ရန်လည်း ဖြစ်၏၊ ရဟန်းအချင်းချင်း တပေါင်းတည်း ပေါင်းစည်းမိဖို့ရန်လည်း ဖြစ်၏။ (အံ၊၃၊၃၉၂။)
ရဟန်းတို့ ...ဤသို့ သဘောရှိသော (အင်္ဂါ ၁၀-ပါးနှင့်ပြည့်စုံသော) ရဟန်းအား အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ, အလေးဂရုပြုကြကုန်မူ, မြတ်နိုးကြကုန်မူ, ပူဇော်ကြကုန်မူ ကောင်းလေ ရာ၏ဟု ဤသို့ အလိုဆန္ဒသည် မဖြစ်ရာ။ (ထိုရဟန်းတော် ရရှိထားသော လောကုတ္တရာတရားတို့က ယင်းကဲ့သို့သော အလိုဆန္ဒ ကိလေသာတရားဆိုးတို့ကို ပယ်သတ်ထားပြီး ဖြစ်သောကြောင့်တည်း။) ထိုသို့ပင် မဖြစ်သော်လည်း ထိုရဟန်း ကို စင်စစ်အားဖြင့် သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်၏၊ အလေး ဂရုပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ... တတ်သိနားလည်သော ပညာရှိ သီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော (အလိုဆန္ဒစသည့်) အကုသိုလ်တရားတို့ကို ပယ်ထားပြီးသည်ကို တွေ့မြင်သောကြောင့်တည်း။ (အံ၊၃၊၃၉၂။)
အမျိုးကောင်း အာဇာနည်မြင်းပမာ
ရဟန်းတို့ ...ဥပမာသော်ကား --- အမျိုးကောင်း အာဇာနည်မြင်းအား အကယ်၍ ငါ့ကိုလူတို့က အာဇာနည်မြင်းရာထူး၌ ထားကြကုန်မူ, အာဇာနည်မြင်းစားသော အစာကို ကျွေးကြကုန်မူ, အာဇာနည်မြင်းကို ပွတ်သပ် ပေးခြင်း (ဆုပ်နယ်ပေးခြင်း)ကဲ့သို့သော ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) ပွတ်သပ်ကြကုန်မူ (ဆုပ်နယ်ကြကုန်မူ) ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် မဖြစ်လေရာ။ ထိုသို့ပင် မဖြစ်သော်လည်း ထိုမြင်းကို လူတို့က အာဇာနည်မြင်း ရာထူး၌ ထားကြကုန်၏၊ အာဇာနည်မြင်းစားသော အစာကို ပေးကြကုန်၏၊ အာဇာနည်မြင်းကို (ပွတ်သပ်ပေးခြင်း, ဆုပ်နယ်ပေးခြင်းကဲ့သို့သော) ပွတ်သပ်ခြင်းဖြင့် (ဆုပ်နယ်ခြင်းဖြင့်) ပွတ်သပ်ကြကုန်၏ (ဆုပ်နယ်ကြကုန်၏)။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ...တတ်သိနားလည်သော လူသားတို့က ထိုမြင်း၏ ထိုစဉ်းလဲခြင်း, ကိုင်းခြင်း, ကောက်ခြင်း, ကွေးခြင်းတို့ကို ပယ်ထားပြီးသည်ကို မြင်ကုန်သောကြောင့်တည်း။
ရဟန်းတို့ ...ဤဥပမာအတူပင် ဤသို့သဘောရှိသော(အင်္ဂါ ၁၀-ပါးနှင့် ပြည့်စုံသော) ရဟန်းအား အကယ်၍ ငါ့ကို သီတင်းသုံးဖော်တို့သည် အရိုအသေပြုကြကုန်မူ, အလေးဂရုပြုကြကုန်မူ, မြတ်နိုးကြကုန်မူ, ပူဇော်ကြကုန်မူ ကောင်းလေရာ၏ဟု ဤသို့သော အလိုဆန္ဒသည် မဖြစ်လေရာ။ ထိုသို့ပင် မဖြစ်သော်လည်း ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် အရိုအသေ ပြုကြကုန်၏၊ အလေးဂရု ပြုကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ...တတ်သိနားလည်သော ပညာရှိသီတင်းသုံးဖော်တို့သည် ထိုရဟန်း၏ ထိုယုတ်ညံ့သော အကုသိုလ် တရားတို့ကို ပယ်ထားပြီးသည်ကို မြင်ကုန်သောကြောင့်တည်း။ ဤသို့ မိန့်ကြား တော်မူ၏။ (အံ၊၃၊၃၉၂။)
ဥတ္တရာ ဥပါသိကာမ
ဤတွင် နပ္ပိယသုတ္တန်ကား ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ ထိုသုတ္တန်တွင် ဟောကြားထားတော်မူသော ရဟန်းတော်တစ်ပါး၏ သန္တာန်၌ ပြည့်စုံရမည့် အင်္ဂါရပ် (၁၀)ချက်တို့တွင် --- အမျက်မထွက်တတ်သူ- အမှတ် (၄)အင်္ဂါရပ်တွင် ဥတ္တရာဥပါသိကာမနှင့် သာမာဝတီတို့ကဲ့သို့ မေတ္တာစျာန်ကို လျင်လျင် မြန်မြန် ဝင်စားနိုင်သူများဖြစ်အောင် ကျင့်ရန် တိုက်တွန်းထားခဲ့၏။ ဤအကြောင်းအရာနှင့် ဆက်စပ်၍ ဥတ္တရာဥပါသိကာမအကြောင်းနှင့် သာမာဝတီ မိဖုရားအကြောင်းကို ဆက်လက်၍ အကျဉ်းချုပ်ကာ တင်ပြလိုပေသည်။ ရှေးဦးစွာ ဥတ္တရာဥပါသိကာမအကြောင်းကို တင်ပြအပ်ပါသည်။ ထိုဥတ္တရာ အမျိုးကောင်းသမီးတွင် နန္ဒအမည်ရှိသော သားတစ်ယောက်ရှိသည့်အတွက် ဥတ္တရာ နန္ဒမာတာ ဟူ၍လည်း ထိုအမျိုးသမီးကို ခေါ်ဆိုကြပေသည်။
ရရှိသည့် ဧတဒဂ်ဘွဲ့ထူး
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ စျာယီနံ ယဒိဒံ ဥတ္တရာ နန္ဒမာတာ။ (အံ၊၁၊၂၇။)
= ရဟန်းတို့ ...စျာန်ဝင်စားလေ့ရှိကြသည့် ငါဘုရားရှင်၏ တပည့်မ = သာဝိကာ ဥပါသိကာမတို့တွင် နန္ဒသူငယ်၏ အမိဖြစ်သူ ဥတ္တရာဥပါသိကာမသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၂၇။)
ဤကဲ့သို့သော မြင့်မြတ်သည့် ဧတဒဂ်ဘွဲ့ထူးကို ရရှိဖို့ရန် ထိုအမျိုးကောင်းသမီးသည် မည်သို့ ကြိုးပမ်းခဲ့ပါသနည်းဟူမူ ကမ္ဘာတစ်သိန်းနှင့်ချီကာ ကြိုးပမ်းခဲ့သူ ဖြစ်ပေသည်။
ရှေးဆုတောင်း
လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့သော ပဒုမုတ္တရ ဘုရားရှင်၏ လက်ထက်တော်အခါဝယ် ဟံသာဝတီမင်းနေပြည်ဝယ် ဥတ္တရာ၏ အလောင်းလျာသည် အမျိုးကောင်းသမီးတစ်ဦး ဖြစ်ခဲ့၏။ ချမ်းသာကြွယ်ဝ သည့် သူဌေးသမီးတစ်ဦး ဖြစ်ခဲ့၏။ ထိုအချိန်အခါ၌ လူတို့၏ သက်တမ်းကား အနှစ်တစ်သိန်းတမ်း ဖြစ်ခဲ့၏။ တစ်နေ့တွင် ဘုရားရှင်က အမျိုးကောင်းသမီး တစ်ဦးကို စျာနာဘိရတ = စျာန်ဝင်စားခြင်း၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သူ, စျာန်ဝင်စားလေ့ရှိသူ အမျိုးကောင်းသမီး ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးဂုဏ်ပြုသည်ကို ဥတ္တရာအလောင်းလျာ ဖြစ်သည့် ထိုအမျိုးသမီးက တွေ့မြင်ရ၍ အားကျကာ အဓိကာရကောင်းမှုကုသိုလ်ပြုကာ ထိုဧတဒဂ်ဘွဲ့ထူးမျိုး ရရှိဖို့ရန် ဆုတောင်းပန်ထွာခဲ့၏။ လူတို့ သက်တမ်း အနှစ်တစ်သိန်းအတွင်း ထိုဘွဲ့ထူးရရှိရေးအတွက် မျှော်မှန်းကာ ဒါန သီလ သမထ ဝိပဿနာ အစဖြာသည့် ပါရမီအရပ်ရပ်တို့ကို အသက်ထက်ဆုံး ဖြည့်ကျင့်ဆည်းပူးခဲ့လေသည်။ (၇)ရက်လောက် (၁၀)ရက်လောက် တရားစခန်းတစ်ခုကို ဝင်ရောက်ကာ အားထုတ်သည့် ပုံစံမျိုးကား မဟုတ်ပေ။ အဆင့်မြင့် ဧတဒဂ်ရာထူးကို မျှော်မှန်းထားသူပီပီ ဒါန သီလမျှနှင့်သာ ရပ်တည်မနေဘဲ အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟူသော နှစ်မျိုးသော စျာန်တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လျင်လျင်မြန်မြန် ဝင်စားနိုင်ရန် ပါရမီမျိုးစေ့ကောင်းတွေကို အနှစ်တစ်သိန်း ကာလအတွင်း၌ စွမ်းအားရှိသလောက် ထူထောင်ခဲ့သူ ဖြစ်ပေသည်။ ယင်း ပါရမီမျိုးစေ့တို့ကား အဓိကာရကောင်းမှုကုသိုလ်တို့ ဖြစ်ကြ၏။
ထိုအမျိုးကောင်းသမီးသည် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ စုံဆန်ကျင်လည်ခဲ့ရာ ဂေါတမဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ရာဇဂြိုဟ်မြို့၌ သုမနသူဌေးကြီးကို မှီခိုကာနေရသည့် ပုဏ္ဏသီဟ အမည်ရှိသော အလုပ်သမားနှင့် ဇနီးဖြစ်သူ ဥတ္တရာတို့၏ သမီးဖြစ်လာလေသည်။ ထိုသမီး၏ အမည်ကိုလည်း အမိအမည်နှင့် အလားတူပင် ဥတ္တရာ ဟူ၍ မှည့်ခေါ်ကြကုန်၏။
တစ်နေ့တွင် မောင်ပုဏ္ဏတို့ ဇနီးမောင်နှံနှစ်ဦးသားတို့သည် နိရောဓသမာပတ်မှ ထသစ်စဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား မိမိတို့ လယ်ထွန်ရာ လယ်တော၌ပင် ဆွမ်းတစ်ထပ်စာ မျှတအောင် လှူဒါန်းပူဇော်ခွင့်ကို ရရှိခဲ့ကြလေသည်။ သူဌေးဖြစ်နိုင်လောက်သည့် ရှေးကောင်းမှု = ဥပနိဿယကလည်း ရှိနေသဖြင့် ထိုဆွမ်းအလှူဒါန ကောင်းမှု ကုသိုလ်ကလည်း ဒိဋ္ဌဓမ္မ = မျက်မှောက်လက်ငင်း ခံစံရမည့် အကျိုးတရားတို့ကို ဖြစ်ထွန်းစေပြန်သည်။
ရှင်းလင်းချက် --- ယခုကဲ့သို့ ဒါနကောင်းမှု တစ်ခုခုကို ပြုစုပျိုးထောင် လိုက်လျှင် မဟာကုသိုလ် ဇောဝါရဝီထိပေါင်း များစွာ ဖြစ်ကြလေရာ တစ်ဝီထိ တစ်ဝီထိတို့၌ ကုသိုလ်ဇော (၇)ကြိမ်တို့ ဖြစ်ရှိကြလေသည်။ ထိုဇော (၇)ကြိမ်တို့ အနက် ပထမဇောစိတ်တို့၌ ပါရှိသော ကုသိုလ်စေတနာကို အကြောင်း ညီညွတ်လျှင် မျက်မှောက်ဘဝ၌ အနုပါဒိဏ္ဏက = သက်မဲ့ဖြစ်သည့် ရွှေ ငွေ စသော ရုပ်ဝတ္ထုအကျိုးတရားတို့ကို ဖြစ်စေတတ်သောကြောင့် ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ အကျိုးကို ခံစားထိုက်သောကံဟူ၍ ခေါ်ဆိုအပ်ပေသည်။
ထိုဒိဋ္ဌဓမ္မဝေဒနီယကံက အကျိုးပေးဖို့ရန်မှာ ပစ္စုပ္ပန်အကြောင်း အတိတ် အကြောင်းတရားတို့ ပေါင်းဆုံမိဖို့ လိုအပ်ပေသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်း၌ အကြောင်းတရားလေးမျိုးနှင့် ပြည့်စုံဖို့ လိုအပ်သည်။ ယင်းတို့မှာ ---
၁။ ဝတ္ထုသမ္ပဒါ = အလှူခံပုဂ္ဂိုလ်က အနာဂါမ်အရိယာ သို့မဟုတ် ရဟန္တာပုဂ္ဂိုလ်ဖြစ်ခြင်း,
၂။ ပစ္စယသမ္ပဒါ = လှူဖွယ်ဝတ္ထုက တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော ပစ္စည်းဝတ္ထုဖြစ်ခြင်း,
၃။ စေတနာသမ္ပဒါ = အလှူပေးပုဂ္ဂိုလ်၏ မလှူမီစေတနာ, လှူဆဲစေတနာ, လှူပြီးစေတနာဟူသော စေတနာသုံးတန်နှင့် ပြည့်စုံညီညွတ်ခြင်း,
၄။ ဂုဏာတိရေကသမ္ပဒါ = အလှူခံပုဂ္ဂိုလ်က နိရောဓသမာပတ်မှ ထသစ်စ ဖြစ်ခြင်း,
ဤအကြောင်းတရား လေးပါးတို့ကား ပစ္စပ္ပုန်ဘဝ၌ ပြည့်စုံရမည့် အကြောင်းတရားတို့ ဖြစ်ကြ၏။ တစ်ဖန် အတိတ်အကြောင်းတရား တစ်ခုကား ရှေးဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကောင်းမှုကုသိုလ်ဟူသော အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားဖြစ်၏။
ယခု မောင်ပုဏ္ဏဇနီးမောင်နှံတို့၏ အလှူဒါနမှာလည်း အထက်ပါ ပစ္စုပ္ပန်အကြောင်းတရားလေးပါးတို့နှင့် ပြည့်စုံသည့်ပြင် မောင်ပုဏ္ဏကိုယ်တိုင်ကပင် သူဌေးဖြစ်ရန် အတိတ်ဘဝ ရှေးကောင်းမှု = ဥပနိဿယနှင့်လည်း ပြည့်စုံသူဖြစ်၍ ထိုနေ့မှာပင် မဟာဓနသူဌေးကြီး ဖြစ်အောင် အနုပါဒိဏ္ဏက = သုံးမကုန် စွဲမကုန်နိုင်သည့် သက်မဲ့ ရွှေတုံး ရွှေခဲ ရွှေစိုင် ရုပ်ဝတ္ထုအကျိုးတို့ကို ပေးလေသည်။
မဟာဓနသေဋ္ဌိအမည်ရှိသော ပုဏ္ဏသီဟသူဌေးကြီးသည် သူဌေးဘွဲ့ရ မင်္ဂလာပွဲသဘင် ဆင်ယင်ကျင်းပလတ်သော် ခုနစ်ရက်ပတ်လုံး မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်အား ကြီးစွာသော အလှူဒါနကို ပေးလှူလေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ထံမှ ဘတ္တာနုမောဒန = ဆွမ်းအနုမောဒနာတရားကို နာကြားခွင့်ရရှိကြ၏။ ထိုတရားဒေသနာတော်တွင် ဘုရားရှင်က သစ္စာလေးပါးနှင့်စပ်သော တရားစကားတို့ကိုပါ ထည့်သွင်း ဟောကြားတော်မူသည့်အတွက် ထိုတရားတော်ကို နာယူရင်း ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို ကျင့်သုံးနိုင်ကြသောကြောင့် (၁) ပုဏ္ဏသူဌေးကြီး (၂) သူဌေးကတော်ကြီး ဥတ္တရာ (၃) သမီးဥတ္တရာ = ဤမိသားစု သုံးယောက်လုံးတို့ပင် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ သောတာပန်အရိယာ သူတော်ကောင်းတို့ ဖြစ်သွားကြကုန်၏။
ယခုကဲ့သို့ သစ္စာလေးပါးနှင့်စပ်သော တရားစကားကို ခပ်ကျယ်ကျယ် ဟောပြလိုက်သည့်အခါ ထိုတရားတော်ကို နာယူပြီးသည့်အခါ ကျွတ်တမ်းဝင်သူတို့ကား ဝိပဉ္စိတညူပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ အတိတ်က ဝိပဿနာ မကျင့်သုံးဖူးသူတို့ သန္တာန်၌ ဖြစ်နိုင်သည့် အရာဌာနမျိုး မဟုတ်ပေ။ အတိတ်က ဆည်းပူးခဲ့သော စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း ရှိသူတို့သန္တာန်၌သာ ထိုကဲ့သို့ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိခြင်းဟူသော အကျိုးတရားများ ထင်ရှား ဖြစ်ပေါ်လာနိုင်သည်ကို သတိပြုလေရာသည်။
နောက်ပိုင်းတွင် သုမနသူဌေးကြီး၏ တိုက်တွန်းတောင်းပန်ချက်အရ သုမနသူဌေးကြီး၏ သားနှင့် ပုဏ္ဏသူဌေးကြီး၏ သမီးဥတ္တရာတို့သည် လက်ဆက်ကြကုန်၏။ ပုဏ္ဏသီဟသူဌေးကြီးသည် ကျေးဇူးသိတတ်သူ ကတညူတ ကတဝေဒီပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ထိုသို့ လက်ဆက်ဖို့ရန် သဘောတူညီလိုက်ခြင်းဖြစ်၏။ သို့သော် ဥတ္တရာအဖို့ ယောက္ခမအိမ်တွင် ဥပုသ်စောင့်သုံးခွင့် စသည့် ကုသိုလ်ရေးအခွင့်အလမ်းတို့ကား အလွန်ခက်ခဲနေ၏။ သို့အတွက် သိရိမာပြည်တန်ဆာမကို အဖိုးအခပေးကာ မိမိ၏ အိမ်ရှင်ယောက်ျားကို မိမိကိုယ်စား ပြုစုလုပ်ကျွေးဖို့ရန် တာဝန်ပေးအပ်လိုက်၏။ နာမည်ကျော် သိရိမာနှင့် ပျော်ပါးရတော့မည်ဖြစ်ခြင်းကြောင့် အိမ်ရှင်ယောက်ျားကလည်း ဥတ္တရာ၏ အလိုဆန္ဒအတိုင်း ဥပုသ်စောင့်သုံးရန်နှင့် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းဖြင့် ပြုစုလုပ်ကျွေးရန်တို့ကို သဘောတူလိုက်၏။ ဥတ္တရာသည် လဝက်ဥပုသ်စောင့်သုံးလျက် နေ့တိုင်းနေ့တိုင်း စောစောပင်လျှင် ကျွန်မအပေါင်း ခြံရံအပ်လျက် မြတ်စွာဘုရားရှင်အတွက် ကိုယ်တိုင်ကိုယ်ကျ ခဲဖွယ်ဘောဇဉ်များကို စီမံပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော်အား ဆက်ကပ်လေ၏။ ဆွမ်းစားခြင်းကိစ္စပြီးဆုံး၍ ဘုရားရှင်နှင့် သံဃာတော်တို့ ကျောင်းတော်သို့ ပြန်ကြွတော်မူသောအခါ ဥတ္တရာသည် ဥပုသ်အင်္ဂါတို့ကို ဆောက်တည်လျက် သီလတို့ကို ဆင်ခြင်ကာ တရားဘာဝနာတို့ကို စွမ်းအား ရှိသလောက် ကျင့်သုံးလေသည်။ စျာန်ဝင်စားမှု၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက် သူ ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ကို ရရှိမည့်သူ ဖြစ်သဖြင့် စျာန်ဝင်စားမှုကို အထူးသဖြင့် မေတ္တာစျာန်ဝင်စားမှုကို အထူး အလေးဂရုပြုကာ တရားကျင့်သုံးနေလေသည်။
ဤသို့ ကျင့်သုံးနေသည့် အချိန်ကာလကား ဝါတွင်းကာလ ဝါမကျွတ်ခင် သီတင်းကျွတ်လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဖြစ်၏။ ဥပုသ်ထွက်မည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့သို့ ရောက်သောအခါ စောစောစီးစီးပင် ယာဂု ခဲဖွယ် စသည်တို့ကို ကိုယ်တိုင်အုပ်ချုပ် ချက်ပြုတ်စီမံလျက် လှည့်လည်နေလေ၏။
ထိုအချိန်၌ သူဌေးသားသည် သိရိမာနှင့် အတူတကွ ပြာသာဒ်ထက်ဝယ် မွေ့လျော်ပျော်ပါးနေရာက ဇာလေသာပြူတင်းကို ဖွင့်ပြီးလျှင် အိမ်ဝိုင်း အတွင်းကို ကြည့်ကာ ရပ်တည်နေလေ၏။ ဥတ္တရာသည် ထိုအခိုက်မှာ လေသာပြူတင်းပေါက်ဖြင့် အထက်ကို မော့၍ ကြည့်မိလေ၏။ အကြည့်ချင်းကား ဆုံစည်း၍ သွားလေပြီ။ သူဌေးသားသည် ဥတ္တရာကို ကြည့်ကာ ဤဥတ္တရာသည် ငရဲသူမ သဘောရှိလေစွတကား၊ ဤသို့သဘောရှိသော သူဌေးမ စည်းစိမ်ကို စွန့်ပယ်ပြီးလျှင် ထမင်းအိုး ဟင်းအိုးတို့မှ မဲအိုး, မီးသွေးတို့မှ မဲအိုးတို့ဖြင့် လူးလဲညစ်ပေကာ အကြောင်းမဲ့ ကျွန်မတို့၏အကြား၌ ဟိုသွား ဒီသွား လှည့်လည်ကျက်စားနေဘိ၏ဟု ကြံစည်အောက်မေ့ကာ ပြုံးရွှင်မှုကို ပြုလေ၏။ ဥတ္တရာကလည်း သူဌေးသား၏ ကုသိုလ်ကောင်းမှုတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်သည်ကိုသိ၍---- ဤသူမိုက်မည်သည်ကား မိမိ၏ စည်းစိမ်သည် အခါခပ်သိမ်း တည်နေလိမ့်မည်ဟု မှတ်ထင်သည်ဖြစ်ပေလိမ့်မည်ဟု ဆင်ခြင်မိကာ ပြုံးရွှင်မှုကို ပြုလေ၏။ အပြုံးချင်း တူညီသော်လည်း အပြုံးတို့၏ နောက်ဆွယ်တွင် တည်ရှိနေသော အတွေးအခေါ် အယူအဆချင်းကား အလွန် ကွာဟလျက် ရှိနေ၏။
ထိုအခါ သိရိမာသည် ဤကျွန်မကား ငါရှိလျက်ပင် ဤကဲ့သို့ ငါ့အရှင်နှင့် ပြုံးရွှင်မှုကို ပြုဘိ၏ဟု အမျက်ထွက်ကာ အောက်ထပ်သို့ ပြေးဆင်းလာလေ၏။
ဝတ္ထုကာမ၊ သဘာဝကား၊ ကာလရှည်ကြာ၊
သုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊
သူ့ဟာကိုပင်၊ ကိုယ့်ဟာ ထင်၏။
သူ့ဟာကို ကိုယ့်ဟာထင်ကာ ဒေါသထွက်နေခြင်း ဖြစ်၏။ ဥတ္တရာသည် သိရိမာ၏ ဒေါသတကြီးဖြင့် ပြေးဆင်းလာပုံဖြင့်ပင် ဤအမိုက်မသည် လဝက်မျှ ဤအိမ်၌ နေရခြင်းကြောင့် ဤအိမ်သည် ငါ့အိမ်ဟု အမှတ်ရှိသူ ဖြစ်မှားလေပြီဟု သိရှိ၍ ထိုခဏမှာပင် မေတ္တာအပ္ပနာစျာန်ကို ဝင်စားကာ ဣန္ဒြေမပျက် ရပ်တည်လျက်သာ နေလေ၏။ (အံ၊ဋ္ဌ၊၁၊၃၄၆။)
သိရိမာသည်လည်း ကျွန်မတို့အကြားမှ ပြေးလာပြီးလျှင် ယောက်ချို တစ်ခုကို ဆွဲယူကာ မုန့်ကြော်ရာအရပ်၌ရှိသည့် အိုးကင်းထဲမှ ကျိုက်ကျိုက်ဆူ ပွက်ပွက်ဆူနေသော ဆီကို ယောက်ချိုအပြည့် ခပ်ယူခဲ့ပြီးလျှင် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ တအား သွန်လောင်းချလိုက်လေ၏။
မေတ္တာစျာနဿ ဝိပ္ဖာရေန ဥတ္တရာယ မတ္ထကေ အာသိတ္တံ ပက္ကုထိကတေလံ ပဒုမပတ္တေ အာသိတ္တဥဒကံ ဝိယ ဝိနိဝတ္တိတွာ ဂတံ။ (အံ၊ဋ္ဌ၊၁၊၃၄၆။)
= မေတ္တာစျာန်၏ ပြန့်ကားနေသော စွမ်းအားကြောင့် ဥတ္တရာ၏ ဦးခေါင်းပေါ်၌ လောင်းချအပ်သည့် ကျိုက်ကျိုက်ဆူ ပွက်ပွက်ဆူသော ဆီပူသည် ပဒုမာကြာရွက်ပေါ်၌ လောင်းချအပ်သည့် ရေကဲ့သို့ လျှော၍သာ ကျသွားလေ၏။ (အံ၊ဋ္ဌ၊၁၊၃၄၆။)
ဤကဲ့သို့ စွမ်းအင်ကြီးမားသော မေတ္တာစျာန်ကို ရရှိအောင် မည်သို့မည်ပုံ ပွားများအားထုတ်ရမည်နည်းဟု မေးရန်ရှိ၏။ ဤတွင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းပုံ အစီအရင်ကို အကျဉ်းချုပ်ကာ ဆက်လက် တင်ပြအပ်ပါသည်။
မေတ္တာဘာဝနာ
ရှေးဦးစွာ ဒေါသ၏ အပြစ်နှင့် ခန္တီတရား၏ အကျိုးကို ဆင်ခြင်ပါ
ဤမေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒေါသကို ပယ်ရှားပါ။ သည်းခံခြင်း = ခန္တီတရားကို ရရှိအောင် ကြိုးစား အားထုတ်ပါ။ သည်းခံခြင်း = ခန္တီတရားဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏။ ဤ၌ အဓိဝါသနခန္တီ = သည်းခံခြင်း ခန္တီတရားဟူသည် ပရမတ္ထတရားကိုယ် သဘောအားဖြင့် ပြောဆိုရသော် အဒေါသ ပြဓာန်းသော နာမ်ခန္ဓာလေးပါးတည်း။ အဒေါသဟူသည် ဒေါသ၏ ဆန့်ကျင်ဘက်တည်း။ တစ်ဖက်သား အပေါ်၌ မဖျက်ဆီးလိုသော စိတ်ထားတည်း။ တစ်ဖက်သား၏ အကျိုးကို လိုလားသော စိတ်ထားတည်း။ ဥပမာ ဥတ္တရာက သိရိမာအပေါ်၌ ထားရှိသော စိတ်ထားမျိုးတည်း။ ဥတ္တရာသည် သိရိမာ ဒေါသထွက်လာသည်ကို မြင်လိုက်သောအခါ တစ်ဖန်ပြန်၍ ဒေါသမထွက်ဘဲ သိရိမာ၏ ကောင်းကျိုးကို အလိုရှိသော စိတ်ထားမျိုးကိုသာ မွေးမြူလိုက်၏။ သိရိမာ၏ ဒေါသကြောင့် ရရှိမည့်အပြစ်များကိုလည်း ဆင်ခြင်မိ၏။ ထိုအပြစ်များကို မရရှိစေလိုသည့်စိတ်ထား ကောင်းကျိုးချမ်းသာကိုသာ မြင်လိုသည့်စိတ်ထားများ ကိုသာ ဥတ္တရာက မွေးမြူလိုက်၏။ သိရိမာက ကူညီသဖြင့်သာ မိမိအနေဖြင့် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းဖြင့် ပြုစုလုပ်ကျွေးခွင့်ကိုလည်း ရရှိ၏။ ဥပုသ်သီတင်း ဆောက်တည်ကျင့်သုံးခွင့်ကိုလည်း ရရှိ၏။ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခွင့်ကိုလည်း ရရှိ၏။ ဤသို့ စသည်ဖြင့် သိရိမာ၏ ကောင်းသည့် ဂုဏ်ကျေးဇူးကိုသာ တစ်ဖက်သတ် နှလုံးသွင်းပြီးလျှင် သည်းခံခြင်း = ခန္တီတရားကို ရရှိအောင် ပထမကြိုးစားလိုက်၏။
မည်သည့်တရားကိုမဆို အပြစ်ကို မမြင်ပါက ပယ်ရှားဖို့ရန် အလွန် ခက်ခဲလှ၏။ အကျိုးဂုဏ်အင် အာနိသင်ကို မသိရှိခဲ့လျှင်လည်း ရရှိဖို့ရန် ခက်ခဲလှ၏။ ထို့ကြောင့် မေတ္တာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒေါသ၏ အပြစ်ကိုလည်း ဆင်ခြင်သင့်၏။ ဒေါသတရားဖြင့် သိရိမာကဲ့သို့ စိတ်ဓာတ်တွေဖောက်ပြန်ပျက်စီးနေသော, ဒေါသ တရား၏ လွှမ်းမိုးဖိစီးမှုကို ခံယူနေရသော, ဒေါသတရားက သိမ်းကျုံးယူငင် ထားသော စိတ်ထားရှိသော ပုဂ္ဂိုလ်သည် သိရိမာက ဥတ္တရာအပေါ်၌ ဆီပူဖြင့် လောင်းသတ်လိုသည့် စိတ်ထားမျိုးကဲ့သို့ သူ့အသက်ကိုလည်း သတ်တတ်၏၊ သူတစ်ပါးပစ္စည်းကိုလည်း ဖျက်ဆီးပစ်တတ်၏။--- ဤသို့စသည်ဖြင့် ဒေါသကြောင့် ရရှိနိုင်သည့် အပြစ်အာဒီနဝများကိုလည်း ဆင်ခြင်ပါ။ ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။
ခန္တီပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။(ဒီ၊၂၊၄၂။ ခု၊၁၊၄၁။)
= တိတိက္ခာဟုအမည်ရသော သည်းခံမှု = ခန္တီတရားသည် မြတ်သော အကျင့်တည်း။ နိဗ္ဗာန်တရားတော်မြတ်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောကြားတော်မူအပ်ကုန်၏။ (ဒီ၊၂၊၄၂။ ခု၊၁၊၄၁။)
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။ (ခု၊၁၊ရဝ။၃၇၆။)
= သည်းခံခြင်း = ခန္တီခွန်အားတည်းဟူသော စစ်သည်ဗိုလ်ပါ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ (= မကောင်းမှုမှ အပပြုအပ်ပြီးသော ပုဂ္ဂိုလ်)ဟု ငါဘုရား ဟောကြားတော်မူ၏။ (ခု၊၁၊ရဝ။၃၇၆။)
ခန္တျာ ဘိယျော န ဝိဇ္ဇတိ။ (သံ၊၁၊၂၂၃။)
= သည်းခံခြင်းထက် လွန်မြတ်သော အကျိုးတရားကား မရှိ။ (သံ၊၁၊၂၂၃၊၊)
ဤသို့စသော ခန္တီတရား၏ အကျိုးအာနိသံသကိုလည်း သိရှိပါလေ။ သို့သော် မေတ္တာစျာန်ကို အောင်အောင်မြင်မြင်ကျင့်သုံးနိုင်ပါက တိတိက္ခာ အမည်ရသော သည်းခံခြင်း = ခန္တီတရားသည်လည်း ပြီးစီးပြည့်စုံပြီးသာ ဖြစ်ပေသည်။ ဤသို့လျှင် ဒေါသ၏ အပြစ် အာဒီနဝကို ဆင်ခြင်ကာ ဒေါသမှ စိတ်ကို လွတ်အောင်ကြိုးစားပါ။ ခန္တီတရား၏ အကျိုးဂုဏ်အင် အာနိသင်ကို သိရှိသည့်အခါ စိတ်အစဉ်ကို ခန္တီတရားဖြင့် ယှဉ်စပ်ပေးခြင်းငှာ ဦးတည်လျက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါ။
---ရှေးဦးစွာ မေတ္တာပွားသင့်သောပုဂ္ဂိုလ် - မပွားသင့်သောပုဂ္ဂိုလ်
ဤမေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားအပ်၊ ဤပုဂ္ဂိုလ်တို့၌ အချင်းခပ်သိမ်း မေတ္တာဘာဝနာကို မပွားအပ်ဟု မေတ္တာဘာဝနာကို ဖျက်ဆီး တတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏။
၁။ အပ္ပိယပုဂ္ဂလ = မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ် (= မိမိ၏လည်းကောင်း, မိမိ ချစ်သူ၏လည်းကောင်း အကျိုးစီးပွားကို ရွက်ဆောင် မပေးသော ပုဂ္ဂိုလ်၊ မိမိ မုန်းသူ၏ အကျိုးစီးပွားကို ရွက်ဆောင်ပေးသော ပုဂ္ဂိုလ်၊ ရန်ငြိုးဖွဲ့ခြင်း (၉)မျိုး၏ တည်ရာ ပုဂ္ဂိုလ်။)
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်ခင်အပ်သော အဖော်သူငယ်ချင်း,
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,
၄။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ် (= မိမိ၏လည်းကောင်း, မိမိ ချစ်သူ၏လည်းကောင်း အကျိုးစီးပွားမဲ့ကို ရွက်ဆောင်ပေးသော ပုဂ္ဂိုလ်)
ဤပုဂ္ဂိုလ် (၄)မျိုးတို့ကား ရှေးဦးစွာ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်တို့တည်း။
၅။ လိင်္ဂဝိသဘာဂ = လိင်မတူသော ပုဂ္ဂိုလ် (ဤပုဂ္ဂိုလ်ကား သီးသန့် တစ်ဦးခြင်း အာရုံပြု၍ မေတ္တာမပွားကောင်းသော ပုဂ္ဂိုလ်တည်း။)
၆။ ကာလကတ = ကွယ်လွန်သွားသော ပုဂ္ဂိုလ် (ဤပုဂ္ဂိုလ်ကား လုံးဝ မေတ္တာမပွားသင့်သော ပုဂ္ဂိုလ်တည်း၊၊)
---အကြောင်းပြချက်
အကြောင်းကား - ဤသို့တည်း။ မချစ်မနှစ်သက်အပ်သော အပ္ပိယပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်အပ်သော ပိယပုဂ္ဂိုလ်အရာ၌ ထားကာ မေတ္တာ ဘာဝနာကို စီးဖြန်းရသော ယောဂါဝစရပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏။ အလွန် ချစ်ခင်မြတ်နိုးအပ်သော အပေါင်းအဖော်ဖြစ်သည့် အတိပ္ပိယပုဂ္ဂိုလ်ကို အလယ်အလတ် မချစ်မမုန်း မဇ္ဈတ္တပုဂ္ဂိုလ်အရာ၌ ထားလျက် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရရဟန်း၏ စိတ်သည်လည်း ပင်ပန်း တတ်၏။ မပြောစလောက် အနည်းငယ်မျှသာ ဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်လာလတ်သော် မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငိုအပ်သောအခြင်းအရာသို့ ရောက်အံ့သကဲ့သို့ ဖြစ်တတ်၏။ မချစ်မမုန်း လျစ်လျူရှုထိုက်သည့် မဇ္ဈတ္တပုဂ္ဂိုလ်ကို အလေးဂရု ပြုထိုက်သော ပုဂ္ဂိုလ်အရာ၌လည်းကောင်း ချစ်မြတ်နိုးအပ်သော ပိယပုဂ္ဂိုလ် အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်သည်လည်း ပင်ပန်းတတ်၏။ ရန်သူပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်ဒေါသသည် ဖြစ်ပေါ်လာတတ်၏။ ထို့ကြောင့် ဤပုဂ္ဂိုလ်လေးမျိုးတို့၌ ရှေးဦးစွာ မေတ္တာမပွားအပ်။ (သို့သော် မေတ္တာစျာန်ကို ရရှိပြီးရာ အခါ၌ကား ယင်းပုဂ္ဂိုလ် တို့ကို အာရုံယူကာ ဖော်ပြလတ္တံ့သော အစီအစဉ်အတိုင်း မေတ္တာပွားနိုင်သည်။)
လိင်မတူသော ပုဂ္ဂိုလ်ကို သီးသန့်တစ်ဦးချင်း အာရုံပြုကာ မေတ္တာပွားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ရာဂဖြစ်လာတတ်၏။ သေလွန်သွားသော ပုဂ္ဂိုလ်ကို အာရုံပြုကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် မေတ္တာစျာန်ကို မရရှိနိုင်။ ထို့ကြောင့် လိင်မတူသူကို သီးသန့်တစ်ဦးချင်း အာရုံပြုကာ မေတ္တာမပွားအပ်။ သေသူကိုကား အချင်းခပ်သိမ်း မပွားအပ်။ သို့သော် မေတ္တာစျာန်ကိုရရှိပြီးရာ ပုဂ္ဂိုလ်အပိုင်းအခြား = သီမကို ဖြိုဖျက်ပြီးရာ အခါ၌ကား - သဗ္ဗာ ဣတ္ထိယော အဝေရာ ဟောန္တု, သဗ္ဗေ ပုရိသာ အဝေရာ ဟောန္တု = အမျိုးသမီးအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ၊ အမျိုးသား အားလုံးတို့သည် ဘေးရန်ကင်းကြပါစေ - ဤသို့ စသည်ဖြင့် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို အပ္ပနာစျာန် ဆိုက်သည်တိုင်အောင် စီးဖြန်းနိုင်ပေသည်။
---မေတ္တာပွားသင့်သော ပုဂ္ဂိုလ်အစဉ်
မေတ္တာပွားသင့်သော ပုဂ္ဂိုလ်အစဉ်မှာ ဤသို့ဖြစ်၏ ---
၁။ အဟံ အဝေရော ဟောမိ = ငါသည် ဘေးရန် ကင်းပါစေ၊
၂။ အဟံ အဗျာပဇ္ဇော ဟောမိ = ငါသည် စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ အဟံ အနီဃော ဟောမိ = ငါသည် ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ အဟံ သုခီ အတ္တာနံ ပရိဟရာမိ = ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင် နုိင်ပါစေ။
ဤသို့ မိမိကိုယ်ကို အာရုံယူကာ ရှေးဦးစွာ အချိန်အနည်းငယ် မေတ္တာ ပွားပါ။ ထိုသို့ မိမိကိုယ်ကို အာရုံယူကာ မေတ္တာပွားခြင်းမှာ မေတ္တာစျာန်ကို ရရှိရေးအတွက် ပွားများသည်ကားမဟုတ်ပေ။ ငါသည် ချမ်းသာကိုသာ အလို ရှိ၏၊ ဆင်းရဲကို ရွံရှာစက်ဆုပ်၏၊ အသက်ရှင်လို၏၊ မသေလို။ အလားတူပင် အခြားသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိ၏၊ ဆင်းရဲကို ရွံရှာစက်ဆုပ် ကြ၏၊ အသက်ရှင်လိုကြ၏၊ မသေလိုကြပေ။ --- ဤသို့လျှင် မိမိကိုယ်ကို သက်သေပြုကာ အခြားသတ္တဝါတို့၏အပေါ်၌ အကျိုးစီးပွားချမ်းသာကို လိုလားတောင့်တသော စိတ်ဓာတ်သည် ဖြစ်ပေါ်လာ၏။ ဤကဲ့သို့သော စိတ်ဓာတ်ကိန်းဝပ်လာရေး ဖြစ်ပေါ်လာရေးအတွက် ရည်ရွယ်တောင့်တကာ မိမိကိုယ်ကို သက်သေအဖြစ်၌ ထားသည်၏အစွမ်းဖြင့် မိမိကိုယ်ကို ရှေးဦးစွာ မေတ္တာပွားရန် ဖွင့်ဆိုခြင်းဖြစ်သည်။ မေတ္တာစျာန်ကို အလိုရှိ၍ မေတ္တာစျာန်ကို ရအောင် ပွားများအားထုတ်ရမည့် မေတ္တာစျာန်၏တည်ရာ ပုဂ္ဂိုလ်အစဉ်မှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ ပိယဂရုဘာဝနီယ = ချစ်ခင် လေးစားအပ်သော ပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန် ချစ်ခင်အပ်သော သူငယ်ချင်း အပေါင်းအဖော်၊
၃။ မဇ္ဈတ္တ = မချစ် မမုန်း အလယ်အလတ် လျစ်လျူရှု ထိုက်သော ပုဂ္ဂိုလ်၊
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ်၊
ဤပုဂ္ဂိုလ်လေးမျိုးတို့ကို အစဉ်အတိုင်း မေတ္တာပွားရမည်ဖြစ်ပေသည်။ သို့သော် ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လိင်တူ ပုဂ္ဂိုလ်တို့သာ ဖြစ်စေရမည်။
ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)
= အမှတ် (၁) ဖြစ်သည့် ချစ်ခင်လေးစားအပ်သော လိင်တူပုဂ္ဂိုလ်ကို မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် အပ္ပနာစျာန်သို့ကား ဆိုက်ရောက် နိုင်၏။ အပ္ပနာစျာန် ဖြစ်နိုင်သော်လည်း ထိုအပ္ပနာစျာန်ကို ရရှိရုံမျှဖြင့် ကျေနပ်မှုသို့ မရောက်စေသေးဘဲ သီမသမ္ဘေဒ = အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်သည့်တိုင်အောင် ဆက်လက်ကာ မေတ္တာပွားရမည် ဖြစ်ပေသည်။
ဤညွှန်ကြားချက်များနှင့်အညီ ပိယဂရုဘာဝနီယ = ချစ်ခင်လေးစားအပ်သော ဆရာသမားကဲ့သို့သော လိင်တူ ပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ အပ္ပနာစျာန် သမာဓိသို့ ဆိုက်သည့် တိုင်အောင် ပွားများရမည်ဖြစ်ပေသည်။ ထိုသို့ မေတ္တာပွားရာ၌ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာပါမှ အခြားပုဂ္ဂိုလ် ကောဋ္ဌာသတစ်ခုသို့ အစဉ်အတိုင်း ပြောင်းရွှေ့၍ မေတ္တာစျာန်ကို ရရှိသည်တိုင်အောင် မေတ္တာဘာဝနာကို ပွားများအပ်ပေသည်။
---ပွားများပုံ
၁။ အယံ သပ္ပုရိသော အဝေရော ဟောတု၊
၂။ အယံ သပ္ပုရိသော အဗျာပဇ္ဇော ဟောတု၊
၃။ အယံ သပ္ပုရိသော အနီဃော ဟောတု၊
၄။ အယံ သပ္ပုရိသော သုခီ အတ္တာနံ ပရိဟရတု၊
၁။ ဤသူတော်ကောင်းသည် ဘေးရန်ကင်းပါစေ၊
၂။ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ၊
၃။ ဤသူတော်ကောင်းသည် ကိုယ်ဆင်းရဲကင်းပါစေ၊
၄။ ဤသူတော်ကောင်းသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊
မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း မိမိကိုယ်ကို အချိန်အနည်းငယ် မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားမှုမှာ မေတ္တာစျာန်ကို ရအောင် အားမထုတ်မီ အခြားသတ္တဝါတို့အပေါ်၌ အကျိုးစီးပွားကို လိုလားတောင့်တသော စိတ်ဓာတ် ဖြစ်ပေါ်ရေးအတွက်သာ ပွားများ ခြင်း ဖြစ်သည်။ ပိယဂရုဘာဝနီယပုဂ္ဂလ = ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ် စသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသဖြင့် မေတ္တာစျာန်သို့ ဆိုက်ပြီးနောက်ပိုင်း၌ကား မိမိကိုယ်ကို ပွားများရန် မလိုပေ။ သို့သော် နောက်ပိုင်းတွင် ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ မေတ္တာစျာန်ကို နိုင်နိုင်နင်းနင်းရအောင် အားထုတ်ပြီးရာ အခါ၌ကား အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးခြင်း = သီမသမ္ဘေဒ အတွက်ကား မိမိကိုယ်ကိုလည်း ထိုအခါကျမှ ထပ်မံပွားများရမည်သာ ဖြစ်သည်။ ထိုသို့ မိမိကိုယ်ကို မေတ္တာပွားပြီးနောက် မေတ္တာစျာန်ရရှိရေး အတွက် ချစ်ခင်လေးစားအပ်သော ပိယဂရုဘာဝနီယပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာကမ္မဋ္ဌာန်းကို စတင်ကာ စီးဖြန်းနိုင်ပါသည်။
---ကောင်းမွန်သော စနစ်တစ်ခု
မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်ကြသော ပုဂ္ဂိုလ်ခပ်များများကို သုတေသနပြုကြည့်ရာ၌ အထက်ပါ အစီအစဉ်အတိုင်း မေတ္တာကမ္မဋ္ဌာန်းကို စတင်အားထုတ်သောအခါ မိမိ၏ ကမ္မဋ္ဌာန်းအာရုံဖြစ်သည့် ပိယဂရုဘာဝနီယ = ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားများလိုက်သောအခါ မိမိရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံဖြစ်သည့် ပုဂ္ဂိုလ်၏ပုံသည် ခဏခဏ ပျောက်ကွယ်သွားသည်ကို တွေ့ရတတ်ကြ၏။ ကမ္မဋ္ဌာန်းအာရုံက မမြဲသဖြင့် သမာဓိလည်း မမြဲဖြစ်နေတတ်ကြ၏။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်း သို့မဟုတ် ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်းတို့ကို စတုတ္ထစျာန်သို့ ဆိုက်အောင် ပွားများထားပြီးသူဖြစ်ပါက ထိုမိမိရရှိထားသည့် စတုတ္ထစျာန်သမာဓိကို ထိုင်တိုင်းထိုင်တိုင်း ပြန်လည်ထူထောင်ပြီးပါမှ ထိုစတုတ္ထစျာန်သမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့်ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိချစ်ခင်လေးစားအပ်သော လိင်တူ ဆရာသမား တစ်ဦးကိုဖြစ်စေ, ဆရာသမားနှင့် အလားတူပုဂ္ဂိုလ်တစ်ဦးကို ဖြစ်စေ လှမ်းအာရုံယူလိုက်ပါက ထိုပုဂ္ဂိုလ်၏ ရုပ်ပုံသည် ရှေးရှေးသမာဓိတို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိကြောင့် ဉာဏ်လင်းရောင်ခြည်၏ အောက်တွင် လွယ်လွယ်နှင့် ပျောက်ပျက်မသွားသည်ကို တွေ့ကြရ၏။ ကမ္မဋ္ဌာန်းအာရုံဖြစ်သည့် ရုပ်ပုံလွှာက လွယ်လွယ်နှင့် မပျောက်ပျက်သည့်အတွက်ကြောင့် ထိုရုပ်ပုံလွှာကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားများခဲ့သော် မကြာမီ အချိန်ကာလအတွင်းမှာပင် ထိုရုပ်ပုံလွှာအာရုံ၌ ငြိမ်ဝပ်စွာကပ်တည်နေသော သမာဓိကို ထူထောင် ၍ ရသည်ကို တွေ့ကြရ၏။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်းကိုဖြစ်စေ ကသိုဏ်းတစ်ခုခုကိုဖြစ်စေ အားမထုတ်ဖူးသေးသူ ဖြစ်နေပါက ဓာတ်ကမ္မဋ္ဌာန်းကိုသာ အားထုတ်ဖူးသူ ဖြစ်နေပါက မိမိ အားထုတ်ဖူးသည့် ဓာတ်ကမ္မဋ္ဌာန်းဖြင့် ပြန်လည်၍ သမာဓိကို ထူထောင်ပါ။ အကယ်၍ ဓာတ်ကမ္မဋ္ဌာန်းမျှကိုပင် အားမထုတ်ဖူးသေးသူ ဖြစ်နေပါက သမထကမ္မဋ္ဌာန်း တို့တွင် အာနာပါနကမ္မဋ္ဌာန်းကိုဖြစ်စေ, ကသိုဏ်းတစ်ခုခုကိုဖြစ်စေ သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းကိုဖြစ်စေ ရှေးဦးစွာ စတင်အားထုတ်သင့်ပေသည်။
---ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို စတင်အားထုတ်လိုပါက မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အားထုတ်ပါ။ အားထုတ်စဉ်ကို အကျဉ်းချုပ်ကာ တင်ပြပေအံ့။
---ပထဝီဓာတ်
၁။ ကက္ခဠ = မာမှုသဘော
၂။ ဖရုသ=ခရိဂတ = ကြမ်းမှုသဘော
၃။ ဂရုက = လေးမှုသဘော
၄။ မုဒုက = ပျော့မှုသဘော
၅။ သဏှ = ချောမှုသဘော
၆။ လဟုက = ပေါ့မှုသဘော (အဘိ၊၁၊၁၇၀။ အဘိ၊ဋ္ဌ၊၁၊၃၆၈။)
---အာပေါဓာတ်
၁။ ဒြဘောဝ = ပဂ္ဃရဏလက္ခဏာ=ယိုစီးမှုသဘော
၂။ အာဗန္ဓနဘာဝ = အာဗန္ဓနလက္ခဏာ=ဖွဲ့စည်းမှုသဘော
---တေဇောဓာတ်
၁။ ဥဏှဘာဝ = ဥဏှတေဇော=ပူမှုသဘော
၂။ သီတဘာဝ = သီတတေဇော=အေးမှုသဘော
---ဝါယောဓာတ်
၁။ ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော
၂။ သမုဒီရဏဘာဝ = တွန်းကန်မှုသဘော
ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤအထက်ပါ ဓာတ်ကြီးလေးပါး = မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း ဟူသော သဘောတရား (၁၂)ခုကို တစ်ခုပြီးတစ်ခု ခြေဆုံးခေါင်းဆုံး မြင်အောင် ပထမရှုပါ။ ယင်းတို့ကို ခြေဆုံးခေါင်းဆုံး တစ်ခုပြီးတစ်ခု သွက်သွက်လက်လက် ရှုနိုင်ပါက တစ်ကိုယ်-လုံးကို ခြုံငုံကာ ယင်းသဘောတရား (၁၂)မျိုးကို တစ်ခုပြီးတစ်ခု ရှုနေပါ။ ယင်းသဘောတရားတို့ကို ပြိုင်တူလိုလို ပြိုင်တူလောက်နီးနီး ဉာဏ်ဖြင့်တွေ့မြင် နေပါက ထိုအခါတွင် ---
၁။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်၍ ပထဝီဓာတ်,
၂။ ယိုစီး-ဖွဲ့စည်းကို ကြည့်၍ အာပေါဓာတ်,
၃။ ပူ-အေးကို ကြည့်၍ တေဇောဓာတ်,
၄။ ထောက်-တွန်းကို ကြည့်၍ ဝါယောဓာတ်-ဟု
ကာလအရာ ကာလအထောင် ကာလအသိန်း ရှုနေပါ။ သမာဓိကို ထူထောင်ပါ။ ဘာဝနာသမာဓိက ဓာတ်လေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်လာသောအခါ ထိုသမာဓိကို ခိုင်ခံ့အောင် ဆက်လက် ထူထောင်နေပါ။ ထိုင်တိုင်းထိုင်တိုင်း ဓာတ်လေးပါးကို အာရုံယူကာ ရှုပွားနေသကဲ့သို့ စင်္ကြံလျှောက်စဉ် ရပ်စဉ် အိပ်စဉ်တို့၌လည်း ပုံစံတူပင် ရှုနေပါ။ ဣရိယာပုထ် စပ်အောင် ရှုနိုင်ပါက သမာဓိပို၍ အဖြစ်မြန်တတ်သည်။ ထိုင်တိုင်းထိုင်တိုင်း တစ်နာရီခန့် တစ်နာရီကျော်ကျော် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်တည်နေပါက (၃)ရက် (၄)ရက်အတွင်းဝယ် ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံ အဖြစ်ဖြင့်သာ တွေ့ရှိနေမည်ဖြစ်သည်။ ထိုဓာတ်ကြီးလေးပါး အာရုံ၌ပင် သမာဓိကို ဆက်လက် ထူထောင်နေပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ခန္ဓာကြီးကို မတွေ့တော့ဘဲ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်အရောင် အတုံးအခဲကြီးကိုသာ တွေ့ရှိ နေမည် ဖြစ်ပေသည်။
ယင်းမီးခိုးရောင်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့သော် မီးခိုးရောင် အတုံးအခဲကို မတွေ့တော့ဘဲ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော အတုံးအခဲကြီးကိုသာ တွေ့ရှိနေမည် ဖြစ်ပေသည်။ ယင်းအဖြူရောင် အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းကာ ယင်းဓာတ်ကြီးလေးပါး အာရုံ၌ သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့သော် ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသည့် အတုံးအခဲကြီးကိုသာ တွေ့ရှိနေမည် ဖြစ်ပေသည်။ ယင်းအကြည်ပြင် အကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းကာ ယင်းဓာတ်ကြီးလေးပါး အာရုံ၌ သမာဓိကို ဆက်လက် ထူထောင်နိုင်ခဲ့သော် ထိုအကြည်ပြင် အကြည်အတုံးအခဲထဲမှ လင်းရောင်ခြည်များ တဖြတ်ဖြတ် ထွက်ပေါ်လာမည် ဖြစ်ပေသည်။
---အကြည်ပြင် အကြည်တုံးဆိုတာဘာလဲ?
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)
ဤအဋ္ဌကထာအဖွင့်နှင့်အညီ စက္ခုပသာဒစသည့် ပသာဒရုပ် (၅)မျိုးတို့ကား ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ အာရုံကို စက္ခုဝိညာဏ်စသည့် ဆိုင်ရာ ဆိုင်ရာ ဝိညာဏ်ဖြင့် အာရုံရယူနိုင်ဖို့ရန် စက္ခုဝိညာဏ်စသည့် ဆိုင်ရာဆိုင်ရာ ဝိညာဏ် နာမ်တရားစုတို့၏ မှီရာအဖြစ်ဖြင့် ရပ်တည်ကာ ကြေးမုံပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ပသာဒရုပ်ဟူသော အမည်ကို ရရှိကြသည်။ (ဝိသုဒ္ဓိ၊၂၊၈၁။)
---အဝဘာသနပညာ
ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)
ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာရောင်ဖြင့် ထွန်းပြခြင်း အဝဘာသနကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော ပရမတ္ထဓမ္မသဘာဝလျှင် အာရုံရှိသောကြောင့် အပ္ပနာစျာန်သို့ မဆိုက်ရောက်သော (သဒိသူပစာရအားဖြင့်) ဥပစာရမျှသာဖြစ်သော သမာဓိသည် ဖြစ်ပေါ်လာ၏။ (ဝိသုဒ္ဓိ၊၁၊၃၄၇၊၊)
ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူကာ သမာဓိကို ထူထောင်လိုက်သောအခါ သမာဓိက ရင့်ကျက်လာသောအခါ ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲ မပြိုသေးသည့် အတုံးလိုက် အခဲလိုက် ဖြစ်နေသော ရေခဲတုံး၊ ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်ဓာတ် အတုံးအခဲကြီးကို စတင်တွေ့ရှိခြင်း ဖြစ်ပေသည်။ အထူးသဖြင့် အကြည်ဓာတ် = ပသာဒရုပ် ငါးမျိုးတို့တွင် ကာယပသာဒ = ကိုယ်အကြည်ဓာတ်ကား တစ်ကိုယ်လုံး အနှံ့အပြားရှိသော ရုပ်တရားဖြစ်၏။ ရုပ်ကလာပ်များကို မမြင်သေးမီ အတုံးလိုက် အခဲလိုက်ကြီး ယင်းပသာဒရုပ်တို့ကို ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေခြင်းဖြစ်၏။ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။) စသည်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ထိုအကြည်ပြင်၌ တည်ရှိသော အာကာသဓာတ်ကို မြင်အောင် ရှုနိုင်ခဲ့သော် ရုပ်ကလာပ်များကို စတင် တွေ့ရှိနိုင်ပေသည်။ သို့သော် ရုပ်ကလာပ်များကို မတွေ့မီ ထိုအကြည်ဓာတ် အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ထိုအကြည်ဓာတ်အတုံးအခဲကြီးထဲမှ အလင်းရောင်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပကာ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ် ဝန်းကျင်ပတ်ချာသို့ ပျံ့နှံ့ကာ ထွက်ပေါ်လာပေသည်။ ဤတွင် ဤအလင်းရောင် = ဉာဏ်ရောင်အကြောင်းကို ဆွေးနွေးတင်ပြလိုပေသည်။
ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဩဘာသသုတ္တန် (အံ၊၁၊၄၅၇။) စသည်တို့တွင် (၁) လ-အလင်းရောင် (၂) နေ-အလင်းရောင် (၃) မီး-အလင်းရောင် (၄) ပညာ-အလင်းရောင်ဟု အရောင်အလင်း လေးမျိုးရှိကြောင်းကို ဟောကြားထားတော်မူ၏။ တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် အဓိစိတ္တသုတ္တန် ခေါ် နိမိတ္တသုတ္တန် (အံ၊၁၊၂၅၈။) (အံ၊ဋ္ဌ၊၂၊၂၂၇-၂၂၈။)၌ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသောအလင်းရောင်ကို ဖြစ်စေနိုင်ကြောင်းကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏။
အင်္ဂုတ္တရအဋ္ဌကထာ (အံ၊ဋ္ဌ၊၁၊၄၅။)၌ ဖွင့်ဆိုထားသည့်အတိုင်း စိတ်၌ သို့မဟုတ် စိတ်နှင့်ယှဉ်သော ဉာဏ်၌ အရောင်အလင်းကား မရှိပါ။ သို့သော် ယင်းဉာဏ်ပြဓာန်းသော စိတ်သည် အလင်းရောင်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိပေသည်။ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ကာ ပဝတ္တိအခါဝယ် ဖြစ်ပေါ် နေကြသော စိတ်တိုင်းစိတ်တိုင်းသည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိ၏။ စိတ်တစ်ခုတစ်ခုသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်သည့်စွမ်းအားရှိ၏။ အကယ်၍ ထိုစိတ်သည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့သော ပဏီတ = မွန်မြတ် သော စိတ်ဖြစ်ပါမူ ထိုစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံသည် ဘာသုရရူပ (မဟာဋီ၊၂၊၄၂၈။) အလွန်တောက်ပသော ရူပါရုံ ဖြစ်နေ၏။ ရုပ်ကလာပ် တစ်ခု၌ တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံနှင့် အခြားရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော ရူပါရုံတို့ ပွတ်ချုပ်ထိခိုက်ကာ ဖြစ်ပေါ်လာကြသဖြင့် ကလာပ်တစ်ခု၏ အရောင်အလင်းနှင့် ကလာပ်တစ်ခုတို့၏ အရောင်အလင်းတို့ ပေါင်းစပ်မိသောအခါ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသူအနေဖြင့် အလင်းရောင်အစုအပုံအနေဖြင့် တွေ့မြင်ရခြင်းဖြစ်၏။
တစ်ဖန် ယင်းပဏီတဖြစ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် = ဥတုလည်း ပါဝင်ပြန်၏။ ယင်းတေဇောဓာတ် ဥတုတိုင်းကလည်း ယင်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သောဉာဏ်၏ စွမ်းအင်ကြီးမားမှုအပေါ်မူတည်ကာ ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေပြန်၏။ ယင်းဥတုဇရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံကလည်း ဘာသုရရူပ = အလွန်တောက်ပသော ရူပါရုံဖြစ်၏။
ယင်းစိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိကြသော ရူပါရုံ, ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိကြသော ရူပါရုံနှစ်မျိုးတို့၏ အရောင်အလင်းကိုပင် အကျိုးရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်း ဉာဏ်အပေါ်၌ တင်စားကာ ဖလူပစာရအားဖြင့် ဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားခြင်းဖြစ်၏။ ယင်းနှစ်မျိုးကုန်သော အရောင်အလင်းတို့တွင် စိတ္တဇရုပ်ကလာပ်တို့၏ အရောင်အလင်းကား ယောဂီပုဂ္ဂိုလ်၏ ကိုယ်တွင်းအဇ္ဈတ္တတွင်သာ ပျံ့နှံ့တည်ရှိ၏၊ ဥတုဇရုပ်ကလာပ်တို့၏ အရောင်အလင်းကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ယောဂီပုဂ္ဂိုလ်၏ ဝန်းကျင် ပတ်ချာ၌ ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ပျံ့နှံ့လျက် တည်နေပေသည်။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
အလားတူပင် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လာရာ သမာဓိရင့်ကျက်လာသောအခါ၌ ထိုဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးလျှင် အာရုံရှိသော သမထဘာဝနာစိတ်နှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များ ထွက်ပေါ်လာသဖြင့် အဋ္ဌကထာဆရာတော်က --- ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးအပြားကို မိမိ၏ ပညာရောင်ဖြင့် ထွန်းပြခြင်း အဝဘာသနကိစ္စရှိသော ပညာဖြင့် သိမ်းဆည်းထားအပ်သော (ဝိသုဒ္ဓိ၊၁၊၃၄၇။)ဟု ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။
---၃၂-ကောဋ္ဌာသသို့
ယောဂါဝစရပုဂ္ဂိုလ်က ထိုကဲ့သို့ အကြည်တုံးအကြည်ပြင်မှ အလင်းရောင်များ တဖြတ်ဖြတ် ထွက်ပေါ်လာသောအခါ ထိုလင်းရောင်ခြည် စွမ်းအင်များ ပိုမိုတောက်ပလာအောင် ကြာရှည်လည်း တည်တံ့သွားအောင် ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာကိုပင် အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်နေပါ။ ထိုအချိန်အခါတွင် အာကာသဓာတ်ကို မြင်အောင် မကြည့်သေးဘဲ ဓာတ်လေးပါးကိုသာ အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လိုက်သဖြင့် တစ်နာရီခန့်လောက်အထိ ထိုအလင်းရောင် များက တည်ရှိနေခဲ့သော် ထိုအခါတွင် ထိုဉာဏ်အရောင်အလင်း၏ အကူအညီဖြင့် မိမိ၏ (၃၂)ကောဋ္ဌာသတို့ကို စတင်သိမ်းဆည်းပါက အောင်မြင်နိုင်ပေသည်။ အဇ္ဈတ္တတွင် (၃၂)ကောဋ္ဌာသတို့ကို ရှင်းရှင်းလင်းလင်း အဝါးဝစွာ သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ထို(၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းရှုပွားနေသော သမထဘာဝနာစိတ်နှင့် ယှဉ်သောဉာဏ်ကြောင့် ထပ်မံဖြစ်ပေါ်လာသော ဉာဏ်အလင်းအရောင်အကူအညီဖြင့်ပင် ဗဟိဒ္ဓ၌ တည်ရှိကြသော (၃၂)ကောဋ္ဌာသတို့ကိုလည်း ဆက်လက် သိမ်းဆည်းပါက အောင်မြင်မှုကို ရရှိနိုင်ပေသည်။ အရပ် (၁၀)မျက်နှာသို့ ဖြန့်ကျက်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ သိမ်းဆည်းနိုင်ပါက လမ်းသုံးသွယ်တို့တွင် မိမိတို့ ကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်နိုင်ခွင့် ရှိပေသည်။
---စိတ်ဓာတ်၏ ထက်မြက်သော စွမ်းအင်သတ္တိ
သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ ဧဝံ သဗ္ဗကောဋ္ဌာသေသု ပါကဋီဘူတေသု အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ကောဋ္ဌာသရာသိဝသေနေဝ ဥပဋ္ဌဟန္တိ။ တေဟိ စ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ကောဋ္ဌာသရာသိမှိ ပက္ခိပိယမာနမိဝ ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၃၆။)
= တစ်ဖန် ဗဟိဒ္ဓလောကသို့လည်း (၃၂)ကောဋ္ဌာသကို နှလုံးသွင်းခြင်း မနသိကာရကို အကယ်၍ ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည်ဖြစ်အံ့၊ ထိုသို့ ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်လတ်သည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ကောဋ္ဌာသအားလုံးတို့သည် ထင်ရှားသည်ဖြစ်၍ ဖြစ်ကုန်လတ်သည် ရှိသော် လှည့်လည်ကျက်စား သွားလာနေကြကုန်သော လူတိရစ္ဆာန် အစရှိသော သတ္တဝါတို့ကို လှမ်းအာရုံယူကြည့်လိုက်သောအခါ သတ္တဝါဟူသော အခြင်းအရာကိုစွန့်ကာ ကောဋ္ဌာသအစုအပုံအဖြစ်ဖြင့်သာ ထင်လာကုန်၏။ ထိုသတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ် စားဖွယ် အစရှိသော အာဟာရသည် ကောဋ္ဌာသအစုအပုံ၌ ထည့်သွင်းအပ်သကဲ့သို့ ထင်လာ၏၊၊ (အဘိ၊ဋ္ဌ၊၂၊၂၃၆။)
စိတ်ဓာတ်၏ စွမ်းအင်သတ္တိကား အလွန် ထက်မြက်၏၊ တစ်သက်လုံး တိရစ္ဆာန်အကောင်အထည်, လူပုံသဏ္ဌာန်ကို မြင်လာခဲ့သော်လည်း ဆံပင် မွေးညင်းစသော ကောဋ္ဌာသအစုအပုံကို တစ်ခုစီ တစ်ခုစီ ကြည့်ရှုဖန်များ သောအခါ တိရစ္ဆာန်ဟု၊ လူကောင်ကြီးဟု မမြင်တော့ဘဲ ဆံပင် မွေးညင်း စသော ကောဋ္ဌာသအစုအပုံကိုသာ မြင်နေတော့၏။ ထို့ကြောင့်လည်း ထိုသို့ သိမြင်တော်မူကြသည့် သူတော်ကောင်းတို့သည် တရားထူး တရားမြတ်ကို ရရှိတော်မူကြခြင်းဖြစ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဓာတ်၌လည်း ထိုကဲ့သို့သော စွမ်းအင်များသည် တည်ရှိနေသည်သာ ဖြစ်သည်။ ထိုစွမ်းအင်သတ္တိများ ထွက်ပေါ်လာအောင် မိမိ၏ စိတ်ဓာတ်ကို ဘာဝနာ ရေစင်ဖြင့် ဆေးကြောပေးပါ။
---လမ်းသုံးသွယ်
ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ ။ ပ ။ အာကင်္ခမာနဿ ဝဏ္ဏတော, အာကင်္ခမာနဿ ပဋိကူလတော, အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)
= (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ လေ့လာပြီးရာ အခါမှစ၍ ---
၁။ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းလမ်း,
၂ ။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရလမ်း,
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသည့် သုညတဓာတ်ကမ္မဋ္ဌာန်းလမ်း,
ဤသုံးမျိုးကုန်သော နိဗ္ဗာန်သို့ ဝင်ရာ အဝင်ပေါက် မုခ်ဦးကြီးတို့တွင် တစ်ခုသော အဝင်ပေါက် မုခ်ဦးကြီးဖြင့် နိဗ္ဗာန်သို့ ဝင်နိုင်အောင် ကြိုးစားခဲ့သော် ကိလေသာတို့မှ လွတ်မြောက်နိုင်ပေလိမ့်မည်။ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ လေ့လာပြီးသောအခါ၌ ကမ္မဋ္ဌာန်းသည် ---
၁။ ဝဏ္ဏ = အရောင်အဆင်းအားဖြင့်သော်လည်းကောင်း,
၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်သော် လည်းကောင်း,
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသည့် သုညတဓာတ်သဘောအားဖြင့် သော်လည်းကောင်း,
ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာမည်ဖြစ်ပေ၏။ ပ ။
၁။ အလိုရှိခဲ့သော် ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်းအားဖြင့်သော် လည်းကောင်း,
၂။ အလိုရှိခဲ့သော် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့်သော် လည်းကောင်း,
၃။ အလိုရှိခဲ့သော် သုညတဓာတ်သဘောအားဖြင့်သော်လည်းကောင်း --
ကောဋ္ဌာသကမ္မဋ္ဌာန်းသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှား လာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)
ဤကာယာနုပဿနာ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကို မဟာသတိပဋ္ဌာနသုတ္တန် (ဒီ၊၂၊၂၃၁။ မ၊၁၊၇ဝ။) ဒေသနာတော်၌ ရွံရှာစက်ဆုပ်ဖွယ် သဘောအားဖြင့် နှလုံးသွင်းရှုပွားရသော ပဋိကူလမနသိကာရကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂။), မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃။), ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁။), ဓာတုဝိဘင်္ဂပါဠိတော် (အဘိ၊၂၊၈၄၊၈၆။)တို့၌ ဓာတ်၏အစွမ်းဖြင့် ရှုပွားသုံးသပ်ရသော ဓာတ်ကမ္မဋ္ဌာန်း၏အစွမ်းဖြင့် ဟောကြားထားတော်မူ၏။ တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော် အနုပဒဝဂ် ကာယဂတာသတိသုတ္တန် (မ၊၃၊ ၁၃၀။) ဒေသနာတော်မြတ်၌ကား ကောဋ္ဌာသတို့ကို နှလုံးသွင်းရာ၌ အရောင်အဆင်းအားဖြင့် ထင်လာသော ယောဂါဝစရပုဂ္ဂိုလ်အား ရည်ရွယ်တော်မူ၍ ဝဏ္ဏကသိုဏ်းလမ်း၏ အစွမ်းအားဖြင့် စျာန်လေးပါးတို့ကို ဝေဖန်ခွဲခြားလျက် ဟောကြားတော်မူလေသည်။ ထိုတွင် ဓာတ်ကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဟောကြားထားတော်မူအပ်သော ကောဋ္ဌာသ ကာယာနုပဿနာကမ္မဋ္ဌာန်းသည် ဝိပဿနာကမ္မဋ္ဌာန်းဖြစ်၏။ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် ဟောကြား ထားတော်မူအပ်သော ကောဋ္ဌာသ ကာယာနုပဿနာကမ္မဋ္ဌာန်းသည်သမထ- ကမ္မဋ္ဌာန်းဖြစ်၏။ ထိုကောဋ္ဌာသ ကာယာနုပဿနာကမ္မဋ္ဌာန်းကို ဤအဘိဓမ္မာဝိဘင်းပါဠိတော် သတိပဋ္ဌာနဝိဘင်း၌ သမထကမ္မဋ္ဌာန်းဖြစ်ရကား သာမညအားဖြင့် ဝဏ္ဏကသိုဏ်းလည်းရနိုင်အောင် ပဋိကူလမနသိကာရလည်း ရနိုင်အောင် အလုံးစုံသော သမထကမ္မဋ္ဌာန်းတို့နှင့် ဆက်ဆံသည်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်၏ဟု ဆရာမြတ်တို့ မိန့်ဆိုတော်မူကြကုန်သေး၏။ ဤသို့ မှတ်သားပါလေ။ (အဘိ၊ဋ္ဌ၊၂၊၂၁၆။)
အဘိဘာယတနစျာန် - ဝိမောက္ခစျာန်
မဟာပရိနိဗ္ဗာနသုတ္တန် (ဒီ၊၂၊၉၂-၉၆။)၌လည်းကောင်း, အင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကနိပါတ် (အံ၊၃၊၁၂၅-၁၂၇။)၌လည်းကောင်း, ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၅၅-၅၆။)၌လည်းကောင်း ဤသို့စသော ဒေသနာတော်အရပ်ရပ်တို့၌ အဘိဘာယတနစျာန် ဝိမောက္ခစျာန်များကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။ ဤ၌ မဟာပရိနိဗ္ဗာနသုတ္တန်၌ လာရှိသော ပထမအဘိဘာယတနစျာန်ကို ပုံစံထုတ်ကာ ရှေးဦးစွာ တင်ပြအပ်ပါသည်။
၁။ တစ်ဦးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ကိုယ်တွင်း အဇ္ဈတ္တ သန္တာန်၌ တည်ရှိသော (၃၂) ကောဋ္ဌာသတို့၏ အညို, အရွှေ, အဝါ, အနီ, အဖြူဟူသော အရောင်အဆင်းရုပ်၌ ကသိုဏ်းပရိကမ္မဘာဝနာရှိ၍ အပြင်အပ ဗဟိဒ္ဓ၌ တည်ရှိသော ကောင်းသော အဆင်းရှိကြသည့်, မကောင်းသော အဆင်းရှိကြသည့် ငယ်သော ကသိုဏ်းရုပ်တို့ကို အပ္ပနာဘာဝနာဖြင့် ရှု၏၊ ထိုငယ်သော ကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ အပ္ပနာစျာန်ကို ဝင်စား၏၊ ထိုစျာန်မှ ထသောအခါ ထိုကသိုဏ်းရုပ်တို့ကို ငါသိသည် ငါမြင်သည်ဟု ဤသို့လည်း အမှတ်သညာရှိ၏။ ဤကား ပထမအဘိဘာယတနစျာန်တည်း။ (ဒီ၊၂၊၉၂။)
ဤသို့စသည်ဖြင့် အဘိဘာယတနစျာန် (၈)မျိုးတို့ကို ဟောကြားထားတော်မူ၏။ ဤစျာန်များသည် စျာန်၏ ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း လွှမ်းမိုးနိုင်၏၊ ကသိုဏ်းပညတ်အာရုံကိုလည်း အလိုရှိသလို နိုင်နိုင် နင်းနင်း ပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့, ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် လွှမ်းမိုးနိုင်၏။ နီဝရဏတရားတို့သည် စျာန်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ယင်းနီဝရဏတရားတို့ကို ဤစျာန်တရား တို့က လွှမ်းမိုးနိုင်ခြင်းဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်က ဉာဏ်အလွန်ထက်မြက်သောကြောင့် ကသိုဏ်းပညတ်အာရုံကို နိုင်နိုင်နင်းနင်း လွှမ်းမိုးနိုင်ခြင်း ဖြစ်၏။ ထို့ကြောင့်ယောဂါဝစရပုဂ္ဂိုလ်က အလွန် ဉာဏ်ကြီးမြတ်သူဖြစ်သည့်အတွက် အလွယ်တကူနှင့်ပင် ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း ပယ်ရှားနိုင် လွှမ်းမိုးနိုင်သည့်ပြင် စျာန်၏ အာရုံဖြစ်သော အရောင်ကသိုဏ်းရုပ်တို့ကို ငယ်သော ကြီးသောမဟူ အလွယ်တကူနှင့်ပင် နိုင်နင်းစွာ ရှုမှတ်ပွားများ၍ ရရှိအပ်သော စျာန်ကို အဘိဘာယတနစျာန်ဟူ၍ ခေါ်ဆိုသည် မှတ်ပါ။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ ဒီ၊ဋီ၊၂၊၁၅၉။)
ဘုရားရှင်သည် ဝိမောက္ခတရား (၈)ပါးကိုလည်း ဟောကြားတော်မူခဲ့၏။ ယင်းဝိမောက္ခတရား (၈)ပါးတို့တွင် ပထမဝိမောက္ခတရားနှင့် ဒုတိယဝိမောက္ခ တရားတို့မှာ ဤသို့ဖြစ်၏။
၁။ ရူပီ ရူပါနိ ပဿတိ၊ အယံ ပဌမော ဝိမောက္ခော။
၂။ အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခော။ (အံ၊၃၊၁၂၆။)
ရူပီ ရူပါနိ ပဿတီတိ ဧတ္ထ အဇ္ဈတ္တံ ကေသာဒီသု နီလကသိဏာဒိဝသေန ဥပ္ပါဒိတံ ရူပဇ္ဈာနံ ရူပံ၊ တဒဿတ္ထီတိ ရူပီ။ ဗဟိဒ္ဓါပိ နီလကသိဏာဒီနိ ရူပါနိ စျာနစက္ခုနာ ပဿတိ။ ဣမိနာ အဇ္ဈတ္တဗဟိဒ္ဓဝတ္ထုကေသု ကသိဏေသု ဥပ္ပါဒိတဇ္ဈာနဿ ပုဂ္ဂလဿ စတ္တာရိ ရူပါဝစရဇ္ဈာနာနိ ဒဿိတာနိ။ အဇ္ဈတ္တံ အရူပသညီတိ အဇ္ဈတ္တံ န ရူပသညီ၊ အတ္တနော ကေသာဒီသု အနုပ္ပါဒိတရူပါဝစရဇ္ဈာနောတိ အတ္ထော။ ဣမိနာ ဗဟိဒ္ဓါ ပရိကမ္မံ ကတွာ ဗဟိဒ္ဓါဝ ဥပ္ပါဒိတဇ္ဈာနဿ ရူပါဝစရဇ္ဈာနိ ဒဿိတာနိ။ (အံ၊ဋ္ဌ၊၃၊၂၄၅။)
အထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။
၁။ မိမိ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ရှိသည်ဖြစ်၍ အပြင်ဗဟိဒ္ဓ သန္တာန်၌လည်း ကသိုဏ်းရုပ် စျာန်တို့ကို ရှု၏။ ဤကား ပထမ လွတ်မြောက်မှု ဝိမောက္ခတည်း။
၂။ မိမိ၏ အဇ္ဈတ္တသန္တာန်၌ ကသိုဏ်းရုပ်စျာန်ကို မရှုမူ၍ အပြင်ဗဟိဒ္ဓ သန္တာန်၌ ကသိုဏ်းရုပ်စျာန်တို့ကို ရှု၏။ ဤကား ဒုတိယလွတ်မြောက်မှု ဝိမောက္ခပေတည်း။ (အံ၊၃၊၁၂၆။)
ဤတွင် အဋ္ဌကထာက အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့တွင် ဆံပင်စသော ကောဋ္ဌာသတို့၌ နီလကသိုဏ်း စသည်တို့၏ အစွမ်းဖြင့် ဖြစ်စေအပ်သော ရူပါဝစရစျာန်ရှိသော ပုဂ္ဂိုလ်ကို ရူပီ = ကသိုဏ်းရုပ်စျာန်ရှိသော ပုဂ္ဂိုလ်ဟု ဖွင့်ဆိုထား၏။ အဇ္ဈတ္တကောဋ္ဌာသတို့၌ ရူပါဝစရကသိုဏ်းရုပ်စျာန်တို့ကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုလည်း စျာန်စက္ခုဖြင့် ရှုပြန်၏ = ဗဟိဒ္ဓကောဋ္ဌာသတို့၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ အဇ္ဈတ္တ-ဗဟိဒ္ဓကောဋ္ဌာသနှစ်မျိုးလုံး၌ ရူပါဝစရစျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်တည်း။ ပထမဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။
ဒုတိယပုဂ္ဂိုလ်ကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် မကြိုးစားတော့ဘဲ ဗဟိဒ္ဓကောဋ္ဌာသတို့၌သာလျှင် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်၏။ ဒုတိယဝိမောက္ခတရားနှင့် ပြည့်စုံသူတည်း။ (အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅...။)
သို့သော် အချို့သော ပုဂ္ဂိုလ်တို့၌ကား အဇ္ဈတ္တသန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့၏ အညို အဝါ အနီ အဖြူဟူသော အရောင်ကသိုဏ်းရုပ်တို့ကား ဗဟိဒ္ဓ၌ တည်ရှိသော ကောဋ္ဌာသတို့၏ အရောင်ကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားပေ။ ထိုသို့ အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့၏ ဗဟိဒ္ဓ အရောင်ကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားခြင်းကြောင့် အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် နိုင်နိုင်နင်းနင်း ရှုပွား၍ မရနိုင် ဖြစ်နေ၏။ ထိုအဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို ဘာဝနာစိတ်က နိုင်နိုင်နင်းနင်း မလွှမ်းမိုးနိုင်သောကြောင့် ပဋိဘာဂနိမိတ်သို့ မဆိုက်ရောက်နိုင်ရကား ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း မလွှမ်းမိုးနိုင် ဖြစ်နေ၏။ ထိုသို့ အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို ပဋိဘာဂနိမိတ်သို့ ဆိုက်အောင် ဘာဝနာစိတ်က မလွှမ်းမိုးနိုင်ခြင်း, ဆန့်ကျင်ဘက် နီဝရဏတရားတို့ကိုလည်း မလွှမ်းမိုးနိုင်ခြင်းကြောင့် အဇ္ဈတ္တအရောင်ကသိုဏ်းရုပ်တို့ကို နှလုံးသွင်း ရှုပွားခြင်းဖြင့် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မရရှိခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့ကို ရည်ရွယ်ကာ အဘိဘာယတနစျာန်တို့ကို ဟောကြားတော်မူခြင်း ဖြစ်သည်။ သို့သော် အဇ္ဈတ္တကောဋ္ဌာသတို့၌ ဝဏ္ဏကသိုဏ်းဘာဝနာကို စီးဖြန်းရာ၌ ပရိကမ္မဘာဝနာသာ ရရှိနိုင်သော ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို မရရှိနိုင်သော ယောဂါဝစရပုဂ္ဂိုလ်, အားထုတ် လိုသော ဆန္ဒဓာတ်မရှိသော ယောဂါဝစရပုဂ္ဂိုလ်ရှိသကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓကောဋ္ဌာသ နှစ်မျိုးလုံး၌ ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာ သုံးမျိုးလုံးကို ရရှိနိုင်သော ယောဂါဝစရပုဂ္ဂိုလ်, အားထုတ်လိုသော ဆန္ဒဓာတ် ရှိသော ပုဂ္ဂိုလ်တို့လည်း ရှိကြလေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးတို့အတွက် ဝိမောက္ခစျာန်များကိုလည်းဘုရားရှင်သည် ဟောကြားထားတော်မူခဲ့ပေသည်။
အဇ္ဈတ္တကောဋ္ဌာသ၌ ဖြစ်စေ, ဗဟိဒ္ဓကောဋ္ဌာသ၌ ဖြစ်စေ ---
၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) ဆံပင်၌ ဖြစ်စေ, (ခ) သည်းခြေ၌ ဖြစ်စေ, (ဂ) မျက်နက်ဝန်း၌ ဖြစ်စေ နီလံ နီလံ နီလံ = အညို အညို အညိုဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။
၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) အဆီခဲ၌ ဖြစ်စေ, (ခ) အရည်၌ ဖြစ်စေ, (ဂ) လက်ဖမိုး ခြေဖမိုး၌ ဖြစ်စေ, (ဃ) မျက်စိအတွင်း ဝါရွှေသောအရပ်၌ ဖြစ်စေ, (င) ဝါရွှေသော ကျင်ငယ်၌ ဖြစ်စေ ပီတံ ပီတံ ပီတံ = အဝါ အဝါ အဝါဟု, သို့မဟုတ် အရွှေ အရွှေ အရွှေဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။
၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) အသား၌ ဖြစ်စေ, (ခ) အသွေး၌ ဖြစ်စေ, (ဂ) လျှာ၌ ဖြစ်စေ, (ဃ) မျက်စိအတွင်း နီမြန်းရာအရပ်၌ ဖြစ်စေ လောဟိတံ လောဟိတံ လောဟိတံ = အနီ အနီ အနီဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။
၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းပရိကမ်ကို ပြုလုပ်ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် (က) အရိုး၌ ဖြစ်စေ, (ခ) သွား၌ ဖြစ်စေ, (ဂ) ခြေသည်း လက်သည်း၌ ဖြစ်စေ, (ဃ) မျက်ဖြူ၌ ဖြစ်စေ ဩဒါတံ ဩဒါတံ ဩဒါတံ = အဖြူ အဖြူ အဖြူဟု အဖန်ဖန် အထပ်ထပ် ပရိကမ္မဘာဝနာအလုပ်ကို အားထုတ်ရ၏။ (အဘိ၊ဋ္ဌ၊၁၊၂၃၅၊၊)
ဩဒါတကသိုဏ်း
ဤတွင် ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းရှုကွက်ကို အကျဉ်းချုပ်ကာ တင်ပြလိုပေသည်။ အဇ္ဈတ္တ-ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ရှုထားပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ အဇ္ဈတ္တအရိုးစုကိုဖြစ်စေ ဗဟိဒ္ဓအရိုးစုကိုဖြစ်စေ အာရုံယူကာ ဉာဏ်ဖြင့် သိမ်းဆည်းပါ ရှုပါ။ အကယ်၍ ဗဟိဒ္ဓအရိုးစုကို ရွေးချယ်ကာ ရှုသည်ဖြစ်မူ မိမိ ရှေ့တည့်တည့်တွင် တည်ရှိသော ယောဂီပုဂ္ဂိုလ်၏ အရိုးစုတစ်ခုလုံးကို ဖြစ်စေ, မိမိဘက်သို့ ကျောပေးထားသော ဦးခေါင်းခွံကိုဖြစ်စေ အာရုံယူကာ အဖြူ အဖြူ အဖြူဟု ရှုနေပါ။ အဖြူရောင်အာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်တည်သွားသောအခါ အရိုးစု ကောဋ္ဌာသပျောက်ကာ အဖြူအဝန်းအဝိုင်းသာ ကျန်ရှိနေပါက ထိုအဖြူရောင် ကသိုဏ်းဝန်း၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါ။ အလွန် မဖြူသေးသော ကသိုဏ်းဝန်းကား ပရိကမ္မနိမိတ်တည်း။ ဆွတ်ဆွတ်ဖြူလာသော ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ ထိုဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူကာ အဖြူ အဖြူဟု နှလုံးသွင်းလျက် သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် သမာဓိက ပို၍ ပို၍ ငြိမ်လာသောအခါ နက်ရှိုင်းလာသော အခါ ဥဂ္ဂဟနိမိတ်မှ ကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်ဘက်သို့ အဖြူရောင်ကသိုဏ်းဝန်းနိမိတ်သည် ကူးပြောင်းသွားပေလိမ့်မည်။ ထိုပဋိဘာဂနိမိတ်၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီစသည်ခန့် ငြိမ်ဝပ်စွာ ကပ်တည်နေအောင် ကြိုးစားပါက သမာဓိမှာ ပို၍ ပို၍ နက်ရှိုင်းလာရာက ပဋိဘာဂနိမိတ်ထဲသို့ နစ်ဝင်သွားသည်ကို ယောဂီပုဂ္ဂိုလ်က သိရှိနိုင်ပေသည်။ ထိုကဲ့သို့သော ပဋိဘာဂနိမိတ်ကို နှစ်လက်မ သုံးလက်မ စသည်ဖြင့် ပိုင်းခြားကာ နိမိတ်ကို ဖြန့်ကြက်ကာ စကြဝဠာတစ်ခုလုံးသို့ ပြန့်အောင် သို့မဟုတ် ထိုထက် ပိုလွန်ကာ ဖြန့်ကြက်ပါ။
ထိုနောင် မိမိ နှစ်ခြိုက်ရာ ရှေ့တည့်တည့် တစ်နေရာတွင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်လျက် အဖြူ အဖြူ အဖြူဟု ရှုနေပါ။ ဘာဝနာစိတ်သည် အဖြူရောင်ကသိုဏ်းဝန်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်တည်နေပေလိမ့်မည်။ ကသိုဏ်းဝန်းမှာလည်း သမာဓိအားကောင်းလာသည်နှင့်အမျှ ရှေးကထက် ပို၍ ပို၍ ကြည်လင်တောက်ပလာပေမည်။ ဘာဝနာစိတ်သည်လည်း အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာကပ်တည်နေရာက နစ်မြုပ်သည့် အဆင့်သို့ ကူးကာ ကြာရှည်စွာ တည်တံ့နေပေလိမ့်မည်။ ထိုသို့ ကြာရှည်စွာ နစ်မြုပ်နေသော သမာဓိကား --- စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန် စျာန်ဟု ခေါ်သတတ် --- ဟူသော လယ်တီဆရာတော်ဘုရား၏ အဆိုအမိန့်အတိုင်း အပ္ပနာစျာန်သမာဓိ ဖြစ်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်က ယင်းအပ္ပနာစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ရ၏။ ဝသီဘော်ငါးတန် နိုင်နင်းပြီးသောအခါ ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့သို့ ဆိုက်အောင် အဆင့်ဆင့် ဆက်လက် အားထုတ်ပါလေ။ အကယ်၍ စတုတ္ထစျာန်သမာဓိအထိ ပေါက်ရောက်ပါက ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ပရိသုဒ္ဓ ပရိယောဒါတ = ထက်ဝန်းကျင် စင်ကြယ်သန့်ရှင်းကာ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပနေမည် ဖြစ်ပေသည်။ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်၏ အကူအညီကို ယူကာ ကြွင်းကျန်နေသည့် ကသိုဏ်းတို့ကို ပြောင်းရှုပါက ကသိုဏ်း (၉)ပါးလုံးကိုပင် လွယ်လွယ်ကူကူ ရှု၍ ရရှိနိုင်ပေသည်။ ထိုမှ တစ်ဆင့် အရူပစျာန်တို့သို့ ကူးလိုက ကူးနိုင်ပေသည်။ အကယ်၍ မေတ္တာဘာဝနာဘက်သို့ ကူးလိုကလည်း ကူးနိုင်ပေပြီ။ ယခုအခါ မေတ္တာစျာန်ကို ရရှိအောင် အားထုတ်ပုံ အစီစဉ်ကို ဆက်လက် တင်ပြပေအံ့ ---
ဩဒါတကသိုဏ်းမှ - မေတ္တာပထမစျာန်သို့
ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့်ဖြစ်ပေါ်လာသည့် အလင်းရောင် အကူအညီဖြင့် မိမိ ရှေးဦးစွာ မေတ္တာပွားလိုသည့် ပိယဂရုဘာဝနီယ = ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦးကို သို့မဟုတ် ဆရာသမားတစ်ဦးကို လှမ်းပြီး အာရုံယူပါ။ ထိုပုဂ္ဂိုလ်၏ ပုံမှာ မိမိမြင်ဖူးခဲ့စဉ်က စိတ်အကြည်နူးဆုံးပုံ ဖြစ်ပါစေ။ ထိုပုဂ္ဂိုလ်ကို သို့မဟုတ် ထိုပုဂ္ဂိုလ်၏ ပုံကို ညအခါ အမိုက်မှောင်အတွင်းဝယ် လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်သည့်အခါ ထင်ထင်ရှားရှား မြင်ရသကဲ့သို့ အထက်ဖော်ပြပါ ဉာဏ်အလင်းရောင် အကူအညီဖြင့် ထင်ထင် ရှားရှား မြင်ရအောင် ကြည့်ပါ။ ပြုံးနေသည့်ပုံ, တရားထိုင်နေသည့်ပုံ, မတ်တပ်ရပ် တရားနှလုံးသွင်းနေသည့်ပုံ စသည်တို့တွင် မိမိ အကြိုက်နှစ်သက်ဆုံးပုံကို ရွေးချယ်ကာ ပြန်လည်၍ အာရုံယူပါ။ အသက်ထင်ရှား မြင်နေရသကဲ့သို့ ပကတိမျက်စိဖြင့် မြင်နေရသကဲ့သို့ ထိုပုဂ္ဂိုလ်ကို မြင်အောင် ကြည့်ပါ။ ထိုပုဂ္ဂိုလ်ကို ဉာဏ်အလင်းရောင်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်သောအခါ ---
ဤသူတော်ကောင်းသည် ---
၁။ ဘေးရန် ကင်းပါစေ၊
၂။ စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊
ဤသို့လျှင် အချိန်အနည်းငယ် မေတ္တာဘာဝနာကို ပွားများကြည့်ပါ။ ဤသို့ အချိန်အနည်းငယ် သို့မဟုတ် အကြိမ်အနည်းငယ် ပွားများပြီးသော အခါ ထိုမေတ္taပွားနည်း (၄)မျိုးမှ မိမိကြိုက်နှစ်သက်ရာ, မေတ္taပွား၍ စိတ်တွင် နှစ်နှစ်ကာကာ ဖြစ်ရာ မေတ္taပွားနည်း တစ်ခုကို ရွေးချယ်ပါ။ ဥပမာ --- ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ - ဟူသော မေတ္taပွားနည်းကို ရွေးချယ်လိုက်သည် ဆိုကြပါစို့။ ထိုသူတော်ကောင်း၏ စိတ်ကြည်နူး၍ ပြုံးရွှင်ကြည်လင်နေသော ပုံကို ဉာဏ်လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် မြင်အောင် စိုက်ကြည့်ပါ။ ထိုသူတော်ကောင်းကို မိမိ မြင်ခဲ့ဖူးစဉ်က စိတ်အချမ်းသာဆုံးပုံ ဖြစ်ပါစေ၊ အသက်ရှင်နေဆဲပုံလည်း ဖြစ်ပါစေ။ ထိုပုဂ္ဂိုလ် သတ္တဝါပညတ်ကို အာရုံပြု၍ ---
ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ, စိတ်ဆင်းရဲ ကင်းပါစေ ---
ဤသို့လျှင် ကြိမ်ဖန်များစွာ ပွားများပါ။ ထိုပြုံးရွှင်လျက် စိတ်ကြည်နူး နေသော သတ္တဝါပညတ်အာရုံ၌ မေတ္taဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းဖြင့် စတုတ္ထစျာန်သမာဓိသို့တိုင်အောင် ထူထောင်ထားသော ရှေးရှေးဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှုကြောင့် ယင်းမေတ္taဘာဝနာစိတ်သည် ထိုသတ္တဝါပညတ်အာရုံ၌ အချိန်အနည်းငယ် အတွင်းမှာပင် ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ အကယ်၍ ထိုသတ္တဝါပညတ်အာရုံမှာ ပျောက်ပျောက်သွားခဲ့သော် ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ဝင်စားပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုသတ္တဝါပညတ်ကို တစ်ဖန်ပြန်၍ အာရုံယူပါ။ ထိုသတ္တဝါပညတ်အာရုံသည် တစ်ဖန်ပြန်၍ ထင်ရှားလာသောအခါ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းပါ။
ထိုချစ်ခင်လေးစားအပ်သော ပိယဂရုဘာဝနီယပုဂ္ဂိုလ်ဟူသည့် သတ္တဝါပညတ်အာရုံ၌ မေတ္taဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီစသည် အချိန်မျှလောက် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် မေတ္taဘာဝနာစိတ်သည် ထိုသတ္တဝါပညတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ထိုသမာဓိသည်လည်း ထိုင်တိုင်းရ၍ ခိုင်မြဲလာသောအခါ စျာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။ စျာန်အင်္ဂါငါးပါးတို့ ထင်ရှား နေပါက ပထမစျာန်သမာဓိသို့ ဆိုက်ပြီ ဖြစ်၏။ ယင်းပထမစျာန်သမာဓိကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
ပထမစျာန် - စျာန်အင်္ဂါငါးပါး
၁။ ဝိတက် = သတ္တဝါပညတ် အာရုံ၌ မေတ္တာဘာဝနာစိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော၊
၂။ ဝိစာရ = သတ္တဝါပညတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော၊
၃။ ပီတိ = သတ္တဝါပညတ် အာရုံကို နှစ်သက်ခြင်းသဘော၊
၄။ သုခ = သတ္တဝါပညတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊
၅။ ဧကဂ္ဂတာ = သတ္တဝါပညတ် အာရုံတစ်ခုတည်းပေါ်၌ မေတ္တာဘာဝနာစိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော၊
ဤစျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသည့် မေတ္တာစျာန်ကို နာရီဝက် သို့မဟုတ် တစ်နာရီခန့် တစ်ဖန် ပြန်၍ ဝင်စားပါ။ စျာန်မှ ထလျှင်ထချင်း ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။ ထိုမနောဒွါရ၌ ထိုသတ္တဝါပညတ်အာရုံသည် ထင်လာသောအခါ အထက်ပါ စျာန်အင်္ဂါတို့ကို တစ်ခုစီ သိမ်းဆည်းပါ။ စျာန်ကို ဝင်စားလိုက်, ဝိတက်ကို သိမ်းဆည်းလိုက်၊ တစ်ဖန် စျာန်ကို ပြန်ဝင်စားလိုက် ဝိစာရကို သိမ်းဆည်းလိုက် --- ဤသို့စသည်ဖြင့် ပြုကျင့်ပါ။ ထိုသို့ ပြုကျင့်သဖြင့် စျာန်အင်္ဂါတို့ကို တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်းနိုင်သောအခါ ပြိုင်တူလိုလို မြင်အောင် သိမ်းဆည်းပါ။ ထိုနောင် ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)
စိတ္တန္တိ ဘဝင်္ဂစိတ္တံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ဤအထက်ပါ ဒေသနာတော်များအရ ဘဝင်စိတ်သည် ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပ၏။ သို့သော် စိတ်၌ အရောင် ရှိပါသလားဟု မေးခဲ့သော် မရှိပါဟု ဖြေဆိုရာ၏။ စိတ်သည် အရောင်မရှိသော်လည်း အရောင်အလင်းကို ဖြစ်စေနိုင်သော စွမ်းအားကား ရှိ၏။ ဉာဏ်ရောင်အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် ဤဘဝင်စိတ်သည် လည်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ကို ဖြစ်စေနိုင်သည့်စွမ်းအား ရှိပေသည်။ ဘဝင်စိတ် တစ်ခုတစ်ခုသည် မိမိ၏ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏။ ယင်းရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံကလည်း ကြည်လင်တောက်ပ၏။ တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမကကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်တိုင်းကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏။ ယင်းရုပ်ကလာပ်တိုင်း၌ ပါဝင် တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံကလည်း ကြည်လင်တောက်ပ၏။ ယင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်နှစ်မျိုးတို့၌ ပါဝင် တည်ရှိကြသော ဝဏ္ဏဓာတ် = ရူပါရုံ၏ ကြည်လင်တောက်ပမှုကို ဃနခေါ်သည့် ရုပ်အတုံးအခဲကို မဖြိုခွဲနိုင်မီ အကြည်ဓာတ် အတုံးအခဲလိုက် ယောဂီပုဂ္ဂိုလ်က တွေ့မြင်နေခြင်းဖြစ်၏။ ဖလ်သား မှန်သားကဲ့သို့ ကြည်လင် တောက်ပနေသည့် သဘာဝတစ်ခု ဖြစ်၏။ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲနေသော ဉာဏ်၏ အာနုဘော်က ကြီးလျှင်ကြီးသလို သေးလျှင်သေးသလို ကြည်လင်တောက်ပ၏။ သို့အတွက် အကျိုးဖြစ်သော ရုပ်တရားတို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ ကြည်လင်တောက်ပမှုကို အကြောင်းဖြစ်သော ဘဝင်စိတ် အပေါ်၌ တင်စားကာ ဖလူပစာရအားဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုသည်။ အာရုံခြောက်ပါးတို့သည် ယင်း ဘဝင်မနောအကြည်ဓာတ် မနောဒွါရ၌ လာရောက်ကာ ထိုက်သလို ထင်ကြ၏။ ထိုအခါ ယင်းထင်လာသော အာရုံကို အာရုံပြုကာ ဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြ၏။ စျာန်အင်္ဂါငါးပါးရှိသော ပထမစျာန် ဝီထိနာမ်တရားတို့လည်း အလားတူပင် ဖြစ်ပေါ်လာကြ၏။
ဝသီဘော်ငါးတန်
ဝသီ = လေ့လာခြင်း, အလိုအားလျော်စွာဖြစ်ခြင်း, နိုင်နင်းခြင်း, အလိုအားလျော်စွာ ဖြစ်စေနိုင်သောသတ္တိသည် ဝသီမည်၏။ ယင်းတို့ကား အာဝဇ္ဇနဝသီ သမာပဇ္ဇနဝသီ အဓိဋ္ဌာနဝသီ ဝုဋ္ဌာနဝသီ ပစ္စဝေက္ခဏာဝသီဟု ငါးမျိုး ရှိကုန်၏။
၁။ အာဝဇ္ဇနဝသီ ---မိမိရရှိထားပြီးသော စျာန်ကို အကြင်အကြင် အလိုရှိရာ အရပ်၌ အကြင်အကြင် အလိုရှိတိုင်းသော စျာန်အင်္ဂါကို အကြင် အလိုရှိ သမျှကာလပတ်လုံး ဆင်ခြင်နိုင်၏။ ဆင်ခြင်ခြင်းအာဝဇ္ဇန်းဖြစ်ခြင်း၏ နှေးဖြည်းသည်၏ အဖြစ်သည် မရှိငြားအံ့၊ ဤသို့တတ်နိုင်လတ်သော် အာဝဇ္ဇနဝသီမည်၏။ စျာန်အင်္ဂါကို ဆင်ခြင်မှု၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိသည် အာဝဇ္ဇနဝသီမည်၏။
၂။ သမာပဇ္ဇနဝသီ --- မိမိ ရရှိထားပြီးသော စျာန်ကို အကြင်အကြင် အလိုရှိရာအရပ်၌ အကြင်အကြင် အလိုရှိတိုင်း အကြင်အကြင် အလိုရှိသမျှကာလပတ်လုံး ဝင်စားနိုင်၏၊ စျာန်ဝင်စားခြင်း၏ နှေးဖြည်းသည်၏ အဖြစ်သည် မရှိငြားအံ့၊ ဤသို့တတ်စွမ်းနိုင်လတ်သော် သမာပဇ္ဇနဝသီမည်၏။ စျာန်ကို ဝင်စားလိုသော ဆန္ဒဖြစ်ပေါ်လာလျှင် ဖြစ်ပေါ်ပြီးနောက် ဘဝင်အပိုမကျတော့ဘဲ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း, ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဖြစ်၍ အလိုရှိသမျှ စျာန်ဇောစိတ်များစွာကို ဖြစ်စေနိုင်ခြင်းသည် သမာပဇ္ဇနဝသီမည်၏။ စျာန်ကို ရအပ်သည်နှင့် ထပ်တူထပ်မျှ ယှဉ်ဖက်သမ္ပယုတ်တရားနှင့်တကွသော စျာန်သို့ ကောင်းစွာ ရောက်ရှိနေခြင်းသည် သမာပဇ္ဇန = စျာန်ကို ဝင်စားခြင်းမည်၏။ စျာန်နှင့် ပြည့်စုံနေသည်၏အဖြစ်ကို ဆိုလိုပေသည်။
၃။ အဓိဋ္ဌာနဝသီ --- လက်ဖျစ်တစ်တွက် အတိုင်းအရှည်ရှိသော ခဏပတ်လုံးလည်းကောင်း, လက်ဖျစ်ဆယ်တွက် အတိုင်းအရှည်ရှိသော ခဏပတ်လုံးလည်းကောင်း, တစ်နာရီ, တစ်နံနက်, တစ်ရက် စသည်ဖြင့် မိမိ အလိုရှိသမျှ ကာလပတ်လုံးလည်းကောင်း ပိုလည်း မပိုရ, လိုလည်း မလိုရအောင် ဝင်စားလိုရာ အချိန်စေ့အောင် ရေကာတာရိုးသည် ရေကို တားထားသကဲ့သို့ ဘဝင်အယဉ်ကို တားဆီး၍ စျာန်ဇောစိတ်အစဉ်ကို တည်တံ့အောင် ထားခြင်းငှာ စွမ်းနိုင်သော သတ္တိသည် အဓိဋ္ဌာနဝသီမည်၏။
၄။ ဝုဋ္ဌာနဝသီ --- အလားတူပင် လက်ဖျစ်တစ်တွက် အတိုင်းအရှည်ရှိသော ကာလပတ်လုံးလည်းကောင်း, လက်ဖျစ်ဆယ်တွက် အတိုင်းအရှည် ရှိသော ကာလပတ်လုံးလည်းကောင်း တစ်နာရီ, တစ်နံနက်, တစ်ရက် စသည်ဖြင့် မိမိတို့ အလိုရှိသမျှ ကာလပတ်လုံးလည်းကောင်း တစ်ခဏမျှ ခပ်တိုတို ဝင်စားလိုလျှင် ခပ်တိုတို ဝင်စား၍ ကြာရှည်စွာ ဝင်စားလိုလျှင် ကြာရှည်စွာ ဝင်စား၍ ရည်မှန်းထားသော အချိန်ကာလကို ပိုလည်းမပိုရ လိုလည်း မလိုရအောင် စျာန်ဇောစိတ်အစဉ်မှ လျင်မြန်စွာ ထခြင်းငှာ စွမ်းနိုင်သော သတ္တိသည် ဝုဋ္ဌာနဝသီမည်၏။
(စျာန်စိတ်ချည်း ဆက်၍ ဆက်တိုက် ဖြစ်နေခြင်းကို စျာန်ဝင်စားသည်ဟု ခေါ်၍ စျာန်ဇောစိတ်အစဉ်ပြတ်၍ ဘဝင်စိတ်ဖြစ်ပေါ်လာမှုကို စျာန်မှ ထသည်ဟု ခေါ်ဆို၏။)
၅။ ပစ္စဝေက္ခဏာဝသီ --- စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏နောက်၌ ပစ္စဝေက္ခဏာဇောများ ဆက်၍ စော၏။ ယင်းပစ္စဝေက္ခဏာဇောတို့သည်လည်း စျာန်အင်္ဂါတို့ကိုပင် ဆက်လက်၍ ဆင်ခြင် ကြ၏။ စျာန်အင်္ဂါတို့ကို ဆင်ခြင်တတ်သော ယင်းပစ္စဝေက္ခဏာဇော တို့၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုပေသည်။ စျာန်အင်္ဂါတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိတို့၏ တစ်ဝီထိနှင့် တစ်ဝီထိ အကြားဝယ် ဘဝင်များစွာ မခြားဘဲ ဆက်ကာဆက်ကာ ဆင်ခြင်နိုင်သော စွမ်းအင်သတ္တိတည်း။ ထို့ကြောင့် အာဝဇ္ဇနဝသီဘော် ပြီးစီး အောင်မြင်လျှင် ပစ္စဝေက္ခဏာဝသီဘော်လည်း ပြီးစီးအောင်မြင်တော့သည်သာဟု သိရှိပါလေ။ စျာန်အင်္ဂါတို့ကို အမြန်ဆုံး ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း၏ စွမ်းအင်သတ္တိကို အာဝဇ္ဇနဝသီဟုလည်းကောင်း၊ ယင်း မနောဒွါရာဝဇ္ဇန်း၏နောက်၌ ဆက်လက် ဖြစ်ပေါ်လာသော စျာန်အင်္ဂါတို့ကိုပင် အမြန်ဆုံး ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဇောတို့၏ စွမ်းအင်သတ္တိကို ပစ္စဝေက္ခဏာဝသီဟုလည်းကောင်း နှစ်မျိုးခွဲခြား ထားသည်ဟု မှတ်သားပါ။ (ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီကာ၊၁၊၁၇၈-၁၈၀၊၊)
ယခုတစ်ဖန် မေတ္တာကမ္မဋ္ဌာန်းကို ဆက်လက်ကာ တင်ပြအပ်ပါသည်။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသော မေတ္တာပထမစျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ပထမစျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းပြီးသောအခါ ဒုတိယစျာန်သို့ ကူးနိုင်ပေသည်။
မေတ္တာဒုတိယစျာန်
ဤဝသီဘော်ငါးတန်တို့၌ လေ့ကျက်အပ်ပြီး လေ့လာအပ်ပြီး နိုင်နင်းပြီးသော ဝသီဘော်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် နိုင်နိုင်နင်းနင်း လေ့လာထားအပ်ပြီးသော ပထမစျာန်မှထ၍ ---
၁။ ဤပထမစျာန်သမာဓိသည် (နီဝရဏကို ပယ်ခွါရာ၌ ရှေးဦးဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။
၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါရှိ၏-ဟု ထိုပထမစျာန်၌ အပြစ်ကို မြင်အောင်ကြည့်၍ ---
၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါသုံးပါးရှိသော ဒုတိယစျာန်ကို ပထမစျာန်ထက်ပို၍ ငြိမ်သက်သော တရားဟု နှလုံးသွင်း၍ ---
၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်ခန်းစေ၍ ---
ဒုတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းမေတ္တာဘာဝနာမှုကို ပြုလုပ်အပ်၏။ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေဟုပင် မေတ္တာဘာဝနာကို ဆက်လက် စီးဖြန်းအပ်၏။ ပထမစျာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန် ပြန်၍ အားထုတ်အပ်၏။ (ဝိသုဒ္ဓိ၊၁၊၁၅၀။)
ထိုသို့ အားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ စျာန်အင်္ဂါတို့ကို ဉာဏ်ဖြင့် ရှေးရှုသက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းကြမ်းတမ်းသောအားဖြင့် ထင်လာကုန်၏။ ပီတိ သုခ စိတ္တေကဂ္ဂတာတို့သည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာကုန်၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော စျာန်အင်္ဂါတို့ကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါတို့ကို ရရှိခြင်းငှာလည်းကောင်း ထိုသတ္တဝါပညတ် အာရုံကိုပင် စိတ်ဆင်းရဲ ကင်းပါစေဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိတက် ဝိစာရ မရှိသော, ပီတိ သုခ စိတ္တေကဂ္ဂတာဟူသော စျာန်အင်္ဂါသုံးပါးရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။
ဒုတိယစျာန်ကို ရရှိသည့်တိုင်အောင် ဆက်လက် ကြိုးစားပါ။ ရရှိပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။
မေတ္တာတတိယစျာန်
ဤသို့သော ဘာဝနာဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော်ငါးတန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျက်အပ် လေ့ကျင့်အပ်ပြီးသော ဝသီရှိသည်ဖြစ်၍ နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားအပ်ပြီးသော ဒုတိယစျာန်မှ ထ၍ ---
၁။ ဤဒုတိယစျာန် သမာပတ်သည် နီးကပ်သော ဝိတက်, ဝိစာရဟူသော ရန်သူရှိ၏၊
၂။ ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာအားဖြင့် အကြင် (သတ္တဝါပညတ် အာရုံကို) နှစ်သက်ခြင်း ပီတိသည် ရှိ၏၊ ဤပီတိကြောင့်သာလျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဟောကြားတော်မူအပ်၏။ (ဒီ၊၁၊၃၄။) ဤသို့ ဟောကြားထားတော်မူအပ်သော ပီတိ၏ ရုန့်ရင်းကြမ်းတမ်းသည်၏အဖြစ်ကြောင့် အားနည်းသော အင်္ဂါရှိ၏ဟု ဤသို့လျှင် ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို ဉာဏ်ဖြင့်မြင်အောင် ကြည့်၍,
၃။ တတိယစျာန်ကို (ဒုတိယစျာန်ထက် ပို၍) ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၄။ ဒုတိယစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်ခန်းစေ၍,
တတိယစျာန်ကို ရရှိခြင်းငှာ ကြိုးစားအားထုတ်ခြင်းကို ပြုလုပ်အပ်ပေသည်။ (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)
ထိုသို့ ကြိုးစားအားထုတ်ခဲ့သော် မကြာမီ အချိန်ကာလအတွင်းမှာပင် ဒုတိယစျာန်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွားမည် ဖြစ်၏။ တတိယစျာန်သို့ ရောက်ရှိရေးအတွက် ဦးတည်ကာ ယခင်သတ္တဝါပညတ် အာရုံကိုပင် တစ်ဖန် ပြန်၍ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေဟူသော နှလုံးထားဖြင့် မေတ္တာဘာဝနာကို ဆက်လက်ကာ ပွားများခြင်းကြောင့် ဒုတိယစျာန်သို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွားခြင်းဖြစ်၏။ ထိုသို့ ဒုတိယစျာန်ကို တစ်ဖန် ပြန်၍ ဝင်စားမှုကို ကြိုးစားအားထုတ်ရာဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ သတိသမ္ပဇဉ်ဉာဏ်ယှဉ်လျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်လတ်သည်ရှိသော် ပီတိသည် ရုန့်ရင်းကြမ်းတမ်းသော သဘောအားဖြင့် ထင်လာ၏၊ သုခနှင့် ဧကဂ္ဂတာသည် ငြိမ်သက်သော သဘောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းကြမ်းတမ်းသော ပီတိစျာန်အင်္ဂါကို ပယ်ခြင်းငှာ, ငြိမ်သက်သော သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးရှိသော တတိယစျာန်ကို ရရှိခြင်းငှာ ထိုသတ္တဝါပညတ်အာရုံကိုပင် စိတ်ဆင်းရဲကင်းစေလိုသော နှလုံးသွင်းဖြင့် မေတ္တာဘာဝနာကို ရှုပွားလျက်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် မကြာမီ အချိန်ကာလအတွင်းမှာပင် ပီတိပြုတ်ကာ သုခ, ဧကဂ္ဂတာဟူသော စျာန်အင်္ဂါနှစ်ပါးရှိသော တတိယစျာန်သို့ ဆိုက်ရောက်ပေလိမ့်မည်။
ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်သည် ပီတိကို စက်ဆုပ်ခြင်း လွန်သွားခြင်းကြောင့်လည်းကောင်း, ဝိတက် ဝိစာရတို့ကို ငြိမ်းစေခြင်းကြောင့်လည်းကောင်း တတိယစျာန်ချမ်းသာကိုပင် လျစ်လျူရှုသည် ဖြစ်၍လည်း နေ၏။ (သတ္တဝါပညတ်)အာရုံကို အမှတ်ရတတ် သိမ်းဆည်းတတ်သော သတိနှင့်ပြည့်စုံသည်ဖြစ်၍လည်းကောင်း, (သတ္တဝါပညတ်)အာရုံကိုပင် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍လည်းကောင်း ကာယိကသုခ စေတသိကသုခ ကိုလည်း နာမကာယဖြင့် ခံစား၏။ အကြင် တတိယစျာန်ဟူသော အကြောင်း ကြောင့် ယင်းတတိယစျာန်နှင့် ပြည့်စုံသော စျာနလာဘီပုဂ္ဂိုလ်ကို ဘုရား အစရှိသော အရိယာအရှင်ကောင်း အရှင်မြတ်တို့သည် တတိယစျာန်ချမ်းသာ ကိုပင် လျစ်လျူရှုပေသသူ သတိကောင်းပေသသူ ချမ်းသာစွာ နေပေသသူ ဟူ၍ ချီးမွမ်းစကား ပြောကြားတော်မူကြကုန်၏။ ထိုတတိယစျာန်ကို ပြည့်စုံ စေ၍, ထိုတတိယစျာန်သို့ ကပ်ရောက်၍ နေထိုင်ပေ၏။ (ဒီ၊၁၊၇၁။ အဘိ၊၁၊၄၅။ ဝိသုဒ္ဓိ၊၁၊၁၅၄။)
ဤသို့လျှင် - တတိယစျာန်သို့ ဆိုက်ရောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းတတိယစျာန်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေဟူသော နည်းစနစ်ဖြင့် ပွားများအားထုတ်သော မေတ္တာဘာဝနာ၌ တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီးသောအခါ အောက်ပါအစီအစဉ်အတိုင်း ထပ်မံ၍ ထိုသတ္တဝါပညတ်အာရုံကိုပင် အာရုံယူကာ ---
ဤသူတော်ကောင်းသည် ---
၁။ ဘေးရန် ကင်းပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)
၂။ စိတ်ဆင်းရဲ ကင်းပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)
၃။ ကိုယ်ဆင်းရဲ ကင်းပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)
၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ၊ (တတိယစျာန်သို့ ဆိုက်အောင်)
ဤမေတ္တာပို့သနည်း လေးနည်းတို့တွင် တစ်နည်းတစ်နည်း၌ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် ဒေသနာစဉ်အတိုင်း မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက် စီးဖြန်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ လေ့ကျင့်ပါ။ မေတ္တာစျာန်ကို အဝါးဝစွာ ဝင်စားပါ။ စိတ်ဆင်းရဲ ကင်းပါစေ-ဟူသော မေတ္တာပို့သနည်းမှာ ရှေးဦးစွာ ရှုထားပြီး ပွားများထားပြီး ဖြစ်သော်လည်း ယခုထပ်မံ၍ ရှုပွားခိုင်းခြင်းမှာ ဒေသနာစဉ်အတိုင်း မှတ်သား လွယ်ကူစေရန် ထပ်ပြီး ပွားများခိုင်းခြင်း ဖြစ်ပေသည်။ နောက်ပုဂ္ဂိုလ်သတ္တဝါတို့ကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားများရာ၌ ထိုဒေသနာတော်စဉ်အတိုင်း ပွားများစေလိုသောကြောင့် ဖြစ်သည်။
ပိယဂရုဘာဝနီယပုဂ္ဂိုလ်, အတိပ္ပိယသဟာယကပုဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်, ဝေရီပုဂ္ဂိုလ်တို့ကို ယခုကဲ့သို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်တို့သို့ ဆိုက်အောင် အဘယ်ကြောင့်ပွားများနေရပါသနည်း? ကျမ်းဂန်အထောက်အထား ရှိပါရဲ့လားဟု မေးရန်ရှိ၏။ အောက်ပါ အဋ္ဌကထာ, ဋီကာ အဖွင့်တို့ကို ဖတ်ရှုကြည့်ပါ။
သစေ ပနဿ ဝေရိမှိ စိတ္တမုပသံဟရတော တေန ကတာပရာဓာနုဿရဏေန ပဋိဃမုပ္ပဇ္ဇတိ၊ အထာနေန ပုရိမပုဂ္ဂလေသု ယတ္ထ ကတ္ထစိ ပုနပ္ပုနံ မေတ္တံ သမာပဇ္ဇိတွာ ဝုဋ္ဌဟိတွာ ပုနပ္ပုနံ တံ ပုဂ္ဂလံ မေတ္တာယန္တေန ပဋိဃံ ဝိနောဒေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၉၀။)
ပုရိမပုဂ္ဂလေသူတိ ပိယာဒီသု စျာနဿ အာရမ္မဏဘူတေသု ပုရိမေသု ပုဂ္ဂလေသု။ မေတ္တံ သမာပဇ္ဇိတွာတိ ပဋိဃံ ဝိက္ခမ္ဘေတွာ ဥပ္ပါဒိတံ မေတ္တာစျာနံ သမာပဇ္ဇိတွာ။ (မဟာဋီ၊၁၊၃၅၅။)
ဤအထက်ပါ အဋ္ဌကထာ, ဋီကာတို့က ဝေရီ = ရန်သူပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ မေတ္တာစျာန်ကို ရရှိသည်တိုင်အောင် အောင်မြင်မှုကို မရဖြစ်နေခဲ့သော် ပိယဂရုဘာဝနီယပုဂ္ဂိုလ်, အတိပ္ပိယသဟာယကပုဂ္ဂိုလ်, မဇ္ဈတ္တပုဂ္ဂိုလ်တို့တွင် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်၌ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ မေတ္တာစျာန်ကို အဖန်ဖန်ဝင်စား၍ ဝေရီပုဂ္ဂိုလ်၌ တစ်ဖန်ပြန်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါဟု ညွှန်ကြားထား၏။ ဤညွှန်ကြားချက်များနှင့် အညီ ပုဂ္ဂိုလ်တစ်ဦးဦးကို အာရုံပြုကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများအားထုတ်ဖို့ လိုအပ်ပေသည်။ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားနိုင်ဖို့ လိုအပ်ပေသည်။
စတုတ္ထစျာန် ?
အဘယ်ကြောင့် စတုတ္ထစျာန်သို့ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို မစီးဖြန်းရပါသနည်းဟု မေးရန်ရှိ၏။ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ --- ဘေးရန် ကင်းစေလိုသော စိတ်ထား, စိတ်ဆင်းရဲကင်းစေလိုသော စိတ်ထား, ကိုယ်ဆင်းရဲကင်းစေလိုသော စိတ်ထား, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်စေလိုသော စိတ်ထား --- ဤစိတ်နေစိတ်ထားတို့ကား လျစ်လျူရှုမှု ဥပေက္ခာသဘောနှင့် အလှမ်းကွာဝေးလျက် ရှိကြ၏။ ဤကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ အကျိုးစီးပွားချမ်းသာကို လိုလားတောင့်တသော စိတ်နေစိတ်ထားသည် --- ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ လျစ်လျူရှုမှု သဘော မျိုးမဟုတ်ပေ။ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ အကျိုးစီးပွားချမ်းသာကို လိုလား တောင့်တသော စိတ်ထားဖြင့် မေတ္တာဘာဝနာကို ပွားများအားထုတ်ပါမှသာလျှင် မေတ္တာစျာန်များကို ရရှိနိုင်၏။ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ လျစ်လျူရှုမှု = ဥပေက္ခာသဘောထားဖြင့် မေတ္တာဘာဝနာကို စီးဖြန်း၍ကား မရနိုင်၊ ထိုသို့သော စိတ်ထားဖြင့် မေတ္တာပွားသည်ပင် ဆိုဦးတော့ မေတ္တာစျာန်ကိုကား မည်သို့မျှ မရရှိနိုင်။ စတုတ္ထစျာန်ဟူသည်မှာလည်း ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါနှစ်ပါးရှိသော စျာန်သာဖြစ်၏။ ထို့ကြောင့် မေတ္တာဘာဝနာ၌ စတုတ္ထစျာန်သို့ မဆိုက်ရောက်နိုင်ခြင်းဖြစ်၏။
ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါအတိုင်း ပိယဂရုဘာဝနီယ = ချစ်ခင်လေးစားအပ်သော ဆရာသမားကိုဖြစ်စေ, ဆရာသမားနှင့်အလားတူ ကြည်ညိုလေးစားထိုက်သူကိုဖြစ်စေ အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသဖြင့် ပထမစျာန်မှသည် တတိယစျာန်သို့တိုင်အောင်သော မေတ္တာစျာန်ကို အောင်မြင်စွာ ရရှိပြီးသောအခါ ယင်းမေတ္တာစျာန်ကိုလည်း ဝသီဘော်ငါးတန်နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ နောက်ထပ် ကြည်ညို လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးကို ပြောင်း၍ အလားတူပင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ မေတ္တာပွားနည်း (၄)နည်းလုံး၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာစျာန်ကိုရရှိအောင် ပွားများပါ။
ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနီယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၈၉၊၊)
စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို မေတ္တာစျာန်ရသည့်တိုင်အောင် ပွားများ အားထုတ်ရမည့် ပုဂ္ဂလကောဋ္ဌာသ = ပုဂ္ဂိုလ်အုပ်စုသည် ပိယဂရုဘာဝနီယ, အတိပ္ပိယသဟာယက, မဇ္ဈတ္တ, ဝေရီ-ဟု လေးအုပ်စုရှိ၏။ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ပုဂ္ဂိုလ်အုပ်စု တစ်ခု တစ်ခု၌ စိတ်ဓာတ်ကို နူးညံ့အောင် မေတ္တာဘာဝနာအမှု၌ ခံ့ညားအောင် ပြုပြင်ပြီးမှ = မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စား၍ စိတ်ဓာတ်ကို နူးညံ့အောင် ပြုပြင်ပြီးမှ နောက်ပုဂ္ဂိုလ်အုပ်စု တစ်ခုတစ်ခု၌ မေတ္တာစျာန်စိတ်ကို ရှေးရှုဆောင်အပ် ဖြစ်စေအပ်၏-ဟု အထက်ပါ အဋ္ဌကထာ, ဋီကာတို့က ညွှန်ကြားထားသောကြောင့် ပုဂ္ဂိုလ်အုပ်စု တစ်မျိုးတစ်မျိုး၌ အနည်းဆုံး ဆယ်ယောက် အယောက်နှစ်ဆယ်ခန့်လောက် မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။
၁။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်၌ အယောက် (၂၀)ခန့်၊
၂။ အတိပ္ပိယသဟာယကပုဂ္ဂိုလ်၌ အယောက် (၂၀)ခန့်၊
၃။ မဇ္ဈတ္တပုဂ္ဂိုလ်၌ အယောက် (၂၀)ခန့်၊
၄။ ဝေရီပုဂ္ဂိုလ် သို့မဟုတ် မုန်းသည့်ပုဂ္ဂိုလ်ရှိခဲ့လျှင် ရှိသမျှ ပုဂ္ဂိုလ် ---
ဤသို့ အုပ်စုအသီးအသီး၌ တည်ရှိသော ပုဂ္ဂိုလ်အသီးအသီးကို အာရုံယူကာ အထက်ပါအစဉ်အတိုင်း မေတ္တာပွားပါ။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်၌ မေတ္တာစျာန်ကို ဝင်စား၍ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာသောအခါ အတိပ္ပိယသဟာယကပုဂ္ဂိုလ်၌ ပြောင်း၍ မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားပါ။ အနည်းဆုံး ဆယ်ယောက် အယောက်နှစ်ဆယ်ခန့်၌ မေတ္တာစျာန်ကို ရရှိအောင် ပွားများပါ။ ထိုအခါ ပိယဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်သည် ညီတူသွား၍ ထိုပုဂ္ဂိုလ်နှစ်မျိုးသည် ပီယပုဂ္ဂိုလ် အုပ်စု၌တည်၍ ညီမျှသွားပေမည်။ ထိုအခါ မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဉ်မှာ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟု လေးမျိုးရှိသွားပေမည်။
မဇ္ဈတ္တပုဂ္ဂိုလ် - ဝေရီပုဂ္ဂိုလ်
ပိယဂရုဘာဝနီယ ပုဂ္ဂိုလ်အုပ်စုနှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်အုပ်စုသည် တပြေးတညီတည်းဖြစ်၍ မေတ္တာချင်း ညီမျှသွားသော် မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားသဖြင့် စိတ်ဓာတ်သည် နူးညံ့ပျော့ပျောင်း၍ မချစ်မမုန်း အလယ်လတ် မဇ္ဈတ္တပုဂ္ဂိုလ်အုပ်စု၌ ပြောင်း၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရန် ခံ့ညားလတ်သော် မဇ္ဈတ္တ = မချစ်မမုန်း လျစ်လျူရှုထိုက်သူ အလယ်အလတ် ပုဂ္ဂိုလ်တစ်ဦးကို အာရုံယူ၍ အထက်တွင် တင်ပြခဲ့သည့် နည်းအတိုင်း မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းပါ။ မေတ္တာပွားနည်း (၄)နည်းလုံး၌ မေတ္တာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် နောက်ထပ် မဇ္ဈတ္တပုဂ္ဂိုလ်တစ်ယောက်၌ အလားတူ မေတ္တာပွားပါ။ အနည်းဆုံး အယောက် (၂၀)ခန့် မေတ္တာပွားပါ။ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။
ယင်းသို့ မဇ္ဈတ္တပုဂ္ဂိုလ် တစ်ဦးတစ်ဦးကို အာရုံယူကာ မေတ္တာပွားနည်း (၄)နည်း အသီးအသီး၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားနိုင်သဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် နူးညံ့ပျော့ပျောင်းလာ၍ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်အုပ်စု၌ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် ခံ့ညားလတ်သော် ရန်သူပုဂ္ဂိုလ် တစ်ယောက် သို့မဟုတ် မုန်းသည့် ပုဂ္ဂိုလ် တစ်ယောက်၌ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို အထက်တွင်ရေးသားတင်ပြခဲ့သည့် နည်းစနစ်အတိုင်း စတင်၍ စီးဖြန်းပါ။ အနည်းငယ်မျှ မကျေမနပ် ဖြစ်ဖူးသူကို ရှေးဦစွာ မေတ္တာပွားပါ။ အမုန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံးထားကာ မေတ္တာပွားပါ။ ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ် မကျေမနပ်ဖြစ်ဖူးသည့်ပုဂ္ဂိုလ် မရှိပါက သီးသန့် ရှာကြံ၍ မေတ္တာပွားရန် မလိုပါ။ ရန်သူပုဂ္ဂိုလ်ရှိမှသာလျှင် ရန်သူပုဂ္ဂိုလ်အုပ်စုကို ပွားရန်ဖြစ်သည်။ ရန်သူပုဂ္ဂိုလ်ရှိနေပါက ရှိသမျှပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ကုန်စင်အောင် မေတ္တာပွားပါ။
အာဃာတပဋိဝိနယသုတ္တန်နည်း
ရန်သူပုဂ္ဂိုလ် သို့မဟုတ် မုန်းသည့်ပုဂ္ဂိုလ်ကို အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ထိုသူ၏ ကျူးလွန်ထားသည့် အပြစ်များကို သတိရကာ ဒေါသ ခဏခဏ ဖြစ်နေပါက မေတ္တာလည်း ပွား၍မရဖြစ်နေပါက အင်္ဂုတ္တရနိကာယ ပဉ္စကနိပါတ် ဒုတိယ အာဃာတပဋိဝိနယသုတ္တန်၌ လာရှိသော အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အကြံပေးညွှန်ကြားချက် များကို လိုက်နာပြုကျင့်သင့်၏။ ညွှန်ကြားချက်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်၏။
၁။ ပုဂ္ဂိုလ်တစ်ယောက်သည် မစင်ကြယ်သော ကိုယ်ကျင့်တရားရှိ၏။ သို့သော် စင်ကြယ်သော နှုတ်အကျင့်ရှိနေ၏။ မေတ္တာပွားမည့် ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ မစင်ကြယ်သော ကိုယ်ကျင့်တရားကို နှလုံးမသွင်းဘဲ စင်ကြယ်သော နှုတ်အကျင့်တရားကိုသာ နှလုံးသွင်းကာ ထိုပုဂ္ဂိုလ်ကို မေတ္တာပွားပါ။
၂။ ပုဂ္ဂိုလ်တစ်ယောက်ကား မစင်ကြယ်သော နှုတ်အကျင့် ရှိ၏။ သို့သော် စင်ကြယ်သော ကိုယ်အကျင့်တရား ရှိနေ၏။ မေတ္တာပွားမည့် ထိုအခါ၌ မစင်ကြယ်သော နှုတ်အကျင့်ကို နှလုံးမသွင်းဘဲ၊ စင်ကြယ်သော ကိုယ်အကျင့်တရားကိုသာ နှလုံးသွင်းကာ ထိုပုဂ္ဂိုလ်ကို မေတ္တာပွားပါ။
၃။ ပုဂ္ဂိုလ်တစ်ယောက်သည်ကား မစင်ကြယ်သော ကိုယ်အကျင့်တရားလည်း ရှိ၏။ မစင်ကြယ်သော နှုတ်အကျင့်တရားလည်း ရှိ၏။ သို့သော် ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ ရံဖန်ရံခါ သမထဘာဝနာကို နှလုံးသွင်းခဲ့သော် သမထဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကို ရရှိနိုင်၏။ ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ ရံဖန်ရံခါ ဝိပဿနာဘာဝနာကို နှလုံးသွင်းခဲ့သော် ဝိပဿနာဘာဝနာစိတ်ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကို ရရှိနိုင်၏။ မေတ္တာဘာဝနာကို ပွားများတော့မည့် ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ ထိုမစင်ကြယ်သော ကိုယ်ကျင့်တရား နှုတ်အကျင့်တရားတို့ကို နှလုံးမသွင်းတော့ဘဲ ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ဖြစ်ပေါ်လာနိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကိုသာ နှလုံးသွင်းကာ ထိုပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကို ပွားပါ။
[မှတ်ချက် - ယခုကဲ့သို့ ဩဒါတကသိုဏ်းဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပွားများထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ထိုမစင်ကြယ်သော ကာယကံ ဝစီကံ ရှိနေသူတစ်ဦးကို အာရုံပြုကာ ထိုပုဂ္ဂိုလ်၏ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းလိုက်ပါက လွယ်လွယ်ကူကူနှင့်ပင် ရရှိနိုင်ပေသည်။ ထို (၃၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသတစ်ခုကို ဖြစ်စေ, အများစုကို ဖြစ်စေ အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအားဖြင့် နှလုံးသွင်းခဲ့သော် ဥပစာရသမာဓိသို့ ဆိုက်နိုင်၏။ ထိုပုဂ္ဂိုလ်၏ ထိုထိုကောဋ္ဌာသတို့၏ အညို, အဝါ (အရွှေ), အနီ, အဖြူအရောင်တို့ကို အာရုံယူကာ အညိုရောင်ကသိုဏ်း အဝါရောင်ကသိုဏ်း အနီရောင် ကသိုဏ်း အဖြူရောင်ကသိုဏ်းတို့ကို ပွားများပါက စတုတ္ထစျာန်သမာဓိအထိ ဆိုက်ရောက်နိုင်၏။ ဤကား သမထဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်တည်း။ တစ်ဖန် ထိုပုဂ္ဂိုလ်၏ သန္တာန်၌တည်ရှိသော ဓာတ်ကြီးလေးပါး, ကောဋ္ဌာသအသီးအသီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စနစ်တကျ သိမ်းဆည်းလိုက်ပါက ရုပ်ကလာပ်တို့ကိုလည်း ဉာဏ်ဖြင့် မြင်နိုင်၏။ ရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကိုလည်း သမ္မာဒိဋ္ဌိဉာဏြ်ဖင့် တွေ့မြင်နိုင်၏။ ယင်းရုပ်တရားတို့ကို သိမ်းဆည်းပြီးလျှင် လက္ခဏာရေးသုံးတန်တို့သို့ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် ဝိပဿနာစိတ်များ ဝိပဿနာဉာဏ်များကိုလည်း ရရှိနိုင်၏။ ဤကား ဝိပဿနာဘာဝနာစိတ်ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်တည်း၊၊]
တစ်ဖန် ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ရရှိနိုင်ခဲ့လျှင် ထိုပုဂ္ဂိုလ်သန္တာန်၌ တည်ရှိသော စိတ်ကြည်လင်မှု သဒ္ဓါတရားကို ဖြစ်စေနိုင်သည့် အပြုအမူ အပြောအဆိုစသည့် အာရုံကိုသာ နှလုံးသွင်းကာ မေတ္တာပွားပါ။ [ရှေ့ပိုင်းတွင် ရေးသားတင်ပြခဲ့သော ဥတ္တရာဥပါသိကာမ၏ သိရိမာပေါ်၌ နှလုံးသွင်းမှုမျိုးတည်း။]
၄။ ပုဂ္ဂိုလ်တစ်ယောက်ကား မစင်ကြယ်သော ကိုယ်ကျင့်တရားလည်း ရှိ၏၊ မစင်ကြယ်သော နှုတ်အကျင့်တရားလည်းရှိ၏၊ ထိုပုဂ္ဂိုလ်ကို အာရုံ ယူကာ ရံဖန်ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ ဖြစ်ပေါ်လာခြင်းဟူသည် အခွင့်အလမ်း အကြားအပေါက်ကိုလည်း မရရှိနိုင်ဖြစ်နေ၏၊ စိတ်ကြည်လင်မှုကိုလည်း မရနိုင်ဖြစ်နေ၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်အပေါ်၌ သနားခြင်း = ကရုဏာတရားကိုသာ ရှေးရှူဖြစ်စေပါ၊ ကြင်နာခြင်း = အနုဒ္ဒယာတရားကိုသာ ရှေးရှူဖြစ်စေပါ။ အစဉ်သနားစောင့်ရှောက်လိုခြင်း = အနုကမ္ပတရားကိုသာ ရှေးရှူဖြစ်စေ ပါ။ ဤအရှင်သည် ကာယဒုစရိုက်ကို စွန့်ပယ်ကာ ကာယသုစရိုက်ကို ပွားများအားထုတ်ပါမူ ကောင်းလေစွ၊ ဝစီဒုစရိုက်ကို စွန့်ပယ်ကာ ဝစီသုစရိုက်ကို ဖြည့်ကျင့်ပါမူ ကောင်းလေစွ၊ မနောဒုစရိုက်ကို စွန့်ပယ်ကာ မနောသုစရိုက်ကို ပွားများပါမူ ကောင်းလေစွ။ အဘယ်ကြောင့်နည်း? ဤအရှင်သည် ခန္ဓာကိုယ်ပျက်စီးပြီးနောက် စုတိပြတ်ကြွေ သေလွန်သည်မှ နောက်ကာလ၌ အပါယ်ဒုဂ္ဂတိသို့လည်းကောင်း ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့လည်းကောင်း မရောက်ပါစေလင့်၊၊ ဤသို့ အပါယ်ဒုဂ္ဂတိငရဲသို့ ရောက်နိုင်သောကြောင့် ဖြစ်၏။ ဤသို့လျှင် ထိုပုဂ္ဂိုလ်အပေါ်၌ ကရုဏာကို ဖြစ်စေလျက် မေတ္တာပွားပါ။
၅။ ပုဂ္ဂိုလ်တစ်ယောက်သည်ကား စင်ကြယ်သော ကိုယ်ကျင့်တရားလည်း ရှိ၏၊ စင်ကြယ်သော နှုတ်အကျင့်လည်းရှိ၏၊ ထိုပုဂ္ဂိုလ်ကို အာရုံပြုကာ ရံဖန်ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကိုလည်း ရရှိနိုင်၏။ စိတ်ကြည်လင်မှုကိုလည်း ရရှိနိုင်၏။ (သို့သော် ထိုပုဂ္ဂိုလ်မျိုးအပေါ်၌သော်လည်း မေတ္တာပွားမည့် ပုဂ္ဂိုလ်က ရံခါ မကျေမနပ် ဖြစ်နေတတ်၏။) ထိုအခါ၌ ထိုပုဂ္ဂိုလ်ကို အာရုံယူကာ မေတ္တာပွားတော့မည့် ပုဂ္ဂိုလ်သည် ထိုပုဂ္ဂိုလ်၏ စင်ကြယ်သော ကိုယ်ကျင့်တရားကိုလည်း နှလုံးသွင်းပါ။ စင်ကြယ်သော နှုတ်အကျင့်တရားကိုလည်း နှလုံးသွင်းပါ။ ရံဖန်ရံခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ ရရှိနိုင်သည့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် ဖြစ်နိုင်သည့် အခွင့်အလမ်း အကြားအပေါက်ကိုလည်း နှလုံးသွင်းပါ၊ စိတ်ကြည်လင်မှု သဒ္ဓါတရားကို ရရှိအောင် နှလုံးသွင်းပါ။ ထိုနောင် ထိုပုဂ္ဂိုလ်အပေါ်၌ မေတ္တာဘာဝနာကို ပွားများပါ။ (အံ၊၂၊၁၆၄-၁၆၆။)
[အဘက်ဘက်၌ အပြစ်အနာအဆာ လွတ်ကင်းနေသော ဘုရားရှင် အပေါ်၌ အရှင်ဒေဝဒတ်၏ မကျေနပ်မှုမျိုး သုပ္ပဗုဒ္ဓ၏ မကျေနပ်မှုမျိုးတည်း။]
ယခုရေးသားတင်ပြခဲ့သော မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သော ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်အုပ်စုအားလုံးသည် လိင်တူသည့် အသက်ရှင်ဆဲ ပုဂ္ဂိုလ်သာ ဖြစ်စေရမည်။ အောင်မြင်မှုကို ရရှိပါက သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားပြိုရန် ဆက်လက်၍ အားထုတ်ပါ။
သီမာသမ္ဘေဒ = အပိုင်းအခြားဖြိုရန်
ဤသူကိုအာရုံပြု၍ မေတ္တာဘာဝနာကို ပွားများခဲ့သော် မေတ္တာစျာန်ကို ရရှိ၏၊ ဤသူကို အာရုံပြု၍ မေတ္တာဘာဝနာကိုပွားခဲ့သော် မေတ္တာစျာန်ကို မရနိုင်ဟုဆိုလျှင် အပိုင်းအခြားရှိနေသေး၏၊ အပိုင်းအခြားကား မပြိုသေးပေ။ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားရသည်မှာ ပို၍ ကောင်း၏၊ လွယ်ကူ၏၊ ဤသူကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားရသည်မှာ သိပ်မကောင်းလှ, မလွယ်ကူလှဟု ဆိုလျှင်လည်း အပိုင်းအခြား ရှိနေသေး၏၊ အပိုင်းအခြား မပြိုသေးပေ။ မေတ္တာချင်းမညီမျှသမျှ အပိုင်းအခြားကား ရှိနေသေးသည်သာ ဖြစ်၏။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်လေးမျိုးလုံး၌ မေတ္တာစိတ်ဓာတ် ညီမျှအောင် ကြိုးစားအားထုတ်ရ၏။ ပုဂ္ဂိုလ်အုပ်စု အပိုင်းအခြားပြိုအောင် ပုဂ္ဂိုလ်အုပ်စု တစ်ခုနှင့်တစ်ခု မေတ္တာစိတ်ဓာတ် ညီမျှသွားအောင် ကြိုးစားရာ၌ အောက်ပါအစဉ်အတိုင်း ကြိုးစားအားထုတ်ပါ။
၁။ အတ္တ = မိမိ,
၂။ ပိယ = ပိယဂရုဘာဝနီယ + အတိပ္ပိယသဟာယက,
၃။ မေဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်,
ထိုတွင် မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ကား မေတ္တာစျာန်ကို မရရှိနိုင်။သို့သော် ဤအပိုင်း၌ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အုပ်စုအပိုင်းအခြား ပြိုရန်အတွက်သာ ပွားများခြင်းဖြစ်သည်။ ထိုကြောင့် မိမိကိုယ်ကို အာရုံပြု၍ အချိန်အနည်းငယ် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၁။ အဟံ အဝေရော ဟောမိ = ငါသည် ဘေးရန်ကင်းပါစေ၊
၂။ အဟံ အဗျာပဇ္ဇော ဟောမိ = ငါသည်စိတ် ဆင်းရဲကင်းပါစေ၊
၃။ အဟံ အနီဃော ဟောမိ = ငါသည် ကိုယ်ဆင်းရဲကင်းပါစေ၊
၄။ အဟံ သုခီ အတ္တာနံ ပရိဟရာမိ = ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ---
ဤသို့လျှင် အချိန်အနည်းငယ် မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ်တစ်ဦး၌ တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်တစ်ဦး၌လည်း တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုနောင် ဝေရီပုဂ္ဂိုလ်တစ်ဦး၌လည်း တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ပိယ, မဇ္ဈတ္တ, ဝေရီ - ပုဂ္ဂိုလ်သုံးဦးလုံး၌ - အဝေရော ဟောတု, အဗျာပဇ္ဇော ဟောတု, အနီဃော ဟောတု, သုခီ အတ္တာနံ ပရိဟရတု-ဟု (၄)ချက်စီ (၄)ချက်စီ ပွားပါ။ တစ်ချက် တစ်ချက်၌ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ---
၁။ အတ္တ = မိမိကိုယ်ကို တစ်ဖန် ပြန်ပွားပါ။
၂။ ပိယ = နောက်ချစ်သည့် ပိယပုဂ္ဂိုလ်တစ်ယောက်,
၃။ မဇ္ဈတ္တ = နောက် မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်တစ်ယောက်,
၄။ ဝေရီ = နောက် ရန်သူပုဂ္ဂိုလ် တစ်ယောက် ---
အလားတူပင် ထပ်၍ မေတ္တာပွားပါ။ အတ္တ၌ မေတ္တာစျာန်ကို မရနိုင်သော်လည်း ပိယ, မဇ္ဈတ္တ, ဝေရီ-ပုဂ္ဂိုလ်တို့ကို မေတ္တာပွားတိုင်း မေတ္တာပွားတိုင်း (၄)ချက်လုံး ပွားပါ။ တစ်ချက်တစ်ချက်၌ တတိယစျာန်သို့ ဆိုက်ပါစေ။ ဤသို့လျှင် ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက်, တစ်ယောက်ပြီး တစ်ယောက် ပြောင်း၍ ပြောင်း၍ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော အစဉ်အတိုင်း အကြိမ်များစွာ အခေါက်ပေါင်းများစွာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ထိုသို့ မေတ္တာပွားရာ၌ မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါပညတ်များသည် တစ်ယောက်ပြီး တစ်ယောက် ပြောင်းနေပါသော်လည်း မေတ္တာဘာဝနာစိတ် မေတ္တာစျာန်စိတ်မှာ ညီမျှမှုရှိနေအောင် အကြိမ်များစွာ ပွားများပါ။ မေတ္တာဘာဝနာ၏ အရှုခံအာရုံဖြစ်သည့် သတ္တဝါပညတ်တွေသည် မည်သို့ပင် ပြောင်းသွားစေကာမူ တူညီသော မေတ္တာဘာဝနာစိတ် တစ်မျိုးတစ်စားတည်းသာ, တူမျှသော မေတ္တာစျာန်တစ်မျိုးတစ်စားတည်းသာ တည်ရှိနေပါက သီမာသမ္ဘေဒဟူသော ပုဂ္ဂိုလ် အပိုင်းအခြားကား ပြိုသွားပြီဖြစ်၏၊ ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲနိုင်ပြီဖြစ်၏။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်လေးမျိုးတို့တွင် မည်သူ့ကို သတ်ဖို့ရန် ခေါ်သွားပါဟု ပြောဆိုနိုင်သေးလျှင် သီမာသမ္ဘေဒ မဖြစ်သေး၊ ပုဂ္ဂိုလ်အပိုင်းအခြား ရှိနေသေး၏။ မည်သူ့ကို သတ်ဖို့ရန် ခေါ်သွားပါဟု မပြောရက်လျှင် ပုဂ္ဂိုလ်လေးမျိုးလုံး၌ ညီမျှသော မေတ္တာစိတ်ဓာတ်ရှိလျှင် သီမာသမ္ဘေဒဖြစ်ပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြားကား ပြိုလေပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်လေပြီ။
မေတ္တာဥပစာရစျာန်နှင့် နိမိတ်
ဧဝံ သီမာသမ္ဘေဒသမကာလမေဝ စ ဣမိနာ ဘိက္ခုနာ နိမိတ္တဉ္စ ဥပစာရဉ္စ လဒ္ဓံ ဟောတိ။ သီမာသမ္ဘေဒေ ပန ကတေ တမေဝ နိမိတ္တံ အာသေဝန္တော ဘာဝေန္တော ဗဟုလီကရောန္တော အပ္ပကသိရေနေဝ ပထဝီကသိဏေ ဝုတ္တနယေနေဝ အပ္ပနံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၃၀၁။)
ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ပုဂ္ဂိုလ်အပိုင်းအခြားကို ပယ်ဖျက်သည်နှင့် မျှသော အချိန်ကာလ၌သာလျှင် ဤမေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက်ရှိသော မေတ္တာကမ္မဋ္ဌာနိက ရဟန်းတော်သည် ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော (အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ဟူသော) သတ္တဝါပညတ် နိမိတ်ကို လည်းကောင်း, ဥပစာရစျာန်ကိုလည်းကောင်း ရရှိသည် ဖြစ်၏။ ပုဂ္ဂိုလ် အပိုင်းအခြားကို ပယ်ဖျက်ခြင်း = သီမာသမ္ဘေဒကို ပြုပြီးလတ်သော်ကား ထိုသီမာသမ္ဘေဒ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ပုဂ္ဂိုလ်အပိုင်းအခြား ကင်းနေသော သတ္တဝါပညတ်ဟူသော ထိုသမထနိမိတ်ကိုပင်လျှင် ရိုသေစွာ မှီဝဲခဲ့သော် ပွားများခဲ့သော် ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သော် မငြိုမငြင်သဖြင့်လျှင် ပထဝီကသိုဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အပ္ပနာစျာန်သို့ ရောက်ရှိနိုင်၏။ (ဝိသုဒ္ဓိ၊၁၊၃၀၁။)
နိမိတ် --- ကသိုဏ်းကမ္မဋ္ဌာန်းစသည်တို့၌ ထိုထိုကသိုဏ်းဝန်းစသည်ကို သိမ်းဆည်းခြင်းကို အရင်းခံပြုသဖြင့် ဘာဝနာ၏ စွမ်းအားကြောင့် ရရှိလာသော ဥဂ္ဂဟနိမိတ်ကို အမှီပြု၍ စျာန်၏ ကျက်စားရာ အာရုံအဖြစ်ဖြင့် ပဋိဘာဂနိမိတ်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်လာသကဲ့သို့ ဤမေတ္တာကမ္မဋ္ဌာန်း၌ အလားတူ ထင်လာသော ပဋိဘာဂနိမိတ်မည်သည် မရှိပေ။ စင်စစ်အားဖြင့်သော်ကား ဆိုအပ်ခဲ့ပြီးသော အကြင်သို့သော ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးခြင်း ဤသီမာသမ္ဘေဒကို ယောဂါဝစရပုဂ္ဂိုလ်သည် ရရှိ၏၊ ထိုသီမာသမ္ဘေဒဖြစ်သော ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါပညတ်အာရုံသည်သာလျှင် ပဋိဘာဂနိမိတ်ကဲ့သို့ ဖြစ်ခြင်းကြောင့် (သဒိသူပစာရအားဖြင့်) နိမိတ်မည်၏။ မှန်ပေသည် --- ယောဂါဝစရပုဂ္ဂိုလ်သည် အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်လေးမျိုးတို့အပေါ်၌ မေတ္တာဘာဝနာ၏ စွမ်းအားကြောင့် ညီမျှသော မေတ္တာနှင့်ယှဉ်သော စိတ်ထားကို ရရှိသဖြင့် ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်းဟူသော ထိုသီမာသမ္ဘေဒကို ရရှိလတ်သော် မေတ္တာဘာဝနာ၏ လွန်ကဲသောစွမ်းအား ရှိလာသည့် အတွက်ကြောင့် နီဝရဏတို့သည် ကွာကျသွားကြကုန်သည်သာလျှင် ဖြစ်ကုန်၏၊ ကိလေသာတို့သည် ငြိမ်ဝပ်သွားကြကုန်သည် ဖြစ်ကုန်၏၊ ဥပစာရသမာဓိဖြင့် မေတ္တာဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာသည် သာလျှင် ဖြစ်၏။ ထို့ကြောင့် ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါနိမိတ်ကိုလည်းကောင်း, ဥပစာစျာန်ကိုလည်းကောင်း ရရှိသည် ဖြစ်၏။ --- ဤသို့ စသော အထက်ပါစကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းဖြစ်၏။ (မဟာဋီ၊၁၊၃၆၃။)
ထူးခြားချက် --- ပုဂ္ဂိုလ်အပိုင်းအခြားကင်းခြင်း = သီမာသမ္ဘေဒကို မရရှိခင်တုန်းကလည်း ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ပုဂ္ဂိုလ်တို့ကို အာရုံယူ၍ ဥပစာရမေတ္တာစျာန် အပ္ပနာမေတ္တာစျာန်တို့ကို ရရှိခဲ့သည်သာ ဖြစ်၏။ ယခု တစ်ဖန် ရရှိသော ဥပစာရစျာန် အပ္ပနာစျာန်တို့ကား ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ခြင်း သီမာသမ္ဘေဒကို ရရှိပြီးနောက်မှ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသော သတ္တဝါပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဥပစာရစျာန် အပ္ပနာစျာန်ဟူသော မေတ္တာစျာန်တို့ကိုသာ ရည်ညွှန်းထားသည်ဟု မှတ်ပါ။ ဤမှ သီမာသမ္ဘေဒကို ရရှိပြီးနောက် ပုဂ္ဂိုလ်အပိုင်းအခြားကင်းသော သတ္တဝါပညတ်အာရုံဟူသည် ထို အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ-ဟူသော ညီမျှသော မေတ္တာ၏ အာရုံဖြစ်သည့် သတ္တဝါပညတ်အာရုံပင်တည်း။
တန်ခိုးကြီးမားသော မေတ္တာစျာန်ကို ရရှိရေး
ထိုသို့ သီမာသမ္ဘေဒကို ရရှိပြီးနောက် ယောဂါဝစရပုဂ္ဂိုလ်သည် ---
၁။ အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၅)မျိုး၊
၂။ ဩဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၇)မျိုး၊
၃။ ဒိသာ ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၁၀)မျိုး ---
ဤမေတ္တာစေတောဝိမုတ္တိတို့ကို ဆက်လက်၍ အားထုတ်နိုင်ပေသည်။ စွမ်းအင်ကြီးမားသော တန်ခိုးကြီးမားသော မေတ္တာများတည်း။ ထိုကဲ့သို့ တန်ခိုးကြီးမားသည့် စွမ်းအင်အလွန်ထက်မြက်သည့် မေတ္တာစေတောဝိမုတ္တိတရားတို့ကို ဥတ္တရာဥပါသိကာမကား နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာထားပြီးသူ ဖြစ်ပေသည်။ သို့သော် ဤကဲ့သို့သော မေတ္တာစေတောဝိမုတ္တိ တရားတို့ကို ပွားများ၍ အောင်မြင်မှုကို ရရှိနိုင်သော ပုဂ္ဂိုလ်တို့၏ အရည်အချင်းကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာတို့က ဤသို့ စည်းကမ်းသတ်မှတ်ကာ ဖော်ပြထားကြ၏။
ပဌမဇ္ဈာနာဒိဝသေန အပ္ပနာပ္ပတ္တစိတ္တေဿဝ ဟိ အယံ ဝိကုဗ္ဗနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၀၁။)
တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)
အပ္ပနာပ္ပတ္တစိတ္တေဿဝ န ဥပစာရမတ္တလာဘိနော။ ပဂုဏဗလဝဘာဝါပါဒနေန ဝေပုလ္လာဒိဝိသေသပ္ပတ္တဿ ဩဓိသော အနောဓိသော စ ဒိသာဖရဏာဒိဝသေန စျာနဿ ပဝိဇမ္ဘနာ ဝိကုဗ္ဗနာ ဝိဝိဓာ ကိရိယာတိ ကတွာ။ (မဟာဋီ၊၁၊၃၆၃။)
ဤအထက်ပါ အဋ္ဌကထာတို့၏ ညွှန်ကြားတော်မူချက်နှင့်အညီ အနောဓိသော ဖရဏာ မေတ္တာ, ဩဓိသော ဖရဏာ မေတ္တာ, ဒိသာ ဖရဏာ မေတ္တာတို့ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် သီမာသမ္ဘေဒကို ရရှိပြီးနောက် ပိယ, မဇ္ဈတ္တ, ဝေရီဟူသော သတ္တဝါပညတ်အာရုံ၌ စတုက္ကနည်းအရ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်၊ ပဉ္စကနည်းအရ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်ဟူသော မေတ္တာစျာန်တို့ကို ရရှိပြီးသူဖြစ်ရပေမည်။ ဥပစာရစျာန်မျှလောက်ကိုသာ ရရှိရုံမျှဖြင့်ကား မလုံလောက်သေးဟူလိုသည်။
အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၅) မျိုး
၁။ သဗ္ဗေ သတ္တာ (က) အဝေရာ ဟောန္တု၊
( ခ ) အဗျာပဇ္ဇာ ဟောန္တု၊
( ဂ ) အနီဃာ ဟောန္တု၊
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု။
၂။ သဗ္ဗေ ပါဏာ ။ ပ ။
၃။ သဗ္ဗေ ဘူတာ ။ ပ ။
၄။ သဗ္ဗေ ပုဂ္ဂလာ ။ ပ ။
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ (က) အဝေရာ ဟောန္တု၊
( ခ ) အဗျာပဇ္ဇာ ဟောန္တု၊
( ဂ ) အနီဃာ ဟောန္တု၊
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု။
၁။ ခပ်သိမ်းကုန်သော ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ သတ္တာ) ---
(က) ဘေးရန်ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)
(ခ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)
(ဂ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ (ပ-ဒု-တ-စျာန်)
၂။ ခပ်သိမ်းကုန်သော ထွက်သက်ဝင်သက်ရှိကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ ပါဏာ) ။ ပ ။
၃။ ခပ်သိမ်းကုန်သော ကံ ကိလေသာကြောင့် ထင်ရှားဖြစ်ကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ ဘူတာ) ။ ပ ။
၄။ ခပ်သိမ်းကုန်သော ငရဲသို့ ကျရောက်ခြင်း သဘောရှိကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ ပုဂ္ဂလာ) ။ ပ ။
၅။ ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည် (သဗ္ဗေ အတ္တဘာဝပရိယာပန္နာ) ။ ပ ။
ဩဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၇) မျိုး
၁။ သဗ္ဗာ ဣတ္ထိယော (က) အဝေရာ ဟောန္တု၊
(ခ) အဗျာပဇ္ဇာ ဟောန္တု၊
(ဂ) အနီဃာ ဟောန္တု၊
(ဃ) သုခီ အတ္တာနံ ပရိဟန္တု၊
၂။ သဗ္ဗေ ပုရိသာ ။ ပ ။
၃။ သဗ္ဗေ အရိယာ ။ ပ ။
၄။ သဗ္ဗေ အနရိယာ ။ ပ ။
၅။ သဗ္ဗေ ဒေဝါ ။ ပ ။
၆။ သဗ္ဗေ မနုဿာ ။ ပ ။
၇။ သဗ္ဗေ ဝိနိပါတိကာ (က) အဝေရာ ဟောန္တု၊
( ခ ) အဗျာပဇ္ဇာ ဟောန္တု၊
( ဂ ) အနီဃာ ဟောန္တု၊
(ဃ) သုခီ အတ္တာနံ ပရိဟန္တု၊
၁။ ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည် ---
(က) ဘေးရန် ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)
( ခ ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)
( ဂ ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (ပ-ဒု-တ-စျာန်)
(ဃ) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နုိင်ကြပါစေ။ (ပ-ဒု-တ-စျာန်)
၂။ ခပ်သိမ်းကုန်သော အမျိုးသားတို့သည် ။ ပ ။
၃။ ခပ်သိမ်းကုန်သော အရိယာသူတော်ကောင်းတို့သည် ။ ပ ။
၄။ ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုထုဇန်တို့သည် ။ ပ ။
၅။ ခပ်သိမ်းကုန်သော နတ် (ဗြဟ္မာ) တို့သည် ။ ပ ။
၆။ ခပ်သိမ်းကုန်သော လူသားတို့သည် ။ ပ ။
၇။ ခပ်သိမ်းကုန်သော အပါယ်သားသတ္တဝါတို့သည် ။ ပ ။
အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၅)မျိုး, ဩဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (၇)မျိုး, နှစ်ရပ်ပေါင်းသော် (၁၂)မျိုးတည်း။ တစ်မျိုးတစ်မျိုး၌ ဘေးရန်ကင်းကြပါစေ- စသည်ဖြင့် (၄)ချက် (၄)ချက်စီ, တစ်ချက် တစ်ချက်၌လည်း တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာ ပွားရသဖြင့် (၄_၁၂ = ၄၈)မျိုးသော မေတ္တာစေတောဝိမုတ္တိတရားတို့ဖြစ်ကြ၏။
ပွားများအားထုတ်ပုံ အစီအစဉ်
၁။ မိမိရရှိထားပြီးသော ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်းကို အာရုံပြုကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပါ။
၂။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် = သီမာသမ္ဘေဒကို ရရှိအောင် မေတ္တာဘာဝနာကို ပွားများပါ။ ထိုသို့ ပွားများအားထုတ်ရာ၌ ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ် သုံးမျိုးတို့ကို မေတ္တာပွားတိုင်း ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ ယင်းသတ္တဝါပညတ်အာရုံ၌ မေတ္တာစျာန်ကို ကြိမ်ဖန်များစွာ ဝင်စားပါ။
၃။ မေတ္တာညီမျှသောအခါ ကျောင်းဝင်းတစ်ခုအတွင်း၌ သို့မဟုတ် ခြံဝင်း တစ်ခုအတွင်း၌ တည်ရှိကြသော အထက်ပါ သတ္တဝါပညတ် (၁၂)မျိုး တို့ကို (သဗ္ဗေ သတ္တာ မှ သဗ္ဗေ ဝိနိပါတိကာ-အထိ သတ္တဝါပညတ် ၁၂-မျိုးတို့ကို) ဉာဏ်လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် (= ဩဒါတ ကသိုဏ်း စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်, ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ သီမာသမ္ဘေဒဖြစ်အောင် ပွားများ ထားအပ်သော မေတ္တာစျာန်တို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်ဟူသော ဉာဏ်လင်းရောင်ခြည် စွမ်းအင်အကူအညီဖြင့်) မြင်အောင် ကြည့်ပါ။ အမျိုးသား အမျိုးသမီး အရိယာ ပုထုဇန် လူနတ် တိရစ္ဆာန်အဝင်အပါ အပါယ်သားသတ္တဝါတို့ကို မြင်အောင်ကြည့်ပါ။ မြင်သောအခါ ထိုသတ္တဝါအားလုံးကို အာရုံပြု၍ ---
၁။ (သဗ္ဗေ သတ္တာ) = ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်းရှိကြကုန်သော သတ္တဝါအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ ...
ဤသို့ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ စီးဖြန်းပါ။ ပထမစျာန်မှသည် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းပါ။ အောင်မြင်မှုကို ရရှိပါက ယင်းသတ္တဝါတို့ကိုပင် အာရုံယူကာ ---
၂။ စိတ်ဆင်းရဲ ကင်းကြပါစေ ...(တတိယစျာန်သို့ ဆိုက်သည်အထိ)
၃။ ကိုယ်ဆင်းရဲ ကင်းကြပါစေ ...(တတိယစျာန်သို့ ဆိုက်သည်အထိ)
၄။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင် နိုင်ကြပါစေ ... (တတိယစျာန်သို့ဆိုက်သည်အထိ)
ဤသို့လျှင် ဆက်လက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ သဗ္ဗေ သတ္တာ-၌ (၄)ချက် မေတ္တာပွားရသကဲ့သို့ သဗ္ဗေ ပါဏာ-စသည်တို့၌လည်း အလားတူပင် (၄)ချက်စီ မေတ္တာပွားပါ။ အားလုံးပေါင်းသော် (၁၂_၄ = ၄၈) မျိုးသော မေတ္တာစျာန်များကို ရရှိအောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
သတိပြုရန် --- ထိုသို့ မေတ္တာပွားရာ၌ သတ္တဝါတွေကို မျက်ရန်းမှန်းဆ၍ မေတ္တာပွားခြင်းမျိုး မဖြစ်ပါစေနှင့်။ အထက်က ရေးသားတင်ပြခဲ့သည့်အတိုင်း စျာန်သမာဓိတို့နှင့် ယှဉ်သောဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အလင်းရောင် အကူအညီဖြင့် မိမိ ပိုင်းခြားကန့်သတ်ထားသည့် နယ်မြေအတွင်း၌ တည်ရှိကြသော လူတွေ နတ်တွေ တိရစ္ဆာန်တွေ ပြိတ္တာတွေ ကျန်အပါယ်သား သတ္တဝါတွေကို မြင်အောင် ကြည့်ပါ။ မိမိ ပိုင်းခြားသတ်မှတ်ထားသည့် နယ်မြေအတွင်းဝယ် အောက်ဘက် မဟာပထဝီမြေကြီးအတွင်းသို့ ယင်းဉာဏ် အလင်းရောင် အကူအညီဖြင့် ထိုးစိုက်ကာ ကြည့်လိုက်ပါက အချို့သော ငရဲသားသတ္တဝါတို့ကိုပါ တွေ့ရှိနိုင်ပါသည်။ အလားတူပင် ပတ်ဝန်းကျင်ကို လှမ်းအာရုံယူကာ ကြည့်လိုက်သောအခါ သစ်ပင်စသည်တို့၌ တည်ရှိကြသော နတ်တို့ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထိုသို့ တွေ့မြင်သောအခါမှ ထိုသတ္တဝါတွေကို အာရုံယူကာ အထက်ပါအတိုင်း မေတ္တာပွားပါ။ မှန်းဆ၍ မေတ္တာပွားခဲ့သော် ကုသိုလ်ပင် ရရှိနိုင်သော်လည်း မေတ္တာစျာန်ရရှိဖို့ရန် ခက်ခဲဖွယ်ရာ ရှိပေသည်။
ကျောင်းဝင်းတစ်ခု အတွင်း၌ (၄၈)မျိုးသော မေတ္တာဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းနိုင်သဖြင့် အောင်မြင်မှုကို ရရှိသောအခါ ကျောင်းတိုက်နှစ်တိုက် သုံးတိုက်အတွင်း၌ သို့မဟုတ် ခြံဝင်းနှစ်ခု သုံးခုတို့၏အတွင်း၌ (၄၈)မျိုး, ရပ်ကွက်တစ်ခုအတွင်း၌ သို့မဟုတ် ကျေးရွာတစ်ခုအတွင်း၌ (၄၈)မျိုး, မြို့နယ်တစ်ခုအတွင်း၌ (၄၈)မျိုး, ပြည်နယ်တစ်ခုအတွင်း၌ (၄၈)မျိုး, သို့မဟုတ် တိုင်းတစ်ခုအတွင်း၌ (၄၈)မျိုး, တိုင်းပြည်တစ်ပြည်အတွင်း၌ (၄၈)မျိုး, တစ်ကမ္ဘာလုံး၌ (၄၈)မျိုး, (၃၁)ဘုံဟူသော စကြဝဠာတစ်ခုလုံး၌ (၄၈)မျိုး, အနန္တစကြဝဠာတို့၌ (၄၈)မျိုး --- ဤသို့ စသည်ဖြင့် တဖြည်းဖြည်း ဖြန့်ကြက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
သတိပြုရန် --- ထိုသို့ ကျောင်းဝင်းတစ်ဝင်း သို့မဟုတ် ခြံဝင်းတစ်ဝင်းကို အစပြုကာ တဖြည်းဖြည်းနယ်မြေကို တိုးချဲ့၍ တိုးချဲ့၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်း၏တည်ရာ အာရုံဖြစ်သည့် သတ္တဝါပညတ်အာရုံကို အာရုံယူရာ၌ နားလည်သဘောပေါက်မြန်စေရန်အလို့ငှာသာလျှင် အထက်ပါအတိုင်း ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ မိမိ၏ ဉာဏ်အာနုဘော်၏ စွမ်းအားအပေါ် မူတည်၍သာ နယ်မြေကို တစ်စတစ်စတိုးချဲ့ကာ တိုးချဲ့ကာသာ မေတ္တာ ပွားပါ။ ခပ်ကျယ်ကျယ် ခပ်မြန်မြန် နယ်မြေကို တိုးချဲ့လိုက်ပါက အချို့ယောဂီများ၌ ထိုနယ်မြေအတွင်း၌ တည်ရှိကြသော သတ္တဝါတို့ကို သဲသဲကွဲကွဲ မတွေ့ဘဲ ရှိတတ်ကြသည်။ သို့အတွက် မိမိ၏ ဉာဏ်အာနုဘော်၏ စွမ်းအင်ကို ချိန်ဆ၍သာ နယ်မြေကို တစ်စတစ်စ တိုးချဲ့ပါ။ ထိုတိုးချဲ့လိုက်သော နယ်မြေ အတွင်း၌ တည်ရှိကြသော သတ္တဝါအမျိုးမျိုးတို့ကို သဲသဲကွဲကွဲ မြင်တွေ့ရဖို့က လိုရင်းဖြစ်သည်။ ထိုသတ္တဝါတွေကို သဲသဲကွဲကွဲ မြင်တွေ့ရပါမှ ထိုသတ္တဝါတို့ကို အာရုံယူကာ မေတ္တာဘာဝနာကို စီးဖြန်းခဲ့သော် မေတ္တာစျာန်များသို့ အလွယ်တကူ ဆိုက်ရောက်နိုင်မည်ဖြစ်ပေသည်။
---ဒိသာဖရဏာ မေတ္တာစေတောဝိမုတ္တိ (၁၀) မျိုး
အထက်ပါအတိုင်း အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်၍ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် (၄၈)မျိုးသော မေတ္တာစျာန်တို့ကို ရရှိသောအခါ ---
၁။ အရှေ့တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၂။ အနောက်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၃။ မြောက်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၄။ တောင်တည့်တည့် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၅။ အရှေ့တောင်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၆။ အနောက်မြောက်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၇။ အရှေ့မြောက်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၈။ အနောက်တောင်ထောင့်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၉။ အောက်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး,
၁၀။ အထက်အရပ် အနန္တစကြဝဠာ၌ (၄၈)မျိုး, ---
ဤသို့လျှင် အရပ် (၁၀)မျက်နှာတို့၌ (၁၀_၄၈ = ၄၈၀)သော မေတ္တာစျာန်တို့ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်လျက် ပွားများထားအပ်သော ယခင်မေတ္တာစျာန် (၄၈)မျိုးကိုပါ ထပ်၍ပေါင်းသော် (၄၈+၄၈၀ = ၅၂၈)သွယ်သော မေတ္တာကမ္မဋ္ဌာန်း မေတ္တာစျာန်များကို ရရှိနိုင်ပေသည်။ ဤ (၅၂၈)သွယ်သော မေတ္တာစျာန်တို့ကို အဝါးဝစွာ နိုင်နိုင်နင်းနင်း ဝင်စားနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တသုတ္တန်စသော ထိုထို သုတ္တန်တို့၌ လာရှိသော မေတ္တာပွားနည်းများကို ပြောင်း၍ ပွားများအားထုတ်ပါက မေတ္တာစျာန်များကို လွယ်ကူစွာပင် ရရှိနိုင်ပေသည်။
---မေတ္တာစျာန်၏ အကျိုးဂုဏ်အင်အာနိသင် (၁၁) ပါး
ရဟန်းတို့ ... စင်စစ်အားဖြင့် အရပ် (၁၀)မျက်နှာ အနန္တစကြဝဠာတို့၌ သတ္တဝါအားလုံးတို့အပေါ်ဝယ် ဖြန့်ကြက်၍ ရိုသေသဖြင့် မှီဝဲအပ်သော, မေတ္တာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများ၍ ထားအပ်သော, မေတ္တာစျာန်ဝင်စားခြင်းကို ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သော, ကပြီးသော ယာဉ်ကဲ့သို့ပြုအပ်ပြီးသော, စွဲစွဲမြဲမြဲ ခိုင်ခိုင်ခံ့ခံ့ တည်တံ့အောင် ဆောက်တည် ထားအပ်သော, ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသော, စိတ်၏ ဒေါသစသော ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်းဖြစ်သော မေတ္တာစေတောဝိမုတ္တိ၏ (၁၁)ပါးကုန်သော အကျိုးတရားတို့ကို မချွတ် ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ် (၁၁)ပါးတို့နည်းဟူမူ-
၁။ ချမ်းသာစွာ အိပ်စက်ရ၏။
၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။
၃။ ယုတ်မာသော မကောင်းသော အိပ်မက်ဆိုးကို မမြင်မက်ရ။
၄။ လူသားတို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရ၏။
၅။ နတ်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရ၏။
၆။ နတ်တို့သည် ရင်ဝယ်သားကဲ့သို့ သနားစောင့်ရှောက်ကုန်၏။
၇။ ထိုမေတ္တာစျာန်ကို ဖြန့်ကြက်လေ့ရှိသသူအား မီးသည်လည်းကောင်း, အဆိပ်သည်လည်းကောင်း, လက်နက်သည်လည်းကောင်း မရောက် မကပ်။
၈။ မေတ္တာစျာန်ဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်၏စိတ်သည် လျင်မြန်စွာ တည်ကြည်၏၊ သမာဓိ အဖြစ်မြန်၏။
၉။ မျက်နှာအဆင်းသည် ကြည်လင်၏။
၁၀။ မတွေမဝေသည်ဖြစ်၍ စုတေရ၏။
၁၁။ မေတ္တာစျာန်သမာပတ်ထက်အလွန်ဖြစ်သော အရဟတ္တဖိုလ်တိုင်အောင်သော အထက်မဂ်ဖိုလ်ကို ထိုးထွင်း မသိခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။ (အံ၊၃၊၅၄၂။)
---ဥတ္တရာဥပါသိကာမ၏ မေတ္တာစွမ်းအား
ဥတ္တရာဥပါသိကာမ၏ မေတ္တာဘာဝနာစွမ်းအားကား အထက်ပါမေတ္တာ အကျိုး (၁၁)ပါးတို့အနက် အမှတ် (၇)ဖြစ်သည့် မေတ္တာ၏အကျိုး၌ ဖော်ပြထားသည့်အတိုင်း --- ဥတ္တရာယ ဥပါသိကာယ ဝိယ အဂ္ဂိ ဝါ န ကမတိ။ (ဝိသုဒ္ဓိ၊၁၊၃၀၇။) ဆီပူမီးမကူးနိုင်လောက်အောင် ကြီးမားသော စွမ်းအားရှိသော မေတ္တာမျိုးဖြစ်၏။ အရပ် (၁၀)မျက်နှာ အနန္တစကြဝဠာသို့ တိုင်အောင် ဖြန့်ကြက်ထားအပ်သော စွမ်းအင်ကြီးမားသော မေတ္တာစျာန်မျိုးဖြစ်၏။ သိရိမာက ဆီပူဖြင့် လောင်းချလိုက်သောအခါ ထိုလေ့ကျက်ခဲ့ဖူးသော စွမ်းအင်ကြီးမားသော မေတ္တာကို အခြေခံလျက် ကြိမ်ဖန်များစွာ မေတ္တာဓာတ်ဖြင့် ထုံမွမ်းထားအပ်သော မိမိ၏ စိတ်ဓာတ်ကို သိရိမာတစ်ဦးတည်း ပေါ်သို့ စူးစိုက်ကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် မေတ္တာစျာန်ကို ဝင်စားကာ နေလေသည်။ ထိုမေတ္တာစျာန်မှာလည်း ရှေးယခင်က လေ့ကျက် ထားအပ်ပြီးသော စွမ်းအင်ကြီးမားသော မေတ္တာစျာန်တို့၏ အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံထားရသော မေတ္တာမျိုးဖြစ်သဖြင့် စွမ်းအင်ကြီးမားသော မေတ္တာတစ်မျိုးပင် ဖြစ်ပေသည်။
---ဝိပဿနာ၏ အထောက်အပံ့ကို ရရှိသော မေတ္တာ
တစ်ဖန် ဥတ္တရာဥပါသိကာမ၏ မေတ္တာကား ဝိပဿနာဉာဏ်တို့ဖြင့် ခြံရံထားအပ်သောကြောင့်လည်း စွမ်းအင်ကြီးမားခြင်း ဖြစ်ပေသည်။ ထိုအချိန် အခါတွင် ဥတ္တရာဥပါသိကာမကား သောတာပန်အရိယာ သူတော်ကောင်း ဖြစ်နေပေပြီ။
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)
= သုသိမ ...သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ၌ ကောင်းစွာတည်သော ဓမ္မဋ္ဌိတိအမည်ရသော ဝိပဿနာဉာဏ်သည် ရှေးကဖြစ်၏၊ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် (ယင်းဝိပဿနာဉာဏ်၏) နောက်ကာလ၌ ဖြစ်၏။ (သံ၊၁၊၃၄၄။)
ဤသို့လျှင် သုသိမသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ဥတ္တရာဥပါသိကာမ၏ နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသော သောတာပတ္တိမဂ်ဉာဏ်သည် ထိုဥပါသိကာမ၏ ဝိပဿနာဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးခြင်းကြောင့် ဖြစ်ပေါ်လာရ၏။ ဥတ္တရာဥပါသိကာမ၏ ဝိပဿနာဉာဏ်သည်လည်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်နေသော ဉာဏ်သာလျှင်ဖြစ်၏။ ဆိုလိုသည်မှာ ဥတ္တရာဥပါသိကာမသည် ထိုအချိန်အခါဝယ် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုလည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့်တိုင်အောင် စီးဖြန်းထားပြီးသူဖြစ်ပေသည်။ ထိုဝိပဿနာဉာဏ်တို့၏ စွမ်းအားကြောင့်လည်း ထိုဥတ္တရာ၏ မေတ္တာဘာဝနာသည် အစွမ်း ထက်မြက်နေ၏။ အောက်ပါ မူလပဏ္ဏာသအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဖတ်ရှုကြည့်ပါ။
---သမာပတ်နှင့် ဝိပဿနာ
ယဿ ဟိ သမာဓိပိ တရုဏော၊ ဝိပဿနာပိ။ တဿ ဝိပဿနံ ပဋ္ဌပေတွာ အတိစိရံ နိသိန္နဿ ကာယော ကိလမတိ၊ အန္တော အဂ္ဂိ ဝိယ ဥဋ္ဌဟတိ၊ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ မတ္ထကတော ဥသုမဝဋ္ဋိ ဝိယ ဥဋ္ဌဟတိ၊ စိတ္တံ ဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တံ ပရိဒမေတွာ မုဒုကံ ကတွာ သမဿာသေတွာ ပုန ဝိပဿနံ ပဋ္ဌပေတိ။ တဿ ပုန အတိစိရံ နိသိန္နဿ တထေဝ ဟောတိ။ သော ပုန သမာပတ္တိံ သမာပဇ္ဇိတွာ တထေဝ ကရောတိ။ ဝိပဿနာယ ဟိ ဗဟူပကာရာ သမာပတ္တိ ။ ပ ။
ကိဉ္စာပိ ဟိ သမာပတ္တိံ နိဿာယ ဝိပဿနံ ပဋ္ဌပေတိ၊ ဝိပဿနာ ပန ထာမဇာတာ သမာပတ္တိမ္ပိ ရက္ခတိ။ ထာမဇာတံ ကရောတိ။(မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈၊၊)
= အကြင်ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သမာဓိသည်လည်း နုနယ်နေသေး၏။ ဝိပဿနာဉာဏ်ကလည်း နုနယ်နေသေး၏။ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ ဝိပဿနာဉာဏ်ကို ဖြစ်စေလျက် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ကိုယ်သည် ပင်ပန်းနွမ်းနယ်လာ၏။ ခန္ဓာကိုယ်အတွင်း၌ မီးကဲ့သို့ အပူဓာတ်များ ထတောက်နေ၏၊ လက်ကတီးကြားတို့မှ ချွေးသီးချွေးပေါက်တို့သည်လည်း ယိုထွက်လာကြကုန်၏၊ ဦးထိပ် ထက်မှ အပူခိုးလိပ်ကဲ့သို့သော အပူဓာတ်ငွေ့သည် ထလာ၏၊ စိတ်သည် ပင်ပန်းနေ၏ နွမ်းနယ်နေ၏ တုန်လှုပ်နေ၏။
ထိုယောဂါဝစရပုဂ္ဂိုလ်သည် တစ်ဖန် သမာပတ်ကို ဝင်စား၏။ ထိုကိုယ်ပင်ပန်းနွမ်းနယ်မှု စိတ်ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအောင် ဆုံးမပြုပြင်၍ နူးညံ့အောင် ပြုလုပ်လျက် သက်သာရာရစေ၍ တစ်ဖန် ဝိပဿနာဉာဏ်ကို ဖြစ်စေ ပြန်၏။ နောက်တစ်ကြိမ် အလွန်ကြာမြင့်စွာ ထိုင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကိုယ်ရောစိတ်ပါ နွမ်းနယ်မှု ရှေးနည်းတူ ဖြစ်လာပြန်၏။ နောက်ထပ် တစ်ဖန်လည်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် သမာပတ်ကို ဝင်စား၍ ရှေးနည်းတူပင်လျှင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှုကို ငြိမ်းအောင် ပြုလုပ်လျက် ဝိပဿနာဉာဏ်ကို ဖြစ်ပေါ်လာအောင် ပြုလုပ်၏။ ဤသို့လျှင် သမာပတ်သည် ဝိပဿနာအား လွန်စွာ ကျေးဇူးများလှပေသည်။ ပ ။ (မ၊ဋ္ဌ၊၁၊၃၈၇၊၊)
ဤနေရာတွင် ယင်းအဋ္ဌကထာက အောက်ပါ ဥပမာကို ဆက်လက် ဖော်ပြထား၏။ ---
လောကူပမာ --- သစ်သားခံတပ်မည်သည်ကား စစ်သည်တော်အား လွန်စွာ ကျေးဇူးများလှ၏။ ထိုစစ်သည်တော်သည် ထိုသစ်သားခံတပ်ကို အမှီပြု၍ စစ်မြေပြင်သို့ ဝင်ရောက်သွား၏။
[မှတ်ချက် - ရှေးယခင်က စစ်တိုက်ပုံ စနစ်ကို အာရုံယူထားပါ။ တိုင်းသူ ပြည်သားများ မနစ်နာစေရန် ရည်သန်ကာ စစ်မြေပြင်တစ်ခုကို သတ်မှတ်ကာ တစ်ဘက်နှင့် တစ်ဘက် စစ်ထိုးကြ၏။ စစ်တပ်အသီးအသီး၏ နောက်ဆွယ်တွင် အနားယူရန် စစ်တလင်း၏ နောက်ပိုင်း အစွန်အဖျားတွင် သစ်သားဖြင့် ခံတပ်တစ်ခုစီ ဆောက်လုပ်ထားကြ၏။ စစ်တလင်းတွင် စစ်တိုက်နေသော စစ်သည်တော်များ ပင်ပန်းနွမ်းနယ်လာသည့်အခါ အနားယူရန် စားရန် သောက်ရန်အတွက် ထိုသစ်သားခံတပ်ကို ပြုလုပ်ထားကြ၏။ ထိုခံတပ်သည် တစ်ဘက်ရန်သူ၏ လေး, မြားဒဏ်ချက်ကိုလည်း ခိုင်ခိုင်ခံ့ခံ့ ကာကွယ်နိုင်၏။ စစ်သည်တို့သည် စိတ်ချလက်ချ အနားယူနိုင်၏၊ စားနိုင်သောက်နိုင်၏။ ဤကဲ့သို့သော ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားသော သစ်သားခံတပ်ကို အာရုံယူထားပါ။]
ထိုစစ်မြေပြင်၌ ဆင်တပ် မြင်းတပ် ခြေလျင်စစ်တပ်တို့နှင့် အတူတကွ စစ်ထိုးခြင်းအမှုကို ပြုလုပ်သည်ရှိသော် ရံခါ လက်နက် ခဲယမ်းမီးကျောက်များ ကုန်ဆုံးသွား၏၊ ရံခါ ဆာလောင်မွတ်သိပ်လာ၏။ --- ဤသို့စသော အကြောင်း တစ်ခုခု ပေါ်လာသော် စစ်မြေပြင်မှ နောက်သို့ ပြန်ဆုတ်ခဲ့၍ သစ်သားခံတပ် အတွင်းသို့ ဝင်ရောက်ကာ လက်နက်တို့ကိုလည်း ထပ်ယူ၏၊ အပန်းလည်း ဖြေ၏၊ စားလည်းစား၏၊ သောက်လည်း သောက်၏၊ ချပ်ဝတ်တန်ဆာကို လည်း ထပ်မံဝတ်ဆင်၏၊ ပြုသင့်ပြုထိုက်ရာ ထိုထိုအမှုကို ပြုပြီးသော် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏၊ ထိုစစ်မြေပြင်၌ စစ်ထိုးခြင်းအမှုကို ပြုလုပ်ပြန်သော် ကျင်ကြီးကျင်ငယ် နှိပ်စက်ခြင်းစသော အကြောင်းတစ်စုံတစ်ရာ ရှိပြန်သော် သစ်သားခံတပ်အတွင်းသို့ တစ်ဖန်ပြန်၍ ဝင်ရောက်ပြန်၏၊ ထိုခံတပ်အတွင်း၌ မိမိကိုယ်ကို ထောက်ပံ့ခိုင်ခံ့စေပြီးနောက် တစ်ဖန် စစ်မြေပြင်သို့ ဝင်ရောက်ပြန်၏၊ ဤသို့လျှင် စစ်သည်တော်အား သစ်သားခံတပ်သည် အလွန်ကျေးဇူးများသကဲ့သို့ အလားတူပင် စျာန်သမာပတ်သည်လည်း ဝိပဿနာအား လွန်စွာ ကျေးဇူးများလှ၏။ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)
တစ်ဖန် စစ်မြေပြင်ကို ကူးခတ်လာသော, စစ်မြေပြင်ကို ကျော်လွှားလွန်မြောက်လာသော စစ်သည်တော်၏ သစ်သားခံတပ်ထက်လည်း ဝိပဿနာသည် စျာန်သမာပတ်အား သာလွန်၍ ကျေးဇူးများလှ၏။ အကယ်၍ စင်စစ်မှာမူ သမာပတ်ကို အမှီပြု၍ ဝိပဿဉာဏ်ကို ဖြစ်စေရသည်ကား မှန်၏။ သို့သော် စွမ်းအင်အပြည့်အဝ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်ကား သမာပတ်ကိုလည်း စောင့်ရှောက်ပေး၏။ စွမ်းရည်အပြည့်အဝ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး၏။ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)
လောကူပမာ -- လှေသည်လည်းကောင်း, လှေပေါ်၌တင်လာသည့် ဘဏ္ဍာသည်လည်းကောင်း ကြည်းကုန်းထက်သို့ ရောက်သောအခါ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်လိုသော် လှည်းပေါ်သို့တင်၍ သယ်ဆောင် ရ၏။ တစ်ဖန် ရေထဲသို့ ရောက်ရှိသောအခါ၌ကား လှည်းကိုလည်းကောင်း လှည်းပေါ်၌တင်ထားသော ဘဏ္ဍာကိုလည်းကောင်း တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်လိုသော် လှေပေါ်သို့တင်၍ သယ်ဆောင်ရ၏။ လှေသည် ရေယဉ်ကြောကို ဖြတ်ကျော်လျက် ဆိပ်ကမ်းကောင်းသို့ ချောချောမောမော ရောက်အောင် ပို့ဆောင်ပေး၏။
ဤဥပမာအတူပင်လျှင် စျာန်သမာပတ်ကို အမှီပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေရသည်မှန်ငြားသော်လည်း စွမ်းအင် ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာသော ဝိပဿနာဉာဏ်သည်ကား စျာန်သမာပတ်ကို ခိုင်ခံ့အောင် စောင့်ရှောက်ပေး၏။ စွမ်းအင်ပြည့်ပြည့်ဝဝ ဖြစ်ပေါ်လာအောင် ပြုလုပ်ပေး၏။ ကြည်းကုန်း ထက်သို့ ရောက်သောအခါ လှည်းကဲ့သို့ စျာန်သမာပတ်ကို မှတ်သားပါ။ ရေထဲသို့ရောက်သောအခါ လှေကဲ့သို့ ဝိပဿနာကို မှတ်သားပါ။ (မ၊ဋ္ဌ၊၁၊၃၈၈၊၊)
ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်အရ ဝိပဿနာဉာဏ်နှင့် စျာန်သမာပတ်တို့ကား အပြန်အလှန် အချင်းချင်း တစ်ခုသည် တစ်ခုကို ခိုင်ခံ့အောင် စွမ်းအင်ပြည့်ဝလာအောင် စောင့်ရှောက်ပေးနေသော တရားများ ဖြစ်ကြ၏။
ယောဂါဝစရပုဂ္ဂိုလ်သည် ဝိဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသောအခါ ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် စျာန်နာမ်တရားတို့လည်း ပါဝင်ကြ၏။ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရှုပွားလိုသော စျာန်ကို ရှေးဦးစွာ ဝင်စားရ၏။ တစ်ဖန် ထိုစျာန်မှ ထကာ ယင်းစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကြသော စျာန်နာမ်တရားစုနှင့်တကွသော နာမ်တရားစုတို့ကို ဝိပဿနာရှုရ၏။ တစ်ဖန် စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုလိုက် စသည်ဖြင့် ကြိမ်ဖန် များစွာ ပြုလုပ်ရ၏။ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုလုပ်ခြင်းကြောင့် ဝိပဿနာဉာဏ်လည်း ထက်မြက်လာ၏, သန့်ရှင်းလာ၏, စွမ်းအင် ကြီးမားလာ၏။ အလားတူပင် စျာန်သမာပတ်သည်လည်း ခိုင်ခံ့လာ၏။ စွမ်းအင် ပြည့်ဝလာ၏။ စွမ်းအင်ကြီးမားလာ၏။
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဩဒါတကသိုဏ်း စတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ သို့မဟုတ် မေတ္တာစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ထိုစျာန်သမာပတ်ကို အမှီပြုရ၍ ဝိပဿနာဉာဏ်သည်လည်း စွမ်းအင်တဖြည်းဖြည်း ပြည့်ဝလာ၏။
သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)
ဤသို့စသော ဒေသနာတော်များနှင့် အညီ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိရှိသော ရဟန်းတော်သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ဟုတ်တိုင်းမှန်စွာ ယထာဘူတကျကျ သိနိုင်၏, မြင်နိုင်၏။
ထို့ကြောင့် စျာန်သမာပတ်ကို အမှီပြုရ၍ ဝိပဿနာဉာဏ်သည်လည်း စွမ်းအင်တဖြည်းဖြည်း ပြည့်ဝလာရ၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ထွင်းဖောက်သိမြင်သည်အထိ စွမ်းအင်အပြည့််အဝ ဖြစ်ပေါ်လာနိုင်၏။ တစ်ဖန် စွမ်းအင်ပြည့်ဝလာသော ဝိပဿနာဉာဏ်ကလည်း ထိုစျာန်သမာပတ်များကို ခိုင်ခံ့အောင် စောင့်ရှောက်ပေးပြန်၏။ အထက်က တင်ပြခဲ့သည့် အတိုင်း စျာန်ကို ဝင်စားလိုက် စျာန်မှ ထကာ စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုလိုက် စသည်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုလုပ်နေသည့် အတွက်ကြောင့် စျာန်သမာပတ်တို့မှာ ခိုင်ခံ့လာခြင်းလည်း ဖြစ်ပေသည်။ တစ်ဖန် ယင်းဝိပဿနာဉာဏ်တို့က မိမိ ရရှိထားပြီးဖြစ်သည့် စျာန်တရားတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် သမ္မောဟတရားကို တဒင်္ဂအားဖြင့် ပယ်ရှား ပေးလိုက်၏။ ဤကဲ့သို့သော အကြောင်းကြောင့်လည်း စျာန်သမာပတ်တို့မှာ ခိုင်ခံ့လာခြင်း ဖြစ်၏။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်က ဥတ္တရာဥပါသိကာမတို့ကဲ့သို့ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ခဲ့လျှင် ထိုအရိယမဂ်ဉာဏ်က မိမိ ရရှိထားသည့် စျာန်သမာပတ်တရားတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် သမ္မောဟတရားကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်ရှားလိုက်၏။ ဆိုလိုသည်မှာ အရိယမဂ်တရားတို့သည် သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်း ထားသည့် သမ္မောဟတရားကို ပယ်ရှားနိုင်ခြင်းကြောင့် ဒုက္ခသစ္စာ သို့မဟုတ် သမုဒယသစ္စာတွင် အကျုံးဝင်သော ထိုမိမိရရှိထားသည့် စျာန်သမာပတ်တရားတို့ကို မသိအောင် ဖုံးလွှမ်းထားသည့် သမ္မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်ရှားလိုက်သည်ဟု ဆိုခြင်းဖြစ်၏။ တစ်ဖန် ထိုဝိပဿနာဉာဏ် တို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ရရှိသော စျာန်သမာပတ်များကား ခိုင်ခံ့နေသည့်အတွက် လွယ်လွယ် ကူကူဖြင့် လျှောကျခြင်းသဘောလည်း မရှိပေ။
ဤမျှဆိုလျှင် ဥတ္တရာဥပါသိကာမ၏ မေတ္တာဘာဝနာ မေတ္တာစျာန်၏ စွမ်းအင်ကြီးမားမှုကို သဘောပေါက်သင့်ပေပြီ။ ယခုတစ်ဖန် ဆက်လက်ကာ သာမာဝတီမိဖုရား၏ မေတ္တာဘာဝနာ စွမ်းအားကို ဆက်လက်တင်ပြအပ်ပါသည်။
သာမာဝတီမိဖုရား
သာမာဝတီကား --- မေတ္တာဝိဟာရီ = မေတ္တာဖြင့် နေလေ့ရှိသော ဥပါသိကာမတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိသော သူတော်ကောင်းတစ်ဦး ဖြစ်၏။ ကမ္ဘာတစ်သိန်းနှင့် ချီ၍ ပါရမီထူထောင်ခဲ့သူ ဖြစ်၏။ ပဒုမုတ္တရာဘုရားရှင်၏ သာသနာတွင်း၌ ဟံသာဝတီမင်းနေပြည်တော်ဝယ် သူဌေးသမီးဖြစ်ခဲ့စဉ်က အဓိကာရကောင်းမှုကုသိုလ်ပြုကာ မေတ္တာဝိဟာရီ ဧတဒဂ်ဘွဲ့ထူးရှင်ဖြစ်ရေးအတွက် ဆုတောင်းပန်ထွာခဲ့သူလည်း ဖြစ်၏။
အဓိကာရကောင်းမှုကုသိုလ်ဟူသည် မိမိ မျှော်လင့်ထားသည့် မေတ္တာဝိဟာရီပုဂ္ဂိုလ်ဘဝဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိရေးအတွက် ပြုစုပျိုးထောင် ထားအပ်သော ဒါန သီလ သမထဘာဝနာဟူသော စရဏမျိုးစေ့ကောင်း, ဝိပဿနာဘာဝနာဟူသော ဝိဇ္ဇာမျိုးစေ့ကောင်းတို့ပင်တည်း။ လူတို့၏ သက်တမ်း အနှစ်တစ်သိန်းအသက်ရှည်ရာ ခေတ်အခါကြီး၌ ယင်းစရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတို့ကို နှစ်ပေါင်းတစ်သိန်းခန့် အောင်အောင် မြင်မြင် ထူထောင်ခဲ့သူ ဖြစ်ပေသည်။ ထိုဘဝမှ စုတေသောအခါ နတ်ပြည်သို့ ရောက်ရှိသွားခဲ့၏။ ဤသို့လျှင် နတ်ပြည် လူ့ပြည်တို့၌ စုန်ဆန် ကျင်လည်ရာက နောက်ဆုံးဘဝတွင် နတ်ပြည်မှ စုတေခဲ့ကာ ဘဒ္ဒဝတိယတိုင်း ဘဒ္ဒိယမြို့ဝယ် ဘဒ္ဒဝတိယသူဌေးကြီး၏ သမီးဖြစ်လာလေသည်။ နောက်ပိုင်းတွင် ကောသမ္ဗီပြည့်ရှင်ဘုရင် ဥတေန၏ မိဖုရားကြီး ဖြစ်ခဲ့လေသည်။
သာမာဝတီမိဖုရား၌ အလုပ်အကျွေးလူယုံတော် ခုဇ္ဇုတ္တရာ အမည်ရှိသည့် အမျိုးသမီးတစ်ဦးလည်း ရှိလေသည်။ ခုဇ္ဇုတ္တရာသည် ဘုရားရှင်၏ တရားတော်ကို နာယူရသဖြင့် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ဘုရားရှင် ဟောကြားတော်မူသည့် တရားတော်များကို နှုတ်ငုံရသူလည်း ဖြစ်၏။ နာကြား ရတိုင်းသော တရားတို့ကို တစ်ဆင့် ပြန်လည်ဟောပြနိုင်သည့် ပဋိသမ္ဘိဒါဉာဏ်ကိုရသည့် သေက္ခသောတာပန် အရိယာသူတော်ကောင်းလည်း ဖြစ်၏။ (ဝိသုဒ္ဓိ၊၂၊၇၂။) ခုဇ္ဇုတ္တရာသည် ယင်း သေက္ခပဋိသမ္ဘိဒါဉာဏ်၌ တည်၍ သာမာဝတီအမှူးရှိသော မင်းမိန်းမပေါင်း ငါးရာတို့အား တရားဟောလေ၏။ ထိုတရားတော်များကို နာကြားရသည့်အတွက် သာမာဝတီအမှူးရှိသော အလုံးစုံသော မင်းမိန်းမ ငါးရာတို့သည် သောတာပန်အရိယာသူတော်ကောင်း တို့ ဖြစ်သွားခဲ့ကြ၏။ ထိုသူတော်ကောင်းတို့ကား မေတ္တာဘာဝနာကမ္မဋ္ဌာန်းကိုလည်း အလေးပေးကာ စီးဖြန်းလျက် မေတ္တာစျာန်ကို ဝင်စားကာ နေထိုင်လေ့ရှိသူ မေတ္တာဝိဟာရီပုဂ္ဂိုလ်တို့လည်း ဖြစ်ကြ၏။ တစ်နေ့တွင် ထိုမေတ္တာ၏ စွမ်းအင်ကို အသုံးချခွင့် ရရှိကြ၏။
ဥတေနမင်းဝယ် (၁) သာမာဝတီမိဖုရား, (၂) ဥဇ္ဇေနီပြည် စဏ္ဍပဇ္ဇောတမင်း၏သမီး ဝါသုလဒတ္တာမိဖုရား, (၃) မာဂဏ္ဍီမိဖုရားဟူ၍ မိဖုရားသုံးယောက်တို့ ရှိလေရာ မိဖုရားတစ်ယောက် တစ်ယောက်လျှင် မောင်းမမိဿံ ရံရွေဖော် ငါးရာငါးရာစီ ရှိလေသည်။ ဥတေနမင်းသည် ထိုမိဖုရား သုံးယောက် တို့တွင် တစ်ယောက် တစ်ယောက်သော မိဖုရား၏နေရာ နန်းပြာသာဒ်၌ ခုနစ်ရက်စီ ခုနစ်ရက်စီ အလှည့်အလည် စံနေမြဲ ဖြစ်ပေ၏။
တစ်နေ့ဝယ် မာဂဏ္ဍီမိဖုရားသည် မြွေဟောက်ငယ်တစ်ကောင်ကို ဝါးကျည်ဆစ်၌ ထည့်စေ၍ မိမိ၏ နေရာအနီး၌ ထားလေ၏၊ ဥတေနမင်း၏ အဖို့အရာမှာလည်း မည်သည့်နေရာသို့ သွားသွား ဆင်ချစ်သော စောင်းကို ယူ၍သာလျှင် သွားမြဲ ဓမ္မတာ ဖြစ်၏။ မာဂဏ္ဍီမိဖုရားသည် ဥတေနမင်း မိမိထံသို့ လာသောအခါ၌ မင်းကြီးမသိအောင် ထိုမြွေဟောက်ငယ်ကို စောင်းခွက်အတွင်း၌ ထည့်၍ အပေါက်ကို ပိတ်ထားစေလေ၏။
ထိုနောင်မှ သာမာဝတီမိဖုရားထံသို့ သွားခါနီးဖြစ်သော ဥတေနမင်းကို အရှင်မင်းမြတ် သာမာဝတီမိဖုရားဆိုသည်မှာ ရဟန်းဂေါတမ၏ အပင်းအသင်းဖြစ်ပါသည်၊ အရှင်မင်းကြီးတို့ကို မြက်တစ်ပင်လောက်မျှ မရေတွက်ပါ၊ တစ်စုံတစ်ခု ပြုပြီးလျှင် အရှင်မင်းကြီးတို့၏ အပြစ်ကိုသာလျှင် ကြံစည်နေသူ ဖြစ်ပါသည်။ မမေ့မလျော့ သတိရှိရှိ နေတော်မူခဲ့ကြပါဟု ဥတေနမင်း၏ အကျိုးကို အလိုရှိဟန်ဆောင်ကာ မှာကြားပြောဆိုလိုက်၏။
[မာဂဏ္ဍီကား ဘုရားရှင်အပေါ်၌ မကျေနပ်သူ တစ်ဦးဖြစ်၏။ သူ့ကို လက်ထပ်ဖို့ရန် ပစ်ပစ်ခါခါ ငြင်းဆိုမှုကို အကြောင်းခံကာ ဘုရားရှင်အပေါ်၌ ရန်ငြိုးဖွဲ့နေသူ ဖြစ်၏။ သာမာဝတီမိဖုရားအမှူးရှိသော အမျိုးကောင်းသမီးတို့ကလည်း ရတနာသုံးပါးကို လောကုတ္တရာ သရဏဂုံဖြင့် ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်နေကြသည့် အရိယာသူတော်ကောင်းတို့ ဖြစ်ကြ၏။ မာဂဏ္ဍီကား ဘုရားရှင်အပေါ်၌ မကျေနပ်သဖြင့် ဘုရားရှင်၏ တပည့်မတို့ အပေါ်၌လည်း မကျေမနပ် ဖြစ်နေခြင်း ဖြစ်၏။ သို့အတွက် ဥတေနမင်းကို အကြိမ်ကြိမ် ကုန်းတိုက်နေသူ ဖြစ်၏။ ဤအကြိမ်ကား တတိယအကြိမ် ကုန်းတိုက်ဖို့ရန် အကွက်ဆင်ထားခြင်းဖြစ်၏။]
ဥတေနမင်းသည် သာမာဝတီမိဖုရား၏ နန်းပြာသာဒ်၌ (၇)ရက် စံပျော်ပြီးနောက် မာဂဏ္ဍီမိဖုရား၏ အဆောင်တော်သို့ ကူးလာခဲ့၏။ ထိုအခါ မာဂဏ္ဍီက မိမိကြိုတင်ကာ အကွက်ဆင်ထားသည့်အတိုင်း ဥတေနမင်း၏ လက်မှစောင်းကိုယူကာ စုံစမ်းဟန်ဆောင်လေသော် စောင်းအတွင်း၌ အသံ တစ်ခုခု ကြားမှုကို မင်းကြီးသိအောင် ပြုလုပ်ကာ မိမိ မူလက စီမံထားသည့် အပေါက်ကို ဖွင့်လိုက်၏။ မြွေဟောက်ကား ထိုအပေါက်မှ ထွက်ခဲ့လေပြီ။ ထိုအခါ မာဂဏ္ဍီက စောင်းကိုပစ်ကာ ထွက်ပြေးလိုက်၏။ မာဂဏ္ဍီ၏ ရန်တိုက် ခြင်းကား အောင်မြင်လေပြီ။
ထိုအခါ ဥတေနမင်းသည် မီးလောင်သည့် ဝါးတောအလား, ဆားထည့်လိုက်သည့် မီးဖိုပမာ အမျက်ဒေါသဖြင့် တဖျစ်ဖျစ်မြည်လျက် အလျင်အမြန် အခြံအရံနှင့် တကွသော သာမာဝတီကို ခေါ်ခဲ့ကြလော့ဟု အမိန့်ပေးလေ၏။ မင်းချင်းယောက်ျားတို့သည် အမိန့်တော်မြတ် သတ်မှတ်ချက်အတိုင်း သွား၍ ခေါ်ဆောင်ကြရ၏။
သာမာဝတီမိဖုရားသည် ဥတေနမင်း အမျက်ထွက်သည်ကို သိသဖြင့် မိမိ၏ အခြံအရံ မင်းမိန်းမတို့အား မင်းကြီးသည် တို့ကို သတ်လို၍ ခေါ်၏၊ ယနေ့ တစ်နေ့လုံးလုံး ဥတေနမင်း တစ်ဦးတည်းကိုသာလျှင် ရည်ညွှန်းလျက် ဩဒိဿကမေတ္တာဖြန့်ခြင်းဖြင့် မင်းကြီးကို မေတ္တာဖြန်းကြလော့ဟု တရားအချက်အမှတ်ပေးလေ၏။ သာမာဝတီနှင့် တကွသော ထိုသူတော်ကောင်း အားလုံးတို့သည် သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်ထားသော စွမ်းအင် အလွန် ကြီးမားသော မေတ္တာကို ခေတ္တရုပ်သိမ်းကာ ဥတေနမင်း တစ်ဦးတည်း ကိုသာလျှင် စူးစူးစိုက်စိုက် မေတ္တာဘာဝနာကို စီးဖြန်းကာ နေကြ၏။ ထိုသူတော်ကောင်းတို့ကား မေတ္တာစျာန်ကို ဝင်စားလျက်ရှိကြ၏။
သို့သော် ဒေါသအိုးကြီး ဥတေနကား သာမာဝတီမိဖုရားနှင့် တကွသော ထိုမောင်းမ ငါးရာတို့ကို တန်းစီစေကာ လေးကြီးကို စွဲကိုင်၍ အဆိပ်လူးမြားကို ဖွဲ့ပြီးလျှင် လေးညှို့ကို ညှိလျက် ရပ်တည်လာ၏။
ထိုခဏ၌ သာမာဝတီအမှူးရှိသော မင်းမိန်းမတို့သည် ဒေါသအိုးကြီး ဥတေနမင်းကို စူးစိုက်ကာ ဩဒိဿကမေတ္တာကို ပက်ဖြန်းကာ မေတ္တာစျာန်ကို ဝင်စားလျက် ရှိကြ၏။ သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်ထားသော စွမ်းအင်ကြီးမားသော မေတ္တာမှ ဆင်းသက်လာသော မေတ္တာ, ဝိပဿနာဉာဏ်များဖြင့်လည်း ထုံမွမ်းထားသော မေတ္တာ ဖြစ်ကြသဖြင့် အလွန် စွမ်းအင် ပြည့်ဝနေသော မေတ္တာများဖြစ်ကြ၏။ ထိုမေတ္တာစျာန်တို့၏ စွမ်းအားကြောင့် ဥတေနမင်းသည် မြားကို ပစ်ရန်လည်း မစွမ်းနိုင်, ဖယ်ရှားရန်လည်း မစွမ်းနိုင် ဖြစ်နေ၏၊ ခန္ဓာကိုယ်မှ ချွေးသီးချွေးပေါက်များလည်း တဖြိုင်ဖြိုင် ယိုထွက်လာကြကုန်၏။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်လှုပ်၍နေ၏၊ ခံတွင်းမှလည်း တံတွေးများ စီးကျလာ၏၊ လက်ဖြင့် ဆွဲကိုင်စရာလည်း မမြင်နိုင် ဖြစ်နေ၏၊ အလွန် ပင်ပန်းနေ၏။
ထိုအခါ ဥတေနမင်းကို သာမာဝတီက အရှင်မင်းမြတ် ... ပင်ပန်းတော်မူပါသလောဟု မေးလေလျှင် ဥတေနမင်းက အရှင်မိဖုရား ... ပင်ပန်းလှ၏၊ သင်သည် ငါ၏ မှီခိုအားထားရာ ဖြစ်ပါလော့ဟု ပြောဆိုလေ၏။ ထိုအခါ သာမာဝတီမိဖုရားက မြားကို မဟာပထဝီမြေကြီးဘက်သို့ ရှေးရှူပစ်ရန် အကြံပေးလိုက်၏။ သာမာဝတီ၏ အကြံပေးချက်အတိုင်း ဥတေနမင်းကလည်း လိုက်နာပြုကျင့်လေ၏။ သာမာဝတီကလည်း ဥတေနမင်း လက်မှ မြားသည် လွတ်စေသတည်းဟု အဓိဋ္ဌာန်လိုက်လေ၏။ ထိုခဏမှာပင် မြားသည် ဥတေနမင်း၏ လက်မှ လွတ်ထွက်သွားလေသည်။
ဤကဲ့သို့သော စွမ်းအင်ကြီးမားသော မေတ္တာစျာန်ဖြင့် နေလေ့ရှိမှုကို အကြောင်းပြုကာ ဘုရားရှင်ကလည်း ----
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ မေတ္တာဝိဟာရီနံ ယဒိဒံ သာမာဝတီ။ (အံ၊၁၊၂၇။)
ရဟန်းတို့ ... မေတ္တာစျာန်ဖြင့် နေလေ့ရှိကြကုန်သော ငါဘုရားရှင်၏ တပည့်သာဝိကာ ဥပါသိကာမတို့တွင် သာမာဝတီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၂၇။)
ဤကဲ့သို့သော မေတ္တာဝိဟာရီ ဧတဒဂ်ဘွဲ့ဖြင့် ချီးကျူးမြှောက်စားတော်မူခြင်း ဖြစ်ပေသည်။
ဥတေနမင်းကြီးသည် ထိုခဏမှာပင် ရေ၌ ငုပ်၍ ပြန်လာပြီးသော် စိုသောဆံ စိုသောအဝတ်ရှိလျက် သာမာဝတီ၏ ခြေတို့၌ တုပ်ဝပ်ပြီးလျှင် အရှင်မိဖုရား ... ငါ့အား သည်းခံပါလော့၊ ငါသည် ကုန်းချောသူ မာဂဏ္ဍီ၏ စကားဖြင့် မစူးစမ်း မဆင်ခြင်ဘဲ ဤအမှုကို ပြုမှားအပ်ခဲ့လေပြီဟု တောင်းပန်ဝန်ချစကား ပြောကြားလေ၏။ သာမာဝတီ မိဖုရားကလည်း ခွင့်လွှတ်သည်းခံစကား ပြောကြားလိုက်လေသော် ဥတေနမင်းကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် သာမာဝတီမိဖုရားနှင့်တကွ မောင်းမမိဿံအပေါင်းတို့၏ အလိုဆန္ဒအတိုင်း မြတ်စွာဘုရားအား အလှူဒါနကို ပြုရန် နေလွဲအခါ ကျောင်းတော်သို့ သွားရောက်ကာ တရားနာယူရန်တို့ကို ခွင့်ပြုလိုက်၏။ အစောင့်အရှောက်ကိုလည်း ပေးသနားလိုက်၏။
ထိုသူတော်ကောင်းတို့သည် ဆက်လက်၍ တရားဘာဝနာတို့ကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြရာ အချို့ကား သကဒါဂါမ်, အချို့ကား အနာဂါမ်အဆင့်သို့တိုင်အောင် တက်လှမ်းသွားနိုင်ကြ၏။(ဓမ္မပဒ၊ဋ္ဌ၊၁၊၁၄၁။)
သို့သော် သူတို့၏ အတိတ်ကံဝဋ်ကြွေးကြောင့် တစ်နေ့တွင် မာဂဏ္ဍီ၏ လုပ်ကြံမှုဖြင့် မီးရှို့မြိုက်ခံလိုက်ကြရ၏။ ထိုနေ့၌ ရှေးအတိတ်ဘဝက ပြုအပ်ခဲ့သော ကပ်၍ နှိပ်စက်တတ်သော ဥပပီဠကကံ, ကပ်၍ ဖြတ်တတ်သော ဥပဃာတကကံတို့၏ စွမ်းအားကြောင့် ထိုသူတော်ကောင်းတို့သည် စျာန်သမာပတ်တို့ကိုလည်းကောင်း ဖလသမာပတ်တို့ကိုလည်းကောင်း ဝင်စားဖို့ရန် မစွမ်းနိုင် ရှိနေကြ၏။ မိမိတို့ နေထိုင်ရာ နန်းပြာသာဒ်ဆောင်အတွင်း၌ပင် မီးရှို့မြိုက်ခံကြရသဖြင့် သေကျေပျက်စီးသွားကြရ၏။ တရားခံလက်သည် ဖြစ်ကြသော မာဂဏ္ဒီမိဖုရားအမှူးရှိသော ဆွေတော် မျိုးတော်တို့အားလည်း ဥတေနမင်းက တစ်ဖန် ကွပ်မျက်ပြန်လေသည်။
သာမာဝတီတို့၏ ရှေးအကုသိုလ်ကံ
သာမာဝတီမိဖုရားအလောင်း အမျိုးကောင်းသမီးသည် ဘုရားပွင့်တော် မမူမီ တစ်ခုသော ဘဝဝယ် ထိုအမျိုးသမီး ငါးရာတို့နှင့်အတူ ဂင်္ဂါမြစ်၌ ရေကစားအပြီး ဆိပ်ကမ်း၏ အပြင်အပ၌ ရပ်တည်နေစဉ် အချမ်းအအေးဓာတ် ပြင်းထန်စွာ ဖြစ်လတ်သော် မနီးမဝေးသော အရပ်၌ ပစ္စေကဗုဒ္ဓါ ဘုရားရှင်တစ်ဆူ၏ သစ်ရွက်မိုး သင်္ခမ်းကျောင်းကလေးကို မြင်ရ၍ သင်္ခမ်းကျောင်းအတွင်း၌ ပစ္စေကဗုဒ္ဓါဘုရားရှင် ရှိ-မရှိကို မစူးစမ်း မဆင်ခြင်ဘဲ ပြင်ပမှ ကျောင်းကို မီးတိုက်ကာ မီးလှုံကြလေသည်။ သင်္ခမ်းကျောင်း အတွင်း၌ကား ပစ္စေကဗုဒ္ဓါဘုရားရှင်သည် နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေတော်မူဆဲ ဖြစ်၏။ ထိုအမျိုးသမီးတို့သည် မီးတောက်မီးလျှံများ ပြတ်စဲသွားသောအခါမှ ပစ္စေကဗုဒ္ဓါဘုရားရှင်ကို မြင်တွေ့ကြရ၏။
ဤမီးတိုက်မှု၌ ပစ္စေကဗုဒ္ဓါဘုရားရှင်အပေါ်၌ သေစေလိုသော စိတ်စေတနာမရှိသဖြင့် အပြစ်မရှိသော်လည်း နောက်ထပ် ပြစ်မှုတစ်ခုကို ထပ်မံ လွန်ကျူးကြပြန်၏။ ထိုပစ္စေကဗုဒ္ဓါ ဘုရားရှင်ကား ရှင်ဘုရင် ကိုးကွယ်ဆည်းကပ်နေသည့် ဘုရားရှင်ဖြစ်တော်မူသည့်အတွက် မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့သဖြင့် လက်စဖျောက်ရန် ရည်ရွယ်ကာ ထင်းများကို ရှာဖွေစုဆောင်းလျက် မီးတိုက်ကြပြန်၏။ ဤပြစ်မှုကား သေစေလိုသော စိတ်စေတနာ ပါရှိနေသဖြင့် အလွန် အပြစ်ကြီးမားသော မှားကွက် ဖြစ်သွား၏။ သို့သော် ပစ္စေကဗုဒ္ဓါဘုရားရှင်သည် အချိန်စေ့သောအခါ နိရောဓသမာပတ်မှ ထတော် မူကာ ကောင်းကင်ခရီးဖြင့် ကြွချီသွားတော်မူလေသည်။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် အမျိုးသမီးအပေါင်းတို့သည် ငရဲ၌ ကျက်ကြရပြီးလျှင် ဝိပါက်အကြွင်းအနေဖြင့် ဤယခုမီးလောင်တိုက် အသွင်းခံရကာ သေကျေ ပျက်စီးခြင်းသို့ ရောက်ကြရပြန်သည်။
သေသူနှင့် မသေသူ (= ရှင်သူ )
သာမာဝတီအမှုးရှိသော ငါးရာကုန်သော အရိယာသူတော်ကောင်းတို့လည်း မီးရှို့မြိုက်ခံရသဖြင့် သေကျေပျက်စီးကြရ၏။ မာဂဏ္ဍီအမှုးရှိသော ဆွေတော်မျိုးတော်တို့လည်း ဥတေနမင်းက ပြစ်ဒဏ်ပေးသဖြင့် သေကျေ ပျက်စီးကြရ၏။ ထိုသေပွဲနှစ်ခုတို့ကို အကြောင်းပြုကာ ရဟန်းတော်တို့ အချင်းချင်း ဓမ္မသဘင်၌ ဆုံစည်းခိုက် ဤသို့ ဆွေးနွေးမိကြ၏။ ဤအုပ်စု နှစ်အုပ်စုတို့တွင် အဘယ်သူတို့သည် အသက်ရှင်သူတို့ မည်ကြသနည်း၊ အဘယ်သူတို့သည် သေသူတို့မည်ကြသနည်း ဤသို့ ဆွေးနွေးကြ၏။ ဘုရားရှင်သည် တရားတော်ကို ဟောကြားပြသတော်မူရန် ဓမ္မာသနပလ္လင်ထက်သို့ ကြွလာတော်မူပြီးနောက် ရဟန်းတော်တို့အား မည်သည့် အကြောင်းအရာကို ဆွေးနွေးကာ ထိုင်နေကြပါသနည်းဟု ဘုရားရှင်က မေးမြန်းတော်မူလိုက်သောအခါ ရဟန်းတော်တို့က ဆွေးနွေးကြသည့် အကြောင်းအခြင်းအရာကို တင်ပြလျောက်ထားတော်မူကြ၏။ ထိုအခါ ဘုရားရှင်က ရဟန်းတို့ ... အကြင်သူတို့သည်ကား ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ နေထိုင်တတ်ကြကုန်၏။ ထိုသူတို့သည် နှစ်ပေါင်းတစ်ရာ အသက်ရှင်နေကြသော်လည်း သေသူတို့သာ မည်ကြကုန်၏။ အကြင်သူတို့ကား ကုသိုလ်တရားတို့၌ မမေ့မလျော့ နေထိုင်ကြကုန်၏။ ထိုသူတို့ကား သေကုန်သော်လည်း အသက်ရှင်သူတို့သာ မည်ကြကုန်၏။ ထို့ကြောင့် မာဂဏ္ဍီသည် အသက်ရှင်နေသော်လည်း သေနေသူသာ မည်၏။ သာမာဝတီ အမှူးရှိသော ငါးရာကုန်သော အမျိုးသမီးတို့သည်ကား သေကုန်သော်လည်း အသက်ရှင်နေသူတို့သာ မည်ကြကုန်၏။ ရဟန်းတို့ ကုသိုလ်တရားတို့၌ မမေ့လျော့သူတို့ကား မသေသူတို့သာ မည်ကြကုန်၏။ဟု ဟောတော်မူပြီးနောက် အောက်ပါဂါထာတို့ကို ဆက်လက်ကာ ဟောကြားတော်မူ၏။
အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
တေ စျာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။ (ဓမ္မပဒ၊ခု၊၁၊၆။ ဂါထာ၊၂၁၊၂၂-၂၃။)
အပ္ပမာဒေါ = ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ် ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း = အပ္ပမာဒတရားသည်ကား။ အမတပဒံ = မသေရာအမြိုက်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက်ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်ပါပေ၏။ ပမာဒေါ = ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်း ပမာဒတရားသည်ကား။ မစ္စုနော ပဒံ = သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်ပါပေ၏။ အပ္ပမတ္တာ = ဒါန, သီလ, သမထ , ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သော သူတို့သည်ကား။ န မီယန္တိ = မသေသည့် ပုဂ္ဂိုလ်တို့ မည်ကြပါပေကုန်၏။ ယေ = အကြင်သူတို့ကား။ ပမတ္တာ = ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ ဆဆ နေထိုင်တတ်ကြပါပေကုန်၏။ တေ = ထိုသူတို့်သည်ကား။ ယထာ မတာ = သေသူတို့ မည်ကြပါပေကုန်၏။
ဧဝံ = ဤသို့လျှင်။ ပဏ္ဍိတာ = ပညာရှိသူတော်ကောင်းတို့သည်။ ဝိသေသတော = ပမာဒတရား အပ္ပမာဒတရား နှစ်မျိုးနှစ်စားတို့၏ ထူးထွေ ကွဲပြားကြောင်း သဘောတရားကို။ ဉတွာ = သိရှိကြကုန်သည်ဖြစ်၍။ အပ္ပမာဒမှိ = အပ္ပမာဒတရား၌။ ဌတွာ = ရပ်တည်ကြကုန်လျက်။ အပ္ပမာဒေ = အပ္ပမာဒတရား၌။ ပမောဒန္တိ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်၏။ အရိယာနံ = ဘုရားအစရှိကုန်သော အရိယာတကာ သူတော်စွာတို့၏။ ဂေါစရေ = သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော ကျက်စားရာ အာရုံ ဂေါစရ၌။ ရတာ = မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြလေကုန်၏။
တေ = ထိုပညာရှိသူတော်ကောင်းတို့သည်။ စျာယိနော = အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန် တည်းဟူသော နှစ်မျိုးကုန်သော စျာန်တို့ကို အဖန်ဖန် အထပ်ထပ် ဝင်စားကြကုန်လျက်။ သာတတိကာ = စွဲမြဲသော လုံ့လဝီရိယရှိကြကုန်သော။ နိစ္စံ = အမြဲ။ ဒဠှပရက္ကမာ = စွဲစွဲမြဲမြဲ ခိုင်ခိုင်ခံ့ခံ့ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် ကြိုးစားအားထုတ်ခြင်း ဇွဲလုံ့လဝီရိယ ရှိကြကုန်သော။ တေ ဓီရာ = ထိုပညာရှိသူတော်ကောင်းတို့သည်။ ယောဂက္ခေမံ = ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော။ အနုတ္တရံ = ကဲသာလွန်ဘိ တုမရှိသော။ နိဗ္ဗာနံ = ကိလေသာအပူမီးတို့၏ အငြိမ်းကြီးငြိမ်းရာ အအေးကြီးအေးရာဖြစ်သော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို။ ဖုသန္တိ = ဖလသမာပတ်ကို ဝင်စားလျက် အရိယဖိုလ်ဉာဏ်ဖြင့် တွေ့ထိဆိုက်ရောက်ကြလေကုန်၏။
= ဒါန, သီလ, သမထ, ဝိပဿနာအစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း အပ္ပမာဒတရားသည်ကား မသေရာ အမြိုက် နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်၏။ ဒါန, သီလ, သမထ, ဝိပဿနာအစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်း ပမာဒတရားသည်ကား သုံးဆယ့်တစ်နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်၏။ ဒါန, သီလ, သမထ, ဝိပဿနာအစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မမေ့လျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားလျက် နေထိုင်ကြကုန်သော သူတို့သည်ကား မသေသူတို့ မည်ကြကုန်၏။ အကြင်သူတို့သည်ကား ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာသည့် ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကြကုန်၏။ ထိုသူတို့ သည်ကား သေသူတို့ မည်ကြကုန်၏။
ဤသို့လျှင် ပညာရှိသူတော်ကောင်းတို့သည် ပမာဒတရား အပ္ပမာဒတရား နှစ်ပါးတို့၏ ထူးထွေကွဲပြားကြောင်း သဘောတရားကို သိရှိကြကုန်လျက် အပ္ပမာဒတရား၌ ရပ်တည်ကြကာ အပ္ပမာဒတရား၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်၏။ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတကာ သူတော်စွာတို့၏ ကျက်စားရာအာရုံဖြစ်သည့် သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော ဂေါစရအာရုံ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တော်မူကြကုန်၏။
ထိုပညာရှိသူတော်ကောင်းတို့သည် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်တည်းဟူသော နှစ်မျိုးကုန်သော စျာန်တို့ကို ဝင်စားတော်မူကြကုန်၏။ စွဲမြဲသော လုံ့လဝီရိယ ရှိတော်မူကြကုန်၏။ ယောက်ျားတို့၏ ဇွဲလုံ့လ ဝီရိယ မိန်းမမြတ်တို့၏ ဇွဲလုံ့လဝီရိယဖြင့် ရောက်နိုင်သည့် အရာဌာနသို့ မရောက်မချင်း ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယ၏ ရပ်တန့်သွားခြင်း မည်သည် မရှိစေရဟု အမြဲမပြတ် စွဲမြဲသော အဆင့်ဆင့် ကြိုးစားအားထုတ်မှု ဇွဲလုံ့လဝီရိယ ရှိကြကုန်၏။ ထိုပညာရှိတို့သည် ယောဂလေးပါးတို့၏ ကုန်ရာ အတုမရှိ လွန်မြတ်သော နိဗ္ဗာန်တရားတော်မြတ်ကို ဖလသမာပတ်ကို ဝင်စားကာ အရိယဖိုလ်ဉာဏ်ဖြင့် တွေ့ထိနေထိုင်ကြကုန်၏။ (ဓမ္မပဒ၊ခု၊၁၊၁၆။)
[အာရမ္မဏူပနိဇ္ဈာနစျာန် --- သမာပတ်ရှစ်ပါးတို့သည် ပထဝီကသိုဏ်း စသော သမထနိမိတ်အာရုံကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန်ဟူ၍ ခေါ်ဝေါ်ခြင်းသို့ ရောက်၏။ ဝိပဿနာ မဂ်ဖိုလ်တို့သည်ကား လက္ခဏူပနိဇ္ဈာနစျာန်မည်၏။ ထိုတွင် ဝိပဿနာသည် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန်မည်၏။ ဝိပဿနာဉာဏ်ဖြင့် ပြုလုပ်အပ်သော ကိစ္စ၏ အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရခြင်းကြောင့် အရိယမဂ်သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏။ အရိယဖိုလ်သည် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်၏ သန္တိလက္ခဏာဟူသော ဟုတ်မှန်တိုင်းသော သဘောလက္ခဏာကို စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ကပ်၍ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန်မည်၏။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)]
ဤတရားဒေသနာတော်ကို အကြောင်းပြုကာ မန်လည်ဆရာတော်ဘုရားကြီးကလည်း မိမိ၏ မဃဒေဝလင်္ကာတွင် ဤသို့ စပ်ဆိုထားတော်မူ၏။
ဆယ်ပါးပညတ်၊ ကုသလကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည် နတ်ပွဲ၊ ရမခဲတည့်၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ ဒါန သီလ၊ ကုသလ၌၊ လုံ့လလွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေဟူ၏။ အလှူသီတင်း၊ မကင်းဘာဝနာ၊ မခြာနေ့ရက်၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူနတ်ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျှောခြင်းဟူ၊ စုတေမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည်း။
မာဂဏ္ဍီမိဖုရားအမှူးရှိသည့် ဆွေတော်မျိုးတော် တစ်စုတို့ကား အသက်ပင် ရှင်နေသော်လည်း သေနေသူတို့သာ ဖြစ်ကြ၏။ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန်ဖြစ်ကုန်သော မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့သည် သူတို့၏ သန္တာန်၌ ကိန်းဝပ်မှု မရှိကြသောကြောင့် မသေရာ အမြိုက်နိဗ္ဗာန်သို့ မရောက်နိုင်သေးသူတို့သာ ဖြစ်ကြ၏။ သူတို့တစ်တွေကား သီလမဂ္ဂင်ဟု ခေါ်ဆိုအပ်သည့် သီလကျင့်စဉ်ကိုလည်း= ဖြူဖြူစင်စင် မဖြည့်ကျင့်သူတို့ဖြစ်ကြ၏။ မေတ္တာစျာန်ကဲ့သို့သော သမာဓိ တစ်ခုခုကိုလည်း စံချိန်မီ မထူထောင်ထားသူတို့ ဖြစ်ကြ၏။ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ထိုးထွင်းသိသူတိုိ့ မဟုတ်ကြသဖြင့် ပညာကျင့်စဉ်ကိုလည်း မဖြည့်ကျင့်ရသေးသူတို့သာ ဖြစ်ကြ၏။ ထိုကဲ့သို့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အောင်အောင်မြင်မြင် မဖြည့်ကျင့်ရသေးသည့်အတွက် မသေရာ အမြိုက်နိဗ္ဗာန်သို့ သွားရာ လမ်းမပေါ်သို့ မတက်ရောက်ဖူးသေးသူတို့သာ ဖြစ်ကြ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တို့သည်ကား သံသရာခရီး၌ ထပ်ကာ ထပ်ကာ တစ်ဘဝပြီး တစ်ဘဝ သေကျေပျက်စီးရမည့် သေဘေးဆိုးကြီးမှ မလွတ်မြောက်သေးသဖြင့် ထပ်ကာထပ်ကာသာ သေနေရမည့် ပုဂ္ဂိုလ်တွေဖြစ်ခြင်းကြောင့် အသက်ပင် ရှင်နေသော်လည်း သေနေသူတို့သာ ဖြစ်ကြ၏။
တစ်ဖန် သာမာဝတီမိဖုရားအမှူးရှိသော အမျိုးသမီး ငါးရာတို့သည်ကား မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို အောင်အောင်မြင်မြင် ဖြည့်ကျင့်ထားပြီးဖြစ်သည့် သူတော်ကောင်းတို့ ဖြစ်ကြ၏။ သီလကျင့်စဉ်ကို ဖြူဖြူစင်စင် ဖြည့်ကျင့်နေသူတို့လည်း ဖြစ်ကြ၏။ မေတ္တာစျာန်ကဲ့သို့သော သမာဓိကျင့်စဉ်များကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသူတို့လည်း ဖြစ်ကြ၏။ မေတ္တာစျာန်ဖြင့်လည်း နေလေ့ရှိကြသည့် မေတ္တာဝိဟာရီပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ အချို့ကား သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင်, အချို့ကား သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင်, အချို့ကား အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်သည့်တိုင်အောင် ပညာသိက္ခာ = ပညာကျင့်စဉ်ဟု ခေါ်ဆိုအပ်သည့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အောင်အောင်မြင်မြင် ဖြည့်ကျင့်ထားပြီးသူတို့လည်း ဖြစ်ကြ၏။ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်, သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်, အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု ခေါ်ဆိုအပ်သော မိမိတို့ ရရှိထားသည့် အသီးအသီးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုထားပြီးသူ မျက်မှောက်ပြုနိုင်သူတို့လည်း ဖြစ်ကြ၏။ မိမိတို့ ရရှိထားသည့် ဖိုလ်ဉာဏ်အသီးအသီးဖြင့် ဖလသမာပတ်ကို ဝင်စားလျက် မသေရာ အမြိုက် နိဗ္ဗာန် တရားတော်မြတ်ကြီးကို မျက်မှောက်ပြုကာ နေထိုင်နိုင်သူတို့လည်း ဖြစ်ကြ၏။ ထို့ကြောင့် ထိုသူတော်ကောင်းတို့သည် မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ဉာဏ်ဖြင့် တွေ့ထိနေသူတို့လည်း ဖြစ်ကြ၏။ မသေရာ အမြိုက်နိဗ္ဗာန်သို့သွားရာ မဂ္ဂင်ရှစ်ပါးတည်းဟူသော လမ်းမပေါ်သို့ တက်ရောက်ကာ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် လျှောက်သွားနေသူတို့လည်း ဖြစ်ကြ၏။ ထိုသူတော်ကောင်းတို့ ထိုးထွင်း သိမြင်အပ်ပြီးသော နိဗ္ဗာန်တရားတော်မြတ်ကြီး၏ သန္တိသုခ = အငြိမ်းဓာတ် ချမ်းသာကြီး၏ ပျက်စီးသွားခြင်းမည်သည် မရှိသည်သာ ဖြစ်၏။ တစ်နေ့တွင် မသေရာ အမြိုက်နိဗ္ဗာန်သို့ ဧကန် ဆိုက်ရောက်မည့် သူတော်ကောင်းတို့သာ ဖြစ်ကြ၏။ ထိုသို့ မိမိရရှိထားသည့် နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီး၏ ယုတ်လျော့ ပျက်စီးသွားမှုမရှိခြင်း, မသေရာ အမြိုက်နိဗ္ဗာန်သို့ တစ်နေ့တွင် ဧကန် ဆိုက်ရောက်မည် ဖြစ်ခြင်းကြောင့် ထိုပုဂ္ဂိုလ်တို့သည် သေပင်သေသော်လည်း မသေသူတို့သာ ဖြစ်ကြလေသည်။ ရှင်သူတို့သာ ဖြစ်ကြလေသည်။
ဤစာမူကို ဖတ်ရှုနေသော သူတော်ကောင်းတို့သည်လည်း သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို အောင်အောင်မြင်မြင် ဖြည့်ကျင့်နိုင်ကြသဖြင့် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုနိုင်ကြကာ မသေသူများအဖြစ်သို့ ရောက်ရှိကြကုန်ပြီးလျှင် တစ်ဦးနှင့်တစ်ဦး မုန်းတီးခြင်း၏ အကြောင်းရင်းစစ် ဖြစ်ကြကုန်သော ကိလေသာ အညစ်အကြေးတို့ကို မိမိတို့ရရှိခဲ့သည့် အရိယမဂ်တရားဖြင့် ပယ်ရှားနိုင်ကြပြီးလျှင် တစ်ဦးနှင့်တစ်ဦး မမုန်းသူများဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေ။ သာမာဝတီ မိဖုရားအမှူးရှိသည့် သူတော်ကောင်းတို့ကဲ့သို့ အောင်အောင်မြင်မြင် မေတ္တာစျာန်များကို ဝင်စားနိုင်ကြပါစေဟု တိုက်တွန်းလျက် မမုန်းပါစေနှင့်ဟူသော ဤကျမ်းစာကို အဆုံးသတ်လိုက်ပါသတည်း။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
ဘုရားရှင်၏ အဆုံးအမသာသနာတော်သည် အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒ္ဓမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
___________
Comments
Post a Comment