အလှူမြစ်တား သုံးပါးအန္တရာယ်
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နိဒါနကထာ
အနုပုဗ္ဗိံ ကထန္တိ ဒါနာနန္တရံ သီလံ, သီလာနန္တရံ သဂ္ဂံ, သဂ္ဂါနန္တရံ မဂ္ဂန္တိ ဧဝံ အနုပဋိပါဋိကထံ။ (အံ၊ဋ္ဌ၊၃၊၂၁၃။)
ဘုရားရှင်သည် အချို့အချို့သော ကျွတ်ထိုက်သသူ ဝေနေယျတို့ကို ချေချွတ်တော်မူရာဝယ် ရံခါ အစဉ်အတိုင်းသော တရားစကားဟု ခေါ်ဆိုအပ်သည့် အနုပုဗ္ဗိကထာ တရားစကားကို ဟောကြားပေးတော်မူတတ်၏။
၁။ ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား,
၂။ သီလကထာ = သီလနှင့်စပ်သော တရားစကား,
၃။ သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား,
၄။ မဂ္ဂကထာ = အရိယမဂ်သို့ရောက်ကြောင်း သစ္စာလေးပါးနှင့် စပ်သော တရားစကား ---
ဤကဲ့သို့ အစဉ်အတိုင်း ဟောကြားတော်မူအပ်သော တရားစကားတော်ကို အနုပုဗ္ဗိကထာဟု ခေါ်ဆို၏။
ဒါနကထာ --- ဒါနနှင့်စပ်သော တရားစကားတော်ကို ရှေးဦးစွာ ဟောကြားတော်မူရခြင်းမှာ ဤဒါနကား လူအများစုတို့၌ ပြုလုပ်လွယ်ကြတဲ့သဘော ရှိတဲ့အတွက် ဒါနကုသိုလ်မှာ ဖြစ်လွယ်သောသဘောလည်း ရှိ၏။ အလှူပေး ပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ်, ဝေယျာဝစ္စဆောင်ရွက်သည့်ပုဂ္ဂိုလ် စသည်ဖြင့် လူအများနှင့် ဆက်ဆံသည့် ကုသိုလ်ရပ်တစ်ခုလည်း ဖြစ်၏။ သီလ၌ ရပ်တည် နေဖို့ရန် သို့မဟုတ် ရပ်တည်နေသူဖြစ်ရေးအတွက် အကြောင်းဥပါယ်တစ်မျိုးလည်း ဖြစ်၏။ ထိုကြောင့် ဒါနကို ရှေးဦးအစ၌ ဟောကြားတော်မူခြင်း ဖြစ်၏။ မှန်ပေသည် --- ပေးကမ်းစွန့်ကြဲလေ့ရှိသော ပုဂ္ဂိုလ်သည် ငါ့ဟာဟု သိမ်းပိုက် ထားသော ပစ္စည်းဝတ္ထုတို့၌ ငြိကပ်တွယ်တာမှုသဘော မရှိသည့်အတွက် ချမ်းသာလွယ်ကူစွာပင် သီလတို့ကို ဆောက်တည်ကျင့်သုံးနိုင်၏။ ဆောက်တည်ကျင့်သုံးထားပြီးဖြစ်တဲ့ ထိုသီလ၌ ခိုင်ခိုင်ခံ့ခံ့ မြဲမြဲမြံမြံ ကောင်းစွာ ရပ်တည်နိုင်၏။ သီလကြောင့် အလှူပေးပုဂ္ဂိုလ်, အလှူခံပုဂ္ဂိုလ် နှစ်ဖက်လုံး၌ စင်ကြယ်ခြင်းရှိသည့်အတွက် အလှူခံပုဂ္ဂိုလ်ဟူသည့် သူတစ်ပါးအား ချီးမြှောက်မှုကို ဟောပြပြီးသည့်အခါ သူတစ်ပါးတို့အား ညှဉ်းပန်းနှိပ်စက်မှုမှ ဆုတ်နစ်ကြောင်းတရားကိုလည်း ဟောကြားပြသသင့်သောကြောင့်လည်းကောင်း, သူတော်ကောင်းတို့ ပြုသင့်ပြုထိုက်သည့် ဒါနကျင့်ဝတ်ကို ဟောပြတော်မူပြီးနောက် မပြုမကျင့် ရှောင်ကြဉ်ရမည့် ကျင့်ဝတ်ပဋိပတ်ကိုလည်း ဟောပြသင့်သောကြောင့်လည်းကောင်း, စည်းစိမ်ဥစ္စာ၏ ပြည့်စုံခြင်း = ဘောဂသမ္ပတ္တိအကြောင်းကို ဟောပြတော်မူပြီးနောက် လူ့ဘဝ နတ်ဘဝ စသည့် ကောင်းမြတ်သော ဘဝနှင့် ပြည့်စုံခြင်း = ဘဝသမ္ပတ္တိ၏ အကြောင်းတရားကိုလည်း ဟောပြတော်မူသင့်သောကြောင့်လည်းကောင်း ဒါနကထာ = ဒါနနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ သီလကထာ = သီလနှင့် စပ်သော တရားစကားကို ဆက်လက် ဟောကြားတော်မူလေသည်။ (အံ၊ဋီ၊၃၊၂၂၁။)
ထိုသီလသည်ကား သံသရာဝဋ်ကို မှီနေသော သံသရာ၌ လည်ပတ်စေတတ်သော ဝဋ္ဋနိဿိတသီလဖြစ်အံ့၊ ထိုဝဋ္ဋနိဿိတသီလ၏ အကျိုးတရားသည်ကား ဘဝသမ္ပတ္တိ = လူ့ဘဝ, နတ်ဘဝဟူသည့် အထက်တန်းကျသော ဘဝနှင့် ပြည့်စုံခြင်းပင်တည်းဟု ညွှန်ပြတော်မူခြင်းငှာလည်းကောင်း, ဤ ဒါနမယကုသိုလ် သီလမယကုသိုလ်ဟူသော မြင့်သထက်မြင့် မြတ်သထက် မြတ် စသည်အားဖြင့် ကွဲပြားခြားနားကုန်သော ကောင်းမှုကုသိုလ် ကိရိယာတို့၏ တည်ရာဝတ္ထုတို့ကြောင့် စာတုမဟာရာဇ်, တာဝတိံသာ စသည် ပြားကုန် သော မြင့်သထက်မြင့်, မြတ်သထက်မြတ်, နတ်ထက်နတ် စသည်အားဖြင့် ကွဲပြားခြားနားကုန်သော အတိုင်းအတာပမာဏမရှိကုန်သော ဤနတ်စည်းစိမ်ချမ်းသာတို့ကို ရအပ်ကုန်၏ဟု ညွှန်ပြတော်မူခြင်းငှာလည်းကောင်း ထို သီလကထာ = သီလနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ သဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကားတို့ကို ဆက်လက် ဟောကြားတော်မူလေသည်။ (အံ၊ဋီ၊၃၊၂၂၁။)
ထိုနတ်ရွာသုဂတိဟူသည်မှာလည်း = နတ်စည်းစိမ်ချမ်းသာဟူသည်မှာလည်း သာယာဖွယ် မက်မောဖွယ် ရှုမောဖွယ် အသွယ်သွယ်တို့ဖြင့် တန်ဆာဆင်ထားအပ်သည့် ရှုလို့မဝနိုင် ခံစားလို့မဝနိုင်သည့် ချမ်းသာသုခ ဖြစ်ခြင်းကြောင့် ရာဂ, ဒေါသ, မောဟ စသည့် ကိလေသာအညစ်အကြေး တို့ဖြင့် လူးလဲပေကျံလျက်ရှိ၏။ သို့သော် အရိယမဂ်တရားသည်ကား အချင်းခပ်သိမ်း ထိုကိလေသာအညစ်အကြေးတို့ဖြင့် လူးလဲပေကျံမှု မရှိဟု ညွှန်ပြတော်မူခြင်းငှာ ထိုသဂ္ဂကထာ = နတ်ရွာသုဂတိနှင့်စပ်သော တရားစကား၏ အခြားမဲ့၌ မဂ္ဂကထာ = အရိယမဂ်နှင့်စပ်သော တရားစကားကို ဆက်လက် ဟောကြားပေးတော်မူလေသည်။ (အံ၊ဋီ၊၃၊၂၂၁။)
မဂ္ဂကထာ = အရိယမဂ်သို့ ဆိုက်ရောက်ကြောင်း အကျင့်ကောင်းတို့ကို ဟောကြားတော်မူရာဝယ် ထိုအရိယမဂ်သို့ ဆိုက်ရောက်ကြောင်း နည်းလမ်းကောင်းတို့ကို ညွှန်ပြတော်မူခြင်းငှာ အခြားအခြားသော ကာမဂုဏ်တွေကို မဆိုထားဘိ နတ်ရွာသုဂတိ၌ အကျုံးဝင်နေသည့် ချမ်းသာသုခပင် ဖြစ်ချင် ဖြစ်ပါစေ၊ မည်သည့်ကာမဂုဏ်မဆို ကာမဂုဏ်မှန်သမျှတို့မည်သည် မျက်မှောက် တမလွန် နှစ်တန်တို့၌ အပြစ်အာဒီနဝတွေကား များလှသည်သာ ဖြစ်၏၊ ယင်းကာမဂုဏ်တို့သည် ဖြစ်ပြီးလျှင် ပျက်နေကြသည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ မခိုင်ခံ့သည့်သဘောလည်း ရှိကြကုန်၏၊ ဖောက်ပြန်ပျက်စီး တတ်သည့် ဝိပရိဏာမဓမ္မတို့သာ ဖြစ်ကြ၏ --- ဟု ကာမဂုဏ်တို့၏ အပြစ်အာဒီနဝကိုလည်း ဟောကြားပေးတော်မူ၏။ ယင်းသို့ ဟောကြားတော်မူရာ၌ ဤကာမဂုဏ်တို့ကား ယုတ်ညံ့၏၊ ရွာသူတို့၏ အလေ့အကျင့် ဖြစ်၏၊ ပုထုဇန် ငမိုက်သားတို့၏ အလေ့အကျင့် ဖြစ်၏။ အရိယာသူတော်စင်တို့၏ အလေ့အကျင့် မဟုတ်၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသော အကျိုးစီးပွားနှင့် မစပ်ယှဉ် ဤသို့စသည် ကာမဂုဏ်တို့၏ ယုတ်ညံ့ပုံ = ဩကာရကိုလည်းကောင်း, ဘဝဟူသမျှအားလုံးတို့သည် ကိလေသာတို့၏ တည်ရာဝတ္ထု ဖြစ်ကြ၏ ဤသို့ စသည်ဖြင့် ထိုကာမဂုဏ်တို့၌ ညစ်နွမ်းမှု = သံကိလေသကိုလည်းကောင်း, အချင်းခပ်သိမ်း ယင်းညစ်နွမ်းမှု သံကိလေသတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်နှင့် လွတ်မြောက်ကြောင်းကျင့်စဉ်ဟု ခေါ်ဆိုအပ်သည့် ကာမဂုဏ်မှ ထွက်မြောက်ကြောင်းတရားစကားဖြစ်သည့် = နေက္ခမ္မေ အာနိသံသကထာကို လည်းကောင်း မဂ္ဂကထာတရားစကားကို ဟောကြားတော်မူသည့်အပိုင်းတွင် ထည့်သွင်းကာ ဟောကြားတော်မူပေသည်။ (အံ၊ဋီ၊၃၊၂၂၁။)
ယခု စာဖတ်သူတို့၏ လက်ဝယ် ရောက်ရှိလာသော ဤဝစ္ဆဂေါတ္တသုတ္တန် တရားတော်သည်ကား ထိုကဲ့သို့သော အစဉ်အတိုင်း ဟောကြားတော်မူအပ်သည့် အနုပုဗ္ဗိကထာ တရားစကားတော်မျိုးကား မဟုတ်ပေ။ တစ်မျိုးတစ်ဖုံအားဖြင့် ထူးခြားသည့် အနုပုဗ္ဗိကထာ တရားစကားတော်မျိုး ဖြစ်ပေသည်။ဤဝစ္ဆဂေါတ္တသုတ္တန်တွင် ဘုရားရှင်သည် အောက်တန်းအကျဆုံး ဒါနမှ အထက်တန်းအကျဆုံး ဒါနအထိ တစ်မူထူးခြားစွာ ဟောကြားထားတော်မူခဲ့၏။ အိုး-ခွက်-ပန်းကန်ဆေးသည့်ရေကိုသော်လည်း လှူတတ်ပါက အကျိုး ရရှိနိုင်ပုံကိုပင် ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့၏။ အထက်တန်းကျသည့် ဒါနကို ပြုစုပျိုးထောင်ရာ၌ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ဦးတည်လျက် ပြုစုပျိုးထောင်ခဲ့ပါမူ အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်သည်တိုင်အောင် ယင်းဒါနကုသိုလ်တို့က အားပေးထောက်ပံ့နိုင်သည့် အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံအထိ ဟောကြားထားတော်မူပေသည်။
သို့သော် ဤဝစ္ဆဂေါတ္တသုတ္တန်၏ ထူးခြားချက် တစ်ခုကား --- သူတစ်ပါးတို့၏ အလှူဒါနကို တားမြစ်ပိတ်ပင်မှု မပြုလုပ်ရန် ဆိုဆုံးမတော်မူသည့် အချက်ပင် ဖြစ်၏။ သူတစ်ပါးတို့၏ အလှူဒါနကို တားမြစ်ပိတ်ပင်သူသည်-
၁။ အလှူရှင်၏ ဒါနကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုခြင်း,
၂။ အလှူခံပုဂ္ဂိုလ်တို့ ရသင့်ရထိုက်သည့် လာဘ်လာဘ၏ အန္တရာယ်ကို ပြုခြင်း,
၃။ မိမိကိုယ်ကို မိမိ တူးဖြိုပြီးဖြစ်ခြင်း ---
ဤအန္တရာယ်သုံးမျိုးတို့ကို ပြုလုပ်ပြီးဖြစ်ကြောင်းများကိုလည်း ထည့်သွင်းကာ ဆိုဆုံးမထားတော်မူ၏။ ဆောင်ဖွယ်နှင့် ရှောင်ဖွယ် နှစ်မျိုးလုံးကို မြင်ကွင်းကျယ်ဇာတ်ခုံပေါ်၌ မီးမောင်းထိုးကာ စာတမ်းချိတ်ပြထားတော်မူသည့်သုတ္တန်တစ်ခုပင် ဖြစ်ပေသည်။
ထိုသုတ္တန်ကို ကွယ်လွန်သူ ဒါယကာကြီး ဦးမောင်ပိန်အား ရည်စူး၍ ဒေါ်ခင်ကြည်မိသားစုတို့က ဖားအောက်တောရတွင် သံဃိကကျောင်းဆောင် တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့၏။ ထိုကျောင်းရေစက်ချပွဲတွင် --- ဤဝစ္ဆဂေါတ္တသုတ္တန်ကို ဦးတည်လျက် ဆောင်ဖွယ် ရှောင်ဖွယ်တို့ကို ဝမ်းမြောက်ဖွယ် အနုမောဒနာတရားစကားအဖြစ် ဟောကြားပေးတော်မူခဲ့၏။ ကျောင်းဒါယိကာမ မိသားစုတို့က ထိုတရားတော်ကို ကျမ်းစာအဖြစ် ရိုက်နှိပ်ကာ လှူဒါန်းပူဇော်လိုပါကြောင်းကို လျှောက်ထားလာကြသည့်အတွက် တရားဟောတိတ်ခွေမှ ကျမ်းစာအသွင်သို့ ပြောင်းလဲကာ စာဖတ်သူတို့၏ လက်ဝယ်သို့ ရောက်အောင် ပို့ဆောင်လိုက်ပါသည်။ သူတော်ကောင်းအပေါင်းတို့သည် ဤသုတ္တန်မှာ လာရှိသည့်အတိုင်း ရှောင်ကြဉ်ဖွယ်အချက်အလက်တို့ကို မပြုမကျင့် ရှောင်ကြဉ်နိုင်ကြကုန်သည်ဖြစ်၍ လိုက်နာပြုကျင့်ဖွယ်အရပ်ရပ်တို့ကိုလည်း စွမ်းအားရှိသလောက် ဖြည့်ကျင့်နိုင်ကြပြီးလျှင် ဒုက္ခခပ်သိမ်းတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ အရှင်လောသကတိဿမထေရ်တို့ကဲ့သို့ ဝင်စံနိုင်ကြပါစေသောဝ်ဟု မေတ္တာမွန်ဖြင့် ဆန္ဒပြုလျက် ---
ဖားအောက်တောရဆရာတော်
အလှူမြစ်တား သုံးပါးအန္တရာယ်
(ဘုရားရှင်နှင့် ဝစ္ဆပရိဗိုဇ်တို့၏ ဆွေးနွေးခန်း)
(ဝစ္ဆဂေါတ္တသုတ္တန်)
တရားဦးပလ္လင်
၁၃၅၂-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ရွာမှ ကွယ်လွန်သွားသူ ဒါယကာကြီး ဦးမောင်ပိန်အား ရည်စူး၍ ကျန်ရစ်ခဲ့သူ ဒေါ်ခင်ကြည်အမှူးရှိတဲ့ မိသားစုတို့က ဖားအောက်တောရစင်္ကြံကျောင်း၌ သမထ-ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းတော်မူတဲ့ သံဃာတော်တို့အား ရည်စူး၍ သံဃိကကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်း ပူဇော်ကြပါတယ်။ ထိုကျောင်းဆောက်လုပ်လှူဒါန်းသည့်ပွဲ၌ ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကိုလည်း ဆက်ကပ် လှူဒါန်း ပူဇော်ကြပါတယ်။ ထိုကောင်းမှုကုသိုလ်တို့ရဲ့ အဖို့ဘာဂကို ဒါယကာကြီး ဦးမောင်ပိန်အမှူးရှိတဲ့ (၃၁)ဘုံ၌ ကျင်လည်ကြတဲ့ သတ္တဝါတို့အားလည်း ကုသိုလ်အဖို့ဘာဂကို အမျှရကြပါစေခြင်းအကျိုးငှာ ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေလိုတယ်လို့ လျှောက်ထားကြတယ်။
အလားတူပဲ မော်လမြိုင်မြို့မှ ဒါယကာ မောင်ကျော်မြင့်မိသားစုတို့ကလည်း သင်္ကန်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းတဲ့ အတွက် ဒီနေ့ ကြုံကြိုက်နေတဲ့အတွက် ပေါင်း၍ ရေစက်ချမယ်လို့ လျှောက်ထားကြတယ်။ ထိုကျောင်းအလှူ, ဆွမ်းအလှူ, သင်္ကန်းအလှူ အလှူဒါနပွဲ၌ ဝမ်းမြောက်ဖွယ်, အမှတ်ရဖွယ်ဖြစ်တဲ့ အနုမောဒနာတရားတစ်ပုဒ် ချီးမြှင့် ပေးတော်မူပါလို့ လျှောက်ထားကြတဲ့အတွက် ဒီနေ့ အနုမောဒနာတရား ကလေးတစ်ပုဒ် နာကြားကြည့်ကြရအောင်။ ပရိတ်တရားတော်ကလေး တစ်ပုဒ်နဲ့ပဲ နိဒါန်းပျိုးကြရအောင် ---
မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိမုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
မဟာကာရုဏိကော = ကြီးမြတ်သော ကရုဏာရှိတော်မူသော။ နာထော = ဗြဟ္မာ, နတ်, လူ သုံးဘုံသူတို့၏ ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော ဘုရားမြတ်စွာသည်။ သဗ္ဗပါဏိနံ = ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သတ္တဝါအပေါင်းတို့၏။ ဟိတာယ = လောကီ လောကုတ္တရာ အကျိုးစီးပွား ချမ်းသာအလို့ငှာ။ သဗ္ဗာ ပါရမီ = ခပ်သိမ်းဥဿုံ အလုံးစုံသော ပါရမီတော်မြတ်အပေါင်းကို။ ပူရေတွာန = ဖြည့်ကျင့်ဆည်းပူးတော်မူ ပြီး၍။ ဥတ္တမံ = မြတ်လှစွာသော။ သမ္မာသမ္ဗောဓိံ = အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်မြတ်သို့။ ပတ္တော = ရောက်ရှိတော်မူခဲ့လေပြီ။ ဧတေန သစ္စဝဇ္ဇေန = ဝစီမင်္ဂလာ ဤသစ္စာစကားကို ပြောဆိုရခြင်းကြောင့်။ တေ တုမှာကံ = သင်တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား။ သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမလပ် အခါခပ်သိမ်း။ သောတ္ထိ = ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်းသည်။ ဟောတု = မုချမသွေ ဖြစ်ပါစေသတည်း။
(သာဓု သာဓု သာဓုပါဘုရား ...)
ဘုန်းကြီးတို့ရဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းသော ကာလပတ်လုံး အသက်ကို စွန့်လွှတ် လှူဒါန်းခြင်း, သားမယားတို့ကို စွန့်လွှတ် လှူဒါန်းခြင်း, ပစ္စည်းကို စွန့်လွှတ် လှူဒါန်းခြင်း အစရှိတဲ့ ဒါနပါရမီ အခြေခံ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့် တော်မူခဲ့တယ်။ ဘာဦးတည်ချက်နဲ့ ဖြည့်ကျင့်ခဲ့သလဲ? သဗ္ဗညုတဉာဏ်ရဖို့ရန် ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေကို ဖြည့်ကျင့်ခဲ့တယ်။ ထိုဝစီမင်္ဂလာ မှန်ကန်တဲ့ သစ္စာစကားကြောင့် သင်သတ္တဝါအပေါင်းတို့သည် ဘေးရန်ကုန်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေလို့ သစ္စာပြုနေတဲ့ ဂါထာကလေးတစ်ပုဒ် ဖြစ်ပါတယ်။
မွန်မြတ်သော ဦးတည်ချက်
ဒီနေ့ ကျောင်းအစရှိတဲ့, သင်္ကန်းအစရှိတဲ့, ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို လှူဒါန်းနေတဲ့ ပုဂ္ဂိုလ်တွေလည်း ဦးတည်ချက်တစ်ခုခုတော့ ရှိသင့် တယ်နော်။ ဦးတည်ချက်များစွာတို့တွင် အဆင့်အတန်း အမြင့်ဆုံး ဦးတည်ချက်ကတော့ သမ္မာသမ္ဗောဓိဉာဏ်လို့ ခေါ်ဆိုအပ်တဲ့ သဗ္ဗညုတဉာဏ် အထွတ်တပ်ထားတဲ့ အရဟတ္တမဂ်ဉာဏ်ကို ရဖို့ရန် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုခဲ့မယ်ဆိုရင်တော့ အဆင့်အတန်း အမြင့်ဆုံး ဒါနတစ်ခု, အဆင့်အတန်း အမြင့်ဆုံး ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။
ဒီထက်တစ်ဆင့် နိမ့်လိုက်ရင်တော့ ပစ္စေကဗောဓိဉာဏ်ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ် ပြုခဲ့မယ်ဆိုရင်တော့ ဒုတိယ အကောင်းဆုံးသော ဦးတည်ချက်တစ်ခု ဖြစ်တယ်။ တတိယ အကောင်းဆုံး ဦးတည်ချက်ကတော့ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော် မြတ်ကြီးတို့ကဲ့သို့ အဂ္ဂသာဝကဗောဓိဉာဏ် ရရှိရေးအတွက် ရည်ရွယ်တောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေ ပြုခဲ့မယ်ဆိုရင်တော့ ထိုဦးတည်ချက်က တတိယအကောင်းဆုံး ဦးတည်ချက် ဖြစ်ပါတယ်။
ဒီထက်တစ်ဆင့် နိမ့်လိုက်တဲ့ အချိန်အခါမှာ အရှင်မဟာကဿပ, အရှင်အာနန္ဒာ, အရှင်မဟာကစ္စည်းအစရှိတဲ့ မထေရ်ကျော် ပုဂ္ဂိုလ်မြတ်ကြီးတို့ကဲ့သို့ မဟာသာဝကဗောဓိဉာဏ်ကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်ထူးတွေကို ဆည်းပူးရှာဖွေခဲ့မယ်ဆိုရင်လည်း ထိုဦးတည်ချက်သည် စတုတ္ထအကောင်းဆုံး ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။
ဒီထက်တစ်ဆင့် နိမ့်လိုက်တော့ ရိုးရိုးသာဝကတွေပေါ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရှိသွားတော်မူတဲ့ ပကတိသာဝကဗောဓိဉာဏ်ကို ရည်ရွယ် တောင့်တပြီး ကောင်းမှုကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်ခဲ့မယ်ဆိုရင်တော့ ထိုပြုစုပျိုးထောင်နေတဲ့ ကောင်းမှုကုသိုလ် ထိုဦးတည်ချက်မျိုးကိုတော့ ပဉ္စမ အကောင်းဆုံးသော ဦးတည်ချက်လို့တော့ သတ်မှတ်နိုင်ပါတယ်။
အဲဒီ ဦးတည်ချက်တွေကနေပြီးတော့ နောက်ထပ် ပုံစံတစ်မျိုး အနေ အားဖြင့် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွေကို ရည်ရွယ်တောင့်တပြီး ကောင်းမှုကုသိုလ်တွေကို ပြုခဲ့မယ်ဆိုရင်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ သို့သော် ကောင်းမှုကုသိုလ်ပြုတဲ့ အချိန်အခါမှာ မိမိတို့ ရည်ရွယ်တောင့်တတဲ့ ဦးတည်ချက်အတိုင်း ဖြစ်နိုင်ရေးအတွက် အလှူခံပုဂ္ဂိုလ် ဘက်မှာ ရှိရမယ့် အင်္ဂါရပ်တွေလည်း ရှိကြတယ်။ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ထင်ရှားရှိနေရမယ့် အင်္ဂါရပ်တွေလည်း ရှိကြတယ်။ အဲဒီ အင်္ဂါရပ်တွေနဲ့ ပတ်သက်လို့ သဘောပေါက်အောင် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ လာရှိတဲ့ ဝစ္ဆဂေါတ္တသုတ္တန်ကလေးကို အတိုချုပ်ပြီးတော့ ပြောကြရအောင်-
ဝစ္ဆဂေါတ္တပရိဗိုဇ်၏ မေးခွန်း (၄) ရပ်
တစ်ချိန်မှာ ဝစ္ဆအနွယ်မှာ ဖွားမြင်တဲ့အတွက်ကြောင့် ဝစ္ဆဂေါတ္တပရိဗိုဇ် အမည်ရတဲ့ ပရိဗိုဇ်တစ်ဦးက မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရားနှင့် ဝမ်းမြောက်ဝမ်းသာ အမှတ်ရဖွယ် စကားတွေ ပြောဆိုကြတယ်။ ပြောဆိုပြီးဆုံးစေပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားကို သူက လျှောက်ထား တယ်။ ဘယ်လို လျှောက်ထားလဲ?
သုတံ မေတံ ဘော ဂေါတမ သမဏော ဂေါတမော ဧဝမာဟ -- မယှမေဝ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ မယှမေဝ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ ဒိန္နံ မဟပ္ဖလံ၊ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။ (အံ၊၁၊၁၆၁။)
ဘော ဂေါတမ = အိုအရှင် ဂေါတမ ...။ မေ = ဘုရားတပည့်တော် သည်။ ဧတံ = ဤစကားကို။ သုတံ = ကြားနာဖူးပါ၏။
အရှင်ဂေါတမ ...တပည့်တော် ဒီစကားကို ကြားဖူးနေတယ်။ ဘယ်လို ကြားဖူးသလဲ?
သာမဏော ဂေါတမော = ရဟန်းဂေါတမသည်။ ဧဝံ = ဤသို့။ အာဟ = ပြောဆို၍ နေပါ၏။
အရှင်ဂေါတမက ဒီလို ပြောတယ်ဆိုတဲ့ စကားကလေးတစ်ခုကို တပည့်တော် ကြားနေတယ်။ ဒီလို ပြောတယ်ဆိုတာက ဘယ်လိုလဲ?
မယှမေဝ = ငါဘုရားရှင်အားသာလျှင်။ ဒါနံ = အလှူဒါနကို။ ဒါတဗ္ဗံ = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ အညေသံ = ငါဘုရားရှင်မှ တစ်ပါးသော အခြားအခြားသော ပုဂ္ဂိုလ်တို့အား။ ဒါနံ = အလှူဒါနကို။ န ဒါတဗ္ဗံ = မပေးလှူသင့် မပေးလှူထိုက်ပေ။ မယှမေဝ သာဝကာနံ = ငါဘုရားရှင်၏ တပည့် သာဝကတို့အားသာလျှင်။ ဒါနံ = အလှူဒါနကို။ ဒါတဗ္ဗံ = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ အညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးဖြစ်ကြကုန်သော သာဝကတို့အား။ ဒါနံ = အလှူဒါနကို။ န ဒါတဗ္ဗံ = မပေးလှူသင့် မပေးလှူထိုက်ပေ။ မယှမေဝ = ငါဘုရားရှင်အားသာ လျှင်။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ နာညေသံ = အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့အား။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ န မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ မယှမေဝ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ နာညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးကုန်သော သာဝကတို့အား။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ န မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ ဣတိ ဧဝံ = ဤသို့လျှင်။ သမဏော ဂေါတမော = ရဟန်းဂေါတမသည်။ အာဟ = ပြောဆို၍ နေပါပေ၏။ ဣတိ ဧတံ ဝစနံ = ဤကဲ့သို့သော စကားကို။ မေ = ဘုရားတပည့်တော်သည်။ သုတံ = ကြားနာ၍ နေရပါပေ၏။
ဝစ္ဆဂေါတ္တပရိဗိုဇ် = ဝစ္ဆအနွယ်မှာဖြစ်တဲ့ ပရိဗိုဇ်ကြီးက မြတ်စွာဘုရားကို လျှောက်ထားတဲ့ စကားပဲနော်။
မြတ်စွာဘုရား ... တပည့်တော်တော့ ဒီလို ကြားနေတယ်။ ရဟန်း ဂေါတမဟာ ငါဘုရားကိုသာလျှင် အလှူဒါန ပေးလှူထိုက်တယ်။ ငါဘုရားမှ တစ်ပါး အခြားတစ်ပါးသော အခြားအခြားသော ပုဂ္ဂိုလ်တွေအား အလှူဒါနကို မပေးလှူထိုက်ဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာ အလှူဒါနကို ပေးလှူထိုက်တယ်။ ငါဘုရားရှင်ရဲ့ တပည့်သာဝကမှ အခြားတစ်ပါးသော ပုဂ္ဂိုလ်တွေရဲ့ တပည့်သာဝကတွေကို မပေးလှူထိုက်ဘူး။ ငါဘုရားရှင်အား ပေးလှူမှသာလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ အခြားအခြားသော ပုဂ္ဂိုလ်တွေအား ပေးလှူခဲ့ရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို ပေးလှူမှသာလျှင် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ အခြားအခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို ပေးလှူခဲ့မယ်ဆိုရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူးလို့ ရဟန်းဂေါတမက ပြောနေတယ်လို့ တပည့်တော်ကြားနေရပါတယ် ဆိုပြီးတော့ သူက လျှောက်ထားတယ်။ အဲဒီလို လျှောက်ထားပြီးတဲ့အခါမှာ သူ့စကားကတော့ မဆုံးသေးဘူး။ မြတ်စွာဘုရားကို ဆက်လက်ပြီး သူက လျှောက်ထားပြန်တယ်။ ဘယ်လို လျှောက်ထားလဲ?
ယေ တေ ဘော ဂေါတမ ဧဝမာဟံသု သမဏော ဂေါတမော ဧဝမာဟ မယှမေဝ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ ဒါနံ ဒါတဗ္ဗံ။ မယှမေဝ သာဝကာနံ ဒါနံ ဒါတဗ္ဗံ၊ နာညေသံ သာဝကာနံ ဒါနံ ဒါတဗ္ဗံ။ မယှမေဝ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ ဒိန္နံ မဟပ္ဖလံ။ မယှမေဝ သာဝကာနံ ဒိန္နံ မဟပ္ဖလံ၊ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။ (အံ၊၁၊၁၆၁။)
ဘော ဂေါတမ = အိုအရှင် ဂေါတမ ...။ ယေ တေ = အကြင်ပုဂ္ဂိုလ် တို့သည်ကား။ ဧဝံ = ဤသို့။ အာဟံသု = ပြောဆိုကြကုန်၏။
ဒီလိုပြောတယ်။ ဘယ်လိုလဲ?
သမဏော ဂေါတမော = ရဟန်းဂေါတမသည်။ ဧဝံ = ဤသို့။ အာဟ = ပြောဆို၍ နေပါ၏။ မယှမေဝ = ငါဘုရားအားသာလျှင်။ ဒါနံ = အလှူ ဒါနကို။ ဒါတဗ္ဗံ = ပေးလှူသင့် ပေးလှူထိုက်ပေ၏။ အညေသံ = အခြား တစ်ပါးသော ပုဂ္ဂိုလ်တို့အား။ ဒါနံ = အလှူဒါနကို။ န ဒါတဗ္ဗံ = မပေးလှူသင့် မပေးလှူထိုက်ပေ။ မယှမေဝ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ ဒါနံ = အလှူဒါနကို။ ဒါတဗ္ဗံ = ပေးလှူသင့် ပေးလှူထိုက် ပေ၏။ အညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ တစ်ပါးကုန်သော အခြားအခြားသော ပုဂ္ဂိုလ်တို့၏ တပည့်သာဝကတို့အား။ ဒါနံ= အလှူဒါနကို။ န ဒါတဗ္ဗံ = မပေးလှူသင့် မပေးလှူထိုက်ပေ။ မယှမေဝ = ငါဘုရားအားသာလျှင်။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ အညေသံ = အခြားတစ်ပါးသော ပုဂ္ဂိုလ်တို့အား။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ န မဟပ္ဖလံ = ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ မယှမေဝ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကတို့အားသာလျှင်။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပေ၏။ အညေသံ သာဝကာနံ = ငါဘုရားရှင်၏ တပည့်သာဝကမှ အခြားတစ်ပါးကုန်သော ပုဂ္ဂိုလ်တို့၏ တပည့်သာဝကတို့အား။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်။ န မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိပေ။ ဣတိ ဧဝံ = ဤသို့လျှင်။ ယေ တေ = အကြင်ပုဂ္ဂိုလ်တို့သည်။ အာဟံသု = ပြောဆို၍ နေကြပါကုန်၏။
အရှင်ဂေါတမက ပြောနေတယ်။ ငါ့ကိုသာလျှင် အလှူဒါနပေးလှူ ရမယ်။ တခြားတခြားသော ပုဂ္ဂိုလ်တွေအား အလှူဒါန မပေးလှူရဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာလျှင် အလှူဒါန ပေးလှူရမယ်။ တခြားတခြားသော ပုဂ္ဂိုလ်တွေရဲ့ တပည့်သာဝကတွေကို အလှူဒါန မပေးလှူရဘူး။ ငါဘုရားရှင်ကို လှူမှသာလျှင် အကျိုးကြီးတယ်။ တခြားတခြားသော ပုဂ္ဂိုလ် တွေကို လှူခဲ့ရင် အကျိုးမကြီးဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေ ကို ပေးလှူမှသာလျှင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ တခြားတခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို ပေးလှူခဲ့မယ်ဆိုရင် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး မရှိဘူးလို့ အကြင်ပုဂ္ဂိုလ်တွေက ပြောနေ ကြတယ် အဲဒီလို ပြောတဲ့ပုဂ္ဂိုလ်တွေသည် ဘာဖြစ်လဲ?
၁။ ကစ္စိ တေ ဘောတော ဂေါတမဿ ဝုတ္တဝါဒိနော? (အံ၊၁၊၁၆၁။)
ဘော ဂေါတမ = အရှင်ဂေါတမ ...။ ကစ္စိ = အသို့ပါနည်း? တေ = ထိုပုဂ္ဂိုလ်တို့သည်။ ဘောတော ဂေါတမဿ = အရှင်ဂေါတမအား။ ဝုတ္တဝါဒိနော = အမှန်ကို ပြောဆို၍နေတဲ့ ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ = ဖြစ်ကြပါ ကုန်သလား?
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဂေါတမကို အမှန်အတိုင်း ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဟုတ်ကြပါရဲ့လား? တစ်ချက်နော်။
၂။ န စ ပန ဘဝန္တံ ဂေါတမံ အဘူတေန အဗ္ဘာစိက္ခန္တိ။ (အံ၊၁၊၁၆၁။)
ပန = နောက်တစ်မျိုးသော်ကား။ ဘဝန္တံ ဂေါတမံ = အရှင်ဂေါတမကို။ အဘူတေန = မဟုတ်မမှန်သော စကားဖြင့်။ ကစ္စိ န စ အဗ္ဘာစိက္ခန္တိ = မစွပ်စွဲဘဲ ရှိကြပါကုန်ရဲ့လား?
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အရှင်ဂေါတမကို မဟုတ်မမှန် မစွပ်စွဲဘဲ ရှိကြပါကုန်ရဲ့လား? နောက်တစ်ခု ---
၃။ ဓမ္မဿ စာနုဓမ္မံ ဗျာကရောန္တိ၊ (အံ၊၁၊၁၆၁။)
ဓမ္မဿ စ = အရှင်ဂေါတမ ဟောကြားပြသ ဆိုဆုံးမနေတဲ့တရားကိုလည်း။ အနုဓမ္မံ = အစဉ်လျော်ညီတဲ့ တရားကို။ ကစ္စိ ပန ဗျာကရောန္တိ = ပြောကြား၍ နေကြပါကုန်သလား?
အရှင်ဂေါတမ ဟောနေတဲ့တရားကို အစဉ်လိုက်ပြီး ဟောနေတာ ဟုတ်ကြပါရဲ့လား?
၄။ န စ ကောစိ သဟဓမ္မိကော ဝါဒါနုပါတော ဂါရယှံ ဌာနံ အာဂစ္ဆတိ? (အံ၊၁၊၁၆၁။)
ကောစိ = တစ်စုံတစ်ခုသော။ သဟဓမ္မိကော = အကြောင်းတရားနှင့် တကွသော။ ဝါဒါနုပါတော = အရှင်ဂေါတမ ပြောဆိုနေတဲ့ မူရင်းစကားအစဉ် နောက်သို့ အစဉ်ကျရောက်လျက်ရှိသော တစ်ဆင့်ပြောကြားသော စကားသည်။ ဂါရယှံ ဌာနံ = ကဲ့ရဲ့ထိုက်တဲ့ အရာဌာနသို့။ န စ အာဂစ္ဆတိ = မရောက်ဘဲ ရှိပါရဲ့လား?
ဒီပြောနေတဲ့ စကားတွေဟာ အကြောင်းတရားနှင့် လျော်ညီနေသော အရှင်ဂေါတမ ဟောကြားပြသ ဆိုဆုံးမနေတဲ့ မူရင်းစကားနောက်ကို အစဉ်လိုက်ပြီးတော့ တစ်ဆင့်ပြောကြားနေတဲ့ မကဲ့ရဲ့ထိုက်တဲ့ စကားတွေ ဟုတ်ကြ ပါရဲ့လားတဲ့။
အနဗ္ဘက္ခာတုကာမာ ဟိ မယံ ဘဝန္တံ ဂေါတမံ။ (အံ၊၁၊၁၆၁။)
မယံ = ဘုရားတပည့်တော်တို့သည်ကား။ ဘဝန္တံ ဂေါတမံ = အရှင်ဂေါတမကို။ အနဗ္ဘက္ခာတုကာမာ = မစွပ်စွဲကြလိုပါကုန်။
တပည့်တော်တို့ဟာ အရှင်ဂေါတမကို မစွပ်စွဲလိုကြပါဘူးဆိုပြီးတော့ ဒီမေးခွန်း (၄)ရပ်ကို သူက မေးတယ်။ အဲဒီလို မေးမြန်းလျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားဘက်က ဘာအဖြေပေးတော်မူသလဲ?
ယေ တေ ဝစ္ဆ ဧဝမာဟံသု -- သမဏော ဂေါတမော ဧဝမာဟ -- မယှမေဝ ဒါနံ ဒါတဗ္ဗံ။ ပ ။ နာညေသံ သာဝကာနံ ဒိန္နံ မဟပ္ဖလန္တိ။ (အံ၊၁၊၁၆၁၊၊)
ဒကာတော် ဝစ္ဆပရိဗိုဇ် ... အကြင်ပုဂ္ဂိုလ်တွေဟာ ရဟန်းဂေါတမဟာ ငါ့ကိုသာ ပေးလှူရမယ်။ တခြားတခြားသော ပုဂ္ဂိုလ်တွေကို မပေးလှူ ရဘူး။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကိုသာ ပေးလှူရမယ်။ တခြားတခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို မပေးလှူရဘူး။ ငါဘုရားရှင်ကို လှူမှသာလျှင် အကျိုးကြီးတယ်။ တခြားတခြားသော ပုဂ္ဂိုလ် တွေကို လှူရင် အကျိုးမကြီးဘူး၊ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို လှူမှသာလျှင် အကျိုးကြီးတယ်၊ အခြားအခြားသော ဂိုဏ်းဆရာတွေရဲ့ တပည့်သာဝကတွေကို လှူရင် အကျိုးမကြီးဘူးဆိုပြီးတော့ ရဟန်းဂေါတမ ပြောနေပါတယ်လို့ အကြင်ပုဂ္ဂိုလ်တွေက ပြောကြတယ်တဲ့နော်။ အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေသည် အမှန်ကို ပြောတာ ဟုတ်ရဲ့လားဆိုတာကို မြတ်စွာဘုရားက ဆက်ပြီး အဖြေပေးတော်မူတယ်။
န မေ တေ ဝုတ္တဝါဒိနော။ (အံ၊၁၊၁၆၁။)
တေ = ထိုပုဂ္ဂိုလ်တို့သည်။ မေ = ငါဘုရားအား။ ဝုတ္တဝါဒိနော = အမှန်ကိုသာ ပြောဆို၍ နေကြတဲ့ ပုဂ္ဂိုလ်မျိုးတို့သည်။ န ဟောန္တိ = မဖြစ်ကြပါကုန်။
အဲဒီလို ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ ငါဘုရားကို အမှန်အတိုင်း ပြောနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ကြပါဘူး။
အဗ္ဘာစိက္ခန္တိ စ ပန မံ အသတာ အဘူတေန။ (အံ၊၁၊၁၆၁။)
မံ စ = ငါဘုရားကိုလည်းပဲ။ အသတာ = ထင်ရှားမရှိတဲ့။ အဘူတေန = မဟုတ်မမှန်တဲ့ စကားဖြင့်။ အဗ္ဘာစိက္ခန္တိ = စွပ်စွဲ၍ နေကြပါကုန်၏။
ငါဘုရားရှင်ကို ထင်ရှားမရှိတဲ့ မဟုတ်မမှန်တဲ့ စကားဖြင့် စွပ်စွဲနေကြတာသာ ဖြစ်ပါတယ်။
အဲဒီလို အဖြေပေးပြီးတော့မှ ဒီနေ့ တရားနာပရိသတ်တွေ လိုက်နာသင့် လိုက်နာထိုက်တဲ့ သိသင့်သိထိုက်တဲ့ အချက်ကလေးတွေကို မြတ်စွာဘုရား အနည်းငယ် ဆက်ပြီး ဟောပေးတော်မူပါတယ်။
သူတစ်ပါး၏ အလှူဒါနကို တားမြစ်သူအတွက် အန္တရာယ် (၃) မျိုး
ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ။ (အံ၊၁၊၁၆၁။)
ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော် ပရိဗိုဇ် ...။ ယော ခေါ = အကြင်သူသည်ကား။ ပရံ ဒါနံ ဒဒန္တံ = သူတစ်ပါး ပေးလှူ၍ နေသည်ကို။ ဝါရေတိ = တားမြစ်တတ်၏။
သူတစ်ပါး ပေးလှူနေတာကို ပုဂ္ဂိုလ်တစ်ယောက်က တားမြစ်တတ်တယ်။ ဒကာကြီးတွေက လှူချင်ရင် ဒကာမကြီးတွေက ကန့်ကွက်တယ်။ ဒကာမကြီးတွေက လှူချင်ပြီဆိုရင် ဒကာကြီးက ကန့်ကွက်တယ်။ သားသမီး တွေက လှူချင်ရင် မိဘတွေက ကန့်ကွက်တယ်။ မိဘတွေက လှူချင်ရင် သားသမီးတွေက ကန့်ကွက်တယ် စတဲ့ ပုံစံမျိုးပဲနော်။ သူတစ်ပါး ပေးလှူတော့မယ်ဆိုရင် ထိုပေးလှူနေတဲ့ အလှူဒါနကို လာပြီး တားမြစ်တယ်။ အဲဒီ တားမြစ်တဲ့ပုဂ္ဂိုလ် ဘာလုပ်တာလဲ?
ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော တိဏ္ဏံ အန္တရာယကရော ဟောတိ၊ တိဏ္ဏံ ပါရိပန္ထိကော။ (အံ၊၁၊၁၆၁။)
ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ ယော ခေါ = အကြင်သူသည်ကား။ ပရံ ဒါနံ ဒဒန္တံ = သူတစ်ပါး ပေးလှူ၍ နေသည်ကို။ ဝါရေတိ = တားမြစ်တတ်၏။ သော = ထိုတားမြစ်တတ်တဲ့ ပုဂ္ဂိုလ်သည်။ တိဏ္ဏံ = သုံးမျိုးတို့၏။ အန္တရာယကရော = အန္တရာယ်ကို ပြုလုပ်တတ်သည်။ ဟောတိ = ဖြစ်ပေ၏။ တိဏ္ဏံ = သုံးမျိုးတို့၏။ ပါရိပန္ထိကော = ဘေးဥပါဒ်တို့ကို ပြုလုပ် တတ်သည်။ ဟောတိ = ဖြစ်ပေ၏။
အန္တရာယ် (၃)မျိုး, ဘေးဥပါဒ် (၃)မျိုးကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ သူတစ်ပါး ပေးလှူနေတဲ့ အလှူဒါနတစ်ခုကို သွားပြီး တားမြစ်ရင် ဒီတားမြစ်တဲ့ ပုဂ္ဂိုလ်သည် အန္တရာယ် (၃)မျိုးကို ပြုလုပ်နေတာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားတော်မူပါတယ်။ အဲဒီ (၃)မျိုးဆိုတာက ဘာတွေလဲ?
၁။ ဒါနကုသိုလ်၏ အန္တရာယ်
၁။ ဒါယကဿ ပုညန္တရာယကရော ဟောတိ၊ (အံ၊၁၊၁၆၁။)
နံပါတ် (၁)နော်။
ဒါယကဿ = အလှူရှင်၏။ ပုညန္တရာယကရော = ကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။ ဟောတိ = ဖြစ်၏။
ဒါနဆိုတာက လှူခဲ့မယ်ဆိုရင် အလှူရှင်ဒါယကာမှာ ကုသိုလ်တရားတွေ တိုးပွားမယ့်လုပ်ငန်း ဖြစ်တယ်။ အလှူရှင် ဒါယကာက လှူဖွယ်ဝတ္ထုပစ္စည်း တစ်ခုကို လှူတော့မယ်ကြံရင် မလှူဖို့ရန် ကန့်ကွက်တယ်။ လှူမယ်ဆိုတဲ့ အလှူရှင်အတွက် ကုသိုလ်တရားတွေ ဖြစ်ဦးမလား? မဖြစ်ဘူး။ ကုသိုလ် ခေါ်တဲ့ ပုည = ကောင်းမှုကုသိုလ်တရားတွေကို မဖြစ်ပေါ်အောင် အန္တရာယ် ပြုလုပ်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။ ဒါက နံပါတ် (၁)နော်။ နံပါတ် (၂)ကတော့ ဘာလဲ?
၂။ လာဘ်လာဘ၏ အန္တရာယ်
၂။ ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ၊ (အံ၊၁၊၁၆၁။)
ပဋိဂ္ဂါဟကာနံ = အလှူခံပုဂ္ဂိုလ်တို့၏။ လာဘန္တရာယကရော = လာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။ ဟောတိ = ဖြစ်၏။
အလှူခံပုဂ္ဂိုလ်တွေ ရသင့်ရထိုက်တဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကိုလည်း ပြုလုပ်တတ်တယ်။ မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒါက နံပါတ် (၂)။ နံပါတ် (၃)ကျတော့ ဘာလဲ?
၃။ မိမိကိုယ်ကို မိမိ တူးဖြိုနေသူ
၃။ ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။ (အံ၊၁၊၁၆၁။)
ပုဗ္ဗေဝ = ရှေးမဆွကပင်လျှင်။ အဿ = ထိုကန့်ကွက်၍နေတဲ့ ပုဂ္ဂိုလ်သည်။ အတ္တာ = မိမိကိုယ်ကို။ ခတော စ = ဂုဏ်ပျက်အောင် တူးဖြိုအပ်ပြီးသည်လည်း။ ဟောတိ = ဖြစ်၏။ ဥပဟတော စ = ဂုဏ်သိက္ခာပျက်ပြားအောင် ညှဉ်းပန်းနှိပ်စက်အပ်ပြီးသည်လည်း။ ဟောတိ = ဖြစ်၏။
အဲဒီလို ကန့်ကွက်နေတဲ့ ပုဂ္ဂိုလ်ကို လှမ်းကြည့်နော်။ သူဟာ ကျေနပ်လို့ ကန့်ကွက်တာလား, မကျေနပ်လို့ ကန့်ကွက်တာလား? မကျေနပ်ဘူး။ မကျေနပ်တာမှာ သူ့မှာ လောဘကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဒေါသ ကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဣဿာ, မစ္ဆရိယတွေ ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်ထားတွေ, ဝန်တိုတဲ့စိတ်ထားတွေကြောင့် မကျေနပ်တာလည်း ရှိချင်ရှိမယ်နော်။ လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယစတဲ့ ဒီအကုသိုလ်တရားတွေ ဝင်ပြီး နှောင့်ယှက်ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ မိမိကိုယ်ကို မိမိ ရှေးမဆွတည်းက မိမိဂုဏ်သိက္ခာတွေ ကျဆင်းသွားအောင် ကြိုတင်ပြီးတော့ တူးဖြိုနေတာပဲ။ သိပ်လောဘကြီးတာပဲ၊ သိပ်ဒေါသကြီးတာပဲ၊ သိပ် မောဟထူပြောတာပဲ၊ သိပ်ပြီးတော့ ဣဿာ, မစ္ဆရိယတွေ များပြားတာပဲ စသည်ဖြင့် ဘေးပုဂ္ဂိုလ်တွေက ဝေဖန်ကြတော့မယ်။ မိမိမှာ ရှိရင်းစွဲဖြစ်တဲ့ သီလ, သမာဓိ, ပညာဂုဏ်သိက္ခာတွေ အားလုံး ကျဆင်းသွားတာပဲ။ ဒီကိလေသာလက်နက်တွေနဲ့ မိမိကိုယ်ကို မိမိ တူးဖြိုနေပြန်တယ်။ ဘယ်လို တူးဖြိုတာလဲ? တူးတယ် ဖြိုတယ်ဆိုတာ ဒကာကြီးတွေ ကြည့်စမ်းကြည့်! တူးလို့ရှိရင် ဘာဖြစ်သွားလဲ? တွင်းက ဘာဖြစ်သွားလဲ? တူးလေ နက်လေပဲ။ မိမိ နက်တဲ့ နေရာကို ဆင်းသွားဖို့ရန်အတွက် ကိုယ့်ကိုယ်ကို တူးဖြိုနေတာပဲ။ လက်နဲ့ ယက်ပြီးတော့ အောက်ကို ဆင်းနေတဲ့ ပုံစံပဲနော်။
ဒီတော့ သူတစ်ပါး ကောင်းမှုကုသိုလ်ကို ကန့်ကွက်ရုံလေးနဲ့ပဲ ဘာကြောင့် ဒီလို လက်နဲ့ယက်ပြီး အောက်ကို ဆင်းရမလဲလို့ ဒီလိုတော့ မေးစရာ ရှိတယ်။ မေးစရာရှိတဲ့အခါကျတော့ အဖြေကတော့ သူတစ်ပါးတို့ရဲ့ ကောင်းမှုကုသိုလ်ကို ကန့်ကွက်တားမြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ လောဘ, ဒေါသ, မောဟစတဲ့ အကုသိုလ်တရားတွေက နည်းပါးလို့ ကန့်ကွက်တာလား, များပြားလို့ ကန့်ကွက်တာလားလို့မေးရင် များပြားတဲ့ ထုထည်တွေ ရှိတယ်နော်။
အလှူခံပုဂ္ဂိုလ်အပေါ်မှာ မကျေနပ်လို့ ဒေါသဖြစ်လို့ ဒေါသကို အခြေခံ ပြီးတော့ သို့မဟုတ် လှူဖွယ်ဝတ္ထုအပေါ်မှာ တွယ်တာတပ်မက်တဲ့ လောဘ ဖြစ်နေလို့ လောဘကို အခြေခံပြီးတော့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ အလှူခံပုဂ္ဂိုလ်, အလှူပေးတဲ့ပုဂ္ဂိုလ် နှစ်ဖက်လုံးအပေါ်မှာ မကျေနပ်လို့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။
နောက်တစ်ခုကတော့ ဣဿာ = မလိုမုန်းထားတဲ့ စိတ်ထား။ မစ္ဆရိယ = ဝန်တိုတဲ့ စိတ်ထားတွေကြောင့် ကန့်ကွက်နေတာတွေလည်း မဖြစ်နိုင် ဘူးလား? ဖြစ်နိုင်တယ်။ မာန = ကိုယ့်ထက်သာသွားမှာစိုးလို့။ အလှူရှင်က ဒီလိုလှူလိုက်လို့ရှိရင် ကိုယ်က နည်းနည်း လှူနိုင်တယ်။ သူက များများ လှူနိုင်တော့ ကိုယ့်ထက်သာ မနာလိုလို့ မကျေနပ်လို့ ကန့်ကွက်တာတွေလည်း မရှိနိုင်ဘူးလား? ရှိနိုင်တယ်။
အဲဒီလို လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယတရားတွေကို တိုးပွားအောင် ဖြည့်ကျင့်ဆည်းပူးနေတဲ့ ပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ တူးဖြို နေတဲ့ပုဂ္ဂိုလ်။ မိမိကိုယ်ကို မိမိ ညှဉ်းပန်းနှိပ်စက်နေတဲ့ပုဂ္ဂိုလ် ဖြစ်တယ်။ အဲဒီလို တူးဖြိုနေတဲ့ ပုဂ္ဂိုလ်ရဲ့ လားရာဂတိသည် ကောင်းတဲ့ဂတိ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ အားလုံး ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ထုံးကလေးတစ်ခုကိုတော့ နာဖူးထပ်မံအနေနဲ့ ပြောကြရအောင်နော်။
အရှင်လောသကတိဿမထေရ်အလောင်း
အရှင်လောသကတိဿမထေရ်အလောင်းလျာဖြစ်တဲ့ သူတော်ကောင်းဟာ ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်အတွင်းတုန်းက --- သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ဖူး ပါတယ်။ ---
ဘိက္ခဝေ ဧသော ဘိက္ခု အတ္တနော အလာဘိဘာဝဉ္စ အရိယဓမ္မလာဘိဘာဝဉ္စ အတ္တနာဝ အကာသိ။ အယဥှိ ပုဗ္ဗေ ပရေသံ လာဘန္တရာယံ ကတွာ အပ္ပလာဘီ ဇာတော၊ အနိစ္စံ, ဒုက္ခံ, အနတ္တာတိ ဝိပဿနာယ ယုတ္တဘာဝဿ ဗလေန အရိယဓမ္မလာဘီ ဇာတော။
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ ဧသော ဘိက္ခု = ဤရဟန်းသည်ကား။ အတ္တနော = မိမိ၏။ အလာဘိဘာဝဉ္စ = လာဘ်လာဘ မရရှိနိုင်သည့် အဖြစ်ကိုလည်းကောင်း။ အရိယဓမ္မလာဘိဘာဝဉ္စ = ဖြူစင်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် တရားထူး တရားမြတ်ကို ရရှိသည်၏ အဖြစ်ကို လည်းကောင်း။ အတ္တနာဝ = မိမိကိုယ်တိုင်ပင်လျှင်။ အကာသိ = ပြုလုပ်ခဲ့ လေပြီ။ အယံ = ဤရဟန်းတော်သည်။ ပုဗ္ဗေ = ရှေးအတိတ်ဘဝ၌။ ပရေသံ = သူတစ်ပါးတို့၏။ လာဘန္တရာယံ = လာဘ်လာဘ၏ အန္တရာယ်ကို။ ကတွာ = ပြုကျင့်ခဲ့မိသည့်အတွက်ကြောင့်။ အပ္ပလာဘီ = နည်းပါးသော လာဘ်လာဘကို ရခြင်းရှိတဲ့ ရဟန်းတော်သည်။ ဇာတော = ဖြစ်ခဲ့ရလေပြီ။
သင်္ခါရေ = ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသည့် ရုပ်+နာမ်+ ကြောင်း+ကျိုး = သင်္ခါရတရားတို့ကို။ အနိစ္စံ, ဒုက္ခံ, အနတ္တာတိ = အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု။ ဝိပဿနာယ = ဝိပဿနာကို။ ယုတ္တဘာဝဿ = ကြိုးစား အားထုတ်ခဲ့သည်၏ အဖြစ်၏။ ဗလေန = စွမ်းအားရှိန်စော် အာနုဘော်ကြောင့်။ အရိယဓမ္မလာဘီ = ဖြူစင်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ဟူသော တရားထူး တရားမြတ်ကို ရခြင်းရှိတဲ့ပုဂ္ဂိုလ်သည်။ ဇာတော = ဖြစ်ခဲ့ရလေပြီ။
ချစ်သားရဟန်းတို့ ... ဒီလောသကတိဿရဟန်းတော်ဟာ မိမိရဲ့ လာဘ်လာဘ မရရှိခြင်းဆိုတဲ့ ဘဝကိုလည်း မိမိကိုယ်တိုင်ပဲ ပြုလုပ်ခဲ့တယ်၊ ဖြူစင်မြင့်မြတ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်ကို ရရှိခြင်းဆိုတဲ့ ဒီသဘောတရားကိုလည်းပဲ မိမိကိုယ်တိုင်ပဲ ပြုလုပ်ခဲ့ပါတယ်။ ဒီလောသကတိဿဟာ ဟို ရှေးအတိတ်ဘဝ ကဿပဘုရားရှင်လက်ထက်တော်အခါက ရဟန္တာမထေရ်မြတ် ဖြစ်တော်မူတဲ့ သူတစ်ပါးရဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကို ပြုလုပ်ခဲ့ဖူးတယ်၊ ဒါကြောင့် ဒီဘဝမှာ သူဟာ လာဘ်လာဘ မရရှိခြင်း ဖြစ်တယ်။ ဒါပေမယ့် သူဟာ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ ရုပ်+နာမ်+ကြောင်း+ကျိုး = သင်္ခါရတရားတွေကို အနိစ္စဟု, ဒုက္ခဟု, အနတ္တဟု လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခဲ့ဖူး ပြန်တယ်။ ဒါကြောင့် အတိတ်ဘဝကရော ယခုဘဝမှာရော သူ့ရဲ့ ဝိပဿနာ ဘာဝနာကို ပွားများအားထုတ်ခဲ့ဖူးတဲ့ ဝိပဿနာကုသိုလ် ဝိပဿနာဉာဏ်တွေရဲ့ စွမ်းအားကြောင့် အရဟတ္တဖိုလ်တိုင်အောင်သော ဖြူစင်မြင့်မြတ်တဲ့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ တရားထူး တရားမြတ်တွေကို ရရှိခြင်း ဖြစ်တယ်လို့ ဒီလို ဘုရားရှင်က မိန့်ကြားတော်မူပြီးနောက် --- သူ့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်းကို ပြန်ပြောင်းကာ ဟောကြားတော်မူ ပါတယ်။
သို့သော် သူ့ရဲ့ ဝိပဿနာဉာဏ်တွေဟာ သိပ်ပြည့်ပြည့်စုံစုံတော့ ပရမတ္ထ ဓာတ်သားတွေကို သိရှိဟန် မတူဘူး။ အချို့အဝက်လောက်ပဲ သိပုံရတယ်။ သာဝကတို့ သိသင့် သိထိုက်တဲ့ အတိုင်းအတာကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဒုတိယတွဲ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းမှာ --- အဋ္ဌကထာက ဒီလို ဖွင့်ဆိုထားပြန်တယ် ---
ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)
ဒီလို ဖွင့်ထားတယ်။ ဘာပြောလိုတာလဲ?
ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို တကယ်လက်တွေ့ ရှုနိုင်လို့ အကြောင်းတရားနှင့် အကျိုးတရားတွေကို ဉာဏ်နဲ့ ပိုင်းခြားယူတတ်တဲ့ ပိုင်းပိုင်းခြားခြား သိတတ်တဲ့ ပစ္စယပရိဂ္ဂဟဉာဏ်နဲ့ ပြည့်စုံတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေတဲ့ ဝိပဿကပုဂ္ဂိုလ်ဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ သက်သာရာကို ရရှိသွားပြီ၊ ထောက်ရာ တည်ရာကို ရရှိသွားပြီ၊ ကောင်းရာသုဂတိဆိုတဲ့ လားရာဂတိ မြဲပြီ၊ စူဠသောတာပန် = သောတာပန်ညီထွေး ဖြစ်ပြီလို့ ဒီလို ဖွင့်ဆိုထားတယ်။
ဒါကြောင့် အရှင်လောသကတိဿအလောင်းအလျာဖြစ်တဲ့ သူတော်ကောင်းရဲ့ ဝိပဿနာဉာဏ်ဟာ သာဝကတို့ သိသင့် သိထိုက်တဲ့ အတိုင်းအတာ ပမာဏကို စံချိန်မီပုံတော့ မရဘူးလို့ ယူဆရပါတယ်။ အကြောင်း ကတော့ သူ့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်ကြောင်းကြောင့် ဖြစ်ပါတယ်။
သူဟာ ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းတုန်းက သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို အနှစ်နှစ်သောင်းတိုင်တိုင် ဖြည့်ကျင့်ဆည်းပူးခဲ့တဲ့ သူတော်ကောင်း ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။ သူကြွယ်တစ်ဦးကို အမှီပြုပြီးတော့ ရွာငယ်ငယ်ကလေး တစ်ရွာမှာ သီတင်းသုံးခဲ့ပါတယ်။ ပင်ကိုသဘောအားဖြင့် သီလရှိတဲ့ သူတော်ကောင်း တစ်ဦးလည်း ဖြစ်တယ်၊ ဝိပဿနာဘာဝနာကို အပြင်းအထန် ကြိုးစားအားထုတ်သူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သို့သော် ကံဆိုးမိုးမှောင်ကျချင်တော့ တစ်နေ့မှာ မမျှော်လင့်သော အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာခဲ့ပြန်တယ်။ ---
အာဂန္တုက ရဟန္တာမထေရ်မြတ်ကို ပြစ်မှားမိခြင်း
တစ်နေ့မှာ ကျင့်ဝတ်ပဋိပတ်တွေကို အညီအမျှ ကျင့်သုံးလျက်ရှိတော်မူတဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးကလည်း အစဉ်အတိုင်း ခရီးဒေသစာရီ ကြွချီတော်မူလာလိုက်တာ အဲဒီအလုပ်အကျွေး ဥပသကာတို့ နေထိုင်ရာ ရွာငယ်ကလေးသို့ ဆိုက်ရောက်တော်မူလာခဲ့ပါတယ်။ သူကြွယ်ကလည်း ရဟန္တာ မထေရ်မြတ်ကြီးရဲ့ သွားလာပုံ ဣရိယာပုထ်တွေကို ကြည့်ပြီးတော့ အလွန် ကြည်ညိုသွားတဲ့အတွက် မထေရ်မြတ်ကြီးရဲ့ သပိတ်တော်ကို ယူဆောင်ကာ အိမ်တွင်းသို့ ကြွရောက်တော်မူပါရန် ရိုရိုသေသေ ပင့်ဖိတ်ပြီးတော့ ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ မွန်မြတ်သော ဆွမ်း, ခဲဖွယ်, ဘောဇဉ်တွေကို ဆက်ကပ်လှူဒါန်း ပူဇော်တယ်။ ဆွမ်းကိစ္စ ပြီးဆုံးသွားတဲ့ အခါမှာ မထေရ်မြတ်ကြီးက အလှူခံရဟန်းတော်များဘက်က ပြုကျင့်ရမယ့် တာဝန်ဝတ္တရားအတိုင်း တရားစကားလည်း အနည်းငယ် ဟောကြားပေး တော်မူပါတယ်။ ဒါယကာ သူကြွယ်ကလည်း တိုင်းထက်အလွန် ကြည်ညို သွားပြန်တယ်။ မထေရ်မြတ်ကြီးကို ရှိခိုးပြီးတော့ သူက လျှောက်ထားပြန် တယ်။ အရှင်ဘုရား တပည့်တော် ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းသို့သာ ကြွတော်မူပါ၊ တပည့်တော်တို့လည်း ညနေချမ်းအခါမှာ လာရောက်ကာ ဖူးမြော်ကန်တော့ပါမယ်လို့ လျှောက်ထားလိုက်တယ်။
ရဟန္တာမထေရ်မြတ်ကြီးကလည်း ကျောင်းရောက်တဲ့အခါ အရှင်လောသကတိဿမထေရ်အလောင်းဖြစ်မယ့် ကျောင်းထိုင်ဆရာတော်ကို ရှိခိုး ဝတ်ပြုပြီးနောက် နေထိုင်ဖို့နေရာကို ပန်ကြားလျှောက်ထားပြီးတော့ သင့်တင့်တဲ့ တစ်နေရာမှာ ထိုင်လိုက်ပါတယ်။
ကျောင်းထိုင်ဆရာတော်ကလည်း ပဋိသန္ထာရစကား ပြောကြားပြီးနောက် ဆွမ်းအာဟာရမျှတအောင် ရရှိခဲ့ပါရဲ့လားလို့ မေးကြည့်တယ်။ အာဂန္တု မထေရ်ကလည်း အရှင်ဘုရားတို့ရဲ့ အမြဲတမ်း ဆွမ်းခံနေကျ ဆွမ်းခံရွာမှာရှိတဲ့ သူကြွယ်အိမ်၌ ရရှိခဲ့ပါကြောင်း စသည်ဖြင့် တင်ပြလျှောက်ထားတယ်။
ဒီလို ပဋိသန္ထာရစကားတွေကို ပြောကြားပြီးနောက် မိမိ သီတင်းသုံး ရမယ့် ကျောင်းအိပ်ရာနေရာကို မေးမြန်းလျှောက်ထားပြီး ကျောင်းကို သန့်ရှင်းရေးပြုလုပ်ကာ သပိတ်သင်္ကန်းကို သိုမှီးသိမ်းဆည်းပြီးတော့ စျာန်ချမ်းသာ ဖလသမာပတ်ချမ်းသာတွေဖြင့် အချိန်ကို ကုန်လွန်စေလျက် သီတင်းသုံး တော်မူနေလိုက်ပါတယ်။
သူကြွယ်ကျောင်းဒကာကလည်း ညနေချမ်းအခါ နံ့သာပန်းဆီမီးတွေကို လက်စွဲပြီးတော့ ကျောင်းရောက်လာတယ်။ ကျောင်းထိုင်ဆရာတော်အား ရိုသေစွာ ရှိခိုးဝတ်ပြုပြီးနောက် အာဂန္တုရဟန်းတော်အကြောင်းကို မေးမြန်း လျှောက်ထားကာ အာဂန္တုရဟန်းတော်ကို သွားရောက်ကာ ရှိခိုးဝတ်ပြုပြီး ထိုင်နေလိုက်တဲ့အခါ အာဂန္တုရဟန်းတော်ကလည်း ဝတ္တရားအတိုင်း သင့်တင့်လျောက်ပတ်တဲ့ တရားစကားတော်များကို ဟောကြားပေးတော်မူလိုက် ပါတယ်။ ညနေချမ်းအခါရောက်တော့ စေတီတော်နှင့် ဗောဓိပင်ကို ရှိခိုး ပူဇော်ပြီးနောက် မထေရ်မြတ်နှစ်ပါးလုံးကိုပဲ မနက်ဖြန်အတွက် ဆွမ်းဖြင့် ပင့်ဖိတ်ကာ ပြန်သွားလိုက်တယ်။
ဣဿာ မစ္ဆရိယ၏ စွမ်းအား
အာဂန္တုကိုယ်တော်အပေါ်၌ ကျောင်းဒကာရဲ့ ကြည်ညိုလေးစားမှု အပေါ်မှာ ကျောင်းထိုင်ဆရာတော် သို့မဟုတ် ကျောင်းနေရဟန်းဖြစ်တဲ့ အရှင်လောသကတိဿအလောင်း ရဟန်းတော်က မကျေမနပ် တော်တော် ဖြစ်ကာ ကိုယ့်ထက်သာ မနာလိုတဲ့ ဣဿာတရား, ကိုယ့်ဒါယကာနှင့် ဆက်ဆံမှုကို သည်းမခံနိုင်တဲ့ မစ္ဆရိယတရားတွေကို မွေးမြူရေး လုပ်နေမိတယ်။
ဒီသူကြွယ်ကတော့ ငါ့ကို ပျက်စီးအောင် ဖျက်ဆီးနေပြီ၊ အကယ်၍ ဒီအာဂန္တုရဟန်းတော်ဟာ ဒီကျောင်းမှာ ဆက်လက်နေထိုင်မယ်ဆိုရင်တော့ ဒီဒကာဟာ ငါ့ကို ထည့်တောင် ရေတွက်မှာ မဟုတ်တော့ဘူးလို့ သူက ယူဆနေတယ်။ ဣဿာ, မစ္ဆရိယတရားတွေရဲ့ စွမ်းအားပဲ။ ဒါကြောင့် အာဂန္တု ရဟန်းတော်အပေါ်မှာ တော်တော်လေး မကျေမချမ်း ဖြစ်နေတဲ့အတွက် ဒီကျောင်းမှာ ဒီကိုယ်တော် မနေနိုင်အောင် ငါပြုလုပ်သင့်တယ်ဆိုတဲ့ စိတ်ထားတွေ ဖြစ်ပေါ်နေတယ်။ ဒါနဲ့ သူက ဘာလုပ်သလဲ?
ဘုရားရှင်များက မိမိတို့ရဲ့ တပည့်သာဝကတွေကို ညနေချမ်းအခါ မထေရ်ကြီးများထံ ချဉ်းကပ်ကာ အဆုံးအမဩဝါဒကို ခံယူရမယ်လို့ ဆိုဆုံးမ ထားတော်မူတဲ့အတိုင်း ညနေချမ်းအခါမှာ အာဂန္တုကိုယ်တော်က မိမိထံသို့ ဆည်းကပ်လာတဲ့အခါ စကားတစ်ခွန်းမျှ မပြောဘဲ နေလိုက်တယ်။ အာဂန္တု ရဟန္တာမထေရ်မြတ်ကလည်း ဒီကျောင်းထိုင်ဘုန်းကြီးရဲ့ အတွင်းအဇ္ဈာသယဓာတ်ကို သူတစ်ပါးတို့ရဲ့ စိတ်ကို သိနိုင်တဲ့ ပရစိတ္တဝိဇာနနအဘိညာဏ် ဉာဏ်တော်ဖြင့် လှမ်းမျှော်ကြည့်ရှုလိုက်တဲ့အခါ ကောင်းကောင်းကြီး သိရှိ သွားတော်မူပါတယ်။ အင်း ဒီကိုယ်တော်ကတော့ ဒကာ ဒကာမတွေအပေါ် ဂိုဏ်းဂဏတွေအပေါ်မှာ ငါ့ရဲ့ တွယ်တာမှု မက်မောမှု ကြောင့်ကြမှု တောင့်တမှု မရှိတဲ့ သဘောတရားကို သိပုံတော့ မရဘူးလို့ ဒီလို နှလုံးပိုက်ကာ မိမိနေရာဌာနသို့ ပြန်ကြွကာ စျာန်ချမ်းသာ အရဟတ္တဖိုလ်သမာပတ်ချမ်းသာဖြင့် အချိန်ကို ကုန်လွန်စေလိုက်တယ်။
နောက်တစ်နေ့ နံနက် မိုးသောက်အလင်းသို့ ရောက်ရှိလာပြီ၊ ဘာလုပ်သလဲ? ကျောင်းထိုင်ဘုန်းကြီးက လက်သည်းဖြင့် ခေါင်းလောင်းထိုးစည်ကို တီးလိုက်တယ်၊ လက်သည်းဖြင့် အာဂန္တုကိုယ်တော်ရဲ့ ကျောင်းတံခါးကို ခေါက် လိုက်တယ်။ ပြီးတော့ သူတစ်ပါးတည်း ကျောင်းဒကာ သူကြွယ်အိမ်ကို ကြွသွားလိုက်တယ်။ ကျောင်းဒကာကလည်း ဘုန်းကြီးရဲ့ သပိတ်ကို ဆီးယူကာ အိမ်တွင် အသင့်ခင်းထားတဲ့ နေရာသို့ အရောက်ပင့်ဆောင်သွားလိုက်ပါတယ်။ ဒကာက အာဂန္တုကိုယ်တော်အကြောင်းကို မေးမြန်းလျှောက်ထားတဲ့ အခါ ကျောင်းထိုင်ဘုန်းကြီးက ဘာပြောသလဲ? ---
ဒကာ ... မင်းဘုန်းကြီးအကြောင်းတော့ ငါမသိဘူး၊ ငါက ထိုးစည် ထိုးတာတောင်မှ, တံခါးကို ရိုက်ခတ်နှိုးတာတောင်မှ မနိုးနိုင်ဘူး၊ မနေ့က မင်းအိမ်မှာ မွန်မြတ်တဲ့ ခဲဖွယ် ဘောဇဉ်အကောင်းတွေကို အားရှိပါးရှိ တဝကြီး စားခဲ့ဟန်တူတယ်။ ဒါကြောင့် အစာကို ကျက်အောင် မခြေချက်နိုင် ဖြစ်နေပုံ ရတယ်။ ခုအထိ အိပ်ပျော်နေတုန်းပဲ ရှိပုံရတယ်။ မင်းက ကြည်ညိုတဲ့အခါ ဒီလိုပုဂ္ဂိုလ်မျိုး ဒီလိုနေရာဌာနမျိုးတွေကိုမှ ကြည်ညိုတာကိုးလို့ ဒီလို သူက ပြောလိုက်တယ်။
အဲဒီအချိန်လောက်မှာပဲ ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ရဟန္တာမထေရ်မြတ် ကလည်း မိမိရဲ့ ဆွမ်းခံချိန်ကို ကောင်းစွာ မှတ်သားပြီးတော့ ကိုယ်လက်သုတ်သင်ခြင်းအမှု ပြုကာ သပိတ်သင်္ကန်းကို ယူဆောင်ပြီးတော့ စျာန်အဘိညာဏ် တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်တော်မူကာ အခြားအရပ်တစ်ပါးသို့ ကြွသွားတော်မူလိုက်ပါတယ်။ ကျောင်းဒကာကလည်း လိမ္မာပါးနပ်သူ ဖြစ်လေတော့ ကျောင်းထိုင်ဘုန်းကြီးကို ထောပတ်-ပျား-သကာတို့ဖြင့် စီမံထားတဲ့ နို့ဃနာဆွမ်းကို ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် သပိတ်ကို အနံ့ပျောက်အောင် နံ့သာမှုန့်တွေနဲ့ သုတ်သင်ကာ နောက်ထပ် အလားတူ စီမံထားတဲ့ နို့ဃနာဆွမ်းတွေကို သပိတ်အပြည့်ထည့်ကာ ---
အရှင်ဘုရား ... အဲဒီမထေရ်ကြီးဟာ ခရီးပန်းလာပုံရပါတယ် ဘုရား ဤဆွမ်းကို အဲဒီမထေရ်မြတ်ကြီးအတွက် ဆောင်ယူသွားတော်မူပါဘုရားလို့ ဒီလိုလျှောက်ထားပြီး ဆက်ကပ်လှူဒါန်းလိုက်ပါတယ်။
မိမိကိုယ်ကို မိမိ တူးဖြိုလိုက်ပြီ
ကျောင်းထိုင်ဘုန်းကြီးကလည်း ကျောင်းဒကာစကားကို မလွန်ဆန်ချင်တဲ့အတွက် မပယ်မြစ်တော့ဘဲ ယူဆောင်လာခဲ့ပါတယ်။ လမ်းခုလတ် တစ်နေရာရောက်တော့ သူက စဉ်းစားတယ်၊ ဘယ်လိုစဉ်းစားသလဲ?
အကယ်၍ ဒီကိုယ်တော်ဟာ ဒီလို ကောင်းမွန်တဲ့ နို့ဃနာဆွမ်းတွေကိုသာ ဘုဉ်းပေးသုံးဆောင်နေရမယ်ဆိုရင် လည်ပင်းဆွဲပြီးတော့ နှင်ထုတ် တောင်မှ ဒီကျောင်းက ထွက်ခွာသွားမှာ မဟုတ်ဘူး။ အကယ်၍ ငါက ဒီနို့ဃနာဆွမ်းကို လူတွေကို ပေးလိုက်မယ်ဆိုရင်လည်း ငါ့ရဲ့ လုပ်ရပ်က သိပ်ထင်ရှားသွားမယ်၊ အကယ်၍ ရေထဲ သွားသွန်လောင်းချလိုက်မယ်, မျှော လိုက်မယ်ဆိုရင်လည်း ရေမျက်နှာပြင်ပေါ်မှာ ထောပတ်ဆီတွေက ပေါ်တက် လာကာ ငါ့ရဲ့ လုပ်ရပ်ဟာ ထင်ရှားနေပေလိမ့်မယ်။ အကယ်၍ မြေပြင်ပေါ်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်လည်း ကျီးကန်းတွေ စုရုံးရောက်ရှိလာတာနဲ့ ငါ့ရဲ့ လုပ်ရပ်ဟာ ထင်ရှားပေါ်လွင်လာလိမ့်မယ်။ ငါဘယ်မှာ သွားစွန့်ပစ်ရရင် ကောင်းမလဲလို့ သူက စဉ်းစားခန်းဝင်နေတယ်။ မိမိကိုယ်ကို မိမိ တူးဖြိုဖို့ရန်အတွက် လက်နဲ့ယက်ပြီး ဆင်းဖို့ရန်အတွက် အကွက်ကို ရှာဖွေနေခြင်း ဖြစ်တယ်။ ဒီလို စဉ်းစားဆင်ခြင်ပြီးတော့ သူဘာလုပ်သလဲ?
မလှမ်းမကမ်းကို လှမ်းကြည့်လိုက်တော့ မီးလောင်နေတဲ့ လယ်ခင်း တစ်ခုကို သွားတွေ့တယ်။ အဲဒီနေရာကို အရောက်သွားပြီးတော့ မီးကျီးခဲ တွေကို ဘေးကို ယက်ထုတ်လိုက်တယ်၊ ပြီးတော့ ကျန်နေတဲ့ မီးကျီးခဲတွေ ပေါ်ကို နို့ဃနာဆွမ်းတွေကို လောင်းချလိုက်တယ်။ နို့ဃနာဆွမ်းတွေရဲ့ အထက်က မီးကျီးခဲတွေနဲ့ ထပ်ပြီး ဖုံးထားလိုက်တယ်။ လက်ငုပ်မပေါ်အောင် မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်းကို ပိပိရိရိ ဆောင်ရွက်လိုက်ခြင်းပဲ ဖြစ်တယ်။
ဒီလို မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်းတွေကို အချက်ကျကျ စီမံ ဆောင်ရွက်ပြီးတဲ့အခါ ကျောင်းကို ပြန်ကြွသွားလိုက်တော့ ထိုအာဂန္တုရဟန်းတော်ကို မတွေ့တော့ဘူး။ စဉ်းစားပြီ --- ဘယ်လိုစဉ်းစားသလဲ?
အဒ္ဓါ သော ဘိက္ခု ခီဏာသဝေါ မမ အဇ္ဈာသယံ ဝိဒိတွာ အညတ္ထ ဂတော ဘဝိဿတိ၊ အဟော မယာ ဥဒရဟေတု အယုတ္တံ ကတံ။ (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)
= မချွတ်ဧကန်တော့ ဒီရဟန်းတော်ဟာ ကိလေသာအာသဝေါ ကုန်ခန်း တဲ့ ရဟန္တာကိုယ်တော်တစ်ပါး ဖြစ်ပုံရတယ်၊ ငါ့ရဲ့ မကောင်းတဲ့ အတွင်းအဇ္ဈာသယဓာတ်ကို သိရှိတော်မူသည့်အတွက် အခြားတစ်နေရာသို့ ကြွသွားတာ ဖြစ်လိမ့်မယ်။ ငါဟာ ဝမ်းရေးကို အကြောင်းပြုပြီးတော့ မပြုသင့် မပြုထိုက်တဲ့ လုပ်ငန်းရပ်ကို ပြုလုပ်ခဲ့မိပြီပေါ့ ---
ဆိုပြီး အကြီးအကျယ် စိတ်မချမ်းသာမှု ဒေါမနဿတရားတွေ ထင်ရှား ဖြစ်ပေါ်ခဲ့တယ်။ ပြုခဲ့မိတာ မှားလေခြင်းဆိုတဲ့ ပြုမိတဲ့ ဒုစရိုက်ကို အကြောင်းခံပြီးတော့ နောင်တတစ်ဖန် ပူပန်မှု ကုက္ကုစ္စတရားတွေက စိတ်အစဉ်ဝယ် နေရာအပြည့် ယူနေကြပြီ ဖြစ်တယ်။
ကုက္ကုစ္စတရားဆိုတာက ပြုပြီးတဲ့ ဒုစရိုက်တွေကို အကြောင်းပြုပြီးတော့လည်း ပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတယ်။ မပြုကျင့်မိ မပြုကျင့်လိုက်မိတဲ့ ကောင်းမှုသုစရိုက်တရားတွေကို အကြောင်းပြုပြီးတော့လည်း ဒီကောင်းမှုတွေကို ငါမပြုမိလိုက်ရလေခြင်း ဆိုပြီးတော့လည်း နောင်တတစ်ဖန် ပူပန်နေတယ်။ ဆူးစူးနေတဲ့နေရာကို အခြားဆူးတစ်ခုနှင့် ထပ်ပြီး ထွင်နေတာနဲ့ တူတယ်။ အဲဒီလို ပူပန်နေတဲ့ သဘောတရားကို ကုက္ကုစ္စ လို့ ခေါ်တယ်။ အဲဒီ ကုက္ကုစ္စ တရား စိတ်အစဉ်မှာ ထင်ရှားဖြစ်နေခြင်းဟာလည်း မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်နေတဲ့ လုပ်ငန်း တစ်ခုပဲ ဖြစ်တယ်။
လူပြိတ္တာဘဝ
ဒီနေရာမှာ ---
၁။ အလှူရှင်ဖြစ်တဲ့ ကျောင်းဒကာရဲ့ နောက်နောက်ရက်တွေမှာ ပြုလုပ်မယ့် ကောင်းမှုကုသိုလ်ရဲ့ အန္တရာယ်ကို ပြုလိုက်တာက အကြောင်းတစ်ခု၊
၂။ အလှူခံဖြစ်တဲ့ ရဟန္တာမထေရ်မြတ်ရဲ့ ရသင့် ရထိုက်တဲ့ လာဘ်လာဘကို အန္တရာယ်ပြုလိုက်တာက အကြောင်းတစ်ခု၊
၃။ မိမိကိုယ်ကို မိမိ တူးဖြိုရေးလုပ်ငန်း လုပ်ပြီးတော့ လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ-စတဲ့ အကုသိုလ်တရားတွေကို မွေးမြူရေး လုပ်လိုက်တာက အကြောင်းတစ်ခု၊ ---
အကြောင်းတရား သုံးခု စုံမသွားဘူးလား? စုံသွားတယ်။ အဲဒီလို စုံသွားတဲ့အတွက် ဘာဖြစ်လာသလဲ?
တတော ပဋ္ဌာယေဝ စ မနုဿပေတော ဟုတွာ န စိရေဿဝ ကာလံ ကတွာ နိရယေ နိဗ္ဗတ္တိ။ (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)
အဲဒီအချိန်အခါက စပြီး သူပြုစုပျိုးထောင်လိုက်တဲ့ အကုသိုလ်ကံတွေက ဒိဋ္ဌဓမ္မအကျိုးပေးပြီ။ ခန့်မှန်းကြည့်ရတာ ကျောင်းဒကာကလည်း သဒ္ဓါတရား ပျက်ပြားသွားပုံရတယ်၊ ယခင်ကကဲ့သို့ လှူဒါန်းပုံမပေါ်တော့ဘူး။ အငတ်ငတ် အပြတ်ပြတ်နဲ့ လူပြိတ္တာဘဝ ရောက်ရှိသွားတယ်။ တစ်ဖန် သေပြန်တော့လည်း ဘယ်ရောက်သွားပြန်သလဲ?
အဲဒီလောသကတိဿမထေရ်အလောင်းဟာ ထိုဘဝမှာ အနှစ်နှစ်သောင်းတိုင်တိုင် သီလ, သမာဓိ, ပညာ = သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ကျင့်ခဲ့သော်လည်း ထိုကောင်းမှုကုသိုလ်တွေက သေခါနီးကာလမှာ သူ့ကို အပါယ်ဘေးမှ လွတ်အောင် ထုတ်ဆောင်ကယ်တင်နိုင်တဲ့ စွမ်းအား မရှိကြ တော့ဘဲ မိမိကိုယ်ကို နက်တဲ့နေရာသို့ သက်ဆင်းဖို့ရန် တူးဖြိုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံတွေရဲ့ စွမ်းအားကြောင့် သေခါနီးကာလ မရဏာသန္န အချိန်အခါမှာ ထိုမကောင်းတဲ့ အကုသိုလ်ကံနိမိတ်တွေက ထင်ပြီး ငရဲရောက်သွားတယ်။
ဘီလူးဘဝခွေးဘဝ
ငရဲမှာ နှစ်သိန်းပေါင်းများစွာ ခံရပြန်တယ်။ ငရဲမှ ကျွတ်လာတဲ့အခါ ဘဝပေါင်း (၅၀၀)တိုင်တိုင် ဆက်တိုက် ဘီလူး ဖြစ်ရပြန်တယ်။ တစ်နေ့မှ ဝမ်းပြည့်အောင် အစာကို မရရှိစဖူးဘူး။ တစ်ရက်မှာတော့ ကိုယ်ဝန်သည် အမျိုးသမီး မီးဖွားလို့ စွန့်ပစ်လိုက်တဲ့ ကိုယ်ဝန်အညစ်အကြေးတွေကို ဝမ်းပြည့် အောင် ရရှိဖူးတယ်။ ဘီလူးဘဝ (၅၀၀)မှာ ဒီတစ်ကြိမ်ပဲ ဝမ်းပြည့်အောင် စားခဲ့ရဖူးတယ်။ (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)
ဘီလူးဘဝမှတစ်ဆင့် ဘဝပေါင်း (၅၀၀)တိုင်တိုင် ဆက်တိုက် ခွေးဖြစ်ရ ပြန်တယ်။ အဲဒီခွေးဘဝတွေမှာလည်း တစ်ခုသော ခွေးဘဝမှာ တစ်ရက်တည်းပဲ အခြားခွေးတစ်ကောင်ရဲ့ အန်ဖတ်ကို ဝအောင် စားခဲ့ရဖူးတယ်။ ကြွင်းသောဘဝ ကြွင်းသောရက်တွေမှာ ဝမ်းပြည့်အောင် တစ်ခါမျှ အစာအာဟာရကို မစားသုံးခဲ့ရဖူးဘူး။ (ဇာတက၊ဋ္ဌ၊၁၊၂၅၆။)
ဒီလိုနဲ့ပဲ သံသရာခရီးကို ဆင်းဆင်းရဲရဲနှင့် ဆက်လက်ပြီး ကျင်လည် လာလိုက်တာ လူ့ဘဝ တိရစ္ဆာန်ဘဝ စသည်ဖြင့် တော်တော် စုံလင်ခဲ့ပါတယ်။ အငတ်ငတ် အပြတ်ပြတ်နဲ့သာ ကျင်လည်ခဲ့ရတယ်။
နောက်ဆုံးဘဝ
နောက်ဆုံးဘဝမှာတော့ ကောသလတိုင်းအတွင်း အိမ်ခြေတစ်ထောင်ခန့်ရှိတဲ့ တံငါရွာ တစ်ရွာမှာ ငါးစိမ်းသည်မ တစ်ဦးရဲ့ ဝမ်းကြာတိုက်မှာ ပဋိသန္ဓေ ယူလာပြန်တယ်။ ထိုအမျိုးကောင်းသား ပဋိသန္ဓေယူတဲ့နေ့က စပြီး တံငါရွာ တစ်ရွာလုံး ငါးရှာမရ ဖြစ်နေကြပြန်တယ်။ အဲဒီအချိန်အခါက စပြီးတော့ တံငါသည်တွေရဲ့ တံငါလုပ်ငန်းရပ်တွေဟာ ဆုတ်ယုတ်ပျက်စီး လာကြတယ်။
ထိုအမျိုးကောင်းသား မိခင်ဝမ်းတွင်းမှာ တည်ရှိနေတုန်း အဲဒီတံငါရွာဟာ (၇)ကြိမ်တိုင်တိုင် မီးလောင်ခံရတယ်။ (၇)ကြိမ်တိုင်တိုင် မင်းပြစ်ဒဏ် ခံကြရတယ်။ တဖြည်းဖြည်း လူတွေဟာ သိပ်ဆင်းရဲလာကြတယ်။ အဲဒီ အမျိုးကောင်းသား ထူထောင်ခဲ့တဲ့ အကုသိုလ်ကံရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံကြရတယ်။ တဖြည်းဖြည်း တစ်ရွာလုံး ဆင်းရဲကုန်ကြတယ်။ (ဇာတက၊ဋ္ဌ၊၁၊၂၅၂။)
သူတို့ စဉ်းစားကြပြီ
ရှေးယခင်တုန်းက တို့မှာ ဒီလို ဆင်းရဲဒုက္ခမျိုး မရှိခဲ့စဖူးဘူး၊ ခုအခါမှာ တို့မှာ အကြီးအကျယ် ဆုတ်ယုတ်ပျက်စီးနေကြပြီ၊ တို့ရွာမှာတော့ လူယုတ်မာ တစ်ယောက်ယောက်တော့ ရှိနေပုံရတယ်။ တို့ရွာကို နှစ်ခြမ်း ခွဲကြစို့ဆိုပြီး အိမ် (၅၀၀)စီ ထက်ခြမ်း ခွဲလိုက်ကြတယ်။ သူပါတဲ့အခြမ်း ထမင်းငတ်ပြန်တယ်၊ စီးပွားရေးတွေ ဆုတ်ယုတ်ပျက်စီးပြန်တယ်။ သူမပါတဲ့ အခြမ်းက ကြီးပွားတိုးတက်ပြန်တယ်။ နောက်တစ်ခါ ထပ်ပြီး သူပါတဲ့ တစ်ခြမ်းကို ထက်ဝက် စိတ်ပြန်တယ်။ သူပါတဲ့အစိတ်မှာ ဆင်းရဲပြန်တယ်။ အငတ်ငတ် အပြတ်ပြတ် ဖြစ်ပြန်တယ်။ သူမပါတဲ့ အစိတ်အပိုင်းက စီးပွားရေး ပြေလည်ကာ ကြီးပွားတိုးတက်ပြန်တယ်။ အဲဒီနည်းအားဖြင့် ရွာကို ထပ်ထပ်ပြီး စိတ်လိုက်တာ နောက်ဆုံး သူတို့ တစ်အိမ်ပဲ ကျန်တယ်။ သူတို့ မိသားစုကို လူယုတ်မာတွေ ဖြစ်ကြတယ်ဆိုတာ သိရှိကြတဲ့အတွက် ဒီလူယုတ်မာတွေကို ဒီမှာ လက်မခံနိုင်ဘူးဆိုပြီးတော့ နှင်ထုတ်ကြပြန်တယ်။ ကံဆိုတဲ့ တရားမင်းကြီးက စီရင်ချက်အမျိုးမျိုးကို ချမှတ်နေခြင်းပဲ ဖြစ်ပါတယ်။
ပစ္ဆိမဘဝိက = နောက်ဆုံးဘဝရှိသူ
ဒီလို နှင်အထုတ်ခံလိုက်ရတော့ မိခင်ဟာလည်း ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲနှင့်ပင် အသက်ရှင်ခဲ့ရတယ်။ ဒီလိုနဲ့ပဲ ကိုယ်ဝန်က ရင့်ကျက်လာတဲ့အခါ တစ်နေရာမှာ မွေးဖွားလိုက်ရတယ်။
ပစ္ဆိမဘဝိကသတ္တံ န သက္ကာ နာသေတုံ၊ အန္တောဃဋေ ပဒီပေါ ဝိယ တဿ ဟဒယေ အရဟတ္တဿ ဥပနိဿယော ဇလတိ။ (ဇာတက၊ဋ္ဌ၊၁၊၂၅၂။)
အရှင်လောသကတိဿအလောင်း သူတော်ကောင်းဟာ နောက်ဆုံး ဘဝရှိသူ ဒီဘဝမှာ ကိန်းသေ ရဟန္တာဖြစ်မယ့် ပစ္ဆိမဘဝိက သား ဖြစ်ပါတယ်။ မဟာဓနသူဌေးသား (ဓမ္မပဒ၊ဋ္ဌ၊၂၊၈၁-၈၄။)တို့လို ပစ္ဆိမဘဝိကအတု မဟုတ်ဘဲ ပစ္ဆိမဘဝိက အစစ် ဖြစ်ပါတယ်။ ဒီလို ပစ္ဆိမဘဝိက အစစ်ဖြစ်နေတဲ့ သတ္တဝါမျိုးကို ဘယ်လိုမှ ပျက်စီးအောင် ဖျက်ဆီးလို့ မရနိုင်ပါဘူး။ အိုးအတွင်း၌ ထွန်းညှိ ထားတဲ့ ဆီမီးတိုင်ကဲ့သို့ ထိုသူတော်ကောင်းရဲ့ နှလုံးသားထဲမှာ အရဟတ္တမဂ် အရဟတ္တဖိုလ် ရဲ့ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားတွေက အကျိုးပေးဖို့ရန် အသင့်စောင့်ဆိုင်းကာ ထွန်းလင်းတောက်ပလျက် ရှိနေပါတယ်။
ဒီမိခင်ကလည်း မိမိ မွေးထားတဲ့ သားအရင်းဖြစ်နေတဲ့အတွက် မစွန့်နိုင်သေးဘဲ ဒီကလေးကို ဆက်လက်ပြီး အသက်ရှင်ရေးအတွက် ပြုစုလုပ်ကျွေး လျက်ပင် ရှိနေပါသေးတယ်။ သို့သော် ဒီကလေး ဟိုဟိုဒီဒီ ပြေးသွားနိုင်တဲ့ အချိန်အခါမှာ ဒီကလေးရဲ့ လက်ထဲကို ခွက်ငယ်ကလေးတစ်ခု ထည့်ပေးပြီးတော့ --- ချစ်သား ဒီအိမ်ထဲကို ဝင်သွားပါ ဆိုပြီး ဝင်အတောင်းခိုင်းလိုက် ပါတယ်။ ကလေးကလည်း အဲဒီအိမ်ထဲ ဝင်သွားရော မိမိက ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ထပ် ပြန်မတွေ့ကြတော့ဘူး။ ကံတရားရဲ့ အကျိုးပေးဆန်းကြယ်ပုံတွေဟာ သိပ်ဝမ်းနည်း ကြေကွဲဖို့ ကောင်း ပါတယ်။
ကျီးကန်းပမာ အသက်မွေးရသူ
အဲဒီ လောသကတိဿအလောင်းအလျာဟာ အဲဒီအချိန်က စပြီးတော့ တစ်ယောက်ထီးတည်း အထီးကျန်ဖြစ်ကာ ဟိုဟိုဒီဒီ အရပ်ဒေသတွေမှာ သင့်သလို ထမင်းကို ရှာဖွေ စားသောက်နေရတယ်။ တစ်နေရာမှာ အိပ်တယ်၊ တစ်နေရာမှာ ရေချိုးတယ်၊ တစ်နေရာမှာ ကိုယ်လက်သုတ်သင်တယ်၊ မြေဘုတ်ဘီလူးကဲ့သို့ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းဖြင့် အသက်မွေးနေရတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း (၇)နှစ်အရွယ် ရောက်ရှိလာပြီ။ တစ်နေ့ တစ်ခုသော ရွာတံခါးဝမှာ အိုးခွက်တွေဆေးပြီး ရေကို စွန့်ပစ်တဲ့နေရာမှာ ကျီးကန်းပမာ ထမင်းလုံး တစ်လုံးစီ တစ်လုံးစီကို ကောက်ပြီးစားနေတယ်။
အရှင်သာရိပုတ္တရာနှင့် တွေ့ဆုံခြင်း
အဲဒီအခါမှာပဲ ဒီသူငယ်ကို တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဆွမ်းခံလှည့်လည်ရင်း တွေ့မြင် တော်မူလိုက်ပါတယ်။ ဒီလို မြင်တွေ့လိုက်တဲ့အခါ ---
ဩော် ...ဤသတ္တဝါဟာ အလွန်သနားဖွယ်ကောင်းလှတဲ့ သတ္တဝါ အဖြစ်သို့ ရောက်ရှိနေပြီပေါ့။ ဘယ်ရွာသားပါလိမ့်လို့ စဉ်းစားတော်မူပြီးနောက် အဲဒီသူငယ်အပေါ်၌ မေတ္တာစျာန်စိတ်ကို ပွားများတော်မူလိုက်ပါတယ်။ မေတ္တာပွားတော်မူပြီးနောက် သူငယ် လာစမ်းပါဟု ခေါ်တော်မူ လိုက်ပါတယ်။ ဒီသူငယ်ကလည်း လာရောက်ပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ကို ရှိခိုးပြီးတော့ မတ်တပ်ရပ်နေလိုက်ပါတယ်။
အဲဒီအခါမှာ အရှင်သာရိပုတ္တရာမထေရ်မြတ်က သင်ဟာ ဘယ်ရွာသားလဲ? သင့်မိဘတွေက ဘယ်မှာလဲ?လို့ မေးမြန်းတော်မူလိုက်ပါတယ်။
အရှင်ဘုရား ... တပည့်တော်ဟာ မှီခိုစရာ အကြောင်းတရား ကင်းမဲ့ နေသူ ဖြစ်ပါတယ်၊ တပည့်တော်ရဲ့ မိဘတွေဟာ တပည့်တော်ကို အမှီပြုပြီးတော့ ပင်ပန်းဆင်းရဲကြတဲ့အတွက် တပည့်တော်ကို စွန့်ပစ်ပြီး ထွက်ပြေးသွား ကြပါတယ်ဘုရားလို့ သနားစဖွယ် တင်ပြလျှောက်ထားလိုက်ပါတယ်။
သင် ... ရှင်ပြုမလား = ကိုရင်ဝတ်မလားလို့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက မေးမြန်းတော်မူလိုက်တဲ့အခါ သူက ဘာပြန်လျှောက် ထားသလဲ?
အရှင်ဘုရား ... တပည့်တော် ရှင်ပြုတယ်ပဲ ထားပါတော့၊ တပည့်တော်လို အထီးကျန် လူမွဲတစ်ယောက်ကို ဘယ်သူက ရှင်ပြုပေးမှာလဲဘုရားလို့ သူက ပြန်လျှောက်ထားပြန်တယ်။
ငါ ရှင်ပြုပေးမယ်လို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက အမိန့်ရှိတော်မူပြီးနောက် လောသကတိဿရဲ့ သဘောတူညီချက်နှင့် ကျောင်းသို့ ခေါ်ဆောင်တော်မူကာ ကိုယ်တိုင်ရေမိုးချိုးပေးပြီး ရှင်ပြုပေးတော်မူလိုက် ပါတယ်။ အသက်ပြည့်တဲ့အခါ ရဟန်းပြုပေးတော်မူလိုက်ပါတယ်။
အသက်အရွယ် ကြီးပြင်းလာတဲ့အခါ အလွန်ဘုန်းကံနည်းပါးတဲ့ အလွန် လာဘ်လာဘနည်းပါးတဲ့ လောသကတိဿမထေရ်လို့ ထင်ရှားခဲ့ပါတယ်။ ကောသလမင်းကြီးရဲ့ မိဖုရား မလ္လိကာဒေဝီ ဦးဆောင်တဲ့ အသဒိသဒါနပွဲကြီး မှာတောင် ဝမ်းပြည့်အောင် ဆွမ်းကို မရရှိခဲ့ဖူးဘူး။ အသက်မသေဘဲ ဆက်လက်နေထိုင်နိုင်ရုံလောက်ကလေးသာ ရရှိခဲ့တယ်၊ အသက်မသေရုံကလေးလောက်သာ စားရတဲ့ဘဝဖြစ်တယ်။
ကံတရား၏ လှည့်ပတ်မှု
လောသကတိဿမထေရ်ရဲ့ သပိတ်ထဲကို ယာဂုတစ်ဇွန်းလောက် လောင်းထည့်လိုက်ရင် အလှူရှင်တွေရဲ့ မျက်စိမှာ သပိတ်နှုတ်ခမ်းအထိ ပြည့်နေသလို ထင်လာတယ်။ အဲဒီအခါ ဒကာ ဒကာမတွေက ဒီကိုယ်တော်ရဲ့ သပိတ်ထဲတော့ ပြည့်နေပြီဆိုပြီးတော့ သူ့အောက် ဝါငယ်တဲ့ ရဟန်းတော်တွေကို ဆက်လှူဒါန်းကြပြန်တယ်။ တစ်ဖန် လောသကတိဿမထေရ်ရဲ့ သပိတ်ထဲကို ထပ်လှူမယ်လုပ်လိုက်တော့ ဒကာ ဒကာမတွေရဲ့ ခွက်ထဲမှာ ယာဂုတွေက ကုန်သွားပြန်တယ်။ အခြား ဆွမ်း-ခဲဖွယ်-ဘောဇဉ်တွေကို လောင်းလှူတဲ့အခါမှာလည်း ဒီပုံစံအတိုင်းပဲ ဖြစ်နေတတ်ပါတယ်။ ရဟန္တာ မထေရ်မြတ်ရဲ့ လာဘ်လာဘကို အန္တရာယ်ပြုခဲ့တဲ့ ကံရဲ့ စွမ်းအားပဲ ဖြစ်ပါတယ်။
အရဟတ္တဖိုလ်ဆိုက်ပြီ
အဲဒီ လောသကတိဿမထေရ်ဟာ နောက်ပိုင်းကာလမှာ ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူ နိုင်တဲ့အတွက်ကြောင့် အရဟတ္တဖိုလ် ၌ တည်သွားတော်မူခဲ့ပါတယ်။ သို့သော်လည်း လာဘ်လာဘကတော့ နည်းပါးလျက်ပင် ရှိနေပါသေးတယ်။ ကဿပ ဘုရားရှင်သာသနာတော်အတွင်းက ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့တဲ့ ပါရမီ, ဂေါတမဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဆက်လက် ဖြည့်ကျင့် ဆည်းပူးတော်မူလိုက်တဲ့ ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တို့ရဲ့ စွမ်းအားကြောင့် ရဟန္တာအဖြစ်သို့ ရောက်ရှိသော်လည်း သူတစ်ပါးတို့ရဲ့ လာဘ်လာဘကို အန္တရာယ်ပြုခဲ့တဲ့အတွက် လာဘ်လာဘကတော့ နည်းပါးမြဲ နည်းပါးလျက် ပဲ ရှိပါတယ်။
ပရိနိဗ္ဗာန် စံတော်မူပြီ
တဖြည်းဖြည်းနဲ့ပဲ အာယုသင်္ခါရ ကုန်ဆုံးသဖြင့် ပရိနိဗ္ဗာန် စံတော်မူမည့် နေ့သို့ ဆိုက်ရောက်လာပေပြီ။ တရားစစ်မှူးကြီး အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း ဆင်ခြင်တော်မူလိုက်တဲ့အခါ ပရိနိဗ္ဗာန် စံတော့မည့် အဖြစ်ကို သိရှိတော်မူပါတယ်။
ဒီလောသကတိဿမထေရ်တော့ ဒီနေ့ ပရိနိဗ္ဗာန် စံတော့မယ်၊ ဒီနေ့ ငါဟာ ဒီသူတော်ကောင်းအတွက် အလိုရှိသလောက် ဘုဉ်းပေးသုံးဆောင်နိုင် ရန်အတွက် အစာအာဟာရကိုတော့ ပေးလှူသင့်တယ် ---
ဒီလို ဆုံးဖြတ်ချက်ချတော်မူပြီးနောက် လောသကတိဿမထေရ်ကို ခေါ်ဆောင်ကာ သာဝတ္ထိမြို့အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ ထိုလောသကတိဿကို အမှီပြုပြီးတော့ ဆွမ်းရဖို့ကို မဆိုထားဘိ၊ သာဝတ္ထိမှာ ရှိနေတဲ့ လူများအပေါင်းရဲ့ လက်ကို ဆန့်တန်းပြီး လက်အုပ်ချီမိုး ရှိခိုးခြင်းမျှလောက်တောင်မှ မရရှာဘူး။ ဒါနဲ့ပဲ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကလည်းပဲ ငါ့ရှင် သွားချေတော့၊ ဆွမ်းစား ဇရပ်မှာပဲ ထိုင်စောင့်နေပေတော့ဆိုပြီး လွှတ်တော်မူလိုက်ပါတယ်။
ဒကာ ဒကာမတွေကလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် တို့အရှင် ကြွလာတော်မူပြီဆိုပြီးတော့ နေရာများ ခင်းကျင်းကာ ဆွမ်းဖြင့် ပြုစုလုပ်ကျွေးကြပါတယ်။ ဒါပေမယ့် အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက မိမိ ရရှိတဲ့ဆွမ်းကို မိမိ မသုံးဆောင်ဘဲ ဒီဆွမ်းကို လောသကတိဿမထေရ်အား ပေးလှူပါဆိုပြီး အပို့ခိုင်းလိုက်တယ်။ သွားပို့တဲ့ပုဂ္ဂိုလ်တွေက လောသကတိဿမထေရ်ကို အမှတ်မရဘဲ မိမိတို့ကိုယ်တိုင်ပဲ စားသုံးပစ်လိုက်ကြတယ်။
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးလည်း ဆွမ်းစားခြင်းကိစ္စ ပြီးလို့ နေရာမှ ထတော်မူကာ ကျောင်းတော်သို့ ပြန်ကြွတော်မူပါတယ်။ ကျောင်း ရောက်တော့ လောသကတိဿမထေရ်က အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို လာရောက်ကာ ရှိခိုး ဝတ်ပြုပါတယ်။ ဆွမ်းရရှိပါသလားလို့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက မေးမြန်းတော်မူလိုက်တဲ့အခါ မရရှိပါ ကြောင်းကို လောသကတိဿမထေရ်က ပြန်လည် လျှောက်ထားတော်မူ လိုက်ပါတယ်။
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကလည်း သံဝေဂ အလွန် ရရှိ သွားတော်မူပါတယ်။ အချိန်ကို မော်ကြည့်လိုက်တော့ မွန်းလွဲသွားပြီဆိုတာ သိရှိတော်မူပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကလည်း --- ကိုင်း ရှိစေတော့၊ အရှင်ဘုရား ဒီနေရာမှာပဲ ထိုင်သီတင်းသုံး စောင့်ဆိုင်းနေပါ ဆိုပြီးတော့ ဆွမ်းစားကျောင်းမှာ လောသကတိဿမထေရ်ကို နေစေလိုက် ပါတယ်။ ကောသလမင်းရဲ့ နန်းတော်သို့ ကြွသွားတော်မူလိုက်ပါတယ်။
ကောသလမင်းကြီးကလည်း မထေရ်မြတ်ကြီးရဲ့ သပိတ်တော်ကို ယူဆောင်ပြီးနောက် --- ဆွမ်းလှူရမယ့် အချိန်အခါတော့ မဟုတ်တော့ပြီလို့ နှလုံးပိုက်ကာ စတုမဓုကို အပြည့်ထည့်ကာ ပေးလှူလိုက်ပါတယ်။ မထေရ်မြတ်ကြီးလည်း အဲဒီစတုမဓုကို ကျောင်းတော်သို့ ယူဆောင်ပြီးနောက် ငါ့ရှင် တိဿ ... လာပေတော့ --- ဒီစတုမဓုကို ဘုဉ်းပေးပါဆိုပြီးတော့ သပိတ်ကို မိမိလက်နဲ့ ကိုင်ထားပြီးတော့ ရပ်တည်နေလိုက်ပါတယ်။ ဘာကြောင့် ကိုင်ထားရသလဲ? လွှတ်လိုက်ပါက စတုမဓုတွေ ပျောက်ပျက်သွားမှာစိုးလို့ပါ။ လောသကတိဿကိုယ်တော်ကလည်း အရှင်သာရိပုတ္တမထေရ်မြတ်အပေါ်မှာ ရိုသေလေးစားတဲ့ စိတ်ထားရှိတဲ့အတွက် မဘုဉ်းပေးရဲ ဖြစ်နေတယ်။ အဲဒီ အခါမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးက လောသကတိဿ မထေရ်မြတ်ကို ---
ငါ့ရှင်တိဿ ... လာသာလာပါ။ ငါက ဒီသပိတ်ကို ကိုင်ပြီးတော့ ရပ်နေမယ်၊ သင်က ထိုင်ပြီးတော့ ဘုဉ်းပေးပါ။ ငါက လက်လွှတ်လိုက်မယ် ဆိုလျှင် ဘာမှ မရှိ ဖြစ်ချင်ဖြစ်သွားမယ်။
ဒီလို အမိန့်ရှိတော်မူလိုက်ပါတယ်။ အရှင်လောသကတိဿမထေရ်မြတ်ကလည်း အဂ္ဂသာဝကလည်းဖြစ်၊ တရားစစ်မှူး အဦးအခိုင် ဓမ္မသေနာပတိလည်း ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက သပိတ်ကိုကိုင်ကာ ရပ်တည်နေခိုက်မှာပဲ စတုမဓုကို ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ ယင်းစတုမဓုဟာလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ အရိယိဒ္ဓိဗလ ဟု ခေါ်ဆိုအပ်တဲ့ အရိယာတန်ခိုးစွမ်းအားကြောင့် ကုန်ခန်းခြင်းသို့ ရောက်ရှိမသွားတော့ဘူး။ ထိုအခါမှာပဲ အရှင်လောသကတိဿ မထေရ်မြတ်လည်း အလိုရှိသလောက် ဝမ်းပြည့်အောင် ဘုဉ်းပေး သုံးဆောင် တော်မူပါတယ်။ အရှင်လောသကတိဿမထေရ်မြတ်လည်း ထိုနေ့မှာပဲ ဝိပါက်ကမ္မဇရုပ် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဆိုတဲ့ အနုပါဒိသေသနိဗ္ဗာန်ဓာတ် ဖြင့် ပရိနိဗ္ဗာန် စံတော်မူပါတယ်။ သံသရာဝဋ်ဆင်းရဲ ဒုက္ခမီးပုံကြီး အပြီးတိုင် ငြိမ်းသွားပြီ ဖြစ်တော်မူပါတယ်။
သုံးခါသာ အဝစားရဖူးသည်
သူတစ်ပါးဟု ခေါ်ဆိုအပ်တဲ့ ရဟန္တာအရှင်မြတ်၏ လာဘ်လာဘ၏ အန္တရာယ်ကို ပြုခဲ့သည့် ဘဝမှ စပြီး သံသရာတစ်လျှောက် ထမင်းဝအောင် စားရသည်မှာ သုံးဘဝသာ ရှိခဲ့ဖူးတယ်။ အဲဒီ သုံးဘဝမှာလည်း တစ်သက်လုံး အဝစားရတာတော့ မဟုတ်ဘူး။ တစ်ဘဝမှာ တစ်ကြိမ်သာ စားခဲ့ရဖူးတယ်။ အဲဒီ သုံးဘဝက ဘာတွေလဲ? ---
၁။ ဘီလူးဖြစ်စဉ်အခါက တစ်နေ့မှာ ကိုယ်ဝန်သည်ရဲ့ အညစ်အကြေးတွေကို တစ်ခါ ရခဲ့ဖူးတယ်။
၂။ ခွေးဖြစ်စဉ်က တစ်ခုသော ဘဝမှာ တစ်နေ့ဝယ် သူတစ်ပါးတို့ အန်ထားတဲ့ အန်ဖတ်ကို တစ်ခါ ရခဲ့ဖူးပါတယ်။
၃။ ယခု ပရိနိဗ္ဗာန် စံတော်မူမည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးရဲ့ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် စတုမဓု တစ်ကြိမ် ရခဲ့ဖူးတယ်။
ဧဝံ ပရဿ လာဘန္တရာယကရဏံ နာမ မဟာဒေါသန္တိ ဝေဒိတဗ္ဗံ။ (ဇာတက၊ဋ္ဌ၊၁၊၂၅၉။)
ဒါကြောင့် သူတစ်ပါးရဲ့ လာဘ်လာဘရဲ့ အန္တရာယ်ကို ပြုလုပ်ခြင်း မည်သည် အလွန့်အလွန် ကြီးလေးတဲ့ အပြစ်ဒဏ်တွေကို ခံစံရလိမ့်မယ်ဆိုတာကို အသိဉာဏ်ရှိကြစမ်းပါ။ ကိုင်း --- ဝစ္ဆဂေါတ္တသုတ္တန် ကို ပြန်ဆက်ကြရအောင် ...
ဒါကြောင့် ဘုရားရှင်က ဝစ္ဆဂေါတ္တသုတ္တန် မှာ ဘာအမိန့်ရှိသလဲ?
ယော ခေါ ဝစ္ဆ ပရံ ဒါနံ ဒဒန္တံ ဝါရေတိ သော တိဏ္ဏံ အန္တရာယကရော ဟောတိ၊ တိဏ္ဏံ ပါရိပန္ထိကော။ (အံ၊၁၊၁၆၁။)
ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ ယော ခေါ = အကြင်သူသည်ကား။ ပရံ ဒါနံ ဒဒန္တံ = သူတစ်ပါး ပေးလှူ၍နေသည်ကို။ ဝါရေတိ = တားမြစ်တတ်၏။ သော = ထိုတားမြစ်၍နေတဲ့ ပုဂ္ဂိုလ်သည်။ တိဏ္ဏံ = သုံးမျိုးတို့၏။ အန္တရာယကရော = အန္တရာယ်ကို ပြုလုပ်တတ်သည်။ ဟောတိ = ဖြစ်၏။ တိဏ္ဏံ = သုံးမျိုးတို့၏။ ပါရိပန္ထိကော = ဘေးဥပါဒ်အန္တရာယ်ကို ပြုလုပ်တတ်သည်။ ဟောတိ = ဖြစ်၏။
ဘာသုံးမျိုးလဲ?
ဒါယကဿ ပုညန္တရာယကရော ဟောတိ၊ ပဋိဂ္ဂါဟကာနံ လာဘန္တရာယကရော ဟောတိ၊ ပုဗ္ဗေဝ ခေါ ပနဿ အတ္တာ ခတော စ ဟောတိ ဥပဟတော စ။
ဒါယကဿ = အလှူရှင်၏။ ပုညန္တရာယကရော = ကောင်းမှုကုသိုလ်၏ အန္တရာယ်ကို ပြုလုပ်တတ်သည်။ ဟောတိ = ဖြစ်၏။ ပဋိဂ္ဂါဟကာနံ = အလှူခံပုဂ္ဂိုလ်တို့၏။ လာဘန္တရာယကရော = လာဘ်လာဘ၏ အန္တရာယ်ကို ပြုလုပ် တတ်သည်။ ဟောတိ = ဖြစ်၏။ ပုဗ္ဗေဝ ခေါ = ရှေးမဆွကပင်လျှင်။ အဿ = ထိုတားမြစ် ကန့်ကွက်နေတဲ့ပုဂ္ဂိုလ်သည်။ အတ္တာ = မိမိကိုယ်ကို။ ခတော စ = တူးဖြိုအပ်သည်လည်း။ ဟောတိ = ဖြစ်၏။
အောက်ထစ်ဆုံး အလှူဒါန --- တိရစ္ဆာန်ကို ပေးလှူခြင်း
အဟံ ခေါ ပန ဝစ္ဆ ဧဝံ ဝဒါမိ။
ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ အဟံ ခေါ = ငါဘုရားသည်ကား။ ဧဝံ = ဤသို့။ ဝဒါမိ = ဟောတော်မူပါပေ၏။
ဒကာတော်ပရိဗိုဇ် ... ငါဘုရားကတော့ ဒီလို ဟောတယ်။ ဘယ်လိုလဲ? ဒီနေ့ ဒကာကြီးတွေ အထူးသဖြင့် အလေးဂရုပြုပြီးတော့ နာယူသင့်တဲ့ ထိုဆုံးမချက်ကလေးတစ်ခုပဲနော်။
အဟံ ခေါ ပန ဝစ္ဆ ဧဝံ ဝဒါမိ -- ယေ ဟိ တေ စန္ဒနိကာယ ဝါ ဩလိဂလ္လေ ဝါ ပါဏာ တတြပိ ယော ထာလိဓောဝနံ ဝါ သရာဝဓောဝနံ ဝါ ဆဍ္ဍေတိ -- ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တူတိ၊ တတော နိဒါနမ္ပာဟံ ဝစ္ဆ ပုညဿ အာဂမံ ဝဒါမိ။ ကော ပန ဝါဒေါ မနုဿဘူတေ!
ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ အဟံ ခေါ = ငါဘုရားသည်ကား။ ဧဝံ = ဤသို့။ ဝဒါမိ = ဟောတော်မူပါပေ၏။ ကိံ ဝဒါမိ = အဘယ်သို့ ဟောတော်မူပါသနည်း။ ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ်။ စန္ဒနိကာယ ဝါ = တံစီးတွင်း၌လည်းကောင်း။ ဩလိဂလ္လေ ဝါ = ရွှံ့ညွန်အိုင်အတွင်း၌လည်းကောင်း။ ယေ ဟိ တေ ပါဏာ = အကြင် ပိုးလောက်စတဲ့ သတ္တဝါတို့သည်။ သန္တိ = ရှိကြလေကုန်၏။ တတြပိ = ထိုတံစီးတွင်း ရွှံ့ညွန်အိုင်အတွင်း၌သော်လည်းပဲ။ ယော = အကြင် အမှတ် မထား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါသည်။ ထာလိဓောဝနံ ဝါ = ပန်းကန်ဆေးတဲ့ ရေကိုသော်လည်းကောင်း။ သရာဝဓောဝနံ ဝါ = အိုးခွက် ဆေးတဲ့ရေကိုသော်လည်းကောင်း။ တတြ = ထိုတံစီးအိုင်, ရွှံ့ညွန်အိုင် အတွင်း၌။ ယေ ပါဏာ = အကြင် သတ္တဝါတို့သည်။ သန္တိ = ရှိကြလေကုန်၏။ တေ ပါဏာ = ထိုသတ္တဝါတို့သည်။ တေန = ထို ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေဖြင့်။ ယာပေန္တု = မျှတကြပါစေကုန်သတည်း။ ဣတိ = ဤသို့နှလုံးပိုက်၍။ ဆဍ္ဍေတိ = စွန့်ပစ်လေ၏။ ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ တတော နိဒါနမ္ပိ = ထိုကဲ့သို့ ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေကို လှူဒါန်းခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ။ ပုညဿ = ကောင်းမှုကုသိုလ်၏။ အာဂမံ = လာရှိခြင်းကို။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။
ပုဂ္ဂိုလ်တစ်ဦးပေါ့။ ဒီနေ့ နေ့တိုင်းရနိုင်တယ်။ ဒကာကြီးတွေ နေ့တိုင်း ပန်းကန် မဆေးဘူးလား? ဆေးတယ်။ နေ့တိုင်း အိုးခွက်တွေ မဆေးဘူးလား? ဆေးတယ်။ အဲဒီ ပန်းကန်ဆေးတဲ့ရေလေး, အိုးခွက်ဆေးတဲ့ရေလေးကိုသော်လည်းပဲ တံစီးတွင်းလို့ ခေါ်ဆိုအပ်တဲ့ မစင်တွင်းတွေမှာ ရှိနေတဲ့ ပိုးလောက် သတ္တဝါတွေ, ရွှံ့ညွန်အိုင်အတွင်းမှာ ရှိနေတဲ့ ပိုးလောက်သတ္တဝါတွေ ဒီပန်းကန် ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေလေးဖြင့် မျှတကြပါစေလို့ နှလုံးပိုက်ပြီးတော့ လှူဒါန်းတတ်မယ်ဆိုရင် ထိုတံစီးတွင်း တံစီးအိုင်အတွင်းမှာ တည်ရှိနေတဲ့, ရွှံ့ညွန်အိုင်အတွင်းမှာ တည်ရှိနေတဲ့ ပိုးလောက်တွေကို ပန်းကန်ဆေးတဲ့ရေ, အိုးခွက်ဆေးတဲ့ရေကို လှူဒါန်းခြင်းတည်းဟူသော အကြောင်းကြောင့်လည်းပဲ ကောင်းမှုကုသိုလ်တရား၏ ဖြစ်ပေါ်လာခြင်းကို ငါဘုရား ဟောတော်မူပါတယ်တဲ့။ ဒါက အောက်ထစ်ဆုံးပဲနော်။
အလှူခံပုဂ္ဂိုလ်ဘက် ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း အညံ့ဆုံးလို့ မပြောနိုင်ဘူးလား? အလှူပေးတဲ့ ဝတ္ထုပစ္စည်း ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း စားလို့ သောက်လို့ ပိုလို့ ပန်းကန်ဆေးထားတဲ့ရေလေး, အိုးခွက်ဆေးထားတဲ့ရေလေး ဖြစ်တယ်။ ဒီပန်းကန်ဆေးရေ, အိုးခွက်ဆေးရေဆိုတဲ့ အညံ့ဆုံးဖြစ်နေတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုကို အညံ့ဆုံးဖြစ်တဲ့ ပိုးလောက်စတဲ့ သတ္တဝါလေးတွေကို လှူဒါန်းရင်လည်း အကျိုးရှိသလား, မရှိဘူးလား? ရှိပါတယ်။ ကောင်းမှုကုသိုလ်ရှိတယ်လို့သာ ငါဘုရား ဟောတယ်။
အိုးကွဲတဲ့ ထမနဲကိုသော်လည်း
ဒါကြောင့် ဒီအချက်ကလေးကို ကြည့်ပြီးတော့ နာမည်ကျော်ဖြစ်တဲ့ စလေဦးပုညကတော့ --- အိုးကွဲတဲ့ ထမနဲကိုသော်လည်း လှူတတ်က နိပ္ဖလ မဖြစ်ပါဘူးဆိုပြီးတော့ သူက ဒီလို မေတ္တာစာတစ်ခုမှာ ရေးထားတယ်။ အိုးကွဲတဲ့ ထမနဲကိုပင် လှူတတ်က နိပ္ဖလမဖြစ်ဘူး ။ နိပ္ဖလ မဖြစ်ဘူးဆိုတာ အကျိုးမဲ့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတယ်။ အိုးကွဲသွားတဲ့ ထမနဲကိုတောင် လှူတတ်လို့ရှိရင် အကျိုးရှိတယ်တဲ့။ ထုံးကလေးထောက်ပြထားတာကတော့ ဘုန်းကြီးတို့ ပုဂံခေတ်ကနဲ့ တူပါတယ်နော်။ ဒါယကာကြီးတစ်ဦးက ထမနဲ အိုးကြီး ကျိုနေရာကနေ ဖြုန်းကနဲ အိုးကြီး ကွဲသွားတယ်။ ထမနဲအိုးကြီး ကွဲသွားတဲ့ အချိန်အခါကျတော့မှ သူက ဘာလုပ်သလဲ? ကဲ ... ခွေးတွေ လာကြ လာကြ။ နင်တို့ကို ငါ လှူတယ်ဆိုပြီး လှူလိုက်တယ်။ အဲဒီလို လှူတတ်ခဲ့ရင် အကျိုးမရှိဘူးလား? အဲဒီလို လှူရင်တောင်မှ အကျိုးရှိတယ်လို့ ငါဘုရား ဟောတယ်။
ကော ပန ဝါဒေါ မနုဿဘူတေ!
မနုဿဘူတေ = လူသားဖြစ်တဲ့ သတ္တဝါအပေါ်၌။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနသည်ကား။ ကော ပန ဝါဒေါ = အဘယ်ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။
လူသားဖြစ်တဲ့ သတ္တဝါတစ်ဦးကို လှူမယ်ဆိုလို့ရှိရင်တော့ ဘာပြောဖွယ်ရာ ရှိတော့မလဲ? အကျိုးရှိသည်သာ ဖြစ်ပါတယ်နော်။ ငါဘုရားက ငါဘုရားကို လှူမှသာလျှင် အကျိုးရှိတယ်။ ငါဘုရားရှင်ရဲ့ တပည့်သာဝကတွေကို လှူမှသာလျှင် အကျိုးရှိတယ်။ တခြားပုဂ္ဂိုလ်တွေကို လှူခဲ့ရင် တခြား တပည့်သာဝကတွေကို လှူခဲ့ရင် အကျိုးမရှိဘူးလို့ ငါဘုရား မဟောပါဘူးတဲ့နော်။ တံစီးတွင်း တံစီးအိုင် ရွှံ့ညွန်တွင်းမှာရှိတဲ့ ပိုးလောက်သတ္တဝါလေး တွေကိုသော်လည်း ပန်းကန်ဆေးရေ, အိုးခွက်ဆေးရေကို လှူရင်တောင် အကျိုးရှိတယ်လို့သာ ငါဘုရား ဟောနေတယ်။ လူသားဖြစ်တဲ့ သတ္တဝါတွေကို လှူခဲ့မယ်ဆိုရင်တော့ ဘာပြောဖွယ်ရာ ရှိမလဲ? အကျိုးရှိသည်သာ ဖြစ်ပါတယ်နော်။ ဒါပေမယ့်လို့ ကန့်သတ်ချက်ကလေးကိုတော့ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။
သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်
အပိ စာဟံ ဝစ္ဆ သီလဝတော ဒိန္နံ မဟပ္ဖလံ ဝဒါမိ၊ နော တထာ ဒုဿီလဿ၊
ဝစ္ဆ = ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ အပိ စ = တကယ်စင်စစ်အားဖြင့်သော်ကား။ အဟံ = ငါဘုရားသည်။ သီလဝတော = သီလရှိတဲ့ ပုဂ္ဂိုလ်အား။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနကို။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိ၏ဟူ၍။ ဝဒါမိ = ဟောတော်မူ၏။ ဒုဿီလဿ = သီလမရှိတဲ့ပုဂ္ဂိုလ်အား။ ဒိန္နံ = ပေးလှူအပ်တဲ့ အလှူဒါနကို။ တထာ = ထိုသီလရှိတဲ့ပုဂ္ဂိုလ်အား ပေးလှူအပ်တဲ့ အလှူဒါနအတူ။ မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိ၏ဟူ၍။ န ဝဒါမိ = ဟောတော်မမူ။
ဒါပေမယ့်လို့ သီလရှိတဲ့ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား ဟောပါတယ်။ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား မဟောဘူး။ ဓမ္မာဓိဋ္ဌာန် နည်းအားဖြင့် ဘုရားဟောတာနော်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ချင်လည်း ဖြစ်ပါစေ, သာသနာပပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ။ သီလရှိနေခဲ့မယ်ဆိုရင်တော့ သီလရှိတဲ့ပုဂ္ဂိုလ်ကို လှူခဲ့ရင် သီလမရှိတဲ့ ပုဂ္ဂိုလ်ကို လှူတာထက်တော့ ပိုပြီးတော့ အကျိုးကြီးတယ်လို့သာ ငါဘုရား ဟောတာပါ။ ငါဘုရားရဲ့ တပည့်သာဝကကိုသာ လှူရမယ်။ ငါဘုရားကိုသာ လှူရမယ်။ တခြား တပည့်သာဝကတွေကို မလှူရဘူး။ တခြားပုဂ္ဂိုလ်တွေကို မလှူရဘူးလို့ ငါဘုရား ဒီလို ဟောတာ မဟုတ်ဘူး။ အကျိုးမရှိဘူးလို့ ဟောနေတာလည်း မဟုတ်ပါဘူးလို့ ဆိုလိုပါတယ်။ ဒါပေမယ့် ဒီသီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘုရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။
အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ
သော စ ဟောတိ ပဉ္စင်္ဂဝိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။ (အံ၊၁၊၁၆၁။)
သော စ = ထိုသီလရှိတဲ့ပုဂ္ဂိုလ်သည်လည်းပဲ။ ပဉ္စင်္ဂဝိပ္ပဟီနော = အင်္ဂါ (၅)ပါးကို ပယ်ထားပြီးသည်။ ဟောတိ = ဖြစ်၏။ ပဉ္စင်္ဂသမန္နာဂတော = အင်္ဂါ (၅)တန်နှင့် ပြည့်စုံသည်။ ဟောတိ = ဖြစ်၏။
အင်္ဂါ (၅)ပါးကို ပယ်ထားပြီး ဖြစ်ရမယ်။ အင်္ဂါ (၅)ချက်နဲ့ ပြည့်စုံပြီးလည်း ဖြစ်ရမယ်။ ဘာအင်္ဂါ (၅)ချက်ကို ပယ်ရလဲ?
ကာမစ္ဆန္ဒော ပဟီနော ဟောတိ၊ ဗျာပါဒေါ ပဟီနော ဟောတိ၊ ထိနမိဒ္ဓံ ပဟီနံ ဟောတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ၊ ဝိစိကိစ္ဆာ ပဟီနာ ဟောတိ။ (အံ၊၁၊၁၆၂။)
နံပါတ် (၁) ကာမစ္ဆန္ဒ = သက်ရှိသက်မဲ့ ကာမဝတ္ထု အစုစုတို့အပေါ်၌ လိုလားတပ်မက် တွယ်တာတပ်မက်နေတဲ့သဘောကို ကာမစ္ဆန္ဒ လို့ ခေါ်တယ်။ ကာမစ္ဆန္ဒနီဝရဏ ပဲ။ အဲဒီ ကာမစ္ဆန္ဒနီဝရဏ ကို ပယ်ထားပြီး ဖြစ်ရမယ်။ နံပါတ် (၁)။
နံပါတ် (၂) ဗျာပါဒ = သတ္တဝါတွေကို သတ်ဖြတ်လိုတဲ့, ညှဉ်းပန်းနှိပ်စက် လိုတဲ့, ဖျက်ဆီးလိုတဲ့ စိတ်ထားကို ဗျာပါဒ လို့ ခေါ်တယ်။ ထိုဗျာပါဒကို ပယ်ထားပြီး ဖြစ်ရမယ်။ အလှူခံပုဂ္ဂိုလ်နော်။
နံပါတ် (၃) ထိန မိဒ္ဓ = စိတ်စေတသိက်တွေက ထိုထို သမထ-ဝိပဿနာ ဘာဝနာစတဲ့ ကောင်းမှုကုသိုလ် လုပ်ငန်းရပ်တွေအပေါ်၌ တွန့်ဆုတ်နေတဲ့သဘော။
ဒကာကြီးတွေ တရားအားထုတ်ပါလား? ကျောင်းလာတဲ့ အချိန်အခါမှာ တရားတစ်ချိန်လောက် ထိုင်လိုက်ပါလား? မတတ်နိုင်သေးဘူးဘုရား ... တပည့်တော်တို့က အလုပ်ကလေးက ရှိနေသေးတယ်။ ဘာလေးက ရှိနေသေးတယ်။ ညာလေးက ရှိနေသေးတယ်ဆိုပြီး ခပ်မြန်မြန် လစ်ပြေးတယ်နော်။ အဲဒီပုံစံမျိုးပဲ။ ဒါ စိတ်စေတသိက်တွေ ထိုင်းမှိုင်းနေတာ။ ကုသိုလ်ရေးလုပ်ငန်း, သမထ-ဝိပဿနာဘာဝနာလုပ်ငန်းရပ်တွေမှာ ထိုင်းမှိုင်းနေတယ်နော်။ အဲဒီလို စိတ်စေတသိက်တွေကို ထိုင်းမှိုင်းစေတတ်တဲ့ ထိန-မိဒ္ဓတရား နှစ်ပါးကိုလည်း ပယ်ထားပြီး ဖြစ်ရမယ်။ နံပါတ် (၃)။
နံပါတ် (၄)ကျတော့ -- ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စကို ပယ်ထားပြီး ဖြစ်ရမယ်။ ဥဒ္ဓစ္စက စိတ်မငြိမ်မသက်ဘူး။ ဘာဝနာအာရုံတစ်ခုပေါ်မှာ စိတ်ချထားရင် စိတ်က ငြိမ်ပြီး ကပ်မနေဘဲနဲ့ စိတ်က ဟိုရောက် ဒီရောက်။ ဟိုပျံ့ ဒီပျံ့နဲ့ ပျံ့လွင့်နေတဲ့ သဘော။ ကုက္ကုစ္စဆိုတာကတော့ ပြုပြီးတဲ့ ဒုစရိုက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန် နေတယ်။ မပြုမိတဲ့ သုစရိုက်တရားတွေ, ကောင်းမှုကုသိုလ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း မပြုမိတာ မှားလေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတဲ့သဘော။ အဲဒီ ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ တရားနှစ်ပါးကိုလည်း ပယ်ထားပြီး ဖြစ်ရမယ်။
နံပါတ် (၅)ကျတော့ -- ဝိစိကိစ္ဆာ။ ဝိစိကိစ္ဆာဆိုတာက သို့လော သို့လော တွေးတော ယုံမှားနေတဲ့ သဘောတရားတစ်ခုပဲ။ သဗ္ဗညုတဉာဏ်ကို ရတဲ့ ဘုရားစစ် ဘုရားမှန်ဆိုတာ ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ အဲဒီလို သံသယရှိတဲ့ ပုဂ္ဂိုလ်တွေ ခုခေတ်မှာလည်း မရှိဘူးလား? ရှိပါတယ်။ ဘုန်းကြီးတို့ တစ်ချိန်ကပေါ့ -- လွတ်လပ်ရေးမရခင် ဂျပန်ခေတ် မတိုင်ခင်လောက်ကနဲ့ တူပါတယ်။ မုံရွာက ဇောက်ထိုးအမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက သတင်းစာထဲမှာ သဗ္ဗညုတဉာဏ်ဆိုတာ ရှိပါသလားဆိုပြီးတော့ သတင်းစာထဲက ထည့်ရေးလို့ တစ်ပြည်လုံး တော်တော်လေး သွက်သွက်ခါသွားတယ်နော်။
သဗ္ဗညုတဉာဏ်ရှိတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား, ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားတွေ တကယ်ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ မဂ် ဖိုလ် နိဗ္ဗာန်ကို သိတော်မူ မြင်တော်မူတတ်တဲ့ အရိယာသံဃာဆိုတာ တကယ် ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေနဲ့ ပတ်သက်လို့လည်း သံသယရှိတယ်။ ဒီသီလကို ဖြည့်ကျင့်ရတာ ဘာအကျိုးရှိမှာလဲ။ ဒီသမာဓိတွေကို ခုခေတ်မှာ ထူထောင်လို့ ရမှ ရပါ့မလား? စားလိုက်တဲ့ အစာအာဟာရဓာတ်တွေက ဗီတာမင် အာဟာရဓာတ်တွေ လျော့နည်းနေတဲ့အတွက် ခန္ဓာကိုယ်တွေက ခန့်ကျန်းမှု မရှိတဲ့ အတွက် ခုခေတ်မှာ သမထ = သမာဓိကို ထူထောင်ရင် မဖြစ်နိုင်ဘူးလို့ သံသယ ရှိကြတယ်။ အဲဒါဟာ သမာဓိသိက္ခာမှာ သံသယရှိတာ မဟုတ်ဘူးလား? ဟုတ်တယ်။
နောက်တစ်ခါ ပညာသိက္ခာ။ ပညာကျင့်စဉ်မှာလည်း သံသယရှိတယ်။ ဘယ်လိုလဲ? ပညာဆိုတာက ဘုန်းကြီးတို့ မဟာသတိပဋ္ဌာနသုတ္တန်မှာ မြတ်စွာဘုရား ကိုယ်တော်တိုင်က ဒီပညာဆိုတဲ့ စကားလုံးနဲ့ သမ္မာဒိဋ္ဌိဆိုတဲ့ စကားလုံး, ဉာဏ်ဆိုတဲ့ စကားလုံး၊ ဒီစကားလုံးတွေကို အဓိပ္ပာယ်တူ အသုံးပြုထား တော်မူပါတယ်။ ဒီသမ္မာဒိဋ္ဌိကို ဒုက္ခေ ဉာဏံ, ဒုက္ခသမုဒယေ ဉာဏံ, ဒုက္ခနိရောဓေ ဉာဏံ, ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ (မ၊၁၊၈၈။)ဆိုပြီး (၄)ချက် ဟောထားတော်မူပါတယ်။ ဒုက္ခသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ, နိရောဓသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ, မဂ္ဂသစ္စာကို သိတဲ့ဉာဏ်သည် = သမ္မာဒိဋ္ဌိ ဖြစ်တယ်။ ဒီတော့ ဒုက္ခသစ္စာ အမည်ရနေတဲ့ တရားတွေက ဘာတွေလဲလို့ မေးတော့-
သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ (သံ၊၃၊၃၆၉။) = အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာ (၅)ပါးသည် ဒုက္ခသစ္စာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားထားတော်မူတယ်။ အဲဒီတော့ ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဟူသော ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ ထိုဒုက္ခသစ္စာထဲက ဥပါဒါနက္ခန္ဓာ (၅)ပါးမှာ ရူပုပါဒါနက္ခန္ဓာ ဆိုတာက ဘာပြောတာလဲ? ဘုရားရှင်ကိုယ်တော်တိုင် ဟို ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် ခန္ဓသုတ္တန် မှာ အတိအကျ ရှင်းထားတယ်နော်။
ကတမေ စ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ? ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ။ ပ ။ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ ယာ ကာစိ ဝေဒနာ။ ပ ။ ယာ ဒူရေ သန္တိကေ ဝါ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ ဝေဒနုပါဒါနက္ခန္ဓော။ ယာ ကာစိ သညာ။ ပ ။ ယာ ဒူရေ သန္တိကေ ဝါ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ သညုပါဒါနက္ခန္ဓော။ ယေ ကေစိ သင်္ခါရာ။ ပ ။ သာသဝါ ဥပါဒါနိယာ၊ အယံ ဝုစ္စတိ သင်္ခါရုပါဒါနက္ခန္ဓော။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ။ ပ ။ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာတိ။ (သံ၊၂၊၃၉။)
အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ အသိဉာဏ်နဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ အသိဉာဏ်နဲ့ နီးတဲ့ရုပ်တရား။ ပေါင်းတော့ (၁၁)မျိုး။ ထို (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ရုပ်တရား အစုအပုံသည် သာသဝ = အာသဝေါတရားတို့ရဲ့ အာရုံယူရာ (၃၁)ဘုံနယ်မြေအတွင်းမှာ တည်ရှိခဲ့မယ်ဆိုရင်ပေါ့။ ထိုက်သလိုပေါ့နော်။ နောက် တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာလို့ စွဲလမ်းယူရာဖြစ်ခဲ့ရင် အဲဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ သာသဝ ဥပါဒါနိယဖြစ်နေတဲ့ ရုပ်တရား အစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်တယ်ဆိုပြီး ရှင်းထားတော်မူတယ်။ (သံ၊၂၊၃၉၊၊)
ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတွေကိုလည်း ပုံစံတူပဲ ရှင်းထားတယ်နော်။ ဒါကြောင့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အာသဝေါတရားတို့ရဲ့ အာရုံယူရာ နယ်မြေအတွင်းမှာ တည်ရှိနေတဲ့ တဏှာ ဒိဋ္ဌိတို့ဖြင့် ငါ ငါ့ဟာလို့ လှမ်းစွဲယူရာဖြစ်တဲ့ ခန္ဓာ (၅)ပါးသည် ဘာသစ္စာလဲ? ဒုက္ခသစ္စာ။ အဲဒီ ဒုက္ခသစ္စာတရားကို သိအောင် ကျင့်တဲ့ ကျင့်စဉ်ကို ပညာသိက္ခာ = ပညာကျင့်စဉ်လို့ ခေါ်ပါတယ်။
အဲဒီ ကျင့်စဉ်တွေ လုပ်ငန်းရပ်ပေါ်မှာလည်း သံသယရှိတယ်။ ဘယ်လို သံသယရှိလဲ? ဒီရုပ်ကလာပ်ကလေးတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ ဒီရုပ်တရားတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ ဒီနာမ်တရားတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူးလို့ ဒီနေ့ခေတ်က မပြောဘူးလား? ပြောနေကြတယ်။ သံသယရှိလို့ ပြောတာလား? မရှိလို့ ပြောတာလား? သံသယရှိနေတယ်။ ဘုရားဟော ပညာသိက္ခာကျင့်စဉ်အပေါ်မှာလည်း သံသယရှိတယ်။
နောက်တစ်ခု -- ဘုန်းကြီးတို့ ဒုက္ခသမုဒယေ ဉာဏံအရ ဘုရားရှင်က တဏှာကို သမုဒယသစ္စာလို့ ပဓာနနည်းအားဖြင့် ဝိဘင်းပါဠိတော်မှာ ဟောထားတယ်။ ပထမနည်းမှာ တဏှာကို သမုဒယသစ္စာလို့ ဟောတယ်။ ဒုတိယ နည်းမှာ ကိလေသာ (၁၀)ပါးကို သမုဒယသစ္စာလို့ ဟောတယ်။ တတိယနည်း မှာ အကုသိုလ်တရား အားလုံးကို သမုဒယသစ္စာလို့ ဟောတယ်။ စတုတ္ထနည်း ကျတော့ အကုသိုလ်တရားအားလုံးနှင့် ဝဋ္ဋနိဿိတဖြစ်တဲ့ အလောဘ, အဒေါသ, အမောဟ ကုသလမူလတရား (၃)ပါးကို သမုဒယသစ္စာလို့ ဟောတယ်။ ပဉ္စမနည်းကျတော့ ကုသိုလ်ကံ, အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာလို့ ဟောလိုက်တယ်။ အဲဒီ ပဉ္စမနည်းကတော့ အကြွင်းအကျန်မရှိ ကုန်စင်အောင် သမုဒယသစ္စာကို ဟောတဲ့နည်းပဲ။ ဒါက အဘိဓမ္မာနည်းနော်။ (အဘိ၊၂၊၁၁၂-၁၁၅။ အဘိ၊ဋ္ဌ၊၂၊၁၈၅။)
သုတ္တန်နည်းအရကတော့ မြတ်စွာဘုရားက ဟို တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိတဲ့ဉာဏ်ကို သမုဒယသစ္စာဆိုပြီး ဟောထား တော်မူတယ်။ ထိုသမုဒယသစ္စာအမည်ရတဲ့ တရားတွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် ရရှိအောင် ကျင့်နေတဲ့ ကျင့်စဉ်ကို ပညာကျင့်စဉ်၊ ပညာသိက္ခာလို့ပဲ ခေါ်တယ်။
အဲဒီ သမုဒယသစ္စာကို သိရေးမှာ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ် အကျိုးတရားဖြစ်ပုံဆိုတဲ့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် ကွင်းဆက်တွေပါ ပါဝင်နေတယ်။ ဒီနေ့ ခေတ်မှာကတော့ အဲဒီ အတိတ်, အနာဂတ်ဟာ ဘယ်လိုမှ ရှုလို့ မရပါဘူး။ ဝိပဿနာနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောနေတော့ ဒီပညာ ကျင့်စဉ်ကိုလည်း သံသယရှိတာ မဟုတ်ဘူးလား? ရှိနေတယ်နော်။
ဒါကြောင့် အဲဒီလို သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ် အပေါ်၌ သံသယရှိနေတဲ့တရားကို ဘာလို့ခေါ်လဲ? ဝိစိကိစ္ဆာ။ အဲဒီ ဝိစိကိစ္ဆာကို ပယ်ထားပြီး ဖြစ်ရမယ်။ ပေါင်းလိုက်တော့ နီဝရဏတရား (၅)ပါးပဲနော်။ နီဝရဏတရား (၅)ပါးကို ပယ်ထားတာကို အင်္ဂါ (၅)ရပ် ပယ်ထားပြီး ဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ နီဝရဏတရား (၅)ပါးလို့ ခေါ်ဆိုအပ်တဲ့ ခေါင်းဆောင်ကြီး (၅)ခုကို ပယ်လိုက်ရင် နောက်လိုက်တွေ အားလုံး ကုန်သွားတယ်။ အကုသိုလ်တရားအားလုံး ကုန်သွားပြီနော်။ ဒါ ပယ်ရမယ့် အင်္ဂါ (၅)ချက်။ ပြည့်စုံရမယ့် အင်္ဂါ (၅)ချက်ကိုလည်း မြတ်စွာဘုရားက ဆက်ဟောတော်မူပါတယ်။ ဘာတွေလဲ?
အင်္ဂါ (၅) ရပ်နှင့် ပြည့်စုံသူ
အသေက္ခေန သီလက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန သမာဓိက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန ပညာက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန ဝိမုတ္တိက္ခန္ဓေန သမန္နာဂတော ဟောတိ၊ အသေက္ခေန ဝိမုတ္တိဉာဏဒဿနက္ခန္ဓေန သမန္နာဂတော ဟောတိ၊ ဣမေဟိ ပဉ္စဟိ အင်္ဂေဟိ သမန္နာဂတော ဟောတိ။
ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူး, ဝိမုတ္တိဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်ဂုဏ်ကျေးဇူး, ဝိမုတ္တိဉာဏဒဿနဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ ဝိမုတ္တိ အရဟတ္တဖိုလ်ကို တစ်ဖန်ပြန်ပြီး ဆင်ခြင်နေတဲ့ ပစ္စဝေက္ခဏာဉာဏ် ဂုဏ်ကျေးဇူးတွေ၊ အဲဒီ ဂုဏ်ကျေးဇူး (၅)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဒီလို သတ်မှတ်ချက် ရှိတယ်။ ဒါကတော့ ဘုန်းကြီးတို့ အလှူခံဘက်က သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ပဲနော်။
တစ်ခါ ဒီအလှူခံဘက်က ဒီအင်္ဂါ (၅)ရပ် ပြည့်စုံသလို အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ကလေးတွေနှင့် ပြည့်စုံမယ် ဆိုရင်တော့ သိပ်ကောင်းတယ်၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်တယ်။ ဟို ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာ --- ဘုရားရှင်က ဒီလို ဟောကြားထားတော်မူတယ်။
ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ အလှူဒါန
ယော သီလဝါ သီလဝန္တေသု ဒဒါတိ ဒါနံ၊
ဓမ္မေန လဒ္ဓံ သုပသန္နစိတ္တော။
အဘိသဒ္ဒဟံ ကမ္မဖလံ ဥဠာရံ၊
တံ ဝေ ဒါနံ ဝိပုလပ္ဖလန္တိ ဗြူမိ။ (မ၊၃၊၃၀၀။)
ယော သီလဝါ = အကြင် သီလရှိတဲ့ အလှူပေးတဲ့ပုဂ္ဂိုလ်သည်။ ဓမ္မေန လဒ္ဓံ = တရားသောနည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်တဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုကို။ သုပသန္နစိတ္တော = အလွန် ကြည်လင်သော စိတ်ထားရှိသည် ဖြစ်၍။ ဥဠာရံ = ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ ကမ္မဖလံ = ကံ-ကံ၏အကျိုးတရားကို။ အဘိသဒ္ဒဟံ အဘိသဒ္ဒဟန္တော = အလွန် သက်ဝင် ယုံကြည်သည်ဖြစ်၍။ သီလဝန္တေသု = သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်တို့၌။ ဒါနံ = အလှူဒါနကို။ ဒဒါတိ = ပေးလှူ၏။ တံ ဒါနံ = ထိုအလှူဒါနမျိုးကို။ ဝေ = စင်စစ်ဧကန် အမှန်အားဖြင့်။ ဝိပုလပ္ဖလန္တိ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိ၏ဟူ၍။ အဟံ = ငါဘုရားသည်။ ဗြူမိ = ဝဒါမိ = ဟောတော်မူ၏။
အဲဒီလို ဒါနမျိုးကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတဲ့ ဒါနလို့ ငါဘုရား ဟောကြားတော်မူပါတယ်တဲ့။ အလှူခံဘက်က သီလရှိတဲ့ အလှူခံ ဖြစ်တယ်။ သီလရှိတဲ့အထဲမှာ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ ခုနက ပြောခဲ့တဲ့ သီလသည် အသာဆုံး အမြတ်ဆုံးပဲ။ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း ---
နံပါတ် (၁) သီလရှိခြင်း။
နံပါတ် (၂) တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုဖြစ်ခြင်း။
နံပါတ် (၃) လှူဒါန်းနေတဲ့အချိန်, မလှူမီအချိန်, လှူပြီးတဲ့အချိန် အချိန် သုံးခုလုံးမှာ ကြည်လင်တဲ့စိတ်ထားရှိခြင်း။
နံပါတ် (၄) ပြန့်ပြောကြီးကျယ် များမြတ်တဲ့ ကံ-ကံ၏အကျိုးကို သက်ဝင် ယုံကြည်တဲ့ သဒ္ဓါတရားရှိခြင်း။
ဒီသဒ္ဓါတရားကတော့ ကံ-ကံ၏အကျိုးတရားကို တတ်သိနားလည်နေတဲ့ ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက်ရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ် ရှေ့သွား ရှိနေတဲ့ သဒ္ဓါတရားပဲနော်။ ပေါင်းလိုက်တော့ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ပြည့်စုံရမယ့် အင်္ဂါ ဘယ်နှစ်ချက်လဲ? (၄)ချက်။
အလှူခံတဲ့ ပုဂ္ဂိုလ်ဘက်က သီလရှိခြင်း။ ထိုသီလသည် ခုနက ပြောခဲ့တဲ့ ရဟန္တာပုဂ္ဂိုလ်တို့သန္တာန်မှာ တည်ရှိနေတဲ့ အင်္ဂါ (၅)ရပ်နဲ့ ပြည့်စုံနေတဲ့ သီလမျိုး ဖြစ်ရင်တော့ သိပ်ကောင်းတယ်နော်။ အဲဒီ အင်္ဂါရပ်တွေ စုံညီခဲ့ရင် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။ ဘယ်လို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိပါသလဲလို့ မေးရင်တော့ ---
ဦးတည်ချက် အမျိုးမျိုး
ဘုရားရှင်က ဒါနူပပတ္တိသုတ္တန် (အံ၊၃၊ရဝ-၇၂။)များမှာ ဟောထားတော်မူပါတယ်။ ပုဂ္ဂိုလ်တစ်ဦးက ခုလို ကျောင်းအစရှိတဲ့, သင်္ကန်းအစရှိတဲ့, ဆွမ်း အစရှိတဲ့ လှူဖွယ်ဝတ္ထု ပစ္စည်းစုတွေကို ပေးလှူတဲ့ အချိန်အခါမှာ သူက ခတ္တိယမဟာသာလလို့ခေါ်တဲ့ မင်းသူဌေးသူကြွယ်တွေ, ဗြာဟ္မဏမဟာသာလခေါ်တဲ့ ပုဏ္ဏားသူဌေးသူကြွယ်တွေ, ဂဟပတိမဟာသာလခေါ်တဲ့ ဂဟပတိသူဌေးသူကြွယ်တွေကို သူက မြင်ဖူးတယ်။ မြင်ဖူးတဲ့အတွက်ကြောင့် ငါလည်းပဲ ဒီကောင်းမှုကုသိုလ်ကြောင့် တစ်ချိန်မှာ မင်းသူဌေး, ပုဏ္ဏားသူဌေး, ဂဟပတိသူဌေးသူကြွယ် တစ်ဦးဦး ဖြစ်ရရင် ကောင်းမှာပဲဆိုတဲ့ စိတ်ထားကလေးပေါ်နေတယ်နော်။ ဒီနေ့ အလှူရှင်များမှာ ဘယ်လိုစိတ်ထားပေါ်မယ်ဆိုတာတော့ မပြောတတ်ဘူးပေါ့နော်။ အဲဒီလို စိတ်ထားပေါ်နေတဲ့အတွက် သူက ဘာလုပ်သလဲ?
သော တံ စိတ္တံ ဒဟတိ၊ တံ စိတ္တံ အဓိဋ္ဌာတိ၊ တံ စိတ္တံ ဘာဝေတိ။ (အံ၊၃၊၇၁။)
သော = ထိုအလှူရှင်သည်။ တံ စိတ္တံ = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ ဒဟတိ = ထား၏။ တံ စိတ္တံ = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ အဓိဋ္ဌာတိ = အဓိဋ္ဌာန်၏။ တံ စိတ္တံ = ထိုသူဌေးဖြစ်ချင်တဲ့ စိတ်ထားကို။ ဘာဝေတိ = ဖြစ်စေ၏၊ ပွားများ၏။
မင်းသူဌေး, ပုဏ္ဏားသူဌေး, ဂဟပတိသူဌေးခေါ်တဲ့ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကလေးကို ထားတယ်။ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကို ဆောက်တည် ထားတယ်။ ဆောက်တည်တယ်ဆိုတာကတော့ ဒီနေ့ ခေတ်အပြောနဲ့ ပြောရင်တော့ ဆုတောင်းတယ်ပေါ့နော်။ အဲဒီ သူဌေးဖြစ်ချင်တဲ့ စိတ်ထားကို တိုးအောင်, ပွားအောင်, များအောင် ပြုလုပ်နေတယ်။ ပြုလုပ်တဲ့အတွက် ဘာဖြစ်လဲ?
တဿ တံ စိတ္တံ ဟီနေ ဝိမုတ္တံ ဥတ္တရိ အဘာဝိတံ တတြူပပတ္တိယာ သံဝတ္တတိ။ (အံ၊၃၊၇၁။)
တဿ = ထိုအလှူရှင်၏။ ဟီနေ ဝိမုတ္တံ = ယုတ်ညံ့တဲ့ဘုံဘဝ၌ ညွတ်ကိုင်းရှိုင်းလျက်ရှိတဲ့။ တံ စိတ္တံ = ထိုစိတ်ထားသည်။ တတြူပပတ္တိယာ = ထိုထို မိမိညွတ်ကိုင်းရှိုင်းနေတဲ့ ထိုထို ဘုံဘဝ၌ ဖြစ်ခြင်းငှာ။ သံဝတ္တတိ = ဖြစ်ပေ၏။
အထက်အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပွားများအားထုတ်မယ် ဆိုရင်တော့ ဒါက မွန်မြတ်တဲ့ လုပ်ငန်းပဲ၊ မွန်မြတ်တဲ့ ဦးတည်ချက်ပဲ။ ဒါပေမယ့် ခုလို မင်းသူဌေးဘဝ, ပုဏ္ဏားသူဌေးဘဝ, ဂဟပတိသူဌေးဘဝခေါ်တဲ့ သူဌေးဘဝတစ်ခုခုကို ညွတ်ကိုင်းရှိုင်းနေတဲ့ စိတ်ထားကိုတော့ ဟီနေ ဝိမုတ္တ = ယုတ်ညံ့တဲ့ ဘုံဘဝမှာ ညွတ်ကိုင်းရှိုင်းတယ်လို့ ဒီလို ဘုရားရှင်ကဟောတော်မူပါတယ်။
ဘာကြောင့် ယုတ်ညံ့တယ်လို့ ပြောရလဲ? လူ့ဘဝ၊ ဒကာကြီးတွေ ဓာတ်ခွဲကြည့်စမ်း၊ ခု ဒကာကြီးတွေ ထိုင်နေတဲ့ ခန္ဓာအိမ်ကိုပဲ ဓာတ်ခွဲကြည့်စမ်း၊ ဆံပင်ရှိတယ်, မွေးညင်းရှိတယ်, ခြေသည်း-လက်သည်း, သွား, အရေ, အသား, အကြော, အရိုးစတဲ့ (၃၂)ကောဋ္ဌာသ အစုအပုံတွေ မရှိဘူးလား? ရှိတယ်။ လူ့ဘဝကို လိုလားတောင့်တရင် ဒီ (၃၂)ကောဋ္ဌာသကို လိုလား တောင့်တတာနဲ့ မတူဘူးလား? အဲဒီ (၃၂)ကောဋ္ဌာသထဲမှာ ချေးထုပ်ကြီးလည်း မပါဘူးလား? အဲဒီ ချေးထုပ်ကြီးရပါစေလို့ တောင့်တနေတာနဲ့ မတူဘူးလား? အတူတူပါပဲ။ အဲဒီ ချေးထုပ်ကြီးတွေကို လိုချင်ပါတယ်ဆိုတဲ့ စိတ်ထားသည် ယုတ်ညံ့သလား? မြင့်မြတ်သလား? ယုတ်ညံ့တယ်။
နောက်တစ်ခု --- ဒီလူ့ဘဝကို ကြည့်ဦး၊ အိုခြင်းတရား ကင်းသလား? မကင်းဘူး၊ နာခြင်းတရား မကင်းဘူး၊ သေခြင်းတရား မကင်းဘူး။ စိုးရိမ်ရမှု, ပူဆွေးရမှု, ငိုကြွေးရမှု, ကိုယ်ဆင်းရဲရမှု, စိတ်ဆင်းရဲရမှု, ပြင်းစွာပူပန်ရမှုှုဆိုတဲ့ ဒုက္ခတွေ ကင်းသလား? မကင်းဘူး။ ဒါကြောင့် လူ့ဘဝကို လိုလားတောင့်တရင် လူ့ဘဝမှာ အိုရပါလို၏, နာရပါလို၏, သေရပါလို၏, စိုးရိမ်ရပါလို၏, ပူဆွေးရပါလို၏, ငိုကြွေးရပါလို၏ စသည်ဖြင့် ဆုတောင်းနေတာနဲ့ မတူဘူးလား? အတူတူပါပဲ။
လူ့ဘဝ - နတ်ဘဝ - ဗြဟ္မာဘဝသို့ ဦးတည်ချက်
အလားတူပဲ --- နောက်တစ်ခု နတ်ဘဝကို လိုလားတောင့်တတယ်။နောက်တစ်ခု ဗြဟ္မာဘဝကို လိုလားတောင့်တပြီးတော့ ကောင်းမှုကုသိုလ်တွေပြုတယ်နော်။ အဲဒီတော့ ရုပ်တရား အစုအပုံ, နာမ်တရား အစုအပုံ, ရုပ်နာမ်အစုအပုံ ဒုက္ခသစ္စာတရားတွေပဲလို့ မသိဘဲ လူလို့, နတ်လို့, ဗြဟ္မာလို့ အသိမှားနေတဲ့ သဘောက အဝိဇ္ဇာ။ ထို လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို လိုလားတောင့်တနေတဲ့ သဘောလေးက တဏှာ။ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝကို စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ ထို အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ခြံရံပြီးတော့ ဒါနစတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုတယ်။ သင်္ကန်းလှူတယ်၊ ဆွမ်းလှူတယ်၊ ကျောင်းလှူတယ်၊ ကောင်းမှုကုသိုလ်တွေကို ပြုကြတယ်။ အဲဒီ ပြုတဲ့ အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ကုသိုလ်စိတ်စေတနာတွေက သင်္ခါရ။ ထိုသင်္ခါရတရားတွေသည် အနိစ္စတရားဖြစ်ခြင်းကြောင့် ဖြစ်ပြီးတာနဲ့ ပျက်သွား တယ်။ ပျက်သွားပေမယ့်လို့ ဒီရုပ်နာမ်အစဉ်မှာ နောင်တစ်ချိန်မှာ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ဖြင့် တောင့်တထားသည့်အတိုင်း အနာဂတ်ခန္ဓာငါးပါး ဆိုတဲ့ အကျိုးကို ဖြစ်စေနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာလျှင် သူက ချုပ်ပျက်သွားတယ်။ အဲဒီ စွမ်းအင်ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်နော်။
ပေါင်းလိုက်တော့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ -- အကြောင်းတရား (၅)ခု ဖြစ်ကြတယ်။ ဒီအကြောင်းတရား (၅)ခု စုံညီပြီးတော့ ကောင်းမှု ကုသိုလ်တစ်ခုကို ပြုတဲ့အခါမှာ ဒီလို အကြောင်းတရား (၅)ခု စုံညီသွားတဲ့ အတွက် ထိုကံက ရင့်ကျက်ခဲ့သော် မိမိတို့ လိုလားတောင့်တနေတဲ့ လူ့ဘဝ, မိမိတို့ လိုလားတောင့်တနေတဲ့ နတ်ဘဝ, မိမိတို့ လိုလားတောင့်တနေတဲ့ ဗြဟ္မာဘဝကို ဒီကံက ရောက်အောင် ပို့ပေးမယ်။ သို့သော် ဗြဟ္မာ့ပြည်ကိုတော့ ဒီဒါနက တိုက်ရိုက် မပို့နိုင်ဘူးနော်။ ဒါနကောင်းမှုကုသိုလ်ပြုပြီးတဲ့ အချိန်အခါမှာ စိတ်ထားတွေကို နူးညံ့ပျော့ပျောင်းလာလို့ရှိရင် ဗြဟ္မာ့ပြည် ရောက်ကြောင်းဖြစ်တဲ့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာလို့ ခေါ်ဆိုအပ်တဲ့ ဗြဟ္မစိုရ်တရား အစရှိတဲ့ စျာန်ရနိုင်တဲ့ ဘာဝနာတွေကို တစ်ဆင့်တက်ပြီး စျာန်ရအောင် ကြိုးစားအားထုတ်ရတယ်နော်။ အဲဒီလို ကြိုးစားအားထုတ်ခဲ့သော် ထိုစျာန်အားလျော်စွာ ဗြဟ္မာ့ပြည်ကို ရောက်မယ်လို့ ဆိုလိုပါတယ်။ (အံ၊ဋ္ဌ၊၃၊၂၃၀။) သို့သော် ဒီဗြဟ္မာ့ပြည်ကိုရောက်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ဗြဟ္မာ့ပြည်ကို လိုလားတောင့်တနေတဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တွေ ခြံရံမှု ရှိနေရမယ်။
အဲဒီလို အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံဆိုတဲ့ အကြောင်းတရားတွေက စုံညီသွားလို့ရှိရင် မိမိတို့ လိုလားတောင့်တနေတဲ့ လူ, နတ်, ဗြဟ္မာဆိုတဲ့ ဒီဘဝတွေကို ရရှိမှာဖြစ်တော့ အဲဒီ လူ, နတ်, ဗြဟ္မာတွေကို လှမ်းပြီး ကြည့်လိုက်လို့ရှိရင် အို-နာ-သေရေး ဒုက္ခဘေး ကင်းတဲ့ဘဝ ဟုတ်သလား? မဟုတ်ဘူး။ ဒါကြောင့် ဒီလူ့ဘဝကို တောင့်တမှု, နတ်ဘဝကို တောင့်တမှု, ဗြဟ္မာဘဝကို တောင့်တမှုကိုတော့ ဘုရားရှင်က ဟီနေ ဝိမုတ္တ = ယုတ်ညံ့တဲ့ ဘုံဘဝတွေမှာ တောင့်တနေတဲ့ စိတ်ထား၊ ဥတ္တရိ အဘာဝိတ = အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ရရန် ပွားများအားထုတ်မှု မရှိတဲ့စိတ်ထား ဆိုပြီးတော့ ဘုရားရှင်က ဒီလို သတ်မှတ်ပြီး ဟောတော်မူပါတယ်။
ဒါပေမယ့်လို့ အဲဒီလို တောင့်တတဲ့ အချိန်အခါမှာ တောင့်တတဲ့အတိုင်း အကုန်လုံး ပြည့်ရောလားလို့ မေးတော့ ---
သီလရှိသူအတွက်သာ
တဉ္စ ခေါ သီလဝတော ဝဒါမိ နော ဒုဿီလဿ။ (အံ၊၃၊၇၁။)
တဉ္စ ခေါ = ထိုသို့ ပြည့်စုံခြင်းသည်လည်းပဲ။ သီလဝတော = သီလရှိတဲ့ ပုဂ္ဂိုလ်အား။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟောတော်မူ၏။ ဒုဿီလဿ = သီလမရှိတဲ့ပုဂ္ဂိုလ်အား။ နော ဝဒါမိ = ဟောတော်မမူ။
သီလရှိတဲ့ပုဂ္ဂိုလ်သာ ဒီတောင့်တမှုတွေ ပြည့်စုံနိုင်တယ်။ လူ့ဘဝ, နတ်ဘဝ, ဗြဟ္မာဘဝ ရနိုင်တယ်။ ရောက်နိုင်တယ်လို့ ငါဘုရား ဟောပါတယ်။ သီလမရှိတဲ့ပုဂ္ဂိုလ် ရောက်နိုင်တယ်လို့ ဟောသလား? မဟောဘူး။ ဘာဖြစ်လို့လဲ?
ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁၊၊)
ဘိက္ခဝေ = ချစ်သားရဟန်းတို့ ...။ သီလဝတော = သီလရှိတဲ့ ပုဂ္ဂိုလ်၏။ စေတောပဏိဓိ = စိတ်ရဲ့ တောင့်တချက်ဟူသမျှသည်။ ဝိသုဒ္ဓတ္တာ = သီလစင်ကြယ်နေသည့်အတွက်ကြောင့်။ ဣဇ္ဈတိ = မချွတ်ဧကန် ပြည့်စုံတတ်ပေ၏။
သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြည့်စုံတတ်တယ်။ ဘာကြောင့်လဲ? သီလစင်ကြယ်နေတဲ့အတွက်ကြောင့် တောင့်တချက်အားလုံး ပြည့်စုံသွားနိုင်တယ်။
ဒီလိုဆိုရင် ဒကာကြီးတွေ ကောင်းမှုကုသိုလ်ပြုတဲ့ အချိန်အခါမှာ သီလကလေးတော့ ဖြူစင်ဖို့ မလိုဘူးလား? လိုအပ်တယ်နော်။ မိမိတို့ဘက်က ရှိရမယ့် အင်္ဂါရပ်ကလေးတွေ ပြည့်စုံရမယ်။ သီလရှိရမယ်၊ လှူဖွယ်ဝတ္ထုတွေက တရားသော နည်းလမ်းဖြင့် ရှာဖွေရတဲ့ ပစ္စည်းဝတ္ထု ဖြစ်ရမယ်၊ ကြည်လင်တဲ့ စိတ်ထားရှိရမယ်၊ ကံ-ကံရဲ့အကျိုးကို ယုံကြည်မှု ရှိရမယ်၊ ဒီလို အင်္ဂါရပ်နှင့် ပြည့်စုံရမယ်။ အဲဒီလို ပြည့်စုံလိုက်တဲ့ ဒါနမျိုးကို မဟပ္ဖလ = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတဲ့ ဒါန။ ဘယ်လောက်အထိ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သလဲလို့ မေးရင်တော့ ဘုရားရှင်က ဟိုဝေလာမသုတ္တန် (အံ၊၃၊၁၉၅-၁၉၇။) များမှာတော့ သာသနာပ အချိန်အခါကာလမှာ (၇)ရက် (၇)လ (၇)နှစ် ထွန်တုံးပိတ် လှူနေတဲ့ အလောင်းတော် ဝေလာမပုဏ္ဏားကြီးရဲ့ ဒါနဟာသာသနာ- တော်အတွင်းမှာ သောတာပန်ပုဂ္ဂိုလ်တစ်ဦးကို တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်း ရတဲ့ အလှူဒါနလောက် မမြင့်မြတ်ဘူးလို့ ဘုရားရှင်က ဟောထားတော်မူတယ်။
သောတာပန် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတာထက် သကဒါဂါမ်ပုဂ္ဂိုလ်တစ်ပါး။ သကဒါဂါမ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတာထက် အနာဂါမ်တစ်ပါး။ အနာဂါမ်ပုဂ္ဂိုလ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ရဟန္တာပုဂ္ဂိုလ်တစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုမြတ်တယ်။ ပိုပြီး အကျိုးကြီးပါတယ်။
ရဟန္တာပုဂ္ဂိုလ် အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုပြီး မြတ်တယ်။ အကျိုးကြီးတယ်။ ပစ္စေကဗုဒ္ဓါ အပါး (၁၀၀)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူအား ဆွမ်းဝအောင် လှူရတဲ့ အလှူက ပိုပြီး အကျိုးကြီးတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ဆွမ်းဝအောင် တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်းရတဲ့ အလှူဒါနထက် ဘုရားအမှူးရှိတဲ့သံဃာကို ဆွမ်းလှူဒါန်းရတဲ့ အကျိုးက ပိုပြီး အကျိုးကြီးတယ်။
ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးဟူသည်
အကျိုးကြီးတယ်ဆိုတာက ဘာပြောတာလဲ? လူချမ်းသာ အလိုရှိရင် ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ရနိုင်တယ်။ နတ်ချမ်းသာ အလိုရှိခဲ့ရင် ရနိုင်တယ်။ ဗြဟ္မာ့ချမ်းသာ အလိုရှိခဲ့ရင်လည်း စိတ်ထားနူးညံ့လာတဲ့အခါမှာ ဗြဟ္မာ့ပြည်ရောက်ကြောင်း စျာန်တွေကို ကြိုးစားအားထုတ်နိုင်ခဲ့ရင်လည်း ဗြဟ္မာ့ချမ်းသာကို ရနိုင်တယ်နော်။ အဲဒီလို ရနိုင်တာကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဒီလို သတ်မှတ်တယ်။ အဲဒီ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးနဲ့ ပတ်သက်ပြီး နည်းနည်းကလေးတော့ ထပ်ပြောဖို့ လိုလာတယ်နော်။
ဒကာကြီးတွေ လူ့လောကမှာ ကြည့်ပေါ့။ လူ့လောကမှာ လူတစ်ယောက် လာပြီဆိုလို့ရှိရင်တော့ ကျွေးချင်တဲ့, မွေးချင်တဲ့ပုဂ္ဂိုလ်တွေ၊ လှူချင် တန်းချင်တဲ့ ပုဂ္ဂိုလ်တွေ ပေါများတာနဲ့ ကျွေးမယ့်လူ မရှိ, မွေးမယ့်လူ မရှိ, လှူမယ့်လူ မရှိ, တန်းမယ့်လူ မရှိတဲ့ပုဂ္ဂိုလ်ဘဝ၊ အဲဒီ နှစ်ခု နှိုင်းယှဉ်ကြည့်လိုက်ရင် ဘယ်ဒင်းက ပိုကောင်းမလဲ? သံသရာခရီး ကျင်လည်ခိုက်နော်။ ဒီဘဝမှာ နိဗ္ဗာန်ရအောင် အပြတ်ချမယ်။ ရဟန္တာဖြစ်အောင်ကို ကြိုးစားမယ် ဆိုရင်တော့ ဒီဒါနတွေကို အဦးမူပြီးတော့ သိပ်ကြိုးစားနေဖို့ မလိုပါဘူး။ သံသရာခရီးဆိုတာက ရှိဦးမယ်၊ ရဟန္တာဖြစ်အောင်ကလည်း မကြိုးစားနိုင်သေးဘူးဆိုလို့ရှိရင်တော့ ဒါနရှင်နဲ့ ဒါနရှင် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ သံသရာခရီး ကျင်လည်တဲ့ အချိန်အခါမှာ ကွာဟချက် မရှိနိုင်ဘူးလား? ရှိတယ်။ ပုံစံတစ်ခု ပြောမယ်။
မဏ္ဍပဒါယိကာထေရီအလောင်းဖြစ်တဲ့ အမျိုးကောင်းသမီးဟာ ကောဏာဂုံဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ဘုရားရှင်ကို မဏ္ဍပ်တစ်ခု ဆောက်လုပ် လှူဒါန်းပြီးနောက် တိစီဝရိက်သင်္ကန်း (၃)ထည်နှင့် မွန်မြတ်သော ဆွမ်း-ခဲဖွယ်-ဘောဇဉ်တွေကိုလည်း လှူဒါန်းပူဇော်ခဲ့ဖူးတယ်။ ဤကဲ့သို့သော ကောင်းမှုကုသိုလ်ကို ဆည်းပူးခဲ့တဲ့အတွက် ဒီဒါနကနေပြီးတော့ အကျိုးပေး လိုက်တာ သံသရာခရီးတစ်လျှောက် ဘာတွေဖြစ်သလဲ? ---
ယံ ယံ ဇနပဒံ ယာမိ၊ နိဂမေ ရာဇဓာနိယော။
သဗ္ဗတ္ထ ပူဇိတော ဟောမိ၊ ပုညကမ္မဿိဒံ ဖလံ။ (ထေရီအပဒါန်၊၁၈၉။)
ဘယ်ရွာကို သွားမလဲ, ဘယ်မြို့ကို သွားမလဲ? သွားချင်တဲ့ရွာကို, သွားချင်တဲ့ မြို့ကို သွား။ အဲဒီနေရာတိုင်းမှာ ပူဇော်မယ့်ပုဂ္ဂိုလ်တွေကိုသာ အမြဲ တွေ့နေရတယ်တဲ့။ ကြွတော်မူပါ, စားတော်မူပါ, ဒီပစ္စည်းလေးကို အလှူခံတော်မူပါ, ဤသင်္ကန်းကို အလှူခံတော်မူပါ, ဤဆွမ်းကို အလှူခံတော်မူပါ, ဤကျောင်းကို အလှူခံတော်မူပါလို့ ပင့်ဖိတ်လှူဒါန်းမယ့် ပုဂ္ဂိုလ်တွေကသာလျှင် နေရာတကာမှာ အမြဲတမ်း ရှိနေတယ်။ ကျွေးမယ့်လူ မရှိတဲ့ဘဝ, မွေးမယ့်လူ မရှိတဲ့ဘဝနဲ့ တိုင်းတာလိုက်ရင်တော့ ထိုဘဝမျိုးကို ကောင်းတယ်လို့တော့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။ အကောင်းစားကြီးလို့ကော ပြောမလား? အကောင်းစားကြီးတော့ မပြောနိုင်ဘူး။ အိုနာသေရေး ဒုက္ခဘေးက မကင်းလို့ဘဲနော်။
သို့သော် သံသရာခရီး ကျင်လည်ရတဲ့အခါမှာဆိုလို့ရှိရင်တော့ ဒီဒါနဆိုတဲ့ ရွှေအိုးလေး ကပ်ပြီး ပါသွားမယ်ဆိုလို့ရှိရင်တော့ ရောက်လေရာဘဝမှာ ဆင်းရဲမှုဆိုတာ ဖြစ်နိုင်မလား? မဖြစ်နိုင်ဘူး။ တစ်ဖက်ကတော့ ကောင်းတယ်လို့တော့ ပြောတန်သလောက်တော့ ပြောနိုင်တယ်နော်။ ဒါပေမယ့်လို့ ဘုရားရှင်ကတော့ အကောင်းစားကြီးလို့ မချီးမွမ်းပါဘူး။
သံဃိကကျောင်းအလှူ
ကဲ - အဲဒီ ဘုရားအမှူးရှိတဲ့ သံဃာကို ဆွမ်းလှူရတဲ့ အလှူဒါနထက် အာဂတာနာဂတခေါ်တဲ့ အရပ် (၄)မျက်နှာမှလာတဲ့ သံဃာတော်ကို ရည်ညွှန်းပြီး သံဃိကကျောင်းကလေးတစ်ကျောင်း ဆောက်လုပ်ပြီး လှူဒါန်းရတဲ့ အလှူဒါနက ပိုပြီး ကြီးကျယ်တယ်။ ထိုသံဃိကကျောင်းသည် လေးတိုင်စင် ကျောင်းကလေး၊ ကျူထရံကာပြီးတော့ ဖက်မိုးထားတဲ့ ကျောင်းကလေး ဖြစ်ချင်ဖြစ်ပါစေ။ အဲဒီ ကျောင်းလှူရတဲ့ အလှူဒါနက ပိုပြီး အကျိုးကြီးတယ်။
ဘယ်လောက်ထိ အကျိုးကြီးလဲမေးရင် ထိုကျောင်းလှူထားတဲ့ အလှူရှင်သည် ဖြစ်လေရာဘဝမှာ သံသရာခရီး ကျင်လည်ရလို့ အမိဝမ်းတွင်းမှာ ပဋိသန္ဓေ တည်နေရမယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းနေတဲ့ အမိဝမ်းတွင်းသော်လည်း (၁၂)တောင်တိုက်ခန်းအတွင်းမှာ ဝင်ပြီး နေထိုင်ရသလို ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ ဒါ ကျောင်းလှူရတဲ့အကျိုး ဘယ်လောက်ကြီးတယ်ဆိုတာကို ဖော်ပြတဲ့ အကြောင်းအရာများစွာထဲက တစ်ခုသော အကျိုးပါ။
ဘုရားရှင်လက်ထက်တော်မှာ ရဟန္တာဖြစ်သွားတဲ့ အရှင်ဘဒ္ဒဇိမထေရ်ကို ကြည့်ပါ။ (ဒီ၊ဋ္ဌ၊၃၊၃၉-၄၀။) သူ့ရဲ့ ခမည်းတော်ကတော့ လာမယ့် အရိမေတ္တေယျ မြတ်စွာဘုရား သာသနာတော်မှာ သင်္ခအမည်ရှိတဲ့ စကြာမင်းကြီးဖြစ်မယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူတို့သားအဖ နှစ်ဦးဟာ ဘဝတစ်ခုမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားတစ်ဆူကို လေးတိုင်စင်ကျောင်းလေး, ကျူထရံကာထားတဲ့ ဖက်မိုး ကျောင်းကလေးတစ်ကျောင်း ဆောက်လုပ်ပြီး လှူဒါန်းခဲ့ဖူးကြတယ်။
အဲဒီကျောင်းကလေး ဆောက်လုပ်တဲ့အခါမှာ လိုအပ်တဲ့နေရာများမှာ အသုံးပြုတဲ့သစ်က ရေသဖန်းသားများ ဖြစ်ကြပါတယ်။ အရှင်ပစ္စေကဗုဒ္ဓါ ဘုရားရှင်အား ထိုကျောင်းကလေးမှာ သီတင်းသုံးစေတော်မူပြီးနောက် မိမိတို့ စွမ်းအားရှိသလောက် ပစ္စည်းလေးပါးတို့ဖြင့် ဆက်လက်ပြီး ပြုစုလုပ်ကျွေး ကြတယ်၊ လှူဒါန်းပူဇော်ကြတယ်။ ဒီနေ့ အလှူရှင်တွေ လှူဒါန်းပူဇော်တဲ့ ကျောင်းကတော့ ဒီသားအဖလှူတဲ့ ကျောင်းထက်တော့ များစွာ ပိုကောင်းတဲ့ သဘော ရှိပါတယ်။
ယခုလို ကောင်းမှုကုသိုလ်တွေကို ဆည်းပူးစုဆောင်းပြီးနောက် လူ့ဘဝမှ ကွယ်လွန်သွားကြတဲ့အခါ နတ်ပြည်နတ်လောကမှာ သွားပြီး နတ်သားတွေ ဖြစ်ကြတယ်။ အဲဒီသားအဖနှစ်ယောက်တို့အနက် ဖခင်ဖြစ်တဲ့ နတ်သားကတော့ နတ်ပြည်နတ်လောကမှာပဲ ဆက်လက်ပြီးတော့ တည်ရှိနေပါတယ်။ သားဖြစ်တဲ့ပုဂ္ဂိုလ်ကတော့ နတ်ပြည်နတ်လောကမှ စုတေပြီးနောက် သုရုစိမင်းရဲ့ သုမေဓာအမည်ရှိတဲ့ မိဖုရားကြီးရဲ့ ဝမ်းကြာတိုက်မှာ လာရောက်ကာ ပဋိသန္ဓေ ယူပြန်တယ်။ မဟာပနာဒ သတို့သားလို့ နာမည်ပေးထားကြတယ်။ နောက်ပိုင်းကာလ အရွယ်ရောက်လာတဲ့အခါမှာ မဟာပနာဒမင်းသားကို ထီးဖြူဆောင်းကာ အဘိသိက်သွန်းလောင်းလျက် မင်းမြှောက်ကြပါတယ်။
အဲဒီလို ရှင်ဘုရင်ဖြစ်သွားတဲ့အခါမှာ မဟာပနာဒမင်းရဲ့ အတိတ်က ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဖက်မိုး ကျူထရံကာ တဲကျောင်းကလေး ဆောက်လုပ်လှူဒါန်းခဲ့ရတဲ့ကုသိုလ် ပစ္စေကဗုဒ္ဓါဘုရားရှင်အား ပစ္စည်းလေးပါးတို့ဖြင့် စွမ်းအားရှိသလောက် လှူဒါန်းပူဇော်ခဲ့ရသည့် ကောင်းမှုကုသိုလ်၊ ဒီကုသိုလ် တွေရဲ့ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် သိကြားမင်းကြီးက ကြည့်မနေနိုင် ဖြစ်လာပြီ။ လက်ပိုက်ကာ ကြည့်မနေနိုင်တဲ့အတွက် ဝိသကြုံနတ်သားကို မဟာပနာဒမင်းအတွက် နန်းတော်ကြီးတစ်ခုကို တည်ဆောက် ဖန်ဆင်းပေးရန် အမိန့်တော်မြတ် သတ်မှတ်ပေးလိုက်ပါတယ်။ လူမင်း ဘုန်းကြီးက နတ်မင်းမနေသာတဲ့ ထုံးဟောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီနန်းတော်ကြီးကတော့ ရတနာ (၇)ပါးတို့ဖြင့် တည်ဆောက်ထားတဲ့ အထပ်ပေါင်း ရာနှင့်ချီရှိတဲ့ အလွန်မြင့်မားတဲ့ ပြာသာဒ်ကြီးတစ်ခု ဖြစ်ပါတယ်။ ယူဇနာနှင့်ချီပြီး အလွန် ကျယ်ဝန်းတဲ့ နန်းတော်ကြီး ဖြစ်ပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၄၀။)
မဟာပနာဒမင်းဟာ အသက်ထက်ဆုံး နန်းစည်းစိမ် ခံစားပြီးနောက် ကွယ်လွန်သွားတဲ့အခါ နတ်ပြည်သို့ ရောက်ရှိသွားပြန်တယ်။ နတ်ရွာစံပြန်တယ်။ မဟာပနာဒမင်းကြီး နတ်ရွာစံသွားပြီးနောက် မကြာမီအချိန်ကာလ အတွင်းမှာပဲ ဒီနန်းတော်ကြီးဟာ ဂင်္ဂါမြစ်ထဲ မျောသွားပါတယ်။ နောက်ပိုင်း ဂင်္ဂါမြစ်ထဲသို့ မြုပ်သွားပါတယ်။ ဒီနန်းတော်ကြီးရဲ့ ပင်မစောင်းတန်းဦးနှင့် မျက်နှာချင်းဆိုင်အရပ်ကတော့ ပယာဂဆိပ်ကမ်းမြို့ကလေး ဖြစ်ပါတယ်။ ပြာသာဒ်အထွတ်နှင့် မျက်နှာချင်းဆိုင်အရပ်ကတော့ ကောဋိဂါမရွာ ဖြစ်ပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၄၀။)
နောက်ပိုင်းကာလ ရောက်ရှိလာတဲ့အခါမှာ ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူလာတဲ့ အချိန်အခါမှာ ထို သားဖြစ်သူ နတ်သားက နတ်ပြည်မှ စုတေပြီးနောက် လူ့လောကမှာ ဘဒ္ဒဇိအမည်ရှိတဲ့ သူဌေးတစ်ဦး လာဖြစ်ပါတယ်။ နောက်ပိုင်းကာလမှာ ဘုရားရှင်၏ ထံတော်မှောက်မှာပဲ ရှင်ရဟန်းပြုကာ သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဖြည့်ကျင့်တော်မူသည့်အတွက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ပါတယ်။ (ဒီ၊ဋ္ဌ၊၃၊၄၀။)
တစ်ချိန်မှာ ဘုရားရှင်နှင့် အတူတကွ ရဟန်းသံဃာတော်များ ဂင်္ဂါမြစ်ကို လှေဖြင့် ဖြတ်ကူးတော်မူသည့်အခါ ဘဒ္ဒဇိမထေရ်လည်း ပါဝင်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ တိုက်တွန်းတော်မူချက်အရ အရှင်ဘဒ္ဒဇိမထေရ်က မိမိ မဟာပနာဒမင်းဖြစ်စဉ်က သိကြားမင်းကြီးရဲ့ အမိန့်အရ ဝိသကြုံနတ်သား ဖန်ဆင်း ပေးခဲ့တဲ့ ရတနာ (၇)ပါးတို့ဖြင့် ပြီးစီးနေတဲ့ ရွှေနန်းတော်ကြီးကို လှေဖြင့် တစ်ဖက်ကမ်းသို့ ကူးခတ်နေစဉ် ရဟန်းသံဃာတော်အား မိမိရဲ့ တန်ခိုးဖြင့် ထင်ရှားပြတော်မူခဲ့ဖူးပါတယ်။
ဘာကြောင့် ဒီနန်းတော်ကြီးက ဂင်္ဂါမြစ်ထဲမှာ ထင်ရှားရှိနေရပါသလဲလို့တော့ မေးစရာရှိတယ်။
ကသ္မာ ပနေသ ပါသာဒေါ န အန္တရဟိတောတိ? ဣတရဿ အာနုဘာဝါ။ (ဒီ၊ဋ္ဌ၊၃၊၄၀။)
ဘာကြောင့် ဒီနန်းတော်ကြီးဟာ မကွယ်ပျောက်ဘဲ တည်ရှိနေရပါသလဲ ဆိုရင် ဖခင်ဖြစ်သူရဲ့ ကောင်းမှုကုသိုလ်ဘုန်းကံကြောင့် မပျောက်ပျက်သေးဘဲ တည်ရှိနေခြင်း ဖြစ်တယ်။
အဲဒီ သားဖြစ်သူ ဘဒ္ဒဇိမထေရ်နှင့် တစ်ချိန်က ကောင်းမှုကုသိုလ် အတူ ပြုခဲ့တဲ့ ဖခင်ဖြစ်ခဲ့ဖူးသူ နတ်သားမှာ နတ်ပြည်နတ်လောကမှာ နတ်သား အဖြစ်နှင့် တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ထိုနတ်သားမှာ နောင်အနာဂတ် ကာလဝယ် အရိမေတ္တေယျဗုဒ္ဓမြတ်စွာ ပွင့်ထွန်းပေါ်ပေါက်တော်မူလာလတ္တံ့သော အချိန်အခါကာလမှာ သင်္ခအမည်ရှိသော စကြာရတနာပိုင်ရှင် ရှင်ဘုရင်ကြီးတစ်ဦး ဖြစ်လိမ့်မယ်။ အဲဒီအခါမှာ ထိုရှင်ဘုရင် အသုံးပြုဖို့ရန် အတွက် ထို နန်းတော်ပြာသာဒ်ကြီးသည် ဂင်္ဂါမြစ်အတွင်းမှ ကြည်းကုန်းထက်သို့ ပေါ်တက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနန်းတော်ပြာသာဒ်ကြီးက မကွယ်ပျောက်သေးခြင်းပဲ ဖြစ်ပါတယ်။ (ဒီ၊၃၊၆၂။ ဒီ၊ဋ္ဌ၊၃၊၄၀။)
သို့သော် ဒီသင်္ခစကြာမင်းကြီးဟာ ဒီနန်းတော်ကြီးကို ကြာရှည်စွာ အသုံး ပြုပြီးတော့ ထီးနန်းကို စိုးစံနေမှာတော့ မဟုတ်ပါဘူး။ ဒီနန်းတော်ကြီးမှာ ရှင်ဘုရင်အဖြစ်နှင့် ထီးဖြူတော်ကို ဆောင်းပြီးနောက် မကြာမီကာလအတွင်းမှာပဲ ဒီရတနာ (၇)ပါးတို့ဖြင့် ပြီးတဲ့ ရွှေနန်းတော်ကြီးကို ထုခွဲကာ သမဏ, ဗြာဟ္မဏ, အထီးကျန်လူမွဲ, ဖုန်းတောင်းယာစကာတို့အား လှူဒါန်းပြီးနောက် အရိမေတ္တေယျဘုရားရှင်၏ မျက်မှောက်တော်ဝယ် ဆံမုတ်ဆိတ်တို့ကို ရိတ်ဖြတ်ပြီးနောက် ဖန်ရည်စွန်းတဲ့ အဝတ်သင်္ကန်းတို့ကို ဝတ်ရုံဆင်မြန်းကာ အိမ်ရာတည်ထောင်သည့် လူ့ဘောင်ကို စွန့်ခွာလျက် အိမ်ရာမထောင်သည့် ရဟန်းဘောင်သို့ ဝင်ရောက်ကာ ရှင်ရဟန်းပြုပေလိမ့်မယ်။ ရှင်ရဟန်းပြုပြီးတော့ ဘာတွေလုပ်မလဲ? ဒီလို ရှင်ရဟန်းပြုပြီးနောက် အဖော်မမှီး တစ်ယောက်ထီးတည်း ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် သမထ-ဝိပဿနာ အစဖြာသည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းဖြစ်တဲ့ ကုသိုလ်တရားတွေမှာ မမေ့မလျော့ခြင်း အပ္ပမာဒတရား လက်ကိုင်ထားပြီးတော့ နေလိမ့်မယ်။ ကိလေသာတွေကို ပူပန်စေတတ် လောင်ကျွမ်းစေတတ်တဲ့ သမ္မပ္ပဓာန် လုံ့လဝီရိယ ခြံရံပြီးတော့ သမထ-ဝိပဿနာဘာဝနာတွေကို အပြင်းအထန် ကြိုးစားအားထုတ်လိမ့်မယ်။ ဒီလိုအားထုတ်တဲ့အပိုင်းမှာလည်း မိမိရဲ့ စိတ်ကို နိဗ္ဗာန်ဘက်သို့ အမြဲတမ်း စေလွှတ်ထားပြီး, တစ်နည်းပြောရရင်တော့ နိဗ္ဗာန် ရောက်ကြောင်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စိတ်ကို အမြဲတမ်း စေလွှတ်ထားပြီး အားထုတ်လိမ့်မယ်။ ဒီလိုစေလွှတ်ပြီးတော့ သာသနာတော်မှာ နေထိုင်လိုက်တာ မကြာမီအချိန်ကာလအတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားမှာ ဖြစ်ပါလိမ့်မယ်။ (ဒီ၊၃၊၆၄။)
စိတ်ဓာတ်၏ စွမ်းအား
ဒီကြီးကျယ်ခမ်းနားလှတဲ့ မြင့်မားလှတဲ့ ရတနာ (၇)ပါးတို့ဖြင့် စီခြယ်ထားတဲ့ ဒီရွှေနန်းတော်ကြီးကို ဒီသင်္ခစကြာမင်းကြီးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းဖြင့် ထုခွဲပြီးတော့ အလွှာအသီးအသီးမှာ တည်ရှိတဲ့ အလှူခံ ပုဂ္ဂိုလ်တွေကို လှူဒါန်းမှာလဲလို့တော့ မေးစရာရှိတယ်။
ဧဝံ ကိရဿ စိတ္တံ ဥပ္ပဇ္ဇိဿတိ အယံ ပါသာဒေါ ဝိပ္ပကိရိယတူတိ။ သော ခဏ္ဍခဏ္ဍသော ဝိပ္ပကိရိဿတိ။ (ဒီ၊ဋ္ဌ၊၃၊၄၁။)
သင်္ခစကြာမင်းကြီးရဲ့ သန္တာန်မှာ --- ဤနန်းပြာသာဒ်ကြီးသည် အစိတ်စိတ် အမြွှာမြွှာ ကွဲပြိုပါစေသတည်းဆိုတဲ့ စိတ်ထား ဖြစ်ပေါ်လာပေလိမ့်မယ်။ ဒီလို စိတ်ဓာတ်ရဲ့ စွမ်းအားကြောင့် ဒီနန်းတော်ကြီးဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ အလွှာအသီးအသီးမှာ တည်ရှိနေတဲ့ အလှူခံပုဂ္ဂိုလ် များထိုထိုတို့အား အလိုရှိသလို ပေးလှူပြီးနောက် ရှင်ရဟန်း ပြုမှာ ဖြစ်ပါတယ်။ ဒီအလှူခံပုဂ္ဂိုလ်တွေထဲမှာ သမဏအမည်ရတဲ့ သူတော်ကောင်း ရဟန်းတော်တွေလည်း ပါဝင်ကြပါတယ်။ အထူးသဖြင့် အရိမေတ္တေယျဘုရားရှင်၏ သာသနာတော်မှာ များစွာ စွန့်လွှတ်လှူဒါန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖက်မိုး ကျူထရံကာကျောင်းကလေးကို လှူရလို့ စိတ်ထဲမှာ သိပ် ဝမ်းနည်းနေဖို့ မလိုပါဘူး။ အလှူခံပုဂ္ဂိုလ်ဘက်ကလည်း သီလရှိခြင်းစတဲ့ ဂုဏ်တွေနှင့် ပြည့်စုံလို့ အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်က ရှိသင့်တဲ့ သီလရှိခြင်းစတဲ့ အင်္ဂါရပ်တွေနှင့် ပြည့်စုံမယ်ဆိုရင် အကျိုးတရားတွေဟာ များစွာ ပွင့်လန်းနေမှာ ဖြစ်တယ်။
ဒီလို စကြာမင်းကြီးရဲ့ ရွှေနန်းစည်းစိမ်နဲ့ သူတို့သားအဖတွေ အရှင်ပစ္စေကဗုဒ္ဓဘုရားရှင်အား စွန့်လွှတ်လှူဒါန်းပူဇော်ခဲ့တဲ့ ဖက်မိုးထားတဲ့ ကျူထရံကာထားတဲ့ ကျောင်းကလေးနဲ့ တိုင်းတာနှိုင်းစာကြည့်လိုက်မယ်ဆိုရင်တော့ မျှတပါ့မလား? မမျှတဘူးနော်။ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးပေးပုံကို သဘောပေါက်စေချင်လို့ ဒီဝတ္ထုဇာတ်ကြောင်းကို ပြောနေခြင်းပဲ ဖြစ်ပါတယ်။သို့သော် ဒီအကျိုးတရားတွေဟာ အကောင်းစားကြီးလားလို့ မေးရင်တော့ အကောင်းစားကြီးတော့ မဟုတ်သေးဘူး။ ဘာကြောင့်လဲ? အို-နာ-သေရေး ဒုက္ခဘေးတွေမှ မလွတ်မြောက်သေးသောကြောင့်ပဲ ဖြစ်ပါတယ်။
သို့သော် သူတို့သားအဖတွေဟာ ဖက်မိုးထားတဲ့ ကျူထရံကာတဲကျောင်း ကလေးကို အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်အား ဆောက်လုပ်လှူဒါန်းပူဇော်တဲ့ အခါမှာ အရှင်ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကဲ့သို့ သံသရာဝဋ်မှ ထွက်မြောက်လိုတဲ့ ဦးတည်ချက်လည်း ရှိခဲ့ပုံတော့ ပေါ်ပါတယ်။ ဒါကြောင့် သားဖြစ်သူက ဘုန်းကြီးတို့ရဲ့ ဂေါတမဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာပဲ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း အရိမေတ္တေယျဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က စက္ကဝတ္တိသုတ္တန်မှာ ဖခင်ဖြစ်သူ သင်္ခ စကြာမင်းကြီး ရဟန္တာဖြစ်သွားမှုကို အကြောင်းပြုကာ ရဟန်းတော်တို့ကို အောက်ပါအတိုင်း တိုက်တွန်း ဆုံးမထားတော်မူခဲ့ပါတယ်။ ---
အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ အတ္တသရဏာ အနညသရဏာ၊ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ။ (ဒီ၊၃၊၆၄။)
= ရဟန်းတို့ ... မိမိလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ။ မိမိလျှင် ပုန်းအောင်းလဲလျောင်းရာ ရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ။ သူတစ်ပါးတို့အား ကိုးစားယုံကြည်မှု မပြုဘဲ မမှီခိုဘဲ သာသနာတော်မှာ နေထိုင်ကြပါ။
ဓမ္မကိုသာလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍, ဓမ္မလျှင် ပုန်းအောင်းလဲလျောင်းရာ ရှိသည်ဖြစ်၍, ဓမ္မမှတစ်ပါး အခြားမှီခိုအားထားရာ မရှိသည်ဖြစ်၍ သာသနာတော်မှာ နေထိုင်ကြပါ စသည်ဖြင့် တိုက်တွန်းထားတော်မူပါတယ်။ (ဒီ၊၃၊၆၄။)
အို-နာ-သေရေး ဒုက္ခဘေး အဝဝတို့မှ လွတ်မြောက်ရေးအတွက် ဓမ္မကိုသာ မှီခိုအားထားရမှာ ဖြစ်တယ်။ ဒီနေရာမှာ --- အတ္တ = မိမိဆိုတာက ဘာလဲ? ဓမ္မဆိုတာက ဘာလဲလို့ မေးစရာ ရှိပါတယ်။
ကော ပနေတ္ထ အတ္တာ နာမ၊ လောကိယလောကုတ္တရော ဓမ္မော။ တေနာဟ -- ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာတိ။ (ဒီ၊ဋ္ဌ၊၃၊၃၀။)
ဒီနေရာမှာ အတ္တ = မိမိ --- ဆိုတာက ဓမ္မကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ အဓိပ္ပာယ်အယူအဆ လွဲမှားသွားမှာစိုးလို့ ဘုရားရှင်က အတ္တဒီပါစသည်ဖြင့် ဟောတော်မူပြီးနောက် ဓမ္မဒီပါစသည်ဖြင့် ဆက်လက် ဟောကြားတော်မူခြင်း ဖြစ်ပါတယ်။ ဒီလိုဆိုလျှင် ဓမ္မဆိုတာက ဘာလဲလို့ မေးစရာ ရှိပါတယ်။ အဋ္ဌကထာက --- စက္ကဝတ္တိသုတ္တန်ပါဠိတော် (၆၄) စသည်၌ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သတိပဋ္ဌာန်လေးပါး အစဉ်ပွားလျက် နေထိုင်ပုံနည်းစနစ်ကို ဓမ္မလျှင် ကိုးကွယ်အားထားရာ ရှိသည်ဖြစ်၍ နေထိုင်သည်မည်ကြောင်း အဆို အမိန့်အတိုင်း --- လောကိယဓမ္မနှင့် လောကုတ္တရဓမ္မတွေကို ဓမ္မလို့ ခေါ်ဆိုပါတယ်လို့ ဖွင့်ဆိုထားပါတယ်။
တစ်နည်းပြောရရင်တော့ သတိပဋ္ဌာန်လေးပါးစတဲ့ ဗောဓိပက္ခိယတရားတွေကို ဆိုလိုပါတယ်။ အဲဒီ ဗောဓိပက္ခိယတရားတွေကို အဆီညှစ်ထုတ်ယူလိုက်တဲ့အခါ ဓမ္မဆိုတာ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေပဲ ဖြစ်ကြပါတယ်။ လောကီမဂ္ဂင်တရား, လောကုတ္တရာမဂ္ဂင်တရားတွေဟာ ဓမ္မတွေ ဖြစ်ကြပါတယ်။
ဒီမဂ္ဂင် (၈)ပါးကို အကျဉ်းထပ်ချုပ်လိုက်တော့ ---
၁။ သမ္မာဝါစာ = မှန်တဲ့စကားကို ပြောဆိုိခြင်း၊
၂။ သမ္မာကမ္မန္တ = မှန်တဲ့အလုပ်ကို ပြုလုပ်ခြင်း၊
၃။ သမ္မာအာဇီဝ = မှန်တဲ့အသက်မွေးမှုရှိခြင်း၊
ဒီမဂ္ဂင်သုံးမျိုးတို့က သီလမဂ္ဂင်တွေ ဖြစ်ကြပါတယ်။ ဒီတော့ သီလဆိုတဲ့ ဓမ္မကို မှီခိုအားထားပြီးတော့ သာသနာတော်မှာ နေထိုင်ကြပါလို့ ဆိုလိုပါတယ်။
၄။ သမ္မာဝါယာမ = မှန်တဲ့အားထုတ်ခြင်း၊
၅။ သမ္မာသတိ = မှန်တဲ့အမှတ်ရခြင်း၊
၆။ သမ္မာသမာဓိ = မှန်တဲ့သမာဓိ၊
ဒီမဂ္ဂင် (၃)ပါးကတော့ သမာဓိမဂ္ဂင် (၃)ပါးပဲ ဖြစ်ကြပါတယ်။ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးတို့ ဖြစ်ကြပါတယ်။ ဒီသမာဓိမဂ္ဂင်ဆိုတဲ့ စျာန်သမာပတ် စျာန်သမာဓိတွေကိုလည်း ပွားများပြီးတော့ ဒီသာသနာတော်မှာ နေထိုင်ကြပါလို့ ဆိုလိုပါတယ်။
၇။ သမ္မာဒိဋ္ဌိ = သစ္စာလေးပါးကို သိတဲ့ဉာဏ်။
၈။ သမ္မာသင်္ကပ္ပ = သစ္စာလေးပါးအာရုံစသည်ပေါ်သို့ စိတ်ကို ရှေးရှူ တင်ပေးခြင်းသဘော ---
ဒီမဂ္ဂင် (၂)ပါးကတော့ ပညာမဂ္ဂင်နှစ်ပါး ဖြစ်ကြပါတယ်။ သင်ရဟန်းတို့ တစ်တွေဟာ ဒီသာသနာတော်မှာ သီလကို ဖြူစင်အောင် ဆေးကြော သုတ်သင်ပြီးနောက် ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိတို့ကို ဝိပဿနာ၏ အခြေပါဒကအဖြစ် ထူထောင်လျက် သစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပြီး နေထိုင်ကြပါလို့ ဘုရားရှင်က ဆက်လက် တိုက်တွန်းထားတော်မူပါတယ်။
ဒီလို သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် ကာယ - ဝေဒနာ - စိတ္တ - ဓမ္မ အမည်ရတဲ့ သတိပဋ္ဌာန်တရား (၄)ပါးတို့ကို အစဉ်အတိုင်း အရဟတ္တဖိုလ်ပေါက် ပွားများအားထုတ်ပြီး နေထိုင်ရန် ဘုရားရှင်က စက္ကဝတ္တိသုတ္တန် (ဒီ၊၃၊၆၄။)မှာ ဆက်လက် တိုက်တွန်းထားတော်မူပါတယ်။
ဘုန်းကြီးကလည်း အလားတူပဲ ဓမ္မကိုသာ မှီခိုအားထားပြီး နေထိုင်ကြရန် ကျောင်းဒါယကာ ဒါယိကာမ, ဆွမ်းဒါယကာ ဒါယိကာမတွေကို ထပ်မံ တိုက်တွန်းအပ်ပါတယ်။
ယခုလို ဒါနကြောင့် ရရှိလာတဲ့ စကြဝတေးမင်း စည်းစိမ်ပင် ဖြစ်ပေမယ့်လို့ အို-နာ-သေရေး ဒုက္ခဘေးမှ မကင်းသေးတဲ့အတွက် ဝေလာမသုတ္တန်မှာ ဘုရားရှင်က ဘယ်လို ဆက်ပြီး ဟောတော်မူသလဲ?
အဆင့်ဆင့် အကျိုးကြီးပုံ
အို-နာ-သေရေး ဒုက္ခဘေးမှ မကင်းတဲ့အတွက် မြတ်စွာဘုရားက ဒီဒါနထက်ကို သရဏဂုံ ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က ပိုပြီး အကျိုးကြီးတယ်လို့ ဟောတော်မူပြန်တယ်။ စာတုဒ္ဒိသာကျောင်းတစ်ကျောင်း ဆောက်လုပ် လှူဒါန်းတဲ့ဒါနထက် ဘာဖြစ်လို့ သရဏဂုံက အကျိုးကြီးရသလဲလို့မေးတော့ သရဏဂုံ ဆောက်တည်တယ်ဆိုတာက ဘုရား, တရား, သံဃာခေါ်တဲ့ ရတနာ (၃)ပါးကို မိမိတို့ရဲ့ ကိုယ်အသက်ကို ငဲ့ကွက်ခြင်း မရှိဘဲ စွန့်လွှတ် လှူဒါန်းတဲ့လုပ်ငန်း။ ပြင်ပပစ္စည်းဝတ္ထုကို လှူဒါန်းတဲ့ လုပ်ငန်းနှင့် အသက်ကို လှူဒါန်းတဲ့လုပ်ငန်း၊ ဒီနှစ်ခု တိုင်းတာနှိုင်းစာလိုက်ရင် အသက်ကို လှူဒါန်းတဲ့လုပ်ငန်းက ပိုပြီး အကျိုးမကြီးနိုင်ဘူးလား? အကျိုးကြီးတယ်။
သို့သော် အဲဒီ သရဏဂုံ ဆောက်တည်ကျင့်သုံးတဲ့ ကုသိုလ်ထက်ကို (၅)ပါးသီလ ဆောက်တည်ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။ ဒါနကံနှင့် သီလကံ၊ ဒီနှစ်ခု တိုင်းတာလိုက်ရင် သီလက ပိုပြီး စင်ကြယ်ခဲ့သော် ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ပေးတယ်။ ဘာကြောင့်လဲ? သတ္တဝါအားလုံးကို အဘယဒါနခေါ်တဲ့ ဘေးမဲ့အလှူဒါနကြီး ပေးလှူနေသောကြောင့် ဖြစ်တယ်။ အဲဒီ ဒါန, သီလထက်ကို အဆင့်မြင့်တဲ့ကောင်းမှု မရှိတော့ဘူးလားမေးတော့မှ ဘုရားရှင်က ဆက်ပြီးတော့ ဒီဒါန, (၅)ပါးသီလထက်ကို ပိုပြီး အကျိုးကြီးတာကတော့ မနက်မှာ နွားနို့တစ်ညှစ်ခန့်, နေ့လယ်မှာ နွားနို့တစ်ညှစ်ခန့်, ညနေမှာ နွားနို့တစ်ညှစ်ခန့်လောက် မေတ္တာစျာန်တွေ ဝင်စားခဲ့မယ်ဆိုရင်တော့ ထိုမေတ္တာစျာန်ဝင်စားနေတဲ့ကုသိုလ်က ပိုပြီး အကျိုးကြီးတယ်လို့ ဝေလာမသုတ္တန်များမှာ ဟောထားတော်မူပါတယ်နော်။ ဘာဖြစ်လို့လဲ?
ခုနက ဒါနကြောင့်, သီလကြောင့် ရောက်နိုင်တဲ့ ဘုံဘဝကို တိုင်းတာကြည့်လိုက်ရင် လူ့ချမ်းသာနဲ့ နတ်ချမ်းသာပဲ ရှိတယ်။ မေတ္တာစျာန်ဝင်စားလို့ ဒီမေတ္တာစျာန်တွေ မလျောကျဘဲနဲ့ ဘဝကို အဆုံးသတ်ခဲ့ရင် ထိုမေတ္တာစျာန်ကြောင့် ရနိုင်တဲ့ဘဝက ဗြဟ္မာ့ချမ်းသာ ဖြစ်တယ်။ လူ့ချမ်းသာ, နတ်ချမ်းသာနဲ့ ဗြဟ္မာ့ချမ်းသာ တိုင်းတာလိုက်ရင်တော့ နှိုင်းစာလို့ ရနိုင်ပါ့မလား? မရနိုင်ဘူး။ သက်တမ်းအားဖြင့်လည်း နှိုင်းစာလို့ မရဘူး။ ချမ်းသာစည်းစိမ်အားဖြင့်လည်း နှိုင်းစာလို့ မရတဲ့အတွက် ဗြဟ္မာ့ချမ်းသာကတော့ ပိုပြီး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိတယ်၊ ကြီးကျယ်တယ်နော်။
သို့သော် ဒီထက်ကောင်းတဲ့ ကြီးကျယ်တဲ့ အကျိုးရှိတဲ့ ကုသိုလ် မရှိတော့ဘူးလားလို့မေးတော့ - အဲဒီ အချိန်အခါမှာ မြတ်စွာဘုရားက နောက်ဆုံး ဆက်ဟောတာကတော့ ---
ယော စ အစ္ဆရာသံဃာတမတ္တမ္ပိ အနိစ္စသညံ ဘာဝေယျ၊ ဣဒံ တတော မဟပ္ဖလတရန္တိ။ (အံ၊၃၊၁၉၇။)
ထိုမေတ္တာစျာန်ကို ပွားများသည်ထက် အနိစ္စသညာဆိုတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို လက်ဖျစ်တစ်တွက်ခန့်လောက် ပွားများခဲ့မယ်ဆိုရင် ထိုဝိပဿနာဘာဝနာကမ္မဋ္ဌာန်း ပွားများနေတဲ့ ကုသိုလ်က ပိုပြီး ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဟောကြားတော်မူပါတယ်။
သို့သော် ဒီနေရာမှာ ဆိုလိုတဲ့ အနိစ္စသညာကတော့ ဘယ်လို သညာမျိုးလဲ?
အနိစ္စသညန္တိ မဂ္ဂဿ အနန္တရပစ္စယဘာဝေန သိခါပတ္တဗလဝဝိပဿနံ။ (အံ၊ဋ္ဌ၊၃၊၂၇၂။)
ဒီနေရာမှာ အနိစ္စသညာဆိုတာက အရိယမဂ်ဉာဏ်ကို မိမိ အနိစ္စသညာ ဆိုတဲ့ ဝိပဿနာနောင် ဖြစ်ပေါ်နိုင်လောက်အောင် အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်တဲ့ စွမ်းအင်အပြည့်အဝရှိနေတဲ့ အထွတ်အထိပ်သို့ ရောက်နေတဲ့ အားကောင်းမောင်းသန်တဲ့ ဝိပဿနာဉာဏ်ကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ ဖြစ်ခါစ ဝိပဿနာမျိုးကိုတော့ မဆိုလိုပါဘူး။ ဒီဝေလာမသုတ္တန်အရ ပြန်ပြီး အကျဉ်းချုပ် ပြောမယ်ဆိုရင် --
၁။ ဒါနအမျိုးမျိုးထက် သရဏဂုံဆောက်တည် ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။ သို့သော် ဒီနေရာမှာ ---
သရဏံ ဂစ္ဆေယျာတိ ဧတ္ထ မဂ္ဂေနာဂတံ အနိဝတ္တနသရဏံ အဓိပ္ပေတံ။ အပရေ ပနာဟု -- အတ္တာနံ နိယျာဒေတွာ ဒိန္နတ္တာ သရဏာဂမနံ တတော မဟပ္ဖလတရန္တိ ဝုတ္တံ။ (အံ၊ဋ္ဌ၊၃၊၂၇၂။)
သရဏဂုံ ဆောက်တည်ကျင့်သုံးတယ်ဆိုတာက အရိယမဂ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာတဲ့, ပုထုဇန်ဘဝသို့ နောက်ကြောင်းတစ်ဖန် ပြန်လည် ဆုတ်နစ်ခြင်းသဘောမရှိတဲ့ လောကုတ္တရသရဏဂုံတည်ခြင်းကို ဆိုလိုရင်း ဖြစ်ပါတယ်လို့ ပထမတစ်နည်း ဖွင့်ဆိုထားတော်မူတယ်။
သို့သော် အပရေဆရာတို့ကတော့ မိမိကိုယ်ကို ရတနာသုံးပါးတို့အား အပ်နှင်းလှူဒါန်းကာ အသက်ကိုပင် စွန့်လွှတ်လှူဒါန်းတဲ့အတွက်ကြောင့် သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းက ထိုဒါနအမျိုးမျိုးထက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိတယ်လို့ ဆိုကြပြန်တယ်လို့ အဋ္ဌကထာက ဝါဒကွဲတစ်ခုကိုလည်း ထပ်မံ ဖွင့်ဆိုထားပါတယ်။
၂။ သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းထက် ငါးပါးသီလ ဆောက်တည် ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်။ သို့သော် ဒီနေရာမှာလည်း ဆိုလိုတဲ့ ငါးပါးသီလက ---
သီလမ္ပိ မဂ္ဂေန အာဂတံ အနိဝတ္တနသီလမေဝ ကထိတံ။ အပရေ ပနာဟု --- သဗ္ဗသတ္တာနံ အဘယဒါနဿ ဒိန္နတ္တာ သီလံ တတော မဟပ္ဖလတရန္တိ ဝုတ္တံ။ (အံ၊ဋ္ဌ၊၃၊၂၇၂။)
အရိယမဂ်ကြောင့် ဖြစ်ပေါ်လာတဲ့, ပုထုဇန်သီလဆိုတဲ့ နောက်ကြောင်းသို့ တစ်ဖန် ပြန်လည် ဆုတ်နစ်ခြင်းသဘောမရှိတဲ့ လောကုတ္တရသီလကိုသာ ဆိုလိုရင်းဖြစ်ပါတယ်လို့ ပထမတစ်နည်း ဖွင့်ဆိုထားတယ်။
သို့သော် အပရေဆရာတို့ကတော့ သတ္တဝါအားလုံးတို့ကို ဘေးမဲ့အလှူကြီး ပေးလှူနေတဲ့အတွက် သရဏဂုံ ဆောက်တည်ကျင့်သုံးခြင်းထက် ငါးပါးသီလကို ဆောက်တည်ကျင့်သုံးခြင်းက ပိုပြီး အကျိုးကြီးတယ်လို့လည်း ဆိုကြပြန်တယ်။
၃။ သီလကို ဆောက်တည်ကျင့်သုံးခြင်းထက် မေတ္တာစျာန်ကို ဝင်စားကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေခြင်းက ပိုပြီးတော့ ကြီးကျယ် ဖွံ့ဖြိုး များမြတ်တဲ့အကျိုး ရှိတယ်။
၄။ မေတ္တာစျာန်ကို ဝင်စားခြင်းထက် အထွတ်အထိပ်သို့ ရောက်အောင် ပွားများထားတဲ့ အနိစ္စသညာစတဲ့ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းက ပိုပြီး အကျိုးကြီးတယ်။ မသေရာ အမြိုက်နိဗ္ဗာန်သို့ ဆိုက်ရောက်သွားသောကြောင့် မျက်မှောက်ပြုလျက် နေထိုင်နိုင်သောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျောင်းဒကာ ဒကာမတွေလည်း ဒါန, သီလလောက်နဲ့ ရပ်တည်မနေဘဲ သမထ-ဝိပဿနာဘာဝနာတွေကို အောင်အောင်မြင်မြင် ပွားများနိုင်သည့်အဆင့်အထိ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။
ဘုရားရှင်ကလည်း ခုဟောနေဆဲဖြစ်တဲ့ ဝစ္ဆဂေါတ္တသုတ္တန်မှာ ဂါထာ (၉)ဂါထာတို့ဖြင့် ဆက်လက်ပြီး တိုက်တွန်းထားတော်မူပါတယ်။ ---
၁။ ဣတိ ကဏှာသု သေတာသု၊ ရောဟိဏီသု ဟရီသု ဝါ။
ကမ္မာသာသု သရူပါသု၊ ဂေါသု ပါရေဝတာသု ဝါ။
၂။ ယာသု ကာသုစိ ဧတာသု၊ ဒန္တော ဇာယတိ ပုင်္ဂဝေါ။
ဓောရယှော ဗလသမ္ပန္နော၊ ကလျာဏဇဝနိက္ကမော။
တမေဝ ဘာရေ ယုဉ္ဇန္တိ၊ နာဿ ဝဏ္ဏံ ပရိက္ခရေ။ (အံ၊၁၊၁၆၂။)
ဒီဂါထာတွေရဲ့ ဆိုလိုရင်းသဘောတရားကိုပဲ ပြောကြရအောင် ---
နွားတွေကို ကြည့်လိုက်မယ်ဆိုရင် အရောင်အဆင်းတွေ တူညီနေကြတဲ့ နွားတွေ ရှိကြတယ်။ နွားနက်တွေလည်း ရှိကြတယ်၊ နွားဖြူတွေလည်း ရှိကြတယ်၊ နွားနီတွေလည်း ရှိကြတယ်၊ နွားပြာစိမ်းတွေလည်း ရှိကြတယ်၊ နွားကျားတွေလည်း ရှိကြတယ်၊ ခိုပြာရောင်နွားတွေလည်း ရှိကြတယ်။ အဲဒီ နွားအုပ်စု အမျိုးမျိုးတွေထဲက ဘယ်နွားအုပ်စုကိုမဆို ကြည့်လိုက်ပါ။ ရှေ့ဆောင် နွားလားဥသဘကြီး တစ်ကောင်ကောင်တော့ ရှိတတ်တယ်။ ဒီရှေ့ဆောင် နွားလားဥသဘကြီးက ယဉ်လည်း ယဉ်ကျေးတယ်၊ ဝန်ကိုလည်း ကောင်းစွာ ဆောင်နိုင်တယ်၊ ခွန်အားနှင့်လည်း ပြည့်စုံတယ်၊ လမ်းခရီးသွားပြီဆိုရင်လည်း ဖြောင့်ဖြောင့်မတ်မတ် လျင်လျင်မြန်မြန် သွက်သွက်လက်လက် သွားတတ်တယ်။ နွားပိုင်ရှင်တွေက များသောအားဖြင့် ဒီလိုနွားလားဥသဘကြီးမျိုးကိုသာ ဝန်ကို အဆောင်ခိုင်းကြတယ်။ ဒီနွားကြီးက ဖြူသလား, နီသလား စသည်ဖြင့် အရောင်အဆင်းကို ဘယ်တော့မှ မစူးစမ်း မဆင်ခြင်ကြဘူး။ အရည်အချင်းကိုသာ စူးစမ်း ဆင်ခြင်ကြတယ်။ --- ဒါကတော့ ဥပမာစကားရပ်ပဲ။ ဒီဥပမာကို စံထားပြီး အလှူဒါနပွဲ ကျင်းပတဲ့အခါ အလှူခံပုဂ္ဂိုလ်နှင့်ပတ်သက်လို့ စိတ်ထား တတ်ဖို့ရန် ဘုရားရှင်က ဆက်လက် ဟောကြားတော်မူပြန်တယ်။ ဘယ်လို ဟောတော်မူသလဲ?
၃။ ဧဝမေဝံ မနုေဿသု၊ ယသ္မိံ ကသ္မိဉ္စိ ဇာတိယေ။
ခတ္တိယေ ဗြာဟ္မဏေ ဝေေဿ၊ သုဒ္ဒေ စဏ္ဍာလပုက္ကုသေ။
၄။ ယာသု ကာသုစိ ဧတာသု၊ ဒန္တော ဇာယတိ သုဗ္ဗတော။
ဓမ္မဋ္ဌော သီလသမ္ပန္နော၊ သစ္စဝါဒီ ဟိရီမနော။
၅။ ပဟီနဇာတိမရဏော၊ ဗြဟ္မစရိယဿ ကေဝလီ။
ပန္နဘာရော ဝိသံယုတ္တော၊ ကတကိစ္စော အနာသဝေါ။
၆။ ပါရဂူ သဗ္ဗဓမ္မာနံ၊ အနုပါဒါယ နိဗ္ဗုတော။
တသ္မိံ ယေဝ ဝိရဇေ ခေတ္တေ၊ ဝိပုလာ ဟောတိ ဒက္ခိဏာ။ (အံ၊၁၊၁၆၂။)
ဒီဥပမာအတိုင်းပဲ --- လောကမှာ မင်းမျိုးတွေလည်း ရှိကြတယ်၊ ပုဏ္ဏားမျိုးတွေလည်း ရှိကြတယ်၊ ကုန်သည်မျိုးတွေလည်း ရှိကြတယ်၊ ဒွန်းစဏ္ဍားမျိုးတွေလည်း ရှိကြတယ်၊ ပန်းမှိုက်သွန်မျိုးတွေလည်း ရှိကြတယ်၊ မစင်ဘင်ကြုံးသမားတွေလည်း ရှိကြတယ်။ ဒီလို အမျိုးဇာတ် အမျိုးမျိုးရှိကြတဲ့ လူသားတွေထဲမှာ ဘယ်သူပဲဖြစ်ဖြစ် ဘယ်အမျိုးဇာတ်က လူသားပဲဖြစ်ဖြစ် အဲဒီ လူသားတစ်ဦးကို ကြည့်လိုက်တဲ့အခါ ဒီလူသားဟာ ယဉ်ကျေးတယ်၊ ကိုယ်ကျင့်သီလတွေက ဖြူစင်မြင့်မြတ်တဲ့အတွက် အကျင့်ကောင်းတယ်။ ကိုယ်ကျင့် သီလနှင့် ပြည့်စုံတယ်၊ ကာယကံတွေက ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့နူးညံ့တယ်။ ဝစီကံတွေက ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့နူးညံ့တယ်။ မနောကံတွေကလည်း ဖြူစင်ဖြောင့်မတ်တယ်၊ သိမ်မွေ့ နူးညံ့တယ်။ ဓမ္မခေါ်တဲ့ တရား လမ်းကြောင်းပေါ်မှာ အမြဲတမ်း ရပ်တည်နေတယ်။ အမှန်ကိုသာ အမြဲတမ်း ပြောဆိုလေ့ရှိတယ်၊ မကောင်းမှုအကုသိုလ်တရား ဒုစရိုက်တရားတွေမှ ရှက်တတ် ကြောက်တတ်တယ်။ ရှက်တတ် ကြောက်တတ်တဲ့ စိတ်ထားရှိတယ်။ ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းသဘောကို ပယ်ထားပြီး ဖြစ်တယ်၊ လေးပါးသော မဂ်ဉာဏ် လေးပါးသော ဖိုလ်ဉာဏ်ဆိုတဲ့ မွန်မြတ်သော ကျင့်စဉ်အားလုံးကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီး ဖြစ်တယ်။
သံသရာတစ်လျှောက် သယ်ဆောင်လာခဲ့ရတဲ့ ခန္ဓာဝန်ထုပ် ဝန်ပိုးကြီးကို ချထားပြီး ဖြစ်တယ်။ နောက်ထပ် ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းဆိုတဲ့ သဘောတရား ထင်ရှားမရှိတော့တဲ့အတွက် သံသရာဝဋ်ဆင်းရဲ၌ ယှဉ်တွဲမှု ယှဉ်စပ်မှု မရှိတော့ဘူး။ သာသနာတော်မှာ ရှင်ရဟန်းတို့ ပြုသင့် ပြုထိုက်တဲ့ အရိယမဂ်ကို ရရှိရေးဆိုတဲ့ လုပ်ငန်းရပ်တွေကို ပြုလုပ်ပြီးလည်း ဖြစ်တယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ ဦးဆောင်နေတဲ့ ကိလေသာ အာသဝေါတရားတွေမှ လျှောကျကင်းကွာပြီး ဖြစ်တယ်။
အရိယသစ္စာလေးရပ် တရားမြတ်ကို ဦးတည်ထားတဲ့ တရားအလုံးစုံကို ကျွမ်းကျင်တော်မူပြီးလည်း ဖြစ်တယ်။ နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းသို့ ဆိုက်ရောက်သည့်တိုင်အောင် တရားအားလုံးတို့ရဲ့ ကမ်းတစ်ဖက်သို့ ဆိုက်ရောက်ပြီးလည်း ဖြစ်တယ်။ တစ်စုံတစ်ခုသော တရား, တစ်စုံတစ်ခုသော အာရုံ, တစ်စုံတစ်ခုသော ဘုံဘဝ၌ တဏှာ, ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဥစ္စာ-ငါ့လိပ်ပြာဟု စွဲလမ်းဆုပ်ကိုင်မှု အလျဉ်းပင် မပြုမူ၍ ကိလေသာ အပူမီးတို့မှ အငြိမ်းကြီးငြိမ်း အအေးကြီးအေးပြီးလည်း ဖြစ်တယ်။ ကိလေသာမြူမှုန်တို့ဖြင့် လူးလဲပေကျံမှု မရှိသဖြင့် ကိလေသာမြူအညစ်အကြေး ကင်းဝေး စင်ကြယ်ပြီးဖြစ်တဲ့, ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ ထိုရဟန္တာပုဂ္ဂိုလ်၌ ပေးလှူအပ်တဲ့ အလှူဒါနကောင်းမှုကုသိုလ်ဟာ ပြန့်ပြောကြီးကျယ် မြင့်မြတ်တဲ့ အကျိုးတရားရှိတဲ့ ကောင်းမှုကုသိုလ်မျိုး ဖြစ်တယ်။
၇။ ဗာလာ စ အဝိဇာနန္တာ၊ ဒုမ္မေဓာ အဿုတာဝိနော။
ဗဟိဒ္ဓါ ဒေန္တိ ဒါနာနိ၊ န ဟိ သန္တေ ဥပါသရေ။ (အံ၊၁၊၁၆၃။)
လောကမှာ အချို့အချို့သောသူတွေဟာ ဘယ်လိုသဘောရှိကြသလဲ? ဉာဏ်ပညာကလည်း မရှိကြ၊ အကြားအမြင် ဗဟုဿုတကလည်း နည်းပါးကြတယ်။ ဒီလို မသိမလိမ္မာ ပညာဉာဏ်မရှိ၊ ဗဟုဿုတ နည်းပါးတဲ့ လူမိုက်တွေဟာ ဒီငါဘုရားရှင်ရဲ့ သာသနာတော်မှ ပြင်ပဝယ် အလှူဒါနကို အမြတ်တနိုး လှူဒါန်းပူဇော်ကြတယ်။ ဒီလူမိုက်တွေဟာ နိဗ္ဗာန်ရောက်ကြောင်း သူတော်ကောင်းတရားတွေကို ဟောကြားပြသ ဆိုဆုံးမမည့် အရိယာသူတော်ကောင်းတို့ကိုကား မဆည်းကပ်ကြဘူး။
၈။ ယေ စ သန္တေ ဥပါသန္တိ၊ သပ္ပညေ ဓီရသမ္မတေ။
သဒ္ဓါ စ နေသံ သုဂတေ၊ မူလဇာတာ ပတိဋ္ဌိတာ။
၉။ ဒေဝလောကဉ္စ တေ ယန္တိ၊ ကုလေ ဝါ ဣဓ ဇာယရေ။
အနုပုဗ္ဗေန နိဗ္ဗာနံ၊ အဓိဂစ္ဆန္တိ ပဏ္ဍိတာတိ။ (အံ၊၁၊၁၆၃။)
လောကမှာ အချို့သောပုဂ္ဂိုလ်တွေကျတော့ ပညာရှိတို့ ချီးမွမ်းအပ်ကုန်တဲ့ ပညာရှိသူတော်ကောင်းတို့ကို မှီဝဲ ဆည်းကပ်ကြတယ်။ ယင်းပုဂ္ဂိုလ်တို့ရဲ့ ယုံကြည်ချက် သဒ္ဓါတရားဆိုတဲ့ မျိုးစေ့ကလေးဟာ ဘုရားရတနာ, တရားရတနာ, သံဃာရတနာ, ဘုရားရှင်၏ အဆုံးအမ သာသနာဆိုတဲ့ လယ်ယာမြေကောင်းမှာ အမြစ်စွဲပြီးတော့ ကောင်းစွာ တည်နေပြီ ဖြစ်တယ်။ ဒီလို ပညာရှိသူတော်ကောင်းတွေဟာ သေလွန်သည်၏ အခြားမဲ့၌ နတ်ပြည်သို့ လည်း လားရောက်ကြရတယ်။ လူ့ပြည်၌မူလည်း မြတ်သော အမျိုး၌ လူပြန် ဖြစ်ကြရတယ်။ အစဉ်သဖြင့် နိဗ္ဗာန်သို့လည်း ဆိုက်ရောက်ကြရတယ်။
ဒီလို ဘုရားရှင်က မိန့်ကြားတော်မူပါတယ်။ (အံ၊၁၊၁၆၂-၁၆၃။)
ဘာကြောင့်လဲ? သဒ္ဓါ = မျိုးစေ့
၁။ သဒ္ဓါ ဗီဇံ တပေါ ဝုဋ္ဌိ။ (သံ၊၁၊၁၇၅။)
စသည်ဖြင့် ကသိဘာရဒွါဇသုတ္တန်မှာ ဘုရားရှင် ဟောကြားထားတော်မူတဲ့အတိုင်း ကုသိုလ်တရား မှန်သမျှတို့တွင် သဒ္ဓါတရားဟာ မျိုးစေ့နဲ့ တူတယ်။ ပကတိမျိုးစေ့ကို လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်ရင် အောက်မြေကြီးထဲမှာ အမြစ်က တွယ်သွားတယ်၊ အပေါ်မှာ အညွန့်ကို တက်လာစေတယ်။
အလားတူပဲ သဒ္ဓါဆိုတဲ့ မျိုးစေ့ကလေးကို ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ ဘုရားရှင်ရဲ့ သာသနာ့လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်ရင်, ကိလေသာ မြေခွေး တွေ ဝင်မကိုက်အောင် ဣန္ဒြေတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ မိုးရေကလည်း လုံလောက်စွာ ပက်ဖျန်းပေးလိုက်ရင် အောက်သာသနာ့မြေမှာ သီလဆိုတဲ့ အမြစ်က တွယ်ပြီးတော့ တည်နေပြီ။ အပေါ်ပိုင်းမှာ သမထ-ဝိပဿနာဆိုတဲ့ အညွန့်လေးက တလူလူနဲ့ ထွက်ပေါ်လာတယ်။ (သံ၊ဋ္ဌ၊၁၊၂၃၀၊၊)
၂။ ပကတိသော စပါးမျိုးစေ့ရဲ့ အမြစ်ဟာ ပထဝီရသဓာတ်ရည် အာပေါရသဓာတ်ရည်ဆိုတဲ့ မြေဆီ ရေဆီတွေကို စုပ်ယူပြီး ရိုးတံကနေတစ်ဆင့် အဲဒီ ရသဓာတ်ရည်တွေကို သယ်ဆောင်ယူလာလိုက်တာ တဖြည်းဖြည်း စပါးသီးတွေ ရင့်ကျက်တဲ့အဆင့်ထိ ရောက်ရှိကာ ကြီးပွား တိုးတက်လာတယ်။
အလားတူပဲ သာသနာ့လယ်ယာမြေကောင်းမှာ ကြဲချစိုက်ပျိုးလိုက်တဲ့ သဒ္ဓါမျိုးစေ့ကြောင့် ဖြစ်ပေါ်လာတဲ့ သီလဆိုတဲ့ အမြစ်က သမထ-ဝိပဿနာ ဆိုတဲ့ ရသဓာတ်ရည်တွေကို စုပ်ယူပြီးတော့ သောက်သုံးလိုက်ကာ အရိယမဂ်ဉာဏ်ဆိုတဲ့ ရိုးတံထဲသို့ အရောက် ပို့ဆောင်ပေးလိုက်တယ်။ အဲဒီ အရိယမဂ်ဉာဏ်ရိုးတံအထိ ပျံ့နှံ့တည်နေတဲ့ သမထ-ဝိပဿနာရသဓာတ်ရည်တွေကြောင့် အရိယမဂ်ရိုးတံကြီးက အရိယဖိုလ်ဉာဏ်ဆိုတဲ့ စပါးသီးတွေကို သီးစေ ပြန်တယ်။ တဖြည်းဖြည်း ယင်းစပါးသီးတွေလည်း ရင့်ကျက်လာတယ်၊ တိုးပွား လာတယ်။ (သံ၊ဋ္ဌ၊၁၊၂၃၀။)
၃။ နောက်တစ်ခု ရှိသေးတယ် --- ပကတိလယ်ယာမြေကောင်းမှာ အမြစ် တွယ်ပြီး ကောင်းစွာ ရပ်တည်နေတဲ့ စပါးမျိုးစေ့ဟာ အမြစ်, အညွန့်, အရွက်, ရိုးတံ, ရိုးဆစ်တွေမှ တစ်ဆင့် စိမ့်ဝင် စီးဆင်းလာတဲ့ ပထဝီရသဓာတ်ရည် အာပေါရသဓာတ်ရည်တွေကြောင့် စပါးပင်တွေဟာ ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရှိကာ နို့ရည်ကို ဖြစ်စေသဖြင့် များပြားလှတဲ့ သလေးစပါးဖုံးဆိုတဲ့ ကိုယ်ဝန်ကို သယ်ဆောင်ကာ သလေးစပါးသီးကို ဖြစ်စေသလိုပဲ ---
အလားတူပဲ --- ဒီသဒ္ဓါဆိုတဲ့ မျိုးစေ့ဟာ စိတ်အစဉ်မှာ အမြစ်တွယ်ပြီး ရပ်တည်နေမယ်ဆိုရင် ---
၁။ သီလဝိသုဒ္ဓိ = သီလစင်ကြယ်ခြင်း၊
၂။ စိတ္တဝိသုဒ္ဓိ = စိတ်စင်ကြယ်ခြင်း (= ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် ရှစ်ပါးတို့ကို ရရှိသဖြင့် စိတ်အစဉ်၌ နီဝရဏကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်ခြင်း)၊
၃။ ဒိဋ္ဌိဝိသုဒ္ဓိ = ရုပ်+နာမ်ကို ပရမတ်သို့ ဆိုက်အောင် ထိုးထွင်းသိသဖြင့် အတ္တဒိဋ္ဌိ ကင်းစင်သဖြင့် ဉာဏ်အမြင် စင်ကြယ်ခြင်း၊
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ = ကာလသုံးပါးလုံး၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဟုတ်တိုင်းမှန်စွာ သိသဖြင့် ယုံမှားခြင်းကင်းသဖြင့် ဉာဏ်အမြင် စင်ကြယ်ခြင်း၊
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဝိပဿနာညစ်ညူးကြောင်း ကိလေသာ အညစ်အကြေးတို့မှ လွတ်မြောက်သွားသဖြင့် ဝိပဿနာဉာဏ်အမြင် စင်ကြယ်ခြင်း၊
၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ = ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော အထက်ပိုင်း ဝိပဿနာဉာဏ်အမြင်တို့ အားလုံးတို့ရဲ့ စင်ကြယ်ခြင်းဆိုတဲ့ ---
အားလုံး အရိယမဂ် မဆိုက်မီ ရှေ့ပိုင်းမှာ ဝိသုဒ္ဓိကျင့်စဉ် (၆)မျိုး ရှိပါတယ်။ သဒ္ဓါမျိုးစေ့က သီလဆိုတဲ့ အမြစ်တွယ်ပြီးနောက် သမထ-ဝိပဿနာ ဆိုတဲ့ အညွန့်ကို ဖြစ်စေပြီးတဲ့အခါ ခုပြောခဲ့တဲ့ ဝိသုဒ္ဓိ (၆)ပါးတို့ဖြင့် ကြီးပွားခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ရှိလာတယ်။ အဲဒီလို ရောက်ရှိလာတဲ့ အခါ = ဉာဏဒဿနဝိသုဒ္ဓိ = မဂ်ဉာဏ်အမြင်ရဲ့ စင်ကြယ်ခြင်းဆိုတဲ့ မဂ်ဉာဏ် နို့ရည်ကို ဖြစ်စေပြန်တယ်။ ဒီလို အဆင့်မြင့်တဲ့ မဂ်ဉာဏ်နို့ရည်ကို ဖြစ်စေပြီးတဲ့ နောက်မှာ ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ်ခြောက်ပါးဆိုတဲ့ ကိုယ်ဝန်ကို သယ်ဆောင်ထားတဲ့ အရဟတ္တဖိုလ်အသီးကို သီးစေတယ်၊ ဖြစ်စေတယ်၊ ပြီးစီးစေတယ်။ (သံ၊ဋ္ဌ၊၁၊၂၃၀။)
သာသနာ့နယ်မြေကောင်းမှာ ဣန္ဒြိယသံဝရသီလဆိုတဲ့ မိုးရေ အကူအညီနဲ့ ကြဲချစိုက်ပျိုးလိုက်တဲ့ သဒ္ဓါဆိုတဲ့ မျိုးစေ့က သီလဆိုတဲ့ အမြစ်ကို တွယ်စေပြီးနောက် သမထ-ဝိပဿနာဆိုတဲ့ အညွန့် အညှောက်တွေကို အဆင့်ဆင့် ဖြစ်ပေါ်စေလိုက်တဲ့အခါ ဝိပဿနာဉာဏ်စဉ်တွေ အဆင့်ဆင့် တက်ပြီးနောက် ရင့်ကျက်လာတဲ့ ဝိပဿနာဉာဏ်တွေရဲ့ အဆုံးမှာ အရိယမဂ်ဉာဏ်တွေက အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ် လာကြတယ်။ ယင်းအသီးအသီးသော အရိယမဂ်ဉာဏ်တွေက အဆင့်ဆင့်သော ဆိုင်ရာဆိုင်ရာ အရိယဖိုလ်ဆိုတဲ့ အသီးတွေကို သီးစေကြတယ်။ အဲဒီ အရိယဖိုလ်အသီးတွေက ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဏ် ခြောက်ပါး ဆိုတဲ့ ဂုဏ်ထူးတွေကိုပါ သယ်ဆောင်လာကြတယ်။ ဒါကြောင့် ဘုရားရှင်က ဝစ္ဆဂေါတ္တသုတ္တန် နိဂုံးမှာ ---
အနုပုဗ္ဗေန နိဗ္ဗာနံ၊ အဓိဂစ္ဆန္တိ ပဏ္ဍိတာ။
ထိုပညာရှိသူတော်ကောင်းတွေဟာ အစဉ်သဖြင့် နိဗ္ဗာန်သို့ ဆိုက်ရောက် ကြရကုန်၏ -- လို့ မိန့်ကြားတော်မူခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့လည်း သဒ္ဓါတရား ထက်ထက်သန်သန်ဖြင့် သံဃိကကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းတာ ဖြစ်သည့်အတွက် သာသနာ့လယ်ယာမြေကောင်းမှာ သဒ္ဓါတရားတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးလိုက်ကြခြင်းပဲ ဖြစ်ပါတယ်။ ယင်းသဒ္ဓါမျိုးစေ့မှ အောက်အဖို့တွင် သီလတည်းဟူသော အမြစ်တွယ်ပြီးနောက် အထက်အဖို့တွင် သမထ-ဝိပဿနာ အညွန့် အညှောက်တွေ အောင်အောင်မြင်မြင် ထွက်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေ၊ အဆင့်ဆင့်သော ဝိပဿနာဉာဏ်များ ရင့်ကျက်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ၊ ထိုသို့ အားထုတ်နိုင်ကြသဖြင့် အရိယမဂ်ဉာဏ် တည်းဟူသော နို့ရည်ကို သောက်သုံးနိုင်ကြပါစေ။ ထိုသို့ သောက်သုံး နိုင်သဖြင့် အဆင့်ဆင့်သော အရိယဖိုလ်သီးတို့ကို ရရှိနိုင်ကြပါစေ။ ထိုသို့ အဆင့်ဆင့် သော အရိယဖိုလ်သီးတို့ကို ရရှိသည်အထိ အားထုတ်သွားတော်မူကြသော ရှေးသူဟောင်းတို့၏ ထုံးကို နှလုံးမူကာ အတုလိုက်ကာ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်နိုင်ကြပါစေဟု တိုက်တွန်းလျက် တရားသိမ်းကြစို့ ...
ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။
တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။
သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။
ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။
ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။
ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။
ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။
တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။
ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။
သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။
တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။
အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။
(သာဓု သာဓု သာဓု ...)
ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း
ဖားအောက်တောရ
မော်လမြိုင်မြို့နယ်
မွန်ပြည်နယ်။
Comments
Post a Comment