Skip to main content

သူတော်ကောင်းတို့အလှူ

သူတော်ကောင်းတို့အလှူ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နိဒါနကထာ

ဒက္ခိဏဝိဘင်္ဂသုတ္တန်၌ လာရှိသော အလှူဒါန (၅) မျိုး

၁။ အလှူပေးပုဂ္ဂိုလ်ကြောင့် စင်ကြယ်သော အလှူဒါန

ယော သီလဝါ ဒုဿီလေသု ဒဒါတိ ဒါနံ၊

ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။

အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊

သာ ဒက္ခိဏာ ဒါယကတော ဝိသုဇ္ဈတိ။ (မ၊၃၊၃၀၀။)

အလှူရှင်သည် --

၁။ သီလရှိသူဖြစ်ခြင်း၊

၂။ လှူဖွယ်ဝတ္ထုမှာလည်း တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိအပ်သော လှူဖွယ်ဝတ္ထုပစ္စည်းစုဖြစ်ခြင်း၊

၃။ ပေးလှူစဉ်အခါ ရာဂ, ဒေါသ, မောဟ စသည့် ကိလေသာတို့က စိတ်အစဉ်ဝယ် ဝင်ရောက် နှောင့်ယှက်ခြင်းမရှိသဖြင့် အလွန်ကြည်လင်သော စိတ်ထားရှိခြင်း၊

၄။ ကြီးကျယ်မြင့်မြတ်သော ကံ-ကံ၏ အကျိုးတရား ကို အလွန်သက်ဝင်ယုံကြည်သော သဒ္ဓါတရား ရှိခြင်းဟူသော အင်္ဂါလေးပါးနှင့် ပြည့်စုံ၏။

သို့သော် အလှူခံပုဂ္ဂိုလ်တို့ကား သီလမရှိကြသည့် ဒုဿီလပုဂ္ဂိုလ်တို့ ဖြစ်နေကြ၏။

ထိုကဲ့သို့သော ဒါနမျိုးသည် -- အလောင်းတော် ဝေဿန္တရာမင်းကြီးက ဇာလီနှင့် ကဏှာဇိန်တို့ကဲ့သို့ သော သားငယ် သမီးငယ်တည်းဟူသော လှူဖွယ်ဝတ္ထု တို့ကို ဇူဇကာပုဏ္ဏားတည်းဟူသော သီလမရှိသည့် ဒုဿီလပုဂ္ဂိုလ်အား လှူဒါန်းလိုက်သော ဒါနကဲ့သို့ -- အလှူပေးသည့် ပုဂ္ဂိုလ်ကြောင့် စင်ကြယ်သော ဒါနမျိုးပင် ဖြစ်၏။ မိမိ လိုလားတောင့်တအပ်သော (သဗ္ဗညုတ ဉာဏ်တော်မြတ်ကဲ့သို့သော) အကျိုးတရားကို ဖြစ်စေ နိုင်သည့် စွမ်းအားရှိကြသော ပါရမီတရားအပေါင်း တို့တွင် နောက်ဆုံး ဖြည့်ကျင့်ဆည်းပူးတော်မူလိုက်ရ သော ဒါနပါရမီလည်း ဖြစ်ပေသည်။ မဟာပထဝီ မြေကြီးသည်လည်း သက်သေအရာ၌ ရပ်တည်ကာ သွက်သွက်ခါအောင် တုန်လှုပ်ခဲ့ရသည့် အလှူဒါနလည်း ဖြစ်ပေသည်။ (မ၊ဋ္ဌ၊၄၊၂၂၇။)

၂။ အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်သော အလှူဒါန

ယော ဒုဿီလော သီလဝန္တေသု ဒဒါတိ ဒါနံ၊

အဓမ္မေန လဒ္ဓံ အပ္ပသန္နစိတ္တော။

အနဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊

သာ ဒက္ခိဏာ ပဋိဂ္ဂါဟကတော ဝိသုဇ္ဈတိ။ (မ၊၃၊၃၀၀။)

အလှူရှင်သည် --

၁။ သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်ဖြစ်ခြင်း၊

၂။ လှူဖွယ်ဝတ္ထုမှာလည်း ဒုစရိုက်အမျိုးမျိုးတွေကို လွန်ကြူးလျက် မတရားသော နည်းလမ်းဖြင့် ရှာဖွေရရှိထားသော လှူဖွယ်ဝတ္ထု ပစ္စည်းစု ဖြစ်ခြင်း၊

၃။ ပေးလှူစဉ်အခါ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာ တရားဆိုးတို့က စိတ်အစဉ်ဝယ် ဝင်ရောက်နှောင့်ယှက်နေသဖြင့် မကြည်လင် သော စိတ်ထားရှိခြင်း၊

၄။ ပြန့်ပြောကြီးကျယ်မြင့်မြတ်သော ကံ-ကံ၏ အကျိုးတရားကို သက်ဝင်ယုံကြည်မှု မရှိခြင်း

ဤအင်္ဂါလေးရပ်နှင့် ပြည့်စုံနေ၏။ သို့သော် အလှူခံပုဂ္ဂိုလ်တို့ကား သီလရှိကြသည့် သူတော်သူမြတ် အလှူခံပုဂ္ဂိုလ်တို့ ဖြစ်နေကြ၏။

ထိုကဲ့သို့သော အလှူဒါနမျိုးသည်လည်း အလှူခံ ပုဂ္ဂိုလ်ကြောင့် စင်ကြယ်သော ဒါနပင် ဖြစ်ပေသည်။

ဤအရာတွင် အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၂၂၇။) က သီဟိုဠ် ကျွန်း ကလျာဏီမြစ်ဝတွင် နေထိုင်သော တံငါသည် တစ်ဦး၏ ထုံးကို ပုံစံထုတ်ပြထား၏။ ထိုတံငါသည်ကား အသက်ရှင်စဉ်အခါ သီလရှိတော်မူသော ဒီဃသောမ အမည်ရှိတော်မူသော မထေရ်မြတ်ကြီးအား သုံးကြိမ် တိုင်တိုင် ဆွမ်းလှူဒါန်းပူဇော်ခဲ့ဖူး၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် သေရာညောင်စောင်း လျောင်းစက် သောအခါ အရှင်ဒီဃသောမ မထေရ်မြတ်ကြီးအား လှူဒါန်းပူဇော်ခဲ့သော ဆွမ်းအလှူဒါန ကုသိုလ်ကံ စေတနာက ငါထူထောင်ခဲ့သည့် အကုသိုလ်ကံတွေ ကြောင့် ရရှိမည့် အပါယ်ဘေးမှ ထုတ်ဆောင်ကယ်တင် သွားခဲ့ပြီဟု ပြောဆိုသွားခဲ့လေသည်။ အပါယ်သို့ မကျရောက်ရတော့ဘဲ သုဂတိဘုံဘဝသို့ ရောက်ရှိ သွားတော့မည်ဟု ဆိုလိုသည်။ (မ၊ဋ္ဌ၊၄၊၂၂၇။)

၃။ အကျိုးမများသော အလှူဒါန

ယော ဒုဿီလော ဒုဿီလေသု ဒဒါတိ ဒါနံ၊

အဓမ္မေန လဒ္ဓံ အပ္ပသန္နစိတ္တော။

အနဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊

န တံ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။ (မ၊၃၊၃၀၀။)

အလှူရှင်သည် --

၁။ သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်ဖြစ်ခြင်း၊

၂။ လှူဖွယ်ဝတ္ထုမှာလည်း ဒုစရိုက်အမျိုးမျိုးတွေကို လွန်ကြူးကာ မတရားသော နည်းလမ်းဖြင့် ရှာဖွေ ရရှိထားသော လှူဖွယ်ဝတ္ထုပစ္စည်းစုဖြစ်ခြင်း၊

၃။ ပေးလှူစဉ်အခါ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာ တရားဆိုးတို့က စိတ်အစဉ်ဝယ် ဝင်ရောက်နှောင့်ယှက်နေသဖြင့် မကြည်လင် သော စိတ်ထားရှိခြင်း၊

၄။ ပြန့်ပြောကြီးကျယ်မြင့်မြတ်သော ကံ-ကံ၏အကျိုး တရားကို အလွန်သက်ဝင်ယုံကြည်မှု မရှိခြင်း ဟူသော အင်္ဂါလေးချက်နှင့် ပြည့်စုံနေ၏။

တစ်ဖန် အလှူခံပုဂ္ဂိုလ်တို့မှာလည်း သီလမရှိကြ သည့် ဒုဿီလပုဂ္ဂိုလ်တို့ ဖြစ်နေကြပြန်၏။

ဤကဲ့သို့သော အင်္ဂါလေးချက်နှင့် ပြည့်စုံနေသော အလှူပေးပုဂ္ဂိုလ်က ဤကဲ့သို့သော သီလမရှိကြသည့် အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူအပ်သောအလှူဒါနသည် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိသည့် ဒါနမျိုးကား မဖြစ်နိုင်။

ဤအရာဝယ် ဝဍ္ဎမာနအရပ်၌ နေထိုင်သော မုဆိုးတစ်ဦးကို အဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၂၂၇။) က ပုံစံ ထုတ်ပြထား၏။ ထိုမုဆိုးက ကွယ်လွန်သွားသည့် ပုဂ္ဂိုလ် အား ရည်စူးကာ ပေတဒက္ခိဏခေါ်သည့် အလှူဒါနကို ပေးလှူသည့်အခါ သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်တစ်ဦး အား သုံးကြိမ်တိုင်တိုင် ပေးလှူခဲ့ဖူး၏။ သို့သော် ထိုကွယ်လွန်သွားသည့် ပြိတ္တာဘုံသို့ ရောက်ရှိနေသူက တတိယအကြိမ် လှူဒါန်းသည့်အခါ --

အမနုေဿာ ဒုဿီလော မံ ဝိလုမ္ပတိ = လူ မဟုတ်တဲ့ သီလမရှိတဲ့ ဒုဿီလကြီးက ငါ့ကို လုယက် ဖျက်ဆီးနေတယ်ဟု ဟစ်အော်ကာ ပြောဆိုလေသည်။ သီလရှိသည့် သီလဝန္တပုဂ္ဂိုလ်တစ်ဦးအား ပေးလှူကာ အမျှပေးဝေလိုက်ပါမှ ထိုကောင်းမှု၏ အကျိုးတရားသည် ထိုပြိတ္တာထံသို့ ဆိုက်ရောက်သွားခဲ့ဖူးလေသည်။ ဤကဲ့သို့ ဖြစ်ခြင်းကား ပြိတ္တာတို့ကို ရည်ညွှန်း၍ ပေးလှူရာ၌ ဖြစ်ရိုးဓမ္မတာပင်တည်း။ (မ၊ဋ္ဌ၊၄၊၂၂၇။ မ၊ဋီ၊၃၊၄၁၃။)

၄။ ပြန့်ပြော ကြီးကျယ်သည့် အကျိုးရှိသော အလှူဒါန

ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ၊

ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။

အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊

တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။ (မ၊၃၊၃၀၀။)

အလှူရှင်သည်ကား --

၁။ သီလဖြူစင်သန့်ရှင်းသူဖြစ်ခြင်း၊

၂။ လှူဖွယ်ဝတ္ထုမှာလည်း တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိထားအပ်သော လှူဖွယ်ဝတ္ထုပစ္စည်းစု ဖြစ်ခြင်း၊

၃။ ပေးလှူစဉ်အခါ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာအညစ်အကြေးတို့မှ စိတ်အစဉ်ဝယ် ကင်းဝေးနေသဖြင့် အလွန်ကြည်လင်သော စိတ်ထားရှိခြင်း၊

၄။ ပြန့်ပြောကြီးကျယ်မြင့်မြတ်သော ကံ-ကံ၏အကျိုး တရားကို အလွန်သက်ဝင်ယုံကြည်သော သဒ္ဓါ တရားရှိခြင်းဟူသော ဤအင်္ဂါလေးချက်တို့နှင့် ပြည့်စုံနေ၏။

တစ်ဖန် အလှူခံပုဂ္ဂိုလ်တို့မှာလည်း သီလရှိကြ သည့် သူတော်သူမြတ်တို့ ဖြစ်နေကြ၏။

ထိုကဲ့သို့သော အလှူဒါနမျိုးကို စင်စစ်ဧကန် အမှန်အားဖြင့် ပြန့်ပြောကြီးကျယ်သည့် အကျိုးတရား ရှိသည့် ဒါန, ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးတရား ရှိသည့် ဒါနဟု ဘုရားရှင်က ဟောကြားတော်မူပေသည်။

ဤအလှူဒါန လေးမျိုးတို့တွင် အမှတ် (၁)နှင့် အမှတ် (၄) အလှူဒါနတို့ကား ယခု ဤကျမ်းစာငယ်တွင် တင်ပြထားသော သပ္ပုရိသဒါန = သူတော်ကောင်းတို့ ပေးလှူအပ်သော အလှူဒါနမျိုးပင် ဖြစ်၏။ အမှတ် (၂)နှင့် အမှတ် (၃) အလှူဒါနတို့ကား အသပ္ပုရိသဒါန = မသူတော်တို့ပေးလှူအပ်သော အလှူဒါနမျိုးပင် ဖြစ်၏။

အသပ္ပုရိသဒါနသည် အကျိုးမရှိဟု ဆိုလိုသည် ကား မဟုတ်ပါ။ ထိုက်တန်သလောက် အကျိုးတရားကား ရှိသည်သာ ဖြစ်ပါသည်။ သို့သော် သပ္ပုရိသဒါနကဲ့သို့ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးကား မရှိနိုင်ပေ။ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးတရားကို အလှူရှင်ဘက်က အလိုရှိခဲ့ပါမူ ထိုအလှူရှင်ဘက်၌ အမှတ်စဉ် (၄)တွင် တင်ပြထားသော အင်္ဂါလေးချက် တို့နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်လျက် သီလရှိကြသည့် အလှူခံပုဂ္ဂိုလ်တို့အား ဤကျမ်းစာငယ် တွင် ဖော်ပြထားသော သူတော်ကောင်းတို့ပေးလှူတဲ့ သပ္ပုရိသဒါနမျိုး ဖြစ်အောင် ကြိုးစားအားထုတ်ပါ။

ကြီးကျယ်ဖွံ့ဖြိုးများမြတ်သည့် အကျိုးရှိသည့် ဒါနဟူသမျှတို့တွင် ဤကဲ့သို့သော အင်္ဂါရပ်တို့နှင့် ပြည့်စုံ ညီညွတ်နေသော သပ္ပုရိသဒါနကား အကောင်းဆုံး ဒါနတစ်မျိုးပင် ဖြစ်ပေသည်။

ထိုကြောင့် အကျိုးတရားကို အလိုရှိပါမူ အထက်ပါ အင်္ဂါရပ် (၄)ချက်နှင့် ပြည့်စုံနေသော အလှူရှင်သည် သီလရှိကြသည့် အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူရာ၌ ဤကျမ်းစာငယ်တွင် ဖော်ပြထားသော သပ္ပုရိသဒါနမျိုး ဖြစ်အောင် ကြိုးစားအားထုတ်ပါ။

ဤဖော်ပြပါ အလှူဒါနလေးမျိုးတို့ကား အကျိုး တရားကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသည့် အကျိုးရှိသည့် ဒါနမျိုးတို့ပင် ဖြစ်ကြ၏။

သို့သော် ဘုရားရှင်ကား အကျိုးရှိသည့်ဒါနနှင့် အကျိုးမရှိသည့်ဒါနတို့တွင် မည်သည့် အကျိုးတရား ကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအားမရှိသည့် အကျိုးမရှိသည့် ဒါနမျိုးကိုကား ပို၍ပင် နှစ်ခြိုက်တော်မူပေသည်။

၅။ ဘုရားရှင်ချီးမွမ်းတော်မူသော အမြတ်ဆုံး အလှူ

ယော ဝီတရာဂေါ ဝီတရာဂေသု ဒဒါတိ ဒါနံ၊

ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။

အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊

တံ ဝေ ဒါနံ အာမိသဒါနာနမဂ္ဂံ။ (မ၊၃၊၃၀၀။)

အလှူရှင်သည် --

၁။ ရာဂကင်းပြီးသူဖြစ်ခြင်း၊

၂။ လှူဖွယ်ဝတ္ထုမှာလည်း တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သော လှူဖွယ်ဝတ္ထုပစ္စည်းစု ဖြစ်ခြင်း၊

၃။ ပေးလှူစဉ်အခါ ရာဂ-ဒေါသ-မောဟ စသည့် ကိလေသာအညစ်အကြေးများ စိတ်အစဉ်ဝယ် ကင်းစင်နေသဖြင့် အလွန်ကြည်လင်သော စိတ်ထားရှိခြင်း၊

၄။ ပြန့်ပြောကြီးကျယ်မြင့်မြတ်သည့် ကံ-ကံ၏အကျိုး တရားကို အလွန်သက်ဝင်ယုံကြည်သော သဒ္ဓါ တရားရှိခြင်းဟူသော အင်္ဂါလေးချက်တို့နှင့် ပြည့်စုံ နေ၏။

ဤကဲ့သို့သော အင်္ဂါရပ်တို့နှင့် ပြည့်စုံညီညွတ်နေ သော အလှူရှင်က ရာဂကင်းပြီးသည့် အလှူခံပုဂ္ဂိုလ် တို့အား အလှူဒါနကို ပေးလှူ၏။ ထိုကဲ့သို့သော အလှူ ဒါနမျိုးကား စင်စစ်ဧကန်အမှန်အားဖြင့် ပစ္စည်းလေးပါး တည်းဟူသော အာမိသကို လှူဒါန်းပူဇော်ကြသည့် အလှူဒါနဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံး ဒါနပင် ဖြစ်ပေသည်။ (မ၊၃၊၃၀၀။)

အကြောင်းပြချက်

ဘဝါလယဿ ဘဝပတ္ထနာယ အဘာဝတော။ (မ၊ဋ္ဌ၊၄၊၂၂၇။)

အနာဂတ်ဘဝအပေါ်၌ တွယ်တာတပ်မက်မှု အနာဂတ်ဘဝအပေါ်၌ လိုလားတောင့်တမှု၏ ထင်ရှား မရှိသောကြောင့် ဤအလှူဒါနမျိုးကို အသာဆုံး အမြတ် ဆုံး ဒါနဟု ဟောကြားတော်မူခြင်း ဖြစ်၏။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။

ဝီတရာဂေါ နာမ အနာဂါမီ၊ အရဟာ ပန ဧကန္တဝီတရာဂေါဝ။ (မ၊ဋ္ဌ၊၄၊၂၂၇။)

ဆိုလိုသည်မှာ ဤအရာ၌ ရာဂကင်းပြီးသူဟူသည် ကာမဘုံ၌ တွယ်တာတပ်မက်တတ်သည့် ကာမရာဂ ကင်းပြီးသူ အနာဂါမ်ပုဂ္ဂိုလ်လည်း ဖြစ်နိုင်၏။ ရဟန္တာ အရှင်မြတ်လည်း ဖြစ်နိုင်၏။ ရဟန္တာအရှင်မြတ်သည် ကား ရာဂအားလုံး စင်စစ်ကင်းပြီးသူသာ ဖြစ်၏။ ရဟန္တာ အရှင်မြတ်က ရဟန္တာအရှင်မြတ်အား လှူဒါန်းသည့် အလှူဒါနသည်သာလျှင် အသာဆုံး အမြတ်ဆုံး ဒါန ဖြစ်၏။ ရဟန္တာအရှင်မြတ်တို့ ပြုစုပျိုးထောင်အပ်သော ကံဟူသမျှသည် ဘဝဟူသမျှတို့၌ လိုလားတပ်မက်မှု ဆန္ဒရာဂကင်းပြီးနေသည့်အတွက်ကြောင့် ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်ပေ။ ပြုကာမတ္တ ကိရိယာ အရာ၌သာ တည်ရှိနေပေသည်။ ကုသိုလ်လည်း မဟုတ်၊ အကုသိုလ်လည်း မဟုတ်၊ ပြုကာမတ္တ ကိရိယာအရာ၌ သာ တည်နေသည့်အတွက် မည်သည့်ဘဝသစ်ကိုမျှ ဖြစ်စေနိုင်သည့်စွမ်းအားကား မရှိတော့ပြီ ဖြစ်၏။ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် မည်သည့်အကျိုး တရားကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအားမရှိသည့် အကျိုး မရှိသည့် ဒါနမျိုးသာ ဖြစ်သည့်အတွက် ဤဒါနမျိုးကို ဘုရားရှင်က အသာဆုံး အမြတ်ဆုံး ဒါနအဖြစ် ချီးမွမ်း တော်မူခြင်း ဖြစ်၏။

ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် - ထိုဒါနကြောင့် ဘဝသစ်ဟူသည် မရှိ နိုင်တော့ပြီ ဖြစ်၏။ ဘဝသစ် မရှိတော့သည့်အတွက် -

၁။ ပဋိသန္ဓေတည်နေရသည့် ဇာတိဒုက္ခမီး

၂။ အိုရသည့် ဇရာဒုက္ခမီး

၃။ သေရသည့် မရဏဒုက္ခမီး

၄။ ရာဂမီး

၅။ ဒေါသမီး

၆။ မောဟမီး

၇။ စိုးရိမ်ရသည့် သောကမီး

၈။ ငိုကြွေးမြည်တမ်းရသည့် ပရိဒေဝမီး

၉။ ကိုယ်ဆင်းရဲရသည့် ကာယိကဒုက္ခမီး

၁၀။ စိတ်ဆင်းရဲရသည့် ဒေါမနဿ = စေတသိက ဒုက္ခမီး

၁၁။ ပြင်းစွာပူပန်ရသည့် ဥပါယာသမီးတည်းဟူသော

ဤ (၁၁)သီးသော မီးတို့၏ လောင်မြိုက်သည့် ဆင်းရဲဒုက္ခအဝဝမှလည်း လွတ်မြောက်သွားရပေ၏။ ထို့ကြောင့် ဤဒါနမျိုးကို -- မည်သည့်အကျိုး တစ်စုံ တစ်ရာကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအားမရှိသည့်အတွက် အသာဆုံး အမြတ်ဆုံး ဒါနဟု ဘုရားရှင်က ချီးမွမ်း မြှောက်စားတော်မူခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် အထက်တွင် ဖော်ပြထားသော ကြီးကျယ် ဖွံ့ဖြိုးများမြတ်သည့် အကျိုးတရားကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော သပ္ပုရိသဒါနမျိုးတို့ကား - လူချမ်းသာ နတ်ချမ်းသာ, လူ့ဘဝ နတ်ဘဝဟူသော ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ဒါနမျိုးတို့ ဖြစ်ကြ၏။ ဘဝသစ်ဟူသည် ထင်ရှားရှိခဲ့သော် -- ပဋိသန္ဓေတည် နေရသည့် ဇာတိဒုက္ခမီး, အိုရသည့် ဇရာဒုက္ခမီး, သေကျေပျက်စီးရသည့် မရဏဒုက္ခမီးတို့ လောင်မြိုက် သည့်ဒဏ်ကို ခံရမည်မှာ ကျိန်းသေဧကန် ဖြစ်၏။

မိမိအလှူရှင်က ရာဂမကင်းသေးသည့် သူတစ်ဦး မျှသာ ဖြစ်နေခြင်းကြောင့် မိမိပိုင်ဆိုင်သည့် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုတို့ကို အကြောင်းခံကာ --ရာဂမီး, ဒေါသမီး, မောဟမီးတို့၏ လောင်မြိုက်သည့် ဒဏ်ကို ခံရဦးမည်သာ ဖြစ်၏။

တစ်ဖန် မိမိပိုင်ဆိုင်သည့် သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့၏ ဖောက်ပြန် ပျက်စီးသွားခြင်းတည်းဟူသော အကြောင်းတရားကြောင့် -- စိုးရိမ်ရခြင်း သောကမီး, ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝမီး, ကိုယ်ဆင်းရဲရခြင်း ဒုက္ခမီး, စိတ်ဆင်းရဲရခြင်း ဒေါမနဿမီး, ပြင်းစွာ ပူပန်ရခြင်း ဥပါယာသမီးတို့၏ လောင်မြိုက်မှုဒဏ်ကို လည်း ခံရဦးမည်သာ ဖြစ်၏။

ယင်းသို့လျှင် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သည့် အကျိုး တရားရှိသည့် ဒါနမျိုးသည် မီးတစ်ဆယ့်တစ်သီးတို့၏ လောင်မြိုက်မှုဒဏ်ကို ခံရမည့် အကျိုးတရားရှိသည့် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသည့် ဒါနမျိုးသာ ဖြစ်ခြင်းကြောင့် ထိုကဲ့သို့ အကျိုးရှိသော ဒါနမျိုးကို အသာဆုံး အမြတ်ဆုံး ဒါနဟု ဘုရားရှင်က ချီးမွမ်းတော် မမူပေ။

ထိုကြောင့် ဘုရားရှင်က အနာထပိဏ်ကျောင်း ဒါယကာကြီးကို ဒါနလောက်မျှဖြင့် ကျေနပ်ရောင့်ရဲပြီး မနေဘဲ နီဝရဏတရားကင်းဆိတ်ခြင်းကြောင့် ထင်ရှား ဖြစ်ပေါ်လာသည့် --

၁။ လောကီ ပထမစျာန် ဒုတိယစျာန်တို့နှင့် ယှဉ်တွဲ နေသော ပဝိဝေကပီတိ

၂။ လောကုတ္တရာ ပထမစျာန် ဒုတိယစျာန်တို့နှင့် ယှဉ်တွဲနေသော ပဝိဝေကပီတိ

၃။ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော ပဝိဝေက ပီတိ

ဤ (၃)မျိုးသော ပီတိတို့ကို ပွားများအားထုတ် လျက် နေထိုင်ရန် တိုက်တွန်းထားတော်မူပေသည်။ ဤအကြောင်းအရာများကိုလည်း ဤကျမ်းစာငယ်တွင် ထည့်သွင်းဖော်ပြထားပါသည်။

ထိုကဲ့သို့သော ပဝိဝေကပီတိကို ပွားများအားထုတ် နေခြင်းသည် အရဟတ္တမဂ် အရဟတ္တဖိုလ်ကို ရခြင်း၏ အားကြီးသောမှီရာ ဥပနိဿယအကြောင်းတရား ဖြစ်ခြင်းကြောင့် ရာဂကင်းကြောင်း အကျင့်ကောင်းကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည်လည်း မည်ပေသည်။ ထိုကဲ့သို့သော ပဝိဝေကပီတိနှင့် ယှဉ် သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဒါနပွဲတစ်ခုကို ပြုစု ပျိုးထောင်ဖို့ရန် အကြောင်းကြုံကြိုက်လာသောအခါ --

၁။ မိမိ အလှူပေးပုဂ္ဂိုလ်သန္တာန်၌ တည်ရှိသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရား

၂။ အလှူခံပုဂ္ဂိုလ်များထိုထိုတို့သန္တာန်၌ တည်ရှိသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရား

၃။ လှူဖွယ်ဝတ္ထုပစ္စည်းစုတည်းဟူသော ပရမတ္ထ ဓာတ်သား ရုပ်တရား

၄။ ပေးလှူကြောင်း ကုသိုလ်စေတနာ ဦးဆောင် သည့် ပရမတ္ထဓာတ်သား နာမ်တရား --

ဤ (၄)မျိုးသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတို့ကို တစ်လှည့်စီ သိမ်းဆည်းကာ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တို့ကို တစ်လှည့်စီ တင်ကာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ခဲ့ပါမူ ထိုကဲ့သို့သော အလှူဒါနမျိုးကို - သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကို တင့်တယ်သွားအောင် တန်ဆာဆင်ပေးနေသော စိတ္တာလင်္ကာရ စိတ္တပရိက္ခာရဒါန-မျိုး ဖြစ်ခြင်းကြောင့် ဥတ္တမဒါန = မွန်မြတ်သော ဒါနတစ်ခုအဖြစ် ဟောကြားထားတော်မူပေသည် (အံ၊၃၊၆၈-၆၉)။ အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ဖြင့် မျက်မှောက်ပြုအပ်သော မဟာအသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်သို့ ရောက်အောင် ပို့ဆောင်ပေးနေသော အလှူဒါနမျိုး ဖြစ်ခြင်းကြောင့် မွန်မြတ်သောဒါနတစ်ခု (ဥတ္တမဒါန) ဖြစ်ရပေသည်။

စျာန်မဂ်ဖိုလ်ကို တားမြစ်နှောင့်ယှက်တတ်သည့် နီဝရဏတရားတို့မှ ကင်းဆိတ်ခြင်းကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ဤကဲ့သို့သော နှစ်သက်ဝမ်းမြောက် ခြင်း ပဝိဝေကပီတိနှင့် ယှဉ်သော --

၁။ သမထဘာဝနာ-ပဝိဝေကပီတိ

၂။ ဝိပဿနာဘာဝနာ-ပဝိဝေကပီတိ

၃။ ယင်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကို တင့်တယ်သွားအောင် တန်ဆာဆင် ပေးတတ်သော စိတ္တာလင်္ကာရ စိတ္တပရိက္ခာရဒါန ကုသိုလ်စေတနာနှင့်ယှဉ်သော ပဝိဝေကပီတိ

၄။ လောကုတ္တရာ ပထမစျာန် ဒုတိယစျာန်တို့နှင့် ယှဉ်သော ပဝိဝေကပီတိ --

ဤကဲ့သို့ အဆင့်အတန်း မြင့်မားလှသော ပဝိဝေက ပီတိတို့နှင့် ယှဉ်သော ကောင်းမှုကုသိုလ်တို့ကား သာသနာတော်တွင်း၌သာ ဆည်းပူးရှာဖွေခွင့် ရရှိသော ကုသိုလ်တရားတို့ ဖြစ်ကြ၏။ ထိုကဲ့သို့သော ကောင်းမှု ကုသိုလ်တရားတို့နှင့် ပြည့်စုံသူတို့ကား အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်သေးရစေကာမူ တစ်နေ့ တွင် မသေရာ အမြိုက်နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ရမည့် သူတော်ကောင်းတို့သာ ဖြစ်ခြင်း, မိမိတို့ ရရှိထားပြီးသည့် မျက်မှောက်ပြုထားအပ်ပြီးသည့် နိဗ္ဗာန်တရားတော်မြတ်ကြီး၏လည်း ပျက်စီးရိုး ဓမ္မတာ မရှိခြင်းကြောင့် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ရွေ့လျော ရသော်လည်း ထိုသူတော်ကောင်းတို့ကား သေသူမမည် ရှင်သူတို့သာ မည်ကြပေသည်။

သာသနာတော်နှင့် ကြုံခိုက် ထိုကဲ့သို့ ရှင်သူဘဝသို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သည့် စွမ်းအားရှိသော ပဝိဝေကပီတိနှင့် ယှဉ်သော ကုသိုလ်တရားတို့ကို ဆည်းပူးနိုင်ကြပါစေဟူသော ရည်သန်တောင့်တချက်ဖြင့် ဤကျမ်းစာငယ်ကို တရားဟောတိတ်ခွေမှတစ်ဆင့် ကူးယူကာ ဓမ္မဒါနလက်ဆောင်မွန်အဖြစ် ထုတ်ဝေလိုက် ခြင်း ဖြစ်ပါသည်။

သူတော်ကောင်းအပေါင်းတို့သည် ဘုရားရှင် နှစ်ခြိုက်တော်မူသော အမြတ်ဆုံးသော အလှူဒါနနှင့် မသေရာ မအိုရာ မနာရာ အမြိုက်နိဗ္ဗာန်သို့ ဧကန် ထုတ်ချောက် ရောက်ခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်သော, စျာန်မဂ်ဖိုလ်တရားတို့ကို ညစ်ညူးအောင် ပြုလုပ်တတ်သည့် နီဝရဏကိလေသာ အညစ်အကြေး တို့မှ ကင်းစင်လျက်ရှိသော ပဝိဝေကပီတိနှင့် ယှဉ်သော အမြတ်ဆုံးသော ကုသိုလ်တရားတို့ကို ကြိုးစား အားထုတ်နိုင်ကြပါစေသောဝ် ...

ဆယ်ပါးပညတ်၊ ကုသလကို၊ ပြုအပ်ပြီးသည်၊ လူတစ်မည်ကား၊ လူ့ပြည်နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ ။ ဒါန သီလ၊ ကုသလ၌၊ လုံ့လ လွတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေ ဟူ၏။ အလှူသီတင်း၊ မကင်းဘာဝနာ၊ မချာရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူနတ်ခန္ဓာ၊ ပြောင်းလဲ ကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတေမူလည်း၊ သေသူမမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ)

ဖားအောက်တောရဆရာတော်

၁၃၆၇-ခု ဝါဆိုလဆန်း (၄)ရက်

၂၀၀၅-ခု ဇူလိုင်လ (၉)ရက်

သပ္ပုရိသဒါန

ဒီနေ့တော့ ကထိန်လျာသင်္ကန်း ဦးဆောင်နေတဲ့ ကထိန်သင်္ကန်းများနှင့်တကွ ဆွမ်း ခဲဖွယ် ဘောဇဉ် ချိုချဉ် ရသာ အဖြာဖြာတို့ကို ပင့်ဖိတ်ထားသော သံဃာတော်တို့ အား ရည်မှန်း ပိုင်းခြားထားသည့်အတိုင်း ဆက်ကပ်လှူ ဒါန်း ပူဇော်တဲ့ ပွဲ၊ တစ်ပါးကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်လှူဒါန်း ပူဇော်တဲ့ ပွဲ၊ သိမ်အတွက် အပ်စပ်သော ပစ္စည်းများကို ကပ္ပိယကာရကတို့အား လွှဲအပ်၍ လှူဒါန်းပူဇော်တဲ့ ပွဲ၊ ဒီ အမျိုးမျိုးသော အလှူပွဲမှာ ဘုန်းကြီးဘက်က ဒါနကထာတစ်ခု ဟောဖို့တော့ ရည်ရွယ်ထားပါတယ်။ အင်္ဂုတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် (အံ၊၂၊၁၅၁-၁၅၂။)မှာ လာရှိတဲ့ အသပ္ပုရိသသုတ္တန်နှင့် သပ္ပုရိသသုတ္တန်တို့ကို ဦးတည်ပြီး ဟောကြ, နာကြရ အောင် ...။

မသူတော်တို့ရဲ့ အလှူ (၅) မျိုး

ပဉ္စိမာနိ ဘိက္ခဝေ အသပ္ပုရိသဒါနာနိ ... စသည်ဖြင့် မသူတော်တို့ လှူဒါန်းပူဇော်တဲ့ အလှူဒါန ၅-မျိုး ရှိတဲ့အကြောင်းကို မြတ်စွာဘုရားက ဟောကြား ထားတော်မူပါတယ်။ ဒီ ၅-မျိုးက ဘာလဲလို့ မေးတော့-

၁။ အသက္ကစ္စံ ဒေတိ

၂။ အစိတ္တီကတွာ ဒေတိ

၃။ အသဟတ္ထာ ဒေတိ

၄။ အပဝိဒ္ဓံ ဒေတိ

၅။ အနာဂမနဒိဋ္ဌိကော ဒေတိ။ (အံ၊၂၊၁၅၁။)

၁။ အသက္ကစ္စံ = လှူဖွယ်ဝတ္ထုပေါ်၌ ရိုသေလေးစားမှု မရှိဘဲ။ ဒါနံ = အလှူဒါနကို၊ ဒေတိ = ပေးလှူ၏။

၂။ အစိတ္တီကတွာ = အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေ လေးစားမှု မရှိဘဲ။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၃။ အသဟတ္ထာ = မိမိ၏ ကိုယ်ထိလက်ရောက် မဟုတ် ဘဲ။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၄။ အပဝိဒ္ဓံ = အမြဲမပြတ် မလှူဒါန်းဘဲ (ဝါ) အပဝိဒ္ဓံ = စွန့်ပစ်အပ်သကဲ့သို့။ ဒါနံ = အလှူဒါနကို၊ ဒေတိ = ပေးလှူ၏။

၅။ အနာဂမနဒိဋ္ဌိကော = ကံ, ကံ၏ အကျိုးကို သက် ဝင်ယုံကြည်မှု မရှိဘဲ၊ ဒါနံ = အလှူဒါနကို၊ ဒေတိ = ပေးလှူ၏။

မသူတော်တို့ လှူတဲ့ အလှူဒါန ၅-မျိုးကို ဒီလို မြတ်စွာဘုရားက ထုတ်ပြထားပါတယ်။

လှူဖွယ်ဝတ္ထုအပေါ်၌ ရိုသေလေးစားမှု မရှိခြင်း

နံပါတ်တစ်က - အသက္ကစ္စံ ဒေတိ တဲ့၊ အလှူဒါန တစ်ခု ပြုတဲ့ အချိန်အခါမှာ လှူဖွယ်ဝတ္ထုတွေကို မွန်မွန် မြတ်မြတ်ကလေး ပြုလုပ်ပြီးတော့ မလှူဒါန်းဘူး၊ ဖြစ်ကတတ်ဆန်း လှူဒါန်းတယ်။

ဘုန်းကြီးတို့ တောနေရဟန်းတွေမှာ တွေ့ကြုံတတ် တဲ့ အလေ့အထကလေးတစ်ခု ရှိပါတယ်။ ဘုန်းကြီး တောရတစ်ခုထဲ နေစဉ်အချိန်ခါမှာ အဲဒီရွာရဲ့ အလေ့အထက မနက်မိုးလင်းလာပြီ ဆိုလို့ရှိရင် ဘာလုပ်ကြ သလဲ? သံဃာတော်တွေကို ဆွမ်းလောင်းဖို့ဆိုပြီးတော့ ပဲပြုတ်သည် လာရင် ကဲ ပဲပြုတ်သည် ..အထုပ်-၂၀ ထုပ်လိုက်၊ ၃၀-ထုပ်လိုက် စသည်ဖြင့် ဇလုံနဲ့ စုပြုံပြီး အထုပ်ခိုင်းလိုက်တယ်။ တောထဲက ခူးထားတဲ့ ရေမဆေး တဲ့ အင်ဖက်ကလေးနဲ့ ထုတ်ထားတဲ့ ပဲပြုတ်ကို သံဃာ တွေ အိမ်ရှေ့ ကြွလာပြီ ဆိုလို့ရှိရင် တစ်ပါးတစ်ထုပ်စီသာ လောင်းထည့်ပေးလိုက်တာပဲ။ တစ်နေ့တော့ ဘုန်း ကြီးတို့ ဆွမ်းခံသွားရင်းနဲ့ ဘယ်လို အခြေအနေကလေး တစ်ခု ကြုံသလဲလို့ မေးတော့ --

အိမ်တစ်အိမ်ရှေ့ ရောက်တဲ့ အချိန်အခါမှာ တစ်ပါး တစ်ထုပ်စီ လောင်းပေးလိုက်တယ် ဆိုပါတော့၊ ဘုန်းကြီးတို့ကလည်း ပြန်လှည့်လာတယ်။ ပြန်လှည့်လာတော့ ဘုန်းကြီးတွေ မကြားဘူး ထင်လို့နဲ့ တူပါရဲ့ အလှူရှင်က ဘာပြောသလဲ? ဘုန်းကြီးတွေ ဒီနေ့ မလာဘူး ထင်လို့ ငါ ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်လို့ ခဲထားတာတဲ့။ ဘုန်းကြီးတွေကို လောင်းတဲ့ အချိန်အခါကျတော့ ဆား လည်း မပါဘူး, ဆီလည်း မပါဘူး၊ သူတို့ စားဖို့ကျတော့ ဆီနဲ့ ကြော်စားမယ်လို့ ပြောနေတယ်၊ အဲဒါပဲ ကြည့်ပေ တော့ ..။ အဲဒီ အလှူရှင်က လွန်ခဲ့သော တစ်လ လောက်က ဘုန်းကြီးတို့ ဖားအောက်တောရမှာ အလှူ ဒါနတစ်ခု လာပြုသွားပါတယ်၊ ဘုန်းကြီးကတော့ မမှတ် မိဘူး။ ဒါပေမဲ့ မှတ်မိတဲ့ ဘုန်းကြီးတစ်ပါးက ဘာပြော သလဲဆိုတော့ - ဆရာတော် တပည့်တော်တို့ ဆွမ်းခံ သွားတုန်းက ပဲပြုတ်ကို ဆီနဲ့ကြော်ပြီး စားမယ်လို့ ပြော တာ ဒီဒကာမကြီးပဲ ဆိုပြီး ပြောတယ်။ ဒီတော့ ဘုန်းကြီး ပြောချင်တာက ရဟန်းသံဃာတွေကို လှူဒါန်းပူဇော်တဲ့ အပိုင်းကလေးမှာ မိမိ စွမ်းအားရှိသလောက် လှူဖွယ် ဝတ္ထုကို မွန်မွန်မြတ်မြတ်ကလေး ပြုပြင်ပြီး မလှူဒါန်းဘူး၊ မရိုမသေပြုလုပ်ပြီး လှူဒါန်းပူဇော်တယ်။ နောက်တစ်ခု-

၂။ အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားမှု မရှိခြင်း

အစိတ္တီကတွာ ဒေတိ, အစိတ္တီကာရေန အဂါရဝဝသေန ဒေတိ။ (အံ၊ဋ္ဌ၊၃၊၅၃။)

အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားနေတဲ့ စိတ်ထား မရှိဘဲ ဒါနတစ်ခု ပေးလှူတယ်။ နောက်တစ်ခု-

၃။ ကိုယ်ထိလက်ရောက် မလှူခြင်း

အသဟတ္ထာ ဒေတိ။

မိမိရဲ့ ကိုယ်ထိလက်ရောက် မဟုတ်ဘဲနဲ့ အလှူ ဒါနတစ်ခု ပေးလှူတယ်။ အိမ်မှာ ခိုင်းစေနေတဲ့ ပုဂ္ဂိုလ် တွေကို အလှူခိုင်းလိုက်တာပဲ၊ ဒီဆွမ်းလောင်းတဲ့ အလုပ်, ကောင်းမှုကုသိုလ်ပြုတဲ့ အလုပ်သည် မိမိအလုပ်, မိမိ တာဝန် မဟုတ်သလို စိတ်ထဲမှာ သဘောထားပြီးတော့ အိမ်မှာ ခိုင်းစေနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ပဲ ပစ်စလက်ခတ် လှူဒါန်းခိုင်းလိုက်တယ်။

၄။ အလှူဝတ် မမြဲခြင်း

အပဝိဒ္ဓံ ဒေတီတိ န နိရန္တရံ ဒေတိ။ (အံ၊ဋ္ဌ၊၃၊၅၃၊၊)

အဋ္ဌကထာက ဒီလိုတော့ ဖွင့်ထားပါတယ်။ ဒါန တစ်ခု ပြုစဉ်အချိန်အခါမှာ နိစ္စဘတ် ဝတ်ကလေးတစ်ခု ထားပြီး ပြုတာက ပိုကောင်းတယ်၊ ဥပမာ - အိမ်မှာ ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရားကို သောက်တော်ရေ ကပ်မယ်ဆိုရင် နေ့စဉ် ဝတ်မပြတ်စေရဘူး။ ဒီပုံစံမျိုးလေးကို စိတ်ထားရမယ်။ မြတ်စွာဘုရားကို ဆီမီး ပူဇော်မယ်၊ နေ့စဉ် မပြတ်စေရဘူး။ ဆွမ်းကျတော့ရော ပျက်ရမလားလို့ မေးစရာ ရှိပါတယ်၊ ဒါ ဘုန်းကြီးကြိုက် တာ ပြောမယ်နော်၊ မနိုင်ရင် မလှူပါနဲ့၊ နိုင်ရင်တော့ တစ်လတစ်ခါလောက်ဖြစ်စေ ဝဝလှူပါ။ နတ်တင်သလို မျက်ချေးလောက် သွားလှူရင် ဘယ်လာကောင်းမလဲ၊ ဘုရားလည်း ဘယ်ဝ,မလဲ၊ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဝ,ပါ့မလား? (မဝ,ပါဘုရား။) အမြဲ မလှူနိုင်တောင်မှ တစ်လတစ်ကြိမ်ဖြစ်ဖြစ် ငါ မြတ်စွာဘုရားကို ဝ,အောင် ဆွမ်းလှူမယ် ဆိုပြီးတော့ ဒီလို ဆက်ကပ် လှူဒါန်းပူဇော် တာ ပိုကောင်းပါတယ်နော်။ သို့သော် လစဉ် လှူရင်လည်း ဒါ အမြဲမပြတ် လှူနေတဲ့ အလှူဒါနပါ။ သို့မဟုတ် နှစ်စဉ် လှူမယ်ဆိုရင်လည်း ဒါ အမြဲမပြတ် လှူနေတဲ့ အလှူဒါနပဲ။

သို့သော် ဆီမီးလှူလည်း လှူချင်တဲ့အခါ လှူလိုက်, မလှူချင်တဲ့အခါ မလှူလိုက်၊ သောက်တော်ရေလည်း လှူချင်တဲ့အခါ လှူလိုက်၊ မလှူချင်တဲ့အခါ မလှူလိုက်၊ ဒီလိုပြုလုပ်မယ် ဆိုရင်တော့ အမြဲမပြတ် နိစ္စဘတ် ဝတ်ထားပြီး လှူတဲ့အလှူမျိုး မဟုတ်တော့ဘူး။ သိပ်ခဲယဉ်းတဲ့ အလုပ်တွေ မဟုတ်ဘူးနော်၊ ဒီလို နိစ္စဘတ် ဝတ်ကလေး ထားပြီး လှူဒါန်းပူဇော်နေတဲ့ အလှူဒါန လုပ်ငန်းခွင်ကို စိတ်ဝင်စားမှု မရှိတာကို ပြောနေတာပါ။

စွန့်ပစ်သကဲ့သို့ လှူဒါန်းခြင်း

တစ်နည်း ဖွင့်ထားတာကတော့ -

အထ ဝါ ဆဍ္ဍေတုကာမော ဝိယ ဒေတိ။ (အံ၊ဋ္ဌ၊၂၊၅၃။)

ရိုရိုသေသေနဲ့ မလှူဘဲနဲ့ လွှင့်ပစ်လိုက်တဲ့ ပုံစံ, စွန့် ပစ်တဲ့ ပုံစံမျိုးနဲ့ လှူတယ်။ ဒီပစ္စည်းတွေကတော့ကွာ အိမ်မှာလည်း အသုံးကျတဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး ဘုန်းကြီးပဲ လှူလိုက်တာပေါ့၊ ဒီလိုသဘောမျိုးနဲ့ လှူ တယ်။ ဘုန်းကြီး ဆိုတာကတော့ သူများ ကောင်းတာ လှူလည်း အလှူခံရတာပဲ၊ မကောင်းတာ လှူလည်း အလှူခံရတာပဲ၊ အဲဒီလို စွန့်ပစ်မယ့် ပုံစံအနေအထား အားဖြင့် လှူတယ်။ နောက်တစ်ခု --

၅။ ကံ-ကံ၏အကျိုးကို ယုံကြည်မှု မရှိဘဲ လှူဒါန်းခြင်း

အနာဂမနဒိဋ္ဌိကော ဒေတိ။

ကံ, ကံ၏အကျိုးကို သက်ဝင်ယုံကြည်မှု မရှိဘဲနဲ့ အလှူဒါနတစ်ခု ပြုတယ်။ ဒီလို ပုဂ္ဂိုလ်တွေက ခုခေတ် မှာ တော်တော်လေးတော့ များလာပါတယ်၊ တစ်ချိန် တုန်းက ဘုန်းကြီး အစင်တောထဲ နေစဉ်အခါက ဒကာကြီးတစ်ယောက်က ဆွမ်းချိုင့်ကလေးတစ်ခုနဲ့ ဆွမ်း လာလှူတယ်။ လှူတော့ သူက ပွင့်ပွင့်လင်းလင်း ဘာလျှောက်သလဲ? တပည့်တော် ဒီအလှူဒါနကြောင့် အကျိုးတစ်စုံတစ်ရာ ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့, ယုံကြည်ချက်နဲ့ လှူတာ မဟုတ်ဘူး၊ ဒီလို သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို ကျင့်နေတဲ့ သူတော်ကောင်းတွေကို တို့ ပေးလှူသင့်တယ်ဆိုတဲ့ အသိ ဉာဏ်လေးနဲ့သာ တပည့်တော် လှူနေတာပါ။ ဘာအကျိုး မှ မမျှော်လင့်ပါဘူး ဆိုပြီး ဒီလို လျှောက်ထားတယ်။ ဘာဖြစ်လို့ ဒီလို လျှောက်ထားသလဲလို့ မေးတော့ - သူက လက်ဝဲဝါဒကို ယုံကြည်နေတဲ့ ဒကာကြီးတစ်ဦး ဖြစ်ပါ တယ်။ အခြေအနေအရ အသက်အရွယ် ကြီးတော့မှပဲ အလင်းပြန်ဝင်လာပြီးတော့ သူ တောထဲက တတ်ခဲ့တဲ့ ဆေးပညာကလေးနဲ့ အသက်မွေးနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီလို လှူဒါန်း ပူဇော်နေတာက ကံ, ကံ၏ အကျိုးကို ယုံကြည်မှု မရှိဘဲနဲ့ လှူတဲ့ အလှူဒါနမျိုးပဲ။ ပေါင်းလိုက် တော့ ၅-မျိုး ဖြစ်တယ်။

မသူတော်တွေ လှူတဲ့ အလှူဒါန ၅-မျိုးကို ဟောပြီး တဲ့အခါ ဘုရားရှင်က သူတော်ကောင်းတို့ ပေးလှူနေတဲ့ အလှူဒါန ၅-မျိုးကိုလည်း ဆက်လက်ပြီး ဟောကြားပေးတော်မူပါတယ်။

သူတော်ကောင်းတို့ရဲ့ အလှူ (၅) မျိုး

ပဉ္စိမာနိ ဘိက္ခဝေ သပ္ပုရိသဒါနာနိ။ ကတမာနိ ပဉ္စ? သက္ကစ္စံ ဒေတိ၊ စိတ္တီကတွာ ဒေတိ၊ သဟတ္ထာ ဒေတိ၊ အနပဝိဒ္ဓံ ဒေတိ၊ အာဂမနဒိဋ္ဌိကော ဒေတိ။ ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ သပ္ပုရိသဒါနာနိ။ (အံ၊၂၊၁၅၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ..။ သပ္ပုရိသဒါနာနိ = သူတော်ကောင်းတို့ ပေးလှူအပ်တဲ့ အလှူဒါန တို့သည်ကား။ ဣမာနိ ပဉ္စ = ဤ ငါးမျိုးတို့တည်း။ ကတမာနိ ပဉ္စ = အဘယ် ငါးမျိုးနည်းဟူမူကား --

၁။ သက္ကစ္စံ = လှူဖွယ်ဝတ္ထုကို ရိုရိုသေသေ ပြုပြင်၍။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၂။ စိတ္တီကတွာ = အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေ လေးစားသော စိတ်ထားရှိသည်ဖြစ်၍။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၃။ သဟတ္ထာ = မိမိလက်ဖြင့်။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၄။ အနပဝိဒ္ဓံ = အမြဲမပြတ် (ဝါ) စွန့်ပစ်သကဲ့သို့ မဟုတ် ဘဲ။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၅။ အာဂမနဒိဋ္ဌိကော = ကံ, ကံ၏ အကျိုးကို သက်ဝင် ယုံကြည်သော သဒ္ဓါတရားဖြင့်။ ဒါနံ = အလှူဒါန ကို။ ဒေတိ = ပေးလှူ၏။ ဘိက္ခဝေ = ချစ်သားရဟန်း တို့။ သပ္ပုရိသဒါနာနိ = သူတော်ကောင်းတို့ ပေးလှူအပ်တဲ့ အလှူဒါနတို့သည်ကား။ ဣမာနိ ခေါ ပဉ္စ = ဤ ၅-မျိုးတို့တည်း။

မသူတော်တွေ လှူတဲ့ အလှူဒါန ၅-မျိုး ရှိသလို၊ သူတော်ကောင်းတို့ လှူတဲ့ အလှူဒါနကိုလည်း ၅-မျိုးပဲ မြတ်စွာဘုရား ဟောကြားထားတော်မူပါတယ်။ သူတော် ကောင်းတို့ လှူနေတဲ့ အလှူဒါန ၅-မျိုးနဲ့ ပတ်သက်ပြီး ရရှိနိုင်တဲ့ အကျိုးတရားတွေကို သပ္ပုရိသဒါနသုတ္တန် (အံ၊၂၊၁၅၂။) မှာ ဆက်လက် ဟောကြားထားတော်မူပါ တယ်။ သို့သော် အသပ္ပုရိသဒါနရဲ့ အကျိုးတရားတွေကို ပါ စုပေါင်းပြီး ပြောကြရအောင်။ ဘုရားရှင်က အမှတ်-၅ ဖြစ်တဲ့ အာဂမနဒိဋ္ဌိကော = ယုံကြည်ချက် သဒ္ဓါတရား နှင့် ပေးလှူခြင်း ဆိုတဲ့ အချက်က စပြီး ထိုသုတ္တန်မှာ ဟောကြားထားတော်မူပါတယ်။ ဘယ်လို ဟောတော်မူ သလဲ?

သပ္ပုရိသဒါနသုတ္တန် (အံ၊၂၊၁၅၂။)

၁။ သဒ္ဓါယ ဒါနံ ဒေတိ

၂။ သက္ကစ္စံ ဒါနံ ဒေတိ

၃။ ကာလေန ဒါနံ ဒေတိ

၄။ အနုဂ္ဂဟိတစိတ္တော ဒါနံ ဒေတိ

၅။ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ။ (အံ၊၂၊၁၅၂။)

၁။ သဒ္ဓါယ = ရတနာသုံးတန် ကံ-ကံ၏ အကျိုး တရား စသည်တို့အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားဖြင့်။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၂။ သက္ကစ္စံ = လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ အပေါ် ၌ ရိုရိုသေသေ လေးလေးစားစား ပြုပြင်၍။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၃။ ကာလေန = ပေးလှူသင့်သော အချိန်အခါ ကာလ ၌။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၄။ အနုဂ္ဂဟိတစိတ္တော = အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ချီးမြှောက်လိုသော စိတ်ထားရှိသည်ဖြစ်၍။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

၅။ အတ္တာနဉ္စ = မိမိကိုယ်ကိုလည်းကောင်း။ ပရဉ္စ = သူတစ်ပါးကိုလည်းကောင်း။ အနုပဟစ္စ = မထိခိုက် စေမူ၍။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

ပေါင်းလိုက်တော့ ၅-မျိုးပဲ။ ဒီဒါန ၅-မျိုးတို့ရဲ့ အကျိုးတရားတွေကို ဘုရားရှင်က တစ်ခုစီ တစ်ခုစီ ဆက် လက် ဟောကြားထားတော်မူပါတယ်။ သပ္ပုရိသဒါနရဲ့ အကျိုးတရားနှင့် အသပ္ပုရိသဒါနရဲ့ အကျိုးတရားတွေ ကို ဆက်လက်ပြီး နာကြည့်ကြရအောင် ---

၁။ ယုံကြည်ချက် သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း၏ အကျိုးတရား

သဒ္ဓါယ ခေါ ပန ဘိက္ခဝေ ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ။ အဘိရူပေါ စ ဟောတိ ဒဿနီယော ပါသာဒိကော ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော။ (အံ၊၂၊၁၅၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သဒ္ဓါယ = ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရားဖြင့်။ ဒါနံ = အလှူ ဒါနကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘုံဘဝ၌။ တဿ ဒါနဿ = ထိုအလှူ ဒါန၏။ တစ်နည်း - တဿ ဒါနဿ = ထို အလှူဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၏။ ဝိပါကော = အကျိုး တရားသည်။ နိဗ္ဗတ္တတိ = ဖြစ်ပေါ်၍လာ၏။ တတ္ထ တတ္ထ = အကျိုးတရား ဖြစ်ပေါ်လာရာ ထိုထိုဘုံဘဝ၌။ အဍ္ဎော စ = ကြွယ်ဝချမ်းသာသည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနော စ = များပြားသော ဥစ္စာနှစ် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂေါ စ = များပြားသော အသုံးအဆောင်ရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဘယ်ဒါနမဆိုပါဘဲ၊ ဒါနရဲ့စွမ်းအားက ဒါနတော ဘောဂဝါ ဆိုတဲ့အတိုင်း ဒီဒါနကြောင့် အကျိုးတရား တွေကတော့ ကြွယ်ဝချမ်းသာတဲ့ အကျိုး, စည်းစိမ်ဥစ္စာ ပေါများတဲ့အကျိုး ဆိုတာကတော့ ရရှိမှာ ဧကန် ဖြစ်ပါတယ်။ သံသရာခရီး ဆိုတာလည်း ထင်ရှား ရှိနေကြမယ်, ဒီကံတွေကလည်း ရင့်ကျက်လာပြီ ဆိုရင်တော့ တစ်နေ့ ဒီလိုအကျိုးမျိုးကို ပေးမှာပဲ။ သို့သော် ဒီနေရာမှာ ယုံကြည်ချက် သဒ္ဓါတရားနှင့် ပေးလှူလိုက်တဲ့ အလှူဒါန ကြောင့် ဒီအကျိုးတွင် ရမလားဆိုတော့ မကသေးဘူး နော်။

အဘိရူပေါ စ ဟောတိ ဒဿနီယော ပါသာဒိကော ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော။

အဘိရူပေါ စ = အလွန် ရုပ်အဆင်းလှသည်လည်း။ ဟောတိ = ဖြစ်၏။ ဒဿနီယော = ရှုချင်စဖွယ် ရှိသည်။ ပါသာဒိကော = ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သည်။ ပရမာယ = လွန်မြတ်သော။ ဝဏ္ဏပေါက္ခရတာယ = အဆင်းလုံးရပ် သဏ္ဌာန်နှင့်။ သမန္နာဂတော = ပြည့်စုံ သည်။ ဟောတိ = ဖြစ်၏။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့ အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား, စိတ်ကြည်နူးမှု သဒ္ဓါတရား အပြည့်အဝဖြင့် ပေးလှူလိုက်တဲ့အတွက် ဒီဒါနက အကျိုးပေးတဲ့ ဘုံဘဝမှာ စည်းစိမ်ဥစ္စာ ကြွယ်ဝ ချမ်းသာရုံတွင်မက ထိုပုဂ္ဂိုလ်ဟာ အဘိရူပ ရုပ်အဆင်း က အလွန် လှပတင့်တယ်တယ်။ ဒဿနီယ ကြည့်ရှုဖွယ် သိပ်ကောင်းတယ်။ ကြည့်လို့ သိပ်ကောင်းတယ်။ ပါသာဒိက သူ့ကို ကြည့်လိုက်လျှင် စိတ်ထဲမှာ ကြည်လင်လာ တယ်။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ ရုပ်အဆင်း ဥပဓိသမ္ပတ္တိနှင့်လည်း ပြည့်စုံတယ်။ ပရမာယ ဝဏ္ဏပေါက္ခရတာယ သမန္နာဂတော လွန်မြတ်သော အသား အရေ အရောင်အဆင်းနှင့်လည်း ပြည့်စုံတယ်၊ လွန်မြတ် သော လုံးရပ်သဏ္ဌာန်နဲ့လည်း ပြည့်စုံတယ်။ အချိုး သိပ်ကျတယ်။ သို့သော် ဒီလို အကျိုးတရားတွေဟာ ယုံကြည် ချက် သဒ္ဓါတရားနဲ့ လှူတဲ့ အလှူဒါနရဲ့ အကျိုးတရား တွေပဲ။ ဘာကြောင့် ဒီအကျိုးတရားတွေကို ရရှိကြရ သလဲလို့ ပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ --

သဒ္ဓါတရား အားကောင်းနေတဲ့ ပုဂ္ဂိုလ်က ပေးလှူနေတဲ့ အချိန်အခါမှာ ရတနာသုံးပါးတို့ရဲ့ ဂုဏ်ကျေးဇူး အပေါ်မှာလည်း ယုံကြည်မြတ်နိုးတဲ့ စိတ်ထား ရှိတယ်။ ကံ-ကံ၏ အကျိုးတရားအပေါ်မှာလည်း သက်ဝင်ယုံ ကြည်တဲ့ သဒ္ဓါတရား ရှိတယ်။ အထူးသဖြင့် အလှူခံ ပုဂ္ဂိုလ်တို့ အပေါ်၌ မြတ်နိုးတဲ့ စိတ်ထား အမြဲရှိတယ်။ ဒီလို မွန်မြတ်တဲ့ စိတ်ထား, မြတ်နိုးတဲ့ စိတ်ထား, သာသနာတော်ကို ကြည်ညိုမြတ်နိုးနေတဲ့ စိတ်ထားဖြင့် ကံကို ထူထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘုံဘဝမှာ မိမိကို သူတစ်ပါးတို့က မြတ်နိုးဖို့ရန်အတွက် မိမိရဲ့ ဥပဓိသမ္ပတ္တိတွေက အဆင်သင့် ဖြစ်နေတယ်။

သို့သော် တစ်ဖက်က ယုံကြည်ချက် သဒ္ဓါတရား မရှိဘဲနဲ့ ပေးလှူလိုက်တဲ့ အလှူဒါနတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်က ရုပ်အဆင်းက လှပတင့်တယ်မှု မရှိတော့ ဘူး။ ဘုန်းကြီးရဲ့ မိတ်ဆွေတစ်ပါး ပြောသလိုပေါ့လေ -အသား ကြည့်လိုက်တော့လည်း သပိတ်ရောင်၊ လည်ပင်း ကြည့်လိုက်တော့လည်း ဖားလည်ပင်း၊ ခါး ကြည့် လိုက်တော့လည်း လိပ်ခါး ဆိုတဲ့ ပုံစံ ဖြစ်နေတတ်တယ်။ ရုပ်ဆင်းသဏ္ဌာန်နှင့် မပြည့်စုံဘူး။ ဘာဖြစ်လို့လဲ? တစ်ချိန်တုန်းက ကုသိုလ်ကောင်းမှုတစ်ခု ပြုခဲ့စဉ် အချိန်အခါမှာ စိတ်ဓာတ်တွေက ကြည်ကြည်လင်လင် မရှိဘူး။ ယုံကြည်ချက် သဒ္ဓါတရား အားကောင်းကောင်းနဲ့ ပြုခဲ့တဲ့ အလှူဒါနမျိုးလည်း မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ် များထိုထို တို့ အပေါ်၌ ကြည်ညိုမြတ်နိုးတဲ့စိတ်ထားနှင့် ပြုစုပျိုး ထောင်ခဲ့တဲ့ အလှူဒါန ကောင်းမှုကုသိုလ်မျိုးလည်း မဟုတ်ပြန်ဘူး။ မဟုတ်တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ ပုံပန်းမကျ ဖြစ်နေရတယ်။ အလှူခံပုဂ္ဂိုလ် အစရှိတဲ့ ထိုထိုပုဂ္ဂိုလ်တို့အပေါ်၌ မိမိက ပုံပန်းမကျတဲ့ စိတ်နေစိတ်ထားဖြင့် ကံကို ထူထောင်ခဲ့မိတဲ့အတွက် ဒီကံက အကျိုးပေးတဲ့ဘဝမှာ မိမိကိုလည်း တစ်ဖက်သား က လှမ်းကြည့်မယ်ဆိုရင် ပုံပန်းမကျတဲ့ ပုဂ္ဂိုလ် အနေအထားမှာပဲ ရှိနေတယ်။

ဒါကြောင့် ဘုန်းကြီးရဲ့ ဆရာသမားတစ်ဦးကတော့ ဆိုဆုံးမဖူးတယ်။ ကောင်းမှုကုသိုလ်တစ်ခု မပြုခင်မှာ ကြိုတင်ပြီး စဉ်းစားပါ။ စိတ်က မနိုင်ဘူးဆိုရင်တော့ မပြုတာ ကောင်းတယ်၊ ပြုပြီးလို့ ကံအရာ တည်သွားပြီ ဆိုရင် ဒီကံဟာ ပြန်ပြီးဖျက်သိမ်းဖို့ သိပ်ခက်တယ်၊ ဒီကံက ရင့်ကျက်လာပြီဆိုရင် တစ်နေ့ အကျိုးပေးမှာပဲ။ အဲဒီလို အကျိုးပေးတဲ့ ဘုံဘဝကျမှ ဒီမကောင်းတဲ့ အကျိုးတရား တွေကို မိမိက အလိုမရှိပါဘူး ဆိုပြီး ထိုင်ငိုနေသော် လည်း ရဦးမလား? မရနိုင်တော့ဘူး။ အရုပ်ဆိုးတဲ့ လူဟာ အရုပ်ဆိုးမြဲပဲ ဆိုးနေမှာပဲ။ ဟုတ်တယ် မဟုတ်ဘူးလား? ကဲ နောက်တစ်ခု --

၂။ ရိုရိုသေသေ လှူဒါန်းခြင်း၏ အကျိုးတရား

သက္ကစ္စံ ခေါ ပန ဘိက္ခဝေ ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ။ ယေပိဿ တေ ဟောန္တိ ပုတ္တာတိ ဝါ ဒါရာတိ ဝါ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ ဝါ၊ တေပိ သုဿူသန္တိ သောတံ ဩဒဟန္တိ အညာ စိတ္တံ ဥပဋ္ဌပေန္တိ။ (အံ၊၂၊၁၅၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သက္ကစ္စံ = လှူဖွယ် ဝတ္ထုကို ရိုရိုသေသေ လေးလေးစားစား ပြုပြင်၍ (ဝါ) အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ မိမိ၏ စိတ်ဓာတ်ကို ရိုရိုသေသေ လေးလေးစားစား ပြုပြင်၍။ (သက္ကစ္စဒါနနှင့် စိတ္တီကတွာဒါန နှစ်ခုလုံးကို တစ်ပေါင်းတည်း ဟောကြားထား တော်မူပါတယ်။) ဒါနံ = အလှူဒါနကို။ ဒတွာ = ပေးလှူ ခြင်းကြောင့်။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘုံဘဝ၌။ တဿ ဒါနဿ = ထို အလှူဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၏။ ဝိပါကော = အကျိုးတရားသည်။ နိဗ္ဗတ္တတိ = ဖြစ်ပေါ်၍လာ၏။ တတ္ထ တတ္ထ = အကျိုးတရား ဖြစ်ပေါ်လာရာ ထိုထိုဘုံဘဝ၌။ အဍ္ဎော စ = ကြွယ်ဝ ချမ်းသာသည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနော စ = များပြားသော စည်းစိမ်ဥစ္စာနှစ် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂေါ စ = များပြားသော အသုံးအဆောင် ပရိဘောဂ ရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဒီသက္ကစ္စဒါနရဲ့ အကျိုးကို ဒီသပ္ပုရိသဒါနသုတ္တန်မှာ ကျတော့ သက္ကစ္စဒါနနှင့် စိတ္တီကတွာဒါနတွေကို နှစ်ခုလုံး ပေါင်းပြီးတော့ ဟောထားပါတယ်။ လှူဖွယ်ဝတ္ထုတွေကိုလည်း ရိုရိုသေသေ မွန်မွန်မြတ်မြတ် ဖြစ်အောင် ပြုပြင်ပြီး လှူဒါန်းတယ်။ အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ လည်း ရိုသေလေးစားတဲ့ စိတ်ထားဖြင့် လှူဒါန်းတယ်။ အဲဒီလို လှူဖွယ်ဝတ္ထုတွေကို ရိုရိုသေသေ မွန်မွန်မြတ်မြတ် ဖြစ်အောင် ပြုပြင်ပြီးတော့ အလှူခံပုဂ္ဂိုလ်တို့ အပေါ်မှာ လည်း ရိုသေလေးစားတဲ့ စိတ်ဓာတ်ဖြင့် ကံကို ထူထောင် ခဲ့တဲ့အတွက် ထိုကံက အကျိုးပေးတဲ့ ဘုံဘဝမှာ စည်းစိမ် ဥစ္စာ ပေါများကြွယ်ဝချမ်းသာတယ်။ ဒါကတော့ အကျိုးရင်း ဖြစ်တယ်။ နောက်ထပ် အကျိုးတစ်ခု ဘာပိုလာသလဲဆိုတော့ --

ယေပိဿ တေ ဟောန္တိ ပုတ္တာတိ ဝါ ဒါရာတိ ဝါ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ ဝါ၊ တေပိ သုဿူသန္တိ သောတံ ဩဒဟန္တိ အညာ စိတ္တံ ဥပဋ္ဌပေန္တိ။

အဿ = ထိုအလှူရှင်၏။ ယေပိ တေ ပုတ္တာတိ ဝါ = အကြင် သားသမီးတို့သည်လည်းကောင်း။ ယေပိ တေ ဒါရာတိ ဝါ = အကြင် သားမယားတို့သည်လည်း ကောင်း။ ယေပိ တေ ဒါသာတိ ဝါ = အကြင် ကျွန်ယောက်ျား, ကျွန်မိန်းမတို့သည်လည်းကောင်း။ ယေပိ တေ ပေဿာတိ ဝါ = အကြင် အစေခံတို့သည်လည်း ကောင်း။ ယေပိ တေ ကမ္မကရာတိ ဝါ = အကြင် အလုပ် သမားတို့သည်လည်းကောင်း။ဟောန္တိ= ရှိကြလေကုန်၏။ တေပိ = ထိုပုဂ္ဂိုလ်တို့သည်လည်း။ တဿ = ထိုပုဂ္ဂိုလ်၏။ ဝစနံ = စကားကို။ သုဿူသန္တိ = နာယူကြကုန်၏။ သောတံ = နားကို။ ဩဒဟန္တိ = စိုက်၍ထားကြလေကုန် ၏။ အညာ စိတ္တံ = သိနားလည်တဲ့ စိတ်ဓာတ်ကို။ ဥပဋ္ဌပေန္တိ = ရှေးရှုတည်စေကြကုန်၏။

လှူဖွယ်ဝတ္ထုကို ရိုရိုသေသေ လေးလေးစားစား ပြုပြင်ပြီးမှ လှူဒါန်းတယ်။ အလှူခံပုဂ္ဂိုလ်တို့အပေါ်၌ လည်း ရိုသေလေးစားတဲ့, ကြည်ညိုတဲ့, မြတ်နိုးတဲ့ စိတ်ဓာတ်ဖြင့် ကံကို ထူထောင်ခဲ့တယ်။ ဒီကံက အကျိုးပေးတဲ့ ဘုံဘဝမှာ ဘာဖြစ်တတ်သလဲ? မိမိရဲ့ သားတွေ, သမီးတွေကလည်း မိမိစကားကို နားထောင်တယ်၊ မိမိကို ရိုသေကြတယ်၊ လေးစားကြတယ်။ သားမယားတွေက လည်း မိမိစကားကို နားထောင်တယ်၊ ရိုသေကြတယ်၊ လေးစားကြတယ်။ ကျွန်ယောက်ျားတွေ, အစေခံတွေ, အလုပ်သမားတွေကလည်း မိမိရဲ့ စကားကို နားထောင် ကြတယ်၊ ရိုသေကြတယ်၊ လေးစားကြတယ်။ ဒါတွင်လား ဆိုတော့ မကသေးဘူး။

အညာ စိတ္တံ ဥပဋ္ဌပေန္တိ - သိနားလည်တဲ့ စိတ်ဓာတ်ကို ရှေးရှုဖြစ်စေကြတယ်။ အိမ်သူအိမ်သား အချင်း ချင်း တစ်ယောက်ရဲ့အကြောင်း တစ်ယောက်က သိနားလည်တတ်ဖို့တော့ မလိုဘူးလား? တစ်ယောက်အကြောင်းကို တစ်ယောက်က နားမလည်ဘူး ဆိုရင်တော့ အိမ်တွင်းရေး ပြဿနာတွေ အများကြီး ရှုပ်ထွေး မလာနိုင်ဘူးလား? ရှုပ်ထွေးလာနိုင်တယ်။

ဒီလို စိတ်ထားမျိုးကလေးတွေက ဘာကြောင့်လဲ? တစ်ချိန်မှာ ကံကို ထူထောင်စဉ် အချိန်အခါက အလှူခံ ပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေလေးစားတဲ့ စိတ်ဓာတ်ဖြင့် ကံကို ထူထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ မိမိကို ရိုသေလေးစား မြတ်နိုးနေမည့် ပုဂ္ဂိုလ် တွေက ဝိုင်းဝိုင်းလည်နေတယ်။ ဒါပေမဲ့ တစ်ချိန်က ကံကို ထူထောင်စဉ် အချိန်အခါမှာ လှူဖွယ်ဝတ္ထုကိုလည်း ရိုရို သေသေ လေးလေးစားစား ပြုပြင်ပြီးမှ မလှူဒါန်းဘူး။ အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌လည်း ရိုသေလေးစားတဲ့ စိတ်ဓာတ်ဖြင့် ကံကို မထူထောင်ခဲ့ဘူး။ မထူထောင်ခဲ့တဲ့ အတွက် အဲဒီကံက အကျိုးပေးတဲ့ ဘဝမှာ ဘာတွေဖြစ်လာသလဲ ..?

ယေပိဿ တေ ဟောန္တိ ပုတ္တာတိ ဝါ ဒါရာတိ ဝါ ဒါသာတိ ဝါ ပေဿာတိ ဝါ ကမ္မကရာတိ ဝါ၊ တေပိ န သုဿူသန္တိ န သောတံ ဩဒဟန္တိ န အညာ စိတ္တံ ဥပဋ္ဌပေန္တိ။

ဒီကံက အကျိုးပေးတဲ့ ဘုံဘဝကျတော့ မိမိရဲ့ စကားကို သားတွေ, သမီးတွေကလည်း နားမထောင်ကြ ဘူး။ သားမယားတွေကလည်း နားမထောင်ကြဘူး။ အစေခံတွေ, အလုပ်သမားတွေကလည်း နားမထောင် ကြဘူး။ ကျွန်ယောက်ျား, ကျွန်မိန်းမတွေကလည်း နား မထောင်ကြတော့ဘူး။ ဘာဖြစ်လို့လဲ?

တစ်ချိန်က အလှူခံပုဂ္ဂိုလ်တို့ အပေါ်၌ ရိုသေ လေးစားမြတ်နိုးတဲ့ စိတ်ဓာတ်ဖြင့် ကံကို မထူထောင်ခဲ့တဲ့ အတွက် ထိုကံက အကျိုးပေးတဲ့ ဘုံဘဝမှာ မိမိကို ရိုသေ လေးစားမည့် ပုဂ္ဂိုလ်တွေ မရှိကြတော့ဘူး။ ဒီလိုဆိုရင် ခေတ်ကို လွှဲချလို့ ရပါ့မလား? သူတို့က ဘာပြောကြ သလဲ? သားတွေ, သမီးတွေကို ပြောလို့ မရရင် - ခေတ် ကိုက ခက်ပါတယ်၊ ဒီခေတ် ကလေးတွေက တော်တော် ခက်တယ် ဒီလို ပြောကြတယ်။ ခေတ်ကလေးတွေက ခက်တာလား ...မိမိက မကောင်းတာလား? မိမိက မကောင်းခဲ့တာ။ ကံကို ထူထောင်ခဲ့စဉ် အချိန်အခါတုန်း က မိမိက စနစ်တကျ ကံကို မထူထောင်ခဲ့ဘူး။ စနစ်တကျ မထူထောင်ခဲ့တော့ ဒီကံက အကျိုးပေးတဲ့ ဘဝမှာ မိမိကို လာပြီး ရိုသေလေးစားမည့် ပုဂ္ဂိုလ် မရှိဘူး။ အကုန် လုံးက ကိုယ်ကျွေးထားတဲ့ သားသမီးပဲ၊ ကိုယ်က လုပ် ကျွေးနေတဲ့ သားသမီး မှန်ပေမဲ့လို့ သူတို့က မိမိကို ရိုသေတဲ့ စိတ်ထား မရှိကြဘူး။ ဒါ မိမိကံကြောင့် ဖြစ်လာ, ပေါ်လာတဲ့ အကျိုးတရားပဲ။

အလားတူပဲ အိမ်ရှင်မဘက်ကို ကြည့်လိုက်ပြန် တော့လည်း မိမိအပေါ်မှာ ရိုသေမှု, လေးစားမှု မရှိပြန် ဘူး၊ သိနားလည်တဲ့ စိတ်ဓာတ်လည်း မရှိပြန်ဘူး။ ရှင် ဘာပြောနေတာလဲ? ရှင် ပြောတာကို ကျွန်မ နားမလည် ဘူး ဆိုတဲ့ စကားလုံးတွေကို ခပ်များများ အသုံးပြုကာ အရွဲ့တိုက်နေတတ်ပြန်တယ်။

ဘုန်းကြီးတို့ အစင်တောထဲ နေတုန်းက ကပ္ပိယ ဒကာကြီးတစ်ယောက်က ပြောဖူးတယ်။ တစ်ချိန်တုန်းကတော့ တပည့်တော် နားမလည်လို့ ပြောမိတယ်၊ တပည့်တော် မိန်းမသုံးယောက် ရခဲ့ဖူးတယ်ဘုရား။ မိန်းမတွေ တစ်ယောက်မှ မကောင်းဘူးလို့ တပည့်တော် က ပြောခဲ့တာပဲ။ ခုတော့ တပည့်တော် နည်းနည်း နား လည်လာတဲ့ အခါကျတော့ ကိုယ် မကောင်းလို့ ဖြစ် တာပဲလို့ ခုမှ သဘောပေါက်တယ်တဲ့။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ မှားလား, မှန်လား? မှန်နေတယ်။ ကိုယ် မကောင်းလို့ပဲ။ ကိုယ်ကသာ ကောင်းလျှင် ကောင်းတဲ့ လူနဲ့ တွေ့မှာပဲ။ ကိုယ် မကောင်းခဲ့တဲ့အတွက် မကောင်း တာနဲ့ လာတွေ့တာပဲ။ ဒါကြောင့် ကံကို ထူထောင်တဲ့ အချိန်မှာ စိတ်ထားကလေးတွေ မွန်မွန်မြတ်မြတ် ထားတတ်ဖို့တော့ လိုတယ်နော်။ သို့သော် ဘုန်းကြီးက ဒီကံရဲ့ အကျိုးတရားကို ဒကာကြီးတွေ ရအောင် ကြိုးစားကြ ပါလို့ ဘုန်းကြီး တိုက်တွန်းချင်လို့ ပြောတာတော့ မဟုတ်ဘူး။ ဒကာကြီးတွေကလည်း ကံတွေကို ကုန်အောင် မကြိုးစားနိုင်သေးတဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ဘုန်းကြီးက တိုက်တွန်းနေတာပါနော်။ ကဲ နောက်တစ်ခု --


၃။ လှူသင့်တဲ့ အချိန်ကာလ၌ လှူဒါန်းခြင်း (ကာလဒါန) ၏ အကျိုးတရား

၃။ ကာလေန ဒါနံ ဒေတိ = သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါမှာ ကာလဒါနတစ်ခု လှူဒါန်း ပူဇော် တယ်။ ခုလို ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ ပွဲတွေဟာ ကာလဒါနတွေ ဖြစ်ကြပါတယ်။ ဒီ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းတဲ့ ကာလဒါနဆိုတာ တခြားတခြားသော ကထိန်ခေတ် မဟုတ်တဲ့ ရက်တွေမှာ လှူဒါန်းပူဇော်နိုင်တဲ့ ဒါနမျိုးတော့ မဟုတ်ဘူး။ ဒါကြောင့် ဒီလိုဒါနမျိုးကိုတော့ ကာလဒါနလို့ ခေါ်ပါတယ်။ ဒီလို ကာလဒါနတွေကို ပေးလှူလိုက်တဲ့ အလှူဒါနရဲ့ စွမ်းအား ကြောင့် ဘာဖြစ်နိုင်သလဲလို့ မေးတော့ --

ကာလေန ခေါ ပန ဘိက္ခဝေ ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ ကာလာဂတာ စဿ အတ္ထာ ပစုရာ ဟောန္တိ။ (အံ၊၂၊၁၅၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ ကာလေန = သင့် တင့်လျောက်ပတ်သော အချိန်အခါ ကာလ၌။ ဒါနံ = အလှူဒါနကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘုံဘဝ၌။ တဿ ဒါနဿ = ထို အလှူ ဒါန၏။ ဝိပါကော = အကျိုးတရားသည်။ နိဗ္ဗတ္တတိ = ဖြစ်ပေါ်၍လာ၏။ တတ္ထ တတ္ထ = အကျိုးတရား ဖြစ်ပေါ် လာရာ ထိုထိုဘုံဘဝ၌။ အဍ္ဎော စ = ကြွယ်ဝချမ်းသာ သည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနော စ = များ ပြားသော စည်းစိမ်ဥစ္စာရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂေါ စ = များပြားသော အသုံးအဆောင် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။

ဒါကတော့ ဒါနရဲ့ အကျိုးရင်းပဲ။ ကျိန်းသေ ရမှာပဲ။ သို့သော် နောက်ထပ် ထူးခြားတဲ့ အကျိုးလေးက ဘာလဲ?

အဿ = ထိုအလှူရှင်၏ သန္တာန်၌။ ကာလာဂတာ = ကာလအားလျော်စွာ ဖြစ်ပေါ်၍လာကြကုန်သော။ အတ္ထာ = အကျိုးတရားတို့သည်။ ပစုရာ = များပြားလှ ကုန်သည်။ ဟောန္တိ = ဖြစ်ကြလေကုန်၏။

အချိန်ကာလအားလျော်စွာ ဖြစ်ပေါ်လာတဲ့ အကျိုး တရားတွေဟာ အလွန့်အလွန်ကို များပြားတယ်။ ဒီလို ကာလဒါနတစ်ခု လှူဒါန်းလိုက်တဲ့အတွက် နော်။ ဒီတော့ အချိန်ကာလအားလျော်စွာ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေ ဆိုတာဟာ ဘယ်လိုဟာတွေလဲလို့ ပြန်ဆန်း စစ်လိုက်တော့ အဋ္ဌကထာက ရှင်းလင်းထားတာက - တချို့တချို့ ပုဂ္ဂိုလ်တွေဟာ ပထမအရွယ်မှာ ဆင်းရဲကြ တယ်။ ဒုတိယအရွယ်မှာ အသင့်အတင့် ချမ်းသာတယ်၊ တတိယအရွယ်မှာ အသင့်အတင့် ချမ်းသာတယ်။ တချို့ ပုဂ္ဂိုလ်တွေကျတော့ ပထမအရွယ်မှာ ချမ်းသာတယ်။ ဒုတိယအရွယ်, တတိယအရွယ်မှာကျတော့ ဆင်းရဲသွားကြတယ်။ တချို့ပုဂ္ဂိုလ်တွေဟာ ပထမအရွယ်, ဒုတိယ အရွယ်မှာ ချမ်းသာတယ်၊ တတိယအရွယ် သေခါနီး ကာလကျတော့ ပြုစုမည့် ပုဂ္ဂိုလ်တောင် မရှိ၊ သိပ်ဆင်းရဲသွားကြတယ်။ အဲဒါ ဘာကြောင့်လဲလို့ မေးတော့ ခုလို အချိန်ကာလနှင့် လျော်ညီနေတဲ့ အလှူဒါနတွေကို မိမိတို့ က မပေးလှူခဲ့ဘူး။ အချိန်ကာလနှင့် လျော်ညီနေတဲ့ အလှူဒါနဆိုတာ ဝါဆိုသင်္ကန်း လှူတာတို့, ကထိန်သင်္ကန်း လှူတာတို့ သလာကဘတ် စသည်ဖြင့် ဘယ်အချိန်အခါမှာ ဘာဆွမ်း လှူတယ်, ဘယ်အချိန်ခါမှာ ဘာဆွမ်း လှူတယ် စသည်ပေါ့လေ..။ အဲဒီလို သင့်တင့် လျောက်ပတ်တဲ့ အချိန်အခါမှာ လှူတာကို ကာလဒါနလို့ ခေါ်တယ်။

နောက်တစ်ခု -- အလှူခံပုဂ္ဂိုလ်တို့ဘက်က ဖျားနာ နေတဲ့အခါ ခရီးသွားဆဲအခါ စတဲ့ ထိုထိုလိုအပ်နေတဲ့ အချိန်အခါမှာ လိုအပ်နေတဲ့ အကျိုးတရားလေးတွေ ဖြစ် ထွန်းပေါ်ပေါက်လာအောင် မိမိတို့က စိတ်စေတနာ ထက်ထက်သန်သန်ဖြင့် လှူဒါန်းပူဇော်တယ်။ အဲဒီလို ကာလဒါနတွေက အကျိုးပေးနေတဲ့ အချိန်အခါမှာ ကာလအားလျော်စွာ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေ ကလည်း မိမိသန္တာန်မှာ အလွန် များပြားနေတတ်ပါ တယ်၊ ဒီကံက အကျိုးပေးတဲ့ ဘုံဘဝမှာနော်။ အဲဒီတော့ ဒီနေရာမှာ အဋ္ဌကထာကတော့ ပထမအရွယ်မှာရော, ဒုတိယအရွယ်မှာရော, တတိယအရွယ်မှာရော အရွယ်သုံးပါးလုံးမှာ ထိုထိုအရွယ်နှင့် ထိုက်တန်နေတဲ့ အကျိုး တရားတွေသည် အလွန် များပြားစွာ ဖြစ်ပေါ်လာကြ တယ်လို့ ဖွင့်ဆိုထားတယ်။

အားလုံး တွေ့ဖူးကြလိမ့်မယ်၊ တချို့ ငယ်ငယ်ကတည်းကလည်း ချမ်းသာတယ်၊ အရွယ် အလတ်ပိုင်းမှာ လည်း ချမ်းသာတယ်၊ အသက်ကြီးလာတဲ့အထိ ချမ်းချမ်း သာသာနဲ့ပဲ ဘဝကို အဆုံးသတ်သွားကြတယ်၊ အဲဒီလို ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ ခုလို ကာလဒါနကို ရိုရိုသေသေ လေးလေးစားစားဖြင့် လှူဒါန်းပူဇော်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ။ နောက်တစ်ခု ---


၄။ အလှူခံပုဂ္ဂိုလ်တို့အား ချီးမြှောက်လိုသော စိတ်ဓာတ်ဖြင့် လှူဒါန်းခြင်း၏ အကျိုးတရား

အနုဂ္ဂဟိတစိတ္တော ဒါနံ ဒေတိ - (သူတော်ကောင်း တွေ လှူတာနော်။)

အနုဂ္ဂဟိတစိတ္တော = ချီးမြှောက်လိုသော စိတ်ထား ရှိသည်ဖြစ်၍။ ဒါနံ = အလှူဒါနကို။ ဒေတိ = ပေးလှူ၏။

ချီးမြှောက်လိုတဲ့ စိတ်ဓာတ်ဖြင့် အလှူဒါနတစ်ခုကို ပေးလှူတယ်။ ဘယ်လို ချီးမြှောက်သလဲလို့ မေးတော့ အလှူခံပုဂ္ဂိုလ်တို့ကို မိမိက ချီးမြှောက်တဲ့ စိတ်ထားပဲ။ အလှူခံပုဂ္ဂိုလ်တွေကို နှိပ်ကွပ်တဲ့ စိတ်ထားမျိုး မဟုတ်ဘူး။ ပေးလိုက်စမ်းပါကွာ ဒင်းတို့ ဒီလောက်တောင် ငတ်နေရင် ဒီလိုကျတော့ အလှူခံပုဂ္ဂိုလ်ကို ကိုယ်က နှိပ်ကွပ်တဲ့ ပုံစံ ဖြစ်နေတယ်။ ဒီ အဘိုးကြီးတွေ, အဘွားကြီးတွေကွာ ပေးလိုက် ပေးလိုက်၊ ငါတော့ သိပ် မသဒ္ဓါ ပါဘူး ဟော အသက်က ကြီးပြီကိုး။ မပေးနိုင် မကမ်းနိုင် တဲ့ မိဘတွေ။ ဟုတ်တယ် မဟုတ်လား? ပေးလိုက်စမ်း ပေးလိုက်စမ်း၊ လင် မသိအောင် ခိုးပေးရတာနဲ့, မယား မသိအောင် ခိုးပေးရတာနဲ့။ ဟုတ်တယ် မဟုတ်လား?

ဒီပုံစံမျိုးကျတော့ အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ မိဘ, မိအို, ဖအိုတွေကို ချီးမြှောက်တဲ့ စိတ်ထားမျိုး ဟုတ်သေးလား? မဟုတ်တော့ဘူးနော်။ ဒါကြောင့် ရဟန်းသံဃာ အပေါ်တွင် မဟုတ်ဘူး၊ မိမိတို့ လှူဒါန်းမယ့် အလှူခံပုဂ္ဂိုလ် ဘယ်ပုဂ္ဂိုလ် အပေါ်မှာမဆို ထိုပုဂ္ဂိုလ်တွေကို မိမိက ချီး မြှောက်လိုတဲ့ စိတ်ဓာတ်ဖြင့် ကံကို ထူထောင်မိဖို့ လို တယ်။ အဲဒီလို ထူထောင်လိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာတတ်သလဲ?

အနုဂ္ဂဟိတစိတ္တော ခေါ ပန ဘိက္ခဝေ ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ ဥဠာရေသု စ ပဉ္စသု ကာမဂုဏေသု ဘောဂါယ စိတ္တံ နမတိ။ (အံ၊၂၊၁၅၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အနုဂ္ဂဟိတစိတ္တော = အလှူခံပုဂ္ဂိုလ်တို့အား ချီးမြှောက်လိုသော စိတ်ထား ရှိသည်ဖြစ်၍။ ဒါနံ = အလှူဒါနကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘုံဘဝ၌။ တဿ ဒါနဿ = ထို အလှူဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၏။ ဝိပါကော = အကျိုးတရားသည်။ နိဗ္ဗတ္တတိ = ဖြစ်ပေါ်၍လာ၏။ တတ္ထ တတ္ထ = အကျိုးတရား ဖြစ် ပေါ်လာရာ ထိုထို ဘုံဘဝ၌။ အဍ္ဎော စ = ကြွယ်ဝချမ်း သာသည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနော စ = များပြားသော စည်းစိမ်ဥစ္စာနှစ် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂေါ စ = များပြားသော အသုံး အဆောင် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ ဥဠာရေသု = မွန်မြတ်ကုန်သော။ ပဉ္စသု ကာမဂုဏေသု = အာရုံ ငါးပါး ကာမဂုဏ်တရားတို့၌။ ဘောဂါယ = သုံးဆောင် ခြင်းငှာ။ စိတ္တံ = စိတ်ဓာတ်သည်။ နမတိ = ညွတ်ကိုင်း ရှိုင်း၍ နေပေ၏။

တစ်ဖက် အလှူခံပုဂ္ဂိုလ်တွေကို ဒီလှူဖွယ်ဝတ္ထုကို မွန်မွန်မြတ်မြတ်ကလေး သုံးစွဲစေချင်တဲ့ စိတ်ဓာတ်ဖြင့် ကံကို ထူထောင်မိခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ မိမိဟာလည်း မွန်မြတ်တဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို သုံးဆောင်ချင်တဲ့ စိတ်ဓာတ်တွေ ညွတ်ကိုင်းရှိုင်းလာတယ်။ တစ်ချိန်က မိမိက အလှူခံ ပုဂ္ဂိုလ်တွေကို ချီးမြှောက်ချင်တဲ့ စိတ်ထား မဟုတ်ဘူး။ မလွဲမရှောင်သာလို့ ပေးကမ်း လှူဒါန်းနေရတဲ့ အလှူဒါန မျိုး ဖြစ်မယ်ဆိုရင်တော့ အဲဒီကံက အကျိုးပေးတဲ့ ဘဝမှာ ကား ဆိုရင်လည်း ခပ်စုတ်စုတ်ပဲ စီးချင်တယ်။ ဘာလုပ်မလဲ တော်ပြီပေါ့၊ သွားလို့ရလျှင် တော်ရော့ပေါ့ ဒီလို စိတ်ဓာတ်မျိုးတွေ ဖြစ်ပေါ်လာတတ်တယ်။ ပုဆိုးဆိုရင် လည်း သင့်ရုံလေးပဲ ဝတ်ချင်တယ်။ အကျႌဆိုရင်လည်း သင့်ရုံလေးပဲ ဝတ်ချင်တယ်။ ကောင်းတဲ့ ပစ္စည်းဝတ္ထု တွေကို သုံးစွဲချင်တဲ့ စိတ်ဓာတ် မရှိဘူး။

ဒါပေမဲ့ တစ်ဖက်သား ပုဂ္ဂိုလ်တွေကို, အလှူခံ ပုဂ္ဂိုလ်တွေကို မွန်မြတ်တဲ့ ပစ္စည်းဝတ္ထုတွေကို မိမိက ချီးမြှောက်လိုတဲ့, သုံးစွဲစေလိုတဲ့ စိတ်ဓာတ်တွေဖြင့် ကံကို ထူထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘုံဘဝ ရောက်လာတော့ မိမိလည်း မွန်မြတ်နေတဲ့ ဒီအာရုံငါးပါး ကာမဂုဏ်တရားတွေကို သုံးဆောင်ခံစားချင်တဲ့ စိတ် ဓာတ်ကလေးတွေ ညွတ်ကိုင်းရှိုင်းလာတယ်။ ဒါကြောင့် အကောင်းကြိုက်တိုင်းလည်း သူတော်ကောင်း မဟုတ် ဘူးလို့ ပြောလို့တော့ မရဘူး။ အကောင်း မကြိုက်တိုင်းလည်း သူတော်ကောင်းပါလို့ ပြောလို့ရပါ့မလား? မရဘူး နော်။ အကောင်း မကြိုက်တာက သူက တစ်ချိန်တုန်းက ကံထူထောင်ခဲ့စဉ် အချိန်အခါက အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်ချင်တဲ့ စိတ်ဓာတ် မရှိဘဲနဲ့ ကံတွေကို ထူထောင်ခဲ့တယ်။ အလှူခံပုဂ္ဂိုလ်တွေကို သုံးစွဲစေချင်တဲ့ စိတ်ဓာတ် မရှိဘူး၊ မလွှဲမရှောင်သာလို့ ပေးရတဲ့ စိတ်ထား မျိုးနဲ့ ကံကို ထူထောင်ခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘဝမှာ ဒီပစ္စည်းဝတ္ထုတွေကိုလည်း မိမိအနေနဲ့ သုံးစွဲ ချင်တဲ့ စိတ်ဓာတ်တွေ မပေါ်ဘူး။

တစ်ဖက်က အလှူခံပုဂ္ဂိုလ်တွေကို ချီးမြှောက်တဲ့ စိတ်ထား, မွန်မြတ်သော ပစ္စည်းဝတ္ထုတွေကို သုံးစွဲစေ ချင်တဲ့ စိတ်ဓာတ်ဖြင့် ရိုရိုသေသေ မွန်မွန်မြတ်မြတ် လှူ ဒါန်းခဲ့တဲ့အတွက် ဒီကံက အကျိုးပေးတဲ့ ဘုံဘဝမှာ မိမိ ဟာလည်း ဒီစည်းစိမ်ဥစ္စာတွေ အပေါ်မှာ သုံးစွဲချင်တဲ့ စိတ်ဓာတ်ကလေးတွေ ပေါ်လာတယ်။ ကား ဆိုလည်း ခပ်ကောင်းကောင်းပဲ စီးတယ်ပေါ့၊ အကောင်းကြိုက်လို့ တော့ မဟုတ်ဘူး။ သူ့ကံက ဖန်တီး ပေးထားတယ်။

နောက်တစ်ခု နံပါတ် - ၅ ကတော့ ---


၅။ ဂုဏ်သိက္ခာကို မထိခိုက်အောင် လှူဒါန်းခြင်း၏ အကျိုးတရား

အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိ။ (အံ၊၂၊၁၅၂။)

မိမိကိုယ်ကိုရော သူတစ်ပါးကိုရော မထိခိုက်စေဘဲ ဒါနတစ်ခု ပြုရမယ်နော်။ မိမိကိုယ်ကိုလည်း မထိခိုက် စေရဘူး၊ သူတစ်ပါးကိုလည်း မထိခိုက်စေရဘူး ဆိုတာ ကတော့ ...အလှူဒါနတစ်ခု ပြုတဲ့အချိန်အခါမှာ လင် မယားချင်း စိတ်ဆိုးလို့ ရှိတာတွေ အကုန်လုံးလှူပစ်တဲ့ ပုံစံမျိုးကျတော့ တစ်ဖက်သား ထိခိုက်မသွားဘူးလား? ထိခိုက်သွားတယ်။ အဲဒီ ပုံစံမျိုးတွေ မဖြစ်စေရဘူး။ မိမိကို လည်း မထိခိုက်စေဘဲ, သူတစ်ပါးကိုလည်း မထိခိုက်စေ ဘဲ အလှူဒါနကို ပြုစုပျိုးထောင်ပါ။ နောက်တစ်နည်း ကတော့ အလှူခံပုဂ္ဂိုလ်တို့ရဲ့ ဂုဏ်သိက္ခာတွေကိုလည်း မထိခိုက်စေဘဲ, မိမိရဲ့ ဂုဏ်ကိုလည်း မထိခိုက်စေဘဲ အလှူဒါနတစ်ခု ပြုရတယ်။ အဲဒီလို ပြုလိုက်လို့ရှိရင် ဒီ အလှူဒါနရဲ့ အကျိုးတရားက ဘယ်လိုလာမလဲ?

အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ခေါ ပန ဘိက္ခဝေ ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ဝိပါကော နိဗ္ဗတ္တတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော မဟာဘောဂေါ၊ န စဿ ကုတောစိ ဘောဂါနံ ဥပဃာတော အာဂစ္ဆတိ အဂ္ဂိတော ဝါ ဥဒကတော ဝါ ရာဇတော ဝါ စောရတော ဝါ အပ္ပိယတော ဝါ ဒါယာဒတော။ (အံ၊၂၊၁၅၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ အတ္တာနဉ္စ = မိမိ ကိုယ်ကိုလည်းကောင်း။ ပရဉ္စ = သူတစ်ပါးကိုယ်ကို လည်းကောင်း။ အတ္တာနဉ္စ = မိမိ၏ ဂုဏ်သိက္ခာကိုလည်း ကောင်း။ ပရဉ္စ = သူတစ်ပါးတို့ရဲ့ ဂုဏ်သိက္ခာကိုလည်းကောင်း။ အနုပဟစ္စ = မထိခိုက်စေမူ၍။ ဒါနံ = အလှူ ဒါနကို။ ဒတွာ = ပေးလှူခြင်းကြောင့်။ ယတ္ထ ယတ္ထ = အကြင်အကြင် ဘုံဘဝ၌။ တဿ ဒါနဿ = ထိုအလှူ ဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၏။ ဝိပါကော = အကျိုးတရားသည်။ နိဗ္ဗတ္တတိ = ထင်ရှား ဖြစ်ပေါ်၍လာ ၏။ တတ္ထ တတ္ထ = အကျိုးတရား ဖြစ်ပေါ်လာရာ ထိုထို ဘုံဘဝ၌။ အဍ္ဎော စ = ကြွယ်ဝချမ်းသာသည်လည်း။ ဟောတိ = ဖြစ်၏။ မဟဒ္ဓနော စ = များပြားသော စည်းစိမ်ဥစ္စာနှစ် ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ မဟာဘောဂေါ စ = များပြားသော အသုံးအဆောင်ရှိသည်လည်း။ ဟောတိ = ဖြစ်၏။ အဿ = ထို အလှူရှင်၏ သန္တာန်၌။ ဘောဂါနံ = စည်းစိမ်တို့၏။ အဂ္ဂိတော ဝါ = မီးကြောင့်လည်းကောင်း။ ဥဒကတော ဝါ = ရေကြောင့်လည်းကောင်း။ ရာဇတော ဝါ = မင်းကြောင့်လည်း ကောင်း။ စောရတော ဝါ = ခိုးသား ဓားပြကြောင့်လည်း ကောင်း။ အပ္ပိယတော ဝါ ဒါယာဒတော = မချစ် မနှစ်သက်အပ်သော အမွေခံဆိုးကြောင့်လည်းကောင်း။ ကုတောစိ = တစ်စုံတစ်ခုသော အကြောင်းကြောင့်။ ဥပဃာတော = ပျက်စီးဆုံးရှုံးခြင်းသည်။ န အာဂစ္ဆတိ = ဆိုက်ရောက်၍ မလာတော့ပေ။

မိမိဂုဏ်သိက္ခာကိုလည်း မထိခိုက်စေဘူး၊ သူတစ်ပါးတွေရဲ့ ဂုဏ်သိက္ခာကိုလည်း မထိခိုက်စေဘူး၊ ဒီလို မထိခိုက်အောင် လှူဒါန်းပူဇော်ခဲ့တယ်။ တချို့တချို့ ပုဂ္ဂိုလ်တွေ ကြည့်ပေါ့ - အလှူချင်း မပြိုင်ကြဘူးလား? ပြိုင်ကြတယ်။ ဒင်းက ဒီလို လှူတယ်ဆိုရင် ငါက ဒင်း ထက် သာအောင် လှူတယ် ဆိုပြီး တစ်ဘက်ပုဂ္ဂိုလ်ကို ထိခိုက်အောင် လှူဒါန်းတဲ့ ပုံစံမျိုးတွေ မရှိကြဘူးလား? ရှိကြတယ်။ အလှူရှင်ဘက်မှာ ဒီလိုစိတ်ထားမျိုးတွေ မရှိရဘူး။ သာသနာတော်ကို ချီးမြှောက်ချင်တဲ့ စိတ်ဓာတ်ဖြင့် အလှူဒါနကို ပြုစုပျိုးထောင်ရတယ်။ သာသနာတော်မှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေ ကြတဲ့ သူတော်ကောင်းတွေသည် မိမိတို့ မျှော်လင့် တောင့်တနေတဲ့ မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရကြပါစေ ဆိုတဲ့ ဒီလို စိတ်နေစိတ်ထားဖြင့် မိမိရဲ့ ဂုဏ်သိက္ခာ, သူတစ်ပါး ရဲ့ ဂုဏ်သိက္ခာတွေကို မထိခိုက်စေဘဲ အလှူဒါန ကုသိုလ်တွေကို ပြုစုပျိုးထောင်ရတယ်။ ဒီလို မိမိဂုဏ် သိက္ခာကို, သူတစ်ပါးဂုဏ်သိက္ခာကို မထိခိုက်စေဘဲ အလှူဒါနတွေကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက် ဒီဒါနက အကျိုးပေးတဲ့ ဘုံဘဝမှာ ရေ, မီး, မင်း, ခိုးသူ, မချစ် မနှစ်သက်သော သူ, အမွေခံဆိုးဆိုတဲ့ ဒီရန်တွေကြောင့် မိမိရဲ့ စည်းစိမ်ဥစ္စာရဲ့ ပျက်စီးမှုဆိုတာ ဘယ်လိုမှ မဖြစ် နိုင်ဘူး။ ရန်သူ ၅-တန်ကြောင့် မိမိရဲ့ စည်းစိမ်ဥစ္စာတွေ မပျက်စီးနိုင်ဘူး။ ဒီအချက်တွေကတော့ သူတော်ကောင်း တို့ ပေးလှူနေတဲ့ အလှူဒါန ၅-မျိုးပဲ။ အဲဒီ ဒါနတွေ ကြောင့် ရရှိမည့် အကျိုးတရား ၅-မျိုးလည်း ခုအထိုက် အလျောက်တော့ ပြောပြီးပြီ။ ဒကာကြီးတွေ သဘော မကျဘူးလား? (ကျပါတယ် ဘုရား။) ဘာတွေ သဘောကျသလဲ? ဒီအကြောင်းအရာတွေကို ဘုန်းကြီးက ပြောချင်လို့ပါ။

ဘာ သဘောကျသလဲဆိုတော့ ဒီစည်းစိမ်ကြောင့် ရရှိမဲ့ အကျိုးတရားတွေကို ကြည့်လိုက်မယ်ဆိုရင် လှလည်းလှတယ် ဆိုပါတော့။ လှတယ်ဆိုတာ ဘယ်သူ့အဖို့ လဲ ဒကာကြီးတွေ။ ဘယ်သူ့အတွက်လဲ? အဲဒါပဲ။ သူများ ကျွန်ခံဖို့အတွက် ကိုယ်က လှပေးရတာ။ သူများ သဘော ကျမှာပေါ့။ ခိုင်းမယ်, စေမယ်, ခိုင်းဖို့, စေဖို့ရန်အတွက် သဘောကျတယ်။ သူများ ခိုင်းဖို့ရန်အတွက် ကိုယ်က လှပေးရတယ်။

ပြီးတော့ ဒီဒါနတွေကြောင့် ရရှိမည့် ချမ်းသာတဲ့ ဘုံဘဝကို လှမ်းကြည့်လိုက်တော့လည်း အောက်ထစ်ဆုံး အားဖြင့် အမိဝမ်းတွင်း ပဋိသန္ဓေနေရမည့် ဒုက္ခ, အိုရမည့် ဒုက္ခ ရှိတယ်, နာရမည့် ဒုက္ခ ရှိတယ်, သေရမည့်ဒုက္ခ ရှိတယ်။ မိမိက ရာဂ မကင်းသေးတဲ့ ပုဂ္ဂိုလ် ဖြစ်ခဲ့မယ်ဆိုရင် မိမိရဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေ ကို အကြောင်းပြုပြီးတော့ ရာဂမီးတွေ လောင်မြိုက်တဲ့ ဒဏ် ခံရမယ်။ ဒေါသမီးတွေ လောင်မြိုက်တဲ့ ဒဏ် ခံရ မယ်။ မောဟမီးတွေ လောင်မြိုက်တဲ့ ဒဏ် ခံရမယ်။ မိမိ ပိုင်ဆိုင်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတွေ ဖောက်ပြန် ပျက်စီးသွားခြင်းတည်းဟူသော အကြောင်း ကြောင့် ဘာဖြစ်မလဲ? စိုးရိမ်ရခြင်း သောကမီး, ငိုကြွေး မြည်တမ်းရခြင်း ပရိဒေဝမီး, ကိုယ်ဆင်းရဲရခြင်း ဒုက္ခမီး, စိတ်ဆင်းရဲရခြင်း ဒေါမနဿမီးဆိုတဲ့ မီး ၁၁-သီးတို့ လောင်မြိုက်တဲ့ဒဏ် ခံနေရမယ်။ ဒါကြောင့် အလွန် ကောင်းပါတယ်ဆိုတဲ့ ချမ်းသာ၊ အလွန် လှပါတယ်ဆိုတဲ့ ချမ်းသာ၊ အဲဒီ ချမ်းသာသုခပိုင်ရှင်ရဲ့ သန္တာန်မှာ ဒီ မီး ၁၁-သီးတို့ဖြင့် အမြဲတမ်း လောင်မြိုက်တဲ့ ဒဏ်ကို ခံနေ ရပြီဆိုရင် ဒီလို ချမ်းသာသုခမျိုးတွေကို တကယ့် ချမ်းသာသုခအစစ်လို့ ခေါ်နိုင်ပါ့မလား? မခေါ်နိုင်ဘူး။

ဒါကြောင့် တစ်ချိန် အနာထပိဏ် ကျောင်းဒါယကာ ကြီးက မြတ်စွာဘုရားထံ ချဉ်းကပ်ပါတယ်။ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ ရိုသေစွာ ရှိခိုးပြီး သင့်တင့် လျောက်ပတ်တဲ့ တစ်နေရာမှာ ထိုင်နေတယ်။ အဲဒီအခါ မှာ ဘုရားရှင်က အနာထပိဏ် ကျောင်းဒါယကာကြီးကို ဘာတိုက်တွန်းသလဲ? ဘုရားရှင်ရဲ့ တိုက်တွန်းပုံကို အင်္ဂုတ္တိုရ် ပဉ္စကနိပါတ် ပီတိသုတ္တန် (အံ၊၂၊၁၈၂-၁၈၃။)မှာ ဒီလို ဖော်ပြထားပါတယ်။


ဒါနလောက်နှင့် ကျေနပ်မနေပါနှင့်

တုမှေ ခေါ ဂဟပတိ ဘိက္ခုသံဃံ ပစ္စုပဋ္ဌိတာ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေန၊ န ခေါ ဂဟပတိ တာဝတကေနေဝ တုဋ္ဌိ ကရဏီယာ မယံ ဘိက္ခုသံဃံ ပစ္စုပဋ္ဌိတာ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေနာတိ။ (အံ၊၂၊၁၈၂။)

ဂဟပတိ = ကျောင်းဒါယကာကြီး။ တုမှေ ခေါ = သင်ဒါယကာကြီးတို့သည်။ ဘိက္ခုသံဃံ = ရဟန်း သံဃာ ကို။ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေန = သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေးပစ္စည်း ပရိက္ခရာဖြင့်။ ပစ္စုပဋ္ဌိတာ = ရှေးရှု တည်စေအပ်ပြီ။ ဂဟပတိ = ကျောင်းဒါယကာကြီး။ မယံ = ငါတို့သည်။ ဘိက္ခုသံဃံ = ရဟန်းသံဃာကို။ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေန = သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အကြောင်း အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း ပရိက္ခရာဖြင့်။ ပစ္စုပဋ္ဌိတာတိ = ရှေးရှုတည် စေအပ်ပြီ ဟူ၍။ တာဝတကေနေဝ = ထိုမျှလောက်ဖြင့်ပင်လျှင်။ တုဋ္ဌိ = နှစ်သက်ကျေနပ်ရောင့်ရဲခြင်းကို။ န ကရဏီယာ = မပြုသင့် မပြုထိုက်ပေ။

သင် ဒါယကာကြီးကတော့ ရဟန်းသံဃာတွေကို သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ ဖြစ်တဲ့ ဆေးပစ္စည်းပရိက္ခရာဖြင့် ရှေးရှုတည်စေတဲ့ လှူဒါန်းပူဇော်နေတဲ့ ဒါယကာကြီး ဖြစ်တယ်။ ဒီလို သင်္ကန်း, ဆွမ်း, ကျောင်း, သူနာ၏ အထောက်အပံ့ ဆေး ပစ္စည်း ပရိက္ခရာဖြင့် ရဟန်းသံဃာတွေကို ငါ ရှေးရှု တည်အပ်စေပြီ၊ လှူဒါန်းပူဇော်အပ်ပြီဆိုပြီး ဒီလောက် ကလေးနဲ့တော့ သင်ဒါယကာကြီး နှစ်သက်ကျေနပ် ရောင့်ရဲမှုကို မပြုသင့်ဘူး။

တသ္မာတိဟ ဂဟပတိ ဧဝံ သိက္ခိတဗ္ဗံ။

ဂဟပတိ = ဒါယကာကြီး။ တသ္မာ = ထို့ကြောင့်။ ဣဓ = ဤသာသနာတော်မြတ်အတွင်း၌။ တုမှေဟိ = သင်ဒါယကာကြီးတို့သည်။ ဧဝံ = ဤသို့။ သိက္ခိတဗ္ဗံ = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။

ဒါကြောင့် သင်ဒါယကာကြီး ဒီလို ဒီသာသနာ တော်မြတ်အတွင်းမှာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်စမ်းပါတဲ့။ ဘယ်လိုလဲ?


ပဝိဝေကပီတိနှင့် နေထိုင်နိုင်အောင် ကြိုးစားပါ

ကိန္တိ မယံ ကာလေန ကာလံ ပဝိဝေကံ ပီတိံ ဥပသမ္ပဇ္ဇ ဝိဟရေယျာမာတိ။

မယံ = ငါတို့သည်။ ကာလေန ကာလံ = ရံခါ။ ပဝိဝေကံ ပီတိံ = နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော နှစ်သက်မြတ်နိုးခြင်း ပီတိ တရားကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံ ကပ်ရောက်စေ၍။ ကိန္တိ = အဘယ်သို့လျှင်။ ဝိဟရေယျာမ = နေထိုင်နိုင်ရပါ ကုန်အံ့နည်း။ ဣတိ = ဤသို့လျှင်။ သိက္ခိတဗ္ဗံ = ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်စမ်းပါ။

တို့ဟာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဘယ်အချိန်အခါကာလမှာ နီဝရဏတရားတွေ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ နှစ်သက် မြတ်နိုးခြင်း ပီတိတရားတွေနှင့် ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်ရ ပါ့မလဲ ဆိုပြီးတော့ ဒီလို အသိစိတ်ဓာတ်ဖြင့် ဒီသာသနာတော်မှာ သင်ဒါယကာကြီးတို့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့ နေထိုင်ကြစမ်းပါ ဆိုပြီးတော့ ဒီလို ဘုရားရှင်က တိုက်တွန်းတယ်။

ဒီတော့ ပဝိဝေကပီတိဆိုတာက အဋ္ဌကထာက ဖွင့်ထားတာကတော့ ပထမစျာန်, ဒုတိယစျာန်တို့နှင့် ယှဉ်နေတဲ့ ပီတိကို ဆိုလိုကြောင်း ဖွင့်ထားပါတယ်။ ဆိုလို တာက ပထမစျာန်ကို ဝင်စားပြီးတော့ နေထိုင်ခြင်း၊ ဒုတိယစျာန်ကို ဝင်စားပြီး နေထိုင်ခြင်းကို အထူးသဖြင့် ရည်ညွှန်းထားတယ်။ အဲဒီ ပထမစျာန်, ဒုတိယစျာန် ဆိုတာကတော့ လောကီစျာန်, လောကုတ္တရာစျာန် နှစ်မျိုးလုံး ဖြစ်တယ်။


လောကီ ပဝိဝေကပီတိ

ဥပမာ -- အာနာပါနကမ္မဋ္ဌာန်းပဲ ဆိုကြစို့၊ အာနာပါနကမ္မဋ္ဌာန်းကို စနစ်တကျ အားထုတ်လိုက်တဲ့ အချိန်အခါမှာ သမာဓိကလည်း ရင့်ကျက်လာတဲ့အခါ ဒီဝင်လေ ထွက်လေလေးက နိမိတ်အသွင် ဖြစ်ပေါ်လာပြီ ဆိုကြစို့နော်၊ ဒီနိမိတ်ကို အာရုံယူပြီး သမာဓိကို ဆက်လက် ထူထောင်လိုက်တဲ့ အချိန်အခါမှာ အလွန် ကြည် လင်တောက်ပနေတဲ့ အာနာပါန ပဋိဘာဂနိမိတ်သို့ ဆိုက်ပြီပဲ ဆိုကြပါစို့နော်။ ထိုအာနာပါန ပဋိဘာဂနိမိတ် ကို အာရုံယူပြီးတော့ သမာဓိကို ဆက်လက် ထူထောင် လိုက်တဲ့ အခါမှာ ဒီနိမိတ်ထဲမှာ ဘာဝနာစိတ်က နစ်မြုပ် ပြီးသွားတယ်။ နစ်မြုပ်တဲ့ သဘောကို စိုက်စိုက်စူးစူး အထူးမြဲမြံ ရှုအားသန် စျာန်ဟု ခေါ်သတတ်ဆိုတဲ့ လယ်တီဆရာတော်ဘုရား ဆိုဆုံးမထားတဲ့အတိုင်းပဲ စျာန်လို့ ခေါ်ပါတယ်။

အဲဒီ စျာန်မှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါငါးပါး ရှိခဲ့ရင် ဒါ ပထမစျာန် သမာဓိ ဖြစ်တယ်။ ဝိတက်, ဝိစာရ ပြုတ်ပြီး ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါသုံးပါးရှိတဲ့ စျာန် ဖြစ်ခဲ့မယ် ဆိုရင် ဒုတိယစျာန် ဖြစ်ပါတယ်။ ထို ပထမစျာန်ကို ဝင်စားပြီး နေထိုင်ခြင်း၊ ဒုတိယစျာန်ကို ဝင်စားပြီး နေ ထိုင်ခြင်းကိုလည်း ပဝိဝေကပီတိ - နီဝရဏ ကင်းဆိတ် ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်မြတ်နိုးခြင်း ပီတိ တရားနှင့် ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင်နိုင်ခြင်းလို့ ဆိုလိုတယ်။


ဝိပဿနာပဝိဝေကပီတိနှင့် လောကုတ္တရာပဝိဝေကပီတိ

နောက်တစ်ခု - ဒီသမာဓိတွေကို အခြေခံပြီးတော့ မိမိတို့က ရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတို့ကို သိမ်း ဆည်းပြီးတော့ ဒီရုပ်နာမ်ကြောင်းကျိုး သင်္ခါရတရားတွေ ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ပြီး တော့ ဝိပဿနာဉာဏ်စဉ်အတိုင်း တွင်တွင်ကြီး ဝိပဿနာရှုလိုက်တဲ့အခါ ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသတရားတို့မှလည်း လွတ်မြောက်သွားတဲ့အခါ အဲဒီ ဝိပဿနာဉာဏ်ကလည်း တဒင်္ဂအားဖြင့် နီဝရဏတရား တွေကို ပယ်ရှားထားနိုင်တဲ့အတွက် အဲဒီဝိပဿနာဉာဏ် နှင့် ယှဉ်တွဲနေတဲ့ ဝိဿနာပီတိကိုလည်း ပဝိဝေကပီတိလို့ ခေါ်ဆိုပါတယ်။ လောကီပဝိဝေကပီတိပဲ ဖြစ်တယ်။ အဲဒီဝိပဿနာဉာဏ်မှာလည်း စျာန်အင်္ဂါ ၅-ပါး ယှဉ်တွဲ လျက်ပင် ရှိပါတယ်။ ဝိပဿနာစျာန် ဖြစ်ပါတယ်။ တစ်ဖန် ဒီဝိပဿနာဉာဏ်တွေကို သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ရင့်ကျင့်အောင် ဆက်လက် ကြိုးပမ်းရပါ တယ်။ ဝိပဿနာရှုရပါတယ်။ အဲဒီလို ရှုလိုက်တဲ့ အပိုင်း မှာ သင်္ခါရတရားတွေကို အတိတ်, အနာဂတ်, ပစ္စုပ္ပန် ဆိုတဲ့ ကာလသုံးပါး၊ အဇ္ဈတ္တ, ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်းမှာ စုံစုံစေ့စေ့ လက္ခဏာရေးသုံးတန် တင်ပြီး ရှုနိုင် တဲ့အပိုင်း ရောက်ပြီဆိုရင် ထိုပုဂ္ဂိုလ်က သင်္ခါရတရား တို့ရဲ့ ဖြစ်မှုကို လွှတ်ပြီးတော့ အပျက်သက်သက်ကို အာရုံယူပြီးတော့ ရှုပြီ။

အပျက်သက်သက်ကို အာရုံယူပြီးတော့ လက္ခဏာရေးသုံးတန် တင်ပြီးတော့ ဝိပဿနာ စိုက်ရှုလိုက်တဲ့အခါ ဝိပဿနာဉာဏ်တို့ ရင့်ကျက်လာတဲ့အခါ ဝိပဿနာဉာဏ်တို့ရဲ့ ဆုံးခါနီးလောက်မှာ မိမိက ဒီပထမစျာန် နာမ်တရားကို ဦးစားပေးပြီးတော့ လက္ခဏာရေးသုံးတန် မှာလည်း မိမိကြိုက်နှစ်သက်တဲ့ လက္ခဏာရေးတစ်ခုကို ဦးစားပေးပြီး ရှုပြီ ဆိုကြစို့နော်။ ထိုပထမစျာန် နာမ် တရားတွေကို ဝိပဿနာရှုခိုက်မှာလည်း အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုပြီး အရိယမဂ်ဉာဏ် ဆိုတာ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒုတိယစျာန် နာမ်တရား တွေကိုလည်း အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် ထဲက မိမိ ကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုခုကို ဦးစား ပေးပြီး ဆင်ခြင်သုံးသပ် ရှုပွားနိုင်ပါတယ်။ ထို ဒုတိယစျာန် နာမ်တရားတွေကို ဝိပဿနာရှုခိုက်မှာလည်း ဝိပဿနာဉာဏ်တွေက ရင့်ကျက်လာရင် ထို ဝိပဿနာ ဉာဏ်တို့ရဲ့ အဆုံးမှာလည်း အရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ် ဖြစ်ပေါ်လာနိုင်ပါတယ်။

အဲဒီလို ဖြစ်ပေါ်လာတဲ့အပိုင်းမှာ ပထမစျာန် နာမ်တရားတွေကို ဝိပဿနာရှုပြီးလို့ ဝိပဿနာဉာဏ်ရဲ့ အဆုံး၌ အရိယမဂ်ဉာဏ် ဖြစ်ပေါ်ခဲ့ရင် ထိုအရိယမဂ်ဉာဏ်ကိုလည်း ပထမစျာန်သမာဓိနဲ့ ယှဉ်နေတဲ့ အရိယမဂ်ဉာဏ်လို့ ခေါ်တယ်။ အရိယမဂ်ဉာဏ်ရဲ့ နောက်ဆွယ် မှာ ဆက်လက် ဖြစ်ပေါ်လာတဲ့ အရိယဖိုလ်ဉာဏ်ကို လည်း ပထမစျာန်သမာဓိနဲ့ ယှဉ်တွဲနေတဲ့ အရိယဖိုလ်ဉာဏ်လို့ ခေါ်ပါတယ်။ ထိုအရိယမဂ်ဉာဏ်, အရိယဖိုလ်ဉာဏ်တို့က အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံ ပြုကြပါတယ်။ အဲဒီ အာရုံပြုနေတဲ့ ဒီအရိယမဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေမှာ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ခေါ်တဲ့ စျာန်အင်္ဂါငါးပါးတို့ ယှဉ်တွဲနေတဲ့အတွက် ထို အချိန်အခါမှာလည်း ပထမစျာန်နဲ့ ယှဉ်တဲ့ အရိယမဂ်, ပထမစျာန်နဲ့ ယှဉ်နေတဲ့ အရိယဖိုလ်လို့ ဒီလိုခေါ်ဆိုရ တယ်။

အလားတူပဲ ဒုတိယစျာန် နာမ်တရားတွေကို ဝိပဿနာရှုခိုက် အရိယမဂ်, ဖိုလ်ကို ဆိုက်ခဲ့မယ်ဆိုရင်လည်း ထို အရိယမဂ်မှာ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါသုံးပါးက ယှဉ်တွဲနေတယ်။ အရိယဖိုလ်မှာလည်း ဒီစျာန်အင်္ဂါသုံးပါးက ယှဉ်တွဲနေတယ်။ အဲဒီလို ယှဉ်တွဲ နေတဲ့အတွက်ကြောင့် ဒီအရိယဖိုလ်ကိုလည်း ပဝိဝေကပီတိ - နီဝရဏတရားတွေ ကင်းဆိတ်နေတဲ့ နှစ်သက် မြတ်နိုးခြင်း ပီတိနှင့် ယှဉ်နေတဲ့ အရိယမဂ်, အရိယဖိုလ်လို့ ခေါ်ပါတယ်။ အဲဒါကတော့ လောကုတ္တရာစျာန် ဖြစ်တယ်။ လောကုတ္တရာ ပဝိဝေကပီတိ ဖြစ်ပါတယ်။

ဒီလောကီစျာန်ကိုပဲဖြစ်ဖြစ်, လောကုတ္တရာစျာန် ကိုပဲဖြစ်ဖြစ် ဒီပီတိနှင့် ယှဉ်တွဲနေတဲ့ လောကီ ပထမစျာန်, လောကုတ္တရာ ပထမစျာန်၊ ဒီပီတိနှင့် ယှဉ်တွဲနေ တဲ့ လောကီ ဝိပဿနာစျာန်၊ ဒီပီတိနှင့် ယှဉ်တွဲနေတဲ့ လောကီ ဒုတိယစျာန်, လောကုတ္တရာ ဒုတိယစျာန်ဆိုတဲ့ ဒီစျာန်တွေကို ဝင်စားပြီး နေထိုင်နိုင်အောင် သင် ဒါယကာကြီးတွေ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြ စမ်းပါလို့ တိုက်တွန်းတော်မူပါတယ်။ အဲဒီလို တိုက်တွန်း လိုက်တဲ့ အချိန်အခါမှာ ဘေးနားမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကလည်း ရှိနေပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မြတ်စွာဘုရားကို ဘာ လျှောက်ထားသလဲ?


အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ လျှောက်ထားချက်

အစ္ဆရိယံ ဘန္တေ အဗ္ဘုတံ ဘန္တေ! ယာဝ သုဘာသိတံ စိဒံ ဘန္တေ ဘဂဝတာ တုမှေ ခေါ ဂဟပတိ ဘိက္ခုသံဃံ ပစ္စုပဋ္ဌိတာ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေန။ န ခေါ ဂဟပတိ တာဝတကေနေဝ တုဋ္ဌိ ကရဏီယာ မယံ ဘိက္ခုသံဃံ ပစ္စုပဋ္ဌိတာ စီဝရပိဏ္ဍပါတသေနာသနဂိလာနပ္ပစ္စယဘေသဇ္ဇပရိက္ခာရေနာတိ။ (အံ၊၂၊၁၅၂၊၊)

မြတ်စွာဘုရား ..အလွန် အံ့ဩဖွယ်ကောင်းပါ ပေတယ်၊ မြတ်စွာဘုရား ..မြတ်စွာဘုရားသည် ကောင်းစွာ ထိုစကားကို ပြောကြားတော်မူအပ်ပါပေတယ် ဘယ်လိုလဲ? ဒါယကာကြီး ..သင်ဒါယကာကြီးသည် ရဟန်းသံဃာကို ဆွမ်း, သင်္ကန်း, ကျောင်း, သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်သော ဆေး ပစ္စည်း ပရိက္ခရာဖြင့် ပြုစုလုပ်ကျွေးနေတာ မှန်တယ်၊ ဒါပေမဲ့လို့ သင်ဒါယကာကြီးသည် ငါသည် ရဟန်းသံဃာကို ဆွမ်း, သင်္ကန်း, ကျောင်း, သူနာ၏ အကြောင်းအထောက်အပံ့ဖြစ်တဲ့ ဆေးပစ္စည်း ပရိက္ခရာဖြင့် ပြုစု လုပ်ကျွေးနေတယ်လို့ ဒီလောက်ကလေးနဲ့တော့ နှစ်သက် ကျေနပ်မှု မဖြစ်ပါနဲ့ ဆိုတဲ့ ဒီစကားကို ဘုရားရှင်သည် ကောင်းစွာ မိန့်ကြားတော်မူအပ်ပါပေတယ်လို့ တင်ပြ လျှောက်ထားလိုက်ပါတယ်။

ဘာကြောင့် ကောင်းသလဲ? အဲဒီ ကောင်းပုံလေးကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဆက်လက် လျှောက်ထားတော်မူတယ်။ ဘယ်လို လျှောက်ထား သလဲ?


အကျိုးတရား (၅) ပါး

ယသ္မိံ ဘန္တေ သမယေ အရိယသာဝကော ပဝိဝေကံ ပီတိံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ပဉ္စဿ ဌာနာနိ တသ္မိံ သမယေ န ဟောန္တိ။ (အံ၊၂၊၁၅၂၊၊)

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပ တော်မူပါပေသော မြတ်စွာဘုရား။ ယသ္မိံ သမယေ = အကြင်အခါ၌။ အရိယသာဝကော = အရိယာဖြစ်တော် မူသော ဘုရားရှင်၏ တပည့်သာဝကသည်။ ပဝိဝေကံ ပီတိံ = နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်၍လာရသော နှစ်သက် မြတ်နိုးခြင်း ပီတိတရား ကို (ဝါ) လောကီ, လောကုတ္တရာဖြစ်သော ပထမစျာန် ပီတိ၊ ဒုတိယစျာန်ပီတိတရားကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံ ကပ်ရောက်စေ၍။ ဝိဟရတိ = နေထိုင်၏။ အဿ = ထို အရိယာသူတော်ကောင်း သန္တာန်၌။ တသ္မိံ သမယေ = ထိုကဲ့သို့သော လောကီစျာန် လောကုတ္တရာစျာန်ကို ဝင်စား၍နေရာ အချိန်အခါကာလ၌။ ပဉ္စ ဌာနာနိ = ငါးမျိုးသော အကြောင်းအရာတို့သည်။ န ဟောန္တိ = ထင် ရှားဖြစ်ပေါ်၍ မလာကြပါကုန်။

အဲဒီ အရိယာသူတော်ကောင်းက ပီတိနှင့် ယှဉ်နေ တဲ့ နီဝရဏတရားတွေ ကင်းစင်နေတဲ့ လောကီစျာန် သို့မဟုတ် လောကုတ္တရာစျာန်၊ ဒီလောကီစျာန် သို့မဟုတ် လောကုတ္တရာစျာန်တွေကို ဝင်စားနေတဲ့ အချိန်အခါ ကာလမှာ ငါးမျိုးသော အကြောင်းအရာတွေသည် ထို ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘယ်လိုမှ ဖြစ်ပေါ်မလာနိုင်ကြဘူး။ အဲဒီ ငါးမျိုးသော အကြောင်းအရာတွေက ဘာတွေလဲ?

နံပါတ်တစ် -


၁။ ကာမဂုဏ်နှင့် စပ်သော ဒုက္ခ-ဒေါမနဿဝေဒနာ၏ ဖြစ်ခွင့် မရှိခြင်း

၁။ ယမ္ပိဿ ကာမူပသံဟိတံ ဒုက္ခံ ဒေါမနဿံ၊ တမ္ပိဿ တသ္မိံ သမယေ န ဟောတိ။ (အံ၊၂၊၁၅၂၊၊)

အဿ = ထိုအရိယာသူတော်ကောင်း၏ သန္တာန်၌။ ကာမူပသံဟိတံ = ကာမဂုဏ်နှင့် ဆက်စပ်လျက်ရှိသော။ ယမ္ပိ ဒုက္ခံ = အကြင် ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရားသည် လည်းကောင်း။ ယမ္ပိ ဒေါမနဿံ = အကြင် စိတ်ဆင်းရဲ ရခြင်း ဒေါမနဿတရားသည်လည်းကောင်း။ အတ္ထိ = ရှိ၏။ တမ္ပိ = ထို ကိုယ်ဆင်းရဲရခြင်း ဒုက္ခတရား, စိတ်ဆင်း ရဲရခြင်း ဒေါမနဿတရားသည်လည်းပဲ။ အဿ = ထို အရိယာသူတော်ကောင်း၏ သန္တာန်၌။ တသ္မိံ သမယေ = ထိုကဲ့သို့သော အချိန်အခါကာလမျိုး၌။ န ဟောတိ = ထင်ရှား မဖြစ်ပေ။

ဒီလို နီဝရဏ ကင်းဆိတ်ခြင်းကြောင့် ဖြစ်ပေါ်လာ တဲ့ ပီတိနှင့် ယှဉ်တွဲနေတဲ့ လောကီစျာန်, လောကုတ္တရာ စျာန်တွေကို ဝင်စားနေတဲ့ အချိန်အခါကာလမှာ ထို အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ ကာမဂုဏ်နှင့် ဆက်စပ်နေတဲ့ ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿတရား ထင်ရှား မဖြစ်ဘူး။ ဘယ့်နှယ်တုန်း ဒကာကြီးတွေ ဒကာမကြီးတွေ..၊ ကောင်းသလား, မကောင်းဘူးလား? သားတွေ သမီးတွေ, အိမ်ရှင်မတွေ, အိမ်ရှင်ယောက်ျားတွေကို အကြောင်းပြုပြီးတော့ ထိုင်စိတ်ဆင်းရဲနေရတာနှင့် စိတ်မဆင်းရဲရတာ ဘယ်ဒင်း ကောင်းသလဲ? စိတ်မဆင်းရဲရတာ ကောင်းတယ်။ စိတ် မဆင်းရဲရချင်ရင် စိတ်မဆင်းရဲရတဲ့ နည်းလမ်းကို ဘုရား က ပေးနေတာပါနော်။ ဒီစျာန်တွေကို ဝင်စားနေတဲ့ အချိန်မှာ အဲဒီလို ကိုယ်ဆင်းရဲရမှု ဒုက္ခ, စိတ်ဆင်းရဲရမှု ဒုက္ခ (ဒေါမနဿ)တွေ ဖြစ်သေးလား? မဖြစ်ဘူး။ ဒါ နံပါတ်တစ်ပဲ။ နံပါတ်နှစ်က --


၂။ ကာမဂုဏ်နှင့် စပ်သော သုခ-သောမနဿ ဝေဒနာ၏ ဖြစ်ခွင့် မရှိခြင်း

၂။ ယမ္ပိဿ ကာမူပသံဟိတံ သုခံ သောမနဿံ၊ တမ္ပိဿ တသ္မိံ သမယေ န ဟောတိ။ (အံ၊၂၊၁၅၂။)

အဿ = ထိုအရိယာသူတော်ကောင်း၏ သန္တာန်၌။ ကာမူပသံဟိတံ = ကာမဂုဏ်နှင့် ဆက်စပ်လျက်ရှိသော။ ယမ္ပိ သုခံ = အကြင် ကိုယ်၏ ချမ်းသာခြင်း သုခသည် လည်းကောင်း။ ယမ္ပိ သောမနဿံ = အကြင် စိတ်၏ ချမ်းသာခြင်း သောမနဿသည်လည်းကောင်း။ အတ္ထိ = ရှိ၏။ တမ္ပိ = ထို ကိုယ်၏ ချမ်းသာခြင်း သုခ၊ စိတ်၏ ချမ်းသာခြင်း သောမနဿတရားသည်လည်းပဲ။ အဿ = ထိုအရိယာ သူတော်ကောင်းသန္တာန်၌။ တသ္မိံ သမယေ = ထိုအခါမျိုး၌။ န ဟောတိ = မဖြစ်ပေ။

အာရုံငါးပါး ကာမဂုဏ်တရားတွေကို အကြောင်း ခံပြီး ဖြစ်ပေါ်လာတဲ့ ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ ချမ်းသာခြင်းလည်း ထိုအချိန်ခါမှာ မဖြစ်ပါဘူးတဲ့။ ကာမဂုဏ်တွေရဲ့ နောက်ဆွယ်မှာ ကာမဂုဏ်တွေကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ သုခ, သောမနဿ, ချမ်း သာမှု, ဝမ်းသာမှုတို့ရဲ့ နောက်ဆွယ်မှာ ဒုက္ခဆိုတာက ကပ်ပြီးပါနေတယ်။ ဌိတိ သုခါ ဝိပရိဏာမာ ဒုက္ခာ = တည်နေတုန်း အခိုက်အတန့်လေးမှာ သုခလို့ ပြောနိုင် ပေမဲ့ ပျက်စီးသွားပြီ ဆိုတာနဲ့ ဒုက္ခက ကပ်ပြီးတော့ ပါလာတယ်နော်။ ဒီ စျာန်ချမ်းသာကျတော့ ဒီပုံစံမျိုး မဟုတ်ဘူး။ ဒီလို လောကီစျာန်, လောကုတ္တရာစျာန်တွေ ကို ဝင်စားနေတဲ့ အချိန်အခါမှာ ဒီကာမဂုဏ်တွေနဲ့ ဆက်စပ်နေတဲ့ သုခ-သောမနဿဝေဒနာတွေလည်း မဖြစ်ဘူး။ နောက်တစ်ခု နံပါတ်သုံးက --


၃။ အကုသိုလ်နှင့် စပ်သော ဒုက္ခ-ဒေါမနဿ ဝေဒနာ၏ ဖြစ်ခွင့် မရှိခြင်း

၃။ ယမ္ပိဿ အကုသလူပသံဟိတံ ဒုက္ခံ ဒေါမနဿံ၊ တမ္ပိဿ တသ္မိံ သမယေ န ဟောတိ။ (အံ၊၂၊၁၅၂။)

အကုသိုလ်နှင့် ဆက်စပ်နေတဲ့, အကုသိုလ်နှင့် ယှဉ်တွဲနေတဲ့ ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿတရားတွေလည်း ထိုစျာန်ဝင်စားနေတဲ့ အချိန် အခါမှာ မဖြစ်ပါဘူး။ မိမိ မှားခဲ့မိတဲ့, လွန်ကြူးမိတဲ့ အကုသိုလ်တရား, ဒုစရိုက်တရားတွေကို အကြောင်းခံပြီး ဖြစ်ပေါ်လာတဲ့ ကိုယ်ဆင်းရဲရမှု, စိတ်ဆင်းရဲရမှုတွေ လည်း မဖြစ်နိုင်ဘူးတဲ့။ သိပ်ကောင်းတယ် သိပ်ကောင်း တယ်။

နောက် နံပါတ် - ၄


၄။ အကုသိုလ်နှင့် စပ်သော သုခ-သောမနဿ ဝေဒနာ၏ ဖြစ်ခွင့် မရှိခြင်း

၄။ ယမ္ပိဿ အကုသလူပသံဟိတံ သုခံ သောမနဿံ၊ တမ္ပိဿ တသ္မိံ သမယေ န ဟောတိ။

အကုသိုလ်နှင့် ယှဉ်တွဲနေတဲ့ သုခ-သောမနဿ တရားတွေလည်း ထိုအချိန်ခါမှာ မဖြစ်ဘူးတဲ့။ အကုသိုလ်နှင့် ယှဉ်တွဲနေတယ်ဆိုတာက မိမိ နှစ်ခြိုက်တဲ့ ပစ္စည်းဝတ္ထု တစ်ခုခုကို ရတယ်လို့ ဆိုကြပါစို့နော်၊ မိမိ လိုချင်နေတဲ့ အာရုံတစ်ခုကို ခံစားနေတဲ့ အချိန်အခါမှာ ချမ်းသာမှု သုခဆိုတာ ရှိမယ်။ စိတ်ချမ်းသာမှု သောမနဿတရားတွေ ဆိုတာ ရှိမယ်။ အဲဒီလို ကာမဂုဏ်တွေနှင့်, အကုသိုလ်တရားတွေနှင့် ဆက်စပ်နေတဲ့ စိတ် ချမ်းသာမှု ကိုယ်ချမ်းသာမှု ဆိုတာက ထိုအချိန်အခါမှာ မရှိပါဘူး၊ အကုသိုလ်ကို အကြောင်းခံပြီးတော့ စိတ်ချမ်းသာတယ် ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ဒီလိုတော့ မမေးနဲ့နော်။ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေ ရပြီဆိုတော့ ဝမ်းမသာဘူးလား? ဝမ်းသာမှာပေါ့။ ဟုတ်တယ် မဟုတ် လား? ကိုယ် ခံစားချင်တဲ့ အကုသိုလ်နဲ့ ဆက်စပ်နေတဲ့ အာရုံလေးတွေ ခံစားလိုက်တဲ့ အချိန်အခါမှာ ကိုယ်၏ ချမ်းသာခြင်း, စိတ်၏ချမ်းသာခြင်းဆိုတာ ဖြစ်တတ်တယ်။ အဲဒီလို ချမ်းသာမျိုးလည်း မရှိပါဘူး။

နောက်တစ်ခု နံပါတ် - ၅က

၅။ ကုသိုလ်နှင့် စပ်သော ဒုက္ခ-ဒေါမနဿဝေဒနာ၏ ဖြစ်ခွင့် မရှိခြင်း

၅။ ယမ္ပိဿ ကုသလူပသံဟိတံ ဒုက္ခံ ဒေါမနဿံ၊ တမ္ပိဿ တသ္မိံ သမယေ န ဟောတိ။ (အံ၊၂၊၁၅၂။)

ကုသိုလ်ရေးလုပ်ငန်းတွေနှင့် ဆက်စပ်တဲ့ ကုသိုလ် နှင့် ယှဉ်တွဲနေတဲ့ ဒုက္ခ-ဒေါမနဿတရားတွေလည်း ထိုအချိန်အခါမှာ ထင်ရှား မဖြစ်ပါဘူး။ ဆိုလိုတာက ကုသိုလ်ကို အကြောင်းခံပြီး တစ်ခါတလေ ကိုယ်ဆင်းရဲရ ခြင်း ဒုက္ခ ဆိုတာ ရှိတယ်။ စိတ်ဆင်းရဲရခြင်း ဒေါမနဿ တရားတွေ ဆိုတာလည်း ထင်ရှား ဖြစ်တတ်ပါတယ်။ ဒါ ကုသိုလ်ကို ထူထောင်နေတဲ့ ကုသိုလ်ရေးလုပ်ငန်း လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ နားလည်ကြတယ်နော်၊ သာသနာ တော်အတွက် အားခဲပြီး လုပ်ပေမဲ့လို့ တစ်ခါတလေ ကိုယ်ဆင်းရဲရတဲ့ ဒုက္ခ, စိတ်မချမ်းသာမှု အခန့်မသင့်တဲ့ ဒေါမနဿတရားလေးတွေ ဝင်မလာတတ်ဘူးလား? ဝင်လာတတ်တယ်နော်။ တရားဘာဝနာတွေ အားထုတ် တယ်ဆိုတာလည်း သမထဘာဝနာကုသိုလ် ဝိပဿနာ ဘာဝနာကုသိုလ် အရိယမဂ်ကုသိုလ်တရားတွေ တိုးပွား အောင် ကြိုးစားအားထုတ်နေခြင်းပဲ ဖြစ်တယ်။ ဒီလို ဘာဝနာလုပ်ငန်းရပ်တွေကို အရိုးကြေကြေ အရေခမ်းခမ်း နောက်မဆုတ်တမ်း အပြင်းအထန် ကြိုးစားအား ထုတ်တဲ့ အပိုင်းမှာလည်း ကိုယ်ဆင်းရဲမှု ဒုက္ခဆိုတာ လည်း တစ်ခါတရံ ရှိတတ်ပါတယ်။ ရှုတိုင်း မရနိုင်တဲ့ အတွက် စိတ်မချမ်းသာမှု ဒေါမနဿ ဆိုတာလည်း တစ်ခါတရံ ရှိတတ်ပါတယ်။ အဲဒီလို ကုသိုလ်ရေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဒုက္ခ ဒေါမနဿတရား တွေလည်း ထိုစျာန်ဝင်စားနေတဲ့ အချိန်အခါမှာ မဖြစ်ပါ ဘူး။ ပေါင်းလိုက်တော့ မဖြစ်တာ ဘယ်နှစ်မျိုးလဲ? ၅-မျိုး။

ယသ္မိံ ဘန္တေ သမယေ အရိယသာဝကော ပဝိဝေကံ ပီတိံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ ဣမာနိဿ ပဉ္စ ဌာနာနိ တသ္မိံ သမယေ န ဟောန္တီတိ။ (အံ၊၂၊၁၅၂။)

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပ တော်မူပါပေသော မြတ်စွာဘုရား။ ယသ္မိံ သမယေ = အကြင် အခါကာလ၌။ အရိယသာဝကော = အရိယာ ဖြစ်တော်မူသော ဘုရားရှင်၏ တပည့်သာဝကသည်။ ပဝိဝေကံ ပီတိံ = နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှား ဖြစ်ပေါ်၍လာရသော လောကီစျာန်ပီတိ, လောကုတ္တရာစျာန်ပီတိကို။ ဥပသမ္ပဇ္ဇ = ပြည့်စုံကပ် ရောက်စေ၍။ ဝိဟရတိ = နေထိုင်နိုင်၏။ တသ္မိံ သမယေ = ထိုကဲ့သို့သော နေထိုင်နိုင်တဲ့ အချိန်အခါ ကာလမျိုး၌။ အဿ = ထိုအရိယာဖြစ်တော်မူသော ဘုရားရှင်၏ တပည့်သာဝက၏ သန္တာန်၌။ ဣမာနိ ပဉ္စ ဌာနာနိ = ဤ ငါးမျိုးသော အကြောင်းအရာတို့သည်။ န ဟောန္တိ = ထင်ရှား ဖြစ်ပေါ်၍ မလာကြပါကုန်ဘုရား။

ထိုအရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ ထို ငါးမျိုးသော အကြောင်းအရာတွေသည် ထင်ရှား ဖြစ်ပေါ်ပြီး မလာပါဘူး။ ဒါကြောင့် ဘုရားရှင်သည် သင် ဒါယကာ ကြီးဟာ သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး ပစ္စည်းလေးပါး ဖြင့် ရဟန်းတော်တို့ကို ငါ ဆက်ကပ် လှူဒါန်းပူဇော်နေ ရတယ်ဆိုပြီး ဒီလောက်ကလေးနဲ့ မကျေနပ်ပါနဲ့ ဆိုတဲ့ ဘုရားရှင် မိန့်ကြားတော်မူလိုက်သည့် စကားတော်သည် အလွန် ကောင်းမွန်စွာ မိန့်ကြားတော်မူတဲ့ စကားလည်း ဖြစ်ပါတယ်။

နောက်တစ်ခု ဘုရားရှင်က အဲဒီမှာ တိုက်တွန်း ထားတာက ပဝိဝေကပီတိ - နီဝရဏတရား ကင်းဆိတ် ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ လောကီစျာန်, လောကုတ္တရာစျာန်နှင့် ယှဉ်နေတဲ့ ပီတိကို ပြည့်စုံကပ် ရောက်ပြီး နေထိုင်ပါ ဆိုပြီး ဒီလို ဘုရားရှင်ကလည်း တိုက်တွန်းတယ်၊ ဒီတိုက်တွန်းတော်မူတဲ့ စကားသည် အလွန် ကောင်းစွာ တိုက်တွန်းတော်မူတဲ့ စကားပဲ ဖြစ်ပါ တယ်၊ ဒီလို လျှောက်ထားတယ်။ ဘုရားရှင်ကလည်း အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးရဲ့ လျှောက်ထား ချက်ကို သဘောကျ လက်ခံတော်မူကာ အတည်ပြုပေး တော်မူလိုက်ပါတယ်။

ဒီတော့ ဒီပီတိကို ဆက်လက်ပြီး မှီဝဲခဲ့မယ်ဆိုရင် ထိုအရိယာသူတော်ကောင်းက သောတာပန်ဖြစ်မယ် ဆိုရင် သကဒါဂါမိမဂ်ဉာဏ်, အနာဂါမိမဂ်ဉာဏ်, အရဟတ္တမဂ်ဉာဏ်ဆိုတဲ့ အထက်အထက် မဂ်ဉာဏ်တွေအထိ အဆင့်ဆင့် တက်သွားပြီး ရနိုင်တဲ့ သဘောလည်း ရှိတယ်။ အကယ်၍ ဒီအရိယာသူတော်ကောင်းက အနာထပိဏ်ကျောင်းဒါယကာတို့ကဲ့သို့ အရဟတ္တဖိုလ် ရောက်လောက်အောင် ဣန္ဒြေတွေက မရင့်ကျက်သေး ဘူးဆိုရင် ဒီစျာန်တွေကိုလည်း သေသည့်တိုင်အောင် မလျောကျအောင် ထိန်းထားနိုင်ခဲ့မယ် ဆိုရင်တော့ သေ သည်၏ အခြားမဲ့၌ ဗြဟ္မာပြည်ကို ကျိန်းသေဧကန် ရောက်နိုင်ပါတယ်။ ဗြဟ္မာပြည် ရောက်သွားပြီ ဆိုလို့ရှိ ရင် ဗြဟ္မာပြည် ရောက်သွားတဲ့ အရိယာသူတော်ကောင်း တို့သည် ထို ဗြဟ္မာပြည်ကနေပြီးတော့ လူ့ဘုံ, နတ်ဘုံ ဆိုတဲ့ ကာမဘုံကို တစ်ဖန် ပြန်လည်ပြီး လျောကျလာရိုး ဓမ္မတာ မရှိတော့ဘူး။ စျာနအနာဂါမီ ခေါ်ပါတယ်။ ဗြဟ္မာပြည်မှာပဲ အထက်အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေကို တစ်ဆင့်တစ်ဆင့် ရရှိပြီးတော့ ပရိနိဗ္ဗာန်စံရပါ တယ်။ ဒုက္ခဇာတ်သိမ်းရမှာ ဖြစ်တယ်။

ဗြဟ္မာပြည်ဆိုတာ မိန်းမလည်း မရှိ၊ ယောက်ျား လည်း မရှိတော့ လင်မယားချင်း ရန်ဖြစ်ရတဲ့ ပြဿနာ တွေရော ရှိဦးမလား? မရှိတော့ဘူး။ သားရေး သမီးရေး အတွက် ပူပန်ရတဲ့ ဒုက္ခတွေလည်း မရှိတော့ဘူး။ ဘယ့် နှယ်တုန်း ဒကာကြီးတွေ, ဒကာမကြီးတွေ မကောင်းဘူး လား? လင်မယားချင်း ရန်မဖြစ်ချင်ဘူး ဆိုရင်တော့, သားတွေ သမီးတွေအတွက် ပူပန်မှုတွေလည်း ကင်းချင်တယ် ဆိုရင်တော့ ပဝိဝေကပီတိလို့ ခေါ်တဲ့ နီဝရဏတရား ကင်းဆိတ်ခြင်းကြောင့် ထင်ရှားဖြစ်ပေါ်လာရတဲ့ လောကီစျာန်, လောကုတ္တရာစျာန်ပီတိတွေကို ဝင်စားပြီး နေထိုင်နိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ။ သာသနာတော်နှင့် တွေ့ခိုက်မှာသာ ရရှိ နိုင်တဲ့ အခွင့်အလမ်း ဖြစ်ပါတယ်နော်။

ဒါကြောင့် ဒီနေ့ပြုတဲ့ ကောင်းမှုကုသိုလ် အရပ်ရပ် ဟာလည်း ထိုကဲ့သို့သော လောကီစျာန်, လောကုတ္တရာ စျာန်ပီတိတွေကို ပြည့်ပြည့်စုံစုံ ကပ်ရောက်ပြီး နေထိုင် နိုင်ခြင်းရဲ့ အကြောင်းအထောက်အပံ့သာ ဖြစ်ပါစေလို့ ဆုတောင်း ပန်ထွာပြီးတော့ တရားသိမ်းကြစို့ နော် ...။


တိုက်တွန်းချက် ဥယျောဇဉ်

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ၊ တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ် လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့သည်။ ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။ ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက်ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထု အစုစုတို့ကို။ ဟိတွာ = ငါတို့ ပိုင်ငြား ဤ ကာမတရားတို့ သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ, ရန်တွေက မြောက်မြား၊ တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကား ဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့် ပယ်တော်မူကြကုန်သည် ဖြစ်၍။ ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ်နှောင်ကို လွတ်အောင် ကြုံးလျက် ရုန်းကန်ထွက်၍ နှစ်သက်ရွှင်လန်း ရှင်ရဟန်းပြု၍ တောထွက်တော်မူကြလေကုန်ပြီ။ တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင်သူတော်ကောင်းတို့သည်လည်းပဲ။ ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန်ထွက် ကြကုန်သည် ဖြစ်၍။ သုပေသလာ = စာမရီသား မြီးဖျား ခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။ တေ = ထို ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။ အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ အား ထုတ်နိုင်ကြပါစေကုန်သတည်း ...။


သာဓု သာဓု သာဓု ပါဘုရား ...။

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...