ဓမ္မစကြာနှင့် ဝိပဿနာတရားတော်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ = မိတ်ဆက်လွှာ
တထာဂတအမည်ရတော်မူခြင်း
သုံးလောကထွဋ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ကို တထာဂတဟူ၍ ခေါ်ဆိုရခြင်း၌ အကြောင်းတရားများ များစွာရှိနေကြ၏။ ယင်းအကြောင်း တရားများစွာတို့အနက် အကြောင်းတရား တစ်မျိုးမှာ ဤသို့ဖြစ်၏။
ယဉ္စ ဘိက္ခဝေ ရတ္တိံ တထာဂတော အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဇ္ဈတိ၊ ယဉ္စ ရတ္တိံ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယတိ၊ ယံ ဧတသ္မိံ အန္တရေ ဘာသတိ လပတိ နိဒ္ဒိသတိ၊ သဗ္ဗံ တံ တထေဝ ဟောတိ၊ နော အညထာ။ တသ္မာ တထာဂတောတိ ပဝုစ္စတိ။(ဒီ၊၃၊၁၁၁။ အံ၊၁၊၃၃၂။)
ရဟန်းတို့ ...တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရား သည် အကြင်ညဉ့်၌လည်း အတုမရှိ အမြတ်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူ၏။ (မဟာ သက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ ညဖြစ်၏။)
အကြင်ညဉ့်၌လည်း ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ဝင်စံတော်မူ၏။ (မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့ ညဖြစ်၏။)
ထိုညဥ့်နှစ်ညဉ့်တို့၏ အတွင်း၌ လေးဆဲ့ငါးဝါ ကာလပတ်လုံး အကြင် တရားတော်ကို ဟောကြားတော်မူ၏၊ မြွက်ဟတော်မူ၏၊ ညွှန်ပြတော်မူ၏။ ထိုဟောပြော-မြွက်ဟ-ညွှန်ပြတော်မူအပ်သော တရားအလုံးစုံသည် ဟော ကြားတော်မူသည့်အတိုင်း, မြွက်ဟတော်မူသည့်အတိုင်း, ညွှန်ပြတော်မူသည့် အတိုင်း မှန်သည်သာလျှင် ဖြစ်၏။ မမှန်ဟူသော အခြားတစ်မျိုးသော အခြင်း အရာအားဖြင့် မဖြစ်ပေ။ ထိုကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ၊၃၊၁၁၁။အံ၊၁၊၃၃၂။)
ဘုရားရှင်သည် သမ္မာသမ္ဗောဓိ အမည်ရသည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ရတော်မူသည့် နေ့မှစ၍ ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်း ဒုက္ခဇာတ်သိမ်းတော်မူသည့် နေ့သို့တိုင်အောင် လေးဆဲ့ငါးဝါတို့ ကာလပတ်လုံး ဟောကြားညွှန်ပြ ဆိုဆုံးမထားတော်မူအပ်သော တရားတော် မှန်သမျှသည် ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏။ မမှန်ဟူသော အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။
ထိုကြောင့် ဓမ္မစက္ကပ္ပဝတ္တန သုတ္တန်တည်းဟူသော ဤတရားဒေသနာ တော်သည်လည်း ဟောကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း မှန်သည်သာ လျှင် ဖြစ်၏၊ မမှန်ဟူသော အခြားတစ်ပါးသော အခြင်းအရာအားဖြင့်ကား မဖြစ်ပေ။ အရိယာသူမွန်တို့သာ ထိုးထွင်းသိမြင်အပ်သည့် သစ္စာလေးရပ် တရားမြတ်ကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လိုသော သူတော်ကောင်း သူမြတ်လောင်း မှန်သမျှသည် တထာဂတ အမည်ရတော်မူသော ဘုရားရှင် အပေါ်၌သော်လည်းကောင်း, ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူသည့် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် အဝင်အပါဖြစ်သည့် တရားဒေသနာတော် အပေါ်၌သော်လည်းကောင်း, ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမတော်မူသည့်အတိုင်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားတို့ကို စနစ်တကျ ရိုသေကျိုးနွံစွာ ယုံမှားသံသယကင်းရှင်းစွာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူကြသဖြင့် သစ္စာလေးပါးကို ထိုးထွင်း သိမြင်တော်မူကြသည့် အရှင်ကောဏ္ဍည အမှူးရှိသည့် အရိယာသံဃာတို့ အပေါ်၌သော်လည်းကောင်း ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိဖို့ကား အလွန် လိုအပ်လှပေသည်။
အဘယ်အကြောင်းကြောင့်ပါနည်း
တထာဂတအမည် ရရှိတော်မူသော ဘုရားရတနာ, မဂ်လေးပါး ဖိုလ် လေးပါး နိဗ္ဗာန်ဟူသည့် လောကုတ္တရာတရား ကိုးပါးနှင့်တကွ တထာဂတ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ပရိယတ်တရား တော်ဟူသည့် ဆယ်တန်သော တရားရတနာ, အရှင်ကောဏ္ဍည ကဲ့သို့သော အရိယာသံဃာရတနာ, ကံ-ကံ၏အကျိုးတရား စသည်တို့သည်ကား ယုံကြည် မှု သဒ္ဓါတရား ထင်ရှားဖြစ်ပေါ်လာဖို့ရန် သဒ္ဓါတရား၏ တည်ရာ သဒ္ဓေယျ ဝတ္ထုတို့ ဖြစ်ကြ၏။ ယင်းသဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်သော သဒ္ဓါတရားကား-
၁။ လက်နှင့်လည်း တူ၏။
၂။ စည်းစိမ်ဥစ္စာနှင့်လည်း တူ၏။
၃။ မျိုးစေ့နှင့်လည်း တူ၏။
ကုသလာနံ ဓမ္မာနံ အာဒါနေ ဟတ္ထော ဝိယ, သဗ္ဗသမ္ပတ္တိနိပ္ဖါဒနေ ဝိတ္တံ ဝိယ, အမတကသိဖလဖလနေ ဗီဇံ ဝိယ ဒဋ္ဌဗ္ဗာ။ (မူလဋီ- ၁-၈၉။)
လက်နှင့်တူပုံ
သဒ္ဓါ ဟတ္ထော မဟာနာမ အရိယသာဝကော = ဒါယကာ မဟာနာမ် ... အရိယသာဝကသည် သဒ္ဓါတရားတည်းဟူသော လက်ရှိ၏ဟု ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏။ ပတ္တမြားထွက်သော ကျောက်တောင် သို့ ရောက်သောအခါ မကျိုးမပျက် ကောင်းမွန်သော လက်ရှိသော ပုဂ္ဂိုလ် သည်သာ ထိုရတနာတို့ကို ကောက်ယူနိုင်၍ ကောင်းမွန်သော လက်မရှိသူ ကား ထိုရတနာတို့ကို မကောက်ယူနိုင်သကဲ့သို့၊ အလားတူပင် မဂ်ဖိုလ် နိဗ္ဗာန်တိုင်အောင်သော တရားရတနာတို့ ထွက်ပေါ်ရာ ဗုဒ္ဓသာသနာတော် တည်းဟူသော ရတနာတောင်ကြီးဝယ် သဒ္ဓါတရား တည်းဟူသော လက်ရှိ သော သူတို့သည်သာလျှင် ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ် ဝိပဿနာကုသိုလ် မဂ်ကုသိုလ်ဟူသော ကုသိုလ်ရတနာတို့ကို ကောက်ယူ နိုင်၏၊ သဒ္ဓါလက် မပါသူကား ကောက်မယူနိုင်။ ထို့ကြောင့် သဒ္ဓါတရားသည် လက်နှင့်လည်း တူ၏။
ဥစ္စာနှင့်တူပုံ
သဒ္ဓီဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ = ဤလောက၌ ယောကျ်ား၏ အမြတ်ဆုံး စည်းစိမ်ဥစ္စာကား သဒ္ဓါတရားတည်း။ (သံ၊၁၊၂၁၆။) ဟူသော ယက္ခသံယုတ် အာဠာဝကသုတ် ပါဠိတော်နှင့်အညီ ရတနာအမျိုးမျိုးတို့ကို ရောင်းချရာ ရတနာစျေးကြီး အတွင်းသို့ ရောက်ရှိသွားသောသူသည် မိမိ၌ ဝယ်ယူဖို့ရန် လက်ဝယ်ပိုင်ဆိုင်သည့် ဥစ္စာပါမှသာလျှင် ထိုရတနာတို့ကို ဝယ်ယူနိုင်၏။ ဥစ္စာမပါသူကား ထိုရတနာတို့ကို မဝယ်ယူနိုင်သကဲ့သို့ --- အလားတူပင် ဗုဒ္ဓ သာသနာတော် တည်းဟူသော သီလရတနာ သမာဓိရတနာ ဝိပဿနာပညာ ရတနာ မဂ်ပညာရတနာ ဖိုလ်ပညာရတနာစသည့် ရတနာ အမျိုးမျိုးတို့ကို ရောင်းချရာ ရတနာစျေးတော်ကြီးဝယ် သဒ္ဓါတရား တည်းဟူသော ဥစ္စာနှစ် ပါသူသည်သာလျှင် သဒ္ဓါ, သီလ, သုတ, စာဂ, ပညာစသည့် သူတော်ကောင်း ရတနာများကို ဝယ်ယူနိုင်၏။ သဒ္ဓါဥစ္စာ လက်ဝယ်မပါလာသူကား ထိုရတနာ တို့ကို မဝယ်ယူနိုင်။ ထို့ကြောင့် သဒ္ဓါသည် စည်းစိမ်ဥစ္စာနှင့်လည်း တူ၏။
မျိုးစေ့နှင့်တူပုံ
သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ။ (သံ၊၁၊၁၇၅။) ဟူသော ဗြာဟ္မဏသံယုတ် ကသိဘာရဒွါဇသုတ် ပါဠိတော်နှင့်အညီ မိုးလေကောင်းမွန်နေသော ဥတု ရေမြေဝယ် မျိုးစေ့ရှိသူသည်သာလျှင် စိုက်ပျိုးကြဲချ၍ အသီးအနှံတို့ကို ရအောင် ယူနိုင်၏။ မျိုးစေ့မရှိသူကား မကြဲနိုင် မစိုက်ပျိုးနိုင်သဖြင့် အသီး အနှံတို့ကို မရနိုင်သကဲ့သို့၊ အလားတူပင် သီလသာသနာ သမာဓိ သာသနာ ပညာသာသနာစသည့် တရားတည်းဟူသော မိုးလေများ ကောင်းမွန်နေသော သာသနာ့မြေဝယ် သဒ္ဓါမျိုးစေ့ ရှိသူသည်သာလျှင် ထိုမျိုးစေ့ကို ကြဲချစိုက်ပျိုး ခြင်းဖြင့် သူတော်ကောင်းတရား တည်းဟူသော အသီးအနှံများကို ရရှိနိုင်၏။ ယင်းအသီးအနှံတို့ကား သီလသာသနာ သမာဓိသာသနာ ပညာသာသနာ တည်းဟူသော သာသနာ့မြေဝယ် ထွန်ယက်ကြဲချ စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်သော အမတကသိဖလဟူသည့် မဂ်သီးဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများပင်တည်း။ သီလသာသနာ သမာဓိသာသနာ ပညာသာသနာ ဟူသော သာသနာ့မြေဝယ် ကြဲချစိုက်ပျိုးလိုက်သော သဒ္ဓါမျိုးစေ့က ယင်း မဂ်သီးဖိုလ်သီး အမြိုက်နိဗ္ဗာန်ဟူသော အသီးများကို ပွင့်စေ သီးစေနိုင်၏။
သဒ္ဓါမျိုးစေ့ မရှိသူကား သာသနာ့မြေဝယ် ထွန်ယက်စိုက်ပျိုးခြင်း လုပ်ငန်းကို မပြုလုပ်နိုင်၊ သဒ္ဓါတရားမရှိက, သဒ္ဓါမျိုးစေ့မရှိက မဂ်ဖိုလ် နိဗ္ဗာန် တည်းဟူသော အပွင့်အသီးတို့ကို ပွင့်စေသီးစေတတ်သော ဒါန, သီလ, သမထ, ဝိပဿနာ ကုသိုလ်တရားတို့ကို မပြုလုပ်နိုင်။ ထို့ကြောင့် သဒ္ဓါတရား သည် မျိုးစေ့နှင့်လည်း တူ၏။
ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ကို နာယူနေသော သို့မဟုတ် ဖတ်ရှုနေသော သူတော်ကောင်း တစ်ဦးသည်လည်း ဗွေဆော်ဦးတရားဖြစ်သည့် ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန်၌ လာရှိသည့် သစ္စာလေးပါးနှင့်စပ်သော တရားစကားတော်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝရှိဖို့ကား လိုအပ်ပါသည်။
မယုံတစ်ဝက် ယုံတစ်ဝက် မျက်လုံးဖြင့် ကြည့်ရှုခြင်း, နားဖြင့် နားထောင် ခြင်းတို့ကား ကျောက်မျက်ရတနာ အစစ်အမှန်ကို အတုအပ ကျောက်ခဲဟု ထင်ကာ အတုအပဖြစ်သည့် ကျောက်တုံး ကျောက်ခဲကို မွန်မြတ်သည့် ရတနာအစစ်ဟု ယူဆသည်နှင့်လည်း တူပေသည်။ အတုကို အတုမှန်းသိကာ ရှောင်ကြဉ်နိုင်သည့် စွမ်းအားရှိဖို့, အစစ်ကို အစစ်မှန်းသိကာ သိမ်းပိုက် ထားနိုင်သည့် စွမ်းအားရှိဖို့ကား အထူး လိုအပ်လှပေသည်။
≻
ဓမ္မစက္ကဆိုသည်မှာ
ဓမ္မစက္ကေတိ ပဋိဝေဓဉာဏေ စေဝ ဒေသနာဉာဏေ စ။ (သံ၊ဋ္ဌ၊၃၊၃၂၈။)
ဓမ္မစက္က = ဓမ္မစကြာဟူသည် ဘုရားရှင်၏ သစ္စာလေးပါးကို ထိုးထွင်း သိမြင်သည့် ပဋိဝေဓဉာဏ်တော်မြတ်ကိုလည်း ဓမ္မစက္က = ဓမ္မစကြာဟု ခေါ်ဆို၏။ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ကို ဟောကြားတော်မူတတ်သည့် ဘုရားရှင်၏ ဒေသနာဉာဏ်တော်မြတ်ကိုလည်း ဓမ္မစက္က = ဓမ္မစကြာဟု ခေါ်ဆို၏။
သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ မရောက်မချင်း ဤနေရာမှ ငါသည် အဘယ်သောအခါမျှ မထ-ဟု အလွန်မြဲမြံ ခိုင်မာသည့် ဆုံးဖြတ်ချက်ဖြင့် ဗောဓိပင်ခြေ မြတ်သောပလ္လင်ဗွေထက်၌ ထိုင်၍ သီတင်းသုံးနေတော်မူသော ဘုရားရှင်၏ သန္တာန်တော်၌ သမထ-ဝိပဿနာ ဘာဝနာတို့ကို အဆင့်ဆင့် ကြိုးပမ်းတော်မူသဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့၌ သစ္စာတစ်ပါး တစ်ပါးလျှင် သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဟု သုံးမျိုးစီပြားရကား- တစ်ဆယ့်နှစ်မျိုးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော သစ္စာလေးပါး ကို ထိုးထွင်းသိမြင်သည့် ပဋိဝေဓဉာဏ်တော်မြတ်ကိုလည်း ဓမ္မစက္ကဟု ခေါ် ဆို၏။
ဗာရာဏသီပြည်၏အနီး ဣသိပတနအမည်ရသော မိဂဒါဝုန် တောရဂုံ အတွင်းဝယ် ဗွေဆော်ဦးတရားဖြစ်သည့် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ကို ဟော ကြားတော်မူလျက် ထိုင်၍ သီတင်းသုံး စံနေတော်မူသော ဘုရားရှင်၏ သန္တာန် တော်၌ တစ်ဆယ့်နှစ်မျိုးသော အခြင်းအရာရှိသော သစ္စာဒေသနာတော်ကို ဖြစ်စေတတ်သော ဒေသနာဉာဏ်တော်မြတ်ကိုလည်း ဓမ္မစက္ကဟုပင် ခေါ်ဆို ၏။
ထိုပဋိဝေဓဉာဏ်တော် ဒေသနာဉာဏ်တော်ဟူသည့် နှစ်မျိုးလုံးသော ဉာဏ်တော်သည်လည်း ကိုယ်တော်အားဆယ်ပါး ဉာဏ်တော်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ နှလုံးသားအတွင်း ဟဒယဝတ္ထုရုပ်ကို မှီတွယ် ကာ ဖြစ်ပေါ်လာသည့် ဉာဏ်တော်မြတ်တို့သာ ဖြစ်ကြ၏။
ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ဒေသနာတော်ကို ထင်ရှားဟောပြတော် မူခြင်းဖြင့် ဘုရားရှင်သည် ဓမ္မစက္က = တရားဓမ္မစက်ကို လည်ပတ်စေသည် မည်၏။ ဗြဟ္မာ (၁၈) ကုဋေတို့နှင့် အတူတကွ အရှင်အညာသိကောဏ္ဍည မထေရ်သည် သောတာပတ္တိဖိုလ်၌တည်ဆဲ အချိန်အခါကာလ၌ကား ဘုရား ရှင်က ထိုတရားဓမ္မစက်ကို လည်ပတ်နေသည် မည်၏။
ထိုပုဂ္ဂိုလ်တို့ သောတာပတ္တိဖိုလ်၌ တည်ပြီးသည့် နောက်၌ကား ထို တရားဓမ္မစက်ကို လည်ပတ်စေပြီးသည် မည်ပေသည်။ ယခု ဓမ္မစက္ကပ္ပဝတ္တန သုတ္တန်ကို နာယူနေသော ဖတ်ရှုနေသော အချိန်ကား ထိုတရားဓမ္မစက်ကို လည်ပတ်စေတော်မူပြီးရာ အခါပင် ဖြစ်ပေသည်။ ဘုရားရှင်က လည်ပတ် စေတော်မူပြီးသည့် ထို တရားဓမ္မစက်အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိသူ သူတော်ကောင်းတို့သည်သာလျှင် သီလသာသနာ, သမာဓိ သာသနာ, ပညာသာသနာ တည်းဟူသော သာသနာမြေ၌ ယုံကြည်ချက် သဒ္ဓါတရားတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးနိုင်ပါမှ မဂ်သီးဖိုလ်သီး အမြိုက်နိဗ္ဗာန်တည်းဟူသော အသီးတို့ကို သုံးဆောင်ခံစားရမည် ဖြစ်ပေ သည်။
ကြိုတင်သိထားသင့်သောအကြောင်းအရာများ
ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ကို နာကြားရာ ဖတ်ရှုရာတို့၌ ကြိုတင်သိထား သင့်သော အကြောင်းအရာတို့ ရှိနေကြပေ၏။ အထူးသဖြင့် သစ္စာလေးပါး နှင့် ဆက်စပ်သည့် အကြောင်းအရာအချို့တို့ကို သိထားသင့်ပေသည်။ ဤ ကျမ်းစာတွင် သစ္စာလေးပါးအကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြ ထား၏။ သို့သော် ထိုရှင်းလင်းချက်တို့အပြင် နောက်ထပ် သိထားသင့်သော အကြောင်းအရာအချို့တို့လည်း ရှိနေကြသေးကုန်၏။ ထိုအကြောင်းအရာ အချို့တို့ကို အကျဉ်းချုပ်ကာ ဆက်လက် တင်ပြအပ်ပါသည်။
ဒုက္ခသစ္စာတရား
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။)
ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ပါဠိတော်နှင့်အညီ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာမည်ရကား ထိုဒုက္ခသစ္စာ အမည်ရသည့် တရားစုတို့ကို နားလည်ထားသင့်ပေသည်။ ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာဟု ဥပါဒါနက္ခန္ဓာ ငါးပါးရှိ၏။ ယင်းဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဒုက္ခသစ္စာမည်၏။ ထိုတွင် ရူပုပါဒါနက္ခန္ဓာ စာရင်းတွင် အကျုံးဝင်သော ရုပ် (၂၈)ပါးကို ရှေးဦးစွာ တင်ပြ ပေအံ့ -
ရုပ် (၂၈) ပါး
နိပ္ဖန္နရုပ် = ရုပ်အစစ် (၁၈) ပါး
ဓာတ်ကြီးလေးပါး
၁။ ပထဝီဓာတ် = မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့သဘော၊
၂။ အာပေါဓာတ် = ယိုစီး, ဖွဲ့စည်းသဘော,
၃။ တေဇောဓာတ် = ပူ, အေးသဘော,
၄။ ဝါယောဓာတ် = ထောက်ကန်, တွန်းကန်သဘော,
ပသာဒရုပ် = အကြည်ရုပ် (၅) ပါး
၅။ စက္ခုပသာဒ = မျက်စိအကြည်,
၆။ သောတပသာဒ = နားအကြည်,
၇။ ဃာနပသာဒ = နှာအကြည်,
၈။ ဇိဝှါပသာဒ = လျှာအကြည်,
၉။ ကာယပသာဒ = ကိုယ်အကြည်,
အာရုံရုပ် (၇) ပါး
၁၀။ ရူပါရုံ = အရောင် = အဆင်း = ဝဏ္ဏ,
၁၁။ သဒ္ဒါရုံ = အသံ,
၁၂။ ဂန္ဓာရုံ = အနံ့,
၁၃။ ရသာရုံ = အရသာ,
ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ (= ပထဝီ+တေဇော+ဝါယော)၊
ဘာဝရုပ် (၂) ပါး
၁၄။ ဣတ္ထိဘာဝရုပ် = အမျိုးသ္မီး ဖြစ်ကြောင်းရုပ်,
၁၅။ ပုရိသဘာဝရုပ် = အမျိုးသား ဖြစ်ကြောင်းရုပ်၊
ဟဒယဝတ္ထုရုပ် (၁) ပါး
၁၆။ ဟဒယဝတ္ထုရုပ် = မနောဓာတ်+ မနောဝိညာဏဓာတ်ဟူသော အသိစိတ် တို့၏ မှီရာရုပ်၊
ဇီဝိတရုပ် (၁) ပါး
၁၇။ ဇီဝိတိန္ဒြေ = သက်စောင့်ရုပ် = သက်စောင့်ဓာတ်၊
အာဟာရဇရုပ် (၁) ပါး
၁၈။ ကဗဠီကာရာဟာရ = စားမျိုအပ်သော အစာအာဟာရ၌ ပါဝင်တည်ရှိ သော အဆီအစေးဩဇာလျှင် တည်ရာဝတ္ထုရှိသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာ၊ (ဤကျမ်းစာ စာမျက်နှာ-၃၇၃တွင် ကြည့်ပါ။)
ဤသည်တို့ကား ရုပ်အစစ် (၁၈)မျိုးတို့တည်း။ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ခြင်းငှာထိုက်သော သမ္မသနရုပ်တို့တည်း။
အနိပ္ဖန္နရုပ် = ရုပ်အတု (၁၀) ပါး
ပရိစ္ဆေဒရုပ် (၁) ပါး
၁။ အာကာသဓာတ် = ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သော ပရိစ္ဆေဒ ရုပ်၊
ဝိကာရရုပ် (၅) ပါး
၂။ ကာယဝိညတ် = ကိုယ်ဖြင့်သိစေတတ်သော ကိုယ်အမူအရာ,
၃။ ဝစီဝိညတ် = နှုတ်ဖြင့် = စကားသံဖြင့် သိစေတတ်သော နှုတ် အမူအရာ,
၄။ လဟုတာ = စိတ်, ဥတု, အာဟာရကြောင့်ဖြစ်သော စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့၏ ပေါ့မှုသဘော,
၅။ မုဒုတာ = စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့၏ နူးညံ့မှုသဘော,
၆။ ကမ္မညတာ = စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့၏ ထိုထိုကွေးခြင်း ဆန့်ခြင်းစသောအမှု၌ ကောင်းမွန်ခံ့ညားမှုသဘော၊
လက္ခဏရုပ် (၄) ပါး
၇။ ဥပစယ = (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်း သဘော = အာစယ
( ခ ) ဣန္ဒြေပြည့်စုံသည့်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက် သမျှသော ရုပ်တို့၏ အပြည့်အစုံ ဖြစ်သည့်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်း သဘော = ဥပစယ၊
၈။ သန္တတိ = ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေ့နှင့် နောက် အစဉ်မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ခြင်း သဘော၊
၉။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း, အိုခြင်း, ဆွေးမြေ့ခြင်းသဘော = ရုပ်အစစ်တို့၏ ဌီကာလ၊
၁၀။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်းသဘော = ဘင်ကာလ။
ဤရုပ်အတု (၁၀)မျိုးတို့ကား လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ မရှုကောင်းသော ရုပ်တရားတို့တည်း။ သို့အတွက် ဝိပဿနာပိုင်းတွင် ဤရုပ်အတုတို့ကို ချန်လှပ်ထားပါ။ သို့သော် ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် ယင်းရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်း ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅)နှင့် မဇ္ဈိမနိကာယ် မဟာရာဟုလောဝါဒသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၉၇။)တို့က ညွှန်ကြားထားတော်မူကြသည်။ အာကာသဓာတ်ကို ရှုရန် မဟာရာဟုလောဝါဒသုတ္တန် စသည်တို့၌ ညွှန်ကြား ထားတော်မူ၏။ လက္ခဏာဟာရနေတ္တိနည်းအရ ဥပါဒါရုပ်ဖြစ်ခြင်း သဘော လက္ခဏာအားဖြင့် တူညီရကား ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစုကာ ဟောကြားသွားတော်မူခြင်း ဖြစ်သည်ဟု အကြောင်းပြထား တော်မူ၏။ (မ၊ဋ္ဌ၊၃၊၉၇။)
ရုပ်တို့၏ဖြစ်ပုံသဘော
ဤအထက်တွင် တင်ပြထားသော ရုပ်တို့သည် တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိဘဲ အုပ်စုခေါ်သည့် ရုပ်ကလာပ်အလိုက်သာ ဖြစ်နိုင်သည့် စွမ်းအား ရှိကြ၏။ ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ကလာပ်တူရုပ်တရားဟု ခေါ်၏။ ယင်းကလာပ်တူရုပ်တို့သည် -
၁။ ဧကုပ္ပါဒ = ပြိုင်တူဖြစ်၏,
၂။ ဧကနိရောဓ = ပြိုင်တူချုပ်၏,
၃။ ဧကနိဿယ = ကလာပ်တူမဟာဘုတ်ကို မှီသဖြင့် မှီရာတူ၏။
ယင်းရုပ်ကလာပ်တို့မှာ ကမ္မဇကလာပ် (၉)စည်း, စိတ္တဇကလာပ် (၈)စည်း, ဥတုဇကလာပ် (၄)စည်း, အာဟာရဇကလာပ် (၂)စည်း - ပေါင်း (၂၃)စည်း ရှိကြ၏။ ဤကား အမျိုးအစားကိုသာ ဆိုလိုသည်။ တစ်မျိုးတစ်မျိုး ၌ အရေအတွက်ကား များစွာရှိသည်သာ ဖြစ်သည်။
ကမ္မဇရုပ်ကလာပ် (၉) စည်း
၁။ စက္ခုဒသကကလာပ် = စက္ခုအကြည်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်,
၂။ သောတဒသကကလာပ် = သောတအကြည်လျှင် (၁၀)ခုမြောက် ရှိသော ရုပ်ကလာပ်,
၃။ ဃာနဒသကကလာပ် = ဃာနအကြည်လျှင် (၁၀)ခုမြောက် ရှိ သော ရုပ်ကလာပ်,
၄။ ဇိဝှါဒသကကလာပ် = ဇိဝှါအကြည်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်,
၅။ ကာယဒသကကလာပ် = ကာယအကြည်လျှင် (၁၀)ခုမြောက် ရှိ သော ရုပ်ကလာပ်,
၆။ ဣတ္ထိဘာဝဒသကကလာပ် = ဣတ္ထိဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်,
၇။ ပုမ္ဘာဘာဝဒသကကလာပ် = ယောကျ်ားဘာဝရုပ်လျှင် (၁၀)ခုမြောက် ရှိသော ရုပ်ကလာပ်,
၈။ ဟဒယဒသကကလာပ် = ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက် ရှိ သော ရုပ်ကလာပ်,
၉။ ဇီဝိတနဝကကလာပ် = ဇီဝိတလျှင် (၉)ခုမြောက်ရှိသော ရုပ် ကလာပ်၊
စိတ္တဇရုပ်ကလာပ် (၈) စည်း
၁။ စိတ္တဇသုဒ္ဓဋ္ဌကကလာပ် = သက်သက်သော စိတ္တဇဩဇဋ္ဌမကကလာပ် = ဩဇာလျှင် (၈)ခုမြောက်ရှိသော သက်သက်သော စိတ္တဇရုပ်ကလာပ်,
၂။ ကာယဝိညတ္တိနဝကကလာပ် = ကာယဝိညတ်လျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်,
၃။ လဟုတာဒေကာဒသကကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက် ရှိသော ရုပ်ကလာပ်,
၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် = ကာယဝိညတ် လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်,
၅။ ဝစီဝိညတ္တိဒသကကလာပ် = ဝစီဝိညတ်+ အသံလျှင် (၁၀)ခုမြောက် ရှိသော ရုပ်ကလာပ်,
၆။ ဝစီဝိညတ္တိလဟုတာဒိတေရသကကလာပ် = ဝစီဝိညတ် + အသံ + လဟုတာစသည်လျှင် (၁၃)ခုမြောက်ရှိသော ရုပ်ကလာပ်,
၇။ အဿာသပဿာသစိတ္တဇသဒ္ဒနဝကကလာပ် = အဿာသပဿာသစိတ်ကြောင့်ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်,
၈။ အဿာသပဿာစိတ္တဇသဒ္ဒလဟုတာဒိဒွါဒသကကလာပ် = အဿာသပဿာသစိတ်ကြောင့်ဖြစ်သော အသံ, လဟုတာစသည်လျှင် (၁၂)ခု မြောက်ရှိသော ရုပ်ကလာပ်၊
ဥတုဇရုပ်ကလာပ် (၄) စည်း
၁။ ဥတုဇသုဒ္ဓဋ္ဌကကလာပ် = ဥတုကြောင့်ဖြစ်သော သက်သက်သော ဩဇာ လျှင် (၈)ခုမြောက်ရှိသော ရုပ်ကလာပ်,
၂။ ဥတုဇသဒ္ဒနဝကကလာပ် = ဥတုကြောင့်ဖြစ်သော အသံလျှင် (၉)ခု မြောက်ရှိသော ရုပ်ကလာပ်,
၃။ လဟုတာဒေကာဒသကကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက် ရှိသော ရုပ်ကလာပ်,
၄။ သဒ္ဒလဟုတာဒိဒွါဒသကကလာပ် = အသံ, လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊
အာဟာရဇရုပ်ကလာပ် (၂) စည်း
၁။ အာဟာရဇသုဒ္ဓဋ္ဌကကလာပ် = အာဟာရကြောင့်ဖြစ်သော သက်သက် သော ဩဇာလျှင် (၈)ခုမြောက်ရှိသော ရုပ်ကလာပ်,
၂။ လဟုတာဒေကာဒသကကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက် ရှိသော ရုပ်ကလာပ်၊
အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့က ငါ-ငါ့ဟာဟု စွဲယူအပ်သော ဤရုပ်တရားအားလုံးကို ရူပုပါဒါနက္ခန္ဓာဟူ၍ ခေါ်ဆိုအပ် ပေသည်။
ဝိညာဏုပါဒါနက္ခန္ဓာ
အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော တဏှာဒိဋ္ဌိတို့က ငါ-ငါ့ဟာ ဟု စွဲယူရာဖြစ်သော လောကီဝိညာဏဓာတ် (၆)ပါးသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။
ဝိညာဏ် (၆) ပါး
၁။ စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ်,
၂။ သောတဝိညာဏ် = သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိသောစိတ်,
၃။ ဃာနဝိညာဏ် = ဃာနဝတ္ထုကို မှီဖြစ်၍ ဂန္ဓာရုံကို သိသောစိတ်,
၄။ ဇိဝှါဝိညာဏ် = ဇိဝှါဝတ္ထုကို မှီဖြစ်၍ ရသာရုံကို သိသောစိတ်,
၅။ ကာယဝိညာဏ် = ကာယဝတ္ထုကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိသောစိတ်,
၆။ မနောဝိညာဏ် = ဟဒယဝတ္ထုရုပ်ကို မှီဖြစ်၍ ဓမ္မာရုံနှင့်တကွ အာရုံ (၆)မျိုးလုံးကို သိသောစိတ်,
ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော မနောဝိညာဏ်မှာ လောကီ ဖြစ်သော ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်, ပဉ္စဝိညာဏ်မှတစ်ပါးသော ဝိပါက်ဝိညာဏ် (= ပဋိသန္ဓေဝိညာဏ်, ဘဝင်ဝိညာဏ်, စုတိဝိညာဏ်, အာရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းဝိညာဏ်, အာရုံကိုစုံစမ်းသော သန္တီရဏဝိညာဏ်, ဇောယူသည့် အာရုံကို ဆက်လက်ယူသော တဒါရုံဝိညာဏ်)နှင့် ကိရိယာဝိညာဏ် (= ပဉ္စာရုံကို ဆင်ခြင်သော ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်သကဲ့သို့ဖြစ်သော ဝုဋ္ဌော, မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော မနောဒွါရာဝဇ္ဇန်း)တို့ ပါဝင်ကြသည်။
မဟာကြိယာ ရူပါဝစရကြိယာ အရူပါဝစရကြိယာနှင့် ပြုံးရွှင်မှုကို ဖြစ် စေတတ်သော ဟသိတုပ္ပါဒ်စိတ်တို့ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာ ဖြစ်ကြသဖြင့် ပုထုဇန် သေက္ခတို့၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ် ကြပေ။
ကုသိုလ်တရားတို့တွင် ရူပါဝစရစျာန် အရူပါဝစရစျာန်တို့လည်း ပါဝင်ကြ ၏။ စျာန်ရသူတို့ကား ယင်း စျာန်နာမ်တရားတို့ကိုပါ ဝိပဿနာရှုရ၏။
ဝိညာဏ်နှင့် အသိစိတ်မှာ အဓိပ္ပါယ်တူ ပရိယာယ်စကားလုံးတို့ ဖြစ်ကြ ၏။ ဤဝိညာဏ်ဟူသည့် အသိစိတ်တို့သည် ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ တည်းဟူသော စေတသိက်တို့နှင့် ထိုက်သလို ယှဉ်တွဲဖြစ်ကြ၏။ ယင်းစေတသိက်တို့မှာ (၅၂) မျိုး ရှိ၏။ ယင်း စေတသိက် တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
စေတသိက် (၅၂) မျိုး
စိတ်အားလုံး၌ယှဉ်သော သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) လုံး
၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း သဘော = အာရုံနှင့် အသိစိတ်ကို ဆက်သွယ်ပေးခြင်း သဘော,
၂။ ဝေဒနာ = အာရုံ၏အရသာကို ခံစားခြင်းသဘော, (သုခ-ဒုက္ခ-သောမနဿ- ဒေါမနဿ-ဥပေက္ခာဟု ငါးမျိုးပြား၏။)
၃။ သညာ = အာရုံကို မှတ်သားမှုသဘော,
၄။ စေတနာ = ယှဉ်ဖက်သမ္ပယုတ်တရား = စိတ်စေတသိက်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ပေးခြင်းသဘော,
၅။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်ခြင်းသဘော, (ရင့်ကျက်လာခဲ့သော် စွဲမြဲလာခဲ့သော် သမာဓိဟု ခေါ် ဆို၏။)
၆။ ဇီဝိတ = နာမ်သက်စောင့်ဓာတ်,
၇။ မနသိကာရ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ဦးလှည့်တွန်းပို့ ပေးခြင်းသဘော = အာရုံကို နှလုံးသွင်းခြင်းသဘော၊
ပြိုးပြွမ်းယှဉ်သော ပကိဏ်းစေတသိက် (၆) လုံး
၁။ ဝိတက် = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရှေးရှုတင်ပေးခြင်း သဘော,
၂။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော,
၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော,
၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော,
၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော,
၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊
အကုသိုလ်စေတသိက် (၁၄) လုံး
၁။ မောဟ = အာရုံ (= သစ္စာလေးပါး)ကို အမှန်အတိုင်း မသိခြင်း သဘော (= ယောက်ျားမိန်းမ စသည်ဖြင့် အသိမှားခြင်း သဘော),
၂။ အဟိရိက = အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မရှက်ခြင်း သဘော,
၃။ အနောတ္တပ္ပ = အကုသိုလ်တရား ဒုစရိုက်တရားတို့မှ မကြောက်ခြင်း သဘော,
၄။ ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်းသဘော,
၅။ လောဘ = အာရုံကို တပ်မက်ခြင်းသဘော (= တဏှာ = ရာဂ = နန္ဒီ)
၆။ ဒိဋ္ဌိ = ခံယူချက်မှားခြင်း = ယုံကြည်ချက်မှားခြင်းသဘော,
၇။ မာန = ငါဟု ထောင်လွှားတက်ကြွခြင်းသဘော,
၈။ ဒေါသ = စိတ်ခက်ထန်ကြမ်းတမ်းခြင်းသဘော,
၉။ ဣဿာ = ကိုယ့်ထက်သာ မနာလိုခြင်းသဘော,
၁၀။ မစ္ဆရိယ = ကိုယ့်စည်းစိမ်ကို ဝန်တိုခြင်းသဘော,
၁၁။ ကုက္ကုစ္စ = ပြုပြီးဒုစရိုက်, မပြုလိုက်မိသော သုစရိုက်တို့ကို နောင်တ တစ်ဖန် ပူပန်ခြင်းသဘော,
၁၂။ ဝိစိကိစ္ဆာ = ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရား စသည်တို့၌ ယုံမှားခြင်းသဘော = ဆုံးဖြတ်ချက် မချနိုင်ခြင်းသဘော,
၁၃။ ထိန = စိတ်၏ လေးလံထိုင်းမှိုင်းခြင်းသဘော,
၁၄။ မိဒ္ဓ = စေတသိက်တို့၏ လေးလံထိုင်းမှိုင်းခြင်းသဘော၊
သောဘဏသာဓာရဏစေတသိက်
အကောင်းစိတ်အားလုံးနှင့်ယှဉ်သော စေတသိက် (၁၉) လုံး
၁။ သဒ္ဓါ = ရတနာသုံးတန် ကံ-ကံ၏အကျိုး စသည်တို့၌ ယုံကြည်ခြင်းသဘော,
၂။ သတိ = အာရုံကို အမှတ်ရခြင်းသဘော,
၃။ ဟိရီ = အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ရှက်ခြင်း သဘော,
၄။ ဩတ္တပ္ပ = အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက် ခြင်းသဘော,
၅။ အလောဘ = အာရုံကို မတပ်မက်ခြင်းသဘော,
၆။ အဒေါသ = စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော,
(ရင့်ကျက်လာခဲ့သော် မေတ္တာဟုလည်း ခေါ်ဆို၏။)
၇။ တတြမဇ္ဈတ္တတာ = အာရုံ၌ စိတ်ကို အလယ်အလတ် အညီအမျှ ထားနိုင်ခြင်းသဘော,
၈။ ကာယပဿဒ္ဓိ = စေတသိက်တို့၏ ငြိမ်းအေးခြင်းသဘော,
၉။ စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းအေးခြင်းသဘော,
၁၀။ ကာယလဟုတာ = စေတသိက်တို့၏ ပေါ့ပါးခြင်းသဘော,
၁၁။ စိတ္တလဟုတာ = စိတ်၏ ပေါ့ပါးခြင်းသဘော,
၁၂။ ကာယမုဒုတာ = စေတသိက်တို့၏ နူးညံ့ခြင်းသဘော,
၁၃။ စိတ္တမုဒုတာ = စိတ်၏ နူးညံ့ခြင်းသဘော,
၁၄။ ကာယကမ္မညတာ = စေတသိက်တို့၏ (ဒါနမှု, သီလမှု, ဘာဝနာမှု စသည့်) ထိုထိုအမှု၌ ခံ့ညားမှုသဘော,
၁၅။ စိတ္တကမ္မညတာ = စိတ်၏ ထိုထိုအမှု၌ ခံ့ညားမှုသဘော,
၁၆။ ကာယပါဂုညတာ = စေတသိက်တို့၏ (ဒါနမှု, သီလမှု, ဘာဝနာမှု စသည့်) ထိုထိုအမှု၌ ကျွမ်းကျင်လိမ္မာခြင်းသဘော,
၁၇။ စိတ္တပါဂုညတာ = စိတ်၏ထိုထိုအမှု၌ ကျွမ်းကျင်လိမ္မာခြင်းသဘော,
၁၈။ ကာယုဇုကတာ = စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော,
၁၉။ စိတ္တုဇုကတာ = စိတ်၏ ဖြောင့်မတ်ခြင်းသဘော = (မာယာ သာဌေယျ = အလှည့်အပတ် အကွေ့အကောက်တို့မှ ကင်းခြင်းသဘော။)
ဝိရတီစေတသိက် (၃) လုံး
၁။ သမ္မာဝါစာ = ဝစီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်၍ ကောင်းမွန်မှန်ကန် သော စကားကို ပြောဆိုခြင်း,
၂။ သမ္မာကမ္မန္တ = ကာယဒုစရိုက်မှ ရှောင်ကြဉ်၍ ဒါန-သီလ-သမထ-ဝိပဿနာစသည့် ကောင်းသောလုပ်ငန်းရပ်တို့ကို ပြုလုပ်ခြင်း,
၃။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝမှ ရှောင်ကြဉ်၍ ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း၊
အပ္ပမညာစေတသိက် (၂) လုံး
၁။ ကရုဏာ = သနားကြင်နာခြင်းသဘော,
၂။ မုဒိတာ = သူတစ်ပါးတို့၏ ချမ်းသာကို ဝမ်းသာခြင်းသဘော၊
ပညိန္ဒြေစေတသိက် (၁) လုံး
၁။ ပညာ = သစ္စာလေးပါး အမှန်တရားကို ကွဲကွဲပြားပြား သိမှုသဘော = အာရုံကို အမှန်အတိုင်း ထိုးထွင်းသိမှုသဘော၊
ဤပညိန္ဒြေစေတသိက်ကိုပင် သစ္စာလေးပါးကို ကောင်းမွန်မှန်ကန်စွာ အမှန်အတိုင်း သိမြင်တတ်သောကြောင့် သမ္မာဒိဋ္ဌိဟူ၍လည်း ခေါ်ဆို၏။ သစ္စာလေးပါးတည်းဟူသော အာရုံကို မတွေမဝေ အမှန်အတိုင်း သိတတ် သောကြောင့် အမောဟဟူ၍လည်း ခေါ်ဆို၏။ သစ္စာလေးပါးတည်းဟူသော ဓမ္မတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် (= ဤကား ပထဝီ, ဤကား အာပေါ စသည်ဖြင့်, ဤကား ကုသိုလ်, ဤကား အကုသိုလ် စသည်ဖြင့် စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက်) ကောင်းစွာထွင်းဖောက် သိမြင်တတ်သောကြောင့် ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဟူ၍လည်းကောင်း, ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် အမှန်အတိုင်း ထိုးထွင်း သိမြင်တတ်သောကြောင့် ဉာဏ = ဉာဏ်ဟူ၍ လည်းကောင်း ခေါ်ဆိုပေသည်။
အားလုံးပေါင်းလိုက်သော် စေတသိက် (၅၂)လုံး ဖြစ်သည်။ ယင်း စေတသိက် (၅၂)လုံးတို့တွင် ဝေဒနာကား ဝေဒနာက္ခန္ဓာ, သညာကား သညာက္ခန္ဓာ, ကျန်စေတသိက် အလုံး (၅၀)ကား သင်္ခါရက္ခန္ဓာတရားစုတို့ ဖြစ်ကြ၏။ ဤစေတသိက်ခန္ဓာသုံးပါးနှင့် ဝိညာဏက္ခန္ဓာကို နာမ်ခန္ဓာလေးပါးဟု ခေါ် ဆို၏။ ယင်းနာမ်ခန္ဓာလေးပါးတို့သည် အာသဝေါတရားတို့၏ အာရုံဖြစ်လျှင် တဏှာဒိဋ္ဌိတို့က ငါ-ငါ့ဟာဟု စွဲယူလျှင် ယင်းခန္ဓာတို့ကို ဥပါဒါနက္ခန္ဓာတို့ဟူ၍ ခေါ်ဆိုပေသည်။
အဘယ်ကြောင့် ဥပါဒါနက္ခန္ဓာဟု ခေါ်ဆိုပါသလဲ?
ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် စာမျက်နှာ (၃၉) ခန္ဓသုတ္တန်တွင် ဘုရားရှင်က ဤသို့ ရှင်းပြထားတော်မူ၏ ---
အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာဒိဋ္ဌိတို့က ငါ-ငါ့ဟာ (= ငါရဲ့အကျိုး)ဟု စွဲယူအပ်သော အတိတ္,် အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားအစုအပုံ ဝေဒနာတရား အစု အပုံ သညာတရားအစုအပုံ စေတသိက်သင်္ခါရတရားအစုအပုံ ဝိညာဏ် တရားအစုအပုံတို့ကို အသီးအသီး ရူပုပါဒါနက္ခန္ဓာ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာဟု ခေါ်ဆိုကြောင်းကို ရှင်းပြထားတော်မူ၏။ (သံ၊၂၊၃၉။)
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၂၆၉။) ဟူသော ဤ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်၌ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါး တို့သည် ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြသည်။ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိရမည့် ပထမသစ္စာတရားစုတို့ပင် ဖြစ်ကြသည်။ (ဤကျမ်းစာ စာမျက်နှာ ၁၀၈ တွင် ကြည့်ပါ။)
ယင်းစိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း၌ ထိုက်သလို ယှဉ်တွဲ ဖြစ်ကြသည်။ စိတ္တက္ခဏတိုင်း၌ နာမ်ခန္ဓာလေးပါးစီ ရှိကြသည်။ သို့သော် စေတသိက် အရေအတွက်ကား ကွဲပြားမှုရှိပေသည်။ စိတ္တက္ခဏ တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော စိတ်နှင့်စေတသိက်တို့သည် -
၁။ ပြိုင်တူဖြစ်၏၊
၂။ ပြိုင်တူပျက်၏ = ချုပ်၏၊
၃။ အာရုံတူ၏၊
၄။ မှီရာဝတ္ထုရုပ် တူ၏၊
ဤအင်္ဂါ (၄)ချက်နှင့် ပြည့်စုံကြသည်။ စိတ္တက္ခဏ တစ်ခုနှင့်တစ်ခု စိတ်စေတသိက်အရေအတွက် မတူညီပုံကို ပုံစံတစ်ခုဖြင့် ပြဆိုပေအံ့ -
အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုကာ ဖြစ်ပေါ်လာသော ပထမစျာန် နာမ်တရားစုတို့မှာ စျာန်စိတ္တက္ခဏတိုင်း၌ -
၁။ စျာန်စိတ် - ၁
၂။ အညသမာန်းစေတသိက် - ၁၃
၃။ သောဘဏသာဓာရဏစေတသိက် - ၁၉
၄။ ပညိန္ဒြေစေတသိက် - ၁
အားလုံးပေါင်းသော် စျာန်နာမ်တရား - ၃၄ - ဖြစ်သည်။ (ဤကျမ်းစာ စာမျက်နှာ-၂၉၈တွင် ကြည့်ပါ။)
ယေဘုယျအားဖြင့် ကမ္မဝဋ်တွင် အကျုံးဝင်သော လူသားတို့၏ ပဋိသန္ဓေ ခန္ဓာငါးပါးစသည့် ဝိပါက်ခန္ဓာတို့ကို ဖြစ်စေတတ်သော အကြောင်းရင်း ကုသိုလ်သင်္ခါရ အမည်ရသည့် နာမ်တရားစုတို့မှာလည်း ကုသိုလ်စိတ် တစ်ခုနှင့် ယင်းအထက်ပါ (၃၃)မျိုးတို့သာ ဖြစ်ကြသည်။
ကိလေသဝဋ်တွင် အကျုံးဝင်သော လောဘဒိဋ္ဌိ ဦးဆောင်သည့် နာမ် တရားစုတို့မှာ အကယ်၍ သောမနဿဝေဒနာနှင့် ယှဉ်လျှင် -
၁။ အသိစိတ် - ၁
၂။ အညသမာန်းစေတသိက် - ၁၃
၃။ မောဟ အဟိရိက အနောတ္တပ္ပ ဥဒ္ဓစ္စ လောဘ ဒိဋ္ဌိ - ၆
အားလုံးပေါင်းသော် - ၂၀
ဤနာမ်တရားစုတို့ ဖြစ်ကြသည်။ (ဤကျမ်းစာ စာမျက်နှာ-၃၇၈တွင် ကြည့်ပါ၊၊)
ဤစိတ်စေတသိက် နာမ်တရားစုတို့သည် ဆိုင်ရာအာရုံ (၆)ပါးတို့တွင် အာရုံတစ်ပါးပါးကို အာရုံပြုကာ မိမိတို့ဆိုင်ရာ မှီရာဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ် လာကြသည်။
အာရုံ (၆) ပါး
၁။ ရူပါရုံ = အရောင်အဆင်း,
၂။ သဒ္ဒါရုံ = အသံ,
၃။ ဂန္ဓာရုံ = အနံ့,
၄။ ရသာရုံ = အရသာ,
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ (= ပထဝီ, တေဇော, ဝါယော),
၆။ ဓမ္မာရုံ = ဓမ္မသဘောတရားများ၊
ဓမ္မာရုံ (၆) အုပ်စု
ဓမ္မာရုံအမည်ရသော တရားစုတို့ကို (၆)မျိုးအားဖြင့် အုပ်စုခွဲထား၏။
၁။ ပသာဒရုပ် = အကြည်ရုပ်ငါးမျိုး,
၂။ သုခုမရုပ် = သိမ်မွေ့သောရုပ် (၁၆)မျိုး,
၃။ စိတ်အားလုံး,
၄။ စေတသိက် (၅၂)လုံး,
၅။ အသင်္ခတဓာတ် = နိဗ္ဗာန်,
၆။ ကသိုဏ်းပညတ်စသည့် ပညတ်အာရုံ အမျိုးမျိုး၊
အားလုံးပေါင်းသော် အုပ်စု (၆)မျိုး ဖြစ်သည်။
သုခုမရုပ်
ရုပ် (၂၈)ပါးတွင် အကြည်ရုပ်ငါးမျိုး ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသည့် အာရုံ ရုပ် (၇)မျိုး- ဤ (၁၂)မျိုးသော ရုပ်တို့ကား ရှုနေ သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ်မြင်လွယ်သောကြောင့် ဩဠာရိကရုပ်မည်၏။ ကြွင်းသော (၁၆)မျိုးသော ရုပ်တို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ သိမ်မွေ့သောကြောင့် အရှုခက်ရကား သုခုမရုပ်မည်၏။
မှီရာဝတ္ထုရုပ် (၆) မျိုး
၁။ စက္ခုဝတ္ထု = စက္ခုပသာဒ = မျက်စိအကြည်ဓာတ်၊
၂။ သောတဝတ္ထု = သောတပသာဒ = နားအကြည်ဓာတ်၊
၃။ ဃာနဝတ္ထု = ဃာနပသာဒ = နှာအကြည်ဓာတ်၊
၄။ ဇိဝှါဝတ္ထု = ဇိဝှါပသာဒ = လျှာအကြည်ဓာတ်၊
၅။ ကာယဝတ္ထု = ကာယပသာဒ = ကိုယ်အကြည်ဓာတ်၊
၆။ ဟဒယဝတ္ထု = ဟဒယရုပ် (မကြည်)။
၁။ စက္ခုဝိညာဏ် နာမ်တရားစုသည် စက္ခုဝတ္ထုကို မှီဖြစ်၏။
၂။ သောတဝိညာဏ် နာမ်တရားစုသည် သောတဝတ္ထုကို မှီဖြစ်၏။
၃။ ဃာနဝိညာဏ် နာမ်တရားစုသည် ဃာနဝတ္ထုကို မှီဖြစ်၏။
၄။ ဇိဝှါဝိညာဏ် နာမ်တရားစုသည် ဇိဝှါဝတ္ထုကို မှီဖြစ်၏။
၅။ ကာယဝိညာဏ် နာမ်တရားစုသည် ကာယဝတ္ထုကို မှီဖြစ်၏။
၆။ မနောဝိညာဏ် နာမ်တရားစုသည် ဟဒယဝတ္ထုရုပ်ကို မှီဖြစ်၏။
ဝီထိ (၆) မျိုးနှင့် အာရုံ (၆) မျိုး
၁။ စက္ခုဒွါရဝီထိ နာမ်တရားစုသည် ရူပါရုံကို အာရုံပြု၏။
၂။ သောတဒွါရဝီထိ နာမ်တရားစုသည် သဒ္ဒါရုံကို အာရုံပြု၏။
၃။ ဃာနဒွါရဝီထိ နာမ်တရားစုသည် ဂန္ဓာရုံကို အာရုံပြု၏။
၄။ ဇိဝှါဒွါရဝီထိ နာမ်တရားစုသည် ရသာရုံကို အာရုံပြု၏။
၅။ ကာယဒွါရဝီထိ နာမ်တရားစုသည် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။
၆။ မနောဒွါရဝီထိ နာမ်တရားစုသည် ဓမ္မာရုံနှင့်တကွ အာရုံ (၆)မျိုးလုံးကို ထိုက်သလို အာရုံပြု၏။
သမုဒယသစ္စာပိုင်း
မည်သည့်တရားတွေကို သမုဒယသစ္စာဟု ခေါ်ဆိုသည်ကို ဤကျမ်းစာ စာမျက်နှာ (၁၁၈)တွင် ရှင်းလင်းတင်ပြထားပါသည်။ ထိုတွင် ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကိုလည်း သမုဒယသစ္စာဟု အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈) တွင် ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏။ ယင်းပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် (၁၂)ခုတို့မှာ - အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏတို့ပင် ဖြစ်ကြ၏။
ဝဋ္ဋသစ္စာနှင့် ဝိဝဋ္ဋသစ္စာ
ဤဒုက္ခသစ္စာနှင့် သမုဒယသစ္စာတို့ကား ဝဋ္ဋသစ္စာတည်း။ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ နိရောဓသစ္စာနှင့် ယင်း နိရောဓသစ္စာကို အာရုံပြုနေသည့် ထိုးထွင်းသိနေသည့် မျက်မှောက် ပြုနေသည့် အရိယမဂ်အခိုက် မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော လောကုတ္တရာ မဂ္ဂသစ္စာတရားတို့ကား ဝိဝဋ္ဋသစ္စာတည်း။
တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ထိုဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ယောဂါဝစရ ရဟန်းတော်အဖို့ ဝဋ္ဋသစ္စာဖြစ်သည့် ဒုက္ခသစ္စာ, သမုဒယသစ္စာတရားတို့၌သာ ဝိပဿနာ နှလုံးသွင်းခြင်းသည် ဖြစ်၏။ ဝိဝဋ္ဋသစ္စာ၌ကား ဝိပဿနာနှလုံးသွင်းရန် မဟုတ်ပေ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)
ဤညွှန်ကြားချက်များနှင့်အညီ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများ အားထုတ်လိုသော ယောဂီသူမွန်သည် ရှေးဦးစွာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ဝဋ္ဋသစ္စာဖြစ်သည့် ဒုက္ခသစ္စာ သမုဒယသစ္စာတရားစု တို့ကို သိအောင် ကြိုးစားအားထုတ်ရမည် ဖြစ်ပေသည်။ အားထုတ်ပုံ နည်း စနစ်များကို ဤကျမ်းစာတွင် တစ်ဆင့်ပြီးတစ်ဆင့် အစီအစဉ်တကျ တင်ပြ ထားပါသည်။
အဘယ်အကြောင်းကြောင့် ဤ ဝဋ္ဋသစ္စာတရားနှစ်ပါးကို ရှေးဦးစွာ ဝိပဿနာဉာဏ်ဖြင့် သိအောင် ကြိုးစားအားထုတ်ရပါသနည်းဟူမူ - ဤ ဝဋ္ဋသစ္စာတရား နှစ်ပါးတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင် ကြီး ဝိပဿနာရှုပွားသုံးသပ်နိုင်ပါမှ ထိုဝိပဿနာဉာဏ်များ ရင့်ကျက် လာသောအခါ ထိုဝိပဿနာဉာဏ်တို့၏ အဆုံး၌ လောကုတ္တရာ နိရောဓ သစ္စာ ဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မဂ္ဂသစ္စာအမည်ရသည့် အရိယမဂ်ဉာဏ်ဖြင့် မျက်မှောက်ပြုနိုင်မည်, ထွင်း ဖောက် သိမြင်နိုင်မည် ဖြစ်သည်။
ထိုသို့ လောကုတ္တရာ နိရောဓသစ္စာသို့ ဆိုက်ရောက်ရေးအတွက် ဤဝဋ္ဋ သစ္စာတရားနှစ်ပါးကို ရှေးဦးစွာ ဝိပဿနာဉာဏ်ဖြင့် သိအောင် မြင်အောင် ကြိုးစားရခြင်း ဖြစ်၏။ ထိုသို့သိပါမှ မြင်ပါမှသာလျှင်လည်း ဤ ဝဋ္ဋသစ္စာ တရားနှစ်ပါးကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်မည် ဖြစ်ပေသည်။ ဝိပဿနာဉာဏ်များ ရင့်ကျက်လာပါမှ ဝိဝဋ္ဋသစ္စာဖြစ်သည့် နိရောဓသစ္စာ မဂ္ဂသစ္စာသို့ ဆိုက်ရောက်မည် ဖြစ်ပေသည်။
ဘုရားရှင်၏ မွန်မြတ်သော ဆန္ဒတော်
ဤအရိယသစ္စာလေးပါးတို့ကို သိရှိရန်အတွက် ဘုရားရှင်သည် လေးဆဲ့ ငါးဝါတို့ ကာလပတ်လုံး နည်းအမျိုးမျိုးဖြင့် တရားဓမ္မကို ဟောကြားပြသကာ သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်းသိမြင်စေလျက် ကျွတ်တမ်းဝင်စေ တော်မူခဲ့၏။ အရိယသစ္စာတို့ကို သိရှိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်လည်း နည်းအမျိုးမျိုးဖြင့် တိုက်တွန်းတော်မူခဲ့၏။ ထိုဒေသနာတော် ပေါင်းများစွာတို့တွင် ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန်သည်လည်း တစ်ခုအဖြစ် ပါဝင် ခဲ့၏။ ထိုတရားဒေသနာတော်များထဲမှ အောက်ပါ သတ္တိသတသုတ္တန်ကို လည်း ဆက်လက် ဖတ်ရှုကြည့်ပါ။
သတ္တိသတသုတ္တန် (သံ၊၃၊၃၈၅-၃၈၆။)
ရဟန်းတို့ ... ဥပမာသော်ကား ယောကျ်ားတစ်ယောက်သည် အသက် အနှစ်တစ်ရာ ရှိလေရာ၏၊ (အနှစ်တစ်ရာ အသက်ရှည်လေရာ၏။) ထို ယောကျ်ားကို အမောင်ယောကျ်ား လာလော့ ... နံနက်အခါ၌ သင့်ကို လှံအချက် တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ မွန်းတည့်အခါ၌ သင့်ကို လှံအချက် တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ ညနေချမ်းအခါ၌ သင့်ကို လှံအချက် တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ အမောင်ယောကျ်ား ... လှံအချက်သုံးရာသုံးရာတို့ဖြင့် ညှဉ်းပန်းခံရသော သင်သည် အသက် အနှစ် တစ်ရာ ရှိသည်ဖြစ်၍ (အနှစ်တစ်ရာ အသက်ရှည်သည်ဖြစ်၍) အနှစ်တစ်ရာ ကုန်လွန်သောအခါ ထိုးထွင်းမသိရသေးသော အရိယသစ္စာတရား လေးပါး တို့ကို ထိုးထွင်းသိရလိမ့်မည်ဟု ဤသို့ ပြောဆိုလာငြားအံ့။
ရဟန်းတို့ ... အကျိုးကို လိုလားတောင့်တသော အမျိုးကောင်းသား အမျိုးကောင်းသမီးသည် ထိုသို့ အညှဉ်းပန်းခံရန် ကပ်ရောက်ထိုက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ... ဤခန္ဓာ, အာယတန, ဓာတ်တို့၏ အဆက်မပြတ် ဖြစ်၍နေရာ အစဉ်အတန်းဟု ခေါ်ဆိုအပ်သော ဤသံသရာသည် ဉာဏ်ဖြင့် အစဉ်လျောက်၍သော်လည်း မသိအပ်မသိနိုင် သော အစရှိ၏။ သံသရာ၏ ရှေ့အစွန်းကို မသိအပ် မသိနိုင်။ ထိုသို့ မသိအပ် မသိနိုင်သောကြောင့် ဤမျှရှည်လျားလှသည့် သံသရာတစ်ခွင်၌ လှံထိုးခံရ၍ သေရသည့်ဘဝ, သန်လျက်ဖြင့် အဖြတ်ခံရ၍ သေရသည့်ဘဝ, ပုဆိန်ပေါက် ခံရ၍ သေရသည့်ဘဝတို့၏ အရေအတွက် အပိုင်းအခြားကိုလည်း မသိအပ် မသိနိုင်သည်သာတည်း။
ရဟန်းတို့ ... ငါဘုရားသည် ကိုယ်ဆင်းရဲမှု ဒုက္ခနှင့်တကွ စိတ် မချမ်းသာမှု ဒေါမနဿနှင့်တကွ အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင် ခြင်းကိုကား ဟောတော်မမူပါ။ ကိုယ်ချမ်းသာခြင်း သုခနှင့်တကွ စိတ်ချမ်းသာ ခြင်း သောမနဿနှင့် တကွသာလျှင် အရိယသစ္စာလေးပါးတို့ကို ထိုးထွင်း သိမြင်ခြင်းကိုကား ငါဘုရားရှင်သည် ဟောကြားတော်မူပါ၏။ အဘယ် အရိယသစ္စာတရားလေးပါးတို့နည်း? ဒုက္ခအရိယသစ္စာတရား, ဒုက္ခသမုဒယ အရိယသစ္စာတရား, ဒုက္ခနိရောဓအရိယသစ္စာတရား, ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဉ်ဟု ခေါ်ဆိုအပ်သော မဂ္ဂအရိယသစ္စာတရားတို့တည်း။
ရဟန်းတို့ ... ထို့ကြောင့် ဤသာသနာတော်၌ သင်တို့တစ်တွေသည် ဤကား ဒုက္ခအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ် ကြပါ၊ ဤကား ဒုက္ခသမုဒယအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ၊ ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ၊ ဤကား ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတရားတည်းဟုသိအောင် ကြိုးစားအားထုတ်ကြပါ ဤသို့ မိန့်ကြားတော်မူ၏။ (သံ၊၃၊၃၈၅-၃၈၆။)
နောက်ထပ် သုတ္တန်တစ်ခုကိုလည်း ဆက်လက် ဖတ်ရှုကြည့်ပါဦး-
ဣန္ဒခီလသုတ္တန်
ရဟန်းတို့ ... အကြင် သမဏဗြာဟ္မဏ အချို့တို့သည် ဤကား ဒုက္ခအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ဤကား ဒုက္ခသမုဒယအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ဤကား ဒုက္ခနိရောဓအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ဤကား ဒုက္ခနိရောဓသို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်။ ထိုသို့ မသိကြသည့် သမဏဗြာဟ္မဏအားလုံး တို့သည် ဤအရှင်သည် သိသင့်သည်ကို သိယောင်တကား, မြင်သင့်သည်ကို မြင်ယောင်တကားဟု အထင်ကြီးကာ အခြားသော သမဏ ဗြာဟ္မဏတို့၏ မျက်နှာကို (= အတွင်းအဇ္ဈာသယ = အတွင်းသဘောထားကို၊ ဋ္ဌ။) မော်ကြည့် ကြရကုန်၏။
ရဟန်းတို့ ... ဥပမာသော်ကား လေဆောင်ယူနိုင်လောက်အောင် ပေါ့ပါး၍ မြေညီရာ၌ ချထားသော လဲစိုင် ဝါဂွမ်းစိုင်ကို အရှေ့မှ တိုက်ခတ် သော လေသည် အနောက်သို့ ဆောင်ယူသွားရာ၏။ အနောက်မှ တိုက်ခတ် သော လေသည် အရှေ့သို့ ဆောင်ယူသွားရာ၏။ မြောက်မှ တိုက်ခတ်သော လေသည် တောင်သို့ ဆောင်ယူသွားရာ၏။ တောင်မှ တိုက်ခတ်သော လေ သည် မြောက်သို့ ဆောင်ယူသွားရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့် နည်း? ရဟန်းတို့ ... လဲဝါဂွမ်းစိုင်၏ ပေါ့ပါးခြင်းကြောင့်တည်း။
ရဟန်းတို့ ... ဤဥပမာ အတူပင်လျှင် အကြင် သမဏဗြာဟ္မဏ အချို့တို့သည် ဤကား ဒုက္ခအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ဤကား ဒုက္ခသမုဒယအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်။ ဤကား ဒုက္ခနိရောဓအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်။ ဤကား ဒုက္ခနိရောဓသို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယ သစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြကုန်။ ထိုသို့ မသိကြသည့် သမဏ ဗြာဟ္မဏ အားလုံးတို့သည် - ဤအရှင်သည် သိသင့်သည်ကို သိယောင် တကား၊ မြင်သင့်သည်ကို မြင်ယောင်တကားဟု အခြားသော သမဏ ဗြာဟ္မဏတို့၏ မျက်နှာကို (= အတွင်းအဇ္ဈာသယ = အတွင်းသဘောထားကို၊ ဋ္ဌ။) မော်ကြည့်ကြရကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း? ရဟန်းတို့ ... အရိယသစ္စာတရားလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့်တည်း။
ရဟန်းတို့ ... အကြင် သမဏဗြာဟ္မဏ အချို့တို့သည်ကား ဤကား ဒုက္ခအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိကြကုန်၏။ ဤကား ဒုက္ခသမုဒယအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိကြကုန်၏။ ဤကား ဒုက္ခနိရောဓအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိကြကုန်၏။ ဤကား ဒုက္ခနိရောဓသို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိကြကုန်၏။ ထိုသို့သိကြသည့် သမဏဗြာဟ္မဏအားလုံးတို့သည် ဤအရှင်သည် သိသင့်သည်ကို သိယောင်တကား, မြင်သင့်သည်ကို မြင် ယောင်တကားဟု အခြားသော သမဏဗြာဟ္မဏတို့၏ မျက်နှာကို မော် မကြည့်ကြရကုန်။
ရဟန်းတို့ ... ဥပမာသော်ကား - မြေဝင်နက်၍ ကောင်းစွာစိုက်ထူ ထားအပ်သော သံတိုင်သည်လည်းကောင်း, တံခါးတိုင်သည်လည်းကောင်း လှုပ်ရှားမှုမရှိသည်, ထိုမှဤမှ ယိမ်းယိုင်တုန်လှုပ်မှု မရှိသည် ဖြစ်လေရာ၏။ အရှေ့အရပ်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာစေကာမူ မတုန်မလှုပ်နိုင် လေရာ၊ မယိမ်းမယိုင်နိုင်လေရာ။ အနောက်အရပ်မှ လေပြင်းမုန်တိုင်း တိုက် ခတ်လာစေကာမူ မတုန်မလှုပ်နိုင်လေရာ၊ မယိမ်းမယိုင်နိုင်လေရာ။ တောင် အရပ်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာစေကာမူ မတုန်မလှုပ်နိုင်လေရာ၊ မယိမ်းမယိုင်နိုင်လေရာ။ မြောက်အရပ်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာ စေကာမူ မတုန်မလှုပ်နိုင်လေရာ၊ မယိမ်းမယိုင်နိုင်လေရာ။ ထိုသို့ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်းဟူမူ - ရဟန်းတို့ ... တံခါးတိုင်ကို မြေဝင်နက်ကာ ကောင်းစွာ စိုက်ထူထားခြင်းကြောင့်တည်း။
ရဟန်းတို့ ... ဤဥပမာအတူပင်လျှင် ဤကား ဒုက္ခအရိယသစ္စာ တည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိကြကုန်၏။ ဤကား ဒုက္ခ သမုဒယအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိကြ ကုန်၏။ ဤကား ဒုက္ခနိရောဓအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိကြကုန်၏။ ဤကား ဒုက္ခနိရောဓသို့ရောက်ကြောင်း ကျင့်စဉ် မဂ္ဂအရိယသစ္စာတည်းဟု ဟုတ်တိုင်းမှန်စွာ ကွဲကွဲ ပြားပြား သိကြကုန်၏။ ထိုသို့သိကြသည့် သမဏဗြာဟ္မဏအားလုံးတို့သည် ဤအရှင်သည် သိသင့် သည်ကို သိယောင်တကား, မြင်သင့်သည်ကို မြင်ယောင်တကားဟု အခြား သော သမဏဗြာဟ္မဏတို့၏ မျက်နှာကို မော်မကြည့်ကြရကုန်။ ထိုသို့ ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်းဟူမူ - ရဟန်းတို့ ... အရိယသစ္စာ တရားလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ကောင်း စွာ ထွင်းဖောက် သိမြင်အပ်သောကြောင့်တည်း။
ထိုကြောင့် ရဟန်းတို့ ... သင်တို့တစ်တွေသည် ဤကား ဒုက္ခ အရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ၊ ဤကား ဒုက္ခသမုဒယ အရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ် ကြပါ၊ ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ၊ ဤကား ဒုက္ခနိရောဓသို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂ အရိယသစ္စာတရားတည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ၊ ဤသို့ ဘုရားရှင်သည် မိန့်ကြားတော်မူ၏။
ဤသို့ ဤသို့စသော တရားဒေသနာတော် အရပ်ရပ်ကို ဦးထိပ်ရွက် ပန်ဆင်လျက် တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည် သစ္စာ လေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဟု ခေါ်ဆိုအပ်သော ဝိပဿနာပညာ အရိယမဂ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်ကြပါစေ --- ဟူသော ကုသိုလ်သမ္မာဆန္ဒကို ရှေ့သွားပြုကာ ဤ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ဟူသည့် ဓမ္မစကြာတရားဒေသနာတော်ကို သက္ကရာဇ် ၂၀၀၁-ခုနှစ်၊ မေလတွင် ဂျပန်ပြည်သို့ရောက်ခိုက် ဗုဒ္ဓဘာသာဝင် သူတော် စင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့အား ဟောကြားပြသခဲ့၏။ တရားတိပ်ခွေမှ စာအုပ်အဖြစ်သို့ ပြောင်းရွှေ့ကာ ဖတ်ရှုလိုပါကြောင်းကို လျှောက်ထားတောင်းပန်သည့်အတွက် ဖြည့်စွက်ပြင်ဆင်ကာ စာအုပ်အသွင် သို့ ပြုပြင်ပြောင်းလဲပေးလိုက်ပါသည်။
ဤဓမ္မစကြာတရားဒေသနာတော်ကို နာကြားခွင့် ရရှိကြသော ပဉ္စဝဂ္ဂီတို့တွင် အသျှင်ကောဏ္ဍည မထေရ်မြတ်ကြီးကား တရားဒေသနာတော်သို့ ဉာဏ်ကိုစေလွှတ်ကာ ဒေသနာတော်၌ လာရှိသည့် ကျင့်စဉ်အတိုင်း မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတို့ကို --- အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင် သည့်တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်သဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူ၏။ မဟာသက္ကရာဇ် (၁၀၃)ခု၊ ဝါဆိုလပြည့်နေ့ ဖြစ်၏။
အလားတူပင် ဤဓမ္မစကြာတရား ဒေသနာတော်မှာ လာရှိသည့်အတိုင်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတို့ကို ပွားများ အားထုတ်တော်မူနိုင်ကြသဖြင့် အသျှင်ဝပ္ပသည် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌, အသျှင်ဘဒ္ဒိယသည် ဝါဆိုလပြည့်ကျော်နှစ်ရက်နေ့၌, အသျှင် မဟာနာမသည် ဝါဆိုလပြည့်ကျော် သုံးရက်နေ့၌, အသျှင်အဿဇိသည် ဝါဆိုလပြည့်ကျော်လေးရက်နေ့၌ အသီး အသီး သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။ ထိုသို့ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်သွားတော်မူကြ သဖြင့် ထိုပဉ္စဝဂ္ဂီရဟန်းတော်တို့သည် ---
ဒိဋ္ဌဓမ္မ = အရိယသစ္စာတရားလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် သိမြင် အပ်ပြီးသည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော်မူကြ၏။ ပတ္တဓမ္မ = အရိယသစ္စာတရား လေးပါးတို့သို့ ဉာဏ်ဖြင့် ဆိုက်ရောက်သွားတော်မူကြသည့် ပုဂ္ဂိုလ်တို့ ဖြစ်သွား တော်မူကြ၏။ ဝိဒိတဓမ္မ = အရိယသစ္စာတရား လေးပါးတို့ကို ထိုးထွင်း သိအပ်ပြီးသည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော်မူကြ၏။ ပရိယောဂါဠှဓမ္မ = အရိယသစ္စာတရားလေးပါးတို့ကို ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော်မူကြ၏။ တိဏ္ဏဝိစိကိစ္ဆ = အရိယသစ္စာတရား လေးပါးတို့၌ ဟုတ်သလော မဟုတ်သလောဟု သို့လောသို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက်ပြီးသည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော် မူကြ၏။ ဝိဂတကထံကထ = သို့လောသို့လော နှစ်လုံးနှစ်ခွ တွေးတောခြင်း ကင်းသည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော်မူကြ၏။ ဝေသာရဇ္ဇပတ္တ = အရိယသစ္စာ တရား လေးပါးတို့၌ ထိုးထွင်းသိအပ်ပြီးပါပြီဟု ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်သည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော်မူကြ၏။ အပရပ္ပစ္စယ = အရိယသစ္စာလေးပါး တို့၌ -- သူများအပြောနှင့် အလွမ်းကြီးလွမ်း အဆွေးကြီးဆွေး အငေးကြီးငေး အတွေးကြီးတွေးကာ သိသည့်အသိမျိုး မဟုတ်ကြဘဲ, သူတစ်ပါးတို့ကို ကိုးစား ယုံကြည်ကာ သိနေသည့် အသိမျိုးမဟုတ်ကြဘဲ မိမိကိုယ်တိုင် ဝိပဿနာပညာ မဂ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သည့် ပုဂ္ဂိုလ်တို့ ဖြစ်သွားတော်မူကြ၏။
တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည်လည်းပဲ, စာဖတ် ပရိသတ်အပေါင်း သူတော်ကောင်းတို့သည်လည်းပဲ ဤဓမ္မစကြာတရား ဒေသနာတော်ကို နာကြားခွင့် ဖတ်ရှုခွင့် ရရှိခြင်းကြောင့် ဤဓမ္မစကြာ ဒေသနာတော်၌ လာရှိသည့်အတိုင်း မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို တကယ် လက်တွေ့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြသဖြင့် အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသည့်, ဉာဏ်ဖြင့် ဆိုက်ရောက်ပြီးသည့်, ဉာဏ်ဖြင့် ထိုးထွင်းသိအပ်ပြီးသည့်, ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသည့်, အရိယသစ္စာ လေးရပ် တရားမြတ်၌ သို့လောသို့လော ယုံမှားခြင်း ဝိစိကိစ္ဆာကို ကျော်လွှား လွန်မြောက်ပြီးသည့်, ယုံမှားခြင်းကင်းပြီးသည့်, ငါသည် အရိယသစ္စာ လေးပါးတို့ကို ထိုးထွင်း သိမြင်အပ်ပြီးပြီဟု ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ခြင်းသို့ ရောက်ရှိပြီးသည့်, အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမှု၌ဆရာအပြောနှင့်သာ အလွမ်းကြီး လွမ်းနေရသည့်, ဆရာ့မျက်နှာကိုသာ မော်ကြည့်နေရသည့် ပုဂ္ဂိုလ်တို့ မဟုတ်ကြဘဲ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ် တိုင် မျက်မှောက် ထွင်းဖောက်သိမြင်သည့် သူတော်ကောင်းတို့ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း။
ဓမ္မစကြာနှင့် ဝိပဿနာတရားတော်
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ပါဠိတော်
(သံ၊၃၊၃၆၈-၃၇၁။ ဝိနည်းမဟာဝါပါဠိတော်-၁၇။)
[ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတနနာမကေ။
မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာနပါပကံ။
သဟမ္ပတိနာမကေန၊ မဟာဗြဟ္မေန ယာစိတော။
စတုသစ္စံ ပကာသေန္တော၊ လောကနာထော အဒေသယိ။
နန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗသမ္ပတ္တိသာဓကံ၊
သဗ္ဗလောကဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမ ဟေ။]
၁။ ဧကံ သမယံ ဘဂဝါ ဗာရာဏသီယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ - ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ၊ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
၂။ ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ၊ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ? အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ -- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
၃။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
၄။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ။ သေယျထိဒံ၊ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။
၅။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာ ယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
၆။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ -- သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
၇။ ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၈။ တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၉။ တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၀။ ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၁။ တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၂။ တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီနန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၃။ ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၄။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၅။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၆။ ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၇။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၈။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
၁၉။ ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
၂၀။ ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ။
၂၁။ ဣဒမဝေါစ ဘဂဝါ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။
၂၂။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မန္တိ။
၂၃။ ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိန္တိ။
၂၄။ ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိန္တိ။
၂၅။ စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ။ ပ ။ ယာမာ ဒေဝါ။ ပ ။ တုသိတာ ဒေဝါ။ ပ ။ နိမ္မာနရတီ ဒေဝါ။ ပ ။ ပရနိမ္မိတဝသဝတ္တီ ဒေဝါ။ ပ ။ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိန္တိ။
၂၆။ ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။ အယဉ္စ ဒသသဟဿိလောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊ အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။
၂၇။ အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညောတိ။ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ အညာသိကောဏ္ဍညော တွေဝ နာမံ အဟောသိ။
၂၈။ အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒန္တိ။
၂၉။ ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာတိ။ သာဝ တဿ အာယသ္မတော ကောဏ္ဍညဿ ဥပသမ္ပဒါ အဟောသီတိ။ (ဝိနည်းမဟာဝါ- ၁၇။)
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ပါဠိတော်-နိဿယ
စတုသစ္စံ = သစ္စာလေးရပ် တရားမြတ်ဒေသနာကို။ ပကာသေန္တော = သာဝကတို့၏ အသိဉာဏ်၌ ထင်ရှားလာအောင် ဟောကြားပြသ ဆိုဆုံးမ တော်မူတတ်သော။ လောကနာထော = လောကသားတို့၏ ကိုးကွယ် အားထားရာ အစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုရားမြတ်စွာသည်။ သဟမ္ပတိနာမကေန = သဟမ္ပတိအမည်ရှိသော။ မဟာဗြဟ္မေန = အနာဂါမ်တည်ပြီး မြတ်သောဗြဟ္မာမင်းကြီးသည်။ ယာစိတော = တရားဟောစိမ့် အံ့သောငှာ တောင်းပန်အပ်သည်ဖြစ်၍။ ဣသိပတနနာမကေ = ရှေးခါ ခေတ်ဟောင်း ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာတို့ စျာန်အဘိညာဏ်ဖြင့် ကောင်းကင်မှသက်ရာ ကောင်းကင်သို့တက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတန အမည်ရသော။ မိဂဒါယေ = သားတို့အား ဘေးမဲ့ပေးရာ သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံ၌။ ပဉ္စဝဂ္ဂီနံ = ငါးဦးအစုရှိခြင်းကြောင့် ပဉ္စဝဂ္ဂီအမည်ရှိ ကုန်သော။ ဘိက္ခူနံ = ကောဏ္ဍည, ဝပ္ပ, ဘဒ္ဒိယ, မဟာနာမ်, အဿဇိ ရဟန်းတို့အား။ နိဗ္ဗာနပါပကံ = နိဗ္ဗာန်သို့ ရောက်စေတတ်သော။ ဓမ္မဝရံ = မွန်မြတ်သော တရားရတနာဖြစ်သော။ ယံ ဓမ္မစက္ကံ = အကြင်ဓမ္မစကြာ ဒေသနာတော်ကို။ အဒေသယိ = ဟောကြားပြသ ဆိုဆုံးမတော်မူလေပြီ။
သဗ္ဗဒေဝေဟိ = ခပ်သိမ်းကုန်သော နတ်ဗြဟ္မာတို့သည်။ နန္ဒိတံ = နှစ်သက်အပ်သော။ သဗ္ဗသမ္ပတ္တိသာဓကံ = ခပ်သိမ်းသော လောကီ လောကုတ္တရာ ပစ္စုပ္ပန် သံသရာ အဖြာဖြာသော စည်းစိမ်ချမ်းသာ၏ ပြီးပြည့်စုံခြင်းကို ပြီးစီးစေတတ်သော။ တံ ဓမ္မစက္ကံ = ထိုဓမ္မစကြာဒေသနာတော်ကို။ သဗ္ဗလောကဟိတတ္ထာယ = ခပ်သိမ်းသော လောကသားတို့၏ လောကီ လောကုတ္တရာ အကျိုးစီးပွားအလို့ငှာ။ ဟေ = အို အရှင်သူတော်ကောင်းတို့။ မယံ = ငါတို့သည်။ ဘဏာမ = ရွတ်ကြပါကုန်အံ့။
(ဤဓမ္မစကြာအမွှန်းဂါထာများကား ဆရာတော်ကြီး ဦးဗုဓ် စီရင် ရေးသားထားတော်မူသော ဂါထာများ ဖြစ်ကြသည်။)
၁။ ဧကံ = တစ်ပါးသော။ သမယံ= အခါ၌။ ဘဂဝါ = ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည်။ ဗာရာဏသိယံ = ဗာရာဏသီမြို့၏ အနီး၌။ ဣသိပတနေ = ရှေးခါခေတ်ဟောင်း ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသူတော်ကောင်းတို့ စျာန်အဘိညာဏ်ဖြင့် ကောင်းကင်မှ သက်ရာ ကောင်းကင်သို့ တက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတနအမည်ရသော။ မိဂဒါယေ = သားတို့ကို ဘေးမဲ့ပေးရာ သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံ၌။ ဝိဟရတိ = သီတင်းသုံး စံနေတော်မူ၏။ တတြ ခေါ = ထိုအခါ၌။ ဘဂဝါ = ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည်။ ပဉ္စဝဂ္ဂိယေ = ငါးဦးအစု ရှိခြင်းကြောင့် ပဉ္စဝဂ္ဂီအမည် ရှိကြကုန်သော။ ဘိက္ခူ = ရဟန်းတော် တို့ကို။ အာမန္တေသိ = မိန့်ကြားတော်မူပြီ။ ကိံ အာမန္တေသိ = အသို့ မိန့်ကြားတော်မူသနည်း?
ဘိက္ခဝေ = ရဟန်းတို့။ ပဗ္ဗဇိတေန = ကိလေသာအညစ်အကြေးတို့ကို နှင်ထုတ်ရန် ဟူသော ဦးတည်ချက်ဖြင့် အိမ်ရာတည်ထောင်သည့် လူ့ဘောင်ကို စွန့်ခွာလျက် အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာသောသူသည်။ ဣမေ ဒွေ အန္တာ = ဤအစွန်းနှစ်ဘက်တည်းဟူသော အယုတ်တရား နှစ်ပါးတို့ကို။ န သေဝိတဗ္ဗာ = မမှီဝဲအပ်ကုန်။
ကတမေ ဒွေ = အဘယ်အယုတ်တရား နှစ်ပါးတို့နည်းဟူမူကား။ ဟီနော = ယုတ်ညံ့သော။ ဂမ္မော = ရွာသူတို့၏ အလေ့အကျင့် ဖြစ် သော။ ပေါထုဇ္ဇနိကော = ကိလေသာထူပြောသည့် ပုထုဇန်ငမိုက်သား တို့၏ အလေ့အကျင့်သာဖြစ်သော။ အနရိယော = အရိယာသူတော် ကောင်းတို့၏ အလေ့အကျင့်မဟုတ်သော။ အနတ္ထသံဟိတော = မဂ် ဖိုလ်နိဗ္ဗာန် တည်းဟူသော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော။ ကာမေသု = လိုလား တပ်မက်စရာ ကာမဂုဏ်တို့၌။ ယော စာယံ ကာမသုခလ္လိကာနုယောဂေါ = အကြင် ကာမဂုဏ်ချမ်းသာကို ကပ်ငြိ တွယ်တာ မက်မောသော စိတ်ထားဖြင့် အဖန်တလဲလဲ လေ့လာလိုက်စား ပွားများ အားထုတ်ခြင်း = ကာမသုခလ္လိကာနုယောဂအကျင့်သည်လည်းကောင်း။ ဒုက္ခော = ကိုယ်စိတ်၏ဆင်းရဲခြင်းကို ဖြစ်စေတတ်သော။ အနရိယော = အရိယာသူတော်ကောင်းတို့၏ အလေ့အကျင့်မဟုတ်သော။ အနတ္ထသံဟိတော = မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော အကျိုးစီးပွားနှင့် မစပ်ယှဉ် သော။ ယော စာယံ အတ္တကိလမထာနုယောဂေါ = အကြင် ကိုယ် ပင်ပန်းဆင်းရဲမှုကို အဖန်တလဲလဲ လေ့လာလိုက်စား ပွားများအားထုတ် ခြင်း = အတ္တကိလမထာနုယောဂ အကျင့်သည်လည်းကောင်း။ ဣမေ ဒွေ = ဤနှစ်ပါးတို့တည်း။
ဘိက္ခဝေ = ရဟန်းတို့။ ဧတေ ခေါ ဥဘော အန္တေ = ဤအစွန်း နှစ်ဘက် အယုတ်တရားနှစ်ပါးတို့သို့။ အနုပဂမ္မ = မကပ်ရောက်မူ၍။ တထာဂတေန = (ရှေးဘုရားရှင်တို့ကဲ့သို့ ဗောဓိမဏ္ဍိုင်သို့တိုင်အောင် ကောင်းသောလာတော်မူခြင်း, နိဗ္ဗာန်သို့တိုင်အောင် ကောင်းသော ကြွသွားတော်မူခြင်းကြောင့်) တထာဂတအမည်ရတော်မူသော သင်တို့ ဆရာ ငါဘုရားသည်။ အဘိသမ္ဗုဒ္ဓါ = ထိုးထွင်း၍ သိမြင်တော်မူအပ် သော။ စက္ခုကရဏီ = အရိယသစ္စာလေးပါးကို ကွဲကွဲပြားပြား သိတတ် သော ပညာမျက်စိကို ပြုတတ်သော။ ဉာဏကရဏီ = အရိယသစ္စာ လေးပါးကို ထိုးထွင်း သိတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော။ မဇ္ဈိမာ ပဋိပဒါ = အလယ်အလတ် ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါ သည်။ ဥပသမာယ = ကိလေသာအပူ ငြိမ်းရန်အလို့ငှာ။ အဘိညာယ = အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်ရန်အလို့ငှာ။ သမ္ဗောဓာယ = အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်သော အရိယမဂ်ဉာဏ် ကို ရရှိရန်အလို့ငှာ။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် ကို မျက်မှောက်ပြုရန်အလို့ငှာ။ သံဝတ္တတိ = မုချမသွေ ဖြစ်ပါပေ၏။
၂။ ဘိက္ခဝေ = ရဟန်းတို့။ တထာဂတေန = တထာဂတအမည်ရတော်မူ သော သင်တို့ဆရာ ငါဘုရားသည်။ အဘိသမ္ဗုဒ္ဓါ = ထိုးထွင်း၍ သိမြင် တော်မူအပ်သော။ စက္ခုကရဏီ = အရိယသစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်သည့် ပညာမျက်စိကို ပြုလုပ်တတ်သော။ ဉာဏကရဏီ = အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်သော ဉာဏ်အမြင်ကို ပြုတတ်သော။ ယာ မဇ္ဈိမာ ပဋိပဒါ = အကြင် အလယ်အလတ် ကျင့်စဉ် ဖြစ်သော မဇ္ဈိမပဋိပဒါသည်။ ဥပသမာယ = ကိလေသာအပူ ငြိမ်းရန် အလို့ငှာ။ အဘိညာယ = အရိယသစ္စာလေးပါးကို ထိုးထွင်း သိမြင်ရန် အလို့ငှာ။ သမ္ဗောဓာယ = အရိယသစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန်အလို့ငှာ။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှာ။ သံဝတ္တတိ = မုချမသွေ ဖြစ်ပါပေ၏။ သာ မဇ္ဈိမာ ပဋိပဒါ = ထို အလယ်အလတ် ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါသည်။ ကတမာ စ = အဘယ်နည်း?
အရိယော = ဖြူစင်မြင့်မြတ်သော။ အဋ္ဌင်္ဂိကော = အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ အယမေဝ မဂ္ဂေါ = ဤအရိယမဂ်ပင်တည်း။ ဣဒံ = ဤအရိယမဂ်ဟူသည်။ သေယျထာ = အဘယ်နည်း?
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်သော အမြင်လည်းကောင်း,
၂။ သမ္မာသင်္ကပ္ပေါ = မှန်ကန်သော အကြံအစည်လည်းကောင်း,
၃။ သမ္မာဝါစာ = မှန်ကန်သော စကားလည်းကောင်း,
၄။ သမ္မာကမ္မန္တော = မှန်ကန်သော လုပ်ငန်းလည်းကောင်း,
၅။ သမ္မာအာဇီဝေါ = မှန်ကန်သော အသက်မွေးမှုလည်းကောင်း,
၆။ သမ္မာဝါယာမော = မှန်ကန်သော ကြိုးစားအားထုတ်မှု လုံ့လ လည်းကောင်း,
၇။ သမ္မာသတိ = မှန်ကန်သော အောက်မေ့အမှတ်ရမှုလည်းကောင်း,
၈။ သမ္မာသမာဓိ = မှန်ကန်သော စိတ်တည်ကြည်မှု သမာဓိ လည်းကောင်းတို့တည်း။
ဘိက္ခဝေ = ရဟန်းတို့။ တထာဂတေန = တထာဂတအမည်ရတော်မူ သော သင်တို့ဆရာ ငါဘုရားသည်။ အဘိသမ္ဗုဒ္ဓါ = ထိုးထွင်း၍ သိမြင် တော်မူအပ်သော။ စက္ခုကရဏီ = အရိယသစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်သည့် ပညာမျက်စိကို ပြုလုပ်တတ်သော။ ဉာဏကရဏီ = အရိယသစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်သော ဉာဏ်အမြင်ကို ပြုတတ်သော။ ယာ မဇ္ဈိမာ ပဋိပဒါ = အကြင် အလယ်အလတ် ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါသည်။ ဥပသမာယ = ကိလေသာအပူ ငြိမ်းအေးရန်အလို့ငှာ။ အဘိညာယ = အရိယသစ္စာလေးပါးကို ထိုးထွင်း သိမြင်ရန်အလို့ငှာ။ သမ္ဗောဓာယ = အရိယသစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန်အလို့ငှာ။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှာ။ သံဝတ္တတိ = မုချမသွေ ဖြစ်ပါပေ၏။ သာ မဇ္ဈိမာ ပဋိပဒါ = ထိုအလယ်အလတ် ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါဟူသည်။ အယံ ခေါ = ဤသည်ပင်တည်း။
၃။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ ခေါ ပန = ဤသည်ကား။ ဒုက္ခံ အရိယသစ္စံ = အရိယာတို့၏ အမှန်တရားဖြစ်သည့် ဒုက္ခအရိယသစ္စာ တည်း။ ဇာတိပိ = ပဋိသန္ဓေ တည်နေရခြင်းသည်လည်း။ ဒုက္ခာ = ဒုက္ခတည်း။ ဇရာပိ = အိုရခြင်းသည်လည်း။ ဒုက္ခာ = ဒုက္ခတည်း။ ဗျာဓိပိ = ဖျားနာရခြင်းသည်လည်း။ ဒုက္ခော = ဒုက္ခတည်း။ မရဏမ္ပိ = သေရခြင်းသည်လည်း။ ဒုက္ခံ = ဒုက္ခတည်း။ အပ္ပိယေဟိ = မချစ် မနှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့်။ သမ္ပယောဂေါ = ပေါင်း ဖော် ယှဉ်တွဲ၍ နေရခြင်းသည်လည်း။ ဒုက္ခော = ဒုက္ခတည်း။ ပိယေဟိ = ချစ်နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့နှင့်။ ဝိပ္ပယောဂေါ = ကွေကွင်းရခြင်းသည်လည်း။ ဒုက္ခော = ဒုက္ခတည်း။ ယမ္ပိစ္ဆံ = အကြင် အလိုရှိအပ်သော အရာကို။ န လဘတိ = မရ။ တမ္ပိ = ထိုအလိုရှိအပ်သောအရာကို မရရှိခြင်းသည်လည်း။ ဒုက္ခံ = ဒုက္ခတည်း။ သံခိတ္တေန = အကျဉ်းအားဖြင့်။ ပဉ္စုပါဒါနက္ခန္ဓာ = ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည်။ ဒုက္ခာ = ဒုက္ခတို့တည်း။
၄။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ ခေါ ပန = ဤသည်ကား။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခ၏ အကြောင်းရင်းဖြစ်သော အရိယာတို့၏ အမှန် တရား ဒုက္ခသမုဒယ အရိယသစ္စာတည်း။ ယာယံ တဏှာ = အကြင် တဏှာသည်။ ပေါနောဗ္ဘဝိကာ = တစ်ဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နန္ဒီရာဂသဟဂတာ = နှစ်သက်တပ်မက်ခြင်း နန္ဒီရာဂနှင့် အတူတကွ ဖြစ်၏။ တတြ တတြာဘိနန္ဒိနီ = ထိုထိုဘဝ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ဣဒံ = ဤ တဏှာဟူသည်။ သေယျထာ = အဘယ်နည်း? ကာမတဏှာ = ကာမ၌ တပ်မက်မှု ကာမတဏှာ လည်းကောင်း။ ဘဝတဏှာ = သဿတဒိဋ္ဌိနှင့် ယှဉ်တွဲဖြစ်သော တပ်မက်မှု ဘဝတဏှာလည်းကောင်း။ ဝိဘဝတဏှာ = ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲဖြစ်သော တပ်မက်မှု ဝိဘဝတဏှာလည်းကောင်းတည်း။
၅။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ ခေါ ပန = ဤသည်ကား။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခ၏ချုပ်ရာ အရိယာတို့၏အမှန်တရား ဒုက္ခနိရောဓ အရိယသစ္စာတည်း။ ယော = ယင်းဒုက္ခနိရောဓအရိယသစ္စာဟူသည်။ တဿာယေဝ တဏှာယ = ထိုတပ်မက်မှု တဏှာ၏ ပင်လျှင်။ အသေသဝိရာဂနိရောဓော = အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ် ငြိမ်းရာဖြစ်သော။ စာဂေါ = စွန့်လွှတ်ရာဖြစ်သော။ ပဋိနိဿဂ္ဂေါ = တစ်ဖန် စွန့်လွှတ်ရာဖြစ်သော။ မုတ္တိ = လွတ်မြောက်ရာဖြစ်သော။ အနာလယော = မကပ်ငြိရာဖြစ်သော တရားတည်း။
၆။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ ခေါ ပန = ဤသည်ကား။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓသို့ ရောက် ကြောင်း ကျင့်စဉ်ဖြစ်သော အရိယာတို့၏ အမှန်တရား = မဂ္ဂအရိယ သစ္စာတည်း။ အရိယော = ဖြူစင်မြင့်မြတ်သော။ အဋ္ဌင်္ဂိကော = အင်္ဂါရှစ်ပါးရှိသော။ အယမေဝ မဂ္ဂေါ = ဤမဂ္ဂင်ပင်တည်း။ ဣဒံ = ဤမဂ္ဂင်သည်။ သေယျထာ = အဘယ်နည်း?
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်သော ဉာဏ်အမြင်လည်းကောင်း,
၂။ သမ္မာသင်္ကပ္ပေါ = မှန်ကန်သော အကြံအစည်လည်းကောင်း,
၃။ သမ္မာဝါစာ = မှန်ကန်သော စကားလည်းကောင်း,
၄။ သမ္မာကမ္မန္တော = မှန်ကန်သော လုပ်ငန်းလည်းကောင်း,
၅။ သမ္မာအာဇီဝေါ = မှန်ကန်သော အသက်မွေးမှုလည်းကောင်း,
၆။ သမ္မာဝါယာမော = မှန်ကန်သော ကြိုးစားအားထုတ်မှု လုံ့လ လည်းကောင်း,
၇။ သမ္မာသတိ = မှန်ကန်သော အောက်မေ့အမှတ်ရမှုလည်း ကောင်း,
၈။ သမ္မာသမာဓိ = မှန်ကန်သော စိတ်တည်ကြည်မှု သမာဓိ လည်းကောင်းတို့တည်း။
၇။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ = ဤတရားသည်ကား။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာတည်း။ ဣတိ = ဤသို့။ မေ = ငါဘုရားရှင် ၏ သန္တာန်၌။ ပုဗ္ဗေ = ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု = မကြားအပ်စဖူးကုန်သော။ ဓမ္မေသု = ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ = ဒုက္ခသစ္စာကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ = ဒုက္ခသစ္စာကို ထိုးထွင်း သိတတ်သော ဉာဏ်သည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေ ပြီ။ ပညာ = ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ = ဒုက္ခသစ္စာကို ထွင်းဖောက် သိတတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ် တော်မူခဲ့လေပြီ။ အာလောကော = ဒုက္ခသစ္စာကို သိအောင် ထွန်း လင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၈။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ = ထို ဒုက္ခအရိယစ္စာတရားကို။ ပရိညေယျံ = ပိုင်းခြားသိအပ်၏။ ဣတိ = ဤသို့လျှင်။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ = ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု = မကြားအပ်စဖူးကုန်သော။ ဓမ္မေသု = ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ = ဒုက္ခသစ္စာကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပ ။ အာလောကော = ဒုက္ခသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့ လေပြီ။
၉။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ = ထို ဒုက္ခအရိယသစ္စာတရားကို။ ပရိညာတံ = ပိုင်းခြား၍ သိအပ်ပြီးပြီ။ ဣတိ = ဤသို့လျှင်။ ပုဗ္ဗေ = ဘုရားမဖြစ်မီ ရှေးအဖို့၌။ ပ ။ အာလောကော = ဒုက္ခသစ္စာကိုသိအောင် ထွန်းပြတတ်သော ဉာဏ်အရောင် အလင်းသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၀။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ ခေါ ပန = ဤတရားသည်ကား။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခဖြစ်ကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား = ဒုက္ခသမုဒယ အရိယသစ္စာတည်း။ ဣတိ = ဤသို့။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ = ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု = မကြားစဖူးကုန်သော။ ဓမ္မေသု = သမုဒယသစ္စာ တရားတို့၌။ စက္ခုံ = သမုဒယသစ္စာကို သိမြင်တတ်သော ပညာမျက်စိ သည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ = သမုဒယ သစ္စာကို ထိုးထွင်းသိတတ်သော ဉာဏ်သည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ = သမုဒယသစ္စာကို ကွဲကွဲ ပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ = သမုဒယသစ္စာကို ထွင်းဖောက်သိမြင်တတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော = သမုဒယသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင် အလင်းသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၁။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ = ထိုဒုက္ခဖြစ်ကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား = ဒုက္ခ သမုဒယအရိယသစ္စာတရားကို။ ပဟာတဗ္ဗံ = ပယ်အပ်၏။ ဣတိ = ဤသို့။ ပ ။ အာလောကော = သမုဒယသစ္စာကို သိအောင် ထွန်းလင်း ပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၂။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ = ထိုဒုက္ခဖြစ်ကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား = ဒုက္ခ သမုဒယအရိယသစ္စာတရားကို။ ပဟာနံ = ပယ်ပြီးပြီ။ ဣတိ = ဤသို့ ။ ပ ။ အာလောကော = သမုဒယသစ္စာကို သိအောင် ထွန်းလင်း ပြ တတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ် ပေါ်တော်မူခဲ့လေပြီ။
၁၃။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ = ဤတရားသည်ကား။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား = ဒုက္ခနိရောဓ အရိယသစ္စာတရားတည်း။ ဣတိ = ဤသို့။ မေ = ငါ ဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ = ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု = မကြားစဖူးကုန်သော။ ဓမ္မေသု = နိရောဓသစ္စာတရားတို့၌။ စက္ခုံ = နိရောဓသစ္စာတရားကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ = နိရောဓသစ္စာကို ထိုးထွင်းသိတတ်သော ဉာဏ်သည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော် မူခဲ့လေပြီ။ ပညာ = နိရောဓသစ္စာကို ကွဲကွဲပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ = နိရောဓသစ္စာကို ထွင်းဖောက်သိတတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော = နိရောဓသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၄။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ = ထိုဒုက္ခချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား = ဒုက္ခနိရောဓ အရိယသစ္စာတရားကို။ သစ္ဆိကာတဗ္ဗံ = မျက်မှောက်ပြုအပ်၏။ ဣတိ = ဤသို့။ ပ ။ အာလောကော = နိရောဓသစ္စာကိုသိအောင် ထွန်းလင်း ပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၅။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ = ထိုဒုက္ခချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား = ဒုက္ခနိရောဓ အရိယသစ္စာတရားကို။ သစ္ဆိကတံ = မျက်မှောက်ပြုပြီးပြီ။ ဣတိ = ဤသို့။ ပ ။ အာလောကော = နိရောဓသစ္စာကို သိအောင် ထွန်းလင်း ပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၆။ ဘိက္ခဝေ = ရဟန်းတို့။ ဣဒံ = ဤတရားသည်ကား။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ = ဒုက္ခချုပ်ရာ = ဒုက္ခနိရောဓသို့ ရောက် ကြောင်းကျင့်စဉ်ဖြစ်သော အရိယာတို့၏ အမှန်တရား မဂ္ဂအရိယ သစ္စာတရားတည်း။ ဣတိ = ဤသို့။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ပုဗ္ဗေ = ဘုရားမဖြစ်မီ ရှေးအဖို့၌။ အနနုဿုတေသု = မကြားစဖူး ကုန်သော။ ဓမ္မေသု = မဂ္ဂသစ္စာတရားတို့၌။ စက္ခုံ = မဂ္ဂသစ္စာတရား ကို သိမြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒိ = ထင်ရှားဖြစ် ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ = မဂ္ဂသစ္စာကို ထိုးထွင်းသိတတ်သော ဉာဏ်သည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ = မဂ္ဂသစ္စာကို ကွဲကွဲပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဝိဇ္ဇာ = မဂ္ဂသစ္စာကို ထွင်းဖောက် သိတတ်သော ဝိဇ္ဇာသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော = မဂ္ဂသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေ ပြီ။
၁၇။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ = ထိုဒုက္ခချုပ်ရာ = ဒုက္ခနိရောဓသို့ရောက်ကြောင်း ကျင့်စဉ် ဖြစ်သော အရိယာတို့၏ အမှန်တရား = မဂ္ဂအရိယသစ္စာတရားကို။ ဘာဝေတဗ္ဗံ = ပွားများအပ်၏။ ဣတိ = ဤသို့။ ပ ။ အာလောကော = မဂ္ဂသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင် အလင်းသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၈။ ဘိက္ခဝေ = ရဟန်းတို့။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ = ထိုဒုက္ခချုပ်ရာ ဒုက္ခနိရောဓသို့ ရောက်ကြောင်း ကျင့်စဉ် ဖြစ်သည့် အရိယာတို့၏ အမှန်တရား = မဂ္ဂအရိယသစ္စာတရားကို။ ဘာဝိတံ = ပွားများအပ်ပြီးပြီ။ ဣတိ = ဤသို့။ ပ ။ အာလောကော = မဂ္ဂသစ္စာကို သိအောင် ထွန်းလင်းပြတတ်သော ဉာဏ်အရောင် အလင်းသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။
၁၉။ ဘိက္ခဝေ = ရဟန်းတို့။ ယာဝကီဝဉ္စ = အကြင်မျှလောက်သော ကာလ ပတ်လုံးလျှင်။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ဣမေသု စတူသု အရိယသစ္စေသု = ဤအရိယာတို့၏ အမှန်တရား (= အရိယသစ္စာ လေးပါး)တို့၌။ ဧဝံ = ဤသို့လျှင်။ တိပရိဝဋ္ဋံ =(သစ္စာတစ်ပါးတစ်ပါး၌ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဟု) သုံးပါးသော အပြန်ရှိသော။ ဒွါဒသာကာရံ = သစ္စာလေးပါးလုံး၌ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာ ရှိသော။ ယထာဘူတံ = ဟုတ်မှန်တိုင်းသော။ ဉာဏဒဿနံ = ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ = ကောင်းစွာသန့်ရှင်းစင်ကြယ်သည်။ န အဟောသိ = မဖြစ်သေး။ ဘိက္ခဝေ = ရဟန်းတို့။ တာဝ = ထိုမျှလောက်သော ကာလပတ်လုံး။ အဟံ = ငါဘုရားသည်။ သဒေဝကေ သမာရကေ = နတ်, မာရ်နတ်နှင့် တကွသော။ သဗြဟ္မကေ = ဗြဟ္မာနှင့်တကွသော။ လောကေ = နတ်လောက၌။ သဿမဏဗြာဟ္မဏိယာ = သမဏဗြာဟ္မဏနှင့် တကွသော။ သဒေဝမနုဿာယ = သမ္မုတိနတ်တည်းဟူသော မင်း, ကြွင်းသောလူသားနှင့် တကွသော။ ပဇာယ = လူ့လောက၌ ။ အနုတ္တရံ = အတုမရှိသော။ သမ္မာသဗ္ဗောဓိံ = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တည်းဟူသော သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကို။ အဘိသမ္ဗုဒ္ဓေါတိ = ထိုးထွင်း၍ သိမြင်ပြီဟူ၍။ နေဝပစ္စညာသိ = ဝန်ခံတော်မမူခဲ့ချေ။
၂၀။ ဘိက္ခဝေ = ရဟန်းတို့။ ယတော စ ခေါ = အကြင်အခါ၌ကား။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ဣမေသု စတူသု အရိယသစ္စေသု = ဤအရိယသစ္စာတရား လေးပါးတို့၌။ ဧဝံ = ဤသို့လျှင်။ တိပရိဝဋ္ဋံ = (သစ္စာတစ်ပါးတစ်ပါး၌ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ်ဟု) သုံးပါး သော အပြန်ရှိသော။ ဒွါဒသာကာရံ = သစ္စာလေးပါးလုံး၌ တစ်ဆယ့် နှစ်ပါးသော အခြင်းအရာရှိသော။ ယထာဘူတံ = ဟုတ်မှန်တိုင်းသော။ ဉာဏဒဿနံ = ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ = ကောင်းစွာ သန့်ရှင်း စင်ကြယ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။ အထ = ထိုအခါ၌။ အဟံ = ငါဘုရားသည်။ သဒေဝကေ သမာရကေ = နတ်, မာရ်နတ်နှင့် တကွသော။ သဗြဟ္မကေ = ဗြာဟ္မာနှင့် တကွသော။ လောကေ = နတ်လောက၌။ သဿမဏဗြာဟ္မဏိယာ = သမဏဗြာဟ္မဏနှင့် တကွသော။ သဒေဝမနုဿာယ = သမ္မုတိနတ်တည်းဟူသော မင်း, ကြွင်းသောလူသားနှင့် တကွသော။ ပဇာယ = လူ့လောက၌။ အနုတ္တရံ = အတုမရှိသော။ သမ္မာသမ္ဗောဓိံ = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတ ဉာဏ်တည်းဟူသော သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကို။ အဘိသမ္ဗုဒ္ဓေါတိ = ထိုးထွင်း၍ သိပြီဟူ၍။ ပစ္စညာသိံ = ဝန်ခံခဲ့လေပြီ။ မေ = ငါ၏။ ဝိမုတ္တိ = ကိလေသာတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ် သည်။ အကုပ္ပါ = မပျက်စီးနိုင်ပြီ။ အယံ = ဤသည်ကား။ အန္တိမာ ဇာတိ = နောက်ဆုံးဇာတိတည်း။ ဣဒါနိ = ယခုအခါ၌။ ပုနဗ္ဘဝေါ = တစ်ဖန်ဘဝသစ်၌ ဖြစ်ရခြင်းသည်။ နတ္ထိ = မရှိတော့ပြီ။ ဣတိ = ဤသို့သော။ ဉာဏဒဿနံ = ပစ္စဝေက္ခဏာ ဉာဏ်အမြင်သည်။ မေ = ငါဘုရား၏ သန္တာန်၌။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဣတိ = ဤသို့ မိန့်ကြားတော်မူ၏။
၂၁။ ဣဒံ = ဤဓမ္မစက္ကပ္ပဝတ္တနသုတ္တန် တရားဒေသနာတော်ကို။ ဘဂဝါ = ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသည်။ အဝေါစ = ဟောကြားတော်မူလေပြီ။ ပဉ္စဝဂ္ဂိယာ ဘိက္ခူ = ပဉ္စဝဂ္ဂီ ရဟန်းတော် တို့သည်။ ဘဂဝတော = မြတ်စွာဘုရား၏။ ဘာသိတံ = ဟောကြား ပြသ ဆိုဆုံးမတော်မူအပ်သော ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် တရားဒေသနာ တော်ကို။ အဘိနန္ဒုံ = ရိုသေစွာ ဝမ်းမြောက်စွာ ဦးဖြင့် ခံယူကြလေ ကုန်ပြီ။ ဣတိ = ဤတွင် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ပြီး၏။
၂၂။ ဣမသ္မံစ ပန ဝေယျာကရဏသ္မိံ = ဤ ဂါထာမဖက် စကားပြေ သက်သက် ဖြစ်သော ဓမ္မဓက္ကပ္ပဝတ္တနသုတ္တန်ဒေသနာတော်ကို။ ဘညမာနေ= ဟောကြားတော်မူအပ်သည်ရှိသော်။ အာယသ္မတော ကောဏ္ဍညဿ = အသျှင်ကောဏ္ဍည၏ သန္တာန်၌။ ယံကိဉ္စိ သမုဒယဓမ္မံ = ဖြစ်ခြင်းသဘောရှိသော သမုဒယဓမ္မမှန်သမျှသည်။ နိရောဓဓမ္မံ = ချုပ်ခြင်း သဘောရှိသော နိရောဓဓမ္မသာတည်း။ ဣတိ = ဤသို့သော။ ဝိရဇံ = ကိလေသာမြူ ကင်းသော။ ဝီတမလံ = ကိလေသာအညစ် အကြေး ကင်းသော။ ဓမ္မစက္ခုံ = သောတာပတ္တိမဂ်ဉာဏ်မျက်စိသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၂၃။ ဘဂဝတာ = မြတ်စွာဘုရားသည်။ ဓမ္မစက္ကေ = ပဋိဝေဓဉာဏ်တော်, ဒေသနာဉာဏ်တော် တည်းဟူသော တရားဓမ္မစက်ကို။ (ဓမ္မစက္ကေတိ ပဋိဝေဓဉာဏေ စေဝ ဒေသနာဉာဏေ စ။ သံ၊ဋ္ဌ၊၃၊၃၂၈။)။ ပဝတ္တိတေ = လည် ပတ်စေတော်မူအပ်သည်ရှိသော်။ ဘဂဝတာ = မြတ်စွာဘုရားသည်။ ဗာရာဏသိယံ = ဗာရာဏသီမြို့၏ အနီး၌။ ဣသိပတနေ = ရှေးခါ ခေတ်ဟောင်း ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသူတော်ကောင်းတို့ စျာန် အဘိညာဏ်ဖြင့် ကောင်းကင်မှ သက်ရာ ကောင်းကင်သိုိ့ တက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတနအမည်ရသော။ မိဂဒါယေ = သားတို့ကို ဘေးမဲ့ပေးရာ သားပေါင်းစုံသည့် မိဂဒါဝုန် တောရဂုံ၌။ လောကသ္မိံ = လောက၌။ သမဏေ ဝါ = သမဏသည်လည်းကောင်း။ ဗြာဟ္မဏေန ဝါ = ဗြာဟ္မဏသည်လည်းကောင်း။ ဒေဝေန ဝါ = နတ်သည် လည်းကောင်း။ မာရေန ဝါ = မာရ်နတ်သည်လည်းကောင်း။ ဗြဟ္မုနာ ဝါ = ဗြဟ္မာသည်လည်းကောင်း။ ကေနစိ ဝါ = တစ်စုံ တစ်ယောက် သော သူမျှသော်လည်း။ အပ္ပဋိဝတ္တိယံ = ဟောကြားခြင်းငှာ မစွမ်း နိုင်သော။ အနုတ္တရံ = အတုမရှိသော။ ဧတံ ဓမ္မစက္ကံ = ဤပဋိဝေဓ ဉာဏ်တော်, ဒေသနာဉာဏ်တော်တည်းဟူသော တရားဓမ္မစက်ကို။ ပဝတ္တိတံ = လည်ပတ်စေတော်မူအပ်ပြီ။ ဣတိ = ဤသို့လျှင်။ ဘုမ္မာဒေဝါ = ဘုမ္မဇိုဝ်းနတ်တို့သည်။ သဒ္ဒံ = ကောင်းချီးပေးသံကို။ အနုဿာဝေသုံ = အဆင့်ဆင့် ကြွေးကြော်ကြကုန်ပြီ။
၂၄။ ဘုမ္မာနံ ဒေဝါနံ = ဘုမ္မဇိုဝ်းနတ်တို့၏။ သဒ္ဒံ = ကောင်းချီးပေးသံကို။ သုတွာ = ကြားကြကုန်၍။ ပ ။ စာတုမဟာရာဇိကာ ဒေဝါ = စာတု မဟာရာဇ်နတ်တို့သည်။ သဒ္ဒံ = ကောင်းချီးပေးသံကို။ အနုဿာဝေသုံ = အဆင့်ဆင့် ကြွေးကြော်ကြကုန်ပြီ။
၂၅။ စာတုမဟာရာဇိကာနံ ဒေဝါနံ = စာတုမဟာရာဇ်နတ်တို့၏။ သဒ္ဒံ = ကောင်းချီးပေးသံကို။ သုတွာ = ကြားကြကုန်၍။ တာဝတိံသာ ဒေဝါ = တာဝတိံသာနတ်တို့သည်။ ပ ။ ယာမာ ဒေဝါ = ယာမာနတ် တို့သည်။ ပ ။ တုသိတာ ဒေဝါ = တုသိတာနတ်တို့သည်။ ပ ။ နိမ္မာနရတီ ဒေဝါ = နိမ္မာနရတီနတ်တို့သည်။ ပ ။ ပရနိမ္မိတဝသဝတ္တီ ဒေဝါ = ပရနိမ္မိတဝသဝတ္တီနတ်တို့သည်။ ပ ။ ဗြဟ္မကာယိကာ ဒေဝါ = ဗြဟ္မာတို့သည်။ သဒ္ဒံ = ကောင်းချီးပေးသံကို။ အနုဿာဝေသုံ = အဆင့်ဆင့် ကြွေးကြော်ကြကုန်ပြီ။
၂၆။ ဣတိ = ဤသို့လျှင်။ တေန ခဏေန = ထိုခဏ၌။ တေန လယေန = ထိုလယအခါ၌။ တေန မုဟုတ္တေန = ထိုမုဟုတ်ကာလ၌။ ယာဝဗြဟ္မလောကာ = အကနိဋ္ဌဗြဟ္မာပြည်သို့တိုင်အောင်။ သဒ္ဒေါ = ကောင်းချီးပေးသော အသံသည်။ အဗ္ဘုဂ္ဂစ္ဆိ = ပျံ့နှံ့၍ တက်၏။ အယဉ္စ ဒသသဟဿိလောကဓာတု = ဤတစ်သောင်းသော လောကဓာတ်သည်လည်း။ သင်္ကမ္ပိ = ကောင်းစွာ တုန်လှုပ်၏။ သမ္ပကမ္ပိ = ပြင်းထန်စွာ တုန်လှုပ်၏။ သမ္ပဝေဓိ = ထိုမှဤမှ ထက်ဝန်းကျင် တုန်လှုပ်၏။ အပ္ပမာဏော = အတိုင်းအရှည်မရှိသော။ ဥဠာရော = ပြန့်ပြော ကြီးကျယ်သော။ ဩဘာသော စ = သဗ္ဗညုတဉာဏ်တော် မြတ်ကြီးကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းသည်လည်း။ (ဩဘာသောတိ သဗ္ဗညုတဉာဏောဘာသော။ (သံ၊ဋ္ဌ၊၃၊၃၂၉))။ လောကေ = လောက၌။ ဒေဝါနံ = နတ်တို့၏။ ဒေဝါနုဘာဝံ = နတ်တို့၏ အာနုဘော်ကို။ အတိက္ကမ္မ = ကျော်လွန်၍။ ပါတုရဟောသိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
၂၇။ အထ ခေါ = ထိုအခါ၌။ ဘဂဝါ = မြတ်စွာဘုရားသည်။ ဘော = အို - ရဟန်းတို့။ ကောဏ္ဍညော = ကောဏ္ဍညသည်။ အညာသိ ဝတ = သစ္စာလေးပါးတရားကို သိလေပြီတကား။ ဘော = အို -ရဟန်းတို့။ ကောဏ္ဍညော = ကောဏ္ဍညသည်။ အညာသိ ဝတ = သစ္စာလေးပါးတရားကို သိလေပြီတကား။ ဣတိ = ဤသို့။ ဣမံ ဥဒါနံ = ဤဝမ်းမြောက်ခြင်း ဥဒါန်းစကားကို။ ဥဒါနေသိ = ကျူးရင့်တော်မူပြီ။ ဣတိ = ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့် ပင်လျှင်။ အာယသ္မတော ကောဏ္ဍညဿ = အသျှင်ကောဏ္ဍညအား။ အညာသိကောဏ္ဍညောတွေဝ = အညာသိကောဏ္ဍည ဟူ၍ သာလျှင်။ နာမံ = အမည်နာမသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။
၂၈။ အထ ခေါ = ထိုအခါ၌။ အာယသ္မာ အညာသိကောဏ္ဍညော = အသျှင် အညာသိကောဏ္ဍညသည်။ ဒိဋ္ဌဓမ္မော = ဉာဏ်ဖြင့် သိမြင်အပ် ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ ပတ္တဓမ္မော = ဉာဏ်ဖြင့် ဆိုက်ရောက်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ ဝိဒိတဓမ္မော = ဉာဏ်ဖြင့် ထိုးထွင်းသိအပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ တိဏ္ဏဝိစိကိစ္ဆော = သစ္စာလေးပါး တရား၌ ယုံမှားခြင်းဝိစိကိစ္ဆာကို ကျော်လွှား လွန်မြောက်ပြီးသည်ဖြစ်၍။ ဝိဂတကထံကထော = သစ္စာလေးပါးတရား၌ ဟုတ်သလော မဟုတ် သလောဟူသော သို့လောသို့လော တွေးတောယုံမှားခြင်း ကင်းသည် ဖြစ်၍။ ဝေသာရဇ္ဇပတ္တော = သစ္စာလေးပါးသိမှု၌ ရဲရင့်ခြင်းသို့ ရောက်ရှိသည်ဖြစ်၍။ သတ္ထုသာသနေ = ဘုရားရှင်၏ အဆုံးအမ သာသနာတော်၌။ အပရပ္ပစ္စယော = သစ္စာလေးပါးတရားကို သိမြင် ခြင်း၌ ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထွင်းဖောက် သိမြင်ခြင်းကြောင့် သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မရှိသည်ဖြစ်၍။ ဘဂဝန္တံ = ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပ တော်မူပါပေသော မြတ်စွာဘုရား။ ဘဂဝတော = ဘုန်းတော်ကြီးမြတ် တော်မူသော ဘုရားရှင်၏။ သန္တိကေ = ထံတော်မှောက်၌။ အဟံ =ဘုရားတပည့်တော်သည်။ ပဗ္ဗဇ္ဇံ = ရှင်အဖြစ်ကို။ လဘေယျံ = ရချင် ပါ၏။ ဥပသမ္ပဒံ = ရဟန်းပဉ္စင်းအဖြစ်ကို။ လဘေယျံ = ရချင်ပါ၏။ ဣတိ = ဤသို့လျှင်။ ဧတံ = ဤစကားကို။ အဝေါစ = လျှောက်ထား လိုက်လေပြီ။
၂၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ (ဒက္ခိဏဟတ္ထံ = လကျ်ာလက်မောင်းတော်ကို။ ပသာရေတွာ = ဆန့်တန်းတော်မူ၍)။ ဘိက္ခု = ရဟန်း။ ဧဟိ = လာလော့။ ဓမ္မော = မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် တရားတော်မြတ်ကို။ စွာက္ခာတော = အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံ ကောင်းမွန်စွာ ဟောကြားထားတော်မူအပ်ပါပေ၏။ သမ္မာ = ကောင်း မွန်စွာ။ ဒုက္ခဿ = သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏။ အန္တကိရိယာယ = အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ ဗြဟ္မစရိယံ = သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်သော သာသနာ့ ဗြဟ္မစရိယ, အထက်မဂ်သုံးပါးတည်းဟူသော မဂ္ဂဗြဟ္မစရိယ, ဤနှစ်မျိုး သော မွန်မြတ်သော ဗြဟ္မစရိယကျင့်စဉ်ကို။ စရ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေလော့။ ဣတိ = ဤသို့။ အဝေါစ = မိန့်ကြား တော်မူပြီ။
တဿ အာယသ္မတော ကောဏ္ဍညဿ = ထိုအသျှင်ကောဏ္ဍည အား။ သာဝ ဥပသမ္ပဒါ = ထိုဧဟိဘိက္ခု ရဟန်းပဉ္စင်းအဖြစ်သည် သာလျှင်။ အဟောသိ = ဖြစ်ခဲ့လေပြီ။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ပါဠိတော် နိဿယ ပြီး၏။
အခန်း (၂)
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်တရားတော်ကျမ်းဦး
ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ္တန်စတဲ့ ထိုထိုသုတ်တွေကို အိမ်မှာ ရွတ်ဖတ် ပူဇော်နေကြတယ်ဆိုတဲ့ သတင်းကြားတော့ ဘုန်းကြီးဘက်ကလည်း ဒီဓမ္မစကြာ ဒေသနာတော်, အနတ္တလက္ခဏသုတ္တန် ဒေသနာတော်တွေမှာ လာရှိတဲ့ အနက်အဓိပ္ပါယ်တွေကို စနစ်တကျ နားလည်စေချင်တယ်။ ဒါက အကြောင်းတစ်ရပ်၊ ဒီ ဓမ္မစကြာဒေသနာတော်, အနတ္တလက္ခဏသုတ္တန် ဒေသနာတော်တွေမှာ လာရှိတဲ့ ဝိပဿနာရှုကွက် လုပ်ငန်းခွင်တွေနှင့် ပတ် သက်လို့လည်း တတ်သိနားလည်စေချင်တယ်။ ဒါကလည်း အကြောင်း တစ်ရပ်၊ နောက်တစ်ခါ ဒီဓမ္မစကြာဒေသနာတော်, အနတ္တလက္ခဏသုတ္တန် ဒေသနာတော်တွေမှာ လာရှိတဲ့ နည်းစနစ်တွေက အရှင်ကောဏ္ဍည, အရှင်ဘဒ္ဒိယ, အရှင်ဝပ္ပ, အရှင်မဟာနာမ, အရှင်အဿဇိခေါ်တဲ့ နောင်တော့် နောင်တော်များဖြစ်ကြတဲ့ ပဉ္စဝဂ္ဂီငါးဦး အမှူးရှိနေတဲ့ ရှေးရှေး အရိယာ သူတော်ကောင်းတို့ နိဗ္ဗာန်သို့ ကြွဝင်တော်မူတဲ့ လမ်းကြောင်းကြီး ဖြစ်ပါတယ်။ ထို လမ်းကြောင်းကြီးအတိုင်း ဒီနေ့ တရားနာပရိသတ်တွေလည်း လေ့လာ ပြီး ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စေချင်တယ်။ ဒါကလည်း အကြောင်း တစ်ရပ်, ဒီအကြောင်းသုံးရပ်ကြောင့် ဘုန်းကြီး ဒီဓမ္မစကြာဒေသနာတော်နှင့် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်တွေကို အခြေခံ၍ သမထ-ဝိပဿနာ ကျင့်စဉ်တွေကို ဟောကြားဖို့ရန်အတွက် ရည်ရွယ်ထားပါတယ်။ ဒီသမထ ဝိပဿနာ ကျင့်စဉ်တွေကို မဟောမီ မနာမီ ဒီဓမ္မစကြာဒေသနာတော်, အနတ္တလက္ခဏသုတ္တန် ဒေသနာတော် အစရှိတဲ့ ဒေသနာတော် အရပ်ရပ် တွေကို စတင်ပြီး ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့ မြတ်စွာဘုရားအား ရှေးဦးစွာ ရှိခိုး ပူဇော် ကန်တော့ကြရအောင်။ ကဲ - အားလုံး လက်အုပ် ချီထားကြ ...။
မဟာနမက္ကာရ - ဗုဒ္ဓပဏာမ
မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော၊
ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသိဝရေဟိ။
သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ၊
တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ။
ဒယုဒယရုဏော = မဟာကရုဏာတော်သမာပတ် တည်းဟူသော တက်သက်စ နေအရုဏ်လည်း ရှိတော်မူထသော။
ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့် သော စက်ဝန်းတော်လည်း ရှိတော်မူထသော။
ဧကော = သောင်းလောကဓာတ် တစ်ခွင်ဝယ် တုဖက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်းပေါ်ပေါက်၍ လာတော် မူပေသော။
ယော မုနိန္ဒက္ကော = အကြင်ဘုရားတည်းဟူသော နေမင်းသည်။
သုဒ္ဓေ = သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။
တိဘဝကုဟရေ = ကာမ, ရူပ, အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ်ကြာအိုင်၌။
နိဗ္ဗတ္တံ = ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့်ဖြစ်ထွန်း ပေါ် ပေါက်၍ နေပေသော။
ကမလကထိတံ = ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။
ဝိနေယျပ္ပါဏောဃံ = ကျွတ်ထိုက်သသူ လူ နတ် ဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။
ဓမ္မရံသိဝရေဟိ = ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်, အနတ္တလက္ခဏသုတ္တန် ကဲ့သို့သော မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေ တတ်သည့် သူတော်ကောင်းတရား တည်းဟူသော မြတ်သော ဒေသနာရောင်ခြည်တော်တို့ဖြင့်။
သုဗောဓေသိ = သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင် စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။
ဗျာပိတက္ကိတ္တိနဉ္စ = သောင်းလောကဓာတ်တစ်ခွင်ဝယ် သူမတူသော သီလ, သမာဓိ, ပညာ ဂုဏ်သကတ်ကြောင့် ဗြဟ္မာ့ ဘုံတိုင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပေထ သော။
တိလောကေကစ္စက္ခုံ = ဗြဟ္မာ နတ် လူ သုံးပုံသူတို့၏ တစ်လုံးတည်းသော မျက်စိသဖွယ် ဖြစ်တော်မူပေတတ်ထသော။
ဒုခမသဟနံ = မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသော အရာကို သည်းခံတော်မူတတ်ထသော။
မဟေသိံ = သီလက္ခန္ဓ, သမာဓိက္ဓန္ဓ, ပညာက္ခန္ဓ, ဝိမုတ္တိက္ခန္ဓ, ဝိမုတ္တိဉာဏဒဿနက္ခန္ဓ တည်းဟူသော ဂုဏ်ကျေးဇူး အထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီး သော။
တံ မုနိန္ဒက္ကံ = ထိုဘုရားတည်းဟူသော နေမင်းကို။
အဟံ = တရားဟော တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။
နမာမိ = ကာယဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာ ဒွါရ ပဏာမဖြင့် အဉ္စလီရိုကျိုး လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား။
သာဓု၊ သာဓု၊ သာဓု ...ပါဘုရား။
ဣသိပတန - မိဂဒါဝုန်တော
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။
အခါတစ်ပါး၌ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ဗာရာဏသီ မြို့၏အနီး၌ ဘုရား, ပစ္စေကဗုဒ္ဓါ အစရှိသော ရသေ့သူတော်ကောင်းတို့သည် ကောင်းကင်မှ စျာန်အဘိညာဏ်ဖြင့် ဆင်းသက်ကျရောက်ရာ ဖြစ်ခြင်းကြောင့် ဣသိပတန အမည်ရှိတော်မူသော သားတို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံး စံနေတော်မူဆဲ ဖြစ်ပေတယ်။ ဓမ္မစကြာဒေသနာတော် ဖြစ်ပေါ် လာတဲ့ အချိန်အခါကာလကို အရှင်အာနန္ဒာကိုယ်တော်မြတ်က အရှင်မဟာ ကဿပ မထေရ်မြတ် မေးမြန်းတော်မူတဲ့ အချိန်အခါမှာ နိဒါန်းသွယ်ပြီးတော့ လျှောက်ထားတဲ့ စကားရပ် ဖြစ်ပါတယ်။
အချိန်ဆိုတာလည်း ဘုန်းကြီးတို့ မဟာသက္ကရာဇ်အနေနှင့် ပြောလျှင် တော့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့မှာ မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်မှာ သဗ္ဗညုတ ဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူခဲ့ ပါတယ်။ ရရှိတော်မူခဲ့ပါတယ်။
ကဆုန်လပြည့်နေ့က နေပြီးတော့ ဗောဓိမဏ္ဍိုင်ပတ်ဝန်းကျင်မှာ မြတ်စွာ ဘုရားသည် သတ္တသတ္တာဟ (၇)ရက် (၇)လီ - (၄၉)ရက် စံနေတော်မူပြီးတဲ့ နောက် ဝါဆိုလပြည့်လောက် ရောက်လာတဲ့ အချိန်အခါမှာ ဗာရာဏသီပြည် ဗာရာဏသီမြို့အနီးမှာ တည်ရှိနေတဲ့ ဒီဣသိပတနအမည်ရတဲ့ မိဂဒါဝုန် တောသို့ မြတ်စွာဘုရား ကြွချီတော်မူခဲ့ပါတယ်။
ဒီနေရာမှာ ဣသိပတန = ရသေ့တွေရဲ့ စျာန်အဘိညာဏ်ဖြင့် ဆင်းသက် ကျရောက်ရာနေရာ ဆိုတာကတော့ - ရှေးရှေးတုန်းက ဘုရားရှင်တို့ကိုလည်း ဣသိလို့ ခေါ်ပါတယ်။ ပစ္စေကဗုဒ္ဓါဘုရားရှင်တွေကိုလည်း ဣသိလို့ ခေါ် ပါတယ်။ ရဟန်းတော်တွေကိုလည်း ဣသိလို့ ခေါ်ပါတယ်။ သာသနာပ အယူအဆရှိနေတဲ့ သို့မဟုတ် သာသနာတွင်း အယူအဆရှိနေတဲ့ ရှေးရှေး သူတော်ကောင်း, ရသေ့သူတော်ကောင်းတွေကိုလည်း ဣသိလို့ပဲ ခေါ်ဆို ပါတယ်။
ဒီတော့ ရှေးရှေးဘုရားရှင်များက ဒီ ဣသိပတနအမည်ရတဲ့ မိဂဒါဝုန် တောသို့ ကြွချီတော်မူတဲ့အခါမှာ ယေဘုယျအားဖြင့် ကောင်းကင်ခရီးဖြင့် ကြွချီပြီးတော့ ဆင်းသက်ပြီး ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူမြဲ ဓမ္မတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေရာကို ဣသိပတန၊ သဗ္ဗညုဗုဒ္ဓလို့ ခေါ်ဆိုအပ်တဲ့ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရတော်မူတဲ့ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ဟာ စျာန်အဘိညာဏ်ခရီးဖြင့် ကောင်းကင်မှ ဆင်းသက်ကြွချီရာဖြစ်ခြင်းကြောင့် ဣသိပတန အမည်ရှိတဲ့တောလို့ ဒီလို သတ်မှတ်ထားတယ်။
သို့သော် ဘုန်းကြီးတို့ ဘုရားရှင်ကျတော့ ထိုနေ့မှာ မြတ်စွာဘုရားသည် ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောကို ကြွချီဖို့ရန် ဆန္ဒတော်ဖြစ်တော်မူ တဲ့ အချိန်အခါမှာ ဉာဏ်တော် ကွန်ယက်ထဲမှာ ထင်လာတာက ဥပကတက္ကတွန်းကြီး တစ်ဦးအကြောင်း ဖြစ်ပါတယ်။ ထိုဥပကတက္ကတွန်းကြီးနှင့် လမ်း ခုလတ် တစ်နေရာမှာ တွေ့ခဲ့လျှင် - ဒီလို တွေ့ဆုံရခြင်းသည် ဒီဥပကကြီး နောင် တစ်ချိန်မှာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အထူးသဖြင့် အနာဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိရေးအတွက် အကြောင်းအထောက်အပံ့တစ်ခု ဖြစ်မယ်လို့ ဒီအချက်ကို သိရှိတော်မူတဲ့အတွက် မြတ်စွာဘုရားက ကောင်းကင်ခရီးဖြင့် မကြွဘဲ ခြေလျင်ပဲ ကြွချီတော်မူခဲ့ပါတယ်။ ဒီလို ကြွချီတော်မူတဲ့ နေရာကိုလည်း ဣသိပတနလို့ပဲ သတ်မှတ်ထားပါတယ်။ ဒါက တစ်ချက်။
ရှေးရှေး ပစ္စေကဗုဒ္ဓါ ဘုရားရှင်များ ရှိကြပါတယ်။ ဘုရား မပွင့်ထွန်း တော်မူခင်မှာ ရှေးရှေးက ပစ္စေကဗုဒ္ဓါ ဘုရားရှင်တွေဟာ တစ်ခါတစ်လေ ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှာ သီတင်းသုံးပြီးတဲ့ အချိန်အခါ ဗာရာဏသီမြို့တွင်း သို့ ဆွမ်းခံကြွချီတော်မူမယ်ဆိုလျှင် ကောင်းကင်ခရီးဖြင့် ဟိမဝန္တာကနေ ကြွလာပြီးတော့ ထို ဣသိပတန အမည်ရတဲ့ မိဂဒါဝုန်တော နေရာမှာပဲ ကောင်းကင်ကနေ သက်ဆင်းတော်မူကြတယ်။ ဗာရာဏသီမြို့တွင်းမှာ ဆွမ်းခံ၊ ဆွမ်းခံခြင်းကိစ္စ ပြီးတဲ့အချိန်ခါမှာ ထိုနေရာကနေပဲ ယေဘုယျအားဖြင့်တော့ ကောင်းကင်ခရီးဖြင့် ဟိမဝန္တာကို ပြန်ကြွတဲ့ ထုံးတမ်းအစဉ်အလာလည်း ရှိတယ်။ ဒါကလည်း အကြောင်းတစ်ရပ်။
နောက်အကြောင်းတစ်ခုကတော့ ပစ္စေကဗုဒ္ဓါဘုရားရှင်များ ဥပုသ်ပြုဖို့ ရန်အတွက် စုဝေးတဲ့နေရာကလည်း ဒီဣသိပတန အမည်ရတဲ့ မိဂဒါဝုန် တောပဲ ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါဘုရားရှင်တွေ ကောင်းကင်ခရီးကနေ စျာန် အဘိညာဏ်ခရီးဖြင့် ကြွချီလာပြီးတဲ့ အခါမှာ ကောင်းကင်မှ သက်ဆင်းရာ ဖြစ်ခြင်းကြောင့်, ကောင်းကင်သို့ ထိုမှ တစ်ဖန် ပြန်ကြွရာ ဖြစ်ခြင်းကြောင့် လည်း ဒီနေရာကို ဣသိပတနလို့ ခေါ်ပါ တယ်။
အလားတူပဲ ရှေးရှေး စျာန်အဘိညာဏ်ရရှိတဲ့ ရသေ့သူတော်ကောင်း တွေလည်း ဗာရာဏသီမြို့ကို ကြွချီတဲ့အချိန်အခါမှာ ထိုနေရာမှာပဲ ကောင်းကင်ခရီးကနေပြီးတော့ သက်ဆင်းလေ့ ရှိကြပါတယ်။ ဒါကြောင့် ဒီနေရာ လေးကို ဣသိပတနဆိုပြီးတော့ နာမည်တပ်ထားတယ်။ သားသမင် တွေကို ဘေးမဲ့ပေးထားတဲ့ ဘေးမဲ့တောဖြစ်ခြင်းကြောင့်လည်း ဒီနေရာကို မိဂဒါဝုန် တောအဖြစ်နှင့်လည်း သတ်မှတ်ထားပါတယ်။
ပဉ္စဝဂ္ဂီငါးဦး
ထိုဣသိပတန အမည်ရတဲ့ မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီငါးဦးတို့ကလည်း အဆင်သင့် စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။ ဒီပဉ္စဝဂ္ဂီငါးဦးကတော့ အရှင် ကောဏ္ဍည, အရှင်ဘဒ္ဒိယ, အရှင်ဝပ္ပ, အရှင်မဟာနာမ, အရှင်အဿဇိတို့ ဖြစ်ကြပါတယ်။ ဒီငါးဦးထဲမှာ ဦးဆောင်တာကတော့ အရှင်ကောဏ္ဍညက ဦးဆောင်ပါတယ်။ ဘုန်းကြီးတို့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလေးကို မွေးဖွားတော်မူပြီးတဲ့နောက် ပုဏ္ဏားကြီးရှစ်ဦးတို့ကို နိမိတ်ဖတ်ဖို့ရန်အတွက် သုဒ္ဓေါဓနမင်းကြီးက ဆင့်ခေါ်လိုက်တဲ့အထဲမှာ ဒီအရှင်ကောဏ္ဍညအလောင်း အလျာဖြစ်တဲ့ ပုဏ္ဏားသူတော်ကောင်းကလေးလည်း ပါပါတယ်။ သူကတော့ အသက်အငယ်ဆုံး ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ အသက် (၃၅)နှစ်ခန့် လောက် ရှိပြီလို့ ယူဆရပါတယ်။ တခြားတခြား အသက်အရွယ်ကြီးရင့်နေတဲ့ ပုဏ္ဏားကြီးတွေက နေပြီးတော့ သိဒ္ဓတ္ထမင်းသားသည် စကြဝတေးမင်း ဖြစ်ချင်ဖြစ်မယ်, ဘုရားဖြစ်ချင်ဖြစ်မယ်၊ ဒီလို နှစ်ခု ဟောကိန်းထုတ်ကြတယ်။ အရှင်ကောဏ္ဍည အလောင်းကတော့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်လို့ တစ်ခုတည်းသော ဟောကိန်းပဲထုတ်ပါတယ်။
ဒီလို ဦးတည်ချက်, ယုံကြည်ချက်ရှိတာက အကြောင်းတစ်ရပ်၊ နောက် အကြောင်းတစ်ရပ်ကတော့ ဘုန်းကြီးတို့ သုဒ္ဓေါဓနမင်းကြီးရဲ့ မင်းဆရာ ဖြစ်ခဲ့ဖူးတဲ့ ကာဠဒေဝီလရသေ့ သို့မဟုတ် အသိတ သို့မဟုတ် အဇိတရသေ့လို့ ခေါ်တဲ့ ရသေ့ကြီးတစ်ဦးလည်းရှိပါတယ်။
ထိုကာဠဒေဝီလရသေ့ကြီးကလည်း လောကီစျာန်သမာပတ် ရှစ်ပါးနှင့် တကွ လောကီအဘိညာဏ်ငါးပါးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင် တော်မူတဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။ သိဒ္ဓတ္ထမင်းသားကို မွေးဖွားတော် မူပြီးတဲ့နောက် ထိုနေ့မှာပဲ သူက နန်းတွင်းကို ကြွလာပါတယ်။ ကြွလာတဲ့ အကြောင်းရင်းကို ပြန်ဆန်းစစ်ကြည့်လိုက်တော့ စျာန်အဘိညာဏ်ရနေတဲ့ သူတော်ကောင်း ဖြစ်ခြင်းကြောင့် သူက နေ့အခါမှာ တာဝတိံသာ နတ်ပြည်မှာ တက်တက်ပြီးတော့ နေ့သန့်စင်ရင်းဖြင့် တရားဘာဝနာ ရှုပွားသုံးသပ်လေ့ ရှိပါတယ်။ ထိုနေ့မှာ တာဝတိံသာနတ်ပြည်မှာ နတ်တွေကနေပြီးတော့ သိဒ္ဓတ္ထမင်းသား မွေးဖွားတဲ့အတွက် ဝမ်းသာလွန်းလို့ အော်ကြဟစ်ကြတယ်။ ဝမ်းသာကြတဲ့အတွက် ကောင်းချီး အနုမောဒနာ ခေါ်ဆိုကြတယ်။ ဒီလို အသံတွေကို ကြားတော့ နတ်တွေကို အကျိုးအကြောင်း မေးကြည့်လိုက်တော့ သုဒ္ဓေါဓနမင်းကြီးရဲ့ နန်းတော်တွင်းမှာ ဘုရားအလောင်းတော်ကလေး မွေးဖွား လာကြောင်း သတင်းကောင်းကို ကြားလိုက်ရတယ်။
သတင်းကြားလိုက်တော့ သုဒ္ဓေါဓနမင်းကြီးရဲ့ နန်းတော်ကို သွားတယ်။ နန်းတော်သွားလိုက်တဲ့ အချိန်မှာလည်း ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ကလေးကို တွေ့မြင်လိုက်တဲ့ အချိန်အခါမှာ ဘုရားစင်စစ် ဧကန်ဖြစ်မယ်လို့ သူကလည်း ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီဟောကိန်းကို အခြေခံပြီးတော့ လည်း သုဒ္ဓေါဓနမင်းကြီးနှင့်တကွ သာကီဝင်မင်းသား တော်တော်ခပ်များများ ကလည်း သိဒ္ဓတ္ထမင်းသားသည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ကြပါတယ်။ အဲဒီ ယုံကြည်တဲ့ အထဲမှာ ခုနက ပုဏ္ဏားလုလင်ဖြစ်တဲ့ အရှင်ကောဏ္ဍညအလောင်းအလျာ သူတော်ကောင်းကလေးလည်း ပါပါ တယ်။
ဒီအချက်တွေကို အခြေခံပြီးတော့ အရှင်ကောဏ္ဍညက - သူဦးဆောင် ပြီးတော့ အရှင်ကောဏ္ဍည, အရှင်ဘဒ္ဒိယ, အရှင်ဝပ္ပ, အရှင်မဟာနာမ, အရှင်အဿဇိဆိုတဲ့ ပဉ္စဝဂ္ဂီငါးဦးအလောင်းအလျာဖြစ်တဲ့ ပုဏ္ဏားသူတော် ကောင်း ငါးဦးတို့က ကြိုတင်ပြီးတော့ ရသေ့ရဟန်းဝတ်ကာ တောထဲက နေပြီးတော့ သိဒ္ဓတ္ထမင်းသား တောထွက်မည့် အချိန်အခါကို စောင့်ဆိုင်း နေခဲ့ကြပါတယ်။
သိဒ္ဓတ္ထမင်းသား သက်တော် (၂၉)နှစ်အရွယ်မှာ တောထွက်သွားပြီ၊ တောထွက်သွားလိုက်တဲ့ အချိန်အခါမှာ အာဠာရရသေ့, ဥဒကရသေ့တို့ထံ ချဉ်းကပ်ပြီးတော့ လောကီစျာန်သမာပတ်တွေကို သင်ကြားခဲ့ပါသေးတယ်။
သို့သော် ဒီစျာန်သမာပတ် ကျင့်စဉ်မျှဖြင့် သံသရာဝဋ်ဆင်းရဲ ဒုက္ခဟာ မကုန်ဆုံးနိုင်ဘူး၊ သူရှာဖွေနေတဲ့ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ် ကြီးကို မရနိုင်သေးဘူးဆိုတာ သဘောပေါက်တဲ့အတွက် ဥရုဝေလတောကို လက်တွေ့ကျင့်ဖို့ရန် ရွေးချယ်ပြီးတော့ ချဉ်းကပ် သီတင်းသုံးလိုက်ပါတယ်။ သီတင်းသုံးပြီးတော့ အတ္တကိလမထာနုယောဂလို့ ခေါ်ဆိုအပ်တဲ့ အလွန် ခဲယဉ်းတဲ့, ပင်ပန်းနွမ်းနယ်တဲ့ ကျင့်စဉ်ဖြစ်တဲ့ ဒုက္ကရစရိယကျင့်စဉ်တွေကို ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့ပါတယ်။
အဲဒီလို ဒုက္ကရစရိယကျင့်စဉ်တွေကို ခြောက်နှစ်တိုင်တိုင် ကျင့်သုံးနေတဲ့ အချိန်အခါမှာ အရှင်ကောဏ္ဍညဦးဆောင်နေတဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ရဲ့ အလောင်း အလျာဖြစ်တဲ့ ရသေ့သူတော်ကောင်းတွေကလည်း ဘုရားအလောင်းကို ဝတ်ကြီးဝတ်ငယ်ဖြင့် ပြုစုလုပ်ကျွေးလျက် ဘုရားဖြစ်မည့် အချိန်အခါကို စောင့်ဆိုင်းခြင်းဖြင့် ထိုတောမှာပဲ အချိန်ကုန်နေကြပါတယ်။ သို့သော် စာပေ မှာတော့ အတိအကျ ဖော်ပြချက်မရှိသော်လည်း ဘုန်းကြီး ခန့်မှန်းကြည့်တာ ပေါ့ -- အထူးသဖြင့် အရှင်ကောဏ္ဍညကို ကြည့်မယ်ဆိုလျှင် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရဘုရားသာသနာတော်တွင်းထဲကနေပြီး တော့ ရတ္တညူလို့ ခေါ်ဆိုအပ်တဲ့ ခေါင်ဆုံး သစ္စာလေးပါးကို ထိုးထွင်းသိမြင် တဲ့ သူတော်ကောင်းတစ်ဦးဖြစ်ဖို့ရန်အတွက် ပါရမီတွေကို စတင်ပြီး မျိုးစေ့ ထူထောင်ခဲ့တဲ့ သူတော်ကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။
ထို သူတော်ကောင်းတို့ရဲ့ ဓမ္မတာကို အထူးသဖြင့် ဒီပဉ္စဝဂ္ဂီငါးဦးတို့ရဲ့ ဓမ္မတာကို ကြည့်လိုက်လျှင် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်နိဂုံး ပြီးဆုံး တဲ့အခါမှာ အရဟတ္တဖိုလ်တည်ကြမည့် သူတော်ကောင်းတွေ ဖြစ်ကြတယ်။ အရဟတ္တဖိုလ်တည်ပြီးတဲ့ အချိန်မှာ သူတို့ရဲ့ အရဟတ္တမဂ်ဉာဏ် အရဟတ္တ ဖိုလ်ဉာဏ်တွေမှာ ပဋိသမ္ဘိဒါဉာဏ်လေးပါးဆိုတာ အထွတ်တပ်ပြီးတော့ ပါဝင်လျက် ရှိကြပါတယ်။
ပဋိသမ္ဘိဒါဉာဏ်ကို ရရှိရေးအတွက် ဖြည့်ကျင့်ရမည့် အင်္ဂါငါးရပ်
ဒီပဋိသမ္ဘိဒါဉာဏ်လေးပါး ရရှိမည့် သူတော်ကောင်းတွေသည် ဖြည့်ကျင့် ရမည့် အင်္ဂါရပ် ငါးချက်ရှိပါတယ်။ အဲဒီ ငါးချက်က ---
နံပါတ်တစ်က အဓိဂမ ဖြစ်ပါတယ်။ အဓိဂမ ဆိုတာကတော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ် ရရှိခြင်းကို အဓိဂမလို့ ခေါ်ပါတယ်။ ဒီအဓိဂမ ကျင့်စဉ်ကတော့ နောက်ဆုံးဘဝမှာ ဖြည့်ကျင့်ရမည့်ပါရမီ, နောက်ဆုံးဘဝမှာ ရရှိရမည့် အင်္ဂါ ရပ်တစ်ခု ဖြစ်တယ်။
နောက် ကျန်တဲ့ အင်္ဂါလေးရပ်ထဲက နံပါတ်တစ်ဖြစ်တဲ့ အင်္ဂါရပ်ကတော့ ပရိယတ္တိ ဖြစ်ပါတယ်။ ပရိယတ္တိက မြတ်စွာဘုရားရဲ့ တရားစကားတော်တွေကို အထူးသဖြင့် ပိဋကတ်တော်တွေကို နှုတ်ငုံရသည့်တိုင်အောင် ရှေးရှေးဘုရား ရှင်တို့ရဲ့ သာသနာတော်ထဲမှာ လေ့ကျက်ခဲ့ဖူးခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်း ရှိရပါတယ်။
နံပါတ်နှစ် အင်္ဂါရပ်ကတော့ သဝန ဖြစ်ပါတယ်။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ တရားတော်ကို နာကြားတဲ့အချိန်မှာ ရိုသေလေးစား မြတ်နိုးတဲ့စိတ်ထားဖြင့် ရိုရိုသေသေ နာကြားခဲ့ဖူးခြင်းဆိုတဲ့ အင်္ဂါရပ်တစ်ခုကို ဖြည့်ကျင့်ရမှာ ဖြစ်တယ်။
နံပါတ်သုံး အင်္ဂါရပ်တစ်ခုကတော့ ပရိပုစ္ဆာဖြစ်ပါတယ်။ ပရိပုစ္ဆာကတော့ ဘုရားဟော ပါဠိတော် ဒေသနာတော်မှာ လာရှိနေတဲ့ ကျင့်ဝတ် ပဋိပတ်တွေ နှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာလို့ ခေါ်ဆိုအပ်တဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ကြောင်းဖြစ်တဲ့ စကားတွေကို စနစ်တကျ သင်ယူရပါတယ်။ နောက်တစ်ခု က ဂဏ္ဌိလို့ ခေါ်ဆိုအပ်တဲ့ ထိုထို ပါဠိတော်တွေမှာ ခဲရာခဲဆစ်အထုံးအဖွဲ့လေး တွေ ရှိကြပါတယ်။ ထိုအထုံးအဖွဲ့လေးတွေနှင့် ပတ်သက်ပြီးတော့ ဆွေးနွေး ခြင်း, မေးမြန်းခြင်း ဒီလုပ်ငန်းရပ်တွေကို ရှေးရှေးဘုရားရှင်တွေရဲ့ သာသနာ တော်တွင်းမှာ စနစ်တကျ ဖြည့်ကျင့်ခဲ့ရပါတယ်။
နောက်နံပါတ်လေး အင်္ဂါရပ်ကတော့ ပုဗ္ဗယောဂ ဖြစ်ပါတယ်။
ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)
- ဆိုပြီးတော့ ဒီလို ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို ဖြည့်ကျင့်ခဲ့ဖူးခြင်းဆိုတဲ့ အင်္ဂါရပ် ဖြစ် ပါတယ်။ ဒီအင်္ဂါရပ်တွေကို ဖြည့်ကျင့်တဲ့အခါမှာလည်း ယေဘုယျအားဖြင့် တော့ ရဟန်းဘဝနှင့် ဂတပစ္စာဂတဝတ်တွေကိုလည်း ဖြည့်ကျင့်ရပါတယ်။
ဂတပစ္စာဂတဝတ် ဆိုတာကတော့ ဆွမ်းခံရွာသို့ သွားတဲ့အခါမှာလည်း သမထ-ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းလျက် ဆွမ်းခံရွာသို့ သွားခြင်း, ဆွမ်းခံရွာမှ ကျောင်းကို ပြန်ကြွလာတဲ့အချိန်အခါမှာလည်း သမထ ဝိပဿနာဘာဝနာဆိုတဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများလျက် ကျောင်းကို ပြန်ကြွလာခြင်းဆိုတဲ့ ဒီအင်္ဂါရပ်တစ်ခုကို ဖြည့်ကျင့်ရပါတယ်။
ပေါင်းလိုက်တော့ အင်္ဂါရပ် ငါးချက်။ အင်္ဂါရပ်ငါးရပ်ထဲမှာ နံပါတ် - နှစ်, သုံး, လေး, ငါးဆိုတဲ့ ဒီအင်္ဂါလေးချက်ကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ စနစ်တကျ ဖြည့်ကျင့်ရတဲ့ အင်္ဂါရပ်တွေ ဖြစ်ကြ ပါတယ်။
ဒီတော့ အရှင်ကောဏ္ဍည ဦးဆောင်နေတဲ့ ဒီပဉ္စဝဂ္ဂီငါးဦးတို့က ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိမည့် သူတော်ကောင်းတွေ ဖြစ်ခြင်းကြောင့် ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဒီအင်္ဂါရပ်တွေကိုလည်း သူတို့က ဖြည့်ကျင့်ခဲ့ဖူးတဲ့ ပါရမီမျိုးစေ့ကောင်းတွေ ရှိထားပြီး ဖြစ်ပါတယ်။ ဒါကလည်း အကြောင်းတစ်ရပ်။
နောက် အကြောင်းတစ်ရပ်ကတော့ ဘုရားလောင်းကို အခုလို ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ အချိန်အခါမှာ တပည့်ကောင်းတို့ပီပီ ဆရာသမားကို စနစ်တကျ ဝတ်ကြီး ဝတ်ငယ် ပြုကျင့်ပြီးတော့ အနားကနေ ရိုရိုသေသေနှင့် ဖြည့်ကျင့်ပေးနေတဲ့ တပည့်ကောင်းတွေ ဖြစ်ခြင်းကြောင့် ထိုတပည့်ကောင်းတွေကိုလည်း ဘုရား အလောင်းတော်ဘက်ကနေ မိမိ သင်ကြားခဲ့ဖူးတဲ့, မိမိ သင်ထားပြီးဖြစ်တဲ့, လေ့ကျင့်ထားပြီးဖြစ်တဲ့ ဒီလောကီ စျာန်သမာပတ်ရှစ်ပါးကိုတော့ သင်ပြ ပေးလိမ့်မယ်လို့ ဘုန်းကြီးလည်း ယုံကြည်ပါတယ်။
ဆိုလိုတာကတော့ ဒီပဉ္စဝဂ္ဂီငါးဦးတို့မှာ ခိုင်ခံ့နေတဲ့ သမာဓိဘာဝနာ ကျင့်စဉ်ကလေးတွေ သူတို့မှာ ရှိထားပြီးဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဘာဖြစ် လို့လဲဆိုတော့ ဒီကျင့်စဉ်တွေက မြတ်စွာဘုရားပွင့်လာမှ ပေါ်ပေါက်လာတဲ့ ကျင့်ဝတ်တွေလည်း မဟုတ်ပါဘူး။ ထိုခေတ် ထိုအချိန်အခါမှာ ခုနက ဘုန်းကြီးပြောခဲ့တဲ့ ကာဠဒေဝီလရသေ့ အစရှိတဲ့ ရသေ့သူတော်ကောင်းတွေ ကလည်း ဒီလောကီစျာန်သမာပတ်တွေ, လောကီစျာန်အဘိညာဏ်တွေကို ရရှိပြီးတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။
အလားတူပဲ အာဠာရရသေ့ ဥဒကရသေ့တို့ကလည်း ဒီစျာန်သမာပတ် တွေမှာ ကျွမ်းကျင်နေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြတယ်။ အလားတူ ရသေ့ သူတော်ကောင်းတွေလည်း အိန္ဒိယမှာ ထိုခေတ် ထိုအချိန်အခါလောက်မှာ တော်တော်များများ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ဒီလောကီစျာန် သမာပတ်အပိုင်းနှင့် ပတ်သက်ပြီးတော့ ပဉ္စဝဂ္ဂီငါးဦးတို့မှာ လုံလောက်တဲ့ ပါရမီ မျိုးစေ့ကောင်းတွေ ရှိထားပြီး ဖြစ်တယ်လို့ ယူဆပါတယ်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တော မထွက်မီ (၃၅)နှစ်ခန့် ကြိုတင်၍ တောထွက်ကာ အလောင်းတော်ကို တောထဲမှ စောင့်ဆိုင်းနေတဲ့ သူတော်ကောင်းတွေ ဖြစ်တဲ့အတွက် (၃၅)နှစ် ကာလပတ်လုံး တောထဲမှာ ဘာတရားမှ အားမထုတ်ဘူး ဆိုတာလည်း မဖြစ်သင့်တဲ့ အချက်သာ ဖြစ်ပါ တယ်။ ဒီသမထကျင့်စဉ်တွေဟာ ထိုခေတ် ထိုအချိန်အခါမှာ အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ ပြန့်ပွားနေတဲ့ တရားတွေလို့ပဲ ယူဆရပါတယ်။
နောက်တစ်ခု သူတို့မှာ အတိတ်ဘဝက သင်္ခါရုပေက္ခာ ဉာဏ်သို့ တိုင် အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကိုလည်း ဆည်းပူးခဲ့ဖူးခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်းတွေကလည်း ရှိနေကြတယ်။ အတိတ်ပါရမီနှင့် ပစ္စုပ္ပန် ဘဝ တရားမရမီအတွင်းမှာ ထူထောင်ထားတဲ့ ပါရမီမျိုးစေ့ကောင်းတွေကို အခြေခံပြီးတော့ ဘုရားဖြစ်တော်မူပြီးနောက် မြတ်စွာဘုရားက လောကကို ဗုဒ္ဓစက္ခုဉာဏ်တော်ဖြင့် လှမ်းပြီးတော့ ကြည့်ရှုတော်မူလိုက်တဲ့ အချိန်အခါမှာ ပဉ္စဝဂ္ဂီငါးဦးကိုပဲ ခေါင်ဆုံး သွားတွေ့ပါတယ်။
---အရှုံးကြီးရှုံးသူများ
ပထမတော့ အလောင်းတော်ဘဝက ဆရာတော်ခဲ့ဖူးတဲ့ အာဠာရ ရသေ့နှင့် ဥဒကရသေ့တို့ကို တရားဟောဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ လှမ်းကြည့်လိုက်သေးတယ်။ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ အာဠာရ ရသေ့က လွန်ခဲ့သော ခုနစ်ရက်လောက်က, ဥဒကရသေ့ကြီးက လွန်ခဲ့သော ညလောက်က ကွယ်လွန်သွားကြပြီး အရူပဘုံ ဗြဟ္မာ့ပြည်သို့ ရောက်ရှိသွား ကြပြီဆိုတာ လှမ်းမြင်တယ်။ မြင်တော့ - မဟာဇာနီယ = အရှုံးကြီး ရှုံးသွားတဲ့ ပုဂ္ဂိုလ်တွေ အဖြစ်နှင့် မြတ်စွာဘုရားက မိန့်ကြားထားတော်မူပါတယ်။
ဘယ်လို အရှုံးကြီး ရှုံးရသလဲလို့မေးတော့ ဒီပုဂ္ဂိုလ်တွေရဲ့ ပညာမျက်စိမှာ ကိလေသာ မြူမှုန်တွေ နည်းပါးနေတဲ့အတွက် အကယ်၍များ သစ္စာလေးပါးနှင့် စပ်တဲ့ တရားစကားကို မြတ်စွာဘုရားထံမှ နာကြားခွင့် ရမယ်ဆိုလျှင် လွယ်လွယ်ကူကူနှင့် တတ်သိ နားလည်နိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတွေဟာ သူတို့မှာ ရှိနေကြတယ်။ အထူးသဖြင့် သမ္မာဒိဋ္ဌိဉာဏ်ပညာ ရရှိဖို့ရန် အနီး ကပ်ဆုံးဖြစ်တဲ့ သမာဓိလက်နက်ကောင်းတွေဟာ သူတို့မှာ ရှိနေကြပါတယ်။
ဒီသမာဓိရှိနေတဲ့ ပုဂ္ဂိုလ်တွေ ပါရမီမျိုးစေ့ကောင်း ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို သစ္စာလေးပါးနှင့် စပ်တဲ့ တရားစကား ဟောကြားလိုက်မယ်ဆိုလျှင် ထိုပုဂ္ဂိုလ် တွေက လွယ်လွယ်လေးနဲ့ ကျွတ်တမ်းဝင်သွားမယ်ဆိုတာကို မြတ်စွာဘုရားက မြင်တော်မူတဲ့အတွက် လှမ်းကြည့်လိုက်တော့ သူတို့က အရူပဘုံကို ရောက် နေကြပြီ။ အရူပဘုံကို ရောက်နေတဲ့ အချိန်အခါကျတော့ အရူပဘုံမှာ ရုပ်က မရှိတော့ ဘုရားဖူးဖို့ရန် မျက်လုံးလည်းမရှိ၊ တရားနာဖို့ရန် နားကလည်း မရှိတဲ့အတွက် မြတ်စွာဘုရား ကြွပြီး တရားဟောသော်လည်း ကျွတ်တမ်း ဝင်နိုင်တဲ့ အနေအထားမှာ မရှိတော့ဘူး။ ဒါကြောင့် အရှုံးကြီးရှုံးုသွားတဲ့ ပုဂ္ဂိုလ်တွေဆိုပြီး မြတ်စွာဘုရားက ဒီလို သတ်မှတ်ချက် ပေးထားပါတယ်။
ဘာကြောင့် ဒီလို ရှုံးရသလဲဆိုတာကို ပြန်လည်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ ဘုန်းကြီးတို့ လောကီစျာန် သမာပတ်ကို ရရှိပြီးတဲ့ သူတော်ကောင်း တွေမှာ ကွာဟချက်ကလေး နှစ်ခု ရှိပါတယ်။ သာသနာတော်တွင်းမှာ စျာန် သမာပတ်ကို ရရှိတဲ့ သူတော်ကောင်း, သာသနာပမှာ စျာန်သမာပတ်တွေကို ရရှိတဲ့ သူတော်ကောင်းဆိုပြီး နှစ်ဦး ရှိတယ်။ နှစ်ဦးရှိတဲ့အနက်က သာသနာပ မှာ စျာန်သမာပတ်တွေကို ရရှိတဲ့ ပုဂ္ဂိုလ်တွေက များသောအားဖြင့် မိမိတို့ ရရှိတဲ့ စျာန်တွေထဲက ထိပ်တန်း အကျဆုံးဖြစ်တဲ့ စျာန်ကသာလျှင် အကျိုး ပေးနိုင်တဲ့ စွမ်းအားရှိတယ်။ အောက်အောက်စျာန်တွေက အကျိုးပေးနိုင်တဲ့ စွမ်းအား မရှိဘူးလို့ ဒီလို ယုံကြည်ကြတယ်။ ယုံကြည်တဲ့အတွက်ကြောင့် အောက်အောက်စျာန်တွေကိုလည်း သူတို့က သိပ်စိတ်မဝင်စားဘူး၊ အထက် ဆုံးဖြစ်တဲ့ စျာန်ကိုသာလျှင် စိတ်ဝင်စားပြီးတော့ သေသေချာချာ လေ့လာ ထားကြတယ်။
၁။ စျာန်ကို ပြင်းပြင်းထန်ထန် လိုလားတောင့်တခြင်းဆိုတဲ့ ဆန္ဒာဓိပတိ,
၂။ စျာန်ကိုရရှိအောင် တည်တံ့ခိုင်မြဲအောင် ပြင်းပြင်းထန်ထန် ကြိုးစား အားထုတ်ခြင်းဆိုတဲ့ ဝီရိယာဓိပတိ,
၃။ စျာန်တွေ ရရှိရေး, ရရှိပြီးစျာန်တွေ တည်တံ့ ခိုင်မြဲရေးအတွက် ပြင်းထန်တဲ့ စွဲမြဲတဲ့ စိတ်ဓာတ်ရှိခြင်းဆိုတဲ့ စိတ္တာဓိပတိ,
၄။ ပထဝီကသိုဏ်း ပဋိဘာဂနိမိတ်စတဲ့ စျာန်ရဲ့ အာရုံတွေကိုရော စျာန်အင်္ဂါတွေကိုရော စျာန်ကို ရရှိနိုင်အောင် ရရှိပြီးစျာန်တွေကို တည်တံ့ ခိုင်မြဲအောင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်ခြင်းဆိုတဲ့ ဝီမံသာဓိပတိ၊
ဒီအဓိပတိ (၄)ပါးနှင့် ခြံရံကာ ဒီစျာန်တွေကို အမြတ်စားစျာန်တွေ ဖြစ် အောင် လေ့ကျင့်ထားကြတယ်။ အဲဒီလို လေ့ကျင့်ထားတဲ့အထဲမှာ ခုနက ပြောခဲ့တဲ့ ကာဠဒေဝီလရသေ့ကြီးတို့, အာဠာရရသေ့တို့, ဥဒကရသေ့တို့လည်း ပါဝင်ကြပါတယ်။
သို့သော် ဘုန်းကြီးတို့ သာသနာတော်တွင်းမှာ စျာန်တွေကို ရရှိတဲ့ သူတော်ကောင်းတွေကျတော့ သာသနာတော်တွင်းက ဘုရားရှင်ထံမှ ရရှိတဲ့ အသိဉာဏ်အရ စျာန်သမာပတ်တွေထဲက ဘယ်လို စျာန်သမာပတ်ကိုပဲ ရသည်ဖြစ်စေ၊ မိမိ နှစ်ခြိုက်တဲ့ စျာန်ကို ရွေးချယ်ပြီးတော့ ပွားများခဲ့လျှင် ဒီစျာန်တွေကို အဓိပတိလေးပါး ခြံရံကာ အထက်တန်းကျကျ ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်ခဲ့မယ်ဆိုလျှင် မိမိလေ့ကျင့်ထားတဲ့ စျာန်ကသာလျှင် အကျိုးပေးနိုင်တယ်ဆိုတဲ့ ဒီအသိဉာဏ်ကို ရရှိကြတယ်။
ဒီအသိဉာဏ်ကတော့ သာသနာတော်အတွင်းမှာ တည်ရှိနေတဲ့ စျာန် သမာပတ်ကို ရရှိတဲ့ သူတော်ကောင်းတွေမှာသာ ရှိနိုင်တယ်လို့ ဒီလို ကျမ်းဂန် များမှာ ဖော်ပြထားပါတယ်။ အဲဒီလို ဖော်ပြချက်အရ သာသနာတော်တွင်း ပုဂ္ဂိုလ်တွေမှာသာ ဒီအသိဉာဏ်က ရရှိနိုင်လေတော့, သာသနာပြင်ပမှာရှိတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီအသိဉာဏ် မရှိလေတော့ အရှုံးကြီးရှုံးသွားတဲ့ စာရင်းထဲမှာ ခုနပြောခဲ့တဲ့ ကာဠဒေဝီလရသေ့တို့, အာဠရရသေ့တို့, ဥဒကရသေ့တို့ ပါဝင် သွားကြပါတယ်။
သူတို့ဟာ အရူပဘုံမှာ တည်ရှိနေသမျှ ကာလပတ်လုံး မျက်စိ, နား စတဲ့ရုပ်တွေ မရှိတဲ့အတွက် ဘုရားဖူးခွင့်, သစ္စာလေးပါးနှင့်စပ်တဲ့ တရား စကားကို နာကြားခွင့် မရနိုင်ကြဘူး။ သာဝကတွေ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရေး အတွက် အရေးကြီးဆုံး အင်္ဂါရပ်တွေထဲက အင်္ဂါရပ်တစ်ခုကတော့ ပရတောဃောသလို့ ခေါ်ဆိုတဲ့ ဘုရားအစရှိတဲ့ သူတစ်ပါးတို့ထံမှ သစ္စာလေးပါး နှင့်စပ်တဲ့ တရားစကားကို နာကြားခွင့် ရရှိခြင်းဆိုတဲ့ အကြောင်းအင်္ဂါတရား ဖြစ်ပါတယ်။
ဒီအင်္ဂါရပ်က အရူပဘုံမှာရှိတဲ့ ပုထုဇန် ဗြဟ္မာတွေမှာ ဘယ်လိုမှ မရရှိ နိုင်ဘူး။ သူတို့ဟာ အရူပဘုံမှာ ကမ္ဘာပေါင်းများစွာ မျောနေကြမည့် ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ သူတို့ အရူပဘုံမှ စျာန်အရှိန်အဝါတွေ ကုန်လို့ ကာမဘုံကို ပြန်လာတဲ့အခါ ဘုရားရှင်တို့ရဲ့သာသနာနှင့် ဆုံတွေ့ဖို့ဆိုတာလည်း မသေချာ တဲ့သဘော ရှိတယ်။ ဒါကြောင့် သူတို့ဟာ မဂ်ဖိုလ်နိဗ္ဗာန်မှ အရှုံးကြီးရှုံးသွားတဲ့ သူတွေ ဖြစ်ကြတယ်။
ဒါကြောင့် ဒီနေ့ တရားနာပရိသတ်တွေလည်း ဘုန်းကြီးတို့ ဘုရား သာသနာတော်နှင့် တွေ့ခိုက်မှာပေါ့ အထက်တန်းကျနေတဲ့ ဒီစျာန်သမာဓိ လုပ်ငန်းတွေ အထက်တန်းကျနေတဲ့ ဝိပဿနာလုပ်ငန်းတွေဆိုတဲ့ ပါရမီ မျိုးစေ့ကောင်းတွေကို ခိုင်ခိုင်ခံ့ခံ့လေး ထူထောင်ထားဖို့လိုပါတယ်။ အရှုံးကြီး ရှုံးသွားတဲ့ စာရင်းထဲမှာ မိမိတို့ မပါအောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။
သာသနာတော်နှင့် တွေ့ပါလျက် သာသနာတော်မှာ ယုံကြည်သက်ဝင် တဲ့ သဒ္ဓါတရားလည်း ထင်ရှားရှိပါလျက် ဒီသမထ-ဝိပဿနာ ဘာဝနာကျင့်စဉ် တွေနှင့် ပတ်သက်ပြီးတော့ မိမိတို့မှာ ခိုင်ခိုင်ခံ့ခံ့ မရှိပြန်ဘူးဆိုလျှင် အရှုံးကြီး ရှုံူးသွားတဲ့ ပုဂ္ဂိုလ်တွေ စာရင်းထဲမှာ မိမိတို့လည်း ပါသွားနိုင်ပါတယ်။ ဒါ သတိရှိဖို့ သိပ်လိုအပ်ပါတယ်။
ဒီ အာဠာရရသေ့, ဥဒကရသေ့, ကာဠဒေဝီလရသေ့တို့ ဆိုတာက တစ်ချိန်မှာ ဒီကာမဘုံကို ပြန်လည်ပြီးတော့ လာကောင်းလာနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ သူတို့ ကာမဘုံကို တစ်ခါ ပြန်လာတဲ့အချိန်မှာ လူ့ပြည် လူ့ လောကမှာ သစ္စာလေးပါးကို ဟောကြားပြသမည့် ဘုရားရှင်တို့ ပွင့်ထွန်းပါမှ သာလျှင် တရားနာခွင့် ရနိုင်မှာပါ။ အကယ်၍ ဘုရားရှင်ပွင့်တာနှင့် မကြုံ ကြိုက်ခဲ့ဘူးဆိုလျှင်လည်း တရားနာခွင့်ရဖို့ မလွယ်လှပါဘူး။ ဒီတော့ ဘယ် တော့မှ သစ္စာလေးပါးကို ထိုးထွင်း သိမယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး။
ဒါကြောင့် မိမိတို့လည်း ထိုရသေ့ကြီးတွေလို အရှုံးကြီးရှုံးတဲ့ပုဂ္ဂိုလ်တွေ မဖြစ်အောင် သာသနာတော်တွင်းမှာ ခုလို ကြုံကြိုက်ခိုက် ကြိုးစားဖို့ လိုအပ် ပါတယ်။
---ဓမ္မစကြာဒေသနာတော်ခရီးစဉ်
ဒီတော့ ဒီအခါမှာ မြတ်စွာဘုရားက အာဠာရရသေ့, ဥဒကရသေ့တို့ ရှုံးသွားပြီဆိုတာ သိပြီးတဲ့ နောက်ပိုင်း လောကကို လှမ်းကြည့်ရှုလိုက်တဲ့ အချိန်အခါမှာ ပဉ္စဝဂ္ဂီငါးဦးတို့မှာ ပါရမီမျိုးစေ့ကောင်းတွေ ရှိနေပြီ၊ ဒီ ပုဂ္ဂိုလ်တွေကို ငါဘုရား တရားဦး သွားဟောမယ်ဆိုလျှင်တော့ ငါဘုရား ဟောကြားမည့် ဒီတရားတွေကို သိနိုင်တယ် မြင်နိုင်တယ်။ သူတို့ ကျွတ်တန်း ဝင်နိုင်တယ် ဆိုတာတွေကို မြတ်စွာဘုရားက မြင်တော်မူတဲ့အတွက် ထိုနေ့ ဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားသည် ဗာရာဏသီမြို့ရဲ့အနီး ဣသိပတန အမည်ရတဲ့ မိဂဒါဝုန်တောကို ကြွချီတော်မူပါတယ်။
ကြွချီလိုက်တဲ့ အချိန်အခါမှာ ပဉ္စဝဂ္ဂီငါးဦးတို့ကလည်း မြတ်စွာဘုရား ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင် ကျင့်နေစဉ် အချိန်အခါတုန်းက ရိုသေ လေးစားစွာဖြင့် ဝတ်ကြီးဝတ်ငယ် ဖြည့်ကျင့်နေသော်လည်း ဘုရားအလောင်း တော်က ဒီဒုက္ကရစရိယခေါ်တဲ့ ကျင့်စဉ်ဟာ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် မဟုတ်ဘူးဆိုတာကို သဘောပေါက်ကာ ခန္ဓာကိုယ် မျှတရေးအတွက် အာဟာရတွေကို မှီဝဲလိုက်တဲ့အခါ ပဉ္စဝဂ္ဂီငါးဦးတို့က အလောင်းတော်အပေါ် ၌ ကမ္မဋ္ဌာန်းလူထွက်ကြီးလို့ အထင်လွဲခဲ့ကြတယ်။ အလောင်းတော်ကလည်း ဒီဒုက္ကရစရိယကျင့်စဉ် = အတ္တကိလမထာနုယောဂကျင့်စဉ် = မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်အောင် ညှဉ်းပန်းနှိပ်စက်နေတဲ့ ဒီကျင့်စဉ်သည် နိဗ္ဗာန် ရောက်ကြောင်းကျင့်စဉ် မဟုတ်တော့ဘူးဆိုတာ သိတဲ့အတွက် စွန့်လွှတ် လိုက်ပါတယ်။ စွန့်လွှတ်ပြီးတော့ မဇ္ဈိမပဋိပဒါလမ်းလို့ ခေါ်ဆိုအပ်တဲ့ အလယ်အလတ်လမ်းကျင့်စဉ် မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို ပြောင်းရွှေ့ကျင့်ဖို့ရန် ဆုံးဖြတ်ချက် ချတော်မူလိုက်ပါတယ်။
ဒီမဇ္ဈိမပဋိပဒါ ကျင့်စဉ်လမ်းကို ကျင့်ချင်တဲ့အတွက် မြတ်စွာဘုရားက ခန္ဓာကိုယ်မှာ အာဟာရဓာတ်မျှတရေးအတွက် ရည်ရွယ်ပြီးတော့ သေနာ နိဂုံးသို့ ဆွမ်းခံကြွကာ အာဟာရဓာတ်တွေကို မှီဝဲပါတယ်။ ဒီလို အာဟာရ ဓာတ်တွေ မှီဝဲတာကို အခြေခံပြီးတော့ ပဉ္စဝဂ္ဂီငါးဦးတို့က စိတ်ဓာတ်ကျဆင်း သွားကြတယ်။ ဘုရားအလောင်းတော်အပေါ်မှာ ကြည်ညိုမှုတွေ ယုံကြည်မှု တွေ အားပျော့သွားကြတယ်။ အဲဒီလို အားပျော့သွားကြတဲ့အတွက်ကြောင့် သူတို့က မြတ်စွာဘုရားအလောင်းတော်ကို ဥရုဝေလတောမှာ ထားခဲ့ပြီးတော့ ဗာရာဏသီမြို့ရဲ့အနီး ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောကို ထွက်ခွာသွား ကြခြင်း ဖြစ်တယ်။
အဲဒီလို ထွက်ခွာသွားလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ထိုနေ့ ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာတရားဒေသနာတော်ကို ဟောကြားဖို့ရန်အတွက် ကြွချီလာတာကိုမြင်တော့ သူတို့က ခပ်လှမ်းလှမ်းကတည်းကနေပြီးတော့ ကမ္မဋ္ဌာန်းလူထွက်ကြီးတော့ လာပြီ၊ ဒို့ ဝတ်ကြီး ဝတ်ငယ်မပြုဘဲ နေကြစို့၊ ဆိုပြီးတော့ တိုင်ပင်ထားကြပါတယ်။ ဒါပေမဲ့ မြတ်စွာဘုရား အနီးကပ် ချဉ်းကပ်လာတဲ့အခါ မနေနိုင်ကြပါဘူး။ အားလုံး ဝတ်ကြီးဝတ်ငယ်ပြုကြ တယ်။ ဝတ်ကြီးဝတ်ငယ်ပြုပြီးကြတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက သူတို့ကို တရားဟောဖို့ရန် ကြိုးစားပါတယ်။ ပထမတော့ သူတို့က ခပ် အင်တင်တင် ဖြစ်နေကြပါသေးတယ်။ နောက်ပိုင်း မြတ်စွာဘုရားက ငါ သင်တို့ကို ဘယ်တုန်းကများ မုသားစကား ပြောကြားခဲ့ဖူးသလဲ စသည်ဖြင့် သူတို့ကို ခိုင်လုံတဲ့ အထောက်အထားတွေ တင်ပြပြီးတော့ အခုအခါမှာ ငါဘုရားသည် သင်တို့ကို တရားဦး ဟောဖို့ရန်အတွက် ရည်ရွယ်ပြီးတော့ ဒီဣသိပတန မိဂဒါဝုန်တောကို ကြွချီလာတဲ့အကြောင်းကို မြတ်စွာဘုရားက ပြောကြားလိုက်တဲ့ အချိန်ခါကျတော့မှ ယုံကြည်ချက်တွေ ဖြစ်လာပြီးတော့ မြတ်စွာဘုရားရဲ့ တရားတော်ကို နာယူဖို့ရန် စတင်ပြီး ကြိုးစားကြပါတယ်။
---အယုတ်တရားနှစ်ပါး
အဲဒီအခါမှာ မြတ်စွာဘုရားက ဘာအမိန့်ရှိသလဲ?
ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေဝိတဗ္ဗာ။
= ချစ်သားရဟန်းတို့ ... အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ခွာ လျက် ကိလေသာတို့ကို နှင်ထုတ်ဖို့ရန် ကြိုးစားနေသော ရှင်ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည် ဤအယုတ်တရားနှစ်ပါးတို့ကို မမှီဝဲ မဆည်းကပ်အပ်ကုန်။
အယုတ်တရားနှစ်ပါး မမှီဝဲသင့် မမှီဝဲထိုက်ဘူး။ ဘယ်ပုဂ္ဂိုလ်တွေလဲ? ပဗ္ဗဇိတတွေပဲ။ ပဗ္ဗဇိတဆိုတာကတော့ ကိလေသာတွေကို နှင်ထုတ်ဖို့ရာ ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေပဲ။ ဒီလို ကိလေသာတို့ကို နှင်ထုတ်ဖို့ရန် သမထ-ဝိပဿနာတွေကို ကြိုးစားအားထုတ်နေတဲ့ ပုဂ္ဂိုလ်ဟာ လူဝတ်ကြောင် ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ ဒီလို ကြိုးစားနေတဲ့သူကို ပဗ္ဗဇိတလို့ပဲ ခေါ်ပါတယ်။ အထူးသဖြင့်ကတော့ ရသေ့ရဟန်းတွေကို ရည်ရွယ်ထားပါတယ်။ သို့သော် လည်း လူပုဂ္ဂိုလ်တွေအနေနှင့် ကိလေသာတွေကို နှင်ထုတ်ဖို့ရန်အတွက် ကြိုးစားနေခဲ့လျှင်လည်း ဒီပုဂ္ဂိုလ်တွေကို သုတ္တန်ဒေသနာတော်နည်းအရ ပဗ္ဗဇိတဆိုပြီး ဒီလိုသုံးပါတယ်။ အဲဒီတော့ ဒီ အယုတ်တရားနှစ်ပါးက ဘာလဲလို့မေးတော့ -
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပုထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။
ဟီနော = ယုတ်ညံ့သော။ ဂမ္မော = ရွာသူတို့၏ အလေ့အကျင့် ဖြစ်သော။ ပုထုဇ္ဇနိကော = ပုထုဇန်ငမိုက်သားတို့၏ အလေ့အကျင့် ဖြစ်သော။ အနရိယော = အရိယာသူတော်ကောင်းတို့၏ အလေ့အကျင့် မဟုတ်သော။ ဝါ။ အရိယာသူတော်ကောင်းတို့ မကျင့်သင့် မကျင့်ထိုက်သော။ အနတ္ထသံဟိတော = မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော အကျိုးစီးပွားနှင့် မစပ် ယှဉ်သော။ ကာမေသု = လိုလားတပ်မက်စရာ ကာမဂုဏ်တို့၌။ ယော စ ကာမသုခလ္လိကာနုယောဂေါ = အကြင် ကာမဂုဏ်ချမ်းသာ၌ ငြိကပ် တွယ်တာလျက် အဖန်ဖန် အထပ်ထပ် ကြိုးစားအားထုတ်၍ နေခြင်းဟုခေါ်ဆို အပ်သော ကာမသုခလ္လိကာနုယောဂ ကျင့်စဉ်သည်လည်းကောင်း။ ဒုက္ခော = ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော။ အနရိယော = အရိယာသူတော်ကောင်းတို့ မကျင့်သင့်မကျင့်ထိုက်သော။ အနတ္ထသံဟိတော = မဂ်ဖိုလ်နိဗ္ဗာန်တည်းဟူသော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော = အကျိုးမဲ့နှင့်သာ စပ်ယှဉ်သော။ ယော စ အတ္တကိလမထာနုယောဂေါ = အကြင် မိမိခန္ဓာကိုယ်ကို ပင်ပန်း နွမ်းနယ်အောင်ကျင့်ခြင်းဟု ဆိုအပ်သော အတ္တကိလမထာနုယောဂအကျင့်သည်လည်းကောင်း။ အတ္ထိ = ရှိ၏။ အယံ = ဤကာမသုခလ္လိကာနုယောဂကျင့်စဉ် အတ္တကိလမထာနုယောဂကျင့်စဉ် သည်။ ဒွေ အန္တာ = အယုတ်တရားနှစ်ပါးတို့ပေတည်း။
နံပါတ်တစ်ကတော့ ကာမသုခလ္လိကာနုယောဂကျင့်စဉ် ဖြစ်တယ်။ နံပါတ် နှစ်က အတ္တကိလမထာနုယောဂကျင့်စဉ် ဖြစ်တယ်။ ကာမသုခလ္လိကာနုယောဂ ဆိုတာက ကာမဂုဏ် ချမ်းသာတွေမှာ ငြိကပ် တွယ်တာတဲ့ စိတ်ဓာတ်ဖြင့် ဒီကာမဂုဏ် ချမ်းသာတွေကို သုံးဆောင်ဖို့, ခံစားဖို့, မှီဝဲဖို့, ရရှိဖို့, အဖန်ဖန် ကြိုးစားအားထုတ်တဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ ထိုလုပ်ငန်းခွင်ဟာလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တစ်ခု မဟုတ်ဘူးဆိုတာ မြတ်စွာဘုရား ကိုယ်တော်တိုင် သိခဲ့ပါတယ်။ သိခဲ့တာက သဗ္ဗညုတဉာဏ်တော်မြတ်ရရှိပြီးလို့ သိတာလည်း အကြောင်းတစ်ခု၊ အလောင်းတော်ဘဝကို ကြည့်လိုက်မယ် ဆိုလျှင် သက်တော် (၂၉)နှစ်အရွယ်အထိ ယသောဓရာအမှုးရှိသည့် မျိုးနွယ် သန့်စင် ကလျာကြန်အင် သာကီဝင်မင်းသမီး ကညာအပေါင်း လေးသောင်း တို့ဖြင့် ရမ္မ, သုရမ္မ, သုဘဆိုတဲ့ နန်းပြာသာဒ် (၃)ဆောင်မှာ ဆောင်း, နွေ, မိုး ရာသီတို့၌ အလှည့်ကျ နေထိုင်ကာ ဒီကာမဂုဏ် ချမ်းသာတွေကို တစ်ဝကြီး ခံစားခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ဒီကာမဂုဏ် ချမ်းသာသုခဖြင့် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်တွေကို ရှာဖွေမယ်ဆိုလျှင်တော့ ဘယ်လိုမှ မရနိုင် ဘူးဆိုတာ အလောင်းတော်ဘဝက မိမိကျင့်ခဲ့တာကို လှမ်းမျှော်ကြည့်လိုက် တော့လည်း သိနေတယ်။
တစ်ခါ - ဒုက္ကရစရိယာဆိုလို့ရှိလျှင်လည်း ဘုန်းကြီးတို့ နောက်ဆုံး တဖြည်းဖြည်း အစာအာဟာရတွေ ဖြတ်လိုက်တာ တစ်နေ့တာအတွက် တစ်ရံ တစ်ခါ ပဲနောက်ပြုတ်ရည် တစ်လက်ခုပ်လောက်ဖြင့်လည်း မျှတတော်မူတယ်။ တစ်ရံတစ်ခါ ပဲပိစပ်ရည် တစ်လက်ခုပ်လောက်ဖြင့်လည်း မျှတတော်မူတယ်။ တစ်ရံတစ်ခါ ကုလားပဲပြုတ်ရည် တစ်လက်ခုပ်လောက်ဖြင့်လည်း မျှတတော် မူတယ်။ တစ်ရံတစ်ခါ စားတော်ပဲပြုတ်ရည် တစ်လက်ခုပ်လောက်ဖြင့်လည်း မျှတတော်မူတယ်။
ဒီနည်းဖြင့် တဖြည်းဖြည်း အစာအာဟာတွေကို ဖြတ်ပြီး ကျင့်လိုက်တာ နောက်ဆုံး မြတ်စွာဘုရား မျက်လုံးတော်ဆိုလို့ရှိလျှင် အလွန် နက်ရှိုင်းတဲ့ ရေတွင်းထဲက ရေကို လှမ်းကြည့်လိုက်ရသလို မျက်လုံးအစုံဟာ မျက်တွင်းထဲ မှာ ဝင်နေတယ်။ ရင်ဘတ်ကို စမ်းကြည့်လိုက်လို့ရှိလျှင် ကျောကိုသွားတွေ့ တယ်။ ကျောကိုစမ်းကြည့်လျှင် ရင်ဘတ်ကို သွားတွေ့တယ်၊ ပိန်ကပ်သွား တယ်။ လက်နှင့် ခန္ဓာကိုယ်ကို ပွတ်သပ်ကြည့်လိုက်မယ်ဆိုလျှင် ခန္ဓာကိုယ်မှာ ရှိတဲ့ အမွှေးတွေဟာ အကုန်လုံး ကျွတ်ကျသွားတယ်။ တင်ပဆုံရိုးတွေကို ကြည့်လိုက်မယ် ဆိုလို့ရှိလျှင် ကုလားအုပ်ခြေထောက်ကြီးလို အကုန်လုံး အရိုး တွေက ငေါထွက်နေတယ်။
တစ်ခါတစ်ရံ ထပြီး လမ်းလျှောက်လိုက်မယ် ဆိုလျှင် ထိုးလဲသွားတယ်။ တစ်ခါတစ်ရံ မေ့မျောပြီး လဲသွားတယ်။ တချို့ နတ်တွေက သေပြီလို့ ထင်ကြ တယ်။ ထင်တဲ့အတွက်ကြောင့် သုဒ္ဓေါဓနမင်းကြီးကို သွားအကြောင်းကြား ကြတယ်။ ငါ့သား ဘုရားမဖြစ်ဘဲ ဘယ်တော့မှ မသေဘူးလို့ သုဒ္ဓေါဓန မင်းကြီးဘက်ကလည်း ယုံကြည်ချက် ရှိတယ်။ ဘာကြောင့်လဲ? ကာဠဒေဝီလ ရသေ့ကြီးအပေါ်မှာ သူက အပြည့်အဝ ယုံကြည်လျက် ရှိပါတယ်။ ကာဠဒေဝီလရသေ့ကြီးရဲ့ ပြောကြားချက်တွေသည် ဘယ်တော့မှ မလွဲချော်နိုင်ဘူး ဆိုတဲ့ ယုံကြည်ချက်ရှိတာက တစ်ကြောင်းဖြစ်တယ်။ အတိတ်ပါရမီကံတို့ရဲ့ လှုံ့ဆော်မှုကလည်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ အဲဒါကြောင့် ငါ့သားဟာ ဘယ်တော့မှ မသေဘူး။ နတ်တွေက ဘယ်လိုပင် လာပြောသော်လည်း ငါ့သား ဘယ်တော့မှ မသေဘူးလို့ ယုံကြည်ထားတယ်။
မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုဿိတနတ်သားကလည်း အားပေးစကား တွေနှင့် လာပြီး တိုက်တွန်းပါတယ်။ ဒါကြောင့် ဒီအတ္တကိလမထာနုယောဂ ခေါ်တဲ့ မိမိကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေတဲ့ ဒီကျင့်ဝတ်တွေကို မိမိကိုယ်တိုင်က ကျင့်ကြံပွားများ အားထုတ်ခဲ့ဖူးတဲ့အတွက် ဒီကျင့်စဉ်ဟာလည်း နိဗ္ဗာန်ရောက် ကြောင်းကျင့်စဉ် မဟုတ်ဘူး၊ မသေရာ အမြိုက်နိဗ္ဗာန်ကို ရရှိဖို့ရန်အတွက် အကြောင်း အထောက်အကူ မဟုတ်ဘူးဆိုတာ နားလည်နေတယ်။ နားလည် နေခြင်းကြောင့် ကာမသုခလ္လိကာနုယောဂကျင့်စဉ်နှင့် အတ္တကိလမထာနုယောဂကျင့်စဉ်ခေါ်တဲ့ ဒီကျင့်စဉ်နှစ်ခုကို ဒွေ အန္တ = အယုတ်တရားနှစ်ပါး ဆိုပြီးတော့ မြတ်စွာဘုရားက သတ်မှတ်ထားပါတယ်။
အယုတ်တရားနှစ်ပါးကိုလည်း ဘယ်တော့မှ ရသေ့ရဟန်းတွေအနေနဲ့ မမှီဝဲသင့် မမှီဝဲထိုက်ဘူး, မပြုလုပ်သင့် မပြုလုပ်ထိုက်ဘူးလို့ ဟောကြားတော်မူ လိုက်ပါတယ်။ ဒီလို ဟောကြားတော်မူပြီးတဲ့နောက် မြတ်စွာဘုရားက ပဉ္စဝဂ္ဂီ ငါးဦးအမှူးရှိနေတဲ့, ထိုအချိန်အခါမှာ တရားနာပရိသတ်အဖြစ်နဲ့ ပါဝင်နေကြ တဲ့ နတ်တွေ ဗြဟ္မာတွေနှင့် တကွသော ဒီပရိသတ်တွေကို မြတ်စွာဘုရားက ဘာကို စဟောသလဲ?
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
---မဇ္ဈိမပဋိပဒါလမ်း
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ဧတေ ခေါ ဥဘော အန္တေ = ဤ အစွန်းနှစ်ဖက် အယုတ်တရားနှစ်ပါးတို့သို့။ အနုပဂမ္မ = မကပ်ရောက်မူ၍။ တထာဂတေန = တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရား သည်။ အဘိသမ္ဗုဒ္ဓါ = ထိုးထွင်းသိမြင်တော်မူအပ်သော။ စက္ခုကရဏီ = သစ္စာလေးပါးကို သိတတ်သည့် ပညာမျက်စိအမြင်ကို ပြုပြင်ပေးတတ်သော။ ဉာဏကရဏီ = သစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်သည့် ဉာဏ်ကို ပြုပြင်ပေးတတ်သော။ မဇ္ဈိမာ ပဋိပဒါ = အလယ်အလတ်ဖြစ်သော မဇ္ဈိမပဋိပဒါကျင့်စဉ်သည်။ ဥပသမာယ = ကိလေသာအပူ ငြိမ်းအေးခြင်းငှာ။ အဘိညာယ = သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်ခြင်းငှာ။ သမ္ဗောဓာယ = သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိပါရခြင်း အကျိုးငှာ။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ။ သံဝတ္တတိ = မုချ မသွေ ဖြစ်ပါပေ၏။
ဒီအယုတ်တရား နှစ်ပါးကို မကပ်ရောက်ဘဲ အလယ်အလတ် မဇ္ဈိမပဋိပဒါလမ်းကို တထာဂတအမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားသည် ထိုးထွင်းသိမြင်ထားပါတယ်။ ငါဘုရား ထိုးထွင်းသိမြင်တဲ့ ဒီမဇ္ဈိမပဋိပဒါ ခေါ်တဲ့ အလယ်အလတ် ကျင့်စဉ်သည် စက္ခုကရဏီ = သစ္စာလေးပါးကို ထိုးထွင်း သိမြင်တတ်တဲ့ ဉာဏ်အမြင်ကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိ တယ်။ ဉာဏကရဏီ = သစ္စာလေးပါးကို ထိုးထွင်းသိစေတတ်တဲ့ ဉာဏ်ကို လည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ ဥပသမာယ = ကိလေသာ အပူမီး တွေ ငြိမ်းဖို့ရန်အတွက်လည်း ဖြစ်တယ်။ အဘိညာယ = သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ဖို့ရန်အတွက်လည်း ဖြစ်တယ်။ သမ္ဗောဓာယ = သစ္စာလေးရပ်တရားမြတ်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ် ဉာဏ်ကို ရရှိဖို့ရန်အတွက်လည်း ဖြစ်တယ်။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို ရရှိဖို့ရန်အတွက် = အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ရန်အတွက်လည်း ဖြစ်တယ်။ ဒီမဇ္ဈိမပဋိပဒါလမ်းကို တထာဂတအမည်ရတော်မူတဲ့ သင်တို့ဆရာ ငါဘုရားသည် ထူးသော ဉာဏ် ဖြင့် သိမြင်အပ်ပြီး ဖြစ်တယ်ဆိုပြီးတော့ မြတ်စွာဘုရားက အမိန့်ရှိပါတယ်။ ဒီလိုအမိန့်ရှိပြီးတဲ့နောက် ရှေ့ဆက်ပြီး မြတ်စွာဘုရား ဘာတရားကို ဟောတော်မူသလဲ?
ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တထာဂတေန = တထာဂတအမည် ရတော်မူသော သင်တို့ဆရာ ငါဘုရားသည်။ အဘိသမ္ဗုဒ္ဓါ = ထိုးထွင်း သိမြင်တော်မူအပ်သော။ စက္ခုကရဏီ = ပညာမျက်စိအမြင်ကို ပြုလုပ်၍ ပေးတတ်သော။ ဉာဏကရဏီ = သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်တတ်သည့် ဉာဏ်ကို ပြုပြင်ပေးတတ်သော။ ယာ မဇ္ဈိမာ ပဋိပဒါ = အကြင် အလယ်အလတ်ကျင့်စဉ်ဖြစ်သော မဇ္ဈိမပဋိပဒါသည်။ ဥပသမာယ = ကိလေသာ အပူငြိမ်းခြင်းငှာ၊ အဘိညာယ = သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်း သိမြင်ခြင်းငှာ။ သမ္ဗောဓာယ = သစ္စာလေးပါးကို ထိုးထွင်းသိမြင် တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိပါရခြင်း အကျိုးငှာ။ နိဗ္ဗာနာယ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်း, ရရှိပါရခြင်း အကျိုးငှာ။ သံဝတ္တတိ = ကောင်းစွာ ဖြစ်ပါပေ၏။ သာ မဇ္ဈိမာ ပဋိပဒါ = ထိုမဇ္ဈိမပဋိပဒါ အလယ်အလတ်ကျင့်စဉ်သည်ကား။ ကတမာ = အဘယ်ပါ နည်း။
သစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ်တဲ့, ပညာမျက်စိကို ပြုပြင်ပေး တတ်တဲ့, ဉာဏ်မျက်စိကို ပြုပြင်ပေးတတ်တဲ့, ကိလေသာအပူ ငြိမ်းဖို့ရန် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ရန် သစ္စာလေးပါးကို ထိုးထွင်းသိမြင်တတ် တဲ့ အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် ရရှိဖို့ရန်အတွက် အလယ်အလတ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ ခေါ်တဲ့ ထိုကျင့်ဝတ်ပဋိပတ်သည် ဘာလဲ ဆိုပြီးတော့ ဒီမေးခွန်းလေးတစ်ခု မေးပါတယ်။ မေးပြီးတော့မှ မြတ်စွာဘုရားက အဖြေကို ဘယ်လို ဟောတော် မူသလဲ?
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
မဇ္ဈိမပဋိပဒါလမ်းဆိုတာက ဘာလဲလို့မေးတော့ ဖြူစင်မြင့်မြတ်တဲ့ ဒီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရား ဖြစ်တယ်ဆိုပြီးတော့ ဒီလို မြတ်စွာဘုရားက အကျဉ်းချုပ် ဖြေပါတယ်။
အခန်း (၃)
မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရား
ဒီအပိုင်းမှာတော့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားနှင့် ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဘုန်းကြီးဘက်က ဆွေးနွေးတင်ပြဖို့ရန် ရည်ရွယ် ထားပါတယ်။ နိဗ္ဗာန်ကို အလိုရှိတဲ့ သူတော်ကောင်းတို့ မကွေ့မကောက် မတိမ်းမစောင်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်သွားရမယ့် တစ်ခုတည်းသော တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါတယ်။ ဒီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရား ဆိုတာက သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ရှစ်ပါး ဖြစ်တယ်လို့ အဖြေပေးပါတယ်။ ဘုန်းကြီး ဒီမဂ္ဂင်ရှစ်ပါး ဟောချင်လို့ နည်းနည်းလေး နိဒါန်းပျိုးနေတာပါ။
ဘုန်းကြီးတို့ - ဒီသာသနာတော်တွင်းမှာ မြတ်စွာဘုရားက နိဗ္ဗာန်ကို ရရှိဖို့ရန်အတွက် ချမှတ်ပေးလိုက်တဲ့ မဂ္ဂင် ဘယ်နှစ်ပါးရှိသလဲ? ရှစ်ပါး။ ဒီ မဂ္ဂင်ရှစ်ပါးဆိုတာ မဂ္ဂက လမ်းကြောင်းလို့ ခေါ်ပါတယ်။ အင်္ဂက အကြောင်း အင်္ဂါရပ်။ ဒါကြောင့် မဂ္ဂင်္ဂ ဆိုတာကတော့ နိဗ္ဗာန်သို့သွားရာ မဂ္ဂင်လမ်းမှာ တည်ရှိနေတဲ့ အင်္ဂါရပ်ရှစ်ချက်လို့ ဆိုလိုပါတယ်။ မှတ်တိုင်ရှစ်ခုလို့ ဆိုလိုတာ ပါ။ ဒီတော့ နိဗ္ဗာန်ကို သွားချင်တယ်ဆိုလို့ရှိလျှင် ဘယ်လမ်းလိုက်ရမလဲ? မဂ္ဂင်ရှစ်ပါးကျင့်စဉ်လမ်း လိုက်ရမယ်။
သမ္မာဒိဋ္ဌိ
ဒီတော့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်လမ်းကို လိုက်တဲ့အချိန်အခါမှာ နံပါတ် တစ်က သမ္မာဒိဋ္ဌိ၊ နံပါတ်နှစ်က သမ္မာသင်္ကပ္ပ၊ ဒီသမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပကို ပညာမဂ္ဂင်အဖြစ်နှင့် စာပေက သတ်မှတ်ထားပါတယ်။ ဒါက ပညာကျင့်စဉ်။ နောက် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ၊ ဒီသုံးခုက သီလမဂ္ဂင်။ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ၊ ဒီသုံးခုက သမာဓိမဂ္ဂင်၊ ပေါင်းလိုက် တော့ ပညာမဂ္ဂင်ရယ်, သီလမဂ္ဂင်ရယ်, သမာဓိမဂ္ဂင်ရယ် ဆိုပြီးတော့ မဂ္ဂင် ရှစ်ပါး။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ် ဆိုပြီးတော့ ကျင့်စဉ် သုံးခုရှိတယ်။ နံပါတ်တစ်ဖြစ်တဲ့ အင်္ဂါရပ်က သမ္မာဒိဋ္ဌိ၊ ဘာကို သမ္မာဒိဋ္ဌိ ခေါ်ဆိုသလဲ? မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၈)မှာ သမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံးကို အတိအကျ ရှင်းလင်းထားပါတယ်။
ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ...
ဆိုပြီးတော့ လေးချက် ဖွင့်ထားတယ်။ နံပါတ်တစ်က ဒုက္ခေ ဉာဏံ = ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်။နံပါတ်နှစ်က ဒုက္ခသမုဒယေ ဉာဏံ = ဒုက္ခ၏အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာကို ထိုးထွင်းသိတတ်တဲ့ဉာဏ်။ နံပါတ်သုံးက ဒုက္ခနိရောဓေ ဉာဏံ = ဒုက္ခချုပ်ရာ နိရောဓသစ္စာကို ထိုးထွင်း သိတဲ့ဉာဏ်၊ နံပါတ်လေးက ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်ကို ထိုးထွင်းသိတတ်တဲ့ဉာဏ်။ ပေါင်းလိုက်တော့ ဉာဏ်ဘယ်နှစ်မျိုးလဲ? လေးမျိုး။ ဒီဉာဏ်လေးမျိုးက တစ်နည်းအားဖြင့် အတိုချုပ်ပြီး ပြောလိုက်တော့ သစ္စာလေးပါးကို ထိုးထွင်း သိတတ်တဲ့ဉာဏ် ဖြစ်ပါတယ်။ သစ္စာလေးပါးကို ထိုးထွင်းသိတတ်တဲ့ဉာဏ်ကို ဘာလို့ခေါ်သလဲ? သမ္မာဒိဋ္ဌိ = မှန်ကန်သော ဉာဏ်အမြင်လို့ ခေါ်ပါတယ်။
ဒီတော့ ဒုက္ခသစ္စာကို ထိုးထွင်း သိတတ်တဲ့ဉာဏ်, သမုဒယသစ္စာကို ထိုးထွင်း သိတတ်တဲ့ဉာဏ်, နိရောဓသစ္စာကို ထိုးထွင်း သိတတ်တဲ့ဉာဏ်, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာကို ထိုးထွင်းသိတတ်တဲ့ဉာဏ်, ဒီဉာဏ်လေးမျိုးကို ဘာလို့ ခေါ်သလဲ? သမ္မာဒိဋ္ဌိ။ ဒီလိုဆိုလျှင် နိဗ္ဗာန်ကို ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ လိုချင်ကြတယ် ဆိုလျှင် ဒီသမ္မာဒိဋ္ဌိဆိုတဲ့ အင်္ဂါရပ်နှင့် ပြည့်စုံအောင် မိမိတို့ ကြိုးစားဖို့ မလိုဘူး လား? လိုပါတယ်။ ဒီအခြေခံကလေးတွေက မြတ်စွာဘုရား ဗွေဆော်ဦးအနေ နှင့် ခေါင်ဆုံးဟောတော်မူတဲ့ ဒီဓမ္မစကြာဒေသနာတော်မှာ စတင်ပြီး အုတ်မြစ် ချပေးသွားတဲ့ လုပ်ငန်းခွင်လေးတွေ ဖြစ်ကြပါတယ်။ နိဗ္ဗာန်တော့ လိုချင်တယ်။ နိဗ္ဗာန်လည်း သွားချင်တယ်။ ဒါပေမဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင် မရှိဘူးဆိုလျှင် မိမိတို့ဟာ နိဗ္ဗာန်ကို ရနိုင်ကြပါ့မလား? မရနိုင်ဘူး။ ဒီအချက်ကလေးတွေကို တော့ ယုံယုံကြည်ကြည် လေးလေးစားစားနှင့် မှတ်သားထားစေချင်ပါတယ်။
ဒီတော့ ဘာကို ဒုက္ခသစ္စာခေါ်သလဲ? ဘာကို သမုဒယသစ္စာခေါ် သလဲ? ဘာကို နိရောဓသစ္စာခေါ်သလဲ? ဘာကို မဂ္ဂသစ္စာခေါ်သလဲ? ဒီ အပိုင်းကိုတော့ ဘုန်းကြီး နောက်ပိုင်းကျတော့ ထပ်ပြီး ရှင်းပြပေးပါမယ်။
သမ္မာသင်္ကပ္ပ
နောက်တစ်ခု နံပါတ်နှစ်ကတော့ သမ္မာသင်္ကပ္ပ = မှန်ကန်သော ကြံစည် စိတ်ကူးမှု။ မှန်ကန်သော ကြံစည်စိတ်ကူးမှုဆိုတာက ဘာကို ပြောတာလဲ? တချို့က ထိုင်ပြီးတော့ စဉ်းစားတာ ဝေဖန်တာ ဒါတွေကို သမ္မာသင်္ကပ္ပလို့ ထင်နေတယ်။
ဒီတော့ ဒီသမ္မာသင်္ကပ္ပနှင့် ပတ်သက်ပြီးတော့ မြတ်စွာဘုရား အဓိပ္ပါယ် ဖွင့်ဆိုထားတာ သုံးချက် ရှိပါတယ်။
နံပါတ်တစ် နေက္ခမ္မသင်္ကပ္ပ၊
နံပါတ်နှစ် အဗျာပါဒသင်္ကပ္ပ၊
နံပါတ်သုံး အဝိဟိံသသင်္ကပ္ပ။
နံပါတ်တစ် နေက္ခမ္မသင်္ကပ္ပဆိုတာ ဘာလဲ? ကိလေသာမှ ထွက်မြောက် ကြောင်း နေက္ခမ္မဓာတ်ကို အမှီပြုပြီး ဖြစ်ပေါ်နေတဲ့ ကြံစည်စိတ်ကူးမှုပဲ။ ကိလေသာမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ သို့မဟုတ် သံသရာဝဋ် ဆင်းရဲ ဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နေက္ခမ္မဓာတ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ကြံစည်စိတ်ကူးမှုတွေဆိုတာက ဘာတွေလဲလို့ မေးစရာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ စာပေကျမ်းဂန်များမှာ ဖော်ပြထားတာ နေက္ခမ္မဓာတ်ငါးမျိုး ရှိပါတယ်။
ပဗ္ဗဇ္ဇာ ပဌမဇ္ဈာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မာတိ ပဝုစ္စရေ။ (ဣတိဝုတ္တက-ဋ္ဌ-၃၃၁၊၊)
ပဗ္ဗဇ္ဇာ = (နံပါတ်တစ်) အိမ်ရာတည်ထောင် လူ့ဘောင်ကို ရှောင်ခွာ ပြီးတော့ ရသေ့ရဟန်း ပြုလုပ်ဖို့ရန် ကြံစည်စိတ်ကူးခြင်း --- ဒါကိုလည်း နေက္ခမ္မဓာတ်လို့ ခေါ်တယ်။ ဘာဖြစ်လို့ နေက္ခမ္မလဲလို့မေးတော့ အိမ်ရာ တည်ထောင် လူ့ဘောင်မှ ရှောင်ခွာပြီး ရသေ့ရဟန်း ပြုတယ်ဆိုလျှင် အိမ်ရာ တည်ထောင် လူ့ဘောင်မှ ထွက်မြောက်ကြောင်း ကျင့်စဉ် ပဋိပတ်တစ်ခု ဖြစ်သွားပြီ။
ဒီတော့ ရသေ့ရဟန်းပြုဖို့ရန် ကြံစည်စိတ်ကူးမှု သို့မဟုတ် ရသေ့ ရဟန်းပြုနေတဲ့ အချိန်အခါမှာ မိမိ လိုက်နာပြုကျင့်ရမည့် သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေနှင့် ပတ်သက်ပြီးတော့ ကြံစည်စိတ်ကူးမှု အဝဝတွေကိုလည်း နေက္ခမ္မလို့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲ? အိမ်ရာ တည်ထောင် လူ့ဘောင်မှ ထွက်မြောက်ကြောင်း ဖြစ်တယ်။ တစ်နည်း ကာမဂုဏ်မှ ထွက်မြောက်ကြောင်း ဖြစ်တယ်။ တစ်နည်း သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ လွတ်မြောက်ကြောင်းလည်း ဖြစ်တယ်။
ဒါကြောင့် ဒီလို ကြံစည်စိတ်ကူးမှုတွေဟာ ဘာတွေလဲလို့ မေးလျှင် အောက်ထစ်ဆုံးကတော့ ငါးပါးသီလကနေ စပါတယ်။ သူ့အသက် မသတ် ဖို့ရန်အတွက် ကြံစည်စိတ်ကူးတယ်။ သူ့ပစ္စည်းတွေ မတရားမယူဖို့ရန်အတွက် ကြံစည်စိတ်ကူးတယ်။ ကာမဂုဏ်နှင့် ပတ်သက်ပြီးတော့ မှားယွင်းဖောက်ပြန် နေတဲ့ ကျင့်ဝတ်ပဋိပတ်တွေ မကျင့်ဖို့ရန် ကြံစည်စိတ်ကူးတယ်။ မုသားစကား မပြောဖို့ရန်အတွက် ကြံစည်စိတ်ကူးတယ်။ မူးယစ်ဆေးဝါးတွေ မသုံးစွဲဖို့ ရန်အတွက် ကြံစည်စိတ်ကူးတယ်စသည်ဖြင့် ဒီလို အခြေခံ ကြံစည်စိတ်ကူးမှု ငါးပါးသီလကနေစပြီးတော့ မိဘကို ရိုသေစွာ ပြုစုလုပ်ကျွေးဖို့ရန်အတွက် ကြံစည် စိတ်ကူးတယ်။ ကောင်းတဲ့ ကြံစည်စိတ်ကူးမှုတွေပါ။
ဘုန်းကြီး လျှော့ပြီး ပြောတယ်လို့ မထင်ပါနဲ့၊ ဒီတရားနာပရိသတ်တွေ ထဲမှာ မိဘကို လုပ်ကျွေးဖို့ရန်အတွက် သို့မဟုတ် လုပ်ကျွေးမယ်ဆိုတဲ့ ကုသိုလ်ဇောစိတ်တွေ ပြဓာန်းပြီးတော့ ဒီမှာလာပြီး စီးပွားရှာနေတဲ့ ပုဂ္ဂိုလ် တွေဟာ အားလုံးလောက်နီးနီး ရှိလိမ့်မယ်လို့ ဘုန်းကြီး ထင်ပါတယ်။ ဒီလို ကြံစည်စိတ်ကူးမှုတွေဟာလည်း ကုသိုလ်တရားတွေ တိုးပွားဖို့ရန်အတွက် ကြံစည်စိတ်ကူးမှု ဖြစ်တဲ့အတွက် အောက်ထစ်ဆုံး ကြံစည်စိတ်ကူးမှုပင် မှန်သော်လည်း အထက်တန်းကျကျ ရသေ့ရဟန်း မပြုနိုင်သေးသော်လည်း ဒီလို ကြံစည်စိတ်ကူးမှုလေးတွေကိုလည်း နေက္ခမ္မအဖြစ်နှင့် စာပေကျမ်းဂန် များက ဖော်ပြထားပါတယ်။
ငါးပါးသီလစောင့်ထိန်းခြင်းနှင့် ပတ်သက်တဲ့ ကြံစည်စိတ်ကူးမှု, မိဘကို ရိုသေစွာ ပြုစုလုပ်ကျွေးဖို့ရန်အတွက် ကြံစည်စိတ်ကူးမှု, ဒီကြံစည်စိတ်ကူး မှုကနေ အခြေခံပြီးတော့ အထက်တန်းကျတဲ့ ရသေ့ရဟန်းဘဝအထိ ပြုလုပ်ဖို့ရန် ကြံစည်စိတ်ကူးမှု ပြုလုပ်ပြီးတဲ့ အချိန်အခါမှာလည်း မိမိရဲ့ သီလ ကျင့်ဝတ်ပဋိပတ်တွေ သမထ-ဝိပဿနာဘာဝနာ ကျင့်ဝတ်ပဋိပတ်တွေနှင့် ဆက်စပ်နေတဲ့ ကြံစည်စိတ်ကူးမှု အဝဝတွေကိုလည်း နေက္ခမ္မဆိုပြီး သတ်မှတ် ထားပါတယ်။
နောက်တစ်ခု - နံပါတ်နှစ်ကတော့ ပထမစျာန်။ တကယ်လက်တွေ့ ရသေ့ ရဟန်းဘဝ ရောက်ပြီးတဲ့ အချိန်အခါ တကယ်လက်တွေ့ သမထနယ်ထဲ ကူးလိုက်ပြီးလို့ စျာန်သမာပတ်တွေ ရရှိပြီ ဆိုကြစို့။ ပထမစျာန်ကို ရရှိပြီ ဆိုလို့ရှိလျှင်လည်း ဒီပထမစျာန်သမာဓိက ခိုင်ခံ့အောင် ထူထောင်ထားနိုင် ခဲ့လို့ သေသည့်တိုင်အောင် မလျှောကျခဲ့ဘူးဆိုလျှင် သေသည်၏ အခြားမဲ့၌ ခုနကပြောခဲ့တဲ့ အာဠာရရသေ့တို့, ဥဒကရသေ့တို့, ကာဠဒေဝီလရသေ့တို့လို ဗြဟ္မာ့ပြည်ကို ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအင်တွေ ဒီပထမစျာန် စတဲ့ သမာဓိတွေမှာ ရှိပါတယ်။ ဒါကြောင့် ဒီစျာန်သမာဓိ၏ စွမ်းအင်ကြောင့် ဗြဟ္မာ့ပြည်ရောက်သွားလျှင်လည်း ကာမဘုံမှ ထွက်မြောက်ကြောင်း ဖြစ်တဲ့ အတွက် ဒီပထမစျာန်ကိုလည်း နေက္ခမ္မဆိုပြီး ခေါ်ပါတယ်။
ဒီပထမစျာန်ထဲမှာ စျာန်နာမ်တရားတွေ (၃၄)လုံးခန့် ရှိပါတယ်။ အဲဒီထဲမှာ သမ္မာသင်္ကပ္ပလို့ ခေါ်ဆိုအပ်တဲ့ ဝိတက်တရားလည်း ပါဝင်ပါတယ်။ အဲဒီ သမ္မာသင်္ကပ္ပကိုလည်း နေက္ခမ္မသင်္ကပ္ပ အဖြစ်နှင့် သတ်မှတ်ထားပါတယ်။ ဒီလိုဆိုလျှင် ဒုတိယစျာန် အစရှိတဲ့ အထက်တန်းကျနေတဲ့ စျာန်တွေသည် နေက္ခမ္မမမည်တော့ဘူးလားလို့ မေးစရာ ရှိပါတယ်။ အဲဒါတွေကတော့ ဟိုဘက်က သဗ္ဗေပိ ကုသလာဓမ္မာ၊ နေက္ခမ္မာတိ ပဝုစ္စရေ ဆိုပြီး ဖွင့်ဆို ထားတဲ့အတွက် ကုသိုလ်တရားအားလုံးကတော့ နေက္ခမ္မအမည်ရပါတယ်။ ဘာကြောင့်လဲ? အကုသိုလ်တရားတွေမှ ထွက်မြောက်ကြောင်း ဖြစ်ခြင်း ကြောင့် ကုသိုလ်တရားအားလုံးကို နေက္ခမ္မလို့ခေါ်ပါတယ်။ ဒုတိယစျာန်စတဲ့ အထက်ပိုင်းစျာန်တွေဟာ ကုသိုလ်စျာန်ဖြစ်လို့ နေက္ခမ္မအမည် ရရှိပေမယ့်လို့ ဒီစျာန်တွေမှာ သမ္မာသင်္ကပ္ပခေါ်တဲ့ ဝိတက်က မယှဉ်လေတော့ ဒီစျာန်တွေကို နေက္ခမ္မသင်္ကပ္ပလို့တော့ မခေါ်ဘူး။
နောက်တစ်ခု - နံပါတ်သုံးကတော့ နိဗ္ဗာန်။ နိဗ္ဗာန်ကတော့ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်တဲ့အတွက် နိဗ္ဗာန်ကိုလည်း နေက္ခမ္မလို့ ခေါ်ပါတယ်။
ဒီတော့ ပုဂ္ဂိုလ်တစ်ဦးက နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ၊ မျက်မှောက် ပြုလိုက်တဲ့ ထိုမဂ်စိတ်စေတသိက်, ဖိုလ်စိတ်စေတသိက်တွေမှာ သမ္မာသင်္ကပ္ပခေါ်တဲ့ မဂ္ဂင်တစ်ခုလည်း ပါပါတယ်။ များသောအားဖြင့် ပထမစျာန် နာမ်တရားတွေကို ဝိပဿနာရှုပွားသုံးသပ်ခိုက် အရိယမဂ်သို့ ဆိုက်ခဲ့မယ် ဆိုလျှင် ထိုအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တွေမှာ စိတ်စေတသိက် (၃၇)လုံးခန့် ရှိပါတယ်။ အဲဒီအထဲမှာ သမ္မာသင်္ကပ္ပခေါ်တဲ့ မဂ္ဂင်တစ်ခုလည်း ပါပါတယ်။ ထိုသမ္မာသင်္ကပ္ပမဂ္ဂင်ဟာလည်း နေက္ခမ္မသင်္ကပ္ပလို့ ခေါ်ပါတယ်။ ဘာဖြစ် လို့လဲ? သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ကြံစည် စိတ်ကူးမှု ဖြစ်လို့ပဲ။ ဒီတော့ ဒီသမ္မာသင်္ကပ္ပအကြောင်းကို ဘုန်းကြီး ပြီးတော့ မှပဲ ထပ်ပြီး ရှင်းပြပေးပါ့မယ်။
ကဲ - နံပါတ်တစ်က ပဗ္ဗဇ္ဇာ = ရသေ့ရဟန်းပြုဖို့ရန် ကြံစည်စိတ်ကူးမှု၊ နံပါတ်နှစ်က ပထမစျာန်, ပထမစျာန်နှင့် ယှဉ်တွဲနေတဲ့ ကြံစည်စိတ်ကူးမှု။ နံပါတ်သုံးက နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ကြံစည်စိတ်ကူးမှု၊ နံပါတ်လေးက ဝိပဿနာဉာဏ်တွေ ဖြစ်ကြတယ်။ ရုပ်နာမ်တရားတွေကို မိမိကိုယ်တိုင် ထိုးထွင်းသိပြီ, ထို ရုပ်နာမ်တရားတွေရဲ့ အကြောင်းတရားတွေကိုလည်း မိမိကိုယ်တိုင် ထိုးထွင်းသိပြီ၊ ထိုးထွင်း သိလိုက်တဲ့အခါမှာ - အကြောင်း တရားနှင့် တကွသော ထိုရုပ်နာမ်တွေကို သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။ ဘာကြောင့် သင်္ခါရတရားတွေလို့ ခေါ်ရသလဲလို့ မေးလျှင်တော့ အကြောင်း တရားတွေက ဝိုင်းဝန်းပြီး ပြုပြင်ပေးမှ ဖြစ်ပေါ်လာနိုင်တဲ့တရားတွေ ဖြစ်ကြ ခြင်းကြောင့် ထိုတရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။
ထိုသင်္ခါရတရားတွေရဲ့ ဖြစ်ပြီးပျက်နေတဲ့သဘောကို ဉာဏ်ဖြင့် မြင် အောင် ကြည့်ပြီးတော့ အနိစ္စလို့ ရှုရတယ်။ ထိုသင်္ခါရတရားတွေမှာ ဖြစ်ခြင်း ပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်းအနှိပ်စက်ခံနေရတဲ့ သဘာဝ တစ်ခု ရှိပါတယ်။ ဒီသဘာဝကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပြီးတော့ ဒုက္ခလို့ ရှုရပါတယ်။ ထိုသင်္ခါရတရားတွေထဲမှာ မပျက်စီးဘဲ အကြိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့်တည်နေတဲ့ အတ္တမရှိတဲ့သဘာဝကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ အနတ္တလို့ ရှုရပါတယ်။ အဲဒီလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး ရှုနေတဲ့ဉာဏ်ကို ဝိပဿနာဉာဏ်လို့ ခေါ်ပါတယ်။
ထိုဝိပဿနာဉာဏ်နှင့် ယေဘုယျအားဖြင့် ယှဉ်တွဲလျက် ဖြစ်ပေါ်သွား တဲ့ စိတ်စေတသိက်ကတော့ (၃၄)လုံးခန့် ရှိပါတယ်။ ဒါတွေက နောက်ပိုင်းမှာ ဘုန်းကြီး သေချာထပ်ဟောပါမယ်။ ဒီတော့ ဒီ (၃၄)လုံးထဲမှာလည်း သမ္မာသင်္ကပ္ပခေါ်တဲ့ မဂ္ဂင်တစ်ခု ပါပါတယ်။ ဒီ (၃၄)လုံးထဲမှာပါတဲ့ သမ္မာသင်္ကပ္ပက ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပဖြစ်တဲ့အတွက် သူ့ကိုလည်း နေက္ခမ္မလို့ ခေါ်တယ်။ ဘာကြောင့်လဲ?
ဒီဝိပဿနာဉာဏ်တွေက တဒင်္ဂအားဖြင့် ကိလေသာကို ပယ်နိုင်တဲ့ စွမ်းအားရှိတဲ့အတွက် တဒင်္ဂအားဖြင့် ကိလေသာတွေမှ ထွက်မြောက် ကြောင်းလည်း ဖြစ်တယ်။ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထွက်မြောက်ကြောင်း ဖြစ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိဖို့ရန် အတွက်လည်း အကြောင်းရင်း ဖြစ်တယ်။ ဝိပဿနာဉာဏ်တွေက ကိလေသာကို တဒင်္ဂ အားဖြင့် ပယ်စွန့်နိုင်တဲ့အတွက် ကိလေသာတို့မှ တဒင်္ဂအားဖြင့် ထွက် မြောက်ကြောင်းလည်း ဖြစ်တယ်။ ဒီအတွက် သူတို့ကိုလည်း နေက္ခမ္မလို့ ခေါ်ပါတယ်။ အဲဒါကြောင့် ဒီဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေတဲ့ သမ္မာသင်္ကပ္ပ ကိုလည်း နေက္ခမ္မလို့ ခေါ်တယ်။ ဒါက နံပါတ်လေး။
နောက် နံပါတ်ငါးကတော့ သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မာတိ ပဝုစ္စရေ။ ဒီလိုဖွင့်ဆိုထားတဲ့အတွက် ကုသိုလ်တရားအားလုံးကိုလည်း နေက္ခမ္မ လို့ခေါ်တယ်။ ဘာကြောင့်လဲ? အကုသိုလ်မှ ထွက်မြောက်ကြောင်းဖြစ်လို့ပဲ၊ အကုသိုလ်မှ ထွက်မြောက်ကြောင်းဖြစ်တဲ့အတွက် ကုသိုလ်တရားအားလုံး ကိုလည်း နေက္ခမ္မလို့ ခေါ်ပါတယ်။ ဒါက စာပေကျမ်းဂန် အဆိုအမိန့်အရသာ ပြောလိုက်တာပါ။
ဒီတော့ ခုနက ဝိပဿနာဉာဏ်နှင့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ရှုမယ်၊ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုမယ်ဆိုလျှင် ထိုဝိပဿနာဉာဏ်အခိုက်မှာ ရုပ်တရား နာမ်တရားတွေက ဒုက္ခသစ္စာတရားတွေ ဖြစ်ကြတယ်။ ရုပ်တရား နာမ်တရားတွေကို ထပ်ပြီး ခွဲတမ်းချလိုက်တဲ့အခါ ရုပ်ကို တစ်ပုံ, နာမ်တရားတွေကို ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်လို့ လေးပုံပုံလိုက်တော့ ငါးပုံ ဖြစ်သွားတယ်။ ဒါကို ခန္ဓာ ငါးပါးလို့ ခေါ်ပါတယ်။
အဲဒီ ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲလို့ မေးလျှင် ဒုက္ခသစ္စာ ဖြစ်တယ်။ နောက်ပိုင်းမှာ မြတ်စွာဘုရား ဟောထား ပါတယ်။ ထိုဒုက္ခသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိ၊ ဒုက္ခ သစ္စာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့ သဘောလေးက သမ္မာသင်္ကပ္ပ၊ ကြံစည်တယ် ကြံစည်တယ်ဆိုတာက ဘယ်လိုဟာမျိုးကို ကြံစည် တယ်ခေါ်တယ်ဆိုတာကို နည်းနည်း သဘောပေါက်စေချင်လို့ ပြောတာ။
ဒီတော့ ဒုက္ခသစ္စာခေါ်တဲ့ ခန္ဓာငါးပါးကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က ဘာလဲ? သမ္မာဒိဋ္ဌိ။ ဒုက္ခသစ္စာအာရုံပေါ်သို့ မိမိရဲ့ စိတ်ကို ရှေးရှုတင်ပေး နေတဲ့ သဘောက သမ္မာသင်္ကပ္ပ။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပကတော့ ဒုက္ခသစ္စာကို ထိုးထွင်းသိဖို့ရန်အတွက် အတူယှဉ်တွဲပြီး အလုပ်လုပ်နေပါတယ်။
နောက်တစ်ခု - သမုဒယသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိ။ သမုဒယသစ္စာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့ သဘောက သမ္မာသင်္ကပ္ပ။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့က ယှဉ်တွဲပြီး ဖြစ်တယ်။
နောက်တစ်ခု - နိရောဓသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိ၊ နိရောဓသစ္စာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးတဲ့သဘောက သမ္မာသင်္ကပ္ပ၊
နောက် - ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုအပ် တဲ့ မဂ္ဂသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိ။ မဂ္ဂသစ္စာအာရုံပေါ် သို့ စိတ်ကို ရှေးရှုတင်ပေးတဲ့သဘောက သမ္မာသင်္ကပ္ပ။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပက အခုလို ဝိပဿနာဉာဏ်အခိုက်မှာ ယှဉ်တွဲပြီး ဖြစ်ပေါ်သွားပါတယ်။
သို့သော် နိရောဓသစ္စာအကြောင်း မဂ္ဂသစ္စာအကြောင်းကို နောက်မှ ထပ်ပြီးတော့ ဘုန်းကြီး ရှင်းပေးပါဦးမယ်။ အခုကတော့ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပကို သဘောပေါက်ရုံလောက် ပြောနေတာပါ။ ဒီတော့ ဒီသမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပအကြောင်း ပြောပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုပြီး သီလမဂ္ဂင်သုံးခုကို ဆက်ပြီးဟော ထားပါတယ်။
သီလမဂ္ဂင် (၃) ပါး
သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်နေတဲ့ ဉာဏ်အမြင်ရရှိရေး၊ သမ္မာသင်္ကပ္ပခေါ် တဲ့ မှန်ကန်နေတဲ့ တွေးခေါ်မှု ရရှိရေးအတွက် ဘာလိုအပ်သလဲ? အခြေခံ အကြောင်းရင်းဖြစ်တဲ့ သမ္မာဝါစာ = မှန်ကန်တဲ့ စကားလေးကို ပြောတတ်ဖို့ လိုတယ်၊ သမ္မာကမ္မန္တ = မှန်ကန်နေတဲ့ လုပ်ငန်းရပ်လေးတွေ ပြုလုပ်တတ်ဖို့ လိုတယ်၊ သမ္မာအာဇီဝ = မှန်ကန်နေတဲ့ အသက်မွေးဝမ်းကြောင်းလေးရှိဖို့ လိုအပ်ပါတယ်။
ဒီနေ့တရားနာပရိသတ်တွေကို ကြည့်မယ်ဆိုလျှင်ပေါ့လေ - ဘုန်းကြီးတို့ ကတော့ ခန့်မှန်းခြေအရ ပြောတာပါ - အားလုံးလိုလိုက ဒီ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ ဒီသီလမဂ္ဂင်သုံးပါးကို ဖြည့်ကျင့်မယ်ဆိုလျှင် လွယ်လွယ်လေး ပြုကျင့်လို့ ရနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ များကြမယ်လို့ ဘုန်းကြီး ယူဆပါတယ်။ ပြီးတော့ သမ္မာဝါစာမှာ နံပါတ်တစ်က ဘာလဲလို့မေးတော့ မုသာဝါဒါ ဝေရမဏိ = မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပိသုဏဝါစာ ဝေရမဏိ = ကုန်းတိုက်စကားတွေ ပြောကြားခြင်းမှ ရှောင် ကြဉ်ခြင်း၊ ဖရုသဝါစာ ဝေရမဏိ = ကြမ်းတမ်းတဲ့ စကားတွေ ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သမ္ဖပ္ပလာပါ ဝေရမဏိ = ပြိန်ဖျင်းတဲ့စကားတွေ ပြော ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုပြီးတော့ ရှောင်ကြဉ်ခြင်း ဘယ်နှစ်မျိုးရှိသလဲ? လေးခု။ ဒီဝစီဒုစရိုက်လေးမျိုးကို ရှောင်ကြဉ်ကာ မှန်ကန်တဲ့စကားကိုသာ ပြောခဲ့လျှင် သမ္မာဝါစာဖြစ်တယ်။
နောက် သမ္မာကမ္မန္တ-က မှန်ကန်တဲ့ လုပ်ငန်းရပ်ကလေးတွေ ရှိရမယ်။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ လုပ်ငန်းရပ် ရှိရမယ်။ အဒိန္နာဒါနာ ဝေရမဏိ = ပိုင်ရှင်က ကိုယ်နှုတ်ဖြင့် ကြည်ဖြူစွာ မပေးတဲ့ ပစ္စည်းကို မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ လုပ်ငန်းရပ် ရှိရပါတယ်။ နောက် ကာမေသုမိစ္ဆာစာရာ ဝေရမဏိ = ကာမတို့၌ မှားယွင်း ဖောက်ပြန်နေတဲ့ ကျင့်ဝတ်မှ ရှောင်ကြဉ်ခြင်းဆိုတဲ့ လုပ်ငန်းရပ် ရှိရပါတယ်။ ဒီသမ္မာကမ္မန္တကတော့ ဒီနေ့ တရားနာပရိသတ်တွေ အတွက် အလွန်ကြီး မခဲယဉ်းဘူးလို့ ဘုန်းကြီးကတော့ ယူဆပါတယ်။
နောက်တစ်ခု သမ္မာအာဇီဝ = မှန်ကန်တဲ့ အသက်မွေးမှုတဲ့၊ မှန်ကန်တဲ့ အသက်မွေးမှုဆိုတာ ဘာတွေလဲလို့မေးတော့ မိစ္ဆာအာဇီဝ = မှားယွင်းနေတဲ့ အသက်မွေးဝမ်းကြောင်းကနေ ရှောင်ကြဉ်ရမယ်။ ဥပမာ - မုသားပြောလို့ ရရှိတဲ့ပစ္စည်း မသုံးဘူး ရှောင်ကြဉ်တယ်။ ကုန်းတိုက်လို့ ကုန်းစကားပြောဆိုလို့ ရရှိတဲ့ပစ္စည်း မသုံးဘူး ရှောင်ကြဉ်တယ်။ ကြမ်းတမ်းတဲ့စကားတွေ ပြောဆိုလို့ ရရှိတဲ့ပစ္စည်းမျိုး မသုံးဘူး ရှောင်ကြဉ်တယ်။ ပြိန်ဖျင်းတဲ့စကားတွေ ပြောကြား လို့ ရရှိတဲ့ ပစ္စည်းမျိုး မသုံးဘူး၊ ရှောင်ကြဉ်တယ်။ ဒါက သမ္မာအာဇီဝပဲ၊
သူ့အသက်သတ်လို့ ရရှိတဲ့ပစ္စည်းမျိုး မသုံးဘူး၊ ရှောင်ကြဉ်တယ်။ သူများ ပစ္စည်း မတရားယူပြီးတော့ ရရှိတဲ့ ပစ္စည်းမျိုး, ခိုးဝှက်လို့ရတဲ့ ပစ္စည်းမျိုးကို မသုံးစွဲဘဲနှင့် ရှောင်ကြဉ်တယ်။ ကာမေသုမိစ္ဆာစာရ လုပ်ငန်းရပ်တွေ ပြုကျင့်လို့ ရရှိတဲ့ ပစ္စည်းမျိုးကို မသုံးစွဲဘဲ ရှောင်ကြဉ်တယ်။ ဆိုလိုရင်းကတော့ ဝစီဒုစရိုက် လေးပါး, ကာယဒုစရိုက်သုံးပါးတို့ကို မပြုမကျင့် ရှောင်ကြဉ်တယ်။ ဝစီဒုစရိုက်, ကာယဒုစရိုက်တို့ကြောင့် ရရှိတဲ့ပစ္စည်းကိုလည်း မသုံးစွဲဘဲ ရှောင်ကြဉ်တယ်။ ဒီကာယဒုစရိုက် ဝစီဒုစရိုက်တို့ကြောင့် ရရှိတဲ့ ပစ္စည်းကို မသုံးစွဲဘဲ ရှောင်ကြဉ် ကာ ကုန်သွယ်ခြင်း လယ်လုပ်ခြင်းစတဲ့ လုပ်ငန်းရပ်တွေကြောင့် ရရှိတဲ့ ပစ္စည်း ကိုသာ သုံးစွဲတယ်။ ရဟန်းဖြစ်လျှင်လည်း မိစ္ဆာအာဇီဝအမျိုးမျိုးတွေမှ ရှောင်ကြဉ်ပြီး ဆွမ်းခံကျင့်ဝတ် စသည့် အပ်သောနည်းဖြင့် ရရှိတဲ့ ပစ္စည်းကို သုံးစွဲတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဒါယကာကြီးတွေ ဒါယိကာမ ကြီးတွေအတွက် ကွက်ပြောမယ်ဆိုလျှင်တော့ မအပ်သော ကုန်သွယ်ခြင်း ငါးမျိုးရှိပါတယ်။
မအပ်သော ကုန်သွယ်မှု (၅) မျိုး
နံပါတ် (၁)ကတော့ လူကို ကုန်သွယ်ခြင်း၊ လူကို အရောင်းအဝယ်လုပ်တဲ့ စနစ်၊ အဲဒီလိုကုန်သွယ်ပြီးတော့ ရရှိတဲ့ပစ္စည်းကို မသုံးစွဲဘူး ရှောင်ကြဉ်တယ်။
နံပါတ် (၂)ကတော့ အသားတိုးပွားအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တိရစ္ဆာန်ကို မွေးမြူခြင်းလုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးတော့ ရရှိတဲ့ပစ္စည်းကို မသုံးစွဲဘဲ ရှောင်ကြဉ်တယ်။
နောက်တစ်ခု နံပါတ် (၃)ကတော့ လက်နက်ကို ကုန်သွယ်လို့ ရရှိတဲ့ ပစ္စည်းကို မသုံးစွဲဘဲ ရှောင်ကြဉ်တယ်။
နောက်တစ်ခု နံပါတ် (၄)ကတော့ အဆိပ်တွေကို ရောင်းဝယ်လို့ ရတဲ့ ပစ္စည်းမျိုးကို မသုံးစွဲဘူး ရှောင်ကြဉ်တယ်။
နောက်တစ်ခု နံပါတ် (၅)ကတော့ မူးယစ်ဆေးဝါးတွေကို ရောင်းချလို့ ရရှိတဲ့ ပစ္စည်းမျိုးကို မသုံးစွဲဘူး ရှောင်ကြဉ်တယ်။ မအပ်သော ကုန်သွယ်မှု ငါးမျိုး ဖြစ်ပါတယ်။ (အံ၊၂၊၁၈၃၊ ဝဏိဇ္ဇာသုတ္တန်။ ဒီ၊ဋ္ဌ၊၁၊၂၁၀)
ဒီကုန်သွယ်မှု ငါးမျိုးကနေပြီးတော့ လွတ်ကင်းနေတဲ့ လုပ်ငန်းရပ်တွေနှင့် အသက်မွေးခဲ့လျှင် ဒါလည်း သမ္မာအာဇီဝ ဖြစ်ပါတယ်။ ဒီတော့ ပေါင်းလိုက် မယ်ဆိုလျှင် ဝစီဒုစရိုက်တွေကို လွန်ကျူးခြင်းကြောင့် ရရှိတဲ့ပစ္စည်း၊ ကာယ ဒုစရိုက်သုံးပါးကို လွန်ကျူးခြင်းကြောင့် ရရှိတဲ့ပစ္စည်း၊ ကုန်သွယ်မှုငါးမျိုး ကြောင့် ရရှိတဲ့ပစ္စည်း၊ ဒီပစ္စည်းတွေကို မသုံးစွဲဘဲနှင့် မှန်ကန်သော ကုန်သွယ် ခြင်း လယ်လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းရပ်တွေ ပြုလုပ်ပြီးတော့ ရရှိတဲ့ပစ္စည်း ကို သုံးစွဲခဲ့လျှင် သမ္မာအာဇီဝ ဖြစ်တယ်။ ဘုန်းကြီးတို့ နိဗ္ဗာန်ကို သွားတဲ့ အချိန်အခါမှာ ဒီဖြူစင်နေတဲ့ ကိုယ်ကျင့်တရားလေးတွေ လိုအပ်ပါတယ်။
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)
သီလစင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ တောင့်တချက် ဟူသမျှသည် သီလ စင်ကြယ်နေခြင်းတည်းဟူသော အကြောင်းတရားကြောင့် မချွတ်ဧကန် ပြီးစီးပြည့်စုံတယ်။ ဖြူစင်သော ကိုယ်ကျင့်တရားပေါ်မှာ ရပ်တည်ပြီးတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်တွေကို ပွားခဲ့မယ်။ နောက်ထပ် ပြောမည့် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိခေါ်တဲ့ သမာဓိမဂ္ဂင် တွေကို ထူထောင်ခဲ့မယ်ဆိုလျှင် ထူထောင်လို့ ရနိုင်ပါတယ်။ အကယ်၍ ကိုယ်ကျင့်တရားတွေက ဖြူစင်မှု မရှိဘူးဆိုလျှင် သမာဓိထူထောင်လျှင်လည်း အောင်မြင်မှု မဖြစ်နိုင်ဘူး၊ ပညာမဂ္ဂင်တွေကို ပွားများမယ်ဆိုလျှင်လည်း အောင်မြင်မှုကတော့ မဖြစ်နိုင်ပါဘူး။
အဲဒီတော့ သမာဓိထူထောင်နေတဲ့ အပိုင်းတွေမှာ, ပညာမဂ္ဂင်ကို ပွားများနေတဲ့အပိုင်းတွေမှာ ကိုယ်ကျင့်တရားလေးတွေ ဖြူစင်ဖို့ဆိုတာ လိုအပ် ပါတယ်။ လောကမှာ ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ် အစဉ်ကို လှမ်းပြီးကြည့်ပါ။ ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်သည် ကြည်လင်မှု မရှိတဲ့အတွက် သမထ-ဝိပဿနာ ဘာဝနာ လုပ်ငန်းရပ်တွေကို အောင်အောင်မြင်မြင် ကြိုးစားအားထုတ်လို့ ရရှိဖို့ရန် အတွက် ကြိုးစားအားထုတ်ရန်အတွက် အလွန်ခက်ခဲပါတယ်။ သမထ ဝိပဿနာ ဘာဝနာတွေကို ကျင့်တယ်ဆိုတာက ဖြူစင်သော စိတ်ဓာတ်ဖြင့် တကယ်လက်တွေ့ ကြိုးစားပါမှသာလျှင် အောင်မြင်နိုင်တဲ့သဘော ရှိတယ်။ ဖြူစင်တဲ့ စိတ်ဓာတ်ဖြင့် တကယ်လက်တွေ့ မကျင့်နိုင်ဘူးဆိုလျှင် အောင်မြင် ဖို့ရန်အတွက် အလွန်ခက်ခဲပါတယ်။ ဒါကြောင့် သမထ-ဝိပဿနာကျင့်စဉ်တွေ ကို တကယ်လက်တွေ့ ကျင့်ချင်တယ်, မဇ္ဈိမပဋိပဒါလမ်းကို တကယ် လိုက်ချင် တယ်ဆိုလျှင် ကိုယ်ကျင့်တရားလေးတွေ ဖြူစင်ဖို့ လိုအပ်တယ်။
ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ ပုဂ္ဂိုလ်သည် သံသရာခရီး ကျင်လည် မယ်ဆိုလို့ရှိလျှင်လည်း အောက်တန်းကျတဲ့သဘော ရှိတယ်၊ အထက်တန်း ကျတဲ့ ဘဝတွေကို ရဖို့ရန်လည်း အလွန်ခက်ခဲပါတယ်။ ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေ ပြုကျင့်လိုက်တဲ့ ဒါနစတဲ့ ကုသိုလ်တွေဟာ အဆင့် အတန်းမြင့်တဲ့ ဘဝတွေကို ဖြစ်စေနိုင်တဲ့စွမ်းအား မရှိကြပါဘူး။ အဆင့်နိမ့်တဲ့ ဘဝတွေမှာသာ အကျိုးပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ (အံ၊၃၊၄၈၀။)
ကိုယ်ကျင့်တရား ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေသည် သေသည်၏အခြားမဲ့၌ ကောင်းရာသုဂတိ ရောက်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါ တယ်။ ဒါကြောင့် သံသရာခရီးကျင်လည်ခိုက်မှာ ကိုယ်ကျင့်တရားတွေ ဖြူစင် ဖို့ဆိုတာ လိုအပ်တယ်။ နိဗ္ဗာန်ရရှိရေးအတွက် သမထ-ဝိပဿနာ ဘာဝနာ တွေကို ကျင့်တဲ့အချိန်အခါမှာလည်း ကိုယ်ကျင့်တရားလေးတွေ ဖြူစင်ဖို့ဆိုတာ အလွန် လိုအပ်ပါတယ်။
သမ္မာဝါယာမ
နောက်တစ်ခုကတော့ သမ္မာဝါယာမ = မှန်ကန်သော ကြိုးစားအားထုတ် မှုတဲ့။ ဘာတွေလဲလို့ မေးတော့ ---
နံပါတ်တစ် - မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင် ကြိုးစားအားထုတ်ခြင်း၊
နံပါတ်နှစ် - ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်ရန် ကြိုးစား အားထုတ်ခြင်း၊
နံပါတ်သုံး - မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်း၊
နံပါတ်လေး - ဖြစ်ပေါ်ပြီးတဲ့ ကုသိုလ်တရားတွေကို အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း၊
ဆိုပြီးတော့ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှု ဘယ်နှစ်ခု ရှိသလဲ? လေးခု။
မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင် ကြိုးစား အားထုတ်ရမယ် ဆိုတာက သံသရာခရီးတစ်လျှောက်မှာ မဖြစ်ပေါ်ဖူးတဲ့ အကုသိုလ်ဆိုတာကတော့ သတ္တဝါတစ်ဦးအတွက် ရှားပါးပါတယ်။ ဒီနေရာမှာ ဆိုလိုတာကတော့ ဒီဘဝမှာ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်ဖူး သေးဘူး ဆိုလျှင်တော့ မဖြစ်အောင်သာ ကြိုးစားပါ။ ဆိုလိုတာက မိမိဟာ ဒီဘဝမှာ သူ့အသက်ကို တစ်ခါမျှ မသတ်ဖူးဘူးဆိုလျှင် မသတ်ဖူးအောင်သာ ကြိုးစား၊ သူ့ပစ္စည်းကို တစ်ခါမျှ မတရားမယူဖူးဘူးဆိုလျှင်လည်း မတရား နောက်ထပ်လည်း မယူမိအောင်သာ ကြိုးစားပါ။ ကာမေသုမိစ္ဆာစာရကံ တွေကိုလည်း ဘယ်တော့မှ မလွန်ကျူးဖူးဘူးဆိုလျှင်လည်း နောက်ထပ် ဘယ်တော့မှ မလွန်ကျူးမိအောင်သာ ကြိုးစားပါ စသည်ဖြင့် ဒီလို သဘော ပေါက်ပါ။
မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင် ကြိုးစားရ မယ်။ ဘယ်လို ကြိုးစားမလဲလို့ မေးလျှင် သီလဖြင့် ထိန်းချုပ်ရမည့် နေရာမှာ သီလဖြင့် ထိန်းချုပ်လျက် ကြိုးစားရမယ်။ သမာဓိဖြင့် ထိန်းချုပ်ရမည့် နေရာ မှာ သမာဓိနှင့် ထိန်းချုပ်ပြီး ကြိုးစားရမယ်။ ပညာဖြင့် ထိန်းချုပ်ရမည့် နေရာ မှာလည်း ပညာဖြင့် ထိန်းချုပ်ပြီး ကြိုးစားရမှာ ဖြစ်တယ်။ အဲဒီတော့ ဒီ သမာဓိနှင့်ပညာ ထိန်းချုပ်ရမည့်အပိုင်းတွေကို ဘုန်းကြီး နောက်ပိုင်းကျတော့ တဖြည်းဖြည်း ဟောပေးပါမယ်။
နောက်တစ်ခု - ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကို ပယ်နိုင်အောင် ကြိုးစားရမယ်ဆိုတော့ ဘယ်လို ပယ်ရမလဲလို့ မေးတော့လည်း သမထ-ဝိပဿနာ ဘာဝနာကျင့်စဉ်တွေကို လက်တွေ့ကျင့်ရမယ်။ ဘာပေါ်မှာ အခြေတည်ပြီး ကျင့်ရမလဲလို့ မေးတော့ ဖြူစင်သော ကိုယ်ကျင့်တရား, သီလတရားပေါ်မှာ ရပ်တည်ပြီးတော့ သမထ-ဝိပဿနာ ဘာဝနာကျင့်စဉ် တွေကို ကျင့်ရမယ်။ အဲဒီလို ကျင့်လိုက်မယ် ဆိုလို့ရှိလျှင် ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားတွေကိုလည်း ဒီကျင့်စဉ်တွေက ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
အဲဒီလို ကြိုးစားလိုက်တဲ့အပိုင်းမှာ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ကိုလည်း ဖြစ်အောင် ကြိုးစားရမယ်။ မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တရားတွေ ဆိုတာက မိမိမှာ အကယ်၍ စျာန်ကုသိုလ်တရားတွေက တစ်ခါမှ မဖြစ်ဖူး သေးဘူးဆိုလျှင် ဒီစျာန်ကုသိုလ်တရားတွေကို ရအောင် မိမိက ကြိုးစားဖို့ လိုတယ်။ ဝိပဿနာ ကုသိုလ်တရားတွေ မဖြစ်ဖူးသေးဘူး ဆိုလျှင်လည်း ဒီ ဝိပဿနာ ကုသိုလ်တရားတွေကို ဖြစ်အောင် ကြိုးစားဖို့ လိုတယ်။ အကယ်၍ မိမိက မဂ်ကုသိုလ်တရားတွေ မိမိသန္တာန်မှာ မဖြစ်ဖူးသေးဘူး ဆိုလျှင်လည်း ဒီအရိယမဂ်ကုသိုလ်တရားတွေ မိမိရဲ့သန္တာန်မှာ ဖြစ်ပေါ်လာအောင် ကြိုးစား ဖို့လည်း လိုအပ်ပါတယ်။
အကယ်၍ ဖြစ်ပေါ်ခဲ့ပြီးပြီဆိုလျှင် ဘာလုပ်ရမလဲ? ဒီကုသိုလ်တရား တွေကို အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားဖို့ လိုပါတယ်။ အတိုင်း ထက်အလွန် တိုးပွားအောင် ကြိုးစားဖို့လိုတယ်ဆိုတာက ပထမစျာန်ရပြီးတဲ့ ပုဂ္ဂိုလ်က ဒုတိယစျာန်ကို ရအောင်, ဒုတိယစျာန် ရပြီးတဲ့ ပုဂ္ဂိုလ်က တတိယ စျာန်ကို ရအောင် စသည်ဖြင့် အထက်တန်းကျတဲ့ ကုသိုလ်တရားတွေကို အတိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားဖို့လိုတယ်။
ဝိပဿနာကုသိုလ်တရားတွေက မဖြစ်သေးဘူးဆိုလျှင်လည်း ဖြစ်ပေါ် လာအောင်, ဖြစ်ပေါ်လာပြီးလျှင်လည်း ထပ်ကာထပ်ကာ ဖြစ်ပေါ်နေအောင်, ခိုင်ခံ့နေအောင် ကြိုးစားဖို့လိုတယ်။ အကယ်၍ သောတာပတ္တိမဂ်ဉာဏ်ဆိုတဲ့ ကုသိုလ်တရားတွေကို ရရှိပြီးပြီဆိုလျှင်လည်း သကဒါဂါမိမဂ်ဉာဏ်ကို ရအောင်၊ သကဒါဂါမိမဂ်ဉာဏ်ကို ရရှိပြီးပြီဆိုလျှင်လည်း အနာဂါမိမဂ်ဉာဏ် ကို ရအောင်, အနာဂါမိမဂ်ဉာဏ်ကုသိုလ်တွေကို ရရှိပြီးပြီဆိုလျှင်လည်း အရဟတ္တမဂ်ဉာဏ်ကုသိုလ်တွေကို ရရှိအောင် ကြိုးစားဖို့လိုပါတယ်။
ဒီလို ကြိုးစားတဲ့အပိုင်းမှာ အရိုးကြွင်းစေ, အရေကြွင်းစေ, အကြော ကြွင်းစေ, အသားအသွေးတွေ အကုန်ခန်းခြောက်ချင် ခန်းခြောက်ပါစေ, ယောကျ်ားမြတ်တို့ရဲ့ ဇွဲ လုံ့လ ဝီရိယ, မိန်းမမြတ်တို့ရဲ့ ဇွဲ လုံ့လ ဝီရိယဖြင့် ရနိုင်တဲ့အရာသာ မှန်ပါစေ၊ ငါ နောက်ကို ဘယ်တော့မှ မဆုတ်ဘူးလို့ ဒီလို ပြင်းထန်တဲ့ အင်္ဂါလေးပါး ခြံရံလျက်ရှိတဲ့ လုံ့လဝီရိယဖြင့် ကြိုးစားရမယ်လို့ ဒီလို ကျမ်းဂန်များက ဖော်ပြထားပါတယ်။
ဒီလို ကြိုးစားအားထုတ်မှုဟာ သမ္မာဝါယာမတစ်ခု ဖြစ်ပါတယ်။ ဒီတော့ ဒီသမ္မာဝါယာမနှင့် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပတို့ ဘယ်လို ဆက်စပ်သလဲဆိုတာ ကို ဘုန်းကြီး တစ်ခါထပ်ပြီးပြောမယ်၊ ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိ, ဒုက္ခသစ္စာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့ သဘောက သမ္မာသင်္ကပ္ပ, ဒုက္ခသစ္စာကို သိအောင် ကြိုးစားအားထုတ်နေတဲ့ သဘောက သမ္မာဝါယာမ။ မဂ္ဂင် ဘယ်နှစ်မျိုး ဖြစ်သွားသလဲ? သုံးမျိုး။ ဘယ်မဂ္ဂင်ကို အခြေခံရမလဲလို့မေးတော့ ကိုယ်ကျင့်တရားဖြူစင်မှုလို့ ခေါ် ဆိုအပ်တဲ့ သီလမဂ္ဂင်သုံးခုကို အခြေခံပါတယ်။
သမ္မာသတိ
နောက်တစ်ခု သမ္မာသတိ = မှန်ကန်သော အမှတ်ရမှု။ ဘာတွေကို မှန်ကန်တဲ့ အမှတ်ရမှုလဲလို့မေးတော့ ဒုက္ခသစ္စာကို ထိုးထွင်းပြီးသိအောင် ဒုက္ခသစ္စာကို အမှတ်ရဖို့, သမုဒယသစ္စာကို ထိုးထွင်းပြီးသိအောင် သမုဒယ သစ္စာကို အမှတ်ရဖို့, နိရောဓသစ္စာကို ထိုးထွင်းပြီးသိအောင် နိရောဓသစ္စာကို အမှတ်ရဖို့, မဂ္ဂသစ္စာကို ထိုးထွင်းပြီးသိအောင် မဂ္ဂသစ္စာကို အမှတ်ရဖို့ ဖြစ်ပါတယ်။
ဒီတော့ စုပေါင်းပြီး ပြောကြစို့ ဆိုလို့ရှိလျှင်တော့ ဒုက္ခသစ္စာကို ထိုးထွင်း ပြီး သိတတ်တဲ့ဉာဏ်က သမ္မာဒိဋ္ဌိ၊ ဒုက္ခသစ္စာ အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးနေတဲ့ သဘောက သမ္မာသင်္ကပ္ပ၊ ဒုက္ခသစ္စာကို ထိုးထွင်း သိအောင် ကြိုးစားအားထုတ်မှုသဘောက သမ္မာဝါယာမ၊ ဒုက္ခသစ္စာကို အမှတ်ရမှု သဘောက သမ္မာသတိ။
အလားတူပဲ သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာကို ထိုးထွင်း သိနေတဲ့ သဘောက သမ္မာဒိဋ္ဌိ၊ သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘောက သမ္မာသင်္ကပ္ပ၊ သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ် တဲ့ သဘောက သမ္မာဝါယာမ၊ သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာကို အဖန်ဖန် အထပ်ထပ် အမှတ်ရမှုသဘောက သမ္မာသတိ။ ပေါင်းလိုက်တော့ လုပ်ငန်းခွင်ပြုလုပ်တဲ့အပိုင်းမှာ မဂ္ဂင်လေးပါး ဖြစ်သွားမယ်။ သီလမဂ္ဂင်သုံးပါး နှင့် ပေါင်းလိုက်တော့ မဂ္ဂင် ဘယ်နှစ်ပါး ဖြစ်သွားမလဲ? ခုနစ်ပါး။
သမ္မာသမာဓိ
ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထ စျာန်သမာဓိကို သမ္မာသမာဓိခေါ်တယ် ဆိုပြီးတော့ အတိအကျ ရှင်းထား တယ်။ မဟာသတိပဋ္ဌာနသုတ် (မ၊၁၊၈၉။) မှာ ဒီလို ရှင်းလင်းချက်ကတော့ ဘုန်းကြီးတို့ မြွေကို ခါးလယ်ကနေ ကိုင်ပြီး မြှောက်ပြလိုက်သလို မဇ္ဈေဒီပက နည်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူတဲ့ နည်းစနစ်လို့ ဒီလို သတ်မှတ်ထားပါတယ်။
ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထ စျာန်သမာဓိတွေက ရူပါဝစရစျာန်သမာဓိလေးပါး ဖြစ်ပါတယ်။ အာကာသာနဉ္စာယတနစျာန်, ဝိညာဏဉ္စာယတနစျာန်, အာကိဉ္စညာယတနစျာန်, နေဝသညာနာသညာယတနစျာန်ဆိုတဲ့ စျာန်သမာဓိလေးပါးက အရူပစျာန်သမာဓိ ဖြစ်တယ်။
ထိုသမာဓိတွေကို ရရှိဖို့ရန်အတွက် အခြေခံက စတင်ပြီး အခုလို အာနာပါနကမ္မဋ္ဌာန်းတို့လို ကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိကို ထူထောင်ပြီ ဆိုကြစို့၊ စျာန်မရခင်အဆင့်မှာ ဖြစ်ပေါ်နေတဲ့ သမာဓိကတော့ ဥပစာရ သမာဓိ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဥပစာရသမာဓိမှာ ရှေ့တန်းက ပရိကမ္မ သမာဓိကို အခြေခံရပါတယ်။ ပရိကမ္မသမာဓိဆိုတာက အခု ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဝင်လေထွက်လေကို အားထုတ်တယ်ဆိုကြစို့၊ အာနာပါန ကမ္မဋ္ဌာန်းကို အားထုတ်တဲ့အချိန်အခါမှာ စပြီး ထူထောင်ခြင်း ဖြစ်ပေါ်နေခြင်း သမာဓိအဆင့်ကိုတော့ အာနာပါနပရိကမ္မသမာဓိလို့ ခေါ်ပါတယ်။ ဒီသမာဓိ က ရင့်ကျက်လာတဲ့ အချိန်အခါမှာ နိမိတ်တွေ ပေါ်လာပြီး နိမိတ်ပေါ်မှာ ဘာဝနာစိတ်ကို ခိုင်ခံ့အောင် ကပ်ထားနိုင်ခဲ့လျှင်တော့ ဥပစာရသမာဓိ အဆင့်ထိ ကူးသွားပါတယ်။ ထိုဥပစာရသမာဓိ အဆင့်ထိ သမာဓိတွေက ကာမာဝစရသမာဓိ ဖြစ်ပါတယ်။
ကာမာဝစရသမာဓိ, ရူပါဝစရသမာဓိ, အရူပါဝစရသမာဓိခေါ်တဲ့ ဒီ သမာဓိသုံးမျိုးကို သမ္မာသမာဓိလို့ ခေါ်ဆိုပါတယ်။ ဒါကတော့ လောကီပိုင်း သမာဓိ ဖြစ်ပါတယ်။ ခုပြောခဲ့တဲ့ သမာဓိတွေက သမထအခိုက်ပါ။
ဝိပဿနာဉာဏ်အခိုက်မှာလည်း သမ္မာသမာဓိဆိုတာ ရှိတယ်။ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါး အာရုံတို့ အပေါ်၌ စိတ်တည်ငြိမ်နေတဲ့သဘော၊ အားလုံးပေါင်းလိုက်လျှင် သစ္စာလေးပါးအာရုံ၌ စိတ်တည်ငြိမ်နေတဲ့သဘောကလည်း သမ္မာသမာဓိဖြစ်ပါ တယ်။
ဆိုလိုတာကတော့ ဒီဒုက္ခသစ္စာနှင့် သမုဒယသစ္စာက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြပါတယ်။ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဒီဒုက္ခ သစ္စာ, သမုဒယသစ္စာတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး ဝိပဿနာရှုလိုက်တဲ့အခါ ထိုသင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ အပေါ်မှာ ဘာဝနာစိတ်က တစ်ခါတစ်လေ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပါတယ်။ အဲဒီ တည်နေတဲ့ သမာဓိကိုတော့ ခဏိကသမာဓိလို့ ခေါ်ပါတယ်။ ဝိပဿနာ အခိုက်ပါ။ ဒီသမာဓိကလည်း သမ္မာသမာဓိ ဖြစ်ပါတယ်။
ပေါင်းလိုက်တော့ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂ သစ္စာခေါ်တဲ့ သစ္စာလေးပါးကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်က သမ္မာဒိဋ္ဌိ၊ သစ္စာလေးပါးအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘောက သမ္မာ သင်္ကပ္ပ၊ သစ္စာလေးပါးကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်မှုသဘောက သမ္မာဝါယာမ၊ သစ္စာလေးပါးကို ထပ်ကာထပ်ကာ အမှတ်ရနေမှုသဘောက သမ္မာသတိ၊ သစ္စာလေးပါး အာရုံ၌ ငြိမ်ဝပ်စွာကပ်ပြီး စိတ်တည်ငြိမ်နေတဲ့ သဘောက သမ္မာသမာဓိတဲ့၊ ဒီမဂ္ဂင်ငါးခုပေါ့။ သီလမဂ္ဂင်သုံးပါးကို အခြေ တည်ပြီးတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာ သမာဓိခေါ်တဲ့ မဂ္ဂင်ငါးခုဖြင့် လုပ်ငန်းခွင်ကို စတင်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ မဂ္ဂင် ဘယ်နှစ်ပါးလဲ? မဂ္ဂင်ရှစ်ပါး။ ဒီမဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါလမ်း ဖြစ်ပါတယ်။
__________
အခန်း (၄)
ဒုက္ခအရိယသစ္စာပိုင်း
မဇ္ဈိမပဋိပဒါလမ်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးတို့တွင် အကျုံးဝင်တဲ့ သမ္မာဒိဋ္ဌိဉာဏ် ဖြင့် ထိုးထွင်းသိရမည့် အရိယသစ္စာလေးပါးတို့အနက် ရှေးဦးစွာ ဒုက္ခသစ္စာ တရားတွေကို စတင်ပြီးတော့ နာကြားကြည့်ကြရအောင် ---
(က) ဇာတိဇရာမရဏ = သဘာဝဒုက္ခ
မဂ္ဂင်ရှစ်ပါးအကြောင်းကို အကျဉ်းချုပ်ပြီး ပြောခဲ့ပါတယ်၊ ဒီမဂ္ဂင်ရှစ်ပါး ထဲမှာ လောကီ မဂ္ဂင်ရှစ်ပါး, လောကုတ္တရာ မဂ္ဂင်ရှစ်ပါး ဆိုပြီးတော့ ဒီလို နှစ်မျိုးခွဲခြားပြီးတော့ ပြောရမည့် လုပ်ငန်းခွင် ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းခွင် ကတော့ နောက်ပိုင်း အလုပ်စခန်းကို ဟောကြားတဲ့အပိုင်းမှာ ပြောလျှင်တော့ ပိုပြီး နားလည်လိမ့်မယ်လို့ ဘုန်းကြီး သဘောပေါက်ပါတယ်။ ဒီနေ့တော့ မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိမဂ္ဂင်အရ ထိုးထွင်းသိရမည့် သစ္စာလေးပါးနှင့် ဆက်စပ်ပြီး မြတ်စွာဘုရား ဘယ်လို ဟောထားသလဲ။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယပ္ပိစ္ဆံ န လဘတိ၊ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။
ဒုက္ခသစ္စာဆိုတာ ဘာလဲဆိုတာကို မြတ်စွာဘုရားက စတင်ပြီးတော့ ဟောကြားနေပါတယ်။
နံပါတ်တစ် - ဇာတိ = ပဋိသန္ဓေတည်နေရခြင်းကိုလည်း ဇာတိဒုက္ခ ဆိုပြီးတော့ မြတ်စွာဘုရားက ဟောထားတယ်။
ဇရာ = အိုရခြင်းကိုလည်း ဒုက္ခလို့ ဟောထားတယ်။
ဗျာဓိ = ဖျားနာရခြင်းကိုလည်း ဒုက္ခလို့ ဟောထားတယ်။
မရဏ = သေကျေပျက်စီးရခြင်းကိုလည်း ဒုက္ခလို့ မြတ်စွာဘုရားက ဟောထားပါတယ်။
ဟောထားလိုက်တော့ ဒီဇာတိ, ဇရာ, မရဏနှင့် ပတ်သက်ပြီး သမ္မုတိ သစ္စာ, ပရမတ္ထသစ္စာဆိုပြီးတော့ သစ္စာနှစ်မျိုးကို သိဖို့တော့ လိုအပ်ပါတယ်။ သမ္မုတိသစ္စာဆိုတာက လောကသတ္တဝါအများတို့ ခေါ်ဝေါ်သုံးစွဲနေကျ စကားလုံးအတိုင်း ခေါ်ဝေါ်သုံးစွဲခြင်းကို သမ္မုတိသစ္စာလို့ ခေါ်ပါတယ်။ ဥပမာ- အမေဆိုတာ ရှိတယ်။ အဖေဆိုတာ ရှိတယ်။ သားဆိုတာ ရှိတယ်။ သမီးဆိုတာ ရှိတယ်စသည်ဖြင့် လောက သမ္မုတိသစ္စာနယ်သုံး ဝေါဟာရအတိုင်း ခေါ်ဝေါ် ပြောဆိုသုံးစွဲခဲ့လျှင်လည်း မုသာဝါဒ မဖြစ်ပါဘူး။
သမ္မုတိသစ္စာနယ်သုံး ဝေါဟာရအတိုင်း - ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ = သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ စသည်ဖြင့် ဒီလို သီလကျင့်ဝတ် တွေနှင့် ပတ်သက်၍ ဒီသမ္မုတိသစ္စာက လက်လွှတ်လို့ မရပါဘူး။ ဒါကြောင့် မြတ်စွာဘုရားက သမ္မုတိသစ္စာကိုလည်း လက်ခံပြီး ဟောထားရတယ်။
သို့သော် နိဗ္ဗာန်ရရှိရေးအတွက်က သမ္မုတိသစ္စာနယ်က သွားလို့မရနိုင် ဘူး၊ ပရမတ္ထသစ္စာနယ်ကနေသွားမှ နိဗ္ဗာန်ကို ရောက်မှာဖြစ်လို့ ပရမတ္ထ သစ္စာလေးပါးကိုလည်း မြတ်စွာဘုရား ဟောကြားပေးတော်မူပါတယ်။ ဒီ ဇာတိ, ဇရာ, မရဏနှင့် ပတ်သက်ပြီးတော့ သမ္မုတိသစ္စာနယ်ကသွားလို့ မရနိုင်ဘူး၊ ပရမတ္ထသစ္စာနယ်ကနေသွားမှ နိဗ္ဗာန်ကို ရောက်မှာဖြစ်လို့ ပရမတ္ထသစ္စာလေးပါးကိုလည်း မြတ်စွာဘုရား ဟောကြားပေးတော်မူပါတယ်။
ဒီ ဇာတိ, ဇရာ, မရဏနှင့် ပတ်သက်ပြီးတော့ သမ္မုတိသစ္စာနယ်ဘက်က ပြောလျှင်တော့ ဘဝတစ်ခုမှာ ပထမဆုံး ပဋိသန္ဓေတည်နေရတာကို ဇာတိ ခေါ်ပါတယ်။ နောက်ဆုံး သေကျေပျက်စီးရတာကို မရဏလို့ခေါ်ပြီး၊ ပဋိသန္ဓေတည်နေခြင်းနှင့် သေကျေပျက်စီးရခြင်း မရဏနှစ်ခုတို့ရဲ့ ကြား၌ တည် ပြီးနေတဲ့ ဘဝတစ်လျှောက်ကို ဇရာလို့ ခေါ်ပါတယ်။ ဘာဖြစ်လို့ ဇရာလို့ ခေါ်ရသလဲလို့ မေးလျှင်တော့ မွေးလာကတည်းက သတ္တဝါတွေဟာ သေမည့် ဘက်ကို တရွေ့ရွေ့ သွားနေရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မွေးလာပြီးနောက် သေမည့်ဘက်ကို တရွေ့ရွေ့သွားနေရတဲ့ အချိန်အခါတွေ ကို ဇရာဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်။
ပရမတ္ထသစ္စာနယ်ဘက်ကပြောတော့ ရုပ်တရား, နာမ်တရားတို့ရဲ့ ဖြစ်မှု သဘာဝကို ဇာတိလို့ ခေါ်တယ်။ တည်မှု ဌီကာလကို ဇရာလို့ ခေါ်တယ်။ ပျက်စီးခြင်း ဘင်္ဂသဘောကို မရဏလို့ ခေါ်ပါတယ်။
ပရမတ္ထသစ္စာနယ်ဘက်က ပြောလိုက်တော့ ဘုန်းကြီးတို့ - ဓာတ် ကမ္မဋ္ဌာန်းနည်းအရ ဓာတ်လေးပါးကို စနစ်တကျရှုနိုင်လို့ ဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို ထူထောင်နိုင်ခဲ့လျှင်တော့ ခန္ဓာကိုယ်မှာ ရုပ်ကလာပ် အမှုန်လေးတွေကို တွေ့ပါတယ်။ ဒီရုပ်ကလာပ် အမှုန်ကလေး တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်လိုက်လျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသည်ဖြင့် သဘောတရားလေးတွေ ရှစ်ခု, ကိုးခု, ဆယ်ခု စသည်ဖြင့် ရှိကြပါတယ်။ ထိုသဘောတရားတွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အလွန်တိုတောင်းနေတဲ့ အချိန်ကာလကို ကုဋေ ငါးထောင်ခန့်လောက်ပုံလျှင် တစ်ပုံလောက်သာ သက်တမ်းရှိပါတယ်။ အဲဒီလောက်အထိ အလွန် လျင်လျင်မြန်မြန်ကြီး ဖြစ်နေ ပျက်နေပါတယ်။ ဖြစ်နေတဲ့ သဘာဝကို ဇာတိ၊ ပျက်သွားတဲ့ သဘာဝကို မရဏ၊ ဖြစ်မှုပျက်မှု နှစ်ခုတို့ရဲ့ ကြားထဲမှာ ပျက်မည့်ဘက်သို့ ယိုင်လဲနေတဲ့ သဘာဝတစ်ခုကို ဇရာ = ဌိတိလို့ ဒီလို သုံးပါတယ်။
သမ္မုတိသစ္စာနယ်သုံး အနေနှင့်လည်း ရည်ရွယ်ပြီးတော့ မြတ်စွာဘုရား က ဒီဇရာမရဏကို ဟောပါတယ်။ ပရမတ္ထသစ္စာနယ်ဘက်ကနေ ရည်ရွယ်ပြီး တော့လည်း ဟောထားပါတယ်။ ပရမတ္ထသစ္စာနယ်သုံးအရ ပြောလျှင်တော့ ခန္ဓာငါးပါးတို့ရဲ့ ဖြစ်မှုက ဇာတိ၊ တည်မှု ပျက်မှုဘက်သို့ ယိုင်လဲနေတဲ့ သဘာဝ လေးက ဇရာ၊ ပျက်သွားတဲ့သဘောက မရဏလို့ ခေါ်ပါတယ်။
(ခ) သရာဂဒုက္ခ
နောက်တစ်ခု- အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော - ဆိုပြီး ဒီလို မြတ်စွာဘုရား ဆက်ဟောထားတယ်။ ဒါကတော့ သရာဂဒုက္ခလို့ ခေါ်ပါတယ်။ ခုနက ဇာတိ, ဇရာ, မရဏတွေ ကတော့ သဘာဝဒုက္ခ ဖြစ်တယ်။ ပရမတ္ထဓာတ်သားတိုင်းမှာ ဖြစ်ပေါ်ရမည့် သဘာဝတစ်ခု မှန်တယ်၊ နောက်တစ်ခု သတ္တဝါတစ်ယောက် မွေးလာပြီဆိုလျှင် သေရမှာက ကျိန်းသေနေတဲ့အတွက် သူက သဘာဝဒုက္ခထဲမှာ ပါပါတယ်။ ဟို - အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော = မချစ်ခင်မနှစ်သက်အပ်တဲ့ သတ္တဝါ သင်္ခါရတွေနှင့် ပေါင်းဖော်ယှဉ်တွဲ မှီဝဲခွင့်ရရှိခြင်း၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော = ချစ်ခင်နှစ်သက် မြတ်နိုးအပ်တဲ့ သတ္တဝါသင်္ခါရတွေနှင့် ကွေကွင်း ရခြင်း၊ ဒီသဘာဝကိုလည်း ဒုက္ခဆိုပြီးတော့ မြတ်စွာဘုရား သုံးထားတယ်။
သတ္တဝါနှင့် သင်္ခါရဆိုပြီးတော့ ဒီနေရာမှာ နှစ်မျိုးခွဲပြီးတော့ ဟောထား ပါတယ်။ မိမိ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတွေနှင့် ကွေကွင်းရခြင်း၊ မချစ်ခင် မနှစ်သက်အပ်တဲ့ သတ္တဝါတွေနှင့် တွေ့ဆုံရခြင်း --- ဒီသဘာဝကိုလည်း သမ္မုတိသစ္စာနယ်သုံးအရ ဒုက္ခဆိုပြီးတော့ မြတ်စွာဘုရား ဟောတယ်။
နောက်တစ်ခုကတော့ - သင်္ခါရတရားတွေ။ သက်မဲ့ပစ္စည်းဝတ္ထု အစုစု တွေကို သင်္ခါရလို့လည်း ဒီနေရာမှာ ခေါ်ပါတယ်။ မိမိ ချစ်ခင်မြတ်နိုးအပ်တဲ့ သတ္တဝါတွေနှင့်သာမဟုတ် မိမိ ချစ်ခင်မြတ်နိုးအပ်တဲ့ စိန်, ရွှေ, ရတနာ စတဲ့ သက်မဲ့ဝတ္ထု အစုစုတို့နှင့် ကွေကွင်းခွဲခွာရခြင်း သို့မဟုတ် ဆုံးရှုံးပျက်စီးရခြင်း၊ အလိုမရှိအပ်တဲ့ သက်မဲ့ပစ္စည်းဝတ္ထု အစုအစုတို့နှင့် တွေ့ဆုံရခြင်း သို့မဟုတ် ရရှိနေခြင်းဆိုတဲ့ ဒီသဘောတရားကိုလည်း ဒုက္ခလို့ ဟောကြားတော်မူခဲ့ပါ တယ်။
နောက်သင်္ခါရတစ်ခုကတော့ ပရမတ္ထသစ္စာနယ်သုံး သင်္ခါရ ဖြစ်ပါတယ်။ မိမိကြားချင်တဲ့ အသံတွေကို မကြားရဘူး၊ မကြားချင်တဲ့ အသံတွေကို ကြားနေရတယ်။ မမြင်ချင်တာတွေကို မြင်နေရတယ်၊ မြင်ချင်တာတွေကို မမြင်ရဘူး စသည်ဖြင့် ဒီအာရုံငါးပါး ကာမဂုဏ်တရားတွေ သို့မဟုတ် အာရုံ ခြောက်ပါးတွေနှင့် ပတ်သက်ပြီး မိမိ အလိုမရှိအပ်တဲ့ အာရုံတွေနှင့် တွေ့ ကြုံရခြင်း, အလိုရှိအပ်တဲ့ အာရုံတွေနှင့် ကွေကွင်းရခြင်းကိုလည်း ဆင်းရဲ ဒုက္ခအဖြစ်နှင့် မြတ်စွာဘုရားက ဟောထားပါတယ်။
သမ္မုတိသစ္စာ, ပရမတ္ထသစ္စာ, နှစ်ဘက်လုံးကို ကြည့်ပြီးတော့ မြတ်စွာ ဘုရားက ဟောထားပါတယ်။ ဒီလို ဒုက္ခတွေကတော့ သရာဂဒုက္ခ = ရာဂ တန်းလန်း ရှိနေတဲ့ ပုဂ္ဂိုလ်တွေသာ ခံစားရမည့် ဒုက္ခမျိုးဆိုပြီးတော့ ဒီလို သတ်မှတ်ထားတယ်။
နောက်တစ်ခုကတော့- ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ = မိမိ လိုလား တောင့်တနေတဲ့ အရာတွေကို မရရှိခြင်းကိုလည်း ဒုက္ခတစ်ခုအဖြစ် သတ်မှတ်ထားတယ်။ လိုလားတောင့်တနေတာက ဘာတွေလဲ? ပဋိသန္ဓေတည်နေ ရခြင်းသဘာဝ ထင်ရှားရှိနေတဲ့ သတ္တဝါတွေက ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ သဘာဝ ငါ့မှာ မရှိလျှင်တော့ သိပ်ကောင်းမယ်၊ နောက်ထပ်တစ်ဖန် ငါ ပဋိသန္ဓေ မနေရလျှင်တော့ သိပ်ကောင်းမယ်လို့ စိတ်က လိုလားတောင့်တ မိတယ်။ တောင့်တတဲ့အတိုင်းကော ဖြစ်နိုင်လားလို့မေးတော့ မဖြစ်နိုင်ဘူး။ တောင့်တရုံသက်သက်နှင့် မဖြစ်နိုင်ဘူးဆိုတာက ဘာကြောင့်လဲလို့ မေးတော့ ပဋိသန္ဓေနေမှုဆိုတဲ့ ဒုက္ခက လွတ်မြောက်ဖို့ရန်အတွက် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါခေါ်တဲ့ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆို အပ်တဲ့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှသာလျှင် ပဋိသန္ဓေနေရတဲ့ ဒုက္ခက လွတ်မယ်၊ မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ အားမထုတ်ဘဲ စိတ်က လိုလား တောင့်တရုံ သက်သက်ဖြင့်တော့ ဘယ်လိုမှ မရနိုင်ဘူးတဲ့။
နောက်တစ်ခု အလားတူပဲ အိုခြင်းတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေက ငါ့မှာ အိုခြင်းတရား ထင်ရှား မရှိဘဲ၊ အမြဲတမ်း ပျိုမျစ်နုနယ်နေမယ်ဆိုလျှင် တော့ သိပ်ကောင်းမယ်လို့ ဒီလို တောင့်တချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်မယ်။ တောင့်တတဲ့အတိုင်းကော ရနိုင်မလားလို့ မေးတော့ မရနိုင်ဘူး။ အိုနာသေရေးမှ လွတ်မြောက်ရေးဆိုတာက မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါမှသာလျှင် ရရှိနိုင်ပါတယ်။ စိတ်ကတောင့်တရုံ သက်သက်ဖြင့် မရနိုင်ဘူး။ မရခဲ့လျှင်လည်း တချို့ သတ္တဝါ တွေမှာ ဆင်းရဲကြတယ်၊ စိတ်ဆင်းရဲကြတယ်။
အထူးသဖြင့် နာခြင်းတရား ထင်ရှားရှိနေတဲ့ သတ္တဝါတွေက ငါ့မှာ ဒီနာခြင်းတရား ထင်ရှား မရှိခဲ့လျှင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ စိတ်ထဲက တောင့်တကြတယ်။ တောင့်တသော်လည်း တောင့်တတဲ့အတိုင်း ဖြစ်နိုင် သလားလို့ မေးတော့ မဖြစ်နိုင်ပြန်ဘူး။ ဘာဖြစ်လို့လဲ? နာခြင်းတရားမှ လွက်မြောက်ရေးဆိုတာကလည်း မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတွေကို လက်တွေ့ကျင့်လို့ နိဗ္ဗာန်ရရှိမှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိပါတယ်။
ဒါကြောင့် စိတ်ကတောင့်တရုံ သက်သက်နှင့်တော့ ဘယ်လိုမှ မဖြစ်နိုင် ဘူး၊ မဖြစ်နိုင်သော်လည်း မိမိက တောင့်တတဲ့ အချိန်အခါမှာ တောင့်တတဲ့ အတိုင်း မရခဲ့ဘူးဆိုလျှင်တော့ စိတ်က ဆင်းရဲတတ်တယ်။ ဒါကြောင့် ဒုက္ခ တစ်ခုအဖြစ်နှင့် မြတ်စွာဘုရားက ဟောထားပါတယ်။
ဝိပဿနာဉာဏ်၏ အရှုခံ ဒုက္ခသစ္စာတရား
နောက်တစ်ခု - မြတ်စွာဘုရားက ဒီမှာ ဒုက္ခသစ္စာနှင့် ဆက်စပ်ပြီး ဘာတွေဟာ ဒုက္ခသစ္စာလည်းဆိုတာကို သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ၊ ဆိုပြီးတော့ ဒီလို ဟောထားပါတယ်။ အကျဉ်းချုပ်အားဖြင့် လိုရင်းတိုရှင်း ပြောမယ်ဆိုလျှင်တော့ ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာပဲတဲ့၊ ဥပါဒါနက္ခန္ဓာ ဆိုတာက ဥပါဒိန္နက ဥပါဒါန်ဆိုပြီးတော့ အလွယ်တကူအားဖြင့် ဘာသာပြန် ကြပါတယ်။ ဘာတွေက ဥပါဒါန်တွေလည်းလို့ မေးတော့ အထူးသဖြင့်တော့ တဏှာ, ဒိဋ္ဌိ, အဝိဇ္ဇာတွေကို ဥပါဒါန်လို့ ခေါ်ပါတယ်။
တဏှာဆိုတာက ထိုထိုဘဝ ထိုထိုအာရုံတွေကို တွယ်တာမက်မောနေတဲ့ သဘာဝတစ်ခုကို တဏှာလို့ခေါ်တယ်။ စိတ်က စွဲလမ်းနေတဲ့ သဘာဝတစ်ခု အဆင့် ရောက်သွားပြီဆိုလျှင်တော့ ဒါကို ဥပါဒါန်ဆိုပြီးတော့ သတ်မှတ် ပါတယ်။
ဒိဋ္ဌုပါဒါန် ဆိုတာကတော့ မှားယွင်းဖောက်ပြန်နေတဲ့ အယူဝါဒတွေ အပေါ်၌ ယုံကြည်စွာ စွဲလမ်းဆုပ်ကိုင်ထားတဲ့ မှားယွင်းတဲ့ ခံယူချက်တွေကို ဒိဋ္ဌုပါဒါန်လို့ ခေါ်ပါတယ်။ သတ္တဝါတွေအဖို့ မိမိတို့ရဲ့ အယူအဆတစ်ခုဟာ မှားတယ် မှန်တယ်ဆိုတာကတော့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတွေကို တကယ် လက်တွေ့ မကျင့်ခဲ့လျှင် သိဖို့ရန် တော်တော်လေး ခက်ခဲပါတယ်။ မှားယွင်း နေတဲ့ ကျင့်စဉ်တွေကိုလည်း အမှန်လို့ထင်ပြီး ဒီအယူဝါဒကို မစွန့်လွှတ်နိုင်ဘဲ စွဲလမ်းဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေပဲ များကြပါတယ်။ တော်တော် စွဲလမ်း ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေအဖို့ မိမိဝါဒအပေါ်၌ စွဲလမ်းခဲ့လျှင် ဒါကိုလည်း ဒိဋ္ဌုပါဒါန်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
နောက်တစ်ခုကတော့ အဝိဇ္ဇာ = မသိမှု။ မသိမှု = အဝိဇ္ဇာ ဆိုတာက ဘာတွေကို မသိသလဲလို့မေးတော့ အခု ဘုန်းကြီး ပြောနေတဲ့ သစ္စာလေးပါး အမှန်တရားကို ဟုတ်တိုင်းမှန်စွာ မသိဘူး၊ သိသင့်သိထိုက်တဲ့ သစ္စာလေးပါးကို မသိဘဲနှင့် မသိသင့် မသိထိုက်တာတွေကို ပြောင်းပြန်လှန်ပြီး သိတယ်။ မသိသင့် မသင့်ထိုက်တာတွေကို ပြောင်းပြန်လှန် သိတယ်ဆိုတာကတော့ အသိမှားမှု ဆိုပြီး ဒီလို ဘာသာပြန်ကြတယ်။
မသိသင့်မသိထိုက်တာတွေက ဘာတွေလဲ? သိသင့်သိထိုက်တာက ဘာတွေလဲလို့မေးတော့ အခု သစ္စာလေးပါးက သိသင့်သိထိုက်တဲ့တရား၊ ဒီ သစ္စာလေးပါးထဲမှာလည်း ခု - ဘုန်းကြီးပြောနေတာက ဒုက္ခသစ္စာတရား ဆိုကြစို့၊ ဘာသည် ဒုက္ခသစ္စာလဲ? ဥပါဒါနက္ခန္ဓာ ငါးပါးပဲ။ ဒီဥပါဒါနက္ခန္ဓာ ငါးပါးခေါ်တဲ့ ရုပ်တရားနာမ်တရားသည် ရှိတယ်။ ရုပ်တရားက ရူပုပါဒါနက္ခန္ဓာ, နာမ်တရားက ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတို့ ဖြစ်ကြတယ်။ နှစ်ရပ်ပေါင်းလိုက်တော့ ဥပါဒါနက္ခန္ဓာငါးပါး ရှိပါတယ်။
ခန္ဓာဆိုတာက အစုအပုံ၊ တရားအစုအပုံလေးတွေကို ခန္ဓာဆိုပြီး ဒီလို ခေါ်ပါတယ်။ ဒီတော့ ဒီဥပါဒါနက္ခန္ဓာငါးပါးဆိုတာက တဏှာ, ဒိဋ္ဌိ, အဝိဇ္ဇာ တို့ဖြင့် စွဲလမ်းဆုပ်ကိုင်လို့ရနိုင်တဲ့ ဒီခန္ဓာငါးပါးကို ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်။
တဏှာ, ဒိဋ္ဌိတွေက အာရုံယူပြီး စွဲလမ်းဆုပ်ကိုင်တယ်ဆိုတာက ဘယ်လို လဲလို့ မေးတော့ ဒါက သားပဲ, ဒါက သမီးပဲ, ဒါက အမေ, ဒါက အဖေ, ဒါက ယောကျ်ား, ဒါက မိန်းမ စသဖြင့် ဒီလို စိတ်က စွဲလမ်းဆုပ်ကိုင်ထားတယ်။ သမ္မုတိသစ္စာနယ်သုံးအရ မှန်ပင်မှန်သော်လည်း ပရမတ္ထသစ္စာဘက်က ပြောင်းပြန်လှန်ပြီး ပြန်ကြည့်လိုက်တဲ့အခါကျတော့ ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာက ပရမတ္ထသစ္စာနယ်မှာ မရှိဘူး။ မိမိ ခန္ဓာအိမ်ကိုပဲဖြစ်စေ, အပြင် ဗဟိဒ္ဓလောကကိုပဲဖြစ်စေ, ဓာတ်ကမ္မဋ္ဌာန်းနည်း အရ ဓာတ်လေးပါးကို စနစ်တကျ ရှုနိုင်မယ်ဆိုလျှင် နောက်ဆုံး ကလာပ်အမှုန် ကလေးတွေကို သွားတွေ့ပါတယ်။
ဒီကလာပ်တွေကို ဓာတ်ခွဲလိုက်လို့ရှိလျှင် ပထဝီ, အာပေါ, တေဇော, ဝါယော အစရှိတဲ့ ပရမတ္ထဓာတ်သား ရုပ်တရားနှင့် ဒီရုပ်တရားကို မှီတွယ် ဖြစ်နေတဲ့ နာမ်တရားအစုအပုံတွေကို တွေ့ရှိနိုင်ပါတယ်။ ကလာပ်တွေကို ဓာတ်ခွဲလိုက်လျှင် ပရမတ္ထဓာတ်သားဖြစ်တဲ့ ရုပ်တရားအစုအပုံကို တွေ့မယ်။ ဒီရုပ်တရားတွေကို သိမ်းဆည်းနိုင်တဲ့ ပုဂ္ဂိုလ်တွေက ရုပ်တရားကို အာရုံယူပြီး ရုပ်တရားကို မှီတွယ်ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်း လျှင်လည်း တွေ့နိုင်ပါတယ်။ အဲဒီ နာမ်တရားတွေကို ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုပြီးတော့ မြတ်စွာဘုရားက လေးစုခွဲပြီး ဟောထားတော်မူပါတယ်။
နောက် ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဆိုတဲ့ ဒီခန္ဓာတွေက နာမ်ခန္ဓာလေးပါး ဖြစ်ပါတယ်၊ နာမ်တရားဖြစ်တယ်။ ရူပုပါဒါနက္ခန္ဓာလို့ခေါ်တဲ့ ရုပ်တရားအစုအပုံက ရူပက္ခန္ဓာဖြစ်တယ်၊ ရုပ်တရား ဖြစ်တယ်။ ခန္ဓာငါးပါးဆိုတာနှင့် ရုပ်နာမ်နှစ်ပါး ဆိုတာက သဘာဝချင်း အတူတူပဲ ဖြစ်ကြပါတယ်။
ဒီတော့ ရုပ်တရား နာမ်တရားတွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာ အကြိမ်ကုဋေပေါင်းများစွာ ဖြစ်ပြီးပျက်နေတဲ့ သဘာဝတွေ ဖြစ်တယ်။ နိစ္စထာဝရအားဖြင့် အမြဲတည်နေတဲ့ သဘာဝမျိုး မဟုတ်ပါဘူး။ ဒါက ယောကျ်ားပဲ, ဒါက မိန်းမပဲ, ဒါက ပုဂ္ဂိုလ်ပဲ, ဒါက သတ္တဝါပဲ, ဒါက ငါပဲ, ဒါက သူပဲ စသည်ဖြင့် ပြောဆိုခေါ်ဝေါ်သုံးစွဲလို့ ရနိုင်လောက်အောင် အချိန်ကြာကြာအားဖြင့် ရပ်တည်မှု မရှိပါဘူး။
တစ်နည်းထပ်ပြီး ပြောမယ်။ နားလည်လွယ်အောင် ပြောမယ်ဆိုလျှင် မနေ့ကလည်း ငါ့အမေပဲ, ဒီနေ့လည်း ငါ့အမေပဲ, နောက်နေ့လည်း ငါ့အမေပဲ, ဘယ်အခါပဲဖြစ်ဖြစ် ပြန်ပြန်ပြီးတော့ မိမိ မိခင်ကို ကြည့်လိုက်လျှင် ဒါငါ့အမေပဲ ဆိုပြီး အမြဲတမ်း သတ်မှတ်ထားတယ်။
ပရမတ္ထသစ္စာ နယ်ဘက်ကပြောတော့ အမေဆိုတာ မရှိဘူး၊ ခုနက ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ ရှိတယ်။ ဒီရုပ်တရားအစုအပုံ နာမ်တရားအစုအပုံတွေက ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်တယ်။ အမေလို့ ခေါ်လောက်တဲ့အချိန်, အဖေလို့ ခေါ်လောက်တဲ့အချိန်အထိ ကြာရှည်စွာ ရပ်တည်၍ နေတာမျိုး မရှိဘူး။ မရှိပါဘဲလျက် ဘာဖြစ်လို့ ဒီအမေ-အဖေ ဆိုတဲ့ ဝေါဟာရကြီးသည် မှီတွယ်ဖြစ်ပေါ်နေရသလဲလို့ ပြန်ဆန်းစစ်ကြည့် လိုက်တဲ့အခါ သိသင့်သိထိုက်တဲ့ ရုပ်တရား, နာမ်တရား, ခန္ဓာငါးပါးလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာတရားတွေကို မိမိတို့က ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ထိုးထွင်းမသိဘူး၊ မသိတဲ့အတွက် မသိသင့်မသိထိုက်တဲ့ ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာစသည်ဖြင့် ဒီလို အသိမှားသွားတယ်။
အဲဒီ အသိမှားမှု အဝိဇ္ဇာအပေါ်၌ အခြေတည်ပြီးတော့ သတ္တဝါတွေက ရှေ့ရှေ့ အဝိဇ္ဇာကို အမှီပြုပြီး နောက်နောက် အဝိဇ္ဇာတွေလည်း ထပ်ပြီး ဖြစ်တယ်။ စွဲလမ်းဆုပ်ကိုင်ထားတယ်။ အဲဒီတော့ တဏှာတို့, ဒိဋ္ဌိတို့, အဝိဇ္ဇာ တို့ဆိုတဲ့ ဥပါဒါန်တို့က ခန္ဓာငါးပါးအပေါ်၌ ခိုင်ခိုင်မြဲမြဲကြီး ယောကျ်ား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, သား, သမီးပဲ စသည်ဖြင့် ဒီလို စွဲကိုင်ပြီး စွဲလမ်းဆုပ်ကိုင် ထားနိုင်တဲ့အတွက် ဥပါဒါန်တို့ရဲ့ အာရုံယူရာ နယ်မြေဖြစ်နေတဲ့ ရုပ်တရား အစုအပုံ နာမ်တရားအစုအပုံတွေကို ဥပါဒါနက္ခန္ဓာဆိုပြီးတော့ ဒီလိုခေါ်ပါ တယ်။
အဲဒီ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံက သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာတရား ဖြစ်တယ်။ အဲဒီ ဒုက္ခသစ္စာတရားတွေက ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဆိုပြီးတော့ ဥပါဒါနက္ခန္ဓာ ဘယ်နှစ်ပါးလဲ? ငါးပါး။
ဘာကို ရူပုပါဒါနက္ခန္ဓာ ခေါ်သလဲ? ဒီအပိုင်းလေးကို လုပ်ငန်းခွင်နှင့် ဆက်စပ်ပြီးတော့ ဘုန်းကြီး နည်းနည်းထပ်ပြောဖို့ လိုအပ်ပါတယ်။ သံယုတ် ပါဠိတော် ခန္ဓဝဂ္ဂသံယုတ်မှာ ခန္ဓသုတ္တန်တစ်ခု ရှိပါတယ်။ ထိုသုတ္တန်မှာ ဘုရားရှင်ကိုယ်တော်တိုင်က ရူပုပါဒါနက္ခန္ဓာဆိုတဲ့ စကားလုံး, ဝေဒနုပါဒါနက္ခန္ဓာဆိုတဲ့ စကားလုံးစတဲ့ ဒီဥပါဒါနက္ခန္ဓာ ငါးပါးတို့ရဲ့ အနက်အဓိပ္ပာယ် တွေကို စနစ်တကျ ဟောထားပါတယ်။ ဘယ်လို ဟောတော်မူသလဲ?
ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။ ခန္ဓသုတ္တန်။)
အတိတ်ကဖြစ်ခဲ့တဲ့ ရုပ်တရားအစုအပုံ, ပစ္စုပ္ပန်ဖြစ်တဲ့ ရုပ်တရားအစုအပုံ, အနာဂတ်ဖြစ်တဲ့ ရုပ်တရားအစုအပုံ, အဇ္ဈတ္တဖြစ်တဲ့ ရုပ်တရားအစုအပုံ, ဗဟိဒ္ဓဖြစ်တဲ့ ရုပ်တရားအစုအပုံ, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းနေတဲ့ ရုပ်တရားအစုအပုံ, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့နေတဲ့ ရုပ်တရားအစုအပုံ, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရားအစုအပုံ, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရားအစုအပုံ, ဒူရခေါ်တဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နှင့် ဝေးနေတဲ့ ရုပ်တရားအစုအပုံ, သန္တိကခေါ်တဲ့ ရှုနေတဲ့ယောဂီရဲ့ အသိဉာဏ်နှင့် နီးကပ်တဲ့ ရှုလို့လွယ်ကူတဲ့ ရုပ်တရားအစုအပုံ - ဆိုပြီးတော့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအစုအပုံ ရှိပါတယ်။ အဲဒီ ရုပ်တရားအစုအပုံတွေကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။
ဒါပေမဲ့ ဒီရုပ်တရား အစုအပုံ အားလုံးလားဆိုတော့ မဟုတ်ပါဘူး။ အာသဝေါတရားတို့ရဲ့ အာရုံယူရာ သုံးဆယ့်တစ်ဘုံ နယ်မြေအတွင်းမှာ တည်ရှိနေတဲ့ တဏှာဒိဋ္ဌိတို့ဖြင့် ငါ, ငါ့ဟာပဲ စသည်ဖြင့် စွဲလမ်းဆုပ်ကိုင်စရာ ဖြစ်နေတဲ့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီ ရုပ်တရားအစုအပုံကိုသာလျှင် ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။
လောကုတ္တရာတရားတွေလို့ ခေါ်ဆိုအပ်တဲ့ လောကုတ္တရာ စိတ် စေတသိက်တွေ, နိဗ္ဗာန်တရားတွေကတော့ ဒီဥပါဒါနက္ခန္ဓာငါးပါးထဲမှာလည်း မပါဘူး၊ ဝိပဿနာဉာဏ်တို့ရဲ့ အရှုခံအာရုံလည်း မဟုတ်ပါဘူး၊ ဘာကြောင့်လဲ? ဝိပဿနာဉာဏ်ဖြင့် ရှုလို့ ရနိုင်တဲ့ တရားမျိုးတွေ မဟုတ်ဘူး။ ဝိပဿနာရှုပွားသုံးသပ်ရမည့် တရားမျိုးလည်း မဟုတ်ပါဘူး၊ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာက ဝိပဿနာဉာဏ်တို့ရဲ့ အဆုံးမှာ ဖြစ်ပေါ်လာတတ်တဲ့ တရားတွေသာ ဖြစ်ကြပါတယ်။ ယောဂီပုဂ္ဂိုလ်က အဲဒီ မဂ်ဉာဏ်ဖိုလ်ဉာဏ် တွေကို မရရှိသေးတဲ့အတွက် ရရှိအောင်ကြိုးပမ်းနေဆဲသာ ဖြစ်တဲ့အတွက် ဝိပဿနာဉာဏ်ဖြင့် ရှုလို့မရသေးခြင်း ဖြစ်ပါတယ်။ အဲဒီ မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ကသာ နိဗ္ဗာန်ကို အာရုံယူနိုင်တဲ့အတွက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို မရ သေးတဲ့ သူတော်ကောင်းဟာ နိဗ္ဗာန်ကိုလည်း မရရှိသေး မရောက်ရှိသေး ပါဘူး။
ဒါကြောင့် လောကုတ္တရာတရားတွေဟာ ဝိပဿနာ၏ အရှုခံအာရုံ မဟုတ်ကြပါဘူး။ ဒါကြောင့် မြတ်စွာဘုရားက တစ်ဆယ့်တစ်မျိုးသော အခြင်း အရာအားဖြင့် တည်နေတဲ့ တဏှာဒိဋ္ဌိစတဲ့ ဥပါဒါန်တရားတွေရဲ့ အာရုံယူ ရာနယ်မြေ သုံးဆယ့်တစ်ဘုံအတွင်းမှာ တည်ရှိတဲ့ ရုပ်တရားအစုအပုံကို သာလျှင် ရူပုပါဒါနက္ခန္ဓာလို့ သုံးထားတယ်။
အလားတူပဲ - တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်ရှိနေ တဲ့ ဝေဒနာတရားအစုအပုံကို ဝေဒနုပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ တစ်ဆယ့် တစ်မျိုးသော အခြင်းအရာအားဖြင့် တည်ရှိနေတဲ့ မှတ်သားမှု သညာတရား အစုအပုံကိုလည်း သညုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ကြွင်းကျန်နေတဲ့ စေတသိက်တရားတွေ အလုံးငါးဆယ် ရှိပါတယ်။ အဲဒီ စေတသိက် အလုံးငါးဆယ် တရားအစုအပုံကို လည်း သင်္ခါရုပါဒါနက္ခန္ဓာလို့ ခေါ်တယ်။ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာ အားဖြင့် တည်နေတဲ့ အသိစိတ်ဝိညာဏ်တရား အစုအပုံကိုလည်း ဝိညာဏုပါဒါနက္ခန္ဓာလို့ပဲ ခေါ်ပါတယ်။ ပေါင်းလိုက်တဲ့ အခါကျတော့ ဥပါဒါနက္ခန္ဓာ ဘယ်နှစ်ပါး ရှိသလဲ? ငါးပါး။
တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဒီဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာနှင့်တကွ သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာဆိုတဲ့ သစ္စာ လေးပါးရှိတယ်။ အဲဒီ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ မသိခဲ့လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို ရမလားလို့ မေးတော့ မြတ်စွာဘုရားက ဟိုဘက်က သစ္စ သံယုတ်ပါဠိတော်မှာ ကူဋာဂါရသုတ္တန် ဆိုပြီးတော့ သုတ္တန်တစ်ခု ဟော ထားပါတယ်။ မြတ်စွာဘုရားက ထိုသုတ္တန်မှာ ဘယ်လိုဟောထားသလဲ?
ကူဋာဂါရသုတ္တန်ကောက်နုတ်ချက်
ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)
ဘာပြောတာလဲ? ရဟန်းတို့ ...ပုဂ္ဂိုလ်တစ်ယောက်က ပြောလာပြီ ဆိုကြစို့၊ ငါသည် ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ် တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ပါဘဲ၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ပါဘဲ၊ ဒုက္ခ ချုပ်ရာ နိရောဓအရိယသစ္စာတရားကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ် တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါဘဲ၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရား ကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါဘဲ၊ သံသရာဝဋ်ဆင်းရဲ ဒုက္ခကြီးကို ကုန်ဆုံးအောင် ငါ ပြုလုပ်မယ်လို့ ပုဂ္ဂိုလ်တစ်ယောက်က ပြောလာပြီဆိုကြစို့၊ ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း ဘယ်တော့မှ မရှိဘူး။
မြတ်စွာဘုရားက ဥပမာတစ်ခုနှင့် ဆက်ပြီး ဟောထားတော်မူပြန်တယ်။ အိမ်တစ်အိမ် တည်ဆောက်ပြီ ဆိုကြစို့၊ အိမ်ရဲ့ အောက်ပိုင်း အဆောက် အဦလို့ ခေါ်ဆိုအပ်တဲ့ တိုင်တွေလည်း လုံးလုံးမရှိဘူး၊ ယောက်ဝိုင်းလို့ ခေါ်ဆို အပ်တဲ့, ထုပ်လို့ ခေါ်ဆိုအပ်တဲ့ အောက်ပိုင်း အဆောက်အဦတွေလည်း လုံးလုံးမရှိဘူး၊ ဒီလို အောက်ပိုင်း အဆောက်အဦ လုံးလုံးမရှိဘဲနှင့် ပုဂ္ဂိုလ် တစ်ယောက်က အပေါ်ပိုင်း အဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ မြှားတွေတင်ပြီးတော့ အမိုးတစ်ခုကို ငါပြုလုပ်မယ်လို့် - သူက ပြောလာပြီ ဆိုကြစို့၊ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။
အဲဒီ ပုံစံအတိုင်းပဲ --- ချစ်သားရဟန်းတို့ ... ဒုက္ခအရိယသစ္စာ, သမုဒယအရိယသစ္စာ, နိရောဓအရိယသစ္စာ, မဂ္ဂအရိယသစ္စာလို့ခေါ်တဲ့ သစ္စာလေးရပ်တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ ပုဂ္ဂိုလ်တစ်ဦးက သံသရာဝဋ် ဆင်းရဲဒုက္ခကုန်အောင် ငါပြုလုပ်မယ်လို့ လာပြီး ပြောမယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း ဘယ်လိုမှ မရှိနိုင်ဘူး၊
ဆိုလိုတာက သစ္စာလေးပါးကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်မသိဘဲ၊ သံသရာဝဋ်ဆင်းရဲ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ရနိုင်မလား? မရနိုင်ဘူး။
တရားအားထုတ်ပြီဆိုလျှင်တော့ ဒီအခြေခံ အသိဉာဏ်ကလေးတွေ ရှိဖို့တော့ လိုအပ်ပါတယ်။ အဲဒီလို အခြေခံအသိဉာဏ် မရှိဘဲနှင့် ကိုယ်က တရားဆို ပြီးရော၊ နင်းကန်အားထုတ်လိုက်တော့ ပင်ပန်းကျိုးလည်း မနပ်ဘူး၊ အသိဉာဏ်လည်း တိုးတက်မှု မရှိဘူးဆိုတော့ သာသနာတော်နှင့်တွေ့ရတာ အကျိုးရှိပါ့မလား? မရှိဘူး။
မှန်ကန်တဲ့ အသိဉာဏ်ကလေးတွေ မိမိတို့မှာ အခြေခံရှိဖို့ လိုအပ်ပါ တယ်။ နိဗ္ဗာန်ကို အလိုရှိခဲ့လျှင် ငါသိအောင် ကြိုးစားအားထုတ်ရမည့် တရား တွေဟာ ဒီတရား ဒီတရားတွေဖြစ်တယ်လို့ ကြိုတင်သိထားတဲ့သူက ဒီ သစ္စာလေးပါးတရားတွေကို သိရှိရန် စနစ်တကျ ကျင့်လိုက်မယ်ဆိုလျှင် ပါရမီ အားလျော်စွာ သစ္စာလေးပါးကို ထိုးထွင်းသိနိုင်တဲ့သဘော ရှိပါတယ်။ နောက် တစ်ခု မြတ်စွာဘုရားက ပြောင်းပြန်လှန်ပြီး ဘယ်လိုဟောတော်မူသလဲ?
ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ ဌာနမေတံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)
ဘာပြောသလဲ? ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်က ပြောလာပြီ၊ ဘယ်လို ပြောလာသလဲ? ငါသည် ဒုက္ခအရိယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် သိမြင်လျက်, ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် သိမြင်လျက်, ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်း ဖောက် သိမြင်လျက်, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကိုလည်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက် သံသရာဝဋ် ဆင်းရဲဒုက္ခကို ကုန်ဆုံးအောင်ငါပြုမယ်လို့ ဒီလို ပုဂ္ဂိုလ်တစ်ယောက်က လာပြောပြီဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ဖြစ်နိုင်သော အကြောင်း အရာ ရှိပါတယ်။
ဒီလိုဆိုလျှင် - သစ္စာလေးပါးကို သိခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို ရမလား၊ မရဘူးလား? ရနိုင်ပါတယ်။ ရနိုင်တဲ့ အတွက် မြတ်စွာဘုရားက ဥပမာကလေးနှင့်ပဲ ဆက်ပြီး ဟောထားပါတယ်။
ပုဂ္ဂိုလ်တစ်ယောက်က အိမ်ရဲ့ အောက်ပိုင်းအဆောက်အဦလို့ ခေါ်ဆို အပ်တဲ့ တိုင်တွေလည်း လုပ်ပြီးပြီ၊ ယောက်ဝိုင်းတွေ, ထုပ်တွေလည်း လုပ်ပြီးပြီ၊ အခြေခံအုတ်မြစ်တွေ နံရံတွေလည်း လုပ်ပြီးပြီ၊ ဒီလို အိမ်ရဲ့ အောက်ပိုင်း အဆောက်အဦကို ပြုလုပ်ပြီးတဲ့ အချိန်အခါကျမှ အပေါ်ပိုင်းအဆောက်အဦ လို့ ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ မြှားတွေတင်ပြီးတော့ အမိုးတစ်ခုကို မိုးမယ် ဆိုလျှင် ဖြစ်နိုင်သော အကြောင်းအရာ ရှိပါ့မလားလို့ --- ဘုရားရှင်က မေးကြည့်တဲ့အခါ တရားနာယူနေတဲ့ ရဟန်းတွေက ဖြစ်နိုင်တဲ့အကြောင်း တင်ပြလျှောက်ထားကြတယ်။
အေး - ဒီပုံစံအတိုင်းပဲ ပုဂ္ဂိုလ်တစ်ယောက်က သစ္စာလေးပါးကို ဟုတ် တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးတဲ့အခါ သံသရာဝဋ်ဆင်းရဲဒုက္ခကြီးကို ကုန်ဆုံးအောင် ငါ ပြုလုပ် မယ်လို့ လာပြီး ပြောဆိုခဲ့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြော ဆိုသည့်အတိုင်း ဖြစ်နိုင်ရာသောအကြောင်း ရှိတယ်။
ဒီတော့ သစ္စာလေးပါး မသိခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို မရနိုင်ဘူး။ သစ္စာလေးပါးကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပါမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ရနိုင်မယ်။
ဒီလိုဆိုလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို ရရှိ ရေးအတွက် ပထမနံပါတ်တစ် ထိုးထွင်းသိရမည့် သစ္စာတရားက ဘာသစ္စာ တရားလဲ? ဒုက္ခသစ္စာတရား။ ဒီဒုက္ခသစ္စာတရားဆိုတာက ခုနက ပြောခဲ့တဲ့ အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည်ဖြင့် တစ်ဆယ့် တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဖြစ်ပါတယ်။
ဒီတော့ အတိတ်ခန္ဓာငါးပါးကိုလည်း ထိုးထွင်းသိရမယ်။ ပစ္စုပ္ပန်ခန္ဓာ ငါးပါးကိုလည်း ထိုးထွင်းသိရမယ်။ အနာဂတ်ခန္ဓာငါးပါးကိုလည်း ထိုးထွင်း သိရမယ်။ ဘာကြောင့် သိရမလဲ ဆိုတာကိုတော့ နောက်ပိုင်း ဘုန်းကြီး တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပေးပါမယ်။
နောက်တစ်ခု မိမိကိုယ်တွင်း အဇ္ဈတ္တမှာရှိတဲ့ ခန္ဓာငါးပါး, ပြင်ပဗဟိဒ္ဓ သက်ရှိသက်မဲ့ လောကမှာရှိတဲ့ ခန္ဓာငါးပါး, ဩဠာရိကခေါ်တဲ့ ရုန့်ရင်း ကြမ်းတမ်းနေတဲ့ ခန္ဓာငါးပါး, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ခန္ဓာငါးပါး, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ခန္ဓာငါးပါး, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ခန္ဓာငါးပါး, ဒူရခေါ်တဲ့ ဝေးကွာနေတဲ့ ခန္ဓာငါးပါး, သန္တိကခေါ်တဲ့ နီးကပ်နေတဲ့ ခန္ဓာငါးပါး, ပေါင်းလိုက်တော့ တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးကို ဒုက္ခသစ္စာခေါ်တယ်။
ထို ဒုက္ခသစ္စာသည် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို လိုလား တောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင် ထိုးထွင်းသိရမည့် တရားမျိုး ဖြစ်ပါတယ်။ ထိုဒုက္ခသစ္စာကို ထိုးထွင်းမသိဘဲ သံသရာဝဋ်ဆင်းရဲ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်အောင် ငါပြုလုပ်မယ်လို့ ပုဂ္ဂိုလ်တစ်ယောက် က ပြောဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင် ရာသော အကြောင်းရှိသလား? မရှိဘူး။
ဒီတော့ ထိုးထွင်းသိရမည့် ဒုက္ခသစ္စာတရားထဲမှာ အတိတ်ခန္ဓာငါးပါး လည်း ပါနေတယ်၊ ပစ္စုပ္ပန်ခန္ဓာငါးပါးလည်းပါတယ်၊ အနာဂတ် ခန္ဓာငါးပါး လည်း ပါတယ်၊ အဇ္ဈတ္တခန္ဓာငါးပါးလည်း ပါနေတယ်၊ ဗဟိဒ္ဓခန္ဓာငါးပါးလည်း ပါနေတယ်။
ဒီတော့ ဝိပဿနာဆိုတာက ပစ္စုပ္ပန်တည့်တည့်သာ ရှုရတယ်။ အတိတ်, အနာဂတ်ရှုဖို့ မလိုဘူးဆိုလျှင် ဒီဒေသနာတော်တွေနှင့် ထိပ်တိုက် ဆန့်ကျင် ဘက် ဖြစ်မနေဘူးလား? ဖြစ်နေတယ်။ လုပ်ငန်းခွင်တစ်ခု ပြုလုပ်တဲ့ အချိန် အခါမှာ ဒီလို အခြေခံ အသိဉာဏ်ကလေးတွေ ရှိဖို့တော့ လိုအပ်ပါတယ်။
ဘာကြောင့် ဒီအတိတ် အနာဂတ်တွေ လှမ်းရှုနေရသလဲ? အတိတ်တွေ ဖြစ်ပြီးပြီ မရှိတော့ဘူး၊ မရှိတာ ဘယ်လိုလုပ် ရှုမလဲ? အနာဂတ်သည် မဖြစ် သေးဘူး၊ မဖြစ်တာ ဘယ်လိုလုပ် ရှုမလဲဆိုပြီး သူတို့က ဘုရားရှင်ရဲ့ တရား တော်တွေကို ဒီလို စကားလုံးခပ်လွယ်လွယ်နှင့် ပယ်ချထားကြတယ်။
ခပ်လွယ်လွယ်လေးနှင့် ပယ်ထားလိုက်တော့ ဘုန်းကြီးတို့ရဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားတစ်ပါးက ဘာအမိန့်ရှိဖူးသလဲ?
မသိတဲ့ လူတွေကပြောတော့ နားမလည်တဲ့ လူတွေက ယုံကြတယ်တဲ့။
ဘယ့်နဲ့တုန်း ဒါယကာကြီးတွေ - ဟုတ်သလား မဟုတ်ဘူးလား? ဟုတ်တယ်။ ပြောတဲ့လူကလည်း မသိဘူး၊ နားထောင်တဲ့ ပုဂ္ဂိုလ်ကလည်း နားမလည်ဘူး၊ မသိတဲ့ လူကပြောတော့ နားမလည်တဲ့ လူတွေက ယုံလိုက် တော့ ကျင့်စဉ်တွေက လွဲချော်မသွားဘူးလား? လွဲချော်သွားတယ်။
ဘာကြောင့် ဒီအတိတ်, အနာဂတ်ရှုဖို့ လိုအပ်သလဲဆိုတာကို ဘုန်းကြီး နည်းနည်း ထပ်ပြီး ရှင်းပေးပါ့မယ်။ ဒီလိုရှင်းလင်းတင်ပြတဲ့အပိုင်းမှာ သမုဒယ သစ္စာနှင့် ဆက်စပ်ပြီး ရှင်းလင်းတင်ပြပါမှ ပိုမိုပြီး သဘောပေါက်နားလည် မှာဖြစ်တဲ့အတွက် သမုဒယသစ္စာကို ဆက်ပြီးတော့ ရှင်းလင်းတင်ပြကြရ အောင် ---
အခန်း (၅)
သမုဒယသစ္စာပိုင်း
အရိယသစ္စာလေးပါးထဲမှာ နံပါတ်နှစ်ဖြစ်တဲ့ သစ္စာဒေသနာတော်က ဘာသစ္စာလဲ? သမုဒယသစ္စာ။ အဲဒီ သမုဒယသစ္စာနှင့် ဆက်စပ်ပြီး ရှင်းမှ လည်း ပိုပြီးတော့ နားလည်မည့် သဘောရှိမယ်။ ဒီတော့ ဒီသမုဒယသစ္စာကို မြတ်စွာဘုရားက ဘယ်လို ဟောတော်မူသလဲ?
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြ တကြာဘိနန္ဒိနီ။ သေယျထိဒံ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။ (သံ၊၃၊၁၆၉။)
သမုဒယသစ္စာကို မြတ်စွာဘုရားက ဒီလို ဟောထားတယ်။ ဘာသမုဒယ လည်းလို့မေးတော့ ဒုက္ခသမုဒယ။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရား။ အဲဒီ အရိယသစ္စာတရားကို မြတ်စွာဘုရားက - ယာယံ တဏှာ ပေါနောဗ္ဘဝိကာတဲ့။ ပေါနောဗ္ဘဝိကာဆိုတာက ပုန+ဘဝိက၊ ပုနက နောက်ထပ်တဖန်, ဘဝိက (= ဘဝ+ဣက) ဆိုတာက ဘဝကို ဖြစ်စေတတ် တဲ့ = နောက်ထပ် တစ်ဖန် ဘဝတွေကို ဖြစ်စေတတ်တဲ့ တဏှာမျိုးကို သမုဒယသစ္စာလို့ ခေါ်တယ်။ နောက်ထပ်တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်တဲ့ တဏှာဆိုတော့ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ နည်းနည်းလေး စဉ်းစားကြည့်ပါ။ တရားနာလျှင် နည်းနည်းလေး အသိဉာဏ်ကလေးနှင့် စဉ်းစားပြီးမှ နာယူပါ။ နည်းနည်း သဘောပေါက်မှလည်း ပိုကောင်းတယ်။
ယခု ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီမှာလာပြီး စီးပွားရှာကြ တယ်။ ဘာကြောင့် စီးပွားရှာကြသလဲလို့မေးလျှင် အဓိကအားဖြင့် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုလို့ ခေါ်ဆိုအပ်တဲ့ စည်းစိမ်ဥစ္စာတွေကို လိုလား တောင့်တ တွယ်တာမက်မောတဲ့ တဏှာတရားနှင့် လာပြီးတော့ စီးပွားရှာကြ တယ်။ မဟုတ်ဘူးလား ဟုတ်သလား? ဟုတ်တယ်။
ကောင်းပြီ၊ အဲဒီ တဏှာတွေသည် သစ္စာဒေသနာနည်းအရ ဘာ သစ္စာလည်းလို့ မေးလျှင် ဘယ်လိုဖြေမလဲ? (သမုဒယသစ္စာပါဘုရား။) သမုဒယသစ္စာနော်၊ မှန်သင့်တဲ့ အတိုင်းအတာကတော့ မှန်တယ်၊ ဒါပေမဲ့လို့ အခု ဒါယကာကြီးတွေမှာ ဖြစ်ပေါ်နေတဲ့ ဒီသမုဒယသစ္စာကြောင့် ဒါယကာ ကြီးတွေ လူဖြစ်လာရပါသလားလို့မေးလျှင် ဘယ်လိုဖြေမလဲ? မဟုတ်ဘူး။ ဒါလွယ်လွယ်လေးပဲ၊ လက်ရှိ သမုဒယသစ္စာသည် နောင်အနာဂတ် ဒုက္ခ သစ္စာရဲ့ အကြောင်းရင်းတော့ ဖြစ်ကောင်းဖြစ်မယ်။ ဖြစ်ကောင်းဖြစ်မယ် ဆိုတာက ဖြစ်နိုင်တဲ့ တဏှာလည်း ရှိတယ်၊ မဖြစ်နိုင်တဲ့ တဏှာလည်း ရှိလို့ပဲ၊
သို့သော် လက်ရှိ ဒီတဏှာကြောင့် ဒါယကာကြီးတွေ အခု လူဖြစ်လာရ သလား၊ ဒါယိကာမကြီးတွေ လူဖြစ်လာရသလား?လို့ မေးလျှင် လက်ရှိ တဏှာကြောင့်ဖြစ်ရတာ မဟုတ်ဘူး၊ အတိတ်က ဘဝတစ်ခုခုမှာ လွန်ခဲ့သော အနီးကပ်ဆုံးဖြစ်တဲ့ အတိတ်ဘဝကပဲ ဖြစ်စေ သို့မဟုတ် သံသရာ တစ်လျှောက်ကပဲဖြစ်စေ ဒီခန္ဓာငါးပါး ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီး တော့ တဏှာကို အကြောင်းခံပြီး ကံတွေကို ထူထောင်ခဲ့တယ်။ ဒီကံတွေ ကြောင့်သာလျှင် ဒီဘဝမှာ လူလာပြီး ဖြစ်ကြတယ်။ ဒီပစ္စုပ္ပန်တဏှာကြောင့် ပစ္စုပ္ပန် ယခု ခန္ဓာငါးပါး ရရှိနေတာ မဟုတ်ဘူး။ ယခု ဒါယကာကြီးတွေ ဒါယိကာမကြီးတွေသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဒီတဏှာကို ပြန်ကြည့်လိုက် လျှင် တွယ်တာမက်မောမှု ဆိုပြီးတော့ပဲ ထားကြစို့၊ တွယ်တာမက်မောနေတဲ့ သဘာဝတစ်ခုကို ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်က သုံးလျှင်တော့ ဒါ တစ်ခါထဲ ခန္ဓာထဲမှာ အကျုံးဝင်နေတယ်။ ခန္ဓာငါးပါးဘက်က လှည့်ကြည့် လိုက်တော့ သင်္ခါရက္ခန္ဓာမှာ စေတသိက် အလုံးငါးဆယ်ရှိတဲ့အနက်က တဏှာက သင်္ခါရက္ခန္ဓာထဲမှာ တစ်ခု အဝင်အပါ ဖြစ်တယ်။ မောဟ = အဝိဇ္ဇာ တွေလည်း အဝင်အပါဖြစ်တယ်။ ကုသိုလ်စေတသိက်တရား, အကုသိုလ် စေတသိက်တရားတွေ အားလုံး ပါဝင်ကြပါတယ်။
ဒီတော့ ဒီပစ္စုပ္ပန်မှာ ဖြစ်ပေါ်နေတဲ့ ဒီတဏှာတရားက နောင်အနာဂတ် အတွက်တော့ အကြောင်းဖြစ်ချင်ဖြစ်မယ်။ သို့သော် ဆိုလိုတာက ပစ္စုပ္ပန်မှာ ဖြစ်ပေါ်တဲ့ ဒီတဏှာသည် သင်္ခါရက္ခန္ဓာထဲမှာ အကျုံးဝင်သလို အတိတ်က ဖြစ်ပေါ်ခဲ့တဲ့ တဏှာဟာလည်း အတိတ်က သင်္ခါရက္ခန္ဓာထဲမှာ အကျုံးဝင် မနေဘူးလား? ဝင်နေခဲ့တယ်၊ အတိတ်က သင်္ခါရက္ခန္ဓာထဲမှာ အကျုံးဝင်တယ်။
အခု - ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ တရားနာနေတဲ့ ပုဂ္ဂိုလ် တွေရဲ့ သန္တာန်ထဲမှာတော့ ရုပ်တရားအစုအပုံ မရှိဘူးလား? ရှိတယ်။ ရုပ်တရား အစုအပုံထဲက ဟဒယဝတ္ထုကို မှီတွယ်ပြီးတော့ ဒီတဏှာက ဖြစ်ရတယ်။ ပွင့်ပွင့်လင်းလင်း ထပ်ပြီးတော့ ပြောမယ်ဆိုလို့ရှိလျှင် ဒါယကာ ကြီးတွေ ဒါယိကာမကြီးတွေရဲ့ နှလုံးအိမ်အတွင်းမှာ သွေးရှိပါတယ်။ သမ္မုတိ သစ္စာနယ်ဘက်ကနော်။ ပရမတ္ထသစ္စာနယ်ဘက်က ပြောမယ်ဆိုလျှင်တော့ ဒီသွေးမှာ တည်ရှိနေတဲ့ ဓာတ်ကြီး လေးပါးကို စနစ်တကျ သိမ်းဆည်းတတ် လျှင် ရုပ်ကလာပ် အမှုန်ကလေးတွေပဲ တွေ့ပါတယ်။ အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲလိုက်လျှင် ဒီရုပ်ကလာပ် အစုအပုံထဲမှာ ဟဒယဝတ္ထု ပါဝင်နေတဲ့ ရုပ်ကလာပ်လေးတွေလည်း ရှိကြပါတယ်။ အဲဒီ ဟဒယဝတ္ထုရုပ်ကို မှီတွယ် ပြီးတော့မှ ဒီလက်ရှိ ပစ္စုပ္ပန် တဏှာသည် ဖြစ်ပေါ်သလို ---
အလားတူပဲ အတိတ်က ဟဒယဝတ္ထုရုပ်တွေကို မှီတွယ်ပြီးတော့မှ အတိတ်မှာလည်း ဒီတဏှာက ဖြစ်ခဲ့တယ်။ ဒီတဏှာတရားကလည်း တဏှာ တရားတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိပါဘူး။ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ဒီနာမ်ခန္ဓာလေးပါးသည် အမြဲတမ်း ယှဉ်တွဲပြီး ဖြစ်တယ်။ တစ်ခုတည်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး၊ မရှိလေတော့ တဏှာကိုမြင်အောင် လှမ်းရှုချင်တယ် ဆိုလို့ရှိလျှင် တဏှာရဲ့ မှီရာဖြစ်တဲ့ အတိတ်က ဟဒယဝတ္ထုရုပ် ကိုလည်း မြင်အောင်လှမ်းရှုရတယ်။ တဏှာနှင့်ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာတွေကိုလည်း မြင်အောင် လှမ်းပြီး ရှုရပါတယ်။
ဟဒယဝတ္ထု ဦးဆောင်နေတဲ့ ရုပ်တရားတွေက ရူပက္ခန္ဓာ၊ တဏှာ ဦးဆောင်နေတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်တွေက နာမ်ခန္ဓာလေးပါး၊ ပေါင်းလိုက်တော့ ခန္ဓာဘယ်နှစ်ပါးလဲ? ခန္ဓာငါးပါး။ အဲဒီ ပစ္စုပ္ပန်တဏှာသည် ပစ္စုပ္ပန် ခန္ဓာငါးပါးအစုအပုံအနေနှင့် ဖြစ်ခဲ့သလို အတိတ်က တဏှာဟာလည်း အတိတ်က ခန္ဓာငါးပါးအစုအပုံအနေနှင့်ပဲ ဖြစ်ခဲ့တယ်။ အဲဒီ အတိတ်က တဏှာသည်သာလျှင် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယ သစ္စာ ဖြစ်ပါတယ်။
ပစ္စုပ္ပန်တဏှာက နောင်တစ်ချိန် အနာဂတ်ဘဝဆိုတာ ရှိခဲ့လျှင်တော့ ထိုအနာဂတ်ဘဝ ခန္ဓာငါးပါးတို့ရဲ့ အကြောင်းရင်းတော့ ဖြစ်ကောင်း ဖြစ်ပါ လိမ့်မယ်။ အခု ပစ္စုပ္ပန်ခန္ဓာငါးပါး (= ရရှိထားပြီးတဲ့ ခန္ဓာငါးပါး)တို့ရဲ့ အကြောင်းရင်း ဟုတ်သလား? မဟုတ်ဘူး။
မဟုတ်ပုံလေးတော့ နည်းနည်း စဉ်းစားကြည့်ပါ။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီနေ့ အလုပ်လုပ်လိုက်တဲ့ အချိန်အခါမှာ ငွေကြေးဆိုတာ ရရှိပြီ ဆိုကြစို့၊ ဒီငွေကြေးပေါ်မှာ တွယ်တာတဲ့စိတ်ထား ပေါ်လာပြီ၊ ပေါ်လာ တဲ့ တဏှာက အခုမှဖြစ်တယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ သန္တာန်မှာ ရရှိနေတဲ့ ဒီခန္ဓာငါးပါးက ဟိုအမိဝမ်းတွင်း ကလလရေကြည် တည်စကတည်းက စပြီးဖြစ်ခဲ့တာ၊ ကလလရေကြည် တည်စကတည်းက ခန္ဓာငါးပါးက ဖြစ်ခဲ့လေတော့ ခန္ဓာငါးပါးက ဒုက္ခသစ္စာတရား၊ အကျိုးတရား။ အခု တွယ်တာမက်မောနေတဲ့ တဏှာက သမုဒယသစ္စာတရား၊ အကြောင်း တရား။
အကြောင်းတရားနှင့် အကျိုးတရား နှစ်ခုရှိခဲ့လျှင် အကြောင်းတရား ကပဲ အရင်ဖြစ်သင့်သလား၊ အကျိုးတရားကပဲ အရင်ဖြစ်သင့်သလား?
အကြောင်းတရားက အရင်ဖြစ်ရမယ်ဆိုလျှင် ဘုန်းကြီးတို့ ဒီဘဝမှာ ပြန် ဆန်းစစ်ကြည့်လိုက်တော့ ဘုန်းကြီးတို့ရဲ့ ခန္ဓာငါးပါးက အမိဝမ်းတွင်းမှာ ကလလရေကြည် တည်စအချိန်အခါကတည်းက ခန္ဓာငါးပါးက ရရှိခဲ့တယ်။ ရရှိခဲ့တာဖြစ်တော့ အကျိုးဖြစ်တဲ့ သစ္စာတရားက ဒီဘဝမှာ အရင်ဖြစ်တယ်။ ခုငွေကြေးပေါ်မှာ တွယ်တာနေတဲ့ တဏှာတရားဆိုတာက နောက်မှ ဖြစ်ပေါ် လာတယ်။
အကြောင်းတရားနှင့် အကျိုးတရား နှစ်ခု ရှိတဲ့အနက်က ဒီဘဝမှာ ခေါင်ဆုံးစပြီးဖြစ်တာက အကျိုးဖြစ်တဲ့ ဒုက္ခသစ္စာတရားက စဖြစ်တယ်။ အကျိုးဒုက္ခသစ္စာတရားက အရင်စဖြစ်လေတော့ အကြောင်းတရားနှင့် အကျိုး တရား နှစ်ခု ရှိတဲ့အနက် အကြောင်းတရား ရှိခြင်းကြောင့်သာလျှင် အကျိုး တရားက ဖြစ်ပေါ်ရတာဆိုတာကို လက်ခံနိုင်ခဲ့လျှင် ဒီအကြောင်းတရားသည် ဒီဘက်ဘဝမှာ ရှိမလား၊ ဟိုဘက် အတိတ်ဘဝမှာ ရှိမလား? အတိတ်ဘဝမှာ ရှိလိမ့်မယ်။
အတိတ်ဘဝမှာရှိခဲ့တဲ့ ဒီသမုဒယသစ္စာ တဏှာကြောင့်သာလျှင် ဒီ ဘဝမှာ ဒုက္ခသစ္စာက ဖြစ်ပေါ်လာတယ်။ သစ္စာလေးပါးကို ထိုးထွင်းမသိခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ခန်းနိုင်ဘူးဆိုတော့ ထိုးထွင်းသိရမည့် သစ္စာ လေးပါးထဲမှာ ဒီ သမုဒယသစ္စာတရားလည်း မပါဘူးလား? ပါတယ်။ ဒီ သမုဒယသစ္စာတရားကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းမသိခဲ့လျှင် သံသရာ ဝဋ်ဆင်းရဲဒုက္ခ ကုန်မလား? မကုန်နိုင်ဘူး။
---နန္ဒီရာဂ
သို့သော် ဒီသမုဒယသစ္စာအကြောင်းကို ဘုန်းကြီး နည်းနည်းထပ်ပြီး ရှင်းပါဦးမယ်။ ဒီတဏှာတရားက နန္ဒီရာဂသဟဂတာ = နှစ်သက်တွယ်တာမှု ဆိုတဲ့ နန္ဒီရာဂတရားနှင့် အတူတကွ ဖြစ်တယ်တဲ့။
နန္ဒီတရားဆိုတာက အာရုံတွေအပေါ်မှာ လိုလားတောင့်တချက်က နည်းနည်းလေး အားကောင်းလာတယ်။ တစ်ကြိမ်တစ်ခါ ဖြစ်ရုံတွင် မဟုတ် ဘူး၊ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖြစ်ပေါ်နေတယ်။ ထပ်ခါထပ်ခါ ဖြစ်ပေါ် လာတဲ့အခါ အားကောင်းတဲ့ အဆင့်သို့ ရောက်သွားလျှင် နန္ဒီဆိုပြီးတော့ ဒီလိုသုံးတယ်။
အဲဒီ နန္ဒီဆိုတဲ့စကားကို လေးနက်သွားအောင် မြတ်စွာဘုရားက ရာဂ ဆိုတဲ့ စကားလုံးနှင့် ပူးတွဲပြီး သုံးထားတယ်။ ဖြူစင်နေတဲ့ အဝတ်တစ်ခုကို အနီရောင်ဖြစ်စေ အဝါရောင်ဖြစ်စေ ဆိုးလိုက်လျှင် စွဲသွားမယ်။ အလားတူပဲ အာရုံတွေအပေါ်မှာ ဆေးဆိုးသလို စွဲနေတဲ့ စွဲလမ်းဆုပ်ကိုင်နေတဲ့ သဘာဝ တစ်ခုကို နန္ဒီရာဂလို့ ခေါ်ပါတယ်။ တစ်ကြိမ်တစ်ခါဖြစ်ရုံနဲ့ စွဲလမ်းတဲ့စိတ်မျိုး ဟုတ်ရဲ့လား? မဟုတ်ဘူး။ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖြစ်ပေါ်လာမှ စွဲလမ်းစေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။
ဒီတော့ ဘဝတစ်ခုကို ဖြစ်နိုင်လောက်အောင် အားကောင်းနေတဲ့ တဏှာမျိုးဆိုတာက ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖြစ်ပြီးတော့ စွဲလမ်း ဆုပ်ကိုင်နေတဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။ သာမန် တဏှာမျိုးတော့ မဟုတ်ဘူး။
တတြတတြာဘိနန္ဒိနီ
နောက်တစ်ခု - တတြတတြာဘိနန္ဒိနီ = ထိုထိုအာရုံတွေအပေါ်မှာ လည်း တွယ်တာမက်မောတယ်။ ထိုထိုဘုံဘဝတွေအပေါ်မှာလည်း တွယ်တာ မက်မောတယ်။ သတ္တဝါဆိုတာက တော်တော်လေးတော့ ခက်ပါတယ်။ တော်တော်လေး ခက်တယ်ဆိုတာနှင့် ပတ်သက်ပြီး ဒီနေရာမှာ အဿက ဇာတ်တော်ဆိုတဲ့ ဇာတ်တော်ကလေးတစ်ခု ရှိပါတယ်။
အဿကဇာတ်တော် (ဇာတက၊ဋ္ဌ၊၂၊၁၄၂-၁၄၄)
ရဟန်းတော်တစ်ပါးကို လူ့ဘဝက အိမ်ရှင်မ တော်ခဲ့ဖူးတဲ့ အမျိုးသမီးက လာပြီးဖျားယောင်းနေတယ် ဆိုကြပါစို့။ ပြန်ပြီး လူထွက်ဖို့ လာပြီးသွေးဆောင် နေတယ်။ သွေးဆောင်နေတဲ့အချိန်မှာ ဒီရဟန်းတော်ကလည်း စိတ်ဓာတ်တွေ ဖောက်ပြားပြီးတော့ လူထွက်ဖို့ရန်အတွက် စိတ်ထဲမှာ ကြံစည်စိတ်ကူးနေ တယ်။ အခုခေတ် ဒုလ္လဘတွေ ပုံစံနှင့်တော့ နည်းနည်းဆင်ပါလိမ့်မယ်။
အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားက ဒီရဟန်းတော်ကို ခေါ်ပြီးတော့-
ချစ်သား ... သင်သည် ဒီဘဝမှာသာလျှင် ဒီအမျိုးသမီးကြောင့် ဆင်းရဲဒုက္ခ ရောက်သည်မဟုတ်ဘူး၊ အတိတ်သံသရာ အဆက်ဆက်ကလည်း ဒီအမျိုးသမီးကို အကြောင်းပြုပြီး သင်သည် ဆင်းရဲဒုက္ခ ရောက်ခဲ့ဖူးပါတယ် ဆိုပြီးတော့ အဿကဇာတ်တော်ကလေးကို ဟောပေးပါတယ်။
ဒီဇာတ်တော်ထဲမှာ အဿကဘုရင် ဆိုကြပါစို့၊ တရားသော နည်းလမ်း ဖြင့် တိုင်းပြည်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အလွန် ချစ်ခင်မြတ်နိုးအပ်တဲ့ ရုပ်အဆင်းအင်္ဂါနှင့် အလွန် လှပတင့် တယ်နေတဲ့ ဥပရိလို့ခေါ်တဲ့ မိဖုရားတစ်ဦး ရှိပါတယ်။ မိဖုရားအကြီးအကဲပဲ ဖြစ်ပါတယ်။
ဒီမိဖုရားက မမျှော်လင့်ဘဲ ဗြုန်းကနဲ ကွယ်လွန်သွားရှာတော့ အဿက မင်းက ဒီမိဖုရားအပေါ်မှာ အလွန်စွဲလမ်းဆုပ်ကိုင်တဲ့ စိတ်ဓာတ်တွေက သိပ်ပြင်းထန်နေတယ်။ ဒီအလောင်းကို စွန့်ပစ်နိုင်တဲ့စွမ်းအား မရှိဘူး။ မရှိတော့ ဒီအလောင်းကို မပုပ်မသိုးအောင် ဆီတွေနှင့် စိမ်ထားပြီးတော့ ဆေးတွေနှင့် စိမ်ပြီးတော့ သူ့ရဲ့ အိပ်ယာကုတင်အောက်မှာ ဒီအလောင်း ကောင်ကို ထားပြီးတော့ သူငိုနေတယ်။ ခုနစ်ရက်တိုင်တိုင် အစားအစာ မစားဘူး၊ အိပ်လိုက်, လှဲလိုက်, ငိုလိုက် စသည်ဖြင့် ဒီလိုပဲ ဆင်းရဲဒုက္ခ ရောက်နေတယ်။
ထိုအချိန်အခါမှာ ဟိမဝန္တာတောမှာ ဘုရားအလောင်းတော် ရသေ့ကြီး ကလည်း စျာန်အဘိညာဏ် ရရှိပြီးတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ထိုနေ့ သူက စျာန်အဘိညာဏ်တွေ ဝင်စားပြီး လောကကို ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်ဖြင့် လှမ်းမျှော်ကြည့်လိုက်တဲ့အခါ အဿကဘုရင် ကြီး အတိဒုက္ခရောက်နေပြီ၊ သူကယ်မှ တော်တော့မယ်ဆိုတာ မြင်တယ်။ မြင်တဲ့အတွက် ကောင်းကင်ခရီးဖြင့် ကြွလာပြီး မင်းဥယျာဉ်မှာ ဆင်းသက် လိုက်ပါတယ်။ မင်္ဂလာဥယျာဉ်အတွင်း မင်္ဂလာကျောက်ဖျာ အထက်မှာ ကျောက်ဆင်းတုကဲ့သို့ ဣန္ဒြေရစွာဖြင့် ဘုရားအလောင်းတော် ရသေ့ကြီးက ထိုင်ပြီးတော့ တရားဘာဝနာ ရှုနေပါတယ်။
ထိုအချိန်အခါမှာ အမျိုးကောင်းသား ကလေးတစ်ဦးက ဥယျာဉ်အတွင်း ရောက်လာတော့ ကြည်ညိုသဒ္ဓါတရားတွေ တိုးပွားပြီး ဘာလုပ်သလဲ? ရှိခိုး ဝတ်ပြုပြီး နှုတ်ဆက်တယ်။ နှုတ်ဆက်တဲ့ အချိန်အခါမှာ စကားစ ရအောင် ဆိုပြီးတော့ ဘုရားအလောင်း ရသေ့ကြီးက ဒီအမျိုးကောင်းသားကလေးကို ဘာမေးသလဲ? သင်တို့တိုင်းပြည်မှာ ထီးဖြူအုပ်ချုပ်မင်းလုပ်နေတဲ့ပုဂ္ဂိုလ်က တရားစောင့်တဲ့မင်းလား, တရားမစောင့်တဲ့မင်းလားဆိုပြီး မေးလိုက်ပါတယ်။
မေးလိုက်တဲ့အခါမှာ အမျိုးကောင်းသားကလေးကလည်း ---
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ကျွန်တော်တို့ရဲ့ ရှင်ဘုရင်ကြီးဟာ တရားစောင့်တဲ့ ရှင်ဘုရင် ဖြစ်ပါတယ်။ သို့သော်လည်း ရှင်ဘုရင်ကြီးက အလွန် ချစ်မြတ်နိုးအပ်တဲ့ မိဖုရားကြီး ကွယ်လွန်သွားတဲ့အတွက် ဒီနေ့ ခုနစ်ရက်မြောက်တဲ့အထိ မစားနိုင် မအိပ်နိုင် ဖြစ်ပြီးတော့ ဆင်းရဲဒုက္ခ ရောက်နေပါတယ်လို့ ဖြေပါတယ်။
သင်တို့က ဒီဆင်းရဲဒုက္ခမှ လွတ်ကင်းသွားအောင် ဆောင်ရွက်မပေး နိုင်ကြဘူးလားဆိုပြီး ဘုရားအလောင်း ရသေ့ကြီးက မေးပါတယ်။ မေးလိုက် တဲ့အချိန်အခါမှာ အမျိုးကောင်းသားကလေးက ဘာပြန်ပြီးတော့ လျှောက် ထားသလဲ? အရှင်မြတ်တို့ကဲ့သို့သော သူတော်ကောင်းတွေကတော့ သူ့ရဲ့ ဆင်းရဲဒုက္ခဆိုတဲ့ ငြောင့်တံသင်းတွေကို ပယ်နှုတ်ပေးကောင်း ပယ်နှုတ်ပေးနိုင် ပါလိမ့်မယ်။ တပည့်တော်တို့ သာမန် လူသားတစ်ဦးအနေနှင့်ကတော့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ မယ်တော်ခမည်းတော် နှစ်ပါးက ဆိုဆုံးမလည်း မရနိုင်ပါဘူး။ မိတ်ဆွေသင်္ဂဟတွေ မှူးကြီးမတ်ရာတွေက ဆိုဆုံးမလည်း မရဘူး။ မစားနိုင် မအိပ်နိုင်ဖြစ်ပြီးတော့ တငိုငို တရယ်ရယ်နဲ့ပဲ ဖြစ်နေပါတယ် ဆိုပြီးတော့ လျှောက်ထားပါတယ်။
အေးကွယ် မင်းပြောတာတော့ မှန်တယ်၊ ဒါပေမဲ့ ငါက ရှင်ဘုရင်ကို တော့ မသိဘူးကွယ်လို့ အမိန့်ရှိလိုက်တယ်။
ကိစ္စမရှိပါဘူးဘုရား။ အရှင်ဘုရား ဒီမှာသာ ခေတ္တစောင့်ဆိုင်းပြီးတော့ နေတော်မူပါ။ ရှင်ဘုရင်ကို တပည့်တော် ရအောင်ခေါ်လာပါမယ်။
အေး - မင်းသွားခေါ်ချင်လည်း သွားခေါ်ချေ၊ သူ့မိဖုရား ဥပရိနှင့် တွေ့အောင် ငါကြိုးစားပေးမယ်ဆိုပြီးတော့ ရသေ့ကြီးက အမိန့်ရှိလိုက်တယ်။
အဲဒီလို အမိန့်ရှိလိုက်တဲ့အခါကျတော့ ဒီအမျိုးကောင်းသားကလေးက နန်းတော်ဝင်ပြီး ရှင်ဘုရင်ကို သံတော်ဦးတင်လိုက်တယ်။ ရှင်ဘုရင်ကလည်း ဥပရိမိဖုရားကြီးနှင့် တွေ့ရမယ်ဆိုတဲ့ သတင်းကောင်း ကြားလိုက်တော့ တစ်ခါ တည်း ဝမ်းသာပြီး ဥယျာဉ်တော်ကို ချက်ချင်း ထွက်ခွာလာခဲ့ပါတယ်။
ဥယျာဉ်တော် ရောက်တဲ့အခါ ရသေ့ကြီးကို ဖူးတွေ့ရတော့ ရသေ့ကြီးကို ဝတ်ကြီးဝတ်ငယ်ပြုပြီးတော့ ဥပရိမိဖုရားနှင့် တွေ့လိုကြောင်း တင်ပြလျှောက် ထားတယ်။
အေး - မင်းကြီးတွေ့ချင်နေတဲ့ ဥပရိမိဖုရားနှင့်တော့ တွေ့ရမယ်။ ဒါပေမဲ့ မင်းမိဖုရားကြီးက အခုချိန်ခါမှာ နွားချေးပိုးလေးဖြစ်နေပြီ။ ဒီဥယျာဉ် အတွင်းမှာ တစ်ချိန်တုန်းက သူက အာရုံငါးပါး ကာမဂုဏ်တရားတွေနှင့် မွေ့လျော်ပျော်ပိုက်ပြီးတော့ မိမိရဲ့ ရူပါရုံအဆင်း လှပတင့်တယ်မှုကို အခြေခံ ပြီး မိမိရဲ့ ရူပါရုံ ရုပ်အဆင်းအပေါ်၌ တွယ်တာမက်မောနေတဲ့ တဏှာတရား က လွှမ်းပတ်ခြုံငုံထားတဲ့အတွက် သေခါနီးကာလမှာ ဒီမရဏာသန္နဇော နေရာကို ဒီတဏှာတရားက လွှမ်းမိုးသွားတဲ့အတွက်ကြောင့် ဒီ ဥယျာဉ် အတွင်းမှာပဲ နွားချေးပိုးလေး ဖြစ်နေတယ်ဆိုပြီး ပြောတော့ အဿက ဘုရင်ကလည်း မယုံနိုင်ဘူး။
ကဲ မင်းကြီး မယုံနိုင်ဘူးဆိုလျှင်တော့ ငါယုံအောင် ပြမယ် ဆိုပြီး ရသေ့ကြီးက အဘိညာဏ်တန်ခိုးဖြင့် ဥပရိမိဖုရားဘဝက ပြောင်းလာတဲ့ နွားချေးပိုးမကလေးက တစ်ကောင်, သူ့ရဲ့ ကြင်ယာတော် အသစ်စက်စက် နွားချေးပိုးထီးကလေးက တစ်ကောင်၊ ဒီနွားချေးပိုးကလေးနှစ်ကောင် လာဖို့ ရန်အတွက် အဓိဋ္ဌာန်လိုက်ပါတယ်။ အဓိဋ္ဌာန်လိုက်တဲ့ အချိန်အခါကျတော့ နွားချေးပိုးလေးနှစ်ကောင် ရှေ့ရောက်လာတဲ့အခါမှာ အဲဒါ သင့်ရဲ့ မိဖုရားဖြစ် တဲ့ ဥပရိပဲဆိုပြီး နွားချေးပိုးမကလေးကို လက်ညှိုးညွှန်ကာ ပြောလိုက်တော့ အဿကဘုရင်က မယုံနိုင်ဘူး။
မယုံနိုင်ဘူးဆိုလျှင် ငါယုံအောင် ပြမယ်ဆိုပြီးတော့ လူ့ဘာသာစကားဖြင့် ပြောဆိုနိုင်အောင် အလောင်းတော် ရသေ့ကြီးက တန်ခိုးဖြင့် အဓိဋ္ဌာန်လိုက် ပါတယ်။ အဓိဋ္ဌာန်ပြီးတော့ ရသေ့ကြီးက မေးတယ်။ သင်ဘယ်သူလဲလို့ မေးတော့ ဥပရိမိဖုရားဖြစ်တဲ့အကြောင်း နွားချေးပိုးမကလေးက ပြောတယ်။ ဥပရိမိဖုရားဖြစ်ပြီဆိုတဲ့ အကြောင်းကို လူ့ဘာသာစကားနှင့် ပြောလိုက်တော့ အဿကဘုရင်မင်းမြတ်က စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားပြီ။
အဲဒီအခါမှာ ရသေ့ကြီးက မေးတဲ့ မေးခွန်းလေးတစ်ခုကို - ဒီမှာ လိုရင်း ဘုန်းကြီးက ပြောချင်တယ်။
နင်ဟာ အခု နွားချေးပိုးဘဝ ရောက်နေတဲ့ အချိန်အခါမှာ အဲဒီ နွားချေးပိုးအထီးကလေးနှင့် အခု အဿကဘုရင် နှစ်ခုယှဉ်လိုက်တဲ့အခါမှာ နင် ဘယ်သူ့ကို ပိုပြီး ချစ်မြတ်နိုးသလဲ? ဒီမေးခွန်းလေး မေးကြည့်တယ်။
လူ့ဘဝတုန်းကတော့ အဿကဘုရင်ကို ချစ်မြတ်နိုးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့လို့ အခုအခါမှာ ဘဝခြားသွားပြီ ဖြစ်တဲ့အတွက် အဿကဘုရင်ဟာ သူ့အတွက် ဘာလုပ်မှာလဲ၊ အကယ်၍ ဖြစ်ကောင်းဖြစ်နိုင်မယ် ဆိုလို့ရှိလျှင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးနှင့် သူ့ကြင်ယာတော် အသစ်စက်စက် ဖြစ်နေတဲ့ နွားချေးပိုးထီးကလေးရဲ့ ခြေထောက်ကို သူရေဆေးပေးချင်ပါတယ် လို့ ပြောတယ်။
အဿကဘုရင်ရဲ့ လည်ချောင်းကို လှီးလိုက်လို့ ထွက်လာတဲ့ သွေးနှင့် ကြင်ယာတော် အသစ် စက်စက်ဖြစ်တဲ့ နွားချေးပိုးထီးလေးရဲ့ ခြေထောက်ကို ဆေးပေးချင်တယ်ဆိုတဲ့ ဒီစကား ကြားလိုက်ရတော့ အဿကဘုရင်ကြီး စိတ်ထဲမှာ ဘာဖြစ်သွားသလဲ? နည်းနည်းလေး စွဲလမ်းမှု လျော့သွားတယ်။
ဒါပေမဲ့ ဘုန်းကြီးပြောချင်တာက အဿကဘုရင်အကြောင်းထက် ဒီ ဥပရိမိဖုရားအကြောင်းပါ။ မိဖုရားဘဝတုန်းကလည်း မိဖုရားဘဝကို တွယ် တာမက်မောနေတဲ့ စိတ်ဓာတ်တွေ လွှမ်းပတ်ပြီး ရစ်ခြုံခဲ့တယ်။ နွားချေးပိုး ဘဝ ရောက်တော့လည်း နွားချေးပိုး ဘဝကို မတွယ်တာဘူးလား? တွယ်တာ နေတယ်။ တတြတတြာဘိနန္ဒိနီတဲ့။ ထိုထိုဘဝတွေကိုလည်း တွယ်တာ မက်မောတယ်။ ထိုထို အာရုံတွေကိုလည်း တွယ်တာမက်မောတယ်။ ထိုထို အာရုံ တွေဆိုတာကတော့ ကြင်ယာတော် နွားချေးပိုး အသစ်စက်စက်ကလေးကို သူပိုပြီး မမက်မောဘူးလား? မက်မောနေတယ်။
ဒါကြောင့် တဏှာဆိုတာက ဒီသဘော ရှိပါတယ်။ အဲဒီ တဏှာသည် သတ္တဝါတွေကို ဆင်းရဲဒုက္ခပေးနေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။ သို့သော် ဒီနေရာမှာ မြတ်စွာဘုရားက တဏှာကို သမုဒယသစ္စာလို့ ဟောထားတယ်။
---သမုဒယသစ္စာငါးမျိုး
ဟို - သစ္စဝိဘင်းပါဠိတော်မှာတော့ သမုဒယသစ္စာကို ငါးမျိုးခွဲခြားပြီး ဟောထားပါတယ်။
၁။ နံပါတ်တစ် - တဏှာကိုလည်း သမုဒယသစ္စာလို့ ခေါ်တယ်။ ဘာကြောင့် ဒီတဏှာကို သမုဒယသစ္စာလို့ ခေါ်ရသလဲဆိုတော့ သစ်စေ့ကလေး တစ်ခု ရှိပြီဆိုကြစို့၊ ရင့်ကျက်နေတဲ့ သစ်စေ့တစ်စေ့အထဲမှာ အစိုဓာတ် အစေးဓာတ် မခန်းခြောက်သေးဘူးဆိုလျှင် ရေမြေဥတု အစရှိတဲ့ အကြောင်းညီညွတ်တဲ့ တစ်နေရာမှာ ကြဲချစိုက်ပျိုးလိုက်တဲ့အခါ တစ်ချိန် မှာ အပင်ဆိုတာ ပေါက်မလာနိုင်ဘူးလား? ပေါက်လာနိုင်တယ်။ သို့သော် ဒီသစ်စေ့ကို မီးရှို့လိုက်ပြီ၊ ခြောက်သွားပြီ၊ အထဲမှာ အစိုဓာတ် အစေးဓာတ် မရှိတော့ဘူး၊ ဒီလိုဆိုလျှင် ဒီသစ်စေ့က နောက်ထပ် အပင်ပေါက်နိုင်မလား? မပေါက်နိုင်ဘူး။
အဲဒီ ပုံစံအတိုင်းပဲ တဏှာအစိုဓာတ် အစေးဓာတ်ရှိမှ ကံတွေက အကျိုးပေးနိုင်ပါတယ်။ တဏှာအစိုဓာတ် အစေးဓာတ်မရှိခဲ့လျှင် ကံတွေ က အကျိုးမပေးနိုင်တဲ့အတွက် ရဟန္တာအရှင်မြတ်တွေရဲ့ သန္တာန်မှာ ကောင်းမှုတရားတွေ ကုသိုလ်တရားတွေ ဆည်းပူးပေမယ်လို့ ကုသိုလ် မဖြစ်တော့ဘူး။ ကောင်းမှုပြုကာမတ္တ ကြိယာသဘောမျှသာ ရှိတယ်။ အတိတ်က ပြုခဲ့ပြီးတဲ့ ကံတွေရော, ပစ္စုပ္ပန်မှာ ထူထောင်နေတဲ့ ကံတွေ ရော အကျိုးပေးနိုင်တဲ့ စွမ်းအင်တွေ ကုန်သွားတယ်။ ဘာဖြစ်လို့လဲ? တဏှာအစိုဓာတ် အစေးဓာတ်မရှိတော့လို့ ဖြစ်ပါတယ်။ တဏှာအစို ဓာတ် အစေးဓာတ် မရှိတော့တဲ့အတွက်ကြောင့် အပင် နောက်ထပ် မဖြစ်တော့ဘူး။ ဘဝသစ်ဆိုတာ မရှိနိုင်ဘူး၊ ဒါကြောင့် ပဓာနနည်းအား ဖြင့် မြတ်စွာဘုရားက တဏှာကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။
၂။ အလားတူပဲ ကိလေသာဆယ်ပါးကိုလည်း သမုဒယသစ္စာလို့ ဟော တယ်။
၃။ ကိလေသာဆယ်ပါးနှင့်တကွ အကုသိုလ်တရားအားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။
၄။ နောက် တစ်နည်းကတော့ သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ အလောဘ, အဒေါသ, အမောဟခေါ်တဲ့ ကုသလမူလတရား သုံးပါးနှင့် အကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာလို့ ဟောတယ်။
၅။ နောက်ဆုံးပိတ် နံပါတ်ငါးအရ - သံသရာဝဋ်ကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ အားလုံးနှင့် အကုသိုလ်တရား အားလုံး (= အကုသိုလ်ကံ အားလုံး) တို့ကိုလည်း သမုဒယသစ္စာလို့ ဟောပါတယ်။ (အဘိ၊၂၊၁၁၂-၁၁၃-၁၁၄-၁၁၅။)
အဲဒီ နံပါတ်ငါးခုမြောက်ဖြစ်တဲ့ ဟောကြားချက်ကတော့ သမုဒယ သစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောတော်မူတဲ့ နည်းစနစ်လို့ ခေါ်ပါတယ်။ ဤသစ္စဝိဘင်းပါဠိတော်ကြီးကိုပင် ရည်ညွှန်း၍ အဋ္ဌကထာကြီး ကလည်း ---
တတ္ထ ယသ္မာ ကုသလာကုသလံ ကမ္မံ အဝိသေသန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၆။)
= သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် စေတနာ, စေတနာနှင့် ယှဉ်သော တရားဟု ခွဲခြားမှု မပြုတော့ဘဲ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဟု ဟောကြားထားတော်မူ၏။
ဒီလို ဖွင့်ဆိုထားကြတယ်။ ဒီတော့ သံသရာကို လည်ပတ်စေတတ်တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည် သမုဒယသစ္စာ ဖြစ်တယ်။ ဒီနေ့ ဒါယကာကြီးတွေ အလှူရှင်တွေ ဆိုကြပါစို့၊ ဒီနေ့ ကံကို ထူထောင်ကြတယ်၊ ဒီဓမ္မာရုံကိုလည်း စွမ်းအားရှိသလောက် လှူဒါန်းပူဇော်တယ်။ တရားထိုင်ဖို့ ရန် တရားနာဖို့ရန် ကြွရောက်လာကြတဲ့ ပရိသတ်အပေါင်း သူတော်ကောင်း တွေကိုလည်း မိမိတို့ စွမ်းအားရှိသလောက် ခဲဖွယ်ဘောဇဉ်တို့ဖြင့် လှူဒါန်း ပူဇော်ကြတယ်။ ကုသိုလ်ကံတွေကို ထူထောင်လိုက်တယ်။ ဒီကံသည် တစ်ချိန် တော့ အကျိုးပေးချင်ပေးမယ်။ သံသရာခရီးဆိုတာ ထင်ရှားရှိခဲ့လျှင်ပေါ့၊ ဒီကံသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? သမုဒယသစ္စာ ဖြစ်တယ်။ ဒါလေးကိုတော့ မှတ်ထားပါ။
တိတ္ထာယတနသုတ္တန်ကောက်နုတ်ချက်
အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ တိတ္ထာယတနသုတ္တန်ဆိုတဲ့ သုတ္တန် တစ်ခု လာရှိပါတယ်။ ထိုတိတ္ထာယတနသုတ္တန်မှာ ဘုရားရှင်က သမုဒယ သစ္စာကို ဒီလိုလည်း ဟောကြားထားတော်မူပါတယ်။
ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ?
အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ။ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)
ရဟန်းတို့ ... ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူသည် အဘယ်နည်း? အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။ သင်္ခါရဖြစ်ခြင်း ကြောင့် ဝိညာဏ်ဖြစ်၏၊ ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏၊ နာမ်ရုပ် ဖြစ်ခြင်းကြောင့် သဠာယတနဖြစ်၏၊ သဠာယတနဖြစ်ခြင်းကြောင့် ဖဿဖြစ်၏၊ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်၏၊ တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်၏၊ ဥပါဒါန်ဖြစ်ခြင်းကြောင့် ဘဝ = ကမ္မဘဝ+ဥပပတ္တိဘဝဖြစ်၏၊ ဘဝ (= ကမ္မဘဝ)ဖြစ်ခြင်းကြောင့် ဇာတိဖြစ်၏၊ ဇာတိဖြစ်ခြင်းကြောင့် ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့သည် ဖြစ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောသည် ဖြစ်ပေါ်လာ၏။ ရဟန်းတို့ ... ဤသည်ကို ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်၏။
ယခုပြောခဲ့တဲ့ တိတ္ထာယတနသုတ္တန်နည်းအရ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားသည်လည်း သမုဒယသစ္စာ မည်တယ်လို့ မှတ်ပါ။ သို့သော် အဋ္ဌကထာကြီးများက ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အကြောင်းတရား တစ်စု အကျိုးတရားတစ်စု၊ ဒီလို နှစ်စုနှစ်ပုံပြုကာ အကျဉ်းချုပ်ပြီးတော့ ဒီလိုလည်း ဖော်ပြကြပါတယ်။
အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)
၁။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အတိတ်အကြောင်းတရား ငါးပါးကြောင့် -
၂။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးတရား ငါးပါး ထင်ရှားဖြစ်ပေါ်လာ၏။
၃။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်,သင်္ခါရ, ကံဟူသော ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် -
၄။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အနာဂတ် အကျိုးတရားငါးပါး ထင်ရှားဖြစ်ပေါ်လာ၏။
ဒီလို အကျဉ်းချုပ်အားဖြင့် ရှင်းလင်းတင်ပြထားကြပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော် (ပဋိသံ-၅၀။)ကို ကိုးကား၍ တင်ပြတော်မူခြင်း ဖြစ်ပါတယ်။ ဒီ ရှင်းလင်းချက်နှင့်အညီ -
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသော အကြောင်းတရား ငါးပါးသည် သမုဒယသစ္စာမည်တယ်လို့ ဒီလို လိုရင်းကို မှတ်သားထားပါ။
အတိတ်အကြောင်းတရား ငါးပါးက အတိတ်ဘဝက ထူထောင်ခဲ့တဲ့ ပစ္စုပ္ပန် ဒုက္ခသစ္စာတရားစုရဲ့ အကြောင်းရင်း သမုဒယသစ္စာတရားများ ဖြစ်ကြပါတယ်။
ပစ္စုပ္ပန် အကြောင်းတရားငါးပါးက နောက်အနာဂတ်အတွက် မျှော်လင့် ကာ ထူထောင်ထားတဲ့ အနာဂတ် ဒုက္ခသစ္စာတရားစု၏ အကြောင်းရင်း သမုဒယသစ္စာတရားများ ဖြစ်ကြပါတယ်။ အတိတ် အဆက်ဆက် အနာဂတ် အဆက်ဆက်တို့၌ နည်းတူသဘောပေါက်ပါ။
ပေါင်းလိုက်တော့ - ဒုက္ခသစ္စာနှင့် သမုဒယသစ္စာအကြောင်းတော့ ဘုန်းကြီး ရှင်းပြီးပြီ။ ဒါပေမဲ့ ဒီသမုဒယသစ္စာသည် ဘယ်တုန်းက ဖြစ်ခဲ့သလဲလို့ ပြန်ပြီး ဆန်းစစ်လိုက်တဲ့အခါ - ဒီနေ့ ထူထောင်တဲ့ကံက နောင်အနာဂတ် ဆိုတာ ထင်ရှားရှိခဲ့လျှင် ဒါက တစ်ချိန်ချိန်မှာ ခန္ဓာငါးပါးကို ဖြစ်စေမယ်၊ ဒုက္ခသစ္စာကို ဖြစ်စေနိုင်တယ်။ သမုဒယသစ္စာတော့ မှန်တယ်။ သို့သော် လက်ရှိ ခန္ဓာငါးပါးရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာက ဘယ်တုန်းက လဲလို့ ပြန်ပြီး ဆန်းစစ်လိုက်တဲ့အခါ - လွန်ခဲ့သော အတိတ်ဘဝက ဖြစ်စေ သို့မဟုတ် အတိတ်သံသရာဘဝတစ်ခုခုကပဲ ဖြစ်စေ မိမိတို့က သံသရာဝဋ်ကို ရည်ရွယ်တောင့်တပြီးတော့ ကံတွေကို ထူထောင်ခဲ့ကြတယ်။ အထူးသဖြင့် လူသားခန္ဓာငါးပါးကို ဖြစ်ပေါ်စေတတ်တဲ့ ကံကတော့ ကုသိုလ်ကံ ဖြစ်ပါတယ်။ လူဟု အသိမှားမှု အဝိဇ္ဇာ, လူ့ဘဝကို တွယ်တာမှု တဏှာ, လူ့ဘဝကို စိတ်ကပ်စွဲမှု ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ်ကို အမှီပြုပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ်သင်္ခါရကံဆိုတဲ့ ကမ္မဝဋ်တရား ဖြစ်ပါတယ်။
အတိတ်က ထူထောင်ခဲ့တဲ့ ဒီကုသိုလ်ကံသည် သစ္စာဒေသနာတော်နည်း အရ သမုဒယသစ္စာ ဖြစ်တယ်။ ထိုသမုဒယသစ္စာခေါ်တဲ့ ကံတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာကို မြင်အောင် ရှုရမယ်။ မသိခဲ့ဘူး မမြင်ခဲ့ဘူး ဆိုလို့ရှိလျှင် နိဗ္ဗာန်ရမလား? မရနိုင်ဘူး။
---ကာမတဏှာ
ဘုန်းကြီး သမုဒယသစ္စာအကြောင်း ရှင်းခဲ့ပါတယ်။ သမုဒယသစ္စာအပိုင်း မပြီးသေးပါဘူး။ တတြတတြာဘိနန္ဒိနီ = ထိုထိုဘုံဘဝ ထိုထိုအာရုံတွေ၌ တွယ်တာမက်မောနေတဲ့ တဏှာတရားကို သမုဒယသစ္စာ ခေါ်တယ်ဆိုပြီး ရှင်းထားတယ်။ အဲဒီအပိုင်းမှာ ထိုထိုဘဝ ထိုထိုအာရုံတွေအပေါ်မှာ တွယ်တာ မက်မောနေတဲ့ တဏှာက ဘယ်နှစ်မျိုးလဲဆိုတာနှင့် ပတ်သက်လို့ မြတ်စွာ ဘုရားက ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဆိုပြီးတော့ တဏှာသုံးမျိုး ဟောထားပါတယ်။
ကာမတဏှာ ဆိုတာကတော့ အာရုံခြောက်ပါး ရှိတဲ့အနက်က အာရုံ ခြောက်ပါးလုံး အပေါ်မှာပဲဖြစ်စေ သို့မဟုတ် အာရုံတစ်မျိုးမျိုး အပေါ်မှာပဲ ဖြစ်စေ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိခေါ်တဲ့ ဒီဒိဋ္ဌိတွေနှင့် ယှဉ်တွဲမှုမရှိဘဲ ရိုးရိုး တွယ်တာမက်မောနေတဲ့ တဏှာတရားကို ကာမတဏှာလို့ ခေါ်ပါတယ်။
---အာရုံ (၆) ပါး
အဲဒီတော့ အာရုံခြောက်ပါးဆိုတာ ဘာတွေလဲ? ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဆိုပြီးတော့ အာရုံခြောက်မျိုး ရှိတယ်။ ရူပါရုံ ဆိုတာက အရောင်အဆင်းကို ခေါ်တယ်။ ဘာဖြစ်လို့ ဒီအရောင်အဆင်း အစရှိတဲ့ အာရုံခြောက်ပါးကို အာရုံလို့ခေါ်သလဲလို့ မေးရင်တော့ သတ္တဝါတွေ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်တို့ရဲ့ မွေ့လျော်ရာဌာန ဖြစ်ခြင်း ကြောင့် ယင်းတရားတို့ကို အာရုံလို့ ခေါ်တယ်။ သတ္တဝါတွေရဲ့ စိတ်တွေက အရောင်အပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိတယ်။ အသံအပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိတယ်။ အနံ့အပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိတယ်။ အရသာအမျိုးမျိုး အပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိတယ်။ အတွေ့ ဖောဋ္ဌဗ္ဗာရုံ ဓာတ်အမျိုးမျိုး အပေါ်မှာလည်း မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိတယ်။ ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ အာရုံ တွေ အပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိကြပါတယ်။ ဒါကြောင့် ဒီအာရုံခြောက်ပါးကို စိတ်စေတသိက်တို့ရဲ့ မွေ့လျော်ရာဌာန, မွေ့လျော်ဖွယ်ရာတွေ ဖြစ်ခြင်းကြောင့် အာရမ္မဏ = အာရုံလို့ ခေါ်ပါတယ်။
အဲဒီတော့ ရူပါရုံဆိုတာက အရောင်အဆင်း၊ သဒ္ဒါရုံဆိုတာက အသံ၊ ဂန္ဓာရုံဆိုတာက အနံ့၊ ရသာရုံဆိုတာက အရသာအမျိုးမျိုး၊ ဖောဋ္ဌဗ္ဗာရုံ ဆိုတာကတော့ အတွေ့အထိ။ ခန္ဓာကိုယ်မှာ အာရုံနည်းနည်း စိုက်ကြည့် လိုက်ပေါ့။ လက်ကလေး တစ်ချောင်းနှင့်တစ်ချောင်း ထိကြည့်ပါ။ ထိလိုက်လို့ ရှိလျှင် မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ဆိုတဲ့ ပထဝီဓာတ်ကိုသော်လည်း တွေ့နိုင်တယ်။ ပူ, အေးဆိုတဲ့ တေဇောဓာတ်ကိုသော်လည်း တွေ့နိုင်ပါတယ်။ ထောက်ကန်, တွန်းကန်ဆိုတဲ့ ဝါယောဓာတ်ကိုသော်လည်း တွေ့နိုင်ပါတယ်။ တွေ့ထိလို့ ရကောင်းတဲ့အာရုံက ဒီဓာတ်သုံးပါးပဲ ရှိပါတယ်။ ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဓာတ်သုံးပါးပဲ။ သတ္တဝါတွေဟာ ဒီ ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဒီ ဓာတ်သုံးပါးတို့ရဲ့ တွေ့ထိမှု အာရုံအပေါ်မှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့သဘော ရှိပါတယ်။ ဒါကြောင့်လည်း ဒီဖောဋ္ဌဗ္ဗဓာတ်သုံးခုကို ဖောဋ္ဌဗ္ဗာရုံဆိုပြီး သတ်မှတ်ထား တယ်။
ဓမ္မာရုံ (၆) မျိုး
ဓမ္မာရုံကျတော့ အရာနည်းနည်းလေး ကျယ်ပါတယ်။ စာပေနယ်သုံး ဝေါဟာရအရ ပြောမယ်ဆိုလျှင် ဓမ္မာရုံက ခြောက်မျိုးရှိတယ်။
နံပါတ်တစ် - ပသာဒရူပ (= အကြည်ရုပ်) ငါးခု ရှိတယ်။ မျက်စိအကြည်, နားအကြည်, နှာအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုပြီး အကြည်ရုပ် ငါးခု ရှိတယ်။ သတ္တဝါတွေဟာ ဒီအကြည်ရုပ်ငါးခုအပေါ်မှာလည်း တွယ်တာ မက်မော နှစ်ခြိုက်တဲ့သဘော ရှိကြပါတယ်။ သမ္မုတိသစ္စာနယ်သုံး ဝေါဟာရ အရ ပြောမယ်ဆိုလျှင်တော့ မိမိမျက်လုံးကို နှစ်ခြိုက်တယ်, နားကို နှစ်ခြိုက် တယ်, နှာခေါင်းကို နှစ်ခြိုက်တယ်, လျှာကို နှစ်ခြိုက်တယ်, ကိုယ်ကို နှစ်ခြိုက် တယ် စသည်ဖြင့် ဒီအကြည်ရုပ်တွေ အပေါ်မှာလည်း နှစ်ခြိုက်တဲ့သဘော ရှိတယ်။
သုခုမရုပ် ဆိုတာကတော့ သိမ်မွေ့နူးညံ့နေတဲ့ ရုပ် (၁၆)မျိုး ရှိပါတယ်။ အဲဒီ သုခုမရုပ် (၁၆)မျိုးထဲမှာ ဘာတွေပါနေသလဲလို့မေးလျှင် --- ခုနက ပြောခဲ့တဲ့ အာရုံရုပ်က အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဆိုပြီး (၅)မျိုးရှိတယ်၊ အတွေ့အထိ ဖောဋ္ဌဗ္ဗဓာတ်က (၃)ခုဆိုတော့ အာရုံရုပ်က (၇)ခု၊ အကြည်ရုပ် က ငါးခု၊ အဲဒီရုပ် (၁၂)ခုကတော့ ဩဠာရိက = ကြမ်းတမ်း တဲ့ရုပ်ဆိုပြီး သတ်မှတ်တယ်။ ဘယ်လို ကြမ်းတမ်းသလဲလို့မေးလျှင် ရှုတဲ့ ယောဂီတွေရဲ့ ဉာဏ်ထဲမှာ ထင်လွယ်မြင်လွယ်တယ်။ ကျန်နေသော (၁၆)မျိုး သော ရုပ်တွေ ကျတော့ သိမ်မွေ့နူးညံ့တဲ့သဘော ရှိတယ်။ သိမ်မွေ့နူးညံ့တဲ့ သဘောရှိခြင်းကြောင့် အဲဒီ ရုပ်တွေကိုကျတော့ သိဖို့ နည်းနည်းခက်တယ်။ ဘာတွေပါသလဲလို့ မေးလျှင်တော့ ---
နံပါတ်တစ်က အာပေါဓာတ်ပဲ။ ဒီအာပေါဓာတ်ဟာလည်း ဓာတ်ကြီး (၄)ပါးထဲမှာ အရှုရခက်တဲ့ ဓာတ်တစ်ခု ဖြစ်ပါတယ်။ ကျန်ဓာတ်သုံးပါးကို မရှုတတ်သေးလျှင် ဒီအာပေါဓာတ်ကို ရှုရဖို့က နည်းနည်းခက်ပါတယ်။
နံပါတ်နှစ်ကတော့ ဩဇာပေါ့၊ အဆီအစေး = ဩဇာဓာတ်ကလေးပဲ။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ အဆီအစေး ဩဇာဓာတ် ဆိုတာက ရှုတဲ့ယောဂီပုဂ္ဂိုလ်အနေနှင့် ရှုလို့ ရရှိဖို့ရန် တော်တော်လေးခက်ခဲတဲ့ သဘာဝတစ်ခု ဖြစ်တယ်။
အလားတူပဲ နောက်ထပ် ခက်ခဲတဲ့ သဘာဝတစ်ခုကတော့ ဇီဝိတရုပ် ဖြစ်ပါတယ်။ ကမ္မဇကလာပ်တိုင်းမှာ ဇီဝိတခေါ်တဲ့ အသက်ရှင်နေတဲ့ သဘာဝ ဓာတ်တစ်ခု ပါတယ်။ ဒီရုပ်ကလည်း ရှုတဲ့ ယောဂီတွေမှာ တော်တော်လေး ခက်ခဲတဲ့ သဘာဝရှိပါတယ်။
နောက်တစ်ခုကတော့ ဘာဝရုပ်၊ အမျိုးသမီးလို့ သိလောက်တဲ့ အမှတ် အသားရုပ်၊ အမျိုးသားလို့သိလောက်တဲ့ အမှတ်အသားရုပ်ကလေးတွေပဲ။ အဲဒီ ရုပ်တွေကလည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး - ဆိုတဲ့ ဒွါရ ခြောက်ပါးလုံး တစ်ကိုယ်လုံးမှာ အနှံ့အပြား ရှိပါတယ်။ လူတစ်ယောက်ကို ကြည့်လိုက်လျှင် ဒါက အမျိုးသမီးပဲ၊ ဒါက အမျိုးသားပဲလို့ လွယ်လွယ်ကူကူ သိလောက်အောင် ခွဲခြားပေးနေတာက ဒီဘာဝရုပ် ဖြစ်ပါတယ်။
ဘာဝရုပ်က တစ်ကိုယ်လုံး အနှံ့အပြားရှိတဲ့ ရုပ်သဘာဝတစ်ခုပဲ။ ဒါပေမဲ့ ဒီဘာဝရုပ်ကို စနစ်တကျ သိဖို့ဆိုတာက ရုပ်ကလာပ်ကလေးတွေကို မြင်လို့ ရုပ်ကလာပ် ဓာတ်ခွဲနိုင်မှ သိနိုင်တဲ့သဘာဝ ဖြစ်တယ်။ ဒါက သိမ်မွေ့နူးညံ့ တယ်။ အဲဒီတော့ အမျိုးသားတွေမှာ အမျိုးသားဘာဝရုပ်၊ အမျိုးသမီးတွေမှာ အမျိုးသမီးဘာဝရုပ်ဆိုပြီး တစ်ကိုယ်လုံးမှာ အနှံ့အပြား ရှိပါတယ်။
အဲဒီ ရုပ်ကလာပ်ရှုတဲ့ ယောဂီတွေရဲ့ ဉာဏ်ထဲမှာ အလွန်သိမ်မွေ့တယ်။ ခက်ခဲတဲ့အတွက် သူ့ကိုလည်း သုခုမရုပ်ဆိုပြီး သတ်မှတ်ထားတယ်။
အလားတူပဲ မနောဓာတ်, မနောဝိညာဏဓာတ်လို့ ခေါ်ဆိုအပ်တဲ့ အသိစိတ် စေတသိက်တို့ရဲ့ မှီတွယ်ပြီးဖြစ်ပေါ်ရာ ရုပ်ကလေးတွေရှိတယ်။ ဟဒယဝတ္ထုရုပ်လို့ ခေါ်ပါတယ်။ နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ သွေးကို မှီတွယ်ပြီးတော့ ဟဒယဝတ္ထုရုပ်တွေက ဖြစ်ပေါ်နေကြတယ်။ သမ္မုတိသစ္စာ နယ်အရ သာလျှင် သွေးဆိုပြီး ပြောတာပါ၊ ဒီသွေးကို ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ် အရ စနစ်တကျ ဓာတ်လေးပါး စိုက်ရှုနိုင်ခဲ့မယ်ဆိုလျှင် သွေးဆိုတာ မရှိဘူး။ ရုပ်ကလာပ် အမှုန်ကလေးတွေသာ ရှိပါတယ်။
ဒီ ရုပ်ကလာပ်အမှုန်တွေကို ဓာတ်ခွဲမယ်ဆိုလျှင်တော့ အဲဒီ ရုပ်ကလာပ် တွေထဲမှာ ဟဒယဝတ္ထုရုပ်ပါဝင်နေတဲ့ မကြည်တဲ့ ရုပ်ကလာပ်တစ်မျိုး ရှိပါ တယ်။ အဲဒီ ရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်လျှင် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, ဇီဝိတ, ဟဒယ- ဆိုပြီးတော့ သဘောတရား ဆယ်ခု ရှိနေပါတယ်။
အဲဒီ ဟဒယရုပ်ကလေးကို မှီတွယ်ပြီးတော့ မနောဓာတ်, မနောဝိညာဏဓာတ်ခေါ်တဲ့ စိတ်စေတသိက်တွေက ဖြစ်ပေါ်ကြရတယ်။ ဒီ ဟဒယ ရုပ်ကလည်း ရှုဖို့ရာအတွက် ယောဂီတွေရဲ့ ဉာဏ်ထဲမှာ နည်းနည်းခက်ခဲတဲ့ ရုပ်တစ်ခု ဖြစ်တဲ့အတွက် သူလည်း သုခုမရုပ် ဖြစ်ပါတယ်။
ခုနက ဩဠာရိကရုပ်က (၁၂)ခု၊ အခုပြောလိုက်တဲ့ရုပ်က အာပေါဓာတ် ရယ်, ဩဇာရယ်, ဇီဝိတရယ်, ဘာဝရုပ်နှစ်မျိုးရယ်, ဟဒယရုပ်ရယ်၊ ပေါင်း လိုက်တော့ (၆)ခုပေါ့။ အားလုံးပေါင်းလိုက်တော့ (၁၈)ခု၊ အဲဒီ ရုပ် (၁၈)ခုက ရုပ်အစစ်တွေပဲ။ ဒါက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်တဲ့ ရုပ်တရားတွေ ဖြစ်ပါတယ်။
ကျန်နေတဲ့ ရုပ်ဆယ်မျိုးကတော့ ရုပ်အတုတွေ ဖြစ်တယ်။ ရုပ်အတု ဆိုတာက ရုပ်အစစ်ကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ သဘာဝကလေးတွေသာ ဖြစ်တယ်။ ဥပမာ --- လက်ချောင်းကလေး နှစ်ချောင်း ထောင်ကြည့်ပါ။ တစ်ချောင်းနှင့် တစ်ချောင်းကြားမှာ အကြားလို့ခေါ်တဲ့ အာကာသဓာတ် တွေ့နိုင်တယ်။ အဲဒါ လက်ချောင်း နှစ်ချောင်းကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ သဘာဝတစ်ခုပဲ။
အလားတူပဲ ပြူတင်းပေါက်တစ်ခုကို ကြည့်လိုက်လျှင် အပေါက်ဆိုတာ တွေ့တယ်။ တံခါးပေါင်တွေ စနစ်တကျ ခွေလိုက်တဲ့အခါမှာ အပေါက်တစ်ခု ပေါ်လာတာပဲ။ ရုပ်အစစ်တွေကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ အကြားအပေါက် သဘာဝတစ်ခုပဲ။ အလားတူပဲ ဘုန်းကြီးတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ ကလာပ်အမှုန်ကလေးတွေ ရှိပါတယ်။ ကလာပ်တစ်ခုနှင့် တစ်ခု မရောယှက် အောင် ခွဲခြမ်း စိတ်ဖြာပေးနေတဲ့ သဘာဝတစ်ခုပဲ။ အာကာသဓာတ်ဖြစ် တယ်။
စိတ်, ဥတု, အာဟာရကြောင့်ဖြစ်တဲ့ ရုပ်အစစ်တို့ရဲ့ ပေါ့ပါးနေတဲ့သဘော = လဟုတာ၊ နူးညံ့တဲ့သဘော = မုဒုတာ၊ ကွေးခြင်းဆန့်ခြင်းစတဲ့ ထိုထို အမူအရာတွေမှာ လျော်ညီစွာ ပြုလုပ်ပေးနိုင်တဲ့သဘော = ကမ္မညတာလို့ ခေါ်ဆိုအပ်တဲ့ ရုပ်၊ ကွေးလိုက်တဲ့ ကိုယ်အမူအရာ, ပြောနေတဲ့ နှုတ်အမူအရာ၊ အမူအရာရုပ် နှစ်ခု၊ ရုပ်အစစ်တို့ရဲ့ ဖြစ်မှု, တည်မှု, ပျက်မှုဆိုတဲ့ ဥပစယ+ သန္တတိ, ဇရတာ, အနိစ္စတာလို့ ခေါ်ဆိုတဲ့ လက္ခဏရုပ်တွေပဲ။
ဖြစ်မှုကို မြတ်စွာဘုရားက နှစ်ခုခွဲ ဟောထားတယ်။ အထူးသဖြင့် လူသား တွေအတွက် သို့မဟုတ် အမိဝမ်းထဲမှာ ပဋိသန္ဓေတည်နေတဲ့ သတ္တဝါတွေအတွက် ကလလရေကြည် တည်စအခိုက်ကနေ ခြေလက်အင်္ဂါတွေ စုံညီတဲ့ ဣန္ဒြေပြည့်စုံတဲ့ အဆင့်အထိ ဖြစ်မှုကိုတော့ ဥပစယ၊ နောက်ပိုင်း ဘဝတစ်လျှောက် ရုပ်အစစ်တို့ရဲ့ ဆက်လက်ပြီး ဖြစ်မှုကိုတော့ သန္တတိဆိုပြီး ဒီလို နှစ်မျိုးခွဲဟောထားပါတယ်။
ပေါင်းလိုက်တော့ - ရုပ်အတုက (၁၀)ခု။ ရုပ်အစစ် က (၁၈)ခု၊ နှစ်ခု ပေါင်းလိုက်တော့ အာရုံရုပ်, ပသာဒ (= အကြည်)ရုပ်, သုခုမရုပ် ဆိုပြီးတော့ ဒီလို သုံးမျိုးခွဲထားတယ်။ အဆင်း, အသံ, အနံ့, အရသာနဲ့ အတွေ့အထိရုပ်က (၃)ခုဆိုပြီး အာရုံရုပ်က (၇)ခု၊ အကြည်ရုပ်က (၅)ခု၊ သုခုမရုပ်ခေါ်တဲ့ သိမ်မွေ့ နူးညံ့နေတဲ့ရုပ်က (၁၆)ခု၊ ပေါင်းလိုက်တော့ ရုပ် (၂၈)ပါး ဖြစ်ပါတယ်။
နောက်တစ်ခုက စိတ်စေတသိက်တွေ ဖြစ်ကြပါတယ်။ စိတ်တွေကို အကျဉ်းချုပ်အနေနှင့် ပြောလျှင်တော့ ---
မျက်စိအကြည်ဓာတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်တဲ့ ရူပါရုံကို သိတဲ့စိတ် = စက္ခုဝိညာဏ်စိတ် = အရောင်ကို သိတဲ့စိတ်၊
နားအကြည်ဓာတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်တဲ့ အသံကို သိတဲ့စိတ် = သောတဝိညာဏ်စိတ်၊
နှာအကြည်ဓာတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်သွားတဲ့ အနံ့ကို သိတဲ့စိတ် = ဃာနဝိညာဏ်စိတ်၊
လျှာအကြည်ဓာတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်သွားတဲ့စိတ် = ဇိဝှါဝိညာဏ်စိတ် = အရသာကိုသိတဲ့စိတ်၊
ကာယအကြည်ဓာတ်ကို မှီတွယ်ပြီး ဖြစ်ပေါ်သွားတဲ့ ထိမှုကို သိတဲ့ ကာယဝိညာဏ်စိတ်၊
ဆိုပြီးတော့ ပဉ္စဝိညာဏ်စိတ်က ငါးခု၊ မနောဓာတ်, မနောဝိညာဏ ဓာတ်ခေါ်တဲ့ အာရုံအမျိုးမျိုးကို အကုန်လုံး ထွင်းဖောက်သိနေတဲ့, နှလုံးအိမ် အတွင်းမှာ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်တဲ့ မနောဝိညာဏ်စိတ်၊ ပေါင်းလိုက်တော့ ဝိညာဏဓာတ် (၆)ပါး။ ဒါတွေကို စိတ်လို့ ခေါ်ပါတယ်။ အဲဒါတွေလည်း ဓမ္မာရုံပဲ။
ကြွင်းကျန်နေသေးတဲ့ စိတ်နှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စေတသိက် (၅၂)လုံး ရှိပါတယ်။ (မှတ်ချက်- နိဒါနကထာမှာ ကြည့်ပါ။) အဲဒါတွေလည်း ဓမ္မာရုံပဲ။ ဒီတော့ ဒီဓမ္မာရုံထဲမှာ မနောဝိညာဏဓာတ် အမည်ရနေတဲ့ စိတ် စေတသိက်တွေက တော်တော်လေး ကျယ်ပြန့်တဲ့သဘော ရှိပါတယ်။ ကုသိုလ် စိတ်တွေလည်း ရှိတယ်၊ အကုသိုလ် စိတ်တွေလည်း ရှိတယ်၊ ဝိပါက်စိတ် တွေလည်း ရှိတယ်၊ ကြိယာစိတ်တွေလည်း ရှိတယ်။
ကုသိုလ်စိတ်တွေထဲမှာ စျာန်ကုသိုလ်စိတ်တွေလည်း ရှိတယ်။ ကြိယာ စိတ်တွေထဲမှာတော့ ရဟန္တာအရှင်မြတ်တို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ စျာန်စိတ်တွေလည်း ပါကြတယ်။ ကြွင်းကျန်နေသေးတဲ့ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်းစတဲ့ ကြိယာစိတ်တွေ, ဝိပဿနာစိတ်ကဲ့သို့သော ကြိယာစိတ် တွေလည်း ပါကြပါတယ်။ ဒီတော့ ဒီစိတ်တွေနှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စေတသိက်က (၅၂)လုံး ရှိပါတယ်။ အဲဒီ (၅၂)လုံးဟာလည်း ဓမ္မာရုံပဲ။ ဒီတော့ စျာန်နာမ်တရားတွေဟာလည်း ဓမ္မာရုံစာရင်းထဲမှာ ဝင်ပါတယ်။
နောက်တစ်ခုကတော့ ပညတ်၊ အခု ဒါယကာကြီးတွေ ဝင်လေ ထွက်လေကို ရှုကြတယ်။ ပကတိဝင်လေထွက်လေကိုလည်း အတုံးလိုက်အခဲလိုက် မြင်နေဆဲဖြစ်လို့ ကလာပ်အမှုန်ကို မမြင်သေးဘူး၊ ပရမတ္ထဓာတ်သား မမြင် သေးလျှင်တော့ ပညတ်အတုံးအခဲလို့ ခေါ်ပါတယ်။ ဒီပညတ်အတုံးအခဲ ဝင်လေထွက်လေကို အာရုံယူပြီး သမာဓိထူထောင်လိုက်လို့ အဆင့်စံချိန်မီ လာခဲ့လျှင်တော့ နိမိတ်တွေ ပေါ်လာတယ်။ ဝင်လေထွက်လေမှာ အရောင် က အမျိုးမျိုးတော့ ရှိတတ်သော်လည်း ယေဘုယျအားဖြင့် ယောဂီအများစု မှာတော့ အဖြူရောင် နိမိတ် စပေါ်တတ်ပါတယ်။ အဲဒါတွေကိုတော့ ပညတ်လို့ ခေါ်ပါတယ်။
အလားတူပဲ ကသိုဏ်းတွေကို ပွားများအားထုတ်တဲ့ ပုဂ္ဂိုလ်က ကသိုဏ်း ပဋိဘာဂနိမိတ် အစရှိတဲ့ နိမိတ်တွေကို အာရုံယူပြီး သမာဓိထူထောင်ရတော့ ဒီကသိုဏ်းပညတ်တွေကိုလည်း ပညတ်လို့ ခေါ်တယ်။ အဲဒီ ပညတ်အမျိုးမျိုး တွေဟာလည်း ဓမ္မာရုံစာရင်းထဲမှာ ပါဝင်ပါတယ်။
နောက်တစ်ခုကတော့ နိဗ္ဗာန် ဖြစ်ပါတယ်။
ပေါင်းလိုက်တော့ ဓမ္မာရုံ အမည်ရှိနေတဲ့ တရားတွေက ---
နံပါတ်တစ် - ပသာဒရုပ် (၅)ပါး,
နံပါတ်နှစ် - သုခုမရုပ် (၁၆)ပါး,
နံပါတ်သုံး - စိတ်အားလုံး,
နံပါတ်လေး - စေတသိက်အားလုံး,
နံပါတ်ငါး - ပညတ်အမျိုးမျိုး,
နံပါတ်ခြောက် - နိဗ္ဗာန် --- ဆိုပြီးတော့ ဓမ္မာရုံအမည်ရတဲ့တရား ဘယ်နှစ်ခုရှိသလဲ? ခြောက်ခုရှိတယ်။
အဲဒီ ခြောက်မျိုးထဲမှာ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ တရား တွေက စိတ်ရယ်, စေတသိက်ရယ်, ရုပ်ရယ်။ တစ်နည်းပြောလျှင်တော့ ပသာဒ ရုပ်, သုခုမရုပ်, စိတ်, စေတသိက် ဖြစ်ပါတယ်။ ပညတ်တွေကတော့ ဝိပဿနာ ဉာဏ်ရဲ့ အရှုခံအာရုံ မဟုတ်ဘူး။ နိဗ္ဗာန်ကလည်း ဝိပဿနာဉာဏ်ရဲ့ အရှုခံ အာရုံ မဟုတ်ဘူး။ ဒီနေရာမှာ ပြောချင်တာကတော့ ပေါင်းလိုက်လျှင် အာရုံ ခြောက်ပါး။ အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, ဓမ္မသဘော- ဆိုပြီးတော့ အာရုံခြောက်ပါး။ အာရုံခြောက်ပါးအပေါ်မှာ သတ္တဝါတွေက တွယ်တာ မက်မောကြတယ်။ အဲဒီလို တွယ်တာ မက်မောတဲ့ အပိုင်းမှာ သဿတဒိဋ္ဌိခေါ်တဲ့ အတ္တက မြဲပါတယ်ဆိုတဲ့ အယူဝါဒနှင့် ယှဉ်တွဲမှု မရှိဘူး၊ ဥစ္ဆေဒဒိဋ္ဌိလို့ခေါ်တဲ့ အတ္တသေလျှင် ပြတ်တယ်လို့ စွဲလမ်းယုံကြည်နေတဲ့ မှား ယွင်းတဲ့ မိစ္ဆာဒိဋ္ဌိနှင့်လည်း မယှဉ်တွဲဘူး၊ အာရုံခြောက်ပါးကို ရိုးရိုးတွယ်တာ မက်မောတဲ့ သဘာဝကို ကာမတဏှာလို့ ခေါ်ပါတယ်။
---ဘဝတဏှာ
ဒီ အာရုံခြောက်ပါးကိုပဲ - တစ်ခါတစ်ရံ အာရုံတစ်ပါးကိုပဲ ဖြစ်စေ သို့မဟုတ် အာရုံအများစုကိုပဲ ဖြစ်စေ အာရုံခြောက်ပါးလုံးကိုပဲ ဖြစ်စေ အတ္တလို့ တချို့ စွဲလမ်းယုံကြည်တယ်။
အတ္တဝါဒီသမားတွေက ဒီအာရုံတွေကို အတ္တလို့ စွဲလမ်းယုံကြည်တယ်၊ စွဲလမ်းယုံကြည်ရုံတွင် မကဘူး၊ အတ္တသည် ဘဝတစ်ခုပြီးတစ်ခု အမြဲတန်း ပြောင်းရွှေ့နေတယ်၊ ပြုလုပ်ဖွယ်မှန်သမျှကို အတ္တက ပြုလုပ်တယ်။ ဥပမာ- ကွေးတာဟာ အတ္တက စေခိုင်းတဲ့အတိုင်း ကွေးတာ၊ ဆန့်တာက အတ္တက စေခိုင်းတဲ့အတိုင်း ဆန့်တာ၊ အာရုံတွေကို ခံစားနေတာက အတ္တက ခံစား နေတာ၊ ဟိုသွားပါ, ဒီသွားပါ, ဟိုဟာလုပ်ပါ, ဒီဟာလုပ်ပါ စသည်ဖြင့် စီမံ ခန့်ခွဲနေတာက အတ္တကနေ စီမံခန့်ခွဲနေတာပါ၊ ဒီအတ္တသည် ဒီခန္ဓာအိမ်မှာ အမြဲရှိတယ်၊ ဘဝတစ်ခုပြီးတစ်ခု ပြောင်းသော်လည်း ဒီအတ္တက မသေကျေ မပျက်စီးဘူး၊ အကျိတ်အခဲ အမြဲတည်နေတယ်၊ ခန္ဓာအိမ်မှာ အမြဲနေတယ်၊ ခန္ဓာအိမ်ကို ပိုင်ဆိုင်နေတဲ့ သဘာဝတစ်ခုဖြစ်တယ် စသည်ဖြင့် ဒီလို စွဲလမ်း ယုံကြည်ကြတယ်။
အာရုံခြောက်ပါးကိုပဲ အတ္တနှင့်ယှဉ်တွဲပြီး စွဲလမ်းယုံကြည်မှုကို သဿတဒိဋ္ဌိနှင့် ယှဉ်တွဲနေတဲ့ စွဲလမ်းယုံကြည်မှု တွယ်တာမှုလို့ ခေါ်ပါတယ်။ ဒီ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲပြီးတော့ အာရုံခြောက်ပါးအပေါ်မှာ တွယ်တာနေတဲ့ တဏှာကို ဘဝတဏှာလို့ ခေါ်ပါတယ်။
---ဝိဘဝတဏှာ
တချို့ကျတော့ ဒီအတ္တကိုတော့ လက်ခံတယ်။ ဒါပေမဲ့ ဒီအတ္တသည် သေလျှင်ပြတ်တယ်၊ အခုခေတ် လက်ဝဲသမားတွေရဲ့ စကားလုံးနှင့် ပြောလျှင် ပေါ့၊ ဘဝဆိုတာ ပုခက်နှင့်ခေါင်းအကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှ မရှိပါဘူးဆိုပြီး သူတို့ ဒီလို လက်ခံယုံကြည်ကြတယ်။ အဲဒီ ဒိဋ္ဌိကိုတော့ ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်ပါတယ်။
ဥစ္ဆေဒဒိဋ္ဌိသမားတွေကလည်း ဒီအာရုံခြောက်ပါးပေါ်မှာ တွယ်တာမှု မရှိဘူးလားလို့မေးလျှင် ရှိကြပါတယ်။ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲပြီး တွယ်တာ ခဲ့မယ်ဆိုလျှင်တော့ ဒီတဏှာကို ဝိဘဝတဏှာလို့ ခေါ်ပါတယ်။
ပေါင်းလိုက်တော့ တဏှာဘယ်နှစ်မျိုးလဲ? သုံးမျိုး။ ဒီတဏှာ သုံးမျိုးကို အကျယ်ချဲ့ပြီး ထပ်ပြောမယ် ဆိုလျှင်တော့ တဏှာတွေက (၁၀၈)ပါးအထိ ရှိပါတယ်။ ဒီနေရာမှာ ပြောချင်တာကတော့ ရိုးရိုး စျာန်နာမ်တရားတွေ အပေါ်မှာ တွယ်တာတာတွေလည်း ရှိတယ်။ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲပြီး တွယ်တာတာလည်းရှိတယ်။ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်တွဲပြီး တွယ်တာတာတွေလည်း ရှိကြပါတယ်။ စျာန်နာမ်တရားတွေတွင်လားဆိုလျှင် မကသေးဘူး၊ အာရုံ ခြောက်ပါးထဲမှာ စျာန်နာမ်တရားတွေ ပါဝင်နေတယ်ဆိုတာ သဘောပေါက် စေချင်လို့သာ ကွက်ပြောတာပါ။ အာရုံခြောက်ပါးလုံးအပေါ်မှာ ---
၁။ ရိုးရိုးတွယ်တာရင် ကာမတဏှာ၊
၂။ သဿတဒိဋ္ဌိနှင့် ယှဉ်တွဲပြီး တွယ်တာမယ်ဆိုလျှင် ဘဝတဏှာ၊
၃။ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲပြီး တွယ်တာမယ် ဆိုလျှင် ဝိဘဝတဏှာ၊
ဒီလို အသီးအသီး ခေါ်ဆိုပါတယ်။ တစ်နည်းတော့ ဒီ သမ္မုတိသစ္စာနယ် က ပြောမယ်ဆိုလျှင်တော့ ကာမဘုံကို တွယ်တာမှု, ရူပဘုံကို တွယ်တာမှု, အရူပဘုံကို တွယ်တာမှု, ဒီတွယ်တာမှုအားလုံး အကျုံးဝင်ကြတယ်။
ထိုထိုဘုံဘဝတွေ အပေါ်မှာ တွယ်တာနေတဲ့ တဏှာဆိုတဲ့ အပိုင်းမှာ ဘုံဘဝဆိုတာလည်း ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ အာရုံခြောက်ပါးထဲက အာရုံတစ်ပါးပါးလည်းကောင်း, အာရုံအများစုသော်လည်းကောင်း ဖြစ်ပါတယ်။ ဥပမာ - အသညသတ်ဘုံ ဆိုလို့ရှိလျှင်တော့ ရုပ်သက်သက်ရှိတယ်။ အရူပဘုံ ဆိုလျှင်တော့ နာမ်သက်သက်ရှိတယ်။ ကာမဘုံနှင့် ကျန်တဲ့ ရူပါဝစရဘုံတွေ မှာတော့ ရုပ်နာမ်နှစ်ခု ရောနှောလျက် ရှိပါတယ်။
ဒီရုပ်တွေနာမ်တွေဟာ တစ်နည်းအားဖြင့် ပြန်ကြည့်လိုက်တော့လည်း အာရုံခြောက်ပါးထဲမှာပဲ အကျုံးဝင်နေကြပါတယ်။ ဒီအာရုံခြောက်ပါးကို တွယ်တာမက်မောနေကြတာပဲ။ အဲဒီ တွယ်တာမက်မောနေတဲ့ ဒီတဏှာ အစိုဓာတ် အစေးဓာတ် ရှိနေသမျှ ကာလပတ်လုံး သံသရာဝဋ်ဆင်းရဲဒုက္ခက လွတ်မလား? မလွတ်ဘူး။ ဒါကြောင့် တဏှာကိုလည်း သမုဒယသစ္စာလို့ ဒီဓမ္မစကြာသုတ္တန်မှာ အခြေခံအားဖြင့် ဟောထားပါတယ်။
ပြည့်ပြည့်စုံစုံ ပြောကြစို့ဆိုလျှင်
သို့သော် ဘုန်းကြီး ဟိုတစ်နေ့က ရှင်းခဲ့တဲ့အတိုင်းပဲ ပြည့်ပြည့်စုံစုံ သမုဒယသစ္စာကို ပြောကြစို့ ဆိုလို့ရှိလျှင်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကို အခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှသည် ဘာသစ္စာလဲ? သမုဒယသစ္စာ ဖြစ်တယ်။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ စသည်ဖြင့် တစ်ဆယ့်တစ်မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးက ဒုက္ခသစ္စာ။ ဒီဒုက္ခသစ္စာနှင့် သမုဒယသစ္စာ နှစ်ပါး သည် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြပါတယ်။
ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်တော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတဲ့ ယောဂီသူတော်ကောင်းသည် ဒီတစ်ဆယ့်တစ်မျိုးသော အခြင်း အရာအားဖြင့်တည်နေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးလို့ ခေါ်ဆိုအပ်တဲ့ ဒုက္ခသစ္စာကို နံပါတ်တစ် - သိအောင်ကြိုးစားရတယ်။
နံပါတ်နှစ်အားဖြင့်တော့ ဒီဒုက္ခသစ္စာတရားသည် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကို အခြေခံထားတဲ့ ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံတွေကြောင့် ဖြစ်ပေါ်နေတယ်ဆိုတာကို မြင်အောင် ကြည့်ရတယ်။ ဒီလိုသိမှ ဒီလိုမြင်မှ သမုဒယသစ္စာကို သိတယ်လို့ ခေါ်ပါတယ်။ တစ်နည်းပြောလျှင်တော့ သမုဒယ သစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘော တရားကို ယောဂီပုဂ္ဂိုလ်က ဟုတ်တိုင်းမှန်စွာ သိရမယ်။
သိပြီးတဲ့ အချိန်ကျတော့မှ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရား နှစ်ပါးကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ရှုပွား သုံးသပ်တဲ့ အပိုင်းကိုသာလျှင် ဝိပဿနာလို့ ခေါ်ပါတယ်။
ဒီဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရားတွေကို သင်္ခါရတရားလို့ ခေါ်ပါတယ်။ ဘာကြောင့် သင်္ခါရတရားလို့ ခေါ်ရသလဲလို့ မေးလျှင်တော့ အကြောင်းတရားတွေက ပြုပြင်ပေးပါမှ ဖြစ်ပေါ်လာရတဲ့ သဘာဝတွေ ဖြစ်ခြင်းကြောင့် သူတို့ကို သင်္ခါရတရားလို့ ခေါ်တယ်။
---လောကူပမာ
ဥပမာ - ဒါယကာကြီးတွေက ငွေကြေးအပေါ်မှာ တွယ်တာမက်မော တယ် ဆိုကြစို့။ ငွေကြေးအပေါ်မှာ တွယ်တာ မက်မောမှုဆိုတာ အလို အလျောက် သက်သက် ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ အကြောင်းတိုက်ဆိုင် လို့သာလျှင် ဖြစ်ပေါ်လာကြတာ။ ဘယ်လို အကြောင်းတွေက တိုက်ဆိုင်နေ သလဲ မေးလျှင်တော့ ဒီငွေကြေးအပေါ်မှာ တွယ်တာနေတဲ့ တဏှာတရားက ဒါယကာကြီးတွေရဲ့ နှလုံးအိမ်အတွင်းမှာတည်ရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ် ပြီး ဖြစ်ပေါ်နေတဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။
အကယ်၍ ဒီဟဒယဝတ္ထုရုပ်သာ ဒါယကာကြီးတွေသန္တာန်မှာ မရှိခဲ့ဘူး ဆိုလျှင် ဒီတဏှာ မဖြစ်နိုင်ဘူး။ ငွေကြေးဆိုတဲ့ အာရုံဟာလည်း ထင်ရှား ရှိရမယ်။ ဝတ္ထုလို့ ခေါ်ဆိုအပ်တဲ့ မှီရာဝတ္ထုရုပ်ကလည်း ထင်ရှားရှိရမယ်။ မိမိကလည်း ငွေဆိုပြီးတော့ နှလုံးသွင်းမှားနေတဲ့ အယောနိသောမနသိကာရကလည်း ရှိရမယ်။
အယောနိသောမနသိကာရ = မှားယွင်းနေတဲ့ နှလုံးသွင်းမှုဆိုတာ ဘာကြောင့် ပြောရသလဲလို့ မေးတော့ ပရမတ္ထသစ္စာနယ်ကနေပြီး ဓာတ် ကမ္မဋ္ဌာန်း လမ်းစဉ်အရ ငွေလို့ ခေါ်ဆိုအပ်တဲ့ ဒီစက္ကူကို ဆိုကြစို့။ စက္ကူမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို စနစ်တကျ သိမ်းဆည်းတတ်မယ် ရှုပွားတတ် မယ်ဆိုလျှင် ဒီစက္ကူဆိုတာ မရှိဘူး။ ကလာပ်အမှုန်ကလေးတွေပဲ တွေ့တယ်။ ဒီရုပ်ကလာပ် အမှုန်ကလေးတွေကို ဓာတ်ခွဲလိုက်မယ် ဆိုလို့ရှိလျှင် တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ-ဆိုပြီး သဘောတရား ရှစ်ခုပဲ တွေ့တယ်။
အဲဒီ သဘောတရားကလေးတွေသည် ဖြစ်ပြီးတာနှင့် ချက်ချင်း ပျက်နေ တယ်။ ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက် ခံနေ ရတယ်။ ဒါက ငွေပဲလို့ ပြောပြလောက်အောင် အချိန်ကြာကြာ တည်တံ့မှု မရှိပါဘူး။ မရှိသော်လည်းပဲ ပရမတ္ထဉာဏ် ပညာမျက်စိမရှိတဲ့ ပုဂ္ဂိုလ်တွေ ဘက်က ငွေသည် တကယ် ထင်ရှားရှိတယ်လို့ လက်ခံယုံကြည်ထားတယ်။ လက်ခံယုံကြည်တဲ့အတိုင်း ငွေလို့ နှလုံးသွင်းနေတယ်။ ငွေလို့ ဒီလို နှလုံးသွင်း မှုကို နည်းမှန်လမ်းမှန် နှလုံးသွင်းမှုလို့ မြတ်စွာဘုရားက မဟောဘူး။ နည်းမှား လမ်းမှား နှလုံးသွင်းမှုလို့ ဟောထားပါတယ်။
နည်းမှားလမ်းမှား နှလုံးသွင်းမှုဆိုတာက အမှန်ကို မသိဘဲနှင့် အမှား အားဖြင့် နှလုံးသွင်းတယ်။ အမှားနှလုံးသွင်းမှုဆိုတဲ့ အယောနိသော မနသိကာရက အကုသိုလ်တရားတွေ ဖြစ်ဖို့ရန်အတွက် အနီးကပ်ဆုံး အကြောင်းပဲ။ အထူးသဖြင့် အခု တွယ်တာမက်မောနေတဲ့ တဏှာတရားဖြစ်ဖို့ရန် အနီးကပ် ဆုံးအကြောင်းပဲ။
နောက်တစ်ခုကတော့ တဏှာဖြစ်တဲ့အခါ တဏှာတစ်ခုတည်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိဘူး။ ပရမတ္ထတရားတို့ရဲ့ ဓမ္မတာအတိုင်း ယှဉ်ဖက် စိတ်စေတသိက်တွေနှင့်သာ အတူယှဉ်တွဲပြီးမှသာလျှင် ဖြစ်နိုင်တဲ့စွမ်းအား ရှိတယ်။
နည်းနည်း ထပ်ရှင်းမယ်။ တဏှာ ဖြစ်ပေါ်လာဖို့ရန် အသိစိတ်က ငွေ စက္ကူကဲ့သို့သော အာရုံကို ပိုင်းပိုင်းခြားခြားသိပါမှ, ဖဿကလည်း ဒီအာရုံနှင့် ဒီအသိစိတ်ကို ဆက်သွယ်ပေးပါမှ, ဝေဒနာကလည်း ဒီငွေစက္ကူအာရုံရဲ့ အရသာကို ခံစားမှုရှိမှ, သညာကလည်း ငွေလို့ မှတ်သားမှုရှိပါမှ, အဝိဇ္ဇာက လည်း ငွေလို့ အသိမှားနေပါမှ, ဒီလိုစတဲ့ ယှဉ်ဖက်တရားတွေက ကျေးဇူး ပြုပေးပါမှ ဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအား ရှိပါတယ်။ တဏှာတစ်ခုတည်း ဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအား မရှိပါဘူး။
ဆိုလိုတာက - ဒီတဏှာသည် အကြောင်းတရား မှန်သော်လည်း အကြောင်းဖြစ်တဲ့ ဒီတဏှာသည် ခုနက အာရုံထင်ရှားရှိခြင်း, မှီရာဝတ္ထုရုပ် ထင်ရှားရှိခြင်း, နှလုံးသွင်းမှားခြင်း, ယှဉ်ဖက်သမ္ပယုတ်တရားတွေက ကျေးဇူး ပြုပေးခြင်း အစရှိတဲ့ အကြောင်းတရားတွေနှင့် ယှဉ်တွဲမှသာလျှင် ပေါင်းစပ်မှ သာလျှင် ဖြစ်ပေါ်လာနိုင်တဲ့သဘော ရှိတယ်။ တဏှာသက်သက် အလို အလျောက် ဖြစ်ပေါ်လာတာမျိုး မဟုတ်ပါဘူး။
ဒါကြောင့် ဒီတဏှာဟာလည်း သင်္ခါရတရား ဖြစ်တယ်။ အကြောင်း တရားတွေ ပြုပြင်ပေးမှ ဖြစ်ပေါ်လာရတဲ့ တရားဖြစ်တယ်။ အထူးသဖြင့် ဒီတဏှာဟာ တဏှာတစ်လုံးတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ စိတ် စေတသိက်တို့မည်သည်မှာ စိတ်နှင့် စေတသိက် ယှဉ်တွဲပြီးတော့ အမြဲတမ်း ဖြစ်တဲ့ သဘာဝရှိတယ်။ ဒီတဏှာတရားသည် ဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်တယ်။
တဏှာနှင့် ယှဉ်တွဲနေတဲ့ စိတ်စေတသိက်တွေကို ရေတွက်ကြည့်လျှင် တစ်ခါတစ်ရံ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့မယ်ဆိုလျှင် စိတ်စေတသိက် အလုံး (၂၀)လောက်အထိ ရှိပါတယ်။ အသိစိတ်က (၁)လုံး, အညသမာန်းစေတသိက် က (၁၃)လုံး, မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ-ဆိုတဲ့ အကုသိုလ်စေတသိက်က (၆)လုံး၊ ပေါင်းလိုက်တော့ အလုံး (၂၀) ရှိပါတယ်။ ဒါကြောင့် အတူယှဉ်တွဲ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်တွေလည်း ထင်ရှား ရှိရမယ်။ အာရုံကလည်း ထင်ရှား ရှိရမယ်။ မှီရာ ဝတ္ထုရုပ်ကလည်း ထင်ရှား ရှိရမယ်။ နှလုံးသွင်းမှားမှုတွေကလည်း ထင်ရှား ရှိရမယ်။ အဲဒီလို အကြောင်း တရားတွေ ဝိုင်းဝန်းပြီး ပြုပြင်ပေးပါမှ ဒီတဏှာတရားက ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝ ရှိတယ်။ ဒါကြောင့် ဒီတဏှာတရားကိုလည်း သင်္ခါရတရားလို့ပဲ ခေါ်ပါတယ်။
ဒီဒုက္ခသစ္စာတရားနှင့် သမုဒယသစ္စာတရား နှစ်ပါးသည် ဝိပဿနာ ဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့အတွက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း မည့် ယောဂီပုဂ္ဂိုလ်သည် ဒီဒုက္ခသစ္စာ သမုဒယသစ္စာ တရားနှစ်ပါးကို ပထမ သိအောင် ကြိုးစားရပါတယ်။ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သိအောင်ကြိုးစားရမလဲ? အဲဒီအပိုင်းကိုတော့ ဒီည အချိန်မှီလျှင် ဘုန်းကြီး ထပ်ပြီး ပြောပေးပါမယ်။ ခုတော့ နိရောဓသစ္စာအကြောင်းကို ဆက်လက် ပြီးတော့ နာကြားကြရအောင် ---
အခန်း (၆)
နိရောဓသစ္စာပိုင်း
နံပါတ်သုံးဖြစ်တဲ့ သစ္စာက ဘာသစ္စာလဲ? နိရောဓသစ္စာ။ နိရောဓသစ္စာ ကို မြတ်စွာဘုရားက ဘယ်လို ဟောသလဲ?
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ဘာပြောတာလဲ?
ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော ...
အသေသဝိရာဂနိရောဓ = အကြွင်းအကျန်မရှိ ယတိပြတ် ချုပ်ငြိမ်းမှု။ ဘာယတိပြတ် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းတာလဲ? တဿာယေဝ တဏှာယ = တဏှာရဲ့ အကြွင်းအကျန်မရှိ ယတိပြတ် ချုပ်ငြိမ်းမှု။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ နည်းနည်း စဉ်းစားကြပါ။ တရားနာတဲ့ အခါ နည်းနည်း စဉ်းစားပြီး နာမှလည်း အကျိုးရှိပါတယ်။ တဏှာအကုန်လုံး ချုပ်ငြိမ်းသွားပြီး နောက်ထပ် ဘယ်တော့မှ မဖြစ်တော့ဘူး။ ဘယ်အချိန်အခါ မှာ ချုပ်မလဲ? ဘယ်အချိန်အခါမှာ မဖြစ်မလဲ?
---တဏှာချုပ်မည့် အချိန်
ဘုန်းကြီးတို့ စာပေကျမ်းဂန်အရ အတိအကျ ပြောကြစို့ဆိုလျှင်တော့ အရဟတ္တမဂ်ဆိုက်လို့ ရဟန္တာဖြစ်ပြီဆိုလျှင် တဏှာ လုံးလုံးချုပ်သွားတယ်။ အကြွင်းအကျန်မရှိ ကုန်စင်သွားတယ်။ အခု ဒါယကာကြီးတွေ ဒါယိကာမကြီး တွေ ရဟန္တာဖြစ်ပြီလား? မဖြစ်သေးပါဘူး၊ ဟုတ်တယ်မဟုတ်လား? ကိုယ့်ဟာ ကိုယ် စဉ်းစားပါ။
မဖြစ်သေးဘူးဆိုလျှင် တဏှာချုပ်ငြိမ်းမည့် အချိန်သည် ပစ္စုပ္ပန်လို့ ပြောမလား၊ အနာဂတ်လို့ ပြောမလား? အနာဂတ်။ ဘယ်အနာဂတ်လဲတော့ မသိဘူး။ ဒီဘဝအနာဂတ် ဖြစ်ချင်ဖြစ်မယ်။ ဒါ ကြိုးစားခဲ့လျှင်ပေါ့၊ ဟုတ်တယ် မဟုတ်လား? ဒီဘဝမှာ မိမိက ရဟန္တာဖြစ်လျှင်တော့ ဒီဘဝအနာဂတ်ပေါ့။ နောင်ဘဝတစ်ခုခုမှာ ရဟန္တာဖြစ်မယ်ဆိုလျှင် နောင်အနာဂတ်ဘဝ တစ်ခုခု ဟာ မိမိအတွက် အနာဂတ်ဖြစ်လိမ့်မယ်။ အဲဒီအနာဂတ်ရောက်တဲ့ အချိန်အခါ အရဟတ္တမဂ်ဆိုက်ပြီဆိုလျှင် တဏှာသည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမယ်။
---ဥပ္ပါဒနိရောဓ - အနုပ္ပါဒနိရောဓ
တချို့နေရာမှာတော့ ဒါကို နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုဆိုပြီး သုံးပါတယ်။ အနုပ္ပါဒနိရောဓဆိုပြီး သုံးတယ်။ နောက်ထပ် ဘယ်တော့မှ မဖြစ်ဘူး၊ ဒါတွေတွင်မကဘူး၊ စိတ်စေတသိက်တွေရဲ့ သဘာဝက ဖြစ်ပြီးတာနှင့် ချက်ချင်းပျက်တယ်။ ဖြစ်ပြီးတာနှင့် ချက်ချင်းပျက်ပေမယ်လို့ တဏှာက မကုန်သေးဘူး သို့မဟုတ် အကြောင်းတရားတွေက မကုန်သေးဘူး ဆိုလျှင် နောက်ထပ်တစ်ဖန် ပြန်ပြီး ဖြစ်ချင်ဖြစ်မယ်။ နောက်ထပ်တစ်ဖန် ဖြစ်ခွင့်ရှိနေတဲ့ ချုပ်ငြိမ်းမှုကို ဥပ္ပါဒနိရောဓလို့ ခေါ်ပါတယ်။
အခု ဒီနေရာမှာကတော့ အနုပ္ပါဒနိရောဓ = နောက်ထပ်တစ်ဖန် ဘယ်တော့မှ ထပ်ပြီးတော့ မဖြစ်တော့ဘူး။ အဲဒီ မဖြစ်တဲ့ ချုပ်ငြိမ်းမှုကို ဘာခေါ်လဲ? နိရောဓသစ္စာဆိုပြီး မြတ်စွာဘုရားက ဟောထားတယ်။ အဲဒီ အချက်ကလေးကိုတော့ နည်းနည်း မှတ်ထားပါ။ (အံ၊၁၊၁၇၈။)
ဘုန်းကြီး ဟိုတစ်နေ့က ပြောခဲ့ပြီးပြီ၊ သစ္စာလေးပါးကို မသိခဲ့လျှင် နိဗ္ဗာန် ရမလား၊ မရဘူးလား? မရနိုင်ဘူး။ ထိုးထွင်းသိရမည့် သစ္စာလေးပါးထဲမှာ ဒီနိရောဓသစ္စာလည်း မပါဘူးလား? ပါပါတယ်။ အဲဒီ တဏှာရဲ့ အကြွင်း အကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှု, နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို ယောဂီပုဂ္ဂိုလ်သည် သိရမလား၊ မသိရဘူးလား? သိရမယ်။
---မည်သည့်အနာဂတ်လဲ?
အဲဒီ သိရမည့်, တဏှာချုပ်ငြိမ်းရမည့် အချိန်အခါသည် ဘယ် အချိန် အခါလဲလို့ မေးလျှင်တော့ အခု ကိုယ်က ပုထုဇန်ပဲ ရှိသေးတယ်ဆိုလျှင် တော့ ရဟန္တာဖြစ်မည့် အချိန်က အနာဂတ်လို့ မပြောနိုင်ဘူးလား? ပြောနိုင် ပါတယ်။ ဒီဘဝအနာဂတ် ဖြစ်ချင်လည်းဖြစ်မယ်။ နောက်ထပ် ဘဝတစ်ခုခုလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ် ဖြစ်ချင်လည်းဖြစ်မယ်။ ဘုန်းကြီး ဒါလေး ပြောနေ တာက အကြောင်းရှိပါတယ်။ ဝိပဿနာဆိုတာက ပစ္စုပ္ပန်ကိုသာ ရှုရတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေအတွက် အလေးအနက်ထားပြီး ပြောနေတာပါ။ အဲဒါဟာ ပစ္စုပ္ပန် တကယ်တည့်နိုင်မလား မတည့်နိုင်ဘူးလား ဆိုတာ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ စဉ်းစားကြပါ။ နောက်တစ်ခု -
ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
စွန့်လွှတ်သွားတယ်။ တဏှာကို လုံးလုံး စွန့်လွှတ်ပစ်ခဲ့တယ်။ အဲဒါက လည်း အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်မှပါ။ မုတ္တိ = တဏှာကလွတ်သွား တယ်။ အနာလယ = တဏှာနှင့်ငြိကပ်မှု တွယ်တာမှု ဘယ်တော့မှ မရှိတော့ ဘူး။
ဒီနေရာမှာ သံသယကင်းရှင်းစွာ မှတ်သားနိုင်ရန် ကျမ်းဂန်အဆိုအမိန့် တစ်ခုကို ထပ်ပြီး ပြောပါမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-ဆိုတဲ့ ဒီ အကြောင်းတရားတွေသည် ဘယ်အချိန်အခါမှာ ချုပ်တယ်ဆိုတာကို ကျမ်းဂန်များက အတိအကျ ဒီလို ဖော်ပြထားပါတယ်။
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ ပ ။ တဏှာနိရောဓာ ကမ္မနိရောဓောတိ ဧတ္ထာပိ ဧသေဝ နယော။ (မဟာဋီ၊၂၊၄၂၁။)
ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ စာမျက်နှာ (၂၃၆)မှာလည်း အဓိပ္ပါယ်တူ စကားလုံးများဖြင့် ဖွင့်ဆိုထားတော်မူပါတယ်။
ဒီကျမ်းဂန်များရဲ့ ဆိုလိုရင်းကတော့ အမြတ်ဆုံးဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ အရဟတ္တမဂ်ဉာဏ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ-ဆိုတဲ့ အကြောင်းတရားတွေဟာ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ် တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ နောင်အနာဂတ် ဖြစ်တဲ့ ခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီးတော့ နောင် တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘော အားဖြင့် ချုပ်ငြိမ်းသွားကြတယ်။
ဘာကြောင့် ဒီလို ချုပ်ငြိမ်း သွားကြရသလဲ? အကြောင်းတရားများက ထင်ရှားမရှိတော့ခြင်းကြောင့် အကြောင်းတရားရှိမှ ဖြစ်နိုင်တဲ့ စွမ်းအားရှိတဲ့ အကျိုးတရားတို့လည်း မဖြစ်နိုင်တော့တဲ့ အတွက်ကြောင့်ပဲ ဖြစ်တယ်။ အကြောင်းတရားတွေချုပ်လို့ အကျိုးခန္ဓာငါးပါးတို့လည်း နောက်ထပ်တစ်ဖန် ဘယ်တော့မှ မဖြစ်တော့ဘဲ ချုပ်သွားကြပြီဆိုလျှင် သံသာရဝဋ်ဒုက္ခမှ လွတ်ပြီ ကျွတ်ပြီ ဖြစ်ပါတယ်။
အဲဒါကလည်း အရဟတ္တမဂ်ဆိုက်တဲ့ အချိန်အခါကျမှ ဖြစ်မည့် သဘာဝ ပါ။ သို့သော် ဒီနေရာမှာ ဘုန်းကြီး ဗဟုသုတကလေးတစ်ခုတော့ ထပ်ပြော ချင်ပါတယ်။ နောက်ထပ် နံပါတ်လေးဖြစ်တဲ့သစ္စာကို မြတ်စွာဘုရားက ဒုက္ခနိရောဓဂါမိနီ ပဋိပဒါဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲထားတယ်။ ယခု ဒီနိရောဓသစ္စာပိုင်းမှာလည်း ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခနိရောဓ အရိယသစ္စာ ဆိုပြီး ခေါ်ဝေါ်သုံးစွဲထားတယ်။ ဒုက္ခနိရောဓ = ဒုက္ခရဲ့ ချုပ်ငြိမ်းမှုကိုလည်း နိရောဓဆိုပြီး ခေါ်ဝေါ်သုံးစွဲတယ်။ တဏှာရဲ့ ချုပ်ငြိမ်းမှုကိုလည်း နိရောဓဆိုပြီး ခေါ်ဝေါ်သုံးစွဲတယ်။
---သဥပါဒိသေသနိဗ္ဗာန် - အနုပါဒိသေသနိဗ္ဗာန်
တဏှာရဲ့ ချုပ်ငြိမ်းမှုကို တစ်နည်းတစ်ဖုံအားဖြင့် ပြောလျှင်တော့ သဥပါဒိသေသနိဗ္ဗာန်လို့ ဒီလိုလည်း ခေါ်ဝေါ်သုံးစွဲတယ်။
ဒုက္ခရဲ့ ချုပ်ငြိမ်းမှု ဆိုတာက ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှု။ ခန္ဓာငါးပါးရဲ့ ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်ဆိုပြီး ဒီလိုလည်း ခေါ်ဝေါ်သုံးစွဲတယ်။
သဥပါဒိသေသနိဗ္ဗာန် ဆိုတာကတော့ နိဗ္ဗာန်တော့ ဆိုက်သွားပြီ။အငြိမ်းဓာတ်ဆိုက်ပြီ။ ဒါပေမဲ့ သဥပါဒိသေသ ဥပါဒါနက္ခန္ဓာငါးပါးက ကျန်နေ သေးတယ်။ ဆိုလိုတာလေးကို နည်းနည်း နားလည်လွယ်အောင် ထပ်ပြီး ပြောလျှင်တော့ မြတ်စွာဘုရားကို စံချိန်ထားပြီး ကြည့်ပါ။ မြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပြီ၊ သဗ္ဗညုတဉာဏ်ကို ရရှိပြီ၊ အရဟတ္တမဂ်ဉာဏ်ကို ရရှိပြီ၊ အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားရှင်ရဲ့ သန္တာန် မှာ တဏှာဦးဆောင်နေတဲ့ ကိလေသာဟူသမျှ အားလုံးကုန်သွားပြီ။ ဒါပေမဲ့ မြတ်စွာဘုရား ခန္ဓာကိုယ်ကြီး ကျန်မနေသေးဘူးလား? ကျန်နေသေးတယ်။ ဘယ်လောက်ထိ ဆက်ကျန်နေသလဲ? လေးဆယ့်ငါးဝါ။ ခန္ဓာကိုယ်ကတော့ ထင်ရှားရှိနေသေးတယ်။ ခန္ဓာငါးပါးတို့ရဲ့ ဆက်လက်ဖြစ်မှုက ရှိနေသေးတယ်။ ဒါပေမဲ့ တဏှာတွေက ကုန်သွားပြီ။ အဲဒီလို ချုပ်ငြိမ်းမှုကို သဥပါဒိသေသ နိဗ္ဗာန်လို့လည်း ခေါ်တယ်။
---ကိလေသပရိနိဗ္ဗာန် - ခန္ဓပရိနိဗ္ဗာန်
နောက်တစ်နည်းခေါ်တာ ရှိသေးတယ်။ ကိလေသပရိနိဗ္ဗာန် ဆိုပြီး ခေါ်တာလည်း ရှိတယ်။ ကိလေသာတွေ လုံးဝ ချုပ်ငြိမ်းသွားတယ်။ သဥပါ ဒိသေသနိဗ္ဗာန်နှင့် ကိလေသပရိနိဗ္ဗာန်ဆိုတာနှင့် အတူတူပဲ။ နောက်တစ်ခု ဒုက္ခနိရောဓ၊ ခုနက ပြောခဲ့ပြီးပြီ။ ခန္ဓာငါးပါးသည် မြတ်စွာဘုရား သန္တာန်မှာ ဘယ်အချိန်အခါမှာ လုံးဝချုပ်ငြိမ်းသွားသလဲ? ပရိနိဗ္ဗာန်စံတဲ့အချိန် ကုသိနာရုံပြည်မှာ လေးဆယ့်ငါးဝါပြည့်လို့ ပရိနိဗ္ဗာန်စံပြီ။ အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားရဲ့ သန္တာန်မှာ နောက်ထပ် ခန္ဓာအသစ်ဖြစ်မှု ရှိသေးသလား? မရှိတော့ပါဘူး။ အဲဒီကျမှ ခန္ဓာငါးပါး လုံးဝချုပ်ငြိမ်းသွားတယ်။ အဲဒီ ခန္ဓာ ငါးပါး ချုပ်ငြိမ်းမှုကိုတော့ အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံတယ်ဆိုပြီး ဒီလို လည်းခေါ်ဝေါ်သုံးစွဲတယ်။ အဲဒီခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုကိုပဲ ခန္ဓပရိနိဗ္ဗာန် စံတယ်။ ဒီလိုလည်း ခေါ်ဝေါ်သုံးစွဲပါတယ်။ ဒီတော့ ခန္ဓပရိနိဗ္ဗာန်ဆိုတာလည်း အနုပါဒိသေသနိဗ္ဗာန်ဆိုတာနှင့် မတူဘူးလား? အတူတူပဲ။
အခု ဒီဓမ္မစကြာဒေသနာတော်မှာ မြတ်စွာဘုရားက တဏှာရဲ့ ချုပ်ငြိမ်းမှု ကိလေသာပရိနိဗ္ဗာန်ကိုလည်း နိရောဓသစ္စာဆိုပြီး ဟောထားတယ်။ ဒုက္ခနိရောဓ ဆိုပြီးတော့ ဒုက္ခရဲ့ ချုပ်ငြိမ်းမှုကိုလည်း နိရောဓဆိုပြီး မဟောဘူး လား? ဟောထားတယ်။
---တိတ္ထာယတနသုတ္တန်ကောက်နုတ်ချက်
ဒီနေရာမှာ အင်္ဂုတ္တိုရ် တိကနိပါတ်ပါဠိတော် တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။) မှာ ဘုရားရှင်က နိရောဓသစ္စာကို ဒီလို ဟောကြားထားတော်မူပါ တယ်။
ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။ (အံ၊၁၊၁၇၈။)
ရဟန်းတို့ ...ဒုက္ခနိရောဓအရိယသစ္စာတရားဟူသည် အဘယ်နည်း?
ရဟန်းတို့ ...အဝိဇ္ဇာ၏သာလျှင် အရဟတ္တမဂ်ကြောင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏၊ ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်၏၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် သဠာယတနချုပ်၏၊ သဠာယတနချုပ်ခြင်းကြောင့် ဖဿချုပ်၏၊ ဖဿချုပ်ခြင်း ကြောင့် ဝေဒနာချုပ်၏၊ ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်၏၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်၏၊ ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်၏၊ ဘဝ ချုပ်ခြင်းကြောင့် ဇာတိချုပ်၏၊ ဇာတိချုပ်ခြင်းကြောင့် ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့သည် ချုပ်ကုန်၏။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ခြင်းသည် ဖြစ်၏။ ရဟန်းတို့ ... ဤ ချုပ်ခြင်းကို ဒုက္ခနိရောဓအရိယသစ္စာဟူ၍ ဆိုအပ်၏။
ဤကဲ့သို့သော သံသရာစက်ရဟတ်၏ ချုပ်ငြိမ်းမှုကိုပင် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပါတယ်။
ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဟူသည့် အကြောင်းတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းမှုကို ယောဂါဝစရပုဂ္ဂိုလ်က ပစ္စယတောဝယဒဿနဉာဏ်ဖြင့် ရှုမြင် လိုက်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ နိရောဓသစ္စာ တရားသည် ထင်ရှားလာပါတယ်။ အဘယ်ကြောင့်နည်း?
အကြောင်းတရားတို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်း ကြောင့် အကြောင်းတရားရှိသော အကျိုးတို့ရဲ့ အနုပ္ပါဒနိရောဓသဘောကို ထိုးထွင်းသိမြင်နေခြင်းကြောင့် ဖြစ်တယ်။ ဒီလို ဖွင့်ဆိုထားပါတယ်။ ဒီနိရောဓ သစ္စာကတော့ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ပစ္စယတောဥဒယဗ္ဗယဒဿန ခေါ်တဲ့ ဝိပဿနာဉာဏ်နှင့် ရှုမြင်လို့ရလိုက်တဲ့ နိရောဓသစ္စာတရားပင် ဖြစ်ပါတယ်။ လောကီ ဝိပဿနာဉာဏ်အခိုက်မှာ ထင်ရှားတဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။
---အသင်္ခတဓာတ် နိရောဓသစ္စာ
နိရောဓသစ္စာကို ဒီလို ဟောလိုက်တဲ့ အချိန်အခါကျတော့ ဒါယကာကြီး တွေ နည်းနည်းလေး ထပ်စဉ်းစားကြည့်ကြ၊ ဒီကိလေသာတွေဟာ ဘယ် အခါမှာ ချုပ်ငြိမ်းသွားသလဲ၊ ဘာကြောင့် ချုပ်ငြိမ်းသလဲလို့ ပြန်ဆန်းစစ် ကြည့်လိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရား ဗောဓိမဏ္ဍိုင်မှာ ဆိုကြပါစို့၊
ပထမညဉ့်ဦးယာမ် အချိန်အခါမှာ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် ဉာဏ်တော်မြတ်ကို ရရှိတော်မူပါတယ်။ ဒီပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် ဉာဏ်တော်မြတ်က ဒီဘဝကနေ စပြီးတော့ ဟိုအတိတ်သံသရာ အဆက်ဆက် အထိ ဖြစ်ခဲ့ဖူးတဲ့ ခန္ဓာအစဉ်တွေကို ဉာဏ်နှင့် အစဉ်လျောက်ပြီး သိမ်းဆည်းလို့ ရတဲ့ဉာဏ်မျိုး ဖြစ်ပါတယ်။ ဒုက္ခသစ္စာတရားတွေကို ထိုးထွင်းသိသွားတယ်။ ဒီဉာဏ်က ဗောဓိမဏ္ဍိုင်ရောက်ခါမှ သိတာလားဆိုတော့ မဟုတ်ပါဘူး။
ဗောဓိမဏ္ဍိုင်မကြွခင်မှာ မြတ်စွာဘုရား ခွန်အားလေးတွေ ယူပြီးတော့ အင်ကြင်းတောမှာ နေ့သန့်စင်တော်မူပါတယ်။ နို့ဃနာဆွမ်းတွေလည်း ဘုဉ်း ပေးတယ် ဆိုကြစို့၊ အဲဒီ အင်ကြင်းတောမှာ နေ့သန့်စင်တော်မူတဲ့ အချိန် အခါမှာကတည်းက ဒီ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေကို မြတ်စွာဘုရား ထိုးထွင်းသိခဲ့ပါတယ်။
အလားတူပဲ မဇ္ဈိမယာမ်လို့ ခေါ်ဆိုအပ်တဲ့ သန်းခေါင်ယာမ် အချိန်အခါ ကျတော့ မြတ်စွာဘုရားသည် ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်ကို ရရှိတော်မူခဲ့ပါတယ်။ ဒီ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်ထဲမှာ ကံ-ကံ၏အကျိုးကို ထိုးထွင်းသိမြင်တော်မူတဲ့ ယထာကမ္မူပဂဉာဏ်တော်လည်း ပါနေပါတယ်။ တစ်စိတ်တစ်ဒေသအားဖြင့် လှမ်းကြည့်လိုက်တော့ ဒီကံ-ကံရဲ့ အကျိုးတရားကို ထိုးထွင်းသိတယ်ဆိုတော့ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ ဉာဏ်တော်မြတ် ထိုအချိန်အခါမှာ မြတ်စွာဘုရား ရရှိတော်မူပါတယ်။
တစ်နည်းပြောလျှင်တော့ ကြောင်း-ကျိုး ဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ထိုးထွင်းသိတဲ့ ဉာဏ်တော်မြတ်က ထိုမဇ္ဈိမယာမ်မှာ ကတည်းက ရရှိခဲ့ပါတယ်။ မူလပဏ္ဏာသပါဠိတော် ဒွေဓာဝိတက္ကသုတ္တန် (မ၊၁၊၁၆၁-၁၆၄။)နှင့် မူလပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)တို့မှာ ဘုရား အလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်သို့ မကြွရောက်မီ ရက်အနည်းငယ်လောက် ကတည်းက သမာပတ် (၈)ပါးတို့ကိုလည်းကောင်း, နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် အဝင်အပါဖြစ်တဲ့ ဝိပဿနာဉာဏ်များကိုလည်းကောင်း ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်တဲ့အတွက် မြတ်စွာဘုရားသည် ပစ္ဆိမယာမ်လို့ ခေါ်ဆိုအပ်တဲ့ မိုးသောက်ယာမ်မှာ ရုပ်နာမ်ဓမ္မ သင်္ခါရတရားဆိုတဲ့ ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတွေကို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းတော်မူပါတယ်။ နောက်ဆုံးပိတ်ကျတော့ မြတ်စွာဘုရားသည် ကြောင်း-ကျိုးဆက်နွယ်ပြီးတော့ ဖြစ်ပေါ်နေတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တွေ ကိုပဲ အလေးဂရုပြုပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူ လိုက်တဲ့ အချိန်အခါမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်၊ သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်၊ အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်၊ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုပြီးတော့ မဂ်ဝီထိစိတ်အစဉ်တွေ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်သွား တဲ့အတွက် မြတ်စွာဘုရားရဲ့ သန္တာန်တော်မှာ မဂ်လေးဆင့် ဖိုလ်လေးဆင့် ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာတယ်။
ဒါယကာကြီးတွေ အဘိဓမ္မာလေး နည်းနည်းပါးပါး လေ့လာဖူးတယ်လို့ ဘုန်းကြီး နားလည်ပါတယ်။ ဒီမဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေ က လောကုတ္တရာစိတ်စေတသိက်လို့ ခေါ်ပါတယ်။ လောကုတ္တရာစိတ်စေတသိက်တို့သည် ဘာကို အာရုံပြုကြသလဲ? နိဗ္ဗာန်ကို အာရုံပြုကြတယ်။ ဒီလောက်တော့ နားလည်ထားဖို့ လိုတယ်။ နိဗ္ဗာန်ကို အာရုံပြုတယ်ဆိုတော့ မဂ်စိတ်စေတသိက်တွေက နိဗ္ဗာန်ကို လှမ်းပြီး အာရုံပြုလိုက်တဲ့ အချိန်အခါမှာ အဲဒီ နိဗ္ဗာန်ကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရအရ ပြောလျှင်တော့ အသင်္ခတဓာတ်လို့ ခေါ်ပါတယ်။
အသင်္ခတဆိုတာကတော့ မည်သည့်အကြောင်းတရား တစ်စုံတစ်ရာမျှ ပြုပြင်လို့ ဖြစ်ပေါ်လာရတဲ့သဘာဝ မဟုတ်ဘူး။ နိစ္စထာဝရ အမြဲတည်ရှိနေတဲ့ အငြိမ်းဓာတ် သဘာဝတစ်ခု ဖြစ်တယ်။ ထိုအသင်္ခတနိဗ္ဗာန်ကို မဂ်စိတ်စေတသိက်တွေက လှမ်းပြီးတော့ အာရုံပြုကြတယ်။ မဂ်စိတ်စေတသိက်တို့က လှမ်းပြီး အာရုံပြုလိုက်တဲ့ အချိန်အခါမှာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က အာရမ္မဏပစ္စယသတ္တိနှင့် ကျေးဇူးပြုပေးလိုက်တဲ့အတွက် မဂ်စိတ် စေတသိက်တွေက ကိလေသာ အပူမီးတွေကို ငြိမ်းသွားအောင် အဆင့်ဆင့် ပယ်သတ်တော်မူပါတယ်။
ပယ်သတ်လိုက်တဲ့အတွက် မြတ်စွာဘုရားရဲ့ သန္တာန်မှာ အရဟတ္တမဂ် ဆိုက်တဲ့အခါ ကိလေသာအပူမီးအားလုံး ငြိမ်းမသွားဘူးလား? ငြိမ်းသွား ပါတယ်။ ကိလေသာအပူမီး ငြိမ်းခြင်းသည် မဂ်စိတ်စေတသိက်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တို့ ပေါင်းစပ်မိတဲ့အတွက်ကြောင့် ငြိမ်းသွားခြင်း ဖြစ်တယ်။ ဒီလိုဆိုလျှင် ကိလေသာအပူမီး ငြိမ်းတာဟာ အကြောင်းတရားလား အကျိုးတရားလားလို့ မေးလျှင် ဘယ်လိုဖြေမလဲ? အကျိုးတရားပဲ။
ကိလေသာအပူမီး ငြိမ်းမှုကိုလည်း မြတ်စွာဘုရားက နိရောဓသစ္စာဆိုပြီး ဟောတယ်။ ဒါက တစ်ချက်။ နည်းနည်းမှတ်ထား။ ဒုက္ခနိရောဓဆိုပြီးတော့ ခန္ဓာငါးပါးတို့ရဲ့ ယတိပြတ် ချုပ်ငြိမ်းမှုကိုလည်း နိရောဓသစ္စာလို့ ဟောတယ်။နောက်တစ်ခု ကိလေသာ အပူမီး ငြိမ်းခြင်းသည် ဘာကြောင့် ငြိမ်းရသလဲ ဆိုတာကို ပြန်ဆန်းစစ်ကြည့်ပါ။
မဂ်စိတ်စေတသိက်တွေနှင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တို့ ပေါင်းစပ်မိတဲ့အတွက် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က အာရမ္မဏ ပစ္စယသတ္တိနှင့် ကျေးဇူးပြုပေးလိုက်ခြင်းကြောင့် မဂ်စိတ်စေတသိက်တွေက ကိလေသာအပူမီးတွေကို ငြိမ်းသတ်နိုင်ခြင်းဖြစ်တယ်။ ဒီလိုဆိုလျှင် အသင်္ခတ ဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်က တခြား၊ ကိလေသာအပူမီး ငြိမ်းအေးမှုက တခြား လို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။
အလားတူပဲ ကိလေသာအပူမီးတွေ ငြိမ်းသွားတဲ့အတွက် ကိလေသာ အစိုဓာတ် အစေးဓာတ်ရှိမှ အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတဲ့ ကံတွေလည်း ချုပ်ငြိမ်းသွားတယ်။ ကံတွေ ချုပ်ငြိမ်းသွားခြင်းကြောင့် ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ဆွယ်မှာ ဒီကံတွေက နောက်ထပ် တစ်ဖန် ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့စွမ်းအား မရှိတော့ဘူး။ မရှိတဲ့ အတွက် ပရိနိဗ္ဗာန် စံလွန်တော်မူတဲ့ အချိန်အခါမှာ ခန္ဓာငါးပါးတို့လည်း ယတိပြတ် ချုပ်ငြိမ်းမသွားဘူးလား? ချုပ်ငြိမ်းသွားပါတယ်။
ဒီလိုဆိုလျှင် ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုဟာလည်း အကျိုးတရားလို့ မပြောနိုင်ဘူးလား? ပြောနိုင်ပါတယ်။ ဒီတော့ ဆိုလိုတာက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က အာရမ္မဏအကြောင်းတရား ဖြစ်ပါတယ်။ ကိလေသာ အပူမီး ငြိမ်းအေးမှုက အကျိုးတရား ဖြစ်တယ်။ ခန္ဓာငါးပါးတို့ရဲ့ ငြိမ်းအေးမှုက လည်း အကျိုးတရားပဲ။
ဒီလို ဆိုလို့ရှိလျှင် ဒီနေရာမှာ သုံးမျိုးမဖြစ်ဘူးလား? မဂ်စိတ်စေတသိက် တို့ရဲ့ အာရုံယူရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က တစ်ခု၊ ကိလေသာအပူမီးတွေရဲ့ ငြိမ်းအေးမှုလို့ ခေါ်ဆိုအပ်တဲ့ သဥပါဒိသေသနိဗ္ဗာန် က တစ်ခု၊ ခန္ဓာငါးပါးတို့ရဲ့ ယတိပြတ် ချုပ်ငြိမ်းမှုလို့ ခေါ်ဆိုအပ်တဲ့ အနုပါဒိသေသနိဗ္ဗာန်က တစ်ခု၊ ပေါင်းလိုက်တော့ သုံးခု။ ယောဂီပုဂ္ဂိုလ်က ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပြီဆိုလျှင် အဲဒီ သုံးခုလုံးကို တတ်သိနားလည်ဖို့ လိုတယ်။
ဘယ်လိုကြောင့် လိုအပ်တယ်ဆိုတာကို မြတ်စွာဘုရား ဟောကြားထား တော်မူတဲ့ သမထ-ဝိပဿနာ ဘာဝနာလုပ်ငန်းလို့ ခေါ်ဆိုအပ်တဲ့ ကျင့်စဉ် တွေကို နာယူကြတဲ့အပိုင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် အချိန်မီလျှင်တော့ ရှင်းသွားပေးဖို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ရတဲ့ အကြောင်းကတော့ ခုနက ဒါယကာကလေး တစ်ယောက်က လာပြီး မေးပါတယ်။ သမထ-ဝိပဿနာနှင့် သတိပဋ္ဌာန် ဘယ်လိုကွာသလဲလို့ သူက လာမေးတယ်။
အဲဒါပဲ၊ သတိပဋ္ဌာန်ဆိုတာက ဘာ၊ ဝိပဿနာဆိုတာက ဘာ၊ သမထ ဆိုတာက ဘာ၊ အဲဒါတွေကို ကွဲကွဲပြားပြား နားမလည်ကြသေးလျှင်တော့ လုပ်ငန်းခွင်မှာ ရှင်းရှင်းလင်းလင်း နားလည်ဖို့ဆိုတာ တော်တော်လေး ခက်ပါလိမ့်မယ်။ တစ်ဆင့်ပြီးတစ်ဆင့်တော့ ဘုန်းကြီး ရှင်းပေးဖို့ ရည်ရွယ် ပါတယ်။
ဒါကြောင့် ဒီနေရာမှာ ပြောလိုရင်းလေးကတော့ နိရောဓသစ္စာအစစ် ဆိုတာကတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို နိရောဓသစ္စာလို့ ခေါ်လိုရင်း ဖြစ်ပါတယ်။ သို့သော် ဒီအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ပြောပြမယ်ဆိုလျှင် တချို့တချို့ သာဝကတွေ နားလည်ဖို့ဆိုတာ တော်တော် လေး ခက်ခဲတဲ့သဘောရှိတယ်။ အဲဒီလို ခက်ခဲခြင်းကြောင့် မြတ်စွာဘုရား က ဒီသုတ္တန်မှာလိုပေါ့ -
ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော -
စသည်ဖြင့် တဏှာရဲ့ ချုပ်ငြိမ်းမှုကိုလည်း နိရောဓဆိုပြီး ဟောတော် မူလိုက်တယ်။ တချို့တချို့နေရာမှာ ဒုက္ခနိရောဓ (= ဒုက္ခရဲ့ ချုပ်ငြိမ်းမှု)ကို လည်း နိရောဓဆိုပြီး ဟောတော်မူလိုက်တယ်။ အဲဒါက ခုနက သဥပါဒိသေသနိဗ္ဗာန်ကိုလည်း နိရောဓ၊ အနုပါဒိသေသနိဗ္ဗာန်ကိုလည်း နိရောဓဆိုပြီး ဒီလို ဟောခြင်းဖြစ်တယ်။ သို့သော် ဒီသဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသ နိဗ္ဗာန်ဆိုတာက မဂ်ဉာဏ်နှင့် အသင်္ခတဓာတ်တို့ ပေါင်းဆုံမှ ဖြစ်ပေါ်လာရတဲ့ သဘာဝဖြစ်ခြင်းကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ရဲ့ အာရုံယူရာဖြစ်တဲ့ အသင်္ခတ ဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဆိုတာက သီးသန့်တည်ရှိနေတယ်။
ဒါကို သဘောပေါက်စေချင်လို့ပါ။ ဒီတော့ မြတ်စွာဘုရား သို့မဟုတ် အရိယာသူတော်ကောင်းတွေဟာ မိမိတို့ဆိုင်ရာ ဖလသမာပတ်တွေကို ဝင်စားကြတယ်။ ဘာလုပ်တာလဲမေးလျှင် သူတို့ရဲ့ ဖိုလ်စိတ်စေတသိက်တွေ က ဒီအသင်္ခဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုပြီးတော့ နေထိုင်ခြင်း ဆိုတဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ခြင်းဖြစ်တယ်။ ဒီလို ဖိုလ်စိတ်တို့ဖြင့် နိဗ္ဗာန်ကို အာရုံယူကာ ဆက်တိုက် နေထိုင်ခြင်းကို ဖလသမာပတ်ဝင်စားတယ်လို့ ခေါ် တာပါ။ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို ဒီဖိုလ်စိတ်စေတသိက်တွေက လှမ်းပြီးတော့ အာရုံပြုနေကြတယ်။
မြတ်စွာဘုရား ဆိုလို့ရှိလျှင် အခုလို တရားဟောနေတဲ့ အချိန်အခါ ကလေးမှာတောင် တရားနာပရိသတ်တွေက သာဓုခေါ်ပြီဆိုလျှင် သာဓုခေါ် တဲ့ အချိန်အခါကလေးမှာ အချိန်ကန့်သတ်ပြီးတော့ ဒီအရဟတ္တဖိုလ်သမာပတ် ကို ဝင်စားတော်မူတယ်။ အဲဒီ မြတ်စွာဘုရားရဲ့ အရဟတ္တဖိုလ် စိတ်စေတသိက် တို့ရဲ့ အာရုံယူရာဖြစ်တဲ့ ဖလသမာပတ် စိတ်စေတသိက်တို့ရဲ့ အာရုံယူရာ ဖြစ်တဲ့ နိရောဓသစ္စာဆိုတာက ဘာလဲလို့ မေးလျှင်တော့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဖြစ်ပါတယ်။ ကဲ- နိရောဓသစ္စာအကြောင်းကိုတော့ ရှင်းပြီး ပြီ။ နောက်ထပ် မြတ်စွာဘုရားက ဘာသစ္စာကို ဟောကြားတော်မူသလဲ? မဂ္ဂသစ္စာကို ဟောကြားတော်မူပါတယ်။ ဘယ်တရားတွေကို မဂ္ဂသစ္စာလို့ ခေါ်ဆိုပါသလဲ? --- မဂ္ဂသစ္စာအမည်ရတဲ့ တရားတွေကို ဆက်လက်ကာ ဟောကြ နာကြရအောင် ---
---အခန်း (၇)
မဂ္ဂသစ္စာပိုင်း
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ၊ အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
မဂ္ဂသစ္စာကို မြတ်စွာဘုရားက ဟောပြီ၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတဲ့၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဆိုပြီး ဒီလို ဟောတယ်။ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဆိုတာက ဘာတွေလဲလို့ မေးတော့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ ဆိုပြီး မဂ္ဂင် ဘယ်နှစ်ပါးလဲ? ရှစ်ပါး။
အဲဒီ မဂ္ဂင်ရှစ်ပါးသည် ယောဂါဝစရပုဂ္ဂိုလ်လို့ ခေါ်ဆိုအပ်တဲ့ ယောဂီ သူတော်ကောင်းတို့ ထိုးထွင်းသိရမည့် သစ္စာလေးပါးထဲမှာ တစ်ပါးအပါအဝင် မဖြစ်ဘူးလား? ဖြစ်ပါတယ်။ ဒီတော့ ဆိုလိုတာက သစ္စာလေးပါးကို သိရေး အတွက်လည်း မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်ရှစ်ပါးကို ပွားရမယ်။ မဂ္ဂင်ရှစ်ပါးကို ပွားလိုက်တဲ့အခါမှာ မဂ္ဂင်ရှစ်ပါးဖြင့် ထိုးထွင်းသိရမည့် တရားတွေထဲမှာလည်း ဒီသစ္စာလေးပါး ဖြစ်နေလေတော့ သစ္စာလေးပါးထဲမှာလည်း ဒီမဂ္ဂသစ္စာ မပါ ဘူးလား? ပါတယ်။
ဒီတော့ မဂ္ဂသစ္စာသည် တစ်နည်းပြောလျှင်ပေါ့၊ မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင် ရှစ်ပါးသည် ဒုက္ခသစ္စာကိုလည်း ထိုးထွင်းသိတယ်။ သမုဒယသစ္စာကိုလည်း ထိုးထွင်းသိတယ်။ နိရောဓသစ္စာကိုလည်း ထိုးထွင်းသိတယ်။ မဂ္ဂသစ္စာကိုလည်း ထိုးထွင်းသိတယ်။ ဒီတော့ မဂ္ဂသစ္စာသည် မဂ္ဂသစ္စာကို ပြန်မသိဘူးလား? သိပါတယ်။ ဒီအချက်ကလေးကိုတော့ မှတ်ထား၊ သို့သော် ဒီနေရာမှာ ဘုန်းကြီး နည်းနည်းထပ်ရှင်းဖို့တော့ ရှိလာတယ်။ ဟိုတစ်နေ့ကတော့ လောကီမဂ္ဂသစ္စာ အမည်ရနေတဲ့ မဂ္ဂင်ရှစ်ပါးကို ပဓာနထားပြီးတော့ ဘုန်းကြီး ရှင်းပေးခဲ့ပါတယ်။
---လောကီမဂ္ဂသစ္စာ - လောကုတ္တရာမဂ္ဂသစ္စာ
ဒီနေ့တော့ မဂ္ဂသစ္စာမှာ နှစ်မျိုးနှစ်စား ရှိတဲ့အကြောင်းတော့ နည်းနည်း ထပ်ရှင်းဖို့ လိုတယ်။ လောကီမဂ္ဂသစ္စာ လောကုတ္တရာမဂ္ဂသစ္စာဆိုပြီးတော့ မဂ္ဂသစ္စာ ဘယ်နှစ်မျိုးရှိသလဲ? နှစ်မျိုးရှိတယ်။ အဲဒီ နှစ်မျိုးရှိတဲ့အနက်က လောကုတ္တရာမဂ္ဂသစ္စာဆိုတာက အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲပြီးတော့ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူပြီး ဖြစ်ပေါ်သွားတဲ့ မဂ္ဂသစ္စာ တရား ဖြစ်ပါတယ်။ လောကီမဂ္ဂသစ္စာဆိုတာကတော့ ဘုန်းကြီး ဟိုတစ်နေ့က ရှင်းပြခဲ့တဲ့အတိုင်း ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ သမ္မာဒိဋ္ဌိဉာဏ် ဦးဆောင် နေတဲ့ မဂ္ဂင်ရှစ်ပါး, သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိဉာဏ် ဦးဆောင် နေတဲ့ မဂ္ဂင်ရှစ်ပါးဖြစ်တယ်။
လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာဆိုတာ ရှိတယ်။ လောကီနိရောဓသစ္စာက ဘာလဲလို့မေးလျှင်တော့ ဘုန်းကြီး ခုနက ရှင်းပြခဲ့တဲ့အတိုင်း ကိလေသာ အပူမီးတွေရဲ့ ငြိမ်းအေးမှုကို သဥပါဒိသေသ နိဗ္ဗာန်လို့ခေါ်တယ်။ ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်လို့ ခေါ်တယ်။ အဲဒီ သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်က လောကီ ဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။
အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်က လောကုတ္တရာ နိရောဓသစ္စာ ဖြစ်တယ်။ ယောဂီပုဂ္ဂိုလ်တွေဟာ ဥဒယဗ္ဗယဉာဏ်လောက် ရောက်ပြီဆိုလျှင် လောကီနိရောဓသစ္စာကိုလည်း ထိုးထွင်းသိရမည့်အကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း ဟောထားတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးမှာလည်း အတိအကျ ဟောထားတယ်။ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဥဒယဗ္ဗယဉာဏ်ခန်းမှာ လည်း အတိအကျ ဖွင့်ထားပါတယ်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော် အစရှိတဲ့ ထိုထို သံယုတ်ပါဠိတော်မှာလည်း မြတ်စွာဘုရားက အတိအကျ ဟောကြား ထားတော်မူပါတယ်။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ... စသည်ဖြင့် အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်ပုံ စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ရဲ့ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက် နွယ်ပြီး ဖြစ်ပေါ်မှု သဘောတရားကို ထိုးထွင်းပြီး မသိခဲ့ဘူးဆိုလျှင်လည်း နိဗ္ဗာန်မရတဲ့အကြောင်းကိုလည်း မဟာနိဒါနသုတ္တန် (ဒီ၊၂၊၄၇။)စတဲ့ ထိုထို သုတ္တန်တွေမှာ မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။
အလားတူပဲ ပဋိလောမပဋိစ္စသမုပ္ပါဒ် ဆိုပြီးတော့ မြတ်စွာဘုရား ဟော ကြားထားတော်မူတာလည်း ရှိတယ်။ အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော ...စသည်ဖြင့် အဝိဇ္ဇာရဲ့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်း သွားခြင်းကြောင့် သင်္ခါရတွေလည်း ချုပ်ငြိမ်းသွား တယ်။ သင်္ခါရတွေ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ်တွေ ချုပ်ငြိမ်းသွားတယ် အစရှိသဖြင့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ရဲ့ အကြောင်းတရား တွေ ချုပ်ခြင်းကြောင့် အကျိုး တရားတို့ ချုပ်ငြိမ်းမှုဆိုတဲ့ သဘောသဘာဝကို လည်း မြင်အောင်ရှုဖို့ မြတ်စွာဘုရား ဟောကြထားတော်မူပါတယ်။
အဲဒီ ဟောကြားချက်က ခုနက ဘုန်းကြီး ပြောခဲ့တဲ့အတိုင်းပဲ ဘယ် အချိန်အခါမှာ သိအောင်မြင်အောင် ရှုရမလဲလို့ မေးလျှင်တော့ အထူးသဖြင့် တော့ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ သို့သော် ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်လာတဲ့ သူတော်ကောင်းသည် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်း ကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပေါ်ပုံကိုလည်း မြင်အောင်ရှုရမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်းတရားတွေ လုံးလုံးချုပ်ငြိမ်းသွားခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာခေါ်တဲ့ အကျိုးခန္ဓာငါးပါးတို့ရဲ့ ယတိပြတ် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း မြင်အောင်ရှုရမယ်။
အဲဒီလို ရှုရမည့်အပိုင်းသည် ဥဒယဗ္ဗယဉာဏ်ခန်းဖြစ်တော့ ဥဒယဗ္ဗယ ဉာဏ်ကို အားထုတ်စဖြစ်တဲ့ ယောဂီပုဂ္ဂိုလ်သည် အရိယာအဆင့်သို့ မရောက် သေးဘူး ဆိုလို့ရှိလျှင်တော့ သူ့ကို ပုထုဇန်လို့ခေါ်မလား၊ အရိယာလို့ ခေါ်မလား? ပုထုဇန်လို့ခေါ်မယ်။ ဥဒယဗ္ဗယဉာဏ်လောက်ပဲ သူက ရှိနေသေး တယ်ဆိုတော့ ပုထုဇန်ပဲ။ ပုထုဇန်အဖြစ်ကတည်းက ဒီသဘာဝကို မြင်အောင် လှမ်းပြီးတော့ ရှုရတော့မယ်။ ရှုကွက်တွေကိုလည်း ဝိသုဒ္ဓိမဂ် အဋ္ဌကထာမှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဒီတော့ အဝိဇ္ဇာသမုဒယာ ရူပသမုဒယော၊ တဏှာသမုဒယာ ရူပသမုဒယော၊ ကမ္မသမုဒယာ ရူပသမုဒ ယော ...(ပဋိသံ-၅၃။) စသည်ဖြင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစတဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ထင်ရှားဖြစ်ပေါ်ပုံကိုလည်း မြင်အောင်ရှုရတယ်။
အလားတူပဲ အဝိဇ္ဇာနိရောဓာ ရူပနိရောဓော၊ တဏှာနိရောဓာ ရူပနိရောဓော၊ ကမ္မနိရောဓာ ရူပနိရောဓော ...(ပဋိသံ-၅၃) စသည်ဖြင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေ ယတိပြတ် ချုပ်ငြိမ်းသွားခြင်းကြောင့် ဥပါဒါနက္ခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု ကိုလည်း မြင်အောင်ရှုရမယ်ဆိုပြီး အတိအကျ ညွှန်ကြားထားတယ်။ ပဋိသမ္ဘိဒါမဂ္ဂ (ပဋိသံ-၅၃။) ပါဠိတော်ကြီးကို ကိုးကားပြီးတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အတိအကျ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၆-၂၆၇။)
အဲဒီ ညွှန်ကြားချက်အရ ဘုန်းကြီးတို့ အကြောင်းတရားတွေရဲ့ နောင် တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် လုံးဝ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရား တို့ရဲ့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို မြင်အောင်ရှုရမယ် ဆိုလျှင် အဲဒီချုပ်ငြိမ်းမှုက ဘာသစ္စာလည်းလို့မေးတော့ လောကီဝိပဿနာ ဉာဏ်ဖြင့် သိမြင်အပ်တဲ့ နိရောဓသစ္စာ ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။) လောကုတ္တရာ နိရောဓသစ္စာကို ထိုအချိန်အခါမှာ ထိုယောဂီသူတော်ကောင်းပုဂ္ဂိုလ်က ရှုနိုင်မလားလို့မေးတော့ မရှုနိုင်သေးဘူး၊ မရသေးဘူး၊ မမြင်သေးဘူး၊ ကိုယ့် အရာ မဟုတ်သေးဘူး။
သို့သော် ဒီလောကီဝိပဿနာဉာဏ်ဖြင့် သိမြင်အပ်တဲ့ နိရောဓသစ္စာ ကိုတော့ မြင်အောင်ရှုရမလား၊ မရှုရဘူးလား? ရှုရပါမယ်။ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိရမည့် ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ နိရောဓသစ္စာက အဲဒီ နိရောဓသစ္စာ ဖြစ်ပါတယ်။အကြောင်းတရားတွေ ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားတွေ ချုပ်ငြိမ်းပုံကို မြင်အောင်ရှုရမယ်။
နောက်တစ်ခု အထူးသဖြင့် ဘင်္ဂဉာဏ်ပိုင်း ရောက်လာပြီဆိုလျှင် -
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၈၈။)။
ဒုက္ခသစ္စာတရား သမုဒယသစ္စာတရာတွေကို ဉာတလို့ ခေါ်တယ်။ ဘာကြောင့် ဉာတလို့ ခေါ်သလဲမေးတော့ ရှုနေတဲ့ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် တရားတွေဖြစ်ခြင်းကြောင့် ဒုက္ခသစ္စာတရားနှင့် သမုဒယ သစ္စာတရားတွေကို ဘာလို့ခေါ်လဲ? ဉာတလို့ ခေါ်တယ်။ ဉာဏဆိုတာက ရှုတတ်တဲ့ ဝိပဿနာဉာဏ် ဦးဆောင်နေတဲ့ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေ ဖြစ်ပါတယ်။ ပုထုဇန်တွေအတွက် သို့မဟုတ် သေက္ခသူတော်ကောင်းများ အတွက် အထူးသဖြင့် ပြောမယ်ဆိုလျှင် ဉာဏ်ပြဓာန်းတဲ့ ကုသိုလ်စိတ် စေတသိက်တရားစုတို့ ဖြစ်ကြတယ်။
အဲဒီတော့ အဲဒီ ကုသိုလ်ဇောဝီထိ စိတ်အစဉ်ထဲမှာ ပါဝင်တဲ့ ကုသိုလ် စိတ်စေတသိက်တွေမှာ စိတ်စေတသိက် (၃၄)လုံးခန့် ရှိပါတယ်။ နောက်ပိုင်း တော့ ဘုန်းကြီး အချိန်ရလျှင် ထပ်ပြောပါ့မယ်။ အဲဒီ (၃၄)လုံးထဲမှာ သမ္မာဒိဋ္ဌိလည်းပါတယ်။ သမ္မာသင်္ကပ္ပလည်းပါတယ်။ သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တွေလည်း ပါပါတယ်။ လောကီမဂ္ဂသစ္စာတရားများ ဖြစ်ကြပါတယ်။ ထိုလောကီ မဂ္ဂသစ္စာတရားတွေကိုလည်း တစ်ဖန်ပြန်ပြီး တော့ ဝိပဿနာရှုရမယ်။ ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ- ဒီလို ဖွင့်ထားတယ်။ ပဋိဝိပဿနာလို့ ခေါ်ဆိုပါတယ်။
ဒါကြောင့် လောကီမဂ္ဂသစ္စာကိုလည်း လောကီမဂ္ဂသစ္စာဖြင့် တစ်ဖန် ပြန်ပြီးတော့ ထိုးထွင်းသိအောင် ရှုရပါတယ်။ ဝိပဿနာရှုရတယ်။ ရှုလိုက်တဲ့ အချိန်အခါမှာ ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိနေတဲ့ လောကီမဂ္ဂင်တရားကိုယ်တွေ ရှိတယ်။ ထိုလောကီမဂ္ဂသစ္စာတွေကိုသာလျှင် ပွားများလို့ ရပါတယ်။ လောကီမဂ္ဂင် တရားတွေကိုသာလျှင် ပွားလို့ရတယ်၊ များအောင်လုပ်လို့ရတယ်။ ပွားတယ် ဆိုတာက တစ်ကြိမ်တစ်ခါ ဖြစ်ရုံတင်မဟုတ်ဘူး၊ ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာဖြစ်အောင် ကြိုးစားအားထုတ်မှုကို ပွားတယ်လို့ခေါ်တယ်။
လောကုတ္တရာမဂ္ဂသစ္စာလို့ခေါ်တဲ့ အရိယမဂ်ဉာဏ်တို့ကတော့ သောတာ ပတ္တိမဂ်ဉာဏ်ဆိုလျှင် တစ်ကြိမ်ပဲဖြစ်တယ်။ နှစ်ကြိမ် ဖြစ်ရိုးဓမ္မတာ မရှိဘူး။ သကဒါဂါမိမဂ်ဉာဏ်ဆိုလျှင်လည်း တစ်ကြိမ်ပဲဖြစ်တယ်။ နှစ်ကြိမ် ဖြစ်ရိုး ဓမ္မတာ မရှိဘူး။ အနာဂါမိမဂ်ဉာဏ်ဆိုလျှင်လည်း တစ်ကြိမ်ပဲ ဖြစ်ရိုးဓမ္မတာ ရှိတယ်။ နှစ်ကြိမ်မဖြစ်ဘူး။ အရဟတ္တမဂ်ဉာဏ်ဆိုလျှင်လည်း တစ်ကြိမ်ပဲ ဖြစ်တယ်။ နှစ်ကြိမ်ဖြစ်ရိုး မရှိဘူး။ ဘာဖြစ်လို့လဲ? တစ်ကြိမ်တည်းနှင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စက ပြီးပြီးသား ဖြစ်သွားပြီ။ ကိလေသာ ပယ်သတ်တဲ့ လုပ်ငန်းကိစ္စ ဖြစ်တယ်။
ဒီတော့ အသင်္ခတဓာတ်အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူပြီး ကိလေသာ ကို ပယ်သတ်ခြင်းဆိုတဲ့ လုပ်ငန်းကိစ္စက တစ်ကြိမ်နှင့် ပြီးတဲ့အတွက် နောက်ထပ်တစ်ဖန် ထပ်ပြီး ဖြစ်နေဖို့လိုသေးလား? မလိုတော့ဘူး။ ဒါကြောင့် ပြောလို ရင်းက လောကုတ္တရာမဂ္ဂသစ္စာသည် ပွားလို့မရပါဘူး။ တစ်ကြိမ်ပဲ ဖြစ်တာကိုး။ ပွားများအားထုတ်ရမည့် မဂ္ဂသစ္စာက ဘယ်ဘက်ကသစ္စာလဲ? လောကီ မဂ္ဂသစ္စာဖြစ်တယ်။ (မ၊ဋ္ဌ၊၂၊၁၆၅။)
အဲဒီ လောကီမဂ္ဂသစ္စာကို ယောဂီပုဂ္ဂိုလ်တို့က မိမိတို့ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်။ ကြိုးစားအားထုတ် လိုက်တဲ့ အချိန်အခါမှာ ဒီလောကီမဂ္ဂသစ္စာ ဆိုတာတွေကို တစ်နည်းအားဖြင့် ပြောလျှင်တော့ ဝိပဿနာဉာဏ်လို့လည်း ခေါ်ပါတယ်။ အဲဒီတော့ ဒီလောကီ မဂ္ဂသစ္စာတွေက ဘာကိုသိသလဲ? လောကီဒုက္ခသစ္စာကိုလည်း ထိုးထွင်း သိတယ်။ လောကီသမုဒယသစ္စာကိုလည်း ထိုးထွင်းသိတယ်။ လောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာကိုလည်း ထိုးထွင်း သိတယ်။ လောကီမဂ္ဂသစ္စာကိုလည်း ထိုးထွင်းသိတယ်။
ဒါပေမဲ့ လောကုတ္တရာဖြစ်တဲ့ မဂ္ဂသစ္စာတရားတွေက ဘာကိုသိသလဲလို့ ပြန်ဆန်းစစ်လိုက်တော့ လောကုတ္တရာ မဂ္ဂသစ္စာတရားတွေက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကိုပဲ သိပါတယ်။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က လောကုတ္တရာနိရောဓသစ္စာပါ။
ပြီးတော့ -
၁။ သမ္မာဒိဋ္ဌိက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ထိုးထွင်း သိမှု သဘော,
၂။ သမ္မာသင်္ကပ္ပက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ စိတ်စေတသိက် သမ္ပယုတ်တရားတွေကို ရောက်အောင် ပို့ဆောင် တွန်းပို့ ပေးခြင်းသဘော, ရှေးရှုတင်ပေးခြင်းသဘော,
၃။ သမ္မာသတိက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အမှတ်ရနေခြင်း သဘော,
၄။ သမ္မာဝါယာမက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို ထိုးထွင်း သိအောင် ကြိုးစားအားထုတ်ခြင်းသဘော,
၅။ သမ္မာသမာဓိက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံ၌ စိတ် တည်ကြည်နေမှုသဘော -
ဆိုပြီးတော့ လောကုတ္တရာ မဂ္ဂင်ဘယ်နှစ်ပါး ဖြစ်သွားသလဲ? ငါးပါး။
အဲဒီ ငါးပါးထဲမှာ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ ဒီမဂ္ဂင်သုံးပါးကော မပါတော့ဘူးလားဆိုတော့ ပါသွားတယ်။ ဘယ်လိုပါသလဲ လို့မေးတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အရိယမဂ်ဉာဏ်က လှမ်းပြီး အာရုံယူလိုက်တဲ့ အချိန်အခါမှာ ဒီအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်နှင့် အရိယမဂ်ဉာဏ်တို့ ပေါင်းဆုံမိတဲ့အခါ အရိယမဂ်ဉာဏ်က သမ္မာဝါစာ မဖြစ်အောင် သမ္မာကမ္မန္တ မဖြစ်အောင် သမ္မာအာဇီဝမဖြစ်အောင် တားမြစ်နှောင့်ယှက်မည့် ကိလေသာအညစ်အကြေး ဟူသမျှကို အကြွင်းမဲ့ ပယ်သတ်ပေးလိုက်တယ်။ အကြွင်းမဲ့ ပယ်သတ်ပေးလိုက်ခြင်းကြောင့် သမ္မာဝါစာသဘော, သမ္မာကမ္မန္တသဘော, သမ္မာအာဇီဝသဘောတွေဟာလည်း ရှေးရှုတည်နေပြီးသား ဖြစ်သွားတယ်။ ပေါင်းလိုက်တော့ လောကုတ္တရာ မဂ္ဂင် ဘယ်နှစ်ပါးလဲ? ရှစ်ပါး။
ဒီတော့ လောကီမဂ္ဂင်ငါးပါးကို ပွားတဲ့အခါမှာ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်သုံးပါးကို ခုလို သီလကို ကြိုတင်ဆောက်တည် တဲ့ သဘောအားဖြင့် ကြိုတင် စောင့်ထိန်းပြီးဖြစ်ဖို့ လိုတယ်။ သီလမဂ္ဂင် သုံးပါးမှာ ရပ်တည်ပြီး ပွားများအားထုတ်နေတဲ့ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိခေါ်တဲ့ လောကီမဂ္ဂင် ငါးပါး။ ပေါင်းလိုက်တော့ အားလုံး လောကီမဂ္ဂင်က ဘယ်နှစ်ပါးဖြစ်သွားလဲ? ရှစ်ပါး။ အဲဒီ လောကီမဂ္ဂင်ရှစ်ပါးကို ယောဂါဝစရပုဂ္ဂိုလ်က ပွားများအားထုတ်ရမှာ ဖြစ်ပါတယ်။
---သမာဓိသုတ္တန်
ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပွားများအားထုတ်မလဲ? ဟို- သစ္စသံယုတ်မှာ မြတ်စွာဘုရား ဟောကြားထားတော်မူတဲ့ သုတ္တန်တစ်ခု ရှိတယ်။ သမာဓိသုတ္တန်ပါ။ ဘယ်လို ဟောကြားထားတော်မူသလဲ?
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြကုန်လော့။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သမာဟိတော = သမာဓိရှိတဲ့။ ဘိက္ခု = ယောဂါဝစရရဟန်းတော်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြားသိ၏။
ချစ်သားရဟန်းတို့ ... သမာဓိကို ထူထောင်ကြပါ။ သမာဓိရှိတဲ့ ရဟန်းတော်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိသလဲ?
ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)
ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိမယ်။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား နိရောဓသစ္စာတရား, ဒုက္ခချုပ်ရာ တဏှာကုန်ရာ နိရောဓ သစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိမယ်။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိမယ်။ အဲဒီလို ကွဲကွဲပြားပြား သိရှိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ကြပါ။
ဤကား ဒုက္ခသစ္စာလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိမယ်။ ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဤကား နိရောဓသစ္စာတရား, ဒုက္ခချုပ်ရာ တဏှာကုန်ရာ နိရောဓ သစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိမယ်။ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂအရိယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိမယ်။ အဲဒီလို ကွဲကွဲပြားပြား သိရှိရေးအတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ကြပါ။
ဒီလိုဆိုလျှင် သမာဓိထူထောင်ဖို့ကို မြတ်စွာဘုရားက တိုက်တွန်းသလား မတိုက်တွန်းဘူးလားလို့ မေးလျှင် ဘယ်လိုဖြေမလဲ? တိုက်တွန်းတယ်။ ဘာအတွက်လဲ? သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်ပဲ ဖြစ်ပါတယ်။ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဒီသမာဓိ သည် ဘာကြောင့် လိုအပ်ပါသလဲဆိုတာ လုပ်ငန်းခွင်ကို ဘုန်းကြီး တစ်ဆင့်ပြီး တစ်ဆင့် ရှင်းလင်းတဲ့အပိုင်းမှာ ထပ်ပြီး ပြောပါမယ်။
သမာဓိဘာဝနာ = သမထဘာဝနာကို ပွားများ အားထုတ်မည့် သူတော်ကောင်းသည် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလ မဂ္ဂင်သုံးပါး အပေါ်မှာ ရပ်တည်ပြီးတော့မှ ဒီသမာဓိစခန်းကို ပွားများ အားထုတ်ရမှာ ဖြစ်ပါတယ်။ ပွားများအားထုတ်ပြီးတဲ့ အချိန်အခါမှာ သမာဓိစခန်း အောင်မြင်ခဲ့လျှင် ဒီသမာဓိကို အခြေခံ၍ သစ္စာလေးပါးကို ထိုးထွင်းသိတဲ့ သမ္မာဒိဋ္ဌိမဂ္ဂင်၊ သစ္စာလေးပါး အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးနေတဲ့ သမ္မာသင်္ကပ္ပမဂ္ဂင်၊ ဒီပညာမဂ္ဂင်နှစ်ပါးနှင့် ပြည့်စုံအောင် ဆက်လက်ပြီး ကြိုးစားရမှာဖြစ်ပါတယ်။ သီလမဂ္ဂင်က သုံးပါး, သမာဓိမဂ္ဂင်က သုံးပါး, ပညာမဂ္ဂင်က နှစ်ပါးဆိုတော့ ပေါင်းလိုက်တော့ ဘယ်နှစ်ပါး ဖြစ်သွား လဲ? ရှစ်ပါး။ ဒီမဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်မည့် သူတော်ကောင်းသည် သတိပဋ္ဌာန်လေးပါးကိုပဲ ပွားရပါတယ်။
သတိပဋ္ဌာန်တရားနှင့် မဂ္ဂင်ရှစ်ပါး
သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်ခြင်းနှင့် မဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ခြင်းသည် အတူတူပဲ ဖြစ်ပါတယ်။ ဘယ်လိုတူတယ်ဆိုတာကို ဘုန်းကြီး ဒီည စတင်ပြီး ရှင်းလင်းတင်ပြပေးပါမယ်။ မြတ်စွာဘုရား သတိပဋ္ဌာန်တရား ဘယ်နှစ်ပါး ဟောထားသလဲလို့မေးလျှင် သတိပဋ္ဌာန်လေးပါး ဖြစ်တယ်။
နံပါတ်တစ်က ကာယာနုပဿနာသတိပဋ္ဌာန်,
နံပါတ်နှစ်က ဝေဒနာနုပဿနာသတိပဋ္ဌာန်,
နံပါတ်သုံးက စိတ္တာနုပဿနာသတိပဋ္ဌာန်,
နံပါတ်လေးက ဓမ္မာနုပဿနာသတိပဋ္ဌာန် -
ဆိုပြီးတော့ သတိပဋ္ဌာန်တရား ဘယ်နှစ်ပါး ရှိသလဲ? လေးပါးရှိပါတယ်။ ဒီသတိပဋ္ဌာန်တရားလေးပါးကို ဟောတော်မူတဲ့ အချိန်အခါမှာ ဘုရားရှင်က ဘယ်လို နိဒါန်းပျိုးထားသလဲ?
ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ = သတ္တဝါ တွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ကိလေသာ အညစ်အကြေးတွေ စင်ကြယ် သွားဖို့, စိတ်ဓာတ်တွေ ဖြူစင်သန့်ရှင်းသွားဖို့ရန်အတွက် ဧကာယန = တစ်ကြောင်းတည်းသောလမ်း ဖြစ်တယ်။ သောကပရိဒေဝါနံ သမတိက္ကမာယ = စိုးရိမ်ရခြင်း သောကတရား, ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝတရား တွေကို ကျော်လွှား လွန်မြောက်သွားဖို့ရန်အတွက်လည်း တစ်ကြောင်းတည်း သောလမ်းသာ ဖြစ်တယ်။ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ကိုယ်ဆင်းရဲ ရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿတရားတွေ ချုပ်ငြိမ်း ကွယ်ပျောက် သွားဖို့ရန် အတွက်လည်း တစ်ကြောင်းတည်းသော လမ်းပဲ ဖြစ်တယ်။ ဉာယဿ အဓိဂမာယ = သစ္စာလေးပါးကို ထိုးထွင်းသိတတ်တဲ့ အရိယမဂ် ဉာဏ်ကို ရရှိဖို့ရန်အတွက်လည်း တစ်ကြောင်းတည်းသော လမ်းပဲ ဖြစ်တယ်။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အတွက်လည်း တစ်ကြောင်းတည်းသော လမ်းသာ ဖြစ်တယ်။ ဒီတစ်ကြောင်းတည်းသော လမ်းသည် ဘယ်လမ်းလည်းလို့မေးတော့ - ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ = သတိပဋ္ဌာန် တရားလေးပါးပဲ ဖြစ်တယ်ဆိုပြီး မြတ်စွာဘုရားက ဒီလို ရှင်းထားတယ်။ (မ၊၁၊ရဝ။)
ဒီလိုရှင်းထားတော့ မဂ္ဂင်ရှစ်ပါးကိုလည်း နိဗ္ဗာန်ရကြောင်း ကျင့်စဉ်အဖြစ်, ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်အဖြစ်, ဒုက္ခနိရောဓဂါမိနီ ပဋိပဒါဆိုတဲ့ နာမည်နှင့် ဟောကြားထားတော်မူပါတယ်။ အလားတူပဲ ဒီမဟာသတိပဋ္ဌာနသုတ္တန်မှာလည်း ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ စသည်ဖြင့် ခုနက ပြောထားခဲ့တဲ့ ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿ၊ ဒီဒုက္ခတွေ ချုပ်ငြိမ်းသွားဖို့ရန်အတွက် တစ်ကြောင်းတည်းသော လမ်းဟာလည်း ဒီသတိပဋ္ဌာန်တရားပဲ ဖြစ်တယ်ဆိုပြီး ဒီလို ဟောကြားထား တော်မူပါတယ်။ ဟောကြားထားလိုက်တော့ သတိပဋ္ဌာန် တရားလေးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့ရဲ့ ဆက်စပ်မှုကို ဒီည ဘုန်းကြီး ထပ်ပြီးပြောဖို့ လိုလာပါတယ်။
အခန်း (၈)
အနုပဿနာပိုင်း
အနုပဿနာ (၄) မျိုး
သတိပဋ္ဌာန်လေးပါးဆိုတာက ကာယာနုပဿနာသတိပဋ္ဌာန်, ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ ဖြစ်ကြပါတယ်။ အနုပဿနာလေးပါးလို့လည်း အတိုကောက် အားဖြင့် ခေါ်ဝေါ်သုံးစွဲပါတယ်။ ဒီအနုပဿနာလေးပါးအကြောင်းကို ဆက်လက်ပြီး ပြောကြရအောင် ---
ကာယာနုပဿနာသတိပဋ္ဌာန်
ကာယာနုပဿနာ သတိပဋ္ဌာန်အပိုင်းမှာ မြတ်စွာဘုရားက နံပါတ်တစ် အနေအားဖြင့် အာနာပါနပဗ္ဗပိုင်း = အာနာပါနအခန်းကဏ္ဍပိုင်း ဆိုပြီး ဟောထားပါတယ်။ အာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင်က စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ထူထောင်ပုံအပိုင်းကို ပဓာနထားပြီး ဟောကြားတော်မူလိုက် တယ်။ ဟောပြီးတဲ့ အချိန်အခါမှာ ရုပ်တွေနာမ်တွေ သိမ်းဆည်းပုံ, အကြောင်း တရား အကျိုးတရားသိမ်းဆည်းပုံ, အကြောင်းတရားနှင့်တကွ ဒီရုပ်နာမ်တွေ ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ အရဟတ္တဖိုလ် ပေါက် ဝိပဿနာ ရှုပွားသုံးသပ်ပုံ အပိုင်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဟောကြားသွားတော်မူပါတယ်။ ဟောသွားတဲ့အပိုင်းမှာ ဒီကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းထဲမှာ အာနာပါနကမ္မဋ္ဌာန်း လည်း ပါနေတယ်။
ဒီအာနာပါနကမ္မဋ္ဌာန်းသည် စတုတ္ထစျာန်သမာဓိဆိုက်အောင် ပွားများ အားထုတ်ရမည့် ကမ္မဋ္ဌာန်းတစ်ခုလည်း ဖြစ်တယ်ဆိုတာကိုတော့ နည်းနည်း သဘောပေါက်အောင် မှတ်သားထားပါ။
ဒီတော့ ဒီရုပ်တွေနာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ရုပ်ကို ဦးတည် ပြီးတော့ ပဓာနထားပြီး သိမ်းဆည်းတဲ့ အနုပဿနာလုပ်ငန်းရပ်ကို ကာယာနုပဿနာသတိပဋ္ဌာန်လို့ ခေါ်ပါတယ်။
နောက်တစ်ခု ဒီကာယာနုပဿနာ သတိပဋ္ဌာန်ထဲမှာ သုံးဆယ့်နှစ်ကောဋ္ဌာသတို့ကဲ့သို့သော ကောဋ္ဌာသတွေကို ပဋိကူလမနသိကာရ = ရွံရှာ စက်ဆုပ်ဖွယ် အနေအားဖြင့် နှလုံးသွင်း ရှုပွားပုံအပိုင်းတွေကိုလည်း မြတ်စွာ ဘုရားက ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။
သုံးဆယ်နှစ်ကောဋ္ဌာသကို ပဋိကူလမနသိကာရ = ရွံရှာစက်ဆုပ်ဖွယ် အနေနှင့် နှလုံးသွင်း ရှုပွားခဲ့လျှင် ပထမစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ ဒီတော့ ဒီသမထဘာဝနာ ကျင့်စဉ်တွေကိုလည်း ဒီကာယာနုပဿနာ သတိပဋ္ဌာန်ထဲမှာ မြတ်စွာဘုရားက ထည့်သွင်းကာ ဟောကြားထားတော်မူပါတယ် ဆိုတာကိုတော့ သဘောပေါက်စေချင်တယ်။ အလားတူပဲ သုသာန်သချုႋင်းနှင့် ဆက်စပ်ပြီးတော့ သူသေကောင်ကိုးမျိုး ရှုပွားသုံးသပ်ပုံ အပိုင်းတွေကိုလည်း ကာယာနုပဿနာသတိပဋ္ဌာန်ထဲမှာ မြတ်စွာဘုရား ထည့်သွင်းပြီး ဟောကြား ထားတော်မူပါတယ်။
သို့သော် ရဟန္တာအရှင်မြတ်တစ်ပါး ဖြစ်တော်မူတဲ့ မဟာသိဝမထေရ် မြတ်ကြီးကတော့ မဟာသတိပဋ္ဌာနသုတ္တန်မှာ ဘုရားရှင်ရဲ့ ရည်ရွယ်တော် မူချက်ကတော့ စျာန်ဆိုက်အောင် ပွားစေလိုတဲ့ ရည်ရွယ်ချက် မဟုတ်ဘူး၊ အာဒီနဝါနုပဿနာခေါ်တဲ့ မိမိခန္ဓာအိမ် သူတစ်ပါးခန္ဓာအိမ်မှာ တည်ရှိနေတဲ့ အပြစ်အာဒီနဝတွေကို ရှုပွားသုံးသပ်ဖို့ရန်အတွက် ဦးတည်ပြီး မြတ်စွာဘုရား က ဟောကြားတော်မူခြင်းဖြစ်တယ်လို့ ဒီလိုတော့ ဆုံးဖြတ်ထားပါတယ်။ (မ၊ဋ္ဌ၊၁၊၃၀၅။)
သို့သော် ရှေးရှေး အဋ္ဌကထာဆရာတော်များရဲ့ သတ်မှတ်ချက်အရ ပြောလျှင်တော့ ဒီသူသေကောင်ကိုးမျိုးကို ပထမစျာန်သမာဓိဆိုက်အောင် ပွားမယ်ဆိုလျှင် ပွားလို့ရပါတယ်။ ဆိုလိုတာကတော့ စျာန်တွေကို ပွားများ အားထုတ်တဲ့ လုပ်ငန်းခွင်တွေသည် သတိပဋ္ဌာန်လေးပါးထဲမှာ ဘယ်လုပ်ငန်း ခွင်တွင် ပါနေသလဲလို့မေးလျှင် ကာယာနုပဿနာသတိပဋ္ဌာန်ထဲမှာ ပါနေ တယ်။ ဒီအချက်ကို နားလည်စေချင်ပါတယ်။
ကာယာနုပဿနာသတိပဋ္ဌာန်နှင့် မဂ္ဂင်ရှစ်ပါး
နောက်တစ်ခု ရုပ်ပရမတ္ထတရားတွေကို ပဓာနထားပြီး သိမ်းဆည်းရှုပွား တဲ့ လုပ်ငန်းခွင်ဟာလည်း ဘယ်သတိပဋ္ဌာန်ထဲမှာ ပါသလဲဆိုလျှင် ကာယာနုပဿနာသတိပဋ္ဌာန်ထဲမှာ ပါနေတယ်။ ဒီတော့ ဒီအာနာပါနကမ္မဋ္ဌာန်းတို့ကဲ့သို့ သမထကမ္မဋ္ဌာန်းတစ်ခုကို စတုတ္ထစျာန် သမာဓိဆိုက်အောင် ပွားများအားထုတ် တဲ့ သူတော်ကောင်းသည် သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးကို ထူထောင်ပြီး ဖြစ်ပါတယ်။ ထိုသမာဓိမဂ္ဂင်သုံးပါးကို ထူထောင်မည့် ယောဂီသူတော်ကောင်းသည် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်သုံးပါး အပေါ်မှာ ရပ်တည်ပြီးတော့မှ ပွားများအားထုတ်ရမှာ ဖြစ်တယ်။
သမာဓိစခန်းတွေ အောင်မြင်လို့ ဒီသမာဓိကို အခြေခံပြီးတော့ ရုပ် ပရမတ္ထတရားတွေကို သိမ်းဆည်းမယ်, နာမ်ပရမတ္ထတရားတွေကို သိမ်းဆည်းမယ်ဆိုလျှင် သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်တွေကို ရရှိအောင် ပွားများအားထုတ်နေခြင်းပဲ ဖြစ်ပါတယ်။ ရုပ်တရားတွေကို သိမ်းဆည်းတဲ့ အပိုင်းမှာ ဓာတ်ကြီးလေးပါးက စတင်သိမ်းဆည်းရန် ဓာတုမနသိကာရပဗ္ဗဆိုတဲ့ အပိုင်းကဏ္ဍတစ်ခုကိုလည်း ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းမှာ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။
ဒါကြောင့် ဓာတ်ကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်ပေါက် အဆင့်ဆင့် အားထုတ်သွားခြင်းသည်လည်း - သတိပဋ္ဌာန်ကို ပွားသည်လည်း မည်တယ်။ မဂ္ဂင်ရှစ်ပါးကို ပွားနေသည်လည်း မည်ပါတယ်။ ကာယာနုပဿနာသတိပဋ္ဌာန် ကို ပွားများတဲ့ပုဂ္ဂိုလ်ဟာ ရုပ်တရားသက်သက်ကိုသာ ရှုသည် မဟုတ်ပါဘူး။ နာမ်တရားတွေကိုလည်း ဆက်လက် ရှုပွားရပါတယ်။ ဘာကြောင့်လဲ? ဘုရားရှင်က သံယုတ်ပါဠိတော် အပရိဇာနနသုတ္တန်မှာ -
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ ပ ။ သဗ္ဗံ စ ခေါ ဘိက္ခဝေ အဘိဇာနံ ပရိဇာနံ ဝိရာဇယံ ပဇဟံ ဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၀။)
စသည်ဖြင့် အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာဆိုတဲ့ ပရိညာဉာဏ်ပညာ သုံးမျိုး တို့ဖြင့် ပိုင်းပိုင်းခြားခြား မသိခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ၏ကုန်ရာ နိဗ္ဗာန် ကို ဘယ်လိုမှ မရောက်နိုင်ဘူးလို့ ဟောကြားထားတော်မူပါတယ်။ ဒီ ဒေသနာ တော်များကို ဦးထိပ်ရွက်ပန်ဆင်လျက် အဋ္ဌကထာကြီးများကလည်း -
ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်ခြင်း မဂ္ဂဝုဋ္ဌာနသည် မဖြစ်နိုင်ဘူး။ ဒါကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်ဟာ နာမ်တရားကိုလည်း ဝိပဿနာရှုပွားသုံးသပ်ရမည်သာ ဖြစ်တယ်- စသည်ဖြင့် ဆုံးဖြတ်ထားတော်မူကြပါတယ်။
ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ဓာတ်ကြီး (၄)ပါးကို ဦးတည်ကာ ရုပ် တရားတွေကို သိမ်းဆည်းပြီးတဲ့အခါ နာမ်တရားတွေကိုလည်း ဆက်လက် သိမ်းဆည်းရပါတယ်။ နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝေဒနာတစ်ခုတည်း, အသိစိတ်တစ်ခုတည်း, ဖဿတစ်ခုတည်း သိမ်းဆည်းရုံ နှင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မဆိုက်နိုင်တဲ့အတွက် စိတ္တက္ခဏ တစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်ကြတဲ့ စိတ်စေတသိက်တွေကို စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရဆိုတဲ့ အာယတနဒွါရအလိုက် ဆက်လက်သိမ်းဆည်းရပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မူလဋီ၊၂၊၁၅၄။)
ဒါကြောင့် မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုတော်မူကြတဲ့ အဋ္ဌကထာ ကြီးများက -
ကာယာနုပဿနာမုခေန ဝေဒနာနုပဿနာမုခေန ...(မ၊ဋ္ဌ၊၁၊၂၄၅။)
စသည်ဖြင့် သတ်မှတ်ပြီး ပေးထားပါတယ်။ ရုပ်တရားကို အဦးမူ၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း, ဝေဒနာကို အဦးမူ၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း, စိတ်ကို အဦးမူ၍ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း, ဓမ္မသဘောတရားတွေကို အဦးမူ၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း စသည်ဖြင့် ဒီလို နာမည်တပ်ပြီးတော့ သတိပဋ္ဌာန်လေးပါးကို ဖွင့်ဆိုထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့-
ရံခါ ရုပ်တရား, ရံခါ နာမ်တရား, ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ
ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံနှင့်လည်း မဂ်ဉာဏ်မဆိုက်နိုင်ဘူး။ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံနှင့်လည်း မဂ်ဉာဏ်မဆိုက်နိုင်ဘူး။ ဒါကြောင့် -
သော ကာလေန ရူပံ သမ္မသတိ၊ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
သော = ထိုယောဂီပုဂ္ဂိုလ်သည်။ ကာလေန = ရံခါ။ ရူပံ = ရုပ်တရားကို။ သမ္မသတိ = လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်၍ နေလေ၏။ ကာလေန = ရံခါ။ အရူပံ = နာမ်တရားကို။ သမ္မသတိ = လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်၍နေလေ၏ -
စသည်ဖြင့် ဒီလို ဖွင့်ဆိုထားပါတယ်။ ရုပ်တရားသက်သက်ကိုလည်း ဝိပဿနာရှုနေရုံနှင့် မဂ်ဉာဏ်သို့ မဆိုက်နိုင်ဘူး။ နာမ်တရားသက်သက်ကို လည်း ဝိပဿနာရှုနေရုံနှင့် မဂ်ဉာဏ်သို့ မဆိုက်နိုင်ဘူး။ ဒါကြောင့် ရံခါ ရုပ်တရား, ရံခါ နာမ်တရားတွေကို ဝိပဿနာရှုပေးရတယ်။ အလားတူပဲ အဇ္ဈတ္တရုပ်နာမ် ဗဟိဒ္ဓရုပ်နာမ်တွေကို ဝိပဿနာရှုပေးရတယ်။ အဇ္ဈတ္တ ရုပ်တွေနာမ်တွေကို အဇ္ဈတ္တခန္ဓာငါးပါးလို့လည်း ခေါ်ပါတယ်။ အတူတူပဲ။ ဗဟိဒ္ဓရုပ်တွေနာမ်တွေကို ဗဟိဒ္ဓခန္ဓာငါးပါးလို့ ခေါ်ပါတယ်။ အတူတူပဲ။ အဇ္ဈတ္တခန္ဓာငါးပါးသက်သက် ဝိပဿနာရှုနေရုံနှင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်ဘူး။ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုနေရုံနှင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်နိုင်ဘူး။ ဒါကြောင့် -
သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။)
သော = ထိုယောဂီပုဂ္ဂိုလ်သည်။ ကာလေန = ရံခါ။ အဇ္ဈတ္တံ = အဇ္ဈတ္တခန္ဓာငါးပါးကို။ သမ္မသတိ = လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍နေလေ၏။ ကာလေန = ရံခါ။ ဗဟိဒ္ဓါ = ဗဟိဒ္ဓခန္ဓာငါးပါးကို။ သမ္မသတိ = လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်လျက် နေလေ၏။
ရံခါ အဇ္ဈတ္တခန္ဓာငါးပါး, ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာရေးသုံးတန် တင်ပြီး ဝိပဿနာရှုပွားသုံးသပ်ရမယ်။ ဒါက ဝိပဿနာရှုပွားမည့် ပုဂ္ဂိုလ် တွေမှာ အခြေခံသိထားဖို့ စည်းကမ်းဥပဒေသတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကာယာနုပဿနာဆိုသော်လည်း ရုပ်တရားသက်သက်ကိုရှုတဲ့ ကမ္မဋ္ဌာန်း တစ်မျိုးတော့ မဟုတ်ဘူး။ ရုပ်တရားကို ပဓာနထားပြီး အဦးမူကာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင် ကာယာနုပဿနာသတိပဋ္ဌာန် ဖြစ်တယ်။
ဝေဒနာနုပဿနာသတိပဋ္ဌာန်
အလားတူပဲ ဝေဒနာကို အဦးမူ၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင် ဝေဒနာနုပဿနာကမ္မဋ္ဌာန်း ဖြစ်ပါတယ်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်ဖြစ်တယ်။ သို့သော် ဒီဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ရှုတော့မည့် ပုဂ္ဂိုလ်သည် ---
နံပါတ်တစ် - ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမည်။
နံပါတ်နှစ် - ဝေဒနာတစ်လုံးတည်း ရှုရသည်မဟုတ်။ ဝေဒနာနှင့် ယှဉ်ဖက် စိတ်စေတသိက်တွေကိုပါ အားလုံး ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒီလို ရှုပွားသုံးသပ်ပါမှသာလျှင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဆိုက်နိုင် မှာ ဖြစ်ပါတယ်။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ ဝိသုဒ္ဓိ၊၂၊၂၂၆-၂၂၇။)
ဒီတော့ ဒီနေ့ ယောဂီတစ်ဦးကလည်း မေးတယ်။ နာတာနှင့်ပတ်သက်လို့ ပါ။ နာတယ်ဆိုတာကတော့ ဝေဒနာက္ခန္ဓာ မှန်တယ်။ စိတ်ထဲမှာ မခံသာတဲ့ သဘောကတော့ ဒေါမနဿဝေဒနာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ မခံသာတဲ့ သဘောကတော့ ဒုက္ခဝေဒနာတစ်မျိုးပဲ။ ဒုက္ခဝေဒနာတစ်ခုတည်း ရှုရမှာ တော့ မဟုတ်ဘူး။ ဒုက္ခဝေဒနာနှင့် ယှဉ်ဖက် စိတ် စေတသိက်တွေကိုပါ အားလုံး ပူးတွဲပြီးတော့ ရှုပွားသုံးသပ်ရမည့် လုပ်ငန်းခွင် ဖြစ်တယ်။
ဒီစိတ်စေတသိက်တွေက ဝီထိခေါ်တဲ့ နိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက်တွေလည်း ရှိတယ်။ ဝီထိမုတ်ခေါ်တဲ့ ဝီထိရဲ့ အပြင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ ဘဝင်စိတ်တို့လို, ပဋိသန္ဓေစိတ်တို့လို, စုတိစိတ် တို့လို စိတ်တွေလည်း ရှိတယ်။ အထူးသဖြင့် အဖြစ်များတာကတော့ ဘဝ တစ်လျှောက်မှာ စိတ်အစဉ် မပြတ်စဲရေးအတွက် ဘဝရဲ့ အကြောင်းတရား အထောက်အပံ့အဖြစ်နှင့် ဖြစ်ပေါ်နေတဲ့ ဘဝင်စိတ်ဆိုတာ ရှိပါတယ်။
ဘဝင်စိတ်ကိုပဲဖြစ်စေ သို့မဟုတ် ဝီထိစိတ်အစဉ်တွေကိုပဲဖြစ်စေ ရှုပွား သုံးသပ်တဲ့နေရာမှာ ဝေဒနာတစ်လုံးတည်း ရှုရသည်တော့ မဟုတ်ဘူး။ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်တွေကိုပါ အားလုံးရှုရမှာ ဖြစ်ပါတယ်။ အဲဒီလို ရှုနိုင်ရေးအတွက်က ဘာလိုသလဲလို့မေးတော့ ဝေဒနာနုပဿနာ ကဲ့သို့သော နာမ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်လိုသော ယောဂီပုဂ္ဂိုလ်သည် ထိုဝေဒနာနှင့်တကွ နာမ်တရားတို့ရဲ့ မှီရာဝတ္ထုတို့နှင့် စွဲမှီစရာ အာရုံရုပ်တွေကို ပူးတွဲသိမ်းဆည်းထားတတ်ဖို့ လိုအပ်ပါတယ်။ (မ၊ဋ္ဌ၊၄၊၆၀။)
ဒီနာမ်တရားတွေက မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေ သိန်းနှင့်ချီပြီး ဖြစ်ပျက်နေတဲ့ သဘာဝတွေ, လျင်လျင်မြန်မြန် ဖြစ်ပျက် နေတဲ့ သဘာဝတွေ ဖြစ်ခြင်းကြောင့် ဒီနာမ်တရားတွေရဲ့ မှီတွယ်ဖြစ်ပေါ်နေတဲ့ ရုပ်တရား, စွဲမှီစရာဖြစ်တဲ့ စွဲကိုင်စရာဖြစ်တဲ့ အာရုံရုပ်တရား၊ ဒီရုပ်တွေကို မသိဘဲနှင့် သူတို့ဖြစ်တဲ့ နေရာကနေ စောင့်ပြီး မကြည့်ခဲ့လျှင် ဒီနာမ်တရား တွေကို စနစ်တကျ ယှဉ်ဖက် စိတ်စေတသိက်တွေနှင့်တကွ ဝီထိစဉ်အတိုင်း သို့မဟုတ် ဝီထိမုတ် သဘာဝအတိုင်း ရှုပွားသုံးသပ်တတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဒါကြောင့် ဘုရားရှင်က သတိပဋ္ဌာန်လေးပါးကို ဟောကြားတော်မူတဲ့ အပိုင်းမှာ နံပါတ်တစ် - ကာယာနုပဿနာသတိပဋ္ဌာန်ကို ရှေးဦးစွာ ဟောကြား ထားတော်မူပါတယ်။ ပြီးတော့မှ ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ဆက်လက် ပြီး ဟောကြားတော်မူပါတယ်။ ဒီလို ဟောကြားတော်မူချက်ကို ကြည့်လိုက် လျှင် ဘုရားရှင်ရဲ့ အာသာဆန္ဒဓာတ်တော်မှာ ဝေဒနာနုပဿနာစတဲ့ နာမ်ကမ္မဋ္ဌာန်းကို ပွားများလိုတဲ့ ယောဂီသူတော်ကောင်းကို ကာယာနုပဿနာသတိပဋ္ဌာန် ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ရှုပွားစေလိုတဲ့ ဆန္ဒဓာတ်တွေက ပေါ်လွင်ပြီးသား ဖြစ်နေပါတယ်။ ကာယာနုပဿနာ သတိပဋ္ဌာန်ထဲမှာလည်း ဘုရားရှင်က အာနာပါနကဲ့သို့သော စျာန်သမာဓိ ထူထောင်ပုံ ကမ္မဋ္ဌာန်းတွေကို ပါ ထည့်သွင်းပြီး ဟောကြားထားပြီး ဖြစ်ပါတယ်။ ဟောထားတဲ့အတွက် စျာန် သမာဓိကို ထူထောင်ခြင်းသည် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားနေခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။
စိတ္တာနုပဿနာသတိပဋ္ဌာန်
အလားတူပဲ စိတ္တာနုပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းမည့် သူတော်ကောင်း က ---
နံပါတ်တစ် - ထိုစိတ်တို့ရဲ့ မှီရာဖြစ်တဲ့ ရုပ်တရားတွေကို သိမ်းဆည်း ထားပြီး ဖြစ်ဖို့လိုတယ်။ ထိုစိတ်တရားတွေရဲ့ စွဲကိုင်စရာ အာရုံလို့ ခေါ်ဆို အပ်တဲ့ အာရုံရုပ်တရားတွေကိုလည်း သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုတယ်။
နံပါတ်နှစ် အနေအားဖြင့် စိတ်တစ်ခုတည်း ရှုရသည် မဟုတ်ဘူး။ စိတ်နှင့် ယှဉ်ဖက် စိတ်စေတသိက်တွေ အားလုံးကို ရှုရမှာဖြစ်တယ်။ (မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။) စိတ်နှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စေတသိက်တရား တွေကိုပါ ပူးတွဲပြီး ရှုရမယ်။ ရှုလိုက်တဲ့ အခါမှာလည်း ခုနက ပြောခဲ့တဲ့အတိုင်း ပဲ ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားတဲ့ စိတ်တွေကို လည်း ယှဉ်ဖက် စေတသိက်တွေနှင့် အတူတကွ ထိုစိတ္တနိယာမလမ်းကြောင်း အတိုင်းပဲ လိုက်ပြီး ရှုဖို့လိုတယ်။ ဝီထိမုတ်စိတ်တွေကိုလည်း ဝီထိမုတ်စိတ် သဘာဝအတိုင်း ယှဉ်ဖက် စေတသိက်တရားတွေနှင့်တကွ အတူပူးတွဲပြီး သိမ်းဆည်းရှုပွားဖို့ လိုအပ်ပါတယ်။
ဓမ္မာနုပဿနာသတိပဋ္ဌာန်
နောက်တစ်ခုကတော့ ဓမ္မာနုပဿနာ။ ဓမ္မာနုပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းမည့် ယောဂီပုဂ္ဂိုလ်ဟာလည်း အလားတူပဲ ရုပ်ကမ္မဋ္ဌာန်းကို ရှုထားပြီး ဖြစ်ဖို့လိုတယ်။ ဓမ္မသဘောလို့ ခေါ်ဆိုအပ်တဲ့ ကြွင်းကျန်နေသေးတဲ့ ဖဿ-စေတနာဦးဆောင်နေတဲ့ စေတသိက် (၅၁)လုံး ရှိနေပါသေးတယ်။ ဖဿကို ဦးတည်ပြီးတော့ ရှုပွားသုံးသပ်ခဲ့လျှင် ဓမ္မာနုပဿနာစာရင်းထဲမှာ အကျုံး ဝင်တယ်။ အဲဒီ ယှဉ်ဖက်စေတသိက်တွေကို ရှုပွားသုံးသပ်တဲ့နေရာမှာ ဒီစေတသိက်တွေ သက်သက်သာ ရှုရသည် မဟုတ်ဘူး။ စေတသိက်တွေနှင့် စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်တရားတွေ ကိုရော စေတသိက်တရားတွေကိုရော ပူးတွဲပြီးတော့ ရှုပွားသုံးသပ်ရမည့် လုပ်ငန်းခွင် ဖြစ်ပါတယ်။ (မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
ဒါကြောင့် နံပါတ်တစ် - မှီရာဝတ္ထုရုပ်နှင့် အာရုံတွေကို ရှုထားပြီး သိမ်းဆည်းပြီး ဖြစ်ဖို့လိုတယ်။ နံပါတ်နှစ် - ဖဿတစ်ခုတည်း ရှုရသည် မဟုတ်ဘူး၊ ဖဿနှင့် အတူယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက် တွေကိုပါ ဆက်လက်သိမ်းဆည်းပြီး ရှုပွားရမည့် လုပ်ငန်းခွင်ဖြစ်တယ်။
နောက်တစ်နည်းအားဖြင့် ဖွင့်ဆိုထားတာကတော့ မြတ်စွာဘုရားက ဓမ္မာနုပဿနာပိုင်းမှာ နီဝရဏငါးပါးရှုကွက်, ခန္ဓာငါးပါးရှုကွက်, အာယတန ဆယ့်နှစ်ပါးရှုကွက်, ဓာတ်တစ်ဆယ့်ရှစ်ပါးရှုကွက်, ဗောဇ္ဈင်ခုနစ်ပါး ရှုကွက်, သစ္စာလေးပါးရှုကွက် စသဖြင့် ရှုကွက်တွေအမျိုးမျိုး ဟောကြားထားတော် မူပါတယ်။
ဒီတော့ ဒီစိတ်စေတသိက် ရုပ်တရားတွေကို ငါးပုံပုံပြီးတော့ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခဲ့လျှင် ခန္ဓာငါးပါးနည်း ဖြစ်ပါတယ်။ တစ်ဆယ့်နှစ်ပုံ ပုံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခဲ့လျှင် အာယတနတစ်ဆယ့်နှစ်ပါးနည်း ဖြစ်ပါတယ်။ ဗောဇ္ဈင်ခုနစ်ပါးကို ဦးတည်ကာ ဗောဇ္ဈင်ဖြစ်ကြောင်း တရားများနှင့် ဗောဇ္ဈင်နှင့် ယှဉ်ဖက်သမ္ပယုတ်တရားတို့ကို တစ်နည်းပြောလျှင် တော့ ဗောဇ္ဈင်ခုနစ်ပါးကို ဦးတည်ကာ အကြောင်းတရားနှင့် တကွသော ရုပ်နာမ်တို့ကို ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင် ဗောဇ္ဈင်ခုနစ်ပါး နည်း ဖြစ်ပါတယ်။
ဒုက္ခသစ္စာတစ်ပုံ သမုဒယသစ္စာတစ်ပုံအားဖြင့် နှစ်ပုံပုံပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင်တော့ သစ္စာဒေသနာတော်နည်းအရ ဝိပဿနာရှုပွားသုံးသပ်ပုံအပိုင်း ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ သတိပဋ္ဌာန် တရား ဘယ်နှစ်ပါးလဲ? လေးပါး။ ဒီတော့ ဒီသတိပဋ္ဌာန်တရားလေးပါးကို ပွားများခြင်းသည် မဂ္ဂင်ရှစ်ပါးကို ပွားများတာနှင့် အတူတူဖြစ်တယ်ဆိုတာကို တော့ ကြိုတင်ပြီး သဘောပေါက်ထားပါ။ ရှေးဦးစွာ ဒီသတိပဋ္ဌာန်လေးပါး ထဲက ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာ အကျုံးဝင်နေတဲ့ အာနာပါန ကမ္မဋ္ဌာန်းအကြောင်းကို စတင်ကာ ဟောကြနာကြရအောင် ---
---
အခန်း (၉)
အာနာပါနကမ္မဋ္ဌာန်းပိုင်း
ဒီတော့ ဒီသတိပဋ္ဌာန်တရားလေးပါးကို ဟောတဲ့အပိုင်းမှာ မြတ်စွာဘုရား က ရှေ့ပိုင်းမှာ ကာယာနုပဿနာသတိပဋ္ဌာန်ကို စပြီး ဟောကြားထားတော်မူ ပါတယ်။ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းမှာလည်း မြတ်စွာဘုရားက အာနာပါနကမ္မဋ္ဌာန်းကို စတင်ပြီး ဟောကြားထားတော်မူပါတယ်။ အာနာပါနကမ္မဋ္ဌာန်းကို ဟောကြားတော်မူတဲ့အပိုင်းမှာ ကာယာနုပဿနာ သတိပဋ္ဌာန် သို့မဟုတ် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်မည့် ပုဂ္ဂိုလ် တွေမှာ ပြည့်စုံရမည့်အင်္ဂါရပ်, ကိုင်စွဲရမည့်အင်္ဂါရပ်တွေကိုပါ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။
ပြည့်စုံရမည့်အင်္ဂါသုံးရပ်
၁။ အာတာပီ = ဝီရိယ
ဒီတော့ တရားဘာဝနာတစ်ခုကို ပွားတော့မယ်ဆိုလျှင် သို့မဟုတ် သတိပဋ္ဌာန်တရားကို ပွားတော့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်သည် အာတာပီ, သမ္ပဇာနော, သတိမာဆိုပြီးတော့ ပြည့်စုံရမည့်အင်္ဂါရပ် ဘယ်နှစ်ခု ဟောထား တော်မူသလဲဆိုတော့ သုံးခု ဟောကြားထားတော်မူပါတယ်။ အာတာပီ = ကိလေသာတွေကို ပူပင်စေတတ် လောင်ကျွမ်းစေတတ်တဲ့ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ရှိရမယ်။ အများအားဖြင့် သတ္တဝါတွေဟာ အချော့ကြိုက်တဲ့သဘော ရှိပါတယ်။ မိမိခန္ဓာကိုယ်ကိုလည်း မိမိအင်မတန် ငဲ့ညှာတဲ့သဘော ရှိတယ်။ တစ်ယောက်တည်း တရားအားထုတ်လိုက်လို့ နည်းနည်းလေး ခါးကနာလာပြီ၊ တင်ပါးက နာလာပြီ၊ ဟိုက နာလာပြီ၊ ဒီက နာလာပြီဆိုလျှင်တော့ ဘာလုပ်သလဲ? နည်းနည်းလေး လျှော့လိုက်တယ်။ နည်းနည်းလေး ဟိုထလိုက် ဒီထလိုက် ပြုလုပ်ပြီ။
အဲဒီလို ပုံစံမျိုးနှင့်ဆိုလျှင်တော့ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ဟုတ်သလား? မဟုတ်ဘူး။ တရားအားထုတ်မည့် ပုဂ္ဂိုလ်သည်-
နံပါတ်တစ် - အရိုးကြွင်းစေ,
နံပါတ်နှစ် - အရေကြွင်းစေ,
နံပါတ်သုံး - အကြောကြွင်းစေ,
နံပါတ်လေး - အသားအသွေးတွေ အကုန် ခန်းခြောက်ချင် ခန်းခြောက် ပါစေ --
ယောကျ်ားမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယ၊ မိန်းမမြတ်တို့ရဲ့ ဇွဲလုံ့လဝီရိယနှင့် ရနိုင်တဲ့အရာဌာနမှန်က ငါ နောက်ကို ဘယ်တော့မှ မဆုတ်ဘူးလို့ ဒီအင်္ဂါ လေးပါး ခြံရံထားတဲ့ အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယရှိဖို့ လိုအပ်နေတယ်။
၂။ သမ္ပဇာန = သမ္ပဇဉ်ဉာဏ်
မိမိက သမထပိုင်းဖြစ်ခဲ့လျှင် သမထအာရုံနိမိတ်ကို ကောင်းကောင်း ကွဲကွဲပြားပြားသိတတ်တဲ့ သမ္ပဇဉ်ဉာဏ်ရှိဖို့လိုတယ်။ ဝိပဿနာပိုင်းရောက်ခဲ့ လျှင်လည်း ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခင်္ါရတရားတွေကိုလည်း ကွဲကွဲပြားပြား ပိုင်းပိုင်းခြားခြား သိတတ်တဲ့ သမ္ပဇဉ် ဉာဏ်ရှိဖို့ လိုပါတယ်။ အခု ဒါယကာကြီးတွေ ဒါယိကာမကြီးတွေသည် အာနာပါနကို အားထုတ်ကြတယ်။ မိမိကတော့ အာနာပါနကမ္မဋ္ဌာန်း အားထုတ်နေတာမှန်တယ်။ ဒါပေမဲ့ စိတ်တွေက ဟိုရောက်ဒီရောက် ရောက်နေခဲ့ မယ်ဆိုလျှင် အာနာပါနအာရုံကို ကွဲကွဲပြားပြား ကျကျနန သိတယ်လို့ ပြော နိုင်ပါ့မလား? မပြောနိုင်ဘူး။ အာနာပါနကို အားထုတ်လျှင် အာနာပါနကိုပဲ ကွဲကွဲပြားပြား ကျကျနန သိဖို့တော့ လိုအပ်တယ်။
၃။ သတိမာ = သတိနှင့် ပြည့်စုံခြင်း
နောက်တစ်ခု သတိမာ။ သတိက အမြဲတမ်း ကပ်နေဖို့ လိုတယ်။ သတိက အမြဲတမ်း ကပ်နေတယ်ဆိုတာက အခုလို အာနာပါနကို အားထုတ်ပြီဆိုလျှင် အာနာပါနခေါ်တဲ့ ဝင်လေထွက်လေအာရုံမှာ သတိလေးက ခိုင်မြဲနေရမယ်။ ဘယ်လို ခိုင်မြဲရသလဲဆိုတာနှင့် ပတ်သက်လို့ စာပေမှာ ဖော်ပြထားတာ ကတော့ ဘုန်းကြီးတို့ ဗူးတောင်းလို့ခေါ်တဲ့ အရာဝတ္ထုတစ်ခု ရှိတယ်။
ရှေးယခင်တုန်းကတော့ သူ့ခေတ်နှင့်သူ အသုံးချတဲ့သဘောတော့ ရှိပါတယ်။ ဘူးသီးတွေကို ရင့်အောင်ထားလိုက်တယ်။ အခွံက မာသွားပြီ၊ မာသွားလိုက်တဲ့ အချိန်အခါကျမှ ဒီဘူးသီးကို ခူးလိုက်တယ်။ ခူးပြီးတဲ့အခါ ထိပ်ဝလေးလှန်ပြီးတော့ အထဲမှာရှိတဲ့ အဆံတွေအသားတွေကို အကုန်ထုတ် လိုက်တယ်။ ထုတ်လိုက်ပြီးတော့ ဒီဘူးသီးအခွံ မာနေတာကို နေလှမ်းလိုက် လျှင် ခြောက်သွေ့သွားတယ်။ ခြောက်သွေ့သွားတဲ့ ဒီဘူးခွံကို ရေထဲပစ်ချ လိုက်လျှင် ပေါလောပေါ်နေတယ်။
တရားအားထုတ်ပြီဆိုလျှင် မိမိစိတ်အစဉ်က မိမိရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်မှာ ပေါလောပေါလော ပေါ်နေတာမျိုးတော့ မဖြစ်စေရ ဘူး။ ရေပေါ်မှာ ဘူးတောင်းတွေ ပေါလောပေါလော ပေါ်သလို ပေါ်မနေ စေရဘူး။ ဘယ်လိုဖြစ်ရမလဲ? ကျောက်ဖျာကြီးတစ်ခုကို ရေထဲချလိုက်လျှင် အောက်ခြေအထိ ထိဆိုက်ပြီးတော့ ဒီကျောက်ဖျာကြီးက ရေထဲမှာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေသလို မိမိရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်မှာ မိမိရဲ့ ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီးတော့ တည်နေအောင် ကြိုးစားရမယ်။
အဲဒီလို တည်နေအောင် ကြိုးစားမှုကို သတိမြဲတယ်လို့ ခေါ်ပါတယ်။ တရားအားထုတ်တဲ့အခါ မိမိရဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်မှာ ဒီလိုခိုင်ခံ့တဲ့ သတိရှိဖို့ လိုအပ်တယ်။ ဒီတော့ လိုအပ်တဲ့အင်္ဂါရပ် ဘယ်နှစ်ချက်လဲ? သုံးချက်။
နံပါတ်တစ် - အပြင်းအထန် ကြိုးစားအားထုတ်တဲ့ လုံ့လဝီရိယ ရှိဖို့ လိုတယ်။
နံပါတ်နှစ် - မိမိရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံကို ကွဲကွဲပြားပြား ကျကျနန ရှင်းရှင်းလင်းလင်း သိတတ်တဲ့ သမ္ပဇဉ်ဉာဏ် ရှိဖို့ လိုတယ်။
နံပါတ်သုံး - မိမိ ရှုပွားသုံးသပ်နေတဲ့ ကမ္မဋ္ဌာန်းအာရုံပေါ်၌ ခိုင်မြဲ နေတဲ့ သတိရှိဖို့လိုတယ်။
သတိဆိုတာက မိမိရှုပွားတဲ့ ကမ္မဋ္ဌာန်းကိုသာ အမြဲတမ်း အမှတ်ရနေ ဖို့ပဲ။ အမှတ်ရဖို့က အပေါ်ယံလေး အမှတ်ရဖို့ကို မဆိုလိုဘူး။ ခိုင်မြဲတဲ့ အမှတ် ရဖို့ကို ဆိုလိုတယ်။ ဒါက တရားအားထုတ်မည့် ပုဂ္ဂိုလ်ဟာ ဘယ်ကမ္မဋ္ဌာန်း ကိုပဲ အားထုတ်အားထုတ်၊ ပြည့်စုံထားရမည့် အင်္ဂါရပ်ဖြစ်ပါတယ်။ အင်္ဂါ ဘယ်နှစ်ချက်လဲ? သုံးချက်။
ပယ်ရှားရမည့်အင်္ဂါရပ် နှစ်ချက်
နောက်တစ်ခု ပယ်ရှားရမည့် အင်္ဂါရပ်က နှစ်ချက်ကတော့ အဘိဇ္ဈာ, ဒေါမနဿဖြစ်ပါတယ်။
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။ (မ၊၁၊ရဝ။)
၁။ အဘိဇ္ဈာ
လောကလို့ ခေါ်ဆိုအပ်တဲ့ သတ္တဝါသင်္ခါရအာရုံ အမျိုးမျိုးအပေါ်၌ တွယ်တာမက်မောနေတဲ့ အဘိဇ္ဈာတရားကိုတော့ ခေတ္တခဏ ပယ်ရှား ထားပါတဲ့။ လုပ်ငန်းခွင်အပေါ်မှာ စိတ်တွေကရောက်လိုက်, ရရှိမည့်ကာမဝတ္ထု အစုစုတို့ အပေါ်၌ သုံးဆောင်ခံစားရမည့် ကာမဝတ္ထု အစုစုတို့ အပေါ်၌ စိတ်ကရောက်လိုက် စသည်ဖြင့် တွယ်တာမက်မောမှု စိတ်တွေက အားများ နေပြီ ဆိုလို့ရှိလျှင် ဘာဝနာအာရုံလို့ ခေါ်ဆိုအပ်တဲ့ အခုလို အာနာပါန အာရုံပေါ်မှာ သတိကို မြဲအောင်ကပ်ဖို့ဆိုတာ လွယ်ပါ့မလား? မလွယ်ပါဘူး။
အဲဒီတော့ တရားအားထုတ်ပြီဆိုလျှင် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစု အပေါ်မှာ တွယ်တာမက်မောနေတဲ့ အဘိဇ္ဈာတရားကိုတော့ ခေတ္တခဏ ဖယ်ရှားထားပါ။ နောက်တစ်ခု ဒီလိုဆိုလျှင် ခေတ္တခဏသာ ဖယ်ထား၊ နောက်တော့ ပြန်ဖက်ရမယ်၊ ဒီလို ဆိုလိုသလားဆိုတော့လည်း ဒီလို မဟုတ်ပါဘူး။ တရားထိုင်နေပြီ ဆိုလို့ရှိလျှင်တော့ ဖယ်ရှားထားဖို့တော့ လိုအပ် တယ်။ ဒါကို ပြောတာပါ။
၂။ ဒေါမနဿ
ဒေါမနဿ = စိတ်မချမ်းသာမှုတွေကိုလည်း ဖယ်ရှားထားပေးပါတဲ့၊ စိတ်မချမ်းသာဖွယ်ရာ အာရုံတွေကို ခဏခဏပြန်ပြီး သတိမရစေနှင့်၊ အမှတ် မရစေနှင့်၊ ဘာကိုသာ သတိရရမလဲ? မိမိပွားများအားထုတ်နေတဲ့ ကမ္မဋ္ဌာန်း အာရုံအပေါ်မှာသာ သတိက မြဲနေပါစေ။
ပယ်ရှားရမည့် အင်္ဂါက ဘယ်နှစ်ခု လဲ? နှစ်ခု။ ပယ်ရှားရမည့်တရား - အဘိဇ္ဈာနှင့် ဒေါမနဿ။ အဲဒီ တရားနှစ်ပါးကို ပယ်ရှားပြီးတဲ့အခါ တရားထိုင်ပုံ နည်းစနစ်နှင့် ပတ်သက်လို့ကတော့ မြတ်စွာဘုရားက -
တရားထိုင်ပုံစနစ်
ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ (မ၊၁၊ရဝ။)
စသည်ဖြင့် ညွှန်ကြားထားပါတယ်။ ပလ္လင်္ကံ အာဘုဇိတွာ = တင်ပလ္လင် ခွေပါတဲ့၊ ကြိုက်သလို ခွေနိုင်ပါတယ်။ ဥဇုံ ကာယံ ပဏိဓာယ = အပေါ် ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်လေးထားပါ။ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ = မိမိပွားများအားထုတ်မည့် ကမ္မဋ္ဌာန်းအာရုံအပေါ်သို့ သတိကို ရှေးရှုကပ်ထားပါတဲ့။ ဒီတော့ မိမိက အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်မယ် ဆိုလျှင် အာနာပါနအာရုံပေါ်သို့ သတိကို ရှေးရှုကပ်ထားဖို့ မလိုဘူးလား? လိုပါတယ်။ ကပ်ထားပြီးတဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက အား ထုတ်ပုံနည်းစနစ်ကို ဘယ်လို ညွှန်ကြားတော်မူသလဲ?
အာနာပါနကမ္မဋ္ဌာန်းအားထုတ်ပုံစနစ်များ
သတောကာရီ
သော သတောဝ အဿသတိ သတောဝ ပဿသတိ။ (မ၊၁၊ရဝ။)
သော = ထိုယောဂီရဟန်းသည်။ သတောဝ = သတိရှိလျက်သာလျှင်။ အဿသတိ = ဝင်သက်လေကို ဖြစ်စေ၏။ သတောဝ = သတိရှိလျက်သာ လျှင်။ ပဿသတိ = ထွက်သက်လေကို ဖြစ်စေ၏။
အသက်ရှူပုံ စနစ်ကလေးပေါ့။ ဘုရားရှင် ဆိုဆုံးမတော်မူတဲ့အတိုင်း အသက်ရှူတတ်မယ်ဆိုလျှင် အရဟတ္တဖိုလ်ပေါက် ရောက်နိုင်ပါတယ်။ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ အသက်ရှူနည်းစနစ်ကို မြတ်စွာဘုရားက စတင်ပြီး သင်ပေးနေတယ်။ သတိဖြစ်လျက်နှင့် ဝင်လေကို ဖြစ်စေပါ၊ သတိ ဖြစ်လျက်နှင့် ထွက်လေကို ဖြစ်စေပါ၊ သတိလေးကပ်ပြီးတော့ အသက်ရှူပါ ဆိုပြီးတော့ မြတ်စွာဘုရားက တိုက်တွန်းထားတယ်။ သတိမြဲရမည့်အချက်က ဘယ်နှစ်ချက် ရှိသလဲဆိုတာနှင့် ပတ်သက်လို့တော့ ဟိုအာနာပါနဿတိ သုတ္တန်များမှာ မြတ်စွာဘုရားက ဝင်လေမှာ တစ်ဆယ့်ခြောက်မျိုး, ထွက်လေ မှာ တစ်ဆယ့်ခြောက်မျိုးဆိုပြီးတော့ ဒီလို ဟောထားပါတယ်။
ဒီမဟာသတိပဋ္ဌာနသုတ္တန်မှာတော့ မြတ်စွာဘုရားက အတိုချုပ်ပြီးတော့ပဲ စျာန်သမာဓိဆိုက်အောင် ပွားများပုံအပိုင်းကို ဟောလိုက်တယ်။ ပြီးတော့မှ ကျန်နေတဲ့ စတုက္ကသုံးခုလို့ ခေါ်ဆိုအပ်တဲ့ ဝင်လေတစ်ဆယ့်နှစ်မျိုး၊ ထွက်လေ တစ်ဆယ့်နှစ်မျိုး၊ ဒီအခြင်းအရာတွေကိုတော့ ဝိပဿနာအပိုင်းမှာ ပေါင်းစုပြီး တော့ ဟောသွားပါတယ်။ အတူတူပဲလို့သာ မှတ်ပါ။ ကဲ ဒီတော့ သမထပိုင်းနှင့် ပတ်သက်ပြီးတော့ မြတ်စွာဘုရားက သတိမြဲအောင် ရှုဖို့ရန်အတွက် လေးချက် စတင်ပြီး ဟောပါတယ်။ ဘယ်လိုဟောလဲ?
၁။ ဒီဃ = အရှည်ကို သိအောင်ကျင့်ပါ
ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။ (မ၊၁၊ရဝ။)
နံပါတ်တစ် - အသက်ရှူလိုက်တဲ့ အချိန်အခါမှာ ရှည်လျှင် ရှည်တယ်လို့ သိပါတဲ့၊ ဝင်လေမှာပဲဖြစ်စေ ထွက်လေမှာပဲဖြစ်စေ အသက်ရှူတာ ရှည်လျှင် ရှည်တယ်လို့ သိရမယ်။ ရှည်တယ်ဆိုတာက ဘာလဲလို့ မေးတော့ အချိန် ခပ်ကြာကြာ အသက်ရှူတာကို ရှည်တယ်လို့ ခေါ်တယ်။ တစ်နည်းပြောလျှင် အသက်ရှူနှေးတာကို ရှည်တယ်လို့ ခေါ်ပါတယ်။
၂။ ရဿ = အတိုကို သိအောင်ကျင့်ပါ
ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။ (မ၊၁၊ရဝ။)
နောက်နံပါတ်နှစ် - အသက်ရှူတာ တိုရင် တိုတယ်လို့သိပါ။ တိုတယ် ဆိုတာက အသက်ရှူမြန်တာကို ဆိုလိုပါတယ်။ ဒီတော့ အသက်ရှူရှည်လျှင် လည်း ရှည်တယ်လို့သိပါ။ အသက်ရှူတိုလျှင်လည်း တိုတယ်လို့ သိပါဆိုတာက အသက်ရှူနှေးလျှင် နှေးတယ်လို့သိပါ၊ အသက်ရှူမြန်လျှင် မြန်တယ်လို့သိပါ။ ဒီလို ဆိုလိုပါတယ်။ အသက်ရှူမြန်အောင်နှေးအောင် ယောဂီက သက်သက် ကြိုးစားရမလားဆိုတော့ ဒီလိုတော့ မဟုတ်ပါဘူး။
ဒီအရှည်အတိုကိုသိအောင် အားထုတ်တဲ့ လုပ်ငန်းခွင်မှာ အသက်ရှူ နှေးသွားအောင် သက်သက်ပြုပြင်ခြင်း, အသက်ရှူမြန်သွားအောင် သက်သက် ပြုပြင်ခြင်းဆိုတဲ့ ဒီပြုပြင်မှုနှင့် ကြိုးစားရမှာတော့ မဟုတ်ပါဘူး။ သဘာဝ အတိုင်းသာ အသက်ရှူပါ။ သဘာဝရှူနေကျအတိုင်း အသက်ရှူလိုက်တဲ့ အပိုင်းမှာ တစ်ခါတစ်ရံ အသက်ရှူက နှေးချင် နှေးသွားတတ်တယ်။ တစ်ခါ တစ်ရံ အသက်ရှူက မြန်ချင်လည်း မြန်တတ်တယ်။ ဒီနှစ်ခုမှာ တစ်ခုခုကတော့ အမြဲတမ်း အသက်ရှူတိုင်း ရှိနေတတ်ပါတယ်။ နှေးလည်း နှေးတဲ့အတိုင်း သိပါ၊ မြန်လည်း မြန်တဲ့အတိုင်း သိနေပါလို့ ဒီလို ဆိုလိုပါတယ်။ သို့သော် ဒီအပိုင်းကို တကယ်လက်တွေ့ ဘုန်းကြီးတို့ သင်ပေးတဲ့အခါမှာ နောက် တစ်ဆင့်နှင့် ပေါင်းပြီးသင်မှ ပိုပြီး သဘောပေါက်မြန်တတ်ပါတယ်။ နောက် တစ်ဆင့်က ဘာလဲ?
၃။ သဗ္ဗကာယ = ဝင်လေထွက်လေရဲ့ အစ-အလယ်-အဆုံး = အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ကျင့်ပါ။
သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊ရဝ-၇၁။)
ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင် ရှားရှားသိလျက် အသက်ရှူစမ်းပါတဲ့။ အသက်ရှူပုံစနစ်တစ်ခုကို မြတ်စွာ ဘုရားက ထပ်တိုးပြီး သင်ပေးတယ်။ ဒီတော့ ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိရမယ်ဆိုတော့ ဘယ်နေရာ က စောင့်ပြီးသိရမလဲလို့ မေးလျှင်တော့ ---
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဝင်လေထွက်လေ ထိထိသွားတဲ့ နေရာကစောင့်ပြီး ထိမှုထင်ရှားတဲ့ နေရာက စောင့်ပြီးတော့ ဝင်လေထွက်လေ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားပါမှ အာနာပါနဿတိ သမာဓိ ကမ္မဋ္ဌာန်းက ပြီးစီးပြည့်စုံနိုင်ပါတယ်။ ဒီစည်းကမ်းကတော့ အလွန်အရေးကြီး ပါတယ်။
ဒီတော့ နှာသီးဖျားမှာ ဝင်လေထွက်လေ ထိမှုထင်ရှားလျှင် နှာသီးဖျားက စောင့်ပြီးတော့ ကြည့်ပါ။ အထက်နှုတ်ခမ်းမှာ ဝင်လေထွက်လေ ထိမှုက ထင်ရှားလျှင် အထက်နှုတ်ခမ်းက စောင့်ပြီးတော့ ကြည့်ပါ။ ထိလိုက်တဲ့ အချိန်အခါမှာ ဘာကို ကြည့်ရမလဲလို့မေးတော့ ဝင်လေထွက်လေကို ကြည့်ပါ။ ထိနေတဲ့ အသိစိတ် ထိသိစိတ်ကိုလည်း မကြည့်နှင့်၊ ထိသိလို့ဖြစ်ပေါ်လာတဲ့ ခံစားမှုကိုလည်း မကြည့်နဲ့။
နောက်တစ်နည်းကတော့ အဲဒီမှာ ဓာတ်တွေလည်း မကြည့်နဲ့၊ မာတဲ့ သဘော, ပျော့တဲ့သဘော, ကြမ်းတဲ့သဘော, ချောတဲ့သဘော, လေးတဲ့ သဘော, ပေါ့တဲ့သဘော, ပူတဲ့သဘော, အေးတဲ့သဘော, ထောက်ကန်တဲ့ သဘော, တွန်းကန်တဲ့သဘောစတဲ့ ဒီဓာတ်သဘာဝတွေလည်း မကြည့်နဲ့၊ ဝင်လေထွက်လေဆိုတဲ့ ပညတ်အာရုံပေါ်မှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတည်နေအောင် ကြိုးစားပါ။
အဲဒီလို ကြိုးစားလိုက်တဲ့အပိုင်းမှာ ဝင်လေထွက်လေကို အစ-အလယ်-အဆုံး အကုန်လုံး ထင်ထင်ရှားရှားသိအောင် ကြိုးစားလိုက်တဲ့အခါ တစ်ခါ တစ်လေ အသက်ရှူ နှေးလျှင်လည်း ရှည်တယ်လို့ ခေါ်ပါတယ်။ ရှည်လျှင် လည်း အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားပါ။ တိုသွားလျှင်လည်း - အသက်ရှူမြန်ရင်လည်း အစ-အလယ်-အဆုံး အကုန်လုံးကိုပဲ ထင်ထင်ရှားရှားသိအောင် ကြိုးစားပါ။
ရေတွက်ခြင်း = ဂဏနာနည်း
အဲဒီလို ကြိုးစားလို့ အောင်မြင်မှုက မရဘူး၊ စိတ်တွေက ထွက်နေပြီ ဆိုလျှင်တော့ ဘာလုပ်ရမလဲ? အဋ္ဌကထာဆရာတော်များက ရေတွက်တဲ့ ဂဏနာနည်းကို ဒီနေရာမှာ ကူပေးဖို့ သင်ပေးထားပါတယ်။
ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်၊
ဝင်လေထွက်လေ နှစ်၊
ဝင်လေထွက်လေ သုံး၊
ဝင်လေထွက်လေ လေး၊
ဝင်လေထွက်လေ ငါး၊
ဝင်လေထွက်လေ ခြောက်၊
ဝင်လေထွက်လေ ခုနစ်၊
ဝင်လေထွက်လေ ရှစ်၊
တစ်ကနေ ရှစ်အထိ ငါ့စိတ် ဘယ်မှ မထွက်စေရ၊ နောက်တစ်ခါလည်း တစ်ကနေ ရှစ်အထိ ဘယ်မှ မထွက်စေရဆိုပြီး ပုံမှန်သာ အသက်ရှူပြီးတော့ ရေတွက်ခြင်း ဂဏနာနည်းဖြင့် ရှုမှတ်ပါ။ အဲဒီလို ရှုမှတ်လိုက်ရင်တော့ ဘာဝနာစိတ်က ငြိမ်ပြီး ကပ်ပြီး တည်နေတတ်ပါတယ်။
သို့သော် ဒီလို ရေတွက်တဲ့အပိုင်းမှာ ငါးထက်လည်း မနည်းပါစေနှင့်၊ တစ်ဆယ်ထက်လည်း မပိုပါစေနှင့်ဆိုပြီး ဒီသတ်မှတ်ချက်တော့ ရှိတယ်။ ငါးထက် နည်းရင်လည်း ခေါက်တုံ့ခေါက်ပြန် ခဏခဏ ပြန်နေရတဲ့အတွက် စိတ်ပင်ပန်းမှုရှိတဲ့အတွက်ကြောင့် သမာဓိဖြစ်ဖို့ရန် ခက်ခဲတယ်။ တစ်ဆယ် ထက် ပိုသွားလျှင်လည်း သင်္ချာနောက်သို့ စိတ်ကလိုက်လိုက်ပြီး သွားတတ်တဲ့ အတွက်ကြောင့် သမာဓိဖြစ်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ငါးနှင့်တစ်ဆယ် နှစ်ခြိုက်တဲ့နေရာမှ ရပ်တန့်ပြီးတော့ စိတ်ကို ဘယ်မှမထွက်စေရလို့ ဒီလို ပုံမှန်ထားပြီးတော့ အသက်ရှူပါ။ (ဝိသုဒ္ဓိ၊၁၊၂၇၀။)
အဲဒီတော့ အသက်ရှူတဲ့ အပိုင်းမှာ ဝင်လေနှင့်ထွက်လေ နှစ်ခုရှိတဲ့ အနက်က ဝင်လေက များနေတယ်, ရှည်နေတယ်၊ ထွက်လေက တိုနေတယ်, နည်းနေတယ်ဆိုလျှင် တဖြည်းဖြည်း နောက်ပက်လက်လန်သွားတတ်တယ်။ ခေါင်းကြီးမော့ပြီး သွားတတ်တယ်။ ထွက်လေတွေက များနေပြီ၊ ဝင်လေက နည်းနေတယ်ဆိုလျှင်လည်း တဖြည်းဖြည်း ခေါင်းက ရှေ့စိုက်ပြီးတော့သွား တတ်ပါတယ်။ သတိကလည်း အကယ်၍ အားပျော့ခဲ့မယ်ဆိုလို့ရှိလျှင်လည်း နဖူးနှင့်ကြမ်းနှင့် ထိတဲ့အထိ ရောက်သွားတတ်တယ်။
တချို့ တရားထိုင်နေရင်းနဲ့ နောက်ကို ပက်လက်လန်လန်ပြီးတော့လည်း လဲသွားတယ်။ အဲဒီတော့ ဘာဖြစ်လို့လဲလို့မေးတော့ ဝင်လေက သိပ်များနေ တယ်။ ထွက်လေက အားပျော့နေတယ်။ အဲဒါကြောင့် ဝင်လေနှင့်ထွက်လေကို မျှအောင်ရှူတာ ပိုကောင်းပါတယ်။ အဲဒီလို ရှူလိုက်တဲ့အခါမှာ တဖြည်းဖြည်း နှင့် စိတ်ကိုတော့ ဇွဲတင်းတင်းလေးနှင့်တော့ ဖမ်းပေးရပါတယ်။ ပထမပိုင်း တော့ ကြိုးစားမှုကတော့ နည်းနည်း လွန်ကဲပေးရပါတယ်။ ဒီလို ကြိုးစားလိုက် တဲ့အခါမှာ - ဘာကြိုးစားတာလဲလို့မေးရင် - ဝင်လေထွက်လေအပေါ်၌ စိတ် ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားတာပဲ၊ သမာဓိဖြစ်ဖို့ ကြိုးစား တာပဲ၊ ဘာမှ ထွေထွေထူးထူး သိပ်ပြီး ထိုးထွင်းသိဖို့တော့ မဟုတ်ဘူး။
မဂ္ဂင်သုံးပါး
သို့သော် အဲဒီလို ကြိုးစားနေတဲ့အပိုင်းမှာ မဂ္ဂင်သုံးပါးတော့ ဝင်လာပါ တယ်။ စိတ်ကို စောင့်စည်းနေတယ်။ ဒီလို ဝင်လေထွက်လေအပေါ်၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားလိုက်တဲ့အပိုင်းမှာ စိတ်ကို ပြင်ပ ကိလေသာဖြစ်နိုင်တဲ့ အာရုံတွေဘက်သို့ မရောက်အောင် စောင့်စည်းနေ တဲ့ သဘောက အဓိသီလသိက္ခာ = သီလမဂ္ဂင် ဖြစ်ပါတယ်။
ဘာဝနာစိတ်က ဝင်လေထွက်လေအပေါ်မှာ ငြိမ်ပြီး ကပ်တည်သွားပြီ ဆိုလျှင်တော့ သမာဓိမဂ္ဂင်ဝင်လာပြီ။ အဓိစိတ္တသိက္ခာ ဖြစ်တယ်။
ဝင်လေ ထွက်လေကို အစ, အလယ်, အဆုံး အကုန်လုံး ထင်ထင် ရှားရှားသိရင်တော့ ပညာမဂ္ဂင် ဝင်လာပါတယ်။ အဓိပညာသိက္ခာ ဖြစ်ပါတယ်။ သီလ, သမာဓိ, ပညာ မဂ္ဂင်သုံးပါး စုံညီအောင်ဖြစ်ပေါ်နေတဲ့ လုပ်ငန်းခွင် ဖြစ်စေချင်တယ်။ ဒါက ဘုရားရှင်ရဲ့ ဆန္ဒတော်ပဲ။ (ဝိသုဒ္ဓိ၊၁၊၂၆၆။)
သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
ဝင်သက်လေထွက်သက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ကျင့်ပါဆိုပြီး သိက္ခတိ-သဒ္ဒါနှင့် ဒီလို ဘုရားရှင်က တိုက်တွန်းထားတယ်။ ဘယ်လို ကျင့်ရမလဲ? သီလ, သမာဓိ, ပညာ သိက္ခာ သုံးရပ် စုံသွားအောင်ကိုပဲ ကျင့်စမ်းပါ။ အဲဒီလို ကျင့်လိုက်လျှင်တော့ ဘာဝနာစိတ်က ဝင်လေထွက်လေ အာရုံပေါ်မှာ ငြိမ်ဝပ်စွာကပ်ပြီး တည်လာ တတ်ပါတယ်။
အစပိုင်းမှာတော့ မိနစ်ပိုင်း စက္ကန့်ပိုင်းလောက် တည်ချင်တည်မယ်၊ တဖြည်းဖြည်း ဇွဲကောင်းကောင်းနှင့် ကြိုးစားလိုက်ရင်တော့ မကြာမီ အချိန် ကာလအတွင်းမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ဝင်လေ ထွက်လေ အာရုံအပေါ်၌ ငြိမ်ဝပ်စွာကပ်ပြီး တည်နေတတ်ပါတယ်။ အဲဒီလို တည်လာပြီ ဆိုလျှင်တော့ ဘာဖြစ်သလဲ? လေသည် သိမ်မွေ့သွားတတ် ပါတယ်။
၄။ ပဿမ္ဘယကာယသင်္ခါရ = သိမ်မွေ့ခြင်း - ချုပ်ငြိမ်းခြင်း
ဝင်လေထွက်လေသည် သိမ်မွေ့သွားတတ်တယ်။ အင်မတန် နူးညံ့ သွားတတ်တယ်။ အဲဒီလို သိမ်မွေ့လာပြီဆိုလျှင် ယောဂီပုဂ္ဂိုလ်က ငါ့လေသည် မထင်ရှားဘူးဆိုပြီးတော့ ထင်ရှားအောင် သက်သက် ပြင်းပြင်း အသက် မရှူပါနဲ့။ ဒီလို ရှူလိုက်လျှင် ဘာဖြစ်တတ်သလဲဆိုတော့ နိမိတ်ပေါ်လာတဲ့အခါ ပြဿနာတွေ တော်တော်လေး ရှုပ်ထွေးသွားတတ်တယ်။
နိမိတ်ပေါ်တယ်ဆိုတာက သမာဓိ ရင့်ကျက်လာပြီဆိုလျှင် ဝင်လေ ထွက်လေကို ပကတိ ဝင်လေထွက်လေအနေနှင့် မသိတော့ဘဲနှင့် ယေဘုယျ စည်းကမ်းအရ ပြောရင်တော့ ဖြူဖွေးနေတဲ့ မီးခိုးရောင်၊ ဖြူဖွေးနေတဲ့ ဝါဂွမ်း စိုင်ကဲ့သို့ နှာခေါင်းအတွင်းကနေ ဒီလေကလေး ထွက်ထွက်လာတာ သွားမြင် တတ်ပါတယ်။ အဲဒီလို မြင်လိုက်တဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်က ပကတိ ဝင်လေထွက်လေကို မသိတော့ဘဲနဲ့ ဝင်လေထွက်လေကို အာရုံယူနေတဲ့ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က သွားပြီး ကပ်နေတတ်တယ်။
အဲဒီလို ဘာဝနာစိတ်က နိမိတ်မှာ ကပ်ပြီဆိုလျှင် တစ်ခါတစ်ရံ နိမိတ် အပေါ်မှာ ဘာဝနာစိတ်က ကပ်နေလိုက်၊ တစ်ခါတစ်လေ ဝင်လေထွက်လေ အပေါ်မှာ ကပ်နေလိုက်ဆိုလျှင် အာရုံက နှစ်ခုဖြစ်သွားပြီ။ အာရုံနှစ်ခု ဖြစ်လို့ရှိလျှင် သမာဓိက မစူးရှတဲ့သဘော ရှိပါတယ်။ စျာန်ကူးလို့ မရနိုင်ဘူး။ ဒါကြောင့် ဝင်လေထွက်လေက သိမ်မွေ့လေ မထင်ရှားလေ ပိုကောင်းလေပဲ။
သို့သော် နိမိတ်မပေါ်ခင် ဝင်လေထွက်လေက မထင်မရှား ဖြစ်တဲ့အခါ မှာ တချို့ ယောဂီပုဂ္ဂိုလ်တွေအနေနှင့် အာရုံက ပျောက်ပျောက်သွားတတ် တယ်။ ပျောက်သွားပြီဆိုလျှင်တော့ ဘာလုပ်ရသလဲ? ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းမှာ စောင့်ပြီးတော့ သတိကြီးစွာနှင့် စိုက်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒီနေရာမျိုးကိုပဲ အခြေ တည်ပြီးတော့ -
နာဟံ ဘိက္ခဝေ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိသမာဓိဘာဝနံ ဝဒါမိ။ (သံ၊၃၊၂၉၄။ ဒုတိယဘိက္ခုသုတ်။)
သတိလက်လွတ်နေတဲ့ပုဂ္ဂိုလ်, သမ္ပဇဉ်ဉာဏ်ကင်းမဲ့နေတဲ့ ပုဂ္ဂိုလ်တွေ ကို ငါဘုရားရှင် အာနာပါနဿတိသမာဓိဘာဝနာ ကမ္မဋ္ဌာန်းကို မဟောပါဘူး ဆိုပြီး မြတ်စွာဘုရား ဟောကြားထားတဲ့ သုတ္တန်တွေ ရှိပါတယ်။ ဒါကြောင့် အားကောင်းနေတဲ့သတိ, ရှင်းရှင်းလင်းလင်း ထိုးထွင်းသိတတ်တဲ့ သမ္ပဇဉ်ဉာဏ် အလွန်အားကောင်းဖို့တော့ ဒီနေရာမှာ လိုအပ်ပါတယ်။
လေကို ထင်ရှားအောင်ဆိုပြီးတော့ သက်သက်တော့ အသက်ပြင်းပြင်း ကလေး မရှူရဘူး။ သို့သော် တစ်ခါတစ်ရံ တချို့သော ယောဂီပုဂ္ဂိုလ်များမှာ သမာဓိတော့ ဖြစ်တယ်၊ ဒါပေမဲ့ လေက မသိမ်မွေ့ဘူး၊ ကြမ်းတမ်းနေသေး တယ်ဆိုလျှင်တော့ ဘာလုပ်ရမလဲ? ဒီလေကို သိမ်မွေ့စေရမယ်ဆိုတဲ့ ဦးတည်ချက်ကလေး စိတ်ထဲမှာထားပြီး ပုံမှန်ပဲ အသက်ရှူနေပါ။ သက်သက် သိမ်မွေ့အောင် ဖြည်းဖြည်းကလေး အသက်ရှုတဲ့စနစ်တော့ မလုပ်နဲ့။ လုပ် လိုက်လျှင် မောသွားတတ်တယ်။ သမာဓိ ပြန်ပျက်သွားတတ်တယ်။ အဲဒါ ကြောင့် ဒီလေသည် သိမ်မွေ့စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးကို စိတ်မှာ ထားပြီးတော့သာလျှင် ပုံမှန်ပဲ အသက်ရှူနေလိုက်ရင် တဖြည်းဖြည်း သမာဓိ က ရင့်ကျက်လာတဲ့အခါ လေသည် သိမ်မွေ့သွားပါလိမ့်မယ်။
ပရိကမ္မနိမိတ်
ဒီလို ဝင်လေထွက်လေက သိမ်မွေ့လာတဲ့အပိုင်းမှာလည်း အသက် ရှူတာဟာ နှေးချင်လည်း နှေးတတ်ပါတယ်။ မြန်ချင်လည်း မြန်နေတတ်ပါ တယ်။ ရှည်ချင်လည်း ရှည်တတ်တယ်၊ တိုချင်လည်း တိုတတ်တယ်။ ရှည်လျှင် လည်း ဒီသိမ်မွေ့တဲ့လေကို အစ-အလယ်-အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိအောင် ရှူနေပါ။ အသက်ရှူမြန်လို့ တိုနေလျှင်လည်း ဒီသိမ်မွေ့နေတဲ့ ဝင်လေထွက်လေရဲ့ အစ, အလယ်, အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိ အောင် ရှူနေပါ။ သမာဓိကို ဆက်လက်ထူထောင်ပါ။
အဲဒီ သိမ်မွေ့တဲ့လေမှာ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားနိုင်ခဲ့လျှင်တော့ နှာခေါင်းထဲက ထွက်လာတဲ့လေသည် မီးခိုးရောင်ကဲ့သို့ ခပ်ဖျော့ဖျော့ဖြူနေတဲ့ အရောင် ကလေးတစ်မျိုးအဖြစ် မြင်တတ်ပါတယ်။ သို့သော် ဒါက ယေဘုယျပါ။ တခြားအရောင်တွေလည်း ရှိတတ်ပါတယ်။ အဲဒီ မီခိုးရောင်လိုလို အရောင် ကလေး နှာခေါင်းထဲက ထွက်လာပြီဆိုလျှင် ပေါ်စမှာ များသောအားဖြင့် နိမိတ်က မခိုင်ခံ့တတ်တဲ့သဘော ရှိတယ်။
ဒါကြောင့် နိမိတ်အပေါ်မှာ ဗြုန်းကနဲ စိတ်က မကပ်သေးဘဲနဲ့ လေ အပေါ်မှာသာ စိတ်က ငြိမ်နေအောင် ကပ်ထားပါ။ ပေါ်စမှာလည်း မခိုင်ခံ့တဲ့ သဘောရှိတယ်။ ခဏခဏ ဒီနိမိတ်က ပျောက်ပျောက်သွားတတ်တယ်။ ဘာအပေါ်မူတည်ပြီး ဒီနိမိတ်က ဖြစ်ပေါ်လာသလဲလို့မေးတော့ အာနာပါန ကို ရှုနေတဲ့ သမာဓိအပေါ်မှာ မူတည်ပြီး ဖြစ်ပေါ်လာတာ ဖြစ်ခြင်းကြောင့် သမာဓိအားပျော့သွားပြီဆိုလျှင် နိမိတ်လည်း ပျောက်ပျောက်သွားတတ်ပါ တယ်။
ဒါကြောင့် ပေါ်စမှာ မခိုင်ခံ့တာက သမာဓိအပေါ်မှာ အခြေတည်ပြီး မခိုင်ခံ့တာ ဖြစ်ခြင်းကြောင့် ဝင်လေထွက်လေဆိုတဲ့ အာရုံပေါ်၌ ခိုင်ခံ့နေတဲ့ သမာဓိရှိအောင်သာ ဦးတည်ပြီးတော့ စူးစူးစိုက်စိုက် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့အပိုင်းမှာ သမာဓိကခိုင်လာပြီ၊ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်လေထွက်လေအပေါ်၌ ဘာဝနာ စိတ်က ငြိမ်ဝပ်စွာကပ်ပြီး တည်နေပြီ ဆိုလို့ရှိလျှင်တော့ နိမိတ်လည်း ခိုင်လာ တတ်ပါတယ်။
ဒီမီးခိုးရောင်လိုနိမိတ်ကို ပရိကမ္မနိမိတ်လို့ ခေါ်ပါတယ်။ အဲဒီနိမိတ်က ခိုင်လာတဲ့အချိန်အခါမှာ အကောင်းဆုံးစနစ် တစ်ခုကတော့ နိမိတ်ကို မိမိက ပြောင်းပြီး သက်သက် မကပ်သေးပဲ ဝင်လေထွက်လေကို ရှုနေရာကနေ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က ကပ်သွားလျှင်တော့ အဲဒါ ပိုကောင်းတယ်။ ကိုယ်က သက်သက်ကြိုးစားနေစရာ မလိုဘူး။ ဘာဝနာစိတ်က နိမိတ်အပေါ် မှာ ကပ်နေပြီဆိုလျှင်တော့ နိမိတ်ကိုပဲ စိုက်ကြည့်နေပါ။ ဝင်လေထွက်လေကို ပြန်မကြည့်နှင့်တော့။
ဥဂ္ဂဟနိမိတ်
အဲဒီလို စိုက်ပြီး ရှုလိုက်မယ်ဆိုလျှင် နိမိတ်သည် များသောအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဖြူလာတတ်ပါတယ်။ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူလာတဲ့နိမိတ်ကို ဥဂ္ဂဟနိမိတ်လို့ ခေါ်ပါတယ်။ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူလာပြီဆိုလျှင်လည်း အဖြူ ရောင်နိမိတ်ထဲမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစား လိုက်ရင် တဖြည်းဖြည်းနှင့် သမာဓိက ရင့်ကျက်လာလို့ နိမိတ်ကလည်း ခိုင်ခံ့ လာပြီဆိုလျှင် နိမိတ်ထဲမှာ စိတ်က နစ်မြုပ်ပြီး သွားတတ်တယ်။ နစ်မြုပ်သွားပြီ ဆိုလျှင်တော့ ထိုသမာဓိကိုပဲ ခိုင်ခံ့အောင် ဆက်လက်ပြီး ထူထောင်ရပါတယ်။
အဲဒီလို သမာဓိကို ထူထောင်တဲ့အပိုင်းမှာတော့ အထူးသဖြင့် ဒီအပိုင်းမှာ အရေးကြီးတာကတော့ ဣရိယာပုထ်လေးပါးလုံးမှာ ဝင်လေထွက်လေအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ဆက်စပ်နေအောင် ကြိုးစားဖို့ လိုအပ်လာပြီ ဖြစ်တယ်။ ထိုင်တဲ့အခါမှာတော့ စိတ်က ငြိမ်သင့် သလောက် ငြိမ်တယ်၊ ကြွင်းကျန်နေသေးတဲ့ အချိန်အခါတွေမှာ စိတ်က မငြိမ် သက်ဘူးဆိုလျှင် ထိုမငြိမ်သက်တဲ့ အာရုံတွေကနေပြီးတော့ တရားထိုင်လိုက်တဲ့ အချိန်အခါမှာ လာလာပြီး ဝင်ရောက် နှောင့်ယှက်တတ်တဲ့အတွက် သမာဓိက မခိုင်ခံ့ဘဲ လျှောလျှောကျသွားတတ်တဲ့သဘော ရှိပါတယ်။ အထူးသဖြင့် ဒီအပိုင်းမှာ စကားပြောမှုကို ဆင်ခြင်ရတယ်။ စဉ်းစားတွေးခေါ်မှုတွေကို ဆင်ခြင်ပေးရတယ်။ ရပ်ဆိုင်းပေးရတယ်။
ပဋိဘာဂနိမိတ်
အဲဒီလို ရှုလိုက်လို့ရှိလျှင် နိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ်နေပြီ ဆိုလျှင် နိမိတ်သည် သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပတဲ့အဆင့် သို့ ကူးသွားတတ်ပါတယ်။ ဒီလို သောက်ရှူးကြယ်ကဲ့သို့ ကြည်လင်တောက်ပ နေတဲ့ နိမိတ်ကိုတော့ ပဋိဘာဂနိမိတ်လို့ခေါ်ဆိုပါတယ်။ ဥဂ္ဂဟနိမိတ်အဆင့်မှ ပဋိဘာဂနိမိတ်အဆင့်သို့ ကူးသွားတတ်ပါတယ်။ ဘာဝနာစိတ်ကလည်း နိမိတ်ထဲမှာ နစ်မြုပ်နေတတ်ပါတယ်။ အဲဒီ နစ်မြုပ်နေတဲ့ သဘာဝကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဆက်တိုက် နစ်မြုပ်နေအောင် ကြိုးစားရတယ်။
သို့သော် ဒီအပိုင်းမှာကတော့ ယေဘုယျအားဖြင့် ယောဂီအများစုမှာ ဖြစ်တတ်တာကတော့ ဘဝင်ကျတတ်မှုပဲ။ သမာဓိက အားသိပ်ပြီး မကောင်း သေးဘူး၊ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါတွေက အားကောင်းမောင်းသန်တဲ့ အဆင့်ကို မရောက်သေးဘူး။ မရောက်သေးရင် ထိုပုဂ္ဂိုလ်က အဲဒီ အချိန်အခါမှာ ဘဝင်ကျကျနေတတ်တယ်။ ဘဝင်ဆိုတာက တော့ အတိတ်ကကံကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်တစ်မျိုး ဖြစ်ပါတယ်။
ဝီထိစိတ်တွေမဖြစ်တဲ့ အချိန်အခါမှာ ဘဝမှာ စိတ်အစဉ် မပြတ်စဲရေး အတွက် အတိတ်ကံကနေ ဒီစိတ်ကလေးတွေကို ဖြစ်ပေါ်အောင် အကြောင်းတရားအဖြစ်နှင့် ကျေးဇူးပြုပေးနေပါတယ်။ အတိတ်ကကံကြောင့် ဖြစ်ပေါ်လာ တဲ့ ဒီစိတ်က ဝီထိစိတ် ဖြစ်ပြီဆိုလျှင် ရပ်သွားတယ်။ ဝီထိစိတ်ဆုံးသွားတာနှင့် ပြန်ပေါ်တယ်။ အဲဒီစနစ်အားဖြင့် ဖြစ်နေတော့ ယောဂီပုဂ္ဂိုလ်က အာနာပါန ပဋိဘာဂနိမိတ်တို့ကဲ့သို့ သမထအာရုံနိမိတ် အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားတဲ့အပိုင်းမှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာဆိုတဲ့ စျာန်အင်္ဂါငါးပါးက အားကောင်းမောင်းသန်တဲ့အဆင့် ကို မရောက်သေးဘူးဆိုလျှင် စိတ်အစဉ်ကို ပဋိဘာဂနိမိတ်အာရုံမှာ ကြာမြင့် စွာ တည်နေအောင် ချီမ မထားနိုင်သေးတဲ့အတွက်ကြောင့် ခဏခဏ ဘဝင် ကျကျနေတတ်တယ်။
စာပေကျမ်းဂန်မှာ ဥပမာပေးထားတာကတော့ မတ်တတ်ရပ်သင်စ ကလေးသူငယ်လေးတစ်ဦး ဆိုကြစို့၊ ခြေထောက်တွေက မခိုင်ခံ့သေးတဲ့ အတွက် မတ်တတ်ရပ်သင်ပေးလိုက်ရင် ခဏခဏ ထိုင်ထိုင်ပြီး ကျကျသွား တယ်။ အဲဒီ ပုံစံလိုပဲ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန် အင်္ဂါတွေက ခိုင်ခံ့မှုမရှိသေးတဲ့အတွက် အားကောင်းမောင်းသန်တဲ့အဆင့်ကို မရောက်သေးတဲ့အတွက်ကြောင့် ဘာဖြစ်သလဲ? ခဏခဏ ဘဝင်ကျတတ် တယ်။
သို့သော် အားကောင်းမောင်းသန်တဲ့အဆင့် ရောက်သွားပြီ။ လူကြီး တစ်ယောက်လို့ ဆိုကြစို့၊ တစ်နေ့လုံး မတ်တတ်ရပ်မယ်ဆိုလျှင် ရပ်နိုင်တဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိလာတယ်။ အဲဒီ အတိုင်းပဲ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးက အားကောင်းမောင်းသန်တဲ့ အဆင့်ထိ ရောက်ပြီဆိုလျှင်တော့ ဒီစျာန်အင်္ဂါတွေက စိတ်အစဉ်ကို ဘဝင်သို့ ကျမသွားအောင် ထိန်းထားနိုင်တဲ့ စွမ်းအားတွေရှိခြင်းကြောင့် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်က ထိုအာနာပါနပဋိဘာဂနိမိတ်ထဲမှာ နစ်မြုပ်နေတတ်ပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၂၃။)
နိမိတ် (၃) မျိုး, သမာဓိ (၃) မျိုး, ဘာဝနာ (၃) မျိုး
ဒီနေရာမှာ နိမိတ်သုံးမျိုးအကြောင်း နည်းနည်း ထပ်ပြောမယ်။ မီးခိုးရောင်ဟာ ယေဘုယျစည်းကမ်းပဲ၊ တခြားအရောင်တွေလည်း ရှိပါတယ်။ မီးခိုးရောင်ကဲ့သို့သော နိမိတ်ကတော့ ပရိကမ္မနိမိတ်လို့ခေါ်တယ်။ ဝါဂွမ်းစိုင် ကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့ နိမိတ်က ဥဂ္ဂဟနိမိတ်လို့ခေါ်တယ်။ ထိုပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်အပေါ်မှာ ငြိမ်ဝပ်စွာကပ်ပြီး တည်နေတဲ့ ဘာဝနာသမာဓိ က ပရိကမ္မသမာဓိ။ ပကတိဝင်လေထွက်လေ အပေါ်မှာ နိမိတ်မပေါ်ခင် ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီး တည်နေတာလည်း ပရိကမ္မသမာဓိပဲ။ ဘာဝနာကိုလည်း ပရိကမ္မဘာဝနာလို့ပဲ ခေါ်ပါတယ်။
အဲဒီ သမာဓိကို ရင့်ကျက်အောင် ဆက်လက်ပြီး ထူထောင်လိုက်တဲ့အခါ ကြည်လင်တောက်ပတဲ့ ပဋိဘာဂနိမိတ် ကူးသွားပြီ။ ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်ခေတ်ဦးပိုင်း ကာလမှာ ငြိမ်ဝပ်စွာကပ်ပြီး တည်တဲ့ သမာဓိ ဟာလည်း ပရိကမ္မသမာဓိပါပဲ။ ဘာဝနာဟာလည်း ပရိကမ္မဘာဝနာပဲ ဖြစ်သေးတယ်။
သို့သော် သမာဓိက ခိုင်ခံ့လာပြီဆိုလျှင်တော့ ဥပစာရသမာဓိ အဖြစ်နှင့် လည်း သတ်မှတ်ထားပါတယ်။ တကယ့် ဥပစာရသမာဓိအစစ်ကတော့ စျာနဝီထိလို့ ခေါ်ဆိုအပ်တဲ့ ဝီထိစိတ်အစဉ်ထဲမှာ စျာန်ရှေ့နားကပ်နေတဲ့ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုလို့ ခေါ်ဆိုအပ်တဲ့ သမာဓိမျိုးတွေကိုသာ လျှင် ဥပစာရသမာဓိဆိုပြီး သတ်မှတ်ပါတယ်။ အဲဒီ ဘာဝနာကိုလည်း ဥပစာရဘာဝနာလို့ ခေါ်တယ်။
စျာန်သမာဓိကတော့ အပ္ပနာသမာဓိလို့ ခေါ်တယ်။ ဘာဝနာက အပ္ပနာဘာဝနာလို့ ခေါ်ပါတယ်။ ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိတို့ရဲ့ အာရုံဖြစ်တဲ့ နိမိတ်ကို ပဋိဘာဂနိမိတ်လို့ ဒီလို ခေါ်ဝေါ်သုံးစွဲပါတယ်။ အဲဒီ ပဋိဘာဂနိမိတ်အပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည်နေအောင် ကြိုးစားနိုင်ခဲ့လျှင် ထိုနိမိတ်ထဲမှာ ဘာဝနာစိတ်က တစ်နာရီ နှစ်နာရီ စသည်ဖြင့် နစ်မြုပ်သွားတတ်ပါတယ်။ အဲဒီ နစ်မြုပ်နေတဲ့ သဘာဝကိုတော့ အပ္ပနာစျာန်သမာဓိလို့ ခေါ်ပါတယ်။
စျာန်ဝင်စားမှု များပါစေ, စျာန်အင်္ဂါကိုဆင်ခြင်မှု နည်းပါစေ
ဒီတော့ ဒီအပ္ပနာစျာန်သမာဓိကို ဆိုက်ပြီဆိုလျှင် ယောဂီပုဂ္ဂိုလ်က ခေတ်ဦးပိုင်းမှာတော့ ဘာလုပ်ရသလဲ? စျာန်ဝင်စားမှုများရတယ်၊ စျာန် အင်္ဂါဆင်ခြင်မှု နည်းရတယ်။ (ဝိသုဒ္ဓိ၊၁၊၁၄၈။) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးကို ဆင်ခြင်နေတဲ့ လုပ်ငန်းခွင်တွေက သိပ် အားကောင်းနေပြီဆိုလျှင် စျာန်အင်္ဂါတွေက သိပ်ထင်ရှားလာတတ်တယ်။ စျာန်အင်္ဂါတွေက သိပ်ထင်ရှားလို့ ရုန့်ရင်းကြမ်းတမ်းလာပြီဆိုလျှင် ဘာဝနာ သမာဓိက နည်းနည်း လျှောကျသွားတတ်ပါတယ်။
ဒါကြောင့် အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန်အင်္ဂါဆင်ခြင်မှု နည်းပါစေ၊ စျာန်ဝင်စားမှု များပါစေ။ အနည်းဆုံး သုံးရက်လောက် တစ်ထိုင် တစ်ထိုင်မှာလည်း နှစ်နာရီ သုံးနာရီလောက် စျာန်အာရုံဖြစ်တဲ့ ပဋိဘာဂနိမိတ် အာရုံထဲမှာ နစ်မြုပ်ပြီးနေအောင် ကြိုးစားရပါတယ်။ ဒီလို နစ်မြုပ်နေတဲ့ သဘာဝကိုပဲ စျာန်ဝင်စားတယ်လို့ခေါ်ပါတယ်။ စျာန်အာရုံထဲမှာ စိတ်အစဉ် တွေက ဝင်ပြီး နေထိုင်သကဲသို့ ငြိမ်ဝပ်စွာကပ်ပြီး တည်နေတဲ့ သဘောပဲ။
ပညာရောင် = ဉာဏ်ရောင်
အဲဒီ စျာန်သမာဓိမှာ ခိုင်ခံ့လာပြီဆိုတော့မှ စျာန်အင်္ဂါကို ဆင်ခြင်ရ ပါတယ်။ စျာန်အင်္ဂါတွေကို ဆင်ခြင်တဲ့အပိုင်းမှာ ယောဂီ တော်တော် ခပ် များများက နည်းနည်းလေး ဒီအပိုင်းမှာတော့ ချာချာလည်တတ်ကြပါတယ်။ နိမိတ်က တချို့ ယောဂီတွေမှာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းနှင့် ကွာဝေးနေတယ်။ တချို့ယောဂီများမှာ အရောင်အလင်းကစပြီးပေါ်တယ်၊ နိမိတ်က နောက်မှပေါ်တယ်။ တချို့ယောဂီများမှာ နိမိတ်က အရင်စပြီး ပေါ်တယ်၊ အရောင်အလင်းကို နောက်မှတွေ့ရတယ်။
ဘာဖြစ်လို့ ဒီလို ကွာဟချက်ရှိသလဲလို့မေးရင် သူတို့ရဲ့ နှလုံးသွင်းဓာတ်ခံ အပေါ်မှာ မူတည်ပြီးတော့ ကွာဟချက်ရှိတာလည်း ရှိပါတယ်။ ဘာဝနာစိတ်က ဝင်လေထွက်လေအပေါ်မှာ ငြိမ်ဝပ်စွာကပ်ပြီး တည်လာပြီဆိုလျှင် ထိုငြိမ်ဝပ် နေတဲ့ သမာဓိက = သမာဓိနှင့်ယှဉ်တွဲနေတဲ့ စိတ်ဓာတ်က စိတ္တဇရုပ်ကလာပ် တွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီစိတ်တွေကသာလျှင် စိတ္တဇ ရုပ်တွေကို ဖြစ်စေနိုင်သလားဆိုတော့ မဟုတ်ပါဘူး။
ဘုန်းကြီးတို့ ဟဒယဝတ္ထု = နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ ဟဒယဝတ္ထု ရုပ်ကို မှီတွယ်ဖြစ်နေတဲ့ စိတ်တိုင်းစိတ်တိုင်းသည် စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေနိုင်တယ်။ ဒါ ဘဝတစ်လျှောက်လုံးပဲ။ အဲဒီလို ဖြစ်စေတဲ့အခါမှာ အခုလို သမထဘာဝနာစိတ်တို့လို အလွန်အားကောင်းမောင်းသန်နေတဲ့ သမထ ဘာဝနာစိတ် ဖြစ်ခဲ့မယ်ဆိုလျှင် ဒီသမထဘာဝနာစိတ်တွေက စိတ်တစ်ခုတစ်ခု သည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေတစ်သိန်းမက စိတ်တွေက ဖြစ်နိုင်တဲ့အတွက် စိတ္တက္ခဏ တစ်ခုတစ်ခုသည် စိတ္တဇရုပ် ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တော့ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာ ရုပ်ကလာပ်တွေကလည်း မရေမတွက်နိုင်လောက်အောင် များစွာ ဖြစ်နိုင်ပါတယ်။
အလားတူပဲ တစ်နာရီလောက် ဒီစျာန်စိတ်တွေက ဆက်တိုက် ဖြစ်နေပြီ ဆိုလျှင်, နှစ်နာရီလောက် ဆက်တိုက် ဖြစ်နေပြီဆိုလျှင် စိတ်အစဉ်တွေ ဘယ်လောက်များမယ်ဆိုတာ ခန့်မှန်းကြည့်ပါ။ စိတ္တက္ခဏတိုင်း စိတ္တက္ခဏ တိုင်းက ဒီစိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေတယ်။ စိတ်တစ်ခုတစ်ခုသည် ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တော့ ဒီရုပ်ကလာပ်တွေကို ဓာတ်ခွဲ ကြည့်လိုက်တဲ့ အပိုင်းမှာ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ရှစ်ခုစီ ရှိပါတယ်။
အဲဒီအထဲမှာ အရောင်အဆင်းဆိုတဲ့ ဝဏ္ဏဓာတ်ကလေး = ရူပါရုံကလေး ပါတယ်။ ထိုရူပါရုံက သမာဓိဘာဝနာစိတ်က အလွန်စွမ်းအင်ထက်မြက်လာပြီ ဆိုလျှင် သိပ်ပြီးတောက်ပတယ်။ ကလာပ်တစ်ခုမှာတည်ရှိတဲ့ ရူပါရုံအရောင် နှင့် နောက်ကလာပ်တစ်ခုမှာ တည်ရှိတဲ့ ရူပါရုံအရောင်တို့ ပွတ်ချုပ်ထိခိုက်ပြီး ဖြစ်ပေါ်သွားတဲ့ အချိန်အခါမှာ အခု လျှပ်စစ်မီးတွေလိုပဲ အရောင်တွေဟာ တစ်ဆက်တည်း ဖြစ်သွားတယ်။ ဒါက တစ်ချက်၊ နောက်တစ်ခုက ဒီရုပ် ကလာပ်တိုင်းမှာ တေဇောဓာတ်ပါတော့ ဒီတေဇောဓာတ်ကလည်း နောက် ထပ် ရုပ်ကလာပ် အသစ်အသစ်တွေကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။
ဒီတေဇောဓာတ်ကြောင့် ဖြစ်ပေါ်သွားတဲ့ ရုပ်ကလာပ်တွေကို ဓာတ်ခွဲ လိုက်လျှင်လည်း သဘောတရားရှစ်ခုပဲ။ ရှစ်ခုထဲမှာ ဝဏ္ဏဓာတ် = ရူပါရုံ ပါတယ်။ အဲဒီ ရူပါရုံကလည်း တောက်ပတယ်။ ဒီတော့ ဒီစိတ္တဇရုပ်ကလာပ်မှာ ရှိတဲ့ တေဇောဓာတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို ဥတုဇရုပ်လို့ ခေါ်ပါတယ်။ ဥတုဇရုပ်ကလာပ်တွေနှင့် ဒီစိတ္တဇရုပ်ကလာပ်တွေအထဲမှာပါတဲ့ ရူပါရုံ အရောင်တွေဟာ ပွတ်ချုပ်ထိခိုက်ပြီးတော့ တစ်ခုနှင့် တစ်ခု နီးနီးကပ်ကပ် ဖြစ်ပေါ်သွားတဲ့အခါ အရောင်တွေဟာ တစ်ဆက်တည်းလို ဖြစ်ပေါ်သွားတတ် တယ်။
အရောင်တွေက တစ်ဆက်တည်း ဖြစ်သွားတဲ့ အချိန်အခါမှာ စိတ္တဇရုပ် ကလာပ်တွေရဲ့ အရောင်အလင်းကတော့ ခန္ဓာအိမ်အတွင်းမှာသာ ပျံ့နှံ့ပါ တယ်။ ဥတုဇရုပ်ကလာပ်တို့ရဲ့ အရောင်အလင်းကျတော့ ခန္ဓာအိမ်ရဲ့ ကိုယ် တွင်းတွင်သာမက အပြင်ဗဟိဒ္ဓအထိ ပြန့်ထွက်သွားတယ်။ အဲဒီ ပြန့်သွားတဲ့ အရောင်အလင်းကို တချို့ ယောဂီပုဂ္ဂိုလ်က အရင် သတိပြုမိတတ်တယ်။ ဒါကလည်း တစ်ချက်။
နောက်တစ်ခုကတော့ ဒီနိမိတ်ဆိုတာဟာလည်း ဒီအဿာသပဿာသ = ဝင်လေထွက်လေက စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တစ်မျိုး ဖြစ်ပါတယ်။ စိတ် ကြောင့်ဖြစ်တော့ အဲဒီဝင်လေထွက်လေဆိုတာကို ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ် အရ ဝင်လေထွက်လေမှာ ဓာတ်လေးပါး စနစ်တကျ သိမ်းဆည်းနိုင်ခဲ့လျှင် ကလာပ်အမှုန်ကလေးတွေပဲ တွေ့ပါတယ်။ ဒီကလာပ်အမှုန်ကလေးတွေထဲမှာ လည်း ဓာတ်ခွဲလိုက်လို့ရှိလျှင် သဘောတရားရှစ်ခု။ ရှစ်ခုထဲမှာ ဝဏ္ဏဓာတ် = ရူပါရုံလည်း ပါဝင်တယ်။ ဝဏ္ဏဓာတ်ခေါ်တဲ့ ဒီရူပါရုံကလည်း အရောင် တောက်ပတယ်။
ကလာပ်တစ်ခုမှာ တည်ရှိတဲ့ ရူပါရုံအရောင်အလင်းနှင့် နောက်ကလာပ် တစ်ခုမှာ တည်ရှိတဲ့ ရူပါရုံအရောင်တို့ ပွတ်ချုပ်ထိခိုက်ပြီး ဖြစ်ပေါ်သွားတဲ့ အချိန်အခါမှာ အရောင်အလင်းတွေဟာ ဆက်တိုက်ဖြစ်ပေါ်သွားတယ်။ ဆက်တို်က် ဖြစ်ပေါ်သွားတဲ့အခါမှာ သမာဓိက စွမ်းအင်ထက်မြက်လာလျှင် ဉာဏ်ကလည်း ထက်လာတယ်။ ဉာဏ်က စူးရှထက်မြက်လာလျှင် အရောင် အလင်းတွေက ပိုတောက်ပတဲ့သဘော ရှိတယ်။ ဒါကြောင့် နှာခေါင်းအတွင်း က ထွက်လာတဲ့ လေမှာပါနေတဲ့ ရုပ်ကလာပ်တို့ရဲ့ အရောင်အနေနှင့် ယောဂီ က သွားမြင်ခြင်းဖြစ်တယ်။ သမာဓိရှိလို့ မြင်တာပါ။
နောက်တစ်ခု ဒီရုပ်ကလာပ်တွေထဲမှာလည်း တေဇောဓာတ်ပါတော့ ဒီတေဇောဓာတ်ကလည်း ဆင့်ကဲရုပ်ကလာပ်တွေကို ဖြစ်စေတယ်။ အဲဒီ ရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် = ရူပါရုံကလည်း အလားတူပဲ တောက်ပ ပါတယ်။ တောက်ပလိုက်တဲ့ အချိန်ခါကျတော့ ဒီစိတ္တဇရုပ်ကလာပ်မှာပါတဲ့ ရူပါရုံ, ဥတုဇရုပ်ကလာပ်မှာပါတဲ့ ရူပါရုံဆိုပြီး နှစ်ခုပေါင်းဆုံလိုက်တဲ့ အချိန်အခါမှာ အာနာပါနနိမိတ်ဆိုတာ ဖြစ်ပေါ်လာတာပါ။
ဒီနေရာမှာလည်း စိတ္တဇရုပ်ကလာပ်တို့ရဲ့ အရောင်က အဇ္ဈတ္တမှာသာ ဖြစ်ပြီး ဥတုဇရုပ်ကလာပ်တို့ရဲ့ အရောင်က အဇ္ဈတ္တတွင်သာမက နှာခေါင်း ပြင်ဘက် ဗဟိဒ္ဓအထိ ပျံ့နှံ့ဖြစ်ပေါ်နေပါတယ်။ သက်သက် တစ်နေရာကနေ ရောက်လာတာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီနိမိတ်ကလည်း ကြည်လင် တောက်ပတဲ့သဘောရှိတယ်။
တချို့ယောဂီပုဂ္ဂိုလ်က ဝင်လေထွက်လေ အပေါ်မှာပဲ သတိက ကပ်နေ ပြီဆိုလျှင် အပြင်ကို လှမ်းလှမ်းပြီး အာရုံမယူဘဲနဲ့ လေပေါ်မှာသာ စူးစိုက် ထားလျှင် နိမိတ်က အရင်ပေါ်တယ်လို့ထင်တာ။ လေအပေါ်ကနေ အာရုံ လွှတ်ပြီးတော့ အပြင်ဘေးကို လိုက်လိုက်ပြီး ချောင်းချောင်းကြည့်တတ်တဲ့ ယောဂီဖြစ်ခဲ့လျှင်တော့ အရောင်အလင်းတွေက ဘေးမှာ ပေါ်နေတယ်လို့ သူက သွားသွားတွေ့ခြင်းဖြစ်တယ်။ ဒါကြောင့် အရောင်အလင်းကတော့ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ အကုန်လုံး ပြန့်ပါတယ်။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)
---နိမိတ်ကို မကစားပါနှင့်
နိမိတ်ကလည်း စိတ်ကစားမယ်ဆိုလျှင်တော့ ကစားသလို ပြန့်ပွားသွား တတ်တဲ့သဘောရှိတယ်။ သို့သော် ဝိသုဒ္ဓိမဂ်အဋ္ဌကထာကတော့ နိမိတ်ကို ကစားခြင်းသည် အကျိုးမရှိတဲ့ဘက်ကနေပြီးတော့ ရှင်းပြထားပါတယ်။ (ဝိသုဒ္ဓိ၊၁၊၁၀၉။ မဟာဋီ၊၁၊၁၃၁။) စျာန်သမာဓိကို မကူးနိုင်တဲ့ဘက်ကလည်း ရှင်းပြထားတယ်။ ဒါကြောင့် -
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)
ဝင်လေထွက်လေ ထိထိသွားတဲ့နေရာ, ထိမှု ထင်ရှားတဲ့နေရာက စောင့်ပြီး ရှုပါမှ အာနာပါနဿတိသမာဓိ ကမ္မဋ္ဌာန်းက ပြီးစီးပြည့်စုံနိုင်တယ် ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်အရ အာနာပါနကမ္မဋ္ဌာန်းက ဝင်လေထွက်လေ ထိတဲ့ နေရာကသာ ရှုရမယ်ဆိုတဲ့ နေရာဖြင့် သတ်မှတ်ပေးထားတဲ့အတွက် အပြင်ဗဟိဒ္ဓကို လိုက်လိုက်ပြီးတော့ နိမိတ်နောက်ကို စိတ်တွေလိုက်ပြီး လွှတ်ပြီး ကြည့်လိုက်မယ်ဆိုလျှင် စျာန်သမာဓိ မရနိုင်ဘူး။ ဒါကြောင့် စျာန် သမာဓိ ရရှိရေးအတွက် ယောဂီသူတော်ကောင်းသည် ဘာလိုအပ်သလဲ?
ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နေရာကပဲ စောင့်ပြီးတော့ နိမိတ်ကို စိုက်ကြည့်ဖို့လိုတယ်။ နိမိတ်မပေါ်ခင်မှာလည်း ဝင်လေထွက်လေ ထိမှုထင်ရှား ရာ နေရာကသာ စောင့်ပြီးတော့ ပကတိဝင်လေထွက်လေကို ကြည့်ဖို့လိုတယ်။ နိမိတ်ပေါ်လာလျှင်လည်း ဝင်လေထွက်လေ ထိမှုထင်ရှားရာကသာ စောင့်ပြီး တော့ နိမိတ်ကို ကြည့်ဖို့လိုတယ်။ နိမိတ်က ရှည်ချင် ရှည်ပါစေ၊ တိုချင် တိုပါ စေ၊ လုံးချင် လုံးပါစေ၊ ဝိုင်းချင် ဝိုင်းပါစေ ဘာမှ မဖြစ်ဘူး။ နိမိတ်ထဲမှာ ဘာဝနာစိတ်ကလေးက ငြိမ်ဝပ်စွာကပ်ပြီး တည်နေဖို့သာလျှင် အရေးကြီး တယ်။
အဲဒီလို အရေးကြီးတဲ့ လုပ်ငန်းခွင်ကို ဆက်လက် ထူထောင်လိုက်တဲ့ အချိန်အခါမှာ ခုနက ပြောခဲ့တဲ့အတိုင်းပဲ နိမိတ်ကလည်း ကြည်လင်တောက်ပ လာပြီ၊ နိမိတ်ထဲမှာလည်း ဘာဝနာစိတ်က နစ်မြုပ်ပြီး တစ်နာရီ နှစ်နာရီ သုံးနာရီ စသည်ဖြင့် နစ်မြုပ်နေပြီ၊ နှစ်ရက်သုံးရက်ခန့် ဒီလို နစ်မြုပ်လာပြီ ဆိုလျှင်တော့ အဲဒီမှာ စျာန်အင်္ဂါကို ဆင်ခြင်လို့ ရပါပြီ။
---စျာန်အင်္ဂါကို ဆင်ခြင်ပုံ
စျာန်အင်္ဂါကို ဆင်ခြင်တဲ့အပိုင်းမှာ နံပါတ်တစ် - ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းတတ်ဖို့လိုတယ်။ နံပါတ်နှစ် - အာရုံလို့ ခေါ်ဆိုအပ်တဲ့ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကိုလည်း သိမ်းဆည်း တတ်ဖို့ လိုတယ်။ ဘယ်လို သိမ်းဆည်းရမလဲလို့ မေးရင်တော့ ထိုယောဂီ ပုဂ္ဂိုလ်က အနည်းဆုံး မိမိရရှိထားတဲ့ စျာန်ကို တစ်ဖန်ပြန်ပြီးတော့ တစ်နာရီ လောက်တော့ စျာန်ဝင်စားလိုက်ပါ။ စျာန်မှ ထလိုက်တာနှင့် တစ်ပြိုင်နက် တည်း မိမိနှလုံးအိမ်အတွင်းရှိရာဘက်သို့ လှမ်းပြီးတော့ အာရုံယူကြည့်လိုက်။
နိမိတ်ချောင်းနှင့် ထိုးကြည့်တယ်ဆိုပြီး တချို့ ယောဂီတွေက ဒီလို လုပ်တတ်ကြတယ်။ မလုပ်ပါနဲ့၊ စိတ်နှင့်ပဲ စိုက်ပြီး ကြည့်လိုက်ပါ။ ကြည့် လိုက်တဲ့ အချိန်အခါမှာ ဒီ နှလုံးအိမ်အတွင်းမှာ မှန်လို ကြည်လင်နေတဲ့ အကြည်ဓာတ်တစ်မျိုးကို တွေ့တတ်ပါတယ်။ အဲဒီ အကြည်ဓာတ်ကို မြတ်စွာ ဘုရားက -
ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊၉။)
စသည်ဖြင့် အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတဝဂ်မှာ ဟောကြားထား တော်မူပါတယ်။ ဒီပဘဿရစိတ္တအရ စိတ္တကိုလည်း အဋ္ဌကထာဆရာတော် များက ဘဝင်စိတ်ဖြစ်ကြောင်း ဖွင့်ဆိုထားတယ်။ (အံ၊ဋ္ဌ၊၁၊၄၅-၄၆။) ဘဝင်စိတ် သည် ကြည်တယ်ဆိုတော့ အဲဒီမှာ အရောင်အလင်း ရှိလို့လားလို့ ဒီလိုတော့ မေးစရာရှိတယ်။ မဟုတ်ပါဘူး။ ဒီဘဝင်စိတ်သည် ခုနက ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း စိတ္တဇရုပ်ကလာပ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။
အဲဒီ ဘဝင်စိတ်စေတသိက်တွေက အခုလို တိဟိတ်လူသား ဖြစ်ခဲ့လို့ သောမနဿဝေဒနာနှင့် ယှဉ်တွဲပြီး ပဋိသန္ဓေတည်နေခဲ့တဲ့ လူသားသာ ဖြစ်ခဲ့ မယ်ဆိုလျှင် စိတ်စေတသိက် (၃၄)လုံးခန့် ရှိပါတယ်။ အဲဒီ (၃၄)လုံးထဲမှာ ဉာဏ်ပါတယ်။ ဒီဉာဏ်က စွမ်းအင်ထက်မြက်ခဲ့မယ် ဆိုလို့ရှိလျှင်တော့ ဘဝင် မနောအကြည်ဓာတ်က ပိုပြီး ကြည်လင်တောက်ပတဲ့သဘောရှိတယ်။ စွမ်းအင် ထက်မြက်တယ်ဆိုတာက ဘာအပေါ် မူတည်သလဲလို့မေးတော့ အတိတ်က ဆည်းပူးထားတဲ့ ပါရမီကံ = အကျိုးပေးနေတဲ့ ပါရမီကံပေါ်မှာ မူတည်ပါတယ်။
ကံကို ထူထောင်ခဲ့စဉ် အချိန်အခါတုန်းက ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်တွေက ထက်မြက်ခဲ့တယ်၊ အထူးသဖြင့် ဆိုကြပါစို့ - သမထဘာဝနာစိတ်တို့လို ဝိပဿနာဘာဝနာစိတ်တို့လို ဒီစိတ်တွေက ကံအဖြစ်နှင့် အကျိုးပေးနေပြီ ဆိုလျှင်ပေါ့၊ ဉာဏ်ဟာ ထက်မြက်စူးရှတဲ့သဘောရှိတယ်။ ထက်မြက်စူးရှတဲ့ ဉာဏ်နှင့်ယှဉ်တွဲနေတဲ့ ဒီကံကြောင့် ဖြစ်ပေါ်လာတဲ့ ဘဝင်စိတ်ထဲမှာလည်း ပါနေတဲ့ဉာဏ်သည် ထက်မြက်စူးရှတဲ့သဘော ရှိပါတယ်။ ဉာဏ်က ထက်မြက်ပြီ ဆိုလို့ရှိလျှင် ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြည်ဓာတ်က ပိုပြီး ကြည်လင်တဲ့သဘော ရှိတယ်။
ဘယ်လို ကြည်လင်သလဲလို့မေးလျှင်တော့ ဒီဘဝင်စိတ်သည် စိတ္တဇရုပ် ကလာပ်တွေကို ဖြစ်စေနိုင်တဲ့စွမ်းအားရှိတယ်။ စိတ်တစ်ခုတစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်ပေါ်စေနို်င်တဲ့ စွမ်းအားရှိတော့ အဲဒီ ရုပ်ကလာပ်တွေထဲမှာပါတဲ့ ဝဏ္ဏဓာတ် = ရူပါရုံရှိတယ်။ သူကလည်း တောက်ပ တယ်။ အလားတူပဲ အဲဒီ စိတ္တဇရုပ်ကလာပ်တွေထဲမှာပါတဲ့ တေဇောဓာတ်က လည်း ရုပ်ကလာပ်တွေကို ဖြစ်စေတော့ အဲဒီ ရုပ်ကလာပ်တိုင်းမှာလည်း ဝဏ္ဏဓာတ် = ရူပါရုံရှိတယ်။ ဒီရူပါရုံကလည်း တောက်ပတယ်။
အဲဒီ ရူပါရုံတွေရဲ့ ပေါင်းဆုံလိုက်တဲ့ အချိန်အခါမှာ နှလုံးအိမ်အတွင်းမှာ ဒီကြည်လင်နေတဲ့ သဘာဝတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဘဝင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကြည်ဓာတ်ပဲ။ အဲဒီ အကြည်ဓာတ်ကို ယောဂီပုဂ္ဂိုလ်က စက္ကန့်ပိုင်းလောက်ကလေး လှမ်းပြီး ရှုလိုက်ရတယ်။ မှိုရှာတဲ့ပုံစံနဲ့ ကြာကြာကြီး စူးစူးစိုက်စိုက်တော့ ရှာမကြည့်နဲ့၊ နှလုံးအိမ်တွေ အောင့်သွားတတ်တယ်။
အဲဒီတော့ - စိုက်ပြီး ကြည့်လိုက်လို့ ခဏစက္ကန့်ပိုင်းလောက် ကြည့်လိုက် လို့မှ မတွေ့ရင်လည်း အာနာပါနပဋိဘာဂနိမိတ်ကိုသာ ပြန်ရှုနေပါ။ အာနာပါနပဋိဘာဂနိမိတ်ထဲမှာ စိတ်က နစ်မြုပ်သွားလို့ နိမိတ်ကလည်း ကြည်လင် တောက်ပလာပြီဆိုလျှင် တစ်ခါပြန်ပြီး ဘဝင်ကို ကြည့်လိုက်ပါ။ အဲဒီလို ကြိမ်ဖန်များစွာ လေ့ကျင့်လိုက်မယ် ဆိုလို့ရှိလျှင် ဒီဘဝင်မနောအကြည် ဓာတ်ကို သွားပြီး သိမ်းဆည်းလို့ရတတ်ပါတယ်။
ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းလို့ ရပြီဆိုလျှင် ထိုယောဂီ ပုဂ္ဂိုလ်က ဘဝင်မနောအကြည်မှာ ဒီကြည်လင်တောက်ပနေတဲ့ မိမိရှုနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကလေးက လာပြီး ထင်နေတာကိုလည်း သွားတွေ့ နိုင်တယ်။ ဘဝင်မနောအကြည်မှာ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်က လာထင်ပြီဆိုသည်နှင့် တစ်ပြိုင်နက်တည်း ထိုယောဂီပုဂ္ဂိုလ် က ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ ဒီစျာန်အင်္ဂါတွေကို တစ်လုံးစီ သိမ်းဆည်းမယ်ဆိုလျှင် သိမ်းဆည်းလို့ရပြီ။
---စျာန်အင်္ဂါငါးပါး
ဝိတက်က ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံ ပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
ဝိစာရက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ခါထပ်ခါ သုံးသပ်ဆင်ခြင်နေခြင်း သဘော၊
ပီတိက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကို နှစ်သက်နေခြင်းသဘော၊
သုခက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊
ဧကဂ္ဂတာက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော၊
ဒီဧကဂ္ဂတာကို သမာဓိလို့ ခေါ်ပါတယ်။ သမ္မာသမာဓိ ဖြစ်ပါတယ်။
ပေါင်းလိုက်တော့ စျာန်အင်္ဂါ ဘယ်နှစ်ပါးလဲ? ငါးပါး။ အဲဒီ စျာန်အင်္ဂါ ငါးပါးကို ပထမ တစ်လုံးစီ သိမ်းဆည်းရပါတယ်။ စျာန်ကို ဝင်စားလိုက်, စျာန်အင်္ဂါတစ်ခုကို သိမ်းဆည်းလိုက်, စျာန်ကို နောက်ထပ် ဝင်စားလိုက်, နောက်ထပ် စျာန်အင်္ဂါတစ်ခုကို သိမ်းဆည်းလိုက်၊ ဒီလို လေ့ကျင့်ပေးရတယ်။ တစ်လုံးစီ သိမ်းဆည်းလို့ ရှင်းရှင်းလင်းလင်း မြင်ပြီဆိုလျှင်တော့ ငါးလုံးစလုံး ပြိုင်တူမြင်အောင် သိမ်းဆည်းရတယ်။ သိမ်းဆည်းတဲ့ လုပ်ငန်းခွင်တွေက အောင်မြင်လာပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်၌ ပထမစျာန် အောင်မြင်ပြီလို့ ပြောနိုင်ပါတယ်။
---ဝသီဘော်ငါးတန်
ပထမစျာန်သမာဓိကို အောင်အောင်မြင်မြင်နှင့် ထူထောင်နိုင်တဲ့ ယောဂီ သူတော်ကောင်းက ဝသီဘော်ငါးတန် နိုင်နင်းအောင် တစ်ဖန် ထပ်မံပြီး လေ့ကျင့်ရပါတယ်။ အာဝဇ္ဇနဝသီနှင့် ဟိုနောက်ဆုံးက ပစ္စဝေက္ခဏဝသီ ဆိုတာ ရှိပါတယ်။ သူတို့ကတော့ စျာန်အင်္ဂါတွေကို ဆင်ခြင်တဲ့ ဝသီဘော်ပဲ။ စျာန်အင်္ဂါတွေကို လျင်လျင်မြန်မြန် ဆင်ခြင်နိုင်တဲ့ မနောဒွါရာဝဇ္ဇန်းရဲ့ စွမ်းအင်သတ္တိကိုတော့ အာဝဇ္ဇနဝသီလို့ ခေါ်တယ်။ ပစ္စဝေက္ခဏဇောတွေနှင့် စျာန်အင်္ဂါကို လျင်လျင်မြန်မြန် ဆင်ခြင်နေတဲ့ ဇောစိတ်တွေရဲ့ စွမ်းအင် သတ္တိကိုတော့ ပစ္စဝေက္ခဏဝသီလို့ ဒီလို ခေါ်ပါတယ်။ စျာန်အင်္ဂါကို လျင်လျင် မြန်မြန် ဆင်ခြင်နိုင်လို့ရှိလျှင် ဝသီဘော်နှစ်ခုက နိုင်နင်းသွားပြီ။
နောက်တစ်ခုက ဝုဋ္ဌာနဝသီ = စျာန်မှ အချိန်မရွေး ထလို့ရအောင် လေ့ကျင့်ရတယ်။ သမာပဇ္ဇနဝသီ = စျာန်ကို အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ရတယ်။ အဓိဋ္ဌာနဝသီ = မိမိက တစ်နာရီ အဓိဋ္ဌာန်လျှင် တစ်နာရီ ဝင်စားလို့ရအောင်၊ နှစ်နာရီ အဓိဋ္ဌာန်လျှင် နှစ်နာရီ ဝင်စားလို့ရအောင်၊ သုံးနာရီ အဓိဋ္ဌာန်လျှင် သုံးနာရီ ဝင်စားလို့ရအောင် လေ့ကျင့်ရပါတယ်။
ပေါင်းလိုက်တော့ ဝသီဘော် ဘယ်နှစ်ပါးလဲ? ငါးပါး။ အဲဒီ ဝသီဘော် ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပါ၊ အနည်းဆုံးပမာဏအနေအားဖြင့် ဆက်တိုက်တရားအားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုလျှင်တော့ သုံးလေး ရက်လောက် တစ်ပတ်လောက် ကြိုးစားတာ ပိုကောင်းတဲ့ သဘောတော့ ရှိပါတယ်။
---ပဿမ္ဘယဖြစ်အောင် ကျင့်ပုံ
အာနာပါနကျင့်စဉ်ကို ပထမစျာန်သမာဓိ ဆိုက်အောင်, ဝသီဘော် ငါးတန် နိုင်နင်းအောင် လေ့ကျင့်ဖို့အထိ အကျဉ်းချုပ်ပြီးတော့ ပြောခဲ့ပါ တယ်။ အာနာပါနကျင့်စဉ်ကို မြတ်စွာဘုရားက ပထမစတုက္ကလို့ ခေါ်ဆိုအပ် တဲ့ ကျင့်စဉ်ပိုင်းမှာ အဆင့်လေးဆင့် ဟောထားပါတယ်။ နံပါတ်တစ်က ဝင်လေထွက်လေရဲ့ ရှည်မှုကိုသိအောင် ကြိုးစားအားထုတ်ခြင်း၊ နံပါတ်နှစ်က ဝင်လေထွက်လေရဲ့ တိုမှုကိုသိအောင် ကြိုးစားအားထုတ်ခြင်း၊ နံပါတ်သုံးက ဝင်လေထွက်လေရဲ့ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ခြင်း၊ နံပါတ်လေးကတော့ ဝင်လေထွက်လေကို သိမ်မွေ့အောင် ငြိမ်းအောင် ကျင့်ခြင်းဆိုပြီးတော့ အဆင့်လေးဆင့် ရှိတယ်။ ဒီသိမ်မွေ့တဲ့အဆင့်ကို မြတ်စွာဘုရားက ဘယ်လို ဟောသလဲ?
ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။
ဝင်လေထွက်လေကိုပဲ ကာယသင်္ခါရ ခေါ်ပါတယ်။ ဘာကြောင့်လဲ? ကာယဆိုတာက ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ကံ-စိတ်-ဥတု-အာဟာရခေါ်တဲ့ အကြောင်းတရားလေးပါးကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတွေကို ကာယလို့ ခေါ်တယ်။ ထိုကာယက ပြုပြင်ပေးလိုက်မှ ဖြစ်ပေါ်လာရတဲ့ ဝင်လေထွက်လေ ဖြစ်ခြင်းကြောင့် ဝင်လေထွက်လေကို ကာယသင်္ခါရလို့ ခေါ်ပါတယ်။
ဘုန်းကြီးတို့ရဲ့ ခန္ဓာအိမ်ကို ဓာတ်ခွဲကြည့်မယ်ဆိုလျှင် ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ ဥတုကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ အာဟာရကြောင့် ဖြစ်တဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ ဒီခန္ဓာကို်ယ်ကြီးမှာ ဒီရုပ်အမျိုးအစား လေးမျိုးပဲ ရှိပါတယ်။ ဒီကံ, စိတ်, ဥတု, အာဟာရကြောင့် ဖြစ်ပေါ်တဲ့ ရုပ်တရား တွေကို ဘေးကို ဖယ်ရှားထားလိုက်မယ်ဆိုလျှင် အသက်ရှူမှုဆိုတဲ့ လုပ်ငန်း ခွင်တစ်ခု ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ဒီတော့ ဒီခန္ဓာအိမ်ကြီးကို မှီတွယ်ပြီး ဖြစ်ပေါ်လာရတဲ့အတွက်ကြောင့် ဒီဝင်လေထွက်လေဆိုတဲ့ အာနာပါနကို ကာယသင်္ခါရလို့ ခေါ်တယ်။
ထိုကာယသင်္ခါရကို သိမ်မွေ့အောင် ကျင့်ရမှာဖြစ်တယ်။ သက်သက် ကြမ်းတမ်းသွားအောင် မပြုလုပ်ကောင်းပါဘူး။ သမာဓိက ရင့်ကျက်လာလျှင် လည်း သိမ်မွေ့တတ်တယ်။ သမာဓိရင့်ကျက်လာတဲ့ အပိုင်းမှာ မသိမ်မွေ့သေး ဘူး ဆိုလို့ရှိလျှင်လည်း သိမ်မွေ့စေရမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် စိတ်ထဲက နှလုံးသွင်းဓာတ်ခံလေးထားပြီး ဝင်လေထွက်လေကို ပုံမှန် အသက်ရှူနေခဲ့ လျှင် သမာဓိအားကောင်းလာတဲ့အခါ တဖြည်းဖြည်းနဲ့ လေက သိမ်မွေ့သွား တယ်။
သိမ်မွေ့လာတဲ့အခါမှာ နိမိတ်ပေါ်လာမယ်။ နိမိတ်ပေါ်လာလျှင် ပေါ်လာတဲ့နိမိတ် အပေါ်မှာ ဘာဝနာစိတ်ကို ပြောင်းပြီး ကပ်နိုင်လို့ရှိလျှင် ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဆိုပြီး နိမိတ်တွေ အဆင့်ဆင့် ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ ဒီပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ သမာဓိကို ရင့်ကျက်အောင် ထူထောင်နိုင်ခဲ့လျှင် ပထမစျာန်သမာဓိအထိ ဆိုက်ပုံကို ပြောခဲ့ပါတယ်။ ထို ပထမစျာန်သမာဓိကိုပဲ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်နိုင်တဲ့ သူတော်ကောင်းက ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို အဆင့်ဆင့် ကူးမယ်ဆိုလျှင် ကူးလို့ရတယ်။ အကယ်၍ စတုတ္ထစျာန်သမာဓိအထိ ဆိုက်သွားပြီဆိုလျှင် ဝင်လေထွက်လေဟာ လုံးဝချုပ်ငြိမ်းသွားတတ်ပါတယ်။
---ကာယာနုပဿနာသတိပဋ္ဌာန်ပဲ ဖြစ်ပါတယ်
အဲဒီ အချိန်အခါမှာ အပြည့်အစုံ ပဿမ္ဘယ ဖြစ်သွားပြီ။ ပဿမ္ဘယ ပထမစတုက္ကလုပ်ငန်းခွင် ပြီးသွားပြီ။ ပြီးသွားလိုက်တဲ့ အချိန်အခါကျတော့ နာဖူးထပ်မံအနေနဲ့ ဘုန်းကြီး ပြောမယ်ဆိုလျှင် ဒီအာနာပါနကျင့်စဉ်ကို အခု လို စတုတ္ထစျာန်သမာဓိဆိုက်အောင် ပွားများအားထုတ်နေတာဟာ သတိပဋ္ဌာန်လေးပါးထဲက ဘာသတိပဋ္ဌာန်လဲလို့မေးရင် ဘယ်လိုဖြေမလဲ? ကာယာနုပဿနာသတိပဋ္ဌာန်ဖြစ်တယ်။ ဒါကြောင့် သတိပဋ္ဌာန်ပွားမှ နိဗ္ဗာန်ရမယ် ဆိုတာ ဘုန်းကြီးတို့ လက်ခံပါတယ်။ သို့သော် အာနာပါနသည် သတိပဋ္ဌာန် လေးပါးမှ အလွတ်ဖြစ်နေတဲ့ ကျင့်စဉ် လုပ်ငန်းခွင်တော့ မဟုတ်ပါဘူး။ သတိပဋိဋ္ဌာန်လေးပါးထဲမှာ စတုတ္ထစျာန်သမာဓိဆိုက်အောင် ပွားများ အားထုတ်ပုံ ကျင့်စဉ်ပါသလား မပါဘူးလားလို့မေးရင် ဘယ်လိုဖြေမလဲ? ပါနေပါတယ်။
---သမထနှင့် ဝိပဿနာလမ်းနှစ်သွယ်
ကဲ စတုတ္ထစျာန်သမာဓိ ဆိုက်ပြီပဲ ထားကြစို့၊ ဆိုက်ပြီးတဲ့ အချိန်အခါမှာ ရှေ့ဝိပဿနာလုပ်ငန်းခွင် သွားချင်တယ်ဆိုလျှင် ဘယ်လို သွားရမလဲ?ဆိုတဲ့ ဒီ အပိုင်းကဏ္ဍက တစ်ခုရှိတယ်။ နောက်ကဏ္ဍတစ်ခုက ဒီစတုတ္ထစျာန်သမာဓိ ကြောင့် လင်းရောင်ခြည်တွေက အားကောင်းလာတတ်ပါတယ်။ ဒီလင်းရောင်ခြည်ဟာ ဉာဏ်ကြောင့်ဖြစ်ပေါ်တဲ့ လင်းရောင်ခြည်ဆိုပြီး မြတ်စွာ ဘုရားက အင်္ဂုတ္တိုရ်ပါဠိတော်မှာ သုံးနှုန်းပြီးတော့ ဟောကြား ထားတော် မူပါတယ်။ (အံ၊၁၊၄၅၆။ အာဘာသုတ္တန်စသည်။)
ဒီဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ တခြားတခြားသော သမထကမ္မဋ္ဌာန်းတွေကို မိမိတို့က ပြောင်းပြီး အားထုတ်ချင်တယ်ဆိုလျှင်လည်း ထိုအချိန်အခါမှာ လွယ်လွယ်ကူကူနဲ့ ပြောင်း ပြီး အားထုတ်လို့ရပါတယ်။ ဥပမာ - ဒီလင်းရောင်ခြည် အကူအညီယူပြီးတော့ ခန္ဓာအိမ်အတွင်းမှာ တည်ရှိနေတဲ့ (၃၂)ကောဋ္ဌာသ အစုအဝေးတွေကို ဉာဏ် နှင့် လှမ်းပြီး ကြည့်မယ်ဆိုလျှင် စက္ခုပသာဒ = ပင်ကိုယ်မျက်စိဖြင့် လှမ်းကြည့်တဲ့ အခါမှာ မြင်တွေ့ရတဲ့ ပုံစံအတိုင်း ဒီ (၃၂)ကောဋ္ဌာသကို ထင်ထင်ရှားရှား မြင်နိုင်တယ်။
ဒီ (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာ စနစ်တကျ သိမ်းဆည်းတတ်ရင် ဒီ (၃၂)ကောဋ္ဌာသကနေပြီးတော့ ကသိုဏ်းတွေကူးမယ် ဆိုလျှင်လည်း ကူးလို့ရတယ်။ ဥပမာ - ဆံပင်ကဲ့သို့ ညိုတဲ့ကောဋ္ဌာသတွေကို အာရုံယူပြီး အညိုရောင်ကသိုဏ်း ကူးမယ်ဆိုလျှင်လည်း စတုတ္ထစျာန်သမာဓိ အထိ ဆိုက်နိုင်တယ်။ အဆီခဲတို့လို ကျင်ငယ်တို့လို ဝါနေတဲ့ ကောဋ္ဌာသတွေ ကို အာရုံယူပြီး အဝါရောင်ကသိုဏ်း ကူးမယ်ဆိုလျှင်လည်း စတုတ္ထစျာန်သမာဓိ အထိ ဆိုက်နိုင်တယ်။ သွေးလို နီနေတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီးတော့ အနီရောင်ကသိုဏ်းကို ကူးမယ်ဆိုလျှင်လည်း စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပါတယ်။ အရိုးစုတို့လို ခေါင်းခွံတို့လို ဖြူနေတဲ့ ကောဋ္ဌာသတွေကို အာရုံယူပြီး အဖြူရောင်ကသိုဏ်းကို ကူးမယ်ဆိုလျှင်လည်း စတုတ္ထစျာန် သမာဓိအထိ ဆိုက်နိုင်တယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၂-၂၃၃-၂၃၄-၂၃၅။ အဘိဘာယတနကထာ+ဝိမောက္ခကထာ။)
ထိုစတုတ္ထစျာန်သမာဓိတွေကို အခြေခံပြီးတော့ ပထဝီကသိုဏ်း = မြေ ကသိုဏ်း, အာပေါကသိုဏ်း = ရေကသိုဏ်း, တေဇောကသိုဏ်း = မီး ကသိုဏ်း, ဝါယောကသိုဏ်း = လေကသိုဏ်း၊ ဒီကသိုဏ်းတွေကို ကူးရင်လည်း လွယ်လွယ်ကူကူနှင့် ကူးလို့ရတဲ့သဘောရှိတယ်။ ဆီမီးတိုင် ဖယောင်းတိုင် တို့လို အလင်းရောင်တစ်ခုကို အာရုံယူပြီးတော့ အာလောကကသိုဏ်း ပွား လည်းရတယ်။ စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်တယ်။ ပြူတင်းပေါက်တို့လို အပေါက်ကလေးတစ်ခုကို အာရုံယူပြီးတော့လည်း အာကာသကသိုဏ်း ကိုပွားရင် ပွားလို့ရတယ်။
အခုလို ကသိုဏ်းဆယ်ပါးကို စတုတ္ထစျာန်သမာဓိဆိုက်အောင် ပွားထား နိုင်တဲ့ ယောဂီသူတော်ကောင်းက ထိုစတုတ္ထစျာန်သမာဓိတွေကို အဝါးဝစွာ လေ့လာပြီးတဲ့အခါ အရူပစျာန်တွေကို ကူးမယ်ဆိုလျှင်လည်း အရူပစျာန် လေးပါးကို ကူးလို့ရပါတယ်။ ရူပါဝစရစျာန်လေးပါး, အရူပါဝစရစျာန်လေးပါး၊ ပေါင်းလိုက်တော့ စျာန်ရှစ်ပါးကို သမာပတ်ရှစ်ပါးလို့ ခေါ်ပါတယ်။
ထိုသမာပတ်ရှစ်ပါးကို ကျွမ်းကျင်နေတဲ့ သူတော်ကောင်းက မေတ္တာကမ္မဋ္ဌာန်းတို့လို, ကရုဏာကမ္မဋ္ဌာန်းတို့လို, မုဒိတာကမ္မဋ္ဌာန်းတို့လို, ဥပေက္ခာ ကမ္မဋ္ဌာန်းတို့လို ဗြဟ္မစိုရ်တရားတွေကို ပွားများအားထုတ်မယ်ဆိုလျှင် တစ် ထိုင် နှစ်ထိုင်အတွင်းမှာပဲ မေတ္တာစျာန်တွေ, ကရုဏာစျာန်တွေ, မုဒိတာ စျာန်တွေ, ဥပေက္ခာစျာန်တွေကို လွယ်လွယ်ကူကူနှင့် တက်လို့ရပါတယ်။
အကယ်၍များ ထိုသမာဓိတွေကို အခြေခံပြီးတော့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့မယ် ဆိုလို့ရှိလျှင်လည်း ဥပစာရသမာဓိကို တစ်ထိုင်နှစ်ထိုင် အတွင်းမှာ လွယ်လွယ်ကူကူနှင့် ဆိုက်သွားနိုင်တဲ့သဘောရှိတယ်။ အကယ်၍ များ မိမိတို့က အသုဘဘာဝနာကမ္မဋ္ဌာန်းတွေကို ပွားများချင်တယ်ဆိုလျှင် မြင်ဖူးတဲ့ လိင်တူသူသေကောင် တစ်ခုခုကို = အလောင်းတစ်ခုခုကို အာရုံယူ ပြီး ပွားမယ်ဆိုလည်း တစ်ထိုင်နှစ်ထိုင်အတွင်းမှာပဲ ဒီအသုဘဘာဝနာ ကမ္မဋ္ဌာန်းတွေကို ပထမစျာန်သမာဓိဆိုက်အောင် ပွားနိုင်တဲ့သဘော ရှိပါတယ်။
မိမိရဲ့ သေခြင်းတရားကို နှလုံးသွင်းတဲ့ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းမယ်ဆိုလျှင်လည်း လွယ်လွယ်ကူကူနှင့် စီးဖြန်းလို့ ရနိုင်ပါတယ်။ ဘာကြောင့်လဲ? ရှေးရှေး ဘာဝနာသမာဓိတို့က အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိနှင့် ကျေးဇူးပြုပေးလိုက်တဲ့အတွက် နောက်နောက် ဘာဝနာသမာဓိတွေသည် လွယ်ကူသွားတဲ့သဘောရှိပါတယ်။ ဒီလို လွယ်လွယ် ကူကူနှင့် ဒီသမထကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်နိုင်တဲ့ နည်းစနစ်ကို မြတ်စွာဘုရားက သင်ကြားပေးထားပါတယ်။
ဒီနည်းစနစ်တွေက လွယ်ကူသွားရခြင်းသည် မိမိတို့ရဲ့ စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲပေးတဲ့အတွက် ဘုရားရှင် ဆိုဆုံးမတော်မူသည့်အတိုင်း လိုက်နာကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့အတွက် ဒီလို လွယ်ကူသွား ခြင်းဖြစ်တယ်။ တစ်နည်းပြောမယ်ဆိုလျှင် စိတ်ဓာတ်ရဲ့စွမ်းအင်ကို အသုံးချနိုင် တဲ့အတွက် ဒီလို လွယ်လွယ်ကူကူဖြင့် ကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်လို့ ရခြင်း ဖြစ်ပါတယ်။ ဒီနေ့ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေမှာ ဒီစိတ်ဓာတ် မရှိဘူး လား? ရှိပါတယ်။
ကြိုးစားမယ်ဆိုလျှင် ဒီစိတ်ဓာတ်က ဘုရားတောင်ဖြစ်နိုင်တဲ့ စွမ်းအား အထိ ပို့ဆောင်ပေးနိုင်ပါတယ်။ ကြိုးစားလျှင် ဘုရားဖြစ်နိုင်တယ်ဆိုတော့ မကြိုးစားလျှင်တော့ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ပါဘူး။ စိတ်ဓာတ်ရဲ့ စွမ်းအင် တွေကို အသုံးချတတ်မယ်ဆိုလျှင် ဒီစိတ်ဓာတ်တွေက နိဗ္ဗာန်ရတဲ့အထိ ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒါပေမဲ့ ဒီစိတ်ဓာတ်ရဲ့ စွမ်းအင်တွေကို မီးဖိုချောင်မှာပဲ အသုံးချနေမယ်ဆိုလျှင် မီးဖိုချောင်က ထွက်နိုင်ပါ့မလား? မထွက်နိုင်တော့ဘူး။
ဒါပေမဲ့ များသောအားဖြင့် တရားနာပရိသတ်တွေကိုတော့ ဘုန်းကြီး မေးမေးကြည့်တယ်။ အိပ်တွေ မပြည့်သေးဘူးလားလို့ မေးလျှင်တော့ ဘယ်လို ဖြေကြသလဲ? ပြည့်တယ်လို့ တယောက်မှ မပြောသေးဘူး။ အိပ်တွေက ပေါက်နေတဲ့အတွက် အိပ်ပေါက်နှင့် ဖားကောက်တဲ့ပုံစံ ဖြစ်နေပြီဆိုပြီး ဒီလို အဖြေပဲ ထွက်ကြတယ်။
ဒီတော့ မီးဖိုချောင်ကနေ ထွက်ချင်တဲ့ဆန္ဒဓာတ် ရှိသလား? မရှိပါဘူး။ မီးဖိုချောင်ကနေ မထွက်ချင်သေးလျှင် မီးဖိုချောင်ကနေ လွတ်နိုင်ပါ့မလား? မလွတ်ပါဘူး။ မီးဖိုချောင်က ထွက်ချင်တဲ့ဆန္ဒဓာတ် ပြင်းပြလာလျှင်ကော ကြိုးစားမယ်ဆိုလျှင် မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒီစိတ်ဓာတ်မျိုးကို မွေးမြူပေးရတယ်။ ကဲ စတုတ္ထစျာန်သမာဓိဆိုက်လို့ ကသိုဏ်းတွေကို ကူးချင် လည်း ကူးပါ၊ မကူးချင်လို့ ဝိပဿနာသွားချင်တယ် ဆိုလျှင်လည်း သွားပါ။
---ဝိပဿနာသို့
ဝိပဿနာသွားမယ် ဆိုလို့ရှိလျှင် ဝိပဿနာလုပ်ငန်းခွင်နှင့် ပတ်သက်လို့ မြတ်စွာဘုရားက ဒီမဟာသတိပဋ္ဌာနသုတ္တန်မှာ အာနာပါနကျင့်စဉ်ကို အခုလို စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားများပြီးတဲ့ သူတော်ကောင်းအတွက် ဘယ်လို ဟောသလဲ?
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)
= အဇ္ဈတ္တမှာလည်း ကာယကို ကာယလို့ အဖန်ဖန်အထပ်ထပ် ရှုပွား သုံးသပ်ပြီးနေပါ၊ ဗဟိဒ္ဓမှာလည်း ကာယကို ကာယလို့ အဖန်ဖန်အထပ်ထပ် ရှုပွားသုံးသပ်ပြီးနေပါ၊ အဇ္ဈတ္တဗဟိဒ္ဓ နှစ်မျိုးလုံးမှာလည်း တစ်လှည့်စီ ခပ် သွက်သွက်ကလေး ကာယကို ကာယလို့ အဖန်ဖန်အထပ်ထပ် ရှုပွားသုံးသပ်ပြီး နေပါလို့ မြတ်စွာဘုရားက ဝိပဿနာလုပ်ငန်းခွင်ကို စတင်အားသစ်ပုံကို ဟောပေးပါတယ်။
---ကာယသုံးမျိုး
ဒီတော့ ဒီနေရာမှာ ကာယနှင့်ပတ်သက်လို့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ကာယသုံးမျိုး ရှင်းထားပါတယ်။ နံပါတ်တစ်က အဿာသပဿာသကာယ၊ နံပါတ်နှစ်က ရူပကာယ၊ တစ်နည်းတော့ ကရဇကာယ၊ နံပါတ်သုံးက နာမကာယ၊ ပေါင်းလိုက်တော့ ကာယသုံးမျိုး။ (ပဋိသံ-၁၈၁။ မဟာဋီ၊၁၊၃၂၀။)
၁။ အဿာသပဿာသကာယ + ၂။ ကရဇကာယ
အဿာသပဿာသကာယဆိုတာက ဝင်လေထွက်လေ ဖြစ်တယ်။ ဘာဖြစ်လို့ ကာယခေါ်သလဲ? ပရမတ္ထတရားတွေက တစ်ခုချင်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိကြဘူး။ အုပ်စုအလိုက် ပေါင်းစုပြီးမှသာလျှင် ဖြစ်နိုင်တဲ့စွမ်းအား ရှိကြတယ်။ ဝင်လေထွက်လေကို ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်အတိုင်း စနစ်တကျ ဝင်လေထွက်လေမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းနိုင်ရင် ကလာပ် အမှုန်ကလေးတွေကို တွေ့မယ်၊ ဒီကလာပ်အမှုန် တစ်ခုတစ်ခုကို ဓာတ်ခွဲ လိုက်ရင် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ, အသက်ရှူတဲ့အသံ ဆိုပြီးတော့ သဘောတရားကိုးခု တွေ့နိုင်ပါတယ်။ သဘောတရား ကိုးခုပါတဲ့ ရုပ်ကလာပ်ပေါင်း ဘယ်လောက်များသလဲ? မရေတွက်နိုင်အောင် များတယ်။ များစွာပေါင်းစုလိုက်ပါမှ အပေါင်းအစု အလိုက် အုပ်စုအလိုက် ဖြစ်ပေါ်တဲ့အတွက် ဒီဝင်လေထွက်လေကိုလည်း အဿာသပဿာသကာယလို့ ခေါ်ပါတယ်။
နောက်တစ်ခု ကရဇကာယဆိုတာကတော့ ခန္ဓာအိမ်မှာ ကံကြောင့်, စိတ်ကြောင့်, ဥတုကြောင့်, အာဟာရကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတို့ရဲ့ အပေါင်းအစုပဲ။ ဓာတ်ကမ္မဋ္ဌာန်း လမ်းစဉ်အတိုင်း စနစ်တကျ ဓာတ်လေးပါး ကို ခန္ဓာအိမ်မှာ သိမ်းဆည်းနိုင်ခဲ့မယ် ဆိုလျှင်ပေါ့၊ ရုပ်ကလာပ် အမှုန်ကလေး တွေ တွေ့ပါတယ်။ ဒီရုပ်ကလာပ်တွေကို ဓာတ်ခွဲလိုက်ရင် ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်, စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်, ဥတုကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်, အာဟာရကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်၊ ဒီရုပ်ကလာပ် လေးမျိုးစလုံးကို တွေ့နိုင်ပါတယ်။
ရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲပြီး ကြည့်လိုက်လျှင်လည်း အောက် ထစ်ဆုံးအားဖြင့် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရားရှစ်ခုစီ ရှိတတ်ပါတယ်။ ဇီဝိတပါခဲ့မယ် ဆိုလျှင် ကိုးခု၊ အကြည်ဓာတ်တွေ, ဘာဝရုပ်တွေ, ဟဒယရုပ်တွေ ပါခဲ့မယ်ဆိုလျှင် ဆယ်ခုလောက်အထိ ရှိတတ်ပါတယ်။ အဲဒီလို အုပ်စုအလိုက် များစွာ ပေါင်းစုမှ ဖြစ်ပေါ်လာနိုင်တဲ့ စွမ်းအားရှိခြင်းကြောင့် သူတို့ကိုလည်း ကာယလို့ ခေါ် ပါတယ်။
ဒီအဿာသပဿာသကာယနှင့် ကရဇကာယနှစ်ခုကို ရူပကာယလို့ ခေါ်ဆိုပါတယ်။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က - အဿာသပဿာသ ကာယ, ကရဇကာယ, နာမကာယလို့ ဒီလို လုပ်ငန်းခွင်ကိုလိုက်ကာ (၃)မျိုး ဖွင့်ထားသော်လည်း ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကတော့ အဿာသပဿာသ ကာယနှင့် ကရဇကာယကို ပေါင်းကာ ရူပကာယ, နာမကာယလို့ ကာယ နှစ်မျိုး ဟောတော်မူပါတယ်။ သုံးမျိုးနှင့် နှစ်မျိုးဟာ တရားကိုယ်အနက်သဘော အရ အတူတူပဲလို့ မှတ်ပါ။
၃။ နာမကာယ
အလားတူပဲ နာမကာယဆိုတာ နာမ်တရားတွေရဲ့ အပေါင်းအစုပဲ။ နာမ်တရားတွေကလည်း တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ စိတ် စေတသိက်တွေက အုပ်စုအလိုက်သာ စုပေါင်းပြီး ဖြစ်နိုင်တဲ့စွမ်းအား ရှိကြ တယ်။ ဒါကြောင့် သူတို့ကိုလည်း နာမကာယလို့ ခေါ်ပါတယ်။ ပေါင်းလိုက် တော့ ကာယသုံးမျိုးဖြစ်တယ်။
---အဇ္ဈတ္တ+ဗဟိဒ္ဓ
အဲဒီ ကာယသုံးမျိုးကို အဇ္ဈတ္တမှာလည်း ကာယတွေကို ကာယလို့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပါ။ ဗဟိဒ္ဓမှာလည်း ကာယတွေကို ကာယလို့ ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ ရှုပါ။ တစ်ထိုင်အတွင်းမှာလည်း အဇ္ဈတ္တ ဗဟိဒ္ဓ ကာယတွေကို ကာယလို့ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုနေပါ။ ဒီလို မြတ်စွာ ဘုရားက ညွှန်ကြားတယ်။ အဇ္ဈတ္တမှာလည်း ရှုရမယ်။ ဗဟိဒ္ဓမှာလည်း ရှုရမယ်။ အဇ္ဈတ္တ ဗဟိဒ္ဓမှာလည်း ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ရှုပေးရမယ်။
ဘာကြောင့်လဲ? သတ္တဝါတွေဟာ ရူပကာယနာမကာယလို့ ခေါ်ဆိုအပ် တဲ့ မိမိအဇ္ဈတ္တ ရုပ်နာမ်အပေါ်မှာသာ တွယ်တာမက်မောနေတာ မဟုတ်ဘူး။ ဗဟိဒ္ဓ ရုပ်နာမ်တွေ အပေါ်မှာလည်း တွယ်တာမက်မောမှု မရှိကြဘူးလား? ရှိနေကြတယ်။
အဇ္ဈတ္တ ရုပ်နာမ်တွေအပေါ်မှာ တွယ်တာမက်မောနေတဲ့ တဏှာ, မာန, ဒိဋ္ဌိအစွဲတွေ ပြုတ်နိုင်အောင် ဘာလုပ်ရမလဲ? အဇ္ဈတ္တ ရုပ်တွေနာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာ ရှုပေးရတယ်။ အလားတူပဲ ဗဟိဒ္ဓ ရုပ်နာမ်တွေအပေါ်မှာ တွယ်တာ မက်မောနေတဲ့ တဏှာ, မာန, ဒိဋ္ဌိခေါ်တဲ့ အစွဲတွေ ပြုတ်သွားရေးအတွက် လည်း ဗဟိဒ္ဓ ရုပ်တွေနာမ်တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာရှုပေးရတယ်။
အဲဒီလို ရှုနိုင်ပါမှ မဂ်ဉာဏ်ဖိုလ်ဉာဏ်က ဆိုက်နိုင်တယ်။ အဇ္ဈတ္တ ခန္ဓာငါးပါး ရုပ်တရားနာမ်တရား သက်သက်ကို ဝိပဿနာ ရှုနေရုံနှင့်လည်း မဂ်ဉာဏ်ကို မဆိုက်နိုင်ဘူး။ ဗဟိဒ္ဓ ခန္ဓာငါးပါး ရုပ်တရားနာမ်တရားကို ဝိပဿနာ ရှုနေရုံသက်သက်ဖြင့်လည်း အရိယမဂ်ဉာဏ်ကို မဆိုက်နိုင်ဘူး။ ဒါကြောင့် ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါးတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ် ပေးရပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀။)
အဲဒီလို သုံးသပ်ပေးစေလိုတဲ့ ဦးတည်ချက်ဖြင့် မြတ်စွာဘုရားက အဇ္ဈတ္တကာယကိုလည်း ကာယလို့ ကြိမ်ဖန်များစွာရှုပါ။ ဗဟိဒ္ဓကာယကိုလည်း ကာယလို့ ကြိမ်ဖန်များစွာ ရှုပါဆိုပြီး ညွှန်ကြားတယ်။ အဲဒီလို ညွှန်ကြားတဲ့ အပိုင်းမှာ အားထုတ်စယောဂီဖြစ်ခဲ့လျှင် အဇ္ဈတ္တနှစ်ခြိုက်ရင်လည်း အဇ္ဈတ္တက စရှုနိုင်တယ်၊ သိမ်းဆည်းနိုင်တယ်။ ဗဟိဒ္ဓ နှစ်ခြိုက်ခဲ့လျှင်လည်း ဗဟိဒ္ဓက စရှုနိုင်တယ်၊ သိမ်းဆည်းနိုင်တယ်။ သို့သော် အဇ္ဈတ္တကနေ စပြီးရှုခဲ့လျှင်လည်း အဇ္ဈတ္တကို သိမ်းဆည်းနေတဲ့ လုပ်ငန်းခွင်သည် ရက်ပေါင်းများစွာသော်လည်း ကြာချင်ကြာတတ်ပါတယ်။ လနှင့်ချီပြီး ကြာချင်လည်း ကြာတတ်တယ်။
အလားတူပဲ ဗဟိဒ္ဓကို သိမ်းဆည်းတဲ့ အပိုင်းမှာလည်း ရက်နှင့်လနှင့်ချီပြီး ကြာချင်လည်း ကြာနေတတ်ပါတယ်။ သို့သော် သိမ်းဆည်းတယ်ဆိုတာက ဉာဏ်နှင့် ပိုင်းခြားယူတာကိုပြောတာပါ။ ရှုလို့ အချိန်မရွေးရအောင် လေ့ကျင့်ထားမှုကို ဉာဏ်ထဲမှာ သိုမှီးသိမ်းဆည်းထားခြင်းလို့ ဒီလိုတင်စားပြီး ခေါ် ဝေါ် သုံးနှုန်းထားတယ်။
သေတ္တာထဲမှာ ပစ္စည်းတွေစုပုံပြီး ထည့်ထားသလို ရုပ်တွေနာမ်တွေကို မိမိ အသိဉာဏ်ထဲမှာ ထည့်ထားလျှင် အစုလိုက်အပုံလိုက် နေသလားလို့ မေးရင်တော့ ဒီလို နေတာမျိုးတော့ မဟုတ်ဘူး။ သို့သော် ပစ္စည်းတွေကို သေတ္တာတစ်ခုထဲမှာ အချိန်မရွေး ထုတ်ယူသုံးစွဲလို့ရအောင် သိုမှီးသိမ်းဆည်း ထားတဲ့ ပုံစံအတိုင်း ရုပ်တွေနာမ်တွေကိုလည်း မိမိဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ သေတ္တာအိမ်ထဲမှာ အချိန်မရွေး ရှုလို့ရအောင် လေ့ကျင့်ထားမှုကိုပဲ သိုမှီး သိမ်းဆည်းထားတယ်လို့ ဒီလို သုံးတာပါ။
အဲဒီလို သိုမှီးသိမ်းဆည်းတဲ့ လုပ်ငန်းခွင်က အောင်မြင်မှုရလာပြီဆိုလျှင် တစ်ထိုင်အတွင်းမှာလည်း အဇ္ဈတ္တ ရုပ်တွေနာမ်တွေကို သိမ်းဆည်းလိုက်၊ ဗဟိဒ္ဓ ရုပ်တွေနာမ်တွေကို သိမ်းဆည်းလိုက်၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ဒီလို သိမ်းဆည်းပေးရပါတယ်။ အဲဒီလို သိမ်းဆည်းစေလိုတဲ့ ဦးတည် ချက်ရှိခြင်းကြောင့် မြတ်စွာဘုရားက ဒီသတိပဋ္ဌာန်ကျင့်စဉ်မှာ နံပါတ်တစ် ဝိပဿနာရဲ့ အခြေခံလို့လည်းပြောနိုင်တဲ့ ဝိပဿနာရဲ့ အခြေခံလုပ်ငန်းခွင်မှာ ကာယသုံးမျိုးကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံးမှာ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ သိမ်းဆည်းပါဆိုပြီး ဒီလို ဟောထားတော်မူပါတယ်။ ဒီကာယသုံးမျိုးထဲက ရူပကာယကို သိမ်းဆည်းပုံအပိုင်းကို ရှေးဦးစွာ ဟောကြ နာကြရအောင် --
---
အခန်း (၁၀)
ရုပ်ကမ္မဋ္ဌာန်းပိုင်း
ရူပကာယကို သိမ်းဆည်းပုံ
ဓာတ်ကမ္မဋ္ဌာန်း
ဒီဟောကြားချက်အရ အဿာသပဿာသကာယ, ရူပကာယ, နာမကာယဆိုပြီး ကာယသုံးမျိုးကို သိမ်းဆည်းရမယ်ဆိုလျှင် ဘယ်လို သိမ်းဆည်းမလဲ? လုပ်ငန်းခွင်နှင့် ပတ်သက်ပြီး စနစ်တကျ တတ်သိ နားလည် ထားဖို့တော့ လိုအပ်ပါတယ်။ မိမိက ရုပ်တရားကို ရှုမယ် သိမ်းဆည်းမယ်၊ ဘယ်လို သိမ်းဆည်းရမလဲ ရှုရမလဲ? မသိဘူး။ မိမိက နာမ်တရားကို ရှုမယ် သိမ်းဆည်းမယ်၊ ဘယ်လို ရှုရမလဲ? ဘယ်လို သိမ်းဆည်းရမလဲ? မသိဘူး။ မသိလျှင် ရှုလို့ရပါ့မလား? မရနိုင်ဘူး။
ဒီလုပ်ငန်းခွင်က သိပ်အရေးကြီးပါတယ်။ ဒီတော့ အဋ္ဌကထာဆရာတော် များက ဒီနေရာမှာ ဘုရားဟော ဒေသနာတော်တို့ကို ကိုးကားပြီးတော့ ဘယ်လို သတ်မှတ်ပေးထားသလဲ? သမထပိုင်းမှာ ကမ္မဋ္ဌာန်းက (၄၀)ဆိုပြီး ရှိတယ်။ ဒါပေမဲ့ ဝိပဿနာပိုင်း ရောက်လာလျှင် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း ဆိုပြီး ကမ္မဋ္ဌာန်း (၂)မျိုးရှိတယ်။ အဲဒီ ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ဟောတော်မူပြီဆိုလျှင် ဘယ်လို ဟောတော်မူသလဲ?
တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
တတ္ထ ဘဂဝါ ယဿ ရူပံ ပါကဋံ၊ တဿ သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ဝိတ္ထာရေန္တော ရူပကမ္မဋ္ဌာနံ ကထေတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။)
ထိုရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင် မြတ်စွာဘုရားသည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားပြသ ဆိုဆုံးမတော်မူသည်ရှိသော် အကျဉ်း နှလုံးသွင်းနည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း, အကျယ်နှလုံးသွင်း နည်း၏ အစွမ်းအားဖြင့်သော်လည်းကောင်း စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း = ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူမြဲ ဓမ္မတာ ဖြစ်ပါတယ်။ မြတ်စွာဘုရား သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူတဲ့ အချိန်အခါမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်း နှစ်နည်းတို့တွင် တစ်နည်းနည်း ဖြင့် ဟောကြားတော်မူမြဲ ဓမ္မတာ ဖြစ်ပါတယ်။
ဒီတော့ ရုပ်ကမ္မဋ္ဌာန်းကို ရှုချင်တယ်ဆိုလျှင် ရှုမည့်ယောဂီပုဂ္ဂိုလ်က ဘာကိုစတင်ပြီး ရှုရမလဲ? ဓာတ်ကမ္မဋ္ဌာန်းကို စတင်ပြီး နှလုံးသွင်းရပါတယ်။ ဒါက လုပ်ငန်းခွင်ပဲ။ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းတဲ့ အချိန်အခါမှာ ဓာတ် ကမ္မဋ္ဌာန်း အကျဉ်းနည်းလည်းရှိတယ်၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းလည်း ရှိတယ်။ အကျဉ်းနည်းကိုတော့ မြတ်စွာဘုရားက ဒီမဟာသတိပဋ္ဌာနသုတ္တန် မှာပဲ ဓာတုမနသိကာရပဗ္ဗဆိုတဲ့ နာမည်ဖြင့် အတိအကျ ဟောကြားထား တော်မူပါတယ်။ အကျယ်ရှုပွားနည်းကိုတော့ မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃။)၊ ဓာတုဝိဘင်္ဂသုတ္တန် (မ၊၃၊၂၈၁။)၊ ဓာတုဝိဘင်း (အဘိ၊၂၊၈၄။) စတဲ့ ထိုထို ပါဠိတော်တွေမှာ မြတ်စွာဘုရား ဟောကြားထားတော်မူတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း မဟာဟတ္ထိပဒေါပမ သုတ္တန် (မ၊၁၊၂၄၂။)မှာ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းတွေကို စနစ်တကျ ဟောကြားထားတော်မူပါတယ်။ ဒီတော့ မိမိတို့က ဓာတ်ကမ္မဋ္ဌာန်း အကျဉ်း နည်းကို ကြိုက်လျှင်လည်း အကျဉ်းနည်းနှင့်ရှုပါ။ အကျယ်နည်းကို ကြိုက်လျှင် လည်း အကျယ်နည်းနှင့်ရှုပါ။ ဘာအတွက်လဲ? ရုပ်ကမ္မဋ္ဌာန်းကို ရှုပွားဖို့ အတွက် ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီရုပ်ကမ္မဋ္ဌာန်းကို စရှုနေရသလဲလို့မေး လျှင် ဘယ်လိုဖြေမလဲ?
သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉-၂၅၀။)
အလုံးစုံသော ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာခေါ်တဲ့ ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်း ခြားခြား မသိခဲ့လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘယ်လိုမှ မကုန်နိုင်ဘူး။ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုမှ မျက်မှောက်မပြု နိုင်ဘူးဆိုပြီးတော့ ဒီလို မြတ်စွာဘုရား အတိအကျ ဟောကြားထားတော် မူတယ်။ သံယုတ်ပါဠိတော် ဒုတိယတွဲ ပထမအပရိဇာနနသုတ္တန်, ဒုတိယ အပရိဇာနနသုတ္တန်ဆိုတဲ့ သုတ္တန်နှစ်ခုတို့မှာ ဟောကြားထားတော်မူတဲ့ စကားရပ်တို့ ဖြစ်ကြပါတယ်။
ဒါကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ သူတော်ကောင်း မှန်ခဲ့လို့ ရှိလျှင် အလုံးစုံသော ရုပ်တရားနာမ်တရားတွေကို ဉာတပရိညာ, တီရဏပရိညာ, ပဟာနပရိညာခေါ်တဲ့ ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးစားအားထုတ်ရမယ်။ ဒါက အဆင့်ဆင့် ကျင့်သွားရမည့် လုပ်ငန်းခွင်ကလေးတွေပဲ။ လုပ်ငန်းခွင်ကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ နားမလည်ဘဲနဲ့ ဝိပဿနာတော့ အားထုတ်ရဲ့၊ ဝိပဿနာ ဟုတ်၏, မဟုတ်၏ လည်း နားမလည်ဘူး။ သမထတော့ အားထုတ်ရဲ့၊ သမထဟုတ်၏, မဟုတ်၏လည်း နားမလည်ဘူး။
မိမိအားထုတ်နေတဲ့တရားသည် သမထလား သို့မဟုတ် ဝိပဿနာလား ဆိုတာလည်း နားမလည်ဘူး။ နားမလည်မှုတွေ တစ်ပုံကြီးထမ်းပြီးတော့ ဝိပဿနာလုပ်ငန်းခွင်မှာ အလုပ်လုပ်နေမယ်ဆိုလျှင်တော့ ဘုရားရှင် ဆိုလို တော်မူတဲ့ စည်းကမ်းဥပဒေသ ဘောင်အတွင်းမှာ ဝင်ဖို့ဆိုတာ တော်တော် လေး ခက်ခဲပါတယ်။ ဒါကြောင့် ဒီသတိပဋ္ဌာန် ကျင့်စဉ်မှာကိုက ဘုရားရှင်က စနစ်တကျ အစီအစဉ်တကျလေး တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားထား တော်မူခြင်း ဖြစ်ပါတယ်။
ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း
ဒီဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို ဒီညစပြီး ဘုန်းကြီးဟောဖို့ ရည်ရွယ် ထားပါတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းနှင့် ပတ်သက်ပြီးတော့ မြတ်စွာ ဘုရားက မဟာသတိပဋ္ဌာနသုတ္တန်မှာ ဓာတုမနသိကာရပဗ္ဗဆိုတဲ့ နာမည် တပ်ပြီးတော့ အပိုင်းကဏ္ဍ တစ်ခုအဖြစ်နှင့် ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောကြားထားတော်မူသလဲ?
ပုန စ ပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူတိ။ (ဒီ၊၂၊၂၃၄။ မ၊၁၊၇၃။)
ချစ်သားရဟန်းတို့ ... ယောဂါဝစရရဟန်းတော်သည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤရူပကာယကြီးကိုပင်လျှင် ဤရူပကာယ၌ ပထဝီဓာတ်သည်, အာပေါဓာတ်သည်, တေဇောဓာတ်သည်, ဝါယောဓာတ် သည် ရှိ၏။ ဤသို့သော ဓာတ်သဘော အစုအပုံအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ် ရှုပွားလျက် နေပေ၏။
ဓာတ်ကမ္မဋ္ဌာန်း လုပ်ငန်းစဉ်ကို မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်မှာ အတိအကျ ဟောထားပါတယ်။ ဓာတ်ဘယ်နှစ်ပါး ရှုရမလဲ? လေးပါး။ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်ကြီး လေးပါး ရှိပါတယ်။ ဒီဓာတ်ကြီးလေးပါးကို ဘယ်မှာ စတင်ရှုရမလဲလို့ မေးတော့ - ဣမသ္မိံ ကာယေ = ဒီရူပကာယ ခန္ဓာအိမ်ကြီးအတွင်းမှာ ရှုပါ။ ဒီလို မြတ်စွာဘုရားက သတ်မှတ်ပေးတော်မူတယ်။ ရှုတဲ့အခါ ဘယ်လို ရှုရမလဲ? ယထာဌိတံ ယထာပဏိဟိတံ = ရပ်လျှင် ရပ်တဲ့အတိုင်း ဓာတ် လေးပါးကို မြင်အောင်ရှုပါ။ ထိုင်လျှင်လည်း ထိုင်နေတဲ့အတိုင်း ဓာတ်လေးပါး ကို မြင်အောင်ရှုပါ။ သွားလျှင်လည်း သွားနေတဲ့အတိုင်း ဓာတ်လေးပါးကို မြင်အောင်ရှုပါ။ အိပ်လျှင်လည်း အိပ်နေတဲ့အတိုင်း ဓာတ်လေးပါးကို မြင်အောင်ရှုပါ။ ဒါ လုပ်ငန်းခွင်ပဲ။ ကောင်းပြီ၊ ပထဝီဓာတ်ဆိုတာ ဘာလဲ? အာပေါဓာတ်ဆိုတာ ဘာလဲ? တေဇောဓာတ်ဆိုတာ ဘာလဲ? ဝါယော ဓာတ်ဆိုတာ ဘာလဲ? ဒီလိုသိဖို့ လိုပါတယ်။
ဓာတ်သဘောတရား (၁၂) မျိုး
ဓမ္မသင်္ဂဏီပါဠိတော် (အဘိ၊၁၊၁၇၀။)မှာ မြတ်စွာဘုရားက ပထဝီဓာတ်ကို ခြုံပြီး မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ဆိုပြီး ခြောက်မျိုး ဟောထားတော်မူ တယ်။ အာပေါဓာတ်ကျတော့ ယိုစီး, ဖွဲ့စည်းဆိုပြီး နှစ်မျိုး ဟောထားတော်မူ တယ်။ တေဇောဓာတ်ကျတော့ ပူမှုသဘော, အေးမှုသဘောဆိုပြီး နှစ်မျိုး ဟောထားတော်မူတယ်။ ဝါယောဓာတ်ကျတော့ ထောက်ကန်တဲ့သဘောဆိုပြီး သဘာဝလက္ခဏာ အနေအားဖြင့် တစ်မျိုးပဲ ဟောထားတော်မူပါတယ်။ သို့သော် တွန်းကန်မှုသဘောတစ်ခုကတော့ ဝါယောဓာတ်ရဲ့ လုပ်ငန်းကိစ္စ ဖြစ်တယ်။
ဓာတ်ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့ပုဂ္ဂိုလ်သည် သဘာဝလက္ခဏာ ထင်ရှား လျှင် သဘာဝလက္ခဏာကစပြီး နှလုံးသွင်းနိုင်တယ်။ လုပ်ငန်းကိစ္စရသက ထင်ရှားနေမယ် ဆိုလျှင်လည်း ကိစ္စရသ လုပ်ငန်းခွင်ကနေ စပြီးတော့ နှလုံး သွင်းနိုင်တယ်ဆိုပြီးတော့ သတ်မှတ်ချက် ပေးထားပါတယ်။ အဲဒီ သတ်မှတ် ချက်အရ ဝါယောဓာတ်မှာ ယေဘုယျအားဖြင့်တော့ ထောက်ကန်မှုသဘော, တွန်းကန်မှုသဘောဆိုပြီး နှစ်ခု သင်သင်ပေးပါတယ်။ ဘာကြောင့်လဲလို့ မေးလျှင်တော့ တွန်းကန်တဲ့သဘောက ယောဂီတွေရဲ့ အသိဉာဏ်မှာ ထင် လွယ်မြင်လွယ်တဲ့သဘော ရှိတာလည်း အကြောင်းတစ်ရပ်၊ တခြား တခြား ဓာတ်တွေ မထင်ရှားခဲ့လျှင် ဒီတွန်းကန်တဲ့ သဘာဝတစ်ခုနှင့် ယှဉ်တွဲပြီးတော့ ပူးတွဲပြီး သိမ်းဆည်းလိုက်မယ်ဆိုလျှင် တခြားဓာတ်တွေလည်း တစ်စတစ်စ ထင်ရှားလာတတ်တာကလည်း အကြောင်းတစ်ရပ်၊ ဒီအကြောင်း နှစ်ရပ် ကြောင့် ဝါယောဓာတ်မှာ တွန်းကန်တဲ့ သဘောတစ်ခုကိုရော ပူးတွဲပြီးတော့ ဘုန်းကြီးတို့ သင်ပေးပါတယ်။
ရိုင်းနေတဲ့ ဆင်တစ်ကောင်ကို ယဉ်နေတဲ့ ဆင်တစ်ကောင်နှင့် ချော့ပြီး ဖမ်းသလို ရှုလို့ခက်ခဲနေတဲ့ ဓာတ်သဘာဝတစ်ခုကို ရှုလို့လွယ်ကူတဲ့ ဓာတ် သဘာဝတစ်ခုနှင့် ပူးတွဲပြီး သိမ်းဆည်းလိုက်လျှင်တော့ ဉာဏ်ထဲမှာ ထင် လွယ်မြင်လွယ်တဲ့ သဘောရှိတယ်။ ဒါကြောင့် သဘောတရားတွေကို ပေါင်းလိုက်မယ် ဆိုလို့ရှိလျှင် ဓာတ်လေးပါးမှာ သဘောတရား ဘယ်နှစ်ခု ရှိသလဲ? (၁၂)ခုရှိတယ်။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်းဆိုပြီး သဘောတရား (၁၂)ခုရှိတယ်။ အဲဒီ (၁၂)ခုမှာ ဘာက စရှုမလဲ? လွယ်ကူရာကို အစပိုင်းမှာ စရှုရတဲ့သဘော ရှိပါတယ်။
ဗျည်း (၃၃)လုံးမှာ ကကြီး-ခခွေးက စသည်မှန်သော်လည်း ဒီကလေးက ဝလုံးတန်းကစပြီး သင်ပေးမှ လွယ်ကူမယ်ဆိုလျှင် ဒီကလေးကို ဘာလုပ်ရမလဲ? ဒီကလေးကို ဝလုံးတန်းကနေစပြီး သင်ပေးရတယ်။ ဝလုံးတန်း ကျေညက်သွားပြီဆိုလျှင်တော့ ကကြီး-ခခွေးက ပြန်သင်လျှင်လည်း မတတ် ဘူးလား? တတ်ပါတယ်။ အဲဒီ ပုံစံစနစ်အတိုင်းပဲ လွယ်ကူတဲ့ဓာတ်ကနေ စပြီးတော့ ရှုနိုင်ပါတယ်။
ရှုလိုက်တဲ့ အချိန်အခါမှာ ဝိပဿနာ၏ အခြေပါဒကဖြစ်တဲ့ စျာန်ကို တော့ ထိုင်တိုင်းထိုင်တိုင်း ပြန်လည်ထူထောင်ဖို့ လိုပါတယ်။ ဝိပဿနာရဲ့ အခြေပါဒကစျာန်အဖြစ် ဘုန်းကြီး ညကဟောခဲ့တာ ဘာစျာန်ကို ဘုန်းကြီးတို့ ပဓာနထားပြီး ဟောထားသလဲ? အာနာပါနစျာန်နော်၊ အာနာပါနစျာန်ကို ထိုင်တိုင်းထိုင်တိုင်း ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန် သမာဓိဆိုက်အောင် သမာဓိအရင်ထူထောင်ရတယ်။ ဘာဖြစ်လို့လဲ? ဟို တစ်နေ့ညက ဘုန်းကြီး ပြောခဲ့ပြီးပါပြီ။
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၁။)
ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြစမ်းပါ။ သမာဓိရှိနေတဲ့ ရဟန်းတော်သည် ဟုတ်တိုင်းမှန်စွာ သိတယ်မြင်တယ်လို့ ဒီလို ဘုရားရှင်က ဟောထားတယ်။ ဟောထားတဲ့အတွက်ကြောင့် သမာဓိကိုတော့ ထိုင်တိုင်း ထိုင်တိုင်း ထူထောင်ရတယ်။
ဓာတ်သဘောတရား (၁၂) မျိုးမှ တွန်းကန်မှုသဘော
စတုတ္ထစျာန်သမာဓိဆိုက်လို့ လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းလာတဲ့ အချိန်အခါမှာ မိမိက ဒီဓာတ်ကမ္မဋ္ဌာန်းကို ရှုချင်တယ်ဆိုလျှင် ခန္ဓာအိမ်အတွင်းမှာ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ဆိုတဲ့ ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းဆိုတဲ့ အာပေါဓာတ်၊ ပူ, အေးဆိုတဲ့ တေဇောဓာတ်၊ ထောက်, တွန်းဆိုတဲ့ ဝါယောဓာတ်၊ ဒီဓာတ်လေးပါးကို တစ်လုံးစီ တစ်လုံးစီ ပထမတော့ စတင်ပြီး သိမ်းဆည်းရပါတယ်။ မာမှုက မိမိခန္ဓာအိမ်မှာ ထင်ရှားနေလို့ လွယ်ကူတယ်ဆိုလျှင် မာတဲ့သဘောက စရှုလည်း ရပါတယ်။
သို့သော် ရှုလို့ ခက်ခဲနေတယ်ဆိုလျှင်တော့ အဲဒီ ဝါယောဓာတ်ရဲ့ တွန်းကန်တဲ့သဘောက စရှုနိုင်ပါတယ်။ တွန်းကန်တဲ့သဘောကို ရှုလျှင်တော့ ဘုန်းကြီးတို့ လွယ်ကူတဲ့စနစ် တစ်ခုအနေနှင့် သင်ပေးလျှင်တော့ အာနာပါန လမ်းကြောင်းကပဲ စတင်ပြီး သင်ပေးတယ်။ ဥပမာ - ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ တရားနာနေရင်းနဲ့ ထင်ရှားအောင် သွားလေးနှစ်ခုကို အသာလေး ဖိကြည့်ပါ။ သွားနှစ်ခု ဖိလိုက်လို့ရှိလျှင် အပေါ်သွားနှင့် အောက်သွားတို့ရဲ့ တွန်းကန်နေတဲ့သဘော သို့မဟုတ် ဖိလိုက်တဲ့ အချိန် အခါမှာ ပါးစပ်အတွင်းမှာ တွန်းကန်နေတဲ့သဘောကို မတွေ့နိုင်ဘူးလား? တွေ့နိုင်ပါတယ်။ ဒါလွယ်ကူတဲ့ စနစ်တစ်ခုပဲ။
အဲဒီ ပုံစံမျိုးလိုပဲ အသက်ရှူသွင်းလိုက်တဲ့ အချိန်အခါမှာ တွန်းဝင်သွားတဲ့ သဘော၊ အသက်ပြန်ပြီး ရှုထုတ်လိုက်တဲ့ အချိန်အခါမှာ တွန်းပြီး ထွက်လာတဲ့ သဘော၊ အဲဒီ တွန်းကန်တဲ့သဘောကို လိုက်ပြီးကြည့်ပါ။ ဒီတစ်ခါတော့ နှာသီးဖျားမှာတင် စိတ်မထားရဘူး။ အထဲအထိလိုက်ပြီး ကြည့်လို့ရတယ်၊ ခေါင်းအတွင်းထိ လိုက်ကြည့်လို့လည်းရတယ်။ ဝမ်းဗိုက်အထိ လိုက်ကြည့် လည်းရပါတယ်။ မိမိနှစ်ခြိုက်သလို ကြည့်လို့ရတယ်။
ဒီတော့ မထင်ရှားသေးဘူးဆိုလျှင် အားထုတ်စ ယောဂီပုဂ္ဂိုလ်က ဝင်လေ ကို စောင့်ပြီးရှုကြည့်ပါ။ ဝင်လေကို အသက်ရှူသွင်းလိုက်လို့ရှိလျှင် ခေါင်း အလယ်ခေါင်လောက်မှာ စိတ်ကို စိုက်ကြည့်လိုက်၊ အသက် ရှူသွင်းလိုက်တဲ့ အခါ လေရဲ့ တွန်းကန်နေတဲ့သဘော၊ အသက်ရှူထုတ်လိုက်တဲ့ အချိန်အခါမှာ လေရဲ့ တွန်းကန်နေတဲ့သဘောကို တွေ့နိုင်ပါတယ်။ အဲဒီ တွန်းကန်မှု ထင်ရှားတဲ့ တစ်နေရာကစပြီး တွန်းတဲ့သဘောကို တစ်စတစ်စ လိုက်ပြီး ကြည့် လိုက်မယ်ဆိုလျှင် တဖြည်းဖြည်းနှင့် တစ်ခေါင်းလုံးမှာ တွန်းကန်နေတဲ့ သဘော တွေကို မြင်နိုင်တယ်။
တစ်ခေါင်းလုံးမှာ တွန်းကန်တဲ့သဘောကို တွေ့လို့ရှိလျှင် ခန္ဓာအိမ် အတွင်းမှာ ဖြည်းဖြည်း ဖြည်းဖြည်း ဖြည်းဖြည်းပေါ့၊ နည်းနည်း နည်းနည်း၊ တစ်စ တစ်စ၊ လိုက်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိလျှင် ခြေဆုံးခေါင်းဆုံး တွန်းကန်နေတဲ့ သဘာဝကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် အသက်ရှူနေတဲ့ လှုပ်ရှားမှု စွမ်းအားကြောင့် တွန်းကန်နေတဲ့သဘောလည်း တွေ့နိုင်တယ်။ နှလုံးသွေးရဲ့ ညှစ်အားကြောင့် ခန္ဓာအိမ်မှာ တွန်းကန်နေတဲ့ သဘာဝကိုလည်း တွေ့နိုင်ပါတယ်။
ဒါကတော့ ရုပ်ကလာပ်ကို မမြင်ခင်မှာ အကြမ်းစားအားဖြင့်ပြောတဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။ သို့သော် တကယ်လက်တွေ့ သင်ပေးလိုက်တဲ့ အချိန်အခါမှာ ယောဂီအများစုကတော့ ဒီအာနာပါန စတုတ္ထစျာန်သမာဓိ ဆိုက်အောင် သမာဓိကို ထူထောင်ပြီးမှ ထိုသမာဓိမှထ၍ ခန္ဓာအိမ်မှာ တွန်းကန်တဲ့သဘောကို လှမ်းကြည့်လိုက်လျှင် လွယ်လွယ်နှင့် တွေ့နေတဲ့ သဘော ရှိပါတယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ဘယ်လို သိမ်းဆည်းရမလဲလို့ မေးတော့ အသားကြား, အရိုးကြား, အရေကြား, အကြောကြားကို ဉာဏ် တည်းဟူသော လက်ကလေးသွင်းပြီး လိုက်ကြည့်ပါ။ ဒါက မဟာဟတ္ထိပဒေါပမသုတ္တန် (မ၊၁၊၂၄၂။)မှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပေးထားတဲ့နည်းစနစ် ဖြစ်ပါတယ်။
အဲဒီအတိုင်း ခန္ဓာကိုယ်ရဲ့ အသားကြား, အရိုးကြား, အရေကြား, အကြောကြားကို ဉာဏ်တည်းဟူသောလက်ဖြင့် သွင်းပြီး၊ လိုက်ပြီး စိုက်ကြည့် လိုက်တဲ့ အချိန်အခါမှာ တွန်းကန်နေတဲ့ သဘာဝတွေကို တွေ့နိုင်တယ်။ တွန်းကန်မှုက ထင်ရှားလာပြီဆိုလျှင် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ လေ့ကျင့် ပေးရပါတယ်။
စင်္ကြမ်လျှောက်ပြီ ဆိုကြစို့၊ ခြေထောက် သို့မဟုတ် ခြေမလေးနှင့် သို့မဟုတ် ခြေဖဝါးနှင့် ကြမ်းပြင်နှင့် ဖိပြီး တွန်းလိုက်တဲ့ အချိန်အခါမှာ တွန်းကန်တဲ့သဘော မတွေ့နိုင်ဘူးလား? တွေ့နိုင်တယ်။ ခြေထောက်ကို ရှေ့လှမ်းလိုက်တဲ့ အချိန်အခါမှာ တွန်းကန်တဲ့သဘော, လက်ကို ကွေးပြီ ဆိုလျှင် ကွေးလိုက်တဲ့အခါမှာ တွန်းကန်တဲ့သဘော၊ လက်ကိုဆန့်လိုက်လျှင် ဆန့်လိုက်တဲ့ အချိန်အခါမှာ တွန်းကန်တဲ့သဘော, လှုပ်ရှားနေတဲ့ ကိုယ် အမူအရာတွေတိုင်းမှာ ဒီတွန်းကန်နေတဲ့သဘောကို မြင်အောင် လိုက်ရှုရ ပါတယ်။
မာမှုသဘော
ရှုလိုက်လို့ တွန်းကန်တဲ့သဘောကို ကြေကြေလည်လည် အချိန်မရွေး စိုက်ကြည့်လိုက်တာနှင့် မြင်ပြီ ဆိုလို့ရှိလျှင်တော့ သွားနှစ်ခု ဖိထားကြည့်၊ မာသလား ပျော့သလား? မာနေတယ်။ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာတဲ့သဘောကို လိုက်ပြီးရှုပါ။ တစ်ကိုယ်လုံးကိုမြင်အောင် လိုက်ကြည့်ရ တယ်။ အဲဒီလို လိုက်ကြည့်လိုက်တဲ့အပိုင်းမှာ သွားကနေသာ စရှုကောင်း တယ်၊ တခြားနေရာက မရှုကောင်းဘူး၊ ဒီလို မဟုတ်ပါဘူး။
တင်ပါးနှင့်ကြမ်းနှင့် ထိထားတဲ့နေရာမှာ မာမှုထင်ရှားလျှင် ထင်ရှားတဲ့ တစ်နေရာကနေ စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံးမြင်အောင်တော့ လိုက်ကြည့်ရတယ်။ ဘယ်နေရာကမဆို ထိထားတဲ့နေရာ မှန်ခဲ့လျှင် ထိတဲ့ နေရာတိုင်းမှာ မာမှုရှိတတ်ပါတယ်။ မာမှုထင်ရှားတဲ့ တစ်နေရာကစပြီး မာ နေတဲ့သဘောကို တစ်ကိုယ်လုံးမြင်အောင် လိုက်ကြည့်။ ကြည့်တဲ့အပိုင်းမှာ တော့ - တချို့ယောဂီတွေကတော့ အတိတ်က ဆည်းပူးထားတဲ့ ပါရမီအရှိန် အဝါတွေက အားကောင်းလို့ပဲလို့ ယူဆရပါတယ်၊ မာမှုသဘောကို စိုက် လိုက်လျှင် ခန္ဓာကိုယ်ကြီးဟာ ကျောက်တုံးကျောက်ခဲလို တစ်ကိုယ်လုံး အတုံး လိုက် အခဲလိုက်ကြီးဖြစ်ပြီး မာနေတာ သွားတွေ့တယ်။
သို့သော် အဲဒီလို မာမှုက ထင်ရှားလာပြီဆိုလျှင် ဒီ မာမှုတစ်ခုကိုပဲ အချိန်အကြာကြီး စိုက်တော့မထားနဲ့၊ တစ်ကိုယ်လုံးမြင်လျှင် တော်လောက်ပြီ။ အချိန်အကြာကြီး စိုက်ထားလိုက်လျှင် ဘာဖြစ်သလဲ? ရက်ပေါင်းများစွာ, လပေါင်းများစွာ, နှစ်ပေါင်းများစွာ မာမှုသဘောတစ်ခုကို စူးစူးစိုက်စိုက် ရှုနေ တဲ့ ယောဂီပုဂ္ဂိုလ်တွေ တချို့ ဘာဖြစ်လာသလဲ? မျက်လုံးမှိတ်လိုက်တာနဲ့ ခေါင်းကြီးက ခဲနေပြီ၊ ဖွဲ့စည်းမှုသဘောကလည်း အားကောင်းလာပြီ၊ မာနေတဲ့ သဘောကလည်း အားကောင်းလာပြီ၊ မာမှုသဘော ထင်ရှားပြီဆိုလျှင် လေးနေတဲ့ ပထဝီဓာတ်ကလည်း ဝင်လာလေတော့ မာတာရယ်, လေးတာ ရယ်, ဖွဲ့စည်းတာရယ်၊ ဒီသုံးခု ပေါင်းလိုက်လျှင် ခေါင်းကြီးတစ်ခုလုံးက တင်းကျပ်ပြီး ခဲနေတယ်။ မခံနိုင် မရပ်နိုင် ဖြစ်တတ်ပါတယ်။
ဒါကြောင့် ဓာတ်တစ်ခုကို ရှုပြီဆိုလျှင်တော့ ထင်ရှားလျှင် တော်ပြီ၊ နောက်တစ်ခု ပြောင်းရှုရပါတယ်။ အဲဒီလို ပြောင်းမရှုဘဲ ဒီဓာတ်တစ်ခုကိုပဲ စူးစူးစိုက်စိုက် လေ့ကျင့်ခဲ့လျှင်တော့ မျက်လုံးမှိတ်လိုက်တာနဲ့ ခေါင်းကြီး ခဲနေတော့ နောက်ပိုင်း ယောဂီတွေ လက်လျှော့သွားတယ်။ ဘုန်းကြီးလည်း ဒီလို ယောဂီမျိုးတွေကို ပျော့-ချော-ပေါ့ စတဲ့ ဆန့်ကျင်ဘက် ဓာတ်သဘော တရားတွေကို ပြောင်းပြီးတော့ သင်ပေးတယ်။ တော်တော်ကြာကြာ သင်ပေး တယ်။ ဘယ်လို သင်ပေးလို့မှ မရဘူး။ ဓာတ်တွေက မညီမမျှပဲ ဖြစ်နေတတ်ပါ တယ်။
ဘယ်လိုပုဂ္ဂိုလ်တွေလည်းလို့ မေးလျှင်တော့ သူက ရိပ်သာပေါင်းစုံလာ တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်လာတယ်။ ရိပ်သာဂျိုးတွေ ကပ်လာတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တယ်။ အဲဒီ မာတာ, ကြမ်းတာ, လေးတာချည်းက ဘယ်နှစ်နှစ်ရှိပြီလဲလို့ မေးတော့ နှစ်ပေါင်းကလည်း (၁၀)နှစ်ကျော်သွားပြီ။ (၁၀)နှစ်ကျော်သွားတော့ ဒီလောက် လေ့လာထားတဲ့ ယောဂီမျိုးကိုဆန့်ကျင်ဘက်ဓာတ်နှင့် ပြောင်းပြီး တော့ ထိန်းပေးရပါတယ်။ မာ-ကြမ်း-လေးကို လျော့သွားစေချင်လို့ ရှိလျှင် ဆန့်ကျင်ဘက်ဖြစ်တဲ့ ပျော့-ချော-ပေါ့ကို သင်ပေးရတယ်။
သင်ပေးလိုက်တဲ့ အချိန်အခါမှာ ခဏတော့ ဟုတ်ရဲ့၊ တစ်ရက်နှစ်ရက် လောက်တော့ ရှုလို့ရတယ်။ သုံးရက်လောက်ကြာတော့ မရပြန်ဘူး၊ ပြန်ခဲ နေပြန်ရော။ အဲဒီလို အခက်အခဲနှင့် တွေ့ရတတ်ပါတယ်။ ဒီယောဂီဟာ ဖားအောက်ကို သုံးလေးခေါက်လောက်အထိ ရောက်ဖူးပါတယ်။ သုံးလေး ခေါက်လောက် သင်ပေးလိုက်လျှင် ခဏတော့ရတယ်။ တော်တော်ကြာ ပြန်ခဲ သွားတာပဲ၊ နောက်ဆုံးတော့ လက်လျှော့ပြီးတော့ ပြန်ပြေးရတယ်။ တရား မရှုရဲဘူး။ မျက်လုံးမှိတ်လိုက်တာနဲ့ ခေါင်းကြီးက ခဲပြီး လေးပြီးတော့ တင်းမာ နေတဲ့အတွက် မခံနိုင်တဲ့အတွက် မရှုနိုင် ဖြစ်သွားတတ်တယ်။
အဲဒီတော့ ဓာတ်တစ်ခုကို လွန်လွန်ကဲကဲ မရှုစေချင်ဘူး။ ဘုန်းကြီးတို့ အခုလို ရက်တိုစခန်းဖြစ်ခဲ့လျှင်လည်း ဘုန်းကြီး ဓာတ်ကမ္မဋ္ဌာန်း သင်မပေးချင် ဘူး။ ဘာဖြစ်လို့လဲ? ယောဂီက ဗဟုသုတမရှိလို့ ဓာတ်တစ်လုံးတည်းကို စူးစူး စိုက်စိုက်နှင့် နှစ်ပေါင်းများစွာ, လပေါင်းများစွာ အားထုတ်လိုက်လျှင်တော့ ပြဿနာတော်တော်များများ ပေါ်တတ်ပါတယ်။ အဲဒီတော့ ဒီဓာတ်ကမ္မဋ္ဌာန်း ကို အားထုတ်လျှင်တော့ ကျွမ်းကျင်တဲ့ ဆရာသမားထံမှာ ချဉ်းကပ်ပြီးတော့ လေ့ကျင့်သင့်တယ်လို့ ဘုန်းကြီးတို့က သဘောပေါက်ပါတယ်။
ကြမ်းမှုသဘော
ကဲ - တွန်းတာလည်း တစ်ကိုယ်လုံး ထင်ရှားပြီ။ မာတာလည်း တစ်ကိုယ် လုံး ထင်ရှားပြီ ဆိုလို့ရှိလျှင်တော့ ဘာလုပ်ရလဲ? ဣရိယာပုထ်တိုင်းမှာ တွန်းတာကို ရှုလိုက်လို့ တစ်ကိုယ်လုံး ပြန့်သွားလျှင် မာတာကို ရှုလိုက်။ မာတာ ကို ရှုလိုက်လို့ တစ်ကိုယ်လုံး ပြန့်သွားလျှင် တွန်းတာကိုရှုလိုက်၊ အဲဒီလို ထပ်ကာထပ်ကာ တွန်းတာတစ်လှည့်, မာတာတစ်လှည့် ရှုလိုက်လို့ရှိလျှင် ဖျင်းဖျင်း ဖျင်းဖျင်း ဖျင်းဖျင်း ရွရွ ရွရွ ရွရွနှင့် ကြမ်းတမ်းနေတဲ့ သဘောတစ်ခု ပေါ်လာတတ်ပါတယ်။
ကြမ်းတမ်းတဲ့ သဘောတစ်ခု ပေါ်လာပြီ ဆိုလို့ရှိလျှင်တော့ တွန်းတယ်, မာတယ်, ကြမ်းတယ် သုံးခုကို တစ်ခုပြီးတစ်ခု ထပ်ထပ်ပြီးတော့ ရှုပါ။ ပြိုင်တူ မြင်လျှင် ပိုကောင်းတယ်။ တစ်ခုရှုလျှင် တစ်ခုသာ မြင်ရမယ် ဒီလို မဟုတ်ပါ ဘူး။ ဓာတ်လေးပါးတို့က ပြိုင်တူဖြစ်တဲ့ သဘာဝဖြစ်ခြင်းကြောင့် ပြိုင်တူမြင်လျှင် ပိုကောင်းပါတယ်။ သို့သော် ဒီနေရာမှာ တွန်းတာနှင့် မာတာကို ထပ်ကာ ထပ်ကာ ရှုသော်လည်း ကြမ်းတဲ့သဘောက မထင်ရှားခဲ့လျှင်တော့ လက်ဖမိုး နှင့် မိမိရဲ့ လုံချည်ကို အသာလေး ပွတ်ကြည့်ပါ။ ကြမ်းနေတဲ့သဘောကို တွေ့နိုင်ပါတယ်။ အဲဒီနေရာမှာ ခပ်ပြင်းပြင်းလေး ပွတ်ပြီးတော့ ကြမ်းတဲ့ သဘော ရှုကြည့်၊ ကြမ်းတဲ့သဘောက လွယ်လွယ်နှင့် မပြန့်ခဲ့လျှင်တော့ တွန်းတဲ့သဘော မာတဲ့သဘောနဲ့ ပြန်တွဲရှုရတယ်။
တွန်းတဲ့သဘောနှင့် မာတဲ့သဘောက မိမိခန္ဓာအိမ်ကို ပြန့်အောင် ကိုယ်က ရှုနိုင်တဲ့အတွက် တွန်းတဲ့သဘောနှင့် မာတဲ့သဘောကို လက်နှင့် အဝတ်နှင့် ပွတ်ထားတဲ့ နေရာမှာ စရှုကြည့်ပါ။ ရှုလိုက်လို့ တွန်းတဲ့သဘော မာတဲ့သဘော ထင်ရှားလာတဲ့ အချိန်အခါမှာ ကြမ်းတဲ့သဘောတစ်ခုကို ဆက် ရှုကြည့်၊ သုံးခုတွဲပြီးတော့ ရှုရတယ်။
တွန်းတယ်, မာတယ်, ကြမ်းတယ် အဲဒီသုံးခုကို ထပ်ကာထပ်ကာ ရှု လိုက်လို့ရှိလျှင် တွန်းတာ, မာတာက ပြန့်သွားတဲ့အခါ ကြမ်းတာပါရောပြီး ပြန့်သွားတတ်ပါတယ်။ ထိုင်တဲ့အချိန်အခါမှာ ဓာတ်ကြီးသုံးပါးရှုခဲ့လျှင် သွားတဲ့ အချိန်အခါမှာလည်း ဘာလုပ်ရမလဲ? ဓာတ်သုံးပါးပဲ၊ ရပ်တဲ့အခါမှာလည်း ဓာတ်သုံးပါးပဲ၊ အိပ်တဲ့အခါမှာလည်း ဓာတ်သုံးပါးပဲ၊ ကွေးလျှင်လည်း ဓာတ် သုံးပါး၊ ဆန့်လျှင်လည်း ဓာတ်သုံးပါး - ကိုယ်အမူအရာ လှုပ်ရှားတိုင်းမှာ လိုက်ပြီးတော့ ရှုပေးပါ။
လေးမှုသဘော
အောင်မြင်ပြီဆိုလို့ရှိလျှင်တော့ - တွန်းတာ, မာတာ, ကြမ်းတာ သုံးခု ထင်ရှားလာလျှင် လေးတဲ့သဘော တစ်ခုကိုပါ ပူးတွဲပြီး တွေ့မြင်လာတတ် ပါတယ်။ လေးတဲ့သဘောတစ်ခုကို တွေ့မြင်တယ်ဆိုတာက ခြေထောက် ကလေးနှင့် လှမ်းပြီး တစ်လှမ်းချင်း ဝင်လာတယ်လို့ ဒီလိုတော့ မဆိုလိုပါဘူး။ ဉာဏ်ထဲမှာ ထင်ရှားလာတယ်လို့ ဆိုလိုရင်းသာ ဖြစ်ပါတယ်။ အကယ်၍များ မထင်မရှား ဖြစ်ခဲ့လို့ရှိလျှင် ပေါင်ပေါ်ကို လက်ကလေးနှင့် အသာကလေး ဖိကြည့်လိုက်ပါ။ လေးနေတဲ့သဘောဟာ ထင်ရှားလိမ့်မယ်။ လေးမှုထင်ရှား လာပြီ ဆိုလို့ရှိလျှင် တွန်းတယ်, မာတယ်, ကြမ်းတယ်, လေးတယ် လေးခုပေါင်း ပြီးတော့ ရှုကြည့်ပါ။
ထောက်ကန်မှုသဘော
ဒီသဘောတရား လေးခုကို တစ်ခုပြီးတစ်ခု ရှုလိုက်လို့ရှိလျှင်တော့ တွန်းတာ, မာတာ, ကြမ်းတာ, လေးတာတွေက သိပ်ပြီးထင်ရှားလာတဲ့ ယောဂီ ပုဂ္ဂိုလ်မှာ ထောက်ကန်နေတဲ့ သဘာဝတစ်ခုကို လှမ်းရှုလိုက်လျှင် လွယ်ကူ သွားပြီ။ ထောက်ကန်တယ်ဆိုတာက ငြိမ်အောင်ထိန်းထားတဲ့ စွမ်းအင်ကို ပြောတာပါ။ အိမ်တစ်အိမ် ပြိုတော့မယ်ဆိုလျှင် ထိုအိမ်ကို မပြိုလဲအောင် ကျားခေါ်တဲ့ သစ်သားတစ်ချောင်းဖြင့် ထောက်ထားလိုက်လျှင် ထိုအိမ် ငြိမ်မသွားဘူးလား? ငြိမ်သွားပါတယ်။
အလားတူပဲ ဒီခန္ဓာအိမ်ကြီးကို ထိုင်လျှင်ထိုင်တဲ့အတိုင်း တည်ရှိအောင်, ရပ်လျှင်ရပ်တဲ့အတိုင်း တည်ရှိအောင် ထိန်းထားတဲ့ စွမ်းအင်တစ်မျိုး ရှိတယ်။ အဲဒီ စွမ်းအင်တစ်မျိုးကို ထောက်ကန်တဲ့သဘောလို့ခေါ်ပါတယ်။ မထင်မရှား ဖြစ်ခဲ့မယ် ဆိုလို့ရှိလျှင် ခါးလေးကို ကွေးလိုက်, ဆန့်လိုက် လုပ်ကြည့်ပါ။ ထောက်ထားတဲ့ သဘောတစ်ခု တွေ့လိမ့်မယ်။ မာတာနှင့်များ အကယ်၍ တွဲရှုခဲ့မယ်ဆိုလျှင်တော့ ပိုပြီး လွယ်ကူပါတယ်။ ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းထားတဲ့သဘောပဲ။
အကယ်၍ ဒါမှ မထင်မရှားဖြစ်နေခဲ့လျှင် ခန္ဓာကိုယ်ကို အသာလေး နည်းနည်းလေး လှုပ်ကြည့်ပါ။ ငြိမ်အောင် ပြန်ထိန်းလိုက်တဲ့ သဘောကို တွေ့နိုင်တယ်။ ပေါင်းလိုက်တော့ သဘောတရားဘယ်နှစ်ခု ဖြစ်သွားသလဲ? ငါးခု --- တွန်းတဲ့သဘော, မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘော, ထောက်ကန်တဲ့သဘော။
ပျော့မှုသဘော
သဘောတရားငါးခု ထင်ရှားလာပြီဆိုလျှင် ပျော့-ချော-ပေါ့ကို ပြောင်းရှု ကြည့်ပါ။ ခန္ဓာအိမ်အတွင်း ပျော့မှုထင်ရှားတဲ့နေရာ ဘယ်နေရာကမဆို ရှုနိုင်ပါတယ်။ မထင်ရှားလျှင်တော့ အောက် အတွင်းနှုတ်ခမ်းသားကလေးကို လျှာကလေးနှင့် အသာထိထားကြည့်ပါ။ နှုတ်ခမ်းလေးကိုလည်း လျှော့ထားကြည့်၊ ပျော့နေတဲ့သဘောကို တွေ့နိုင်တယ်။ ပျော့မှုထင်ရှားတဲ့ တစ်နေရာက စပြီး ပျော့တဲ့သဘောကို တစ်ကိုယ်လုံးမှာ မြင်အောင်ကြည့်ပါ။ ခန္ဓာကိုယ်ကို တောင့်မထားရဘူး၊ ထိုအချိန်အခါမှာ ခန္ဓာကိုယ်ကိုလည်း နည်းနည်းလေး လျှော့ထားရတယ်။
ချောမှုသဘော
ပျော့မှုထင်ရှားတဲ့ တစ်နေရာကနေပြီး ပျော့တဲ့သဘောကို တစ်ကိုယ်လုံး မှာ ဂွမ်းပုံ ဝါဂွမ်းစိုင်လို ပျော့သွားပြီဆိုလျှင်ပေါ့၊ အဲဒီ ပျော့နေတဲ့ အောက် အတွင်းနှုတ်ခမ်းသားလေးကို လျှာကို တံတွေးဆွတ်ပြီးတော့ အသာကလေး ပွတ်ကြည့်ပါ။ ချောနေတဲ့သဘောကို မတွေ့နိုင်ဘူးလား? တွေ့နိုင်ပါတယ်။ ချောမွတ်နေတဲ့ နေရာကစပြီး တစ်ကိုယ်လုံး ချောမွတ်နေတဲ့ သဘောကို မြင်အောင်ရှုရမယ်။ တစ်ကိုယ်လုံးကို ဆီလေးနှင့် လိမ်းပြီး ပွတ်လိုက်သလို ချောမွတ်သွားတဲ့သဘောကို တွေ့နိုင်ပါတယ်။
ပေါ့မှုသဘော
ပျော့တဲ့သဘော ချောတဲ့သဘော ထင်ရှားလာလျှင် ပေါ့တဲ့သဘော တစ်ခုလည်း ပူးတွဲပြီး ထင်ရှားလာတတ်ပါတယ်။ မထင်ရှားခဲ့လျှင်တော့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လေးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင် ပြန်ရှု လိုက်ပြီးတော့ လေးနေတဲ့ အချိန်အခါမှာ လက်ညှိုးကလေးတစ်ချောင်းကို အသာကလေး မကြည့်လိုက်လျှင် ပေါ့နေတဲ့သဘောကို တွေ့နိုင်တယ်။
ပေါင်းလိုက်တော့ ပျော့မှုသဘော, ချောမှုသဘော, ပေါ့မှုသဘောက- လဟုပထဝီဓာတ်သုံးပါး၊ မာမှုသဘော, ကြမ်းမှုသဘော, လေးမှုသဘောက- ဂရုပထဝီဓာတ်သုံးပါး၊ ပေါင်းလိုက်တော့ ပထဝီဓာတ်ခြောက်ပါး။ တွန်းကန်တဲ့ သဘော, ထောက်ကန်တဲ့သဘောက ဝါယောဓာတ်၊ ပေါင်းလိုက်မယ်ဆိုလျှင် ရှစ်ခု။ ရှစ်ခုထင်ရှားလာလျှင် ဒီရှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပေးရတယ်။
သွားလျှင်လည်း ဒီရှစ်ခု ရှုရတယ်။ ရပ်လျှင်လည်း ရှုရတယ်။ ထိုင်လျှင်လည်း ရှုရတယ်။ ကွေးလျှင်လည်း ရှုရတယ်။ ဆန့်လျှင်လည်း ရှုရတယ်။ ဣရိယာပုထ်တိုင်းမှာ လိုက်လိုက်ပြီး ရှုပေးရပါတယ်။ သဘောတရားရှစ်ခုကို တစ်ခုပြီးတစ်ခု ထပ်ကာထပ်ကာ ဣရိယာပုထ်တိုင်းမှာ ကိုယ်အမူအရာတိုင်း မှာ ရှုရတယ်။ ဒီလို ရှုတဲ့အပိုင်းမှာ ဒီဓာတ်သဘောတရားတွေကို ပြိုင်တူလိုလို မြင်လျှင် ပိုကောင်းပါတယ်။
ပူမှုသဘော
အဲဒီလို ဓာတ်သဘောတရားရှစ်ခု ထင်ရှားလာပြီဆိုလျှင် နောက်ထပ် လွယ်ကူတာက လက်ဝါးတစ်ခုပေါ်မှာ လက်ဖမိုးကလေးကို အသာထပ်ထား ကြည့်ပါ။ ပူနေတဲ့သဘော မထင်ရှားဘူးလား? ထင်ရှားတယ်။ ပူမှုထင်ရှားတဲ့ နေရာက စပြီးတော့ ပူမှုသဘောကို တစ်ကိုယ်လုံးမြင်အောင် ကြည့်ပါ။ ထင်ရှားပြီ ဆိုလို့ရှိလျှင် ဝင်လေအခိုက်မှာ နှာသီးဖျားမှာ စိတ်စိုက်ထားကြည့်၊ အေးနေတယ်။ အေးမှုထင်ရှားတဲ့ တစ်နေရာကစပြီး အေးတဲ့သဘောကို တစ်ကိုယ်လုံး မြင်အောင်ကြည့်ပါ၊
ပူတဲ့သဘော, အေးတဲ့သဘောက တေဇောဓာတ်၊ ပေါင်းလိုက်တော့ ဓာတ်သဘော ဘယ်နှစ်ခု ဖြစ်သွားမလဲ? ဆယ်ခု။ သွားလျှင်လည်း ဆယ်ခု၊ ရပ်လျှင်လည်း ဆယ်ခု၊ ထိုင်လျှင်လည်း ဆယ်ခု၊ အိပ်လျှင်လည်း ဆယ်ခု၊ ကွေးလျှင်လည်း ဆယ်ခု၊ ဆန့်လျှင်လည်း ဆယ်ခု၊ ထပ်ကာထပ်ကာ တစ်ခုပြီး တစ်ခု ရှုပေးရတယ်။ လေ့ကျင့်ဖန်များလျှင်တော့ ကျွမ်းကျင်လာပါတယ်။ ကျွမ်းကျင်မှုရရှိအောင် လေ့ကျင့်နေခြင်းလည်း ဖြစ်ပါတယ်။
ဖွဲ့စည်းမှုသဘော
အဲဒီလို ဆယ်ခုကို ထပ်ကာထပ်ကာ ရှုလိုက်လျှင်လည်း ဘာဖြစ်လာသလဲ? ဖွဲ့စည်းနေတဲ့ သဘောတစ်ခု ထင်ရှားလာတတ်ပါတယ်။ ဖွဲ့စည်းတယ် ဆိုတာက ခန္ဓာအိမ်ကို ကြိုးတစ်ချောင်းနှင့် ချည်တုပ်ထားသလို စည်းနှောင် ထားသလို ဖွဲ့စည်းနေတဲ့ သဘောတစ်ခုဖြစ်တယ်။ ခုပြောခဲ့တဲ့ သဘောတရား (၁၀)ခုကို ထပ်ကာထပ်ကာ ရှုနေလျှင် ဒီလို ဖွဲ့စည်းနေတဲ့ သဘောတရား တစ်ခုဟာ ဉာဏ်ထဲမှာ ထင်လာတယ်။ ဒီဆယ်ခုကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာရှုလျှင် ပေါ်လာတတ်ပါတယ်။ အကယ်၍ မပေါ်ခဲ့ဘူးဆိုလို့ရှိလျှင် တော့ ဘာလုပ်ရမလဲ? ထိုယောဂီပုဂ္ဂိုလ်က တွန်းတာနှင့် မာတာနှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုလိုက်လျှင် ဖွဲ့စည်းနေတဲ့ သဘောတစ်ခု ပေါ်လာမယ်။ တစ်ကိုယ်လုံး တင်းကျပ်သွားတဲ့ သဘောတစ်ခု ခံစားလာရ လိမ့်မယ်။
ယိုစီးမှုသဘော
ဖွဲ့စည်းမှုသဘော ထင်ရှားလာပြီဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က နောက်ထပ် ယိုစီးတဲ့သဘာဝတစ်ခုကို မြင်အောင် စိုက်ရှုရပါတယ်။ အကယ်၍များ (၃၂) ကောဋ္ဌာသကို စနစ်တကျ ရှုထားတတ်တဲ့ ယောဂီဖြစ်ခဲ့လျှင်တော့ ဒီနေရာမှာ ယိုစီးတဲ့သဘောက လွယ်လွယ်လေးရယ်။ သွေးတွေသည် တစ်ကိုယ်လုံး အထက်အောက် ယိုစီးနေကြတယ်၊ အပေါ်ကိုလည်း စီးတယ်၊ အောက်ကို လည်း စီးတယ်။ အဲဒီ စီးတဲ့သွေးတို့ရဲ့ ယိုစီးမှုသဘောကနေ စပြီးတော့ တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့သဘာဝကို လိုက်ကြည့်လိုက်လျှင် လွယ်လွယ် လေးနဲ့တွေ့တတ်ပါတယ်။
အကယ်၍ မထင်ရှားဘူး, ဒီ (၃၂)ကောဋ္ဌာသကိုလည်း မရှုရသေးဘူး ဆိုလျှင်တော့ သွားအရင်းတို့လို လျှာအရင်းတို့လို အာခေါင်တို့လို တစ်နေရာ မှာ တံတွေးတွေက အမြဲတမ်းစိမ့်ပြီး ယိုစီးနေတယ်။ အဲဒီလို ယိုစီးမှုထင်ရှားတဲ့ တစ်နေရာကစပြီး ယိုစီးနေတဲ့သဘာဝကို မြင်အောင်ကြည့်လိုက်လျှင် တစ် ကိုယ်လုံး စီးဆင်းနေတဲ့ သဘာဝကို တွေ့နိုင်ပါတယ်။ ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘောက ဘာလဲ? အာပေါဓာတ်။
ပေါင်းလိုက်တော့ သဘောတရား ဘယ်နှစ်ခုဖြစ်သွားလဲ? (၁၂)ခု။ အဲဒီ (၁၂)ခုကို ခုပြောခဲ့တဲ့ အစဉ်အတိုင်း တစ်ခုပြီး တစ်ခု ခြေဆုံးခေါင်းဆုံး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုရတယ်၊ သွားလည်း ရှုရတယ်၊ ရပ်လည်း ရှုရတယ်၊ ထိုင်လည်း ရှုရတယ်၊ အိပ်လည်း ရှုရတယ်၊ ကွေးလည်း ရှုရတယ်၊ ဆန့်လည်း ရှုရတယ်။ ရှုလိုက်လို့ အောင်မြင်မှုရပြီဆိုလျှင်တော့ ဘုရားဟော ဒေသနာစဉ်အတိုင်း ပြောင်းနိုင်ပါတယ်။
ဘုရားဟောဒေသနာစဉ်အတိုင်း ရှုပါ
ဘုရားဟော ဒေသနာစဉ်အရက ဘယ်လိုပြောင်းရမလဲလို့မေးတော့ - မြတ်စွာဘုရားက ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် ဆိုပြီး ဒီဒေသနာစဉ်အတိုင်း ဟောကြားထားတော်မူတာဖြစ်လို့ အဲဒီ အစဉ် အတိုင်း ပြောင်းရှုရတယ်။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့က ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းက အာပေါဓာတ်၊ ပူ, အေးက တေဇောဓာတ်၊ ထောက်, တွန်းက ဝါယောဓာတ်၊ ပေါင်းလိုက်တော့ ဘယ်နှစ်ပါးလဲ? ဓာတ် (၄)ပါး။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်း ဆိုပြီး ဒီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု ခြေဆုံးခေါင်းဆုံး ထပ်ကာထပ်ကာ ရှုပါ။
ရှုလိုက်တော့ အောင်မြင်ပြီ၊ (၁၂) ခုပြည့်လျှင် တစ်ခေါက်ခေါ်ပါတယ်။ တစ်မိနစ်အတွင်းမှာ သုံးခေါက်လောက်ရအောင် လေ့ကျင့်နိုင်ပြီဆိုလို့ရှိလျှင် တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ စီးကြည့်ပါ။ မိမိကိုယ်ကို မိမိ အပေါ် ကနေ မတ်တတ်ရပ်ကြည့်နေတဲ့ ပုံစံလို တစ်ကိုယ်လုံးကို ငုံပြီးတော့ အဲဒီ (၁၂)ခုကို မြင်အောင်ကြည့်ရတယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ ဒီဓာတ် သဘောတရား (၁၂)မျိုးလုံးဟာ ဉာဏ်ထဲမှာ တစ်ပြိုင်တည်းလိုလို ထင်လာပြီ ဆိုလျှင်ပေါ့ - သိပ်ကောင်းသွားပြီ။
ဒါပေမဲ့ သဘောတရား (၁၂)မျိုးလုံးဟာ ပြိုင်တူလိုလို မထင်သေးလျှင် တော့ ထင်အောင် ထပ်ကာထပ်ကာ ရှုရတယ်။ မထင်ရှားလျှင်တော့ ခြေဆုံး ခေါင်းဆုံး ပြန်ရှုရတယ်။ ဒါမှ မထင်ရှားလျှင်တော့ ဘာလုပ်ရသလဲ? အာနာပါနကမ္မဋ္ဌာန်းဖြင့် စတုတ္ထစျာန်သမာဓိဆိုက်အောင် ပြန်ပြီး သမာဓိထူထောင် ပါ။ ထူထောင်ပြီးတဲ့အခါမှာ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်း - ဆိုတဲ့ ဒီအစဉ်အတိုင်း ခြေဆုံးခေါင်းဆုံး ထပ်ကာ ထပ်ကာ ရှုပါ။
သွက်လာပြီဆိုတော့မှ အပေါ်ကနေ ခြုံပြီးကြည့်ပါ။ အဲဒီလို အပေါ်က နေ ခြုံကြည့်လိုက်တဲ့အပိုင်းမှာ ခေါင်းကိုကြည့်လိုက်၊ ကိုယ်ကိုကြည့်လိုက်၊ ခြေထောက်ကြည့်လိုက်၊ ဒီလို နေရာမရွှေ့ပါနဲ့၊ ဓာတ်ကိုသာ အာရုံယူပြီး ခြုံငုံသာ ကြည့်နေပါ။ တောင်ပေါ်ကနေ တောင်အောက်ကို စီးပြီးတော့ ငုံ့ကြည့်နေတဲ့ ပုံစံအတိုင်း မိမိခန္ဓာကိုယ်ကို ခြုံငုံပြီးတော့ ကြည့်နေပါ။
၄-ချက် ပြောင်းရှုပါ
ခြုံကြည့်လိုက်တဲ့ အချိန်အခါမှာ ဓာတ်တွေက ဉာဏ်ထဲမှာ ပြိုင်တူလိုလို ထင်ရှားလာပြီဆိုလျှင် မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့ကို ကြည့်ပြီး ပထဝီ ဓာတ်၊ ယိုစီး, ဖွဲ့စည်းကို ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ, အေးကို ကြည့်ပြီး တော့ တေဇောဓာတ်၊ ထောက်, တွန်းကို ကြည့်ပြီးတော့ ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ အဲဒီ ဓာတ်သဘာဝတွေ အပေါ်မှာ စိတ်ကို ငြိမ်အောင်ကပ်ပါ။
အာနာပါနစတုတ္ထစျာန်သမာဓိကို အခြေခံပြီးမှ တက်လာတဲ့အတွက် ကြောင့် အခုလို ဓာတ်လေးပါး ဉာဏ်ထဲမှာ ပြိုင်တူလိုလို မြင်လာတဲ့အခါ ဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို ထူထောင်လိုက်လျှင်လည်း မကြာမီ အချိန်အတွင်းမှာ သမာဓိက ဖြစ်တတ်ပါတယ်။ သမာဓိဖြစ်သွားလို့ ဓာတ် လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ပြီးကပ်သွားပြီဆိုလျှင် အဲဒီဓာတ်ကို ဉာဏ်နဲ့ စိုက်ကြည့်ပြီးသာ နေပါ။ မမှတ်နဲ့တော့၊ မှတ်လို့ရှိလျှင်လည်း တချို့ ပုဂ္ဂိုလ်များမှာ အောင်မြင်တတ်ပါတယ်။
တချို့ပုဂ္ဂိုလ်များမှာတော့ မှတ်နေမယ်ဆိုလို့ရှိလျှင် ဓာတ်တွေက သိပ် လျင်လျင်မြန်မြန် ဖြစ်ပျက်နေတဲ့အတွက် မလိုက်နိုင်ရှိတတ်ပါတယ်။ ဒါကြောင့် မြင်နေလို့ရှိလျှင် ပြီးတာပါပဲ၊ ခုအချိန်အခါမှာ မှတ်ချင်လည်းမှတ်ပါ။ မမှတ် ချင်လည်း နေပါ။ သို့သော် ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေဖို့ကတော့ လိုရင်းဖြစ်ပါတယ်။
စည်းကမ်းချက် (၁၀) ချက်
ဒီနေရာမှာ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာက ဓာတ်ကမ္မဋ္ဌာန်း စည်းကမ်း (၁၀) ချက်ကို တင်ပြထားပါတယ်။ ရုပ်ကမ္မဋ္ဌာန်းကို ရှုချင်တဲ့ယောဂီက ဓာတ်ကမ္မဋ္ဌာန်းကို စတင်ကာ ရှုရမည့်အကြောင်းကို ရှေးပိုင်းက ပြောခဲ့ပြီးပါပြီ။ ဒီတော့ ရုပ်တရားတွေကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသုံးသပ်နိုင်ရေး အတွက် ဓာတ်ကမ္မဋ္ဌာန်းက စရှုရတော့မယ်။ ဒီလို ဓာတ်ကမ္မဋ္ဌာန်းကိုရှုလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် စည်းစနစ်ကျဖို့တော့ လိုအပ်ပါ တယ်။ မဟာဋီကာဆရာတော်က ဒီလို စည်းကမ်းများကို သတ်မှတ်ပေးထား ပါတယ်။ (မဟာဋီ၊၁၊၄၃၄။)
၁။ အနုပုဗ္ဗတော = အစဉ်အတိုင်းရှုပါ -
အထက်က ပြောပြခဲ့တဲ့အတိုင်း ဘုရားဟောဒေသနာစဉ်အတိုင်း- ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်-လို့ ရှုပါ။
၂။ နာတိသီဃတော = မမြန်လွန်းစေရ -
ဒီလို ရှုတဲ့အပိုင်းမှာ သိပ်မြန်မြန်ကြီး မရှုပါနှင့်။ မြန်မြန်ကြီးရှုလျှင် ဓာတ် သဘောတရားတွေဟာ မထင်မရှား ဖြစ်လာတတ်ပါတယ်။
၃။ နာတိသဏိကတော = မနှေးလွန်းစေရ -
မနှေးလည်း မနှေးလွန်းစေရ။ သိပ်နှေးလွန်းလျှင်လည်း ကမ္မဋ္ဌာန်းရဲ့ လမ်းဆုံးသို့ မရောက်နိုင် ရှိတတ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းလမ်းက ဘယ်မှာ ဆုံးမလဲလို့တော့ မေးစရာရှိတယ်။ ရုပ်ကလာပ်တွေကိုမြင်လို့ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းနိုင်လို့ အဲဒီ ဓာတ်လေး ပါးအာရုံမှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်လျှင် သဒိသူပစာရ အားဖြင့် ဥပစာရသမာဓိအမည်ရတဲ့ သမာဓိနယ်မြေသို့ ဆိုက်ရောက်ပြီ ဖြစ်ပါတယ်။
ဒီနေရာမှာ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရတယ် ဆိုတာ ကတော့ ဒီလိုပါ။ စျာန်နားကပ်နေတဲ့ သမာဓိကိုသာ ဥပစာရသမာဓိလို့ ခေါ်ဆို တာဖြစ်တယ်။ ခုလို ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းက သမာဓိကို ထူထောင်နေတဲ့ ပုဂ္ဂိုလ်အဖို့ ဓာတ်ကြီးလေးပါးကို အာရုံယူကာ သမာဓိကို ဘယ်လိုပင် ထူထောင်သော်လည်း စျာန်ကတော့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲ? အလွန် လျင်လျင်မြန်မြန် ဖြစ်-ပျက်နေတဲ့ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်းမှာ တည်ရှိ နေတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာတွေက နက်နဲတဲ့အတွက် ပရမတ္ထဓမ္မသဘာဝတွေကိုသာ အာရုံယူပြီးတော့ သမာဓိကို ထူထောင်နေရ တာဖြစ်လို့ စျာန်ကိုတော့ ဘယ်လိုမှ မဆိုက်ရောက်နိုင်ဘူး။ ဒါကြောင့် ဒီ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝ လက္ခဏာတွေကို အာရုံယူပြီး သမာဓိကို ထူထောင်နိုင်လျှင် တကယ် စျာန်နား ကပ်နေတဲ့ သမာဓိကတော့ မဖြစ်နိုင်ဘူး။ ဥပစာရသမာဓိအစစ် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ စျာန်နားမှာ ကပ်နေတဲ့ တကယ့်ဥပစာရသမာဓိနှင့် သမာဓိဒီဂရီ စံချိန်ချင်း တူညီနေတဲ့အတွက် ဒီဓာတ်ကမ္မဋ္ဌာန်းလမ်းကနေ ခုလို အထွတ် အထိပ်သို့ ရောက်အောင် ထူထောင်ထားတဲ့ သမာဓိကို သဒိသူပစာရအားဖြင့် တင်စားကာ ဥပစာရသမာဓိလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ (မဟာဋီ၊၁၊၄၃၆၊၊)
ဓာတ်လေးပါးတို့ရဲ့ သဘာဝလက္ခဏာကို အာရုံယူကာ ခုလို သမာဓိကို ထူထောင်နေတဲ့ အပိုင်းမှာ နှေးနှေးကွေးကွေးနှင့် ဓာတ်ကို ရှုနေလျှင်လည်း ခုပြောခဲ့တဲ့ ဓာတ်ကမ္မဋ္ဌာန်းလမ်းဆုံးသို့ မရောက်နိုင်ပါဘူး။ ဒါကြောင့် သိပ်လည်း နှေးနှေး မရှုပါနှင့်။
၄။ ဝိက္ခေပပဋိဗာဟနတော = ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မှုကို တားမြစ်ပေးပါ-
ဓာတ်ကြီးလေးပါးကို အာရုံယူကာ သမာဓိကို ထူထောင်နေခိုက်မှာ ဓာတ်ကြီးလေးပါးတို့ရဲ့ ပြင်ပဖြစ်တဲ့ ဓာတ်ကြီးလေးပါးမှတစ်ပါး အခြားအခြား သော ပညတ်အာရုံ, ပရမတ်အာရုံ၊ ဘယ်အာရုံကိုမဆို လိုက်မရှုပါနှင့်။ ခုပြောခဲ့တဲ့ ဓာတ်လေးပါးတို့ရဲ့ ပြင်ပအာရုံ အမျိုးမျိုးသို့ စိတ်ရောက်မှုကို တားမြစ်ပေးပါ။ ဘာဖြစ်လို့လဲ? ပြင်ပအာရုံတွေမှာ စိတ်က ပျံ့လွင့်သွားခဲ့လျှင် ကမ္မဋ္ဌာန်း ဆုတ်ယုတ် ပျက်စီးသွားတတ်ပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းလမ်းရဲ့ ဦးတည်ချက်ဖြစ်တဲ့ ကမ္မဋ္ဌာန်းလမ်းဆုံးကို မရောက်နိုင်ပါဘူး။ ဆိုလိုတာက တော့ ရုပ်ကလာပ်ကို မြင်တဲ့အဆင့်, ရုပ်ကလာပ် တစ်ခုတစ်ခုမှာရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းနိုင်တဲ့အဆင့်, ပရမတ်သို့ ဉာဏ်အမြင်ဆိုက်တဲ့ အဆင့်ကို ဘယ်လိုမှ မရောက်နိုင်ဘူး။ ဘာဖြစ်လို့လဲ? ပြင်ပအာရုံ အမျိုးမျိုး တွေကို လိုက်ရှုနေလျှင် ဓာတ်ကမ္မဋ္ဌာန်းလည်း မဟုတ်တော့ဘူး။ ဓာတ်လေးပါး အာရုံမှာသာ ငြိမ်ဝပ်စွာ တည်နေတဲ့ သမာဓိလည်း မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရုပ်ပရမတ်နယ်မြေသို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ချင်လျှင် ဒီစည်းကမ်းကို ရိုသေစွာ လိုက်နာဖို့ လိုပါတယ်။
၅။ ပဏ္ဏတ္တိသမတိက္ကမနတော = ပညတ်ပေါ်မှာ သောင်တင်မနေပါစေနှင့်-
ဓာတ်ကြီးလေးပါးတို့ရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာ (၁၂)မျိုးကို မသိဘဲ- ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်-ဆိုတဲ့ အမည် ပညတ်ပေါ်မှာသာ အာရုံယူကာ ပါးစပ်က သို့မဟုတ် စိတ်ထဲက ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်-လို့ ဆိုရုံသာ ဆိုနေတဲ့ ဆိုကမ္မဋ္ဌာန်းတော့ မဖြစ်ပါစေနှင့်။ ဓာတ်ကြီးလေးပါးတို့ရဲ့ အမည်နာမ ပညတ်အပေါ် မှာသာ သောင်တင်မနေစေဘဲ ဘာဝနာစိတ်ကို ဓာတ်ကြီးလေးပါးတို့ရဲ့ သဘောတရား (၁၂)မျိုးဆိုတဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီး အပေါ်မှာသာ ကပ်ထားပါ။ သမာဓိကို ထူထောင်ပါ။
၆။ အနုပဋ္ဌာနမုဉ္စနတော = မထင်မရှားသော ဓာတ်သဘာဝတွေကို လွှတ်ထားပါ -
ခုလို သမာဓိကို ထူထောင်ခိုက်မှာ တချို့တချို့သော ဓာတ်သဘာဝတရား တွေဟာ မထင်မရှား ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ မထင်ရှားတဲ့ ဓာတ် သဘာဝတချို့ကို လွှတ်ထားပါ။ သို့သော် ဒီနေရာမှာ အယူအဆ မလွဲဖို့တော့ သတိပြုပါ။ ဓာတ်ကမ္မဋ္ဌာန်းဆိုတာ ဓာတ်လေးပါးလုံးကို အာရုံယူကာ ရှုရမည့် ကမ္မဋ္ဌာန်းဖြစ်တဲ့အတွက် အနည်းဆုံး ပမာဏအားဖြင့် -
- ပထဝီဓာတ်မှာ မာမှုသဘော
- အာပေါဓာတ်မှာ ယိုစီးမှုသဘော
- တေဇောဓာတ်မှာ ပူမှုသဘော
- ဝါယောဓာတ်မှာ ထောက်ကန်မှုသဘော
ဒီသဘောတရား လေးမျိုးလောက်ကိုတော့ ထင်ရှားအောင်ရှုပါ။ ဒါမှသာ လျှင် ဓာတ်လေးပါးကို အာရုံယူကာ ထူထောင်နေတဲ့ သမာဓိဖြစ်နိုင်ပါတယ်။ သို့သော်လည်း သဘောတရား (၁၂)မျိုးလုံး ထင်ရှားပါက ပိုကောင်းပါတယ်။
၇။ လက္ခဏတော = သဘာဝလက္ခဏာကို ဦးစားပေးရှုပါ -
သဘောတရား (၁၂)မျိုးလုံးကို အာရုံယူကာ သမာဓိကို ထူထောင်နိုင် သော်လည်း ပိုမိုနက်ရှိုင်းတဲ့ သမာဓိကို ရရှိရေးအတွက် ဓာတ်ကြီးလေးပါးတို့ရဲ့ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦးစားပေးကာ ရှုနေပါ။ ဆိုလိုတာကတော့ -
မာမှုသဘော
ယိုစီးမှုသဘော
ပူမှုသဘော
ထောက်ကန်မှုသဘော -
ဒီသဘာဝလက္ခဏာတွေကို ဦးစားပေးကာ သမာဓိကို ဆက်လက် ထူထောင်နေပါ။ ကျန်သဘောတရားတွေကို မရှုရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဦးစားပေးရှုဖို့သာ ပြောတာပါ။
၈။ အဓိစိတ္တသုတ္တန် (အံ၊၁၊၂၅၈။)
၉။ အနုတ္တရသီတိဘာဝသုတ္တန် (အံ၊၂၊၃၇၉။)
၁၀။ ဗောဇ္ဈင်္ဂသုတ္တန် = အဂ္ဂိသုတ္တန် (သံ၊၃၊၉၈-၉၉-၁၀၀။)
ဒီသုတ္တန် (၃)ခုမှာ လာရှိတဲ့အတိုင်း ဗောဇ္ဈင် (၇)ပါးကို ညီမျှအောင် ကျင့်ပါ။
ဗောဇ္ဈင် (၇) ပါး
ဒီနေရာမှာ ဓာတ်ကမ္မဋ္ဌာန်းနှင့် ဆိုင်နေတဲ့ ဗောဇ္ဈင် (၇)ပါးအကြောင်းကို နည်းနည်း ပြောဦးမယ်။ ဗောဇ္ဈင်ဆိုတာကတော့ ဗောဓိခေါ်တဲ့ အရိယမဂ် ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်တွေလို့ ဆိုလိုပါတယ်။ ဒီဗောဇ္ဈင်တွေက (၇)ပါးရှိပါတယ်။
၁။ ဓမ္မဝိစယသမ္ဗောဇ္ဈင် = ဓာတ်ကြီးလေးပါးတို့ရဲ့ ကိုယ်ပိုင် သဘာဝ လက္ခဏာ အသီးအသီးကို စူးစမ်းဆင်ခြင်တတ်တဲ့ ထိုးထွင်းသိတတ်မှု သဘော၊
၂။ ဝီရိယသမ္ဗောဇ္ဈင် = ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာ အာရုံ ပေါ်မှာ ထိုးထိုးထွင်းထွင်း သိအောင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားအားထုတ်မှုဘော၊
၃။ ပီတိသမ္ဗောဇ္ဈင် = ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာကို အာရုံယူ ကာ ရှုပွားရာဝယ် ဓာတ်လေးပါးအာရုံမှာ နှစ်ခြိုက်နေမှုသဘော၊
ဒီဗောဇ္ဈင် (၃)ပါးက တစ်အုပ်စုဖြစ်တယ်၊
၄။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်စေတသိက်တို့ရဲ့ ငြိမ်းအေးနေမှုသဘော၊
၅။ သမာဓိသမ္ဗောဇ္ဈင် = ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ် ငြိမ်ဝပ်စွာ တည်နေမှုသဘော၊
၆။ ဥပေက္ခာသမ္ဗောဇ္ဈင် = ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို တွန့်ဆုတ်မှု, တက်ကြွမှု စသည် မဖြစ်အောင် အညီအမျှ ထားနိုင်မှု သဘော -
ဒီဗောဇ္ဈင်တရား (၃)ပါးက တစ်အုပ်စု ဖြစ်ပါတယ်။
ဒီလို အုပ်စုနှစ်ခုရှိတဲ့အနက် ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာ ကို အမှတ်ရနေမှုဆိုတဲ့ သတိသမ္ဗောဇ္ဈင်က အုပ်စုနှစ်ခုလုံးကို ညီမျှအောင် ထိန်းပေးရပါတယ်။
ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်တရားသုံးပါး က လွန်ကဲလာတဲ့အခါ ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာ သမ္ဗောဇ္ဈင်-ဆိုတဲ့ ဗောဇ္ဈင်သုံးပါးကို ပွားပေးရတယ်။
အလားတူပဲ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာဆိုတဲ့ ဗောဇ္ဈင် (၃)ပါးက လွန်ကဲ လာတဲ့အခါမှာလည်း ဓမ္မဝိစယ, ဝီရိယ, ပီတိ-ဆိုတဲ့ ဗောဇ္ဈင် (၃)ပါးကို ဦးစား ပေးကာ ပွားပေးရပါတယ်။
သတိသမ္ဗောဇ္ဈင်ကတော့ အုပ်စုနှစ်ခုလုံးအတွက် လိုအပ်တဲ့ နှစ်ဘက်ရ ဗောဇ္ဈင်တရားတစ်ခု ဖြစ်ပါတယ်။ ဒီလို ဗောဇ္ဈင်တရား (၇)ပါးကို ညီမျှအောင် ပွားပေးပါ။ ဗောဇ္ဈင်တွေ ညီမျှပါမှ သမာဓိကလည်း အသားတက်လာမှာ ဖြစ်ပါတယ်။
ဣန္ဒြေငါးပါး ညီမျှအောင် ကျင့်ပါ
အလားတူပဲ ဣန္ဒြေငါးပါး ညီမျှအောင်လည်း ကျင့်ရပါတယ်။ ဣန္ဒြေ ငါးပါးဆိုတာကတော့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ-ဆိုတဲ့ တရားငါးပါး ဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုလိုတဲ့ ဣန္ဒြေအကြောင်းကိုပဲ ကွက်ပြောကြ ရအောင်။ ဣန္ဒြေဆိုတာကတော့ စိတ်အစဉ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအင် တွေပဲ။ ခုယောဂီပုဂ္ဂိုလ်က ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်နေလျှင် ဒီဓာတ် ကမ္မဋ္ဌာန်းလမ်းကနေ ပြင်ပအာရုံ အမျိုးမျိုးသို့ ဘာဝနာစိတ် ပျံ့လွင့်မသွား အောင် ဘာဝနာစိတ်ကို ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအင်တွေပဲ။
နံပါတ်တစ်က သဒ္ဓါဖြစ်တယ်။ သဒ္ဓါဆိုတာက ဒီနေရာမှာ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်ကို ယုံကြည်မှုသဘော ဖြစ်ပါတယ်။
နံပါတ်နှစ်ကတော့ ဝီရိယဖြစ်တယ်။ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝ လက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိအောင် ဓာတ်လေးပါး အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီးတည်နေအောင် ကြိုးစားအားထုတ် မှုသဘော ဖြစ်ပါတယ်။
နံပါတ်သုံးကတော့ သတိဖြစ်ပါတယ်။ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝ လက္ခဏာအာရုံကို အမှတ်ရနေမှုသဘော စိတ်ခိုင်မြဲနေမှုသဘော ဖြစ်တယ်။
နံပါတ်လေးကတော့ သမာဓိဖြစ်ပါတယ်။ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝလက္ခဏာအာရုံပေါ်မှာ ဘာဝနာစိတ် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေမှု သဘော ဖြစ်ပါတယ်။
နံပါတ်ငါးကတော့ ပညာဖြစ်တယ်။ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝ လက္ခဏာကို ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမှုသဘော ဖြစ်တယ်။
ပေါင်းလိုက်တော့ ဣန္ဒြေငါးပါး ဖြစ်ပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီဣန္ဒြေငါးပါးကိုလည်း ညီမျှအောင် ကျင့်ရပါတယ်။ သဒ္ဓါက လွန်ကဲပြီးတော့ ပညာက မလိုက်နိုင်လျှင်လည်း မယုံကြည်သင့်တဲ့ အရာဝတ္ထုတွေကိုလည်း အရမ်းယုံနေတတ်တယ်။ ပုဂ္ဂိုလ်တစ်ယောက်ယောက် က - ဓာတ်ကမ္မဋ္ဌာန်းကို ဒီလို ဒီလို ရှုရတယ်လို့ အလွဲလွဲ အချော်ချော်တွေကို လာပြောလည်း စဉ်းစားဝေဖန်မှု မပြုတော့ဘဲ ရမ်းပြီးတော့ ယုံနေတတ်တယ်။ ဥပမာ - အာပေါဓာတ်ကို ရှုမရဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ပညာက လွန်ကဲပြီးတော့ သဒ္ဓါက မလိုက်နိုင်လျှင် လည်း ဝေဖန်ရေးသမား ဖြစ်နေတတ်တယ်။ သာဝကတွေဟာ ဒီရုပ်ကလာပ် တွေကို ဘယ်လိုလုပ် ရှုရမလဲ? ရုပ်ကလာပ် တစ်ခုတစ်ခုမှာရှိတဲ့ ရုပ်ပရမတ် တရားတွေကို ရှုရတယ်ဆိုတာ ဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်တယ် စသည်ဖြင့် ဝေဖန်ရေးသမား ဖြစ်နေတတ်ပါတယ်။
တစ်ဖန် သမာဓိက လျော့နည်းပြီးတော့ ဝီရိယက လွန်နေပြန်လျှင်လည်း (= ဓာတ်လေးပါးအာရုံ၌ စိတ်တည်ကြည်မှု သမာဓိက လျော့နည်းပြီးတော့၊ စိတ်တည်ကြည်အောင် ကြိုးစားအားထုတ်မှု ဝီရိယက လွန်ကဲနေပြန်လျှင် လည်း) စိတ်ပျံ့လွင့်မှု = ဥဒ္ဓစ္စတွေ ဖြစ်နေတတ်ပါတယ်။
အလားတူပဲ ဝီရိယက လျော့နည်းပြီးတော့ ဓာတ်လေးပါးအာရုံမှာ စိတ်ငြိမ်ဝပ်မှု သမာဓိက လွန်ကဲလာပြန်လျှင်လည်း ပျင်းရိခြင်း = ကောသဇ္ဇ ဘက်သို့ စိတ်က ယိုင်လဲသွားတတ်ပါတယ်။ ဒါကြောင့် သဒ္ဓါနှင့် ပညာ, ဝီရိယ နှင့် သမာဓိကို ညီမျှသွားအောင် သတိဖြင့် ထိန်းပေးရပါတယ်။
တအားကြီးလည်း စူးစူးစိုက်စိုက် မရှုနှင့်၊ သိပ်လည်း စိတ်ကို လျှော့မထား ပါနှင့်။ ဓာတ်လေးပါးအာရုံမှာ စိတ်ကို လျှော့ကာ မှေးထားလိုက်လျှင်လည်း ပျင်းရိကာ ဘဝင်တွေ အကျများနေတတ်ပါတယ်။ ဓာတ်လေးပါးကို ရှုပွား နေတဲ့ ဝီထိစိတ်တွေက အဖြစ်နည်းနေတတ်ပါတယ်။ ဒါကြောင့် ဣန္ဒြေငါးပါး ကိုလည်း ညီမျှအောင် လေ့ကျင့်ပေးရပါတယ်။
ဒီလို ဓာတ်ကြီးလေးပါးကို အာရုံယူကာ ဗောဇ္ဈင် (၇)ပါး ညီမျှအောင် ဣန္ဒြေ (၅)ပါး ညီမျှအောင် ကျင့်လိုက်တဲ့အခါမှာ ဗောဇ္ဈင်တွေ ဣန္ဒြေတွေ ညီမျှသွားတဲ့ နောက်မှာ ဘာဖြစ်လာမလဲ?
မီးခိုးရောင် အတုံးအခဲ
အဲဒီနောက် ဓာတ်ကိုစိုက်ပြီး ရှုလိုက်လို့ ဓာတ်လေးပါးအာရုံ၌ ဘာဝနာ စိတ်က ကပ်သွားပြီဆိုလျှင် နာရီဝက် တစ်နာရီလောက်သာ ငြိမ်ဝပ်စွာကပ်ပြီး တည်နေပါစေ။ ခန္ဓာကိုယ်ကြီး မတွေ့တော့ဘဲနဲ့ ဓာတ်အတုံးအခဲ အစုအပုံကြီး အဖြစ်နဲ့ ထင်လာမယ်။ အဲဒီ အစုအပုံကြီးမှာလည်း ဓာတ်ကိုသာ မြင်အောင် ဆက်ရှုပြီးတော့ ဒီဓာတ်အာရုံမှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ပြီး တည် နေအောင်သာ ကြိုးစားလိုက်ခဲ့လျှင် မီးခိုးရောင်ကဲ့သို့ ခပ်ဖျော့ဖျော့ အဖြူ ရောင် အတုံးအခဲကြီးကို သွားတွေ့ပါတယ်။
အဖြူရောင်အတုံးအခဲ
အဲဒီ မီးခိုးရောင်ကဲ့သို့သော အဖြူအတုံးအခဲမှာ တည်ရှိနေတဲ့ ဓာတ် လေးပါးကို မြင်အောင် တစ်ဆင့်တက်ပြီး ရှုရပါတယ်။ ရှုလိုက်လို့ ဒီမီးခိုးရောင် ကဲ့သို့သော အဖြူရောင် အတုံးအခဲမှာရှိတဲ့ ဓာတ်လေးပါးကိုမြင်အောင် စိုက်ရှု နိုင်ပြီဆိုလျှင်တော့ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေတဲ့ အဖြူအတုံးအခဲကြီး အဖြစ်နှင့် မြင်တတ်ပါတယ်။ ခန္ဓာကိုယ်ကြီးကို မတွေ့တော့ဘဲနဲ့ ဝါဂွမ်းစိုင် ကဲ့သို့ အဖြူလိုက် အတုံးအခဲကြီးအတိုင်း မြင်ပြီဆိုလျှင် ထိုအတုံးအခဲမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကိုမြင်အောင် တစ်ဆင့်တက်ပြီးတော့ ရှုရပါတယ်။
မရှုတတ်ဘူးဆိုလျှင် ဘာလုပ်ရမလဲ? ထိုအချိန်အခါမှာ မူလသိမ်းဆည်း နေကျ ရှုနေကျအတိုင်း မာတာကို တစ်ကိုယ်လုံးမှာ မြင်အောင်ရှုလိုက်၊ အဖြူအတုံးအခဲမှာ မာတာကို ရှုလိုက်၊ တစ်ကိုယ်လုံးမှာ မာတာကိုမြင်အောင် ခြုံငုံရှုလိုက်၊ အဖြူအတုံးအခဲမှာ မာတာကိုရှုလိုက်၊ အဲဒီစနစ်အားဖြင့် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ လေ့ကျင့်လိုက်လျှင် အဖြူအတုံးအခဲမှာ မာနေတဲ့ သဘောကို သွားတွေ့တတ်ပါတယ်။
မာနေတဲ့သဘောကို ရှုတဲ့ပုံစံအတိုင်း ကျန်နေတဲ့ ကြမ်း, လေး, ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, အေး, ထောက်, တွန်း-ဆိုတဲ့ သဘာဝတွေကို လည်း ပုံစံတူစနစ်အတိုင်း ရှုလိုက်လျှင် ဓာတ်လေးပါးအတုံးအခဲ သွားတွေ့ပါ တယ်။ အဲဒီ ဓာတ်သဘောတရား တစ်ဆယ့်နှစ်ခုလုံးတို့ကို အဖြူအတုံးအခဲမှာ မြင်ပြီဆိုလို့ရှိလျှင်တော့ လေးချက်ပြန်ပြောင်းပါ။ မာ, ကြမ်း, လေး, ပျော့, ချော, ပေါ့-ကို ကြည့်ပြီးတော့ ပထဝီဓာတ်၊ ယိုစီး, ဖွဲ့စည်းကို ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ, အေးကို ကြည့်ပြီးတော့ တေဇောဓာတ်၊ ထောက်ကန်, တွန်းကန်သဘောကို ကြည့်ပြီးတော့ ဝါယောဓာတ်၊ ဒီလို လေးချက်ပြောင်းရှု ရတယ်။
အကြည်ပြင် အတုံးအခဲ
အဲဒီလို လေးချက်ပြောင်းပြီး စနစ်တကျ ရှုနိုင်လို့ သမာဓိကို စွဲမြဲစွာ ထူထောင်နိုင်ခဲ့မယ်ဆိုလျှင် အဲဒီ အဖြူအတုံးအခဲကြီးက ဘာဖြစ်သွားလဲ? ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်နေတဲ့ အကြည်ပြင် အတုံးအခဲလိုက်ကြီး ဉာဏ်ထဲမှာ ထင်လာလိမ့်မယ်။ အဲဒီ အကြည်ပြင် အတုံးအခဲမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကိုမြင်အောင် စနစ်တကျ ပြန်ရှုပါ၊ ပြန်သိမ်းဆည်းပါ။ မသိမ်းဆည်းနိုင်ဘူးဆိုလျှင်လည်း ခုနက ပြောခဲ့တဲ့အတိုင်း တစ်လုံးစီ ပြန်သိမ်း ဆည်းရမယ်။
ဒီတော့ ဒီအကြည်အတုံးအခဲဆိုတာက ဘာလဲ? အဖြူတွေဆိုတာက ဘာတွေလဲ? ဒါလေးတွေ နည်းနည်းရှင်းဖို့တော့ လိုလိမ့်မယ်။ ဒါယကာကြီး တွေ ဒါယိကာမကြီးတွေ ရေချိုးခန်းထဲ ဝင်သွားတဲ့အခါ မှန်ကြည့်လိုက်မယ် ဆိုလျှင် ကြည်မနေဘူးလား၊ ဒါပေမဲ့ ရေနွေးငွေ့လေးနှင့် ရောစပ်ပြီး ရေချိုး ချလိုက်တော့ မှန်ကြီးက ကြည်နေသေးလား? မကြည်တော့ဘူး၊ သူက ဘာဖြစ်လဲ? ဖြူရော်ရော်ကြီး ဖြစ်သွားတယ်။
အဲဒီ ပုံစံစနစ်လိုပဲ ဘုန်းကြီးတို့မြတ်စွာဘုရားက ခန္ဓာအိမ်မှာ အကြည် ရုပ် အကြည်ဓာတ် ရုပ်ပိုင်းမှာ ငါးခုဟောထားပါတယ်။ မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဆိုပြီး အကြည် ရုပ် ဘယ်နှစ်မျိုး ဟောထားသလဲ? ငါးမျိုး၊ အဲဒီ အကြည်ရုပ်တွေထဲမှာ အထူးသဖြင့် ကိုယ်အကြည်ဆိုတာက မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ဒွါရခြောက်ပါးစလုံးမှာ အကုန်လုံးရှိတယ်။ လက်ကလေးနှင့် မိမိခန္ဓာအိမ် ကို အသာလေးထိကြည့်ပါ၊ ထိမှုကို သိတဲ့ နေရာတိုင်းမှာ ဒီအကြည်ဓာတ် ရှိပါတယ်။ ကာယအကြည်ဓာတ်က တစ်ကိုယ်လုံး အနှံ့အပြားရှိလေတော့ ဃန-ခေါ်တဲ့ ရုပ်အတုံးအခဲတွေကို ဉာဏ်နှင့် မဖြိုခွဲနိုင်သေးမီ စပ်ကြားကာလ မှာ အတုံးလိုက်အခဲလိုက်ကြီး ဒီအကြည်တုံးကြီးကို သွားတွေ့လိုက်ခြင်း ဖြစ်ပါ တယ်။
စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ၊ (ဝိသုဒ္ဓိ၊၂၊၈၁။)
စက္ခုစတဲ့ အကြည်ဓာတ်ငါးမျိုးဟာ ရူပါရုံစတဲ့ အာရုံတွေကို အာရုံယူ တတ်တဲ့ စက္ခုဝိညာဏ်စသည်တို့ရဲ့ မှီရာ အကြောင်းတရားအဖြစ်ဖြင့် ကြေးမုံ မှန်အပြင်ကဲ့သို့ ကြည်လင်နေတဲ့အတွက်ကြောင့် ဒီရုပ်ငါးမျိုးကို ပသာဒရုပ် = အကြည်ရုပ်လို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဒီအကြည်အတုံးအခဲကို ဉာဏ်က မစိုက်နိုင်သေးလို့၊ ဉာဏ်နုနေသေးတဲ့ အချိန်အခါမှာ မှန်မှာ ရေငွေ့တွေ ကပ်နေတဲ့အတွက် မှန်အကြည်ဓာတ်ကိုမမြင်ဘဲ အဖြူပြင်အဖြစ် မြင်သလို၊ ဉာဏ်က အကြည်ပြင်ကို မဆိုက်နိုင်သေးမီ အချိန်အခါမှာ အဖြူပြင်လိုက် အတုံးအခဲကြီးအဖြစ်နဲ့ တွေ့ခြင်းဖြစ်တယ်။
အဖြူအတုံးအခဲမှာလည်း တည်ရှိနေတဲ့ ဓာတ်လေးပါးကို စနစ်တကျ သိမ်းဆည်းနိုင်ခဲ့လျှင်တော့ ဘာဖြစ်သွားမလဲ? သမာဓိအားကောင်းလာတဲ့ အခါ ကြည်သွားပါလိမ့်မယ်။ အဲဒီ အကြည်အတုံးအခဲမှာလည်း တည်ရှိနေတဲ့ ဓာတ်လေးပါးကို စနစ်တကျမြင်အောင် သေသေချာချာ ရှုရပါတယ်။ သိမ်းဆည်းနိုင်လို့ ဒီဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားနိုင်ခဲ့လျှင် ဒီရေခဲတုံး ဖန်တုံး မှန်တုံးလို ကြည်နေတဲ့ အကြည်ထဲကနေပြီး အလင်းရောင်တွေ တဖျပ်ဖျပ်နှင့် ထွက်လာတတ်ပါ တယ်။
အဲဒီ လင်းရောင်ခြည်တွေ ထွက်လာပြီဆိုလျှင်တော့ အကယ်၍များ ထိုပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်းတို့လို သို့မဟုတ် တခြားတခြား သမထ ကမ္မဋ္ဌာန်းတွေကို မပွားများရသေးဘူးဆိုလျှင် ဓာတ်ကမ္မဋ္ဌာန်းကိုသာ စပြီး အားထုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ထိုလင်းရောင်ခြည် အကူအညီ ဖြင့် (၃၂)ကောဋ္ဌာသကို လှမ်းသိမ်းဆည်းမယ်ဆိုလျှင် သိမ်းဆည်းလို့ရပါတယ်။ ဒီ (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ခုနက ဘုန်းကြီးပြောခဲ့တဲ့အတိုင်း ကသိုဏ်းတွေကို ကူးမယ်ဆိုလည်း ကူးလို့ ရတယ်။ လွယ်ကူသွားတယ်။ အဲဒီတော့ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း အခုလို အကြည်အတုံးအခဲကြီးမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို စနစ်တကျ သိမ်းဆည်း နိုင်ပြီဆိုလျှင် ရုပ်ကလာပ်တွေမြင်အောင် ဘာလုပ်ရမလဲ?
အာကာသဓာတ်ကို ရှုပါ
မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၃။) စတဲ့ ထိုထို သုတ္တန်တွေမှာ ဘုရားရှင်က အာကာသဓာတ်ကို မြင်အောင်ရှုဖို့ ဟောကြားထားတော်မူ ပါတယ်။ အာကာသဓာတ်ဆိုတာက ဘာလဲလို့ မေးလျှင်တော့ ရုပ်ကလာပ်တွေ တစ်ခုနှင့်တစ်ခု ရောယှက်မှုမရှိအောင် ကြားထဲကနေပြီးတော့ နယ်ခြားဒေသ အဖြစ်ဖြင့် ပိုင်ခြားကန့်သတ်ပေးနေတဲ့ လဟာပြင်ဒေသကလေးပဲ။ အဲဒီ လဟာပြင် ကွက်လပ်ကလေးတွေကို မြင်အောင် ကြည့်ရပါတယ်။ နမူနာပြော မယ် ဆိုလျှင်တော့ ဒါယကာကြီးတွေ အခု လက်မောင်းလောက်ကိုပဲ အာရုံစိုက် ကြည့်ပါ။ လက်မောင်းဟာ တစ်ဆက်တည်းလို့ ထင်ရသော်လည်း သေသေ ချာချာ မျက်စိကောင်းလို့သာ စူးစိုက်ကြည့်မယ်ဆိုလျှင်တော့ မွေးညင်းပေါက် ကလေးတွေ မတွေ့နိုင်ဘူးလား? တွေ့နိုင်ပါတယ်။
အဲဒီ ပုံစံလိုပဲ ဒီအကြည်ပြင်အတုံးအခဲကြီးမှာလည်း အာကာသဓာတ် ခေါ်တဲ့ အကြားအပေါက်ကလေးတွေ ရှိပါတယ်။ ဒီအကြားအပေါက်ကို ခုနက ဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်အကူအညီစွမ်းအင်ဖြင့် ထိုးဖောက်ပြီး ကြည့်လိုက်မယ်ဆိုလျှင် ကလာပ်အမှုန်တွေရဲ့ အာကာသ = အကြား အပေါက်ကို တွေ့လိမ့်မယ်။ ကလာပ်တစ်ခုနှင့် တစ်ခု မရောယှက်အောင် ခြားထားတဲ့ ဒီအာကာသ = အကြားအပေါက်ကို တွေ့တာနှင့် တစ်ပြိုင်နက် တည်း ရုပ်ကလာပ်အမှုန်ကလေးတွေကို စပြီးတော့ တွေ့ပါတယ်။ ရုပ်ကလာပ် အမှုန်ကလေးတွေ တွေ့ပြီဆိုလို့ရှိလျှင်တော့ အဲဒီရုပ်ကလာပ်တစ်ခုတစ်ခုမှာ တစ်ဆင့်တက်ပြီး ဘာလုပ်ရမှာလဲ? ဓာတ်လေးပါးကို မြင်အောင် စိုက်ရှုရပါ တယ်။
ရုပ်ကလာပ်တစ်ခုတစ်ခု၌ ဓာတ်လေးပါးစိုက်ရှုပုံ
ဒီရုပ်ကလာပ်တွေမှာ ဓာတ်လေးပါးကို မြင်အောင်စိုက်ရှုတဲ့ အပိုင်း ကျလျှင်တော့ သဘောတရားက တစ်ဆယ့်နှစ်ခုလုံး တွေ့ချင်မှတွေ့တယ်၊ ဘာကြောင့်လဲဆိုတော့ နည်းနည်းလေး သဘောပေါက်အောင်တော့ ပြော ထားဖို့တော့လိုလိမ့်မယ် ထင်ပါတယ်။ မာတယ်, ပျော့တယ်ဆိုတာ လောက သမ္မုတိသစ္စာနယ်သုံးအရဆိုလျှင် နှစ်မျိုးကွဲပြားသလို ရှိပေမယ်လို့ ဉာဏ် မျက်စိနှင့် တကယ်သေချာ စိုက်ပြီးကြည့်လိုက်တဲ့ အချိန်အခါမှာ မာမှုနှင့် ပျော့မှု ဒီနှစ်ခုဟာ ဒီဂရီအနိမ့်အမြင့် ကွာဟချက်ကလေးသာ ဖြစ်ပါတယ်။
ဥပမာ - အုတ်ပုံသွင်းပြီး နေမလှမ်းရသေးတဲ့ ရွှံ့တုံးရွှံ့ခဲတစ်ခု ရှိတယ်။ နောက်ထပ် ရွှံ့တုံးရွှံ့ခဲကို အုတ်ခဲပုံသဏ္ဌာန်လုပ်ပြီးတော့ နေလှမ်းလိုက်လို့ ခြောက်သွေ့သွားတဲ့ အုတ်ခဲတစ်ခု ရှိတယ်။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ခြောက်သွေ့သွားတဲ့ အုတ်ခဲအတုံးအခဲက မာတယ်။ ရွှံ့တုံးရွှံ့ခဲ က ပျော့တယ်၊ ဒီလို ပြောရတယ်။ တစ်ခါ ခြောက်သွေ့သွားတဲ့ အုတ်ခဲကို မီးဖုတ်လိုက်လို့ ကျက်သွားပြီ၊ ကျက်သွားတဲ့အုတ်ခဲနှင့် မီးမဖုတ်ရသေးတဲ့ အုတ်ခဲနှစ်ခု နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ မီးဖုတ်ပြီးကျက်သွားတဲ့ အုတ်ခဲက မာတယ်၊ မီးမဖုတ်ရသေးတဲ့ အုတ်ခဲက ပျော့တယ်။ အလယ်ခေါင်က မီး မဖုတ်ရသေးတဲ့ အုတ်ခဲက ရွှံ့တုံးရွှံ့ခဲနှင့် တိုင်းတာကြည့်လိုက်တဲ့အခါ သူက မာတယ်။ မီးဖုတ်ပြီး အုတ်ခဲနှင့် တိုင်းတာကြည့်လိုက်တော့ ပျော့တယ်ဖြစ် သွားပြန်တယ်။ သို့သော် နောက်တစ်ခု ရွှံ့တုံးရွှံ့ခဲကိုပဲ သေချာ အာရုံစိုက် ကြည့်ပါ။ လက်ကလေးနှင့် တို့ကြည့်၊ ပျော့တယ်ဆိုပေမယ့် သူနှင့်ထိုက်တန် သလောက်တော့ မာမှု မရှိဘူးလား? ရှိတယ်။ နည်းနည်းမာတာနှင့် များများ မာတာ၊ ဒါပဲ ကွာတယ်။
ဒါကြောင့် သတ္တဝါတွေရဲ့ အဇ္ဈာသယဓာတ်ခံလိုက်ပြီး မြတ်စွာဘုရားက ဟောကြားရတာ ဖြစ်ခြင်းကြောင့် မာမှု ပျော့မှုနှစ်ခု ဟောကြားထားသော် လည်း တချို့သုတ္တန် ဒေသနာတော်တွေကျတော့ မဟာရာဟုလောဝါဒ သုတ္တန်တို့လို ရှင်ရာဟုလာကို မြတ်စွာဘုရား ဆိုဆုံးမတော်မူတဲ့အပိုင်းတွေ မှာ ပထဝီဓာတ်ကို (၆)မျိုးမဟောတော့ဘဲ ကက္ခဠ, ခရိဂတ = မာမှု, ကြမ်းမှု ဆိုပြီး နှစ်မျိုးပဲ ဟောပေးသွားတယ်။
အလားတူပဲ ကြမ်းတာနှင့် ချောတာကိုလည်း ကြည့်ပါ။ အခု ဒါယကာ ကြီးတွေ ထိုင်ထားတဲ့ အောက်ကကြမ်းခင်းကို လက်ကလေးနှင့် တို့ကြည့်ပါ။ ကြမ်းတယ်လို့ ပြောနိုင်တယ်။ ဒါယကာကြီးတို့ ဝတ်ထားတဲ့လုံချည်ကို လက် ကလေးနှင့် တို့ကြည့်ပါ၊ ကြမ်းခင်းနှင့် လုံချည် ဘယ်ဟာ ကြမ်းသလဲ ဘယ်ဟာ ချောသလဲမေးလျှင် ကြမ်းခင်းက ကြမ်းတယ်၊ လုံချည်က ချောတယ်။ နိုင်လွန် လို အကျႌမျိုး ဆိုကြပါစို့၊ ဝတ်ထားတဲ့ လုံချည်နှင့် နိုင်လွန်လို ချောနေတဲ့ အကျႌ တိုင်းတာကြည့်လိုက်တဲ့အခါ အကျႌက ချောတယ်၊ လုံချည်က ကြမ်း တယ် ဖြစ်ပြန်တယ်။ သို့သော် ဘယ်လောက်ပဲ ချောတယ်လို့ဆိုတဲ့ အကျႌ ဖြစ်ပါစေ၊ သေသေချာချာ စမ်းကြည့်လျှင် သူနှင့် ထိုက်တန်တဲ့ ကြမ်းတမ်းမှု လေးတော့ မရှိဘူးလား? ရှိတယ်။ နည်းနည်း ကြမ်းတာနှင့် များများကြမ်းတာပဲ ကွာတယ်။
ဒါကြောင့် တချို့နေရာမှာ မြတ်စွာဘုရားက ကြမ်းတယ်လို့ ဒီတစ်ခုပဲ ဟောတယ်၊ ချောတာကို မဟောတော့ဘူး။ လေးတာနှင့် ပေါ့တာလည်း ဒီအတိုင်းပဲ၊ အလေးချိန် များများလေးတာကိုတော့ လေးတယ်။ နည်းနည်း လေးတာကျတော့ ပေါ့တယ်။ ဒီလို သုံးတာပါပဲ။ အဲဒီတော့ ကလာပ်ကလေး တစ်ခုအတွင်းမှာ လှမ်းပြီး စိုက်လိုက်လို့ရှိလျှင် တချို့ရုပ်ကလာပ်တွေမှာ မာ, ကြမ်း, လေးက ထင်ရှားနေလျှင် ပျော့, ချော, ပေါ့က မထင်ရှားဘူး၊ အကယ်၍ ပျော့, ချော, ပေါ့က ထင်ရှားနေမယ်ဆိုလျှင်လည်း မာ, ကြမ်း, လေးက မထင်ရှားတဲ့သဘော ရှိပါတယ်။
ယိုစီးနှင့် ဖွဲ့စည်း၊ ဒီနှစ်ခုကတော့ နှစ်ခုလုံး ထင်ရှားတတ်ပါတယ်။ သို့သော် ဖွဲ့စည်းမှု အားကောင်းနေလျှင် ယိုစီးမှုက အားပျော့သွားတယ်။ ယိုစီးမှု အားကောင်းနေလျှင်လည်း ဖွဲ့စည်းမှုက လျော့နည်းသွားတတ်တဲ့ သဘော ရှိပါတယ်။ ပူတာနှင့် အေးတာ ဒီနှစ်ခုကတော့ နှစ်ခုလုံး မထင်ရှား နိုင်ဘူး၊ တစ်ခုပဲ ထင်ရှားတယ်။ ကလာပ်တစ်ခုအတွင်းမှာ ပူမှုက ထင်ရှားလျှင် အေးမှုက မထင်ရှားဘူး။ အေးမှုက ထင်ရှားလျှင်လည်း ပူမှုက မထင်ရှားဘူး။ သို့သော် ပူတာနှင့် အေးတယ်ဆိုတာက များများပူတာကိုတော့ ပူတယ်လို့ သုံးပြီး နည်းနည်းလေးပူတာကြတော့ အေးတယ်လို့ သုံးတာပဲ။ ရင့်ကျက်စေ နိုင်တဲ့ စွမ်းအင်ကတော့ နှစ်ခုစလုံးမှာ ရှိနေပါတယ်။ ဒါကြောင့် ပူတာနှင့် အေးတာကတော့ ယေဘုယျအားဖြင့် တစ်ခုစီပဲ ထင်ရှားတဲ့သဘော ရှိပါ တယ်။
တွန်းကန်မှု, ထောက်ကန်မှု ဒီနှစ်ခုစလုံးကတော့ ရုပ်ကလာပ်တိုင်းမှာ ထင်ရှားကြပါတယ်။ ဒါကြောင့် ကလာပ်တစ်ခုအတွင်းမှာ ဓာတ်လေးပါးကို သိမ်းဆည်းတဲ့ အပိုင်းမှာတော့ ကလာပ်တွေက ပေါ်တာပျောက်တာက သိပ် မြန်တယ်။ မြန်နေတဲ့အတွက် ယောဂီပုဂ္ဂိုလ်က ကလာပ်တို့ရဲ့ မြန်မြန်ပေါ်မှု ပျောက်မှုကို အာရုံမယူဘဲ ဓာတ်ကိုသာ အာရုံယူပြီး ရှုရပါတယ်။ သူတို့ရဲ့ ပေါ်တာ ပျောက်တာကို လှမ်းပြီး အာရုံယူကြည့်လိုက်မယ်ဆိုလျှင် ကလာပ်တွေ က သိပ်ပြီး လျင်လျင်မြန်မြန် ဖြစ်ပြီးပျက်နေတဲ့အတွက် ကလာပ်တစ်ခုမှာ တည်ရှိနေတဲ့ ဓာတ်လေးပါးကို မသိမ်းဆည်းနိုင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် သိမ်းဆည်းနိုင်ရေးအတွက်က ဘာလိုသလဲ?
ဓာတ်ကိုသာ အာရုံယူပြီး စူးစူးစိုက်စိုက် ရှုရမယ်။ ရှုလိုက်လို့ မသိမ်းဆည်းတတ်လျှင်တော့ ဘာလုပ်မလဲ? တစ်ကိုယ်လုံးမှာရှိတဲ့ ရုပ်ကလာပ် အားလုံးကို ခြုံငုံပြီး မာတာရှုလိုက်၊ ကလာပ်တစ်ခုမှာ မာတာရှုလိုက်။ တစ် ကိုယ်လုံးမှာရှိတဲ့ ရုပ်ကလာပ်အားလုံးကို ခြုံငုံပြီး မာတာရှုလိုက်၊ ကလာပ် တစ်ခုမှာ မာတာရှုလိုက် အဲဒီလို ထပ်ကာထပ်ကာ လေ့ကျင့်ပေးရတယ်။
လေ့ကျင့်လိုက်လို့ အောင်မြင်သွားပြီဆိုလျှင်တော့ နှစ်ခုလောက် တိုးကြည့်၊ နှစ်ခုအောင်မြင်လျှင် သုံးခုစသည်ဖြင့် အဲဒီလို တိုးကြည့်ရပါတယ်။ တိုးကြည့်လိုက်တဲ့ အချိန်အခါမှာ ကလာပ်တစ်ခုမှာ များသောအားဖြင့် မာ, ကြမ်း, လေး, ယိုစီး, ဖွဲ့စည်း, ပူ, ထောက်, တွန်း သို့မဟုတ် ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, ပူ, ထောက်, တွန်း သို့မဟုတ် မာ, ကြမ်း, လေး, ယိုစီး, ဖွဲ့စည်း, အေး, ထောက်, တွန်း သို့မဟုတ် ပျော့, ချော, ပေါ့, ယိုစီး, ဖွဲ့စည်း, အေး, ထောက်, တွန်း စသည်ဖြင့် ရှစ်ခုလောက်ပဲ ထင်ရှားတတ်ပါတယ်။
အဲဒီ ရှစ်ခုလောက်ထင်ရှားလို့ရှိလျှင် ဒီရှစ်ခုကို ပြိုင်တူလိုလို ဉာဏ်ထဲ မှာ မြင်အောင် လေ့ကျင့်ရပါတယ်။ အဲဒီလို လေ့ကျင့်နိုင်လျှင်တော့ ဓာတ် ကမ္မဋ္ဌာန်းလမ်းစဉ်က သမထကမ္မဋ္ဌာန်းပိုင်းမှာလည်း လမ်းဆုံးရောက်တယ်။ ဝိပဿနာပိုင်းမှာလည်း အစပိုင်း ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ (၈)မျိုးသော သဘော တရားတွေကို ပြိုင်တူလိုလို သိမ်းဆည်းနိုင်တဲ့အခါ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတဲ့ ဓာတ်လေးပါးကို ပြိုင်တူသိမ်းဆည်းမိပြီ ဖြစ်ပါတယ်။ မိမိစွမ်းနိုင်သမျှ ရုပ်ကလာပ်တွေမှာ ဓာတ်လေးပါးကို ပြိုင်တူ မြင်အောင် ဆက်လက်ပြီး ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းပါ။
ရုပ်ကလာပ်တွေကို အကြမ်းစားအားဖြင့် ခွဲတမ်းချလိုက်လျှင် ကြည်တဲ့ ရုပ်ကလာပ်နှင့် မကြည်တဲ့ရုပ်ကလာပ်ဟု ရုပ်ကလာပ် နှစ်မျိုးပဲ ရှိပါတယ်။ ကြည်တဲ့မှန်ရှိသလို ရုပ်ကလာပ်တွေမှာလည်း ဟိုဘက်ဒီဘက် ထိုးဖောက် ပြီးမြင်အောင် ကြည်နေတဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ ဒီရုပ်ကလာပ် တွေမှာ ပသာဒရုပ်တစ်ခုခု ပါဝင်နေကြတယ်။
တချို့ရုပ်ကလာပ်တွေကျတော့ မကြည်ဘူး။ မကြည်တဲ့မှန်တွေ ရှိတဲ့ ပုံစံလိုပဲ ဟိုဘက် ဒီဘက် ထိုးဖောက်ပြီး မမြင်နိုင်တဲ့ မှန်တွေရှိသလို ရုပ်ကလာပ်တွေမှာလည်း တချို့တချို့သော ရုပ်ကလာပ်တွေက မကြည်ကြပါဘူး။ မကြည်တဲ့ ရုပ်ကလာပ်တွေမှာ ပသာဒရုပ်တွေ မပါရှိတဲ့အတွက်ကြောင့် မကြည်ခြင်း ဖြစ်တယ်။ ကြည်တဲ့ရုပ်ကလာပ်တွေမှာလည်း ဓာတ်လေးပါးကို ဆက်ရှုပါ။ မကြည်တဲ့ရုပ်ကလာပ်တွေမှာလည်း ဓာတ်လေးပါးကို ဆက်ရှုပါ။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးလို့ ခေါ်ဆိုအပ်တဲ့ ဒွါရခြောက်ပါးမှာ လှည့်လည်ပြီး သိမ်းဆည်းရပါတယ်။
အဆင်း-အနံ့-အရသာ
ရုပ်ကလာပ်တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းတဲ့ လုပ်ငန်းခွင် အောင်မြင်တဲ့ အခါကျတော့မှ အရောင်အဆင်းကလေးတစ်ခု တိုးကြည့်လိုက်လျှင် ဒီဓာတ်လေးပါးနှင့် အရောင်အဆင်း နှင့် ပေါင်းလိုက် တော့ ငါးခု၊ ငါးခုကို ရုပ်ကလာပ်တိုင်းလိုလိုမှာ လွယ်လွယ်ကူကူ သိမ်းဆည်းလို့ ရပြီဆိုလျှင် နောက်တစ်ခု ဘာလုပ်ရသလဲ? အနံ့ကို တိုးပြီး သိမ်းဆည်းကြည့် ပါ။ ရုပ်ကလာပ်တစ်ခုအတွင်းမှာ တည်ရှိတဲ့ အနံ့ကို ရှုလို့ သိမ်းဆည်းလို့ မရဖြစ်နေတယ် ဆိုလျှင်တော့ ဒီအနံ့ဆိုတဲ့ ဂန္ဓာရုံဟာ ဃာန ဝိညာဏ်စိတ်ဖြင့် (= နံသိစိတ်ဖြင့်) သိနိုင်တဲ့ ဃာနဝိညေယျတရားလည်း ဟုတ်တယ်၊ မနောဝိညာဏ်စိတ်ဖြင့် သိနိုင်တဲ့ မနောဝိညေယျတရားလည်း ဟုတ်တယ်။ ဒါကြောင့် ဃာနအကြည်ဓာတ် (= နှာအကြည်ဓာတ်)နှင့် ဘဝင် မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းကာ ရုပ်ကလာပ်အများစုရဲ့ အနံ့ကို စတင်ကာ သိမ်းဆည်း ကြည့်ပါ။
အောင်မြင်ပါက ရုပ်ကလာပ်တစ်ခုအတွင်းမှာ တည်ရှိတဲ့ အနံ့ကို ဆက်လက်သိမ်းဆည်းပါ။ အောင်မြင်ပါက ဒွါရခြောက်ပါးလုံးမှာရှိတဲ့ ကြည်တဲ့ ရုပ်ကလာပ်နှင့် မကြည်တဲ့ရုပ်ကလာပ်တွေမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့ ဆိုတဲ့ သဘောတရား (၆)ခုကို ပြိုင်တူမြင်အောင် ဆက်လက်ပြီး လေ့ကျင့်ပါ။ ဒီ (၆)မျိုးလုံးကတော့ ဝိပဿနာဉာဏ်ပြဓာန်းတဲ့ မနောဝိညာဏ်စိတ်ဖြင့် သိနိုင်တဲ့တရားတွေ ဖြစ်ကြပါတယ်။
ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့ ဆိုပြီး ခြောက်ခုလုံး သိမ်းဆည်းလို့ အောင်မြင်ပြီ ဆိုလို့ရှိလျှင် အရသာတစ်ခုကို တိုးရှုကြည့်၊ ကလာပ်တိုင်း ကလာပ်တိုင်းမှာ ချိုချင် ချိုမယ်၊ ငန်ချင် ငန်မယ်၊ ခါးချင် ခါးမယ်၊ စပ်ချင် စပ်မယ်။ ချို-ချဉ်-ငန်-စပ်-ဖန်-ခါး-ဆိုတဲ့ အရသာ (၆)မျိုးထဲက အရသာတစ်မျိုးမျိုးတော့ ရှိနေပါတယ်။ အဲဒီတော့ ဒီအရသာကို ရှုရတာ ခက်ခဲလျှင်လည်း လျှာမှာရှိတဲ့ ဓာတ်လေးပါးကို စိုက်ရှုလိုက်လို့ရှိလျှင် ကြည်တဲ့ရုပ်ကလာပ်, မကြည်တဲ့ရုပ်ကလာပ်တွေကို တွေ့နိုင်တယ်။
ကြည်နေတဲ့ ရုပ်ကလာပ်အများစုရဲ့ အကြည်ဓာတ်ကလေးကို တစ်ဖက် ကသိမ်းဆည်း၊ ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖက်က လှမ်းသိမ်းဆည်း၊ ဒီအကြည်ဓာတ်နှစ်ခုကို ဉာဏ်ထဲမှာ ပြိုင်တူထင်အောင် သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ မိမိရှုပွားလိုတဲ့ ရုပ်ကလာပ်အများစုရဲ့ အရသာကို လှမ်းပြီး အာရုံယူလိုက်မယ်။ အထူးသဖြင့် လျှာနဲ့ အနီးကပ်ဆုံးမှာ တည်ရှိနေတဲ့ ရုပ် ကလာပ်အများစုရဲ့ အရသာကို လှမ်းအာရုံယူလိုက်မယ်ဆိုလျှင် ထိုရသာရုံက အကြည်ဓာတ်နှစ်ခုကို ပြိုင်တူရိုက်ခတ်လိုက်တဲ့ အချိန်အခါမှာ ဒီအရသာကို သိမ်းဆည်းလို့ ရတတ်ပါတယ်။ အောင်မြင်မှုရခဲ့လျှင် ရုပ်ကလာပ်တစ်ခု အတွင်းမှာ တည်ရှိတဲ့အရသာကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ ဒွါရ (၆)ပါး လုံးမှာ တည်ရှိတဲ့ ကြည်တဲ့ရုပ်ကလာပ်မှာရော မကြည်တဲ့ ရုပ်ကလာပ်မှာရော ဆက်လက် သိမ်းဆည်းပါ။
ဩဇာကိုရှုပုံ
နောက်တစ်ခုကတော့ ဩဇာပဲ၊ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ အဆီအစေး, အနှစ်ကလေးတစ်ခု ရှိတတ်ပါတယ်။ ကြည်နေတဲ့ရုပ်ကလာပ်မှာ လည်း ရှိတယ်။ မကြည်တဲ့ရုပ်ကလာပ်မှာလည်း ရှိတယ်။ ရုပ်ကလာပ်ရဲ့ အပြင်ဘက်ဘေးနားမှာ မကြည့်ပါနဲ့၊ ရုပ်ကလာပ်အတွင်းမှာသာ စိုက်ပြီးရှုပါ။ ရုပ်ကလာပ်အတွင်းမှာ စိုက်ပြီး ရှုလိုက်မယ်ဆိုလျှင် ဒီအဆီအစေးကလေးကို သွားပြီး တွေ့တတ်ပါတယ်။
သို့သော် အဆီအစေးဟုတ်မဟုတ်ကို သိဖို့ရန် မှတ်ကျောက်တစ်ခုက တော့ ဒီအဆီအစေးကနေပြီးတော့ ကလာပ်အမှုန်ကလေးတွေ ပွားပွားလာ တယ်။ အဆီအစေးကနေ ကလာပ်အမှုန်တွေ ပွားပြီဆိုလျှင်တော့ ကလာပ် အမှုန်ကလေးတွေ ပွားသွားအောင် ပြုလုပ်ပေးနေတဲ့ ဒီအဆီဓာတ် အစေး ဓာတ်ကို ဩဇာလို့ ခေါ်ပါတယ်။
သို့သော် ဒီနေရာမှာ ယောဂီ တော်တော်ခပ်များများမှာ အခက်အခဲ ကလေးတွေ နည်းနည်းရှိတတ်တာက ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုပြီး ဓာတ်ကြီးလေးပါးလည်း ပါလေတော့ ဓာတ်ကြီးလေးပါးထဲမှာ တည်ရှိနေတဲ့ တေဇောဓာတ်ကလည်း ရုပ်ကလာပ် အမှုန်လေးတွေကို ထပ်ဖြစ်စေတယ်။ ဩဇာကလည်း ရုပ်ကလာပ်အမှုန်လေး တွေကို ထပ်ဖြစ်စေတဲ့အတွက် ဩဇာကြောင့်ဖြစ်သလား၊ တေဇောဓာတ် ကြောင့် ဖြစ်သလားဆိုတာကို သေသေချာချာ ဆန်းစစ်ပြီးတော့ ရှုဖို့တော့ လိုအပ်ပါတယ်။
ပေါင်းလိုက်မယ် ဆိုလို့ရှိလျှင် ရုပ်ကလာပ်တစ်ခုအတွင်းမှာ သဘော တရား ဘယ်နှစ်ခု ရှိသွားမလဲ? ရှစ်ခု။ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရား ဘယ်နှစ်ခုရှိလဲ? ရှစ်ခု ရှိတယ်။ ဒွါရ ခြောက်ပါးလုံးမှာ ကြည်တဲ့ရုပ်ကလာပ်မှာ ရှစ်ခု၊ မကြည်တဲ့ ရုပ်ကလာပ်မှာလည်း ရှစ်ခု၊ မြင်အောင် ဆက်ရှုပါ။ ရှစ်ခုကို အောင်အောင် မြင်မြင် သိမ်းဆည်းလို့ရတဲ့ ယောဂီပုဂ္ဂိုလ်က ကြည်နေတဲ့ ရုပ်ကလာပ်တစ်ခုမှာ အဲဒီသဘောတရား ရှစ်ခုကို ပထမ မြင်အောင် စပြီး သိမ်းဆည်းကြည့်ပါ။
သိမ်းဆည်းလို့ အောင်မြင်မှု ရပြီဆိုလျှင် ကြည်နေတဲ့ ရုပ်ကလာပ်တိုင်း မှာ ဇီဝိတလို့ ခေါ်ဆိုအပ်တဲ့ အသက်ရှင်နေတဲ့ ဓာတ်သဘာဝတစ်ခု ရှိတတ် ပါတယ်။ ဒီအသက်ရှင်နေတဲ့ ဓာတ်သဘာဝကလေးက လှုပ်ရှားနေတဲ့ သဘာဝ တစ်ခုအဖြစ်နဲ့ ယောဂီအများစုကတော့ မြင်တတ်ပါတယ်။ တချို့ ယောဂီတွေ ကတော့ ဒီလှုပ်ရှားနေတဲ့ သဘာဝကလေးကို အစက်ကလေးပုံစံ အနေ အထားအားဖြင့် မြင်တတ်တယ်။ ဒီတော့ ဒီလှုပ်ရှားနေတဲ့ သဘာဝကလေးက အသက်ဝင်နေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။
နောက် သူ့ရဲ့ လက္ခဏာတစ်ခုကတော့ ပြိုင်တူဖြစ်နေတဲ့ ရုပ်ကလာပ် တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ကလာပ်တူ ရုပ်တရားတွေကို ပြန်လည်ပြီး စောင့်ရှောက်ပေးတတ်တဲ့ သဘာဝလက္ခဏာကလေး တစ်ခုလည်း ရှိတယ်။ ဘာဖြစ်လို့ သူက စောင့်ရှောက်ပေးနေရသလဲဆိုတော့ စာပေကျမ်းဂန်မှာ ဥပမာပြထားတာက အမိမဲ့သား ဥပမာနှင့် ရှင်းပြထားပါတယ်။ ဒီကမ္မဇရုပ် ကလာပ်တွေမှာ ကြည်တဲ့ ရုပ်ကလာပ်တွေ, တချို့ မကြည်တဲ့ ရုပ်ကလာပ် တွေလည်း ရှိကြပါတယ်။ ပြီးတော့မှ ဘုန်းကြီး ပြောပါ့မယ်။
ဒီကမ္မဇရုပ်ကလာပ်တွေက အတိတ်က ကံကြောင့် ဖြစ်ကြတယ်။ အခု ဒါယကာကြီးတွေ အသက်လေးဆယ်ရှိပြီဆိုလျှင် ဒီအတိတ်ကံသည် လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော် ဟိုဘက်က ဖြစ်ခဲ့တယ်။ လေးဆယ်ကျော် ဟိုဘက် က ဖြစ်ခဲ့တယ်ဆိုတာက တစ်နည်းပြောရလျှင် အတိတ်ဘဝက ပြုစုပျိုးထောင် ခဲ့တဲ့ကံပဲ၊ အတိတ်ဘဝဆိုတာကလည်း လွန်ခဲ့သော အတိတ်ဘဝ ဖြစ်ချင် လည်း ဖြစ်မယ်။ အတိတ်သံသရာ အဆက်ဆက်သော်လည်း ဖြစ်ချင်ဖြစ်ပါ လိမ့်မယ်။ ဘယ်အတိတ်ဘဝဆိုတာကတော့ ကြောင်း-ကျိုးဆက်နွယ်တဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သိမ်းဆည်းတဲ့ အပိုင်းကျမှ ကျကျနန သိမယ်။
ဒီတော့ ဒီအတိတ်ကကံနှင့် အတိတ်ကကံကြောင့် ဖြစ်ပေါ်လာရတဲ့ အခုလို ကမ္မဇရုပ်တွေကို ကြည့်လိုက်တဲ့အခါ အတိတ်ကကံက မိခင်နှင့် တူတယ်။ ဒီကမ္မဇရုပ်တွေက သားသမီးနှင့် တူတယ်။ မိခင်နှင့် ဝေးကွာနေတဲ့ ကလေးသူငယ်တစ်ဦးကို နို့ထိန်းကဲ့သို့သော ဘေးပုဂ္ဂိုလ်က ဝင်ပြီးတော့ အသက်ရှင်ရေးအတွက် စောင့်ရှောက်ပေးရသလို အလားတူပဲ အတိတ်ကကံ နှင့် ဝေးကွာနေတဲ့ ဒီကမ္မဇရုပ်တွေကို ဖြစ်ပြီးနောက် မပျက်ခင်အတွင်း အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် စောင့်ရှောက်ပေးတဲ့ သဘာဝတစ်ခုပဲ၊ ဒါ ဇီဝိတရဲ့ သဘာဝပဲ။ ကြာကြာကြီး စောင့်ရှောက်ပေးနေတာမျိုးတော့ မဟုတ်ပါဘူး။
ကလေးတစ်ယောက်ကို ဘေးလူတစ်ယောက်က ဝင်ပြီး ထိန်းသိမ်း စောင့်ရှောက်ပေးတယ်ဆိုသော်လည်း ဒီကလေး မသေခင်သာ ထိန်းသိမ်း စောင့်ရှောက်ပေးလို့ ရပါတယ်။ သေသွားပြီဆိုလျှင် ထိန်းသိမ်းစောင့်ရှောက် ပေးဖို့ မဖြစ်နိုင်ဘူး။ အဲဒီ ပုံစံလိုပဲ ရုပ်ပရမတ်တရားတို့ရဲ့ သဘာဝက မျက်စိ တစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလကို ကုဋေငါးထောင် ကျော်လောက်ပုံမှ တစ်ပုံလောက်သာ သက်တမ်းရှိပါတယ်။ ဒီလောက် လျင်လျင်မြန်မြန် ဖြစ်ပျက်နေတဲ့ အချိန်အခါမှာ ဖြစ်ပြီးနောက် မပျက်မီ အတွင်းကိုပဲ ဒီဇီဝိတက ကလာပ်တူရုပ်တွေကိုသာ တာဝန်ယူပြီး ထိန်းသိမ်း စောင့်ရှောက်ပေးနေတဲ့ သဘာဝပဲ၊
အဲဒီလို စောင့်ရှောက်ပေးနေတဲ့ သဘာဝလက္ခဏာကလေးက တစ်ခု၊ အသက်ရှင်နေတဲ့ သဘာဝကလေးက တစ်ခု၊ အဲဒီ သဘောတရားနှစ်ခုကို ဒီကြည်နေတဲ့ ရုပ်ကလာပ်တစ်ခုအတွင်းမှာ မြင်အောင် စပြီး ရှုရပါတယ်။ ဘာကြောင့် ဒီကြည်တဲ့ရုပ်ကလာပ်ကို စပြီး ရွေးရှုရသလဲလို့ မေးလျှင်တော့ ကြည်နေတဲ့ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းသည် အတိတ်ကကံကြောင့် ဖြစ်ပါတယ်၊ ကမ္မဇရုပ် သေချာတယ်။
သို့သော် မကြည်တဲ့ အချို့ရုပ်ကလာပ်တွေလည်း အတိတ်ကကံကြောင့် ဖြစ်တယ်။ ဘယ်လို ရုပ်ကလာပ်တွေလည်းလို့မေးတော့ ဘာဝရုပ်ပါတဲ့ ရုပ် ကလာပ်၊ အမျိုးသမီးလို့ သိလောက်တဲ့ အမှတ်အသား၊ အမျိုးသားလို့ သိလောက်တဲ့ အမှတ်အသား၊ အဲဒီ အမှတ်အသားပါနေတဲ့ ဘာဝရုပ်ပါတဲ့ ရုပ်ကလာပ်တွေကလည်း အတိတ်ကကံကြောင့် ဖြစ်တယ်။ နောက် ဇီဝိတနဝကကလာပ်လို့ ခေါ်ဆိုအပ်တဲ့ အထူးသဖြင့် ဘုန်းကြီးတို့ အစာစားလိုက်တဲ့ အစာအာဟာရတွေကို ကြေညက်စေတတ်တဲ့ ပါစကတေဇောဓာတ်ပါဝင်တဲ့ ရုပ်ကလာပ်ဟာလည်း အတိတ်ကံကြောင့် ဖြစ်ပါတယ်။
အဲဒီ ရုပ်ကလာပ်တွေကလည်း တစ်ကိုယ်လုံး အနှံ့အပြား ရှိပါတယ်။ အလားတူပဲ မနောဓာတ် မနောဝိညာဏဓာတ်တို့ရဲ့ = အသိစိတ်တို့ရဲ့ မှီ၍ ဖြစ်ရာဖြစ်တဲ့ နှလုံးအိမ်အတွင်းမှာ တည်ရှိတဲ့ ဟဒယဒသကကလာပ် = ဟဒယ ဝတ္ထုနှင့်တကွသော ဆယ်မျိုးသော ရုပ်တရားတွေဟာလည်း အတိတ်က ကံကြောင့်ပဲ ဖြစ်ကြပါတယ်။ သူတို့လည်း မကြည်ကြပါဘူး။
ဒီတော့ ဒီဇီဝိတကို မြင်အောင် ပထမ လေ့ကျင့်လို့ အောင်မြင်တဲ့ ပုဂ္ဂိုလ်က ကြည်နေတဲ့ ရုပ်ကလာပ်မှာ ဇီဝိတကိုတွေ့လျှင် မကြည်တဲ့ ရုပ် ကလာပ်မှာလည်း ဇီဝိတကို မြင်အောင် တစ်ဆင့်တက်ပြီး ရှုရပါတယ်။ သို့သော် မကြည်တဲ့ ရုပ်ကလာပ်တိုင်းမှာတော့ ဇီဝိတက မရှိဘူး၊ တချို့ ရုပ်ကလာပ်တွေမှာ ဇီဝိတ ရှိမယ်။ တချို့ရုပ်ကလာပ်တွေမှာ မရှိဖြစ်တတ် ပါတယ်။ အကယ်၍ ဇီဝိတကို မတွေ့လျှင်တော့ အထူးသဖြင့် စောင့်ဆိုင်းပြီး လိုက်မရှာဖွေပါနှင့်၊ တွေ့နိုင်တဲ့ ရုပ်ကလာပ်တွေကိုသာ ထပ်ကာထပ်ကာ ရှုကြည့်ပါ။
ဘာဝရုပ်ကို ရှုပုံ
ရှုကြည့်လိုက်လို့ အကယ်၍ မကြည်တဲ့ရုပ်ကလာပ် တစ်ခုအတွင်းမှာ ဇီဝိတကိုတွေ့ခဲ့လျှင် ဘာဝရုပ်ကို ဆက်ပြီး ရှာဖွေကြည့်ပါ။ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံး ဒွါရခြောက်ပါးစလုံးမှာ ဘာဝရုပ်တွေက ရှိပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသမီးလို့ သိလောက်တဲ့ အမှတ်အသား၊ အမျိုးသား တွေမှာလည်း အမျိုးသားလို့ သိလောက်တဲ့ အမှတ်အသား၊ ဒီရုပ်ကလာပ် တွေမှာ တည်ရှိနေပါတယ်။ ဘာဝရုပ်ပါတဲ့ ရုပ်ကလာပ်တိုင်းမှာ တည်ရှိနေ ပါတယ်။
ဒါပေမဲ့ အဲဒီ ဘာဝရုပ်ပါတဲ့ ရုပ်ကလာပ်တွေက မကြည်တဲ့သဘော ရှိပါတယ်။ အဲဒါကြောင့် မကြည်တဲ့ရုပ်ကလာပ်မှာ စတင်ပြီးတော့ ဇီဝိတကို ရှာဖွေပြီးတော့ ဇီဝိတတွေ့မှ ဘာဝရုပ်ကို ဆက်ပြီးကြည့်ပါ။ သို့သော် ဇီဝိတ ရှိတိုင်း ဘာဝရုပ်ရှိမလားဆိုတော့ ဒီလိုတော့ မဟုတ်ဘူး။ ဇီဝိတ ရှိပေမဲ့ ဘာဝရုပ် မရှိတာတွေလည်းရှိတယ်။ ဘာ့ကြောင့်လဲလို့မေးတော့ ခုနက တေဇောဓာတ်လေးမျိုးထဲမှာ ပါစကတေဇောဓာတ်တို့၊ ဖျားတဲ့နာတဲ့အခါ ဖြစ်ပေါ်တဲ့ တေဇောဓာတ်တို့ စသည်ဖြင့် ရှိကြတော့ အဲဒီတေဇောဓာတ် ကြောင့် ဖြစ်ပေါ်လာတဲ့ တေဇောဓာတ်လွန်ကဲနေတဲ့ ဒီရုပ်ကလာပ်တွေထဲမှာ ဇီဝိတသာ ပါပြီးတော့ ဘာဝရုပ် မပါတာတွေလည်း ရှိတတ်ပါတယ်။
ဥပမာ - ဖျားတဲ့နာတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ဇီဝိတနဝကကလာပ် ရုပ်တွေ ဖြစ်ကြတယ်။ စိတ္တရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တွေလည်း ဖြစ်ကြ ပါတယ်။ အလားတူပဲ ခန္ဓာအိမ်တစ်ကိုယ်လုံး အနှံ့အပြားမှာ ဇီဝိတပါဝင်နေတဲ့ တေဇောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်တွေလည်း ရှိကြပါတယ်။ အစာကို ကြေညက်စေတတ်တဲ့ သဘာဝပဲ၊ အထူးသဖြင့် အစာ အိမ်ဝန်းကျင်မှာ ဒီဇီဝိတနဝကကလာပ်ရုပ်တွေက ပိုပြီးတော့ အားကောင်းတဲ့ သဘောရှိပါတယ်။
သို့သော် တစ်ကိုယ်လုံးမှာ ဘယ်နေရာမှာမဆို ဒီပါစကတေဇောလို့ ခေါ်ဆိုတဲ့ ဇီဝိတနဝကကလာပ်ရုပ်ကလည်း ရှိနိုင်တဲ့အတွက် တစ်ကိုယ်လုံးကို ဆေးတို့ဘာတို့ လိမ်းကျံပေးလိုက်လျှင် လိမ်းကျံလိုက်တဲ့ ဆေးတွေဟာလည်း ခန္ဓာအိမ်ထဲ ပြန့်သွားခဲ့မယ်ဆိုလျှင် ဒီဇီဝိတနဝကကလာပ်မှာပါတဲ့ တေဇော ဓာတ်ရဲ့ စွမ်းအင်, အကူအညီ, အထောက်အပံ့ကို ရရှိတဲ့ အချိန်အခါမှာ ဒီ လိမ်းလိုက်တဲ့ဆေးဆိုတဲ့ ဥတုဇရုပ်ကလာပ်တွေမှာ ပါနေတဲ့ ဩဇာဓာတ်တွေ ကလည်း ရုပ်ကလာပ်အသစ်တွေကို တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်စေနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒါကြောင့် ဆေးကိုလိမ်းလိုက်မယ် ဆိုလို့ရှိလျှင်လည်း တစ်ကိုယ်လုံးကို ပြန့်သွားတဲ့သဘောဟာ ဒီဇီဝိတနဝကကလာပ်မှာပါတဲ့ တေဇောဓာတ်ရဲ့ အထောက်အပံ့ အကူအညီကြောင့် ဖြစ်ပါတယ်။
ဟဒယရုပ်ကို ရှုပုံ
အဲဒီတော့ ဒီကြည်နေတဲ့ ရုပ်ကလာပ် မကြည်တဲ့ ရုပ်ကလာပ်တွေမှာ အခုလို သဘောတရားတွေကို ရှာဖွေဆန်းစစ်လို့ ရပြီဆိုလျှင် ဇီဝိတကိုလည်း တွေ့ပြီ၊ ဘာဝရုပ်ကိုလည်း တွေ့ပြီဆိုလျှင် နှလုံးအိမ်အတွင်းမှာ စိုက်ကြည့် လိုက်လျှင် ဟဒယဒသကကလာပ်ခေါ်တဲ့ ဟဒယရုပ်ပါတဲ့ ရုပ်တွေကိုလည်း တွေ့နိုင်ပါတယ်။ အကယ်၍ ဟဒယရုပ်ကို မတွေ့နိုင်ဖြစ်နေလျှင် ဘဝင်မနော အကြည်ကို သိမ်းဆည်းပြီးကြည့်ပါ။ အဲဒီ ဘဝင်မနောအကြည်ဓာတ်မှာ စိတ်ကို စိုက်ထားပြီးတော့ လက်ညှိုးတစ်ချောင်းကို ကွေးချည်ဆန့်ချည် ပြုလုပ်ကြည့်ပါ။ ကွေးချင်တဲ့စိတ် ဆန့်ချင်တဲ့စိတ်တွေကို မြင်အောင်ကြည့်ပါ။
အဲဒီ စိတ်တွေကို ဉာဏ်ဖြင့်မြင်တဲ့အခါ အဲဒီစိတ်တွေရဲ့ မှီရာရုပ်ကို တစ်ဆင့်တက်ပြီး ဒီစိတ်တွေက ဘာကို မှီဖြစ်နေကြသလဲလို့ ဆန်းစစ် ကြည့်ပါ။ ဒီစိတ်တွေရဲ့ မှီရာရုပ်ကို တွေ့နိုင်ပါတယ်။ ဒီမှီရာရုပ်ကို ဟဒယရုပ်လို့ ခေါ်ပါတယ်။ ဒီမနောဓာတ် မနောဝိညာဏဓာတ်ခေါ်တဲ့ စိတ်တို့ရဲ့ မှီရာဝတ္ထု ဖြစ်လို့ ဟဒယဝတ္ထုရုပ်လို့လည်း ခေါ်ပါတယ်။ ဒီဟဒယရုပ် = ဟဒယဝတ္ထုရုပ် ပါဝင်တဲ့ ရုပ်ကလာပ်က ဟဒယဒသကကလာပ် ဖြစ်ပါတယ်။ ဓာတ်ခွဲကြည့် လျှင် ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ, ဇီဝိတ, ဟဒယဆိုပြီး ဟဒယလျှင် ဆယ်ခုမြောက်ရှိတဲ့ ရုပ်သဘောတရားတွေ ရှိကြ တယ်။ ဒီရုပ်တွေကိုလည်း ဆက်လက်သိမ်းဆည်းပါ။
အောင်မြင်မှု ရရှိခဲ့သော် ဒွါရ(၆)ပါးလုံးမှာပဲ ကြည်တဲ့ရုပ်ကလာပ်တွေမှာ ရုပ်သဘောတရား (၁၀)မျိုး၊ မကြည်တဲ့ ရုပ်ကလာပ်တွေမှာလည်း ရုပ်သဘော တရား (၁၀)မျိုးတို့ကို လှည့်လှည့်ပြီး သိမ်းဆည်းပါ။ ဥပမာ - မျက်စိဆိုတဲ့ စက္ခုဒွါရမှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို မြင်တဲ့အခါ ကြည်နေတဲ့ ရုပ်ကလာပ်မှာ ရုပ်သဘောတရား (၁၀)မျိုး၊ မကြည် တဲ့ ရုပ်ကလာပ်မှာလည်း သဘောတရား (၁၀)မျိုးတို့ကို ဆက်လက် သိမ်းဆည်းပါ။ နား, နှာ, လျှာ, ကိုယ်, နှလုံးတို့မှာလည်း နည်းတူပဲ သိမ်းဆည်းပါ။
စက္ခုဒွါရ = မျက်စိ၌ အကြည်ရုပ်ကလာပ်များကို ခွဲခြားပုံ
ကြည်နေတဲ့ ရုပ်ကလာပ်တွေထဲမှာ စက္ခုအကြည်ဓာတ်ပါတဲ့ စက္ခုဒသက ကလာပ်, သောတအကြည်ပါတဲ့ သောတဒသကကလာပ်, ဃာနအကြည်ပါတဲ့ ဃာနဒသကကလာပ်, ဇိဝှါအကြည်ပါတဲ့ ဇိဝှါဒသကကလာပ်, ကာယအကြည် ပါတဲ့ ကာယဒသကကလာပ်ဆိုပြီး ကြည်နေတဲ့ ရုပ်ကလာပ် အမျိုးအစား ငါးမျိုး ရှိနေပါတယ်။
ဒီငါးမျိုးထဲမှာ စက္ခုဒသကကလာပ်က မျက်စိမှာပဲ ရှိတယ်၊ သောတဒသကကလာပ်က နားမှာပဲ ရှိတယ်၊ ဃာနဒသကကလာပ်က နှာခေါင်းမှာပဲ ရှိတယ်၊ ဇိဝှါဒသကကလာပ်က လျှာမှာပဲ ရှိတယ်၊ သို့သော် ကာယဒသက ကလာပ်ကတော့ မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးလို့ ခေါ်ဆိုတဲ့ ဒွါရ (၆)ပါးလုံးမှာပဲ ရှိနေတယ်။
ဒါကြောင့် မျက်စိဆိုတဲ့ စက္ခုဒွါရမှာ စက္ခုဒသကကလာပ်ကလည်း ကြည်နေတဲ့ရုပ်ကလာပ် ဖြစ်တယ်။ ကာယဒသကကလာပ်ကလည်း ကြည်နေ တဲ့ရုပ်ကလာပ် ဖြစ်တယ်။ ကြည်နေတဲ့ရုပ်ကလာပ် နှစ်မျိုး ရှိနေတယ်။ ဒီနှစ်ခု ကို သူတို့ရဲ့ သဘာဝလက္ခဏာနှင့် ခွဲခြားရှုရမှာ ဖြစ်တယ်။ စက္ခုဒသက ကလာပ်မှာပါတဲ့ စက္ခုပသာဒ (= စက္ခုအကြည် = မျက်စိအကြည်)က -
ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊ (ဝိသုဒ္ဓိ၊၂၊၇၄။)
ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်း ထိခိုက်ခြင်းငှာထိုက်သော ဓာတ်ကြီး (၄)ပါး တို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိတယ်။ ကာယဒသကကလာပ် မှာပါတဲ့ ကာယပသာဒ (= ကာယအကြည် = ကိုယ်အကြည်)က -
ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော၊ (ဝိသုဒ္ဓိ၊၂၊၇၄။)
ပထဝီ, တေဇော, ဝါယောဆိုတဲ့ ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဓာတ်ကြီး (၄)ပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာ ရှိတယ်။ ဒီလို သဘာဝလက္ခဏာချင်း ကွဲပြားမှု ရှိကြတယ်။
ဒါကြောင့် မျက်စိမှာ ကြည်တဲ့ရုပ်ကလာပ်တစ်ခုကို ရှေးဦးစွာ သိမ်းဆည်းပါ။ အဲဒီ ရုပ်ကလာပ်မှာ ပါဝင်တည်ရှိကြတဲ့ ရုပ်သဘောတရား (၁၀)မျိုး တို့ကို ဆက်လက်သိမ်းဆည်းပါ။ တစ်ဖန် အဲဒီ (၁၀)မျိုးထဲက အကြည်ဓာတ်ကို ဆက်လက်သိမ်းဆည်းပါ။ ခပ်လှမ်းလှမ်း တစ်နေရာမှာ သို့မဟုတ် မလှမ်းမကမ်း တစ်နေရာမှာရှိနေတဲ့ ရုပ်ကလာပ်အများစုရဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ = အရောင်)ကို လှမ်းပြီး အာရုံယူကြည့်ပါ။
အဲဒီ ရူပါရုံအရောင်က မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်နေပါက အဲဒီ အကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် ဖြစ်ပါတယ်။ အကယ်၍ ဒီရူပါရုံအရောင်က မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်မှုမရှိလျှင် အဲဒီ အကြည်ဓာတ်ဟာ စက္ခု အကြည်ဓာတ် မဟုတ်ဘဲ ကာယအကြည်ဓာတ်သာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော် သေချာအောင် တော့ ထပ်ကာထပ်ကာ သိမ်းဆည်းဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူဖို့ လိုအပ်ပါတယ်။
အကယ်၍ ရူပါရုံအရောင်က ရှေးရှုရိုက်ခတ်နေတဲ့ စက္ခုအကြည်ဓာတ်ကို ဉာဏ်နှင့် တွေ့မြင်ပြီဆိုလျှင် ထိုစက္ခုအကြည်ဓာတ် ပါဝင်နေတဲ့ ရုပ်ကလာပ်ကို စက္ခုဒသကကလာပ် = စက္ခုအကြည်ဓာတ်လျှင် ဆယ်ခုမြောက်ရှိသော ရုပ် ကလာပ်လို့ ခေါ်ပါတယ်။ ရုပ်သဘောတရား (၁၀)မျိုးကို ဉာဏ်ဖြင့် ပိုင်းခြား ယူပါ၊ သိမ်းဆည်းပါ။
အလားတူပဲ မျက်စိမှာ တည်ရှိတဲ့ ကာယဒသကကလာပ်ကို ရှုလိုပါက မျက်စိမှာရှိတဲ့ ကြည်နေတဲ့ ရုပ်ကလာပ်တွေထဲက ရုပ်ကလာပ်တစ်ခုကို သိမ်းဆည်းပြီးလျှင် အဲဒီ ရုပ်ကလာပ်မှာရှိတဲ့ ဆယ်မျိုးသော ရုပ်တရားတွေကို တစ်ခုစီတစ်ခုစီ ဉာဏ်နှင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အဲဒီ ရုပ်သဘောတရား ဆယ်မျိုးထဲက ကြည်နေတဲ့ပသာဒရုပ် (= အကြည်ရုပ်)ကို သိမ်းဆည်းထားပါ။ အဲဒီ မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်နှင့် ပွတ်ချုပ်ထိခိုက်နေတဲ့ ရုပ် ကလာပ်အများစုမှာ ရှိနေတဲ့ ဖောဋ္ဌဗ္ဗာရုံကို လှမ်းပြီး အာရုံယူပါ။ ဖောဋ္ဌဗ္ဗဓာတ် သုံးမျိုးထဲက ပထဝီဓာတ်ကိုဖြစ်စေ တေဇောဓာတ်ကိုဖြစ်စေ ဝါယောဓာတ် ကိုဖြစ်စေ ဓာတ်တစ်ခုခုကို အာရုံယူပါက ပို၍ အသိဉာဏ်သန့်ရှင်းပါတယ်။
ဥပမာ - ပထဝီဓာတ် (၆)မျိုးထဲက မာတဲ့သဘောကို အာရုံယူကြည့်ပါ။ အဲဒီ မာတဲ့သဘောက မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်နေပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်ပါတယ်။ ဒီကာယအကြည်ဓာတ် ပါဝင်နေတဲ့ ရုပ်ကလာပ်ကို ကာယဒသကကလာပ် (= ကာယအကြည်ဓာတ်)လျှင် ဆယ်ခုမြောက်ရှိသော ရုပ်ကလာပ်လို့ ခေါ်ဆို ပါတယ်။ ရုပ်သဘောတရား ဆယ်မျိုးကို ဉာဏ်နှင့် ခွဲခြားစိတ်ဖြာပြီး သိမ်းဆည်းပါ။
အကယ်၍ မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို မိမိသိမ်းဆည်းထား တဲ့ မာတဲ့သဘော ပထဝီ (= ဖောဋ္ဌဗ္ဗဓာတ်)က ရှေးရှုရိုက်ခတ်မှု မရှိတာကို ဉာဏ်ဖြင့် တွေ့မြင်ပါက ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် မဟုတ်တော့ဘဲ စက္ခုအကြည်ဓာတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စက္ခုအကြည်ဓာတ် ဟုတ်မဟုတ်ကိုလည်း ရှေးကပြောခဲ့တဲ့အတိုင်း ရူပါရုံအရောင်ကို အာရုံယူကာ သိမ်းဆည်းကြည့်ပါ၊ ဆန်းစစ်ကြည့်ပါ။ မျက်စိမှာ စက္ခုအကြည်နှင့် ကာယ အကြည် နှစ်မျိုးသာရှိတဲ့အတွက် ဒီ မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်မှာ ကာယအကြည်ဓာတ် သို့မဟုတ် စက္ခုအကြည်ဓာတ် တစ်မျိုးမျိုးသာ ဖြစ်ပါ တယ်။ ဘာအကြည်ဓာတ် ဖြစ်တယ်ဆိုတာကို သိအောင် ရူပါရုံအရောင်နှင့် ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံယူကာ ထပ်ကာထပ်ကာ ရှုကြည့်ပါ။ ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။
သောတဒွါရ = နား၌ ကြည်သော ရုပ်ကလာပ်များ
သောတဒွါရမှာလည်း ကြည်တဲ့ရုပ်ကလာပ်က နှစ်မျိုးရှိနေတယ်။ သောတဒသကကလာပ်နှင့် ကာယဒသကကလာပ်တို့ ဖြစ်ကြတယ်။ သောတအကြည်ဓာတ် = နားအကြည်ဓာတ်လျှင် ဆယ်ခုမြောက်ရှိတဲ့ ရုပ်ကလာပ်က သောတဒသကကလာပ် ဖြစ်ပါတယ်။ နားမှာရှိနေတဲ့ ကြည်တဲ့ရုပ်ကလာပ် တစ်ခုကို ဓာတ်ခွဲကာ ရုပ်သဘောတရား (၁၀)မျိုးကို သိမ်းဆည်းပါ။ ထိုနောင် အဲဒီ ဆယ်မျိုးထဲက အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ အသက်ရှူသံကိုပဲ ဖြစ်စေ, အပြင်ဗဟိဒ္ဓက အသံတစ်ခုကိုပဲဖြစ်စေ လှမ်းပြီး အာရုံယူကြည့်ပါ။
ထိုအသံက မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို ရှေးရှုရိုက်ခတ် နေပါက ထိခတ်နေပါက ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် ဖြစ်ပါ တယ်။ သောတအကြည်ဓာတ်ပါဝင်တဲ့ ရုပ်ကလာပ်က သောတဒသကကလာပ် ဖြစ်တယ်။ ရုပ်သဘောတရား ဆယ်မျိုးကို ဓာတ်ခွဲကာ သိမ်းဆည်းပါ။ နားမှာလည်း ကာယဒသကကလာပ်ရှိတဲ့အတွက် မျက်စိမှာပြောခဲ့တဲ့ နည်း စနစ်အတိုင်းပဲ ရှုကြည့်ပါ။ နားမှာလည်း အကြည်ဓာတ်နှစ်မျိုးရှိတဲ့အတွက် ထပ်ကာထပ်ကာ ဆန်းစစ်ဖို့ လိုပါတယ်။
ဃာနဒွါရ = နှာခေါင်း၌ ကြည်သော ရုပ်ကလာပ်များ
ဃာနဒွါရ = နှာခေါင်းမှာလည်း ဃာနဒသကကလာပ် ကာယဒသကကလာပ်ဆိုတဲ့ ကြည်တဲ့ရုပ်ကလာပ် နှစ်မျိုးရှိနေပါတယ်။ အနံ့ (= ဂန္ဓာရုံ) ရှေးရှုရိုက်ခတ်ခြင်း = ထိခိုက်ခြင်းငှာထိုက်သော ဃာနအကြည်ဓာတ်လျှင် ဆယ်ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဃာနဒသကကလာပ် ဖြစ်ပါတယ်။ နှာခေါင်းမှာရှိတဲ့ ကြည်တဲ့ရုပ်ကလာပ်တစ်ခုကို သိမ်းဆည်းကာ ရုပ်သဘော တရား ဆယ်မျိုးကို ဉာဏ်ဖြင့်ပိုင်းခြားယူပါ။ ယင်းဆယ်မျိုးထဲမှ အကြည်ဓာတ် ကို သိမ်းဆည်းထားပါ၊ အာရုံယူထားပါ။ ရုပ်ကလာပ်အများစုရဲ့ အနံ့ကို လှမ်းပြီးတော့ အာရုံယူကြည့်ပါ။
ထိုအနံ့ (= ဂန္ဓာရုံ)က မိမိသိမ်းဆည်းထားတဲ့ ရုပ်အကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်နေပါက မိမိသိမ်းဆည်းထားတဲ့ ထိုအကြည်ဓာတ်ဟာ ဃာနအကြည် ဓာတ် ဖြစ်ပါတယ်။ ဃာနအကြည်ဓာတ်ပါဝင်တဲ့ ရုပ်ကလာပ်က ဃာနဒသက ကလာပ် ဖြစ်ပါတယ်။ ရုပ်သဘောတရား ဆယ်ခုကို ဉာဏ်ဖြင့် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။ အကယ်၍ မိမိသိမ်းဆည်းထားတဲ့ အကြည်ဓာတ်ကို အနံ့ ဂန္ဓာရုံက ရှေးရှုရိုက်ခတ်မှု မရှိပါက အဲဒီအကြည်ဓာတ်မှာ ကာယအကြည် ဓာတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကာယအကြည်ဓာတ်ကို အထက်က ပြောခဲ့တဲ့အတိုင်း ဖောဋ္ဌဗ္ဗာရုံကို အာရုံယူကာ ရှုကြည့်ပါ။ သေချာအောင် ထပ်ကာထပ်ကာ ရှုဖို့တော့ လိုအပ်ပါတယ်။
ကာယဒွါရ = ကိုယ်၌ကား ကြည်တဲ့ရုပ်ကလာပ်မှာက ကာယဒသကကလာပ် တစ်မျိုးသာ ရှိတယ်။ နည်းမှီးပြီး ရှုပါ။ အလားတူပင် မနောဒွါရ = နှလုံးအိမ် အတွင်း၌လည်း ကြည်တဲ့ရုပ်ကလာပ်မှာက ကာယဒသကကလာပ် တစ်မျိုးသာ ရှိတယ်။ နည်းမှီးပြီးသာ ရှုပါ။
အားလုံးပေါင်းလိုက်သော် -
၁။ စက္ခုဒွါရ၌ စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ်,
၂။ သောတဒွါရ၌ သောတဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်,
၃။ ဃာနဒွါရ၌ ဃာနဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်,
၄။ ဇိဝှါဒွါရ၌ ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသက ကလာပ်,
၅။ ကာယဒွါရ၌ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်,
၆။ မနောဒွါရ၌ ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်,
ဒီရုပ်ကလာပ်များနှင့် ဆက်စပ်တဲ့ ရှုကွက်များကို တင်ပြပြီးပါပြီ။ ဒီရုပ် ကလာပ်အားလုံးကတော့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံကြောင့်ဖြစ်တဲ့ ရုပ်ကလာပ်တွေသာ ဖြစ်ကြပါတယ်။ အကြောင်းရင်းဖြစ်တဲ့ ကံကိုကား ပစ္စယ ပရိဂ္ဂဟဉာဏ်ပိုင်း ရောက်တဲ့အခါ ကြောင်း-ကျိုးဆက်နွယ်တဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို ရှုတဲ့အပိုင်း ရောက်ပါမှ ထိုကံသည် ဘာကံဖြစ်တယ် ဆိုတာကို အတိအကျ သိရှိရမှာ ဖြစ်ပါတယ်။ ခုနေတော့ ဒီရုပ်တရားတွေကို ကံကြောင့်ဖြစ်တဲ့ ရုပ်တွေလို့သာ မှတ်သားထားပါ။ နောက်တစ်ခုကတော့ ဒွါရ (၆)ပါးမှာ တည်ရှိနေတဲ့ စိတ္တဇရုပ်ကလာပ်အကြောင်းကို ပြောကြရ အောင် ---
စိတ္တဇရုပ်ရှုကွက်
နှလုံးအိမ်ရဲ့ အတွင်းမှာ တည်ရှိတဲ့ ဟဒယဒသကကလာပ်ရုပ်တို့တွင် ပါဝင်တဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေတဲ့ မနောဓာတ် မနောဝိညာဏဓာတ်ဆိုတဲ့ စိတ်တိုင်းစိတ်တိုင်းကလည်း မိမိတို့ရဲ့ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်းမှာ စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေတတ်ပါတယ်။ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်မဟုတ်တဲ့ ဘဝင်စိတ် အဝင်အပါဖြစ်တဲ့ ရိုးရိုးကာမာဝစရစိတ်တွေဟာ စိတ္တက္ခဏတိုင်းရဲ့ ဥပါဒ်ကာလတိုင်းမှာ ရုပ် ကလာပ် အနည်းငယ်လောက်ကိုသာ ဖြစ်စေနိုင်သော်လည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့လို အဆင့်မြင့်တဲ့ မွန်မြတ်တဲ့ စိတ်တွေကျတော့ မိမိတို့ရဲ့ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်းမှာ စိတ်တစ်ခုတစ်ခုဟာ စိတ္တဇ ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။
ဒီစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေကို စိတ္တဇဩဇဋ္ဌမကရုပ်များလို့ ခေါ်ဆိုပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ရုပ်တရား များလိ့ု ဆိုလိုပါတယ်။ ရုပ်ကလာပ်တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ ဆိုတဲ့ ရုပ်သဘောတရား (၈)မျိုးစီ ပါဝင်ကြပါ တယ်။ ဒီရုပ်တွေဟာလည်း ဒွါရ (၆)ပါးလုံးမှာ အနှံ့အပြား ဖြစ်နေကြပါတယ်။
ဒီ မနောဓာတ် မနောဝိညာဏဓာတ်ခေါ်တဲ့ စိတ်တိုင်းစိတ်တိုင်းက စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေတဲ့အပိုင်းမှာ တစ်ခါတစ်ရံသာ ဖြစ်စေပြီး တော့ တစ်ခါတစ်ရံကျတော့ မဖြစ်စေနိုင်တာမျိုးတော့ မဟုတ်ဘူး။ အမြဲတမ်း ဘဝတစ်လျှောက်မှာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်စေပါတယ်။ လက်ညှိုးကလေးကို ကွေးကြည့်လျှင် ကွေးလို့ရတယ်။ ဆန့်ကြည့်လျှင် ဆန့်လို့ ရတယ်။ ထချင်လျှင် ထလို့ရတယ်။ ထိုင်ချင်လျှင် ထိုင်လို့ရတယ်။
ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ အမျိုးမျိုးတွေကို ပြုလုပ်နိုင်ခြင်းဟာ ဒီစိတ္တဇရုပ်တွေမှာ ပါဝင်တဲ့ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲ နေတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ သဘာဝသတ္တိစွမ်းအင်ကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဒီစိတ္တဇရုပ်ကလာပ်တွေ ရုပ်တရားတွေကလည်း တစ်ကိုယ်လုံး အနှံ့ အပြားပဲ ဖြစ်နေကြပါတယ်။ ယောဂီပုဂ္ဂိုလ်က ဒီစိတ္တဇရုပ်ကလာပ်တွေကို လည်း ဒွါရခြောက်ပါးလုံးမှာ အချိန်မရွေး ရှုလို့ရအောင် လေ့ကျင့်ထားရ ပါတယ်။
ဥတုဇရုပ်ရှုကွက်
ယေဘုယျအနေနဲ့ ပြောမယ်ဆိုလျှင် ကမ္မဇရုပ်ကလာပ်, စိတ္တဇရုပ်ကလာပ်, ဥတုဇရုပ်ကလာပ်, အာဟာရဇရုပ်ကလာပ်ဆိုတဲ့ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းမှာ ပါဝင်နေတဲ့ တေဇောဓာတ်ဟာ မိမိတို့ ဖြစ်ပြီးနောက် ဌီကာလသို့ ရောက်ခိုက်မှာ ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်ပါတယ်။ ဒီရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ တေဇောဓာတ်ကိုပဲ ဥတုလို့လည်း ခေါ်ပါ တယ်။
လောကမှာ ဒီနေ့ ရာသီဥတု ပူတယ်၊ ဒီနေ့ ရာသီဥတု အေးတယ်ဆိုပြီး ဒီလို ခေါ်ဝေါ်သုံးစွဲတာ ရှိတယ်။ ပူတာ အေးတာကို တေဇောဓာတ်လို့လည်း ခေါ်တယ်။ ပူတာ အေးတာကို ဥတုလို့လည်းခေါ်တယ်။ ဒါကြောင့် တေဇောဓာတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေကို ဥတုဇရုပ်တွေလို့ ခေါ်ဆိုပါတယ်။
ဥပမာ - စက္ခုဒသကကလာပ် ဆိုကြပါစို့၊ စက္ခုဒသကကလာပ်မှာရှိတဲ့ ဆယ်မျိုးသော ရုပ်တွေကို သိမ်းဆည်းပါ။ ယင်းဆယ်မျိုးထဲက တေဇောဓာတ် ကို သိမ်းဆည်းပါ။ ထိုတေဇောဓာတ်က ဌီကာလသို့ ရောက်ခိုက်မှာ လေးဆင့် ငါးဆင့်သော ရုပ်ကလာပ်တွေကို အဆင့်ဆင့် ဖြစ်စေပါတယ်။
ဆိုလိုတာကတော့ စက္ခုဒသကကလာပ်တွင်ပါဝင်တဲ့ တေဇောဓာတ် ကြောင့် ရုပ်ကလာပ်တစ်ခု ဖြစ်ပေါ်လာတယ်၊ အဲဒီ ရုပ်ကလာပ်က မကြည်ဘူး၊ ဓာတ်ခွဲကြည့်လျှင် ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာဆိုပြီး သဘောတရား (၈)ခု ရှိတယ်။ ဥတုဇဩဇဋ္ဌမကရုပ် = တေဇော ဓာတ် (= ဥတု)ကြောင့်ဖြစ်တဲ့ ဩဇာလျှင် ရှစ်ခုမြောက်ရှိတဲ့ ရုပ်ကလာပ် ဖြစ်တယ်။ စက္ခုဒသကကလာပ်မှာရှိတဲ့ တေဇောဓာတ်က မွေးလိုက်တဲ့ သားဦး ရတနာ ဖြစ်ပါတယ်။ (၁)
ယင်းသားဦးရတနာဖြစ်တဲ့ ရုပ်ကလာပ်မှာပါဝင်တဲ့ တေဇောဓာတ်က လည်း ဌီကာလသို့ ရောက်ခိုက်မှာ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ မြေးဦးကလေး ရပြန်ပြီ။ (၂)
ယင်းမြေးဦးဖြစ်တဲ့ ဥတုဇဩဇဋ္ဌမကရုပ်မှာပါတဲ့ တေဇောဓာတ် (= ဥတု) ကလည်း ဌီကာလသို့ ရောက်ခိုက်မှာ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ မြစ်ကလေး ရပြန်ပြီ။ (၃)
ယင်းမြစ်ဖြစ်တဲ့ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်မှာပါတဲ့ တေဇောဓာတ် ကလည်း ဌီကာလသို့ ရောက်ခိုက်မှာ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ တီကလေး ရပြန်ပြီ။ (၄)
ယင်းတီဖြစ်တဲ့ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်မှာပါဝင်တဲ့ တေဇောဓာတ် ကလည်း ဌီကာလသို့ ရောက်ခိုက်မှာ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ တွတ်ရပြန်ပြီ။ (၅)
ဒီနည်းအတိုင်း ကမ္မဇရုပ်ကလာပ်တိုင်းမှာပါဝင်တဲ့ တေဇောဓာတ်တိုင်း က ဌီကာလသို့ရောက်တိုင်း လေးဆင့် သို့မဟုတ် ငါးဆင့်သော ရုပ်ကလာပ် အသစ်အသစ်တွေကို ဖြစ်စေပါတယ်။ မျက်စိမှာရှိတဲ့ စက္ခုဒသကကလာပ်က တေဇောဓာတ်ကြောင့် ယ္ခုလို အဆင့်ဆင့်ဖြစ်ပုံကို ရှုသလို မျက်စိမှာရှိတဲ့ ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့မှာပါဝင်တဲ့ တေဇောဓာတ်က လည်း အလားတူ ဖြစ်စေပုံကို မြင်အောင်ရှုပါ။
မျက်စိမှာရှိတဲ့ စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တွေမှာပါဝင်တဲ့ တေဇော ဓာတ်ကလည်း ဌီကာလသို့ ရောက်ခိုက်မှာ အလားတူပဲ ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေပါတယ်။ သို့သော် အကြောင်းရင်းဖြစ်တဲ့ စိတ်ဟာ သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဟုတ်တဲ့ ရိုးရိုး ကာမာဝစရစိတ် ဖြစ်မယ်ဆိုလျှင် အဲဒီ ရိုးရိုး ကာမာဝစရစိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တွေမှာပါတဲ့ တေဇောဓာတ်က စွမ်းအင်နည်းပါးတဲ့အတွက် နှစ်ဆင့်သုံးဆင့်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တွေကိုသာ ဖြစ်စေနိုင်ပါ တယ်။
ဒါပေမဲ့ စိတ္တရုပ်ကိုဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့စိတ်က သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့လို အလွန်အဆင့်အတန်း မြင့်မားနေ တဲ့ စိတ်ဖြစ်မယ်ဆိုလျှင် စိတ်တစ်ခုတစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ကို ဖြစ်စေနိုင်တဲ့အတွက် ယင်းစိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းမှာပါတဲ့ တေဇောဓာတ် ဥတုကလည်း ဌီကာလသို့ရောက်တိုင်း အလားတူပဲ ရုပ် ကလာပ် အဆင့်ပေါင်းများစွာကို ဖြစ်စေနိုင်ပါတယ်။
ဒီလို ဥတုဇရုပ်ကလာပ်တွေက ကိုယ်တွင်းအဇ္ဈတ္တတွင်သာမက အပြင် အပ ဗဟိဒ္ဓလောကအထိ ပျံ့နှံ့ကာ ဖြစ်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။ ပညာ ရောင် = ဉာဏ်ရောင်ဆိုတာ ခုပြောခဲ့တဲ့ စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် ရူပါရုံရဲ့ တောက်ပမှု အရောင် အလင်း ဖြစ်ပါတယ်။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲနေတဲ့ ဉာဏ်က အာနုဘော် ကြီးလျှင် ကြီးသလို သေးလျှင်လည်း သေးသလို တောက်ပတဲ့သဘော ရှိပါတယ်။
ယောဂီပုဂ္ဂိုလ်က မျက်စိမှာရှိတဲ့ စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ တေဇောဓာတ်ကြောင့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ် ဖြစ်ပုံကို မြင်အောင်ရှုပါ။ ကျန်ဒွါရ (၅)မျိုးတို့မှာရှိတဲ့ စိတ္တဇရုပ်ကလာပ်တွင် ပါဝင်တဲ့ တေဇောဓာတ်ကြောင့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် ဖြစ်ပုံကိုလည်း နည်းမှီးပြီး ဆက်ရှုပါ။
အာဟာရဇရုပ်ကလာပ်ရှုကွက်
အကယ်၍ ယောဂီပုဂ္ဂိုလ်တစ်ဦးက ယခုလို ဓာတ်ကမ္မဋ္ဌာန်းကို စနစ် တကျ ရှုတတ်တဲ့ယောဂီ ဖြစ်မည်ဆိုလျှင် ယခုလို အစာစားပြီးစ အချိန်လောက် မှာ အစာအိမ်အတွင်းမှာ တည်ရှိနေတဲ့ အစာသစ်ကောဋ္ဌာသကို ရှေးဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းနိုင်ပြီဆိုလျှင် ဒီအစာသစ်ကောဋ္ဌာသမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို ဆက်လက်သိမ်းဆည်းပါ။ အစာသစ် ကောဋ္ဌာသမှာရှိတဲ့ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မယ်ဆိုလျှင် ထိုဓာတ်ကြီး လေးပါးကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။
သမာဓိက အားကောင်းလာပြီဆိုလျှင် မကြာမီ အချိန်ကာလအတွင်း မှာ ရုပ်ကလာပ်အမှုန်လေးတွေကို တွေ့နိုင်ပါတယ်။ ဒီရုပ်ကလာပ်တွေက ရှေးရှေးရုပ်ကလာပ်တွေမှာ တည်ရှိတဲ့ တေဇောဓာတ် = ဥတုကြောင့် စဉ်ဆက် မပြတ် ထပ်ကာထပ်ကာ ဖြစ်နေတဲ့ ဥတုပစ္စယ-ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။ ဥတုပစ္စယဥတုဇရုပ်ဆိုတာက ဥတုခေါ်တဲ့ တေဇောဓာတ်လျှင် အကြောင်း အထောက်အပံ့ရှိသော ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့်ဖြစ်တဲ့ ရုပ်ကလာပ် တွေလို့ ဆိုလိုပါတယ်။ နည်းနည်း နားရှင်းအောင် ထပ်ပြောမယ်။
အစာသစ်ကောဋ္ဌာသဆိုတာက မစားမီ သပိတ်အတွင်း, အိုး ခွက် ပန်းကန်အတွင်း စသည်တို့၌ တည်ရှိခိုက်လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် တို့ရဲ့ အပေါင်းအစုသာ ဖြစ်ပါတယ်။ စားမျိုဝါးမျိုတဲ့ အချိန်မှာလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့ရဲ့ အပေါင်းအစုသာ ဖြစ်ပါတယ်။ စားမျိုဝါးမျိုပြီးလို့ ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့မီ အစာအိမ်အတွင်း အူအတွင်းစသည်တို့မှာ အစာ သစ်ကောဋ္ဌာသအဖြစ် တည်ရှိခိုက်မှာလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် တို့ရဲ့ အပေါင်းအစုသာ ဖြစ်ပါတယ်။
ဒီရုပ်ကလာပ်တွေရဲ့အတွင်းမှာ သို့မဟုတ် ဒီရုပ်ကလာပ် အသီးအသီးရဲ့ အတွင်းမှာ တည်ရှိတဲ့ ရုပ်သဘောတရားတွေဟာ ဖြစ်ပြီးတာနှင့် ဖြစ်တဲ့နေရာ မှာပဲ ပျက်သွားကြပါတယ်။ သပိတ်အတွင်း, အိုး ခွက် ပန်းကန်အတွင်းစသည်မှ ပါးစပ်တွင်းသို့၊ ပါးစပ်တွင်းမှ အစာအိမ်အတွင်းစသည်သို့ ရောက်ရှိသွားသည့် တိုင်အောင် သက်တမ်းမရှည်ကြပါဘူး။
သို့သော် ဒီရုပ်ကလာပ်တွေထဲမှာ သို့မဟုတ် ရုပ်ကလာပ်တိုင်း ရုပ် ကလာပ်တိုင်းမှာ တေဇောဓာတ် (= ဥတု) ပါဝင်လျက် ရှိပါတယ်။ ဒီတေဇော ဓာတ် (= ဥတု)က ဌီကာလသို့ ရောက်ခိုက်မှာ မိမိမပျက်မီ အတွင်းမှာ ရုပ်ကလာပ်အသစ်ဆိုတဲ့ သားရတနာကို မွေးဖွားပေးခဲ့ပါတယ်။ ဒီသားရတနာ ဆိုတဲ့ ရုပ်ကလာပ်ထဲမှာပါတဲ့ တေဇောဓာတ် = ဥတုကလည်း ဌီကာလသို့ ရောက်ခိုက် မိမိမပျက်ခင်အတွင်းမှာ သားရတနာတစ်ဦးကို ထပ်ပြီး မွေးပေး ပြန်တယ်။ ဒီနည်းအားဖြင့် ရှည်မြင့်စွာသော အဓွန့်ကာလပတ်လုံးလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တွေဟာ ဆက်ကာဆက်ကာ ဖြစ်နေကြပါတယ်။ ဒါကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက -
ဥတုပစ္စယဥတုသမုဋ္ဌာနံ နာမ ဥတုသမုဋ္ဌာနာ တေဇောဓာတု ဌာနပ္ပတ္တော အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညန္တိ ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)
ဥတုပစ္စယဥတုသမုဋ္ဌာန်ရုပ်ဆိုတာ တေဇောဓာတ် = ဥတုကြောင့်ဖြစ် တဲ့ ဥတုသမုဋ္ဌာန် ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိတဲ့ တေဇောဓာတ်ဥတုဟာ ဌီကာလသို့ ရောက်ခိုက်မှာ အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ် ကို ဖြစ်စေပါတယ်။ ဒီအသစ်ဖြစ်တဲ့ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ထဲမှာ ပါဝင်တည်ရှိတဲ့ တေဇောဓာတ် (= ဥတု)ကလည်း အခြားတစ်ပါးသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်ပါတယ်။ ဒီနည်းအားဖြင့် ရှည်မြင့်စွာသော အဓွန့်ကာလပတ်လုံးလည်း အနုပါဒိဏ္ဏ = သက်မဲ့အဖို့အစု၌ တည်၍သော်လည်း ဥတုသမုဋ္ဌာန်ရုပ်ကို ဖြစ်စေသည်သာ ဖြစ်ပါတယ်။ ဒီလို ဖွင့်ဆိုထားပါတယ်။
ခုလို အစာသစ်ကောဋ္ဌာသလို့ ခေါ်ဆိုအပ်တဲ့ ဥတုပစ္စယ ဥတုဇရုပ်ထဲမှာ ပါဝင်တဲ့ ဩဇာဟာလည်း ဥတုဇဩဇာ = ဥတုကြောင့်ဖြစ်တဲ့ ဩဇာသာ ဖြစ်ပါသေးတယ်။ ဒီဩဇာကို ဗဟိဒ္ဓဩဇာ = ပြင်ပဩဇာလို့လည်း ခေါ်ဆို ပါတယ်။ အဲဒီ ဗဟိဒ္ဓဩဇာ = ဥတုဇဩဇာကို ကမ္မဇဝမ်းမီးက အားပေး ထောက်ပံ့တဲ့အခါ ဒီဗဟိဒ္ဓဩဇာ = ဥတုဇဩဇာက ဌီကာလသို့ ရောက်ခိုက်မှာ ဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပါတယ်။ ဗဟိဒ္ဓဩဇာ = ဥတုဇဩဇာရဲ့ သားဦးရတနာလေး ဖြစ်ပါတယ်။ (၁)
ဒီသားဦးရတနာဖြစ်တဲ့ ဩဇဋ္ဌမကရုပ်ကလာပ်ကတော့ ဗဟိဒ္ဓဩဇာ = ဥတုဇဩဇာကြောင့် ဖြစ်တဲ့အတွက် အာဟာရဇဩဇဋ္ဌမကရုပ်လို့ ခေါ်ပါ တယ်။ ဒီနေရာမှာ ကမ္မဇဝမ်းမီး ဆိုတာကတော့ အစာအိမ်ဝန်းကျင်စတဲ့ ထိုထိုနေရာတွေမှာ တည်ရှိတဲ့ ဇီဝိတနဝကကလာပ်တွေမှာပါဝင်တဲ့ တေဇော ဓာတ် ဖြစ်ပါတယ်။ ဒီတေဇောဓာတ်ကို အစာကို ကြေကျက်စေတတ်တဲ့ အတွက် ပါစကတေဇောဓာတ်လို့ ခေါ်ဆိုပါတယ်။
ခုပြောခဲ့တဲ့ သားဦးရတနာဖြစ်တဲ့ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တွေ မှာ ပါဝင်တည်ရှိတဲ့ ဩဇာကလည်း ဌီကာလသို့ ရောက်ရှိခိုက် ပါစကတေဇော ဓာတ် (= ကမ္မဇဝမ်းမီး)ရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ နောက်အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်ပါတယ်။ မြေးဦးကလေး ရရှိပြန်ပြီ ဖြစ်တယ်။ ဒီနည်းအတိုင်း ဆယ်ဆင့်ဆယ့်နှစ်ဆင့်တိုင်အောင်သော ရုပ် ကလာပ်တွေကို ဖြစ်စေပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
အဇ္ဈတ္တိကဩဇာ
ခုပြောခဲ့တဲ့ ဆယ်ဆင့်ဆယ်နှစ်ဆင့်တိုင်အောင်သော ဩဇဋ္ဌမက ရုပ် ကလာပ်တွေမှာ ပါဝင်တည်ရှိတဲ့ အာဟာရဇဩဇာနှင့်တကွ ဟိုရှေးပိုင်းက ပြောခဲ့တဲ့ ကမ္မဇရုပ်ကလာပ်တွေမှာ ပါဝင်တည်ရှိတဲ့ ကမ္မဇဩဇာ, စိတ္တဇ ရုပ်ကလာပ်တွေမှာ ပါဝင်တည်ရှိတဲ့ စိတ္တဇဩဇာ, ဥတုဇရုပ်ကလာပ်တွေမှာ ပါဝင်တည်ရှိတဲ့ ဥတုဇဩဇာ၊ ဒီဩဇာလေးမျိုးကိုတော့ ကိုယ်တွင်း အဇ္ဈတ္တ သန္တာန်မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် အဇ္ဈတ္တိကဩဇာလို့ ခေါ်ဆိုပါတယ်။
ဒီအဇ္ဈတ္တိကဩဇာကို အာဟာရဇဩဇာကလည်း အားပေးထောက်ပံ့ လိုက်တဲ့အခါ ပါစကတေဇောဓာတ် (= ကမ္မဇဝမ်းမီး)ကလည်း အားပေး ထောက်ပံ့လိုက်တဲ့အခါ ဒီအဇ္ဈတ္တိကဩဇာ အသီးအသီးက ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်တယ်။ နားရှင်းအောင် ထပ်ပြီး ပြောမယ်။
စက္ခုဒွါရဝယ်
စက္ခုဒသကကလာပ်တစ်ခု ဆိုကြပါဆို့၊ စက္ခုဒသကကလာပ်မှာ ပါဝင်တည်ရှိတဲ့ ဩဇာကို ခုနကပြောခဲ့တဲ့ အဇ္ဈတ္တိက ဩဇာအမည်ရတဲ့ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်မှာပါဝင်တဲ့ ဩဇာက အားပေးထောက်ပံ့ လိုက်တဲ့အခါ ပါစကတေဇောဓာတ် = ကမ္မဇဝမ်းမီးကလည်း အားပေး ထောက်ပံ့လိုက်တဲ့အခါ ဒီစက္ခုဒသကကလာပ်မှာ တည်ရှိတဲ့ ဩဇာကလည်း ဌီကာလသို့ ရောက်ခိုက်မှာ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်တယ်။ စက္ခုဒသကကလာပ်မှာ ပါဝင်တည်ရှိတဲ့ ဩဇာရဲ့ သားဦး ရတနာ ဖြစ်တယ်။
ဒီသားဦးရတနာဖြစ်တဲ့ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်မှာ ပါဝင် တည်ရှိတဲ့ ဩဇာကလည်း ဌီကာလသို့ ရောက်ခိုက်မှာ အာဟာရဇဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်ပါတယ်။ မြေးဦးကလေး ရပြန်ပြီ။ ဒီနည်းအတိုင်း လေးဆင့်ငါးဆင့်သော ရုပ်ကလာပ်တို့ရဲ့ ဖြစ်ခြင်းကို ဆက်စပ်စေပါတယ်။ စက္ခုဒွါရမှာရှိတဲ့ ကာယဒသကကလာပ်, ဘာဝဒသက ကလာပ်တို့မှာပါဝင်တဲ့ ဩဇာကလည်း စက္ခုဒသကကလာပ်က ဩဇာ နည်းတူပဲ ရုပ်ကလာပ် အသစ်အသစ် ဖြစ်စေပုံကို ဉာဏ်ဖြင့်မြင်အောင် ဆက်ရှုပါ။ စိတ္တဇဩဇာ, ဥတုဇဩဇာ, ရှေးရှေးသော အာဟာရဇဩဇာတို့က လည်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်သစ်ကို ဖြစ်စေပုံကို ပုံစံတူ ပဲရှုပါ။
ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)
ဒီနည်းစနစ်အတိုင်း တစ်နေ့မှာ စားမျိုလိုက်တဲ့ အစာအာဟာရဟာ (၇)ရက်ပတ်လုံးသော်လည်း လေးမျိုးသော ဩဇာကို ထောက်ပံ့နိုင်ပါတယ်။ ဒီတော့ စက္ခုဒွါရမှာ -
၁။ စက္ခုဒသကကလာပ်က ဩဇာ,
၂။ ကာယဒသကကလာပ်က ဩဇာ,
၃။ ဘာဝဒသကကလာပ်က ဩဇာ,
၄။ စိတ္တဇအဋ္ဌကလာပ်က ဩဇာ
၅။ ဥတုဇအဋ္ဌကလာပ်က ဩဇာ,
၆။ အာဟာရဇအဋ္ဌကလာပ်က ဩဇာ, အားလုံးပေါင်း (၆)မျိုး ခွဲရှုပါ။
အာဟာရဇဩဇာကြောင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်ဖြစ်ပုံကို နည်းနည်း ထပ်ပြောမယ် ---
အထက်က ပြောပြခဲ့တဲ့အတိုင်း အစာသစ်ကောဋ္ဌာသမှာရှိတဲ့ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တွေမှာပါဝင်တဲ့ ဩဇာကြောင့်ဖြစ်ပေါ်လာတဲ့ အာဟာရဇရုပ်ကလာပ်တွေကို ပြန်အာရုံယူကြည့်ပါ။ ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ ကို ရခဲ့လျှင် ဆယ်ဆင့် ဆယ့်နှစ်ဆင့်တိုင်အောင်သော ရုပ်ကလာပ်တို့ရဲ့ ဖြစ်ခြင်းကို ဆက်စပ်မိစေတယ်ဆိုတဲ့ အချက်ကို ပြန်လည်ပြီး အာရုံယူထားပါ။
ဒီအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တွေမှာ အဆင့်ပေါင်းများစွာ ဖြစ်နေ တဲ့အတွက် ရှေးရှေးသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်မှာ တည်ရှိတဲ့ ဩဇာကို နောက်နောက်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တွေမှာ ပါဝင်တည်ရှိတဲ့ ဩဇာက အားပေးထောက်ပံ့လိုက်တဲ့အခါ, ကမ္မဇဝမ်းမီးက လည်း အားပေးထောက်ပံ့လိုက်တဲ့အခါ ဒီရှေးရှေးသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တွေမှာ တည်ရှိတဲ့ ဩဇာက ရုပ်ကလာပ်အသစ်ကို ဖြစ်စေ ပြန်တယ်။ နောက်နောက်သော အာဟာရဇဩဇဋ္ဌမက ရုပ်တွေမှာရှိတဲ့ ဩဇာက ထောက်ပံ့တတ်တဲ့ အကြောင်းတရား၊ ရှေးရှေးသော အာဟာရဇဩဇဋ္ဌမကရုပ်တွေမှာရှိတဲ့ ဩဇာက ဖြစ်စေတတ်တဲ့ ဇနက အကြောင်းတရား ဖြစ်ပါတယ်။ အလားတူပဲ သောတဒွါရစတဲ့ ကျန်ဒွါရတွေမှာလည်း ပုံစံတူ နည်းမှီးပြီး ရှုပါ။ ဒီအပိုင်းမှာ တေဇောဓာတ် = ဥတုနှင့် ဩဇာတို့က ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေတဲ့နေရာမှာ မိမိတို့ရဲ့ ဌီကာလသို့ ရောက်ခိုက်မှာသာ ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပါတယ်။ ဌီကာလသို့ ရောက်ရှိပါမှ အားရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
နှစ်ခွနှစ်ခွပွားပုံ
ယခု ရှင်းလင်းခဲ့တဲ့ ရုပ်ကမ္မဋ္ဌာန်းပိုင်း ရှုကွက်ကိုကြည့်လျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ တည်ရှိတဲ့ ---
၁။ တေဇောဓာတ်
၂။ ဩဇာ
ဒီနှစ်မျိုးသော ရုပ်တရားတွေဟာ ဆိုင်ရာအထောက်အပံ့ကို ရရှိခဲ့လျှင် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပုံကို သဘောပေါက်ပါ။
ဥပမာ - စက္ခုဒသကကလာပ်မှာရှိတဲ့ တေဇောဓာတ်ကြောင့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် ဖြစ်ပေါ်လာရာ ဒီဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်မှာ လည်း တေဇောဓာတ်နှင့် ဩဇာနှစ်မျိုး ပါဝင်ပြန်တယ်။ နှစ်မျိုးလုံးကလည်း ဆိုင်ရာအထောက်အပံ့ကိုရခဲ့လျှင် ရုပ်ကလာပ် အသစ်သစ်ကို ဖြစ်စေပြန် တယ်။
နောက်တစ်ခု - စက္ခုဒသကကလာပ်မှာရှိတဲ့ ဩဇာဓာတ်ကလည်း အထက်က ပြောခဲ့တဲ့အတိုင်း အာဟာရဇဩဇာရဲ့ အထောက်အပံ့နှင့် ကမ္မဇဝမ်းမီးရဲ့ အထောက်အပံ့ကို ရရှိတဲ့အခါ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်ကို ဖြစ်စေပြန်တယ်၊ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်မှာလည်း တေဇောဓာတ်နှင့် ဩဇာတို့ ပါဝင်ပြန်ရာ ယင်းတေဇောဓာတ်နှင့် ဩဇာတို့က လည်း အထက်ကပြောခဲ့တဲ့ မိမိတို့ဆိုင်ရာ အထောက်အပံ့ကိုရခဲ့လျှင် ရုပ် ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်တယ်။ ဒွါရ (၆)ပါးလုံးမှာရှိတဲ့ ရုပ် ကလာပ်တိုင်းမှာပါဝင်တဲ့ တေဇောနှင့် ဩဇာတို့ကို နည်းတူပဲ သဘောပေါက် ပါ။ နည်းမှီး၍ ရှုပါ။
ဒွါရအသီးအသီး၌ရှိသော ရုပ်များ
ခုပြောခဲ့တဲ့ ရုပ်ကမ္မဋ္ဌာန်း ရှုကွက်တွေကို စနစ်တကျရှုတတ်လျှင် ဒွါရ တစ်ခုတစ်ခုမှာရှိတဲ့ ရုပ်တွေဟာ ဘယ်လောက်ဖြစ်သွားသလဲ? အမျိုးအစား တူရာကို စုပေါင်းပြီး ရေတွက်လိုက်လျှင် -
၁။ စက္ခုဒွါရမှာ - စက္ခုဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုး အစား (၅၄)၊
၂။ သောတဒွါရမှာ - သောတဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမက ကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)၊
၃။ ဃာနဒွါရမှာ - ဃာနဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်၊ ပေါင်း - ရုပ် အမျိုးအစား (၆)မျိုး = ရုပ် အမျိုးအစား (၅၄)၊
၄။ ဇိဝှါဒွါရမှာ - ဇိဝှါဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်၊ ပေါင်း - ရုပ်ကလာပ်(၆)မျိုး = ရုပ် အမျိုးအစား (၅၄)၊
၅။ ကာယဒွါရမှာ - ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်၊ ပေါင်း - ရုပ်ကလာပ် (၅)မျိုး = ရုပ်အမျိုးအစား (၄၄)၊
၆။ မနောဒွါရမှာ - ဟဒယဒသကကလာပ်, ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, စိတ္တဇဩဇဋ္ဌမကကလာပ်, ဥတုဇဩဇဋ္ဌမကကလာပ်, အာဟာရဇဩဇဋ္ဌမကကလာပ်၊ ပေါင်း - ရုပ် အမျိုးအစား (၆)မျိုး = ရုပ် အမျိုးအစား (၅၄)၊ အသီးအသီး ရှိကြပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
အလားတူပဲ ဆံပင်, မွေးညင်း, ခြေသည်း လက်သည်း, သွား, အရေ အစရှိတဲ့ ပထဝီကောဋ္ဌာသ (၂၀)မျိုး၊ သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲအစရှိတဲ့ အာပေါကောဋ္ဌာသ (၁၂)မျိုး၊ သန္တပ္ပနတေဇော အစရှိတဲ့ တေဇောကောဋ္ဌာသ (၄)မျိုး၊ အထက်သို့ ဆန်တက်သောလေ အစရှိတဲ့ ဝါယောကောဋ္ဌာသ (၆)မျိုး၊ အားလုံး (၄၂)ကောဋ္ဌာသတို့မှာလည်း တည်ရှိတဲ့ ရုပ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။
အစာကို ကြေကျက်စေတဲ့ ကမ္မဇဝမ်းမီးခေါ်တဲ့ တေဇောဓာတ်ကတော့ တေဇောကောဋ္ဌာသ လေးမျိုးထဲမှာပါဝင်တဲ့ ပါစကတေဇောကောဋ္ဌာသဖြစ်တဲ့ ဇီဝိတနဝကကလာပ်ရုပ်ထဲမှာ တည်ရှိတဲ့ တေဇောဓာတ် ဖြစ်ပါတယ်။ ဒီ တေဇောကောဋ္ဌာသ လေးမျိုးကတော့ ပုံသဏ္ဌာန် မရှိပါ၊ ခန္ဓာကိုယ်တစ်ကိုယ် လုံး အနှံ့အပြားရှိတဲ့ ရုပ်တွေ ဖြစ်ကြပါတယ်။ ခုပြောခဲ့တဲ့ ရှုကွက်တွေကတော့ ရုပ်အစစ် (၁၈)မျိုးတို့နှင့် ဆက်စပ်နေတဲ့ ရှုကွက်တွေသာ ဖြစ်ပါတယ်။ ယောဂီ ပုဂ္ဂိုလ်က ဒီနာမရူပပရိစ္ဆေဉာဏ်ပိုင်းမှာ ဒီရုပ်အစစ်ပါဝင်တဲ့ ရုပ်ကလာပ်တွေ (= ရုပ်တရားတွေ)ကို ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားဖို့လိုတယ်။ ဘာကြောင့်လဲ? ဒီရုပ်အစစ်တွေဟာ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ရမည့် ရုပ်တရားတွေ ဖြစ်ကြပါတယ်။
နောက်ထပ် အာကာသဓာတ် အစရှိတဲ့ ရုပ်အတု (၁၀)မျိုးလည်း ရှိသေး တယ်။ ဒီရုပ်အတုတွေကတော့ ရုပ်အစစ်တို့ကို မှီတွယ်ဖြစ်ပေါ်လာရတဲ့ သဘာဝတွေ ဖြစ်ကြတယ်။ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ မရှု ကောင်းတဲ့ ရုပ်တရားတွေ ဖြစ်ကြတယ်။ သို့သော် ဒီနာမရူပပရိစ္ဆေဒဉာဏ် ပိုင်းမှာတော့ ဒီရုပ်အတုတွေကိုပါ ရောနှောသိမ်းဆည်းဖို့ရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)က ညွှန်ကြားထားပါတယ်။
ရုပ်အစစ်တွေကို သိမ်းဆည်းတဲ့အခါမှာ ဒီရုပ်အစစ်တွေရဲ့ ဖြစ်မှု, တည်မှု, ပျက်မှုဆိုတဲ့ ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာ-ရုပ်တွေကိုလည်း တွေ့မြင်နေသည်သာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက္ခဏရုပ်တွေကိုလည်း ရောနှောကာ သိမ်းဆည်းရခြင်း ဖြစ်တယ်။
ကာယဝိညတ္တိခေါ်တဲ့ ကိုယ်အမူအရာ, ဝစီဝိညတ္တိခေါ်တဲ့ နှုတ်အမူအရာ တွေဟာလည်း စိတ္တဇရုပ်တို့ရဲ့ အမူအရာထူးတွေသာ ဖြစ်ပါတယ်။ လဟုတာ, မုဒုတာ, ကမ္မညတာဆိုတဲ့ ရုပ်တွေကလည်း စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇ ရုပ်တို့ရဲ့ ပေါ့ပါးမှု, နူးညံ့မှု, အမှု၌ခံ့ညားမှုဆိုတဲ့ ရံခါဖြစ်တတ်တဲ့ သဘာဝ တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရုပ်အတုတွေကိုလည်း ရောနှောကာ ရုပ်အဖြစ်နှင့် သိမ်းဆည်းရခြင်း ဖြစ်တယ်။
ဒီရုပ်အတုတွေထဲမှာ အရေးကြီးတဲ့ ရုပ်အတုတစ်ခုကတော့ အာကာသ ဓာတ် ဖြစ်ပါတယ်။ အာကာသဓာတ်ဆိုတာက ရုပ်ကလာပ် တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ပိုင်းခြားပေးတဲ့ ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်မျှသာ ဖြစ်ပါတယ်။ ဒီအာကာသဓာတ်ကို မြင်ပါမှ ရုပ်ကလာပ်တွေကို မြင်နိုင်မှာ ဖြစ်တယ်။ ရုပ်ကလာပ်တွေကို မြင်ပါမှလည်း ယောဂီပုဂ္ဂိုလ်က ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိတဲ့ ရုပ်တရားတွေကို သိမ်းဆည်းလို့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ရုပ်နာမ်ကို သိမ်းဆည်းတဲ့ ဒီနာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမှာ ဒီရုပ်အတုတွေကိုလည်း ရောနှောကာ ရုပ်တရားအဖြစ်နှင့် သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။ သို့သော် ဒီရုပ်အတု တွေဟာ ရုပ်အစစ်တို့ကို မှီတွယ်ကာ ဖြစ်ပေါ်လာရတဲ့ တရားတွေသာ ဖြစ်တဲ့ အတွက် တကယ် ပရမတ်အစစ်တွေ မဟုတ်ခြင်းကြောင့် ဝိပဿနာရှုတဲ့အခါ ဒီရုပ်အစစ်တွေကိုတော့ ဝိပဿနာ မရှုရပါဘူး။
ခုပြောခဲ့တဲ့အတိုင်း ဒွါရ (၆)ပါး, (၄၂)ကောဋ္ဌာသတို့မှာ တည်ရှိတဲ့ ရုပ်အစစ် ရုပ်အတုတွေကို စနစ်တကျ သိမ်းဆည်းနိုင်ပါမှ ယောဂီပုဂ္ဂိုလ်က ရုပ်တရားကို သိတဲ့အဆင့်ပဲ ရှိပါသေးတယ်။
ဒီဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသမှာရှိတဲ့ ရုပ်အစစ် ရုပ်အတုတွေကို သိမ်းဆည်းနိုင်တဲ့ ယောဂီပုဂ္ဂိုလ်က ဒီရုပ်အားလုံးကို ခြုံငုံ၍ ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းပါ။ ထပ်ကာထပ်ကာ ရှုနေပါ။ သိမ်းဆည်းနေပါ။
__________
အခန်း (၁၁)
နာမ်ကမ္မဋ္ဌာန်းပိုင်း
ရုပ်တရားကို သိမ်းဆည်းပြီးတဲ့ ပုဂ္ဂိုလ်ဟာ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းရပါတယ်။ ဒီနာမ်တရားတွေကို နာမကာယလို့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကြီးက ခေါ်ဝေါ်သုံးစွဲထားပါတယ်။ (ပဋိသံ-၁၈၀) နာမ်တရားတို့ရဲ့ အပေါင်းအစုကို နာမကာယလို့ ခေါ်ပါတယ်။ ရုပ်တရား နာမ်တရားတွေဟာ သင်္ခတပရမတ်တရားတို့ရဲ့ ထုံးတမ်းစဉ်လာအတိုင်း အုပ်စုအလိုက်သာ ဖြစ်နိုင် တဲ့အတွက် ဖြစ်ရိုးဓမ္မတာလည်း ရှိတဲ့အတွက် နာမ်တရားတွေကို နာမကာယ လို့ ခေါ်ဆိုပါတယ်။ ဒီနာမ်တရားတွေကို ရှုတဲ့အပိုင်းမှာ စျာန်နာမ်တရား တွေကို ရှုတဲ့အပိုင်းက တစ်ပိုင်း, ကာမာဝစရနာမ်တရားတွေကို ရှုတဲ့အပိုင်းက တစ်ပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီနာမ်တရားရှုကွက်နှင့် ပတ်သက်လို့ မြတ်စွာဘုရားရှင်ရဲ့ ညွှန်ကြားချက်တစ်ခုကို ပုံစံတစ်ခုအဖြစ်နှင့် ရှေးဦးစွာ နာကြည့်ကြရအောင် -
အာဒိတ္တပရိယာယသုတ္တန် ကောက်နုတ်ချက်
ဣတိ စက္ခု အနိစ္စံ၊ ရူပါ အနိစ္စာ၊ စက္ခုဝိညာဏံ အနိစ္စံ၊ စက္ခုသမ္ဖေဿာ အနိစ္စော၊ ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ၊ တမ္ပိ အနိစ္စံ။ (သံ၊၂၊၃၇၈။)
၁။ စက္ခု အနိစ္စ,
၂။ ရူပါရုံ အနိစ္စ,
၃။ စက္ခုဝိညာဏ် အနိစ္စ,
၄။ စက္ခုသမ္ဖဿ အနိစ္စ,
၅။ စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာလည်း အနိစ္စ။
ဒီလို ဝိပဿနာရှုရန် ဘုရားရှင်က ညွှန်ကြားထားတော်မူပါတယ်။ ဒီ နေရာမှာ စက္ခုသမ္ဖဿ ဆိုတာကတော့ စက္ခုဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်တဲ့ ဖဿကို စက္ခုသမ္ဖဿလို့ ဆိုလိုပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၁၃၈။) စက္ခုသမ္ဖဿပစ္စယာ ဝေဒနာဆိုတာကတော့ စက္ခုသမ္ဖဿကို မူလအကြောင်းခံ၍ ဖြစ်ပေါ် လာတဲ့ စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံတို့နှင့် ယှဉ်တဲ့ ဝေဒနာအားလုံးကိုပဲ ရည်ညွှန်းထားပါတယ်။ (မ၊ဋ္ဌ၊၁၊၂၂၆။ သံ၊ဋ္ဌ၊၂၊၁၅။ သံ၊ဋ္ဌ၊၃၊၅။)
ဒီအထက်ပါ အာဒိတ္တပရိယာယသုတ္တန်မှာ ဘုရားရှင် ညွှန်ကြားထား တော်မူတဲ့ ဝိပဿနာရှုကွက်ကို ကြည့်လိုက်လျှင် စက္ခုဒွါရနာမ်တရားတွေကို ရှုလိုတဲ့ ယောဂါဝစရရဟန်းသည် -
၁။ စက္ခုအကြည်ဓာတ်ဆိုတဲ့ မှီရာဝတ္ထုရုပ်,
၂။ ရူပါရုံဆိုတဲ့ အာရုံရုပ်ကို
ရှေးဦးစွာ သိမ်းဆည်းထားစေလိုတဲ့ ရည်ရွယ်ချက်, ရှေးဦးစွာ ဝိပဿနာ ရှုစေလိုတဲ့ ရည်ရွယ်ချက် ရှိတော်မူတယ်လို့ သိနိုင်ပါတယ်။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ကို ပူးတွဲသိမ်းဆည်းပြီးပါမှ နာမ်တရားများကို ရှုတဲ့အခါ -
၁။ စက္ခုဝိညာဏ်
၂။ စက္ခုသမ္ဖဿ
၃။ စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ -
ဒီလို နာမ်တရားတွေကို ရှုဖို့ရန် ညွှန်ကြားထားတော်မူပါတယ်။ ကျန် (၅)ဒွါရတို့ကိုလည်း ပုံစံတူပဲ ညွှန်ကြားထားတော်မူပါတယ်။ တစ်ဖန် ရာဟုလောဝါဒသုတ္တန် (သံ၊၂၊၃၂၄။) မှာတော့ ဘုရားရှင်က ရှင်ရာဟုလာအား ညွှန်ကြားတော်မူရာဝယ် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာပိုင်း စသည်မှာ-
ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ ...
စသည်ဖြင့် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿဆိုတဲ့ ဖဿ (၆)မျိုးကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြတဲ့ ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း, ဇော, တဒါရုံတို့အခိုက်မှာ ဖြစ်ပေါ်နေတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တရားအပေါင်းတို့ကို ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြား ထားတော်မူပါတယ်။ ဤသို့သော ညွှန်ကြားတော်မူချက်များကို ဦးထိပ်ရွက် ပန်ဆင်လျက် အဋ္ဌကထာကြီးများက နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ဖော်ပြရာ၌ အထူးသဖြင့် ကာမာဝစရနာမ်တရားများရဲ့ ရှုကွက်ကို ရေးသားဖွင့်ဆိုရာ၌ ဒီလို ဖွင့်ဆိုထားကြပါတယ်။
---နာမ်ကမ္မဋ္ဌာန်းကို ရှုသင့်သူ
ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇။)
နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုတဲ့ ယောဂါဝစရပုဂ္ဂိုလ်ဟာ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီး = ဉာဏ်ဖြင့်ပိုင်းခြားယူထားပြီး ဖြစ်ရမယ်။ အကြောင်းကတော့ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းထားပြီးတဲ့ ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးတဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာသာလျှင် နာမ်တရားတွေဟာ -
၁။ ဖဿကစ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,
၂။ ဝေဒနာကစ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,
၃။ အသိစိတ် ဝိညာဏ်ကစ၍ နာမ်တရားတို့ ထင်ရှားလာသောနည်း,
ဒီလို နာမ်တရားတို့ကို သိမ်းဆည်းပုံ သိမ်းဆည်းနည်း နည်းစနစ် သုံးမျိုး တို့တွင် တစ်မျိုးမျိုးသော အကြောင်းအခြင်းအရာအားဖြင့် နာမ်တရားတွေဟာ ထင်ရှားလာနိုင်တဲ့အတွက်ကြောင့် ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးတဲ့ ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် နာမ်တရားတို့ကို သိမ်းဆည်းခြင်းငှာ ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာ ကြိုးစားအားထုတ်ခြင်း လုံ့လ ပယောဂကို ပြုသင့်ပြုထိုက်တယ်။ ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို မသိမ်းဆည်းရသေးတဲ့ပုဂ္ဂိုလ်, ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိ သေးတဲ့ ပုဂ္ဂိုလ်ဟာ နာမ်တရားကို သိမ်းဆည်းဖို့ရန် မကြိုးစားသင့်ဘူး။ ကြိုးစားခဲ့လျှင် ဘာအပြစ်တွေ ဖြစ်နိုင်သလဲလို့တော့ မေးစရာရှိတယ်။
တွန်းကန်လှုပ်ရှားနေတဲ့ ဝါယောဓာတ်လို ရုပ်တရား တစ်လုံးလောက်ကို သိရုံနှင့် သို့မဟုတ် တွန်းကန်လှုပ်ရှားနေတဲ့ ဝါယောဓာတ်နှင့် ပူမှု-အေးမှုဆိုတဲ့ တေဇောဓာတ်၊ ဒီရုပ်ဓာတ် နှစ်လုံးလောက်သိရုံနှင့် ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို စွန့်ပယ်လိုက်ကာ သို့မဟုတ် ရပ်ဆိုင်းလိုက်ကာ နာမ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး သိမ်းဆည်းရှုပွားခဲ့မယ်ဆိုလျှင် ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်တယ်။ပထဝီကသိုဏ်းကို ဖွင့်ဆိုခဲ့တဲ့အပိုင်းတွင် တင်ပြခဲ့တဲ့ တောင်မှာကျက်စား နေတဲ့ မလိမ္မာတဲ့ နွားမိုက်မလို ပျက်စီးတတ်တယ်။
ဒါကြောင့် သင့်လျော်တဲ့နည်းလမ်းကို ပြောရမယ်ဆိုလျှင် ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးပါမှ နာမ်တရားကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်တဲ့ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာတော့ မိမိ အားထုတ်နေတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းဟာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်တဲ့ အဆင့်သို့တိုင်အောင် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြော ခြင်းသို့ ရောက်ရှိနိုင်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၇။) ဒီအဆုံးအဖြတ်ကတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။
မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၂၈၀။), ဒီဃနိကာယ် သက္ကပဥှသုတ္တန် အဋ္ဌကထာ (ဒီ၊ဋ္ဌ၊၂၊၃၁၄။)တို့ကလည်း အဓိပ္ပါယ်တူ စကားလုံးတို့ဖြင့် -
သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ ... (မ၊ဋ္ဌ၊၁၊၂၈၀။ ဒီ၊ဋ္ဌ၊၂၊၃၁၄။)
နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုတဲ့ ယောဂီပုဂ္ဂိုလ်သည် အကျဉ်းနည်း အားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့်သော်လည်းကောင်း ရုပ်တရားကို သိမ်းဆည်းထားပြီးဖြစ်ရမည် - စသည်ဖြင့် စည်းကမ်းသတ်မှတ် ချက်များကို ချမှတ်ပေးထားကြပါတယ်။
---အကြောင်းပြချက်များ
ဘာကြောင့် ဒီလို ညွှန်ကြားရသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဒီ နာမ်တရားတို့ရဲ့ သက်တမ်းဟာ အလွန်တိုတောင်းပါတယ်။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဆိုတဲ့ အချိန်ကာလကို ကုဋေတစ်သိန်း လောက်ပုံလျှင် တစ်ပုံလောက်သာ သက်တမ်းရှိကြတယ်။ ဒီလောက် သက်တမ်းတိုနေတဲ့ နာမ်တရားတွေကို သိမ်းဆည်းချင်တယ် ရှုချင်တယ်ဆိုလျှင် ယင်းနာမ်တရားတို့ ဖြစ်တဲ့နေရာက စောင့်ပြီး ရှုမှ တွေ့မြင်နိုင်ပါတယ်။ စိတ်နှင့်စေတသိက် နှစ်ခုပေါင်းကို နာမ်တရားလို့ ခေါ်ပါတယ်။ စိတ်နှင့် စေတသိက်တို့ဟာ စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းမှာ အနည်းဆုံး (၈)လုံး ပေါင်းမိပါမှ ဖြစ်နိုင်တဲ့စွမ်းအား ရှိကြတယ်။
အာနာပါနပထမစျာန်ဇောတို့လို စျာန်နာမ်တရား ဖြစ်မယ်ဆိုလျှင် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်းမှာ စိတ်စေတသိက် နာမ်တရားစုတွေဟာ (၃၄)လုံးအထိ ရှိတတ်ပါတယ်။ ဒီလို အုပ်စုအလိုက် အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို သေသေချာချာ ဝိပဿနာဉာဏ်နှင့် မြင်ချင်တယ်ဆိုလျှင် သူတို့ဖြစ်တဲ့နေရာက စောင့်ကြည့်ပါမှ မြင်နိုင်တယ်၊ ရှုလို့ ရနိုင်တယ်။ ဒါကလည်း အကြောင်းတစ်ရပ် ဖြစ်တယ်။
နောက်အကြောင်းတစ်ရပ်ကတော့ ဒီနာမ်တရားတွေဟာ ပညတ်အာရုံ အမျိုးမျိုးတွေကိုလည်း အာရုံယူပြီးတော့ ဖြစ်ပေါ်ကြတယ်။ ပရမတ်တရားတွေ ကိုလည်း အာရုံယူပြီးတော့ ဖြစ်ပေါ်ကြတယ်။ ပညတ်တွေဆိုတာက အလွန် အရာကျယ်တယ်။ မဆုံးနိုင်တဲ့သဘောလည်း ရှိတယ်။ ဒါကြောင့် အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်အနေနှင့် ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာတဲ့ နာမ် တရားတွေကို စတင်သိမ်းဆည်းရန် အဋ္ဌကထာကြီးများက ညွှန်ကြားထားပါ တယ်။
တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ဣဒံ အရူပန္တိ ပရိစ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)
ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက် ရောက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿာနာရှုရုံမျှဖြင့်လည်း အရိယမဂ် သို့ မဆိုက်ရောက်နိုင်၊ ဒါကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဘူတရုပ် ဥပါဒါရုပ် ဆိုတဲ့ ရုပ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ ဝိပဿနာရှုပြီးတဲ့နောက်မှာ ဒီရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာကြတဲ့ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဆိုတဲ့ နာမ်တရားတွေကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ပါ။ --- ဒီညွှန်ကြားချက်ကတော့ အဋ္ဌသာလိနီ အဋ္ဌကထာရဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်။
ဒီညွှန်ကြားချက်များအရ ရုပ်တရားကိုမျှ ပရမတ်သို့ဆိုက်အောင် မရှု တတ်သေးတဲ့ ပုဂ္ဂိုလ်တွေဟာ ရုပ်တရားကို အာရုံယူကာ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုဖို့ဆိုတဲ့အပိုင်းမှာ အလွန် ခက်ခဲဖွယ်ရာ ရှိပါတယ်။
နောက်အကြောင်းတစ်ရပ်ကတော့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ကို တစ်ဖက်ကမ်းသို့ရောက်အောင် အောင်အောင်မြင်မြင် ရှုပွားသိမ်းဆည်းပြီးတဲ့ ယောဂီပုဂ္ဂိုလ်က အကြောင်းတရားနှင့်တကွသော ဒီ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုလိုက်လို့ ဥဒယဗ္ဗယဉာဏ်ကို ကျော်လွန်၍ ဒီသင်္ခါရတရားတို့ရဲ့ အဖြစ်ကို လွှတ်ကာ အပျက်သက်သက်ကို အာရုံယူကာ ရှုနေတဲ့ ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိတဲ့အခါ ယောဂါဝစရပုဂ္ဂိုလ်ရဲ့ ဝိပဿနာရှုရမည့် လုပ်ငန်းခွင်ကို အဋ္ဌကထာများက ဒီလို သတ်မှတ်ပေးထားပါတယ်။
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
၁။ ဉာတအမည်ရတဲ့ ဝိပဿနာဉာဏ်နှင့် ထိုးထွင်းသိအပ်တဲ့ ဒုက္ခသစ္စာ တရား, သမုဒယသစ္စာတရားဆိုတဲ့ သင်္ခါရတရား,
၂။ ဉာဏအမည်ရတဲ့ ရှုနေတဲ့ ဝိပဿနာဉာဏ်ပြဓာန်းတဲ့ ဝိပဿနာမနောဒွါရိက မဟာကုသိုလ်ဇောဝီထိ နာမ်တရားစု,
ဒီဉာတ, ဉာဏတရား နှစ်မျိုးလုံးကိုလည်း ဝိပဿနာရှုရမှာ ဖြစ်တယ်။ အာရုံ, အာရမ္မဏိက နှစ်မျိုးလုံးကို ဝိပဿနာရှုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝိပဿနာပိုင်းမှာ ကာမာဝစရနာမ်တရားများကို ရှုတဲ့အပိုင်းမှာ အာရုံရုပ်တွေ ကိုလည်း တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုရမှာ ဖြစ်တဲ့အတွက် ယောဂီပုဂ္ဂိုလ် က ရုပ်တရားတွေကိုလည်း သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုအပ်ပါတယ်။
ခုပြောခဲ့တဲ့ အကြောင်းသုံးရပ်ကြောင့် နာမ်တရားတွေကို သိမ်းဆည်း တော့မည့်ပုဂ္ဂိုလ်ဟာ-
၁။ မှီရာဝတ္ထုရုပ်တရား,
၂။ အာရုံရုပ်တရား,
ဒီနှစ်မျိုးလုံးကို ပူးတွဲသိမ်းဆည်းပြီးမှ ဒီရုပ်တရားကို မှီတွယ်၍ ဒီရုပ် တရားကို အာရုံပြုကာ ဖြစ်ပေါ်လာတဲ့ နာမ်တရားတွေကို သိမ်းဆည်း ရှုပွားလို့ရရှိမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ မှီရာဝတ္ထုရုပ်တွေက စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထုဆိုပြီး မှီရာဝတ္ထုရုပ် (၆)မျိုးရှိပါတယ်။ အာရုံရုပ်တွေကတော့ ရုပ် (၂၈)ပါးလုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အနုပဒသုတ္တန် အဋ္ဌကထာက -
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ (မ၊ဋ္ဌ၊၄၊၆၀။)
မှီရာဝတ္ထုရုပ်နှင့် စျာန်နာမ်တရားတို့ရဲ့ အာရုံကို ပူးတွဲသိမ်းဆည်းပြီးမှ စျာန်နာမ်တရားတွေကို ဝိပဿနာရှုတာ ဖြစ်တဲ့အတွက် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်နာမ်တရားတွေကို တစ်လုံးစီတစ်လုံးစီရဲ့ ဥပါဒ်, ဌီ, ဘင်ကိုမြင်အောင် အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုနိုင်ကြောင်းကို ဖွင့်ဆိုထားပါတယ်။
ဒါကြောင့် နာမ်တရားတွေကို သိမ်းဆည်းတော့မည့်ပုဂ္ဂိုလ်ဟာ ရုပ်တရား တွေကို သိမ်းဆည်းထားပြီး ဖြစ်ဖို့တော့ လိုအပ်နေပါတယ်။
နောက်ထပ် မှတ်သားဖို့ရန် အချက်တစ်ချက် ရှိပြန်သေးတယ်။ နာမ် ကမ္မဋ္ဌာန်းကို သိမ်းဆည်းနည်း သုံးနည်းရှိတဲ့အနက် ယောဂါဝစရပုဂ္ဂိုလ်ရဲ့ အသိဉာဏ်မှာ ဖဿထင်ရှားလျှင် ဖဿကစပြီး သိမ်းဆည်းနိုင်တယ်။ ဝေဒနာ ထင်ရှားလျှင် ဝေဒနာကစပြီး သိမ်းဆည်းနိုင်တယ်။ အသိစိတ်ဝိညာဏ် ထင်ရှားလျှင် အသိစိတ်ဝိညာဏ်ကစပြီး သိမ်းဆည်းနိုင်တယ်။
ဒါပေမဲ့ ဖဿထင်ရှားတဲ့ပုဂ္ဂိုလ်ကလည်း ဖဿတစ်ခုတည်းသာ သိမ်းဆည်းရှုပွားရတာ မဟုတ်ဘူး၊ ဖဿနှင့် ယှဉ်ဖက်စိတ်စေတသိက် အားလုံးကိုပဲ ရှုပွားသိမ်းဆည်းရပါတယ်။ ဝေဒနာထင်ရှားတဲ့ ပုဂ္ဂိုလ်ကလည်း ဝေဒနာ တစ်လုံးတည်း သိမ်းဆည်းရှုပွားရတာတော့ မဟုတ်ဘူး၊ ဝေဒနာနှင့် ယှဉ်ဖက် စိတ်စေတသိက်အားလုံးကိုပဲ ရှုပွားသိမ်းဆည်းရပါတယ်။ အသိစိတ် (= ဝိညာဏ်) ထင်ရှားတဲ့ ပုဂ္ဂိုလ်ကလည်း အသိစိတ် ဝိညာဏ်တစ်လုံးတည်း ရှုပွားသိမ်းဆည်းနေရတာတော့ မဟုတ်ဘူး၊ အသိစိတ် (= ဝိညာဏ်)နှင့် ယှဉ်ဖက်စိတ်စေတသိက် အားလုံးကိုပဲ ရှုပွားသိမ်းဆည်းရပါတယ်။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋီ၊၁၊၃၇၀။)
---အာယတနဒွါရအလိုက် သိမ်းဆည်းပါ
ဒီလို ဝတ္ထုနှင့်အာရုံကို ပူးတွဲသိမ်းဆည်းကာ စိတ္တက္ခဏတစ်ခုတစ်ခု အတွင်းမှာ တည်ရှိတဲ့ နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိဆိုတဲ့ အာယတနဒွါရအလိုက် သိမ်းဆည်းရှုပွားရန် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၃။) နှင့် မဟာဋီကာ (မဟာဋီ၊၂၊၃၅၂-၃၅၃-၄၁၀။)တို့က ဖွင့်ဆိုထားကြပါတယ်။
ဒီညွှန်ကြားချက်များအတိုင်း ယောဂီပုဂ္ဂိုလ်က ဝီထိစိတ်အစဉ်အတိုင်း နာမ်တရားတွေကို စတင်ပြီးတော့ သိမ်းဆည်းရှုပွားရမှာ ဖြစ်တယ်။ ဝီထိမှ အလွတ်ဖြစ်တဲ့ ဝီထိမုတ်စိတ်ဖြစ်တဲ့ ပဋိသန္ဓေ, ဘဝင်, စုတိ နာမ်တရားတို့ကို လည်း ရှုရမှာပင် ဖြစ်ပါတယ်။ ဒါပေမဲ့ နာမ်ကမ္မဋ္ဌာန်းကို အားထုတ်စပုဂ္ဂိုလ် ကိုတော့ ဝီထိစိတ် နာမ်တရားစုတွေကစပြီး သိမ်းဆည်းရှုပွားရန် ညွှန်ကြား တော်မူခြင်း ဖြစ်ပါတယ်။ ဒီညွှန်ကြားချက်တွေဟာ ဘုရားရှင်ရဲ့ ညွှန်ကြား ချက်များနှင့် ညီညွတ်နေတဲ့ ညွှန်ကြားချက်တွေသာ ဖြစ်ကြပါတယ်။ မဟာသတိပဋ္ဌာနသုတ္တန်ကို စံထားပြီးတော့ ကြည့်ပါ။
---မဟာသတိပဋ္ဌာနသုတ္တန်၌ ဟောကြားထားတော်မူပုံအစဉ်
မဟာသတိပဋ္ဌာနသုတ်မှာ ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန်ကို စတင်ပြီး ဟောကြားထားတော်မူပါတယ်။ အဲဒီ ကာယာနုပဿနာ သတိပဋ္ဌာန်ပိုင်းမှာ အာနာပါနကမ္မဋ္ဌာန်းတို့လို သမထကမ္မဋ္ဌာန်းများကိုလည်း စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် ဟောကြားထားတော်မူပါတယ်။ ထို သမာဓိကို အခြေခံ၍ ရုပ်တရားကို အဦးမူကာ ရူပကာယ, နာမကာယ ခေါ်တဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းရှုပွားပုံတွေကို အဆင့်ဆင့် ဟောကြားသွားတော် မူပါတယ်။
ကာယာနုပဿနာသတိပဋ္ဌာန်ကို ဟောကြားတော်မူပြီးမှ ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ဟောကြားပေးတော်မူပါတယ်။ ဒီဟောကြားတော် မူပုံကို ကြည့်လိုက်လျှင် ဝေဒနာရှုတော့မည့် ပုဂ္ဂိုလ်အတွက် ဝေဒနာကို မရှုမီ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ဆိုတဲ့ ရုပ်တရားတွေကို ရှေးဦးစွာ သိမ်းဆည်း ရှုပွားစေလိုတဲ့ ရည်ရွယ်ချက် ရှိတော်မူတယ်လို့လည်း သိနိုင်တယ်။
ရုပ်တွေနာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ စျာန်သမာဓိ တစ်ခုခုကို သော်လည်းကောင်း, ဥပစာရသမာဓိကိုသော်လည်းကောင်း ဝိပဿနာ၏ အခြေပါဒကအဖြစ် သမာဓိကို ထူထောင်စေလိုတဲ့ အာသာဆန္ဒဓာတ်တော် လည်း ရှိနေတာကို သိနိုင်ပါတယ်။ စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ကို ပွားများလိုသူတို့အတွက်လည်း နည်းတူ အာသာဆန္ဒဓာတ် တော်များ ဘုရားရှင်၏ သန္တာန်တော်၌ ရှိနေပုံတို့ကို သဘောပေါက်ပါ။
ဒီတော့ သမာဓိတွေကိုလည်း အောင်အောင်မြင်မြင် ထူထောင်ပြီးပါမှ ရုပ်တရားတွေကိုလည်း စနစ်တကျ သိမ်းဆည်းပြီးပါမှ ဝေဒနာကို ဆက်လက် ရှုတဲ့လုပ်ငန်းခွင်ကို အသိစိတ်ကို (= ဝိညာဏ်ကို) သို့မဟုတ် ဖဿကို ဆက်လက် ရှုပွားသိမ်းဆည်းတဲ့ လုပ်ငန်းခွင်ကို ဘုရားရှင်က နှစ်ခြိုက်တော်မူတယ် ဆိုတာကို သတိပဋ္ဌာန်လေးပါးကို ဟောကြားသွားတော်မူပုံ အစဉ်ကို ကြည့် လျှင် မသိနိုင်ဘူးလား? သိနိုင်ပါတယ်။ ဝိပဿနာဘာဝနာ လုပ်ငန်းခွင် တစ်ခုကို ကြိုးစားအားထုတ်တဲ့အပိုင်းမှာ ဘုရားရှင် ဟောကြားသွားတော်မူတဲ့ ဒေသနာတော်အစဉ်ကိုတော့ မိမိရဲ့ ဉာဏ်နှင့် အမြဲမပြတ် ဉာဏ်မီသမျှ လိုက်ကြည့်တတ်ဖို့တော့ လိုအပ်ပါတယ်။
ရုပ်ကမ္မဋ္ဌာန်းကိုလည်း မရှုတတ်သေးတဲ့အတွက် ရုပ်ပရမတ်ကိုလည်း မသိသေးဘူး၊ သမာဓိကိုလည်း မထူထောင်ထားတဲ့အတွက် သမာဓိကလည်း မရှိသေးဘူး။ ဒီလို သမာဓိကိုလည်း မထူထောင်ရသေးတဲ့ ရုပ်ပရမတ်ကိုလည်း မသိသေးတဲ့အတွက် နာမ်တရားတို့ရဲ့ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်ကိုလည်း မသိမ်းဆည်းတတ်သေးတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးက ကမ္မဋ္ဌာန်းကျောင်းတွင်းသို့ ဝင်ရောက်ကာ ထိုင်လျှင်ထိုင်ခြင်း စထိုင်လိုက်တာနှင့် ဝေဒနာကို စရှုမယ် ဆိုလျှင် ယှဉ်ဖက်စိတ်စေတသိက်တို့နှင့် အတူတကွ အာယတနဒွါရအလိုက် ဖြစ်ပေါ်သွားကြတဲ့ ဝေဒနာတွေကို နာမ်ဃနခေါ်တဲ့ အတုံးအခဲတွေကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် ပုံစံမှန် သိဖို့ဆိုတဲ့ အပိုင်းကတော့ တော်တော်လေး ခက်ခဲပါတယ်။
ဘာဖြစ်လို့ ခက်ခဲရသလဲဆိုတော့ ဝေဒနာရှုတော့မည့် ပုဂ္ဂိုလ်သည် ဝေဒနာတစ်လုံးတည်း ရှုရသည်မဟုတ်ဘူး၊ ဝေဒနာနှင့်ယှဉ်ဖက် စိတ်စေတသိက်တွေကိုပါ ပူးတွဲရှုရမှာ ဖြစ်တယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ဒီ စိတ် စေတသိက်တွေမှာ အကြမ်းစားအားဖြင့် ဝီထိစိတ်စေတသိက်နှင့် ဝီထိမုတ် စိတ်စေတသိက်ဆိုပြီး နှစ်စားရှိပါတယ်။
ဘဝတစ်လျှောက်မှာ စိတ်အစဉ် မပြတ်စဲရေးအတွက် အတိတ်ကကံရဲ့ အကျိုးအာနိသင်ကြောင့် ဖြစ်ပေါ်နေတဲ့ အများစုစိတ်ကတော့ ဘဝင်စိတ်ပါပဲ၊ ဘဝင်စိတ်ဆိုတာကတော့ ဘဝင်္ဂ = ဘဝ+အင်္ဂ = ဘဝရဲ့ အကြောင်းတရား၊ ဘာအကြောင်းတရားလဲလို့မေးတော့ ဘဝမှာ စိတ်အစဉ်မပြတ်စဲရေးအတွက် အကြောင်းတရားအဖြစ်နှင့် အတိတ်ကကံကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်အစဉ် တစ်မျိုးပဲ၊ ဘဝတစ်ခုမှာ ခေါင်ဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေစိတ်၊ နောက်ဆုံးဖြစ်သွားတဲ့ ဘဝင်စိတ်ကိုတော့ စုတိစိတ်ဆိုပြီး ဒီလိုသုံးထားတာပါ။ အားလုံးကတော့ စိတ်တစ်မျိုးတည်းပဲ။ အဲဒီ ဘဝင်စိတ်တွေကတော့ အားထုတ်စယောဂီမှာ သိမ်းဆည်းရန် နည်းနည်း ခက်ခဲပါတယ်။ ခက်ခဲတဲ့ အချိန်အခါကျတော့ ဘာကနေ စသိမ်းဆည်းရမလဲ မေးလျှင်တော့ ဝီထိစိတ် ကနေ စသိမ်းဆည်းရပါတယ်။
---စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံအပိုင်း
ဝီထိစိတ်တွေထဲမှာလည်း အခုလို သမထယာနိကပုဂ္ဂိုလ် ဖြစ်ခဲ့မယ် ဆိုလျှင်တော့ စျာန်နာမ်တရားတွေကနေ စတင်ကာ သိမ်းဆည်းလျှင်တော့ ပိုပြီး လွယ်ကူတဲ့သဘော ရှိပါတယ်။ ပိုပြီး လွယ်ကူတဲ့သဘော ရှိခြင်းကြောင့် ဘုန်းကြီး ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းပုံအပိုင်းကို အရိပ်အမြွက် လောက်တော့ ဒီညပြောဖို့ ရည်ရွယ်ထားပါတယ်။ ဒီတော့ ယောဂီပုဂ္ဂိုလ်က ခုနက အာနာပါနဖြင့် သမာဓိထူထောင်ထားတဲ့ အပိုင်းမှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိကို အဆင့်ဆင့် ထူထောင်နိုင်ပြီဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းချင်တယ်ဆိုလျှင်, ဥပမာ ပထမစျာန်နာမ်တရား ကို သိမ်းဆည်းချင်တယ်ဆိုလျှင် ပထမစျာန်ကို တစ်ဖန်ပြန်ပြီးတော့ ဝင်စားရ တယ်။ ဝင်စားပြီးတဲ့ အချိန်အခါ ထိုစျာန်မှထပါ။ ထပြီးတဲ့ အချိန်အခါကျမှ ဒီနာမ်တရားတွေကို ပြန်ပြီး သိမ်းဆည်းရတယ်။
---ရှေးဟောင်းကျင့်ထုံးတစ်ရပ်
သိမ်းဆည်းတဲ့လုပ်ငန်းခွင်နှင့် ပတ်သက်လို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဝိပဿနာရှုပွားပုံ ထုံးတစ်ရပ်ကို မြတ်စွာဘုရားကိုယ်တော် တိုင်က ဝန်ခံပြီးဟောထားတဲ့ အနုပဒသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု ဥပရိပဏ္ဏာသ ပါဠိတော်မှာ လာရှိပါတယ်။ (မ၊၃၊၇၅-၇၉။) ဒီသုတ္တန်ကို ဟောတော်မူရခြင်းရဲ့ အကြောင်းရင်းကို ပြန်ပြီးဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပညာဉာဏ်ကြီးမားတော်မူတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါပေမဲ့ ပရိသတ်ထဲမှာ ပညာဉာဏ်ဂုဏ်ဆိုတာက ထုတ်ဖော်ပြီး မပြောလျှင် ပေါ်လွင်မှု မရှိဘူး။
အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကတော့ တန်ခိုးအရာမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် နတ်ပြည်သွားလိုက်, နတ်ပြည်က နတ်သားနတ်သမီးတွေရဲ့ ကောင်းမှုကုသိုလ်တွေကို မေးမြန်းလိုက်, လူ့ပြည်ပြန်ပြီး တရားဟောလိုက်၊ ငရဲပြည်သွားလိုက်, ငရဲပြည်မှာရှိတဲ့ ငရဲသားသတ္တဝါတွေရဲ့ မကောင်းမှု အကုသိုလ်ကံတွေကို မေးလိုက်, လူ့ပြည်ပြန်ပြီး တစ်ဖန်တရား ဟောလိုက်၊ ဒီစနစ်ဖြင့် သူက သာသနာပြုနေတော့ အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်က တော်တော်ထင်ရှားနေတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ ပညာဂုဏ်တွေက သိပ်ပြီး မထင်ရှားတဲ့အတွက် ထင်ရှားအောင်ဆိုပြီး မြတ်စွာဘုရားက ဒီအနုပဒသုတ္တန် ကို ရဟန်းတော်တို့အား မြတ်စွာဘုရားက ဟောကြားပေးတော်မူခြင်း ဖြစ်ပါ တယ်။ ထိုအနုပဒသုတ္တန်မှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ပထမစျာန်သမာဓိကို ဝင်စားတယ်။ ပထမစျာန်နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ဥပါဒ်, ဌီ, ဘင်လို့ ခေါ်ဆိုအပ်တဲ့ ဖြစ်မှု, တည်မှု, ပျက်မှုတွေကို မြင်အောင်ကြည့်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပွားပုံကို မြတ်စွာဘုရားက အသေးစိတ် ဟောထားပါတယ်။
ပထမစျာန်ကနေပြီးတော့ နေဝသညာနာသညာယတနစျာန်အထိ မြတ်စွာဘုရားက ပိုက်စိပ်တိုက်ပြီး ဟောသွားပါတယ်။ ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် အာကာသာနဉ္စာယတနစျာန် ဝိညာဏာနဉ္စယတန စျာန် အာကိဉ္စညာယတနစျာန်ခေါ်တဲ့ ဒီစျာန်ခုနစ်ပါးမှာ တည်ရှိနေတဲ့ စျာန်နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီခွဲပြီး ဝိပဿနာရှုတယ်။ သို့သော် နေဝသညာနာသညာယတနစျာန်နာမ်တရားတွေကျတော့ အလွန့်အလွန် သိမ်မွေ့တဲ့အတွက် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက တစ်လုံးစီခွဲပြီး မရှုတော့ဘဲနဲ့ ခြုံငုံပြီးတော့ပဲ ဝိပဿနာရှုတဲ့အကြောင်း မြတ်စွာဘုရား ကိုယ်တိုင် ဟောကြားထားတော်မူပါတယ်။ (မ၊၃၊၇၈။ မ၊ဋ္ဌ၊၄၊၆၁။)
ဒီတော့ ဒီပထမစျာန်နာမ်တရားတွေရဲ့ စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီရဲ့ ဖြစ်မှု, တည်မှု, ပျက်မှု = ဥပါဒ်, ဌီ, ဘင်ကို မြင်အောင်ကြည့်ပြီး တော့မှ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုတာ၊ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ရှုပွားသွား တော်မူသလဲ? ဒီအပိုင်းကိုပဲ အဋ္ဌကထာဆရာတော်များက အတိအကျ ဖွင့်ထားပါတယ်။ ဝတ္ထုနှင့်အာရုံကို ပူးတွဲသိမ်းဆည်းပြီးမှ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက စျာန်နာမ်တရားတွေကို ဝိပဿနာ ရှုပွားသုံးသပ်တော် မူတယ်ဆိုပြီး အတိအကျ ရှင်းထားတယ်။ (မ၊ဋ္ဌ၊၄၊၆၀။)
ဝတ္ထုနှင့်အာရုံဆိုတာကတော့ ဒီစျာန်နာမ်တရားတွေသည် နှလုံးအိမ် အတွင်းမှာ တည်ရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်သွားကြတယ်။ အာရုံဆိုတာကတော့ ခုအာနာပါနစျာန်ဖြစ်ခဲ့မယ် ဆိုလို့ရှိလျှင်တော့ အာရုံက နှာသီးဝ သို့မဟုတ် အထက်နှုတ်ခမ်း တစ်နေရာမှာ တည်ရှိနေတဲ့ ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်က အာရုံဖြစ်ပါတယ်။ ထိုကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံလှမ်းပြီးတော့ယူရ ပါတယ်။
နံပါတ် (၁)ကတော့ ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်ရမယ်။ ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်တဲ့ ပုဂ္ဂိုလ်က ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ အိမ်ရှင်ဘဝင်မနောအကြည်ကိုလည်း သိမ်းဆည်းတတ်ပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ? ဝီထိစိတ်မဖြစ်တဲ့ အချိန်အခါမှာ အိမ်ရှင်ဘဝင် မနောအကြည်ဓာတ်က ဒီဟဒယဝတ္ထုရုပ်တွေကိုပဲ မှီတွယ်ပြီး ဖြစ်ပေါ်နေလို့ ဖြစ်ပါတယ်။ ဒီဘဝင်မနောအကြည်ကိုပဲ မနောဒွါရလို့ ခေါ်ဆိုပါတယ်။
ဒီတော့ ယောဂီပုဂ္ဂိုလ်က ဒီဟဒယဝတ္ထုရုပ်ဆိုတာကလည်း ဘယ်နေရာ နေသလဲ? မသိဘူး၊ မသိမ်းလည်း မသိမ်းဆည်းတတ်ဘူး၊ အာနာပါနပဋိဘာဂ နိမိတ်ဆိုတာလည်း ဘယ်လိုနေမှန်း မသိဘူး။ အဲဒီလို မသိတာတွေ တစ်ပုံကြီး ထမ်းထားမယ်ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က ဒီအာနာပါနစျာန် နာမ်တရားတွေ ကို ဝိပဿနာရှုမယ်ဆိုလျှင် ရှုလို့ရမလား? မရနိုင်ဘူး။ အလားတူပဲ တခြား တခြားသော ကာမာဝစရနာမ်တရားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း မှီရာရုပ်ဝတ္ထုနှင့် အာရုံကို ပူးတွဲပြီး သိမ်းဆည်းတတ်ပါမှသာလျှင် ဒီနာမ်တရား တွေက သိမ်းဆည်းလို့ ရပါတယ်။
မှီရာရုပ်ဝတ္ထုရုပ်ဆိုတာကလည်း ဘယ်လိုနေသလဲ? မသိသေးဘူး၊ အာရုံရုပ်ဆိုတာကလည်း ဘယ်လိုလဲ? မရှုပွားတတ်ဘူး။ အဲဒီပုဂ္ဂိုလ်က ဒီနာမ် တရားကို ရှုမယ်ဆိုလျှင်တော့ မှန်းပြီးရှုတဲ့ သဘောလောက်သာလျှင် ဖြစ်တယ်။ ဝိပဿနာဆိုတာက မှန်းဆပြီး ရှုရုံနဲ့ လိုရင်းကိစ္စ ပြီးနိုင်တဲ့လုပ်ငန်း မဟုတ်ပါ ဘူး၊ ဉာဏ်မျက်စိနဲ့ စနစ်တကျ မြင်ရမည့် လုပ်ငန်းခွင် ဖြစ်ပါတယ်။ ခုနက အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး ရှုသလို ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းချင်တယ်ဆိုလျှင် အာနာပါနပထမစျာန်လည်း ဖြစ်မယ်ဆိုလျှင် ပထမစျာန်နာမ်တရား သုံးဆယ့်လေးလုံးအထိ ရှိပါတယ်။
---အနုပဒဓမ္မဝိပဿနာနှင့် ကလာပသမ္မသနဝိပဿနာ
ဒီသုံးဆယ့်လေးလုံးကို တစ်လုံးစီ တစ်လုံးစီ ဖြစ်မှု, တည်မှု, ပျက်မှုခေါ်တဲ့ ဥပါဒ်, ဌီ, ဘင်ကို မြင်အောင်ကြည့်ပြီးတော့မှ အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူပါတယ်။ အနုပဒဓမ္မဝိပဿနာနည်းလို့ ခေါ်ပါတယ်။ (မ၊၃၊၇၅-၇၉။ မ၊ဋ္ဌ၊၄၊၅၉။) ခြုံငုံရှုတဲ့ နည်းစနစ်ကတော့ ကလာပသမ္မသန ဝိပဿနာနည်းလို့ ခေါ်ပါတယ်။ အဲဒီ ဝိပဿနာရှုပွားပုံ နည်းစနစ်တွေကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက သောတာပန်ဖြစ်ပြီးတဲ့နောက် ရဟန္တာမဖြစ်မီအတွင်း တစ်ဆယ့်ငါးရက်တိုင်တိုင် တပို့တွဲလဆန်း (၁)ရက်မှ တပို့တွဲလပြည့်နေ့အထိ ကြိုးစားရပါတယ်။
မြတ်စွာဘုရား ပထမဝါကျွတ်တော်မူပြီးနောက် ရာဇဂြိုဟ်ပြည် ဆိုက် ရောက်ပြီးတော့ ဝေဠုဝန်ကျောင်းတိုက်ကြီးကို အလှူခံပြီးတဲ့ နောက်ပိုင်း တပို့တွဲလဆန်း (၁)ရက်နေ့လောက် ဆိုကြစို့၊ အရှင်အဿဇိမထေရ်နှင့် တွေ့လိုက် တဲ့ အချိန်အခါမှာ အရှင်သာရိပုတ္တရာ အလောင်းအလျာဖြစ်တဲ့ ဥပတိဿ ပရိဗိုဇ်က အရှင်အဿဇိမထေရ်ထံမှ ယေ ဓမ္မာ ဟေတုပ္ပဘဝါ အစချီတဲ့ သစ္စာလေးပါးနှင့်စပ်တဲ့ တရားဂါထာတစ်ခုကို နာကြားခွင့် ရရှိတဲ့အတွက် သောတာပန်တည်သွားတယ်။
ဒီဂါထာကိုပဲ တစ်ဆင့် အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာဖြစ်တဲ့ ကောလိတပရိဗိုဇ်ကို အရှင်သာရိပုတ္တရာ အလောင်းဖြစ်တဲ့ ဥပတိဿပရိဗိုဇ် က ထပ်ဆင့်ပြီး ဟောကြားတော်မူလိုက်တဲ့ အချိန်အခါမှာ အရှင်မဟာမောဂ္ဂလ္လာန် အလောင်းအလျာဖြစ်တဲ့ ကောလိတပရိဗိုဇ်လည်း သောတာပတ္တိ မဂ်ဖိုလ် တည်ပါတယ်။ ထိုနေ့ ညနေခင်းမှာပဲ ဝေဠုဝန်ကျောင်းတော်ကို သွားပြီးတော့ ရှင်ရဟန်းပြုကြတယ်။ ဧဟိ ဘိက္ခု ရဟန်းအားလုံး ဖြစ်သွား ကြပါတယ်။ ထိုနေ့ညနေမှာ သူတို့ရဲ့ နောက်လိုက်တပည့် နှစ်ရာ့ငါးဆယ် ပါသွားတယ်။ နှစ်ရာ့ငါးဆယ်လုံးက မြတ်စွာဘုရား တရားဟောတော်မူတဲ့ အဆုံးမှာ အရဟတ္တဖိုလ် တည်သွားကြတယ်။
အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကတော့ မာဂဓတိုင်းအတွင်း ကလ္လဝါဠပုတ္တခေါ်တဲ့ တောရွာကလေး တစ်ရွာမှာ သွားပြီးတော့ တောအုပ် တစ်ခုကို အမှီပြုပြီး တရားဘာဝနာကျင့်လိုက်တာ (၇)ရက်အတွင်းမှာ အရဟတ္တဖိုလ်တည်တယ်ဆိုကြစို့၊ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်က (၁၅)ရက်တိုင်တိုင် ကြိုးစားရပါတယ်။ တပို့တွဲ လဆန်း (၁)ရက်ကနေ စတင်ပြီး ကြိုးစားလိုက်တာ တပို့တွဲလပြည့်နေ့ရောက်တော့မှ မြတ်စွာဘုရားက ဒီနေ့ တော့ အရှင်သာရိပုတ္တရာ အရဟတ္တဖိုလ်တည်လိမ့်မယ်ဆိုတာ မြင်တော်မူတဲ့ အတွက် အရှင်သာရိပုတ္တရာကို ခေါ်ဆောင်ပြီးတော့ ဂိဇ္ဈကုဋ်တောင်ယံမှာ တည်ရှိတဲ့ သူကရခတလို့ ခေါ်ဆိုအပ်တဲ့ ဝက်တူးလိုဏ်ဂူကို ကြွချီပြီးတော့ ဝက်တူးလိုဏ်ဂူအတွင်းမှာ မြတ်စွာဘုရား ခေတ္တ ကုတင်ညောင်စောင်းပေါ်မှာ ထိုင်ပြီး သီတင်းသုံးခိုက် အရှင်သာရိပုတ္တရာကလည်း နောက်တော်ပါးကနေ မတ်တတ်ရပ်လျက် မြတ်စွာဘုရားကို ယပ်လေခပ်ပြီး ပူဇော်နေခိုက် အရှင် သာရိပုတ္တရာရဲ့ တူတော်ဖြစ်တဲ့ ဒီဃနခပရိဗိုဇ်ကလည်း ဘုရားရှင်နှင့် အရှင် သာရိပုတ္တရာတို့ရဲ့ နောက်တော်ကနေ လိုက်လာပြီးတော့ မြတ်စွာဘုရားကို မေးခွန်းမေးတဲ့အခါ မြတ်စွာဘုရားက အဖြေအနေနဲ့ ဒီဃနခသုတ္တန်ကို ဟောကြားပေးတော်မူပါတယ်။
ဒီဃနခသုတ္တန်ကို ဟောကြားလို့ ပြီးဆုံးသွားတဲ့ အချိန်အခါမှာ အရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက အရဟတ္တဖိုလ်တည်ပြီး တူတော်မောင် ဒီဃနခပရိဗိုဇ်က သောတာပတ္တိမဂ်ဖိုလ် တည်သွားခဲ့ပါတယ်။ (မ၊၂၊၁၆၅-၁၆၉၊၊) ဒီတော့ အဲဒီ (၁၅)ရက်တိုင်တိုင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဝိပဿနာကို ရှုပွားသုံးသပ်တော် မူတယ်ဆိုတဲ့ အကြောင်းကို မြတ်စွာဘုရားကိုယ်တော်တိုင်က အာမခံပြီး ဟောထားတဲ့ ဒေသနာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘုန်းကြီး ဒီအကြောင်း အရာကလေးတွေကို ခိုင်ခိုင်လုံလုံ ပြောနေတာက သာဝကတွေသည် ဘုရား ဟောတဲ့ နာမ်တရားကို ရှုမရဘူး၊ သာဝကတွေသည် ဘုရားဟောတဲ့ ရုပ်တရား ကို ရှုလို့မရဘူးဆိုတဲ့ အဆိုပြုချက်တွေက အားကောင်းနေလို့ ရှုလို့ရတဲ့ ထုံးတွေ စာပေကျမ်းဂန်မှာရှိတဲ့အကြောင်း ဘုန်းကြီးက ရှင်းလင်းတင်ပြခြင်း သာ ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဉာဏ်ကြီးတော့ ဒီလို ရှုရသွား သလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ အဋ္ဌကထာက အတိအကျ ရှင်းထား တယ်။ ဝတ္ထုနှင့်အာရုံကို ပူးတွဲသိမ်းဆည်းပြီးတော့ ရှုပွားသုံးသပ်တော်မူတဲ့ အတွက်ကြောင့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဒီနာမ်တရား တွေကို တစ်လုံးစီ တစ်လုံးစီ ပိုင်းခြားပြီးတော့ ဖြစ်မှု, တည်မှု, ပျက်မှုကို မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုပွားသုံးသပ်တော်မူတဲ့အကြောင်းကို အတိအကျ ဖွင့်ဆိုထားပါ တယ်။ (မ၊ဋ္ဌ၊၄၊၆၀။)
---စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ ဥပဒေသ
ဒါကြောင့် ဒီစျာန်နာမ်တရားတွေကို သိမ်းဆည်းတော့မည့် ယောဂီပုဂ္ဂိုလ် သည် ဘာလုပ်ရမလဲ? မိမိက အာနာပါနစျာန်ကို ရရှိဖူးတဲ့ ယောဂီဖြစ်မယ် ဆိုလျှင် အာနာပါနပထမစျာန်ကို တစ်ဖန်ပြန် ဝင်စားပါ။ စျာန်မှထတဲ့အခါ နံပါတ်တစ် - ဟဒယဝတ္ထု သို့မဟုတ် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းရတယ်။ နံပါတ်နှစ် - ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂ နိမိတ်ကို လှမ်းသိမ်းဆည်းရမယ်။ နံပါတ်သုံး - ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံက ဘဝင်မနောအကြည်ပေါ်မှာ လာထင် လိုက်တဲ့ အချိန်အခါ ဝိတက္က, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာလို့ ခေါ်ဆိုအပ်တဲ့ စျာန်အင်္ဂါငါးပါးကို တစ်ဖန် ပြန်သိမ်းဆည်းရပါတယ်။
သမထပိုင်းမှာကတည်းက ဒီစျာန်အင်္ဂါတွေကို သိမ်းဆည်းတတ်ပြီဖြစ်တဲ့ အတွက်ကြောင့် ဝိပဿနာကူးတော့မည့်ပုဂ္ဂိုလ်က ဒီစျာန်အင်္ဂါတွေကို တစ်ဖန် ပြန် သိမ်းဆည်းလျှင်လည်း လွယ်ကူနေပါတယ်။ ဒီစျာန်အင်္ဂါတွေကို ဒီတစ်ချီ သိမ်းဆည်းတဲ့အပိုင်းမှာ ထူးခြားချက်ကတော့ ပထမစျာန်မှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာလို့ ခေါ်ဆိုအပ်တဲ့ စျာန်အင်္ဂါငါးပါးတွေက ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်အောင် ရှုရပါတယ်။ စျာန်အင်္ဂါ ငါးပါး ငါးပါး ငါးပါး ငါးပါး စသည်ဖြင့် အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို ဉာဏ်နဲ့မြင်ပြီးတဲ့ အချိန်အခါကျတော့ စျာန်အင်္ဂါတွေကို အဝါးဝစွာ သိမ်းဆည်းနိုင်ပြီဆိုလျှင် ထိုယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့်တက်ပြီးတော့ အသိစိတ်က စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ, ဖဿက စ၍ဖြစ်စေ နာမ်တရားတွေကို တစ်စတစ်စနဲ့ တိုးပြီး သိမ်းဆည်းရပါတယ်။
အသိစိတ်ကနေစပြီး သိမ်းဆည်းလျှင်လည်း အသိစိတ်တစ်လုံးတည်း ကိုသာ သိမ်းဆည်းရသည်မဟုတ်၊ အခုလို အာနာပါနပထမစျာန် ဖြစ်ခဲ့မယ် ဆိုလျှင် ပထမစျာန်နာမ်တရားသုံးဆယ့်လေးလုံးရှိတော့ သုံးဆယ့်လေးလုံး စလုံးကိုပဲ အကုန်လုံး သိမ်းဆည်းရမှာ ဖြစ်တယ်။ ဝေဒနာက စသိမ်းဆည်းလျှင် ဒီပထမစျာန်နာမ်တရားမှာ ဝေဒနာက သုခဝေဒနာဖြစ်ပါတယ်။ သောမနဿ ဝေဒနာလို့လည်း ခေါ်တယ်။ ဒီသောမနဿဝေဒနာတစ်ခုတည်း သိမ်းဆည်း ရသည်မဟုတ်၊ ယှဉ်ဖက် စိတ်စေတသိက် (၃၄)လုံးစလုံး အကုန်လုံးကိုလည်း သိမ်းဆည်းရမှာ ဖြစ်တယ်။
ဖဿကနေ စပြီး သိမ်းဆည်းလျှင်လည်း ဖဿတစ်ခုတည်း သိမ်းဆည်း ရသည်မဟုတ်၊ ယှဉ်ဖက်စိတ်စေတသိက် (၃၄)စလုံး အကုန်လုံး သိမ်းဆည်းရ မှာ ဖြစ်တယ်။ အဲဒီ (၃၄)လုံးက ဘာတွေလဲ? ဘုန်းကြီး နည်းနည်း ဗဟုသုတ အဖြစ်တော့ ပြောပြပါမယ်။ နာမ်တရားကို သိမ်းဆည်းတဲ့အပိုင်းမှာ ဘယ်လို သိမ်းဆည်းရမလဲဆိုတာကို သဘောပေါက်စေချင်တဲ့အတွက်ကြောင့် ပြောခြင်းသာ ဖြစ်ပါတယ်။ (၃၄)လုံးက - နံပါတ်တစ် အသိစိတ်ကနေ စသိမ်းဆည်း တယ်ဆိုကြစို့။
၁။ အသိစိတ် - အသိစိတ်က ဘာသိသလဲလို့မေးလျှင် ဒီနေရာမှာ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို သိဖို့ပဲ။ သို့သော် ဒီသိမှုဆိုတာက ဘာလဲလို့မေးတော့ -
ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)
အာရုံယူလို့ရတဲ့ သဘာဝကို သိတယ်လို့ခေါ်တယ်။ ဥပမာတစ်ခု ပြောမယ်၊ ဒါယိကာမကြီးတွေ ဒါယကာကြီးတွေ တရားနာရင်းဖြင့် မျက်လုံးကို စိုက်ပြီး လှမ်းကြည့်လိုက်ပါ။ မျက်လုံးကို လှမ်းစိုက်ပြီး ကြည့်လိုက်တဲ့အခါ ရုပ်ကလာပ်တွေ တွေ့သလား? မတွေ့ဘူး၊ မတွေ့ လျှင် ရုပ်ကလာပ်ကို သိတယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။ အလား တူပဲ မျက်လုံးမှာ ရုပ်ကလာပ်တွေ့လျှင်လည်း ကြည်တဲ့ ရုပ်ကလာပ်နှင့် မကြည်တဲ့ရုပ်ကလာပ်နှစ်မျိုးရှိတော့ ကြည်တဲ့ရုပ်ကလာပ်လည်း မသိဘူး မတွေ့ဘူး ဆိုလို့ရှိလျှင်, အာရုံယူလို့ မရဘူးဆိုလျှင် ကြည်တဲ့ရုပ်ကလာပ် ကို သိတယ်လို့ ပြောနိုင်မလား? မပြောနိုင်ဘူး။
အဲဒီပုံစံအတိုင်းပဲ - အလားတူပဲ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို လှမ်းပြီး အာရုံယူလိုက်တဲ့အခါမှာ ကြည်လင် တောက်ပတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို မတွေ့ဘူးဆိုလျှင် အာနာပါနပဋိဘာဂနိမိတ်ကို သိမှုဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အာရုံယူလို့ရတဲ့ သဘာဝကို သိမှုလို့ခေါ်တာပါ။ ဆိုလိုတာက အာရုံယူလို့ ရနေတဲ့ သဘာဝလေးပဲ။
၂။ ဖဿက ဒီအာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးတဲ့ သဘောတရား တစ်ခုပဲ။
၃။ ဝေဒနာဆိုတာက ဒီကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂ နိမိတ်အာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားနေတဲ့သဘော။ အသိစိတ်, ဖဿ, ဝေဒနာ ဘယ်နှစ်လုံး ရှိသွားပြီလဲ? သုံးလုံး၊ ဒီလို သိမ်းဆည်းတော့မည့် ပုဂ္ဂိုလ်က ပထမ အသိစိတ်ကနေစပြီး သိမ်းဆည်း မယ်ဆိုလျှင် ရှေးဦးစွာ ဒီအသိစိတ်ကလေး တစ်လုံးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာ မြင်အောင်ရှုရမယ်။ အသိစိတ်တစ်လုံးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်ပြီဆိုလျှင် နှစ်ခု လောက်တိုးကြည့်၊ အသိစိတ်နှင့်ဖဿ နှစ်မျိုး၊ အသိစိတ်နှင့်ဖဿ နှစ်မျိုး နှစ်လုံး နှစ်လုံး အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်ပြီ ဆိုလျှင် နောက်တစ်ခါ အသိစိတ်, ဖဿ, ဝေဒနာ သုံးခုလောက် တိုး ကြည့်ပါ။ သုံးမျိုးတိုးကြည့်လိုက်လို့ အောင်မြင်မှုရပြီ၊ သုံးလုံး သုံးလုံး အကြိမ်များစွာ ဆက်တိုက်ဖြစ်နေတာကို မြင်ပြီဆိုလျှင်တော့ ပုံစံကျ သွားပြီ။
မမြင်သေးဘူးဆိုလျှင် ဘာလုပ်ရမလဲ? နံပါတ်တစ် - စျာန်ကို ပြန်ဝင် စားရတယ်။ နံပါတ်နှစ် - ဘဝင်မနောအကြည်ဓာတ်နှင့် အာနာပါန ပဋိဘာဂနိမိတ်ကို ပြန်ပြီးတော့ ပူးတွဲသိမ်းဆည်းရတယ်။ သိမ်းဆည်း လိုက်တဲ့အခါမှာ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် က ဘဝင်မနောအကြည်မှာ လာထင်ပြီဆိုတာနဲ့ တစ်ပြိုင်နက်တည်း ဒီစျာန်နာမ်တရားတွေကို အသိစိတ်ကနေ တစ်ဖန် ပြန်သိမ်းဆည်းရပြန် တယ်။ အဲဒီနည်းစနစ်အားဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ပေးရပါတယ်။
သုံးလုံးလောက်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာ ကိုလည်း အောင်အောင်မြင်မြင် သိမ်းဆည်းလို့ရပြီ၊ ဉာဏ်နှင့်ပိုင်းခြား ယူလို့ ရှုလို့ ရပြီဆိုလျှင် အသိစိတ်, ဖဿ, ဝေဒနာ, သညာအထိ လေးလုံးလောက် တိုးရှုကြည့်ပါ။
၄။ သညာဆိုတာက အာရုံကို မှတ်သားတဲ့သဘောကလေးပဲ။ ဘာကို မှတ် သားသလဲလို့ မေးတော့ ဒီမှာ ကြည်လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်ကို မှတ်သားနေတဲ့ သဘာဝကလေးတစ်ခု ဖြစ်တယ်။ လေးလုံး လေးလုံး အကြိမ်များစွာ မြင်ပြီဆိုလို့ရှိလျှင်တော့ နောက်တစ်လုံး ထပ်တိုးလိုက်။
၅။ စေတနာဆိုတာက ဘာလဲလို့မေးတော့ ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ယှဉ်ဘက်စိတ်စေတသိက်တွေ ကို ရောက်အောင် လှုံ့ဆော်ပေးနေတဲ့သဘာဝပဲ၊ ခုဒီတရားပွဲ ဖြစ်မြောက်ရေးအတွက် လှုံ့ဆော်ပေးတဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ? တစ်ယောက်ယောက်တော့ ရှိမယ်၊ အဲဒီပုံစံလိုပဲ ဒီသုံးဆယ့်လေးလုံးထဲမှာ လည်း ဒီစေတနာက ဒီစိတ်စေတသိက်တွေကို ဒီကြည်လင်တောက်ပ နေတဲ့ အာနာပါနအာရုံပေါ်သို့ ရောက်အောင် လှုံ့ဆော်ပေးတာပဲ၊
အခုဒါယကာကြီးတွေ ဒါယိကာမကြီးတွေ တရားထိုင်တော့ ဝင်လေ ထွက်လေ ရှုပြီ၊ ရှုလိုက်တဲ့ အချိန်အခါမှာ စိတ်စေတသိက်တွေကို ဝင်လေထွက်လေ အာရုံပေါ်သို့ရောက်အောင် လှုံ့ဆော်ပေးနေတဲ့ ဒီ စေတနာလေးရှိဖို့လိုတယ်။ အဲဒီ စေတနာက မရှိဘူး၊ စိတ်စေတသိက် တွေကို တခြားအာရုံတွေဘက်သို့ သွားအောင် လှုံ့ဆော်ပေးနေတယ်၊ ဝင်လေထွက်လေအာရုံပေါ်ကို ရောက်အောင် လှုံ့ဆော်မပေးဘူးဆိုလျှင် ဝင်လေထွက်လေကို ထင်ထင်ရှားရှား သိပါ့မလား? မသိတော့ဘူး။ တခြားအာရုံတွေဘက်သို့ ရောက်အောင် လှုံ့ဆော်ပေးနေပြီဆိုလျှင် တော့ တခြားအာရုံတွေကိုပဲ လှမ်းပြီး သိနေလိမ့်မယ်။
ဒါကြောင့် ဒီစေတနာဆိုတာက ခုကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်စေတသိက် ယှဉ်ဖက်တရားတွေ ကို ရောက်အောင် လှုံ့ဆော်ပေးနေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။ ပေါင်း လိုက်တော့ ဘယ်နှစ်ခု ရှိသွားသလဲ? ငါးခု။ ဒီငါးလုံးကိုတော့ ဖဿ ပဉ္စမကတရား (= ဖဿလျှင် ငါးခုမြောက်ရှိတဲ့တရား) ဆိုပြီးတော့ စာပေ နယ်က ဒီလို သတ်မှတ်ချက်ပေးထားပါတယ်။ အဲဒီ ဖဿပဉ္စမကတရား ငါးခုကိုတော့ ပဓာနထားပြီးတော့ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေတာကို မြင်အောင် ရှုရပါတယ်။ အောင်မြင်ပြီဆိုတဲ့ အချိန် အခါကျတော့မှ နောက်ထပ်တစ်ခု တိုးကြည့်။
၆။ ဧကဂ္ဂတာဆိုတာက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေမှုသဘော ကလေးပဲ။ သမာဓိလို့လည်း ခေါ်ပါတယ်။ အာရုံတစ်ခုတည်းပေါ်မှာ စိတ်ကျရောက်နေတဲ့ သဘာဝတစ်ခု ဖြစ်တယ်။ အဲဒီ သဘာဝကို မြင် အောင် လှမ်းသိမ်းဆည်းလိုက်လျှင် ခြောက်ခုဖြစ်သွားပြီ။ ခြောက်ခု အောင်မြင်ပြီ ဆိုလို့ရှိလျှင် ခုနစ်ခုတိုးကြည့်။
၇။ မနသိကာရဆိုတာကတော့ ဒီယှဉ်ဖက်စိတ်စေတသိက်တရားတွေကို အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ရောက်အောင် ဦးလှည့်ပြီး တွန်းပို့ပေးတဲ့ သဘာဝတစ်ခု၊ စေတနာက လှုံ့ဆော်ပေးတဲ့ သဘာဝ တစ်ခု။ နောက်ထပ်ပြောမည့် ဝိတက်ကလည်း အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ယှဉ်ဖက်စိတ်စေတသိက်တရားတွေကို ရှေးရှု တင် ပေးနေတဲ့ သဘာဝတစ်ခု၊ ဘာထူးလဲလို့ မေးလျှင်တော့ စာပေနယ်မှာ ဒီသုံးခုကို ခွဲခြားပေးတာကတော့ လှေတစ်စင်းဥပမာနဲ့ ခွဲခြားပေးထား ပါတယ်။
လှေတစ်စင်းကို လူသုံးယောက် လှော်ပြီဆိုလျှင် နောက်ကထိုင်နေတဲ့ ပုဂ္ဂိုလ်က လှေဦးကို လိုချင်တဲ့ဘက်ရောက်အောင် တည့်လည်းပေးတယ်၊ ရှေ့ကိုလည်း ရောက်အောင် တွန်းပို့ပြီး လှော်ပေးတယ်။ အလယ်ခေါင် မှာရှိတဲ့ ပုဂ္ဂိုလ်ကတော့ သူက ဘယ်လိုပဲဖြစ်ဖြစ် သူ့တာဝန်က လှေရှေ့ ရောက်ဖို့ရန်အတွက် တအားတွန်းပို့ပေးနေရတယ်၊ လှော်ပေးနေရ တယ်။ ဦးမှာရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သူက နည်းနည်း ဗျာများတယ်။ လှေလည်း ရှေ့ရောက်အောင် တွန်းပို့ပေးရတယ်။ ပန်းတိုင်မှာရှိတဲ့ ပန်းကို လှမ်းပြီး ဆွတ်ဖို့ရန်အတွက်လည်း ကြောင့်ကြစိုက်ရတယ်။ ဦးမှာလှော်တဲ့ ပုဂ္ဂိုလ်နဲ့ စေတနာနဲ့ တူတယ်။ အလယ်ခေါင်က လှော်တဲ့ ပုဂ္ဂိုလ်နဲ့ ဝိတက်နဲ့ တူတယ်။ ပဲ့ကကိုင်ထားတဲ့ လှော်နေတဲ့ ပုဂ္ဂိုလ် = လှေကို လိုရာဘက်သို့ရောက်အောင် ဦးလှည့်ပြီး တွန်းပို့နေတဲ့ ပုဂ္ဂိုလ်နဲ့ မနသိကာရနဲ့ တူတယ်။ ဒီလို ရှင်းထားတယ်။ အဲဒီ သဘာဝကလေးတွေ ကို မြင်အောင် ကြည့်ရပါတယ်။ နောက်တစ်ခုကတော့ -
၈။ ဇီဝိတ --- ရုပ်တရားတွေမှာ အသက်ရှင်နေတဲ့ သဘာဝတစ်ခုရှိသလို နာမ်တရားတွေမှာလည်း နာမ်တရား အချင်းချင်းကို ပြန်လည်စောင့် ရှောက်ပေးနေတဲ့ အသက်ရှင်နေတဲ့ သဘာဝတစ်ခု ရှိတယ်။ ဇီဝိတလို့ ခေါ်ပါတယ်။ ရုပ်ဇီဝိတိန္ဒြေနှင့် နာမ်ဇီဝိတိန္ဒြေဆိုပြီး ဒီလို နှစ်ခုခွဲထား တယ်။ ပေါင်းလိုက်လျှင် သဘောတရား ဘယ်နှစ်ခု ရှိသွားပြီလဲ? ရှစ်ခု။ အဲဒီ ရှစ်ခုကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မြင်အောင် လေ့ကျင့် ရတယ်။ လေ့ကျင့်လို့ အောင်မြင်ပြီ ဆိုလို့ရှိလျှင်တော့ နောက်တစ်ခု တိုးကြည့်။
၉။ ဝိတက် = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ ပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။ ဒါစျာန်အင်္ဂါတစ်ခုပဲ၊ သိမ်းဆည်းတတ်ပြီးပြီ။ နောက်တစ်ခုက -
၁၀။ ဝိစာရ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ ကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်နေတဲ့သဘော၊ ဆုပ်နယ်နေတဲ့ သဘောပဲ။ နောက်တစ်ခုကတော့ -
၁၁။ အဓိမောက္ခ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဆုံးဖြတ်ချက်ချတဲ့သဘော၊ ဒါက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ပဲဆိုပြီး ဆုံးဖြတ်တဲ့ သဘာဝကလေးပဲ။
၁၂။ ဝီရိယ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံ ပေါ်သို့ စိတ်စေတသိက်သမ္ပယုတ်တရားတွေကို ရောက်အောင် ကြိုးစား အားထုတ်နေတဲ့သဘော၊ တစ်နည်းပြောလျှင်တော့ သမာဓိဖြစ်အောင် ကြိုးစားအားထုတ်နေတဲ့ သဘောပဲ။ ကြိုးစားအားထုတ်တဲ့ သဘာဝက ဝီရိယ။ နောက်တစ်ခုက -
၁၃။ ပီတိ --- ပီတိက ဒီကြည်လင်တောက်ပနေတဲ့ အာရုံကို နှစ်သက်နေတဲ့ သဘော။ နောက်တစ်ခုက -
၁၄။ ဆန္ဒ = ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်အာရုံ ပေါ်၌ စိတ်တည်ကြည်လိုတဲ့ သဘာဝတစ်ခုပဲ။ တစ်နည်းပြောရလျှင် တော့ အာနာပါနပဋိဘာဂနိမိတ် အာရုံကို လိုလားတောင့်တနေတဲ့ သဘောပဲ။ သမာဓိစခန်း ဖြစ်ခြင်းကြောင့် သမာဓိဖြစ်လိုတဲ့ သဘာဝ တစ်ခုပဲလို့ ပြောခြင်းဖြစ်တယ်။
ပေါင်းလိုက်တော့ စိတ်စေတသိက် ဘယ်နှစ်ခု ရှိသွားပြီလဲ? (၁၄)ခု ဖြစ်သွားပြီ။ အသိစိတ်နှင့် ပေါင်းလိုက်လျှင်ပေါ့၊ အဲဒီ (၁၄)လုံးကို ကြိမ်ဖန် များစွာ ဆက်တိုက်ဖြစ်နေတာကို မြင်အောင် ရှုရပါတယ်။ အောင်မြင်မှုရပြီ ဆိုတော့မှ -
၁၅။ သဒ္ဓါ = ယုံကြည်ချက်တစ်ခုကို တိုးရှုပါ။ ဘာယုံကြည်သလဲလို့ မေးလျှင် တော့ ဒီမှာ သမာဓိစခန်းဖြစ်ခြင်းကြောင့် သမာဓိကျင့်စဉ်နှင့် ပတ်သက် ပြီး ယုံကြည်နေတဲ့ သဘာဝပဲ။ ဒီဝင်လေထွက်လေကို ရှုလို့ရှိလျှင် စျာန်ရ တယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား ဆိုလျှင်တော့ ယုံကြည်ချက်ရှိတယ် လို့ ပြောနိုင်ပါ့မလား? မပြောနိုင်ပါဘူး။ အခုလက်တွေ့ ရှုလိုက်ပြီ၊ လက်တွေ့ ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်လည်း တွေ့ပြီ၊ ဒီပဋိဘာဂနိမိတ်မှာ ဘာဝနာစိတ်ကို ငြိမ်သက်စွာ ကပ်ထားမယ်ဆိုလျှင် လည်း ကပ်ထားလို့ရပြီ၊ ပဋိဘာဂနိမိတ်ထဲမှာ စိတ်စေတသိက်တွေက နစ်မြုပ်နေမှုကိုလည်း ကိုယ်ကိုယ်တိုင် ရှုလို့ရပြီ။ စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟု ခေါ်သတတ်ဆိုတဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ အဆုံးအမအတိုင်းပဲ အာနာပါနပဋိဘာဂနိမိတ်အာရုံကို စိုက်စိုက်စူးစူး မြဲမြဲမြံမြံ ရှုလို့ရနေပြီ၊ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဒီသမာဓိကို တည်တံ့အောင် ထားနိုင်ပြီဆိုလျှင် အဲဒီ အချိန်အခါမှာ ဒီစျာန်နာမ်တရားဆိုတာ တကယ်မှန်တယ်ဆိုတဲ့ သမာဓိသိက္ခာ, သမာဓိ ကျင့်စဉ်နှင့် ပတ်သက်တဲ့ ယုံကြည်ချက်က ထိုပုဂ္ဂိုလ်သန္တာန်မှာ ခိုင်မြဲ မလာဘူးလား? ခိုင်မြဲလာတယ်။ အဲဒီ ယုံကြည်မှုက သဒ္ဓါတရားပဲ။
၁၆။ ဟိရီ = မကောင်းမှု အကုသိုလ် ဒုစရိုက်တွေမှ ရှက်တဲ့သဘော။
၁၇။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရားတွေမှ ကြောက်လန့်တဲ့သဘော။ ဒါကတော့ ရှေးရှုတည်ရုံတည်နေတဲ့ သဘာဝတွေပါ။ ထိုအချိန်အခါမှာ ရှက်လှချည်ရဲ့ ကြောက်လှချည်ရဲ့ဆိုပြီး ဒီလို စိတ်အစဉ်တွေ ဖြစ်နေ တာမျိုးတော့ မဟုတ်ဘူး။ အရှက်အကြောက်ရှိလို့လည်း ကောင်းမှု ကုသိုလ်ဆိုတာ ပြုလုပ်တာပါ။ အရှက်အကြောက် မရှိတဲ့ပုဂ္ဂိုလ်တွေ ကောင်းမှုကုသိုလ် ဆည်းပူးပါ့မလား? မဆည်းပူးပါဘူး။ နောက်တစ်ခု-
၁၈။ သတိ = ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ခိုင်ခိုင်မြဲမြဲ အမှတ်ရနေမှု သဘောပဲ။ ဒီနေရာမှာ အလွန်အားကောင်းနေ တဲ့ သတိပါ။ သာမန် အမှတ်ရရုံကလေးတော့ မဟုတ်ဘူး။ စိတ်က ကျောက်ဖျာကြီးတစ်ခုကို ရေထဲမှာ ချထားသလို အာနာပါနပဋိဘာဂနိမိတ်အာရုံထဲမှာ နစ်မြုပ်ပြီး ငြိမ်ဝပ်ပြီးနေအောင် အမှတ်ရနေတဲ့ သဘောပဲ။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ လေးခု။ နောက်တစ်ခု -
၁၉။ အလောဘ = ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါနပဋိဘာဂနိမိတ်ကို အခုလို အာရုံယူနေတဲ့ အချိန်အခါမှာ ဒီနိမိတ်အပေါ်၌ တွယ်တာ မက်မောမှု ရှိသလား? မရှိဘူး။ မတွယ်တာ မမက်မောတဲ့ သဘာဝတစ်ခု ဖြစ်ပေါ်နေတယ်။ ဒီအာနာပါနပဋိဘာဂနိမိတ် အာရုံကို တွယ်တာမှုဖြင့် ငြိကပ်နေတဲ့သဘော မရှိမှု ဖြစ်တယ်။
၂၀။ အဒေါသ --- ထိုအချိန်အခါမှာ ဒေါသတွေက ထွက်နေသလားလို့ မေးတော့လည်း မထွက်ပါဘူး။ စိတ်ဓာတ်တွေက မပြစ်မှားဘူး။ ဒီ ကြည်လင်တောက်ပနေတဲ့ ပဋိဘာဂနိမိတ်နှင့် ပတ်သက်ပြီးတော့ ဒေါသမဖြစ်တဲ့ ဆန့်ကျင်ဘက် သဘာဝတစ်ခုပဲ။ ဒါကို မေတ္တာလို့လည်း တချို့နေရာမှာ သုံးပါတယ်။ သို့သော် ဒီနေရာမှာကတော့ ကြည်လင် တောက်ပနေတဲ့ ပဋိဘာဂနိမိတ်ကို အာရုံယူနေတာ ဖြစ်ခြင်းကြောင့် မပြစ်မှားလိုတဲ့ သဘာဝတစ်ခုပဲ။ စိတ်မခက်ထန် မကြမ်းတမ်းတဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။နောက်တစ်ခု-
၂၁။ တတြမဇ္ဈတ္တတ္တာ = ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံမှာ စိတ်ကို အလယ်အလတ် တည်နေအောင် ထားနိုင်တဲ့ သဘာဝတစ်ခုပဲ။ ကြောင့်ကြမှုတွေ တောင့်တမှုတွေမရှိတော့ စိတ်က သဘာဝအတိုင်း ငြိမ်နေတယ်။ အာဇာနည်မြင်းကောင်းတွေကို မောင်း နေတဲ့ ရထားထိန်းဟာ မြင်းတွေက သူ့ပုံမှန်လမ်းအတိုင်း သွားနေပြီ ဆိုလျှင် ဒီမြင်းတွေကို ကြိမ်တို့ပေးဖို့ ပြန်ဆွဲထားဖို့ အကြောင်းမရှိဘဲ ကြောင့်ကြမှုမရှိတော့ဘဲ မြင်းတွေကို အသာကလေး သူတို့သွားမြဲလမ်း အတိုင်း သွားခွင့်ပေးထားသလို ကြည်လင်တောက်ပနေတဲ့ ဒီအာနာပါန ပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာကပ်ပြီး တည်နေ ပြီဆိုလျှင် ထိုတည်နေတဲ့အတိုင်းပဲ ဆက်ပြီး တည်တံ့အောင် စိတ်အစဉ် ကို ထားထားတဲ့ သဘာဝတစ်ခုပဲ။ ကြောင့်ကြလည်း မစိုက်တော့ဘူး။ ကြောင့်ကြစိုက်ဖို့လည်း မလိုတော့ဘူး။ မလိုအောင်လည်း ဒီနေရာမှာ လေ့ကျက်ထားတယ်။ နောက်စေတသိက်တွေကတော့ -
၂၂။ ကာယပဿဒ္ဓိ = စေတသိက်တို့ရဲ့ အေးချမ်းမှုသဘော၊
၂၃။ စိတ္တပဿဒ္ဓိ = စိတ်ရဲ့ အေးချမ်းမှုသဘော၊
၂၄။ ကာယလဟုတာ = စေတသိက်တွေရဲ့ ပေါ့ပါးနေတဲ့သဘော၊
၂၅။ စိတ္တလဟုတာ = စိတ်ရဲ့ ပေါ့ပါးနေတဲ့သဘော၊
၂၆။ ကာယမုဒုတာ = စေတသိက်တို့ရဲ့ နူးညံ့တဲ့သဘော။
၂၇။ စိတ္တမုဒုတာ = စိတ်ရဲ့ နူးညံ့နေတဲ့သဘော၊
၂၈။ ကာယကမ္မညတာ = စေတသိက်တို့ရဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး စျာန်သမာဓိဆိုက်အောင် ရှုပွားမှုဆိုတဲ့ လုပ်ငန်းခွင်မှာ ခံ့ညားနေတဲ့သဘော၊
၂၉။ စိတ္တကမ္မညတာ = စိတ်ရဲ့ ခံ့ညားမှုသဘော၊
၃၀။ ကာယပါဂုညတာ = အာနာပါနပထမစျာန်သမာဓိကို ရှုပွားသုံးသပ်တဲ့ အပိုင်းမှာ စေတသိက်တွေရဲ့ ကျွမ်းကျင်နေတဲ့သဘော၊
၃၁။ စိတ္တပါဂုညတာ = စိတ်ရဲ့ ကျွမ်းကျင်မှုသဘော၊
၃၂။ ကာယုဇုကတာ = စေတသိက်တို့ရဲ့ ဖြောင့်မတ်နေတဲ့သဘော၊
၃၃။ စိတ္တုဇုကတာ = စိတ်ရဲ့ ဖြောင့်မတ်နေတဲ့သဘော၊ ဖြောင့်မတ်နေတယ် ဆိုတာကတော့ မာယာ, သာဌေယျ အကွေ့အကောက်တွေ ထိုအချိန် အခါမှာ မရှိတော့ဘူး၊ စိတ်က မိမိကိုယ်ကို မိမိ လှည့်ပတ်နေတာတို့, သူတစ်ပါးကို လှည့်ပတ်လိုတဲ့ သဘောတရားတို့, အဲဒီ အချိန်အခါမှာ မရှိဘူး။ စိတ်က ဒီကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်မှာပဲ ဖြောင့်ဖြောင့်သွားနေတယ်။ အဲဒီ ဖြောင့်ဖြောင့်သွားနေတဲ့ သဘောကို ဥဇုကတာလို့ ခေါ်ပါတယ်။
ခုပြောခဲ့တဲ့ သဒ္ဓါမှ ဥဇုကတာတိုင်အောင်သော စေတသိက်တွေကို သောဘဏသာဓာရဏစေတသိက် (၁၉)လုံးလို့ သတ်မှတ်ပါတယ်။ နောက်တစ်ခုကတော့ -
၃၄။ ပညာပဲ။ ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေတဲ့သဘော။
သောဘဏစေတသိက်က အလုံး (၂၀)၊ ခုနက အညသမာန်းစေတသိက် တွေက (၁၃)လုံး၊ အသိစိတ်က တစ်လုံး၊ ပေါင်းလိုက်တော့ (၃၄)လုံး ရှိပါတယ်။ အဲဒီ (၃၄)လုံးသော နာမ်တရားကလေးတွေကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုးပြီး (၃၄)လုံးပြည့်တဲ့အထိ သိမ်းဆည်းရပါတယ်။ သိမ်းဆည်း လိုက်လို့ (၃၄)လုံးကို ပြိုင်တူလိုလို ဉာဏ်ထဲမြင်တဲ့ အချိန်အခါကျတော့မှ ထိုယောဂီသူတော်ကောင်းက - ဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်း ဒီစျာန်နာမ်တရားတွေက ဖြစ်နေတော့ - ဝီထိစိတ်အစဉ်အတိုင်း တစ်ဖန် မြင်အောင် ပြန်သိမ်းဆည်းရတယ်။
ဝီထိဆိုတာကတော့ ဒီစျာန်နာမ်တရားတွေ ဖြစ်ပေါ်သွားတဲ့ လမ်းကြောင်းပဲ။ မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်၊ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု ခေါ်တဲ့ ကာမာဝစရဥပစာရစျာန်ဇောက လေးကြိမ် - များသောအားဖြင့် ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းကျတော့မှ အပ္ပနာစျာန်ဇောလို့ ခေါ်ဆိုအပ်တဲ့ ခုနက ဘုန်းကြီးပြောတဲ့ (၃၄)လုံးသော နာမ်တရားတွေ ဖြစ်ကြတယ်။ မနောဒွါရာဝဇ္ဇန်းမှာကတော့ စိတ်စေတသိက် (၁၂)လုံး ရှိပါတယ်။ အသိစိတ်ကနေ ပြီးတော့ ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယအထိ စိတ်စေတသိက် (၁၂)လုံး၊ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုတို့ကတော့ စျာန်နှင့် အလားတူပဲ (၃၄)လုံးပဲ၊ ခုနက ပြောခဲ့တဲ့ (၃၄)လုံးပဲ။ အဲဒီ နာမ်တရားတွေကို ဝီထိစဉ်အတိုင်း ဖြစ်ပေါ်သွားတာကို မြင်အောင်ကြည့်လို့ သိမ်းဆည်းလို့ ရပြီဆိုတော့မှ ဒီနာမ် တရားအားလုံးက ကြည်လင်တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ ညွတ်ကိုင်းရှိုင်းနေတဲ့ သဘာဝတစ်ခုဖြစ်တဲ့အတွက် အဲဒီ ညွတ်ကိုင်းရှိုင်းနေတဲ့ သဘာဝကို မြင်အောင်ကြည့်ပြီး အဲဒီအခါကျတော့မှ နာမ်တရား နာမ်တရားလို့ သိမ်းဆည်းရပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂-၂၂၃။)
အာယတနဒွါရအလိုက် ရုပ်နာမ်သိမ်းဆည်းပုံအမြွက်
ဟိုရှေးပိုင်းကပြောခဲ့တဲ့ ဒီစျာနဝီထိထဲမှာ ကာမာဝစရဥပစာရစျာန်ဇော လေးခုပါဝင်ရာ အပ္ပနာစျာန်ဇော ဖြစ်ပေါ်လာအောင် စီးဖြန်းနေတဲ့ ကာမာဝစရသမာဓိဇောကို ပရိကံ၊ စျာန်ရဲ့ အနီးအပါးမှာ ဖြစ်နေတဲ့ ကာမာဝစရ သမာဓိဇောကို ဥပစာ၊ ရှေးရှေးဘာဝနာ ပရိကံနှင့် နောက်နောက် စျာန်အားလျော်စွာဖြစ်နေတဲ့ ကာမာဝစရသမာဓိဇောကို အနုလုံ၊ ကာမအနွယ်ကို ဖြတ် တောက်လိုက်တဲ့, ကျော်လွှားလွှမ်းမိုးသွားတဲ့ နောက်ဆုံး ကာမာဝစရသမာဓိ ဇောကို ဂေါတြဘုဆိုပြီး ခေါ်ဆိုပါတယ်။
နာမ်ဃနလေးမျိုး
ခုလို နာမ်တရားတွေကို သိမ်းဆည်းတဲ့ အပိုင်းမှာလည်း နာမ်ဃနခေါ်တဲ့ နာမ်အတုံးအခဲလေးမျိုးကိုလည်း ပြိုကွဲသွားအောင် ဖြိုခွဲဖျက်ဆီးပြီး နာမ် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ နာမ်တရား တွေနှင့် ပတ်သက်လို့ ကျမ်းဂန်များမှာ နာမ်ဃနလေးမျိုး = နာမ်အတုံးအခဲ လေးမျိုး မိန့်ဆိုထားကြပါတယ်။ ဓမ္မသင်္ဂဏီမူလဋီကာမှာ ဒီလို ဖွင့်ဆိုထား တယ် -
သန္တတိဃနာဒီနံ အယံ ဝိသေသော - ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ၊၁၊၆၈။)
နာမ်တရားတွေမှာ -
၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ,
၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ,
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ,
၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ၊
ဒီလို အတုံးအခဲ (၄)မျိုး ရှိပါတယ်။
၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ
နာမ်တရားတွေမှာ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ် = ဝီထိမှ အလွတ်ဖြစ်သော စိတ်ဆိုပြီး အကြမ်းစားအားဖြင့် နှစ်မျိုးရှိပါတယ်။ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်တို့က ဝီထိမှ လွတ်နေတဲ့ ဝီထိမုတ်စိတ်တို့ ဖြစ်ကြပါတယ်။ ဘဝတစ်ခု မှာ ခေါင်းဆုံးဖြစ်တဲ့ ဘဝင်စိတ်ကို ပဋိသန္ဓေစိတ် = အတိတ်ဘဝနှင့် ပစ္စုပ္ပန် ဘဝဆိုတဲ့ ဘဝနှစ်ခုကို ဆက်စပ်ပေးတဲ့စိတ်လို့ ခေါ်ပါတယ်။ ဘဝတစ်ခုမှာ နောက်ဆုံးဖြစ်သွားတဲ့ ဘဝင်စိတ်ကိုတော့ စုတိစိတ် = ဘဝတစ်ခုမှ ရွေ့လျော သွားတဲ့စိတ်လို့ ခေါ်ဆိုပါတယ်။ ပဋိသန္ဓေနှင့် စုတိစိတ်အကြားဝယ် ဘဝ တစ်လျှောက်မှာ ဝီထိစိတ်များ မဖြစ်ပေါ်ခဲ့လျှင် စိတ်အစဉ် မပြတ်စဲရေး အတွက် အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံကြောင့် ဝီထိစိတ်တို့ရဲ့ အကြား အကြားမှာ ဖြစ်ပေါ်နေတဲ့စိတ်ကို ဘဝင်စိတ် = ဘဝရဲ့ စိတ်အစဉ် မပြတ်စဲရေး အတွက် အကြောင်းတရားဖြစ်တဲ့စိတ်လို့ ခေါ်ဆိုပါတယ်။ ဒီဝီထိမုတ်စိတ်တွေ ကိုလည်း စိတ္တက္ခဏတစ်ခုချင်း ခွဲခြားပြီးမမြင်ဘဲ စိတ်အစဉ်အတန်း တစ်ခု အဖြစ်မြင်ခဲ့လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးအုပ်နေတယ် လို့ ဆိုရတယ်။ သို့သော် စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာပြီး ရှုမြင်နိုင်လျှင် နာမ်အစဉ်အတန်း အတုံးအခဲကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်ပါတယ်။
ဝီထိစိတ်တို့ကလည်း စက္ခုဒွါရဝီထိ စသည်ဖြင့် ဝီထိ (၆)မျိုးရှိရာ ပထမ စျာနသမာပတ္တိဝီထိ တစ်ခုကို ပုံစံထုတ်ပြီး ပြောကြရအောင် - ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုနေတဲ့ ပထမစျာန် စျာနဝီထိ ဆိုကြစို့၊
၁။ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်,
၂။ ပရိကံ, ဥပစာရ, အနုလုံ, ဂေါတြဘုဆိုတဲ့ ကာမာဝစရဥပစာရသမာဓိ ဇော (၄)ကြိမ်,
၃။ အပ္ပနာစျာန်ဇော = ပထမစျာန်ဇော အကြိမ်များစွာ,
ဒီလို စိတ်အစဉ်တွေ ဖြစ်နေတဲ့အခါမှာ -
ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပရိကံ, ဤကား ဥပစာ, ဤကား အနုလုံ, ဤကား ဂေါတြဘု, ဤကား ပထမစျာန်ဇော, ဤကား ဒုတိယစျာန် ဇောစသည်ဖြင့် စိတ္တက္ခဏတစ်ခုချင်း ခွဲခြားပြီးတော့ ဝိပဿနာဉာဏ်နှင့် မမြင်ဘဲ နာမ်သန္တတိ အစဉ်အတန်းတစ်ခု အဖြစ်နှင့်ပဲ ဝိပဿနာဉာဏ်နှင့် ရှုမြင်နေလျှင် နာမ်သန္တတိ အစဉ်အတန်း အတုံးအခဲကြီးက ဒီယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်ကို ဖုံးအုပ်ထားပြီလို့ ဆိုရတယ်။ ဒါပေမဲ့ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပရိကံစသည်ဖြင့် စိတ္တက္ခဏတွေကို တစ်ခုချင်း ခွဲခြားစိတ်ဖြာပြီး မြင်မယ်ဆိုလျှင်တော့ နာမ်သန္တတိ အစဉ်အတန်း အတုံးအခဲကြီးဟာ ထို ယောဂီရဲ့ ဉာဏ်မှာ ပြိုကွဲသွားပြီ။ ဒီယောဂီရဲ့ ဉာဏ်က နာမ်သန္တတိအစဉ် အတန်း အတုံးအခဲကို ဖြိုခွဲနိုင်ပြီလို့ ဆိုရတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးပါဘူး။ ကျန်ဝီထိတွေမှာလည်း ပုံစံတူပင် သဘောပေါက်ပါ။
၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ
စိတ်စေတသိက်ခေါ်တဲ့ နာမ်တရားတွေဟာ တစ်လုံးချင်း တစ်ခုချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြပါဘူး။ အုပ်စုအလိုက်သာ ဖြစ်နိုင်ကြတယ်။ ပထမ စျာန် နာမ်တရားတွေကို သိမ်းဆည်းခဲ့စဉ်က ပြောခဲ့တဲ့အတိုင်း ကြည်လင် တောက်ပနေတဲ့ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူနေတဲ့ ပထမစျာန် နာမ်တရားတွေကိုကြည့်လျှင် (၃၄)လုံးအထိ ရှိနေပါတယ်။ ဒီလို အုပ်စုအလိုက် ပြိုင်တူ ဖြစ်ကြပါတယ်။ သန္တတိဃန ပြိုသွားလို့ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာ ဉာဏ်က စိတ္တက္ခဏတစ်ခုချင်း ခွဲခြားစိတ်ဖြာပြီး မြင်တဲ့အပြင် စိတ္တက္ခဏတစ်ခု အတွင်းမှာ တည်ရှိတဲ့ နာမ်တရားတွေကိုလည်း ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်ဖို့ လိုပါတယ်။
စိတ္တက္ခဏတစ်ခုအတွင်းမှာ ပြိုင်တူဖြစ်နေတဲ့ ခု ပြောခဲ့တဲ့ ပထမစျာန် နာမ်တရားကဲ့သို့သော (၃၄)လုံးသော နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး မမြင်ဘဲ တစ်ပေါင်းတစ်စုတည်း အတုံးအခဲလိုက် တစ်စု တစ်ပြုံတည်း တစ်ခုတည်းအဖြစ် ဝိပဿနာဉာဏ်က မြင်နေလျှင် ဒီယောဂီရဲ့ ဉာဏ်ကို သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲကြီးက ပိဿာလေးနှင့် ဖိထားသလို ဖုံးအုပ်ထားပြီလို့ ဆိုရတယ်။
ဒါပေမဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ဤကား ဖဿ, ဤကား ဝေဒနာစသည်ဖြင့် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်းမှာ (၃၄)လုံးရှိက (၃၄)လုံး ကို တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာပြီး (၃၄)လုံးတန်းစီထားတဲ့ ပွတ်လုံး တန်းတစ်ခုကို ပွတ်လုံး တစ်လုံးစီ တစ်လုံးစီ ခွဲခြားပြီး မြင်သလို မြင်ခဲ့မယ် ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က သမူဟဃနခေါ်တဲ့ နာမ် အပေါင်းအစု အတုံးအခဲကို ဖြိုခွဲဖျက်ဆီးနိုင်ပြီလို့ ဆိုရတယ်။ ဒီသန္တတိဃနနှင့် သမူဟဃန ပြိုပြီဆိုလျှင် နာမ်ပရမတ်လောကသို့ စတင်ရောက်ရှိပြီတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အသိဉာဏ်ကတော့ အလွန်ကြီး မသန့်ရှင်းသေးဘူး။ ဒါကြောင့် ကိစ္စဃနခေါ်တဲ့ နာမ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး ပြိုကွဲသွားအောင် ဆက်လက်ပြီး ဝိပဿနာဉာဏ်နှင့် ရှုရမှာဖြစ်တယ်။
၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ
သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။ (မဟာဋီ၊၂၊၂၃၅။)
ဤအထက်ပါ မဟာဋီကာစကားရပ်က စိတ္တက္ခဏတစ်ခုအတွင်း၌ အတူ ယှဉ်တွဲ ဖြစ်ကြတဲ့ စိတ်စေတသိက် = နာမ်တရားစုတို့ကို နာမ်ကလာပ်လို့ု ခေါ်ဝေါ်သုံးစွဲထားတယ်။ ယင်းနာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြ တဲ့ နာမ်ပရမတ္ထဓာတ်သား အသီးအသီးတို့၌ မိမိ မိမိတို့ ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိကြတယ်။ ဥပမာ အာနာပါနပထမစျာန်ဇော စိတ္တက္ခဏတစ်ခုတစ်ခုစီ၌ ပရမတ္ထဓာတ်သား နာမ်တရား (၃၄)မျိုးစီ အသီးအသီးရှိရာ ပရမတ္ထဓာတ်သားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိသဖြင့် (၃၄)မျိုးသော ပရမတ္ထဓာတ်သားတို့၌ (၃၄)မျိုးသော လုပ်ငန်းကိစ္စ ရပ်များ ရှိနေကြတယ်။
၁။ အသိစိတ်သည် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရယူရာ၌ ပြဓာန်း သော ပဓာနရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း၊ ပုဗ္ဗင်္ဂမရသလုပ်ငန်းကိစ္စ ရှိတယ်။
၂။ ဖဿသည် အာနာပါနပဋိဘာဂနိမိတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ် ပေးခြင်း, ယင်းအာရုံကို ပွတ်ချုပ်ထိခိုက်ခြင်း သင်္ဃဋ္ဋနရသလုပ်ငန်းကိစ္စ ရှိတယ်။
၃။ ဝေဒနာ = သုခဝေဒနာသည် အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာ ကို ချမ်းချမ်းသာသာ အစဉ်ခံစားခြင်း အနုဘဝနရသလုပ်ငန်းကိစ္စ ရှိတယ်။
၄။ သညာသည် အာနာပါနပဋိဘာဂနိမိတ်အာရုံကို နောက်ထပ်တစ်ဖန် သိရှိဖို့ရန် အမှတ်နိမိတ်ကို ပြုခြင်း ပုနသဉ္ဇာနနပစ္စယနိမိတ္တကရဏရသလုပ်ငန်းကိစ္စ ရှိတယ်။
၅။ စေတနာသည် အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ ယှဉ်ဖက် သမ္ပယုတ်တရားတို့ ရောက်အောင် ကြောင့်ကြဗျာပါရပြုခြင်း အာယူဟနရသလုပ်ငန်းကိစ္စ ရှိတယ်။
ဤသို့စသည်ဖြင့် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြတဲ့ ပရမတ္ထဓာတ်သားတိုင်း၌ မိမိတို့ကိုယ်ပိုင်ကိစ္စ အသီးအသီး ရှိကြတယ်။ ဒီလို လုပ်ငန်းကိစ္စ အသီးအသီးကို ခွဲခြားပြီး မသိဘဲ စိတ္တက္ခဏတစ်ခုအတွင်းမှာ ရှိတဲ့ နာမ်တရားအားလုံးတို့ရဲ့ လုပ်ငန်းကိစ္စအသီးအသီးကို ကိစ္စတစ်ခုတည်း အဖြစ် ယောဂီပုဂ္ဂိုလ်က ဝိပဿနာရှုတဲ့အခါ တွေ့မြင်နေမယ်ဆိုလျှင် ယောဂီရဲ့ ဝိပဿနာဉာဏ်ကို ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲကြီးက ဖုံးအုပ် ထားတယ်လို့ ဆိုရတယ်။
အကယ်၍ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ဤကား အသိစိတ် ဝိညာဏ်ရဲ့ လုပ်ငန်းကိစ္စ, ဤကား ဖဿရဲ့ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာရဲ့ လုပ်ငန်းကိစ္စ, ဤကား သညာရဲ့ လုပ်ငန်းကိစ္စ, ဤကား စေတနာရဲ့ လုပ်ငန်း ကိစ္စ- ဤသို့စသည်ဖြင့် စိတ္တက္ခဏတစ်ခုရဲ့အတွင်းမှာ တည်ရှိနေတဲ့ ပရမတ္ထ ဓာတ်သားတိုင်းရဲ့ လုပ်ငန်းကိစ္စ အသီးအသီးကို ခွဲခြားစိတ်ဖြာပြီး သိမယ်ဆို လျှင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က နာမ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး ကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်တယ်။
ဒီလို သန္တတိဃန, သမူဟဃန, ကိစ္စဃနခေါ်တဲ့ နာမ်အတုံးအခဲတွေကို ယောဂီရဲ့ ဝိပဿနာဉာဏ်က ဖြိုခွဲဖျက်ဆီးနိုင်မယ်ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်သည် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပြီ ဖြစ်ပါတယ်။ ဒါတွင်လား ဆိုတော့ မကသေးဘူး၊ နောက်ထပ် ဃနတစ်မျိုး ရှိနေသေးတယ်။ ခုပြောခဲ့တာ က ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရ တဲ့ တရားစုတွေမှာ တည်ရှိတဲ့ ဃနအတုံးအခဲ သုံးမျိုးနှင့် ဒီအတုံးအခဲ သုံးမျိုးကို ဖြိုခွဲဖျက်ဆီးပုံ နည်းစနစ်များ ဖြစ်ပါတယ်။ နောက်ထပ် ဃနတစ်မျိုးကတော့ ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာ တည်ရှိတဲ့ ဃန ဖြစ်ပါတယ်။
၄။ အာရမ္မဏဃန = နာမ်အာရုံယူမှု အတုံးအခဲ
ဟိုနောက်ပိုင်း ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်တဲ့အခါ ယောဂီပုဂ္ဂိုလ်က -
ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။) -
ဆိုတဲ့ အဋ္ဌကထာများရဲ့ ညွှန်ကြားချက်အရ ယောဂီပုဂ္ဂိုလ်က ဉာတ အမည်ရတဲ့ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတို့ကိုသာ ဝိပဿနာ ရှုရသည် မဟုတ်သေး, ဉာဏအမည်ရတဲ့ ဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိတဲ့ ဝိပဿနာ မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကိုလည်း တစ်ဖန် ပြန်၍ ဝိပဿနာရှုရမှာ ဖြစ်ပါတယ်။ ဘဒ္ဒေကရတ္တသုတ္တန်များမှာတော့ ဒီလို ဝိပဿနာရှုနည်းကို ပဋိဝိပဿနာလို့ ခေါ်ဝေါ်သုံးစွဲထားပါတယ်။ (မ၊၃၊၂၂၆။မ၊ဋ္ဌ၊၄၊၁၇၀။) ဝိပဿနာအရာမှာ အာရုံယူတတ်တဲ့တရားဆိုတာ ဒီဝိပဿနာဉာဏ်ပြဓာန်းနေတဲ့ ဝိပဿနာ မဟာကုသိုလ်ဇောဝီထိ နာမ်တရားစုကိုပဲ ရည်ညွှန်းထားပါတယ်။ အရှုခံနာမ်တရားဆိုတဲ့ ဒုက္ခသစ္စာတရားတွေဟာ လည်း အာရုံမယူတတ်ဘူးတော့ မဟုတ်ပါဘူး၊ အာရုံယူတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအရှုခံနာမ်တရားတွေဘက်မှာရှိတဲ့ ဃနသုံးမျိုးအကြောင်းကိုတော့ ရှင်းပြပြီးပြီ ဖြစ်ပါတယ်။
ယခု ကျန်နေတာက ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာရှိနေတဲ့ သန္တတိ ဃန, သမူဟဃန, ကိစ္စဃန ဆိုတဲ့ ဃနသုံးမျိုးအကြောင်း ဖြစ်ပါတယ်။ ဒီရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာရှိနေတဲ့ ဃနသုံးမျိုးကိုတော့ တစ်ပေါင်း တည်းပြုကာ အာရမ္မဏဃနဆိုတဲ့ အမည်တစ်မျိုးတည်းဖြင့် ခေါ်ဝေါ်သုံးစွဲ ထားပါတယ်။ ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက် မှာလည်း တည်ရှိနေတဲ့ သန္တတိဃန, သမူဟဃန, ကိစ္စဃနဆိုတဲ့ နာမ်အတုံး အခဲသုံးမျိုးကို မိမိရဲ့ ဝိပဿနာဉာဏ်နှင့် ဖြိုခွဲဖျက်ဆီးပြီးလျှင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒီလို ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ နာမ်တရားတွေဘက်မှာရော, ရှုတတ်တဲ့ ဝိပဿနာဉာဏ်ဘက်မှာရော နာမ်ဃန = နာမ်အတုံးအခဲ အသီး အသီးကို ဉာဏ်နှင့် ဖြိုခွဲ ဖျက်ဆီးနိုင်ရေးအတွက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးအတွက် ယောဂီပုဂ္ဂိုလ်က လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် နည်းအားဖြင့် ရုပ်တွေနာမ်တွေကို တစ်ဖန် ပြန်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။
ဒီလောက်နှင့် သဘောမပေါက်နိုင်သေးတဲ့ သူတွေအတွက် နည်းနည်း ထပ်ရှင်းပြပါဦးမယ်။ ရှုတဲ့ ဝိပဿနာဉာဏ်ဆိုတာကတော့ ဝိပဿနာဉာဏ် ပြဓာန်းနေတဲ့ ဝိပဿနာ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဒီဇောဝီထိ စိတ်အစဉ်မှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော (၇)ကြိမ် ရှိတတ်ပါတယ်။ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် (၁၂)လုံး ရှိတတ်ပြီး ဇောအသီးအသီးမှာတော့ ဉာဏ်ပီတိနှစ်မျိုးလုံးယှဉ်ခဲ့လျှင် အထက်ကပြောခဲ့တဲ့ ပထမစျာန်နာမ်တရားတွေလိုပဲ စိတ်စေတသိက် = နာမ် တရားစု (၃၄)လုံးစီ ရှိတတ်ပါတယ်။
ဝိပဿနာဉာဏ်လို့ခေါ်တဲ့ ဒီဝိပဿနာဇောဝီထိကို ဝိပဿနာရှုတဲ့အခါ ယောဂီပုဂ္ဂိုလ်ရဲ့ ဝိပဿနာဉာဏ်က ဒီဇောဝီထိနာမ်တရားတွေကို ဝိပဿနာ ဉာဏ် တစ်ခုတည်းအဖြစ် မမြင်ဘဲ သန္တတိဃနခေါ်တဲ့ နာမ်အစဉ်အတန်း အတုံးအခဲပြိုရေးအတွက် ဤကား မနောဒွါရာဝဇ္ဇန်း, ဤကား ပထမဇော, ဤကား ဒုတိယဇောစသည်ဖြင့် စိတ္တက္ခဏတွေကို တစ်ခုစီတစ်ခုစီ ခွဲခြား စိတ်ဖြာပြီး သိအောင် ရှုရတယ်။ သမူဟဃနခေါ်တဲ့ နာမ်အပေါင်းအစု အတုံး အခဲ ပြိုရေးအတွက်လည်း စိတ္တက္ခဏတစ်ခုတစ်ခုမှာ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ပရမတ္ထဓာတ်သား အသီးအသီး တစ်ခုစီ တစ်ခုစီကို မြင်အောင် ခွဲခြား စိတ်ဖြာပြီးတော့ ရှုရပါတယ်။ ကိစ္စဃနခေါ်တဲ့ နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုရေးအတွက် စိတ္တက္ခဏတိုင်းမှာရှိတဲ့ ပရမတ္ထဓာတ်သားတိုင်းကို လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအားဖြင့် ထပ်မံပြီး သိမ်းဆည်းရပါတယ်။
ဒီလို သိမ်းဆည်းနိုင်ပါမှ သာရမ္မဏဓမ္မလို့ ခေါ်ဆိုတဲ့ ဝိပဿနာဉာဏ် ဘက်မှာလည်း နာမ်ဃန = နာမ်အတုံးအခဲ ပြိုမှာဖြစ်တယ်။ နာမ်အတုံး အခဲပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မှာ ဖြစ်တယ်။ ဒီပရမတ်တရား တွေကသာလျှင် ဝိပဿနာဉာဏ်နှင့် လက္ခဏာရေးသုံးတန်တင်ကာ ကြိတ်ခြေ ပေးရမည့် တရားစုများ ဖြစ်ကြပါတယ်။ ဒီလို နာမ်ဃန = နာမ်အတုံးအခဲတွေ ကို ဖြိုခွဲဖျက်ဆီးနိုင်တဲ့အတွက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေတဲ့ ယောဂီ ပုဂ္ဂိုလ်သည် ရှေ့သို့ ဘာဆက်လုပ်ရမလဲ?
ဒွါရခြောက်ပါး = ခြောက်ဌာနနှင့် (၄၂)ကောဋ္ဌာသမှာ တည်ရှိတဲ့ ရုပ်တရားတွေကို ခြုံငုံပြီးတော့ ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းရ တယ်။ အခုလို နာမ်တရားတွေကျတော့ နာမ်တရား နာမ်တရားလို့ အဲဒီအခါကျမှ သိမ်းဆည်းရပါတယ်။ ဒီအခါကျမှ ရုပ်နာမ်ကို စသိတဲ့အဆင့် ဖြစ်ပါတယ်။ ပထမစျာန်နာမ်တရားတွေကို သိမ်းဆည်းသလို ဒုတိယစျာန် အစရှိတဲ့ စျာန်နာမ်တရားတွေကိုလည်း မိမိတို့ ရှုပွားလို့ရတဲ့ အဆင့်အထိ ဆက်လက် သိမ်းဆည်းနိုင်ပါတယ်။
အလားတူပဲ အရောင်အဆင်းကို မြင်တဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ စက္ခုဒွါရဝီထိ, အသံကို ကြားတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ သောတဒွါရ ဝီထိ, အနံ့ကို နံတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ ဃာနဒွါရဝီထိ, အရသာကို သိတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ ဇိဝှါဒွါရဝီထိ, အတွေ့အထိကို သိတဲ့ အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ ကာယဒွါရဝီထိ, ကျန်နေတဲ့ မျက်စိအကြည်, နားအကြည်, နှာအကြည်, လျှာအကြည်, ကိုယ်အကြည် အစရှိတဲ့ အကြည်ရုပ် တွေနှင့်တကွ ကြွင်းကျန်နေသေးတဲ့ ရုပ်ပရမတ်တရားတွေကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာတဲ့ မနောဒွါရဝီထိဆိုတဲ့ နာမ်တရားတွေရှိတယ်။
အဲဒီ နာမ်တရားတွေကိုလည်း ဒွါရခြောက်ပါးလုံးမှာ ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ အဲဒီလို သိမ်းဆည်းနိုင်ပါမှသာ နာမ်တရားကို သိတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ယောနိသောမနသိကာရ ခေါ်တဲ့ နည်းမှန်လမ်းမှန် နှလုံးသွင်းမှု, နှလုံးသွင်းမှန်မှုကို အခြေခံပြီးတော့ ဖြစ်ပေါ်လာကြတဲ့ ကုသိုလ်ဇောပါဝင်နေတဲ့ ကုသိုလ်ဇောစောနေတဲ့ ကုသိုလ် ဇောဝီထိ စိတ်အစဉ်တွေလည်း ရှိကြတယ်။ အယောနိသောမနသိကာရခေါ် တဲ့ နှလုံးသွင်းမှားမှုကို အခြေခံပြီးတော့ ဖြစ်ပေါ်လာကြတဲ့ အကုသိုလ်ဇော စောနေတဲ့ အကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေလည်း ရှိပါကြတယ်။
ဒီနေရာမှာ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရ ဆိုတာကတော့ အနိစ္စတရားဖြစ်တဲ့ ခန္ဓာငါးပါးကို နိစ္စလို့, ဒုက္ခတရားဖြစ်တဲ့ ခန္ဓာငါးပါးကို သုခလို့, အနတ္တတရားဖြစ်တဲ့ ခန္ဓာငါးပါးကို အတ္တလို့, အသုဘဖြစ်တဲ့ ခန္ဓာ ငါးပါးကို သုဘလို့ ဒီလို နှလုံးသွင်းမှုမျိုးကို ဆိုလိုပါတယ်။ နည်းနည်း ထပ်ပြောမယ် - မနေ့ကလည်း ငါ့သားပဲ၊ ဒီနေ့လည်း ငါ့သားပဲစသည်ဖြင့် နှလုံးသွင်းမှုမျိုးတွေ ဖြစ်ပေါ်ကြတယ်။
ပရမတ္ထသစ္စာနယ်မှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ, သား, သမီး, ဇနီး, ခင်ပွန်းဆိုတာတွေဟာ မရှိပါဘူး။ အားလုံးက ရုပ်တရားအစုအပုံ, နာမ်တရားအစုအပုံ, အကြောင်းတရားအစုအပုံ, အကျိုး တရားအစုအပုံတွေသာ ဖြစ်ကြတယ်။ ဒီရုပ်နာမ်အစုအပုံတွေ, အကြောင်း တရားအစုအပုံ, အကျိုးတရားအစုအပုံတွေဟာလည်း ဖြစ်ပြီးတာနှင့် ဖြစ်တဲ့ နေရာမှာ ပျက်သွားကြတယ်။ သားလို့, သမီးလို့ စသည်ဖြင့် ခေါ်ဝေါ်နိုင် လောက်အောင် အချိန်ကာလသက်တမ်း မရှိကြပါဘူး။
ဒါကြောင့် ဒီအနိစ္စ, ဒုက္ခ, အနတ္တ, အသုဘတရား စင်စစ်ဖြစ်နေတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို နိစ္စပဲ, သုခပဲ, အတ္တပဲ, သုဘပဲလို့ နှလုံးသွင်း နေမယ်ဆိုလျှင် အယောနိသောမနသိကာရလို့ ခေါ်ဆိုပါတယ်။ တစ်ဖန် ဒီခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို အနိစ္စပဲ, ဒုက္ခပဲ, အနတ္တပဲ, အသုဘပဲလို့ နှလုံးသွင်းခဲ့လျှင်လည်း ဒီလို နှလုံးသွင်းမှုက နည်းမှန်လမ်းမှန် နှလုံးသွင်းမှု ဖြစ်တဲ့အတွက် ယောနိသောမနသိကာရ မည်ပြန်တယ်။ ဒွါရ (၆)ပါးလုံးမှာ ယောနိသောမနသိကာရကို အကြောင်းခံ၍ ကုသိုလ်ဇောတွေ ဖြစ်ကြသလို အယောနိသောမနသိကာရကို အကြောင်းခံ၍ အကုသိုလ်ဇောတွေလည်း ဖြစ်ကြတယ်။ ကုသိုလ်ဇောဝီထိ စိတ်အစဉ်ကိုပဲဖြစ်စေ, အကုသိုလ်ဇောဝီထိ စိတ်အစဉ်ကိုပဲဖြစ်စေ အားလုံးကိုပဲ သိမ်းဆည်းရမည့် လုပ်ငန်းခွင် ဖြစ်ပါတယ်။ ဒါကတော့ ဆရာသမားနှင့်ပဲ စနစ်တကျ ချဉ်းကပ်ပြီးတော့ လေ့လာကြပါ။
အဇ္ဈတ္တ + ဗဟိဒ္ဓ ရုပ်တရား
အဲဒီလို ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါကျတော့မှ ရှေ့တစ်ဆင့်တက်ပြီး ဘာလုပ်ရမလဲ? အဲဒီ လုပ်ရမည့် လုပ်ငန်းခွင်ကို မြတ်စွာ ဘုရားက -
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)
စသည်ဖြင့် ဒီလို ဟောကြားထားတော်မူပါတယ်။ အဇ္ဈတ္တမှာ ရုပ်တွေ နာမ်တွေကို သိမ်းဆည်းပြီးပြီဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်က ဘာလုပ်ရမလဲ? ဗဟိဒ္ဓမှာလည်း ရုပ်တွေနာမ်တွေကို ဆက်လက်သိမ်းဆည်းရတယ်။ ဘယ်လို သိမ်းဆည်းမလဲလို့ ဒီလိုတော့ မေးစရာရှိတယ်။ အဇ္ဈတ္တမှာ ရုပ်တွေနာမ်တွေကို စနစ်တကျ သိမ်းဆည်းတတ်တဲ့ ယောဂီပုဂ္ဂိုလ်က မိမိတို့ဝတ်ထားတဲ့ အဝတ် ကလေးကို လက်ကလေးနှင့် အသာကလေး ထိထားကြည့်ပါ။ အဲဒီ အဝတ်မှာ မာမှု, ကြမ်းမှု, လေးမှုစတဲ့ ဓာတ်လေးပါးကို စိုက်ပြီးရှုလိုက်လျှင် ရှုလိုက်လို့ ရပါတယ်။ အဇ္ဈတ္တမှာ ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီးတဲ့ ယောဂီပုဂ္ဂိုလ်က အနီးကပ်ဆုံးဖြစ်တဲ့ မိမိဝတ်ထားတဲ့အဝတ်မှာ တည်ရှိတဲ့ ဓာတ်လေးပါးကို လှမ်းပြီး သိမ်းဆည်းမယ်ဆိုလျှင် သိမ်းဆည်းလို့ရတယ်။
ဓာတ်လေးပါးကို သိမ်းဆည်းလိုက်နိုင်ပြီဆိုလျှင် ထိုဓာတ်လေးပါးကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်လိုက်တဲ့ အချိန်အခါမှာ ထို ယောဂီသူတော်ကောင်းရဲ့ ဉာဏ်မှာ ဒီအဝတ်ကို အဝတ်အနေနဲ့ မမြင်ဘဲ မကြာမီ အချိန်ကာလအတွင်းမှာပဲ ကလာပ်အစုအပုံ အမှုန်ကလေးတွေ အဖြစ်နဲ့ မြင်နေပေလိမ့်မယ်။ အမှုန်ကလေးတွေကို ဓာတ်ခွဲလိုက်လျှင် တစ်မှုန် တစ်မှုန်မှာ တည်ရှိတဲ့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုတဲ့ သဘောတရားရှစ်ခုကို တွေ့ရှိနိုင်ပါတယ်။ အဲဒီ သဘော တရားတွေကို ဆက်လက်သိမ်းဆည်းလျှင် သိမ်းဆည်းလို့ ရပါတယ်။
ဒီရုပ်တရားတွေက ဘယ်သူ့ကြောင့် ဖြစ်သလဲဆိုတာကို သေသေချာချာ စိုက်ပြီး ရှုလိုက်လို့ရှိလျှင်လည်း တွေ့နိုင်ပါတယ်။ ကလာပ်တစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ်ကြောင့် နောက်ထပ် ရုပ်ကလာပ် အသစ်အသစ်တွေ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေပုံကို ဉာဏ်နှင့်ပိုင်းခြားယူလျှင် ယူလို့ရပါတယ်။ ဥတုဇရုပ်လို့ ခေါ်ပါတယ်၊ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရားတွေပဲ။ ဥတုပစ္စယဥတုသမုဋ္ဌာန်ရုပ်တွေလို့ ခေါ်ဆိုပါတယ်။ ရှေးရှေးဥတုဇရုပ်ကလာပ် မှာ တည်ရှိတဲ့ ဥတုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်နောက်ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။
ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။) -
ဆိုတဲ့ ဝိသုဒ္ဓိမဂ် အဖွင့်အတိုင်း သက်မဲ့လောကမှာ အဓွန့်ရှည်စွာ ဖြစ်ပေါ်နိုင်တဲ့ ဥတုသမုဋ္ဌာန်ရုပ်တွေ ဖြစ်ကြပါတယ်။ အဲဒီ ဥတုဇရုပ်တွေကို စနစ်တကျ သိမ်းဆည်းပြီးပြီဆိုလျှင် အနီးကပ်ဆုံးဖြစ်တဲ့ ထိုင်နေတဲ့ ကြမ်းပြင်မှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းကြည့်။ ကြမ်းပြင်ကို မတွေ့ တော့ဘဲနဲ့ မကြာမီ ကလာပ်အမှုန်ကလေးတွေကိုပဲ တွေ့နိုင်တယ်။
ဗဟိဒ္ဓသက်မဲ့လောက
အဲဒီနည်းစနစ်အားဖြင့် တဖြည်းဖြည်း အဇ္ဈတ္တသိမ်းဆည်းလိုက်, ဗဟိဒ္ဓ သိမ်းဆည်းလိုက်၊ အဇ္ဈတ္တသိမ်းဆည်းလိုက်, ဗဟိဒ္ဓသိမ်းဆည်းလိုက် ခေါက်တုံ့ ခေါက်ပြန် သိမ်းဆည်းပေးရပါတယ်။ သိမ်းဆည်းလိုက်လျှင် ဉာဏ်က တဖြည်းဖြည်း ထက်မြက်စူးရှလာပါလိမ့်မယ်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းခဲ့လျှင် လင်းရောင်ခြည်စွမ်းအင်နယ်ပယ်ကလည်း ပိုပိုပြီး တောက်ပလာတာကို ယောဂီကိုယ်တိုင် တွေ့ပါတယ်။ အဲဒီလို အောင်မြင်မှုရပြီ ဆိုလို့ရှိလျှင် တဖြည်းဖြည်း တစ်စတစ်စ တိုးချဲ့ပြီးတော့ အဆောက်အဦ တစ်လုံးလုံးမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းကြည့်။
တစ်ဆင့်တက်ပြီးတော့ သစ်ပင်, ရေ, မြေ, တော, တောင်တွေ တစ်စ တစ်စ တိုးချဲ့ပြီး အဇ္ဈတ္တရုပ်တွေကို ပြန်သိမ်းဆည်းလိုက်၊ ဗဟိဒ္ဓရုပ်တွေကို သိမ်းဆည်းလိုက်၊ အဲဒီလို သိမ်းဆည်းရပါတယ်။ တစ်လောကလုံးကို ခြုံငုံပြီး သိမ်းဆည်းခဲ့လို့ သက်မဲ့လောကမှာ တည်ရှိတဲ့ ရုပ်တရားတွေကို သိမ်းဆည်း နိုင်ပြီဆိုလျှင် သက်ရှိလောကကို ခြုံငုံပြီးတော့ တစ်ဖန်ပြန်သိမ်းဆည်းရပါ တယ်။
ဒွါရ (၆) ပါးနှင့် (၄၂) ကောဋ္ဌာသ
ဥပမာ မိမိမျက်လုံးမှာ တည်ရှိတဲ့ ပရမတ္ထဓာတ်သား ရုပ်တရားတွေကို သိမ်းဆည်းလိုက်၊ အပြင်ဗဟိဒ္ဓမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ မခွဲခြား တော့ဘဲ သာမန်အနေအားဖြင့် ခြုံငုံပြီး မျက်လုံးမှာ တည်ရှိတဲ့ ရုပ်တရားတွေ ကို သိမ်းဆည်းလိုက်၊ အဇ္ဈတ္တမျက်လုံးမှာ တည်ရှိတဲ့ ရုပ်တရားကို သိမ်းဆည်း လိုက်၊ ဗဟိဒ္ဓမျက်လုံးမှာ တည်ရှိတဲ့ ရုပ်တရားကို သိမ်းဆည်းလိုက်၊ ဒီလို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းရပါတယ်။ ဒီမျက်လုံးမှာ ရုပ်ကလာပ်အမျိုးအစား ခြောက်မျိုး၊ ရုပ်အမျိုးအစား (၅၄)မျိုးအထိ ရှုရပါ တယ်။ ဆရာသမားနှင့်ပဲ ချဉ်းကပ်ပြီး လေ့လာပါ။
နား, နှာ, လျှာ, ကိုယ်, နှလုံး အဲဒီ ဒွါရအားလုံးတို့ကိုလည်း ပုံစံတူ ဆက်လက် သိမ်းဆည်းရပါတယ်။ (၃၂)ကောဋ္ဌာသတွေကိုရော, (၄၂)ကောဋ္ဌာသတွေကိုရော စနစ်တကျ ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ အဲဒီ သိမ်းဆည်းတဲ့ လုပ်ငန်းတွေ အောင်မြင်ပြီဆိုတဲ့အခါကျတော့မှ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တရားတွေကို တစ်စတစ်စ တိုးချဲ့ပြီးတော့ (၃၁)ဘုံကို ခြုံငုံပြီး သိမ်းဆည်းရပါတယ်။
အဇ္ဈတ္တ+ဗဟိဒ္ဓ နာမ်တရား
ရုပ်တရားတွေကို အဇ္ဈတ္တ ဗဟိဒ္ဓနှစ်မျိုးလုံးမှာ သိမ်းဆည်းတဲ့ လုပ်ငန်းခွင် က အောင်မြင်သွားပြီဆိုတော့မှ နာမ်တရားတွေကိုလည်း အဇ္ဈတ္တမှာ သိမ်းဆည်းတဲ့ ပုံစံအတိုင်း ဗဟိဒ္ဓမှာလည်း ဆက်လက်သိမ်းဆည်းရတယ်။ ရုပ်တွေ နာမ်တွေကို အဇ္ဈတ္တတစ်လှည့်, ဗဟိဒ္ဓတစ်လှည့် ထပ်ခါထပ်ခါ သိမ်းဆည်း လိုက်လို့ရှိလျှင်လည်း သိမ်းဆည်းတဲ့အပိုင်းမှာ (၃၁)ဘုံခြုံငုံပြီးတော့ တစ်စ တစ်စ တိုးချဲ့သိမ်းဆည်းရပါတယ်။ မိမိက မေတ္တာကမ္မဋ္ဌာန်းတို့လို အားကောင်း မောင်းသန်နေတဲ့ သမာဓိတွေကို ထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့မယ်ဆိုလျှင် တော့ အနန္တစကြဝဠာအထိ မိမိစွမ်းအားရှိသလောက် ဖြန့်ကျက်ပြီး ရုပ်တွေ နာမ်တွေကို သိမ်းဆည်းမယ်ဆိုလျှင်လည်း သိမ်းဆည်းလို့ရပါတယ်။
ဒီနေရာမှာ လယ်တီဆရာတော်ဘုရားကတော့ သူ့ရဲ့ အလင်းကျမ်းဆိုတဲ့ ကျမ်းစာတစ်စောင်မှာ အခုလို အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တွေနာမ်တွေ သိမ်းဆည်း လိုက်တဲ့ ယောဂီသူတော်ကောင်းက ဉာဏ်ထက်မြက်လာပြီဆိုလျှင် ကိုယ့်ရဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေသည် စကြဝဠာတစ်ခုလုံး ကို တိုးလျှိုပေါက် လင်းနေလိမ့်မယ်ဆိုပြီး ဒီလောက်အထိ လယ်တီဆရာတော် ဘုရားကြီးက အမိန့်ရှိထားပါတယ်။ စိတ်ဓာတ်ရဲ့စွမ်းအား ဖြစ်ပါတယ်။ ဒီနေ့ တရားနာနေတဲ့ ပရိသတ်တွေမှာ ဒီစိတ်ဓာတ် မရှိဘူးလား? ရှိပါတယ်။
ဒီစိတ်ဓာတ်ကို ထက်မြက်အောင် သွေးတတ်မယ်ဆိုလျှင် ဒီစိတ်ဓာတ် ကြောင့် လင်းရောင်ခြည်တွေဟာ တစ်လောကလုံး အနှံ့အပြား ဖြစ်လာတာကို ယောဂီကိုယ်တိုင်က မြင်အောင် လှမ်းကြည့်မယ်ဆိုလျှင် ကြည့်လို့ မရနိုင် ဘူးလား? ရနိုင်ပါတယ်။ စိတ်ဓာတ်ရဲ့ စွမ်းအင်ကို မီးဖိုချောင်လောက်မှာပဲ အသုံးချလျှင်တော့ မီးဖိုချောင်ထဲက ထွက်ပါ့မလား? မထွက်ဘူး။ ဂျပန် လောက်မှာပဲ အသုံးချနေလျှင် ဂျပန်က ထွက်ပါ့မလား? မထွက်တော့ဘူး။ ဒီတော့ ဂျပန်က ထွက်ချင်လျှင်တော့ ဘာလုပ်ရမလဲ? ဂျပန်ကထွက်နိုင်တဲ့ နည်းစနစ်ကို အသုံးချဖို့ လိုအပ်ပါတယ်။ ကဲ - ရုပ်တွေနာမ်တွေကို အဇ္ဈတ္တ ဗဟိဒ္ဓ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ နောက်တစ်ဆင့်တက်ပြီး ဘာလုပ်ရ မလဲ?
နောက်တစ်ဆင့်ကို မပြောမီ သမ္ပဇဉ်လေးပါးအကြောင်းကို ရှေးဦးစွာ ပြောကြရအောင်။ ကမ္မဋ္ဌာန်းဟူသမျှဟာ သတိသမ္ပဇဉ်ဉာဏ်ယှဉ်မှသာ ပြီးပြည့် စုံနိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် သမ္ပဇဉ်ဉာဏ်အကြောင်းကိုလည်း ဆွေးနွေးတင်ပြလိုပါတယ်။
အခန်း (၁၂)
သမ္ပဇဉ်ဉာဏ်ပိုင်း
သမ္ပဇဉ် (၄) မျိုး
ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)-
ဆိုတဲ့ သတိပဋ္ဌာန်ကျင့်စဉ်ထဲက ဝိပဿနာပိုင်းရဲ့ အစပိုင်းလို့ ခေါ်ဆို အပ်တဲ့ အဇ္ဈတ္တမှာ ရုပ်တွေသိမ်းဆည်းပုံ, ဗဟိဒ္ဓမှာ ရုပ်တရားတွေ သိမ်းဆည်း ပုံ, အဇ္ဈတ္တမှာ နာမ်တရားတွေ သိမ်းဆည်းပုံ, ဗဟိဒ္ဓမှာလည်း နာမ်တရားတွေ သိမ်းဆည်းပုံ, ဒီအပိုင်းကို အကျဉ်းချုပ်ပြီးတော့ ပြောထားပါတယ်။ ဒီအချက် တွေနှင့် ပတ်သက်ပြီးတော့ ဒီနေ့ ဒါယကာတစ်ဦးကလည်း လျှောက်ထားတဲ့ အတွက် ဘုန်းကြီး သမ္ပဇဉ်ဉာဏ်အကြောင်းကို နည်းနည်း ထပ်ပြောချင် ပါတယ်။ သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်ခြင်း, သမ္ပဇဉ်တွေကို ပွားများအားထုတ်ခြင်း၊ ဒီနှစ်ခုဟာ ဘယ်လို ကွာဟချက်ရှိသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ သမ္ပဇဉ်ပိုင်းကို မြတ်စွာဘုရားက ကာယာနုပဿနာသတိပဋ္ဌာန်ထဲမှာ သမ္ပဇာနပဗ္ဗဆိုတဲ့ အပိုင်းကဏ္ဍတစ်ခု အဖြစ်နဲ့ ထည့်သွင်း ဟောကြားထားတော်မူပါတယ်။ နမူနာအဖြစ်နဲ့ ပြောလျှင်တော့ -
အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ။
ရှေ့သို့တက်ရာမှာလည်း သမ္ပဇဉ်ဉာဏ်နှင့် ပြုပါ။ နောက်သို့ ဆုတ်ရာ မှာလည်း သမ္ပဇဉ်ဉာဏ်နှင့် ပြုပါ။ တည့်တည့်ကြည့်ရာမှာ, စောင်းငဲ့ကြည့်ရာမှာ, ကွေးရာမှာ, ဆန့်ရာမှာ, ကျင်ကြီးကျင်ငယ် စွန့်ရာမှာ, စားရာမှာ, သောက်ရာမှာ, လျက်ရာမှာ စသည်ဖြင့်ပေါ့ ထိုထိုအမှုကိစ္စကြီးငယ်ဟူသမျှ၌ သမ္ပဇဉ်ဉာဏ် ဖြင့် ပြုလုပ်ဖို့ မြတ်စွာဘုရားက အမိန့်ရှိထားတယ်။ ဒီတော့ ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရမလဲ? ဒီလိုတော့ မေးစရာ ရှိတယ်။ သမ္ပဇဉ်ဉာဏ်နှင့် ပြုလုပ်တယ်ဆိုတာ ဘယ်လိုရှုပွားသုံးသပ်နေတာလဲ လို့ ဒီလိုလည်း မေးစရာရှိတယ်။ ဒီနေရာမှာ သမ္ပဇဉ်နှင့် ပတ်သက်ပြီးတော့ အဋ္ဌကထာဆရာတော်များက သမ္ပဇဉ်လေးမျိုး ဖွင့်ဆိုထားပါတယ်။
၁။ သပ္ပါယသမ္ပဇဉ်,
၂။ သာတ္ထကသမ္ပဇဉ်,
၃။ ဂေါစရသမ္ပဇဉ်,
၄။ အသမ္မောဟသမ္ပဇဉ်-ဆိုပြီးတော့ သမ္ပဇဉ်လေးမျိုး ရှိပါတယ်။
၁။ သပ္ပါယသမ္ပဇဉ်
သပ္ပါယသမ္ပဇဉ်ဆိုတာက သင့်တော်၏ မသင့်တော်၏ဆိုတာကို နှိုင်းချိန် တတ်တဲ့ အသိဉာဏ်ကို သပ္ပါယသမ္ပဇဉ်ဉာဏ်လို့ ခေါ်တယ်။ ထိုသပ္ပါယသမ္ပဇဉ်ဉာဏ်အရ သင့်တော်၏ မသင့်တော်၏လို့ နှိုင်းချိန်ပြီးတဲ့အခါ သင့်တော်တဲ့ လုပ်ငန်းကိစ္စကို ပြုလုပ်ပြီး မသင့်တော်တဲ့ လုပ်ငန်းကိစ္စကို ရှောင်ရှားတတ်တဲ့ အသိဉာဏ်ကို သမ္ပဇဉ်ဉာဏ်လို့ ပြောလိုရင်းဖြစ်တယ်။ ဥပမာ - ရှေ့သို့ တက်တယ် သို့မဟုတ် နောက်သို့ဆုတ်တယ်၊ ရှေ့သို့တိုးသင့်၏ မတိုးသင့်၏၊ နောက်သို့ဆုတ်သင့်၏ မဆုတ်သင့်၏ဆိုတာကို ပိုင်းခြားဝေဖန်တတ်တဲ့ အသိဉာဏ်လေးရှိဖို့တော့ လိုတယ်။
တစ်နည်းပြောလျှင်တော့ ဒီနေရာကို သွားသင့်၏ မသွားသင့်၏ကို နှိုင်းချိန်ပြီးတဲ့အခါ သွားသင့်၏လို့ သိလျှင်တော့ သွားပါ။ မသွားသင့်ဘူးလို့ သိခဲ့လျှင်တော့ မသွားဘဲနဲ့ ရှောင်ရှားရမယ်။ ဒီအသိဉာဏ်ကလေးရှိဖို့ လို တယ်။ တရားအားထုတ်နေတဲ့ ပုဂ္ဂိုလ်က သွားသင့်၏ မသွားသင့်၏၊ လုပ်သင့် ၏ မလုပ်သင့်၏၊ ပြောသင့်၏ မပြောသင့်၏၊ စားသင့်၏ မစားသင့်၏ စသည် ဖြင့် မိမိနှင့်သင့်တော်မှု မသင့်တော်မှုကို နှိုင်းချိန်တတ်တဲ့ ဉာဏ်မရှိလို့ မလုပ် သင့် တာတွေကို လုပ်မယ်၊ မပြောသင့်တာတွေကို ပြောမယ်၊ မသွားသင့်တဲ့ နေရာတွေ သွားမယ်၊ မစားသင့်တဲ့ အစာအာဟာရတွေကို စားမယ်၊ မနေသင့် တဲ့ နေရာမှာ နေမယ်၊ စသည်ဖြင့် မသင့်တော်တဲ့ လုပ်ငန်းရပ်တွေကို ပြုစု ပျိုးထောင်ခဲ့မိလျှင် တရားဘာဝနာမှာ အကြီးအကျယ် အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ နမူနာလေးတစ်ခုအနေနဲ့ နားလည်လွယ်အောင် ပြောလျှင် ပေါ့ - နောက်ထပ်ပြောမည့် သာတ္ထကသမ္ပဇဉ်နှင့် တွဲပြီးပြောလျှင်တော့ ပိုပြီး သဘောပေါက်ပါလိမ့်မယ်။
၂။ သာတ္ထကသမ္ပဇဉ်
သာတ္ထကသမ္ပဇဉ်ဆိုတာကတော့ အကျိုးရှိမရှိကို နှိုင်းချိန်တတ်တဲ့ဉာဏ် ကို သာတ္ထကသမ္ပဇဉ်လို့ခေါ်တယ်။ သို့သော် ဒီနေရာမှာ ဆိုလိုရင်းက အကျိုး ရှိမရှိကို နှိုင်းချိန်ပြီးတဲ့ အချိန်အခါ အကျိုးမရှိတဲ့ လုပ်ငန်းရပ်ကို ရှောင်ရှားပြီး အကျိုးရှိတဲ့ လုပ်ငန်းရပ်ကိုသာ ပြုလုပ်နိုင်တဲ့ အသိဉာဏ်မျိုးကို သာတ္ထကသမ္ပဇဉ်လို့ ပြောလိုရင်း ဖြစ်ပါတယ်။ အကျိုးရှိမရှိဆိုတဲ့သဘောက ဘာကို အကျိုးရှိတယ်လို့ ပြောသလဲ? ဘာကို အကျိုးမရှိဘူး ပြောသလဲလို့ မေးလျှင် တော့ အထူးသဖြင့် ကုသိုလ်တရားတို့ရဲ့ တိုးပွားမှုကို အကျိုးရှိတယ်။ အကုသိုလ်တရားတို့ရဲ့ တိုးပွားမှုကို အကျိုးမရှိဘူးလို့ ဆိုလိုရင်း ဖြစ်ပါတယ်။
ဒီတော့ ဘုရားဖူးသွားကြတယ် ဆိုကြစို့၊ ဘုရားဖူးသွားတယ်ဆိုလျှင် ကုသိုလ်တရား တိုးပွားတာတော့ မှန်တယ်။ သို့သော် ဘုရားဖူးသွားတိုင်းလည်း တော်မတော် နှိုင်းချိန်တတ်တဲ့ ဉာဏ်ရှိဖို့တော့ လိုအပ်ပါတယ်။ နမူနာအနေနဲ့ အဋ္ဌကထာဆရာတော်များက သတ်မှတ်ပြပုံကတော့ အရပ်လေးမျက်နှာက နေပြီးတော့ ပရိသတ်အမျိုးမျိုးတွေက လာနေကြတယ်။ ဘုရားပွဲတော်ကြီး တစ်ခု ကျင်းပပြီ၊ ပွဲတော်လာတဲ့ ပုဂ္ဂိုလ်တွေကလည်း ပန်းချီကားချပ်ထဲက ရုပ်ပုံသဏ္ဌာန်တွေအတိုင်း အလှဆုံးပြင်ဆင် ဝတ်စားဆင်ယင်ပြီးတော့ ဒီ ပွဲတော်ကို ကြည့်ချင်လို့ လာကြပြီ၊ တိုးကြပြီ ဝှေ့ကြပြီ၊ အဲဒီလို နေရာမျိုး ဆိုလို့ရှိလျှင် ဘုရားဖူးသွားတာဟာ အကျိုးရှိသော်လည်း ခုလိုသွားတဲ့လုပ် ငန်းရပ်မျိုးကျတော့ တော်မတော် နှိုင်းချိန်တတ်တဲ့ အသိဉာဏ်ရှိဖို့လိုတယ်။ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်အနေနဲ့ ထိုကဲ့သို့သော ပွဲတော်မျိုးကို သွားပြီးတော့ တိုးမယ်ဝှေ့မယ်ဆိုလျှင် ကုသိုလ်တရားတွေက တိုးပွားမလား? အကုသိုလ် တရားတွေက တိုးပွားမလား? အကုသိုလ်တရားတွေသာ တိုးပွားနိုင်တယ်။
အဲဒီ ပုံစံအတိုင်းပဲ သွားသင့်တဲ့နေရာမျိုးကို နှိုင်းချိန်တတ်တဲ့ အသိဉာဏ် ရှိဖို့လိုတယ်။ မသွားသင့်တဲ့ နေရာမျိုးကိုလည်း နှိုင်းချိန်တတ်တဲ့အသိဉာဏ်ရှိဖို့ လိုတယ်။ သွားသင့်တဲ့ နေရာဆိုပြီး သွားလျှင်လည်း မိမိမှာ ကုသိုလ်တရားတွေ က တိုးပွားမလား? အကုသိုလ်တရားတွေက တိုးပွားမလားဆိုတာ နှိုင်းချိန် တတ်ဖို့လိုတယ်။ ဒီလုပ်ငန်းခွင် နှစ်ခုကတော့ တရားဘာဝနာ လုပ်ငန်းခွင်ရဲ့ အပြင်ဘက်မှာ ကျပါတယ်။ အပြင်ဘက်မှာ ကျတယ်ဆိုတာကတော့ တရား အားထုတ်တဲ့ ပုဂ္ဂိုလ်တွေမှာ ရှိသင့်ရှိထိုက်တဲ့အတွက်ကြောင့် အဋ္ဌကထာ ဆရာတော်များကလည်း ထည့်သွင်းဖွင့်ဆိုထားခြင်း ဖြစ်ပါတယ်။ မြတ်စွာ ဘုရားကလည်း ဟောကြားတော်မူခဲ့ခြင်း ဖြစ်တယ်။ သို့သော် တရားဘာဝနာ ခွင်နှင့် တိုက်ရိုက်ဆက်စပ်နေတာကတော့ နံပါတ်သုံးဖြစ်တဲ့ ဂေါစရသမ္ပဇဉ်နှင့် နံပါတ်လေးဖြစ်တဲ့ အသမ္မောဟသမ္ပဇဉ် ဖြစ်ပါတယ်။
၃။ ဂေါစရသမ္ပဇဉ်
ဂေါစရသမ္ပဇဉ်ဆိုတာကတော့ အထူးသဖြင့် ဣရိယာပုထ်လေးပါးလုံးမှာ မိမိရှုပွားသုံးသပ်နေကျ ကမ္မဋ္ဌာန်းအာရုံတစ်ခုကို အမြဲတမ်း ရှုပွားသုံးသပ်ခြင်း ကို ဂေါစရသမ္ပဇဉ်လို့ ခေါ်တယ်။ မိမိရဲ့ စိတ်ကျက်စားရာ အာရုံတစ်ခုအဖြစ်နဲ့ သတ်မှတ်ချက် ရှိရမယ်။ အထူးသဖြင့်တော့ သမထကမ္မဋ္ဌာန်းပိုင်းကို ဦးတည် ထားပါတယ်။ ဒီတော့ မိမိက အာနာပါနကမ္မဋ္ဌာန်းကို ပွားနေတဲ့ ယောဂီ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင် သွားလျှင်လည်း အာနာပါနကိုပဲ ရှုပါ။ ရပ်လျှင်လည်း အာနာပါနကိုပဲ ရှုပါ။ ထိုင်လျှင်လည်း အာနာပါနကိုပဲ ရှုပါ။ အိပ်လျှင်လည်း အာနာပါနကိုပဲ အဆက်မပြတ် ရှုပါ။ ကွေးလျှင်လည်း အာနာပါနကို ရှုပါ၊ ဆန့်လျှင်လည်း အာနာပါနကိုပဲ ရှုနေရတယ်။
အာနာပါနလုပ်ငန်းတွေက အောင်မြင်သွားပြီ၊ စတုတ္ထစျာန်သမာဓိ လောက်အထိ ဆိုက်ပြီဆိုလျှင် ထိုပုဂ္ဂိုလ်က စွမ်းနိုင်ရည် ရှိခဲ့မယ်ဆိုလျှင်လည်း ဒီစတုတ္ထစျာန်သမာဓိကို ဝင်စားပြီး သွားနေပါ။ ရပ်လျှင်လည်း စတုတ္ထစျာန် သမာဓိကိုပဲ ဝင်စားနေပါ။ ထိုင်လျှင်လည်း စတုတ္ထစျာန်သမာဓိကိုပဲ ဝင်စားပါ။ အိပ်လျှင်လည်း စတုတ္ထစျာန်သမာဓိကိုပဲ ဝင်စားပါ။
၄။ အသမ္မောဟသမ္ပဇဉ်
နံပါတ် (၄)ခုမြောက် သမ္ပဇဉ်ကတော့ အသမ္မောဟသမ္ပဇဉ် ဖြစ်ပါတယ်။ ရှေ့သို့တက်ခိုက် နောက်သို့ဆုတ်ခိုက်စတဲ့ ထိုထိုကိုယ်အမူအရာတို့မှာ မတွေ မဝေ အမှန်အတိုင်း သိခြင်းကို အသမ္မောဟသမ္ပဇဉ်လို့ ခေါ်ဆိုပါတယ်။ ဘယ်လို မတွေမဝေ အမှန်အတိုင်း သိတာလဲ? အဋ္ဌကထာက အဖြေပေးထား ပါတယ်။
ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ၊ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန -
အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။ အဘိ၊ဋ္ဌ၊၂၊၃၃၉။)
ပရမတ္ထအနက်သဘောအားဖြင့် ပြောဆိုကြရမယ်ဆိုလျှင် သွားခြင်း ဆိုတာဟာ ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့ သွားခြင်းသာဖြစ်တယ်။ ရပ်ခြင်းဆိုတာ လည်း ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့ ရပ်ခြင်းသာဖြစ်တယ်။ ထိုင်ခြင်းဆိုတာလည်း ရုပ်ဓာတ်နာမ်ဓာတ်တို့ရဲ့ ထိုင်ခြင်းသာဖြစ်တယ်။ အိပ်ခြင်းဆိုတာလည်း ရုပ် ဓာတ်နာမ်ဓာတ်တို့ရဲ့ အိပ်ခြင်းသာ ဖြစ်တယ်။ ထိုထိုသွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်းဆိုတဲ့ ကောဋ္ဌာသအဖို့အစုတွေမှာ ရုပ်တရားနှင့် အတူတကွ စိတ်တစ်ခုက ပြိုင်တူဖြစ်တယ်။ အဲဒီ ရုပ်တရားက စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်တဲ့အတွက် စိတ္တက္ခဏ (၁၇)ချက်မြောက် အခြားစိတ်တစ်မျိုး နှင့် ပြိုင်တူ ချုပ်ပြန်တယ်။ ပြိုင်တူဖြစ်တဲ့စိတ်က တခြား။ ပြိုင်တူချုပ်တဲ့ စိတ်က တခြားဖြစ်တယ်။ ဒီနည်းအတိုင်းပဲ အဆက်မပြတ် စီးဆင်းနေတဲ့ မြစ်ရေ အယဉ်ဟာ တသွင်သွင် စီးဆင်းနေသလို ရုပ်တွေနာမ်တွေဟာလည်း ရှေ့နှင့် နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြတယ်။ ရှေ့သို့တက်ခြင်းစတဲ့ ထိုထိုကိုယ်အမူအရာ အခိုက်အတန့်တို့မှာ ဒီနည်းအတိုင်း ဖြစ်နေတဲ့ ရုပ်တွေ နာမ်တွေကို ပရမတ်သို့ဆိုက်အောင် မတွေမဝေသိခြင်းကိုပဲ အသမ္မောဟသမ္ပဇဉ်လို့ ခေါ်ဆိုပါတယ်။ ခုရှင်းလင်းချက်ကတော့ အဋ္ဌကထာတို့ရဲ့ ရှင်းလင်းချက် ဖြစ်ပါတယ်။ ဒီလောက်နဲ့တော့ နားလည်ချင်မှ နားလည်မယ်။ နည်းနည်းထပ်ပြီးတော့ ရှင်းပြမယ်။
ဂစ္ဆာမီတိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝနယော။ (မ၊ဋ္ဌ၊၁၊၂၅၆။)
ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ။ (မ၊ဋီ၊၁၊၃၅၂။)
သွားလိုတဲ့ စိတ်ဖြစ်ပေါ်လာတယ်၊ ဒီသွားလိုတဲ့ စိတ်ဆိုတာက သွားခြင်း စတဲ့ ဣရိယာပထရုပ်တွေကို ဖြစ်စေနိုင်တဲ့ မနောဒွါရိကဇောဝီထိ စိတ်အစဉ် တွေသာ ဖြစ်ပါတယ်။ ဒီသွားလိုတဲ့စိတ်က ဝါယောဓာတ်ရဲ့ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေတဲ့ ရုပ်ကလာပ်အပေါင်းကို ဖြစ်စေပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီရှုကွက်ကို တကယ်လက်တွေ့ ရှုချင်တယ် ရှုတော့ မယ်ဆိုလျှင် စင်္ကြမ်ဦးတစ်နေရာမှာ ရှေးဦးစွာ မတ်တတ်ရပ်ကာ မိမိရရှိထား ပြီးတဲ့ သမာဓိကို တစ်ဖန်ပြန်လည်ထူထောင်ပါ။ အကယ်၍ အာနာပါန ကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိအထိ ထူထောင်ထားတဲ့ ယောဂီဖြစ်မယ် ဆိုလျှင်လည်း အဲဒီ အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်ပြီး ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိမှ ထတဲ့အခါ မိမိခန္ဓာအိမ်မှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို တွေ့တဲ့အခါ ဒွါရ (၆)ပါးနှင့် (၄၂) ကောဋ္ဌာသတွေမှာရှိတဲ့ ရုပ်တရားအားလုံးကို ခြုံငုံပြီး တော့ သိမ်းဆည်းထားပါ။ ဒီရုပ်တွေကို အကျဉ်းချုပ် ပြောလိုက်လျှင်တော့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဆိုတဲ့ စတုဇရုပ်တွေ ဖြစ်ကြ ပါတယ်။ အဲဒီ ရုပ်တရားအားလုံးကို အသယ်ဆောင်ခံရတဲ့ ရုပ်တရားတွေလို့ မှတ်သားထားပါ။
ဒီလို ရုပ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။ သွားချင်တဲ့စိတ် စင်္ကြမ်သွားလိုတဲ့စိတ်ကို ဖြစ်စေပါ။ သွားတော့ မည့် အမူအရာ အနည်းငယ် လုပ်ကြည့်ပါ။ ထိုသွားလိုတဲ့ မနောဒွါရိကဇောဝီထိစိတ်တွေကို ဆက်လက်သိမ်းဆည်းပါ။ ထိုစိတ်တွေက စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ စိတ္တဇရုပ်ကလာပ်တွေကို များစွာဖြစ်ပေါ်စေတာကို မြင်အောင် ကြည့်ပါ။ အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကာ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းထားပါ။ ထိုနောင် အနည်းငယ် သွားကြည့်ပါ။
အဲဒီ သွားလိုတဲ့ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင် တည်ရှိတဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယောဓာတ်က တစ်နည်း ပြောလျှင်တော့ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယော ဓာတ်နှင့် တကွသော ဓာတ်ကြီး (၄)ပါးက သွားခြင်းကိုယ်အမူအရာဆိုတဲ့ ကာယဝိညတ်ရုပ်ကို ဖြစ်စေပုံကို ဉာဏ်နှင့် မြင်အောင်ကြည့်ပါ။
ဒီကာယဝိညတ်ရုပ်ပါဝင်တဲ့ စိတ္တဇရုပ်ကလာပ်တွေက နှစ်မျိုးရှိပါတယ်။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်နှင့် သွားခြင်းစတဲ့ ကိုယ်အမူအရာကိုဖြစ် စေလျှင် လဟုတာ, မုဒုတာ, ကမ္မညတာဆိုတဲ့ ရုပ်တွေလည်း ပါကြတယ်။ အဲဒီ ရုပ်တွေပါလျှင် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်တွေ ဖြစ်ကြ တယ်။ အဲဒီ လဟုတာစတဲ့ ရုပ်သုံးမျိုးတို့ မပါဝင်လျှင်တော့ ကာယဝိညတ္တိနဝက ကလာပ်တွေ ဖြစ်ကြပါတယ်။ ဒီလို ကာယဝိညတ်ပါဝင်နေတဲ့ ရုပ်ကလာပ်တွေ က ခန္ဓာကိုယ်ကြီးကို ရှေ့သို့ရောက်အောင် သယ်ဆောင်ပေးနေတဲ့ ရုပ်တရား တွေ ဖြစ်ကြပါတယ်။
နောက်ထပ် သတိပြုစေချင်တာ တစ်ခုရှိသေးတယ်။ ဘဝင်စိတ်တွေက လည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေကြပါတယ်။ ပဉ္စဝိညာဏ်ကလွဲလျှင် ကျန်နေတဲ့ ပဉ္စဒွါရိကစိတ်တွေကလည်း စိတ္တဇရုပ်ကလာပ်တွေကို ဖြစ်စေ ကြပါတယ်။ ဒါပေမဲ့ ဒီဘဝင်စိတ်နှင့် ပဉ္စဒွါရိကစိတ်တွေက သွားခြင်းစတဲ့ ကာယဝိညတ်ပါဝင်နေတဲ့ ဣရိယာပထရုပ်တွေကို မဖြစ်စေနိုင်ကြပါဘူး။ ယောဂီပုဂ္ဂိုလ်က ခုလို သွားခြင်းစသည်ကို ပြုလုပ်နေတဲ့အခါမှာ ကြိုးကြား ကြိုးကြား ဘဝင်စိတ်တွေလည်း ဖြစ်နေကြပါတယ်။ ကြိုးကြားကြိုးကြား အသံကိုကြားခြင်း, ကြမ်းနှင့်ခြေထောက် ထိမှုကိုသိခြင်းစတဲ့ ပဉ္စဒွါရိကဝီထိ စိတ်တွေကလည်း ဖြစ်နေတတ်ကြပါတယ်။ ဒီဘဝင်စိတ်နှင့် ပဉ္စဒွါရိကဝီထိ စိတ်တွေကြောင့်ဖြစ်နေတဲ့ စိတ္တဇရုပ်တွေက တစ်နည်းပြောရလျှင်တော့ အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်နေတဲ့ ဝါယောဓာတ်ရဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဓာတ်ကြီး (၄)ပါးတို့က ဣရိယာပထရုပ်ကို မဖြစ်စေနိုင်ကြပါဘူး။ ဒါကြောင့် ဒီဘဝင်စိတ်နှင့် ပဉ္စဒွါရိကဝီထိ စိတ်တွေကြောင့် ဖြစ်နေတဲ့ စိတ္တဇရုပ် တွေကလည်း အသယ်ဆောင်ခံရတဲ့ဘက်မှာ တည်ရှိနေကြပါတယ်။
ဒါကြောင့် စိတ္တဇရုပ်ကလာပ်တွေမှာ သယ်ဆောင်တတ်တဲ့ စိတ္တဇရုပ်တွေ နှင့် အသယ်ဆောင်ခံရတဲ့ စိတ္တဇရုပ်တွေ နှစ်မျိုးရှိနေတာကို သဘောပေါက် အောင် ခွဲခြားမှတ်သားထားပါ။
ယောဂီပုဂ္ဂိုလ်က ခုလို သယ်ဆောင်တတ်တဲ့ ရုပ်တရားတွေနှင့် အသယ်ဆောင်ခံရတဲ့ ရုပ်တရားတွေကို တစ်လှည့်စီ သိမ်းဆည်းရပါတယ်။ သယ်ဆောင်တတ်တဲ့ ရုပ်တရားတွေကို သိမ်းဆည်းလျှင်လည်း ဒီသယ်ဆောင်တတ် တဲ့ ရုပ်တွေက တစ်ကိုယ်လုံးမှာရှိတဲ့ အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို ရှေ့သို့ ရောက်အောင် သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေပုံကို မြင် အောင် ရှုရပါတယ်။
တစ်ဖန် အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို ဦးစားပေးကာ သိမ်းဆည်း ပြန်လျှင်လည်း အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဒီ အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို သယ်ဆောင်တတ်တဲ့ ရုပ်တွေက ရှေ့သို့ ရောက်အောင် သယ်ဆောင်နေတဲ့ အခြင်းအရာအားဖြင့် ဖြစ်နေပုံကို ဉာဏ်နှင့် မြင်အောင် ဆက်ပြီး ရှုရပါတယ်၊ သိမ်းဆည်းရပါတယ်။
ဒီလို သယ်ဆောင်တတ်တဲ့ ရုပ်တွေက အသယ်ဆောင်ခံရတဲ့ ရုပ်တွေကို ရှေ့သို့ရောက်အောင် သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကိုပဲ သွားခြင်းလို့ ခေါ်ဆိုအပ်ပါတယ်။
ဒီနေရာမှာ သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာကို နည်းနည်းကွဲဖို့တော့ လိုအပ်ပါတယ်။ ပရမတ္ထသစ္စာအားဖြင့် ပြောဆိုရလျှင် ရုပ်နာမ်ပရမတ်တရား တွေဟာ ဖြစ်တဲ့နေရာမှာသာ ပျက်သွားတဲ့အတွက် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားရိုးဓမ္မတာ မရှိကြပါဘူး။ သမ္မုတိသစ္စာနယ်မှာသာ ရှိကြပါ တယ်။ ဒါပေမဲ့ ကာယဝိညတ်ပါဝင်နေတဲ့ စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေတဲ့ ဝါယောဓာတ်တို့ရဲ့ စွမ်းအားကြောင့် ရုပ်ကလာပ် အသစ်အသစ်တွေဟာ နေရာဟောင်းမှာ ထပ်ထပ်ပြီး မဖြစ်ကြ တော့ပဲ နေရာအသစ်အသစ်မှာသာ ရွှေ့ကာရွှေ့ကာ အသစ်အသစ် ဥပါဒ်ကြ ရ, ဖြစ်ကြရတယ်။ ဒီလို နေရာအသစ်အသစ်မှာ ဆင့်ကာဆင့်ကာ အဆက် မပြတ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကိုပဲ သကလကာယဿ ပုရတော အဘိနီဟာရော = ရူပကာယတစ်ခုလုံးကို ရှေ့သို့ သယ်ဆောင်တဲ့ အခြင်းအရာအားဖြင့် ဖြစ်ခြင်းလို့ ခေါ်ဆိုပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီလို သယ်ဆောင်တတ်တဲ့ ရုပ်တရားတွေကို ဦးစားပေး လို့ဖြစ်စေ, အသယ်ဆောင်ခံရတဲ့ ရုပ်တရားတွေကို ဦးစားပေးလို့ဖြစ်စေ- သယ်ဆောင်တတ်တဲ့ စိတ္တဇရုပ်နှင့် အသယ်ဆောင်ခံရတဲ့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တွေကို စင်္ကြမ်သွားလျက် သိမ်းဆည်းရှုပွားရပါတယ်။
တစ်ဖန် သယ်ဆောင်တတ်တဲ့ စိတ္တဇရုပ်တွေကို ဖြစ်စေတတ်တဲ့ မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားစုတွေကိုလည်း ဆက်လက်သိမ်းဆည်းရ ပါတယ်။
ရုပ်တရားတွေက ရူပက္ခန္ဓာဖြစ်တယ်။ နာမ်တရားတွေက ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခန္ဓာခေါ်တဲ့ နာမ်ခန္ဓာလေးပါး၊ ပေါင်း လိုက်တော့ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး ဖြစ်ကြပါတယ်။
ယောဂီပုဂ္ဂိုလ်က -
၁။ သွားလျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂။ ရပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၃။ ထိုင်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၄။ အိပ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၅။ ရှေ့သို့တက်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၆။ နောက်သို့ဆုတ်လျှင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၇။ တည့်တည့်ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၈။ စောင်းငဲ့ကြည့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၉။ လက်ခြေကို ကွေးရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၀။ လက်ခြေကို ဆန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၁။ ဒုကုဋ်-သပိတ်-သင်္ကန်းကို ဆောင်ရာ၌ ဝတ်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ် နှစ်ပါး,
၁၂။ စားရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၃။ သောက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၄။ ခဲဖွယ်ကို ခဲရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၅။ လျှက်ဖွယ်ကို လျှက်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၆။ ကျင်ကြီးစွန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၇။ ကျင်ငယ်စွန့်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၈။ သွားရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၁၉။ ရပ်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၀။ ထိုင်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၁။ အိပ်ပျော်ရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၂။ နိုးလာရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၃။ စကားပြောဆိုရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
၂၄။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါး,
ဒီလို သိအောင်ရှုရမှာ ဖြစ်ပါတယ်။ ဒီလို ခန္ဓာငါးပါး = ရုပ်တရားနာမ် တရားတွေကို သိမ်းဆည်းပြီးတဲ့အခါ အကြောင်းတရားတွေကို တစ်ဆင့်တက် ကာ သိမ်းဆည်းပြီးလျှင် အကြောင်းတရားနှင့်တကွသော ခန္ဓာငါးပါး = ရုပ်နာမ် တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒီဝိပဿနာဉာဏ်တွေကိုပဲ အထူးသဖြင့် အသမ္မောဟသမ္ပဇဉ် = ပရမတ်တရားတွေကို မတွေမဝေ ဟုတ်မှန်တဲ့အတိုင်း ကောင်းစွာ ကွဲကွဲပြားပြား သိခြင်းလို့ ခေါ်ဆိုပါတယ်။
ဒါကြောင့် ရုပ်တွေနာမ်တွေကို သိမ်းဆည်းရှုပွားခြင်းဟာ သတိပဋ္ဌာန် တရားတွေကို ပွားများအားထုတ်နေသည်လည်း မည်ပါတယ်။ သမ္ပဇဉ်ဉာဏ် တွေကို ရရှိအောင် ကြိုးပမ်းနေသည်လည်း မည်ပါတယ်။ သမ္ပဇဉ်ဉာဏ်တွေကို ပွားများအားထုတ်နေသည်လည်း မည်ပါတယ်။
ဒီနေရာမှာ နည်းနည်း ထပ်ပြောချင်တာကလေးတွေ ရှိသေးတယ်။ ခု ဖော်ပြခဲ့တဲ့ နံပါတ်တစ်မှလေးအထိ သွားမှု, ရပ်မှု, ထိုင်မှု, အိပ်မှုတွေကတော့ တစ်ယူဇနာတိုင်တိုင်သွားခြင်း, နှစ်ယူဇနာတိုင်တိုင် သွားခြင်းစတဲ့ ရှည်လျားတဲ့ ဣရိယာပုထ်အခိုက်မှာ ခန္ဓာငါးပါး = ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်း ပုံကို ရည်ညွှန်းထားပါတယ်။
နောက်တစ်ခု နံပါတ်ငါး-ခြောက်စသည်မှာ ဖော်ပြထားတဲ့ ရှေ့သို့တက် ရာ နောက်သို့ဆုတ်ရာစတဲ့ ဣရိယာပုထ်တွေကတော့ အလယ်အလတ်စား ဣရိယာပုထ်တွေကို ရည်ညွှန်းထားပါတယ်။ ကျောင်းဝိုင်းအတွင်းမှာပဲ စင်္ကြမ် သွားခိုက် စသည်တို့မှာ ခန္ဓာငါးပါး = ရုပ်နာမ်တရားတွေကို သိမ်းဆည်းပုံကို ရည်ညွှန်းထားပါတယ်။
နောက်ဆုံးဖြစ်တဲ့ နံပါတ်ဆယ့်ရှစ်မှ နှစ်ဆယ့်နှစ်အထိ သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်း, အိပ်ခြင်း, နိုးခြင်းဆိုတဲ့ ဣရိယာပုထ်တွေကတော့ အလွန်သေးငယ် တဲ့ ရွေ့လျားမှုတွေကို ပြုလုပ်ခိုက်မှာ ဖြစ်ပေါ်နေတဲ့ ခန္ဓာငါးပါး = ရုပ်နာမ် တရားတွေကို သိမ်းဆည်းရှုပွားရန် ရည်ညွှန်းထားပါတယ်။ (မ၊ဋ္ဌ၊၁၊၂၇၃။)
ဂေါစရသမ္ပဇဉ်ပိုင်းက အထူးသဖြင့် သမထကမ္မဋ္ဌာန်းကို ပွားများ အား ထုတ်ခိုက်ကို ရည်ညွှန်းထားတယ်။ ဒီအသမ္မောဟသမ္ပဇဉ်ပိုင်းက အထူးသဖြင့် ဝိပဿနာပိုင်းကို ရည်ညွှန်းထားပါတယ်။ သမထနှင့် ဝိပဿနာ ဘာဝနာတွေ ကို နေရာတိုင်း, အချိန်တိုင်း, ဣရိယာပုထ်တိုင်းမှာ ပွားများအားထုတ်စေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ဘုရားရှင်က ဣရိယာပထပိုင်းရှုကွက်, သမ္ပဇဉ်ပိုင်းရှုကွက် တွေကို ဟောကြားဆုံးမသွားတော်မူခြင်း ဖြစ်ပါတယ်။
အထူးသဖြင့် ဆွမ်းခံရွာသို့ ဆွမ်းခံသွားရာ၌သော်လည်းကောင်း, ဆွမ်းခံ ရွာမှ ကျောင်းသို့ ပြန်လာရာ၌သော်လည်းကောင်း သမထဝိပဿနာဘာဝနာ ဆိုတဲ့ ကမ္မဋ္ဌာန်းကို ဆောင်ယူကာ ဆွမ်းခံသွားတဲ့ ကျင့်ဝတ်ကို ဂတပစ္စာဂတိကဝတ်လို့ ခေါ်ဆိုပါတယ်။ ဒီကျင့်ဝတ်ကို ဖြည့်ကျင့်သွားတော်မူကြတဲ့ ရှေးရှေးသူတော်ကောင်းတို့ရဲ့ ထုံးဟောင်းတွေကို အဋ္ဌကထာမှာ ကြည်ညိုဖွယ် ရာ, အတုယူဖွယ်ရာ, လိုက်နာပြုကျင့်ဖွယ်ရာအဖြစ် ဖွင့်ဆိုထားကြပါတယ်။ ထိုသူတော်ကောင်းတို့ရဲ့ အကြောင်းအရာအချို့ကို နာကြားကြည့်ကြရအောင်-
ရှေးရှေး မထေရ်မြတ်ကြီးတို့ရဲ့ ကတိကဝတ်
(အဘိ၊ဋ္ဌ၊၂၊၃၃၅-၃၃၆၊ မ၊ဋ္ဌ၊၁၊၂၆၂။)
မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ အကျိုးစီးပွားကို လိုလား တောင့်တကြကုန်တဲ့ အမျိုးကောင်းသားတွေဟာ သာသနာတော်တွင်းသို့ ဝင်ရောက်ပြီးတော့ ရှင်ရဟန်းပြုလာကြတယ်။ ရှင်ရဟန်းပြုပြီးတဲ့ နောက်မှာလည်း ကုသိုလ် ကောင်းမှုတွေမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်းဆိုတဲ့ ပမာဒ တရားရဲ့ လွှမ်းမိုးမှုဒဏ်ချက်ကို မခံရအောင် ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ ခြင်းဆိုတဲ့ အပ္ပမာဒတရားကို လက်ကိုင်ထားပြီး နေထိုင်ကြတယ်။ (၁၀)ပါး, အပါး (၂၀), အပါး (၃၀), အပါး (၄၀), အပါး (၅၀), အပါး (၁၀၀)စသည်ဖြင့် တစ်ပေါင်းတစ်စုတည်း တောအုပ်တစ်ခုခု တောကျောင်းတစ်ခုခုကို အမှီပြုကာ နေထိုင်ကြတယ်။ ဒီလို နေထိုင်ကြတဲ့အခါမှာ သူတို့က ကတိကဝတ် ပြုပြီးတော့ နေထိုင်ကြတယ်။
သူတို့ ထားရှိတဲ့ ကတိကဝတ်တွေက ကြည်ညိုဖွယ်ကောင်းလွန်းလို့ ဘုန်းကြီး ပြောချင်တာပဲ၊ ဘယ်လို ကတိကဝတ်ထားကြသလဲ?
ငါ့ရှင်တို့ ...အရှင်ဘုရားတို့ဟာ ကြွေးမြီနှိပ်စက်ခံရလို့ ကြွေးတွေက ပတ်ပတ်လည် ဝိုင်းရံနေလို့ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာကြတာလည်း မဟုတ်ကြဘူး။ မင်းဘေးမင်းဒဏ်စတဲ့ ဘေးဒုက္ခအမျိုးမျိုး တို့က ဝိုင်းပြီး နှိပ်စက်ကြလို့ အနှိပ်စက်ခံရလို့ သာသနာဘောင်သို့ ဝင်ရောက် ကာ ရှင်ရဟန်းပြုလာကြတာလည်း မဟုတ်ကြပါဘူး။ အသက်မွေးဝမ်းကြောင်း ကြပ်တည်းလို့ သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာကြတာ လည်း မဟုတ်ကြဘူး။ ဘာဦးတည်ချက်နှင့် သာသနာဘောင်သို့ ဝင်ရောက် ကာ ရှင်ရဟန်းပြုလာကြသလဲ?
အမှန်စင်စစ်အားဖြင့် သံသရာဝဋ် ဆင်းရဲဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျွတ်လွတ် ထွက်မြောက်လိုတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ မွန်မြတ်တဲ့ ဦးတည်ချက်နှင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုလာကြတာဖြစ်တယ်။ ဒါကြောင့် သွားဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာ ကို သွားဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ ရပ်ဆဲခဏမှာ ဖြစ်ပေါ်တဲ့ ကိလေသာကို ရပ်ဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြ ပါ။ ထိုင်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာကိုလည်း ထိုင်ဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ အိပ်ဆဲခဏမှာ ဖြစ်ပေါ်လာတဲ့ ကိလေသာကိုလည်း အိပ်ဆဲခဏမှာပဲ နိုင်နင်းအောင် နှိပ်ကွပ်တော်မူကြပါ။ ဒီလို ကတိကဝတ်ကို ထားတော်မူကြတယ်။
ဒီလို ကတိကဝတ်ရှိတဲ့ ရဟန်းတွေက ဆွမ်းခံ အတူသွားကြပြီ ဆိုကြစို့၊ သူတို့ ဆွမ်းခံကြွတဲ့လမ်းမှာ ကျောက်တုံးကြီးတွေ ရှိကြတယ်။ ကျောက်တုံးကြီး တစ်တုံးနှင့်တစ်တုံးက ဥသဘဝက်, တစ်ဥသဘ, ဂါဝုတ်ဝက်, တစ်ဂါဝုတ် စသည်ဖြင့် ဝေးကွာကြတယ်။ ဒီနေရာရောက်လျှင် ကမ္မဋ္ဌာန်းကို စပြီးတော့ နှလုံးသွင်းရမယ်ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ကျောက်တုံးကြီးတွေ ရှိကြ တယ်။ ဒီကျောက်တုံးတွေရဲ့ အမှတ်အသားနှင့် မိမိရှုပွားနေကျ ကမ္မဋ္ဌာန်းကို စတင်ပြီး နှလုံးသွင်းကာ ဆွမ်းခံကြွကြရတယ်။
ဒီလို ကြွသွားတဲ့အခါမှာ အကယ်၍ ရဟန်းတစ်ပါးပါးရဲ့ သန္တာန်မှာ ကိလေသာစိတ်တွေ ဖြစ်ပေါ်လာပြီဆိုလျှင် ထိုကိလေသာစိတ်ကို ဖြစ်တဲ့နေရာ မှာပဲ နိုင်အောင်နှိပ်ကွပ်တယ်။ ဘယ်လို နှိပ်ကွပ်သလဲ? မိမိက သမထကို ပွားနေလျှင်လည်း မိမိပွားနေကျ သမထကမ္မဋ္ဌာန်းကို, အကယ်၍ မိမိက ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းနေလျှင်လည်း မိမိစီးဖြန်းနေတဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းကိုပဲ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ စွမ်းအားကြီးငါးရပ် ခြံရံပြီးတော့ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းဖြင့် ကိလေသာစိတ်ဓာတ် ကို နှိပ်ကွပ်ပစ်လိုက်တယ်။ စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းမှာ နှစ်ခုပြိုင်တူ မဖြစ်နိုင်လေတော့ သမထဘာဝနာစိတ် သို့မဟုတ် ဝိပဿနာ စိတ်ဆိုတဲ့ ကုသိုလ်စိတ်တွေကို ဆက်တိုက်ဖြစ်အောင် ကြိုးစားအားထုတ်လိုက် လို့ ဒီကမ္မဋ္ဌာန်း ဘာဝနာစိတ်တွေကသာ ဆက်တိုက် ဖြစ်နေမယ်ဆိုလျှင် ကိလေသာစိတ်တွေက ဝေးကွာသွားမှာ ဖြစ်ပါတယ်။
ဒီလို ကြိုးစားလိုက်သော်လည်း ကိလေသာစိတ်ကို နှိပ်ကွပ်လို့ မနိုင် ဖြစ်နေပြီဆိုလျှင် ဘာလုပ်မလဲ? ထို ရဟန်းက မတ်တတ်ရပ်လိုက်တယ်။ မတ်တတ်ရပ်လျက် မိမိရှုပွားနေကျ ကမ္မဋ္ဌာန်းကို အပြင်းအထန် ကြိုးစားပြီး ပွားများခြင်းဖြင့် ဒီကိလေသာစိတ်ကို နိုင်နင်းအောင် နှိပ်ကွပ်ပစ်တယ်။
ရှေ့ကကိုယ်တော်က မတ်တတ်ရပ်နေလျှင် နောက်ကကိုယ်တော်တွေက လည်း နားလည်သဘောပေါက်နေတဲ့အတွက် အာလုံးပဲ မတ်တတ်ရပ်လိုက်ကြ တယ်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေ ရှိနေကြတယ်။ သီတင်းသုံးဖော် အချင်းချင်း ခုလို နားလည်မှုရှိဖို့ သိပ်လိုအပ်ပါတယ်။ ဒီလို နားလည်မှု ရှိကြ ပါမှလည်း ကုသိုလ်တရားတွေက တိုးပွားလာကြမှာ ဖြစ်တယ်။ တစ်ဦးအပေါ် တစ်ဦး အလွန်ငဲ့ညှာတဲ့ ကြင်နာတဲ့ စိတ်ဓာတ်တွေ ဖြစ်ကြတယ်။ ဒီကိုယ် တော်က သွားတာမဟုတ်ဘူး၊ ဘာတွေလုပ်နေတာလဲဆိုတဲ့ စိတ်ထားမျိုးတွေ မရှိကြဘူး။
ဒီလို သည်းခံခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေ ရှိနေတဲ့ သူတော်ကောင်း တို့ရဲ့ သန္တာန်မှာ ကုသိုလ်တရားတွေဟာ အမြဲတမ်း တိုးပွားနေကြမှာဖြစ်တယ်။ ခုလို တစ်ပါးက တစ်ပါးကို နားလည်ခွင့်လွှတ်နိုင်တဲ့ စိတ်ဓာတ်တွေက ကိလေသာကို နှိပ်ကွပ်တဲ့နေရာမှာ အားကြီးသော မှီရာ ဥပနိဿယအကြောင်းတရား တွေ ဖြစ်နေကြတယ်။ အလွန် ကြည်ညိုလေးစားထိုက်တဲ့ စိတ်ထားများ ဖြစ်ကြတယ်။ ကုသိုလ်တရားတွေကို တိုးပွားစေတတ်တဲ့ ကျင့်ဝတ်ပဋိပတ် တစ်မျိုးလည်း ဖြစ်ပါတယ်။
တစ်ဖန် မတ်တတ်ရပ်ကာ ကိလေသာစိတ်ကို နှိပ်ကွပ်နေတဲ့ ရဟန်း တော်ကလည်း စဉ်းစားတယ်၊ ဘယ်လို စဉ်းစားသလဲ? သင့်ရဲ့ နောက်က ရပ်နေတဲ့ ရဟန်းတော်တွေဟာ သင့်ရဲ့ အကုသလဝိတက်တွေကို သိကုန်ကြ ပြီ၊ သင့်သန္တာန်မှာ ဒီဝိတက်ကတော့ မလျော်မလျောက်ပတ်ပေ၊ ဒီလို မိမိ ကိုယ်ကို မိမိ ပြန်ပြီးတော့ အပြစ်တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အဆင့်ဆင့် စီးဖြန်းနိုင်ခဲ့သော် အရိယာဘုံသို့ သက်ဝင်ရောက်ရှိသွားနိုင်တယ်။
ဒီလို မတ်တတ်ရပ်တဲ့ နည်းစနစ်ဖြင့် ကိလေသာစိတ်ကို နှိပ်ကွပ်သော် လည်း နှိပ်ကွပ်လို့မနိုင် ဖြစ်နေလျှင် ဒီရဟန်းတော်က ဘာလုပ်လိုက်သလဲ? ထိုင်ချလိုက်တယ်။ နောက်က ရဟန်းတွေကလည်း အားလုံး ထိုင်ချလိုက်ကြ တယ်။ ထိုင်ပြီးတဲ့အခါ မိမိကိုယ်ကို မိမိ အပြစ်တင်ကာ မူလကမ္မဋ္ဌာန်းကိုပဲ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ စွမ်းအင်ကြီးငါးရပ် ခြံရံကာ အပြင်း အထန် ကြိုးစားအားထုတ်ပြန်တယ်၊ ကိလေသာစိတ်ကို နှိပ်ကွပ်တယ်။ မိမိ နောက်က ရောထိုင်နေကြတဲ့ ရဟန်းတွေအဖို့ မိမိကို အကြောင်းပြုကာ ဆွမ်းပြတ်နိုင်တဲ့ ဘေးဒုက္ခကို ကြောက်ရွံ့ခြင်း ရှိမယ်ဆိုလျှင် ဒီလို ကြောက်ရွံ့ တဲ့အတွက် မိမိရဲ့ ကမ္မဋ္ဌာန်းကို ပုံမှန်နှလုံးသွင်းခြင်း ယောနိသောမနသိကာရ တရား တိုးပွားလာနိုင်တယ်။ ဒါကြောင့်လည်း ခုလို ဆင်ခြင်ခြင်းဖြစ်တယ်။
ဒီလို ကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ ကိလေသာစိတ်ကို နှိပ်ကွပ်ပြီးတဲ့အခါ ဆက်လက်ပြီးတော့ မိမိကမ္မဋ္ဌာန်းကိုပဲ နှလုံးသွင်းတယ်။ အကယ်၍ အရိယာ ဘုံသို့ မဆိုက်ရောက်ဘူးဆိုလျှင်လည်း ကိလေသာစိတ်ကို စျာန်သမာဓိနှင့် ပယ်ခွာကာ မိမိကမ္မဋ္ဌာန်းကိုပဲ ဆက်လက်နှလုံးသွင်းကာ ဆွမ်းခံ ဆက်ကြွ တော်မူတယ်။ ကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွတ်သွားတဲ့ ကမ္မဋ္ဌာန်းနှင့် မယှဉ်တဲ့ စိတ်ဖြင့် ခြေထောက်ကို ဘယ်သောအခါမှ မမြှောက်ဘူး။ အကယ်၍ ခြေကို ကမ္မဋ္ဌာန်းမပါဘဲ မြှောက်ခဲ့မိမယ်ဆိုလျှင် အဲဒီမြှောက်ခဲ့မိတဲ့ နေရာအထိ ပြန်သွားတယ်။ အဲဒီနေရာကို ရောက်တဲ့အခါ ကမ္မဋ္ဌာန်းနှင့် ယှဉ်တဲ့စိတ်နှင့် ဆက်ပြီးတော့ ဆွမ်းခံကြွပြန်တယ်။
ဒီနေရာမှာ အဋ္ဌကထာက အာလိန္ဒကအရပ်၌ သီတင်းသုံးတော်မူတဲ့ မဟာဖုဿဒေဝ မထေရ်မြတ်ကြီးရဲ့ထုံးကို ဖော်ပြထားတယ်။
မဟာဖုဿဒေဝမထေရ်မြတ်ကြီး
(အဘိ၊ဋ္ဌ၊၂၊၃၃၅-၃၃၆။ မ၊ဋ္ဌ၊၁၊၂၆၂။)
မဟာဖုဿဒေဝ မထေရ်မြတ်ကြီးကား ဆွမ်းခံအသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းဆိုတဲ့ ဂတပစ္စာဂတိကဝတ်ကို (၁၉)နှစ်တို့ ကာလပတ်လုံး ဖြည့်ကျင့်တော်မူတယ်။ လမ်းမှာတွေ့တဲ့လူတွေ, လမ်းပတ်ဝန်းကျင်မှာ လယ်ထွန်နေတဲ့လူတွေ, ကောက်စိုက်နေတဲ့လူတွေ, စပါးရိတ်နေတဲ့လူတွေ, စပါးနယ်နေတဲ့လူတွေ၊ ဒီလူတွေက မိမိတို့ လုပ်ငန်းရပ်တွေကို ပြုလုပ်နေရင်း မဟာဖုဿဒေဝမထေရ်မြတ်ကြီး ခေါက်တုံ့ခေါက်ပြန် သွားလာပြုမူနေတာကို ကြည့်ပြီး -
ဒီဆရာတော်ကြီးတော့ လမ်းမှားနေသလား? ဒါမှမဟုတ်လည်း တစ်ခု ခုများ မေ့ကျန်နေလို့လား?
ဒီလို အချင်းချင်း ပြောဆိုတတ်ကြတယ်။ ဒါပေမဲ့ မဟာဖုဿဒေဝ မထေရ်ကြီးက ဒီပြောဆိုချက်တွေကို ဥပေက္ခာပြုကာ မိမိရဲ့ ကမ္မဋ္ဌာန်းကိုပဲ နှလုံးသွင်းကာ ကမ္မဋ္ဌာန်းနှင့်ယှဉ်သော စိတ်ဖြင့်သာ ရဟန်းတရားကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်တော်မူလိုက်တာ နှစ်ပေါင်း (၂၀)အတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။
မဟာနာဂမထေရ်မြတ်ကြီး
(အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)
နောက်ထပ် ဒီဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်သွားတော်မူတဲ့ ကြည်ညိုဖွယ်ကောင်းတဲ့ မထေရ်မြတ်ကြီးတစ်ပါးကတော့ ကာဠဝလ္လိမဏ္ဍပ = နွယ်မဲမဏ္ဍပ်ရှိရာအရပ်မှာ သီတင်းသုံးတော်မူတဲ့ မဟာနာဂမထေရ်မြတ်ကြီး ဖြစ်ပါတယ်။ ဒီမထေရ်မြတ်ကြီးကလည်း ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့် တော်မူတဲ့အခါ ရှေးဦးစွာ သူက ဘယ်လို ဆုံးဖြတ်ချက် ချတော်မူလိုက်သလဲ? ငါသည် ဘုရားရှင်ရဲ့ ဒုက္ကရစရိယာ (၆)နှစ်ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခြင်းဆိုတဲ့ မဟာပဓာနကျင့်စဉ်ကို ပဋိပတ္တိပူဇာဖြင့် ပူဇော်မယ်။ ဒီလို သူက ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီဆုံးဖြတ်ချက်နှင့် သူက ဘာလုပ်သလဲ?
(၇)နှစ်တို့ ကာလပတ်လုံး ရပ်ခြင်းနှင့် စင်္ကြမ်သွားခြင်းဆိုတဲ့ ဣရိယာပုထ် နှစ်မျိုးဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်းဖို့ရန် အဓိဋ္ဌာန်ပြုတော်မူလိုက်တယ်။ ဆွမ်းစားခြင်း ကျင်ကြီးကျင်ငယ်စွန့်ခြင်းစတဲ့ ကိစ္စတို့မှအပ ထိုင်ခြင်း, အိပ်ခြင်း ဆိုတဲ့ ဣရိယာပုထ် နှစ်မျိုးကို လုံးလုံးပယ်ထားလိုက်တယ်။ ဘယ်လောက် ကြီးမားတော်မူတဲ့ လုံ့လဝီရိယဆိုတာ ကြည့်ပေတော့၊ (၇)နှစ်တို့တိုင်တိုင် ထိုင် လည်း မထိုင်ဘူး။ အိပ်လည်း မအိပ်ဘူး။ ရပ်လျက် စင်္ကြမ်သွားလျက်သာ ကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ ဒီလို ကျင့်ဝတ်ပဋိပတ်ဖြင့်သာ ဘုရားရှင်ကို ပူဇော် ချင်တယ်။ အလွန်အားကောင်းတဲ့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာတို့ ဖြစ်ကြပါတယ်။ ယောကျ်ားမြတ်တို့ရဲ့ စိတ်ဓာတ်စွမ်းအင်တွေကို ထုတ်၍ အသုံး ပြုနေခြင်း ဖြစ်တယ်။ ဒီလောက်နှင့် သူက မကျေနပ်သေးဘူး။ နောက်ထပ် လည်း (၁၆)နှစ်တို့ ကာလပတ်လုံး ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူ ပြန်တယ်။ နှစ်ရပ်ပေါင်းလိုက်လျှင်တော့ (၂၃)နှစ် ဖြစ်သွားတယ်။ အရဟတ္တ ဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။
ဒီလို ကျင့်ဝတ်တွေကို ဖြည့်ကျင့်တော်မူတဲ့အခါ ကမ္မဋ္ဌာန်းနှင့်ယှဉ်တဲ့ စိတ်ဓာတ်ဖြင့်သာ ခြေကို ကြွချီတော်မူတယ်။ ကမ္မဋ္ဌာန်းနှင့် မယှဉ်တဲ့စိတ်ဓာတ် ဖြင့်, ကမ္မဋ္ဌာန်းအာရုံမှ လွတ်ထွက်သွားတဲ့ စိတ်ဓာတ်ဖြင့် ခြေကို ကြွချီမိခဲ့မယ် ဆိုလျှင် နောက်ကြောင်းကို တစ်ဖန်ပြန်ကြွတော်မူကာ ထိုကမ္မဋ္ဌာန်းလက်လွတ် ခြေကြွမိတဲ့နေရာက စပြီးတော့ တစ်ဖန် ကမ္မဋ္ဌာန်းနှင့်ယှဉ်နေတဲ့ စိတ်ဓာတ်ဖြင့်သာ ခြေကို ကြွချီတော်မူတယ်။
ဒီလို ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်တော်မူလျက် ဆွမ်းခံသွားတဲ့အခါ ရွာအနီးသို့ရောက်လျှင် သင်္ကန်းရုံကာ လက်ကတီးကြားမှ လွယ်ယူလာသော ရေဖြင့် သပိတ်ဆေးကာ ကျန်သောရေကို ပါးစပ်ထဲမှာ ငုံထားတော်မူလိုက် တယ်။ ဘာကြောင့် ဒီလို ရေငုံရသလဲ? စကားပြောမိမှာစိုးလို့ပဲ၊ ဆွမ်းလောင်း လှူတဲ့သူတွေ ရှိခိုးဝတ်ပြုတဲ့ သူတွေကိုသော်လည်း အသက်ရှည်ကြပါစေဆိုတဲ့ ဒီလို စကားမျိုး ပြောဆိုမိခဲ့လျှင် ဒီလောက် ပြောဆိုမိရုံဖြင့်လည်း ကမ္မဋ္ဌာန်း အာရုံမှ စိတ်ပျံ့လွင့်မှု မဖြစ်ပါစေသတည်း၊ ဒီလို နှလုံးပိုက်တော်မူကာ ရေငုံ ထားခြင်း ဖြစ်ပါတယ်။ နေ့ရက်ကို မေးမြန်းလျှောက်ထားမယ်, တရားနှင့် ပတ်သက်တဲ့ မေးခွန်းတွေကို မေးမြန်းလျှောက်ထားမယ် ဆိုလျှင်တော့ အဖြေ ပေးပါတယ်။ ဒီလို ကိစ္စမျိုးတွေ မရှိခဲ့လျှင်တော့ ငုံထားတဲ့ရေကို ရွာဝသို့ရောက် မှ ထွေးတော်မူတယ်။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ ဒီလို ကျင့်ဝတ်မျိုးတွေကို အတုယူကာ ကျင့်တတ်ဖို့ လိုပါတယ်။ စကားများများ ပြောခြင်းဟာ ကမ္မဋ္ဌာန်းအာရုံမှ စိတ်ပျံ့လွင့်မှုနှင့် ကြံစည်စဉ်းစားတွေးခေါ်နေမှု ဝိတက်အမျိုးမျိုးကို အများဆုံး ဖြစ်စေပါတယ်။
ကမ္ဗလဆိပ်ကမ်းကျောင်း၌ ဝါကပ်တော်မူကြတဲ့ရဟန်းတော်အပါး (၅၀)
(အဘိ၊ဋ္ဌ၊၂၊၃၃၇။ မ၊ဋ္ဌ၊၁၊၂၆၃။)
တစ်ချိန်မှာ ကမ္ဗလဆိပ်ကမ်းကျောင်းမှာ ရဟန်းတော် အပါး (၅၀)တို့ ဝါဆိုဝါကပ်တော်မူကြတယ်။ အဲဒီ ရဟန်းတော်တွေက ကတိကဝတ်တစ်ခု ထားကြတယ်။ သူတို့ ကတိကဝတ်က ဘယ်လိုလဲ?
အရဟတ္တံ အပ္ပတွာ အညမညံ နာလပိဿာမ။
= အရဟတ္တဖိုလ်သို့ မရောက်မချင်း အချင်းချင်း စကားမပြောကြစတမ်း
ဆိုတဲ့ ကတိကဝတ်တစ်ခုကို ပြုလုပ်ထားကြတယ်။ ရွာတွင်းကို ဆွမ်းခံ ဝင်တဲ့အခါမှာလည်း ရေကိုငုံကာ ဆွမ်းခံဝင်တော်မူကြတယ်။ နေ့ရက်စသည် ကို မေးလျှောက်မယ်, တရားနှင့်ပတ်သက်တဲ့ မေးခွန်းတွေကို လျှောက်ထား မေးမြန်းမယ် ဆိုလျှင်တော့ ပါးစပ်ထဲမှရေကို ထွေးကာ အဖြေပေးတော်မူကြ ပါတယ်။
ဒီနေရာမှာ ဒီရဟန်းတော်တွေက လုံးလုံး စကားမပြောကြတာတော့ မဟုတ်ဘူး။ တရားနှင့်ပတ်သက်လို့ ဆွေးနွေးစရာအကြောင်း ရှိခဲ့လျှင်တော့ မေးမြန်းဆွေးနွေးတော်မူကြပါတယ်။ စကားကို ဝိုင်းဖွဲ့ပြီး ပြောတဲ့အကျင့်တွေ တရားနှင့်မပတ်သက်တဲ့ စကားတွေကိုသာ ရှောင်ရှားတော်မူကြခြင်း ဖြစ်တယ်။ ဆရာသမားထံမှ ကမ္မဋ္ဌာန်းတရားတွေကိုလည်း အရဟတ္တဖိုလ်ပေါက် ကျကျ နန သင်ယူထားတဲ့ သူတော်ကောင်းတွေ ဖြစ်တဲ့အတွက် တရားနှင့်ပတ်သက် တဲ့ ဆွေးနွေးဖွယ်ရာတွေလည်း သိပ်မရှိလှပါဘူး။ သို့သော် ငဆွံ့, ငအတို့လို လုံးလုံးစကားမပြောတဲ့ မူဂပဗ္ဗတ အကျင့်ကိုတော့ ဘုရားရှင်လည်း နှစ်ခြိုက် တော်မမူပါဘူး။ အလားတူပဲ ဘဿာရာမ = စကားပြောမှု၌ မွေ့လျော်ခြင်းကို လည်း မြတ်စွာဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူပါဘူး။
ဆွမ်းခံပြီးလို့ ရွာထိပ်သို့ ပြန်ရောက်တဲ့အခါကျမှ ငုံထားတဲ့ရေကို ထွေးထုတ်လိုက်တယ်။ ထွေးထားတဲ့ ရေကွက်တွေကို ကြည့်ပြီးတော့ ဒီနေ့ ဆွမ်းခံပြန်ကြွသွားတာ ဘယ်နှစ်ပါး ရှိပြီဆိုတာကို လူတွေက သိကြတယ်။ လူတွေကလည်း ဒီလို စကားမပြောဆိုတာကို ကြည့်ပြီးတော့ အကဲခတ်ကြ တယ်။ ဒီရဟန်းတော်တွေဟာ တို့နှင့်သာ စကားမပြောတာလား၊ အချင်းချင်း ကော စကားမပြောကြဘူးလားဆိုတာကို အကဲခတ်တဲ့အနေနှင့် ကျောင်းကို သွားလေ့လာကြတယ်။
ကျောင်းကို သွားရောက် လေ့လာလိုက်တဲ့အခါ နေရာတစ်ခုတည်းမှာ ရဟန်းနှစ်ပါး အတူရှိနေတာကိုတောင် မတွေ့ရဘူး။ ဒီလို အကဲခတ်တဲ့ ဒါယကာတွေထဲက ပညာမျက်စိရှိတဲ့ သူတစ်ဦးက နားလည်သွားတယ်။ ပြီးတော့-
အမောင်တို့ ...တစ်ပါးနှင့်တစ်ပါး မတည့်ကြတဲ့ ရဟန်းတော်တို့ရဲ့ နေရာအရပ်ဆိုတာ ဒီလိုနေရာမျိုးမဟုတ်ဘူး။ ခု ဒီကျောင်းဝင်းကို ကြည့် လိုက်လျှင် စေတီရင်ပြင်တော် ဗောဓိရင်ပြင်တော်ကို ကောင်းစွာ တံမြက်စည်း လှည်းထားတယ်။ တံမြက်စည်းတွေကို ကောင်းစွာ သိုမှီးထားတယ်။ သောက်ရေ သုံးဆောင်ရေကို ကောင်းစွာ တည်ထားတယ်။ ဒီလို သူက အခြားသူတွေ ကို ပြောပြတယ်။ ပြောပြပြီးတော့ ပြန်သွားကြတယ်။
လူဒါယကာ ဒါယိကာမတွေဘက်ကလည်း ဒီလို ကျောင်းကန်ဘုရားတွေ ကို သွားတဲ့အခါ ခုပြောနေတဲ့ ရွာသားတွေလို ကျင့်ဝတ်ကို နားလည်တတ်ဖို့ လိုပါတယ်။ တရားပွားများအားထုတ်နေတဲ့ ရဟန်းတော်တွေထံ သွားပြီး လေကြောတွေ ရှည်နေမယ်ဆိုလျှင် ရဟန်းတော်တွေအတွက် များစွာ အနှောင့်အယှက်တွေ ဖြစ်တတ်ပါတယ်။
ထိုရဟန်းတော်အပါး (၅၀)တို့ဟာလည်း ဝါတွင်းသုံးလ ကာလပတ်လုံး သမထဝိပဿနာ ဘာဝနာတွေကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တော်မူတဲ့အတွက် ထိုဝါတွင်းမှာပဲ အားလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော် မူကြပါတယ်။ သီတင်းကျွတ်လပြည့် မဟာပဝါရဏာ နေ့မှာ ဝိသုဒ္ဓိပဝါရဏာဆိုတဲ့ ကိလေသာစင်ကြယ်နေတဲ့ သူတော်ကောင်း အချင်းချင်း အပြစ်ရှိပါက ပြောဆိုဆုံးမတော်မူရန် တစ်ပါးနှင့်တစ်ပါး ဖိတ်ကြား တဲ့ ပဝါရဏာပွဲကို ဆင်နွှဲတော်မူနိုင်ကြပါတယ်။
ဒီလို ရှေးရှေး မထေရ်မြတ်ကြီးတို့ရဲ့ထုံးကို ကြည်ညိုပြီးတော့ တရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်တွေဟာလည်း အတုလိုက်ကာ ကျင့်တတ်ဖို့လိုပါ တယ်။ မိမိက အာနာပါနတို့လို သမထပိုင်းကိုပဲ အားထုတ်နေသေးတယ် ဆိုလျှင် ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ရှေးသတိနှင့် နောက်သတိ, ရှေးသမာဓိနှင့် နောက်သမာဓိ ဆက်စပ်သွားအောင် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။
အကယ်၍ မိမိက အဇ္ဈတ္တ, ဗဟိဒ္ဓသန္တာန် နှစ်မျိုးလုံးမှာ ရုပ်တွေနာမ်တွေ ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းနိုင်ပြီဆိုလျှင်လည်း ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ရုပ်နာမ်တွေကိုပဲ သိမ်းဆည်းနေဖို့ လိုပါတယ်။
အကယ်၍ မိမိတို့က ပဋိစ္စသမုပ္ပါဒ်ကို ရှုနိုင်လို့ အကြောင်းတရားတွေ အကျိုးတရားတွေကို သိမ်းဆည်းနိုင်ပြီ ဆိုလျှင်လည်း ဣရိယာပုထ်တိုင်း ကိုယ် အမူအရာတိုင်းမှာ အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းနေဖို့ ဖြစ်ပါတယ်။
အကယ်၍ မိမိတို့က ဝိပဿနာပိုင်းရောက်လို့ ရုပ်, နာမ်, ကြောင်း-ကျိုး, သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပြီ ဆိုလျှင်လည်း ဣရိယာပုထ်တိုင်း ကိုယ်အမူအရာတိုင်းမှာ ဝိပဿနာရှုနေရမှာ ဖြစ်ပါတယ်။ ဒီလို ရှုနိုင်ခဲ့မယ်ဆိုလျှင် -
၁။ သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းတွေကို ပွားများအားထုတ်နေသည် လည်း မည်တယ်။
၂။ သတိပဋ္ဌာန်တရားတွေကို ပွားများအားထုတ်နေသည်လည်း မည်တယ်။
၃။ သမ္ပဇဉ်ဉာဏ်တွေကို ရရှိအောင် အားထုတ်နေသည်လည်း မည်ပါတယ်။
သမ္ပဇဉ်အကြောင်းကို ဒီနေရာမှာ ခေတ္တရပ်ဆိုင်းပြီးတော့ ရှေ့ဆက်ကြရ အောင်၊ ပြောခဲ့ပြီးတဲ့ အပိုင်းတွေကို ပြန်အာရုံယူကြည့်ပါ။
၁။ အဇ္ဈတ္တမှာ ရုပ်နာမ်တွေကို သိမ်းဆည်းပုံ,
၂။ ဗဟိဒ္ဓမှာ ရုပ်နာမ်တွေကိုပဲ သိမ်းဆည်းပုံ,
၃။ တစ်ထိုင်အတွင်းမှာလည်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ခပ်သွက်သွက် ရုပ်နာမ်တွေကို သိမ်းဆည်းပုံ -
ဒီအပိုင်း (၃)ပိုင်းကို ပြောတန်သလောက် ပြောခဲ့ပြီးပြီ။ ဣရိယာပထပိုင်း နှင့် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တွေကိုလည်း အကျဉ်းချုပ်ကာ ပြောခဲ့ပြီးပြီ။ နောက်တစ်ဆင့်ကို မြတ်စွာဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူ သလဲ? သမုဒယဓမ္မာနုပဿီပိုင်း, ဝယဓမ္မာနုပဿီပိုင်း, သမုဒယဝယဓမ္မာနုပဿီပိုင်းတို့ကို ဆက်လက်ပြီး ဟောကြားထားတော်မူပါတယ်။
---
အခန်း (၁၃)
သမုဒယဓမ္မာနုပဿီပိုင်း
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ။ (မ၊၁၊၇၁။)
ကာယသ္မံ = ကာယ၌ (ဝါ) ရူပကာယ နာမကာယ၌။ သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ဝယဓမ္မာနုပဿီ ဝါ = ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘော နှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။
၁။ အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတို့ရဲ့ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဥဒယဒဿနဉာဏ် ဖြစ်ပါတယ်။
၂။ အကြောင်းတရားတွေရဲ့ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးတရားတို့ရဲ့ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောင်တစ်ဖန်မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ခြင်းဆိုတဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းခြင်းကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဝယဒဿနဉာဏ် ဖြစ်ပါတယ်။
၃။ အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးတရားတို့ရဲ့ ထင်ရှားဖြစ်ပုံ, အကြောင်းတရားတို့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးတရားတို့ရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းပုံကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ် ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ -
၁။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ဥပါဒ်အနေအားဖြင့် ခဏမစဲ တသဲသဲဖြစ်မှုကို ရှုမြင်တတ်တဲ့ဉာဏ်က ခဏတောဥဒယဒဿနဉာဏ်ဖြစ်တယ်။
၂။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ဘင်ကာလအားဖြင့် ချုပ်ပျက်မှုကို ဖြစ်ပြီးတာနဲ့ ပျက်တဲ့သဘောကို ရှုမြင်တတ်တဲ့ဉာဏ်က ခဏတောဝယဒဿနဉာဏ် ဖြစ်ပါတယ်။
၃။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ခဏအားဖြင့် ဖြစ်မှုပျက်မှုကို ရှုမြင်တတ်တဲ့ ဉာဏ်က ခဏတောဥဒယဗ္ဗယဒဿနဉာဏ် ဖြစ်ပါတယ်။
ခုပြောခဲ့တဲ့ ပစ္စယတောဥဒယဒဿနဉာဏ်နှင့် ခဏတောဥဒယဒဿန ဉာဏ် နှစ်မျိုးနှင့် ပြည့်စုံနေတဲ့ယောဂီကို သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ်လို့ ခေါ်ဆို ပါတယ်။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
ပစ္စယတောဝယဒဿနဉာဏ်နှင့် ခဏတောဝယဒဿနဉာဏ် နှစ်မျိုးနှင့် ပြည့်စုံနေတဲ့ ယောဂီကို ဝယဓမ္မာနုပဿီပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ချုပ်ကြောင်း သဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ် ခဏတောဥဒယဗ္ဗယဒဿနဉာဏ် ဆိုတဲ့ ဒီနှစ်မျိုးသော ဥဒယဗ္ဗယဒဿနဉာဏ်အမြင်နှင့် ပြည့်စုံနေတဲ့ ယောဂီ ပုဂ္ဂိုလ်ကိုတော့ သမုဒယဝယဓမ္မာနုပဿီ ပုဂ္ဂိုလ်လို့ ခေါ်ဆိုပါတယ်။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကို အဖန်ဖန်အထပ်ထပ် ရှုမြင်နေတဲ့ ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။
ဒီလို သမုဒယဒဿနဉာဏ်, ဝယဒဿနဉာဏ်, သမုဒယဝယဒဿန ဉာဏ်အမြင်တွေနှင့် ပြည့်စုံအောင် ယောဂီပုဂ္ဂိုလ်က ဘယ်လိုကျင့်ရမလဲ? ဒီအပိုင်းကိုတော့ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကားပြီးတော့ အဋ္ဌကထာ ကြီးများက ရှင်းလင်းတင်ပြထားကြပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဘယ်လို မိန့်ဆိုထားတော်မူသလဲ? ရူပက္ခန္ဓာကို ပုံစံတစ်ခုထုတ်ပြီးတော့ နာကြားကြည့်ကြရအောင် -
ရူပက္ခန္ဓာ၌ ဥဒယဉာဏ်ငါးပါး
အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ တဏှာသမုဒယာ။ ကမ္မသမုဒယာ။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။ ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။ ဝိသုဒ္ဓိ၊၂၊၂၆၆။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် - အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် အကျိုးကမ္မဇရုပ် = ရူပက္ခန္ဓာရဲ့ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်နှင့်မြင်အောင် ရှုရမယ်။ အကျိုးကမ္မဇ ရုပ်တို့ရဲ့ ဥပါဒ်အားဖြင့် ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။
အလားတူပဲ စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ် = ရူပက္ခန္ဓာရဲ့ ထင်ရှားဖြစ်ပုံ ကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။ စိတ္တဇရုပ်တို့ရဲ့ ဖြစ်မှုဥပါဒ် ကိုလည်း မြင်အောင်ရှုရမယ်။
ရုပ်ကလာပ်တစ်ခုမှာ တည်ရှိတဲ့ ဥတုခေါ်တဲ့ တေဇောဓာတ်ကြောင့် ဥတုဇရုပ် = ရူပက္ခန္ဓာရဲ့ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။ ဥတုဇရုပ်တို့ရဲ့ ဖြစ်မှုဥပါဒ်ကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။
ဟိုရုပ်ပိုင်းတုန်းက ရှင်းပြခဲ့တဲ့အတိုင်း အာဟာရဇဩဇာရဲ့ အထောက် အပံ့ကို ရရှိတဲ့အခါ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ရှေးရှေး အာဟာရဇဩဇာတို့ကြောင့် အာဟာရဇရုပ် = ရူပက္ခန္ဓာ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမယ်။ အာဟာရဇရုပ်တို့ရဲ့ ဥပါဒ်ကာလ အားဖြင့် ဖြစ်မှုကိုလည်း မြင်အောင် ရှုရမယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ကမ္မဇရုပ်ဖြစ်ပုံ, စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံကိုမြင်အောင် ရှုတဲ့ဉာဏ်က ပစ္စယတောဥဒယဒဿန ဉာဏ် ဖြစ်ပါတယ်။
ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့ရဲ့ ဖြစ်မှုဥပါဒ်ကို မြင်အောင် ရှုတဲ့ဉာဏ်က ခဏတောဥဒယဒဿနဉာဏ် ဖြစ်ပါတယ်။
ဒီနေရာမှာ ဥဒယဉာဏ်ငါးပါး ရေတွက်ပုံကတော့ -
၁။ အဝိဇ္ဇာကြောင့် ကမ္မဇရုပ်ဖြစ်ပုံ,
၂။ တဏှာကြောင့် ကမ္မဇရုပ်ဖြစ်ပုံ,
၃။ ကံကြောင့် ကမ္မဇရုပ်ဖြစ်ပုံ,
၄။ အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံ,
၅။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ရဲ့ ဥပါဒ်အားဖြင့်ဖြစ်ပုံ- ပေါင်းလိုက်တော့ ဖြစ်ပုံငါးမျိုး ဖြစ်တယ်။
ဒီငါးမျိုးကို ရှုမြင်တတ်တဲ့ဉာဏ်က ပစ္စယတောဥဒယဒဿနဉာဏ်နှင့် ခဏတောဥဒယဒဿနဉာဏ် ဖြစ်တယ်။ ဒီနေရာမှာ အဝိဇ္ဇာနှင့် တဏှာကို ယူလိုက်လျှင် ကိလေသာဝဋ်ချင်း တူညီနေတဲ့ ဥပါဒါန်ကိုလည်း ထည့်သွင်းပြီး တော့ ယူရပါတယ်။ ကံကိုယူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေတဲ့ သင်္ခါရကို လည်း ထည့်သွင်းယူရပါတယ်။ ဒါကြောင့် ကမ္မဇရုပ်တွေအတွက် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားငါးပါး ဖြစ်သွားပါတယ်။ တစ်ဖန် ရုပ်တရားတွေရဲ့ ပစ္စုပ္ပန်အကြောင်းတရားတွေထဲမှာ အာဟာရက ပဓာနအကြောင်းတရား ဖြစ်ပါတယ်။ ပဓာနအကြောင်းတရားဖြစ်တဲ့ အာဟာရကို ယူလိုက်လျှင် အပဓာနအကြောင်းဖြစ်တဲ့ စိတ်, ဥတုတို့ကိုလည်း ထည့်သွင်းယူရပါတယ်။ ဒါကြောင့် ရုပ်တရားတွေရဲ့ ပစ္စုပ္ပန်အကြောင်းတရား တွေမှာ စိတ်, ဥတု, အာဟာရဆိုပြီး သုံးမျိုး ဖြစ်သွားပါတယ်။ ဝယဉာဏ် အကြောင်းကို ဆက်ပြောကြရအောင် ---
ရူပက္ခန္ဓာ၌ ဝယဉာဏ်ငါးပါး
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ တဏှာနိရောဓာ။ ကမ္မနိရောဓာ။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။ ရူပက္ခန္ဓဿ ဝယံ ပဿန္တောပိ ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။ (ပဋိသံ-၅၃။ ဝိသုဒ္ဓိ၊၂၊၂၆၆၊၊)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကို ပြောကြရအောင် -
အရဟတ္တမဂ်ကို ရမည့်အချိန်မှာ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေက နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတယ်။ ဒီကိလေသဝဋ်တွေက အမြစ် ပြတ် ချုပ်ငြိမ်းသွားတဲ့အခါ ကိလေသာ အစိုဓာတ် အစေးဓာတ်ရှိမှ အကျိုး ပေးနိုင်တဲ့ ကံတွေဟာလည်း ကိလေသာဆိုတဲ့ အပေါင်းအဖော်ကို မရရှိတဲ့ အတွက် နောက်ထပ်တစ်ဖန် ဘဝသစ်ဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်တွေ ကုန်ခန်းသွားကြတယ်။
ဒီနည်းအားဖြင့် အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေဟာ အမြစ်ပြတ် ချုပ်ငြိမ်း သွားကြတယ်။ အကြောင်းတရားတွေက အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကျိုးခန္ဓာငါးပါး တို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံး ထားပြီးတော့ ပရိနိဗ္ဗာနစုတိနောင်၌ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ ဒီချုပ်ငြိမ်းမှု နှစ်မျိုးလုံးကို ယောဂါဝစရပုဂ္ဂိုလ်က ဥဒယဗ္ဗယာနုပဿနာဉာဏ် = ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်နှင့်မြင်အောင် ရှုရမယ်။ နောက်တစ်ခု အကျိုးရူပက္ခန္ဓာရဲ့ သို့မဟုတ် ခန္ဓာငါးပါးတို့ရဲ့ ဥပါဒ်ပြီးနောက် ဘင်ကာလသို့အရောက် ခဏမစဲ တသဲသဲ ချုပ်ပျက်မှုကိုလည်း ဝိပဿနာ ဉာဏ်ဖြင့်မြင်အောင် ရှုရမယ်။ ဒီရူပက္ခန္ဓာမှာ ဝယဉာဏ်ငါးပါးဆိုတာကတော့-
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်ပုံ,
၂။ တဏှာချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်ပုံ,
၃။ ကံချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်ပုံ,
၄။ အာဟာရ, စိတ်, ဥတုတို့ချုပ်ခြင်းကြောင့် အာဟာရဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်တို့ချုပ်ပုံ,
၅။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ရဲ့ ခဏဘင်အားဖြင့်ချုပ်ပုံ = ပျက်ပုံ၊
ပေါင်းလိုက်တော့ ချုပ်ပုံပျက်ပုံကိုသိတဲ့ ဝယဉာဏ်ငါးမျိုး ဖြစ်တယ်။
ဒီနေရာမှာလည်း အထက်က ပြောခဲ့တဲ့အတိုင်းပဲ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးကမ္မဇရုပ်တို့ရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းပုံ, စိတ်, ဥတု, အာဟာရတို့ရဲ့ အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းခြင်းကြောင့် စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်တို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့်မြင်အောင် ရှုရမှာ ဖြစ်ပါတယ်။
ရူပက္ခန္ဓာ၌ ဥဒယဉာဏ် (၅)ပါး, ဝယဉာဏ် (၅)ပါးရှိသလို နာမ်ခန္ဓာ လေးပါးတို့မှာလည်း ခန္ဓာတစ်ပါးတစ်ပါး၌ ဥဒယဉာဏ် (၅)ပါး, ဝယဉာဏ် (၅)ပါးစီ ရှိကြပါတယ်။ ခန္ဓာငါးပါး၌ အားလုံးပေါင်းလိုက်လျှင် ဥဒယဉာဏ် (၂၅)ပါး, ဝယဉာဏ် (၂၅)ပါး ဖြစ်ပါတယ်။ နှစ်ရပ်ပေါင်းလိုက်လျှင် ဥဒယဗ္ဗယ ဉာဏ် အကျယ်ရှုပွားနည်း (၅၀) ဖြစ်ပါတယ်။
အကြောင်းတရားငါးပါးဆိုတာ
လက်ရှိသတ္တဝါတွေရဲ့ သန္တာန်မှာရှိတဲ့ အထူးသဖြင့် ယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရှိတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတရားစုတို့ ဖြစ်ကြပါ တယ်။ ဒီဒုက္ခသစ္စာတရားစုတို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းသမုဒယသစ္စာတရားတွေဟာ ဘယ်တုန်း က ဖြစ်ခဲ့တဲ့တရားတွေလဲ? ဒီလို မေးစရာရှိတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး က ဒီလို အဖြေပေးထားပါတယ်။
ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ-၅၀။)
တတ္ထ ပုရိမကမ္မဘဝသ္မိန္တိ ပုရိမေ ကမ္မဘဝေ၊ အတီတဇာတိယံ ကမ္မဘဝေ ကရိယမာနေတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၂၁၄။)
ဒီပါဠိတော် အဋ္ဌကထာတို့ရဲ့ ဆိုလိုရင်းက ဘာလဲ? ကမ္မဘဝကို ပြုစု ပျိုးထောင်ခဲ့စဉ် ရှေးအတိတ်ဘဝက -
၁။ သစ္စာလေးပါးတို့၌ အမှန်အတိုင်းမသိမှု တွေဝေမှု အဝိဇ္ဇာ,
၂။ ကံကို အားထုတ်ကြောင်း သင်္ခါရ,
၃။ ထိုထိုဘဝကို နှစ်သက်တွယ်တာမှု တဏှာ,
၄။ စိတ်ကပ်ရောက်စွဲလမ်းမှု ဥပါဒါန်,
၅။ စေတနာဟူသည့် ကမ္မဘဝ -
ဟူသော ဤအကြောင်းတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာငါးပါး စသည်တို့ရဲ့ အကြောင်းတရားတွေ ဖြစ်ကြတယ်။ တစ်နည်းပြော လျှင်တော့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုး တရားတွေရဲ့ အကြောင်းတရားတွေ ဖြစ်ကြတယ်။
သင်္ခါရနှင့် ကမ္မဘဝ
ကံတစ်ခုကို ပြုစုပျိုးထောင်စဉ် မပြုမီ ရှေးရှေးစေတနာတို့က သင်္ခါရ၊ ကံကို ပြုစုပျိုးထောင်နေဆဲ စေတနာတို့က ကမ္မဘဝ ဖြစ်ကြတယ်။
နောက်တစ်နည်းကတော့ ထိုထိုလူဘဝနတ်ဘဝ ရောက်ကြောင်းကံတို့ကို ပြုစုပျိုးထောင်စဉ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တစ်ခုဝယ် ဇော (၇)တန် ရှိရာ ရှေ့ဇော (၆)တန်တို့၌ စေတနာတို့က သင်္ခါရ၊ သတ္တမဇောစေတနာက ကမ္မဘဝမည်တယ်။
နောက်တစ်နည်းကတော့ ဒီဇောစိတ္တက္ခဏ အသီးအသီးမှာရှိတဲ့ စေတနာက ကမ္မဘဝ၊ ယင်းစေတနာနှင့် ယှဉ်ဖက်သမ္ပယုတ်တရားစုတို့က သင်္ခါရ မည်တယ်။ (ဝိသုဒ္ဓိ၊၂၊၂၁၄-၂၁၅။)
ပဋိဌာန်းဒေသနာတော် ကမ္မပစ္စည်းပိုင်းမှာတော့ ထိုထိုကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားစုတို့ရဲ့အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို နာနာက္ခဏိကကမ္မပစ္စည်းအဖြစ် ဟောကြားထားတော်မူပါတယ်။ ကံကို ပြုစုပျိုးထောင်စဉ်ခဏနှင့် ထိုကံကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတို့ရဲ့ မတူကွဲပြားသော ခဏရှိသောကြောင့် နာနာက္ခဏိကကမ္မပစ္စည်းလို့ ခေါ်ဆို ခြင်း ဖြစ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်ပိုင်းမှာ အကြောင်းတရားနှင့် အကျိုးတရား တို့ရဲ့ ကြောင်း-ကျိုးဆက်နွယ်ကာ ဖြစ်နေမှုသဘောတရားကို ဝိပဿနာဉာဏ် ဖြင့် မြင်အောင်ရှုတဲ့အပိုင်းမှာ ဒီနာနာက္ခဏိကကမ္မပစ္စည်း အကြောင်းတရား ဖြစ်တဲ့ သင်္ခါရတရားတို့ရဲ့ စွမ်းအင်သတ္တိကို ပဓာနထားပြီးတော့ ရှုရပါတယ်။ ဘာကြောင့်လဲ? အကြောင်းတရားနှင့် အကျိုးတရားတို့ဟာ ခဏချင်း ကွာခြား နေတဲ့အတွက် တစ်နည်း ဘဝချင်းသော်လည်း ကွာခြားနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအကြောင်းတရားတွေကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရပါတယ်။ ဒီလို ဝိပဿနာရှုတဲ့ အပိုင်းမှာတော့ ခုပြောခဲ့တဲ့ ကမ္မသတ္တိက ဥပါဒ်, ဌီ, ဘင်အားဖြင့် ထင်ရှားရှိနေဆဲတရား မဟုတ်တဲ့အတွက် ဒီကမ္မသတ္တိကို ဝိပဿနာမရှုရဘဲ ဒီကမ္မသတ္တိရဲ့ စွဲမှီရာ ကုသိုလ်သင်္ခါရ သို့မဟုတ် အကုသိုလ်သင်္ခါရတရားတွေကိုသာ ဝိပဿနာ ရှုရပါတယ်။ ဒါကြောင့် အထက်ကပြောခဲ့တဲ့ သင်္ခါရနှင့် ကမ္မဘဝ ခွဲခြားမှုကို လည်း နားလည်ထားသင့်တယ်။
ခုပြောခဲ့တဲ့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နည်းအရ လက်ရှိဘဝ ပဋိသန္ဓေ ခန္ဓာ ငါးပါးတို့ရဲ့ အကြောင်းရင်းဖြစ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့မှာ အတိတ်ဘဝတစ်ခုက ထူထောင်ခဲ့တဲ့ တရားတွေသာ ဖြစ်ကြတယ်လို့ မှတ်သား ထားပါ။
ပစ္စုပ္ပန်အကြောင်းတရားငါးပါး
ဒီလိုဆိုလျှင် ယောဂီပုဂ္ဂိုလ်တွေဟာ ဒီပစ္စုပ္ပန်ဘဝမှာလည်း ကံတွေကို ပြုစုပျိုးထောင်နေကြတာဖြစ်တော့ ဒီကံတွေကကော အကျိုးမပေးတော့ဘူး လားလို့ မေးစရာရှိတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဒီလို အဖြေပေးထား ပြန်တယ် -
ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါတိ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မိံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ။ (ပဋိသံ-၅၀။)
ယခုလက်ရှိ ပစ္စုပ္ပန်ဘဝမှာ အာယတနတွေ ရင့်ကျက်လာတဲ့အခါ ပြုစု ပျိုးထောင်လိုက်တဲ့ -
၁။ အသိမှားမှု အဝိဇ္ဇာ,
၂။ ထိုထိုဘဝသို့ ရောက်ကြောင်းကံတို့ကို ပြုစုပျိုးထောင်မှု သင်္ခါရ,
၃။ ထိုထိုဘဝကို တွယ်တာနှစ်သက်မှု တဏှာ,
၄။ စိတ်ကပ်ရောက်စွဲလမ်းမှု ဥပါဒါန်,
၅။ ကမ္မဘဝ၊
ဤအကြောင်းတရား ငါးပါးတို့သည် နောင်အနာဂတ် ပဋိသန္ဓေရဲ့ တစ်နည်း အနာဂတ် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ရဲ့ အကြောင်းတရားတို့ ဖြစ်ကြတယ်။
ဒီပါဠိတော်တို့၌ ဟောကြားတော်မူချက်အတိုင်း အတိတ်ဘဝက ပြုစု ပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ပစ္စုပ္ပန် ဝိပါကဝဋ် ခန္ဓာငါးပါးတို့ ဖြစ်ကြတယ်။ ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်နေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် နောင်အနာဂတ်မှာ ဝိပါကဝဋ် ခန္ဓာ ငါးပါး = ရုပ်နာမ်တရားတို့ ထင်ရှားဖြစ်ကြမှာဖြစ်တယ်။ ဒီလိုရင်းအချက်ကို တော့ မှတ်သားထားပါ။
ဒီနေရာမှာ အကြောင်းတရားတွေက သစ္စာဒေသနာတော်နည်းအရ သမုဒယသစ္စာတရားတွေ ဖြစ်ကြတယ်။ အကျိုးတရားတွေက ဒုက္ခသစ္စာတရား များ ဖြစ်ကြပါတယ်။
ယောဂီပုဂ္ဂိုလ်က အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာ အကြောင်းတရားတွေကြောင့် ဒီဘဝ မှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးဒုက္ခသစ္စာ တရားတွေ ထင်ရှားဖြစ်ပုံကိုလည်း မြင်အောင် ဝိပဿနာဉာဏ်နှင့် ရှုနိုင်လျှင် သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ် ဖြစ်ပါတယ်။
အလားတူပဲ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်ထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာ အကြောင်းတရားတွေကြောင့် နောင် အနာဂတ်ဘဝမှာ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဆိုတဲ့ အကျိုးဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကိုလည်း ဝိပဿနာဉာဏ်ဖြင့်မြင် အောင် ရှုနိုင်လျှင် ဒီယောဂီပုဂ္ဂိုလ်ဟာလည်း သမုဒယဓမ္မာနုပဿီပုဂ္ဂိုလ် ဖြစ်ပါတယ်။
မဟာနိဒါနသုတ္တန်မှ မိန့်ကြားသံ
ဒီလို အတိတ်အကြောင်းတရားတွေကြောင့် ပစ္စုပ္ပန်အကျိုးတရားတွေ ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားတွေကြောင့် အနာဂတ်အကျိုးတရားတွေ ဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ဝိပဿနာဉာဏ်ဖြင့်သိအောင် မရှုခဲ့လျှင် ထိုယောဂီပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကို မျက်မှောက် မပြုနိုင်ဘူးလားလို့တော့ မေးစရာရှိတယ်။ ဒီမေးခွန်းရဲ့ အဖြေကို မဟာနိဒါနသုတ္တန်မှာ ဘုရားရှင်က ဖြေဆိုထားပြီး ဖြစ်ပါတယ်။
တစ်ချိန်မှာ အရှင်အာနန္ဒာ ကိုယ်တော်မြတ်က နေ့အခါ သောတာပတ္တိ ဖလသမာပတ်ကို ဝင်စားတော်မူပြီးနောက် ဖလသမာပတ်မှအထ ပဋိစ္စသမုပ္ပါဒ် တရားတော်သို့ မိမိရဲ့ဉာဏ်ကို သွတ်သွင်းစေလွှတ်ပြီးတော့ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို -
၁။ အစမှအဆုံး,
၂။ အဆုံးမှအစ,
၃။ အလယ်မှ အစွန်းနှစ်ဘက်,
၄။ အစွန်းနှစ်ဘက်မှ အလယ် -
ဆိုတဲ့ နည်းအမျိုးမျိုးတို့ဖြင့် ရှုပွားသုံးသပ်တော်မူပါတယ်။ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေက အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ ဉာဏ်တော်မှာ ပေါ်လွင်ထင်ရှားနေတဲ့အတွက် ညနေချမ်းအခါမှာ တရားကောင်းတစ်ပုဒ်ကို နာကြားလိုတဲ့ ဦးတည်ချက်နှင့် ဘုရားရှင်ထံတော်မှောက်သို့ ချဉ်းကပ်ကာ အရိုအသေပြုပြီးနောက် သူက လျှောက်ထားတယ်။ ဘယ်လို လျှောက်ထား သလဲ?
မြတ်စွာဘုရား ...ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ နက်နဲတယ် ခက်ခဲတယ်ဆိုသော်လည်း တပည့်တော်ရဲ့ ဉာဏ်ထဲမှာတော့ ပေါ်လွင် ထင်ရှားသလို ဖြစ်နေပါတယ် မြတ်စွာဘုရားဆိုပြီး လျှောက်ထားတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက ဘာကို အမိန့်ရှိတော်မူသလဲ?
မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ၊ ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ။ ဧတဿ စာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလာဂဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)
အာနန္ဒာ ... သင်ဒီလိုမပြောနှင့်၊ အာနန္ဒာ ... သင်ဒီလိုမပြောနှင့်။ အာနန္ဒာ ...ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားဟာ နက်လည်း နက်နဲတယ်။ နက်နဲယောင်လည်း ရှိတယ်။ အာနန္ဒာ ... ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို အနုဗောဓဉာဏ် ဖြင့် လျော်စွာ ထိုးထွင်းမသိခြင်းကြောင့်, ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက် သည့်တိုင်အောင် ထွင်းဖောက်မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းဟာ ဤမျှ လောက် ယက်ကန်းသည်တို့ရဲ့ ချည်ခင်ချည်ထွေးကဲ့သို့ဖြစ်ကာ စာပေါင်းသောင်းငှက်မရဲ့ အသိုက်သဖွယ်ဖြစ်ကာ ခြေသုတ်ကြိုးဝန်းခွေ ပြုလုပ်ထားတဲ့ ဖြူဆံမြက် ပြိတ်မြက်သဖွယ်ဖြစ်ကာ အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်တဲ့ အပါယ်ဒုဂ္ဂတိမှလည်း မလွတ် မြောက်နိုင်ဘူး၊ အပါယ်မှကြွင်းတဲ့ သံသရာမှလည်း မလွတ်မြောက်နိုင်ဘူး။
ဒီလို ဘုရားရှင်က အမိန့်ရှိတော်မူလိုက်ပါတယ်။ ဒီပါဠိတော်ကြီးကိုပဲ ကိုးကားပြီးတော့ အဋ္ဌကထာကြီးများကလည်း ဘယ်လို ဆုံးဖြတ်ထားတော် မူကြသလဲ? နားထောင်ကြည့်စမ်း!
ဣဒဥှိ အတိဂမ္ဘီရတော အဂါဓံ။ နာနာနယဂဟနတော ဒုရတိယာနံ။ ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန,
ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မတ္ထနံ။
သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)
ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကား အလွန် နက်နဲတဲ့အတွက်ကြောင့် သာမန်ဉာဏ်နှင့် လှမ်းပြီး ထောက်ကြည့်မယ်ဆိုလျှင် ထောက်ရဖို့ သိပ်မလွယ်လှဘူး။ ဘုရားရှင်ကလည်း ဒီပဋိစ္စသမုပ္ပါဒ်ဒေသနာ တော်ကို နည်းအမျိုးမျိုးတို့ဖြင့် တန်ဆာဆင်ကာ ကျွတ်ထိုက်သသူ ဝေနေယျ တို့ရဲ့ အလိုအဇ္ဈာသယဓာတ်နှင့် လျော်ညီစွာ ဟောကြားထားတော်မူတဲ့ အတွက် နည်းအမျိုးမျိုးဆိုတဲ့ တောချုံပုတ်တို့ဖြင့် ထူထပ်နေတဲ့အတွက်ကြောင့် ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားကို သာမန်ဉာဏ်ဖြင့် ကျော်လွှားလွန်မြောက်ဖို့ ဆိုတာ သိပ်မလွယ်လှဘူး။ ယောဂီပုဂ္ဂိုလ်က သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ကာ သမာဓိတည်းဟူသော မြတ်သောကျောက်ဖျာထက်၌ မြမြထက် နေအောင် ကောင်းစွာသွေးထားအပ်တဲ့ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်ဆိုတဲ့ ဉာဏ်သန်လျက်ဖြင့် -
မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ဒီပဋိစ္စသမုပ္ပါဒ် သံသရာဘဝစက်ကို မဖောက်ခွဲနိုင်ဘဲ သံသရာမှ ကျော်လွှား လွန်မြောက်သွားတဲ့ ပုဂ္ဂိုလ်မျိုးဆိုတာ အိပ်မက်ထဲမှာတောင်မှ တစ်ယောက်မျှ မရှိစဖူးသေးပါဘူး။ ဒီလို အဋ္ဌကထာကြီးများက ဖွင့်ဆိုထားကြပါတယ်။
ဒီဘုရားဟော ဒေသနာတော်နှင့် ဒီအဋ္ဌကထာကြီးတို့ရဲ့ အဖွင့်အတိုင်း သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်ချင်တဲ့ နိဗ္ဗာန်ဆိုတဲ့ ထိုမှာ ဘက်ကမ်းသို့ ကူးမြောက်လိုတဲ့ သူတော်ကောင်းမှန်လျှင် ဒီပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည်သာ ဖြစ်ပါတယ်။ ဘယ်လိုတုန်း - တရားနာ ပရိသတ်တွေ ... ဘုရားရှင်ရဲ့အပေါ်မှာ ယုံကြည်ချက် သဒ္ဓါတရား အပြည့် အဝ ရှိကြပါရဲ့လား? ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်အပေါ်မှာ ရော ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိကြပါရဲ့လား? ဒီမေးခွန်းတွေကို တော့ မိမိကိုယ်ကို မိမိ ခဏခဏ မေးကြည့်ပါ။ အကယ်၍ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝ ရှိပါတယ်လို့ အဖြေထွက်ခဲ့လျှင်တော့ ဒီ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းပါ။ ဆရာအပြောနှင့် အလွမ်းကြီးလွမ်း အဆွေးကြီးဆွေး အတွေးကြီး တွေး အငေးကြီးငေးကာ အနှစ်တစ်ထောင်ကြာမှ တစ်ခါသာပွင့်တဲ့ အာသာဝတီ နွယ်နီနတ်ပန်းကို မျှော်လင့်သလို မမျှော်လင့်ကြပါနှင့်လို့ တိုက်တွန်းပါ ရစေ။
အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်
ဒီနေရာမှာ အနုဗောဓဉာဏ်ဆိုတာက ဘာလဲ? ပဋိဝေဓဉာဏ်ဆိုတာက ဘာလဲ? ဒီလိုတော့ မေးစရာရှိတယ်။ အဋ္ဌကထာက ဒီလို ဖွင့်ပြထားပါတယ်။
အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅။)
၁။ ရုပ်နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိတဲ့ ဉာဏ်၊ အထူးသဖြင့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တွေမှာ တည်ရှိတဲ့ ရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ သိတတ်တဲ့ ဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်ပါတယ်။
၂။ အဲဒီရုပ်နာမ်တွေရဲ့ အကြောင်းတရားတွေကို ဟုတ်တိုင်းမှန်စွာ ပရမတ် သို့ ဆိုက်အောင် ထိုးထွင်းသိတဲ့ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ပါ တယ်။ အထူးသဖြင့် ဒီပဋိစ္စသမုပ္ပါဒ်ပိုင်းမှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စတဲ့ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ရဲ့ တစ်ခုနှင့် တစ်ခု ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားကို ထွင်းဖောက်သိတဲ့ ဉာဏ်ကို ပစ္စယပရိဂ္ဂဟဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဆိုတဲ့ ဒီဉာဏ်နှစ်ပါးကို ဉာတပရိညာဉာဏ်ပညာလို့ ခေါ်ဆိုပါတယ်။ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်တဲ့ သိသင့်သိထိုက်တဲ့ ပရမတ်တရားတွေကို ပိုင်းပိုင်းခြားခြားသိတတ်တဲ့ ဉာဏ်ဖြစ်လို့ ဉာတပရိညာလို့ ခေါ်ပါတယ်။
သစ္စာဒေသနာတော်နည်းအရ ပြောရလျှင်တော့ ဒုက္ခသစ္စာကို ထိုးထွင်း သိတဲ့ဉာဏ်နှင့် သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်တွေ ဖြစ်ကြပါတယ်။ ဒီသစ္စာနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြတဲ့အတွက် ယောဂီ ပုဂ္ဂိုလ်က ရှေးဦးစွာ ထိုးထွင်းသိထားရမည့် တရားတွေ ဖြစ်ကြတယ်။ ဒါကြောင့် ဒီသစ္စာနှစ်ပါးကို ထိုးထွင်းသိတတ်တဲ့ဉာဏ်ကို ဉာတပရိညာလို့ ခေါ်ဆိုပါတယ်။
ယောဂီပုဂ္ဂိုလ်က ဒီဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဆိုတဲ့ သင်္ခါရ တရားတွေကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရပါ တယ်။ ဒီလို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်တဲ့ အခါ ဒီသင်္ခါရတရားတွေကို အနိစ္စပဲလို့ ဒုက္ခပဲလို့ အနတ္တပဲလို့ စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်တဲ့ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးကိုတော့ တီရဏပရိညာလို့ ခေါ်ပါတယ်။ အထူးသဖြင့်တော့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ် တို့ရဲ့ ဖြစ်မှုပျက်မှုကို အာရုံယူကာ လက္ခဏာယာဉ်သုံးချက်သို့ တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ကြတယ်။
ဘင်္ဂဉာဏ်မှ စပြီးတော့ အထက်ပိုင်း ဝိပဿနာဉာဏ် အားလုံးကိုတော့ ပဟာနပရိညာလို့ ခေါ်ပါတယ်။ ဒီဉာဏ်တွေကတော့ သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကိုပဲ အာရုံယူကြပါတယ်။ သင်္ခါရတရားတွေရဲ့ အပျက် သက်သက်ကိုပဲ အာရုံယူကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ရှုပွားသုံးသပ်နေတဲ့ ဝိပဿနာဉာဏ်တွေ ဖြစ်ကြပါတယ်။ ဒီဝိပဿနာဉာဏ် တွေက ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကိုလည်း တဒင်္ဂအားဖြင့် ပယ်စွန့်တယ်။ သိသင့်သိထိုက်တဲ့ ပြိုပြိုပျက်ပျက်နေတဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကိုလည်း ထိုးထွင်းသိတယ်။
ဒီလို ပယ်သင့်ပယ်ထိုက်တဲ့ ကိလေသာတွေကို ပယ်စွန့်ပြီးတော့ သိသင့် သိထိုက်တဲ့ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေ ကို ထိုးထွင်းသိနေတဲ့အတွက် ဒီအထက်ပိုင်း ဝိပဿနာဉာဏ်တွေကိုတော့ ပဟာနပရိညာလို့ ခေါ်ပါတယ်။ အထူးသဖြင့်တော့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ရဲ့ အပျက်ကို အာရုံယူကာ လက္ခဏာယာဉ်သုံးချက်သို့တင်ကာ ရှုပွားသုံးသပ်နေ တဲ့ အထက်ပိုင်း ဝိပဿနာဉာဏ်တွေကို ရည်ညွှန်းထားပါတယ်။
ဉာတပရိညာဖြင့် ထိုးထွင်းသိခြင်းကို အနုဗောဓဉာဏ်, တီရဏပရိညာ, ပဟာနပရိညာတို့ဖြင့် ထိုးထွင်းသိခြင်းကို ပဋိဝေဓဉာဏ်လို့ ဆိုလိုပါတယ်။ ခုရှင်းလင်းချက်ကတော့ လောကီအနုဗောဓဉာဏ်နှင့် လောကီပဋိဝေဓဉာဏ် တွေ ဖြစ်ကြပါတယ်။ လောကုတ္တရာအနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ကို ရရှိရေးအတွက် ယောဂီပုဂ္ဂိုလ်က လောကီအနုဗောဓဉာဏ်, လောကီပဋိဝေဓဉာဏ်တို့ကို ပွားရပါတယ်။ လောကုတ္တရာအနုဗောဓဉာဏ်နှင့် လောကုတ္တရာ ပဋိဝေဓဉာဏ်တို့ကတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြု ကြပါတယ်။ ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို အာရုံမပြုကြဘူး။
ဒါပေမဲ့ လောကုတ္တရာအနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့က ဒုက္ခသစ္စာ, သမုဒယသစ္စာ အဝင်အပါဖြစ်တဲ့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို အကြွင်းမဲ့ ပယ်ရှားလိုက်တယ်။ သစ္စာလေးပါးကို မသိမှုကင်း ပျောက်သွားတဲ့အတွက် သစ္စာလေးပါးကို သိမှုဟာ ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီး သွားပါတယ်။ ဒါကြောင့် လောကုတ္တရာဖြစ်တဲ့ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ် တွေက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံတိုက်ရိုက် မျက်မှောက် ပြုကာ ထိုးထွင်းသိခြင်းဆိုတဲ့ အာရမ္မဏပဋိဝေဓ သဘောအားဖြင့် သိတယ်၊ အာရုံပြုတယ်။ ဒုက္ခသစ္စာ, သမုဒယသစ္စာ, မဂ္ဂသစ္စာတို့ကိုတော့ ဒီသစ္စာတွေကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို ပယ်ရှားသောအားဖြင့် သိခြင်းဆိုတဲ့ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် သိတယ်။
ကြောင်း-ကျိုးဆက်နွယ်မှု ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ခုပြော ခဲ့တဲ့ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ခဲ့ဘူး ဆိုလျှင်တော့ အပါယ်ဝဋ် ဆင်းရဲဒုက္ခ, သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ မကျော်လွှား မလွန်မြောက်နိုင်ဘူးလို့ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် သံသရာဝဋ် ဆင်းရဲဒုက္ခတို့ရဲ့ ကုန်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို အလိုရှိတဲ့ သူတော်ကောင်းမှန်လျှင် ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစား အားထုတ်ရမယ် ဆိုတာကိုတော့ ဦးထိပ်ထက်မှာ သံမှိုစွဲထားသလို စွဲစွဲမြဲမြဲ မှတ်သားထားပါ။
နောက်ထပ်ပြောချင်တဲ့ အချက်တစ်ခု ရှိပြန်သေးတယ်။ ဒီလောက် ခက်ခဲနက်နဲတဲ့ ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေဟာ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့ အသိဉာဏ်မှာ ဘာကြောင့် ပေါ်လွင်ထင်ရှား နေရသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ အဋ္ဌကထာက ဒီမေးခွန်းကို ဖြေဆို ထားပါတယ်။
အကြောင်းတရားလေးပါး
ထေရဿ ဟိ စတူဟိ ကာရဏေဟိ ဂမ္ဘီရောပိ ပဋိစ္စသမုပ္ပါဒေါ ဥတ္တာနောတိ ဥပဋ္ဌာတိ။ ကတမေဟိ စတူဟိ၊ ပုဗ္ဗူပနိဿယသမ္ပတ္တိယာ, တိတ္ထဝါသေန, သောတာပန္နတာယ, ဗဟုဿုတဘာဝေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၇၈။)
အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ အသိဉာဏ်မှာ ခက်ခဲနက်နဲသည်သာ လျှင်ဖြစ်တဲ့ ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေဟာ အကြောင်းတရား လေးမျိုးတို့ကြောင့် ထင်ရှားစွာ တည်ရှိနေခြင်း ဖြစ်တယ်။ အကြောင်းတရား လေးမျိုးက ဘာတွေလဲ?
၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = ရှေးရှေး ဘဝပေါင်းများစွာက ဖြည့်ကျင့်ထားခဲ့တဲ့ ပါရမီဆိုတဲ့ အားကြီးသော မှီရာ ဥပနိဿယနှင့် ပြည့်စုံခြင်းဆိုတဲ့ အကြောင်းက တစ်ခု,
၂။ တိတ္ထဝါသ = နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ကူးသန်းသွားလာရာဖြစ်တဲ့ ဆိပ်ကမ်းကောင်းကြီးတွေကို မှီတင်းနေထိုင်ခြင်းဆိုတဲ့ အကြောင်းက တစ်ခု,
၃။ သောတာပန်ဖြစ်တော်မူခြင်းဆိုတဲ့ အကြောင်းက တစ်ခု,
၄။ အကြားအမြင် ဗဟုဿုတ များပြားခြင်းဆိုတဲ့ အကြောင်းက တစ်ခု၊ ပေါင်းလိုက်တော့ အကြောင်းတရားလေးခုတို့ ဖြစ်ကြပါတယ်။
ဒီအကြောင်းတရား လေးမျိုးတို့ကြောင့် အလွန် ခက်ခဲနက်နဲနေတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာလည်း အရှင် အာနန္ဒာကိုယ်တော်မြတ်ရဲ့ အသိဉာဏ်မှာ ပေါ်လွင်ထင်ရှားနေခြင်း ဖြစ်ပါ တယ်။
ရှေးဥပနိဿယနှင့် ပြည့်စုံခြင်း
ရှေးရှေး ဘဝပေါင်းများစွာက ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတရားအပေါင်းဆိုတဲ့ ရှေးဥပနိဿယတွေနှင့် ဘယ်လို ပြည့်စုံသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရားရှင် ရဲ့ သာသနာတော်တွင်းက စပြီးတော့ ပါရမီတွေကို ဖြည့်ကျင့်ခဲ့ပါတယ်။ ပဒုမုတ္တရဘုရားရှင် အမှူးရှိတဲ့ သံဃာတော်တစ်သိန်းအတွက် ချမ်းချမ်းသာသာ သီတင်းသုံးတော်မူရန် သောဘနအမည်ရှိတဲ့ ဥယျာဉ်တော်ကြီး တစ်ခုအတွင်း မှာ သောဘနအမည်ရှိတဲ့ ကျောင်းတိုက်ကြီးတစ်ခု တည်ထောင်ပြီးတော့ လှူဒါန်းပူဇော်ခဲ့ပါတယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော်တစ်သိန်းတို့အား ဝါတွင်းသုံးလ ကာလပတ်လုံး ဆွမ်းဖြင့် ရိုသေစွာ ပြုစုလုပ်ကျွေးခဲ့ပါတယ်။ အလွန်အဆင့်အတန်းမြင့်မားတဲ့ ဒါနပွဲကြီးတစ်ခု ဖြစ်ပါတယ်။ မိမိ ကိုယ်တိုင် ကလည်း (၁၀)ပါးသီလ ဆောက်တည်ကာ ဘုရားရှင်ရဲ့ဝေယျာဝစ္စ, သံဃာ တော်ရဲ့ဝေယျာဝစ္စများကို ဆောင်ရွက်ကာ ကျောင်းတော်မှာပဲ နေထိုင်ကာ တရားတော်ကို သင်ယူခြင်း, တရားဘာဝနာကို စွမ်းအားရှိသလောက် ပွားများ ခြင်း, တရားတော်ကို နာယူခြင်းစတဲ့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးခဲ့ပါ တယ်။
ပဒုမုတ္တရဘုရားရှင်ရဲ့ အလုပ်အကျွေး ဥပဋ္ဌာကရဟန်းဖြစ်တော်မူတဲ့ အရှင်သုမနမထေရ်ကို အားကျကာ နောင်အနာဂတ်ကာလဝယ် တစ်ဆူသော ဘုရားရှင်တို့ရဲ့ သာသနာတော်ဝယ် ဘုရားရှင်ရဲ့ အလုပ်အကျွေး ဥပဋ္ဌာက ဖြစ်ရန်လည်း ဆုတောင်းပန်ထွာခဲ့ပါတယ်။ ပဒုမုတ္တရဘုရားရှင်ကလည်း နောင်ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူမည့် ဂေါတမဘုရားရှင်ရဲ့ အလုပ် အကျွေး ဥပဋ္ဌာကရဟန်းတစ်ပါး ဖြစ်မည့်အကြောင်းကို ဗျာဒိတ်စကား မိန့်ကြားတော်မူပါတယ်။
ဒီနေရာမှာ - ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။) မှာ ဖွင့်ဆိုထားတဲ့ အကြောင်းအရာကို နည်းနည်းတော့ ပြောချင်တယ်။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်ဟာ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်မှာ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိတော်မူသည်နှင့် တစ်ပြိုင်နက်တည်းမှာပဲ ပဋိသမ္ဘိဒါ ဉာဏ်တော်မြတ် လေးပါးကိုလည်း တစ်ပါတည်း ရရှိတော်မူပါတယ်။ သေက္ခ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိပါတယ်။ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိဖို့ရန်အတွက် ဖြည့်ကျင့် ရမည့် အင်္ဂါရပ်ငါးခု ရှိပါတယ်။
၁။ အဓိဂမခေါ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူခြင်း ဖြစ်ပါတယ်။ (သူက နောက်ဆုံးဘဝမှာ ရှေးဦးစွာ ပထမဝါမှာပဲ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခဲ့ပါတယ်။)
၂။ ပရိယတ္တိ = ဘုရားတရားတော်ကို သင်ယူခြင်း,
၃။ သဝန = တရားတော်ကို အရိုအသေ အလေးအမြတ်ပြုကာ နာကြား ခြင်း,
၄။ ပရိပုစ္ဆာ = ပါဠိတော် အဋ္ဌကထာတို့၌ ခဲရာခက်ဆစ် အဖုအထစ်နှင့် ပတ်သက်တဲ့ အဆုံးအဖြတ်တွေကို မေးမြန်းသင်ယူခြင်း,
၅။ ပုဗ္ဗယောဂ = ဂတပစ္စာဂတိကဝတ်ကို ဖြည့်ကျင့်ကာ သင်္ခါရုပေက္ခာဉာဏ် သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဖြည့်ကျင့်ဆည်းပူးခြင်း,
ပေါင်းလိုက်တော့ အင်္ဂါရပ်ငါးခု ဖြစ်ပါတယ်။ ဒီအင်္ဂါရပ်တွေထဲမှာ နံပါတ်တစ်အင်္ဂါရပ်ကတော့ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်မှာရရှိတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ကျန်တဲ့အင်္ဂါရပ် လေးခုကတော့ ရှေးရှေးဘုရားရှင် တို့ရဲ့ သာသနာတော်တွင်းမှာကထည်းက ဖြည့်ကျင့်ရမည့် အင်္ဂါရပ်တွေ ဖြစ်ကြ ပါတယ်။ အဲဒီ အင်္ဂါရပ်တွေထဲမှာ ဒီနေရာမှာ အလေးဂရုပြုပြီး ပြောလိုတဲ့ အင်္ဂါရပ်ကတော့ ပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ ဒီပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ်နှင့် ပြည့်စုံအောင် အရှင်အာနန္ဒာအလောင်းအလျာ သူတော်ကောင်း က သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာတွေကို ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတွင်းမှာ ကြိုးစားအားထုတ်ခဲ့ဖူးတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။
ပဒုမုတ္တရဘုရားရှင်က လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်း တော်မူတဲ့ ဘုရားရှင် ဖြစ်တော်မူပါတယ်။ အရှင်အာနန္ဒာအလောင်း သူတော် ကောင်းဟာ ထိုအချိန်က ပဒုမုတ္တရဘုရားရှင်နှင့် ဖတူမိကွဲတဲ့ သုမနအမည်ရှိတဲ့ မင်းသားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဟံသာဝတီနေပြည်တော်ကို ထီးဖြူအုပ်ချုပ် မင်းလုပ်နေတဲ့ အာနန္ဒဘုရင်မင်းကြီးရဲ့ သားရတနာတွေ ဖြစ်ကြပါတယ်။
ဘုရားအမှူးရှိတဲ့ သံဃာတော်တစ်သိန်းတို့ မျှမျှတတ သီတင်းသုံးနိုင် လောက်အောင် ကျောင်းတိုက်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းပူဇော်နိုင်ခြင်း, ဘုရားရှင်နှင့်တကွ သံဃာတော်တစ်သိန်းတို့အား ဝါတွင်းသုံးလပတ်လုံး ဆွမ်းများကို လှူဒါန်းပူဇော်နိုင်ခြင်းဆိုတဲ့ ဒီကောင်းမှုကုသိုလ်တွေကိုပဲ စဉ်းစားကြည့်ပါ။ ခုခေတ်အနေနှင့် အလွန်ဖြစ်နိုင်ခဲတဲ့ အခွင့်အရေးများ ဖြစ်နေကြပါတယ်။
ဒီလို ဘုရားရှင်နှင့် အလွန်နီးကပ်နေတဲ့ ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်နေတဲ့ အထက်တန်းကျတဲ့ ဧတဒဂ်ဘွဲ့ထူး ဂုဏ်ထူးကြီးကို မျှော်မှန်း ထားတဲ့ သူတော်ကောင်းတစ်ဦးဟာ နှစ်ပေါင်းတစ်သိန်းဆိုတဲ့ သက်တမ်း ကာလအတွင်းမှာ စားကာအိပ်ကာ ပျော်ရွှင်ကာဖြင့် အချိန်ကို ကုန်လွန်စေ မယ် ဆိုတာကတော့ မဖြစ်နိုင်တဲ့သဘော ရှိပါတယ်။
ဒါကြောင့် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအဖွင့်အရ သီလတည်းဟူ သော မြေပေါ်မှာ ရပ်တည်ကာ ဘုရားရှင်ရဲ့ ပရိယတ်တရားတော်များကို သင်ယူခြင်း, တရားတော်ကို အရိုအသေ အလေးဂရုပြုကာ နာယူခြင်း, ပါဠိတော် အဋ္ဌကထာတို့ရဲ့ ခက်ဆစ်ခက်ရာ အဖြာဖြာတို့ကို မေးမြန်းခြင်း, သင်ယူခြင်း, သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း တွေကို စီးဖြန်းခြင်းဆိုတဲ့ ပါရမီကောင်းမှုကုသိုလ်တွေကို အနှစ်တစ်သိန်း အတွင်းမှာ စွမ်းအားရှိသလောက် ဖြည့်ကျင့်ဆည်းပူးခဲ့တယ်လို့ သိနိုင်ပါတယ်။ ဒီအင်္ဂါရပ်တွေနှင့် မပြည့်စုံလျှင် ပဋိသမ္ဘိဒါဉာဏ်တွေကို မရရှိနိုင်သောကြောင့် ဖြစ်ပါတယ်။
ဒီပါရမီတွေက ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား တွေကို ရှုတဲ့အပိုင်းမှာ သန့်ရှင်းတဲ့ အသိဉာဏ်ရရှိအောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက် ရှိပါတယ်။ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသာနာတွင်းမှာကတည်းက ဒီပဋိစ္စသမုပ္ပါဒ် သဘောတရား တွေကို သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် လောကီပရိညာသုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိခဲ့ဖူးတဲ့အတွက် ဒီနောက်ဆုံးဘဝမှာ ပဋိစ္စသမုပ္ပါဒ်ရှုကွက် တွေဟာ လွယ်ကူနေခြင်းဖြစ်တယ်။
တိတ္ထဝါသ = ဆိပ်ကမ်းကောင်းကြီးတွေကို မှီတင်းနေထိုင်ခြင်း
နောက်တစ်ခုကတော့ တိတ္ထဝါသ ဖြစ်ပါတယ်။ နိဗ္ဗာန်သို့သွားရာ = နိဗ္ဗာန်ဆိုတဲ့ သံသရာရဲ့ ထိုမှာဘက်ကမ်းသို့ ကူးဖို့ရန် ဆိပ်ကမ်းကောင်းကြီးတွေ ဆိုတာကတော့ နိဗ္ဗာန်သို့ သွားရာလမ်းကို ညွှန်ပြနိုင်တဲ့ ဆရာကောင်းတွေ ဖြစ်ကြပါတယ်။ ဒီလို ဆရာကောင်းတွေထံမှာ ပါဠိတော်ကို သင်ယူခြင်း, တရား တော်ကို နာကြားခြင်း, ပါဠိတော် အဋ္ဌကထာတို့၌ လာရှိတဲ့ ခဲရာခက်ဆစ်တို့ကို မေးမြန်းခြင်း, ဆွေးနွေးခြင်း, သင်ယူခြင်း, ပရိယတ်တရားတော်ကို နှုတ်ငုံ ဆောင်ခြင်းတို့ကို တိတ္ထဝါသလို့ ဆိုလိုပါတယ်။
သာသနာတော်မှာ အကောင်းဆုံးသော ဆိပ်ကမ်းကတော့ ဘုရားရှင် ဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံး ဆိပ်ကမ်းတွေကတော့ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အစရှိတဲ့ မဟာသာဝကကြီး (၈၀)တို့ ဖြစ်ကြပါတယ်။ ဒီဆိပ်ကမ်းကောင်းကြီးတွေကို အရှင်အာနန္ဒာ ကိုယ်တော်မြတ်က အမြဲတမ်း ဆည်းကပ်ကာ မှီတင်းနေထိုင်ပါတယ်။ ဘုရားရှင်ထံတော်မှ တရားတစ်ပုဒ်ကို သင်ယူလိုက်လျှင် တစ်ခေါက်ပဲ သင်ယူရတယ်။ အလွတ်ရတယ်။ မမေ့ဘူး။ ဘယ်လောက်ကောင်းတဲ့ဉာဏ်ဆိုတာ ကြည့်ပေတော့။
ဒါကြောင့် ဒီတိတ္ထဝါသဆိုတဲ့ အကြောင်းတရားကလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ သန္တာန်မှာ အလွန်သန့်ရှင်းစင်ကြယ်ပါတယ်။ ဒီအကြောင်း တရားကြောင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ရဲ့ အသိဉာဏ်မှာ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ နက်နဲပင် နက်နဲကြသော်လည်း ပေါ်လွင်သကဲ့သို့ ထင်ရှားလာခြင်း ဖြစ်ပါတယ်။
သောတာပန်ဖြစ်တော်မူခြင်း
နောက်အကြောင်းတစ်ခုကတော့ သောတာပန်ဖြစ်တော်မူခြင်း ဖြစ်ပါ တယ်။ အဋ္ဌကထာက ဒီနေရာမှာ ဘယ်လို ဖွင့်ဆိုထားသလဲ?
သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
သောတာပန်သာ မှန်ပါစေ၊ သောတာပန်ပုဂ္ဂိုလ်တို့ရဲ့ အသိဉာဏ်မှာ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားဟာ လယ်ပြင်မှာ ဆင်သွားသလို ပေါ်ပေါ်လွင်လွင်ကြီး ဖြစ်ပြီးတော့ ထင်ရှားစွာ တည်နေပါ တယ်။ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ ဒီအချက်ကတော့ စံထားရမည့် မှတ်ကျောက်တစ်ခုပဲ။ ယောဂီပုဂ္ဂိုလ်တစ်ဦးက မိမိကိုယ်ကို မိမိ သောတာပန် ဖြစ်ပြီလို့ ယူဆလျှင် ငါသည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘော တရားကို အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလားဆိုတဲ့ ဒီမေးခွန်းကို မိမိကိုယ်ကို မိမိ ကိုယ်တိုင်ပဲ မေးကြည့်ပါ။ မသိပါဟု အဖြေထွက်ခဲ့လျှင်တော့ သောတာပန် မဟုတ်သေးဘူး လို့သာ ဆုံးဖြတ်ပါ။ ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သိတယ် ဆိုတာက ဆရာအပြောနှင့် လွမ်းပြီး သူများပါးစပ်မှာ လမ်းဆုံးနေတဲ့ သိနည်း မျိုးတော့ မဟုတ်ဘူး။ ရှေ့ပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းကိုသာ ပြောလိုတယ်လို့ မှတ်ပါ။
ဗဟုဿုတများပြားတော်မူခြင်း
အကြားအမြင် ဗဟုဿုတ များပြားခြင်းဆိုတဲ့ ဗဟုဿုတဂုဏ်နှင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ပြည့်စုံတော်မူပါတယ်။ ဗဟုဿုတ များတယ်ဆိုတာက ဘာကို ပြောတာလဲ?
ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ (အံ၊၂၊၄၇။ ၁၀၅။)
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
ဒီပါဠိတော်နှင့် အဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း ဗဟုဿုတက- အာဂမသုတ, အဓိဂမသုတဆိုပြီး နှစ်မျိုးရှိနေပါတယ်။ အာဂမသုတဆိုတာက တော့ သင်သိဗဟုဿုတကို ဆိုလိုပါတယ်။ အဓိဂမသုတဆိုတာကတော့ ကျင့်သိဗဟုဿုတကို ဆိုလိုပါတယ်။ သင်သိဗဟုဿုတကို အကြားဗဟုဿု တ ဆိုပြီးတော့လည်း ဘာသာပြန်ဆိုကြတယ်။ ဆရာသမားထံမှ နားနှင့် ကြား ပြီးမှ ရရှိတဲ့ ဗဟုဿုတဖြစ်လို့ အကြားဗဟုဿုတလို့ ဆိုတယ်။ ကျင့်သိ ဗဟုဿုတကိုတော့ တကယ်လက်တွေ့ကျင့်လို့ သိလာတဲ့ဉာဏ်နှင့် မြင်လာတဲ့ ဗဟုဿုတဖြစ်လို့ အမြင်ဗဟုဿုတလို့ ဘာသာပြန်ဆိုကြတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ကာ ဗဟုဿုတကို အကြားအမြင် ဗဟုဿုတဆိုပြီးတော့ ဘာသာ ပြန်ဆိုကြတယ်။
အရှင်အာနန္ဒာ ကိုယ်တော်မြတ်ဟာ ဘုရားရှင်ရဲ့ အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်ပြည့်စုံစုံ အနက်သဒ္ဒါတို့ဖြင့် ဝေဝေ ဆာဆာ ဟောကြားထားတော်မူတဲ့ ခရုသင်းပွတ်သစ်နှင့်အတူ ဖြူစင်မြင့်မြတ် တဲ့ ဗြဟ္မစရိယခေါ်တဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်, မဂ် ကျင့်စဉ်တို့ကို ဟောဖော်ပြသပေးတဲ့ တရားတော်တွေကို ဘုရားရှင်ထံမှ တိုက်ရိုက် သင်ယူထားပါတယ်။ သင်ယူပြီးတဲ့အခါ ဒီပရိယတ် တရားတော်တွေ ကို မမေ့မပျောက်အောင် နှုတ်ငုံဆောင်ကာ လေ့ကျက်ထားပါတယ်။ ဒီအဆင့် အထိ ရရှိတဲ့ ဗဟုဿုတကိုတော့ အာဂမသုတ = သင်သိ = ကြားသိ ဗဟုဿုတ လို့ ခေါ်ပါတယ်။
သို့သော် အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီလောက်နှင့်တွင် ရပ်တန့် မနေဘဲ စိတ်နှင့်လည်း ဒီတရားတွေကို စေ့စေ့ငုငု ကြည့်ရှုတယ်၊ ဆင်ခြင်တယ်၊ သုံးသပ်ရှုပွားတယ်။ ဒီလို လက်တွေ့ ရှုပွားလိုက်တဲ့အခါ ဘယ်အဆင့်အထိ ရောက်ရှိတော်မူသလဲ?
အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း အကြောင်းတရား အားဖြင့်လည်းကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပါတယ်။ ဒီဗဟုဿုတပိုင်းကိုတော့ လက်တွေ့ကျင့်လို့ သိရှိလာတဲ့အပိုင်း ဖြစ်တဲ့အတွက် အဓိဂမသုတလို့ ခေါ်ဆို ပါတယ်။
ပိဋကတ်သုံးပုံမှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ အတ္ထလို့ ခေါ်ဆို အပ်တဲ့ ပရမတ္ထတရားတွေဟာ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဆိုပြီး လေးမျိုးပဲ ရှိပါတယ်။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီစိတ်, စေတသိက်, ရုပ်ဆိုတဲ့ ပရမတ္ထဓာတ်သားတွေကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်တယ်။ ဒါတွင်လား? မကသေးပါဘူး။ ကာရဏတော စ = ဒီစိတ်, စေတသိက်, ရုပ်တရားတွေရဲ့ အကြောင်းတရားတွေကို လည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် တော်မူတယ်။ ဒီအသိဉာဏ် နှစ်မျိုးကတော့ ဝိပဿနာဉာဏ်စဉ်နည်း အရ ပြောရလျှင်တော့ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေကို ထိုးထွင်း သိတတ်တဲ့ နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်တို့ ဖြစ်ကြပါတယ်။ ဒီဉာဏ် နှစ်ပါးနဲ့ ရရှိထားတဲ့ အသိဉာဏ်ကို အဓိဂမ = ကျင့်သိဗဟုဿုတလို့ ခေါ်ဆို ပါတယ်။
သို့သော် အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဒီမျှမကသေးပါဘူး။ ဝိပဿနာဉာဏ်တွေကိုလည်း အစီအစဉ်တကျ အစဉ်အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူနိုင်တဲ့အတွက် ဝိပဿနာဉာဏ်တွေကိုသာ ရရှိသည် မဟုတ်သေးဘူး၊ စတုတ္ထပရမတ်ဖြစ်သည့် အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်ကို သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင် တဲ့ အဆင့်အထိ ထိုအချိန်မှာ ဗဟုဿုတတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အရှင်အာနန္ဒာဟာ အာဂမသုတခေါ်တဲ့ သင်သိ, အဓိဂမသုတခေါ်တဲ့ ကျင့်သိ ဒီဗဟုဿုတနှစ်မျိုးနှင့် ပြည့်စုံနေတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် အဋ္ဌကထာက ဒီနေရာမှာ ဘယ်လို ဖွင့်ဆိုထားတော်မူသလဲ?
ဗဟုဿုတာနဉ္စ စတုဟတ္ထေ ဩဝရကေ ပဒီပေ ဇလမာနေ မဉ္စပီဌံ ဝိယ နာမရူပပရိစ္ဆေဒေါ ပါကဋော ဟောတိ၊ အယဉ္စ အာယသ္မာ ဗဟုဿုတာနံ အဂ္ဂေါ ဟောတိ၊ ဗာဟုဿစ္စာနုဘာဝေနာပိဿ ဂမ္ဘီရောပိ ပစ္စယာကာရော ဥတ္တာနကော ဝိယ ဥပဋ္ဌာသိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
နာမရူပပရိစ္ဆေဒေါတိ သဟ ပစ္စယေန နာမရူပဿ ပရိစ္ဆိဇ္ဇ အဝဗောဓော။ (ဒီ၊ဋီ၊၂၊၈၄။)
ခုပြောခဲ့တဲ့ အာဂမသုတ, အဓိဂမသုတခေါ်တဲ့ သင်သိကျင့်သိဆိုတဲ့ အသိနှစ်မျိုးဖြင့် အကြားအမြင် ဗဟုဿုတရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အသိဉာဏ်မှာ လေးတောင်လောက်သာကျယ်ဝန်းတဲ့ တိုက်ခန်းတစ်ခုရဲ့အတွင်းမှာ ဆီမီးကို ညှိထွန်းလိုက်မယ်ဆိုလျှင် ကုတင်ညောင်စောင်း ကုလားထိုင်တွေကို ထင်ထင် ရှားရှား တွေ့မြင်နေရသလို အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ပရမတ်ဆိုက်အောင် ပိုင်းပိုင်းခြားခြား သိခြင်းဆိုတဲ့ နာမရူပပရိစ္ဆေဒသဘော တရားဟာ ထင်ရှားနေပါတယ်။ ဒီ အရှင်အာနန္ဒာကိုယ်တော်မြတ်ဟာ ဗဟုဿုတရှိကြတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အသာဆုံး အမြတ်ဆုံး ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒီလို အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံနေတဲ့ ဗဟုဿစ္စ ဂုဏ်ရဲ့ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်လည်း အလွန်နက်နဲနေတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေဟာ ထင်ရှား ပေါ်လွင် သကဲ့သို့ ဖြစ်နေပါတယ်။
ဒီအကြောင်းအရာတွေကို ခုလို ပြောပြနေတာက သာဝကတွေသည် ဘုရားရှင် ဟောကြားထားတော်မူတဲ့ ရုပ်တွေနာမ်တွေကို ပရမတ်သို့ဆိုက် အောင် ရှုလို့ရပါတယ်, ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရား တွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် အောင် ရှုလို့ရပါတယ်ဆိုတဲ့ အထောက်အထားတွေကို ခိုင်ခိုင်လုံလုံ တင်ပြ နေခြင်း ဖြစ်ပါတယ်။
ဒီလို ကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ရှုနေခြင်းဟာ ဉာဏ်စဉ်နည်းအရ ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရား တွေကို သိမ်းဆည်းတတ်တဲ့ ဉာဏ်အမြင်ကို ရရှိရေးအတွက် ဖြစ်ပါတယ်။ တစ်နည်း သစ္စာဒေသနာတော်နည်းအရ သမုဒယသစ္စာကို ထိုးထွင်းသိမြင်ရေး အတွက် တစ်နည်းပြောရလျှင်တော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်းသိမြင်ရေးအတွက် ရှုပွားသုံးသပ်နေခြင်း ဖြစ်ပါတယ်။
ဧကဒေသ = တစ်စိတ်တစ်ဒေသ
ခုလို ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုခြင်း, တစ်နည်းပြောရလျှင်တော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုခြင်းဆိုတဲ့ ဒီရှုကွက်တွေကို ယောဂီပုဂ္ဂိုလ်က ရှုတတ်အောင် ကြိုးပမ်းနေရ ခြင်းမှာ တစ်နည်းတစ်ဖုံ ပြောကြစို့ဆိုလျှင် ကံနှင့်ကံရဲ့အကျိုးကိုသိအောင် ကြိုးစားခြင်းသာ ဖြစ်ပါတယ်။ သို့သော် သာဝကတွေဟာ ကံ-ကံရဲ့အကျိုး တရားတွေကို ကုန်စင်အောင် သိနိုင်ပါ့မလားလို့တော့ မေးစရာရှိတယ်။ ဒီ အပိုင်းကိုတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဒီလို ရှင်းပြထားပါတယ် -
ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
ဧကဒေသတော ဇာနိတဗ္ဗန္တိ
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ဝိပဿကပုဂ္ဂိုလ်ဟာ အားရှိတဲ့ကံ, အားမရှိတဲ့ကံ, အကျိုးဝိပါက်ခန္ဓာတွေကို တိုက်ရိုက်ဖြစ်စေတတ်တဲ့ ကံ = ဇနကကံ, ဒီအကျိုးတရားတွေကို ခိုင်ခံ့အောင် အရှည်တည်တံ့အောင် အားပေးထောက်ပံ့တတ်တဲ့ကံ = ဥပတ္ထမ္ဘကကံ, ဒီအကျိုးတရားတို့ရဲ့ စွမ်းအင် ကို လျော့နည်းသွားအောင် ကပ်၍နှိပ်စက်တတ်တဲ့ကံ = ဥပပီဠကကံ, ဒီအကျိုး တရားတွေကို ရပ်သွားအောင် ကပ်၍ဖြတ်တတ်တဲ့ကံ = ဥပဃာတကကံ, ဒီလို ကံတွေရဲ့ ထူးထွေကွဲပြားမှုကိုလည်းကောင်း, ယုတ်ညံ့တဲ့ အကျိုးတရား, မွန်မြတ်တဲ့ အကျိုးတရားဆိုတဲ့ အကျိုးတရားတို့ရဲ့ ထူးထွေကွဲပြားမှုကို လည်းကောင်း တစ်စိတ်တစ်ဒေသအားဖြင့်တော့ သိသင့်သိထိုက်ပါတယ်။ သိအောင်တော့ ကျင့်ရမယ်။
တစ်စိတ်တစ်ဒေသအားဖြင့်တော့ သိရမည်ဆိုတာက --- ကံ-ကံရဲ့အကျိုး တရားတွေကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိတော်မူခြင်းဆိုတာက တော့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်ပါတယ်။ သာဝက တို့ရဲ့ အရာတော့ မဟုတ်ပါဘူး။ မိမိတို့ အရာဌာနမဟုတ်တဲ့အတွက်ကြောင့် လည်း သာဝကတွေဟာ ကံ-ကံရဲ့အကျိုးတရားတွေကို ကုန်စင်အောင်တော့ မသိနိုင်ကြပါဘူး၊ သိနိုင်ဖို့ရန် မစွမ်းနိုင်ကြပါဘူး။ သို့သော် ကံ-ကံရဲ့အကျိုးကို လုံးလုံးမသိခဲ့ဘူးဆိုလျှင်တော့ ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတွေကို သိမ်းဆည်းတတ်တဲ့ဉာဏ် = အကြောင်းတရားတွေကို ပိုင်းခြားယူတတ်တဲ့ ဉာဏ်ဟာ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ ဒါကြောင့် သာဝကတွေဟာ ကံ-ကံရဲ့အကျိုးကို တစ်စိတ်တစ်ဒေသအားဖြင့်တော့ သိအောင်ကြိုးစားရတော့ မယ်လို့ မှတ်သားထားပါ။
ပဋိစ္စသမုပ္ပါဒ်ရှုပုံအပိုင်း
အာဟာရသုတ္တန်ဒေသနာတော်နည်း
ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ရှုကွက်ကို ဟောကြားတော် မူရာ၌ ---
၁။ အစမှ အဆုံးသို့တိုင်အောင် - (အစအဝိဇ္ဇာမှ အဆုံးဇရာမရဏသို့ တိုင်အောင်)၊
၂။ အလယ်မှ အဆုံးသို့တိုင်အောင် - (အလယ်သဠာယတနမှ အဆုံးဇရာ မရဏသို့တိုင်အောင်)၊
၃။ အဆုံးမှ အစသို့တိုင်အောင် - (အဆုံးဇရာမရဏမှ အစအဝိဇ္ဇာသို့ တိုင်အောင်)၊
၄။ အလယ်မှ အစသို့တိုင်အောင် - (အလယ်အာဟာရလေးပါးမှ အစ အဝိဇ္ဇာသို့တိုင်အောင်)၊
ဒီလို နည်းလေးမျိုးကို ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနည်း လေးနည်းတို့အထဲက အလယ်ခေါင်မှာရှိတဲ့ အာဟာရလေးပါးက စတင်ရှုကာ အစအဝိဇ္ဇာသို့တိုင်အောင် သွားတဲ့ရှုကွက်ကိုပဲ ဦးစားပေးကာ ပြောကြရ အောင်။ အာဟာရလေးပါးကို အဓိပ္ပါယ်ကောက်ယူရာ၌ အဋ္ဌကထာများက နှစ်နည်း ဖွင့်ဆိုထားကြပါတယ်။
၁။ ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးကိုလည်း အာဟာရဟု ကောက်ယူသောနည်း, (ဝိသုဒ္ဓိ၊၂၊၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။ မူလဋီ၊၂၊၂၄၄-၂၄၅၊၊)
၂။ ဝိပါကဝဋ်တွင် အကျုံးဝင်သော ပဋိသန္ဓေအခိုက် အာဟာရလေးပါးကို အာဟာရဟု ကောက်ယူသောနည်း, (မူလဋီ၊၂၊၈၆။ မဟာဋီ၊၂၊၂၄၅။)
ဒီလို နှစ်နည်းရှိပါတယ်။ ဒီနည်းလမ်း နှစ်နည်းတို့တွင် ကမ္မဝဋ်တွင် အကျုံးဝင်သော အာဟာရလေးပါးမှ စတင်ရှုတဲ့ ရှုကွက်ကို ဟောကြနာကြရ အောင်။
ဘုရားရှင်သည် ဒီအာဟာရသုတ္တန်ဒေသနာတော်ကို နိဒါနဝဂ္ဂသံယုတ် ပါဠိတော် (သံ၊၁၊၂၅၃-၂၅၄။)မှာ ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီ အာဟာရသုတ္တန်မှာလာရှိတဲ့ နည်းစနစ်ကို အသုံးပြုကာ ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို စတင် ပြီးတော့ နာကြည့်ကြရအောင်။ ကမ္မဝဋ်တွင် အကျုံးဝင်တဲ့ အာဟာရလေးပါး ဆိုတာ ဘာလဲ?
အာဟာရလေးပါး
ကဗဠီကာရအာဟာရ, ဖဿာဟာရ, မနောသေဉ္စတနာဟာရ, ဝိညာဏာဟာရဆိုတဲ့ အာဟာရလေးပါး ရှိပါတယ်။ ဘာကို အာဟာရခေါ်သလဲလို့ မေးလျှင်- အကျိုးတရားတွေကို ဆောင်ထားနိုင်တဲ့ အကြောင်းတရားတွေကို အာဟာရလို့ ခေါ်ဆိုပါတယ်။ ဒီအာဟာရလေးပါးထဲက နံပါတ်တစ်ဖြစ်တဲ့ ကဗဠီကာရာဟာရဆိုတာက ဘာလဲ?
၁။ ကဗဠီကာရာဟာရဆိုတာကတော့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တွေမှာပါဝင်တဲ့ ဩဇာ = အဆီအစေးကို ကဗဠီကာရာဟာရ = ကဗဠီကာရ အာဟာရလို့ ခေါ်ပါတယ်။ ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ကျေညက်နေတဲ့ ယောဂီကတော့ လွယ်လွယ်နှင့် နားလည်လိမ့်မယ်လို့ ယူဆပါတယ်။ ကမ္မဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ကမ္မဇဩဇာ, စိတ္တဇရုပ် ကလာပ်တိုင်းမှာပါတဲ့ စိတ္တဇဩဇာ, ဥတုဇရုပ်ကလာပ်တိုင်းမှာပါတဲ့ ဥတုဇဩဇာ, အာဟာရဇရုပ်ကလာပ်တိုင်းမှာပါတဲ့ အာဟာရဇဩဇာ = ရှေးရှေးအာဟာရဇရုပ်ကလာပ်တွေမှာပါတဲ့ အာဟာရဇဩဇာ, ဒီ ဩဇာအသီးအသီးကို အာဟာရဇဩဇာက (နောက်နောက်သော အာဟာရဇဩဇာက) အားပေးထောက်ပံ့လိုက်တဲ့အခါ ပါစကတေဇော ခေါ်တဲ့ အစာကိုကြေကျက်စေတတ်တဲ့ ဇီဝိတနဝကရုပ်ကလာပ်တွေမှာ ပါဝင်တဲ့ တေဇောဓာတ် ကမ္မဇဝမ်းမီးကလည်း အားပေးထောက်ပံ့လိုက် တဲ့အခါ ဒီအသီးအသီးသော လေးမျိုးသောဩဇာက ရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေတယ်။ ဒီလို ဖြစ်စေတာကိုပဲ ကဗဠီကာရအာဟာရက ဩဇာလျှင် (၈)ခုမြောက်ရှိတဲ့ ဩဇဋ္ဌမကရုပ်ကလာပ်ကို ဆောင်ထား တယ်လို့ ဆိုတယ်။ ဒါကြောင့် ဒီကဗဠီကာရာဟာရဟာ အာဟာရကို စားသုံးကြကုန်တဲ့ သတ္တဝါတွေရဲ့ ရူပကာယရဲ့ အရှည်တည်တံ့ ခိုင်ခံ့ရေး အတွက် ထူးကဲသော အကြောင်းတရားတစ်ခု ဖြစ်ရပြန်တယ်။
၂။ နံပါတ်နှစ်ကတော့ ဖဿာဟာရဖြစ်တယ်။ ဖဿပစ္စယာ ဝေဒနာဆိုတဲ့ အတိုင်း ဖဿကြောင့် ဝေဒနာဖြစ်ရတယ်။ သုခဝေဒနာရဲ့ အစီးအပွား ဖြစ်တဲ့ ဖဿဟာ မိမိဖြစ်ဆဲခဏမှာပဲ သုခဝေဒနာကို ဆောင်ထားနိုင် တယ်၊ ဖြစ်စေနိုင်တယ်။ ဒုက္ခဝေဒနာရဲ့ အစီးအပွားဖြစ်တဲ့ ဖဿဟာ လည်း မိမိဖြစ်ဆဲခဏမှာပဲ ဒုက္ခဝေဒနာကို ဆောင်ထားနိုင်တယ်၊ ဖြစ်စေ နိုင်တယ်။ အဒုက္ခမသုခခေါ်တဲ့ ဥပေက္ခာဝေဒနာရဲ့ အစီးအပွားဖြစ်တဲ့ ဖဿကလည်း မိမိဖြစ်ဆဲခဏမှာပဲ ဥပေက္ခာဝေဒနာကို ဆောင်ထားနိုင် တယ်၊ ဖြစ်စေနိုင်တယ်။ ဒါကြောင့် ဖဿာဟာရက ဝေဒနာသုံးမျိုးတို့ကို ဆောင်ထားနိုင်တယ်၊ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်တယ်။အာရုံကို တွေ့ထိမှု ဖဿမရှိက အာရုံကို ခံစားမှုဝေဒနာ မဖြစ်နိုင်ဘူး။အာရုံကို တွေ့ထိမှုဖဿ ရှိပါမှသာလျှင် အာရုံကို ခံစားမှုဝေဒနာ ဖြစ်နိုင် တယ်။ ဒီလို ဖဿက ဝေဒနာဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ကိုပင် ဖဿက ဝေဒနာသုံးမျိုးတို့ကို ဆောင်ထားတယ်လို့ ပြောဆိုခြင်း ဖြစ်တယ်။
၃။ နံပါတ်သုံးကတော့ မနောသေဉ္စတနာဟာရ ဖြစ်ပါတယ်။ ဝဋ္ဋနိဿိတဖြစ် တဲ့ သံသရာဝဋ်ကို လည်ပတ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကာမာဝစရကံ, ရူပါဝစရကံ, အရူပါဝစရကံတွေကိုပဲ မနောသေဉ္စတနာဟာရလို့ ခေါ်ဆို ပါတယ်။ ကာမဘုံသို့ ကပ်ရောက်စေတတ်တဲ့ ကာမာဝစရကံက ကာမဘဝကို ဆောင်ထားတယ်၊ ဖြစ်စေတယ်။ ရူပအရူပဘုံတို့သို့ ကပ်ရောက် စေတတ်တဲ့ ကံတွေကလည်း ထိုထိုဆိုင်ရာဆိုင်ရာ ရူပဘဝ အရူပဘဝ အသီးအသီးကို ဆောင်ထားကြတယ်၊ ဖြစ်စေကြတယ်။
၄။ နံပါတ်လေးကတော့ ဝိညာဏာဟာရ ဖြစ်ပါတယ်။ ပဋိသန္ဓေဝိညာဏ် ဟာ မိမိနှင့်အတူဖြစ်တဲ့ ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်ထားတယ်၊ ဖြစ်စေ တယ်။ အမိဝမ်းမှာ ပဋိသန္ဓေနေတဲ့ လူသားတွေအတွက် ကွက်ပြောမယ် ဆိုလျှင်တော့ အဲဒီလူသားကလည်း သောမနဿဝေဒနာနှင့် ယှဉ်ပြီး တော့ ပဋိသန္ဓေနေတဲ့ တိဟိတ်လူသားဖြစ်မယ်ဆိုလျှင် ပဋိသန္ဓေ ဝိညာဏ်ဆိုတဲ့ အသိစိတ်က မိမိနှင့်ယှဉ်တဲ့ စေတသိက်နာမ်တရား (၃၃)လုံးနှင့် မိမိနှင့်အတူဖြစ်တဲ့ ကာယဒသကကလာပ်, ဘာဝဒသကကလာပ်, ဟဒယဒသကကလာပ်ဆိုတဲ့ ရုပ်ကလာပ်အမျိုးအစား (၃၀)ကို ဆောင်ထားတယ်၊ ဖြစ်စေတယ်။ (သံ၊ဋ္ဌ၊၂၊၂၄-၂၅။)
အထူးမမ သာမညအားဖြင့် ပြောမယ်ဆိုလျှင်တော့ စိတ်အားလုံး, ဝိညာဏ်အားလုံးက မိမိနှင့်ယှဉ်ဖက် စေတသိက်နာမ်ကိုလည်း ဆောင်ထား တယ်၊ ဖြစ်စေတယ်။ စိတ္တဇရုပ်ကိုလည်း ဆောင်ထားတယ်၊ ဖြစ်စေတယ်။ (သံ၊ဋ္ဌ၊၂၊၂၄-၂၅။)
ပစ္စုပ္ပန်ကမ္မဝဋ် အာဟာရလေးပါး
ရှုကွက်ကို နားလည်အောင် နည်းနည်း ထပ်ပြောမယ် - ယောဂီပုဂ္ဂိုလ် တစ်ဦးက အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ညွှန်းကာ ကုသိုလ်ကံတစ်ခုခုကို ပြုစုပျိုးထောင်တယ် ဆိုပါစို့၊ ဥပမာ- အနာဂတ်ဘဝတွင် ရဟန်းဘဝကို ရရှိရန် ဦးတည်ချက်ဖြင့် သံဃာတော်အား သင်္ကန်းလှူခြင်းကံကို ပြုစုပျိုးထောင်တယ် ဆိုကြပါစို့၊ ဒီကံကို ထူထောင်တဲ့အခါမှာ စင်ကြယ်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ကံ-ကံရဲ့အကျိုးတရားကို သက်ဝင်ယုံကြည်တဲ့ တတ်သိ နားလည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ရှေ့သွားခေါင်းဆောင်လျက်ရှိတဲ့ ယုံကြည်ချက် သဒ္ဓါတရားဖြင့် တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိထားတဲ့ သင်္ကန်းဆိုတဲ့ လှူဖွယ်ဝတ္ထုကို သီလရှိတဲ့ အရှင်ကောင်းအရှင်မြတ်တွေအား ပေးလှူတယ် ဆိုကြပါစို့၊
၁။ ကဗဠီကာရအာဟာရ အမည်ရသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာနှင့်တကွသော ဩဇာကြောင့်ဖြစ်တဲ့ ဩဇဋ္ဌမက ရုပ်များ, ထိုရုပ်တို့ရဲ့ မြစ်ဖျားခံရာ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်များက ကဗဠီကာရာဟာရ,
၂။ သင်္ကန်းဆိုတဲ့ လှူဖွယ်ဝတ္ထုအာရုံနှင့် မိမိရဲ့စိတ်တို့ တွေ့ထိမှု, အလှူခံ ပုဂ္ဂိုလ်အာရုံနှင့် မိမိရဲ့စိတ်တို့ တွေ့ထိမှုဆိုတဲ့ ဖဿက ဖဿာဟာရ,
၃။ သင်္ကန်းလှူတဲ့ ကုသိုလ်စေတနာနှင့် တကွယှဉ်ဖက် စေတသိက်တွေက မနောသေဉ္စတနာဟာရ,
၄။ ကုသိုလ်စိတ်က ဝိညာဏာဟာရ -
ပေါင်းလိုက်တော့ အာဟာရလေးပါး ဖြစ်ပါတယ်။ ကဗဠီကာရာဟာရက တစ်နည်း တစ်ကိုယ်လုံးမှာရှိတဲ့ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ် တို့က ရုပ်တရား၊ ဖဿာဟာရ, စေတနာဟာရ, ဝိညာဏာဟာရတို့က နာမ်တရားများ ဖြစ်ကြပါတယ်။
ဒီရုပ်နာမ်နှစ်ပါးကို စတင်သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဘယ်လို သိမ်းဆည်းမလဲ?
၁။ မိမိရရှိထားပြီးတဲ့ သမာဓိကို အထူးသဖြင့် အာနာပါနစတုတ္ထစျာန်သမာဓိ ကို ထိုင်တိုင်းထိုင်တိုင်း ပြန်ထူထောင်ပါ။
၂။ ထိုဈာန်သမာဓိမှထကာ အဇ္ဈတ္တ၌ ရုပ်တရားနာမ်တရားတွေကို ပြန်သိမ်းဆည်းပါ။
၃။ ဗဟိဒ္ဓ၌လည်း ရုပ်တရားနာမ်တရားတွေကို ပြန်သိမ်းဆည်းပါ။
၄။ အဇ္ဈတ္တ, ဗဟိဒ္ဓ နှစ်မျိုးလုံး၌လည်း တစ်ထိုင်အတွင်းမှာ အဇ္ဈတ္တရုပ်နာမ် တစ်လှည့် ဗဟိဒ္ဓရုပ်နာမ်တစ်လှည့် ခပ်သွက်သွက် သိမ်းဆည်းပါ။
၅။ မိမိအနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်နေတဲ့ ကမ္မဝဋ်တွင် အကျုံးဝင် တဲ့ အာဟာရလေးပါးကို စတင်သိမ်းဆည်းပါ။
ဒီလောက်နှင့် နားမလည်သေးလျှင်တော့ နည်းနည်း ထပ်ရှင်းဦးမယ်။ အနာဂတ်မှာ ရဟန်းဘဝကို မျှော်လင့်ကာ သို့မဟုတ် ဆုတောင်းပန်ထွာကာ သံဃာတော်အား သင်္ကန်းလှူသည့်ကံကို ပြန်သိမ်းဆည်းပါ။
အကယ်၍ ဒီကံကို ပြန်သိမ်းဆည်းရသည်မှာ အခက်အခဲရှိနေပါက တရားမထိုင်မီ ကပ်၍ ဆီမီးရေချမ်းများကို ဘုရားရှင်အား = ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ပူဇော်ကာ အနာဂတ်ဘဝတွင် ရဟန်းဘဝကို ရရှိရန် ဆုတောင်းပန်ထွာကြည့်ပါ။ ဒီလို ကိလေသဝဋ်နှင့် ကမ္မဝဋ်ကို ပြုစု ပျိုးထောင်နေစဉ် မိမိရဲ့ စိတ်အစဉ်ကို ဘာစိတ်အစဉ်တွေ ဖြစ်နေတယ် ဆိုတာ အမှတ်အသားကလေးတော့ ပြုလုပ်ထားပါ။
ကိလေသဝဋ်နှင့် ကမ္မဝဋ်
ဒီနေရာမှာ ကိလေသာဝဋ်နှင့် ကမ္မဝဋ်အကြောင်းကို နည်းနည်း ထပ်ရှင်း ပြဦးမယ်။ ဒီလို ကိလေသာဝဋ် ကမ္မဝဋ်အုပ်စု နာမ်တရားတွေဟာ တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။ အုပ်စုအလိုက်သာ ဖြစ်နိုင်တဲ့စွမ်းအား ရှိကြ တယ်။ အုပ်စုအလိုက် ဖြစ်တဲ့အခါမှာလည်း ဝီထိခေါ်တဲ့ စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ကြတယ်။ ဖြစ်ချင်သလို ဗရမ်းဗတာ မဖြစ်ကြ ဘူး။ ခုလို ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ စိတ်ဆိုတာက မနောဒွါရိကဇောဝီထိ စိတ်အစဉ်တွေသာ ဖြစ်ကြတယ်။ ပဉ္စဒွါရိကဇောဝီထိ စိတ် အစဉ်တွေက သို့မဟုတ် ပဉ္စဒွါရိကဇော စေတနာတွေက ပဋိသန္ဓေအခါမှာ အကျိုးပေးနိုင်တဲ့စွမ်းအား မရှိကြဘူး။ ပဋိသန္ဓေနှင့် စုတိအကြား ပဝတ္တိအခါလို့ ခေါ်ဆိုအပ်တဲ့ ဘဝတစ်လျှောက်မှာသာ အကျိုးပေးတတ်ပါတယ်။ ယောဂီ ပုဂ္ဂိုလ်ကတော့ ရှေးဦးစွာ ပဋိသန္ဓေအကျိုးကို ပေးတတ်တဲ့ကံကို ပဓာနထားပြီး တော့ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဆီမီးရေချမ်းများကို ကပ်လှူကာ အနာဂတ်တွင် ရဟန်းဘဝ ကို ဆုတောင်းပန်ထွာရာ, ပရမတ္ထသစ္စာနယ်ဘက်က ပရမတ္ထသစ္စာမျက်လုံးနှင့် ကြည့်လိုက်တဲ့အခါ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာဆိုတာ မရှိ၊ ရဟန်းဆိုတာ မရှိ၊ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံသာ ရှိတယ်။ အဲဒီ ရုပ်နာမ်တွေဟာလည်း ဖြစ်ပြီးလျှင် ပျက်နေတဲ့ အနိစ္စတရားအစုအပုံ, ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်းအနှိပ်အစက်ခံနေရတဲ့ ဒုက္ခတရားအစုအပုံ, မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ အနတ္တတရားအစုအပုံတွေသာ ဖြစ်ကြ တယ်။ ရဟန်းလို့ ခေါ်ဝေါ်လောက်တဲ့အရာသည် မရှိဖြစ်တယ်။ ဒါကြောင့် ရုပ်တရား, နာမ်တရားလို့သိလည်း မှန်တယ်။ အနိစ္စတရား, ဒုက္ခတရား, အနတ္တ တရား, အစုအပုံတွေပဲလို့သိလည်း မှန်တယ်။ ဝိဇ္ဇာဖြစ်တယ်၊ အဲဒီလို မသိဘဲ ပြောင်းပြန်သိနေလျှင် ဘာဖြစ်သလဲ?
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၅၇။)
ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ ယောက်ျား, မိန်းမ, ရဟန်းစသည်ဖြင့် သိနေတယ်။ ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့ ရုပ်နာမ်ခန္ဓာငါးပါးတို့ကိုတော့ မသိဖြစ်နေတယ်။ ဒီလို သိသင့်တဲ့တရားတွေ = ရုပ်နာမ်တွေကို မသိဘဲ မသိသင့် မသိထိုက်တဲ့ ယောက်ျား, မိန်းမ, ရဟန်းစသည်ဖြင့် သိနေတဲ့ အသိမှား နေတဲ့သဘောက အဝိဇ္ဇာ ဖြစ်တယ်။ ဒါကြောင့် -
၁။ ရဟန်းလို့သိနေတဲ့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ,
၂။ အဲဒီ ရဟန်းဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ,
၃။ အဲဒီ ရဟန်းဘဝကို စိတ်ကပ်ရောက်စွဲနေတဲ့သဘောက ဥပါဒါန်, အသီး အသီး ဖြစ်ပါတယ်။
ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေဟာလည်း စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း မှာ နာမ်တရားတို့ရဲ့ ဓမ္မတာအတိုင်း အုပ်စုအလိုက်သာ ဖြစ်တယ်။ အုပ်စု အလိုက်ဖြစ်တဲ့ အခါမှာလည်း ခုနက ရှင်းပြခဲ့တဲ့အတိုင်း မနောဒွါရိကဇော ဝီထိ အနေဖြင့်သာ ဖြစ်ပါတယ်။
မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော (၇)ကြိမ်အနေနှင့် ယေဘုယျအားဖြင့် ဖြစ်ပါတယ်။ မနောဒွါရာဝဇ္ဇန်းမှာ စိတ်စေတသိက် (၁၂)လုံးရှိပြီး ဇောအသီး အသီးမှာ ယေဘုယျအားဖြင့် ဝမ်းမြောက်ဝမ်းသာနှင့် ဆုတောင်းပန်ထွာခဲ့လျှင် စိတ်စေတသိက် အလုံး (၂၀)အထိ ရှိတတ်ပါတယ်။ အဲဒီ အလုံး (၂၀)ကတော့ အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ, မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ-တို့ ဖြစ်ကြပါတယ်။ ဒါကတော့ ယေဘုယျ အဖြစ်များတာကိုသာ ပြောတာပါ။ တခြားအုပ်စုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ဟာ အုပ်စုအလိုက် အလုံး (၂၀)အနေနဲ့ ယေဘုယျအားဖြင့် ဖြစ်တယ်လို့ မှတ်သားထားပါ။ ယောဂီပုဂ္ဂိုလ်က အဲဒီ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုကို သိမ်းဆည်းတဲ့အခါမှာ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဇော (၇)ကြိမ်ဆိုတဲ့ ဝီထိစိတ်အစဉ်ကိုရော, စိတ္တက္ခဏတိုင်းမှာ ရှိနေတဲ့ (၁၂)လုံး၊ အလုံး (၂၀)ဆိုတဲ့ နာမ်တရားအုပ်စုတွေကိုရော အားလုံးကို ဉာဏ်နှင့်ပိုင်းခြားယူရမှာ ဖြစ်ပါတယ်၊ သိမ်းဆည်းရမှာ ဖြစ်တယ်။
ဒါတွင်လား? မကသေးဘူး၊ မကသေးဘူး။ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် ဦးဆောင်နေတဲ့ မနောဒွါရိကဇောဝီထိ စိတ်အစဉ်တွေက မိမိဆုတောင်း ပန်ထွာနေတဲ့ ရဟန်းဘဝဆိုတဲ့ အာရုံသို့ ညွတ်ကိုင်းရှိုင်းနေတဲ့ အတွက်ကြောင့် သူတို့က နာမ်တရားတွေ ဖြစ်ကြတယ်။ ဒီနာမ်တရားတွေဟာ နှလုံးအိမ်အတွင်း မှာ တည်ရှိတဲ့ ဟဒယဝတ္ထုရုပ်ကို မှီတွယ်ပြီးတော့မှ ဖြစ်ကြရပါတယ်။
ဒါပေမဲ့ ဒီဟဒယဝတ္ထုကလည်း ဟဒယဝတ္ထုတစ်ခုတည်း ဖြစ်နိုင်တဲ့ စွမ်းအား မရှိပါဘူး။ ရုပ်ကလာပ်အလိုက်သာ ဖြစ်နိုင်တဲ့စွမ်းအား ရှိတယ်။ ဟဒယဒသကကလာပ်အနေနှင့်သာ ဖြစ်ပါတယ်။ တစ်ဖန် ဒီဟဒယဒသက ကလာပ်ကလည်း သူ့ချည်းသက်သက် မဖြစ်ပါဘူး။ ကြွင်းကျန်တဲ့ ကာယဒသကကလာပ် ဘာဝဒသကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမက ကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဆိုတဲ့ ရုပ်ကလာပ်တွေနှင့်သာ အတူ ဖြစ်နိုင်ကြတယ်။ ပေါင်းလိုက်တော့ ရုပ်ကလာပ် (၆)မျိုး = ရုပ်အမျိုးအစား (၅၄)မျိုးတို့ ဖြစ်ကြပါတယ်။ ဒီ (၅၄)မျိုးသော ရုပ်တွေက ရုပ်တရား ဖြစ်ကြပါ တယ်။ ယောဂီပုဂ္ဂိုလ်က ဟဒယဝတ္ထုရုပ်ကို အဦးမူကာ ဒီ (၅၄)မျိုးသော ရုပ်တရားတွေကို ဉာဏ်ဖြင့် ပိုင်းခြားယူရပါတယ်။ သိမ်းဆည်းရပါတယ်။ နှစ်ရပ်ပေါင်းလိုက်တော့ ကိလေသဝဋ် သုံးပါးနှင့်တကွ ရုပ်တရားနာမ်တရား တွေ ဖြစ်ကြပါတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဦးဆောင်နေတဲ့ ဒီရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူကာ ရုပ် တရား နာမ်တရား၊ ရုပ်တရား နာမ်တရားလို့ ဒီလို သိမ်းဆည်းရပါတယ်။
နောက်တစ်ခု ကမ္မဝဋ်အကြောင်းကို ဆက်ပြောကြရအောင်၊ ဒီနေရာမှာ ကမ္မဝဋ်က ရုပ်ပွားတော်အား သို့မဟုတ် စေတီတော်အား ဆီမီးရေချမ်းများကို လှူဒါန်းပူဇော်တဲ့ ကုသိုလ်စေတနာအုပ်စု ဖြစ်ပါတယ်။ ဒီကုသိုလ်စေတနာ ကလည်း စေတနာတစ်ခုတည်း ဖြစ်နိုင်တဲ့စွမ်းအား မရှိဘူး။ အုပ်စုအလိုက်သာ ဖြစ်ပါတယ်။ ကံ-ကံရဲ့အကျိုးကို တတ်သိနားလည်တဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက် ဝမ်းမြောက်ဝမ်းသာ လှူဒါန်းခဲ့မယ်ဆိုလျှင် စိတ် စေတသိက် (၃၄)လုံးအထိ ရှိတတ်ပါတယ်။
အဲဒီကုသိုလ်စေတနာအုပ်စု နာမ်တရား (၃၄)လုံးဆိုတာကတော့- အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက္က, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ, သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတာ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမ္မညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာ, ပညာ = ပညိန္ဒြေ = အမောဟ - ပေါင်း (၃၄)လုံး ဖြစ်ကြတယ်။
ဒီ (၃၄)လုံးသော နာမ်တရားတွေက ကုသိုလ်ဇောစိတ္တက္ခဏ တစ်ခုတစ်ခု အတွင်းမှာ ပါဝင်ယှဉ်တွဲနေတဲ့ နာမ်တရားအုပ်စုတွေ ဖြစ်ကြပါတယ်။ ဒီနာမ် တရားတွေကလည်း မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, ဇော (၇)ကြိမ်အနေနှင့် ယေဘုယျအားဖြင့် ဖြစ်ကြပါတယ်။ ဒီနာမ်တရားတွေက ယေဘုယျအားဖြင့် ဘုရားရုပ်ပွားတော်အာရုံ သို့မဟုတ် စေတီတော်အာရုံ သို့မဟုတ် လှူဖွယ်ဝတ္ထု ဖြစ်တဲ့ ဆီမီးရေချမ်းတို့ကို အာရုံယူကာ ဖြစ်ပေါ်နေတတ်ကြပါတယ်။ ရှေးရှေး ကုသိုလ်တရားတွေကို အာရုံယူပြီးတော့ နောက်နောက် ကုသိုလ်တရားတွေ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဒီနာမ်တရားတွေက သင်္ခါရအမည်ရတဲ့ တစ်နည်း အဘိသင်္ခါရဝိညာဏ်အမည်ရတဲ့ နာမ်တရားတွေ ဖြစ်ကြပါတယ်။ ဘာကြောင့် ဒီနာမ်တရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ဆိုရသလဲ? ဒီနာမ် တရားတွေက မိမိမျှော်လင့်တောင့်တနေတဲ့ ရဟန်းဘဝကို ဖြစ်ပေါ်လာ အောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအားရှိတဲ့ တရားတွေဖြစ်လို့ ဒီနာမ်တရားတွေကို သင်္ခါရတရားတွေလို့ ခေါ်ဆိုပါတယ်။ ဒီသင်္ခါရတရားတွေကလည်း ဘုရား ရုပ်ပွားတော်အာရုံစတဲ့ ဆိုင်ရာအာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေတဲ့အတွက် ကြောင့် ဒီသင်္ခါရတရားတွေကိုလည်း နာမ်တရား နာမ်တရားလို့ သိမ်းဆည်း ရပါတယ်။ အထက်က ပြောခဲ့တဲ့အတိုင်း ဒီနာမ်တရားတို့ရဲ့ မှီရာ ဝတ္ထုရုပ် တွေကိုလည်း ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းရပါတယ်။
ကမ္မသတ္တိ
ဒီသင်္ခါရအုပ်စု နာမ်တရားတွေဟာလည်း သင်္ခတပရမတ္ထတရားတို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနဲ့ ချက်ချင်းပဲ ပျက်သွားကြတယ်။ ဒါပေမဲ့ ဝိပါက်နာမ်တရား ကိရိယာနာမ်တရားတို့လို သတ္တိတစ်စုံတစ်ရာ မထား ခဲ့ဘဲ ချုပ်ပျက်သွားကြတာတော့ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ မိမိမျှော်လင့် တောင့်တထားတဲ့ ရဟန်းဘဝဆိုတဲ့ ရုပ်နာမ်ခန္ဓာငါးပါးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွားကြပါ တယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကိုတော့ ဘုရားရှင်က ပဋ္ဌာန်းဒေသနာတော် ကမ္မပစ္စည်းမှာ နာနာက္ခဏိကကမ္မသတ္တိ = နာနာက္ခဏိကကံဆိုတဲ့ အမည်နှင့် ဟောကြားထားတော်မူခဲ့ပါတယ်။
ပေါင်းလိုက်တော့ ကိလေသဝဋ်က အဝိဇ္ဇာ၊ တဏှာ, ဥပါဒါန် (၃)ပါး, ကမ္မဝဋ်က သင်္ခါရ, ကံဆိုပြီး (၂)ပါး၊ နှစ်ရပ်ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ ပစ္စုပ္ပန် အကြောင်းတရားငါးပါးဖြစ်ပါတယ်။
သင်္ခါရနှင့် ကံတို့က ကမ္မဝဋ် အာဟာရ (၄)ပါး ဖြစ်ကြပါတယ်။
၁။ မှီရာဝတ္ထုရုပ် (၅၄)မျိုးက ကဗဠီကာရာဟာရ,
၂။ သင်္ခါရနာမ်တရား(၃၄)လုံးမှ ဖဿက ဖဿာဟာရ,
၃။ စေတနာဦးဆောင်တဲ့ စေတသိက်နာမ်တရား (၃၂)က မနောသေဉ္စတနာဟာရ,
၄။ အသိစိတ်က ဝိညာဏာဟာရ ဖြစ်ပါတယ်။
ဒီ အာဟာရ (၄)ပါး ရုပ်တရား နာမ်တရားတွေကို ယောဂီပုဂ္ဂိုလ်က စတင်ပြီး သိမ်းဆည်းပါ။
အကယ်၍ အောင်မြင်မှုကို ရရှိပါက အနီးကပ်ဆုံးဖြစ်တဲ့ အတိတ်ရုပ် နာမ်တို့ကို စတင်သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်။ ကမ္မဝဋ် ရုပ်တရားနာမ်တရား တွေကို သိမ်းဆည်းပြီးတဲ့အခါ ကိလေသဝဋ် ရုပ်တရားနာမ်တရားတွေကိုလည်း အလားတူပဲ ဆက်လက်သိမ်းဆည်းပါ။
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ မိမိဆုတောင်းပန်ထွာစဉ် ဆီမီးရေချမ်း လှူဒါန်းစဉ်က တကယ်ဖြစ်ခဲ့တဲ့ နာမ်တရားတွေနှင့် တစ်ထပ်တည်း တူညီမှု ရှိမရှိကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ တူညီပါသည်ဟု အဖြေထွက်ခဲ့လျှင် တော့ အောင်မြင်မှုလမ်းစကို ရရှိပြီ ဖြစ်ပါတယ်။
ကမ္မဝဋ်တွင် အကျုံးဝင်သော ရုပ်တရားနှင့် နာမ်တရားတို့က ကမ္မဘဝ တရားစုတို့ ဖြစ်ကြပါတယ်။ ကိလေသဝဋ်တွင် အကျုံးဝင်သော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကား ကမ္မဘဝကို အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရားတို့ ဖြစ်ကြပါတယ်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ပြောင်းပြန် လှန်၍ သိမ်းဆည်းတဲ့စနစ် ဖြစ်ပါတယ်။
ကမ္မဝဋ်တွင် အကျုံးဝင်သော ရုပ်တရားနာမ်တရား, ကိလေသဝဋ်တွင် အကျုံးဝင်သော ရုပ်တရားနာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်ဟာ ဝေဒနာ, ဖဿ, သဠာယတန, နာမရူပ, ဝိညာဏ်ဆိုတဲ့ ရုပ်တရား နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းရပါတယ်။
အတိတ်ဘက်သို့ တာစူကာ ဝိပဿနာဉာဏ်ကို အတိတ်ရုပ်နာမ်ဘက်သို့ စေလွှတ်ကာ တစ်စတစ်စ တိုး၍တိုး၍ ရုပ်တရား-နာမ်တရား၊ ရုပ်တရား-နာမ်တရား ဒီလို သိမ်းဆည်းသွားပါ။ မနက်က ရုပ်နာမ်, မနေ့က ရုပ်နာမ်, တစ်မြန်နေ့က ရုပ်နာမ် စသည်ဖြင့် လွန်ခဲ့တဲ့လက ရုပ်နာမ်, လွန်ခဲ့တဲ့နှစ်က ရုပ်နာမ် စသည်ဖြင့် ရုပ်နာမ်တို့ကိုသာ = ပရမတ်ရုပ်နာမ်တို့ကိုသာ အာရုံယူ ကာ ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းပါ။
ဒီလို ရုပ်နာမ်တွေကိုပဲ သိမ်းဆည်းတဲ့အပိုင်းမှာ မိမိတို့ရဲ့စိတ်က ပညတ် နယ်မှာ ကျက်စားမှု များပြားခဲ့တဲ့အတွက် ပညတ်အာရုံပုံရိပ်တွေ ရံခါ ကြိုးကြား ကြိုးကြား ထင်လာတတ်ပါတယ်။ ခပ်ရွယ်ရွယ်ပုံ ခပ်ငယ်ငယ်ပုံ စတဲ့ပုံရိပ်တွေ ထင်လာတတ်ပါတယ်။ ဒီလို ပုံရိပ်တွေ ထင်လာလျှင်လည်း ဒီပုံရိပ်တွေမှာ တည်ရှိတဲ့ ဓာတ်ကြီးလေးပါးကိုပဲ စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်တွေ ကို တွေ့တဲ့အခါ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကာ ပရမတ်ရုပ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ တစ်ဆင့် ဒီရုပ်တရားတွေကို မှီတွယ်ဖြစ်နေတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ ပညတ်ပုံရိပ်တွေကို တွေ့တိုင်း ဒီနည်းစနစ်ကို အသုံးပြုပါ။
နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အိမ်ရှင်ဘဝင်မနောအကြည် ဓာတ်ကို ဦးစားပေးကာ သိမ်းဆည်းပါ။ အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်မှာ အာရုံ (၆)ပါးလုံးက လာထင်ကြပါတယ်။ ဥပမာ- ရူပါရုံက စက္ခုဒွါရမှာလည်း လာထင်တယ်၊ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရမှာလည်း လာထင် တယ်။ အလားတူပဲ သဒ္ဒါရုံကလည်း သောတဒွါရမှာ လာထင်တယ်။ ဘဝင် မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရမှာလည်း လာထင်တယ်။ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတွေကိုလည်း နည်းတူ သဘောပေါက်ပါ။ ဓမ္မာရုံအမည်ရတဲ့ တရား စုတွေကတော့ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရမှာပဲ လာထင်ကြပါ တယ်။ ဒါကြောင့် အာရုံ (၆)ပါးလုံးက မနောဒွါရမှာ လာလာပြီး ထင်ထင်နေတဲ့ အတွက် မနောဒွါရ ဘဝင်မနောအကြည်ဓာတ်ကို ဦးစားပေးကာ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းလိုက်လျှင် ဘဝင်မနောအကြည်ဓာတ်တို့ရဲ့ အကြားအကြားမှာ အာရုံ (၆)ပါးတို့ ထင်လာတိုင်း ဖြစ်ပေါ်သွားကြတဲ့ နာမ်တရားတွေကိုလည်း ဆက်လက်သိမ်းဆည်းလို့ ရနိုင်ပါတယ်။
ယခုလို အတိတ်ရုပ်နာမ်တွေကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်မှာ အောင်မြင်မှုကို ရရှိခဲ့လျှင် ဟို ရှေးပိုင်းတုန်းက ပြောခဲ့တဲ့ နောင်အနာဂတ်တွင် ရဟန်းဘဝကို ရည်ရွယ်တောင့်တကာ သံဃာတော်အား သင်္ကန်းလှူခြင်းဆိုတဲ့ အခိုက်အတန့်မှာ ဖြစ်ပေါ်သွားကြတဲ့ ကိလေသဝဋ်, ကမ္မဝဋ်ရုပ်နာမ်တွေကို လည်း သိမ်းဆည်းလျှင် သိမ်းဆည်းလို့ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ အောင်မြင်မှုကို ရရှိပါက အတိတ်ဘက်သို့ တစ်စတစ်စ တိုးကာ ရုပ်နာမ်တွေကို သိမ်းဆည်း သွားပါ။
လူရွယ်ဘဝမှ လူငယ်ဘဝ, လူငယ်ဘဝမှ အမိဝမ်းတွင်းအထိ ရုပ်နာမ်တွေ ကို တစ်စတစ်စ တိုးကာတိုးကာ သိမ်းဆည်းသွားပါ။ အမိဝမ်းတွင်း ကလလရေကြည်တည်တဲ့ အချိန်အခါက ရုပ်နာမ်အထိ ဆက်လက်သိမ်းဆည်းပါ။ ခေါင်ဆုံး ကလလရေကြည်အခိုက်မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို သိမ်းဆည်း လို့ အောင်မြင်ပြီဆိုလျှင်တော့ အတိတ်အကြောင်းတရားတွေကို ရှာဖွေရန် လမ်းစရရှိပြီ ဖြစ်ပါတယ်။
သတိပြုရန်အချက်
ဒီလို ရုပ်တွေနာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ ဘာဝီထိစိတ်အစဉ် တွေ ဖြစ်ပေါ်သွားတယ်ဆိုတဲ့ ဝီထိစိတ်အစဉ်ကိုလည်း သိအောင်သိမ်းဆည်း ပါ။ ဥပမာ စက္ခုဒွါရဝီထိ သောတဒွါရဝီထိစတဲ့ စိတ်အစဉ်တွေကိုလည်း သိအောင် သိမ်းဆည်းပါ။ အဲဒီ ဝီထိစိတ်အစဉ်မှာလည်း စိတ္တက္ခဏတိုင်းမှာ တည်ရှိတဲ့ နာမ်တရားတွေကို သန္တတိဃနခေါ်တဲ့ နာမ်အစဉ်အတန်း အတုံး အခဲ, သမုဟဃနခေါ်တဲ့ နာမ်အပေါင်းအစု အတုံးအခဲ၊ ဒီနာမ်တုံးနာမ်ခဲတွေ ကို ဖြိုခွဲပြီး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင်, ရုပ်တရားတွေကို သိမ်းဆည်း ရာမှာလည်း ရုပ်ဃနအတုံးအခဲတွေကို ဖြိုခွဲပြီး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ဝိပဿနာဉာဏ်နှင့် မြင်အောင်ကြည့်ကာ ပရမတ်ရုပ်နာမ်တွေ ကိုသာ သိမ်းဆည်းပါ။
လူသားများအတွက် ပဋိသန္ဓေအခိုက် ခေါင်ဆုံးစဖြစ်တဲ့ ရုပ်တရားတွေ မှာ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဟဒယဒသကကလာပ်ဆိုတဲ့ ရုပ်ကလာပ်အမျိုးအစား (၃)မျိုး, ရုပ်အမျိုးအစား (၃၀)တို့ ဖြစ်ကြပါတယ်။ နာမ်တရားတွေမှာ သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လျှင် ဉာဏ်လည်း ယှဉ်ခဲ့လျှင် စိတ်စေတသိက် = နာမ်တရားအလုံး (၃၄)လုံးအထိ ရှိတတ်ပါတယ်။ ဉာဏ်ယှဉ်မှု မယှဉ်မှု, ပီတိယှဉ်မှု မယှဉ်မှုတို့မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် အပြောင်းအလဲ ရှိတတ်ပါတယ်။ ပဋိသန္ဓေ အခိုက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီရုပ်နာမ်တွေကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်း ပါ။ အောင်မြင်ပါက ပဋိသန္ဓေ ရုပ်နာမ်တွေဟာ တစ်နည်းပြောလျှင်တော့ ပဋိသန္ဓေနာမ်တရား (၃၄)မှာပါဝင်တဲ့ အသိစိတ် (= ဝိညာဏ်)ဟာ ဘာကြောင့် ဖြစ်ပေါ်လာရပါသလဲလို့ ဒီလို သိချင်တဲ့စိတ်နှင့် အတိတ်ဘက်ကို ဉာဏ်ကို စေလွှတ်ပြီး ကြည့်ပါ။ ဒီအချိန်အခါမှာ ရုပ်နာမ်တွေကို သိမ်းဆည်းနေတဲ့ နာမရူပပရိဂ္ဂဟဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းရောင်တွေလည်း ထင်ရှားရှိနေပါတယ်။ အဲဒီ ဉာဏ်အလင်းရောင်ရဲ့ အကူအညီနှင့် အတိတ် ဘက်ကို ဉာဏ်ကို စေလွှတ်ပြီး ကြည့်ပါ။ မိမိ လှမ်းကြည့်လိုက်တဲ့ ဘက်မှာ လည်း ဒီဉာဏ်ကြောင့်ဖြစ်ပေါ်တဲ့ အလင်းရောင်တွေဟာ ရှိနေပါလိမ့်မယ်။
အကယ်၍ အလင်းရောင်တွေက အားမကောင်းဘူး။ အလင်းရောင်တွေ က မှိန်တိန်တိန် ဖြစ်နေတယ်ဆိုလျှင် ဘာလုပ်ရမလဲ? မိမိရရှိထားတဲ့ သမာဓိ ကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။ အကယ်၍ မိမိက အာနာပါနစတုတ္ထ ဈာန်အထိ ရရှိထားသူဖြစ်လျှင် အဲဒီစတုတ္ထဈာန်အထိ သမာဓိကို ပြန်လည် ထူထောင်ပါ။ ဒီစတုတ္ထဈာန်သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်း အရောင်တွေက အားကောင်းလာတဲ့အခါ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး = သန္တာန်နှစ်ခုလုံးမှာရှိတဲ့ ရုပ်တွေနာမ်တွေကို ပြန်သိမ်းဆည်းပါ။ ပြီးတော့ ဘာလုပ်ရမလဲ? ရှေ့က ပြောခဲ့တဲ့အတိုင်းပဲ ပစ္စုပ္ပန်တွင် နောင်အနာဂတ် အတွက် ရည်ရွယ်မှန်းထားပြီး ပြုစုပျိုးထောင်ထားတဲ့ ကမ္မဝဋ်တွင် အကျုံးဝင်တဲ့ ရုပ်တရားနာမ်တရား, ကိလေသဝဋ်တွင် အကျုံးဝင်တဲ့ ရုပ်တရားနာမ်တရားက စ၍ အတိတ်ဘက်သို့ ဉာဏ်ကိုစေလွှတ်ကာ ပဋိသန္ဓေ ကလလရေကြည် အခိုက် ရုပ်နာမ်တို့သို့တိုင်အောင် ရုပ်နာမ်တွေကို ပြန်သိမ်းဆည်းပါ။ ဉာဏ် အလင်းရောင်တွေ အားမကောင်းတိုင်း ဒီစနစ်ကိုတော့ အသုံးပြုပါ။
ပဋိသန္ဓေ ရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ ဉာဏ်အလင်းရောင် တွေကလည်း အားကောင်းပြီဆိုလျှင် ဒီပဋိသန္ဓေ ရုပ်နာမ်တွေဟာ တစ်နည်း ဒီပဋိသန္ဓေ ဝိညာဏ်ဟာ ဘာကြောင့် ဖြစ်သလဲလို့ သိချင်တဲ့စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ပိုကောင်းတဲ့ စနစ်ကတော့ အတိတ်ဘဝ စုတိရုပ်နာမ်နှင့် ဒီဘဝ ပဋိသန္ဓေ ရုပ်နာမ်တို့အကြားမှာ တစ်စုံ တစ်ခုသောတရား တစ်စုံတစ်ခုသောဘဝ ကွယ်ခြားမှုမရှိတဲ့အတွက် ဒီဘဝ ပဋိသန္ဓေ ရုပ်နာမ်ကို သိမ်းဆည်းပြီးတဲ့ ပုဂ္ဂိုလ်ဟာ အတိတ်စုတိ ရုပ်နာမ်ကို ဆက်လက် သိမ်းဆည်းနိုင်ပါက ပိုကောင်းပါတယ်။ စိတ္တက္ခဏချင်းက အလွန် နီးကပ်နေတဲ့အတွက် ခြားကွယ်ထားတဲ့တရား တစ်စုံတစ်ရာ မရှိတဲ့အတွက် ပိုလွယ်ကူနိုင်ပါတယ်။ ဒါပေမဲ့ ယောဂီအများစုကတော့ အတိတ်ဘဝ စုတိ အခိုက် ရုပ်နာမ်တွေကို သိမ်းဆည်းတဲ့အပိုင်းမှာ အခက်အခဲ အနည်းငယ် တော့ ရှိနေတတ်ကြပါတယ်။
ဒီနည်းစနစ်နှင့် အတိတ်အကြောင်းတရားတွေကို သိမ်းဆည်းတဲ့အပိုင်း မှာ အစအန မတွေ့ဖြစ်နေလျှင် ရှေးက ပြောခဲ့တဲ့အတိုင်း ကမ္မဝဋ်တွင် အကျုံး ဝင်တဲ့ ရုပ်နာမ်တွေကို ပြန်သိမ်းပါ။ ဒီရုပ်နာမ်တွေထဲမှာလည်း စေတနာ ဦးဆောင်တဲ့ ကမ္မဘဝနာမ်တရားတွေကို ဦးစားပေးကာ သိမ်းဆည်းပါ။
ဒီကမ္မဘဝသည် ကိလေသဝဋ်တွင် အကျုံးဝင်တဲ့ ဥပါဒါန်ကြောင့် ဖြစ်ပေါ်လာပုံကို ဉာဏ်နှင့်မြင်အောင် တစ်ဆင့်တက်ပြီးတာ့ သိမ်းဆည်းပါ။ တစ်ဖန် ဒီဥပါဒါန်သည် ကိလေသဝဋ်တွင်ပင် အကျုံးဝင်နေတဲ့ တဏှာကြောင့် ဖြစ်ပုံ, ဒီတဏှာသည် ဝေဒနာကြောင့်ဖြစ်ပုံ, ဝေဒနာသည် ဖဿကြောင့်ဖြစ်ပုံ, ဖဿသည် သဠာယတနကြောင့်ဖြစ်ပုံ, သဠာယတနသည် နာမ်ရုပ်ကြောင့် ဖြစ်ပုံ, နာမ်ရုပ်သည် = ပဋိသန္ဓေနာမ်ရုပ်သည် ပဋိသန္ဓေဝိညာဏ်ကြောင့်ဖြစ်ပုံ တို့ကို ဆက်လက်ပြီး သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက ဒီပဋိသန္ဓေ ဝိညာဏ်သည် သင်္ခါရကြောင့်ဖြစ်ပုံကို မြင်အောင်ဆက်ရှုပါ။
အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ဒီဝိညာဏ်သည် ဘာ ကြောင့် ဖြစ်ပေါ်လာရသလဲလို့ သိလိုတဲ့ စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ ဘဝသစ်ပဋိသန္ဓေကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ ပုညာဘိသင်္ခါရကို လှမ်းကြည့်ပါ။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ခုနကပြောခဲ့တဲ့အတိုင်းပဲ အတိတ်ဘဝ သေခါနီးကာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ရုပ်နာမ်, စုတိရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းပါ။
ယောဂီအများစု၌တွေ့ရှိတတ်ပုံ
ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ယောဂီအများစုမှာတော့ -
၁။ သေနေတဲ့ ပုံကိုသော်လည်း တွေ့တတ်တယ်။
၂။ သေခါနီးနေတဲ့ ပုံကိုသော်လည်း တွေ့တတ်တယ်။
၃။ အကျိုးပေးတော့မည့်ကံရဲ့ စွမ်းအင်သတ္တိကြောင့် ထင်လာတဲ့ ကံ, ကမ္မ နိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံသုံးမျိုးထဲက တစ်မျိုးမျိုးကိုသော်လည်း တွေ့တတ်တယ်။
သေနေတဲ့ပုံ တွေ့ခဲ့လျှင်လည်း အဲဒီ သေနေတဲ့ အလောင်းကောင်မှာ တည်ရှိနေတဲ့ ဓာတ်ကြီး (၄)ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို မြင်တဲ့အခါ ဓာတ်ခွဲပြီး ပရမတ်ရုပ်တရားတွေကို သိမ်းဆည်းပါ။ သိမ်းဆည်းပြီး လျှင် ဘာဆက်လုပ်ရမလဲ? ရှေးဦးစွာ အဲဒီအချိန်အခါမှာ တည်ရှိဆဲဖြစ်တဲ့ ဟဒယဝတ္ထုကို သိမ်းဆည်းပါ၊ ပြီးတော့ ဟဒယဝတ္ထုကို မှီဖြစ်နေတဲ့ ဘဝင်စိတ် တွေကိုရော ဝီထိစိတ်တွေကိုရော ဆက်လက် သိမ်းဆည်းပါ။ ဟဒယဝတ္ထုနှင့် တကွသော ရုပ်တရား, ဘဝင်စတဲ့ နာမ်တရားတွေကို သိမ်းဆည်းနေခြင်း ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်တွေကို သိမ်းဆည်းပြီးတဲ့အခါ မသေခင်ဖြစ်ခဲ့တဲ့ ရုပ်နာမ်တွေကို တစ်ဆင့်တက်ပြီး သိမ်းဆည်းပါ။
အကယ်၍ သေခါနီးပုံကို တွေ့နေလျှင်လည်း အဲဒီပုံမှာ တည်ရှိနေတဲ့ ဓာတ်ကြီး (၄)ပါးကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်တွေကို တွေ့တဲ့အခါ ဓာတ်ခွဲပြီးတော့ ရုပ်ပရမတ်တရားတွေကို လက်ဆက်သိမ်းဆည်းပါ။ အထူး သဖြင့် နှလုံးအိမ်မှာ တည်ရှိတဲ့ (၅၄)မျိုးသော ရုပ်တွေကို ဦးစားပေးပြီးတော့ သိမ်းဆည်းပါ။ ဒီရုပ်တွေထဲကလည်း ဟဒယဝတ္ထုရုပ်ကို ဦးစားပေးပြီးတော့ ထပ်သိမ်းဆည်းပါ။ ဒီဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းနိုင်လျှင် ဟဒယဝတ္ထုကို မှီဖြစ်နေကြတဲ့ နာမ်တရားတွေကို ဆက်လက်သိမ်းဆည်းပါ။ ဒီလို နာမ်တရား တွေကို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ဝီထိစိတ် နာမ်တရားတွေကိုရော, ဝီထိစိတ်အစဉ်ရဲ့ အကြားအကြားမှာ ဖြစ်ပေါ်နေတဲ့ ဘဝင်နာမ်တရားတွေ ကိုရော နှစ်မျိုးလုံးကိုပဲ ရောနှောကာ သိမ်းဆည်းပါ။
မသေမီ ရှေးအဖို့မှာရှိတဲ့ ရုပ်နာမ်တွေ, သေခါနီးကာလ ရုပ်နာမ်တွေကို ခေါက်တုံ့ခေါက်ပြန် ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ နောက်ဆုံးဖြစ်ပေါ်သွား ခဲ့တဲ့ မရဏာသန္နဇောဝီထိစိတ်အစဉ် နာမ်တရားစုတွေကို ဦးစားပေးပြီး သိမ်းဆည်းပါ။ အဲဒီ မရဏာသန္နဇောကို သိမ်းဆည်းနိုင်ပြီဆိုလျှင် ဒီမရဏာသန္နဇော နာမ်တရားတို့ရဲ့ အာရုံဖြစ်တဲ့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံသုံး မျိုးတွင် တစ်မျိုးမျိုးကိုလည်း သိမ်းဆည်းလို့ရပြီ ဖြစ်ပါတယ်။
အတိတ်ဘက်မှာ တည်ရှိတဲ့ သင်္ခါရ, ကံတွေကို လှမ်းသိမ်းဆည်းလိုက် ကတည်းက ဒီကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံသုံးမျိုးထဲက တစ်မျိုးမျိုး သော အာရုံကို သိမ်းဆည်းထားနိုင်တဲ့ သို့မဟုတ် ဉာဏ်နှင့် တွေ့မြင်နေတဲ့ ယောဂီဖြစ်ခဲ့မယ်ဆိုလျှင်တော့ ဒီအပိုင်းက စပြီးတော့ ရှေ့သို့ ဆက်လက် ပြုလုပ်ရမည့် လုပ်ငန်းခွင်သည် တူညီသွားပြီ ဖြစ်ပါတယ်။
မည်သို့သက်ဆိုင်ပါသနည်း
ဒီကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ အာရုံတွေနှင့် အတိတ်အကြောင်း တရားတွေကို ရှာဖွေမှုဟာ ဘယ်လို သက်ဆိုင်ပါသလဲလို့တော့ မေးစရာရှိ တယ်။ သက်ဆိုင်ပါတယ်။ ဘယ်လို သက်ဆိုင်သလဲ? အကျိုးပေးတော့မည့် ကံရဲ့ စွမ်းအင်သတ္တိကြောင့် ဒီနိမိတ်တွေက ထင်လာတာဖြစ်တော့ သင်္ခါရ ကံတွေကို ရှာဖွေတဲ့အပိုင်းမှာ ဒီနိမိတ်တွေက အဓိကသော့ချက်တစ်ခု ဖြစ်နေ တယ်။ ဒီတော့ ဒီနိမိတ်သုံးမျိုးအကြောင်းကိုတော့ နည်းနည်းထပ်ပြောမယ်။
ဂတိနိမိတ် - ဂတိနိမိတ်ဆိုတာကတော့ လူသားတွေအတွက် ကွက်ပြော ရလျှင်တော့ မိမိပဋိသန္ဓေ တည်နေရတော့မည့် မိခင်ရဲ့ ကမ္ဗလာနီ အရောင် အဆင်းရှိတဲ့ သားအိမ်နိမိတ် ဖြစ်ပါတယ်။ ဂတိနိမိတ်ထင်နေတဲ့ ယောဂီက ဒီကမ္ဗလာနီအရောင်အဆင်းရှိတဲ့ အရောင်အဆင်းတစ်ခုကို သေခါနီးကာလ မရဏာသန္နဇောအခိုက်မှာ မြင်နေတတ်ပါတယ်။ ဒီဂတိနိမိတ်အာရုံထင်တဲ့ ယောဂီကတော့ တော်တော်လေး အရေအတွက် နည်းပါးတာကို တွေ့ရပါ တယ်။
ကမ္မနိမိတ် - ကမ္မနိမိတ်ကလည်း လူသားတွေအတွက် ကွက်ပြီး ပြော မယ်ဆိုလျှင် - အကယ်၍ ဒါနကံက အကျိုးပေးတော့မည့် ယောဂီဆိုလျှင် မိမိရဲ့ ဒါနဝတ္ထု အစုစုတွေကိုလည်း သေခါနီးကာလမှာ မရဏာသန္နဇောက မြင်နေတယ်၊ သိနေတယ်။ အလှူခံဖြစ်တဲ့ ဘုရားရုပ်ပွားတော်အာရုံ စေတီ တော်အာရုံ ရဟန်းသံဃာတော်စတဲ့ အာရုံတွေကိုသော်လည်း သေခါနီးကာလ မှာ မရဏာသန္နဇောက မြင်နေတတ်တယ်၊ သိနေတတ်တယ်။
အကယ်၍ သီလကံက အကျိုးပေးတော့မယ်ဆိုလျှင် မိမိသီလစောင့်ထိန်း နေတဲ့ပုံတွေ သီလစောင့်ထိန်းခဲ့တဲ့ နေရာတွေ စတဲ့ အာရုံတွေက မရဏာသန္န အခါမှာ လာထင်နေတတ်တယ်။ အကယ်၍ ဘာဝနာကံက အကျိုးပေးတော့ မယ်ဆိုလျှင်လည်း အဲဒီဘာဝနာကံရဲ့ အာရုံနိမိတ်တွေက သေခါနီးမှာ လာထင်နေတတ်တယ်။ ဥပမာ- အာနာပါနကို ပွားများအားထုတ်နေတဲ့ ပရိကမ္မ သမာဓိဇော သို့မဟုတ် ဥပစာရသမာဓိဇောစေတနာတို့က အကျိုးပေးတော့ မည် ဆိုလျှင်လည်း အာနာပါနပဋိဘာဂနိမိတ်တွေ လာထင်နေတတ်တယ်။ သေခါနီးကာလမှာ ဒီအာနာပါနကိုပဲ ဆက်ပြီးတော့ ရှုနေတတ်တယ်။ ဒီအာနာပါနပဋိဘာဂနိမိတ်ကိုပဲ မရဏာသန္နဇောနှင့်တကွသော စိတ်တွေက သိနေတတ်တယ်၊ အာရုံပြုနေတတ်တယ်။
အကယ်၍ ဝိပဿနာဘာဝနာကံတွေက အကျိုးပေးတော့မယ်ဆိုလျှင် တော့ အဲဒီဝိပဿနာ သင်္ခါရတရားတွေက တစ်နည်းပြောလျှင်တော့ ဝိပဿနာ ဉာဏ် ပြဓာန်းနေတဲ့ ဝိပဿနာမနောဒွါရိကဇောဝီထိ နာမ်တရားစုတွေက ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် တို့တွင် တစ်မျိုးမျိုးသော အခြင်းအရာကို အာရုံပြုနေကြပါတယ်။
ကံအာရုံ - အကယ်၍ ကံအာရုံ ထင်ခဲ့မယ်ဆိုလျှင်တော့ အဲဒီကံကို အသစ်တစ်ဖန်ပြုနေတဲ့ အနေအထားနှင့် လာထင်နေတတ်တယ်။ သင်္ကန်းလှူ ခဲ့တဲ့ ဒါနကံက အကျိုးပေးတော့မယ်ဆိုလျှင် အသစ်တစ်ဖန် သင်္ကန်းတွေကို ထပ်လှူနေတဲ့ ပုံစံအနေအထားဖြင့် သေခါနီးကာလမှာ လာထင်နေတတ် တယ်။ စေတီတော်အား ပန်း, ရေချမ်း, ဆီမီးလှူတဲ့ကံက အကျိုးပေးတော့မယ် ဆိုလျှင်လည်း အသစ်တစ်ဖန် ထပ်ပြီး အလားတူ လှူနေတဲ့ အခြင်းအရာအား ဖြင့် ထင်နေတတ်တယ်။ ဆိုလိုတာကတော့ အသစ်တစ်ဖန် ထပ်ပြုတဲ့ အနေအထားအားဖြင့် ဒီကုသိုလ်နာမ်တရားစုတွေကိုပဲ (သင်္ကန်းလှူနေတဲ့ ကုသိုလ် နာမ်တရားစုတွေ, စေတီတော်အား ပန်း, ဆီမီး, ရေချမ်းလှူနေတဲ့ ကုသိုလ် နာမ်တရားစုတွေကိုပဲ) ပြန်ပြီးတော့ မရဏာသန္နဇောက သိနေတယ်၊ အာရုံပြု နေတယ်။
အကယ်၍ အာနာပါနဘာဝနာကံတွေက အကျိုးပေးတော့မယ် ဆိုလျှင် လည်း အဲဒီ အကျိုးပေးတော့မည့် ကာမာဝစရ ပရိကမ္မသမာဓိဇော, ဥပစာရ သမာဓိဇောဆိုတဲ့ ကုသိုလ်တရားတွေကို ပြန်ပြီးတော့ ဒီမရဏာသန္နဇောက သိနေတယ်၊ အာရုံပြုနေတယ်။ စျာန်ဇောတွေကတော့ လူ့ပြည်မှာ အကျိုး မပေးနိုင်လို့ ပရိကမ္မသမာဓိဇော, ဥပစာရသမာဓိဇောတွေလို့ ပြောခြင်းဖြစ် တယ်။ ဒီပရိကမ္မသမာဓိဇော, ဥပစာရသမာဓိဇောတွေကတော့ မိမိတို့ အာရုံ ပြုနေကျဖြစ်တဲ့ အာနာပါနပဋိဘာဂနိမိတ်စတဲ့ အာနာပါနနိမိတ်တွေကိုပဲ အာရုံပြုနေကြပါတယ်။ မရဏာသန္နဇောကတော့ ဒီအာနာပါနနိမိတ်တွေကို သိနေတဲ့ ကာမာဝစရသမာဓိဇောဆိုတဲ့ ပရိကမ္မသမာဓိဇော သို့မဟုတ် ဥပစာရသမာဓိဇောတွေ = ကုသိုလ်တရားတွေကို အာရုံပြုနေတယ်။
အကယ်၍ ဝိပဿနာကံတွေက အကျိုးပေးတော့မယ်ဆိုလျှင် အဲဒီ ဝိပဿနာကုသိုလ်တရားတွေကို မရဏာသန္နဇောက ပြန်အာရုံယူနေပါတယ်။ ဝိပဿနာကံဆိုတဲ့ ဝိပဿနာကုသိုလ်ဇောတွေကတော့ သင်္ခါရတရားတို့ရဲ့ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်း အရာဆိုတဲ့ အခြင်းအရာ တစ်မျိုးမျိုးကို အာရုံပြုနေကြပါတယ်။ အာရုံ ပြုနေတယ်ဆိုတာက သိနေတာကို ပြောတာပါ။ ဒါပေမဲ့ မရဏာသန္နဇောတွေ ကတော့ ဒီသင်္ခါရတရားတွေရဲ့ အနိစ္စ, ဒုက္ခ, အနတ္တဆိုတဲ့ အခြင်းအရာ တစ်မျိုးမျိုးကို သိနေတဲ့ ဝိပဿနာကုသိုလ်ဇောဆိုတဲ့ ဝိပဿနာကံတွေကို ပြန်ပြီးတော့ အာရုံပြုနေကြတယ်၊ သိနေကြတယ်။
ဒီနေရာမှာ ဝိပဿနာဇောတွေက ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံနှင့် ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဘုရားရှင်ကလည်း နိဒါနဝဂ္ဂသံယုတ် ပါဠိတော် စေတနာသုတ္တန် (သံ၊၁၊၂၉၅။ သံ၊ဋ္ဌ၊၂၊၆၆။ သံ၊ဋီ၊၂၊၈၃။)မှာ ဟောကြား ထားတော်မူပါတယ်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးမှာလည်း သင်္ခါရုပေက္ခာဉာဏ် ကဲ့သို့သော ဝိပဿနာဉာဏ်တွေကပင် အဝိဇ္ဇာ, တဏှာ, အနုသယမကင်းသေး တဲ့ သတ္တဝါတို့ရဲ့သန္တာန်မှာ ပဋိသန္ဓေအကျိုးကို ပေးနိုင်ကြောင်းကို ဟောကြား ထားတော်မူပါတယ်။ (ပဋိသံ-၆၀။ ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။) ဒီအကြောင်းကို နောက်ပိုင်းမှာ ထပ်ရှင်းပေးပါ့မယ်။
ကံအာရုံထင်တဲ့ပုံစံတစ်ခု
ဒီနေရာမှာ သဘောပေါက်အောင် ပုံစံတစ်ခုထုတ်ပြီးတော့ ပြောပါမယ်။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နအခါ မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို သိမ်းဆည်းမိပြီးတဲ့အခါ သေခါနီး မရဏာသန္န အခါမှာ ဖြစ်ပေါ်နေတဲ့ ဘဝင်မနောအကြည်ဓာတ်ဆိုတဲ့ မနောဒွါရကို သိမ်း ဆည်းနိုင်တဲ့အခါ မသေမီဘက်သို့ တိုး၍လည်းကောင်း သေခါနီးကာလဘက် သို့ ပြန်ဆုတ်၍လည်းကောင်း ဒီလို ရှေ့တိုးနောက်ဆုတ်စနစ်ကို အသုံးပြုကာ ထပ်ကာထပ်ကာ ရုပ်နာမ်တွေကို သိမ်းဆည်းလိုက်တဲ့အခါ သေခါနီးကာလ ပတ်ဝန်းကျင်မှာ အသစ်တစ်ဖန် ပြုလုပ်နေတဲ့ ပုံစံအားဖြင့် ကံလေးမျိုးတို့ဟာ သေခါနီး မနောဒွါရမှာ မရှေးမနှောင်း ထင်နေကြတယ်။ ထိုယောဂီကတော့ အတိတ်ဘဝမှာ ရဟန်းဘဝဖြင့် ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်။ သေခါနီး မနောဒွါရမှာ -
၁။ စာချနေတဲ့ ကံကတစ်ခု,
၂။ တရားဟောနေတဲ့ ကံကတစ်ခု,
၃။ တရားပြနေတဲ့ ကံကတစ်ခု,
၄။ တရားအားထုတ်နေတဲ့ ကံကတစ်ခု၊
ဒီကံ (၄)မျိုးတို့ဟာ မရှေးမနှောင်း သေခါနီး မနောဒွါရမှာ လာထင်နေ ကြတယ်။ ဒီကံတွေက အကျိုးပေးဖို့ရန် အခါအခွင့်ကို အလုအယက် အရယူနေ ကြတယ်။ ဒီကံလေးမျိုးထဲက ဘယ်ကံက လက်ရှိဘဝ ပဋိသန္ဓေအကျိုးစတဲ့ အကျိုးဝိပါက်တွေကို ဖြစ်ပေါ်စေပါသလဲ? တိုက်ရိုက်အကျိုးပေးနေတဲ့ကံက ဘယ်ကံလဲ? ကံတစ်ခုစီ ကံတစ်ခုစီကို ထပ်မံပြီးတော့ စိစစ်ကြည့်ရပါတယ်။
ဒီလို စိစစ်ကြည့်တဲ့အခါ စာချတဲ့ကံ, တရားဟောနေတဲ့ကံ, တရားပြသ ပေးနေတဲ့ကံတွေက အကျိုးမပေးတာကို တွေ့ရတယ်။ နောက်ဆုံး ဝိပဿနာ ဘာဝနာကို အားထုတ်နေတဲ့ကံက ဒီဘဝမှာ ပဋိသန္ဓေစတဲ့ အကျိုးဝိပါက်တွေ ကို ဖြစ်ပေါ်စေတတ်တဲ့ ဇနကကံဖြစ်ကြောင်းကို ဒီယောဂီက သိမ်းဆည်းလို့ ရရှိသွားတယ်။ ဒီနေရာမှာ ကမ္မသတ္တိကို ရှာဖွေပုံအပိုင်းကို နည်းနည်း ထပ်ပြော ချင်သေးတယ်။
ကမ္မသတ္တိကိုရှာဖွေပုံ
စာချတဲ့ကံရဲ့ ကမ္မသတ္တိကို ရှာဖွေချင်လျှင် ရှေးဦးစွာ စာချတဲ့ အချိန်အခါ မှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်ဇောဝီထိ စိတ်အစဉ် နာမ်တရားတွေကို ရှေးဦးစွာ သိမ်းဆည်းရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ သတိပြုရမည့် အချက်တွေ လည်း ရှိနေပြန်သေးတယ်။ အတိတ်ဘက် မသေမီ ရှေးအဖို့လို့ ခေါ်ဆိုအပ်တဲ့ စာချနေတဲ့ အချိန်အထိ ရုပ်နာမ်တွေကို တစ်စတစ်စ တိုးပြီးတော့ သိမ်းဆည်း သွားရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာ ဧကတ္တနည်း, နာနတ္တနည်းတွေ ကို သဘောပေါက်ဖို့ လိုပါတယ်။
ဧကတ္တနည်း - ဧကတ္တနည်းဆိုတာကတော့ အတိတ်က စာချနေတဲ့ ရုပ်နာမ်သန္တာန်အစဉ်နှင့် ယခုလက်ရှိဘဝ ရုပ်နာမ်သန္တာန်အစဉ်တွေကို အစဉ် အတန်းတစ်ခုအဖြစ် မြင်အောင်တော့ သိမ်းဆည်းရပါတယ်။ ခုဒီယောဂီရဲ့ အကြောင်းအရာကို ကြည့်လိုက်လျှင် စာချတဲ့ကံကို ပြုစုပျိုးထောင်စဉ်မှာ စာချတဲ့ပုဂ္ဂိုလ်ရှိသလို စာသင်ယူနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေပါတယ်။ အဲဒီ စာချတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ်, စာသင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ တည်ရှိတဲ့ ရုပ်နာမ်တွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်ပြီး တော့ သိမ်းဆည်းရပါတယ်။ အဲဒီ ပုဂ္ဂိုလ်အသီးသီးရဲ့ သန္တာန်မှာ တည်ရှိတဲ့ ဓာတ်ကြီး (၄)ပါးက စပြီးတော့ ရုပ်တွေနာမ်တွေကို တစ်ယောက်ပြီးတစ် ယောက် လိုက်သိမ်းဆည်းရပါတယ်။ ဒီယောဂီက ခုလို သိမ်းဆည်းလိုက်တဲ့ အခါ စာချတဲ့ပုဂ္ဂိုလ်ရဲ့ ရုပ်နာမ်သန္တာန်အစဉ်နှင့် သူရဲ့ ယခုလက်ရှိ ပစ္စုပ္ပန် ရုပ်နာမ် သန္တာန်အစဉ်တွေဟာ အစဉ်အတန်းတစ်ခုတည်း ဖြစ်နေတာကို တွေ့ရတယ်။ တခြား ရုပ်နာမ်သန္တာန်အစဉ်တွေက သူရဲ့ ရုပ်နာမ်သန္တာန် အစဉ်နှင့် သန္တာန်အစဉ်အတန်း မဆက်စပ်ဘဲ သီးခြားဖြစ်နေတာကို တွေ့နေရ တယ်။
နည်းနည်း ထပ်ရှင်းအောင် ပြောရလျှင်တော့ စာချနေတဲ့ ရုပ်နာမ် သန္တာန်အစဉ်အတန်းနှင့် ယခုပစ္စုပ္ပန် သူရဲ့ရုပ်နာမ် သန္တာန်အစဉ်တွေဟာ အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်းထားသလို ဖြစ်ပျက်အစဉ်အတန်း အားဖြင့် အစဉ်အတန်းတစ်ခုတည်း ဖြစ်နေတာကို တွေ့ရတယ်။ ဒီနေရာမှာ ရုပ်နာမ်အစဉ်တွေကို မြဲနေတယ်လို့ မဆိုလိုပါဘူး။ ရုပ်ခဏနာမ်ခဏတွေဟာ သူ့ခဏနှင့်သူ ဖြစ်ပြီးပျက်နေတဲ့ အစဉ်အတန်းတွေသာ ဖြစ်တယ်။ ရှေးရှေး ရုပ်နာမ်တွေက တခြား၊ နောက်နောက်ရုပ်နာမ်တွေက တခြားသာ ဖြစ်တယ်လို့ သိလျှင် နာနတ္တနည်းကို သိသည်မည်ပါတယ်။ ဒီလို ဧကတ္တနည်းနှင့် နာနတ္တနည်းကို သိအောင်တော့ ယောဂီပုဂ္ဂိုလ်က သိမ်းဆည်းရပါတယ်။
စာချတဲ့ကံအကြောင်းကို ပြန်ဆက်ရအောင်၊ စာချနေတဲ့အခါ ဖြစ်ပေါ် နေတဲ့ ဇောဝီထိနာမ်တရားစုတွေကို သင်္ခါရတရားတွေလို့ ခေါ်ပါတယ်။ ဘဝ သစ်ဆိုတဲ့ ခန္ဓာငါးပါးတို့ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ တရားတွေ ဖြစ်လို့ သင်္ခါရတရားတွေလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီသင်္ခါရတရားတွေမှာ ဇောစိတ္တက္ခဏ တစ်ခုတစ်ခုမှာ စိတ်စေတသိက် (၃၄)လုံးအထိ သိမ်းဆည်းလို့ ရနေပါတယ်။ ဇောစိတ်စေတသိက် သင်္ခါရတရားတွေဟာလည်း သင်္ခတ ပရမတ်တို့ရဲ့ ဓမ္မတာအတိုင်း ဖြစ်ပြီးတာနှင့် ပျက်သွားပါတယ်။ ဒါပေမဲ့ သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲ ချုပ်ပျက်သွားတာတော့ မဟုတ်ပါဘူး။ နောင်တစ် ချိန်မှာ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံ ပြီးမှသာ ချုပ်ပျက်သွားပါတယ်။ ဒီစွမ်းအင်သတ္တိကိုတော့ ကံလို့ = ကမ္မသတ္တိလို့ ခေါ်ဆိုပါတယ်။ ဒီကမ္မသတ္တိနှင့် လက်ရှိဘဝ ပဋိသန္ဓေအခိုက် ရုပ်နာမ်တွေနှင့် အကြောင်းအကျိုးဆက်စပ်မှု ရှိမရှိကို ဉာဏ်နှင့် ကြည့်လိုက်တဲ့အခါ အကျိုး မပေးတာကို တွေ့ရတယ်။ အလားတူပဲ တရားဟောနေတဲ့ကံ, တရားပြနေတဲ့ ကံတွေကလည်း အကျိုးမပေးတာကို တွေ့ရပါတယ်။
တရားအားထုတ်နေတဲ့ကံနှင့် အလားတူပဲ အကြောင်းအကျိုးစပ်ကာ သိမ်းဆည်းကြည့်တဲ့အခါ ဒီတရားအားထုတ်နေတဲ့ကံက အကျိုးပေးနေတာ ကိုတော့ သူရဲ့ ဝိပဿနာဉာဏ်နှင့် တွေ့နေရတယ်။ ဘာတရားတွေကို အားထုတ်နေသလဲလို့ ထပ်ပြီး သေသေချာချာ ဆန်းစစ်ကြည့်လိုက်တဲ့အခါ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုနေတဲ့ ဘာဝနာကံ ဖြစ်နေတာကို ဒီယောဂီက တွေ့နေရတယ်။
ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းခဲ့စဉ်က ယောဂီပုဂ္ဂိုလ်က စိတ်ကြောင့် စိတ္တဇ ရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံ တွေကို ရှုတတ်ပြီ၊ သဘောပေါက်ပြီဖြစ်တဲ့အတွက် ခုလို ကမ္မသတ္တိဆိုတဲ့ကံကို ရှာဖွေတွေ့ရှိတဲ့အပိုင်းမှာ ဒီကံကြောင့် ကမ္မဇရုပ်တွေ တဖွားဖွားဖြစ်နေပုံ ကိုလည်း အတိတ်ကံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေကမ္မဇုပ်တို့ကို ဆက်စပ်ကြည့် လိုက်တဲ့အခါ ယောဂီပုဂ္ဂိုလ်က ဝိပဿနာဉာဏ်နှင့် မြင်နေတယ်။ ဝိပဿနာ ဇောစိတ္တက္ခဏ တစ်ခုတစ်ခုမှာရှိတဲ့ စိတ်စေတသိက် နာမ်တရား (၃၄)လုံးက အထူးသဖြင့် သတ္တမဇော စိတ္တက္ခဏတွေမှာ တည်ရှိတဲ့ စိတ်စေတသိက် နာမ်တရား (၃၄)လုံးတို့က သင်္ခါရတရားတွေ ဖြစ်ကြပါတယ်။ ဒီသင်္ခါရတရား တွေ ချုပ်ပျက်သွားတဲ့အခါ ရုပ်နာမ်သန္တာန်အစဉ်မှာ မြှုပ်နှံထားတဲ့ အကျိုး ဝိပါက်ခန္ဓာကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိက ကံဖြစ်ပါတယ်။ ဒီသင်္ခါရနှင့် ကံတို့က ကမ္မဝဋ်တရားစုတို့ ဖြစ်ကြပါတယ်။ ပဋိသန္ဓေခန္ဓာငါးပါး အစရှိတဲ့ ဝိပါက်ခန္ဓာတွေက ဝိပါကဝဋ်တရားစုတွေ ဖြစ်ကြပါတယ်။
ဒီကမ္မဝဋ်တရားစုတွေဟာ ကိလေသဝဋ်ကို အမှီပြုပြီးတော့ ဖြစ်ပေါ်ရ တာ ဖြစ်တဲ့အတွက် ဘယ်ကိလေသဝဋ်ကို မှီတွယ်ပြီးတော့ ဖြစ်ပေါ်လာရသလဲ လို့ သိချင်တဲ့စိတ်နှင့် အတိတ်ရုပ်နာမ်တွေကို ဆက်လက်သိမ်းဆည်းလိုက်တဲ့ အခါ တရားမထိုင်မီ သို့မဟုတ် တရားထိုင်ပြီးရာအခါတို့မှာ သူရဲ့ ဆုတောင်း က -
၁။ လူဖြစ်ပါရစေ,
၂။ ရဟန်းဖြစ်ပါရစေ,
၃။ သာသနာပြုနိုင်ပါရစေ,
ဒီဆုတောင်းသုံးမျိုးကို ဆုတောင်းပန်ထွာလေ့ရှိတာကို ဒီယောဂီက သူရဲ့ ဝိပဿနာဉာဏ်နှင့် သူက တွေ့နေတယ်။
၁။ သာသနာပြုနိုင်တဲ့ လူ, ရဟန်းလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ,
၂။ အဲဒီဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ,
၃။ အဲဒီလို ဘဝကို စိတ်ကပ်ရောက် စွဲလမ်းနေတဲ့သဘောက ဥပါဒါန်,
ဒီ တရားသုံးမျိုးကတော့ ကိလေသဝဋ်တရားတွေ ဖြစ်ကြပါတယ်။ လောဘဒိဋ္ဌိအုပ်စု နာမ်တရားတွေ ဖြစ်ကြတယ်။ မနောဒွါရိက လောဘဇော ဝီထိ စိတ်အစဉ် ဖြစ်ပါတယ်။ ဇောစိတ္တက္ခဏ တစ်ခုတစ်ခုမှာ စိတ်စေတသိက် အလုံး (၂၀)စီ ရှိနေပါတယ်။
ဒီအဝိဇ္ဇာဦးဆောင်နေတဲ့ ကိလေသဝဋ်ကြောင့် အထက်ကပြောခဲ့တဲ့ ဝိပဿနာဘာဝနာကံဆိုတဲ့ သင်္ခါရ, ကံအုပ်စု ဖြစ်ပေါ်ပုံကို ဉာဏ်နှင့်မြင် အောင် ကြည့်ပြီးတော့ -
အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏။ အဝိဇ္ဇာကအကြောင်းတရား သင်္ခါရက အကျိုးတရား၊ ဒီလို အကြောင်းအကျိုးကို သိမ်းဆည်းရပါတယ်။ အလားတူပဲ သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ်ဖြစ်ပုံ, ပဋိသန္ဓေ ဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေနာမ်ရုပ်ဖြစ်ပုံ, ပဋိသန္ဓေနာမ်ရုပ် ဖြစ်ခြင်း ကြောင့် သဠာယတနဖြစ်ပုံ, သဠာယတနဖြစ်ခြင်းကြောင့် ဖဿဖြစ်ပုံ, ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်ပုံ, ဝေဒနာဖြစ်ခြင်းကြောင့် တဏှာဖြစ်ပုံ, တဏှာ ဖြစ်ခြင်းကြောင့် ဥပါဒါန်ဖြစ်ပုံ = အနာဂတ်ဘဝကို တွယ်တာမှု တဏှာနှင့် စွဲလမ်းမှု ဥပါဒါန်ဖြစ်ပုံ, ဥပါဒါန်ဖြစ်ခြင်းကြောင့် ကမ္မဘဝဆိုတဲ့ အာဟာရ လေးပါး ဖြစ်ပုံအထိ အကြောင်းအကျိုးစပ်ကာ အကြောင်းတရား အကျိုး တရားတို့ကို သိမ်းဆည်းပါ။
ဒီအာဟာရလေးပါးဆိုတာက ဟိုရှေးပိုင်းက ပြောခဲ့တဲ့ အနာဂတ် ဘဝ တစ်ခုခုကို ရည်ရွယ်မှန်းထားပြီးတော့ ပြုစုပျိုးထောင်နေတဲ့ ကမ္မဝဋ်တရားစု တွေ ဖြစ်ကြပါတယ်။ ဒီကမ္မဝဋ်တရားတွေကို သိမ်းဆည်းပြီးတဲ့အခါ ဒီကမ္မဝဋ် = ကမ္မဘဝဖြစ်ခြင်းကြောင့် အနာဂတ်ဇာတိ = ဥပပတ္တိဘဝ ဖြစ်ပုံကိုမြင်အောင် ဆက်လက်သိမ်းဆည်းရပါတယ်။
ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံကို သိမ်းဆည်းမိတဲ့အခါ ဒီအနာဂတ်ဇာတိ ကြောင့် အနာဂတ်မှာ ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသတို့ ဖြစ်ပုံတွေကို ဆက်လက်သိမ်းဆည်းရပါတယ်။
အဘိညာဏ်နှင့်ဝိပဿနာ
၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ရှုလို့ရနိုင်တယ်ဟူသော စကားရပ်,
၂။ ဒိဗ္ဗစက္ခု အဘိညာဏ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အနာဂတံသ ဉာဏ်ဖြင့်လည်း အနာဂတ်ခန္ဓာတို့ကို ရှုလို့ရနိုင်တယ်ဟူသော စကားရပ်,
ဒီစကားရပ်တွေနှင့် ပတ်သက်လို့တော့ လွယ်လွယ်ကူကူနဲ့ပဲ လက်ခံကြ ပါတယ်။ ဒါပေမဲ့ ဝိပဿနာဉာဏ်နှင့် အတိတ်ခန္ဓာ, အနာဂတ်ခန္ဓာတို့ကို ရှုလို့ရပါတယ် ဆိုလျှင်တော့ လက်ခံဖို့ရန် ဝန်လေးနေတတ်ကြပါတယ်၊ အလွယ်တကူနှင့် လက်မခံလို ဖြစ်နေတတ်ကြပါတယ်။ အားရပါးရ လက်မခံ လိုကြဘူး။ ပြုံးစိစိလုပ်ကာ မယုံသင်္ကာ မျက်လုံးတွေနှင့် ကြည့်နေတတ်ကြ တယ်။
ဘုန်းကြီးလည်း မယုံကြည်တဲ့အသွင်ကို ဆောင်နေတဲ့ မျက်လုံးတွေကို ယုံကြည်တဲ့အသွင်ကို ဆောင်လာအောင် ပြောပြချင်ပါတယ်။ ဘယ်လို ပြောမ လဲ? သမ္မာသမ္ဗုဒ္ဓဘာသိတအစစ် ဖြစ်တော်မူတဲ့ ဘုရားဟော ဒေသနာတော် တွေကိုပဲ ကိုးကားပြီးတော့ ပြောရမှာပဲ။ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခဇ္ဇနိယသုတ္တန်မှာ ဘုရားရှင်က ဒီလို ဟောကြားထားတော်မူပါတယ်။
ခဇ္ဇနိယသုတ္တန်ကောက်နုတ်ချက်
ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။ (သံ၊၂၊၇၁။)
ရဟန်းတို့ ... အချို့သော သမဏတို့သည်လည်းကောင်း, အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှတဲ့ ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့ကြမည်ဆိုလျှင် အစဉ် လျှောက်ပြီးတော့ အောက်မေ့နိုင်ကြတယ်။ ဒီလို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတဲ့ သမဏဗြာဟ္မဏ အားလုံးတို့ဟာ ဥပါဒါနက္ခန္ဓာ ငါးပါးကို သော်လည်းကောင်း ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် ဥပါဒါနက္ခန္ဓာ တစ်ပါးပါး ကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတယ်။
ဒီလို ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။ ဒါပေမဲ့ တရားနာ ပရိသတ်တွေကတော့ ဒီလောက်ကြားရရုံနှင့်တော့ သိပ်ကျေနပ်ချင်မှ ကျေနပ် မယ်။ ဒါကြောင့် အဋ္ဌကထာက ဘယ်လို ဖွင့်ဆိုထားတယ်ဆိုတာကို ဆက်လက်ပြီးတော့ နာကြားကြည့်ကြရအောင် -
ပုဗ္ဗေနိဝါသန္တိ ဣဒံ န အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ၊ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရန္တိ။ အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ ဟိ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၂၊၂၆၆။)
ဒီအဋ္ဌကထာရဲ့ ဆိုလိုရင်းကို နည်းနည်းတော့ ရှင်းပြမယ်။ ဘုရားရှင်က ပုဗ္ဗေနိဝါသ = ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ သမဏဗြာဟ္မဏ အချို့တို့က အောက်မေ့နိုင်ကြောင်းကို ဟောကြားထားတော် မူတယ်။ ဒီလို ဟောကြားထားတော်မူရာမှာ ပုဗ္ဗေနိဝါသ = ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်း ဆိုတာကတော့ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူကာ ဟောကြားထားတာတော့ မဟုတ်ပါဘူး။ ဝိပဿနာ ဉာဏ်စွမ်းဉာဏ်စဖြင့် ရှေး၌နေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ခြင်းကိုသာ ရည်ရွယ်တော်မူကာ ဘုရားရှင်က ဟောကြားသွား တော်မူခြင်း ဖြစ်ပါတယ်။ ဒီလို ဝိပဿနာဉာဏ်နှင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်တဲ့ သမဏဗြာဟ္မဏတွေကိုသာ ရည်ရွယ်တော်မူကာ ဒီပုဗ္ဗေနိဝါသံစတဲ့ စကားရပ်ကို ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ရသလဲ?
ဘုရားရှင်က -
သဗ္ဗေတေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။
ဒီလို ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတဲ့ သမဏ ဗြာဟ္မဏ အားလုံးတို့ဟာ ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုသော်လည်း ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြတယ်။ ဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်း ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင်ကြ တယ်။ ဒီလို ဘုရားရှင်က ဟောကြားထားတော်မူတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဘာကို ပြောချင်နေတာလဲ?
ပြောချင်တဲ့ အချက်ကတော့ - ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် အောက်မေ့တဲ့အပိုင်းမှာ ဒီအဘိညာဏ်က -
၁။ လောကုတ္တရာတရားများပါဝင်တဲ့ ခန္ဓာငါးပါး,
၂။ လောကုတ္တရာတရားများမပါဝင်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး,
၃။ ခန္ဓာနှင့် ဆက်စပ်နေတဲ့ အမျိုးအနွယ်, ရုပ်အဆင်း, အစာအာဟာရ, သုခဒုက္ခစသည်,
၄။ အမည်နာမပညတ် အမျိုးမျိုး,
ဒီလေးမျိုးလုံးကို အစဉ်လျှောက်ကာ အောက်မေ့လို့ရတယ်။ ဝိပဿနာ ဉာဏ်ကတော့ ဒီလေးမျိုးလုံးကို အားလုံး မရှုနိုင်ဘူး။ နံပါတ်နှစ်ဖြစ်တဲ့ အတိတ် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသာ ဉာဏ်ဖြင့် အစဉ်လျှောက်ကာ အောက်မေ့နိုင် တယ်၊ ရှုပွားလို့ ရနိုင်တယ်။ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်ကို လှမ်းရှုလို့ တော့ မရနိုင်ဘူး။ ဒါကြောင့် ဒီသုတ္တန်မှာ အတိတ်က ချုပ်ဆုံးခဲ့ပြီးတဲ့ ဥပါဒါနက္ခန္ဓာတွေကို ရှုလို့ ရနိုင်ကြောင်း ဟောကြားတော်မူချက်ဟာ ဝိပဿနာဉာဏ် ကိုသာ ရည်ရွယ်တော်မူပြီးတော့ ဟောကြားတော်မူတယ်လို့ သိနိုင်ပါတယ်။ ဒီရှင်းလင်းချက်ကတော့ အထက်ပါ အဋ္ဌကထာရဲ့ ဆိုလိုရင်း ဖြစ်ပါတယ်။
ဒါကြောင့် ဝိပဿနာဉာဏ်နှင့်လည်း အတိတ်ခန္ဓာတွေကို ရှုလို့ရတယ်။ အတိတ်ခန္ဓာတွင် အကျုံးဝင်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေ ကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါးတွင် အကျုံးဝင်နေတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ ထင်ရှားဖြစ်ပုံကို ရှုလျှင်လည်း ဝိပဿနာ ဉာဏ်က ရှုလို့ရပါတယ်။ အလားတူပဲ ပစ္စုပ္ပန် ခန္ဓာငါးပါးတို့တွင် အကျုံးဝင်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကြောင့် အနာဂတ် ခန္ဓာငါးပါးတို့တွင် အကျုံးဝင်တဲ့ ဇာတိအမည်ရတဲ့ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ ထင်ရှားဖြစ်ပုံကို ရှုလျှင်လည်း ဝိပဿနာဉာဏ်က ရှုလို့ရပါတယ်။ ဒီလို ရှုရတဲ့ ထုံးဟောင်းဥပဒေသနှင့် ဆက်စပ်နေတဲ့ သုသိမသုတ္တန်ကို အကျဉ်းချုပ်ပြီးတော့ ပြောဦးမယ်။
သုသိမရဟန်းတော်
နိဒါနဝဂ္ဂသံယုတ်ပါဠိတော် (သံ၊၁၊၃၄၀-၃၄၈။)မှာ သုသိမသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု လာရှိပါတယ်။ အဲဒီ သုတ္တန်ရဲ့ လိုရင်းကို ပြောကြရအောင်-
သုသိမဆိုတဲ့ ပရိဗိုဇ်တစ်ဦးဟာ တရားခိုးရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသာနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဘုရားရှင်ကလည်း ရက်အနည်းငယ် အတွင်းမှာပဲ ရဟန္တာဖြစ်လိမ့်မယ်ဆိုတာ ကို သိရှိတော်မူတဲ့အတွက် ခွင့်ပြုထားတော်မူပါတယ်။ ရဟန်းသစ်ဖြစ်တဲ့ အရှင်သုသိမက ရဟန္တာဖြစ်တော်မူတဲ့ မထေရ်ကြီးတွေထံ ချဉ်းကပ်ပြီးတော့ ရဟန္တာဖြစ်တယ်လို့ ဝန်ခံတော်မူကြတဲ့ အရှင်ဘုရားတို့ဟာ စျာန်သမာပတ် ရှစ်ပါးကို ရရှိတော်မူကြပါသလား? လောကီအဘိညာဏ်တွေကို ရရှိကြပါသ လား? ဒီလို မေးခွန်းတွေ မေးကြည့်တယ်။ ရဟန္တာ မထေရ်ကြီးတွေကလည်း စျာန်အဘိညာဏ်တွေကို မရရှိကြောင်း အဖြေပေးတော်မူကြပါတယ်။ သူတို့ ဟာ ဝိပဿနာပညာစခန်း သက်သက်ဖြင့်သာ ကိလေသာတို့မှ လွတ်မြောက် သွားကြတယ်၊ သစ္စာလေးပါးကို ထိုးထွင်းသိကြတယ်လို့ အဖြေပေးတော်မူ ကြပါတယ်။ အရှင်သုသိမက နားမလည်နိုင် ဖြစ်နေတဲ့အတွက် ဘုရားရှင်ထံသို့ ချဉ်းကပ်ကာ သူနားမလည်တဲ့ အကြောင်းအရာတွေကို တင်ပြလျှောက်ထားပါ တယ်။ ဒီအခါမှာ ဘုရားရှင်က -
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄။)
= သုသိမ ... သင်္ခါရတရားတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာ၌ တည်တဲ့ ဓမ္မဋ္ဌိတိဉာဏ်ဆိုတဲ့ ဝိပဿနာဉာဏ်က ရှေးကဖြစ်တယ်၊ နိဗ္ဗာန် တရားတော်မြတ်၌ အာရုံပြုသောအားဖြင့် ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်က နောက်ကာလ၌ ဖြစ်တယ်။
ဒီလို ရှင်းပြတော်မူပါတယ်။ ဆိုလိုတာကတော့ နိဗ္ဗာန်ကို အာရုံပြုပြီး ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်ဆိုတာက စျာန်အဘိညာဏ်တွေရဲ့ အကျိုး ဆက်မဟုတ်ဘူး၊ စျာန်အဘိညာဏ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့တရား မဟုတ်ဘူး။ ဝိပဿနာဉာဏ်ရဲ့ အကျိုးဆက်သာဖြစ်တယ်။ ဝိပဿနာဉာဏ် ကြောင့်သာ ဝိပဿနာဉာဏ်ရဲ့ အဆုံးမှာ ဖြစ်ပေါ်လာရတဲ့ အကျိုးတရားဖြစ် တယ်လို့ ဒီလို ရှင်းပြတော်မူခြင်း ဖြစ်ပါတယ်။
ဒီလို ရှင်းပြပြီးတဲ့နောက်မှာ ဘုရားရှင်က အနတ္တလက္ခဏသုတ္တန် စသည် တို့မှာ ဟောကြားတော်မူတဲ့ ပုံစံအတိုင်းပဲ ခန္ဓာငါးပါးကို အနိစ္စတစ်ကျော့, ဒုက္ခတစ်ကျော့, အနတ္တတစ်ကျော့, ဒီလို အမေးအဖြေပြုလုပ်ကာ တေပရိဝဋ္ဋ ဓမ္မဒေသနာကို ဟောကြားပြသပေးတော်မူပြီးနောက် -
အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ ဒူရ, သန္တိကဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် ညွှန်ကြားပေးတော်မူပါတယ်။ (သံ၊၁၊၃၄၄-၃၄၅။)
ဘုရားရှင်က ဝိပဿနာရှုကွက် ဒီလို သင်ပြပေးတော်မူလိုက်တဲ့အခါ အရှင်သုသိမ မထေရ်မြတ်ကလည်း ဒေသနာတော်ရဲ့နောက်သို့ ဉာဏ်ကို စေလွှတ်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူနိုင်တဲ့အတွက် ကြောင့် ဒေသနာတော်နိဂုံး ပြီးဆုံးလတ်သောအခါ ဘာဖြစ်သွားသလဲ?
တေပရိဝဋ္ဋဒေသနာဝသာနေ ပန ထေရော အရဟတ္တံ ပတ္တော။ (သံ၊ဋ္ဌ၊၂၊၁၁၇။)
= တေပရိဝဋ္ဋဒေသနာတော်ရဲ့ အဆုံးမှာ အရှင်သုသိမ မထေရ်ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပါတယ်။ (သံ၊ဋ္ဌ၊၂၊၁၁၇။)
ဒီလို အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူပြီးတဲ့ အချိန်အခါမှာ ဘုရားရှင်က -
ဇာတိကြောင့် ဇရာမရဏဖြစ်ပုံ, ကမ္မဘဝကြောင့် ဇာတိဖြစ်ပုံ, ဥပါဒါန် ကြောင့် ဘဝဖြစ်ပုံ, တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ, ဝေဒနာကြောင့် တဏှာဖြစ်ပုံ, ဖဿကြောင့် ဝေဒနာဖြစ်ပုံ, သဠာယတနကြောင့် ဖဿဖြစ်ပုံ, နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ, ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ် ဖြစ်ပုံ, အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ဖြစ်စဉ်တွေကို သင်ဟာ သိမြင်ပါသလားလို့ မေးကြည့်တော်မူတယ်။
ဒီလို မေးတော်မူလိုက်တဲ့အခါမှာ အရှင်သုသိမကလည်း သိမြင်ပါ ကြောင်းကို ပြန်လည်ပြီးတော့ တင်ပြလျှောက်ထားတယ်။ တစ်ဖန် ဘုရားရှင်က ထပ်ပြီး မေးတော်မူပြန်တယ်။ ဘယ်လို မေးတော်မူသလဲ?
ဇာတိချုပ်ခြင်းကြောင့် ဇရာမရဏချုပ်ပုံ, ကမ္မဘဝချုပ်ခြင်းကြောင့် ဇာတိချုပ်ပုံ, ဥပါဒါန်ချုပ်ခြင်းကြောင့် ဘဝချုပ်ပုံ, တဏှာချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်ပုံ, ဝေဒနာချုပ်ခြင်းကြောင့် တဏှာချုပ်ပုံ, ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်ပုံ, သဠာယတနချုပ်ခြင်းကြောင့် ဖဿချုပ်ပုံ, နာမ်ရုပ်ချုပ်ခြင်း ကြောင့် သဠာယတနချုပ်ပုံ, ဝိညာဏ်ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်ပုံ, သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်ပုံ, အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ချုပ်စဉ်ကိုရော သင်ဟာ သိမြင်ပါသလားလို့ ဒီလို မေးကြည့်တော်မူပြန်တယ်။
ဒီအခါမှာလည်း အရှင်သုသိမက သိမြင်ပါကြောင်းကို ဝန်ခံလျှောက်ထား တော်မူပြန်တယ်။
အဲဒီအခါမှာ ဘုရားရှင်က ထပ်ပြီးတော့ မေးတော်မူပြန်တယ်။ ဒီလိုသိတဲ့ ဒီလိုမြင်တဲ့ သင်ဟာ စျာန်အဘိညာဏ်တွေကို ရရှိပါသလားဆိုပြီး စျာန် ဝိမောက္ခတွေ အဘိညာဏ်တွေကို တစ်ခုပြီးတစ်ခု မေးမြန်းတော်မူပါတယ်။ ဒီအခါမှာလည်း အရှင်သုသိမက မေးတိုင်းမေးတိုင်း စျာန်အဘိညာဏ်တွေကို မရပါကြောင်းကို တင်ပြလျှောက်ထားတော်မူပါတယ်။
ဒီအခါမှာ အရှင်သုသိမက အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဆိုတဲ့ (၁၁)မျိုးသော အခြင်း အရာအားဖြင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုရော, ကြောင်း-ကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ဖြစ်စဉ်ကိုရော ချုပ်စဉ်ကိုရော, စျာန်အဘိညာဏ်မပါဘဲ ဝိပဿနာဉာဏ် သက်သက်ဖြင့် အရဟတ္တဖိုလ် ဆိုက်တဲ့အထိ ရှုလို့ရတယ်ဆိုတာကို သဘောပေါက်သွားတော်မူပါတယ်။ ကိုယ်တိုင်သိသွားပါတယ်။
ဒီအခါမှာ တရားခိုးရန်ဆိုတဲ့ ဦးတည်ချက်ဖြင့် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုလာမိတဲ့ မိမိရဲ့ မိုက်ပြစ်ကို ခွင့်လွှတ်တော်မူပါရန် ဘုရားရှင်အား လျှောက်ထား တောင်းပန်တော်မူပါတယ်။ (သံ၊၁၊၃၄၇။)
ကဲတရားနာပရိသတ်တွေကိုလည်း ဘုန်းကြီးက မေးချင်သေးတယ်။ အရှင်သုသိမ မထေရ်မြတ်ကြီး ယုံကြည်ချက် ရရှိသလို တရားနာပရိသတ်တွေ လည်း ယုံကြည်ချက်ရရှိအောင် ကြိုးစားနိုင်ကြပါ့မလား? ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။ သာသနာတော်နှင့် တွေ့ကြုံခိုက်မှာ အာဠာရ, ဥဒကရသေ့ ကြီးတို့လို အရှုံးကြီးရှုံးတဲ့သူတွေ မဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ပါတယ်။
သမုဒယဓမ္မာနုပဿီပိုင်းအဆက်
ညတုန်းက ဘုန်းကြီး ဘယ်အပိုင်းအထိ ပြောခဲ့သလဲလို့ မေးလျှင်တော့ သတိပဋ္ဌာန်ဒေသနာတော်မှာ အာနာပါနကျင့်စဉ်နှင့် ပတ်သက်လို့ ဝိပဿနာ ပိုင်းမှာ ပထမဆင့်အနေအထားဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းပုံအပိုင်းကိုလည်း ပြောခဲ့ပြီးပြီ။ ဒုတိယအဆင့် အနေအားဖြင့် သမုဒယဓမ္မာနုပဿီ, ဝယဓမ္မာနုပဿီ, သမုဒယဝယဓမ္မာနုပဿီလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားတွေ ထင်ရှားဖြစ်ခဲ့လျှင် အကျိုး တရားတွေ ထင်ရှားဖြစ်ပုံ, အကြောင်းတရားတွေ ချုပ်ငြိမ်းလျှင် အကျိုးတရား တွေ ချုပ်ငြိမ်းပုံအပိုင်းကို မြတ်စွာဘုရား ဟောထားတော်မူပါတယ်ဆိုတဲ့ အကြောင်းအရာ, အကြောင်း-အကျိုးတရားအားလုံးတို့ရဲ့ ဖြစ်မှု-ပျက်မှုကို လည်း မြင်အောင်ရှုဖို့ မြတ်စွာဘုရား ဟောထားတော်မူပါတယ် ဆိုတဲ့ အကြောင်းအရာ၊ အဲဒီအပိုင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ညက ပြောခဲ့ပြီး ပါပြီ။
ဒီအစိတ်အပိုင်းထဲမှာ ညတုန်းက ပြောခဲ့တာကတော့ အကြောင်းတရား တွေ ထင်ရှားဖြစ်ခဲ့လျှင် အကျိုးတရား ထင်ရှားဖြစ်ပုံအပိုင်းနှင့် ပတ်သက်ပြီး အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေ ကြောင့် ဒီပစ္စုပ္ပန်ဘဝမှာ ပဋိသန္ဓေအခိုက် ခန္ဓာငါးပါး ရုပ်တရားနာမ်တရား ထင်ရှားဖြစ်ပေါ်ပုံ အပိုင်းကို မြင်အောင် ရှုဖို့ရန်အတွက် ညက စကားနိဒါန်းပျိုး ပြီး ပြောခဲ့ပါတယ်။ အဲဒီအပိုင်းမှာ ညက ယောဂီတစ်ဦးကို ပုံစံတစ်ခုအနေ အားဖြင့် ထုတ်ပြီး ပြောထားတယ်။ ပြောထားခဲ့တော့ ဒီသမုဒယဓမ္မာနုပဿီ အပိုင်းကို မြတ်စွာဘုရားက ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်လို့ခေါ်တဲ့ ဉာဏ်သုံးမျိုးကို စုပေါင်းပြီး ဟောထားတဲ့ အပိုင်းဖြစ်ခြင်း ကြောင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှား ဖြစ်ပေါ်ပုံကို မြင်အောင်ရှုတဲ့ အချိန်အခါမှာ ယောဂီပုဂ္ဂိုလ်ဘက်က နံပါတ်တစ် အနေအားဖြင့် အကြောင်းတရားနှင့် အကျိုးတရားကို သိမ်းဆည်းဖို့ လိုပါ တယ်။
ညကပြောခဲ့တဲ့ ယောဂီအနေအားဖြင့် ပြန်ပြီး နည်းနည်းလေး နွှေးကြည့် ကြရအောင်၊ သူက ဘာဆုတောင်းသလဲ? လူဖြစ်ဖို့ရန်အတွက် ဆုတောင်း တယ်။ ရဟန်းဖြစ်ပါရစေ, လူဖြစ်ပါရစေ၊ ဒီလို ဆုတောင်းတယ်။ ပရမတ္ထသစ္စာ နယ်ဘက်က ပြောတော့ လူဆိုတဲ့ပုဂ္ဂိုလ် သို့မဟုတ် ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်ကို ဓာတ်ခွဲကြည့်လိုက်လို့ရှိလျှင် ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ တွေ့တယ်။ ဒီရုပ်တရားနာမ်တရားတွေသည် ဘယ်လိုသဘောရှိသလဲလို့မေး လျှင် ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားတယ်။ ဒါက ယောက်ျားပဲ, ဒါက မိန်းမပဲ, ဒါက လူပဲ, ဒါက ဘုန်းကြီးပဲ - စသည်ဖြင့် ပြောပြလောက်အောင် အချိန် ကြာကြာ တည်တံ့နေတဲ့သဘော ရှိသလား? မရှိဘူး။ မရှိတဲ့အတွက် ရဟန်းလို့ အသိမှားနေတဲ့, လူလို့ အသိမှားနေတဲ့သဘောက ဘာလဲ? အဝိဇ္ဇာ။
ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)
= ပရမတ္ထအားဖြင့် ထင်ရှားမရှိတဲ့ မိန်းမယောက်ျားစတဲ့ အာရုံတွေမှာ မိန်းမပဲ, ယောက်ျားပဲ စသည်ဖြင့် အသိမှားမှုတွေ ဖြစ်နေတယ်။ ဒီမိန်းမ ယောက်ျားစတဲ့ သတ္တဝါတွေရဲ့ သန္တာန်မှာ တည်ရှိတဲ့ ခန္ဓာငါးပါး = ရုပ်နာမ် တရား စသည်တွေကိုတော့ မသိဖြစ်နေတယ်။ ဒီလို အမှားကိုသာ သိပြီးတော့ အမှန်ကို မသိတဲ့သဘောက အဝိဇ္ဇာ ဖြစ်တယ်။
ထိုရဟန်းဘဝ, လူ့ဘဝကို တွယ်တာမက်မောနေတဲ့သဘောက တဏှာ၊ စိတ်ကပ်ရောက်စွဲလမ်းနေတဲ့သဘောက ဥပါဒါန်၊ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန် တို့ ခြံရံပြီးတော့ သင်္ခါရ, ကံအမျိုးမျိုးကို ထူထောင်ခဲ့တယ်။ သို့သော် လက်ရှိ ပဋိသန္ဓေ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းကံကတော့ ဝိပဿနာ ကံ ဖြစ်တဲ့အကြောင်း ညက ပြောခဲ့တယ်။ ဒီတော့ ဒီဝိပဿနာကံကို ခြံရံ ထားတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုက စိတ်စေတသိက် အလုံးနှစ်ဆယ် အနေနဲ့ ဖြစ်ပါတယ်။ ဝီထိစဉ်အားဖြင့် မနောဒွါရိကဇောဝီထိ ဖြစ်တယ်။
စက္ခုဒွါရဝီထိ အစရှိတဲ့ အရောင်ကိုသိတဲ့ စိတ်စေတသိက်၊ အသံကိုသိတဲ့ စိတ်စေတသိက်၊ အနံ့ကိုသိတဲ့ စိတ်စေတသိက်၊ အရသာကိုသိတဲ့ စိတ် စေတသိက်၊ အတွေ့အထိကိုသိတဲ့ စိတ်စေတသိက်ဆိုတဲ့ ဒီပဉ္စဒွါရဝီထိ စိတ် စေတသိက်တွေမှာ တည်ရှိနေတဲ့ ကုသိုလ်ဇောတွေ, အကုသိုလ်ဇောတွေက ယခုလို ပဋိသန္ဓေစတဲ့အကျိုးကို ဖြစ်စေနိုင်တဲ့စွမ်းအားတော့ မရှိဘူး။ ဘဝ တစ်ခုမှာ ပဋိသန္ဓေနှင့် စုတိ အကြားကာလကို ပဝတ္တိလို့ ခေါ်ဆိုပါတယ်။ ဒီပဝတ္တိအခါမှာ ဖြစ်ပေါ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုတော့ ပဝတ္တိအကျိုး လို့ ခေါ်ဆိုပါတယ်။ ပဉ္စဒွါရဝီထိတွေမှာ ပါဝင်တဲ့ ပဉ္စဒွါရိက ကုသိုလ်ဇော, အကုသိုလ်ဇောတွေဟာ ပဝတ္တိခေါ်တဲ့ အကျိုးတရားလောက်တော့ ရံဖန်ရံခါ ဖြစ်ပေါ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။
ဒီတော့ ဒီပဋိသန္ဓေအကျိုးကို ပေးနေတဲ့ ဇောဝီထိ စိတ်အစဉ်တွေက မနောဒွါရိက ဇောဝီထိလို့ခေါ်တဲ့ စိတ်အစဉ် ဖြစ်ပါတယ်။ ထိုယောဂီအတွက် ကို ပုံစံထုတ်ပြောလိုက်လျှင်တော့ သူက မနောဒွါရာဝဇ္ဇန်းက တစ်ကြိမ်၊ ဇော က ခုနစ်ကြိမ်ဖြစ်ခဲ့တော့ ထိုဇောတွေရဲ့ စိတ္တက္ခဏ တစ်ခုတစ်ခုမှာ လောဘ ဒိဋ္ဌိအုပ်စု အလုံးနှစ်ဆယ်စီ ရှိပါတယ်။ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်ကို သိမ်းဆည်းတဲ့အပိုင်းမှာ ထိုစိတ်စေတသိက် အလုံးနှစ်ဆယ်ကို စနစ်တကျမြင်အောင် သိမ်းဆည်းတတ်ဖို့ လိုတယ်။
ဘာကြောင့် သိမ်းဆည်းရသလဲလို့မေးတော့ ပရမတ္ထဓာတ်သားတွေက တစ်လုံးချင်း ဖြစ်နိုင်တဲ့စွမ်းအား မရှိကြဘူး။ အုပ်စုအလိုက်သာ ဖြစ်နိုင်တဲ့ စွမ်းအား ရှိခြင်းကြောင့် ထိုအုပ်စုကိုမြင်အောင် ကြည့်နိုင်မှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါတယ်။ အုပ်စုကိုလည်း မြင်ရမယ်၊ အုပ်စုတစ်ခုတစ်ခု အတွင်းမှာ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ စသည်ဖြင့် ခွဲခြားစိတ်ဖြာသိဖို့လည်း လိုအပ်ပါတယ်။ ဖဿက ဘာလုပ်ငန်းကိစ္စလုပ်တာ, ဝေဒနာက ဘာလုပ်ငန်းကိစ္စလုပ်တာ စသည်ဖြင့် လုပ်ငန်းကိစ္စလေးတွေကို ခွဲခြမ်းစိတ်ဖြာပြီး သိဖို့လည်းလိုတယ်။
ဒီလိုသိတဲ့ လုပ်ငန်းကိုတော့ ဃနခေါ်တဲ့ အတုံးအခဲတွေကို ဖြိုခွဲဖျက်ဆီး ခြင်းလို့ ခေါ်ဆိုပါတယ်။ ဃနခေါ်တဲ့ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတွေကို ဖြိုခွဲဖျက်ဆီးနိုင်ပါမှ ပရမတ်ကို ဉာဏ်အမြင်ဆိုက်တယ်။ ပရမတ်တရားကို ဉာဏ်အမြင်ဆိုက်ပါမှ ပရမတ်တရားတစ်ခုနှင့် ပရမတ်တရားတစ်ခုတို့ရဲ့ ကြောင်း-ကျိုးဆက်နွယ်နေတဲ့ သဘောကို ဉာဏ်ပညာမျက်စိနှင့်မြင်မှာ ဖြစ်ပါတယ်။ ဒီတော့ ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်အုပ်စုမှာ စိတ်စေတသိက်က အလုံးနှစ်ဆယ် ရှိနေတယ်။
ကုသိုလ်သင်္ခါရ အမည်ရတဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်ကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့ သူက ရုပ်တရားနာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဝိပဿနာရှုနေတဲ့ လုပ်ငန်းခွင် ဖြစ်တယ်။ ရုပ်နာမ်ပရမတ္ထ ဓာတ်သားတို့ရဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခ အချက် သို့မဟုတ် အနတ္တအချက်ကို ထိုးထွင်းသိနေတဲ့ ဝိပဿနာဇောတွေမှာ ယေဘုယျအားဖြင့် ဉာဏ်လည်းယှဉ်လို့၊ ပီတိလည်းယှဉ်မယ်၊ ဝမ်းမြောက် ဝမ်းသာဖြင့် ရှုပွားသုံးသပ်နေခဲ့မယ်ဆိုလျှင် စိတ်စေတသိက် (၃၄)လုံးအထိ ရှိပါတယ်။ ထိုယောဂီရဲ့ ဝိပဿနာဇော စိတ္တက္ခဏတွေမှာလည်း စိတ်စေတသိက် = နာမ်တရား (၃၄)လုံးပဲ ရှိနေပါတယ်။ ထိုစိတ်စေတသိက် (၃၄)လုံးကို သင်္ခါရလို့ ခေါ်တယ်။
ဘာကြောင့် သင်္ခါရလို့ ခေါ်ရသလဲမေးလျှင် သေခါနီးကာလမှာ သူရဲ့ ဒီဝိပဿနာကုသိုလ်ဇော စိတ်အစဉ်တွေက တခြားတခြားကံတွေကို တွန်းဖယ် ထားနိုင်တဲ့စွမ်းအား ရှိနေတယ်။ ဝိပဿနာကံတွေက ရှေ့တန်းမှာ ပေါ်လာ တယ်။ တခြားတခြားကံတွေ ထင်ရှားရှိနေပေမယ်လို့ ဒီကံက ရှေ့တန်းက မျက်နှာမူနေတယ်။ အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာတယ်။ ဘာဖြစ်လို့ သင့်ရသလဲလို့ မေးလျှင်တော့ တခြားတခြား ကံတွေက ဒီကံလောက် စွမ်းအင် မကြီးမားဘူး၊ သူက စွမ်းအင်အကြီးမားဆုံး ဖြစ်နေတယ်။ စွမ်းအင်အကြီးမား ဆုံး ဖြစ်နေတဲ့အတွက် ဒီလို ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေက နေပြီးတော့ ဘဝတစ်ခုကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိခြင်းကြောင့် ဒီလို ကုသိုလ်တရားမျိုးကိုတော့ သင်္ခါရလို့ ခေါ်ပါတယ်။
သင်္ခါရဆိုတာက ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေတဲ့ တရားအုပ်စုကို သင်္ခါရလို့ခေါ်တယ်။ ဒါပေမဲ့ ဒီသင်္ခါရတရားတွေသည် ဖြစ်ပြီး တာနဲ့ ပျက်သွားတယ်။ ဖြစ်ပြီးပျက်ပေမယ်လို့ နောင်တစ်ချိန်မှာ သူမျှော်လင့် တောင့်တနေတဲ့ လူဘဝ, ရဟန်းဘဝဆိုတဲ့ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်သွား တယ်။ ဒီစွမ်းအင်ကမ္မသတ္တိကိုတော့ ဘုန်းကြီးတို့ ပဋ္ဌာန်းဒေသနာတော် ကမ္မ ပစ္စည်းပိုင်းမှာ မြတ်စွာဘုရားက နာနာက္ခဏိကကံဆိုတဲ့ အနေနဲ့ ဟောထား ပါတယ်။ ကမ္ဘာတစ်သိန်းကတည်းက ပြုခဲ့တဲ့ကံသော်လည်း ဖြစ်ချင်ဖြစ်ပါစေ၊ လွန်ခဲ့သော အတိတ်ဘဝက ပြုခဲ့တဲ့ကံသော်လည်း ဖြစ်ချင်ဖြစ်ပါစေ၊ ရင့်ကျက် လာလို့ အကျိုးပေးတော့မယ် ဆိုလို့ရှိလျှင် အခုလို သေခါနီးကာလ မရဏာသန္နဇော အချိန်အခါမှာ ဒီအာရုံတွေက ထင်လာမြဲဓမ္မတာ ဖြစ်တယ်။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။)
ဒီယောဂီသူတော်ကောင်းဘက်က ကြည့်လိုက်တော့ ကံအာရုံထင်နေ တယ်။ ကံအာရုံ ထင်တယ်ဆိုတာက အသစ်တစ်ဖန် ကံကို ထပ်ပြုနေတဲ့ အနေအားဖြင့် ဝိပဿနာကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေကို ပြန်ပြီး အာရုံ ပြုနေတယ်။ ဒီဝိပဿနာ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေက ဘာအာရုံကို ယူပြီး ဖြစ်ပေါ်သလဲလို့မေးတော့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို အာရုံယူပြီး ဖြစ်ပေါ်လာတဲ့ ထိုးထွင်းသိနေ တဲ့ ကုသိုလ်ဇောဝီထိ စိတ်အစဉ်တွေ ဖြစ်တယ်။ ထိုကုသိုလ်ဇောဝီထိ စိတ် အစဉ်တို့ရဲ့ အာရုံကလည်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားအာရုံတွေ ဖြစ်ပါတယ်။ အဲဒီ သင်္ခါရအာရုံတွေကို အာရုံယူနေတဲ့ ဝိပဿနာ ကုသိုလ်ဇောတွေကို ဒီ ပုဂ္ဂိုလ်ရဲ့ မရဏာသန္နဇောက အာရုံပြုကာ စောသွားတဲ့အတွက် ဒီဝိပဿနာ ကံကနေ ဒီဘဝကို အကျိုးပေးတာကို သူကိုယ်တိုင် လှမ်းကြည့်တော့ မြင်နေ ပြီတဲ့။
ဝိပဿနာကံအာရုံထင်နိုင်ပုံ ကျမ်းဂန်အဆိုအမိန့်
ဒီနေရာမှာ ဝိပဿနာကံအာရုံဟာ မရဏာသန္နဇောရဲ့ အာရုံဖြစ်နိုင်ပုံ, ပဋိသန္ဓေ, ဘဝင်, စုတိတို့ရဲ့ အာရုံဖြစ်နိုင်ပုံ ကျမ်းဂန်အဆိုအမိန့်များကို ဆက်လက်ပြီးတော့ နာကြားကြရအောင် -
ပဋ္ဌာန်းဒေသနာတော်မှာ ဘုရားရှင်က ဒီလို ဟောထားတော်မူတယ်။
သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။ (ပဋ္ဌာန၊၁၊၁၃၃။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ -
သေက္ခအရိယာသူတော်ကောင်းတွေ, ပုထုဇန်သူတော်ကောင်းတွေက ကုသိုလ်ကို အနိစ္စလို့, ဒုက္ခလို့, အနတ္တလို့ ဝိပဿနာရှုကြတယ်။ ကုသိုလ်တရား ချုပ်သွားတဲ့အခါ ကုသိုလ်ဇောရဲ့အဆုံးမှာ ဝိပါက်စိတ်က တဒါရုံအဖြစ်နှင့် ဖြစ်ပေါ်လာတယ်တဲ့။
ဒီပါဠိတော်အရ ဝိပဿနာ ကုသိုလ်ဇောနောင်မှာ တဒါရုံကျနိုင်တယ်လို့ သိရတယ်။ သို့သော် နုနယ်နေသေးတဲ့ တရုဏဝိပဿနာ ဇောနောင်မှာသာ ကျနိုင်တယ်လို့ မှတ်ပါ။ ဗလဝဝိပဿနာလို့ ခေါ်ဆိုတဲ့ အားကောင်းတဲ့ လက္ခဏာရမ္မဏိက ဝိပဿနာဇောများရဲ့နောင်မှာ တဒါရုံမကျနိုင်ကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာကြီးက ဖွင့်ဆိုထားပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)
ဒီနေရာမှာ ပြောလိုတဲ့အချက်ကတော့ ပဋိဋ္ဌာန်းအဋ္ဌကထာရဲ့ အဖွင့် ဖြစ်ပါတယ်။
ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ၊ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ န ကေဝလဉ္စ တဒါရမ္မဏဝသေနေဝ၊ ပဋိသန္ဓိဘဝင်္ဂစုတိဝသေနာပိ။ ဝိပါကော ဟိ ကမ္မံ အာရမ္မဏံ ကတွာ ဂဟိတပဋိသန္ဓိကဿ ကုသလာရမ္မဏော ဟောတိယေဝ၊ သော ပန ဒုဗ္ဗိညေယျတ္တာ ဣဓ န ဒဿိတော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆။)
သေက္ခ သို့မဟုတ် ပုထုဇန်ပုဂ္ဂိုလ် တစ်ဦးဦးက သေခါနီးကာလမှာ ကုသိုလ်တရားတွေကို ဝိပဿနာရှုနေတယ်။ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံက ကုသိုလ်တရား ဖြစ်နေတယ်၊ ဘာကုသိုလ်လည်းလို့ မေးစရာရှိတယ်၊ ဒါန ကုသိုလ်လည်း ဖြစ်နိုင်တယ်၊ သီလကုသိုလ်လည်း ဖြစ်နိုင်တယ်။ သမထ ကုသိုလ်လည်း ဖြစ်နိုင်တယ်။ ဝိပဿနာကုသိုလ်လည်း ဖြစ်နိုင်တယ်။ အကယ်၍ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ကုသိုလ်က ဝိပဿနာ ကုသိုလ်ဖြစ်ခဲ့လျှင် ရှုတတ်တဲ့ ဝိပဿနာဉာဏ်ကလည်း ကုသိုလ်ဖြစ်တယ်။ အဲဒီ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံဖြစ်တဲ့ ဝိပဿနာကုသိုလ်ကို ဝိပဿနာကံ လို့လည်း ခေါ်ဆိုတယ်။
ရှေးရှေးဝိပဿနာ ကုသိုလ်ဇောဝီထိ နာမ်တရားစုကို နောက်နောက် သော ဝိပဿနာကုသိုလ်ဇောဝီထိ နာမ်တရားစုက တစ်ဖန်ပြန်၍ ဝိပဿနာရှု နေခြင်း ဖြစ်တယ်။ မရဏာသန္နဇောကလည်း ရှေးရှေးဝိပဿနာကုသိုလ်ဆိုတဲ့ ဝိပဿနာကုသိုလ်ဇောဝီထိ နာမ်တရားစုကိုပဲ ဝိပဿနာရှုနေတယ် ဆိုကြစို့။ အဲဒီ မရဏာသန္နဇောက ဝိပဿနာဇော ဖြစ်နေတဲ့အတွက် အဲဒီ မရဏာသန္န ဝိပဿနာဇောရဲ့နောင်မှာ တဒါရုံကျခဲ့လျှင် အဲဒီ တဒါရုံကလည်း မရဏာသန္န ဝိပဿနာဇောရဲ့ အာရုံဖြစ်တဲ့ ဝိပဿနာကုသိုလ်ကံ = ဝိပဿနာကံကိုပဲ ဆက်လက်အာရုံပြုတယ်။
တဒါရုံကသာ အဲဒီ ဝိပဿနာကုသိုလ် = ဝိပဿနာကံကို အာရုံပြုတာ မဟုတ်သေးဘူး။ နောက်ထပ် ဘဝသစ်မှာဖြစ်မည့် ပဋိသန္ဓေ, ဘဝင်, စုတိ တို့ကလည်း အဲဒီဘဝဟောင်းက မရဏာသန္နဇော = မရဏာသန္နဝိပဿနာဇောရဲ့ အရှုခံအာရုံဖြစ်တဲ့ ဝိပဿနာကုသိုလ် = ဝိပဿနာကံကိုပဲ ဆက်လက် အာရုံပြုကြပါတယ်။ ဒီလို ဝိပဿနာကုသိုလ်ကံအာရုံကို ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝိပါက်တရားက အာရုံပြုတယ်ဆိုတဲ့ ဒီသဘောတရားဟာ သိနိုင်ခဲသော သဘောရှိတဲ့အတွက်ကြောင့် ဤပဋ္ဌာန်းပါဠိတော် ပဥှာဝါရ အာရမ္မဏပစ္စည်းအရာ၌ ဘုရားရှင်က မညွှန်ပြတော်မူခြင်းပဲ ဖြစ်ပါတယ်။
ဒါကတော့ အထက်ပါ ပဋိဋ္ဌာန်းအဋ္ဌကထာရဲ့ ဆိုလိုရင်း သဘောတရား ဖြစ်ပါတယ်။ ဒီပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့မှာ လာရှိတဲ့အတိုင်းပဲ ဝိပဿနာကံအာရုံဟာလည်း အတိတ်မရဏာသန္နဇောရဲ့ အာရုံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေ, ဘဝင်, စုတိတို့ရဲ့ အာရုံဖြစ်နိုင်တယ်လို့ မှတ်သားထားပါ။
စေတနာသုတ္တန်ကောက်နုတ်ချက်
ဒီနေရာမှာ ဝိပဿနာကံတွေကလည်း ပဋိသန္ဓေအကျိုးကို ပေးနိုင်ပုံနှင့် ပတ်သက်၍ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒေသနာတော်တစ်ခုကို နာကြားကြည့်ကြရအောင်။ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ စေတနာသုတ္တန် ဆိုတဲ့ သုတ္တန်တစ်ခု ရှိပါတယ်။ ထိုသုတ္တန်မှာ ဝိပဿနာကံများက ပဋိသန္ဓေ အကျိုးကို ပေးနိုင်ပုံကို ဘုရားရှင်က ဒီလို ဟောကြားထားတော်မူပါတယ်။
နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ၊ အာရမ္မဏေ သတိ ပတိဋ္ဌာ ဝိညာဏဿ ဟောတိ၊ တသ္မိံ ပတိဋ္ဌိတေ ဝိညာဏေ ဝိရူဠှေ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ ဟောတိ၊ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိယာ သတိ အာယတိံ ဇာတိ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ (သံ၊၁၊၂၉၅။)
ဒီ ခုရွတ်ပြတဲ့ ပါဠိတော်ရဲ့ ဆိုလိုရင်း အနက်သဘောတရားတွေကို သံယုတ်ဋီကာဆရာတော်က ဒီလို ထပ်မံပြီး ရှင်းပြထားပါတယ်။
ဧတ္ထ စ နော စေ ဘိက္ခဝေ စေတေတိ နော စ ပကပ္ပေတိ၊ အထ ခေါ အနုသေတီတိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓိဇနကာ ဟောတီတိ ဒဿနတ္ထံ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ, တဒါ ဝိဇ္ဇမာနတေဘူမကဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)
ဒီပါဠိတော်နှင့် ဋီကာအဖွင့်တို့ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ -
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်နေတယ်။ ဘဝလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါးတို့ရဲ့ အနိစ္စပြစ်ချက်, ဒုက္ခပြစ်ချက်, အနတ္တပြစ်ချက်, အသုဘပြစ်ချက်တွေကို သူရဲ့ ဝိပဿနာဉာဏ် က ကောင်းကောင်းကြီး မြင်နေတဲ့အတွက် ဒီလို ဝိပဿနာကံတွေကို ထူထောင်နေတဲ့အခါမှာ ဘဝတစ်ခုခုကို မျှော်လင့်တောင့်တချက်လည်း မရှိဘူး၊ ဘဝတစ်ခုခုကို ရည်ရွယ်တောင့်တပြီး ဝိပဿနာကံကို ထူထောင်နေတာ လည်း မဟုတ်ဘူး။ သို့သော် အရိယမဂ်သို့ မဆိုက်ရောက်သေးသဖြင့် အရိယ မဂ်ဖြင့် မပယ်ရှားနိုင်သေးတဲ့အတွက် ဒီယောဂါဝစရပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်နေတဲ့ အနုသယကိလေသာတွေဟာ အငုတ်ဓာတ်အနေဖြင့် ကိန်းဝပ်လျက်ပင် ရှိနေသေးတယ်။
အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)
အနုသယဓာတ်က ထင်ရှား တည်ရှိနေသေးလျှင် ကမ္မဝိညာဏ်ရဲ့ ဖြစ်ပေါ်လာမှုကို ဘယ်လိုမှ တားမြစ်လို့ မရနိုင်ဘူး။ ဒါကြောင့် အနုသယဓာတ် ထင်ရှားရှိနေခြင်းဟာလည်း သူထူထောင်နေတဲ့ ဝိပဿနာကံတွေက ဘဝသစ် ဆိုတဲ့ အကျိုးခန္ဓာငါးပါးကို ဖြစ်ပေါ်စေဖို့ရန် အကြောင်းတရားပင် ဖြစ်တယ်။ ဒီဝိပဿနာကံဟာ နောင်ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ ကမ္မဝိညာဏ်အဆင့်၌ တည်သွားပြီဆိုလျှင် စည်ပင်ပြန့်ပွားလာပြီဆိုလျှင် တစ်ချိန်မှာ ဒီဝိပဿနာကံက ဘဝသစ်ကို ဖြစ်စေတယ်။ ဘဝသစ်ဖြစ်လာတာနှင့် တစ်ပြိုင်နက် အနာဂတ်မှာ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသဆိုတဲ့ မီးတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် လောင်လာတော့တယ်။ ဒါကတော့ ဒီစေတနာသုတ္တန် ပါဠိတော်ရဲ့ ဆိုလိုရင်းဖြစ်တယ်။
အလားတူပဲ ယောဂီပုဂ္ဂိုလ်တစ်ဦးက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုက်တာ သင်္ခါရုပေက္ခာဉာဏ်သို့ ရောက်ပြီဆိုကြစို့။ ဒီယောဂီပုဂ္ဂိုလ်က အကယ်၍ မိမိရဲ့ သင်္ခါရုပေက္ခာဉာဏ်ကို နှစ်သက်ခဲ့မယ်ဆိုလျှင် ဒီသင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးခြင်းဆိုတဲ့ လောဘကိလေသာက ဒီ သင်္ခါရုပေက္ခာဉာဏ်ကို နောင်ဘဝသစ်တစ်ခုကို ဖြစ်စေတဲ့ ကမ္မဝိညာဏ် ဖြစ်ရေးအတွက် အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်တယ်။ ဆိုလိုတာကတော့ သင်္ခါရုပေက္ခာဉာဏ်ကို တွယ်တာနှစ်သက်တဲ့ လောဘကိလေသာ အပေါင်းအဖော်ကို ရရှိတဲ့အတွက် ဒီသင်္ခါရုပေက္ခာဉာဏ် က နောင်ဘဝသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတဲ့ ကံတစ်ခုဖြစ်သွားတယ်။ သင်္ခါရုပေက္ခာဉာဏ်က ဘဝသစ်ကို ဖြစ်စေတတ်တဲ့ ဇနကအကြောင်းတရား ဖြစ်တယ်။ သင်္ခါရုပေက္ခာဉာဏ်ကို အလွန်နှစ်သက်မြတ်နိုးနေတဲ့ လောဘ ကိလေသာက သင်္ခါရုပေက္ခာဉာဏ်ကို အားပေးထောက်ပံ့တတ်တဲ့ ဥပတ္ထမ္ဘက အကြောင်းတရား ဖြစ်တယ်။ ဒီလိုလည်းပဲ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (ပဋိသံ-၆၀)နှင့် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ (ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)တို့က ဆိုထားကြပါတယ်။
ခုပြောခဲ့တဲ့ ကျမ်းဂန်အဆိုအမိန့်များနှင့် အညီပဲ ဒီယောဂီပုဂ္ဂိုလ်က အတိတ်ဘဝက ဝိပဿနာကံကို ထူထောင်ခဲ့ဖူးတဲ့အတွက် ဒီဝိပဿနာကံက ဒီဘဝ ပဋိသန္ဓေငါးပါး အစရှိတဲ့ ဝိပါက်ခန္ဓာတွေကို ဖြစ်စေတတ်တာကို သူရဲ့ ဝိပဿနာဉာဏ်နှင့် သူကိုယ်တိုင် တွေ့ရှိနေပါတယ်။ စိတ်ကြောင့် စိတ္တဇရုပ် တွေ ဖြစ်သလို ဒီကမ္မသတ္တိကြောင့် ဒီဘက်ဘဝမှာ ကမ္မဇရုပ်တွေဟာ ပဋိသန္ဓေ အခိုက်ကနေစပြီး ဘဝတစ်လျှောက်မှာ တဖွားဖွားဖြစ်နေတာကို လှမ်းပြီးတော့ မြင်နေပြီ၊ မြင်လိုက်တဲ့ အချိန်အခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းအရ ပြောကြစို့ဆိုလျှင် ဘယ်လိုသိမ်းဆည်းရမလဲ?
အဝိဇ္ဇာဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ အဝိဇ္ဇာက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
တဏှာဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ တဏှာက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
ဥပါဒါန်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ ဥပါဒါန်က အကြောင်းတရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
သင်္ခါရဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ သင်္ခါရက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား။
ကံဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ်ဖြစ်၏၊ ကံက အကြောင်း တရား, ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား ... စသည်ဖြင့် ဤကား အကြောင်း တရား, ဤကား အကျိုးတရားလို့ ဒီလို ရှုရပါတယ်။
သို့သော် ပစ္စုပ္ပန် အကြောင်းတရားတွေထဲမှာတော့ အာဟာရကို ပဓာန ထားပြီးတော့ ပဋိသမ္ဘိဒါမဂ်ပါဠိတော် (ပဋိသံ-၅၄။)မှာလည်း ဟောခဲ့တယ်။ ဘုရားရှင် ကိုယ်တော်တိုင်ကလည်း သတ္တဋ္ဌာနကုသလသုတ္တန် (သံ၊၂၊၅၁။) စသည်တို့မှာ ဟောကြားထားတော်မူပါတယ်။ အာဟာရက ပစ္စုပ္ပန်အကြောင်း တရားဖြစ်တော့ ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီနေတဲ့ စိတ်နှင့်ဥတုကို လည်း ထည့်သွင်းပြီး ရေတွက်ရတဲ့အကြောင်း ဋီကာဆရာတော်များကလည်း ရှင်းလင်းတင်ပြထားပါတယ်။ (မဟာဋီ၊၂၊၄၂၁။)။
ဒီတော့ စိတ်ဖြစ်ခြင်းကြောင့် စိတ္တဇရုပ်ဖြစ်၏၊ စိတ်က အကြောင်းတရား, စိတ္တဇရုပ်က အကျိုးတရား။
ကလာပ်တစ်ခုတစ်ခုမှာ တည်ရှိတဲ့ တေဇောဓာတ် = ဥတုကလည်း နောက်ထပ် ဆင့်ကဲရုပ်ကလာပ် အသစ်အသစ်တွေကို ဆင့်ကဲ ဖြစ်စေနိုင်တဲ့ အတွက် ဖြစ်စေပုံကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး တေဇောဓာတ် ဖြစ်ခြင်း ကြောင့် = ဥတုဖြစ်ခြင်းကြောင့် ဥတုဇရုပ်ဖြစ်၏၊ ဥတုက အကြောင်းတရား, ဥတုဇရုပ်က အကျိုးတရား။
အလားတူပဲ ကလာပ်တစ်ခုမှာတည်ရှိနေတဲ့ ဩဇာဓာတ်တွေကလည်း ဟိုအာဟာရဇဩဇာရဲ့ အားပေးထောက်ပံ့မှု အကူအညီကို ရရှိတဲ့အချိန်အခါ မှာ ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိကြတယ်။ အဲဒီ ဖြစ်ပေါ်စေပုံကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီးတော့ အာဟာရဖြစ်ခြင်းကြောင့် အာဟာရဇရုပ်ဖြစ်၏။ အာဟာရက အကြောင်းတရား, အာဟာရဇရုပ်က အကျိုးတရား ... စသည်ဖြင့် ဒီလို သိမ်းဆည်းရပါတယ်။
ဒီလို သိမ်းဆည်းတဲ့အပိုင်းက ဒီပဋိသန္ဓေအခိုက်မှာသာ သိမ်းဆည်းရ သလားဆိုတော့ ဒီလို မဟုတ်ပါဘူး။ ဘဝတစ်လျှောက်မှာ ထိုက်သလိုဖြစ်ပေါ် သွားတဲ့ ဒွါရခြောက်ပါးလို့ ခေါ်ဆိုအပ်တဲ့ ဝီထိစိတ်အစဉ် ခြောက်မျိုးစလုံးမှာ တည်ရှိနေတဲ့ ခန္ဓာငါးပါးတွေကို စနစ်တကျ သိမ်းဆည်းရတဲ့ လုပ်ငန်းခွင်တွေ ဖြစ်ပါတယ်။ ဒါကတော့ ဆရာသမားနှင့် ချဉ်းကပ်လေ့လာမှ ကျကျနန အသေးစိတ် နားလည်မယ်။
---အတိတ်ရဲ့အတိတ်အကြောင်း
အဲဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းလိုက်လို့ရှိ လျှင် ဒီလောက်မြင်ရုံနဲ့ ကိစ္စပြီးရောလားဆိုတော့ မဟုတ်သေးပါဘူး။
အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)
စသည်ဖြင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးများက ဖွင့်ဆိုထားကြပါ တယ်။ အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနှင့် အကျိုးတရား, ပစ္စုပ္ပန်ကြည့်လိုက်လည်း အကြောင်းတရားနှင့် အကျိုးတရား, အနာဂတ်ကြည့် တော့လည်း မဆုံးသေးဘူး ဆိုလျှင်ပေါ့ အကြောင်းတရားနှင့် အကျိုးတရားပဲ ရှိတယ်လို့ ဒီလိုသိအောင် ရှုပါဆိုပြီး ဆက်လက် ညွှန်ကြားထားတယ်။ ဒီ ညွှန်ကြားချက်များအရ အတိတ်မှာလည်း အကြောင်းတရားနှင့် အကျိုးတရား ပဲ ရှိတယ်ဆိုလျှင် အတိတ်ရဲ့ အကြောင်းကိုလည်း လှမ်းပြီးသိအောင် ရှုဖို့မလို ဘူးလား? လိုအပ်လာတယ်။
ခုနက ယောဂီကို ပုံစံထုတ်ပြောမယ်ဆိုလျှင်တော့ --- ကဿပမြတ်စွာ ဘုရားရှင် သာသနာတော် ကွယ်ပြီးတဲ့ နောက်ပိုင်း အချိန်တစ်ခုလို့ ဆိုနိုင် ပါတယ် သို့မဟုတ် ခန့်မှန်းရတယ် --- ထိုအချိန်အခါမှာ သူက ရသေ့သူတော် ကောင်းတစ်ဦးနှင့် ဆုံတွေ့ရတဲ့အတွက် ထိုရသေ့သူတော်ကောင်းက သူ့ကို အရိုးစုကမ္မဋ္ဌာန်းအကြောင်းတွေ ဟောပြတယ်။ ဟောပြလိုက်တဲ့ အချိန်အခါ ကျတော့ သူက ဘာလုပ်သလဲ? မိမိရှိတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့ကို စွန့်လွှတ်ပြီး ထိုရသေ့နောက် တောထဲကို လိုက်သွားပြီးတော့ အရိုးစုကမ္မဋ္ဌာန်း ကို ပွားများအားထုတ်ပါတယ်။ အားထုတ်လိုက်တဲ့ အချိန်အခါမှာ အရိုးစု ကမ္မဋ္ဌာန်းဖြင့် ပထမစျာန် သမာဓိအထိ ဆိုက်ခဲ့တယ်။ ပထမစျာန် သမာဓိကို ဆိုက်တဲ့အခါ ဒီပထမစျာန် သမာဓိကိုပဲ ခိုင်ခံ့အောင် သေသည့်တိုင်အောင် ထူထောင်နိုင်တဲ့အတွက် ကွယ်လွန်သွားတဲ့အခါမှာ ဗြဟ္မာ့ပြည်ကို ရောက်ရှိ သွားပါတယ်။
ဒီတော့ ဒီပထမစျာန် သမာဓိက အရိုးစုကမ္မဋ္ဌာန်းကို အရိုးစုအာရုံကို ယူပြီးတော့ ပွားများအားထုတ်ထားတဲ့ ပထမစျာန်သမာဓိ ဖြစ်ပါတယ်။ စိတ် စေတသိက် ဘယ်နှစ်လုံး ရှိသလဲ? (၃၄)လုံး ရှိပါတယ်။ ပထမစျာန် နာမ်တရား တွေမှာ စိတ်စေတသိက် ဘယ်နှစ်လုံးလဲ? (၃၄)လုံး၊ (၃၄)လုံးသော နာမ်တရား ဆိုတဲ့ ဒီသင်္ခါရတရားတွေရဲ့ စွမ်းအင်ကမ္မသတ္တိကြောင့် ဗြဟ္မာ့ပြည်မှာ သူက ဗြဟ္မာအဖြစ်နဲ့ ပဋိသန္ဓေတည် နေခဲ့ရပါတယ်။ ဗြဟ္မာဘဝမှ စုတေပြီးတော့ လူ့ပြည်ကို တစ်ဖန်ပြန်ပြီးတော့ ဆင်းသက်လာခဲ့တယ်။
ဆင်းသက်လာတဲ့ အချိန်အခါမှာ ဘယ်ကံက အကျိုးပေးပါသလဲ ဆိုတာ ကို တစ်ဖန်ပြန်ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါကျတော့ ဒီအရိုးစုကမ္မဋ္ဌာန်း ကို ပွားများအားထုတ်ခဲ့တဲ့ ပထမစျာန်သမာဓိရဲ့ ရှေ့ပိုင်းမှာ တည်ရှိနေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ဇောစိတ် အစဉ်လေးတွေက ကာမာဝစရ သမာဓိဇောများ ဖြစ်ကြပါတယ်။ ထိုကာမာဝစရ သမာဓိဇောတွေက လူ့ပြည် လူ့လောကမှာ ပဋိသန္ဓေတည် နေဖို့ရန်အတွက် အကြောင်းတရားတစ်ခု အဖြစ်နဲ့ ကျေးဇူးပြုပေးလိုက်တဲ့အတွက် လူ့ဘဝမှာ လာပြီးတော့ ပဋိသန္ဓေ ခန္ဓာငါးပါးကို တစ်ဖန်ပြန်ပြီးတော့ ရရှိပြန်တယ်။
ရရှိလိုက်တဲ့ အချိန်အခါမှာ လူ့ဘဝရောက်တော့ ရဟန်းဘဝနဲ့ သူက တရားဘာဝနာ ပွားများအားထုတ်ခဲ့ပါတယ်။ ရဟန်းဘဝနဲ့ တရားဘာဝနာ အားထုတ်လိုက်တဲ့အတွက် ရဟန်းဘဝမှာ ကံတွေအမျိုးမျိုး ထူထောင်တဲ့ အထဲက ဘာကံက လက်ရှိဘဝမှာ ပဋိသန္ဓေအကျိုးကို ပေးသလဲလို့မေးတော့ ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေက အကျိုးပေးပြန်တယ်။ အဲဒီလို အကြောင်းတရားနဲ့ အကျိုးတရားတွေကို ဒီလို စွမ်းအားရှိသလောက် အတိတ် အဆက်ဆက်ကို ဉာဏ်မီသလောက် အကြောင်းတရားနှင့် အကျိုးတရားတွေ ကို သိမ်းဆည်းတတ်ဖို့တော့ လိုပါတယ်။
---အနွယဉာဏ်နှင့်ရှုပုံ
သို့သော် သံသရာခရီးဆိုတာက ရှည်လျားလှတဲ့အတွက် သာဝကတစ်ဦး အနေဖြင့် အတိတ်အဆက်ဆက်ကို ကုန်အောင်လှမ်းပြီး ရှုနိုင်မလားလို့ဆို တော့ မရှုနိုင်ပါဘူး။ ရှုလိုက်နိုင်တဲ့ဘဝ, ရှုလိုက်နိုင်တဲ့ အကြောင်းတရား အကျိုး တရားက အနည်းငယ်သာဖြစ်ပြီး မရှုလိုက်နိုင်တဲ့ အကြောင်းတရား အကျိုး တရားတွေက များစွာရှိပါတယ်။ ရှုလိုက်နိုင်တဲ့ အတိတ်တွေနှင့် အကြောင်း တရားတွေ အကျိုးတရားတွေကို သိမ်းဆည်းနိုင်တဲ့အခါ မရှုလိုက်နိုင်တဲ့, မရှု လိုက်မိတဲ့ ဟိုအတိတ်တွေမှာလည်း ထိုနည်းလည်းကောင်းပဲဆိုပြီး ထိုအချိန် အခါမှာ နည်းကိုဆောင်ပြီးတော့ ထပ်မံရှုရပါတယ်။ အဲဒီလို ရှုတဲ့နည်းကို အနွယဉာဏ်လို့ ခေါ်ပါတယ်။ (အဘိ၊၂၊၃၄၁-၃၄၂။ သံ၊၁၊၂၈၉။)
ဒီတော့ ဆိုလိုတာက ဒီအကြောင်းတရား အကျိုးတရားကို သိမ်းဆည်းတဲ့ အပိုင်းမှာ အနွယဉာဏ်ဖြင့် သိမ်းဆည်းတဲ့အပိုင်းလည်း ရှိတယ်၊ ပစ္စက္ခဉာဏ် လို့ ခေါ်ဆိုအပ်တဲ့ တိုက်ရိုက် ကိုယ်တိုင် ထွင်းဖောက်သိမြင်အောင်ရှုတဲ့ ဓမ္မဉာဏ် = အတ္တပစ္စက္ခဉာဏ်ဖြင့် သိမ်းဆည်းတဲ့အပိုင်းလည်း ရှိတယ်။ (သံ၊၁၊၂၈၉။ သံ၊ဋ္ဌ၊၂၊၃၂။) အနွယဉာဏ်, ပစ္စက္ခဉာဏ်နှစ်မျိုးဖြင့် ဒီအကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ အနာဂတ်မှာလည်း ထိုနည်း လည်းကောင်း ဖြစ်ပါတယ်။
စာပေကျမ်းဂန်များမှာတော့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် ရုပ်နာမ်တွေကိုရော, အကြောင်းတရားပိုင်းတွင် အကျုံးဝင်တဲ့ ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တွေကိုရော သိမ်းဆည်းဖို့ရန် ညွှန်ကြားထားတော်မူပါတယ်။ ဒီလို သိမ်းဆည်းမယ်ဆိုလျှင်တော့ ဒီအပိုင်းဟာ အကောင်းဆုံးသော အပိုင်း ဖြစ်ပါ တယ်။ အချို့အချို့သော စက္ခုပသာဒရုပ် စသည်ကဲ့သို့သော ပရမတ္ထဓာတ် သားတွေရဲ့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဟာ အတိတ်အကြောင်း တရားတွေနှင့် ဆက်စပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဆရာသမားနှင့်ပဲ ချဉ်းကပ်လေ့လာပါ။
ဒီတော့ ဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းလို့ အောင်မြင်ပြီဆိုတဲ့ အချိန်အခါကျတော့မှ ထိုယောဂီပုဂ္ဂိုလ်က အကြောင်း တရားနှင့်တကွသော ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတွေကို ဘာလုပ်ရသလဲ? ဖြစ်ပြီးပျက်နေတဲ့ သဘောတရားတွေကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး အနိစ္စလို့ ရှုရတယ်။ ဖြစ်ခြင်းပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရ တဲ့ သဘောတွေကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီး ဒုက္ခလို့ ရှုရပါတယ်။ မပျက် စီးပဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ် တဲ့ သဘောတရားတွေကို ဉာဏ်နှင့်မြင်အောင်ကြည့်ပြီတော့ အနတ္တလို့ ရှုရတယ်။ အဲဒီ အပိုင်းရောက်မှ ဝိပဿနာနယ်ထဲ စဝင်ပါတယ်။
---ဝယဓမ္မာနုပဿီပိုင်း
သို့သော် ဘုရားရှင်က အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး တရား ထင်ရှားဖြစ်ပုံလောက်ကိုသာ ရှုဖို့ရန်အတွက် သတိပဋ္ဌာန် ကျင့်စဉ်များ မှာ ညွှန်ကြားပါသလားလို့မေးတော့ မဟုတ်ဘူး။ ဘာတွေ ညွှန်ကြားသေး သလဲ? ဝယဓမ္မာနုပဿီ = အကြောင်းတရားတွေ ချုပ်ငြိမ်းခဲ့လျှင် အကျိုး တရားတွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင်ရှုပါဆိုပြီး အတိအကျ ညွှန်ကြား ထားတယ်။ အကြောင်းတရားတွေက ဘာတွေလဲလို့မေးတော့ ပဓာနနည်း အားဖြင့် ပြောလျှင်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေပဲ။
---ဥပ္ပါဒနိရောဓ
ဒီအဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ကိလေသာတွေက ချုပ်ငြိမ်းတယ်ဆိုတာ မှာ ချုပ်ငြိမ်းမှုက နှစ်မျိုးရှိပါတယ်။ ဥပ္ပါဒနိရောဓခေါ်တဲ့ နောင်တစ်ဖန် ဖြစ်ခွင့် ရှိနေသော ချုပ်ငြိမ်းမှုက တစ်မျိုး, အနုပ္ပါဒနိရောဓခေါ်တဲ့ နောင်တစ်ဖန် ဘယ်တော့မှ ဖြစ်ခွင့်မရှိတဲ့ ချုပ်ငြိမ်းမှုက တစ်မျိုးဆိုပြီး နှစ်မျိုးရှိတယ်။
ဥပ္ပါဒနိရောဓ ဆိုတာကတော့ လက်ရှိတရားနာနေတဲ့ ပရိသတ်တွေမှာ ရော တရားဟောနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာရော တည်ရှိနေတဲ့ ရုပ်တရား နာမ်တရားတွေရဲ့ ဓမ္မတာကိုက ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်။ ပျက်သွား ပေမယ်လို့ အကြောင်းတရားတွေက ကျေးဇူးပြုပေးနေသေးတယ်ဆိုလျှင် အကြောင်းတရားတွေ ထင်ရှားရှိနေလျှင် အကျိုးတရားတွေက ဆက်ကာ ဆက်ကာပဲ ထပ်ကာထပ်ကာဖြစ်နေမှာ ဖြစ်တယ်။ အဲဒီလို ချုပ်ငြိမ်းမှုမျိုးကို တော့ ဥပ္ပါဒနိရောဓ၊ နောင်တစ်ဖန် ဖြစ်ခွင့်ရှိနေသော ချုပ်ငြိမ်းမှုလို့ ခေါ်တယ်။
အဲဒီ ဥပ္ပါဒနိရောဓကိုလည်း မြင်အောင်ရှုရမှာ ဖြစ်တယ်။ ဒီဥပ္ပါဒနိရောဓ ကို မြင်အောင်ရှုတဲ့ဉာဏ်ကို ခဏတောဝယဒဿနဉာဏ် = ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ ပျက်မှုချုပ်မှုတို့ကို မြင်အောင်သိအောင် ရှုတဲ့ဉာဏ်လို့ ခေါ်ပါတယ်။ ထိုဥဒယတောဝယဒဿနဉာဏ်ဖြင့် မြင်ထားတဲ့ ဥပ္ပါဒနိရောဓ ကိုလည်း မြင်အောင်ရှုရမယ်။
---အနုပ္ပါဒနိရောဓ
နောက်တစ်ခုကတော့ အနုပ္ပါဒနိရောဓ ဖြစ်တယ်။ အနုပ္ပါဒနိရောဓ ဆိုတာက နောင်တစ်ဖန် ဖြစ်ခွင့်မရှိသော ချုပ်ငြိမ်းမှု ဖြစ်ပါတယ်။ နောက်ထပ် တစ်ဖန် ဘယ်တော့မှ ထပ်ပြီး မဖြစ်တော့ဘူး၊ ယတိပြတ် ချုပ်ငြိမ်းသွားတယ်။ ဘယ်အချိန်အခါမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသာ အားလုံးဟာ ယတိပြတ် ချုပ်ငြိမ်းမလဲလို့မေးလျှင် ဘယ်လို ဖြေကြမလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ်ရတဲ့ အချိန်အခါကျလျှင် ယတိပြတ် ချုပ်ငြိမ်းမယ်။
အရဟတ္တမဂ် အရဟတ္တဖိုလ်ရလို့ ယတိပြတ် ချုပ်ငြိမ်းပြီဆိုလျှင် အခု တရားနာနေတဲ့ ပရိသတ်တွေ ပြန်ပြီး ဆန်းစစ်ကြည့်ကြ။ မိမိတို့ အခုနေ အချိန်အခါမှာ ရဟန္တာ ဖြစ်ပြီလားလို့မေးလျှင် ဘယ်လိုဖြေမလဲ? မဖြစ်သေး ဘူး။ ဘယ်အချိန်အခါမှာ ဖြစ်မလဲလို့မေးတော့ မိမိတို့က တကယ်ပါရမီလည်း ရှိလို့၊ တကယ်ကြိုးစားလိုက်လို့ရှိလျှင် ဒီဘဝမှာ ရဟန္တာ ဖြစ်ချင်လည်းဖြစ်မယ် သို့မဟုတ် နောက်ဘဝလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်ဘဝ တစ်ခုခုမှာသော် လည်း ရဟန္တာ ဖြစ်ချင်ဖြစ်မယ်။ ထိုရဟန္တာဖြစ်မည့် အချိန်အခါမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဦးဆောင်နေတဲ့ ကိလေသာတရားတွေအားလုံး ယတိပြတ် လုံးလုံး နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတယ်။ အဲဒီ ချုပ်ငြိမ်းမှုကိုတော့ အနုပ္ပါဒနိရောဓလို့ ခေါ်တယ်။ (မဟာဋီ၊၂၊၄၂၁။)။
ထိုအနုပ္ပါဒနိရောဓကိုလည်း ဒီသတိပဋ္ဌာန်ကျင့်စဉ်အပိုင်းမှာ အခုလို ပုထုဇန်အဖြစ်နဲ့ သတိပဋ္ဌာန်တရားတွေကို ပွားများနေတုန်းမှာ မြင်အောင်ရှုဖို့ မြတ်စွာဘုရားက ညွှန်ကြားနေပါတယ်။ ဒီလိုဆိုလျှင် သတိပဋ္ဌာန် ဒေသနာ တော်မှာ မြတ်စွာဘုရားသည် အတိတ်ကိုလည်းရှုဖို့ ဟောသလား၊ မဟောဘူး လား? ဒီလိုမေးလျှင် ဘယ်လိုဖြေမလဲ? ဟောနေပါတယ်။ အနာဂတ်ကိုလည်း ရှုဖို့ ဟောသလား မဟောဘူးလားလို့မေးလျှင် ဟောနေပါတယ်။ ဘယ် အနာဂတ်လဲလို့မေးလျှင် ဒီဘဝမှာ ရဟန္တာဖြစ်မည့် ပုဂ္ဂိုလ်က ဒီဘဝအနာဂတ်ပဲ။
ခုအခါမှာ သူက ရဟန္တာ မဖြစ်သေးဘူး ဆိုလို့ရှိလျှင်တော့ ဒီအခုလက်ရှိ အခြေအနေကနေ လှမ်းပြီး ကြည့်မယ်ဆိုလျှင် ဒီဘဝအနာဂတ်လို့ မပြောနိုင် ဘူးလား? ပြောနိုင်တယ်။ နောင်တစ်ချိန် ဘဝတစ်ခုခုကျမှ ရဟန္တာဖြစ်မယ် ဆိုလို့ရှိလျှင်လည်း နောင်ရဟန္တာဖြစ်မည့်ဘဝကို အနာဂတ်လို့ မပြောနိုင်ဘူး လား? ပြောနိုင်တယ်။ ထိုရဟန္တာဖြစ်မည့် အချိန်အခါမှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေက ယတိပြတ် ချုပ်ငြိမ်းပြီ။ ကိလေသာအစိုဓာတ် အစေးဓာတ်ရှိပါ မှ, ကိလေသာအဖော်သဟာယ်ကို ရရှိပါမှ ကံတွေက အကျိုးပေးနိုင်တဲ့စွမ်းအား ရှိပါတယ်။ ကိလေသာ အစိုဓာတ်အစေးဓာတ် မရှိတော့ဘူး၊ ခန်းခြောက်သွား ပြီဆိုလျှင် ကံတွေသည် အကျိုးပေးနိုင်တဲ့စွမ်းအား ရှိသေးသလား? မရှိ တော့ဘူး။
ကံတွေက အကျိုးမပေးတော့ဘူးဆိုလို့ရှိလျှင် ပရိနိဗ္ဗာန်စံပြီးတဲ့ အချိန် အခါ ဆိုကြစို့၊ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်မှာ နောက်ထပ်တစ်ဖန် ခန္ဓာ ငါးပါးအသစ် ဖြစ်ပေါ်မှုဆိုတာ ရှိဦးမလား? မရှိတော့ဘူး။ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားပြီး အဲဒီ ခန္ဓာငါးပါးတို့ရဲ့ နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းမှုဖြင့် ချုပ်ငြိမ်းခြင်းကိုလည်း အနုပ္ပါဒနိရောဓလို့ခေါ်တယ်။ ဒီတော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေရဲ့ နောင် တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း အနုပ္ပါဒနိရောဓလို့ ခေါ်တယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ပရိနိဗ္ဗာနစုတိ ကို နောက်ဆုံးထားကာ ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း အနုပ္ပါဒနိရောဓလို့ပဲ ခေါ်တယ်။ အနုပ္ပါဒနိရောဓ ဘယ်နှစ်မျိုးရှိလဲ? နှစ်မျိုးရှိပါတယ်။ ထိုအနုပ္ပါဒနိရောဓ နှစ်မျိုးလုံးကို ဘာလုပ်ရမလဲ? ယောဂီပုဂ္ဂိုလ်က မြင်အောင်ရှုရမယ်။
---သဥပါဒိသေသနိဗ္ဗာန် = ကိလေသပရိနိဗ္ဗာန်
နည်းနည်းနားလည်လွယ်အောင် ထပ်ပြောလျှင်ပေါ့၊ ဘုန်းကြီးတို့ မြတ်စွာ ဘုရားကို ဦးတည်ပြီးတော့ ပြောကြရအောင်။ မြတ်စွာဘုရားဘက်ကနေ ကြည့်မယ်ဆိုလျှင် မြတ်စွာဘုရားရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ယတိပြတ် အမြစ်ပြတ် နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတာ ဘယ်အချိန်အခါလည်းလို့မေးတော့ ဘုရားဖြစ်တော်မူတဲ့ အချိန်အခါပဲ။ တစ်နည်းပြောရလျှင်တော့ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုက်သွားတဲ့ အချိန် ပဲ။ အရဟတ္တမဂ်, အရဟတ္တဖိုလ်ဆိုက်ပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားရဲ့ သန္တာန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေက လုံးဝချုပ်သွားပြီ။ အဲဒီ ချုပ်ငြိမ်းမှုကို အနုပ္ပါဒနိရောဓလို့လည်း ခေါ်တယ်။ နောက်တစ်နည်း ခေါ်တာကတော့ သဥပါဒိသေသနိဗ္ဗာန်လို့လည်း ခေါ်ပါတယ်။ သဥပါဒိသေသနိဗ္ဗာန် ဆိုတာကတော့ ခန္ဓာငါးပါးတော့ ကြွင်းကျန်နေသေးတယ်။ ကိလေသာတွေက ချုပ်ငြိမ်းသွားတယ်။ နောက်တစ်နည်း ခေါ်တာကတော့ ကိလေသ ပရိနိဗ္ဗာန်လို့လည်း ခေါ်တယ်။ ကိလေသပရိနိဗ္ဗာန် စံတော်မူတယ်လို့ ဒီလို လည်း ခေါ်ဝေါ်သုံးစွဲတယ်။
---အနုပါဒိသေသနိဗ္ဗာန် = ခန္ဓပရိနိဗ္ဗာန်
မြတ်စွာဘုရားရဲ့ သန္တာန်မှာ ခန္ဓာငါးပါးတို့က နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသွားကြတယ်။ ဘယ်အချိန်အခါမှာလဲ? ဘုရား အဖြစ်သို့ ရောက်တော်မူပြီးနောက် လေးဆယ့်ငါးဝါပြည့်ပြီ၊ ပြည့်လို့ ကုသိနာရုံ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်အတွင်းမှာ ပရိနိဗ္ဗာန် စံလွန်တော်မူတဲ့ အချိန်အခါ မှာ ဘုရားရှင်ရဲ့ သန္တာန်တော်မှာ နောက်ထပ်တစ်ဖန် ခန္ဓာငါးပါး အသစ်ထပ်မံပြီး ဖြစ်ပေါ်မှုရှိသေးလား? မရှိတော့ဘူး။
ဒါဖြင့် ဆိုလိုတာက ကိလေသာချုပ်ငြိမ်းမှု ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓာ ငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန်သည် မြတ်စွာဘုရားရှင်အတွက် ကွက်ပြီး ကြည့်မယ်ဆိုလျှင် ဘယ်လောက်ကြာသွားသလဲ? လေးဆယ့်ငါးနှစ်ကြာတယ်။ ဒီ ခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု = ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူခြင်းကိုပင် အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံတော် မူတယ်လို့လည်း ခေါ်ဝေါ်သုံးစွဲပါတယ်။ ဒီလိုဆိုတော့ ခန္ဓပရိနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်ဟာ အတူတူပဲလို့ မှတ်ပါ။
---အသင်္ခတနိဗ္ဗာန်
တစ်ဖန် ဘုရားရှင်သည် အဲဒီ လေးဆယ့်ငါးနှစ် ကာလအတွင်းမှာ အခွင့် သင့်တိုင်း အခါအခွင့် ရရှိတိုင်း ယုတ်စွအဆုံးအားဖြင့် ခုလို တရားဟောပြီး နေတဲ့အချိန် တရားနာပရိသတ်တွေက သာဓုခေါ်ပြီ၊ သာဓုသုံးကြိမ်ခေါ်တဲ့ အချိန်အခါကလေးမှာတောင် အချိန်ကာလ ကန့်သတ် ပိုင်းခြားပြီးတော့ အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားတော်မူပါတယ်။ ထိုအရဟတ္တဖိုလ်သမာပတ်က ဘာကို အာရုံပြုသလဲလို့မေးတော့ အသင်္ခတဓာတ်နိဗ္ဗာန်ကို အာရုံ ပြုတယ်။
အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံပြုတယ်ဆိုတော့ အသင်္ခတနိဗ္ဗာန်ဆိုတာက မည်သည့်အကြောင်းတရား တစ်စုံတစ်ရာမှ ပြုပြင်မှု မရှိတဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရားကြီးပဲ။ ထို အငြိမ်းဓာတ် နိဗ္ဗာန်တရားကြီးကို မြတ်စွာဘုရားက လှမ်းပြီးတော့ အာရုံယူတယ်။ ဘာနှင့် အာရုံယူသလဲ? အရဟတ္တဖိုလ်စိတ်ဖြင့် လှမ်းပြီးတော့ အာရုံယူပါတယ်။ အရဟတ္တဖိုလ်စိတ် ဖြင့် ထိုအငြိမ်းဓာတ်နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးနေတာကို အရဟတ္တဖိုလ် သမာပတ် ဝင်စားတော်မူတယ်လို့ ခေါ်ပါတယ်။ ဒီအရဟတ္တဖိုလ်သမာပတ်ရဲ့ အာရုံဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က နိရောဓသစ္စာအစစ် ဖြစ်တယ်။ ခုနက ပြောခဲ့တဲ့ ကိလေသာတို့ရဲ့ ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓ သဘောက သဥပါဒိသေသနိဗ္ဗာန် တစ်နည်း ကိလေသပရိနိဗ္ဗာန် ဖြစ်ပါတယ်။ ခန္ဓာငါးပါးတို့ရဲ့ အမြစ်ပြတ်ချုပ်ငြိမ်းမှုကိုတော့ အနုပါဒိသေသနိဗ္ဗာန် ဝင်စံ တော်မူတယ်လို့လည်းခေါ်တယ်၊ ခန္ဓပရိနိဗ္ဗာန် ဝင်စံတော်မူတယ်လို့လည်း ခေါ်တယ်၊ ခန္ဓာတို့ရဲ့ အနုပ္ပါဒနိရောဓသဘောလို့လည်း ခေါ်ပါတယ်။
---အနုပ္ပါဒနိရောဓသဘောကို ရှုပုံနည်းလမ်း
ဒီတော့ ဒီသတိပဋ္ဌာန်ကျင့်စဉ်ပိုင်းမှာ ယောဂီပုဂ္ဂိုလ်အနေနဲ့ ဒီအနုပ္ပါဒ နိရောဓနှစ်မျိုးကို မြင်အောင်ရှုရမလား၊ မရှုရဘူးလား? ရှုရတော့မယ်။ ဒါက အနာဂတ်နှင့် သက်ဆိုင်နေတဲ့ ရှုကွက်ဖြစ်ပါတယ်။ ဒါလေးတွေကို ဘုန်းကြီး ဘက်က အခုလို ဂဃနဏ ရှင်းလင်းတင်ပြနေရတာက သတိပဋ္ဌာန်ကျင့်စဉ်ဆို တာ အတိတ်, အနာဂတ်နှင့် မသက်ဆိုင်ဘူးဆိုတဲ့ အရိုးခိုက်အောင်စွဲနေတဲ့ အစွဲကလေးတွေဟာ ယောဂီပရိသတ်တွေရဲ့ သန္တာန်မှာ မဖြစ်စေချင်တဲ့ အတွက်ကြောင့် ပြောနေခြင်း ဖြစ်ပါတယ်။
ဒီတော့ အကြောင်းတရားတွေ ချုပ်ငြိမ်းခဲ့လျှင် အကျိုးခန္ဓာငါးပါး ချုပ်ငြိမ်းမှုကို ဘယ်လိုရှုမလဲလို့ မေးစရာရှိတယ်။ ယောဂီပုဂ္ဂိုလ်က ခုလို ပစ္စုပ္ပန် မှာ ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းပြီးပြီ ဆိုကြစို့။ သိမ်းဆည်းလို့ အောင်မြင်မှုရတဲ့ ပုဂ္ဂိုလ်က အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တွေနာမ်တွေကို တစ်ဖန်ပြန် သိမ်းဆည်းရတယ်။ သိမ်းဆည်းပြီးတဲ့အခါ ဒီတစ်ခါတော့ အနာဂတ်ဘက်ကို ဉာဏ်ကို စေလွှတ်ပြီးတော့ ရုပ်တွေနာမ်တွေကို အနီးကပ်ဆုံး အနာဂတ်ရုပ် နာမ်က စပြီးတော့ သိမ်းဆည်းသွားရတယ်။
တစ်စတစ်စနဲ့ ရုပ်တရားနာမ်တရားတွေကို သိမ်းဆည်းလိုက်တာ အနာဂတ် ဒီဘဝ စုတေခါနီး အချိန်အခါကာလ ရောက်ပြီဆိုကြစို့။ စုတေခါနီး အချိန် ကာလအထိ ဘဝတစ်လျှောက်မှာရှိတဲ့ ရုပ်နာမ်တွေကို သိမ်းဆည်း လိုက်တဲ့အခါ မိမိမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်လျှင်လည်း ဆိုက် တယ်, မဆိုက်လျှင်လည်း မဆိုက်ဘူးဆိုတာကို ယောဂီက သိမ်းဆည်းလို့ ရပါတယ်။ ဒီနေရာမှာ ဝိပဿနာဇောတွေက အရဟတ္တမဂ်ကို အာရုံပြုတယ် သိတယ်လို့တော့ အယူအဆ မမှားစေလိုပါဘူး။ အရဟတ္တမဂ်ကြောင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုတော့ ဝိပဿနာဉာဏ်က ရှုလို့ရတယ်လို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မဆိုက်သေးဘူး ဆိုလို့ရှိလျှင်တော့ ထိုယောဂီသူတော် ကောင်းက ဘာလုပ်ရသလဲ?
မရဏာသန္နဇော အချိန်အခါမှာ ဘာအာရုံတွေကို မြင်သလဲဆိုတာကို ဉာဏ်နှင့် သေသေချာချာမြင်အောင် သေသေချာချာ ပြန်ကြည့်ရတယ်။ မရဏာသန္နဇော အချိန်အခါမှာ အာရုံတွေက ဘာအာရုံထင်သလဲ? ဒီနေရာ မှာ ဘုန်းကြီး နားလည်လွယ်စေချင်တဲ့ အတွက်ကြောင့် ပြောတာပါ။ ဘုန်းကြီး တို့နိုင်ငံမှာ ရိုသေသမှု အလေးဂရုပြုအပ်တဲ့ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးက သူ့ရဲ့ စိန်ရတုသဘင်တစ်ခုမှာ တရားတစ်ပုဒ် ဟောသွားတယ်။ ဘာတရား ဟောသလဲ? အရင်းများများနှင့် အမြတ်ကလေး နည်းနည်းပဲ ယူမယ်ဆိုတဲ့ ဒီတရားကလေးကို ဟောသွားတယ်။ ဘာဆိုလိုတာ လဲ?
သူဒီဘဝမှာ ကုသိုလ်ကောင်းမှုတွေကို များများကြီး ထူထောင်တယ်။ ဒါပေမဲ့ သူလိုချင်တဲ့ အကျိုးတရားလေးက နည်းနည်းလေးပါတဲ့။ ဘာအကျိုး တရားလဲ? ဓမ္မကထိကနတ်သားတဲ့၊ ဟုတ်ပလား။ ဓမ္မကထိကနတ်သားဆို တော့ ဘုန်းကြီးတို့ ပရမတ္ထနယ်ဘက်ကနေ လှမ်းပြီး ကြည့်မယ်ဆိုလို့ရှိလျှင် လူဆိုတာ နတ်ဆိုတာ ရှိသလား? မရှိဘူး။ နတ်သားဘဝမှာ တည်ရှိတဲ့ ဓာတ် လေးပါးကို လှမ်းပြီး သိမ်းဆည်းနိုင်လို့ ဒီနတ်သားမှာ တည်ရှိတဲ့ ရုပ်နာမ်ကို သိမ်းဆည်းနိုင်လျှင် ရုပ်တရားနာမ်တရား အစုအပုံပဲ ရှိတယ်။
ဒီရုပ်တွေနာမ်တွေသည် ဖြစ်ပြီးတာနဲ့ ချက်ချင်းပျက်တယ်၊ အကြောင်း တရားတွေက ထင်ရှားရှိလို့ ကျေးဇူးပြုပေးနေသေးတယ်ဆိုလျှင် နောက်ထပ် အကျိုးတရားတွေက ဆက်ခါဆက်ခါ ဖြစ်နေမှာဖြစ်တယ်။ သံသရာခရီး ဆုံးမလား? မဆုံးသေးဘူး။ အဲဒီလိုဖြစ်မှုကို ဉာဏ်နှင့်မြင်အောင် ကြည့်ရမှာ ဖြစ်တယ်။ ဒီလို နတ်သားဘဝမှာ တည်ရှိတဲ့ အနိစ္စဧကန်ဖြစ်နေတဲ့ ရုပ်နာမ် တွေကို ယောဂီပုဂ္ဂိုလ်က ဉာဏ်နှင့်မြင်လိုက်မယ်ဆိုလျှင် နတ်သားဆိုတာကို ရှာမတွေ့တော့ဘဲ အနိစ္စတရားအစုအပုံဖြစ်တဲ့ ရုပ်နာမ်တွေကိုသာ တွေ့နေ ပါလိမ့်မည်။ ဒါကြောင့် ပရမတ္ထသစ္စာနယ်မှာတော့ နတ်သားဆိုတာ မရှိပါဘူး။ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံပဲ ရှိတယ်။
ဒီတော့ တရားနာနေတဲ့ ယောဂီပရိသတ်တွေလည်း နိဗ္ဗာန်မရမီ စပ်ကြား ဆိုပြီးတော့ စပ်ကြားလေးခံပြီး အနာဂတ်ဘဝတစ်ခုကို မျှော်လင့်တောင့်တ ချက်ဆိုတာ ရှိကောင်းရှိလိမ့်မယ်။ ခုလို ကောင်းမှုကုသိုလ် တစ်ခုခုပြုတယ်။ ပြုပြီးလျှင် ဆုတောင်းပန်ထွာမှုဆိုတာ ရှိချင်လည်းရှိမယ်၊ မရှိသော်လည်း ဖြစ်ချင်ဖြစ်မယ်။ အကယ်၍များ နတ်ဘဝ သို့မဟုတ် ရဟန်းဘဝ သို့မဟုတ် ဗြဟ္မာဘဝ စသည်ဖြင့် ဒီလို ဆုတောင်းပန်ထွာခဲ့တဲ့ ကောင်းမှုကုသိုလ်ကံတွေ တစ်ခုခုရှိပြီ ဆိုကြပါစို့။ ရှိခဲ့လျှင် ဒီကံကလည်း အကျိုးပေးဖို့ရန် ရင့်ကျက်ခဲ့မယ် ဆိုလျှင် မရဏာသန္နဇော အချိန်အခါ ဒီဘဝ သေခါနီးကာလမှာ ဒီကံရဲ့ စွမ်းအင်သတ္တိကြောင့် ကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဆိုတဲ့ နိမိတ်သုံးမျိုး တစ်မျိုးမျိုးဟာ လာပြီး ထင်တတ်ပါတယ်။
သို့သော် ဘုန်းကြီး ဒီနေရာကလေးမှာ သတိပေးချင်တာကလေး အချက် တစ်ခုတော့ ရှိပါတယ်။ ကျိန်းသေတဲ့ကံကို ကြိုးစားကြစမ်းပါ။ ကျိန်းမသေတဲ့ ကံတွေကိုတော့ မကြိုးစားကြစမ်းပါနဲ့၊ ဘဝတစ်ခုက မတော်လို့ ဆုံးသွားခဲ့လျှင် သာသနာတော်နဲ့တွေ့ရတာ အကျိုးမရှိ ဖြစ်သွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါ တယ်။ ဒီတော့ သေခါနီးကာလ မရဏာသန္နဇော အချိန်အခါရောက်ပြီး စိတ်တွေက မိမိစိတ်ကို မိမိထိန်းနိုင်တဲ့ စွမ်းအားကလည်း မရှိပြန်ဘူး။ မိမိ ထူထောင်ခဲ့တဲ့ ကံတွေကလည်း ကျိန်းသေတဲ့ကံမျိုး မဟုတ်ဘူးဆိုလျှင် ရင်လေးဖွယ်အချက်တွေ များစွာရှိနိုင်ပါတယ်။ ကျိန်းသေတဲ့ကံ ဆိုတာကတော့ အကုသိုလ်အရာမှာလည်း ကျိန်းသေနေတဲ့ကံ ရှိတယ်။ ကုသိုလ်အရာမှာ လည်း ကျိန်းသေတဲ့ကံဆိုတာ ရှိပါတယ်။
---ကျိန်းသေတဲ့ကံ = ဂရုကကံ
အကုသိုလ်အရာမှာ ကျိန်းသေတဲ့ကံကတော့ အမိကိုသတ်ခြင်း, အဖကို သတ်ခြင်း, ရဟန္တာပုဂ္ဂိုလ်အား သတ်ခြင်း, ဘုရားရှင်အား သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း, သံဃာသင်းခွဲခြင်းဆိုတဲ့ ကံကြီးငါးခု တစ်ခုခု ကျူးလွန်ခဲ့မယ် ဆိုလျှင်တော့ ဒီကံတွေက အကျိုးပေးဖို့ရာ မြဲတဲ့အတွက် သူတို့ကို ဂရုကံလို့ ခေါ်ပါတယ်။ နမူနာအနေနဲ့ ပြောမယ်ဆိုလျှင်တော့ အဇာတသတ်က ဖခမည်း တော်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိတဲ့အတွက် သာမညဖလသုတ္တန်ကို ကြားနာပြီးတဲ့အဆုံးမှာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်တဲ့ ပါရမီ မျိုးစေ့ကောင်း ထင်ရှားရှိသော်လည်း သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရသလား? မရဘူး။
သို့သော်လည်း ရတနာသုံးပါးအပေါ်၌ အထူးသဖြင့် ဘုရားရှင်အပေါ်၌ ကြည်ညိုလေးစားနေတဲ့ သဒ္ဓါတရားတွေက အလွန်အားကောင်းတဲ့ အတွက် ကြောင့် အသင့်အတင့် ခံသာရာကလေးတော့ ရပါတယ်။ အိပ်လို့ပျော်တယ်, စားလို့ဝင်တယ် စသည်ဖြင့်တော့ အကျိုးတရားကလေးတွေ အထိုက်အလျောက် ရတယ်။ သို့သော် သေသည်၏အခြားမဲ့၌ ဘယ်ရောက်သလဲ? ငရဲ ပြည်သို့ ရောက်သွားတယ်၊ ကျိန်းသေတဲ့ ကံရဲ့အကျိုးပဲ။
---နိယတမိစ္ဆာဒိဋ္ဌိကံ
အကုသိုလ်ဘက်မှာ ကျိန်းသေတာ နောက်တစ်ခု ရှိနေသေးတယ်၊ ဘုန်းကြီး နည်းနည်း ပြောချင်တယ်။ ဒီအကြောင်းအရာကလေးကတော့ သတိ ပေးတဲ့ သဘောပေါ့၊ ကံ-ကံ၏အကျိုးကို လက်မခံတဲ့ နိယတမိစ္ဆာဒိဋ္ဌိအယူဝါဒ ဖြစ်ပါတယ်။ အခုခေတ် ရုပ်ဝါဒီလို့ ခေါ်ဆိုအပ်တဲ့ ကံ-ကံ၏အကျိုးကို လုံးလုံး မယုံကြည်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပဲ။ ကံ-ကံ၏အကျိုးကို လုံးလုံးမယုံကြည် တဲ့ ပုဂ္ဂိုလ်တွေရဲ့ ခံယူချက်ပဲ။ ကံ-ကံ၏အကျိုးကို လုံးလုံးမယုံကြည်တဲ့ ဒီ ခံယူချက်ကလေးဟာ ဘယ်လောက် ပြင်းထန်သလဲဆိုတာနှင့် ပတ်သက်လို့ ဘုန်းကြီး ဝတ္ထုဇာတ်ကြောင်းကလေးတစ်ခု သတိရလို့ ပြောချင်ပါတယ်။
စာပေနယ်ကတော့ ဥစ္ဆေဒဝါဒသမားတွေလို့ ပြောပါတယ်။ သူတို့စကား လုံးနှင့် ပြောလျှင်ပေါ့၊ ဘုန်းကြီးစကားလုံးတော့ မဟုတ်ပါဘူး။ ဘဝဆိုတာ ပုခက်နှင့် ခေါင်းကြားမှာပဲ ရှိတယ်။ ခေါင်းဟိုဘက် ဘာမှမရှိပါဘူး ဆိုပြီးတော့ သူတို့က ဒီလို ပြောကြတယ်။ တစ်ချိန်က ကမ္ဘာအေးမှာ ဒီစကားလုံးကို သူတို့က ကြွေးကြော်သွားကြပါသေးတယ်။ ဒီတော့ ခေါင်းဟိုဘက် ဘာမှမရှိပါ ဘူးဆိုပြီး ဒီလိုလက်ခံတဲ့ ခံယူချက်ကို ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီအယူဝါဒကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူးဆိုလျှင် ဒီကံက အကျိုးပေး မြဲပါတယ်။ အကျိုးပေးမြဲခြင်းကြောင့် သူ့ကိုလည်း နိယတမိစ္ဆာဒိဋ္ဌိကံဆိုပြီး ဒီလို ခေါ်ပါတယ်။
နန္ဒကစစ်သူကြီး
ဒီနိယတမိစ္ဆာဒိဋ္ဌိကံရဲ့ အကျိုးပေးမြဲမှုနှင့် ပတ်သက်လို့ ဝတ္ထုဇာတ် ကြောင်းကလေး တစ်ခုရှိတာက နန္ဒကစစ်သူကြီး ဖြစ်ပါတယ်။ နန္ဒကစစ်သူကြီး ဆိုတာက ပိင်္ဂလမင်းရဲ့ စစ်သူကြီးဖြစ်တယ်။ ပိင်္ဂလမင်းဆိုတာကတော့ ဓမ္မာသောကမင်းဆက် မောရိယမင်းတို့ရဲ့ လက်အောက်ခံ ဘုရင်ငယ်တစ်ဦးလို့ ဆိုပါတယ်။ နန္ဒကစစ်သူကြီးကလည်း ဥစ္ဆေဒဒိဋ္ဌိ အယူရှိတယ်၊ ပိင်္ဂလမင်းက လည်း ဒီဥစ္ဆေဒဒိဋ္ဌိ အယူရှိပါတယ်၊ ကံ-ကံ၏အကျိုးကို လုံးလုံးလက်မခံကြဘူး။
တစ်ချိန် နန္ဒကစစ်သူကြီး ကွယ်လွန်သွားပြီ၊ ကွယ်လွန်သွားတဲ့အချိန် ဘယ်ရောက်သွားသလဲဆိုတော့ နံပါတ်တစ်အနေအားဖြင့် ပြိတ္တာဘဝ ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ သူ့မှာ သမီးဖြစ်သူ ဥတ္တရာဆိုတဲ့ အမျိုးကောင်း သမီးလေးတစ်ဦး ရှိတယ်။ ဒီ အမျိုးကောင်းသမီးလေးက သောတာပန် အရိယာသူတော်ကောင်း ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ဖခမည်းတော်အား ရည်စူးပြီးတော့ ရဟန္တာလို့ ယူဆရတဲ့ သံဃာတော်တစ်ပါးကို အိမ်ရှေ့ကြွလာ တဲ့ အချိန်အခါ အိမ်ပေါ်ကို ပင့်ဖိတ်ပြီးတော့ ဆွမ်းခဲဖွယ်ဘောဇဉ်များနှင့် လှူဒါန်းပူဇော်ပြီးတော့ ဖခမည်းတော်ဖြစ်တဲ့ နန္ဒကစစ်သူကြီးကို အမျှအတမ်း ပေးဝေပါတယ်။ အမျှအတမ်း ပေးဝေလိုက်တဲ့ အချိန်အခါမှာ နန္ဒကစစ်သူကြီး က ထိုပြိတ္တာဘဝမှာ နတ်စည်းစိမ်တမျှ ကြီးကျယ်တဲ့ ခမ်းနားတဲ့ စည်းစိမ် ချမ်းသာတွေကို သုံးဆောင်ခံစားသွားရပါတယ်။
စာပေနယ်သုံး ဝေါဟာရနှင့် ပြောလျှင်တော့ ဝေမာနိကပြိတ္တာလို့ ခေါ်ပါ တယ်။ ဒါပေမဲ့ ဒီပြိတ္တာဘဝက ကျွတ်သလားဆိုတော့ မကျွတ်ဘူး၊ နတ်စည်း စိမ်တမျှ ကြီးကျယ်တဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားရတယ်။ သို့သော် တစ်ချိန် ပိင်္ဂလမင်းတို့က ဓမ္မာသောကမင်းဆက်ရဲ့ အဆက်အနွယ်ဖြစ်တဲ့ မောရိယမင်း တွေကို သွားပြီး လက်ဆောင်ပဏ္ဏာ ဆက်သရပါတယ်။ ဆက်သလိုက်တဲ့ အချိန်အခါမှာ ဒီပိင်္ဂလမင်းရဲ့ အပြန်မှာ လမ်းလွှဲပြီးတော့ နန္ဒကပြိတ္တာ တည်ရှိရာ ပြိတ္တာဗိမာန်ဖြစ်တဲ့ ပညောင်ပင်ကြီးကို ရောက်အောင် နန္ဒက ပြိတ္တာက လမ်းခင်းပေးလိုက်တယ်။ လမ်းမှားပြီးတော့ မောင်းလာပြီ၊ မောင်း လာတဲ့ အချိန်အခါမှာ ရထားထိန်းလုပ်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ပိင်္ဂလဘုရင် မင်းမြတ်ကို လှမ်းပြီး အကြောင်းကြားတယ်။
အရှင်မင်းမြတ် ... ကျွန်တော်တို့တော့ လမ်းမှားကုန်ပြီနဲ့တူတယ်။ ဘာကြောင့်လဲ? ကျွန်တော်တို့ လာလိုက်တဲ့လမ်းကို ကြည့်လိုက်လျှင် ရှေ့မှာသာ လမ်းတွေ့ပြီး နောက်ကို ပြန်ကြည့်လိုက်တဲ့အခါ လမ်းမရှိ ဖြစ်နေပြီ၊ ဘယ့်နှယ်လုပ်မလဲ? ကဲ ဆက်သာမောင်းပေတော့ဆိုပြီး မောင်းလိုက်တဲ့အခါ ပညောင်ပင်ကို ဆိုက်သွားပြီ၊ ပညောင်ပင်ဆိုက်တဲ့ အချိန်အခါ နတ်စည်းစိမ် တမျှ ကြီးကျယ်နေတဲ့ စည်းစိမ်ရှိတဲ့ နန္ဒကစစ်သူကြီးပြိတ္တာက ဧည့်ခံကျွေးမွေး ပါတယ်။
ပိင်္ဂလမင်းက အင်မတန် အံ့ဩနေတယ်။ အံ့ဩနေတဲ့ အချိန်ကျတော့မှ နောက်ဆုံး စားသောက်ပြီးတဲ့အခါ ဧည့်ခံပွဲပြီးတဲ့အခါ အကျိုးအကြောင်း မေးကြည့်တယ်။ သင်ဟာ ဘယ်လိုပုဂ္ဂိုလ်လဲ၊ နတ်လား လူလား? စသည်ဖြင့် မေးလိုက်တော့မှ သူဟာ တခြားပုဂ္ဂိုလ် မဟုတ်ပါဘူး၊ အရှင်မင်းကြီးရဲ့ နန္ဒက စစ်သူကြီးပဲ ဖြစ်တဲ့အကြောင်း တင်ပြတယ်။ သို့သော် အဲဒီမှာ ဝမ်းနည်း စရာ ကောင်းတာကလေး တစ်ခုကတော့ ဥစ္ဆေဒဒိဋ္ဌိကို သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့တဲ့အတွက် ကံ-ကံ၏အကျိုးကို သေသည့်တိုင်အောင် ပစ်ပယ်မိခဲ့ တဲ့ အတွက်ကြောင့် ဒီကံက အကျိုးပေးတော့မှာ ဖြစ်တယ်။ နတ်စည်းစိမ်တမျှ ကြီးကျယ်နေတဲ့ ဒီပြိတ္တာဘဝမှာ ခံစားနေရတဲ့ ဒီစည်းစိမ်သည် နောက်ထပ် ခြောက်လပဲကြာမှာ ဖြစ်တယ်။ ခြောက်လပြည့်လို့ရှိလျှင်တော့ ငရဲကို ရောက် ရတော့မည့်အကြောင်း သူက တင်ပြတယ်။ တင်ပြပြီးတဲ့ အချိန်အခါမှာ ပိင်္ဂလ မင်းကိုလည်း သူက ဘာပြောလိုက်သလဲ? မှားယွင်းနေတဲ့ မိစ္ဆာအယူဝါဒကို စွန့်လွှတ်ပြီးတော့ ငါးပါးသီလမြဲအောင် နေပါ၊ သရဏဂုံသုံးပါးကို ယုံယုံ ကြည်ကြည်ဖြင့် ဆောက်တည်ကျင့်သုံးပါ၊ မကောင်းမှုဒုစရိုက်တွေ ရှောင်ရှား ပါ စသည်ဖြင့် တရားဟောပြီး ပြန်လွှတ်လိုက်ပါတယ်။ (ပေတဝတ္ထု-၂၀၁-၂၀၆၊၊)
ပြောချင်တဲ့အချက်ကတော့ ကံ-ကံ၏အကျိုးကို ပစ်ပယ်နေတဲ့ နိယတ မိစ္ဆာဒိဋ္ဌိ အယူဝါဒတွေသည် သေသည့်တိုင်အောင် မစွန့်လွှတ်ခဲ့ဘူး ဆိုလျှင် တော့ ကျိန်းသေ အပါယ်လေးဘုံ တစ်ဘုံဘုံရောက်တယ်။ နောက်ဆုံးတော့ ငရဲရောက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဝါဒမျိုးတွေကို အကယ်၍များ မိမိတို့က လက်ခံချင်တဲ့ စိတ်ထားများ ပေါ်ခဲ့မိမယ် ဆိုလျှင်တော့ ဘုန်းကြီး အကြံဉာဏ် ပေးချင်တာက ဒီကြောင်း-ကျိုးဆက်နွယ်နေတဲ့ ပဋိစ္စသမုပ္ပါဒ် သဘောတရား ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တဲ့ အဆင့်ထိ ရောက်အောင်တော့ ခပ်မြန်မြန် ကြိုးစားစေချင်ပါတယ်။
ကုသိုလ်ဂရုကံ
မကောင်းတဲ့ဘက်က ခုနက အကျိုးပေးမြဲတဲ့ ကံတွေရှိသလို ကောင်းတဲ့ ဘက်မှာလည်း အကျိုးပေးမြဲတဲ့ကံတွေ ရှိတယ်။ နံပါတ်တစ်ကတော့ စျာန်နာမ် တရားများ ဖြစ်ကြပါတယ်။ မိမိတို့က အားထုတ်လိုက်တော့ စျာန်သမာဓိတွေ ကို ရရှိပြီ။ အာနာပါနစျာန်ပဲဖြစ်ဖြစ်, မေတ္တာစျာန်ပဲဖြစ်ဖြစ်, ကသိုဏ်းစျာန်တွေ ပဲဖြစ်ဖြစ် ပွားများလိုက်လို့ စျာန်တွေကို ရရှိခဲ့မယ်ဆိုလျှင် ဒီစျာန်တွေကလည်း သေသည့်တိုင်အောင် မလျှောကျခဲ့ဘူး ဆိုလျှင်တော့ အကျိုးပေးမြဲပါတယ်။ အကျိုးပေးမြဲတယ်ဆိုတဲ့ သဘောကတော့ သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ် အတွက် ပြောတာပါ၊ ဒီပုဂ္ဂိုလ်က သံသရာခရီး ဆုံးမယ်ဆိုလျှင် ဒီစျာန်တရား တွေက အကျိုးပေးနိုင်တဲ့စွမ်းအား မရှိတော့ပါဘူး။
အရှင်ဒေဝဒတ်တို့လို မသေခင်စပ်ကြားမှာ ဒီစျာန်တွေက လျှောကျခဲ့ မယ်ဆိုလျှင်တော့ ဘာဖြစ်သလဲ? အကျိုးပေးနိုင်တဲ့စွမ်းအား မရှိဖြစ်တတ်ပါ တယ်။ အရှင်ဒေဝဒတ်ဟာ ရဟန်းပြုပြီးတဲ့အခါ ပထမတစ်ဝါအတွင်း ကြိုးစား အားထုတ်လိုက်တာ စျာန်သမာပတ်ရှစ်ပါးနှင့် လောကီ အဘိညာဏ်ငါးပါးကို ရရှိသွားပါတယ်။ ဒါပေမဲ့လို့ ဘုရားဖြစ်ဖို့ရန် ကြံစည်စိတ်ကူးမိတဲ့ အချိန်အခါ က စပြီးတော့ သူ့သန္တာန်မှာ ဒီစျာန်နာမ်တရားတွေက ကွယ်ပျောက်သွားလိုက် တာ သေသည်အထိ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစျာန်နာမ်တရားတွေက မလျှော ကျခဲ့လျှင်တော့ အကျိုးပေးမြဲတဲ့အတွက် သူတို့ကိုလည်း ဂရုကံလို့ ခေါ်တယ်။ သို့သော် လျှောကျသွားခဲ့မယ် ဆိုလျှင်တော့ အကျိုးပေးနိုင်တဲ့စွမ်းအား မရှိခြင်း ကြောင့် သူတို့က ဂရုကံစာရင်းထဲမှာ မဝင်ပြန်ဘူး။
ဝိပဿနာကံ
နောက်ထပ် ခိုင်မြဲတဲ့ ကံတစ်ခုကတော့ ခုလို ရုပ်တွေနာမ်တွေကို ပရမတ် သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုးထွင်းသိခဲ့မယ်၊ အကြောင်းတရားတွေ အကျိုး တရားတွေကိုလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းတတ်ခဲ့ မယ်ဆိုလျှင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ပါးကို ရရှိပြီ၊ ထိုဉာဏ်နှစ်ပါးကို ရရှိတဲ့ သူတော်ကောင်းအတွက် -
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
ဆိုပြီးတော့ အဋ္ဌကထာ ဆရာတော်များက ဖွင့်ထားတယ်။ သာသနာ တော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာတည်ရာကို ရရှိသွားပြီ၊ နိယတဂတိက- ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ သောတာပန် အငယ်စား စူဠသောတာပန် ဖြစ်ပြီဆိုပြီး ဒီလို ဖွင့်ဆိုထားပါတယ်။ ဒီဓမ္မစကြာ ဒေသနာတော်ကို နာကြားခွင့် ရရှိနေတဲ့ ပဉ္စဝဂ္ဂီငါးဦးကို လှမ်းပြီး ကြည့်မယ် ဆိုလျှင် အထူးသဖြင့်တော့ အရှင်ကောဏ္ဍညက ပဒုမုတ္တရဘုရားရှင် သာသနာ တော်ကတည်းက မြစ်ဖျားခံပြီးတော့ ပါရမီမျိုးစေ့ကောင်းတွေကို ထူထောင် ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ် ငါးဦးလုံးကို ပြန်ပြီး ကြည့်လိုက်တဲ့အခါ အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်တဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိမည့် သူတော်ကောင်းတွေလည်း ဖြစ်ကြတယ်။
ပဋိသမ္ဘိဒါဉာဏ်အတွက် ဖြည့်ကျင့်ရမည့်အင်္ဂါရပ်
ပဋိသမ္ဘိဒါဉာဏ်လေးပါးကို ရရှိမည့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အကြောင်းအင်္ဂါရပ် ငါးချက်အထဲက အကြောင်းအင်္ဂါရပ်လေးမျိုးက ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဖြည့်ကျင့်ရမည့် လုပ်ငန်းခွင်တွေ ဖြစ်တယ်။ နံပါတ်တစ် အကြောင်းကတော့ အဓိဂမဖြစ်တယ်။ အဓိဂမဆိုတာ ကတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခြင်း ဖြစ်ပါတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အကြောင်းတရားကိုတော့ ဒီ ဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ သူတို့ ရရှိပါတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရလျှင် ဒီပဋိသမ္ဘိဒါဉာဏ်က ရနိုင်တယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရသေးခဲ့လျှင် ပဋိသမ္ဘိဒါဉာဏ် မရနိုင်ပါဘူး။
မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိတဲ့အထဲမှာ အရှင်အာနန္ဒာတို့ကတော့ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိသည်နှင့်တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုပါ ရရှိသွားပါတယ်။ အမျိုးသမီးပိုင်းကို ကြည့်မယ်ဆိုလို့ရှိ လျှင်လည်း ခုဇ္ဇုတ္တရာတို့ပေါ့၊ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဆိုက်သည် နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ်လေးပါးကိုပါ ပူးတွဲ ရရှိသွားပါတယ်။ အမျိုးသားပိုင်းကို ကြည့်မယ်ဆိုလျှင်လည်း ဝိသာခဥပါသကာတို့ စိတ္တသူကြွယ် ဥပါသကာတို့ အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိကြသွားတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)
ရဟန်းတော်ပိုင်းမှာတော့ အခုပဉ္စဝဂ္ဂီငါးဦး အမှူးရှိနေတဲ့ ရဟန်းတော် တော်တော်ခပ်များများကတော့ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိကြပါတယ်၊ အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးကို ရရှိကြတယ်၊ အသေက္ခပဋိသမ္ဘိဒါဉာဏ်လို့ ခေါ်ပါတယ်။ သောတာပန်, သကဒါဂါမ်, အနာဂါမ်အဖြစ်နှင့် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိခဲ့လျှင် တော့ ထိုပဋိသမ္ဘိဒါဉာဏ်တွေကိုတော့ သေက္ခပဋိသမ္ဘိဒါဉာဏ်ဆိုပြီး ခေါ်ဝေါ် သုံးစွဲ ထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)
နံပါတ်နှစ် အကြောင်းတရားကတော့ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာ တော်တွင်းမှာ သူတို့က ပရိယတ္တိခေါ်တဲ့ ပိဋကတ်သုံးပုံကို နှုတ်ငုံရသည်အထိ သင်ယူခဲ့ဖူးခြင်းဆိုတဲ့ ပါရမီမျိုးစေ့ကောင်း ရှိရပါတယ်။
နံပါတ်သုံး အင်္ဂါရပ်ကတော့ ပရိပုစ္ဆာခေါ်တဲ့ အင်္ဂါရပ်၊ ဒီပါဠိတော်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို စနစ်တကျ သင်ယူခြင်း, မေးမြန်းခြင်း, ပါဠိတော်မှာ ခက်ခဲနေတဲ့ အချက်အလက်တို့ကို မေးမြန်းလျှောက်ထားခြင်းဆိုတဲ့ အင်္ဂါရပ် ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပါဠိတော်ကိုဖွင့်ဆိုတဲ့ အဋ္ဌကထာတွေကိုပါ ပူးတွဲပြီး သင်ယူရတဲ့ လုပ်ငန်းခွင် ဖြစ်တယ်။
နောက်တစ်ခု နံပါတ်လေး အင်္ဂါရပ်ကတော့ သဝနဖြစ်ပါတယ်။ သဝန ဆိုတာက ဒီတရားကိုနာယူတဲ့ အချိန်အခါမှာ ရိုသေလေးစားတဲ့ စိတ်ဓာတ်ဖြင့် နာယူခြင်းဆိုတဲ့ အကြောင်းအင်္ဂါရပ်တစ်ခု ဖြစ်တယ်။
နောက်ဆုံး အရေးကြီးတဲ့ အင်္ဂါရပ်ကတော့ ပုဗ္ဗယောဂ ဖြစ်ပါတယ်။ ပုဗ္ဗယောဂဆိုတာ ဘာလဲ?
ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)
စသည်ဖြင့် ဒီလို ဖွင့်ဆိုထားတယ်။ ဘာပြောတာလဲ? ရှေးရှေးဘုရားရှင် တို့ရဲ့ သာသနာတော်တွင်းမှာ ရဟန်းဘဝနှင့် အထူးသဖြင့် ဂတပစ္စာဂတိကဝတ် တွေကို ဖြည့်ကျင့်ရပါတယ်။ ဂတပစ္စာဂတိကဝတ် ဆိုတာကတော့ ဆွမ်းခံ သွားလျှင်လည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးတော့ သွားတယ်။ ဆွမ်းခံရွာမှ ပြန်လာတဲ့ အချိန်မှာလည်း ကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက် ပြန်လာတယ်။ အဲဒီဝတ်တို့ကို ဖြည့်ကျင့် ပြီးတဲ့အခါ နောက်ထပ် ဘာတွေ လုပ်ရသလဲလို့မေး တော့ သမထဝိပဿနာ ဘာဝနာတွေကို ပွားများလိုက်တာ သင်္ခါရုပေက္ခာ ဉာဏ်သို့တိုင်အောင် အားထုတ်ထားပြီး ဖြစ်ရမယ်ဆိုပြီး ဒီအင်္ဂါရပ် ပါပါတယ်။
အဲဒီ သူတော်ကောင်းတွေရဲ့ ပါရမီမျိုးစေ့တွေက ရှေးရှေးဘုရားရှင်တွေ ရဲ့ သာသနာတော်တွင်းမှာကတည်းက ခုလို သင်္ခါရုပေက္ခာဉာဏ်သို့တိုင် အောင် ဖြည့်ကျင့်ခဲ့တဲ့အတွက် ဂေါတမဘုရားရှင် ပွင့်တော့မယ်ဆိုကတည်းက သူတို့ရဲ့ စိတ်ဓာတ်တွေက ဘယ်လိုဖြစ်လာသလဲ? ဘုရားအလောင်းကို နိမိတ် ဖတ်တဲ့ ကောဏ္ဍညပုဏ္ဏား ဆိုကြပါစို့။ ကောဏ္ဍညပုဏ္ဏားကနေပြီးတော့ ဘုရားရှင် ဧကန်ဖြစ်မယ်လို့ သူကိုယ်တိုင်လည်း ယုံကြည်ပြီးတော့ နိမိတ် ဖတ်တယ်။
ထိုခေတ် ထိုအချိန်အခါမှာ သုဒ္ဓေါဒနမင်းကြီးရဲ့ ဆရာတစ်ဆူ ဖြစ်တော် မူတဲ့ ကာဠဒေဝီလရသေ့ = အသိတရသေ့ = အဇိတရသေ့ဆိုပြီးခေါ်တဲ့ ရသေ့ ကြီးကလည်း ရှိတယ်။ လောကီ စျာန်အဘိညာဏ်တွေကို ရရှိပါတယ်။ ထို ရသေ့ကြီးကလည်း ဘုရားရှင် ဧကန်ဖြစ်မယ်ဆိုပြီးတော့ ဟောကြားသွား တယ်။ ဒီယုံကြည်ချက်ဖြင့် သူတို့က ဘာလုပ်သလဲ? နိမိတ်ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ကောဏ္ဍညပုဏ္ဏား ဦးဆောင်နေတဲ့ ပဉ္စဝဂ္ဂီငါးဦး ပုဏ္ဏား တွေဟာ အရင်ကြိုတင်ပြီး တောထွက်နှင့်ကြတယ်။ တောထဲကနေပြီးတော့ သိဒ္ဓတ္ထမင်းသား တောထွက်မည့် အချိန်အခါကို စောင့်ဆိုင်းနေကြတယ်။ ဘာကြောင့်လဲ? ပါရမီတွေက လှုံ့ဆော်နေတယ်။
အခုဒါယကာကြီးတွေက ဂျပန်ကနေလာပြီး စောင့်နေတယ်၊ ဂျပန်ကနေ လာစောင့်နေတဲ့ အခါကျတော့ ပါရမီချင်းတော့ မကွာဘူးလား? ကွာနေလိမ့် မယ်ထင်တယ်။ ပြောချင်တဲ့အချက်က သူတို့အတွက် နိယတဂတိပဲ။ လားရာ ဂတိတွေလည်း ကျိန်းသေဧကန် မြဲနေပြီ၊ ပါရမီမျိုးစေ့တွေကို ရင့်ရင့်ကျက်ကျက်ဖြစ်အောင် ထူထောင်ခဲ့တဲ့အတွက် ဒီဘဝမှာ ဘုရားရှင်နှင့်တွေ့ဖို့ရာ ကျိန်းသေနေတဲ့ နိယတဗျာဒိတ်များကိုလည်း ပဒုမုတ္တရဘုရားရှင် သာသနာ တော်တွင်းမှာ အထူးသဖြင့် အရှင်ကောဏ္ဍညက ခံယူခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို ကျိန်းသေနေတဲ့ ကံတွေက လားရာဂတိကိုလည်း မြဲစေ တယ်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိဖို့ရန်အတွက်လည်း ကျိန်းသေတဲ့ အကြောင်း တရားတွေ ဖြစ်ပါတယ်။ အဲဒီလို ဝိပဿနာဉာဏ်တွေကို အားထုတ်လိုက်ပြီ၊ ဟိုတစ်နေ့က ပြောခဲ့ပြီးပြီ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်က ဒီဘဝမှာ အကယ်၍ အခုအားထုတ်လိုက်လို့ မရသေးဘူးထား၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရရှိခဲ့ဘူး ဆိုလျှင်လည်း သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိသို့ ကျိန်းသေဧကန် ရောက်နိုင်တယ်။ ထိုနတ်ရွာသုဂတိမှာ ညကပြောခဲ့သလို တရားပုဒ်အစုတွေက သူရဲ့သန္တာန်မှာ ပေါလောကြီးပေါ်နေတယ်။ ဘာဖြစ်လို့လဲ? သူက မရဏာသန္နဇောအထိ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ရဲ့ အနိစ္စအချက် သို့မဟုတ် ဒုက္ခ အချက် သို့မဟုတ် အနတ္တအချက်ကို အာရုံယူနိုင်တယ်။ ဒီလို အာရုံယူနိုင်တဲ့ အတွက်ကြောင့်လည်း ထိုပုဂ္ဂိုလ်အတွက် လားရာဂတိ မြဲတယ်၊ မြဲလို့ နတ်ရွာ သုဂတိ ရောက်လျှင်လည်း အလကား အချည်းနှီး မဖြစ်ဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို လျင်လျင်မြန်မြန်ကြီး ရရှိနိုင်တယ်ဆိုပြီးတော့ ဟော ထားတယ်။ (အင်္ဂုတ္တိုရ် စတုက္ကနိပါတ် သောတာနုဂတသုတ်။ အံ၊၁၊၅၀၄။)
အကယ်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မိမိအလိုအလျောက် လျင်လျင်မြန်မြန် ကြီး မရခဲ့ဘူးထား၊ လူ့ပြည်လူ့လောကက တန်ခိုးရှိတဲ့ ဓမ္မကထိက ရဟန်း တော်တစ်ပါးက နတ်ပြည်နတ်လောကသို့ တက်ပြီး တရားဟောခဲ့လျှင်လည်း သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကား နာကြားခွင့် ရရှိတဲ့အချိန်အခါမှာ လျင်လျင်မြန်မြန်ကြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်တယ်။ သို့မဟုတ် ဓမ္မကထိက နတ်သား တစ်ဦးဦးကနေပြီးတော့ သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားကို ဟောကြားလိုက်လို့ နာကြားခွင့် ရရှိခဲ့မယ်ဆိုလျှင်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ကို လျင်လျင်မြန်မြန်ကြီး ရနိုင်တယ်။ သို့မဟုတ် မိမိတို့ လူ့ပြည်လူ့လောကမှာ တရားကျင့်ဖော်ကျင့်ဖက် မိတ်ကောင်းဆွေကောင်းတွေ ရှိကြပါတယ်။ ထို မိတ်ကောင်းဆွေကောင်းတွေက နတ်ပြည်နတ်လောကကို အရင်ရောက်ရှိ သွားပြီ။ မိမိက နောက်မှ နတ်ပြည်နတ်လောကကို ရောက်ရှိတယ် ဆိုလျှင် လည်း ခုနက ပြောခဲ့သလို မိမိကိုယ်တိုင်လည်း တရားက အလိုအလျောက် ထိုးထွင်းမသိသေးဘူးထား၊ ဓမ္မကထိက ရဟန်းတော်တစ်ပါး သို့မဟုတ် ဓမ္မကထိကနတ်သားတစ်ဦးရဲ့ တရားတော်ကို နာကြားခွင့် မရရှိဘူးဘဲထား၊ အရင်ရောက်နေတဲ့ မိတ်ကောင်းဆွေကောင်းတွေက နေပြီးတော့ -
မိတ်ဆွေ ... တို့လူ့ပြည်လူ့လောကတုန်းက ရဟန်းဘဝမှာ ဒီတရား ဒီတရားတွေကို တို့ကျင့်ခဲ့ကြဖူးတယ်။ ပြန်ပြီး အမှတ်ရစမ်းပါလို့ သတိပေး လိုက်မယ်ဆိုလျှင် သတိဖြစ်တာက နှေးသေးတယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို လျင်လျင်မြန်မြန်ကြီး ရရှိနိုင်ပါတယ်ဆိုပြီး ဒီလို မြတ်စွာဘုရားက အာမခံချက် အပြည့်အဝနဲ့ သောတာနုဂတသုတ္တန်မှာ ဟောထားပါတယ်။ (အံ၊၁၊၅၀၄-၅၀၇၊၊) အဲဒီလို ခိုင်လုံတဲ့ အာမခံချက်ရှိနေတဲ့ တရားတွေကို ဒီနေ့ ပရိသတ်တွေ ကြိုးစားထားဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။
ပစ္ဆိမဘဝိက အစစ်နှင့်အတု
အကယ်၍များ အနာဂတ်သံသရာခရီး ကျန်ရှိနေလို့ ကျိန်းသေတဲ့ ကျင့်စဉ်တွေကို မိမိတို့က ကျင့်မထားဘူးဆိုလျှင် မဟာဓနသူဌေးသားတို့လို ပေါ့၊ ဘုရားရှင်နှင့်တွေ့သော်လည်း လွဲချော်ပြီး သွားနိုင်ပါတယ်။ မဟာဓန သူဌေးသား ဘယ်အချိန်အခါမှာ ကျွတ်တမ်းဝင်မယ်ဆိုတာ စာပေကျမ်းဂန်မှာ အတိအကျ မဖော်ပြတဲ့အတွက် ဘုန်းကြီးတို့လည်း မပြောနိုင်ဘူး။ မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်တဲ့ ပါရမီမျိုးစေ့ကောင်းတော့ ရှိတာမှန်တယ်။ ဒါပေမဲ့ သူ့ရဲ့ မျိုးစေ့တွေက ကျိန်းသေတဲ့ မျိုးစေ့မျိုး မဟုတ်ဘူး။
နောက်ဆုံးဘဝရှိတဲ့ ပစ္ဆိမဘဝိကပုဂ္ဂိုလ်တွေဟာ အစစ်နှင့်အတု နှစ်မျိုး ရှိပါတယ်။ အစစ်က ကျိန်းသေတယ်၊ ပဉ္စဝဂ္ဂီ ငါးဦးတို့လို ဖြစ်ပါတယ်။ အတု တွေကတော့ အဇာတသတ်လို့လို, မဟာဓနသူဌေးသားတို့လို ပုဂ္ဂိုလ်မျိုးတွေ ဖြစ်တယ်။ သူတို့ရဲ့ ပါရမီမျိုးစေ့တွေက မဂ်ဖိုလ် နိဗ္ဗာန်ကို ရလောက်အောင် ကျေးဇူးပြုပေးချင်လည်း ပေးမယ်။ မပေးသော်လည်း ရှိချင်ရှိနေဦးမယ်။ ကျိန်းမသေတဲ့ ကံတွေပဲ။ ဒါကြောင့် ခုလို သာသနာတော်နှင့်တွေ့ခိုက်မှာ ကျိန်းမသေတဲ့ ကံတွေကို မထူထောင်ဘဲ ကျိန်းသေတဲ့ ကံတွေကို ထူထောင် ထားဖို့ လိုပါတယ်။
ကျိန်းသေတဲ့ကျင့်စဉ်
ဒီထက်ပိုပြီး ကျိန်းသေတာကတော့ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် အစရှိတဲ့ အရိယာအဆင့်သို့ ရောက်ခဲ့လျှင်တော့ ဒီလို သူတော်ကောင်းမျိုး သည် အပါယ်လေးဘုံမှ ကွင်းလုံးကျွတ်လွတ်ပြီ၊ သကဒါဂါမ် ဖြစ်ခဲ့မယ်ဆိုလျှင် တော့ ဒီလူ့ပြည်လူ့လောကကို တစ်ကြိမ်လောက်ပဲ လာခွင့်ရှိမယ်၊ အနာဂါမ် ဖြစ်ခဲ့လျှင်တော့ ကာမ (၁၁)ဘုံမှ ကွင်းလုံးကျွတ် လွတ်သွားမယ်။ အရဟတ္တမဂ် အရဟတ္တဖိုလ်သာ ရရှိခဲ့မယ် ဆိုလျှင်တော့ (၃၁)ဘုံခရီးမှ ကွင်းလုံးကျွတ်လွတ် ပြီ၊ နောက်ထပ်တစ်ဖန် အိုမှု, နာမှု, သေမှုဆိုတာလည်း မရှိတော့ဘူး။ ကျိန်းသေတဲ့ကံတွေကို ထူထောင်ခဲ့လျှင်တော့ ကျိန်းသေတဲ့ အကျိုးတရားတွေကို ရနိုင်ပါတယ်။
အနာဂတ်အပြောင်းအလဲ
သို့သော် ဒီနေရာမှာ အနာဂတ်ရှုကွက်နှင့် ပတ်သက်လျှင် အချို့ယောဂီ တွေမှာ အပြောင်းအလဲ နည်းနည်းပါးပါးတော့ ရှိတတ်ပါတယ်။ နည်းနည်း ပါးပါး ပြောင်းလဲမှု ရှိတတ်တယ် ဆိုတာကတော့ ထိုယောဂီက တစ်ချိန်တုန်းက သူက ရဟန်းဖြစ်ချင်တဲ့စိတ်ဓာတ် သူ့မှာ ပြင်းပြင်ထန်ထန် ရှိခဲ့ဖူးတယ်။ အမျိုး သမီးဖြစ်ချင်လည်း ဖြစ်ပါစေ၊ အမျိုးသားဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဒါပေမဲ့လို့ တရားတွေ တကယ်အားထုတ်လိုက်တဲ့ အချိန်အခါကျတော့ ဒီယောဂီက ဘာဖြစ်လာသလဲ? ဒီရဟန်းဘဝကိုလည်း လိုချင်တဲ့စိတ်ထား မရှိတော့ဘူး။ ဘာဖြစ်လို့ သူက ဒီရဟန်းဘဝကို လိုချင်ရသလဲလို့မေးတော့ ယောကျ်ားဘဝနဲ့ ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်စံတာကိုပဲ သူက အလိုရှိတယ်။ အမျိုးသမီးဘဝနဲ့ ပရိနိဗ္ဗာန်စံရတာကို သူက အလိုမရှိဘူး။ သူက အထက်တန်းကျောင်းအုပ် ဆရာမကြီးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ဝိပဿနာတွေကို ရှုလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ? အဲဒီ သူမျှော်လင့်တောင့်တနေတဲ့ ရဟန်း ဘဝကို မရရှိဘူးတော့ မဟုတ်ဘူး၊ ရရှိတယ်။ အဲဒီ ရဟန်းတော်ကြီးလည်း တဖြည်းဖြည်း အိုအိုပြီး သွားလိုက်တာ အိုလွန်းမက အိုလာတော့ အိုလွန်းမက အိုတဲ့ ဒီအဘိုးကြီးအိုဘဝကို လိုချင်သေးလား? မလိုချင်ပါဘူး။
ဒါယကာကြီးတွေ ဒါယိကာမကြီးတွေကိုလည်း ဒီလို ဘဝကို မလိုချင်တဲ့ စိတ်ကို မွေးစေချင်တယ်။ ဒီတော့ တကယ်လက်တွေ့ တစ်ချိန်တုန်းက လိုချင် ခဲ့ပေမယ်လို့ နောင်တစ်ချိန် အသိဉာဏ်တွေ ရလာတဲ့အခါ လိုချင်တဲ့စိတ်ထား ရှိသေးသလား? မရှိတော့ဘူး။ အဲဒီ စိတ်ထားမျိုးတွေပေါ်အောင် တရားဆို တာက အားထုတ်တာ ဖြစ်ပါတယ်။ သို့သော် အပြောင်းအလဲအကြောင်းကို ဘုန်းကြီး ပြောချင်တာက တစ်ချိန်က သူက ရဟန်းဘဝကို မျှော်လင့်တောင့်တ ခဲ့တာ မှန်ပေမယ်လို့ သမထပိုင်း စျာန်တရားတွေကို စနစ်တကျ အားထုတ် လိုက်တော့ အောင်မြင်တဲ့ အချိန်အခါမှာ ဒီစျာန်တရားတွေရဲ့ အကျိုးပေးမှု စွမ်းအင်ကို လှမ်းပြီး ကြည့်လိုက်တော့ ဗြဟ္မာဘဝကို ရောက်ရှိသွားတာလည်း တွေ့နေပါတယ်။ ကျိန်းသေသလားဆိုတော့ ကျိန်းမသေပါဘူး။ ကျိန်းမသေဘူး ဆိုတဲ့သဘောက ဒီဘဝမှာ သူကြိုးစားခဲ့လျှင် ရဟန္တာဖြစ်နိုင်တဲ့ စွမ်းအင်ရှိ နေတာလည်း တွေ့ရတယ်။ မကြိုးစားခဲ့ဘူးဆိုလျှင် နောင်ဘဝ သံသရာခရီး တစ်ခု ဆက်ရဦးမယ်ဆိုတာလည်း တွေ့နေရတယ်။
ခုနက အဇာတသတ်တို့လို မဟာဓနသူဌေးသားတို့လိုပေါ့၊ ဒီဘဝမှာ ဘဝဆုံးချင်လည်း ဆုံးမယ်၊ မကြိုးစားခဲ့လျှင် မဆုံးချင်လည်း မဆုံးဘူး။ ဒီလို ပုဂ္ဂိုလ်မျိုးတွေကိုတော့ ဘုန်းကြီးတို့ စာပေနယ်က ပစ္ဆိမဘဝိက အတုလို့ ခေါ်တယ်။ တကယ်ကြိုးစားလို့ရှိလျှင်တော့ ဆုံးသွားမယ်။ တကယ်မကြိုးစား ခဲ့လျှင်လည်း မဆုံးနိုင်တဲ့သဘော ရှိတယ်။ ဒီတော့ အလိုအလျောက် ဆုတောင်းပန်ထွာရုံ သက်သက်ဖြင့် ရဟန္တာဖြစ်မှာ ဟုတ်သလား? မဟုတ်ဘူး။ ကြိုးစားဖို့တော့ လိုတယ်။
စွန့်နိုင်ဖို့လိုတယ်
ကြိုးစားတဲ့အပိုင်းမှာ ဘာလိုအပ်သလဲ? စွန့်နိုင်ဖို့တော့ လိုအပ်တယ်။ အမျိုးသမီးတွေ အမျိုးသမီးဘဝကို စွန့်နိုင်မှ အမျိုးသမီးဘဝမှ လွတ်မယ်၊ အမျိုးသားတွေ အမျိုးသားဘဝကို စွန့်နိုင်ပါမှ အမျိုးသားဘဝမှ လွတ်မယ်။ အမျိုးသမီးကလည်း အမျိုးသမီးဘဝကို မစွန့်နိုင်သေးဘူး၊ နောက်ထပ်လည်း အမျိုးသမီးပဲ ဖြစ်ချင်တယ်၊ အမျိုးသားကလည်း အမျိုးသားဘဝကို မစွန့်နိုင် သေးဘူး၊ နောက်ထပ် အမျိုးသားပဲ ထပ်ပြီး ဖြစ်ချင်ပါသေးတယ်ဆိုလျှင်တော့ လွတ်ပါ့မလား? မလွတ်ဘူး။ ဒီတော့ ဂျပန်ကနေ လွတ်ချင်တယ်ဆိုလျှင် ဂျပန်ကို စွန့်ဖို့တော့ မလိုဘူးလား? လိုပါတယ်။ မစွန့်နိုင်လို့ရှိလျှင်တော့ ဂျပန်က လွတ်ပါ့မလား? မလွတ်နိုင်ဘူး။ စွန့်နိုင်မှ လွတ်နိုင်တယ်။ ဒါကိုတော့ နည်းနည်း သဘောပေါက်ထားစေချင်ပါတယ်။
ဥပ္ပါဒနှင့် အနုပ္ပါဒနိရောဓကို သိမ်းဆည်းပုံ
ဒီတော့ ဒီလို အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းတဲ့ အပိုင်းမှာ အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို မြင်အောင်လှမ်းရှုဖို့ လိုတယ်။ အဲဒီလို ရှုလိုက်တဲ့အပိုင်းမှာ ခုနကပြောသလို စိတ်ဓာတ်က အကြောင်းတရားတွေ ချုပ်ခဲ့လျှင် အကျိုးတရားတွေ ချုပ်ငြိမ်းပုံ အပိုင်းကို မြင်အောင် လှမ်းကြည့်နိုင်ဖို့လည်း လိုတယ်။ ဒီဘဝမှာ ချုပ်ငြိမ်း ချင်လည်း ချုပ်ငြိမ်းမယ်။ အနာဂတ်ဘဝတစ်ခုမှာ ချုပ်ငြိမ်းချင် ချုပ်ငြိမ်းမယ်။ အကြောင်းတရားတွေက နောင်တစ်ဖန်မဖြစ်သော ချုပ်ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်း သွားတဲ့အခါမှာ အကျိုးခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထား ကာ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားတာကိုမြင်အောင် လှမ်းကြည့်ရမှာ ဖြစ်တယ်။
လှမ်းကြည့်လိုက်လို့ မြင်ပြီဆိုတော့မှ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ ဥပါဒါန်ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ သင်္ခါရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ စသည်ဖြင့် ချုပ်ငြိမ်း မှုသဘောကိုလည်း မြင်အောင်ရှုရတယ်။ ကမ္မဇရုပ်တို့၏ ချုပ်ပျက်နေတဲ့ သဘာဝ ဥပ္ပါဒနိရောဓ သဘောကိုလည်း မြင်အောင်ရှုရမယ်။ ဒီတော့ ဥပ္ပါဒနိရောဓရယ် အနုပ္ပါဒနိရောဓရယ် နှစ်မျိုးဖြစ်သွားပြီ။
လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်သော နိရောဓသစ္စာ
အဲဒီ အနုပ္ပါဒနိရောဓကိုလည်း မြတ်စွာဘုရားက နိရောဓသစ္စာအဖြစ်နဲ့ ဟောထားတော်မူပါတယ်။
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ၊ ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ရဲ့ ယတိပြတ် ချုပ်ငြိမ်းမှုကိုလည်း နိရောဓသစ္စာလို့ ခေါ်တယ်။ ဘာနိရောဓသစ္စာလည်းလို့မေးတော့ လောကီဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ ဖြစ်တယ်။ တစ်ဖန် ဒုက္ခနိရောဓဂါမိနိပဋိပဒါ = ဒုက္ခသစ္စာတရားတွေရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် ဒုက္ခချုပ်ငြိမ်းကြောင်း ဒုက္ခနိရောဓအဖြစ်နဲ့လည်း ဟောထားတယ်။ အဲဒီ ဒုက္ခနိရောဓကလည်း ခန္ဓာငါးပါးတို့ရဲ့ ချုပ်ငြိမ်းမှုသာ ဖြစ်တယ်။ ခန္ဓာ ငါးပါးဟာ ဘယ်အချိန်အခါမှာ ချုပ်သလဲလို့မေးလျှင် ပရိနိဗ္ဗာနစုတိ ကျရောက်တဲ့ အချိန်အခါမှာ ခန္ဓာငါးပါးတို့သည် နောင်တစ်ဖန် မဖြစ်သောချုပ် ခြင်းဖြင့် ချုပ်တယ်။ အဲဒီ ချုပ်ငြိမ်းမှုကလည်း အနုပ္ပါဒနိရောဓ ဖြစ်တယ်။ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာပဲ ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က လောကီနိရောဓသစ္စာကိုလည်း သိရမယ်။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)
လောကီမဂ္ဂသစ္စာ
လောကီမဂ္ဂသစ္စာကိုလည်း သိရမယ်။ လောကီမဂ္ဂသစ္စာ ဆိုတာကတော့ အခုချုပ်ငြိမ်းမှုတို့ကို လှမ်းပြီးရှုနေတဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေ ဖြစ်ပါတယ်။ ထိုဝိပဿနာဇောဝီထိ စိတ်အစဉ်တွေထဲမှာ ဒီချုပ်ငြိမ်းမှု နှစ်မျိုးတို့ တွင် အနုပ္ပါဒနိရောဓသဘောကို လှမ်းပြီး သိနေတဲ့ဉာဏ်က သမ္မာဒိဋ္ဌိ။ ထို အနုပ္ပါဒနိရောဓ သဘောအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘော က သမ္မာသင်္ကပ္ပ၊ ထိုအနုပ္ပါဒနိရောဓသဘောကို သိအောင် ကြိုးစားအားထုတ် နေတဲ့သဘောက သမ္မာဝါယာမ၊ အနုပ္ပါဒနိရောဓသဘောကို အမြဲမပြတ် အမှတ်ရနေတဲ့သဘောက သမ္မာသတိ၊ အနုပ္ပါဒနိရောဓ အာရုံပေါ်၌ ဝိပဿနာ ဘာဝနာစိတ်ရဲ့ ကျရောက် တည်ငြိမ်နေခြင်း သဘောက သမ္မာသမာဓိ၊ ပေါင်းလိုက်တော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? ငါးပါး။ သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ၊ လောကီမဂ္ဂင်ငါးပါး။ (ဝိသုဒ္ဓိ၊၂၊၂၆၈။)
ဒီလောကီမဂ္ဂင်ငါးပါးကို သိအောင် ရရှိအောင် ကြိုးစားအားထုတ်နေတဲ့ ယောဂီသူတော်ကောင်းက သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ သီလ မဂ္ဂင်သုံးပါးကို ကြိုတင်ပြီး ဆောက်တည်ထားတဲ့အတွက်, ကျင့်သုံးထားတဲ့ အတွက် သူ့သန္တာန်မှာ တည်ရှိနေတဲ့ ဒီသီလမဂ္ဂင်သုံးပါးနဲ့ပါ ပေါင်းလိုက်တော့ လောကီမဂ္ဂင် ဘယ်နှစ်ပါး ဖြစ်သွားသလဲ? ရှစ်ပါး။ လောကီမဂ္ဂင်ရှစ်ပါးက လောကီမဂ္ဂသစ္စာတရား ဖြစ်ပါတယ်။ ပေါင်းလိုက်တော့ ခန္ဓာငါးပါးက ဒုက္ခသစ္စာ၊ အကြောင်းတရားတွေက သမုဒယသစ္စာ၊ အကြောင်းအကျိုး နှစ်ရပ်လုံး တို့ရဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းမှုက နိရောဓသစ္စာ၊ ထိုနိရောဓ သစ္စာကို ထိုးထွင်းသိနေတဲ့ သို့မဟုတ် ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓ သစ္စာ, မဂ္ဂသစ္စာတွေကို ပြန်ထိုးထွင်းသိနေတဲ့ မဂ္ဂင်ရှစ်ပါးက မဂ္ဂသစ္စာ၊ ပေါင်း လိုက်တော့ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့သစ္စာ ဘယ်နှစ်ပါး လဲ? လေးပါး။ လောကုတ္တရာ သစ္စာတွေကို မျက်မှောက်ပြုချင်တဲ့ ပုဂ္ဂိုလ်က ဒီလောကီ ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ သစ္စာလေးပါးကို ပထမ သိအောင် ရှုပွားသုံးသပ်ရပါတယ်။
အသင်္ခတဓာတ် နိဗ္ဗာန် တရားတော်မြတ်က တဏှာချုပ်ရာ ဒုက္ခချုပ်ရာ ဖြစ်တဲ့ လောကုတ္တရာ နိရောဓသစ္စာ ဖြစ်ပါတယ်။ ထိုလောကုတ္တရာ နိရောဓ သစ္စာကို အာရုံပြုနေတဲ့ မဂ္ဂင်ရှစ်ပါးက လောကုတ္တရာ မဂ္ဂသစ္စာ ဖြစ်ပါတယ်။ အဲဒီ လောကုတ္တရာ သစ္စာတွေကို ထိုးထွင်းသိရေးအတွက် လောကီမဂ္ဂသစ္စာကို ပထမ ပွားများရပါတယ်။ အဲဒီ လောကီ မဂ္ဂသစ္စာလေးပါးကို ထိုးထွင်းသိပြီဆို တော့ ထိုယောဂီပုဂ္ဂိုလ်သည် ဘာလုပ်ရသလဲ? လုပ်ငန်းခွင်ကို မြတ်စွာဘုရား က ဆက်လက်ဟောကြားထားတော်မူပါတယ်။
သမုဒယ+ဝယဓမ္မာနုပဿီ
သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)
ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန်အထပ်ထပ် ရှုသည်ဖြစ်၍ နေလေ၏။ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန် ဖန် အထပ်ထပ် ရှုသည်ဖြစ်၍ နေလေ၏။ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်း သဘော၊ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုသည်ဖြစ်၍ နေလေ၏။ ဖြစ်တာကိုသာသိအောင် ရှုရသည် မဟုတ်ဘူး။ ချုပ်တာကိုလည်း သိအောင်ရှုဖို့ မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။ ဖြစ်တာနှင့်ချုပ်တာ နှစ်ခု ပေါင်းစပ်ပြီးတော့လည်း ရှုပွားသုံးသပ်ဖို့ရန်အတွက် မြတ်စွာဘုရားက ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောသလဲ၊ ဘယ်လိုရှုမလဲ?
ခုနက အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ဖြစ်လို့ အကျိုးခန္ဓာငါးပါး ဖြစ်ပုံကိုလည်း မြင်အောင်ရှုရတယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားတဲ့အတွက် အကျိုးခန္ဓာငါးပါးတို့ရဲ့ နောင်တစ်ဖန် မဖြစ်သောချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို လည်း မြင်အောင်ရှုရတယ်။ အဲဒီနှစ်ခုကို ရှုလိုက်တဲ့ ပုဂ္ဂိုလ်က ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့လည်း ရှုပါ။ ဘယ်လိုရှုမလဲဆိုတော့ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ကမ္မဇရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ကမ္မဇရုပ်ချုပ်၏၊ အဝိဇ္ဇာလည်း ဖြစ်ပျက်အနိစ္စ၊ ကမ္မဇရုပ်လည်း ဖြစ်ပျက်အနိစ္စ စသည်ဖြင့် ဒီလို လက္ခဏာ ရေးသုံးတန် တင်ပြီးတော့ ဒီအပိုင်းမှာလည်း ရှုပွားသုံးသပ်ပေးရပါတယ်။
အဲဒီလို ရှုပွားသုံးသပ်တဲ့ လုပ်ငန်းခွင်ကို သမုဒယဝယဓမ္မာနုပဿီ ဆိုပြီးတော့ မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်မှာ နာမည်တပ်ပြီး ဟောကြားထားတော်မူပါတယ်။ အဲဒီလို ရှုတဲ့ရှုကွက်ကတော့ ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီတော့ ဒီအပိုင်းမှာ မြတ်စွာဘုရားက ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ဆိုပြီးတော့ ဉာဏ်သုံးပါးကို စုပေါင်းပြီးတော့ ဟောကြားထားတော်မူပါတယ်။ ဟောထားလိုက်တဲ့အခါမှာ ခုနက အဝိဇ္ဇာဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်၏။ အဝိဇ္ဇာက အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရားစသည်ဖြင့် အကြောင်း တရား အကျိုးတရားတွေကို သိမ်းဆည်းတဲ့အပိုင်းက ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်တယ်။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ထိုးထွင်းသိတဲ့ အပိုင်း လည်း ဖြစ်ပါတယ်။ တစ်နည်းပြောလျှင်တော့ ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာကို ထိုးထွင်းသိတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။ ယောဂီပုဂ္ဂိုလ်က ဒီ အကြောင်းအကျိုး နှစ်ရပ်လုံးဖြစ်တဲ့ အကြောင်းတရားနှင့်တကွသော ခန္ဓာ ငါးပါးတို့ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို ဉာဏ်နှင့် မြင်အောင်ကြည့်ပြီး အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ရှုပွားသုံးသပ်ရပါ တယ်။
အခန်း (၁၅)
ဝိပဿနာဉာဏ်စဉ်ပိုင်းနှင့် အရိယမဂ်ဉာဏ်ပိုင်း
သမ္မသနနှင့်ဥဒယဗ္ဗယ
အဲဒီလို ရှုပွားသုံးသပ်ခါစ အပိုင်းမှာ ခဏပစ္စုပ္ပန်ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုကို မမြင်သေးဘူး။ ခပ်ကျဲကျဲလေးတော့ မြင်နေတယ်။ ဖြစ်မှု ပျက်မှုကို ခပ်ကျဲကျဲမြင်နေတဲ့ အပိုင်းကိုတော့ သမ္မသနဉာဏ်ပိုင်းလို့ ခေါ်ပါ တယ်။ ဒီသမ္မသနဉာဏ်ပိုင်းမှာ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက အောက်ပါ အတိုင်း ညွှန်ကြားထားတော်မူပါတယ်။
ပဋိသမ္ဘိဒါမဂ်ပါဠိတော်၏ ညွှန်ကြားချက်
ဒီသမ္မသနဉာဏ်ပိုင်းမှာ ရှုကွက်နှင့် ဆက်စပ်ပြီး ရှုပုံနည်းစနစ်များကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ညွှန်ကြားတော်မူတဲ့ ညွှန်ကြားချက်တစ်ခုကို နာယူကြည့်ရအောင် -
ကထံ အတီတာနာဂတပစ္စုပ္ပန္နာနံ ဓမ္မာနံ သင်္ခိပိတွာ ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ?
၁။ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ အနိစ္စတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ ဒုက္ခတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ အနတ္တတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။
၂။ ယာ ကာစိ ဝေဒနာ။ ပ ။
၃။ ယာ ကာစိ သညာ။ ပ ။
၄။ ယေ ကေစိ သင်္ခါရာ။ ပ။
၅။ ယံ ကိဉ္စိ ဝိညာဏံ။ ပ ။ အနတ္တတော ဝဝတ္ထပေတိ၊ ဧကံ သမ္မသနံ။ (ပဋိသံ-၅၁။)
ဒီပါဠိတော်ရဲ့ ဆိုလိုရင်းကတော့ သမ္မသနဉာဏ်ရဲ့ အရှုခံအာရုံဖြစ်ကြတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဖြစ်တဲ့ သင်္ခါရတရားတွေကို ကလာပသမ္မသနလို့ ခေါ်ဆိုအပ်တဲ့ အပေါင်းအစုအလိုက် ခြုံငုံပြီးတော့ အနိစ္စလို့ ပိုင်းခြားဆုံးဖြတ် ခြင်း, ဒုက္ခလို့ ပိုင်းခြားဆုံးဖြတ်ခြင်း, အနတ္တလို့ ပိုင်းခြားဆုံးဖြတ်ခြင်းဆိုတဲ့ သမ္မသနဉာဏ်ဟာ အဘယ်သို့ ဖြစ်ပေါ်လာပါသလဲ?
၁။ အတိတ်ရုပ်တရား, အနာဂတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အဇ္ဈတ္တရုပ် တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ရုပ်တရား, ဒူရခေါ်တဲ့ ဝေးတဲ့ရုပ်တရား, သန္တိကခေါ်တဲ့ နီးတဲ့ရုပ်တရား၊ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရားအားလုံးကို ဖြစ်ပြီးပျက် နေတဲ့ သဘောကို အာရုံယူပြီးတော့ အနိစ္စလို့ ပိုင်းခြားဆုံးဖြတ်တယ်၊ တစ်ခုသော သမ္မသနဖြစ်တယ်။ ဒီရုပ်တို့ရဲ့ ဖြစ်ခြင်းပျက်ခြင်း ဒဏ် ချက်ဖြင့် အမြဲတမ်း အညှဉ်းပန်းအနှိပ်စက် ခံရတဲ့သဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ ဒုက္ခလို့ ပိုင်းခြားဆုံးဖြတ်တယ်၊ တစ်ခုသော သမ္မသန ဖြစ်တယ်။ ဒီရုပ်တွေမှာ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်ရှိနေတဲ့ အတ္တမရှိတဲ့သဘောကို ဉာဏ်နှင့်မြင် အောင် ကြည့်ပြီးတော့ အနတ္တလို့ ပိုင်းခြားဆုံးဖြတ်တယ်၊ တစ်ခုသော သမ္မသနဖြစ်တယ်။
ဒီလို ရှုပွားသုံးသပ်ဖို့ရန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ညွှန်ကြားထား တော်မူပါတယ်။
၂။ ဝေဒနာ, ၃။ သညာ, ၄။ သင်္ခါရ, ၅။ ဝိညာဏ်ခေါ်တဲ့ နာမ်ခန္ဓာ လေးပါးကိုလည်း ပုံစံတူပဲ ညွှန်ကြားထားတော်မူပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ကြီးကလည်း (ဝိသုဒ္ဓိ၊၂၊၂၄၂။) ဒီပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးနှင့် သံယုတ်ပါဠိ တော်၌ လာရှိတဲ့ အဘိညေယျဒေသနာတော် (သံ၊၂၊၂၅၈၊၊) များကို ကိုးကား ၍ ပုံစံတူပဲ ရှုရန် ထပ်ဆင့် ညွှန်ကြားထားပါတယ်။
ဒါကြောင့် သမ္မသနဉာဏ်ရဲ့သဘောက အတိတ်ခန္ဓာငါးပါး, အနာဂတ် ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အဇ္ဈတ္တခန္ဓာငါးပါး, ဗဟိဒ္ဓခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ တိုးလျှိုပေါက်အောင် ရှုရတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီလို ရှုလိုက်တဲ့အခါမှာ ခဏပစ္စုပ္ပန်မဆိုက်မီအတွင်း ကို သမ္မသနဉာဏ်လို့ ခေါ်ပြီး စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းမှာ တည်ရှိတဲ့ ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတွေရဲ့ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်ကို ဆိုက် အောင် ရှင်းရှင်းလင်းလင်းမြင်ပြီ ဆိုလို့ရှိလျှင်တော့ အဲဒီအပိုင်းကိုတော့ ဥဒယဗ္ဗယဉာဏ်ပိုင်းဆိုပြီး ခေါ်ပါတယ်။ အဲဒီ ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ် ဒီဉာဏ်သုံးပါးကို ရင့်ကျက်အောင် ယောဂီပုဂ္ဂိုလ်က ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာ လေ့ကျင့်ရပါတယ်။ လေ့ကျင့်လို့ အောင်မြင်မှုရပြီ ဆိုလျှင် ထိုယောဂီပုဂ္ဂိုလ်သည် ရှေ့တစ်ဆင့်တက်ပြီးတော့ ဘာလုပ်ငန်းခွင် လုပ်ရမလဲ?
ဘင်္ဂဉာဏ်စတဲ့ အထက်ပိုင်းဝိပဿနာဉာဏ်များ
လုပ်ငန်းခွင်ကို မြတ်စွာဘုရားက ဒီသတိပဋ္ဌာန် ဒေသနာတော်မှာပဲ ဆက်ပြီး ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောကြားထားတော်မူ သလဲ?
အတ္ထိ ကာယောတိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။ (မ၊၁၊၇၁)
ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သတိက ရှေးရှုတည်နေတယ်၊ ဘယ်လို ရှေးရှုတည်သလဲ? ကာယတွေပဲ ရှိတယ်ဆိုတဲ့ အသိဉာဏ်တွေ ရှေးရှုတည်နေ တယ်။ ကာယဘယ်နှစ်မျိုးလဲ? သုံးမျိုး။ မမေ့နဲ့နော်။ အဿာသပဿာသ ကာယ, ကရဇကာယ သို့မဟုတ် ရူပကာယ, နောက်တစ်ခုက နာမကာယ။ အဿာသပဿာသကာယက ဝင်လေထွက်လေမှာ တည်ရှိနေတဲ့ ရုပ်တရား အပေါင်းအစု၊ ကရဇကာယ ဆိုတာကတော့ ကံ, စိတ်, ဥတု, အာဟာရခေါ်တဲ့ အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေတဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ ရုပ်တရားအစု၊ နာမကာယဆိုတာက ထိုရုပ်တရားကို အာရုံယူ၍ ရုပ်တရားကို မှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့ နာမ်တရားအစု၊ နောက်တစ်ခု စျာန်နာမ်တရား အစုတွေ ဖြစ်ကြပါတယ်။
ဒီတော့ တစ်နည်းပြောလျှင်တော့ ရုပ်တရားအစုအပုံ နာမ်တရားအစု အပုံ။ ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံလို့ ခေါ်ဆိုအပ်တဲ့ ကာယသာ လျှင် ရှိတယ်ဆိုတဲ့ သတိသည် ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရှေးရှုတည်လာ ပြီ၊ ဘာပြောလိုတာလဲ? ပြောလိုရင်း အဓိပ္ပါယ်လေးကတော့ နာမရူပပရိစ္ဆေဒ ဉာဏ်စတဲ့ ရှေ့ပိုင်းတွေမှာ လက်တွေ့ အားထုတ်နေတဲ့ ယောဂီများဆိုလျှင် သဘောပေါက်ကြပါတယ်။
ဓာတ်လေးပါးကို ပြည်တည်ပြီးတော့ ခန္ဓာကိုယ်မှာ တည်ရှိတဲ့ ဓာတ်လေး ပါးကို သိမ်းဆည်းပြီ ဆိုကြစို့။ သိမ်းဆည်းလိုက်လို့ တစ်ဆင့်ထက်တစ်ဆင့် ဓာတ်လေးပါးနှင့် သမာဓိထူထောင်လိုက်တဲ့အခါမှာ အဖြူအတုံးအခဲကို တွေ့ပြီ၊ အတုံးလိုက်အခဲလိုက်ပဲ ရှိသေးတယ်၊ ဒီအဖြူအတုံးအခဲမှာ တည်ရှိတဲ့ ဓာတ်လေးပါးကို ဆက်လက်သိမ်းဆည်းပြီး သမာဓိထူထောင်နိုင်လိုက်လျှင် အဖြူအတုံးအခဲကနေ ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်နေတဲ့ အကြည်အတုံး အခဲကို တွေ့ပြီ၊ ဒီအကြည်အတုံးထဲမှာလည်း တည်ရှိတဲ့ ဓာတ်လေးပါးကို ဆက်လက်သိမ်းဆည်းပြီး သမာဓိထူထောင်လိုက်လျှင် ကလာပ်အမှုန်ကလေး တွေ တွေ့တယ်။ ကလာပ်အမှုန်သည် ပရမတ်တရားလားလို့မေးတော့ မဟုတ် သေးဘူး၊ ပရမတ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။
ဒီတော့ ယောဂီပုဂ္ဂိုလ်က ဒီပရမတ်တို့ရဲ့ အသေးဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဒီရုပ်ကလာပ်ကလေးတွေကို ဓာတ်ခွဲလိုက်တဲ့ အချိန်ကျတော့မှ ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော စသည်ဖြင့် သဘောတရား လေးတွေ ရှစ်ခု,ကိုးခု, ဆယ်ခု စသည်ကို သိမ်းဆည်းနိုင်ပြီ၊ သိမ်းဆည်းလိုက်တဲ့ အချိန်အခါကျမှ ပရမတ်နယ်မြေကို ရောက်တယ်။
ပရမတ်နယ်မြေကို ရောက်လိုက်တဲ့ အချိန်အခါမှာ ဘယ်လို ဖြစ်နေ သလဲလို့ မေးလျှင်ပေါ့၊ ခန္ဓာအိမ်တစ်ခုပဲ ဆိုကြပါစို့၊ ပရမာဏုမြူခန့် သေးငယ် နေတဲ့ ဒီကလာပ်အမှုန်ပေါင်း ဘယ်လောက်လောက် ရှိမလဲလို့ မေးလျှင်ပေါ့။ တစ်ချိန်တည်းမှာ ပြိုင်တူဖြစ်နေတဲ့ ဒီကလာပ်အမှုန်လေးတွေကို ဉာဏ်နှင့် ချင်တွယ်လို့ ရစကောင်းလို့သာ ချင်တွယ်ကြည့်မယ်ဆိုလျှင် ဒေါဏမတ္တာ = တစ်စိတ်သားခန့်လောက် ရှိမယ်။ (ဝိသုဒ္ဓိ၊၁၊၃၆၁။)
ပရမာဏုမြူခန့် သေးငယ်နေတဲ့ အမှုန်ပေါင်း တစ်စိတ်သားခန့်လောက် ရှိမယ်ဆိုတော့ အဲဒီ ရုပ်ကလာပ် အမှုန်လေးတွေက အလွန် လျင်လျင်မြန်မြန် ဖြစ်ပြီးပျက်နေတယ်။ အဲဒီ ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်းကို လိုက်ပြီး ဓာတ်ခွဲနိုင်မလားလို့မေးတော့ မခွဲနိုင်ကြဘူး။ ဘာဖြစ်လို့လဲ? များလည်းများ တာကတစ်ကြောင်း လျင်မြန်တာကလည်းတစ်ကြောင်း၊ ဒီတော့ အဇ္ဈတ္တမှာ တည်ရှိတဲ့ ရုပ်တရားတွေကို ကုန်စင်အောင် ဓာတ်မခွဲနိုင်သလို, ရုပ်ကလာပ် တိုင်း ရုပ်ကလာပ်တိုင်းမှာ တည်ရှိတဲ့ ရုပ်တရားတိုင်း ရုပ်တရားတိုင်းကို ကုန် စင်အောင် မသိမ်းဆည်းနိုင်သလို ဗဟိဒ္ဓလောကလို့ ခေါ်ဆိုအပ်တဲ့ (၃၁)ဘုံ အတွင်းမှာ တည်ရှိတဲ့ ရုပ်ကလာပ်တွေကိုလည်း ဓာတ်ခွဲကာ ရုပ်ပရမတ် တရားတွေကို ကုန်စင်အောင် မရှုနိုင်ကြပါဘူး။ ဗဟိဒ္ဓ တစ်လောကလုံးမှာ တည်ရှိတဲ့ ရုပ်တွေနာမ်တွေကို ခြုံငုံပြီး သိမ်းဆည်းရမှာ ဖြစ်တယ်။
တစ်လောကလုံးမှာရှိတဲ့ ရုပ်တရားရုပ်ကလာပ်အမှုန် ဘယ်လောက်များ မယ်ဆိုတာ လှမ်းပြီး မှန်းသာကြည့်တော့၊ အဲဒါတွေကို သာဝကတွေအနေနဲ့ ကုန်စင်အောင် သိမ်းဆည်းနိုင်မလား? မသိမ်းဆည်းနိုင်ဘူး။ သိမ်းဆည်းလိုက် နိုင်တာက နည်းနည်းရယ်၊ မသိမ်းဆည်းလိုက်နိုင်တာကသာလျှင် ပိုပြီးများ တယ်။ များပြားနေတဲ့ ဒီရုပ်တရား အစုအပုံတွေထဲမှာ ဉာဏ်က အခုလို ထက်လာလို့ အထူးသဖြင့် ဘင်္ဂဉာဏ်ပိုင်းလောက် ရောက်ပြီ၊ အဖြစ်ကိုမမြင် တော့ဘဲ သင်္ခါရတရားတွေရဲ့ အပျက်သက်သက်ကိုပဲ မြင်နေပြီ၊ ဘာဖြစ်လို့ ဒီအပျက်ကို မြင်သလဲ? ဖြစ်တာမရှိလို့လားဆိုတော့ မဟုတ်ပါဘူး။
ယောဂီပုဂ္ဂိုလ်က ဥဒယဗ္ဗယဉာဏ်ပိုင်းက ရင့်ကျက်လာတဲ့အခါ ဘင်္ဂဉာဏ်ပိုင်းကို ကူးတော့မယ်ဆိုလျှင် ဉာဏ်တွေကလည်း ထက်လာပြီ၊ ရုပ်တွေ နာမ်တွေရဲ့ ဖြစ်မှုပျက်မှုတွေကိုလည်း လျင်လျင်မြန်မြန်ကြီး တွေ့ပြီ၊ ရှေး တုန်းက ရုပ်တွေနာမ်တွေက ဖြစ်မှုပျက်မှုက နှေးနေတယ်၊ ခုမှသာ လျင်မြန် တယ်၊ ဒီလိုတော့ မဟုတ်ဘူး။ ရုပ်တို့နာမ်တို့ရဲ့ သဘာဝက လျင်လျင်မြန်မြန် ကြီးကို ဖြစ်ပြီးပျက်နေတာ၊ ဒါ သူတို့ရဲ့ သဘာဝပဲ၊
ဒါပေမဲ့ ဉာဏ်က မလိုက်နိုင်သေးတော့ ရှေ့ပိုင်းမှာ သူက လျင်လျင် မြန်မြန် ဖြစ်မှုပျက်မှုကို သေသေချာချာ ဂဃနဏ သိပ်ပြီး ထိုးထွင်းပြီး မသိ သေးဘူး၊ ဥဒယဗ္ဗယဉာဏ်ပိုင်း ရောက်လာတဲ့ အချိန်အခါမှ ရင့်ကျက်လာမှ လျင်လျင်မြန်မြန် ဖြစ်မှုပျက်မှုကို မြင်ပြီ၊ မြင်ပေမယ်လို့ ခုနက ရုပ်ပရမတ် တရားတွေကို ရှုလိုက်တဲ့အပိုင်းမှာ ဉာဏ်က အလွန်ကြီး မထက်သေးတဲ့ အတွက် ကလာပ်အမှုန်ကလေးတွေကို ဓာတ်ခွဲနိုင်တဲ့ ရုပ်ကလာပ်တွေလည်း ရှိတယ်။ ဓာတ်မခွဲနိုင်တဲ့ ရုပ်ကလာပ်အမှုန်တွေလည်း ရှိနေသေးတယ်။ ရှိနေသေးတဲ့ အခါကျတော့ ဆိုလိုတာက တချို့ မိမိရှုပွားနိုင်တဲ့ ရုပ်တရားတွေ ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပေမယ်လို့ မရှုပွားလိုက်နိုင်တဲ့ ရုပ်တရား တွေကျတော့ ပရမတ်ကို ဉာဏ်အမြင် မဆိုက်သေးဘူး။
သို့သော် အခု ဒီဘင်္ဂဉာဏ်ပိုင်း ရောက်လာပြီဆိုတော့ ယောဂီပုဂ္ဂိုလ်က ဖြစ်မှုကို နှလုံးမသွင်းတော့ဘဲ အပျက်သက်သက်ကိုပဲ ကွက်ပြီး နှလုံးသွင်းလိုက် တော့တယ်။ သိပ်ပြီးတော့ လျင်လျင်မြန်မြန် ပျက်နေတဲ့ သဘာဝတွေကို ဉာဏ်နှင့်မြင်လာပြီ၊ မြင်လာလို့ ဉာဏ်က ရင့်ကျက်လာပြီဆိုလျှင် ထိုချိန်အခါမှာ ကလာပ်အမှုန်ဆိုတာ လုံးလုံးပျောက်သွားတယ်၊ မတွေ့တော့ဘူး၊ သဝိဂ္ဂဟ ခေါ်တဲ့ သဏ္ဌာန်ဒြပ်တွေ သင်္ခါရနိမိတ်တွေ အားလုံး ကွယ်ပျောက်သွားတယ်။ (မဟာဋီ၊၂၊၄၃၉။)
ဒီအပိုင်းမှာ သဝိဂ္ဂဟခေါ်တဲ့ သဏ္ဌာန်ဒြပ်ဆိုတာ ရုပ်ကလာပ်တွေပဲ ဖြစ်ပါတယ်။ ဝိပဿနာဉာဏ်က ထက်မြက်စူးရှလာတဲ့အခါ သဝိဂ္ဂဟခေါ်တဲ့ ရုပ်ကလာပ်တွေ ပျောက်ပြီးတော့ ရုပ်ပရမတ်သဘောတရား အစုအပုံသက် သက်, နာမ်ပရမတ် အစုအပုံသက်သက်ကိုသာ ယောဂီပုဂ္ဂိုလ်ရဲ့ ဉာဏ်က တွေ့နေတယ်၊ သိနေတယ်။ ပရမတ်သဘောတရား သက်သက်ကိုပဲ ဉာဏ်နှင့် တွေ့နေပြီ၊ အဇ္ဈတ္တ ကြည့်လိုက်လျှင်လည်း ပရမတ်သက်သက် တွေ့တယ်၊ ဗဟိဒ္ဓ ကြည့်လိုက်လျှင်လည်း ပရမတ်သက်သက်ပဲ တွေ့နေတယ်။ အဲဒီ အချိန်အခါကျမှ ဝိပဿနာနယ်ထဲကို ခြေစုံပစ်ပြီးတော့ ဝင်ပါတယ်။ ဝိပဿနာ ဉာဏ်အစစ်ကို ဆိုလိုပါတယ်။
ရှေ့ပိုင်းမှာတော့ ဝိပဿာနာဉာဏ်နှင့် မရှုလိုက်မိတဲ့ မရှုလိုက်နိုင်တဲ့ သဘောတရားတွေက ရောထွေးပြီးတော့ နေကြပါသေးတယ်။ ရောထွေးတယ် ဆိုတာက ကလာပ်အမှုန်ကလေးတွေကို မြင်နေသေးတယ်လို့ ဆိုလိုတာပါ။ ပရမတ်ကို ဉာဏ်အမြင် ဆိုက်နေတာလည်း ရှိတယ်။ ဉာဏ်အမြင် မဆိုက် သေးတာတွေလည်း ရှိနေသေးတယ်။ အခု ဘင်္ဂဉာဏ်ပိုင်း ရောက်ပြီ ဆိုလို့ရှိ လျှင်တော့ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတွေကို မတွေ့တော့ဘဲ ပရမတ်ကို ဉာဏ်အမြင် ဆိုက်သွားပြီ။ ပရမတ်ကို ဉာဏ်အမြင် ဆိုက်တဲ့အတွက် ပရမတ် အသားတင်သက်သက်ကိုသာ ဉာဏ်နှင့် ရှေးရှုပြီး မြင်နေပြီ၊ သတိကလည်း ပရမတ်တရားတွေ အပေါ်မှာပဲ ခိုင်ခိုင်မြဲမြဲဖြင့် ကပ်နေပြီ၊ ကပ်နေတဲ့အတွက် ဒီ သတိကလေးကို ဘုရားရှင်က ဘယ်လိုဟောသလဲ?
ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။
ဉာဏ်တွေ အဆင့်ဆင့် တိုးတက်လာဖို့ရန်လည်း ဖြစ်တယ်၊ သတိတရား တွေ အဆင့်ဆင့် တိုးပွားလာဖို့ရန် အတွက်လည်း ဖြစ်တယ်။ ဒီလို ဟောကြား ထားတော်မူတယ်။ ဉာဏ်တွေ အဆင့်ဆင့် တိုးတက်တယ်။ သတိတရားတွေ အဆင့်ဆင့် တိုးတက်လာတယ် ဆိုတာက ဘင်္ဂဉာဏ်ကနေ စပြီးတော့ အထက်တန်း ဝိပဿနာဉာဏ်တွေ တစ်စထက်တစ်စ တိုးတက်သွားမယ်။ ဒါလည်း အကြောင်းတစ်ခု၊ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က ဥပမာ- ရုပ်တရားတွေကို ရှုလိုက်တယ်။ ရုပ်တရားတွေရဲ့ ပျက်နေတဲ့သဘောကို မြင်တယ်။ ထိုပျက်နေတဲ့သဘောကို ကြည့်ပြီးတော့ အနိစ္စလို့ ရှုတယ်။ ထိုအနိစ္စ လို့ ရှုနေတဲ့ ဝိပဿနာဇောဝီထိ စိတ်အစဉ်ကိုလည်း တစ်ဖန်ပြန်ပြီးတော့ အနိစ္စလို့ ထပ်ရှုရတယ်။ ဒုက္ခလို့ ရှုလျှင်လည်း ပုံစံတူပဲ၊ အနတ္တလို့ ရှုလျှင် လည်း ပုံစံတူပါပဲ၊ ဝိပဿနာဇောဝီထိ စိတ်အစဉ်တွေကိုပါ တစ်ဖန်ပြန်ပြီး တော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ပြီးတော့ ဝိပဿနာရှုပေးရပါတယ်။
ဒီတော့ အရှုခံဘက်မှာ ရုပ်တရားနာမ်တရားအစုအပုံပဲ ရှိတယ်။ ရှုတတ် တဲ့ ဝိပဿနာဉာဏ်ဘက်မှာတော့ ဝိပဿနာဇောဝီထိလို့ ခေါ်ဆိုအပ်တဲ့ နာမ် တရားအစုအပုံ ရှိတယ်။ ထိုအရှုခံဖြစ်တဲ့ ရုပ်ပရမတ်တရား နာမ်ပရမတ်တရား အစုအပုံတွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တော့ ဝိပဿနာရှုရတယ်။ ရှုလိုက်တဲ့ ဝိပဿနာဇောဝီထိစိတ်အစဉ်တွေ ကိုလည်း တစ်ဖန်ပြန်ပြီးတော့ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီး ပြန်ပြီးတော့ ဝိပဿနာရှုပေးရပါတယ်။
အဲဒီလို ရှုပေးလိုက်တဲ့ အချိန်အခါမှာ ဉာဏ်တွေက တဖြည်းဖြည်း ရင့်ကျက်လာပြီ ဆိုကြစို့၊ ရင့်ကျက်လာတဲ့ အချိန်အခါမှာ အပျက်တွေကို ရှုနေတဲ့ ဉာဏ်တွေက မပျက်တဲ့နယ်ဘက်ကို လှမ်းပြီးတော့ မြင်လိုက်ပြီ၊ မြင်လိုက်ပြီ ဆိုလျှင် မပျက်တဲ့ သဘာဝကိုတော့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်လို့ ခေါ်ပါတယ်။
လောကုတ္တရာနိရောဓသစ္စာသို့ ဆိုက်ပြီ
ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်က သစ္စာဒေသနာတော်နည်း အရ နိရောဓသစ္စာ ဖြစ်ပါတယ်။ ထိုနိရောဓသစ္စာကို လှမ်းအာရုံယူနေတဲ့ စိတ်စေတသိက်တရားစုကတော့ မဂ်စိတ်စေတသိက်နှင့် ဖိုလ်စိတ်စေတသိက် တွေ ဖြစ်ကြပါတယ်။ ထိုမဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေက ဘယ်ချိန်အခါမှာ ဘယ်လိုဖြစ်သလဲဆိုတဲ့ အပိုင်းကတော့ ယောဂီတစ်ဦးနှင့် တစ်ဦးတော့ မတူကြပါဘူး။ တချို့ယောဂီတွေက ရုပ်တရားကိုရှုခိုက်မှာ ဒီ အငြိမ်းဓာတ် နိဗ္ဗာန်ကို ဆိုက်သွားတာလည်း ရှိတယ်။ တချို့ယောဂီတွေက ကာမာဝစရနာမ်တရားတွေကို ဝိပဿနာရှုခိုက်မှာ အငြိမ်းဓာတ် နိဗ္ဗာန်ကို ဆိုက်သွားတာလည်း ရှိတယ်၊ တချို့ယောဂီတွေကျတော့ စျာန်နာမ်တရားတွေ ကို ဝိပဿနာရှုခိုက်မှာ အငြိမ်းဓာတ် နိဗ္ဗာန်ကို ဆိုက်သွားတာလည်း ရှိကြ ပါတယ်။
ဥပမာ - ခုလို အာနာပါနကို စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ထူထောင်နိုင်တဲ့ ပုဂ္ဂိုလ်က ဒီအာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူပြီး ပထမ စျာန်သမာဓိကို ပြန်ပြီး ထူထောင်တယ်၊ ဝင်စားတယ်၊ စျာန်မှထပြီး ဒီစျာန်နာမ် တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ပြန်ပြီးတော့ ဝိပဿနာရှုတယ်၊ ဒုတိယစျာန်ကို ဝင်စားတယ်၊ ဒုတိယစျာန် နာမ်တရားတွေကို တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုတယ်၊ တတိယစျာန်ကို ဝင်စားတယ်၊ တတိယစျာန် နာမ်တရားတွေကို တစ်ဖန်ပြန်ပြီး ဝိပဿနာ ရှုတယ်၊ စတုတ္ထစျာန်ကို ဝင်စားတယ်၊ စတုတ္ထစျာန် နာမ်တရားတွေကို တစ်ဖန် ပြန်ပြီးတော့ ဝိပဿနာရှုတယ်။ အဲဒီလို ဝိပဿနာရှုခိုက်မှာလည်း အရိယမဂ် ဉာဏ်ကို ဆိုက်နိုင်ပါတယ်၊ နိဗ္ဗာန်ကို လှမ်းပြီး မြင်မယ်ဆိုလည်း မြင်နိုင်ပါ တယ်။
အဲဒီလို မြင်လိုက်တဲ့ အချိန်အခါမှာ နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနေတဲ့ ဒီ မဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေမှာ ရေတွက်ပြီး ကြည့်လိုက် လျှင်ပေါ့ - ရုပ်တရားတွေ သို့မဟုတ် ကာမာဝစရနာမ်တရားတွေ သို့မဟုတ် ပထမစျာန် နာမ်တရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့မယ် ဆိုလို့ရှိလျှင် ထိုအရိယမဂ်တရားမှာ စိတ်စေတသိက် (၃၇)လုံး ရှိပါတယ်။ စိတ်စေတသိက် (၃၇)လုံး ဆိုတာကတော့ ဟို စျာန်ပိုင်းတုန်းက ပြောပြခဲ့တဲ့ စေတသိက် (၃၃)လုံး၊ အရိယမဂ်စိတ် (၁)လုံး၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဆိုတဲ့ ဝိရတီစေတသိက် (၃)လုံး၊ အားလုံးပေါင်း (၃၇)လုံး ဖြစ်ပါ တယ်။ လောကုတ္တရာမဂ္ဂသစ္စာ (၃၇)လုံးမှာ ကြည့်လိုက်တော့ - ထို (၃၇)လုံးထဲ မှာ သမ္မာဒိဋ္ဌိဆိုတာ လည်းပါတယ်။ မဂ္ဂင်ရှစ်ပါး အဲဒီမှာ စုံညီနေပါတယ်။
လောကုတ္တရာ မဂ္ဂသစ္စာ
အဲဒီ သမ္မာဒိဋ္ဌိက ဘာကို ထိုးထွင်းသိသလဲ? အသင်္ခတဓာတ် အငြိမ်း ဓာတ်နိဗ္ဗာန်ကို လှမ်းပြီးသိတယ်။ သမ္မာသင်္ကပ္ပက အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေတဲ့သဘော၊ သမ္မာ ဝါယာမက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို ထိုးထွင်းသိအောင် ကြိုးစား အားထုတ်နေတဲ့သဘော၊ သမ္မာသတိက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန် ကို အမှတ်ရနေတဲ့သဘော၊ သမ္မာသမာဓိက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံဆိုတဲ့ တစ်ခုတည်းသော အာရုံ၌ စိတ်တည်ကြည်နေတဲ့သဘော၊ ပေါင်းလိုက်တော့ မဂ္ဂင် ဘယ်နှစ်ပါးဖြစ်သလဲ? ငါးပါး။ အဲဒီ မဂ္ဂင်ငါးပါးဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံပြုလိုက်တဲ့ အချိန်အခါ မှာ ဒီအရိယမဂ်တရားက သမ္မာဝါစာမဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝမဖြစ်အောင် လွန်ကျူးနိုင်တဲ့စွမ်းအားရှိတဲ့ ကိလေသာ အညစ် အကြေးတွေကို အရှင်းပြတ် ပယ်သတ်ပေးလိုက်ပါတယ်။
ပယ်သတ်လိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုယောဂီရဲ့ သန္တာန်၌ သမ္မာဝါစာမဖြစ်အောင် ပြုလုပ်တတ်တဲ့ ကိလေသာ အညစ်အကြေး တွေ မရှိခြင်းကြောင့်, သမ္မာကမ္မန္တ မဖြစ်အောင် ပြုလုပ်ပေးတတ်တဲ့ ကိလေသာ အညစ်အကြေးတွေ မရှိခြင်းကြောင့်, သမ္မာအာဇီဝ မဖြစ်အောင် ပြုလုပ် ပေးနိုင်တဲ့ ကိလေသာ အညစ်အကြေးတွေ မရှိခြင်းကြောင့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝခေါ်တဲ့ သီလမဂ္ဂင်သုံးပါးကလည်း ပူးတွဲပြီး ရှေးရှု တည်နေပါတယ်။ ပေါင်းလိုက်တော့ မဂ္ဂင်ဘယ်နှစ်ပါးလဲ? မဂ္ဂင်ရှစ်ပါး။ အဲဒီ အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ဒီမဂ္ဂင်ရှစ်ပါးကိုတော့ လောကုတ္တရာ မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါတယ်။ လောကုတ္တရာမဂ္ဂသစ္စာ ဖြစ်ပါ တယ်။
ရှေ့ပိုင်း ဝိပဿနာပိုင်းမှာ ဘုန်းကြီးရှင်းပြခဲ့တဲ့ မဂ္ဂင်ရှစ်ပါးက လောကီ မဂ္ဂင်ရှစ်ပါး ဖြစ်ကြတယ်။ လောကုတ္တရာ မဂ္ဂင်ရှစ်ပါးကို ရချင်တဲ့ သူတော်ကောင်းတွေက လောကီမဂ္ဂင်ရှစ်ပါးကို ပွားများအားထုတ်ရပါတယ်။ လောကုတ္တရာမဂ္ဂင်က (= အရိယမဂ်တရားဆိုတာက) တစ်ကြိမ်ဖြစ်ရုံနဲ့ လိုရင်းကိစ္စ ပြီးတဲ့အတွက် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဖြစ်နေဖို့ လိုသေးသလား? မလို တော့ဘူး။ အဲဒါကြောင့် လောကုတ္တရာမဂ္ဂသစ္စာက တစ်ကြိမ်သာ ဖြစ်ရိုးဓမ္မတာ ရှိတဲ့အတွက် ပွားလို့ရမလား? မရဘူး။ ပွားရမှာက ဘယ်မဂ္ဂသစ္စာလဲ? လောကီမဂ္ဂသစ္စာ။ လောကီမဂ္ဂသစ္စာက ဘာကို အာရုံယူသလဲလို့မေးတော့ လောကီဒုက္ခသစ္စာကိုလည်း အာရုံယူတယ်၊ လောကီသမုဒယသစ္စာကိုလည်း အာရုံယူတယ်၊ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ ကိုလည်း အာရုံယူတယ်၊ လောကီမဂ္ဂသစ္စာကိုလည်း ပြန်ပြီးတော့ အာရုံယူပါ တယ်။ ပေါင်းလိုက်တဲ့ အချိန်အခါကျတော့ မဂ္ဂင်ရှစ်ပါး စုံညီသွားပြီ။
အဲဒီ စုံညီသွားတဲ့ အချိန်အခါမှာ အကယ်၍များ အရဟတ္တမဂ် အရဟတ္တ ဖိုလ်အထိ ဆိုက်ခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ? ကိလေသာ အညစ်အကြေးတွေ လုံးဝကင်းမသွားဘူးလား? ကင်းသွားတယ်။ ကင်းသွားတဲ့အတွက် တဏှာဒိဋ္ဌိ တွေဖြင့် ဒီခန္ဓာငါးပါးတို့ အပေါ်၌ ငါ-ငါ့ဥစ္စာ စသည်ဖြင့် စွဲလမ်းမှု မရှိတော့ ဘူး။ အဲဒီအပိုင်းကို မြတ်စွာဘုရားက သတိပဋ္ဌာန်ကျင့်စဉ်မှာ နိဂုံးချုပ်အနေ အားဖြင့် ဘယ်လို ဟောသလဲ?
အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။ (မ၊၁၊၇၁။)
ခန္ဓာငါးပါးတည်းဟူသော တစ်စုံတစ်ခုသောလောက၌ တဏှာဒိဋ္ဌိဖြင့် မှီတွယ်မှု မရှိသည်ဖြစ်၍မူလည်း နေလေ၏။ တဏှာဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ ဟူ၍ စွဲလမ်းမှုလည်း မရှိတော့ပေ။ အစွဲတွေ ပြုတ်သွားပြီ။ ဒီခန္ဓာငါးပါး အပေါ်၌ ဒီခန္ဓာငါးပါးသည် ငါပဲ, ငါ့ဟာပဲ, ငါရဲ့အတ္တပဲဆိုတဲ့ ဒီလို စွဲလမ်းမှုတွေ ရှိဦးမလား? မရှိတော့ဘူး။ အစွဲတွေ ပြုတ်သွားပြီ။ အရဟတ္တမဂ် အရဟတ္တဖိုလ် ဆိုက်ပြီလို့ ဒီလို ဆိုလိုပါတယ်။
ဒါက အာနာပါနကမ္မဋ္ဌာန်းကို အခြေတည်ပြီးတော့ သတိပဋ္ဌာန်လေးပါး ထဲမှာ မြတ်စွာဘုရားက အရဟတ္တမဂ် အရဟတ္တဖိုလ်ဆိုက်တဲ့အထိ ကျင့်စဉ် တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားသွားပုံအပိုင်း ဖြစ်ပါတယ်။ ဒီသစ္စာ လေးပါးကို ထိုးထွင်းသိအောင် အာနာပါနကမ္မဋ္ဌာန်း လမ်းစဉ်ကနေပြီးတော့ သမာဓိထူထောင်ပြီး သစ္စာလေးပါးကို ထိုးထွင်းသိအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေတဲ့ လုပ်ငန်းခွင်သည် သတိပဋ္ဌာန်ကို ပွားနေတဲ့ လုပ်ငန်း ခွင် ဟုတ်သလား၊ မဟုတ်ဘူးလား? ဟုတ်ပါတယ်၊ သတိပဋ္ဌာန်လေးပါးကို လည်း ပွားနေတဲ့ လုပ်ငန်းခွင် ဖြစ်တယ်၊ သမ္ပဇဉ်လေးပါးကိုလည်း ပွားများ နေတဲ့ လုပ်ငန်းခွင်လည်း ဖြစ်ပါတယ်။
အဲဒီလို ပွားများအားထုတ်ထားတဲ့အတွက် ထိုယောဂီသူတော်ကောင်း သည် ထိုအချိန်အခါမှာ သစ္စာလေးပါးကို ထိုးထွင်းသိပြီ၊ ဒုက္ခသစ္စာကိုလည်း ထိုးထွင်းသိပြီ၊ သမုဒယသစ္စာကိုလည်း ထိုးထွင်းသိပြီ၊ နိရောဓသစ္စာကိုလည်း ထိုးထွင်းသိပြီ၊ မဂ္ဂသစ္စာကိုလည်း ထိုးထွင်းသိပြီ။ ဒီလို ထိုးထွင်းသိလိုက်တဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူလိုက်တဲ့အခါ ဒီအရိယမဂ်တရားကလည်း သစ္စာ လေးပါးကို ထိုးထွင်းမသိအောင် ဖုံးကွယ်ထားတတ်တဲ့ မောဟတရားကို ပယ်ရှားပေးလိုက်ပါတယ်။
ပယ်ရှားပေးလိုက်ခြင်းတည်းဟူသော အကြောင်းကြောင့် ထိုယောဂီ ပုဂ္ဂိုလ်က မိမိခန္ဓာကိုယ်မှာ ဘယ်အချိန်အခါမှာမဆို ဒီဒုက္ခသစ္စာ တရားတွေကို ပြန်ပြီးတော့ ဝိပဿနာရှုမယ်ဆိုလျှင် ရှုလို့ရပါတယ်။ သမုဒယသစ္စာတရားတွေ ကိုလည်း ပြန်ပြီး ဝိပဿနာရှုမယ်ဆိုလျှင် ရှုလို့မရဘူးလား? ရပါတယ်။ နိရောဓသစ္စာ တရားကိုလည်း ပြန်ပြီး ရှုမယ်ဆို ရှုလို့မရဘူးလား? ရပါတယ်။ မဂ္ဂသစ္စာ တရားတွေကိုလည်း ပြန်ပြီး ရှုမယ်ဆိုလျှင် ရှုလို့ရမလား? ရတယ်။
အကယ်၍များ ယောဂီတစ်ယောက်က မိမိကိုယ်ကို မိမိ သောတာပန်လို့ ထင်ပြီဆိုကြစို့။ ဒုက္ခသစ္စာကိုလည်း ပြန်ရှု၊ ရှုလို့ မရဘူး၊ သိလည်းမသိဘူး။ သမုဒယသစ္စာကိုလည်း ပြန်ရှု၊ ရှုလို့မရဘူး၊ သိလည်းမသိဘူး။ နိရောဓသစ္စာ ကိုလည်း ပြန်ရှု၊ ရှုလို့လည်း မရဘူး၊ သိလည်းမသိဘူး။ မဂ္ဂသစ္စာကိုလည်း ပြန်ရှု၊ ရှုလို့မရဘူး၊ သိလည်းမသိဘူး။ ဒီလိုဆိုလျှင် ဒီလို သစ္စာလေးပါးကို ရှုလို့မရတဲ့ မသိတဲ့ ပုဂ္ဂိုလ်မျိုးသည် ဘုရားရှင်ဆိုလိုတဲ့ သောတာပန် ဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့ အချက်ကို စဉ်းစားနိုင်အောင် ဆက်ပြီးတော့ ဓမ္မစကြာတရားကို နာကြည့်ပါ။
ဒုက္ခသစ္စာ၌ သစ္စဉာဏ်
ဒီနေရာမှာ ဘုန်းကြီးပြောချင်တာက မြတ်စွာဘုရားက ဓမ္မစကြာ ဒေသနာတော်မှာ သစ္စာလေးပါးကို ဟောလိုက်ပြီ၊ ဟောပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားက ဘယ်လို ဝန်ခံသလဲ? ဒီအပိုင်းကလေးပေါ့၊ ဓမ္မစကြာ ဒေသနာတော်ကို ပြန်နားထောင်ပြီး ပြန်အာရုံယူကြည့်ကြရအောင်။ သစ္စာ လေးပါးကို မြတ်စွာဘုရား ခုလို စနစ်တကျ ဟောပြီးတဲ့ အချိန်အခါမှာ ဘာဆက် ဟောတော်မူသလဲ?
ဣဒံ ဒုက္ခံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ မေ = ငါဘုရားရှင်၏သန္တာန်၌။ ဣဒံ = ဤသည်ကား။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာတည်း။ ဣတိ = ဤသို့။ ပုဗ္ဗေ = ရှေးယခင်အခါ၌။ အနနုဿုတေသု = မကြားစဖူးကုန်သော။ ဓမ္မေသု = ဒုက္ခသစ္စာတရားတို့၌။ စက္ခုံ = သိမြင်တတ်သော ပညာစက္ခုသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဉာဏံ = ထိုးထွင်းသိတတ်သော ဉာဏ်သည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ ပညာ = ကွဲကွဲ ပြားပြား သိတတ်သော ပညာသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူ ခဲ့လေပြီ။ ဝိဇ္ဇာ = ထွင်းဖောက်သိတတ်သော ဝိဇ္ဇာဉာဏ်သည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော်မူခဲ့လေပြီ။ အာလောကော = သိအောင် ထင်ရှား ပြတတ်သော ဉာဏ်အရောင်အလင်းသည်။ ဥဒပါဒိ = ထင်ရှားဖြစ်ပေါ်တော် မူခဲ့လေပြီ။
= ချစ်သားရဟန်းတို့ ...ငါဘုရားရှင်၏သန္တာန်၌ ဤကား ဒုက္ခအရိယ သစ္စာတရားဟူ၍ ဟို ရှေးယခင် ကာလက မသိအပ်ဖူးသေးကုန်တဲ့ ဒုက္ခသစ္စာ ဓမ္မသဘောတရားတို့၌ ဒုက္ခသစ္စာကို သိမြင်တတ်တဲ့ ပညာစက္ခုသည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို ထိုးထွင်းသိတတ်တဲ့ အသိဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို ထွင်းဖောက်သိ တတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။ ဒုက္ခသစ္စာကို သိအောင် ထွန်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
ဘုရားရှင်သန္တာန်မှာ ဖြစ်ပုံပါ။ ဤကား ဒုက္ခအရိယသစ္စာဆိုပြီး ရှေးယခင် အလောင်းတော်ဘဝတုန်းက (အလောင်းတော်ဘဝ ဆိုတာတော့ တော်တော် ခပ်စောစောပိုင်းကို ဆိုလိုပါတယ်) မကြားဖူးသေးတဲ့ ဒုက္ခသစ္စာ ဓမ္မသဘော တရားတွေမှာ ထိုးထွင်းသိမြင်တတ်တဲ့ ပညာစက္ခုခေါ်တဲ့ ဉာဏ်ပညာမျက်စိ သည် ငါဘုရားရှင်ရဲ့ သန္တာန်မှာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ စက္ခု ဆိုတာကတော့ ဘာစက္ခုလဲလို့မေးတော့ ပညာစက္ခု ဖြစ်ပါတယ်။ ဘာပညာစက္ခုလဲလို့မေးတော့ ဒီနေရာမှာ ဘုရားရှင်သန္တာန်ကို ကွက်ပြောမယ်ဆိုလျှင် တော့ သစ္စာလေးပါးကို ထိုးထွင်းသိတတ်တဲ့ ပညာစက္ခု ဖြစ်ပါတယ်။
သို့သော် ဒီအပိုင်းက ဒုက္ခသစ္စာကို ဟောကြားတော်မူတဲ့အပိုင်း ဖြစ်လေ တော့ အထူးသဖြင့် ဒုက္ခသစ္စာအမည်ရတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ တရား ဓမ္မတွေကို ထိုးထွင်းသိမြင်တဲ့ ပညာစက္ခု ဖြစ်ပါတယ်။ ရိုးရိုးပသာဒစက္ခုတော့ မဟုတ်ဘူး။
ဉာဏဆိုတာက ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်က မြတ်စွာဘုရား သန္တာန်မှာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။ ဒုက္ခသစ္စာကို ကွဲကွဲပြားပြား သိတတ်တဲ့ပညာလည်း ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။ ဒုက္ခသစ္စာကို ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်လည်း ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ နောက်တစ်ခု ပြောချင်တာလေးကတော့ ဘာတဲ့လဲ? အာလောကော ဥဒပါဒိ- ဒုက္ခသစ္စာကို သိမြင်အောင် ထွန်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာလည်း ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
နိဗ္ဗာန်မှာ အရောင်အလင်း ရှိသလား?
ဒီအချက်နှင့် ပတ်သက်ပြီးတော့ ဘုန်းကြီး ဗဟုသုတကလေးတစ်ခုတော့ ပြောချင်ပါတယ်။ ဘုန်းကြီးတို့ သာသနာတော်မှာ ဒီအချက်က တော်တော် ကလေး အငြင်းပွားနေတဲ့ ပြဿနာတစ်ခုတော့ ဖြစ်တယ်။ ဒီမှာ ပြောလိုတဲ့ အဓိပ္ပါယ်ကတော့ နိဗ္ဗာန်မှာ အရောင်အလင်း ရှိပါသလားဆိုတဲ့ ပြဿနာပဲ။ နိဗ္ဗာန်မှာ အရောင်အလင်း ရှိတယ်လို့တော့ မြတ်စွာဘုရား မဟောပါဘူး။ အခုဟောနေတာက အရောင်အလင်း ဖြစ်ပေါ်လာတယ်လို့တော့ ဟောတော် မူတယ်။ အရောင်အလင်း ဖြစ်ပေါ်လာတယ်ဆိုတာက သမာဓိထူထောင်ပြီ ဆိုလို့ရှိလျှင်လည်း သမာဓိဒီဂရီ စံချိန်မီလို့ရှိလျှင် ဖြစ်ပေါ်လာပါတယ်။
ဥပမာ - ခုလို အာနာပါနပဲ ဆိုကြပါစို့၊ အာနာပါနကျင့်စဉ်ကို လက်တွေ့ ကျင့်လိုက်တဲ့ အချိန်အခါမှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယ စျာန်သမာဓိ, စတုတ္ထစျာန်သမာဓိဆိုက်အောင် သမာဓိကို ထူထောင်နိုင်ခဲ့မယ် ဆိုလျှင်လည်း ထိုအချိန်အခါမှာ အလင်းရောင် မရှိဘူးလား? ရှိတယ်။ ဒါက တော့ သမထဉာဏ်ရောင်လို့ ခေါ်ပါတယ်။
နောက်တစ်ခု ဝိပဿနာဉာဏ်ပိုင်းရောက်လို့ ရုပ်တွေနာမ်တွေကို သိမ်းဆည်းပြီ၊ ဓာတ်လေးပါးဖြင့် စနစ်တကျ သမာဓိထူထောင်ပြီး သိမ်းဆည်း လိုက်တဲ့ အချိန်အခါမှာလည်း အလင်းရောင်ဆိုတာ ရှိတယ်။ အဲဒါကတော့ နာမရူပပရိစ္ဆေဒဉာဏ် အစရှိတဲ့ ဉာဏ်တွေကြောင့် ဖြစ်ပေါ်တဲ့ လင်းရောင် ခြည် ဖြစ်ပါတယ်။
အင်္ဂုတ္တိုရ်ပါဠိတော်မှာ မြတ်စွာဘုရားက အာဘာသုတ္တန် (အံ၊၁၊၄၅၆။) စသည်ဖြင့် အရောင်အလင်း လေးမျိုးအကြောင်း ဟောထားပါတယ်။ နေ ရောင်ရယ်, လရောင်ရယ်, မီးရောင်ရယ်, ပညာရောင်ရယ်ဆိုပြီး အရောင်လေး မျိုး ဟောထားပါတယ်။ ဉာဏ်ရောင်ဆိုတာက သမထဘာဝနာ ဝိပဿနာ ဘာဝနာ စိတ်တွေနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရောင် အလင်းဖြစ်ကြောင်းကို အဋ္ဌကထာတွေကလည်း တိတိကျကျ ဖွင့်ထားတယ်။ ဘုရားရှင်ကလည်း ဟောထားတော်မူတယ်။ ဒါယကာကြီးတွေလည်း ဟိုတုန်း ကတည်းက ကြားဖူးလိမ့်မယ် ထင်ပါတယ်။ ပညာသမာ အာဘာ နတ္ထိ = ပညာနှင့်တူနေတဲ့ အလင်းရောင်ဟာ လောကမှာ မရှိဘူး ဆိုပြီး ဒီလို ပြောတယ်။ ဒီတော့ ဆိုလိုတာက သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် အားလုံးက လင်းရောင်ခြည်ကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။ (အံ၊၁၊၂၅၈။ နိမိတ္တသုတ္တန်။)။
ဘယ်လို ဖြစ်သလဲဆိုတော့ စိတ်ရဲ့ တန်ခိုးအာနိသင် စိတ်ရဲ့တန်ခိုး ဖြစ်ပါတယ်။ နှလုံးအိမ်အတွင်းမှာ မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ သမထဘာဝနာ စိတ်တွေ ဝိပဿနာဘာဝနာ စိတ်တွေဆိုတာ ရှိတယ်။ အဆင့်မြင့်နေပြီ၊ အဆင့်မြင့်နေတဲ့ ဒီစိတ်တွေကလည်း စိတ်တစ်ခုတစ်ခုသည် ရုပ်ကလာပ် ပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ စွမ်းအားရှိတယ်။
အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲကြည့်လိုက်လို့ရှိလျှင် ရုပ်ကလာပ် တစ်ခုတစ်ခုမှာ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး သဘောတရားရှစ်ခုစီ ရှိပါတယ်။ အဲဒီအထဲမှာ ပါနေတဲ့ အဆင်း လို့ ခေါ်ဆိုအပ်တဲ့ ဝဏ္ဏဓာတ် = အရောင်အဆင်းကလေး ရှိတယ်။ အဲဒီ အရောင်အဆင်းကလည်း တောက်ပတယ်။ ဘယ်လို တောက်ပသလဲလို့ မေးတော့ ကလာပ်တစ်ခုနှင့် တစ်ခု ပွတ်ချုပ်ထိခိုက်ပြီး နီးနီးကပ်ကပ် ဖြစ်သွားတဲ့အခါမှာ ရုပ်ကလာပ်တစ်ခုရဲ့ အရောင်နှင့် အခြားရုပ်ကလာပ်ရဲ့ အရောင်တွေဟာ ပေါင်းစပ်ပြီးတော့ အလင်းရောင်ဆိုတာ ပေါ်လာတယ်။
ဒါယကာကြီးတွေက သိပ္ပံနားလည်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ခြင်းကြောင့် လျှပ်စစ်မီးကို ကြည့်ပါ။ လျှပ်စစ်မီးမှာ အရောင်အလင်းတွေက ဆက်တိုက် ဖြစ်ပေါ်နေတယ်။ အကယ်၍ အရောင်က ဆက်တိုက်မဖြစ်ဘူး၊ တစ်စက္ကန့်မှာ တစ်ကြိမ်လောက် ဖြစ်မယ်၊ သို့မဟုတ် တစ်မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်မယ် ဆိုလျှင် ဒီအရောင်အလင်းတွေဟာ ဆက်တိုက် လင်းမလား? မလင်းပါဘူး။
အဲဒီအတိုင်းပဲ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တွေက ဆက်တိုက် ဖြစ်ပေါ်တဲ့အခါမှာ ဒီမွန်မြတ်တဲ့ သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ် တစ်ခုတစ်ခုကလည်း စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိနေတယ်။ ရှိနေခြင်းကြောင့် ဒီကလာပ်တွေမှာ ပါနေတဲ့ အရောင်အလင်းကလည်း တောက်ပတယ်။ ကလာပ်တစ်ခုမှာ တည်ရှိတဲ့ အရောင်အလင်းနှင့် နောက်ကလာပ်တစ်ခုမှာ တည်ရှိတဲ့ အရောင်အလင်းတွေ က ဆက်တိုက် ဖြစ်သွားတဲ့အတွက် အဆက်မပြတ် ဖြစ်နေတဲ့အတွက်ကြောင့် လည်း အရောင်တွေဟာ တစ်ဆက်တည်းလို မြင်ရတယ်၊ တစ်ချက်။
အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာ ပါနေတဲ့ တေဇောဓာတ်ဆိုတာ ရှိတယ်။ ဒီတေဇောဓာတ်ကလည်း ဆင့်ကဲရုပ်ကလာပ်တွေကို ဖြစ်စေပြန်တယ်။ တေဇောဓာတ်က ဖြစ်ပေါ်သွားတဲ့ ရုပ်ကလာပ်တွေကို ဥတုဇရုပ်လို့ ခေါ်ပါ တယ်။ အဲဒီ ဥတုဇရုပ်တွေကို ဓာတ်ခွဲလိုက်လျှင်လည်း သဘောတရား ရှစ်ခု၊ ရှစ်ခုထဲမှာလည်း ဝဏ္ဏဓာတ် = ရူပါရုံပါတယ်။ အဲဒီ ရူပါရုံကလည်း အလွန် တောက်ပတဲ့ ရူပါရုံ ဖြစ်ပါတယ်။ သို့သော် ဥတုဇရုပ်တွေကြောင့် ဖြစ်ပေါ်လာ တဲ့ ရုပ်ကလာပ်တို့ရဲ့ အရောင်အလင်းက အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့ပြီးတော့ ထွက်ပေါ်သွားတယ်။ အဲဒီ နှစ်မျိုးသော ရုပ်တရားတွေရဲ့ အရောင်အလင်းကို ဉာဏ်ရောင်လို့ ခေါ်ထားပါတယ်။
ဘာဖြစ်လို့ ဉာဏ်ရောင်ခေါ်ရသလဲလို့မေးတော့ ဒီသမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့နှင့် ယှဉ်တွဲဖြစ်ပေါ်နေတဲ့ ဉာဏ်က အာနုဘော် စွမ်းအား ကြီးမားခဲ့မယ်ဆိုလျှင် အရောင်အလင်းက ပိုပြီးတော့ တောက်ပ တယ်။ ဒီဉာဏ်ရဲ့ စွမ်းအင်အာနုဘော်က နည်းနည်းလေး လျော့နည်းနေမယ် ဆိုလျှင် အရောင်အလင်းက နည်းနည်း မှေးမှိန်သွားတဲ့သဘော ရှိတယ်။
ဒါကြောင့် ပဓာနနည်းအားဖြင့် ဉာဏ်ရောင်ဆိုပြီးတော့ မြတ်စွာဘုရားက သုံးပါတယ်။ အဲဒီလို သုံးထားလိုက်တဲ့ အချိန်အခါမှာ အထူးသဖြင့် မြတ်စွာ ဘုရား ပဋ္ဌာန်းဒေသနာတော်တွေကို ဆင်ခြင်တယ် ဆိုကြပါစို့။ အားလုံး ကြားဖူးကြလိမ့်မယ်။ ဘုရားဖြစ်ပြီးတဲ့နောက် ပဋိဌာန်းဒေသနာတော်တွေကို ဆင်ခြင်တော်မူလိုက်တဲ့ အချိန်အခါမှာ ဖြစ်ပေါ်လာတဲ့ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခါရတရားတွေ, အကြောင်းတရား အကျိုးတရားတွေကို ထိုးထွင်း သိတော်မူတဲ့ ဒီဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်သည် စကြဝဠာ တိုက်တစ်သောင်းအထိ ပျံ့နှံ့သွားတယ်ဆိုပြီး ဖော်ပြထားတယ်။
ဘဂဝတော ပန ဒသသဟဿိလောကဓာတုံ ဩဘာသေန္တော ဥဒပါဒိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)
ဘုရားရှင်ရဲ့ ဝိပဿနာဉာဏ်တော်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ် အရောင်အလင်းဟာလည်း လောကဓာတ်ပေါင်း တိုက်တစ်သောင်းတိုင် အောင် ပျံ့နှံ့လျက် ထင်ရှား ဖြစ်ပေါ်တော်မူလာတယ်ဆိုပြီး ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာကလည်း ဖွင့်ဆိုထားတယ်။ ဘုရားရှင်သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ ဉာဏ်အာနုဘော်တွေက အလွန်ကြီးကျယ်တဲ့အတွက် လင်းရောင်ခြည်တွေ သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပြန့်သွားတယ်။ ပြန့်သွားတဲ့ ထိုလင်း ရောင်ခြည်များသည် နေရောင်လရောင်တို့ကို လွှမ်းမိုးပြီး, နတ်တို့ရဲ့ အရောင် တွေကိုသော်လည်း လွှမ်းမိုးပြီးတော့ ကျော်လွှားလွန်မြောက်သွားတယ်ဆိုပြီး ဒီလောက်အထိ ဖော်ပြထားပါတယ်။ ဉာဏ်အာနုဘော်က ကြီးကျယ်တဲ့ အတွက် လင်းရောင်ခြည်တွေက ကြီးကျယ်မသွားဘူးလား? ကြီးကျယ်သွား တယ်။
အလားတူပဲ အခုလို ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုတဲ့အခါမှာ ယောဂီ ပုဂ္ဂိုလ်က ဒီလင်းရောင်ခြည်စွမ်းအင် အကူအညီကြောင့် ဒီရုပ်ကလာပ် အမှုန် ကလေးတွေကို မြင်နေခြင်းဖြစ်တယ်။ လင်းရောင်ခြည် ပျောက်သွားသည်နဲ့ တစ်ပြိုင်နက်တည်း ဒီရုပ်ကလာပ်ကလေးတွေကို မတွေ့တော့ဘူး။ ရုပ်ကလာပ် မတွေ့လျှင် ပရမတ်ရုပ်တရားတွေကို ဓာတ်ခွဲနိုင်တဲ့စွမ်းအား မရှိတော့ဘူး။ အခု ဒီနေရာမှာပဲ ဆိုကြစို့။ ဒီလျှပ်စစ်မီးကို အမှောင်ချလိုက်၊ အမှောင်တိုက် ခန်းထဲမှာ လှမ်းကြည့်လျှင် မြင်နိုင်ပါ့မလား? မမြင်နိုင်ဘူး။
အလားတူပဲ ဒီဉာဏ်လင်းရောင်ခြည် မရှိခဲ့ဘူးဆိုလျှင် အရာဝတ္ထုအားလုံး ကို တစ်နည်းတော့ ပရမတ်တရားတွေကို လှမ်းပြီး အာရုံယူကြည့်မယ်ဆိုလျှင် ကြည့်လို့ရဦးမလား? မရတော့ဘူး။ သို့သော် ခုနက ဘုန်းကြီးပြောသလိုပဲ ပရမတ်တရားတွေကို ရှုနေတဲ့ ဉာဏ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင် ခြည်ဆိုတာကိုတော့ နည်းနည်းကလေး သဘောပေါက်စေချင်ပါတယ်။ သမထပိုင်းမှာလည်း သမထဘာဝနာစိတ်နှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်ရှိသလို ဝိပဿနာဉာဏ်ပိုင်းမှာလည်း အဆင့် ဆင့်သော ဝိပဿနာဉာဏ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်ဆို တာ ရှိပါတယ်။
ဉာဏ်က စွမ်းအင်ထက်လာလျှင် လင်းရောင်ခြည်တွေက ပိုပြီးတော့ တောက်ပတယ်။ ဉာဏ်ရဲ့စွမ်းအင်က အလွန်ကြီး မထက်ခဲ့လျှင်တော့ လင်း ရောင်ခြည်က နည်းနည်းလေး အားပျော့တဲ့သဘောတော့ ရှိတယ်။ ဒါကြောင့် တချို့ယောဂီတွေက ဘာပြောသလဲ? ဒီနေ့ ရှုလို့ သိပ်ကောင်းတယ်၊ လင်းရောင်ခြည်တွေက သိပ်အားကောင်းတယ်လို့ ပြောကြတယ်။ ဒီနေ့ ရှုလို့ သိပ်မကောင်းဘူး၊ လင်းရောင်ခြည်က နည်းနည်းလေး အားပျော့ နေတယ်၊ ဒီလို စသည်ဖြင့် ပြောကြတယ်။
အဲဒီတော့ ဒီနေရာမှာ ပြောချင်တဲ့ အဓိပ္ပါယ်ကလေး တစ်ခုကတော့ ဝိပဿနာဉာဏ်တွေကြောင့် လင်းရောင်ခြည် ဖြစ်နိုင်သလို အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းအာရုံယူနေတဲ့ မဂ်စိတ်စေတသိက်နှင့် ဖိုလ်စိတ် စေတသိက်တွေကြောင့်လည်း လင်းရောင်ခြည်တွေက ဖြစ်ပေါ်လာပါတယ်။ ဒီမဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တွေကလည်း စိတ္တဇရုပ်ကလာပ် တွေကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီစိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ တေဇောဓာတ်ကလည်း ဥတုဇရုပ်တွေကို အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။
မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေက အလွန်အာနုဘော်ကြီးမားတဲ့ ဉာဏ်တွေ ဖြစ်ခြင်းကြောင့် ထိုစိတ္တဇဥတုဇရုပ်ကလာပ်တို့ရဲ့ အရောင်အလင်းတွေဟာ လည်း ဘာသုရရူပ = အလွန်တောက်ပတဲ့သဘော ရှိပါတယ်။ နိဗ္ဗာန်မှာ လင်းရောင်ခြည်ရှိတယ်လို့ ဘုန်းကြီး မဆိုလိုပါဘူး။ သို့သော် နိဗ္ဗာန်ကို အာရုံ ပြုနေတဲ့ မဂ်စိတ်စေတသိက် ဖိုလ်စိတ်စေတသိက်တို့နှင့် ယှဉ်တွဲနေတဲ့ ဉာဏ်တွေကြောင့် လင်းရောင်ခြည်ကတော့ ဖြစ်ပေါ်နိုင်တဲ့စွမ်းအား ရှိပါတယ်။ ဒီအရောင်အလင်းကိုလည်း ဉာဏ်ရောင်လို့ပဲ ခေါ်ပါတယ်။
မြတ်စွာဘုရားက သစ္စာလေးပါးကို ထိုးထွင်းသိပြီ၊ ထိုးထွင်းသိလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က ဒုက္ခသစ္စာဟာ ရှေးယခင်တုန်းကတော့ မသိခဲ့စဖူး သေးဘူး၊ ဒါပေမဲ့ အခုအခါမှာ ဒီဒုက္ခသစ္စာကို ထိုးထွင်းသိတတ်တဲ့ ပညာစက္ခု က မြတ်စွာဘုရား သန္တာန်မှာ ထင်ရှားဖြစ်ပေါ်လာပြီ။ ဖြစ်ပေါ်လာတဲ့အခါ ဒီဉာဏ်ကြောင့် လင်းရောင်ခြည်တွေ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာ တယ်။ ဒါကြောင့် မြတ်စွာဘုရားက အာလောကော ဥဒပါဒိ - ဉာဏ်အရောင် အလင်းသည် ငါဘုရားရှင်ရဲ့ သန္တာန်မှာ ထင်ရှား ဖြစ်ပေါ်လာပါတယ်ဆိုပြီး အတိအကျ ဟောနေပါတယ်။ ဒီဉာဏ်ကို ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ သစ္စဉာဏ်လို့ ခေါ်ပါတယ်။ ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ ဉာဏ်ကလည်း အလင်း ရောင်ကို ဖြစ်စေနိုင်တယ်။ နောက်ထပ် နည်းနည်းကလေးတော့ မှတ်ထားပါ။ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်အားလုံးမှာ လင်းရောင်ခြည်ကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိတယ်ဆိုတာကလေးကိုတော့ သဘောပေါက်ထားပါ။
---ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်
နောက်တစ်ခု မြတ်စွာဘုရားသည် သစ္စဉာဏ်ပြီးတော့ ကိစ္စဉာဏ်ကို လည်း ဆက်ပြီး ဟောကြားတော်မူပါတယ်။ ဘယ်လို ဟောကြားတော်မူသလဲ?
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ...ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခအရိယသစ္စာ တရားကို ငါဟာ ပိုင်းခြားသိရမယ်လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန် သေးတဲ့ ဒုက္ခအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်။ ကွဲကွဲပြားပြား သိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့ တယ်။ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ ဒုက္ခအရိယသစ္စာတရားကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင် အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခသစ္စာတရားသည် ထိုးထွင်းသိရမည့် တရားပဲလို့ ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ပညာစက္ခုလို့ခေါ်တဲ့ ဉာဏ်ပညာမျက်စိတွေ ဖြစ်ပေါ်လာခဲ့ပါ တယ်။ ဉာဏ်ဖြစ်ပေါ်လာခဲ့တယ်၊ ပညာဖြစ်ပေါ်လာခဲ့တယ်။ ဝိဇ္ဇာဖြစ်ပေါ်လာ ခဲ့တယ်၊ အလင်းရောင်လည်း ဖြစ်ပေါ်လာခဲ့တယ်။ မြတ်စွာဘုရားရှင်ရဲ့ ဒီ ဉာဏ်ကိုတော့ ကိစ္စဉာဏ်လို့ ခေါ်ပါတယ်။ နောက်ပြောမည့် ကတဉာဏ်နှင့် ဒီကိစ္စဉာဏ် နှစ်ပါးတို့က မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်ကို ရတော်မူ ပြီးတဲ့နောက် ငါသည် ဒီဒုက္ခသစ္စာကို ထိုးထွင်းသိပြီးပြီဆိုတဲ့ အသိဉာဏ်လည်း ပေါ်လာတယ်၊ ဒီဒုက္ခသစ္စာတရားသည် ထိုးထွင်းသိရမည့်တရားပဲ ဆိုတာ လည်း အသိဉာဏ်မှာ ပေါ်လာပါတယ်။ အဲဒီတော့ ထိုးထွင်းသိရမည့်တရားလို့ သိတဲ့ဉာဏ်ကို ကိစ္စဉာဏ်လို့ ခေါ်ပါတယ်။ နောက်တစ်ခု -
---ဒုက္ခသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ...ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခအရိယသစ္စာ တရားကို ငါဟာ ပိုင်းခြားသိပြီးပြီလို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန် သေးတဲ့ ဒုက္ခအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခအရိယ သစ္စာတရားကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခသစ္စာတရားကို ငါဘုရားရှင်သည် ထိုးထွင်း သိပြီးပါပြီဆိုတဲ့ ဒီ အသိဉာဏ်သည် မြတ်စွာဘုရား သန္တာန်မှာ ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ် လာတယ်။ အဲဒီ အသိဉာဏ်က ကတဉာဏ်လို့ ခေါ်ပါတယ်၊ ဒီကတဉာဏ်ဖြစ် ပေါ်တဲ့ အချိန်အခါမှာလည်း ဉာဏ်အရောင်အလင်းက မရှိဘူးလား? ရှိပါ တယ်။ ဒီတော့ ဒုက္ခသစ္စာမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုပြီးတော့ ဉာဏ်သုံးပါး၊ ဒီအချက်ကိုတော့ အခြေခံ မှတ်ထားပါ၊ နောက်တစ်ခု ဘုရားရှင် သည် ဒီဒုက္ခအရိယသစ္စာတရားကို ထိုးထွင်းသိပါသလားလို့မေးလျှင် သိတယ်။ ဒီအချက်ကိုလည်း မှတ်ထားပါ။ နောက်တစ်ခု မြတ်စွာဘုရားက သမုဒယသစ္စာ ကို ဆက်ဟောတော်မူတယ် -
ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့သန္တာန်တော်မှာ ဤကား ဒုက္ခဖြစ် ကြောင်း သမုဒယအရိယသစ္စာတရားတည်းလို့ ဟိုရှေးယခင်က မကြားအပ် စဖူးကုန်သေးတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတို့၌ သိမြင် တတ်တဲ့ ပညာမျက်စိဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာ ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူ ခဲ့တယ်။
ဤကား ဒုက္ခသမုဒယ = ဒုက္ခဖြစ်ကြောင်း အရိယသစ္စာတရားဆိုတဲ့ ရှေးယခင်တုန်းက မကြားစဖူးတဲ့ ဓမ္မသဘောတရားတွေမှာ ငါဘုရားရှင်ရဲ့ သန္တာန်တော်၌ သိမြင်တတ်တဲ့ ဉာဏ်ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်း ဖောက်သိမြင်တဲ့ ဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိ မြင်အောင် ထွန်းပြတတ်တဲ့ ဉာဏ်အလင်းရောင်လည်း ထင်ရှားဖြစ်ပေါ်တော် မူခဲ့တယ်။ ဒီတော့ သမုဒယသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်သည်လည်း အလင်းရောင်ကို ဖြစ်စေနိုင်တယ်။ မြတ်စွာဘုရားသည် သမုဒယသစ္စာကို ထိုးထွင်း သိတယ်ဆိုတော့ ဘုရားရှင်အတွက် ကွက်ပြီး ပြောကြစို့ဆိုလျှင် ဘာသမုဒယသစ္စာလဲ?
ဘုရားရှင်၏ သမုဒယသစ္စာ
ဘုန်းကြီးတို့ မြတ်စွာဘုရား အလောင်းတော်ဟာ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်းအတွင်းမှာရော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရဲ့ ဟိုဘက်မှာရော သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိဖို့ရန်အတွက် ရည်ရွယ်တောင့်တပြီး ပါရမီ မျိုးစေ့တွေကို ထူထောင်ခဲ့ပါတယ်။ ပါရမီဆယ်ပါး ရှိတယ်။ ကောင်းမှုကုသိုလ် တွေ အများကြီးပဲ၊ အဲဒီ ပါရမီကောင်းမှု ကုသိုလ်ကံတရားတွေထဲက မြတ်စွာ ဘုရားရဲ့ လက်ရှိ နောက်ဆုံးဘဝ ခန္ဓာငါးပါးကို ဖြစ်စေတတ်တဲ့ သမုဒယသစ္စာ အမည်ရတဲ့ကံက ဘာကံလဲဆိုတာကို အဋ္ဌသာလိနီ အဋ္ဌကထာမှာ ရှင်းလင်း တင်ပြထားပါတယ်။ မေတ္တာပုဗ္ဗဘာဂပဋိပဒါတဲ့။
တံ ပန မေတ္တာပုဗ္ဗဘာဂစိတ္တဿ ဝိပါကံ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၇)
မေတ္တာရဲ့ ရှေ့ပြေးဖြစ်နေတဲ့ ကျင့်ဝတ်ပဋိပတ် ကုသိုလ်ကံတွေ ဖြစ်ပါ တယ်။ ဒီတော့ မြတ်စွာဘုရားအလောင်းတော်ရဲ့ ပါရမီဆယ်ပါးထဲမှာ မေတ္တာ ပါရမီလည်း ပါပါတယ်။ မေတ္တာစျာန်တွေကို အခွင့်ရတိုင်း, အခွင့်ရတဲ့ ဘဝ တိုင်းလိုလိုမှာပဲ ဖြည့်ကျင့်တော်မူခဲ့ပါတယ်။ ဖြည့်ကျင့်တော်မူလိုက်တဲ့ အချိန် အခါမှာ မေတ္တာစျာန်တွေကတော့ ဗြဟ္မာ့ပြည်ကိုရောက်အောင် ပို့ဆောင် ပေးနိုင်တဲ့ စွမ်းအား ရှိတယ်၊ လူ့ပြည်ကို ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအား မရှိဘူး။
သို့သော် မေတ္တာစျာန်မဆိုက်မီ ရှေ့ပိုင်းမှာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ပရိကမ္မသမာဓိ, ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ သမာဓိဇော ကုသိုလ်ဇော စိတ်အစဉ်တွေ ရှိကြပါတယ်။ ထိုကုသိုလ်ဇော စိတ်အစဉ်တွေက တော့ အခုလို ကာမာဝစရဘုံမှာ ခန္ဓာငါးပါးကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိပါ တယ်။ ဒီတော့ မြတ်စွာဘုရားရဲ့ လက်ရှိ နောက်ဆုံးဘဝ ခန္ဓာငါးပါးကို ဖြစ်စေ နိုင်တဲ့ စွမ်းအင်ရှိနေတဲ့ကံက ဘာကံလဲလို့မေးတော့ မေတ္တာဘာဝနာကုသိုလ် ကံ ဖြစ်ပါတယ်။ ဒီမေတ္တာဘာဝနာကုသိုလ်ကံ ဖြစ်ခြင်းကြောင့် ဘုရားရှင်ရဲ့ သန္တာန်၌ မည်သည့်သတ္တဝါကိုမဆို မေတ္တာဓာတ် ကိန်းဝပ်နေပါတယ်။ ဒါ ကံရဲ့ စွမ်းအင်သတ္တိပဲ။ ဥပမာအနေနဲ့ပြောလျှင် မြတ်စွာဘုရားအနေနဲ့ ရှင်ရာဟုလာအပေါ်မှာ မေတ္တာထားသလို အရှင်ဒေဝဒတ်အပေါ်မှာလည်း မေတ္တာထားတယ်။ မေတ္တာချင်း တူညီပါတယ်။ ရှင်ရာဟုလာအပေါ်မှာ ပိုသွား တယ်၊ အရှင်ဒေဝဒတ်အပေါ်မှာတော့ လျော့နည်းနေတယ်၊ ဒီလို မေတ္တာမျိုး မဟုတ်ဘူး။
အလားတူပဲ ယသောဓရာအပေါ်မှာ မြတ်စွာဘုရား မေတ္တာဓာတ် ကိန်းဝပ်သလို စိဉ္စမာဏအပေါ်မှာလည်း မေတ္တာဓာတ် ကိန်းဝပ်ပါတယ်။ စိဉ္စမာဏအပေါ် ထားရှိတဲ့ မေတ္တာကတော့ နည်းနည်းလျော့တယ်၊ ယသောဓရာအပေါ်မှာ ထားရှိတဲ့မေတ္တာဓာတ်ကတော့ ပိုပြီး အားကောင်းတယ်၊ ဒီလို မဟုတ်ပါဘူး။ တူညီနေတယ်။ ဘာကြောင့်လဲ? ဒီပါရမီတွေရဲ့ စွမ်းအားပဲ။ မေတ္တာဘာဝနာတို့ရဲ့ စွမ်းအားက သတ္တဝါအားလုံးတို့ အပေါ်၌ ညီမျှတဲ့ မေတ္တာရှိအောင် ပွားရပါတယ်။
မေတ္တာဘာဝနာရဲ့ စွမ်းအား
မေတ္တာကမ္မဋ္ဌာန်းကို တကယ်လက်တွေ့ စီးဖြန်းပြီ ဆိုလို့ရှိလျှင်တော့ ပထမတော့ သမာဓိတစ်ခုခု ရထားလျှင် ပိုကောင်းတဲ့သဘော ရှိပါတယ်။ ဘာကြောင့် ပိုကောင်းသလဲဆိုတာကို ကြုံကြိုက်တုန်း ဘုန်းကြီး နည်းနည်း တော့ ပြောချင်ပါတယ်။ အခု ဒါယကာကြီးတွေ မေတ္တာပွားမယ်ဆိုလျှင် လိင်တူတဲ့ ပုဂ္ဂိုလ်ကို အရင်ပွားရတယ်။ အမျိုးသမီးက အမျိုးသမီးတစ်ယောက် ကို အာရုံယူကာ ခေါင်ဆုံး စျာန်ရအောင် ပွားရတယ်။ အမျိုးသားယောဂီက လည်း အမျိုးသားတစ်ယောက်ကို အာရုံယူပြီးတော့ စျာန်ရအောင် ပွားရတယ်။
ပွားလိုက်တဲ့အခါမှာ ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်ကို စပြီးတော့ ပွားရတယ်။ ဆရာသမားဖြစ်စေ, မိတ်ဆွေဖြစ်စေ, မိမိကြည်ညိုလေးစားနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို လှမ်းပြီး အာရုံယူရတယ်။ အာရုံယူပြီးတော့ ဤသူတော် ကောင်းသည် ဘေးရန် ကင်းပါစေ, စိတ်ဆင်းရဲ ကင်းပါစေ, ကိုယ်ဆင်းရဲ ကင်းပါစေ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ဆိုပြီးတော့ ဒီမေတ္တာလေးချက်ဆိုတဲ့ မေတ္တာရေချမ်းကို ပက်ဖြန်းပေးရပါတယ်။
အဲဒီလို ပွားလိုက်တဲ့ အချိန်အခါမှာ ဒီလေးချက်ထဲက မိမိနှစ်ခြိုက်တဲ့ အချက်တစ်ချက်ကို ရွေးချယ်ရတယ်။ ဥပမာ - စိတ်ဆင်းရဲ ကင်းပါစေ ဆိုပြီး တော့ ဒီလို မေတ္တာဘာဝနာ စီးဖြန်းမယ် ဆိုကြပါစို့၊ ထိုသူတော်ကောင်းရဲ့ စိတ်ဆင်းရဲကင်းပြီး ပြုံးရွှင်နေတဲ့ပုံပေါ်မှာ မိမိရဲ့ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ပထမ ကြိုးစားရပါတယ်။ အဲဒီလို ကြိုးစားလိုက်တဲ့ အခါမှာ - အခုပဲ မျက်စိလေးမှိတ်ပြီး နည်းနည်းကြိုးစားကြည့်ပါ၊ အာရုံယူ လိုက်တယ်ဆိုလျှင် ခဏကြာ ဒီပုံရိပ်ဟာ ပျောက်သွားပြန်ပြီ၊ တော်ကြာ ပြန် ပေါ်ချင်လည်း ပေါ်လာပြန်ပြီ၊ တော်တော်ကြာ ပျောက်သွားပြန်ပြီ၊ မဖြစ်ဘူး လား? ဖြစ်တတ်ပါတယ်။
အဲဒီလိုဖြစ်ခဲ့လျှင် သမာဓိကို ထူထောင်တဲ့ အချိန်အခါမှာ အခက်အခဲ မရှိနိုင်ဘူးလား? ရှိနိုင်ပါတယ်။ ပုဂ္ဂိုလ်တိုင်း ဒီလို ခက်ခဲမယ် - ဒီလို မဆိုလိုပါ ဘူး။ ဘုန်းကြီး ဆိုလိုတာကတော့ ဘုန်းကြီးက သင်ပေးနေကျ ဖြစ်တဲ့အတွက် ယောဂီတော်တော်များများမှာတော့ အခက်အခဲရှိတာကို တွေ့ရပါတယ်။ အခက်အခဲ ရှိတဲ့အခါကျတော့ ဘာလုပ်ရသလဲ? အခုလို အာနာပါနကမ္မဋ္ဌာန်း ဖြင့် စတုတ္ထစျာန်သမာဓိလောက် ဆိုက်အောင် သမာဓိကို ထူထောင်ထားလျှင် ထိုပုဂ္ဂိုလ်သန္တာန်မှာ သမာဓိတွေက ခိုင်ပြီ၊ ဒါက အကြောင်းတစ်ချက်၊ ထို သမာဓိခိုင်နေတဲ့ ပုဂ္ဂိုလ်က အကယ်၍ (၃၂)ကောဋ္ဌာသတွေကို သိမ်းဆည်း ပြီးတော့ ကသိုဏ်းဘာဝနာတွေကို ကူးခဲ့မယ်ဆိုလျှင်ပေါ့၊ (၃၂)ကောဋ္ဌာသက နေပြီးတော့ အညိုရောင်ကသိုဏ်း, အဝါရောင်ကသိုဏ်း, အနီရောင်ကသိုဏ်း, အဖြူရောင်ကသိုဏ်း ဆိုပြီးတော့ ကသိုဏ်းလေးခုကို စတုတ္ထစျာန်သမာဓိ လောက် ဆိုက်အောင် ပွားလို့ရပါတယ်။
ဒီကသိုဏ်းလေးခုမှာ စတုတ္ထစျာန်သမာဓိဆိုက်အောင် ပွားနိုင်တဲ့ပုဂ္ဂိုလ် က ကျန်နေတဲ့ ကသိုဏ်းတွေကိုလည်း ဆက်လက် ပွားများအားထုတ်မယ်ဆို လျှင် ကသိုဏ်းဆယ်မျိုးစလုံးမှာ စတုတ္ထစျာန်သမာဓိအထိ ဆိုက်အောင် ပွားမယ်ဆို ပွားလို့ရတယ်။ ကသိုဏ်းဆယ်ပါးကို စတုတ္ထစျာန်သမာဓိ ဆိုက်အောင် ပွားနိုင်တဲ့ ပုဂ္ဂိုလ်က အရူပစျာန်တွေကို တစ်ဆင့်တက်ပြီး ပွားမယ် ဆိုလျှင်လည်း လွယ်ကူသွားတယ်။ ထိုအရူပစျာန်တွေကို တစ်ဆင့်တက်ပြီး လွယ်လွယ်ကူကူ ပွားနိုင်တဲ့ ယောဂီသူတော်ကောင်းက ဒီကသိုဏ်းဆယ်ပါး သမာပတ်ရှစ်ပါးကို အဝါးဝစွာ လေ့လာပြီးတဲ့အခါ ဒီသမာဓိအကူအညီကို ယူပြီးတော့ မေတ္တာစျာန်ကို ကူးခဲ့မယ်ဆိုလျှင် ထိုမေတ္တာဘာဝနာက အင်မတန် စူးရှတဲ့သဘောလည်း ရှိတယ်၊ လွယ်ကူတဲ့သဘောလည်း ရှိပါတယ်။
မေတ္တသုတ်မှာ လာရှိတဲ့ ရဟန်းငါးရာ
ဘယ်လို လွယ်ကူသလဲလို့ မေးလျှင်တော့ မေတ္တသုတ္တန်မှာ ရဟန်းတော် ငါးရာ လာရှိပါတယ်။ ထိုရဟန်းတော်ငါးရာက မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်း တွေ သင်ယူသွားကြတယ်။ သင်ယူပြီးတော့ တောအုပ်တစ်ခုအတွင်းမှာ သွား ပြီး တရားဘာဝနာစီးဖြန်းလိုက်တဲ့အခါ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ် တွေ တောထွက်လာတဲ့အတွက် ထိုတောအုပ်မှာ နေထိုင်တဲ့ နတ်တွေက သစ်ပင်ပေါ်မှာ တည်ရှိတဲ့ သူတို့ရဲ့ ဘုံဗိမာန်တွေပေါ်မှာ နေနိုင်တဲ့စွမ်းအား မရှိကြဘူး၊ မရှိတော့ သစ်ပင်အောက် တောထဲမှာ ကလေးတွေကို လက်ဆွဲ ပြီးတော့ နေထိုင်နေကြရတယ်။
ဒီရဟန်းတွေ ဝါဆိုခါနီးလျှင်တော့ ပြန်လိမ့်မယ်လို့ မျှော်လင့်ထားကြ တယ်။ ပြန်လိမ့်နိုး ပြန်လိမ့်နိုးနဲ့ စောင့်နေရင်းနဲ့ မပြန်ကြဘူး။ ရဟန်းတွေက ဒီနေရာမှာ ဝါဆိုမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့ မဖြစ်တော့ဘူးဆိုပြီးတော့ ရဟန်းတွေကို ချောက်လှန့်ကြတယ်။ ချောက်လှန့်လိုက်တဲ့ အချိန်အခါကျတော့ ရဟန်းတွေမှာ စိတ်ဓာတ်တွေ ချောက်ချားပြီးတော့ တရားအားထုတ်လို့ မရတဲ့ အတွက် မြတ်စွာဘုရားထံ တစ်ဖန်ပြန်သွားကြတယ်။ ဒါပေမဲ့ မပြန်ခင်မှာ ဒီရဟန်းတွေက ဘာလုပ်သလဲ? ဒီအပိုင်းကလေးကို ဘုန်းကြီး ပြောချင်တာ။ ဒီရဟန်းတွေက ကသိုဏ်း (၁၀)ပါး, သမာပတ် (၈)ပါးကို အခြေခံ၍ ဝိပဿနာ ရဲ့ အခြေပါဒကစျာန်အဖြစ် အသုံးပြုကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းနေကြပါတယ်။ (သုတ္တနိပါတဋ္ဌကထာ၊၁၊၁၈၀။)
ရှေးယခင် ယဉ်ကျေးမှုအတိုင်း အစဉ်အလာအတိုင်း ပြောမယ်ဆိုလျှင် တော့ ဘယ်ကမ္မဋ္ဌာန်းကိုပဲ အားထုတ်အားထုတ် မယူမနေရ, မသင်မနေရ, ဘာသာရပ် လေးခုရှိတယ်၊ ဘာတွေလဲ? မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်းတို့ ဖြစ်ကြပါတယ်။ အဲဒီ ကမ္မဋ္ဌာန်းလေးခုကိုတော့ စတုရာရက္ခ = အစောင့်လေးပါး ကမ္မဋ္ဌာန်းလို့ လည်း ခေါ်တယ်။ ဒီအစောင့်လေးပါး ကမ္မဋ္ဌာန်းကတော့ မသင်မနေရဘဲ။
ဒါပေမဲ့ ဒီရဟန်းတွေက ဘယ်လိုရဟန်းတွေလဲလို့မေးလျှင် ကသိုဏ်း ဆယ်ပါး, သမာပတ်ရှစ်ပါးတို့ကို မြတ်စွာဘုရားထံမှ သင်ယူပြီးတဲ့အခါ အစောင့်လေးပါးဖြစ်တဲ့ ဒီကမ္မဋ္ဌာန်းတွေကိုလည်း ပွားပါတယ်။ ဒါပေမဲ့ ဒီအစောင့်လေးပါးဖြစ်တဲ့ စတုရာရက္ခကမ္မဋ္ဌာန်းကို အလေးဂရု အထူးတလည် အားစိုက်ပြီး ပွားတာတော့ မဟုတ်ဘူး။ သူတို့ ပွားများနေတာက ကသိုဏ်း ဆယ်ပါး, သမာပတ်ရှစ်ပါးကို အခြေခံပြီးတော့ ရုပ်နာမ်ကြောင်း-ကျိုး သင်္ခါရ တရားတွေကို သိမ်းဆည်းပြီး ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း နေကြပါတယ်။ ဝိပဿနာကို အလေးထားပြီးတော့ ပွားများအားထုတ်နေကြ တယ်။
အဲဒီ အချိန်အခါမှာ စိတ်ဓာတ်တွေ ဖောက်ပြားပြီးတော့ တရားဘာဝနာ ဆက်ပြီး အားမထုတ်နိုင်တဲ့အတွက် မြတ်စွာဘုရားထံ တစ်ဖန်ပြန်သွားကြ တယ်။ ပြန်သွားပြီးတဲ့အခါမှာ မြတ်စွာဘုရားက ထိုရဟန်းတွေကို ကြည့်လိုက် တော့ ဒီနေရာမှာပဲ သူတို့ တရားရမယ်၊ တခြားနေရာကို ပြောင်းရွှေ့ပြီး ဝါဆိုဝါကပ်ကြမယ် ဆိုလျှင်တော့ တရားမရနိုင်ဘူး။ ဒါကြောင့် ဒီနေရာကိုပဲ ပြန်သွားဖို့ မြတ်စွာဘုရားရှင်က တိုက်တွန်းတယ်။ မေတ္တသုတ္တန်ကိုလည်း ဟောကြားပေးလိုက်တယ်။ ဟောကြားပေးတဲ့ ရည်ရွယ်ချက်က ပရိတ်အရံ အတားအလို့ငှာလည်း တစ်ကြောင်း, ဝိပဿနာ၏ အခြေပါဒကစျာန် ရရှိရန် ကမ္မဋ္ဌာန်းဘာဝနာအလို့ငှာလည်း တစ်ကြောင်း၊ ဒီအကြောင်းနှစ်ချက်ဖြင့် ဟောကြားပေးတော်မူလိုက်ပါတယ်။ ဟောပေးလိုက်တဲ့အထဲမှာ ဘုန်းကြီး ဒီမေတ္တာကမ္မဋ္ဌာန်းကို ကွက်ပြောမယ်ဆိုလျှင် ဒါယကာကြီးတွေလည်း ကြား ဖူးကြလိမ့်မယ် ထင်ပါတယ်။
သုခိနော ဝါ ခေမိနော ဟောန္တု သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာ = သတ္တဝါအားလုံးအပေါ်၌ ချမ်းသာသုခနှင့် ပြည့်စုံဖို့၊ ဘေးရန်ကင်းဖို့ အတွက် မေတ္တာပွားပုံကို စတင်ဟောထားပါတယ်။ ဒီတော့ သုခိနော ဝါ ခေမိနော ဟောန္တု သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာဆိုတော့ သတ္တဝါ အားလုံးကို ခြုံငုံပြီး မေတ္တာပွားတဲ့လုပ်ငန်းခွင်ဆိုတာက ဘုန်းကြီးတို့ အတ္တလို့ ခေါ်တဲ့ မိမိရယ်, ပိယလို့ခေါ်တဲ့ ချစ်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်ရယ်, မဇ္ဈတ္တလို့ ခေါ်တဲ့ မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်ရယ်, ဝေရီခေါ်တဲ့ မုန်းတဲ့ ပုဂ္ဂိုလ်ရယ် = ရန်သူပုဂ္ဂိုလ်ရယ်၊ ဒီပုဂ္ဂိုလ်လေးဦးအပေါ်၌ မေတ္တာစျာန်တွေကို ဝင်စားလိုက်လို့ ညီမျှသွားတဲ့ အချိန်အခါကျမှ သဗ္ဗေ သတ္တာဆိုတာကို ကူးလို့ ရပါတယ်။
တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)
ဒီတော့ ဒီရဟန်းတွေက မေတ္တာကမ္မဋ္ဌာန်းကို ရှေးယခင်ကတည်းက ပွားများထားပြီးလည်း ဖြစ်တယ်။ သူတို့က အလေးအမြတ် မပြုသေးတာသာ ရှိတယ်၊ အထူးဆက်လက်ပြီး မပွားများတာသာ ရှိတယ်။ ဒါကြောင့် ဒီရဟန်း တွေကို မြတ်စွာဘုရားက - သုခိနော ဝါ ခေမိနော ဟောန္တု သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာဆိုပြီး သတ္တဝါအားလုံးကို ခြုံငုံပြီး မေတ္တာပွားတဲ့စနစ်ကို သင်ပေးပါတယ်။ ဒီတော့ ဒီသင်ပေးတဲ့ စနစ်ကတော့ အတ္တ = မိမိကိုယ်ကို မေတ္တာအရင်ပွားရတယ်။ သို့သော် မိမိကိုယ်ကို မေတ္တာပွားလို့တော့ မေတ္တာ စျာန်ကို မရနိုင်ဘူး။ သို့သော် ပိယ = ချစ်တဲ့ပုဂ္ဂိုလ်, မဇ္ဈတ္တ = အလယ်အလတ် မချစ်မမုန်းပုဂ္ဂိုလ်, ဝေရီ = ရန်သူပုဂ္ဂိုလ်၊ ဒီပုဂ္ဂိုလ်သုံးဦးကို ပွားတိုင်းပွားတိုင်း မေတ္တာစျာန်ကို တတိယစျာန်ဆိုက်သည်အထိ ပွားရပါတယ်။
စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)
အဲဒီလို ပွားလိုက်ပြီးတဲ့ အချိန်အခါကျတော့မှ အခု သတ္တဝါအားလုံး အပေါ်မှာ မေတ္တာတွေကို အနန္တစကြဝဠာအထိ ဖြန့်ကျက်ပြီး ပွားများရပါ တယ်။ အဲဒီလို ပွားလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်တို့ရဲ့ မေတ္တာစျာန် စွမ်းအင်က ကြီးမားသွားတယ်။ ကြီးမားသွားတဲ့အတွက် ဒီနတ်တွေက အနှောင့် အယှက် မပေးတော့ဘဲနဲ့ ရဟန်းတွေကို တစ်ဖန်ပြန်ပြီး စောင့်ရှောက်ပေးကြ တယ်။
ဒီတော့ ဒီနေရာမှာ ဘုန်းကြီး ပြောချင်တဲ့အချက်က ဒီရဟန်းတော်တွေ ရဲ့ မေတ္တာစျာန်တွေသည် ဘာကြောင့် စွမ်းအင် ကြီးမားရသလဲဆိုတော့ အကြောင်းနှစ်ချက် ရှိပါတယ်။ အကြောင်းတစ်ချက်ကတော့ ကသိုဏ်းဆယ် ပါး, သမာပတ်ရှစ်ပါးကို ကျွမ်းကျင်ထားတဲ့ သူတော်ကောင်းတွေ ဖြစ်ခြင်း ကြောင့် သမာဓိစွမ်းအင်က ကြီးမားနေပြီ၊ ထိုကသိုဏ်းဆယ်ပါး, သမာပတ် ရှစ်ပါးဆိုတဲ့ သမာဓိရဲ့ အကူအညီကို ယူပြီးတော့ မေတ္တာကို ပို့လိုက်တဲ့အတွက် မေတ္တာဘာဝနာ စျာန်တွေကလည်း အရှိန်အဝါ ပိုပြီး အားကောင်းလာတယ်။ ဒါက အကြောင်းတစ်ခု၊ နောက်အကြောင်းတစ်ခုကတော့ ရဟန်းတော်တွေ ဟာ ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေး သုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဝိပဿနာဉာဏ်တွေနှင့် ယှဉ်တွဲနေတဲ့အတွက် ဒီမေတ္တာစျာန် မေတ္တာဘာဝနာတွေကလည်း စွမ်းအင်ကြီးမားလှတယ်။ ဒီစွမ်းအင်ကြီးမားပုံ နှင့် ပတ်သက်ပြီးတော့ ဘုန်းကြီးတို့ အလောင်းတော်ဘဝက ကျင့်ခဲ့တဲ့ထုံးနှင့် ဆက်စပ်ပြီးတော့ အဋ္ဌကထာများက ဖွင့်ဆိုထားတာ ရှိပါတယ်။ ဒီစျာန်သမာဓိ တွေကို ခေတ်က အပြစ်သိပ်ပြောနေလို့ ဘုန်းကြီးက ဒီအချက်ကို နည်းနည်း ရှင်းပြတာပါ။
---သမထ၏ အထောက်အပံ့ကောင်း
မြတ်စွာဘုရား အလောင်းတော်ဟာ အစာအာဟာရတွေကို ဖြတ်ကာ ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ပြီးတဲ့ အချိန်အခါကျတော့ ဒီကျင့် စဉ်သည် သဗ္ဗညုတဉာဏ်ရဖို့ရန် ကျင့်စဉ်တော့ မဟုတ်ဘူးဆိုပြီး လက်လွှတ် လိုက်တယ်။ လက်လွှတ်လိုက်ပြီးတော့ ခန္ဓာကိုယ်ကို အင်အားတောင့်တင်း အောင် ဆိုပြီးတော့ အစာအာဟာရတွေကို ပြန်ပြီးတော့ မှီဝဲပါတယ်။ မှီဝဲတဲ့ အချိန်အခါက စပြီးတော့ စွမ်းအားရှိသလောက် မြတ်စွာဘုရား အလောင်း တော်ဟာ ဒီသမထဘာဝနာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်း တော်မူပါတယ်။
ဘုရားအလောင်းတော်ဟာ ဥရုဝေလတောမှာ ဒီလို သမထ-ဝိပဿနာ ဘာဝနာတွေကို အပြင်းအထန် ပွားများအားထုတ်ပုံ အကြောင်းအရာတွေကို ဒွေဓာဝိတက္ကသုတ္တန် ပါဠိတော် (မ၊၁၊၁၆၃-၁၆၄။)နှင့် ဒွေဓာဝိတက္ကသုတ္တန် အဋ္ဌကထာ (မ၊ဋ္ဌ၊၁၊၃၈၇-၃၈၈။)မှာ ဟောကြားထားတော်မူပါတယ်၊ ဖွင့်ဆိုထား တော်မူပါတယ်။ အဲဒီလို သမထနှင့် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းတွေကို စီးဖြန်းလိုက်တဲ့ အချိန်အခါမှာ တစ်ခါတစ်ရံ ဝိပဿနာနယ်ထဲ ရောက်တဲ့အခါ ကျတော့ ဝိပဿနာတွေကို ဆက်တိုက် ကြိုးစား အားထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာပြီ၊ ပင်ပန်းနွမ်းနယ်လာလျှင် မြတ်စွာဘုရား အလောင်းတော်ဟာ ဘာလုပ်သလဲ?
ဒီစျာန်သမာပတ်တွေမှာ တစ်ဖန်ပြန်ပြီးတော့ ဝင်စားနေလိုက်တယ်။ စျာန်သမာပတ်တွေကို ပြန်ပြီး ဝင်စားလိုက်လျှင် စိတ်ဓာတ်တွေက ရွှင်လန်း သွားပြီ၊ စိတ်ဓာတ်တွေ ရွှင်လန်းပြီး အင်အားကြီးထွားလာတဲ့ အခါကျတော့မှ တစ်ဖန်ပြန်ပြီးတော့ ဝိပဿနာရှုတယ်။ ဝိပဿနာရှုလိုက်တော့ ပင်ပန်း နွမ်းနယ်မှုတွေက အားကောင်းလာပြီဆိုလို့ရှိလျှင်လည်း တစ်ဖန်ပြန်ပြီးတော့ စျာန်တွေကို ဝင်စားပြန်တယ်။
ဘာဥပမာနှင့် ဥပမာပေးထားသလဲဆိုတော့ ရှေးယခင်တုန်းက စစ်တိုက် တဲ့ အချိန်အခါမှာ တိုင်းသူပြည်သားတွေ မနစ်နာစေရန်အတွက် ရည်ရွယ် တောင့်တပြီးတော့ စစ်တလင်းဆိုတာ ရှိပါတယ်။ စစ်တလင်းဆိုတဲ့ နေရာမှာ ထွက်ပြီးတော့ ဟိုဘက်ဒီဘက် စွမ်းအင်ပြတဲ့အနေနဲ့ စစ်တိုက်ကြတယ်။ အဲဒီလို စစ်တိုက်လိုက်တဲ့ အချိန်အခါမှာ ပင်ပန်းနွမ်းနယ်လာပြီ ဆိုလို့ရှိလျှင် နောက်က ခံတပ်ဆိုတာ ရှိတယ်။ ခံတပ်ထဲမှာ ဝင်ပြီးတော့ နားတယ်, စားတယ်, သောက်တယ်, ခဏအနားယူတယ်။ အပန်းပြေသွားပြီ ဆိုလို့ရှိလျှင်လည်း တစ်ဖန်ပြန်ပြီး ခံတပ်ထဲကနေ ထွက်ပြီးတော့ စစ်တိုက်ကြပြန်တယ်။
စစ်တိုက်ပွဲဝင်နေတာက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနေတာနဲ့ အတူတူပဲ။ ကိလေသာတွေကို တိုက်ထုတ်နေတာပဲ။ ပင်ပန်းနွမ်းနယ်လာပြီဆို လျှင် ခံတပ်နှင့်တူတဲ့ စျာန်သမာပတ်ထဲကို ပြန်ပြီးတော့ ဝင်စားရတယ်။ စျာန် သမာပတ်ထဲမှာ ဝင်စားနေလိုက်တော့ အပန်းပြေသွားပြီ ဆိုလိုရှိလျှင်လည်း တစ်ဖန်ပြန်ပြီးတော့ စစ်ထွက်ပြီး တိုက်ရပြန်တယ်။ အဲဒီလို တိုက်တဲ့ထုံးက ဘုန်းကြီးတို့ ဒွေဓာဝိတက္ကသုတ္တန် ဆိုပြီးတော့ သုတ္တန်တစ်ခု ရှိပါတယ်။ မဇ္ဈိမ နိကာယ်မှာ လာရှိပါတယ်။ ထိုမဇ္ဈိမနိကာယ်ထဲမှာ အလောင်းတော်ဘဝက ကျင့်ခဲ့တဲ့ ဒီကျင့်စဉ်ကို စနစ်တကျ အဋ္ဌကထာများက ဖွင့်ဆိုထားပါတယ်။
---ရှေးရှေးသမာဓိရဲ့ အားကြီးသော မှီရာဥပနိဿယ
ဒါကြောင့် ဆိုလိုရင်းကတော့ ဒီမေတ္တာဘာဝနာတို့ရဲ့ စွမ်းအင်ကြီးမားမှု သည် သမထ-သမထ အချင်းချင်း အခြေခံပြီး ပွားများအားထုတ်မယ်ဆိုလျှင် အားထုတ်လို့ လွယ်ကူတဲ့အကြောင်း ပြောတာပါ။ ဒီတော့ စျာန်သမာပတ်တွေ ကို အထူးသဖြင့် ကသိုဏ်းစျာန်ကဲ့သို့ စျာန်သမာပတ်တွေကို ဝင်စားပြီး ထိုစျာန် သမာပတ်မှ ထလိုက်တဲ့အခါ မိမိ မေတ္တာပွားလိုက်တဲ့ ပုဂ္ဂိုလ်ကို ဒီစျာန် သမာပတ် ဉာဏ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် အကူအညီဖြင့် ထိုးပြီး ကြည့်လိုက်တဲ့အခါမှာ ဆလိုက်မီးနှင့် ထိုးထားသလို, လက်နှိပ်ဓာတ်မီး နှင့် ထိုးထားသလို ထိုပုဂ္ဂိုလ်ရဲ့ မျက်နှာကို သို့မဟုတ် တစ်ကိုယ်လုံးကို အထင် အရှား မြင်နေပြီ။
မြင်လိုက်တဲ့ အချိန်အခါကျတော့မှ ရှေးရှေးသမာဓိတို့ရဲ့ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါကို ဆက်ခံပြီး တော့မှ ဒီပုဂ္ဂိုလ်ကို ထင်ထင်ရှားရှား မျက်စိနှင့်မြင်သလို မြင်တွေ့နေတဲ့ အချိန် အခါကျမှ မေတ္တာဘာဝနာရေချမ်း ပက်ဖျန်းပေးလိုက်မယ်ဆိုလျှင် တစ်ထိုင် အတွင်းမှာပဲ မေတ္တာစျာန်တွေကို ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိအထိ ဆိုက်အောင် ပွားမယ်ဆိုလျှင် လွယ်လွယ်ကူကူနဲ့ ပွားလို့ရတယ်။
ထိုပုဂ္ဂိုလ်တို့ရဲ့ ရုပ်ပုံလွှာဟာ လက်နှိပ်ဓာတ်မီးနှင့် ထိုးထားတဲ့အခါ လွယ်လွယ်ကူကူနဲ့ ပျောက်ပျက်မသွားသလို ရှေးရှေး သမာဓိဉာဏ်ကြောင့် သမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည် အကူ အညီဖြင့် ထိုးစိုက်ကြည့်ထားတဲ့ အချိန်အခါမှာ လွယ်လွယ်ကူကူနဲ့ ပျောက်ပျက် သွားတဲ့သဘော မရှိပါဘူး။ ဒါကြောင့် သမထ ဘာဝနာစိတ်တွေမှာလည်း လင်းရောင်ခြည်စွမ်းအား ရှိပါတယ်။ ဝိပဿနာ ဘာဝနာစိတ်တွေမှာလည်း လင်းရောင်ခြည်စွမ်းအား ရှိပါတယ်။ ဝိပဿနာ ဘာဝနာစိတ်တွေထဲမှာလည်း အခုလို ဒုက္ခသစ္စာကို ထိုးထွင်းသိနေတဲ့ ဉာဏ်မှာလည်း လင်းရောင်ခြည်စွမ်း အား ရှိတယ်။ သမုဒယသစ္စာကို ထိုးထွင်းသိတဲ့ ဉာဏ်မှာလည်း လင်းရောင် ခြည်စွမ်းအား ရှိတယ်။
အလားတူပဲ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ အချိန်အခါမှာ ဘုရားအလောင်းတော်က သတ္တဝါအားလုံး အပေါ်မှာ ဖြန့်ကျက်ပြီးတော့ မေတ္တာစျာန်တွေကို ဝင်စားမြဲ ဓမ္မတာဖြစ်ခြင်းကြောင့် မေတ္တာစျာန်မဆိုက်မီ မေတ္တာဘာဝနာ စီးဖြန်းနေတဲ့ ပရိကမ္မသမာဓိ, ဥပစာရသမာဓိခေါ်တဲ့ ဒီ သမာဓိစျာန်ဇောတွေကလည်း သတ္တဝါတွေ အားလုံးအပေါ်မှာ ညီမျှတဲ့ မေတ္တာဓာတ်တွေဖြင့် ကိန်းဝပ်ပြီး တည်နေတဲ့ အချိန်အခါ ဖြစ်ပါတယ်။
ထိုကံတွေကနေပြီးတော့ ဘုရားအလောင်းတော်ကို လာပြီး အကျိုးပေးတဲ့ အတွက် ဘုရားရှင်ရဲ့ ပဋိသန္ဓေခန္ဓာငါးပါး အစရှိတဲ့ ဝိပါက်ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားတွေကို ဖြစ်စေတတ်တဲ့အတွက် ဘုရားရှင်ရဲ့ သန္တာန်မှာ ဒီဘဝမှာ ဘယ်သတ္တဝါ အပေါ်မှာမဆို ညီမျှတဲ့ မေတ္တာဓာတ်တွေ မရှိဘူးလား? ရှိနေ တယ်။ သတ္တဝါအားလုံးအပေါ်၌ ညီတူတဲ့ ဒီစိတ်ထားကလေးသည် - ဒါယကာ ကြီးတွေ နည်းနည်း စဉ်းစားကြည့်ပါ၊ ကောင်းသလား မကောင်းဘူးလား? ကောင်းပါတယ်။ ဒါယကာကြီးတွေ ခါးတောင်းကျိုက်ဖြုတ်လို့ရမယ် ထင်သ လား? သတ္တဝါအားလုံး အပေါ်မှာ ညီမျှတဲ့မေတ္တာ မထားနိုင်တဲ့အတွက် ဒါယကာကြီးတွေ အခု ဂျပန်ရောက်နေကြတာ မဟုတ်ဘူးလား? ခါးတောင်းကျိုက် ဖြုတ်လို့ ရသလား? မရဘူး။ ခါးတောင်းကျိုက် ပြုတ်သွားချင်တယ် ဆိုလို့ရှိလျှင် တော့ သတ္တဝါအားလုံးအပေါ်မှာ ညီမျှတဲ့ မေတ္တာဓာတ်ကိုသာ မွေးမယ်ဆို လျှင် ခါးတောင်းကျိုက်ဖြုတ်လို့ မရဘူးလား? ရသွားလိမ့်မယ်။
ကဲ - ဘုရားအလောင်းတော်က မိမိကို ဖြစ်ပေါ်စေတတ်တဲ့ သမုဒယ သစ္စာတရားကိုလည်း ထိုးထွင်းမသိဘူးလား? သိတယ်။ ဘုရားအလောင်းတော် သည် မိမိကို ဖြစ်ပေါ်စေတတ်တဲ့ သမုဒယသစ္စာတရားကို ထိုးထွင်းသိသလို အခု ဒီသုတ္တန်မှာ တရားနာခံ ဖြစ်နေကြတဲ့ ပဉ္စဝဂ္ဂီငါးဦးထဲက အထူးသဖြင့် အရှင်ကောဏ္ဍည မထေရ်ကလည်း မိမိရဲ့ ဒုက္ခသစ္စာတရားတွေ မိမိရဲ့သမုဒယ သစ္စာတရားတွေကိုလည်း ထိုးထွင်း မသိဘူးလား? သိနေတယ်။ ဒီအချက်ကို တော့ နည်းနည်းမှ မမေ့သင့်ဘူး။ ကဲ သမုဒယသစ္စာ ဆိုတာလည်းပဲ ထိုးထွင်း သိပြီ၊ နောက်တစ်ခုက ဘာလဲ?
---သမုဒယသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟာ ပယ်စွန့်ရမည့်တရား ဖြစ်တယ်လိ့ု ဟိုရှေး ယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ တရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ်တဲ့ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယ သစ္စာတရားကို ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားသည် ပဟာတဗ္ဗ = ပယ်ရှားရမည့်တရားပဲလို့ သိမြင်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်လာတယ်။ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်လာတယ်၊ ကွဲကွဲပြားပြား သိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်လာတယ်။ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်လာတယ်။ သမုဒယအရိယသစ္စာတရားဟာ ပယ်ရှားရမည့်တရား ဖြစ်တယ်လို့ သိမြင်အောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ် အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်လာတယ်။ ဒီတော့ အဲဒီ ဉာဏ်ကတော့ သမုဒယသစ္စာနှင့် ပတ်သက်တဲ့ ကိစ္စဉာဏ် ဖြစ်ပါတယ်။ ဒီတော့ ဘယ်အခါမှာ ဒီကိစ္စဉာဏ်က ဘုရားရှင်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာသလဲလို့မေးတော့ သဗ္ဗညုတဉာဏ်ကို ရရှိပြီးတဲ့အခါကျမှ ဖြစ်ပေါ်လာပါတယ်။ နောက်တစ်ခု-
---သမုဒယသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီနန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ငါဟာ ပယ်စွန့်ပြီးပြီလို့ ဟို ရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာ ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာ ကို ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော် မူခဲ့တယ်။
ဒီဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို ငါဘုရားရှင်သည် ပယ်ရှားပြီးပြီဆိုတဲ့ ဒီအသိဉာဏ်ဟာလည်း မြတ်စွာဘုရားရှင်ရဲ့ သန္တာန်မှာ မဖြစ်ပေါ်ဘူးလား? ဖြစ်ပေါ်ခဲ့တယ်။ ဘယ်အခါမှာလဲလို့မေးတော့ အထူး သဖြင့်တော့ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုက်ပြီးတဲ့ အချိန်အခါ မိမိ ပယ်ရှားပြီးတဲ့ ကိလေသာတွေကို လှမ်းကြည့်လိုက်တော့ ဒီကိလေသာတွေကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ငါဘုရားရှင်သည် ပယ်ရှားပြီးပြီဆိုတာကို ထိုအချိန်အခါမှာ သိပါတယ်။ ယောဂီသူတော်ကောင်း မှန်ခဲ့မယ်ဆိုလို့ရှိလျှင် လည်း မိမိက အကယ်၍များ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုက်ခဲ့လို့ နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့မယ်ဆိုလျှင် ငါသည် ဘယ်ကိလေသာတွေကို ပယ်ရှားပြီးပြီလဲ ဆိုတာ ပြန်ကြည့်လျှင် မြင်သလား မမြင်ဘူးလား? မြင်ရမယ်။ မမြင်သေးဘူး ဆိုလို့ရှိလျှင်တော့ ဘာဖြစ်မလဲ? အရိယာပုဂ္ဂိုလ်တော့ မဟုတ်သေးဘူးလို့ ဒီလိုသာ မှတ်ချက်ချထားပါ။ ကဲ သမုဒယသစ္စာနှင့် ပတ်သက်လို့ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဆိုပြီးတော့ ဘယ်နှစ်ပါးလဲ? သုံးပါးဖြစ်ပါတယ်။ ကဲ- နောက်တစ်ခု နိရောဓသစ္စာ ---
---နိရောဓသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဤကား ဒုက္ခချုပ်ရာ ဒုက္ခနိရောဓ အရိယသစ္စာတရားတည်းလို့ ဟိုရှေးယခင်က မကြားအပ်စဖူး ကုန်သေးတဲ့ နိရောဓသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော် မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒုက္ခ ချုပ်ရာ နိရောဓအရိယာသစ္စာတရားကို သိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဤကား ဒုက္ခနိရောဓအရိယသစ္စာတရား ဆိုပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ သန္တာန်တော်မှာ သိမြင်တတ်တဲ့ ဓမ္မစက္ခု = ဉာဏ်ပညာမျက်စိသည် ထင်ရှား ဖြစ်ပေါ်မလာဘူးလား? ဖြစ်ပေါ်လာပြီ။ အဲဒီမှာ ဒီဒုက္ခနိရောဓ = ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား ဆိုတာက လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိအပ်တဲ့ နိရောဓသစ္စာ, လောကုတ္တရာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာဆိုတဲ့ နိရောဓသစ္စာနှစ်မျိုး ပြောခဲ့ပြီးပြီ။ နှစ်မျိုးစလုံးကို ဘုရားရှင်သည် ထိုးထွင်း မသိဘူးလား? သိတယ်။ ဒါက သစ္စဉာဏ်ဖြစ်တယ်။ နောက်တစ်ခုက ဘာလဲ?
---နိရောဓသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
= ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်၌ ထိုဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားကို မျက်မှောက်ပြုအပ်တယ်လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်းပြတတ် တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားဟာ မျက်မှောက်ပြုအပ်တဲ့ တရားပဲ၊ မျက်မှောက်ပြုရတယ် ဆိုတာက ဉာဏ်ဖြင့် ထိုးထွင်း သိမြင်အပ်တဲ့ တရားပဲလို့ ဒီအသိဉာဏ်ဟာ မြတ်စွာဘုရား သန္တာန်တော်မှာ ဖြစ်ပေါ်လာပါ တယ်။ ဘယ်အခါမှာလဲ? ဘုရားဖြစ်ပြီးတဲ့ အချိန်အခါပါ။ ဒီဉာဏ်ကတော့ ကိစ္စဉာဏ် ဖြစ်ပါတယ်။
---နိရောဓသစ္စာ၌ ကတဉာဏ်
နောက်တစ်ခုကတော့ ကတဉာဏ်ပဲ၊ မြတ်စွာဘုရား ဘယ်လို ဟောကြား တော်မူသလဲ?
တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားကို ငါသည် မျက်မှောက်ပြုပြီးပြီဆိုတဲ့ ဟိုရှေး ယခင်က မကြားအပ်စဖူးကုန်သေးတဲ့ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရား တို့၌ သိမြင်တတ်တဲ့ ပညာစက္ခုဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိမြင်တတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်း ပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခချုပ်ရာ နိရောဓသစ္စာ တရားကိုလည်း ငါဘုရားရှင်သည် မျက်မှောက်ပြုပြီးပြီဆိုတဲ့ ဒီအသိဉာဏ်ဟာလည်း မြတ်စွာဘုရားရဲ့ သန္တာန်မှာ ပေါ်လာပါတယ်။ ကတဉာဏ်လို့ ခေါ်ပါတယ်။ ဘယ်အခါမှာလဲ? နိဗ္ဗာန်ကို မြင်ပြီးတဲ့ အချိန်အခါမှာ ငါသည် နိဗ္ဗာန်ကို မြင်ပြီးပြီဆိုတဲ့ အသိဉာဏ် ပေါ်လာ တယ်။ နိရောဓသစ္စာနှင့် ပတ်သက်လျှင်လည်း သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ် ဆိုပြီးတော့ ဉာဏ်ဘယ်နှစ်ပါးလဲ? ဉာဏ်သုံးပါးပဲ ဖြစ်တယ်။
နောက်တစ်ခု မဂ္ဂသစ္စာကို မြတ်စွာဘုရား ဆက်ဟောပြီ -
---မဂ္ဂသစ္စာ၌ သစ္စဉာဏ်
ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားပဲလို့ ဟို ရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ မဂ္ဂအရိယသစ္စာတရားတို့၌ သိမြင် တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ်တဲ့ ပညာ ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ် အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ အရိယ သစ္စာတရားပဲဆိုတဲ့ ဒီအသိဉာဏ်ဟာလည်း မြတ်စွာဘုရား သန္တာန်တော်မှာ ဖြစ်ပေါ်တော်မူခဲ့ပါတယ်။ ဒါက သစ္စဉာဏ် ဖြစ်ပါတယ်။ ဘယ်အခါမှာ ဖြစ် သလဲလို့မေးလျှင် ခုနက ပြောခဲ့ပြီးပြီ။ ဝိပဿနာ ရှုခိုက်မှာလည်း ဝိပဿနာ ဉာဏ်ကို တစ်ဖန်ပြန်ပြီး ဝိပဿနာရှုတော့ ဒီမဂ္ဂင်ရှစ်ပါးကို မသိဘူးလား? သိတယ်။ ဒါ လောကီမဂ္ဂသစ္စာ ဖြစ်တယ်။
တစ်ခါ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အချိန်အခါမှာလည်း မြတ်စွာဘုရားရဲ့ သန္တာန်မှာ မဂ္ဂင်ရှစ်ပါး မဖြစ်ပေါ်ဘူး လား? ဖြစ်ပါတယ်။ အဲဒီ မဂ္ဂသစ္စာတရားက လောကုတ္တရာ မဂ္ဂသစ္စာတရား ဖြစ်ပါတယ်။ လောကီမဂ္ဂသစ္စာတရားနှင့် လောကုတ္တရာ မဂ္ဂသစ္စာတရား၊ ဒီ နှစ်မျိုးစလုံးကို မြတ်စွာဘုရားသည် ထိုးထွင်းမသိဘူးလား? သိပါတယ်။
ယောဂီပုဂ္ဂိုလ်ဟာလည်း အကယ်၍ တရားအားထုတ်လို့ရှိလျှင် ဝိပဿနာ အခိုက်မှာလည်း ဒီလောကီ မဂ္ဂသစ္စာခေါ်တဲ့ မဂ္ဂင်တရားကိုယ် ရှစ်ပါးကို ထိုးထွင်းသိရမလား၊ မသိရဘူးလား? သိရမယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိုက် ခဲ့လို့ရှိလျှင်လည်း ဒီမဂ်ဉာဏ်ဖိုလ်ဉာဏ်မှာ တည်ရှိနေတဲ့ ဒီလောကုတ္တရာ မဂ္ဂသစ္စာတရား ရှစ်ပါးကို သိရမလား၊ မသိရဘူးလား? သိရမယ်။
ဒီအကြောင်းအရာတွေက ဒါယကာကြီးတွေ ဒါယိကာမကြီးတွေနှင့် အနီးကပ်ဆုံးဖြစ်တဲ့ ဓမ္မစကြာဒေသနာမှာ လာရှိတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒီဒေသနာတော်မှာ လာရှိတဲ့အတိုင်း မိမိတို့ လုပ်ငန်းခွင်လုပ်တဲ့ အချိန်အခါမှာ ငါသည် ဒီအသိဉာဏ်တွေ ရပြီလား၊ မရသေးဘူးလား? ကိုယ့် ကိုယ်ကို မေးကြည့်လျှင် ဖြေတတ်သလား၊ မဖြေတတ်ဘူးလား? ဖြေတတ်ပါ တယ်။ ဒုက္ခသစ္စာကို သိသလား၊ မသိဘူးလား? ကိုယ့်ကိုယ်ကို မေးကြည့်၊ မသိလျှင်လည်း မသိဘူးလို့ မဖြေတတ်ဘူးလား? ဖြေတတ်တယ်။ သိလျှင် လည်း သိတယ်လို့ မဖြေတတ်ဘူးလား? ဖြေတတ်တယ်။ လွယ်လွယ်က လေးရယ်။ ကိုယ့်ဟာကိုယ် မေးပြီးတော့ ကိုယ့်ဟာကိုယ် ဖြေရတော့ မသိလျှင် သိအောင်ကြိုးစားဖို့ မလိုဘူးလား? လိုအပ်တယ်။
သူများအပြောနဲ့တော့ သိပ်ထိုင်မလွမ်းနဲ့၊ သူများပြောတဲ့အတိုင်း လွမ်း နေမယ် ဆိုလို့ရှိလျှင်တော့ လွမ်းတာနဲ့ပဲ ဘဝ အဆုံးသတ်သွားရလိမ့်မယ်။ ဒါကြောင့် ဒုက္ခသစ္စာကို ထိုးထွင်းသိတဲ့ဉာဏ်, သမုဒယသစ္စာကို ထိုးထွင်း သိတဲ့ဉာဏ်ကို ငါသည် ရသလား၊ မရဘူးလား? ကိုယ့်ဟာကိုယ် နားလည်ပါ တယ်။ အလားတူပဲ လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓ သစ္စာ, လောကုတ္တရာ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာ, လောကီမဂ္ဂသစ္စာ, လောကုတ္တရာမဂ္ဂသစ္စာ ဒီသစ္စာတွေကို ငါသည် ထိုးထွင်းသိသလား၊ မသိဘူးလားလို့ မေးလျှင် အဖြေပေးလို့ မရဘူး လား? ရပါတယ်။
မဂ္ဂင်တရားကိုယ် ရှစ်ပါးဆိုတာက ဘယ်လိုနေသလဲ၊ ဘယ်လိုရှုသလဲ? ဒီမဂ္ဂင်တရားကိုယ် ရှစ်ပါးသည် မည်သည့် စိတ်စေတသိက်တွေနှင့် ယှဉ်တွဲပြီး တော့ ဖြစ်ပေါ်သွားသလဲ? မဂ္ဂင်တရားကိုယ်နှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်သွားတဲ့ စိတ်စေတသိက် ဘယ်နှစ်လုံး ရှိသလဲ? ဒီသဘောတရားတွေကို စနစ်တကျ ထိုးထွင်းသိဖို့တော့ လိုအပ်ပါတယ်။ အကယ်၍ မသိခဲ့သေးဘူး ဆိုလျှင်တော့ သိအောင် ကြိုးစားဖို့တော့ လိုအပ်နေပြီ။ အခု ဘုရားအလောင်းတော် သို့မဟုတ် မြတ်စွာဘုရားကတော့ သိသလား၊ မသိဘူးလား? သိပါတယ်။ နောက်တစ်ခု -
---မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ...ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ပွားများရမယ်လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ မဂ္ဂအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်း သိတတ်တဲ့ ဉာဏ်ဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြား သိတတ် တဲ့ ပညာဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာ ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ဒီလိုသိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ်အရောင်အလင်းဟာ ထင်ရှား ဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခနိရောဓ = ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂသစ္စာတရားကို ငါဘုရားရှင်သည် ပွားများအပ်တဲ့တရားပဲလို့ မြတ်စွာဘုရားသည် ထိုးထွင်းမသိဘူးလား? သိပါတယ်။ ဒါက ကိစ္စဉာဏ်။ နောက်တစ်ခု -
---မဂ္ဂသစ္စာ၌ ကတဉာဏ်
တံ ခေါ ပနိဒံ ဒုက္ခံ နိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတန္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ရဟန်းတို့ ... ငါဘုရားရှင်ရဲ့ သန္တာန်တော်မှာ ထိုဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာတရားကို ငါဟာ ပွားများပြီးပြီ လို့ ဟိုရှေးယခင်က မကြားအပ်စဖူးကုန်သေးတဲ့ မဂ္ဂအရိယသစ္စာတရားတို့၌ သိမြင်တတ်တဲ့ ပညာမျက်စိဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထိုးထွင်းသိ တတ်တဲ့ ဉာဏ်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ကွဲကွဲပြားပြားသိတတ်တဲ့ ပညာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်၊ ထွင်းဖောက်သိတတ်တဲ့ ဝိဇ္ဇာဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။ ဒီလိုသိအောင် ထွန်းလင်းပြတတ်တဲ့ ဉာဏ် အရောင်အလင်းဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့တယ်။
ဒီဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယသစ္စာ တရားကို ငါဘုရားရှင်သည် ပွားများပြီးပြီ ဆိုတာကိုလည်း မသိဘူးလား? သိပါတယ်။ ဘယ်အချိန်အခါမှာ သိသလဲလို့မေးတော့ ဒီသစ္စဉာဏ်နှင့် ကတဉာဏ်ကတော့ ဘုရားဖြစ်ပြီးတဲ့ နောက်ပိုင်းမှ သိပါတယ်။ ပေါင်းလိုက်တော့ သစ္စာတစ်ပါးတစ်ပါးမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုပြီး သုံးပါးစီ ရှိတဲ့အတွက် သစ္စာလေးပါးဆိုလျှင် ပေါင်းလိုက်တော့ ဘယ်နှစ်ပါးရှိသလဲ? ဆယ့်နှစ်မျိုး။ ဒီအကြောင်းကို မြတ်စွာဘုရားက ဘယ်လို ဆက်ဟောတော်မူ သလဲ?
---ဘုရားရှင်၏ ကြေညာချက်
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့၊ ယာဝ = အကြင်မျှလောက်သော ကာလပတ်လုံး၊ မေ = ငါဘုရားရှင်၏ သန္တာန်၌၊ ဣမေသု စတူသု အရိယသစ္စေသု = အရိယသစ္စာတရား လေးပါးတို့၌။ ဧဝံ = ဤသို့။ တိပရိဝဋ္ဋံ = သုံးမျိုးသော အပြန်အလှန် အကျော့ရှိသော။ ဒွါဒသာကာရံ = (၁၂)မျိုးသော အခြင်းအရာရှိသော။ ယထာဘူတံ =မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ ဉာဏဒဿနံ = ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ = ကောင်းမွန်စင်ကြယ်သည်။ န အဟောသိ = မဖြစ်သေး။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ တာဝ = ထိုမျှလောက်သော ကာလပတ်လုံး။ အဟံ = ငါဘုရားရှင်သည်။ သဒေဝကေ = နတ်ပြည်နတ်လောကနှင့် တကွသော။ သမာရကေ = ဝသဝတ္တီနတ်ပြည်နှင့် တကွသော။ သဗြဟ္မကေ = ဗြဟ္မာပြည်နှစ်ဆယ်နှင့် တကွသော။ လောကေ = နတ်လောက၌။ သဿမဏဗြာဟ္မဏိယာ = ရဟန်းပုဏ္ဏားနှင့်တကွသော။ သဒေဝမနုဿာယ = သမ္မုတိနတ်တည်းဟူသောမင်း, ကြွင်းသောလူသားနှင့် တကွသော။ ပဇာယ = သတ္တလောက၌။ ဝါ။ လူ့လောက၌။ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ = အတုမရှိသော သမ္မာသမ္ဗောဓိ ဉာဏ် တော်မြတ်ကို ထိုးထွင်း သိမြင်ပြီဟူ၍။ နေဝ ပစ္စညာသိံ = ဝန်ခံတော် မမူခဲ့ဘူးသေး။
သစ္စာတစ်ပါးတစ်ပါးမှာ သစ္စဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်ဆိုတဲ့ ဉာဏ် သုံးမျိုးစီဆိုတော့ သစ္စာလေးပါးမှာ (၁၂)မျိုးသော အခြင်းအရာ ဖြစ်တယ်။ ဒီလို သစ္စာလေးပါးတို့၌ (၁၂)မျိုးသော အခြင်းအရာအားဖြင့် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတတ်တဲ့ ဉာဏ်အမြင်ဟာ ငါဘုရားရှင်ရဲ့သန္တာန်မှာ မဖြစ်သေး သမျှ ကာလပတ်လုံး ဝသဝတ္တီနတ်ပြည်နှင့် တကွသော ဗြဟ္မာ့ပြည်နှစ်ဆယ် နှင့် တကွသော နတ်လောကမှာရော, ရဟန်းပုဏ္ဏားနှင့်တကွ သမ္မုတိနတ်လို့ ခေါ်ဆိုတဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်နှင့်တကွသော လူ့လောက မှာရော ငါဘုရားရှင်သည် ဒီ အနုတ္တရသမ္မာသမ္ဗောဓိလို့ ခေါ်ဆိုအပ်တဲ့ အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ်ကြီးကို ထိုးထွင်းသိမြင်ပြီလို့ ဝန်မခံခဲ့သေးပါဘူး။
ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိံ။
ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ယတော စ ခေါ = အကြင်အခါ၌ကား။ မေ = ငါဘုရားရှင်၏ သန္တာန်၌။ ဣမေသု စတူသု အရိယသစ္စေသု = ဤအရိယသစ္စာတရား လေးပါးတို့၌။ ဧဝံ = ဤသို့လျှင်။ တိပရိဝဋ္ဋံ = သုံးမျိုးသော အကျော့အပြန်ရှိသော။ ဒွါဒသာကာရံ = ဆယ့်နှစ်မျိုးသော အခြင်းအရာရှိသော။ ယထာဘူတံ = မဖောက်မပြန် ဟုတ်မှန်တိုင်းသော။ ဉာဏဒဿနံ = ဉာဏ်အမြင်သည်။ သုဝိသုဒ္ဓံ = ကောင်းစွာ သန့်ရှင်းစင်ကြယ်သည်။ အဟောသိ = ဖြစ်ပေါ်တော်မူခဲ့လေပြီ။ အထ = ထိုအခါ၌။ အဟံ = ငါဘုရားသည်။ သဒေဝကေ = ကာမာဝစရနတ်ပြည် ငါးထပ်နှင့် တကွသော။ သမာရကေ = ဝသဝတ္တီနတ်ပြည်နှင့် တကွသော။ သဗြဟ္မကေ = ဗြဟ္မာပြည်နှစ်ဆယ်နှင့် တကွသော။ လောကေ = နတ်လောက၌။ သဿမဏဗြာဟ္မဏိယာ = ရဟန်းပုဏ္ဏားနှင့် တကွသော။ သဒေဝမနုဿာယ = သမ္မုတိနတ်တည်းဟူသောမင်း, ကြွင်းသောလူနှင့် တကွသော။ ပဇာယ = သတ္တလောက၌။ ဝါ။ လူ့လောက၌။ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါတိ = အတုမရှိ ကဲသာလွန်မြတ်သော သမ္မာသမ္ဗောဓိဉာဏ်တော် မြတ်ကို ထိုးထွင်းသိမြင်ပြီဟူ၍။ ပစ္စညာသိံ = ဝန်ခံတော်မူခဲ့လေပြီ။
ဤသုံးမျိုး သုံးပြန် သုံးကျော့အားဖြင့် သစ္စာလေးပါးကို တစ်ဆယ့်နှစ်မျိုး သော အခြင်းအရာအားဖြင့် ထိုးထွင်းသိမြင်ပြီးတဲ့ နောက်ပိုင်းရောက်ခါမှ ငါ ဘုရားရှင်သည် အတုမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ် ကြီးကို ထိုးထွင်းသိမြင်ပါတယ်လို့ ဝန်ခံပါတယ်။
အရှင်ကောဏ္ဍည
ဒီအဆင့်ရောက်လာတဲ့ အချိန်အခါကျတော့ အရှင်ကောဏ္ဍညကတော့ တော်တော်လေး သဘောကျသွားပြီ။ သဘောကျတယ်ဆိုတာက မြတ်စွာ ဘုရားက ဒုက္ခသစ္စာတရားကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း ဒုက္ခ သစ္စာကို ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ မြတ်စွာဘုရားက သမုဒယသစ္စာကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း သမုဒယသစ္စာကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ မြတ်စွာဘုရားက နိရောဓ သစ္စာကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း နိရောဓသစ္စာကို ထိုးထွင်း သိတတ်တဲ့ ဉာဏ်အမြင်တွေ ပေါ်လာတယ်။ မြတ်စွာဘုရားက မဂ္ဂသစ္စာကို ဟောတော်မူတဲ့ အချိန်အခါမှာလည်း မဂ္ဂသစ္စာတရားကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်အမြင်တွေ ပေါ်လာတယ်။ ဘာကြောင့် ပေါ်လာသလဲ?
အခုမှသာလျှင် သုတ်သီးသုတ်ပျာနဲ့ ကပျာကရာ ဝိပဿနာကို အား ထုတ်တာ ဟုတ်သလား? မဟုတ်ပါဘူး။ သူက ကမ္ဘာတစ်သိန်းနဲ့ ချီပြီးတော့ ပါရမီမျိုးစေ့ကောင်းတွေ ထူထောင်ခဲ့တဲ့ သူတော်ကောင်းလည်း ဖြစ်တယ်။ ဒါက အကြောင်းတစ်ခု။ ပဒုမုတ္တရဘုရားရှင် သာသနာတော်အတွင်းမှာ ကတည်းက သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း တွေကို စီးဖြန်းခဲ့ဖူးပါတယ်။
စီးဖြန်းခဲ့ဖူးတဲ့အချိန်အခါမှာ ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံက ဘာတွေ လဲလို့မေးတော့ ဒုက္ခသစ္စာ အမည်ရနေတဲ့ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစတဲ့ (၁၁)မျိုးသော အခြင်းအရာနှင့် တည်နေတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး, သမုဒယသစ္စာ အမည်ရနေတဲ့ ဒုက္ခသစ္စာရဲ့ အကြောင်းတရားများ ဖြစ်ကြပါတယ်။ အကြောင်းတရားနှင့်တကွသော ထို ဒုက္ခသစ္စာတရားတွေ သမုဒယသစ္စာတရားတွေကို အရှင်ကောဏ္ဍညသည် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ ရှုပွားသုံးသပ်တော်မူခဲ့တာ ပဒုမုတ္တရဘုရားရှင် သာသနာတော်ကတည်းက စခဲ့ပါတယ်။ စလိုက်တော့ ကမ္ဘာပေါင်း ဘယ်လောက် သူ ပါရမီဖြည့်ခဲ့သလဲလို့မေးလျှင် ကမ္ဘာတစ်သိန်း ဖြစ်ပါတယ်။ အခါအခွင့်သင့်တဲ့ အချိန်အခါတိုင်းမှာ ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဒီသင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို စီးဖြန်းခဲ့တာ ကြိမ်ဖန်များစွာ ဖြစ်တယ်။
ကြိမ်ဖန်များစွာထဲမှာ ဒါယကာကြီးတွေ ဒါယိကာမကြီးတွေ သဘော ပေါက်အောင် ထပ်ပြီး နည်းနည်းလေး ကွန့်လိုက်ရလျှင်တော့ ပဒုမုတ္တရ မြတ်စွာဘုရားက လူတို့သက်တမ်းအားဖြင့် အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်း တော်မူခဲ့တဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ နှစ်ပေါင်းတစ်သိန်းလောက် သမထ-ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတွေကို သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ပွားများအားထုတ်ခဲ့တဲ့ သူတော်ကောင်း ဖြစ်ပါတယ်။ လေးရက်ထဲ ဘုန်းကြီးပင့်ပြီး တရားအားထုတ်တဲ့ လုပ်ငန်းခွင်မျိုး ဟုတ်သလား? မဟုတ်ပါဘူး။ ကိုယ်နှင့်သွားပြီး တိုင်းလို့တော့ မရဘူး။
နှစ်ပေါင်းတစ်သိန်းလောက် အားထုတ်ထားတယ်ဆိုတော့ အကြိမ်ပေါင်း ဘယ်လောက်များမယ် ဆိုတာလည်း ခန့်မှန်းကြည့်ပါ။ သူတို့ရဲ့ ပါရမီတွေဟာ ဘယ်လောက်အထိ ရင့်ညောင်းနေပြီ ဆိုတာလည်း ခန့်မှန်းကြည့်တော့၊ ပဒုမုတ္တရဘုရားရှင် တစ်ဆူထံ၌သာ သူ အားထုတ်ခဲ့သလားဆိုတော့ မဟုတ် ပါဘူး။ နောက်ပိုင်း အခါအခွင့်သင့်တဲ့ ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်း မှာလည်း သူက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အားထုတ်ခဲ့တဲ့ သူတော် ကောင်း ဖြစ်တော့ ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ အားထုတ်ခဲ့တဲ့ ဒီပါရမီမျိုးစေ့ကောင်းတွေကလည်း ယခု ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ အားထုတ်နေတဲ့ ပါရမီမျိုးစေ့ကောင်းကဲ့သို့ နိဗ္ဗာန်ကို လျင်မြန်စွာ ထွင်းဖောက် သိမြင်ရေးအတွက် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။
ဆိုလိုတာက ရှေးရှေး ဘုရားရှင်တို့ရဲ့ သာသနာတော်မှာ အားထုတ်ခဲ့ သည်ပဲဖြစ်ဖြစ်, ယခု မျက်မှောက်ခေတ် ဘုရားရှင်ရဲ့ သာသနာတော်အတွင်း မှာ အားထုတ်ခဲ့သည်ပဲဖြစ်ဖြစ် ရှေးဘဝနှင့် နောက်ဘဝဆိုတာကတော့ စိတ္တက္ခဏလေး တစ်ခုသာ ကွာခြားတယ်။ ရုပ်နာမ်သန္တာန် အစဉ်အားဖြင့်တော့ အစဉ်မပြတ် ဒလစပ်လာနေတဲ့ ရုပ်နာမ်အစဉ်အတန်းတစ်ခု ဖြစ်ပါတယ်။
ဒီတော့ ရှေးရှေးရုပ်နာမ်မှာ တည်ရှိခဲ့တဲ့ အသိဉာဏ်တွေက နောက် နောက်ရုပ်နာမ်မှာ ကပ်ပြီး ပါသွားအောင် အားကြီးသော မှီရာ ဥပနိဿယ ပစ္စယသတ္တိဖြင့် အထောက်အပံ့ပေးလျက် ရှိနေပါတယ်။ ရှိနေခြင်းကြောင့် မြတ်စွာဘုရားက အခုလို သစ္စာလေးပါးနှင့်စပ်တဲ့ တရားစကားတွေ ဟောကြား တော်မူလိုက်တဲ့ အချိန်အခါမှာ အရှင်ကောဏ္ဍညကတော့ တော်တော်လေး သဘောကျသွားတယ်။ ဒုက္ခသစ္စာကိုလည်း ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ သမုဒယသစ္စာကိုလည်း ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာ တယ်။ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကိုလည်း ထိုးထွင်းသိနိုင်တဲ့ ဉာဏ်တွေ ပေါ်လာတယ်။ အရှင်ဘုရား ... မြန်လှချည်လား? ဒီလို မအောက်မေ့နဲ့။
ဘုန်းကြီး ပြည်ဆရာတော်ဘုရားကြီးရဲ့ စကားလုံးကလေး နည်းနည်း တော့ ပြောချင်တယ်။ မှတ်သားဖွယ်ကောင်းလွန်းလို့ပါ၊ ဆရာတော်ကြီးက ဒီအပိုင်းနှင့် ပတ်သက်ပြီးတော့ ဘယ်လို မှတ်ချက်ချထားသလဲဆိုတော့ ဘုန်းကြီးတို့ နာမ်တရားတို့ရဲ့ ဓမ္မတာပေါ့၊ မျက်စိတစ်မှိတ်, လျှပ်တစ်ပြက်, လက်ဖျစ်တစ်တွက် အချိန်ကာလအတွင်းမှာ ဝိပဿနာ မနောဒွါရိက ဇောဝီထိစိတ္တက္ခဏတွေက အကြိမ်ကုဋေတစ်သိန်းမက အမှုတော်ထမ်းရွက်လျက် ရှိပါတယ်လို့ ဒီလို ဆရာတော်ကြီးက မှတ်ချက်ချထားတယ်။
အထူးသဖြင့် အခုလို ဝိပဿနာရှုနေတဲ့ အချိန်အခါမှာ ဝိပဿနာဇော ဝီထိစိတ်အစဉ်တွေဟာ ဉာဏ်တွေက ထက်လာပြီဆိုလျှင် အလွန် လျင်လျင် မြန်မြန်ကြီး ဖြစ်နေပါတယ်။ အရှင်ကောဏ္ဍညက အခုလို ဓမ္မစကြာတရားနာ နေတာ ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျ မပြောနိုင်သော်လည်း ခန့်မှန်းခြေအားဖြင့် ဆယ်မိနစ်ခန့် ကြာမယ်ထားပါတော့။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်း မှာ အခုလို ဝိပဿနာဇောဝီထိပေါင်းက အကြိမ်ပေါင်း ကုဋေသိန်းနဲ့ချီပြီး ဖြစ်နိုင်တဲ့စွမ်းအား ရှိနေပါတယ်။ ထို ဝိပဿနာဇောဝီထိ တစ်ခုတစ်ခုက ပရမတ်ဓာတ်သား တစ်ခုတစ်ခုကို ထိုးထွင်းသိမယ်ဆိုလျှင် ဆယ်မိနစ်လောက် ဆိုလို့ရှိလျှင်တော့ မကုန်နိုင်ဘူးလား? စိတ္တက္ခဏက ကုဋေသိန်းပေါင်းများစွာ ဖြစ်နေတော့, ဝိပဿနာမနောဒွါရိက ဇောဝီထိပေါင်းကလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ အကြိမ် ကုဋေပေါင်းများစွာ ဖြစ်နိုင်လေတော့ ဇောဝီထိ တစ်ခုခုက ပရမတ္ထဓာတ်သား တစ်ခုခုကို ထိုးထွင်းသိမယ်။ နောက်ဇောဝီထိက နောက်ပရမတ္ထ ဓာတ်သားတစ်ခုကို ထိုးထွင်းသိမယ် ဆိုလို့ ရှိလျှင် လျင်လျင်မြန်မြန်ကြီး ထိုးထွင်းသိမသွားနိုင်ဘူးလား? သိသွားနိုင်တယ်။ ဘာကြောင့်လဲ?
ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာကတည်းက ထိုးထွင်း သိမြင်အောင် သူက ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ကြိုးစားခဲ့ဖူးပါတယ်။ နမူနာလေးတစ်ခု ပြောမယ်။ အခု ဒီအထဲမှာ ဓာတ်ကမ္မဋ္ဌာန်း အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ် ပါချင်လည်းပါမယ်၊ မပါသော်လည်း ရှိမယ်။ တွန်းကန်တဲ့ သဘာဝလေး တစ်ခုကို အားထုတ်ဖူးပြီ။ တွန်းကန်တာလေးကို စိုက်ပြီးရှုတတ်တဲ့ ပုဂ္ဂိုလ်က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ထားမယ်ဆိုလျှင် ထိုတွန်းတာလေး ကို မျက်လုံးမှိတ်ပြီး စိုက်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း တစ်ကိုယ်လုံး ရှင်းရှင်း လွယ်လွယ်ကူကူ မမြင်ဘူးလား? မြင်သွားနိုင်တယ်။ ဒါပေမဲ့ စအားထုတ်စ ပုဂ္ဂိုလ်အနေနဲ့ ကြည့်မယ်ဆိုလျှင်တော့ တွန်းတာလေးတစ်ခုကိုပဲ တစ်ထိုင် နှစ်ထိုင်လောက် ရှုချင်လည်း ရှုရမယ်။ တစ်ရက်နှစ်ရက် ရှုချင်လည်း ရှုရမယ်။ ဒီသဘောရှိတယ်။ ဒါကြောင့် လေ့ကျင့်ထားတဲ့ ပုဂ္ဂိုလ်နှင့် လေ့ကျင့်မထားတဲ့ ပုဂ္ဂိုလ်နှစ်ခု တူညီမှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ အခု အရှင်ကောဏ္ဍညကြီးက လေ့ကျင့်ထားတဲ့ အောင်မြင်မှုတွေကို ရရှိပြီးတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။
ဘုရားရှင်ရဲ့ အရဟတ္တဖိုလ်
ကဲ မြတ်စွာဘုရား ဘာဆက်ဟောတော်မူသလဲ?
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ။
အကုပ္ပါ မေ ဝိမုတ္တိ - ငါဘုရားရှင်ရဲ့ ကိလေသာတို့မှ လွတ်မြောက်မှု အရဟတ္တဖိုလ်သည် ဘယ်လိုမှ ပျက်စီးမှု မရှိနိုင်ဘူး။ ပျက်စီးမှု မရှိဘူးဆိုတာ က မြဲတယ်လို့ မဆိုလိုဘူး။ ဆိုလိုတာက အရဟတ္တဖိုလ်ရသွားတဲ့ ရဟန္တာ ပုဂ္ဂိုလ်က ဒီအရဟတ္တဖိုလ်ကနေပြီးတော့ အနာဂါမ်အဆင့်ကို ပြန်လျှောကျ သွားတယ်, သကဒါဂါမ်အဆင့်ကို ပြန်လျှောကျသွားတယ်, သောတာပန် အဆင့်ကို ပြန်လျှောကျသွားတယ်, သို့မဟုတ် ပုထုဇဉ်အဖြစ် ပြန်လျှောကျ သွားတယ် ဆိုတာမျိုး ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။
ဒါလေး ဘုန်းကြီး ပြောတာကတော့ ဗဟုသုတပါ၊ စောင်းပြောတယ်လို့ တော့ မထင်နဲ့။ မဟာယာနမှာကတော့ သူတို့က ဒီသဘောတရား ရှိနေတယ်။ ဘယ်လိုသဘောတရား ရှိသလဲဆိုတော့ ရဟန္တာဖြစ်ပြီးတဲ့ အချိန်အခါမှာ သူတို့က ဘုရားဆုပြန်ပန်ရတယ်။ ပုထုဇန်ပြန်ပြီးတော့ ဖြစ်နိုင်တယ်။ ဖြစ်ပြီးတဲ့ အခါကျမှ ဘုရားဆုပြန်ပန်တယ်။ ပြီးတော့မှ ဘုရားဖြစ်အောင် ကြိုးစားမယ် စသည်ဖြင့် နည်းလမ်းကျင့်စဉ်မျိုး ရှိပါတယ်။
နမူနာလေးတစ်ခုကတော့ အရှင်သာရိပုတ္တရာကြီးကို သူတို့က ပုံစံထုတ် ပြတယ်။ သူတို့အဆိုအရ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်စံ ပြီးတဲ့ အချိန်အခါမှာ လူပြန်ဖြစ်တယ်။ လူပြန်ဖြစ်တဲ့ အချိန်အခါမှာ ဘုရားဆု ပန်တယ်။ ဘုရားဆုပန်လိုက်တဲ့ အချိန်အခါမှာ သူက မျက်လုံးလည်း လှူရမယ်၊ အင်္ဂါခြေလက်တွေလည်း ဖြတ်ပြီး လှူရမယ်၊ အသက်လည်း လှူရမယ်။ အဲဒီအချိန်မှာ အလှူခံပုဂ္ဂိုလ် ဆိုက်လာပြီတဲ့၊ သူတို့အပြော သူတို့အပြော။ အလှူခံပုဂ္ဂိုလ် ဆိုက်ရောက်လာတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်က ကလေးလေး တစ်ယောက် ဖြစ်နေတယ်။ ဒီအလှူခံ ကလေးလေးက သူ့ကိုလာပြီးတော့ မျက်လုံးကို လိုချင်တယ်ဆိုပြီး အလှူခံတော့ ဘယ်ဘက်မျက်လုံးထုတ်ပြီး လှူလိုက်တယ်။ လှူပြီးတဲ့ အချိန်အခါကျတော့မှာ ဒီဘယ်ဘက်မျက်လုံးကို ကြည့်ပြီးတော့ ကလေးက ဘာပြောသလဲ? သူလိုချင်တာ ဘယ်ဘက်မျက်လုံး မဟုတ်ဘူး၊ ဟိုဘက် ညာဘက်မျက်လုံး လိုချင်တယ်ဆိုပြီး ဘယ်ဘက်မျက်လုံး ကို ခြေထောက်နှင့် နင်းချေပစ်လိုက်တယ်။ အဲဒါနဲ့ ညာဘက်မျက်လုံးကို ထုတ်ပြီးတော့ တစ်ခါ လှူရပြန်တယ်။ အရှင်သာရိပုတ္တရာက ဘယ်လို စဉ်းစား သလဲ? ဩော်- ဘုရားဖြစ်ဖို့ရန် မလွယ်ပါလားဆိုပြီးတော့ စဉ်းစားတယ်တဲ့။
အဲဒီ ဝတ္ထုဇာတ်ကြောင်းလေးက သူတို့မှာ ရှိနေတယ်။ ဆိုလိုတာက သူတို့နည်းအရကတော့ အရဟတ္တဖိုလ်သည် ပျက်စီးပြီး ပုထုဇန်ဖြစ်နိုင်တဲ့ သဘော မရှိဘူးလား? ရှိနေတယ်။ ဘုန်းကြီးတို့ ထေရဝါဒမှာတော့ အခု မြတ်စွာဘုရားက ဒါယကာကြီးတွေ ဒါယိကာမကြီးတွေနှင့် အနီးကပ်ဆုံး ဖြစ်တဲ့ ဓမ္မစကြာမှာ ဘယ်လို ဟောသလဲ? အကုပ္ပါ မေ ဝိမုတ္တိ။ ဒီဝိမုတ္တိခေါ်တဲ့ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်သည် ပျက်စီးပြီးတော့ ပုထုဇန်ဘဝကို ပြောင်းသွားရိုးဓမ္မတာ မရှိဘူး။ ပုထုဇန်အဖြစ်တွင် မဟုတ်ဘူး၊ အနာဂါမ်, သကဒါဂါမ်, သောတာပန်ဆိုတဲ့ အဆင့်တွေအထိလည်း ပြန်လျှော ကျဖို့ ရှိသလား? မရှိဘူး။
အရဟတ္တဖိုလ်တည်ပြီးတဲ့ ပုဂ္ဂိုလ်သည် နောက်ဆုံး ဘာဖြစ်ရမလဲ? သက်တမ်းစေ့ပြီ ဆိုလျှင်တော့ ပရိနိဗ္ဗာန်စံဖို့ပဲ ရှိတယ်။ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ပြန်ဖြစ်ရိုးဓမ္မတာ ရှိမလား? မရှိဘူး။ နောက်ထပ်တစ်ဖန် ပြန်ဖြစ်ရိုး မရှိပုံနှင့် ပတ်သက်ပြီးတော့လည်း အယမန္တိမာ ဇာတိ - ဒီဘဝသည် ငါဘုရား ရှင်အတွက် နောက်ဆုံးဇာတိ၊ နောက်ဆုံးဘဝ ဖြစ်ပါတယ်။ နတ္ထိဒါနိ ပုနဗ္ဘဝေါတိ - ယခုအခါမှာ နောက်ထပ်တစ်ဖန် ဘဝသစ်၌ ဖြစ်ဖို့ဆိုတာ ငါဘုရားရှင်ရဲ့ သန္တာန်မှာ မရှိတော့ဘူးဆိုတဲ့ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ- ပစ္စဝေက္ခဏာ ဉာဏ်အမြင်ဟာလည်း ဘုရားရှင်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာပါတယ်။
နတ်ဗြဟ္မာတို့ရဲ့ ကောင်းချီးပေးသံ
ဒီနေရာမှာပဲ ဓမ္မစကြာဒေသနာတော်က ဆုံးပါတယ်။ သို့သော်လည်း ဒီနေရာမှာ နောက်ဆက်တွဲကလေး နည်းနည်း ရှိနေတယ်။ ဒီလို မြတ်စွာဘုရား ဟောတော်မူလိုက်တဲ့ အချိန်အခါမှာ ပဉ္စဝဂ္ဂီငါးဦးတို့က မြတ်စွာဘုရား ဟောတော်မူတဲ့ တရားဒေသနာတော်အပေါ်မှာ နှစ်ခြိုက်သွားကြပါတယ်။
အရှင်ကောဏ္ဍည သောတာပန်ဖြစ်တော်မူခြင်း
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မန္တိ။
ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ = ဤဂါထာမဖက် စကားပြေသက် သက်သာဖြစ်သော ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ဒေသနာတော်မြတ်ကို။ ဘညမာနေ = ဟောကြားတော်မူအပ်သည်ရှိသော်။ အာယသ္မတော ကောဏ္ဍညဿ = အရှင်ကောဏ္ဍည၏သန္တာန်၌။ ယံ ကိဉ္စိ = အကြင်အမှတ်မရှိအလုံးစုံသော တရားတို့သည်။ သမုဒယဓမ္မံ = ဖြစ်ခြင်းသဘောရှိ၏။ တံ သဗ္ဗံ = ထိုအလုံးစုံ သော တရားဟူသမျှသည်။ နိရောဓဓမ္မံ = ချုပ်ခြင်းသဘောရှိ၏။ ဣတိ = ဤသို့သော။ ဝိရဇံ = ကိလေသာမြူကင်းသော။ ဝီတမလံ = ကိလေသာ အညစ်အကြေးကင်းသော။ ဓမ္မစက္ခုံ = သောတာပတ္တိမဂ်ဉာဏ် အမြင် ဟူသော ဓမ္မစက္ခု = တရားမျက်စိသည်။ ဥဒပါဒိ = ထင်ရှား ဖြစ်ပေါ်တော် မူခဲ့လေပြီ။
ဒီဂါထာမဖက် စကားပြေသက်သက်သာဖြစ်တဲ့ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် ဒေသနာတော်ကို ဘုရားရှင်က ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့အခါ အရှင် ကောဏ္ဍညရဲ့ သန္တာန်မှာ သမုဒယဓမ္မမှန်သမျှဟာ နိရောဓဓမ္မသာ ဖြစ်တယ်ဆိုတဲ့ ကိလေသာမြူ အညစ်အကြေး ကင်းစင်နေတဲ့ သစ္စာလေးပါး ကို ထိုးထွင်းသိမြင်တတ်တဲ့ အတွက်ကြောင့် ဓမ္မစက္ခု = တရားမျက်စိလို့ ခေါ်ဆိုအပ်တဲ့ သောတာပတ္တိမဂ်ဉာဏ်အမြင်ဟာ ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပါ တယ်။
ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ။
သမုဒယဓမ္မမှန်သမျှဟာ နိရောဓဓမ္မသာ ဖြစ်တယ်ဆိုတဲ့ ဒီအသိဉာဏ် ဟာ ဘာလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဟိုရှေ့ပိုင်းတုန်းက -
၁။ သမုဒယဓမ္မာနုပဿီပိုင်း,
၂။ ဝယဓမ္မာနုပဿီပိုင်း,
ဒီအပိုင်းတွေကို ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်တယ်။
အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစတဲ့ အကြောင်းတရားတွေ ထင်ရှား ဖြစ်ခြင်း ထင်ရှားရှိခြင်းကြောင့် အကျိုးဥပါဒါနက္ခန္ဓာငါးပါးတို့ ထင်ရှားဖြစ်ပုံကို ရှုမြင်တတ်တဲ့ဉာဏ်ကို ပစ္စယတောဥဒယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ အကျိုးခန္ဓာငါးပါးတို့ရဲ့ ခဏအားဖြင့် ဖြစ်မှုဥပါဒ်ကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ခဏတောဥဒယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီပစ္စယတောဥဒယဒဿနဉာဏ်နှင့် ခဏတောဥဒယဒဿနဉာဏ်ကို သမုဒယဓမ္မကို ထိုးထွင်းသိတဲ့ဉာဏ်လို့ ခေါ်ဆိုပါတယ်။
နောက်တစ်ခု - အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစတဲ့ အကြောင်း တရားတွေရဲ့ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားတဲ့အခါ အကျိုး ဥပါဒါနက္ခန္ဓာငါးပါးတို့လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ နောင်တစ် ဖန်မဖြစ်သော ချုပ်ခြင်းလို့ ခေါ်ဆိုအပ်တဲ့ အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားမှုကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ပစ္စယတောဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။ ဒီအကျိုး ဥပါဒါနက္ခန္ဓာတို့ရဲ့ ခဏဘင်အားဖြင့် ချုပ်ပျက်မှုကို ရှုမြင်တတ်တဲ့ ဉာဏ်ကို ခဏတောဝယဒဿနဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီပစ္စယတောဝယဒဿနဉာဏ်နှင့် ခဏတောဝယဒဿနဉာဏ်ကို လောကီဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိအပ်တဲ့ နိရောဓသစ္စာခေါ်တဲ့ နိရောဓ ဓမ္မကို ထိုးထွင်းသိတတ်တဲ့ဉာဏ်လို့ ခေါ်ဆိုပါတယ်။
ဒီသမုဒယဓမ္မကို ထိုးထွင်းသိတတ်တဲ့ ဉာဏ်နှင့် နိရောဓဓမ္မကို ထိုးထွင်း သိတတ်တဲ့ဉာဏ်နှစ်ခုကို ပေါင်းစပ်လိုက်တော့ ပစ္စယတောဥဒယဗ္ဗယဒဿန ဉာဏ်နှင့် ခဏတောဥဒယဗ္ဗယဒဿနဉာဏ်ဆိုတဲ့ ဥဒယဗ္ဗယဝိပဿနာဉာဏ် ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဥဒယဗ္ဗယဉာဏ် နှစ်မျိုးကိုပဲ ဒီဓမ္မစက္ကပ္ပဝတ္တနသုတ္တန်မှာ ဓမ္မစက္ခုလို့ ခေါ်ဆိုလိုပါသလားလို့တော့ မေးစရာ ရှိလာပြန်တယ်။
ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ကို ဖွင့်ဆိုထားတဲ့ သံယုတ်အဋ္ဌကထာကတော့ (သံ၊ဋ္ဌ၊၃၊၃၂၈။) ဒီဓမ္မစက္ကပ္ပဝတ္တနသုတ္တန်မှာ ဓမ္မစက္ခုဆိုတာ အရှင်အညာသိ ကောဏ္ဍညရဲ့ သန္တာန်မှာ ဖြစ်ပေါ်သွားတဲ့ သောတာပတ္တိမဂ်ဉာဏ် အမြင်ကို သာ ဆိုလိုကြောင်းကို ရှင်းပြထားပါတယ်။
ဆိုလိုရင်းသဘောကတော့ ဒီလိုပါ။ သောတာပတ္တိမဂ်ဉာဏ်ဟာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ နိရောဓသစ္စာတရား တော်မြတ်ကြီးကို အာရမ္မဏပဋိဝေဓ သဘောအားဖြင့် အာရုံမျက်မှောက်ပြု ကာ တိုက်ရိုက် ထွင်းဖောက် သိမြင်ပါတယ်။ ဒါပေမဲ့ ဒီသောတာပတ္တိ အရိယ မဂ်ဉာဏ်နှင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်တို့ ပေါင်း ဆုံမိတဲ့အခါ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးရဲ့ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံ ရသော သောတာပတ္တိမဂ်ဉာဏ်က ဒုက္ခသစ္စာ, သမုဒယသစ္စာ, မဂ္ဂသစ္စာ ခေါ်တဲ့ ဒီသစ္စာသုံးပါးကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟ = အဝိဇ္ဇာကို အကြွင်းမဲ့ ပယ်ရှားလိုက်ပါတယ်၊ အမြစ်ပြတ် ဖြေရှင်းလိုက်တယ်။ သစ္စာ လေးပါးကို မသိမှုဆိုတဲ့ သဘောတရားဟာ ဘယ်တော့မှ ဖြစ်ပေါ်မလာတော့ ဘူး။ ဒါကြောင့် သောတာပတ္တိမဂ်ဉာဏ်က ဒုက္ခသစ္စာ, သမုဒယသစ္စာ, မဂ္ဂသစ္စာဆိုတဲ့ ဒီသစ္စာသုံးပါးကို အသမ္မောဟပဋိဝေဓ = မသိမှုမောဟကို ပယ်ရှားသောအားဖြင့် ထိုးထွင်းသိတယ်လို့ ဆိုလိုပါတယ်။
အလားတူပဲ ဒီသောတာပတ္တိမဂ်ဉာဏ်က ဒီဒုက္ခသစ္စာ, သမုဒယသစ္စာ တရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကိုလည်း ပယ်ရှားလိုက်ပါတယ်။ ဒီလို ပယ်ရှားလိုက်တဲ့ အတွက် မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ်အလင်း ပေါက်သွားပါ တယ်။ ဒီလို မသိမှု အဝိဇ္ဇာပျောက်ကာ သိမှု ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခြင်းကိုပဲ အသမ္မောဟပဋိဝေဓ သဘောအားဖြင့် ဒီဒုက္ခသစ္စာ, သမုဒယသစ္စာတရား တို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သောတာပတ္တိမဂ် ဉာဏ်က သိတယ်လို့ တင်စားပြောခြင်း ဖြစ်ပါတယ်။ ကိစ္စသိဒ္ဓိအားဖြင့် သိမှု ကိစ္စပြီးတဲ့အနေနဲ့ ထိုးထွင်းသိခြင်း ဖြစ်ပါတယ်။
ဆိုလိုတဲ့သဘောကို နည်းနည်းထပ်ပြောမယ်။ ဟိုရှေ့ပိုင်းတုန်းက ပြောခဲ့ တဲ့အတိုင်းပဲ နိဒါနဝဂ္ဂသံယုတ် ပါဠိတော် သုသိမသုတ္တန်မှာ ဘုရားရှင်က -
ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။
သုသိမ ... သင်္ခါရတရားတို့ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ အခြင်းအရာ၌ တည်တဲ့ ဝိပဿနာဉာဏ်က ရှေးကဖြစ်တယ်။ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုကာ ဖြစ်ပေါ်လာတဲ့ အရိယမဂ်ဉာဏ်က နောက်ကာလက ဖြစ်တယ် လို့ ဒီလို ဟောကြားထားတော်မူတဲ့အတိုင်း အဆင့်ဆင့်သော ဝိပဿနာဉာဏ် တွေက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတဲ့ အတွက်ကြောင့် အရိယမဂ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုကာ ဖြစ်ပေါ်လာနိုင် ခြင်း ဖြစ်တယ်။ တစ်ဖန် ဒီအရိယမဂ်ဉာဏ်က နိဗ္ဗာန်ကို အာရုံပြုလိုက်တဲ့အခါ ဒီ ဒုက္ခသစ္စာ, သမုဒယသစ္စာခေါ်တဲ့ သင်္ခါရတရားတွေရဲ့ အနိစ္စအချက်, ဒုက္ခ အချက်, အနတ္တအချက်ကို မသိအောင် ဖုံးလွှမ်းထားတဲ့ မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်တဲ့အတွက် ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တွေကို သိမှုက ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးသွားပြန်တယ်။ အထူး သဖြင့် ဒီသင်္ခါရတရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ထိုးထွင်းသိနေတဲ့ ဥဒယဗ္ဗယာနုပဿနာဉာဏ်အမြင်ဟာ ခိုင်မြဲသွားပြန်တယ်။ ဥဒယဗ္ဗယာနုပဿနာဉာဏ်ရဲ့ ခိုင်မြဲမှုဆိုတဲ့ အကျိုးတရားကို အရိယမဂ် ကြောင့် ရရှိလာရတယ်။
ဝိပဿနာဉာဏ်တို့ရဲ့ ကျေးဇူးပြုမှုကြောင့် အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာ ရသော်လည်း ဒီအရိယမဂ်ဉာဏ်ကလည်း တစ်ဖန် ဒီဥဒယဗ္ဗယဉာဏ်အမြင်ကို ခိုင်ခံ့အောင် ကျေးဇူးပြုပေးပြန်တယ်။ ဒီလို ကျေးဇူးပြုပေးလိုက်တဲ့အတွက် အရိယမဂ်ဉာဏ်ကြောင့် ဒီဥဒယဗ္ဗယာနုပဿနာဉာဏ်ကြီးရဲ့ ခိုင်ခံ့မှုဆိုတဲ့ အကျိုးထူးကြီးကို သဘောပေါက်စေလိုတဲ့ အတွက်ကြောင့် -
ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = သမုဒယဓမ္မမှန်သမျှဟာ နိရောဓဓမ္မသာ ဖြစ်တယ်ဆိုတဲ့ ဓမ္မစက္ခုဖြစ်ပေါ်လာတယ်လို့ ဆိုခြင်းဖြစ်တယ်။
ဓမ္မစက္ခုဆိုတဲ့ အမည်ဟာ အကြောင်းဖြစ်တဲ့ အရိယမဂ်ဉာဏ်ရဲ့ အမည် ဖြစ်တယ်။ အကြောင်းဖြစ်တဲ့ အရိယမဂ်ဉာဏ်ရဲ့ ဓမ္မစက္ခုဆိုတဲ့ အမည်ကို အကျိုးဖြစ်တဲ့ ဥဒယဗ္ဗယဉာဏ် အပေါ်၌ တင်စားကာ ဥဒယဗ္ဗယာနုပဿနာ ဉာဏ်ကို ဓမ္မစက္ခုဟု ကာရဏူပစာရအားဖြင့် တင်စားကာ ခေါ်ဝေါ်အသုံးပြု ခြင်း ဖြစ်တယ်လို့ မှတ်သားပါ။
ဒါကြောင့် ယောဂီသူတော်ကောင်းတစ်ဦးက ငါဟာ သောတာပန်ဖြစ် ပြီလို့ ဒီလို မိမိကိုယ်ကို မိမိက ယူဆလျှင် မိမိကိုယ်ကို မိမိ ဒီမေးခွန်းကလေး တွေကို မေးကြည့်စမ်းပါ။
၁။ ငါဟာ အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက,သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကလို့ ခေါ်ဆိုအပ်တဲ့ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားတွေကို ထိုးထွင်းသိပြီးပြီလား?
၂။ သမုဒယသစ္စာအမည်ရတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကိုရော အနုဗောဓဉာဏ်, ပဋိဝေဓဉာဏ်တို့ဖြင့် ထိုးထွင်းသိပြီးပြီလား?
၃။ ထိုဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတွေကို ပစ္စယတောဥဒယဗ္ဗယဒဿနဉာဏ်, ခဏတောဥဒယဗ္ဗယဒဿနဉာဏ်တို့ဖြင့် ထိုးထွင်း သိမြင်ပြီလား?
၄။ ဒီနှစ်မျိုးသော ဥဒယဗ္ဗယာနုပဿနာဉာဏ်တွေဟာ ငါရဲ့ အသိဉာဏ်မှာ ခိုင်မြဲနေပြီလား?
ဒီမေးခွန်းတွေကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ မသိသေးပါ, မခိုင်မြဲသေးပါဆိုတဲ့ အဖြေမျိုးကို ရရှိခဲ့မယ်ဆိုလျှင် ငါဟာ ဘုရားရှင်ဆိုလိုတဲ့ သောတာပန်အစစ်တော့ မဟုတ်သေးဘူးလို့သာ ယူဆပါ။
အရှင်ကောဏ္ဍညရဲ့ သန္တာန်မှာတော့ သောတာပန် ဖြစ်တော်မူပြီးတဲ့ အခါ ခုပြောခဲ့တဲ့ အသိဉာဏ်အားလုံးဟာ ချောက်ချားလို့မရအောင် စွဲမြဲစွာ တည်ရှိနေပါတယ်။
ဒီဓမ္မစကြာတရားဟောပြီးတော့ ဘုမ္မဇိုဝ်းနတ်လို့ ခေါ်ဆိုအပ်တဲ့ မြေကြီး မှာ သစ်ပင်တွေမှာ မှီတွယ်ပြီး နေထိုင်နေတဲ့ ကာမာဝစရနတ်တွေ အထူး သဖြင့် စတုမဟာရာဇ်နတ်တွေ ရှိကြပါတယ်၊ ထိုစတုမဟာရာဇ် နတ်တွေက နေပြီးတော့ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရတဲ့ မိဂဒါဝုန်တောမှာ ဘယ်သူမှ ဟောကြားခြင်းငှာ စွမ်းအားမရှိနိုင်တဲ့ အတုမရှိတဲ့ တရားဓမ္မစက်လို့ ခေါ်ဆိုအပ်တဲ့ ဓမ္မစကြာဒေသနာတော်ကို ဖြစ်ပေါ်စေပါ တယ်၊ တရားဓမ္မစက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဘယ်ရဟန်းမဆို, ဘယ် ပုဏ္ဏားမဆို, ဘယ်နတ်မဆို, ဘယ်မာရ်နတ်မဆို, ဘယ်ဗြဟ္မာမဆို, ဘယ် ပုဂ္ဂိုလ်မဆို, တစ်စုံတစ်ယောက် ဘယ်လိုမှ ဟောကြားခြင်းငှာ မစွမ်းနိုင်တဲ့ ဓမ္မစကြာတရား ဒေသနာတော်ကို ဖြစ်ပေါ်စေပါတယ် ဆိုပြီးတော့ ကြွေးကြော်ကြတယ်။
အဲဒီလို ဘုမ္မဇိုဝ်းနတ်တွေရဲ့ ကြွေးကြော်တဲ့အသံကို စတုမဟာရာဇ်နတ် တွေက ကြားတယ်။ အဲဒီနေရာမှာလည်း ဘုန်းကြီး ဗဟုသုတကလေးတစ်ခု ပြောချင်ပါတယ်။ တစ်ဆင့်စကား ကြားဖူးတာလေးပေါ့၊ ရှေးရှေးဆရာတော် ကြီးများပေါ့၊ အထူးသဖြင့် ရှေးယခင် ဘုန်းကြီးတို့ အင်္ဂလိပ်လက်ထက်လောက် က ထင်ရှားကျော်ကြားတော်မူတဲ့ ညောင်လွန့်ဆရာတော်ဘုရားဆိုတာ ရှိပါ တယ်၊ ရဟန္တာအဖြစ်နဲ့ ထင်ရှားကျော်ကြားတော်မူပါတယ်။ ညောင်လွန့် ဆရာတော်ဘုရားရဲ့ ဆရာတစ်ဆူ ဖြစ်တော်မူတဲ့ မိုးနံကုန်းဆရာတော်ဘုရား ကြီးဆိုတာ ရှိခဲ့ဖူးပါတယ်။ သီလသိက္ခာ, သမာဓိသိက္ခာ, ပညာသိက္ခာတို့ဖြင့် ကုံလုံကြွယ်ဝတဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ မိုးနံကုန်း ဆရာတော်ဘုရားကြီးက ဘာဆုတောင်းသလဲ? ရုက္ခဇိုဝ်းနတ် ဖြစ်ဖို့ရန် ဆုတောင်းတယ်။ အလားတူပဲ ရှေးခေတ်မှာ နာမည်ကျော်ကြားတော်မူတဲ့ လယ်တီဆရာတော်ဘုရားရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ဆရာတော်ဘုရားကြီးက လည်း ရုက္ခဇိုဝ်းဆုပဲ တောင်းတယ်လို့ တစ်ဆင့်ကြားရတယ်။ တောင်းလိုက် တော့ -
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁၊၊)
= သီလစင်ကြယ်တဲ့ အတွက်ကြောင့် သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ရဲ့တောင့်တချက် ဟူသမျှသည် မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်ပါတယ် -
ဆိုပြီး မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း ဟောထားပါတယ်။ ဟော ထားတဲ့အတွက်ကြောင့် ဒီဆရာတော်ကြီးတွေရဲ့ ဒီလို ဆုတောင်းပန်ထွာမှု သည် ပြီးစီးပြည့်စုံမှုရှိသလား, မရှိဘူးလားဆိုတာနှင့် ပတ်သက်ပြီး နှောင်းခေတ် တပည့်သားမြေးတွေ အစဉ်အဆက် ပြောဆိုချက်အရတော့ ပြည့်စုံမှုသဘော ရှိနေပါတယ်။ ဘယ်လိုလည်း ဆိုလို့ရှိလျှင် ညောင်လွန့်တိုက်ထဲမှာဆိုလျှင် ဒီမိုးနံကုန်းဆရာတော်ဘုရားကြီးက ရုက္ခဇိုဝ်းနတ် ဖြစ်နေတယ်ဆိုတဲ့ တစ်ဆင့် စကား ကြားဖူးတဲ့ စကားတွေက တော်တော်လေး ပျံ့ပျံ့နှံ့နှံ့ရှိသလို လက်တွေ့ နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကလည်း ပြောကြပြန်တယ်။
ညောင်လွန့်ကျောင်းတိုက်ထဲမှာ ဒီပဋ္ဌာန်းရွတ်သံတွေကို မကြာခဏ ကြား ကြားနေရတယ်လို့ ဆိုတယ်။ ညောင်လွန့်ကျောင်းတိုက်ထဲမှာ ဒီပဋ္ဌာန်းရွတ်သံ တွေကို ကြားလို့ အသံနောက်ကို လိုက်သွားပြီ ဆိုလို့ရှိလျှင် အသံက တစ်ဖြည်း ဖြည်း ဝေးဝေးသွားပြီး နောက်ဆုံး ကျောင်းဝင်းလည်း ဆုံးရော၊ အသံလည်း ပျောက်ပျောက်သွားတယ်လို့ ဆိုကြတယ်။
ဘာဖြစ်လို့ ဒီဆရာတော်ကြီးတွေက ရုက္ခဇိုဝ်းဆု တောင်းကြသလဲ? ဒီ အပိုင်းကလေးပေါ့၊ ဘုမ္မဇိုဝ်းနတ်တွေက ဘုရားပွင့်ပြီ ဆိုလို့ရှိလျှင် ခေါင်ဆုံးသိ ကြတယ်။ ဒါက အကြောင်းတစ်ခု၊ မြေကြီးမှာ နေထိုင်နေတဲ့ ဒီဘုမ္မဇိုဝ်းနတ် တွေက ဘုရားပွင့်ပြီး ဘုရားတရားဟောပြီဆိုလျှင် ခေါင်ဆုံးနာကြားခွင့်လည်း ရကြတယ်။ ဒါကလည်း အကြောင်းတစ်ခု၊ နောက်တစ်ခုက အခုလို သီလ စင်ကြယ်တဲ့ သူတော်ကောင်းတွေရဲ့ တောင့်တချက်အတိုင်း ဖြစ်ပေါ်လာ ကြရတဲ့ ရုက္ခဇိုဝ်းနတ်တွေသာ ဖြစ်ကြမည်ဆိုလျှင် သီလစင်ကြယ်တဲ့ ကံတွေ ကြောင့် သူတို့က အင်မတန် အသက်ရှည်ကြတယ်။ အသက်ရှည်တဲ့အတွက် နောင်ပွင့်တော်မူမည့် နာမည်ကျော်ဖြစ်တဲ့ အရိမေတ္တေယျ မြတ်စွာဘုရားကို ဖူးတွေ့ချင်ကြတယ်။ ဖူးတွေ့ချင်တဲ့အတွက် ကျိန်းသေဖူးတွေ့နိုင်တဲ့ ရုက္ခဇိုဝ်း နတ်ဘဝကို ဆုတောင်းပန်ထွာကြတယ်။
အဲဒီတော့ ဗြဟ္မာဘဝက မကျိန်းသေဘူးလားလို့ မေးစရာရှိတယ်။ ဗြဟ္မာ ဘဝဆိုတာက တစ်ခါတလေ စျာန်ဝင်စားနေလိုက်လို့ရှိလျှင် ဘုရားပွင့်တယ်ဆို တဲ့ ကြွေးကြော်သံကို မကြားရခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ မိမိစျာန်ဝင်စား နေတာက ဘယ်လောက် ကြာမယ်ဆိုတာက မပြောနိုင်ဘူး။ နှစ်ပေါင်းက ဘယ်လောက် ကြာသွားမယ်ဆိုတာ အတိအကျ သူတို့ရဲ့ သက်တမ်းအားဖြင့် မပြောနိုင်တဲ့အတွက် ထိုအချိန်အခါမှာ ဘုရားပွင့်ပြီးတော့ ပရိနိဗ္ဗာန် စံသွား လျှင်လည်း စံသွားနိုင်တယ်။ အခွင့်ကောင်းကြီးတွေ လွတ်နိုင်တဲ့အတွက် ဆရာ တော်ကြီးတွေက များသောအားဖြင့် ဗြဟ္မာဘဝကိုတော့ သိပ်ပြီး မနှစ်ခြိုက်ကြ ဘူး၊ အခုလို ဘုရားရှင်နှင့် ကျိန်းသေဧကန်တွေ့နိုင်တဲ့ ဘုမ္မဇိုဝ်းနတ်ဘဝကို တော့ ဆုတောင်းပန်ထွာကြတယ်ဆိုပြီး ဒီလို အဆိုရှိကြပါတယ်။
ကဲ ဘုမ္မဇိုဝ်းနတ်တွေရဲ့ ကြွေးကြော်သံကို ကြားတော့ စတုမဟာရာဇ် နတ်တွေကလည်း တစ်ဆင့် ကြွေးကြော်ကြတယ်။ စတုမဟာရာဇ် နတ်ပြည် ကနေ နတ်တွေရဲ့ ကြွေးကြော်သံတွေကို ကြားလိုက်တဲ့အခါ တာဝတိံသာနတ် တွေ၊ တာဝတိံသာနတ်တွေရဲ့ ကြွေးကြော်လိုက်တဲ့ အသံတွေကို ကြားတဲ့အခါ ယာမာနတ်တွေ၊ ယာမာနတ်တွေရဲ့ ကြွေးကြော်လိုက်တဲ့ အသံတွေကို ကြား လိုက်တဲ့အခါ တုသိတာနတ်၊ တုသိတာနတ်တွေရဲ့ ကြွေးကြော်သံကို ကြား လိုက်တဲ့အခါ နိမ္မာနရတိနတ်၊ နိမ္မာနရတိနတ်တွေရဲ့ ကြွေးကြော်သံကို ကြားလိုက်တဲ့အခါ ပရနိမ္မိတဝသဝတ္တီနတ်တွေ၊ ပရနိမ္မိတဝသဝတ္တီနတ်တွေရဲ့ ကြွေးကြော်သံကို ကြားလိုက်တဲ့အခါ ဗြဟ္မာပြည်အထိ ပြန့်သွားလိုက်တော့ ဗြဟ္မာတွေကလည်း ထပ်ဆင့် ကြွေးကြော်ကြတယ်တဲ့။ ကြွေးကြော်လိုက်တဲ့ အချိန်အခါကျတော့ အဲဒီမှာ ဘယ်အထိ ရောက်သွားသလဲဆိုတော့ သုဒ္ဓါဝါသဗြဟ္မာ့ပြည်အထိ ပျံ့သွားပါတယ်။
အရူပဘုံကတော့ ကြွေးကြော်လျှင်လည်း ကြားနိုင်တဲ့နေရာမျိုး မဟုတ် ကြဘူး။ နားမရှိတဲ့အတွက် အရူပဘုံအထိ ကြွေးကြော်သံက မရောက်တော့ ဘူး။ မရောက်တော့ အရှုံးကြီးရှုံးသွားတဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲလို့ မေးတော့ ကာဠဒေဝီလရသေ့တို့, ဥဒကရသေ့တို့, အာဠာရရသေ့တို့ ဖြစ်ကြ ပါတယ်။ အရူပဘုံ ရောက်သွားကြတယ်ဆိုတာက သာသနာတော်အတွင်းမှာ သူတို့က စျာန်ရတဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သာသနာပြင်ပမှာ စျာန်ရတဲ့ ပုဂ္ဂိုလ် တွေ ဖြစ်ကြတယ်။ သာသနာပြင်ပမှာ စျာန်ရတဲ့ ပုဂ္ဂိုလ်တွေမှာ မိမိတို့ လိုလား တောင့်တတဲ့ ဘုံဌာနနှင့် ဆီလျော်တဲ့ စျာန်တွေကို အဓိပတိတပ်ကာ အမြတ် စား ပွားများထားခဲ့လျှင် မိမိတို့ ပွားများ လေ့ကျက်ထားတဲ့ စျာန်အားလျော်စွာ ထိုထိုဘုံဌာနကို သွားနိုင်တယ်ဆိုတဲ့ ဒီအသိဉာဏ်က မရှိဘူး။ သူတို့မှာရှိနေတဲ့ အသိဉာဏ်က အထက်တန်း အကျဆုံးဖြစ်တဲ့ နေဝသညာနာသညာယတန စျာန်တို့ ကဲ့သို့သော စျာန်တွေကသာလျှင် အကျိုးပေးတယ်။ အောက်အောက် စျာန်တွေက အကျိုးမပေးဘူးလို့ ဒီလို သူတို့က ထင်ကြတယ်။
အကယ်၍များ ဘယ်စျာန်ကိုမဆို မိမိတို့က အလေးဂရုပြုပြီးတော့ ပွားများ အားထုတ်ခဲ့မယ်ဆိုလျှင် ပဏီတစျာန်ဖြစ်အောင် ပွားများ အားထုတ် နိုင်ခဲ့မယ် = မွန်မြတ်တဲ့ စျာန်တွေဖြစ်အောင် ပွားများ အားထုတ်နိုင်ခဲ့မယ် ဆိုလျှင် ထိုစျာန်နှင့် လျော်ညီတဲ့ ဘုံဘဝကို ရောက်ရှိနိုင်တယ်ဆိုတဲ့ ဒီအသိ ဉာဏ်မျိုးသာ ရှိခဲ့မယ်ဆိုလျှင် ဘုရားရှင်နှင့် တွေ့နိုင်တဲ့စွမ်းအား ရှိပါတယ်။ အဲဒီ အသိဉာဏ် မရှိတဲ့အတွက် ဘုရားနှင့် လွဲသွားကြတယ်။
အဲဒီတော့ သာသနာတော် အတွင်းမှာကတော့ ဒီအသိဉာဏ်က ရှိပါ တယ်။ မိမိတို့ရရှိတဲ့ စျာန်တွေထဲက မိမိနှစ်ခြိုက်တဲ့ ဘုံဘဝနှင့် လျော်ညီနေတဲ့ စျာန်ကို အမြတ်ဆုံးထားပြီး ပွားရတယ်။ ဥပမာ တတိယစျာန်ဘုံတွေကို ရောက် ချင်တဲ့ ပုဂ္ဂိုလ်က တတိယစျာန်ကို အမြတ်ဆုံးဖြစ်အောင် ပွားရတယ်။ ပွားလိုက် လို့ရှိလျှင်တော့ တတိယစျာန်ဘုံထဲက ရောက်ချင်တဲ့ဘုံသို့ ရောက်နိုင်တဲ့စွမ်း အား ရှိပါတယ်။ ကိုယ်ကြိုက်သလို ရွေးချယ်ခွင့်ရှိတယ်။
ကဲ အဲဒီလို ကြွေးကြော်လိုက်တဲ့ အချိန်အခါကျတော့ ဘာဖြစ်လဲ? ဗြဟ္မာ ပြည်တိုင်အောင် ဒီကြွေးကြော်နေတဲ့ အသံတွေက ပျံ့နှံ့သွားပြီ။ ပျံ့နှံ့သွားတဲ့ အချိန်အခါမှာ -
အယဉ္စ ဒသသဟဿိလောကဓာတု သင်္ကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ -
ဒီစကြဝဠာကြီးလည်း လှုပ်သွားတယ်။ မြေငလျင်တွေ အကြီးအကျယ် လှုပ်လာတယ်။
အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။
ဩဘာသောတိ သဗ္ဗညုတဉာဏောဘာသော။ (သံ၊ဋ္ဌ၊၃၊၃၂၉။)
အပ္ပမာဏော စ = အတိုင်းအရှည်မရှိသည်လည်းဖြစ်သော။ ဥဠာရော = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော။ ဩဘာသော = သဗ္ဗညုတဉာဏ်တော် မြတ်ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဉာဏ်အရောင်အလင်းသည်။(တစ်နည်း) ဩဘာသော = သဗ္ဗညုတဉာဏ်တော် ဒေသနာဉာဏ်တော်တို့ ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဉာဏ်အရောင်အလင်းသည်။ ဒေဝါနံ = နတ်တို့၏။ ဒေဝါနုဘာဝံ = နတ်တို့၏အာနုဘော်ကို။ အတိက္ကမ္မ = ကျော်လွှားလွန်မြောက်၍။ လောကေ = လောက၌။ ပါတုရဟောသိ = ထင်ရှား ဖြစ်ပေါ်တော်မူခဲ့လေပြီ။
ဓမ္မစကြာဒေသနာတော် ပြီးဆုံးသွားတဲ့ အချိန်ကတော့ နေဝင်စ ဖြစ်နေ ပါပြီ။ အဲဒီအချိန်မှာ မြေငလျင် အကြီးအကျယ် လှုပ်ရုံတွင်သာမက အတိုင်း အတာ ပမာဏမရှိတဲ့ အလွန်ပြန့်ပြောကြီးကျယ်လှတဲ့ သဗ္ဗညုတဉာဏ်တော် မြတ်ကြီးကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ ဉာဏ်အရောင်အလင်းတွေဟာ နတ်တွေရဲ့ အာနုဘော်ကြောင့် ဖြစ်နေတဲ့, ဗြဟ္မာတွေရဲ့ ဗြဟ္မာအာနုဘော် ကြောင့် ဖြစ်နေတဲ့ အလင်းရောင်တွေကို ကျော်လွှားလွန်မြောက်ပြီးတော့ လောကမှာ ထင်ထင်ရှားရှား ဖြစ်ပေါ်နေပါတယ်။ ဒီဉာဏ်အရောင်အလင်း တွေဟာ သဗ္ဗညုတဉာဏ်တော်ကြောင့်သာ ဖြစ်ပေါ်တာတော့ မဟုတ်သေး ဘူး၊ ဓမ္မစကြာဒေသနာတော်ကို ဟောကြားတော်မူနေတဲ့ ဒေသနာဉာဏ် တော်တွေကြောင့်လည်း ဉာဏ်အရောင်အလင်းတွေဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဒေသနာဉာဏ်တော်ကြောင့် ဖြစ်ပေါ်တဲ့ အရောင်အလင်းတွေဟာ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အလင်းရောင်က ဖုံးအုပ်ထားလိုက်တဲ့အတွက် မထင်ရှားတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒီသဗ္ဗညုတဉာဏ်တော်မြတ် ပြဓာန်းနေတဲ့ စိတ်စေတသိက်တွေကြောင့် စိတ္တဇရုပ်ကလာပ်တွေ ဖြစ်ကြပါတယ်။ အဲဒီ စိတ္တဇရုပ်ကလာပ်တွေမှာပါတဲ့ ရူပါရုံအရောင်ကလည်း အလွန်တောက်ပပါတယ်။ ဒါပေမဲ့ ဒီစိတ္တဇရုပ်တို့ရဲ့ အရောင်တွေက ဘုရားရှင်ရဲ့ ကိုယ်တွင်း အဇ္ဈတ္တ သန္တာန်မှာသာ ပျံ့နှံ့ပြီး ဖြစ်ပေါ် တည်နေကြပါတယ်။ အပြင်ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ကာ ထွက်ပေါ် မသွားနိုင်ကြပါဘူး။
ခုနတ်တွေရဲ့ ဗြဟ္မာတွေရဲ့ အာနုဘော်ကြောင့် ဖြစ်ပေါ်နေတဲ့ အရောင် အလင်းတွေကို ကျော်လွှားလွန်မြောက်ပြီး အပြင်လောကမှာ ထင်ရှားဖြစ်ပေါ် နေတဲ့ ဉာဏ်အရောင်အလင်းတွေကတော့ ခုပြောခဲ့တဲ့ သဗ္ဗညုတဉာဏ်တော် မြတ် ဦးဆောင်တဲ့ စိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ စိတ္တဇရုပ် ကလာပ်တွေမှာ ပါဝင်တဲ့ တေဇောဓာတ် (= ဥတု)တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုဇရုပ်ကလာပ်တွေမှာပါတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)တို့ရဲ့ အလွန်တောက်ပနေ တဲ့ အရောင်အလင်းတွေ ဖြစ်ကြပါတယ်။
ဘာကြောင့် ဒီဉာဏ်အရောင်အလင်းတွေဟာ နတ်ဗြဟ္မာတို့ရဲ့ အာနုဘော်ကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်တွေကို ကျော်လွှားလွန်မြောက် ပြီးတော့ အကုန်လုံးကို လွှမ်းခြုံသွားရသလဲ? ဒီလိုတော့ မေးစရာရှိတယ်။ ဒီအလင်းရောင်တွေကို ဖြစ်စေတဲ့ မူလအကြောင်းရင်းခံဖြစ်တဲ့ သဗ္ဗညုတ ဉာဏ်တော်မြတ်ကြီးကလည်း အလွန်ကြီးကျယ်မြင့်မြတ်တဲ့ ဉာဏ်တော်ကြီး ဖြစ်ပါတယ်။ ဒေသနာဉာဏ်တော်မြတ်ကြီးကလည်း အလွန်အဆင့်အတန်းမြင့် မားတဲ့ ဉာဏ်တော်မြတ်ကြီးတစ်ဆူပဲ ဖြစ်ပါတယ်။ လောကမှာ မည်သည့်နတ်, မည်သည့်ဗြဟ္မာ, မည်သည့်ရဟန်းပုဏ္ဏားမျှ မဟောနိုင်တဲ့ သစ္စာလေးပါး တရားကို (၁၂)မျိုးသော အခြင်းအရာအားဖြင့် ဟောကြားတော်မူနေတဲ့ ဒေသနာဉာဏ်တော်မြတ်ကြီး ဖြစ်ပါတယ်။
ဒီ ဒေသနာဉာဏ်တော်မြတ်က ဒုက္ခသစ္စာကိုလည်း အာရုံပြုတယ်၊ သမုဒယသစ္စာကိုလည်း အာရုံပြုတယ်၊ နိရောဓသစ္စာကိုလည်း အာရုံပြုတယ်၊ မဂ္ဂသစ္စာတွေကိုလည်း အာရုံပြုတယ်။ ထိုသစ္စာတွေကို ထိုးထွင်းသိနေတဲ့ ဤ ဉာဏ်တော်မြတ်တွေက ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ စိတ်စေတသိက်တွေ ဖြစ်ကြ တယ်။ ဒီစိတ်စေတသိက်တွေကြောင့် ရုပ်တရားတွေ ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာတဲ့ ရုပ်ကလာပ်တွေမှာပါတဲ့ အလင်းရောင်က အားကောင်းတယ်၊ အလွန်တောက်ပတယ်။ ဒီရုပ်ကလာပ်တွေမှာပါတဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပေါ်သွားတဲ့ ဥတုဇရုပ်တွေထဲမှာပါတဲ့ ဝဏ္ဏဓာတ် = (ရူပါရုံ)တွေက လည်း အားကောင်းတယ်၊ တောက်ပတယ်။ သဗ္ဗညုတဉာဏ်တော်မြတ်ကြီးနှင့် ဒေသနာဉာဏ်တော်မြတ်ကြီးကို အကြောင်းခံကာ အစွဲပြုကာ ဖြစ်ပေါ်လာတဲ့ ဒီအလင်းရောင်တွေက လောကမှာ စကြဝဠာတိုက်တစ်သောင်းအထိ ပျံ့နှံ့ သွားပါတယ်။
အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညောတိ။
ဘော = အိုရဟန်းတို့။ ကောဏ္ဍညော = အရှင်ကောဏ္ဍညသည်။ အညာသိ ဝတ = သစ္စာလေးပါးကို ထိုးထွင်း သိမြင်ပြီတကား။ ဘော = အို ရဟန်းတို့။ ကောဏ္ဍညော = အရှင်ကောဏ္ဍညသည်။ အညာသိ ဝတ = သစ္စာလေးပါးကို ထိုးထွင်း သိမြင်ခဲ့လေပြီတကား။
အရှင်ကောဏ္ဍညဟာ သစ္စာလေးပါးကို ထိုးထွင်းသိပြီဆိုပြီးတော့ မြတ်စွာ ဘုရားက ဝမ်းသာလွန်းလို့ ဒီဥဒါန်းစကား မြွက်ကြားတော်မူပါတယ်။ ဘာ ကြောင့် ဝမ်းသာရသလဲ? လုပ်ငန်းတစ်ခု လုပ်တယ်၊ အောင်မြင်မှုရပြီ၊ ဒါက ခေါင်ဆုံး အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။
ဘုရားအလောင်းတော်ဟာ ဗုဒ္ဓေါ ဗောဓေယျံ = ငါကိုယ်တိုင် သစ္စာ လေးပါးကို ထိုးထွင်းသိသလို သာဝကတွေကိုလည်း သိစေရမယ်။ မုတ္တော မောစေယျံ = ငါကိုယ်တိုင် ကိလေသာတို့မှ လွတ်မြောက်သလို သာဝကတွေကို လည်း ကိလေသာတို့မှ လွတ်မြောက်စေရမယ်။ တိဏ္ဏော တာရေယျံ = ငါကိုယ် တိုင် သံသရာခရီးထဲမှ ကျော်လွှားလွန်မြောက်သလို သတ္တဝါတွေကိုလည်း သံသရာဝဋ် ဆင်းရဲဒုက္ခမှ ကျော်လွှားလွန်မြောက်စေရမယ်ဆိုတဲ့ ဒီဦးတည် ချက်ကို ထားပြီးတော့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဟိုဘက်ကတည်းက ပါရမီတွေကို ဖြည့်ခဲ့တဲ့အတွက် ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ အချိန် အခါမှာ ယခုလို ခေါင်ဆုံး သာဝကတစ်ဦးက သစ္စာလေးပါးကို ထိုးထွင်း သိမြင်ခြင်းဆိုတဲ့ အောင်မြင်မှု ရသွားပြီဆိုလျှင် ဝမ်းမသာဘူးလား? ဝမ်းသာ မိပြီ။ ဝမ်းသာတဲ့အတွက်ကြောင့် မြတ်စွာဘုရားက ဒီဥဒါန်းစကား မြွက်ကြား တော်မူပါတယ်။
ဥဒါန်းစကား မြွက်ကြားတော်မူတဲ့အတွက် ဒီဥဒါန်းမြွက်ကြားမှုကို အခြေခံပြီးတော့ အရှင်ကောဏ္ဍညကိုလည်း အညာသိကောဏ္ဍညဆိုပြီးတော့ ဒီလို နာမည်တွင်သွားပါတယ်။ ဘုရားရှင်ရဲ့ ဒီဥဒါန်းစကားကို မြွက်ကြား တော်မူတဲ့ အသံတော်ဟာ လောကဓာတ်ပေါင်း တိုက်တစ်သောင်းတိုင်အောင် ပျံ့နှံ့ပြီးတော့ တည်သွားတယ်။ လွန်လွန်ကဲကဲ ကြီးမားကျယ်ပြန့်တဲ့ အလွန် မွန်မြတ်တဲ့ နှစ်သက်ဝမ်းမြောက်မှု ပီတိသောမနဿတို့ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ရဲ့ စွမ်းအင်ကြောင့် ဖြစ်ပါတယ်။
ဧဟိ ဘိက္ခုရဟန်းဘဝ
အဲဒီတော့ -
အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံ ကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ လဘေယျံ ဥပသမ္ပဒန္တိ။
အထ ခေါ = ထိုအခါ၌။ အာယသ္မာ အညာသိကောဏ္ဍညော = အရှင်အညာသိကောဏ္ဍညသည်။ ဒိဋ္ဌဓမ္မော = (ဝိပဿနာပညာ မဂ်ပညာ ဟူသော) ဉာဏ်ဖြင့် သိမြင်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ ပတ္တဓမ္မော = ဉာဏ်ဖြင့် ရောက်အပ်ပြီးသော သစ္စာလေးပါးတရား ရှိသည် ဖြစ်၍။ ဝိဒိတဓမ္မော = ဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်ပြီးသော သစ္စာလေးပါး တရား ရှိသည်ဖြစ်၍။ ပရိယောဂါဠှဓမ္မော = ဉာဏ်ဖြင့် သက်ဝင်အပ် ပြီးသော သစ္စာလေးပါးတရား ရှိသည်ဖြစ်၍။ တိဏ္ဏဝိစိကိစ္ဆော = သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ကျော်လွှားလွန်မြောက် ပြီးသည် ဖြစ်၍။ ဝိဂတကထံကထော = သို့လောသို့လော တွေးတော ယုံမှားခြင်း ဝိစိကိစ္ဆာတရား ကင်းပြီးသည်ဖြစ်၍။ ဝေသာရဇ္ဇပ္ပတ္တော = ငါသည် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီဟု ရဲဝံ့စွာ ပြောကြားနိုင်ခြင်းဟု ခေါ်ဆိုအပ်တဲ့ ရဲရင့်ခြင်းသို့ ရောက်ရှိပြီးသည်ဖြစ်၍။ သတ္ထုသာသနေ = သစ္စာလေးပါးတည်း ဟူသော ဘုရားရှင်၏ အဆုံးအမသာသနာတော်၌။ အပရပ္ပစ္စယော = သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မရှိသည်ဖြစ်၍။ ဘဂဝန္တံ = မြတ်စွာဘုရားကို။ ဧတံ ဝစနံ = ဤစကားကို။ အဝေါစ = လျှောက်ထားတော်မူခဲ့လေပြီ။
အရှင်ကောဏ္ဍညက ဒိဋ္ဌဓမ္မ = သစ္စာလေးပါးကို မြင်တယ်၊ ပတ္တဓမ္မ = သစ္စာလေးပါးကို ဉာဏ်နှင့် ဆိုက်ရောက်သွားတယ်။ ဝိဒိတဓမ္မ = သစ္စာ လေးပါးကို ထိုးထွင်းသိသွားတယ်၊ ပရိယောဂါဠှဓမ္မ = သစ္စာလေးပါးကို ဉာဏ်ဖြင့် သက်ဝင်သွားတယ်၊ သက်ဝင်သွားလိုက်တဲ့အတွက် ဒီသစ္စာလေးပါး ကို ထိုးထွင်း သိတဲ့ဉာဏ်က, အထူးသဖြင့် နိရောဓသစ္စာခေါ်တဲ့ အသင်္ခတ ဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူလိုက်တဲ့ အရိယမဂ်ဉာဏ်က သစ္စာလေးပါးကို သို့လောသို့လော တွေးတော ယုံမှားတတ်တဲ့ ဝိစိကိစ္ဆာ တရားကို ပယ်ရှားပေးလိုက်တယ်။ သို့လောသို့လော တွေးတော ယုံမှားမှု မရှိဘူး။ ဘုရားရှင်ရဲ့ သာသနာတော်မှာ သစ္စာလေးပါးသည် တကယ် မှန်တယ်၊ သစ္စာလေးပါးကို တကယ် ထိုးထွင်းသိနိုင်တယ်၊ မဂ္ဂင်ရှစ်ပါး ကျင့်စဉ် တရားကို တကယ်လက်တွေ့ ကျင့်မယ်ဆိုလျှင် သစ္စာလေးပါးကို လက်တွေ့ သိနိုင်တယ်လို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့အဆင့်ကို ရောက်ရှိသွားတယ်။ ဒီအချက် က အရေးမကြီးဘူးလား? သိပ်အရေးကြီးတယ်။
မိမိတို့က သောတာပန်တော့ ဖြစ်ပြီးပြီ၊ ဒါပေမဲ့ ဒုက္ခသစ္စာဆိုတာ ဘာလဲ? မသိသေးဘူးဆိုလျှင် စဉ်းစားရတော့မယ်။ ဒုက္ခသစ္စာဆိုတာက ဥပါဒါနက္ခန္ဓာ ငါးပါး = ရုပ်တရားနာမ်တရားတွေကို ပြောတယ်။ ဟ! အဲဒါတွေကို သွား မလုပ်နဲ့၊ ဘုရားဟောတဲ့ ရုပ်တွေနာမ်တွေက ဘုရားသာ သိတာ၊ သာဝက တွေ မသိနိုင်ဘူးဆိုပြီး ဒီလို လှမ်းပြီးတော့ မျက်လုံးကို ပိတ်ထားကြတယ်၊ ပယ်ဖျက်ထားကြတယ်။ ပယ်ဖျက်ထားလိုက်တဲ့အခါကျတော့ ဒီသစ္စာလေးပါး ကို ထိုးထွင်းသိအောင် ကြိုးစားသေးလား? မကြိုးစားဘူး။
နောက်တစ်ခု ဒီဘဝ ဒုက္ခသစ္စာရဲ့ အကြောင်းရင်းဖြစ်တဲ့ သမုဒယသစ္စာ တရားဆိုတာက အတိတ်က အကြောင်းတရားတွေသာ ဖြစ်ကြတယ်။ အတိတ် က သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာ ဖြစ်တယ်။ ဒီဘဝ ထူထောင်တဲ့ သမုဒယသစ္စာတွေကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာ ဖြစ်မယ်။ အဲဒီ သမုဒယသစ္စာတရားကိုလည်း ဟ! အတိတ်အနာဂတ်က မရှုကောင်းဘူး၊ ဝိပဿနာနှင့် မဆိုင်ဘူးဆိုပြီးတော့ ဒီလို ပယ်ဖျက်ထားတော့ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်မှုကို သိသေးလား? မသိတော့ဘူး။ အခု ဒီမှာ အရှင်ကောဏ္ဍညကြီးကတော့ ဒုက္ခသစ္စာကိုလည်း သိတယ်၊ သမုဒယ သစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်း မသိဘူးလား? သိနေတယ်။ သစ္စာ လေးပါးလုံးကို ထိုးထွင်းသိတယ်။ နောက်တစ်ခု အဲဒီလိုသိမှုက အပရပ္ပစ္စယ = သူတစ်ပါးအပြောနှင့် လွမ်းပြီး သိတာမျိုး ဟုတ်သလား? မဟုတ်ဘူး။ ဒါ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ် မှတ်ထား၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် မှတ်ထား၊ အဲဒီလို သူများက ဟောလိုက်လို့ မှတ်သိတဲ့အသိမျိုးကော ဟုတ်သ လား? မဟုတ်ဘူး။ အပရပ္ပစ္စယ = သူတစ်ပါးတို့ကို ကိုးစားယုံကြည်ပြီးသိတဲ့ အသိမျိုး မဟုတ်ဘူး။ မိမိကိုယ်တိုင် ဉာဏ်ဖြင့် ထိုးထွင်းပြီး သိတယ်။ သိလိုက် တဲ့အတွက် မြတ်စွာဘုရားကို ဘယ်လိုလျှောက်သလဲ?
လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒန္တိ။
ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား။ ဘဂဝတော = မြတ်စွာဘုရား၏။ သန္တိကေ = ထံတော်မှောက် ၌။ ပဗ္ဗဇ္ဇံ = ရှင်အဖြစ်ကို။ လဘေယျံ = ရလိုပါ၏။ ဥပသမ္ပဒံ = ရဟန်းအဖြစ် ကို။ လဘေယျံ = ရလိုပါ၏။ ဣတိ = ဤသို့။ အဝေါစ = လျှောက်ထားလိုက် လေ၏။
မြတ်စွာဘုရားထံမှာ ရှင်အဖြစ်ကို ရလိုကြောင်း ရဟန်းအဖြစ်ကို ရလို ကြောင်း တောင်းပန်လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါကျတော့မှ မြတ်စွာဘုရားက -
ဧဟိ ဘိက္ခုရဟန်းဖြစ်တော်မူခြင်း
ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။
ဘိက္ခု = ချစ်သားရဟန်း။ ဧဟိ = လာပေတော့။ အဟံ = ငါဘုရား သည်။ ဓမ္မော = တရားတော်မြတ်ကို။ စွာက္ခာတော = အစ, အလယ်, အဆုံး, သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံကောင်းမွန်စွာ ဟောကြားတော် မူအပ်ပါပေ၏။ ဒုက္ခဿ = သံသရာဝဋ် ဆင်းရဲဒုက္ခ၏။ အန္တကိရိယာယ = အဆုံးအပိုင်းအခြားကို ပြုခြင်းငှာ။ သမ္မာ = ကောင်းမွန်ရိုသေစွာ။ ဗြဟ္မစရိယံ = သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ်အကျင့်မြတ်ဖြင့် သိမ်းကျူံး ရေတွက်အပ်သော သာသနာ့ဗြဟ္မစရိယ, အထက်မဂ်သုံးပါးတည်းဟူသော မဂ္ဂဗြဟ္မစရိယတည်းဟူသော ဤနှစ်မျိုးသော မွန်မြတ်သော ဗြဟ္မစရိယ ကျင့်စဉ်ကို။ စရ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေလော့။ ဣတိ = ဤသို့လျှင်။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်။ အဝေါစ = မိန့်ကြားတော်မူလိုက်လေ၏။
ချစ်သားရဟန်း လာပေတော့၊ ငါဘုရားရှင်သည် အစ, အလယ်, အဆုံး, သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတဲ့ တရားတွေကို ကောင်းစွာ ဟော ကြားထားတော်မူတယ်။ ဗြဟ္မစရိယခေါ်တဲ့ မြတ်သောကျင့်စဉ်တွေကို သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ကောင်းမွန်စွာ ကုန်ခမ်းစေရေးအတွက်, သံသရာဝဋ် ဆင်းရဲ ဒုက္ခ အဆုံးအပိုင်းအခြားကို ပြုလုပ်နိုင်ရေးအတွက် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ပါ ဆိုပြီးတော့ ဘုရားရှင်က မိန့်ကြားတော်မူလိုက်ပါတယ်။ ဒီလို မိန့်ကြားတော်မူလိုက်တဲ့ စကားတော်ကို အခုခေတ် စကားလုံးကတော့ ဖော်မြူလာဆိုပြီး သုံးတာပေါ့လေ။
ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ၊ သွာက္ခတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။
ဒီလို မြတ်စွာဘုရား မိန့်ကြားလိုက်လျှင်ပဲ ဝါခြောက်ဆယ်ရပြီး မထေရ် ကြီးကဲ့သို့ ပရိက္ခရာရှစ်ပါး အပြည့်အစုံ ဝတ်ဆင်မြန်းပြီးတော့ ရဟန်းအဖြစ်သို့ ချက်ချင်း ရောက်ရှိသွားတယ်။ အထူးသဖြင့် သင်္ကန်းတွေ ဝတ်ပြီးတော့ သိမ်ထဲမှာ ကမ္မဝါစာဖတ်ကာ ရဟန်းခံရတဲ့ ပုံစံမျိုးတော့ မဟုတ်တော့ဘူး။ မြတ်စွာဘုရားက ဧဟိ ဘိက္ခုဆိုတဲ့ ဒီစကားလုံးလေးကို ခေါ်တော်မူလိုက် သည်နှင့် တစ်ပြိုင်နက်တည်း ဝါခြောက်ဆယ်ရပြီး မထေရ်ကြီးကဲ့သို့ သပိတ် သင်္ကန်းတွေ အပြည့်အစုံ ဝတ်ဆင်မြန်းပြီးတဲ့ မထေရ်ကြီးတစ်ပါး ဖြစ်သွားပါ တယ်။ အဲဒါကြောင့် ဒီနေရာမှာပဲ အရှင်ကောဏ္ဍညလည်း ရဟန်းဖြစ်သွားပြီ။
ဝါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည သောတာပန်ရဟန်းဖြစ်တဲ့ အချိန် အခါမှာ ဗြဟ္မာက တစ်ဆယ့်ရှစ်ကုဋေ ကျွတ်တန်းဝင်ပါတယ်။ နတ်တွေက တော့ အသင်္ချေနဲ့ချီပြီးတော့ သစ္စာလေးပါးကို ထိုးထွင်းသိကြတယ်။ လူသားထဲ ကတော့ အရှင်ကောဏ္ဍညတစ်ပါးပဲ ဖြစ်ပါတယ်။ သစ္စာလေးပါးကို ထိုးထွင်း သိပြီးတဲ့ အချိန်အခါမှာ နောက်ထပ် ဒုတိယအနေနဲ့ ကျွတ်တန်းဝင်သူကတော့ အရှင်ဘဒ္ဒိယမထေရ် ဖြစ်ပါတယ်။
ဒီဒုက္ခသစ္စာတရားတွေကို သိအောင် ဘယ်လို ရှုရမယ်၊ သမုဒယသစ္စာ တရားတွေကိုသိအောင် ဘယ်လို ရှုရမယ်၊ ဒီဒုက္ခသစ္စာ, သမုဒယသစ္စာတရား တွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ ဘယ်လို ရှုရမယ် စသည်ဖြင့် မြတ်စွာဘုရားက ကြွင်းကျန်နေသေးတဲ့ ရဟန်းတော် (၄)ပါးတို့ကို ဦးစားပေးကာ ပဉ္စဝဂ္ဂီငါးဦးတို့ကို လက်ပူးလက်ကြပ် သင်ပေး တော်မူပါတယ်။
သင်ပေးလိုက်တဲ့အတွက် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့မှာ အရှင် ဘဒ္ဒိယမထေရ်က သောတာပတ္တိမဂ်ဖိုလ်ကို ရရှိတော်မူပါတယ်။ ဝါဆိုလပြည့် ကျော် (၂)ရက်နေ့မှာ အရှင်ဝပ္ပမထေရ်က သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ် ကို ရရှိတော်မူပါတယ်။ ဝါဆိုလပြည့်ကျော် (၃)ရက်နေ့မှာ အရှင်မဟာနာမ မထေရ်က သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပါတယ်။ ဝါဆိုလ ပြည့်ကျော် (၄)ရက်နေ့ကျတော့ အရှင်အဿဇိမထေရ်က သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိတော်မူပါတယ်။
အဲဒီလို သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိပြီးတဲ့နောက် ဝါဆို လပြည့်ကျော် (၅)ရက်သို့အရောက် မြတ်စွာဘုရားက ဒီပဉ္စဝဂ္ဂီငါးဦးကို သတ္တဝါတို့ရဲ့ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာဆိုတဲ့ ဣန္ဒြေ အနုံ့အထက် အနုအရင့်ကို သိတော်မူတဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်, သတ္တဝါတို့ရဲ့ အတွင်းအလို အဇ္ဈာသယဓာတ်ခံကို ထိုးထွင်းသိတော်မူတဲ့ အာသယာနုသယ ဉာဏ်တော်ဆိုတဲ့ ဗုဒ္ဓစက္ခုဖြင့် လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ သူတို့ရဲ့သန္တာန်မှာ အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာဉာဏ်တွေကို ပွားများထားပြီး ဖြစ်သော်လည်း နောက်ထပ်တစ်ဖန် အရဟတ္တဖိုလ်ကို ရောက်လောက်အောင် အားက မကောင်းသေးတဲ့အတွက် အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေးပြီးတော့ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း ကို စီးဖြန်းခဲ့မယ်ဆိုလျှင် အရဟတ္တမဂ် အရဟတ္တဖိုလ် ရနိုင်လိမ့်မယ်လို့ မြင်တော်မူတဲ့အတွက် အနတ္တလက္ခဏသုတ္တန် ဒေသနာတော်ကို ဟောကြား ပေးတော်မူပါတယ်။
ထိုအနတ္တလက္ခဏသုတ္တန် ဒေသနာတော်မှာ မြတ်စွာဘုရားက အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက = အကြမ်း, သုခုမ = အနု, ဟီန = အယုတ်, ပဏီတ = အမြတ်, ဒူရ = အဝေး, သန္တိက = အနီးဆိုတဲ့ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်ရှိနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးတွေ ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ အထူးသဖြင့် အနတ္တာနုပဿနာဉာဏ်ကို ဦးစားပေးပြီးတော့ ဝိပဿနာရှုဖို့ရန် ညွှန်ကြား ပေးတော်မူပါတယ်။ (သံ၊၂၊၅၆။)
ပဉ္စဝဂ္ဂီရဟန်းတော်တို့လည်း ဒေသနာတော်၏နောက်သို့ ဉာဏ်စေလွှတ် ကာ ရှုပွားသုံးသပ်တော်မူနိုင်တဲ့အတွက် အနတ္တလက္ခဏသုတ္တန် ဒေသနာ တော်နိဂုံး ပြီးဆုံးတဲ့အချိန်အခါမှာ သူတော်ကောင်းငါးဦးသည် ဘာဖြစ်သွားကြ သလဲ? အရဟတ္တဖိုလ် တည်သွားကြပါတယ်။ (သံ၊၂၊၅၆။)
ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့လည်း ရှေးသူတော်ကောင်းတို့ရဲ့ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်တဲ့ ထုံးကောင်းကို နှလုံးမူပြီးတော့ အတုလိုက်ကာ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ပဲ တရား သိမ်းကြရအောင် ...။
တရားဒေသနာတော်နိဂုံး
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာအနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေ ကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အားထုတ်နိုင်ကြပါစေကုန်သတည်း ...။
သာဓု သာဓု သာဓု ...
Comments
Post a Comment