Skip to main content

အဘယ်ကို ပေးလှူရမှာလဲ?

အဘယ်ကို ပေးလှူရမှာလဲ?

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိဒါနကထာ

ကျောင်းအလှူ

ဤဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ ထင်ရှားသည့် ပထမဦးဆုံးသော ကျောင်းအလှူကား ဝေဠုဝန်ကျောင်း အလှူပွဲပင် ဖြစ်ပေသည်။

ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် ပထမဦးဆုံးသောဝါကို ဗာရာဏသီမြို့၏ အနီးအပါး၌ တည်ရှိသော သားကောင်တို့ကို ဘေးမဲ့ပေးရာ ဖြစ်သည့် မိဂဒါဝုန် တောရဂုံအတွင်း၌ ဝါဆို ဝါကပ်တော်မူလေသည်။ ပဉ္စဝဂ္ဂီ ရဟန်းတော် ငါးပါးတို့အား ဓမ္မစကြာတရားဒေသနာတော်, အနတ္တလက္ခဏသုတ္တန် တရားဒေသနာတော်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် ချေချွတ်တော်မူ ပြီးနောက် အရှင်ယသနှင့်တကွ အပေါင်းအဖော် မိတ်ဆွေသူငယ်ချင်းဟောင်း (၅၄)ယောက်တို့ကိုလည်း အလားတူပင် ထိုဝါတွင်း၌ အရဟတ္တဖိုလ်ပေါက် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူလေသည်။

ပဉ္စဝဂ္ဂီရဟန်းတော်တို့နှင့် အတူတကွ အားလုံးပေါင်းလိုက်သော် ထို ဝါအတွင်းမှာ ဘုရားရှင်၏ တပည့်သာဝက ရဟန္တာမထေရ်မြတ်ပေါင်း ခြောက်ကျိပ်တိတိတို့ ဖြစ်ကြပေသည်။ ဘုရားရှင်နှင့်တကွ ရဟန္တာ မထေရ်မြတ် ခြောက်ကျိပ်တို့သည် ထိုမိဂဒါဝုန်တောအတွင်းမှာပင် သီတင်းသုံး တော်မူကြပေသည်။ ထိုသို့ သီတင်းသုံးဖို့ရန် သင့်တင့်လျောက်ပတ်သော ကျောင်းဆောင်များလည်း ရှိကောင်းရှိလိမ့်မည်ဟု ယူဆရပေသည်။ အောက်ထစ်ဆုံးအားဖြင့် ဖက်မိုး ဖက်ကာ သင်္ခမ်းကျောင်းကလေးများ ရှိလိမ့်မည်ဟု ခန့်မှန်းရပေသည်။ နောက်ပိုင်းကာလတွင်ကား ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော ဆန္နသုတ္တန် (သံ၊၂၊၁၀၈။)နှင့် အဋ္ဌကထာ အဖွင့်များ (သံ၊ဋ္ဌ၊၂၊၂၉၁) အရ ထိုမိဂဒါဝုန်တောအတွင်း၌ မိဂဒါဝုန်ကျောင်းတိုက်ကြီးတစ်ခုကား တည်ရှိခဲ့ဖူးပေသည်။ သို့သော် ထင်ရှားသော ကျောင်းအလှူရှင်များကိုကား မတွေ့ရှိရပေ။ အများဒါယကာတို့က စွမ်းအားရှိသလို လှူဒါန်းထားသော ကျောင်းများပင် ဖြစ်ဖွယ်ရာ ရှိပေသည်။

ဝါကျွတ်သောအခါ ဘုရားရှင်က ရဟန္တာမထေရ်မြတ် ခြောက်ကျိပ်တို့အား တစ်ကြောင်းတည်းသောလမ်းကို နှစ်ပါးအတူ မကြွဘဲ တစ်ပါးတည်းသာ ကြွရောက်ကာ တရားစည်တော်ကြီးကို ရိုက်တီးဖို့ရန် သာသနာပြုခရီးကို စေလွှတ်တော်မူခဲ့လေသည်။

ဘုရားရှင်ကိုယ်တော်တိုင်ကား မိမိအလောင်းတော်ဘဝက ဒုက္ကရစရိယာ ခြောက်နှစ်ကြာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးသည့် ဥရုဝေလတောအုပ်သို့ ကြွရောက်တော်မူကာ ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပအမှူးရှိသည့် ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို အရဟတ္တဖိုလ်ပေါက် ချေချွတ်ပေးသနားတော်မူခဲ့လေသည်။ ထိုရဟန္တာမထေရ်မြတ် တစ်ထောင်တို့ ခြံရံကာ သာသနာပြုခရီးကို ဆက်လက် ကြွချီတော်မူလတ်သော် ထိုနှစ် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်မြို့သို့ ဆိုက်ရောက်တော်မူ လေသည်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်လာတော်မူခဲ့စဉ်က ရာဇဂြိုဟ်မြို့အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူခဲ့ဖူး၏။ ဗိမ္ဗိသာရမင်းကြီးနှင့်လည်း ဆုံစည်းခဲ့ဖူး၏။ ထိုအချိန်က မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရက --

အရှင်ဘုရား ...တောင်းပန်စကား တပည့်တော် လျှောက်ထားပါ သည်။ အရှင်ဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးသောအခါ ရှေးဦးစွာ တပည့်တော်၏ နိုင်ငံသို့ ကြွချီတော်မူပါကုန်ဘုရား --

ဟူ၍ ဤသို့ လျှောက်ထားခဲ့ဖူး၏။ ဗိမ္ဗိသာရမင်းကြီး၏ ယင်းသို့ လျှောက်ထားတောင်းပန်မှုကို ပြေလည်စေမှု နှလုံးတော်ပြုကာ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ ခြံရံကာ ရာဇဂြိုဟ်မြို့သို့ ကြွချီတော်မူလာခြင်း ဖြစ်ပေသည်။ ရာဇဂြိုဟ်မြို့အနီး၌ တည်ရှိသည့် ကြီးမားကျယ်ပြန့်လှသော ထန်းပင်ပျိုစင် တောဥယျာဉ်အတွင်းသို့ ဆိုက်ရောက်တော်မူလာသောအခါ ယင်းဥယျာဉ်တော်အတွင်းဝယ် ပြန့်ကျယ်သော အရိပ်အာဝါသလည်းရှိ၍ လူအပေါင်းတို့ မြတ်နိုးကော်ရော် ပူဇော်ရာလည်းဖြစ်သော သုပ္ပတိဋ္ဌအမည်ရှိသည့် ပညောင်ပင်ရင်း၌ သီတင်းသုံး နေထိုင်တော်မူလေသည်။

ထိုအခါ ဥယျာဉ်မှူး၏ သံတော်ဦးတင် လျှောက်ထားချက်အရ ဘုရားရှင် ၏ ရာဇဂြိုဟ်မြို့သို့ ဆိုက်ရောက်တော်မူလာကြောင်း သတင်းကောင်းကို ကြားသိရသည့်အတွက် ဗိမ္ဗိသာရမင်းကြီးသည် တစ်သိန်းနှစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့် အတူတကွ ဘုရားရှင်ထံတော်သို့ သွားရောက်ကာ ဖူးမြော်ကန်တော့လေသည်။ ထိုပရိသတ်တို့အား ဘုရားရှင်က ဥရုဝေလကဿပမထေရ်မြတ်ကြီးကို ဆိုဆုံးမနိုင်မှုနှင့် ဆက်စပ်ကာ မဟာနာရဒကဿပဇာတ် (ဇာတကပါဠိ၊ ဒုတိယတွဲ-၂၅၇-၂၇၅။)တော်ကို ဟောကြားပေး တော်မူလေသည်။ ဂါထာပေါင်း (၁၉၂)ဂါထာ ပါဝင်သော ဇာတ်ဒေသနာတော် ဖြစ်ပေသည်။ ထိုပရိသတ်တို့၏ သန္တာန်ဝယ် ဘုရားရှင်က ဆရာဖြစ် တော်မူလေသလော, ဥရုဝေလကဿပက ဆရာဖြစ်လေသလောဟူသော ယုံမှားသံသယ ကင်းစင်သွားကြောင်းကို စေတောပရိယအဘိညာဏ် ဉာဏ်တော်မြတ်ဖြင့် ပိုင်းခြား သိမြင်တော်မူသောအခါ ဗိမ္ဗိသာရမင်းကြီး အမှူး ပြုသော ထိုပုဏ္ဏားသူကြွယ်ပေါင်း တစ်သိန်းနှစ်သောင်းတို့အား မဂ်ဖိုလ် နိဗ္ဗာန်သို့ ရောက်ကြောင်း ကောင်းမြတ်သော တရားလမ်းစဉ်ဖြစ်သည့် --

(၁) ဒါနကထာ = ဒါနနှင့် စပ်သော တရားစကား,

(၂) သီလကထာ = သီလနှင့် စပ်သော တရားစကား,

(၃) သဂ္ဂကထာ = နတ်ရွာသုဂတိနှင့် စပ်သော တရားစကား,

(၄) ကာမာနံ အာဒီနဝကထာ = ကာမဂုဏ်တို့၏ အပြစ်နှင့် စပ်သော တရား စကား,

(၅) နေက္ခမ္မေ အာနိသံသကထာ = ကာမဂုဏ်မှ ထွက်မြောက်ခြင်း နေက္ခမ္မဓာတ်၌ ရရှိနိုင်သော အကျိုးအာနိသင်နှင့် စပ်သော တရားစကား --

ဤတရားစကားတော်တို့ကို အစဉ်အတိုင်း ဟောကြားပေးတော်မူလေ သည်။ ဤ နေက္ခမ္မေ အာနိသံသကထာပိုင်းတွင် အရိယသစ္စာလေးရပ် တရား မြတ်တို့ကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေးအတွက် --

ပဗ္ဗဇ္ဇာ ပဌမံ စျာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။

သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။ (ဣတိဝုတ်၊ဋ္ဌ၊၃၃၁၊၊)

ဟူသော အဋ္ဌကထာအဖွင့်နှင့်အညီ သမထစျာန်ပိုင်းဆိုင်ရာကျင့်စဉ်နှင့် ဒုက္ခသစ္စာ, သမုဒယသစ္စာအမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ရှုပွားသုံးသပ်ရသည့် နိရောဓသစ္စာသို့ ဆိုက်ရောက်သည်တိုင်အောင်သော ဝိပဿနာပိုင်းဆိုင်ရာကျင့်စဉ်များလည်း ပါဝင်ကြပေသည်။

ထိုကဲ့သို့ အရိယသစ္စာလေးရပ် တရားမြတ်တို့နှင့် ဆက်စပ်နေသည့် မဂ္ဂကထာတရားစကားတော်တို့ကို အစဉ်အတိုင်း ဟောကြားပြသ ဆိုဆုံးမ တော်မူလိုက်သောအခါ ဗိမ္ဗိသာရမင်းကြီးနှင့်တကွ ထိုပုဏ္ဏားသူကြွယ်ပေါင်း တစ်သိန်းနှစ်သောင်းတို့၏ သန္တာန်၌ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင်နိုင်ရန် ခံ့ညားသောစိတ်, နူးညံ့သောစိတ်, ပိတ်ပင်ခြင်း နီဝရဏကင်းသောစိတ်, တက်ကြွဝမ်းမြောက်သောစိတ်, ကြည်လင်သောစိတ် ရှိကြသည်ကို သိရှိတော်မူသောအခါ ဘုရားရှင်တို့၏ နှုတ်တော်မှ တိုက်ရိုက် ထွက်ပေါ်တော်မူလာသည့် သာမုက္ကံသိကဒေသနာဟု ခေါ်ဆိုအပ်သော အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟောကြားပေးတော်မူလတ်လေသော် မည်းညစ်ခြင်း ကင်းသော ဖြူစင်သော အဝတ်ပုဆိုးသည် ဆိုးရည်ကို ကောင်းစွာ ခံယူနိုင်သကဲ့သို့ အလားတူပင် ဗိမ္ဗိသာရမင်းကြီး အမှူး ပြုသော တစ်သိန်းတစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့သည်လည်း ထိုနေရာ၌ပင် သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။ ကျန်တစ်သောင်းသော ပုဏ္ဏား သူကြွယ်တို့ကား သရဏဂုံတည်သည့် ဥပါသကာများ ဖြစ်သွားကြလေသည်။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၂၅။)

ဗိမ္ဗိသာရမင်းကြီး၏ တောင့်တချက်ငါးပါး

၁။ ငါ့ကို မဂဓတိုင်းသူ လူအပေါင်းတို့က ရာဇအဘိသိက် သွန်းဖျန်းကြပါမူကား ကောင်းလေစွ ...

၂။ ငါ မင်းဖြစ်သောအခါ ငါ၏ နိုင်ငံတော်သို့ ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားသည် ကြွချီ ဆိုက်ရောက်တော်မူလာပါမူကား ကောင်းလေစွ ...

၃။ ငါသည် ငါ၏ နိုင်ငံတော်သို့ ကြွရောက်တော်မူလာသော ထိုမြတ်စွာဘုရားကို ရိုသေလေးမြတ် ဆည်းကပ်ရပါမူကား ကောင်းလေစွ ...

၄။ ငါ၏ နိုင်ငံတော်သို့ ကြွရောက်တော်မူလာသော ထိုမြတ်စွာဘုရားသည် ငါ့အား နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းမြတ်သော တရားစကား တော်ကို ဟောကြားပြသ ဆိုဆုံးမတော်မူပါမူ ကောင်းလေစွ ...

၅။ ငါသည် ထိုမြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမတော်မူအပ်သော တရားတော်ကို ပိုင်းခြားထင်ထင် သိမြင်ရပါမူ ကောင်းလေစွ ...

ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... တပည့်တော်၏ သန္တာန်ဝယ် ရှေးယခင် မင်းသားဖြစ်ခဲ့စဉ်က ဤငါးမျိုးသော တောင့်တချက်တို့သည် ဖြစ်ခဲ့ဖူးပါကုန်၏။ ထိုတောင့်တချက် ငါးမျိုးလုံးတို့သည်ပင် ယခုအခါဝယ် တပည့်တော်၏ သန္တာန်၌ ပြည့်စုံကြပါကုန်ပြီ မြတ်စွာဘုရားဟု ဗိမ္ဗိသာရမင်းကြီးက မြတ်စွာဘုရားအား တင်ပြ လျှောက်ထားလေသည်။ တရားတော်ကိုလည်း အလွန် နှစ်သက်မြတ်နိုးကြောင်းတို့ကို ဆက်လက် လျှောက်ထားကာ မပျက်စီးနိုင်သော လောကုတ္တရာသရဏဂုံ တည်ပြီးဖြစ်သော်လည်း ရတနာသုံးပါးတို့အပေါ်၌ ကြည်ညိုမြတ်နိုးသော အခြင်းအရာကို ထင်ရှားပြလိုသည့်အတွက် နှုတ်မြွက်ကာ သရဏဂုံ ဆောက်တည်ကျင့်သုံး လေသည်။ ဘုရားရှင်အားလည်း ရဟန်းသံဃာတော်တို့နှင့် အတူတကွ နောက်တစ်နေ့ဝယ် နန်းတော်သို့ ကြွရောက်ကာ ဆွမ်းဘုဉ်းပေးတော်မူပါရန် ရိုသေစွာ ပင့်ဖိတ် လျှောက်ထားလိုက်လေသည်။ ဘုရားရှင်ကလည်း လက်ခံ တော်မူလိုက်ပါပေသည်။

ဝေဠုဝန်ကျောင်းတော်ကို လှူဒါန်းခြင်း

ဗိမ္ဗိသာရမင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်ကို နောက် တစ်နေ့ ပြာသိုလပြည့်ကျော် တစ်ရက်နေ့ နံနက်ပိုင်းတွင် နန်းတော်သို့ အရောက်ပင့်ဆောင်ပြီးနောက် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကဒါနမြောက်အောင် ရိုရိုသေသေဖြင့် လက်ရောက် ကြည်ဖြူ ဆက်ကပ်လှူဒါန်း ပူဇော်လေသည်။ ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးလတ် သောအခါ အပြစ်ခြောက်ပါးလွတ်၍ သင့်တင့်လျောက်ပတ်သော တစ်နေရာ၌ ထိုင်ပြီးကာ ဗိမ္ဗသာရမင်းကြီးက ဘုရားရှင်အား ဤသို့ လျှောက်ထား လေသည်။

ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... တပည့်တော်သည် ရတနာသုံးပါးနှင့် ကင်းကွာ၍ မနေနိုင်ပါ၊ သင့်တင့်လျောက်ပတ် သောအခါ, မသင့်တင့်မလျောက်ပတ်သောအခါ မည်သည့်အခါမဆို ဘုရားရှင်၏ ထံတော်မှောက်သို့ လာရောက်ကြည်ညိုလိုပါသည် မြတ်စွာဘုရား၊ ယခု ရှင်တော်မြတ်ဘုရား သီတင်းသုံးတော်မူရာ နုပျိုသော ထန်းပင်ငယ်တို့ဖြင့် ဝေဆာပြန့်ပြောလျက်ရှိသော ထန်းတောဥယျာဉ်သည်ကား မြို့နှင့်လည်း အလွန်ဝေးကွာလှပါသည် မြတ်စွာဘုရား ...

တပည့်တော်တို့၏ ဝါးတောပတ်ရံသည့် ဝေဠုဝန်ဥယျာဉ်အာရာမ်မှာမူ

၁။ မြို့ရွာနှင့် မဝေးလွန်းခြင်း,

၂။ မြို့ရွာနှင့် မနီးလွန်းခြင်း,

၃။ သွားလမ်း လာလမ်းနှင့် ပြည့်စုံခြင်း,

၄။ လူတိုင်းလူတိုင်း အလိုရှိသောအခါ သွားလာဖို့ရန် လွယ်ကူခြင်း,

၅။ အာရုံငါးတန် မြို့သံ, ရွာသံ, လူသံတို့မှ ဆိတ်ငြိမ်ခြင်း,

၆။ အရိပ်အာဝါသ ရေမိုးနှင့် ပြည့်စုံခြင်း,

၇။ အေးမြသော ကျောက်ဖျာအပြင်ဖြင့် အညီအညွတ် တန်ဆာဆင်ထားခြင်း,

၈။ လွန်မြတ်သော မွေ့လျော်ဖွယ်ကောင်းသော မြေအဖို့ရှိခြင်း,

၉။ ကောင်းသောရနံ့ရှိသည့် ပန်းတို့ဖြင့်, နုပျိုသော သစ်ပင်ပျိုတို့ဖြင့် အကြား အလပ်မရှိ ဆက်စပ်လျက်ရှိခြင်း,

၁၀။ မွေ့လျော်ဖွယ်ကောင်းသော အထွတ်တပ်သည့် ပြာသာဒ်ဆောင်, အထွတ်မပါသော ပြာသာဒ်ဦးပြည်း, ဘုံဗိမာန်, လေးဘက်မိုးကျောင်း, နှစ်ဘက်မိုးကျောင်း, မဏ္ဍပ်ကနား စသည်တို့ဖြင့် တန်ဆာဆင်ထားခြင်း,

ဤသို့ စသည့်အင်္ဂါရပ်တို့နှင့်လည်း ပြည့်စုံပါသည် မြတ်စွာဘုရား၊ ဘုရားရှင်တို့နှင့် ထိုက်တန်သော နေရာလည်း ဖြစ်ပါသည် မြတ်စွာဘုရား၊ ထို့ကြောင့် ဘုရားရှင်သည် ဤဝေဠုဝန်ဥယျာဉ်တော်ကို ကျောင်းအာရာမ် အဖြစ် အလှူခံယူတော်မူစေချင်ပါသည် မြတ်စွာဘုရားဟု လျှောက်ထားကာ ရွှေကရား၌ ပန်းရနံ့တို့ဖြင့် ထုံမွမ်းထားအပ်သော ရေကြည်ကို ထည့်ပြီးလျှင် ဝေဠုဝန်ဥယျာဉ်တော်ကို လှူဒါန်းပူဇော်လိုသဖြင့် --

ဧသာဟံ ဘန္တေ ဝေဠုဝနံ ဥယျာနံ ဗုဒ္ဓပ္ပမုခဿ ဘိက္ခုသံဃဿ ဒမ္မိ။

= ဘုန်းတော်ကြီးမြတ်တော်မူပါပေသော မြတ်စွာဘုရား ... တပည့်တော်သည် ဤဝေဠုဝန်ဥယျာဉ်အာရာမ်ကို ဘုရားအမှူးရှိသော ရဟန်း သံဃာတော်အား လှူဒါန်းပါ၏ မြတ်စွာဘုရား ...

ဤသို့ နှုတ်မြွက်ဆိုကာ လှူဒါန်းပူဇော်ပြီးလျှင် မြတ်စွာဘုရား၏ လက်တော်ပေါ်၌ ရေစက်ကို သွန်းလောင်းချလိုက်လေသည်။ ထိုဝေဠုဝန်ကျောင်း ဥယျာဉ်အာရာမ်ကို အလှူခံသောအခါ၌ မြတ်စွာဘုရား၏ သာသနာတော် အမြစ်သည်ကား တွယ်လေပြီဟု ပြောဆိုကာ နှစ်သက်ကြည်နူး ဝမ်းမြောက်ခြင်းပီတိ၏ အလိုနိုင်ငံသို့ လိုက်ပါကခုန်သော အမျိုးသမီးပမာ ဤမဟာပထဝီမြေကြီးသည် တယိမ်းယိမ်း တနွဲ့နွဲ့ တုန်လှုပ်လေသည်။

ဇမ္ဗုဒီပေ ပန ဌပေတွာ ဝေဠုဝနမဟာဝိဟာရံ အညံ ပထဝိံ ကမ္ပေတွာ ဂဟိတသေနာသနံ နာမ နတ္ထိ။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၂၅။)

= ဤဇမ္ဗူဒိပ်ကျွန်းအပြင်ဝယ် ဝေဠုဝန်ကျောင်းတိုက်တော်ကြီးကို ထား၍ အခြားတစ်ပါးသော မြေကြီးကို တုန်လှုပ်စေ၍ အလှူခံအပ်သော ကျောင်း တိုက်အာရာမ်ဟူ၍ မရှိခဲ့စဖူးပေ။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၂၅။)

ဝေဠုဝန်ကျောင်း ဝိဟာရအနုမောဒနာတရားတော်

ထိုအခါ မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတိုက်တော်ကြီးကို အလှူ ခံယူတော်မူပြီးလျှင် မဂဓတိုင်းရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီးအား ကျောင်း အလှူနှင့် ဆက်စပ်သည့် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာတရားစကားတော်ကို ဟောကြားတော်မူလေသည်။ ယင်းတရားတော်မှာ အောက်ပါ အတိုင်း ဖြစ်ပေသည်။ ---

၁။ အာဝါသဒါနဿ ပနာနိသံသံ၊ ကော နာမ ဝတ္တုံ ပုရိသော သမတ္ထော။

အညတြ ဗုဒ္ဓါ ပန လောကနာထာ၊ ယုတ္တော မုခါနံ နဟုတေန စာပိ။

၂။ အာယုဉ္စ ဝဏ္ဏဉ္စ သုခံ ဗလဉ္စ၊ ဝရံ ပသတ္ထံ ပဋိဘာနမေဝ။

ဒဒါတိ နာမာတိ ပဝုစ္စတေ သော၊ ယော ဒေတိ သံဃဿ နရောဝိဟာရံ။

၃။ ဒါတာ နိဝါသဿ နိဝါရဏဿ၊ သီတာဒိနော ဇီဝိတုပဒ္ဒဝဿ။

ပါလေတိ အာယုံ ပန တဿ ယသ္မာ၊ အာယုပ္ပဒေါ ဟောတိ တမာဟုသန္တော။

၄။ အစ္စုဏှသီတေ ဝသတော နိဝါသေ၊ ဗလဉ္စ ဝဏ္ဏော ပဋိဘာ န ဟောတိ။

တသ္မာ ဟိ သော ဒေတိ ဝိဟာရဒါတာ၊ ဗလဉ္စ ဝဏ္ဏံ ပဋိဘာနမေဝ။

၅။ ဒုက္ခဿ သီတုဏှသရီသပါ စ၊ ဝါတာတပါဒိပ္ပဘဝဿ လောကေ။

နိဝါရဏာ နေကဝိဓဿ နိစ္စံ၊ သုခပ္ပဒေါ ဟောတိ ဝိဟာရဒါတာ။

၆။ သီတုဏှဝါတာတပဍံသဝုဋ္ဌိ၊ သရီသပါဝါဠမိဂါဒိဒုက္ခံ။

ယသ္မာ နိဝါရေတိ ဝိဟာရဒါတာ၊ တသ္မာ သုခံ ဝိန္ဒတိ သော ပရတ္ထ။

၇။ ပသန္နစိတ္တော ဘဝဘောဂဟေတုံ၊ မနောဘိရာမံ မုဒိတော ဝိဟာရံ။

ယော ဒေတိ သီလာဒိဂုဏောဒိတာနံ၊ သဗ္ဗံ ဒဒေါ နာမ ပဝုစ္စတေ သော။

၈။ ပဟာယ မစ္ဆေရမလံ သလောဘံ၊ ဂုဏာလယာနံ နိလယံ ဒဒါတိ။

ခိတ္တောဝ သော တတ္ထ ပရေဟိ သဂ္ဂေ၊ ယထာဘတံ ဇာယတိဝီတသောကော။

၉။ ဝရေ စာရုရူပေ ဝိဟာရေ ဥဠာရေ၊ နရော ကာရယေ ဝါသယေ တတ္ထဘိက္ခူ။

ဒဒေယျန္နပါနဉ္စ ဝတ္ထဉ္စ နေသံ၊ ပသန္နေန စိတ္တေန သက္ကစ္စ နိစ္စံ။

၁၀။ တသ္မာ မဟာရာဇ ဘဝေသု ဘောဂေ၊ မနောရမေ ပစ္စနုဘုယျ ဘိယျော။

ဝိဟာရဒါနဿ ဖလေန သန္တံ၊ သုခံ အသောကံ အဓိဂစ္ဆ ပစ္ဆာ။ (ဗုဒ္ဓဝံသ၊ဋ္ဌ၊၂၅-၂၇။)

၁။ ဒါယကာတော်မင်းကြီး ...ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ကိုးကွယ် အားထားရာအစစ် အဖြစ်ကြီးဖြစ်တော်မူသော သဗ္ဗညုထွတ်ထား သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကို ကြဉ်ဖယ်ရှောင်ရှား အလွတ်ထား၍ ကျောင်းအရိပ် အာဝါသ အလှူဒါန၏ အကျိုးဂုဏ်အင် အာနိသင်ကို ခံတွင်းပေါင်း တစ်သောင်းနှင့် ယှဉ်စပ်၍သော်လည်း အဘယ်မည်သော ယောက်ျားသည် ပြည့်ပြည့်စုံစုံ ဟောပြခြင်းငှာ စွမ်းနိုင်ပါအံ့နည်း၊ ဘုရားရှင်မှတစ်ပါး စွမ်းအားရှိသော လူသားသည် မရှိသည်သာ ဖြစ်ပေသည်။

၂။ ဒါယကာတော်မင်းကြီး ... လူသားတစ်ဦးသည် နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို သံဃာတော်အား သဒ္ဓါရွှင်လန်း ဆောက်လုပ် လှူဒါန်း၏။ သဒ္ဓါကြည်ဖြူ ကျောင်းကိုလှူသော ထိုလူသားကို အသက်ကိုလည်းကောင်း, ရုပ်အဆင်းကိုလည်းကောင်း, ချမ်းသာသုခကိုလည်းကောင်း, ခွန်အားကို လည်းကောင်း, သာလွန်မြင့်မြတ် ချီးမွမ်းအပ်သော ဉာဏ်ပညာ ပဋိဘာန်ကို လည်းကောင်း ပေးလှူသူမည်၏ဟူ၍ ဆိုအပ်ပေသည်။

၃။ ဒါယကာတော်မင်းကြီး ... အချမ်း အပူ အစရှိသော အသက်၏ အန္တရာယ် အသွယ်သွယ်ကို ဖျောက်လွှင့်ပယ်ရှား မြစ်တားနိုင်သော စွမ်းအား ရှိသော နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို သဒ္ဓါရွှင်လန်း ဆောက်လုပ် လှူဒါန်းသောသူသည်ကား ထိုကျောင်း၌ ကိန်းအောင်းမွေ့လျော် နေစံပျော်သော ရဟန်းသံဃာတော်အပေါင်း၏ အသက်ကို ဘေးမရောက်အောင် ကာကွယ် စောင့်ရှောက်သည်မည်၏။ ထို့ကြောင့် ထိုကျောင်းအလှူရှင်ကို အသက်အလှူ ပေးလှူသောသူဟူ၍ ဘုရားအစရှိကုန်သော ပညာရှိသူတော်ကောင်းတို့က ချီးမွမ်းစကား ပြောကြားနှုတ်ချို မိန့်ဆိုတော်မူကြလေကုန်သည်။

၄။ ဒါယကာတော်မင်းကြီး ... ပူသည့်အခါ အလွန်ပူလွန်း၍ အေးသည့်အခါ အလွန်အေးလွန်းသော ဟင်းလင်းအပြင် လွင်တီးခေါင်စသော နေရာ၌ ဥတုဒဏ်ချက် နှိပ်စက်ပြင်းထန် ခံနေရသော ရဟန်းတော်၏ သန္တာန်ဝယ် ခွန်အားဗလသည်လည်းကောင်း, ရုပ်အဆင်းသည်လည်းကောင်း, ပဋိဘာန်ဉာဏ်ပညာသည်လည်းကောင်း, ကျောင်းအရိပ်အာဝါသတည်းဟူသော အားကြီးသော မှီရာ အကြောင်းအထောက်အပံ့ ယုတ်လျော့နေသည့် အတွက် ကြံ့ကြံ့ခိုင်ခိုင် မဖြစ်နိုင်။ ထိုကြောင့် ကျောင်းကို ဆောက်လုပ် လှူဒါန်းသော ထိုအလှူရှင် ကျောင်းဒါယကာသည် (ကျောင်းအရိပ်အာဝါသကို အမှီပြုရပါမှ ထိုကျောင်း၌ သီတင်းသုံးသော ရဟန်းတော်၏ သန္တာန်၌ ခွန်အားကြီးမားခြင်း, ရုပ်အဆင်း၏ တင့်တယ်ခြင်း, ပဋိဘာန်ဉာဏ်ပညာ ကြီးခြင်းဆိုသည့် အကျိုးတရားများကို ရရှိနိုင်သောကြောင့်) ခွန်အားကို လည်းကောင်း, ရုပ်အဆင်းကိုလည်းကောင်း, ပဋိဘာန်ဉာဏ်ပညာကို လည်းကောင်း ပေးလှူသူမည်ပေသည်။

၅။ ဒါယကာတော်မင်းကြီး ... ရဟန်းသံဃာတော်များ သီတင်းသုံး နေထိုင်ဖို့ရန် ကျောင်းဗိမာန်ကို လှူဒါန်းပူဇော်သော ကျောင်းဒါယကာသည် လူ့လောကဝယ် အချမ်း, အပူ, မြွေ, ကင်း, သန်းတည်းဟူသော ဘေး အန္တရာယ် အသွယ်သွယ်ကြောင့် ဖြစ်ပေါ်လာသော ဆင်းရဲဒုက္ခ အဝဝကို လည်းကောင်း, လေကြမ်း နေပူကြမ်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော များလှသောင်းသောင်း ဆင်းရဲဒုက္ခအပေါင်းကိုလည်းကောင်း သီတင်းသုံးသော ရဟန်းတော်၏သန္တာန်၌ မကျမရောက်အောင် ထိုကျောင်းက ကာကွယ် စောင့်ရှောက် တားမြစ်တတ်သောကြောင့် ချမ်းသာသုခ အလှူဒါနကို ပေးလှူသောသူလည်း မည်ပါပေသည်။

၆။ ဒါယကာတော်မင်းကြီး ...ရဟန်းသံဃာတော်များ သီတင်းသုံး နေထိုင်ဖို့ရန် ကျောင်းသင်္ခမ်းကို ဆောက်လုပ် လှူဒါန်းသော ကျောင်းဒါယကာသည် သီတင်းသုံး နေထိုင်ကြသော ရဟန်းတော်တို့၏ သန္တာန်ဝယ် အချမ်း, အပူ, လေ, နေပူ, မှက်, ခြင်, အခါမဲ့မိုး, မြွေဆိုး, ကင်း, သန်း, ကြမ်းတမ်းသောသားကောင် စသည်တို့ကြောင့် ဖြစ်ပေါ်လာတတ်သော ဆင်းရဲဒုက္ခ အဝဝကို မဖြစ်ပွားအောင် ထိုကျောင်းက ဟန့်တားပယ်ရှား တားမြစ်ပေးတတ်၏။ ထို့ကြောင့် ထိုကျောင်းဒါယကာသည် တမလွန်လောက ထိုဘဝဝယ် ကာယ-စိတ္တ နှစ်ဖြာသော ချမ်းသာသုခကို မြေကြီးလက်ခတ်မလွဲ ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ပေသည်။

၇။ ဒါယကာတော်မင်းကြီး ...အကြင်သူသည် သဒ္ဓါရွှန်းစို ကြည်ညို သောစိတ်ထားရှိသည်ဖြစ်၍ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာစွာ ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိနှစ်ပါးကို ရရှိခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်ပေသော ရှုမြင်ရသူတို့၏ စိတ်နှလုံးပျော်ပိုက် နှစ်ခြိုက်မွေ့လျော်ဖွယ် ရာဖြစ်သော ရဟန်းသံဃာတော်တို့ နေထိုင်သီတင်းသုံးဖို့ရန် ကျောင်းဗိမာန်ကို သီလစသော ဂုဏ်ကျေးဇူးအစုတို့ဖြင့် တိုးပွားစည်ပင် ရဟန်းသံဃာတော် အရှင်မြတ်တို့အား သဒ္ဓါရွှင်လန်း ဆောက်လုပ် လှူဒါန်းပူဇော်၏။ ထိုကျောင်း ဒါယကာကို ခွန်အားဗလ, ရုပ်အဆင်း, ချမ်းသာသုခ, မျက်စိအမြင် တည်းဟူသော အလုံးစုံကို ပေးလှူသောသူမည်၏ဟူ၍ အဆူဆူသော ဘုရားရှင်တို့သည် ဟောကြားချီးမွမ်းတော်မူအပ်၏။

၈။ ဒါယကာတော်မင်းကြီး ... အကြင်သူသည် မိမိပိုင်ဆိုင်သည့် လှူဒါန်းဖွယ်ဝတ္ထု အစုစုကို ခုံမင်တပ်မက် မစွန့်ရက်ခြင်းတည်းဟူသော လောဘတရားနှင့်တကွသော ဝန်တိုစေးနဲခြင်း မစ္ဆရိယအညစ်အကြေးကို ပယ်စွန့်ပြီးနောက် သီလ-သမာဓိ-ပညာ အစဖြာသည့် ဂုဏ်ကျေးဇူး အစုစုတို့၏ တည်ရာ ရဟန်းသံဃာတော် အရှင်မြတ်တို့အား ကိန်းအောင်းမွေ့လျော် နေစံပျော်ဖို့ရန် ကျောင်းဗိမာန်ကို သဒ္ဓါရွှင်လန်း ဆောက်လုပ် လှူဒါန်းပူဇော်၏။ ဝန်ထမ်းသမား သူတစ်ပါးတို့သည် သယ်ပိုးဆောင်ယူလာသော ဝန်ထုပ် ဝန်ပိုးကို လိုရာဌာန၌ ပစ်ချထားသကဲ့သို့ အလားတူပင် သဒ္ဓါရွှင်လန်း ကျောင်း လှူဒါန်းသည့် ထိုကျောင်းဒါယကာကို မိမိ ပြုစုပျိုးထောင်ခဲ့သည့် ဝန်ထမ်း သမား ကံ-သင်္ခါရတရားတို့က နတ်ရွာသုဂတိသို့ရောက်အောင် သယ်ဆောင် ပို့ချအပ်သည် ဖြစ်ရကား တင့်တယ်လျောက်ပတ် ကောင်းမြတ်သည့် အာရုံ ငါးပါး ကာမဂုဏ်တရားတို့၏ စုပုံတည်ရှိရာ ထိုနတ်တို့ရွာ၌ စားဝတ်နေရေး ပူဆွေးစိုးရိမ်ရခြင်း အလျဉ်းကင်းမဲ့သည်ဖြစ်၍ ဘဝပဋိသန္ဓေ ကပ်ရောက် ဖြစ်ပွားရလေသည်။

၉။ ဒါယကာတော်မင်းကြီး ... ထို့ကြောင့် ကိုယ်ကျိုးစီးပွား ထောက်ထားမြော်မြင် ပညာရှင်ယောက်ျားသည် ချီးမွမ်းအပ် မွန်မြတ်လှကုန်သော နှစ်သက်စဖွယ် တင့်တယ်ခြင်းသဘောရှိကုန်သော, ပြန့်ပြောခံ့ထယ် ကြီးကျယ် ကုန်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ဖို့ရန် ကျောင်းဗိမာန်တို့ကို ဆောက်လုပ် လှူဒါန်း လေရာ၏။ ထိုတည်ဆောက်ပြီးသော ကျောင်းဗိမာန်၌ ဘုရားရှင်၏ တရားတော်တို့၌ သင်သိ ကျင့်သိ ဤနှစ်သိဖြင့် အကြားအမြင်ဗဟုဿုတ ပြည့်ဝ စုံလင် ရဟန်းတော်အရှင်မြတ်တို့ကို သီတင်းသုံးဖို့ရန် တောင်းပန်စကား လျှောက်ထားပန်ထွာ နေထိုင်စေရာ၏။ သီတင်းသုံးပျော်ရွှင် ထိုကျောင်းနေ အရှင်တို့အား သဒ္ဓါရွှန်းစို ကြည်ညိုသော စိတ်ဓာတ်ဖြင့် အမြဲမပြတ် ရိုသေသမှု အလေးဂရုပြု၍ စားဖွယ် သောက်ဖွယ် အသွယ်သွယ်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း သဒ္ဓါရွှင်လန်း လှူဒါန်းထောက်ပံ့လေရာ သည်။

၁၀။ ဒါယကာတော်မင်းကြီး ... ထို့ကြောင့် သင်ဒါယကာတော် မင်းကြီးသည် သဒ္ဓါကြည်ဖြူ ယခုလှူအပ်သော ကျောင်းအလှူဒါန ကုသိုလ် စေတနာ၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် သုဂတိခေါ်ဆို ကောင်းမြတ် သည့် ဘဝထိုထိုတို့၌ စိတ်နှလုံး၏ ရွှင်ပြုံးမွေ့လျော်ရာဖြစ်ကုန်သော စည်းစိမ် များမြောင် အသုံးအဆောင်တို့ကို ဆတက်ထမ်းပိုး တိုး၍ တိုး၍ ကြိမ်ကြိမ် ဖန်ဖန် ခံစံသုံးဆောင်ပြီးလျှင်တစ်ခုသောဘဝ နောက်ဆုံးကာလ၌ (သောတာပန်ဖြစ်ပြီးသော) သင်ဒါယကာမင်းကြီးသည် စိုးရိမ်ရခြင်း အလျဉ်းမရှိသော ကိလေသာအပူမီးဟူသမျှတို့မှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးရာဖြစ်သော နိဗ္ဗာန်ချမ်းသာကြီးသို့ ဧကန်ထုတ်ချောက် ဆိုက်ရောက်ရပေလတ္တံ့။

ဤသို့လျှင် မြတ်စွာဘုရားသည် ဗိမ္ဗိသာရမင်းတရားအား ဝိဟာရအနုမောဒနာ = ကျောင်းလွှတ်အနုမောဒနာတရား ဟောကြားချီးမြှောက်တော် မူပြီးလျှင် နေရာမှ ထတော်မူကာ နောက်ပါရဟန်းတစ်ထောင် ခြံရံတော်မူလျက် ဝေဠုဝန်ကျောင်းတိုက်အာရာမ်သို့ ကြွစံ သီတင်းသုံးတော်မူလေသည်။

ဤကား ဗုဒ္ဓဝံသအဋ္ဌကထာ (ဗုဒ္ဓဝံသ၊ဋ္ဌ။၂၅-၂၇။)၌ လာရှိသော ဝေဠုဝန်ကျောင်း ဝိဟာရအနုမောဒနာတရားတော် ဖြစ်ပေသည်။ ထိုအခါ ဘုရားရှင်သည် ဗိမ္ဗိသာရမင်းကြီး၏ ဝေဠုဝန်ကျောင်းတိုက်တော် ဥယျာဉ်အာရာမ်ကို လှူဒါန်းပူဇော်သော အကြောင်းဝတ္ထု၌ တရားစကား ဟောကြားတော်မူ ပြီးလျှင် ရဟန်းတော်တို့အား ကျောင်းတိုက်အာရာမ် အလှူခံမှုကို စတင် ခွင့်ပြုတော်မူလေသည်။ ထိုနောင် ရာဇဂြိုဟ်သူဌေးကလည်း ကျောင်းများကို ဆောက်လုပ် လှူဒါန်းပြန်၏။ ထိုကျောင်းတို့ကိုလည်း အလှူခံယူဖို့ရန် ရဟန်း သံဃာတော်အား ခွင့်ပြုတော်မူခဲ့လေသည်။ (ဝိ၊၄၊၂၉၀-၂၉၂။ သေနာသနက္ခန္ဓက၊၊)

ဤကား သာသနာတော်၌ ကျောင်းတိုက်များ စတင်ဖြစ်ပေါ်လာပုံ အကျဉ်းချုပ် အကြောင်းအရာပင် ဖြစ်ပေသည်။

ယနေ့ ၁၃၆၇-ခုနှစ်၊ တပို့တွဲလဆန်း (၁)ရက် တနင်္ဂနွေနေ့မှာလည်း ထိုအထက်ပါ အလှူဒါနပွဲတို့ကို အတုယူကာ --

၁။ ရန်ကုန်မြို့မှ ကွယ်လွန်သွားသော ဒါယိကာမကြီး ဒေါ်ရှုခင်အား ရည်စူး၍ ဒါယကာကြီး ဦးကျင်ဟုတ်မိသားစုတို့က ကျောင်းတစ်ကျောင်း,

၂။ မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်၊ အောက်လမ်းမကြီး၊ အမှတ် (၅၄၁) ဒါယကာကြီး ဦးလှထွန်း+ဒေါ်တင်လှမိသားစုတို့က ကျောင်းတစ်ကျောင်း,

၃။ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ (၂၂)လမ်း၊ အမှတ် (၃၈၄) ဒါယကာ ကြီး ဦးစိုးထွန်း+ဒေါ်ယဉ်သိန်း၊ ညီမဖြစ်သူ ဒေါ်သန်းစိန် မိသားစုတို့က ကျောင်းတစ်ကျောင်း --

အားလုံး ကျောင်းသုံးကျောင်းတို့ကို ဖားအောက်တောရ စိတ္တလတောင်ကျောင်း၌ သံဃာတော်အား ဆက်ကပ်လှူဒါန်း ပူဇော်ကြပေသည်။ ဆွမ်း, သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့ကိုလည်း ဆက်ကပ်လှူဒါန်း ပူဇော်ကြပေသည်။ သာသနာတော်ကို ချီးမြှောက်ထောက်ပံ့သည့် အလှူဒါနပွဲပင် ဖြစ်ပေသည်။

ထိုအလှူဒါနပွဲ၌ ဝမ်းမြောက်ဖွယ် အနုမောဒနာတရားတစ်ပုဒ်ကို ဟောကြားပေးခဲ့၏။ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော ကိံဒဒသုတ္တန် (သံ၊၁၊၂၉။)ကို အခြေတည်ကာ အရပ်ရပ်သော ပါဠိတော် အဋ္ဌကထာ ဋီကာ စကားရပ်တို့ကို လိုရာလိုရာ၌ သွတ်သွင်းလျက် ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။ ထိုတရားတော်ကို နာယူခဲ့ရသော ကျောင်းဒါယကာကြီး ဦးလှထွန်းက ထိုတရားတော်ကို ကျမ်းစာအဖြစ် ရိုက်နှိပ်ကာ လှူဒါန်းပူဇော်လိုပါကြောင်းကို တင်ပြလျှောက်ထားလာသဖြင့် လိုတိုး ပိုလျော့စနစ်ကို အသုံးပြုကာ တရားဟော စီဒီခွေမှ ကျမ်းစာအသွင်သို့ ပြုပြင် ပြောင်းလဲပေးလိုက်ပါသည်။

ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး အရှည်ခိုင်ခံ့ တည်တံ့အောင် အားပေး ထောက်ပံ့ ချီးမြှောက်နိုင်ပါစေသောဝ်ဟု မေတ္တာဖြင့် ပတ္ထနာပြုလျက် --

ဖားအောက်တောရဆရာတော်

အဘယ်ကို ပေးလှူရမှာလဲ?

(ကိံဒဒသုတ္တန် တရားဒေသနာတော်)

၁၃၆၇-ခုနှစ်၊ တပို့တွဲလဆန်း (၁)ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၆-ခုနှစ်၊ ဇန္နဝါရီလ (၂၉)ရက်၊ တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့မှ ကွယ်လွန်သွားသော ဒါယိကာမကြီးဒေါ်ရှုခင်အား ရည်စူးပြီးတော့ ဒါယကာကြီး ဦးကျင်ဟုတ် မိသားစုတို့က ကျောင်းတစ်ကျောင်းနှင့်တကွ ဆွမ်း, သင်္ကန်းစသည့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်း ပူဇော်ကြပါတယ်။ အလားတူပင် မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်၊ အောက်လမ်းမကြီး၊ အမှတ် (၅၄၁)မှာ နေထိုင် ကြတဲ့ ဒါယကာကြီး ဦးလှထွန်း+ဒေါ်တင်လှ မိသားစုတို့ကလည်း ကျောင်း တစ်ကျောင်းနှင့် ဆွမ်း, သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထု ပရိက္ခရာ အစုစု တို့ကို သံဃာတော်အား ရည်စူးပြီး ဆက်ကပ်လှူဒါန်း ပူဇော်ကြပါတယ်။ အလားတူပဲ ကွယ်လွန်သွားသော မိဘများအား ရည်စူးပြီးတော့ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ (၂၂)လမ်း၊ အမှတ် (၃၈၄)မှာ နေထိုင်ကြတဲ့ ဒါယကာကြီး ဦးစိုးထွန်း+ဒေါ်ယဉ်သိန်း, ညီမ ဒေါ်သန်းစိန် မိသားစုတို့ကလည်း ကျောင်း တစ်ကျောင်းနှင့်တကွ ဆွမ်း, သင်္ကန်း, ကျောင်း အစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစု တို့ကို ဆက်ကပ်လှူဒါန်း ပူဇော်ကြပါတယ်။ ထိုအလှူဒါနပွဲအတွက် ဘုန်းကြီး ဘက်က ဝမ်းမြောက်ဖွယ် အနုမောဒနာတရားစကားတစ်ပုဒ် ဟောကြားပေးဖို့ တာဝန် ဆိုက်ရောက်လာပါတယ်။

ဘုန်းကြီးဟောဖို့ ရည်ရွယ်ထားတာကတော့ သဂါထာဝဂ္ဂသံယုတ် ပါဠိတော်မှာ လာရှိတဲ့ ကိံဒဒသုတ္တန် ဒေသနာတော်တစ်ခု ဖြစ်ပါတယ်။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်မှာ သီတင်းသုံး စံနေတော်မူခိုက် ညဉ့်သန်းခေါင်ယာမ် အချိန်အခါမှာ အပေါင်းအဖော်တွေနှင့်တကွ နတ်သားတစ်ဦးက မြတ်စွာဘုရားထံ ချဉ်းကပ် ပြီးတော့ သူသိလိုတဲ့ မေးခွန်းကလေးတွေကို မေးမြန်း လျှောက်ထားပါတယ်။ သူက ဘယ်လိုမေးခွန်းကလေးတွေကို ဘုရားရှင်အား မေးမြန်း လျှောက်ထားသလဲ? နာကြည့်ကြရအောင် --

ကိံဒဒေါ ဗလဒေါ ဟောတိ၊ ကိံဒဒေါ ဟောတိ ဝဏ္ဏဒေါ။

ကိံဒဒေါ သုခဒေါ ဟောတိ၊ ကိံဒဒေါ ဟောတိ စက္ခုဒေါ။

ကော စ သဗ္ဗဒဒေါ ဟောတိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။ (သံ၊၁၊၂၉။)

ကိံဒဒေါ = အဘယ်ကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဗလဒေါ = ခွန်အားကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါသနည်း။ ကိံဒဒေါ = အဘယ်ကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဝဏ္ဏဒေါ = အဆင်းကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါသနည်း။ ကိံဒဒေါ = အဘယ်ကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ သုခဒေါ = ချမ်းသာသုခကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါသနည်း။ ကိံဒဒေါ = အဘယ်ကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ စက္ခုဒေါ = မျက်စိကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါသနည်း။ ကော စ = အဘယ်ကဲ့သို့သော အလှူဒါနကို ပေးလှူလေ့ရှိသော ပုဂ္ဂိုလ်သည်ကား။ သဗ္ဗဒဒေါ = အလုံးစုံကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါသနည်း။ ပုစ္ဆိတော = မေးမြန်း လျှောက်ထားအပ်သည်ဖြစ်သော ရှင်တော်မြတ်ဘုရားသည်။ တံ = ထိုမေးခွန်း၏ အဖြေကို။ မေ = ဘုရားတပည့်တော်အား။ အက္ခာဟိ = ဖြေကြားတော်မူပါ။

နတ်သား မေးမြန်းလျှောက်ထားတဲ့ မေးခွန်းကလေးတွေက (၅)ခု ရှိပါတယ်။ ဘာပြောလိုသလဲ?

နံပါတ် (၁)က အဘယ်အရာဝတ္ထုကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည် ခွန်အားကို ပေးလှူနေတဲ့ပုဂ္ဂိုလ် မည်ပါသလဲ?

နံပါတ် (၂)က အဘယ်အရာဝတ္ထုကို ပေးလှူနေတဲ့ ပုဂ္ဂိုလ်သည် ရုပ်အဆင်းကို ပေးလှူနေတဲ့ပုဂ္ဂိုလ် မည်ပါသလဲ?

နံပါတ် (၃)က အဘယ်အရာဝတ္ထုကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည် ချမ်းသာ သုခကို ပေးလှူနေတဲ့ပုဂ္ဂိုလ် မည်ပါသလဲ?

နံပါတ် (၄)က အဘယ်အရာဝတ္ထုကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည် မျက်စိကို ပေးလှူနေတဲ့ပုဂ္ဂိုလ် မည်ပါသလဲ?

နံပါတ် (၅)က အဘယ်အရာဝတ္ထုမျိုးကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည် အကုန်လုံးကို ပေးလှူနေတဲ့ပုဂ္ဂိုလ် မည်ပါသလဲဆိုပြီးတော့ ဒီမေးခွန်း (၅)ခုကို လာရောက်ပြီး မေးမြန်းလျှောက်ထားပါတယ်။

ဒီလို မေးမြန်း လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ ဘုရားရှင်က သူ့ မေးခွန်းနဲ့ လျော်ညီစွာ အဖြေပေးတော်မူပါတယ်။

အန္နဒေါ ဗလဒေါ ဟောတိ၊ ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ။ ယာနဒေါ သုခဒေါ ဟောတိ၊ ဒီပဒေါ ဟောတိ စက္ခုဒေါ။

သော စ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။

အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ။ (သံ၊၁၊၂၉။)

အန္နဒေါ = ဆွမ်းကို လှူဒါန်းတဲ့ပုဂ္ဂိုလ်သည်ကား။ ဗလဒေါ = ခွန်အားကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါ၏။ ဝတ္ထဒေါ = အဝတ်သင်္ကန်းကို လှူဒါန်းတဲ့ပုဂ္ဂိုလ်သည်ကား။ ဝဏ္ဏဒေါ = ရုပ်အဆင်းကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါ၏။ ယာနဒေါ = ယာဉ်အမျိုးမျိုးကို ပေးလှူတဲ့ပုဂ္ဂိုလ် သည်ကား။ သုခဒေါ = ချမ်းသာသုခကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါ၏။ ဒီပဒေါ = ဆီမီးကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်ကား။ စက္ခုဒေါ = မျက်စိကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါ၏။ ယော = အကြင် အလှူရှင်သည်ကား။ ဥပဿယံ = ကျောင်းသင်္ခမ်းကို။ ဒဒါတိ = ပေးလှူ၏။ သော စ = ထိုကျောင်းသင်္ခမ်းကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်ကား။ သဗ္ဗဒဒေါ = အကုန်လုံးကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။ ယော စ = အကြင်ပုဂ္ဂိုလ်သည်ကား။ ဓမ္မံ = ပရိယတ္တိဓမ္မ, ပဋိပတ္တိဓမ္မ, ပဋိဝေဓဓမ္မကို။ အနုသာသတိ = အဖန်ဖန် အထပ်ထပ် ဆိုဆုံးမ၍ နေပေ၏။ သော စ = ထိုကဲ့သို့ ပရိယတ္တိဓမ္မ, ပဋိပတ္တိဓမ္မ, ပဋိဝေဓဓမ္မကို အဖန်ဖန် အထပ်ထပ် ဆိုဆုံးမ၍နေသော ပုဂ္ဂိုလ်သည်ကား။ အမတံ ဒဒေါ = မသေရာ အမြိုက် နိဗ္ဗာန်ကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

မြတ်စွာဘုရားကလည်း သူမေးမြန်းလျှောက်ထားတဲ့ မေးခွန်းနဲ့ လျော်ညီစွာ ပြန်ပြီးတော့ အဖြေပေးတော်မူပါတယ်။ မြတ်စွာဘုရားက ဘယ်လို အဖြေပေးတော်မူသလဲ?

ခွန်အားကို ပေးလှူသူ

၁။ အန္နဒေါ ဗလဒေါ ဟောတိ။ (သံ၊၁၊၂၉။)

အန္နဒေါ = ဆွမ်းကို လှူဒါန်းပူဇော်နေတဲ့ပုဂ္ဂိုလ်သည်ကား။ ဗလဒေါ = ခွန်အားကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

နံပါတ် (၁)ကတော့ ဆွမ်းကို လှူဒါန်းပူဇော်နေတဲ့ပုဂ္ဂိုလ်သည် ခွန်အားကို ပေးလှူနေတဲ့ပုဂ္ဂိုလ် မည်ပါတယ်။ အလွန် အားကောင်းမောင်းသန်နေတဲ့ ယောက်ျားပဲ ဖြစ်ချင်ဖြစ်ပါစေ၊ အာဟာရတွေကို မစားသုံးရတော့ဘူးဆိုလျှင် ခွန်အားတွေက ဆုတ်ယုတ် ပျက်စီးသွားပါတယ်။ အားနွဲ့နေတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ၊ အကယ်၍များ ဆွမ်းကလေးကို မှီဝဲ စားသုံးနိုင်ခဲ့မယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ဟာ ထလည်း ထနိုင်တယ်, သွားလည်း သွားနိုင်မယ်။ အားမရှိတဲ့ ပုဂ္ဂိုလ်က ခွန်အားတွေနဲ့ ပြည့်စုံလာတတ်ပါတယ်။ ဒါကြောင့် ဆွမ်းကို ပေးလှူ နေတဲ့ပုဂ္ဂိုလ်သည် ခွန်အားကို ပေးလှူတာနဲ့ တူတယ်ဆိုပြီးတော့ ဒီလို ဘုရားရှင်က ပြန်ပြီးတော့ အဖြေပေးတော်မူပါတယ်။

ဆွမ်းကို ပေးလှူနေတဲ့ အလှူရှင်ဟာ ခွန်အားကို ပေးလှူနေတဲ့အတွက် ဘာအကျိုးတရားများကို ရရှိနိုင်မလဲလို့တော့ မေးစရာရှိပါတယ်။ အလှူရှင် တွေအဖို့ နောင်သံသရာခရီးဆိုတာ ထင်ရှားရှိနေမယ်ဆိုလျှင် ယခု ဆွမ်းလှူဒါန်းလိုက်တဲ့ ကုသိုလ်ကံတွေကလည်း အကျိုးပေးဖို့ရန် အခါအခွင့် သင့်လာ ပြီဆိုလျှင် နောင်အနာဂတ်ဘဝမှာ မိမိရဲ့ ခန္ဓာအိမ်မှာ ခွန်အားတွေ ပြည့်ဝ လာအောင် ဒီဆွမ်းလှူဒါန်းလိုက်တဲ့ ကုသိုလ်ကံက ရွက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါတွင်မကသေးဘူး၊ မိမိ ရရှိထားပြီးတဲ့ ခွန်အားဗလတွေ ပျက်စီး မသွားအောင်လည်း ဒီဆွမ်းလှူဒါန်းလိုက်တဲ့ ကုသိုလ်ကံတွေက စောင့်ရှောက် ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် ဘောဇနသုတ္တန်မှာ ဆွမ်းအလှူနှင့် ပတ်သက်လို့ အကျိုးတရား ငါးပါး ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောကြားထားတော်မူသလဲ?

ဘောဇနံ ဘိက္ခဝေ ဒဒမာနော ဒါယကော ပဋိဂ္ဂါဟကာနံ ပဉ္စ ဌာနာနိ ဒေတိ။ ကတမာနိ ပဉ္စ?

(က) အာယုံ ဒေတိ၊

(ခ) ဝဏ္ဏံ ဒေတိ၊

(ဂ) သုခံ ဒေတိ၊

(ဃ) ဗလံ ဒေတိ၊

(င) ပဋိဘာနံ ဒေတိ။ (အံ၊၂၊၃၅။)

ဘိက္ခဝေ = ရဟန်းတို့။ ဘောဇနံ = ဆွမ်းဘောဇဉ်ကို။ ဒဒမာနော ဒါယကော = ပေးလှူတဲ့ အလှူရှင်သည်။ ပဋိဂ္ဂါဟကာနံ = အလှူခံပုဂ္ဂိုလ်တို့အား။ ပဉ္စ ဌာနာနိ = ငါးမျိုးသော အရာဌာနတို့ကို။ ဒေတိ = ပေးလှူသည်မည်၏။ ကတမာနိ ပဉ္စ = အဘယ်ငါးမျိုးတို့နည်းဟူမူကား ---

(က) အာယုံ = အသက်ကို။ ဒေတိ = ပေးလှူသည်မည်၏။

(ခ) ဝဏ္ဏံ = ရုပ်အဆင်းကို။ ဒေတိ = ပေးလှူသည်မည်၏။

(ဂ) သုခံ = ချမ်းသာသုခကို။ ဒေတိ = ပေးလှူသည်မည်၏။

(ဃ) ဗလံ = ခွန်အားကို။ ဒေတိ = ပေးလှူသည်မည်၏။

(င) ပဋိဘာနံ = ဉာဏ်ပညာကို။ ဒေတိ = ပေးလှူသည်မည်၏။

ဆွမ်းကို ပေးလှူနေတဲ့ အလှူရှင်ဟာ အလှူခံပုဂ္ဂိုလ်တို့အား ---

(က) အသက်ကို ရှည်အောင် အာယုခေါ်တဲ့ အလှူဒါနကို ပေးလှူသည်မည်တယ်။

(ခ) ရုပ်အဆင်းကို ပေးလှူသည်မည်တယ်။

(ဂ) ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်းဆိုတဲ့ ချမ်းသာသုခကို ပေးလှူသည်မည်တယ်။

(ဃ) ခွန်အားကို ပေးလှူသည်မည်တယ်။

(င) ဉာဏ်ပညာတွေ ထက်မြက်အောင် ဉာဏ်ပညာကို ပေးလှူသည် မည်တယ်။

အလှူခံပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ဒီအကျိုးတရား ငါးမျိုးကို ရရှိအောင် ဆွမ်းအလှူရှင်က ပေးလှူတာဖြစ်တဲ့အတွက် အလှူရှင်မှာ ဘာအကျိုး တရားတွေကို ရရှိနိုင်သလဲ? အလှူရှင် ရရှိနိုင်တဲ့ အကျိုးတရား ငါးမျိုးကိုလည်း ဘုရားရှင်က ဆက်လက်ကာ ဟောကြားတော်မူပါတယ်။

အသက်ရှည်ခြင်း

(က) အာယုံ ခေါ ပန ဒတွာ အာယုဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ၊ (အံ၊၂၊၃၅။)

အာယုံ = အသက်ကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ဒိဗ္ဗဿ ဝါ = နတ်၌မူလည်းဖြစ်သော။ မာနုသဿ ဝါ = လူ၌မူလည်းဖြစ်သော။ အာယုဿ ဘာဂီ = အသက်ရှည်မှုကို ရခြင်း၏ အဖို့ဘာဂရှိသည်။ ဟောတိ = ဖြစ်၏။

သတ္တဝါတွေဟာ အာဟာရအပေါ်မှာ မှီတင်းပြီး နေထိုင်ကြရပါတယ်၊၊ ထမင်းအသက် ခုနစ်ရက် (ဝိသုဒ္ဓိ၊၂၊၂၅၁။)ဆိုတဲ့အတိုင်းပဲ ထမင်းအာဟာရ ဆွမ်းအာဟာရကို မမှီဝဲ မစားသုံးရဘူးဆိုလျှင် အသက်ရှည်ဖို့ရန် အလွန် ခက်ခဲပါတယ်။ အစာအာဟာရကို စားသုံးရပါမှသာလျှင် အသက်ရှည်နိုင် ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆွမ်းအာဟာရကို ပေးလှူခြင်းသည် အလှူခံ ပုဂ္ဂိုလ်တွေ အသက်ရှည်သွားအောင် အသက်ကို ပေးလှူနေသည်လည်း မည်ပါတယ်။ ဒီလို အလှူခံပုဂ္ဂိုလ်တို့အား အသက်ရှည်အောင် အသက်ကို ပေးလှူနေသည့်အတွက် အလှူရှင်အဖို့ သံသရာခရီးဆိုတာ ထင်ရှားရှိနေဦး မယ်ဆိုလျှင်တော့ နတ်ပဲဖြစ်ဖြစ်, လူပဲဖြစ်ဖြစ် ဘယ်ဘဝမှာမဆို ဒီဆွမ်း လှူဒါန်းလိုက်တဲ့ ကုသိုလ်ကံတွေက အကျိုးပေးတဲ့ဘဝမှာ အသက်ရှည်မှုဆိုတဲ့ အကျိုးတရားကို ရရှိမှာ ဖြစ်ပါတယ်။ သို့သော် အသက်ရှည်ရုံတွင်လား ဆိုတော့ မကသေးပါဘူး။

အဆင်းလှခြင်း

(ခ) ဝဏ္ဏံ ဒတွာ ဝဏ္ဏဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ၊ (အံ၊၂၊၃၅။)

အာဟာရကို မှီဝဲလိုက်ရတဲ့အခါ ဒီအာဟာရကို ပြည့်ပြည့်ဝဝ ပုံမှန် စားသုံးနိုင်လာပြီဆိုလျှင် အဲဒီပုဂ္ဂိုလ်ရဲ့ အသားအရေတွေဟာ စိုပြည်လာတယ်၊ ပြည့်ဖြိုးလာတယ်။ ရုပ်အဆင်းတွေဟာလည်း ကြည့်ရှုချင်စဖွယ် တင့်တယ်လာတယ်။ ဒါကြောင့် အစာအာဟာရကို ပေးလှူခြင်းဟာ အလှူခံ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရုပ်အဆင်းတွေ တင့်တယ်သွားအောင် ရုပ်အဆင်းကို ပေးလှူနေသည်လည်း မည်တယ်။ ဒီလို ရုပ်အဆင်းကို ပေးလှူလိုက်တဲ့ အတွက် အလှူရှင်အဖို့ ဒီကုသိုလ်ကံတွေက အကျိုးပေးတဲ့ ဘဝတိုင်းမှာ လူပဲ ဖြစ်ဖြစ်, နတ်ပဲဖြစ်ဖြစ် ရုပ်အဆင်းရဲ့ လှပတင့်တယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ပါတယ်။ နောက်အကျိုးတစ်ခုကတော့ ဘာလဲ?

ချမ်းသာကြီးခြင်း

(ဂ) သုခံ ဒတွာ သုခဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ၊ (အံ၊၂၊၃၅-၃၆။)

အစာအာဟာရတွေကို အထူးသဖြင့် မွန်မြတ်တဲ့ ခဲဖွယ်ဘောဇဉ်တွေကို မှီဝဲလိုက်ရတဲ့ အလှူခံပုဂ္ဂိုလ်တွေဟာ အာဟာရတွေရဲ့ အားပေးထောက်ပံ့မှု ကြောင့် ခန္ဓာကိုယ်ဟာ ကြံ့ခိုင်လာတယ်။ ကိုယ်ရဲ့ချမ်းသာခြင်းဆိုတဲ့ ကာယိက သုခ အဝဝတွေနှင့် ပြည့်စုံလာတယ်။ ခန္ဓာကိုယ်က တရားဘာဝနာတွေကို ပွားများအားထုတ်ဖို့အတွက် ကြံ့ခိုင်လာတဲ့အခါ သမထ-ဝိပဿနာဘာဝနာ တွေကို အားထုတ်ဖို့ရန်အတွက် အခန့်သင့် ဖြစ်လာတဲ့အတွက် စိတ်ချမ်းသာမှု တွေလည်း ရှိလာပြန်တယ်။ ဒီလို ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခတွေ ဖြစ်နေတုန်းမှာ တရားဘာဝနာတွေကို ပွားများလိုက်လျှင် သမထပိုင်းမှာလည်း အောင်မြင်မှုတွေ ရရှိနိုင်တဲ့အတွက် သမထပိုင်းဆိုင်ရာ စိတ်ချမ်းသာမှုတွေက ပိုပြီး အားကောင်းလာတတ်ပါတယ်။

အကယ်၍ ဝိပဿနာဘာဝနာတွေကိုလည်း ဆက်လက်ပြီး ပွားများ နိုင်လို့ အောင်မြင်မှုတွေကို အဆင့်ဆင့် ရရှိခဲ့မယ်ဆိုလျှင် ဝိပဿနာပိုင်းဆိုင်ရာ ချမ်းသာသုခ အဝဝတွေကိုလည်း ခံစားရမှာ ဖြစ်တယ်။ ဒီထက် တစ်ဆင့် တက်ပြီးတော့ မဂ်ချမ်းသာ, ဖိုလ်ချမ်းသာအထိ ဆိုက်ရောက်နိုင်မယ်ဆိုလျှင် အသာဆုံး အမြတ်ဆုံး ချမ်းသာသုခလို့ ခေါ်ဆိုအပ်တဲ့ မသေရာအမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးရဲ့ အငြိမ်းဓာတ်အရသာ ချမ်းသာသုခအစစ်ကြီးကို ခံစားကြရမှာ ဖြစ်တယ်။ တရားဘာဝနာတွေကို တကယ်လက်တွေ့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နေတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုတို့ရဲ့ သန္တာန်မှာ အလှူရှင်ဖြစ်တဲ့ မိမိက လှူဒါန်းပူဇော်လိုက်တဲ့ ဆွမ်းအာဟာရကို အမှီပြု ပြီးတော့ ချမ်းသာသုခ အဝဝတွေကို ယခုလို ရရှိကြတယ်ဆိုလျှင် ဆွမ်း အာဟာရကို လှူဒါန်းပူဇော်ခြင်းဟာလည်း ချမ်းသာသုခကို လှူဒါန်းပူဇော်တာနဲ့ တူပါတယ်။

ဒီလို ချမ်းသာသုခကို ပေးလှူတဲ့အတွက် အလှူရှင်ဖြစ်တဲ့ သူတော်ကောင်းအတွက် သံသရာခရီးဆိုတာ ထင်ရှားရှိနေဦးမယ်ဆိုလျှင် ထိုဆွမ်း အာဟာရတွေကို လှူဒါန်းပူဇော်နေတဲ့ ကောင်းမှုကုသိုလ်ကံက အကျိုးပေးမည့် ဘုံဘဝတွေမှာ နတ်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ်၏ချမ်းသာခြင်း စိတ်၏ ချမ်းသာခြင်းဆိုတဲ့ အကျိုးတရားတွေကို ရရှိမှာ ဖြစ်ပါတယ်။ အလှူခံပုဂ္ဂိုလ် တွေကို ချမ်းသာစေလိုတဲ့ စိတ်ဓာတ်ဖြင့် ကံတွေကို ထူထောင်မိတဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘုံဘဝတွေမှာ ချမ်းသာသုခတွေက အလှူရှင်ဖြစ်တဲ့ မိမိထံသို့ ဆိုက်ရောက်လာခြင်း ဖြစ်တယ်။ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆိုသလို မိမိ ထူထောင်ခဲ့တဲ့ကံက အခန့်သင့်ဖြစ်အောင် ရွက်ဆောင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဘာလဲ?

ခွန်အားကြီးခြင်း

(ဃ) ဗလံ ဒတွာ ဗလဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ၊ (အံ၊၂၊၃၆။)

ဗလံ = ခွန်အားကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ဒိဗ္ဗဿ ဝါ = နတ်၌မူလည်းဖြစ်သော။ မာနုသဿ ဝါ = လူ၌မူလည်းဖြစ်သော။ ဗလဿ = ခွန်အား ဗလကို။ ဘာဂီ = ရရှိဖို့ရန် အဖို့ဘာဂရှိသည်။ ဟောတိ = ဖြစ်၏။

အလှူရှင်တစ်ဦးက မွန်မြတ်သော ဆွမ်းအာဟာရတွေကို အလှူခံ ပုဂ္ဂိုလ်တို့အား ပေးလှူလိုက်တဲ့အခါ မျှတတဲ့အာဟာရတွေကို ဘုဉ်းပေးသုံးဆောင်ရတဲ့ အလှူခံပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ခွန်အားဗလတွေက တိုးပွား လာကြပါတယ်။

ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ (ဝိသုဒ္ဓိ၊၂၊ ၂၅၁။)

တစ်နေ့တာ စားလိုက်တဲ့ အာဟာရတွေက စားသုံးတဲ့ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ခုနစ်ရက်ပတ်လုံးသော်လည်း အာဟာရဇရုပ်တွေကို အဆက် မပြတ် ဆက်တိုက် ဖြစ်စေခြင်းဖြင့် ခန္ဓာကိုယ်ကြီးကို တောင့်တင်းခိုင်မာသွားအောင် ခွန်အားတွေ ပြည့်ဝလာအောင် အားပေးထောက်ပံ့လျက် ရှိပါတယ်လို့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ အာဟာရဇရုပ်တွေက ခုနစ်ရက်တိုင်တိုင် အဆက်မပြတ် အားပေးထောက်ပံ့ထားတဲ့အတွက် ဒီခန္ဓာကိုယ် ကြီးထဲမှာ ရှိရင်းစွဲဖြစ်နေတဲ့ ကမ္မဇရုပ်ကလာပ်တွေမှာပါဝင်နေတဲ့ကမ္မဇဩဇာ, စိတ္တဇရုပ်ကလာပ်တွေမှာ ပါဝင်နေတဲ့ စိတ္တဇဩဇာ, ဥတုဇရုပ်ကလာပ်တွေမှာ ပါဝင်နေတဲ့ ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇရုပ်ကလာပ်တွေမှာ ပါဝင် နေတဲ့ အာဟာရဇဩဇာ ဒီဩဇာအသီးသီးကလည်း ကမ္မဇဝမ်းမီးရဲ့ အကူ အညီနှင့် အာဟာရဇရုပ်ကလာပ် အသစ်အသစ်တွေကို ထပ်မံပြီး ဖြစ်စေ ကြပြန်တယ်။ ဒီလို ရုပ်ကလာပ်တွေက များစွာ တိုးပွားလာမှုကြောင့် အာဟာရ ကို မှီဝဲသုံးဆောင်ကြတဲ့ အလှူခံပုဂ္ဂိုလ်တို့ရဲ့ သန္တာန်မှာ ခွန်အားတွေက ပြည့်ဖြိုးလာကြတယ်။ ဒါကြောင့် ဆွမ်းအာဟာရတွေကို ပေးလှူခြင်းဟာ ခွန်အားကို ပေးလှူခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ခွန်အားကို ပေးလှူတဲ့အတွက် ခွန်အားကို ပေးလှူလိုက်တဲ့ အလှူရှင်တို့ရဲ့ သန္တာန်မှာ နောင်အနာဂတ် သံသရာခရီးဆိုတာ ထင်ရှားရှိနေမယ် ဆိုလျှင် ဒီလို ခွန်အားတွေကို ပေးလှူနေတဲ့ အလှူရှင်တို့ရဲ့ ကုသိုလ်ကံတွေက လူဖြစ်ချင်လည်း ဖြစ်ပါစေ, နတ်ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဘယ်ဘဝမှာမဆို ခွန်အားကြီးမားခြင်းဆိုတဲ့ အကျိုးတရားကို ဖြစ်စေမှာ ဖြစ်ပါတယ်။ နောက်အကျိုးတစ်ခုကတော့ ဘာလဲ?

---

ပဋိဘာန်ဉာဏ်ပညာကြီးခြင်း

(င) ပဋိဘာနံ ဒတွာ ပဋိဘာနဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ။ (အံ၊၂၊၃၆။)

ပဋိဘာနံ = ပညာဉာဏ်ပဋိဘာန်ကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ဒိဗ္ဗဿ ဝါ = နတ်၌မူလည်းဖြစ်သော။ မာနုသဿ ဝါ = လူ၌မူလည်းဖြစ်သော။ ပဋိဘာနဿ = ဉာဏ်ပညာပဋိဘာန်ကို။ ဘာဂီ = ရခြင်းအဖို့ဘာဂရှိသည်။ ဟောတိ = ဖြစ်၏။

ဉာဏ်ပညာပဋိဘာန်ဆိုတာက ဘယ်လိုဉာဏ်ပညာမျိုးလဲလို့တော့ မေးစရာ ရှိပါတယ်။ ဒီအချက်နှင့် ပတ်သက်ပြီးတော့ သံယုတ်ဋီကာကတော့ ဒီလို ရှင်းလင်းထားပါတယ် ---

ဝိဝိဓာကာရံ ကတွာ ဓမ္မံ ကထေတုံ ပဋိဘာတီတိ ပဋိဘာနံ၊ ဒေသနာပကာရဉာဏံ။ (သံ၊ဋီ၊၁၊၂၈၉။)

ယခုကာလ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တွေလိုပဲ ဘုရားရှင်ရဲ့ တရားတော်တွေကို နည်းအမျိုးမျိုးနှင့် တန်ဆာဆင်ပြီးတော့ တရားနာ ပရိသတ်တွေ နားလည်သဘောပေါက်အောင် ဟောကြားနိုင်တဲ့ ဉာဏ်ပညာ ကိုပဲ ပဋိဘာနဉာဏ်လို့ ခေါ်ဆိုပါတယ်။

အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ရဟန်းတော်တစ်ပါးက မွန်မြတ်တဲ့ ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကို မျှမျှတတ မှီဝဲစားသုံးလိုက်ရတဲ့အခါ ခွန်အားဗလတွေက ခန္ဓာကိုယ်ထဲမှာ တိုးပွားလာပါတယ်။ ထိုအချိန်အခါမှာ ထိုအလှူခံပုဂ္ဂိုလ်က စာပေပရိယတ္တိတွေကို လေ့လာဆည်းပူးမယ်ဆိုလျှင်လည်း ဉာဏ်ပညာ ထက်ထက်မြက်မြက်နှင့် လေ့လာဆည်းပူးနိုင်တယ်။ ဒီလိုဆည်းပူးနိုင်တဲ့ သူရဲ့ သန္တာန်မှာ ပရိယတ္တိဉာဏ်ပညာတွေလည်း တိုးပွားလာပြန်တယ်။

တစ်ဖန် ဒီအလှူခံပုဂ္ဂိုလ်က ယခုလို အားအင်တွေ ပြည့်နေတုန်းမှာ သမထ-ဝိပဿနာဘာဝနာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်မယ်ဆိုလျှင်လည်း အားအင်ပြည့်ပြည့်ဝဝနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းနိုင်တဲ့အတွက် တစ်နေ့ထက်တစ်နေ့ သမာဓိတွေ ဉာဏ်တွေက ရင့်သထက်ရင့်လာတဲ့အခါ ပဋိပတ္တိဉာဏ်ပညာတွေကလည်း ဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ တိုးတက်လာပြန်တယ်။

အချို့အချို့သော ယောဂီသူတော်ကောင်းတွေက ပြောကြတယ် -- မွန်မြတ်တဲ့ ဘောဇဉ်ကလေးတွေကို မျှမျှတတ မှီဝဲ စားသုံးလိုက်ရတဲ့နေ့မှာ တရားထိုင်လို့ သိပ်ကောင်းတာပဲလို့ ပြောကြတယ်။ တရားထိုင်လို့ သိပ်ကောင်းတယ်ဆိုတာက သမာဓိတွေ တိုးတက်လာတယ်၊ ဉာဏ်ပညာတွေ တိုးတက်လာတယ်လို့ ဆိုလိုတာဖြစ်တယ်။ ပဋိပတ္တိဉာဏ်ပညာတွေ တိုးပွား လာခြင်း ဖြစ်ပါတယ်။

အကယ်၍ ထိုသူတော်ကောင်းက အတိတ်ကလည်း ပြုစုပျိုးထောင်ခဲ့တဲ့ ပါရမီလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်တွေကလည်း ရင့်ကျက်ခဲ့မယ်ဆိုလျှင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်စတဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြု နိုင်မှာ ဖြစ်ပါတယ်။

ယခုလို မသေရာ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီဆိုလျှင် ထို သူတော်ကောင်းရဲ့ သန္တာန်မှာ ပဋိဝေဓဉာဏ်ပညာတွေလည်း တိုးပွားလာပြီ ဖြစ်ပါတယ်။

ဒီလို ဆွမ်းအာဟာရကို အမှီပြုပြီးတော့ ပရိယတ္တိဉာဏ်ပညာ, ပဋိပတ္တိ ဉာဏ်ပညာ, ပဋိဝေဓဉာဏ်ပညာတွေ တိုးတက်လာပြီဆိုလျှင် ထိုကဲ့သို့သော အဆင့်အတန်း မြင့်မားသော ဉာဏ်ပညာရှိနေသူ သူတော်ကောင်းတစ်ဦးက ဘုရားရှင်ရဲ့ တရားတော်တွေကို နည်းအမျိုးမျိုးဖြင့် ဟောကြားပြသမယ် ဆိုလျှင် တရားနာပရိသတ်တွေကိုလည်း နားလည်အောင် ဟောပြနိုင်စွမ်း ရှိပါလိမ့်မယ်။ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ကြီးတို့ကဲ့သို့ (အဘိ၊ဋ္ဌ၊၁၊၄-၆။၃၂။) တရားဟောကောင်းတဲ့ ပဋိဘာန်ဉာဏ်ပညာ စွမ်းအား ကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကို သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေအား လှူဒါန်းပူဇော်ခြင်းသည် အလှူခံပုဂ္ဂိုလ်တို့ရဲ့ သန္တာန်မှာ ပဋိဘာန်ဉာဏ်ပညာတွေ ရင့်သန်လာအောင် လှူဒါန်းပူဇော်ခြင်းလည်း ဖြစ်ပါတယ်။

ဒီလိုပဋိဘာန်ဉာဏ်ပညာကို လှူဒါန်းပူဇော်တဲ့ အလှူရှင်တွေဟာလည်း သံသရာခရီးက မဆုံးကြသေးလို့ နောင်အနာဂတ် သံသရာခရီးဆိုတာ ထင်ရှားရှိနေဦးမယ်ဆိုလျှင် ခုလို မိမိ ပြုစုပျိုးထောင်လိုက်တဲ့ ကုသိုလ်ကံတွေရဲ့ စွမ်းအားကြောင့် ထိုအနာဂတ် သံသရာခရီးက ထိုအလှူရှင်ကို စိတ္တသူကြွယ် ကျောင်းဒါယကာကြီးတို့ကဲ့သို့ တရားဟောကောင်းတဲ့ ပဋိဘာန်ဉာဏ်ပညာရှိ သူတစ်ဦးအဖြစ်နှင့် ဆီးကြိုနေမှာ ဖြစ်ပါတယ်။

---

ခွန်အားကြီးမားခြင်း

အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် ဘောဇနသုတ္တန် (အံ၊၂၊၃၅-၃၆၊၊)မှာ ဘုရားရှင်က ဆွမ်းအကျိုးငါးပါးကို ခုပြောခဲ့တဲ့အတိုင်း ဟောကြားထားတော် မူခဲ့ပါတယ်။ သို့သော် ခုဟောနေဆဲဖြစ်တဲ့ ကိံဒဒသုတ္တန်မှာတော့ ဘုရားရှင်က ထိုအကျိုးငါးပါးထဲက ဗလ = ခွန်အားကြီးမားခြင်းဆိုတဲ့ အကျိုးတရား တစ်ခုကိုပဲ ဦးစားပေးပြီးတော့ ဆွမ်းလှူခြင်းရဲ့ အကျိုးတရားအဖြစ်နှင့် ဟောကြားထားတော်မူပါတယ်။

အကြောင်းကတော့ ဒီအကျိုးတရားငါးပါးထဲမှာ ခွန်အားကြီးမားခြင်း ဆိုတဲ့ အကျိုးတရားကတော့ အနီးကပ်ဆုံး တိုက်ရိုက်သိမြင်နိုင်တဲ့ ပဓာန = ပြဓာန်းတဲ့ အကျိုးတရားတစ်ခု ဖြစ်နေပါတယ်။ ဒီလို ပြဓာန်းတဲ့ အကျိုးတရား တစ်ခုကို တိုက်ရိုက်ယူကာ ဟောကြားတော်မူလိုက်တဲ့အတွက် မပြဓာန်းတဲ့ ကျန်အကျိုးတရားတွေလည်း ထိုက်သလို အကျုံးဝင်သွားပါတယ်။

ဒီနေရာမှာ မွန်မြတ်တဲ့ ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကို အလှူခံပုဂ္ဂိုလ် တို့အား လှူဒါန်းပူဇော်ရတဲ့ ကောင်းမှုကုသိုလ်ကံက ခွန်အားကြီးမားမှုကို ဖြစ်စေမှုနှင့် ပတ်သက်လို့ ထင်ရှားတဲ့ သာဓကတစ်ခုကတော့ အရှင်အင်္ဂုလိမာလ အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသားပဲ ဖြစ်ပါတယ်။ ဒီအမျိုးကောင်းသားက နောက်ဆုံးဘဝဖြစ်တဲ့ အရှင်အင်္ဂုလိမာလဘဝမှာသာ ခွန်အားကြီးမားတာ မဟုတ်ပါဘူး၊ ဟိုအတိတ်ဘဝ ပေါရိသာဒ ဖြစ်ခဲ့စဉ်က လည်းပဲ ခွန်အားဗလ အလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလို ခွန်အားကြီးမားရသလဲလို့ မေးစရာ ရှိပါတယ်။ မဟာသုတသောမဇာတ်အဋ္ဌကထာမှာ ဒီလို ဖော်ပြထားပါတယ်။

သော ဟိ ကဿပဒသဗလဿ ကာလေ ခီရသလာကဘတ္တံ ပဋ္ဌပေသိ၊ တေန မဟာထာမော အဟောသိ။ (ဇာတက၊ဋ္ဌ၊၅၊၅၁၅။)

သော = ထိုပေါရိသာဒသည်။ ကဿပဒသဗလဿ = ကိုယ်တော်အား ဆယ်ပါး, ဉာဏ်တော်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ကဿပဘုရားရှင်၏။ ကာလေ = လက်ထက်တော်အခါ၌။ ခီရသလာကဘတ္တံ = နွားနို့စာရေးတံ ဆွမ်းကို။ ပဋ္ဌပေသိ = ဝတ်တည်ထားခဲ့လေပြီ။ တေန = ထို ကောင်းမှုကုသိုလ် ကံကြောင့်။ မဟာထာမော = ကြီးမားသော စွမ်းအားရှိသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်း အချိန်အခါကာလမှာ ထို ပေါရိသာဒအလောင်းအလျာ (= အင်္ဂုလိမာလအလောင်းအလျာ)ဖြစ်တဲ့ အမျိုး ကောင်းသားဟာ နွားနို့စာရေးတံဆွမ်းဝတ်ကို သံဃာတော်အား တည်ထားခဲ့ဖူးတယ်။ နွားနို့စာရေးတံဆွမ်းဝတ်တည်ပြီးတော့ သံဃာတော်အား နွားနို့ဆွမ်းကို လှူဒါန်းပူဇော်ခဲ့ဖူးတယ်။ ဒီကောင်းမှုကုသိုလ်ကံရဲ့ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ပေါရိသာဒဘဝမှာရော, နောက်ဆုံးဘဝဖြစ်တဲ့ အင်္ဂုလိမာလဘဝမှာရော အလွန် ခွန်အားဗလစွမ်းအားနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦး လာဖြစ်ရတယ်။ ဒါတွင်မကသေးဘူး၊ သူက အခြားအလှူဒါနတွေကိုလည်း ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ရဟန်းသံဃာတော်အား လှူဒါန်းပူဇော်ခဲ့ဖူးပြန်တယ်။ ဘာတွေ လှူဒါန်းခဲ့သလဲ?

အဂ္ဂိသာလဉ္စ ကာရေတွာ ဘိက္ခုသံဃဿ သီတဝိနောဒနတ္ထံ အဂ္ဂိဉ္စ ဒါရူနိ စ ဒါရုစ္ဆေဒနဝါသိဉ္စ ဖရသုဉ္စ အဒါသိ၊ တေန တေဇဝါ အဟောသိ။ (ဇာတက၊ဋ္ဌ၊၅၊၅၁၅။)

အဂ္ဂိသာလဉ္စ = မီးတင်းကုပ်ကိုလည်း။ ကာရေတွာ = ဆောက်လုပ် စေ၍။ ဘိက္ခုသံဃဿ = ရဟန်းသံဃာတော်အား။ သီတဝိနောဒနတ္ထံ = အအေးကို (= အချမ်း)ကို ပယ်ဖျောက်ရန်အလို့ငှာ။ အဂ္ဂိဉ္စ = မီးကိုလည်းကောင်း။ ဒါရူနိ စ = ထင်းတို့ကိုလည်းကောင်း။ ဒါရုစ္ဆေဒနဝါသိဉ္စ = ထင်း ဖြတ်ရန် ပဲခွပ် (= ဓား)ကိုလည်းကောင်း။ ဖရသုဉ္စ = ပုဆိန်ကိုလည်းကောင်း။ အဒါသိ = ပေးလှူခဲ့ဖူးလေပြီ။ တေန = ထိုကောင်းမှုကုသိုလ်ကံကြောင့်။ တေဇဝါ = တန်ခိုးကြီးမားတဲ့ပုဂ္ဂိုလ်သည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

သူက မီးတင်းကုပ်တစ်ခုကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ဖူးတယ်။ ဦးတည်ချက်ကတော့ အလွန် အေးချမ်းတဲ့အခါ အအေးဓာတ်ကို ပယ်ဖျောက် နိုင်ဖို့ရန်ဆိုတဲ့ ဦးတည်ချက်နှင့် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒီမီးတင်းကုပ်ဆိုတာကလည်း အပူငွေ့ကို ရယူဖို့ဆိုတဲ့ ဦးတည်ချက်နှင့် ဆောက်လုပ် လှူဒါန်း ထားတဲ့ အနွေးခန်းတစ်ခုတော့ ဖြစ်ပါလိမ့်မယ်။ ဒီအနွေးခန်းထဲမှာ အသုံးပြုဖို့ရန် မီး, ထင်း, ထင်းဖြတ်ရန်ဓား, ပုဆိန်တို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။ ဒီ ကောင်းမှုကုသိုလ်ကံကြောင့် ဘုန်းတန်ခိုး အာနုဘော်ကြီးမားတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ရပြန်တယ်။ ပေါရိသာဒဆိုတဲ့အသံ, အင်္ဂုလိမာလဆိုတဲ့ အသံကို ကြားလိုက်ရုံမျှနှင့် ကြားရသူတွေဟာ ကြောက်ဒူးတွေ တုန်ကုန်ကြတယ်။

ဒါကြောင့် ဘုရားရှင်က အန္နဒေါ ဗလဒေါ ဟောတိ = ဆွမ်းကိုပေးလှူတဲ့ ပုဂ္ဂိုလ်ဟာ ခွန်အားကို ပေးလှူတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ကိံဒဒသုတ္တန်မှာ ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု နံပါတ် (၂)ကို မြတ်စွာဘုရားက ဘယ်လို ဖြေတော်မူသလဲ?

---

ရုပ်အဆင်းကို ပေးလှူသူ

၂။ ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ၊ (သံ၊၁၊၂၉။)

ဝတ္ထဒေါ = အဝတ်သင်္ကန်းကို လှူဒါန်းတဲ့ပုဂ္ဂိုလ်သည်ကား။ ဝဏ္ဏဒေါ = ရုပ်အဆင်းကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

အလွန် လှပတဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်ချင်ဖြစ်ပါစေ၊ ဒီပုဂ္ဂိုလ်မှာ အဝတ်အစား မရှိဘူးဆိုလျှင် ကြည့်ရတာ အင်မတန် အရုပ်ဆိုးသွားပါတယ်။ အရုပ်ဆိုးနေတဲ့ ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ချင်ဖြစ်ပါစေ၊ သင့်တင့်လျောက်ပတ်တဲ့ အဝတ်တန်ဆာ ကလေးတွေကို ဆင်မြန်း ဝတ်ဆင်လိုက်တဲ့အခါမှာ ထိုပုဂ္ဂိုလ်ဟာ ရှုချင်စဖွယ် ဖြစ်လာတယ်။ ဒါကြောင့် အဝတ်သင်္ကန်းတွေကို ပေးလှူနေခြင်းသည် ရုပ်အဆင်းကို လှပတင့်တယ်အောင် ပေးလှူနေသည်မည်တယ်ဆိုပြီးတော့ မြတ်စွာဘုရားက ပြန်အဖြေပေးတော်မူပါတယ်။

ဒီနေရာမှာ ထင်ရှားတဲ့ သာဓကတစ်ခုကတော့ ဥပ္ပလဝဏ်ထေရီမရဲ့ အလောင်းအလျာဖြစ်တဲ့ ဥမ္မာဒန္တီအမျိုးကောင်းသမီးတစ်ဦးရဲ့ အကြောင်း အရာပဲ ဖြစ်ပါတယ်။ ဥမ္မာဒန္တီအလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသမီး ကလေးဟာ တစ်ခုသော အတိတ်ဘဝမှာ အလွန် ဆင်းရဲသူတစ်ဦး ဖြစ်ခဲ့ဖူး ပါတယ်။ ဝတ်ပန်းပုဆိုးတစ်ထည် ရရှိဖို့ရန်အတွက် (၃)နှစ်ကျွန်ခံဖို့ရန် ခံဝန်ချက်ဖြင့် သူဌေးတစ်ဦးထံမှာ သွားရောက်ကာ ကျွန်ခံရပါတယ်။ သို့သော် ဒီအမျိုးကောင်းသမီးရဲ့ ဝတ္တရားကျေပြွန်မှုကြောင့် (၃)နှစ် မပြည့်မီမှာပဲ သူဌေးက ကျေနပ်သဖြင့် တစ်ခဲနက် ထူထပ်တဲ့ ဝတ်ပန်းပုဆိုးနှင့် အတူတကွ အဝတ်ပိုကိုပါ ဆောင်းပြီး ပေးလိုက်ပါတယ်။ မိတ်ဆွေအပေါင်းအဖော်တွေနှင့် အတူ မြစ်ဆိပ်တစ်နေရာမှာ ရေသွားချိုးကြတယ်။ ရေချိုးပြီးပါက အလွန် ဝတ်ချင်နေသည့် ဝတ်ပန်းပုဆိုးကို ဝတ်ရန်ဆိုတဲ့ ဦးတည်ချက်နှင့် ရေသွားချိုးခြင်း ဖြစ်ပါတယ်။

ထိုအချိန်အခါမှာ အဝတ်သင်္ကန်းပြတ်တောက်နေတဲ့ သစ်ခက်သစ်ရွက် တို့ကို ဝတ်ဆင်လာတဲ့ ကဿပဘုရားရှင်ရဲ့ တပည့်သာဝက ရဟန်းတော် တစ်ပါးကို တွေ့မြင်လိုက်ရတဲ့အခါ မိမိရရှိထားတဲ့ ဝတ်ပန်းပုဆိုးကို ထက်ဝက် ပိုင်းကာ လှူဒါန်းမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ရေထဲမှ တက်ကာ အဝတ်အစား လဲပြီး ဝတ်ပန်းပုဆိုးကို ထက်ဝက်ပိုင်းကာ လှူဒါန်းလိုက်ပါတယ်။

ရဟန်းတော်က သူလှူဒါန်းလိုက်တဲ့ အဝတ်ပုဆိုးကို သင့်တင့်တဲ့ တစ်နေရာသို့ သွားရောက်ကာ ဝတ်ဆင်ပြီး ကြွလာတော်မူပါတယ်။ ထိုရဟန်းတော်ကို ကြည့်ပြီး အလွန် ပီတိတွေ ဖြစ်သွားတယ်။ ရှေးယခင် အဝတ်မရှိစဉ်က ထိုရဟန်းတော်မှာ ကြည့်ရှုလို့ မတင့်တယ်သော်လည်း အဝတ်သင်္ကန်းကို ဆင်မြန်းပြီးတဲ့အခါ အလွန်တင့်တယ်သွားတာကို ကြည့်ပြီး အလွန်နှစ်သက် ဝမ်းမြောက်သွားတဲ့အတွက် ကျန်နေတဲ့ အဝတ်ပိုင်းကိုပါ ထပ်ဆင့်ပြီး လှူဒါန်း ပူဇော်လိုက်ပါတယ်။ ထိုရဟန်းတော်ကလည်း သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာကို သွားပြီးတော့ သစ်ခက်သစ်ရွက်အားလုံးကို စွန့်ပယ်ကာ အဝတ်ပိုင်း တစ်ခုကို သင်းပိုင်အဖြစ် ဝတ်ဆင်ကာ အဝတ်ပိုင်းတစ်ခုကို ကိုယ်ဝတ်သင်္ကန်း အဖြစ် ဝတ်ဆင်ကာ ထွက်ခွာလာခဲ့ပါတယ်။

ထိုအချိန်အခါမှာ ထိုရဟန်းတော်ရဲ့ သန္တာန်မှာ ဝတ်ပန်းပုဆိုးအဝတ်ရဲ့ အရောင်အဆင်းကြောင့် တက်သစ်စ နေလုလင်ကဲ့သို့ တစ်ကိုယ်လုံးမှာ အသားရောင်နှင့် သင်္ကန်းရောင်ဟာ တစ်ရောင်တည်း ဖြစ်သွားတယ်။ ထို အမျိုးသမီးက ထိုရဟန်းတော်ကို ယခုလို ဖူးတွေ့လိုက်ရတဲ့အခါမှာ ငါ့ရဲ့ အရှင်မြတ်ဟာ ပထမကတော့ မတင့်တယ်တာ မှန်တယ်၊ ဒါပေမယ့် ယခုအခါမှာ သူ့ကိုကြည့်လိုက်တော့ တက်သစ်စ နေလုလင်ကဲ့သို့ တင့်တယ် နေတယ် ဆိုတာကို တွေ့လိုက်ရတော့ ဝမ်းအသာကြီးသာကာ အကြည်နူးကြီး ကြည်နူးနေပါတယ်။

ဒါကြောင့် ဘုရားရှင်က ဒီကိံဒဒသုတ္တန်မှာ -- ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ = အဝတ်သင်္ကန်းကို ပေးလှူနေတဲ့ပုဂ္ဂိုလ်ဟာ ရုပ်အဆင်းကို ပေးလှူနေသည် မည်တယ်လို့ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒီလို ရုပ်အဆင်းကို ပေးလှူလိုက်တဲ့အတွက် ဘာအကျိုးရှိသလဲ?

ဝဏ္ဏံ ဒတွာ ဝဏ္ဏဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ၊ (အံ၊၂၊၃၅။)

ဝဏ္ဏံ = အရောင်အဆင်းကို (ဝါ) ရုပ်အဆင်းကို။ ဒတွာ = ပေးလှူခြင်း ကြောင့်။ ဝဏ္ဏဿ = ရုပ်အဆင်းကို။ ဘာဂီ = ရရှိခြင်းအဖို့ဘာဂရှိသည်။ ဟောတိ = ဖြစ်၏။

ဒီလို ရုပ်အဆင်းတင့်တယ်သွားအောင် ရုပ်အဆင်းကို ပေးလှူတဲ့ အတွက်ကြောင့် ဒီကောင်းမှုကုသိုလ်ကံက အကျိုးပေးလိုက်တဲ့ ဘဝမှာ ရုပ်အဆင်းရဲ့ လှပတင့်တယ်ခြင်းကို အလှူရှင်က တစ်ဖန် ပြန်ရရှိနိုင်ပါတယ်။

ဥမ္မာဒန္တီအလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသမီးကလေးကိုပဲ ပြန်ကြည့်ပါ၊ သူလှူဒါန်းပူဇော်လိုက်တဲ့ ဝတ်ပန်းပုဆိုးကို ဆင်မြန်းတော်မူလိုက်တဲ့ ရဟန်းတော်ရဲ့ သန္တာန်မှာ ရုပ်အဆင်းရဲ့ တက်သစ်စ နေလုလင်အလား တင့်တယ် စံပယ်သွားပုံကို ကြည့်ပြီးတော့ ကြည်နူးဝမ်းမြောက်စွာနှင့် သူက ဆုတောင်းပန်ထွာပြန်တယ်။ ဘယ်လို ဆုတောင်းပန်ထွာသလဲ?

ဘန္တေ အဟံ ဘဝေ ဘဝေ ဝိစရန္တီ ဥတ္တမရူပဓရာ ဘဝေယျံ၊ မံ ဒိသွာ ကောစိ ပုရိသော သကဘာဝေန သဏ္ဌာတုံ မာ အသက္ခိ၊ မယာ အဘိရူပတရာ နာမ အညာ မာ ဟောတု။ (ဇာတက၊ဋ္ဌ၊၅၊၂၂၃။)

ဘန္တေ = အရှင်မြတ်ဘုရား။ အဟံ = ဘုရားတပည့်တော်မသည်။ ဘဝေ ဘဝေ = ဘဝကြီးငယ် အသွယ်သွယ်၌။ ဝိစရန္တီ = ကြင်လည် ကျက်စားခဲ့ရသည်ရှိသော်။ ဥတ္တမရူပဓရာ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရုပ်အဆင်းကို ဆောင်နိုင်တဲ့ အမျိုးကောင်းသမီးသည်။ ဘဝေယျံ = ဖြစ်ရပါလို၏။ မံ = ဘုရားတပည့်တော်မကို။ ဒိသွာ = တွေ့မြင်ခဲ့ရသည်ရှိသော်။ ကောစိ ပုရိသော = တစ်စုံတစ်ယောက်သောယောက်ျားသည်။ သကဘာဝေန = မိမိရဲ့ ပင်ကို သဘာဝအတိုင်း။ သဏ္ဌာတုံ = ရပ်တည်ခြင်းငှာ။ မာ အသက္ခိ = မစွမ်းနိုင် ပါစေသတည်း။ မယာ = ဘုရားတပည့်တော်မထက်။ အညာ = အခြားတစ်စုံ တစ်ယောက်သော။ အဘိရူပတရာ နာမ = သာလွန်၍ ရုပ်အဆင်းလှပသော အမျိုးသမီးမည်သည်။ မာ ဟောတု = မဖြစ်ပါစေသား။

ဒါကတော့ ဒီအမျိုးသမီးကလေးရဲ့ ဆုတောင်းခန်းပဲ ဖြစ်ပါတယ်။ သူရဲ့ ဆုတောင်းခန်းမှာ ဆုတောင်းပုံ သုံးမျိုး ပါဝင်နေပါတယ်။

နံပါတ် (၁) ဆုတောင်းခန်းမှာ -- ဘဝကြီးငယ်အသွယ်သွယ်မှာ ကျင်လည်ခဲ့ရမယ်ဆိုလျှင် အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ရုပ်အဆင်းကို ဆောင်ထား နိုင်တဲ့ အမျိုးကောင်းသမီး ဖြစ်ပါရစေလို့ ဆုတောင်းတယ်။

နံပါတ် (၂) ဆုတောင်းခန်းမှာတော့ -- သူ့ကို မြင်ရတဲ့အခါ ဘယ် ယောက်ျားမဆို မိမိရဲ့ ပင်ကိုသဘောထားအတိုင်း ရပ်တည်နေဖို့ရန် မစွမ်းနိုင် ပါစေသားလို့ ဆုတောင်းတယ်။

နံပါတ် (၃) ဆုတောင်းခန်းမှာတော့ -- သူ့ထက် သာလွန်တဲ့ ရုပ်အဆင်း လှပတင့်တယ်တဲ့ အခြားအမျိုးသမီးဆိုတာ မရှိပါစေသားလို့ ဆုတောင်း တယ်။

ခန့်မှန်းကြည့်ရတာကတော့ ဒီအမျိုးကောင်းသမီးကလေးဟာ အဲဒီ ဘဝမှာ -- အလွန်လည်း ဆင်းရဲနွမ်းပါးပြီး ရုပ်အဆင်းကလည်း သိပ်လှပဟန် မတူဘူး။ ဆင်းရဲနွမ်းပါးမှု ရုပ်အဆင်းရဲ့ မလှပမှုတို့ကြောင့် အခြားအခြားသော အမျိုးသမီး အမျိုးသားတွေနှင့် ဆက်ဆံရတဲ့အပိုင်းမှာ ဘဝကို နာကြည်းချက် ကလေးတွေက ရှိနေပုံရပါတယ်။ အမျိုးသမီးအချင်းချင်း အဖက်မလုပ်ချင်တဲ့ သဘော, ပစ္စည်းဂုဏ် အလှဂုဏ်တွေ မောက်နေသူတို့က မောက်မောက်မာမာ အပေါ်စီးက ဆက်ဆံမှုကို အကြိမ်များစွာ ခံနေရတဲ့ သဘောကလေးတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ တစ်ဖန် အမျိုးသားတွေကလည်း အဖက် မလုပ်ချင်တဲ့သဘော ဂရုမစိုက်တဲ့သဘောဖြင့် သူ့ကို ပြုမူဆက်ဆံပုံတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလို ရှိနိုင်တဲ့အတွက်ကြောင့် ဘဝကို နာကြည်းချက်တွေနဲ့ ဒီဆုသုံးမျိုးကို တောင်းနေခြင်း ဖြစ်ပုံရပါတယ်။ ဒီလိုဆိုလျှင် သူတောင်းတဲ့ဆုတွေဟာ ပြည့်လာမှာလားလို့တော့ မေးစရာရှိပါတယ်။

တဉ္စ ခေါ သီလဝတော ဝဒါမိ၊ နော ဒုဿီလဿ။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။)

တဉ္စ ခေါ = ထိုတောင့်တသည့်ဆု၏ ပြည့်စုံခြင်းသည်လည်းပဲ။ သီလဝတော = သီလရှိတဲ့ပုဂ္ဂိုလ်အား။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောကြား တော်မူပါပေ၏။ ဒုဿီလဿ = သီလမရှိတဲ့ပုဂ္ဂိုလ်အား။ နော ဝဒါမိ = ဟော ကြားတော်မမူပါ။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သီလဝတော = သီလရှိတဲ့ ပုဂ္ဂိုလ်၏။ ဝိသုဒ္ဓတ္တာ = သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ စေတောပဏိဓိ = စိတ်ရဲ့တောင့်တချက်ဟူသမျှသည်။ ဣဇ္ဈတိ = မချွတ်ဧကန် ပြီးစီး ပြည့်စုံတတ်ပေ၏။

သီလရှိတဲ့ပုဂ္ဂိုလ်အားသာလျှင် ဒီလို တောင်းတဲ့ဆုဟာ ပြည့်စုံနိုင်တယ်လို့ ငါဘုရား ဟောတော်မူပါတယ်။ သီလမရှိတဲ့သူအတွက် ဒီလို ပြည့်စုံ မယ်လို့ မဟောပါဘူး။ သီလတွေ စင်ကြယ်နေတဲ့အတွက်ကြောင့် သီလရှိတဲ့ အတွက်ကြောင့် သီလရှိတဲ့ကောင်းမှုရှင်ရဲ့ စိတ်ရဲ့တောင့်တချက်ဟူသမျှ တွေဟာ မချွတ်ဧကန် ပြီးစီးပြည့်စုံတတ်တယ်လို့ ဒီလို ဘုရားရှင် ဟောကြား ထားတော်မူတဲ့အတိုင်းပဲ ဒီအမျိုးကောင်းသမီးကလေးဟာ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်တွင်းသို့ ရောက်ရှိလာတဲ့အခါမှာ အမျိုးသမီးတပည့် သာဝကတို့တွင် ဘုရားရှင်ရဲ့ လက်ဝဲရံ ဧတဒဂ်ဘွဲ့ထူးကို ရရှိမယ့် သာဝိကာ အလောင်းအလျာတစ်ဦးဖြစ်တဲ့အတွက် ကိုယ်ကျင့်သီလတွေက ဖြူစင်နေပါတယ်။

တစ်ဖန် ဟို ဒက္ခိဏဝိဘင်္ဂသုတ္တန် (မ၊၃၊၃၀၀။)နည်းအရ ပြောမယ်ဆိုလျှင်တော့ အလှူရှင်ဖြစ်တဲ့ အမျိုးကောင်းသမီးကလေးရဲ့ သန္တာန်မှာ --

၁။ ကိုယ်ကျင့်သီလဖြူစင်ခြင်း,

၂။ သုံးနှစ်နီးပါး ကျွန်ခံကာ တရားသောနည်းလမ်းဖြင့် ရှာဖွေ စုဆောင်း ထားတဲ့ ဝတ်ပန်းပုဆိုးဆိုတဲ့ လှူဖွယ်ဝတ္ထုပစ္စည်း ဖြစ်ခြင်း,

၃။ ပေးလှူနေတဲ့ အချိန်အခါမှာ ရာဂ, ဒေါသ, မောဟ, မာန်မာနစတဲ့ ကိလေသာတရားဆိုးတို့ ဝင်ရောက် နှောင့်ယှက်မှု မရှိသဖြင့် ကြည်ရွှင် ဝမ်းမြောက်နေတဲ့ ပီတိသောမနဿ ပြဓာန်းနေတဲ့ ကုသိုလ်စိတ်အစဉ် တွေသာ ဖြစ်နေတဲ့ ကြည်လင်သော စိတ်ထား ရှိခြင်း,

၄။ ကံ-ကံ၏အကျိုးတရားကို သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရား ရှိခြင်း ဆိုတဲ့ ---

ဒီအင်္ဂါ (၄)ချက်နှင့် ပြည့်စုံနေပါတယ်။ တစ်ဖန် အလှူခံပုဂ္ဂိုလ်ကို ကြည့်လိုက်တော့ ကဿပဘုရားရှင်၏ တပည့်သာဝကတစ်ဦးဖြစ်တဲ့ သီလ ရှိတဲ့ အရှင်ကောင်း အရှင်မြတ် ဖြစ်နေခြင်းဆိုတဲ့ ဒီအင်္ဂါရပ်နှင့်လည်း ပြည့်စုံ နေပြန်တယ်။

အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က အင်္ဂါလေးချက်, အလှူခံပုဂ္ဂိုလ်ဘက်က အင်္ဂါတစ်ချက်၊ ပေါင်းလိုက်တော့ အင်္ဂါငါးချက် စုံညီနေတဲ့ အလှူဒါနတစ်ခု ဖြစ်နေတယ်။ ဒီလို အလှူဒါနမျိုးကိုလည်း ဘုရားရှင်က -- ဝိပုလဖလ = ပြန့်ပြောကြီးကျယ် မြင့်မြတ်တဲ့ အကျိုးတရားရှိတဲ့ ဒါနမျိုးဖြစ်တယ်လို့ ဟောကြားထားတော်မူပါတယ်။

တစ်ဖန် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းအရ ပြောမယ်ဆိုလျှင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားငါးခုက စုံညီသွားပြီ ဖြစ်ပါတယ်။

---

အကြောင်းတရားငါးပါး

ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၅၇။)

၁။ အဝိဇ္ဇာ -- ဒီအဋ္ဌကထာဖွင့်ဆိုထားတဲ့အတိုင်းပဲ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ပရမတ္ထသစ္စာနယ်က ပြောမယ်ဆိုလျှင် ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါဆိုတာ မရှိပါဘူး။ ရုပ်အဆင်းလှသူ, ရုပ်အဆင်း မလှသူဆိုတာလည်း မရှိပါဘူး။ ဘာတွေသာ ရှိသလဲ? ရုပ်တရားအစုအပုံ, နာမ်တရားအစုအပုံတွေသာ ရှိတယ်။ အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစု အပုံ, အနတ္တတရားအစုအပုံတွေသာ ရှိတယ်။ အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတွေဟာ အားလုံး အနိစ္စ, ဒုက္ခ, အနတ္တ တရားတွေချည်းသာ ဖြစ်ကြတယ်။

ဒါကြောင့် အနိစ္စ, ဒုက္ခ, အနတ္တတွေသာ ဖြစ်နေကြတဲ့ အဲဒီရုပ်နာမ် ဓမ္မသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တဖြစ်တဲ့ ရုပ်နာမ်တွေပဲလို့ သိခဲ့လျှင်တော့ အဲဒီအသိဉာဏ်ဟာ မှန်နေပါတယ်။ သမ္မာဒိဋ္ဌိပဲ။ ဒါပေမယ့် အနိစ္စ, ဒုက္ခ, အနတ္တအစုအပုံတွေသာ ဖြစ်ကြတဲ့ ရုပ်နာမ်အစုအပုံတွေပဲလို့ မသိဘဲ အလွန်လှပတဲ့ အသာဆုံး အမြတ်ဆုံး ရုပ်အဆင်းကို ဆောင်နိုင်တဲ့ အမျိုးသမီးလို့ သိခဲ့လျှင် ယင်းအသိကို အသိမှားလို့ ဆိုရတယ်။ အဲဒီ အသိမှားမှုကို အဝိဇ္ဇာလို့ ခေါ်ဆိုပါတယ်။

၂။ တဏှာ --- ယင်းအသာဆုံး အမြတ်ဆုံး ရုပ်အဆင်းကို ဆောင်ထား နိုင်တဲ့ အမျိုးသမီးဘဝကို တွယ်တာတပ်မက်တဲ့သဘောက တဏှာ ဖြစ်တယ်။

၃။ ဥပါဒါန် --- ယင်းအမျိုးသမီးဘဝကို စိတ်ကပ်စွဲနေတဲ့သဘောက ဥပါဒါန် ဖြစ်တယ်။

၄။ သင်္ခါရ --- ဝတ်ပန်းပုဆိုးကို လှူဒါန်းပူဇော်နေတဲ့ ကုသိုလ်စေတနာ အုပ်စု နာမ်တရားတွေက သူမျှော်လင့်တောင့်တနေတဲ့ အမျိုးသမီးဘဝကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်တဲ့ စွမ်းအား ရှိနေတဲ့အတွက် သင်္ခါရတရားတွေ ဖြစ်ကြပါတယ်။

၅။ ကံ --- ဒီသင်္ခါတရားတွေဟာ ဝိပါက်နာမ်တရားတွေလို ပျက်သွားတဲ့ အခါ သတ္တိတစ်စုံတစ်ရာ မထားခဲ့ဘဲနဲ့ ချုပ်ပျောက်သွားတာမျိုးတော့ မဟုတ်ဘူး။ နောင်တစ်ချိန်မှာ သူမျှော်လင့်တောင့်တထားတဲ့ ရုပ်အဆင်း လှပ တင့်တယ်တဲ့ အမျိုးသမီးဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ် အစဉ်မှာ မြှုပ်နှံပြီးမှ ချုပ်ပျက်သွားပါတယ်။ အဲဒီ စွမ်းအင်သတ္တိကို ကံလို့ ခေါ်ဆိုပါတယ်။

ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရား ငါးခု စုံညီသွားပြီ ဖြစ်ပါတယ်။ ဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ခြံရံပြီး ပြုစုပျိုးထောင်ထားခဲ့တဲ့ သင်္ခါရ ကံကတော့ ရင့်ကျက် လာတဲ့ တစ်နေ့မှာ အကျိုးပေးမှာ ဖြစ်ပါတယ်။ ထိုအမျိုးကောင်းသမီး ကလေးဟာ တစ်ချိန်မှာ သိဝိတိုင်း အရိဋ္ဌပုရမြို့မှာ ကုဋေရှစ်ဆယ် ကြွယ်ဝ ချမ်းသာတဲ့ တိရိဋိဝစ္ဆအမည်ရှိတဲ့ သူဌေးကြီးရဲ့ သမီးရတနာတစ်ဦး ဖြစ်လာခဲ့ ပါတယ်။ သူ့ကို ဥမ္မာဒန္တီဆိုတဲ့ နာမည်ကို ပေးထားပါတယ်။ သူပြုစုပျိုးထောင် ခဲ့တဲ့ ဆည်းပူးခဲ့တဲ့ ကံတွေက အကျိုးပေးလာပြီ ဖြစ်တယ်။ (၁၆)နှစ်အရွယ်လောက် ရောက်လာတဲ့အခါ သူက ဘယ်လို ဖြစ်လာသလဲ?

သာ သောဠသဝဿိကကာလေ အတိက္ကန္တမာနုသဝဏ္ဏာ ဒေဝစ္ဆရာ ဝိယ အဘိရူပါ ဒဿနီယာ ပါသာဒိကာ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတာ အဟောသိ။ (ဇာတက၊ဋ္ဌ၊၅၊၂၂၂။)

သာ = ထိုအမျိုးသမီးသည်။ သောဠသဝဿိကကာလေ = တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်ရှိလာသော အချိန်အခါကာလ၌။ အတိက္ကန္တမာနုသဝဏ္ဏာ = လူတို့၏ ရုပ်အဆင်းကို ကျော်လွှားလွန်မြောက်သော ရုပ်အဆင်းရှိသည်ဖြစ်၍။ ဒေဝစ္ဆရာ ဝိယ = နတ်သမီးကဲ့သို့။ အဘိရူပါ = အလွန် အဆင်းလှသည်။ ဒဿနီယာ = ရှုချင်စဖွယ်ရှိသည်။ ပါသာဒိကာ = ကြည်ညို ဖွယ်ဂုဏ်ကို ဆောင်ထားနိုင်သည်။ ပရမာယ ဝဏ္ဏပေါက္ခရတာယ = လွန်မြတ်သော ရုပ်အဆင်း လုံးရပ်သဏ္ဌာန်နှင့်။ သမန္နာဂတာ = ပြည့်စုံသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ။

တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လာပြီ၊ ရုပ်အဆင်းတွေက သိပ်ပြီးတော့ လှပတင့်တယ်နေပြီ၊ လူတို့၏ ရုပ်အဆင်းကို လွန်သွားပြီ၊ နတ်သမီး ကဲ့သို့ ရုပ်အဆင်းက အလွန် လှပတင့်တယ်နေပြီ၊ ဘယ်လိုပဲ ကြည့်ကြည့်၊ ကြည့်ရှုရသူတို့ မျက်စိမှာ အလွန်ကြည့်လို့ကောင်းနေပြီ၊ မြင်ရသူတို့ရဲ့ စိတ်ကို ကြည်လင်စေတတ်တဲ့ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်ထားနိုင်တဲ့ ရုပ်အဆင်းမျိုးကလည်း ဖြစ်နေပြန်ပြီ၊ ခန္ဓာကိုယ်အနေအထားကလည်း အလွန်အချိုးကျပြီး လွန်မြတ်သော ရုပ်အဆင်း လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည့်စုံနေပြီ ဖြစ်တယ်။

ဒါကြောင့် ဘုရားရှင်က -- ဝတ္ထဒေါ ဝဏ္ဏဒေါ ဟောတိ = အဝတ် သင်္ကန်းကို လှူဒါန်းခြင်းသည် ရုပ်အဆင်းကို လှူဒါန်းသည်မည်တယ်လို့ ဟောကြားတော်မူခြင်း ဖြစ်တယ်။

ဝဏ္ဏံ ဒတွာ ဝဏ္ဏဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ = ရုပ်အဆင်းကို ပေးလှူတဲ့ပုဂ္ဂိုလ်ဟာ နတ်၌ဖြစ်တဲ့ ရုပ်အဆင်း လူ၌ဖြစ်တဲ့ ရုပ်အဆင်းကို ရရှိခြင်းအဖို့ဘာဂရှိတယ်လို့လည်း ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ သူ့ရဲ့ ဆုတောင်းနှင့် လျော်ညီစွာ နောက်ထပ် အကျိုးတွေလည်း ရရှိပြန်သေးတယ်။

ယေ ယေ ပုထုဇ္ဇနာ တံ ပဿန္တိ၊ တေ တေ သကဘာဝေန သဏ္ဌာတုံ အသက္ကောန္တာ သုရာပါနမဒမတ္တာ ဝိယ ကိလေသမဒေန မတ္တာ ဟုတွာ သတိံ ပစ္စုပဋ္ဌာပေတုံ သမတ္ထာ နာမ နာဟေသုံ။ (ဇာတက၊ဋ္ဌ၊၅၊၂၂၂။)

ယေ ယေ ပုထုဇ္ဇနာ = အကြင် အကြင် ပုထုဇန်လူသားတို့သည်။ တံ = ထိုအမျိုးသမီးကို။ ပဿန္တိ = တွေ့မြင်ကြရကုန်၏။ တေ တေ = မြင်တွေ့ရတဲ့ ထိုထို ပုထုဇန်ငမိုက်သားတို့သည်။ သကဘာဝေန = မိမိတို့၏ ပင်ကိုသဘော အားဖြင့်။ သဏ္ဌာတုံ = ရပ်တည်နေခြင်းငှာ။ အသက္ကောန္တာ = မစွမ်းနိုင်ကုန် သည်ဖြစ်၍။ သုရာပါနမဒမတ္တာ ဝိယ = အရက်မူးသမားတို့ကဲ့သို့။ ကိလေသမဒေန မတ္တာ = ကိလေသာယစ်မူးခြင်းဖြင့် ယစ်မူးကုန်သည်။ ဟုတွာ = ဖြစ်ကြကုန်၍။ သတိံ = သတိတရားကို။ ပစ္စုပဋ္ဌာပေတုံ = ရှေးရှုတည်စေအံ့သောငှာ။ သမတ္ထာ နာမ = စွမ်းနိုင်သောသူတို့မည်သည်။ နာဟေသုံ = မဖြစ်ကြလေကုန်။

ဒါကတော့ သူ့ရဲ့ ဆုတောင်းနှင့် လျော်ညီစွာ ကံဆိုတဲ့ တရားမင်းကြီးက စီရင်ချက်ချပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကတော့ ဒီနေရာမှာ ပြောလိုရင်းတော့ မဟုတ်ပါဘူး။ အကျိုးတရားချင်းက ဆက်သွယ်မှု ရှိနေလို့သာ ထည့်ပြောနေခြင်း ဖြစ်ပါတယ်။ ဘာပြောလိုတာလဲ?

ဘယ်ပုထုဇန်လူသားပဲဖြစ်ဖြစ် ဒီအမျိုးသမီးကို မြင်တွေ့ရသူတွေဟာ မိမိရဲ့ ပင်ကိုသဘောအတိုင်း ရပ်တည်နေဖို့ရန် မစွမ်းနိုင်ကြတော့ဘူး။ အရက်မူးသမားတွေလို ဖြစ်ပြီးတော့ သတိတွေ လက်လွတ်ဖြစ်ကုန်ကြတယ်။ မိမိတို့ရဲ့ သန္တာန်မှာ သတိတရားကို ရှေးရှုတည်နေအောင် ထားဖို့ရန် မစွမ်းနိုင် ဖြစ်ကုန်ကြတယ်။

ဒီအကျိုးတရားတွေကတော့ အဲဒီအမျိုးသမီးရဲ့ ဆုတောင်းနှင့် ကံအားလျော်စွာ ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေပါပဲ။ ဒီနေရာမှာ ပြောလိုရင်း အချက်ကတော့ အဝတ်သင်္ကန်းကို ပေးလှူခြင်းသည် ရုပ်အဆင်းကို ပေးလှူသည်မည်တယ်။ ရုပ်အဆင်းကို ပေးလှူတဲ့ပုဂ္ဂိုလ်သည် ရုပ်အဆင်းရဲ့ လှပ တင့်တယ်ခြင်းကို ရရှိခြင်း အဖို့ဘာဂရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခု နံပါတ် (၃)မေးခွန်းရဲ့ အဖြေက ဘာလဲ?

---

ချမ်းသာကို ပေးလှူသူ

၃။ ယာနဒေါ သုခဒေါ ဟောတိ။ (သံ၊၁၊၂၉။)

ယာနဒေါ = ယာဉ်အမျိုးမျိုးကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်ကား။ သုခဒေါ = ချမ်းသာသုခကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

ယခုခေတ်အပြောနဲ့ ပြောလျှင်တော့ ခရီးဝေးတစ်ခုကို သွားတော့မယ့် ပုဂ္ဂိုလ်တစ်ယောက်ကို မော်တော်ကားတစ်စီးနဲ့ လိုက်ပို့မယ်ဆိုလျှင် ခြေလျင် ဆယ်ရက်လောက် သွားရမယ့်ခရီးကို တစ်ရက်အတွင်း ချမ်းချမ်းသာသာနဲ့ ရောက်ရှိသွားနိုင်တယ်။ ခရီးသွားလာနေတဲ့ ပုဂ္ဂိုလ်တွေကို ချမ်းသာလွယ်ကူအောင် ရွက်ဆောင်ပေးနေတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်တဲ့အတွက် ယခုလို ယာဉ်ကို လှူဒါန်းပူဇော်ခြင်းသည် ချမ်းသာသုခကို ပေးလှူသည်မည်တယ်။ သို့သော် ဆင်ယာဉ်, မြင်းယာဉ်အစရှိတဲ့ ဒီလို တိရစ္ဆာန်တွေကို ကပ်ယှဉ် အသုံးပြုထားတဲ့ ယာဉ်တွေကိုတော့ မြတ်စွာဘုရားက ရဟန်းတော်များကို အသုံးမပြုဖို့ရန်အတွက် သိက္ခာပုဒ်တော်ဖြင့် ပညတ်ထားတော်မူပါတယ်။ သိက္ခာပုဒ်ဖြင့် ပညတ်ထားတော်မူတော့ ဒီနေရာမှာ ဆိုလိုတဲ့ယာဉ်ကတော့ အောက်ထစ်ဆုံးပမာဏအားဖြင့် ဖိနပ်ဖြစ်ပါတယ်။

ဒီနေ့အလှူရှင်တွေ ကြည့်လိုက်မယ်ဆိုလျှင် မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကိုလည်း ဘုရားအမှူးရှိသော သံဃာတော်တို့နှင့်တကွ ရှင်ယောဂီ, လူယောဂီ ပရိသတ်အပေါင်း သူတော်ကောင်းတို့ကို လှူဒါန်းပူဇော် ကြတယ်၊ ကြွရောက်လာကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်း တို့ကိုလည်း လှူဒါန်းပူဇော်ကြတယ်၊ အဝတ်သင်္ကန်းတွေလည်း လှူဒါန်း ပူဇော်ကြတယ်၊ မိမိတို့ စွမ်းအားရှိသလောက် ဖိနပ်အစရှိသော ယာဉ်အမျိုးမျိုး တွေကိုလည်း လှူဒါန်းပူဇော်ကြတယ်။ ဒီလို လှူဒါန်းပူဇော်ခြင်းဟာ တစ်ဖက်သား အလှူခံပုဂ္ဂိုလ်တွေအပေါ်၌ ချမ်းသာသုခ အမျိုးမျိုးတွေကို ရွက်ဆောင် ပေးနေသည်နှင့် တူတယ်။

ယာဉ်ကို ပေးလှူခြင်းသည် အလှူခံပုဂ္ဂိုလ်တို့အား ချမ်းသာသုခကို ပေးလှူသည်မည်တယ်ဆိုတော့ အလှူပေးတဲ့ပုဂ္ဂိုလ်မှာ ဘာအကျိုးရှိပါသလဲ လို့တော့ မေးစရာ ရှိပါတယ်။

သုခံ ဒတွာ သုခဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ဝါ မာနုသဿ ဝါ။ (အံ၊၂၊၃၅-၃၆။)

သုခံ = ချမ်းသာသုခကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ဒိဗ္ဗဿ ဝါ = နတ်၌မူလည်းဖြစ်သော။ မာနုသဿ ဝါ = လူ၌မူလည်းဖြစ်သော။ သုခဿ = ချမ်းသာသုခကို။ ဘာဂီ = ရရှိခြင်း အဖို့ဘာဂရှိသည်။ ဟောတိ = ဖြစ်၏။

ချမ်းသာသုခကို ပေးလှူခြင်းကြောင့် အလှူရှင်ဟာ လူ့ချမ်းသာ နတ် ချမ်းသာခေါ်တဲ့ ချမ်းသာသုခ အဝဝကို ရရှိခြင်းအဖို့ဘာဂရှိပါတယ်လို့ ဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

ထင်ရှားတဲ့ သာဓကတစ်ခုကတော့ ထေရဂါထာပါဠိတော်မှာ လာရှိတဲ့ သမ္ဘူတမထေရ် သို့မဟုတ် သီတဝနိယမထေရ် အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသားရဲ့ ယာဉ်အလှူဒါနတစ်ခု ဖြစ်ပါတယ်။

---

သီတဝနိယမထေရ်(ထေရဂါထာ၊ဋ္ဌ၊ ၅၅-၅၇။)

အတ္ထဒဿီ အမည်ရှိတော်မူသော ဘုရားရှင်နှင့်အတူ များစွာသော တပည့်ရဟန်းသံဃာတော်တို့ ဂင်္ဂါမြစ်ကမ်းပါးသို့ ကြွချီတော်မူလာတဲ့အခါ ထိုအမျိုးကောင်းသားက ဘုရားရှင်ကို ဖူးတွေ့လိုက်ရတော့ အလွန် ကြည်ညိုသော စိတ်ထားရှိသဖြင့် ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ကာ အလွန် ရိုသေစွာ ရှိခိုးပြီးနောက် ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ... ထိုမှာဘက်ကမ်းသို့ ကြွရောက်တော်မူလိုပါသလားဘုရားလို့ မေးမြန်း လျှောက်ထားလိုက်ပါတယ်။ ဘုရားရှင်ကလည်း ထိုမှာဘက်ကမ်းသို့ ကြွချီ တော်မူလိုကြောင်းကို ပြန်လည် မိန့်ကြားတော်မူလိုက်သောအခါ တစ်ခဏ အတွင်းမှာပင် လှေအုပ်စုတစ်ခုကို ဖွဲ့ချည်ကာ ဘုရားအမှူးရှိတဲ့ သံဃာတော်တို့ကို ထိုမှာဘက်ကမ်းသို့အရောက် မိမိကိုယ်တိုင် ဦးဆောင်လိုက်ပို့ ပါတယ်။ ဘုရားရှင်ကလည်း ဒီအမျိုးကောင်းသားကို သနားစောင့်ရှောက်တော်မူလိုသဖြင့် ချီးမြှောက်ပေးတော်မူခြင်း ဖြစ်ပါတယ်။ ချမ်းချမ်းသာသာ မပင်မပန်းဘဲ လွယ်လွယ်ကူကူ ချောချောမောမော လျင်လျင်မြန်မြန်ဖြင့် ထိုမှာ ဘက်ကမ်းသို့ ဆိုက်ရောက်တော်မူပြီးနောက် ဒုတိယမြောက်နေ့မှာ ဘုရား အမှူးရှိတဲ့ သံဃာတော်တို့အား ကြီးကျယ်သော မဟာဒါနပွဲကြီးတစ်ခုကို ပြုစုပျိုးထောင် လိုက်ပြန်တယ်။

ဒီကောင်းမှုကုသိုလ်ကံကြောင့် ကွယ်လွန်ပြီးနောက် လူ့ပြည် နတ်ပြည် တွေမှာပဲ စုန်ဆန်ကျင်လည်ကာ လူချမ်းသာ, နတ်ချမ်းသာ, စကြဝတေးမင်း ချမ်းသာတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခံစား စံစားခဲ့ရပါတယ်။

လွန်ခဲ့သော (၉၁)ကမ္ဘာထက်က ဝိပဿီဘုရားရှင်ရဲ့ သာသနာတော် တွင်းမှာလည်း သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် ဓုတင်ကျင့်ဝတ်ပဋိပတ်တို့ကို ဆောက်တည်ကျင့်သုံးကာ သမဏဓမ္မ အမည် ရတဲ့ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ ရဟန်း တရားတွေကို နှစ်ပေါင်းတစ်သိန်းခန့် အပြင်းအထန် ကြိုးစားအားထုတ် ခဲ့ပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်တဲ့ စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတွေကို စုဆောင်းရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။

အလားတူပင် ကဿပဘုရားရှင် လက်ထက်တော်မှာလည်း သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီးနောက် သမဏဓမ္မအမည်ရတဲ့ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံးရေတွက်အပ်တဲ့ ရဟန်းတရားတွေကို နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပါတယ်။

ဂေါတမဘုရားရှင်၏ သာသနာတော်တွင်းရောက်ရှိလာတဲ့အခါမှာလည်း မိတ်ဆွေသုံးယောက် တိုင်ပင်ညီညွတ်ကာ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုကြပြန်တယ်။ ရာဇဂြိုဟ်မြို့ သုသာန်အနီးအပါးမှာ တည်ရှိတဲ့ သီတဝနအမည်ရတဲ့ တောရကျောင်းတစ်ကျောင်းမှာပဲ သီတင်းသုံးကာ ရဟန်းတရားတွေကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူသဖြင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, ဒိဗ္ဗစက္ခုဉာဏ်, အရဟတ္တမဂ်ဉာဏ်ဆိုတဲ့ ဝိဇ္ဇာသုံးပါးကို ရရှိတော်မူတဲ့ ရဟန္တာမထေရ်မြတ်တစ်ပါး ဖြစ်သွားတော်မူပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၅၅-၅၇။)

ဒီလို စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းတွေကို အောင်အောင် မြင်မြင် ထူထောင်ခဲ့တဲ့အတွက် လူချမ်းသာ, နတ်ချမ်းသာတွေထက် မနှိုင်းယှဉ် နိုင်လောက်အောင် အတုမရှိ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ချမ်းသာသုခကြီးကို ရရှိသွားတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားရှင်က ယာဉ်အမျိုးမျိုးကို ပေးလှူခြင်းသည် ချမ်းသာ သုခကို ပေးလှူသည်မည်တယ်။ ချမ်းသာသုခကို ပေးလှူခြင်းကြောင့် လူနတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခလို့ ခေါ်ဆိုအပ်တဲ့ ချမ်းသာသုခ အဝဝကို ရရှိခြင်းအဖို့ဘာဂရှိတယ်လို့ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ အရဟတ္တဖိုလ်သမာပတ်ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ ကိလေသာအပူမီးတို့မှ အငြိမ်းကြီးငြိမ်းအေးနေသည့် အငြိမ်းဓာတ် ချမ်းသာသုခကြီးကို အာရုံယူကာ အရဟတ္တဖိုလ်သမာပတ် အငြိမ်းဓာတ် အရသာကြီးကို သုံးဆောင်ခံစားရခြင်းထက် ကြီးကျယ်မြင့်မြတ်သော ချမ်းသာ သုခကား အဘယ်မှာ ရှိနိုင်ပါတော့လဲ၊ မရှိနိုင်သည်သာ ဖြစ်ပါတယ်။

ဝနဝစ္ဆမထေရ် (ထေရဂါထာ၊ဋ္ဌ၊၁၊၇၁-၇၄။)

အရှင်ဝနဝစ္ဆမထေရ်ရဲ့ အလောင်းအလျာဖြစ်တဲ့ သူတော်ကောင်းဟာလည်း ကံမကောင်းအကြောင်းမလှတော့ တစ်ခုသောဘဝမှာ လှေငယ် ပမာဏရှိတဲ့ လိပ်ကြီးတစ်ကောင် ဖြစ်ခဲ့ရဖူးပါတယ်။ တစ်နေ့မှာ အတ္ထဒဿီ ဘုရားရှင်ကလည်း ဝိနတအမည်ရှိတဲ့ မြစ်ကမ်းပါးတစ်နေရာသို့ ကြွရောက် တော်မူလာပါတယ်။ ဘုရားရှင်က မြစ်ကမ်းပါးတစ်နေရာမှာ ရပ်တည်တော်မူ နေပါတယ်။ ဘုရားရှင်က မြစ်ကမ်းပါးတစ်နေရာမှာ ရပ်တည်တော်မူနေ တာကို မြင်တွေ့လိုက်ရတဲ့အခါ ဘုရားရှင်ကတော့ တစ်ဖက်ကမ်းသို့ ကူးတော်မူလိုဟန်တူတယ်ဟု သဘောပေါက်ကာ မိမိရဲ့ ကျောက်ကုန်း ပေါ်ကို တင်ဆောင်ကာ တစ်ဖက်ကမ်းသို့ ပို့ဆောင်လိုတဲ့အတွက် ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းပေးလိုက်ပါတယ်။ ဘုရားရှင်ကလည်း ထိုလိပ်ရဲ့ အဇ္ဈာသယဓာတ်ကို သိရှိတော်မူသည့်အတွက် ထိုလိပ်ကို သနားစောင့်ရှောက် ချီးမြှောက်တော်မူလိုသဖြင့် ကုသိုလ်တရားများ တိုးပွားလာစေရန် ရည်သန် တောင့်တတော်မူကာ လိပ်ရဲ့ ကျောက်ကုန်းပေါ်သို့ တက်ရောက်တော်မူ လိုက်ပါတယ်။ လိပ်ကလည်း နှစ်သက်ရွှင်လန်း ဝမ်းမြောက်သော စိတ်ဓာတ်ဖြင့် လေးညှို့မှ လွှတ်လိုက်တဲ့မြားကဲ့သို့ အလွန် လျင်မြန်တဲ့ အဟုန်ဖြင့် တစ်ဖက်ကမ်းသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပါတယ်။

ထိုကောင်းမှုကြောင့် လူ့ပြည်, နတ်ပြည်တွေမှာ ကြိမ်ဖန်များစွာ ကျင် လည်ပြီးတော့ လူ့ချမ်းသာ, နတ်ချမ်းသာတွေကို ရရှိခဲ့ဖူးပါတယ်။ သို့သော် မိမိရရှိတဲ့ လူ့ဘဝ, လူ့ချမ်းသာကို အချည်းနှီး မဖြစ်ရအောင် အကျိုးရှိတဲ့ တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခုဖြစ်အောင် အကြိမ်များစွာ ဘဝပေါင်းများစွာ ရသေ့ရဟန်းပြုကာ တောထွက်ပြီး ရဟန်းတရားတွေကို ပွားများအားထုတ် ခဲ့ပါတယ်။ ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာလည်း သာသနာ ဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပြီး သံသရာဝဋ်မှ ထွက်မြောက်ရာ ပါရမီမျိုးစေ့ကောင်းတွေကို စုဆောင်းရှာဖွေခဲ့ပါတယ်။ စင်ကြယ်သော သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ကာ သမထ-ဝိပဿနာဘာဝနာ တို့ကို အပြင်းအထန် နှစ်ပေါင်း နှစ်သောင်းခန့် ကြိုးစားအားထုတ်ခဲ့ပါတယ်။

ယခုလို ဆည်းပူးခဲ့တဲ့ စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်း ပါရမီ တို့ရဲ့ စွမ်းအင်တွေက အားပေးထောက်ပံ့လိုက်တဲ့အတွက် နောက်ဆုံးဘဝမှာ ကပိလဝတ်နေပြည်တော်ဝယ် ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားအလောင်းတော်နှင့် မြေမှုန့်ကစားဘက်တစ်ဦး လာဖြစ်ခဲ့ပါတယ်။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့အခါမှာ သူလည်း တောထွက်ပြီး ရသေ့ရဟန်းပြုကာ ဟိမဝန္တာအရပ်မှာ သီတင်းသုံး နေထိုင်ခဲ့ပါတယ်။ တောထဲမှာပဲ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့အတွက် ဝနဝစ္ဆဟု ထင်ရှားခဲ့ပါတယ်။ ဂေါတမဘုရားရှင်လည်း ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီလို့ သိလိုက်တဲ့အခါ ဘုရားရှင်ရဲ့ ထံတော်မှောက်သို့ အရောက်သွားကာ ရှင်ရဟန်း ပြုပြီးနောက် ဘုရားရှင်ရဲ့ထံတော်မှ ကမ္မဋ္ဌာန်းတရားတွေကို သင်ယူကာ တော အတွင်းသို့ပင် တစ်ဖန် ပြန်ကြွပြီး သမထ-ဝိပဿနာဘာဝနာတွေကို အပြင်း အထန် ကြိုးစားအားထုတ်တော်မူလိုက်တာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတော်မူခဲ့ပါတယ်။

အတ္ထဒဿီဘုရားရှင်အား ယာဉ်လှူခဲ့ဖူးတဲ့ ကုသိုလ်ကို အခြေခံကာ အဆင့်ဆင့်သော သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေကို စံချိန်မီ စုဆောင်းဆည်းပူးနိုင်တဲ့အတွက်ကြောင့် လူချမ်းသာ, နတ်ချမ်းသာတွင် သာမက အရဟတ္တဖိုလ် နိဗ္ဗာန်ချမ်းသာအထိ ဆိုက်ရောက်သွားတော်မူခြင်း ဖြစ်ပါတယ်။


ဥတ္တိယမထေရ်(ထေရဂါထာ၊ဋ္ဌ၊၁၊၁၁၀-၁၁၂။)

အရှင်ဥတ္တိယမထေရ်ရဲ့ အလောင်းအလျာဖြစ်တဲ့ သူတော်ကောင်းဟာလည်း ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်တဲ့ ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာတဲ့ ကောင်းမှုကုသိုလ်တွေကို ဆည်းပူးရင်းဖြင့် သံသရာခရီးကို ဖြတ်သန်းလာ လိုက်တာ တစ်ခုသောဘဝမှာ ကံမကောင်း အကြောင်းမလှလေတော့ မိကျောင်းကြီး သွားဖြစ်ခဲ့ပါတယ်။ စန္ဒဘာဂါမြစ်တွင်းမှာ ကျက်စားခဲ့ပါတယ်။ ထိုအချိန်အခါမှာ သိဒ္ဓတ္ထဘုရားရှင်လည်း လောကမှာ ပွင့်ထွန်းတော်မူခဲ့ ပါတယ်။ တစ်နေ့မှာ သိဒ္ဓတ္ထဘုရားရှင်လည်း စန္ဒဘာဂါမြစ်ကမ်းသို့ ကြွရောက် တော်မူလာပါတယ်။ ထိုမိကျောင်းကလည်း တစ်ဖက်ကမ်းသို့ ကူးဖို့ရန် ကြွမြန်းတော်မူလာသော ဘုရားရှင်ကို ဖူးတွေ့လိုက်ရတဲ့အခါ ကြည်လင် ရွှင်ပြသော စိတ်ဓာတ်ဖြင့် ဘုရားရှင်ကို တစ်ဖက်ကမ်းသို့ ပို့ဆောင်လိုသဖြင့် မြစ်ကမ်းပါးမှာ ဝပ်စင်းပေးလိုက်ပါတယ်။ ဘုရားရှင်ကလည်း မိကျောင်းကို အစဉ်သနားစောင့်ရှောက်တော်မူလိုသဖြင့် ကျောက်ကုန်းထက်မှာ ခြေတော် အစုံ ကြာပဒုံတို့ကို တည်ထားပေးတော်မူလိုက်ပါတယ်။ မိကျောင်းကလည်း အလွန်တက်ကြွ ရွှင်လန်းဝမ်းပန်းတသာဖြစ်ကာ နှစ်ဆတက်ပြီး ကြိုးစားကာ တစ်ဖက်ကမ်းသို့ အမြန်ရောက်အောင် ပို့ဆောင်ပေးလိုက်ပါတယ်။

ဘုရားရှင်ကလည်း မိကျောင်းရဲ့ ကြည်လင်ရွှင်ပြနေသော စိတ်ဓာတ်ကို ကြည့်ရှုတော်မူကာ ဤမိကျောင်းဟာ မိကျောင်းဘဝမှ စုတေပြီးနောက် နတ်ပြည် နတ်လောကမှာ ဖြစ်ပေလိမ့်မယ်။ အဲဒီနတ်ဘဝက စပြီးတော့ လူ့ပြည်, နတ်ပြည်ဆိုတဲ့ သုဂတိဘုံဘဝတွေမှာသာ ကျင်လည်နေရလိမ့်မယ်။ ဒီကမ္ဘာမှ ရေတွက်လိုက်လျှင် (၉၄)ကမ္ဘာမြောက် ရောက်တဲ့အခါမှာ မသေရာ အမြိုက်နိဗ္ဗာန် ချမ်းသာကြီးကို ရရှိပေလိမ့်မယ်လို့ ဗျာဒိတ်စကား မိန့်ကြားတော်မူကာ အလိုရှိရာအရပ်သို့ ကြွမြန်းသွားတော်မူပါတယ်။

အတိတ်က စုဆောင်းရှာဖွေခဲ့တဲ့ မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ကြောင်း ပါရမီတရားအပေါင်းတို့ရဲ့ လှုံ့ဆော်မှုကြောင့် အားပေးထောက်ပံ့ မှုကြောင့် ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့ အချိန် အခါမှာ သာဝတ္ထိပြည် ဗြာဟ္မဏအမျိုးအနွယ်မှာ အမျိုးကောင်းသားတစ်ဦး လာဖြစ်ပါတယ်။ ဥတ္တိယလို့ မိဘတွေက နာမည်ပေးထားကြပါတယ်။ အရွယ် ရောက်လာတဲ့အခါမှာ အတိတ်က ပါရမီတို့ရဲ့ လှုံ့ဆော်မှုကြောင့် အိမ်ထောင်ရေးလောကကို စိတ်မဝင်စားဘဲ အမတံ ပရိယေသိဿာမိ = မသေရာ အမြိုက်နိဗ္ဗာန်ကိုသာ ငါရှာဖွေမယ်ဆိုတဲ့ စိတ်ဓာတ်တွေသာ ဖြစ်ပေါ်နေတဲ့ အတွက် မသေရာအမြိုက်နိဗ္ဗာန်တရားကို ငါရအောင် ရှာဖွေမယ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ပရိဗိုဇ်တစ်ဦး ပြုလုပ်လိုက်ပါတယ်။ တစ်နေ့မှာတော့ ဘုန်းကြီးတို့ရဲ့ ဘုရားရှင်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ ဘုရားရှင်ရဲ့ထံတော်မှ တရားတော်များကို ကြားနာခွင့် ရရှိတဲ့အတွက် သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုတော်မူလိုက်ပါတယ်။

သို့သော် သမထ-ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစား အားထုတ်သော်လည်း အရဟတ္တဖိုလ်သို့ မဆိုက်ရောက်နိုင် ဖြစ်နေပါတယ်။ အကြောင်းကတော့ သီလာဒီနံ အဝိသောဓိတတ္တာ = (ထေရဂါထာ၊ဋ္ဌ၊၁၊၁၁၁၊၊) သီလစတဲ့ ကျင့်ဝတ်ပဋိပတ်တွေကို စင်ကြယ်အောင် မဆေးကြော မသုတ်သင် နိုင်တဲ့အတွက် မစင်ကြယ်တဲ့ သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီး ပွားများအားထုတ်လိုက်တဲ့ သမထ-ဝိပဿနာဘာဝနာတွေဟာ အစွမ်း မထက်တဲ့အတွက် အရဟတ္တဖိုလ်ပန်းကို မဆင်မြန်းနိုင် ဖြစ်နေတယ်၊၊

တစ်နေ့မှာတော့ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ကာ အကျဉ်းချုပ် အဆုံးအမဩဝါဒကို အသနားခံ လျှောက်ထားတောင်းပန်ပါတယ်။ ဘုရားရှင်ကလည်း ---

တသ္မာတိဟ တွံ ဥတ္တိယ အာဒိမေဝ ဝိသောဓေဟိ။ (သံ၊၃၊၁၄၄။)

သင်က နိဗ္ဗာန်ကို တကယ် လိုလားတောင့်တတယ်၊ မသေရာအမြိုက် နိဗ္ဗာန်ကို တကယ် အလိုရှိတယ်ဆိုလျှင်တော့ သာသနာတော်ရဲ့ အစဖြစ်တဲ့ သီလကိုပဲ စင်ကြယ်အောင် ဆေးကြောသုတ်သင်ပါ။ စင်ကြယ်တဲ့ သီလ တည်းဟူသော မြေပေါ်မှာ ရပ်တည်ပြီးတော့ သတိပဋ္ဌာန်တရားတွေကို --

၁။ အဇ္ဈတ္တသန္တာန်မှာ,

၂။ ဗဟိဒ္ဓသန္တာန်မှာ,

၃။ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန် နှစ်မျိုးလုံးမှာ --

အစဉ်အတိုင်း ပွားများအားထုတ်ပါ စသည်ဖြင့် တိုက်တွန်းပေးတော် မူလိုက်ပါတယ်။ သီလတွေကို စင်ကြယ်အောင် ဆေးကြောသုတ်သင်ပြီး နောက် စင်ကြယ်သော သီလတည်းဟူသော မြေပေါ်မှာ ရပ်တည်လျက် တစ်ပါးထီးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ကာ အပြင်းအထန် ကြိုးစား အားထုတ်လိုက်တာ သူလိုလားတောင့်တနေတဲ့ မသေရာ အမြိုက်နိဗ္ဗာန်ကြီးကို အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါကြောင့် ဘုရားရှင်က ယာဉ်ကို လှူဒါန်းခြင်းသည် ချမ်းသာသုခကို လှူဒါန်း သည်မည်တယ်။ ချမ်းသာသုခကို လှူဒါန်းခြင်းကြောင့် လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခကို ရရှိခြင်း အဖို့ဘာဂရှိတယ်လို့ ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ယာဉ်လှူတဲ့ ကောင်းမှုကုသိုလ်တစ်ခုတည်းကြောင့် မသေရာ အမြိုက်နိဗ္ဗာန်ကြီးကို ရရှိသွားတယ်လို့တော့ မဆိုလိုပါဘူး။ အဲဒီ ကုသိုလ်က အားပေးထောက်ပံ့ပုံကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ နောက်တစ်ခုက နံပါတ် (၄)မေးခွန်းကို ဘယ်လို ဖြေကြားတော် မူသလဲ?


မျက်စိကို ပေးလှူသူ

၄။ ဒီပဒေါ ဟောတိ စက္ခုဒေါ။ (သံ၊၁၊၂၉။)

ဒီပဒေါ = ဆီမီးကို ပေးလှူတဲ့ပုဂ္ဂိုလ်သည်ကား။ စက္ခုဒေါ = မျက်စိကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

ဆီမီးကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည် မျက်စိကို ပေးလှူနေတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ ဒီမျက်စိအလှူကတော့ အထူးသဖြင့် အရှင်အနုရုဒ္ဓါမထေရ်မြတ် တို့ကဲ့သို့ ဒိဗ္ဗစက္ခုကဲ့သို့သော မျက်စိအဆင့်အထိ အလွန် အဆင့်အတန်း မြင့်မားနေတဲ့ မျက်စိတွေကို ရည်ညွှန်းပြီး ပြောဆိုနေခြင်း ဖြစ်ပါတယ်။

ညဉ့်အခါ မှောင်မဲနေတဲ့နေရာမှာ ဆီမီးရောင် ရှိခဲ့မယ်ဆိုလျှင် အလှူခံ ပုဂ္ဂိုလ်တွေက ဆီမီးရောင်အောက်မှာ တွေ့သင့် တွေ့ထိုက်, မြင်သင့် မြင်ထိုက် တဲ့ အရာဝတ္ထုအမျိုးမျိုးတွေကို မြင်ကြရတယ်။ ဒီလို မြင်ရတဲ့အတွက် ဆီမီး လှူဒါန်းလိုက်တဲ့ပုဂ္ဂိုလ်က အလှူခံပုဂ္ဂိုလ်တွေရဲ့ မျက်စိအမြင်ကို ပေးလှူနေတာနဲ့ သိပ်ပြီး တူတယ်။ ဒီနေ့ အလှူရှင်တွေကို ကြည့်လိုက်လျှင် လိုလေသေး မရှိအောင် ဆီမီးတွေလည်း လှူဒါန်းပူဇော်ကြပါတယ်။


အရှင်အနုရုဒ္ဓါ(အံ၊ဋ္ဌ၊၁၊၁၄၃-၁၄၅။)

ဒီနေရာမှာ အရှင်အနုရုဒ္ဓါမထေရ်မြတ်ရဲ့ ဆီမီးလှူတဲ့ထုံးကို ပြောရမယ် ဆိုလျှင်တော့ အရှင်အနုရုဒ္ဓါအလောင်းအလျာ အမျိုးကောင်းသားဟာ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်တွင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်အရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိဖို့ရန် ရည်သန် တောင့်တ လျက် ကောင်းမှုကုသိုလ်ပြုကာ ဆုတောင်းပန်ထွာခဲ့သူ ဖြစ်ပါတယ်။ ပဒုမုတ္တရ ဘုရားရှင်ကလည်း ဂေါတမဘုရားရှင်ရဲ့ သာသနာတော်မြတ်အတွင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ရရှိမည်ဖြစ်ကြောင်း နိယတဗျာဒိတ်ပန်းကို ဆင်မြန်းပေးသနားတော်မူခဲ့ပါတယ်။ ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်ဟာ လူတို့သက်တမ်း အနှစ်တစ်သိန်းတမ်းမှာ ပွင့်ထွန်းတော် မူတဲ့ သာသနာတော် ဖြစ်ပါတယ်။ ယင်းနှစ်ပေါင်း တစ်သိန်းအတွင်းမှာ စွမ်းအားရှိသလောက် ပါရမီကောင်းမှု ကုသိုလ်တွေကို ဆည်းပူး စုဆောင်းခဲ့ ပါတယ်။

တစ်နေ့မှာ ပဒုမုတ္တရဘုရားရှင်လည်း ပရိနိဗ္ဗာန် စံလွန်တော်မူသွား ပါတယ်။ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို ဌာပနာဖို့ရန် ခုနစ်ယူဇနာရှိသော ရွှေစေတီတော်ကြီးတစ်ဆူကို တည်ဆောက်ကြပါတယ်။ စေတီတော်ကြီး ပြီးဆုံးသွားတဲ့အခါ အရှင်အနုရုဒ္ဓါအလောင်းအလျာ အမျိုးကောင်းသားက ရဟန်းသံဃာတော်များထံ ချဉ်းကပ်ပြီးတော့ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ် ရရှိဖို့ရန် ပရိကံကောင်းမှုကုသိုလ်က ဘယ်လိုကုသိုလ်မျိုးပါလဲဘုရားဆိုပြီး မေးမြန်းလျှောက်ထားပါတယ်။ ရဟန်းသံဃာတော်များကလည်း ဆီမီးလှူရန် အကြံပြုတော်မူကြပါတယ်။

အဲဒီအခါမှာ ဒီအမျိုးကောင်းသားက သစ်ပင် တစ်ပင် တစ်ပင်မှာ ဆီမီး တိုင်ပေါင်း တစ်ထောင်စီ တစ်ထောင်စီ ပါရှိတဲ့ ဆီမီးတိုင်ထွန်းညှိထားတဲ့ သစ်ပင်ကြီးပေါင်းက တစ်ထောင်, ဆီမီးတိုင်ထွန်းညှိထားတဲ့ သစ်ပင်လတ် ပေါင်းက တစ်ထောင်, ဆီမီးတိုင်ထွန်းညှိထားတဲ့ သစ်ပင်ငယ်ပေါင်းက တစ်ထောင်အားဖြင့် ဆီမီးတိုင်ထွန်းညှိထားတဲ့ သစ်ပင်ပေါင်း သုံးထောင်တို့ကို ပြုလုပ်စေကာ လှူဒါန်းပူဇော်ခဲ့ပါတယ်။ အခြားအခြားသော မရေမတွက်နိုင် လောက်အောင် များပြားတဲ့ ဆီမီးတွေကိုလည်း လှူဒါန်းပူဇော်ခဲ့ပါတယ်။

အလားတူပဲ ကဿပဘုရားရှင်လက်ထက်တော်အခါမှာလည်း သူကြွယ် တစ်ဦးပင်ဖြစ်ကာ ကဿပဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူသွားတဲ့အခါ တစ်ယူဇနာရှိတဲ့ ရွှေစေတီတော်ကြီး တည်ထားပြီးတဲ့အခါမှာလည်း ဆီမီး ပူဇော်ရန်ဆိုတဲ့ ဦးတည်ချက်နဲ့ ရွှေခွက်ပေါင်းများစွာတို့ကို သွန်းခတ်ပြုလုပ် စေတယ်။ အဲဒီရွှေခွက်ကြီးတွေထဲမှာ ထောပတ်တွေ အပြည့်ထည့်လိုက်တယ်။ ရွှေခွက်ရဲ့ အလယ်တည့်တည့်မှာ တင်လဲခဲကို ထည့်ပြီးတော့ စေတီတော်အား ဆီမီးပူဇော်ခဲ့ပါတယ်။ ရွှေခွက်အရေအတွက် ဘယ်လောက်များသလဲဆိုလျှင် တစ်ယူဇနာပတ်လည်ရှိတဲ့ ရွှေစေတီတော်ကြီးကို ပတ်လည်လှည့်ကာ ပုံစံတူ ရွှေခွက်တွေကို ရွှေခွက်အနားရေးချင်း ထိစပ်အောင် ထားပြီးတော့မှ ဆီမီး ပူဇော်ခဲ့ပါတယ်။ ရွှေခွက်တွေ ဘယ်လောက်များမယ်ဆိုတာ ဒါယကာကြီးတွေ ခန့်မှန်းသာ အာရုံယူကြည့်ပါ။

သူက ဒီလောက်နဲ့ အားမရသေးဘူး။ မိမိအတွက် ရွှေခွက်ကြီးကြီး တစ်လုံး ပြုလုပ်ကာ ထောပတ်ကြည် အပြည့်ထည့်လိုက်တယ်။ အဲဒီရွှေခွက်ကြီးရဲ့ အနားရေးပတ်ပတ်လည်မှာ ဆီမီးစာပေါင်း တစ်ထောင်ကို ထွန်းညှိ လိုက်တယ်။ အလယ်တည့်တည့်မှာ ပုဆိုးကြမ်းတစ်ခုကို ကျစ်ကာ ဆီမီးစာ ပြုလုပ်ကာ ထွန်းညှိလိုက်တယ်။ ဒီလို ဆီမီးတွေ ထွန်းညှိထားတဲ့ ရွှေခွက် ကြီးကို ဦးခေါင်းပေါ်မှာ ရွက်သယ်ကာ ညဉ့်သုံးယာမ်ပတ်လုံး တစ်ယူဇနာရှိတဲ့ စေတီတော်ကြီးကို လှည့်ပတ်ကာ ပူဇော်ပြန်တယ်။ အလွန် ပြင်းထန်စွာ တက်ကြွရွှင်လန်းနေတဲ့ စိတ်ဓာတ်ဖြင့် ပါရမီကုသိုလ်တရားတို့ကို စုဆောင်း ရှာဖွေခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ပဒုမုတ္တရဘုရားရှင် ကဿပဘုရားရှင်စတဲ့ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဒီလို ဆီမီးလှူဒါန်းပူဇော်တဲ့ ကောင်းမှုကုသိုလ်တွေ သာမက အရဟတ္တမဂ် အရဟတ္တဖိုလ်ကို မျှော်မှန်းကာ ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာတဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ဆည်းပူး စုဆောင်းခဲ့ ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်လေးပါးတို့ကို ရရှိမယ့်သူတော်ကောင်းတစ်ဦး ဖြစ်ခြင်းကြောင့် ပဋိသမ္ဘိဒါဉာဏ်ကို ရရှိမယ့် သူတော်ကောင်းတို့ ဖြည့်ကျင့် ရမယ့် အင်္ဂါရပ်တွေကို ဖြည့်ကျင့် ဆည်းပူးခဲ့ပါတယ်။

၁။ ပရိယတ္တိ = ဘုရားရှင်ရဲ့ တရားစကားတော်တို့ကို သင်ယူခြင်း,

၂။ သဝန = ဘုရားရှင်ရဲ့ တရားတော်တို့ကို အရိုအသေပြုကာ နာယူခြင်း,

၃။ ပရိပုစ္ဆာ = ပါဠိတော်နှင့် ပါဠိတော်ရဲ့ အနက်အဓိပ္ပါယ်တို့ကို ဖွင့်ဆိုကြောင်းဖြစ်တဲ့ အဋ္ဌကထာ စသည်တို့၌ ခက်ခဲတဲ့ အထုံး အဖွဲ့, အနက်, ပုဒ်အဆုံးအဖြတ်တွေကို သင်ယူခြင်း,

၄။ ပုဗ္ဗယောဂ = ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဆွမ်းခံအသွားအပြန်တို့၌ ကမ္မဋ္ဌာန်းကို ဆောင်လျက် သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်း၊ (ဝိသုဒ္ဓိ၊၂၊၇၂။)

ဒီအင်္ဂါရပ်တွေက ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိမယ့် သူတော်ကောင်းတွေက ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းမှာ ဖြည့်ကျင့်ရမယ့် အင်္ဂါရပ်တွေ ဖြစ်ကြပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)

အရှင်အနုရုဒ္ဓါ အလောင်းအလျာ အမျိုးကောင်းသားဟာလည်း ပဋိသမ္ဘိဒါဉာဏ်ရရှိမယ့် သူတော်ကောင်းဖြစ်ခြင်းကြောင့် ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသာနာတော်တွင်းမှာ ဒီအင်္ဂါရပ်တွေကို ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ နောက်ဆုံးဘဝမှာလည်း အဓိဂမခေါ်တဲ့ အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင်သော လောကုတ္တရာတရားတို့ကို ရရှိအောင် ကြိုးစားအားထုတ်ခဲ့ပါတယ်။

အရဟတ္တမဂ် ဆိုက်ရောက်သွားတဲ့ အချိန်အခါမှာ သူမျှော်လင့် တောင့်တခဲ့တဲ့ နတ်မျက်စိကို (= အဝေးအနီးရှိသမျှ ရူပါရုံအမျိုးမျိုးတွေကို မြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်မျက်စိ)ကို ရရှိခဲ့ပါတယ်။

ဒါကြောင့် ဘုရားရှင်က ဒီပဒေါ ဟောတိ စက္ခုဒေါ = ဆီမီးကို ပေးလှူတဲ့ ပုဂ္ဂိုလ်ဟာ မျက်စိကို ပေးလှူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ မိန့်ကြားတော်မူခြင်းပဲ ဖြစ်ပါတယ်။ ဒီလို မျက်စိကို ပေးလှူတဲ့အတွက် ပကတိမျက်စိ ကြည်လင်ရုံတွင်သာမက ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကဲ့သို့သော ဉာဏ်မျက်စိကိုပါ ရရှိအောင် ကျေးဇူးပြုပေးနိုင်တဲ့သဘော ရှိပါတယ်။

ဒီနေရာမှာ ယောဂီတစ်ဦးအကြောင်းကိုလည်း ပြောပြဦးမယ်။ ယောဂီ တစ်ဦးက ပဋိစ္စသမုပ္ပါဒ်ပိုင်းရှုကွက်တွေကို ရှုလိုက်တဲ့အခါ အတိတ်က မိမိ ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတွေကို ရှာဖွေ လိုက်တဲ့အခါ သူက ဘာကံတွေကို ထူထောင်ခဲ့သလဲဆိုတော့ စေတီတော် တစ်ဆူမှာ ဆီမီးလှူဒါန်းခဲ့ဖူးသူတစ်ဦး ဖြစ်တယ်။ လွန်ခဲ့သော ပထမအတိတ် ဘဝမှာ သံဃာတော်အား ထီး, ဖိနပ်, သင်္ကန်းတို့ကို လှူဒါန်းခဲ့ဖူးတယ်။ အဲဒီကုသိုလ်ကံက ဒီဘဝမှာ လာပြီး အကျိုးပေးနေပါတယ်။ ဒါကတော့ ဒီယောဂီရဲ့ ပဋိစ္စသမုပ္ပါဒ်ပိုင်းကို ရှုတဲ့အခါမှာ သူ့ရဲ့ တွေ့ရှိချက် ဖြစ်ပါတယ်။

သို့သော် ဒုတိယအတိတ်ဘဝမှာ စေတီတော်တစ်ဆူအား ဆီမီးလှူခဲ့ဖူးတယ်။ အဲဒီ ဆီမီးလှူခဲ့တဲ့ကုသိုလ်ကံက ယခုဘဝမှာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတဲ့အခါ လာပြီး ထောက်ပံ့နေတာကို ဝိပဿနာရှုတိုင်း လိုလို လာတွေ့နေရတယ်။ ဝိပဿနာတွေ သိပ်ရှုကောင်းလာပြီဆိုလျှင် သူ့ရဲ့ မနောဒွါရမှ သူလှူဒါန်းခဲ့ဖူးတဲ့ ဒီဆီမီးအာရုံက လာလာပေါ်နေတယ်။ အဲဒီ အခါမှာ ဝိပဿနာဆက်ရှုနေလျှင် ဝိပဿနာဉာဏ်တွေကလည်း အလွန် ထက်လာပြီး ဝိပဿနာရှုလို့ ပိုပိုကောင်းလာတယ်။ ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အရောင်အလင်းတွေဟာလည်း တောက်ပလာတာကို တွေ့ရတယ်လို့ ဆိုတယ်။ နိဗ္ဗာန်ကို ရည်မှန်းကာ လှူဒါန်းပူဇော်ခဲ့တဲ့ ဒီလို ဆီမီးအလှူဟာ ပကတိမျက်စိအကြည်ဓာတ်တွင်သာမက ဝိပဿနာဉာဏ် မျက်စိအမြင်ကိုပါ စူးရှထက်မြက် သွက်လက်အောင် အားပေးထောက်ပံ့နေ တာကို တွေ့ရပါတယ်။ ဒါကြောင့် ဆီမီးကို လှူဒါန်းတဲ့ပုဂ္ဂိုလ်ဟာ မျက်စိကို ပေးလှူနေတဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်တယ်လို့ ဘုရားရှင်က မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်။ နောက်တစ်ခု နံပါတ် (၅)မေးခွန်းကို မြတ်စွာဘုရား ဘယ်လို ဖြေတော်မူသလဲ?


အားလုံးကို ပေးလှူသူ

၅။ သော စ သဗ္ဗဒဒေါ ဟောတိ၊ ယော ဒဒါတိ ဥပဿယံ။ (သံ၊၁၊၂၉၊၊)

ယော = အကြင်အလှူရှင်သည်ကား။ ဥပဿယံ = ကျောင်းသင်္ခမ်းကို။ ဒဒါတိ = ပေးလှူ၏။ သော စ = ထိုအလှူရှင်သည်ကား။ သဗ္ဗဒဒေါ = အလုံးစုံကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

ယခုလို ကျောင်းသင်္ခမ်း ဆောက်လုပ်ပြီးတော့ လှူဒါန်းပူဇော်ကြတယ်။ ဒီလို ကျောင်းသင်္ခမ်း ဆောက်လုပ်ပြီး လှူဒါန်းပူဇော်တဲ့ အလှူဒါနသည်။ သဗ္ဗဒါန = အကုန်လုံးကို ပေးလှူနေသည်မည်တယ်။ အကုန်လုံးကို ပေးလှူတယ်ဆိုတာက ဘာကို ဆိုလိုသလဲ?

သဗ္ဗေသံယေဝ ဗလာဒီနံ ဒါယကော ဟောတိ။ (သံ၊ဋ္ဌ၊၁၊၇၈။)

သဗ္ဗေသံယေဝ ဗလာဒီနံ = ခွန်အားအစရှိကုန်သော အလုံးစုံတို့ကို သာလျှင်။ ဒါယကော = ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

ခွန်အားကြီးမားခြင်း, ရုပ်အဆင်းလှပခြင်း, ချမ်းသာကြီးခြင်း, မျက်စိ အမြင်ကောင်းခြင်း အစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစု အားလုံးကို ပေးလှူနေသည်နှင့် တူတယ်။ ဘယ်လိုကြောင့်လဲဆိုတော့ ရဟန်းတော်က ယခုလို ကျောင်းမှာ သီတင်းသုံးနေထိုင်ပြီ ဆိုကြပါစို့၊ သီတင်းသုံးနေထိုင်တဲ့ အချိန် အခါမှာ ကံအားလျော်စွာ ဘုန်းကြီးတို့ ဆွမ်းခံစားတဲ့ပုဂ္ဂိုလ်များကတော့ ဒီလောကဓံတွေကို ကြုံတွေ့တတ်ပါတယ်။

တစ်ခါတစ်ရံ အခန့်မသင့်ဘူးဆိုလျှင် ဆွမ်းခံသွားသော်လည်း ဆွမ်းက ပြည့်ပြည့်စုံစုံ မရရှိဘူး။ ရွာငယ်ကလေးတွေ နှစ်ရွာ သုံးရွာ လှည့်လည်ပြီးတော့ ဆွမ်းခံသော်လည်း ဆွမ်းက ပြည့်ပြည့်စုံစုံ မရခဲ့ဘူးဆိုလျှင်လည်း ထိုပုဂ္ဂိုလ်က ဘာလုပ်သလဲ? ပြန်လာပြီးတော့ ရေကန်မှာ ရေကလေးချိုးပြီးတော့ ကျောင်း အတွင်းမှာ ခေတ္တခဏဝင်ပြီး နားလိုက်လို့ အမောပြေသွားပြီဆိုလျှင် ခွန်အားတွေ တိုးတက်လာသလို ဖြစ်သွားတယ်။ ဒါ့ကြောင့် ကျောင်းသင်္ခမ်းကို ပေးလှူ ခြင်းသည် အလှူခံပုဂ္ဂိုလ် သို့မဟုတ် နေထိုင်သီတင်းသုံးနေတဲ့ သံဃာတော် တွေရဲ့ ခွန်အားကို ပေးလှူနေသည်လည်း မည်တယ်။

နောက်တစ်ခုက ခဏခေတ္တလောက် ညောင်စောင်းမှာ အိပ်စက်လိုက် ပြီးတော့ ထလိုက်မယ်ဆိုလျှင် အစာမစားရတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ချင်ဖြစ်ပါစေ အိပ်ယာမှ ခဏခေတ္တ ငါးမိနစ် ဆယ်မိနစ်လောက် အိပ်စက်ပြီးမှ နိုးလာတဲ့ အချိန်အခါမှာ မိမိရဲ့ ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်လျှင် မိမိရဲ့ ခန္ဓာကိုယ် ထဲမှာ ခွန်အားတွေကို သွန်းလောင်းထည့်ပေးလိုက်သလို ဒီကျောင်းကလေးက ရွက်ဆောင်ပေးနေတာကို အလှူခံပုဂ္ဂိုလ် သို့မဟုတ် ခေတ္တ သီတင်းသုံး နေထိုင်တော်မူတဲ့ ရဟန်းတော်က တွေ့ရှိနိုင်တယ်။

နောက်တစ်ခုက အပြင်အပမှာ လှည့်လည်ကျက်စားနေမယ်ဆိုကြစို့၊ နေပူထဲကို သွားမယ်, မိုးရွာထဲကို သွားမယ်, အကြိမ်များစွာ သွားနေခဲ့မယ် ဆိုလျှင်လည်း အသားရဲ့ အရောင်အဆင်းတွေဟာ ပျက်စီးသွားတတ်ပါတယ်။ ဝိသဘာဂလို့ခေါ်ဆိုအပ်တဲ့ မညီမျှတဲ့ ရာသီဥတုဒဏ်ချက်ကြောင့် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ရုပ်သန္တတိအစဉ်တွေဟာ ပြောင်းလဲသွားတယ်။ တင်းတိပ်ကဲ့သို့သော ရောဂါအမျိုးမျိုးတွေ အရေပြားပေါ်မှာ စွဲကပ်လာနိုင်တဲ့ အဆင့် အထိ ရောက်ရှိသွားတယ်။

သို့သော် ပုဂ္ဂိုလ်တစ်ယောက်က ကျောင်းအတွင်း ဝင်ပြီးတော့ စျာန်သမာပတ်တွေကို ဝင်စားပြီးနေမယ်။ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေ စီးဖြန်း ပြီးနေမယ်။ စျာန်ချမ်းသာ, မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဆိုတဲ့ ဒီချမ်းသာသုခတွေကို ခံစားပြီး နေထိုင်လိုက်မယ်ဆိုလျှင်တော့ ကျောင်း အတွင်းမှာ ခေတ္တခဏပဲ နေထိုင်သည်ဖြစ်စေ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရုပ်အဆင်းတွေက ကြည်လင်တောက်ပသွားတယ်။ ကျောင်းသင်္ခမ်းက ထိုပုဂ္ဂိုလ်ရဲ့ ရုပ်အဆင်းကို ကြည်လင် သန့်ရှင်းသွားအောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားလည်း ရှိတယ်။ မညီမျှတဲ့ ရာသီဥတုကြောင့် ဖြစ်ပေါ်လာမယ့် အသားအရောင်ရဲ့ ပျက်စီးမှုတွေကို ဒီကျောင်းသင်္ခမ်းက ကာကွယ်ပေးတယ်။ ရုပ်အဆင်း အသားအရေအရောင်အဆင်းတွေရဲ့ ကြည်လင် တောက်ပမှုကို ဒီကျောင်းသင်္ခမ်းကလေးက သွန်းလောင်းပြီး ထည့်ပေးလိုက်သလို ကျေးဇူးပြု ပေးသွားတယ်။ အရိပ်ထဲမှာ ချမ်းချမ်းသာသာဖြင့် သမထ-ဝိပဿနာဘာဝနာ တွေကို ပွားများအားထုတ်နိုင်တဲ့အတွက် ထိုသူတော်ကောင်းရဲ့ အသားအရေတွေဟာ ကြည်လင်တောက်ပသွားတဲ့သဘော ရှိလာတယ်။

နောက်တစ်ခုက ကျောင်းသင်္ခမ်းရဲ့ အပြင်ဘက်မှာ အထူးသဖြင့် ညဉ့်အခါမျိုးမှာ လှည့်လည်ပြီး သွားလာကြမယ်ဆိုလျှင် ခလုတ်တိုက်မိချင်လည်း တိုက်မိလိမ့်မယ်၊ ဆူးတွေ နင်းမိချင်လည်း နင်းမိလိမ့်မယ်၊ မြွေ, ကင်း အစရှိတဲ့ ဘေးအန္တရာယ်တွေနဲ့လည်း တွေ့ချင်တွေ့မယ်။ ဒီနေ့ ကျောင်းဒါယကာတွေ ကြည့်လိုက်မယ်ဆိုလျှင် သီတင်းသုံးတဲ့ကျောင်းမှာ နေထိုင်တဲ့ပုဂ္ဂိုလ်တွေ ဒီလို ဒုက္ခအမျိုးမျိုး မရောက်ပါစေနဲ့ဆိုတဲ့ ဦးတည်ချက်ဖြင့် လမ်းတွေလည်း ကျကျနန ပြုပြင်ပြီး လှူဒါန်းပူဇော်တယ်။ ကျောင်းတွင်သာမက လမ်းတွေ, တံတားတွေကိုလည်း သေသေချာချာ ပြုပြင်ပြီး လှူဒါန်းပူဇော်ကြတယ်။ လမ်းတွေကိုလည်း ကျကျနန ပြုလုပ်ပူဇော်ပေးတော့ ဒီလမ်းကို လျှောက်သွား နေရတဲ့ ရဟန်းတော်တွေအတွက် ဘေးအန္တရာယ်တွေမှလည်း ကင်းသွား တယ်။

အလားတူပဲ မြွေ, ကင်းအစရှိတဲ့ ဘေးအန္တရာယ်တွေဟာ ကျောင်း အတွင်းမှာ သီတင်းသုံးနေထိုင်နေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘယ်လိုမျှ ကျရောက်ပြီး မလာနိုင်ဘူး။ ဘေးအန္တရာယ်တွေ မကျရောက်အောင် ဒီကျောင်းကနေ ကာကွယ်ပေးတယ်။ အလားတူပဲ ဒီကျောင်းအတွင်းမှာ သီတင်းသုံးနေထိုင်တဲ့ပုဂ္ဂိုလ်က ခြင်, မှက်အစရှိတဲ့ ဘေးအန္တရာယ်တွေရဲ့ တွေ့ထိမှု ဒဏ်ချက်တွေမှ ကင်းဝေးနေတဲ့အတွက် ချမ်းသာသုခအမျိုးမျိုးတွေ သူ့သန္တာန်မှာ ဖြစ်ပေါ်လာတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဒီ ကျောင်းအတွင်းမှာ သီတင်းသုံးနေထိုင်တော်မူတဲ့ ပုဂ္ဂိုလ်က ဘုရားရှင်ရဲ့ တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်တယ်။ ထိုရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ အချိန်အခါမှာလည်း ဘုရားရှင်ရဲ့ တရားတော်တွေကို အာရုံယူပြီးတော့ ချမ်းသာနေတဲ့ ပီတိသုခဦးဆောင်နေတဲ့ ကုသိုလ်တရားတွေ ထိုရဟန်းတော်ရဲ့ သန္တာန်မှာ တိုးပွားပြီး လာနိုင်ပါတယ်။

ဒီလောက်တွင်လားဆိုတော့ မကသေးပါဘူး။ ထိုရဟန်းတော်က စွမ်းအားရှိလို့ ထိုကျောင်းအတွင်းမှာ သမထဘာဝနာတွေကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ခဲ့မယ်ဆိုလျှင် စျာန်သမာပတ် တွေကို ဝင်စားနိုင်လျှင် စျာန်ချမ်းသာတွေကို သူ့သန္တာန်မှာ ခံစားနိုင်တဲ့ သဘောတွေ ရှိတယ်။ ဝိပဿနာဘာဝနာတွေကို စနစ်တကျ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်နိုင်ခဲ့မယ်ဆိုလျှင်လည်း ဝိပဿနာချမ်းသာတွေကို သူ့သန္တာန်မှာ ခံစားနိုင်တဲ့ စွမ်းအားတွေ ရှိလာတယ်။ ဒီထက် အဆင့်မြင့်လို့ မိမိက မဂ်ချမ်းသာ, ဖိုလ်ချမ်းသာအထိ ဆိုက်အောင် ပွားများအားထုတ် နိုင်ခဲ့မယ်ဆိုလျှင်လည်း နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးရဲ့ ငြိမ်းအေးနေတဲ့ သန္တိသုခဂုဏ်ကို အာရုံယူပြီးတော့ ဖလသမာပတ်ချမ်းသာဖြင့် နေထိုင်နိုင်တဲ့ စွမ်းအားလည်း ရှိလာနိုင်တယ်။ ဒါကြောင့် ချမ်းသာသုခအမျိုးမျိုးတွေကို ဒီကျောင်းက ထိုရဟန်းတော်အား ရွက်ဆောင်ပေးနေပါတယ်။

အလားတူပဲ အပြင်အပ နေပူထဲမှာ သွားလာပြီးတော့ နေပူထဲကနေ ဖြုန်းခနဲ ကျောင်းအရိပ်ထဲကို ဝင်လိုက်လျှင် မျက်စိတွေက မှုန်သွားတယ်။ လိုဏ်ဂူတစ်ခုအတွင်းကို ဝင်သွားရသလို စိတ်ထဲမှာ အေးမြတဲ့ချမ်းသာသုခကို ခံစားရတယ်။ အလင်းရောင်အတွင်းကနေပြီးတော့ ဖြုန်းခနဲ အမှောင်မိုက်ထဲကို ဝင်လာတဲ့အတွက် ကျောင်းအတွင်းရှိတဲ့ ကုတင် ညောင်စောင်းတွေကို လွယ်လွယ်ကူကူ မမြင်ရဘူးထား၊ ခဏခေတ္တလောက် ငြိမ်နေလိုက်ပြီးမှ မျက်လုံးကို ဖွင့်ကြည့်လိုက်လျှင်တော့ ကုတင် ညောင်စောင်းတွေကို သဲသဲ ကွဲကွဲနဲ့ မြင်နိုင်တယ်။ ဆိုလိုတာက ဒီကျောင်းသင်္ခမ်းသည် ရဟန်းတော်ရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ မျက်စိအမြင်ကိုလည်း ကြည်လင်သန့်ရှင်းသွားအောင် ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိနေတယ်။

ဒါကြောင့် ကျောင်းသင်္ခမ်းကို ပေးလှူခြင်းသည် ခွန်အားကို ပေးလှူသည် မည်တယ်။ ရုပ်အဆင်းတွေကို လှပတင့်တယ်အောင် ပေးလှူနေသည်လည်း မည်တယ်။ ချမ်းသာသုခအမျိုးမျိုးကို ပေးလှူနေသည်လည်း မည်တယ်။ မျက်စိအမြင်ကို ပေးလှူသည်လည်း မည်ပါတယ်။ ဒီနေရာမှာလည်း ရှေးထုံးဟောင်းတစ်ခုကို ပြောကြရအောင် ---

ကုဋိဝိဟာရိထေရ် (ထေရဂါထာ၊ဋ္ဌ၊၁၊၁၆၁-၁၆၂။)

အရှင်ကုဋိဝိဟာရိမထေရ်အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသား တစ်ဦးကတော့ လွန်ခဲ့တဲ့ ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းတော်မူခဲ့တဲ့ ပဒုမုတ္တရဘုရားရှင်အား ကောင်းကင်ခရီးဖြင့် ကြွလာတာကို မြင်ရတဲ့အခါ ဘုရားရှင်ကို သောက်ရေ သိပ်လှူချင်သွားတယ်။ ဒါနဲ့ သူက အလွန်ကြည်လင် အေးမြတဲ့ ရေကို ယူဆောင်ကာ အလွန် နှစ်သက်ရွှင်လန်း ဝမ်းမြောက်တဲ့ စိတ်ထားနဲ့ ကောင်းကင်ဘက်ကို မျက်နှာမော့ကာ မြှောက်ပစ်ပြီး လှူဒါန်း လိုက်ပါတယ်။ ဘုရားရှင်ကလည်း သူ့ရဲ့ အဇ္ဈာသယဓာတ်ခံကို သိရှိတော်မူတဲ့ အတွက် ကြည်ညိုမှု သဒ္ဓါတရား တိုးပွားစေလိုတဲ့ ဦးတည်ချက်ဖြင့် ကောင်းကင်မှာ ရပ်တည်တော်မူကာ လက်ခံတော်မူလိုက်ပါတယ်။

ဒီလို ကောင်းမှုကုသိုလ်တစ်ခုက လူ့ပြည်, နတ်ပြည်တွေမှာ စုံဆန် ကျင်လည်ကာ လူချမ်းသာ, နတ်ချမ်းသာတွေကို အကြိမ်များစွာ ခံစား ရအောင် ရွက်ဆောင်ပေးလိုက်ပါတယ်။ သို့သော် ကဿပဘုရားရှင် လက်ထက်တော် ရောက်လာတဲ့အခါမှာ သမဏဓမ္မခေါ်တဲ့ သမထ-ဝိပဿနာ အစဖြာတဲ့ ရဟန်းတရားတွေကို နှစ်ပေါင်းနှစ်သောင်းခန့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ပါတယ်။ စရဏမျိုးစေ့တွင်သာမက ဝိဇ္ဇာမျိုးစေ့တွေကိုလည်း အောင်အောင်မြင်မြင် ကြဲချစိုက်ပျိုးခဲ့ခြင်း ဖြစ်ပါတယ်။

ဘုန်းကြီးတို့ ဂေါတမဘုရားရှင် လက်ထက်တော်ရောက်လာတဲ့အခါမှာ လိစ္ဆဝီမင်းသားတစ်ဦး လာဖြစ်ပါတယ်။ ဝေသာလီပြည်မှာ အစားအစာ ငတ်မွတ်ခေါင်းပါးတဲ့ဘေး, ဘီလူးသဘက်တွေ ဝင်ရောက်နှောင့်ယှက်တဲ့ဘေး, အနာရောဂါတွေ ထူပြောတဲ့ဘေးဆိုတဲ့ ကပ်ကြီးသုံးပါး ဆိုက်တဲ့အခါမှာ ဘုရားရှင်ကိုယ်တော်တိုင် ကြွချီတော်မူကာ ရတနသုတ်တော်ကို ဟောကြား ပေးတော်မူခဲ့ပါတယ်။ ဘေးဒုက္ခကြီးတွေ ငြိမ်းအေးသွားခဲ့တယ်။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာယူရတဲ့အတွက် လူတွေရော နတ်တွေပါ ကြီးမားလှတဲ့ သစ္စာလေးပါးကို ထွင်းဖောက်သိမြင်သွားတဲ့ ကျွတ်တမ်းဝင်ပွဲကြီးလည်း ဖြစ်ခဲ့ ပါတယ်။ ဒီလောက်ကြီးမားလှတဲ့ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးအာနုဘော်ကို ကြည်ညိုသဒ္ဓါပွားကာ အဲဒီအမျိုးကောင်းသားက သာသနာဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုခဲ့ပါတယ်။

ရှင်ရဟန်းပြုပြီးနောက် သီလကို ဖြူစင်အောင် ဆေးကြောသုတ်သင်ခြင်း, စိတ်အစဉ်မှာ နီဝရဏခေါ်တဲ့ ကိလေသာအညစ်အကြေးတွေ ကင်းစင်သွားအောင် သမထဘာဝနာတွေကို အောင်အောင်မြင်မြင် ကြိုးစားအားထုတ်ခြင်း ဆိုတဲ့ ဝိပဿနာရဲ့ ရှေ့ပြေး ပုဗ္ဗကိစ္စ အဝဝကို ပြုလုပ်ခဲ့ပါတယ်။ တစ်ဖန် သမာဓိကို အခြေခံကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ပါတယ်။

တစ်နေ့မှာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် လယ်တော တစ်ခုရဲ့ အနီးကနေ ဖြတ်ကျော်ကာ ခရီးလမ်းတစ်ခုကို သွားနေတုန်းအချိန်မှာ ဖြုန်းခနဲ မိုးရွာချလာတာနဲ့ လယ်တောအနီးမှာရှိတဲ့ လယ်စောင့်ယောက်ျားရဲ့ ကောင်းမှုကုသိုလ်ဖြစ်တဲ့ မြက်မိုးထားတဲ့ ကျောင်းသင်္ခမ်းကုဋိတစ်ခုကို မြင်တွေ့ လိုက်တော့ ဝင်ပြီးတော့ မိုးခိုလိုက်ပါတယ်။

အဲဒီမြက်မိုးတဲကျောင်းအတွင်းမှာရှိတဲ့ မြက်အခင်းပေါ်မှာ ထိုင်ပြီး သီတင်းသုံးလိုက်တယ်။ တဲကျောင်းကလေးထဲမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း မျှတတဲ့ဥတုကို မှီဝဲလိုက်ရတဲ့အတွက် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို ဆက်လက်စီးဖြန်းတော်မူလိုက်တာ အရဟတ္တဖိုလ်တိုင်အောင် ဆိုက်ရောက်သွားခဲ့ပါတယ်။ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ချမ်းသာသုခကို ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် ကျောင်းအလှူဟာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ မဂ်ချမ်းသာ, ဖိုလ်ချမ်းသာဆိုတဲ့ ချမ်းသာသုခကြီးတွေကို ရရှိအောင် အားပေး ထောက်ပံ့နေတဲ့အတွက် သာသနာတော်မှာ အလွန်အဆင့်မြင့်မားလှတဲ့ ချမ်းသာသုခကြီးကို ပေးလှူနေတာနဲ့လည်း တူပါတယ်။

ဒီအလှူရှင်ဖြစ်တဲ့ လယ်စောင့်ယောက်ျားဟာလည်း ဒီကောင်းမှုကြောင့် လူမင်း, နတ်မင်း, စကြဝတေးမင်း စည်းစိမ်ချမ်းသာတွေကို အကြိမ်များစွာ ခံစားရပြီးနောက် ပစ္စေကဗောဓိဉာဏ်တော်ကို ရရာရကြောင်း ပါရမီတရား အပေါင်းကို ဖြည့်ကျင့်နိုင်တဲ့အတွက် ပါရမီတွေက ရင့်ညောင်းလာသော တစ်ချိန်တွင် ရတနကုဋိအမည်ရှိတော်မူသော ပစ္စေကဗုဒ္ဓဘုရားရှင် ဖြစ်လိမ့်မယ်ဆိုပြီးတော့ ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၁၆၁-၁၆၃။)

ဒါကြောင့် ကျောင်းကို ပေးလှူခြင်းသည် ခွန်အားကို ပေးလှူခြင်း, ရုပ်အဆင်းကို ပေးလှူခြင်း, ချမ်းသာကို ပေးလှူခြင်း, ပကတိသော မျက်စိ အမြင် ဉာဏ်မျက်စိအမြင်တို့ကို ပေးလှူခြင်း, မသေရာ အမြိုက်နိဗ္ဗာန်ကို ပေးလှူခြင်းဆိုတဲ့ အားလုံးကို ပေးလှူသည်နှင့် တူတယ်။ ဒီလို အားလုံးကို ပေးလှူရာရောက်တဲ့အတွက် သံသရာခရီးဆိုတာ ထင်ရှားရှိနေသေးလို့ ဆက်လက် ကျင်လည်ရမယ်ဆိုလျှင် လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် ဖြစ်လေရာ ဘဝတိုင်းမှာ ခွန်အားကြီးမားခြင်း, ရုပ်အဆင်းလှပခြင်း, ပကတိမျက်စိအမြင် ဉာဏ်မျက်စိအမြင်ကောင်းခြင်း, ချမ်းသာကြီးခြင်းစတဲ့ အကျိုးတရားတွေကို ရရှိရုံတွင်သာမက နောက်ဆုံးဘဝမှာ မသေရာ အမြိုက်နိဗ္ဗာန်ကြီးကို ရသည့် တိုင်အောင် ကျေးဇူးပြုပေးနိုင်ပါတယ်လို့ ဆိုလိုပါတယ်။

သုမေဓာထေရီ (ထေရီဂါထာ၊ဋ္ဌ၊၂၇၈-၃၀၀။)

သုမေဓာထေရီရဲ့ အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသမီးဟာလည်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်တဲ့ နိယျာနိကတရား ကောင်းတွေကို ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်တွင်းတွေမှာ စုဆောင်းရှာဖွေခဲ့တဲ့ အမျိုးကောင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ကောဏာဂုံ ဘုရားရှင်ရဲ့ လက်ထက်တော်မှာ မိတ်ဆွေအမျိုးကောင်းသမီးတွေနှင့် တိုင်ပင်ကာ တူညီသော အဇ္ဈာသယဓာတ်ဖြင့် အလွန် ကြီးကျယ်ခမ်းနားတဲ့ ကျောင်းတိုက်အာရာမ်ကြီးတစ်ခုကို တည်ဆောက်ကာ ဘုရားအမှူးရှိတဲ့ သံဃာတော်တို့အား လှူဒါန်းပူဇော်ခဲ့ကြပါတယ်။ ယနေ့ ကျောင်းအလှူရှင် ဖြစ်တဲ့ ဒါယကာ, ဒါယိကာမတို့ကဲ့သို့ပဲ ဖြစ်ကြပါတယ်။ နိဗ္ဗာန်ကို ရည်မျှော်ကာ ဆည်းပူး ပူဇော်အပ်တဲ့ စရဏမျိုးစေ့ ပါရမီတရားတွေ ဖြစ်ကြပါတယ်။

ထိုကောင်းမှုကုသိုလ်ကံတွေကြောင့် နတ်ပြည် နတ်လောကမှာ တစ်ဘဝ ပြီးတစ်ဘဝ မြင့်သထက်မြင့် မြတ်သထက်မြတ်တဲ့ နတ်ချမ်းသာ အမျိုးမျိုး တွေကို ခံစားရပြီးနောက် ကဿပဘုရားရှင်ရဲ့ သာသနာတော်တွင်းသို့ ရောက်ရှိလာတဲ့အခါ လူ့ပြည်သို့ တစ်ဖန်ပြန်ပြီး လူဖြစ်လာခဲ့တယ်။ အလွန် ချမ်းသာကြွယ်ဝတဲ့ သူဌေးသမီးတစ်ဦးပဲ ဖြစ်ခဲ့ပါတယ်။ သိကြားလိမ္မာတဲ့ အရွယ်သို့ ရောက်လာတဲ့အခါမှာတော့ နိဗ္ဗာန်ကို ရည်မှန်းကာ ပြုစုပျိုး ထောင်ခဲ့တဲ့ ပါရမီတရားအပေါင်းတို့ရဲ့ လှုံ့ဆော်မှုကြောင့် သာသနာတော်၌ အလွန်သက်ဝင်ကြည်ညိုတဲ့ သဒ္ဓါတရားကို ရင်ဝယ်ပိုက်ထွေးကာ ရတနာ သုံးပါးကို ရည်ညွှန်းလျက် ဒါန, သီလ, သမထ, ဝိပဿနာ အစဖြာတဲ့ ပြန့်ပြော ကြီးကျယ်တဲ့ ကောင်းမှုကုသိုလ်တွေကို ပြုစုပျိုးထောင်ခဲ့ပြန်တယ်။ နိဗ္ဗာန် ရောက်ကြောင်း စရဏမျိုးစေ့ကောင်း ဝိဇ္ဇာမျိုးစေ့ကောင်းဆိုတဲ့ ပါရမီမျိုးစေ့ တွေကို ဆည်းပူးရှာဖွေ စုဆောင်းခြင်းပဲ ဖြစ်ပါတယ်။

အသက်ထက်ဆုံး တရားတော်ကိုသာ အမှီပြုပြီးတော့ အသက်ရှင်ခဲ့တယ်၊ ကုသိုလ်တရားတွေမှာပဲ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခဲ့တယ်။ ဒီလို ကောင်းမှုကုသိုလ်တွေကြောင့် လူ့ပြည်, နတ်ပြည်ဆိုတဲ့ ကောင်းတဲ့သုဂတိ ဘုံဘဝတွေမှာပဲ ကျင်လည်လာရာကနေ ဘုန်းကြီးတို့ရဲ့ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာတဲ့ အချိန်အခါမှာ မန္တာဝတီမြို့ ကောဉ္စဘုရင်ကြီးရဲ့ သမီးရတနာတစ်ဦး လာဖြစ်ပါတယ်။ သုမေဓာ = မွန်မြတ်သော ပညာရှိသူ လို့ နာမည်ပေးထားကြတယ်။

နိဗ္ဗာန်ကို ရည်မှန်းကာ စုဆောင်းဆည်းပူးခဲ့တဲ့ ပါရမီတို့က လှုံ့ဆော်မှုကြောင့် ငယ်ရွယ်စဉ်အခါက စပြီးတော့ အရွယ်တူ မင်းသမီးတွေ ကျွန်အမှုလုပ်တွေနှင့်အတူ ဘိက္ခုနီကျောင်းတော်သို့ သွားရောက်ကာ ဘိက္ခုနီမတို့ ထံ၌ တရားတော်ကို နာယူပါတယ်။ တရားဘာဝနာတွေကိုလည်း စွမ်းအားရှိ သလောက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါတယ်။ အထူးသဖြင့် (၃၂)ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံး သွင်းရသည့် သမထကမ္မဋ္ဌာန်းကို ဦးစားပေးကာ အားထုတ်ပါတယ်။

အတိတ်သံသရာက ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော် တွင်းမှာ ဆည်းပူးခဲ့တဲ့ စရဏတရား, ဝိဇ္ဇာတရားဆိုတဲ့ အဓိကာရကောင်းမှု ကုသိုလ်တရားတွေက လှုံ့ဆော်တိုက်တွန်းမှုကြောင့် သံသရာမှာ ကြောက်ရွံ့ တုန်လှုပ်တဲ့ ထိတ်လန့်တဲ့ သံဝေဂဉာဏ်တွေက ရင့်သန်လာခဲ့တဲ့အတွက် မင်းသမီးစည်းစိမ်ကိုပင် စွန့်လွှတ်ကာ သာသနာဘောင်သို့ ဝင်ရောက်ပြီး ရှင်ရဟန်းပြုခဲ့ပါတယ်။ အရဟတ္တဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အဆင့်အထိ ရောက်ရှိသွားခဲ့ပါတယ်။ (ထေရီဂါထာ၊ဋ္ဌ၊၁၊၂၇၈-၃၀၀။)

ကျောင်းအလှူသည် အားလုံးကို ပေးလှူသည်မည်သောကြောင့် ထို ကျောင်းအလှူဒါနကောင်းမှုကုသိုလ်ကံတွေက အမျိုးမျိုးသော လူချမ်းသာ, နတ်ချမ်းသာတွေကို ရွက်ဆောင်ပေးရုံသာမက အရဟတ္တဖိုလ် နိဗ္ဗာန်ချမ်းသာကြီးကိုပင် ရရှိသည်တိုင်အောင် အားကြီးသော မှီရာ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးလိုက်ပါတယ်။ သို့သော် ယခုပြောခဲ့ပြီးတဲ့ ဒါနတွေထက် ပိုကောင်းတဲ့ဒါနတော့ မရှိဘူးလားလို့တော့ မေးစရာရှိလာပါတယ်။ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ဒါနတစ်မျိုးလည်း ရှိနေပါသေးတယ်။ ဘယ်လို ဒါနမျိုးလဲ?

အမတဒါန

၆။ အမတံ ဒဒေါ စ သော ဟောတိ၊ ယော ဓမ္မမနုသာသတိ

ယော စ = အကြင်ပုဂ္ဂိုလ်သည်ကား။ ဓမ္မံ = ပရိယတ္တိဓမ္မ, ပဋိပတ္တိဓမ္မ, ပဋိဝေဓဓမ္မဟုခေါ်ဆိုအပ်တဲ့ သုံးဖြာသော သဒ္ဓမ္မတရားကို။ အနုသာသတိ = အစဉ်တစိုက် ဆိုဆုံးမ၍နေပေ၏။ သော စ = ထိုပုဂ္ဂိုလ်သည်ကား။ အမတံ ဒဒေါ = မသေရာ အမြိုက်နိဗ္ဗာန်ကို ပေးလှူနေတဲ့ပုဂ္ဂိုလ်သည်။ ဟောတိ = ဖြစ်ပါပေ၏။

ပုဂ္ဂိုလ်တစ်ယောက်က ပရိယတ္တိဓမ္မ, ပဋိပတ္တိဓမ္မ, ပဋိဝေဓဓမ္မခေါ်တဲ့ ကျင့်စဉ်အရပ်ရပ်တွေကို စနစ်တကျ ဆိုဆုံးမပြီးတော့ ဓမ္မအလှူကြီး ပေးနေတယ်။ ဒီလို ဓမ္မအလှူကြီးပေးနေတဲ့ပုဂ္ဂိုလ်ကတော့ မသေရာ အမြိုက်နိဗ္ဗာန် ခေါ်တဲ့ အမတဓာတ်ကြီးကို ပေးလှူနေသည် မည်ပါတယ်။ ဒီလို ပေးလှူနိုင်တဲ့ ထုံးတစ်ခုကတော့ နာမည်ကျော်ဖြစ်တဲ့ စိတ္တသူကြွယ်ကျောင်းဒါယကာကြီး ဖြစ်ပါတယ်။

စိတ္တသူကြွယ်

ဘုန်းကြီးတို့ သာသနာတော်မှာ စံထားထိုက်တဲ့ ကျောင်းဒါယကာတွေကတော့ အနာထပိဏ်ကျောင်းဒါယကာကြီးနဲ့ စိတ္တသူကြွယ်ကျောင်းဒါယကာကြီး (၂)ဦး ဖြစ်ကြပါတယ်။ အနာထပိဏ်ကျောင်းဒါယကာကြီးကို ကြည့်လိုက်တော့ သောတာပန်အရိယာသူတော်ကောင်းဖြစ်တာ မှန်သော်လည်း သူက ဒါနာဘိရတ = ဒါနမှာ မွေ့လျော်ပျော်ပိုက်တဲ့ နှစ်ခြိုက်တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ စိတ္တသူကြွယ်ကျောင်းဒါယကာကြီးကို ကြည့်လိုက်လျှင်တော့ အမ္ဗာဋကာရာမခေါ်တဲ့ ကျောင်းတိုက်ကြီးတစ်ခု တည်ထောင်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို လှူဒါန်းပူဇော်ထား ပါတယ်။ အမ္ဗာဋကာရာမကျောင်းတိုက်အတွင်းမှာ သီတင်းသုံးတော်မူတဲ့ ရဟန်းတော်တွေအတွက် နေ့စဉ် မိမိအိမ်မှာ သံဃာငါးရာ ဆွမ်းဖြင့် ပြုစု လုပ်ကျွေးပါတယ်။ သို့သော် စိတ္တသူကြွယ်ကျောင်းဒါယကာကြီးက ဒါနမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်သလို ဓမ္မာဘိရတ = တရားမှာလည်း မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်တော်မူတယ်။

သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်, သကဒါဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အဆင့် အထိ စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ထားတဲ့ သူတော်ကောင်းကြီး ဖြစ်ပါတယ်။ ထိုသူတော်ကောင်းက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်အထိ ရောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့သလဲဆိုတဲ့အပိုင်းကို ပြန်ပြီး ဆန်းစစ် ကြည့်လိုက်တော့ သူက (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းကနေ သွားပါတယ်။

ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေ အစရှိတဲ့ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းတွေကို စနစ်တကျ စီးဖြန်းပြီး ထို (၃၂)ကောဋ္ဌာသ ကမ္မဋ္ဌာန်းတွေမှ ဆံပင်ကဲ့သို့သော ညိုနေတဲ့ကောဋ္ဌာသတွေကို အာရုံယူပြီး အညိုရောင်ကသိုဏ်း, ကျင်ငယ်ကဲ့သို့ ဝါနေတဲ့ကောဋ္ဌာသတွေကို အာရုံယူပြီး အဝါရောင်ကသိုဏ်း, သွေးကဲ့သို့ နီနေတဲ့ကောဋ္ဌာသတွေကို အာရုံယူပြီး အနီရောင်ကသိုဏ်း, အရိုးကဲ့သို့ ဖြူနေတဲ့ကောဋ္ဌာသတွေကို အာရုံယူပြီး အဖြူရောင်ကသိုဏ်းတို့ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ် ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)

အားထုတ်လိုက်တဲ့အတွက် ဒီကသိုဏ်း (၄)ပါးမှာ စတုတ္ထစျာန်သမာဓိ အထိ ဆိုက်အောင် ပွားများနိုင်တဲ့ စွမ်းအင်ကြောင့် ပထဝီကသိုဏ်း (= မြေ ကသိုဏ်း), အာပေါကသိုဏ်း (= ရေကသိုဏ်း), တေဇောကသိုဏ်း = (မီးကသိုဏ်း), ဝါယောကသိုဏ်း (= လေကသိုဏ်း), အာလောကကသိုဏ်း (= အလင်းရောင်ကသိုဏ်း)နှင့် အာကာသကသိုဏ်း၊ အားလုံးပေါင်း ကသိုဏ်း (၁၀)ပါးကို စနစ်တကျ ဆက်လက်ပြီး ပွားများအားထုတ်တယ်။ ဒီ ကသိုဏ်း (၁၀)ပါးကို အခြေခံပြီးတော့ အရူပစျာန်တွေကိုလည်း စနစ်တကျ အောင်အောင်မြင်မြင် ပွားများအားထုတ်ထားတဲ့ သူတော်ကောင်း ဖြစ်ပါတယ်။

ထိုစျာန်သမာဓိတွေကို အခြေခံပြီး ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရား တွေကို သိမ်းဆည်းလျက် ထိုသင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းနိုင်တဲ့အတွက် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်, သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်, အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အဆင့်အထိ ရောက်ရှိနေတဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ထိုသူတော်ကောင်းက ရဟန်းသံဃာတော်နှင့် တွေ့တဲ့အချိန်အခါ သို့မဟုတ် သီတင်းသုံးဖော် ဥပါသကာတွေအချင်းချင်း တွေ့တဲ့အချိန်အခါတွေမှာ အချည်းနှီးဖြစ်တဲ့စကား မပြောဘဲ တရားစကားကိုပဲ ပြောကြားလေ့ရှိတယ်။

အကယ်၍ ရဟန်းတော်တွေက သူ့ကို တရားဟောခဲ့မယ်ဆိုလျှင်လည်း ရိုရိုသေသေနဲ့ နာယူလေ့ရှိတယ်။ အကယ်၍ ရဟန်းတော်တွေက တရားနာ ယူလိုတယ်ဆိုလျှင်လည်း သူက ရိုရိုသေသေ လေးလေးစားစားဖြင့် ပြန်ပြီးတော့ တရားဟောနိုင်တဲ့ စွမ်းအား ရှိပါတယ်။ ဒီစွမ်းအင်တွေက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် သူ့သန္တာန်မှာ ဖြစ်ပေါ်လာရပါသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့အခါ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရဘုရားရှင် သာသနာတော်တွင်းကတည်းက စတင်ပြီး ပါရမီမျိုးစေ့ တွေကို ကြဲချစိုက်ပျိုးခဲ့တဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ ဘုရားအမှူး ရှိသော တစ်သိန်းသော သံဃာတော်တို့အား ဆွမ်းအစရှိတဲ့ ပစ္စည်းလေးပါး တွေကို လှူဒါန်းပူဇော်ပြီးတော့ ဓမ္မကထိကအရာ၌ ဧတဒဂ်ဘွဲ့ထူး ရရှိဖို့ရန် အတွက် ဆုတောင်းပန်ထွာပြီးတော့ ပါရမီမျိုးစေ့တွေကို ဖြည့်ကျင့်ခဲ့တဲ့ သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီနေ့ ကျောင်းဒါယကာကြီး ဦးကျင်ဟုတ်, ဒါယကာကြီး ဦးလှထွန်း, ဒါယကာကြီး ဦးစိုးထွန်းတို့လည်း စိတ္တသူကြွယ်ကျောင်းဒါယကာကြီးကို အတုယူပြီးတော့ ဒါနာဘိရတ = ဒါနမှာတွင် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက် ရုံတွင်မကဘဲ, ဓမ္မာဘိရတ = တရားမှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်နေတဲ့ သူတော်ကောင်းကြီးတွေဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအား ထုတ်ကြပါလို့ ဘုန်းကြီးကတော့ တိုက်တွန်းလိုပါတယ်။ ဒီဒါယကာကြီးအနေနဲ့ ယခုလို ကြိုးစားအားထုတ်လိုက်တဲ့အတွက် ဘုရားအမှူးရှိတဲ့ သံဃာတော် တွေဟာလည်း စိတ္တသူကြွယ်ဒါယကာကြီးကို အမှီပြုပြီးတော့ ပစ္စည်းလေးပါးဖြင့် မပင်မပန်း ချမ်းချမ်းသာသာဖြင့် နေထိုင်သီတင်းသုံးတော်မူကြရပါတယ်။ ဒီဒါယကာကြီးရဲ့ ဒါနာဘိရတ = ဒါနမှာ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုကြောင့် သံဃာတော်များ ချမ်းသာရခြင်း ဖြစ်ရတယ်။ ဒါတွင် မကသေးဘူး၊ ဒီ ဒါယကာကြီးက ဓမ္မာဘိရတ = တရားမှာလည်း မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်တဲ့ သူတော်ကောင်းကြီး ဖြစ်ခြင်းကြောင့် သာသနာတော်ကို ဓမ္မာနုဂ္ဂဟ = တရားဖြင့်လည်း ချီးမြှောက်ထောက်ပံ့ပါတယ်။

ဘယ်လို ချီးမြှောက်သလဲလို့ မေးလျှင်တော့ တရားတော်ဖြင့် သူက ချီးမြှောက်ပေးတယ်၊ ပရိယတ်တရားတော်တွေကိုလည်း သူက စနစ်တကျ သင်ယူပါတယ်။ ဒီလို သင်ယူလိုက်တဲ့အတွက် အတိတ်ကလည်း ပရိယတ် တရားတော်တွေကို စနစ်တကျ သင်ယူခဲ့ဖူးတဲ့ ပါရမီမျိုးစေ့တွေက နှိုးဆော် လိုက်တော့ ပဋိသမ္ဘိဒါဉာဏ်လေးပါးကို လူဝတ်ကြောင်ဘဝဖြင့် ရရှိထားတဲ့ သူတော်ကောင်းတစ်ဦး ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။) ဘုရားရှင်ရဲ့ တရားတော် တွေကို ပဋိသမ္ဘိဒါဉာဏ်ဖြင့် စနစ်တကျ ထိုးထွင်းသိနိုင်တဲ့ အဆင့်အထိ ရောက်နေတယ်။

ဒုက္ခသစ္စာခေါ်တဲ့ ရုပ်တရား နာမ်တရားတွေကို စနစ်တကျ ဟုတ်တိုင်း မှန်စွာ ထိုးထွင်းသိတယ်၊ သမုဒယသစ္စာခေါ်တဲ့ အကြောင်းတရားတွေကို လည်း စနစ်တကျ ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိတယ်၊ နိရောဓသစ္စာခေါ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်း စနစ်တကျ ဟုတ်တိုင်းမှန်စွာ မိမိကိုယ်တိုင် ထိုးထွင်းသိတယ်၊ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားတွေကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်ပြီး သိတယ်။ ဒီလို သိနေတဲ့ အသိဉာဏ် ရှိတဲ့အတွက် သူတစ်ပါးတွေက အကယ်၍ တရားနာယူလိုတယ်ဆိုလျှင်တော့ ရဟန်းပဲဖြစ်စေ, လူပုဂ္ဂိုလ်ပဲဖြစ်စေ ထိုပုဂ္ဂိုလ်ကို ဘုရားရှင်ရဲ့ တရားတော်တွေကို မှန်မှန်ကန်ကန် တိတိကျကျ စနစ်တကျအားဖြင့် နားလည်သွားအောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်တဲ့စွမ်းအား ရှိနေပါတယ်။

အဲဒီစွမ်းအား ရှိလိုက်တဲ့အတွက် မိမိကို အကြောင်းပြုပြီးတော့ မိမိ ဟောကြားလိုက်တဲ့ တရားတော်ကို နာယူရတဲ့အတွက် တစ်ဖက်ပုဂ္ဂိုလ်တွေက မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကိုလည်း ရရှိသွားကြပါတယ်။ မိမိသည်သာလျှင် မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုနိုင်သည်မဟုတ်ဘဲ မိမိကို အကြောင်းပြုပြီးတော့ တရားနာပရိသတ် အပေါင်း သူတော်ကောင်းတွေလည်း မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ရရှိသွားကြတယ်ဆိုလျှင် ဘယ့်နှယ်တုံး ကျောင်းဒါယကာကြီးတွေ ဝမ်းမြောက်ဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်။ ဒီအဆင့်ကတော့ သာသနာတော်က ပေးအပ်တဲ့အဆင့်ပဲ ဖြစ်ပါတယ်။

တစ်နေ့ အိုကြမယ်, နာကြမယ်, သေကြမယ်။ သံသရာခရီးက မဆုံးကြသေးဘူးဆိုလျှင် နောက်ထပ်တစ်ဖန် မိခင်ဝမ်းဗိုက်ထဲမှာ ပြန်ပြီးတော့ ပဋိသန္ဓေ တည်နေကြရဦးမှာ ဖြစ်တယ်။ မိမိရဲ့ဘဝကို ပြန်ပြီး စဉ်းစားကြည့်ပါ။ ဘုန်းကြီးတို့ ဖြတ်သန်းလာခဲ့ရတဲ့ဘဝတွေ, နောက်ထပ် သံသရာခရီး မဆုံးသေးဘူးဆိုလျှင်လည်း ဆက်လက်ပြီး ဖြတ်သန်းရမယ့် ဘဝတွေကို ပြန်ပြီး စဉ်းစားကြည့်ပါ။ မိခင်ရဲ့ ဝမ်းကြာတိုက်တွေ ဘယ်လောက် ညစ်ပတ်တယ် ဆိုတာ ဒါယကာကြီးတွေ, ဒါယိကာမကြီးတွေ အားလုံး နားလည်ကြပါတယ်။ သင်္ဂဇာဆရာတော်ဘုရားကတော့ ဘယ်လိုအမိန့်ရှိသလဲ?

ဒီလောက် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ မိခင်ဝမ်းထဲက ထွက်လာတဲ့ ယောက်ျားတစ်ယောက်သည် နောက်ထပ်တစ်ဖန် ဒီလောက် ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ မိခင်ဝမ်းတွင်းထဲကို တစ်ဖန်ပြန်ပြီး သွားချင်သေးတယ်ဆိုလျှင် ဒီယောက်ျားထက် ညံ့တဲ့ယောက်ျား လောကမှာ ရှိနိုင်ပါ့မလားဆိုပြီး အမိန့် ရှိတော်မူတယ်။ ဘယ့်နှယ်တုံး ဒါယကာကြီးတွေ ဒီစကားကို လက်ခံနိုင်ပါ့ မလား? မိမိကိုယ်ကို ပြန်ပြီး သေချာစဉ်းစားကြည့်ပါ။ လက်ခံဖို့လည်း သိပ်ကောင်းတယ်၊ ကြောက်ဖို့လည်း သိပ်ကောင်းတယ်။

မိခင်ဝမ်းဗိုက်ထဲမှာ နေရတာက ချမ်းချမ်းသာသာ နေရတာမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ အင်မတန် ကြပ်တည်း ကျဉ်းမြောင်းတဲ့နေရာ ကလေးမှာ ကိုးလ ဆယ်လ နေထိုင်ရမယ့်ဘဝ ဖြစ်ပါတယ်။ ဒါက လူ့လောက မိခင်ဝမ်းတွင်းကို ရည်ရွယ်ပြီး ပြောနေတဲ့စကားသာ ဖြစ်ပါတယ်။ အကယ်၍ တိရစ္ဆာန်ဘဝလို မိခင်ဝမ်းထဲ ရောက်ရမယ် သို့မဟုတ် ပြိတ္တာဘဝ သို့မဟုတ် ငရဲဘဝ ရောက်ရမယ်ဆိုလျှင်တော့ ကြီးကျယ်တဲ့ဒုက္ခတွေ မခံစားရဘူးလား? ခံစားရမယ်။ ဒီလို ဒုက္ခအဝဝတွေမှ လွတ်မြောက်ရန်ဖြစ်တဲ့ မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ရရှိမယ်ဆိုလျှင် ထိုမသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ရအောင် စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ဖို့ မလိုဘူးလား? လိုအပ်ပါတယ်။ ဒီလို လိုအပ်နေတဲ့အတွက် ဒီနေ့ ကျင့်စဉ်ပိုင်းဆိုင်ရာကို ဘုန်းကြီး ခပ်တိုတိုကလေးတော့ ပြောဖို့ ရည်ရွယ်ထား ပါတယ်။ ဒီကျင့်စဉ်ပိုင်းဆိုင်ရာမှာ မသေရာ အမြိုက်နိဗ္ဗာန် ရရှိဖို့အတွက် ယောဂီတစ်ယောက်အနေနဲ့ ဘာလိုအပ်သလဲ?

မသေရာအမြိုက်နိဗ္ဗာန်ကို ရရှိရေးအတွက် သိရမည့်တရား

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ယော စ ခေါ = အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်ကား။ ဧဝံ = ဤသို့။ ဝဒေယျ = ပြောဆိုလာငြားအံ့။ အဟံ = ငါသည်။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယ သစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိ မမြင်မူ၍။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခဖြစ်ကြောင်း သမုဒယအရိယ သစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိ မမြင်မူ၍။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာ တရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ်ဟု ခေါ်ဆိုအပ်တဲ့ မဂ္ဂအရိယသစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ။ အနဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မူ၍။ သမ္မာ = ကောင်းမွန်မှန်ကန်စွာ။ ဒုက္ခဿ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏။ အန္တံ = အဆုံးအပိုင်းအခြားကို။ ကရိဿာမိ = ငါပြုလုပ်၍ ပြပေအံ့။ ဣတိ = ဤသို့လျှင်။ ဝဒေယျ = ပြောဆိုလာငြားအံ့။ တဿ = ထိုပုဂ္ဂိုလ်၏။ ဧတံ ဌာနံ = ထို ပြောဆိုလာတဲ့အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည်။ န ဝိဇ္ဇတိ = မရှိသည်သာလျှင်တည်း။

ပုဂ္ဂိုလ်တစ်ယောက်ကတော့ ပြောလာပြီ၊ ဘယ်လိုပြောလာသလဲ? ဒုက္ခ အရိယသစ္စာ, ဒုက္ခသမုဒယအရိယသစ္စာ, ဒုက္ခနိရောဓအရိယသစ္စာ, ဒုက္ခ နိရောဓဂါမိနိပဋိပဒါလို့ ခေါ်ဆိုအပ်တဲ့ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်တဲ့ မဂ္ဂအရိယသစ္စာ။ ဒီသစ္စာလေးရပ်ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ ငါ သံသရာဝဋ် ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားကို ပြုလုပ်ပြမယ်လို့ လာပြီး ပြောလာမယ် ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာ ဘယ်လိုမှ မရှိနိုင်ပါဘူးလို့ ဒီလိုဘုရားရှင်က ဟောကြား ထားတော်မူပါတယ်။ နောက်ထပ် ဆက်လက်ပြီးတော့ မြတ်စွာဘုရားက ဥပမာကလေးနဲ့ ဟောတော်မူပြန်တယ်။

ယခု ဒါယကာကြီးတွေ ဆောက်လုပ်လှူဒါန်းပူဇော်လိုက်တဲ့ ကျောင်းမျိုးလို အဆောက်အဦတစ်ခုကို စံထားပြီးတော့ ဘုရားရှင်က ဟောတော်မူပါတယ်။ ဘယ်လို ဟောတော်မူသလဲ? အောက်ပိုင်းအဆောက်အဦလို့ ခေါ်ဆို အပ်တဲ့ တိုင်တွေလည်း မရှိဘူး, ယောက်ဝိုင်းတွေလည်း မရှိဘူး။ ဒီလို အောက်ပိုင်းအဆောက်အဦဖြစ်တဲ့ တိုင်တွေ, ယောက်ဝိုင်းတွေ မရှိဘဲနဲ့ အပေါ်ပိုင်း အဆောက်အဦလို့ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ, မြားတွေ, အခြင်ရနယ်တွေ တင်ပြီးတော့ အမိုးပြုလုပ်မယ်, အထွတ်တပ်မယ်ဆိုလျှင် ဖြစ်နိုင်မယ့် သဘော ရှိသလား? မရှိဘူး။

ဒီပုံစံအတိုင်းပဲ အောက်ပိုင်းအဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ တိုင်တွေ, ယောက်ဝိုင်းတွေ မရှိဘဲနဲ့ အပေါ်ပိုင်းအဆောက်အဦဖြစ်တဲ့ အမိုးကို တင်ပြီး ဆောက်မယ်ဆိုလျှင် မဖြစ်နိုင်သလို ပုဂ္ဂိုလ်တစ်ယောက်က ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာခေါ်တဲ့ သစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ သံသရာ ဝဋ်ဆင်းရဲဒုက္ခရဲ့ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်သို့ရောက်အောင် ငါ ပြုလုပ်ပြမယ် ဆိုလျှင် ပြောဆိုတဲ့အတိုင်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဆိုပြီးတော့ ဘုရားရှင်က ဟောထားတော်မူပါတယ်။ ပြောင်းပြန်လှန်ပြီးတော့လည်း တစ်ချက် ဟောတော်မူပြန်တယ်။

ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီတိ ဌာနမေတံ ဝိဇ္ဇတိ။ (သံ၊၃၊၃၉၄။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ယော စ ခေါ = အကြင် အမှတ်မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်ကား။ ဧဝံ = ဤသို့။ ဝဒေယျ = ပြောဆိုလာငြားအံ့။ အဟံ = ငါသည်။ ဒုက္ခံ အရိယသစ္စံ = ဒုက္ခအရိယသစ္စာ တရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍။ ဒုက္ခသမုဒယံ အရိယသစ္စံ = ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အဘိသမေစ္စ = သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍။ ဒုက္ခနိရောဓံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ အဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ = ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ။ အဘိသမေစ္စ = သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီး၍။ ဒုက္ခဿ = သံသရာဝဋ်ဆင်းရဲဒုက္ခ၏။ အန္တံ = အဆုံးအပိုင်းအခြားကို။ ကရိဿာမိ = ငါပြုလုပ်၍ ပြပေအံ့။ ဣတိ ဧဝံ = ဤသို့လျှင်။ ဝဒေယျ = ပြောဆိုလာငြားအံ့။ တဿ = ထိုပုဂ္ဂိုလ်၏။ ဧတံ ဌာနံ = ထိုပြောဆိုလာတဲ့အတိုင်း ဖြစ်နိုင်ရာသောအကြောင်းအရာမျိုးသည်။ ဝိဇ္ဇတိ = ထင်ရှားဧကန် ရှိသည် အမှန်သာလျှင်တည်း။

ချစ်သားရဟန်းတို့ ... ပုဂ္ဂိုလ်တစ်ယောက်ကတော့ ပြောလာပြီ၊ ဘယ်လိုပြောလာသလဲ? ငါသည် ဒုက္ခအရိယသစ္စာ, ဒုက္ခသမုဒယအရိယ သစ္စာ, ဒုက္ခနိရောဓအရိယသစ္စာ, ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ်ခေါ်တဲ့ မဂ္ဂအရိယသစ္စာ၊ ဒီသစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးတဲ့ အချိန်အခါမှာ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြား ဖြစ်တဲ့ နိဗ္ဗာန်ကို ရအောင် ငါ ပြုလုပ်ပြမယ်လို့ လာပြောမယ်ဆိုလျှင် ထိုပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်း ရှိပါတယ်။ ဥပမာကလေးနဲ့ ဘုရားရှင်က ဆက်ပြီး ဟောတော်မူပြန်တယ်။

အိမ်တစ်အိမ် တည်ဆောက်တဲ့အခါမှာ အောက်ပိုင်းအဆောက်အဦ ခေါ်တဲ့ တိုင်တွေလည်း ရှိတယ်, ယောက်ဝိုင်းတွေ, ထုတ်တွေလည်း ရှိနေပြီ။ အဲဒီအချိန်အခါမှာ အပေါ်ပိုင်းအဆောက်အဦလို့ ခေါ်ဆိုအပ်တဲ့ ဒိုင်းတွေ, မြားတွေ, အခြင်ရနယ်တွေ တင်ပြီးတော့ အမိုး မိုးပြီးတော့ အထွတ်တပ်ထားတဲ့ အဆောက်အဦတစ်ခု ဆောက်မယ်ဆိုလျှင်တော့ ဖြစ်နိုင်တဲ့ အကြောင်း အရာရှိသလို အလားတူပဲ ပုဂ္ဂိုလ်တစ်ယောက်က သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ပြီးတဲ့ အချိန်အခါမှာ သံသရာဝဋ်ဆင်းရဲဒုက္ခရဲ့ အဆုံးအပိုင်းအခြားဖြစ်တဲ့ နိဗ္ဗာန်ကို ရအောင် ငါ ပြုလုပ်ပြမယ်လို့ ပြောဆိုမယ် ဆိုလျှင် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းရှိပါတယ်။ ဒါက သစ္စသံယုတ်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့ ကူဋာဂါရသုတ္တန် ဖြစ်ပါတယ်။

ထိုသုတ္တန်မှာ လာရှိတဲ့အတိုင်း သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို ရနိုင်မလား? မရနိုင်ဘူး။ ဒီအချက်ကိုတော့ ယုံကြည်ဖို့ လိုပါတယ်။ ဒီသစ္စာလေးပါးထဲမှာ ဒုက္ခသစ္စာက ခန္ဓာ (၅)ပါး = ရုပ်တရား, နာမ်တရားတွေ ဖြစ်တယ်။ (ဒီ၊၂၊၂၄၃။ သံ၊၃၊၃၆၉၊၊) သမုဒယသစ္စာက ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ဖြစ်ကြပါတယ်။ (အံ၊၁၊၁၇၈။) ဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား (၂)ပါး တို့က ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်ကြတယ်။ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမယ့်တရားတွေ ဖြစ်ကြပါတယ်။

ဘုရားရှင် ဟောကြားထားတော်မူတဲ့ ဒေသနာတော်မှာ ခန္ဓာ (၅)ပါး ထဲမှာ အကျုံးဝင်နေတဲ့ ရုပ်တရားတို့မည်သည် ကလာပ်ခေါ်တဲ့ အမှုန်ကလေး တွေအနေနဲ့ ဖြစ်ကြပါတယ်။ ဒီကလာပ်အမှုန်ကလေးတွေက ရုပ်တရားလား ဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်တရားတို့ရဲ့ အသေးဆုံး အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်ပါတယ်။ ရုပ်ပရမတ်အစစ် မဟုတ်သေးပါဘူး။ အဲဒီ ရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်လိုက်တဲ့ အချိန်အခါမှာ အနည်းဆုံး အောက်ထစ် ဆုံးအားဖြင့် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာစသည်ဖြင့် သဘောတရားကလေးတွေ ရှစ်ခု ကိုးခု ဆယ်ခု စသည် ရှိပါတယ်။ အဲဒီ သဘောတရားကလေးတွေကသာလျှင် ပရမတ္ထဓာတ်သား ရုပ်အစစ် ဖြစ်တယ်။ အဲဒီ ရုပ်တရားတွေကို ဟုတ်တိုင်းမှန်စွာသိဖို့ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကျင့်ရမလဲ? ဒီအပိုင်းက ကဏ္ဍတစ်ခု ရှိပါတယ်။

အလားတူပဲ နာမ်တရားတို့မည်သည်မှာ ဝီထိစိတ်နှင့် ဝီထိမုတ်စိတ်ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ဝီထိစိတ်ဆိုသည်မှာ စိတ္တနိယာမလမ်းကြောင်း အတိုင်း ရူပါရုံကို မြင်တဲ့အခါမှာ ဖြစ်ပေါ်သွားတဲ့ စိတ်အစဉ်, အသံကို ကြားတဲ့ အခါမှာ ဖြစ်ပေါ်သွားတဲ့ စိတ်အစဉ်, အနံ့ကို ရှူတဲ့အခါမှာ ဖြစ်ပေါ်သွားတဲ့ စိတ်အစဉ်, အရသာကို သိတဲ့အခါမှာ ဖြစ်ပေါ်သွားတဲ့ စိတ်အစဉ်, အတွေ့ အထိကို သိတဲ့အခါမှာ ဖြစ်ပေါ်သွားတဲ့ စိတ်အစဉ်, ဓမ္မသဘော အမျိုးမျိုး တွေကို သိတဲ့အချိန်အခါမှာ ဖြစ်ပေါ်သွားတဲ့ စိတ်အစဉ်တွေ ရှိကြတယ်။ အဲဒီ စိတ်အစဉ်တွေကလည်း သူတို့ရဲ့ နိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ် သွားကြပါတယ်။

သို့သော် အဲဒီ စိတ်အစဉ်တွေမှာ စိတ္တက္ခဏတစ်ခုတစ်ခုမှာ စိတ် စေတသိက်တွေက ပြိုင်တူ ယှဉ်တွဲပြီး ဖြစ်ပေါ်သွားကြပါတယ်။ အောက်ထစ်ဆုံးအားဖြင့် စိတ် စေတသိက် (၈)လုံးပေါင်းမှ ဖြစ်ပေါ်နိုင်တဲ့ စွမ်းအား ရှိတယ်။ ဇောကဲ့သို့သော အချို့အချို့သော စိတ္တက္ခဏတွေမှာ စိတ် စေတသိက် (၃၄)လုံးအထိ ဖြစ်တတ်ပါတယ်။ အဲဒီ စိတ် စေတသိက်တွေကို စိတ္တက္ခဏတိုင်းမှာ စနစ်တကျ သိမ်းဆည်းတတ်ရမှာ ဖြစ်ပါတယ်။ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ခွဲခြားစိတ်ဖြာပြီးသိမှ နာမ်ပရမတ်တရားကို စသိတဲ့ အဆင့် ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်တွေကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလိုအပ်သလဲ? ဒီအပိုင်းကလည်း ကဏ္ဍတစ်ခု ရှိပါတယ်။

ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေက သမုဒယသစ္စာ ဖြစ်တယ်။ (အံ၊၁၊၁၇၈။) အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် ဒီဘဝမှာ ရုပ်တရား, နာမ်တရားတို့ ထင်ရှားလာဖြစ်ကြတယ်။ ဒီဘဝမှာလည်း တစ်ဖန် ပြန်ပြီး ပြုစုပျိုးထောင်လိုက်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကြောင့် နောင်အနာဂတ်မှာ ဒုက္ခသစ္စာတရားတွေက သံသရာခရီး မဆုံးသေးတဲ့ ပုဂ္ဂိုလ်တွေအတွက် ထင်ရှားဖြစ်ကြမှာ ဖြစ်တယ်။ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန်အကျိုးဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းကြောင့် အနာဂတ်အကျိုးဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဟုတ်တိုင်း မှန်စွာ သိခဲ့လျှင် ဒီလိုသိနည်းမျိုးကို ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိတယ်လို့ ခေါ်ရတယ်။ ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ထိုးထွင်းသိခြင်းသည် သမုဒယသစ္စာကို ထိုးထွင်းသိခြင်းပဲ ဖြစ်ပါတယ်။

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာ ဘိနိဝေသော ဟောတိ။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

ဒီလို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာများနှင့်အညီ ထိုဒုက္ခသစ္စာတရား, သမုဒယသစ္စာတရားတို့က ဝိပဿနာဉာဏ်ဖြင့် အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တွင်တွင်ကြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းရမယ့် အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။ ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတွေကို ဟုတ်တိုင်း မှန်စွာ သိရေးအတွက် ယောဂီပုဂ္ဂိုလ်က ဘာလိုအပ်သလဲ? အကြောင်းသမုဒယသစ္စာတရားတွေကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဘာလိုအပ်သလဲ? ထိုသစ္စသံယုတ်မှာပဲ သမာဓိသုတ္တန်စတဲ့ ထိုထိုသုတ္တန်ကလေးတွေကို ဟောကြားထားတော်မူပါတယ်။ ထိုသုတ္တန်တွေမှာ ဘုရားရှင်က-----

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြပါကုန်လော့။ သမာဟိတော ဘိက္ခု = သမာဓိရှိတဲ့ရဟန်းတော်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ = ကွဲကွဲ ပြားပြား သိ၏။

ချစ်သားရဟန်းတို့ ... သမာဓိ ထူထောင်ကြပါ။ သမာဓိရှိနေတဲ့ ရဟန်းတော်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါတယ် ဆိုပြီး ဒီလို ဟောထားတော်မူပါတယ်။

ကိဉ္စ ယထာဘူတံ ပဇာနာတိ၊ (သံ၊၃၊၃၆၃။)

ဘာတွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါသလဲလို့ ဒီလို မေးခွန်းကို မေးပြီးတော့ ဘုရားရှင်က ပြန်ဖြေထားတော်မူတယ်။

ဣဒံ ဒုက္ခန္တိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခသမုဒယောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓောတိ ယထာဘူတံ ပဇာနာတိ၊ အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါတိ ယထာဘူတံ ပဇာနာတိ။ (သံ၊၃၊၃၆၃။)

ဤကား ဒုက္ခသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား သမုဒယသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား နိရောဓသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်၊ ဤကား ဒုက္ခချုပ်ရာ နိရောဓ = နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် မဂ္ဂသစ္စာ တရားလို့ ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမယ်။ ဒီလို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရှိရေးအတွက် သင်ချစ်သား ချစ်သမီးတို့ သမာဓိကို ထူထောင်ကြပါဆိုပြီး ဒီလို တိုက်တွန်းထားတော်မူပါတယ်။

တစ်နည်းတစ်ဖုံအားဖြင့် ပြောမယ်ဆိုလျှင် ဘုန်းကြီးတို့ မဂ္ဂင် (၈)ပါး ထဲမှာ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်တစ်ခု ပါနေပါတယ်။ မဂ္ဂင် (၈)ပါးကို နိဗ္ဗာန် ရောက်ကြောင်းကျင့်စဉ်အဖြစ် လက်ခံနိုင်ခဲ့လျှင် မဂ္ဂင် (၈)ပါးထဲမှာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ သမ္မာသမာဓိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ် အဖြစ် လက်ခံဖို့ လိုပါတယ်။ ဘာကို သမ္မာသမာဓိခေါ်တယ်ဆိုတာကိုလည်း နာမည်ကျော်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ္တန်မှာပဲ ဘုရားရှင်က တိတိကျကျ ရှင်းလင်းတင်ပြထားပါတယ်။

ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို သမ္မာသမာဓိလို့ ခေါ်ဆိုတယ်ဆိုပြီး တိတိကျကျ ရှင်းထား တော်မူပါတယ်။ (ဒီ၊၂၊၂၅၀-၂၅၁။) သီလတွေကို ဖြူဖြူစင်စင် ကျင့်သုံး ဆောက်တည်ပြီးတဲ့ အချိန်အခါမှာ ထိုသမာဓိကျင့်စဉ်ပိုင်းကို ယောဂီပုဂ္ဂိုလ်က နောက်တစ်ဆင့် တက်လှမ်းရမှာ ဖြစ်တယ်။ ဘာကြောင့် သမာဓိထူထောင်ရတယ်ဆိုတာကို ဘုရားရှင်က သမာဓိသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ တိတိ ကျကျ ရှင်းထားပါတယ်။

သမာဓိရှိမှ ဒုက္ခသစ္စာကို ဟုတ်တိုင်းမှန်စွာ သိမယ်၊ သမာဓိရှိမှ သမုဒယ သစ္စာကို ဟုတ်တိုင်းမှန်စွာ သိမယ်၊ သမာဓိရှိမှ နိရောဓသစ္စာ, မဂ္ဂသစ္စာတွေကို ဟုတ်တိုင်းမှန်စွာ သိမှာဖြစ်တယ်။ ထိုသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် သမာဓိကို ထူထောင်ပါဆိုပြီး ဘုရားရှင်က တိုက်တွန်းထား တော်မူပါတယ်။ ဒီသမာဓိနဲ့ သစ္စာလေးပါးကို သိဖို့ရာနဲ့ ဘယ်လို ဆက်သွယ်မှု ရှိနေသလဲလို့ တစ်ဖန်ထပ်ပြီး မေးမယ်ဆိုလျှင်တော့ သမာဓိရှိနေတဲ့ပုဂ္ဂိုလ်မှာ ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန် သမာဓိဆိုတဲ့ ဒီသမာဓိတစ်ခုခုကို ဆိုက်ရောက်လာတဲ့ သူတော်ကောင်းရဲ့ သန္တာန်မှာ ထိုသမာဓိနဲ့ ယှဉ်တွဲနေတဲ့ဉာဏ်ကြောင့် လင်းရောင်ခြည်စွမ်းအင် တွေက ပြိုးပြိုးပြက် တလက်လက် တောက်ပနေပါတယ်။

ပညာရောင် = ဉာဏ်ရောင်

သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ ... (မ၊၁၊၃၄၇။)

စသည်ဖြင့် ဟောကြားထားတော်မူတဲ့ မဟာအဿပုရသုတ္တန် စတဲ့ ဒေသနာတော်များနှင့်အညီ စတုတ္ထစျာန်သမာဓိကဲ့သို့သော သမာဓိတွေက ပြိုးပြိုးပြက် တလက်လက်တောက်ပနေတဲ့ အရောင်အလင်းတွေကို ဖြစ်စေနိုင်တဲ့စွမ်းအား ရှိပါတယ်။ အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် ဩဘာသသုတ္တန် (အံ၊၁၊၄၇၅။) စသည်တို့၌ ယင်းအရောင်အလင်းမျိုးကို ဉာဏ်ရောင်ဟု ဟောကြားတော်မူခဲ့ပါတယ်။

ထိုလင်းရောင်ခြည် အကူအညီကို ယူပြီးတော့ စနစ်တကျ ခန္ဓာကိုယ်မှာ ဓာတ်ကမ္မဋ္ဌာန်းကို ရှုပွားသုံးသပ်တတ်ခဲ့မယ်ဆိုလျှင် ကလာပ်အမှုန်ကလေး တွေကို သွားတွေ့မယ်။ ကလာပ်အမှုန်ကလေးတွေကို လင်းရောင်ခြည် အကူ အညီနဲ့ပဲ ဓာတ်ခွဲကြည့်လိုက်လျှင် ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာ အစရှိတဲ့ ပရမတ္ထဓမ္မသဘာဝကလေးတွေကို တွေ့နိုင်ပါတယ်။ သို့သော် သမာဓိက လျောကျသွားတယ်။ သမာဓိ လျောကျသည်နှင့် တစ်ပြိုင်နက်တည်း ဘာဖြစ်လာသလဲ? အလင်းရောင်တွေလည်း ကွယ်ပျောက်သွားတယ်။ အလင်းရောင် ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက်တည်း ခန္ဓာကိုယ်မှာ ရုပ်ကလာပ်တွေကို မမြင်တော့ဘူး။

ပရမတ္ထဓာတ်သားတွေကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက် ဆီမီးတိုင် ကဲ့သို့ အရောင်အလင်းကို ထွန်းလင်းညှိပြထားတာက ဒီသမာဓိနှင့်ယှဉ်တဲ့ ဉာဏ် ဖြစ်ပါတယ်။ (မိလိန္ဒပဥှာ-၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။) သမာဓိက ထက်လျှင် ထက်သလို ဉာဏ်က ထက်လာတယ်။ ဉာဏ်က ထက်လျှင် ထက်သလို လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းလာပါတယ်။ ဒါကြောင့် သမာဓိ တစ်ခုခုကိုတော့ ထူထောင်ဖို့ လိုအပ်လာပါတယ်။

သမာဓိထူထောင်ဖို့ လိုအပ်လာတဲ့အတွက် ကျောင်းဒါယကာ, ဒါယိကာမကြီးတွေ စွမ်းအားရှိသလို မိမိတို့အိမ်မှာ အားထုတ်ချင်တယ်ဆိုလျှင်တော့ အာနာပါနကမ္မဋ္ဌာန်းအကြောင်းကလေးကို ဘုန်းကြီး အတိုချုပ်ပြီး ပြောပြပါမယ်။ ကမ္မဋ္ဌာန်း (၄၀)ရှိတဲ့အထဲက မိမိနှစ်ခြိုက်တဲ့ကမ္မဋ္ဌာန်းဖြင့် သမာဓိ ထူထောင်ခွင့် ရှိပါတယ်။ ဘုရားရှင် ဟောကြားထားတဲ့ တရားတော်တွေ ဖြစ်တဲ့အတွက် ဘယ်ကမ္မဋ္ဌာန်းပဲဖြစ်ဖြစ် အကျိုးကျေးဇူးများပါတယ်။

အာနာပါနကျင့်စဉ်

သို့သော် မိမိအိမ်မှာ အားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက် ဆရာသမားတွေနဲ့ ဝေးကွာနေပေမယ့်လည်း အာနာပါနကမ္မဋ္ဌာန်းက ငါးမိနစ်ဖြစ်စေ, ဆယ်မိနစ်ဖြစ်စေ, တစ်နာရီဖြစ်စေ, နှစ်နာရီဖြစ်စေ အိမ်မှာ အချိန်ရလျှင် ရသလို ပွားများမယ်ဆိုလျှင်တော့ နည်းနည်း လွယ်ကူပါမယ်။ ပွားများဖို့ လွယ်ကူတယ် ဆိုသော်လည်း သမာဓိဖြစ်ဖို့ လွယ်ကူတယ်လို့ ဘုန်းကြီး မဆိုလိုပါဘူး။ ဘယ် ကမ္မဋ္ဌာန်းပဲဖြစ်ဖြစ် သမာဓိဖြစ်ဖို့ကတော့ အားလုံး ခက်ခဲတဲ့သဘော ရှိပါတယ်။ အတိတ်က ပါရမီမျိုးစေ့အပေါ် မူတည်ပြီးတော့ အာနာပါနကမ္မဋ္ဌာန်းနဲ့ လွယ်ကူတဲ့ပုဂ္ဂိုလ် ရှိသလို ခက်ခဲတဲ့ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။ ဒီ အာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင်က နာမည်ကျော်ဖြစ်တဲ့ မဟာသတိပဋ္ဌာနသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ အခွင့်သင့်သလို ဟောတော်မူထားပါတယ်။ သမထကမ္မဋ္ဌာန်းပိုင်းမှာ ဘုရားရှင်က လေးဆင့် ဟောကြားထားပါတယ်။

နံပါတ် (၁) အရှည်ကို သိခြင်း,

နံပါတ် (၂) အတိုကို သိခြင်း,

နံပါတ် (၃) အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိခြင်း,

နံပါတ် (၄) ငြိမ်အောင် (= ငြိမ်းအောင်) ကျင့်ခြင်းဆိုပြီးတော့ လေးဆင့် ချမှတ်ထားတော်မူပါတယ်။ (မ၊၁၊ရဝ-၇၁။)

ဒါကြောင့် လုပ်ငန်းခွင်မှာ ဝင်လေထွက်လေ ထိမှုထင်ရှားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျား တစ်နေရာက စပြီးတော့ ဝင်လျှင် ဝင်လေ, ထွက်လျှင်လည်း ထွက်လေလို့ မှတ်ပါ၊ လေအပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။ ကြိုးစားလိုက်လို့ အောင်မြင်မှုက မရဖြစ်လျှင်တော့ အဋ္ဌကထာများက ရေတွက်ခြင်း ဂဏနာနည်းအကူအညီကို ယူဖို့ရန်အတွက် အကြံပေးထားကြပါတယ်။ (ဝိသုဒ္ဓိ၊၁၊၂၇၀၊၊)

ဥပမာ ----- ဝင်လျှင် ဝင်လေလို့ မှတ်ပါ၊ ထွက်လျှင်လည်း ထွက်လေလို့ မှတ်ပါ။ ဒီလို မှတ်ပြီးတော့ ဝင်လေထွက်လေ နှစ်ခုပေါင်းကို တစ်လို့ ရေတွက်ကြည့်ပါ။

ဝင်လေထွက်လေ တစ်

ဝင်လေထွက်လေ နှစ်

ဝင်လေထွက်လေ သုံး

ဝင်လေထွက်လေ လေး

ဝင်လေထွက်လေ ငါး

ဝင်လေထွက်လေ ခြောက်

ဝင်လေထွက်လေ ခုနစ်

ဝင်လေထွက်လေ ရှစ်

ရှစ်လောက်အထိပဲ ရေတွက်ကြည့်ပါ။ ငါးနဲ့ တစ်ဆယ်အကြား ကြိုက်တဲ့ နေရာမှာ ရပ်နိုင်ပါတယ်။ သို့သော် သတ်မှတ်ထားတဲ့ ဂဏန်းတစ်ခုခုရှိတာက ပိုကောင်းတယ်။ ဘုန်းကြီးတို့ ကျေးဇူးတော်ရှင် ကန္နီဆရာတော်ဘုရားကတော့ မဂ္ဂင် (၈)ပါးကို အမှတ်ရစေခြင်းငှာ ရည်ရွယ်ပြီးတော့ တစ် ကနေ ရှစ်အထိ သင်ပေးပါတယ်။

ဒါကြောင့် တစ်ကနေ ရှစ်အထိ ရေတွက်တယ်ပဲ ဆိုကြစို့၊ ဒီလို ရေတွက်တဲ့အပိုင်းမှာ ငါ့စိတ်တွေ တစ်ကနေ ရှစ်အတွင်း ဘယ်မှ မထွက်စေရဆိုပြီး စိတ်ကိုတော့ အစပိုင်းမှာ ခပ်တင်းတင်းထားပြီးတော့ ရှုပွား သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒီလို ရှုပွားသုံးသပ်လိုက်တဲ့အပိုင်းမှာ တစ်ခါတစ်ရံ အသက်ရှူတာက ခပ်ဖြည်းဖြည်း ခပ်နှေးနှေး ခပ်ရှည်ရှည် ရှူချင်လည်း ရှူဖြစ်မယ်။ တစ်ခါတစ်ရံ အသက်ရှူတာက မြန်ချင်လည်း မြန်နေတတ် ပါတယ်။ အသက်ရှူမြန်တာကိုတော့ တိုတယ်လို့ ခေါ်ပါတယ်။ အသက်ရှူ နှေးတာကိုတော့ ရှည်တယ်လို့ ခေါ်ပါတယ်။ အသက်ရှူမှုက ရှည်လျှင်လည်း ရှည်တဲ့အတိုင်း, တိုလျှင်လည်း တိုတဲ့အတိုင်း သိအောင် ကြိုးစားအားထုတ်ပါ။ တစ်ဖက်ကလည်း ရေတွက်ပေးပါ။

ဒီလို ရှုပွားသုံးသပ်လိုက်တဲ့အပိုင်းမှာ ရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအားကြောင့် ဘာဝနာစိတ်က ဝင်လေထွက်လေအာရုံအပေါ်၌ နည်းနည်း လောက်တော့ ငြိမ်ဝပ်စွာ ကပ်ပြီး တည်တတ်ပါတယ်။ အစပိုင်းမှာတော့ စက္ကန့်ပိုင်း သို့မဟုတ် မိနစ်ပိုင်းလောက်ပဲ တည်တတ်ပါတယ်။ တဖြည်းဖြည်း လေ့ကျင့်မယ်ဆိုလျှင်တော့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဝင်လေထွက်လေ အာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်လာတတ်ပါတယ်။

ဒီလို တည်လာတဲ့အချိန်အခါမှာ ထိုင်တိုင်းလိုလို ဝင်လေထွက်လေ အာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ ရေတွက်ခြင်း ဂဏနာနည်းကို လွှတ်လိုက်ပြီးတော့ ဝင်လေထွက်လေရဲ့ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားဆိုတဲ့ တစ်နေရာကနေ စောင့်ပြီး ကြည့်နေပါ။ ကြည့်ပြီးတော့ ဘာလုပ်ရမလဲ? အစ-အလယ်-အဆုံး အကုန်လုံးကို တောက်လျှောက် သိနေအောင်သာ စိတ်ကို ကပ်ထားပါ။ မှတ်ချင်လျှင်တော့ ဝင်လေထွက်လေလို့ပဲ မှတ်နေပါ။ ဒါက အစပဲ, ဒါက အလယ်ပဲ, ဒါက အဆုံးပဲ ဒီလိုတော့ လိုက်မမှတ်ပါနဲ့။

ဒီလို စိတ်ကို ကပ်ထားလိုက်တဲ့အခါမှာ တစ်ခါတလေ အသက်ရှူမှုက နှေးချင်နှေးမယ်။ အသက်ရှူနှေးနေတာကို ရှည်တယ်လို့ ခေါ်ပါတယ်။ ရှည်လျှင်လည်း အစ-အလယ်-အဆုံး အကုန်လုံး တောက်လျှောက်သိအောင် ကပ်ထားပါ။ တစ်ခါတလေ အသက်ရှူမှုက မြန်ချင်မြန်တတ်တယ်။မြန်တာကို တိုတယ်လို့ ခေါ်ပါတယ်။ တိုလျှင်လည်း အစ-အလယ်-အဆုံး အကုန်လုံးကို တောက်လျှောက်သိအောင်သာ ကပ်ထားပါ။

ဒီလို အစ-အလယ်-အဆုံး အကုန်လုံးကို တောက်လျှောက်သိအောင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ထားနိုင်ခဲ့လျှင်တော့ လေက သိမ်မွေ့သွားတတ်ပါတယ်။ သိမ်မွေ့သွားတဲ့လေကလေးမှာ ရှည်လျှင်လည်း ရှည်တဲ့အတိုင်း၊ တိုလျှင်လည်း တိုတဲ့အတိုင်း အစ-အလယ်-အဆုံး အကုန်လုံးကို တောက်လျှောက်သိအောင်သာ ဆက်ပြီး ကပ်ထားပါ။ မှတ်ချင်တယ်ဆိုလျှင်တော့ ဝင်လေထွက်လေလို့ပဲ မှတ်နေပါ။ ရှည်တယ် တိုတယ် လို့လည်း မမှတ်ပါနဲ့။ ဒါက အစပဲ, ဒါက အလယ်ပဲ, ဒါက အဆုံးပဲ ဒီလိုလည်း လိုက်ပြီး မမှတ်ပါနဲ့။ ရှည်အောင် တိုအောင်လည်း မကြိုးစားပါနဲ့၊ ပုံမှန်သာ အသက်ရှူနေပါ။

ဒီလို ကြိုးစားလိုက်လို့ သမာဓိက ရင့်ကျက်လာလျှင်တော့ လေကလေးက ဖြူလာတတ်တယ်။ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်လည်း ရှိတတ်ပါတယ်။ တခြား အရောင်အလင်းတွေလည်း ပေါ်တတ်ပါတယ်။ ဒါပေမယ့် ဝင်လေထွက်လေ ထိတဲ့နေရာကို မလွှတ်ဘဲ ထိနေတဲ့လေအပေါ်မှာ ဘာဝနာ စိတ်ကို ကပ်ထားလိုက်လို့ လေကလည်း ဖြူလာပြီဆိုလျှင်တော့ ဖြူနေတဲ့ ဒီ နိမိတ်အပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားတတ်ပါတယ်။ အဲဒီအချိန်မှာ အဖြူရောင်နိမိတ်အပေါ်မှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားပါ။

ဒီလို နိမိတ်အပေါ်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင် ကပ်ထားလိုက်ပြီဆိုလျှင် ပကတိ ဝင်လေထွက်လေကို ပြန်ပြီးတော့ မကြည့်ပါနဲ့။ အဖြူရောင်နိမိတ်အပေါ်မှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး ဆက်ရှုနေပါ။ သမာဓိကလည်း ရင့်ကျက်တိုးတက်လာပြီဆိုလျှင်တော့ ဖြူနေတဲ့ နိမိတ်ကလည်း သောကြာကြယ်ကဲ့သို့ ကြည်လင်တောက်ပတဲ့နိမိတ်အသွင် ပြောင်းသွားတတ်ပါတယ်။

ကြည်လင်တောက်ပတဲ့နိမိတ်ကို အာရုံယူပြီးတော့ ဘာဝနာစိတ်ကို ဆက်ပြီး ကပ်ထားနိုင်ခဲ့မယ်ဆိုလျှင်တော့ သမာဓိက အသားတက်လာတဲ့ အချိန်အခါမှာ ဘာဝနာစိတ်က နိမိတ်ထဲမှာ နစ်မြုပ်ပြီး ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပါလိမ့်မယ်။ ဒီလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့သဘောကိုတော့ လယ်တီဆရာတော်ဘုရားက စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟု ခေါ်သတတ်ဆိုပြီးတော့ ဒီလို လင်္ကာကလေးနဲ့ ဆိုဆုံးမထားပါတယ်။ ဘာဝနာအာရုံထဲ၌ ဘာဝနာစိတ်က စူးစူးစိုက်စိုက် နစ်မြုပ်ပြီး ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေတဲ့သဘော ဖြစ်ပါတယ်။

ဒီလို တည်နေတဲ့သမာဓိကို တစ်နာရီ နှစ်နာရီ သုံးနာရီ စသည်ဖြင့် ရအောင် ဆက်လက်ပြီး ထူထောင်နိုင်ခဲ့မယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ ထိုယောဂီပုဂ္ဂိုလ်က စျာန်အင်္ဂါတွေကို သိမ်းဆည်းလိုက်လျှင် သိမ်းဆည်းလို့ ရပါတယ်။ စျာန်အင်္ဂါတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်အထိ ဆက်ပြီး ရှုလျှင်လည်း ရှုလို့ရတယ်။ စတုတ္ထစျာန်အထိ အကယ်၍ ပေါက်ခဲ့မယ်ဆိုလျှင်တော့ ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်တွဲနေတဲ့ ဉာဏ်ရဲ့စွမ်းအင်ကြောင့် လင်းရောင်ခြည်တွေ ကလည်း ပြိုးပြိုးပြက် တလက်လက် တောက်ပနေပြီ ဖြစ်ပါတယ်။


ဓာတ်ကမ္မဋ္ဌာန်းမှ ဒုက္ခသစ္စာသို့

ဒီလို ပြိုးပြိုးပြက် တလက်လက် တောက်ပနေတဲ့ လင်းရောင်ခြည်တို့ရဲ့ အကူအညီကို ယူပြီးတော့ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ ရှုပွားသုံးသပ် လိုက်လျှင် ရုပ်ကလာပ်အမှုန်တွေကို တွေ့မယ်။ အဲဒီ ရုပ်ကလာပ်တွေကို ဓာတ်ခွဲနိုင်လျှင် ရုပ်ပရမတ်တရားတွေကို သိမယ်။ ရုပ်ပရမတ်တရားတွေကို သိမ်းဆည်းပြီးတဲ့အခါမှာ ဒီရုပ်တရားတွေကို အာရုံယူပြီး မှီတွယ်ပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကို ဆက်လက် သိမ်းဆည်းခဲ့မယ်ဆိုလျှင်လည်း နာမ်တရားတွေကို ဟုတ်တိုင်းမှန်စွာ သိနိုင်ပါတယ်။

အလားတူပဲ မိမိက စျာန်တရားတွေကို ရရှိထားတဲ့ ယောဂီသူတော်ကောင်း ဖြစ်မယ်ဆိုလျှင်တော့ မိမိ ရရှိထားတဲ့ စျာန်နာမ်တရားတွေကိုပါ ဆက်လက်ပြီး သိမ်းဆည်းလိုက်လျှင် စျာန်နာမ်တရားတွေကိုလည်း သိရှိမှာ ဖြစ်ပါတယ်။ ထိုရုပ်တရားနာမ်တရား ဒုက္ခသစ္စာတရားတွေကို အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ဌာနမှာ ဟုတ်တိုင်းမှန်စွာ သိထားတဲ့ သူတော်ကောင်းက ဒီရုပ်နာမ်တွေသည် ဘယ်လို အကြောင်းတရားတွေကြောင့် ထင်ရှားဖြစ်ပေါ်နေရပါသလဲ ဆိုပြီး အတိတ်ဘက်ကို တာစူပြီး ရုပ်နာမ်တွေကို သိမ်းဆည်းနိုင်ခဲ့မယ် ဆိုလျှင်တော့ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကို လှမ်းပြီး ရှာဖွေကြည့်လျှင်တော့ တွေ့နိုင်ပါတယ်။


အကြောင်းသမုဒယသစ္စာ

ဒီနေ့ အလှူရှင်တွေဘက်က ကျောင်းလှူတယ်, ဆွမ်းလှူတယ်, သင်္ကန်းတွေ လှူတယ်, ပစ္စည်းလေးပါးတွေ လှူဒါန်းပူဇော်ကြပါတယ်။ ဘာဆု တောင်းကြမလဲလို့ မေးလျှင်တော့ နိဗ္ဗာန်လို့တော့ ပြောချင်လည်း ပြောမယ်။ ဘုန်းကြီး ယခု ဒီနေရာမှာ ပြောချင်တဲ့အဓိပ္ပါယ်ကလေးတစ်ခုကတော့ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပါတယ်။ နိဗ္ဗာန်ကို လိုလားတောင့်တတာမှန်သော်လည်း နိဗ္ဗာန် မရမီစပ်ကြားဆိုပြီး စပ်ကြားကလေးခံပြီးတော့ ဘဝတစ်ခုကို တွယ်တာ မက်မောတဲ့ စိတ်ထားဖြင့် ကံကို ထူထောင်ခဲ့မယ်ဆိုလျှင် ဥပမာ - လူဖြစ်လျှင်လည်း လူတော်လူကောင်း, နတ်ဖြစ်လျှင်လည်း နတ်ကောင်းနတ်မြတ်ဆိုတဲ့ ဦးတည်ချက်ဖြင့် ယခုလို ကောင်းမှုကုသိုလ်ကံတွေကို ပြုစုပျိုးထောင်တယ် ဆိုလျှင် ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်ကနေ လှမ်းပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်ဆိုတာ ရှိသလား ဆိုတော့ မရှိဘူး။ ဘာသာရှိသလဲ? ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရား အစုအပုံ ရှိတယ်။ ထိုရုပ်တရား နာမ်တရားတွေက ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားကြတယ်။ ဒါက လူတော်လူကောင်း, ဒါက နတ်ကောင်းနတ်မြတ်လို့ ပြောပြနိုင်လောက်အောင် အချိန်ကာလ ကြာမြင့်စွာ တည်တံ့တဲ့သဘော မရှိဘူး။

မရှိပေမယ့်လို့ ကိုယ်က ပရမတ္ထသစ္စာခေါ်တဲ့ ရုပ်နာမ်ပရမတ်ကို ဟုတ်တိုင်းမှန်စွာ မသိသေးတဲ့အတွက် လူတော်လူကောင်း, နတ်ကောင်းနတ်မြတ်ဘဝကို လှမ်းပြီး တွယ်တာမက်မောတဲ့ စိတ်ထားဖြင့် ကံတွေကို ထူထောင် ခဲ့မယ်ဆိုလျှင် လူတော်လူကောင်းလို့ သိနေတဲ့အသိက မှားယွင်းတဲ့အသိ ဖြစ်နေတဲ့အတွက် ဒီလို မှားယွင်းတဲ့အသိကိုတော့ အဝိဇ္ဇာလို့ ခေါ်ပါတယ်။

ထိုမှားယွင်းတဲ့အသိကို အခြေခံပြီး လူတော်လူကောင်း, နတ်ကောင်း နတ်မြတ်ဘဝကို လှမ်းပြီး တွယ်တာတယ်။ ဒီတွယ်တာမှုသဘောက တဏှာ။ စိတ်ကပ်ပြီး စွဲနေတယ်။ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ တွယ်တာတဲ့ တဏှာကိုတော့ စွဲလမ်းတယ်လို့ ခေါ်ပါတယ်။ ဒီလို စိတ်ကပ်စွဲနေတဲ့သဘောက ဥပါဒါန်။ ဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် သုံးခု ခြံရံပြီးတော့ ယခုလို ကျောင်း လှူခြင်း, ဆွမ်းလှူခြင်း, သင်္ကန်းလှူခြင်း အစရှိတဲ့ ကောင်းမှုကုသိုလ် သင်္ခါရ တရားတွေကို ပြုစုပျိုးထောင်တယ်။

ထိုသင်္ခါရတရားတွေကလည်း အနိစ္စတရားတွေသာ ဖြစ်ကြတယ်။ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်သွားကြတယ်။ ဒီလို ဖြစ်ပြီး ပျက်သွားကြပေမယ့်လည်း စွမ်းအင်သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲနဲ့ ဖြစ်ပြီး ပျက်သွားတဲ့သဘောတော့ မဟုတ်ဘူး။ တစ်ချိန်မှာ မိမိ မျှော်လင့်တောင့်တနေတဲ့ လူတော် လူကောင်း, နတ်ကောင်းနတ်မြတ်ဘဝကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားကြတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုပြီး အကြောင်းငါးခု စုံညီသွားပါတယ်။

ဒီလို အကြောင်းငါးခု စုံညီသွားလျှင် ဒီကံကို ပြန်ပြီး ဖျက်သိမ်းဖို့ဆိုတာက အရိယမဂ်ဉာဏ်ဆိုတဲ့ မွေးညှပ်နဲ့ ကင်းပြီး ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆိုလိုတာက အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ခဲ့မယ်ဆိုလျှင် အထူးသဖြင့် အရဟတ္တမဂ်ဉာဏ် ဆိုက်ခဲ့မယ်ဆိုလျှင်တော့ ဒီကံတွေဟာ ချုပ်ငြိမ်းသွားနိုင် ပါတယ်။ အရဟတ္တမဂ်ဉာဏ် မဆိုက်သေးဘူးဆိုလျှင်တော့ ဒီလို ကံမျိုးတွေက အခါအခွင့်သင့်လာလျှင် သံသရာတစ်လျှောက်မှာ အကျိုးပေးမှာ သေချာတယ်။

ဒီပုံစံအတိုင်းပဲ အတိတ်ဘဝတစ်ခုကလည်း အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ သမုဒယသစ္စာတရားတွေကို မိမိတို့က ပြုစုပျိုးထောင်ခဲ့ ကြပါတယ်။ အဲဒီ သမုဒယသစ္စာတရားတွေကို သိတဲ့အဆင့်အထိ လှမ်းပြီးတော့ တဖြည်းဖြည်းနဲ့ အတိတ်ဘက်ကို တာစူပြီးတော့ ရုပ်နာမ်တွေ သိမ်းဆည်းသွားရပါတယ်။

သိမ်းဆည်းလိုက်လို့ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေကို ရှာဖွေတွေ့ရှိပြီဆိုလျှင် ထိုသမုဒယသစ္စာတရားတွေကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်တာကို မြင်အောင် လှမ်းပြီး ကြည့်ရပါတယ်။ ကြည့်လိုက်တဲ့ အချိန်အခါမှာ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာတရားကြောင့် ဒီဘဝမှာ ဒုက္ခသစ္စာဖြစ်ပုံကို သိတဲ့အခါ မိမိစွမ်းအားရှိသလောက် အတိတ်ဘက်ကို တာစူပြီးတော့ အလားတူပဲ ထိုထိုအတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ သမုဒယသစ္စာတရားတွေကြောင့် အတိတ်ဘဝတွေမှာလည်း ဒုက္ခသစ္စာဖြစ်ပုံ၊ ပစ္စုပ္ပန်မှာ ပြုစုပျိုးထောင်နေတဲ့ သမုဒယသစ္စာတရားတွေကြောင့် အနာဂတ်မှာ ဒုက္ခသစ္စာဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဟုတ်တိုင်း မှန်စွာ သိအောင် တစ်ဆင့်တက်ပြီး ကျင့်ရပါတယ်။


ဝိပဿနာ

ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိနိုင်တဲ့ အချိန် အခါရောက်တော့မှ ထိုဒုက္ခသစ္စာတရား, သမုဒယသစ္စာတရား နှစ်ပါးကို ဖြစ်ပြီး ပျက်နေတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ အနိစ္စလို့ တွင်တွင်ရှုရတယ်။ ဖြစ်ခြင်း ပျက်ခြင်းဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်အစက်ခံနေရတဲ့သဘောကို ဉာဏ်နဲ့ မြင်အောင်ကြည့်ပြီးတော့ ဒုက္ခလို့ တွင်တွင်ရှုရတယ်။ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ်တဲ့ သဘာဝတွေကို ဉာဏ်နဲ့ မြင်အောင်ကြည့် ပြီးတော့ အနတ္တလို့ တွင်တွင်ရှုရတယ်။ ဒီလို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ရှုတဲ့အပိုင်းကိုတော့ ဝိပဿနာလို့ ခေါ်ပါတယ်။


နိရောဓသစ္စာနှင့် မဂ္ဂသစ္စာ

ဒီဝိပဿနာဉာဏ်တွေကို ဉာဏ်စဉ်အတိုင်း ရင့်ကျက်အောင် ကြိုးစား လိုက်တဲ့အခါမှာ တစ်ချိန်မှာ မိမိတို့ရဲ့ ဝိပဿနာဉာဏ်တွေဟာလည်း ရင့်ကျက်လာပြီဆိုလျှင်တော့ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံး၌ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ ပေါ်လာမယ်။ ထိုအရိယမဂ်ဉာဏ်ဖိုလ်ဉာဏ် တွေက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူကြမှာ ဖြစ်ပါတယ်။ ထိုအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးက နိရောဓသစ္စာ ဖြစ်ပါတယ်။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို လှမ်းပြီး အာရုံယူနေတဲ့ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေတဲ့ အရိယမဂ္ဂင်တရားကိုယ်တွေက မဂ္ဂသစ္စာတရားများ ဖြစ်ကြပါတယ်။ ထိုအချိန်အခါမှာ ယောဂီ သူတော်ကောင်းက သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိမှာ ဖြစ်ပါတယ်။


အမတဒါန

ဒီလို သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိတဲ့ အချိန်အခါမှာ မိမိ ကိုယ်တိုင် ထိုးထွင်းသိသလို သူတစ်ပါးတွေကိုလည်း မသေရာ အမြိုက်နိဗ္ဗာန် တရားတော်မြတ်ကြီးကို ထိုးထွင်းသိအောင် ဟောကြားပြသ ဆိုဆုံးမနိုင်မယ်။ ဒီလို ဟောကြားပြသ ဆိုဆုံးမနိုင်တဲ့ပုဂ္ဂိုလ်မျိုးသည် (အမတဒါန ) = မသေရာ အမြိုက်နိဗ္ဗာန် အလှူကြီးကို ပေးလှူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ယခုလို အမတဒါနခေါ်တဲ့ မသေရာအမြိုက်နိဗ္ဗာန် အလှူကြီးကို ပေးလှူနိုင်ခဲ့မယ် ဆိုလျှင်တော့ ပေးလှူနေတဲ့ အလှူရှင်လည်း မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်ခြင်းရဲ့ အကြောင်းတရား ဖြစ်တယ်။ မသေရာ အမြိုက်နိဗ္ဗာန် အလှူဒါနကြီးကို အလှူခံရတဲ့ သူတော်ကောင်းတွေလည်း မသေရာအမြိုက်နိဗ္ဗာန်သို့ ရောက်ခြင်းရဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

အလှူပေး အလှူခံပုဂ္ဂိုလ် နှစ်ဦးလုံးတို့ဟာ မသေရာအမြိုက်နိဗ္ဗာန်သို့ ရောက်ရှိသွားကြပြီဆိုလျှင်တော့ နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေရမယ့် ဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားကြပြီ ဖြစ်တယ်၊ အိုဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားကြပြီ ဖြစ်တယ်၊ နာဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားကြပြီ ဖြစ်တယ်၊ သေဘေးဆိုးကြီးမှလည်း လွတ်မြောက်သွားကြပြီ ဖြစ်တယ်၊ သံသရာဝဋ်မီးပုံကြီး အပြီးတိုင် ငြိမ်းသွားပြီ ဖြစ်ပါတယ်။ အငြိမ်းကြီးငြိမ်း အအေးကြီးအေးရာ အချမ်းသာကြီး ချမ်းသာရာဖြစ်တဲ့ မသေရာ အမြိုက်နိဗ္ဗာန်ကြီးသို့ ထာဝစဉ် ဝင်စံကြရမှာ ဖြစ်တယ်။ ဒါကြောင့် အမတဒါနကို အသာဆုံး အမြတ်ဆုံးသောဒါနအဖြစ် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က ဓမ္မပဒပါဠိတော်မှာ ဂါထာကလေးတစ်ခုကို ဟောကြားထားတော်မူပါတယ်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။ (ဓမ္မပဒ၊ခု၊၁၊၆၄။)

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ = ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ = အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ = မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏။ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ = ဒုက္ခ အားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏။ (ဓမ္မပဒ၊ခု၊၁၊၆၄။)

ဒီလို ဘုရားရှင်က ဓမ္မဒါနကို ဂုဏ်တင်ကာ ဟောကြားထားတော်မူ ပါတယ်။ ဒီနေရာမှာ ဓမ္မဒါနနှင့် ပတ်သက်လို့ အဋ္ဌကထာက ရှင်းပြထားတယ်။ ဘုရားဟောပါဠိတော်ဓမ္မတွေကို ဆိုဆုံးမပေးတယ်၊ ပါဠိတော်ရဲ့ အနက် အဓိပ္ပါယ်တွေကို ရှင်းလင်းဖွင့်ဆိုထားတဲ့ အဋ္ဌကထာတွေကို ဟောကြားပြသ ပေးတယ်၊ ပါဠိတော်တွေကို နှုတ်ငုံရအောင် ပို့ချပေးတယ်၊ မေးမြန်းတဲ့ ပြဿနာတွေကို ဖြေကြားပေးတယ်၊ ကမ္မဋ္ဌာန်းတရားတွေကို ဟောကြား ပြသပေးတယ်၊ တရားတော် နာကြားမှုကိုလည်း အရိုအသေပြုလုပ်တယ်။ ဒီအလုံးစုံကတော့ ဓမ္မဒါနပဲ မည်ပါတယ်။ ဒီလို ဓမ္မဒါနအလှူကြီးကို ပေးလှူ နေတဲ့ ပုဂ္ဂိုလ်က မိမိကိုယ်တိုင် ပရိယတ္တိဗဟုဿုတ, ပဋိဝေဓဗဟုဿုတ ခေါ်တဲ့ နှစ်မျိုးသော ဗဟုဿုတတို့ဖြင့် ဘုရားရှင်ရဲ့ တရားတော်တွေကို မဂ်ဆိုက် ဖိုလ်ဆိုက်သည်အထိ အသိကြီးသိပြီးတဲ့အခါမှ ဓမ္မဒါနအလှူကြီးကို ပေးလှူမယ်ဆိုလျှင်တော့ မိမိ သူတစ်ပါး နှစ်ဦးသားလုံးအတွက် အကျိုးရှိတဲ့ အလှူကြီးပဲ ဖြစ်ပါတယ်။ ဒီလို အလှူကြီးကို ပေးလှူနိုင်တဲ့ အလှူပေး အလှူခံပုဂ္ဂိုလ် နှစ်ဦးလုံးတို့ဟာ အကယ်၍များ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ တိုင်အောင် ဆိုက်ရောက်သွားကြမယ်ဆိုလျှင် အိုဘေးဆိုးကြီးမှလည်း အလွတ် ကြီးလွတ်ပြီ၊ နာဘေးဆိုးကြီးမှလည်း အလွတ်ကြီးလွတ်ပြီ၊ သေဘေးဆိုးကြီးမှ လည်း အလွတ်ကြီးလွတ်ပြီ၊ သံသရာဝဋ်ဒုက္ခ မီးပုံကြီးလည်း အပြီးတိုင်ငြိမ်းပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ ကျောင်းဒါယကာ, ကျောင်းဒါယိကာမတွေလည်း မသေရာ အမြိုက်နိဗ္ဗာန်အလှူကြီးကို ပေးလှူနိုင်တဲ့အဆင့်အထိ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြပါလို့ ဘုန်းကြီး တိုက်တွန်းပါတယ်။ အားမထုတ်နိုင်သေးဘူးဆိုလျှင်လည်း ဒီနေ့ ပြုစုပျိုးထောင်လိုက်တဲ့ ဒါနကုသိုလ် အစုစုသည် မသေရာ အမြိုက်နိဗ္ဗာန်ကို ရခြင်း ရောက်ခြင်းရဲ့ ကြီးစွာသော အကြောင်းအထောက်အပံ့သာ ဖြစ်ပါစေလို့ ဆုတောင်းပန်ထွာပြီးတော့ တရားသိမ်းကြစို့ ---


တရားဒေသနာတော်နိဂုံး

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

(သာဓု သာဓု သာဓု ...)

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

မော်လမြိုင်မြို့နယ်

မွန်ပြည်နယ်။

၁၃၆၇-ခုနှစ်၊ တပို့တွဲလဆန်း (၁)ရက်၊ တနင်္ဂနွေနေ့။

___________

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...