Skip to main content

မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်

မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နိဒါနကထာ

မေတ္တာ၏ စွမ်းအင်များ

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် ဧကာဒသကနိပါတ် မေတ္တသုတ်၌ မေတ္တာအကျိုး (၁၁)မျိုးကို ဤသို့ ဟောကြားထားတော်မူခဲ့၏။ ---

မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကာဒသာနိသံသာ ပါဋိကင်္ခါ။ ---

ကတမေ ဧကာဒသ ---

၁။ သုခံ သုပတိ

၂။ သုခံ ပဋိဗုဇ္ဈတိ

၃။ န ပါပကံ သုပိနံ ပဿတိ

၄။ မနုဿာနံ ပိယော ဟောတိ

၅။ အမနုဿာနံ ပိယော ဟောတိ

၆။ ဒေဝတာ ရက္ခန္တိ

၇။ နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္ထံ ဝါ ကမတိ

၈။ တုဝဋံ စိတ္တံ သမာဓိယတိ

၉။ မုခဝဏ္ဏော ဝိပ္ပသီဒတိ

၁၀။ အသမ္မူဠှော ကာလံ ကရောတိ

၁၁။ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလောကူပဂေါ ဟောတိ

မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကာဒသာနိသံသာ ပါဋိကင်္ခါ။ (အံ၊၃၊၅၄၂။)

ချစ်သားရဟန်းတို့ ... သတ္တဝါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် မေတ္တာစေတောဝိမုတ္တိ အမည်ရသည့် မေတ္တာစျာန်ကို မှီဝဲခဲ့သည်ရှိသော်, ပွားများခဲ့သည်ရှိသော်, ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်, စီးနင်း လိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်, မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်, စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်, ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်, ကောင်းစွာ ပွားများ အားထုတ်ထားအပ်ခဲ့ပြီးသည်ရှိသော် (၁၁)မျိုးကုန်သော အကျိုးအာနိသံသတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ် (၁၁)မျိုးတို့နည်းဟူမူ ---

၁။ ချမ်းသာစွာ အိပ်စက်ရ၏။

၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏။

၃။ အိပ်မက်ဆိုးကို မမြင်မက်ရပေ။

၄။ လူသားတွေက ချစ်မြတ်နိုးအပ်၏။

၅။ နတ်တွေက ချစ်မြတ်နိုးအပ်၏။

၆။ နတ်တို့က စောင့်ရှောက်ပေးကြကုန်၏။

၇။ ထိုမေတ္တာစျာန် ဝင်စားနိုင်သူ၏ သန္တာန်၌ မီးလည်း မလောင်နိုင်၊ အဆိပ် လည်း မသင့်နိုင်၊ လက်နက်လည်း မကျရောက်နိုင်။

၈။ စိတ်သည် လျင်လျင်မြန်မြန် ကောင်းစွာ တည်ကြည်၏။

၉။ မျက်နှာအရောင်အဆင်းသည် ကြည်လင်သန့်ရှင်း၏။

၁၀။ မတွေမဝေ သေရ၏။

၁၁။ မေတ္တာစျာန်ထက် သာလွန်မြင့်မြတ်သည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း မသိနိုင်ခဲ့သည်ရှိသော် သေသည်၏အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏။

ချစ်သားရဟန်းတို့ ... သတ္တဝါတို့ကို ဖျက်ဆီးလိုသည့် ဗျာပါဒ = ဒေါသ စသည့် ဆန့်ကျင်ဘက်ကိလေသာတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် မေတ္တာစေတောဝိမုတ္တိ အမည်ရသည့် မေတ္တာစျာန်ကို မှီဝဲခဲ့သည်ရှိသော်, ပွားများခဲ့သည်ရှိသော်, ကြိမ်ဖန်များစွာ အလေ့အလာပြုခဲ့သည်ရှိသော်, စီးနင်း လိုက်ပါအပ်သော ယာဉ်ကဲ့သို့ ပြုထားခဲ့သည်ရှိသော်, မှီရာဝတ္ထုကဲ့သို့ ပြုထားခဲ့သည်ရှိသော်, စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားခဲ့သည်ရှိသော်, ထက်ဝန်းကျင်မှ ပြည့်ပြည့်စုံစုံ ဆည်းပူးထားခဲ့သည်ရှိသော်, ကောင်းစွာ ပွားများအားထုတ်ထားအပ်ခဲ့ပြီးသည်ရှိသော် ဤ (၁၁)မျိုးကုန်သော အကျိုးအာနိသံသ တို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ (အံ၊၃၊၅၄၂။)

ဤအကျိုးအာနိသင် (၁၁)မျိုးတို့ကား အင်္ဂုတ္တရနိကာယ် ဧကာဒသကနိပါတ် မေတ္တသုတ်၌ လာရှိသည့် စွဲစွဲမြဲမြဲ ဆောက်တည် ကျင့်သုံးထားအပ်ပြီးသည့် မေတ္တာစျာန်ကို ရရှိထားသည့် သူတော်ကောင်း တစ်ဦး ရရှိနိုင်သည့် အကျိုးအာနိသင်တို့ပင် ဖြစ်ကြပေသည်။

ဤယခု တင်ပြထားသော အရှင်သုဘူတိအပဒါန်တွင် လာရှိသည့် အရှင် သုဘူတိမထေရ်မြတ်၏ အလောင်းအလျာဖြစ်သည့် နန္ဒရသေ့ကြီးသည်ကား ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်တွင် --- အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရဟူသည့် ဧတဒဂ်ဘွဲ့ထူးကို ရည်သန်တောင့်တတော်မူကာ ပါရမီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့စဉ် --- မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းတို့ကို ဦးစားပေးကာ ပါရမီတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့၏။ နန္ဒရသေ့ကြီးကား ကသိုဏ်း (၁၀)ပါး, လောကီစျာန်သမာပတ် (၈)ပါး, လောကီအဘိညာဏ် (၅)ပါးတို့ကိုလည်း ကျွမ်းကျင်တော်မူသည့် သူတော်ကောင်းကြီးလည်း ဖြစ်တော်မူခဲ့၏။ သမထ သမာဓိစခန်းတွင် ပေါက်မြောက် အောင်မြင်ပြီးသူ ဖြစ်ခဲ့၏။ ရံခါ ပဒုမုတ္တရဘုရားရှင်၏ထံတော်သို့ သွားရောက်ကာ တရားနာယူလျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတို့ကိုလည်း စီးဖြန်းခဲ့သူ ဖြစ်ပေသည်။

အပရိဟီနဇ္ဈာနောဝ ကာလင်္ကတွာ ဗြဟ္မလောကေ နိဗ္ဗတ္တော။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။ အံ၊ဋ္ဌ၊၁၊၁၇၄။)

မိမိရရှိထားပြီးသည့်စျာန်များကို မလျောကျအောင် ပွားများထားနိုင်ခဲ့သည့်အတွက် သေသည်၏ အခြားမဲ့၌ ဗြဟ္မာ့ပြည်သို့လည်း လားရောက်ခဲ့ရပေသည်။ သို့သော် အရှင်သုဘူတိ အလောင်းအလျာဖြစ်သည့် ထိုသူတော်ကောင်းကား ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကိုလည်း အထူး အလေးဂရုပြုကာ ပွားများအားထုတ်ခဲ့သူ ဖြစ်ပေသည်။


ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ စွမ်းအား

ဤ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ရဟန်းတော်သည်ကား ---

၁။ ဘုရားရှင်အပေါ်၌ ရိုသေလေးစား ကြည်ညိုမြတ်နိုးသော စိတ်ထားရှိ၏။

၂။ သဒ္ဓါ၏ ကြီးကျယ်ပြန့်ပြောခြင်း, သတိ၏ ကြီးကျယ်ပြန့်ပြောခြင်း, ပညာ၏ ကြီးကျယ်ပြန့်ပြောခြင်း, ကောင်းမှုကုသိုလ်၏ ကြီးကျယ်ပြန့်ပြောခြင်းကိုလည်း ရရှိနိုင်၏။

၃။ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရား များပြား၏။

၄။ ထိတ်လန့်ကြောက်ရွံ့ဖွယ် ဘေးအသွယ်သွယ်ကို သည်းခံနိုင်၏၊ ဆင်းရဲဒုက္ခ အဝဝကိုလည်း သည်းခံနိုင်သော စွမ်းအား ရှိ၏။

၅။ ဘုရားရှင်နှင့် အတူတကွ နေထိုင်ရခြင်း အမှတ်သညာကို ရရှိနိုင်၏။

၆။ ဗုဒ္ဓါနုဿတိ စိတ်ထားဖြင့် လွှမ်းမိုးလျက် နေထိုင်နေသော ယောဂီပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်လည်း စေတီအိမ်ကဲ့သို့ ပူဇော်ထိုက်၏။

၇။ ဘုရားအဖြစ်တည်းဟူသော ဗုဒ္ဓဘုံ၌ စိတ်ဓာတ်သည် ညွတ်ကိုင်းရှိုင်းတတ်၏။

၈။ သီလကို လွန်ကျူးဖို့ရန် အကြောင်းဝတ္ထုနှင့် ဆုံစည်းမိသောအခါ ထိုယောဂီသူတော်ကောင်း၏ မျက်မှောက်ဝယ် ဘုရားရှင်ကို ဖူးမြင်ရသကဲ့သို့ဖြစ်ကာ သီလကို ချိုးဖောက်ဖို့ရန် ရှက်ခြင်း-ကြောက်ခြင်း ဟိရိဩတ္တပ္ပတရားသည် ရှေ့ရှုတည်လာ၏။

၉။ အထက်ဖြစ်သော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ မသိသေးခဲ့သော် သံသရာခရီးကို ဆက်ရန် ရှိနေသေးလျှင် သုဂတိ သံသရာခရီးက ထိုသူတော်ကောင်းကို ဆီးကြို ဖိတ်ခေါ်လျက် ရှိပေသည်။ (ဝိသုဒ္ဓိ၊၁၊၂၀၆။)

အရှင်သုဘူတိ အလောင်းအလျာဖြစ်သည့် သူတော်ကောင်းကား ဗုဒ္ဓါနုဿတိဘာဝနာကမ္မဋ္ဌာန်းကိုလည်း အထက်တန်းကျကျ မျက်နှာပန်းလှလှ အားပါးတရ ပွားများအားထုတ်ခဲ့သူလည်း ဖြစ်ပေသည်။ သူ၏ ဗုဒ္ဓါနုဿတိ ဘာဝနာကမ္မဋ္ဌာန်းကို ပွားများပုံကိုလည်း ဤကျမ်းစာငယ်တွင် တစ်စိတ်တစ်ဒေသ တင်ပြထားပေသည်။ သူမျှော်လင့် တောင့်တထားသည့် အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်သည့် ဧတဒဂ်ဘွဲ့ထူး နှစ်တန်တို့ အထွတ်တပ်ထားသည့် အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ပါရမီ မရင့်ညောင်း မစုံညီသေးသဖြင့် မရရှိသေးခင် သံသရာတစ်ခွင်၌ ကျင်လည်ရခိုက် ထိုဗုဒ္ဓါနုဿတိဘာဝနာ၏ စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ကုသိုလ်တရားတို့က အထက် တန်းကျသည့် လူချမ်းသာ, နတ်ချမ်းသာတွေကို ဖြစ်ပေါ်လာအောင် ရွက်ဆောင်ပေးခဲ့ပေသည်။ လူမင်းစည်းစိမ်, နတ်မင်းစည်းစိမ်, စကြဝတေးမင်း စည်းစိမ်တို့ကိုလည်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ခံစား စံစားရအောင် ထိုဗုဒ္ဓါနုဿတိကောင်းမှုကုသိုလ်က တည်ထောင် ဖန်ဆင်းပေးလိုက်ပေသည်။

သို့သော် ထိုကောင်းမှုကုသိုလ်တို့က တည်ထောင်ဖန်ဆင်းပေးလိုက်သည့် ထိုလူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပေါ်၌ တွယ်တာမက်မောမှုကား မရှိခဲ့ပေ။ သူမျှော်လင့်ထားသည်မှာကား ---

၁။ အရဏဝိဟာရ = ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်နိုင်ခြင်း,

၂။ ဒက္ခိဏေယျဝိဟာရ = မြတ်သော အလှူကို ခံယူထိုက်သည့် ဒက္ခိဏေယျ ဂုဏ်နှင့် ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ခြင်း ---

ဟူသည့် ဧတဒဂ်ဘွဲ့ထူးနှစ်တန်တို့ အထွတ်တပ်ထားသည့် အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ရန်သာ ဖြစ်ပေသည်။ ထိုကဲ့သို့ သံသရာဝဋ်မှ လွတ်မြောက်လိုသည့် မွန်မြတ်သော ဦးတည်ချက်ဖြင့် ပါရမီကုသိုလ်တို့ကို ဆည်းပူးခဲ့သည်ဖြစ်သောကြောင့် ပါရမီ မရင့်ညောင်းသေးသည့်အတွက် သံသရာခရီး၌ တစ်ထောက်နားကာ စောင့်ဆိုင်းနေရခိုက် ကြုံကြိုက်လာရသည့် လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတို့အပေါ်၌ ငြိကပ် တွယ်တာ မှုကား လုံးဝ မရှိခဲ့ပေသည်။

ထိုကြောင့် မိမိ မျှော်လင့်ထားသည့် အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းရတော့မည့် အခွင့်အလမ်းနှင့် ကြုံကြိုက်လာသည့် နောက်ဆုံးဘဝတွင်ကား မိမိ ရရှိထားသည့် ပိုင်ဆိုင်ထားသည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို တံတွေးလောက်မျှ ငဲ့ကွက်မှုမရှိ ယတိပြတ် စွန့်လွှတ်ကာ သာသနာဘောင်သို့ ဝင်ရောက်၍ ရှင်ရဟန်းပြုခဲ့ပေသည်။ မိမိ မျှော်လင့်တောင့်တထားသည့် အရဟတ္တဖိုလ်ပန်းကိုလည်း ဆင်မြန်းနိုင်ခဲ့ပေသည်။

ဤကျမ်းစာငယ်တွင်ကား ကြည်ညိုဖွယ်ရာ ကောင်းလှသော အရှင်သုဘူတိမထေရ်မြတ်၏ ကျင့်သွားခဲ့သော ထုံးဟောင်းကို အတုယူကာ လိုက်နာကျင့်ကြံလိုကြသည့် သူတော်ကောင်းတို့အတွက် ---

၁။ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း အားထုတ်ပုံ,

၂။ အဖြူရောင်ကသိုဏ်း အားထုတ်ပုံ,

၃။ မေတ္တာကမ္မဋ္ဌာန်း အားထုတ်ပုံ,

၄။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း အားထုတ်ပုံ,

၅။ မေတ္တာစျာန်ကို အခြေခံ၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းပုံ ---

ဤသို့စသည့် သမထ-ဝိပဿနာဘာဝနာ ပွားများပုံ အစီအစဉ်များကို အကျဉ်းချုပ်ကာ ရေးသားတင်ပြထားပေသည်။

ဤ အရှင်သုဘူတိအကြောင်းကို တစ်ချိန်က ဟောစဉ်အဖြစ် တရား တစ်ပုဒ် ဟောခဲ့ဖူး၏။ ထိုဟောစဉ်ကို အခြေခံ၍ တရားဟောတိတ်ခွေမှ စာမူအဖြစ်သို့ရောက်အောင် စီစဉ်ကာ စာဖတ်သူတို့၏ လက်ဝယ်သို့ ရောက်ရှိအောင် ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပေသည်။ အရှင်သုဘူတိ၏ ထုံးဟောင်းကို အတုယူကာ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း အကျင့်ကောင်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...ဟု ပတ္ထနာမှု ခါခါပြုလျက် ---

ဖားအောက်တောရဆရာတော်


မေတ္တာစွမ်းအားနှင့် ဗုဒ္ဓါနုဿတိစွမ်းအင်

(သုဘူတိတ္ထေရအပဒါန်)

၁၃၆၂-ခုနှစ်၊ တပေါင်းလဆန်း (၉)ရက်နေ့၊ မြိုင်သာယာမြို့သစ်၌ တည်ထားကိုးကွယ်အပ်သော စေတီတော်မြတ် ထီးတော်တင် လှူဒါန်းပူဇော်ဖို့ရန် အတွက် ပြင်ဆင်သည့် အခမ်းအနား၌ ဟောကြားအပ်သော သုဘူတိတ္ထေရအပဒါန် တရားဒေသနာတော် ---

ဘုရားရှင်ရဲ့ စေတီတော်ကို ပူဇော်တဲ့ပွဲဖြစ်တဲ့အတွက် ဘုရားရှင်ကို ပူဇော်သည့်နေရာမှာ စံတင်ထိုက်တဲ့ အရှင်သုဘူတိမထေရ်မြတ်ကို ထုံးပြုပြီးတော့ ရှေးဦးစွာ ဘုရားရှင်ကို ရှိခိုးပူဇော် ကန်တော့ကြရအောင် ---

မုနိန္ဒက္ကော ယေကော ဒယုဒယရုဏော ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော

ဝိနေယျပ္ပါဏောဃံ ကမလကထိတံ ဓမ္မရံသီဝရေဟိ

သုဗောဓေသိ သုဒ္ဓေ တိဘဝကုဟရေ ဗျာပိတက္ကိတ္တိနဉ္စ

တိလောကေကစ္စက္ခုံ ဒုခမသဟနံ တံ မဟေသိံ နမာမိ

ဒယုဒယရုဏော = မဟာကရုဏာတော် သမာပတ်တည်းဟူသော တက်သစ်စ နေအရုဏ်လည်း ရှိတော်မူထသော။ ဉာဏဝိတ္ထိဏ္ဏဗိမ္ဗော = သဗ္ဗညုတဉာဏ်တော်မြတ်တည်းဟူသော ကျယ်ပြန့်သော စက်ဝန်းတော်လည်း ရှိတော်မူထသော။ ဧကော = သောင်းလောကဓာတ်တစ်ခွင်ဝယ် တုဘက်မပြူ တစ်ဆူတည်းသာ ပွင့်ထွန်း ပေါ်ပေါက်၍ လာတော်မူပေသော။ ယော မုနိန္ဒက္ကော = အကြင် ဘုရားတည်းဟူသော နေမင်းသည်။ သုဒ္ဓေ = သန့်ရှင်းဖြူစင် အေးမြကြည်လင်လှပေသော။ တိဘဝကုဟရေ = ကာမ ရူပ အရူပတည်းဟူသော ဘဝသုံးထပ် ဘုံသုံးရပ် ကြာအိုင်၌။ [နိဗ္ဗတ္တံ = ပါရမီကံ စီမံလှုံ့ဆော်သဖြင့် အသင့် ဖြစ်ထွန်းပေါ်ပေါက်၍ နေပေသော၊၊] ကမလကထိတံ = ကြာဟူ၍ ခေါ်ဆိုသမုတ်အပ်သော။ ဝိနေယျပ္ပါဏောဃံ = ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါအပေါင်းကို။ ဓမ္မရံသီဝရေဟိ = မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိစေတတ်သည့် သူတော်ကောင်းတရား တည်းဟူသော မြတ်သော ဒေသနာရောင်ခြည်တော်တို့ဖြင့်။ သုဗောဓေသိ = သစ္စာလေးရပ် တရားမြတ်ကို ထွင်းဖောက်သိမြင်စေလျက် ကောင်းစွာ ပွင့်စေတော်မူခဲ့လေပြီ။

ဗျာပိတက္ကိတ္တိနဉ္စ = သောင်းလောကဓာတ် တစ်ခွင်ဝယ် သူမတူသော သီလ-သမာဓိ-ပညာဂုဏ်သကက်ကြောင့် ဗြဟ္မာ့ဘုံတိုင် ပြန့်လှိုင်ကျော်ကြား ထင်ရှားတော်မူပေထသော။ တိလောကေကစ္စက္ခုံ = ဗြဟ္မာနတ်လူ သုံးဘုံသူ တို့၏ တစ်လုံးတည်းသော မျက်စိသဖွယ်လည်း ဖြစ်တော်မူပေထသော။ ဒုခမသဟနံ = မဟာပထဝီမြေကြီးနှင့် တူစွာ သည်းခံနိုင်ခဲသောအရာကို သည်းခံ တော်မူတတ်ထသော။ မဟေသိံ = သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓ, ဝိမုတ္တိက္ခန္ဓ, ဝိမုတ္တိဉာဏဒဿနက္ခန္ဓတည်းဟူသော ဂုဏ်ကျေးဇူးအထူးတို့ကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးသော။ တံ မုနိန္ဒက္ကံ = ထိုဘုရားတည်း ဟူသော နေမင်းကို။ အဟံ = တရားဟော တရားနာဟု ခေါ်ဆိုသမုတ်အပ်သော တပည့်တော်သည်။ နမာမိ = ကာယဝစီ မနောချီလျက် သုံးလီစေတနာ သုံးဖြာဒွါရ ပဏာမဖြင့် သဒ္ဓါရိုကျိုး မာန်စွယ်ချိုးလျက် ရှိခိုးဦးညွှတ်ပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။ (သာဓု သာဓု သာဓု)


အရှင်သုဘူတိမထေရ်မြတ်၏ ဥဒါန်းစကား

ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊ ဝဿ ဒေဝ ယထာသုခံ

စိတ္တံ မေ သုသမာဟိတံ ဝိမုတ္တံ၊ အာတာပီ ဝိဟရာမိ ဝဿ ဒေဝ။ (ထေရဂါထာ၊၁၉။)

မေ = ငါ၏။ ကုဋိကာ = ကျောင်းကို။ ဆန္နာ = မိုးလုံအောင်မိုး၍ထားအပ် ခဲ့လေပြီ။ နိဝါတာ = လေမဝင်အောင် ကောင်းစွာ ပိတ်ကာ ထားအပ်သည့် အတွက်ကြောင့်။ သုခါ = ချမ်းသာ၍နေပေ၏။ တသ္မာ = ထို့ကြောင့်။ ဒေဝ= ပဇ္ဇုန္န = မိုးနတ်မင်း။ ယထာသုခံ = အလိုရှိတိုင်း။ ဝဿ = ရွာသွန်းပါလေတော့။

မေ = ငါ၏။ စိတ္တံ = စိတ်သည်။ သုသမာဟိတံ = အရိယမဂ်နှင့်ယှဉ်သော မြတ်သော တည်ကြည်ခြင်းဖြင့် တည်ကြည်၍ နေပေ၏။ ဝိမုတ္တံ = ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်လျက် ရှိပေ ၏။ အာတာပီ = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရတည်းဟူသော မြတ်သော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်ရန်အလို့ငှာ အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍။ ဝိဟရာမိ = နေထိုင်ပေ၏။ တသ္မာ = ထို့ကြောင့်။ ဒေဝ = ပဇ္ဇုန္န = မိုးနတ်မင်း။ ယထာသုခံ = အလိုရှိတိုင်း။ ဝဿ = ရွာသွန်းပါလေလော့။

ဒီဂါထာကလေးကတော့ အရှင်သုဘူတိမထေရ်မြတ် ရဟန္တာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ဥဒါန်းကျူးရင့်တော်မူတဲ့ ဂါထာကလေးတစ်ခု ဖြစ်ပါတယ်။ ဒီဂါထာဒေသနာတော်ကလေးက ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ဖြစ်ပေါ်လာရသလဲလို့ မေးလျှင်တော့ အကြောင်းအရာ အတ္ထုပ္ပတ်ကလေးကို နိဒါန်းချီပြီး ပြောမှ သဘောပေါက်မှာ ဖြစ်ပါတယ်။


ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဇာတ်လမ်း

ဘုန်းကြီးတို့ ဒီကမ္ဘာကနေ ပြန်ပြီး ရေတွက်ခဲ့သော် ကမ္ဘာတစ်သိန်းထက်မှာ ပဒုမုတ္တရမြတ်စွာဘုရားရှင် မပွင့်မီ အချိန်အခါကာလ ဆိုကြစို့။ ထိုအချိန်အခါကာလမှာ အင်မတန် ကြွယ်ဝချမ်းသာတဲ့ ပုဏ္ဏားမျိုးမှာ သုဘူတိ မထေရ်ရဲ့ အလောင်းအလျာဖြစ်တဲ့ အမျိုးကောင်းသားကလေးတစ်ဦး ပဋိသန္ဓေ စွဲပိုက် တည်နေခဲ့ပါတယ်။ မွေးဖွားလာတဲ့ အချိန်အခါမှာ မိဘတွေကလည်း နန္ဒမာဏဝ = နန္ဒလုလင်ဆိုပြီးတော့ အမည်နာမ ပေးထားကြပါတယ်။

အချိန်တန် အရွယ်ရောက်တဲ့အခါ ဗေဒင်တွေကို တစ်ဖက်ကမ်းခပ် တတ်မြောက်အောင် သင်ယူလိုက်ပြီးတော့ ဗေဒင်သုံးပုံတို့၌ အနှစ်သာရကို ရှာမတွေ့သည့်အတွက် အနှစ်သာရကို ရှာဖွေလိုတဲ့ ဦးတည်ချက်ဖြင့် မိမိရဲ့ အခြံအရံပရိသတ်ဖြစ်တဲ့ လေးသောင်းလေးထောင်သော အမျိုးကောင်းသား သူတော်ကောင်းတွေနှင့်တကွ တောထွက်ပြီးတော့ ရသေ့ရဟန်း ပြုခဲ့ပါတယ်။ ထိုခေတ် ထိုအချိန်အခါကို လှမ်းမျှော်ပြီး ကြည့်မယ်ဆိုလျှင် ပဒုမုတ္တရဘုရားရှင်သည် လူတို့ရဲ့သက်တမ်း အနှစ်တစ်သိန်းတမ်းကာလမှာ ပွင့်ထွန်း ပေါ်ပေါက်တော်မူသည့် ဘုရားရှင် ဖြစ်တော်မူသည့်အတွက် နန္ဒလုလင်တို့ တောထွက်တဲ့ အချိန်အခါဟာလည်း လူတို့ရဲ့သက်တမ်းအားဖြင့် အနှစ်တစ်သိန်းတမ်းကာလလောက် ရှိမယ်လို့တော့ မှန်းဆရပါတယ်။

ထိုအချိန်ကာလက နန္ဒရသေ့ကြီးဟာ တောထဲရောက်ရှိတဲ့ အချိန်အခါမှာ တရားဘာဝနာတွေ စီးဖြန်းလိုက်တာ သမာပတ် (၈)ပါးနှင့်တကွ လောကီ အဘိညာဏ် (၅)ပါးတို့ကို ရရှိတော်မူခဲ့ပါတယ်။ လေးသောင်းလေးထောင်ကုန်သော တပည့်ပရိသတ် ရသေ့တွေကိုလည်း အလားတူပဲ ကမ္မဋ္ဌာန်းတွေကို သင်ကြားပြသ ဆိုဆုံးမပေးတော်မူတဲ့အတွက် တပည့်ရသေ့တွေလည်း စျာနလာဘီ = စျာန်အဘိညာဏ်ရရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ဖြစ်သွားကြပါတယ်။


ပဒုမုတ္တရဘုရားရှင်ကို ဖူးတွေ့ခွင့် ရရှိကြခြင်း

ဒီလို နန္ဒရသေ့ကြီး အမှူးရှိတဲ့ ရသေ့ပရိသတ်တွေ တောထဲမှာ သီတင်းသုံးနေတဲ့အချိန်မှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်လည်း လူ့လောကမှာ ပွင့်ထွန်း ပေါ်ပေါက်တော်မူလာပြီ ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်ကလည်း နံနက်မိုးသောက်ထတဲ့အချိန် မဟာကရုဏာတော်သမာပတ်ကို ဝင်စားတော် မူပြီး လောကကို ကြည့်ရှုတော်မူလိုက်သည့်အခါမှာ နန္ဒရသေ့ကြီးရဲ့ တပည့်ပရိသတ် လေးသောင်းလေးထောင်တို့ရဲ့ အရဟတ္တဖိုလ်ရကြောင်း ဥပနိဿယ တွေကို တွေ့မြင်တော်မူပါတယ်။ နန္ဒရသေ့ကြီးကတော့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်တဲ့ ပုဂ္ဂိုလ်ဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ဆုတောင်း ပန်ထွာတော်မူမယ့် အမျိုးကောင်းသားတစ်ဦး ဖြစ်လိမ့်မယ်ဆိုတာကိုလည်း ဘုရားရှင်က မြင်တော်မူပါတယ်။

ဒီလို မြင်တော်မူတဲ့အတွက် ထိုနေ့မှာ ဘုရားရှင်က အဖော်ရဟန်းတွေကို မခေါ်ဆောင်တော့ဘဲ မိမိ တစ်ပါးတည်း နန္ဒရသေ့ကြီးရဲ့ တပည့်ရသေ့တွေ သစ်သီးကြီးငယ် ရှာဖွေထွက်နေတဲ့ အချိန်လောက်ကို မှန်းပြီးတော့ ဘုရားရှင်လည်း ကောင်းကင်ခရီးဖြင့် နန္ဒရသေ့ကြီးရှိရာ သင်္ခမ်းကျောင်းသို့ ကြွမြန်း တော်မူပါတယ်။ နန္ဒရသေ့ကြီးကလည်း ဗေဒင်အရာမှာ တစ်ဖက်ကမ်းခပ် တတ်မြောက်နေတဲ့ပုဂ္ဂိုလ် ဖြစ်ခြင်းကြောင့် ဘုရားရှင်တို့၏ တင့်တယ် စံပယ်တော်မူတဲ့ ၃၂-ပါးသော ယောက်ျားမြတ်တို့ရဲ့ လက္ခဏာတော်တို့ကို ဆန်းစစ် ကြည့်ပြီးတဲ့အခါ -- ဤလက္ခဏာတို့နဲ့ ပြည့်စုံနေတဲ့ပုဂ္ဂိုလ်သည် အိမ်ရာတည်ထောင် လူတို့ဘောင်၌ တည်ရှိခဲ့မယ်ဆိုလျှင် စကြဝတေးမင်း ဧကန် ဖြစ်လိမ့်မယ်၊ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွာပြီး ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့မယ်ဆိုလျှင်တော့ သုံးလောကထွဋ်ထား ဘုရားရှင် ဧကန် ဖြစ်လိမ့်မယ်လို့ ဒီလို သိလိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်သည် ဘုရားစင်စစ် ဧကန်ပင် ဖြစ်တော်မူပေတယ်လို့ ယုံကြည်ချက်ဖြင့် မြတ်စွာဘုရားရှင်ကို နေရာများ ခင်းကျင်းပေးပြီးတော့ ငါးပါးသော ထိခြင်းတို့ဖြင့် ရိုသေစွာ ရှိခိုးပူဇော် ကန်တော့ပါတယ်။

ဒီလို ကန်တော့ပြီး မိမိနဲ့ သင့်တင့်လျောက်ပတ်တဲ့ နေရာကလေးတစ်ခုကို ယူပြီးတော့ ထိုင်နေတဲ့ အချိန်အခါမှာ တပည့်ရသေ့တွေကလည်း သစ်သီး ကြီးငယ်တွေကို သယ်ဆောင်ပြီးတော့ ပြန်ရောက်လာကြပါတယ်။ ဆရာဖြစ်တဲ့ နန္ဒရသေ့ကြီးနဲ့ ဘုရားရှင်တို့ ထိုင်နေတဲ့ အခြင်းအရာကို ကြည့်ပြီးတော့ တပည့်တွေလည်း အံ့ဩသွားကြပါတယ်။

ဆရာ ... ကျွန်တော်တို့ဟာ ဤလောကမှာ ဆရာထက် သာလွန် ကြီးကျယ် မြင့်မြတ်တဲ့ပုဂ္ဂိုလ် မရှိဘူးဆိုတဲ့ ခံယူချက်ဖြင့် လှည့်လည် ကျက်စား နေတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ယခုအခါမှာ ဆရာတို့ နှစ်ဦးသား ထိုင်နေပုံကို ကြည့်ရခြင်းအားဖြင့် တစ်ဘက်က သီတင်းသုံးနေတော်မူတဲ့ပုဂ္ဂိုလ်သည် ဆရာထက် ထူးချွန် မြင့်မြတ်တဲ့ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်ထင်ပါတယ်လို့ တပည့်တွေက လျှောက်ထားကြတဲ့အခါမှာ နန္ဒရသေ့ကြီးကလည်း ဘာပြန်ပြောသလဲ?

သင်တို့သည် အဘယ်စကားကို ပြောနေကြတာလဲ? မုန်ညင်းစေ့နဲ့ မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းငှာ အလိုမရှိကြကုန်လင့်၊ တစ်လောကလုံးမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်နဲ့ ငါ့ကို နှိုင်းယှဉ်ခြင်းငှာ မလျော်မလျောက်ပတ်ဘူးဆိုပြီး ပြောကြားလိုက်တယ်။ ဒီစကားကို ကြားလိုက်တော့ ရသေ့တွေလည်း ဤပုဂ္ဂိုလ်ဟာ ယုတ်ညံ့တဲ့ပုဂ္ဂိုလ်သာ ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ဆရာရသေ့ ဒီလိုစကားမျိုး ပြောကြားမှာ မဟုတ်ဘူး။ မချွတ်ဧကန်ပင် ဤပုဂ္ဂိုလ်ဟာ ကြီးမြတ်တော်မူတဲ့ ယောက်ျားအာဇာနည် ဖြစ်ရမယ်ဆိုပြီး ဘုရားရှင်ရဲ့ ခြေတော်ရင်းသို့ ဝပ်စင်းပြီး ရိုသေလေးမြတ်စွာဖြင့် ပူဇော်ကန်တော့ကြပါတယ်။ ပူဇော်ကန်တော့ကြပြီးတဲ့ အချိန်အခါမှာတော့ နန္ဒရသေ့ကြီးက တပည့်တွေကို ဘာပြောလိုက်သလဲ?


ရသေ့တို့၏ သစ်သီးဆွမ်းဒါနအလှူ

တာတာ အမှာကံ ဗုဒ္ဓါနံ အနုစ္ဆဝိကော ဒေယျဓမ္မော နတ္ထိ၊ ဘဂဝါ စ ဘိက္ခာစာရဝေလာယံ ဣဓာဂတော၊ တသ္မာ မယံ ယထာဗလံ ဒေယျဓမ္မံ ဒဿာမ၊ တုမှေ ယံ ယံ ပဏီတံ ဖလာဖလံ အာနီတံ၊ တံ တံ အာဟရထ။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၀။)

ချစ်သားတို့ ... ဘုရားရှင်တို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ လှူဖွယ်ဝတ္ထုကလည်း တို့မှာ မရှိ ဖြစ်နေတယ်။ ဘုရားရှင်ကလည်း ဆွမ်းခံတဲ့ အချိန်အခါမှာ တို့နေရာသို့ ကြွလာတော်မူခြင်း ဖြစ်တယ်။ ဒါကြောင့် တို့သည် စွမ်းအားရှိသလောက် လှူဖွယ်ဝတ္ထု အစုစုတွေကို ဘုရားရှင်အား ဆက်ကပ် လှူဒါန်းကြရအောင်၊ သင်တို့ ဆောင်ယူလာကြတဲ့ ကောင်းနိုးရာရာ မွန်မြတ်တဲ့ သစ်သီးကြီးငယ် အသွယ်သွယ်တွေကို ယူခဲ့ကြပေတော့ဆိုပြီးတော့ ပြောကြားလိုက်ပါတယ်။

ဒီလို နန္ဒရသေ့ကြီးက ပြောကြားလိုက်တဲ့ အချိန်အခါမှာတော့ တပည့်တွေကလည်း ကောင်းနိုးရာရာ မွန်မြတ်တဲ့ သစ်သီးကြီးငယ် အသွယ်သွယ် တွေကို ယူဆောင်ပြီးတော့ လာကြတယ်။ နန္ဒရသေ့ကြီးက ကောင်းနိုးရာရာ သစ်သီးတွေကို သူကိုယ်တိုင် စီမံပြီးတော့ ဘုရားရှင်အား ဆက်ကပ်လှူဒါန်း ပါတယ်။ ဆက်ကပ်ပြီးတဲ့ အချိန်အခါမှာ သောက်ရေ သုံးရေတွေကိုလည်း သူကိုယ်တိုင် စစ်ပြီးတော့ သေသေချာချာ ဆက်ကပ်ပူဇော်တယ်။ ဘုရားရှင်ကလည်း သူတို့အား ချီးမြှောက်တော်မူသည့်အနေအားဖြင့် ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။ ဘုဉ်းပေးသုံးဆောင်တော်မူပြီးတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးလည်း တပည့်ရသေ့တွေကို ခေါ်ပြီး ဘုရားရှင်ရဲ့ အနီးအပါးမှာ ငါးပါးသော ထိခြင်းဖြင့် လက်အုပ်ချီမိုး ရှိခိုးလျက် အောက်မေ့ဖွယ် အမှတ်ရဖွယ် စကားများ ပြောကြားပြီး ထိုင်နေကြပါတယ်။


ရဟန်းသံဃာတော် တစ်သိန်း ကြွလာတော်မူခြင်း

ထိုအချိန်အခါမှာ ဘုရားရှင်က ရဟန်းသံဃာတော်အပေါင်းသည် ငါ ဘုရားထံသို့ ကြွလာကြစေသတည်းဆိုပြီးတော့ အဘိညာဏ်တန်ခိုးဖြင့် အဓိဋ္ဌာန်တော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အဓိဋ္ဌာန်တော်မူခြင်းကို သိတော် မူတဲ့အတွက် ရဟန္တာပေါင်း တစ်သိန်းတို့ကလည်း ကောင်းကင်ခရီးဖြင့် ဘုရားရှင်ရဲ့ထံတော်သို့ ကြွလာတော်မူကြပါတယ်။ ဒီလို ကြွလာတော်မူတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ချစ်သားတို့ ...ဘုရားရှင် ထိုင်တော်မူတဲ့ နေရာသည် ယုတ်ညံ့နေတယ်၊ ရဟန်းသံဃာတော် တစ်သိန်းအတွက်လည်း လျောက်ပတ်တဲ့ နေရာထိုင်ခင်း တို့မှာလည်း မရှိ ဖြစ်နေတယ်။ ဒါကြောင့် ယနေ့ သင်တို့သည် မြတ်စွာဘုရားနှင့် သံဃာတော်အပေါင်းအား ကြီးကျယ် မြင့်မြတ်လှစွာသော ပူဇော်သက္ကာရကို ပြုဖို့ရန်အတွက် အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ ပန်းတွေကို တောင်ခြေကနေ ဆောင်ယူခဲ့ကြကုန်ဆိုပြီးတော့ မိန့်တော်မူ လိုက်ပါတယ်။


ပန်းမွေ့ရာထိုင်ခင်းတို့ဖြင့် ပူဇော်ကြခြင်း

ထိုအချိန်အခါမှာ ရသေ့တွေကလည်း အကုန်လုံး အဘိညာဏ်တန်ခိုး ရရှိထားတဲ့ ရသေ့တွေ ဖြစ်နေခြင်းကြောင့် အဆင်းအနံ့နဲ့ ပြည့်စုံတဲ့ ပန်းတွေကို တစ်ခဏချင်း သယ်ဆောင်ပြီးတော့ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတွေအတွက် စီစဉ်ပေးကြပါတယ်။ ဘုရားရှင် သီတင်းသုံးဖို့ရန်အတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် တစ်ယူဇနာခန့် မြင့်ပြီး တစ်ယူဇနာခန့် ကျယ်ဝန်း တယ်။ အဂ္ဂသာဝက နှစ်ပါးအတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် သုံးဂါဝုတ် မြင့်ပြီး သုံးဂါဝုတ် ကျယ်ဝန်းတယ်၊ ကျန်နေတဲ့ မဟာသာဝက, ပကတိသာဝကစတဲ့ ရဟန်းတွေအတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် ယူဇနာဝက် မြင့်ပြီး ယူဇနာဝက် ကျယ်ဝန်းတယ်၊ အငယ်ဆုံးရဟန်းအတွက် ခင်းထားတဲ့ ပန်းမွေ့ရာနေရာသည် တစ်ဥသဘ မြင့်ပြီး တစ်ဥသဘလောက် ကျယ်ဝန်းတယ်ဆိုပြီး အဋ္ဌကထာမှာ ဒီလို ဖော်ပြထားပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၁၈။၁၇၃။) ဒီလို ကြီးကျယ်ခမ်းနားတဲ့ ပန်းမွေ့ရာနေရာကြီးတွေ ခင်းပြီးတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ဘုရားရှင်ထံ သွားပြီး ဘယ်လို လျှောက်ထားသလဲ?

ဘန္တေ မယှံ ဒီဃရတ္တံ ဟိတာယ သုခါယ ဣမံ ပုပ္ဖာသနံ အဘိရုဟထ။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)

ဘန္တေ = မြတ်စွာဘုရား။ မယှံ = ဘုရားတပည့်တော်၏။ ဒီဃရတ္တံ = နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော ကာလပတ်လုံး။ ဟိတာယ = အကျိုးစီးပွား အလို့ငှာ။ သုခါယ = ချမ်းသာအလို့ငှာ။ ဣမံ ပုပ္ဖာသနံ = ဤပန်းနေရာကို။ အဘိရုဟထ = တက်၍ သီတင်းသုံးတော်မူကြပါ မြတ်စွာဘုရား ...။

ဒီပန်းနေရာထက်ကို တက်ပြီးတော့ သီတင်းသုံးတော်မူကြပါ၊ တပည့်တော်တို့ရဲ့ နေ့ညဉ့်သံသရာ ရှည်မြင့်စွာသော အချိန်အခါကာလပတ်လုံး အကျိုးစီးပွား ချမ်းသာအလို့ငှာ ချီးမြှောက်တော်မူကြပါဘုရားဆိုပြီးတော့ လျှောက်ထားတယ်။ ဒီလို လျှောက်ထားလိုက်တဲ့ အချိန်အခါမှာ မြတ်စွာဘုရားကလည်း ဘုရားရှင်နဲ့ ထိုက်တန်တော်မူတဲ့ နေရာမှာ တက်ပြီး သီတင်းသုံးတော်မူပါတယ်။ အဂ္ဂသာဝကမထေရ်တွေကလည်း အဂ္ဂသာဝကတွေနဲ့ ထိုက်တန်တဲ့ နေရာတွေမှာ, ကျန်နေတဲ့ မဟာသာဝက ပကတိသာဝကတွေ ကလည်း မိမိတို့နဲ့ ထိုက်တန်တဲ့ နေရာတွေမှာ အဆင့်ဆင့် သီတင်းသုံးတော် မူလိုက်တာ အင်မတန် ကြီးကျယ်တဲ့ အခမ်းအနားကြီးတစ်ခု ဖြစ်သွားပါတယ်။ ဖူးမြော်လို့ မဝနိုင်တဲ့ ကုသိုလ်တရားတွေကို လွန်စွာ တိုးပွားစေတတ်တဲ့ ရှုခင်းသာ တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒီ အချိန်အခါမှာ နန္ဒရသေ့ကတော့ ဘုရားရှင်ရဲ့ ဦးထိပ်ထက်မှာ အလွန်ကြီးမားတဲ့ ပန်းထီးကြီးကို ဆောင်းမိုးပြီး ရပ်တည်နေပါတယ်။ အခြား ရသေ့တွေကတော့ ဘုရားအမှူးရှိတဲ့ သံဃာတော်ကို ရိုသေစွာ ရှိခိုး ဝပ်ချပြီး လက်အုပ်ချီပြီး ထိုင်နေကြတယ်။ ဒီလို လက်အုပ်ချီပြီး ထိုင်နေကြတဲ့ အချိန်အခါမှာ ပဒုမုတ္တရဘုရားရှင်ရဲ့ သန္တာန်မှာ ဘယ်လို စိတ်အကြံအစည် ဖြစ်ပေါ်လာသလဲ?


နိရောဓသမာပတ် ဝင်စားတော်မူကြခြင်း

သတ္ထာ တာပသာနံ အယံ သက္ကာရော မဟပ္ဖလော ဟောတူတိ နိရောဓသမာပတ္တိံ သမာပဇ္ဇိ။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)

သတ္ထာ = ပဒုမုတ္တရဘုရားရှင်သည်။ တာပသာနံ = ရသေ့တို့အား။ အယံ သက္ကာရော = ဤပူဇော်သက္ကာရသည်။ မဟပ္ဖလော = ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိသည်။ ဟောတု = ဖြစ်စေသတည်း။ ဣတိ = ဤသို့ နှလုံးသွင်းတော်မူပြီး၍။ နိရောဓသမာပတ္တိံ = နိရောဓသမာပတ်ကို။ သမာပဇ္ဇိ = ဝင်စားတော်မူခဲ့လေပြီ။

ဒီပူဇော်သက္ကာရဟာ ရသေ့တွေအတွက် ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးတွေ ဖြစ်စေသတည်းလို့ ဒီလို နှလုံးပိုက်ပြီးတော့ နိရောဓသမာပတ်ကို ဝင်စားတော်မူလိုက်တယ်။ နိရောဓသမာပတ်ဆိုတာကတော့ စိတ်စေတသိက်တွေ ချုပ်နေတဲ့ သမာပတ်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ စိတ်စေတသိက် တွေ ချုပ်နေခြင်းကြောင့် စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေလည်း ချုပ်နေ ပါတယ်။ ကံကြောင့်ဖြစ်တဲ့ရုပ်, ဥတုကြောင့်ဖြစ်တဲ့ရုပ်, အာဟာရကြောင့် ဖြစ်တဲ့ရုပ်ဆိုတဲ့ ဒီရုပ် (၃)မျိုးပဲ ကျန်တော့တယ်။ စိတ်စေတသိက် စိတ္တဇရုပ်တွေ ချုပ်နေတဲ့ နိရောဓသမာပတ်ဟာ သာသနာတော်မှာ အဆင့်အမြင့်ဆုံး သမာပတ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒီသမာပတ်ကို ဘယ်ပုဂ္ဂိုလ်တွေ ဝင်စားနိုင်သလဲလို့ မေးလျှင်တော့ လောကီစျာန်သမာပတ် (၈)ပါးကို ရရှိပြီးတဲ့ အနာဂါမ်, ရဟန္တာပုဂ္ဂိုလ်တို့သာ ဝင်စားလို့ရနိုင်တဲ့ သမာပတ်တစ်မျိုး ဖြစ်ပါတယ်။ ဘာကြောင့် ဒီသမာပတ်ကို ဝင်စားရသလဲဆိုလျှင်လည်း ရဟန္တာအရှင်မြတ်တို့ရဲ့ အမြဲ နေထိုင်ရာ နယ်ပယ်က ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်နယ်ပယ် ဖြစ်ပါတယ်။ (သံ၊ဋ္ဌ၊၂၊၂၅၅။) ဒီနယ်ပယ်မှာသာ အမြဲတမ်း နေထိုင်ရတော့ ဒီခန္ဓာငါးပါး, အာယတန တစ်ဆယ့်နှစ်ပါး, ဓာတ် တစ်ဆယ့်ရှစ်ပါး, ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေကို ကြည့်လိုက်တိုင်း အမြဲတမ်း ဖြစ်ပြီး ပျက်နေတဲ့ သဘောတွေကိုပဲ တွေ့နေရတယ်။

ဒီလို အမြဲတမ်း သင်္ခါရတရားတွေရဲ့ ဖြစ်နေတဲ့နယ်, ပျက်နေတဲ့နယ်ပယ်မှာသာ နေနေရတဲ့အတွက် ကြာတော့လည်း ငြီးငွေ့လာတယ်၊ ရွံမုန်းလာတယ်၊ စက်ဆုပ်လာတယ်။ ပရိနိဗ္ဗာန်ကလည်း မစံနိုင်သေးတဲ့အတွက် ဒီသင်္ခါရတရားတွေရဲ့ အပျက်ကို ကြည့်နေရတာ ငြီးငွေ့ ရွံမုန်းတဲ့အတွက် သင်္ခါရတရားတို့ရဲ့ အပျက်ကို မမြင်ရာ ဒေသတစ်ခုဖြစ်တဲ့ ချုပ်ငြိမ်းနေတဲ့ ဘာဝနာတစ်ခုကို ပွားများအားထုတ်နေရလျှင်တော့ ကောင်းမယ်လို့ ဆင်ခြင် ဆုံးဖြတ်ပြီး သင်္ခါရတရားတို့ရဲ့ ချုပ်ငြိမ်းရာကို အာရုံယူပြီးတော့ ချမ်းသာကို လိုလားတောင့်တတဲ့ ဦးတည်ချက်ဖြင့် ဝင်စားတော်မူတဲ့ သမာပတ်တစ်မျိုး ဖြစ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၃၄၇။) အဲဒီ သမာပတ်ကို ပဒုမုတ္တရမြတ်စွာဘုရားက ဝင်စားတော်မူလိုက်တဲ့ အချိန်အခါမှာ ---

သတ္ထု သမာပန္နဘာဝံ ဉတွာ ဘိက္ခူပိ သမာပဇ္ဇိံသု။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)

သတ္ထု = ဘုရားရှင်၏။ သမာပန္နဘာဝံ = နိရောဓသမာပတ် ဝင်စားတော်မူသည်၏အဖြစ်ကို။ ဉတွာ = သိရှိတော်မူကြ၍။ ဘိက္ခူပိ = ရဟန်းတော်တို့ကလည်းပဲ။ သမာပဇ္ဇိံသု = နိရောဓသမာပတ်ကို ဝင်စားတော်မူကြလေကုန်၏။

မြတ်စွာဘုရားရှင် နိရောဓသမာပတ် ဝင်စားတော်မူတာကို သိကြတဲ့ အတွက် ရဟန်းတော်တွေကလည်း နိရောဓသမာပတ်ကို ဝင်စားကြပြန်တယ်။ နိရောဓသမာပတ်ကို ဝင်စားလိုက်တာ ဘယ်လောက် ကြာသွားသလဲလို့ မေးလျှင်တော့ (၇)ရက် ကြာသွားပါတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေ စဉ်းစားကြည့်စမ်းပါ။တစ်လောကလုံးမှာ အသာဆုံး အမြတ်ဆုံးဖြစ်တဲ့ ဘုရားရှင်နဲ့ ရဟန္တာမထေရ်မြတ်တွေ တစ်ယူဇနာခန့် ကြီးကျယ်မြင့်မြတ်နေတဲ့ ပန်းမွေ့ရာထက်ကနေ တစ်ဥသဘခန့် ကြီးကျယ်မြင့်မြတ်တဲ့ ပန်းမွေ့ရာအဆုံး ရှိတဲ့ နေရာတွေမှာ ကိုယ်စီ ကိုယ်စီ နိရောဓသမာပတ် ဝင်စားနေတာမျိုးကို (၇)ရက်လောက် ဖူးမြော်ခွင့် ရတယ်ဆိုတာ အင်မတန် ထူးကဲတဲ့ ကံလို့ မပြော နိုင်ဘူးလား? ပြောနိုင်တယ်။ သိပ်ကောင်းတဲ့ အခွင့်အရေးမျိုးတွေ ဖြစ်ပါတယ်။

ဒီလို အခွင့်အရေးမျိုးတွေကို ဘုန်းကြီးတို့တစ်တွေ, ဒါယကာကြီး ဒါယိကာမကြီးတို့တစ်တွေ ကြုံကြ ဆုံကြမယ်ဆိုလျှင် မကောင်းဘူးလား? သိပ် ကောင်းပါတယ်။ ကောင်းတယ်ဆိုလျှင် ဒီကောင်းတဲ့ အခွင့်အရေးမျိုးနဲ့ ကြုံကြ ဆုံကြရအောင် လိုရင်းက ဘာလုပ်ရသလဲ? မိမိရဲ့ စိတ်ကို ပြုပြင်ပြောင်းလဲ ပေးရပါမယ်။ အိမ်ရာတည်ထောင် လူတို့ဘောင်မှာပဲ သားကျွေးမှု, မယား ကျွေးမှုတွေနဲ့ ဘဝကို အဆုံးသတ်နေကြမယ်ဆိုလျှင် ပါရမီမျိုးစေ့တွေက ပြည့်စုံမှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ ပါရမီမျိုးစေ့တွေ ပြည့်စုံမှု မရှိတဲ့ပုဂ္ဂိုလ်တွေကို ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေက ဒီလို လာပြီး ချီးမြှောက်နိုင်ပါ့မလား? မချီးမြှောက်နိုင်ဘူး။ ဒီရသေ့တွေကတော့ ပါရမီမျိုးစေ့ ကောင်းတွေကို ရှာဖွေနေတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါတယ်။ ဒီလို ပါရမီ မျိုးစေ့ကောင်းတွေကို ရှာဖွေနေတာက ဘာအတွက်လဲလို့ မေးလျှင်တော့ မိမိတို့ရဲ့ စိတ်ဓာတ်ကို တန်ခိုးအာနိသင်တွေ ထက်မြက်လာအောင် ထုံမွမ်းနေတဲ့သဘောလို့ ပြောနိုင်ပါတယ်။ ဒီရသေ့တွေက မိမိတို့ရဲ့ စိတ်ဓာတ်ကို တန်ခိုးအာနိသင်တွေ ထက်မြက်လာအောင် ဘယ်လို ထုံမွမ်းကြသလဲလို့ မေးလျှင်တော့ ဒီနေရာမှာ နန္ဒရသေ့ကြီးက ဘာလုပ်နေသလဲ?


နန္ဒရသေ့ကြီး၏ ခိုင်မာသည့် စိတ်ဓာတ်စွမ်းရည်

နန္ဒတာပသော မဟန္တံ ပုပ္ဖဆတ္တံ ဂဟေတွာ တထာဂတဿ မတ္ထကေ ဓာရေန္တော အဋ္ဌာသိ။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)

နန္ဒတာပသော = နန္ဒရသေ့ကြီးသည်ကား။ မဟန္တံ ပုပ္ဖဆတ္တံ = ကြီးကျယ်စွာသော ပန်းထီးကြီးကို။ ဂဟေတွာ = ကိုင်၍။ တထာဂတဿ = မြတ်စွာဘုရား၏။ မတ္ထကေ = ဦးထိပ်ထက်၌။ ဓာရေန္တော = ဆောင်းမိုးပေးလျက်။ အဋ္ဌာသိ = မတ်တတ်ရပ်ကာ တည်နေလေ၏။

နန္ဒရသေ့ကြီးက အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ပန်းပွင့်ထီးကြီးတစ်ခုကို အဘိညာဏ်တန်ခိုးနဲ့ ဖန်ဆင်းပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ဦးထိပ်ထက်မှာ ဆောင်းမိုးပြီး ရပ်တည်နေလိုက်တယ်။ တန်ခိုးရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဣဒ္ဓိဝိဓ တန်ခိုးအရာကတော့ အစိန္တိယာ = မကြံစည်သင့် မကြံစည်ထိုက်တဲ့အရာ ဖြစ်ပါတယ်။

ဒီလို တန်ခိုးကြီးနေတဲ့ နန္ဒရသေ့ကြီးက တစ်ယူဇနာခန့် မြင့်ပြီး တစ်ယူဇနာခန့်လည်း ကျယ်ပြန့်တဲ့ ပန်းမွေ့ရာနေရာထက်မှာ ထိုင်ပြီး နိရောဓသမာပတ် ဝင်စားတော်မူတဲ့ ဘုရားရှင်အား အင်မတန် ကြီးကျယ်ခမ်းနားတဲ့ ပန်းပွင့်ထီးကြီးဖြင့် ဆောင်းမိုးပြီးတော့ မတ်တတ်ရပ်ပြီး တည်နေလိုက်တယ်။ ယခု မြိုင်သာယာဘုရားမှာ တင်လှူ ပူဇော်ပြီး ထီးကို ချိတ်ထားတဲ့ ပုံစံမျိုးနဲ့ ချိတ်ထားခဲ့မယ်ဆိုလျှင်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပုံစံမျိုးလည်း ဟုတ်သလား? မဟုတ်ပါဘူး။


ဣန္ဒြေ ငါးရပ် - ဗလ ငါးတန်

မိမိကိုယ်တိုင် ခွန်အား, သဒ္ဓါအား, ဝီရိယအားဆိုတဲ့ စွမ်းအားတွေ ထုတ်ပြီးတော့ မိမိရဲ့ စိတ်အစဉ်မှာ ဘုရားရှင်ကို ကြည်ညိုတဲ့ ဗုဒ္ဓါနုဿတိဂုဏ်တော်တွေ ထုံမွမ်းချင်တဲ့ ဆန္ဒက သိပ်ပြီး အားကောင်းနေတယ်။ အဲဒီ ဆန္ဒဓာတ်, ဝီရိယဓာတ်တွေဟာ ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကောင်းတဲ့အကျိုးကို ပေးနိုင်မယ်ဆိုတာကို ဒီနန္ဒရသေ့ကြီးကလည်း မျှော်ခေါ်လို့ အသင့်အတင့် ရနေတယ်။ ဒါကြောင့် မိမိရဲ့ စိတ်အစဉ်ကို သဒ္ဓါ- ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဣန္ဒြေငါးပါးတို့ဖြင့် ထိန်းချုပ် ပေးချင်တယ်။ အဲဒီ သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဗိုလ်ငါးပါး ခွန်အားကြီးငါးခုတို့ဖြင့် မိမိရဲ့ စိတ်အစဉ်ကို ဦးဆောင်ပြီးတော့ ဆွဲခေါ်သွားချင်တယ်။

သဒ္ဓါဆိုတာက ဒီနေရာမှာ နန္ဒရသေ့ကြီးဘက်က ကြည့်လျှင်တော့ ဘုရားရှင်အပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ဘုရားရှင်ရဲ့ တပည့်သားသာဝကတွေအပေါ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ဘုရားရှင်၌ သဗ္ဗညုတဉာဏ်တော် ဧကန်စင်စစ် ရှိနေတယ်။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင် ဧကန်စင်စစ် ဖြစ်တယ်ဆိုပြီး ဘုရားရှင်အပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ဘုရားရှင်ရဲ့ တရားတော်အပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတယ်။ ရတနာသုံးတန်အပေါ်မှာ ယုံကြည်ရုံတွင် မကဘူး၊ ကံ-ကံ၏အကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားကလည်း ထင်ရှား ရှိနေပြန်တယ်။

ကံ-ကံရဲ့အကျိုးလို့ ခေါ်ဆိုအပ်တဲ့ ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်နယ်ပယ်မှာလည်း ယုံကြည်မှု သဒ္ဓါတရားတွေ ရှိနေတယ်။ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေအပေါ်၌လည်း ယုံကြည်မှု သဒ္ဓါတရားတွေ အပြည့်အဝ ရှိနေတယ်။ ဒီလို ယုံကြည်မှု သဒ္ဓါတရားတွေ အပြည့်အဝ ရှိနေရုံတွင်လား ဆိုတော့ မကသေးဘူး။ နောက်ထပ် သူ့ရဲ့ ယုံကြည်ချက်တွေက သူ့ရဲ့ ဆုတောင်းမယ့်အပိုင်းကို လှမ်းကြည့်လိုက်လျှင်လည်း သံသရာရဲ့ ရှေ့အစွန်းလို့ ခေါ်ဆိုအပ်တဲ့ အတိတ်ခန္ဓာငါးပါး၊ သံသရာရဲ့ နောက်အစွန်းလို့ ခေါ်ဆိုအပ်တဲ့ အနာဂတ်ခန္ဓာငါးပါး၊ သံသရာရဲ့ ရှေ့အစွန်း-နောက်အစွန်းလို့ ခေါ်ဆို အပ်တဲ့ အတိတ်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါး။ ဒီခန္ဓာငါးပါးတို့အပေါ်၌လည်း မတုန်မလှုပ် သက်ဝင်ယုံကြည်နေတဲ့ သဒ္ဓါတရားက ရှိနေတယ်။ဒီလို သဒ္ဓါတရားရှိနေခြင်းကြောင့် ဒီသဒ္ဓါတရားက သူလိုရာ ဆုထူး ဆုမြတ်ဘက်ကို ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။

နောက်ထပ် ဝီရိယကလည်း ရှိနေတယ်။ ခုနစ်ရက်တိုင်တိုင် သူက မတ်တတ်ရပ်ပြီး ဘုရားရှင်ရဲ့ ဦးထိပ်ထက်မှာ ပန်းပွင့်ထီးကြီးကို ဆောင်းမိုးပြီးတော့ကို ပူဇော်နေလိုက်တယ်။ ဒါယကာကြီးတွေ ခုနစ်ရက်တိုင်တိုင် ထမင်း စတဲ့အစာ မစားဘဲနဲ့ ပန်းပွင့်ထီးကြီး ဆောင်းမိုးပြီးတော့ ဘုရားရှင်ကို ပူဇော်နိုင်ပါ့မလား? မပူဇော်နိုင်ပါဘူး။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ သဒ္ဓါတရား ဘယ်လောက် ပြင်းထန်တယ်၊ သူ့ရဲ့ ဝီရိယတရား ဘယ်လောက် အားကောင်းနေတယ်ဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ စျာန်အဘိညာဏ်တွေကို ရရှိနေတဲ့ပုဂ္ဂိုလ်မှာ သတိအားမကောင်းဘူးလို့ ပြောလို့လည်း ရပါ့မလား? မရပါဘူး။

နောက်ပိုင်းမှာ ဘုရားရှင်ထံမှ တရားတော်တွေကို နာယူပြီး တရား ဘာဝနာတွေလည်း ပွားများအားထုတ်မယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သဒ္ဓါလည်း ရှိနေတယ်၊ ဝီရိယကလည်း ရှိနေတယ်၊ သတိလည်း ရှိနေတယ်။ စျာန်အဘိညာဏ်တွေ ရရှိနေတော့ သူ့ရဲ့ သမာဓိသည် သာမန် ပုထုဇန်လူသား တစ်ဦးရဲ့ သမာဓိနဲ့ မတူတော့ဘူး။ ပညာပိုင်းမှာဆိုလျှင်တော့ သူက စျာန်အဘိညာဏ်နဲ့ ပတ်သက်တဲ့ စျာန်ပညာတွေ အဘိညာဏ်ပညာတွေလည်း ရရှိထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘုရားရှင်ထံ မကြာခဏ သွားပြီး တရားတော်တွေကို နာယူပြီးတော့ ဝိဇ္ဇာမျိုးစေ့ကောင်းလို့ ခေါ်ဆိုအပ်တဲ့ ရုပ်နာမ်ဓမ္မသင်္ခါရတရားတွေရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တ အခြင်းအရာတွေကို သိအောင် ကြိုးစားအားထုတ်မှုတွေလည်း ရှိနေပါတယ်။

ဒါကြောင့် သူ့မှာ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာလို့ ခေါ်ဆိုတဲ့ ဣန္ဒြေငါးပါးက စုံညီနေတယ်။ ခွန်အားကြီးငါးခု စုံညီနေပြီ ဖြစ်ပါတယ်။ ဒီဣန္ဒြေငါးပါးက မိမိရဲ့ စိတ်အစဉ်ကို မိမိ လိုလားတောင့်တနေတဲ့ အရဟတ္တမဂ်, အရဟတ္တဖိုလ် အထွတ်တပ်ထားတဲ့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ ဧတဒဂ်ဘွဲ့ထူး နှစ်ဆင့်ကို ရရှိမယ့် သာဝကဗောဓိဉာဏ်သို့ ရောက်အောင် ထိန်းချုပ်ပြီး ဆွဲခေါ်သွားမယ့် စွမ်းအားကြီး ငါးခု ဖြစ်ပါတယ်။ အဲဒီ စွမ်းအားကြီးငါးခုဖြင့် မိမိရဲ့ စိတ်အစဉ်ကို ထိန်းချုပ် ထားနိုင်တဲ့အတွက် ဒီနန္ဒရသေ့ကြီးသည် ကမ္ဘာတစ်သိန်း အချိန်ကာလကို ဖြတ်ကျော်လာခဲ့ရာကနေ ဘုန်းကြီးတို့ ဘုရားရှင်လက်ထက်မှာ သူ လိုလား တောင့်တနေတဲ့ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ခုနစ်ရက်တိုင်တိုင် မြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာတော်တွေ နိရောဓသမာပတ် ဝင်စားပြီးတော့ သီတင်းသုံးနေတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ပန်းပွင့်ထီးကြီးနဲ့ ဘုရားရှင်အား ဆောင်းမိုးပြီးတော့ ပူဇော်နေလိုက်တယ်။ နန္ဒရသေ့ကြီးရဲ့ တပည့်တွေကတော့ ဘိက္ခာစာရကာလလို့ခေါ်တဲ့ ဆွမ်းခံကြွရမယ့် အချိန်အခါလောက်မှာ သူတို့အတွက်တော့ သစ်သီးကြီးငယ် ရှာဖွေတဲ့အချိန် ဖြစ်ပါတယ်။ ထိုသစ်သီးကြီးငယ် ရှာဖွေတဲ့ အချိန်လောက် ရောက်လာပြီဆိုလျှင်တော့ သစ်သီးကြီးငယ်တွေကို ရှာဖွေ သုံးဆောင်ကြပါတယ်။ ရှာဖွေ သုံးဆောင်ပြီးတဲ့ အချိန်အခါမှာတော့ သူတို့က ဘာလုပ်နေကြသလဲ?


လက်အုပ်ချီမိုးကာ ရပ်တည်နေကြတယ်

ဗုဒ္ဓါနံ အဉ္ဇလိံ ပဂ္ဂယှ တိဋ္ဌန္တိ။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)

ဗုဒ္ဓါနံ = ဘုရားရှင်တို့အား။ အဉ္စလိံ = လက်အုပ်ကို။ ပဂ္ဂယှ = ချီမိုး၍။ တိဋ္ဌန္တိ = ရပ်တည်၍ နေကြလေကုန်၏။

ဘုရားရှင်ကို လက်အုပ်ချီပြီးတော့သာ သူတို့က အမြဲတမ်း ရပ်တည်ပြီးတော့ နေကြတယ်။ သစ်သီးကြီးငယ် ရှာဖွေတဲ့အချိန်, သုံးဆောင်တဲ့အချိန်မှ တစ်ပါး ကျန်တဲ့အချိန်တွေမှာ ဘုရားရှင်ကို လက်အုပ်ချီပြီးတော့ မတ်တတ်ရပ်ပြီးသာ နေကြတယ်။ ဒါယကာကြီးတွေ ဒီပုံစံမျိုးနဲ့ နေရမယ်ဆိုလျှင် နေနိုင် ပါ့မလား? နေနိုင်အောင်တော့ လေ့ကျင့်သင့်ပါတယ်။ ဒီရသေ့တွေကတော့ စိတ်ဓာတ်ကို စွမ်းအားတွေနဲ့ ပြည့်နေအောင် လေ့ကျင့်ထားကြတယ်။ လေ့ကျင့်ထားတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကို ကြည့်လိုက်မယ်ဆိုလျှင် ဘယ်လိုသဘော ရှိနေကြသလဲ? နန္ဒရသေ့ကြီးကို လှမ်းကြည့်လိုက်လျှင်တော့ ---


ပီတိ-သုခဖြင့် အချိန်ကို ကုန်လွန်စေခြင်း

နန္ဒတာပသော ပန ဘိက္ခာစာရမ္ပိ အဂန္တွာ ပုပ္ဖဆတ္တံ ဓာရေန္တော သတ္တာဟံ ပီတိသုခေနေဝ ဝီတိနာမေတိ။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၁။)

နန္ဒတာပသော ပန = နန္ဒရသေ့ကြီးသည်ကား။ ဘိက္ခာစာရမ္ပိ = ဆွမ်း ရှာဖွေခြင်းကိုသော်မျှလည်း။ အဂန္တွာ = မသွားမူ၍။ ပုပ္ဖဆတ္တံ = ပန်းထီးကို။ ဓာရေန္တော = ဆောင်းမိုးပေးလျက်။ သတ္တာဟံ = ခုနစ်ရက်တို့ ကာလပတ်လုံး။ ပီတိသုခေနေဝ = နှစ်သက်ခြင်း ပီတိတရား, ချမ်းသာခြင်း သုခတရားဖြင့် သာလျှင်။ ဝီတိနာမေတိ = အချိန်ကို ကုန်လွန်စေခဲ့လေ၏။

နန္ဒရသေ့ကြီးကတော့ သစ်သီးရှာဖွေဖို့လည်း မထွက်တော့ဘူး။ အစာလည်း လုံးဝ မစားတော့ဘူး။ ခုနစ်ရက်တိုင်တိုင် နိရောဓသမာပတ် ဝင်စားတော်မူတဲ့ ပဒုမုတ္တရဘုရားရှင်ကို ပန်းပွင့်ထီးကြီးနဲ့ ဆောင်းမိုးပေးပြီးတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ပီတိသုခနဲ့ပဲ အချိန်ကို ကုန်လွန်စေတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်နေတဲ့ စွမ်းအားတွေက ဘယ်လောက် ကြီးကျယ်တယ်ဆိုတာကို မှန်းဆကြည့်စေချင်ပါတယ်။

နောက်တစ်ခုက နိရောဓသမာပတ် ဝင်စားနေတော့ ဘုရားရှင်နဲ့ ရဟန္တာတွေရဲ့ သန္တာန်မှာ စိတ်စေတသိက်တွေက ချုပ်နေတဲ့အတွက် ဆာလောင်မွတ်သိပ်မှုသဘောတွေ မဖြစ်နိုင်ဘူးဆိုတာတော့ ထားပါ။ နန္ဒရသေ့ကြီးကတော့ ထိုအချိန်အခါမှာ နိရောဓသမာပတ် ဝင်စားနိုင်တဲ့ စွမ်းအားလည်း မရှိသေးဘူး။ ဒီလို မရှိသေးပေမယ့်လို့ ခုနစ်ရက်တိုင်တိုင် မတ်တတ်ရပ်တဲ့ ဣရိယာပုထ်ကို မဖျက်ဘဲနဲ့ အစာလည်း လုံးလုံး မစားဘဲနဲ့ ပန်းထီးကြီး ဆောင်းမိုးပြီးသာ ဘုရားရှင်အား ပူဇော်နေလိုက်တယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်လျှင် အာရုံယူပြီး ဖြစ်ပေါ်လာတဲ့ ပီတိသုခ = နှစ်သက်ခြင်း, ချမ်းသာခြင်းတရားတွေဖြင့်သာ အချိန်ကို ကုန်လွန်စေတယ်။


အရဏဝိဟာရ-ဒက္ခိဏေယျဝိဟာရ ရဟန်းတော်၏ အနုမောဒနာတရား

ဒီလို အချိန်တွေ ကုန်လွန်သွားလို့ ခုနစ်ရက်ပြည့်တဲ့အခါမှာ ဘုရားရှင်ကလည်း နိရောဓသမာပတ်မှ ထတော်မူပါတယ်။ ရဟန်းသံဃာတွေလည်း နိရောဓသမာပတ်မှ ထတော်မူကြတယ်။ အဲဒီ နိရောဓသမာပတ်မှ ထတော်မူတဲ့ အချိန်အခါမှာ ဘုရားရှင်က အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ နေထိုင်နည်း နှစ်မျိုးတို့တွင် ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူတဲ့ ရဟန်းတော် တစ်ပါးကို ခုနစ်ရက်တိုင်တိုင် ဘုရားအမှူးရှိတဲ့ သံဃာတွေကို ကြီးကျယ်ခမ်းနားတဲ့ ဒီပန်းမွေ့ရာတွေ ခင်းပြီးတော့ ပူဇော်ကန်တော့တဲ့ ကုသိုလ်ကံရဲ့ စွမ်းအားကြောင့် ရရှိနိုင်တဲ့ အကျိုးတရားတွေကို အနုမောဒနာတရားတစ်ပုဒ်အဖြစ် ဟောကြားပေးရန် မိန့်ကြားတော်မူလိုက်ပါတယ်။

ဒီနေရာမှာ အရဏဝိဟာရဆိုတာကတော့ ကိလေသာ ကင်းကင်းရှင်းရှင်းနဲ့ နေထိုင်နိုင်ခြင်းကို ခေါ်ပါတယ်။ ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်တာကတော့ ရဟန္တာပုဂ္ဂိုလ်တိုင်း နေထိုင်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။ သို့သော်လည်း တရားတော်ကို ဟောကြားတဲ့နေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် တရားမဟောကြားဘဲ ဘုရားရှင် ဟောကြားတော်မူတဲ့ နည်းလမ်းအတိုင်း ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မပြုဘဲ ဓမ္မာဓိဋ္ဌာန်နည်းဖြင့်သာ တရားဟောကြားခြင်းကို အရဏဝိဟာရလို့ ခေါ်ပါတယ်။ ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်တဲ့ နေထိုင်နည်းလို့ ဒီလို သတ်မှတ်ထားပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၇၃။)

နောက်တစ်ခု --- မြတ်သော အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ကို ဒက္ခိဏေယျလို့ ခေါ်ပါတယ်။ ဘယ်လို နေထိုင်တဲ့ ပုဂ္ဂိုလ်က မြတ်သော အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိသလဲဆိုလျှင် မေတ္တာစျာန် ဝင်စားပြီးမှ အလှူပေးတဲ့ ပုဂ္ဂိုလ်တို့ရဲ့ လှူဖွယ် ဝတ္ထု ပစ္စည်းစုကို အလှူခံတဲ့ ပုဂ္ဂိုလ်တွေ ရရှိပါတယ်။ ဒီလို မေတ္တာစျာန် ဝင်စားပြီးမှ လှူဖွယ်ဝတ္ထုကို အလှူခံပြီး နေထိုင်တဲ့ နေနည်းကိုတော့ ဒက္ခိဏေယျဝိဟာရ လို့ ခေါ်ပါတယ်။

ဒီမထေရ်မြတ်ကတော့ ဆွမ်းခံတဲ့အခါမှာ အိမ်တိုင်း အိမ်တိုင်းမှာပဲ မေတ္တာစျာန်ကို ဝင်စားပြီးမှ ယင်းမေတ္တာစျာန်မှ ထပြီးတဲ့အခါမှာ လောင်းလှူတဲ့ ဆွမ်းကို အလှူခံယူတော်မူလေ့ရှိပါတယ်။ ဒါကြောင့် ဒက္ခိဏေယျဂုဏ်အရာမှာ ဧတဒဂ်ဘွဲ့ထူးကို ဆွတ်ခူးတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၇၃။)

ထိုအရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ နေထိုင်နည်း နှစ်မျိုးတို့တွင် ဧတဒဂ်ဘွဲ့ထူး ရတော်မူတဲ့ ရဟန်းတော်တစ်ပါးကို ဘုရားရှင်က ဒီ ပန်းမွေ့ရာ အနုမောဒနာအတွက် တရားတစ်ပုဒ် ဟောကြားပေးရန် မိန့်ကြားတော်မူလိုက်တဲ့ အချိန်အခါမှာ ထိုရဟန်းတော်ကလည်း စကြဝတေးမင်းထံမှ အင်မတန် ကြီးကျယ်တဲ့ ဆုလာဘ်ကြီးရရှိတဲ့ ပုံပမာလို အင်မတန် ဝမ်းသာ သွားပါတယ်။ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံသို့ ဉာဏ်စေလွှတ်ပြီးတော့ ရသေ့တွေအား အနုမောဒနာတရားတစ်ပုဒ် ချီးမြှင့်ပေးတော်မူပါတယ်။

ထိုရဟန်းတော်က အနုမောဒနာတရားတော် ချီးမြှင့်ပြီးတဲ့ အချိန်အခါမှာ ရသေ့သူတော်ကောင်းတွေရဲ့ စိတ်ထားတွေကလည်း အလွန် နူးညံ့ပျော့ပျောင်းသွားပြီ ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က သစ္စာလေးပါးနဲ့ ဆက်စပ်နေတဲ့ တရားစကားတွေကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူပါတယ်။ ပဒုမုတ္တရဘုရားရှင်က ဒီလို သစ္စာလေးပါးနဲ့စပ်တဲ့ တရားစကားတော်ကို ရသေ့ပေါင်း လေးသောင်းလေးထောင်အား ဟောကြားပြသ ဆိုဆုံးမပေးတော်မူလိုက်တဲ့ အချိန်အခါမှာ ဘာဖြစ်လာသလဲ?


အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူကြပြီ

ဒေသနာပရိယောသာနေ သဗ္ဗေ စတုစတ္တာလီသသဟဿတာပသာ အရဟတ္တံ ပါပုဏိံသု။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)

ဒေသနာတော်နိဂုံး ပြီးဆုံးတဲ့ အချိန်အခါမှာတော့ လေးသောင်းလေးထောင်သော ရသေ့တွေ အကုန်လုံး အရဟတ္တဖိုလ်သို့ ရောက်ရှိသွားကြပါတယ်။ နန္ဒရသေ့ကြီး တစ်ပါးပဲ ပုထုဇန်အဖြစ်နဲ့ ကျန်နေပါတယ်။ ရသေ့တွေ အားလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတဲ့ အချိန်အခါမှာ ဘုရားရှင်က ဘယ်လို မိန့်တော်မူသလဲ? ---

ဧထ ဘိက္ခဝေါတိ ဟတ္ထံ ပသာရေသိ။ တေသံ တာဝဒေဝ ကေသမဿု အန္တရဓာယိ။ အဋ္ဌ ပရိက္ခာရာ ကာယေ ပဋိမုက္ကာဝ အဟေသုံ သဋ္ဌိဝဿတ္ထေရာ ဝိယ သတ္ထာရံ ပရိဝါရယိံသု။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)

ချစ်သားတို့ ...လာကြလော့၊ ငါဘုရားရှင်၏ သာသနာတော်၌ သီလ, သမာဓိ, ပညာဟု ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်ကို သံသရာဝဋ် ဆင်းရဲဒုက္ခ ကုန်ခန်းရန်အတွက် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပေတော့လို့ လက်ယာလက်တော်ကို ဆန့်တန်းပြီး ခေါ်တော်မူလိုက်တဲ့အခါ အားလုံး ရသေ့ပရိက္ခရာအသွင်တွေ ပျောက်ပြီးတော့ ရဟန်းတော်တို့ရဲ့ ပရိက္ခရာ ဆင်မြန်းပြီး ဝါခြောက်ဆယ်ရပြီး မထေရ်ကြီးကဲ့သို့ အားလုံး ဧဟိ ဘိက္ခုရဟန်းတော်တွေ ဖြစ်သွားကြပါတယ်။ နန္ဒရသေ့ကြီး တစ်ဦးပဲ ပုထုဇန် အဖြစ်နဲ့ ကျန်ရစ်ခဲ့ပါတယ်။ ဘာကြောင့် နန္ဒရသေ့ကြီးက ရဟန္တာ မဖြစ်ရသလဲလို့ မေးလျှင်တော့ ---


နန္ဒရသေ့ကြီး၏ ဆုတောင်း ပတ္ထနာ

နန္ဒတာပသော ပန ဝိက္ခိတ္တစိတ္တတာယ ဝိသေသံ နာဓိဂဉ္ဆိ။ (အပဒါန၊ဋ္ဌ၊၂၊၃၃။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)

နန္ဒတာပသော ပန = နန္ဒရသေ့ကြီးသည်ကား။ ဝိက္ခိတ္တစိတ္တတာယ = ပျံ့လွင့်နေတဲ့ စိတ်ဓာတ် ရှိသည့်အတွက်ကြောင့်။ ဝိသေသံ = မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားထူး တရားမြတ်ကို။ နာဓိဂဉ္ဆိ = မရရှိနိုင်ခဲ့ချေ။

နန္ဒရသေ့ကြီးကတော့ တရားနာနေတဲ့ အချိန်အခါမှာ စိတ်ဓာတ်တွေက သိပ်ပြီး ပျံ့လွင့်နေတယ်။ ဘယ်လို ပျံ့လွင့်နေသလဲလို့ မေးလျှင်တော့ ပဒုမုတ္တရ ဘုရားရှင်က သစ္စာလေးပါးနဲ့ စပ်တဲ့ တရားစကား မချီးမြှင့်မီမှာ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ ဝိဟာရ နှစ်မျိုးတို့တွင် ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူတဲ့ ရဟန်းတော်တစ်ပါးက အနုမောဒနာတရား ဟောကြားနေတဲ့ အချိန်အခါမှာ ထိုရဟန်းတော်ကို ကြည့်ပြီးတော့ သူက အင်မတန် သဘောကျနေတယ်။ နောင်တစ်ချိန်ကာလ တစ်ဆူသော ဘုရားရှင်ရဲ့ သာသနာတော် အတွင်းမှာ ငါလည်းပဲ ဒီလို ရဟန်းတော်ကဲ့သို့ ရဟန်းတော်တစ်ပါး ဖြစ်ရမယ် ဆိုလျှင်တော့ သိပ်ကောင်းမှာပဲလို့ ဒီလို စိတ်အကြံအစည်တွေက သူ့မှာ လွှမ်းမိုးနေတယ်။ စိတ်ဓာတ်တွေက အဲဒီ အာရုံဘက်ကို ပျံ့လွင့်နေတယ်။ ဘုရားရှင် ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့ သစ္စာလေးပါး တရားတော် အပေါ်၌ အာရုံ သိပ်မစိုက်နိုင် ဖြစ်နေတယ်။

ဒါကြောင့် နန္ဒရသေ့ကြီးကတော့ တရားထူး တရားမြတ် မရပါဘူး။ လေးသောင်းလေးထောင်သော ရသေ့တွေကတော့ အားလုံး အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီး ရဟန္တာဖြစ်သွားကြပါတယ်။ ဒီလို ရဟန္တာဖြစ်ပြီးတဲ့ အချိန်အခါမှာ နန္ဒရသေ့ကြီးက ပဒုမုတ္တရမြတ်စွာဘုရားအား လျှောက်ထားပါတယ်။ ဘယ်လို လျှောက်ထားသလဲ?

မြတ်စွာဘုရား ...အရှင်ဘုရားတို့ တရားမဟောမီ ရှေးဦးစွာ တရားဟောတော်မူတဲ့ ရဟန်းတော်သည် ဘယ်လို ရဟန်းတော်မျိုး ဖြစ်ပါသလဲလို့ လျှောက်ထားလိုက်တော့ ဘုရားရှင်ကလည်း ငါဘုရားရှင်ရဲ့ သာသနာတော် မှာ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းတို့တွင် အသာဆုံး အမြတ်ဆုံး နေထိုင်တဲ့ ရဟန်းတော်တစ်ပါးပဲ ဖြစ်ပေတယ် စသည်ဖြင့် အမိန့်ရှိလိုက်တော့ နန္ဒရသေ့ကြီးက ဘယ်လို ဆက်ပြီး လျှောက်ထားသလဲ?

ဘန္တေ ယွာယံ မယာ သတ္တာဟံ ပုပ္ဖစ္ဆတ္တံ ဓာရေန္တေန သက္ကာရော ကတော၊ တေန အဓိကာရေန အညံ သမ္ပတ္တိံ န ပတ္ထေမိ၊ အနာဂတေ ပန ဧကဿ ဗုဒ္ဓဿ သာသနေ အယံ ထေရော ဝိယ ဒွီဟင်္ဂေဟိ သမန္နာဂတော သာဝကော ဘဝေယျံ။ (အပဒါန၊ဋ္ဌ၊၂၊၃၃-၃၄။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)

ဘန္တေ = မြတ်စွာဘုရား။ မယာ = တပည့်တော်သည်။ သတ္တာဟံ = ခုနစ်ရက်တို့ ကာလပတ်လုံး။ ပုပ္ဖစ္ဆတ္တံ = ပန်းထီးကို။ ဓာရေန္တေန = ဆောင်းမိုးခြင်းဖြင့်။ ယွာယံ သက္ကာရော = အကြင် ပူဇော်သက္ကာရကို။ ကတော = ပြုလုပ်ခဲ့လေပြီ။ တေန အဓိကာရေန = ထိုအဓိကာရကောင်းမှုကုသိုလ်ကြောင့်။ အညံ သမ္ပတ္တိံ = အခြားတစ်ပါးသော စည်းစိမ်ကို။ န ပတ္ထေမိ = မတောင့်တပါ။ ပန = တောင့်တသည်ကား။ အနာဂတေ = နောင်အနာဂတ် ကာလ၌။ ဧကဿ ဗုဒ္ဓဿ = တစ်ဆူသော ဘုရားရှင်၏။ သာသနေ = သာသနာတော်မြတ်အတွင်း၌။ အယံ ထေရော ဝိယ = ဤမထေရ်မြတ်ကဲ့သို့။ ဒွီဟင်္ဂေဟိ = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရဟု ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော အင်္ဂါရပ်တို့နှင့်။ သမန္နာဂတော = ပြည့်စုံသော။ သာဝကော = သာဝကသည်။ ဘဝေယျံ = ဖြစ်ရပါလို၏။

ဒီဆုကို သူက တောင်းလိုက်တယ်။ ဒီဆုတောင်းချက်ကလေးကို ကြည့်ခြင်းအားဖြင့် သူ့မှာ ကံ-ကံရဲ့အကျိုးကို ယုံကြည်နေတဲ့ စွမ်းအားတွေ မရှိဘူးလား? ရှိနေတယ်။ ဒီစွမ်းအားကလေးတွေက သိပ်အရေးကြီးပါတယ်။ သံသရာခရီး ကျင်လည်နေရတဲ့ အချိန်အခါမှာ သို့မဟုတ် မိမိ လိုလား တောင့်တနေတဲ့ နိဗ္ဗာန်ကို သွားနေတဲ့ အချိန်အခါမျိုးမှာ ဒီယုံကြည်ချက် သဒ္ဓါတရား စွမ်းအားက သိပ်အရေးကြီးပါတယ်။ လုပ်ငန်းခွင်တစ်ခု လုပ်တဲ့ အချိန်အခါမှာ ဒီလုပ်ငန်းခွင်အပေါ်၌ မျှော့သွေးစမ်းသလို စမ်းတဝါးဝါးနဲ့ ဝေဖန်ရေးတွေက သိပ်ပြီး များနေမယ်ဆိုလျှင်တော့ သဒ္ဓါတရားတွေက လျော့မနေဘူးလား? လျော့နေပြီ။ သဒ္ဓါတရားတွေ လျော့နေမယ်ဆိုလျှင်တော့ လုပ်ငန်းခွင်မှာ အောင်မြင်မှု ရှိနိုင်ပါ့မလား? မရှိနိုင်ဘူး။ နောက်ထပ် ဝီရိယ, သတိ, သမာဓိ, ပညာတွေလည်း လိုအပ်နေပါတယ်။

သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဒီတရားငါးခုက မိမိရဲ့ စိတ်အစဉ်ကို ထိန်းချုပ်ပေးမယ့် စွမ်းအားကြီးငါးခု ဖြစ်ပါတယ်။ ဒီ စွမ်းအားကြီးငါးခုနဲ့ မိမိ လိုလားတောင့်တနေတဲ့ သာဝကဗောဓိဉာဏ်ဘက်ကို ရောက်အောင် သွားရမှာ ဖြစ်ပါတယ်။ ဒီသာဝကဗောဓိဉာဏ်ကို ရောက်အောင် သွားရမှာဖြစ်တဲ့အတွက် ဒီနေရာမှာ ပဋိစ္စသမုပ္ပါဒ် သဘောတရားကလေးကို ဘုန်းကြီး နည်းနည်းကလေး ပြောချင်ပါတယ်။

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ

ဘုန်းကြီးတို့ ပရမတ္ထသစ္စာနယ်ဘက်က ပြောမယ်ဆိုလျှင်တော့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်တဲ့ ရဟန်းတော်ဆိုတာ ရှိသလား? မရှိဘူး။ ပရမတ္ထသစ္စာနယ်မှာ ရုပ်တရားအစုအပုံ ရှိတယ်၊ နာမ်တရားအစုအပုံ ရှိတယ်၊ အကြောင်းတရား အစုအပုံ, အကျိုးတရားအစုအပုံတွေသာ ရှိနေပါတယ်။ ဒီရုပ်တရား, နာမ်တရား, အကြောင်းတရား, အကျိုးတရားတွေကလည်း အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံတွေသာ ဖြစ်ကြပါတယ်။ ဒါကြောင့် ရုပ်တရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ နာမ်တရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ အကြောင်းတရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ အကျိုးတရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်၊ အနိစ္စတရားအစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံပဲလို့ သိလျှင်လည်း မှန်တယ်။ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါလို့ သိလျှင်တော့ ထိုအသိမျိုးကို မှားတယ်လို့ ခေါ်ရတယ်။ အဲဒီ အသိမှားမှုကိုတော့ အဝိဇ္ဇာလို့ ခေါ်ပါတယ်။

ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (ဝိသုဒ္ဓိ၊၂၊၁၅၇။)

ဒီလို ဖွင့်ဆိုထားတဲ့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ စကားရပ်နှင့် အညီပဲ ဖြစ်ပါတယ်။

အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ အင်္ဂါရပ် နှစ်ပါးနဲ့ ပြည့်စုံတဲ့ ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့ သဘောကလေးက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်အဝိဇ္ဇာ, တဏှာ, ဥပါဒါန်ဆိုတဲ့ ဒီတရား သုံးခုက ပဋိစ္စသမုပ္ပါဒ်ပိုင်းမှာတော့ ကိလေသဝဋ်လို့ ခေါ်ပါတယ်။ အဲဒီ ကိလေသဝဋ်ခေါ်တဲ့ အဝိဇ္ဇာ, တဏှာ, ဥပါဒါန် တရားသုံးခု ခြံရံပြီးတော့ ခုနစ်ရက်တိုင်တိုင် ဘာလုပ်သလဲ? ပဒုမုတ္တရဘုရားရှင်အား ပန်းမွေ့ရာတွေ ခင်းကျင်းပြီးတော့ ပန်းပွင့်ထီးကြီး ဆောင်းမိုးပြီး လှူဒါန်းပူဇော်ခဲ့တယ်။ ကောင်းမှုကုသိုလ်ဆိုတဲ့ သင်္ခါရစေတနာတွေကို အားထုတ်ခဲ့တယ်။

ဒီကုသိုလ်ဆိုတဲ့ သင်္ခါရစေတနာတွေကလည်း အနိစ္စတရားတွေ ဖြစ်ခြင်းကြောင့် ဖြစ်ပြီး ပျက်သွားကြပါတယ်။ ဒါပေမယ့် ဖြစ်ပြီး ပျက်သွားတဲ့ အချိန်အခါမှာ ဝိပါက်နာမ်တရားတို့ကဲ့သို့ ရုပ်နာမ်အစဉ်မှာ မည်သည့် စွမ်းအင် တစ်စုံတစ်ခုကိုမျှ မထားခဲ့ဘဲ ချုပ်ပျက်သွားတဲ့သဘောမျိုးတော့ မဟုတ်ကြဘူး။ နောင်တစ်ချိန်မှာ အခါအခွင့် သင့်ခဲ့လျှင် အကျိုးကို ပေးနိုင်တဲ့ စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားကြတယ်။ အဲဒီ စွမ်းအင် ကမ္မသတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်းတရား ငါးခု စုံညီသွားပါတယ်။

ဒီအကြောင်းတရား ငါးခုကို ပြုစုပျိုးထောင်လိုက်တဲ့အတွက် သူ လိုလား တောင့်တနေတဲ့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရဆိုတဲ့ အင်္ဂါရပ် နှစ်ပါးနဲ့ ပြည့်စုံတဲ့ ရဟန်းဘဝကိုတော့ ဘုန်းကြီးတို့ ဒီဂေါတမဘုရားရှင် သာသနာတော်မှာ လာပြီး ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ဆုတောင်းလိုက်တဲ့ အချိန်အခါမှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်ကလည်း သူ့ရဲ့ ဆုတောင်းတွေသည် ပြည့်စုံနိုင်သလား, မပြည့်စုံနိုင်ဘူးလားလို့ အနာဂတံသဉာဏ်တော်မြတ်ကို စေလွှတ်ပြီး အနာဂတ်ကို လှမ်းမျှော်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ ပြည့်စုံလိမ့်မယ် ဆိုတာကို သိမြင်တော်မူတဲ့အတွက် နောင်အနာဂတ် ကမ္ဘာတစ်သိန်းထက်၌ ဂေါတမမြတ်စွာဘုရား ပွင့်ပေါ်တော်မူလိမ့်မယ်။ ထိုဂေါတမမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်၌ သင်သည် အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နေထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နေထိုင်ကြတဲ့ ရဟန်းတော်တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိမည့် ရဟန်းတော်တစ်ပါး ဖြစ်ပေလိမ့်မယ်ဆိုပြီးတော့ နိယတဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့ပါတယ်။ (အံ၊ဋ္ဌ၊၁၊၁၇၄။)


နန္ဒရသေ့ကြီး တစ်ပါးတည်း ကျန်ရစ်ခဲ့ခြင်း

ပဒုမုတ္တရမြတ်စွာဘုရားရှင်လည်း ဗျာဒိတ်စကား မိန့်ကြားပြီးတော့ တရားဒေသနာတော်များလည်း ဟောကြားပေးခြင်းဖြင့် သူ့ကို ချီးမြှင့်ခဲ့ပါတယ်။ တရားဒေသနာတော်နဲ့ ချီးမြှင့်ပြီးတဲ့ အချိန်အခါမှာတော့ ရဟန္တာတွေနဲ့တကွ ကောင်းကင်ခရီးဖြင့် ပြန်ကြွတော်မူပါတယ်။ နန္ဒရသေ့ကြီးကတော့ ဘုရားရှင်နှင့်တကွ သံဃာတော်များရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီးတော့ လက်အုပ်ချီလျက် မျက်စိတစ်ဆုံး ဖူးမြော် ကန်တော့ရင်းနဲ့ မတ်တတ်ရပ်ပြီး ကျန်နေခဲ့ပါတယ်။

ဟိမဝန္တာတောင်ရဲ့ နံပါးမှာရှိတဲ့ နိသဘအမည်ရတဲ့ တောင်ကြီးတစ်တောင်ရဲ့ တောင်ခြေမှာ တောအုပ်တစ်ခု ရှိနေပါတယ်။ အဲဒီ တောအုပ်တစ်ခု အတွင်းမှာပဲ နန္ဒရသေ့ကြီးကတော့ တစ်ပါးတည်း နေထိုင်ကျန်ရစ်ခဲ့ပါတယ်။ သူ့ရဲ့ တပည့်ရသေ့တွေကတော့ ရဟန္တာဖြစ်ပြီးတဲ့နောက် ပဒုမုတ္တရမြတ်စွာဘုရားနှင့်တကွ ရဟန်းသံဃာတော်တို့ရဲ့ နောက်သို့ လိုက်ပါသွားကြပါတယ်။ ဒါပေမယ့်လို့ တောထဲမှာ တစ်ပါးတည်း ကျန်ရစ်ခဲ့ပေမယ့်လို့ ပေါ့ပေါ့ဆဆ မနေဘဲ ရံဖန်ရံခါ ပဒုမုတ္တရမြတ်စွာဘုရားထံ ချဉ်းကပ်ပြီးတော့ တရားတော်တွေကို နာယူပါတယ်။ နာယူပြီးတော့လည်း တရားတော်မှာ လာရှိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီးတော့သာ နေထိုင်ခဲ့ပါတယ်။ ထို အချိန်တုန်းက ပဒုမုတ္တရဘုရားရှင်က ကောလိယအနွယ်မှ ဖြစ်ပေါ်လာတဲ့ နန္ဒရသေ့ကြီးကို ဟောကြားတော်မူခဲ့တဲ့ ဂါထာဒေသနာတော်တွေထဲမှာ ထူးခြားချက်ကလေးနှစ်ခု ရှိနေပါတယ်။ တစ်ခုကတော့ ---


ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများခြင်း

ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။

ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿသိ မာနသံ။ (အပဒါန၊၁၊၇၆။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၅။)

ဘာဝနာနံ = ဘာဝနာတို့တွင်။ အနုတ္တရံ = အသာဆုံး အမြတ်ဆုံးဖြစ်တဲ့။ ဗုဒ္ဓါနုဿတိံ = ဗုဒ္ဓါနုဿတိဘာဝနာကို။ ဘာဝေဟိ = ပွားများအားထုတ် ပါလေလော့။ ဣမံ သတိံ = ဤဗုဒ္ဓါနုဿတိဘာဝနာကို။ ဘာဝယိတွာ = ပွားများအားထုတ်ခြင်းကြောင့်။ မာနသံ = မိမိ စိတ်နှလုံးရဲ့ အလိုဆန္ဒဟူသမျှသည်။ ပူရယိဿသိ = မချွတ်ဧကန် ပြည့်စုံလာပါပေလိမ့်မယ်။

မိမိ လိုလားတောင့်တနေတဲ့ ဆုထူးဆုမြတ်က ဧကန် ပြည့်စုံဖို့ရန်အတွက် ဘာလုပ်ရမလဲ? ဘာဝနာဟူသမျှတို့တွင် အသာဆုံး အမြတ်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ဗုဒ္ဓါနုဿတိဘာဝနာကို သင်နန္ဒရသေ့ကြီး ပွားများအားထုတ် ပေတော့။ ပွားများအားထုတ်မယ်ဆိုလျှင် သင့်ရဲ့ စိတ်နှလုံး အလိုဆန္ဒတွေသည် အားလုံး ပြည့်စုံလာပေလိမ့်မယ်လို့ ပဒုမုတ္တရဘုရားရှင်က ဒီလို ဟောကြားပေးပါတယ်။

ဒါကြောင့် ဒါယကာကြီး ဒါယိကာမကြီးတွေ စိတ်နှလုံး အလိုဆန္ဒ ပြည့်စုံချင်တယ်ဆိုလျှင် ချဲကျောင်းကို သွားရမလား? ဒီဒါယကာကြီးတွေလည်း ချဲကျောင်းပဲ အမြဲ သွားနေကြတယ်နဲ့ တူပါတယ်။ ဘုရားရှင်က စိတ်နှလုံး အလိုဆန္ဒတွေ ပြည့်စုံချင်ကြတယ်ဆိုလျှင် ဗုဒ္ဓါနုဿတိဘာဝနာကို ပွားများပါလို့ တိုက်တွန်းထားပါတယ်။ ဒီလိုဆိုလျှင် ဘယ်လို ပွားရမလဲ? ပွားပုံ ပွားနည်းကိုတော့ နောက်မှပဲ ဘုန်းကြီး ပြောပါ့မယ်။

နောက်တစ်ခုက -- ဘုရားရှင်ထံ မကြာခဏ သွားပြီးတော့ သူက တရားတော်တွေကို နာယူပြီးတဲ့ အချိန်အခါမှာ တခြားတခြား ကမ္မဋ္ဌာန်းတွေကိုလည်း သင်ယူပြီးတော့ ပွားများအားထုတ်ခဲ့တယ်လို့လည်း ယူဆရပါတယ်။ သစ္စာလေးပါးနဲ့ စပ်တဲ့ တရားစကားတွေကို နာယူပြီးတော့ ရုပ်တရားတွေ နာမ်တရားတွေကို သိအောင် ကြိုးစားအားထုတ်မှု, အကြောင်းတရား အကျိုးတရားတွေကို သိအောင် ကြိုးစားအားထုတ်မှု, အကြောင်းတရားနှင့် တကွ ထိုရုပ်တရား နာမ်တရားတို့ရဲ့ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တ အချက်တွေကို သိအောင် ကြိုးစားအားထုတ်မှုဆိုတဲ့ လုပ်ငန်းရပ်တွေလည်း ပြုလုပ်ခဲ့မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ?

ပဒုမုတ္တရမြတ်စွာဘုရားရှင် မပွင့်ပေါ်မီ အချိန်ကတည်းက ရသေ့ရဟန်း ပြုပြီး စျာန်အဘိညာဏ်တွေကို ရရှိအောင် ကြိုးစားအားထုတ်ထားတဲ့ သူတော်ကောင်း တစ်ဦးက နောက်ထပ် စျာန်အဘိညာဏ်တွေ ရဖို့ရန်အတွက် ကြိုးစားစရာ လိုသေးသလား? မလိုတော့ဘူး။ နှစ်ပေါင်း တစ်သိန်းလောက် ဘုရားရှင်နဲ့ ဆုံတွေ့နေရတဲ့ အချိန်အခါမှာ ဘုရားရှင်ထံမှ တရားတော်တွေကို နာယူပြီး ဒီတရားတော်အတိုင်းပဲ ဆက်လက်ပြီး ကြိုးစားအားထုတ်ခြင်းဖြင့် မိမိရဲ့ ဘဝကို ကုန်လွန်စေခဲ့တယ်။ ဒီလို ကြိုးစားအားထုတ်ခဲ့တဲ့အတွက် သံသရာခရီး ကျင်လည်ရတဲ့ အချိန်အခါမှာ စကြဝတေးမင်းစည်းစိမ်, လူမင်း စည်းစိမ်, နတ်မင်းစည်းစိမ် စသည်ဖြင့် စည်းစိမ်အမျိုးမျိုးတွေကို အစုန်အဆန် ခံစား စံစားပြီး နေထိုင်ခဲ့ရတယ်။ ဒီလို ခံစားရတဲ့ အချိန်အခါမှာလည်း သူ့မှာ ဘယ်လို ထူးခြားချက်ကလေးတွေ ရှိနေသလဲ?


ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၏ ထူးခြားသော အကျိုးအာနိသင်များ

ဘဝါဘဝေ သံသရန္တော၊ မဟာဘောဂံ လဘာမဟံ။

ဘောဂေ မေ ဦနတာ နတ္ထိ၊ ဗုဒ္ဓါနုဿတိယာ ဖလံ။ (အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)

ဘဝကြီးငယ် အသွယ်သွယ်မှာ ကျင်လည်ခဲ့ရစဉ်မှာ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ စည်းစိမ်တွေကို ရရှိခဲ့တယ်။ ဒီလို ရရှိတဲ့ စည်းစိမ်တွေကလည်း ဆုတ်ယုတ်လျော့ပါးသွားတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒါယကာကြီးတွေ စဉ်းစားကြည့်ကြစမ်းပါ။ ဒီလို စွမ်းအားရှိနေတဲ့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းမျိုးကို မပွားသင့်ဘူးလား? ပွားသင့်ပါတယ်။ နောက်တစ်ခုက ---

သတသဟဿိတော ကပ္ပေ၊ ယံ ကမ္မမကရိံ တဒါ။

ဒုဂ္ဂတိံ နာဘိဇာနာမိ၊ ဗုဒ္ဓါနုဿတိယာ ဖလံ။ (အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)

သတသဟဿိတော ကပ္ပေ = ကမ္ဘာတစ်သိန်းထက်၌။ ယံ ကမ္မံ = အကြင် ဗုဒ္ဓါနုဿတိဘာဝနာကို။ ယဒါ = အကြင်အခါ၌။ အကရိံ = ပြုကျင့်ခဲ့ လေပြီ။ တဒါ = ထိုအခါမှ။ ပဋ္ဌာယ = စ၍။ ဒုဂ္ဂတိံ = ဒုဂ္ဂတိဘုံဘဝသို့။ အဟံ = ငါသည်။ န အဘိဇာနာမိ = မသိရှိခဲ့ဖူးပေ။ ဣဒံ = ဤကဲ့သို့ မသိရှိရခြင်းသည်။ ဗုဒ္ဓါနုဿတိယာ = ဗုဒ္ဓါနုဿတိဘာဝနာ၏။ ဖလံ = အကျိုးတရားပါပေတည်း။

ပဒုမုတ္တရမြတ်စွာဘုရား သာသနာတော်ကနေ ဂေါတမမြတ်စွာဘုရား သာသနာတော်အတွင်းတိုင်အောင် ကမ္ဘာတစ်သိန်းဆိုတဲ့ သံသရာခရီးကို ဖြတ်ကျော်လာခဲ့ရာမှာ အပါယ်လေးဘုံကို တစ်ခါမှ မရောက်ခဲ့ရဘူး။ တစ်ကမ္ဘာ တစ်ကမ္ဘာဆိုတဲ့ သက်တမ်းမှာ သတ္တဝါတစ်ဦးတစ်ဦးရဲ့ သေကျေ ပျက်စီးခဲ့ရတဲ့ အရိုးတွေကို စုပုံလိုက်မယ်ဆိုလျှင်တော့ ဒီအရိုးတွေကလည်း မဆွေးမြည့် မပျက်စီးခဲ့ဘူးဆိုလျှင် ဝေပုလ္လတောင်လောက် မြင့်တဲ့ တောင်ကြီး တစ်တောင်လောက် ရှိပါတယ်။ (သံ၊၁၊၃၉၂-၃၉၃။) ကမ္ဘာတစ်သိန်းဆိုလျှင်တော့ တောင်အလုံးပေါင်း တစ်သိန်းလောက် ဖြတ်ကျော်ခဲ့ရပါတယ်။ အဲဒီလောက် ဘဝတွေ များစွာ ကျင်လည်ခဲ့ရတဲ့ အချိန်အခါမှာ အပါယ်လေးပါးကို တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ရဘူးဆိုလျှင် ဒီလို အပါယ်သံသရာဘေးကြီးမှ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ထုတ်ဆောင် ကယ်တင်ပေးနေတဲ့ ဒီဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းမျိုးကို မစီးဖြန်းသင့်ဘူးလား? စီးဖြန်းသင့်ပါတယ်။

သို့သော် သံသရာခရီးကို ကောင်းတယ်လို့ ပြောလိုရင်းတော့ မဟုတ်ပါဘူး။ သံသရာခရီးကို မိမိတို့က ဆုံးအောင် မလုပ်နိုင်သေးလို့ သံသရာခရီးကို ဆက်ပြီး ကျင်လည်ကြရမယ်ဆိုလျှင်တော့ အဖော်ကောင်းဆိုတာတော့ မလိုအပ်ဘူးလား? လိုအပ်နေပါတယ်။


ဝိဇ္ဇာမျိုးစေ့နှင့် စရဏမျိုးစေ့ပါရမီများ

ပဒုမုတ္တရမြတ်စွာဘုရား၏ သာသနာတော်အတွင်းမှာ မိမိ စွမ်းအား ရှိသလောက် ပါရမီမျိုးစေ့ကောင်းတွေကို ဖြည့်ကျင့် ဆည်းပူးတော်မူပြီးနောက် မလျောကျသောစျာန်ရှိလျက် ကွယ်လွန်သွားတဲ့ အချိန်အခါမှာ ဗြဟ္မာ့ပြည်သို့ ရောက်ရှိသွားခဲ့ပါတယ်။ ထိုဗြဟ္မာ့ပြည်မှ စုတေပြီးနောက် လူ့ပြည် လူ့လောကသို့ပင် တစ်ဖန် ပြန်ရောက်ရှိခဲ့ပါတယ်။ နောက်ထပ် ဘဝပေါင်း (၅၀၀)တို့ ကာလပတ်လုံး တောရဆောက်တည် ကျင့်သုံးတဲ့ ရသေ့ရဟန်းပဲ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂။)

ကဿပဘုရားရှင်၏ လက်ထက်တော်ကာလ၌လည်း သာသနာဘောင် သို့ ဝင်ရောက်ကာ ရှင်ရဟန်း ပြုတော်မူပြီးနောက် အာရညကင်ဓုတင် ဆောက်တည် ကျင့်သုံးလျက် တောနေရဟန်းတော်တစ်ပါးပဲ ဖြစ်ခဲ့ပါတယ်။ ဆွမ်းခံရွာသို့ သွားရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် (= ကမ္မဋ္ဌာန်းကို ပွားများလျက်) သွားခြင်း, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်လာရာ၌လည်း ကမ္မဋ္ဌာန်းကို ဆောင်လျက် (= ကမ္မဋ္ဌာန်းကို နှလုံးသွင်း ရှုပွားလျက်) ပြန်လာ ခြင်းဆိုတဲ့ ဂတပစ္စာဂတဝတ်ကိုလည်း ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်တော်မူခဲ့ ပါတယ်။

ဧတံ ကိရ ဝတ္တံ အပရိပူရေတွာ မဟာသာဝကဘာဝံ ပါပုဏန္တာ နာမ နတ္ထိ။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂-၂၃။)

ဂတပစ္စာဂတဝတ်ကို မဖြည့်ကျင့်ဘဲ ဘုရားရှင်၏ တပည့်ကြီး မဟာသာဝကအဖြစ်သို့ ဆိုက်ရောက်သွားကြသည့် ပုဂ္ဂိုလ်တို့မည်သည် မရှိ စကောင်းပါလို့ ဒီလို ထေရဂါထာ အဋ္ဌကထာက ဖွင့်ဆိုထားပါတယ်။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၂-၂၃။)

အလားတူပဲ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၇၂။)မှာလည်း ဖွင့်ဆိုထား ပါတယ်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကတော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိတော်မူကြသည့် အဂ္ဂသာဝက, မဟာသာဝက, ပကတိသာဝကဆိုတဲ့ သာဝကအားလုံးတို့ အတွက် ဖွင့်ဆိုချက် ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးကို ရရှိ တော်မူကြသည့် မဟာသာဝကကြီး (၈၀)တို့တွင် အရှင်သုဘူတိမထေရ်မြတ် လည်း တစ်ပါး အပါအဝင် ဖြစ်ပါတယ်။

၁။ အဓိဂမ = အရဟတ္တမဂ်သို့ ဆိုက်ရောက်ခြင်း သို့မဟုတ် အရိယမဂ်ဉာဏ်သို့ ဆိုက်ရောက်ခြင်း၊

၂။ ပရိယတ္တိ = ဘုရားရှင်၏ တရားစကားတော်ဆိုတဲ့ ပါဠိတော်ကို သင်ယူခြင်း၊

၃။ သဝန = တရားတော်ကို အရိုအသေ အလေးအမြတ်ပြု၍ နာယူခြင်း၊

၄။ ပရိပုစ္ဆာ = ပါဠိတော်၏ အနက် အဓိပ္ပာယ်ကို ဖွင့်ဆိုကြောင်းဖြစ်သည့် အဋ္ဌကထာကို အရိုအသေ အလေးဂရုပြုကာ သင်ယူခြင်း နာယူခြင်း၊ ယင်း ပါဠိတော် အဋ္ဌကထာတို့၌ ခက်ခဲ နက်နဲသော ပုဒ်တို့၏ (= အထုံး အဖွဲ့တို့၏) အဆုံးအဖြတ်ကို သင်ယူခြင်း၊

၅။ ပုဗ္ဗယောဂ --

ပေါင်းလိုက်တော့ ပဋိသမ္ဘိဒါဉာဏ်ကို ရရှိမယ့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အင်္ဂါရပ် (၅)ခုကို ဖွင့်ဆိုထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ဒီနေရာမှာ အဓိဂမဆိုတာကတော့ နောက်ဆုံးဘဝမှာ ရရှိအောင် ကြိုးပမ်းရမည့် အင်္ဂါရပ်ပဲ ဖြစ်ပါတယ်။ သေက္ခဘုံမှာလည်း ပဋိသမ္ဘိဒါဉာဏ်များကို ရရှိနိုင်ပါတယ်။ အသေက္ခဘုံဆိုတဲ့ ရဟန္တာဖြစ်တဲ့အခါမှာလည်း ပဋိသမ္ဘိဒါဉာဏ်များကို ရရှိနိုင်ပါတယ်။ အရှင်အာနန္ဒာ, စိတ္တသူကြွယ်, ဓမ္မိက ဥပါသကာ, ဥပါလိသူကြွယ်, ခုဇ္ဇုတ္တရာ ဥပါသိကာ အစရှိတဲ့ သူတော်ကောင်း တွေဟာ တချို့က သောတာပန် ဖြစ်တော်မူတဲ့အခါမှာ, တချို့က အနာဂါမ် ဖြစ်တော်မူတဲ့အခါမှာ ပဋိသမ္ဘိဒါဉာဏ်တော်များကိုပါ ရရှိတော်မူကြပါတယ်။ သေက္ခဘုံမှာ ရရှိခြင်းလို့ ဆိုလိုပါတယ်။ ယခု ပြောနေတဲ့ အရှင်သုဘူတိ မထေရ်ကဲ့သို့သော မဟာသာဝက, ပကတိသာဝက တော်တော် ခပ်များများ ကတော့ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူတဲ့ အချိန်အခါမှာ ပဋိသမ္ဘိဒါဉာဏ်တော်များကို ရရှိတော်မူကြပါတယ်။ အသေက္ခဘုံမှာ ရရှိခြင်း ဖြစ်တယ်လို့ ဆိုလိုပါတယ်။

ယခု ပြောခဲ့တဲ့ ပဋိသမ္ဘိဒါဉာဏ်တော်များကို ရရှိတော်မူမည့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အင်္ဂါရပ် (၅)ခုထဲမှာ နံပါတ် (၁)ဖြစ်တဲ့ အဓိဂမ ဆိုတဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းဆိုတဲ့ အင်္ဂါရပ်ကတော့ နောက်ဆုံး ဘဝမှာ ဖြည့်ကျင့်ရမည့် အင်္ဂါရပ် ဖြစ်ပါတယ်။ ကျန်နေတဲ့ အင်္ဂါရပ်တွေကတော့ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာရော ယခု ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော ဖြည့်ကျင့်ရမည့် အင်္ဂါရပ် ဖြစ်ပါတယ်။

ဒီအင်္ဂါရပ်တွေထဲမှာ ယခု ဒီနေရာမှာ ပြောလိုတဲ့ အင်္ဂါရပ် တစ်ခုကတော့ ပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ်ပဲ ဖြစ်ပါတယ်။ ဘာကို ပုဗ္ဗယောဂလို့ ခေါ်ဆိုသလဲ? ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဒီလို ရှင်းပြထားပါတယ်။

ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။)

ပုဗ္ဗယောဂဆိုတာ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်း မှာ ဆွမ်းခံရွာသို့ သွားရာ, ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ရာတို့၌ ကမ္မဋ္ဌာန်းကို ဆောင်လျက် သွားခြင်းဆိုတဲ့ ဂတပစ္စာဂတဝတ်ကို ဖြည့်ကျင့်လျက် အနုလောမဉာဏ်, ဂေါတြဘုဉာဏ်တို့ရဲ့ အနီးအပါးမှာ တည်ရှိတဲ့ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် (မဟာဋီ၊၂၊၈၄။) ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ ဖူးခြင်းကို ဆိုလိုပါတယ်။ တစ်ဖန် သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးကလည်း အလားတူပဲ ဖွင့်ဆိုထားတော်မူပြန်တယ်။ ဘယ်လို ဖွင့်ဆိုထားတော် မူသလဲ?

ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

ဒီလို ဖွင့်ဆိုထားပါတယ်။ ဘာပြောလိုတာလဲ? ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ အင်္ဂါရပ် (၅)ခုထဲမှာ ပရိယတ္တိ, သဝန, ပရိပုစ္ဆာဆိုတဲ့ ဒီအင်္ဂါရပ် (၃)ခုကတော့ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော်အတွင်းမှာ ရှိခဲ့ဖူးချင်လည်း ရှိခဲ့ဖူးပါစေ၊ မရှိခဲ့ချင်လည်း မရှိခဲ့ပါစေ၊ ဒါပေမယ့် ပုဗ္ဗယောဂဆိုတဲ့ အင်္ဂါရပ်ကတော့ ရှိကိုရှိရမယ်။ ရှေးရှေးသော ဘုရားရှင်တို့ရဲ့ သာသနာတော် အတွင်းမှာရော, ယခု ဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော ဒီပုဗ္ဗယောဂဆိုတဲ့ ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရတဲ့ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန် တင်ကာ ရှုပွားသုံးသပ်ခြင်းဆိုတဲ့ သင်္ခါရသမ္မသနလုပ်ငန်းရပ်နှင့် ကင်းပြီးတော့ ပဋိသမ္ဘိဒါဉာဏ်ကို ဘယ်လိုမှ မရရှိနိုင်ဘူးဆိုပြီး ဖွင့်ဆိုထားပါတယ်။ ယခုလို သင်္ခါရတရားတွေကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း မှာလည်း -- ယာဝ အနုလောမံ ကမ္မဋ္ဌာနံ ဥဿုက္ကာပေတွာ ... (အဘိ၊ဋ္ဌ၊၂၊၃၇၃။)ဆိုတဲ့ စကားကို ထောက်လျှင်တော့ သင်္ခါရုပေက္ခာဉာဏ်အထိ ပွားများထားပြီး ဖြစ်ရမယ်လို့ ဆိုလိုပါတယ်။

ဒီအရှင်သုဘူတိမထေရ်မြတ်ကတော့ ပဒုမုတ္တရဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော, ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာရော သာသနာတော် နှစ်ရပ်လုံးမှာပဲ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင်သော ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းတွေကို ဖြည့်ကျင့်ခဲ့တယ်လို့ သိနိုင်ပါတယ်။ သို့သော်လည်း ကဿပဘုရားရှင်ရဲ့ သာသနာတော်အတွင်းမှာ ရဟန်းဘဝနှင့် ယခုလို ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ သံသရာခရီးက မဆုံးသေးတော့ ဆက်လက်ပြီး ကျင်လည်ရပြန်တယ်။ ဒီလို ကျင်လည်ရာကနေ ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရားရှင် သာသနာတော်အတွင်းသို့ ရောက်ရှိလာတဲ့ အချိန်အခါမှာတော့ ဘာဖြစ်လာသလဲ?


နောက်ဆုံးဘဝ --- ရဟန်းပြုတော်မူခြင်း

သာဝတ္ထိပြည်မှာ သုမနသူဌေးကြီးရဲ့ သားဖြစ်တဲ့ အနာထပိဏ်သူဌေးကြီးရဲ့ညီ သုဘူတိဆိုတဲ့ အမည်နဲ့ လူသားတစ်ဦး လာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လူ့ပြည် နတ်ပြည်ဆိုတဲ့ သံသရာခရီးကို ကျင်လည်ခိုက်မှာ ပဒုမုတ္တရ မြတ်စွာဘုရားရှင် သာသနာတော်က ကပ်ပါလာခဲ့တဲ့ ဓာတ်ငွေ့တစ်ခုကြောင့် သူက ဘယ်လိုသဘော ရှိနေသလဲ? ဘဝငါးရာတို့ ကာလပတ်လုံး တောထွက်ပြီးတော့ ရသေ့ရဟန်း ပြုခဲ့တယ်။ စျာန်အဘိညာဏ်တွေကိုလည်း ဘဝ ငါးရာတို့ ကာလပတ်လုံး ထိုရသေ့ရဟန်းဘဝမှာ ရရှိတော်မူခဲ့တယ်။ ဒါယကာကြီးတွေ ...ဓာတ်ငွေ့များဟာ သိပ်ပြီး အားကိုးဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒီလို ကြိုးစားအားထုတ်ခဲ့တဲ့ ဓာတ်ငွေ့တွေက ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရား သာသနာတော်ကြီး ပွင့်ပေါ်လာတော့ ဘွားကနဲ လာပြီး ကျေးဇူးပြုပေးတယ်။ ဘယ်လို ကျေးဇူးပြုပေးသလဲ?

အနာထပိဏ်သူဌေးကြီးကလည်း ဇေတဝန်ကျောင်းတိုက်ကြီး ဆောက်လုပ်ပြီးစီးတဲ့ အချိန်အခါမှာ လှူဒါန်းပူဇော်တဲ့ ကျောင်းလွှတ်ပွဲတစ်ခု ကျင်းပ တယ်။ အဲဒီ ကျောင်းလွှတ်ပူဇော်ပွဲမှာ အစ်ကိုဖြစ်သူနှင့် အတူတကွ ဘုရားရှင်ထံ သွားပြီးတော့ ဖူးမြော် ကန်တော့ကြတယ်။ တရားတော်ကိုလည်း အတူတကွ နာယူကြတယ်။ ဒီလို နာယူရတဲ့ အချိန်အခါမှာ ဘုရားရှင်ရဲ့ တရားတော်အပေါ်၌ သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားတွေက သိပ်ပြီး တွန်းအား ကောင်းနေတဲ့အတွက် ထိုနေ့မှာပဲ သာသနာဘောင်ကို ဝင်ရောက်ပြီး ရှင်ရဟန်း ပြုခဲ့ပါတယ်။

ဒါယကာကြီးတွေ ...စဉ်းစားကြည့်စမ်းပါ။ သူဌေးသားတစ်ဦးက ဘုရားရှင်နဲ့ တစ်ကြိမ်ပဲ တွေ့ပြီး ဘုရားရှင်ရဲ့ တရားတော်ကိုလည်း တစ်ကြိမ်ပဲ နာကြားခွင့် ရသေးတယ်၊ ချက်ချင်း စည်းစိမ်ချမ်းသာ အားလုံးကို စွန့်လွတ် ပြီးတော့ သာသနာဘောင် ဝင်ရောက်ပြီး ရှင်ရဟန်း ပြုသွားတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေ ဒီလို ပြုနိုင်ပါ့မလား? ဒီနေရာမှာ ဒါယကာကြီး ဒါယိကာမကြီးတွေနဲ့ ဘယ်လို ကွာခြားမှု ရှိနေသလဲလို့ မေးလျှင်တော့ မိမိတို့ရဲ့ စိတ်ကို ထုံမွမ်းထားတဲ့ စွမ်းအားတွေက သိပ်ကွာနေပါတယ်။ ရှင်ရဟန်း ပြုပြီးတော့ သူက ဘာဆက်လုပ်သလဲ? ဒီနေရာမှာ ဘုန်းကြီး အားလုံး ပေါင်းပြီး ပြောပြပါ့မယ်။


အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူပြီ

သော ဥပသမ္ပန္နော ဒွေ မာတိကာ ပဂုဏာ ကတွာ ကမ္မဋ္ဌာနံ ကထာပေတွာ အရညေ သမဏဓမ္မံ ကရောန္တော မေတ္တာစျာနံ နိဗ္ဗတ္တေတွာ တံ ပါဒကံ ကတွာ ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ပါပုဏိ။ (အပဒါန၊ဋ္ဌ၊၁၊၃၅။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)

သော = ထိုသုဘူတိမထေရ်သည်။ ဥပသမ္ပန္နော = ရသေ့ရဟန်း ပြုပြီးသည်။ ဟုတွာ = ဖြစ်၍။ ဒွေ မာတိကာ = ဒွေမာတိကာကို။ ပဂုဏာ ကတွာ = အာဂုံရအောင် ဆောင်၍။ ကမ္မဋ္ဌာနံ = ကမ္မဋ္ဌာန်းကို။ ကထာပေတွာ = ဟောကြားပြသ ဆိုဆုံးမတော်မူစေ၍။ အရညေ = တော၌။ သမဏဓမ္မံ = ရဟန်းတရားကို။ ကရောန္တော = ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော်မူခဲ့သည်ရှိသော်။ မေတ္တာစျာနံ = မေတ္တာစျာန်ကို။ နိဗ္ဗတ္တေတွာ = ဖြစ်စေပြီး၍။ တံ = ထိုမေတ္တာစျာန်ကို။ ပါဒကံ ကတွာ = ဝိပဿနာရဲ့ အခြေပါဒကအဖြစ်နဲ့ ပြုပြီး၍။ ဝိပဿနံ = ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို။ ဝဍ္ဎေတွာ = တိုးပွားစေလျက်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပါပုဏိ = ဆိုက်ရောက်တော်မူခဲ့လေပြီ။

ဘုန်းကြီးတို့ သာသနာတော်မှာ လိုက်နာရမည့် ဝိနည်းစည်းကမ်းတွေ ရှိပါတယ်။ အဲဒီ ဝိနည်းစည်းကမ်းတွေထဲက အကျဉ်းချုပ်ကတော့ ဒွေမာတိကာလို့ခေါ်တဲ့ ဘိက္ခုပါတိမောက်, ဘိက္ခုနီပါတိမောက် နှစ်စောင် ဖြစ်ပါတယ်။ ဒီဝိနည်းနှစ်စောင်ကိုတော့ တောထဲနေမယ့် ရဟန်းတော်တွေက အလွတ် အာဂုံ ရအောင် ဆောင်ရပါတယ်။ ဒီလောက်နဲ့တော့ ကိစ္စ မပြီးသေးပါဘူး။ စူဠဝါခန္ဓက, မဟာခန္ဓက အစရှိတဲ့ ထိုထိုခန္ဓကတွေမှာ လာရှိတဲ့ သိက္ခာပုဒ် ကြီးငယ် အသွယ်သွယ်တွေကို အာဂုံ မဆောင်နိုင်ပေမယ့်လည်း အားလုံး မှတ်မိနေအောင် သင်ယူရပါတယ်။ ကံကြီး, ကံငယ်တွေကိုလည်း ကျွမ်းကျင်အောင် ဆရာသမားတွေထံမှာ ချဉ်းကပ်ပြီး သင်ယူရပါတယ်။

တစ်ဘက်ကလည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အရဟတ္တဖိုလ်ပေါက် သင်ယူထားပြီးဖြစ်ဖို့ လိုပါတယ်။ ဒီစည်းကမ်းသတ်မှတ်ချက်အတိုင်း ဒွေမာတိကာကို အာဂုံဆောင်ပြီးတဲ့ အချိန်အခါမှာ မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားတွေကို အရဟတ္တဖိုလ်ပေါက် သင်ယူရပါတယ်။ ဒီလို သင်ယူတဲ့အပိုင်းမှာတော့ သူက -- မေတ္တာစျာနံ နိဗ္ဗတ္တေတွာ တံ ပါဒကံ ကတွာ = မေတ္တာစျာန်ကို ဝိပဿနာရဲ့ အခြေပါဒကအဖြစ် ပြုပြီးမှ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းတယ်။ စီးဖြန်းပြီး ဝိပဿနာဉာဏ်တွေကို တိုးပွားအောင် ကြိုးစားအားထုတ်လိုက်တာ ဘာဖြစ်သွားသလဲ? အရဟတ္တဖိုလ်အထိ ဆိုက်သွားပါတယ်။

အရှင်သုဘူတိမထေရ်မြတ် ဖြတ်ကျော်လာခဲ့တဲ့ လမ်းကြောင်းကို လှမ်းမျှော်ပြီး ကြည့်လိုက်မယ်ဆိုလျှင် ဗုဒ္ဓါနုဿတိဘာဝနာက တစ်ခု, မေတ္တာဘာဝနာက တစ်ခုဆိုပြီး နှစ်ခု ရှိနေပါတယ်။ တပည့်တော်တို့လည်း အရှင်သုဘူတိမထေရ်ကို အားကျပြီးတော့ မေတ္တာစျာန်ကို ဝင်စားချင်ပါတယ်၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွေကိုလည်း စီးဖြန်းချင်ပါတယ်၊ ထိုမေတ္တာစျာန်ကို အခြေခံပြီးတော့ ဝိပဿနာဘာဝနာတွေကိုလည်း ပွားများအားထုတ်ချင်ပါတယ်၊ ဒီမေတ္တာဘာဝနာနဲ့ ဗုဒ္ဓါနုဿတိဘာဝနာတွေကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပွားများအားထုတ်ရမလဲ, ဘယ်လို ကြိုးစားရမလဲလို့တော့ မေးမြန်းဖွယ်ရာ ရှိလာပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ကလေးကို ဟောကြားကြရအောင် ---

သိက္ခာ (၃) ရပ် အကျင့်မြတ်

ဘုန်းကြီးတို့ လုပ်ငန်းခွင်တစ်ခုကို လုပ်တော့မယ့် အချိန်အခါမှာ သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်လို့ ခေါ်ဆိုအပ်တဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေကိုတော့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ဒီကျင့်စဉ် သုံးခုထဲက ဘုန်းကြီးတို့ တရားနာရုံနဲ့ ကျွတ်တမ်းဝင်နိုင်တဲ့ ဥဂ္ဃဋိတညူပုဂ္ဂိုလ်, ဝိပဉ္စိတညူ ပုဂ္ဂိုလ်ဆိုတဲ့ ဒီပုဂ္ဂိုလ်နှစ်မျိုးကတော့ တရားနာနေတဲ့ အချိန်အခါမှာ သီလ, သမာဓိ, ပညာ သိက္ခာသုံးပါး စုံညီအောင် ကျင့်နိုင်မယ်ဆိုလျှင် တရားတော်ကို နာယူဆဲမှာပဲ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရရှိကြပါတယ်။ နေယျပုဂ္ဂိုလ်တွေကတော့ တရားနာရုံနဲ့ ကျွတ်တမ်း မဝင်နိုင်ပါဘူး။ တရားတော်တွေကို သင်ယူ မှတ်သား ဆောင်ထားပြီးမှ တကယ် လက်တွေ့ကျင့်မှ မဂ်-ဖိုလ်-နိဗ္ဗာန်ကို ရရှိ နိုင်တဲ့အတွက် ဒီနေယျပုဂ္ဂိုလ်တွေကတော့ သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာ သုံးရပ် အကျင့်မြတ်ကို အစဉ်အတိုင်း ထူထောင်ရပါတယ်။

ဒါကြောင့် အိမ်ရာတည်ထောင် လူတို့ဘောင်မှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ်တွေဘက်က ပြောလျှင်တော့ အောက်ထစ်ဆုံးအားဖြင့် ငါးပါးသီလ ဆောက်တည်ဖို့ လိုအပ်ပါတယ်။ ဒီငါးပါးသီလကို တရားအားမထုတ်မီအချိန်က လွန်ကျူးခဲ့တာ ဖြစ်ချင်ဖြစ်ပါစေ၊ တရားအားထုတ်မည့်အချိန်မှာတော့ သီလ ဆောက်တည်ရပါတယ်။ ဒီနေ့ ဒါယကာကြီး ဒါယိကာမကြီးတွေ ဥပုသ်သီလ ဆောက်တည်တဲ့ ပုံစံအတိုင်းပဲ ငါ ယခုအချိန်က စပြီးတော့ ငါးပါးသီလကို မလွန်ကျူးတော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်တာနဲ့ တစ်ပြိုင်နက်တည်း အင်္ဂုလိမာလမထေရ်တို့လို ချက်ချင်း သီလနဲ့ ပြည့်စုံသွားပါတယ်။

ဒီလို သီလ စင်ကြယ်ပြီဆိုလျှင်တော့ သီလဝိသုဒ္ဓိ ဖြစ်သွားပါပြီ။ သီလဝိသုဒ္ဓိဖြစ်နေတဲ့ ပုဂ္ဂိုလ်က နောက်တစ်ဆင့် ဘယ်လို ဆက်ပြီး အားထုတ်ရမလဲ? စိတ္တဝိသုဒ္ဓိဖြစ်အောင် ရှေ့တစ်ဆင့် တက်ရပါတယ်။ ဒီနေရာမှာ ဝိသုဒ္ဓိ (၇)ပါး ကျင့်စဉ်ကိုတော့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ စိတ္တဝိသုဒ္ဓိဆိုတာက စိတ်ဓာတ်တွေ စင်ကြယ်အောင် ကြိုးစားအားထုတ်ခြင်းကို ခေါ်ပါတယ်။ စိတ်ဓာတ်တွေမှာ ကာမစ္ဆန္ဒနီဝရဏ, ဗျာပါဒနီဝရဏစတဲ့ ကိလေသာ အညစ်အကြေးတွေ ကင်းသွားအောင်, စင်ကြယ်သွားအောင် ကြိုးစားအားထုတ် ရပါတယ်။ ဘယ်အချိန်မှာ စိတ္တဝိသုဒ္ဓိ ဖြစ်သလဲလို့ မေးလျှင်တော့ ---

စိတ္တဝိသုဒ္ဓိ = သမ္မာသမာဓိ

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

စိတ္တဝိသုဒ္ဓိဆိုတာ ဥပစာရသမာဓိနှင့်တကွ သမာပတ် (၈)ပါးကို ခေါ်ပါတယ်ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ၊ စာမျက်နှာ (၂၂၂)မှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဒီညွှန်ကြားချက်အရ ဥပစာရသမာဓိကို သော်လည်းကောင်း, သမာပတ် (၈)ပါးထဲက သမာပတ် တစ်ပါးပါးကိုသော် လည်းကောင်း, သမာပတ် (၈)ပါးလုံးကိုသော်လည်းကောင်း ရရှိခဲ့မယ်ဆိုလျှင်တော့ စိတ္တဝိသုဒ္ဓိ ဖြစ်ပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မလွဲမသွေ သမာဓိကို ထူထောင်ရတော့မယ်။ ဒီသမာဓိကို ထူထောင်ရမယ်ဆိုတဲ့ အချိန်အခါမှာတော့ ဒါယကာကြီး ဒါယိကာမကြီးတွေဘက်က နည်းနည်းကလေး စဉ်းစားရမည့် အချက်တစ်ခုတော့ ရှိနေပါတယ်။

မြတ်စွာဘုရားရှင်သည် မဂ္ဂင် (၈)ပါးကို ဟောကြားတော်မူတဲ့အပိုင်းမှာ သမ္မာသမာဓိမဂ္ဂင်တစ်ခုကိုပါ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။ ဘာကို သမ္မာသမာဓိ ခေါ်ဆိုတယ်ဆိုတာကိုလည်း မဟာသတိပဋ္ဌာနသုတ္တန် (မ၊၁၊၈၉။)မှာ ဘုရားရှင်ကိုယ်တော်တိုင်က အတိအကျ ရှင်းလင်းထားပါတယ်။ ဘယ်လို ရှင်းလင်းထားသလဲ? ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ, တတိယစျာန်သမာဓိ, စတုတ္ထစျာန်သမာဓိတွေကို ငါဘုရားရှင်သည် သမ္မာသမာဓိလို့ ခေါ်ဆိုတယ်ဆိုပြီး အတိအကျ ရှင်းလင်းထားပါတယ်။ ဒီရှင်းလင်းချက်ကတော့ ဝိပဿနာရဲ့ အခြေပါဒကဖြစ်တဲ့ သမာဓိတွေထဲက အကောင်းဆုံးဖြစ်တဲ့ ရူပါဝစရသမာဓိကို ညွှန်ပြထားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အကောင်းဆုံးသော သမာဓိကို လက်ညှိုးထိုးပြသောအားဖြင့် စတုတ္ထစျာန် သမာဓိကို ဦးတည်ပြီးတော့ မြတ်စွာဘုရားက သမ္မာသမာဓိလို့ သတ်မှတ် ပေးခြင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌနိဒ္ဒေသနည်းလို့ ခေါ်ပါတယ်။

တစ်နည်းအားဖြင့် အလယ်ခေါင်ဖြစ်တဲ့ ရူပါဝစရသမာဓိကို ယူလိုက်လျှင် အစဖြစ်တဲ့ အထွတ်အထိပ်သို့ ရောက်နေတဲ့ ဥပစာရသမာဓိလို့ ခေါ်ဆိုအပ်တဲ့ ကာမာဝစရသမာဓိနဲ့ အဆုံးဖြစ်တဲ့ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အရူပါဝစရသမာဓိတွေကို သိမ်းကျုံးပြီး ရေတွက်ရတဲ့ မဇ္ဈေဒီပကနည်းအားဖြင့်လည်း ဘုရားရှင်က ဒီဒေသနာတော်ကို ဟောကြားထားတော်မူတယ်လို့ သတ်မှတ်ပါတယ်။

ဒါကြောင့် ဘုရားရှင်ကိုယ်တော်တိုင်က မဂ္ဂင် (၈)ပါးထဲမှာ သမ္မာသမာဓိ ဆိုတဲ့ မဂ္ဂင်တစ်ခုကို ထည့်သွင်းပြီး ဟောကြားထားတဲ့အတွက် ယောဂီ သူတော်ကောင်းတို့သည် မဂ္ဂင် (၈)ပါး စုံညီချင်တယ်ဆိုလျှင် သမာဓိတစ်ခုခုကို ထူထောင်ရမလား, မထူထောင်ရဘူးလား? ထူထောင်ရတော့မယ်။ သမာဓိ ထူထောင်ဖို့ မလိုဘူးဆိုလျှင်တော့ မဂ္ဂင် (၈)ပါး ပြည့်စုံပါတော့မလား? မပြည့်စုံတော့ဘူး။ ဒါကြောင့် ဒါယကာကြီး ဒါယိကာမကြီးတွေ သတိရှိဖို့တော့ အင်မတန် လိုအပ်ပါတယ်။ ဘာကြောင့် သမာဓိကို ထူထောင်နေရသလဲလို့ မေးလျှင်လည်း သမာဓိ ထူထောင်ရတဲ့ အကြောင်းရင်းတစ်ခုကတော့ မဂ္ဂင် (၈)ပါး စုံညီရတဲ့အထဲမှာ သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်တစ်ပါးလည်း မပါဘူးလား? ပါနေတယ်။ ဘာကို သမ္မာဒိဋ္ဌိခေါ်သလဲ?

သမ္မာဒိဋ္ဌိ

ယံ ခေါ ဘိက္ခဝေ ဒုက္ခေ ဉာဏံ၊ ဒုက္ခသမုဒယေ ဉာဏံ၊ ဒုက္ခနိရောဓေ ဉာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။ (ဒီ၊၂၊၂၄၉။)

ဘုရားရှင်က ဒီလို (၄)ချက် ဟောကြားထားတော်မူပါတယ်။ ဒုက္ခသစ္စာ ကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ, သမုဒယသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ, နိရောဓသစ္စာကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ, မဂ္ဂသစ္စာကို သိနေ တဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိဆိုပြီး သမ္မာဒိဋ္ဌိကို (၄)မျိုး ခွဲခြားပြီး ဟောကြားတော် မူပါတယ်။ ထိုသမ္မာဒိဋ္ဌိဉာဏ်နဲ့ သိမြင်တဲ့ ဒုက္ခသစ္စာတွေက ဘယ်တရားတွေလဲလို့ မေးလျှင်တော့ --- သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ (သံ၊၃၊၃၆၉။) လို့ ဒီလို ဘုရားရှင် ဟောကြားတော်မူတဲ့အတိုင်း အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားစု ဖြစ်ပါတယ်။ ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဆိုပြီး ဥပါဒါနက္ခန္ဓာငါးပါး ရှိပါတယ်။ (မ၊၁၊၈၄။) ဘယ်တရားတွေကို ရူပုပါဒါနက္ခန္ဓာခေါ်တယ်ဆိုတာလည်း ဘုရားရှင်ကိုယ်တော်တိုင်က ခန္ဓသုတ္တန်မှာ အတိအကျ ရှင်းလင်းထားပါတယ်။

ဥပါဒါနက္ခန္ဓာ ဒုက္ခသစ္စာတရားဟူသည်

ယံ ကိဉ္စိ ဘိက္ခဝေ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သာသဝံ ဥပါဒါနိယံ၊ အယံ ဝုစ္စတိ ရူပုပါဒါနက္ခန္ဓော။ (သံ၊၂၊၃၉။)

ဒီလို ဟောကြားထားတော်မူပါတယ်။ အတိတ်ရုပ်တရား, ပစ္စုပ္ပန်ရုပ်တရား, အနာဂတ်ရုပ်တရား, အဇ္ဈတ္တရုပ်တရား, ဗဟိဒ္ဓရုပ်တရား, ဩဠာရိကလို့ ခေါ်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ရုပ်တရား, သုခုမလို့ခေါ်တဲ့ သိမ်မွေ့နူးညံ့တဲ့ ရုပ်တရား, ဟီနခေါ်တဲ့ ယုတ်ညံ့တဲ့ ရုပ်တရား, ပဏီတခေါ်တဲ့ မွန်မြတ်တဲ့ ရုပ်တရား, ဒူရခေါ်တဲ့ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ ဝေးတဲ့ ရုပ်တရား, သန္တိကခေါ်တဲ့ ရှုနေတဲ့ ယောဂီပုဂ္ဂိုလ်ရဲ့ အသိဉာဏ်နဲ့ နီးတဲ့ ရုပ်တရား၊ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ အာသဝေါ တရားတို့၏ အာရုံယူရာဖြစ်တဲ့ တဏှာ-ဒိဋ္ဌိတို့ဖြင့် ငါ-ငါ့ဟာလို့ စွဲလမ်း ဆုပ်ကိုင်ရာဖြစ်တဲ့ ဒီရုပ်တရားအစုအပုံကို ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။

အလားတူပဲ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ဝေဒနာ အစုအပုံ, သညာအစုအပုံ, သင်္ခါရအစုအပုံ, ဝိညာဏ်အစုအပုံတွေကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။ အဲဒီ ဥပါဒါနက္ခန္ဓာငါးပါးသည် သစ္စာဒေသနာတော်နည်းအရ ဘာသစ္စာလဲ? ဒုက္ခသစ္စာ ဖြစ်ပါတယ်။ အဲဒီ ဒုက္ခသစ္စာတရားကို သိနေတဲ့ဉာဏ်သည် သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။

သမုဒယသစ္စာတရား

နောက်တစ်ချက်က ဘာကို သမုဒယသစ္စာ ခေါ်သလဲဆိုတာနဲ့ ပတ်သက်လို့တော့ တိတ္ထာယတနသုတ္တန် (အံ၊၁၊၁၇၈။)မှာ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ စသည်ဖြင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သမုဒယသစ္စာအမည်နဲ့ ဘုရားရှင် ဟောကြားထားတော်မူခဲ့ပါတယ်။ ယင်း ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ သိနေတဲ့ဉာဏ်သည် သမုဒယသစ္စာကို သိတဲ့ဉာဏ် ဖြစ်ပါတယ်။ အဲဒီ သမုဒယသစ္စာကို သိတဲ့ဉာဏ်ဟာ သမ္မာဒိဋ္ဌိ ဖြစ်တယ်ဆိုပြီး ဒီလို ရှင်းလင်းထားပါတယ်။ အဲဒီ ဒုက္ခသစ္စာတရားနဲ့ သမုဒယသစ္စာတရားနှစ်ပါးက ဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံတွေ ဖြစ်ကြပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။) ထိုဝိပဿနာဉာဏ်ရဲ့ အရှုခံအာရုံ ဖြစ်နေတဲ့ ဒီသစ္စာတရား နှစ်ပါးကို ဟုတ်တိုင်းမှန်စွာ သိရှိရေးအတွက် ဘာလိုအပ်သလဲ?

သမာဓိ ထူထောင်ပါ

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။)

ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သမာဓိံ = သမာဓိကို။ ဘာဝေထ = ပွားများကြကုန်လော့။ ဘိက္ခဝေ = ချစ်သားရဟန်းတို့။ သမာဟိတော ဘိက္ခု = သမာဓိရှိတဲ့ရဟန်းတော်သည်။ ယထာဘူတံ = မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ။ ပဇာနာတိ = ကွဲကွဲပြားပြား သိ၏။

ချစ်သားရဟန်းတို့ ...သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိလျှင် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိပါလိမ့်မယ်။ ဘာတွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိမလဲ?

ကိဉ္စ ယထာဘူတံ ပဇာနာတိ? ရူပဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝေဒနာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သညာယ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ သင်္ခါရာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ၊ ဝိညာဏဿ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ။ (သံ၊၂၊၁၂။)

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ခေါ်တဲ့ ခန္ဓာငါးပါးကို ဟုတ်တိုင်း မှန်စွာ သိမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိတဲ့ အကြောင်း သမုဒယသစ္စာတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေ ထင်ရှားဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိမယ်။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ စတဲ့ အကြောင်းသမုဒယသစ္စာတရားတွေ ချုပ်ငြိမ်း သွားခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတွေ ချုပ်ငြိမ်းသွားတာကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ အကြောင်းတရားနှင့်တကွသော ထိုခန္ဓာ ငါးပါးတို့ရဲ့ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိမယ်။ ဒီလို ဟုတ်တိုင်းမှန်စွာ သိရေး အတွက် ဘာလုပ်ရမလဲ? သမာဓိကို ထူထောင်ပါလို့ ဒီလို ဘုရားရှင်က တိုက်တွန်းထားတော်မူပါတယ်။

ဒီလို တိုက်တွန်းထားတဲ့အတွက်ကြောင့် မိမိတို့က ဝိပဿနာနယ်ဘက်ကို ကူးတော့မယ်ဆိုလျှင်တော့ ဒီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေတဲ့ ခန္ဓာငါးပါးနှင့် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိရေးအတွက် သမာဓိတစ်ခုခုကို ထူထောင်ရတော့မယ်။ သမာဓိ မထူထောင်ခဲ့ဘူးဆိုလျှင်တော့ ဘုရားရှင် ဆိုလိုတဲ့ ရုပ်တရား နာမ်တရားတွေကို သိဖို့ရာ အင်မတန် ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် သမာဓိကို ထူထောင်ရခြင်း ဖြစ်ပါတယ်။ ဒီလို သမာဓိ ထူထောင်တဲ့အပိုင်းမှာ မြတ်စွာဘုရားရှင်က ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်းနဲ့ စပြီး သမာဓိကို ထူထောင်နိုင်ပါတယ်။

ပါရိဟာရိယကမ္မဋ္ဌာန်းနှင့် သဗ္ဗတ္ထကကမ္မဋ္ဌာန်း

အဲဒီ ကမ္မဋ္ဌာန်း (၄၀)ထဲက ဘုန်းကြီး ဗုဒ္ဓါနုဿတိနှင့် မေတ္တာစျာန် သမာဓိတို့ကို ထူထောင်ပုံအပိုင်းကိုပဲ ဟောဖို့ ရည်ရွယ်ထားပါတယ်။ ဘုန်းကြီး ကတော့ များသောအားဖြင့် ကသိုဏ်းတစ်ခုမှာ စတုတ္ထစျာန်လောက် ပေါက်ပြီးတဲ့ ယောဂီသူတော်ကောင်းတွေကိုသာလျှင် ဗုဒ္ဓါနုဿတိကို သင်ပေးပါတယ်။ သို့သော်လည်း ဒီကမ္မဋ္ဌာန်း (၄၀)ကို ခွဲတမ်းချလိုက်မယ်ဆိုလျှင်တော့ ပါရိဟာရိယကမ္မဋ္ဌာန်း, သဗ္ဗတ္ထကကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းက နှစ်မျိုးပဲ ရှိပါတယ်။ (ဝိသုဒ္ဓိ၊၁၊၉၄။)

ပါရိဟာရိယကမ္မဋ္ဌာန်းကတော့ အမြဲတမ်း လက်သုံးအနေနဲ့ အားထုတ်တဲ့ ကမ္မဋ္ဌာန်းကို ခေါ်ပါတယ်။ အဲဒီ ပါရိဟာရိယကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိ စိတ်ကြိုက် ကမ္မဋ္ဌာန်းတစ်ခုကို ရွေးချယ်ပြီးတော့ အားထုတ်နိုင် ပါတယ်။ အရှင်သုဘူတိမထေရ်မြတ်ရဲ့ ပါရိဟာရိယကမ္မဋ္ဌာန်းကတော့ မေတ္တာ ကမ္မဋ္ဌာန်း ဖြစ်နေပါတယ်။ သဗ္ဗတ္ထကကမ္မဋ္ဌာန်းဆိုတာကတော့ အမြဲခပ်သိမ်း မယူမနေရ အားမထုတ်ဘဲ မနေရ အမြဲ အားထုတ်ရမည့် ကမ္မဋ္ဌာန်းမျိုးကို ခေါ်ဆိုပါတယ်။ မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, မရဏာနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်းဆိုပြီး မသင်မနေရ ကမ္မဋ္ဌာန်း လေးမျိုး ရှိပါတယ်။ အဲဒီ ကမ္မဋ္ဌာန်း (၄၀)ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်း တစ်ခု တစ်ခုကို အားထုတ်နေတဲ့ ပုဂ္ဂိုလ်က ဒီသဗ္ဗတ္ထကကမ္မဋ္ဌာန်း လေးမျိုးကိုလည်း သင်ယူရပါတယ်။

ဒီလို ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ပါရိဟာရိယကမ္မဋ္ဌာန်း = လက်သုံး ကမ္မဋ္ဌာန်းကတော့ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကမ္မဋ္ဌာန်းတစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ ဒီလို ရွေးချယ်တဲ့အပိုင်းမှာလည်း အာနာပါနကမ္မဋ္ဌာန်းကို စိတ်သန်တဲ့ပုဂ္ဂိုလ်က အာနာပါနကမ္မဋ္ဌာန်းကို ရွေးချယ်နိုင်ပါတယ်။ များသောအားဖြင့် တရားအားထုတ်ဖို့ ရောက်လာကြတဲ့ ယောဂီတွေကို ဆန်းစစ်လိုက်လျှင်တော့ အာနာပါနကမ္မဋ္ဌာန်းကို စိတ်သန်တဲ့ပုဂ္ဂိုလ် အရေအတွက်က များကြပါတယ်။ အကယ်၍ ဘယ်ကမ္မဋ္ဌာန်းမှ မယ်မယ်ရရ ထိထိမိမိ အားမထုတ်ခဲ့ဖူးဘူး ဆိုလျှင်တော့ ထိုယောဂီကို ဘုန်းကြီးကတော့ ဓာတ်ကမ္မဋ္ဌာန်းကနေ စပြီး သင်ပေးပါတယ်။ ဘာဖြစ်လို့ ဓာတ်ကမ္မဋ္ဌာန်းက စပြီး သင်ပေးရသလဲလို့ မေးလျှင်လည်း ယောဂီ တော်တော်ခပ်များများကို သုတေသန ပြုကြည့်တဲ့ အပိုင်းမှာ ဓာတ်ကမ္မဋ္ဌာန်းနဲ့ သမာဓိ ထူထောင်လျှင် သမာဓိ အဖြစ်မြန်နေတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ဝိပဿနာ ကူးတော့မယ့် ယောဂီပုဂ္ဂိုလ်အတွက် ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း နှစ်မျိုး ရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ရှုတော့မယ်ဆိုလျှင် ဒီဓာတ်ကမ္မဋ္ဌာန်းက မလွှဲမရှောင်သာ ပြန်ပြီး ရှုရမည့် ကမ္မဋ္ဌာန်းလည်း ဖြစ်နေပါတယ်။

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀။)

ဒီလို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာများနှင့်အညီ ဖြစ်ပါတယ်။ ဒီအကြောင်း နှစ်ခုကြောင့် ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို စပြီး ထူထောင်ခိုင်းပါတယ်။ ဒါပေမယ့် မေတ္တာစျာန်နဲ့ ဒီဓာတ်ကမ္မဋ္ဌာန်းက ဘယ်လို ဆက်သွယ်မှု ရှိနေသလဲလို့ မေးလျှင်တော့ ဓာတ်ကမ္မဋ္ဌာန်းကို ပြည်တည်ပြီးတော့မှ ကသိုဏ်းကို ကူးစေချင်တဲ့အတွက် ဒီလို သင်ပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကသိုဏ်းနဲ့ မေတ္တာစျာန်ကမ္မဋ္ဌာန်းကတော့ ဆက်သွယ်မှု ရှိနေပါတယ်။

မေတ္တသုတ္တန်မှာလာတဲ့ ရဟန်းတော်တွေကို ဘုရားရှင်က ပထမတော့ ကသိုဏ်းတွေကို အခြေခံပြီး ဝိပဿနာကူးဖို့ရန်အတွက် သင်ပေးလိုက်ပါတယ်။ (သုတ္တနိပါတ၊ဋ္ဌ၊၁၊၁၇၉-၁၈၀။) သူတို့ရဲ့ ပါရိဟာရိယခေါ်တဲ့ လက်သုံး ကမ္မဋ္ဌာန်းကတော့ ကသိုဏ်း ဖြစ်ပါတယ်။ နောက်တစ်ပတ် ပြန်ကျော့လာတဲ့ အချိန်အခါမှာတော့ မေတ္တာကမ္မဋ္ဌာန်းကို သဗ္ဗတ္ထကကမ္မဋ္ဌာန်း သို့မဟုတ် စတုရာရက္ခလို့ခေါ်တဲ့ အစောင့်ကမ္မဋ္ဌာန်းအနေနဲ့ သင်ပေးခဲ့တာကို ရုပ်သိမ်း လိုက်ပါတယ်။ ကသိုဏ်းတွေကိုလည်း ပါရိဟာရိယကမ္မဋ္ဌာန်းအဖြစ်နဲ့ သင်ပေးထားခဲ့တာကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ဘာလုပ်ပေးလိုက်သလဲ? မေတ္တာကမ္မဋ္ဌာန်းကို ပါရိဟာရိယကမ္မဋ္ဌာန်း (= လက်သုံးကမ္မဋ္ဌာန်း)အဖြစ် ပွားများဖို့ရန် သင့်လျော်နေတာကို သိတော်မူတဲ့အတွက် မေတ္တာကမ္မဋ္ဌာန်းကို ပါရိဟာရိယကမ္မဋ္ဌာန်းအဖြစ် ပြောင်းပေးတော်မူလိုက်ပါတယ်။ ဘယ်လို သဘောကြောင့်လဲ?

ကသိုဏ်းစျာန်နှင့် မေတ္တာစျာန်

ကသိုဏ်းတွေက အရပ်ဆယ်မျက်နှာသို့တိုင်အောင်, စွမ်းနိုင်လျှင် အနန္တ စကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ပြီးတော့ ဒီစျာန်ကို ဝင်စားရတဲ့ ကမ္မဋ္ဌာန်း တစ်မျိုး ဖြစ်ပါတယ်။ အလားတူပဲ မေတ္တာကမ္မဋ္ဌာန်းဟာလည်း အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ပြီးတော့ သတ္တဝါတွေကို အာရုံယူပြီး မေတ္တာစျာန်ကို ဝင်စားရတဲ့ ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်နေပါတယ်။ ဒါကြောင့် မေတ္တာစျာန် ဖြန့်ကြက်ပုံနဲ့ ကသိုဏ်းစျာန်တို့ရဲ့ အာရုံ ဖြန့်ကြက်ပုံခြင်းတွေက တူညီ နေတဲ့အတွက် ဒီကမ္မဋ္ဌာန်း နှစ်ခုက တော်တော်ကလေး လိုက်လျောကြပါတယ်။

ဒါကြောင့် ဘုန်းကြီးကတော့ ကသိုဏ်းတစ်ခုကို စနစ်တကျ စတုတ္ထစျာန် သမာဓိဆိုက်အောင် အောင်မြင်ပြီးတဲ့ ယောဂီသူတော်ကောင်းတွေကိုသာလျှင် ဒီမေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းတွေကို သင်ပေးပါတယ်။ သင်ပေးတဲ့ အချိန်အခါမှာလည်း ထိုယောဂီသူတော်ကောင်းက ဉာဏ်ထက်ခဲ့လျှင်တော့ နှစ်ရက် သုံးရက်အတွင်းမှာ လွယ်လွယ်ကူကူ အောင်အောင်မြင်မြင်နဲ့ မေတ္တာစျာန်တွေကို ပွားများအားထုတ်လို့ အောင်မြင်တာကို တွေ့ရပါတယ်။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းမှာလည်း နမူနာအနေနဲ့ တစ်ထိုင် နှစ်ထိုင်လောက်ပဲ သင်ပေးလျှင် ချက်ချင်း ဥပစာရသမာဓိ ဆိုက်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ နည်းစနစ်ကလေးနဲ့ပဲ ဆက်ပြီး ဟောကြရအောင် ---

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်း

ဘုန်းကြီးတို့ ဓာတ်ကမ္မဋ္ဌာန်းမှာ အကျဉ်းနည်း, အကျယ်နည်း နှစ်နည်း ရှိတဲ့အနက်က အကျဉ်းနည်း ဆိုကြစို့။ အကျဉ်းနည်းကတော့ ခန္ဓာကိုယ်ရဲ့ အသားကြား အရိုးကြား အရေကြား အကြောကြားတွေကို ဉာဏ်နဲ့ စိုက်ပြီးတော့ ပထဝီဓာတ် ရှိတယ်, အာပေါဓာတ် ရှိတယ်, တေဇောဓာတ် ရှိတယ်, ဝါယောဓာတ် ရှိတယ်လို့ ဓာတ်ကြီးလေးပါးကို မြင်အောင် ကြည့်ရပါတယ်။ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။) ဒီလို ကြည့်တဲ့အပိုင်းမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုတာက ဘယ်လို သဘောတွေလဲ? ဒီအချက် တွေနဲ့ ပတ်သက်လို့ မြန်မာလို သိဖို့တော့ လိုအပ်ပါတယ်။

ပထဝီဓာတ်မှာ မာတဲ့သဘော, ကြမ်းတဲ့သဘော, လေးတဲ့သဘောဆိုတဲ့ ဂရုပထဝီက တစ်အုပ်စု၊ ပျော့တဲ့သဘော, ချောတဲ့သဘော, ပေါ့တဲ့သဘောဆိုတဲ့ လဟုပထဝီက တစ်အုပ်စုဆိုပြီး နှစ်အုပ်စု ရှိပါတယ်။ (အဘိ၊၁၊ရဝ။ အဘိ၊ဋ္ဌ၊၁၊၃၆၈။) အာပေါဓာတ်မှာ ယိုစီးတဲ့သဘော, ဖွဲ့စည်းတဲ့သဘော၊ တေဇောဓာတ်မှာ ပူတဲ့သဘော, အေးတဲ့သဘော၊ ဝါယောဓာတ်မှာ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောဆိုပြီး အားလုံး ပေါင်းလိုက်တော့ သဘောတရား (၁၂)မျိုး ရှိပါတယ်။ ဒါကတော့ ဓမ္မသင်္ဂဏီပါဠိတော်မှာ လာတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။

ပထဝီဓာတ်သဘောတရား (၆) မျိုး

ဒီသဘောတရား (၁၂)မျိုးရှိတဲ့အထဲက လုပ်ငန်းခွင်မှာ ဘယ်သဘောက စပြီး ရှုရမလဲ? မာမှုထင်ရှားတဲ့ တစ်နေရာက စပြီး မာတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် ရှုရပါတယ်။ ဥပမာ -- သွားနှစ်ခုကို ဖိထားလိုက်လျှင် မာမှု ထင်ရှားနေပါလိမ့်မယ်။ အဲဒီ မာမှု ထင်ရှားရာ တစ်နေရာက စပြီး တစ်ကိုယ်လုံးမှာ မာမှုတွေ ထင်ရှားသွားအောင် ခန္ဓာကိုယ်ကို ခပ်တောင့်တောင့်တင်းတင်းကလေး ထားပြီး ရှုကြည့်ပါ။ တင်ပါးနဲ့ ကြမ်းနဲ့ ထိတဲ့ နေရာမှာ မာမှုက ထင်ရှားလျှင်တော့ အဲဒီနေရာက စပြီး တစ်ကိုယ်လုံးမှာ မာမှု ထင်ရှားလာအောင် ရှုရပါတယ်။ မာတဲ့သဘော တစ်ကိုယ်လုံး ပြန့်သွားလျှင်တော့ တစ်ကိုယ်လုံးမှာ တည်ရှိနေတဲ့ မာမှုသဘောကို ဉာဏ်နှင့် ပိုင်းခြားယူနိုင်လျှင် သိမ်းဆည်းနိုင်လျှင်တော့ ကြမ်းတဲ့သဘောကို ဆက်ရှုကြည့်ပါ။

လက်နဲ့ လုံချည်ကလေး ထိထားတဲ့နေရာမှာ စိုက်ကြည့်လိုက်လျှင်တော့ ကြမ်းမှု ထင်ရှားနေပါလိမ့်မယ်။ မထင်ရှားလျှင်တော့ နည်းနည်းကလေး ပွတ်ကြည့်ပါ။ ကြမ်းမှု ထင်ရှားလာပါလိမ့်မယ်။ အဲဒီလို ကြမ်းမှု ထင်ရှားရာ နေရာကနေ စပြီး ကြမ်းတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုရပါတယ်။ လက်နဲ့ ပေါင်ကို ဖိကြည့်ပါ။ သို့မဟုတ် တင်ပါးနဲ့ ကြမ်းကို ဖိထားကြည့်ပါ။ လေးမှု ထင်ရှားနေပါလိမ့်မယ်။ လေးမှု ထင်ရှားရာ တစ်နေရာကနေ စပြီး လေးတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။

ဒီဂရုပထဝီအုပ်စု သုံးခုကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ အောက်နှုတ်ခမ်းအတွင်းသားကို လျှာကလေးနဲ့ ထိထားကြည့်ပါ။ ပျော့မှုသဘောကို တွေ့တတ်ပါတယ်။ အဲဒီ ပျော့မှု ထင်ရှားရာ တစ်နေရာက စပြီး ပျော့တဲ့ သဘော တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ အောက်နှုတ်ခမ်းအတွင်းသားကို လျှာကလေးနဲ့ ပွတ်ကြည့်ပါ။ ချောမှုသဘော ကို တွေ့တတ်ပါတယ်။ ဒီချောမှု ထင်ရှားရာ တစ်နေရာက စပြီး ချောတဲ့ သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။

ပျော့မှုသဘော, ချောမှုသဘော နှစ်ခုကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ ပေါ့မှုသဘောတစ်ခုလည်း ပေါ်လာတတ်ပါတယ်။ မထင်ရှားခဲ့လျှင်တော့ လေးမှုသဘောကိုလည်း ပြန်စိုက်ကြည့်ပါ။ လက်ညှိုးကလေးကို အသာ မ, ကြည့်ပါ။ လက်ညှိုးတစ်ချောင်းလောက် မ,ကြည့်လိုက်လျှင် ပေါ့မှုသဘော ထင်ရှားနေတတ်ပါတယ်။ ပေါ့မှု ထင်ရှားလာပြီဆိုလျှင် ဒီထင်ရှားရာ တစ်နေရာက စပြီး ပေါ့တဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ ပျော့မှုသဘော, ချောမှုသဘော, ပေါ့မှုသဘော သုံးခုက လဟုပထဝီအုပ်စု ဖြစ်ပါတယ်။

လက်တွေ့ အားထုတ်တဲ့ အချိန်အခါမှာတော့ တချို့တချို့ ယောဂီတွေမှာ မာမှုသဘောနဲ့ ကြမ်းမှုသဘောတွေက လွန်ကဲလာခဲ့လျှင် ဆန့်ကျင်ဘက်သဘောဖြစ်တဲ့ ပျော့မှုသဘောနဲ့ ချောမှုသဘောကို ပြောင်းပြီး စိုက်ရှုလို့ ရအောင် ဒီလိုပဲ တွဲပြီး သင်ပေးရပါတယ်။ ပေါင်းလိုက်တော့ ပထဝီဓာတ် ခြောက်မျိုး ရှုလို့ ရသွားပြီ ဖြစ်ပါတယ်။

တေဇောဓာတ်သဘောတရား (၂) မျိုး

အာပေါဓာတ်ကတော့ ရှုရာမှာ ခက်ခဲတဲ့အတွက် နောက်မှပဲ ရှုပါ။ ပထဝီဓာတ် သဘောတရားတွေကို ရှုလို့ အောင်မြင်လျှင်တော့ ထိုယောဂီ သူတော်ကောင်းက တေဇောဓာတ်ရဲ့ ပူတဲ့သဘော, အေးတဲ့သဘောတွေကို ကူးရှုကြည့်ပါ။ ဘယ်လက်ဖဝါးပေါ်မှာ ညာဘက် လက်ခုံကလေးကို အသာ တင်ထားကြည့်ပါ။ ပူမှု ထင်ရှားနေပါလိမ့်မယ်။ အဲဒီ ပူမှု ထင်ရှားရာ တစ်နေရာက စပြီး ပူတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ ဝင်လေကလေး ထိထိသွားတဲ့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဖျားမှာ စိုက်ရှုကြည့်ပါ။ အေးမှု ထင်ရှားနေပါလိမ့်မယ်။ အဲဒီအေးမှု ထင်ရှားရာ တစ်နေရာက စပြီး အေးတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ တေဇောဓာတ်ရဲ့ ပူမှု သဘော, အေးမှုသဘော နှစ်ခုကို ရှုကြည့်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ဝါယောဓာတ်ရဲ့ ထောက်ကန်တဲ့သဘော, တွန်းကန်တဲ့သဘောတွေကို ကူးရှုကြည့်ပါ။

ဝါယောဓာတ်သဘောတရား (၂) မျိုး

ထောက်ကန်တယ်ဆိုတာက ခန္ဓာအိမ်ကို ခပ်မတ်မတ် ထားပြီး ထိုင်ကြည့်ပါ။ ငြိမ်အောင် ထိန်းထားတဲ့ စွမ်းအားကလေး ပေါ်လာပါလိမ့်မယ်။ မထင်ရှားလျှင် နည်းနည်းကလေး လှုပ်ကြည့်ပါ။ သို့မဟုတ် လဲကျမည့်အသွင်ကလေး ပြုလုပ်ကြည့်ပါ။ ပြန်ပြီး ငြိမ်အောင်, မလဲအောင် ပြန်ပြီး ထိန်းထားတဲ့ သဘောက ထင်ရှားလာတတ်ပါတယ်။ အကယ်၍ ထိန်းမထားလျှင်တော့ လဲကျသွားမှာ ဖြစ်ပါတယ်။ ဒီလို လဲကျမသွားအောင် ထိန်းထားတဲ့သဘောကို ထောက်ကန်တယ်လို့ သုံးထားပါတယ်။ ပြိုတော့မယ့် အိမ်တစ်အိမ်ကို ကျားခေါ်တဲ့ သစ်သားတစ်ချောင်းနဲ့ ထောက်ထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။

တွန်းကန်တဲ့သဘောကတော့ အသက်ရှူတဲ့အချိန်မှာ ခေါင်းရဲ့ အလယ်ဗဟိုလောက်ကို စိတ်စိုက်ထားကြည့်ပါ။ သွားနှစ်ခု ဖိပြီး အံကြိတ်လိုက်လျှင် တွန်းနေတဲ့သဘော ထင်ရှားလာတဲ့ ပုံစံမျိုးလိုပဲ ခေါင်းအလယ်လောက်မှာ အသက်ရှူသွင်းလိုက်လျှင် တွန်းကန်နေတဲ့သဘော, ပြန်ထုတ်လိုက်လျှင် တွန်းကန်နေတဲ့သဘောကို မြင်အောင် ကြည့်ပါ။ မထင်ရှားဘူးဆိုလျှင်တော့ ဘုန်းကြီးတို့ ဝမ်းဗိုက်ကို စိတ်သန်လျှင်လည်း ဝမ်းဗိုက်ကြီး အပြင် ဖောင်းသွားအောင် တွန်းနေတဲ့သဘောကို စိုက်ကြည့်ပါ။ အောင်မြင်မှု ရတတ်ပါတယ်။ ဒီလို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ တွန်းမှု ထင်ရှားရာ တစ်နေရာက စပြီး တစ်ကိုယ်လုံး တွန်းတဲ့သဘော ပြန့်အောင် တစ်ကိုယ်လုံးမှာ မြင်အောင် ရှုကြည့်ပါ။ ဒါက ဝါယောဓာတ်ရဲ့ သဘောတရားနှစ်ခု ဖြစ်ပါတယ်။

အာပေါဓာတ် သဘောတရား (၂) မျိုး

ပထဝီဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဆိုပြီး ဓာတ်အနေနဲ့ သုံးပါး၊ သဘောတရားအနေနဲ့ (၁၀)ခုကို ခြေဆုံး ခေါင်းဆုံး ထပ်ကာထပ်ကာ သွက်သွက်လက်လက် ရှုနိုင်ပြီဆိုလျှင်တော့ ဖွဲ့စည်းတဲ့သဘောတစ်ခုလည်း ပေါ်လာတတ်ပါတယ်။ တစ်ကိုယ်လုံးကို ကြိုးနဲ့ စည်းထားသလို တင်းကျပ်နေတဲ့ သဘောတစ်ခု ပေါ်လာတတ်ပါတယ်။ မထင်ရှားလျှင်တော့ တွန်းတာနဲ့ မာတာ နှစ်ခုကို ဦးစားပေးပြီး ရှုလိုက်လျှင်တော့ ဖွဲ့စည်းတဲ့သဘောလည်း ပေါ်လာတတ်ပါတယ်။ ဖွဲ့စည်းတဲ့သဘောကို ရှုလို့ အောင်မြင်ပြီဆိုလျှင်တော့ သွားဖုံးအရင်း, လျှာအရင်းလောက်ကနေ သွားရည်တွေ အမြဲတမ်း ယိုစီး နေတာကို ရှုကြည့်ပါ။ အောင်မြင်မှု ရတတ်ပါတယ်။ ဒီလို ယိုစီးမှု ထင်ရှားရာ တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို တစ်ကိုယ်လုံး ပြန့်အောင် တစ်ကိုယ်လုံး မြင်အောင် စိုက်ကြည့်ပါ။

တစ်ကိုယ်လုံးမှာ ဘယ်သဘောတွေက ယိုစီးနေသလဲလို့ မေးလျှင်တော့ သွေး, ချွေး, သလိပ်, ပြည် စသည်ဖြင့် ယိုစီးတဲ့ အာပေါအုပ်စု (၁၂)မျိုး ရှိပါတယ်။ အဲဒီ (၁၂)မျိုးထဲက သွေး, ချွေး စသည်တို့ကို တွေ့ဖို့က လိုရင်းတော့ မဟုတ်ပါဘူး။ ဒီအချိန်မှာ စီးဆင်းနေတဲ့သဘောကို ယောဂီက မြင်အောင် ရှုနိုင်လျှင် လုံလောက်ပါတယ်။ အဲဒီ ယိုစီးမှု ထင်ရှားရာ တစ်နေရာက စပြီး ယိုစီးတဲ့သဘောကို မြင်အောင် စိုက်ရှုပါ။ အာပေါဓာတ် သဘောတရားတွေကိုလည်း စိုက်ရှုလိုက်လို့ အောင်မြင်ပြီဆိုလျှင်တော့ ဓာတ်လေးပါး စုံသွားပြီ ဖြစ်ပါတယ်။ ဒီဓာတ်လေးပါး [= သဘောတရား (၁၂)ခု] စုံသွားတဲ့ အချိန်အခါမှာတော့ ဘုရားရှင် ဟောကြားတော်မူတဲ့ ဒေသနာစဉ်အတိုင်း အစဉ်အတိုင်းသာ ရှုနေပါ။

ပထဝီဓာတ်မှာ သဘောတရား (၆)ခု, အာပေါဓာတ်မှာ သဘောတရား (၂)ခု, တေဇောဓာတ်မှာ သဘောတရား (၂)ခု, ဝါယောဓာတ်မှာ သဘောတရား (၂)ခု၊ အားလုံးပေါင်း သဘောတရား (၁၂)ခုကို အစဉ်အတိုင်း ထပ်ကာထပ်ကာ ခြေဆုံး ခေါင်းဆုံး သွက်လာအောင် ရှုနိုင်ပြီဆိုလျှင်တော့ မိမိ ထိုင်နေတာကို အပေါ်က စီးကြည့်တဲ့ ပုံစံဖြင့် ခြုံငုံပြီးတော့ ဒီသဘောတရား (၁၂)ခုကို ရှုကြည့်ပါ။

ခြုံကြည့်တဲ့အပိုင်းမှာ စိတ်က ခေါင်းကြည့်လိုက်, လက်ကြည့်လိုက်, ခြေထောက်ကြည့်လိုက် စသည်ဖြင့် ဟိုရွှေ့ ဒီရွှေ့ မကြည့်ဘဲနဲ့ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့သာ ကြည့်နေပါ။ ဒီလို သဘောတရား (၁၂)ခုလုံးကို သွက်သွက် လက်လက် ခြုံငုံကြည့်လိုက်လို့ ဒီဓာတ်တွေက ပြိုင်တူလိုလို ဉာဏ်ထဲမှာ ပေါ်လာပြီဆိုတဲ့အခါမှာတော့ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်ပြီးတော့ ပထဝီဓာတ်၊ ယိုစီး-ဖွဲ့စည်းကို ကြည့်ပြီးတော့ အာပေါဓာတ်၊ ပူ-အေးကို ကြည့်ပြီးတော့ တေဇောဓာတ်၊ ထောက်-တွန်းကို ကြည့်ပြီးတော့ ဝါယောဓာတ်လို့ ဒီလို လေးချက် ပြောင်းပြီး ရှုရပါတယ်။

ဒီလို ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ရှုနေတဲ့ အချိန်အခါမှာ အထူးသတိထားရမည့်အချက်ကတော့ ဓာတ်လေးပါးတို့ရဲ့ အပြင်ဘက်အာရုံဖြစ်တဲ့ ပညတ်တွေ ပရမတ်တွေကို လုံးလုံး မရှုပါနဲ့။ ဒီစည်းကမ်းကတော့ အဋ္ဌကထာဆရာတော်များ, ဋီကာဆရာတော်များက အတိအကျ သတိပေးထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၁၇။ မဟာဋီ၊ ၁၊၄၃၄။) ဘာဖြစ်လို့လဲ? ဓာတ်ကမ္မဋ္ဌာန်းကို ရှုနေတဲ့အချိန်မှာ ဓာတ်လေးပါးရဲ့ အပြင်ဘက်ဖြစ်တဲ့ ပညတ်အာရုံ, ပရမတ်အာရုံတွေကို သွားရှုနေလျှင်တော့ ဓာတ်ကမ္မဋ္ဌာန်း စည်းကမ်းဘောင်က လွတ်သွားပါတယ်။ ဒီစည်းကမ်းက ဘယ်အထိ လိုက်နာရမလဲလို့ မေးလျှင်တော့ ဒီဓာတ်ကမ္မဋ္ဌာန်းသည် ဥပစာရကမ္မဋ္ဌာန်း (ဝိသုဒ္ဓိ၊၁၊၃၄၇။) ဖြစ်တဲ့အတွက် ဥပစာရသမာဓိနယ်မြေသို့ ရောက်သည့်တိုင်အောင်တော့ လိုက်နာဖို့ လိုအပ်နေပါတယ်။

ဓာတ်သဘောတရားတွေကို ခပ်မြန်မြန်လည်း မရှုပါနဲ့၊ ခပ်မြန်မြန် ရှုလျှင် ဓာတ်သဘောတွေက မထင်မရှား ဖြစ်တတ်ပါတယ်။ ခပ်နှေးနှေးလည်း မရှုပါနဲ့၊ ခပ်နှေးနှေး ရှုနေလျှင်လည်း ကမ္မဋ္ဌာန်းက လမ်းဆုံးပန်းတိုင် မရောက်ဘဲ ဖြစ်နေတတ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၁၆-၂၁၇။ မဟာဋီ၊၁၊၄၃၄။) ဒါကြောင့် ခန္ဓာကိုယ်ကို ခြုံငုံပြီးတော့ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ် -- ဒီလို ဓာတ်သဘောတွေကို အာရုံယူပြီး ကြိမ်ဖန်များစွာ ရှုရပါတယ်။ ကာလ အရာ, ကာလ အထောင်, ကာလ အသိန်းတိုင်အောင် ရှုရမှာ ဖြစ်ပါတယ်။ ဒီဓာတ်သဘောတွေကို မမြင်ဘဲနဲ့ ဆိုကမ္မဋ္ဌာန်းသက်သက်နဲ့ ရှုနေလျှင်တော့ ဘာ သမာဓိမှ မဖြစ်လာနိုင်ပါဘူး။ ဓာတ်သဘောတရား (၁၂)မျိုးအပေါ်၌ ဘာဝနာ စိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့မှ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ဒီလို ရှုရပါတယ်။

ဒီလို ရှုလိုက်တဲ့ အချိန်အခါမှာ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်နေပြီ, ကပ်နေပြီဆိုလျှင်တော့ သမာဓိထူထောင်ရာမှာ လမ်းစပေါ်လာပြီလို့ ဆိုနိုင်ပါတယ်။ ဒီအချိန်အခါမှာ ယောဂီသူတော်ကောင်းက ဘာဆက်လုပ် ရမလဲ? ဥပမာ -- (၁၀)မိနစ်လောက် ငြိမ်ပြီဆိုလျှင် နောက်တစ်ထိုင်မှာ ဓာတ်လေးပါးအာရုံ၌ မိနစ် (၂၀) ငြိမ်ပါစေလို့ အဓိဋ္ဌာန်ပြီး ထိုင်ကြည့်ပါ။ အောင်မြင်မှု ရလာပြီဆိုလျှင် တဖြည်းဖြည်း တိုးပြီးတော့ တစ်နာရီလောက်အထိ ငြိမ်အောင် ထိုင်ကြည့်ပါ။ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က အပြင်ဘက်ကို လုံးလုံး မထွက်ဘဲ တစ်နာရီလောက် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ အနည်းဆုံး (၁၀)ကြိမ်လောက်အထိ ဆက်တိုက် တည်နေအောင် ကြိုးစားရပါတယ်။ အောင်မြင်မှု ရလာပြီဆိုလျှင်တော့ ဒီပုဂ္ဂိုလ်ဟာ အခြေအနေ ပြောင်းလဲလာပါတယ်။ ဘယ်လို အခြေအနေ ပြောင်းလဲလာသလဲ?

အဖြူပြင်နှင့် အကြည်ပြင်

တချို့ ယောဂီတွေမှာ အလင်းရောင်ကို စပြီး တွေ့တတ်ပါတယ်၊ တချို့ ယောဂီတွေမှာတော့ မီးခိုးရောင်, တချို့ ယောဂီတွေမှာတော့ အဖြူကို စပြီး တွေ့တတ်ပါတယ်။ အားလုံးသည် သူ့နည်း သူ့ဟန်နဲ့ အကုန်လုံး မှန်ပါတယ်။ ဒီလို မီးခိုးရောင်ကို တွေ့ခဲ့လျှင်လည်း ဓာတ်ကို မလွှတ်ဘဲနဲ့သာ ဆက်စိုက်နေပါ။ အဖြူရောင်တွေ့လည်း ဓာတ်ကိုသာ မလွှတ်ဘဲနဲ့ ဆက်စိုက်နေပါ။ ဓာတ်ကိုသာ ဆက်စိုက်ရှုနေလျှင်တော့ ဒီအဖြူကလည်း ခိုင်လာတတ်ပါတယ်။ နာရီဝက်လောက်ထိ မပျောက်တော့ဘူးဆိုလျှင်တော့ အဲဒီ အဖြူမှာပဲ ပြောင်းပြီး ဓာတ်လေးပါး စိုက်ကြည့်ပါ။ စိုက်ကြည့်လို့ မရ ဖြစ်နေခဲ့လျှင်တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီးတော့ မာတဲ့သဘော ရှုလိုက်၊ အဖြူမှာ မာတဲ့သဘော ရှုလိုက်၊ ဒီလို ပြောင်းပြီး ရှုနေပါ။

သို့သော် ဒီလို ပြောင်းရှုတဲ့အပိုင်းမှာ တချို့တချို့ ယောဂီတွေမှာ တော်တော်ကလေး အခက်အခဲ ရှိတတ်ပါတယ်။ တချို့ ယောဂီတွေမှာတော့ လွယ်လွယ်နဲ့ ရသွားတတ်ပါတယ်။ ပြောင်းရှုလို့ မရသေးလျှင်တော့ မူလ ရှုမြဲတိုင်း သမာဓိကိုသာ ဆက်ပြီး ထူထောင်နေပါ။ သမာဓိက အားကောင်းလာလျှင်တော့ ဒီအဖြူဟာ ဓာတ်လေးပါးပဲဆိုတာကို သဘောပေါက်တတ်ပါတယ်။

သို့သော် ဒီအဖြူသည် တချို့ ယောဂီတွေမှာ ဗဟိဒ္ဓမှာ စပြီး ပေါ်နေတတ်ပြန်တယ်။ ဗဟိဒ္ဓမှာ ပေါ်နေလျှင်တော့ သင်ပေးရတာ ခက်ခဲတဲ့အတွက် ဗဟိဒ္ဓမှာ ပေါ်နေတဲ့ ဒီအဖြူကို မကြည့်ဘဲ ခန္ဓာအိမ်မှာသာ ဓာတ်လေးပါးကို ဆက်စိုက်နေပါ။ ဒီလို ဆက်စိုက်နေခဲ့မယ်ဆိုလျှင်တော့ ဒီခန္ဓာအိမ် တစ်ခုလုံးက တိမ်တိုက်လွှာလို အဖြူတုံးကြီး ဖြစ်လာတတ်ပါတယ်။ အဲဒီအဖြူတုံးကလည်း နာရီဝက်လောက်အထိ ဆက်တိုက် ခိုင်နေပြီဆိုလျှင်တော့ အဲဒီ အဖြူမှာ ပြောင်းပြီး ဓာတ်လေးပါး စိုက်ရှုနေပါ။

ဒီလို ဓာတ်လေးပါး စိုက်ရှုနေမယ်ဆိုလျှင် ရေခဲတုံး, ဖန်တုံး, မှန်တုံးလို ကြည်လာတဲ့ အကြည်ဓာတ်တစ်မျိုးကို တွေ့ရပါမယ်။ အဲဒီ အကြည်ဓာတ်သည် တချို့တချို့ ယောဂီများမှာတော့ ကောင်းကင်ပြင် အပြာရောင်လို အကြည်နုကလေး ဖြစ်နေတတ်ပါတယ်။ အဲဒီအကြည်မှာလည်း ဓာတ်လေးပါး ကိုပဲ မြင်အောင် ဆက်ပြီး စိုက်ရှုပါ။ အဲဒီအကြည်မှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်လို့ ဆက်စိုက်ပြီးတော့ သမာဓိကို ထူထောင်လိုက်လို့ ဓာတ်လေးပါးအာရုံ၌ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေလျှင်တော့ ထိုအချိန်အခါမှာ များသောအားဖြင့် အလင်းရောင်တွေ တဖြတ်ဖြတ် ထွက်လာတတ်ပါတယ်။

စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)

စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည်လို့ အကြည်ရုပ် = ပသာဒရုပ် (၅)မျိုးကို မြတ်စွာဘုရား ဟောကြား ထားတော်မူခဲ့ပါတယ်။ ယင်းအကြည်ဓာတ်တွေဟာ ရူပါရုံစတဲ့ ဆိုင်ရာအာရုံတွေကို အာရုံယူတတ်တဲ့ စက္ခုဝိညာဏ်စတဲ့ ဆိုင်ရာ ပဉ္စဝိညာဏ် = ဝိညာဏ် ငါးမျိုးတို့ရဲ့ မှီဖြစ်ရာ အကြောင်းတရား ဝတ္ထုရုပ်အဖြစ်နှင့် ကျေးဇူးပြုပေးနေတဲ့ ကြေးမုံ မှန်အပြင်လို ကြည်နေတဲ့ အကြည်ဓာတ်တို့ရဲ့ အပေါင်းအစု ဖြစ်ပါတယ်။ ဃနခေါ်တဲ့ ရုပ်တုံး ရုပ်ခဲကို ဉာဏ်နှင့် မဖြိုခွဲနိုင်မီမှာ အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့နေခြင်း ဖြစ်ပါတယ်။

သို့သော် ယင်းအကြည်အတုံးအခဲမှာ ဓာတ်ကြီးလေးပါးတို့၏ ကြည်မှုသဘောသာ ဖြစ်တဲ့အတွက် ယင်းအကြည်မှာ ရှိနေတဲ့ ဓာတ်လေးပါးကို သိမ်းဆည်းပြီးတော့ ယင်းဓာတ်လေးပါးအာရုံမှာ သမာဓိကို ဆက်လက်ပြီး ထူထောင်လိုက်လျှင် ယင်းအကြည်အတုံးအခဲမှ အလင်းရောင်များဟာ တဖြတ်ဖြတ် ဖြာထွက်လာတတ်ပါတယ်။ အလင်းရောင်တွေ တဖြတ်ဖြတ် ထွက်လာတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းက စိတ်ကို ခပ်တင်းတင်း ထားပြီး ဒီအကြည်မှာပဲ ဓာတ်လေးပါး စိုက်နိုင်လျှင်တော့ ရုပ်ကလာပ်အမှုန်ကလေးတွေကို လွယ်လွယ်နဲ့ သွားတွေ့တတ်ပါတယ်။ ရုပ်ကလာပ်အမှုန်ကလေးတွေကို တွေ့ပြီဆိုလျှင်တော့ ကသိုဏ်းကူးရာမှာ နည်းနည်းကလေး ခက်ခဲတတ်ပါတယ်။

ကသိုဏ်းကူးချင်တယ်ဆိုလျှင်တော့ စိတ်ကို တအားတင်းမထားဘဲနဲ့ စိတ်ကို နည်းနည်း ပြန်လျှော့ချပြီး ဓာတ်အပေါ်မှာသာ ဘာဝနာစိတ်ကို မလျော့မတင်း ထားပြီးတော့ ဓာတ်လေးပါးကို စိုက်နိုင်မယ်ဆိုလျှင် ဒီအကြည် က အပြင်လိုက် ပြန်ဖြစ်သွားတတ်ပါတယ်။ သမာဓိက နည်းနည်းကလေး လျော့သွားခြင်းကြောင့် အပြင်လိုက် ပြန်ဖြစ်သွားခြင်း ဖြစ်ပါတယ်။ အဲဒီ အကြည်ပြင်မှာသာ ဓာတ်ကို ဆက်ပြီး စိုက်လိုက်လျှင် ဒီအကြည်ဓာတ်ကနေ အလင်းရောင်တွေ တဖြတ်ဖြတ် ထွက်လာပါလိမ့်မယ်။ အလင်းရောင်ဆိုတာကို နည်းနည်းကလေး ဗဟုဿုတအဖြစ် ပြောရလျှင်တော့ --- အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ ဘုရားရှင်က နိမိတ္တသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခုကို ဟောကြားထားတော်မူပါတယ်။ (အံ၊၁၊၁၇၄-၁၇၈။)

ထိုသုတ္တန်မှာ သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ် အားလုံးမှာ အလင်းရောင်ရှိတယ်လို့ ဘုရားရှင်က အတိအကျ ဟောကြားထားတော်မူ ပါတယ်။ ယနေ့ခေတ်မှာ ဥဒယဗ္ဗယဉာဏ်မှာ အလင်းရှိတယ်ဆိုတာကိုတော့ အများအားဖြင့် လက်ခံပြီးတော့ ကျန်နေတဲ့ ဝိပဿနာဉာဏ်တွေနဲ့ သမထပိုင်းတွေမှာ အလင်းရောင်ရှိတယ်ဆိုတဲ့ အချက်ကိုတော့ သိပ်ပြီး လက်မခံလိုကြပါဘူး။ သို့သော် ဘုရားရှင် ဟောကြားထားတဲ့ သုတ္တန်တစ်ခုတော့ အတိအကျ ရှိနေပါတယ်။ အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ်မှာ ဘုရားရှင်က မီးရောင်, နေရောင်, လရောင်, ပညာရောင်ဆိုပြီး အရောင် (၄)မျိုးရှိကြောင်း ဟောကြားထားတော်မူပါတယ်။ (အံ၊၁၊၄၅၆။)

ဒီအရောင် (၄)မျိုးထဲက ပညာရောင်ကိုလည်း အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီး ရဟန္တာဖြစ်သွားတော်မူတဲ့ ပစလာယမာနသုတ္တန်ခေါ်တဲ့ သုတ္တန်တစ်ခု အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ်မှာ ရှိနေပါတယ်။ (အံ၊၂၊၄၆၁-၄၆၄။) ထိုပစလာယမာနသုတ္တန်ကို ဖွင့်ဆိုတဲ့ ဋီကာမှာလည်း ဉာဏ်ရောင်ကို (၄)မျိုး ခွဲပြထားပါတယ်။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)

ဉာဏ်ရောင် (၄)မျိုးကတော့ ဒိဗ္ဗစက္ခုအဘိညာဏ်မှာလည်း အလင်းရောင် ရှိတယ်။ ဒါကတော့ ဒိဗ္ဗစက္ခုဉာဏ်ရောင်လို့ ခေါ်ပါတယ်။ ဒါက တစ်မျိုး။ ကသိုဏ်းအားလုံး သို့မဟုတ် အာလောကကသိုဏ်းမှာလည်း အလင်းရောင် ရှိတယ်။ ဒါက တစ်မျိုး။ နောက်တစ်မျိုးက ပရိကမ္မာလောက ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်း (၄၀)ထဲက မည်သည့်ကမ္မဋ္ဌာန်းကိုပဲ အားထုတ်သည်ဖြစ်စေ ကမ္မဋ္ဌာန်းတွေကို အားထုတ်လိုက်တဲ့အခါမှာ ပရိကမ္မသမာဓိ, ဥပစာရ သမာဓိ, အပ္ပနာသမာဓိဆိုပြီး များသောအားဖြင့် သမာဓိ (၃)မျိုး ရှိပါတယ်။

တချို့ ကမ္မဋ္ဌာန်းတွေမှာတော့ ဥပစာရသမာဓိအထိပဲ ရှိပါတယ်။ အဲဒီ ပရိကမ္မသမာဓိလောက်ကနေ စပြီးတော့ အလင်းရောင်တွေ ထွက်လာတတ် ပါတယ်။ ထိုအလင်းရောင်ကိုတော့ ပရိကမ္မာလောကလို့ ခေါ်ပါတယ်။ ဒိဗ္ဗစက္ခုအဘိညာဏ်ရဲ့ အခြေခံစျာန်များနှင့် ဥပစာရသမာဓိများကိုလည်း ပရိကမ်လို့ပဲ ခေါ်ဆိုပါတယ်။ ယင်းပရိကမ်ကြောင့်လည်း အလင်းရောင်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ (ဝိသုဒ္ဓိ၊၂၊၅၈။)

နောက်အလင်းရောင် တစ်မျိုးကတော့ ဥပက္ကိလေသာလောက ဖြစ်ပါတယ်။ ဒီအလင်းရောင်ကတော့ ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ပေါ်လာတတ်ပါတယ်။ ဥဒယဗ္ဗယဉာဏ် မရောက်မီမှာလည်း အလင်းရောင် ရှိတယ်၊ ဥဒယဗ္ဗယဉာဏ်ရဲ့ နောက်ပိုင်းမှာလည်း အလင်းရောင် ရှိတယ်ဆိုလျှင် ဘာကြောင့် ဥဒယဗ္ဗယဉာဏ်ပိုင်းမှာ ဒီအလင်းရောင်ကို ထပ်ပြီး ဖော်ပြနေရသလဲလို့ မေးလျှင်တော့ ဖြစ်ပေါ်နေကျ လင်းရောင်ခြည်စွမ်းအားနဲ့ မတူတော့ဘဲ သူက တစ်မူထူးခြားနေတဲ့ အလင်းရောင်ဖြစ်လို့ သူ့ကို သီးသန့် ထပ်ပြီးတော့ ဖော်ပြခြင်း ဖြစ်တယ်လို့ ဒီလို အဋ္ဌကထာများမှာ ရှင်းလင်းထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

ဒီလို သမထပိုင်းမှာလည်း အလင်းရောင် (၄)မျိုး ရှိနေတယ်ဆိုတာကို ဘုန်းကြီးတို့ ဘုရားရှင်ကလည်း အတိအကျ ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာ ဋီကာတွေကလည်း အတိအကျ ဖွင့်ဆိုနေပါတယ်။ ဒီလို ဖွင့်ဆိုထားတဲ့အတိုင်း သမာဓိ အားကောင်းလာလျှင် လင်းရောင်ခြည် စွမ်းအားတွေကလည်း အားကောင်းလာတတ်ပါတယ်။ ဘာကြောင့်လဲ? ဉာဏ်အပေါ်မှာ မူတည်ပြီးတော့ ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို အလင်းရောင်တွေ ကလည်း ထွက်ပေါ်လာတတ်ပါတယ်။

ဉာဏ်အာနုဘော်သည် ဘယ်အခါမှာ ကြီးလာသလဲလို့ မေးလျှင်တော့ သမာဓိ အားကောင်းလာလျှင် ဉာဏ်အာနုဘော်လည်း ကြီးလာပါတယ်။ ဒါက အနီးကပ်ဆုံးအကြောင်း ဖြစ်ပါတယ်။ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါတွေက ကျေးဇူးပြုမှု အားကောင်းနေလျှင်လည်း ဉာဏ်အာနုဘော်က ကြီးလာပါတယ်။ ဒါကတော့ အတိတ်အကြောင်းနဲ့ စပ်ဆိုင်ပါတယ်။ ဒီနေရာမှာတော့ အတိတ်အကြောင်းက အဓိက မကျပါဘူး။ ဉာဏ်အာနုဘော်ကြီးရေးအတွက် ပစ္စုပ္ပန်အကြောင်းကသာ သမာဓိရဲ့ အနီးဆုံးအကြောင်း ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ---

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။ (သံ၊၂၊၁၂။ သံ၊၂၊၃၀၂။ သံ၊၃၊၃၆၂။)

စသည်ဖြင့် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိတဲ့ ယထာဘူတဉာဏ်အမြင် ပေါ်လာရေးအတွက် ဘာလုပ်ရမလဲ? သမာဓိထူထောင်ပါလို့ ဘုရားရှင်က ဒီလို ဟောကြားထားတဲ့အတွက်ကြောင့် သမာဓိသည် ပညာရဲ့ အနီးကပ်ဆုံး ပဒဋ္ဌာန် အကြောင်းတရားဖြစ်တယ်လို့ အဋ္ဌကထာများက အတိအကျ သတ်မှတ်ပေးထားပါတယ်။ (ဝိသုဒ္ဓိ၊၂၊၆၈။)

ဒါကြောင့် ဉာဏ်ပညာ အားကောင်းချင်တဲ့ သူတော်ကောင်းတွေသည် သမာဓိကို ထူထောင်ရပါမယ်။ ဉာဏ်ပညာ အားကောင်းလာပြီဆိုလျှင် ထို ဉာဏ်ပါဝင်နေတဲ့ စိတ်စေတသိက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေ ရှိကြပါတယ်။ ထိုစိတ္တဇရုပ်တွေက ရုပ်ကလာပ်အမှုန်ကလေးတွေ ဖြစ်ကြပါတယ်။ အဲဒီ ရုပ်ကလာပ်အမှုန်တွေမှာ တစ်မှုန် တစ်မှုန်ကို ဓာတ်ခွဲကြည့်လိုက်မယ်ဆိုလျှင်တော့ ပထဝီ, အာပေါ, တေဇော, ဝါယော, အဆင်း, အနံ့, အရသာ, ဩဇာဆိုပြီး အနည်းဆုံးအားဖြင့် သဘောတရား (၈)ခု ရှိပါတယ်။ အဲဒီ (၈)ခုထဲမှာ အဆင်းလို့ခေါ်တဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)ကလေးလည်း ပါနေတယ်။ ထိုရူပါရုံသည် ဘာသုရ = အလွန် တောက်ပပါတယ်။ (မဟာဋီ၊၂၊၄၂၈။)

တစ်ခါ အဲဒီ စိတ္တဇရုပ်ကလာပ်တိုင်းမှာလည်း တေဇောဓာတ်ကလည်း ပါနေပြန်တယ်။ အဲဒီ တေဇောဓာတ်ကလည်း နောက်ထပ် ဆင့်ကဲ ရုပ်ကလာပ်အမှုန်ကလေးတွေကို ထပ်ကာထပ်ကာ ဖြစ်စေပြန်တယ်။ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့အောင် ဖြစ်စေကြပါတယ်။ ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို အနန္တစကြဝဠာတိုင်အောင် ပြန့်ထွက်သွားပါတယ်။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)

ဘုရားရှင်သည် ရတနာဃရစံအိမ်မှာ အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်တော်မူသည့် အချိန်အခါမှာ ပဋ္ဌာန်းဒေသနာတော်သို့ ရောက်လာတော့ ဉာဏ်တော် ကွန့်မြူးမှုတွေက သိပ်ပြီး အားကောင်းနေတဲ့အတွက် ပဋိဌာန်းဒေသနာကို ဆင်ခြင်တော်မူတဲ့ဉာဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ အလင်းရောင်တွေသည် စကြဝဠာအနန္တအထိ ပျံ့နှံ့သွားတယ်လို့ ယနေ့တိုင်အောင်လည်း ပျံ့နှံ့နေသေးတယ်လို့ ဒီလို အဆိုရှိပါတယ်။

တံ ဒိဝသဉ္စ ပန ဘဂဝတော သရီရာ နိက္ခန္တာ ယာဝဇ္ဇဒိဝသာပိ တာ ရသ္မိယော အနန္တာ လောကဓာတုယော ဂစ္ဆန္တိယေဝ။ (မ၊ဋ္ဌ၊၂၊၉၀။)

ဒါကြောင့် ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို လင်းရောင်ခြည် စွမ်းအားတွေကလည်း အားကောင်းလာတတ်ပါတယ်။ ဘာကြောင့်လဲ? ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို စိတ္တဇရုပ်တွေကလည်း အားများလာပါတယ်။ အဲဒီ စိတ္တဇရုပ်ထဲမှာ ပါနေတဲ့ တေဇောဓာတ်ကြောင့် ဖြစ်ပေါ်သွားတဲ့ ဆင့်ကဲ ဥတုဇရုပ်တွေကလည်း အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓအထိ ပျံ့နှံ့ထွက်သွားပါတယ်။

ဒီလို ဗဟိဒ္ဓအထိ ပျံ့နှံ့ထွက်ပေါ်မှုနဲ့ ပတ်သက်လို့ ဘုန်းကြီး ဒီနေ့ပဲ ဒါယကာကြီး ဒေါက်တာစိန်ထွန်းနဲ့ ဆွေးနွေးလိုက်တဲ့အချိန်မှာ ဩစတေးလျ ဘုန်းတော်ကြီးက ဘယ်လို မေးလျှောက်သလဲ? စကြဝဠာတစ်ခုက လင်းရောင်ခြည်စွမ်းအားသည် စကြဝဠာတစ်ခုသို့ ရောက်ရှိရေးအတွက် အနှစ် (၂၀၀၀၀)လောက် ကြာတယ်။ ဒီသမထဘာဝနာ, ဝိပဿနာဘာဝနာတွေကို ပွားနေတဲ့ ယောဂီပုဂ္ဂိုလ်တစ်ဦးရဲ့ သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ဉာဏ်ရောင်ဟာ အနန္တစကြဝဠာတိုင်အောင် ဖြန့်ကြက်ပြီး ကြည့်လိုက်လျှင် ကြည့်လို့ ရနိုင်တယ်ဆိုတော့ ဒီဉာဏ်ရောင်ဟာ ရုပ်လား, နာမ်လားလို့ သူက မေးလျှောက်ပါတယ်။

ဘုန်းကြီးတို့ ဒီဉာဏ်ရောင်မှာ အကြောင်းတရားကတော့ နာမ်တရား ဖြစ်ပါတယ်။ ဉာဏ်က နာမ်တရားထဲမှာ ပါဝင်ပါတယ်။ ဒီဉာဏ်ကို အခြေခံတဲ့ ဉာဏ်နဲ့ ယှဉ်တွဲနေတဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ္တဇရုပ်တွေကတော့ အကျိုးတရားတွေ ဖြစ်ကြပါတယ်။ စိတ္တဇရုပ်ထဲမှာ ပါနေတဲ့ တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပေါ်သွားတဲ့ ဥတုဇရုပ်တွေကလည်း အကျိုးတရားတွေ ဖြစ်ကြပါတယ်။ အကြောင်းဖြစ်တဲ့ ဉာဏ်က အာနုဘော် ကြီးလျှင်ကြီးသလို ဒီစိတ္တဇရုပ်, ဥတုဇရုပ်တွေထဲမှာ ပါနေတဲ့ ဝဏ္ဏဓာတ် (= ရူပါရုံ)တွေကလည်း အလွန် တောက်ပနေခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာနည်းအရ ပြောမယ် ဆိုလျှင်တော့ ဒီလင်းရောင်ခြည်ဟာ နာမ်တရား မဟုတ်ပါဘူး၊ ရုပ်တရားပဲ ဖြစ်ပါတယ်။ ရုပ်တရား ဖြစ်ခဲ့လျှင် ဒီလောက် လျင်လျင်မြန်မြန်နဲ့ သွားနိုင်ပါ့မလားဆိုတဲ့ ပြဿနာတစ်ခုကို သူက မေးလျှောက်ခြင်း ဖြစ်ပါတယ်။

ဒီပြဿနာကလေးကို ဒါယကာကြီး ဒေါက်တာစိန်ထွန်းလည်း ဝင်ပြီး တင်ပြ လျှောက်ထားပေးတဲ့အတွက် နည်းနည်းတော့ ပြေလည်သွားပါတယ်။ သူက ဘယ်လို တင်ပြ လျှောက်ထားသလဲ? ဒီနေ့ခေတ် ရူပဗေဒသိပ္ပံပညာမှာ စူးစမ်းရှာဖွေလို့ ရနေတာကတော့ အလင်းရောင် သွားနှုန်းထက်ကို လျင်မြန်နေတဲ့အမှုန်တွေ လောကမှာ ရှိနေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ စူးစမ်း ရှာဖွေလို့ ရနေတဲ့အကြောင်းကို လျှောက်ထားတယ်။

ဒီအလင်းရောင်သွားနှုန်းထက် ပိုပြီး လျင်မြန်တဲ့ ရုပ်ကလာပ် အမှုန်ကလေးတွေ ရှိနေတယ်ဆိုတာလည်း ဘုန်းကြီးတို့ ဗုဒ္ဓအဘိဓမ္မာမှာ ထင်ရှား ရှိနေပါတယ်။ လင်းရောင်ခြည်ဆိုတာလည်း အားလုံး ရုပ်ကလာပ်အမှုန်တွေသာ ဖြစ်ကြပါတယ်။ အဲဒီ ရုပ်ကလာပ်အမှုန်တွေသည် အဇ္ဈတ္တသန္တာန်မှာတော့ စိတ္တဇရုပ် ဥတုဇရုပ်တွေ ဖြစ်ပြီး သက်မဲ့ ဗဟိဒ္ဓသန္တာန်မှာတော့ အားလုံး ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။

ဒီဥတုဇရုပ်တွေသည် --- တံ တေဿဝ ပညာယတိဆိုပြီးတော့ (ဝိသုဒ္ဓိမဂ်၊ မဟာဋီကာ၊ ဒုတိယတွဲ၊ စာမျက်နှာ-၄၂၉။) ဥပက္ကိလေသအပိုင်းမှာ ဖွင့်ဆို ထားပါတယ်။ ဒီအလင်းရောင်တွေက ရှုနေတဲ့ ယောဂီရဲ့ ဉာဏ်မှာသာ ထင်နေတဲ့ အလင်းရောင်သာ ဖြစ်ပါတယ်။ တခြား ဘေးကပုဂ္ဂိုလ်တွေ ကြည့်လို့တော့ မမြင်နိုင်ပါဘူး။ အဲဒီ ဘေးကပုဂ္ဂိုလ်တွေထဲမှာ ဒီနေ့ခေတ်မှာ သုတေသနပြုနေကြတဲ့ သိပ္ပံပညာရှင်တွေလည်း ပါနေပါတယ်။ သိပ္ပံပညာရှင် တွေက ဒီလင်းရောင်ခြည်စွမ်းအားကို မြင်နိုင်တာတော့ မဟုတ်ပါဘူး။ သို့သော် သူတို့ရဲ့ ထက်မြက်တဲ့ သိပ္ပံကိရိယာတွေနဲ့ တိုင်းတာလိုက်တဲ့အခါမှာ သာမန်လူတို့ လက်ခံထားတဲ့ လင်းရောင်ခြည် စွမ်းအားထက် ပိုပြီး လျင်လျင် မြန်မြန် ဖြတ်သန်းသွားလာနေတဲ့ အမှုန်တွေ ရှိနေတယ်ဆိုတာကိုတော့ သူတို့ လက်ခံလာခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီဉာဏ်အာနုဘော်ဟာ သိပ်ဆန်းကျယ်ပါတယ်။ ဒီလောက် ဆန်းကျယ်နေတဲ့ စွမ်းအားတွေကို ဘယ်ကနေ ထုတ်လုပ်ပေးလိုက်သလဲ? စိတ်ကနေပဲ ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် ဒါယကာကြီးတွေ ဒီစိတ်မှာ သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာလို့ ခေါ်ဆိုအပ်တဲ့ ဣန္ဒြေတို့ဖြင့် ထိန်းချုပ် ပေးဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ထိန်းချုပ်ပေးလိုက်တော့ ဒီစိတ်က တန်ခိုးကြီးမားလာပါတယ်။ တန်ခိုးကြီးလာတဲ့အခါ ဒီစိတ်သည် ဘယ်လို ဖြစ်လာသလဲ? ယဉ်ကျေးသိမ်မွေ့လာပါတယ်။ ယဉ်ကျေးသိမ်မွေ့ လာပြီဆိုလျှင်တော့ ဒီစိတ်က ဘယ်လိုအကျိုး ရှိသလဲ?

စိတ္တံ ဒန္တံ သုခါဝဟံ = ယဉ်ကျေးသိမ်မွေ့နေတဲ့စိတ်က ချမ်းသာသုခ အဝဝကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ လူချမ်းသာကို အလိုရှိတယ်ဆိုလျှင်လည်း ရွက်ဆောင်ပေးနိုင်တယ်၊ နတ်ချမ်းသာကို အလိုရှိတယ်ဆိုလျှင်လည်း ရွက်ဆောင်ပေးနိုင်တယ်၊ ဗြဟ္မာ့ချမ်းသာ အလိုရှိတယ် ဆိုလျှင်လည်း ရွက်ဆောင်ပေးနိုင်တယ်။ လူချမ်းသာ, နတ်ချမ်းသာ, ဗြဟ္မာ့ချမ်းသာတွေကို အလိုမရှိဘူး၊ နိဗ္ဗာန်ချမ်းသာကိုသာ အလိုရှိပါတယ်ဆိုလျှင်လည်း နိဗ္ဗာန်ချမ်းသာကို ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိပါတယ်။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၁၈၈။)

(၃၂) ကောဋ္ဌာသသို့

ဒါကြောင့် ဓာတ်လေးပါးဖြင့် သမာဓိထူထောင်လိုက်လို့ လင်းရောင်ခြည်တွေက စွမ်းအားထက်လာတဲ့ အချိန်အခါမှာ ကသိုဏ်းဘက်ကို ကူးမယ် ဆိုလျှင်တော့ ဒီအကြည်ဓာတ်မှာပဲ ဓာတ်လေးပါးသဘောကို မလျော့မတင်း စိုက်ကြည့်နေပါ။ စိုက်ကြည့်နေလျှင်တော့ လင်းရောင်ခြည်တွေ အားကောင်းလာတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ မိမိရဲ့ ခန္ဓာအိမ်မှာ တည်ရှိနေတဲ့ ဆံပင်, မွေးညင်း, ခြေသည်း-လက်သည်း, သွား, အရေ အစရှိတဲ့ (၃၂)ကောဋ္ဌာသ အစုအဝေးတွေကို လှမ်းကြည့်လိုက်မယ် ဆိုလျှင်တော့ ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဟုတ်မှ ဟုတ်ပါ့မလားလို့တော့ သံသယ ရှိနေလျှင်တော့ လက်တွေ့ လာပြီး အားထုတ်ပါလို့ ဘုန်းကြီးကတော့ တိုက်တွန်းပါတယ်။

ဒီ (၃၂)ကောဋ္ဌာသ အစုအဝေးတွေကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သလို စနစ်တကျ သေသေချာချာ မြင်ပြီဆိုလျှင်တော့ ဗဟိဒ္ဓကောဋ္ဌာသတွေကို ကူးရှုကြည့်ပါ။ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်းတစ်ဦးကို ဉာဏ်လင်းရောင်ခြည်နဲ့ ထိုးစိုက်ပြီးတော့ သူ့မှာ ရှိနေတဲ့ (၃၂)ကောဋ္ဌာသတွေကိုလည်း လှမ်းရှုကြည့်ပါ။ ရှုကြည့်လို့ အောင်မြင်ပြီ ဆိုလျှင်တော့ အဇ္ဈတ္တတစ်လှည့် ပြန်ရှုကြည့်ပါ။ ဒီလို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်တဲ့စနစ်အားဖြင့် အနီးအနား ဝန်းကျင်မှာရှိနေကြတဲ့ ပုဂ္ဂိုလ် တွေကို တစ်လှည့်စီ ရှုလို့ အောင်မြင်မှု ရလာတဲ့အခါမှာ ဉာဏ်လင်းရောင်ခြည်ကို အဝေးထိအောင် လွှတ်ကြည့်ပါ။ လွှတ်တယ်ဆိုတာက ဘယ်လို သဘောလဲ?

လင်းရောင်ခြည်ကတော့ --- သမန္တတော ပတ္ထရတိ (မဟာဋီ၊၂၊၄၂၉။) = ဝန်းကျင်ပတ်ချာ အကုန်လုံး ပြန့်နေပါတယ်။ မိမိရဲ့ စိတ်အာရုံ စူးစိုက်တဲ့ဘက်မှာ ဒီလင်းရောင်ခြည်စွမ်းအားတွေက ပိုပြီး ထက်နေတတ်ပါတယ်။ အဲဒီ ထက်မြက်နေတဲ့သဘောကို ပြောလိုရင်း ဖြစ်ပါတယ်။ အကယ်၍ လင်းရောင်ခြည်က မှိန်သွားပြီဆိုလျှင် ဘာလုပ်ရမလဲ? ဒီလင်းရောင်ခြည်တွေသည် မူလက ဓာတ်လေးပါးကို အခြေခံပြီး ပွားများထားတဲ့ သမာဓိနဲ့ ယှဉ်တွဲနေတဲ့ ဉာဏ်ရဲ့ စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့အတွက် မိမိက ဒီဓာတ်လေးပါးနဲ့ပဲ သမာဓိကို ပြန်ပြီး ထူထောင်ပေးရပါတယ်။ (မဟာဋီ၊၂၊၄၂၉။)

သမာဓိကို ပြန်ပြီး ထူထောင်လိုက်လို့ လင်းရောင်ခြည်စွမ်းအင်တွေက အားကောင်းတဲ့ အချိန်အခါမှာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တစ်ဖန် ပြန်ပြီး ရှုကြည့်ပါ။ ဒီလို (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုနေတဲ့ဉာဏ်ကြောင့်လည်း ဉာဏ်က ထက်လျှင် ထက်သလို ဉာဏ်အာနုဘော်အားလျော်စွာ လင်းရောင်ခြည်တွေက ဆက်လက် ဖြစ်ပေါ် နေပါတယ်။ မိမိ အာရုံယူကာ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ အလင်းရောင်တွေက ပြန့်နေတတ်ပါတယ်။

အဲဒီ အလင်းရောင်ထဲမှာ တွေ့နေရတဲ့ နွားတွေ, ကျွဲတွေ, ခွေးတွေ, ဝက်တွေ, ကြက်တွေ, ငှက်တွေ အားလုံးကိုလည်း ရှုကြည့်ပါ။ ဒီလို ရှုကြည့်လိုက်တဲ့ အချိန်အခါမှာ (၃၂)ကောဋ္ဌာသအစုအပုံတွေပဲ ရှိနေတယ်၊ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, ကျွဲ, နွား တိရစ္ဆာန်ဆိုတာ မရှိတော့ဘူး၊ တကယ် ထင်ရှား ရှိနေတာက (၃၂)ကောဋ္ဌာသအစုအပုံတွေပဲ ရှိတယ်လို့ ဒီလို ဉာဏ်ထဲမှာ ထင်လာပြီဆိုလျှင်တော့ (၃၂)ကောဋ္ဌာသနဲ့ ပတ်သက်လို့ ပဂုဏဖြစ်ပြီ, ကျွမ်းကျင်လာပြီလို့ ဆိုနိုင်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။) ဒီလို အချိန်အခါမျိုးမှာ ယောဂီသူတော်ကောင်းက ဘာဆက်လုပ်ရမလဲ?

ဘုန်းကြီးတို့ ဒီ (၃၂)ကောဋ္ဌာသကမ္မဋ္ဌာန်းက သမထပိုင်းမှာ လမ်း (၃)သွယ် ရှိနေပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့လမ်းကို ရွေးနိုင်ပါတယ်။ ပဋိကူလမနသိကာရ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ ရှုခဲ့မယ်ဆိုလျှင်တော့ ပထမစျာန် သမာဓိအထိ ပေါက်ပါတယ်။ (၃၂)ကောဋ္ဌာသကို သို့မဟုတ် ကောဋ္ဌာသ အများစုကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ခြုံငုံပြီး ရှုလျှင်လည်း ပထမစျာန်သမာဓိအထိ ပေါက်ပါတယ်။ ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကို ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ ရှုလျှင်လည်း ပထမစျာန်သမာဓိအထိ ပေါက်ပါတယ်။

နောက် ဒုတိယလမ်းကတော့ ကသိုဏ်းလမ်း ဖြစ်ပါတယ်။ (၃၂)ကောဋ္ဌာသတွေထဲမှာ ဆံပင်တို့လို ညိုနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အညိုရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါးလုံး ပေါက်ပါတယ်။ ကျင်ငယ်တို့လို, အဆီခဲတို့လို ဝါနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အဝါရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါးလုံး ပေါက်ပါတယ်။ သွေးတို့လို နီနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီး အနီရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါးလုံး ပေါက်ပါတယ်။ သွားတို့လို, အရိုးတို့လို ဖြူနေတဲ့ ကောဋ္ဌာသ တစ်ခုကို အာရုံယူပြီး အဖြူရောင်ကသိုဏ်းအဖြစ်နဲ့ ရှုနိုင်မယ်ဆိုလျှင်တော့ သမာပတ် (၈)ပါး အားလုံး ပေါက်ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)

အဲဒီ သမာပတ် (၈)ပါးကို အခြေခံပြီးတော့ ဝိပဿနာ ကူးနိုင်မယ် ဆိုလျှင်လည်း အရဟတ္တဖိုလ်ပေါက် ရောက်ရှိနိုင်ပါတယ်။ နောက်တစ်ခု --- တတိယလမ်းကတော့ သုညတဓာတ်ကမ္မဋ္ဌာန်းလမ်း ဖြစ်ပါတယ်။ (အဘိ၊ဋ္ဌ၊၂၊ ၂၄၃။) ဒီကသိုဏ်းကမ္မဋ္ဌာန်းကျင့်စဉ်တွေကို ဘုရားရှင် ဘယ်သုတ္တန်တွေမှာ ဟောကြားထားသလဲလို့ မေးလျှင်တော့ မဟာပရိနိဗ္ဗာနသုတ္တန်စတဲ့ ထိုထို သုတ္တန်တွေမှာ ဘုရားရှင်က အဘိဘာယတနစျာန်ဆိုတဲ့ နာမည်နဲ့ ဟောကြား တော်မူခဲ့ပါတယ်။

အဘိဘာယတနစျာန် + ဝိမောက္ခစျာန်

အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ တာနိ အဘိဘုယျ ဇာနာမိ ပဿာမီတိ ဧဝံသညီ ဟောတိ။ ဣဒံ ပဌမံ အဘိဘာယတနံ။ (ဒီ၊၂၊၉၂။ ဒီ၊၃၊၂၁၅။ အံ၊၃၊၁၂၅။ ၃၀၄။)

စသည်ဖြင့် အဘိဘာယတနစျာန်ဆိုတဲ့အမည်နဲ့ ဟောကြားတော်မူ ပါတယ်။ အဘိဘာယတနစျာန်ဆိုတာကတော့ ဆန့်ကျင်ဘက် နီဝရဏတရား တွေကိုလည်း လွှမ်းမိုးဖိစီးနိုင်တဲ့ စျာန်မျိုးကို ခေါ်ပါတယ်။ အင်မတန် သေးငယ်တဲ့ သည်းခြေတို့လို ညိုနေတဲ့ ကောဋ္ဌာသတစ်ခုကို အာရုံယူပြီးတော့ အညိုရောင်ကသိုဏ်းအဖြစ်နဲ့ ရှုလျှင် သမာပတ် (၈)ပါး အားလုံး ပေါက်နိုင်ပါတယ်။ ကသိုဏ်းဝန်းကို အနန္တစကြဝဠာတိုင်အောင် ဖြန့်ကြက်ချင်တယ် ဆိုလျှင်လည်း ဖြန့်ကြက်လို့ရတယ်။ ဒီလို ကသိုဏ်းဝန်းကို လွှမ်းမိုးဖိစီးနိုင်တဲ့ စွမ်းအားရှိလို့ ဒီစျာန်တွေကို အဘိဘာယတနစျာန်လို့ ခေါ်ထားပါတယ်။ အဲဒီ အဘိဘာယတနစျာန်အဖြစ်နဲ့ ဘုရားရှင် ဟောကြားထားတဲ့ကျင့်စဉ် အပြည့်အစုံကတော့ သမ္မောဟဝိနောဒနီ အဋ္ဌကထာကြီးမှာ အတိအကျ ဖွင့်ဆိုထား ပါတယ်။ ထိုသမ္မောဟဝိနောဒနီ အဋ္ဌကထာ စာမျက်နှာ (၂၄၃)မှာ ---

အာကင်္ခမာနဿ ဝဏ္ဏတော၊ အာကင်္ခမာနဿ ပဋိကူလတော၊ အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)

ဆိုပြီးတော့ အလိုရှိခဲ့လျှင် ဝဏ္ဏကသိုဏ်းလမ်းလိုက်လည်း ရတယ်။ အလိုရှိခဲ့လျှင် ပဋိကူလ (= ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလမနသိကာရလမ်း) လိုက်လည်း ရတယ်။ အလိုရှိခဲ့လျှင် သုညတဓာတ်ကမ္မဋ္ဌာန်းလမ်းလိုက်လည်း ရပါတယ်ဆိုပြီးတော့ အတိအကျ ဖွင့်ဆိုထားပါတယ်။

ဒီဖွင့်ဆိုချက်အတိုင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ယောဂီ သူတော်ကောင်းက ဒီ (၃၂)ကောဋ္ဌာသကို အဝါးဝစွာ လေ့လာလို့ အောင်မြင်ပြီဆိုလျှင်တော့ အရိုးက ပိုပြီး ထင်ရှားတဲ့သဘောရှိတဲ့အတွက် အရိုးကောဋ္ဌာသကို ရွေးချယ်လိုက်ပါ။ မိမိရဲ့ အရိုးစုတစ်ခုလုံးကို သို့မဟုတ် မိမိ ကြိုက်နှစ်သက်ရာ အရိုးတစ်ခုကို ရှုနိုင်ပါတယ်။ ထိုအရိုးကို အာရုံယူပြီးတော့ ရွံစရာ ရွံစရာလို့ ပဋိကူလအနေနဲ့ နှလုံးသွင်း ရှုကြည့်ပါ၊ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။

ပထမမှာတော့ ဆယ့်ငါးမိနစ်လောက်, မိနစ်နှစ်ဆယ်လောက်ပဲ ငြိမ်တတ်ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်း သမာဓိက အားကောင်းလာလျှင်တော့ တစ်နာရီလောက်ထိ တိုးပြီး အဓိဋ္ဌာန်ကြည့်ပါ။ အောင်မြင်မှု ရပြီဆိုလျှင်တော့ ထိုအချိန်မှာ မိမိရဲ့ ငြိမ်ဝပ်နေတဲ့ စိတ်ကို နှလုံးအိမ် ဟဒယဝတ္ထုရှိရာဘက်ကို လှမ်းမျှော်ပြီး ရှုကြည့်လိုက်လျှင်တော့ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေပါလိမ့်မယ်။

ဝိတက် = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးနေခြင်းသဘော၊

ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်နေခြင်းသဘော၊

ပီတိ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်နေခြင်းသဘော၊

သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော၊

ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော ---

ဒီစျာန်အင်္ဂါ (၅)ပါးဟာ ပြိုင်တူ ထင်ရှားနေပါလိမ့်မယ်။ ဒီလို စျာန်အင်္ဂါတွေက ထင်ရှားနေပြီဆိုလျှင်တော့ ဒီပထမစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ အာဝဇ္ဇနဝသီဆိုတာက မနောဒွါရာဝဇ္ဇန်းနဲ့ စျာန်အင်္ဂါတွေကို ဆင်ခြင်မှုကို ပြောလိုရင်း ဖြစ်ပါတယ်။ ပစ္စဝေက္ခဏာဝသီဆိုတာက ပစ္စဝေက္ခဏာဇောနဲ့ ဆင်ခြင်မှုကို ပြောလိုရင်း ဖြစ်ပါတယ်။ စျာန်အင်္ဂါတွေကို အချိန်မရွေး ဆင်ခြင်လို့ရအောင် လေ့ကျင့် ရပါတယ်။ အချိန်မရွေး ဝင်စားလို့ရအောင် လေ့ကျင့်ပေးရတယ်၊ အချိန်မရွေး ထနိုင်အောင် လေ့ကျင့်ပေးရတယ်၊ တစ်နာရီ အလိုရှိခဲ့လျှင် တစ်နာရီ ဝင်စားလို့ရအောင်, နှစ်နာရီ အလိုရှိခဲ့လျှင် နှစ်နာရီ ဝင်စားလို့ရအောင် လေ့ကျင့်ပေးရပါတယ်။ ဒီလို လေ့ကျင့်ခြင်းကို ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်တယ်လို့ ခေါ်ပါတယ်။

ဒီလို လေ့ကျင့်လိုက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ဗဟိဒ္ဓမှာ ရှိနေကြတဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ရှုကြည့်ပါ။ သို့သော် ဗဟိဒ္ဓကောဋ္ဌာသတွေကို သက်မဲ့ အရိုးစုကဲ့သို့ သို့မဟုတ် ကောဋ္ဌာသကဲ့သို့ သဘောထားပြီး ရှုနိုင်ပါမှ ဥပစာရသမာဓိလောက်ပဲ ဆိုက်ရောက်နိုင်ပါတယ်။ (မူလဋီ၊၂၊၁၅၅။)

အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ အရိုးစုတွေကို ရွံစရာ ပဋိကူလအနေနဲ့ နှလုံးသွင်းလိုက်တိုင်း အကုန်လုံး ဥပစာရသမာဓိဆိုက်အောင် လေ့ကျင့်ပါ။ လေ့ကျင့်လိုက်လို့ အောင်မြင်ပြီဆိုလျှင်တော့ အရပ် (၁၀)မျက်နှာကို ကြည့်လိုက်တိုင်း အရိုးစုတွေချည်း ဖြစ်နေပြီဆိုလျှင်လည်း ထိုပုဂ္ဂိုလ်သည် ကသိုဏ်းကူးရာမှာ လွယ်ကူသွားပါတယ်။ ကသိုဏ်းကူးရာမှာ အဇ္ဈတ္တအရိုးစုမှ သို့မဟုတ် အဇ္ဈတ္တကောဋ္ဌာသမှ ကူးလည်း ရပါတယ်။ ဗဟိဒ္ဓ အရိုးစုမှ သို့မဟုတ် ဗဟိဒ္ဓကောဋ္ဌာသမှ ကူးလည်း ရပါတယ်။ ဒါကြောင့် အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်ခုမှာ မိမိ ကြိုက်နှစ်သက်ရာက စပြီးတော့ ကူးနိုင်ပါတယ်။ (အဘိ၊ဋ္ဌ၊၁၊၂၃၅။)

အဖြူရောင်ကသိုဏ်းသို့

ဒါကြောင့် အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာရှိတဲ့ (၃၂)ကောဋ္ဌာသတွေကို တစ်ခေါက် နှစ်ခေါက်လောက် ရှုကြည့်ပါ။ ရှုပြီးတဲ့အခါမှာ မိမိရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ယောဂီသူတော်ကောင်း တစ်ဦးရဲ့ အရိုးကို အာရုံယူပြီး ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်အနေနဲ့ နှလုံးသွင်းကြည့်ပါ။ ဥပစာရသမာဓိ အထိလည်း ဆိုက်သွားပါလိမ့်မယ်။ အရိုးကလည်း ဖြူလာပြီဆိုလျှင်တော့ တစ်ကိုယ်လုံးကို ခြုံငုံပြီး အဖြူ အဖြူလို့ စိုက်ရှုပါ။ ခြုံငုံပြီး ရှုလို့ မရခဲ့လျှင်တော့ အဖြူဆုံး တစ်နေရာ သို့မဟုတ် နောက်ဘက်ကနေ ထိုင်ကြည့်လိုက်လျှင် အထူးသဖြင့် ထင်ရှားနေတဲ့ ဦးခေါင်းခွံလောက်ကို အာရုံယူပြီးတော့ အဖြူ အဖြူလို့ စိုက်ရှုကြည့်ပါ။ စိုက်ရှုတဲ့အချိန်မှာ ရွံစရာလို့ နှလုံးမသွင်းတော့ဘဲ အဖြူရောင်ကိုသာ တစ်ဖက်သတ် နှလုံးသွင်း ရှုပွားနေပါ။ ထိုအချိန်မှာ သမာဓိလည်း အားကောင်းလာပြီဆိုလျှင် အရိုးတွေ အားလုံး ပျောက်ပြီးတော့ အဖြူအဝန်းအဝိုင်းသက်သက်ပဲ ပေါ်လာတတ်ပါတယ်။

အဖြူအဝန်းအဝိုင်း ပေါ်လာပြီဆိုလျှင်တော့ အဲဒီ အဖြူအဝန်းအဝိုင်းမှာပဲ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့ အဖြူ အဖြူလို့ပဲ ရှုနေပါ။ ရှုနေလို့ ဒီအဝန်းအဝိုင်းက မပျောက်ဘဲနဲ့ တိမ်တိုက်လို ဆွတ်ဆွတ်ဖြူလာတတ်ပါတယ်။ ဖြူရာကနေ နောက်ဆုံးတော့ ကြည်လင်တောက်ပလာပါလိမ့်မယ်။ ကြည်လင်တောက်ပလာပြီဆိုလျှင်တော့ ထိုကသိုဏ်းဝန်းကို အဓိဋ္ဌာန်ပြီးတော့ တစ်လက်မ ပြန့်ပါစေ, နှစ်လက်မ ပြန့်ပါစေ, သုံးလက်မ ပြန့်ပါစေ စသည်ဖြင့် အဝန်းအဝိုင်းအတိုင်း ဖြန့်ကြက်ရပါတယ်။ အပိုင်းအခြား မထားဘဲ မဖြန့်ပါနဲ့လို့ ဒီလို အဋ္ဌကထာ (ဝိသုဒ္ဓိ၊၁၊၁၄၈။)ကတော့ အတိအကျ သတိပေးထားပါတယ်။

ဘာကြောင့် ဒီကသိုဏ်းဝန်းနိမိတ်ကို ဖြန့်နေရသလဲလို့ မေးလျှင်တော့ စိရဋ္ဌိတိက = ဘာဝနာစိတ်က ဒီကသိုဏ်းဝန်းအာရုံ၌ ကြာမြင့်စွာ တည်တံ့စေခြင်းအကျိုးငှာ ကသိုဏ်းနိမိတ်ကို ဖြန့်ကြက်ပေးရပါတယ်။ မဖြန့်ကြက်လျှင်တော့ ဘာဝနာစိတ်သည် ကသိုဏ်းဝန်းအာရုံ၌ ကြာမြင့်စွာ မတည်တံ့တတ်ပါဘူး။ ဒါကြောင့် ကသိုဏ်းဝန်းအာရုံ၌ ဘာဝနာစိတ် ကြာမြင့်စွာ တည်တံ့နိုင်ရေးအတွက် ကသိုဏ်းဝန်းကို တဖြည်းဖြည်း ဖြန့်ကြက်ရခြင်း ဖြစ်ပါတယ်။

ကသိုဏ်းဝန်းကို ဖြန့်ကြက်လိုက်တဲ့ အချိန်အခါမှာ နောက်ဆုံး အရပ် (၁၀)မျက်နှာ ကြည့်လိုက်တိုင်း အားလုံး ဖြူနေပြီ။ အဇ္ဈတ္တ ကြည့်လိုက်လည်း ဖြူနေပြီ၊ ဗဟိဒ္ဓ ကြည့်လိုက်လည်း ဖြူနေပြီဆိုလျှင်တော့ ဖြူနေတဲ့ နံရံတစ်ခုမှာ ဦးထုပ်ကလေး တစ်လုံးကို ချိတ်ထားသလို အဖြူရောင် အလယ်လောက်မှာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီးတော့ ထားလိုက်ပါ။ စိတ်ကလေးကို ထို အဖြူရောင်တွေက လွှမ်းခြုံပြီး ရစ်ပတ်ထားသလို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေ ပါလိမ့်မယ်။ နိမိတ်ကလည်း ကြည်လင်တောက်ပလာပါလိမ့်မယ်။

ပထမစျာန်သမာဓိသို့

ဒီအချိန်အခါမှာ ထိုသမာဓိကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ပိုင်းခြား အဓိဋ္ဌာန်ပြီးတော့ မိမိက လေ့ကျင့်ရပါတယ်။ လေ့ကျင့်လိုက်လို့ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီဆိုလျှင်တော့ မိမိရဲ့ ဘာဝနာစိတ်က နှလုံးအိမ်အတွင်းမှာ တည်ရှိနေတဲ့အတွက် ထိုနှလုံးအိမ် ရှိရာဘက်သို့ ပြန်ပြီး အာရုံယူလိုက်လျှင်တော့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားနေပါလိမ့်မယ်။ ဒီနိမိတ်က ဆွတ်ဆွတ်ဖြူရာကနေ နောက်ဆုံး ကြည်လင် တောက်ပလာပြီဆိုလျှင်တော့ ပဋိဘာဂနိမိတ်ဘက် ကူးသွားပြီလို့ ဆိုနိုင်ပါတယ်။ စျာန်အင်္ဂါတွေက ဒီပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဝိတက် = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးနေခြင်းသဘော,

ဝိစာရ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်နေခြင်းသဘော,

ပီတိ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံကို နှစ်သက်နေခြင်း သဘော,

သုခ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားနေခြင်းသဘော,

ဧကဂ္ဂတာ = အဖြူရောင် ပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော ---

ဒီသဘောတရားငါးခုက ထင်ရှားလာပါလိမ့်မယ်။ ဒီပဋိဘာဂနိမိတ်ကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ဒီစျာန်အင်္ဂါငါးပါး ထင်ရှားလာပြီဆိုလျှင်တော့ ယောဂီသူတော်ကောင်းက ဝသီဘော်ငါးတန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်လိုလည်း တက်နိုင်ပါတယ်။ ဘာဆက်လုပ်ရမလဲ?

ဒုတိယစျာန်သို့

ဝိတက်, ဝိစာရ ပြုတ်ချင်တဲ့ စိတ်ထားဖြင့် ဒီအဖြူရောင် ပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ။ ပထမစျာန်သမာဓိကို အလိုမရှိတဲ့ စိတ်ထား, ဒုတိယစျာန်သမာဓိကို လိုလားတောင့်တတဲ့စိတ်ထား ရှိနေရပါမယ်။ ပထမစျာန်သမာဓိဟာ နီဝရဏဆိုတဲ့ ရန်သူတွေနဲ့ နီးကပ်တယ်၊ ဝိတက်, ဝိစာရတွေကလည်း ရုန့်ရင်းကြမ်းတမ်းတယ်။ ဒီလို ရုန့်ရင်းကြမ်းတမ်းတဲ့အတွက် ဒီစျာန်ဟာ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘောလည်း ရှိတယ်။ ဒုတိယစျာန်သမာဓိလောက်လည်း မငြိမ်သက်ဘူး။ ဒါကြောင့် ဒုတိယစျာန်သမာဓိက ပိုပြီး ငြိမ်သက်တယ် လို့ အာရုံယူပြီးတော့ ဒုတိယစျာန်သမာဓိကို အလိုရှိတဲ့ စိတ်ထားဖြင့် ဒီအဖြူရောင် ပဋိဘာဂနိမိတ်မှာ စိတ်ကို ကပ်ထားလိုက်လျှင်တော့ ဝိတက်, ဝိစာရ ပြုတ်သွားပါလိမ့်မယ်။ ပီတိ, သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၃)ပါး ရှိတဲ့ ဒုတိယစျာန်သမာဓိကို ဆိုက်သွားပါလိမ့်မယ်။ ဒုတိယစျာန်သမာဓိကို ဆိုက်သွားလျှင်လည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။ လေ့ကျင့်ပြီးလို့ တတိယစျာန်ကို ကူးချင်တယ်ဆိုလျှင်တော့ ဘာဆက်လုပ်ရမလဲ?

တတိယစျာန်သို့

ပီတိ ပြုတ်ချင်တဲ့ စိတ်ဖြင့် ဒီအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ ဆက်ပြီး စိုက်ကြည့်နေရပါတယ်။ နှစ်သက်ခြင်း ပီတိရှိနေလျှင် စိတ်က လှုပ်ရှားမှုတစ်မျိုး ဖြစ်တတ်တဲ့အတွက် ဒီစျာန်ဟာလည်း ရုန့်ရင်းကြမ်းတမ်းတယ်၊ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘော ရှိတယ်။ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ နှစ်ပါးရှိတဲ့ တတိယစျာန်ကတော့ ပိုပြီး ငြိမ်သက်တယ်လို့ ဆင်ခြင်ပြီးနောက် ဒီပီတိ မရှိလျှင် ကောင်းမယ်လို့ အာရုံယူပြီးတော့ အဖြူရောင် ပဋိဘာဂနိမိတ်ကိုပဲ စိုက်ကြည့်နေခဲ့သော် ပီတိ ပြုတ်သွားပါလိမ့်မယ်။ သုခ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးရှိတဲ့ တတိယစျာန်ကို ဆိုက်သွားပါလိမ့်မယ်။ တတိယစျာန်ကို ဆိုက်သွားပြီဆိုလျှင်လည်း ဒီတတိယစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ရပါတယ်။

စတုတ္ထစျာန်သို့

တတိယစျာန်မှာ ဝသီဘော် နိုင်နင်းအောင် လေ့ကျင့်ပြီးလို့ စတုတ္ထစျာန်ကို ကူးချင်တယ်ဆိုလျှင်တော့ တတိယစျာန်ဟာ ပီတိဆိုတဲ့ ရန်သူနှင့် နီးကပ်တယ်၊ သုခကလည်း ရုန့်ရင်းကြမ်းတမ်းတယ်၊ ကျိုးပဲ့ပျက်စီးလွယ်တဲ့သဘော ရှိတယ်။ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါနှစ်ပါးရှိတဲ့ စတုတ္ထစျာန်လောက်လည်း မငြိမ်သက်ဘူး။ ဒီလို ဆင်ခြင်ပြီးတော့ တတိယစျာန်သမာဓိကို အလိုမရှိတဲ့ စိတ်ထား, သုခ ပြုတ်ချင်တဲ့ စိတ်ထားနဲ့ ဒီအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကိုပဲ စိုက်ပြီး ကြည့်နေရပါတယ်။ ဒီလို စိုက်ကြည့်နေလိုက်လျှင် တော့ သုခ ပြုတ်သွားပါလိမ့်မယ်။ ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးနဲ့ ပြည့်စုံတဲ့ ဒီစတုတ္ထစျာန်သမာဓိကို ဆိုက်ရောက်သွားပါမယ်။

စတုတ္ထစျာန်သမာဓိကို ဆိုက်သွားပြီဆိုလျှင်တော့ အသက် လုံးဝ မရှူတဲ့ ထူးခြားချက် ရှိနေပါတယ်။ ဒါကြောင့် ဥပေက္ခာ, ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၂)ပါးကလည်း ထင်ရှားနေပြီ၊ အသက်လည်း လုံးဝ မရှူတော့ဘူးဆိုလျှင်တော့ ဒီမှတ်ကျောက် (၂)ခုသည် စတုတ္ထစျာန်သမာဓိ ဆိုက်ပြီဆိုတဲ့ မှတ်ကျောက်ပဲ ဖြစ်ပါတယ်။ စတုတ္ထစျာန်သမာဓိကို ဆိုက်သွားတဲ့အချိန်မှာလည်း ဒီစတုတ္ထစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် ဆက်လက်ပြီး လေ့ကျင့်ခဲ့သော် အလင်းရောင်တွေကလည်း ရှေးကထက် ပိုပြီး အားကောင်း လာပါလိမ့်မယ်။ ပြိုးပြိုးပြက် တလက်လက် တောက်ပလာပြီဆိုလျှင်တော့ ထိုလင်းရောင်ခြည်ရဲ့ အကူအညီကို ယူပြီးတော့ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်း ခဲ့မယ်ဆိုလျှင်တော့ သိပ်လွယ်သွားပါတယ်။ မေတ္တာကမ္မဋ္ဌာန်းကို ဘယ်လို စီးဖြန်းရမလဲ?

မေတ္တာကမ္မဋ္ဌာန်းကို စတင် အားသစ်ပုံ

မိမိ ချစ်ခင်လေးစားတဲ့ လိင်တူ သူတော်ကောင်းတစ်ဦးကို ရွေးချယ်ပါ။ အမျိုးသားယောဂီ ဖြစ်ခဲ့လျှင်လည်း အမျိုးသားတစ်ဦးကို, အမျိုးသမီးယောဂီ ဖြစ်ခဲ့လျှင်လည်း အမျိုးသမီးတစ်ဦးကို ရွေးချယ်ပါ။ မိမိ ချစ်ခင်လေးစား ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုသာ ရွေးချယ်ရပါမယ်။ သိပ်ပြီး ချစ်နှစ်သက်အပ်တဲ့ အမေတို့, အဖေတို့, သားတို့, သမီးတို့ စတဲ့ ဒီလို ပုဂ္ဂိုလ်တွေကိုတော့ မရွေးချယ်ပါနဲ့။ သိပ်ချစ်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်တွေကို ဦးစွာ ရှုခဲ့လျှင်တော့ သူတို့နဲ့ ပတ်သက်နေတဲ့ သောကကလေးတွေက ဝင်လာတတ်ပါတယ်။ လိင်မတူတဲ့ ပုဂ္ဂိုလ်တွေကို သွားရှုခဲ့လျှင်လည်း ရာဂတွေ ဝင်လာတတ်ပါတယ်။ သေသွားတဲ့ ပုဂ္ဂိုလ်တွေကို သွားရှုလျှင်လည်း စျာန်သမာဓိ မဖြစ်တတ်ပါဘူး။ ဒါကြောင့် သေသွားတဲ့ပုဂ္ဂိုလ်တွေ, လိင်မတူတဲ့ ပုဂ္ဂိုလ်တွေ, သိပ်ပြီး ချစ်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ ရှေးဦးစွာ မေတ္တာမပွားပါနှင့်။

ပိယဂရုဘာဝနီယပုဂ္ဂိုလ်

မေတ္တာပွားရမယ့် ပုဂ္ဂိုလ်မှာလည်း အုပ်စု (၄)အုပ်စု ရှိနေပါတယ်။

၁။ အတ္တ = မိမိ,

၂။ ပိယ = ချစ်ခင်အပ်တဲ့ လိင်တူပုဂ္ဂိုလ်,

၃။ မဇ္ဈတ္တ = မချစ် မမုန်း အလယ်အလတ် လိင်တူပုဂ္ဂိုလ်,

၄။ ဝေရီ = ရန်သူ = မုန်းသူ လိင်တူပုဂ္ဂိုလ်၊

ဒီလို ပုဂ္ဂိုလ် (၄)အုပ်စု ရှိပါတယ်။ မိမိကိုယ်ကို မိမိ မေတ္တာပွားလို့တော့ မေတ္တာစျာန်ကို မရနိုင်ပါဘူး။ သို့သော်လည်း ကိုယ်ချင်းစာတရားများ ဖြစ်ပေါ်လာရေး, စိတ်ဓာတ် နူးညံ့ပျော့ပျောင်းရေးအတွက်သာ ပွားများခြင်း ဖြစ်ပါတယ်။

ငါသည် ဘေးရန်ကင်းချင်သလို အခြားအခြားသော သတ္တဝါတွေလည်း အလားတူပဲ ဘေးရန်ကင်းချင်ကြတယ်၊ ငါသည် စိတ်ဆင်းရဲကင်းချင်သလို အခြားအခြားသော သတ္တဝါတွေလည်း စိတ်ဆင်းရဲကင်းချင်ကြတယ်၊ ငါသည် ကိုယ်ဆင်းရဲကင်းချင်သလို အခြားအခြားသော သတ္တဝါတွေလည်း ကိုယ်ဆင်းရဲကင်းချင်ကြတယ်၊ ငါသည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်သလို အခြားအခြားသော သတ္တဝါတွေလည်း အလားတူပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်ကြတယ်။

ဒီလို ကိုယ်ချင်းစာနာတဲ့ စိတ်ထားကလေးတွေ အားကောင်းလာအောင် စိတ်ဓာတ်တွေ နူးညံ့ပျော့ပျောင်းလာအောင် ရှေးဦးစွာ မိမိကိုယ်ကို အချိန် အနည်းငယ်လောက်တော့ မေတ္တာပွားပါ။ မိမိရဲ့ စိတ်ဓာတ်တွေက နူးညံ့ ပျော့ပျောင်းလာလို့ သတ္တဝါတွေအပေါ်မှာ မေတ္တာဓာတ်တွေက အထိုက်အလျောက် ကိန်းဝပ်လာတဲ့ အချိန်အခါမှာ မေတ္တာစျာန်ကို ရရှိအောင် ပွားရမည့် အစီအစဉ်မှာ ---

၂။ ပိယပုဂ္ဂိုလ်,

၃။ မဇ္ဈတ္တပုဂ္ဂိုလ်,

၄။ ဝေရီပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

တစ်ဖန် ပိယပုဂ္ဂိုလ်အုပ်စုမှာလည်း --

(က) ပိယဂရုဘာဝနီယ = ချစ်ခင် ကြည်ညို လေးစားအပ်တဲ့ ဆရာသမားကဲ့သို့သော လိင်တူပုဂ္ဂိုလ်,

(ခ) အတိပ္ပိယသဟာယက = အလွန် ချစ်ခင်အပ် မြတ်နိုးအပ်တဲ့ မိဘ မောင်နှမ မိတ်ဆွေအပေါင်းအဖော် လိင်တူပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

ဒီပုဂ္ဂိုလ်နှစ်မျိုးထဲက --- ပိယဂရုဘာဝနီယပုဂ္ဂိုလ်တစ်ဦးက စပြီး ပွားရမှာ ဖြစ်တယ်။ ဒီလို ပွားများတဲ့အခါမှာ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက အောက်ပါအတိုင်း သတ်မှတ်ချက် ပေးထားပါတယ်။

ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ၊ ဣမိနာ ပန ဘိက္ခုနာ တာဝတကေနေဝ တုဋ္ဌိံ အနာပဇ္ဇိတွာ သီမာသမ္ဘေဒံ ကတ္တုကာမေန တဒနန္တရံ အတိပ္ပိယသဟာယကေ၊ အတိပ္ပိယသဟာယကတော မဇ္ဈတ္တေ၊ မဇ္ဈတ္တတော ဝေရီပုဂ္ဂလေ မေတ္တာ ဘာဝေတဗ္ဗာ။ ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)

စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)

ဒီသတ်မှတ်ချက်ရဲ့ ဆိုလိုရင်းကတော့ ဒီလိုပါ။ ပိယဂရုဘာဝနီယခေါ်တဲ့ ချစ်ခင်လေးစားအပ်တဲ့ လိင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့လျှင်တော့ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်ဆိုတဲ့ အပ္ပနာစျာန်သမာဓိတွေကို ဆိုက်ရောက်နိုင်ပါတယ်။ ပြီးစီးပြည့်စုံနိုင်ပါတယ်။ သို့သော် ဒီလောက် ရရှိထားတဲ့ မေတ္တာစျာန်လောက်နဲ့တော့ ကျေနပ်ပြီး မနေပါနှင့်။ နောက်ထပ် ဆက်လက်ပြီးတော့ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြား ပြိုကွဲသွားအောင် မေတ္တာချင်း ညီမျှသွားအောင် ဆက်လက်ပြီးတော့ ကြိုးစားပါ။ ဒီလို ကြိုးစားတဲ့အပိုင်းမှာ ---

၁။ ပိယဂရုဘာဝနီယပုဂ္ဂိုလ်တွေ,

၂။ အတိပ္ပိယသဟာယကပုဂ္ဂိုလ်တွေ,

၃။ မဇ္ဈတ္တပုဂ္ဂိုလ်တွေ,

၄။ ဝေရီပုဂ္ဂိုလ်တွေ ---

ဆိုပြီး မေတ္တာစျာန်ကို ရအောင် ပွားရမယ့်ပုဂ္ဂိုလ် (၄)အုပ်စု ရှိပါတယ်။ အဲဒီ အုပ်စုတွေထဲက အုပ်စု တစ်ခုတစ်ခုမှာ မေတ္တာစျာန်တွေကို အဝါးဝစွာ လေ့ကျင့်ပြီးမှ နောက်အုပ်စု တစ်ခုကို ပြောင်းပြီးတော့ ရှုပွားပါ။ အဲဒီလို မေတ္တာစျာန်တွေကို အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်လိုက်တဲ့အခါမှာ ပိယဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ် နှစ်မျိုးတို့အပေါ်မှာ မေတ္တာချင်း ညီမျှသွားပါလိမ့်မယ်။

၁။ အတ္တ = မိမိ,

၂။ ပိယပုဂ္ဂိုလ်,

၃။ မဇ္ဈတ္တပုဂ္ဂိုလ်,

၄။ ဝေရီပုဂ္ဂိုလ် ---

ဒီပုဂ္ဂိုလ် (၄)ဦးပဲ ရှိပါလိမ့်မယ်။ အတ္တကို မေတ္တာပွားပြီးတဲ့အခါ ဘယ်လို ဆက်ပြီး မေတ္တာပွားရမလဲ? ပိယဂရုဘာဝနီယခေါ်တဲ့ ချစ်ခင် ကြည်ညို လေးစားတဲ့ ပုဂ္ဂိုလ်က စပြီးတော့ မေတ္တာပွားရပါမယ်။ ချစ်ခင်လေးစားအပ်တဲ့ မိမိ ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ရွေးချယ်ပြီးတော့ မိမိ တစ်ချိန်တုန်းက မြင်ဖူးခဲ့စဉ် အချိန်အခါက ထိုပုဂ္ဂိုလ်ရဲ့ စိတ်အချမ်းသာဆုံး ပုံရိပ်ကလေးကို လှမ်းပြီး အာရုံယူကြည့်ပါ။

အာရုံယူတဲ့အပိုင်းမှာလည်း ရှေးဦးစွာ အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်ကို အာရုံယူပြီးတော့ စတုတ္ထစျာန်သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအားတွေ အားကောင်းလာပါလိမ့်မယ်။ စတုတ္ထစျာန်သမာဓိ အကူအညီကို ရရှိနေတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်စွမ်းအားဖြင့် မိမိ ကြည်ညိုနေတဲ့ ပုဂ္ဂိုလ်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်သလို ထိုးစိုက်ထားပါ။ ထိုပုဂ္ဂိုလ် ရပ်နေတဲ့ပုံ ကြိုက်လျှင် ရပ်နေတဲ့ပုံကို, ထိုင်နေတဲ့ပုံ ကြိုက်လျှင်လည်း ထိုင်တဲ့ပုံကို ထိုးစိုက်ပြီးတဲ့ အချိန်အခါမှာတော့ ပါဠိလို ကြိုက်လျှင်လည်း ပါဠိလို, မြန်မာလို ကြိုက်လျှင်လည်း မြန်မာလို ပွားနိုင်ပါတယ်။

ဤသူတော်ကောင်းသည် ဘေးရန် ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါစေ၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဆိုပြီး (၄)ချက်လုံး သုံးခေါက် လေးခေါက်လောက် မေတ္တာပို့ကြည့်ပါ။ ဒီလို ပို့ပြီးတဲ့ အချိန်အခါမှာ ဒီ (၄)ချက်ထဲက မိမိ နှစ်ခြိုက်ရာတစ်ခုကို ရွေးချယ်လိုက်ပါ။ ဥပမာ --- စိတ်ဆင်းရဲ ကင်းပါစေဆိုတဲ့ ဒီ မေတ္တာပို့သချက်ကို မိမိက နှစ်ခြိုက်တယ်ဆိုလျှင် ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ၊ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ၊ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲ ကင်းပါစေ၊ဆိုပြီးတော့ မိမိ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်ဆင်းရဲ ကင်းပြီး ပြုံးရွှင်နေတဲ့ ပုံအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဒီကမ္မဋ္ဌာန်းက သတ္တဝါပညတ်ပုံကို အာရုံယူပြီးတော့ ပွားရတဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။

ဘာဝနာစိတ်ကို မိမိ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ရဲ့ ပြုံးရွှင်နေတဲ့ ပုံပေါ်မှာ ငြိမ်ဝပ်စွာ ကပ်ပြီး ထားလိုက်လျှင် တဖြည်းဖြည်းနဲ့ မိမိ အားထုတ်ထားတဲ့ အဖြူရောင်ကသိုဏ်း စတုတ္ထစျာန်သမာဓိ အကူအညီကို ရထားတဲ့အတွက် မကြာမီအချိန်အတွင်းမှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပါလိမ့်မယ်။ တစ်နာရီလောက် ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေပြီ ဆိုလျှင်တော့ ထိုအချိန်မှာ စျာန်အင်္ဂါငါးပါးက ထင်ရှားနေပါလိမ့်မယ်။ အဖြူရောင်ကသိုဏ်းတုန်းက စျာန်အင်္ဂါငါးပါးကို နားလည်ထားတဲ့ သူတော်ကောင်း က ဒီအချိန်အခါမှာ စျာန်အင်္ဂါတွေကို ဆင်ခြင်လိုက်လျှင် လွယ်လွယ်နဲ့ ဆင်ခြင်လို့ ရနေပါလိမ့်မယ်။

မိမိက အလိုရှိခဲ့မယ်ဆိုလျှင်တော့ ဒုတိယစျာန်သမာဓိ, တတိယစျာန် သမာဓိ ဆိုက်သည့်တိုင်အောင် ကူးလို့ ရနိုင်ပါတယ်။ စတုတ္ထစျာန်သမာဓိ အထိတော့ ကူးလို့ မရပါဘူး။ ဘာဖြစ်လို့လဲ? ဘေးရန် ကင်းစေချင်တဲ့ ဆန္ဒ, စိတ်ဆင်းရဲ ကင်းစေချင်တဲ့ ဆန္ဒက ဥပေက္ခာသဘောမဟုတ်ပါဘူး။ ဒါကြောင့် ဒီတတိယစျာန်လောက်ပဲ ဆိုက်နိုင်ပါတယ်။ ထိုတတိယစျာန် သမာဓိအထိ ဆိုက်အောင် ထူထောင်လို့ အောင်မြင်ပြီဆိုလျှင်တော့ ဒီသူတော်ကောင်းကိုပဲ အာရုံယူပြီးတော့ နောက်တစ်မျိုး --- ဘေးရန် ကင်းပါစေနဲ့ ပြောင်းပြီး တတိယစျာန်သမာဓိ ဆိုက်သည်အထိ ရှုကြည့်ပါ။ စိတ်ဆင်းရဲ ကင်းပါစေနဲ့လည်း တတိယစျာန်သမာဓိ ဆိုက်သည်အထိ, ကိုယ်ဆင်းရဲ ကင်းပါစေနဲ့လည်း တတိယစျာန်သမာဓိ ဆိုက်သည်အထိ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေနဲ့လည်း တတိယစျာန်သမာဓိ ဆိုက်သည်အထိ ရှုပွားလို့ ရပါတယ်။

ဒီ (၄)ချက်လုံးဖြင့် ပုဂ္ဂိုလ်တစ်ဦးမှာ မေတ္တာစျာန် ဝင်စားလို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ နောက်ထပ် ချစ်ခင်လေးစားအပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပြောင်း ရှုကြည့်ပါ။ ဒီနည်းစနစ်အားဖြင့် ချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ် လေးယောက် ငါးယောက်လောက် သို့မဟုတ် ဆယ်ယောက်လောက်အထိ ပွားလို့ အောင်မြင်ပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ သိပ်ချစ်မြတ်နိုးတဲ့ အမေ, အဖေ, ညီ အစ်ကို, မောင်နှမတွေ, ဆွေမျိုးသားချင်းတွေကို ပွားလို့ ရသွားပါပြီ။ လိင်တူ ပုဂ္ဂိုလ်ကိုတော့ တစ်ဦးစီပဲ ပွားပါ။ သား, သမီးဖြစ်သော်လည်း မိမိနဲ့ လိင်မတူလျှင်တော့ ရှေးဦးစွာ တစ်ဦးချင်းကို အာရုံယူပြီးတော့ မေတ္တာမပွားပါနှင့်။ သား, သမီးတွင် မကဘူး၊ အဖေဖြစ်စေ အမေဖြစ်စေ မပွားပါနဲ့။ ဒီလို သတ်မှတ်ချက်တော့ ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ သဗ္ဗေ ပုရိသာ, သဗ္ဗာ ဣတ္ထိယော စသည်ဖြင့် ယောက်ျားအားလုံး, အမျိုးသမီးအားလုံးကို ခြုံငုံပြီး ပွားတဲ့စနစ်ကတော့ ပွားလို့ ရပါတယ်။ လိင်မတူခဲ့လျှင် တစ်ယောက်စီတော့ မပွားပါနဲ့လို့ ဒီလို သတ်မှတ်ချက်တော့ ရှိပါတယ်။

အလွန် ချစ်ခင်သည့် အတိပ္ပိယပုဂ္ဂိုလ်

ဒီသတ်မှတ်ချက်အရ လိင်တူ သိပ်ချစ်တဲ့ ပုဂ္ဂိုလ်တွေကို တစ်ယောက်ပြီး တစ်ယောက် ပွားပါ။ မိမိ ရှုပွားတဲ့ ပုဂ္ဂိုလ်တိုင်းမှာလည်း ဒီရှုနည်း (၄)ချက်ဖြင့် တတိယစျာန်သမာဓိ ဆိုက်အောင် ပွားရပါတယ်။ ချစ်ခင်လေးစားအပ်တဲ့ ပုဂ္ဂိုလ်နှင့် သိပ်ချစ်တဲ့ ပုဂ္ဂိုလ် --- ဒီပုဂ္ဂိုလ်နှစ်မျိုးတို့ကို မေတ္တာပွားတဲ့အခါ ညီမျှသွားပြီဆိုလျှင်တော့ ဒီပုဂ္ဂိုလ်နှစ်မျိုးလုံးဟာ ပိယပုဂ္ဂိုလ်အရာမှာ တည်သွားပြီ ဖြစ်ပါတယ်။

မချစ်-မမုန်း အလယ်အလတ် မဇ္ဈတ္တပုဂ္ဂိုလ်နှင့် မုန်းသူ

အောင်မြင်မှု ရပြီဆိုလျှင်တော့ မချစ်-မမုန်း အလယ်အလတ်ပုဂ္ဂိုလ်တွေကို ဆက်ပြီး ပွားပါ။ အလယ်အလတ်ပုဂ္ဂိုလ်တွေမှာလည်း လေး ငါး ဆယ်ယောက်လောက်ကို အာရုံယူပြီး မေတ္တာစျာန်တွေ ဝင်စားလို့ ရပြီဆိုလျှင်တော့ အမုန်းဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရန်သူပုဂ္ဂိုလ်တွေကို နောက်ဆုံးထားပြီး ပွားရပါတယ်။ နည်းနည်းလောက် မကျေမနပ်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို အရင်ဆုံး ပွားကြည့်ပါ။ သူ့ရဲ့ ချစ်ခင်မြတ်နိုးဖွယ်ရာ ဂုဏ်ကလေးတွေကို တစ်ဖက်သတ် အာရုံယူပြီး ပွားကြည့်လျှင်တော့ အောင်မြင်တတ်ပါတယ်။ ဒီလို ပွားလိုက်လို့ မုန်းတဲ့ပုဂ္ဂိုလ်မှာလည်း (၄)ချက်လုံး မေတ္တာစျာန် ဝင်စားလို့ ရပြီဆိုလျှင်တော့ ဒီမေတ္တာစျာန်ကို သီမာသမ္ဘေဒလို့ခေါ်တဲ့ အပိုင်းအခြား ပြိုအောင် တစ်ခါ ထပ်ပြီးတော့ ပွားရပါတယ်။

သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခြင်း

မိမိကိုယ်ကို ရှေးဦးစွာ စံထားပြီးတော့ ပွားကြည့်ရပါတယ်။ မိမိကိုယ်ကို ပွားတာကတော့ စျာန်မရပါဘူး။ စျာန်မရသော်လည်း ထိုပုဂ္ဂိုလ်သည် ဘာလုပ်ရမလဲ? သီမာသမ္ဘေဒလို့ ခေါ်ဆိုအပ်တဲ့ ငါပဲ, သူပဲ, ဒီပုဂ္ဂိုလ်ကတော့ ချစ်ခင်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်ကတော့ အလယ်အလတ်ပုဂ္ဂိုလ်ပဲ, ဒီပုဂ္ဂိုလ်ကတော့ မုန်းတဲ့ပုဂ္ဂိုလ်ပဲလို့ ဒီလို အပိုင်းအခြားတွေ ကင်းသွားအောင်တော့ မိမိပါ ထည့်ပြီး ပွားပေးရပါတယ်။ မိမိကိုယ်ကို ပွားလို့ စျာန်မရနိုင်တဲ့ အတွက် လေးခေါက် ငါးခေါက်လောက် ပွားပါ။ မိမိရဲ့ ချစ်ခင်ကြည်ညိုတဲ့ ပုဂ္ဂိုလ်နဲ့ သိပ်ပြီး ချစ်နှစ်သက်အပ်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ တူသွားပါတယ်။ ပိယပုဂ္ဂိုလ်အရာမှာ တည်သွားပါတယ်။ မိမိကိုယ်ကို ပွားပြီးတဲ့ အချိန်အခါမှာ ဒီချစ်ခင်တဲ့ ပုဂ္ဂိုလ်တစ်ဦးမှာ ရှုပုံနည်းစနစ် (၄)ချက်ဖြင့် တတိယစျာန် ဆိုက်အောင် ပွားကြည့်ပါ။

အလယ်အလတ်ပုဂ္ဂိုလ်တစ်ယောက်မှာလည်း ထိုနည်းလည်းကောင်း, မုန်းနေတဲ့ ရန်သူပုဂ္ဂိုလ်တစ်ယောက်မှာလည်း ထိုနည်းလည်းကောင်း ပွားကြည့်ပါ။ ပွားကြည့်လို့ ပုဂ္ဂိုလ်တိုင်းမှာ တတိယစျာန်အထိ ဆိုက်ပြီဆိုလျှင် နောက်ထပ် မိမိ ချစ်သူတစ်ယောက်, အလယ်အလတ်ပုဂ္ဂိုလ်တစ်ယောက်, မုန်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ပြန်ပြောင်းပြီး ရှုရပါတယ်။ ဒီနည်းအားဖြင့် ခေါက်တုံ့ ခေါက်ပြန် ထပ်ကာထပ်ကာ ရှုခဲ့သော် နောက်ဆုံးမှာ --- မိမိ, ချစ်တဲ့ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, မုန်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့ ဒီပုဂ္ဂိုလ် (၄)ဦးလုံးဟာ ခွဲလို့ မရတော့ဘူး။ မေတ္တာစျာန် ဝင်စားနေတဲ့ မေတ္တာဘာဝနာစိတ် အစဉ်ကလေးတစ်ခုပဲ ရှိတော့တယ်။ ဘယ်ပုဂ္ဂိုလ်အပေါ်မှာမှ မေတ္တာက မပိုတော့ဘူးဆိုလျှင်တော့ ထိုအခါမှာ မေတ္တာစျာန်ကမ္မဋ္ဌာန်းသည် အောင်မြင် သွားပြီ ဖြစ်ပါတယ်။ အောင်မြင်ပြီဆိုလျှင်တော့ သဗ္ဗေ သတ္တာ စသည်ဖြင့် ကူးပြီး ရှုနိုင်ပါတယ်။

ဝိပ္ဖာရ = ပြန့်ကား ကြီးကျယ် မြင့်မြတ်သော မေတ္တာ

၁။ သဗ္ဗေ သတ္တာ = ခပ်သိမ်းကုန်သော ခန္ဓာငါးပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် ---

အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ၊

အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ၊

အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ၊

သုခီ အတ္တာနံ ပရိဟရန္တု = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ၊

ဒီလို ပွားရပါတယ်။ ဒီလို ပွားတဲ့အပိုင်းမှာလည်း မိမိက အိမ်မှာ ရှိနေလျှင်လည်း အိမ်ဝင်းအတွင်းကနေ စပြီး ပွားရပါတယ်။ ကျောင်းမှာ ရှိနေလျှင်လည်း ကျောင်းဝင်းအတွင်း တစ်ခုလောက်ကနေ စပြီး ပွားရပါတယ်။ ဒီအပိုင်း အခြားတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ ပုဂ္ဂိုလ် သတ္တဝါတွေကို အာရုံပြုပြီးတော့ သဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ, သဗ္ဗေ ဘူတာ, သဗ္ဗေ ပုဂ္ဂလာ, သဗ္ဗေ အတ္တဘာဝပရိယာပန္နာဆိုတဲ့ ဒီပုဂ္ဂိုလ် (၅)မျိုးမှာ အနောဓိသော ဖရဏာ မေတ္တာ ပွားရပါတယ်။

၂။ သဗ္ဗေ ပါဏာ = ခပ်သိမ်းကုန်သော ဝင်သက်ထွက်သက် ရှိကြကုန်သော သတ္တဝါတို့သည် --- အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။ အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။ အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။ သုခီ အတ္တာနံ ပရိဟရန္တု = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။

၃။ သဗ္ဗေ ဘူတာ = ခပ်သိမ်းကုန်သော ကံ-ကိလေသာကြောင့် ထင်ရှား ဖြစ်ကြကုန်သော သတ္တဝါတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ ရွက်ဆောင်နိုင်ကြပါစေ။

၄။ သဗ္ဗေ ပုဂ္ဂလာ = ခပ်သိမ်းကုန်သော ငရဲ၌ ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင် နိုင်ကြပါစေ။

၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ ရွက်ဆောင်နိုင်ကြပါစေ။

အားလုံး ပေါင်းလိုက်တော့ ရည်ညွှန်းချက်မရှိတဲ့ပုဂ္ဂိုလ် (၅)မျိုးမှာ အနောဓိသော ဖရဏာ မေတ္တာက (၅)ချက် ဖြစ်သွားပါတယ်။ တစ်မျိုး တစ်မျိုး မှာလည်း (၄)ချက်စီ ပွားရပါတယ်။ နောက်တစ်ခု --- ရည်ညွှန်းချက်ရှိတဲ့ ဩဓိသော ဖရဏာ မေတ္တာက (၇)ချက် ရှိပါတယ်။

၁။ သဗ္ဗာ ဣတ္ထိယော = ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ ရွက်ဆောင်နိုင်ကြပါစေ။

၂။ သဗ္ဗေ ပုရိသာ = ခပ်သိမ်းကုန်သော အမျိုးသားတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။

၃။ သဗ္ဗေ အရိယာ = ခပ်သိမ်းကုန်သော အရိယာသူတော်ကောင်းတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။

၄။ သဗ္ဗေ အနရိယာ = ခပ်သိမ်းကုန်သော အရိယာမဟုတ်သော သူတော်ကောင်းတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။

၅။ သဗ္ဗေ ဒေဝါ = ခပ်သိမ်းကုန်သော နတ်တို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။

၆။ သဗ္ဗေ မနုဿာ = ခပ်သိမ်းကုန်သော လူသားတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။

၇။ သဗ္ဗေ ဝိနိပါတိကာ = ခပ်သိမ်းကုန်သော အပါယ်ဘုံသား သတ္တဝါတို့သည် --- အဝေရာ ဟောန္တု ။ ပ ။ရွက်ဆောင်နိုင်ကြပါစေ။

ဒီလို ပိုင်းခြားခြင်း ရှိနေတဲ့ပုဂ္ဂိုလ် သတ္တဝါတွေမှာ ဩဓိသော ဖရဏာမေတ္တာက (၇)ချက် ရှိပါတယ်။ အနောဓိသော ဖရဏာ မေတ္တာ, ဩဓိသောဖရဏာ မေတ္တာ နှစ်ရပ်ပေါင်းလိုက်တော့ (၁၂)ချက် ဖြစ်သွားပါတယ်။ တစ်ချက် တစ်ချက်မှာ ရှုပွားနည်း (၄)မျိုးစီ (၄)မျိုးစီ မေတ္တာဖြန့်ရတဲ့အတွက် ၁၂_၄ = ၄၈မျိုး ဖြစ်သွားပါတယ်။ ဒီ (၄၈)မျိုးသော မေတ္တာတွေကို အိမ်ဝင်း တစ်ခု သို့မဟုတ် ကျောင်းဝင်းတစ်ခုအတွင်းမှာ ပွားလို့ အောင်မြင်ပြီဆိုလျှင် နောက်ထပ် အိမ်ဝင်းနှစ်ခု, အိမ်ဝင်းသုံးခု, ကျောင်းဝင်းနှစ်ခု, ကျောင်းဝင်းသုံးခု, ရပ်ကွက်တစ်ခု စသည်ဖြင့် တိုးချဲ့ပြီး ပွားကြည့်ပါ။

လယ်ထွန်တဲ့ယောက်ျားဟာ အလယ်ခေါင် သေးသေးကလေးကနေ စပြီးတော့ တဖြည်းဖြည်း တစ်စတစ်စနဲ့ ချဲ့ထွင်ပြီး ထွန်သွားရသလိုပဲ ယောဂီ ပုဂ္ဂိုလ်ကလည်း မေတ္တာစျာန်က အစွမ်းမထက်မီမှာ တဖြည်းဖြည်း ချဲ့ပြီးတော့ ပွားရပါတယ်။ ဒီလို ချဲ့ပြီး ပွားလိုက်တာ နောက်ဆုံး ရပ်ကွက်တစ်ခုကနေ ရပ်ကွက်နှစ်ခု, မြို့နယ်တစ်ခု, ပြည်နယ်တစ်ခု, တစ်တိုင်းပြည်လုံး, တစ်ကမ္ဘာလုံး စသည်ဖြင့် တဖြည်းဖြည်း ဖြန့်ရှုရပါတယ်။ တစ်ကမ္ဘာလုံး ဖြန့်ရှုလို့ အောင်မြင်မှုရရှိတဲ့ အချိန်အခါမှာ (၃၁)ဘုံတိုင်အောင် ဖြန့်ရှုပါ။ ဒီ (၃၁)ဘုံကို ဘယ်လိုလုပ် မြင်နိုင်မလဲလို့ တချို့ပုဂ္ဂိုလ်တွေက ဒီလို သံသယရှိကြတယ်။

သံသယရှိနေလျှင်တော့ အကောင်းဆုံးက ဘာလဲ? ဗုဒ္ဓအဘိဓမ္မာသည် အပြောအဘိဓမ္မာ မဟုတ်ပါဘူး။ လက်တွေ့ကျင့်ရတဲ့ အဘိဓမ္မာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာလုပ်ရမလဲ? လက်တွေ့ကျင့်ရပါမယ်။ (၃၁)ဘုံ တကယ်ထင်ရှား ရှိ,မရှိကို သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ လင်းရောင်ခြည်စွမ်းအားကို အသုံးချပြီး ကြည့်လို့ရပါတယ်။ ဒီလင်းရောင်ခြည်နဲ့ ဖြန့်ကြက်ပြီး ကြည့်လိုက်တဲ့ အချိန်အခါမှာ နတ်တွေ, အပါယ်ဘုံသား သတ္တဝါတွေ, ဗြဟ္မာတွေကို မြင်အောင် ကြည့်ပြီးမှ မေတ္တာပွားရပါတယ်။ ဒီသတ္တဝါတွေကို မမြင်ဘဲနဲ့ မှန်းဆပြီး မေတ္တာပွားနေလျှင်တော့ မေတ္တာစျာန်လည်း ဘယ်လိုမှ မဖြစ်ပေါ်နိုင်ပါဘူး။

ဒီနေရာမှာ ခြွင်းချက် အနည်းငယ်တော့ ရှိပါတယ်။ ယခုလို မေတ္တာဘာဝနာကို စီးဖြန်းတဲ့အခါ မေတ္တာစျာန်ရဲ့ စွမ်းအားကြောင့်လည်း အလင်းရောင်တွေက ဆက်လက် ဖြစ်ပေါ်နေပါတယ်။ ထိုအလင်းရောင် အကူအညီနှင့် စိုက်ရှုလိုက်တဲ့အခါ ပုံသဏ္ဌာန် ရုပ်ပုံလွှာ မရှိတဲ့ အရူပဗြဟ္မာတွေကိုတော့ ယောဂီပုဂ္ဂိုလ်က မမြင်နိုင်ပါဘူး။ သို့သော် ရူပဗြဟ္မာတွေ နတ်တွေကိုတော့ အထိုက်အလျောက် မြင်နိုင်ပါတယ်။

ဒါကြောင့် ငရဲ တကယ်ထင်ရှား ရှိ,မရှိ သိချင်တယ်ဆိုလျှင်တော့ ဒီမေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းကြည့်ပါ။ အပါယ်ဘုံသား သတ္တဝါတွေထဲမှာ အကျုံးဝင်နေတဲ့ တစ္ဆေ-သရဲတွေ ရှိ,မရှိ တကယ်ထင်ရှား သိချင်တယ်ဆိုလျှင်လည်း ဘာလုပ်ရမလဲ? မေတ္တာပွားကြည့်ပါ။ မေတ္တာပွားကြည့်လိုက်လျှင် အပါယ်ဘုံသား သတ္တဝါတွေ တကယ်ထင်ရှား ရှိ,မရှိဆိုတာလည်း အတိအကျ သိနိုင် မြင်နိုင်ပါတယ်။

သို့သော် ဒီလင်းရောင်ခြည်စွမ်းအားကတော့ လိုအပ်နေပါတယ်။ လင်းရောင်ခြည်စွမ်းအား မရှိဘဲနဲ့တော့ ကြည့်လို့ ဘယ်လိုမှ မမြင်နိုင်ပါဘူး။ အမှောင်ထဲမှာ ပကတိမျက်စိနဲ့ ကြည့်လျှင် ကြည့်လို့ မမြင်နိုင်သလိုဘဲ သမထ-ဝိပဿနာဘာဝနာနယ်မှာလည်း လင်းရောင်ခြည်စွမ်းအား မရှိခဲ့လျှင်တော့ မိမိတို့ရဲ့ အရှုခံအာရုံတွေကို လှမ်းကြည့်လျှင် ကြည့်လို့ မြင်ပါ့မလား? မမြင်နိုင်ဘူး။ ဒီသဘောကိုတော့ လက်ခံဖို့ လိုအပ်ပါတယ်။

အနန္တစကြဝဠာသို့

ဒီလို မေတ္တာစျာန်တွေဖြင့် ကွန့်မြူးပြီးတဲ့ အချိန်အခါမှာတော့ စကြဝဠာ တစ်ခုမှာ (၃၁)ဘုံအဖွဲ့အစည်းတစ်ခု ရှိသလို အခြားအခြားသော စကြဝဠာတွေမှာလည်း (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေပါတယ်။ (၃၁)ဘုံအဖွဲ့အစည်းတစ်ခုမှာ သူနှင့်ဆိုင်ရာ မြင်းမိုရ်တောင် နေ-လ-နက္ခတ်တာရာ စသည်တို့ဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကို စကြဝဠာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ ဒီလို (၃၁)ဘုံအဖွဲ့အစည်းပေါင်းလည်း အနန္တ = များစွာ ရှိနေတဲ့အတွက် ထိုအနန္တစကြဝဠာတိုင်အောင် လင်းရောင်ခြည်နဲ့ ဖြန့်ကြက်ပြီးတော့ အနန္တစကြဝဠာမှာ ရှိနေကြတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဒီ (၄၈)မျိုးသော မေတ္တာတွေကို ပွားများအားထုတ်ပေးရပါတယ်။

ပွားများအားထုတ်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အရှေ့အရပ်တည့်တည့် အနန္တစကြဝဠာမှာ ရှိနေကြတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဒီ (၄၈)မျိုးသော မေတ္တာတွေကို ပွားများအားထုတ်ပေးရပါတယ်။ အလားတူပဲ အနောက်အရပ်, တောင်အရပ်, မြောက်အရပ်, ထောင့်လေးထောင့်အရပ်, အထက်အရပ်, အောက်အရပ်တွေမှာ ရှိနေကြတဲ့ သတ္တဝါတွေကို အာရုံယူပြီးတော့ ဒီ (၄၈)မျိုးသော မေတ္တာတွေကို ပွားများအားထုတ်ပေးရပါတယ်။ အောက်အရပ်မှာ နတ်တွေ, ဗြဟ္မာတွေ အရိယာသူတော်ကောင်းတွေ ဘယ်လို ရှိနိုင်မလဲလို့ တချို့က ဒီလို မေးကြတယ်။ ဒါယကာကြီး ဒါယိကာမကြီးတွေတော့ ဘယ်လို သဘောပေါက်ကြသလဲ?

ဘုန်းကြီးတို့ ဒီစကြဝဠာတွေဆိုတာကတော့ လဟာပြင် အာကာသထဲမှာ တည်နေကြပါတယ်။ ဒီမှာ (၃၁)ဘုံအဖွဲ့အစည်း ရှိသလို ဘုန်းကြီးတို့ (၃၁)ဘုံအဖွဲ့အစည်းရဲ့ အောက်ဘက်အရပ်မှာလည်း အလားတူပဲ (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေကြပါတယ်။ အထက်အရပ်မှာလည်း (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေကြပါတယ်။ ထောင့်အရပ်တွေမှာလည်း များစွာ ရှိနေကြပါတယ်။ အရပ် (၁၀)မျက်နှာမှာ (၃၁)ဘုံအဖွဲ့အစည်းတွေ များစွာ ရှိနေတဲ့အတွက် အရပ် (၁၀)မျက်နှာတိုင်အောင် ဖြန့်ကြက်ပြီးတော့ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းနေရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ဒါယကာကြီး ဒါယိကာမကြီးတွေကို ဘုန်းကြီး မေးခွန်း တစ်ခုတော့ မေးမယ်။ ဒီလို သတ္တဝါအားလုံးကို အနန္တစကြဝဠာတိုင်အောင် မိမိက မေတ္တာစျာန်တွေ ဖြန့်ကြက်ပြီး ဝင်စားနေတဲ့ အချိန်အခါမှာ သတ္တဝါတွေရဲ့ ကောင်းကျိုးချမ်းသာကို လိုလားတောင့်တနေတဲ့စိတ်ထား မိမိသန္တာန်မှာ ဝင်နေပြီ။ ဘေးရန် ကင်းစေချင်တဲ့ဆန္ဒ, စိတ်ဆင်းရဲ ကင်းစေချင်တဲ့ဆန္ဒ, ကိုယ်ဆင်းရဲ ကင်းစေချင်တဲ့ဆန္ဒ, ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်စေချင်တဲ့ဆန္ဒ၊ အဲဒီ ဆန္ဒဓာတ်ကလေးတွေ ကိန်းဝပ်နေတယ်ဆိုလျှင် ကိန်းဝပ်နေတဲ့ မိမိရဲ့ စိတ်အစဉ်ဟာ ထိုအချိန်အခါမှာ စိတ်ဆင်းရဲနေသလား ချမ်းသာနေသလား? ချမ်းသာနေပါတယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။ မိမိလည်း ကောင်းတယ်၊ မိမိကြောင့် သူတစ်ပါးတွေလည်း ဒီလို စျာန်ဝင်စားနေတော့ အန္တရာယ်တွေ ဖြစ်နိုင်သေးသလား? မဖြစ်နိုင်တော့ဘူး။ မကောင်းဘူးလား? သိပ်ကောင်းတယ်။

သတ္တဝါအချင်းချင်း အန္တရာယ် ကင်းရှင်း

ဒီလို မေတ္တာစျာန်တွေကို အခြေခံပြီးတော့ သတ္တဝါတွေဟာ စကြဝဠာတစ်ခုအတွင်းမှာ မှီတင်းနေထိုင်ကြမယ်ဆိုလျှင် သတ္တဝါအချင်းချင်း အန္တရာယ် ဖြစ်နိုင်တဲ့ လမ်းစတွေ ရှိနိုင်ပါ့မလား? မရှိနိုင်တော့ဘူး။ အန္တရာယ်တွေ အင်မတန် ကင်းသွားမယ်။ ဒီရပ်ကွက်အတွင်းမှာ ရှိနေကြတဲ့ လူတွေသည် မေတ္တာစျာန်တွေ ဝင်စားပြီး နေထိုင်ကြမယ်ဆိုလျှင် ဒီရပ်ကွက်မှာ အန္တရာယ်တွေ မကင်းနိုင်ဘူးလား? ကင်းနိုင်တယ်။ ဒီမြို့အတွင်းမှာ ရှိနေကြတဲ့ ပုဂ္ဂိုလ်တွေဟာ မေတ္တာစျာန်တွေ ဝင်စားပြီး နေထိုင်ကြမယ်ဆိုလျှင် ဒီမြို့အတွင်းမှာ အန္တရာယ်တွေ ကင်းနိုင်တယ်။ ဒီတိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားအားလုံးဟာ မေတ္တာစျာန်တွေ ဝင်စားပြီးတော့သာ အမြဲတမ်း နေထိုင်ကြမယ်ဆိုလျှင် အန္တရာယ်တွေ အကုန်လုံး မကင်းနိုင်ဘူးလား? ကင်းနိုင်တယ်။ သိပ်ကောင်းတယ် သိပ်ကောင်းတယ်။

ဒါကြောင့် လောကမှာ မှီတင်းနေထိုင်ကြတဲ့ သတ္တဝါတိုင်းမှာ အလိုအပ်ဆုံး တရားတစ်ခု မဖြစ်ဘူးလား? ဖြစ်နေတယ်။ လောကမှာ ချမ်းချမ်းသာသာ နေချင်ကြတယ်ဆိုလျှင် ချမ်းသာကြောင်း ကျင့်စဉ်တွေထဲမှာ ဒီကျင့်စဉ်တစ်ခုသည် အလိုအပ်ဆုံး မဖြစ်ဘူးလား? ဖြစ်နေတယ်။ အရှင်သုဘူတိမထေရ်မြတ်က မေတ္တာစျာန်ကို ဝင်စားပြီးတော့ ဒီမေတ္တာစျာန်သမာဓိမှ ထပြီးတဲ့ အချိန်အခါမှာ သူက ဝိပဿနာကမ္မဋ္ဌာန်းကို ကူးရှုလေ့ရှိပါတယ်။

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

သို့သော် ဒီနေရာမှာ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ရှုပွားပုံကိုလည်း ကြားညှပ်ပြီး နည်းနည်းကလေး ပြောပြပါ့မယ်။ မေတ္တာကမ္မဋ္ဌာန်းကို သင်ပြီးတဲ့ နောက်ပိုင်းမှာ ဘုန်းကြီးကတော့ များသောအားဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို သင်ပေးပါတယ်။ ဘာကြောင့်လဲ? မေတ္တာစျာန်တွေ ပွားများထားတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်ထားတွေက အင်မတန် နူးညံ့ပျော့ပျောင်းနေပါတယ်။ နူးညံ့ပျော့ပျောင်းနေတဲ့ ထိုပုဂ္ဂိုလ်ရဲ့ စိတ်ထားသည် ဂုဏ်တော်တွေကို ပွားများခဲ့မယ်ဆိုလျှင်တော့ အင်မတန် အစွမ်းထက်လာပါတယ်။ သိပ်ပြီးတော့လည်း ထိရောက်ပါတယ်။ ဒီလိုဆိုလျှင် ဂုဏ်တော်ကို ဘယ်လို ပွားရမလဲ?

ပွားဖို့ နည်းစနစ်ကို ဘုန်းကြီး သင်ပေးနေကျအတိုင်း ပြောရမယ်ဆိုလျှင်တော့ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိဆိုက်အောင် ပြန်ပြီး ထူထောင်ရပါတယ်။ ထူထောင်လိုက်လို့ လင်းရောင်ခြည်စွမ်းအားတွေက သိပ်ထက်လာတဲ့ အချိန်အခါမှာ ထိုလင်းရောင်ခြည်ဖြင့် မိမိ ကြည်ညိုမြတ်နိုးနေတဲ့ ရုပ်ပွားတော်တစ်ဆူရဲ့ ပုံတော်ကို လှမ်းပြီး ပထမတော့ အာရုံယူရပါတယ်။

သို့သော် ပုံတော်ကို ပွားမည့်လုပ်ငန်းစဉ်တော့ မဟုတ်သေးပါဘူး။ ပုံတော်သည် လုံးလုံး မပွားများကောင်းဘူးလို့တော့ ဒီလို မဆိုလိုပါဘူး။ ဘုန်းကြီးတို့ မြတ်စွာဘုရားရဲ့ ရူပကာယတော်ရဲ့ တင့်တယ်စံပယ်တော်မူပုံကို အာရုံယူပြီး ပွားနိုင်တဲ့ ဘုရားရှင်ရဲ့ ဘဂဝါဂုဏ်တော်တွေ ရှိကြပါတယ်။ ထိုဂုဏ်တော်တွေထဲမှာ သိရီဘုန်းတော်လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီဘဂဝါဂုဏ်တော်ထဲမှာ တစ်ခု အဝင်အပါဖြစ်နေတဲ့ သိရီဘုန်းတော်က ရူပကာယရဲ့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပုံကို အာရုံယူပြီး ပွားများတဲ့ ဂုဏ်တော်ကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပုံတော်ကို အာရုံယူပြီး ပွားတဲ့ထုံးကလေးလည်း ရှိပါတယ်။

ယခု ဘုန်းကြီး ပြောမှာကတော့ ဂုဏ်တော်ကို အာရုံယူပြီး ပွားတဲ့နည်း ဖြစ်ပါတယ်။ အရဟံအစရှိတဲ့ ဂုဏ်တော်တွေကတော့ ဂုဏ်ကို အာရုံယူပြီး ရှုပွားတဲ့နည်း ဖြစ်ပါတယ်။ သို့သော် တစ်ချိန်က သက်တော်ထင်ရှား ဘုရားရှင်ကို ဖူးတွေ့ချင်လည်း ဖူးတွေ့ခဲ့ရပေမယ့်လည်း ယခုအချိန်မှာတော့ မိမိက ဒီသက်တော်ထင်ရှား ဘုရားရှင်ကိုလည်း မဖူးတွေ့ရတဲ့အတွက် ဖူးမြင်နေရတဲ့ ပုံတော်ကိုပဲ ပထမတော့ အာရုံယူ ကပ်ကြည့်ရမယ်။ ဒါကြောင့် မိမိ ကြည်ညိုနေတဲ့ ရုပ်ပွားတော်တစ်ဆူကို လှမ်းပြီးတော့ လင်းရောင်ခြည်နဲ့ ထိုးစိုက်ကြည့်ပါ။

ဒီရုပ်ပွားတော်ကိုလည်း သက်တော်ထင်ရှား ဘုရားရှင်ပဲလို့ အာရုံယူပြီးတော့ စိတ်က ညွတ်ကြည့်ပါ။ ညွတ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အတိတ်က အရှင်သုဘူတိမထေရ်မြတ်တို့လို သက်တော်ထင်ရှား ဘုရားရှင်များကို ဖူးတွေ့ခဲ့ဖူးတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုလျှင်တော့ ထိုအချိန်အခါမှာ မိမိ ဖူးတွေ့ခဲ့ဖူးတဲ့ သက်တော်ထင်ရှား ဘုရားရဲ့ ရုပ်ပုံတော်များ ပေါ်လာတတ်ပါတယ်။ ပေါ်လာတဲ့ အချိန်အခါမှာ ထိုရုပ်ပွားတော်ကိုပဲ အာရုံယူပြီးတော့ ပုံတော်ကနေ ဂုဏ်တော်ကို တစ်ဖန် ပြောင်းရှုနိုင်ပါတယ်။ အကယ်၍ မပေါ်ခဲ့ဘူးဆိုလျှင်တော့ မိမိ လှမ်းပြီး ရှုပွားနေတဲ့ ရုပ်ပွားတော်ကိုပဲ သက်တော်ထင်ရှား ဘုရားရှင်ပဲလို့ အမှတ်ထားပြီးတော့ ထိုပုံတော်ကနေ တစ်ဆင့်တက်ပြီး ဂုဏ်တော်ကို ပြောင်းရပါမယ်။ ဘယ်လို ပြောင်းရမလဲ? ဂုဏ်တော် (၉)ပါးထဲက မိမိ ကြိုက်နှစ်သက်ရာ ဂုဏ်တော်တစ်ခုကို သို့မဟုတ် ဂုဏ်တော် (၉)ပါးလုံးကို ပွားနိုင်ပါတယ်။

အရဟံဂုဏ်တော်

သို့သော် တစ်ထိုင်အတွင်းမှာ ဂုဏ်တော်တစ်ခုပဲ ပွားတာကတော့ ပိုကောင်းပါတယ်။ ဒါကြောင့် တစ်ထိုင်အတွင်းမှာ ဂုဏ်တော်တစ်ခုပဲ ပွားမယ်ဆိုလျှင်တော့ အရဟံဂုဏ်တော်ကို ပွားမယ်ဆိုကြပါစို့။ အရဟံဂုဏ်တော်မှာ အနက်အဓိပ္ပာယ် (၅)ချက်ရှိတဲ့အထဲမှာလည်း တစ်ချက်လောက်ပဲ ပွားမယ်ဆိုကြပါစို့။ ဘုရားရှင်မှာ သူတစ်ပါးတို့နဲ့ မတူတဲ့ (၃၁)ဘုံအတွင်းမှာ သူတစ်ပါးနဲ့ ဘယ်လိုမှ နှိုင်းစာလို့ မရနိုင်တဲ့ သီလဂုဏ်တွေ ရှိတယ်၊ သမာဓိဂုဏ်တွေ ရှိတယ်၊ ပညာဂုဏ်တွေ ရှိတယ်။ သူမတူတဲ့ ဒီသီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တွေကြောင့် လူတွေ နတ်တွေရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ သဘောကလေးကို ဉာဏ်နဲ့ မြင်အောင် ကြည့်ပြီးတော့ --- သော ဘဂဝါ ဣတိပိ အရဟံဆိုပြီး ဒီလို ပွားရပါတယ်။ သော ဘဂဝါကို ဖြုတ်ပြီးတော့လည်း အရဟံလို့ ခပ်တိုတို ပွားလည်း ရပါတယ်။

အရဟံ အရဟံလို့ ဒီလို ပွားနေတဲ့ အချိန်အခါမှာ ပုံတော်ကို အာရုံ မယူပါနဲ့၊ သူမတူတဲ့ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တွေကြောင့် လူနတ်တို့ရဲ့ ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့ သဘောကလေးကို အာရုံယူပြီးတော့သာလျှင် အရဟံ အရဟံလို့ ပွားရပါတယ်။ ဒီလို ပွားလိုက်တဲ့ အချိန်အခါမှာ ပုံတော်က ပျောက်သွားတတ်ပါတယ်။ ပုံတော် ပျောက်သွားလျှင်လည်း ပုံတော်ကို လိုက်ပြီး ရှာမနေပါနဲ့၊ ဂုဏ်တော်အပေါ်မှာသာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ကြိုးစားပါ။

သဒိသူပစာရ --- ဥပစာရသမာဓိ

ဒီလို ကြိုးစားလိုက်မယ်ဆိုလျှင်တော့ မကြာမီအချိန်အတွင်းမှာ အဖြူရောင်ကသိုဏ်း (= ဩဒါတကသိုဏ်း)ဖြင့် စတုတ္ထစျာန်သမာဓိဆိုက်အောင် ကြိုးစားအားထုတ်ထားတဲ့ ယောဂီသူတော်ကောင်းအဖို့ ဒီဂုဏ်တော်အပေါ်မှာ တစ်ထိုင်အတွင်းလောက်မှာပဲ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်ပြီး တည်သွားပါလိမ့်မယ်။ တစ်နာရီလောက် ငြိမ်နေပြီဆိုလျှင် စျာန်အင်္ဂါတွေကို ဆင်ခြင်မယ်ဆိုလျှင် ဆင်ခြင်လို့ ရနိုင်ပါတယ်။ ငြိမ်နေတဲ့စိတ်ကို ပြန်ကြည့်လိုက်လျှင် ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါငါးပါးက ထိုအချိန်မှာ ထင်ရှားနေပါလိမ့်မယ်။ သို့သော် ဒီစျာန်သည် ဥပစာရစျာန်မျှသာ ဖြစ်ပါတယ်။ အပ္ပနာစျာန်လို့ခေါ်တဲ့ စျာန်အစစ်တော့ မဟုတ်ပါဘူး။ စျာန်ရဲ့ အနီးအနားမှာ ကပ်နေတဲ့ ဥပစာရသမာဓိမျှသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ?

ဒီဂုဏ်တော်တွေသည် အင်မတန် နက်နဲပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ဉာဏ်မီဖို့ဆိုတာကလည်း မလွယ်ပါဘူး။ နက်နဲတဲ့ ဒီပရမတ္ထသဘောတရားတွေအပေါ်မှာ ဘာဝနာစိတ်က ငြိမ်ဝပ်စွာ ကပ်နေဖို့ဆိုတာက အင်မတန် ခက်ခဲတဲ့အတွက် ဥပစာရသမာဓိမျှသာ ရရှိနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါပေမယ့် ဒီဥပစာရသမာဓိဆိုတာကလည်း တကယ့် စျာန်အနီးနား ကပ်နေတဲ့ ဥပစာရသမာဓိအစစ်မျိုးတော့ မဟုတ်ပါဘူး။ ဂုဏ်တော်ကို ဘယ်လိုပင် ပွားနေပေမယ့်လို့ အပ္ပနာစျာန်က မရနိုင်ပါဘူး။ အရှုခံအာရုံဖြစ်တဲ့ ဂုဏ်တော်တွေက နက်နဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သို့သော် စျာန်အနီးနား ကပ်နေတဲ့ ဥပစာရသမာဓိအစစ်နှင့် ယခု ဗုဒ္ဓါနုဿတိ ဥပစာရသမာဓိတို့ဟာ ညီမျှတဲ့ သမာဓိလက္ခဏာ ရှိနေတဲ့အတွက်ကြောင့် သဒိသူပစာရအားဖြင့် တင်စားပြီး ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလို့ ဖြစ်ပေါ်လာရတဲ့ သမာဓိကိုလည်း ဥပစာရသမာဓိလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အဲဒီ ဥပစာရစျာန်သမာဓိသို့ ဆိုက်သွားတဲ့ အချိန်အခါမှာ ယောဂီသူတော်ကောင်းရဲ့ သန္တာန်မှာ စျာန်အင်္ဂါတွေထဲက အထူးသဖြင့် ပီတိ, သုခခေါ်တဲ့ စျာန်အင်္ဂါနှစ်ခုကတော့ အလွန် ထင်ရှားနေတတ်ပါတယ်။ ဒီဂုဏ်တော်တွေကို ပွားတဲ့နည်းစနစ်ကတော့ ဥပစာရသမာဓိဆိုက်အောင် ပွားတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် ဂုဏ်တော်ပွားတဲ့နေရာမှာ အင်မတန် ထိရောက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကျန်ဂုဏ်တော်များကို ပွားများလိုပါက နည်းမှီပြီးသာ ပွားများပါလေ။

နန္ဒရသေ့ကြီး

ရှေ့ပိုင်းမှာ ဘုန်းကြီး ပြောခဲ့တဲ့ သုဘူတိမထေရ်ရဲ့ အလောင်းအလျာဖြစ်တဲ့ ကောလိယအနွယ်မှ ပေါက်ဖွားလာတဲ့ နန္ဒရသေ့ကြီးကတော့ (၇)ရက်တိုင်တိုင် ပဒုမုတ္တရမြတ်စွာဘုရားကို ပန်းပွင့်ထီးကြီးဖြင့် ဆောင်းမိုးပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်လျှင် အာရုံရှိနေတဲ့ ပီတိ, သုခတွေဖြင့် ရပ်တည်နေလိုက်တာ (၇)ရက်ပတ်လုံး အစာမစားဘဲ မနေနိုင်ဘူးလား? နေနိုင်တယ်။ မကောင်းဘူးလား? သိပ်ကောင်းတယ်။

မနေ့ကပဲ ယောဂီဒါယိကာမကြီးတစ်ယောက်က ဒီဂုဏ်တော် ပွားနေရတာကို အားရကျေနပ်လွန်းလို့ ချမ်းသာလွန်းလို့ ဘုန်းကြီးထံ လာပြီး လျှောက်ထားတယ်။ လျှောက်လို့ ပြီးတဲ့အချိန်အခါမှာတော့ ထိုင်ငိုပါလေရော။ ဘာဖြစ်လို့ ငိုရသလဲလို့ ဘုန်းကြီးက မေးကြည့်လိုက်တော့ --- တပည့်တော် ဘုရား ...ဒီဂုဏ်တော်တွေကို ပွားနေတဲ့ အချိန်အခါမှာ သက်တော်ထင်ရှား ဘုရားရှင်လို ရောင်ခြည်တော်တွေ တဖြတ်ဖြတ် ထွက်လာတာကို ဖူးတွေ့ရပါတယ်။ ဒီလို ဖူးတွေ့ရတော့ ဒီလောက်ကောင်းနေတဲ့ တရားမျိုးကို ငါ စွန့်ပြီးတော့ ဘာမှမဟုတ်တဲ့ သားတွေ သမီးတွေနဲ့ သွားပြီးတော့ အလုပ်တွေ ရှုပ်ပြီး လောကမှာ နေထိုင်လာခဲ့တာ ငါ့ဘဝဟာ အင်မတန် ကံဆိုးလှတယ်၊ ဒါကြောင့် တပည့်တော် အင်မတန် ဝမ်းနည်းလွန်းလို့ ငိုပါတယ်ဆိုပြီး သူက လျှောက်ထားတယ်။ ဒါကြောင့် ဒီဂုဏ်တော်ကမ္မဋ္ဌာန်းသည် အင်မတန် နှစ်ခြိုက်ဖွယ်ရာဖြစ်တဲ့ ပီတိ, သုခတွေကို ဖြစ်စေတတ်တဲ့ ကမ္မဋ္ဌာန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပဒုမုတ္တရမြတ်စွာဘုရားရှင်က ဘယ်လို ဟောကြားထားတော်မူသလဲ?

ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ။

ဣမံ သတိံ ဘာဝယိတွာ၊ ပူရယိဿသိ မာနသံ။ (အပဒါန၊၁၊၇၆။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၅။)

ဘာဝနာနံ = ဘာဝနာဟူသမျှတို့တွင်။ အနုတ္တရံ = အသာဆုံး အမြတ်ဆုံး ဖြစ်တဲ့။ ဗုဒ္ဓါနုဿတိံ = ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို။ ဘာဝေဟိ = ပွားများအားထုတ်ပါလေလော့။ ဣမံ သတိံ = ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို။ ဘာဝယိတွာ = ပွားများအားထုတ်ခြင်းကြောင့်။ မာနသံ = စိတ်ရဲ့ တောင့်တချက် မှန်သမျှသည်။ ပူရယိဿသိ = မချွတ်ဧကန် ပြည့်စုံပါပေလိမ့်မယ်။

ဒီလို ဘုရားရှင်က အာမခံထားပါတယ်။ အရှင်သုဘူတိမထေရ်ကို ကြည့်လိုက်မယ်ဆိုလျှင် သူ့ရဲ့ စိတ်နှလုံး အလိုဆန္ဒ တောင့်တချက်တွေ အားလုံး ပြည့်စုံမသွားဘူးလား? ပြည့်စုံသွားတယ်။ ဒီလို မိမိတို့ရဲ့ လိုလားတောင့်တချက်ကို ဖြည့်စွမ်းပေးနိုင်တဲ့ စွမ်းအားတစ်ခု ရှိတယ်ဆိုလျှင်တော့ ဒီစွမ်းအားမျိုးကို မိမိရဲ့ သန္တာန်မှာ မွေးမြူထားဖို့ မကောင်းဘူးလား? သိပ်ကောင်းပါတယ်။ ဒါကြောင့် ကြိုးစားကြစေချင်ပါတယ်။

ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့

ဖုဿဒေဝမထေရ်ကြီးကတော့ ဒီဂုဏ်တော်တွေကို အခြေခံပြီးတော့ ဝိပဿနာ ကူးပါတယ်။ အရှင်သုဘူတိမထေရ်ကတော့ မေတ္တာစျာန်ကို အခြေခံပြီးတော့ ဝိပဿနာ ကူးပါတယ်။ ဒီလို မေတ္တာစျာန်ကို အခြေခံပြီး ဝိပဿနာ ကူးချင်တယ်ဆိုလျှင်တော့ မေတ္တာစျာန်ကို တတိယစျာန် ပေါက်မြောက်သည်အထိ ပြန်ပြီးတော့ သမာဓိ ထူထောင်ရပါတယ်။ မေတ္တာစျာန်ကို တတိယစျာန်အထိ ဆိုက်အောင် သမာဓိ ထူထောင်ပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက ဘာလုပ်ရမလဲ? ထိုမေတ္တာစျာန်မှ ထပြီးတော့ စိတ္တဝိသုဒ္ဓိ ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးနိုင်ပါတယ်။ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ဘယ်လို ကူးရမလဲ?

ဘုန်းကြီးတို့ ဒိဋ္ဌိဝိသုဒ္ဓိစခန်းကို ကူးရာမှာ ရုပ်ကမ္မဋ္ဌာန်းကနေ စပြီး သိမ်းဆည်းတဲ့ နည်းစနစ်, နာမ်ကမ္မဋ္ဌာန်းကနေ စပြီး သိမ်းဆည်းတဲ့ နည်းစနစ်ဆိုပြီး (၂)နည်း ရှိနေပါတယ်။ (ဝိသုဒ္ဓိ၊၂၊၂၂၂။) ဒီ (၂)နည်းမှာ မိမိ ကြိုက်နှစ်သက်ရာနည်းနဲ့ စပြီး ကူးနိုင်ပါတယ်။ သမထယာနိကပုဂ္ဂိုလ်ကတော့ နာမ်တရားကနေ စပြီး သိမ်းဆည်းချင်တယ်ဆိုလျှင် စျာန်အင်္ဂါတွေက စပြီး သိမ်းဆည်းရပါတယ်။ စျာန်အင်္ဂါတွေကို သိမ်းဆည်းပြီးတဲ့အခါမှာ ထိုစျာန်အင်္ဂါတွေနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စိတ်စေတသိက်လို့ ခေါ်ဆိုအပ်တဲ့ စျာန်နာမ်တရားတွေကိုလည်း ဆက်လက်ပြီး သိမ်းဆည်းရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ---

တံသမ္ပယုတ္တာ စ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂဟေတဗ္ဗာ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

ဆိုပြီးတော့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ (၂၂၂)မှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဒါကြောင့် ယောဂီသူတော်ကောင်းက စျာန်နာမ်တရားတွေကို သိမ်းဆည်းချင်တယ်ဆိုလျှင်တော့ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းဖို့တော့ လိုအပ်တယ်။

စျာန်နာမ်တရားတွေကုိ သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ဒီစျာန်နာမ်တရားတွေသည် ဘာကို မှီပြီး ဖြစ်ပေါ်နေကြသလဲလို့ လှမ်းကြည့်လိုက်တဲ့ အချိန်အခါမှာ စျာန်နာမ်တရားတို့ရဲ့ မှီရာဖြစ်တဲ့ ဟဒယဝတ္ထုရုပ်ကို သွားတွေ့ပါတယ်။ ဒီဟဒယဝတ္ထုကလည်း ဘာကို မှီပြီး ဖြစ်နေသလဲလို့ လှမ်းကြည့်လိုက်မယ်ဆိုလျှင်တော့ ဟဒယဝတ္ထုရဲ့ မှီရာဖြစ်တဲ့ ဘူတရုပ်နဲ့ ဥပါဒါရုပ်လို့ ခေါ်တဲ့ ရုပ်တရားတွေကို သွားပြီး တွေ့ပါတယ်။ ဒီအချိန်အခါမှာ ဘူတရုပ် ဥပါဒါရုပ်တွေကို ဆက်ပြီး သိမ်းဆည်းရပါတယ်။ ဒါက နာမ်တရားက စပြီး သိမ်းဆည်းချင်တဲ့ ပုဂ္ဂိုလ်အတွက် ပြောခြင်း ဖြစ်ပါတယ်။

ဒီလို နာမ်တရားတွေကနေ စပြီးတော့ မသိမ်းဆည်းချင်ဘူး၊ ရုပ်တရားကနေ စပြီးတော့ သိမ်းဆည်းချင်တယ်ဆိုလျှင်တော့ ဘာလုပ်ရလဲ? ဓာတ်ကမ္မဋ္ဌာန်းကနေ စပြီး ပြည်တည်ရပါတယ်။ ဘာကြောင့်လဲ? သမထပိုင်းမှာ သမထကမ္မဋ္ဌာန်း (၄၀) ရှိတယ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် သမာဓိ အောင်မြင်လို့ ဒိဋ္ဌိဝိသုဒ္ဓိစခန်း ကူးတော့မယ်ဆိုလျှင်တော့ ဝိပဿနာပိုင်းမှာ ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းက (၂)မျိုးပဲ ရှိပါတယ်။ ဒီ (၂)မျိုးထဲက ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဘုရားရှင်က ဘယ်နှစ်နည်း ဟောကြားထားတော်မူခဲ့သလဲ? မူလပဏ္ဏာသအဋ္ဌကထာ ပထမတွဲ စာမျက်နှာ (၂၈၀)မှာ အတိအကျ ဖွင့်ဆိုထားတော်မူပါတယ်။ ဘယ်လို ဖွင့်ဆိုထားတော်မူသလဲ?

တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (မ၊ဋ္ဌ၊၁၊၂၈၀၊၊)

ရုပ်ကမ္မဋ္ဌာန်း, နာမ်ကမ္မဋ္ဌာန်း (၂)မျိုးရှိတဲ့အနက်က ရုပ်ကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားတော်မူတဲ့အခါမှာ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနှလုံးသွင်းနည်း, ဓာတ်ကမ္မဋ္ဌာန်း အကျယ်နှလုံးသွင်းနည်းဆိုတဲ့ ဒီနှစ်မျိုးမှာ တစ်နည်းနည်းနဲ့ပဲ ဘုရားရှင် ဟောကြားတော်မူပါတယ်။ ဒါကြောင့် ဘုန်းကြီးတို့ကလည်း ရုပ်တရားတွေကို အရင် စပြီး ရှုချင်တဲ့ ယောဂီတွေကို သင်ပေးတဲ့ အခါမှာ ဓာတ်ကမ္မဋ္ဌာန်းကို စပြီး ရှုခိုင်းပါတယ်။ ဓာတ်ကမ္မဋ္ဌာန်းကို စရှုတဲ့ အချိန်အခါမှာ ဓာတ်လေးပါးနဲ့ ပြည်တည်ပြီး သမာဓိထူထောင်တတ်တဲ့ ယောဂီတွေအဖို့ကတော့ ဒီအပိုင်းမှာ သိပ်လွယ်သွားပါတယ်။

မေတ္တာစျာန်မှ ဓာတ်ကမ္မဋ္ဌာန်းသို့

မေတ္တာစျာန်ကို တတိယစျာန်တိုင်အောင် ဝင်စားပြီး မေတ္တာစျာန်မှ ထတဲ့အချိန်အခါမှာ ခန္ဓာအိမ်မှာ ဓာတ်လေးပါးကို ပြန်ပြီးတော့ စိုက်ရှုလိုက်ပါ။ ခန္ဓာအိမ်မှာ စိုက်ရှုလိုက်ပြီဆိုလျှင်တော့ ထိုအချိန်အခါမှာ ယောဂီသူတော်ကောင်းအဖို့ အဖြူကို လွယ်လွယ်ကူကူနဲ့ ပြန်တွေ့ပါမယ်။ အဲဒီ အဖြူမှာလည်း ဆက်ပြီး ဓာတ်လေးပါး စိုက်ရှုလိုက်တဲ့ အချိန်အခါမှာ အဖြူကနေ ကြည်သွားပါမယ်။ အဲဒီ အကြည်မှာလည်း ဓာတ်လေးပါး ဆက်စိုက်ရှုလိုက်မယ်ဆိုလျှင်တော့ သမာဓိစွမ်းအားကြောင့် ခဏကလေးနဲ့ အကြည်ဓာတ်တွေဟာ ပြိုကွဲပြီးတော့ ရုပ်ကလာပ်အမှုန်ကလေးတွေအားလုံး ဖြစ်သွားတတ်ပါတယ်။ အကယ်၍ ရုပ်ကလာပ်အမှုန်ကလေးတွေ မဖြစ်ဘူး၊ ဒီအကြည်ပြင်က ခိုင်နေတယ်ဆိုလျှင်တော့ ထိုပုဂ္ဂိုလ်သည် ဘာဆက်ပြီး လုပ်ရမလဲ?

အဲဒီ အကြည်ပြင်မှာ အာကာသခေါ်တဲ့ ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ကလေးတွေ ရှိနေလေရဲ့လို့ အာရုံယူပြီး ထိုအချိန်အခါမှာ ဓာတ်လေးပါးကို ရှုပွားနေတဲ့ ဉာဏ်လင်းရောင်ခြည်နဲ့ ထိုးစိုက်ရှုကြည့်ပါ။ စိုက်ရှုကြည့်လိုက်လျှင် ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ဖြစ်တဲ့ အာကာသဓာတ်ကို သွားတွေ့ပါမယ်။ ရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ဖြစ်တဲ့ အာကာသဓာတ်ကို တွေ့သည်နှင့် တစ်ပြိုင်နက်တည်း ရုပ်ကလာပ်တွေကို သွားတွေ့ပါတယ်။ ဒီအာကာသဓာတ်ကို ရှုရမယ်ဆိုတာလည်း ဘုရားရှင်ကိုယ်တိုင်က မဟာရာဟုလောဝါဒသုတ္တန် (မ၊၂၊၈၆။)မှာ ရှင်ရာဟုလာကို ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ညွှန်ကြားပေးပါတယ်။ ရုပ်ကမ္မဋ္ဌာန်းပိုင်းမှာ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ခေါ်တဲ့ ဓာတ်လေးပါးကို သင်ပေးပြီးတဲ့ အချိန်အခါမှာ အာကာသဓာတ်တစ်ခုကိုလည်း ထည့်ပြီး ရှုဖို့ ညွှန်ကြားပေးတော်မူပါတယ်။ အဲဒီ အာကာသဓာတ်ကို ရှုဖို့ရန် ညွှန်ကြားခြင်းသည် ဥပါဒါရုပ်တွေကိုလည်း ရှုဖို့ ညွှန်ကြားခြင်း ဖြစ်တယ်လို့ အဋ္ဌကထာ (မ၊ဋ္ဌ၊၃၊၉၇။)ကလည်း အတိအကျ သတ်မှတ်ထားပါတယ်။

ဒါကြောင့် ယောဂီပုဂ္ဂိုလ်က ရုပ်ကလာပ်တွေကို မြင်အောင်တော့ ရှေးဦးစွာ ကြည့်ရပါတယ်။ ဘာကြောင့် ဒီရုပ်ကလာပ်တွေကို မြင်အောင် ကြည့်နေရသလဲလို့ မေးလျှင်တော့ ရုပ်တို့မည်သည်မှာ ကလာပ်ခေါ်တဲ့ အမှုန်ကလေးတွေအနေနဲ့သာ ဖြစ်ကြပါတယ်။ ဒီအမှုန်ကလေးတွေသည် ဘယ်၍ ဘယ်မျှ ရှိတယ်ဆိုတာကတော့ အတိအကျ ပြောလို့ မရနိုင်ပါဘူး။ ပရမာဏုမြူခန့် အသေးငယ်ဆုံး အဖွဲ့အစည်းတစ်ခုလို့သာ ဒီလို သတ်မှတ်ချက် ရှိပါတယ်။ (ဝိသုဒ္ဓိ၊၁၊၃၆၁။ မဟာဋီကာ၊၁၊၄၄၆-၄၄၇။) ပရမာဏုမြူနဲ့ တူတယ်လို့ ဒီလိုလည်း မသုံးပါဘူး။ ဘာဖြစ်လို့ ဒီပရမာဏုမြူခန့်လို့ သုံးနေရသလဲလို့ မေးလျှင်လည်း ဘုန်းကြီးတို့ အသေးဆုံး အဖွဲ့အစည်းတစ်ခုကို ခေါ်ဝေါ်သုံးစွဲထားတဲ့ နာမည်ဟာ ဒီပရမာဏုမြူဆိုတဲ့ စကားလုံးထက် သေးငယ်တဲ့ စကားလုံး အသုံးအနှုန်းကလည်း မရှိတဲ့အတွက် အသေးငယ်ဆုံး ဝေါဟာရနဲ့ သုံးနှုန်းရခြင်းသာ ဖြစ်ပါတယ်။

သို့သော် သိပ္ပံကျွမ်းကျင်တဲ့ ဒါယကာကြီး ဒေါက်တာမင်းတင်မွန်ကတော့ ဒီထက် သေးငယ်လိမ့်မယ်လို့ ပြောပါတယ်။ ဒီလို အင်မတန် သေးငယ်တဲ့ ရုပ်ကလာပ်အမှုန်ကလေးတွေကို တစ်မှုန် တစ်မှုန်မှာ ပထဝီ, အာပေါ, တေဇော, ဝါယောဆိုတဲ့ ဓာတ်လေးပါးကို မြင်အောင် ရှုရပါတယ်။ အဲဒီ ဓာတ်လေးပါးကို ရှုတတ်ပြီဆိုလျှင်တော့ ---

ဘူတရုပ် + ဥပါဒါရုပ်များကို သိမ်းဆည်းပါ

ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန၊ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ၊ဋ္ဌ၊၂၊၂၄၁၊၊)

ဒီဓာတ်ကြီးလေးပါးကို သိမ်းဆည်းတတ်ပြီဆိုလျှင်တော့ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘာပေါ်လာမလဲ? ဥပါဒါရုပ်လို့ခေါ်တဲ့ (၂၄)မျိုးသော ရုပ်သဘောတရားတွေ ပေါ်လာပါလိမ့်မယ်။ ဒီ(၂၄)မျိုးသော ရုပ်သဘောတရားတွေထဲမှာ ဘုန်းကြီးတို့ ရုပ်အတု (၁၀)မျိုး ပါနေတယ်။ အဲဒီရုပ်အတု (၁၀)မျိုးကတော့ ဝိပဿနာရှုတဲ့အပိုင်းမှာတော့ ချန်လှပ်ထားရပါမယ်။ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်းမှာတော့ ရောနှောသိမ်းဆည်းဖို့ရန်အတွက် ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (ဝိသုဒ္ဓိ၊၂၊၂၂၅။)မှာ အတိအကျ ညွှန်ကြားထားပါတယ်။ ဘာကြောင့်လဲ?

အဲဒီ ရုပ်အတုတွေထဲမှာ အာကာသဓာတ်လည်း ပါနေပါတယ်။ အာကာသဓာတ်ဆိုတာက ရုပ်ကလာပ်တွေရဲ့ အကြားအပေါက်ကို ခေါ်ပါတယ်။ အဲဒီရုပ်ကလာပ်တို့ရဲ့ အကြားအပေါက်ကိုမှ မမြင်နိုင်ဘူးဆိုလျှင်တော့ ရုပ်ကလာပ်ကိုလည်း မြင်နိုင်ပါ့မလား? မမြင်နိုင်ဘူး။ ဒါကြောင့် ဥပါဒါရုပ်တွေထဲက ရုပ်အတုထဲမှာ အကျုံးဝင်နေတဲ့ ဒီအာကာသဓာတ်တို့လို ရုပ်အတုမျိုးတွေကိုလည်း ရောနှောပြီး သိမ်းဆည်းဖို့ရန်အတွက် ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။ ရုပ်အစစ်တွေကို ရှုနေရင်းနဲ့ ဒီရုပ်အတုတို့ရဲ့ ပေါ့မှု, လျင်မြန်မှုစတဲ့ လဟုတာသဘောတွေလည်း ထင်ရှားလာလျှင်တော့ ရောနှောပြီး သိမ်းဆည်းဖို့ရန်အတွက် ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုက ဒီရုပ်တရားတွေကို သိမ်းဆည်းနေတဲ့ အချိန်အခါမှာ ဒီရုပ်တရားတွေရဲ့ ဖြစ်မှု, ပျက်မှု, တည်မှုတွေကလည်း ထင်ရှားနေတဲ့အတွက် ဒီသဘောတရားတွေကိုပါ ရောပြီး ရုပ်တရားလို့ သိမ်းဆည်းဖို့ ညွှန်ကြားနေခြင်း ဖြစ်ပါတယ်။ သို့သော် ဝိပဿနာရှုတဲ့အပိုင်းမှာတော့ ဒီရုပ်အတုတွေကို ချန်ထားခဲ့ရပါမယ်။ နောက်တစ်ခုက ရုပ်အစစ်တွေကို တစ်ခါ ပြန်ကြည့်လိုက်လျှင် ဘာတွေ ပါနေသလဲလို့ မေးလျှင်တော့ အရေးအကြီးဆုံး ရုပ်ဖြစ်တဲ့ ဇီဝိတရုပ်, ဘာဝရုပ်, ဩဇာရုပ်တို့ ပါနေကြတယ်။

ဇီဝိတရုပ်ဆိုတာက ကမ္မဇရုပ်တွေကို ပြန်စောင့်ရှောက်နေတဲ့ သဘာဝကလေးတစ်ခု ဖြစ်ပါတယ်။ ဒီသဘောကလည်း ကြည်တဲ့ရုပ်ကလာပ်တွေ အားလုံးမှာ ရှိနေပါတယ်။ ဇီဝိတလျှင် (၉)ခုမြောက်ရှိတဲ့ ဇီဝိတနဝကကလာပ်, ဟဒယရုပ်လျှင် (၁၀)ခုမြောက်ရှိတဲ့ ဟဒယဒသကကလာပ်, ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိတဲ့ ဘာဝဒသကကလာပ်။ အဲဒီ ရုပ်ကလာပ်တွေကတော့ မကြည်ကြပါဘူး။ ဒီလို မကြည်တဲ့ ရုပ်ကလာပ်တွေမှာလည်း ဇီဝိတက ပါရှိနေပါတယ်။

ဘာဝရုပ်ဆိုတာကတော့ အမျိုးသမီးမှာ အမျိုးသမီးဘာဝရုပ်, အမျိုးသားမှာ အမျိုးသားဘာဝရုပ် ရှိပါတယ်။ ဒီဘာဝရုပ်ကလည်း ကလာပ်တိုင်းမှာ ရှိနေပါတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ ဖွင့်ဆိုထားတဲ့အတိုင်း ဒီဘာဝရုပ်က အမျိုးသမီးမှာ အမျိုးသမီးလို့ သိလောက်တဲ့ အမှတ်အသား၊ အမျိုးသားမှာလည်း အမျိုးသားလို့ သိလောက်တဲ့ အမှတ်အသားမျိုးတွေ ဖြစ်ပါတယ်။ ဒီအမှတ်အသားကလည်း မျက်စိ, နား, နှာ, လျှာ, ကိုယ်, နှလုံးဆိုတဲ့ (၆)ဌာနလုံးမှာ ရှိနေပါတယ်။ မျက်စိမှာလည်း ဘာဝရုပ်က ရှိနေပါတယ်။ ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာနည်းက အများနားလည်နေတဲ့ ဘာဝရုပ်နဲ့ တူသလား? မတူပါဘူး။

ဒီဘာဝရုပ်သည် ဘယ်အခါမှာ ရှုလို့ ရနိုင်သလဲ? ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှသာလျှင် ရှုလို့ ရနိုင်ပါတယ်။ ဇီဝိတရုပ် ဩဇာရုပ်တွေကလည်း ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှသာလျှင် ရှုလို့ ရနိုင်ပါတယ်။ အလားတူပဲ ကျန်နေတဲ့ ရုပ်တရားတွေကလည်း ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှသာလျှင် ပရမတ်နယ်မြေကို ဆိုက်မှာ ဖြစ်ပါတယ်။ ရုပ်ကလာပ်ကို ဓာတ်ခွဲနိုင်မှ ရုပ် (၂၈)ပါးက စုံညီပါမယ်။ ဒီရုပ် (၂၈)ပါးကို စုံညီအောင် မရှုခဲ့ဘူးဆိုလျှင် မဂ် ဖိုလ် နိဗ္ဗာန် ရနိုင်ပါ့မလား? မရနိုင်ပါဘူး။ မရနိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ဘုရားရှင်က အပရိဇာနနသုတ္တန်များမှာ အတိအကျ ဟောကြားထားတော်မူပါတယ်။

သဗ္ဗံ ဘိက္ခဝေ အနဘိဇာနံ အပရိဇာနံ အဝိရာဇယံ အပ္ပဇဟံ အဘဗ္ဗော ဒုက္ခက္ခယာယ။ (သံ၊၂၊၂၄၉။)

အလုံးစုံသော ရုပ်တရား နာမ်တရားတွေကို ပရိညာပညာ (၃)မျိုးဖြင့် ပိုင်းခြားပြီး မသိလျှင် ဒုက္ခတွေ ဘယ်လိုမှ မကုန်နိုင်ဘူး။ သိမှ ကုန်မယ်လို့ အတိအကျ ဟောကြားထားတော်မူပါတယ်။ ဒါကြောင့် ဝိပဿနာ ရှုပွားတော့မည့် ယောဂီသူတော်ကောင်းသည် ဒီရုပ်တရား နာမ်တရားတွေကိုတော့ ကုန်စင်အောင် သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်ကလာပ်တွေကို ဓာတ်ခွဲနိုင်လို့ ရုပ် (၂၈)ပါးကိုလည်း သိမ်းဆည်းတတ်ပြီဆိုလျှင်တော့ ထိုယောဂီသူတော်ကောင်းက ရှေ့တစ်ဆင့် တက်ပြီးတော့ နာမ်ကမ္မဋ္ဌာန်းကို ပြောင်းပြီး သိမ်းဆည်းရပါတယ်။

နာမ်တရားများကို သိမ်းဆည်းပါ

နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းတဲ့အခါမှာ ဘုန်းကြီးတို့ သမထယာနိကပုဂ္ဂိုလ် ဖြစ်နေလျှင်တော့ ရှေးဦးစွာ စျာန်နာမ်တရားတွေကို စပြီး သိမ်းဆည်းချင်လည်း သိမ်းဆည်းလို့ ရပါတယ်။ ဘုန်းကြီး ဟောခဲ့တဲ့ လမ်းစဉ်အတိုင်း မိမိက ကသိုဏ်းတွေကို အောင်အောင်မြင်မြင် သမာဓိကို ထူထောင်ထားမယ်ဆိုလျှင်တော့ ကသိုဏ်းစျာန်တွေက စပြီး သိမ်းဆည်းလည်း ရပါတယ်၊ အရိုးစု စျာန်က စပြီး သိမ်းဆည်းလည်း ရတယ်၊ မေတ္တာစျာန်က စပြီး သိမ်းဆည်းလည်း ရပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ယောဂီသူတော်ကောင်းက ရှေးဦးစွာ စျာန်အင်္ဂါတွေက စပြီး သိမ်းဆည်းရပါတယ်။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါတွေကို ဘယ်လို သိမ်းဆည်းရမလဲ?

မေတ္တာစျာန် နာမ်တရားများ

ဥပမာ --- မေတ္တာစျာန်ကို ပထမစျာန်သမာဓိ ဆိုက်အောင် ပြန်ပြီး ဝင်စားကြည့်ပါ။ ဝင်စားလိုက်လို့ ပထမစျာန်သမာဓိ ဆိုက်သွားပြီဆိုလျှင်တော့ စျာန်အင်္ဂါ (၅)ပါးက ထင်ရှားလာပါလိမ့်မယ်။ ထင်ရှားလာပြီဆိုတဲ့ အချိန်အခါမှာ အကြိမ်များစွာ ဖြစ်နေတဲ့ ဒီစျာန်အင်္ဂါ (၅)ပါးကို မြင်အောင် ကြည့်ရပါမယ်။ အကြိမ်များစွာ ဖြစ်နေတာကို မြင်အောင် ကြည့်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ အဲဒီ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာခေါ်တဲ့ စျာန်အင်္ဂါ (၅)ပါးနဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်နေတဲ့ စျာန်နာမ်တရားတွေကို တစ်စတစ်စ ဆက်ပြီး သိမ်းဆည်းရပါတယ်။

နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃) နည်း

ပထမစျာန်မှာ စိတ်စေတသိက် အားလုံး (၃၄)လုံး ရှိပါတယ်။ အဲဒီ (၃၄)လုံးသော စိတ်စေတသိက်တွေကို တစ်လုံးစီ တစ်လုံးစီပဲ သည်းခံပြီးတော့ ထပ်ကာထပ်ကာ သိမ်းဆည်းရပါတယ်။ သိမ်းဆည်းတဲ့အခါမှာ ဖဿက စပြီး သိမ်းဆည်းတဲ့ နည်းစနစ်, ဝေဒနာက စပြီး သိမ်းဆည်းတဲ့ နည်းစနစ်, အသိစိတ် ဝိညာဏ်က စပြီး သိမ်းဆည်းတဲ့ နည်းစနစ်ဆိုပြီး သုံးနည်း ရှိပါတယ်။ (မ၊ဋ္ဌ၊၁၊၂၈၀ ...။) မိမိ ကြိုက်နှစ်သက်ရာက စပြီး သိမ်းဆည်းနိုင်ပါတယ်။

ဥပမာ --- အသိစိတ် (= ဝိညာဏ်)က စပြီး သိမ်းဆည်းတယ်ဆိုကြစို့။ အသိစိတ် (= ဝိညာဏ်)ကို စပြီး သိမ်းဆည်းလိုက်တဲ့ အချိန်အခါမှာ အသိစိတ် ကလေးက အကြိမ်များစွာ ဆက်တိုက် ဖြစ်နေတာကို မြင်ပြီဆိုလျှင်တော့ အသိစိတ်နှင့် ဖဿ (၂)လုံးကို သိမ်းဆည်းကြည့်ပါ။ (၂)လုံး မြင်ပြီဆိုလျှင် (၃)လုံး၊ (၃)လုံး မြင်ပြီဆိုလျှင် (၄)လုံး စသည်ဖြင့် တဖြည်းဖြည်း တိုးပြီး သိမ်းဆည်းရပါတယ်။ အသိစိတ်, ဖဿ, ဝေဒနာ, သညာ, စေတနာဆိုတဲ့ ဖဿပဉ္စမက (၅)လုံးလောက်ကို ကြိမ်ဖန်များစွာ ပြိုင်တူလိုလို ဖြစ်နေတာကို မြင်အောင် သိမ်းဆည်းလို့ ရပြီဆိုလျှင်တော့ လက်ခမောင်းခတ်နိုင်ပါပြီ။ ဖဿပဉ္စမက (၅)လုံးကို သိမ်းဆည်းပြီးလျှင်တော့ ကျန်နေတဲ့ နာမ်တရားတွေကို ဇယားချပြီး ရှုကြည့်ပါ။ အောင်မြင်မှု ရနိုင်ပါတယ်။

မေတ္တာပထမစျာန်နာမ်တရား (၃၄) လုံး

မေတ္တာစျာန်နာမ်တရားအားလုံးဟာ သတ္တဝါပညတ်ကိုပဲ အာရုံပြုကြပါတယ်။ အနန္တစကြဝဠာ၌ တည်ရှိကြသော သတ္တဝါအားလုံးတို့ကို ခြုံငုံပြီး အနောဓိသော ဖရဏာ မေတ္တာစေတောဝိမုတ္တိ (= ပိုင်းခြားကန့်သတ်ချက် မရှိတဲ့ မေတ္တာပွားနည်း)ဖြင့် ရရှိလာတဲ့ မေတ္တာစျာန်ကတော့ စွမ်းအင် ပိုပြီး ထက်မြက် ကြီးမားပါတယ်။ ဒါကြောင့် သတ္တဝါအားလုံးကို ဖြန့်ကြက်ပြီး ပွားများထားတဲ့ မေတ္တာစျာန် နာမ်တရားများကို ပုံစံအဖြစ် တင်ပြပေအံ့ ---

၁။ အသိစိတ် = သတ္တဝါပညတ်အာရုံကို ရယူခြင်းသဘော။

ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)ဆိုတဲ့ မူလဋီကာနှင့်အညီ ဖြစ်ပါတယ်။

၂။ ဖဿ = သတ္တဝါပညတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (= လက္ခဏာ), သတ္တဝါပညတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (= ရသ)။

၃။ ဝေဒနာ = သတ္တဝါပညတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ဝမ်းမြောက်ဝမ်းသာ ခံစားခြင်းသဘော။ (ပထမစျာန်မှာ သောမနဿဝေဒနာ ဖြစ်တယ်။)

၄။ သညာ = သတ္တဝါပညတ်အာရုံကို မှတ်သားခြင်းသဘော။

၅။ စေတနာ = သတ္တဝါပညတ်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော။

၆။ ဧကဂ္ဂတာ = သတ္တဝါပညတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော (= တည်ငြိမ်နေခြင်းသဘော)။

၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊

၈။ မနသိကာရ = သတ္တဝါပညတ်အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော။

၉။ ဝိတက် = သတ္တဝါပညတ်အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်းသဘော (= ကြံစည်ခြင်းသဘော)။

၁၀။ ဝိစာရ = သတ္တဝါပညတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်း (= ဆုပ်နယ်ခြင်း)သဘော။

၁၁။ အဓိမောက္ခ = သတ္တဝါပညတ်အာရုံကို သတ္တဝါဟု ဆုံးဖြတ်ချက်ချခြင်းသဘော။

၁၂။ ဝီရိယ = သတ္တဝါပညတ်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် ကြိုးစားအားထုတ်ခြင်းသဘော (= ချီးပင့်ပေးခြင်းသဘော)။

၁၃။ ပီတိ = သတ္တဝါပညတ်အာရုံကို နှစ်သက်ခြင်းသဘော။

၁၄။ ဆန္ဒ = သတ္တဝါပညတ်အာရုံပေါ်သို့ မေတ္တာဦးဆောင်သည့် သမ္ပယုတ်တရားတို့ကို ဖြစ်စေလိုသည့်သဘော။

၁၅။ သဒ္ဓါ = မေတ္တာစျာန်သမာဓိသိက္ခာ (= မေတ္တာစျာန်သမာဓိကျင့်စဉ်)ကို ယုံကြည်ခြင်းသဘော။

၁၆။ သတိ = သတ္တဝါပညတ်အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်နေစေခြင်းသဘော = သတ္တဝါပညတ်အာရုံကို မမေ့ပျောက်ခြင်းသဘော (= သတ္တဝါပညတ်အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော)။

၁၇။ ဟိရိ = သတ္တဝါပညတ်အာရုံ၌ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားဖြစ်မှုကို ရှက်ခြင်းသဘော။

၁၈။ ဩတ္တပ္ပ = သတ္တဝါပညတ်အာရုံ၌ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားဖြစ်မှုမှ ကြောက်ခြင်းသဘော။

၁၉။ အလောဘ = သတ္တဝါပညတ်အာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်း သဘော (= ငါ့ဟာဟု မစွဲယူခြင်းသဘော)။

၂၀။ အဒေါသ = သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (= မေတ္တာ)။

၂၁။ တတြမဇ္ဈတ္တတာ = သတ္တဝါပညတ်အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်းသဘော [= စိတ်ဓာတ် တက်ကြွ မြင့်မောက်မှု = မာန, စိတ်ဓာတ် ကျဆင်းမှု (= ထိန + မိဒ္ဓ)တို့ဘက်သို့ မရောက်အောင် မေတ္တာဘာဝနာဖြင့် သတ္တဝါပညတ်အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်းသဘော]။

၂၂။ ကာယပဿဒ္ဓိ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ ငြိမ်းအေးခြင်းသဘော။

၂၃။ စိတ္တပဿဒ္ဓိ = သတ္တဝါပညတ်အာရုံ၌ စိတ် ငြိမ်းအေးခြင်းသဘော။

၂၄။ ကာယလဟုတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော။

၂၅။ စိတ္တလဟုတာ = သတ္တဝါပညတ်အာရုံ၌ စိတ် လျင်မြန် ပေါ့ပါးခြင်းသဘော။

၂၆။ ကာယမုဒုတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ နူးညံ့ခြင်း သဘော။

၂၇။ စိတ္တမုဒုတာ = သတ္တဝါပညတ်အာရုံ၌ စိတ် နူးညံ့ခြင်းသဘော။

၂၈။ ကာယကမ္မညတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ ခံ့ညားခြင်းသဘော။

၂၉။ စိတ္တကမ္မညတာ = သတ္တဝါပညတ်အာရုံ၌ စိတ် ခံ့ညားခြင်းသဘော။

၃၀။ ကာယပါဂုညတာ = သတ္တဝါပညတ်အာရုံ၌ မေတ္တာပွားရာဝယ် စေတသိက်တို့ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော။

၃၁။ စိတ္တပါဂုညတာ = သတ္တဝါပညတ်အာရုံ၌ မေတ္တာပွားရာဝယ် စိတ် ပြွမ်းတီး နိုင်နင်းခြင်းသဘော။

၃၂။ ကာယုဇုကတာ = သတ္တဝါပညတ်အာရုံ၌ စေတသိက်တို့ ဖြောင့်မတ်ခြင်း သဘော။

၃၃။ စိတ္တုဇုကတာ = သတ္တဝါပညတ်အာရုံ၌ စိတ်တို့ ဖြောင့်မတ်ခြင်းသဘော။

၃၄။ ပညာ = သတ္တဝါပညတ်အာရုံကို (= သတ္တဝါအမျိုးမျိုးကို) ထွင်းဖောက် သိမြင်နေခြင်းသဘော။

အားလုံး ပေါင်းလိုက်တော့ မေတ္တာပထမစျာန်နာမ်တရား (၃၄)လုံး ဖြစ်ပါတယ်။ ဒီ (၃၄)လုံးသော နာမ်တရားတွေကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုးပြီး (၃၄)လုံး ပြိုင်တူ အကြိမ်များစွာ ဖြစ်နေတာကို မြင်အောင် ကြည့်ကာ နာမ်တရား နာမ်တရားလို့ သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒီလို သိမ်းဆည်းတဲ့အပိုင်းမှာလည်း ယခုလို စျာန်နာမ်တရားတွေက စျာနဝီထိခေါ်တဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်းပဲ ဖြစ်ပေါ်သွားကြတဲ့အတွက် ယင်းတို့ ဖြစ်ပေါ်သွားတဲ့ စိတ္တနိယာမလမ်းကြောင်းအတိုင်းပဲ ဆက်လက် သိမ်းဆည်းပါ။ တကယ် လက်တွေ့ သိမ်းဆည်းချင်တယ်ဆိုလျှင်တော့ ဆရာသမားနှင့် ချဉ်းကပ်ပြီးတော့ လေ့လာတာက အကောင်းဆုံး ဖြစ်ပါတယ်။ အခက်အခဲ ရှိခဲ့လျှင်တော့ နိဗ္ဗာနဂါမိနိပဋိပဒါ ကျမ်းစာကြီးများကို ကြည့်ပြီးတော့ လေ့ကျင့်ပါ။ ဒီလို ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းတဲ့အပိုင်း (= ဉာဏ်နှင့် ပိုင်းခြားယူတဲ့အပိုင်း)မှာ အဆင့် လေးဆင့် ရှိနေပါတယ်။

လုပ်ငန်းခွင် လေးဆင့်

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း၊

၂။ နာမ်တရားကို သိမ်းဆည်းခြင်း၊

၃။ ရုပ်တရား + နာမ်တရားကို သိမ်းဆည်းခြင်း၊

၄။ ရုပ်တရား + နာမ်တရားကို ပိုင်းခြား မှတ်သားခြင်း၊

ဒီလိုအားဖြင့် လုပ်ငန်းခွင် လေးဆင့် ရှိနေပါတယ်။

၁။ ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတွေမှာ တည်ရှိနေကြတဲ့ (၅၄)မျိုး သို့မဟုတ် (၄၄)မျိုးစတဲ့ ရုပ်တရားတွေကို ခြုံငုံပြီးတော့ ရုပ်တရား ရုပ်တရားလို့ သိမ်းဆည်းပါ။

၂။ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိဆိုတဲ့ ဝီထိစိတ်အစဉ် (၆)မျိုးအတွင်းမှာ တည်ရှိကြတဲ့ စိတ္တက္ခဏ အသီးအသီးမှာ တည်ရှိကြတဲ့ စိတ် + စေတသိက် (= နာမ်တရားစု)တွေကို ကြည့်ပြီးတော့လည်း နာမ်တရား နာမ်တရားလို့ သိမ်းဆည်းပါ။

၃။ အဲဒီ ရုပ်တရားတွေမှာ စက္ခုအကြည် = စက္ခုဒွါရစတဲ့ မှီရာ ရုပ်တရားတွေလည်း ရှိကြတယ်။ ရူပါရုံစတဲ့ အာရုံရုပ်တရားတွေလည်း ရှိကြတယ်။ စိတ္တက္ခဏတိုင်းမှာ တည်ရှိနေကြတဲ့ မှီရာရုပ်တရား + အာရုံရုပ်တရားတွေနှင့် စိတ္တက္ခဏတိုင်းမှာ ပြိုင်တူ ဖြစ်နေကြတဲ့ စိတ် + စေတသိက် (= နာမ်တရားတွေကို ကြည့်ပြီးတော့လည်း ရုပ်တရား-နာမ်တရား, ရုပ်တရား - နာမ်တရားလို့ ဒီလို ရုပ်တရားနှင့် နာမ်တရားကိုလည်း ဒွါရ (၆)ပါးလုံးမှာ ပူးတွဲ သိမ်းဆည်းရပါတယ်။

၄။ အဲဒီ ရုပ်တရား နာမ်တရားတွေကို ပရမတ်သို့ ဆိုက်အောင် မြင်တွေ့နေတဲ့ ယောဂီတွေရဲ့ ဉာဏ်ထဲမှာ ဒီရုပ်တရား နာမ်တရားတွေထဲမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ, အသက်ကောင်, လိပ်ပြာကောင်, ဝိညာဉ်ကောင်, အတ္တကောင်ဆိုတာ ရှာလို့ မတွေ့ ဖြစ်နေတယ်။ အဲဒီလို အတ္တမရှိမှုသဘောကို ဉာဏ်နှင့် မြင်အောင် ကြည့်ပြီးတော့ -- ပုဂ္ဂိုလ်, သတ္တဝါ, ဇီဝ, အတ္တ မရှိ၊ ရုပ်တရား, နာမ် တရား အစုမျှသာ ရှိ၏လို့ ဒီလို ရုပ်တရား, နာမ်တရားတွေကိုလည်း ပိုင်းခြား မှတ်သားရပါတယ်။ လုပ်ငန်းခွင်ကတော့ တော်တော်ကလေး ကျယ်ပြန့်တဲ့သဘော ရှိပါတယ်။ ဆရာသမားနှင့်သာ ချဉ်းကပ်ပြီးတော့ လေ့လာပါ။

ဤကဲ့သို့သော အဆင့်ကို ရည်ညွှန်းပြီးတော့ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန် ဒေသနာတော်မှာ ဘယ်လို ဟောကြားထားတော်မူသလဲ?

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ (မ၊၁၊၇၁။)

ဤသို့ စသည်ဖြင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မ အမည်ရတဲ့ ရုပ်တရား နာမ်တရားတွေကို အဇ္ဈတ္တ-ဗဟိဒ္ဓ နှစ်မျိုးလုံးမှာ ---

၁။ ရုပ်တရားသက်သက် သိမ်းဆည်းခြင်း၊

၂။ နာမ်တရားသက်သက် သိမ်းဆည်းခြင်း၊

၃။ ရုပ်တရား + နာမ်တရားကို ပူးတွဲ သိမ်းဆည်းခြင်း၊

၄။ ရုပ်တရား + နာမ်တရားကို ပိုင်းခြား မှတ်သားခြင်း ---

ဒီလုပ်ငန်းခွင် (၄)ခုလုံးကို ပြုကျင့်ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းခွင် (၄)ခုကို အဇ္ဈတ္တမှာ အောင်မြင်တဲ့အခါ ဗဟိဒ္ဓသို့ စေလွှတ်ပြီး ရှုကြည့်ပါ။ ဗဟိဒ္ဓသို့ စေလွှတ်လိုက်တဲ့ အချိန်အခါမှာ အဇ္ဈတ္တမှာ ဓာတ်လေးပါး ပြည်တည်ထားတဲ့ ယောဂီသူတော်ကောင်းက ဗဟိဒ္ဓမှာလည်း အနီးကပ်ဆုံးဖြစ်တဲ့ အဝတ်ကနေ စပြီးတော့ ဓာတ်လေးပါး စိုက်ကြည့်ပါ။ ဒီအဝတ်မှာ ဓာတ်လေးပါး မထင်ရှားခဲ့လျှင်တော့ လက်ကလေးနဲ့ အဝတ်ကို ထိထားပြီး ထိထားတဲ့နေရာမှာပဲ ဓာတ်လေးပါး စိုက်ကြည့်ပါ။ အားလုံး ရုပ်ကလာပ်အမှုန် တွေကိုသာ တွေ့ပါလိမ့်မယ်။ အဲဒီ ရုပ်ကလာပ်အမှုန်တွေက မကြည်ကြပါ ဘူး၊ ဓာတ်ခွဲကြည့်မယ်ဆိုလျှင်တော့ ရုပ်သဘောတရား (၈)ခုစီ ရှိကြပါတယ်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်းမှာ တည်ရှိနေတဲ့ တေဇောဓာတ် (= ဥတု) ကြောင့် ဖြစ်နေတဲ့ ဥတုဇရုပ်တွေ ဖြစ်ကြပါတယ်။

အဲဒီ ဥတုဇရုပ်တွေကနေ စပြီး တစ်စတစ်စ သက်မဲ့လောကကို တဖြည်း ဖြည်း သိမ်းဆည်းကြည့်ပါ။ သိမ်းဆည်းလို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ သက်ရှိလောကကိုလည်း ဆက်လက်ပြီး သိမ်းဆည်းကြည့်ပါ။ သက်ရှိလောက မှာတော့ ဗဟိဒ္ဓကို ရှုတဲ့အပိုင်းမှာ ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ မခွဲတော့ဘဲ ဗဟိဒ္ဓချင်း တူလို့ သာမန် ပေါင်းစု ခြုံငုံပြီးသာ ရှုရပါတယ်။ (ဥပရိပဏ္ဏာသပါဠိ - အနုပဒသုတ္တန်ဋီကာ။ မ၊ဋီ၊၃၊၂၇၄-၂၇၅။)

ဒီလို အဇ္ဈတ္တမှာ ရုပ်တရားသက်သက် သိမ်းဆည်းခြင်း, ဗဟိဒ္ဓမှာလည်း ရုပ်တရားသက်သက် သိမ်းဆည်းခြင်း, အဇ္ဈတ္တမှာ နာမ်တရားသက်သက် သိမ်းဆည်းခြင်း, ဗဟိဒ္ဓမှာလည်း နာမ်တရားသက်သက် သိမ်းဆည်းခြင်း, အဇ္ဈတ္တမှာ ရုပ်တရား + နာမ်တရား ခွဲခြင်း, ဗဟိဒ္ဓမှာလည်း ရုပ်တရား + နာမ်တရား ခွဲခြင်း၊ အဇ္ဈတ္တမှာ ရုပ်တရား + နာမ်တရား ပိုင်းခြားမှတ်သားခြင်း, ဗဟိဒ္ဓမှာလည်း ရုပ်တရား + နာမ်တရား ပိုင်းခြားမှတ်သားခြင်းတို့ကို အောင်မြင်ပြီဆိုလျှင်တော့ နာမရူပပရိစ္ဆေဒဉာဏ်နဲ့ အသင့်အတင့်တော့ ပြည့်စုံသွားပါပြီ။ အသင့်အတင့်ဆိုတာကတော့ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းတဲ့စနစ်တစ်ခု ကျန်နေသေးတဲ့အတွက် ပြောခြင်း ဖြစ်ပါတယ်။

အရှင်သုဘူတိမထေရ်မြတ်၏ အတိတ်ကြောင်း

ဒီအချိန်အခါမှာ ယောဂီသူတော်ကောင်းက ဒီရုပ်တရား နာမ်တရားတွေသည် ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်နေရပါသလဲဆိုတဲ့ အကြောင်းတရားတွေကို ပြန်ပြီးတော့ ရှာဖွေရပါတယ်။ ဒီလို ရှာဖွေတဲ့အပိုင်းမှာ တချို့တချို့ ရုပ်တရား နာမ်တရားတွေက အတိတ်အကြောင်းတရားကြောင့် ဖြစ်ကြတယ်၊ တချို့တချို့ ရုပ်တရား နာမ်တရားတွေက ပစ္စုပ္ပန် အကြောင်းတရားကြောင့် ဖြစ်ကြတယ်။ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်နေတဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း အတိတ်က ဘယ်လို အကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတာကို ဉာဏ်ဖြင့် မြင်အောင် လှမ်းပြီးတော့ ကြည့်ရပါတယ်။ ပစ္စုပ္ပန်အကြောင်းတရားကြောင့် ဖြစ်နေတဲ့ ရုပ်တရား နာမ်တရားတွေကိုလည်း ပစ္စုပ္ပန်မှာ ဘယ်လို အကြောင်းတရားကြောင့် ဖြစ်တယ်ဆိုတာကို လှမ်းပြီး ကြည့်ရပါတယ်။ အရှင်သုဘူတိမထေရ်မြတ် ကတော့ အတိတ်အကြောင်းတရားတွေကို လှမ်းကြည့်ပြီးတော့ သူကိုယ်တိုင် ဟောပြသွားတော်မူပါတယ်။ ဘယ်လို ဟောပြသွားတော်မူသလဲ?

သတသဟဿိတော ကပ္ပေ၊ ယံ ကမ္မမကရိံ တဒါ။

ဒုဂ္ဂတိံ နာဘိဇာနာမိ၊ ဗုဒ္ဓါနုဿတိယာ ဖလံ။ (အပဒါန၊၁၊၇၇။ ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။)

ဒီလို ဟောပြတော်မူခဲ့ပါတယ်။ ဒီကမ္ဘာကနေ ရေတွက်ကြည့်မယ်ဆိုလျှင် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်မှာ ပဒုမုတ္တရဘုရားရှင် ပွင့်တော်မူခဲ့ပါတယ်။ ထိုဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ကနေ ဘုန်းကြီးတို့ ဒီဂေါတမမြတ်စွာဘုရားရှင် သာသနာတော်အတွင်းတိုင်အောင် လူ့စည်းစိမ်, နတ်စည်းစိမ်, ဗြဟ္မာ့စည်းစိမ်တွေကို ကြိမ်ဖန်များစွာ ခံစားပြီးတော့ ကျင်လည်လာခဲ့ရတယ်။ ဒုဂ္ဂတိဘဝတွေကို တစ်ခါမှ မရောက်ခဲ့ရဘူး။ ဒီလို ကျင်လည်ခဲ့ရတဲ့ အကြောင်းတရားကို လှမ်းကြည့်လိုက်တော့ ဘယ်အကြောင်းတရားကို သွားတွေ့သလဲ?

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဆိုတဲ့ ဘာဝနာလုပ်ငန်းကိုပဲ သွားတွေ့ရတယ်။ သူ့ရဲ့ ဘာဝနာလုပ်ငန်းမှာ ဘယ်သဘောတွေက ခြံရံထားသလဲ? အရဏဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေနိုင်တဲ့ ရဟန်းတော်အရာမှာ ဧတဒဂ်ရဖို့, ဒက္ခိဏေယျလို့ခေါ်ဆိုတဲ့ မြတ်သောအလှူကို ခံယူထိုက်တဲ့နေရာမှာ ဧတဒဂ်ရဖို့ဆိုတဲ့ ဒီသဘောတရားတွေ ခြံရံထားတယ်။ အဲဒီ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ ဧတဒဂ် (၂)တန် ရနိုင်တဲ့ ရဟန်းဘဝကို မျှော်မှန်းပြီးတော့မှ သူက ဒီဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့တယ်။

သူ မျှော်မှန်းနေတဲ့ ရဟန်းဘဝဆိုတာ ပရမတ္ထသစ္စာနယ်မှာ ရှိသလား? မရှိဘူး။ ရဟန်းလို့ အသိမှားနေတဲ့သဘောက အဝိဇ္ဇာ၊ အဲဒီ ရဟန်းဘဝကို တွယ်တာတပ်မက်နေတဲ့သဘောက တဏှာ၊ စိတ်ကပ်ပြီး စွဲနေတဲ့သဘောက ဥပါဒါန်။ အဲဒီ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တွေ ခြံရံပြီးတော့ ဗုဒ္ဓါနုဿတိဘာဝနာ လုပ်ငန်းရပ်ကို ပြုစုပျိုးထောင်ခဲ့တယ်။ ဒီလို ပြုစုပျိုးထောင်မှုတွေကတော့ သင်္ခါရကုသိုလ်စေတနာအုပ်စုတွေ ဖြစ်ကြပါတယ်။ ထိုကုသိုလ်စေတနာ အုပ်စုတွေကလည်း ချုပ်ပျောက်သွားပေမယ့်လို့ နောင်တစ်ချိန်မှာ အကျိုးကို ပေးနိုင်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးကို ရုပ်-နာမ်အစဉ်မှာ မြှုပ်နှံပြီးမှသာ ချုပ်ပျက်သွားပါတယ်။ ထိုစွမ်းအင်သတ္တိကလေးကိုတော့ ကံလို့ ခေါ်ပါတယ်။ ဘယ်အကျိုးကို ပေးမလဲ?

နောက်ဆုံး ကျွတ်တမ်းဝင်မည့်ဘဝ ရောက်လာတော့ သူ မျှော်လင့် တောင့်တနေတဲ့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ ဧတဒဂ် နှစ်တန် ဘွဲ့ထူးခံတဲ့ ရဟန်းဘဝကို မရဘူးလား? ရလာတယ်။ အဲဒီ ရဟန်းဘဝလို့ ခေါ်ဆိုအပ်တဲ့ ခန္ဓာငါးပါးကို ဖြစ်စေတတ်တဲ့ စွမ်းအင်ကမ္မသတ္တိကလေးက ကံမည်ပါတယ်။ ပေါင်းလိုက်တော့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဆိုတဲ့ အကြောင်းတရား (၅)ခု စုံညီသွားတယ်။ အဲဒီ အကြောင်းတရား (၅)ခုကြောင့် အရှင်သုဘူတိရဲ့ ပဋိသန္ဓေကလလရေကြည်မှာ တည်ရှိနေတဲ့ ခန္ဓာငါးပါး အစရှိတဲ့ ဘဝတစ်လျှောက်လုံးမှာ ဖြစ်ပေါ်နေတဲ့ ဝိပါက်ခန္ဓာငါးပါးသည် များသောအားဖြင့် ဖြစ်ပေါ်လာရတယ်။ အဲဒီ ဝိပါက်ခန္ဓာငါးပါးတွေနဲ့ ပဒုမုတ္တရဘုရားရှင် လက်ထက်တုန်းက ပြုစုပျိုးထောင်ခဲ့တဲ့ သင်္ခါရ-ကံတွေနဲ့ တစ်နည်းအားဖြင့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတွေနဲ့ ပြန်ပြီးတော့ အကြောင်း အကျိုး ဆက်ရပါတယ်။ အကြောင်း အကျိုး ဆက်လို့ အောင်မြင်မှု ရပြီဆိုလျှင်တော့ ရှေ့တစ်ဆင့် တက်ရပါတယ်။

အတိတ်၏ အတိတ်နှင့် အနာဂတ်သို့

အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

အတိတ်ကြည့်လိုက်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ၊ ပစ္စုပ္ပန်ကြည့်တော့လည်း အကြောင်းတရားနဲ့ အကျိုးတရားပဲ၊ အနာဂတ် ကြည့်လည်း အကြောင်းတရားနဲ့ အကျိုးတရားလို့ ဒီလို သိအောင် ရှုရတော့မယ်။ ဒီလို ရှုတဲ့အပိုင်းမှာ ဘယ်လို ရှုမလဲလို့ မေးလျှင်တော့ ရှုပုံ နည်းစနစ်တွေကို ဘုရားရှင်က (၄)နည်း ဟောကြားထားတော်မူပါတယ်။ ဒီ (၄)နည်းထဲက အလယ်ခေါင်ကနေ ဖောက်ပြီးတော့ အတိတ်ကို သွားတဲ့ နည်းစနစ် တစ်ခုကတော့ အကောင်းဆုံးပဲလို့ ပြောနိုင်ပါတယ်။ ဘုန်းကြီးကတော့ ဒီ နည်းစနစ်နဲ့ပဲ ယောဂီတွေကို များသောအားဖြင့် သင်ပေးပါတယ်။

နောက်တစ်နည်းကတော့ ဘုန်းကြီးတို့ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်းမှာ ရှေးကနေခဲ့ဖူးတဲ့ ခန္ဓာအစဉ်ကို လှမ်းမျှော်ပြီး ရှုတဲ့ နည်းစနစ် တစ်ခု ဖြစ်ပါတယ်။ အဲဒီ နည်းစနစ်ကတော့ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အနီးစပ်ဆုံးဖြစ်တဲ့ ဣရိယာပုထ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရုပ်တရား နာမ်တရားတွေက စပြီးတော့ တစ်စတစ်စ သိမ်းဆည်းတဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီနည်းစနစ်နဲ့ အတိတ်ဘက်ကို တာစူပြီးတော့ ရုပ်တရား နာမ်တရားတွေကို တဖြည်းဖြည်း သိမ်းဆည်းသွားခဲ့လျှင်တော့ အတိတ်က ဒီဘဝကို ဖြစ်စေနိုင်မည့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတွေကိုတော့ သွားပြီး ရှာဖွေလို့ ရပါတယ်။

အရှင်သုဘူတိမထေရ်ကတော့ ပဒုမုတ္တရဘုရားရှင်လက်ထက်က ပြုစု ပျိုးထောင်ခဲ့တဲ့ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတွေက ဒီဘဝမှာ လာပြီး အကျိုးပေးနေတယ်လို့ သူကိုယ်တိုင်က ဝန်ခံထားပါတယ်။ ဒါကြောင့် ဒီကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မရှုခဲ့လျှင် နိဗ္ဗာန်ရနိုင်ပါ့မလား? မရနိုင်ဘူးလို့ ဘုရားရှင်ကိုယ်တော်တိုင်က မဟာနိဒါနသုတ္တန်မှာ (ဒီ၊၂၊၄၇။) အတိအကျ ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာများကလည်း ---

အိပ်မက်၏အတွင်း၌သော်လည်း မရှိခဲ့စဖူးပါ

ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။

သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။ (ဝိသုဒ္ဓိ၊၂၊၂၂၁။)

ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ပရိညာပညာ (၃)ပါးဖြင့် ပိုင်းခြားမသိဘဲ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ကျော်လွှား လွန်မြောက် သွားတဲ့ ပုဂ္ဂိုလ်ဆိုတာ အိပ်မက်ထဲတောင်မှ တစ်ခါမှ မရှိခဲ့ဖူးသေးပါဘူးလို့ အတိအကျ ရှင်းလင်းထားပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တနေတဲ့ ယောဂီသူတော်ကောင်း မှန်ခဲ့လျှင်လည်း ဒီပဋိစ္စသမုပ္ပါဒ်သဘောတရားကို ရှုရမလား, မရှုရဘူးလား? ရှုရတော့မယ်။

ဒါပေမယ့် သတိပဋ္ဌာန်ကျင့်စဉ်ကို ကျင့်လျှင်လည်း နိဗ္ဗာန် မရနိုင်ဘူးလား လို့ ဒီလိုတော့ မေးစရာ ရှိနေပါတယ်။ ဒီပဋိစ္စသမုပ္ပါဒ်နဲ့ သတိပဋ္ဌာန်ကျင့်စဉ်က ဆိုင်သလားလို့ ဒီလိုလည်း မေးချင် မေးပါလိမ့်မယ်။ ဒေသနာတော်တွေဟာ ယူဆတတ်လျှင်တော့ အတူတူပါပဲ။ သတိပဋ္ဌာန်ကျင့်စဉ်မှာ ဘုရားရှင်က အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေတဲ့ ရုပ်တရား နာမ်တရားတွေကို သိမ်းဆည်းဖို့ရန် ညွှန်ကြားပြီးတဲ့အခါ နောက်တစ်ဆင့်တက်ပြီးတော့ ဘယ်လို ညွှန်ကြားထားတော်မူသလဲ?

သမုဒယ + ဝယဓမ္မာနုပဿီ

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (ဒီ၊၂၊၂၃၂။)

ကာယသ္မိံ = ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ သမုဒယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ကာယသ္မိံ = ကာယ ၌ (ဝါ) ရူပကာယ, နာမကာယ၌။ ဝယဓမ္မာနုပဿီ ဝါ = ပျက်ကြောင်းသဘော နှင့် ပျက်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။ ကာယသ္မိံ = ကာယ၌ (ဝါ) ရူပကာယ, နာမကာယ၌။ သမုဒယဝယဓမ္မာနုပဿီ ဝါ = ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘော, ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်း သဘောကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း။ ဝိဟရတိ = နေလေ၏။

ဒီလို ဘုရားရှင် ဟောကြားထားတော်မူပါတယ်။ ဒီဟောကြားချက်က အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စတဲ့ အကြောင်းတရားတွေ ထင်ရှား ဖြစ်ခဲ့လျှင် အကျိုး ရုပ်တရား နာမ်တရားတွေ ထင်ရှားဖြစ်ပုံ၊ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ အစရှိတဲ့ အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလျှင် အကျိုး ရုပ်တရား နာမ်တရားတွေ ချုပ်ငြိမ်းသွားပုံကို အဖန်ဖန် အထပ်ထပ် ရှုဖို့ ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။ အကြောင်း-အကျိုး (၂)ရပ်လုံးရဲ့ အနိစ္စသဘော, ဒုက္ခသဘော, အနတ္တသဘောတွေကိုလည်း အဖန်ဖန် အထပ်ထပ် ရှုဖို့ ဘုရားရှင် ညွှန်ကြားနေတယ်ဆိုတာကို အဋ္ဌကထာများ (မ၊ဋ္ဌ၊၁၊၂၅၇။၂၈၃။၂၈၅။၂၉၁။)မှာ အတိအကျ ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတွေသည် ဒီဘဝမှာ ပြုစု ပျိုးထောင်လိုက်တဲ့ ကံမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ဒီပစ္စုပ္ပန်ဘဝမှာ ဖြစ်ပေါ်နေကြတဲ့ ကမ္မဇရုပ်ဆိုတဲ့ ရုပ်တရားနှင့် ဝိပါက် နာမ်တရားတွေကို ဖြစ်စေတတ်တဲ့ ကံသည် ဒီဘဝမှာပဲ ထူထောင်ထားတဲ့ ကံမျိုး ဟုတ်သလား? မဟုတ်ပါဘူး။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံတွေပဲ ဖြစ်ပါတယ်။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ ကံကြောင့် ဒီဘဝမှာ ရုပ်တရား နာမ်တရားတွေ ထင်ရှား ဖြစ်ပေါ်လာရတယ်။ ဒါကြောင့် အကြောင်းတရားတွေ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတွေ ထင်ရှားဖြစ်ပုံကို မြင်အောင် ရှုပါဆိုလျှင်တော့ အတိတ်ကို လှမ်းရှုဖို့, အနာဂတ်ကိုလည်း လှမ်းရှုဖို့တော့ မလိုဘူးလား? လိုအပ်နေတယ်။ ဒီဘဝမှာ ပြုစုပျိုးထောင်နေတဲ့ ကံတွေကလည်း နောင်အနာဂတ်ကာလမှာ ရုပ်တရား နာမ်တရားတွေကို ဖြစ်စေပါလိမ့်မယ်။ ဒါက သံသရာဝဋ်ဆင်းရဲကို လိုလားတောင့်တတဲ့ ဝဋ္ဋနိဿိတကုသိုလ် အကုသိုလ်အတွက် ပြောခြင်း ဖြစ်ပါတယ်။

နောက်တစ်ခု ဘုရားရှင်က အကြောင်းတရားတွေ ချုပ်ငြိမ်းသွားလျှင် အကျိုးတရားတွေ ချုပ်ငြိမ်းပုံကိုလည်း မြင်အောင် လှမ်းရှုဖို့ ဒီသတိပဋ္ဌာန် ကျင့်စဉ်ထဲမှာ ညွှန်ကြားထားတော်မူပြန်တယ်။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စတဲ့ အကြောင်းတရားတွေက ဘယ်အချိန်အခါမှာ အကြွင်းမဲ့ ချုပ်ငြိမ်းသွားမလဲ? အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိတဲ့အချိန်အခါမှာ ချုပ်ငြိမ်းသွားပါမယ်။ (မဟာဋီ၊၂၊၄၂၁။)

အရဟတ္တမဂ်, အရဟတ္တဖိုလ် ရရှိတဲ့ အချိန်အခါမှာ ရဟန္တာ ဖြစ်ပြီ။ ရဟန္တာဖြစ်တဲ့ အချိန်အခါမှာ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတွေက အကြွင်းမဲ့ ချုပ်ငြိမ်းမှာဖြစ်တော့ မိမိတို့က ယခုလို တရားအားထုတ်နေတဲ့ အချိန်အခါမှာ ရဟန္တာကလည်း မဖြစ်သေးဘူး။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတွေ အကြွင်းမဲ့ ချုပ်ခြင်းကြောင့် နောင်တစ်ဖန် ရုပ်တရား နာမ်တရားတွေ မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကိုလည်း မြင်အောင် ရှုပါလို့ ဘုရားရှင်က ဒီသတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီး ဟောကြားထားတော်မူပါတယ်။ မိမိက ထိုရဟန္တာဖြစ်မည့်အချိန် ရောက်မှလည်း ဒီအကြောင်းတရားတွေက ချုပ်မှာဖြစ်တော့ ထိုအကြောင်းတရား ချုပ်မည့် အချိန်သည် ယခုအချိန်ကနေ လှမ်းကြည့်လိုက်လျှင် အနာဂတ်လို့ မပြောနိုင်ဘူးလား? ပြောနိုင်တယ်။

တစ်နည်းအားဖြင့် ရဟန္တာ မဖြစ်သေးတဲ့အတွက် ဒီဘဝအနာဂတ်လည်း ဖြစ်ချင်ဖြစ်မယ်၊ နောက်နောင်ဘဝတစ်ခုခုရဲ့ အနာဂတ်လည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်တယ်။ ဒါကြောင့် အတိတ်ရှုကွက်, အနာဂတ်ရှုကွက်တွေကို ဘုရားရှင်က သတိပဋ္ဌာန်ကျင့်စဉ်ထဲမှာ ထည့်သွင်းပြီး ဟောသလား, မဟောဘူးလား? ဟောထားတော်မူပါတယ်။ ဒေသနာတော်မှာ အတိအကျ ရှိနေပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်ကျင့်စဉ်သည် ပစ္စုပ္ပန်သက်သက်ကိုသာ ရှုရမယ့် ကျင့်စဉ်မျိုး မဟုတ်ပါဘူး။ အတိတ်ရှုကွက် အနာဂတ်ရှုကွက်တွေကိုလည်း ဘုရားရှင်ကိုယ်တော်တိုင် အတိအကျ ထည့်ပြီးတော့ ဃဂဏန ဟောကြားထားတော်မူပါတယ်။ ဃဂဏနဆိုတာ ဘာပြောတာလဲ? ဒါက ဃကြီး, ဒါက ဂငယ်, ဒါက ဏကြီး, ဒါက နငယ်လို့ တိတိကျကျကြီး ဘုရားရှင်က ဟောကြားထားတော်မူတဲ့ ဒေသနာတော်တစ်ခု ဖြစ်ပါတယ်။

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်

ဒီကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတွေကို သိမ်းဆည်းပြီးတဲ့ အချိန်အခါမှာ ထိုယောဂီသူတော်ကောင်းက လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်နည်းအားဖြင့် ဒီရုပ်တရား နာမ်တရားတွေ, ဒီအကြောင်းတရား အကျိုးတရားတွေကို တစ်ဖန်ပြန်ပြီး သိမ်းဆည်းရပါတယ်။ သိမ်းဆည်းလို့ အောင်မြင်မှု ရပြီဆိုတဲ့ အချိန်အခါမှာ အတိတ်ဘက်ကို တာစူပြီးတော့ မိမိ သိမ်းဆည်းလို့ ရနိုင်သလောက်တော့ သိမ်းဆည်းပါ။ အတိတ် သံသရာခရီးဆိုတာက ရှည်လျားလှတဲ့အတွက် ကုန်အောင်တော့ ဘယ်သူမှ မသိမ်းဆည်းနိုင်ပါဘူး။

ဝိပဿနာပိုင်း

ဒါကြောင့် နှစ်ဘဝ, သုံးဘဝ, လေးဘဝ, ငါးဘဝ စသည်ဖြင့် မိမိ သိမ်းဆည်းနိုင်လောက်တဲ့ အတိတ်ကနေ စပြီးတော့ အနာဂတ်ဆုံးတဲ့အထိ တိုးလျှိုပေါက် ရုပ်တရား နာမ်တရားတွေ, အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ ဒီလို သိမ်းဆည်းပြီးတဲ့ အချိန်အခါရောက်တော့မှ ဒီရုပ်တရား နာမ်တရား, အကြောင်းတရား အကျိုးတရားတွေကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီး တွင်တွင်ကြီး ရှုနိုင်ခဲ့မယ်ဆိုလျှင်တော့ ဝိပဿနာနယ်ထဲ ကူးသွားပါပြီ။ ထိုဝိပဿနာဉာဏ်ကို ရင့်ကျက်အောင် ကြိုးစားခဲ့မယ်ဆိုလျှင်တော့ အရှင်သုဘူတိမထေရ်တို့ကဲ့သို့ ဘယ်လို ဖြစ်သွားမလဲ?

ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ပါပုဏိ။ (ထေရဂါထာ၊ဋ္ဌ၊၁၊၂၇။ အပဒါန၊ဋ္ဌ၊၂၊၃၅။)

ဝိပဿနံ = ဝိပဿနာဉာဏ်ကို။ ဝဍ္ဎေတွာ = တိုးပွားအောင် ပြုလုပ်၍ (ဝါ) ပြုလုပ်နိုင်ခဲ့သည့်အတွက်။ အရဟတ္တံ = အရဟတ္တဖိုလ်သို့။ ပါပုဏိ = ဆိုက်ရောက်တော်မူပေ၏။

အရဟတ္တဖိုလ် ဆိုက်ပြီ

ဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် ကြိုးစားအားထုတ်လိုက်မယ် ဆိုလျှင်တော့ အရဟတ္တဖိုလ်တိုင်အောင် ပေါက်ရောက်သွားပါလိမ့်မယ်တဲ့။ ဝိပဿနာဉာဏ်တွေကို ရင့်ကျက်အောင် ကြိုးစားအားထုတ်ခဲ့တဲ့အတွက် အရှင်သုဘူတိမထေရ်မြတ်ကတော့ အရဟတ္တဖိုလ် ဆိုက်ရောက်သွားပါတယ်။ အရှင်သုဘူတိမထေရ်မြတ်ဟာ မိမိ ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တို့ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပြီးတဲ့ အချိန်အခါမှာ လောကအလယ်မှာ အလွန်ထင်ရှားတဲ့ မထေရ်မြတ်တစ်ပါးအဖြစ် ရောက်ရှိပြီး လောက လူအပေါင်းတို့ရဲ့ အကျိုးစီးပွားအလို့ငှာ ဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ အရှင်သုဘူတိမထေရ်မြတ်က ဒီလို ကြွချီလာရာကနေ ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိတဲ့အချိန်အခါမှာ ဆန္နာ မေ ကုဋိကာအစရှိတဲ့ အစပိုင်းမှာ ဘုန်းကြီး ဟောခဲ့တဲ့ ဂါထာဒေသနာတော်ကလေး ဖြစ်ပေါ်လာခဲ့ပါတယ်။

ဗိမ္ဗိသာရမင်းကြီး၏ မေ့လျော့မှု

တစ်ချိန် အရှင်သုဘူတိမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီးနောက် ဒေသစာရီ ကြွချီလာရာကနေ ရာဇဂြိုဟ်ပြည်သို့ ဆိုက်ရောက်တော်မူတဲ့ အချိန်အခါမှာ ဗိမ္ဗိသာရမင်းကြီးကလည်း လာရောက် ဖူးတွေ့ပါတယ်။ ဖူးတွေ့ ပြီးတဲ့ အချိန်အခါမှာတော့ အရှင်သုဘူတိမထေရ်ကို သူက လျှောက်ထားတယ်။ အရှင်ဘုရား ...ဒီရာဇဂြိုဟ်ပြည်မှာပဲ ဝါဆို ဝါကပ်တော်မူပါ၊ တပည့်တော် အရှင်ဘုရားအတွက် ကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါမယ်ဆိုပြီး လျှောက်ထား တောင်းပန်ပြီးတော့ ပြန်သွားတဲ့ အချိန်အခါမှာ ကျောင်းဆောက်ဖို့ရန်အတွက် မင်းကြီးက လုံးလုံး မေ့နေပါတယ်။ ကျောင်းဆောက်ဖို့ မေ့နေတဲ့ အချိန်အခါမှာ အရှင်သုဘူတိမထေရ်မြတ်လည်း ကျောင်းမရှိတဲ့အတွက် လွင်တီးခေါင်မှာပဲ သီတင်းသုံးနေရတယ်။ သီတင်းသုံးဖို့ ကျောင်းမရှိတဲ့ အချိန်အခါမှာတော့ အရှင်သုဘူတိမထေရ်မြတ်ရဲ့ ဘုန်းတန်ခိုးကြောင့် မိုးကလည်း ရွာချိန်ရောက်နေသော်လည်း မိုးစိုမှာစိုးလို့ မရွာ ဖြစ်နေပြန်တယ်။

ဒီလို မိုးမရွာတဲ့ အချိန်အခါမှာ တိုင်းသူပြည်သား လူအများ စုပေါင်းပြီးတော့ ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်တံခါးဝမှာ သွားပြီး ဟစ်အော်ကြတယ်။ ဟစ်အော်ကြတဲ့ အချိန်အခါမှာ ဗိမ္ဗိသာရမင်းကြီးကလည်း ဘယ်လို အကြောင်းကြောင့် ဒီမိုးက ရွာချိန်ရောက်နေပါလျက် မရွာရသလဲလို့ လှမ်းပြီး ဆင်ခြင်ကြည့်ပါတယ်။ ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာတော့ ဩော် ငါဟာ အရှင်သုဘူတိမထေရ်မြတ်ကို ဝါဆို ဝါကပ်ဖို့ရန်အတွက် လျှောက်ထားပြီးတော့ ကျောင်းဆောက် လှူဒါန်းပါမယ်လို့ ဝန်ခံစကားအတိုင်း ကျောင်းဆောက်ပြီး မလှူရသေးဘူး၊ မထေရ်မြတ် လွင်တီးခေါင်မှာ သီတင်းသုံးနေရတဲ့အကြောင်းကြောင့် မိုးမရွာတာ ဖြစ်ပေလိမ့်မယ်လို့ မင်းကြီးက အမှတ် ရသွားတယ်။ အဲဒီလို အမှတ်ရလိုက်တော့ ခပ်မြန်မြန် သစ်ရွက်မိုးကျောင်းကလေး တစ်လုံးကို ဆောက်လုပ်စေခဲ့ပါတယ်။

ဖက်မိုးဖက်ကာထားတဲ့ သစ်ရွက်မိုးကျောင်းကလေးတစ်ခု ဆောက်လုပ်ပြီးတဲ့ အချိန်အခါမှာ အရှင်ဘုရား ... ဤသစ်ရွက်မိုးကျောင်း၌ သီတင်းသုံးတော်မူပါဘုရားဆိုပြီး လျှောက်ထား လှူဒါန်းပါတယ်။ အရှင်သုဘူတိ မထေရ်မြတ်လည်း ကျောင်းကလေးထဲ ဝင်ပြီး မြက်အခင်းကလေးမှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလိုက်တယ်။ ထိုအချိန်မှာ မိုးကလည်း ဖွဲဖွဲကလေး ရွာသွန်းစ ပြုလာပါတယ်။ မိုးရေအလျဉ်ဖြင့် မရွာသွန်းသေးပါဘူး။ မထေရ်မြတ်လည်း လူအပေါင်းရဲ့ မိုးမရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဘေးအန္တရာယ်ကို ပယ်ဖျောက်လိုတဲ့အတွက် မိမိရဲ့ အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်တွေမှာ ဘေးရန် ကင်းရှင်းနေတာကိုလည်း ဖော်ကျူးလိုတဲ့အတွက် ဝမ်းသာလွန်းလို့ ဒီဂါထာကလေးကို ရွတ်ဆိုပြီး ဥဒါန်းကျူးတော်မူပါတယ်။ ဘယ်လို ဥဒါန်းကျူးတော်မူသလဲ?

အရှင်သုဘူတိမထေရ်မြတ်၏ ဥဒါန်းစကားတော်

ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ၊ ဝဿ ဒေဝ ယထာသုခံ။

စိတ္တံ မေ သုသမာဟိတံ ဝိမုတ္တံ၊ အာတာပီ ဝိဟရာမိ ဝဿ ဒေဝ။ (ထေရဂါထာ၊၁၉။)

မေ = ငါ၏။ ကုဋိကာ = သင်္ခမ်းကျောင်းကို။ ဆန္နာ = မိုးလုံအောင် မိုး၍ ထားအပ်ပေပြီ။ နိဝါတာ = တံခါးရွက် အကာအရံ စသည်တို့ဖြင့် လေမတိုက်အောင် ကာထားသည့်အတွက်။ သုခါ = ချမ်းချမ်းသာသာ နေထိုင်ရ ပေသည်။ တသ္မာ = ထို့ကြောင့်။ ဒေဝ = ပဇ္ဇုန္န = မိုးနတ်မင်း။ ယထာသုခံ = အလိုရှိတိုင်း။ ဝဿ = မိုးရွာသွန်းပါစေတော့။

မေ = ငါ၏။ စိတ္တံ = စိတ်သည်။ သုသမာဟိတံ = အရိယမဂ်သမာဓိ အရိယဖိုလ်သမာဓိနှင့် ယှဉ်သော သမာဓိစိတ်ဓာတ်ဖြင့် ကောင်းစွာ တည်ကြည်၍ နေပါပေ၏။ ဝိမုတ္တံ = ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ် ထွက်မြောက်ခဲ့ပါပေ၏။

အာတာပီ = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယရှိလျက်။ ဝိဟရာမိ = သာသနာတော်၌ နေထိုင်၍နေပါ၏။ တသ္မာ = ထို့ကြောင့်။ ဒေဝ = ပဇ္ဇုန္န = မိုးနတ်မင်း။ ဝဿ = ရွာသွန်းပါလေတော့။

အရှင်သုဘူတိမထေရ်ဟာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပေမယ့်လည်း သာသနာတော်မှာ ကြောင့်ကြမဲ့ နေသလားဆိုတော့ မနေပါဘူး။ အလိုရှိတိုင်း မိုးရွာလိုက်စမ်းပါဆိုပြီးတော့ လူသားတွေအတွက် ကြီးမားသော ကရုဏာတော်ဓာတ်ဖြင့် လှုံ့ဆော်တော်မူပြီးတော့ သူက ဒီဂါထာဥဒါန်းကလေးကို ကျူးရင့်တော်မူခြင်း ဖြစ်ပါတယ်။

မိမိသန္တာန်ကို လှမ်းကြည့်ပြီးတော့ ငါ့ရဲ့ စိတ်ဓာတ်တွေမှာ ဘာမှ အန္တရာယ် မရှိတော့ဘူး။ ငါ့ရဲ့ စိတ်ဓာတ်တွေသည် အရိယမဂ် အရိယဖိုလ်နှင့် ယှဉ်တွဲနေတဲ့ သမာဓိမျိုးဖြင့် တည်တံ့ ခိုင်ခံ့နေတဲ့ သမာဓိတွေလည်း ဖြစ်နေပြီ၊ ကိလေသာဟူ အပူခပ်သိမ်းမှလည်း ငါသည် အရှင်းကျွတ်ပြီး ကင်းလွတ် ထွက်မြောက်နေတဲ့ အရဟတ္တဖိုလ်သို့ ဆိုက်နေပြီလို့ ဆင်ခြင်တော်မူပါတယ်။ နောက်တစ်ခုက အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယရှိလျက် သာသနာတော်မှာ နေထိုင်နိုင်ပြီဆိုတာကိုလည်း ဆင်ခြင်တော်မူပါတယ်။

အရဏဝိဟာရ + ဒက္ခိဏေယျဝိဟာရ

ဒီနေရာမှာ အရဏဝိဟာရဆိုတာကတော့ ကိလေသာ ကင်းကင်းရှင်းရှင်းနဲ့ နေထိုင်နိုင်ခြင်းကို ခေါ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်တိုင်း ကိလေသာ ကင်းကင်းရှင်းရှင်းဖြင့် နေထိုင်နိုင်တဲ့စွမ်းအား ရှိကြပါတယ်။ သို့သော်လည်း ဘုရားရှင် ဟောကြားတော်မူတဲ့ နည်းလမ်းအတိုင်း တရားတော်ကို ဟောကြားတဲ့နေရာမှာ ပုဂ္ဂလာဓိဋ္ဌာန်အားဖြင့် တရားမဟောကြားဘဲ ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မပြုဘဲ ဓမ္မာဓိဋ္ဌာန်နည်းဖြင့်သာ တရားတော်ကို ဟောကြားတော်မူလေ့ရှိပါတယ်။ ဒီလို နေထိုင်နည်းကို အရဏဝိဟာရလို့ ခေါ်ပါတယ်။

ဒက္ခိဏေယျဝိဟာရဆိုတာကတော့ မြတ်သော အလှူကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ကို ဒက္ခိဏေယျလို့ ခေါ်ပါတယ်။ အိမ်စဉ်အတိုင်း ဆွမ်းခံကြွတော်မူတဲ့ အချိန်အခါမှာ ဘယ်အိမ်ကိုပဲရောက်ရောက် လောင်းလှူတဲ့ဆွမ်းကို အလှူခံတော့မယ်ဆိုလျှင် အလှူမခံမီ အချိန်ကလေးမှာ ထိုအလှူရှင်အပေါ်မှာ မေတ္တာစျာန် ဝင်စားပြီး မေတ္တာပို့ပြီးတော့မှပဲ ထိုအလှူပေးတဲ့ပုဂ္ဂိုလ်တို့ရဲ့ ဆွမ်းကို အလှူခံတော်မူလေ့ရှိပါတယ်။ အဲဒီလို မေတ္တာစျာန် ဝင်စားပြီးမှ ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစုတို့ကို အလှူခံတဲ့နည်းစနစ်ဖြင့် နေထိုင်နည်းကိုတော့ ဒက္ခိဏေယျဝိဟာရလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲ?

မိမိကို လှူဒါန်းနေကြတဲ့ ဒါယကာ ဒါယိကာမတွေ အကျိုးကြီးကြပါစေ ဆိုတဲ့ ဒီလို ကြိုးစားအားထုတ်နေတဲ့ လုံ့လဝီရိယတွေ ငါ့သန္တာန်မှာ ရှိနေပါတယ်ဆိုပြီးတော့ မိုးရွာအောင် သစ္စာဆိုတဲ့ ဥဒါန်းဂါထာကလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို သစ္စာဆိုတဲ့ဂါထာမှာ အဋ္ဌကထာဆရာတော်က နောက်ထပ် တစ်နည်း ဖွင့်ဆိုထားတဲ့ ဖွင့်ဆိုချက်အရ ---

မေ = ငါ၏။ ကုဋိကာ = ခန္ဓာကိုယ်တည်းဟူသော အတ္တဘောကို။ ဆန္နာ = ကိလေသာမိုး မစိုစွတ်အောင် ဖုံးကွယ်၍ ထားအပ်ပေ၏။

ကျောင်းကိုသာ ကုဋိကာလို့ သုံးစွဲခြင်း မဟုတ်ပါဘူး။ မိမိရဲ့ ခန္ဓာကိုယ် အတ္တဘောကြီးကိုလည်း အိမ်လို့ ကျောင်းလို့ သုံးနှုန်းထားတာလည်း ရှိပါတယ်။ ဒါကြောင့် ဒီခန္ဓာကိုယ် အတ္တဘောကြီးမှာ ကိလေသာမိုးတွေ မစိုစွတ်အောင် ငါသည် အမြဲ မိုးကာ၍ ထားပြီးပါပြီ။

နိဝါတာ = မာန်မာနအစရှိတဲ့ လေပြင်းမုန်တိုင်းတို့ မတိုက်အောင် ပိတ်ဆို့ ထားအပ်သည့်အတွက်ကြောင့်။ သုခါ = ချမ်းချမ်းသာသာ နေထိုင်ရပေပြီ။

ကိလေသာမိုးတွေ မစိုစွတ်အောင်လည်း မိုးကာ၍ ထားအပ်ပေပြီ၊ မာန်မာနအစရှိတဲ့ ကိလေသာ လေပြင်းမုန်တိုင်းတွေ ထကြွ တိုက်ခတ်မလာအောင်လည်း ကာဆီးပြီး ထားနိုင်တဲ့အတွက် ငါသည် ချမ်းချမ်းသာသာ နေထိုင်ရပေပြီ။ ဒါကြောင့် ---

တသ္မာ = ထို့ကြောင့်။ ဒေဝ = ပဇ္ဇုန္န = မိုးနတ်မင်း။ ယထာသုခံ = အလိုရှိတိုင်း။ ဝဿ = မိုးရွာသွန်းလိုက်စမ်းပါ။

ဒါကြောင့် အသင် မိုးနတ်မင်း အလိုရှိတိုင်း ချမ်းချမ်းသာသာ ရွာသွန်းလိုက်စမ်းပါလို့ ဒီလို မိုးရွာဖို့ရန်အတွက် သစ္စာပြုပေးတော်မူပါတယ်။ နောက် တစ်ခု ---

မေ = ငါ၏။ စိတ္တံ = စိတ်သည်။ သုသမာဟိတံ = အရိယမဂ်သမာဓိ အရိယဖိုလ်သမာဓိနှင့် ယှဉ်သော သမာဓိစိတ်ဓာတ်မျိုးဖြင့် ကောင်းစွာ တည်ကြည်၍ နေပါပေ၏။ ဝိမုတ္တံ = ကိလေသာဟူ အပူခပ်သိမ်းမှ အရှင်းကျွတ်၍ ကင်းလွတ်ထွက်မြောက်၍ နေပေ၏။ အာတာပီ = အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရလို့ ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော နေထိုင်ခြင်းဖြင့် နေထိုင်နိုင်ဖို့ရန် လွန်စွာ ကြိုးကုတ်အားထုတ်လျက်ရှိသည်ဖြစ်၍။ ဝိဟရာမိ = နေထိုင်ပါ၏။ တသ္မာ = ထို့ကြောင့်။ ဒေဝ = ပဇ္ဇုန္န = မိုးနတ်မင်း။ ယထာသုခံ = အလိုရှိတိုင်း ချမ်းချမ်းသာသာ။ ဝဿ = ရွာသွန်းလိုက်စမ်းပါ။

ဒီလို သစ္စာပြုလိုက်ပါတယ်။ ဒီလို သစ္စာပြုလိုက်တဲ့ အချိန်အခါမှာ မိုးကလည်း တဖြည်းဖြည်း ရေအလျဉ်ကို ပြုပြီးတော့ ရွာသွန်းလာပါတယ်။ သတ္တဝါတွေရဲ့ အကျိုးအတွက်လည်းကောင်း, မိမိရဲ့ အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ မြတ်သောနေထိုင်ခြင်းဖြင့် သာသနာတော်မှာ နေထိုင်နိုင်တာကို ထင်ရှားပြလိုသည့်အတွက်ကြောင့်လည်းကောင်း ဒီအကြောင်း နှစ်မျိုးကြောင့် ဒီဂါထာကလေးကို ဥဒါန်းကျူးရင့်တော်မူခြင်း ဖြစ်ပါတယ်။

ကဲ - အရှင်သုဘူတိမထေရ်ရဲ့ ထုံးကလေးတော့ ပြီးသွားပါပြီ။ ဒီထုံးကလေးအတိုင်း မိမိတို့လည်း အရှင်သုဘူတိမထေရ်မြတ်လို အရဏဝိဟာရ, ဒက္ခိဏေယျဝိဟာရခေါ်တဲ့ ဧတဒဂ်ဘွဲ့ထူးမျိုးကို မရလျှင်လည်း နေပါစေ၊ ဒီဘဝမှာ အရှင်သုဘူတိမထေရ်မြတ်ကဲ့သို့ နေထိုင်ချင်ကြတယ်ဆိုလျှင်တော့ ဘာလုပ်ကြရမလဲ? အရှင်သုဘူတိမထေရ်ရဲ့ ထုံးကို နှလုံးမူပြီးတော့ ရှိသမျှ စည်းစိမ်တွေ အကုန်လုံး စွန့်လွှတ်ပြီးတော့ တရားဘာဝနာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါလို့ တိုက်တွန်းရင်းနဲ့ တရားသိမ်းကြစို့ ---

ဟိတွာ ကာမေ ပဗ္ဗဇိံသု၊ သန္တော ဂမ္ဘီရစိန္တကာ။

တေ တုမှေပျနုသိက္ခာဝှေါ၊ ပဗ္ဗဇိတာ သုပေသလာ။

သန္တော = ဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့ကသူတော်ကောင်းတို့သည်။

ဂမ္ဘီရစိန္တကာ = နက်နဲသည့် ဓာတ်သဘောတွေကို နက်နဲစွာ ကြံဆင် အကြံ ကောင်း ဝင်တော်မူကြကုန်သည်ဖြစ်၍။

ကာမေ = ရှေးကပြုဖန် ကုသိုလ်ကံတို့ စီမံထောက်မ လက်ရောက် ရသား များလှဇနီးသည် ကြီးကြီးငယ်နှင့် နှီးနွယ်ရောယူ ကိုယ်တော်တို့ ပိုင်သသည့် ကာမဝတ္ထုအစုစုတို့ကို။

ဟိတွာ = ငါတို့ပိုင်ငြား ဤကာမတရားတို့သည် အများနှင့် ဆက်ဆံ ဘေးတွေက ဝန်းရံ ရန်တွေက မြောက်မြား တကယ်ကို ကြောက်လန့်ဖွယ်တွေပါတကားဟု ကြောက်အားတော် ဉာဏ်ကြွယ် လွတ်လွတ်ကြီး စွန့်ပယ်တော်မူကြကုန်သည် ဖြစ်၍။

ပဗ္ဗဇိံသု = ဃရာဝါသ သမ္ဗာဓဟု ကိစ္စများမြောင် လူတို့ဘောင် ဝဋ် နှောင်ကို လွတ်အောင်ကြုံးလျက် ရုန်းကန်ထွက်၍ နှစ် သက်ရွှင်လန်း ရှင်ရဟန်း ပြု၍ တောထွက်တော်မူကြ လေကုန်ပြီ။

တုမှေပိ = မြတ်နေက္ခမ္မ ဓာတ်အာသယဟု ဆန္ဒကိန်းအောင်း သင် သူတော်ကောင်းတို့သည်လည်းပဲ။

ပဗ္ဗဇိတာ = ဝတ္ထုကာမ ဟူသမျှမှ မရအရ ကြုံးလျက် ရုန်းကန် ထွက် ကြကုန်သည်ဖြစ်၍။

သုပေသလာ = စာမရီသား မြီးဖျားခုံမင် ပုံအသွင်သို့ ချစ်ခင်လေးမြတ် နှစ်သက်အပ်သော သီလ ကိုယ်စီကိုယ်င ရှိကြကုန်သည် ဖြစ်၍။

တေ = ထိုဘုရားအလျာ ပစ္စေကာနှင့် အရိယာနွယ်လောင်း ဟို တို့ရှေ့က သူတော်ကောင်းတို့ကို။

အနုသိက္ခာဝှေါ = အတုလိုက်ကာ ကျင့်တတ်ရာကို ကျင့်ကာမသွေ .. အားထုတ်နိုင်ကြပါစေကုန်သတည်း ...။

(သာဓု သာဓု သာဓု ...)

ဖားအောက်တောရဆရာတော်

စိတ္တလတောင်ကျောင်း

ဖားအောက်တောရ

မော်လမြိုင်မြို့နယ်

မွန်ပြည်နယ်။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)...

နိဿယ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရေး ပြဿနာပေါင်းခ...