Skip to main content

သင်္ဂြိုဟ်အရသာ

သင်္ဂြိုဟ်အရသာ

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

ညောင်လေးပင်တောရဆရာတော်

မာတိကာ

၁ - စိတ်ပိုင်း

အကုသိုလ်စိတ် ၁၂
အဟိတ်စိတ် ၁၈
ကာမသောဘဏစိတ် ၂၄
ရူပစိတ် ၁၅
အရူပစိတ် ၁၂
လောကုတ္တရာစိတ် ၈
လောကုတ္တရာအကျယ်-၄၀
သရုပ်ခွဲလေ့လာဘွယ်
သရုပ်ခွဲ၌မှတ်ဘွယ်
သဘောမှတ်ဘွယ်
ပါဒကဈာန် စသည်မှတ်ဘွယ်

၂-စေတသိက်ပိုင်း

လက္ခဏာ-၄-ပါး
သမ္ပယောဂနည်း-၁၆
သဗ္ဗစိတ္တတနည်း
ပကိဏ်း ၆-နည်း
အကုသိုလ် ၅-နည်း
သောဘဏ ၄-နည်း
အနိယတ ယောဂီ-၁၁
သင်္ဂဟနည်း ၃၃
လောကုတ္တရာ ၅-နည်း
မဟဂ္ဂုတ် ၅-နည်း
ကာမသောဘဏ ၁၂-နည်း
အကုသိုလ် ၇-နည်း
အဟိတ် ၄-နည်း
သမ္ပယောဂနည်း- ၁၇ နည်းဖြစ်ပုံ
သမ္ပယောဂယှဉ်နည်း-၂၆။ မယှဉ်နည်း- ၂၇
သင်္ဂဟနည်း ၁၉-နည်း
စေတသိက် လက္ခဏာ လေးပါးမှတ်ဘွယ်
စေတသိက်သဘော လေ့လာဘွယ်
သဗ္ဗစိတ္တသာဓာရဏမှတ်ဘွယ်
ပကိဏ်းမှတ်ဘွယ်
အကုသိုလ်မှတ်ဘွယ်
သောဘဏမှတ်ဘွယ်
သမ္ပယောဂနည်း မှတ်ဘွယ်
အနိယတ မှတ်ဘွယ်

၃ - ပကိဏ်းပိုင်း

ဝေဒနာသင်္ဂဟ
ဟေတုသင်္ဂဟ
ကိစ္စသင်္ဂဟ
ဒွါရသင်္ဂဟ
အာရမ္မဏသင်္ဂဟ
ဝတ္ထုသင်္ဂဟ
စေတသိက်၏ ဝေဒနာလေ့လာဖွယ်
စေတသိက်၏ ဟေတုလေ့လာဘွယ်
စေတသိက်၏ ကိစ္စလေ့လာဘွယ်
ဌာနဆယ်ပါး - ၂၅-ပါးမှတ်ဘွယ်
စေတသိက်၏အာရုံလေ့လာဘွယ်
စေတသိက်၏ ဝတ္ထုလေ့လာဘွယ်
အာရုံပြုဧကန်၊ အနေကန် လေ့လာဘွယ်
ဒွါရဝိမုတ်အာရုံ လေ့လာဘွယ်
အဘိညာအာရုံ လေ့လာဘွယ်
အာရမ္မဏာဓိပတိအာရုံ လေ့လာဘွယ်
မိဿကခွဲ လေ့လာဘွယ်
ဝေဒနာသင်္ဂဟ မှတ်ဘွယ်
ဟေတုသင်္ဂဟမှတ်ဘွယ်
ကိစ္စသင်္ဂဟမှတ်ဘွယ်
ဒွါရသင်္ဂဟမှတ်ဘွယ်
အာရမ္မဏသင်္ဂဟမှတ်ဘွယ်
ဒွါရဝိမုတ်အာရုံမှတ်ဘွယ်
ယေဘုယျမှတ်ဘွယ်
ဝတ္ထုသင်္ဂဟမှတ်ဘွယ်

၄-ဝီထိပိုင်း

ဆဆက္က
ကာမဇောဝါရ (ဝီထိ ၈၅)
အပ္ပနာဇောဝါရ(ဝီထိ-၁၅၂)
တဒါရုံမှတ်ခြင်း (ဝိပလ္လာသ မှတ်ဘွယ်)
အာဂန္တုကဘဝင်
ဇောမှတ်ခြင်း
ပုဂ္ဂိုလ်ဝီထိစိတ်ရ
ဘုံဝီထိစိတ်ရ
ပုဂ္ဂိုလ်ဝီထိစိတ်ရအကျယ်
ဘုံဝီထိစိတ်ရအကျယ်
ဘုံပုဂ္ဂိုလ်ဝီထိစိတ်ရ
ဝါကရား
ဝီထိလက်ရိုး လေ့လာဘွယ် (၂၂၇-ဝီထိ)
အတိမဟန္တာရုံ ၅-ဝီထိ
မဟန္တာရုံ ၁၀-ဝီထိ
ပရိတ္တာရုံ-၃ဝ
အတိပရိတ္တာရုံ-၃ဝ
ကာမမနောဒွါရဝီထိ-၁၀
အပ္ပနာဇောဝါရ
မဟဂ္ဂုတ်-ဈာနဝီထိ-၇၂
မဂ္ဂဝီထိ-၄ဝ
ဖလသမာပတ္တိဝီထိ-၄ဝ
အဘိညာ ၂၈-ဝီထိ
နိရောဓသမာပတ် ရှစ်ဝီထိ
မရဏာသန္န ၂၄-ဝီထိ
စိတ်အကြိမ်မှတ်ဘွယ်
ရှေ့နောက်စိတ်စဉ်
ကာမဝီထိနောက်လိုက်
အပ္ပနာဝီထိနောက်လိုက်
မှီရာဝထ္ထု
မဇ္ဈိမာယုက
ကာမဝီထိအရာ မှတ်ဘွယ်
မမြင်ရသော ရူပါရုံ ၆-မျိုး၊ သဒ္ဒါရုံ မလာခြင်း
ဂန္ဓာရုံစသည်လာခြင်း
အပ္ပနာဝီထိအရာမှတ်ဘွယ်
မဂ်ဖိုလ်ဝေဒနာ

၅-ဘုံပိုင်း

ဘူမိစတုက္က
ပဋိသန္ဓိစတုက္က
ကမ္မစတုက္က
မရဏုပ္ပတ္တိစတုက္က
ပဋိသန္ဓိစတုက္ကမှတ်ဘွယ်
ဘုံပုဂ္ဂိုလ်ဝီထိမုတ်စိတ်ရ
သတ္တာဝါသဘုံကိုးဝ
အကုသိုလ်ကမ္မပထ
ကာမကုသိုလ်ကမ္မပထ
ရူပကုသိုလ်ကံ
ပဋိသန္ဓေဖြစ်စေပုံ
မရဏာသန္နဝီထိအာရုံဒွါရ
ပစ္စုပ္ပန်ကမ္မနိမိတ်သဒိသူ
ဘူမိစတုက္ကမှတ်ဘွယ်
တက်ကပ်ဆုတ်ကပ်
ဘဝတခု၌ ပ၊ ဘ၊ စု-တူ မတူ
ကမ္မစတုက္ကမှတ်ဘွယ်
မရဏုပ္ပတ္တိစတုက္ကမှတ်ဘွယ်
ရဟန္တာစုတိ

၆ - ရုပ်ပိုင်း

ရုပ်အကျဉ်း
ရုပ်ဝေဘန်ခြင်း
ရုပ်ဖြစ်ကြောင်း
ရုပ်ကလာပ်
ရုပ်ဖြစ်စဉ်
နိဗ္ဗာန်
ရုပ်သက်မှတ်ဘွယ်
ရုပ်ဖြစ်စဉ်၌မှတ်သားဘွယ်
ရုပ်ကလာပ်ဖြစ်စဉ်
ရုပ်ကလာပ်ချုပ်စဉ်
ရုပ်ဝီထိ
ရုပ် ၁၂-မျိုး
ရုပ်ကလာပ်မှတ်ဘွယ်
ရုပ်အကျဉ်း၌မှတ်ဘွယ်
မဟန္တဘူတ
ဘူတရုပ် လေးပါးသဘော
ပသာဒရုပ် ငါးပါးသဘော
ဂေါစရရုပ် ခုနစ်ပါးသဘော
ဘာဝရုပ် နှစ်ပါးသဘော
ဟဒယရုပ်သဘော
ဇီဝိတရုပ်သဘော
အာဟာရရုပ်သဘော
အာကာသဓာတ်သဘော
ဝိညပ်ဒွေသဘော
လဟုတာဒိတ္တယသဘော
လက္ခဏရုပ်လေးခုသဘော
ရုပ်ဝေဘန်ခြင်းမှတ်ဘွယ်
ရုပ်ဖြစ်ကြောင်းမှတ်ဘွယ်
နိဗ္ဗာန်၌မှတ်သွယ်

၇ - သမုစ္စည်းပိုင်း

အကုသလသင်္ဂဟ
မိဿကသင်္ဂဟ
ဗောဓိပက္ခိယသင်္ဂဟ
သဗ္ဗသင်္ဂဟ
မိဿကသင်္ဂဟခွဲလေ့လာဘွယ်
သဗ္ဗ၌ ဘေဒ-၁၁
အကုသလ သင်္ဂဟမှတ်ဘွယ်
ဒိဋ္ဌိ ၆၂-ပါး
မိဿကသင်္ဂဟမှတ်ဘွယ်
ဣန္ဒြေဟောစဉ်
ဗောဓိပက္ခိယသင်္ဂဟမှတ်ဘွယ်
ဥပ္ပန္န ရှစ်မျိုး
တပေါင်းတည်းဖြစ်ပုံ
ဥပေက္ခာဆယ်ပါး
သဗ္ဗသင်္ဂဟမှတ်ဘွယ်
ခန္ဓာငါးပါးရှုဘွယ်
သီးခြားနှစ်ပါး
အာယတနဓာတ်ရှုဘွယ်
သစ္စာအနက် ၁၆-ချက်
ဒုက္ခ ၁၂-မျိုး။ ဒုက္ခခွဲ။ သံခိတ်ဒုက္ခ
တဏှာ၏သင်းချိုင်း မုချနိဗ္ဗာန်
သစ္စာသိကျိုး သစ္စာဥပမာ
စတုက္ကလေးချက်
သဘောတူ-မတူ။ သုံးဦးကြိုက်တရား

၈ - ပစ္စည်းပိုင်း

ပဋိစ္စသမုပ္ပါဒ်နည်း
ပဋိစ္စသမုပ္ပါဒ် အရကောက်
အခြင်းအရာ စသည်၌ မှတ်ဘွယ်
ပုဗ္ဗန္တစက်၊ အပရန္တစက်
ပဋ္ဌာန်းနည်း
ကျေးဇူးပြုနည်း ၆-မျိုး
နာမ်+နာမ်-ခြောက်
နှပ်+နာမ်ရုပ်-ငါး
နာမ်သည်+ ရုပ်အားတစ်
ရုပ်သည်+ နာမ်အားတစ်
ပညပ်နာမ်ရုပ်+ နာမ်အားနှစ်
ပကတူုမှတ်ချက်
ဒွယံ + ဒွယ - ကိုး
မှတ်ဘွယ်အထူး
ပစ္စည်းပေါင်းခြင်း
သဟဇာတရုပ်နှစ်မျိုး ပစ္စည်းခွဲခြင်း
ကာလဖြင့်လေးမျိုး
ယုဂ ခုနစ်စုံ၊ သတ္တိနှစ်မျိုး
ဌာနိကနှစ်မျိုး
ပစ္စည်းပေါင်းဝင်ခြင်း၌မှတ်ဘွယ်
ပညပ်
အတ္ထပညပ်အများ
သဒ္ဒပညပ် ၆-မည်
ဝိဇ္ဇမာနဆက္က
သင်္ကေတဖြင့်ပြီးခြင်း
ဝဒန္တသုံးဝီထိ
သုဏန္တလေးဝီထိ
အသံများတိုင်း ဝီထိတိုးခြင်း
ဝဒန္တအကျယ် ၇-ဝီထိ။ သုဏန္တအကျယ် ၇-ဝီထိ
ပညပ်ပျက်-မပျက်
ပဋိစ္စသမုပ္ပါဒ်နည်း မှတ်ဘွယ်။ ခေါင်းဆောင်
ပြန်ဆက်၊ အင်္ဂါမရေထွက်
အဝိဇ္ဇာပစ္စယာ သင်္ခါရာမှတ်ဘွယ်
အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ
ကုသိုလ်ဆင်ကောင်ပုပ်။ ဥပမာ
ကျေးဇူးပြုပုံ
ထင်ရှားသော အဝိဇ္ဇာ။ ကြောင်းကျိုးတူ-မတူ
ငါးဌာနအဝိဇ္ဇာ
သင်္ခါရပစ္စယာ ဝိညာဏံမှတ်ဘွယ်
ကျေးဇူးပြုပုံ
ဝိညာဏပစ္စယာ နာမရူပံမှတ်ဘွယ်
ကျေးဇူးပြုပုံ
နာမရူပ ပစ္စယာ သဠာယတနံမှတ်ဘွယ်
ရုပ်ကျေးဇူးပြုပုံ၊ နာမ်ရုပ်ကျေးဇူးပြုပုံ
သဠာယတန ပစ္စယာ ဖဿောမှတ်ဘွယ်
ဝါဒကွဲ။ အများကြောင့်တခု
ဖဿပစ္စယာ ဝေဒနာမှတ်ဘွယ်
ကျေးဇူးပြုပုံ
ဝါဒကွဲ
ဝေဒနာပစ္စယာ တဏှာမှတ်ဘွယ်
တဏှာတရာ့ရှစ်
ကျေးဇူးပြုပုံ
တဏှာပစ္စယာ ဥပါဒါနံမှတ်ဘွယ်
ဥပါဒါန်ဖြစ်စဉ်
ဥပါဒါန ပစ္စယာ ဘဝေါမှတ်ဘွယ်
သင်္ခါရနှင့် ဘဝအထူး။ ဘဝအပြား
ဥပါဒါန်-အားလုံးကြောင့် ဘဝအားလုံး
ဘဝပစ္စယာ ဇာတိမှတ်ဘွယ်
ဇာတိပစ္စယာ ဇရာမရဏံမှတ်ဘွယ်
သောက စသည်မှတ်ဘွယ်
အာသဝကြောင့်ပြန်ဆက်ပုံ
ကျေးဇူးပြုပုံ ပစ္စည်းအမျိုးချုပ်
ဝိနိစ္ဆယခြောက်ပါးမှတ်ဘွယ်
သစ္စပဘာဝ
ကိစ္စ
ဝါရဏ
ဥပမာ
ဂမ္ဘီရကေဒ
နယဘေဒ
ဥယျောဇဉ်

၉-ကမ္မဋ္ဌာန်းပိုင်း

အာရုံကမ္မဋ္ဌာန်းနှစ်မျိုး
ဘာဝနာ ကမ္မဋ္ဌာန်း နှစ်မျိုး
ဥဒ္ဒေသ
ကသိုဏ်းဆယ်ပါးစသည်
သပ္ပါယဘေဒ
ဘာဝနာဘေဒ
နိမိတ္တဘေဒ
ဥပစာရဈာန်၊ အပ္ပနာဈာန်
ဝသီဘော်ငါးပါး၊ အရူပဈာန်
အပ္ပနာမရ တဆယ်
အဘိညာငါးပါး
အာဝဟ စသည်မှတ်ဘွယ်
အာဝဟ၊ ပဘေဒ၊ အတိက္ကမ
ဝဍ္ဎနာဝဍ္ဎနအာရုံ
စလာစလ၊ သုံ၊ ဂဟဏ၊ အာဒိကမ္မိက၊ ပစ္စယ
စရိယာနု ကူလ၊ သဗ္ဗတ္ထက။ ပရမတ်၌အပ္ပနာ
ဈာန်တစိတ်ဖြစ်ကြောင်း
ကမ္မ+ဿက-တာဉာဏ်
စရိုတ်မှတ်ဘွယ်
ဝိပဿနာကမ္မဋ္ဌာန်း
ဥဒ္ဒေသ
သီလဝိသုဒ္ဓိ
စိတ္တဝိသုဒ္ဓိ
ဒိဋ္ဌိဝိသုဒ္ဓိ
ကင်္ခါဝိသုဒ္ဓိ
မဂ္ဂါမဂ္ဂ၌ သမ္မသနဉာဏ်
နယဝိပဿနာ
အဒ္ဓါန စသည်၊ ဥဒယဗ္ဗယဉာဏ်
ဘေးရန်ဆယ်ပါး
ပဋိပဒါဉာဏ်
ဉာဏဒဿန ဝိသုဒ္ဓိ မဂ်ဝီထိ
အမည်လေးခု ဂေါတြဘူမဂ်ဉာဏ်
ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ်၊ ဝိမောက္ခဘေဒ
ပုဂ္ဂလဘေဒ
သမာပတ္တိဘေဒ
နိဂုံး

သင်္ဂြိုဟ်အရသာ

▬ஜ۩۞۩ஜ▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-စိတ်ပိုင်း

သမ္မာ သမ္ဗုဒ္ဓ မတုလံ၊ သသဒ္ဓမ္မ ဂဏုတ္တမံ။
အဘိဝါဒိယ ဘာသိဿံ၊ ဘိဓမ္မ ရ သ သင်္ဂဟံ။

အဟံ၊ ငါသည်။
သသဒ္ဓမ္မဂဏုတ္တမံ၊ သူတော်ကောင်းတရား ဆယ်ပါး, မြတ်သော အရိယာပုဂ္ဂိုလ် နှစ်ယောက်အပေါင်းနှင့်တကွဖြစ်သော။
အတုလံ၊ အတုမရှိ အမြတ်ဆုံးဖြစ်သော။
သမ္မာသမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဘိဝါဒိယ၊ ရိုသေစွာရှိခိုးပြီး၍။
အဘိဓမ္မရသသင်္ဂဟံ၊ အဘိဓမ္မာ သင်္ဂြိုဟ်အရသာကို။
ဘာသိဿံ၊ ဆိုပေအံ့။

အဘိဓမ္မာ ခုနစ်ကျမ်း၌ ဘုရားဟော အနက်တို့သည် ပရမတ္ထအားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်-ဟူ၍လေးပါး အပြားရှိကုန်၏။

ထိုလေးပါးတို့တွင် စိတ်သည် ကာမာဝစရစိတ်၊ ရူပါဝစရစိတ်၊ အရူပါဝစရစိတ်၊ လောကုတ္တရာစိတ်-ဟူ၍ လေးပါး အပြားရှိ၏။

အကုသိုလ်စိတ်-၁၂

ထိုလေးပါးတို့တွင် ကာမာဝစရစိတ်ကား --

သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် တခု။
သောမနဿ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် တခု၊
သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ် တခု၊
သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ် တခု၊
ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ် တခု၊
ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကစိတ် တခု၊
ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိကစိတ်တခု။
ဥပေက္ခာ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိကစိတ်တခု။
ဤကား လောဘမူစိတ် ရှစ်ခုတည်း။

ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် တခု၊
ဒေါမနဿ သဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ် တခု၊
ဤကား ဒေါသမူစိတ် နှစ်ခုတည်း။

ဥက္ခာ သဟဂုတ် ဝိစိကိစ္ဆ၁ သမ္ပယုတ်စိတ် တခု။
ဥပေက္ခာ သဟဂုတ် ဥဒ္ဓစ္စ သမ္ပယုတ်စိတ် တခု၊
ဤကား မောဟမူစိတ်နှစ်ခုတည်း။

လောဘမူ-ရှစ်၊ ဒေါသမူ-နှစ်၊ မောဟမူ-နှစ်၊
ဤသို့ အကုသိုလ် စိတ် ၁၂-ခုဖြစ်၏။
မောဟမူဒွေ-သင်္ခါရဝိမုတ်။

(သောမနဿ ၄၊ ဥပေက္ခာ ၆၊ ဒေါမနဿ ၁-ပေါင်း ၁၂။
သမ္ပယုတ် ၈၊ ဝိပ္ပယုတ် ၄-ပေါင်း ၁၂။
အသင်္ခါရိက ၅၊ သသင်္ခါရက ၅၊ ဝိမုတ် ၂- ပေါင်း ၁၂။)

အဟိတ်စိတ် ၁၈

ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တခု။
ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် တခု။
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် တခု။
ဤကား အကုသလ ဝိပါက်စိတ် ခုနစ်ခုတည်း။

ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ် သောတဝိညာဏ် တခု။
ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တခု။
သုခသဟဂုတ် ကာယဝိညာဏ်စိတ် တခု။
ဥပေက္ခာသဟဂုတ်သမ္ပဋိစ္ဆိုင်းစိတ် တခု။
သောမနဿသဟဂုတ် သန္တီရဏစိတ် တခု။
ဥပေက္ခာသဟဂုတ် သန္တီရဏစိတ် တခု၊
ဤကား အဟိတ်ကုသလဝိပါက် စိတ်ရှစ်ခုတည်း။

ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ် တခု။
ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ် တခု။
သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ် တခု။
ဤကား အဟိတ် ကြိယာစိတ် သုံးခုတည်း၊
အကုသလဝိပါက်-ခုနှစ်၊ အဟိတ်ကုသလဝိပါက်-ရှစ်၊ အဟိတ် ကြိယာ-သုံး။ ဤသို့ အဟိတ်စိတ် ၁၈-ခုဖြစ်၏။ (၁၈-ခုလုံး သမ္ပယုတ် ဝိပ္ပယုတ်ဝိမုတ်၊ သင်္ခါရဝိမုတ်။)

(သောမနဿ ၂၊ သုခ ၁၊ ဒုက္ခ ၁၊ ဥပေက္ခာ ၁၄ - ပေါင်း ၁၈။
စက္ခုဝိညာဏ်ဒွေ၊ သောတဝိညာဏ်ဒွေ၊ ဃာနဝိညာဏ်ဒွေ၊ ဇိဝှါ ဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ ၃၊ အာဝဇ္ဇန်းဒွေ၊ ဟသိတုပ္ပါဒ် ၁-ပေါင်း ၁၈။)

ကာမသောဘဏစိတ် ၂၄

အကုသိုလ်စိတ်၊ အဟိတ်စိတ်တို့မှ လွတ်ကုန်သော စိတ်တခုယုတ် ခြောက်ဆယ်၊ အကျယ် ၉၁-ပါးတို့သည် သောဘဏစိတ်တို့ မည်ကုန်၏။

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်တခု။
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်တခု။
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်တခု။
သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ်တခု။
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်တခု၊
ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်တခု
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိကစိတ်တခု။
ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိကစိတ်တခု။
ဤကား ကာမာဝစရ ကုသိုလ်စိတ် ရှစ်ခုတည်း။

ထိုအတူ --
သဟိတ်ကာမာဝစရ ဝိပါက်စိတ် ရှစ်ခု၊
သဟိတ်ကာမာဝစရ ကြိယာစိတ် ရှစ်ခုဖြစ်၏။
မဟာကုသိုလ်၊ မဟာဝိပါက်၊ မဟာကြိယာလည်း ခေါ်သည်။

(ကုသလဝိပါက်၊ ကြိယာတို့၌ “သဟိတ်”ဟု အဘယ်ကြောင့် ထူးသနည်း။
အဟိတ်ကုသလဝိပါက်၊ အဟိတ် ကြိယာတို့နှင့် ရောမည်စိုးသောကြောင့်တည်း။)

ဤစိတ်တို့သည် -
ဝေဒနာအားဖြင့် သောမနဿ၊ ဥပေက္ခာ-ဟု နှစ်မျိုး။
ဉာဏ်အားဖြင့် သောမနဿ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်၊
ဥပေက္ခာ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ်-ဟု လေးမျိုး။
သင်္ခါရအားဖြင့် တဖန်ရှစ်မျိုး ပြားသည်။
ကုသိုလ်၊ ဝိပါက်၊ ကြိယာစွမ်းဖြင့် ကာမသောဘဏစိတ် ၂၄-မျိုး ဖြစ်၏။

အကုသိုလ် ၁၂၊ ကုသိုလ် ၈၊ ဝိပါက် ၂၃၊ ကြိယာ ၁၁။
ဤသို့ ကာမာဝစရစိတ် ၅၄-ဖြစ်၏။
ကာမစိတ်လည်းခေါ်သည်။

(သောမနဿ ၁၈၊ ဥပေက္ခာ ၃၂၊ ဒေါမနဿ ၂၊ သုခ ၁၊ ဒုက္ခ ၁၊ ပေါင်း ၅၄။
သမ္ပယုတ် ၂ဝ၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈။ ပေါင်း ၅၄။
အသင်္ခါရိက ၁၇၊ သသင်္ခါရိက ၁၇၊ ဝိမုတ် ၂ဝ၊ ပေါင်း ၅၄။)

ရူပစိတ် ၁၅

ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့် တကွဖြစ်သော ပဌမဈာန် ကုသိုလ်စိတ်-တခု။
ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွဖြစ်သော ဒုတီယဈာန် ကုသိုလ်စိတ်-တခု။
ပီတိ, သုခ, ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့် တကွဖြစ်သော တတီယဈာန်ကုသိုလ် စိတ်-တခု။
သုခ, ဧကဂ္ဂတာ-တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွ ဖြစ်သော စတုတ္ထဈာန် ကုသိုလ်စိတ်-တခု။
ဥပေက္ခာ, ဧကဂ္ဂတာ-တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန် ကုသိုလ်စိတ်တခု။
ဤကား ရူပါဝစရ ကုသိုလ်စိတ် ငါးခုတည်း။

ထိုအတူ --
ရူပါဝစရ ဝိပါက်စိတ်ငါးခု၊
ရူပါဝစရ ကြိယာစိတ်ငါးခု ဖြစ်၏။
ရူပစိတ်သည် ဈာန်အင်္ဂါ ယှဉ်ခြင်းအားဖြင့်ငါးပါး။
ကုသိုလ်, ဝိပါက် ကြိယာအားဖြင့် တဆဲ့ငါးပါးဖြစ်၏။
၁၅-ပါးလုံး ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။

(သုခဟူသည် စိတ်သုခ ဖြစ်သောကြောင့် သောမနဿ ပင်တည်း။
ကာယဝိညာဏ် သုခကား ကိုယ်သုခ ဖြစ်သောကြောင့် သောမနဿ မမည်။
သုခသာမည်သည်။)
ဈာန်အင်္ဂါ ယှဉ်ခြင်းသည် အင်္ဂါငါးပါးနှင့်ယှဉ်ခြင်း၊ လေးပါး-၊ သုံးပါး-၊ နှစ်ပါး-၊ နှစ်ပါး နှင့်ယှဉ်ခြင်း ဟုငါးမျိုးဖြစ်သည်။)

အရူပစိတ် ၁၂

အာကာသာနဉ္စာယတနဈာန် ကုသိုလ်စိတ် တခု။
ဝိညာဏဉ္စာယတနဈာန် ကုသိုလ်စိတ် တခု။
အာကိဉ္စညာယတနဈာန် ကုသိုလ်စိတ် တခု။
နေဝသညာနာသညာယတနဈာန် ကုသိုလ်စိတ် တခု။
ဤကား အရူပါဝစရ ကုသိုလ်စိတ်လေးခုတည်း။

ထိုအတူ --
အရူပါဝစရ ဝိပါက်စိတ်လေးခု၊
အရူပါဝစရ ကြိယာစိတ်လေးခု ဖြစ်၏။
အရူပစိတ်သည်အာရုံအားဖြင့်လေးပါး။
ကုသိုလ် ဝိပါက် ကြိယာအားဖြင့် တဆဲ့နှစ်ပါးဖြစ်၏။
၁၂-ပါးလုံး ဥပေက္ခာ၊ ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။

(အာရုံသည် ကောင်းကင်ပညပ်အာရုံ၊
အာကာ ဈာန်အာရုံ၊
နတ္ထိဘောပညပ်အာရုံ၊
အာကိံ ဈာန်အာရုံ-ဟုလေးမျိုး ဖြစ်သည်။
ဤစိတ်လေးခုသည် အစဉ်အတိုင်း တခုစီ အာရုံပြုသည်။
ရူပစိတ်သည် အာရုံအချို့ တူသော်လည်း အင်္ဂါမတူ၊ အင်္ဂါ လွန်သည်။
အရူပစိတ်သည် အင်္ဂါအားလုံး “ဥပေက္ခာ၊ ဧက္ကဂတာချည်းဖြစ်၍” တူသော်လည်း အာရုံ မတူ၊ အာရုံလွန်သည်။
အကုသိုလ် ၁၂၊ ကုသိုလ် ၁၇၊ ဝိပါက် ၃၂၊ ကြိယာ ၂၀- ဤသို့လောကီစိတ် ၈၁-ဖြစ်၏။
သော- ၃၀၊ ဥ-၄၇ ၊ဒေါ-၂၊ သု-၁၊ ဒု-၁၊ ပေါင်း ၈၁၊
သမ္ပယုတ် ၄၇၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈၊ ပေါင်း ၈၁။
အ,သင် ၁၇၊ သ,သင် ၄၄၊ ဝိမုတ် ၂ဝ၊ ပေါင်း ၈၁၊)

လောကုတ္တရာစိတ် ၈

သောတာပတ္တိ မဂ်စိတ်တခု။
သကဒါဂါမိ မဂ်စိတ်တခု။
အနာဂါမိ မဂ်စိတ်တခု။
အရဟတ္တ မဂ်စိတ်တခု။
ဤကား လောကုတ္တရာကုသိုလ်စိတ် လေးခုတည်း။

သောတာပတ္တိ ဖိုလ်စိတ်တခု။
သကဒါဂါမိ ဖိုလ်စိတ်တခု။
အနာဂါမိ ဖိုလ်စိတ်တခု။
အရဟတ္တ ဖိုလ်စိတ်တခု။
ဤကား လောကုတ္တရာဝိပါက်စိတ် လေးခုတည်း။

လောကုတ္တရာ၌ မဂ်လေးမျိုး ပြားသောကြောင့် ကုသိုလ်စိတ် လေးမျိုးဖြစ်သည်။
ထိုကုသိုလ်၏အကျိုး ဖြစ်သောကြောင့် ဝိပါက်စိတ်လည်း လေးမျိုးဖြစ်သည်။
ဤသို့လျှင် လောကုတ္တရာစိတ်နှစ်ခု ဖြစ်၏။
ရှစ်ခုလုံး သောမနဿ၊ ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။
စိတ်တို့သည် ဇာတ်အားဖြင့် --
အကုသိုလ် ၁၂၊ ကုသိုလ် ၂၁၊ ဝိပါက် ၃၆၊ ကြိယာ ၂၀၊ ပေါင်း ၈၉။
ဘုံအားဖြင့် --
ကာမစိတ် ၅၄၊ ရူပစိတ် ၁၅၊ အရူပစိတ် ၁၂၊ လောကုတ္တရာစိတ် ၈၊ ပေါင်း ၈၉။
(လောကုတ္တရာဘုံဟု သီးခြား မရှိသော်လည်း မဂ်စိတ်၊ ဖိုလ်စိတ် အခိုက်အတန့်ကို တင်စား၍ ခေါ်သည်။ အဝတ္ထာဘုံဟု အမည်ရသည်။)

လောကုတ္တရာ အကျယ် ၄၀

ဤသို့စိတ်သည် တခုယုတ် ကိုးဆယ်အပြား ရှိသော်လည်း ၁၂၁-ပါး ပြား၍ ဟောကြား ဝေဘန်ကုန်၏။ ဝေဘန်ပုံကား -

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန် အင်္ဂါငါးပါးနှင့် တကွဖြစ်သော ပဌမဈာန်နှင့်တူသော သောတာပတ္တိမဂ်စိတ်-တခု။
ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါ လေးပါးနှင့် တကွဖြစ်သော ဒုတီယဈာန်နှင့်တူသော သောတာပတ္တိမဂ်စိတ်-တခု။
ပီတိ၊ သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့်တကွ ဖြစ်သော တတီယ ဈာန်နှင့်တူသော သောတာပတ္တိမဂ်စိတ်-တခု။
သုခ၊ ဧကဂ္ဂတာ - တည်းဟူသော ဈာန်အင်္ဂါနှစ်ပါးနှင့် တကွဖြစ်သော စတုတ္ထဈာန်နှင့် တူသော သောတာပတ္တိမဂ်စိတ်-တခု။
ဥပေက္ခာ၊ ဧကဂ္ဂတာ-တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန်နှင့် တူသော သောတာပတ္တိမဂ်စိတ်-တခု။
ဤကား သောတာပတ္တိမဂ် စိတ်ငါးခုတည်း။

(ပဌမဈာန်နှင့် တူသော သောတာပတ္တိမဂ် စိတ်တခု - ဒုတီယဈာန်နှင့် တူသော သောတာပတ္တိမဂ် စိတ်တခု ဤအနေမျှ ချုံးဆိုလျှင်လည်း သင့်၏။)

ထိုအတူ --
သကဒါဂါမိ မဂ်စိတ်ငါးခု၊
အနာဂါမိ မဂ်စိတ်ငါးခု၊
အရဟတ္တမဂ်စိတ်ငါးခု ဖြစ်၍ မဂ်စိတ် ၂၀-ဖြစ်၏။
ထိုအတူ --
သောတာပတ္တိဖိုလ်စိတ် ငါးခု
သကဒါဂါမိဖိုလ်စိတ် ငါးခု၊
အနာဂါမိဖိုလ်စိတ် ငါးခု၊
အရဟတ္တဖိုလ်စိတ် ငါးခုဖြစ်၍ စိတ် ၂၀-ဖြစ်၏။
ဤသို့လျှင် လောကုတ္တရာစိတ် ၄၀-ဖြစ်၏။
၄၀-လုံး ဉာဏသမ္ပယုတ်၊ သသင်္ခါရိက။
သုခဟူသော သောမနဿ ၃၂၊ ဥပေက္ခာ ၈၊
ဈာန်အင်္ဂါယှဉ်ခြင်း ငါးမျိုးကြောင့် လောကုတ္တရာစိတ် တခု တခုသည် ငါးပါးစီဖြစ်၏။ ထိုကြောင့် လောကုတ္တရာစိတ် လေးဆယ်ဖြစ်၏။ လောကုတ္တရာစိတ် လေးဆယ် ဖြစ်သောကြောင့် စိတ်တခုယုတ် ကိုးဆယ်သည် ၁၂၁-ပါးဖြစ်၏

ဈာန်ခွဲ

ရူပဈာန်စိတ်သည် ပဌမဈာန် စသည်ဖြင့် ငါးမျိုး ပြား၏။
လောကုတ္တရာဈာန်စိတ်လည်း ထိုအတူ ငါးမျိုး ပြား၏။
အရူပဈာန်စိတ်ကား ပဉ္စမဈာန် တမျိုးတည်းသာ ဖြစ်၏၊
ထိုကြောင့် --
ပဌမဈာန် ၁၁၊ ဒုတီယဈာန် ၁၁၊ တတီယဈာန် ၁၁၊ စတုတ္ထဈာန် ၁၁၊ ပဉ္စမဈာန် ၂၃ - ဈာန်စိတ်ပေါင်း ၆၇၊။
ဈာန် မဟုတ်သောစိတ် ၅၄။
ပေါင်း ၁၂၁၊

ဇာတ်ခွဲ

စိတ်တို့သည် ဇာတ်အားဖြင့် --
အကုသိုလ် ၁၂၊ ကုသိုလ် ၃၇၊ ဝိပါက် ၅၂၊ ကြိယာ ၂၀၊ ပေါင်း ၁၂၁။

ဘုံခွဲ

ဘုံအားဖြင့် --
ကာမစိတ် ၅၄၊ ရူပစိတ် ၁၅၊ အရူပစိတ် ၁၂၊ လောကုတ္တရာစိတ် ၄၀၊ ပေါင်း ၁၂၁။

သရုပ်ခွဲလေ့လာဘွယ်

အကျဉ်းခွဲ

စိတ်တခုယုတ် ကိုးဆယ်သည် -
အနုလုံအားဖြင့် --
လောဘမူ ၈၊ ဒေါသမူ ၂၊ မောဟမူ ၂၊
အကုသလဝိပါက် ၇၊ အဟိတ်ကုသလဝိပါက် ၈၊ အဟိတ်ကြိယာ ၃၊
မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈၊
ရူပကုသိုလ် ၅၊ ရူပဝိပါက် ၅၊ ရူပကြိယာ ၅၊
အရူပကုသိုလ် ၄၊ အရူပဝိပါက် ၄၊ အရူပကြိယာ ၄၊
မဂ် ၄၊ ဖိုလ် ၄၊
ပေါင်း ၈၉။

ပဋိလုံအားဖြင့် --
ဖိုလ် ၄၊ မဂ် ၄၊
အရူပကြိယာ ၄၊ အရူပဝိပါက် ၄၊ အရူပကုသိုလ် ၄၊
ရူပကြိယာ ၅၊ ရူပဝိပါက် ၅၊ ရူပကုသိုလ် ၅၊
မဟာကြိယာ ၈၊ မဟာဝိပါက် ၈၊ မဟာကုသိုလ် ၈၊
အဟိတ်ကြိယာ ၃၊ အဟိတ်ကုသလဝိပါက် ၈၊ အကုသလဝိပါက် ၇၊
မောဟမူ ၂၊ ဒေါသမူ ၂၊ လောဘမူ ၈၊
ပေါင်း ၈၉။

ဝေဒနာအားဖြင့် --
သောမနဿ ၃၈၊ ဥပေက္ခာ ၄၇၊ ဒေါမနဿ ၂၊ ဒုက္ခ ၁၊ သုခ ၁၊ ပေါင်း ၈၉။
သမ္ပယုတ်အားဖြင့် --
သမ္ပယုတ် ၅၅၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈၊ ပေါင်း ၈၉။
(သမ္ပယုတ် ၅၅-ကား - ဒိဋ္ဌိဂတသမ္ပယုတ် ၄၊ ပဋိဃသမ္ပယုတ် ၂၊ ဝိစိကိစ္ဆာသမ္ပယုတ် ၁၊ ဥဒ္ဓစ္စသမ္ပယုတ် ၁၊ ဉာဏသမ္ပယုတ် ၄၇။
ဝိပ္ပယုတ် ၁၆-ကား - ဒိဋ္ဌိဂတဝိပ္ပယုတ် ၄၊ ဉာဏဝိပ္ပယုတ် ၁၂။)

သင်္ခါရအားဖြင့် --
အသင်္ခါရိက ၁၇၊ သသင်္ခါရိက ၅၂၊ ဝိမုတ် ၂၀။ ပေါင်း ၈၉။

အကျယ် ခွဲ

စိတ်အကျယ် ၁၂၁-ပါးသည် -
အနုလုံအားဖြင့် --
လောဘမူ ၈၊ ဒေါသမူ ၂၊ မောဟမူ ၂၊
အကုသလဝိပါက် ၇၊ အဟိတ်ကုသလဝိပါက် ၈၊ အဟိတ်ကြိယာ ၃၊
မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈၊
ရူပကုသိုလ် ၅၊ ရူပဝိပါက် ၅၊ ရူပကြိယာ ၅၊
အရူပကုသိုလ် ၄၊ အရူပဝိပါက် ၄၊ အရူပကြိယာ ၄၊
မဂ် ၂ဝ၊ ဖိုလ် ၂၀၊
ပေါင်း ၁၂၁။

ပဋိလုံအားဖြင့် --
ဖိုလ် ၂ဝ၊ မဂ် ၂ဝ၊
အရူပကြိယာ ၄၊ အရူပဝိပါက် ၄၊ အရူပကုသိုလ် ၄၊
ရူပကြိယာ ၅၊ ရူပဝိပါက် ၅၊ ရူပကုသိုလ် ၅၊
မဟာကြိယာ ၈၊ မဟာဝိပါက် ၈၊ မဟာကုသိုလ် ၈၊
အဟိတ်ကြိယာ ၃၊ အဟိတ်ကုသလဝိပါက် ၈၊ အကုသလဝိပါက် ၇၊
မောဟမူ ၂၊ ဒေါသမူ ၂၊ လောဘမူ ၈၊
ပေါင်း ၁၂၁။

ဝေဒနာအားဖြင့် --
သောမနဿ ၆၂၊ ဥပေက္ခာ ၅၅၊ ဒေါမနဿ ၂၊ ဒုက္ခ ၁၊ သုခ ၁၊ ပေါင်း ၁၂၁။
သမ္ပယုတ်အားဖြင့် --
သမ္ပယုတ် ၈၇၊ ဝိပ္ပယုတ် ၁၆၊ ဝိမုတ် ၁၈၊ ပေါင်း ၁၂၁။
(သမ္ပယုတ်၌ ဉာဏသမ္ပယုတ် ၇၉- ဖြစ်သည်။)

သင်္ခါရအားဖြင့် --
အသင်္ခါရိက ၁၇၊ သသင်္ခါရိက ၈၄၊ ဝိမုတ် ၂ဝ၊ ပေါင်း ၁၂၁။
ဈာန်အားဖြင့် --
ပဌမဈာန် ၁၁၊ ဒုတီယဈာန် ၁၁၊ တတီယဈာန် ၁၁၊ စတုတ္ထဈာန် ၁၁၊ ပဉ္စမဈာန် ၂၃၊ ဈာန်စိတ် ၆၇။
ဈာန်မဟုတ်သော ကာမစိတ် ၅၄၊
ပေါင်း ၁၂၁။

သရုပ်ခွဲ၌မှတ်ဘွယ်

ထိုထိုကိစ္စ၌ တွန့်သောစိတ်ကို ထက်သန်အောင် ကိုယ်တိုင် တိုက်တွန်းခြင်း၊ သူတပါး တိုက်တွန်းခြင်းသည် ပုဗ္ဗပယောဂ မည်၏။ ထို ပုဗ္ဗပယောဂကြောင့်ဖြစ်သော ထက်သန်ခြင်းဂုဏ်သည် သင်္ခါရမည်၏။

မိမိဖြစ်စေ, သူတပါးဖြစ်စေ တိုက်တွန်းမှ ထက်သန်သော စိတ်နုံ့သည် သသင်္ခါရိက မည်၏၊ ကြိမ်ဝင့်မှ ပန်းဆွတ်သည်နှင့်တူ၏။ အလိုလို ထက်သန်စွာ ဖြစ်လာသော စိတ်သန်သည် တိုက်တွန်းသော်လည်း အသင်္ခါရိကသာမည်၏၊ ကြိမ်မဝင့်ဘဲ ပန်းဆွတ်သည်နှင့်တူ၏၊

မောဟမူဒွေသည် မောဟဟိတ် တခုတည်းဖြင့် အမြဲပြင်းစွာ တွေဝေ၏၊ တပ်ခြင်းမရှိ၊ ပြစ်မှားခြင်းမရှိ၊ လောဘ၊ ဒေါသမတွဲဘဲ အမြဲတွေဝေ၏။ တိုက်တွန်းလည်းမထက်၊ အလိုလိုလည်း မထက်။ ထို့ကြောင့် သင်္ခါရဝိမုတ် ဖြစ်၏။

အဟိတ်စိတ် ၁၈-ခုသည် ဟိတ်တည်းဟူသော အမြစ်မူလ မရှိ၊ မောဟမူအောက် အားသေး၏။ ထိုကြောင့် သမ္ပယုတ် ဝိပ္ပယုတ် အဖြစ်ဖြင့်လည်း မရေတွက်ကုန်။ သင်္ခါရအားဖြင့်လည်း မရေတွက်ကုန်။

ရူပစိတ်၊ အရူပစိတ်၊ လောကုတ္တရာစိတ်တို့သည် တိဟိတ်ပဋိသန္ဓေ ဉာဏ်ရှိသူ အားသာဖြစ်ကုန်၏။ ကြီးစွာသောဉာဏ်ဖြင့် အားထုတ်မှဖြစ်ကုန်၏။ ထိုကြောင့် ဉာဏသမ္ပယုတ်ဧကန်။ ကြီးစွာသော လုံ့လဖြင့် ထက်သန်အောင် အားထုတ်မှ ဖြစ်ကုန်၏။ ထိုကြောင့် သသင်္ခါရိက။

ဆရာအချို့ကား - အသင်္ခါရိကလည်း ဖြစ်သင့်ပုံကို အထူးမိန့်ဆိုကုန်၏။

ရူပစိတ်၌ သုခသည် သုခသဟဂုတ် ကာယဝိညာဏ်ကဲ့သို့ ကာယိကသုခ မဟုတ်၊ စေတသိက သုခဖြစ်၏။ စေတသိကသုခသည် သောမနဿပင်တည်း။

အရူပစိတ်၌ ဈာန်အင်္ဂါ မဆိုသော်လည်း ဥပေက္ခာ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါ နှစ်ပါးနှင့်သာ တကွဖြစ်၏။ ထိုကြောင့် ပဉ္စမဈာန်စိတ်တို့သာတည်း၊

လောကုတ္တရာ စိတ်ရှစ်ခုသည် ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာ တည်းဟူသော ဈာန်အင်္ဂါငါးပါးရှိ၏။ ထိုကြောင့် သောမနဿတို့သာတည်း။ ဘယ်ဈာန်မဆို ဝိတက်, ဝိစာရ, ပီတိ ရှိလျှင် ဥပေက္ခာမရှိ။ ဘယ်စိတ်မဆို ပီတိရှိလျှင် ဥပေက္ခာမရှိ၊ ကိန်းသေတည်း။

မဂ်စိတ်သည် ပါဒကဈာန်နှင့် သော်လည်း ဈာန်အင်္ဂါတူ၏။ သမ္မသိတ ဈာန်နှင့်သော် လည်းတူ၏။ ပုဂ္ဂလဇ္ဈာသယဈာန်နှင့် သော်လည်းတူ၏။ ထိုကြောင့် ဈာန်အလား ငါးပါးစီ ပြားသည်။ မဂ်ကြောင့် ဖိုလ်စိတ်လည်း ငါးပါးစီ ပြားသည်။

လောကီကုသိုလ်သည် အကြိမ်ကြိမ် ဖြစ်လေ့ရှိ၏။ ရဟန္တာအားလည်း ဖြစ်သည်။ ရဟန္တာအား ဖြစ်သောအခါ ဖြစ်ရုံမျှသာ ဖြစ်၍ ကြိယာ အမည်ရသည်။ အကျိုး ဝိပါက်ကို မဖြစ်စေနိုင်သောကြောင့် ကုသိုလ်အမည်မရ။ ထိုလောကီ ကုသိုလ်သည် တဒင်္ဂ၊ ဝိက္ခမ္ဘနု-ပဟာန်ဖြင့် ကိလေသာကို ဖယ်ခြင်း တွန်းခြင်းဖြင့် အကြိမ်ကြိမ် ဖြစ်သည်။ တကြိမ်တည်းအပြီး မပယ်နိုင်။

လောကုတ္တရာ ကုသိုလ်သည်ကား သမုစ္ဆေဒ-ပဟာန်ဖြင့် တကြိမ်တည်း ကိလေသာကို ကိစ္စပြီး ပယ်သည် သတ်သည်။ ကိစ္စပြီးသောကြောင့် နောက်ထပ် ဘယ်သူအားမျှ မဖြစ်။ ထိုကြောင့် ကြိယာမည်စရာ လောကုတ္တရာ မရှိ။

သဘောမှတ်ဘွယ်

မြတ်စွာဘုရား ဟောကြားသော ဓမ္မက္ခန္ဓာ ၈၄၀၀၀-သည် ဓမ္မ ဝိနယ အားဖြင့် နှစ်ပါးသာ ဖြစ်၏။ ထိုတွင်ဓမ္မသည် သုတ္တန် ဓမ္မ၊ အဘိဓမ္မ-နှစ်မျိုးပြား၏။ အဘိဓမ္မသည် သုတ္တန်ဓမ္မထက် လွန်သောဓမ္မ - ထူးသောဓမ္မဖြစ်၏။ “အဘိ-အတိရေကောဓမ္မော အဘိဓမ္မော” ထိုအဘိဓမ္မကို ဟောရာကျမ်းသည် အဘိဓမ္မာခုနစ် ကျမ်းမည်၏။ `

ဝိနယနှင့် အဘိဓမ္မကို ယှဉ်တွဲ၍မပြအပ်။

ခုနစ်ကျမ်းတို့တွင် --
ဓမ္မသင်္ဂဏီကျမ်း၌ ရှေးဦးစွာ ကုသလာဓမ္မာ, အကုသလာဓမ္မာ စသည်ဖြင့် မာတိကာထား၍ စိတ်ကဏ္ဍ၊ ရုပ်ကဏ္ဍ စသော လေးကဏ္ဍဖြင့် ဝေဘန်သည်၊ ထိုမာတိကာသည် ခုနစ်ကျမ်းလုံး၏ မာတိကာဖြစ်သည်။
ဝိဘင်းကျမ်း၌ ခန္ဓဝိဘင်း, အာယတနဝိဘင်း စသော၁၈-ဝိဘင်းဖြင့် ဝေဘန်သည်။
ဓာတုကထာကျမ်း၌ ခန္ဓာ အာယတန ဓာတ်တို့ဖြင့် ရေတွက်ခြင်း၊ မရေတွက်ခြင်း စသော ၁၄- နယဖြင့် ဝေဘန်သည်။
ပုဂ္ဂလပညပ်ကျမ်း၌ ခန္ဓပညပ် အာယတနပညပ် စသော ပညပ် ၆-ပါးဖြင့် ဝေဘန်သည်။
ကထာဝတ္ထုကျမ်း၌ သကဝါဒသုတ်ငါးရာ, ပရဝါဒသုတ်ငါးရာ ဟု သုတ် တထောင် ပေါင်း၍ ဝေဘန်သည်။
ယမိုက်ကျမ်း၌ မူလယမိုက်, ခန္ဓယမိုက် စသော ယမိုက်ဆယ်ကျမ်းဖြင့် ဝေဘန်သည်။
ပဋ္ဌာန်းကျမ်း၌ ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော စသော ၂၄ ပစ္စည်းဖြင့် ဝေဘန်သည်။ တိကပဋ္ဌာန်းကျမ်း၊ ဒုကပဋ္ဌာန်းကျမ်း၊ စသည်ဖြင့် နယလေးခု၌ ခြောက်ကျမ်းစီဖြစ်၍ ပဋိဌာန်း ၂၄ ကျမ်း ဖြစ်သည်။

ပရမ-မဖောက်ပြန်သော၊ အတ္ထ-အနက်။ မဖောက်ပြန်သော အနက်သဘောသည် ပရမတ္ထမည်၏။
တနည်း။
ပရမ-မြတ်သော ဉာဏ်၏၊ အတ္ထ-အာရုံ။ မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံသည် ပရမတ္ထမည်၏။ အမည်ပညပ်မှ အသီးအခြား ထုတ်နုတ်၍ ယူအပ်သော သဘောတရား ရ၏။
အာရုံကိုသိခြင်းသည် စိတ်မည်၏။
စိတ်၌အမြဲယှဉ်ခြင်းသည် စေတသိက်မည်၏။
အဧအပူ စသည်ကြောင့် ဖောက်ပြန် ပျက်စီးခြင်းသည်၊ ဝါ-ရှေးနှင့်မတူခြင်းသည် ရုပ် မည်၏။
တဏှာမှလွတ်ခြင်းသည် ဝါ၊ ဒုက္ခခပ်သိမ်း ငြိမ်ခြင်းသည် နိဗ္ဗာန်မည်၏။
အာရုံကိုသိခြင်း ဟု ဆိုသော်လည်း ကိုယ်တိုင် သိတတ်သော စိတ်ဟူ၍၎င်း၊ သမ္ပယုတ်တရားတို့ကို သိစေတတ်သော၊ ဝါ-သိကြောင်းဖြစ်သော စိတ်ဟူ၍၎င်း “ကတ္တာကရိုဏ်း”တင်စားအပ်သေး၏။

ကာမ ၁၁-ဘုံ၌ဖြစ်ခြင်း များသောစိတ်သည် ကာမာဝစရစိတ် မည်၏၊
ရူပ ၁၅-ဘုံ၌ ဖြစ်ခြင်းများသောစိတ်သည် ရူပါဝစရစိတ် မည်၏၊
အရူပ ၄- ဘုံ၌ဖြစ်ခြင်းများသောစိတ်သည် အရူပါဝစရစိတ် မည်၏၊
လောကမှလွတ်ဆဲ၊ လွတ်ပြီးဖြစ်သောစိတ်သည် လောကုတ္တရာစိတ် မည်၏။
ဥပါဒါန်လေးပါး၏ အာရုံဖြစ်သော လောကီခန္ဓာငါးပါးသည် ဤ၌လောကမည်၏။ အသညသတ်တဘုံ၌စိတ်မဖြစ်။

စိတ်ချမ်းသာခြင်းနှင့် တကွဖြစ်သော စိတ်သည် သောမနဿသဟဂုတ် မည်၏။
စိတ်ဆင်းရဲခြင်းနှင့်တကွ ဖြစ်သောစိတ်သည် ဒေါမနဿသဟဂုတ် မည်၏။
ကိုယ်ချမ်းသာခြင်းနှင့် တကွဖြစ်သော စိတ်သည် သုခသဟဂုတ် မည်၏။
ကိုယ်ဆင်းရဲခြင်းနှင့်တကွဖြစ်သော စိတ်သည် ဒုက္ခသဟဂုတ် မည်၏။
လျှစ်လျူရှုခြင်းနှင့် တကွဖြစ်သောစိတ်သည် ဥပေက္ခာသဟဂုတ် မည်၏။
ဝေဒနာစေတသိက်ကို ငါးမျိုးခွဲ၍ ဝေဘန်သည်။

အမြင်မှားခြင်းနှင့် ယှဉ်သောစိတ်သည် ဒိဋ္ဌိဂတသမ္ပယုတ် မည်၏။
အမြင်မှားခြင်းနှင့် မယှဉ်သောစိတ်သည် ဒိဋ္ဌိဂတဝိပ္ပယုတ် မည်၏။
အမျက်ထွက်ခြင်းနှင့် ယှဉ်သော စိတ်သည် ပဋိဃသံမ္ပယုတ် မည်၏။
သို့လော သို့လောဟု မဆုံးဖြတ်နိုင်ခြင်းနှင့် ယှဉ်သောစိတ်သည် ဝိစိကိစ္ဆာသမ္ပယုတ် မည်၏။
ပျံ့လွှင့်ခြင်းနှင့်ယှဉ်သော စိတ်သည်ဥဒ္ဓစ္စသမ္ပယုတ် မည်၏။
ဉာဏ်နှင့် ယှဉ်သော စိတ်သည် ဉာဏသမ္ပယုတ် မည်၏။
ဉာဏ်နှင့် မယှဉ်သောစိတ်သည် ဉာဏဝိပ္ပယုတ် မည်၏။
ဉာဏ်, ဥဒ်, ဝိစိ၊ ဒေါ, ဒိဋ္ဌိ-ငါးရှိ သမ္ပယုတ်။

တိုက်တွန်းမှ ထက်သန်သောစိတ်သည် သသင်္ခါရိက မည်၏။
တိုက်တွန်းသော်၎င်း, မတိုက်တွန်းသော်၎င်း အလိုလို ထက်သန်သောစိတ်သည် အသင်္ခါရိက မည်၏။
ထက်သန်ခြင်း ကင်းလျှက် ဖြစ်သောစိတ်သည် သင်္ခါရဝိမုတ် မည်၏။
သဘာဝဖြင့်၎င်း ပရိကပ္ပဖြင့်၎င်း ဣဋ္ဌာရုံဖြစ်ခြင်း၊
သောမနဿစိတ်ဖြင့် ပဋိသန္ဓေနေသူဖြစ်ခြင်း၊
ပေါ်လွင်သော ပင်ကိုယ်သဘော ရှိခြင်း၊
ဤကား - သောမနဿ ဖြစ်ကြောင်းတည်း။
သဘာဝဖြင့်၎င်း၊ ပရိကပ္ပဖြင့်၎င်း ဣဋ္ဌမဇ္ဈတ္တာရုံ ဖြစ်ခြင်း၊
ဥပေက္ခာစိတ်ဖြင့် ပဋိသန္ဓေနေသူဖြစ်ခြင်း၊
မပေါ်လွင်သော ပင်ကိုယ်သဘောရှိခြင်း၊
ဤကား ဥပေက္ခာ ဖြစ်ကြောင်းတည်း။
သဘာဝဖြင့်၎င်း ပရိကပ္ပဖြင့်၎င်း အနိဋ္ဌာရုံဖြစ်ခြင်း၊
အကျိုးမဲ့ ပြုဘူးပြီ၊ ပြုဆဲ၊ ပြုလတ္တံ့ စသော အာဃာတဝတ္ထု ကိုးပါးဖြစ်ခြင်း၊
ဤကား ဒေါမနဿ ဖြစ်ကြောင်းတည်း။
အယူပျက်သူနှင့်ပေါင်းသင်းခြင်း၊
သဿတ ဥစ္ဆေဒ စသော ဝါဒရှိသူဖြစ်ခြင်း၊
ဤကား ဒိဋ္ဌိဖြစ်ကြောင်းတည်း။
သင့်သောဥတု, ဘောဇဉ်, ပုဂ္ဂိုလ်, အာဝါသ မှီဝဲရခြင်း၊
ကိုယ်ခန့်ကျန်းခြင်း၊
စသည်သည် အသင်္ခါရိကဖြစ်ကြောင်းတည်း။
မလိမ္မာအောင်ပြုသောစိတ်သည် အကုသိုလ်မည်၏။
အကုသိုလ်ကိုဖျက်ဆီးတတ်သောစိတ်သည် ကုသိုလ် မည်၏။
ကုသိုလ်အကုသိုလ် တို့၏အကျိုးဖြစ်သောစိတ်သည် ဝိပါက် မည်၏။
ပြုရုံမျှသာဖြစ်၍အကျိုး မဖြစ်စေသော စိတ်သည်ကြိယာမည်၏။
လောဘစသော ဟိတ်မရှိသောစိတ်သည် အဟိတ်မည်၏။ ဟိတ်ရှိသောစိတ်သည် သဟိတ်၊ အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ လွတ်သော စိတ်သည် တင့်တယ်သော ဟိတ်ရှိသောကြောင့် သောဘဏ မည်၏။ အကုသိုလ်စိတ် အဟိတ်စိတ်သည် တင့်တယ်သော ဟိတ်မရှိသောကြောင့် အသောဘဏ မည်၏။ အလောဘ အဒေါသ၊ အမောဟ သုံးပါးသည် တင့်တယ်သောဟိတ် မည်၏။

မျက်စိ၌မှီလျှက် သိသောစိတ်သည် စက္ခုဝိညာဏ် မည်၏။
နား, နှာ, လျှာ, ကိုယ်၌ မှီလျက်သိသောစိတ်သည် သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်စိတ် မည်၏။
ငါးဒွါရ၌ ထင်သော အာရုံငါးပါးကိုလက်ခံသောစိတ်သည်သမ္ပဋိစ္ဆိုင်း မည်၏။
လက်ခံပြီးသောအာရုံကို စုံစမ်းသောစိတ်သည် သန္တီရဏ မည်၏။
ငါးဒွါရ ၌ ထင်သောအာရုံငါးပါးကို နှလုံးသွင်းသော စိတ်သည် ပဉ္စဒွါရာဝဇ္ဇန်း မည်၏။ မနောဒွါရ၌ထင်သော အာရုံခြောက်ပါးကို နှလုံးသွင်းသော စိတ်သည် မနောဒွါရာဝဇ္ဇန်း မည်၏။ ဘုရား ရဟန္တာတို့၏ သန္တာန်၌ ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သော စိတ်သည် ဟသိတုပ္ပါဒ် မည်၏။

သူမြတ်သည် သိတ - မျက်စိပွင့်ရုံ၊ ဟသိတ - သွားပေါ်ရုံ ရယ်သည်။
သူလတ်သည် ဝိဟသိတ - အသံညှင်းညှင်းထွက်ရုံ။ ဥပဟသိတ - ဦးခေါင်း ပခုံး လှုပ်ရုံ ရယ်သည်။
သူယုတ်သည် အပဟသိတ - မျက်ရည်ထွက်အောင်၊ အတိဟသိတ - ကိုယ်ပစ်လွှဲ၍ ကျယ်လောင်စွာရယ်သည်။
ရယ်ခြင်း ၆-မျိုး။
သိတနှင့်၊ ဟ(၂)၊ ဝိ၊ ဥပ (၂)။ အပ၊ အတိ(၂) ခြောက်၊
မျက်၊ သွား-နှစ်လီ (၂)။ သံ၊ ဦးလည် (၂)။ မျက်ရည်၊ ပစ်လွှဲ (၂) ခြောက်။

ရူပစိတ်, အရူပစိတ်သည်ကြီးသော အာနုဘော် ရှိသောကြောင့် မဟဂ္ဂုတ် မည်၏။ မဟဂ္ဂုတ်စိတ်၊ လောကုတ္တရာစိတ်သည် အပ္ပနာစွမ်းဖြင့်ဖြစ်၏။ ဝါ၊ အပ္ပနာမည်သော ဝိတက်စွမ်းဖြင့် ဖြစ်၏၊ ထိုကြောင့် အပ္ပနာမည်၏။

အဆုံးမရှိသော ကောင်းကင်ပညပ်ကို အာရုံပြုသော စိတ်သည် အာကာသာ နဉ္စာယတနစိတ် မည်၏။ အဆုံးမရှိသော အာကာသာ နဉ္စာယတနဈာန်စိတ်ကို အာရုံပြုသောစိတ်သည် ဝိညာဏဉ္စာယတနစိတ်၊ အာကာသာနဉ္စာယတနဈာန်၏ စိုးစဉ်းမျှ အကြွင်းမရှိသော နတ္ထိဘောပညပ်ကို အာရုံပြုသော စိတ်သည် အာကိဉ္စညာ ယတနစိတ်၊ ရုန့်ရင်းသော သညာမရှိ သိမ်မွေ့သော သညာမျှ ရှိသောစိတ် အာယတန၊ စေတသိက် အာယတန၌ ပါဝင်သော စိတ်သည် နေဝသညာနာသညာ ယတနစိတ်မည်၏။ ဤ နေဝသညာ နာသညာယတန ဈာန်စိတ်သည် နတ္ထိဘော ပညပ်ကို အာရုံပြုသော အာကိဉ္စညာယတနကိုပင် အာရုံပြုသည်၊ ထို့ကြောင့် လွန်စွာသိမ်မွေ့သည်။ သိမ်မွေ့လွန်းသောကြောင့် အနိစ္စ, ဒုက္ခ, အနတ္တ ဟူ၍ ဝိပဿနာဉာဏ်ဖြင့်ပင် ရှု၍မရကောင်း။

ရူပစိတ်သည် အာရုံကိုမလွန်၊ အင်္ဂါကိုလွန်သည်။
(အောက်ဈာန် အထက်ဈာန် အာရုံတူသည်။ အင်္ဂါမတူ ဟူလို။)
အင်္ဂါလွန်ပုံကား --
ပဌမဈာန်၌ အင်္ဂါငါးပါးရှိသည်၊
ဒုတီယဈာန်၌ လေးပါး ရှိသည်၊ ဝိတက်ကို လွန်ခဲ့ပြီ။
တတီယဈာန်၌သုံးပါးရှိသည်၊ ဝိစာရကို လွန်ခဲ့ပြီ၊
စတုက္ကဈာန်၌နှစ်ပါးရှိသည်၊ ပီတိကို လွန်ခဲ့ပြီ၊
ပဉ္စမဈာန်၌ အင်္ဂါနှစ်ပါးရှိသည်၊ သုခကို လွန်ခဲ့ပြီ။

အရူပစိတ်သည် အင်္ဂါမလွန်၊ အာရုံလွန်သည်။

(အောက် အထက်အားလုံး ဥပေက္ခာ၊ ဧကဂ္ဂတာ - အင်္ဂါချင်း တူသည်။ အာရုံချင်း မတူ ဟူလို။)
အာရုံလွန်ပုံကား -
အာကာသာနဉ္စာယတနဈာန်သည် ကသိုဏ်း ပညပ်အာရုံကို လွန်ခဲ့၍ ကသိုဏ်းကို ခွါ၍ရသော ကောင်းကင်ပညပ်ကို အာရုံပြုသည်။
ဝိညာဏဉ္စာယတနဈာန်သည် ကောင်းကင်ပညပ်ကို လွန်ခဲ့၍ အာကာသာ- နဉ္စာယတန ဈာန်ကို အာရုံပြုသည်။
အာကိဉ္စညာယတနဈာန်သည် အာကာသာနဉ္စာယတနဈာန်ကို လွန်ခဲ့၍ နတ္ထိဘော ပညပ်ကို အာရုံပြုသည်။
နေဝသညာနာသညာယတနဈာန်သည် နတ္ထိဘောပညပ်ကို လွန်ခဲ့၍ အာကိဉ္စညာ- ယတနဈာန်ကို အာရုံပြုသည်။

မဂ္ဂင်ရှစ်ပါးသည် သောတမည်၏။ နိဗ္ဗာန်တံခါးဝမည်၏၊
သောတသို့ ရှေးဦးစွာရောက်သော မဂ်နှင့်ယှဉ်သော စိတ်သည် သောတာပတ္တိ မဂ်စိတ်မည်၏။
လူ့ပြည်သို့ ပဋိသန္ဓေတကြိမ် လည်စေသော မဂ်စိတ်သည် သကဒါဂါမိမဂ်စိတ် မည်၏။
ကာမဘုံသို့ ပဋိသန္ဓေမလည်စေသော မဂ်စိတ်သည် အနာဂါမိမဂ်စိတ် မည်၏။
ရဟန္တာ၏ ဖြစ်ကြောင်း ဖိုလ်သို့ ရောက်စေသော မဂ်စိတ်သည် အရဟတ္တမဂ်စိတ် မည်၏။
ထိုထိုမဂ်စိတ်၏ အသီးအသီး အကျိုးဖြစ်သော စိတ်သည် ထိုထိုဖိုလ်စိတ်မည်၏။

ပါဒကဈာန် စသည်မှတ်ဘွယ်

မဟဂ္ဂုတ်ဈာန် ကိုးခုတို့တွင် တခုခုကိုဝင်စား၍ (ဝါ၊ အခြေပြု၍) ထိုဈာန်မှ ထပြီးလျှင် ထိုထိုသင်္ခါရတို့ကို (ဝိပဿနာ) သုံးသပ်၍ မဂ်ရသည်ဖြစ်အံ့၊ ဝင်စားအပ်သော ဈာန်သည် ပါဒကဈာန် မည်၏။ ထိုမဂ်သည်ပါဒကနှင့် ဈာန်အင်္ဂါတူ၏။
(ပါဒက ၅- ဈာန်၌ မဂ်လေးခုစီရသောကြောင့် မဂ် ၂ဝ-ဖြစ်၏။)
ဈာန်တခုခုကို သုံးသပ်၍ မဂ်ရသည်ဖြစ်အံ့၊ သုံးသပ်အပ်သော ဈာန်သည် သမ္မသိတဈာန် မည်၏။ ထိုမဂ်သည် သမ္မသိတနှင့်တူ၏။
(သမ္မသိတစွမ်းဖြင့်လည်း မဂ် ၂ဝ-ဖြစ်၏)။
ပဌမဈာန်နှင့်တူစွာ အင်္ဂါငါးပါးရှိသောမဂ်သည် ငါ့အားဖြစ်မူ ကောင်းလေစွ၊ သို့မဟုတ် ဒုတီယဈာန်စသည်နှင့်တူစွာ အင်္ဂါလေးပါး သုံးပါး နှစ်ပါး နှစ်ပါးရှိသော မဂ်သည် ငါ့အားဖြစ်မှု ကောင်းလေစွ။ ဤသို့ဖြစ်သော အလိုဆန္ဒသည် ပုဂ္ဂလဇ္ဈာသယမည်၏၊ ထိုပုဂ္ဂလဇ္ဈာသယဖြင့် ကျန်တခုခုဝင်စား၍ ဈာန်တခုခု သုံးသပ်၍ မဂ်ရသည်ဖြစ်အံ့၊ ထိုမဂ်သည် ပုဂ္ဂလဇ္ဈာသယဈာန်နှင့်တူ၏
(ဤ၌လည်း မဂ် ၂ဝ-ဖြစ်၏)။
ပုဂ္ဂလဇ္ဈာသယမရှိဘဲ ဈာန်တခုခုဝင်စား၍ ဈာန်တခုခုသုံးသင်၍ မဂ်ရသည်ဖြစ်အံ့၊ ထိုမဂ်သည် ဝင်စားသောဈာန်, သုံးသပ်သော ဈာန် နှစ်ခုတို့တွင် အထက်ကျသော ဈာန်နှင့်တူ၏။ အောက်ဈာန်ထက် အထက်ဈာန် အားရှိသောကြောင့်တည်း။ ဤသို့ ပါဒကစွမ်း စသည်ဖြင့် လောကုတ္တရာစိတ် ၄၀-ဖြစ်သည်။
မဂ်သည် ထိုထိုကိလေသာမှ၎င်း၊ ထိုထိုဘဝမှ၎င်း ထနိုင်သောကြောင့် ဝုဋ္ဌာန မည်၏။
၁။ ကိလေသာအားဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာမှ တကြိမ်၊
၂။ ရုန့်ရင်းသော ကာမရာဂ, ဒေါသမှ တကြိမ်၊
၃။ နုသော ကာမရာဂ, ဒေါသမှ တကြိမ်၊
၄။ ရူပရာဂစသော ကြွင်းကိလေသာတို့မှ တကြိမ်၊
ဤသို့လေးကြိမ် ထသည်၊
ဘဝအားဖြင့် ပဌမမဂ်သည် သုဂတိခုနစ်ဘဝချန်၍ ဘဝအားလုံးမှထသည်။
တနည်း၊
မဂ်လေးခု လုံးစဉ်တိုင်း --
၁။ အပါယ်ဘုံမှ တကြိမ်၊
၂။ ကာမဘုံတစိတ်မှ တကြိမ်၊
၃။ ကာမဘုံအကုန်မှတကြိမ်၊
၄။ ရူပအရူပဘုံမှတကြိမ်၊
၎င်းအစဉ်အတိုင်း လေးကြိမ် ထသည်၊
ဤသို့ထသောကြောင့် ဝုဋ္ဌာနမည်၏။
မဂ်၏ရှေ့ ပရိကံ, ဥပစာ၊ အနုလုံ, ဂေါတြဘူသည် ဘဝင် မခြားဘဲ မဂ်ဋ္ဌာနသို့ ရောက်သောကြောင့် ဝုဋ္ဌာနဂါမိနိဝိပဿန မည်၏၊ မဟာကုသိုလ်သမ္ပယုတ်ဇော လေးခု တခုခုဖြစ်၏၊ သောမနဿနှစ်ခု၊ ဥပေက္ခာနှစ်ခု၊ ထိုတွင် သောမနဿ-ကာမဇောနောင် သောမနဿမဂ်အောက် ဈာန်လေးခု ကျသည်၊ ဥပေက္ခာ ကာမဇောနောင် မဂ်ပဉ္စမဈာန်တခုကျသည်၊ ဘုံမတူသော်လည်း ဇာတ်တူ၊ ဝေဒနာတူ အာသေဝန ထုံခြင်းဖြင့် ကျေးဇူးပြုသည်။

သုက္ခဝိပဿက ပုဂ္ဂိုလ်၏မဂ်သည် ဈာန်နှင့်မစပ်၊ ဈာန်ရသော်လည်း ဈာန်ကိုမဝင်စား မသုံးသပ်ဘဲ ပကိဏ္ဏက သင်္ခါရတို့ကို သုံးသပ်၍ရသော မဂ်သည်လည်း ဈာန်နှင့်မစပ်၊ ထိုမဂ်တို့ကား ဝိပဿနာနိယမအားဖြင့် အင်္ဂါငါးပါးရှိသော မဂ်တို့သာ၊ ပဌမဈာန် မဂ်နှင့်တူသော မဂ်တို့သာဖြစ်ကုန်၏၊
ဤနည်းစွမ်းဖြင့် လောကုတ္တရာစိတ်သည် ရှစ်ခုသာဖြစ်သည်၊
ပဌမဈာန်နှင့် တူစွာ သောမနဿသာဖြစ်သည်၊ ဥပေက္ခာမဖြစ်။

စိတ်ပိုင်းအရသာပြီး၏။

စေတသိက်ပိုင်း

လက္ခဏာ ၄-ပါး

၁။ စိတ်နှင့်အတူဖြစ်ခြင်း၊
၂။ စိတ်နှင့်အတူ ချုပ်ခြင်း၊
၃။ စိတ်နှင့်အာရုံတူခြင်း၊
၄။ စိတ်နှင့်မှီရာတူခြင်း၊
ဤလေးပါးသည် စေတသိက်၏ လက္ခဏာ မည်၏။ ဤလက္ခဏာ လေးပါးရှိ၍ စိတ်နှင့် အမြဲယှဉ်သော သဘောတရားသည် စေတသိက် မည်၏။ ၅၂-ပါးရှိ၏။

အညသမာန်း၁၃

ထိုစေတသိက်တို့ကား - ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြိယ, မနသိကာရ ဤကား သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနှစ်ခုတည်း။
ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယ, ပီတိ, ဆန္ဒ - ဤကား ပကိဏ်း စေတသိက် ခြောက်ခုတည်း။
ဤ ၁၃-ခုသည် အညသမာန်း စေတသိက်မည်၏။

အကုသိုလ် ၁၄

မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ, လောဘ, ဒိဋ္ဌိ, မာန, ဒေါသ, ဣသာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ, ဝိစိကိစ္ဆာ, ဤကား အကုသိုလ် စေတသိက် ၁၄-ခုတည်း။

သောဘဏ ၂၅

သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမ္မညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာ - ဤကား သောဘဏသာဓာရဏ စေတသိက် ၁၉-ခုတည်း။
သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ - ဤကား ဝိရတိစေတသိက် သုံးခုတည်း။
ကရုဏာ, မုဒိတာ-နှစ်ပါးသည် အပ္ပမညာ စေတသိက် မည်၏၊
ဤစေတသိက်တို့သည် ပညိန္ဒြေနှင့်တကွ သောဘဏ စေတသိက် ၂၅-ခုဖြစ်၏။

အညသမာန်းရာသိ ၁၃။
အကုသလရာသိ ၁၄။
သောဘဏရာသိ ၂၅။
ဤသို့ စေတသိက် ၅၂-ပါးဖြစ်၏။

သမ္ပယောဂနည်း ၁၆

စေတသိက်တို့၏ ယှဉ်ရာစိတ်တို့ကို ရေတွက်၍ ပြသောနည်းသည် သမ္ပယောဂနည်း မည်၏။
ဤစေတသိက်သည် ဤစိတ်၏စိတ်တို့၌ ယှဉ်သည်ဟု စိတ်တို့ကိုရေတွက်သည်။

စေတသိက်တို့၏ သမ္ပယောဂနည်း အသီးသီးတို့ကား --
ခုနှစ်ပါးသည် စိတ်အားလုံး၌ ၁-နည်း။
ခြောက်ပါးသည် သင့်သလို ပြွမ်း၍ ၆-နည်း။
တဆဲ့လေးပါးသည်အကုသိုလ်စိတ်၌ ၅-နည်း။
၂၅-ပါးသည် သောဘဏစိတ်၌ ၄-နည်း။
ပေါင်း ၁၆-နည်း။

သဗ္ဗစိတ္တ ၁-နည်း

၁-နည်း ဟူသည်ကား ဖဿသည် စိတ်တခုယုတ် ကိုးဆယ်၊ အကျယ် ၁၂၁-ပါး၌ ယှဉ်သည်။ ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရ လည်း ထိုအတူတည်း။ မယှဉ်သော စိတ်မရှိ။
အားလုံး တနည်းတည်း တူသောကြောင့် တနည်းဟုဆိုသည်။

ပကိဏ်း၆-နည်း

ခြောက်နည်းကား၊ ပကိဏ်းတို့တွင် -

ဝိတက်သည် ဒွေပဉ္စ ဝိညာဏ်တဆယ်ကြဉ်သော ကာမစိတ် ၄၄။ ပဌမဈာန် ဧကာဒသအားဖြင့် ၅၅-ပါးသော စိတ်တို့၌ယှဉ်သည်။
(ထိုကြောင့် ၅၅-ယှဉ်သည်၊ ၆၆-မယှဉ်၊ ပေါင်း ၁၂၁။
၅၅ ယှဉ်သည်၊ ၃၄-မယှဉ်ပေါင်း ၈၉၊ မြင်အောင် ကောက်ရမည်။)
ဝိစာရသည် ဝိတက်ယှဉ်သောစိတ် ၅၅-၊ ဒုတီယဈာန်ဧကာဒသ အားဖြင့် ၆၆-ပါး သောစိတ်တို့၌ ယှဉ်သည်။
(ထိုကြောင့် အကျယ် ၆၆-ယှဉ်သည် ၊ ၅၅ - မယှဉ်၊ ပေါင်း ၁၂၁။
အကျဉ်း ၅၈၊၊ ၃၁-ပေါင်း ၈၉။ မြင်အောင်ကောက်)
အဓိမောက္ခသည် ဒွေပဉ္စဝိညာဏ်တဆယ်၊ ဝိစိကိစ္ဆာကြဉ်သော ၇၈-ပါးသောစိတ် တို့၌ယှဉ်သည်။
(၇၈+၁၁ - ပေါင်း ၈၉။ ၁၁၀+၁၁ - ပေါင်း ၁၂၁။)
ဝီရိယသည် ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်တဆယ်၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု ကြဉ်သော ၇၃-ပါးသော စိတ်တို့၌ ယှဉ်သည်။
(၇၃+၁၆ - ပေါင်း ၈၉။ ၁၀၅+၁၆ - ပေါင်း ၁၂၁။)
ပီတိသည် ဒေါသမူဒွေ၊ ဥပေက္ခာသဟဂုတ် ၅၅၊ ကာယဝိညာဏ်ဒွေ၊ စတုတ္ထဈာန် ဧကာဒသ (ဝါ- ဒေါ, ဥ, ကာ စတုတ် ၇၀) ကြဉ်သော ၅၁-ပါးသောစိတ်၌ ယှဉ်သည်၊
(၅၁+၇၀ - ပေါင်း ၁၂၁။ ၃၅+၅၄ - ပေါင်း ၈၉။)
ဆန္ဒသည် အဟိတ်စိတ် အဋ္ဌာရသ၊ မောဟမူဒွေကြဉ်သော ၆၉-ပါးသောစိတ် တို့၌ ယှဉ်သည်။
(၆၉+၂၀ - ပေါင်း ၈၉။ ၁ဝ၁+၂၀ - ပေါင်း ၁၂၁။)
ပကိဏ်း မယှဉ်စိတ်အစဉ်ကား ၆၆၊ ၅၅၊ ၁၁၊ ၁၆၊ ၇ဝ၊ ၂၀။
ပကိဏ်းအယှဉ် စိတ်အစဉ်ကား- ၅၅၊ ၆၆၊ ၇၀၊ ၇၃၊ ၅၁၊ ၆၉။
ဤသို့ခြောက်နည်း ဖြစ်၏။
(ကျဉ်းသုံး၊ ကျယ်သုံး - ရောသည်၊ သန့်နိုင်ရမည်။)

အကုသိုလ် ၅-နည်း

အကုသိုလ်တို့တွင် မောဟ, အဟိရက, အနောတ္တပ္ပ, ဥဒ္ဓစ္စ - ဤလေးခုသည် သဗ္ဗာကုသလ သာဓာရဏ မည်၏။ လေးခုလုံး အကုသိုလ်စိတ် ၁၂-ခု၌ ယှဉ်သည်။ (ကျဉ်း ၇၇- မယှဉ်၊ ကျယ် ၁ဝ၉-မယှဉ်။)
လောဘသည် လောဘမူစိတ ်ရှစ်ခု၌ယှဉ်သည်။
(၈၁-မယှဉ်၊ ၁၁၃-မယှဉ်။)
ဒိဋ္ဌိသည် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် လေးခု၌ ယှဉ်သည်။
မာနသည် ဒိဋ္ဌိဂတဝိပ္ပယုတ် စိတ်လေးခု၌ ယှဉ်သည်။
(၈၅-မယှဉ်၊ ၁၁၇-မယှဉ်။)
ဒေါသ ဣဿာ မစ္ဆရိယ, ကုက္ကုစ္စ - လေးခုသည် ဒေါသမူ၌ ယှဉ်သည်။
(၈၇-မယှဉ်၊ ၁၁၉ - မယှဉ်။)
ထိန မိဒ္ဓသည် သသင်္ခါရိကစိတ်ငါးခု၌ ယှဉ်သည်။
(ဂ၄-မယှဉ်၊ ၁၁၆-မယှဉ်။)
ဝိစိကိစ္ဆာသည် ဝိစိကိစ္ဆာစိတ်တခု၌ ယှဉ်သည်။
(၈၈ မယှဉ်၊ ၁၂ဝ-မယှဉ်။)
အကုသိုလ်စိတ် ၁၂-ခု၌ ၄။
လောဘမူရှစ်ခု၌ ၃။
ဒေါသမူဒွေ၌ ၄။
သသင်္ခါရိကငါးခု၌ ၂။
ဝိစိကိစ္ဆာ၌ ၁။
(ဤသို့၁၄-ခုသည် ၁၂-ခု၌ သမ္ပယောဂနည်း ငါးပါးဖြင့် ယှဉ်သည်။)
သင့်အောင် ကောက်နိုင်စေရမည်။

သောဘဏ ၄-နည်း

သောဘဏတို့တွင် သဒ္ဓါသည် သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ကာယလဟုတာ, စိတ္တလဟုတာ, ကာယမုဒုတာ, စိတ္တမုဒုတာ, ကာယကမ္မညတာ, စိတ္တကမညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇုကတာ, စိတ္တုဇုကတာဖြစ်သည်။ ဝါ၊ သောဘဏသာဓာရဏ ၁၉-သည် သောဘဏ စိတ်တခုယုတ်ခြောက်ဆယ်၊ အကျယ် ၉၁-ပါး၌ ယှဉ်သည်။ (၃၀-မယှဉ်။)
သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူသော ဝိရတိသုံးခုသည် လောကုတ္တရာ စိတ်နှစ်ခု၊ အကျယ် ၄၀-၌ အမြဲယှဉ်သည်။ တပေါင်းတည်းယှဉ်သည်။ မဟာကုသိုလ် စိတ်ရှစ်ခု၌ ရံခါယှဉ်သည်။ အသီးသီးယှဉ်သည်။ အသီးသီး ယှဉ်သောကြောင့် နာနာ၊ ရံခါယှဉ်သောကြောင့် ကဒါစိ (၁၆။ ၄၈-ယှဉ်သည်။ ၇၃-မယှဉ်။)
ကရုဏာ၊ မုဒိတာ-ဟူသော အပ္ပမညာဒွေသည် ပဉ္စမဈာန် ကြဉ်သော မဟဂ္ဂုတ်စိတ် ၁၂-ခု၊ မဟာကုသိုလ် ၈-ခု၊ မဟာကြိယ ၈-ခုအားဖြင့် ၂၈-ပါးသောစိတ်တို့၌ ရံခါ ယှဉ်သည်။ အသီးသီး ယှဉ်သည်။ နာနာ၊ ကဒါစိ။ (၆၁-မယှဉ်၊ ၉၃-မယှဉ်။)
ကေစိဆရာတို့ကား မဟာကုသိုလ်, မဟာကြိယာ- ဥပေက္ခာ ၈-ခုတို့၌ ကရုဏာ၊ မုဒိတာ-မယှဉ်-ဟု ဆိုကုန်၏။
ပညာသည် ဉာဏသမ္ပယုတ် ကာမစိတ် ၁၂-ခု၊ မဟဂ္ဂုတ် လောကုတ္တရာ ၃၅-ခု အားဖြင့် အကျဉ်း ၄၇။ အကျယ် ၇၉-တို့ ၌ယှဉ်သည်။ (၄၂-မယှဉ်။)
စိတ်တခုယုတ် ခြောက်ဆယ်၌ ၁၉။
တဆဲ့ခြောက်၌ ၃။
နှစ်ဆဲ့ ရှစ်ခု၌ ၂။
လေးဆဲ့ခုနစ်၌ ၁။
ဤသို့သောဘဏ၌ သမ္ပယောဂနည်း လေးပါးဖြင့် ယှဉ်သည်၊
သမ္ပယောဂနည်း ၁၆-ပါးပြီး၏။

အထူးမှတ်ဘွယ်

(အကုသိုလ်စိတ် ၁၂-ခု၌ အဓိမောက္ခ ၁၁၊ ပီတိ ၄၊ ဆန္ဒ ၁၀။
အဟိတ်စိတ် ၁၈-ခု၌ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ-၈။ ဝီရိယ ၂။ ပီတိ ၂။ ဆန္ဒ မရှိ။
ကာမသောဘဏစိတ် ၂၄-ခု၌ ပီတိ ၁၂။ ဝိရတိ ၈။ အပ္ပမညာ ၁၆၊ ပညာ ၁၂။
မဟဂ္ဂုတ်စိတ် ၂၇–ခု၌ ဝိတက် ၃။ ဝိစာရ ၆။ ပီတိ ၉။ အပ္ပမညာ ၁၂။ ဝီရတိ မရှိ။ လောကုတ္တရာစိတ် ၄၀-၌ ဝိတက် ၈။ ဝိစာရ ၁၆။ ပီတိ ၂၄။ အပ္ပမညာ မရှိ။)

အနိယတယောဂီ ၁၁

ဣဿာ မစ္ဆရိယ ကုက္ကုစ္စတို့သည် အသီးသီး ဖြစ်သောကြောင့် နာနာ၊ ရံခါ ဖြစ်သောကြောင့် ကဒါစိ၊ (၃)
ဝိရတိသုံးခုသည် မဟာကုသိုလ်၌ နာနာ၊ ကဒါစိ (၃)
ကရုဏာ၊ မုဒိတာသည် နာနာ၊ ကဒါစိ (၂)
မာနသည် ကဒါစိ (၁)
ထိန၊ မိဒ္ဓသည် တကွဖြစ်သောကြောင့် သဟ၊ ရံခါ ဖြစ်သောကြောင့် ကဒါစိ (၂)
တနည်း-
ထိန၊ မိဒ္ဓသည် ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စနှင့် ၎င်း၊ မာနနှင့်၎င်း၊ သဟ၊ ကဒါစိ
ဤ ၁၁-ခုသည် အနိယတယောဂီစေတသိက်မည်၏။
ကြွင်း ၄၁ ခုသည် နိယတ ယောဂီ စေတသိက်မည်၏။
(အနိယတ၌ အကုသိုလ် ၆။ သောဘဏ ၅ ပေါင်း ၁၁။
နိယတ၌ အညသမာန်း ၁၃။ အကုသိုလ် ၈၊ သောဘဏ ၂၀-ပေါင်း ၄၁၊)

သင်္ဂဟနည်း-၃၃

ထိုနိယတ အနိယတ စေတသိက်တို့ကို စိတ်၌ပေါင်းဆုံခြင်းကို ရေတွက်၍ ပြသော နည်းသည် သင်္ဂဟ နည်းမည်၏။
(ဤစိတ်၌ ဤစေတသိက် ဤစေတသိက်တို့ ပေါင်းဆုံကြသည်ဟု စေတသိက်တို့ကို ရေတွက်သည်။)
ထိုစေတသိက်တို့၏ သင်္ဂဟနည်း အသီးသီးကား --
လောကုတ္တရာ စိတ်၌ စေတသိက် ၃၆ ရသည် ၅ နည်း။
မဟဂ္ဂုတ် စိတ်၌ ၃၅ ရသည် ၅ နည်း။
ကာမသောဘဏစိတ်၌ ၃၀ ခုသည် ၁၂-နည်း။
အကုသိုလ်စိတ်၌ ၂ ခုသည် ၇-နည်း။
အဟိတ်စိတ်၌ ၁၂ ခုသည် ၄-နည်း။
ဤသို့အကျဉ်း ၅-နည်း အကျယ် ၃၃ နည်းဖြစ်၏။

လောကုတ္တရာ ၅-နည်း

လောကုတ္တရာစိတ်တို့တွင် ပဌမဈာန်စိတ်နှစ်ခု၌ အညသမာန်း ၁၃၊ အပ္ပမညာ ကြဉ်သော သောဘဏ ၂၃-အားဖြင့် ၃၆-ပါးသော စေတသိက်တို့သည် ပေါင်းဆုံခြင်း သို့ ရောက်ကုန်၏။
ထိုအတူ ဒုတီယဈာန်စိတ်ရှစ်ခု၌ ဝိတက်ကြဉ်၍ ၃၅၊
တတီယဈာန် စိတ်ရှစ်ခု၌ ဝိတက် ဝိစာရကြဉ်၍ ၃၄၊
စတုတ္ထဈာန် စိတ်ရှစ်ခု၌ ဝိတက် ဝိစာရ ပီတိကြဉ်၍ ၃၃၊
ပဉ္စမဈာန်စိတ်ရှစ်ခု၌ကား ဥပေက္ခာဝေဒနာပြောင်း၍ ထို၃၃။
ဤသို့လောကုတ္တရာ စိတ်၌သင်္ဂဟနည်းသည်-
၃၆၊ ၃၅၊ ၃၄၊ ၃၃၊ ၃၃ -အားဖြင့် ငါးနည်း ဖြစ်၏။

မဟဂ္ဂုတ် ၅-နည်း

မဟဂ္ဂုတ်စိတ်တို့တွင် ပဌမဈာန် စိတ်သုံးခု၌ အညသမာန်း ၁၃။ ဝိရတိကြဉ်သော သောဘဏ ၂၂ အားဖြင့် ၃၅-ပါးသော စေတသိက်တို့သည် ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။ ထိုတွင် ကရုဏာ, မုဒိတာတို့ကား နာနာ၊ ကဒါစိ ဖြစ်ကုန်၏။
(ထိုကြောင့်အမြဲ ၃၃။ ရံခါကရုဏာနှင့် ၃၄။ ရံခါမုဒိတာနှင့် ၃၄။ ဘယ်ခါမှ ၃၅ - မရှိ။ ဤနည်းဖြင့် အနိယတတို့ကို သတိပြု၍ ယှဉ်ရာ၏။)
ထိုအတူ ဒုတီယဈာန်စိတ် သုံးခု၌ ဝိတက်ကြဉ်၍ ၃၄။
တတီယဈာန် စိတ်သုံးခု၌ ဝိတက် ဝိစာရကြဉ်၍ ၃၃။
စတုတ္ထဈာန် စိတ်သုံးခု၌ ဝိတက်, ဝိစာရ, ပီတိကြဉ်၍ ၃၂။
ပဉ္စမဈာန်စိတ် တဆဲ့ငါးခု၌ ဝိတက်, ဝိစာရ, ပီတိ, အပ္ပမညာကြဉ်၍ ၃ဝ။
ဤသို့မဟဂ္ဂုတ်စိတ်၌ ၃၅၊ ၃၄၊ ၃၃၊ ၃၂၊ ၃၀-အားဖြင့် ငါးနည်း ဖြစ်၏။
(နာနာ၊ ကဒါစိ နှစ်ခု စတုတ္ထဈာန်အထိ သတိပြု။)

ကာမသောဘဏ ၁၂-နည်း

ကာမသောဘဏ စိတ်တို့တွင် မဟာကုသိုလ် ပဌမဒွေ၌ အညသမာန်း ၁၃။ သောဘဏ ၂၅ အားဖြင့် ၃၈-ပါးသော စေတသိက်တို့သည် ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။ ထိုတွင် ဝိရတိ၊ အပ္ပမညာတို့ကား နာနာ၊ ကဒါစိတို့ ဖြစ်ကုန်၏။
(ထိုကြောင့် အမြဲ၃၃၊ ရံခါ သမ္မာဝါစာ စသည်နှင့် ၃၄ စီ၊
ဘယ်ခါမှ ၃၅၊ ၃၆၊ ၃၇၊ ၃၈-မရှိ။)
ထိုအတူ ဒုတီယဒွေ၌ ပညာကြဉ်၍ ၃၇၊
တတီယဒွေ၌ ပညာယှဉ်- ပီတိကြဉ်၍ ၃၇။
စတုတ္ထဒွေ၌ ပညာ ပီတိကြဉ်၍ ၃၆။
(နာနာကဒါစိသည် ကုသိုလ်၌ ၅-ခု၊ ကြိယာ၌ ၂ -ခု သတိပြု။)
မဟာကုသိုလ်တို့၌ .... ၃၀၊ ၃၇၊ ၃၇၊ ၃၆
မဟာကြိယာတို့၌ ဝိရတိကြဉ်၍ ... ၃၅၊ ၃၄၊ ၃၄၊ ၃၃။
မဟာဝိပါက်တို့၌ ဝိရတိ အပ္ပမညာကြဉ်၍ ... ၃၃၊ ၃၂၊ ၃၂၊ ၃၁။
ဤသို့ ကာမသောဘဏစိတ်၌ တဆဲ့နှစ်နည်း ဖြစ်၏။
သောဘဏစိတ်တို့တွင် ကြိယာ၌ ဝိရတိ မရှိ၊
မဟဂ္ဂုတ်၌ ဝိရတိ မရှိ၊
လောကုတ္တရာ၌ အပ္ပမညာ မရှိ၊
ကာမဝိပါက်၌ ဝိရတိ၊ အပ္ပမညာ မရှိ။
လောကတ္တရာ၌ဈာန်ထူး၏။ (ဝါ-ဝိတက်, ဝိစာရ, ပိတိ, ဝေဒနာ လေးခုထူး၏။)
မဟဂ္ဂုတ်၌ ဈာန်၊ အပ္ပမညာ ထူး၏။
ကာမစိတ်၌- အပ္ပမညာ, ဝိရတိ, ဉာဏ်, ပီတိ-ထူး၏။
ဝေဒနာလည်း ထူး၏။
ဝေဒနာကား သုခ၊ ဥပေက္ခာမျှထူး၍ ယှဉ်သည်ချည်းသာတည်း။

အကုသိုလ် ၇-နည်း

အကုသိုလ် စိတ်တို့တွင် လောဘမူ ပဌမအသင်္ခါရိက၌ အညသမာန်း၁၃။ အကုသလ သာဓာရဏ၄- အားဖြင့် ၁၇-ပါးသည် လောဘ၊ ဒိဋ္ဌိတို့နှင့် ၁၉-ပါးဖြစ်၍ ပေါင်းဆုံခြင်း သို့ ရောက်ကုန်၏။
ထိုအတူ ဒုတီယအသင်္ခါရိက၌ လောဘ၊ မာနနှင့် ၁၉။
တတီယ အသင်္ခါရိက၌ ပီတိကြဉ်၍ လောဘ၊ ဒိဋ္ဌိနှင့် ၁၈။
စတုတ္ထ အသင်္ခါရိက၌ လောဘ၊ မာနနှင့် ၁၈။ (ဝိပ္ပယုတ်၌-မာန ကဒါစိ)
ပဉ္စမ အသင်္ခါရိက၌ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စနှင့် ၂ဝ။
ထိုတွင် ဣဿာ၊ မစ္ဆရိယ၊ ကုက္ကုစ္စတို့ကား နာနာ၊ ကဒါစိဖြစ်ကုန်၏။
(ထိုကြောင့်အမြဲ ၁၇။ ရံခါဿာ စသည်နှင့် ၁၈စီ။ ဘယ်ခါမှ ၁၉၊ ၂ဝ မရှိ။)
ထိုအတူ သသင်္ခါရိက ငါးခုတို့၌ ထိန၊ မိဒ္ဓနှင့်-၂၁၊ ၂၁၊ ၂၀၊ ၂၀၊ ၂၂။
(ဤ၌ ထိန၊ မိဒ္ဓိကား သဟ၊ ကဒါစိ
ဣဿ, မစ္ဆရိယ, ကုက္ကုစ္စ-နာနာ၊ ကဒါစိ။ ။ မာန-ကဒါစိ)
ဥဒ္ဓစ္စ သဟဂုတ်စိတ်၌ ဆန္ဒ၊ ဝီတိကြဉ်သော အညသမာန်း ၁၁။ အကုသလ သာဓာရဏ ၄-အားဖြင့် ၁၅။ ။ ဝိစိကိစ္ဆာ သဟဂုတ်စိတ်၌ ထိုအတူ အဓိမောက္ခ ကြဉ်၍ ဝိစိကိစ္ဆာနှင့် ၁၅။
ဤသို့ အကုသိုလ်စိတ် ၁၂-ခုတို့၌ အသီးသီး ယှဉ်သော်လည်း သင်္ချာတူဂဏန စွမ်းဖြင့် --
အသင်္ခါရိက ငါးခု၌- ၁၉၊ ၁၈၊၂၀။
သသင်္ခါရိက ငါးခု၌- ၂၁၊ ၂ဝ၊ ၂၂ ။
မောဟမူဒွေ၌ ၁၅။
ဤသို့ သင်္ဂဟနည်း ၇-ပါးဖြစ်၏။
(သင်္ချာတူပေါင်း၍ ၇-နည်း။ မပေါင်း လျှင် ၁၂-နည်းတည်း။)
လေး-သာဓာရဏာ၊ မာန်း-ဒသာ၊ သဗ္ဗာကုသလယောဂီ ၁၄- တည်း။

အဟိတ် ၄-နည်း

အဟိတ်စိတ်တို့တွင် ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြဉ်သော အညသမာန်း စေတသိက် ၁၂-ခုတို့သည် ပေါင်းဆုံခြင်းသို့ ရောက်ကုန်၏။
မနောဒွါရာဝဇ္ဇန်း၌ ဆန္ဒ ပီတိကြဉ်၍ ၁၁၊
သောမနဿသန္တီရဏ၌ ဆန္ဒ, ဝီရိယကြဉ်၍ ၁၁။
ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေ၊ ဥပေက္ခာ သန္တီရဏ ၂-ခု - ဤငါးခုတို့၌ ဆန္ဒ, ပီတိ၊ ဝီရိယ ကြဉ်၍ ၁ဝ။
ဒွေပဉ္စ ဝိညာဏ်တဆယ်၌ ပကိဏ်းကြဉ်၍ ၇။
ဤသို့အဟိတ်စိတ် ၁၈-ခုတို့၌ ဂဏနစွမ်းဖြင့်- ၁၂၊ ၁၁၊ ၁၀၊ ၇ - အားဖြင့် သင်္ဂဟနည်း လေးနည်းဖြစ်၏။
အဟိတ်စိတ်တိုင်း ၇-လုံးယှဉ်သည်။ ကြွင်းငါးလုံး သင့်သလို ယှဉ်သည်။
သင်္ဂဟနည်း ၃၃-ပါးပြီး၏။

အထူးမှတ်ဘွယ်

မနောဒွါရာဝဇ္ဇန်းကို ဝုဋ္ဌော ဟူ၍လည်း ခေါ်သည်။
ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေတို့ကို မနောဓာတ် သုံးခုဟူ၍လည်း ခေါ်သည်။
ဥပေက္ခာ သန္တီရဏ ၂-ခုကို အဟိတ်ပဋိသန္ဓေအစုံ ဟူ၍လည်း ခေါ်သည်။
ဤဆိုပြီးသော နည်းဖြင့် သမ္ပယောဂနည်း ၁၆-ပါးသင်္ဂဟ နည်း ၃၃-ပါး တို့ကိုသိ၍ စိတ်နှင့်အညီအမျှ စေတသိက် တို့ကို ပြားရာ၏။
(ဖဿသည် တခုယုတ် ကိုးဆယ်၌ ယှဉ်သောကြောင့် ဖဿ စေတသိက်ပေါင်း တခုယုတ် ကိုးဆယ်ရှိသည်။
ဝိတက် စေတသိက်ပေါင်း ၅၅။
မောဟ စေတသိက်ပေါင်း ၁၂။
သဒ္ဓါ စေတသိက်ပေါင်း ၅၉။
ပညာစေတသိက်ပေါင်း ၄၇ ရှိသည်-ဟုပြား၍ ညွှန်ရာ၏။)
(ဇယားကို Comment မှာ မှာ ကြည့်ပါ။)

တေနဝုတ္တံ
စိတ်တလုံးဖြစ်၊ စေတသိက် တစ်တည်း။ နှစ်မှာ-လေးပါး၊ လေး-ငါး-နှစ်စီ၊ ရှစ်ခုမှီ-တစ်၊ ဆဲ့နှစ်-လေးကောက်၊ ဆဲ့ခြောက်-သုံးလီ၊ ဋ္ဌဝီ-နှစ်ညွှန်။ လေးဆဲ့ခွန်-တစ်၊ ငါးဆယ်တစ်–တပါး၊ ငါးဆယ်ငါး-တသွယ်၊ ငါးဆယ်နှင့်ကိုး -တဆဲ့ကိုးကောက်၊ ခြောက်ဆဲ့ခြောက်-တမျိုး၊ ခြောက်ဆဲ့ကိုး-တလုံး၊ ခုနစ်ဆဲ့သုံး တရစ်၊ ခုနစ်ဆဲ့ရှစ်-တမျိုး၊ ရှစ်ဆဲ့ကိုး-ခုနှစ်၊ … ငါးဆဲ့နှစ်သည်၊ နည်းဖြစ် ဆဲ့ခွန် ယှဉ်သည်တည်း။

သမ္ပယောဂ … ယှဉ်နည်း -၂၆

၁။ စိတ်တလုံးတည်း ယှဉ်ကား-ဝိစိကိစ္ဆာ
၂။ စိတ် နှစ်လုံးယှဉ်ကား-ဒေါသစတုက္က
(သုံးမရှိ)။
၄။ စိတ်လေးလုံးတည်း ယှဉ်ကား-ဒိဋ္ဌိ၊ မာန
…… ဤနည်းမှီး၍ဆို။
၁။ ၂။ ၄။ ၅။ ၈။
၁၂။ ၁၆။ ၂၈။ ၃၅။ ၄၇။
၄၈။ ၅၁။ ၅၅။ ၅၈။ ၅၉။
၆၆။ ၆၉။ ၇၃။ ၇၈။ ရ၉။
၈၉။ ၉၁။ ၁၀၁။ ၁၀၅။ ၁၁၀။ ၁၂၁။ .... (၂၆-မျိုး)。

သမ္ပယောဂ ... မယှဉ်နည်း ၂၇

ဝ။ .... စိတ်သုည မယှဉ်ကား-သဗ္ဗစိတ္တ သာဓာရဏ
၁၁။ … ၁၁-မယှဉ်ကား-အဓိမောက္ခ
၁၆။ … ၁၆-မယှဉ်ကား-ဝီရိယ။ ဤနည်းမှီး၍ဆို၊
ဝ။ ၁၁။ ၁၆။ ၂ဝ။ ၃ဝ။
၃၁။ ၃၄။ ၄၂။ ၅၄။ ၅၅။
၆၁။ ၆၆။ ၇၀။ ၇၃။ ၇၇။
၈၁။ ၈၄။ ၈၅။ ၈၇၊ ၈၈။
၉၃။ ၁၀၉။ ၁၁၃။ ၁၁၆။ ၁၁၇။
၁၁၉။ ၁၂ဝ။ ... (၂၇-မျိုး)

သင်္ဂဟနည်း ... ၁၉-နည်း

အဟိတ်စိတ်၌ စေတသိက် ၇-ယှဉ်=၁ဝ။ ၁ဝ-ယှဉ်=၅။ ၁၁-ယှဉ်= ၂။ ၁၂-ယှဉ်-၁။ ပေါင်း ၁၈။
အကုသိုလ်၌ ၁၅-ယှဉ်=၂။ ၁၈-ယှဉ်=၂။ ၁၉-ယှဉ်=၂။ ၂ဝ-ယှဉ်=၃။ ၂၁-ယှဉ်-၂။ ၂၂-ယှဉ်=၁။ ပေါင်း ၁၂။
သောဘဏ၌ ၃ဝ-ယှဉ်=၁၅။ ၃၁=၂။ ၃၂=၇။ ၃၃=၂၃။ ၃၄-၁၅။ ၃၅=၁၃။ ၃၆=၁ဝ။ ၃၇-၄။ ၃၈=၂။ ပေါင်း ၉၁။ (၁၉ မျိုး။)

စေတသိက် လက္ခဏာ လေးပါး မှတ်ဘွယ်

စိတ်နှင့်-ဖြစ်အတူ၊ ချုပ်အတူ၊ အာရုံအတူ-ဖြစ်လျှင် မှီရာတူ သည်သာတည်း
ဤလက္ခဏာ လေးပါရှိမှ စိတ်၌အမြဲ ယှဉ်သည် မည်၏။ စေတောယုတ္တဖြစ်သည် မည်၏။ အရူပဘုံ၌ကား မှီရာဝတ္ထု ရုပ်မရှိသောကြောင့် လက္ခဏာသုံးပါးမျှဖြင့် စိတ်၌အမြဲ ယှဉ်သည် စေတောယုတ္တဖြစ်သည်။
စိတ္တဇရုပ်သည် အတူဖြစ်သော စိတ်နှင့် အတူမချုပ်။ အတူချုပ်သောစိတ်နှင့် အတူမဖြစ်၊ လက္ခဏာ တပါးပါးသာ။ ဝိညပ်ဒွေသည် အတူဖြစ်သောစိတ်နှင့် အတူချုပ်၏။ အာရုံမပြုတတ်၊ လက္ခဏာနှစ်ပါးသာ။ ထိုကြောင့် စေတောယုတ္တ မဖြစ်ကုန်။

စေတသိက်သဘော လေ့လာဘွယ်

ဖဿသည် အာရုံကို တွေ့ထိတတ်၏၊ ကတ္တာသဘော၊ အတူဖြစ်သော စိတ်စေတသိက် တို့ကိုလည်း မိမိကဲ့သို့ တွေ့ထိစေ၏၊ ဝါ၊ စိတ်စေတသိက်တို့၏ တွေ့ထိကြောင်းဖြစ်၏၊ ကရိုဏ်းသဘော၊
(ထိစေတတ်က-ထိကြောင်းရသည်။ စေတတ်နှင့် ကြောင်း တူ၏။)
တွေ့ထိခြင်း သဘောမျှလည် ဖြစ်၏၊ ဘာဝသဘော၊ ဤသုံးမျိုးတို့တွင် ကတ္တာနှင့် ကရိုဏ်းသည် တဒ္ဓမ္မူပစာဖြစ်၏။ မရှိသောယုန်ချိုကို တင်စားသကဲ့သို့ တင်စား၏။ ဘာဝသဘောသာ မုချပရမတ် ဖဿဖြစ်သည်။
ဝေဒနာသည် အာရုံ၏အရသာကို ခံစားတတ်၏။ စိတ်စေတသိက်တို့ကို မိမိကဲ့သို့ ခံစားကြ၊ ခံစားကြဟု စေခိုင်း၏။ ခံစားခြင်း သဘောမျှဖြစ်၏၊ ထိုတွင် ကတ္တာကရိုဏ်း တဒ္ဓမ္မူဘောမူမုချ ပရမတ်
သညာသည်အာရုံကို အမှတ်ပြု၍သိတတ်၏။ အမှတ်ပြု၍သိကြ သိကြဟု စေခိုင်း၏။ အမှတ်ပြု၍ သိခြင်းမျှဖြစ်၏။ ထိုတွင် ကတ္တာကရိုဏ်းတဒ္ဓမ္မူဘောမူမုချ ပရမတ်။ ...
ဤနည်းဖြင့် ပရမတ်တို့ကို ထိုက်သည်အလျှောက် လေ့လာအပ်၏။

ဘာဝသဘော ဥပမာ

ဤ၌ဖဿသည် နာမ်တရားဖြစ်၍ မုချအားဖြင့် မထိတတ်။ ထိကြ၊ ထိကြဟူ၍လည်း မစေခိုင်းတတ်။ ထိသကဲ့သို့သော အခြင်းအရာမျှ ဖြစ်၍ ထိခြင်း သဘောမျှသာဖြစ် သည်။
ထိုအခြင်းအရာသည် အချဉ်သီးမြင်၍ တံတွေးဖြစ်သောအခါ လျှာနှင့်အချဉ်သီး မထိဘဲ ထိသကဲ့သို့သော အခြင်းအရာမျှနှင့်တူ၏၊ သစ်ပင်ဖျားတက်သူကိုမြင်၍ ဒူးတုန်သော အခါ သစ်ပင်ပေါ် ဒူးမရောက်၊ ရောက်သလို အခြင်းအရာနှင့်လည်းတူ၏၊ ရေးခြစ်သံ ကြား၍ သွားကျိန်းသောအခါ သွားကိုမခြစ်၊ ခြစ်သလို အခြင်းအရာ နှင့်လည်း တူ၏။
ဝေဒနာလည်း မခံစားတတ်၊ ခံစားကြဟု မစေခိုင်းတတ်၊ ခံစားသကဲ့သို့ အခြင်းအရာ မျှသာ။
သညာလည်း မမှတ်တတ်၊ မမှတ်ခိုင်းတတ်၊ မှတ်သကဲ့သို့ အခြင်းအရာမျှသာ၊ ကြွင်းသောပရမတ် တို့လည်း ဤအတူ အခြင်းအရာမျှသာ ဖြစ်ကုန်၏။
တံတွေးဖြစ် ဒူးတုန် သွားကျိန်းသောအခါ မထိ, မရောက်, မခြစ်ဘဲ- ထိသလို၊ ရောက်သလို၊ ခြစ်သလို အခြင်းအရာသည် ပရမတ်အားလုံး၏ ထိသလို၊ ခံစားသလို၊ အာရုံသို့ တင်ပေးသလို၊ သုံးသပ်သလို စသော အခြင်းအရာ၏ ဥပမာတည်း၊
ဖဿတခုတည်း၏ ဥပမာမဟုတ်၊ ပရမတ်အခြင်းအရာဥပမာဖြစ်သည်။

သဗ္ဗစိတ္တသာဓာရဏ မှတ်ဘွယ်

၁။ ဖဿသည် အာရုံ၌ တွေ့ထိတတ်၏၊ ပသာဒနှင့်အာရုံ ပေါင်းဆုံခြင်းသည် ဖဿ မည်၏၊ ဆိတ်နှစ်ကောင် ဝှေ့သောအခါ တကောင်ကို ပသာဒကဲ့သို့၊ တကောင်ကို အာရုံကဲ့သို့၊ ဝှေ့ခြင်းကို ဖဿကဲ့သို့ ရှုအပ်၏၊
တိဏ္ဏံသင်္ဂတိဖဿာ၌ကား - တိဏ္ဏံသင်္ဂတိယာ ဖဿော-ဟု ဖွင့်သောကြောင့် ပသာဒ, အာရုံ, ဝိညာဏ်- သုံးပါး ပေါင်းဆုံခြင်းသည် ဖဿ၏ အကြောင်းမျှ ဖြစ်သည်၊ သုံးပါး ပေါင်းဆုံခြင်းကြောင့် ဖြစ်သော တွေ့ထိခြင်း အကျိုးသာလျှင် ဖဿ-ဟု သိအပ်၏။
ဖဿသည် တွေ့ထိတိုင်း မိမိမှီရာ စိတ်၌ ဝေဒနာကိုဖြစ်စေ၏၊ ထိုကြောင့်-ဖဿပစ္စယာ ဝေဒနာ-ဟု ဟောသည်၊ မိမိ၏ ဖြစ်ကြောင်းဖြစ်သော ပသာဒ၊ အာရုံ၌ ဝေဒနာကို မဖြစ်စေ၊ ချိပ်၌ရှိသော တေဇောသည် ဗဟိဒ္ဓမီး ပူထိသောအခါ မိမိမှီရာ ချိပ်ကိုသာ နူးညံ့အောင်ပြုသည်၊ မိမိကို ကျေးဇူးပြုသော ဗဟိဒ္ဓမီးပူကို နူးညံ့အောင် မပြုသည်နှင့်တူ၏။
၂။ ဝေဒနာသည် အာရုံအရသာကို ခံစား၏၊ အကောင်း၊ အလတ်၊ အဆိုး သုံးမျိုးလုံး မြိန်စွာ ခံစား၏၊ ဘောဇဉ် အရသာကို အစိုးတရ ခံစားသော မင်းနှင့်တူ၏၊ အတူဖြစ်သော သမ္ပယုတ်စိတ် စေတသိက်တို့ကား စားတော်ကဲပမာ ခံစားရုံ ခံစားကြကုန်၏၊ ဤ ဝေဒနာသည် အနုသယ မကင်းသူအား တဏှာကိုဖြစ်စေ၏၊ ဝေဒနာပစ္စယာ တဏှာ-ဟု ဟောသည်၊ အသယကင်းသော ရဟန္တာအား တဏှာဖြစ်အောင် မတတ်နိုင်၊ (ယောနိသော မနသိကာရ ရှိသူအားလည်း တဏှာ မဖြစ်။)
၃။ သညာသည် အာရုံကိုအမှတ်ပြု၍ သိ၏၊ ရှေးအမှတ်ဖြင့် နောက်၌သိ၏၊ နောက်၌သိအောင် ယခုမှတ်၏ - သစ်သား အမှတ်အသားပြုသော လက်သမားနှင့် တူ၏၊ အမှားကိုလည်း မှတ်စေ၏ ဝါ-အချည်းနှီးသော လက်ဆုပ်အလား အထင်လည်း မှားစေ၏၊ မှတ်သောအတိုင်းလည်း မြဲစွာယူ၏ - ဆင်ကို ထွန်တုံး ကဲ့သို့၊ တံမြက်စည်းကဲ့သို့ ဟု မြဲစွာဆိုသော ဝမ်းတွင်းကန်း နှင့်တူ၏၊ ဉာဏ် ယှဉ်သော သညာကား ဉာဏ်သို့ အစဉ်လိုက်၏၊ ဉာဏ်ကဲ့သို့ အမှန်သိ၏-သသမ္ဘာရပထဝီ-မြေစိုင်ခဲ၌ ကြွင်းသော အာပေါ စသည်တို့သည် ပထဝီသို့ အစဉ် လိုက်သကဲ့သို့တည်း။
၄။ စေတနာသည် အာရုံ၌စေ့စပ်ပေး၏၊ ကုသိုလ်အကုသိုလ် ပြုသောအခါ နှစ်ဆ အားထုတ်၏၊ လယ်ရိတ်သူတို့ အလုပ်တွင်အောင် နှစ်ဆအားထုတ်သော လယ်ရှင်နှင့် တူ၏၊ စစ်သားတို့ကို မိမိဆိုင်ရာကိစ္စ ပြုစေသော စစ်ဗိုလ်မှူးကဲ့သို့ အစီအမံကောင်း၏၊ မိမိကိစ္စ သူတပါးကိစ္စ ပြီးစေသော တပည့်ကြီးအလား၊ လက်သမားကြီး သဘွယ် ဖြစ်၏။
၅။ ဧကဂ္ဂတာသည် တခုတည်းသော အာရုံ၌ တည်ကြည်၏။ လေတိုက်ရာ၌ ထွန်းသောမီးနှင့်တူ၏၊ ပျံ့လွင့်ခြင်းငှါမပေး - စစ်တပ် ဖရိုဖရဲ ဖြစ်ခွင့် မပေးသော မင်းနှင့်တူ၏။ အတူ ဖြစ်သော တရားတို့ကို ပေါင်းရပေး၏။ ရေချိုး ကသယ်မှုန့် မလွင့်အောင် ရေဆွတ် ပေးသည်နှင့် တူ၏။
၆။ ဇီဝိတိန္ဒြေသည် သမ္ပယုတ်တရားတို့ကို အသက်ရှည်စေ၏၊ မိမိရှိစဉ် ဥပါဒ်နှင့် ဌီအကြား၊ ဌီနှင့် ဘင်အကြား၊ မပျက်အောင် စောင့်ရှောက်ခြင်း၌ အကြီးအကဲဖြစ်၏- ကြာကို စောင့်ရှောက်သော ရေနှင့်တူ၏။ မိမိရှိစဉ် ကြာကိုစောင့်သည်။
၇။ မနသိကာရသည် နှလုံး၌ သွင်းတတ်၏၊ သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်တွဲပေး၏။ မြင်းတို့ကို ရထား၌ ကသော ရထားထိန်းနှင့်တူ၏။
မနသိကာရသည် သုံးမျိုးရှိ၏။
ဤစေတသိက်သည် အာရုံ၌ယှဉ်ပေးသော မနသိကာရ မည်၏။
ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည် ဝီထိနှင့် ယှဉ်ပေးသော မနသိကာရ မည်၏။
မနောဒွါရာဝဇ္ဇန်း စိတ်သည် ဇောနှင့်ယှဉ်ပေးသော မနသိကာရ မည်၏။
အာရုံ၌ ယှဉ်၊ ဝီထိယှဉ်၊ ဇောယှဉ် - မနသိ သုံးမျိုး

ပကိဏ်း မှတ်ဘွယ်

၁-ဝိတက်သည် ကြံစည်တတ်၏။ စိတ်ကို အာရုံသို့ တင်ပေးတတ်၏၊ ဇနပုဒ်သားကို မင်းအိမ်သို့ပို့သော မင်းကျွမ်းဝင်သူနှင့် တူ၏။ အာရုံကို စည်ကြီးအတူ တီးခေါက် တတ်၏။ သမ္မာဒိဋ္ဌိ အမြင် သန်အောင် အာရုံကို ဖန်ဖန် တီးခေါက် ပေးသောကြောင့် ပညာက္ခန္ဓာ၌ အကူအညီ အဖြစ်ဖြင့် ရေတွက်အပ်၏။ သမ္မာဒိဋ္ဌိ၏ လက်ညှိုးလည်း ဆိုသင့်၏။ လက်ညှိုးကူ၍ လှည့်ပေးမှ စုံလင်စွာ မြင်နိုင်သည်။
၂-ဝိစာရသည် အာရုံ၌ စိတ်ကိုလှည့်လည်စေ၏။ အာရုံ၌ သုံးသပ်တတ်၏။ ဝိတက်ကား ရုန့်ရင်း၏၊ ရှေ့သွားဖြစ်၏။ စည်တီးသကဲ့သို့ အာရုံ၌ စိတ်ကိုရှေးဦးစွာ ကျစေ၏။ ဝိစာရကား သိမ်မွေ့၏၊ နောက်၌ ဖန်ဖန် သုံးသပ်တတ်၏။ စည်သံအစဉ် ဆက်၍ မြည်သကဲ့သို့ အာရုံ၌စိတ်ကိုဖွဲ့၏။
၃-အဓိမောက္ခသည် ဆုံးဖြတ်တတ်၏၊ ရွှေ့ရှားခြင်း မပြု၊ အာရုံ၌ တုန်လှုပ်ခြင်းမရှိ၊ တံခါး ခုံနှင့်တူ၏။ ဝိစိကိစ္ဆာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။
၄-ဝီရိယသည် ရဲရင့်သောသူ၏ ဖြစ်ကြောင်း သဘော ဖြစ်၏ - အိမ်အိုကို ကျားကန် သကဲ့သို့ ထောက်ပံ့၏။ ဝီရိယထောက်ပံ့သော သူတော်ကောင်းသည် ကုသိုလ်မှ ဆုတ်ယုတ်ခြင်းမရှိ၊ အားထုတ်ခြင်း သဘောရှိ၏။ သမ္ပယုတ် တရားတို့ကို တွန့်တို ဆုတ်နစ်ခြင် မရှိအောင် ချီးမြှောက်၏။ စစ်ကူလွှတ်သော မင်းနှင့်တူ၏၊
၅-ပီတိသည် နှစ်သက်တတ်၏။ ကိုယ်စိတ် ပြည့်ဖြိုး၏ ပျံ့နှံ့၏။ ဝမ်းသာကြောင်း ဖြစ်၏။
ထိုပီတိသည် ကြက်သီးထအောင် နှစ်သက်လျှင် ခုဒ္ဒကာပီတိ မည်၏။
လျှပ်စစ်ပြက်သကဲ့သို့ ခဏခဏ နှစ်သက်လျှင် ခဏိကာပီတိ မည်၏။
သမုဒြာကမ်းကို လှိုင်းလုံးရိုက်ဝင်သကဲ့သို့ ကိုယ်တွင်းသို့ ရိုက်ဝင်အောင် နှစ်သက်လျှင် ဩက္ကန္တိကာပီတိ မည်၏။
ကိုယ် ကောင်းကင် လွင့်တက်အောင် လွန်စွာ သက်လျှင် ဥဗ္ဗေဂါပီတိ မည်၏။ ။
တောင်ဝှမ်း ရေပြည့်သကဲ့သို့ ကိုယ်လုံးနှံ့အောင် နှစ်သက်လျှင် ဖရဏာပီတိ မည်၏။
(ဂွမ်းဆီထိ သကဲ့သို့လည်း ဆိုကုန်၏၊)
ပုဏ္ဏဝလ္လိကဝါသီမဟာတိဿမထေရ်သည်၎င်း လေးသော ဝန်ရှိသော အမျိုးသ္မီး တယောက်သည်၎င်း, ဥဗ္ဗေဂါပီတိဖြင့် လွင့်တက်၍ တောင်ထိပ် စေတီရင်ပြင်သို့ ရောက်ဘူးပြီ။ ပီတိငါးပါးပြည့်လျှင် ပဿဒ္ဓိပြည့်၏။ ပဿဒ္ဓိရင့်လျှင် သုခပြည့်၏။ သုခ ရင့်လျှင် ခဏိကသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိပြည့်၏။
၆ - ဆန္ဒသည် ပြုလိုကာမျှသာ ဖြစ်၏။ အာရုံကိုရှာယူ၏။ စိတ်အာရုံ ယူသောအခါ စိတ်၏ဆန့်သော လက်နှင့်တူ၏။ စွန့်ကြဲလှူဒါန်းစရာကို အလိုရှိ၏ - ပစ်စရာမြားကို ရှာယူသော လေးသမားနှင့် တူ၏၊ လောဘကဲ့သို့ ကပ်ငြိခြင်းမရှိ၊
ဝိတက်သည် သမ္ပယုတ် တရားတို့ကို အာရုံသို့ တင်ပေး၏။ မဆက်ပေ။
စေတနာသည် ဝိတက် တင်ပေးသမျှကို ဆက်ပေး၏။ ဝါ၊ တိုက်တွန်း၏။ စေ့စပ်ပေး၏၊ မြဲအောင်တွဲမပေး။
မနသိကာရသည် မြဲအောင် တွဲပေး၏။
ဤကား ထိုသုံးခု အထူးတည်း။

အကုသိုလ်မှတ်ဘွယ်

၁-မောဟသည် အာရုံ၌ တွေဝေ၏။ စိတ်ကို မျက်စိကန်းအောင်ပြု၏။ အာရုံ၏ သဘောကို ဖုံးလွှမ်း၏။ အကျင့် လွဲစေ၏။ လကွယ်, သန်းခေါင်, မိုးမှောင်, တောအုပ် - ဤ အင်္ဂါလေးပါးရှိသော အမိုက်မှောင်နှင့် တူ၏။
၂-အဟိရိကသည် မကောင်းမှုကို မစက်ဆုပ်တတ်- မစင်ဖတ်နှင့်တူ၏။
၃-အနောတ္တပ္ပသည် မကောင်းမှ တွန့်ခြင်းမရှိ။ ထိတ်လန့်ခြင်း မရှိ - ပိုးဖလံ-မီးတိုးသည်နှင့် တူ၏။
၄-ဥဒ္ဓစ္စသည်စိတ်မငြိမ်၊ ပျံ့လွင့်၏၊ လေခတ်၍ ရေလှုပ်သည်နှင့်တူ၏။ လေခတ်သော တမ်းခွန်ကဲ့သို့ ရပ်တည်ခြင်းမရှိ၊ ကျောက်ခတ်၍လွင့်သော ပြာကဲ့သို့ တုန်လှုပ်၏။ အဓိမောက္ခ ရှိသောကြောင့် တန့်၍တန့်၍ လိမ့်၏၊ ထောင့်ရှိသော ပတ္တမြား လိမ့်သည်နှင့် တူ၏။
၅-လောဘသည် အာရုံ၌ လိုချင်ကပ်ငြိ၏၊ ထိတိုင်းကပ်သော မျောက်နှဲစေးနှင့်တူ၏။ ဆန္ဒကဲ့သို့ အလိုရှိရုံမျှမဟုတ်။ တဏှာ၊ သမုဒယ၊ မာယာ၊ ဝဉ္စနာ - စသည်လည်း မည်၏။
၆-ဒိဋ္ဌိသည် မှားသောအမြင် ရှိ၏။ အမှားကိုနှစ်သက်စွာ စွဲမြဲ၏- မိကျောင်း ကိုက်သကဲ့သို့ စွဲမြဲ၏။ ငါ့အယူသာ မှန်သည်ဟု အမှားကို သုံးသပ်တတ်၏၊ မျက်စိလည်၍ အရှေ့ကို အနောက်ထင်သူနှင့် ထူ၏။ ဒိဋ္ဌ၊ သုတ၊ မုတ၊ မင်္ဂလာ (ပြဿဒါး၊ ရက်ရာဇာ) စသည်တို့၌ လေ့ကျက်ခြင်းကြောင့်လည်း ဒိဋ္ဌိဖြစ်တတ်သည်။ ပညာကဲ့သို့ အမှန်ကိုမမြင်။
၇-မာနသည် သူ့ထက်ငါ-သာသည်ဟု မှတ်ထင်၏။ ထောင်လွှားတတ်၏ - မှန်ကင်း အသွင်ပြုချင်၏။ မိမိကိုယ်ကို မိမိမြှောက်သော သူရူးနှင့်တူ၏။ အထင်ကြီး သောကြောင့် ဒိဋ္ဌိကဲ့သို့ အာစွမ်း ရှိ၏၊ ဒိဋ္ဌိနှင့်အတူ မဖြစ်၊ ခြင်္သေ့နှစ်စီး-တဂူတည်း မအောင်း သကဲ့သို့တည်း။ မိမိကိုယ်ကို မြတ်နိုးသဖြင့် ဒေါသနှင့်လည်း အတူမဖြစ်။
သေယျပုဂ္ဂိုလ်၊ သဒိသပုဂ္ဂိုလ်၊ ဟီနပုဂ္ဂိုလ်-(မြတ်၊ လတ်၊ ယုတ်) သုံးယောက်တို့အား သေယျမာန်၊ သဒိသမာန်၊ ဟီနမာန်- သုံးခုစီအားဖြင့် မာနကိုးမျိုး ပြား၏။
၈-ဒေါသသည် ဖျက်ဆီးတတ်၏၊ အခွင့်ရသော ရန်သူနှင့်သူ၏။ လှံတံ ခတ်မိသော မြွေကဲ့သို့ ကြမ်း၏။ အဆိပ်တက်သကဲ့သို့ ပျံ့နှံ့ လွယ်၏။ မိမိမှီရာ ဟဒယဝတ္ထုကို လောင်၏။ မိမိမှီရာ တောအုပ်ကို လောင်သော တောမီးနှင့်တူ၏။ အာဃာတဝတ္ထု ကိုးပါးကြောင့် ဖြစ်၏။
ကိုးပါးကား --
ဤသူသည် ငါ၏အကျိုးမဲ့ကို ပြုဘူးပြီ။ ပြုခဲ ပြုလတ္တံ့ - သုံးပါး။
ငါ့ပီယပုဂ္ဂိုလ်၏ အကျိုး မဲ့ကို ပြုဘူးပြီ၊ ပြုဆဲ၊ ပြုလတ္တံ့ - သုံးပါး၊
ငါ့ဝေရီပုဂ္ဂိုလ်၏ အကျိုးစီးပွါးကို ပြုဘူးပြီ၊ ပြုဆဲ၊ ပြုလတ္တံ့ -သုံးပါ.၊
ဤ ကိုးပါးတည်း။
မိုးရွာခြင်း နေပူခြင်း စသည်၌ စိတ်ဆိုးခြင်းကား အရာမဟုတ်သောကြောင့် အဋ္ဌာနကောပ မည်၏။ အဋ္ဌာနကောပနှင့် ဆယ်ပါးသည် ဒေါသကို ဖြစ်စေ၏။
၉-ဣဿာသည် သူတပါး ပြည့်စုံခြင်းကို ငြူစူ၏၊ မျက်နှာလွှဲရှောင်တတ်၏။ ဗဟိဒ္ဓ ကိုသာ အာရုံပြုသည်။ အဇ္ဈတ္တ မပြု။
၁ဝ-မစ္ဆရိယသည် မိမိ၏ရပြီး ရလတ္တံ့သော ပြည့်စုံခြင်းကို လျှို့ဝှက်၏။ သူတပါးနှင့် ဆက်ဆံခြင်းငှါ သည်းမခံနိုင်။ တွန့်တို၏။ စပ်ခါး၏။ အဇ္ဈတ္တကိုသာ အာရုံပြုသည်။ ဗဟိဒ္ဓ မပြု။ မပေးလိုရုံဖြင့် မစ္ဆရိယမဖြစ်။ စိတ်မသက်မသာ - လျှို့ဝှက်မှ ဖြစ်သည်။
၁၁-ကုက္ကုစ္စသည် စက်ဆုပ်ဘွယ်သော ပြုခြင်းဖြစ်၏။ နောက်၌ အဖန်ဖန်ပူပန်၏။ ပြုမိသော အကုသိုလ်၊ မပြုမိသော ကုသိုလ်တို့ကို ပြန်၍စိုးရိမ်၏။ နှလုံးမသာယာခြင်း ထင်ရှား၏ - ပြုမိလည်းပူ-မပြုမိလည်းပူ၊ သူ့ကျွန်ခံရသည်နှင့် တူ၏။
၁၂-ထိနသည် အားမထုတ်သဖြင့် တွန့်၏ - လူပျင်းနှင့်တူ၏။ ဝီရိယကို ပယ်၏။ စိတ်၏အမှု၌ မခန့်ကျန်းခြင်း သဘောရှိ၏။ စိတ်ပျော့ထိုင်းကြောင်း ဖြစ်၏။
၁၃-မိဒ္ဓသည် သတ္တိမရှိသဖြင့် ပင်ပန်း၏ - လူနာနှင့်တူ၏၊ စေတသိက်၏အမှု၌ မခန့်ကျန်းခြင်း သဘောရှိ၏။ စေတသိက် ပျော့ထိုင်းကြောင်း ဖြစ်၏။ ငိုက်မျဉ်း မှိတ်တုတ် မျက်လွှာလှုပ်ခြင်း ထင်ရှား၏။
၁၄-ဝိစိကိစ္ဆာသည် အာရုံကိုမဆုံးဖြတ်နိုင်။ အာရုံတခု အမြဲမယူ၊ နှစ်ခွယူသည်။ အဓိမောက္ခ မရှိသောကြောင့် မရပ်မတန့် လိမ့်၏။ ထောင့်မရှိသော ပတ္တမြားလုံး လိမ့်သည်နှင့်တူ၏။ ပဋိပတ်ကို အန္တရာယ်ပြု၏၊

သောဘဏ မှတ်ဘွယ်

၁-သဒ္ဓါသည် ယုံကြည်တတ်၏။ ယုံကြည်ရာ ဌာနကား - ရတနာသုံးတန်၊ ကံ၊ ကံ၏အကျိုး-ဤငါးမျိုးတည်း။ ကိလေသာကင်းအောင် စိတ်ကိုကြည်လင်စေ၏-ရေနောက် ကြည်စေနိုင်သော စကြာမင်း၏ ပတ္တမြားရတနာနှင့် တူ၏။ သူတော်ကောင်းတို့သည် ထိုကြည်လင်သော စိတ်ဖြင့် ဒါနသီလဘာဝနာတို့ကို အားထုတ်ကုန်၏။ ကုသိုလ်တို့၌ ရဲရင့်စွာ ပြေးဝင်နိုင်၏၊ မိကျောင်း ကြောက်သူတို့ကို ခေါ်ဆောင်အားပေး၍ မြစ်ကူးသော ရှေ့ဆောင် ဗိုလ်မှူးကြီးနှင့် တူ၏။ ဤသဒ္ဓါသည် ကုသိုလ်ရအောင်ယူရာ၌ လက်သဘွယ်၊ စည်းစိမ် ခပ်သိမ်း ပြီးစေရာ၌ ဥစ္စာသဘွယ်။ နိဗ္ဗာန်သီး-သီးစေရာ၌ မျိုးစေ့သဘွယ်ဖြစ်၏။
သဒ္ဓါသည် လေးမျိုးပြား၏။
ဘုရား, တရား, သံဃာဟုကြား၍ ကြည်ညိုခြင်းသည် ပသာဒသဒ္ဓါ မည်၏။
ဂုဏ်တော်၌ သက်ဝင် ယုံကြည်ခြင်းသည် သြကပ္ပနသဒ္ဓါ မည်၏။
မဂ်ဖြင့်ရသော အရိယာတို့ ယုံကြည်ခြင်းသည် အဓိဂမနိယသဒ္ဓါ မည်၏။
ဘုရားလောင်းတို့ ယုံကြည်ခြင်းသည် အာဂမနိယသဒ္ဓါ မည်၏၊
မိစ္ဆာဒိဋ္ဌိတို့အား မိမိဆရာ ဘုရားကို ယုံကြည်ခြင်းသည် သဒ္ဓါစေတသိက်မဖြစ်၊ စကား နားထောင်သော ဒိဋ္ဌိ၊ မောဟ၊ အဓိမောက္ခ စေတသိက်တို့သာ ဖြစ်ကုန်၏။ ယုံကြည်ရာဌာန မဟုတ်သောကြောင့်တည်း။ ဘုရားမှန် တရားမှန် သံဃာမှန် မဟုတ်ဘဲ ဂုဏ်တော်မသိဘဲ ကြည်ညိုခြင်းသည် သဒ္ဓါမဟုတ်၊ သဒ္ဓါတု၊ သဒ္ဓါလွန်၊ သဒ္ဓါလွဲသာတည်း။ ကြည်ညိုတိုင်း ရက်ရောတိုင်း အမြှောက်ခံရတိုင်း သဒ္ဓါမဟုတ်။ သဒ္ဓါမှန်သည် ကိလေသာဆယ်ပါးကို ကင်းစေသည်။
၂-သတိသည် ကြာမြင့်စွာ ပြုပြီးသော ကုသိုလ်ကို အောက်မေ့စေ၏၊ စည်းစိမ်ကို သတိပေးသော မင်းဘဏ္ဍာစိုးနှင့်တူ၏။ ဗူးတောင်းရေမျောမဟုတ် ကျောက်ဖျာ အလား မလှုပ်မရှား၊ အာရုံ၌ ထားတတ်၏။ အကျိုးမဲ့ကိုပယ်၍ အကျိုးရှိကို ချီးမြှောက်တတ်သောကြောင့် စကြာမင်း၏ သားကြီးရတနာနှင့် တူ၏။ အာရုံ၌ မြဲစွာတည်သောကြောင့် တံခါးတိုင်နှင့်တူ၏။ စက္ခုဒွါရ စသော ၆-ဒွါရကို စောင့်တတ် သောကြောင့် တံခါးစောင့်နှင့်တူ၏။
မိစ္ဆာဒိဋ္ဌိတို့အား မိမိပြုဘူးသည်ကို အောက်မေ့ခြင်းသည် သတိ စေတသိက်မဖြစ်၊ အကုသိုလ်မိစ္ဆာသတိသာ ဖြစ်သည်။ အမှတ်ရတိုင်း သတိမဟုတ်၊ သတိဟူသည် ဒွါရခြောက်ခွင်၌ အကုသိုလ် မဝင်အောင်စောင့်သည်။ ကုသိုလ်ဖြစ်အောင် အမှတ်ရ သည်။
၃-ဟိရီသည် မကောင်းမှုမှရှက်၏။ မိမိ၏ဇာတ်၊ အရွယ်၊ ရဲရင့်ခြင်းဂုဏ်၊ ဗာဟုသစ္စဂုဏ် တို့ကိုဆင်ခြင်၍ အဇ္ဈတ္တငဲ့၍ မကောင်းမှု မပြု၊ ငါသို့သော ဇာတ်ကောင်းသူ၊ အရွယ်ကောင်းသူ၊ ရဲရင့်သူ၊ အကြားအမြင် များသူသည် မကောင်းမှ မပြုသင့်ဟု မိမိကိုယ်ကိုမိမိ အလေးပြု၏။ ရှက်ခြင်း သဘော၌တည်၏၊ မပူလောင်သော်လည်း မစင်လူးသော သံချောင်းကို မကိုင်ဝံ့သူနှင့် တူ၏၊ မိမိ၏ ဇာတ်မြတ်ခြင်း၊ ဆရာ မြတ်ခြင်း၊ အမွေခံမြတ်ခြင်း၊ သီတင် သုံးဘော်မြတ်ခြင်းတို့ကို ဆင်ခြင်၍ ရိုသေခြင်း လက္ခဏာရှိ၏။ မိမိကိုယ်ကို အလေးပြုသော အမျိုးကောင်း သတို့သ္မီးနှင့်တူ၏။
၄-ဩတ္တပ္ပသည် မကောင်းမှုမှ ကြောက်လန့်၏။ သူတပါး ကဲ့ရဲ့မည်ကို ဆင်ခြင်၍ ဗဟိဒ္ဓ ငဲ့၍ မကောင်းမှုမပြု၊ သူတပါးသိသွားလတ္တံ့ဟု လောကကို အလေးပြု၏။ အပါယ်ကြောက်ခြင်း သဘော၌ တည်၏၊ မစင်မလူးသော်လည်း ပူလောင်သော သံချောင်းကို မကိုင်ဝံ့သူနှင့် တူ၏။ အတ္တာနုဝါဒဘေး၊ ပရာနုဝါဒဘေး၊ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေး တို့ကိုဆင်ခြင်၍ ရိုသေခြင်းလက္ခဏာရှိ၏၊ သူတပါးကို အလေးပြုသော ပြည့်တန်းဆာမနှင့်တူ၏၊ မရှက်သော်လည်း လူမစုံမက်မှာ စိုးရိမ်သည်။
၅-အလောဘသည် အာရုံ၌ ကပ်ငြိခြင်းမရှိ၊ ကြာရွက် ရေမကပ်သည်နှင့် တူ၏။ စုဆောင်းခြင်းမရှိ - ကိလေသာမှ လွတ်သော ရဟန္တာနှင့်တူ၏၊ ကပ်ငြိခြင်းကို အလိုမရှိ၊ မဘော်တဆ မစင်တွင်း လိမ့်ကျသူနှင့်တူ၏။ လောဘ၏ ဆန့်ကျင်ဘက် ဖြစ်၏။
၆-အဒေါသသည် ကြမ်းတမ်းခြင်း မရှိ၊ ဆန့်ကျင်ခြင်း မရှိ၊ လိုက်လျောသော မိတ်ဆွေနှင့်တူ၏။ ရန်ငြိုးဖျောက်တတ်၏။ ပူပန်ခြင်း ငြိမ်းစေတတ်၏။ ပူလောင်ခြင်း ကို ငြိမ်းစေသော စန္ဒကူးနှင့် တူ၏။ ဧချမ်းခြင်း ထင်ရှား၏ - လပြည့်ဝန်းနှင့် တူ၏။ သည်းခံခြင်း ခန္တီလည်း မည်၏၊ ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၏။
ဗြဟ္မဝိဟာရမေတ္တာမည်၏။ မေတ္တာဟူသည် သတ္တဝါတို့၏ အစီးအပွါးကို ဆောင်တတ်၏။ ငယ်သောသား၏ ကြီးပွါးခြင်းကို တောင့်တသောမိခင်နှင့်တူ၏။ ဒေါသမရှိလျှင် ပြည့်စုံ၏။ တဏှာချစ်ဖြစ်လျှင် ပျက်၏၊ ဒေါသနှင့်တဏှာ အကြား၌ တည်၏။ လွန်လျှင် တဏှာ၊ လျှော့လျှင် ဒေါသရာဂသည် မေတ္တာအယောင်ဆောင် တတ်၏။
၇-တတြမဇ္ဈတ္တတာသည် သမ္ပယုတ်တရားတို့၏ အလယ်၌ တည်၏၊ စိတ်စေတသိက် တို့ကို မိမိဆိုင်ရာ ကိစ္စ၌ အညီအမျှဖြစ်စေ၏၊ အယုတ်အလွန်ကို တား၏ တဘက်သတ်ကျခြင်း မရှိ။ ညီမျှသော စိတ်စေတသိက်တို့ကို လျှစ်လျူရှု၏၊ ညီမျှသော အာဇာနည်မြင်း တို့ကို လျစ်လျူရှုသော ရထားထိန်းနှင့်တူ၏။
ဗြဟ္မဝိဟာရ၌ကား ဥပေက္ခာမည်၏၊ ဥပေက္ခာဗြဟ္မဝိဟာရဟူသည် သတ္တဝါတို့၌ ချစ်ခြင်း မုန်းခြင်း မရှိ၊ ကံသာလျှင် မိမိဥစ္စာရှိ သည့်အဖြစ်ကို မြင်၏။ မိမိကိစ္စ၌ လေ့လာနိုင်သော သားကြီးအား မကြောင့်ကြသော မိခင်နှင့် တူ၏၊ ရာဂချစ်၊ ဒေါသမုန်း မရှိလျှင် ပြည့်စုံ၏၊ မောဟဖြင့် ဥပေက္ခာဖြစ်လျှင် ပျက်၏၊ ရာဂ ဒေါသနှင့် မောဟအကြား၌ တည်၏။ လွန်လျှင် မောဟ၊ လျှော့လျှင် ရာဂဒေါသမောဟသည် ဥပေက္ခာ အယောင်ဆောင်တတ်၏၊
၈-၉-ကာယပဿဒ္ဓိသည် ကိုယ်၏ငြိမ်းခြင်း ၊စိတ္တပဿဒ္ဓိသည် စိတ်၏ ငြိမ်းခြင်း ဖြစ်၏။ (စေတသိက်ခန္ဓာသုံးပါးသည် နာမကာယ ဖြစ်၍ ကိုယ်မည်၏။) ကိုယ်စိတ် တို့ကို ပူလောင်စေသော ဥဒ္ဓစ္စ- စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။
၁ဝ၊ ၁၁-လဟုတာဒွယသည် ကိုယ်စိတ်တို့၏ ပေါ့ပါးခြင်းဖြစ်၏။ လေးလံစေသော ထိန မိဒ္ဓ- စသည်တို့၏ ဆန့်ကျင်ဘက် ဖြစ်၏။
၁၂၊ ၁၃-မုဒုတာဒွယသည် ကိုယ်စိတ်တို့၏ နူးညံ့ခြင်း ဖြစ်၏၊ ခက်ထန်စေသော ဒိဋ္ဌိ မာန-စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။
၁၄၊ ၁၅-ကမ္မညတာဒွယသည် ကိုယ်စိတ်တို့၏ ကုသိုလ်အမှု၌ ကောင်းခြင်းဖြစ်၏၊ အမှု၌ မကောင်းစေသော နီဝရဏတို့၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကုသိုလ်မှုပြုခြင်းငှါ ခန့်ကျန်း၏။ စင်ကြယ်သော ရွှေနှင့်တူ၏။
၁၆၊ ၁၇-ပါဂုညတာဒွယသည် ကိုယ်စိတ်တို့၏ အနာကင်း၍ လေ့လာခြင်းဖြစ်၏။ နာစေသော အသဒ္ဓိယ စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။
၁၈၊ ၁၉-ဥဇုကတာဒွယသည် ကိုယ်စိတ်တို့၏ ဖြောင့်မတ်ခြင်း ဖြစ်၏၊ ကောက်ကျစ် စေသော မာယာ၊ သာထေယျ - စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၏။
၂၀-သမ္မာဝါစာသည် ကောင်းသောစကားကို ဆိုစေ၏၊ ဝစီ ဒုစရိုက်ကို လွန်ကျူးခြင်း မရှိ၊ မိစ္ဆာဝါစာလေးပါးမှ ရှောင်ကြဉ်၏၊
(မိစ္ဆာဝါစာမှ ရှောင်ကြဉ်ခြင်းသာ ဝိရတိ သမ္မာဝါစာ ဖြစ်သည်၊ ရှောင်ကြဉ်မည်ဟု သဘောမထားဘဲ၊ အကျိုး ရှိသော စကား ဆိုကာမျှနှင့် သမ္မာဝါစာ ဝိရတိမဖြစ်။)
၂၁-သမ္မာကမ္မန္တသည် ကောင်းသောအမှုကိုပြုစေ၏၊ ကာယဒုစရိုက်ကို လွန်ကျူးခြင်း မရှိ၊ မိစ္ဆာကမ္မန္တ သုံးပါးမှ ရှောင်ကြဉ်၏၊
(ရှောင်ကြဉ်မည်ဟု သဘောမထားဘဲ၊ ကောင်းသောအမှု ပြုရုံမဟုတ်။)
၂၂။ သမ္မာအာဇီဝသည် ကောင်းစွာ အသက် မွေးစေ၏။ အသက်မွေးခြင်းအတွက် ကာယဒုစရိုက်၊ ဝစီဒုစရိုက်ကို လွန်ကျူးခြင်းမရှိ၊ မိစ္ဆာအာဇီဝ ခုနှစ်ပါးမှ ရှောင်ကြဉ်၏၊ ကုဟနာ လပနာ စသော မိစ္ဆာဇီဝ များစွာတို့မှလည်း ရှောင်ကြဉ်၏၊ ရှောင်ကြဉ် မည်ဟု သဘောမထားလျှင် သမ္မာအာဇီဝမဖြစ်၊ အဆိပ်သီးကို မစားဝံ့သူနှင့် တူ၏၊
(ဤသုံးခုသည် ဒါန၊ ဘာဝနာမျိုး မဟုတ်၊ ဒုစရိုက်မှ ရှောင်ကြဉ်သော သီလတည်း။ ဝါ၊ စေတနာ သီလမှ ထူးသော ဝိရတိသီလတည်း။)
၂၃-ကရုဏာသည် ဒုက္ခိတသတ္တဝါကို သနားတတ်၏၊ သတ္တဝါအားလုံးကို သော်လည်း သံသရာဒုက္ခဖြစ်အင် ဆင်ခြင်၍ သနား၏၊ ဒုစရိုက် ရှိသူကိုလည်း အပါယ်ဘေးကြီး နီးကပ်နေပြီဟု သနား၏၊ မကျန်းမာသောသား၏ ရောဂါကင်းခြင်း ကို တောင့်တသော မိခင်နှင့်တူ၏။
ဗြဟ္မဝိဟာရလေးပါး၌ ပါဝင်၏၊ ညှဉ်းဆဲခြင်း ဝိဟိံသာမရှိလျှင် ပြည့်စုံ၏၊ သောက ဖြစ်လျှင်ပျက်၏၊ ဝိဟိံသာနှင့် သောကအကြား၌တည်၏၊ လွန်လျှင်သောက၊ လျှော့လျှင် ဝိဟိံသာသောကသည် ကရုဏာ အယောင်ဆောင်တတ်၏။
၂၄-မုဒိတာသည် သုခိတသတ္တဝါကို ဝမ်းမြောက်တတ်၏ သတ္တဝါ အားလုံးကို သော်လည်း သုခိတ ဖြစ်ဘူးခြင်းကို၎င်း - ဖြစ်လတ္တံ့ကို၎င်း ဆင်ခြင်၍ ဝမ်းမြောက်၏၊ သုစရိုက်ရှိသူကိုလည်း သုဂတိ နီးကပ်ပေသည် ဟု ဝမ်းမြောက်၏ အရွယ် ရောက်သော သား၏ပြည့်စုံခြင်းကို တောင့်တသော မိခင်နှင့်တူ၏။
ဗြဟ္မဝိဟာရ၌ ပါဝင်၏၊ ဣဿာမရှိလျှင် ပြည့်စုံ၏၊ ပျော်ရွှင်ခြင်း-ဟာသဖြစ်လျှင် ပျက်၏၊ ဣဿာနှင့်ဟာသ အကြား၌တည်၏၊ လွန်လျှင်ဟာသ၊ လျှော့လျှင် ဣဿာဟာသသည် မုဒိတာ အယောင်ဆောင်တတ်၏။
(အပ္ပမညာ ဗြဟ္မဝိဟာရ တို့သည် ဗဟိဒ္ဓသတ္တဝါ ပညပ်ကိုသာ အာရုံပြုကြသည်။)
၂၅-ပညာသည် အနိစ္စ စသည်ဖြင့် ခွဲစိပ်၍ သိတတ်၏၊ အဝိဇ္ဇာမှောင်ကိုဖျောက်၏၊ ပညာရောင် တောက်စေ၏၊ သစ္စာလေးပါး သိအောင်ပြု၏ - မီးရောင်နှင့်တူ၏၊ ကုသိုလ်အကုသိုလ် မှီဝဲသင့် မမှီဝဲသင့်ကို သိ၏၊ ဆေးသမားနှင့်တူ၏၊ ဟုတ်မှန်သော အတိုင်း မချွတ်မယွင်းသိ၏- လိမ္မာသော လေးသမား၏ မြား-အချက်တိုင်း မှန်သည်နှင့် တူ၏။ တွေဝေခြင်းမရှိ၊ တောသွားခရီးညွှန်နှင့် တူ၏၊ သိတိုင်းလည်း ပညာမဟုတ်၊ လှည့်ပတ်တတ်သော ပညာမည်သော ပညာမျိုးကား ပညာစစ်မဟုတ်၊ ဝဉ္စနာ၊ မာယာ-မည်သော တဏှာသာဖြစ်သည်။

သညာသုံးမျိုး အထူး

သညာသည် မှတ်၍ သိရုံသာ - ဂုဏ်တပါးရှိသည်။ လက္ခဏာ ထိုးထွင်း၍မသိ၊
ဝိညာဏ်ကား မှတ်၍လည်းသိ၊ ထိုးထွင်း၍လည်းသိ - ဂုဏ်နှစ်ပါးရှိသည်၊ မဂ်သို့ မရောက်စေနိုင်၊
ပညာကား မှတ်၍လည်း သိ၊ ထိုးထွင်း၍ လည်းသိ၊ မဂ်သို့လည်း ရောက်စေနိုင်သည် - ဂုဏ်သုံးပါးရှိသည်၊
ရွှေကို ကလေးသူငယ်သိ၊ ရွာသားသိ၊ ပန်းထိမ်သိ-ထူးသည်နှင့် တူ၏၊ ကလေး-ဝါရုံသိ။ ရွာသား-ရွှေဟူ၍လည်းသိ။ ပန်းထိမ်-အဘိုး တန်အမျိုးခွဲ၍ လည်းသိ။

တိုက်တွန်းခြင်း

ငါတို့ဆရာ ဘုရားမြတ်စွာသည် ထိုထို သဘောကို မှန်ကန်စွာသိ၍သာ ဝေဘန်တော် မူနိုင်ပေသည်တကား-ဟု ယုံကြည်လေးစား၍ သဘာဝဓမ္မတို့၏ အထူးကို ကြံစည် အပ်၏။ မေးမြန်းအပ်၏။ ဆွေးနွေးအပ်၏။ ဖောက်ပြန်သော အားဖြင့် တွေတွေဝေဝေ မဖြစ်စေအပ်။

သမ္ပယောဂနည်း မှတ်ဘွယ်

ကရုဏာ မုဒိတာတို့သည် အဘယ်အခါ သောမနဿ၊ အဘယ်အခါ ဥပေက္ခာ ဖြစ်ကြသနည်း။
ဈာန်အပ္ပနာသို့ ရောက်သောအခါ သောမနဿသာ ဖြစ်ကြသည်။
ရှေ့အဘို့ ကာမာဝစရ၌ကား လေ့လာခြင်း အားသေးသောအခါ သောမနဿသာ ဖြစ်ခြင်းများ၍ လေ့လာခြင်း အားကြီးသောအခါ ဥပေက္ခာလည်း များစွာဖြစ်ကြသည်။
လေ့လာခြင်း များသော ကျမ်းဂန်ကို သရဇ္ဈာယ်သောအခါ ရံခါအာရုံတပါး နှလုံး ထားခြင်း များစွာဖြင့်လည်း သရဇ္ဈာယ်ကုန်၏၊ လေ့လာခြင်းများသော ဝိပဿနာ ဉာဏ်ဖြင့် သင်္ခါရတို့ကို သုံးသပ်သောအခါ ရံခါဉာဏဝိပ္ပယုတ်ဖြင့်လည်း သုံးသပ် ကုန်၏။ ဤ အတူတည်း။
ထို့ကြောင့် ကရုဏာ မုဒိတာတို့ ဥပေက္ခာ၌ မဖြစ် ဟူသော ကေစိဝါဒသည် မပြည့်စုံ လေ့လာခြင်း အရှိန်မရသေးလျှင် သတိလည်း ကြီးစွာထားရသည်။ သတိလစ်လျှင် ချက်ခြင်း မှားနိုင်သောကြောင့်တည်း။

အပ္ပမညာနှင့် ဝိရတိသည် အဘယ်ကြောင့် အတူ မဖြစ်သနည်း။
အာရုံ မတူခြင်းကြောင့်တည်း။
အပ္ပမညာသည် သတ္တဝါ ပညပ်ကိုသာ။
ဝိရတီသည် ပရမတ်ကိုသာ အာရုံပြုသည်။

လောကီ ဝိရတိသည် အဘယ်ကြောင့် အဗျာကတ မဖြစ်သနည်း။
ကုသိုလ်ဧကန် ဖြစ်သောကြောင့်တည်း။ လောကီဝိရတိသည် ရှောင်ကြဉ်အပ်သော ဒုစရိုက်မှ အမြဲ ရှောင်ကြဉ် သောကြောင့် ကုသိုလ်အမြဲ - ကုသိုလ် ဧကန်ဖြစ်သည်။ ကုသိုလ်ဧကန် ဖြစ်သောကြောင့် ဝိပါက်ကြိယာ အဗျာကတ ဟူ၍ ဝိရတိ မရှိစကောင်း။

ကာမ ဝိပါက်သည် မိမိကို ဖြစ်စေသော ကာမကုသိုလ် အကုသိုလ်၏ အာရုံကိုမယူ။ ကာမတဏှာ၏ အာရုံကိုသာ ယူသည်။ အဘယ်ကြောင့်နည်း။
ကာမကုသိုလ် အကုသိုလ်သည်ပင် ကာမတဏှာသခင်နှင့် စပ်သောကြောင့်တည်း။ ကာမတဏှာ သခင် ညွတ်ရာ၌သာ ကာမကုသိုလ် အကုသိုလ်သည် ကာမဝိပါက် ပဋိသန္ဓေကို ဖြစ်စေနိုင်သည်။ ကာမဝိပါက်သည် ကျွန်မ၏ သား-သပေါက်နှင့်တူ၏။ သပေါက်သည် အမိကိစ္စကိုမပြုနိုင်၊ သခင့်ကိစ္စကိုသာ ပြုရသည်။
(ဤစကား ပကိဏ်းပိုင်း အာရုံပြုနှင့် ဆိုင်သည်။)

အနိယတ မှတ်ဘွယ်

အနိယတ ၁၁-ခုတို့တွင် --
ဣဿာသည် သူတပါးစည်းစိမ်ကို ငြူစူသောအခါ၌သာ ဒေါသမူဒွေ၌ ရံခါဖြစ်သည်၊ တပါးသောအခါ ဘယ်မှာမှမဖြစ်၊
မစ္ဆရိယသည် မိမိစည်းစိမ်ကို လျှို့ဝှက်ဝန်တိုသော အခါ၌သာ ဖြစ်သည်၊ တပါးသောအခါ ဘယ်မှာမှ မဖြစ်၊
ကုက္ကုစ္စသည် ပြုမိသော ဒုစရိုက်၊ မပြုမိသော သုစရိုက်တို့ကို ဖန်ဖန်စိုးရိမ်သော အခါ၌သာ ဒေါသမူဒွေ၌ ရံခါဖြစ်သည်၊ တပါးသောအခါ ဘယ်မှာမှမဖြစ်၊
ဖြစ်သောအခါလည်း အသီး အသီး ဖြစ်ကြသည်။

သမ္မာဝါစာသည် ဝစီဒုစရိုက် လေးပါးမှ ရှောင်ကြဉ်သော အခါ၌သာ မဟာကုသိုလ်၌ ဖြစ်သည်။ တပါးသောအခါ လောကုတ္တရာ၌ အမြဲတပေါင်းတည်း ဖြစ်သည်။
သမ္မာကမ္မန္တသည် ကာယ ဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်သော အခါ၌သာ မဟာ ကုသိုလ်၌ ဖြစ်သည်။ တပါးသောအခါ လောကုတ္တရာ၌ အမြဲတပေါင်းတည်း ဖြစ်သည်။
သမ္မာအာဇီဝသည် မိစ္ဆာဇီဝဒုစရိုက် ခုနစ်ပါးမှ ရှောင်ကြဉ်သော အခါ၌သာ မဟာကုသိုလ်၌ ရံခါဖြစ်သည်။ တပါးသောအခါ လောကုတ္တရာ၌ အမြဲတပေါင်းတည်း ဖြစ်သည်။

ကရုဏာသည် ဒုက္ခိတ သတ္တဝါပညပ်ကို သနားသောအခါ၌သာ ၂၈-ပါးသော စိတ်တို့၌ ရံခါဖြစ်သည်၊ မုဒိတာသည် သုခိတသတ္တဝါပညပ်ကို ဝမ်းမြောက်သော အခါ၌သာ ၂၈-ပါးသော စိတ်တို့၌ရံခါဖြစ်သည်။ အသီးအသီးဖြစ်သည်၊ တပါးသော အခါ ဘယ်မှာမှမဖြစ်။

မာနသည် ငါတကားဟု ထောင်လွှားသော အခါ၌သာ ဝိပ္ပယုတ်လေးခု၌ ရံခါ ဖြစ်သည်။ တပါးသောအခါ ဘယ်မှာမှမဖြစ်။
ထိနမိဒ္ဓသည် စိတ်စေတသိက်တို့၏ အမှု၌ မခန့်ကျန်းသော အခါ၌သာ သသင်္ခါရိက ငါးခု၌ ရံခါဖြစ်သည်။ အချင်းချင်း တပေါင်းတည်းဖြစ်သည်၊ ဣဿာမစ္ဆရိယကုက္ကုစ္စနှင့်၎င်း၊ မာနနှင့်၎င်း တပေါင်းတည်း ဖြစ်သည်။ တပါးသောအခါ ဘယ်မှာမှ မဖြစ်။
(ဣဿာတိက အချင်းချင်း အာရုံမဘူ။ ဝိရတိတ္တယ အချင်းချင်း အာရုံမတူ။ အပ္ပမညာဒွယ အချင်းချင်း အာရုံမတူ၊ ထိနမိဒ္ဓအချင်းချင်းကား အာရုံတူသည်။)

ဝိရတိ အပ္ပမညာ စသည်မှတ်ဘွယ်

လောကုတ္တရာ ဝိရတိသည် သမုစ္ဆေဒပဋိပဿမ္ဘနဖြင့် ဒုစရိုက် ဒုရာဇီဝကိုပယ်သည်။ မဂ်၌ဖိုလ်၌ဖြစ်သည်။ ကုသိုလ် အဗျာကတ - နှစ်မျိုးပြားသည်။ နိဗ္ဗာန်ကိုသာ အာရုံပြုသည်။
လောကီဝိရတိသည် တဒင်္ဂဖြင့် ဒုစရိုက်စသည်ကို ပယ်သည်။ သမ္ပတ္တသမာဒါန-နှစ်မျိုးပြားသည်။ မဟာကုသိုလ်၌သာ ဖြစ်သည်။ ဝါ၊ ငါးပါးသီလ အဖြစ်ဖြင့်၊ မဟာကုသိုလ်၌သာ ဖြစ်သည်။ ကုသိုလ်ဧကန်ဖြစ်သည်။ ပစ္စုပ် နာဂတ် ရှောင်ကြဉ် အပ်သော ကာမနာမ်ရုပ်ကို အာရုံပြုသည်။
အပ္ပမညာသည် ဈာန်မရမီ ရှေ့ကာမာဝစရ၌ ရံခါ သောမနဿ၊ ရံခါ ဥပေက္ခာ။ ဈာန်၌ကား အမြဲ သောမနဿဖြစ်သည်။ သတ္တဝါ ပညပ်ကို အာရုံပြုသည်။
လောကုတ္တရာစိတ်သည် လောကုတ္တရာ ဝိရတိနှင့် တူပြီ။
မဟဂ္ဂုတ်စိတ်သည် ဝိရတိသီလ တဒင်္ဂဖြင့် ကိုယ်နှုတ် သုတ်သင်သော်လည်း မဖြစ်သေး။ ဝိက္ခမ္ဘနဖြင့် သမာဓိကြီးစွာ ထားနိုင်မှဖြစ်သည်။ သမုစ္ဆေဒပဋိပဿမ္ဘန ဝိရတိဖြင့်လည်း မဖြစ်။ ကသိုဏ်းစသော ပညပ်နှင့် အာကာသာနဉ္စာယတနအာကိဉ္စညာယတနကို အာရုံပြုသည်။

ကာမဝိပါက်သည် အမိနှင့်တူသော ကုသိုလ်ကံ၊ အကုသိုလ်ကံ၏ အာရုံကိုအာရုံမပြု အမိ၏သခင်နှင့်တူသော ကာမတဏှာ၏ အာရုံကိုသာ အာရုံပြုသည်။
ကာမနာမ်ရုပ်ဟူသော စိတ်၊ စေတသိက် ရုပ်သည် ကာမတဏှာ၏ အာရုံ၊ ကာမ ဝိပါက်၏ အာရုံဖြစ်၏။

ကာမဝိပါက်နှင့် လောကီဝိရတိသည် ဇာတ်မတူသောကြောင့် မယှဉ်။
ကာမဝိပါက်နှင့် အပ္ပမညာသည် အာရုံမတူသောကြောင့် မယှဉ်။
ကာမဝိပါက်နှင့် လောကီဝိရတိ-ဇာတ်မတူ။
ကာမဝိပါက်နှင့် အပ္ပမညာ အာရုံမတူ။
ကာမကြိယာနှင့် လောကီ ဝိရတိ ဇာတ်မတူ၊
(လောကုတ္တရာဝိရတိနှင့် ဘုံမတူ။)
မဟဂ္ဂုတ်နှင့် ဝိရတိ-အာရုံမတူ၊
(ပဟာန်ကိစ္စမတူ၊ ဘုံမတူ။)
ပဉ္စမဈာန်နှင့် အပ္ပမညာ-ဝေဒနာ မတူ။
လောကုတ္တရာနှင့် အပ္ပမညာ-အာရုံမတူ။
အပ္ပမညာနှင့် ဝိရတိ-အာရုံမတူ။ ထိုကြောင့် မယှဉ်။

ဇာတ်၊ ကာလ၊ ဘုံ၊ သဏ္ဌာန်- လေးပါးမတူခြင်းဖြင့် သမ္ပယုတ် မဖြစ်၊ ဝိပ္ပယုတ် လေးမျိုး ဖြစ်သည်။
ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထု-မတူလျှင်လည်း သမ္ပယုတ် မဖြစ်စကောင်း၊
စေတသိက်ပိုင်း အရသာပြီး၏။

၃ - ပကိဏ်းပိုင်း

ယှဉ်သင့်သည် အားလျော်စွာ အညီအညွတ် အပြားအားဖြင့် ယှဉ်ကုန်သော စိတ်စေတသိက်တို့သည် အသီးသီး မိမိတို့၏ သဘောအားဖြင့် ၅၃-ပါးဖြစ်ကုန်၏။
စိတ်တခုယုတ် ကိုးဆယ်သည် အာရုံသိခြင်း သဘောအားဖြင့် တပါးသာ စေတသိက် တို့သည် တွေ့ထိခြင်း၊ ခံစားခြင်း စသောသဘော အသီးသီအားဖြင့် ၅၂-ပါး၊ ဤသို့ ၅၃-ပါးဖြစ်ကုန်၏။
ထို ၅၃-ပါးတို့၏-ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ၊ ဝတ္ထု- အားဖြင့် ပြွမ်းသော ပကိဏ္ဏက သင်္ဂဟ ခြောက်ခုကို စိတ်၊ စေတသိက်စွမ်းဖြင့် ဆိုပေအံ့။

ဝေဒနာသင်္ဂဟ

ထိုခြောက်ခုတို့တွင် ဝေဒနာသင်္ဂဟ၌ ဝေဒနာသည် သုခ၊ ဒုက္ခ၊ အဒုက္ခ မသုခ-ဟုအာရုံ အရသာခံစားခြင်းအားဖြင့် သုံးပါး၊ သုခ၊ ဒုက္ခ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ-ဟု ဣန္ဒြေ အပြားအဖြင့် ငါးပါး ပြား၏။
ထိုတွင် --
သုခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည် ကုသလဝိပါက် ကာယဝိညာဏ် တခုဖြစ်၏။
ဒုက္ခဝေဒနာနှင့်တကွ ဖြစ်သော စိတ်သည် အကုသလဝိပါက် ကာယဝိညာဏ် တခုဖြစ်၏။
သောမနဿဝေဒနာနှင့် တကွဖြစ်သော စိတ်သည် လောဘမူ-၄၊ သောမနဿ သန္တီရဏ၊ ဟသိတုပ္ပါဒ်၊ ကာမသောဘဏ ၁၂- အားဖြင့် ကာမ ၁၈။ ပဌမဈာန်ဧကာဒသ၊ ဒုတီယဈာန် ဧကာဒသ၊ တတီယဈာန် ဧကာဒသ၊ စတုတ္ထဈာန် ဧကာဒသ အားဖြင့် မဟဂ္ဂုတ်လောကုတ္တရာ ၄၄။ ဤသို့ ၆၂-ခုဖြစ်၏။
ဒေါမနဿ ဝေဒနာနှင့် တကွဖြစ်သော စိတ်သည် ဒေါသမူဒွေ ဖြစ်၏။
ဥပေက္ခာ ဝေဒနာနှင့်တကွ ဖြစ်သောစိတ်သည် ကြွင်း ၅၅-ခုဖြစ်၏။

အချုပ်

ဝေဒနာသည် အနုဘဝနအားဖြင့် သုံးပါး။ ဣန္ဒြိယဘေဒအားဖြင့် ငါးပါးဖြစ်၏။
သုခ-၁။ ဒုက္ခ-၁။ သောမနဿ-၆၂။ ဒေါမနဿ-၂။ ဥပေက္ခာ ၅၅ - ပေါင်း ၁၂၁။

စေတသိက်

စေတသိက်တို့၌ သဗ္ဗစိတ္တသာဓာရဏ တို့တွင် ဝေဒနာသည် ယှဉ်ဘက်ဝေဒနာမရှိ၊ ကြွင်းခြောက်ခုသည် ဝေဒနာ ငါးပါးနှင့်ယှဉ်၏။
ပကိဏ်းတို့တွင် ပီတိသည် ဝေဒနာတပါးနှင့် ယှဉ်၏။ ကြွင်းငါးခုသည် သုံးပါးနှင့် ယှဉ်၏။
အကုသိုလ်တို့တွင် --
မောဟစသော လေးခုသည် သုံးပါးနှင့်ယှဉ်၏၊
လောဘစသော သုံးခုသည် နှစ်ပါးနှင့်ယှဉ်၏၊
ဒေါသစသော လေးခုသည် တပါးနှင့်ယှဉ်၏၊
ထိန၊ မိဒ္ဓသည် သုံးပါးနှင့်ယှဉ်၏။
ဝိစိကိစ္ဆာသည် တပါးနှင့်ယှဉ်၏။
သောဘဏ ၂၅-သည် နှစ်ပါးနှင့်ယှဉ်၏။

ဟေတုသင်္ဂဟ

ဟေတုသင်္ဂဟ၌ ဟိတ်တို့သည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟအားဖြင့် ၆ -ပါးဖြစ်ကုန်၏။
ဟိတ်မရှိသောစိတ်သည် ပဉ္စဒွါရာဝဇ္ဇန်း၊ ဒွေပဉ္စဝိညာဏ်တဆယ်၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု၊ ဝုဋ္ဌော၊ ဟသိတုပ္ပါဒ် အားဖြင့် အဟိတ်စိတ် ၁၈-ခုဖြစ်၏။
ဟိတ်ရှိသောစိတ်သည် ကြွင်းသော သဟိတ်စိတ် ဧကသတ္တတိ ဖြစ်၏။
(သဟိတ်စိတ်တို့တွင် --
လောဘဟိတ်ရှိသော စိတ်သည် လောဘစေတသိက် ယှဉ်သော စိတ် ၂-ခု ဖြစ်၏။
ထိုအတူ ဒေါသဟိတ် ရှိသောစိတ် ၂-ခု။
မောဟဟိတ်ရှိသောစိတ် ၁၂-ခု။
အလောဘဟိတ်ရှိသောစိတ် ၅၉-ခု၊
အဒေါသဟိတ် ရှိသောစိတ် ၅၉ -ခု။
အမောဟဟိတ်ရှိသောစိတ် ၄၇-ခု ဖြစ်၏၊)
ဟိတ်တပါးရှိသောစိတ်သည် မောဟမူဒွေ ၌ဖြစ်၏။
ဟိတ်နှစ်ပါးရှိသော စိတ်သည် လောဘမူ ရှစ်၊ ဒေါသမူ နှစ်၊ ဉာဏဝိပ္ပယုတ် ၁၂ -အားဖြင့် ၂၂-ခုဖြစ်၏၊
ဟိတ်သုံးပါးရှိသော စိတ်သည် ဉာဏသမ္ပယုတ် ၄၇-ခု (ဝါ-၇၉ ခု) ဖြစ်၏။

အချုပ်

အကုသိုလ်ဟိတ်သုံးပါး၊ ကုသိုလ်ဟိတ်သုံးပါး၊ အဗျာကတဟိတ်သုံးပါး။
အဟိတ်စိတ် ၁၈။ ဧကဟိတ်စိတ် ၂။ ဒွိဟိတ်စိတ် ၂၂၊ တိဟိတ်စိတ် ၄၇၊ ပေါင်း ၈၉။

စေတသိက်

စေတသိက်တို့၌ အညသမာန်းတို့တွင် ပီတိသည် ဟိတ် ၅-ပါးရှိ၏။ ကြွင်း ၁၂-ခုသည် ဟိတ်ခြောက်ပါးရှိ၏။
အကုသိုလ်တို့တွင် --
မောဟ-ဒွိဟိတ်၊ ယှဉ်ဘက် မောဟ ဟိတ်မရှိ။
အဟိရိကစသော သုံးခု-တိဟိတ်။
လောဘ-ဧကဟိတ်။
ဒိဋ္ဌိ မာန-ဒွိဟိတ်၊
ဒေါသ-ဧကဟိတ်၊
ဣဿာစသော သုံးခု-ဒွိဟိတ်၊
ထိန မိဒ္ဓ-တိဟိတ်၊
ဝိစိကိစ္ဆာ-ဧကဟိတ်။
သောဘဏတို့တွင် --
အလောဘ-ဒွိဟိတ်၊
အဒေါသ-ဒွိဟိတ်။
ပညာ-ဒွိဟိတ်၊
ကြွင်း ၂၂-ခု - တိဟိတ်၊
တနည်း၊
အဟိတ်စိတ်ယှဉ်ခိုက် ၁၂-ခုတို့တွင် ၁၂-ခုလုံး အဟိတ်၊
မောဟမူစိတ်ယှဉ်ခိုက် ၁၆-ခုတို့တွင် မောဟ-အဟိတ်၊ ကြွင်း ၁၅-ဧကဟိတ်၊
လောဘမူစိတ်ယှဉ်ခိုက် ၂၂- ခုတို့တွင် လောဘ-ဧကဟိတ်။ မောဟ-ဧကဟိတ်၊ ကြွင်း ၂၀- ဒွိဟိတ်၊
ဒေါသမူစိတ်ယှဉ်ခိုက် ၂၂-ခုတို့တွင် ဒေါသ-ဧကဟိတ်၊ မောဟ ဧကဟိတ်၊ ကြွင်း ၂၀-ဒွိဟိတ်၊
ဉာဏဝိပ္ပယုတ်စိတ် ၁၂-ခု ယှဉ်ခိုက် ၃၇-ခုတို့တွင် အလောဘ ဧကဟိတ်၊ အဒေါသ-ဧကဟိတ်၊ ကြွင်း ၃၅-ဒွိဟိတ်။
ဉာဏသမ္ပယုတ်စိတ် ၄၇-ခုယှဉ်ခိုက် ၃၈-ခုတို့တွင် အလောဘ-ဒွိဟိတ်၊ အဒေါသ-ဒွိဟိတ်၊ အမောဟ ဒွိဟိတ်၊ ကြွင်း ၃၅-တိဟိတ်။

ကိစ္စသင်္ဂဟ

ကိစ္စသင်္ဂဟ၌ ကိစ္စတို့သည် ပဋိသန္ဓေ၊ ဘဝင်၊ အာဝဇ္ဇန်း၊ ဒဿန၊ သဝန၊ ဃာယန၊ သာယန၊ ဖုသန၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ စုတိ အားဖြင့် ၁၄-ပါး ဖြစ်ကုန်၏။
ဌာနတို့သည် ပဋိသန္ဓေ၊ ဘဝင်၊ အာဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ စုတိ-အားဖြင့် ဆယ်ပါးဖြစ်ကုန်၏။
ပဋိသန္ဓေကိစ္စတပ်သော စိတ်သည် ဥပေက္ခာ သန္တီရဏ ၂-ခု၊ မဟာဝိပါက် ၈-ခု၊ မဟဂ္ဂုတ်ဝိပါက် ၉-ခုအားဖြင့် ၁၉-ခု ဖြစ်၏။ ထိုအတူ ဘဝင်စိတ် ၁၉၊ စုတိစိတ် ၁၉။
အာဝဇ္ဇန်းကိစ္စ တပ်သောစိတ်သည် အာဝဇ္ဇန်းဒွေ။
ဒဿနကိစ္စ - စက္ခုဝိညာဏ်ဒွေ။
သဝနကိစ္စ - သောတဝိညာဏ်ဒွေ။
ဃာယနကိစ္စ - ယာနဝိညာဏ်ဒွေ။
သာယနကိစ္စ - ဇိဝှါဝိညာဏ်ဒွေ။
ဖုသနကိစ္စ - ကာယဝိညာဏ်ဒွေ။
သမ္ပဋိစ္ဆိုင်းကိစ္စ - သမ္ပဋိစ္ဆိုင်းဒွေ။
သန္တီရဏကိစ္စ - သန္တီရဏ သုံးခု။
ဝုဋ္ဌောကိစ္စသည် ငါးဒွါရ၌ဖြစ်သော မနောဒွါရာဝဇ္ဇန်း တခု ဖြစ်၏။
ဇောကိစ္စသည် ကုသိုလ် ၂၁။ အကုသိုလ်၁၂။ ဖိုလ် ၄ (အာဝဇ္ဇန်းဒွေကြဉ်သော) ကြိယာ ၁၈-အားဖြင့် ၅၅ခု၊ အကျယ် ၈၇-ခုဖြစ်၏။
တဒါရုံကိစ္စသည် သန္တီရဏ၊ မဟာဝိပါက်အားဖြင့် ၁၁-ခုဖြစ်၏။

စိတ်စဉ်အတိုင်း

အကုသိုလ်စိတ် ၁၂-ခုသည် ဇောကိစ္စတပ်၏။
စက္ခုဝိညာဏ်ဒွေ-ဒဿန၊
သောတဝိညာဏ်ဒွေ-သဝန၊
ဃာနဝိညာဏ်ဒွေ - ဃာယန၊
ဇိဝှါဝိညာဏ်ဒွေ-သာယန၊
ကာယဝိညာဏ်ဒွေ-ဖုသန၊
သမ္ပဋိစ္ဆိုင်းဒွေ-သမ္ပဋိစ္ဆိုင်း၊
သန္တီရဏ-သန္တီရဏ တဒါရုံ-နှစ်ကိစ္စ၊
ဥပေက္ခာသန္တီရဏ-ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရုံ-ငါးကိစ္စ၊
ပဉ္စဒွါရာဝဇွန်း-အာဝဇ္ဇန်း၊
မနောဒွါရာဝဇ္ဇန်း - ဝုဋ္ဌော၊ အာဝဇ္ဇန်း-နှစ်ကိစ္စ၊
ဟသိတုပ္ပါဒ် ဇော။
မဟာကုသိုလ်-ဇော၊ မဟာဝိပါက်- လေးကိစ္စ၊ မဟာကြိယာ-ဇော၊ မဟဂ္ဂုတ် ကုသိုလ်-ဇော၊ မဟဂ္ဂုတ်ဝိပါက်- သုံးကိစ္စ၊ မဟဂ္ဂုတ်ကြိယာ-ဇော၊ မဂ်-ဇော၊ ဖိုလ်-ဇော၊
တကိစ္စ - တပ်သောစိတ်သည် ဇော၊ မနောဓာတ်၊ ဒွေပဉ္စဝိညာဏ် ၁၀ အားဖြင့် ၆၈-ခု။ (ဝါ-တရာ) ဖြစ်၏။
နှစ်ကိစ္စ - သုခသန္တီရဏ (သန္တီရဏ၊ တဒါရမ္မဏ)၊ မနောဒွါရာဝဇ္ဇန်း (အာဝဇ္ဇန၊ ဝဋ္ဌဗ္ဗန) အားဖြင့် ၂၊
သုံးကိစ္စ - မဟဂ္ဂုတ်ဝိပါက် (ပဋိသန္ဓိ၊ ဘဝင်၊ စုတိ၊) ၉၊
လေးကိစ္စ - မဟာဝိပါက် (ပဋိသန္ဓိ၊ ဘဝင်၊ စုတိ၊ တဒါရမ္မဏ၊) ၈၊
ငါးကိစ္စ - ဥပေက္ခာ သန္တီရဏ (ပဋိသန္ဓိ၊ ဘဝင်၊ စုတိ၊ သန္တီရဏ၊ တဒါရမ္မဏ၊) နှစ်ခုဖြစ်၏။

အချုပ်

စိတ်စေတသိက်တို့သည် ကိစ္စအားဖြင့် ၁၄- မျိုး။ ဌာနအားဖြင့် ဆယ်မျိုး ဖြစ်ကုန်၏။
တကိစ္စ တဌာန စိတ် ၆၈။
နှစ်ကိစ္စ နှစ်ဌာန ၂။
သုံးကိစ္စ သုံးဌာန ၉။
လေးကိစ္စ လေးဌာန ၈။
ငါးကိစ္စ ငါးဌာန ၂။ ပေါင်း ၈၉။

စေတသိက်

စေတသိက်တို့၌ --
သဗ္ဗစိတ္တသာဓာရဏ တို့တွင် ၇-ခုလုံး ၁၄-ကိစ္စတပ်၏၊
ပကိဏ်းတို့တွင် --
ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ ၉-ကိစ္စ။
ဝီရိယ-၇။ ပီတိ-၆။ ဆန္ဒ- ၅။ အကုသိုလ် ၁၄-ခု ဇောတကိစ္စ။
သောဘဏတို့တွင် --
ဝိရတိ ဇော တကိစ္စ၊ အပ္ပမညာ-၄-ကိစ္စ၊ ကြွင်းနှစ်ဆယ်-ငါးကိစ္စ။

ဒွါရသင်္ဂဟ

ဒွါရသင်္ဂဟ၌ ဒွါရတို့သည် စက္ခုဒွါရ၊ သောတဒွါရ၊ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ မနောဒွါရ၊ အားဖြင့်ခြောက်ပါး ဖြစ်ကုန်၏။
စက္ခုပသာဒရုပ်သည် စက္ခု ဒွါရမည်၏
သောတပသာဒရုပ်သည် သောတဒွါရမည်၏။
ဃာနပသာဒရုပ်သည် ဃာနဒွါရမည်၏။
ဇိဝှါပသာဒရုပ်သည် ဇိဝှါ ဒွါရမည်၏။
ကာယပသာဒရုပ်သည် ကာယဒွါရမည်၏။
ဘဝင်္ဂုပစ္ဆေဒ ၁၉-ခုသည် မနောဒွါရ မည်၏။

စက္ခုဒွါရ၌ ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်းတစ်၊ စက္ခုဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု၊ ဝုဋ္ဌောတစ်၊ ကာမဇော တခုယုတ်သုံးဆယ်၊ တဒါရုံ ဧကာဒသ-အားဖြင့် ၄၆-ခုဖြစ်၏။
(သန္တီရဏနှင့် တဒါရုံကို ၁၁-ဖြစ်အောင် ပေါင်းနိုင်စေ၊ ၁၄-မဖြစ်စေနှင့်။)
သောတဒွါရ၌ ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ သောတဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။
ဃာနဒွါရ၌ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ ဃာနဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။
ဇိဝှါဒွါရ၌ ဖြစ်သောစိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ ဇိဝှါဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။
ကာယဒွါရ၌ ဖြစ်သော စိတ်ကား - ပဉ္စဒွါရာဝဇ္ဇန်း-တစ်၊ ကာယဝိညာဏ်ဒွေ၊ သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏ သုံးခု၊ ဝုဋ္ဌော-တစ်၊ ကာမဇော တခုယုတ်သုံးဆယ် တဒါရုံ ဧကာဒသ အားဖြင့် ၄၆-ခုဖြစ်၏။
မနောဒွါရ၌ ဖြစ်သောစိတ်ကား - မနောဒွါရာဝဇ္ဇန်း၊ ဇော ငါးဆဲ့ငါး၊ တဒါရုံဧကာဒသ အားဖြင့် ၆၇-ခုဖြစ်၏။
ခြောက်ဒွါရ၌ မဖြစ်သောစိတ်ကား ပဋိသန္ဓေ ၁၉၊ ဘဝင် ၁၉၊ စုတိ ၁၉ အားဖြင့် ၁၉-ခု ဖြစ်၏။ ဤသုံးကိစ္စသည် ဒွါရဝိမုတ် မည်၏။

စိတ်စဉ်အတိုင်း

အကုသိုလ်စိတ် ၁၂-ခုသည် ဇောကိစ္စ, ခြောက်ဒွါရ၌ဖြစ်၏။
စက္ခုဝိညာဏ်ဒွေ-ဒဿနကိစ္စ၊ စက္ခုတဒွါရ၊
သောတဝိညာဏ်ဒွေ- သဝနကိစ္စ, သောတတဒွါရ။
ဃာနဝိညာဏ်ဒွေ-ဃာယနကိစ္စ။ ဃာနတဒွါရ၊
ဇိဝှါဝိညာဏ်ဒွေ-သာယနကိစ္စ၊ ဇိဝှါတဒွါရ၊
ကာယဝိညာဏ်ဒွေ-ဖုသနကိစ္စ၊ ကာယတဒွါရ၊
သမ္ပဋိစ္ဆိုင်းဒွေ- သမ္ပဋိစ္ဆိုင်းကိစ္စ၊ ငါးဒွါရ၊
သုခသန္တိရဏ- နှစ်ကိစ္စတွင် သန္တီရဏကိစ္စ-ငါးဒွါရ၊ တဒါရုံကိစ္စ-ခြောက်ဒွါရ၊
ဥပေက္ခာသန္တီရဏနှစ်ခု-ငါးကိစ္စတွင် သန္တီရဏကိစ္စ-ငါးဒွါရ ၊ တဒါရုံကိစ္စ-ခြောက်ဒွါရ၊ ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စ- ဒွါရဝိမုတ်၊ (ရံခါဆဒွါရ၊ ရံခါဒွါရဝိမုတ်ဟူလို၊)
ပဉ္စဒွါရာဝဇ္ဇန်း-အာဝဇ္ဇန်းကိစ္စ-ငါးဒွါရ၊
မနောဒွါရာဝဇ္ဇန်း-နှစ်ကိစ္စတွင် ဝုဋ္ဌောကိစ္စ-ငါးဒွါရ၊ အာဝဇ္ဇန်းကိစ္စ-မနောတဒွါရ၊ ပေါင်း ခြောက်ဒွါရ၊
ဟသိတုပ္ပါဒ်-ဇော-ခြောက်ဒွါရ။
မဟာကုသိုလ်-ဇော ခြောက်ဒွါရ၊
မဟာဝိပါက်-လေးကိစ္စတွင် တဒါရုံကိစ္စ-ခြောက်ဒွါရ။ ပဋိသန္ဓေ, ဘဝင်, စုတိကိစ္စ ဒွါရ ဝိမုတ်။ (ရံခါ ဆဒွါရ၊ ရံခါ ဒွါခုဝိမုတ်ဟူလို။)
မဟာကြိယာ-ဇော၊ ခြောက်ဒွါရ၊
မဟဂ္ဂုတ်ကုသိုလ်-ဇော မနောတဒွါရ။
မဟဂ္ဂုတ်ဝိပါက်-သုံးကိစ္စလုံး-ဒွါရဝိမုတ်၊ (အမြဲဝိမုတ်ဟူလို။)
မဟဂ္ဂုတ်ကြိယာ-ဇော မနောတဒွါရ။
မဂ်-ဇော မနောတဒွါရ၊
ဖိုလ်ဇော မနောတဒွါရ။

တဒွါရ၌ ဖြစ်သောစိတ်ကား --
ဒွေပဉ္စဝိညာဏ် တဆယ်၊ မဟဂ္ဂုတ် လောကုတ္တရာ (အပ္ပနာ) ဇော ၂၆ -အားဖြင့် ၃၆ ခုဖြစ်၏။
ငါးဒွါရစိတ် မနောဓာတ်သုံးခု။
ခြောက်ဒွါရစိတ်-သုခသန္တီရဏ ဝုဋ္ဌော ကာမဇောအားဖြင့် ၃၁။ ရံခါ ဆဒွါရ-ရံခါ ဒွါရဝိမုတ်စိတ်၊ ဥပေက္ခာသန္တိရဏ၊ မဟာဝိပါက်အားဖြင့် ၁ဝ။ အမြဲ ဒွါရဝိမုတ်-စိတ်-မဟဂ္ဂုတ်ဝိပါက် ၉။

အချုပ်

တဒွါရစိတ် ၃၆။ ငါးဒွါရ-၃။ ခြောက်ဒွါရ-၃၁။ ရံခါဝိမုတ် ၁၀။ အမြဲဝိမုတ် ၉။ ပေါင်း ၈၉။

စေတသိက်

စေတသိက်တို့သည်၊ တဒွါရသက်သက်၊ ငါးဒွါရသက်သက်မရှိ။ ခြောက်ဒွါရ၊ ရံခါဝိမုတ်၊ အမြဲဝိမုတ်- ဟု အခိုက်အတန့်အားဖြင့် သုံးမျိုးစီသာ များကုန်၏။
အကုသိုလ် ၁၄-ခုသည် ခြောက်ဒွါရတမျိုးသာ။
ဝိရတိသည် ခြောက်ဒွါရ တမျိုးသာ။
အပ္ပမညာသည် ခြောက်ဒွါရနှင့် အမြဲဝိမုတ်-နှစ်မျိုးသာ။
ကြွင်း ၃၃-ခုသည် ခြောက် ဒွါရ၊ ရံခါဝိမုတ်၊ အမြဲဝိမုတ်- သုံးမျိုးစီ။

အာရမ္မဏသင်္ဂဟ

အာရမ္မဏသင်္ဂဟ၌ အာရုံတို့သည် ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ-ဓမ္မာရုံ အားဖြင့် ခြောက်ပါးဖြစ်ကုန်၏။
အဆင်းသည် ရူပါရုံ မည်၏။
အသံသည် သဒ္ဒါရုံ မည်၏။
အနံ့သည် ဂန္ဓာရုံ မည်၏။
ရသာသည် ရသာရုံ မည်၏။
ပထဝီအတွေ့၊ တေဇောအတွေ့၊ ဝါယောအတွေ့- သုံးမျိုးသည် ဖောဋ္ဌဗ္ဗာရုံ မည်၏၊
ဓမ္မာရုံကား -
ပသာဒရုပ် ငါးခု ဓမ္မာရုံ၊
သုခုမရုပ် သောဠသဓမ္မာရုံ၊
စိတ် တခုယုတ် ကိုးဆယ် ဓမ္မာရုံ၊
စေတသိက် ဒွေပညာသ ဓမ္မာရုံ၊
နိဗ္ဗာန်ဓမ္မာရုံ၊
ပညပ်ဓမ္မာရုံ - အားဖြင့် ခြောက်မျိုးပြား၏။

အာရုံပြု အကျဉ်း

စက္ခုဒွါရိကစိတ် ၄၆ခုသည် ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။
(ပဉ္စဒွါရာဝဇ္ဇန်း ၁ + စက္ခုဝိညာဏ်ဒွေ ၂ + သမ္ပဋိစ္ဆိုင်းဒွေ ၂ + သန္တီရဏ ၃ + ဝုဋ္ဌော ၁ + ကာမဇော ၂၉ + တဒါရုံ မဟာဝိပါက် ၈ = ၄၆)
သောတဒွါရိကစိတ် ၄၆-ခုသည် ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြု၏၊
ယနာဒွါရိကစိတ် ၄၆-ခုသည် ပစ္စုပ္ပန် ဂန္ဓာရုံကိုအာရုံပြု၏၊
ဇိဝှါဒွါရိကစိတ် ၄၆ -ခုသည် ပစ္စုပ္ပန် ရသာရုံကို အာရုံပြု၏၊
ကာယဒွါရိကစိတ် ၄၆-ခုသည် ပစ္စုပ္ပန် ဖောဋ္ဌာဗ္ဗာရုံကိုအာရုံပြု၏၊
မနောဒွါရိကစိတ် ၆၇-ရသည်အာရုံခြောက် ပါးကို အာရုံပြု၏၊
(မနောဒွါရာဝဇ္ဇန်း ၁ + ဇော ၅၅ (ကာမ ၂၉ + အပ္ပနာ ၂၆) + တဒါရုံ ၁၁ = ၆၇)
ထိုခြောက်ပါးတို့တွင် ဓမ္မာရုံ၌ နိဗ္ဗာန်နှင့် ပညပ်သည် ကာလဝိမုတ်ဖြစ်၏။
ကြွင်းသော အာရုံအားလုံးသည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်အားဖြင့် ကာလ သုံးပါးစီဖြစ်၏။

ဝိမုတ်အာရုံ

ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-ဟု ဆိုအပ်သော ဒွါရဝိမုတ်စိတ် တခုယုတ်နှစ်ဆယ်သည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်-ဟု သမုတ်အပ်သော အာရုံခြောက်ပါးကို အာရုံပြု၏။
ထို အာရုံခြောက်ပါးသည် ထိုက်သည်အားလျော်စွာ၊ ပစ္စုပ္ပန်၊ အတိတ်၊ ပညပ် ကာလဝိမုတ်-ဟု သုံးမျိုးပြား၏။ (အနာဂတ်မရှိ၊) အများအားဖြင့် အတိတ် အခြားမဲ့ ဘဝ-မရဏာသန္နအခါ ခြောက်ဒွါရဖြင့် ယူခဲ့သော အာရုံဟောင်းဖြစ်၏။
ကံကား စေတနာ စေတသိက် ဓမ္မာရုံဖြစ်၏။ အတိတ်ဖြစ်၏။ မနောဒွါရဖြင့်ယူခဲ့၏။
ကမ္မနိမိတ်ကား အာရုံ ခြောက်ပါးဖြစ်၏။ ပစ္စုပ္ပန်အချို့၊ အတိတ်အချို့၊ ကာလဝိမုတ် အချို့ဖြစ်၏။ ခြောက်ဒွါ ရဖြင့်ယူခဲ့၏။
ဂတိနိမိတ်ကား ရူပါရုံဖြစ်၏။ ပစ္စုပ္ပန်ဖြစ်၏၊ မနောဒွါရဖြင့်ယူခဲ့၏။
ထိုတွင် -
ကံ၌ ကာမပဋိသန္ဓေကို ဖြစ်စေတတ်သော ဥဒ္ဓစ္စကြဉ်သော ကာမကုသိုလ်၊ အကုသိုလ် စေတနာ ၁၉-ခုကိုသာ ယူသည်၊ မဟဂ္ဂုတ်ကံကို မယူ။
ကမ္မနိမိတ်၌ ထိုလောကီ ကုသိုလ် အကုသိုလ်ကံကို အားထုတ်စဉ် အကြောင်းအာရုံ ဖြစ်သောစိတ်၊ စေတသိက်၊ ရုပ်-ပညပ်အားဖြင့် အာရုံခြောက်ပါး ဖြစ်သော ပစ္စုန်၊ အတိတ် ကာလဝိမုတ်ကိုသာ ယူသည်။ အနာဂတ်ကို မယူ။ နိဗ္ဗာန်ကိုမယူ။
ဂတိနိမိတ်၌ လားရာဘဝ၌ တည်ရှိဆဲ ရူပါရုံတခုကိုသာ ယူသည်။ အကြွင်းတို့ကို မယူ။ ထိုရူပါရုံကိုလည်း အိပ်မက်၌ကဲ့သို့မနောဒွါရဖြင့် ယူသည်။

ကာမ၌ ၂၅

ဆဒွါရိက စိတ်တို့တွင် --
စက္ခုဝိညာဏ်ဒွေသည် ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏။
သောတဝိညာဏ်ဒွေသည် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၏၊
ဃာနဝိညာဏ်ဒွေသည် ပစ္စုပ္ပန်ဂန္ဓာရုံကို အာရုံပြု၏။
ဇိဝှါဝိညာဏ်ဒွေသည် ပစ္စုပ္ပန်ရသာရုံကို အာရုံပြု၏။
ကာယဝိညာဏ်ဒွေသည် ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။
မနောဓာတ်သုံးခုသည် ပစ္စုပ္ပန် ပဉ္စာရုံကို အာရုံပြု၏။
တဒါရုံ၊ ဟသိတုပ္ပါဒ် အားဖြင့် ၁၂-ပါးသော စိတ်သည် ကာမအာရုံ ခြောက်ပါးကို အာရုံပြု၏။
(ကာမအာရုံ ခြောက်ပါးဟူသည် - ကာမစိတ် ၅၄-ခု၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ဖြစ်၏။ ဓမ္မာရုံ လေးမျိုးသာ၊ နိဗ္ဗာန်ပညပ် မပါ။)

အာရုံအများ ၃၁

အကုသိုလ်ဇော၊ မဟာကုသိုလ်၊ မဟာကြိယာ - ဝိပ္ပယုတ်ဇော အားဖြင့် ၂၀-သော စိတ်သည် လောကုတ္တရာကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။
(လောကုတ္တရာ ကြဉ်သော အာရုံခြောက်ပါး ဟူသည် - လောကီစိတ် ဧကာသီတိ၊ စေတသိက်ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ ပညပ်ဖြစ်၏။ ဝါ - ကာမ၊ မဟဂ္ဂုတ်၊ ပညပ် ဖြစ်၏။ ဓမ္မာရုံ ငါးမျိုးသာ၊ နိဗ္ဗာန်မပါ။)
မဟာကုသိုလ် ဉာဏသမ္ပယုတ်ဇော၊ အဘိညာကုသိုလ်ဇော အားဖြင့် ငါးပါးသော စိတ်သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။
(စိတ် ၈၇၊ စေတသိက် ဒွေပညာသ၊ ရုပ်၊ နိဗ္ဗာန်၊ ပညပ်-ဟူလို၊ ဓမ္မာရုံခြောက်မျိုးလုံး။)
မဟာကြိယာ ဉာဏသမ္ပယုတ်ဇော၊ အဘိညာကြိယာဇော၊ မနောဒွါရာဝဇ္ဇန်း-အားဖြင့် ခြောက်ပါးသော စိတ်သည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။

ပညပ်၌ ၂၁

ရူပ ပဌမဈာန် သုံးခုသည် ကသိုဏ်း စသော ၂၅-ပါးသော ပညပ် (ဓမ္မာရုံ) ကို အာရုံပြု၏။
ဒုတီယ ဈာန်သုံးခု၊ တတီယဈာန်သုံးခု၊ စတုတ္ထဈာန်သုံးခုသည် ၁၄-ပါး သော ပညပ်ကို အာရုံပြု၏။
ပဉ္စမဈာန်သုံးခုသည် ၁၂-ပါးသော ပညပ်ကို အာရုံပြု၏။
အကာသာနဉ္စာယတန ဈာန်သုံးခုသည် ကသိုဏ်းကို ခွါ၍ရအပ်သော ကောင်းကင် ပညပ်ကို အာရုံပြု၏။
အာကိဉ္စညာယတနဈာန် သုံးခုသည် နတ္ထိဘော ပညပ်ကို အာရုံ ပြု၏။

မဟဂ္ဂုတ်၌ ၆

ဝိညာနဉ္စာယတနကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် (ဓမ္မာရုံ တခု) ကို အာရုံပြု၏။
ဝိညာနဉ္စာယတန ဝိပါက်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကုသိုလ်စိတ် (ကမ္မနိမိတ် ဓမ္မာရုံတခု) ကို အာရုံပြု၏။
ဝိညာနဉ္စာယတန ကြိယာသည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကုသိုလ်စိတ်၊ ဤ ဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန ကြိယာစိတ် (ဓမ္မာရုံနှစ်ခု) ကိုအာရုံပြု၏။
နေဝသညာ နာသညာယတန ကုသိုလ်သည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကုသိုလ်စိတ် (ဓမ္မာရုံတခု) ကိုအာရုံပြု၏။
နေဝသညာ နာသညာယတနဝိပါက်သည် ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကုသိုလ်စိတ် (ကမ္မ နိမိတ်ဓမ္မာရုံတခု) ကို အာရုံပြု၏။
နေဝသညာ နာသညာယတန ကြိယာသည် ဤဘဝ ရှေးဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကုသိုလ်စိတ်၊ ဤဘဝ အဇ္ဈတ္တသန္တာန်၌ ဖြစ်ဘူးသော အာကိဉ္စညာယတန ကြိယာစိတ် (ဓမ္မာရုံနှစ်ခု) ကို အာရုံပြု၏။

နိဗ္ဗာန်၌ ရှစ်

လောကုတ္တရာစိတ် ရှစ်ခုသည် နိဗ္ဗာန် (ဓမ္မာရုံတခု) ကို အာရုံပြု၏။

အချုပ်

ကာမအာရုံ၌ ၂၅။ မဟဂ္ဂုတ်၌ ၆။ ပညပ်၌ ၂၁။ နိဗ္ဗာန်၌ ၈။ လောကုတ္တရာ ကြဉ်သောအာရုံ၌ ၂၀။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကြဉ်သော အာရုံ၌ ၅။ အလုံးစုံသော အာရုံ၌ ၆။ ပေါင်း ၉၁။ (အဘိညာဒွေနှင့် ၉၁။)

စေတသိက်

အညသမာန်း ၁၃-ခုသည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။
အကုသိုလ် ၁၄-ခုသည် လောကီပညပ် အာရုံခြောက်ပါးကို အာရုံပြု၏။
အထူးကား - ဣဿာသည် ဗဟိဒ္ဓဖြစ်သော ထိုအာရုံ ခြောက်ပါးကိုသာ အာရုံပြု၏။
မစ္ဆရိယသည် အဇ္ဈတ္တဖြစ်သော ထိုအာရုံခြောက်ပါးကိုသာ အာရုံပြု၏။
(အဇ္ဈတ္တ၌ ပညပ်ကား မရှိ။)
သောဘဏတို့တွင် ဝိရတိသည် လောကီ ယှဉ်ခိုက် - ဝိရမိတဗ္ဗဖြစ်သော ပစ္စုပ္ပန်၊ အနာဂတ် - ကာမနာမ်ရုပ်ကိုသာ အာရုံပြု၏။ လောကုတ္တရာ ယှဉ်ခိုက် နိဗ္ဗာန်ကိုသာ အာရုံပြု၏။
အပ္ပမညာဒွေ သည် ဗဟိဒ္ဓ၊ ကာလဝိမုတ်ဖြစ်သော သတ္တဝါ ပညပ်ကို အာရုံပြု၏။ ကြွင်း ၂၀-သည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။

ဝတ္ထုသင်္ဂဟ

ဝတ္ထုသင်္ဂဟ၌ ဝတ္ထုတို့သည် စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု အားဖြင့် ခြောက်ပါး ဖြစ်ကုန်၏။
စက္ခုပသာဒရုပ်သည် စက္ခုဝတ္ထု မည်၏။
သောတပသာဒရုပ်သည် သောတဝတ္ထု၊
ဃာနပသာဒရုပ်သည် ဃာနနဝတ္ထု ၊
ဇိဝှါပသာဒရုပ်သည် ဇိဝှါဝတ္ထု၊
ကာယ ပသာဒရုပ်သည် ကာယဝတ္ထု၊
ဟဒယဝတ္ထုရုပ်သည် ဟဒယဝတ္ထု မည်၏။

ဝတ္ထုရုပ်ရခြင်းသည် --
ဘုံအားဖြင့် ကာမဘုံ၌ ၆-ဝတ္ထု၊
ရူပဘုံ၌ ဃာနာဒိတ္တယကြဉ်၍ ၃-ဝတ္ထု ရသည်။
အရူပဘုံ၌ မရ၊
အသညသတ်၌လည်း မရ။

စက္ခုဝိညာဏ် ဒွေသည် စက္ခုဝိညာဏဓာတ် မည်၏။ စက္ခုဝတ္ထုကို အမြဲမှီ၏။
သောတဝိညာဏ်ဒွေသည် သောတဝိညာဏဓာတ် မည်၏၊ သောတဝတ္ထုကို အမြဲ မှီ၏။
ဃာနဝိညာဏ်ဒွေသည် ဃာနဝိညာဏဓာတ် မည်၏။ ဃာနဝတ္ထုကို အမြဲမှီ၏။
ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဝိညာဏဓာတ် မည်၏။ ဇိဝှါဝတ္ထုကို အမြဲမှီ၏။
ကာယဝိညာဏ်ဒွေသည် ကာယဝိညာဏ ဓာတ်မည်၏။ ကာယဝတ္ထုကို အမြဲမှီ၏။
ပဉ္စဒွါရာဝဇ္ဇန်း-သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ် မည်၏။ ဟဒယဝတ္ထုကို အမြဲမှီ၏။
ကြွင်းသောစိတ် ၇၆-သည် မနောဝိညာဏဓာတ် မည်၏။ ထိုတွင်-သန္တီရဏ၊ မဟာဝိပါက်၊ ပဋိဃဒွယ၊ ပဌမမဂ္ဂ၊ ဟသန၊ ရူပါဝစရ စွမ်းဖြင့် ၃၀-သော မနောဝိညာဏဓာတ်သည် ဟဒယဝတ္ထုကို အမြဲမှီ၏။
ကြွင်းသော လောကီကုသိုလ် ၁၂၊ အကုသိုလ် ၁၀၊ ကြိယာ ၁၃၊ လောကုတ္တရာ ၇-အားဖြင့် ၄၂-ပါးသော မနောဝိညာဏဓာတ်သည် ဟဒယဝတ္ထုကိုမှီ၍၎င်း၊ မမှီမူ၍ ၎င်းဖြစ်၏။ (ပဉ္စဝေါကာရ၌ မှီသည်၊ စတုဝေါကာရ၌ မမှီ၊) အရူပ ဝိပါက်လေးခုကား ဝတ္ထုရုပ်ကို မမှီမူ၍ အရူပ လေးဘုံ၌သာ ဖြစ်သည်။

အချုပ်

ကာမဘုံ၌ ဝတ္ထုရုပ်ခြောက်ပါး၊ စိတ်ဓာတ် ခုနစ်ပါး၊ စိတ် ၈ဝ။
ရူပ ၁၅-ဘုံ၌ ဝတ္ထုရုပ် သုံးပါး၊ စိတ်ဓာတ်လေးပါး၊ စိတ် ၆၉။
အရူပဘုံ၌ ဝတ္ထုရုပ်မရှိ၊ စိတ်ဓာတ် တပါး၊ စိတ် ၄၆။
အသညသတ်ဘုံ၌ ဝတ္ထုရုပ်မရှိ၊ စိတ်ဓာတ်မရှိ၊ စိတ် မရှိ၊
အမြဲမှီသောစိတ် ၄၃။ ရံခါမှီ ၄၂၊ အမြဲမမှီ ၄။ ပေါင်း ၈၉။

စိတ်စဉ်အတိုင်း

လောဘမူရှစ်ခု- ရံခါမှီ။ ဒေါသမူဒွေ [ကာမ ၁၁-ဘုံ၌] အမြဲမှီ။ မောဟမူဒွေ-ရံခါမှီ၊
စက္ခုဝိညာဏ်ဒွေ၊ သောတဝိညာဏ်ဒွေ [၂၆-ဘုံ၌] အမြဲမှီ။
ဃာနဝိညာဏ်ဒွေ၊ ဇိဝှါဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေ [၁၁-ဘုံ၌] အမြဲမှီ။
သမ္ပဋိစ္ဆိုင်းဒွေ၊ သန္တီရဏသုံးခု၊ ပဉ္စဒွါရာဝဇ္ဇန်း [၂၆-ဘုံ၌] အမြဲမှီ။ မနောဒွါရာဝဇ္ဇန်း - ရံခါမှီ။
ဟသိတုပ္ပါဒ် [၂၂-ဘုံ၌] အမြဲမှီ။
မဟာကုသိုလ်၊ မဟာကြိယာ-ရံခါမှီ။ မဟာဝိပါက် [ကာမ သုဂတိ ၇-ဘုံ၌] အမြဲမှီ။
ရူပကုသိုလ်၊ ရူပကြိယာ [၂၂-ဘုံ၌] အမြဲမှီ။ ရူပဝိပါက် [၁၅ ဘုံ၌] အမြဲမှီ။
အရူပကုသိုလ်၊ အရူပကြိယာ- ရံခါမှီ။ အရူပဝိပါက် [၄-ဘုံ၌] အမြဲမမှီ။
သောတာပတ္တိမဂ် [၁၇-ဘုံ၌] အမြဲမှီ။ ကြွင်းခုနစ်ခု-ရံခါမှီ။

မှတ်ချက်

အမြဲမှီ ၄၃-သည် ပဉ္စဝေါကာရ ၂၆-ဘုံလုံး၌၎င်း၊ အပါယ်၊ သုဒ္ဓါဝါသ-စသည် ကြဉ်၍ ၂၂-ဘုံ၊ ၁၇-ဘုံ, ၁၅-ဘုံ, ၁၁-ဘုံ၌၎င်း ဖြစ်သည်။
ရံခါမှီ ၄၂-သည် ပဉ္စဝေါကာရ၌မှီ၍၊ စတုဝေါကာရ၌မမှီမူ၍ ဘုံ ၃၀-လုံး၌၎င်း၊ ပဉ္စဝေါကာရအချို့ ကြဉ်၍ ၂၆-ဘုံ၊ ၂၅-ဘုံ၊ ၂၁-ဘုံ၌၎င်း ဖြစ်သည်။
လောဘမူတွင် သမ္ပယုတ်-သုဒ္ဓါဝါသကြဉ်၍ ၂၅-ဘုံ၌ဖြစ်၏၊ ဝိပ္ပယုတ်-ဘုံ ၃ဝ-၌ဖြစ်၏။
မောဟမူတွင် ဝိစိကိစ္ဆာ ၂၅-ဘုံ၌ဖြစ်၏၊
ဥဒ္ဓစ္စ ဘုံ ၃၀-၌ ဖြစ်၏။
မနောဒွါရာဝဇ္ဇန်း၊ မဟာကုသိုလ်သည် ဘုံ ၃၀-၌ ဖြစ်၏။
မဟာကြိယာ၊ အရူပကုသိုလ်၊ အရူပကြိယာသည် ၂၆-ဘုံ၌ဖြစ်သည်။
လောကုတ္တရာကြွင်း ၇-ခုတွင် လေးခု ၂၁-ဘုံ၌ဖြစ်သည်။ ၃-ခု ၂၆-ဘုံ၌ ဖြစ်သည်။
အမြဲမမှီ လေးခုသည် စတုဝေါကာရ အရူပလေးဘုံ၌ ဖြစ်သည်။

စေတသိက်

စေတသိက်တို့တွင် သဗ္ဗစိတ္တသာဓာရဏ ၇-ခုသည် ပဉ္စဝေါကာရဘုံ၌ ဆဝတ္ထုကိုမှီ၍၊ စတုဝေါကာရဘုံ၌ မမှီမူ၍-ဖြစ်သည်။ (ရံခါ ဆဝတ္ထု)။
ဒေါသစတုက္ကသည် ကာမဘုံ၌ ဟဒယဝတ္ထုကို အမြဲမှီ၍ဖြစ်သည် (အမြဲ ဟဒယ)။
ကြွင်းစေတသိက် ၄၁–သည် ပဉ္စဝေါကာရဘုံ၌ ဟဒယကို မှီ၍၊ စတုဝေါကာရဘုံ၌ မမှီမူ၍ဖြစ်သည်။ ဟဒယ ရံခါမှီဖြစ်သည်။

စေတသိက်၏ ဝေဒနာလေ့လာဘွယ်

သုခဝေဒနာနှင့် တကွဖြစ်သော စေတသိက်သည် (ဝေဒနာ ကြဉ်သော) သဗ္ဗစိတ္တ သာဓာရဏ ၆-ခုဖြစ်၏။
ဒုက္ခနှင့်လည်း ဤ ၆-ခုဖြစ်၏။
သောမနဿနှင့်ကား-(ဝေဒနာ၊ ဒေါသစတုက္က၊ ဝိစိကိစ္ဆာကြဉ်) ၄၆။
ဒေါမနဿနှင့် (ဝေဒနာ ပီတိ၊ လောဘတိက၊ ဝိစိကိစ္ဆာကြဉ်) ၂၁။
ဥပေက္ခာနှင့် (ဝေဒနာ၊ ပီတိ၊ ဒေါသ၊ စတုက္ကကြဉ်) ၄၆။

ဝေဒနာတပါးသာ ယှဉ်သော စေတသိက်ကား - ပီတိ၊ ဒေါသစတုက္က၊ ဝိစိကိစ္ဆာ အားဖြင့် ၆-ခုဖြစ်၏။
နှစ်ပါးယှဉ်ကား-လောဘတိက၊ သောဘဏ-အားဖြင့် ၂၈။
သုံးပါးယှဉ်ကား- ပကိဏ်းပဉ္စ၊ မောဟစတုက္က၊ ထိနမိဒ္ဓ-အားဖြင့် ၁၁။
လေးပါး ယှဉ်မရှိ။
ငါးပါးယှဉ်ကား (ဝေဒနာကြဉ်) သဗ္ဗစိတ္တ ၆။
ဝေဒနာ မယှဉ်သော စေတသိက်ကား ဝေဒနာ စေတသိက်သာတည်း။

တေနဝုတ္တံ

ဝေဒနာတစ်-ခြောက်ပါး ဖြစ်၏။ နှစ်မှာ-ဋ္ဌဝီ၊ သုံးလီ-ဆဲ့တစ်။ ငါးဖြစ်-ခြောက်ခု။ မတခု၊ ပေါင်းစု ငါးဆဲ့နှစ်၊

စေတသိက်၏ ဟေတုလေ့လာဘွယ်

လောဘမူယှဉ် ၂၂-ရသော စေတသိက်တို့တွင် လောဘသည် ဧကဟိတ်၊ မောဟသည်ဧကဟိတ်။ ကြွင်း ၂ဝ သည် ဒွိဟိတ် ဖြစ်၏။
ဒေါသမူယှဉ် ၂၂-ခုတွင် ဒေါသ၊ မောဟ-ဧကဟိတ်၊ ကြွင်း ၂ဝ ဒွိဟိတ်။
မောဟမူယှဉ် ၁၆-ခုတွင် မောဟ-အဟိတ်။ ကြွင်း ၁၅-ဧကဟိတ်။
ဉာဏဝိပ္ပယုတ်ယှဉ် ၃၇-တွင် အလောဘ၊ အဒေါသ-ဧကဟိတ်။ ကြွင်း ၃၅ - ဒွိဟိတ်။
ဉာဏသမ္ပယုတ်ယှဉ် ၃၈-တွင် အလောဘ၊ အဒေါသ၊ အမောဟ-ဒွိဟိတ်၊ ကြွင်း ၃၅- တိဟိတ်။
တနည်း --
အဟိတ်စိတ်ယှဉ် ၁၂-ခုတွင် ၁၂-ခုလုံးအဟိတ်။
ဧကဟိတ်စိတ်ယှဉ် ၁၆ ခုတွင် တခု-အဟိတ်၊ ၁၅-ဧကဟိတ်။
ဒွိဟိတ်စိတ်ယှဉ် ၅၀-တွင် ငါးခု ဧကဟိတ်၊ ၄၅-ခုဒွိဟိတ်၊
(ဒွိဟိတ်၌ ဝိစိကိစ္ဆာ၊ ပညာ ၂-ခုမယှဉ်။)။
တိဟိတ်စိတ်ယှဉ် ၃၈-ခုတွင် သုံးခု ဒွိဟိတ်၊ ၃၅-ခု တိဟိတ်။
အဟိတ်ဖြစ်နိုင်သော စေတသိက်ကား (၁၂+၁) ၁၃။
ဧကဟိတ် (၁၅ + ၅) ၂၀။
ဒွိဟိတ် (၄၅ + ၃) ၄၈။
တိဟိတ် ၃၅-ဖြစ်နိုင်၏။

တေနဝုတ္တံ

အဟိတ်-တေရသ၊ ဧက-နှစ်ဆယ်၊ ဒွိဝယ် ဋ္ဌစတ်၊ ဟိဟိတ်မှတ်-ရလတ် သုံးဆဲ့ငါး။

ယူပြီးကို မယူလျှင် ဟိတ် တပါးနှင့်သာ ယှဉ်သော စေတသိက်ကား-လောဘ၊ ဒေါသ၊ ဝိစိကိစ္ဆာ အားဖြင့် ၃။
နှစ်ပါးယှဉ်-မောဟ ဒိဋ္ဌိ၊ မာန၊ ဣဿာတိက၊ အလောဘတိက ၉-။
သုံးပါးယှဉ်--အဟိရိက တိက၊ ထိန မိဒ္ဓ သောဘဏ ၂၂ - အားဖြင့် ၂၇။
လေးပါးမရှိ။
ငါးပါးယှဉ်-ပီတိတခု။
ခြောက်ပါးယှဉ် အညသမာန်း ၁၂။

တေနဝုတ္တံ

သုံး-ဧကဟိတ်၊ ဒွိဟိတ်-ကိုးလီ။ သတ္တပီ-တိဟိတ်၊ ပဉ္စဟိတ်-တစ်၊ ဆဲ့နှစ်-ဆဟိတ် ဒွိပညိသ်၊ နိမိတ်ထင်မျှကြံ။

စေတသိက်၏ကိစ္စ လေ့လာဘွယ်

ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-စိတ်၌ ယှဉ်သော စေတသိက်သည် ၃၅-ခုဖြစ်၏။
အာဝဇ္ဇန်းယှဉ် ၁၁။
ဒဿန- သဝန- ဃာယန- သာယန- ဖုသနယှဉ်- ၇။
သမ္ပဋိစ္ဆိုင်းယှဉ် ၁၀။
သန္တီရဏ ယှဉ်-၁၁။
ဝုဋ္ဌောယှဉ် ၁၁။
ဇောယှဉ် ၅၂။
တဒါရုံယှဉ် ၃၃။
စေတသိက်ကိစ္စ အထူးကား-ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ ၉- ကိစ္စ။
ဝီရိယ- ၇။ ပီတိ– ၆။ ဆန္ဒ-၅။ အပ္ပမညာ-၄။
တကိစ္စသာရှိသော စေတသိက်ကား အကုသလ၊ ဝိရတိ- အားဖြင့် ၁၇-ခု။
နှစ်၊ သုံး-မရှိ။
လေးကိစ္စ-အပ္ပမညာ။
ငါးကိစ္စ- ဆန္ဒ၊ သောဘဏ သာဓာရဏ၊ ပညာအားဖြင့် ၂၁။
ခြောက်ကိစ္စ ပီတိ။
ခုနှစ်ကိစ္စ-ဝီရိယ-၁။
ရှစ် မရှိ။
ကိုးကိစ္စ- ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ-၃။
တဆယ်စသည် မရှိ။
ဆယ့်လေးကိစ္စ-၇။

တေနဝုတ္တံ

တကိစ္စဖြစ်-ဆဲ့ခုနစ်တည်း။ လေးဖြစ်-နှစ်ပါး။ ငါး-ဧကဝီ၊ ခြောက်လီမှာ-တစ်။ ခွန်လည်း-တစ်ပင်။ ကိုးဖြစ်ကာ တေး။ ဆဲ့လေး-ခုနစ်ရပ်၊ ကိစ္စတပ်သည်၊ ပေါင်းအပ် ဒွိပညာသတည်း။

ဌာနဆယ်ပါး ၂၅-ပါးမှတ်ဘွယ်

စိတ်နှစ်ခုတို့၏ အကြားသည် တည်ရာဖြစ်သောကြောင့် ဌာန မည်၏။ စိတ်ကင်းသော အကြား (ကွက်လပ်) မရှိသော်လည် သိလွယ်စေခြင်းငှါ အထူး ကြံသည်။ ဝီထိနားလည်သောအခါ ဤဌာနတို့ကို သိလွယ်လတ္တံ့ ။
စုတိ + ဘဝင် အကြားသည် ပဋိသန္ဓေဌာန ဖြစ်၏။ တဌာန ရှိ၏။ စုတိနောင် ပဋိသန္ဓေ၊ ထိုနောင် ဘဝင်-ဤသို့ စဉ်၍ဖြစ်၏။ ဤသို့ စသည်ဖြင့် ၂၅-ဌာနကို သိအပ်၏။
၁---ပဋိသန္ဓေသည် စုတိ + ဘဝင်-အကြား တဌာန။
၂----ဘဝင်သည် ပ+အာ၊ ဇ+အာ၊ တ+အာ၊ ဝု+အာ၊ ဇ+စု၊ တ+စု-အကြား-ခြောက်ဌာန။
၃-----အာဝဇ္ဇန်းသည်- ဘ+ပဉ်၊ ဘ+ဇ- အကြား နှစ်ဌာန။
(အိပ်မက်ဝီထိ၌-ဘ+ဘ အကြားရှိသေး၏။)
၄ ----ပဉ္စဝိညာဏ်သည် အာ+စ္ဆိုင်း-အကြား တဌာန။
၅--- သမ္ပဋိစ္ဆိုင်းသည်-ပဉ်+တီ-အကြား တဌာန။
၆---သန္တိရဏသည်- စ္ဆိုင်း+ဝု -အကြား တဌာန။
ရ---ဝုဋ္ဌောသည်-တီ+ ဇ။ တီ+ဘ-အကြား နှစ်ဌာန။
၈---ဇောသည် ဝု+တ၊ ဝု+ဘ၊ ဝု+စု၊ အာ+တ၊ အ+ဘ၊ အာ+စု - အကြား ခြောက်ဌာန၊
၉---တဒါရုံသည်- ဇ+ဘ၊ ဇ+စု-အကြား နှစ်ဌာန။
၁ဝ---စုတိသည် ဇ+ပ၊ တ+ပ၊ ဘ+ပ-အကြား သုံးဌာန၊

တေနဝုတ္တံ

ပ၊ ပဉ်၊ စ္ဆိုင်း၊ န္တီ။ တစ်စီဌာန။ အာ၊ ဝု၊ တ-ဒွိ။ စုတိ-သုံးဟော။ ဘ၊ ဇော-ခြောက်သွယ်၊ ဌာနဆယ်သည်၊ အကျယ် နှစ်ဆဲ့ငါးခုတည်း။

စေတသိက်၏အာရုံ လေ့လာဘွယ်

အကုသိုလ်စေတသိက် ၁၄-ခုသည် လောကုတ္တရာကြဉ်သော (လောကီပညပ်) အာရုံ ခြောက်ပါးကို အာရုံပြု၏။ ထိုတွင် ဣဿာသည် အဇ္ဈတ္တမပြု။ ဗဟိဒ္ဓကိုသာ ဧကန် အာရုံပြုသည်။ မစ္ဆရိယသည် ဗဟိဒ္ဓမပြု။ အဇ္ဈတ္တကိုသာ ဧကန် အာရုံပြုသည်။
လောကီဝိရတိသည် ဝိရ မိတဗ္ဗဖြစ်သော ပစ္စုပ္ပန်၊ အနာဂတ် ကာမ- နာမ်ရုပ်ကိုသာ အာရုံပြုသည်၊ လောကုတ္တရာဝိရတိသည် နိဗ္ဗာန်ကိုသာ အာရုံပြုသည်။
အပ္ပမညာသည် ကာလဝိမုတ် ဗဟိဒ္ဓဖြစ်သော သတ္တဝါပညပ်ကိုသာ အာရုံပြုသည်။ (ပညပ်ဧကန် ကာလဝိမုတ်ဧကန် ဗဟိဒ္ဓဧကန် ဓမ္မာရုံဧကန်။)
ကြွင်းသော စေတသိက် ၃၃-ခုသည် အလုံးစုံသော အာရုံ ခြောက်ပါးကို အာရုံပြုသည်။

တေနဝုတ္တံ

ငါးဆဲ့နှစ်ခု၊ စေတသိက်စုတွင်၊ အကုသလာ၊ လောကီ- ပညပ်သာတည်း။ ဣဿာ-ပမဉ်၊ ပယ်ကြဉ်အဇ္ဈတ်။ ဗာဟျတ်-မစ္ဆေ၊ မပြုလေဘူး။ သုံးထွဝပိရတိ၊ ဝိရမိတဗ္ဗ၊ သမုတ်ရသည့်၊ ကာမ-နာမ်-ရုပ်၊ ပစ္စုပ်-နာဂတ်၊ စွဲမှီကပ်၏။ ပညပ်- ပမညာ၊ ဝိမုတ္တာလည်း။ အာရုံပြုလျှင်း ကြွင်းလေသမျှ၊ တေတ္တိံသမှာ - ဘယ်ဟာတခု၊ အာရုံစုကို၊ မပြုမရှိလေဘူးတည်း။

စေတသိက်၏ဝတ္ထု လေ့လာဘွယ်

စေတသိက်တို့တွင် သဗ္ဗစိတ္တသာဓာရဏ ၇-ခုသည် ပဉ္စဝေါကာရဘုံ၌ ဆဝတ္ထုကိုမှီ၍၊ စတုဝေါကာရဘုံ၌မမှီမူ၍-ဖြစ်သည်။ (ရံခါ ဆဝတ္ထု)။
ဒေါသစတုက္ကသည် ကာမဘုံ၌ ဟဒယဝတ္ထုကို အမြဲမှီ၍ဖြစ်သည် (အမြဲ ဟဒယ)။
ကြွင်းစေတသိက်၄၁–သည် ပဉ္စဝေါကာရဘုံ၌ ဟဒယကို မှီ၍၊ စတုဝေါကာရဘုံ၌ မမှီမူ၍ဖြစ်သည်။ ဟဒယ ရံခါမှီဖြစ်သည်။

တေနဝုတ္တံ

ရံခါမီမှု၊ ဆဝတ္ထုက၊ ခုနစ်ဝတည်း။ ဟဒယစွဲ၊ မှီမြဲလေးဖြာ၊ ရံခါမှီလစ်-လေးဆဲ့တစ်၊ စီစစ်ဒွေပညာ။

အပ္ပမညာသည် စတုဝေါကာရဘုံ၌မဖြစ်၊ ပဉ္စဝေါကာရဘုံ၌ ဟဒယအမြဲ-ဟူ၍လည်း စီစစ်အပ်သေး၏၊ သို့ရာတွင် ရတနာ သုံးပါးဂုဏ်သည် ကာမဘုံ၌ လေ့လာဘူးသော အရှိန်ဖြင့် အရူပဘုံ၌လည်း ပျံ့နှံ့သေး၏ဟု ဂုဏ်တော်ဖွင့် ဝိနည်းဋီကာတို့၌ ဆို၏။ ထိုနည်းဖြင့် ကာမာဝစရ အပ္ပမညာသည် အရူပဘုံ၌လည်း ပျံ့နှံ့ဘွယ်ရှိရာ၏။
အဋ္ဌသာလိနီ လောကုတ္တရာ အကုသိုလ်ဖွင့်၌လည်း သမာပတ် ရှစ်ပါးရသော ရဟန်းသည် ပဌမဈာန်ကို ပါဒကပြု၍ သောတာပန်တည်၍ အရူပဘုံ၌ ဖြစ်သောအခါ ပဌမဈာန် သောတာပတ္တိ ဖလသမာပတ်မှ ထ၍ ဝိပဿနာဖြစ်စေ၍ အထက် မဂ်ဖိုလ် သုံးပါးတို့ကိုဖြစ်စေအံ့၊ ထိုမဂ်ဖိုလ်တို့သည် ပဌမဈာန် ရှိကုန်သည်သာတည်း။
အရူပဘုံ၌ တိကဈာန်စတုက္ကဈာန်ဖြစ်၏။ လောကီမဟုတ် လောကုတ္တရာသာတည်း၊ အရူပဘုံ၌လည်း ပါဒကဈာန်သာ မှတ်သားသည် ... ဟု တိပိဋက စူဠနာဂမထေရ်၏ ဝါဒကို မိန့်ဆို၏။ လောကုတ္တရာ၌ အပ္ပမညာ မရှိသော်လည်း ပါဒက၌ကား အပ္ပမညာ မရှိဟုမဆိုသာ၊ ထိုကြောင့်ပျံ့နှံ့ဘွယ်ရာ ရှိ၏-ဟုဆိုပြီ၊ သင့်အောင် ယူနိုင်ရာ၏၊

အာရုံပြု-ဧကန်၊ အနေကန် လေ့လာဘွယ်
အာရုံသည် --
ကာမ၊ မဟဂ္ဂုတ်၊ နိဗ္ဗာန်-အားဖြင့်သုံးပါး။ (မဂ်၊ ဖိုလ်၊ ပညပ်ကျန်၊)
နာမ်၊ ရုပ်-အားဖြင့် နှစ်ပါး။(ပညပ်ကျန်၊)
ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ်-အားဖြင့် လေးပါး။ ပညပ်၊ ပရမတ်-အားဖြင့် နှစ်ပါး။ အဇ္ဈတ္တ၊ဗဟိဒ္ဓ -အားဖြင့်နှစ်ပါး။ (နတ္ထိဘော ပညပ်ကျန်။)
ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ အားဖြင့်-ခြောက်ပါး ဖြစ်၏။ (ခြောက်မျိုးခွဲ။)

အာရုံပြုသောစိတ်သည် --
ဧကန် အနေကန် ၂၅။ အနေကန် ၃၁၊ ဧကန်-၃၅။ ပေါင်း ၉၁ ဖြစ်၏။
(အဘိညာဒွေနှင့် ၉၁။)

၂၅

ဧကန် အနေကန် ၂၅-ကား ရူပါရုံ၌ ၂။ သဒ္ဒါရုံ၌ ၂။ ဂန္ဓာရုံ၌ ၂။ ရသာရုံ၌ ၂။ ဖောဋ္ဌဗ္ဗာရုံ၌ ၂။ ပဉ္စာရုံ၌ ၃။ ကာမအာရုံ ခြောက်ပါး၌ ၁၂။ ပေါင်း ၂၅ ။

စက္ခုဝိညာဏ်ဒွေသည် ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ရူပါရုံ ဧကန် အာရုံပြု၏။

သောတ ဝိညာဏ်ဒွေသည် ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်,ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, သဒ္ဒါရုံ ဧကန် အာရုံပြု၏။

ဃာနဝိညာဏ်ဒွေသည် ပစ္စုပ္ပန် ဂန္ဓာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန် ဧကန်, ပရမတ် ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ဂန္ဓာရုံ ဧကန် အာရုံပြု၏။

ဇိဝှါဝိညာဏ် ဒွေသည် ရသာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ရသာရုံ ဧကန်အာရုံပြု၏။

ကာယဝိညာဏ်ဒွေ သည်ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, ဖောဋ္ဌဗ္ဗာရုံ ဧကန် အာရုံပြု၏။

မနောဓာတ် သုံးခုသည် ပစ္စုပ္ပန် ပဉ္စာရုံကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, ရုပ်ဧကန်, ပစ္စုပ္ပန်ဧကန်, ပရမတ်ဧကန် အဇ္ဈတ္တဗဟိဒ္ဓ အနေကန်, ပဉ္စာရုံအနေကန်, အာရုံပြု၏
(သန္တီရဏ ကိစ္စတပ်ခိုက် သန္တီရဏသုံးခုလည်း ဤအတူတည်း။)

တဒါရုံ ဧကာဒသဟသိတုပ္ပါဒ်သည် ကာမအာရုံ ခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမဧကန်, နာမ်ရုပ် အနေကန်, ပစ္စုပ္ပန်, အတိတ်, အနာဂတ် အနေကန်, ပရမတ်ဧကန်, အဇ္ဈတ္တဗဟိဒ္ဓ အနေကန်, အာရုံခြောက်ပါး အနေကန် အာရုံပြု၏။

၃၁

အနေကန် ၃၁-ကား --
လောကုတ္တရာ ကြဉ်သော အာရုံ ခြောက်ပါး၌ ၂ဝ။
အရဟတ္တ မဂ်-ဖိုလ် ကြဉ်သော အာရုံခြောက်ပါး၌ ၅။
အလုံးစုံသော အာရုံခြောက်ပါး၌ ၆။ ပေါင်း ၃၁။

အကုသိုလ် ဝိပ္ပယုတ်ကုသိုလ် ဝိပ္ပယုတ် ကြိယာအားဖြင့် ၂ဝ−သောစိတ်သည် လောကုတ္တရာ ကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမ မဟဂ္ဂုတ် အနေကန်, နာမ်ရုပ်အနေကန်, ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလဝိမုတ် အနေကန်, ပညပ် ပရမတ်အနေကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, အာရုံ ခြောက်ပါး အနေကန် အာရုံပြု၏။

မဟာကုသိုလ် သမ္ပယုတ်ကုသိုလ် အဘိညာ- အားဖြင့် ငါးပါးသောစိတ်သည် အရဟတ္တမဂ် အရဟတ္တဖိုလ် ကြဉ်သော အာရုံခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမမဟဂ္ဂုတ် နိဗ္ဗာန် အနေကန်, နာမ်ရုပ်အနေကန်, ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ် အနေကန်, ပညပ်ပရမတ် အနေကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, အာရုံခြောက်ပါး အနေကန် အာရုံပြု၏။

မဟာကြိယာသမ္ပယုတ်ကြိယာ အဘိညာဝုဋ္ဌော-အားဖြင့် ခြောက်ပါးသော စိတ်သည် အလုံးစုံသော အာရုံခြောက်ပါးကို အာရုံပြု၏။ ထိုကြောင့် ကာမမဟဂ္ဂုတ် နိဗ္ဗာန်အနေကန်, နာမ်ရုပ် အနေကန်, ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ် အနေကန်, ပညပ်ပရမတ် အနေကန်, အဇ္ဈတ္တ ဗဟိဒ္ဓ အနေကန်, အာရုံခြောက်ပါး အနေကန် အာရုံပြု၏။

၃၅

ဧကန် ၃၅-ကား ကသိုဏ်းစသောပညပ်၌ ၁၈။ နတ္ထိဘောပညပ်၌ ၃။ မဟဂ္ဂုတ်၌ ၆။ နိဗ္ဗာန်၌ ၈။ ပေါင်း ၃၅။

ရူပအာကာသာနဉ္စာယတန အားဖြင့် ၁၈-ပါးသောစိတ်သည် ကသိုဏ်းစသော ပညပ်ကို အာရုံပြု၏။ ထိုကြောင့် ကာလဝိမုတ် ဧကန်, ပညပ်ဧကန်, ဗဟိဒ္ဓဧကန်, ဓမ္မာရုံဧကန်။

အာကိဉ္စညာယတန သုံးခုသည် နတ္ထိဘောပညပ်ကို အာရုံပြု၏။ ထိုကြောင့် ကာလဝိမုတ် ဧကန်, ပညပ်ဧကန်, ဓမ္မာရုံဧကန်, (နတ္ထိဘောသည် အဇ္ဈတ္တ ဗဟိဒ္ဓ-နှစ်ပါးလုံး၌ နတ္ထိ၊)

ဝိညာနဉ္စာယတနနေဝသညာနာသညာယတန- ခြောက်ခုသည် အဇ္ဈတ္တသန္တန်၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတနအာကိဉ္စညာယတန - ကုသိုလ် ကြိယာကို အာရုံပြု၏။ ထိုကြောင့် မဟဂ္ဂုတ်ဧကန်, နာမ်ဧကန်, အတိတ်ဧကန်, ပရမတ်ဧကန်, အဇ္ဈတ္တ ဧကန်, ဓမ္မာရုံဧကန်။

လောကုတ္တရာစိတ် ၈-ခုသည် နိဗ္ဗာန်ကို အာရုံပြု၏။ ထိုကြောင့် နိဗ္ဗာန်ဧကန်၊ နာမ်ဧကန်၊ ကာလဝိမုတ်ဧကန်၊ ပရမတ်ဧကန်၊ ဗဟိဒ္ဓဧကန်၊ ဓမ္မာရုံဧကန်။

သင်္ချာအချုပ်

ဧကန်အားဖြင့် ကာမ ၂၅။ မဟဂ္ဂုတ် ၆။ နိဗ္ဗာန် ၈။ နာမ် ၁၄။ ရုပ် ၁၃။ ပစ္စုပ္ပန် ၁၃။ အတိတ် ၆။ အနာဂတ် မရှိ။ ဝိမုတ် ၂၉။ ပညပ် ၂၁။ ပရမတ် ၃၉။ အဇ္ဈတ္တ ၆။ ဗဟိဒ္ဓ ၂၆။ ရူပါရုံ ၂။ သဒ္ဒါရုံ ၂။ ဂန္ဓာရုံ ၂။ ရသာရုံ ၂။ ဖောဋ္ဌဗ္ဗာရုံ ၂။ ဓမ္မာရုံ ၃၅။

အနေကန်အားဖြင့် ကာမ ၃၁။ မဟဂ္ဂုတ် ၃၁။ နိဗ္ဗာန် ၁၁။ နာမ် ၄၃။ ရုပ် ၄၃။ ပစ္စုပ္ပန် ၄၃။ အတိတ် ၄၃။ အနာဂတ် ၄၃။ ဝိမုတ် ၃၁။ ပညပ် ၃၁။ ပရမတ် ၃၁။ အဇ္ဈတ္တ ၅၆၊ ဗဟိဒ္ဓ ၅၆။ အဇ္ဈတ္တဗဟိဒ္ဓ ၅၆။ ရူပါရုံ ၄၆။ သဒ္ဒါရုံ ၄၆။ ဂန္ဓာရုံ ၄၆။ ရသာရုံ ၄၆။ ဖောဋ္ဌဗ္ဗာရုံ ၄၆။ ဓမ္မာရုံ ၄၃။

တေနဝုတ္တံ

ပဉ္စဝီ-ကာမဆ-မဟဂ္ဂါရှစ်ဖြာ-နိဗ္ဗာန်နာမ် တဆဲ့လေးတေးရသ-ရုပ်ပစ္စုပ်- ထို့တူတိတ်မူ- ဆမှတ်နာဂတ်- မရှိဝိမုတ်- နှစ်ဆဲ့ကိုးရှေးရိုးကျမ်းညီဧကဝီ-ပညပ်ပရမတ္ထ- နဝတိံသာဆဓာ- အဇ္ဈတ်ဗာဟျတ်-ဆဗ္ဗီ

နှစ်စီ ပဉ္စဓမ္မ- သုံးဆဲ့ငါး
တပါး-ဋ္ဌဝီဒွေ- နှစ်လီတည်းငါးလီမှာ သုံးဆဲ့နှစ်- သုံးပင်သီကုံးချိုဧဆဲ့လေး- ကိုးလီပဉ္စဝီ- သုံးတန်ဧကန် ရှေးရှုအာရုံပြုသည်သောတု နောင်လာ မခဲတည်း

မခဲစေရန်အနေကန်ကိုအကျဉ်းဆိုအံ့ပိုယိုကင်းပကာမ မဟဂ္ဂုတ်ဝိမုတ်-ပညပ်ပရမတ်-ဟုငါးရပ်တူလစ်သုံးဆဲ့တစ်စီပစ္စုပ်- တီတနာဂတနှင့်ဓမ္မရုပ်နာမ်ခြောက်တန်ပေါင်းရုံးလေးဆဲ့သုံးတည်းသုံးနည်း အဇ္ဈတ်စွဲလတ် မှီရောက်ငါးဆဲ့ ခြောက်မှန်နိဗ္ဗာန်-ဧက်ဒသပဉ္စ၌ဝယ်လေးဆယ် နှင့်ခြောက်ရွေးကောက်စေမှုဥဒါန်းပြုသည်စေ့ငုဖန်ခါ ထပ်လဲတည်း

မှတ်ချက်

ကာမ၌ဧကန် ၂၅၊ အနေကန် ၃၁-အားဖြင့် ၅၆-အာရုံပြုသည်၊ ၃၅-မပြု၊ ပေါင်း ၉၁။ ဤနည်းဖြင့် ဓမ္မာရုံတိုင်အောင် လေ့လာနိုင်၏။

တပါး-ဋ္ဌဝီကား - ဒွေပဉ္စဝိညာဏ်၁ဝ။ အာကာသာနဉ္စာယတနအာကိဉ္စညာယတန ၆။ ဝိညာနဉ္စာယတနနေဝသညာနာသညာယတန - ကုသိုလ်ဝိပါက် ၄၊ လောကုတ္တရာ ၈ - ဤ ၂၈-ပါးသည် ရူပါရုံတခုကို၎င်း အာရုံပြု၏၊ သဒ္ဒါရုံတခုကို၎င်း, ဂန္ဓာရုံတခုကို၎င်း, ရသာရုံတခုကို၎င်း, ဖောဋ္ဌဗ္ဗာရုံ တခုကို၎င်း, နိဗ္ဗာန်တခုကို၎င်း တခုစီကိုသာ အာရုံပြု၏။

ဒွေ- နှစ်လီကား - ဝိညာနဉ္စာယတနနေဝသညာနာသညာယတန ကြိယာ ၂-ပါးသည် အာကာသာနဉ္စာယတနအာကိဉ္စညာယတန၊ ကုသိုလ်ကြိယာ- နှစ်ခုစီကို အာရုံပြု၏။

ငါးလီမှာ သုံးကား - မနောဓာတ် သုံးပါးသည် အာရုံငါးပါးကို အာရုံပြု၏။

ဆဲ့နှစ်-သုံးကား - ရူပ ပဉ္စမဈာန် ၃-ပါးသည် ပညပ် ၁၂-ရကို အာရုံပြု၏။

ဆဲ့လေး-ကိုးလီကား - အလယ်ဈာန် ၉-ပါး သည် ပညပ် ၁၄-ခုကို အာရုံပြု၏၊

ပဉ္စဝီ-သုံးတန်ကား - ပဌမဈာန် ၃-ပါးသည် ပညပ် ၂၅-ပါးကို အာရုံပြု၏။

ဒွါရဝိမုတ်အာရုံ လေ့လာဘွယ်

ကာမပဋိသန္ဓေသည် --

၁။ မနေဒွါရဂ္ဂဟိတ - အတိတ်-ကံ-ဓမ္မာရုံကို၎င်း၊
၂။ ဝဉ္စဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်-ကမ္မနိမိတ်-ပဉ္စာရုံကို၎င်း။
၃။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်-ကမ္မနိမိတ်- အာရုံခြောက်ပါးကို၎င်း။
၄။ မနောဒွါရဂ္ဂဟိတ - အတိတ်- ကမ္မနိမိတ်-အာရုံခြောက်ပါးကို၎င်း၊
၅။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်-ဂတိနိမိတ်-ရူပါရုံကို၎င်း အာရုံပြု၏၊ (ငါးမျိုး၊)

ပဋိသန္ဓေနောင်ရံခါလေး၊ ငါး၊ ခြောက်ချက်ခန့်ဘဝင် အချို့လည်း ထိုအတူအာရုံပြု၏။

ကာမစုတိသည် --

၁။ မနောဒွါရဂ္ဂဟိတ - အတိတ်-ကံ- ဓမ္မာရုံကို၎င်း။
၂။ ပဉ္စဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်ဖြစ်ခဲ့ဘူးသော -ကမ္မနိမိတ်-ပဉ္စာရုံကို၎င်း။
၃။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်ဖြစ်ခဲ့ဘူးသော - ကမ္မနိမိတ် အာရုံခြောက်ပါးကို၎င်း။
၄။ မနောဒွါရဂ္ဂဟိတ - အတိတ်-ကမ္မနိမိတ်-အာရုံခြောက်ပါးကို၎င်း။
၅။ မနောဒွါရဂ္ဂဟိတ - ပစ္စုပ္ပန်ဖြစ်ခဲ့ဘူးသော- ဂတိနိမိတ်-ရူပါရုံကို၎င်း အာရုံပြု (ငါးမျိုး၊)

ပဋိသန္ဓေနှင့် ဝေးသော ဘဝင်အချို့လည်း ထိုအတူအာရုံပြု၏။
(စုတိ-အာရုံ၌ ပစ္စုပ္ပန် မရှိ။)

ရူပအာကာသာနဉ္စာယတနအာကိဉ္စညာယတန - ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် မနောဒွါရဂ္ဂဟိတ-ကာလဝိမုတ်-ကသိုဏ်း စသော ပညပ်၊ ကောင်းကင်ပညပ်၊ နတ္ထိဘောပညပ်- ကမ္မနိမိတ် ဓမ္မာရုံကို အာရုံပြုကုန်၏၊ (တမျိုး။)

ဝိညာနဉ္စာယတနနေဝသညာနာသညာယတန ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် မနောဒွါရဂ္ဂဟိတ - အတိတ်- အာကာသာနဉ္စာယတနအာကိဉ္စညာယတန၊ မဟဂ္ဂုတ် ကုသိုလ်စိတ်- ကမ္မနိမိတ် ဓမ္မာရုံကို အာရုံပြုကုန်၏။(တမျိုး။)

အဘိညာအာရုံ လေ့လာဘွယ်

အထူးသိသော ဉာဏ်သည် အဘိညာ မည်၏။ ထိုဉာဏ်ထူးသည် ရူပကုသိုလ် ရူပကြိယာ - ပဉ္စမဈာန်စိတ်၌ ယှဉ်၏။ ဒိ၊ ဒိ၊ ဣ၊ စေ၊ ပုဗ္ဗေ၊ ယ၊ အ—အားဖြင့် ခုနစ်ပါးပြား၏။

ဒိ။ ။ ဒိဗ္ဗစက္ခုကုသိုလ် အဘိညာသည် ဒူရ၊ ပဋိစ္ဆန္န၊ သဏှ၊ သုခုမ-ဖြစ်သော ပစ္စုပ္ပန် ရူပါရုံကို အာရုံပြု၏။

ဒိ။ ။ ဒိဗ္ဗသောတ အဘိညာသည် ဒူရ၊ ပဋိစ္ဆန္န၊ သဏှ၊ သုခုမ-ဖြစ်သော ပစ္စုပ္ပန် သဒ္ဒါရုံကို အာရုံပြု၏။

ဣ။ ။ ဣဒ္ဓိဝိဓ အဘိညာသည် ပါဒကဖြစ်သော ရူပကုသိုလ် ပဉ္စမဈာန်။ သတ၊ သဟဿ-စသော နိမ္မိတရုပ်-ဟု ဆိုအပ်သော အာရုံခြောက်ပါးကို အာရုံပြု၏။

စေ။ ။ စေတောပရိယ အဘိညာသည် လွန်လေပြီးသော ခုနစ်ရက်မှစ၍ လာလတ္တံ့သော ခုနစ်ရက်တိုင်အောင် ကာလ သုံးပါး၌ တည်သော သူတပါး၏ စိတ် ၈၇-ခု၊ စေတသိက် ဒွေပညာသ-ဟုဆိုအပ်သော ဓမ္မာရုံကို အာရုံပြု၏။ (အရဟတ္တ မဂ်ဖိုလ် ကြဉ်သည်။)

ပုဗ္ဗေ။ ။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာသည် ပုဗ္ဗေနိဝုတ္ထ ဖြစ်သောစိတ် ၈၇-ခု၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ခန္ဓာငါးပါး၊ ထိုခန္ဓာငါးပါးမှ လျှောက်၍ သိအပ်သောနိဗ္ဗာန်၊ အမည်, အမျိုး-စသော ပညပ်-ဟု ဆိုအပ်သော၊ အာရုံခြောက်ပါးကို အာရုံပြု၏။

ယ။ ။ ယထာကမ္မုပဂ အဘိညာသည် အတိတ် ဖြစ်သော၊ လောကီကုသိုလ်၊ အကုသိုလ်စေတနာ- ဟုဆိုအပ်သော ဓမ္မာရုံကို အာရုံပြု၏။

အ။ ။ အနာဂတံသ အဘိညာသည် အနာဂတ်ဖြစ်သောစိတ် ၈၇-ခု။ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ-ဟု ဆိုအပ်သော ခန္ဓာငါးပါး။ ထိုခန္ဓာငါးပါးမှ လျှောက်၍ သိအပ်သော နိဗ္ဗာန်၊ အမည် အမျိုးစသော ပညပ် -ဟုဆိုအပ်သော အာရုံခြောက်ပါး ကို အာရုံပြု၏။

ကြိယာအဘိညာ ခုနစ်ပါးတို့တွင် ဒိဗ္ဗစက္ခုဒိဗ္ဗသောတယထာကမ္မုပဂတို့သည် ကုသိုလ်နှင့် တူကုန်၏။
ဣဒ္ဓိဝိဒ အဘိညာ၌ ပါဒကဖြစ်သော ရူပကြိယာ ပဉ္စမဈာန်သည် စေတောပရိယ အဘိညာပုဗ္ဗေနိဝါသအဘိညာအနာဂတံသ အဘိညာ၌ စိတ် တခုယုတ်ကိုးဆယ်၊ ဤမျှသာထူး၏။ ကုသိုလ်အဘိညာ၌ မြင်လျှင် ချဲ့ဆိုနိုင်လတ္တံ့။

အာရမ္မဏာဓိပတိ အာရုံလေ့လာဘွယ်

ဣဋ္ဌာရုံကို အလေးအမြတ် အာရုံပြုတတ်သော စိတ်တို့သည် လောဘမူစိတ်ရှစ်ခုမဟာကုသိုလ်စိတ်ရှစ်ခုမဟာကြိယာ သမ္ပယုတ်လေးခုလောကုတ္တရာစိတ်ရှစ်ခု- အားဖြင့် ၂၈-ပါးဖြစ်ကုန်၏။

ထိုတွင် လောဘမူစိတ် ရှစ်ခုသည် (ဒေါသမူဒွေ၊ မောဟမူဒွေ၊ ဒုက္ခသဟဂုတ် ကာယ ဝိညာဏ်ကြဉ်သော) လောကီစိတ် ၇၆-ခု။ (ဒေါသစတုက္က၊ ဝိစိကိစ္ဆာကြဉ်သော) စေတသိက် ၄၇-ခု၊ ဣဋ္ဌဖြစ်သော (စတုဇ) နိပ္ဖန္နရုပ် အဋ္ဌာရသတို့ကို အလေးအမြတ် အာရုံ ပြု၏။ (ပုထုဇဉ်မှ အနာဂါမ်အထိ ဆိုင်သည်)

ပုထုဇဉ်၏ မဟာကုသိုလ် ၈-ခုသည် လောကီကုသိုလ် သတ္တရသကို အာရုံပြု၏။

သောတာပန်၏ မဟာကုသိုလ်သမ္ပယုတ် ၄-ခုသည် မိမိ၏ မဂ် ဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။ (သောတာပတ္တိမဂ်သောတာပတ္တိဖိုလ် ဟူလို။)

သကဒါဂါမ်၊ အနာဂါမ်၏ မဟာကုသိုလ် သမ္ပယုတ်၄-ခုသည် မိမိ၏မဂ်၊ ဖိုလ်၊နိဗ္ဗာန်ကို အာရုံပြု၏။

ရဟန္တာ၏ မဟာကြိယာ သမ္ပယုတ် ၄-ခုသည် မိမိ၏မဂ်ဖိုလ်၊ နိဗ္ဗာန်ကိုအာရုံပြု၏။

လောကုတ္တရာ စိတ် ရှစ်ခုသည် နိဗ္ဗာန်ကို အလေးအမြတ် အာရုံပြု၏။

အပေါင်းအားဖြင့်ကား - အာရမ္မဏာဓိပတိ ပစ္စည်းသည် အလေးအမြတ်ပြုအပ်သော (ဒေါသ၊ မောဟ၊ ဒုက္ခ၊ ကြဉ်သော) စိတ် ၈၄-ခု၊စေတသိက် ၄၇-ခု၊ ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ် အဋ္ဌာရသ နိဗ္ဗာန်ဖြစ်၏။

ပစ္စယုပ္ပန်သည် အလေးအမြတ် အာရုံပြုတတ်သောစိတ် ၂၈-ခု။ စေတသိက် ၄၅-ခု ဖြစ်၏။ (ပရမတ်အာရုံဖြစ်၍ အပ္ပမညာလည်း ကြဉ်။)

မိဿကခွဲ လေ့လာဘွယ်

ဝေဒနာ၌ - သုခ-၁။ ဒုက္ခ-၁။ သောမနဿ-၆၂။ ဒေါမနဿ-၂။ ဥပေက္ခာ ၅၅။ ပေါင်း ၁၂၁။ ။ ငါးမျိုး။

ဟိတ်၌ - အဟိတ်-၁၈။ ဧကဟိတ်- ၂။ ဒွိဟိတ်- ၂၂။ တိဟိတ် ၄၇။ ပေါင်း ၈၉။ ။ လေးမျိုး။

ကိစ္စ၌ - အာဝဇ္ဇန်း-၁။ ဒဿန−၂။ သဝန-၂။ ဃာယန-၂။ သာယန-၂။ ဖုသန-၂။ စ္ဆိုင်း-၂။ ဇော-၅၅။ တီ၊ ရုံ−၁။ အာ၊ဝု-၁။ ပ၊ဘ၊စု-၉။ ပ၊ဘ၊စု၊ရုံ-၈။ ပ၊ဘ၊စု၊တီ၊ရုံ- ၂။ ပေါင်း ၈၉။ ။ ၁၃ မျိုး။

ဒွါရ၌ - တဒွါရ-၃၆။ ငါးဒွါရ-၃။ ခြောက်ဒွါရ-၃၁။ ရံခါဝိမုတ်-၁၀။ အမြဲဝိမုတ်-၉။ပေါင်း-၈၉။ ။ ငါးမျိုး။

အာရုံ၌ - ပစ္စုပ္ပန် ရူပါရုံ-၂။ သဒ္ဒ-၂။ ဂန္ဓ-၂။ ရသ-၂။ ဖောဋ္ဌဗ္ဗ-၂။ ပဉ္စာရုံ-၃။ ကာမအာရုံ ခြောက်ပါး-၁၂။ လောကုတ်ကြဉ်အာရုံ ၂ဝ။ အရဟတ္တမဂ်ဖိုလ်ကြဉ်အာရုံ-၅။ အလုံးစုံအာရုံ-၆။ ၂၅-ပါးသောပညပ်-၃။ ၁၄-ပါး-၉။ ၁၂-ပါး-၃။ ကောင်းကင် ပညပ်-၃။ နတ္ထိဘော-၃။ အာကာသာနဉ္စာယတန ကုသိုလ်-၂။ အာကိဉ္စညာယတန ကုသိုလ်- ၂။ အာကာသာနဉ္စာယတန ကုသိုလ်ကြိယာ-၁။ အာကိဉ္စညာယတန ကုသိုလ်ကြိယာ ၁။ နိဗ္ဗာန် ၈။ ပေါင်း-၉၁။ ။ အမျိုး၂၀။

ဝထ္ထု၌ - ကာမ၌ ဃာနအမြဲ-၂။ ဇိဝှါအမြဲ- ၂။ ကာယအမြဲ-၂။ ဟဒယအမြဲ-၁၀။ ပဉ္စဝေါကာရ၌ စက္ခုအမြဲ− ၂။ သောတအမြဲ- ၂။ ဟဒယအမြဲ- ၂၃။ ပဉ္စဝေါကာရ စတုဝေါကာရ၌ ဟဒယ ရံခါ-၄၂။ စတုဝေါကာရ၌ မမှီ−၄။ ပေါင်း-၉၉။ ။ ကိုးမျိုး။

အထူးမှတ်ဘွယ်

ဒေါသမူဒွေသည် ဝတ္ထုအားဖြင့် ကာမ၌ ဟဒယ အမြဲ။

ဥပေက္ခာ သန္တီရဏ ၂ -ခုသည် ဒွါရ၊ အာရုံ၊ ဝတ္ထုအားဖြင့်- ပ, ဘ, စု-ကိစ္စတပ်ခိုက် ဒွါရဝိမုတ်၊ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဖြစ်သော ကာမအာရုံ။ ကာမ၌ ဟဒယအမြဲ။

သန္တီရဏကိစ္စ တပ်ခိုက်ပဉ္စဒွါရ ပဉ္စာရုံ၊ ပဉ္စဝေါကာရ ဟဒယအမြဲ။

တဒါရုံတပ်ခိုက်၊ ခြောက်ဒွါရ၊ ကာမအာရုံခြောက်ပါး၊ ကာမဟဒယအမြဲ။

မနောဒွါရာ ဝဇ္ဇန်းသည် - ဝုဋ္ဌောတပ်ခိုက်- ပဉ္စဒွါရ၊ ပဉ္စာရုံ၊ ပဉ္စဝေါကာရဟဒယအမြဲ။

အာဝဇ္ဇန်းတပ်ခိုက်- မနောဒွါရ၊ အလုံးစုံ အာရုံခြောက်ပါး၊ ပဉ္စဝေါကာရ စတုဝေါကာရ ဟဒယရံခါ။

ရူပဝိပါက်သည် ဒွါရဝိမုတ်။ ၂၅-ပါး။ ၁၄-ပါး ၁၂-ပါးသော ပညပ်ကမ္မနိမိတ် ဓမ္မာရုံ။ ပဉ္စဝေါကာရ ဟဒယအမြဲ။ ရူပဘုံ၌သာ ဟဒယ အမြဲဟူလို။

အရူပကြိယာသည် မနောဒွါရ၊ ကောင်းကင်ပညပ်၊ အာကာသာနဉ္စာယတန ကုသိုလ်ကြိယာ၊ နတ္ထိဘောပညပ်၊ အာကိဉ္စညာယတန ကုသိုလ်ကြိယာ- ဓမ္မာရုံ၊ ပဉ္စဝေါကာရ စတုဝေါကာရ ဟဒယရံခါ။

စိတ်မိဿက လေ့လာဘွယ်

လောဘမူ ရှစ်ခုသည် --
ဝေဒနာအားဖြင့်နှစ်ပါး။
ဟိတ်အားဖြင့် ဒွိဟိတ်။
ကိစ္စအားဖြင့် ဇော။
ဒွါရအားဖြင့် ခြောက်ဒွါရ။
အာရုံအားဖြင့် လောကုတ္တရာ ကြဉ်သော အာရုံခြောက်ပါး။
ဝတ္ထုအားဖြင့် ပဉ္စဝေါကာရ စတုဝေါကာရ ဟဒယ ရံခါမှီသည်။

ဒေါသမူဒွေသည် ….။
မောဟမူဒွေသည်….။ (အကုသိုလ် ၃-ပုဒ်။)
စက္ခုဝိညာဏ်ဒွေသည်…..။
သော၊ ဃာ၊ ဇီ၊ ကာ၊ စ္ဆိုင်းဒွေသည်…..။
သောမနဿ သန္တီရဏသည်….။
ဥပေက္ခာ သန္တိရဏ နှစ်ခုသည်……။
ပဉ္စဒွါရာဝဇ္ဇန်းသည်…...။
မနောဒွါရာဝဇ္ဇန်းသည် …..။
ဟသိတုပ္ပါဒ်သည်-----။ (အဟိတ် ၁၁-ပုဒ်၊)

မဟာကုသိုလ် ဝိပ္ပယုတ်သည်….။
မဟာကုသိုလ် သမ္ပယုတ်သည် ….။၊
မဟာဝိပါက်သည် ….။
မဟာကြိယာ ဝိပ္ပယုတ်သည် ….။
မဟာကြိယာ သမ္ပယုတ်သည်…..။
(ကာမ သောဘဏ ၅-ပုဒ်၊)

ရူပ ကုသိုလ်သည်....။
ရူပ ဝိပါက်သည် …။
ရူပ ကြိယာသည် ….။
အဘိညာ ကုသိုလ်သည် ….။
အဘိညာ ကြိယာသည်…..။
(ရူပ ၅-ပုဒ်။)

အရူပ ကုသိုလ်သည်….။
အရူပ ဝိပါက်သည် ….။
အရူပ ကြိယာသည်…..။
(အရူပ ၃-ပုဒ်။)

သောတာပတ္တိမဂ်သည်-သောမနဿ။ တိဟိတ်၊ ဇော၊ မနောဒွါရ၊ နိဗ္ဗာန်အာရုံ၊ ပဉ္စဝေါကာရ ဟဒယ အမြဲ။
ကြွင်းသော လောကုတ္တရာစိတ် ၇-ခုသည် သောမနဿ၊ တိဟိတ်၊ ဇော၊ မနောဒွါရ၊ နိဗ္ဗာန်အာရုံ၊ ဟဒယရံခါ။ (လောကုတ္တရာ ၂-ပုဒ်။)

စေတသိက် မိဿက လေ့လာဘွယ်

ဖဿသည် --
ဝေဒနာအားဖြင့် ငါးပါး။
ဟိတ်အားဖြင့် ဆဟိတ်၊ “ရံခါအဟိတ်၊ ရံခါဧကဟိတ်၊ ရံခါဒွိဟိတ်၊ ရံခါတိဟိတ်”
ကိစ္စအားဖြင့် တဆဲ့လေးကိစ္စ။
ဒွါရအားဖြင့် ရံခါ ဆဒွါရ။ ရံခါဝိမုတ်။
အာရုံအားဖြင့် အလုံးစုံ အာရုံခြောက်ပါး။
ဝတ္တုအားဖြင့် ဆဝတ္ထု ရံခါ၊

ဝေဒနာသည် --
ဝေဒနာ ယှဉ်ဘက် မရှိ။
ဟိတ်အားဖြင့် ဆဟိတ် “ရံခါအဟိတ်၊ ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်”
ကိစ္စအားဖြင့် တဆဲ့လေးကိစ္စ။
ဒွါရအားဖြင့် ရံခါ ဆဒွါရ။ ရံခါဝိမုတ်။
အာရုံအားဖြင့် အလုံးစုံ အာရုံခြောက်ပါး။
ဝတ္တုအားဖြင့် ဆဝတ္ထု ရံခါ၊
(သဗ္ဗစိတ္တ ၂-ပုဒ်။)

ဝိတက်သည် ….။
ပီတိသည် ….။
ဆန္ဒသည် ….။
(ပကိဏ်း ၃-ပုဒ်)

မောဟသည် ….။
အဟိရိကသည် ….။
လောဘသည်….။
ဒိဋ္ဌိသည်….။
ဒေါသသည်….။
ဣဿာသည်….။
ထိနသည်. ….။
ဝိစိကိစ္ဆာသည် ….။
(အကုသိုလ် ၈-ပုဒ်၊)

သဒ္ဓါသည် ….။
အလောဘသည်…..။
အဒေါသသည်.....။
သမ္မာဝါစာသည်….။
ကရုဏာသည် ….။
ပညာသည် ….။
(သောဘဏ ၆-ပုဒ်၊)

သမ္မာဝါစာသည် --
ဝေဒနာအားဖြင့် နှစ်ပါး။
ဟိတ်အားဖြင့် တိဟိတ်။ ရံခါ ဒွိဟိတ် ဟိဟိတ်၊
ကိစ္စအားဖြင့် ဇော။
ဒွါရအားဖြင့် ဆဒွါရ။
အာရုံအားဖြင့် ဝိရမိတဗ္ဗကာမနာမ်ရုပ်၊ နိဗ္ဗာန်။
ဝတ္တုအားဖြင့် ဟဒယ ရံခါ၊

ပညာသည် --
ဝေဒနာအားဖြင့် နှစ်ပါး။
ဟိတ်အားဖြင့် ဒွိဟိတ်- အမြဲ။
ကိစ္စအားဖြင့် ငါးကိစ္စ။
ဒွါရအားဖြင့် ရံခါ ဆဒွါရ။ ရံခါဝိမုတ်။
အာရုံအားဖြင့် အလုံးစုံ အာရုံခြောက်ပါး။
ဝတ္တုအားဖြင့် ဟဒယရံခါ။

ဤသို့စသော လေ့လာခြင်း အဘိဓမ္မာဖြင့် အဘိဓမ္မာ တရား ဟောကြားသော ဘုရားရှင်အား ပူဇော်ခြင်းသည် အဘိဓမ္မာဉာဏ် တိုးပွါးကြောင်း ကောင်းသည်သာ တည်း။

ဝေဒနာသင်္ဂဟ မှတ်ဘွယ်

ဝေဒနာ သင်္ဂဟ၌ ဝေဒနာ စေတသိက် တခုတည်းကို သုံးမျိုး ငါးမျိုးခွဲ၍ ထိုသုံးမျိုး ငါးမျိုးဖြင့် စိတ်စေတသိက်တို့ကို ဝေဘန်သည်။

ကိုယ်စိတ်၌ သာယာ၊ မသာယာအားဖြင့် သုခ၊ ဒုက္ခကို နှုစ်ခုစီ ဝေဘန်သည်။ ဥပေက္ခာ၌ အပြားမရှိ။

ကိုယ်၌သာယာခြင်းသည် သုခမည်၏။ ဖောဋ္ဌဗ္ဗာရုံကို ခံစား၏။
ကိုယ်၌မသာယာခြင်းသည် ဒုက္ခမည်၏၊ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံကိုခံစား၏။
စိတ်၌သာယာခြင်းသည် သောမနဿ
ဣဋ္ဌအာရုံ ခြောက်ပါးကို ခံစား၏ စိတ်၌ မသာယာခြင်းသည် ဒေါမနဿ၊ အနိဋ္ဌအာရုံ ခြောက်ပါးကို ခံစား၏။
လျစ်လျူရှုခြင်းသည် ဥပေက္ခာ၊ ဣဋ္ဌမဇ္ဈတ္တအာရုံ ခြောက်ပါးကို ခံစား၏။

ပင်ကိုယ်ကောင်းဖြစ်၍ အလိုရှိအပ်သော အာရုံကောင်းသည် သဘာဝဣဋ္ဌာရုံ မည်၏။ မကောင်းသော်လည်း ကြံဆ၍ အလိုရှိအပ်သော အာရုံသည် ပရိကပ္ပဋ္ဌာရုံ မည်၏။ အလိုမရှိအပ်ဖြစ်လျှင် အနိဋ္ဌာရုံ။ အလယ်အလတ်ဖြစ်လျှင် ဣဋ္ဌမဇ္ဈတ္တာရုံ ၎င်းတို့၌လည်း သဘာဝနှင့် ပရိကပ္ပကို သိအပ်၏။ ပရိကပ္ပကား ဝိပါက်နှင့်မဆိုင်၊ ဇောနှင့်ဆိုင်သည်။

ဟေတုသင်္ဂဟ မှတ်ဘွယ်

ဟေတုသင်္ဂဟ၌ လောဘစသော စေတသိက် ခြောက်ပါးတို့ဖြင့် ဝေဘန်သည်။ ထို စေတသိက်တို့သည် သမ္ပသုတ် တရားတို့၏ တည်ရာ အမြစ်သဘွယ် ဖြစ်သောကြောင့် ဟိတ်မည်ကုန်၏
(ဟေတုသင်္ဂဟသိလျှင် ဟေတုပစ္စယော - ပဋ္ဌာန်းနည်း လွယ်ကူလတ္တံ့။)

သမ္ပယုတ်တရားတို့၏ ကောင်းစွာ တည်ရာ၏ အဖြစ်ကိုပြီးစေတတ်သော အမြစ် မူလ၏ အဖြစ်သည် ဟေတု၏ ဘာဝ ဂုဏ်သကတ် မည်၏။ ဟိတ်ရှိသော စိတ် စေတသိက် တို့သည် အမြစ်ရှိသော သစ်ပင်ပမာ တည်ရာရ၍ ခိုင်ခံ့ကုန်၏၊ ဟိတ်မရှိ သောစိတ် စေတသိက်တို့သည် ရေပြင်၌ မှော်ပမာ တည်ရာ မရ မခိုင်ခံ့ကုန်။

ကိစ္စသင်္ဂဟမှတ်ဘွယ်

ကိစ္စသင်္ဂဟ၌ စိတ်စေတသိက်တို့၏ အလုပ်ကိစ္စသည် ၁၄-ပါး။ နေရာဌာနသည် ဆယ်ပါးဖြစ်၏။ ထိုကိစ္စ၊ ဌာနတို့ဖြင့် ဝေဘန်သည်။

ရှေ့ဘဝနှင့် နောက်ဘဝကို စပ်ခြင်းသည် ပဋိသန္ဓေကိစ္စ မည်၏။ ဥပပတ္တိ ဘဝ၏အကြောင်းသည် ဘဝင်ကိစ္စ။ (မပြတ်အောင်ဖြစ်ခြင်း၏ အကြောင်းဟူလို။) ဝီထိစိတ်ဖြစ်ခြင်းငှါ ညွတ်သော ဆင်ခြင်ခြင်းသည် အာဝဇ္ဇန်းကိစ္စ

မျက်မှောက်အားဖြင့် မြင်ခြင်း ကြားခြင်း, အနံ့ယူခြင်း, လျက်ခြင်း, တွေ့ထိခြင်း, လက်ခံခြင်း, စုံစမ်းခြင်း, မှတ်ခြင်းသည် ဒဿနကိစ္စသဝနကိစ္စ- ဃာယနကိစ္စ-သာယနကိစ္စ- ဖုသနကိစ္စ- သမ္ပဋိစ္ဆနကိစ္စ- သန္တီရဏကိစ္စ- ဝုဋ္ဌောကိစ္စ

အာရုံ၌တပ်ခြင်း, ပြစ်မှားခြင်း စသောကိစ္စကို ပြီးစေလျက် အဟုန်ဖြင့် ဖြစ်ခြင်းသည် ဇောကိစ္စ။ (လျင်စွာပြေးသွားသူနှင့်တူ၏)။

ဇောယူပြီးသော အာရုံကို အာရုံပြုခြင်းသည် တဒါရုံကိစ္စ္ပ

ဖြစ်ဆဲဘဝမှ ရွေ့လျောခြင်းသည် စုတိကိစ္စ မည်၏။

ဤ၌ မဂ်ဇော-စသည်သည် တကြိမ်တည်းမျှဖြစ်သော်လည်း ကိစ္စပြီးစေသောကြောင့် ဇောအမည် မစွန့် -- သဗ္ဗညုတဉာဏ်သည် တခုစီကိုသာ အာရုံပြုသော်လည်း လိုရာအလုံးစုံ အာရုံပြုနိုင်သောကြောင့် သဗ္ဗညုတအမည် မစွန့်သည်နှင့် တူ၏။

တဒါရုံသည် မူလပဋိသန္ဓေနှင့်တူလျှင် မူလဘဝင်လည်း မည်၏။ မတူလျှင် အာဂန္တုကဘဝင်လည်း မည်၏၊ တူ၊ မတူ-ပိဋ္ဌိဘဝင်လည်း မည်၏၊ ရုံ၊ မူ၊ အာ၊ ပိဋ္ဌ-လေးမည်ရသည်။

ဒွါရသင်္ဂဟ မှတ်ဘွယ်

ဒွါရသင်္ဂဟ၌ ရုပ်ဒွါရငါးပါး၊ စိတ်ဒွါရတပါးဖြင့် ဝေဘန်သည်။ ထိုခြောက်ပါးသည် အာဝဇ္ဇန်းစသော ဝီထိစိတ်တို့၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ဒွါရမည်၏။ ထွက်ဝင်ကြောင် တံခါးသဘွယ်ဖြစ်၏။ ဤ၌ ဘဝင်္ဂုပစ္ဆေဒကို မနောဒွါရဟုခေါ် သည်၊ ဘုံပိုင်းအကုသိုလ်ကံ၊ အကုသိုလ်ကံ၌၊ မနောဒွါရကား ကုသိုလ်စိတ် အကုသိုလ်စိတ် ကိုခေါ်လတ္တံ့။

ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် ခြောက်ဒွါရ၌လည်း မဖြစ်၊ ရှေ့နောက်ဘဝင်၏ အာရုံမှတပါးသော အာရုံကိုလည်းမယူ၊ ထိုကြောင့် ဒွါရဝိမုတ်တို့ မည်ကုန်၏။

စေတသိက်ကား - ဒွါရခြောက်ပါးလုံး၌ ၅၂-စီ၊ ဒွါရဝိမုတ်၌ ၃၅။

အာရမ္မဏသင်္ဂဟမှတ်ဘွယ်

အာရမ္မဏ သင်္ဂဟ၌ အာရုံ ခြောက်ပါးဖြင့် ဝေဘန်သည်၊ ပညပ်၊ ပရမတ် အားလုံးသည် စိတ်၊ စေတသိက်တို့၏ စွဲအပ် မှီအပ်သောကြောင့် အာရုံမည်၏၊ အားနည်းသူတို့၏ ဆွဲမှီစရာ ကြိုးတန်း၊ တောင်ဝှေးနှင့် တူ၏။
(အာရမ္မဏသင်္ဂဟသိလျှင် အာရဏပစ္စယော ပဋ္ဌာန်းနည်း လွယ်ကူလတ္တံ့။)

အာပေါသည် အဘယ်ကြောင့် ဖောဋ္ဌဗ္ဗ မမည်သနည်း။ မထိတတ်၊ မထိအပ် သောကြောင့်တည်း၊ ထင်ရှားစေဦးအံ့၊ ပထဝီသည် တေဇော၊ ဝါယောကို ထိ၍လက်ခံ၏၊ အာပေါကို မထိမူ၍ လက်ခံ၏၊ တေဇောသည် ပထဝီ, ဝါယောကို ထိ၍ ရင့်စေ၏။ အပေါကိုမထိမူ၍ ရင့်စေ၏။ ဝါယောသည် ပထဝီ, တေဇောကို ထိ၍ ရွေ့စေ၏၊ အာပေါကိုမထိမူ၍ ရွေ့စေ၏၊ အာပေါသည် ပထဝီ, တေဇော, ဝါယောကို မထိမူ၍ ဖွဲ့၏။ ဤသို့ မသိတတ်၊ မထိအပ်သောကြောင့်တည်း။

နိဗ္ဗာန်နှင့် ပညပ်သည် ပျက်စီးခြင်း မရှိသောကြောင့် ကာလ ဝိမုတ် မည်၏။ ကာလ သုံးပါးမှလွတ်၏။

တဒါရုံဟသိတုပ္ပါဒ် ၁၂-ခု ကာမအာရုံ ၆-ပါးကို အာရုံပြုရာ၌ သန္တီရဏသည် သန္တီရဏကိစ္စအခါ ပစ္စုပ္ပန် ပဉ္စာရုံကိုသာ အာရုံပြု၏။ ကြွင်းလေးကိစ္စအခါ ကာမ အာရုံခြောက်ပါးကို အာရုံပြု၏။

ဟသိတုပ္ပါဒ်ကား - ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ လျှောက်ပတ်သော နေရာကို မြင်၍ နှစ်သက်စွာ ပြုံးရွှင်သောအခါ ရဟန္တာ၏ ဟသိတုပ္ပါဒ်သည် ရူပါရုံကို အာရုံပြု၏။ ပစ္စည်းဝေဘန်ရာတွင် စီစီညံညံ အသံကြား၍ “ဤသို့သော လော်လည်ခြင်းသည် ငါ့အား ကင်းလွတ်ပေပြီ၊ အရတော်လေစွ”ဟုဆင်ခြင်၍ နှစ်သက်စွာ ပြုံးရွှင်သောအခါ သဒ္ဒါရုံကို အာရုံပြု၏။ နံ့သာမွှေးကြိုင်ဖြင့် စေတီအား ပူဇော်၍ ပြုံးရွှင်သောအခါ ဂန္ဓာရုံကို အာရုံပြု၏။
ကောင်းသော ဘောဇဉ်ကို သီတင်းသုံးဘော်တို့နှင့် ဝေဘန်ကာ သုံးဆောင်၍ ပြုံးရွှင်သောအခါ ရသာရုံကို အာရုံပြု၏။ မထေရ်ကြီးများ ခြေကိုပွတ်ဆေးခြင်း ဆုပ်နယ်ခြင်း၊ ဦးတိုက်ခြင်း ပြု၍ ပြုံးရွှင်သောအခါ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၏။ အဘိညာဖြင့် ထိုထို ဘဝ ကာမာဝစရ ဓမ္မတို့ကိုမြင်သိ၍ နှစ်သက်စွာ ပြုံးရွှင်သော အခါ ဓမ္မာရုံကို အာရုံပြု၏။

စိတ် ၂၀-လောကုတ္တရာကြဉ်သော အာရုံခြောက်ပါး အာရုံပြုရာ၌ လောဘမူ သမ္ပယုတ်လေးခုသည် ကာမကို၊ မဟဂ္ဂုတ်ကို ပညပ်ကို မှားသောအားဖြင့် သုံးသပ်ခြင်း၊ နှစ်သက်ခြင်းဖြင့် အာရုံပြု၏။ ဝိပ္ပယုတ် လေးခုသည် နှစ်သက်ခြင်းမျှဖြင့် အာရုံပြု၏၊ ဒေါသမူသည် ပြစ်မှားခြင်း၊ နှလုံး မသာယာခြင်းဖြင့် အာရုံပြု၏၊ ဝိစိကိစ္ဆာသည် မဆုံးဖြတ်နိူင်ခြင်းဖြင့် အာရုံပြု၏။ ဥဒ္ဓစ္စသည် ပျံ့လွင့်ခြင်း၊ မငြိမ်သက်ခြင်းဖြင့် အာရုံပြု၏။

မဟာကုသိုလ် ဝိပ္ပယုတ်သည် အသက္တစ္စစွမ်းဖြင့် ဒါနပြု၊ ဆင်ခြင်၊ တရားနာ စသောအခါ ကမာဝစရကို အာရုံပြု၏။ လွန်စွာ လေ့လာပြီးသော ဈာန်ကို ဆင်ခြင်သောအခါ မဟဂ္ဂုတ်ကို အာရုံ ပြု၏၊ ကသိုဏ်း ပရိကံစသည် ပြုသောအခါ ပညပ်ကို အာရုံပြု၏။ ဤကား ပုထုဇဉ် သေက္ခနှင့်ဆိုင်၏။ ရဟန္တာ၏ မဟာကြိယာ ဝိပ္ပယုတ်လည်း ထိုအတူပင် အာရုံပြု၏။

ဉာဏသမ္ပယုတ် မဟာကုသိုလ်အဘိညာကုသိုလ် အားဖြင့် ငါးခု၊ အရဟတ္တမဂ်ဖိုလ် ကြဉ်သော အာရုံ ၆-ပါး အာရုံပြုရာ၌ ရဟန္တာ၏မဂ်စိတ်၊ ဖိုလ်စိတ်ကို ရဟန္တာချင်းသာ မဟာကြိယာ သမ္ပယုတ်ဖြင့် အာရုံပြုနိုင်သည်။ အနာဂါမ်သော်လည်း မဟာကုသိုလ် သမ္ပယုတ်ဖြင့် အာရုံမပြုနိုင်။ ထို့ကြောင့် ထိုအာရုံ၌ အရဟတ္တမဂ်ဖိုလ် ကြဉ်သည်။

ပုထုဇဉ်သည် အရိယာ၏ ပါဋိပုဂ္ဂလိက မဂ်စိတ်ဖိုလ်စိတ်ကို အာရုံမပြုနိုင်၊ လောကီ စိတ်ကိုသာ အာရုံပြုနိုင်သည်၊ အောက်အောက် အရိယာလည်း အထက်အထက် အရိယာ၏ ပါဋိပုဂ္ဂလိကမဂ်စိတ်ဖိုလ်စိတ်ကို အာရုံမပြုနိုင်၊ လောကီစိတ်ကိုသာ အာရုံ ပြုနိုင်သည်။

ပုထုဇဉ် သေက္ခ၏ မဟာကုသိုလ် သမ္ပယုတ်သည် သက္ကစ္စစွမ်းဖြင့် ဒါနပြု-စသော အခါ ရှေးအတူ ကာမကို အာရုံပြု၏၊ မဟဂ္ဂုတ်ကို အာရုံပြု၏၊ ပညပ်ကို အာရုံပြု၏၊ ဂေါတြဘူဝေါဒါန်အခါ နိဗ္ဗာန်ကို အာရုံပြု၏။ သေက္ခ၏ မဟာကုသိုလ် သမ္ပယုတ်ကား မိမိမဂ်ဖိုလ်၊ သူတပါးမဂ်ဖိုလ်ကို အာရုံပြု၏

ဉာဏသမ္ပယုတ် မဟာကြိယာအဘိညကြိယာဝုဋ္ဌော အားဖြင့် ခြောက်ခု အကြွင်းမဲ့ အာရုံခြောက်ပါး အာရုံပြုရာ၌ မဟာကြိယာ သမ္ပယုတ်သည် သဗ္ဗညုတဉာဏ် စွမ်းဖြင့် ဖြစ်သော အခါအလုံးစုံကို အာရုံပြု၏။ ထိုထိုကြိယာ အဘိညာလည်း အလုံးစုံကို အာရုံပြု၏။ ဝုဋ္ဌော-မနောဒွါရာဝဇ္ဇန်းကား ထိုထို ဇောတို့၏ ရှေ့၌ဖြစ်၍ သဗ္ဗညုတ ဉာဏ်ဇော၏ ရှေ့၌ဖြစ်သောအခါ အလုံးစုံပင် အာရုံပြု၏။ အရာ ကျယ်သောကြောင့် ဆင်ပြောင်ကြီးနှင့် တူသောစိတ်ဖြစ်၏။

ကာမာဝစရကို အဘယ့်ကြောင့် ပရိတ္တဟု ခေါ်သနည်း?
ပရိ-ထက်ဝန်းကျင်မှ+အတ္တံ-ပိုင်းဖြတ် အပ်သောကြောင့် ပရိတ္တ မည်၏။ မဂ္ဂုတ် လောကုတ္တရာတို့ကို ထောက်လျှင် အလွန်နည်းသော အာနုဘော် ရှိသောကြောင့် ပိုင်းဖြတ်ခံရသည်နှင့် တူ၏။ ပရိသမန္တတော အတ္တံ-ခဏ္ဍိတံ ဝိယာတိ-ပရိတံပရိ၊ အာ၊ ဒါ- အဝခဏ္ဍနေ+တ

ဒွါရဝိမုတ် အာရုံမှတ်ဘွယ်

ဒွါရဝိမုတ်အာရုံသည် အာဝဇ္ဇန်း၏ အာရုံကဲ့သို့ အသစ်မဟုတ်၊ အတိတ်ဘဝ မရဏာသန္နဇော ယူပြီးသော အာရုံဟောင်းဖြစ်၏။ ပစ္စုပ္ပန်သက်သက်၊ တေကာလိက သက်သက်မဟုတ်၊ ဒွေကာလိကနှင့် ကာလဝိမုတ်ဖြစ်၏။ ဖြစ်ပြီးအာရုံ၊ ခံစားပြီးအာရုံ၊ ထင်ဆဲ အာရုံသာ ဖြစ်သောကြောင့် အနာဂတ်လည်း မဟုတ်။

ဒွါရဝိမုတ် အာရုံသည် အာဂမသိဒ္ဓိ ဝေါဟာရမှမလွတ်။ “ဤ၌ကုသိုလ်ကံ အကုသိုလ်ကံသည် အာဂမ မည်၏။ အာဂမမည်သော ကံကြောင့် ဖြစ်သောကံ, ကမ္မနိမိတ်, ဂတိနိမိတ်ဟူသော အမည်သည် အာဂမသိဒ္ဓိ ဝေါဟာရ မည်၏”။

ထိုတွင် ဥဒ္ဓစ္စကြဉ်သော အကုသိုလ် စေတနာ ၁၁၊ မဟာကုသိုလ် စေတနာ ၈- သည် ကံဖြစ်၏။ စေတသိက်ဓမ္မာရုံ၊ အတိတ်၊ မနောဒွါရဂ္ဂဟိတ ဖြစ်၏။ ကာမပဋိသန္ဓေ၊ ဘဝင်၊ စုတိ-အားထင်၏။
(မဟဂ္ဂုတ်ကံသည် ဟဂ္ဂုတ်ပဋိသန္ဓေ, ဘဝင်, စုတိအား မထင်။)

ပဋိသန္ဓေကို ဖြစ်စေတတ်သောကံ၏ အာရုံသည် ကမ္မနိမိတ် မည်၏၊ အာရုံ ခြောက်ပါး ဖြစ်၏။ ပစ္စုပ္ပန်အချို့၊ အတိတ် အချို့၊ ကာလဝိမုတ် အချို့ဖြစ်၏။ ဆဒွါရဂ္ဂဟိတ ဖြစ်၏၊ ကာမ၊ ရူပ၊ အရူပ (ပဋိသန္ဓေ၊ ဘဝင်၊ စုတိ၊) အားထင်၏။

ဤ၌ ပစ္စုပ္ပန် အချို့သည် အာရုံခြောက်ပါး။ ဆဒွါရဂ္ဂဟိတ၊ ကာမပဋိသန္ဓေ၊ ဘဝင်၊ စုတိအား ထင်၏။ အတိတ်အချို့သည် အာရုံခြောက်ပါး၊ မနောဒွါရဂ္ဂဟိတ ကာမ ပဋိသန္ဓေ၊ ဘဝင်၊ စုတိအား ထင်၏။

အတိတ် အချို့သည် မဟဂ္ဂုတ်စိတ် (အာကာသာနဉ္စာယတနအာကိဉ္စညာယတန၊) ဓမ္မာရုံ။ မနောဒွါရဂ္ဂဟိတဝိညာနဉ္စာယတနနေဝသညာနာသညာယတနုအား ထင်၏။ ကာလဝိမုတ်အချို့သည် ပညပ်ဓမ္မာရုံ၊ မနောဒွါရဂ္ဂဟိတ၊ ရူပ၊ အာကာသာ-နဉ္စာယတနအာကိဉ္စညာယတနအား ထင်၏။

လားရာဂတိ၌ရှိသော အာရုံသည် ဂတိနိမိတ်မည်၏။ ရူပါရုံ။ ပစ္စုပ္ပန်။ မနောဒွါရဂ္ဂဟိတ။ ကာမအား ထင်၏။

ယေဘုယျမှတ်ဘွယ်

အသညသတ်မှ စုတေသော သူတို့၏ ပဋိသန္ဓေအာရုံသည် အတီတာနန္တရ ဘဝ ဆဒွါရဂ္ဂဟိတ မဟုတ်။ ရှေးရှေးဘဝ အပရာ ပရိယ ကံစွမ်းဖြင့် ထင်သည်။ ထိုကံသည်ပင် အခွင့်ရ၍ ပဋိသန္ဓေကိုလည်း ဖြစ်စေသည်။ တပါးသော ဘုံမှ စုတေသော သူတို့၏ ပဋိသန္ဓေအာရုံကား အတီတာနန္တဘဝ ဆဒွါရဂ္ဂဟိတ ဖြစ်သည်။ ထို့ကြောင့် ယေဘုယျန-ဟုဆိုသည်။

အပရာပရိယကံစွမ်းဖြင့် ထင်သောအာရုံသည် ထိုကံပြုရာဘဝ၌ ဒွါရတခုခုဖြင့် ယူပြီးပင် မဟုတ်လော၊ ကံနှင့်ကမ္မနိမိတ်သည် ဒွါရ တခုခုဖြင့် ယူပြီး ဟုတ်၏။ ဂတိနိမိတ်ကား ယူပြီး မဟုတ်။ ဤကား စကားတုံ့ပြန်၍ဖြေသော ပဋိဝစန ပရိဟာရ တည်း။
(ဂတိနိမိတ် ဟူသည် သေခါနီး အခါ၌သာထင်သည်။ ကံပြုစဉ် မထင်။)

တနည်းကား။
မရဏာသန္ဒဇော ယူသော အာရုံကိုရည်၍ ဤနေရာ၌ ဆဒွါရဂ္ဂဟိတ ဟုဆိုသည်။ ကံပြုစဉ် ဒွါရတခုခုဖြင့် ယူသည်ကို ဆဒွါရဂ္ဂဟိတ-ဟု ဆိုသည်မဟုတ်။ ဤကား ပယ်၍ ဖြေသော ပဋိက္ခေပ ပရိဟာရ တည်း။

နနဝတ္တဗ္ဗံသစ္စံ-ခံ၍ဖြေမှု-အတျူပဂမ ပရိဟာရ မည်၏။ ပရိဟာရ သုံးမျိုးရှိသည်၊ ဤ၌နှစ်မျိုးဖြင့် ဖြေသည်။

ဝတ္ထုသင်္ဂဟမှတ်ဘွယ်

ဝတ္ထုသင်္ဂဟ၌ ဝတ္ထုရုပ်ခြောက်ပါးဖြင့်စိတ်, စေတသိက်တို့ကို ဝေဘန်သည်။ ဤ ရုပ်တို့သည် စိတ်, စေတသိက်တို့၏ နေရာဖြစ်သောကြောင့် ဝတ္ထုမည်၏။

ပသာဒိန္ဒြေ အားလုံးပြည့်စုံသော သူတို့သည် ကာမဘုံ၌သာ ဖြစ်ကုန်၏။ ထို့ကြောင့် ကာမဘုံ၌ ဝတ္ထုရုပ်အားလုံး ရသည်။

ဗြဟ္မာတို့အား ဘာဝနာစွမ်းဖြင့် ကာမရာဂ မရှိ။ ကာမရာဂ အမြဲအားပေးသော ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗတို့၌ တပ်ခြင်းမရှိသဖြင့် တွဲဘက် ဃာနာဒိတ္တယ၌လည်း တပ်ခြင်းမရှိ။ စက္ခုသောတတို့၌ကား ဘုရားဖူးခြင်း၊ တရားနာခြင်းငှါသာလျှင် တပ်ခြင်းရှိ၏။

အရူပဗြဟ္မာတို့အား ဘာဝနာစွမ်းဖြင့် ရုပ်အားလုံး၌ တပ်ခြင်း မရှိ။ ထို့ကြောင့် ဝတ္ထုရုပ် မရ။

လေးဆဲ့သုံးပါးသော စိတ်သည် အဘယ်ကြောင့် ဝတ္ထုရုပ်ကို အမြဲမှီသနည်း၊ အရူပဘုံ၌ မဖြစ်ခြင်းကြောင့်တည်း။

ချဲ့ဦးအံ့၊
ပဉ္စဝိညာဏ်သန္တီရဏမနောဓာတ်အားဖြင့် ၁၆-ခုတို့သည် အရူပဘုံ၌ ဖြစ်ရာ ပဉ္စဒွါရ မရှိသောကြောင့် မဖြစ်ကုန်။ ပဋိသန္ဓေ, ဘဝင်, စုတိ, တဒါရုံကိစ္စတပ်သော သန္တီရဏနှင့် မဟာဝိပါက် စိတ်ရှစ်ခုသည် အရူပဘုံ၌ မိမိ၏ပြုဘွယ် ကိစ္စ မရှိသောကြောင့် မဖြစ်။ ဒေါသမူဒွေသည် အမြဲနိစ္စ နီဝရဏဖြစ်သောကြောင့် ရူပဘုံ၌ ပင်မဖြစ်။ ပဌမ မဂ်သည် အရူပဘုံ၌ သူတပါး အသံကို မကြားရသောကြောင့် မဖြစ်။

တရားဟောသံကြားရမှ သောတာပတ္တိမဂ်ဖြစ်နိုင်သည်။ ဝါ-သယမ္ဘူပုဂ္ဂိုလ်တို့သည် လူ့ဘုံမှတပါးသော ဘုံတို့၌ မဖြစ်သောကြောင့် အရူပဘုံ၌ ပဌမမဂ် မဖြစ်။ ဟသိတုပ္ပါဒ်သည် အရူပဘုံ၌ ရူပကာယ မရှိသောကြောင့် မဖြစ်။ ရူပစိတ် ၁၅-ခု သည် ကသိုဏ်းရုပ်ကို (ဝါ-ရုပ်နှင့်တူသော ကသိုဏ်းပညပ်ကို) အာရုံပြုသောကြောင့် အရူပဘုံ၌မဖြစ်။ မိမိမကြိုက်သော ရုပ်ကို အာရုံပြုသောကြောင့် လက်မခံဟူလို။

ဤသို့ လေးဆဲ့သုံးပါးသောစိတ်သည် အရူပဘုံ၌ မဖြစ်ခြင်းကြောင့် ပဉ္စဝေါကာရ၌ ဝတ္ထုရုပ်ကို အမြဲမှီသည်။

ပကိဏ်းပိုင်းအရသာပြီး၏။

၄-ဝီထိပိုင်း

ဤသို့ စိတ်စေတသိက်တို့၏ ပကိဏ္ဏက သင်္ဂဟကို ပြပြီး၍ ယခုအခါ ဘုံအပြား ပုဂ္ဂိုလ်အပြား ဖြင့်လည်း မှတ်အပ်သော, ရှေးစိတ် နောက်စိတ်တို့ဖြင့်လည်း မှတ်အပ်သော, ပဋိသန္ဓေ ပဝတ္တိ နှစ်ပါးတို့တွင် ပဝတ္တိအခါ၌သာ ဖြစ်သောကြောင့် ပဝတ္တိသင်္ဂဟ လည်းမည်သော, ဝီထိသင်္ဂဟကို အကျဉ်းအားဖြင့်ဆိုပေအံ့။

ဆဆက္က

ဤ ဝီထိသင်္ဂဟ၌ ဝတ္ထု ၆-ပါး၊ ဒွါရ ၆ -ပါး၊ အာရုံ ၆-ပါး၊ ဝိညာဏ် ၆-ပါး၊ ဝီထိ ၆-ပါး၊ ဝိသယပဝတ္တိ-၆-ပါး၊ ဤသို့ ၆-ပါး ၆ -ခုသိအပ်၏။
ဝီထိမုတ်စိတ်တို့၏ ဝိသယပဝတ္တိကား (၆-ပါးမဟုတ်) ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် စွမ်းဖြင့် သုံးပါး ဖြစ်၏၊ ဝတ္ထု၊ ဒွါရ၊ အာရုံတို့သည် ဆိုပြီးသော နည်းရှိကုန်ပြီ။
စက္ခုဝိညာဏ်၊ သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်၊ မနောဝိညာဏ်-ဤကား ဝိညာဏ် ၆-ပါးတည်း။
စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ - ဤကား ဒွါရစွမ်းဖြင့် ဝီထိ ၆−ပါးတည်း၊
စက္ခုဝိညာဏဝီထိ၊ သောတဝိညာဏဝီထိ၊ ဃာနဝိညာဏဝီထိ၊ ဇိဝှါဝိညာဏဝီထိ၊ ကာယဝိညာဏဝီထိ၊ မနော ဝိညာဏဝီထိ - ဤကား ဝိညာဏ်စွမ်းဖြင့် ဝီထိ ၆-ပါးတည်း။ ခြောက်ဒွါရ၌ ဖြစ်သောစိတ်ဖြစ်စဉ်သည် ဝီထိ မည်၏။ တဆဲ့တကိစ္စ ရှိ၏၊ ခြောက်ဒွါရမှ လွတ်သော စိတ်ဖြစ်စဉ်သည် ဝီထိမုတ် မည်၏။ သုံးကိစ္စရှိ၏။
ဝိသယ ပဝတ္တိကား ပဉ္စဒွါရ၌ အတိမဟန္တာရုံ၊ မဟန္တာရုံ၊ ပရိတ္တာရုံ၊ အတိပရိတ္တာရုံ ဟုလေးပါး၊ မနောဒွါရ၌ ဝိဘူတာရုံ၊ အဝိဘူတာရုံဟု နှစ်ပါး။ ဤသို့ ခြောက်ပါးဖြစ်၏။
အာရုံတို့၏ + ဒွါရတို့၌ ဖြစ်ခြင်းသည် ဝိသယန + ပဝတ္တိမည်၏။ ဝါ- အာရုံတို့၌ + စိတ်တို့၏ ဖြစ်ခြင်းသည် ဝိသယ + ပဝတ္တိ မည်၏။
ဝိသယပဝတ္တိဖြစ်ပုံကား ဥပါဒ်ခဏ၊ ဌီခဏ၊ ဘင်ခဏအားဖြင့် ခဏငယ်သုံးခု အပေါင်းသည် စိတ်တခု၏ ခဏမည်၏၊ စိတ္တက္ခဏ ၁၇-ချက်ခန့်၊ ဝါ၊ ခဏငယ် ၅၁-ချက်ခန့် ကာလသည် ရုပ်သက် မည်၏၊ ဝါ၊ဝိညပ်ဒွေ၊ လက္ခဏရုပ် လေးခုကြဉ်သော ၂၂-ပါးသော ရုပ်တို့၏ အသက်မည်၏။
ဝိညပ်ဒွေကား ဥပါဒ်တချက်၊ ဌီတချက်၊ ဘင်တချက်၊ သုံးချက်၊ လက္ခဏရုပ်တို့တွင် ဥပစယသည် ဥပါဒ်တချက်၊ သန္တတိသည် ဥပါဒ်တချက်၊ ဇရတာသည် ဌီ ၄၉-ချက်၊ အနိစ္စတာသည် ဘင် တချက်၊ ကြွင်းရုပ် ၂၂ -ခုကား ဥပါဒ်တချက်၊ ဌီ ၄၉ -ချက်၊ ဘင် တချက်၊ ပေါင်း ၅၁-ချက်။

ကာမဇောဝါရ

ပဉ္စာရုံတို့သည် စိတ္တက္ခဏ တချက်ခန့် ဖြစ်စေ၊ နှစ်ချက်၊ သုံးချက်၊ လေးချက်၊ ငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်၊ ရှစ်ချက်၊ ကိုးချက်၊ ဆယ်ချက်၊ ဆဲ့တချက်၊ ဆဲ့နှစ်ချက်၊ ဆဲ့သုံးချက်၊ ဆဲ့လေးချက်၊ ဆဲ့ငါးချက်ခန့်ဖြစ်စေ၊ လွန်၍ ရုပ်ဌီအဖြစ်သို့ ရောက်မှသာလျှင် ငါးဒွါရ၌ ထင်ခြင်းသို့ ရောက်ကုန်၏၊

အတိမဟန္တာရုံ

ထိုကြောင့်စိတ္တက္ခဏ တချက်လွန်သော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ထိုအခါ၊ (ရှေးကံ၊ ကမ္မနိမိတ် ဂတိနိမိတ် အာရုံ၌သာ) နှစ်ကြိမ် ဘဝင် လှုပ်၍ ဘဝင်စိတ်သည်ပင် ဘဝင်အရှိန်ကို ဖြတ်သကဲ့သို့ဖြစ်၍ ဘဝင် ပြတ်သွား၏။
ဘဝင်ပြတ်ခြင်းကြောင့် ထိုထင်သော ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း စိတ်သည် တကြိမ်ဖြစ်၍ ချုပ်၏၊ ထိုနောင်စိတ်၏ အခြားမဲ့၌ ထိုရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်၊ လက်ခံတတ်သော သမ္ပဋိစ္ဆိုင်း၊ စုံစမ်းတတ်သော သန္တီရဏ၊ ကောင်းစွာ မှတ်တတ်သော ဝုဋ္ဌောဟု အစဉ်အတိုင်း တကြိမ်စီဖြစ်၍ ချုပ်၏။
ထိုနောင် ကာမဇော တခုယုတ် သုံးဆယ်တို့တွင် အကြောင်း အားလျော်စွာ တခုခုသည် (ဝါ-နှလုံးသွင်း ကောင်းလျှင် ကုသိုလ်ဇောသည်၊ မကောင်းလျှင် အကုသိုလ်ဇောသည်၊ ရဟန္တာသာဖြစ်လျှင် ကြိယာဇောသည်၊) များသောအားဖြင့် ခုနစ်ကြိမ် ပြေးသွား သကဲ့သို့ ဇောစော၏၊
ထိုနောင် ထိုက်သည်အားလျှော်စွာ (ဝါ-ကာမဇော၊ ကာမသတ္တဝါ၊ ကာမအာရုံ ဖြစ်လျှင် ဇော၏နောက်လိုက် တဒါရုံလည်း နှစ်ကြိမ်ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏၊ (ရူပပုဂ္ဂိုလ်တို့အား ဤဝီထိ၌ တဒါရုံမကျ၊ အရူပပုဂ္ဂိုလ်တို့အား လုံးလုံးမဖြစ်။)
ဤမျှဖြင့် ဝီထိစိတ် ၁၄-ခု၊ ဘဝင်္ဂစလန ၂-ခု၊ အတီတဘဝင် ၁-ခုအားဖြင့် စိတ္တက္ခဏ ၁၇-ချက် (ခဏငယ် ၅၁-ချက်) ပြည့်၏။ ထိုနောင် ထိုထင်သော ရူပါရုံသည် ချုပ်၏။ ဤရူပါရုံသည် အလွန် များသော ဝီထိစိတ်ရှိသောကြောင့် အတိမဟန္တာရုံမည်၏။
(ဤ၌ ဒုတီယ ဘဝဂ်စလနသည် ဘဝင်္ဂုပစ္ဆေဒလည်း မည်၏၊)

မဟန္တာရုံ

တဒါရုံနှစ်ကြိမ်ဖြစ်ခြင်းငှါ မလောက်အောင် စိတ္တက္ခဏ နှစ်ချက်၊ သုံးချက်ခန့် လွန်ပြီးမှ ထင်ခြင်းသို့ ရောက်သော ရူပါရုံသည် မဟန္တာရုံ မည်၏။ ဤမဟန္တာရုံ၌ ဇောအောင် ဘဝင်သာကျသည်၊ တဒါရုံမကျ။

ပရိတ္တာရုံ

ဇောခုနစ်ကြိမ်ဖြစ်ခြင်းငှါ မလောက်အောင် လေးချက်၊ ငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်၊ ရှစ်ချက်၊ ကိုးချက်ခန့် လွန်ပြီးမှ ထင်သောရူပါရုံသည် ပရိတ္တာရုံမည်၏။ ဤ ပရိတ္တာရုံ၌ ဇောမဖြစ်ခြင်းကြောင့် ဝုဋ္ဌော နှစ်ကြိမ်ဖြစ်စေ၊ သုံးကြိမ်သာဖြစ်စေ၊ ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

အတိပရိတ္တာရုံ

ဝုဋ္ဌောနှစ်ကြိမ်မျှ ဖြစ်ခြင်းငှါ မလောက်အောင် ဆယ်ချက်၊ ဆဲ့တချက်၊ ဆဲ့နှစ်ချက်၊ ဆဲ့သုံးချက် ဆဲ့လေးချက်၊ ဆဲ့ငါးချက်ခန့် လွန်ပြီးမှ ထင်သော ချုပ်လုနီးသော ရူပါရုံသည် အတိပရိတ္တာရုံ မည်၏။ ဤ အတိပရိတ္တာရုံ၌ ဘဝဂ်စလန နှစ်ကြိမ်သာ ဖြစ်သည်။ ဝီထိစိတ်မဖြစ်၊ ဝီထိစိတ်မဖြစ်ခြင်းကြောင့် ဒုတီယ ဘဝင်္ဂစလနသည် ဘဝင်္ဂုပစ္ဆေဒ မဖြစ်။ ဝီထိစိတ်ဖြစ်မှ ဘဝင်ပြတ်သည်၊ ဘဝင်္ဂုပစ္ဆေဒဖြစ်သည်။
ဤသို့ စက္ခုဒွါရ၌ ရူပါရုံသည် အတိမဟန္တာရုံ စသော ဝိသယပဝတ္တိ လေးပါး ဖြစ်သကဲ့သို့ သောဒွါရ စသည်တို့၌လည်း သဒ္ဒါရုံ စသည်သည် လေးပါးစီဖြစ်၏။ ပဉ္စဒွါရ၌ ဝီထိစိတ်သည် တဒါရမ္မဏဝါရ၊ ဇဝနဝါရ ၊ ဝေါဋ္ဌဗ္ဗနဝါရ ၊မောဃဝါရဟုလေး ဝါဒဖြစ်၏။ ထို ဝိသယပဝတ္တိ လေးပါးသည် ထိုဝါရလေးပါး၏ အစဉ်အတိုင်း အာရုံဖြစ်၏။ ဝါ-အကြောင်းဖြစ်၏။
ပဉ္စဒွါရ၌ ထိုက်သည်အားလျှော်စွာ ဝီထိစိတ်တို့သည် ၇-လုံး ဝါ ၇-ကိစ္စ၊ ၁၄-ကြိမ်၊ စိတ်ကျယ် ၅၄-ဖြစ်၏၊ ကိစ္စကျယ် ၁၁-ဖြစ်၏။
ပဉ္စဒွါရဝီထိစိတ်ဖြစ်နည်းပြီး၏။

(မနောဒွါရိက စိတ်၏ အာရုံသည် ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ကာလဝိမုတ် အာရုံခြောက်ပါးလုံး ဖြစ်သောကြောင့် အတိမဟန္တစသည်ဖြင့် မှတ်သားနိုင်၊ ဝိဘူတ၊ အဝိဘူတဖြင့်သာ ထိုအာရုံခြောက်ပါးကို မှတ်သည်။)

ဝိဘူတာရုံ

မနောဒွါရ၌ ဝိဘူတ-ပါကဋ ထင်ရှားစွာ ဖြစ်၍ အာရုံခြောက်ပါး ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ထိုမှနောက်၌ ဘဝင်္ဂစလန နှစ်ကြိမ်၊ မနောဒွါရာဝဇ္ဇန်း တကြိမ်၊ ကာမဇော ခုနစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ်ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

အဝိဘူတာရုံ

အဝိဘူတ-အပါကဋ မထင်မရှား ဖြစ်၍ ထင်သော အာရုံခြောက်ပါး၌ကား ဇောနောင် ဘဝင်သာကျသည်၊ တဒါရုံ မကျ။
မနောဒွါရ၌ ဝီထိစိတ်သုံးလုံး၊ ဝါ-သုံးကိစ္စ၊ ဆယ်ကြိမ်။ စိတ်ကျယ် ၄၁။ ကိစ္စကျယ် သုံးကိစ္စဖြစ်၏။
ကာမဇောဝါရ ပြီး၏။

အပ္ပနာဇောဝါရ

အပ္ပနာဇောဝါရ၌ ဝိဘူတာရုံ၊ အဝိဘူတာရုံအပြား မရှိ၊ ဝိဘူတာရုံ ချည်းသာဖြစ်၏၊ တဒါရုံကျခြင်းလည်း မရှိ၊
အပ္ပနာဇောကျပုံကား --
ဉာဏသမ္ပယုတ် ကာမကုသိုလ်၊ ကြိယာ ဇောရှစ်ခုတို့တွင် တခုခုသည် ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု ဒန္ဒာဘိည ပုဂ္ဂိုလ်အား လေးကြိမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု ခိပ္ပါဘိည ပုဂ္ဂိုလ်အား သုံးကြိမ် အစဉ်အတိုင်း ဖြစ်၏။ ငါးကြိမ်မြောက်၊ လေးကြိမ်မြောက်၌ မဟဂ္ဂုတ်၊ လောကုတ္တရာ ဇော ၅၈-ခုတို့တွင် သမထပွါးသူအား မဟဂ္ဂုတ်ဇောသည်၊ ဝိပဿနာပွါးသူအား လောကုတ္တရာဇောသည် အပ္ပနာဝီထိ အမျိုးမျိုးသို့ သက်၏။ အပ္ပနာဇောအဆုံး၌ ဘဝင်သာကျသည်၊ ကာမဇောပြန်မကျ။
(အချို့ကား - လောကီ ပဌမအပ္ပနာဇော နောင် ကာမဇော ပြန်ကျသေးသည်ဟု ဆိုကုန်သတတ်။)
အပ္ပနာဝီထိဖြစ်ပုံကား --
ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟု လေးကြိမ်၊ ဝါ- ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟု သုံးကြိမ်ဖြစ်၍ --
၁။ အာဒိကမ္မိက ဝီထိ ဖြစ်အံ့၊ မဟဂ္ဂုတ်ဇော တကြိမ်စော၍ ဘဝင်ကျ၏၊
၂။ သမာပဇ္ဇန ဝီထိဖြစ်အံ့၊ မဟဂ္ဂုတ်ဇော အကြိမ်များစွာ စော၍ ဘဝင်ကျ၏။
၃။ မဂ္ဂဝီထိဖြစ်အံ့ မဂ်ဇောတကြိမ်၊ ဖိုလ်ဇောနှစ်ကြိမ်၊ သုံးကြိမ် စော၍ ဘဝင်ကျ၏၊
၄။ ဖလသမာပတ္တိဝီထိ ဖြစ်အံ့၊ ဖိုလ်ဇောအကြိမ် များစွာစော၍ ဘဝင်ကျ၏၊
အမျိုးအားဖြင့် လေးမျိုး ၊ အကျယ်အားဖြင့် မန္ဒ၊ တိက္ခစွမ်းဖြင့် အာဒိကမ္မိက ဝီထိ ၃၆။ သမာပဇ္ဇန ဝီထိ ၃၆။ (ဝါ-မဟဂ္ဂုတ်ဝီထိ ၇၂။) မဂ်ဝီထိ ၄၀။ ဖိုလ်ဝီထိ ၄၀။ ပေါင်း- ၁၅၂ -ဝီထိဖြစ်၏။
တိဟိတ်ကာမဇော ရှစ်ခုနောင် အပ္ပနာဇော ၅၈-ခု ကျရာ၌ သောမနဿ နောင် သောမနဿသာ ကျသည်၊ ဥပေက္ခာနောင် ဥပေက္ခာသာကျသည်၊ ဝေဒနာ တူသော်လည်း ကုသိုလ်နောင် ကုသိုလ်လည်းကျသည်၊ အောက်ဖိုလ်လည်း ကျသည်၊ ကြိယာနောင် ကြိယာလည်း ကျသည်၊ အရဟတ္တဖိုလ်လည်း ကျသည်။
သောမနဿကုသိုလ်နောင် ၃၂-ကျသည်။
ဝါ - မဟဂ္ဂုတ် ကုသိုလ် ၄ + ကြိယာ-ဝ + မဂ် ၁၆ + ဖိုလ် ၁၂ - ပေါင်း ၃၂-ကျသည်၊
ဥပေက္ခာကုသိုလ် နောင် ၁၂-ကျသည်၊ (၅+ဝ+၄+၃။)
သောမနဿ ကြိယာ နောင် ၈-ကျသည်၊ (ဝ+၄+ဝ+၄)
ဥပေက္ခာကြိယာနောင် ၆-ကျသည်၊ (ဝ+၅+ဝ+၁)၊
ပုထုဇဉ်၊ သေက္ခတို့အား တိဟိတ်ကာမကုသိုလ် ဇောနောင်သာ အပ္ပနာ ကျသည်၊ (ဝါ - ၄၄-ကျသည်၊ ကုသိုလ်နောင် ကုသိုလ်၊ အောက်ဖိုလ်အတိုင်းပင်တည်း။)
ရဟန္တာတို့အား တိဟိတ်ကာမ ကြိယာဇောနောင်သာ အပ္ပနာကျသည်။
(ဝါ-၁၄- ကျသည်၊ ကြိယာနောင်ကြိယာ၊ အရဟတ္တဖိုလ် အတိုင်းပင်တည်း။)
မနောဒွါရဝီထိစိတ်ဖြစ်နည်း ပြီး၏။

[ဝီထိတို့သည် အတိမဟန္တာရုံ တဝီထိ၊ မဟန္တာရုံ နှစ်ဝီထိ၊ ပရိတ္တာရုံ ၆-ဝီထိ၊ အတိပရိတ္တာရုံ ၆-ဝီထိအားဖြင့် --
စက္ခုဒွါရ ဝီထိ ၁၅။
သောတဒွါရဝီထိ ၁၅။
ဃာနဒွါရဝီထိ ၁၅။
ဇိဝှါဒွါရဝီထိ ၁၅။
ကာယဒွါရဝီထိ ၁၅။
ဤသို့ ပဉ္စဒွါရဝီထိ ၇၅-ဖြစ်၏။
မနောဒွါရ၌ ဝိဘူတာရုံ ငါးဝီထိ၊ အဝိဘူတာရုံ နှစ်ဝီထိ၊ တနည်း ဝိဘူတာရုံ တဝီထိ၊ အဝိဘူတာရုံ တဝီထိ၊ မနောဒွါရာဝဇ္ဇန်း နှစ်ကြိမ်၊ သုံးကြိမ်မျှ ကျသော အဗျာကတ ဝီထိခေါ် အိပ်မက်တဝီထိအားဖြင့် ကာမ၌ ဆယ်ဝီထိဖြစ်၏။
ရူပ၌ ၄၀၊ အရူပ၌ ၃၂။ (ဝါ-မဟဂ္ဂုတ် ၇၂-ဝီထိ၊) လောကုတ္တရာ၌ ဝီထိရှစ်ဆယ်နှင့် ၁၅၂ -ဖြစ်၏၊ ပဉ္စဒွါရ ရ၅၊ မနောဒွါ ရ ၁၅၂ -ပေါင်း ၂၂၇ -ဖြစ်၏။]

တဒါရုံမှတ်ခြင်း

ခြောက်ဒွါရ၌ ခြောက်အာရုံ ထင်သောအခါ အနိဋ္ဌာရုံဖြစ်အံ့၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ဟူသော ဝိပါက်တို့သည် အကုသလဝိပါက်သာ ဖြစ်ကုန်၏၊ (ဝါ-အကုသလဝိပါက် ခုနစ်ခုသာဖြစ်သည်။)
ဣဋ္ဌဟူသော ဣဋ္ဌမဇ္ဈတ္တာရုံဖြစ်အံ့၊ ကုသလဝိပါက်သာ ဖြစ်ကုန်၏။ ကုသလဝိပါက် ၁၆-ခု တို့တွင်လည်း သန္တီရဏ၊ တဒါရုံသည် ဥပေက္ခာသာဖြစ်၏။ (ဝါ-၁၁ သာ ဖြစ်သည်။) အတိ ဣဋ္ဌာရုံဖြစ်အံ့-ကုသလ ဝိပါက်သာဖြစ်ကုန်၏။ ကုသလဝိပါက် ၁၆- တို့တွင်လည်း သန္တီရဏ တဒါရုံသည် သောမနဿသာ ဖြစ်၏။ (ဝါ-၁၁ သာ ဖြစ်သည်။)
အနိဋ္ဌာရုံ၌ ဥပေက္ခာတဒါရုံ ၁၊ မဇ္ဈတ္တာရုံ၌ ဥပေက္ခာထဒါရုံ ၅၊ အတိဣဋ္ဌာရုံ၌ သောမနဿ တဒါရုံ ၅။
တဒါရုံဝိပါက်သည် ကံအဟုန်ကြောင့် ဖြစ်ခြင်းကြောင့် အာရုံ အားလျော်စွာ မြဲသည်၊ မှန်သည်။
ကာမဇော ၂၉-ခု နောင်တဒါရုံ ဧကာဒသ ကျပုံကား --
သောမနဿ ကြိယာဇော ငါးခုနောင် သောမနဿ တဒါရုံ ငါးခုကျသည်။ (အတိဣဋ္ဌာရုံကို ချိန်သည်။) ဥပေက္ခာ ကြိယာဇော လေးခု နောင် ဥပေက္ခာတဒါရုံ ခြောက်ခုကျသည်။ (အနိဋ္ဌာရုံ၊ မဇ္ဈတ္တာရုံကို ချိန်သည်။)
ဤ စကားရပ်သည် ဘုရားရဟန္တာနှင့် ဆိုင်သည်။ ဝိပလ္လာသ ကင်းသောကြောင့် ဝိပါက်လည်း မှန်သည်၊ ဇောလည်း မှန်သည်။
ဒေါသဇော နှစ်ခု နောင် ဥပေက္ခာ တဒါရုံ ခြောက်ခုသာ ကျသည်၊ ဘဝင် ကျလျှင်လည်း ထိုဥပေက္ခာ ဘဝင် ၆-ခုသာ ကျသည်။ (အနိဋ္ဌာရုံ၊ မဇ္ဈတ္တာရုံကို ချိန်သည်၊ အတိဣဋ္ဌာရုံ ကျန်သေးသည်)
ကြွင်းကာမဇော ၁၈-ခု နောင် တဒါရုံ ဧကာဒသကျသည်။ (အာရုံသုံးခုလုံး ချိန်သည်။)
ဤစကား နှစ်ရပ်သည် ပုထုဇဉ်၊ သေက္ခတို့နှင့်ဆိုင်သည်၊ ဝိပလ္လာသ မကင်း သောကြောင့် ဇောမမှန်၊ ဝိပါက်ကား ကံအဟုန်ကြောင့် မှန်သည်။

ဝိပလ္လာသ မှတ်ဘွယ်

ဝိပလ္လာသသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ လေးပါး၌ နိစ္စ၊ သုခ၊ အတ္တ၊ သုဘ-ဟု ဖောက်ပြန်သည်၊ မှတ်တတ်၊ ကြံတတ်၊ မြင်တတ်သော သညာ၊ စိတ္တ၊ ဒိဋ္ဌိစွမ်းဖြင့် ၁၂ ပါးပြားသည်။
ထိုတွင် --
အနိစ္စ၌ နိစ္စဟူသော သညာ၊ စိတ္တ၊ ဒိဋ္ဌိသုံးပါးကို၎င်း၊
အနတ္တ၌အတ္တဟု သုံးပါးကို၎င်း၊
ဒုက္ခ၌ သုခဟု၊ အသုဘ၌ သုဘဟု ဒိဋ္ဌိနှစ်ပါးကို၎င်း ပဌမမဂ် ပယ်သည်၊
ဝါ၊ ဒိဋ္ဌိလေးပါး၊ အနိစ္စ၊ အနတ္တ၌ သညာပါး၊ စိတ္တနှစ်ပါး- ပေါင်း ရှစ်ပါးပယ်သည်၊
ဝါ ဒိဋ္ဌိအကုန်၊ နိစ္စအကုန်၊ အတ္တအကုန်ပယ်သည်။
ဒုက္ခ၊ အသုဘ၌ သညာ, စိတ္တ နှစ်ပါးစီဖြင့် လေးပါး ကျန်သည်။
အသုဘ၌ သုဘဟု သညာ, စိတ္တ နှစ်ပါးကို တတီယမဂ် ပယ်သည်။
ဒုက္ခ၌ သုခဟု သညာ, စိတ္တနှစ်ပါးကို စတုတ္ထမဂ် ပယ်သည်။
ထိုကြောင့် ဝိပလ္လာသသည် -
ပုထုဇဉ်၌ ၁၂၊
သောတာပန် ၄၊
သကဒါဂါမ် ၄၊
အနာဂါမ် ၂၊
ရဟန္တာ၌ မရှိ။

အာဂန္တုက ဘဝင်

သောမနဿ ပဋိသန္ဓေ နေသူအား ဒေါသဇောနောင် တဒါရုံမကျသည်ဖြစ်အံ့၊ ဝါ-သောမနဿ တဒါရုံ ကျထိုက်သော အာရုံဖြစ်လျက် မကျအံ့၊ (အတိဣဋ္ဌာရုံကို ချိန်သည်။) ထိုအခါ ယခုဘဝ၌ လေ့ကျက်ဘူးသော ကာမအာရုံ တခုခုကို အသုံးပြု၍ ဥပေက္ခာ သန္တီရဏသည် အာဂန္တုကဘဝင် အဖြစ်ဖြင့် တကြိမ်ဖြစ်၏။ ထိုအာဂန္တုက ဘဝင်နောင်မူလ ပဋိသန္ဓေ အားလျော်စွာ သောမနဿ ဘဝင်ကျသည်။
(၁။ သောမနဿ ပဋိသန္ဓေ နေသူဖြစ်ခြင်း၊
၂။ ဒေါသဇောစောခြင်း၊
၃။ ဥပေက္ခာ တဒါရုံ မကျကောင်းသော အတိဋ္ဌာရုံဖြစ်ခြင်း၊
ဝါ-တဒါရုံ မကျကောင်းသော အာရုံဖြစ်ခြင်း၊
ဤကား အာဂန္တုက ဘဝင်ကျကြောင်း သုံးပါးတည်း။)
[ဘုရားကိုမြင်၍ တိတ္ထိတို့ ဒေါသဖြစ်သောအခါ ဒေါမနဿဇော နောင် သောမနဿ တဒါရုံ မကျကောင်း၊ အတိဣဋ္ဌာရုံ ဖြစ်၍ ဥပေက္ခာ တဒါရုံလည်း မကျကောင်း၊ ဈာန် လျောကျသောသူ ဈာန်အာရုံပြု၍ ဒေါသဖြစ်သောအခါ မဟဂ္ဂုတ်အာရုံဖြစ်၍ တဒါ ရုံမကျ။
ပညပ်အာရုံ၌လည်း တဒါရုံမကျ။
မဟန္တာရုံ၊ အဝိဘူတာရုံ၌လည်း တဒါရုံမကျ။
ကာမဇောအဆုံး၌သာ, ကာမသတ္တဝါတို့အားသာ, ကာမအာရုံ၌သာ တဒါရုံကျခြင်းကို အလိုရှိကုန်၏။
ကာမဇော၊ ကာမသတ္တပါ၊ ကာမအာရုံ သုံးပါးစုံမှသာ ဝိဘူတာရုံ၊ အတိမဟန္တာရုံတို့၌ တဒါရုံကျသည်။ မစုံလျှင် ဝိဘူတာရုံ၊ အတိမဟန္တာရုံတို့၌လည်း တဒါရုံမကျ။
တဒါရုံ မှတ်ခြင်းပြီး၏။

ဇောမှတ်ခြင်း

ကာမဇောတို့သည် ကာမဇော ဝီထိတို့၌ ခုနစ်ကြိမ်၊ ခြောက်ကြိမ် စောကုန်၏၊ မရဏာသန္နစသော အခါတို့၌ ငါးကြိမ်စောကုန်၏၊ ဝတ္ထုရုပ်အားနည်း၍ စိတ်အဟုန် ညံ့သောကြောင့်တည်း၊ မုစ္ဆာကာလ-တွေဝေသော အခါ၌လည်း ငါးကြိမ်စောကုန်၏၊ ခြောက်ကြိမ်လည်း စောကုန်၏။
မြတ်စွာဘုရား ရေမီးအစုံ တန်းခိုးပြသောအခါတို့၌ လျှင်စွာဖြစ်ခြင်းကြောင့် ပစ္စဝေက္ခဏာဇောတို့သည် လေးကြိမ်၊ ငါးကြိမ်စောကုန်၏၊ (အပ္ပနာဝီထိ၌ သုံးကြိမ်၊ လေးကြိမ်လည်း စောသေး၏)
မဟဂ္ဂုတ်ဇော (၁၈-ခု) တို့သည် အာဒိကမ္မိကအား ရှေးဦးစွာ အပ္ပနာ၌ တကြိမ်သာ စော၍ဘဝင်ကျ၏။ သမာပဇ္ဇန၌ အကြိမ်များစွာစော၍ ဘဝင်ကျ၏။ အဘိညာဇော နှစ်ခုသည် အခါခပ်သိမ်း တကြိမ်သာစော၍ဘဝင်ကျ၏။
မဂ်ဇောတို့သည် မဂ္ဂဝီထိ၌ မဂ်ဇောတကြိမ်၊ ဖိုလ်ဇော နှစ်ကြိမ်၊ သုံးကြိမ်စော၍ ဘဝင်ကျ၏၊ (ဖိုလ်ဝီထိ၌ ဖိုလ်ဇောအကြိမ် များစွာစော၍ ဘဝင်ကျ၏။)
နိရောဓသမာပတ် ဝင်စားသောအခါ နေဝသညာနာသညာယတန ကုသိုလ်၊ ကြိယာ ဇောတို့သည် နှစ်ကြိမ်စော၍ နိရောဓ သမာပတ်သို့ ရောက်၏၊
(ဝါ-စိတ်, စေတသိက်၊ စိတ္တဇရုပ် ချုပ်၍ တိဇရုပ်မျှကြွင်း၏။)
နိရောဓမှ ထသောအခါ အနာဂါမ်အား အနာဂါမိဖိုလ်ဇော တကြိမ်စော၍ ဘဝင် ကျ၏။ ရဟန္တာအား အရဟတ္တဖိုလ်ဇော တကြိမ်စော၍ ဘဝင်ကျ၏။
သမာပတ္တိဝီထိတို့၌ မဟဂ္ဂုတ်ဈာန်ဇော၊ ဖိုလ်ဇောတို့သည် ဘဝင် အယဉ်ကဲ့သို့ ပိုင်းခြားခြင်း မရှိ၊ အကြိမ်များစွာလည်း ဖြစ်ကုန်၏။
ကာမဇောသည် အလွန်ဆုံး ခုနစ်ကြိမ်သာ၊ မဂ်ဇော၊ အဘိညာဇော တကြိမ်သာ၊ ကြွင်းသောဈာန်ဇော၊ ဗိုလ်ဇောအကြိမ်များစွာလည်း စော၏၊
ဤကား ဇောမှတ်ခြင်းတည်း။

အလွန်ဆုံး ခုနစ်ကြိမ်၌ ကာမဇောသည်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်၊ ၆-ကြိမ်၊ ၇ ကြိမ်၊ ဟု ငါးမျိုးမျှ သိရသည်။
အကြိမ်များစွာ၌လည်း မဟဂ္ဂုတ်ဇောသည် တကြိမ်၊ နှစ်ကြိမ်၊ အကြိမ်များစွာ ဟု သုံးမျိုး။
ဖိုလ်ဇောသည် တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်များစွာဟုလေးမျိုးသိရသည်။
နိရောဓ အခါ နေဝသညာနာသညာယတန မဟဂ္ဂုတ်ဇော နှစ်ကြိမ်နှင့် နိရောဓမှ ထသောအခါ ဖိုလ်ဇော တကြိမ်ကား တွေ့နိုင်ခဲသည်၊ သတိသမ္ပဇဉ် ယှဉ်မှ မြင်နိုင်မည်။]

ပုဂ္ဂိုလ်ဝီထိစိတ်ရ

ဝီထိစိတ် ရှစ်ဆယ်တို့တွင် ဒွိဟိတ်၊ အဟိတ်တို့အား ကြိယာဇော၊ အပ္ပနာဇောမရ၊(ဝါ- ၃၅-မရ)၊
ဒွိဟိတ်၊ သုဂတိအဟိတ်တို့အား ဉာဏသမ္ပယုတ်ဝိပါက်လည်း မရ (ဝါ-၃၉-မရ)။
ဒုဂ္ဂတိအဟိတ်တို့အား ဉာဏဝိပ္ပယုတ် ဝိပါက်လည်းမရ(ဝါ-၄၃-မရ)။
တိဟိတ်တို့တွင် ရဟန္တာတို့အားကုသိုလ်ဇော၊ အကုသိုလ်ဇောမရ(ဝါ-၃၃-မရ)။
သေက္ခပုထုဇဉ်တို့အာ ကြိယာဇော မရ (ဝါ−၁၈-မရ)
သေက္ခတို့အား ဒိဋ္ဌိဂတသမ္ပယုတ်၊ ဝိစိကိစ္ဆာလည်းမရ (ဝါ- ၂၃-မရ)။
အနာဂါမ်တို့အား ဒေါသဇောလည်း မရ၊ (ဝါ- ၂၅-မရ)၊
လောကုတ္တရာ ဇောတို့သည်လည်း လျော်စွာ အရိယာတို့အားသာ တခုစီ ဖြစ်ကုန်၏၊ ဖြစ်သင့်သည် အားလျော်စွာ --
ရဟန္တာစိတ် ၄၄။
သေက္ခ ခုနစ်ယောက်စိတ် ၅၆။
ပုထုဇဉ်လေးယောက်စိတ် ၅၄။
ဤကားပုဂ္ဂိုလ်စွမ်းဖြင့်+ စိတ်ပြားခြင်းတည်း။ ဝါ-ပုဂ္ဂလ-+ဘေဒတည်း။

ဘုံဝီထိစိတ်ရ

ကာမဘုံ၌ ဝီထိစိတ် ရှစ်ဆယ်လုံး ထိုက်သလိုရသည်။
ရူပဘုံ၌ ဒေါသမူဇော၊ တဒါရုံမရ (ဝါ ၁၃-မရ)
အရူပဘုံ၌ ပဌမမဂ်၊ ရူပ၊ ဟသိတုပ္ပါဒ်လည်း မရ (ဝါ- ၃၀-မရ)။
အောက်အောက် အရူပစိတ်လည်း မရ။
ထိုထိုဘုံ၌ ထိုထိုပသာဒ ကင်းသူတို့အား ထိုထိုဒွါရိကစိတ် မရ။
အသညသတ်၌ အခြင်းခပ်သိမ်း စိတ်ဖြစ်ခြင်း မရှိ။
ဝီထိစိတ်တို့သည် ထိုက်သလို ကာမဘုံ၌-၈ဝ၊ ရူပဘုံ၌ ၆၄၊ အရူပဘုံ၌ ၄၂။
ဤကား ဘုံစွမ်းဖြင့် + စိတ်ဝေဘန်ခြင်းတည်း၊ ဝါ ဘူမိ+ဝိဘာဂတည်း။
ဤသို့လျှင် ခြောက်ဒွါရ၌ ဝီထိစိတ် ဖြစ်ခြင်းသည် ဖြစ်သင့်သည် အားလျှော်စွာ ဘဝင်စိတ်ခြားကာ-ခြားကာ တသက်လုံး မပြတ်ဖြစ်၏။

ပုဂ္ဂိုလ်ဝီထိစိတ်ရအကျယ်

ပုဂ္ဂိုလ်တို့သည် ဒုဂ္ဂတိအဟိတ်၊ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ်ဟု ပုထုဇဉ် လေးယောက်၊ မဂ်ပုဂ္ဂိုလ် လေးယောက်၊ ဖိုလ်ပုဂ္ဂိုလ် လေးယောက်ဟု-အရိယာ ပုဂ္ဂိုလ် ရှစ်ယောက်၊ ဤသို့ ၁၂- ယောက်ရှိ၏။
ထိုတွင် ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်အား အကုသိုလ်စိတ် ၁၂၊ ဟသိတုပ္ပါဒ်ကြဉ်သော အဟိတ်စိတ် ၁၇။ မဟာကုသိုလ် ၈-အားဖြင့် ၃၇-ရသည်။
သုဂတိအဟိတ်အား ပဝတ္တိအခါ မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄-နှင့် ၄၁-ရသည်၊
ဒွိဟိတ်အားလည်း ထို ၄၁-ရသည်။
(ဒွိဟိတ်အား ပဋိသန္ဓေအခါလည်း ဉာဏဝိပ္ပယုတ် ၄-ခုရသည်။)
တိဟိတ်အား မဟာဝိပါက်ရှစ်နှင့် ၄၅-ရသည်။
ဈာန်ရလျှင် မဟဂ္ဂုတ်ကုသိုလ် ၉-နှင့် ၅၄-ရသည်။
မဂ်ပုဂ္ဂိုလ် လေးယောက်တို့အား တယောက်တမဂ် စီသာ ရသည်။
သောတာပန်အား ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကြဉ်သော အကုသိုလ် ၇၊ ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ် ၁၇၊ မဟာကုသိုလ် ၈၊ မဟာဝိပါက် ၈၊ မိမိသောတာပတ္တိဖိုလ် ၁-အားဖြင့် ၄၁-ရသည်။ ဈာန်ရလျှင် မဟဂ္ဂုတ်ကုသိုလ် ၉-နှင့် ၅၀-ရသည်။
သကဒါဂါမ်အား ထိုအတူ မိမိဖိုလ်နှင့် ဈာန်မရ ၄၁၊ ဈာန်ရ - ၅၀။
အနာဂါမ်အား - ဒေါသမူကြဉ်၍ မိမိဖိုလ်နှင့် ဈာန်မရ-၃၉၊ ဈာန်ရ -၄၈။
ရဟန္တာအားအဟိတ် ၁၈၊ မဟာဝိပါက် ၈၊ မဟာကြိယာ ၈၊ အရဟတ္တဖိုလ် ၁-အားဖြင့် ၃၅၊ ဈာန်ရလျှင် မဟဂ္ဂုတ်ကြိယာ ၉ နှင့် ၄၄-ရသည်။
ပုထုဇဉ်လေးယောက် .. ၃၇၊ ၄၁၊ ၄၁၊ ၄၅၊ ၅၄။
မဂ်ပုဂ္ဂိုလ်လေးယောက် .. ၁။ ၁။ ၁။ ၁။
ဖိုလ်ပုဂ္ဂိုလ် လေးယောက် .... ၄၁-၅ဝ။ ၄၁-၅၀။ ၃၉-၄၈။ ၃၅-၄၄။

ဘုံဝီထိစိတ်ရအကျယ်

အပါယ်လေးဘုံ၌ အကုသိုလ် ၁၂၊ အဟိတ် ၁၇၊ မဟာကုသိုလ် ၈-အားဖြင့် ၃၇-စီရသည်။ ကာမသုဂတိ ခုနစ်ဘုံ၌- မဟဂ္ဂုတ်ဝိပါက်ကြဉ်၍ ဝီထိစိတ် ၈ဝ-စီရသည်။
ဝေဟပ္ဖိုလ်တိုင်အောင်သော ရူပဆယ်ဘုံ၌ ဒေါသမူကြဉ်သော အကုသိုလ် ၁ဝ၊ ဃာနာဒိဆက္တကြဉ်သော အဟိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ၉။ မဂ် ၄၊ ဖိုလ်၄ - အားဖြင့် ၆၄-စီ။
အသညသတ်၌ စိတ်မရ။
သုဒ္ဓါဝါသငါးဘုံ၌ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ပဋိဃကြဉ်သော အကုသိုလ် ၅၊ အဟိတ် ၁၂၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ မဟဂ္ဂုတ်ကုသိုလ် ၉၊ မဟဂ္ဂုတ်ကြိယာ ၉၊ မဂ် ၁၊ ဖိုလ် ၂။ အားဖြင့် ၅၄-စီ။
အာကာသာနဉ္စာယတနဘုံ၌ အကုသိုလ် ၁၁၊ မနောဒွါရာဝဇ္ဇန်း ၁၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အရူပကုသိုလ် ၄၊ အရူပကြိယာ ၄၊ မဂ် ၃၊ ဖိုလ် ၄- အားဖြင့် ၄၂-ရသည်။
ဝိညာနဉ္စာယတနဘုံ၌ အာကာသာနဉ္စာယတန နှစ်ခုကြဉ်၍ ၄ဝ။
အာကိဉ္စညာယတနဘုံ၌ အာကာသာနဉ္စာယတန ဝိညာနဉ္စာယတမှ လေးခုကြဉ်၍ ၃၈။
နေဝသညာနာသညာယတနဘုံ၌ အာကာသာနဉ္စာယတန၊ ဝိညာနဉ္စာယတန၊ အာကိဉ္စညာယတန ခြောက်ခု ကြဉ်၍ ၃၆။
ကာမ၌ ၃၇။ ဂဝ။ ။
ရူပ၌ ၆၄။ ဝ။ ၅၄။
အရူပ၌-၄၂၊ ၄ဝ။ ၃၈။ ၃၆။

ဘုံပုဂ္ဂိုလ်ဝီထိစိတ်ရ

အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိ အဟိတ်တယောက်စီ ၄-ယောက်။ ဝီထိစိတ် ၃၇-ရသည်။
လူ၊ စာတုမဟာရာဇ်နှစ်ဘုံ၌ ဒုဂ္ဂတိ အဟိတ်ကြဉ်၍ ၁၁-ယောက်စီ။ ၂၂-ယောက်။ စိတ်ရကား ၄၁၊ ၄၁၊ ၄၅-၅၄။ တမဂ်စီ၊ ၄၁-၅၀။ ၄၁-၅၀။ ၃၉-၄၈။ ၃၅-၄၄။
အထက်နတ်ငါးဘုံ၌ အဟိတ်ကြဉ်၍ ၁၀-ယောက်စီ။ ၅၀။ စိတ်ရ သိနိုင်ရမည်။
ဗြဟ္မာဆယ်ဘုံ၌ ဒွိဟိတ်၊ အဟိတ်ကြဉ်၍ တိဟိတ် ၉-ယောက်စီ။ ၉၀။
စိတ်ရကား ဈာန် မရသူမရှိ၍- ၃၈။ တမဂ်စီ၊ ၃၄၊ ၃၄၊ ၃၄၊ ၃ဝ။
အသညသတ်၌ သုဂတိအဟိတ်တယောက်၊ စိတ်မရ။
သုဒ္ဓါဝါသငါးဘုံ၌ အရိယာပုဂ္ဂိုလ် သုံးယောက်စီ။ ၁၅-ယောက်။ စိတ်ရကား၊ တမဂ်။ ၃၄၊ ၃ဝ။
အရူပလေးဘုံ၌ သောတာပတ္တိ မဂ္ဂဋ္ဌာန်ကြဉ်၍ တိဟိတ် ၈-ယောက်စီ၊ ၃၂-ယောက်။ စိတ်ရကား --
အာကာသာနဉ္စာယတနဘုံ၌၊ ၂၃၊ တမဂ်စီ ၁၉၊ ၁၉၊ ၁၉၊ ၁၄။
ဝိညာနဉ္စာယတနဘုံ၌ ၂၂၊ တမဂ်စီ၊ ၁၇၊ ၁၈၊ ၁၈၊ ၁၃။
အာကိဉ္စညာယတနဘုံ၌ ၂၁၊ တမဂ်စီ၊ ၁၇၊ ၁၇၊ ၁၇၊ ၁၂။
နေဝသညာနာသညာယတနဘုံ၌ ၂ဝ၊ တမဂ်စီ၊ ၁၆၊ ၁၆၊ ၁၆၊ ၁၁။

ဝါကရား

ကာမဘုံ၌ ၄+၂၂+၅၀။ ပေါင်း-၇၆-ယောက်။
ရူပဘုံ၌ ၉၀+၁+၁၅။ ပေါင်း ၁ဝ၆-ယောက်။
အရူပဘုံ၌ ၃၂-ယောက်။
ဤ ၂၁၄-ယောက်ကို ပိဋကတ်သင်္ချာဖြင့် ပုဂ္ဂိုလ်အပြားဝါကရား ဟုဆိုသည်။
က-အစရှိသော အက္ခရာကိုးလုံး၊ ဋ-စသောကိုးလုံး၊ ယ-စသောကိုးလုံးကို ကိုးသင်္ချာအထိ။
ပ-စသော ငါးလုံးကို ငါးသင်္ချာအထိ ယူ၍ သရရှစ်လုံး၊ ည,နကို သုညဟု ယူရသည်၊ ယ-စသောကိုးလုံးကား ယ၊ ရ၊ လ၊ ဝ၊-(ယှ)။ပ (ရှရ)၊ သ၊ ဟ။ ဠ။
(ဂ ငယ်အတွင်းဆံခတ်-ယှ၊ ပစောက်အတွင်းဆံခတ် ရှရ - ဟုဘတ်။)
ကာဒိ ဋာဒိ ယကာရာဒိနဝသင်္ချာပကာသိတာ
ပကာရာဒိ ပဉ္စသင်္ချာသုညနာမ သရညန”။

ဝီထိလက်ရိုး လေ့လာဘွယ် (၂၂၇−ဝီထိ)

ဝီယန္တိ ဂစ္ဆန္တိ ဧတာယာ တိ ဝီထိ
ဧတာယ၊ ဤအစဉ်ဖြင့်။
စိတ္တစေတသိကာ၊ စိတ်စေတသိက်တို့သည်။
ဝီယန္တိ ဂစ္ဆန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ထို့ကြောင့်။
ဝီထိ၊ ဝီထိမည်၏။
ဝီဓာတ်၊ ဂတိမှိ- လားခြင်း၌၊ ထိ-ပစ္စည်း။
ဝီဓာတ်၏အရကား --
ပရမတ္ထစိတ်စေတသိက်တို့၏ ခဏတ္တယသမင်္ဂိသည် မုချအားဖြင့်ရ၏။ ထိုထို အနန္တရသတ္တိ၊ ပကတူပနိဿယသတ္တိ၊ သဟဇာတသတ္တိ စသည် သည် ဌာနူပစာ၊ ဖလူပစာအားဖြင့်ရ၏။ ထိပစ္စည်းအရကား ထို မုချ၊ ဌာနူ၊ ဖလူတို့ဖြင့် မှတ်အပ်သော စိတ်ဖြစ်စဉ် သန္တာနပညပ် ရ၏။ စိတ်အစဉ် သန္တာနပညပ်သာ-ဝီထီမည်၏ ဟူလို။
ရူပါရုံနှင့် စက္ခု−ဥပါဒ်ပြိုင်၍ ဆုံသောအခါ ချက်ခြင်းမထင်၊ ဖြစ်နေကျ ဘဝင်စိတ် တချက် ၂-ချက် ၃-ချက် ၄-ချက် ၅- ချက် ၆-ချက် ၇-ချက် ဂ-ချက် ၉ ချက် ၁၀-ချက် ၁၁ ချက် ၁၂-ချက် ၁၃-ချက် ၁၄-ချက် ၁၅-ချက် ဖြစ်၍လွန်မှ (ဝါ၊ ဌီရုပ်တို့ဖြစ်ကြမှ) ထိုဌီရူပါရုံသည် ထိုဌီစက္ခုအား ထင်သည်။
ထိုအခါ ထိုအာရုံကို မယူသေးဘဲ ဘဝင်္ဂစလန ၂-ကြိမ် ဖြစ်သည်၊ ဒုတီယ ဘဝင်္ဂစလနသည် ဝီထိစိတ် ဖြစ်လိုလျှင် ပြတ်သောကြောင့် ဘဝင်္ဂုပစ္ဆေဒမည်သည်။ မဖြစ်လိုလျှင်မပြတ်၊ မမည်။ ထိုနောင်မှ ထိုရူပါရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း စသော ဝီထိစိတ်ဖြစ်သည်။ သဒ္ဒါရုံနှင့်သောတ-ဆုံခြင်း စသည်လည်း နည်းတူသည်။
အာရုံခြောက်ပါး မနောဒွါရအား ထင်သောအခါ ဘဝင်္ဂစလန ဟူသော မနောဒွါရ အားလည်း ထင်သည်၊ ဒုတီယ ဘဝင်္ဂစလနသည် ဘဝင်္ဂုပစ္ဆေဒလည်း မည်သည်။ ထို ဘဝင်္ဂုပစ္ဆေဒ-မနောဒွါရအားထင်သော အလွန်နီးကပ်သော အာရုံခြောက်ပါးကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစသော ဝီထိစိတ်ဖြစ်သည်။
၁၇-ချက် အသက်ရှိသော ပစ္စုပ္ပန်ရုပ် အာရုံခြောက်ပါး ထင်သောအခါ တချက် နှစ်ချက် သုံးချက် လေးချက် ငါးချက် ခြောက်ချက် ခုနှစ်ချက် ဖြစ်၍လွန်မှ၊ ဝါ၊ အာရုံရုပ် ဌီဖြစ်မှ ဘဝင်္ဂစလနတို့အား ထင်သည်။ ထိုမှကြွင်းသော အာရုံခြောက်ပါး ထင်သောအခါ တချက်လွန် စသည်မဆိုကုန်။
ရုပ်သည် ဌီ၌ အားရှိသည်၊ ရုပ်ဌီရောက်မှ ပစ္ဆာဇာတ ပစ္စည်း ဥပထမ္ဘက သတ္တိဖြင့် ထောက်ပံ့သောကြောင့်တည်း။ ဌီရောက်မှ ဒွါရအားလည်း ထင်သည်၊ ဥတုဇ, အာဟာရဇ-ရုပ်ကိုလည်း ဖြစ်စေသည်။
စိတ်ကား ဥပါဒ်၌ အားရှိသည်၊ စိတ်ဥပါဒ်အား အနန္တရပစ္စည်း ဇနကသတ္တိဖြင့် ကျေးဇူးပြုသောကြောင့်တည်း။ ဥပါဒ် ဖြစ်စကပင် ဒွါရအားလည်း ထင်သည်၊ စိတ္တဇရုပ်ကိုလည်း ဖြစ်စေသည်။
ထိုဝီထိသည် စက္ခုဒွါရဝီထိ၊ သောတဒွါရဝီထိ၊ ဃာနဒွါရဝီထိ၊ ဇိဝှါဒွါရဝီထိ၊ ကာယဒွါရဝီထိ၊ မနောဒွါရဝီထိ - ဟူ၍ခြောက်ပါး အပြားရှိ၏။ ထိုတွင် --
စက္ခုဒွါရဝီထိသည် အတိမဟန္တာရုံ တဝီထိ၊ မဟန္တာရုံနှစ်ဝီထိ၊ ပရိတ္တာရုံခြောက်ဝီထိ၊ အတိပရိတ္တာရုံ ခြောက်ဝီထိဟူ၍ ၁၅-ပါးအပြားရှိ၏။
သောတဒွါရ ၁၅ ဝီထိ၊ ဃာနဒွါရ ၁၅ ဝီထိ၊ ဇိဝှါဒွါရ ၁၅ ဝီထိ၊ ကာယဒွါရ ၁၅ ဝီထိ တို့၌လည်း ဤအတူဖြစ်၍ ပဉ္စဒွါရ၌ ၇၅-ဝီထိ အပြားရှိ၏။

အတိမဟန္တာရုံ-၅

စက္ခုဒွါရ အတိမဟန္တာရုံ ဝီထိဖြစ်ဟန်ကား စိတ္တက္ခဏ တချက်ခန့်လွန်သော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့။ ဘဝင်္ဂစလန နှစ်ကြိမ်ဖြစ်၏။ ဝါ၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ- ဟု ၂-ကြိမ်ဖြစ်၏။
ရူပါရုံ အလွန် ခံရသော စိတ္တက္ခဏသည် အတီတဘဝင် မည်၏။
ထိုနောင် ထိုထင်သော ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်း တကြိမ်၊
မြင်တတ်သော စက္ခုဝိညာဏ်တကြိမ်၊
လက်ခံတတ်သော သမ္ပဋိစ္ဆိုင်း တကြိမ်၊
စုံစမ်းတတ်သော သန္တီရဏတကြိမ်၊
ကောင်းစွာ မှတ်တတ်သောဝုဋ္ဌော-မနောဒွါရာဝဇ္ဇန်းတကြိမ်၊
(မိမိကိစ္စအားလျော် စွာတကြိမ်စီ) ဖြစ်၍ချုင်၏။
ထိုနောင် ထိုရူပါရုံကို လျှင်စွာသိတတ်သော ကာမဇောခုနှစ်ကြိမ်၊
ဇော၏အာရုံကို အာရုံပြုတတ်သော တဒါရုံ နှစ်ကြိမ်ဖြစ်၍ ချုပ်၏။
ထိုနောင်ဘဝင်စိတ် များစွာဖြစ်၏။
(အရူပ ဘဝင်မကျ၊ ဝါ၊ အရူပဘုံ၌မဖြစ်၊ ဝီထိသည် ရူပဘုံသားတို့အား တဒါရုံ မကျမူ၍ ဖြစ်၏။)
ဤသို့လျှင် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ရူပါရုံသည် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော ခုနစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ်-အားဖြင့် စိတ္တက္ခဏ ၁၇-ချက် (ခဏငယ် ၅၁-ချက်) ပြည့်သည်ဖြစ်၍ ဒုတီယတဒါရုံ၏ ဘင်နှင့်ပြိုင်၍ ချုပ်၏၊
ဤရူပါရုံသည် အလွန်များသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် အတိမဟန္တာရုံဝီထိ မည်၏။ ပဉ္စဒွါရာဝဇ္ဇန်းအစ တဒါရုံအဆုံးရှိသောစိတ် (၁၄-ချက်) အစဉ်သည် အတိမဟန္တာရုံ ဝီထိ မည်၏။ တဒါရုံ အဆုံးရှိသောကြောင့် တဒါရမ္မဏ ဝါရမည်၏။
ဤဝီထိ၌ ဝီထိစိတ်တို့သည် ကိစ္စအားဖြင့်ခုနစ်မျိုး၊ အကြိမ်အားဖြင့် ၁၄-ကြိမ်၊ စိတ်ကျယ်အားဖြင့် ၄၆-ဖြစ်၏။
စက္ခုဒွါရ အတိမဟန္တာရုံဝီထိ ပြီး၏။
သောတဒွါရ စသည်တို့၌လည်း နည်းတူဖြစ်၏။
သဒ္ဒါရုံသည် သောတပသာဒအား-စသည်မျှထူး၏၊
အတိမဟန္တာရုံ ငါးဝီထိ ဖြစ်၏။
(ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ၌ ရူပဘဝင်လည်း မကျ။)
ဤအတိမဟန္တာရုံ ငါးဝီထိ၌ ဝီထိစိတ်တို့သည် ခုနစ်မျိုး၊ ၁၄-ကြိမ်။ စိတ်အကျယ် ၅၄။ ကိစ္စအကျယ် ၁၁-ဖြစ်၏။
အတိမဟန္တာရုံပြီး၏။

မဟန္တာရုံ-၁၀

စက္ခုဒွါရ မဟန္တာရုံဝီထိဖြစ်ဟန်ကား --
စိတ္တက္ခဏ နှစ်ချက်၎င်း သုံးချက်၎င်း လွန်သော ရူပါရုံသည် စက္ခုပသာဒအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ထိုနောင် ပဉ္စဒွါရာဝဇ္ဇန်း တကြိမ်၊ စက္ခုဝိညာဏ်တကြိမ်၊ သမ္ပဋိစ္ဆိုင်း တကြိမ်၊ သန္တီရဏတကြိမ်၊ ဝုဋ္ဌော တကြိမ်၊ ဇောခုနစ်ကြိမ်-ဖြစ်၍ ချုပ်၏။ ထိုနောင် ဘဝင်စိတ် များစွာ ဖြစ်၏။ (ပဉ္စဝေါကာရ ဘဝင်-၁၅)
ဤသို့လျှင် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သောရူပါရုံသည် အတီတဘဝင် နှစ်ကြိမ်၎င်း၊ သုံးကြိမ်၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇောခုနစ်ကြိမ် ဘဝင်အားဖြင့် စိတ္တက္ခဏ ၁၇-ချက် ပြည့်သည်ဖြစ်၍ သတ္တမဇောနောင် ပဌမ ဘဝင်၏ ဘင်နှင့်၎င်း၊ သတ္တမဇော၏ ဘင်နှင့်၎င်း ပြိုင်၍ချုပ်၏၊ (၂-ဝီထိ)
ဤရူပါရုံသည် များသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် မဟန္တာရုံဝီထိမည်၏။ ပဉ္စဒွါရာဝဇ္ဇန်းအစ ဇောအဆုံး ရှိသော စိတ် (၁၂-ချက်) အစဉ်သည် မဟန္တာရုံဝီထိ မည်၏။ ဇောအဆုံးရှိသောကြောင့် ဇဝနဝါရ မည်၏။
ဤဝီထိ၌ ဝီထိစိတ်-ခြောက်မျိုး၊ ၁၂ ကြိမ်၊ စိတ်အကျယ် ၃၈ ဖြစ်၏။
သောတဒွါရ စသည် နည်းတူဖြစ်၍ (မဟန္တာရုံ ဆယ်ဝီထိ ဖြစ်၏။)
(ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၌ ကာမဘဝင် ၁၀-သာ)။
မဟန္တာရုံ ဆယ်ဝီထိ၌ ဝီထိစိတ်ခြောက်မျိုး။ ၁၂-ကြိမ်၊ စိတ်အကျယ် ၄၆၊ ကိစ္စကျယ် ၁၀-ဖြစ်၏။
မဟန္တာရုံဝီထိပြီး၏။

ပရိတ္တာရုံ-၃ဝ

စက္ခုဒွါရ ပရိတ္တာရုံဝီထိ ဖြစ်ဟန်ကား --
စိတ္တက္ခဏ လေးချက်၎င်း, ငါးချက်၎င်း, ခြောက်ချက်၎င်း, ခုနစ်ချက်၎င်း, ရှစ်ချက်၎င်း, ကိုးချက်၎င်း လွန်ပြီးမှ ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော နှစ်ကြိမ်၊ ဝါ၊ သုံးကြိမ်ဖြစ်၍ချုပ်၏၊ ထိုနောင် ဘဝင်စိတ် များစွာဖြစ်၏၊ (ပဉ္စဝေါကာရဘဝင် ၁၅-)
ဤသို့လျှင် ဤရူပါရုံသည် အတီတဘဝင် လေးကြိမ်၎င်း ငါးကြိမ်၎င်း, ခြောက်ကြိမ်၎င်း, ခုနစ်ကြိမ်၎င်း, ရှစ်ကြိမ်၎င်း ကိုးကြိမ်၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော နှစ်ကြိမ် (ဝါ-သုံးကြိမ်) ဘဝင်အားဖြင့် ၁၇-ချက် ပြည့်သည် ဖြစ်၍ --
ဒုတီယ ဝုဋ္ဌော နောင် ပဉ္စမဘဝင်၏ ဘင်နှင့်၎င်း၊
စတုတ္ထဘဝင်၏ ဘင်နှင့်၎င်း၊
တတီယ ဘဝင်၏ ဘင်နှင့်၎င်း၊
ဒုတီယဘဝင်၏ ဘင်နှင့်၎င်း၊
ပဌမဘဝင်၏ ဘင်နှင့်၎င်း၊
ဒုတီယဝုဋ္ဌော၏ ဘင်နှင့်၎င်း
ပြိုင်၍ ချုပ်၏ (၆-ဝီထိ)။
ဝုဋ္ဌောသုံးကြိမ်ကျသည်ဖြစ်အံ့ --
တတီယဝုဋ္ဌောနောင် စတုတ္ထ ဘဝင်၏ ဘင်နှင့်၎င်း၊
တတီယ ဘဝင်၏ ဘင်နှင့်၎င်း၊
ဒုတီယဘဝင်၏ ဘင်နှင့်၎င်း၊
ပဌမဘဝင်၏ ဘင်နှင့်၎င်း၊
တတီယဝုဋ္ဌော၏ ဘင်နှင့်၎င်း
ပြိုင်၍ချုပ်၏ (၅-ဝီထိ)။
ဤရူပါရုံသည် နည်းသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် ပရိတ္တာရုံဝီထိ မည်၏။ ပဉ္စဒွါရာဝဇ္ဇန်း အစ၊ ဝုဋ္ဌောအဆုံး ရှိသော စိတ် ၆-ချက်၊ ဝါ၊ ၇-ချက် အစဉ်သည် ပရိတ္တာရုံဝီထိ မည်၏။ ဝုဋ္ဌော အဆုံးရှိသောကြောင့် ဝေါဋ္ဌဗ္ဗနဝါရ မည်၏။
ဤဝီထိ၌ ဝီထိစိတ် ငါးမျိုး၊ ၆-ကြိမ်၊ ၇-ကြိမ်၊ စိတ်ကျယ် ၉-ဖြစ်၏။
သောတဒွါရစသည် နည်းတူဖြစ်၍ ပရိတ္တာဘုံ ၃ဝ၊ ဝါ၊ ၂၅-ဝီထိဖြစ်၏၊
(ဃာနဒွါရ၊ ဇိဝှါဒွါရ ၊ ကာယဒွါရ၌ ကာမဘဝင် ၁ဝ)၊
ပရိတ္တာရုံဝီထိတို့၌ ဝီထိစိတ်ငါးမျိုး၊ ၆-ကြိမ် ၇-ကြိမ် ကျယ် ၁၇။ ကိစ္စကျယ် ၉-ဖြစ်၏။
ပရိတ္တာရုံဝီထိပြီး၏။

အတိပရိတ္တာရုံ ၃၀

စက္ခုဒွါရ အတိပရိတ္တာရုံ ပီတိဖြစ်ဟန်ကား --
စိတ္တက္ခဏ ဆယ်ချက်၎င်း၊ ဆဲ့တချက်၎င်း၊ ဆဲ့နှစ်ချက်၎င်း၊ ဆဲ့သုံးချက်၎င်း၊ ဆဲ့လေးချက်၎င်း၊ ဆဲ့ငါးချက်၎င်း လွန်ပြီးမှ ထင်ခြင်းသို့ ရောက်သည် ဖြစ်အံ့၊ ဘဝင်္ဂစလန နှစ်ကြိမ်သာဖြစ်၍ ဘဝင်စိတ် များစွာဖြစ်၏၊ (ပဉ္စဝေါကာရဘဝင် ၁၅။)
ဤသို့လျှင် ဤရူပါရုံသည် အတီတဘဝင် ဆယ်ကြိမ်၎င်း၊ ဆဲ့တကြိမ်၎င်း၊ ဆဲ့နှစ်ကြိမ်၎င်း၊ ဆဲ့သုံးကြိမ်၎င်း၊ ဆဲ့လေးကြိမ်၎င်း၊ ဆဲ့ငါးကြိမ်၎င်း၊ ဘဝင်္ဂစလန နှစ်ကြိမ်အားဖြင့် ၁၇-ချက် ပြည့်သည်ဖြစ်၍ --
ဒုတီယ ဘဝင်္ဂစလန နောင်ပဉ္စမဘဝင်၏ ဘင်နှင့်၎င်း,
စတုတ္ထဘဝင်၏ ဘင်နှင့်၎င်း,
တတီယဘဝင်၏ ဘင်နှင့်၎င်း,
ဒုတီယဘဝင်၏ ဘင်နှင့်၎င်း,
ပဌမဘဝင်၏ ဘင်နှင့်၎င်း,
ဒုတီယ ဘဝင်္ဂစလန၏ ဘင်နှင့်၎င်း,
ပြိုင်၍ချုပ်၏ (၆-ဝီထိ)။
ဤရူပါရုံသည် အလွန်နည်းသော ဝီထိစိတ္တုပ္ပါဒ် ရှိသောကြောင့် အတိပရိတ္တာရုံဝီထိ မည်၏၊ ဝီထိစိတ်ပင် မရှိသော်လည်း ဥပစာအားဖြင့် အတိပရိတ္တာရုံ ဝီထိ မည်၏၊ ဝီထိစိတ် မရှိသောကြောင့် မောဃဝါရ မည်၏။
သောဒွါရစသည် နည်းတူဖြစ်၍ အတိပရိတ္တာရုံ ဝီထိ ၃၀ ဖြစ်၏၊
ဃာနဒွါရ- ဇိဝှါဒွါရ -ကာယဒွါရ ၌ ကာမဘဝင် ၁ဝ။ ဝီထိစိတ် မရှိ၊ အကြိမ် မရှိ၊ အကျယ် မရှိ၊ ကိစ္စ မရှိ။
အတိပရိတ္တာရုံဝီထိပြီး၏။

စက္ခုဒွါရဝီထိ ၁၅၊ သောတဒွါရဝီထိ ၁၅၊ ဃာနဒွါရဝီထိ ၁၅၊ ဇိဝှါဒွါရဝီထိ ၁၅၊ ကာယဒွါရဝီထိ ၁၅၊ ပေါင်း-၇၅။
အတိမဟန္တာရုံ ၅။ မဟန္တာရုံ ၁၀။ ပရိတ္တာရုံ ၃၀။ အတိပရိတ္တာရုံ ၃၀၊ ပေါင်း ၇၅။
ပဉ္စဒွါရဝီထိပြီး၏။

ရှေ့နောက်ဘဝင်တို့သည် စက္ခုဒွါရ၊ သောတဒွါရ ၊ နှစ်ဒွါရ၌ ပဉ္စဝေါကာရ ဘဝင် ၁၅။ ဃာနဒွါရ၊ ဇိဝှါဒွါရ၊ ကာယဒွါရ၊ သုံးဒွါရ၌ ကာမဘဝင် တဆယ်သာ။

ကာမမနောဒွါရဝီထိ ၁၀

မနောဒွါရ ဝီထိသည် ကာမဇောဝါရ၊ အပ္ပနာဇောဝါရ-ဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုတွင် ကာမဇောဝါရသည် ဝိဘူတာရုံငါးဝီထိ၊ အထိဘူတာရုံ နှစ်ဝီထိ-ဟူ၍ ခုနစ်ပါး အပြား ရှိ၏။ တနည်း၊ ဝိဘူတာရုံတဝီထိ၊ အဝိဘူတာရုံ တဝီထိ-ဟူ၍ နှစ်ပါးအပြားရှိ၏။ အိပ်မက်အဝိဘူတာရုံ-ဟူ၍လည်း တဝီထိ ရှိသေး၏။ ပေါင်းဆယ်ဝီထိ ဖြစ်၏။
စိတ္တက္ခဏ ၁၇-ချက် အသက်ရှိသော ရုပ် ၂၂-ပါးတည်းသော ပစ္စုပ္ပန်အာရုံ ခြောက်ပါးသည် ထင်ရှားစွာ ဖြစ်သောအခါ ဝိဘူတာရုံ၊ မထင်မရှား ဖြစ်သောအခါ အဝိဘူတာရုံ မည်၏။

ဝိဘူတာရုံ ငါးဝီထိ

ဝိဘူတာရုံဝီထိဖြစ်ဟန်ကား --
စိတ္တက္ခဏ တချက်ခန့်၎င်း, နှစ်ချက်ခန့်၎င်း, သုံးချက်ခန့်၎င်း, လေးချက်ခန့်၎င်း, ငါးချက်ခန့်၎င်း လွန်သော ထိုရုပ် ၂၂-ပါး တည်းဟူသော ပစ္စုပ္ပန် အာရုံ ခြောက်ပါးသည် မနောဒွါရအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဖြစ်၏။ ထိုနောင် ဘဝင်္ဂုပစ္ဆေဒ-မနောဒွါရအား ထင်သော အလွန် နီးကပ်သော ထိုအာရုံကို ဆင်ခြင်တတ်သော မနောဒွါရာဝဇ္ဇန်း တကြိမ်၊ လျင်စွာ သိတတ်သော ကာမဇော ခုနစ်ကြိမ်၊ ဇော၏အာရုံကို အာရုံ ပြုတတ်သော တဒါရုံ နှစ်ကြိမ်ဖြစ်၍ ချုပ်၏၊ ထိုနောင်ဘဝင်စိတ် များစွာ ဖြစ်၏။ (ပဉ္စဝေါကာရ ဘဝင် ၁၅။) ဤ ဝီထိလည်း ရူပဘုံသားတို့အး တဒါရုံ မကျမူ၍ဖြစ်၏။
ဤသို့လျှင် ရှေးဦးအစ အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ရုပ်အာရုံသည် အတီတ ဘဝင် တကြိမ်၎င်း၊ နှစ်ကြိမ်၎င်း, သုံးကြိမ်၎င်း လေးကြိမ်၎င်း, ငါးကြိမ်၎င်း၊ ဘဝင်္ဂစလန, ဘဝင်္ဂုပစ္ဆေဒ, မနောဒွါရာဝဇ္ဇန်း၊ ဇောခုနှစ်ကြိမ်၊ တဒါရုံနှစ်ကြိမ်၊ ဘဝင်အားဖြင့် ၁၇-ချက်ပြည့်သည်ဖြစ်၍ --
ဒုတီယတဒါရုံ နောင် စတုတ္ထ ဘဝင်၏ ဘင်နှင့်၎င်း,
တတီယ ဘဝင်၏ ဘင်နှင့်၎င်း,
ဒုတီယဘဝင်၏ ဘင်နှင့်၎င်း,
ပဌမဘဝင်၏ ဘင်နှင့်၎င်း,
ဒုတီယတဒါရုံ၏ ဘင်နှင့်၎င်း,
ပြိုင်၍ချုပ်၏။ (ငါးဝီထိ၊)
ဤရုပ်အာရုံသည် ထင်ရှားသောကြောင့် ဝိဘူတာရုံ မည်၏။ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနစ်ကြိမ်၊ တဒါရုံနှစ်ကြိမ်-စိတ် (၁၀- ချက်) အစဉ်သည် ဝိဘူတာရုံ ဝီထိမည်၏၊ တဒါရမ္မဏဝါရ မည်၏။ ဝီထိစိတ်သုံးမျိုး၊ သုံးကိစ္စ၊ ဆယ်ကြိမ်၊ စိတ်ကျယ် ၄၁-ဖြစ်၏။ (ပဉ္စဝိညာဏ်၊ မနောဓာတ်-အားဖြင့် ၁၃-မဖြစ်။)
ဝိဘူတာရုံဝီထိပြီး၏။

အဝိဘူတာရုံ နှစ်ဝီထိ

အဝိဘူတာရုံဝီထိ ဖြစ်ဟန်ကား --
စိတ္တက္ခဏ ၆-ချက်၎င်း၊ ၇ ချက်၎င်း၊ လွန်ပြီးမှ မနောဒွါရအား ထင်ခြင်းသို့ ရောက်သည် ဖြစ်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနေဒွါရာဝဇ္ဇန်း၊ ဇောခုနစ်ကြိမ် ဖြစ်၍ချုပ်၏၊ ထိုနောင် ဘဝင် များစွာဖြစ်၏၊ (ပဉ္စဝေါကာရ ဘဝင် ၁၅။)
ဤသို့လျှင် ဤရုပ်အာရုံသည် အတီတဘဝင် ခြောက်ကြိမ်၎င်း၊ ခုနစ်ကြိမ်၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော ခုနစ်ကြိမ်၊ ဘဝင်အားဖြင့် ၁၇-ချက် ပြည့်သည် ဖြစ်၍ သတ္တမဇော နောင် ပဌမ ဘဝင်၏ ဘင်နှင့်၎င်း၊ သတ္တမဇော၏ ဘင်နှင့်၎င်း ပြိုင်၍ချုပ်၏။ (နှစ်ဝီထိ)
ဤရုပ်အာရုံသည် မထင်ရှားသောကြောင့် အဝိဘူတာရုံ မည်၏၊ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနှစ်ကြိမ်- စိတ်(၈-ချက်) အစဉ်သည် အဝိဘူတာရုံဝီထိမည်၏။ ဇဝနဝါရမည်၏။ ပီတိစိတ်နှစ်မျိုး၊ နှစ်ကိစ္စ၊ ရှစ်ကြိမ်၊ စိတ်ကျယ် ၃၀-ဖြစ်၏။
အဝိဘူတာရုံဝီထိပြီး၏။

တနည်း - ဝိဘူ၊ အဝိဘူ နှစ်ဝီထိ

တနည်းကား - ဆိုပြီးသော ပစ္စုပ္ပန်ရုပ်မှ ကြွင်းသော အာရုံအလုံးစုံသည်ပင်-ဝိဘူတာရုံ အဝိဘူတာရုံ နှစ်မျိုးဖြစ်၏။ ၎င်းတို့ကား သတ္တရသာယုက မရ စကောင်းသော ပစ္စုပ္ပန်, အတိတ်, အနာဂတ်ဖြစ်သော စိတ်၊ စေတသိက်၊ ဝိညပ်ဒွေ၊ လက္ခဏရုပ်လေးခု-ဓမ္မာရုံ၎င်း၊ သတ္တရသာယုက ရစကောင်းသော အတိတ်, အနာဂတ်ဖြစ်သော ရုပ် ၂၂-ခု အာရုံခြောက်ပါး၎င်း၊ ကာလ ဝိမုတ်ဖြစ်သော နိဗ္ဗာန်၊ ပညပ်၊ ဓမ္မာရုံ၎င်း - ဤသို့ပညပ် နာမ်ရုပ် အာရုံခြောက်ပါး ဖြစ်ကုန်၏။ ထင်ရှားလျှင် ဝိဘူတာရုံ၊ မထင်ရှားလျှင် အဝိဘူဘာရုံ။
ဝီထိဖြစ်ဟန်ကား --
ထို ပညပ်နာမ်ရုပ် အာရုံခြောက်ပါး၊ (ဝိဘူတ) သည် မနောဒွါရအား ထင်ခြင်းသို့ ရောက်သည်ဖြစ်အံ့၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနှစ်ကြိမ်၊ တဒါရုံ နှစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။ (ပဉ္စဝေါကာရ စတုဝေါကာရ ဘဝင် ၁၉၊) ကာမ နာမ်ရုပ် အာရုံ၌သာ ကာမသတ္တဝါတို့အားသာ တဒါရုံကျသည်။
ဤကား ဝိဘူတာရုံ တဝီထိတည်း။
ထိုအာရုံခြောက်ပါး (အဝိဘူတ)သည် မနောဒွါရအားထင်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇောခုနစ်ကြိမ် ဖြစ်၍ဘဝင်ကျ၏။ (ဘဝင် ၁၉၊)
ဤကား အဝိဘူတာရုံ တဝီထိတည်း။

အိပ်မက် တဝီထိ

အလုံးစုံအာရုံခြောက်ပါး (အဝိဘူတ) သည် မနောဒွါရအား ထင်အံ့၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်၍ ဘဝင်ကျ၏။ (ဘဝင် ၁၉၊)
မြင်မိသလို ကြားမိသလိုဟု အိပ်မက်ဖြင့်သာ ပြောဆိုသောအခါ ဤအဗျာကတ ဝီထိဖြစ်သည်ဟု အဋ္ဌကထာ၌ မိန့်ဆိုသောကြောင့် ဤဝီထိကို အိပ်မက်ဝီထိဟု မိန့်ဆိုကုန်၏။ ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနဝါရကဲ့သို့ မနောဒွါရ၌ အာဝဇ္ဇနဝါရ-ဟု ဆိုအပ်၏။ ဘုရားရှိခိုးရခြင်း၊ ခိုက်ရန်ဖြစ်ခြင်း - စသော အိပ်မက် အခါက ဝိဘူတာရုံတို့လည်း ဖြစ်ကုန်၏။
ကာမမနောဒွါရဝီထိပြီး၏။
ကာမဝီထိတို့သည် စက္ခုဒွါရ ၁၅၊ သောတဒွါရ ၁၅၊ ဃာနဒွါရ ၁၅၊ ဇိဝှါဒွါရ ၁၅။ ကာယဒွါရ ၁၅၊ မနောဒွါရ ၁၀၊ ပေါင်း ၈၅။
အတိမဟန္တာရုံ ၅ ။ မဟန္တာရုံ ၁ဝ။ ပရိတ္တာရုံ ၃ဝ။ အတိပရိတ္တာရုံ ၃ဝ။ ဝိဘူတာရုံ ၆။ အဝိဘူတာရုံ ၄။ ပေါင်း ၈၅။
ပဉ္စဒွါရ ၇၅၊ မနေဒွါရ ၁၀၊ ပေါင်း ၈၅။
ကာမဝီထိပြီး၏။

အပ္ပနာဇောဝါရ

အပ္ပနာဇောဝါရသည် ဈာနဝီထိ၊ မဂ္ဂဝီထိ၊ ဖလသမာပတ္တိ ဝီထိ၊ အဘိညာဝီထိ၊ နိရောဓ သမာပတ္တိဝီထိ - ဟူ၍ ငါးပါးအပြားရှိ၏။
ပဌမဈာန်သည် ကသိဏ(၁ဝ)၊ အသုဘ(၁ဝ)၊ ကာယဂတာ၊ အာနာပါန၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ-အာရုံပညပ် ၂၅-ကို အာရုံပြု၍ ဖြစ်သည်။
ဒုတီယ၊ တတီယ၊ စတုတ္ထဈာန်သည် ကသိဏ၊ အာနာပါန၊ မေတ္တာဒိတ္တယ-အာရုံပညပ် ၁၄-ကိုအာရုံပြု၏။
ပဉ္စမဈာန်သည် ကသိဏ၊ အာနာပါန၊ ဥပေက္ခာ- အာရုံပည ၁၂ ကိုအာရုံပြု၏
အာကာသာနဉ္စာယတနဈာန်သည် အာကာသ ကသိုဏ်းကြဉ်သော ကသိုဏ်း ၉-ပါး တို့တွင် တပါးပါးကို ဝင်စား၍ နှလုံးမသွင်းသော အားဖြင့် ခွါ၍ရသော ကောင်းကင် ပညပ်ကို အာရုံပြု၏။
အာကိဉ္စညာယတနဈာန်သည် အာကာသာနဉ္စာယတနဈာန်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညပ်ကို အာရုံပြု၏။
ဝိညာနဉ္စာယတန၊ နေဝသညာ နာသညာယတန ဈာန်သည် အဇ္ဈတ္တ၌ ဖြစ်ဘူးသော အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန- မဟဂ္ဂုတ်ကို အာရုံပြု၏။
လောကုတ္တရာမဂ်လေး၊ ဖိုလ်လေးသည် နိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သည်။
ဤပညပ်အာရုံ၊ မဟဂ္ဂုတ်အာရုံ၊ နိဗ္ဗာန်အာရုံတို့သည် လွန်စွာ ထင်ရှားလျှက်သာ အပ္ပနာဇော ကျသောကြောင့် ဝိဘူတ၊ အဝိဘူတ မပြား၊ ဝိဘူတချည်းသာဖြစ်ကုန်၏။

မဟဂ္ဂုတ်-ဈာနဝီထိ-၇၂

ဈာနဝီထိ ဖြစ်ဟန်ကား --
ဈာန်ရစေနိုင်သော သမထ ၃၀ တို့တွင် တခုခုကို လွန်စွာ စီးဖြန်းသော ယောဂီအား ဈာန်အပ္ပနာဇော ဖြစ်လိုလတ်သည်ရှိသော် (ဝါ၊ ဈာန်ရလိုသည်ရှိသော်၊) ၂၅-ပါး ၁၄-ပါး၊ ၁၂-ပါးသော ပညပ်၊ ကောင်းကင်ပညပ်၊ နတ္တိဘော ပညပ် ဓမ္မာရုံသည်၎င်း၊ အာကာသာနဉ္စာယတန၊ အာကိဉ္စညာယတန မဟဂ္ဂုတ်ဓမ္မာရုံ သည်၎င်း မနောဒွါရအား ထင်ခြင်းသို့ ရောက်လာ၏၊ ထိုအခါ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ ဖြစ်၏၊
ထိုနောင် ထိုအာရုံကို အာရုံပြုလျှက် မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု ဒန္ဓာဘိညပုဂ္ဂိုလ်အား လေးကြိမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ ဟု ခိပ္ပါဘိညပုဂ္ဂိုလ်အား သုံးကြိမ် (ကာမကုသိုလ်၊ ကာမကြိယာသမ္ပယုတ်ဇော၊) ဖြစ်၍ ချုပ်၏။
ထိုကာမဇော နောင် မဟဂ္ဂုတ်ကုသိုလ်ဇော ကိုးခု၊ ကြိယာဇော ကိုးခုတို့တွင် တခုခု သည် အာဒိကမ္မိကဖြစ်အံ့၊ တကြိမ်သာ သမာပဇ္ဇနဖြစ်အံ့၊ အကြိမ် များစွာ (အပ္ပနာဇော) ဖြစ်၏။ ထိုနောင်ဘဝင်ကျ၏။ ဤကား ဈာနဝီထိ ၇၂ -ခုတည်း။
ရှေးဦးစွာဈာန်ရသူအား -- ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟု လေးကြိမ်၊ ဝါ၊ ဥပစာ၊ အလုံ၊ ဂေါတြဘူဟု သုံးကြိမ်၊ ဈာန်ဇော တကြိမ်စော၍ ဘဝင်ကျ၏။
ဈာန်ဝင်စားသူအား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ (ဝါ) ဥ၊ နု၊ ဂေါ၊ ဈာန်ဇောအကြိမ်များစွာ စော၍ဘဝင်ကျ၏။
(ရူပဈာန်၌ ကာမ၊ ရူပ-တိဟိတ်ဘဝင် ၉။
အရူပဈာန်၌ အရူပနှင့် တိဟိတ်ဘဝင် ၁၃။)
ဤသို့လျှင် အာဒိကမ္မိကတိက္ခ၊ ၉-ဝီထိ၊ မန္ဒ ၉-ဝီထိ၊ သမာပဇ္ဇနတိက္ခ ၉ ဝီထိ၊ မန္ဒ-၉ ဝီထိ၊ အားဖြင့် မဟဂ္ဂုတ်ကုသိုလ် ၃၆-ဝီထိ ဖြစ်၏၊ ကြိယာဇောလည်း ထိုအတူ ၃၆-ဖြစ်၍ ၇၂- ဝီထိဖြစ်၏။
ပဌမဈာန်ကုသိုလ် ၄-ဝီထိ၊
ဒုတီယဈာန်ကုသိုလ် ၄-ဝီထိ၊
တတီယဈာန်ကုသိုလ် ၄-ဝီထိ၊
စတုတ္ထဈာန်ကုသိုလ် ၄-ဝီထိ၊
ပဉ္စမဈာန်ကုသိုလ် ၄-ဝီထိ၊
အာကာသာနဉ္စာယတန ကုသိုလ် ၄- ဝီထိ၊
ဝိညာဏဉ္စာယတန ကုသိုလ် ၄-ဝီထိ၊
အာကိဉ္စညာယတန ကုသိုလ် ၄-ဝီထိ၊
နေဝသညာနာသညာယတန ကုသိုလ် ၄-ဝီထိ၊
ပဌမဈာန်ကြိယာ ၄-ဝီထိ၊
ဒုတီယဈာန် ကြိယာ ၄-ဝီထိ၊
တတီယဈာန်ကြိယာ ၄-ဝီထိ၊
စတုတ္ထဈာန်ကြိယာ ၄-ဝီထိ၊
ပဉ္စမဈာန် ကြိယာ ၄-ဝီထိ၊
အာကာသာနဉ္စာယတန ကြိယာ ၄–ဝီထိ၊
ဝိညာဏဉ္စာယတနကြိယာ ၄-ဝီထိ၊
အာကိဉ္စညာယတန ကြိယာ ၄- ဝီထိ၊
နေဝသညာနာသညာယယန ကြိယာ ၄-ဝီထိ၊
ပေါင်း ၇၂။
ရူပဝီထိ ၄ဝ၊ အရူပဝီထိ ၃၂၊ ပေါင်း ၇၂။
မဟဂ္ဂုတ်ဝီထိပြီး၏။

မဂ္ဂဝီထိ ၄ဝ

မဂ္ဂဝီထိ ဖြစ်ဟန်ကား --

ဝိပဿနာ ကမ္မဋ္ဌာန်းကို လွန်စွာစီးဖြန်းသော ယောဂီအား မဂ်ဖိုလ် အပ္ပနာဇော ဖြစ်လိုလတ်သည်ရှိသော် (ဝါ၊ မဂ်ဖိုလ်ရလိုသည်ရှိသော်) တေဘူမကသင်္ခါရ အာရုံခြောက်ပါးသည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော အခြင်းအရာဖြင့် မနောဒွါရအား ထင်ခြင်းသို့ ရောက်လာ၏။ ထိုအခါဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒဖြစ်၏။ ထိုနောင်ထိုတေဘူမကသင်္ခါရကို အာရုံပြုလျှက်၊ မနောဒွါရာဝဇ္ဇန်း ပုထုဇဉ်ဖြစ်အံ့၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘူ-ဟု ဒန္ဓ-လေးကြိမ်၊ ခိပ္ပသုံးကြိမ်၊ (ပရိကံမပါ) သေက္ခဖြစ်အံ့၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ နိဗ္ဗာန်ကို အာရုံပြုလျှက် ဝေါဒါန်-ဟု ဒန္ဓ-လေးကြိမ်၊ ခိပ္ပသုံးကြိမ်၊ (ကာမကုသိုလ် သမ္ပယုတ်ဖော) ဖြစ်၍ ချုပ်၏၊ ထိုနောင် မဂ်စိတ် ၂၀-တို့တွင် တခုခုသည် နိဗ္ဗာန်ကို အာရုံပြုလျက် ဒန္ဓအား မဂ်တကြိမ်၊ ၎င်း၏ဖိုလ်နှစ်ကြိမ်၊ ခိပ္ပအား မဂ်တကြိမ်၊ ၎င်း၏ ဖိုလ်သုံးကြိမ်ဖြစ်၏၊ ထိုနောင် ဘဝင်ကျ၏။

(ဤကား မဂ္ဂဝီထိ ၄ဝ- တည်း။)

သောတာပန် တည်သူအား - ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ - ဟုလေးကြိမ်၊ ဝါ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ-ဟုသုံးကြိမ်၊ မဂ်တကြိမ်၊ ဖိုလ်နှစ်ကြိမ်၊ ဝါ၊ ဖိုလ်သုံးကြိမ် စော၍ ဘဝင်ကျ၏ (ကာမရူပ၊ တိဟိတ်ဘဝင် ၉။)

အထက်မဂ်ဖိုလ် ရသူအား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဝေါဒါန်။ (ဝါ) ဥ၊ နု၊ ဝေါဒါန်၊ မဂ်တကြိမ်၊ ဖိုလ်နှစ်ကြိမ်၊ ဝါ၊ ဖိုလ်သုံးကြိမ် စော၍ ဘဝင်ကျ၏၊ (တိဟိတ်ဘဝင် ၁၃။)

ဤသို့လျှင် တိက္ခ ၂၀၊ မန္ဒ ၂၀-အားဖြင့် မဂ္ဂဝီထိ ၄ဝ- ဖြစ်၏။

  • သောတာပတ္တိမဂ် တိက္ခ ၅၊ မန္ဒ ၅၊
  • သကဒါဂါမိမဂ် တိက္ခ ၅၊ မန္ဒ ၅၊
  • အနာဂါမိမဂ် တိက္ခ ၅၊ မန္ဒ ၅၊
  • အရဟတ္တမဂ် တိက္ခ ၅၊ မန္ဒ ၅၊

ပေါင်း ၄၀။

ဖိုလ်အရသာ

လူမင်း၊ နတ်မင်းသည် မိမိစည်းစိမ်ကို ခံစား၍ မငြီးငွေ့၊

ဖိုလ်ပုဂ္ဂိုလ်သည် မိမိဖိုလ်အရသာကို ခံစား၍ မငြီးငွေ့။

စည်းစိမ်ခံစားစဉ် အပူဝင်၏၊ ငန်းဖမ်း၏၊ အချို့အသက်ထွက်၏။

ဖိုလ်အရသာခံစားစဉ် အပူမဝင်၊ အဧမမိ၊ အသက် ထွက်သူမရှိ၊

အမြိုက်ဆေးဖျန်းသော ပျားသည် သြဇာထက်၏၊ လွန်စွာအရသာရှိ၏။

ဖိုလ်ချမ်းသာ ဆွတ်ဖျန်းသော ဖိုလ်အရသာသည် ထက်မြက်စွာ ချမ်းသာ၏။

စိတ်ရှိသူတို့ ခံစားသော ချမ်းသာတို့တွင် ထိပ်ဆုံးချမ်းသာဖြစ်၏၊

နိဗ္ဗာန် လက်တွေ့ဖြစ်၏

ဖလသမာပတ္တိဝီထိ ၄ဝ

ဖလသမာပတ္တိ ဝီထိ ဖြစ်ဟန်ကား --

ဖိုလ်အရသာ ခံစားလိုသော၊ ဝါ၊ ဖိုလ်ဝင်စားလိုသော အရိယာပုဂ္ဂိုလ်အား ဖိုလ်ဇော အကြိမ်များစွာ ဖြစ်လိုလတ်သည်ရှိသော် တေဘူမကသင်္ခါရ အာရုံခြောက်ပါးသည် မနောဒွါရအား ထင်ခြင်းသို့ ရောက်လာ၏၊ ထိုအခါ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနေဒွါရာဝဇ္ဇန်း၊ အနုလုံ လေးကြိမ်၊ ဝါ၊ သုံးကြိမ် (ကာမကုသိုလ် ကာမကြိယာ သမ္ပယုတ်ဇော) ဖြစ်၍ ချုပ်၏။ ထိုနောင် ဖိုလ်စိတ် ၂၀-တို့တွင် တခုခုသည် နိဗ္ဗာန်ကို အာရုံပြုလျှက် ဖိုလ်ဇော အကြိမ်များစွာဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။

ဤကား ဖလသမာပတ္တိ ၄၀-တည်း၊

တိက္ခ ၂၀၊ မန္ဒ ၂ဝ၊ ဝါ၊ တဖိုလ်လျှင် တိက္ခ ၅၊ မန္ဒ ၅၊

ဖိုလ်ဝင်စားသူအား - ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ အနုလုံ လေးကြိမ်၊ ဝါ၊ သုံးကြိမ်၊ ဖိုလ်အကြိမ် များစွာစော၍ ဘဝင်ကျ၏။ (တိဟိတ်ဘဝင် ၁၃)

မဂ်ဝီထိ၊ ဖိုလ်ဝီထိအားဖြင့် လောကုတ္တရာ ဝီထိနှစ်ဆယ်၌- မ၊ ပ၊ ဥ၊ နု - တို့သည် တေဘူမကသင်္ခါရကို အာရုံပြု၏။ ဂေါ၊ ဝေါ၊ မဂ်၊ ဖိုလ် တို့သည် နိဗ္ဗာန်ကို အာရုံပြုကုန်၏။

မဟဂ္ဂုတ် ၇၂။ လောကုတ္တရာ ၈၀-အားဖြင့် အပ္ပနာဝီထိ ၁၅၂- ဖြစ်၏။

ကာမ ၈၅။ အပ္ပနာ ၁၅၂။ ပေါင်း ၂၃၇။

ပဉ္စဒွါရ ၇၅။ မနောဒွါရ ၁၆၂။ ပေါင်း ၂၃၇။

ကျန်ဝီထိများ

အဘိညာ ဝီထိတို့သည် ရူပပဉ္စမဈာန်ဝီထိ၊ ကာမ မနောဒွါရဝီထိ တို့၌ ဝင်ကုန်၏။ နိရောဓသမာပတ္တိဝီထိ တို့သည် မဟဂ္ဂုတ်ဝီထိ၊ အနာဂါမိဖိုလ်ဝီထိ၊ အရဟတ္တဖိုလ်ဝီထိ တို့၌ဝင်ကုန်၏။

ထိုမှတပါး မရဏာသန္နဝီထိ တို့သည် ကာမဝီထိတို့သာ ဖြစ်ကုန်၏။

ဝီထိပေါင်း ၂၃၇-ပြီး၏။

အဘိညာ ၂၈ ဝီထိ

သမာပတ် ရှစ်ပါးတို့၌ ဈာန်ကို၊ ကသိုဏ်းကို၊ အစဉ်အတိုင်း ဝင်စားခြင်း၊ တခုခြား ဝင်စားခြင်း-စသော *၁၄-ပါးသော အခြင်းအရာတို့ဖြင့် လေ့လာခြင်း ပြုနိုင်မှ အဘိညာ ရသည်။

ပါဒကတဝီထိ၊ ပရိကံတဝီထိ၊ တဖန် ပါဒကတဝီထိ၊ အဘိညာတဝီထိ ဟု လေးဝီထိ ဖြစ်သည်။ ထိုနောင် ဆင်ခြင်သော ပစ္စဝေက္ခဏာဝီထိ ကိုလည်း မိန့်ဆိုကုန်၏။

(၁၄-ပါးကား --

ကသိုဏ်း အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ-၃၊

ဈာန် အနုလုံ၊ ပဋိလုံ၊ အနုလုံပဋိလုံ−၃၊

ကသိုဏ်းတခုခြား၊ ဈာန်တခုခြား၊ ကသိုဏ်းဈာန် တခုခြား-၃။

ဈာန်ပြောင်း၊ ကသိုဏ်းပြောင်း၊ ဈာန်ကသိုဏ်းပြောင်း-၃၊

ဈာန်အင်္ဂါမှတ်၊ ကသိုဏ်းအာရုံမှတ်-၂၊

ဤသို့ ၁၄-ပါးတို့ဖြင့်တည်း။)

ပါဒက

ကသိုဏ်း ဆယ်ပါးသည် အဘိညာအားလုံး၏ အကြောင်းပါဒက ဖြစ်၏။ အထူး အားဖြင့် -- ဒူရပဋိစ္ဆန္န သဏှသုခုမ ဖြစ်သော ရူပါရုံကို ဒိဗ္ဗစက္ခုဖြင့် မြင်လိုသောအခါ တေဇော, ဩဒါတ, အာလောက ကသိုဏ်းတို့တွင် တခုခု၌ ရူပပဉ္စမဈာန်ကို ဝင်စား၍ ပါဒကပြု၏။ ဣဒ္ဓိဝိဓဖြင့် တန်းခိုး ဖန်ဆင်းလိုသောအခါ ကသိုဏ်းဆယ်ခု တို့တွင် လျော်စွာ တခုခု၌ ရူပပဉ္စမဈာန်ကို ဝင်စား၍ ပါဒကပြု၏။ ဤကားပါဒက တဝီထိ တည်း။

ပရိကံ

ထိုနောင် အလိုရှိရာ ဆောက်တည်ခြင်းဖြင့် ပရိကံပြုသော ကာမမနောဒွါရ ဝီထိဖြစ်၏၊ ဆောက်တည်ပုံကား -

  • ဒိဗ္ဗစက္ခု၌ - ဧတဿရူပံ ပဿာမိ
  • ဒိဗ္ဗသောတ၌ ဧတဿသဒ္ဒံ သုဏောမိ
  • ဣဒ္ဓိဝိဓ၌ သတံဟောမိ၊ သဟဿံ ဟောမိ စသည်။
  • ပရစိတ္တ၌၊ ဝါ၊ စေတောပရိယ၌ ဧတဿစိတ္တံ ဇာနာမိ
  • ပုဗ္ဗေ၌ ပုဗ္ဗေနိဝုတ္တံ ခန္ဓံဇာနာမိ
  • ယထာကမ္မုပဂ၌ အတီတံကမ္မဇနာမိ
  • အနာဂတံ၌ အနာဂတံ ခန္ဓံဇာနာမိ- - ဟုဆောက်တည်၏။ (၇-မျိုး။)

(ဤကား ပရိကံ တဝီထိတည်း။)

တဖန် ပါဒက

ထိုနောင် ရှေးပါဒကအတိုင်း ကသိုဏ်း ပဉ္စမဈာန်ကို ဝင်စားပြန်၏။ ဤကား အဘိညာ၏ အခြေဖြစ်သော ပါဒက တဝီထိတည်း။

အဘိညာ

ထိုနောင် ဆောက်တည်သော အတိုင်း ရူပါရုံကို သိခြင်း စသည်ဖြင့် အဘိညာဇော ကိစ္စ ပဉ္စမဈာန်တကြိမ် ကျသောဝီထိဖြစ်၏။ (ဤကားအဘိညာ တဝီထိတည်း။)

  • ၁-ပရိကံ၏ဝါဒကကား- စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ ဈာန်အကြိမ် များစွာဖြစ်၍ဘဝင်ကျ၏။
  • ၂-ပရိကံကာ: - စ၊ ဒ၊ မ၊ ကာမဇော ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။
  • ၃-အဘိညာ၏ ပါဒကကား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ ဈာန်အကြိမ် များစွာဖြစ်၍ ဘဝင်ကျ၏။
  • ၄- အဘိညာကား - စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ အဘိညာဈာန်ဇော တကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ဤအဘိညာ ဝီထိသည် အဘိညာ ၇-မျိုုး အားဖြင့် ၇-ဝီထိ။

ကုသိုလ်၊ ကြိယာအားဖြင့် ၁၄-ဝီထိ။ တိက္ခ၊ မန္ဒ အားဖြင့် ၂၈-ဝီထိ ဖြစ်၏။

(နိဿရဏတ္ထ အကျိုးငှါ စာသင်သူတို့အား ဤနေရာမျိုး၌ ငါ့ဘို့-ငါ့အတွက်ဟု အာသာဆန္ဒ ပြင်းထန်စွာ ဖြစ်နိုင်ရာ၏။)

အဘိညာ ၅၊ ၆၊ ၇၊

ယထာကမ္မုပဂ၊ အနာဂတံသ - နှစ်ခုသည် ဒိဗ္ဗစက္ခုနှင့် ကင်း၍မဖြစ်၊ ပရိကံ သီးခြားမရှိ၊ ဒိဗ္ဗစက္ခု၌ဝင်၏၊ ထိုကြောင့် အဘိညာ ၇-ပါးသည် ၅-ပါးသာ ဖြစ်၏၊ အာသဝက္ခယ အဘိညာနှင့် ခြောက်ပါးဖြစ်၏။

ပုဗ္ဗေ၊ ဒိ၊ ဒိ၊(၃)၊ စေ၊ ဣဒ္ဓိ၊(၂)၊ ငါးရှိ အဘိညာ။

စက္ခုစွမ်းနှစ်၊ -ယ၊ နာ-လှစ် (၂)၊ ခုနစ် အဘိညာ။

အာသဝက်အား(၁)၊ ထည့်စွက်ငြား-၊ ခြောက်ပါး အဘိညာ။

နိရောဓ သမာပတ်ရှစ်ဝီထိ

သမာပတ် ဈာန်အားလုံး ရသော အနာဂါမ် ရဟန္တာသည် ဤခန္ဓာဝန်ဖြင့် ငြီးငွေ့၍ “ဒိဋ္ဌဓမ္မ နိဗ္ဗာန်ချမ်းသာ ခံစားမည်” ဟု ရှေးဦးစွာ လောကီ ပဌမဈာန်ကို ဝင်စား၏။ (ဝီထိစိတ်ဖြစ်စဉ် သိရမည် )

ထိုဈာန်မှထ၍ ထိုဈာန်၌ရှိသော သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာရှု၏ (ဝီထိသိရမည်၊ ကာမမနောဒွါရ) ဤသို့ သမထနှင့် ဝိပဿနာကို အစုံဖွဲ့ခြင်းသည် ယုဂနန္ဓ ပြုသည်မည်၏။

ဤနည်းဖြင့် အစဉ်အတိုင်း (ဒုတီယ၊ တတီယ၊ စတုတ္ထ၊ မနောဒွါရာဝဇ္ဇန်း၊ အာကာသာနဉ္စာတန၊ ဝိညာနဉ္စာယတန) - အတိယုဂနန္ဓပြု၍ အာကိဉ္စညာယတန ဈာန်တိုင်အောင် ဝင်စား၏။ အာကိဉ္စညာယတနဈာန်မှ ထသောအခါ ဝိပဿနာ မရှုဘဲ ပုဗ္ဗကိစ္စ လေးပါးပြု၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ နေဝသညာ နာသညာယတနဈာန် နှစ်ကြိမ် အဆုံး၌ နိရောဓ ဖြစ်၏။ ဝါ၊ စိတ်, စေတသိက်, စိတ္တဇရုပ် ချုပ်၏။ တိဇရုပ် (ရူပဘုံ၌ ဒွိဇရုပ်မျှ ကြွင်း၏။)

နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ်ဇော၊ အရဟတ္တဖိုလ်ဇောသည် တကြိမ်ဖြစ်၍ ဘဝင်ကျ၏။

နိရောဓဝီထိ ဖြစ်ပုံကား --

စ၊ ဒ၊ မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ နေဝသညာနာသညာယတန ဇောနှစ်ကြိမ်၊ ထိုနောင် နိရောဓဖြစ်၏ (စိတ်စဉ်မရှိ) နိရောဓမှ ထသောအခါ ဖိုလ်ဇောတကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ဤဝီထိသည် ကာမဘုံ၊ ရူပဘုံအားဖြင့် နှစ်ဝီထိ၊ အနာဂါမ်၊ ရဟန္တာအားဖြင့် လေးဝီထိ၊ တိက္ခ၊ မန္ဒအားဖြင့် ရှစ်ဝီထိ ဖြစ်၏။

ပုဗ္ဗကိစ္စ

ပုဗ္ဗကိစ္စ လေးပါးကား၊ ကိုယ်နှင့် စပ်သည်မှ တပါး သီးခြားနေသော ပရိက္ခရာ၊ ကျောင်း စသည်တို့သည် မီးစသည်ဖြင့် မပျက်စီးစေကုန်သတည်းဟု ဓိဋ္ဌာန်ခြင်း--နာနာဗဒ္ဓအဝိကောပန တပါး။ (ကိုယ်နှင့်စပ်သည်ကို ဓိဋ္ဌာန်ဘွယ်မရှိ)

မိမိနှင့် စပ်သော ကိစ္စရှိသဖြင့် သံဃာ တောင့်တသောအခါ လာမခေါ်မီ ထနိုင်စေ သတည်းဟု ဓိဋ္ဌာန်ခြင်း-သံဃပဋိမာနန တပါး။

ဘုရားရှင် ခေါ်တော်မူသောအခါ လာမခေါ်မီ ထနိုင်စေသတည်းဟုဓိဋ္ဌာန်ခြင်း - သတ္ထုပက္ကောသန တပါး။

ခုနစ်ရက်အတွင်း မိမိအသက် တည်မည်၊ မတည်မည် ရှုခြင်း- အဒ္ဓါနပရိစ္ဆေဒ တပါး။

ဤသို့လေးပါးတည်း။

ဤပုဗ္ဗကိစ္စအခါတို့၌ ကာမ မနောဒွါရဝီထိတို့သာ ဖြစ်ကုန်၏။

နိရောဓ ဘုံပုဂ္ဂိုလ်

ဤနိရောဓ သမာပတ်ကို ကာမဘုံ၌ အာဟာရအတွက် ခုနစ်ရက်ထက်လွန်၍ မဝင်စားနိုင်၊ ရူပဘုံ၌ ကာလပိုင်းခြားမရှိ ဝင်စားနိုင်၏။ အရူပဘုံ၌ အစဉ်အတိုင်း ဝင်စားရန် ရူပဈာန် မရှိသောကြောင့် မဝင်စားနိုင်။

ပုဂ္ဂိုလ်အားဖြင့် အနာဂါမ်၊ ရဟန္တာတို့သာ ကာမရာဂကင်း၍ သမာဓိမြဲသောကြောင့် ဝင်စားနိုင်ကုန်၏။ ၎င်းတို့လည်း အစဉ်အတိုင်း ဝင်စားရန် သမာပတ်အားလုံး ရမှ ဝင်စားနိုင်ကုန်၏။ ဖြစ်တတ် ပျက်တတ်သော သင်္ခါရတို့၌ လျော်စွာ ငြီးငွေ့၍ မျက်မှောက် ချမ်းသာစွာ နေလိုသောကြောင့် ဝင်စားကုန်၏။

(အလဂဒ္ဒူ ပမာ စာသင်လျှင် ဤနည်းမျိုး အာသာ ရှိကောင်းသည်ဟု သတိ မမူနိုင်လတ္တံ့။)

မရဏာသန္န ၂၄-ဝီထိ

မရဏာသန္နဝီထိသည် စက္ခုဒွါရဝီထိစသည်ဖြင့် ခြောက်ပါး ပြား၏။ ဇောနောင်စုတိ၊ ဇောဘဝင်နောင်စုတိ၊ တဒါရုံနောင် စုတိ၊ တဒါရုံဘဝင် နောင်စုတိ အားဖြင့် လေးပါးစီ ပြားသော ကြောင့် ၂၄-ဝီထိဖြစ်၏။

ပဉ္စဒွါရ

စက္ခုဒွါရဝီထိ ဖြစ်ဟန်ကား −

အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ မရဏာသန္နဇော ငါးကြိမ်၊ စုတိ။

(ဝါ၊ ဇောငါးကြိမ်၊ ဘဝင်၊ စုတိ။
ဝါ၊ ဇောငါးကြိမ်၊ တဒါရုံ နှစ်ကြိမ်၊ စုတိ။
ဝါ၊ ဇောငါးကြိမ်၊ တဒါရုံ နှစ်ကြိမ်၊ ဘဝင်၊ စုတိ။)

ထိုနောင် ပဋိသန္ဓေတချက်၊ ဘဝင် ၁၅-ချက်၊ ၁၆ချက်။ ထိုနောင် မနောဒွါရာဝဇ္ဇန်း၊ ဘဝနိကန္တိ လောဘဇော ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။

သောတဒွါရ စသည် နည်းတူပြီ။ (ပဉ္စဒွါရ ၂ဝ-ဖြစ်၏။)

မနောဒွါရ

မနောဒွါရ ဝီထိကား၊ ကာမဘုံမှ စုတေ၍ ကာမဘုံ၌ ဖြစ်သောသူအား၎င်း၊ ကာမစဝန္တ ရဟန္တာအား၎င်း၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္နဇော ငါးကြိမ်၊ စုတိ၊ (ဝါ၊ ဇော၊ စုတိ။ ဇော၊ ဘဝင်၊ စုတိ။ တဒါရုံ၊ စုတိ။ တဒါရုံဘဝင်၊ စုတိ။) ဖြစ်၏။

ထိုနောင် (ရဟန္တာမဟုတ်သူအား) ပဋိသန္ဓေ၊ ဘဝင် ၁၅-ချက်၊ ၁၆-ချက်၊ မနောဒွါရာဝဇ္ဇန်း၊ ဘဝနိကန္တိ လောဘဇော ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏။ (မနောဒွါရ လေးဝီထိဖြစ်၏။ )

ရူပ၊ အရူပသို့ သွားလတ္တံ့သော ကာမစဝန္တအား၎င်း၊ ရူပ အရူပစဝန္တ တို့အား၎င်း ဇောနောင် စုတိ။ ဇော၊ ဘဝင်၊ နောင်စုတိ အားဖြင့် နှစ်မျိုးသာဖြစ်သည်။

ရဟန္တာစုတိ နောင် ပဋိသန္ဓေမရှိ။ အကနိဋ္ဌစုတိ နောင် ပဋိသန္ဓေမရှိ။

အသညသတ်၌ နာမ်ပဋိသန္ဓေ မရှိ၊ ရုပ်ပဋိသန္ဓေသာတည်း။

အကနိဋ္ဌတိကား ပစ္ဆိမဘဝိက အစစ်ဖြစ်၍ ရဟန္တာ စုတိသာဖြစ်၏။

မရဏာသန္န အာရုံ

ဤ မရဏာသန္နဝီထိ တို့၌ ဘဝဟောင်း ဘဝင်စိတ်၊ စုတိစိတ်တို့သည် မူလပဋိသန္ဓေ ဟောင်း၏ အာရုံဖြစ်သော - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုကုန်၏။

ဘဝဟောင်း မရဏာသန္နဝီထိစိတ်၊ ဘဝသစ် ပဋိသန္ဓေစိတ်၊ ဘဝသစ်ဘဝင်စိတ် တို့သည် ပဋိသန္ဓေကို ဖြစ်စေသော ကံစွမ်းဖြင့် ထင်သော - ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုကုန်၏။

ဘဝသစ် မနောဒွါရာဝဇ္ဇန်း ဘဝနိကန္တိဇော တို့သည် ပဋိသန္ဓေသစ်ဟု ဆိုအပ်သော ဝိပါက်၊ ကဋတ္တာရုပ်ကို အာရုံပြုကုန်၏။

ရဟန္တာ၏ မရဏာသန္န ဝီထိစိတ်တို့သည် ထင်လာတိုင်းသော နာမ်ရုပ်ကို၎င်း၊ လက္ခဏရုပ်ကို၎င်း၊ ပညပ်ကို၎င်း အာရုံပြုကုန်၏။

စိတ်အကြိမ် မှတ်ဘွယ်

  • အကုသိုလ်စိတ် ၁၂-ခုသည် ဇောအားဖြင့် ငါးကြိမ်၎င်း, ခြောက်ကြိမ်၎င်း, ခုနှစ်ကြိမ်၎င်း - သုံးမျိုးဖြစ်၏။
  • ဒွေပဉ္စဝိညာဏ် တဆယ်-တကြိမ်စီ။
  • သမ္ပဋိစ္ဆိုင်းဒွေ-တကြိမ်စီ။
  • ဥပေက္ခာ သန္တီရဏနှစ်ခု-တကြိမ်၊ နှစ်ကြိမ်၊ အကြိမ် များစွာ။
  • သုခသန္တီရဏ တခု-တကြိမ်၊ နှစ်ကြိမ်။
  • ပဉ္စဒွါရာဝဇ္ဇန်း- တကြိမ်။
  • မနောဒွါရာဝဇ္ဇန်း- တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။
  • ဟသိတုပ္ပါ- ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်။
  • မဟာကုသိုလ် သမ္ပသုတ်- သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်။
  • မဟာကုသိုလ် ဝိပ္ပယုတ်-ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ်။
  • မဟာဝိပါက် ရှစ်ခု-တကြိမ်၊ နှစ်ကြိမ်၊ အကြိမ်များစွာ။
  • မဟာကြိယာ သမ္ပယုတ်-သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်။
  • မဟာကြိယာ ဝိပ္ပယုတ်-ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနှစ်ကြိမ်။
  • ရူပစိတ် ၁၅-ခု-တကြိမ်၊ အကြိမ်များစွာ။
  • နေဝသညာနာသညာယတနကုသိုလ်၊ ကြိယာနှစ်ခု-တကြိမ်၊ နှစ်ကြိမ် အကြိမ် များစွာ။
  • ကြွင်း အရူပစိတ်ဆယ်ခု-တကြိမ်၊ အကြိမ်များစွာ။

(နိရောဓဝီထိကို သတိမရလျှင် အလွဲအမှားဟု စွပ်စွဲတတ်ကုန်၏။)

  • မဂ်စိတ်လေးခု-တကြိမ်။
  • အောက်ဖိုလ်နှစ်ခု-နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်များစွာ။
  • အထက် ဖိုလ်နှစ်ခု-တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်များစွာ။

တေနဝုတ္တံ

တကြိမ်သာဖြစ်၊ ဆဲ့ခုနစ်တည်း။ တစ်၊ နှစ်- တပါး။ တစ်-အများကား၊ နှစ်ဆဲ့ငါးဖြစ်။ တစ်၊ နှစ်၊ သုံးမှာ၊ တခုသာတည်း။ တခါ-နှစ်၊ များ၊ ဆဲ့နှစ်ပါးလုံး၊ နှစ်-သုံး-များ-မြောက်၊ ဒွေဟုကောက်လေ။ ငါး-ခြောက်-ခုနှစ်၊ နှစ်ဆဲ့တစ်မှတ်။ တစ် နှစ်- သုံး-များ၊ နှစ်ပါးဟုရေး။ သုံး-လေး-ငါး-ခြောက်၊ ခုနစ်မြောက်မှာ၊ ရှစ်ခုလာသည်။ တစ်ခွါ ကိုးဆယ်စိတ်ကြိမ်တည်း။

တနည်း-

တကြိမ်ဖြစ်သော စိတ်ပေါင်း ၅၈။ နှစ်ကြိမ် ၁၈။ သုံးကြိမ်-၁၃။ လေးကြိမ်-၈။ ငါးကြိမ်၊ ခြောက်ကြိမ်၊ ခုနစ်ကြိမ် ၂၉။ အများ ၄၁။

(136 - page 120 Table)

(ဇယားကို Comment မှာ ကြည့်ပါ။)

ရှေ့နောက် စိတ်စဉ်

အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော ရှေးရှေးသော စိတ် စေတသိက် တို့သည် မိမိ နောက်သို့လိုက်၍ ဖြစ်ကုန်သော နောက်နောက်သော စိတ် စေတသိက်တို့အား အနန္တရသတ္တိဖြင့် ကျေးဇူးပြုကုန်၏။ စိတ်တပါး အကြားမရှိသော ရှေးစိတ်-ပစ္စည်း။ နောက်စိတ်-ပစ္စယုပ္ပန်။ အနန္တပစ္စည်း-ပဋ္ဌာန်းနည်းကို ချိန်သည်။

နောက်နောက်စိတ်

  • ပဋိသန္ဓေ နောင်ဘဝင်တမျိုးသာ။
  • ဘဝင်နောင်ဘဝင်၊ အာဝဇ္ဇန်း။
  • စုတိ-သုံးမျိုး။
  • ပဉ္စဒွါရာဝဇ္ဇန်းနောင် ပဉ္စဝိညာဏ်။
  • ပဉ္စဝိညာဏ်နောင် သမ္ပဋိစ္ဆိုင်း။
  • သမ္ပဋိစ္ဆိုင်း နောင် သန္တီရဏ။
  • သန္တီရဏနော င်ဝုဋ္ဌော။
  • ဝုဋ္ဌောနောင်ဝုဋ္ဌော၊ ကာမဇော၊ ပဉ္စဝေါကာရဘဝင်-သုံးမျိုး။
  • မနောဒွါရာဝဇ္ဇန်းနောင် မနောဒွါရာဝဇ္ဇန်း၊ ကာမဇော၊ ဘဝင်သုံးမျိုး၊
  • တိဟိတ်မှတပါးသော ကာမဇောနောင် ထိုကာမဇော၊ တဒါရုံ၊ ဘဝင်၊ စုတိလေးမျိုး။
  • တိဟိတ်ကာမဇောနောင် ထိုကာမဇော၊ မဟဂ္ဂုတ်ဇော၊ မဂ်ဇော၊ ဖိုလ်ဇော၊ တဒါရုံ၊ ဘဝင်၊ စုတိ-၇ မျိုး။
  • နေဝသညာနာသညာယတန ကြဉ်သော မဟဂ္ဂုတ်ဇောနောင် ထိုမဟဂ္ဂုတ်ဇော၊ တိဟိတ်ဘဝင် ၂-မျိုး။
  • နေဝသညာနာသညာယတနနောင် နေဝသညာနာသညာယတနဇော၊ အထက် ဖိုလ်ဇော၊ တိဟိတ်ဘဝင်သုံးမျိုး။ (နိရောဓသတိမရလျှင် စွပ်စွဲစရာတည်း။)
  • မဂ်ဇောနောင်ဖိုလ်ဇော။
    ဖိုလ်ဇောနောင် ဖိုလ်ဇော၊ တိဟိတ် ဘဝင် နှစ်မျိုး။
  • တဒါရုံနောင် တဒါရုံ၊ ကာမဘဝင်၊ ကာမစုတိ- သုံးမျိုး။
  • စုတိနောင် ပဋိသန္ဓေ။

ရှေးရှေးစိတ်

  • ပဋိသန္ဓေ ရှေ့စုတိ - တမျိုးသာ။
  • ဘဝင်ရှေ့ဘဝင်၊ ပဋိသန္ဓေ၊ ဇော၊ တဒါရုံ၊ ဝုဋ္ဌော-ငါးမျိုး။
  • ပဉ္စဒွါရာဝဇ္ဇန်းရှေ့ဘဝင်။
  • ပဉ္စဝိညာဏ်ရှေ့ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း ရှေ့ပဉ္စဝိညာဏ်၊ သန္တီရဏ ရှေ့သမ္ပဋိစ္ဆိုင်း။
  • ဝုဋ္ဌော ရှေ့ဝုဋ္ဌော သန္တီရဏ နှစ်မျိုး။
  • မနောဒွါရာဝဇ္ဇန်း ရှေ့မနောဒွါရာဝဇ္ဇန်း။ ဘဝင် နှစ်မျိုး၊
  • ကာမဇော ရှေ့ကာမဇော၊ ဝုဋ္ဌော၊ မနောဒွါရာဝဇ္ဇန်း။
  • မဟဂ္ဂုတ်ဇော ရှေ့မဟဂ္ဂုတ်ဇော၊ ကာမတိဟိတ်ဇော နှစ်မျိုး။
  • မဂ်ဇော ရှေ့ကာမ ကုသိုလ်တိဟိတ်ဇော။
  • အောက်ဖိုလ်ဇော ရှေ့အောက်ဖိုလ်ဇော၊ အောက်မဂ်ဇော။ ကာမကုသိုလ်တိဟိတ် ဇော၊ သုံးမျိုး။
  • အထက်ဖိုလ်ဇော ရှေ့အထက်ဖိုလ်ဇော၊ အထက်မဂ်ဇော၊ ကာမတိဟိတ်ဇော၊ နေဝသညာ နာသညာယတန မဟဂ္ဂုတ်ဇော-လေးမျိုး။
  • တဒါရုံ ရှေ့တဒါရုံ၊ ကာမဇော နှစ်မျိုး။
  • စုဘိရှေ့-ကာမဇော၊ တဒါရုံ၊ ဘဝင်- သုံးမျိုး။

အနန္တရ ပစ္စည်း ပဋိဌာန်းနည်း၌ ကမ်းတဘက်ရောက်သူ-ပါရဂူ ဖြစ်နိုင်ရာ၏။

ကာမဝီထိ နောက်လိုက်

သဒ္ဒံပဌမစိတ္တေန၊ တီတံဒုတီယစေတသာ။
နာမံ တတီယစိတ္တေန၊ အတ္ထံစတုတ္ထစေတသာ။

  • သဒ္ဒံ၊ ပစ္စုပ္ပန် သဒ္ဒါရုံကို။
    ပဌမစိတ္တေန၊ ပဌမစိတ်ဖြင့်သိ၏။
  • အတီတံ၊ အတိတ် သဒ္ဒါရုံကို။
    ဒုတီယစေတသာ၊ ဒုတီယစိတ်ဖြင့်သိ၏။
  • နာမံ၊ နာမညပ်ကို။
    တတီယစိတ္တေန၊ တတီယစိတ်ဖြင့်သိ၏။
  • အတ္ထံ၊ အတ္ထပညပ်ကို။
    စတုတ္ထ စေတသာ၊ စတုတ္ထစိတ်ဖြင့်သိ၏။

ပဌမစိတ်ဟူသည်ကား သောတဒွါရ အတိမဟန္တာရုံ ဝီထိစိတ် အစဉ်တည်း။ ဝဒန္တပုဂ္ဂိုလ်သည် နွားဟုဆိုအံ့၊ သုဏန္တပုဂ္ဂိုလ်အား ရှေးဦးစွာ သောတဒွါရဝီထိဖြစ်၏။ ထိုဝီထိသည် ဆိုဆဲသဒ္ဒရုပ် ပရမတ်ကိုအာရုံပြု၏။ ပစ္စုပ္ပန်အသံကိုသာသိသေးသည်။

ဒုတီယစိတ်ကား တဒနုဝတ္တက-မနောဒွါရ ဝိဘူတာရုံတည်း။ ဒုတီယအကြိမ် ဤ မနောဒွါရဝီထိဖြစ်၏။ ဆိုပြီးသဒ္ဒရုပ် ပရမတ်ကို အာရုံပြု၏၊ အတိတ်အသံကိုသာ သိသေးသည်။ (ဤအထိ ပရမတ် နှစ်ဝီထိဖြစ်၏။)

တတီယစိတ်ကား သုဒ္ဓမနောဒွါရ ဝိဘူတာရုံတည်း။ ယတီယအကြိမ် ဤမနောဒွါရ ဝီထိဖြစ်၏၊ အက္ခရာအပေါင်းဟူသော နာမပညပ်ကို အာရုံပြု၏။ နွားဟူသောအမည် သညပ်ကိုသာ သိသေးသည်။ မြက်စားလှည်းရုန်းကောင်ဟု မသိသေး။

စတုတ္ထစိတ်ကား သုဒ္ဓမနောဒွါရ ဝိဘူတာရုံတည်း။ စတုတ္တအကြိမ် ဤမနောဒွါရ ဝီထိဖြစ်၏။ ခန္ဓာဒြပ်ဟူသော အတ္ထပညပ်ကို အာရုံပြု၏။ မြက်စားလှည်းရုန်းသော နွား အကောင်ဟု ယခုမှ သိသည်။

ဆိုဆဲအသံနွား၊ ဆိုပြီးအသံနွား (ပရမတ်နှစ်မျိုး) အမည်နွား၊ မြက်စားသောနွား (ပညပ်နှစ်မျိုး) ဤလေးမျိုးကို အစဉ်အတိုင်း အာရုံပြု၍သိ၏။

အသံကြားတိုင်း နာမပညပ်အထိ သုံးဝီထိသည် ပုဂ္ဂိုလ်မရွေး မုချဖြစ်၏။ ရှေးက သင်္ကေတ သိဘူးသူအားသာ လေးဝီထိ ဖြစ်ကောင်းသည်။ မသိဘူးသူအား အတ္ထပညပ်ကို သိသော စတုတ္ထဝီထိ မဖြစ်ကောင်း။

ဤသို့လျှင်ပဉ္စဒွါရဝီထိ တခုခုနောင် နောက်လိုက် တဒနုဝတ္တက မနောဒွါရဝီထိ၊ သုဒ္ဓမနောဒွါရ ဝီထိတို့သည် ထိုက်သလို ဖြစ်ကုန်၏။

ပါဏာတိပါတစသော အကုသိုလ်၊ ဒါနသီလ စသော ကုသိုလ်တို့ကို ပြုရာ၌လည်း ဤစတုတ္ထ ဝီထိ၌ဖြစ်သော ဇောခုနှစ်ကြိမ်တို့သာ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးတို့ကို ဖြစ်စေကုန်၏။ ရှေးဝီထိ ဇောတို့ကား ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်ကုန်။ အားသေး ကုန်၏။

အပ္ပနာဝီထိ နောက်လိုက်

အပ္ပနာဝီထိ ငါးမျိုးတို့တွင် ဈာနဝီထိ၌ အာဒိကမ္မိကနှင့်၊ သမာပဇ္ဇန ၇၂-ဝီထိတို့နောင် ထိုဈာန်တို့၌ရှိသော ဝိတက်စသော ဈာန်အင်္ဂါတို့ကို တခုစီအာရုံပြု၍ ဈာနလာဘီ ပုဂ္ဂိုလ်တို့ ဆင်ခြင်ကုန်၏။ ဆင်ခြင်သော ဝီထိကား ဝိဘူတာရုံတည်း။

ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ကာမဇောငါးကြိမ်။ ထိုနောင် တိဟိတ် ဘဝင် ၁၃-ခု ထိုက်သလိုကျသည်။ လျှင်မြန်လိုသောကြောင့် ဇောငါးကြိမ်သာ။ မဟဂ္ဂုတ်အာရုံ ဖြစ်သောကြောင့် တဒါရုံမကျ။

ဝသီဘော်ငါးပါး

၁။ ဤဆင်ခြင်သော ဝီထိ၌ မနောဒွါရာဝဇ္ဇန်းသည် အာဝဇ္ဇနဝသီ မည်၏။

၂။ ဇောငါးကြိမ်သည် ပစ္စဝေက္ခဏာဝသီ မည်၏။

၃။ ဈာန်သမာပတ် ဝင်စားခြင်းကား သမာပဇ္ဇနဝသီ မည်၏။

၄။ ဤအချိန်မှ ဤအချိန်အထိ ဝင်စားမည်ဟု ဆောက်တည်ခြင်းသည် အဓိဋ္ဌာန ဝသီ မည်၏။

၅။ ဤအချိန်ဈာန်မှ ထမည်ဟု ဆောက်တည်တိုင်း ထနိုင်ခြင်းသည် ဝုဋ္ဌာနဝသီ မည်၏။

ဤ ဝသီဘာ၀ ငါးပါးတို့ဖြင့် လေ့လာခြင်း ပြုကုန်၏။

ပစ္စဝေက္ခဏာ ၁၉-ဝီထိ

မဂ္ဂဝီထိဖြင့် မဂ်ဖိုလ်ရပြီးသော အရိယာပုဂ္ဂိုလ်သည် မဂ်ကို၎င်း၊ ဖိုလ်ကို၎င်း၊ နိဗ္ဗာန်ကို၎င်း ဆင်ခြင်၏။ သုံးဝီထိစီဖြစ်၍ မဂ်လေးခု၌ ၁၂-ဝီထိ။ ပယ်ကိလေသာ၊ ကြွင်းကိလေသာ နှစ်မျိုးကိုလည်း အချို့ဆင်ခြင်၏။ နှစ်ဝီထိစီဖြစ်၏။ အရဟတ္တ မဂ်ဖိုလ် ရသောသူကား ကြွင်းကိလေသာ ဆင်ခြင်ရန်မရှိ။ ၇-ဝီထိ။ ပေါင်း ပစ္စဝေက္ခဏာ ၁၉-ဝီထိဖြစ်၏။

(ပယ်ကိလေသာကြွင်း ကိလေသာကိုအချို့ သေက္ခသာမဆင်ခြင်။)

ဆင်ခြင်သော ဝီထိကား၊ စ၊ ဒ၊ မ၊ ကာမဇော ခုနစ်ကြိမ်။ ထိုနောင် ဘဝင်ကျ၏၊ သောတာပတ္တိမဂ္ဂဝီထိအရာ၌ အရူပဘဝင် မကျ။

မှီရာဝတ္ထု

မရဏာသန္နဝီထိတို့၌ ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယ ဝတ္ထုကို မှီသည်။ စုတိတိုင်အောင် ၁၆-ချက်သော စိတ်တို့သည် ၁၇-ချက်မြောက်စိတ်နှင့် အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီကြသည်။

နိရောဓဝီထိတို့၌ နိရောဓသမာပတ်မှ ထသောအခါ ဖိုလ်စိတ်သည် ရှေ့စိတ္တက္ခဏ တချက်ခန့်ကာလ၌ဖြစ်သော ဟဒယဝတ္ထုကို မှီသည်။

ပဉ္စဒွါရဝီထိတို့၌ ပဉ္စဝိညာဏ်စိတ်သည် မဇ္ဈိမာယုက ဖြစ်သော ပဉ္စပသာဒ ဝတ္ထုကို၊ ဝါ၊ ပဌမ အတီတဘဝင်နှင့် အတူ ဥပါဒ်သော ပဉ္စပသာဒဝတ္ထုကို မှီသည်။

ကြွင်းလေသမျှ ဝီထိစိတ် ဘဝင်စိတ်တို့သည် ရှေးရှေးသော စိတ်နှင့်အတူဥပါဒ်သော ဟဒယဝတ္ထုကို မှီကြသည်။ ရှေ့စိတ်ဟဒယကို နောက်စိတ်မှီသည် ဟူလို။ (အရူပ၌ မမှီမူ၍သာ ဖြစ်သည်။) ဝတ္တု ပုရေဇာတပစ္စည်း ပဋ္ဌာန်းနည်းကို ချိန်သည် လွယ်ကူလတ္တံ့။

မဇ္ဈိမာယုက

ပဉ္စာရုံထိခိုက်သောအခါ ပဉ္စာရုံနှင့် ဥပါဒ်ပြိုင်သော ပဉ္စပသာဒတခုသည် (ဝါ၊ ပဌမ အတီတဘဝင် ဥပါဒ်၌ ဖြစ်သော ပသာဒ တခုသည်) မဇ္ဈိမာယုက မည်၏။

အာရုံနှင့်ဖြစ်ချုပ် မရှေးမနှောင်း အသက်တူ ပသာဒ ဟူလို။ ထိုမှနောက် ပသာဒ တို့သည် အမန္ဒာယုက မည်၏။ အာရုံချုပ်သောအခါ နောင်းကျန်ရစ်သည် ဟူလို။ ထိုမှ ရှေးပသာဒတို့သည် မန္ဒာယုက မည်၏။ အာရုံရှိစဉ် ချုပ်နှင့်လေပြီဟူလို။

အတိမဟန္တာရုံ၌ ပဉ္စဒွါရာဝဇ္ဇန်း၏ ဘင်တိုင်အောင် ဥပါဒ် ဌီ ဘင် တိုင်းဖြစ်သော နောက်ပသာဒ ၁၁-ခုသည် အမန္ဒာယုက ၁၁-ခုဖြစ်၏။ ရှေးတေရသမ ဘဝင်၏ ဘင်အထိ ဥပါဒ်, ဌီ, ဘင် တိုင်ဖြစ်သော ရှေးပသာဒ ၃၇-ခုသည် မန္ဒာယုက ၃၇-ခုဖြစ်၏။ အတီတဘဝင် တိုးသော ဝီထိတိုင်း အမန္ဒာယုက ၃-ခုစီတိုး၍ မန္ဒာယုက ၃-ခုစိ လျှော့၍ ပသာဒပေါင်း ၄၉-စီသာတည်း။

ပဉ္စဝိညာဏ်မဖြစ်မီ ရှေး၌ ပသာဒ ၅၁-ခု တည်ဆဲရှိသော်လည်း ပဉ္စဝိညာဏ် ဥပါဒ်ပြီးသောအခါ တခုချုပ်၏။ ဌီပြီးသောအခါ တခုချုပ်၏၊ ဘင်တိုင်အောင် တည်ဆဲ ပသာဒကား ၄၉-ချက်သာတည်း၊ ထို၄၉-ချက်၌သာ သက်တို၊ သက်ရှည်ဖယ်၍ အာရုံ နှင့် ပြိုင်သော သက်လတ်ပသာဒတခုကို ပဉ္စဝိညာဏ်မှီသည်။

သရက်ပမာ

လူတယောက်သည် သရက်ပင်အောက်၌ အိပ်ပျော်နေ၏၊ သရက်သီး ကြွေကျ သောကြောင့် လန့်နိုး၍၊ မျက်စိဖွင့်ကြည့်၍၊ ယူ၍၊ နယ်၍၊ နမ်း၍၊ စား၍၊ မျိုချ၏။ ထိုနောက်ပြန်အိပ်၏။

ဤဥပမာ၌ --

  • အိပ်ပျော်နေခြင်းသည် ရှေးဘဝင် အယဉ်နှင့် တူ၏။
  • ကြွေကျ-အာရုံပသာဒထိ။
  • နိုး-အာဝဇ္ဇန်း။
  • ကြည့်-စက္ခုဝိညာဏ်။
  • ယူ-သမ္ပဋိစ္ဆိုင်း။
  • နယ်-သန္တီရဏ။
  • နမ်း-ဝုဋ္ဌော။
  • စား- ဇောအကြိမ်ကြိမ်။
  • မျို-တဒါရုံ။
  • ပြန်အိပ်ခြင်းသည်-နောက်ဘဝင် အယဉ်နှင့်တူ၏။

ဤဥပမာဖြင့်-

  • ပသာဒ၌ ထိခြင်းသာ အာရုံ၏ကိစ္စ။
  • ဆင်ခြင်ခြင်းသာ အာဝဇ္ဇန်းကိစ္စ။
  • မြင်ခြင်းသာ စက္ခုဝိညာဏ်ကိစ္စ။
  • ခံယူ၊ စူးစမ်း၊ မှတ်ခြင်းသည် သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောကိစ္စ။
  • အာရုံ အရသာကို ခံစားနိုင်ခြင်းကာ ဇောကိစ္စသာတည်း။
  • ဇောအာရုံကို အာရုံပြုခြင်း-တဒါရုံကိစ္စ။

ဤသို့လျှင် သဘောတရားတို့သည် မိမိကိစ္စအားဖြင့် မရောယှက်ဟု ကိစ္စ မရောယှက်ခြင်းဂုဏ်ကို ပြတော်မူသည်။

နိယာမငါးပါး

သင်သည် အာဝဇ္ဇန်းဖြစ်၍ ဘဝင်နောင်ဖြစ်လော။ သင်ကား ဒဿနဖြစ်၍ အာဝဇ္ဇန်းနောင် ဖြစ်လော- ဤသို့စသည်ဖြင့် စိတ်စဉ်ကိုစီမံသူမရှိ။နိယာမငါးပါးတွင် စိတ္တနိယာမအားဖြင့်သာ စိတ်စဉ်ဖြစ်သည်။ နိယာမငါးပါးကို ဆိုအပ်၏။

  • ၁-သစ်ပင်တို့ တချိန်တည်း ပွင့်သီးခြင်းသည် ဥတုနိယာမ မည်၏။
  • ၂-သရက်သီးချင်း တူအောင်၊ အုန်သီးတိုင်း ထိပ်ပေါက်ရှိအောင်-ဤသို့စသည်ဖြင့် ဖြစ်ခြင်းသည် ဗီဇနိယာမ မည်၏။
  • ၃-တိဟိတ်ကံသည် တိဟိတ်၊ ဒွိဟိတ်၊ အဟိတ်အကျိုးကို၊ ဒွိဟိတ်ကံသည်ဒွိဟိတ်၊ အဟိတ်အကျိုးကို ပေးခြင်းသည် ကမ္မနိယာမ မည်၏။ ဖွတ်တွင်းပိတ်ဘူးသူ, လှိုဏ်ခေါင်း ပိတ်ခံရခြင်း .. စသော ကံတူအကျိုးပေးတို့လည်း ကမ္မနိယာ မည်၏။
  • ၄-ဘုရာလောင်း သန္ဓေယူသောအခါ မြေလှုပ်ခြင်း စသည်သည် ဓမ္မနိယာမ မည်၏။
  • ၅-အာရုံပသာဒ ထိခိုက်သောအခါ အာဝဇ္ဇန်း စသည် အစဉ်ကျအောင် ဖြစ်ခြင်းသည် စိတ္တနိယာမ မည်၏။

(ဥတု၊ ဗီဇ၊ ကမ္မ၊ ဓမ္မ၊ စိတ္တ-နိယာမငါးပါး။)

ကာမဝီထိအရာ မှတ်ဘွယ်

ကျောက်၊ လောင်စာနှင့် နေပူ-ပေါင်းဆုံမိမှ မီးဖြစ်သကဲ့သို့ ဝတ္ထုနှင့် အာရုံစသည်တို့-ပေါင်းဆုံမိမှ ဝီထိစိတ်ဖြစ်သည်။ ဝီထိစိတ်တို့သည် အာရုံကို ဆင်ခြင်ခြင်း၊ မြင်ခြင်း၊ လက်ခံခြင်း စသည်ကိုပြုရာ၌ ပြုတတ်သော ကတ္တားသတ္တိ မရှိ။ ဆင်ခြင်သကဲ့သို့ မြင်သကဲ့သို့ စသော အခြင်းအရာ ဘာဝသတ္တိဖြစ်ခြင်းမှ လာဖြစ်ကုန်၏။ တဒ္ဓမ္မူပစာ-မရှိရာတင်စား၍ ဆင်ခြင်သည်။ မြင်သည်။ လက်ခံသည် စသည်ဖြင့်ဆိုသည်။

ရူပါရုံ မလာခြင်း

ရူပါရုံသည် မိမိနေရာ၌တည်လျက် စက္ခုအား ထင်သည်။ စက္ခုပသာဒသို့လာ၍ ထိမှထင်သည် မဟုတ်၊ ထိုကြောင့်မလာ။ ရူပါရုံတနေရာမှ တနေရာသို့ သွားခြင်းကား မှီရာမဟာဘုတ်ရွေ့၍ ဖြစ်လျှင် သွားသည် မည်၏။ မရွေ့ဘဲဖြစ်လျှင် ရပ်သည်မည်၏။

(အနုစိတ်ခြင်းဖြင့်ကား နေရာ မရွေ့ဘဲဖြစ်ရာ၌သာ ချုပ်သောကြောင့် သွားတတ်သော ရုပ်တခုမျှ မရှိ၊ မှီရာမဟာဘုတ် တရွေ့ရွေ့ အသစ်အသစ်ဖြစ်ရာ၌ မခွဲနိုင်သော ရုပ်တို့၏ ဖြစ်ခြင်းကြောင့် - မသွားတတ်သော ရုပ်လည်း တခုမျှမရှိ။ ဤသို့ မဝေဘန်လျှင် ရူပ၊ သဒ္ဒ- မသွားတတ်။ ဂန္ဓ- စသည်သွားတတ်သည်ဟု အယူသည်းထန်ကုန်ရာ၏။)

ထမ်းစင် ထမ်းနည်း

မြင်ရသောအခါ များသောရူပါရုံ အပေါင်းကိုသာ မြင်သည်၊ ရုပ်ကလာပ်တခု နှစ်ခုမျှဖြစ်သော ရူပါရုံကိုမမြင်။ ရူပါရုံကိုမြင်သလော- အပေါင်းကို မြင်သလောဟူမူ။ ပရမတ်၌ အပေါင်းမရှိ။ အစိတ်အစိတ်သည်ပင် အပေါင်းဖြစ်၍ ထမ်းစင်ထမ်းနည်းဖြင့် မြင်သည်။ အများပိုင်းထမ်းမှ ထမ်းစင် ကြွသကဲ့သို့ ရူပါရုံအများပေါင်းစုမှ မြင်ရသည်။

အကြောင်းလေးပါး

ရူပါရုံများသလောက် အကုန်မမြင်၊ နှုလုံးသွင်းသလောက်မြင်သည်၊ မြင်သော အခါလည်း စက္ခုသည် အရောင်အလင်ကို မှီ၍သာ မြင်သည်။ စက္ခု၊ ရူပ၊ အာလောက၊ မနသိကာရ-ဤကား မြင်ခြင်း အကြောင်း လေးပါးတည်း။

မမြင်ရသောရူပါရုံ ၆-မျိုး

သေးလွန်းသော အဏုမြူ၊ ဝေးလွန်သော မြင်းမိုရ်တောင်၊ နီးလွန်းသော မျက်မွေးမျက်လွှာ၊ မြန်လွန်းသော သံတွေပူပေါ်ကျသော ရေပေါက်။ အနာဂတ်အ ဆင်း၊ အတိတ်အဆင်း -ဤသို့သော ရူပါရုံတို့ကို မမြင်နိူင်။ (ဖုံးကွယ်ကိုဝေး၌ထည့်။)

သေး၊ ဝေး၊ နီး၊ မြန်၊ (၄)၊ နာ၊ တီတံ (၂) ၊မြင်ရန်မစွမ်းနိုင်။

သဒ္ဒါရုံ မလာခြင်း

သဒ္ဒါရုံသည်လည်း မိမိနေရာ၌ တည်လျက် သောတအား ထင်သည်။ သောတ ပသာဒသို့ လာ၍ထိမှ ထင်သည်မဟုတ်။ ပသာဒသို့မရောက်ဘဲ ထင်မှ အရှေ့အရပ်က အဆင်းအသံ၊ အနောက်က အဆင်း အသံဟု မှတ်သားနိုင်သည်၊ သဒ္ဒါရုံသွားခြင်းကား မှီရာမဟာဘုတ် အတိုင်းပင်တည်း။

ကြားရသောအခါ များသော သဒ္ဒါရုံအပေါင်းကိုသာ ကြားသည်၊ ရုပ်ကလာပ်တခု နှစ်ခုမျှသဒ္ဒကို မကြား။ များသလောက်လည်း မကြား။ နှလုံးသွင်းသလောက်သာ ကြားသည်။ အကြား အပေါက် အာကာသကို မှီ၍သာကြားသည်။ သောတ, သဒ္ဒ, အာကာသ, မနသိကာရ-ကြားခြင်းအကြောင်းလေးပါး။

ဂန္ဓာရုံစသည် လာခြင်း

ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ တို့ကား ဃာန, ဇိဝှါ, ကာယ, ပသာဒသို့လာ၍ ထိကပ်မှ ထင်ကုန်၏။ မထိကပ်လျှင်မထင်၊ ပသာဒသို့ရောက်မှ ထင်သောကြောင့် ဤအနံ့၊ အရသာ၊ အတွေ့ကား အရှေ့က၊ အနောက်က-ဟု မမှတ်၊ ပသာဒ၌သာ အမှတ် ထားကြရလေသည်။ သွားခြင်းကား မှီရာ မဟာဘုတ် အတိုင်းပင်တည်း။ ရုပ်ကလာပ်တခု၊ နှစ်ခုမျှ သေးငယ်သော်လည်း ပသာဒသို့လာ၍ ထိလျှင်သိနိုင်၏။ နှလုံးသွင်း သလောက်သိသည်။

  • လေဓာတ်မှီ၍ အနံ့သိသည်၊ ဃာန၊ ဂန္ဓ၊ ဝါယော၊ မနသီ- အနံ့သိကြောင်းလေးပါး။
  • ရေဓာတ်မှီ၍ အရသာသိသည်၊ ဇိဝှါ၊ ရသ၊ အာပေါ၊ မနသီ-အရသာသိကြောင်း လေးပါ။
  • အမာဓာတ် မှီ၍ အတွေ့သိသည်၊ ကာယ၊ ဖောဋ္ဌဗ္ဗ၊ ပထဝီ၊ မနသီ-တွေ့သိကြောင်း လေးပါး။

ပသာဒ ငယ်သော်လည်း

ပဉ္စပသာဒတို့ကား ရုပ်ကလာပ်တခု နှစ်ခုမျှ သေးငယ်သော်လည်း စိတ်၏မှီရာဖြစ်၍ အာရုံကို ယူနိုင်ကုန်၏။

လှုပ်ခြင်း ပြတ်ခြင်း

ပသာဒ အာရုံ တွေ့ဆုံသောအခါ ဝီထိဖြစ်ခြင်းငှါ ဘဝင်ချက်ခြင်း မပြတ်။ ဘဝင်္ဂစလန နှစ်ကြိမ် ဖြစ်ပြီးမှပြတ်ခြင်းသည် ပြေးသူ ရပ်ခွင့်ကြုံသောအခါ ချက်ခြင်း မရပ် တလှမ်း၊ နှစ်လှမ်း လွန်ပြီးမှ ရပ်သည်နှင့်တူ၏။

အာရုံသည် ပသာဒကိုသာ ထိသည်၊ ဘဝင်ကိုမထိ။ ဘဝင်သည် ဟဒယ၌မှီနေသည်။ ဘဝင် အဘယ်ကြောင့် လှုပ်သနည်း။ ခုတ်ရာတခြား, ရှရာတခြား မဖြစ်ပြီလော?

သန္တာန် တစပ်တည်း ဖြစ်သောကြောင့်တည်း၊ စပ်ပုံကား-ပသာဒသည် မဟာဘုတ်၌ မှီသည်။ မဟာဘုတ်သည် မဟာဘုတ်ချင်း စပ်သည်။ စပ်သော မဟာဘုတ်၌ ဟဒယဝတ္ထုမှီသည်၊ ဟဒယ၌ ဘဝင်မှီသည်၊ ဤသို့ တစပ်တည်းဖြစ်သောကြောင့် အာရုံနှင့် ပသာဒ ဆုံလျှင် ဘဝင် တုန်လှုပ်ရလေသည်။ စည်မျက်နှာ တဘက်၌ တီးလျှင် အခြားတဘက်၌ ကပ်နေသော သကာခဲ၌ နားနေသော ယင်ငယ် တုန်လှုပ်၍ ပျံရလေသည်နှင့်တူ၏။

တဒါရုံနှစ်ကြိမ် ဥပမာ

တဒါရုံသည် အမြဲနှစ်ကြိမ်ဖြစ်သည်။ နှစ်ကြိမ် မဖြစ်လောက်သော မဟန္တာရုံ၌ တကြိမ်မျှပင်မဖြစ် (အချို့ကား တကြိမ်လည်း ဖြစ်ကောင်းသည်ဟူ၏။)

တဒါရုံသည် မိမိကိုဖြစ်စေသော ကာမကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကာမ အလားတူ ကာမကြိယာဇောတို့ နောင်သာ ဖြစ်သည်။ မဟဂ္ဂုတ်၊ လောကုတ္တရာ နောင်မဖြစ်၊ ကာမ ပဋိသန္ဓေစိတ်သည် တဒါရုံ၏ဖြစ်ကြောင်း မျိုးစေ့တည်း၊ ကာမ ဇောနောင်လည်း ကာမအာရုံ၌သာ ကာမဘုံ၌သာ ဖြစ်သည်။ မဟဂ္ဂုတ်စသောအာရုံ၊ ရူပဘုံ အရူပဘုံ၌မဖြစ်၊ သတို့သားငယ်နှင့်တူ၏။

သတို့သားငယ်သည် မွေးသည့်မိခင်၊ ဘခင်၊ အလားတူ ဦးကြီး၊ ဦးလေးတို့၏ နောက်သာ လိုက်သည်။ အမတ်စစ်သူကြီးတို့နောက် မလိုက်၊ မိဘဆွေမျိုး နောက်လည်း အိမ်အနီး၌ သာလိုက်သည်။ အရပ်ဝေးသို့ မလိုက်သကဲ့သို့တည်း။

တနည်း --

ကာမတဏှာသခင်၏ အစွမ်းဖြင့်ဖြစ်သော ကာမကုသိုလ် အကုသိုလ် ကျွန်မကြီးမှ တဒါရုံသားပေါက် မွေးဘွားရသည်။ ကာမတဏှာ ဟူသော သခင်၏နယ် ကာမအာရုံ ကာမဘုံအိမ် အနီး၌သာ ကာမဝိပါက် တဒါရုံဟူသော သားပေါက်ကျွန်မသာ ဖြစ်ရသည်။ လိုက်ရသည်။ နယ်မလွန်ရ သကဲ့သို့တည်း။

ဇောအာရုံ၏အသက်

အချို့ ပရိတ္တာရုံ၌ ဇောငါးကြိမ်၊ ခြောက်ကြိမ်ခန့်အာရုံ အသက်ရှိလျှက် အဘယ်ကြောင့် ဇောတကြိမ်မျှ မစောသနည်း။ ပစ္စုပ္ပန်ထင်ဆဲ အာရုံ၌ ဇော ခုနစ်ကြိမ်ဖြစ် လောက်အောင် အာရုံအသက်ရှိမှ ဇောစောသည်။ ခုနစ်ကြိမ် မဖြစ်လောက်သော အာရုံသည် အားနည်းသောကြောင့် ဇောကို ဖြစ်စေခြင်းငှါ အာရမ္မဏသတ္တိဖြင့် ကျေးဇူးမပြုနိုင်။

အပ္ပနာဝီထိအရာမှတ်ဘွယ်

အပ္ပနာဇောသည် ကာမဇောသုံးကြိမ်၊ လေးကြိမ်နောင် - လေးကြိမ်မြောက်၊ ငါးကြိမ် မြောက်၌သာကျသည်။ ငါးကြိမ်၊ ခြောက်ကြိမ်နောင် မကျ၊ အဘယ်ကြောင့်နည်း၊ ဘဝင်ကျခြင်းနှင့် နီးသောကြောင့်တည်း၊ ကမ်းပါးပြတ်သို့ ပြေးသောသူသည် မရောက်မီ ရပ်ရသည်၊ ရောက်မှရပ်လျှင် ကျခြင်းနှင့် နီးလတ္တံ့။

ကာမဇော နှစ်ကြိမ်နောင်လည်း မကျ၊ အဘယ်ကြောင့်နည်း။ ကာမဇောနှစ်ကြိမ်တွင် ဂေါတြဘူ မဖြစ်နိုင်သောကြောင့်တည်း။ ပဌမဇောသည် အာသေဝနပစ္စည်းမရ၍ အားမရှိသောကြောင့် ဒုတီယတော နေရာ၌ ဂေါတြဘူဖြစ်အောင် ကျေးဇူးမပြုနိုင် ဒုတီယဇော ဂေါတြဘူမဖြစ်သောကြောင့် သုံးကြိမ်မြောက် တတီယဇော အပ္ပနာမဖြစ်။ ကာမာတကြိမ်နောင်ကား အပ္ပနာဝေးစွ။

ကာမဇောငါးမည်

အပ္ပနာဇောရှေ့၌ ကာမဇော လေးကြိမ်တို့တွင် ပဌမဇောသည် အပ္ပနာကို ပြုပြင် တတ်သောကြောင့် ပရိကံမည်၏၊ ဒုတီယဇောသည် အပ္ပနာ၏ အနီး၌ ဖြစ်သောကြောင့် ဥပစာရမည်၏။ (မနီးလွန်းသော်လည် မဝေးသောကြောင့် အနီးဟု ဆိုသည်။) တတီယဇောသည် ကာမဇော၊ နောက်အပ္ပနာတို့အား လျော်သောကြောင့် အနုလုံမည်၏၊ စတုတ္ထဇောသည် ကာမအနွယ်၊ ပုထုဇဉ်အနွယ်ကို ဖျက်၍ မဟဂ္ဂုတ် အနွယ် လောကုတ္တရာ အရိယာအနွယ်ကို ဖြစ်စေတတ် သောကြောင့် ဂေါတြဘူ မည်၏၊ အရိယာပုဂ္ဂိုလ်၏မဂ်ရှေ့ (ဂေါတြဘူ) ကာမဇောသည် ကိလေသာ စင်ကြယ် သောကြောင့် ဝေါဒါန်မည်၏။

အပ္ပနာအမည်

ဝိတက်စသော ဈာန်အင်္ဂါငါးပါးသည် အာရုံကို ကပ်၍ ရှုတတ်သောကြောင့် ဈာန် မည်၏။ နီဝရဏတို့ကို ပယ်တတ်သောကြောင့်လည်း ဈာန်မည်၏။ ပယ်ဟန်ကား ဝိတက်သည် ထိနမိဒ္ဓကိုပယ်၏၊ ဝိစာရသည် ဝိစိကိစ္ဆာကို ပယ်၏၊ ပီတိသည် ဗျာပါဒကို ပယ်၏၊ သုခသည် ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်၏၊ ဧကဂ္ဂတာသည် ကာမစ္ဆန္ဒကိုပယ်၏။

ထိမိဒ်၊ ဝိ၊ ဗျာ၊ (၃)၊ ဥဒ် ကုတ်၊ ကာ (၂)၊ ငါးဖြာ ဈာန်ပယ်စဉ်။

ဤဈာန်အင်္ဂါငါးပါးတို့တွင် ဝိတက်သည်သာလျှင် ကသိုဏ်း စသောအာရုံ၌ ချဉ်းကပ် ဝင်ရောက် တတ်သောကြောင့် အပ္ပနာ မည်၏။ (မုချ)။ မဟဂ္ဂုတ် လောကုတ္တရာ တို့သည် ထို (ဝိတက်) အပ္ပနာစွမ်းဖြင့် ဖြစ်သောကြောင့် အပ္ပနာ မည်၏။ (ဥပစာ)

မဂ်ဖိုလ်ဝေဒနာ

မဂ်သို့ ရောက်ကြောင်း ဖြစ်သော ဝိပဿနာသည် ဝုဋ္ဌာနဂါမိနီ မည်၏၊ အထွတ် အထိပ်သို့ရောက်သော ပရိကံ၊ ဥပစာ၊ အနုလုံ၊ သုံးခုဖြစ်၏။ ထိုဝိပဿနာစွမ်းဖြင့် မဂ်ဖိုလ်၌ ဝေဒနာကိုမှတ်သားသည်။ ထိုဝိပဿနာသည် သောမနဿဖြစ်လျှင် မဂ်ဖိုလ်လည်း သောမနဿဖြစ်သည်၊ မဂ်ဖိုလ် သောမနဿဖြစ်လျှင် ထိုဝိပဿနာ လည်း သောမနဿဖြစ်သည်၊ ဥပေက္ခာဖြစ်လျှင်လည်း ထိုနည်းတည်း။

အောက်ဈာန် လေးပါး ရသူ၏ မဂ်ဖိုလ်သည် ထိုဈာန်လေးပါးနှင့်တူစွာ ဈာန်အင်္ဂါ အမျိုးမျိုးဖြစ်၍ (ဥပေက္ခာမဖြစ်) သောမနဿသာ ဖြစ်သည်။ သုက္ခဝိပဿက၏ မဂ်ဖိုလ်သည် ပဌမဈာန် နှင့်တူစွာ ဈာန်အင်္ဂါဖြစ်၍ (ဥပေက္ခာမဖြစ်) သောမနဿသာ ဖြစ်သည်။

ဝီထိပိုင်းအရသာ ပြီး၏။

၅ - ဘုံပိုင်း

ဤသို့ ဝီထိစိတ်စွမ်းဖြင့် ပဝတ္တိအခါ ဖြစ်သော ပဝတ္တိသင်္ဂဟကိုပြပြီး၍ ယခုအခါ၌ ပဋိသန္ဓေအခါဖြစ်သော ပဝတ္တိသင်္ဂဟကို ဆိုပေအံ့။

(ပဋိသန္ဓေ နောင် ပဌမဘဝင်မှစ၍ စုတိ အဆုံးတိုင်အောင်သည် ပဝတ္တိအခါ မည်၏။ ပဋိသန္ဓေ ခဏတ္တယ သည်သာလျှင် ပဋိသန္ဓေအခါ မည်၏။ ဤသင်္ဂဟကို ပဋိသန္ဓေအခါ ဆိုမည်ဟု ဝန်ခံသော်လည်း နီးကပ်သော စုတိအခါလည်း ဆိုမည်၊ ဘဝင် အခါလည်း ဆိုမည်။ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ-ဝီထိမုတ် စိတ်စွမ်းဖြင့် ဆိုမည်ဟူလို။)

ဤဝီထိမုတ္တသင်္ဂဟ၌ ဘုံလေးခု၊ ပဋိသန္ဓေလေးခု၊ ကံလေးခု၊ မရဏုပ္ပတ္တိလေးခု-
ဤသို့လေးပါး လေးခုသိအပ်၏။

ဘူမိစတုက္က

ထိုလေးခုတို့တွင် အပါယ်ဘုံ၊ ကာမသုဂတိဘုံ၊ ရူပါဝစရဘုံ၊ အရူပါဝစရဘုံ-
ဤကား ဘုံလေးခုတည်း။

ဘုံ သုံးဆဲ့တစ်

ထိုတွင် အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသုရကာယ်ဘုံ-ဟူ၍ လေးဘုံရှိ၏။

ကာမသုဂတိဘုံသည်၊ လူ့ဘုံ၊ စာတုမဟာရာဇ်ဘုံ၊ တာဝတိံသာဘုံ၊ ယာမာဘုံ၊ တုသိတာဘုံ၊ နိမ္မာနရတိဘုံ၊ ပရနိမ္မိတဝသဝတ္တိဘုံ-ဟူ၍ ခုနစ်ဘုံရှိ၏။ ဤနှစ်ရပ် အပေါင်းသည် ကာမ ၁၁-ဘုံ မည်၏။

ရူပါဝစရ ဘုံသည် ဗြဟ္မပါရိသဇ္ဇာဘုံ၊ ဗြဟ္မပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ-ဟူ၍ ပဌမဈာန်သုံးဘုံ။ (ဤအထိ ကမ္ဘာမီးဖျက်သည်။)
ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘာဘုံ၊ အာဘဿရာဘုံ၊ - ဟူ၍ ဒုတီယဈာန် သုံးဘုံ။ (ဤအထိ ကမ္ဘာရေဖျက်သည်။)
ပရိတ္တသုဘာဘုံ၊ အပ္ပမာဏသုဘာဘုံ၊ သုဘကိဏှာဘုံ-ဟူ၍ တတီယဈာန် သုံးဘုံ။ (ဤအထိ ကမ္ဘာလေဖျက်သည်။)
ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒ္ဓါဝါသငါးဘုံ - ဟူ၍ စတုတ္ထဈာန်ခုနစ်ဘုံ၊ ဤသို့ ၁၆-ဘုံရှိ၏။
သုဒ္ဓါဝါသငါးဘုံကား - အဝိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ။

အရူပါဝစရဘုံသည် --
အာကာသာနဉ္စာယတနဘုံ၊
ဝိညာနဉ္စာယတနဘုံ၊
အာကိဉ္စညာယတနဘုံ၊
နေဝသညာနာသညာယတနဘုံ-ဟူ၍လေးဘုံရှိ၏။

သုဒ္ဓါဝါသ၌ ပုထုဇဉ် သောတာပန် သကဒါဂါမ်မရ။
အသညသတ်နှင့် အပါယ်၌ အရိယာ မရ။
ကြွင်း ၂၁-ဘုံ၌ ပုထုဇဉ် အရိယာ လျှော်စွာရ၏။
ဤကား-ဘူမိစတုက္ကတည်း။

ပဋိသန္ဓိ စတုက္က

အပါယ်ပဋိသန္ဓေ၊ ကာမသုဂတိ ပဋိသန္ဓေ၊ ရူပါဝစရ ပဋိသန္ဓေ၊ အရူပါဝစရ ပဋိသန္ဓေ-ဤကား ပဋိသန္ဓေ လေးခုတည်း။

ကာမ ပဋိသန္ဓေ ၁၀

ထိုတွင် အကုသလ ဝိပါက် ဥပေက္ခာ သန္တီရဏသည် အပါယ်လေးဘုံ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ စွမ်းဖြင့်ဖြစ်၏။ ဝါ-ပဋိသန္ဓေအခါ ပဋိသန္ဓေကိစ္စဖြစ်၏၊ ထိုနောင် ပဝတ္တိအခါ ဘဝင်ကိစ္စဖြစ်၏။ အဆုံး၌ စုတိကိစ္စဖြစ်၍ပြတ်။
(ဤကားအပါယ် ပဋိသန္ဓေ တခုတည်း။)

ကုသလဝိပါက် ဥပေက္ခာသန္တီရဏသည် ကာမသုဂတိ၌၊ (ဝါ၊ လူ၊ စာတုမဟာရာဇ် နှစ်ဘုံ၌) ဇစ္စန္တစသော လူတို့အား၎င်း ဘုမ္မနိဿိတ ဝိနိပါတိက အသုရာတို့အား၎င်း, ပဋိသန္ဓေ ဘဝင် စုတိစွမ်းဖြင့်ဖြစ်၏။
(ဤအသုရာတို့သည် စာတုမဟာရာဇ်၌ ပါဝင်ကုန်၏။)

မဟာဝိပါက်နှစ်ခုသည် ကာမသုဂတိ ၇-ဘုံလုံး၌ ပဋိသန္ဓေ, ဘဝင်, စုတိ စွမ်းဖြင့်ဖြစ်၏ (ဝိပ္ပယုတ်-ဒွိဟိတ်၊ သမ္ပယုတ်-တိဟိတ် ဟုခွဲ၊) ဤကား ကာမသုဂတိ ပဋိသန္ဓေ ကိုးခုတည်း။ ထိုနှစ်ရပ် အပေါင်းသည် ကာမာဝစရ ပဋိသန္ဓေတဆယ် ဖြစ်၏။

(ဒုဂ္ဂတိအဟိတ် ၁၊ သုဂတိအဟိတ် ၁၊ ဒွိဟိတ် ၄၊ တိဟိတ်၄၊ ပေါင်း ၁၀။
အဟိတ် ၂၊ သဟိတ်-၈၊ ပေါင်း ၁၀။
အပါယ် ၁၊ သုဂတိ ၉ ပေါင်း ၁၀။
ဝိပါကန္တရာယ် ၆၊ အနန္တရာယ် ၄။ ပေါင်း ၁၀။
အဟိတ် ဒွိဟိတ်သည် ဝိပါကန္တရာယ် မည်၏။ ဈာန်မဂ်ဖိုလ် မရထိုက်။)

ကာမဘုံသက်တမ်း

ကာမ ပဋိသန္ဓေ နေသူတို့တွင် အပါယ်လေးဘုံသား၊ လူ၊ ဝိနိပါတိက အသုရာတို့အား အသက် အပိုင်းအခြားမရှိ။

စာတုမဟာရာဇ် နတ်တို့အားကား နတ်သက်ငါးရာ၊ လူတို့ အရေအတွက် အားဖြင့် ကိုးသန်းဖြစ်၏။ စာတုမဟာရာဇ် နတ်သက်လေးဆသည် (ဝါ၊ ရက်နှစ်ဆ၊ နှစ်နှစ်ဆ ကြီးခြင်းအားဖြင့် လေးဆသည်) တာဝတိံသာ နတ်သက် ဖြစ်၏။
ထိုအတူ -
တာဝတိံသာ လေးဆ-ယာမာ။
ယာမာလေးဆ-တုသိတာ။
တုသိတာလေးဆ-နိမ္မာနရတိ။
နိမ္မာနရတိ လေးဆ-ပရနိမ္မိတဝသဝတ္တီ နတ်သက်ဖြစ်၏၊
ဝသဝတ္တီနတ်သက်သည် လူတို့အရေအတွက်အားဖြင့် ၉၂၁-ကုဋေခြောက်သန်း-ဖြစ်၏။

ရူပပဋိသန္ဓေ ၆

ရူပပဋိသန္ဓေကား ပဌမဈာန်ဝိပါက်သည် ပဌမဈာန်သုံးဘုံ၌ ပဋိသန္ဓေ, ဘဝင်, စုတိ-စွမ်းဖြင့် ဖြစ်၏။
ဒုတီယဈာန်ဝိပါက်၊ တတီယဈာန်ဝိပါက် ၂-ခုသည် ဒုတီယဈာန် သုံးဘုံ၌ပဋိသန္ဓေ-ဘဝင်-စုတိစွမ်းဖြင့်ဖြစ်၏။ စတုတ္ထဈာန် ဝိပါက် သည်တတီယဈာန်သုံးဘုံ၌, ပဉ္စမဈာန် ဝိပါက်သည် စတုတ္ထဈာ ၆-ဘုံတို့၌ ပဋိသန္ဓေ, ဘဝင် စုတိစွမ်းဖြင့်ဖြစ်၏။

အသညသတ်တို့အားကား ရုပ်သည်သာလျှင် ပဋိသန္ဓေဖြစ်၏။ ထိုနောင်ပဝတ္တိအခါ၊ စုတိအခါတို့၌လည်း ထိုရုပ်သည်သာလျှင် ဘဝင်, စုတိအသွင်ဖြင့် ဖြစ်၍ ချုပ်၏။ ဤကား ရူပါဝစရ ပဋိသန္ဓေခြောက်ခုတည်း။
(ရုပ်ပဋိသန္ဓေသည် သမ္ပယုတ်ဟိတ် မရှိသောကြောင့် အဟိတ် ပဋိသန္ဓေလည်း မည်၏။
နာမ်-၅၊ ရုပ် ၁၊ ပေါင်း-၆။
အဟိတ်-၁၊ သဟိတ်-၅၊ ပေါင်း၆။
အန္တရာယ် ၁၊ အနန္တရာယ် ၅၊ ပေါင်း ၆။)

ရူပဘုံ သက်တမ်း

ရူပ ပဋိသန္ဓေနေသူတို့တွင် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာတို့အား အသင်္ချေယျကပ် သုံးဘို့ တဘို့အသက်ရှိ၏၊
ဗြဟ္မပုရောဟိတာ ... အသင်္ချေယျကပ် ထက်ဝက်။
မဟာဗြဟ္မာ အသင်္ချေယျကပ် တကပ် အသက်ရှိ၏။
ဤကား-အသင်္ချေယျကပ်ဖြင့် ပိုင်းသော ဘုံသုံးဘုံတည်း။
(အသင်္ချေယျကပ်သည် တကမ္ဘာ၏ လေးဘို့တဘို့ဖြစ်၏။)

ပရိတ္တာဘာ ၂-ကမ္ဘာ။
အပ္ပမာဏာဘာ ၄-ကမ္ဘာ။
အာဘဿရာ ၈-ကမ္ဘာ။
ပရိတ္တသုဘာ ၁၆-ကမ္ဘာ။
အပ္ပမာဏသုဘာ ၃၂-ကမ္ဘာ။
သုဘကိဏှာ ၆၄-ကမ္ဘာ။

ဝေဟပ္ဖိုလ်၊ အသညသတ် ကမ္ဘာငါးရာ။
အဝိဟာ ၁-ထောင်။
အတပ္ပါ ၂-ထောင်။
သုဒဿာ ၄-ထောင်။
သုဒဿီ ၈-ထောင်။
အကနိဋ္ဌ-တသောင်းခြောက်ထောင်။

အရူပ ပဋိသန္ဓေ ၄

အရူပဝိပါက် လေးခုတို့သည် အစဉ်အတိုင်း အရူပ ၄-ဘုံ၌ ပဋိသန္ဓေ ဘဝင် စုတိစွမ်း ဖြင့်ဖြစ်ကုန်၏။ ဤကား အရူပါဝစရ ပဋိသန္ဓေလေးခုတည်း။ တဘုံတခုစီ။

အရူပဘုံ သက်တမ်း

အရူပပဋိသန္ဓေ နေသူတို့တွင် --
အာကာသာနဉ္စာယတနဗြဟ္မာတို့အား ကမ္ဘာ နှစ်သောင်း။
ဝိညာနဉ္စာယတန လေးသောင်း။
အာကိဉ္စညာယတန ခြောက်သောင်း။
နေဝသညာနာသညာယတ နစ်သောင်းလေးထောင် အသက်ရှိ၏။

ပဋိသန္ဓေ, ဘဝင်, စုတိ တူမတူ

တခုသောဘဝ၌ ပဋိသန္ဓေစိတ်, ဘဝင်စိတ်, စုတိစိတ်သည် ဘူမိ, ဇာတိ, သမ္ပယုတ္တဓမ္မ သင်္ခါရအားဖြင့် တူသည်သာတည်း။ အာရုံအားဖြင့်ကား တူသည် လည်းရှိ၏။ မတူသည်လည်းရှိ၏၊
(ပစ္စုပ္ပန်အာရုံသည် စုတိတိုင်အောင် မတည်၊ စုတိ၌ပစ္စုပ္ပန်အာရုံ မရှိသောကြောင့် တည်း။) ဤကားပဋိသန္ဓေ စတုက္ကတည်း။

ကမ္မစတုက္က

ကိစ္စကံ

ဇနကကံ၊ ဥပထမ္ဘကကံ၊ ဥပပီဠကကံ၊ ဥပဃာတကကံ - ဤကား ကိစ္စကံ လေးခုတည်း။
အကျိုးပေးသော ကိစ္စခြင်းရာအားဖြင့် ဖြစ်သောကံသည် ကိစ္စကံမည်၏၊ လေးပါး ပြား၏၊
ပဋိသန္ဓေကျိုး, ပဝတ္တိကျိုး ပေးသောကံသည် ဇနကကံမည်၏၊
ဇနက ကံစွမ်းကိုထောက်ပံ့သော ကံသည် ဥပထမ္ဘကကံ မည်၏၊
ဇနကကံစွမ်းကို ကပ်၍နှိပ်စက်သောကံသည် ဥပပီဠကကံ မည်၏။
ဇနကကံစွမ်းကို ကပ်၍ သတ်သောကံသည် ဥပဃာတကကံ မည်၏။

ပါကဒါနပရိယာယ

ဂရုကံ၊ အာသန္နကံ၊ အစိစိဏ္ဏကံ၊ ကဋတ္တာကံ - ဤကား ပါကဒါနပရိယာယကံ လေးခုတည်း၊
အကျိုးပေးစဉ်အားဖြင့် ဖြစ်သောကံသည် ပါကဒါနပရိယာယကံ မည်၏။ လေးပါး ပြား၏။ အာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံ၊ မဟဂ္ဂုတ်ကံတို့သည် ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာ ကံမည်၏၊
ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံ ဂရုကံ ဖြစ်သည်။

မရဏာသန္နဇော မစောမီသေခါနီး အောက်မေ့အပ်, ပြုအပ်သောကံသည် အာသန္နကံ မည်၏။
မပြတ်ပြုအပ်, အောက်မေ့အပ်သောကံသည် အာစိဏ္ဏကံမည်၏။
အကျိုးပေးနိုင်ရုံမျှ သတ္တိရှိသော အတိတ်ကံဟူသမျှသည် ကဋတ္တာကံ မည်၏။
ဤကံလေးခုတို့သည် ရှေးရှေးကံမရှိမှ နောက်နောက်ကံ အကျိုးပေးကြသည်။

ပါကကာလ

ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယဝေဒနီယကံ၊ အဟောသိကံ-ဤကား ပါကကာလ ကံလေးခုတည်း။ အကျိုးပေးရာ ကာလအားဖြင့်ဖြစ်သော ကံသည် ပါကကာလကံမည်၏။ လေးပါးပြား၏။

မျက်မှောက်ဘဝ၌ ပဝတ္တိကျိုးပေးသော ပဌမဇော စေတနာသည် ဒိဋ္ဌဓမ္မဝေဒနီယ ကံမည်၏။
ဒုတီယဘဝ၌ ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုးပေးသော သတ္တမဇော စေတနာသည် ဥပပဇ္ဇဝေဒနီယကံ မည်၏။
တတီယ ဘဝမှစ၍ နိဗ္ဗာန်ရသည်တိုင်အောင် ပဋိသန္ဓေကျိုး၊ ပဝတ္တိကျိုး ပေးသော အလယ်ဇောငါးချက် စေတနာသည် အပရာပရိယဝေဒနီယ ကံမည်၏။
အကျိုးပေးပြီးလည်းမဟုတ်၊ ပေးလတ္တံ့လည်းမဟုတ်၊ ဖြစ်ပြီး၍သာ ကံအမည်ရသော ဇောခုနစ်တန်စေတနာသည် အဟောသိကံ မည်၏။

ပါကဌာန

အကုသိုလ်ကံ၊ ကာမာဝစရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရ ကုသိုလ်ကံ - ဤကား ပါကဌာနကံ လေးခုတည်း၊ အကျိုးပေးရာဘုံအားဖြင့် ဖြစ်သော ကံသည် ပါကဌာနကံ မည်၏။ လေးပါးပြား၏။

အပါယ်ဘုံ၌ အကျိုးပေးသော အကုသိုလ်စေတနာ ၁၂-ခုသည် အကုသိုလ်ကံ မည်၏။
ကာမသုဂတိဘုံ၌ အကျိုးပေးသော မဟာကုသိုလ်စေတနာ ၈-ခုသည် ကာမာဝစရ ကုသိုလ်ကံမည်၏။
ရူပဘုံ၌ အကျိုးပေးသော ရူပါဝစရ ကုသိုလ်စေတနာ ၅-ခုသည် ရူပါဝစရ ကုသိုလ်ကံ မည်၏။
အရူပဘုံ၌ အကျိုးပေးသော အရူပါဝစရ ကုသိုလ်စေတနာ ၄-ရသည် အရူပါဝစရ ကုသိုလ်ကံမည်၏၊

အကုသိုလ်ကံခွဲ

ပါကဌာနကံ လေးပါးတို့တွင် အကုသိုလ်ကံသည် ကာယကံ ဝစီကံ မနောကံဟူ၍ ကမ္မဒွါရ အစွမ်းဖြင့် သုံးပါးဖြစ်၏။
ဖြစ်ပုံကား --

ပါဏာတိပါတ-သူ့အသက်သတ်ခြင်း၊
အဒိန္နာဒါန- သူ့ဥစ္စာခိုးခြင်း၊
ကာမေသုမိစ္ဆာစာရ -ကာမဂုဏ်၌ မှားယွင်းခြင်း၊
ဤသုံးပါးသည် ကာယဝိညပ်-ဟုဆိုအပ်သော ကာယဒွါရ၌ များသောအားဖြင့် ဖြစ်သောကြောင့် ကာယကံ မည်၏
(ဤကာယဒွါရသည် ကာယပသာဒရုပ် မဟုတ်။ ကာယဝိညတ္တိရုပ်ဖြစ်၏။ စောပန ကာယလည်း မည်၏။)

မုသာဝါဒ- မဟုတ်မမှန်ပြောဆိုခြင်း။
ပိသုဏဝါစာ-ကုံးတိုက်ခြင်း။
ဖရုသဝါစာ-နာကျည်းစွာဆိုခြင်း။
သမ္ဖပလာပ -အနှစ်ရှိ သောစကားဆိုခြင်း။
ဤလေးပါးသည် ဝစီဝိညပ်ဟုဆိုအပ်သော ဝစီဒွါရ၌ များသောအားဖြင့် ဖြစ်သောကြောင့် ဝစီကံ မည်၏။
(ဤ ဝစီဒွါရသည် ဝစီဝိညတ္တိရုပ် ဖြစ်၏။ စောပနဝစီ လည်းမည်၏။ သမ္ဖပလာပသည် အနက်ဒြဗ်ဝတ္ထု မရှိသည်ကို လုပ်ကြံ၍ ပြောခြင်း ဖြစ်၏။)

အဘိဇ္ဈာ-သူ့စည်းစိမ်ကိုရှေးရှုကြံခြင်း။
ဗျာပါဒ-သူတပါးသေကြောင်း ကြံခြင်း။
မိစ္ဆာဒိဋ္ဌိ-အမြင်မှားခြင်း၊
ဤ သုံးပါးသည် ဝိညပ်နှစ်ပါး ကြဉ်၍ မနောဒွါရ၌သာ များသောအားဖြင့် ဖြစ်သောကြောင့် မနောကံမည်၏၊
(ဤ မနောဒွါရသည် ဘဝင်္ဂုပစ္ဆေဒ ၁၉-ခု မနောဒွါရမဟုတ်၊ စိတ်တခုယုတ်ကိုးဆယ် မနောဒွါရမဟုတ်။ လောဘမူ၊ ဒေါသမူစိတ်တဆယ် မနောဒွါရဖြစ်၏။)

ဤ အကုသလကမ္မပထ ဆယ်ပါးတို့တွင် --
ပါဏာတိပါတ၊ ဖရုသဝါစာ၊ ဗျာပါဒ-သုံးပါးသည် ဒေါသကြောင့်ဖြစ်၏။
ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိ-သုံးပါးသည် လောဘကြောင့် ဖြစ်၏။
ကြွင်း အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ သမ္ဖပလာပ လေးပါးသည် လောဘ, ဒေါသ နှစ်ပါးကြောင့်ဖြစ်၏၊
အကုသိုလ်ကံသည် စိတ္တုပ္ပါဒ်အားဖြင့် ၁၂ -ပါး။ ကမ္မပထအားဖြင့် ဆယ်ပါးဖြစ်၏။

ကာမကုသိုလ်ကံခွဲ

ကာမာဝစရ ကုသိုလ်ကံသည်လည်း ကာယကံ၊ ဝစီကံ၊ မနောကံ-ဟူ၍ ကမ္မဒွါရ စွမ်းဖြင့် သုံးပါးဖြစ်၏။ ဒါန၊ သီလ၊ ဘာဝနာ စွမ်းဖြင့်သုံးပါးဖြစ်၏၊ စိတ္တုပ္ပါဒ်အားဖြင့် ရှစ်ပါးဖြစ်၏။ ပုညကြိယာ ဝတ္ထုအားဖြင့် ဆယ်ပါးဖြစ်၏။

ဒါန-အလှူပေးခြင်း၊
သီလ-ကိုယ်နှင့်နှုတ်ကို ကောင်းစွာထားခြင်း၊
ဘာဝနာ-ကုသိုလ်တို့ကို ပွါးစေခြင်း၊
အပစာယန -ကြီးသူအားအရိုအသေပြုခြင်း၊
ဝေယျာဝစ္စ-အမှုကြီးငယ်ပြုခြင်း၊
ပတ္တိဒါန- ကုသိုလ်အဘို့ အမျှပေးဝေခြင်း၊
ပတ္တာနုမောဒန-ကုသိုလ်အဘို့ ဝမ်းမြောက်ခြင်း၊
ဓမ္မဿဝန-တရားနာခြင်း၊
ဓမ္မဒေသနာ-တရားဟောခြင်း၊
ဒိဋ္ဌိဇုကမ္မ -အယူဖြောင့်စွာယူခြင်း၊
ဤဆယ်ပါးသည် ပုညကြိယာ ဝတ္ထုမည်၏။

ဤဆိုပြီးသော ကုသိုလ်ကံ, အကုသိုလ်ကံသည် ကာမာဝစရကံ ၂ဝ-မည်၏။

ရူပကုသိုလ်ကံခွဲ

ရူပါဝစရကုသိုလ်ကံသည်လည်း မနောကံ တပါးတည်းသာ ဖြစ်၏။ ကာယကံ, ဝစီကံမရှိ။ ဘာဝနာအတိ ပြီး၏၊ ဒါနသီလမရှိ။ အပ္ပနာသို့ရောက်၏၊ (ဝါ၊ အာရုံ၌ ကြာမြင့် စွာ သက်ဝင်နိုင်၏။) ဈာန်အင်္ဂါ အပြားအားဖြင့် ငါးပါးပြား၏။

အရူပကုသိုလ်ကံခွဲ

အရူပါဝစရ ကုသိုလ်ကံသည်လည်း မနောကံဖြစ်၏။ ဘာဝနာအတိပြီး၏။ အပ္ပနာသို့ ရောက်၏။ ကသိုဏ်းကိုခွါ၍ရအပ်သော ကောင်းကင် အာရုံ-စသော အပြားအားဖြင့် လေးပါးပြား၏။

အကုသိုလ်ကံကျိုး

ထိုကံတို့တွင် ဥဒ္ဓစ္စကြဉ်သောအကုသိုလ်ကံ (စေတနာ) ၁၁-ခုသည် အပါယ်ဘုံ၌ ပဋိသန္ဓေ တခုကို ဖြစ်စေ၏။ ပဝတ္တိအခါ အကုသိုလ်ကံ ၁၂-ခုလုံးသည် ကာမဘုံ၊ ရူပဘုံ၌ အကုသလဝိပါက် ၇-ခုကို ထိုက်သည်အလျောက် ဖြစ်စေ၏။
(ထိုက်ပုံကား - အပါယ်၌ ၇။ ကာမသုဂတိ၌ ၇။ ရူပတဆဲ့ငါးဘုံ၌ ၄။)

ကာမကုသိုလ်ကံကျိုး

ကာမာဝစရ ကုသိုလ်ကံ ရှစ်ခုသည် ကာမသုဂတိဘုံ၌သာ ပဋိသန္ဓေ ကိုးခုကို ဖြစ်စေ၏။ (လူ၊ စာတုမဟာရာဇ်ဘုံ၌ ပဋိသန္ဓေ ၉။ အထက်နတ် ငါးဘုံ၌ ရှစ်။) ပဝတ္တိအခါ မဟာဝိပါက် နှစ်ခုကိုလည်း ဖြစ်စေ၏။ အဟိတ်ကုသလ ဝိပါက် ရှစ်ခုကိုလည်း ကာမဘုံ, ရူပဘုံ၌ ထိုက်သည်အားလျော်စွာ ဖြစ်စေ၏။
(အပါယ်၌ ၈။ ကာမသုဂတိ၌ ၈။ ရူပ၌ ၅။)

ဥက္ကဋ္ဌဩမက

ကာမာဝစရ ကုသိုလ်ကံ ရှစ်ခုတို့တွင်လည်း တိဟိတ် ဥက္ကဋ္ဌကုသိုလ်ကံ လေးခုသည် တိဟိတ် ပဋိသန္ဓေလေးခုကို ဖြစ်စေ၍ ပဝတ္တိအခါ ၁၆-ပါးသော ဝိပါက်ကိုဖြစ်စေ၏။
တိဟိတ်ဩမကကံလေးခု၊ ဒွိဟိတ်ဥက္ကဋ္ဌကံ လေးခုသည် ဒွိဟိတ် ပဋိသန္ဓေလေးခုကို ဖြစ်စေ၍ ပဝတ္တိအခါ ၁၂-ပါးသော ဝိပါက်ကို ဖြစ်စေ၏။
ဒွိဟိတ် ဩမကကံ လေးခုသည် အဟိတ်ပဋိသန္ဓေတခုကို ဖြစ်စေ၍ ပဝတ္တိအခါ ရှစ်ပါးသော အဟိတ်ဝိပါက်ကို ဖြစ်စေ၏။
ဤကား-တိပိဋကစူဠနာဂမထေရ်၏ ဝါဒတည်း၊

မောရ ဝါပီဝါသီ မဟာဓမ္မရက္ခိတ မထေရ်တို့ကား --
အသင်္ခါရိက ကုသိုလ်သည် သသင်္ခါရိက အကျိုးမပေး။
သသင်္ခါရိက ကုသိုလ်သည် အသင်္ခါရိက အကျိုးမပေးဟု ဆိုကုန်၏။
ထိုဆရာတို့၏အလိုအားဖြင့်(၁၆-ပါး၊ ၁၂-ပါး၊ ၈-ပါး မဟုတ်၊)
၁၂-ပါး၊ ၁၀-ပါး၊ ၈-ပါးသော ဝိပါက်ကို ဖြစ်စေ၏ဟု ဆိုရာ၏။

ရူပကုသိုလ်ကံကျိုး

ရူပကုသိုလ် ပဌမဈာန်ကို ဈာန်ရရုံ ပွါးလျှင် (ဝါ၊ ဝသီဘော် အနည်းငယ်မျှ ပွါးလျှင်) ဗြဟ္မပါရိသဇ္ဇာဘုံ၌ဖြစ်၏။ ဝသီဘော် အလယ်အလတ် ပွါးလျှင် ဗြဟ္မပုရောဟိတာ ဘုံ၌ဖြစ်၏။ ဝသီဘော် ပြည့်စုံအောင်ပွါးလျှင် မဟာဗြဟ္မာဘုံ၌ ဖြစ်၏။

ဒုတီယဈာန် တတီယဈာန်ကို အနည်းငယ်ပွါးလျှင် ပရိတ္တာဘာဘုံ၊ အလယ်အလတ် ပွါးလျှင် အပ္ပမာဏာဘာဘုံ၊ အပြည့်အစုံပွါးလျှင် အာဘဿရာဘုံတို့၌ဖြစ်၏။

စတုတ္ထဈာန်ကို အနည်းငယ်ပွါးလျှင် ပရိတ္တသုဘာဘုံ၊ အလယ်အလတ်ပွါးလျှင် အပ္ပမာဏသုဘာဘုံ၊ အပြည့်အစုံပွါးလျှင် သုဘကိဏှာဘုံတို့၌ဖြစ်၏။

ပဉ္စမဈာန်ကို သုံးမျိုးတို့တွင် တမျိုးမျိုးပွါးလျှင် ဝေဟပ္ဖိုလ်ဘုံ၌ဖြစ်၏၊
သညာကင်းအောင်ပွါးလျှင် အသညသတ်ဘုံ၌ဖြစ်၏။
သုဒ္ဓါဝါသဘုံတို့၌ကား အနာဂါမ်တို့သာ ဖြစ်ကုန်၏။
ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်တို့ မဖြစ်ကုန်။

အရူပကုသိုလ်ကံကျိုး

အရူပ ကုသိုလ်ကံလေးပါးကို ပွါးလျှင် အစဉ်အတိုင်း အရူပလေးဘုံတို့၌ ဖြစ်ကုန်၏။
မဟဂ္ဂုတ် ကုသိုလ်ကံ ကိုးခုသည် မှတ်အပ်သော ဘုံအားလျှော်စွာ ပဋိသန္ဓေ အခါ၌၎င်း, ပဝတ္တိအခါ၌၎င်း, (ဆင်ကောင်နှင့်ဆင်ရိပ်ပမာ) မိမိနှင့်တူစွာသော အကျိုး ဝိပါက်ကိုသာ တခုစီဖြစ်စေ၏။
(ဤကား ကမ္မစတုက္ကတည်း။)

မရဏုပ္ပတ္တိစတုက္က

အာယုက္ခယမရဏ၊ ကမ္မက္ခယမရဏ၊ ဥဘယက္ခယမရဏ၊ ဥပစ္ဆေဒက ကမ္မမရဏ-ဤကား မရဏုပ္ပတ္တိလေးခုတည်း။

ကံရှိလျှက်သက်တမ်းကုန်၍ သေခြင်းသည် အာယုက္ခယ မရဏ မည်၏။
သက်တမ်းရှိလျက် ကံကုန်၍ သေခြင်းသည် ကမ္မက္ခယမရဏ မည်၏။
နှစ်ပါးစုံကုန်၍ သေခြင်းသည် ဥဘယက္ခယမရဏ မည်၏။
နှစ်ပါးစုံရှိလျှက် တပါးသောကံဖြတ်၍ သေခြင်းသည် ဥပစ္ဆေဒက ကမ္မမရဏ မည်၏။

နိမိတ်ထင်ပုံ-ကံ

ထိုသေခြင်း လေးခုတို့တွင် တခုခုဖြင့် သေသောသူအား သေချိန်နီးသောအခါ ထိုထိုဘုံ၌ ဖြစ်ထိုက်သောသူ အားလျှော်စွာ ဘဝသစ်၌ ပဋိသန္ဓေကျိုး ပေးလတ္တံ့သော ကုသိုလ်ကံ, အကုသိုလ်ကံ သော်လည်း ရှေးရှုဖြစ်၍ ထင်လာ၏။
(ဘုံ ၃၁-၌ မဖြစ်ထိုက်သော ရဟန္တာအား ကံ၊ ကမ္မနိမိတ်၊ ဂတိ နိမိတ် မထင်။ ထိုကံသည် အတိတ်ဖြစ်၏။ ဓမ္မာရုံဖြစ်၏။ မနောဒွါရ၌ ထင်၏။ အကုသိုလ် ၁၁။ မဟာကုသိုလ် ၈-အားဖြင့် စေတနာ ၁၉-ခု ဖြစ်၏။)

ကမ္မနိမိတ်

ထိုကံကိုပြုစဉ်အခါ ဘုရားဖူးခြင်း၊ တရားနာခြင်း စသည်ဖြင့် ရဘူးသော အာရုံ ခြောက်ပါး၊ ပန်း ဆီမီး လှူဒါန်း ခြင်း စသည်ဖြင့် အဆောက်အဦဖြစ်အောင် ပြုဘူးသော အာရုံ ခြောက်ပါးတို့တွင် တပါးပါးသော်လည်း ထင်လာ၏။
(ထိုအာရုံသည် ကမ္မနိမိတ် မည်၏၊ အတိတ်၊ ပစ္စုပ္ပန်-တခုခုဖြစ်၏။ အာရုံ ခြောက်ပါး ဖြစ်၏။ ဆဒွါရ၌ထင်၏။ ကာမအာရုံခြောက်ပါးဖြစ်၏။)

ဂတိနိမိတ်

အခြားမဲ့ ဘဝသစ်၌ ရအပ်, ခံစားအပ်သော အသုံးအဆောင် ဖြစ်သော နတ်သ္မီး, နတ်ဗိမာန်, အမိဝမ်းရေ, ငရဲအိုး - စသော အာရုံသော်လည်း ထင်လာ၏။
(ထိုအာရုံသည် ဂတိနိမိတ် မည်၏၊ ပစ္စုပ္ပန်ဖြစ်၏။ ရူပါရုံဖြစ်၏။ မနောဒွါရ၌ ထင်၏။ လားရာ ဂတိ၌ရှိသော ထိုရူပါရုံသည် အိပ်မက်ကဲ့သို့ စက္ခု၌ မထင်။ မနောဒွါရ၌ ထင်၏။)

ဤသို့လျှင် ဤနိမိတ် သုံးပါးသည် ပဋိသန္ဓေ အကျိုးပေးလတ္တံ့သော ကံစွမ်းဖြင့် ဒွါရခြောက်ပါး-တပါးပါး၌ ရှေးရှုထင်၏။

ထိုနောင် ထိုထင်သော အာရုံကို အာရုံပြုလျှက် ပဋိသန္ဓေကျိုး ပေးလတ္တံ့သော ကံအားလျော်စွာ စင်ကြယ်သော ကုသိုလ်ဇောသည်၎င်း, ညစ်နွမ်းသော အကုသိုလ် ဇောသည်၎င်း ဖြစ်လာ၏။ ရအပ်သော ဘဝအားလျော်စွာ ထိုဘဝသစ်၌ ညွှတ်သကဲ့သို့၊ ဝါ၊ ညွတ်၍သာလျှင် ဖြစ်လာ၏။ ထိုဇောအစဉ် (ဝီထိ) သည် အများအားဖြင့် မပြတ်ခဏခဏဖြစ်လာ၏။ အသေမြန်လွန်းသူအား ခဏခဏမဖြစ်။

ပဋိသန္ဓေကျိုး ပေးလတ္တံ့သော ထိုအတိတ် ဇနကကံသည်ပင်လျှင် (မိမိအားစွမ်းဖြင့်) ယခုပြုစ ကံအလား မိမိကိုယ်ကို အသစ်ပြုသောအားဖြင့် မနောဒွါရသို့ရောက်လာ၏။
(ကမ္မနိမိတ်၊ ဂတိနိမိတ်သည် ကံစွမ်းဖြင့်ထင်သည် မဟုတ်၊ ကံသည်လည်း ကံစွမ်းဖြင့်ထင်သည်၊ အသစ်တခါ လာပြန်ပြီဟု ဆိုရအောင် တူစွာ ထင်သည်။ တသန္တာန်တည်း ဖြစ်သောကြောင့်တည်း။)

သေပုံ

အလွန်သေခြင်း ခိုးသောသူအား (ဝါ၊ တဝီထိ အနေမျှ အသက် ကြွင်းသေးသော သူအား) ဝီထိ အဆုံး၌၎င်း, ဘဝင်အဆုံး၌၎င်း, ယခုဘဝ အဆုံးသတ်ဖြစ်သော စုတိစိတ်သည် ရွေ့လျောခြင်း ကိစ္စဖြင့် တကြိမ်ဖြစ်၍ချုပ်၏။ ဝါ၊ တဒါရုံနောင်စုတိ၊ တဒါရုံဘဝင်နောင်စုတိ၊ (မရဏာသန္န) ဇောနောင်စုတိ၊ ဇော ဘဝင်နောင်စုတိ ဟူ၍ တနည်းနည်းဖြင့် သေ၏။

ပဋိသန္ဓေတည်ပုံ

ထိုစုတိစိတ်ချုပ်သည့် အခြားမဲ့၌သာလျှင် ပဋိသန္ဓေစိတ် ဖြစ်လေ၏။ ဤပဋိသန္ဓေ စိတ်သည် ထိုမရဏာသန္နဇော၏ အာရုံကိုအာရုံပြု၍ဖြစ်၏။ ကာမဘုံရူပဘုံ၌ မှီရာဝတ္ထုနှင့် တကွဖြစ်၏။ အရူပဘုံ၌ ဝတ္ထုရုပ်ကင်း၍ဖြစ်၏။ အဝိဇ္ဇာနုသယ ခြံရံအပ်သော တဏှာနုသယ အကြောင်းရင်းရှိသော ကံသင်္ခါရသည် ဖြစ်စေအပ်၏။
(ဝါ၊ အဝိဇ္ဇာ တဏှာ ထောက်ပံ့ကူညီသော စေတနာကြောင့် ဖြစ်ပေါ်လာသော ပဋိသန္ဓေဖြစ်၏၊)
ဖဿ ဝေဒနာ စသော သမ္ပယုတ်တရားတို့ ခြံရံလျှက်ဖြစ်၏။ ထိုသမ္ပယုတ်တရား တို့၏ တည်ရာအဖြစ်ဖြင့် ပြဋ္ဌာန်းသော စိတ်ဖြစ်၏။ ဘဝနှစ်ခုကိုစပ်ခြင်း ကိစ္စဖြင့် ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်မည်၏။ ဘဝသစ်၌ ဖြစ်ဆဲဖြစ်၍သာ တည်သောစိတ် ဖြစ်လေ၏။

ကာမအာရုံနိမိတ်

မရဏာသန္နဝီထိ၌ နုံ့နုံ့ညံ့ညံ့ဖြစ်သောကြောင့် ဇောငါးကြိမ်သာ စော၏။ ထိုကြောင့် သတ္တရသာယုက ပစ္စုပ္ပန် အာရုံထင်စဉ် သေငြားအံ့၊ ပဋိသန္ဓေစိတ်နှင့် အချို့ဘဝင် စိတ်တို့သည် ထိုပစ္စုပ္ပန်အာရုံကိုသာ အာရုံပြုကုန်၏။

ဤသို့လျှင် ကာမပဋိသန္ဓေ၏ အာရုံသည် ကမ္မနိမိတ် ဖြစ်အံ့၊ ပစ္စုပ္ပန်အတိတ် ဆဒွါရဂ္ဂဟိတဖြစ်၏။ ဂတိနိမိတ်ဖြစ်အံ့၊ ပစ္စုပ္ပန် မနောဒွါရဂ္ဂဟိတဖြစ်၏။ ကံဖြစ်အံ့၊ အတိတ်၊ မနောဒွါရဂ္ဂဟိတဖြစ်၏။ ကာမ အာရုံချည်းသာတည်း။

ရူပ အရူပ အာရုံနိမိတ်

ရူပ ပဋိသန္ဓေ၏ အာရုံသည် ပညပ် ကမ္မနိမိတ်သာဖြစ်၏။
(ကသိုဏ်းစသော ပညပ် ၂၅-ပါး၊ ၁၄-ပါး၊ ၁၂-ပါး၊-ကမ္မနိမိတ်ဖြစ်၍ ကာလဝိမုတ်၊ မနောဒွါရဂ္ဂဟိတ သာတည်း။)

အရူပပဋိသန္ဓေ၏ အာရုံသည် မဟဂ္ဂုတ်ကမ္မနိမိတ်၊ ပညပ်ကမ္မနိမိတ်သာ ထိုက်သည့် အားလျော်စွာဖြစ်၏။
(အာကာသာနဉ္စာယတန အာကိဉ္စညာယတန မဟဂ္ဂုတ်ကမ္မနိမိတ် ဖြစ်လျှင် အတိတ်၊ မနောဒွါရဂ္ဂဟိတဖြစ်၏၊ ကောင်းကင်ပညပ် နတ္ထိဘောပညပ် ကမ္မနိမိတ် ဖြစ်လျှင် ကာလဝိမုတ်၊ မနောဒွါရဂ္ဂဟိတဖြစ်၏။)

အသညသတ် ပုဂ္ဂိုလ်တို့သည် ဇီဝိတနဝက ရုပ်သာလျှင် ပဋိသန္ဓေ အဖြစ်ဖြင့် တည်သောကြောင့် ရုပ်ပဋိသန္ဓေ ရှိသူတို့ မည်ကုန်၏။
အရူပ ပုဂ္ဂိုလ်တို့သည် နာမ်ပဋိသန္ဓေရှိသူတို့ မည်ကုန်၏။
ကြွင်းသော ပုဂ္ဂိုလ်တို့သည် ရုပ်နာမ် ပဋိသန္ဓေရှိသူတို့ မည်ကုန်၏။

စုတိပဋိသန္ဓေအစဉ်

အရူပ စုတိလေးခု နောင် အောက်အောက်ကြဉ်သော အရူပ ပဋိသန္ဓေ၊ ကာမ တိဟိတ် ပဋိသန္ဓေ အားဖြင့် ၈-ခု၊ ၇-ခု၊ ၆-ခု၊ ၅-ခုဖြစ်၏။
ရူပစုတိငါးခုနောင် အဟိတ်ကြဉ်သော ဒွိဟိတ်၊ တိဟိတ် ပဋိသန္ဓေ ၁၇-ခုဖြစ်၏။
ကာမတိဟိတ် စုတိလေးခုနောင် ပဋိသန္ဓေ ၁၉-ခုလုံးဖြစ်၏။
(အသညသတ်ရုပ်ပဋိသန္ဓေလည်း ဖြစ်၏။)
ဒွိဟိတ်စုတိလေး၊ အဟိတ် စုတိဒွေနောင် ကာမပဋိသန္ဓေ ဆယ်ခုဖြစ်၏။
ဤကား စုတိပဋိသန္ဓေ အစဉ်တည်း။

တနည်းကား --
အပါယ်လေးဘုံမှ ဒုဂ္ဂတိ အဟိတ်သေလျှင် ကာမ ၁၁-ဘုံ၌ ပဋိသန္ဓေ တဆယ်၊
လူ၊ စာတုမဟာရာဇ်မှ သုဂတိ အဟိတ်သေလျှင် ကာမ ၁၁-ဘုံ၌ ပဋိသန္ဓေ တဆယ်။
ကာမသုဂတိ ခုနှစ်ဘုံမှ ဒွိဟိတ်သေလျှင် ကာမ ၁၁-ဘုံ၌ ပဋိသန္ဓေ တဆယ်။
ကာမသုဂတိခုနစ်ဘုံမှ တိဟိတ်သေလျှင် (မဖြစ်မရှိ) ဘုံ ၃၁-၌စိတ် ပဋိသန္ဓေ ၁၉။ ရုပ်ပဋိသန္ဓေ ၁။

ဝေဟပ္ဖိုလ် တိုင်အောင်သော ဗြဟ္မာဆယ်ဘုံမှ သေလျှင် (အပါယ်နှင့်အသညသတ်-ငါးဘုံ၌-မဖြစ်၊ လူ, စာတုမဟာရာဇ်၌လည်း သုဂတိအဟိတ် မဖြစ်၊) ၂၆-ဘုံ၌ စိတ်ပဋိသန္ဓေ ၁၇။ (အရိယာ- အောက်ဘုံမစုန်၊ ထွတ်ဖျားသုံးဘုံမှလည်း မရွှေ့။)
အသညသတ်မှသေလျှင် ကာမသုဂတိခုနစ်ဘုံ၌ ဒွိဟိတ်တိဟိတ် ပဋိသန္ဓေ ၈။
အဝိဟာမှသေလျှင် အထက်သုဒ္ဓါဝါသလေးဘုံ၌ ပဋိသန္ဓေ ၁။
အတပ္ပါမှသေလျှင် အထက်သုံးဘုံ၌,
သုဒဿာမှသေလျှင် အထက် ၂-ဘုံ၌,
သုဒဿီမှသေလျှင် အထက်တဘုံ၌ ပဋိသန္ဓေ ၁။
အကနိဋ္ဌသေလျှင် ပဋိသန္ဓေ မရှိ၊ ၃၁-ဘုံ၌ မဖြစ်။

အာကာသာနဉ္စာယတန ဘုံမှသေလျှင် အရူပလေးဘုံ၊ ကာမ သုဂတိခုနစ်ဘုံ အားဖြင့် ၁၁-ဘုံ၌ ပဋိသန္ဓေ ၈။
ဝိညာနဉ္စာယတနဘုံမှသေလျှင် အောက်အရူပဘုံကြဉ်၍ ဆယ်ဘုံ၌ ၇။
အာကိဉ္စညာယတနဘုံမှ သေလျှင် ကိုးဘုံ၌ ၆။
နေဝသညာနာသညာယတနဘုံမှ သေလျှင် ရှစ်ဘုံ၌ ၅။

ဘဝလည်ပုံ

ဤသို့လျှင် ပဋိသန္ဓေနေပြီးသော သူတို့အား ပဋိသန္ဓေစိတ်ချုပ်သည်မှစ၍ စုတိစိတ် ဖြစ်သည်တိုင်အောင် ဝီထိစိတ် မဖြစ်သောအခါ ထိုပဋိသန္ဓေစိတ်ဟု ဆိုအပ်သော စိတ်သည်ပင်လျှင် ဘဝင်စိတ်အစဉ်ဖြင့် ဖြစ်၍ မြစ်ရေအယဉ်ကဲ့သို့ မပြတ် ဖြစ်၏။ ထိုပဋိသန္ဓေ၏ အာရုံကိုပင် အာရုံပြု၍ဖြစ်၏။

အဆုံး၌လည်း ထိုစိတ်သည်ပင်လျှင် စုတိစိတ်ဖြစ်၍ ချုပ်၏။ (ထိုပဋိသန္ဓေ၏ အာရုံ ကိုပင် အာရုံပြု၍ ချုပ်၏၊)
ထိုစုတိမှ နောက်၌လည်း ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ ဝီထိစိတ် စုတိစိတ်တို့သည် ဤဘဝ၌ ဖြစ်သကဲ့သို့ အစဉ်အတိုင်း လည်၍ ဖြစ်ကုန်၏။ ရထားလှည်းဘီးပမာ ချာချာလည်၍ ဖြစ်ကုန်၏။

ဘဝပြတ်ပုံ

အကြင်ပညာရှိတို့သည် ဤဆိုအပ်ပြီးသော ဝဋ်တရားကို ခိုင်ခြင်း, မြဲခြင်းမရှိ အနိစ္စ-ဟု ဆင်ခြင်ကုန်၏။ ဆင်ခြင်၍ ကောင်းသောအကျင့်ကို ကြာမြင့်စွာ ကျင့်ကုန်၏။ ကောင်းစွာကျင့်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကြောင့် တဏှာနှောင်ကြိုး အကြွင်းမဲ့ ပြတ်ကုန်၏။ ထိုပညာရှိ တို့သည် ခန္ဓာဒုက္ခငြိမ်းရာ နိဗ္ဗာနဓာတ်သို့ ရောက်ကုန်လတ္တံ့ ။

ပဋိသန္ဓိစတုက္ကမှတ်ဘွယ်

မျက်စိဖြစ်ချိန် မျက်စိဖြစ်ခွင့် မပေးသောကံဖြင့် ပဋိသန္ဓေနေသူ သည် ဇစ္စန္ဓ မည်၏။
ပဋိသန္ဓေအားဖြင့် --
မျက်စိကန်းသော ဇစ္စန္ဓ
နားပင်းသော ဇစ္စဗဓိရ
စကားမပြောတတ်သော ဇစ္စမူဂ
ထိုင်းလွန်း အလွန်းသော ဇစ္စဇဠ
အရိ အရွဲယိုသော ဇစ္စဧဠ
ရူးသော ဇစ္စုမ္မတ္တက
ပဏ္ဍုက်၊ ဥဘတောဗျည်း၊ နပုံး၊ မန်းစွဲသောသူ
စသည်တို့သည် သုဂတိအဟိတ် ပုဂ္ဂိုလ်တို့ဖြစ်ကုန်၏။
အသညသတ်လည်း သုဂတိအဟိတ်မည်၏။ ဤသူတို့သည် ဝိပါကန္တရာယ်သင့်၍ ရပ်ပြစ်ရှစ်ပါး ခေါ်သော အခဏရှစ်ပါး၌ ပါဝင်ကုန်၏။ မဂ်ဖိုလ် မရထိုက်ကုန်။

ရပ်ပြစ်ရှစ်ပါး

ငရဲ၌ ဖြစ်သူ၊
တိရစ္ဆာန်၌ဖြစ်သူ၊
ပြိတ္တာ၌ဖြစ်သူ (၃)။
အသက်ရှည်သော နတ်ဗြဟ္မာ၌ဖြစ်သူ၊
(အသညသတ်ဟုဖွင့်သည်၊ အရူပ ပုထုဇဉ်ကိုလည်း ယူကြသည်။)
ပစ္စန္တရာဇ်၌ လူရိုင်းဖြစ်သူ၊
မိစ္ဆာဒိဋ္ဌိဖြစ်သူ (၃)
ပဋိသန္ဓေအားဖြင့် အင်္ဂါချို့သူ၊
ဘုရားသာသနာဆိတ်မှ ပညာရှိဖြစ်သူ (၂)
ဤရှစ်ယောက်သည် မဂ်ဖိုလ် မရထိုက်သောကြောင့် ရပ်ပြစ်ရှစ်ပါး မည်၏။

ငရဲ၊ တိ၊ ပြိတ်၊(၃)၊ ရှည်၊ ပစ်၊ မိစ်၊(၃) ချို့၊ ဆိတ်၊ (၂)၊ ရပ်ပြစ် ရှစ်။

ဘုရားသာသနာ အတွင်း တရားသိကြရသော အခါသည်ကား အခဏရှစ်ပါးမှ လွတ်၏။ ဗုဒ္ဓုပ္ပါဒခဏနဝမခဏ မည်၏၊ စက်လေးပါးလည်၍ ကုသိုလ်ဖြစ်ခွင့် ခဏမည်၏။
စက်လေးပါးကား --

၁။ ပဋိရူပဒေသဝါသ- သင့်တင့်ရာအရပ်၌နေခြင်း၊
၂။ သပ္ပုရိသူပနိဿယ- သူတော်ကောင်းကို အမှီပြုခြင်း၊
၃။ အတ္တသမ္မာပဏိဓိ- မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်း၊ ဝါ၊ သီလရှိခြင်း၊
၄။ ပုဗ္ဗေကတပုညတာ- ရှေးကုသိုလ်ရှိခြင်း၊
ဤလေးပါးတွင် အလယ်နှစ်ပါးတည်လျှင် လေးပါးလုံးတည်၍လည်၏။ ဤစကားဖြင့် ကုသိုလ်သည် ဖြစ်လွယ်သည် မဟုတ်ဟု သိသာ၏။ မဂ်ဖိုလ်နှင့် ဆက်သွယ်သည်ဟု မြတ်စွာဘုရား ချီးမွမ်း၏။
ကုသိုလ်၌ မေ့လျော့သူကို အချိန်ကောင်းကို ဖြုန်းတီးသူဟူ၍ ပြစ်တင်တော်မူ၏။

အသက်တမ်း

လူနှစ် ငါးဆယ်သည်-စာတုမဟာရာဇ် တရက်၊
လူနှစ် တရာ-တာဝတိံသာတရက်၊
လူနှစ် နှစ်ရာ-ယာမာ တရက်၊
လူနှစ်လေးရာ-တုသိတာတရက်၊
လူနှစ်ရှစ်ရာ-နိမ္မာနရတိ- တရက်၊
လူနှစ် တထောင့်ခြောက်ရာ- ဝသဝတ္တီတရက်၊
ထိုရက် ၃၀-တလ၊ ၁၂-လ-တနှစ်၊ ထိုနှစ်အားဖြင့်-ငါးရာ၊ တထောင်၊နှစ်ထောင်၊ လေးထောင်၊ ရှစ်ထောင်၊ တသောင်း ခြောက်ထောင်သည် ခြောက်ထပ်နတ်သက် စဉ်တိုင်းတည်း။
လူတို့အရေအတွက်အားဖြင့် ၉-သန်း၊ ၃၆-သန်း၊ ၁၄၄-သန်း၊ ၅၇၆-သန်း၊ ၂၃၀၄-သန်း၊ ၉၂၁၆-သန်းဖြစ်၏။ (လေးဆတိုး။)

ပဌမဈာန်သုံးဘုံ၌ မဟာကပ်၏ လေးဘို့တဘို့ဖြစ်သော အသင်္ချေယျကပ်တခုဖြင့် ပိုင်းသည်၊ မဟာကပ်ဖြင့်မပိုင်း၊ ကမ္ဘာပျက်တိုင်း ဤသုံးဘုံ ပျက်သောကြောင့်တည်း၊ ကမ္ဘာသည် မီးခုနစ်ကြိမ်၊ ရေတကြိမ်၊ မီးခုနစ်ကြိမ်၊ ရေတကြိမ်-အားဖြင့် ၆၄-ကြိမ်မြောက်၌ လေတကြိမ်ဖြင့်ပျက်၏။
(၆၄-ကမ္ဘာ၌ လေ-၁၊ ရေ-၇၊ မီး-၅၆၊)
မီးဖျက်သောအခါ ပဌမဈာန်သုံးဘုံထိ ကျွမ်း၏။
ရေဖျက်သောအခါ ဒုတီယဈာန်သုံးဘုံထိ ကြေ၏။
လေဖျက်သောအခါ တတီယ ဈာန်သုံးဘုံထိလွင့်၏။
စကြဝဠာ ကုဋေတသိန်းသည် အတူပျက်၍ အတူဖြစ်၏။ ဒုတီယဈာန်စသော အထက်ဘုံတို့၌ အသင်္ချေယျ လေးကပ်ဖြစ်သော မဟာကပ် (ကမ္ဘာ) ဖြင့် ပိုင်းသည်။

အပါယ်ဘုံ၌သက်တမ်းမရှိ၊ ကံသာလျှင် ပမာဏဖြစ်၏။ ကံမကုန်မချင်းမသေ၊ ကာလနဂါး အသက်ရှည်၏။ ဘုမ္မဇိုဝ်းနတ်လည်း အချို့ ခုနစ်ရက်၊ အချို့ တကမ္ဘာ၊ ဝါ၊ အသင်္ချေယျတကပ်၊ လူတို့လည်း ရံခါ ဆယ်နှစ်၊ ရံခါ အသင်္ချေ၊ မန္ဓာတု စကြာမင်းသည် သိကြားမင်း ၃၆ - ယောက်ခန့် အသက်ရှည်၏။ ယခုကာလကဲ့သို့ တရာတမ်း၌ တရာကျော်သော်လည်း နှစ်ရာမပြည့်မီ သေ၏။

ဇိနာလင်္ကာရဋီကာတို့၌ --
ငရဲသက်ကို ဤသို့ ပြသေး၏။
စာတုမဟာရာဇ် နှစ်အားဖြင့် ငါးရာသည် သဉ္ဇိုဝ်း၌ တနေ့နှင့်တညဉ့်၊ ဝါ၊ တရက်ဖြစ်၏။ ထိုရက် ၃ဝ-သည်တလ၊ ၁၂-လသည် တနှစ်။ ထိုနှစ် ငါးရာသည် သဉ္ဇိုဝ်းငရဲသက်ဖြစ်၏။
ဤနည်းဖြင့် --

တာဝတိံသာနှစ်, တထောင်သည် ကာလသုတ် တရက်၊ ထိုငရဲသက်- နှစ်ပေါင်း တထောင်၊
ယာမာနှစ်ထောင်သည် သင်္ဃာတတရက်၊ ထိုငရဲသက် နှစ်ပေါင်း နှစ်ထောင်၊
တုသိတာ,လေးထောင်သည် ရောရုဝ တရက်၊ ထိုငရဲသက်-နှစ်ပေါင်း လေးထောင်၊
နိမ္မာနရတိ ရှစ်ထောင်သည် မဟာရောရုဝ တရက်။ ထိုငရဲသက်ပေါင်းရှစ်ထောင်၊
ဝသဝတ္တီ တသောင်း ခြောက်ထောင်သည် တာပန တရက်၊ ထိုငရဲသက်နှစ်ပေါင်း တသောင်း ခြောက်ထောင်ဖြစ်၏။ မဟာတာပန, အန္တရကပ် ထက်ဝက်ဖြစ်၏၊ အဝီစိ, အန္တရကပ် တကပ်ဖြစ်၏။

ဘုံပုဂ္ဂိုလ်ဝီထိမုတ်စိတ်ရ

အပါယ်လေးဘုံ၌ ဝီထိမုတ်စိတ် တခု။
လူ၊ စာတုမဟာရာဇ်- နှစ်ဘုံ၌ ကိုးခု။
အထက်နတ်ငါးဘုံ၌ ရှစ်ခု။
ဤသို့ကာမသုဂတိဘုံ၌ ကိုးခု၊ ကာမ ၁၁-ဘုံ၌ ဆယ်ခုရ၏။
ဤကာမဘုံ၌ --
ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ် တခု။
သုဂတိအဟိတ်-တခု။
ဒွိဟိတ်-လေးခုတို့တွင် တခုခု။
တိဟိတ်-လေးခု တခုခု။
ဖိုလ်ပုဂ္ဂိုလ်-လေးခု တခုခု။
မဂ်ပုဂ္ဂိုလ်- ဝီထိမုတ်စိတ် မရ။
ဤဝီထိမုတ်စိတ်တို့သည် ဝီထိစိတ်၌ ပါဝင်ပြီး ဖြစ်၍ ဝီထိစိတ်နှင့်ပေါင်းသော်လည်း အထူးမရှိ၊ (၃၇၊ ၄၁၊ ၄၁၊ ၄၅၊ ၅၄။ ၄၁-၅၀၊ ၄၁-၅၀၊ ၃၉-၄၈၊ ၃၅-၄၄) ပင်ဖြစ်၏။

ပဌမဈာန်သုံးဘုံ၌ ဝီထိမုတ်စိတ် တခု၊
ဒုတီယဈာန် သုံးဘုံ၌ နှစ်ခု။ (ဝါနှစ်ခုတို့တွင် တခုခု။)
တတီယဈာန် သုံးဘုံ၌တခု။
ဝေဟပ္ဖိုလ်၊ သုဒ္ဓါဝါသ၌ တခု။
အသညသတ်၌ မရှိ၊
ဤသို့ရူပ ၁၅-ဘုံ၌ ငါးခုရ၏။
ဤရူပဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ်-ငါးခု တခုခု၊ မဂ်ပုဂ္ဂိုလ်မရ။
ဤစိတ်တို့သည် ဝီထိစိတ်၌မပါသောကြောင့် ပေါင်းလျှင်ထူး၏
(၃၈၊ ၃၄၊ ၃၄၊ ၃၄၊ ၃၀၊ သည် ၃၉၊ ၃၅၊ ၃၅၊ ၃၅၊ ၃၁-ဖြစ်၏။ )

အရူပလေးဘုံ၌ ဝီထိမုတ်စိတ် တခုစီရ၏။ လေးဘုံ၌ လေးခုရ၏။
ဤ အရူပဘုံ၌ ပုထုဇဉ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ်-လေးခုတခုခု မဂ်ပုဂ္ဂိုလ် မရ။
ဤစိတ်တို့သည် ဝီထိစိတ်၌ မပါသောကြောင့် ပေါင်းလျှင်ထူး၏။
(ဝီထိပိုင်းဆိုပြီးနှင့် ပေါင်းနိုင်ရမည်။)

သတ္တာဝါသ ဘုံကိုးဝ

သုံးဆဲ့တဘုံသည် ဘုံ၌ နေသူအားဖြင့် ကိုးဘုံဖြစ်၏။
ငရဲဘုံ၌ ငရဲသားတို့အား ဆူကြုံနိမ့်မြင့် ကိုယ်ချင်းမတူ၊ ပဋိသန္ဓေစိတ်ကား တူ၏၊ ထို့ကြောင့် နာနတ္တကာယ ဧကတ္တသညီ ဘုံသားတို့ မည်ကုန်၏။
တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်- ထိုအတူ ကိုယ်မတူ၊ စိတ်တူ။

လူ့ဘုံ၌ လူတို့အား ကိုယ်မတူ၊ ပဋိသန္ဓေ စိတ်ကိုးခု ဖြစ်၍ စိတ်မတူ။
စာတုမဟာရာဇ် အဝင်အပါ ဝိနိပါတိက အသုရာ-ထိုအတူ ကိုယ်မတူ၊ စိတ်မတူ။
နတ်ပြည်ခြောက်ထပ် ကိုယ်မတူ၊ ပဋိသန္ဓေစိတ် ရှစ်ခုဖြစ်၍ စိတ်မတူ။

ပဌမဈာန် သုံးဘုံ- ကိုယ်မတူ၊ စိတ်တူ (ဗြဟ္မာတို့၌ ကိုယ်ရောင် ကိုယ်ဝါ မတူခြင်း သည် ပမာဏမဟုတ်။)
ဒုတီယဈာန် သုံးဘုံ- ကိုယ်တူ။ (ပဋိသန္ဓေ) စိတ်မတူ။
တတီယဈာန်သုံးဘုံ- ကိုယ်တူ၊ စိတ်တူ။
ဝေဟပ္ဖိုလ်- ကိုယ်တူ၊ စိတ်တူ။
သုဒ္ဓါဝါသ ငါးဘုံ ကိုယ်တူ၊ စိတ်တူ။

၁-နာနာတ္တကာယဧကတ္တသညီ ၇-ဘုံ။
အပါယ်ဘုံ၊ ပဌမဈာန်သုံးဘုံ၊ (ပါယ်၊ ပ၊ ခုနှစ်၊ နာဧ-ဖြစ်၏။)
၂-နာနာတ္တကာယနာနတ္တသညီ၇-ဘုံ။
လူ့ဘုံ၊ ဝိနိပါတိကနှင့် တကွ နတ်ပြည်ခြောက်ထပ်၊ (ခုနှစ်၊ ကာ၊ သု၊ နာ၊ နာ၊ ရှုလော့။)
၃-ဧကတ္တကာယ နာနတ္တသညီ ၃-ဘုံ။
ဒုတီယဈာန် သုံးဘုံ၊ (ဈာန်ဒု၊ သုံးဖြာ၊၊ ဧ၊ နာ-မှတ်လေ။)
၄-ဧကတ္တကာယ ဧကတ္တသညီ ၉-ဘုံ။
တတီယဈာန်၊ ဝေဟပ္ဖိုလ်၊ သုဒ္ဓါဝါသ၊ (တ၊ ဝေ၊ သုဒ္ဓါ၊ ကိုးဖြာ၊ ဧ၊ ဧ၊ တည်း။)
၅-အသညသတ္တ ၁-ဘုံ။
၆ - အာကာသာနဉ္စာယတနူပဂ ၁-ဘုံ။
ရ-ဝိညာနဉ္စာယတနူပဂ ၁-ဘုံ။
၈-အာကိဉ္စညာယတနူပဂ ၁-ဘုံ။
၉-နေဝသညာ နာသညာယတနူပဂ ၁-ဘုံ。
ဤသို့လျှင် သတ္တဝါတို့၏ နေရာဘုံ ကိုးမျိုးဖြစ်၏。
ဘုံဟုဆိုသော်လည်း သတ္တဝါကို ဆိုသည်ဟု သိအပ်၏။

ဝိညာဏဌိတိ ခုနစ်ဘုံ

ထိုတွင် အသညသတ္တ တဘုံသည် ဝိညာဏ်မရှိ။ နေဝသညာနာသညာယတနူပဂ တဘုံသည် ဝိညာဏ်ကား ရှိ၏။ သိမ်မွေ့လွန်း၏၊ ဝိပဿနာကိစ္စဖြင့် ရှုလောက်သော ဝိညာဏ်မရှိ၊ ထိုနှစ်ဘုံကိုဖယ်၍ ဝိညာဏဋ္ဌိတိ ဘုံခုနစ်မျိုး ဖြစ်၏။ စိတ်ဖြစ်ရာ ဘုံခုနစ်ခု ဟူလို။

ဆရာအချို့ကား -- သုဒ္ဓါဝါသ ငါးဘုံ ကိုယ်တူ၊ စိတ်တူဖြစ်သော်လည်း မယူအပ်၊ ပြန်မလည်သောကြောင့် ဝိဝဋ္ဋပက္ခ၌ တည်၏။ ကမ္ဘာ တသောင်း ခြောက်ထောင် အတွင်း ဘုရားပွင့်မှ ထိုဘုံ၌ ဗြဟ္မာတို့ဖြစ်ကုန်၏။ ကမ္ဘာတသိန်း ဘုရားဆိတ်လျှင် ထိုဘုံ၌လည်း ဗြဟ္မာဆိတ်၏-ဟုဆိုကုန်၏။
မဟာသိဝမထေရ်ကား - သုဒ္ဓါဝါသသည် စတုတ္ထဝိညာဏဋ္ဌိတိ၊ သတ္တာဝါသသို့ ဝင်သည်ဟု ဆို၏။ ထိုစကားကို ခွင့်ပြုအပ်သည်ဟု သာရတ္ထဒီပနီဋီကာ၌ အဆိုရှိ၏။

အကုသိုလ်ကမ္မပထ

အကုသိုလ်ကံဖြစ်ရာ ဒွါရသုံးပါးတို့တွင် ကာယ ဝိညတ္တိရုပ်သည် ကာယဒွါရ မည်၏။ ဝစီဝိညတ္တိရုပ်သည် ဝစီဒွါရမည်၏။ စိတ်အားလုံးသည် နောက်စိတ်ဖြစ်ကြောင်း မနောဒွါရ မည်သည်သာတည်း။ ဤအကုသိုလ်ကံအရာ၌ကား လောဘမူ၊ ဒေါသမူ စိတ် တဆယ်သည် မနောဒွါရမည်၏။

အကုသိုလ်ကာယကံသည် ကာယဒွါရ၊ ဝစီဒွါရ နှစ်ပါး၌သာ ကမ္မပထမြောက်သည်။ မနောသက်သက်၌ကား ဖြစ်ပင်မဖြစ်။ ဒွါရသို့မလိုက်ဘဲ ကာယကံသာ မည်သည်။ ဝစီကံလည်း ထိုအတူဒွါရ နှစ်ပါး၌သာ ကမ္မပထမြောက်သည်၊ ဝစီကံသာမည်သည်။ မနောကံကား ဒွါရသုံးပါးလုံး၌ ကမ္မ္ပပထမြောက်သည်။ မနောကံသာ မည်သည်။

ဒုစရိုက် ဆယ်ပါးလုံးသည် ကမ္မပထ မမြောက်သောအခါ ကာယဒွါရ၌ ဖြစ်လျှင် ကာယဒုစရိုက်၊ ဝစီဒွါရ၌ဖြစ်လျှင် ဝစီဒုစရိုက်။ မနောဒွါရ၌ဖြစ်လျှင် မနောဒုစရိုက် မည်၏။ ဤ၌အပါယ်လားကြောင်း ကံသည် ကမ္မပထ မည်၏။ ကမ္မပထ ဖြစ်လျှင် အပါယ်လားစေနိုင်၏၊

မုသာသည် သူတပါးအကျိုးပျက်မှ ကမ္မပထ၊ မပျက်လျှင် ကံသာမည်။
ပိသုဏသည် သူနှစ်ဦးကွဲမှ ကမ္မပထ၊ မကွဲလျှင် ကံသာ။
သမ္ဖပလာပသည် သူတပါး ယုံကြည်မှ ကမ္မပထ၊ မယုံကြည်လျှင် ကံသာ။
မိစ္ဆာဒိဋ္ဌိသည် အနတ္ထိက၊ အဟေတုက၊ အကြိယအားဖြင့် သုံးပါး တပါးပါးယူမှ ကမ္မပထ၊ သုံးပါးမှလွတ်လျှင် ကံသာ။
ကြွင်းခြောက်ပါးကား ကမ္မပထချည်း သာတည်း။
(ပါဏာတိပါတ၊ အဒိန္နာ၊ ကာမေ-ကာယကံ ၃။ ဖရု- ဝစီ ၁။ အဘိဇ္ဈာ၊ ဗျာပါဒ-မနော ၂၊ ပေါင်း ၆။)

သုရာမေရယသည် ရသာရုံ ကာမ၌ မှားသော အကျင့် ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရ၌ ပါဝင်၏-ဟုဆိုကြ၏။ ယင်းသို့ဖြစ်လျှင် ကမ္မပထသာတည်း။

ဒိဋ္ဌိသုံးပါး

ကံပယ်လျှင် အကြိယမည်၏။ ယခုပြုစရာ အကြောင်းကံ မရှိကောင်းဟုပယ်သည်။ ဝိပါက်ပယ်လျှင် အနတ္ထိကမည်၏၊ နောင်ခံစားစရာ အကျိုးဝိပါက် မရှိကောင်းဟု ပယ်သည်။ ကံဝိပါက်နှစ်ပါးလုံး ပယ်လျှင် အဟေတုက မည်၏။ အကျိုးကို ဖြစ်စေသော ရှေးအကြောင်းကံ မရှိကောင်း ဟူ၍၎င်း၊ အကြောင်းကြောင့် ဖြစ်သော အကျိုးဝိပါက် မရှိကောင်း ဟူ၍၎င်း ပယ်သည်။
အကြိ-ကံပယ်၊ နတ်-ကျိုးပယ်။ နှစ်သွယ်-အဟေတု။

ကာမကုသိုလ် ကမ္မပထ

ကုသိုလ်ကံ ဆယ်ပါးသည် ဒွါရသုံးပါးလုံး၌ ကမ္မပထမြောက်၏။ သုဂတိ ရောက်ကြောင်းသာဖြစ်၏။ ပဉ္စဒွါရိက ဝီထိကုသိုလ်ဇော၊ မရဏာသန္နကုသိုလ်ဇော၊ အိပ်မက်ကုသိုလ် ဇောတို့ကား ကမ္မပထမမြောက်ဟု ဆိုထိုက်ကုန်၏။ ပဋိသန္ဓေကျိုး မပေးနိုင်ကြကုန်။

ကုသိုလ်ဆယ်ပါးတို့တွင် အပစာယန၊ ဝေယျာဝစ္စနှစ်ပါးကို သီလ၌ရေတွက်အပ်၏။ စာရိတ္တသီလ ဖြစ်သောကြောင့်တည်း။ (သီလသုံးပါး)။

ပတ္တိဒါန၊ ပတ္တာနုမောဒနာ-နှစ်ပါးကို ဒါန၌ ရေတွက်အပ်၏။ ဒါနသဘောရှိသည်။ ဣဿာ မစ္ဆရိယကိုလည်း ပယ်နိုင်သည်။ ထိုကြောင့်တည်း။ (ဒါနသုံးပါး)။

ဓမ္မဿဝန ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ-သုံးပါးကို ဘာဝနာ၌ ရေတွက်အပ်၏။ ကုသိုလ် တိုးပွါးကြောင်း ဖြစ်သည်။ ထိုကြောင့်တည်း။ (ဘာဝနာလေးပါး)
တနည်း၊
ဓမ္မဿဝန ဓမ္မဒေသနာ-နှစ်ပါးကို ဘာဝနာ၌ ရေတွက်အပ်၏။ အနိစ္စစသော လက္ခဏာကို ထိုးထွင်း၍ သိ၍ သိ၍ နာသည်၊ သိ၍ သိ၍ဟောသည်၊ ပဋိဝေဓ ကိုလည်းဆောင်သည်။
တနည်း၊
ဓမ္မဒေသနာကို ဒါန၌ ရေတွက်အပ်၏။ ဓမ္မဒါနဖြစ်သည်၊ ဒိဋ္ဌိဇုကမ္မကို ဒါန၊ သီလ၊ ဘာဝနာ သုံးပါးလုံး၌ ရေတွက်အပ်၏။ ကုသိုလ်တို့၏ ခိုင်မြဲခြင်းလက္ခဏာ ရှိသည်၊ သမ္မာဒိဋ္ဌိဖြင့် သုတ်သင်သော ကုသိုလ်တိုင်းလည်း အာနိသင်များသည်။
(ဤစကားတို့ကို တိုက်ရိုက်ဖွင့်မဆိုသော်လည်း အကြောင်းပြဟု သိအပ်၏။)

ဥက္ကဋ္ဌ

ရှေ့နောက် ကုသိုလ်ခြံရံသော၊ ဝါ၊ နောက်၌ဝမ်းမြောက်ခြင်းဖြင့် ဖန်ဖန်ရံအပ်သော သမ္ပယုတ်ကုသိုလ်သည် တိဟိတ်ဥက္ကဋ္ဌ
ဝိပ္ပယုတ် ကုသိုလ်သည် ဒွိဟိတ်ဥက္ကဋ္ဌ မည်၏။

ရှေ့နောက် အကုသိုလ်ခြံရံသော။ ဝါ၊ နောက်၌ နှလုံးမသာယာခြင်းဖြင့် ဖန်ဖန် ထုံအပ်သော သမ္ပယုတ်ကုသိုလ်သည် တိဟိတ် ဩမက
ဝိပ္ပယုတ်ကုသိုလ်သည် ဒွိဟိတ် ဩမက မည်၏。

စေတနာကံတခုသည် ဘဝတခု၌ ပဋိသန္ဓေတခုကိုသာ ဖြစ်စေသည်။ ပဝတ္တိကျိုးကား ဘဝရာထောင်၌ များစွာ ဖြစ်စေသည်။

ဟိတ်ရှစ်ပါးစုံမှ တိဟိတ်

တိဟိတ်ဥက္ကဋ္ဌ ကုသိုလ်သည် ဇောခဏ၌ အလောဘ စသော ဇနကဟိတ် သုံးပါး ရှိသည်။ ဘဝသို့ ညွတ်စေသော နိကန္တက္ခဏ၌ လောဘ၊ မောဟ-ဟူသော ပရိဏာမဟိတ် နှစ်ပါးရှိသည်။ ပဋိသန္ဓေခဏ၌ အလောဘ စသော သမ္ပယုတ်ဟိတ် သုံးပါးရှိသည်။ ဤသို့ ဟိတ်ရှစ်ပါးရှိသည်၊
(တဏှာသုံးသပ်ခံရမှ ကံသည် အကျိုးပေးသည်၊ ဝါ၊ အဝိဇ္ဇာမြေတောင်မြှောက်၊ တဏှာရေ လောင်းပေးမှ ကံမျိုးစေ့ အညှောက် ထွက်သည်။)

တိဟိတ်ဩမကသည် ထိုအတူသုံးပါး၊ နှစ်ပါး၊ နှစ်ပါး-အား ဖြင့် ၇-ပါးရှိသည်။

ဒွိဟိတ်ဥက္ကဋ္ဌသည် နှစ်ပါး၊ နှစ်ပါး၊ နှစ်ပါး- အားဖြင့် ခြောက်ပါးရှိသည်။

ဒွိဟိတ်သြမကသည် နှစ်ပါး၊ နှစ်ပါး၊ အဟိတ်အားဖြင့် လေးပါးရှိသည်။

ရူပကုသိုလ်ကံ

ရူပကုသိုလ်ကံသည် ဂရုကံဖြစ်၏။ လွန်စွာ တန်းခိုးကြီး၏။ တားနိုင်သောကံ မရှိ၊ အထူးကား ဈာန်မလျှောပါမှ၊ ပစ္ဆိမဘဝိက ပုဂ္ဂိုလ်မဟုတ်ပါမှ၊ ကာမဘုံ၌ဖြစ်လိုသည် ဟု တောင့်တခြင်းမရှိပါမှ ဂရုကံဖြစ်၍ ရူပဘုံ၌ ပဋိသန္ဓေကို ဖြစ်စေနိုင်သည်။ အရူပ ကုသိုလ်ကံလည်း ထိုနည်းတူတည်း။
(သုတ်မဟာဝါ အဋ္ဌကထာ၌ ဂေါပိကာ မင်းသ္မီး ကိုးကွယ်သော ရဟန်းသုံးပါးသည် ဈာန်ရလျက် ဂန္ဓဗ္ဗနတ်မျိုး၌ ဖြစ်သည်။)

အဘိညာ စေတနာကား တကြိမ်သာ ဖြစ်၍ အာသေဝနပစ္စည်း မရသောကြောင့် ပဋိသန္ဓေကျိုး မပေးနိုင်ဟု နာမရူပပရိစ္ဆေဒ ကျမ်း၌ဆို၏။ အနုဋီကာ၌ကား-အဘိညာ စေတနာသည် ကာမ၊ မဟဂ္ဂုတ်၊ နိဗ္ဗာန်၊ ပညပ်-အာရုံမျိုးစုံ အာရုံပြုသည်။ ပဉ္စမဈာန် သမာဓိ၏ အာနိသင် ဖြစ်သည်။ ထိုကြောင့် ပညပ်ကိုသာ အမြဲအာရုံပြုသော ရူပဝိပါက်အကျိုးကို မဖြစ်စေနိုင်ဟု နာမရူပပရိစ္ဆေဒကို ပယ်၍ဆို၏။

အသညသတ်၌ ဖြစ်သူတို့ကား - ကံရှိ၏။ ကံအကျိုးရှိ၏ဟု ယူသော ကမ္မဝါဒီ ပုထုဇဉ်တို့သာလျှင် - သညာရောဂေါ၊ သညာဂဏ္ဍော၊ ဓိစိတ္တံ၊ ဓီနာမံ-ဟု နာမ်၌ အပြစ်ရှု၍ ဝါယောကသိုဏ်း၌ ပဉ္စမဈာန်ပွါး၍ အသညသတ်ဘုံ၌ ဖြစ်ကုန်၏။ ကေသဉ္စိအလိုအားဖြင့် ပရိစ္ဆိန္နာကာသ ကသိုဏ်း၌ ပဉ္စမဈာန် ပွါးသည်ဟု ဆိုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် လူ့ပြည်၌သေသော ဣရိယာပုထ်ဖြင့်သာ အသညသတ်ဘုံ၌ ဖြစ်ကုန်၏။ ကမ္ဘာငါးရာ အသက်ရှိကုန်၏။

သုဒ္ဓါဝါသ၌ ဖြစ်သူတို့ကား အနာဂါမ်တို့သာလျှင် ရှေ့အဘို့၌၎င်း၊ နောက်အဘို့၌၎င်း, ပဉ္စမဈာန်ရ၍ ဝသီပြည့်စုံအောင် ပွါး၍သဒ္ဓါ စသော ဣန္ဒြေငါးပါး လုံး၏ အနည်းအများ အစဉ်အားဖြင့် သုဒ္ဓါဝါသ ငါးဘုံ၌ အစဉ်အတိုင်း ဖြစ်ကုန်၏။ ပဉ္စမဈာန် မရဘဲ သေသော အနာဂါမ်မရှိ။ သမာဓိဝန်းကျင် ပြည့်စုံပြီး ဖြစ်သော ကြောင့်တည်း။

မိန်းမတို့ကား အရိယာဖြစ်စေ၊ ပုထုဇဉ်ဖြစ်စေ သမာပတ် အားလုံးရသော်လည်း ထို ဗြဟ္မာဘုံ၌ ဗြဟ္မပါရိသဇ္ဇာမည်သော အလုပ်အကျွေး ဗြဟ္မာငယ်မျိုးသာဖြစ်ကုန်၏။ ဗြဟ္မပုရောဟိတာမျိုး မဟာဗြဟ္မာမျိုးမဖြစ်ကုန်။

သာမာဝတီအမှူးရှိသော မိဖုရား ငါးရာတို့တွင် အနာဂါမ်တို့သည် သုဒ္ဓါဝါသ၌ ဖြစ်ကုန်၏။ အချို့ကား ဗြဟ္မပါရိသဇ္ဇာဘုံ၌သာ ဖြစ်သည်၊ ဗြဟ္မပုရောဟိတာဘုံ စသည်၌ မဖြစ်ဟု ထည့်၍ အဆိုချွတ်ကုန်၏။

ထွတ်ဖျားသုံးဘုံ

ဝေဟပ္ဖိုလ်၊ အကနိဋ္ဌ၊ နေဝသညာနာသညာယတန - ဤသုံးသည် အထွတ်အဖျား ဖြစ်၏။ ထိုသုံးဘုံသား အရိယာတို့သည် တပါးသော ဘုံသို့မပြောင်းဘဲ ထိုဘုံ၌သာ ရဟန္တာဖြစ်၍ နိဗ္ဗာန်စံကုန်၏။ ကြွင်းသောဘုံသား အရိယာတို့သည် အောက်အောက် ဘုံတို့၌ မဖြစ်ကုန်။

သုဒ္ဓါဝါသဘုံတို့၌ နှစ်ကြိမ် မဖြစ်ကောင်း၊ ဖြစ်ဘူးသူမရှိ။ အကနိဋ္ဌ၌ ပစ္ဆိမဘဝိက အစစ်သာဖြစ်သည်၊ အတုမဖြစ်။ အပါယ်၌ ပစ္ဆိမဘဝိကအစစ် မဖြစ်။ နောင်မဖြစ်ပြန် ကောင်းသော ပစ္ဆိမဘဝိက အတုကားဖြစ်၏။

သုဒ္ဓါဝါသ တုမရ။ အကနိဋ္ဌ-တုမရ။ အာပါယိက-စစ်မရ။

ပဋိသန္ဓေဖြစ်စေပုံ

အပါယ်လားသူတို့အား မရဏာ သန္နဇောနှင့်တကွ ဖြစ်သော အဝိဇ္ဇာသည် (အပါယ်) အာရုံအပြစ်ကို ဖုံး၏။ တဏှာသည် ထိုဖုံးအပ်သော အာရုံ၌ ညွတ်စေ၏။ အကုသိုလ် စေတနာ သင်္ခါရသည် ပစ်ချ၏။

သုဂတိ လားသူတို့အား မပယ်အပ်သေးသော တပါးသော အဝိဇ္ဇာသည် အာရုံ အပြစ်ကိုဖုံး၏။ တဏှာသည် ထိုဖုံးအပ်သော အာရုံ၌ညွတ်စေ၏။ ကုသိုလ်စေတနာ သင်္ခါရသည် ပစ်ချ၏၊
(အဝိဇ္ဇာ- မြေ၌၊ တဏှာ-ရေလောင်း၍၊ စေတနာ-မျိုးစေ့ အပင်ပေါက်၏။)

သင်္ခါရဟူသည် ကုသိုလ်ကံ၊ အကုသိုလ်ကံဖြစ်၏။ စေတနာ စေတသိက်ဖြစ်၏။ ဖုံးအပ်သောအာရုံ၌ ဝိညာဏ်ကို ပဋိသန္ဓေ စိတ်ဖြစ်အောင် ပစ်ချသကဲ့သို့ဖြစ်၏။ ဤပဋိသန္ဓေစိတ်သည် ရှေးဘဝမှ ပြောင်းရွှေ့လာသည် မဟုတ်။ ရှေးဘဝ အကြောင်းကင်း၍ ဖြစ်သည်လည်း မဟုတ်။ ပဲ့တင်သံပမာ၊ ဆီမီးလျှံပမာ တံဆိပ်ရေး ပမာဖြစ်၏။ ပြောင်းလည်းမပြောင်း၊ အကြောင်းလည်းမကင်း၊
(ပဋိသန္ဓေ အိမ်ကို ဆောက်သော လက်သမားသုံးယောက်ကို ရေတွက်နိုင်ရမည်)

မရဏာသန္နဝီထိ အာရုံဒွါရ

ကံ၌အတိတ်ကံ ဓမ္မာရုံ၌သာ မနောဒွါရဝီထိဖြစ်သည်။

ကမ္မနိမိတ်၌ကား -

  • အတိတ် ကမ္မနိမိတ် အာရုံခြောက်ပါး၌ မနောဒွါရဝီထိ။
  • ပစ္စုပ္ပန်ရူပါရုံ ကမ္မနိမိတ်၌ စက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိ။
  • ပစ္စုပ္ပန် သဒ္ဒါရုံ ကမ္မနိမိတ်၌ သောတဒွါရဝီထိ မနောဒွါရဝီထိ။
  • ပစ္စုပ္ပန် ဂန္ဓာရုံ ကမ္မနိမိတ်၌ ဃာနဒွါရ ဝီထိ၊ မနောဒွါရဝီထိ။
  • ပစ္စုပ္ပန်ရသာရုံ ကမ္မနိမိတ်၌ ဇိဝှါဒွါရဝီထိ၊ မနောဒွါရဝီထိ။
  • ပစ္စုပ္ပန် ဖောဋ္ဌဗ္ဗာရုံ ကမ္မနိမိတ်၌ ကာယဒွါရ ဝီထိ မနောဒွါရဝီထိ။
  • ပစ္စုပ္ပန်ဓမ္မာရုံ ကမ္မနိမိတ်၌ မနောဒွါရ ဝီထိ။
  • ကသိုဏ်းစသော ပညပ်၊ နတ္ထိဘောပညပ် ကမ္မနိမိတ်၌ မနောဒွါရဝီထိ။
  • အတိတ် အာကာသာနဉ္စာယတန အာကိဉ္စညာယတန- မဟဂ္ဂုတ် ကမ္မနိမိတ်၌ မနောဒွါရဝီထိ ဖြစ်သည်။

ဂတိနိမိတ်၌ -

  • ပစ္စုပ္ပန်ရူပါရုံ ဂတိနိမိတ်၌သာ မနောဒွါရဝီထိ ဖြစ်သည်။
    (ဤရူပါရုံသည် လားရာဂတိ၌ရှိ၍ ကံစွမ်းဖြင့်ထင်သော အာရုံ ဖြစ်သောကြောင့် အိပ်မက်၌ မြင်သလို၊ ဒိဗ္ဗစက္ခုဉာဏ်အား ထင်သလို ဖြစ်၏။ စက္ခုပသာဒ၌ ထင်လျှင် တပါးသော သူအားလည်း ထင်၏။)

ပစ္စုပ္ပန်ကမ္မနိမိတ် သဒိသူ

မရဏာသန္နဇော၏ ပစ္စုပ္ပန် ကမ္မနိမိတ်သည် မုချမဟုတ်၊ သဒိသူပစာရ ဖြစ်၏။
(ပဋိသန္ဓေအခါ၌သာ ပစ္စုပ္ပန်ဖြစ်သည်။ စုတိ၌ပစ္စုပ္ပန်မရှိ။)
ချဲ့ဦးအံ့၊

ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံကိုပြုစဉ်၊ ထိုကံ၏ ပစ္စုပ္ပန်အာရုံသည်သာလျှင် မုချပစ္စုပ္ပန် ကမ္မနိမိတ် မည်၏။ ပဋိသန္ဓေကို ဖြစ်စေတတ်သော ရှေးကံသည် မရဏာသန္န-အခါ ပစ္စုပ္ပန် အာရုံကို မထင်စေနိုင်။ မရဏာသန္နအခါ ပစ္စုပ္ပန်အာရုံကို ထင်စေနိုင်သော မရဏာသန္နဇောသည်လည်း ပဋိသန္ဓေကျိုး မပေးနိုင်။

အဖန်ဖန် အာသေဝနရသော ရှေးကံသည်ပင်လျှင် တဏှာဖြင့် သုံးသပ်ခံရမှ ပဋိသန္ဓေကျိုး ပေးသည်။ ဝါ၊ အာသေဝနရခြင်း၊ တဏှာသုံးသပ်ခံရခြင်း- အကြောင်း နှစ်ပါးရှိမှ ပဋိသန္ဓေကျိုး ပေးနိုင်သည်။

မရဏာသန္နဇော ဟူသမျှသည် ထိုအကြောင်းနှစ်ပါးလုံး မရှိသောကြောင့် သန္ဓေကျိုး မပေးနိုင်။ တနည်း၊ ပစ္စုပ္ပန်ကမ္မနိမိတ်ကို အာရုံပြုသော ပဉ္စဒွါရိကဇော ဟူသမျှလည်း အာသေဝနရခြင်း၊ တဏှာ သုံးသပ်ခံရခြင်း ရှိစေကာမူ ပဋိသန္ဓေကျိုး မပေးနိုင်၊ ပဉ္စဒွါရိကဇော ဟူသမျှသည် ထက်ဝန်းကျင် အားနည်း၏။ ထိုကြောင့် အဋ္ဌကထာ၌ ဆိုသည်။

ဤ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော ကံသာ ကမ္မအမည်ရ၍ ထိုကမ္မ၏ အာရုံသာ ကမ္မနိမိတ် အမည်ရသည်၊ ထိုမှနောက်၌ မရဏာသန္နအခါ ခြောက်ဒွါရ၌ ထင်သော ပစ္စုပ္ပန် အာရုံသည် ပဋိသန္ဓေကျိုး ပေးသောကံ၏ နိမိတ်မဟုတ်။ ဝါ၊ ပစ္စုပ္ပန် ကမ္မနိမိတ် မမည်— ဟု ဆိုဘွယ်ရှိ၏၊

ထိုစကားအားလုံး သင့်လျော်၏။ ဆွေမျိုးတို့သည် ထင်စေအပ်သော ပန်းဆီမီး စသည်တို့ရှိစဉ် ထိုအာရုံကို အာရုံပြု၍ သေငြားအံ့၊ ထိုပန်းဆီမီး စသည်၌ရှိသော ပစ္စုပ္ပန်အာရုံသည် ပဋိသန္ဓေကျိုး ပေးနိုင်သော ရှေးရှေးအာသန္န မနောဒွါရိက ဇောတို့၏ ပစ္စုပ္ပန်ကမ္မနိမိတ်အာရုံနှင့် တဆက်တည်း ဖြစ်၍တူ၏။ ထိုကြောင့် မရဏာ သန္နဇော၏ ပစ္စုပ္ပန်အာရုံကို ပစ္စုပ္ပန် ကမ္မနိမိတ်အာရုံ-ဟု သဒိသူပစာရဖြင့် ဆိုအပ်၏။

ဘုမ္မိစတုက္က မှတ်ဘွယ်

အပါယ်လေးဘုံ

၁။ နိရယ-ချမ်းသာ ကင်းသော ငရဲဘုံ။
၂။ တိရစ္ဆာန-အောက်အဘို့သွား၊ ဝါ၊ ဘီလာသွားသော တိရစ္ဆာန်ဘုံ။
၃။ ပေတ-ချမ်းသာဝေးသော ပြိတ္တာဘုံ။ ဝါ၊ ပ + ဣတ-လူပြန် ဖြစ်လွယ်သော ပြိတ္တာဘုံ။
၄။ အသုရကာယ-မရွှင်မြူးသူတို့ နေရာ အသုရကာယ်ဘုံ-
ဤလေးဘုံသည် အယ-ကုသိုလ် ၊ အပ-ကင်းသောကြောင့် အပါယ-မည်၏။

သဉ္ဇိုဝ်း၊ ကာလသုတ်၊ သင်္ဃာတ၊ ရောရုဝ၊ မဟာရောရုဝ၊ တာပန၊ မဟာတာပန၊ အဝီစိ - ဤကား ငရဲကြီး ရှစ်ထပ်တည်း။
ငရဲကြီး တထပ်တထပ်၌ တံခါးကြီးလေးခုစီ ရှိ၏။ တံခါးကြီးတခု တခု၌ ဥဿဒ ငရဲ လေးခုစီ ရှိ၏။ ယမမင်းတယောက်စီ ရှိ၏။

ဥဿဒ ငရဲတို့ကား --

  • ၁။ ဂူထ-ဘင်ပုပ်ငရဲ၊
  • ၂။ ကုက္ကူဠ-ပြာပူငရဲ၊
  • ၃။ သိပ္ပလိဝန -လက်ပံတောငရဲ၊
  • ၄။ အသိပတ္တဝန- သံလျက်ရွက်တောငရဲ၊
    ဤသို့ လေးခုစီဖြစ်၍ ငရဲငယ်ပေါင်း ၁၂၈-ဖြစ်၏။

လောကပညတ္တိ၌ကား မီးရည်၊ သံရည်၊ ပြာပူ၊ ရေပူ၊ ကြေးနှီရည်၊ ဘင်ပုပ်၊ လက်ပံပင်၊ ကြိမ်ပိုက်ချောင်း - ဤသို့ရှစ်ခုစီဖြစ်၍ ၂၅၆ -ဟုဆို၏။

  • ၁။ သဉ္ဇီဝ - အဖန်ဖန် ပြန်ရှင်သောငရဲ၊
  • ၂။ ကာလသုတ္တ - တမျဉ်းကြိုး (မဲကြိုး) ချ၍ လေးမြှောင်းရှစ်မြှောင့် ရွေသောငရဲ၊
  • ၃။ သင်္ဃာတ - သံတောင်လိမ့်၍ကြိတ်သော ငရဲ၊
  • ၄။ ရောရုဝ - သွေးလျှံ ပြည့်သောငရဲ၊
  • ၅။ မဟာရောရုဝ - ၎င်းငရဲအကြီး၊
  • ၆။ တာပန - မလှုပ်မရှား အပူလောင် ခံရသောငရဲ၊
  • ၇။ မဟာတာပန - ၎င်းငရဲအကြီး။
  • ၈။ အဝီစိ - အကြားမရှိ သောငရဲ။
    (မီးလျှံအကြး၊ ငရဲသားအကြား၊ ဒုက္ခအကြားမရှိ၊ ပြည့်ကြပ်၏။
    (အကြားမရှိသော်လည်း ကံ-တင်းပုတ် ရိုက်သွင်းခြင်းဖြင့် ဝင်ရောက်နိုင်၏ဟူလို။)

ကာမသုဂတိ ၇-ဘုံ

မာနုဿ - များမြတ်သော ကုသိုလ်စိတ် ရှိသူတို့၏ဘုံ။ သတိရှိခြင်း, ရဲရင့်ခြင်း, မြတ်သော အကျင့်ရှိခြင်း၊ ဤဂုဏ်သုံးပါးဖြင့် ဇမ္ဗူဒီပါ တောင်ကျွန်းသည် မြောက်ကျွန်း၊ တာဝတိံသာတို့ထက် သာလွန်၏။ ကြွင်းသုံးကျွန်း ဥပစာ-လူ့ဘုံ ဟူလို။

စတုမဟာရာဇ် - နတ်မင်းကြီး လေးယောက် ရှိသောဘုံ၊ (ဓတရဋ္ဌ၊ ဝိရုဠက၊ ဝိရူပက္ခ၊ ကုဝေရ-လေးယောက်။)

တာဝတိံသာ - မာဃအမှူးရှိသော သုံးကျိပ်သုံးယောက် (တေတ္တိံသ) ဘုံစံရာဘုံ (တေကို-တာဝပြု။)

ယာမာ-ဆင်းရဲကင်းသောဘုံ။

တုသိတာ - နှစ်သက်ဘွယ် ပြည့်စုံသောဘုံ။

နိမ္မာန+ရတိ - တန်းခိုး ဖန်ဆင်းခြင်း၌ + မွေလျှော်သောဘုံ။

ပရနိမ္မိတ+ဝသ+ဝတ္တီ - သူတပါး ဖန်ဆင်းသော အာရုံ၌၊ မိမိအလိုကို + ဖြစ်စေသော ဘုံ။ ဝါ၊ စိတ်တိုင်းကျ ဖန်ဆင်းသော နတ်သ္မီးတို့ ရှိသောဘုံ။
ဤခုနစ်ဘုံသည် ကောင်းသောအလား ရှိ၏။ ထိုကြောင့် သုဂတိဘုံ မည်၏။

ဗြဟ္မာ ၂၀

ဗြဟ္မပါရိသဇ္ဇာ - မဟာဗြဟ္မာတို့၏ ပရိသတ်ဘုံ။

ဗြဟ္မပုရောဟိတာ - မဟာဗြဟ္မာတို့၏ မင်းတိုင်ပင် အမတ်ဘုံ။

မဟာဗြဟ္မာ - ဗြဟ္မာကြီးတို့ နေရာဘုံ၊

ပရိတ္တာဘာ - အရောင်နည်းသောဘုံ။

အပ္ပမာဏာဘာ - အရောင် များသောဘုံ။

အာဘဿရာ - လျှပ်ပြက်သကဲ့သို့ တလက်လက် အရောင်ထွက်သောဘုံ။

ပရိတ္တသုဘာ - တခဲနက် ကိုယ်ရောင်နည်းသောဘုံ။

အပ္ပမာဏသုဘာ - တခဲနက် ကိုယ်ရောင်များသောဘုံ။

သုဘကိဏှာ - တခဲနက် ကိုယ်ရောင်ပြွမ်းသောဘုံ။

ဝေဟပ္ဖလာ - ပြန့်ပြောသော အကျိုးရှိသောဘုံ။

အသညသတ္တာ - သညာမရှိသူတို့ဘုံ။

  • ၁။ အဝိဟာ - ကာလအနည်းငယ်ဖြင့် မိမိနေရာ မစွန့်သူတို့ဘုံ။
  • ၂။ အတပ္ပါ - ပူပန်စရာမရှိသောဘုံ။
  • ၃။ သုဒဿာ - ချမ်းသာစွာ ရှုမြင်အပ်သောဘုံ။
  • ၄။ သုဒဿီ - ချမ်းသာစွာ ရှုမြင်တတ်သောဘုံ။
  • ၅။ အကနိဋ္ဌာ - အငယ်အဖျင်း မရှိသောဘုံ။
    ဤငါးဘုံသည် စင်ကြယ်သော အနာဂါမ် ရဟန္တာတို့၏ နေရာဖြစ်သောကြောင့် သုဒ္ဓါဝါသဘုံ မည်၏။

အာကာသာနဉ္စာယတန - ကောင်းကင် အဆုံးမရှိကို အာရုံပြုသောဘုံ။

ဝိညာနဉ္စာယတန - အာကာသာနဉ္စာယတန စိတ်အဆုံး မရှိကို အာရုံပြုသောဘုံ။

အာကိဉ္စညာယတန - ပဋ္ဌမာရုပ္ပ စိုးစဉ်းမျှ မရှိသော နတ္ထိဘောပညပ်ကို အာရုံပြုသောဘုံ၊ (သည်အထိ အာယတနသည် အာရုံဟော။)

နေဝသညာနာသညာယတန - ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာ ရှိသောဘုံ။ မနာယတန ဓမ္မာယတန၌ ပါဝင်သောဘုံ။

ဘုံတည်ပုံ

အောက်အဆုံးမရှိ ကောင်းကင်၌ လေပြင် အထု ယူဇနာ ကိုးသိန်းခြောက်သောင်း (၉၆၀,၀၀၀) တည်၏။
လေအထက်၌ ရေပြင်အထူ လေးသိန်း ရှစ်သောင်း (၄၈၀,၀၀၀) တည်၏။
ရေအထက်၌ မြေပြင် အထု နှစ်သိန်း လေးသောင်း (၂၄၀,၀၀၀) တည်၏။

မြေတည်ပုံကား

ရေအပြင်၌ လင်ပန်းသုံးချပ် ဆိုင်သကဲ့သို့ ကျောက်မြေ-သိလာပထဝီ ကျောက်ခွက် သုံးခုဆိုင်၍ တည်၏။ ၎င်း၌ မြေညက်-ပံသု ပထဝီတည်၏။ တသိန်း နှစ်သောင်း (၁၂၀,၀၀၀) စီအထူရှိ၏။ သိလာ၊ ပံသု - မြေနှစ်ခု - အထု ထက်ဝက်စီဖြစ်၍ နှစ်သိန်းလေးသောင်း (၂၄၀,၀၀၀) ရှိ၏။ ကျောက်ခွက် အနားရေးသည် စကြဝဠာတောင်၊ ဝါ၊ တံတိုင်း ဖြစ်၏။ ရှစ်သောင်း နှစ်ထောင် (၈၂,ဝဝဝ) မြင့်၏။ (၈၂,ဝဝဝ) မြုပ်၏။ သုံးခုဆိုင် အကြားသည် စကြဝဠာ သုံးခုအကြား ဖြစ်၏။ လောကန္တရိက် ငရဲလည်း မည်၏။ စကြဝဠာ အလျားအနံ တသန်း... (၁,၂၀၃,၄၅၀)ရှိ၏။ အဝန်းသုံးဆ-သုံးသန်း (၃,၆၁၀,၃၅၀) ရှိ၏။

သိလာအထက် ပံသု၌၊ ဝါ၊ နှစ်ခုအကြား၌ ယူဇနာ တသောင်း ကျယ်သော လှိုဏ်ခေါင်း ရှိ၏။ ထိုလှိုဏ်ခေါင်း၌ အဝီစိငရဲ တသောင်း ကျယ်တည်၏။ ထိုမှ အထက်၌ ငရဲခုနစ်ထပ် တည်၏။ ထိုအထက်၌ အသုရာပြည် တည်၏၊ ယူဇနာ တသောင်း ငါးထောင်စီ ဝေးကွာ၏။
(သိလာမြေအတွင်း ရှစ်သောင်း လေးထောင် ကျွံဆင်း၍ အဝီစိတည်ဟန်တည်း၊ သိလာအထက်၌သာ အဝီစိတည်လျှင် ငရဲနှင့် အသုရာ တည့်တည့်မဆင့်နိူင်။)

မြင်းမိုရ်တောင်သည် (၈၄,၀၀၀) မြုပ်၍ (၈၄,၀၀၀) အထက်သို့တက်၏။ အောက်၌ ယူဇနာ တသောင်း ကျယ်၏။ ထို၌ အသုရာပြည် တည်၏။ အသုရာပြည်နှင့် လူ့ပြည် (၈၄,၀၀၀) ဝေး၏။ လူ့ပြည်မှ နတ်ပြည်ခြောက်ထပ် (၄၂,၀၀၀) စီဝေး၏။ တာဝတိံသာသည် မြင်းမိုရ်တောင်ထိပ် ယူဇနာတသောင်းကျယ်၌ တည်၏။ လူ့ပြည် တောင်ကျွန်းလည်း တသောင်း ကျယ်၏။
(အဝီစိ၊ အသုရာ၊ လူ၊ တာဝတိံသာ - သောင်းလေးရပ်)

ဝသဝတ္တီမှအထက် ဗြဟ္မာ နှစ်ဆယ်သည် ၁၃-ထပ်ရှိ၏။ ငါးသန်း ငါးသိန်း ရှစ်ထောင် (၅,၅၀၈,၀၀၀) စီဝေး၏။
ပဌမဈာန်သုံးဘုံ တပြင်တည်း၊
ဒုတီယဈာန် သုံးဘုံတပြင်၊
တတီယဈာန် သုံးဘုံတပြင်၊
ဝေဟပ္ဖိုလ် အသညသတ် နှစ်ဘုံတပြင်၊
သုဒ္ဓါဝါသ ငါးဘုံငါးပြင်။ ငါးဆင့်။
အရူပလေးဘုံ-လေးပြင်- လေးဆင့်တည်၏။
လူ့ပြည်မှ နေဝသညာနာသညာယတနတိ အဆင့် ၂ဝ၊ အသုရာ၊ ငရဲနှင့် ၂၆-ဆင့်။

အသုရကာယ်၊ ဗြိတ္တာ၊ တိရစ္ဆာန်-ဘုံသီးခြားမရှိ၊ ထိုထိုတောအုပ်တောင်ခြေ စသည် တို့၌ နေကုန်၏။ မြင်းမိုရ်တောင်အောက် အသုရာတို့သည် တာဝတိံသာ၌ ပါဝင် ကုန်၏။ မြေလေတို့ အောက်၌၎င်း, နေဝသညာနာသညာယတန၏ အထက်၌၎င်း ကောင်းကင်သည် အဆုံးမရှိ။

ဘုံအကွာအဝေး

အဝီစိမှ အသုရာသို့ တသိန်း နှစ်သောင်း (၁၂၀,ဝဝဝ၊) လူ့ပြည်သို့ (၈၄,၀၀၀-ထောင်ထည့်၍) နှစ်သိန်း လေးထောင် (၂၀၄,၀၀၀)။ ဝသဝတ္တီသို့ လေးသိန်း ငါးသောင်း ခြောက်ထောင် (၄၅၆,ဝဝဝ)၊ နေဝသညာနာသညာယတနသို့ ခုနစ်ကုဋေ နှစ်သန်း ခြောက်သောင်း (၇၂,၀၆ဝ,ဝဝဝ)။

လူ့ပြည်မှ ဝသဝတ္တီသို့ နှစ်သိန်းငါးသောင်း နှစ်ထောင်(၂၅၂,ဝဝဝ)၊

နေဝသညာနာသညာယတနသို့ ခုနစ်ကုဋေ တသန်း ရှစ်သိန်း ငါးသောင်း ခြောက်ထောင် (၇၁,၈၅၆,ဝဝဝ)၊

ဝသဝတ္တိမှ နေဝသညာနာသညာယတနသို့ ခုနှစ်ကုဋေ တသန်း ခြောက်သိန်း လေးထောင် (၇၁,၆၀၄,၀၀၀) ဝေးကွာ၏။
တနည်းကား --
သိလာ အထက်၌ ငရဲရှစ်ထပ်နှင့် လူ့ပြည် (၁၅၀၀၀)စီကွာခြား၍ အဆင့်ဆင့်တည်၏။ အသူရာပြည်ကား မြင်းမိုရ်တောင်အောက် (၈၄၀၀၀) ၌တည်၏။ (၈၄၀၀၀) ကား တာပန ငရဲ၏ အထက်လောက်ကျ၏။ အဝီစိဘက် နီး၏၊ လူ့ ပြည်ဘက်ဝေး၏။

တက်ကပ်ဆုတ်ကပ်

အသင်္ချေယျ အသက်တမ်းမှ ဆယ်နှစ်တမ်းအထိ ဆုတ်ကပ်။ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ တက်ကပ်၊ နှစ်ကပ်သည် အန္တရကပ် တကပ်ဖြစ်၏။
(တက်ကပ်၌ တရား ကျင့်ကြသောကြောင့် ထက်ဝက် ထက်ဝက် တက်သည်။ ဆုတ်ကပ်၌ တရားအပျက်များလျှင် မျာများ ဆုတ်သည်။ အပျက်နည်းလျှင် နည်းနည်း ဆုတ်သည်)

ရောက်ဆဲ, တည်ဆဲသက်တမ်းသည် အာယုကပ်မည်၏။ အန္တရကပ် ၆၄-ကပ်သည် အသင်္ချေယျကပ် တကပ်။ အသင်္ချေယျလေးကပ်သည် မဟာကပ်တကပ်။ ဝါ၊ တကမ္ဘာဖြစ်၏။ အထက်ဗြဟ္မာတို့၌ ဤမဟာကပ်ဖြင့် အသက်ပိုင်းသည်။

ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးငြိမ်း, ရေငြိမ်း, လေငြိမ်းသဖြင့် သင်္ခါရမကြွင်း ဟင်းလင်း ဖြစ်သည် တိုင်အောင် ပျက်ဆဲသည် သံဝဋ္ဋအသင်္ချေယျကပ် မည်၏။ မီး ရေ လေ ငြိမ်းသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည်တိုင်အောင် အပျက်တည်ဆဲသည် သံဝဋ္ဋဌာယီ အသင်္ချေယျကပ် မည်၏။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ တပေါင်းလပြည့် နေ လ နက္ခတ် ပေါ်သည်တိုင်အောင် ပြုပြင်ဆဲသည် ဝိဝဋ္ဋအသင်္ချေယျကပ် မည်၏။ နေ လ နက္ခတ် ပေါ်သည်မှ စ၍တဖန် ကမ္ဘာဖျက်မိုး ရွာသည်တိုင်အောင် တည်တံ့ဆဲ သည် ဝိဝဋ္ဋဌာယီ အသင်္ချေယျ ကပ်မည်၏။ ဤ ဝိဝဋ္ဋဌာယီ အသင်္ချေယျကပ်၌ သာ ပဌမဈာန် သုံးဘုံတည်သည်။

ဘဝတခု၌ ပဋိသန္ဓေ, ဘဝင်, စုတိ-တူမတူ

ပဋိသန္ဓေ၊ ဘဝင်၊ စုတိတို့သည် ဘုံအားဖြင့် ကာမတဆယ်၊ ရူပငါး၊ အရူပလေးဖြစ်၏၊ ဇာတ်အားဖြင့် အဗျာကတဿ၊ ဝါ၊ အဟိတ် နှစ်၊ သဟိတ် ၁၇။ ၁၇။
သမ္ပယုတ္တ ဓမ္မအားဖြင့် ဖဿ စသည်ယှဉ်သည်။ ဝါ၊ ဉာဏသမ္ပယုတ်-တိဟိတ် ၁၃။ ဉာဏဝိပ္ပယုတ်-ဒွိဟိတ် ၄။ ဝိမုတ်-အဟိတ် ၂။ ။ အသင်္ခါရိက ၄။ သသင်္ခါရိက ၁၃။ ဝိမုတ် ၂-ဖြစ်၏။

အာရုံအားဖြင့် အတိတ်ကံကို၎င်း၊ အတိတ်ကမ္မနိမိတ် ကို၎င်း၊ ပစ္စုပ္ပန်ကမ္မနိမိတ် ကို၎င်း၊ ပညပ်ကမ္မနိမိတ်ကို၎င်း၊ ပစ္စုပ္ပန်ဂတိနိမိတ်ကို၎င်း အာရုံပြုကုန်၏။

ပဋိသန္ဓေသည် ကာမဖြစ်အံ့၊ ဘဝင်လည်း ကာမဖြစ်၏၊ စုတိလည်း ကာမဖြစ်၏။ ဤနည်းဖြင့် တခုသောဘဝ၌ ဘူမိ, ဇာတိ, သမ္ပယုတ္တဓမ္မ, သင်္ခါရအားဖြင့် တူ၏။

မတူပုံကား --

ပဋိသန္ဓေ သည် ကမ္မနိမိတ် ပစ္စုပ္ပန်၊ ဂတိနိမိတ် ပစ္စုပ္ပန်ကို အာရုံပြုအံ့၊ အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ မရဏာသန္န ဇောငါးကြိမ်၊ စုတိ ပဋိသန္ဓေ၊ ဘဝင်ခြောက်ချက်တိုင်အောင် ထိုပစ္စုပ္ပန်အာရုံသည် တည်ဆဲတည်၏။ ပဋိသန္ဓေနှင့် ဘဝင်ခြောက်ချက်သည် ထို ပစ္စုပ္ပန်ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြုသည်။ ထိုနောင်ဘဝင် နှင့် စုတိတို့သည် ထိုကမ္မနိမိတ်, ဂတိနိမိတ်ကိုပင် အာရုံပြုကြသော်လည်း ပစ္စုပ္ပန်မဟုတ်လေပြီ၊ အတိတ်အဖြစ်သို့ ရောက်ကုန်ပြီ။

ဤသို့ ပဋိသန္ဓေ ပစ္စုပ္ပန်အာရုံ၌သာ ဘဝင်အာရုံတူမတူ၊ စုတိ၊ အာရုံကား မတူ-ဟုပြားသည်၊ ကြွင်းသောအာရုံတို့၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိ - အာရုံတူသည်သာ တည်း။ စုတိ၌ပစ္စုပ္ပန် အာရုံ အလျဉ်းမရှိ။

ကမ္မစတုက္က မှတ်ဘွယ်

ကိစ္စကံ

အကုသိုလ်ဇနကကံသည် အပါယ်ဘုံ၌ ပဋိသန္ဓေပဝတ္တိ- ဝိပါက်နာမ်ရုပ်ကို ဖြစ်စေ၏။ ထိုကံစွမ်း-အကျိုးကို ကြာရှည်စွာ (အစွမ်းကုန်) တည်အောင် အကုသိုလ် ဥပထမ္ဘက ထောက်ပံ့၏။ ကြာရှည်စွာ မတည်အောင် ကုသိုလ် ဥပပီဠက- ကပ်၍နှိပ်စက်၏။ ချက်ခြင်း ပျက်စီးအောင် ကုသိုလ် ဥပဃာတက- ကပ်၍ ဖျက်ဆီး၏၊ (အကုသိုလ် အကျိုးကို ကုသိုလ်ဖျက်။)

ကုသိုလ်ဇနကကံသည် သုဂတိဘုံ၌ ပဋိသန္ဓေ ပဝတ္တိ-ဝိပါက် နမ်ရုပ်ကိုဖြစ်စေ၏။ ရှေးအတူကုသိုလ် ဥပထမ္ဘက ထောက်ပံ့၏။ အကုသိုလ် ဥပပီဠက-ကပ်၍ နှိပ်စက်၏။ အကုသိုလ် ဥပဃာတက-ကပ်၍ဖျက်ဆီး၏။ (ကုသိုလ်ကျိုးကို အကုသိုလ်ဖျက်။)

ဥပဃာတကသည် ရှင်မောဂ္ဂလာန် ကဲ့သို့သောသူအား ဇနက စွမ်းကိုကပ်၍ ဖျက်ဆီးရုံသာဖြစ်၏။ ဗိမ္ဗိသာရမင်းကဲ့သို့သော သူအားကပ်၍ ဖျက်ဆီးပြီးလျှင် ကံတပါးကို အကျိုးပေးခွင့်ပြု၏။ ဒေဝဒတ် ကဲ့သို့သောသူအားကပ်၍ ဖျက်ဆီးပြီးလျှင် မိမိကပင် ပဋိသန္ဓေ ပဝတ္တိ-နာမ်ရုပ်ကိုဖြစ်အောင် အကျိုးပေး၏။ ဤ ဥပဃာတကံ- သုံးမျိုးလုံးသည် ဇနကစွမ်းကို ဖျက်သည်သာတည်း။ ဇနကကံသည်ကား ကံတပါး၏ အစွမ်းကိုမဖျက်မူ၍ အကျိုးပေး၏။

ပရိယာယကံ

ပဉ္စာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံသည် အကုသိုလ်ဂရုကံ မည်၏၊ လွန်စွာ အပြစ်ကြီး၏။ တားနိုင်သောကံ တပါးမရှိ။

မဟဂ္ဂုတ်ကုသိုလ်သည် ကုသိုလ်ဂရုကံ မည်၏။ လွန်စွာ တန်းခိုးကြီး၏၊ တားနိုင်သော ကံ မရှိ။ အထူးကား - မဟဂ္ဂုတ်ကုသိုလ်ကံ သည် ဈာန်မလျှောပါမှ၊ ပစ္ဆိမဘဝိက မဟုတ်ပါမှ၊ “ကာမဘုံ၌ဖြစ်လို၏” ဟုတောင့်တခြင်း မရှိပါမှ ဂရုကံ ဖြစ်သည်။

ဤစတုက္က၌ --

  • ကံလေးပါးလုံး ရှိသူအား ဂရုကံသာ အကျိုးပေးသည်၊
  • ဂရုကံမရှိလျှင် အာသန္နကံ၊
  • ထိုကံနှစ်ပါးမရှိလျှင် အာစိဏ္ဏကံ၊
  • ထိုကံသုံးပါးမရှိလျှင် ကဋတ္တာကံ အကျိုးပေးသည်။

အာစိဏ္ဏကံသည် မပြတ်ပြုသောကြောင့် အားကြီး၏။ အာသန္နကံသည် သေခါနီး အနည်းငယ်ပြုသောကြောင့် အားသေး၏။ အဘယ်ကြောင့် အားသေးသေကံက ရှေးဦးစွာ အကျိုးပေးသနည်း။ သေချိန်တွင်ပြုသော ကံဖြစ်သောကြောင့်တည်း။ နွားပြည့်သော နွားခြံဖွင့်သောအခါ နောက်၌ အဝေး၌ အားကြီးသော နွားသန်တို့ ရှိသော်လည်း ခြံဝ၌တည်သော အားနည်းသော နွားကိုသာလျှင် ရှေးဦးစွာ ထွက်နိုင်သည်နှင့် တူ၏။

ကာလကံ

ဒိဋ္ဌဓမ္မဝေဒနီယကံသည် ဆန့်ကျင်ဘက် အနှိပ်စက်မှ ကင်းလွတ်၍ ခေတ္တ-အဇ္ဈာသယ - စသော အကြောင်းထူး ပြည့်စုံလျှင် မျက်မှောက် အကျိုးပေးသည်။ အာသေဝန ပစ္စည်း မရသော - အစဆုံး ပဌမဇော ဖြစ်သောကြောင့် အကျိုးပေးချိန် နည်းသည်။ ဤဘဝ ပဝတ္တိကျိုးသာ ပေးသည်။ အသီးမပါသော လေပွင့်ကဲ့သို့ အဟိတ်ဝိပါက် အကျိုးကိုသာ ပေးနိုင်သည်။

ရတနာသုံးပါး ရှိခိုးရာ၌ ဘုရားအစရှိသော ရတနာ သုံးပါးသည် ခေတ္တ။ ရှိခိုးသော စေတနာသည် အဇ္ဈာသယ၊ ထိုကြောင့် ဂုဏ်တော်၌ သက်ဝင်ယုံကြည်၍ ရှိခိုးလျှင် ဤနှစ်ပါးဖြင့် အန္တရာယ် ကင်းခြင်း စသော ဒိဋ္ဌဓမ္မကျိုးကို ပေးသည်။ ဒါနပြုရာ၌ -

  1. လှူဘွယ်ပစ္စည်း ဓမ္မိယလဒ္ဓဖြစ်ခြင်း၊
  2. စေတနာထက်သန်ခြင်း၊
  3. အလှူခံသည် အနာဂါမ်၊ ရဟန္တာဖြစ်ခြင်း၊
  4. နိရောဓသမာပတ်မှထခြင်း -
    ဤအင်္ဂါလေးပါး ပြည့်စုံလျှင် ပစ္စည်းလာဘ် စသော ဒိဋ္ဌဓမ္မကျိုးကို ပေးသည်။

ဥပပဇ္ဇသည် ဒုတီယဘဝ၌ ပဋိသန္ဓေကျိုး ပေးရလျှင် ပဝတ္တိကျိုးလည်း ဘဝ ရာထောင်ပင် ပေး၏။ သတ္တမဇောဖြစ်၍ အာသေဝန ပစ္စည်း အားအရှိဆုံးဖြစ်သည်။

အပရာပရိယသည် တတီယဘဝမှ နိဗ္ဗာန်တိုင်အောင် အကျိုးပေးသည်။ (ဒုတီယ ဘဝ ပဝတ္တိကျိုးလည်း ပေးသည် ဟု အချို့ယူဆကုန်၏။)

အကျိုး မပေးလတ္တံ့ စင်စစ်ဖြစ်သော ဇောခုနှစ်တန် - စေတနာသည် မူလကတည်း ကပင် အဟောသိကံ မည်၏။

မရဏုပ္ပတ္တိစတုက္က မှတ်ဘွယ်

ဥပစ္ဆေဒကကံ

ဥပစ္ဆေဒကကံသည် ငရဲသား၊ မြောက်ကျွန်းသူ၊ အချို့နတ်တို့အား မရှိ။ ဝါ-ဘုမ္မဇိုဝ်းနတ်မှတပါး အထက်နတ်တို့အား မရှိ။

ယမမင်း စစ်ဆေးစဉ် ကောင်းမှုသတိရ၍၎င်း၊ ငရဲမီးလျှံမြင်စဉ် သင်္ကန်း လှူဘူး သည်ကို သတိရ၍၎င်း၊ ထိုခဏတွင် စုတေ၍ သုဂတိဖြစ်သူ၊ ခုနစ်ရက် ငရဲခံ၍ နတ်ပြည်သို့ရောက်သော မာလိကာတို့အား ငရဲသား၏ကုသိုလ် ဥပစ္ဆေဒကကံ မဟုတ်လော?

မြေမျိုသော ဝသဝတ္တီဘုံစံ ဒုဿီမာရ်နတ်၊ တာဝတိံသာ အဓမ္မနတ်၊ အချင်းချင်း စိတ်ဆိုး၍ သေသော မနောပဒေါသိကနတ်၊ စားချိန်လွန်အောင် အပျော်ကျူး၍ သေသော ခိဋ္ဋာပဒေါသိကနတ်တို့အား အထက်နတ်တို့၏ အကုသိုလ် ဥပစ္ဆေဒကကံ မဟုတ်လော?

အဖြေကား --

ဥပစ္စေဒကကံ ဟုတ်ပေ၏။ တရာမှာတယောက် မရှိ၊ တထောင်မှာ တယောက်မရှိ။ နည်းပါးလှသောကြောင့် မရှိ ဟုဆိုသည်။

ဗြဟ္မာပြည်၌ ဘုရားလောင်းများ သက်တမ်းမစေ့မီ အဓိမုတ္တိ ကာလံကိရိယာဖြင့် သေခြင်း၊ ဘုရားရှင်တိုင်း သက်တမ်း ငါးပုံ-လေးပုံ၌ နိဗ္ဗာန်စံခြင်း တို့သည်လည်း ဥပစ္ဆေဒကကံ မဟုတ်လော?

အဖြေကား --

ဥပစ္ဆေဒကကံ မဟုတ်။ ဘုရားလောင်း တို့အားသာ ပါရမီ အာဘော်ကြောင့်၎င်း၊ ဘုရားရှင်တို့အားသာ ဓမ္မတာကြောင့်၎င်း သီးခြားသော အာဝေနိက သက်တမ်းဖြင့် သေခြင်း နိဗ္ဗာန်စံခြင်းဖြစ်သည်။ အကုသိုလ်ကံကြောင့် မဟုတ်။ ထိုကြောင့် အာယုက္ခယ မရဏဟု ဆိုအပ်၏။ အကုသိုလ် ဥပစ္ဆေဒကကံဟု မဆိုအပ်။ ကုသိုလ်ကျိုးကို ဖျက်သော ကုသိုလ် ဥပစ္ဆေဒကကံ ဟူ၍လည်း မရှိစကောင်း၊

ရဟန္တာစုတိ

နောက်ဘဝ ပဋိသန္ဓေမရှိသော ရဟန္တာအား ကံ၊ ကမ္မနိမိတ်, ဂတိနိမိတ်မထင်၊ ထင်မြဲတိုင်းသော နာမ်၊ ရုပ်၊ လက္ခဏာ၊ ပညပ်တို့သာ ထင်ကုန်၏။ ထင်မြဲတိုင်း နာမ်ရုပ်စသည်ကို အာရုံပြု၍ မရဏာသန္နဇော စော၏။ ရဟန္တာ၏ စုတိကား မူလပဋိသန္ဓေ၏ အာရုံကိုသာ အာရုံပြုသည်။

ဘုံပိုင်းအရသာ ပြီး၏။ သင်္ဂြိုဟ်အရသာ အပိုင်း (၁၇/၃၄)

၆-ရုပ်ပိုင်း

ဤမျှသော စကားစဉ်ဖြင့် စိတ် စေတသိက်တို့ကို ပဘေဒ၊ ပဝတ္တိနှင့်တကွ ဝေဘန်ပြီးပြီဖြစ်၍ ယခုအခါရုပ်ကို ဆိုပေအံ့။
[အစသုံးပိုင်းသည် ဥဒ္ဒေသ၊ နိဒ္ဒေသ၊ ပဋိနိဒ္ဒေသစွမ်းဖြင့် ဖြစ်၏။ စိတ်စေတသိက် တို့၏ အပြား (ပဘေဒ) ကိုပြသည်။ နောက်နှစ်ပိုင်းသည် ပဝတ္တိသင်္ဂဟ၊ ပဋိသန္ဓေ သင်္ဂဟ ဖြစ်၏။ စိတ်စေတသိက် တို့၏ဖြစ်ခြင်း (ပဝတ္တိ) ကိုပြသည်။]

၁။ သမုဒ္ဒေသ - ရုပ်တို့ကို အကျဉ်းပြခြင်း၊

၂။ ဝိဘာဂ - ရုပ်တို့ကို ဝေဘန်ခြင်း၊

၃။ သမုဋ္ဌာန - ရုပ်တို့၏ဖြစ်ကြောင်း၊

၄။ ကလာပ - ရုပ်တို့၏ အပေါင်းအစည်း၊

၅။ ပဝတ္တိက္ကမ - ရုပ်တို့၏ဖြစ်စဉ်၊
ဤသို့သင်္ဂဟငါးခု သိအပ်၏။

ရုပ်အကျဉ်း

မဟာဘုတ်လေးပါး၊ မဟာဘုတ်ကို မှီ၍ဖြစ်သော ဥပါဒါရုပ် ၂၄-ပါး၊ ဤသို့ နှစ်မျိုး နှစ်စား ရှိသောရုပ်သည် ၁၁-ပါး အပြားအားဖြင့် ရေတွက်ခြင်းသို့ ရောက်၏။

ရောက်ပုံကား --

ပထဝီဓာတ်အာပေါဓာတ်တေဇောဓာတ်ဝါယောဓာတ်သည် ဘူတရုပ် (လေးပါး) မည်၏။

စက္ခုပသာဒသောတပသာဒဃာနပသာဒဇိဝှါပသာဒကာယပသာဒသည် ပသာဒရုပ် (ငါးပါး) မည်၏။

ရူပါရုံသဒ္ဒါရုံဂန္ဓာရုံရသာရုံ၊ အာပေါဓာတ် ကြဉ်သော ဘုတ်သုံးခုအပေါင်းဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံသည် ဂေါစရရုပ် (ခုနှစ်ပါး) မည်၏။ (သုံးပါးထပ်သည်။)

ဣတ္ထိဘာဝရုပ်ပုရိသဘာဝရုပ်သည် ဘာဝရုပ် (နှစ်ပါး) မည်၏။

ဟဒယဝတ္ထုသည် ဟဒယရုပ် (တပါး) မည်၏။

ဇီဝိတိန္ဒြေသည် ဇီဝိတရုပ် (တပါး) မည်၏။

ကဗဠီကာရ အာဟာရသည် အာဟာရရုပ် (တပါး) မည်၏။

ရုပ် ၁၈-ခုအပေါင်းသည် --

  • ကက္ခဠသဘော၊ ပဂ္ဃရဏ သဘော စသော မိမိတို့၏ သဘောအားဖြင့် ရအပ်သောကြောင့် သဘာဝရုပ်မည်၏။
  • အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ၊ ဥပါဒ် ဌီ ဘင် လက္ခဏာ ရှိသောကြောင့် သလက္ခဏရုပ် မည်၏။
  • ကံ-စိတ်-ဥတု- အာဟာရ -ဟူသောအကြောင်းတို့သည် ပြီးစေအပ်သောကြောင့် နိပ္ဖန္နရုပ် မည်၏။
  • အချမ်းအပူစသည်တို့ဖြင့် ဖောက်ပြန်သောကြောင့် ရူပရုပ်မည်၏။ (ရုပ်အစစ်ဟူလို)
  • အနိစ္စစသော လက္ခဏာရေး သုံးပါးဖြင့် သုံးသပ်ထိုက်သောကြောင့် သမ္မသနရုပ် မည်၏။

အာကာသဓာတ်သည် ပရိစ္ဆေဒရုပ် (တပါး) မည်၏။

ကာယဝိညဝစီဝိညပ်သည် ဝိညပ်ရုပ် (နှစ်ပါး) မည်၏။

ရူပဿ-လဟုတာမုဒုတာကမ္မညတာ၊ ဝိညပ်ရုပ် နှစ်ခုသည် ဝိကာရရုပ် (ငါးပါး) မည်၏။ (ရုပ်နှစ်ပါး ထပ်သည်။)

ရူပဿ - ဥပစယသန္တတိဇရတာအနိစ္စတာသည် လက္ခဏရုပ်(လေးပါး)မည်၏။

ဤ လက္ခဏရုပ်၌ ဥပစယ၊ သန္တတိ-ဟူသော အမည်နှစ်ပါးဖြင့် ဇာတိရုပ်ကိုသာ၊ ဝါ-ရုပ်၏ ဥပါဒ်ကိုသာ ဆိုသည်။

ဤသို့လျှင် ရုပ်တို့သည် --

  • ဘူတရုပ်၊ ဥပါဒါရုပ် အားဖြင့်နှစ်ပါး၊
  • နိပ္ဖန္နရုပ်၊ အနိပ္ဖန္နရုပ်အားဖြင့် နှစ်ပါးဖြစ်၏။
  • ဇာတ်အားဖြင့် ဘူတရုပ်၊ ပသာဒရုပ်၊ ဝိသယရုပ်၊ ဘာဝရုပ်၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ဝိညပ်ရုပ်၊ ဝိကာရရုပ်၊ လက္ခဏရုပ် ဟူ၍ ၁၁-ပါး ဖြစ်၏။ (ဂေါစရရုပ်သည် ဝိသယရုပ်လည်း မည်၏။)

သရုပ်အားဖြင့် --

ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဟဒယ၊ ဇီဝိတ၊ အာဟာရ၊ ပရိစ္ဆေဒ၊ ကာယဝိညပ်၊ ဝစီဝိညပ်၊ လဟုတာ၊ ဒုတာ၊ ကမ္မညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ-ဟူ၍ ၂၈-ပါးဖြစ်၏။
(ဤ၌ ပိယရုပ်၊ သာတရပ်ကို မဆို။ ချစ်အပ် သာယာအပ်သော လောကီခန္ဓာငါးပါး အပေါင်းသည် ပိယရုပ်၊ သာတရုပ်မည်၏။ တဏှာ၏ အာရုံဖြစ်သော လောကီ စိတ် စေတသိက်၊ ရုပ်အပေါင်း ရ၏။)

ရုပ်အကျဉ်းပြီး၏။

ရုပ်ဝေဘန်ခြင်း

ဤရုပ် ၂၈-ခုသည် --

  1. အလောဘစသော သမ္ပယုတ်ဟိတ် မရှိသောကြောင့် အဟေတုက-သာမည်၏၊
  2. အကြောင်းတရားတို့နှင့် တကွဖြစ်သောကြောင့် သပစ္စယ-သာမည်၏၊
  3. အာသဝတို့၏ အာရုံဖြစ်သောကြောင့် သာသဝ-သာမည်၏၊
  4. အကြောင်းတရားတို့သည် ပေါင်း၍ပြုပြင်အပ်သောကြောင့် သင်္ခတ-သာမည်၏
  5. ဥပါဒါနက္ခန္ဓလောက၌ အကျုံးဝင်သောကြောင့် လောကိယ- သာမည်၏။
  6. ကာမတဏှာ၏ကျင်လည်ရာ ဖြစ်သောကြောင့် ကာမဝစရ-သာမည်၏၊
  7. အာရုံကို အာရုံမပြုတတ်သောကြောင့် အနာရမ္မဏ-သာမည်၏။
  8. တဒင်္ဂစသော ပဟာန်သုံးပါးဖြင့် မပယ်အပ်သောကြောင့် အပ္ပဟာတဗ္ဗ-သာ မည်၏။
    (ဧကကရှစ်။)

ဤသို့ တဘို့တည်း ဧကဝိဓ ဖြစ်သော်လည်း အဇ္ဈတ္တိကရုပ်၊ ဗာဟိရရုပ်-စသည် အစွမ်းဖြင့် များစွာပြားသေး၏။

ပြားပုံကား - ပသာဒရုပ်သည် အဇ္ဈတ္တိကရုပ် (ငါးခု) မည်၏။ အကြွင်းသည် ဗာဟိရရုပ် ၂၃-ခုမည်၏။

ပသာဒ၊ ဟဒယသည် ဝတ္ထုရုပ် (၆-ခု)၊အကြွင်းသည် အဝတ္ထု ရုပ်(၂၂)။

ပသာဒ၊ ဝိညပ်သည် ဒွါရရုပ် (၇-ခု)၊ အကြွင်းသည် အဒွါရရုပ် (၂၁)။

ပသာဒ၊ ဘာဝ၊ ဇီဝိတသည် ဣန္ဒြိယရုပ် (၈-ခု)၊ အကြွင်းသည် အနိန္ဒြိယရုပ် (၂ဝ)၊

ပသာဒ၊ ဝိသယသည် သြဠာရိကရုပ် (၁၂-ခု)၊ သန္တိကေရုပ် (၁၂-ခု)၊ သပ္ပဋိဃရုပ် (၁၂-ခု)၊ အကြွင်းသည် သုခုမရုပ်(၁၆-ခု)၊ ဒူရေရုပ် (၁၆-ခု) အပ္ပဋိဃရုပ် (၁၆-ခု)။

ကမ္ဘဇရုပ်သည် ဥပါဒိန္နရုပ် (၁၈-ခု) မည်၏။ (ဧကန် ၉၊ အနေကန် ၉)၊ အကြွင်း တိဇရုပ်သည် အနုပါဒိန္န (ရုပ် ၁၉-ခု)၊ မည်၏။ (ကန် ၁၀၊ အနေကန် ၉) နောင် သိလတ္တံ့။)

ရူပါရုံသည် သနိဒဿနရုပ် (တခု) မည်၏။ အကြွင်းသည် အနိဒဿနရုပ် (၂၇-ခု မည်၏။)

ပသာဒရုပ်သည် ဂေါစရဂ္ဂါဟိကရုပ် (၅-ခု) မည်၏။ အကြွင်းသည် အဂေါစရဂ္ဂါဟိကရုပ် (၂၃-ခု) မည်၏၊ ဤ၌ စက္ခု၊ သောတ နှစ်ပါးသည် ပသာဒသို့ မရောက် မထိသော အာရုံကိုယူ၏။ ဃာနု၊ ဇိဝှါ၊ ကာယသည် ပသာဒသို့ ရောက်သော ထိသော အာရုံကိုယူ၏။
(သွားတတ်သော အာရုံ၊ မသွားတတ်သော အာရုံဟု ခွဲမကြံလေနှင့်)။

ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ၊ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော သည် (ခွဲ၍မရသောကြောင့်) အဝိနိဗ္ဘောဂရုပ် (ရှစ်ခု) မည်၏။ အကြွင်းသည် ဝိနိဗ္ဘောဂရုပ် (၂၀) မည်၏၊ (အာဟာရရုပ်ကို ဩဇာဟူ၍လည်း ခေါ်သည်။)

ဤသို့လျှင် ရုပ်အဋ္ဌဝီသကို အဇ္ဈတ္တိကရုပ်၊ ဗာဟိရရုပ် စသော အပြားဖြင့် ထိုက်သည် အားလျော်စွာ ဝေဘန်ကုန်၏။

ရုပ်ဝေဘန်ခြင်း ပြီး၏။

(ရူပဝိဘာဂ၌ အမည်တို့ကား-
အဟေတုကသပ္ပစ္စယသာသပသင်္ခတလောကိယကာမာဝစရအနာရမ္မဏအပ္ပဟာတဗ္ဗ - ဧကက ရှစ်၊
အဇ္ဈတ္တိက ဗာဟိရဝတ္ထု အဝထ္ထုဒွါရ အဒွါရဣန္ဒြိယ အနိန္ဒြိယသြဠာရိက သုခုမသန္တိက ဒူရသပ္ပဋိဃ အပ္ပဋိဃဥပါဒိန္န အနုပါဒိန္နသနိဒဿန အနိဒဿနဂေါစရဂ္ဂါဟိက အဂေါစရဂ္ဂါဟိကဝိနိဗ္ဘောဂ အဝိနိဗ္ဘောဂ၊ ဒုက တဆဲ့တစ်၊)

ရုပ်ဖြစ်ကြောင်း

ကံ၊ စိတ်၊ ဥတု၊ အာဟာရ - ဤလေးပါးတို့သည် ရုပ်ကိုဖြစ်စေတတ်သော အကြောင်း ရုပ်တို့ မည်ကုန်၏။

ထိုလေးပါးတို့တွင် ကာမကုသိုလ်၊ အကုသိုလ် ရူပကုသိုလ် အားဖြင့် ၂၅-ပါးသော စေတနာသည် ကံမည်၏၊ ဤကံ ၂၅-ပါးသည် အဇ္ဈတ္တိကသန္တာန်၌ ကမ္မဇရုပ်ကို ဖြစ်စေ၏။ ပဋိသန္ဓေဥပါဒ်မှ စ၍စိတ်တို့၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း ဖြစ်စေ၏။

အရူပဝိပါက်လေးခု၊ ဒွေပဉ္စဝိညာဏ်တဆယ် ကြဉ်သော ၇၅-ပါးသော စိတ်သည် စိတ်မည်၏။ ဤစိတ် ရ၅-ပါးသည် အဇ္ဈတ္တိကသန္တာန်၌ စိတ္တဇရုပ်ကို ဖြစ်စေ၏။ ပဋိသန္ဓေနောင် ပဌမဘဝင်၏ ဥပါဒ်မှစ၍ ဥပါဒ်တိုင်းသာ ဖြစ်စေ၏၊
(စိတ်သည် ဥပါဒ်ခဏ၌သာ အနန္တရပစ္စည်းစသော ဇနကသတ္တိဖြင့် အားရှိ၏။ ဌီခဏ ဘင်ခဏ၌ အားမရှိ။ ရုပ်ကိုမဖြစ်စေနိုင်။)

ထိုစိတ်တို့တွင် အပ္ပနာဇော ဆဗ္ဗီသသည် ဖြစ်မြဲတိုင်းသော ဣရိယာပုထ် လေးပါး ကိုလည်း ခိုင်စေ၏။ စိတ္တဇရုပ်ကိုလည်း ဖြစ်စေ၏။

ဝုဋ္ဌော၊ ကာမဇော၊ အဘိညာ အားဖြင့် ၃၂-ပါးသော စိတ်သည် ကာယဝိညပ်၊ ဝစီဝိညပ်ကိုလည်း ဖြစ်စေ၏။ ဣရိယာပုထ် ကိုလည်း ဖြစ်စေ၏၊ စိတ္တဇရုပ်ကိုလည်း ဖြစ်စေ၏။
(မနောဓာတ်၊ တဒါရုံ၊ ရူပဝိပါက်အားဖြင့် ၁၉-ပါးသော စိတ်သည် ရုပ်ကိုသာ ဖြစ်စေ၏။)

ရုပ်၊ ဣရိယာ၊ ဝိညပ် ဖြစ်စေ ၃၂။
ရုပ်၊ ဣရိယာခိုင်စေ ၂၆။
ရုပ်ဖြစ်စေ ၁၉။
ရုပ်မဖြစ်စေ ၁၄။
ပေါင်း ၉၁။

ထိုတွင် သောမနဿ ကာမဇော ၁၃-ခုသည် ရယ်ရွှင်ခြင်းကိုလည်း ဖြစ်စေ၏။ (ပုထုဇဉ်-၈။ သေက္ခ ၆။ ဘုရားရဟန္တာ ၅။)

သီတ၊ ဥဏှဟု ဆိုအပ်သော တေဇောဓာတ်သည် ဥတုမည်၏။ ထိုဥတုသည်ရုပ်၏ ဌီသို့ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တ၌၎င်း၊ ဗဟိဒ္ဓ၌၎င်း ထိုက်သည် အားလျော်စွာ ဖြစ်စေ၏။
(ရုပ်သည် ဥပါဒ်၌အားမရှိ၊ ဌီသို့ရောက်မှ ပစ္ဆာဇာတပစ္စည်း ဥပထမ္ဘက သတ္တိဖြင့် အားရှိသည်။ ရုပ်ကိုဖြစ်စေသည်၊ စိတ်၏ဥပါဒ်၊ ဌီ၊ ဘင်တိုင်း ရုပ်၏ဌီသို့ ရောက်၍ ရုပ်ကိုဖြစ်စေသည်။)

အစာ၌တည်သော အစေးဩဇာ ဆောင်ခြင်းသည် အာဟာရ မည်၏၊ ထိုအာဟာရသည် မျိုပြီး၍ ရုပ်၏ ဌီသို့ရောက်မှသာ အားရှိ၍ အာဟာရဇရုပ်ကို အဇ္ဈတ္တသန္တာန်၌ ဖြစ်စေ၏၊
(စိတ်၏ဥပါဒ် ဌီ ဘင်တိုင်း ရုပ်၏ဌီသို့ ရောက်၍ ရုပ်ကိုဖြစ်စေသည်။)

ထိုရုပ်တို့တွင်ဟဒယ ဣန္ဒြိယတို့သည် ကံကြောင့်သာဖြစ်ကုန်၏ (ကမ္မဇကန် ၉)။
ဝိညပ်ဒွေသည် စိတ်ကြောင့်သာ ဖြစ်၏။ (စိတ္တဇဧကန် ၂)။
သဒ္ဒါရုံသည် စိတ်, ဥတုကြောင့်ဖြစ်၏။
(စိတ္တဇ၊ ဥတုဇ၊ အနေကန် ၁။)။
လဟုတာဒိတ္တယသည် စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်၏။
(စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ၊ အနေကန် ၃။)
အဝိနိဗ္ဘောဂ၊ အာကာသတို့သည် လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏။ (စတုဇ-အနေကန် ၉)။
လက္ခဏရုပ် လေးခုသည် တစုံတခုသော အကြောင်းကြောင့်မဖြစ်။
(နကုတောဇ ၄။)

ဧကဇ ၁၁၊ ဒွိဇ ၁၊ တိဇ ၃၊ စတုဇ ၉၊ နကုတောဇ ၄၊ ပေါင်း ၂၈။
ကမ္မဇရုပ် ၁၈ (ဧကန် ၉၊ အနေကန် ၉)။
စိတ္တဇရုပ် ၁၅ (ဧကန် ၂ ၊ အနေကန် ၁၃)။
ဥတုဇရုပ် ၁၃။
အာဟာရဇရုပ် ၁၂။
လက္ခဏရုပ်လေးခုတို့သည် ဖြစ်, ရင့်ဆဲ, ပျက်ဆဲဖြစ်သော နိပ္ဖန္နရုပ် (ရုပ်စစ်) တို့၏ ဥပါဒ် ဌီ ဘင်ဖြစ်ကုန်၏။ ထိုကြောင့် လက္ခဏရပ်လေးခုတို့၏ ဖြစ်ကြောင်းကို သီးခြားမပြကုန်။

ရုပ်ဖြစ်ကြောင်းပြီး၏။

ရုပ်ကလာပ်

ဥပါဒ်အတူဖြစ်၊ ဘင်အတူချုပ်၊ မှီရာမဟာဘုတ်ကို အတူမှီလျက်၊ အစအဆုံး တပေါင်းတည်း ဖြစ်သော ရုပ်အပေါင်းအစည်းသည် ရုပ်ကလာပ် မည်၏။ ၂၁-စည်း ရှိ၏။

ဇီဝိတ၊ အဝိနိဗ္ဘောဂတို့သည် စက္ခုပသာဒနှင့်တကွ စက္ခုဒသက ကလာပ်တစည်း မည်၏။ ထိုအတူ --
သောတစသည်တို့နှင့် တကွ သောတဒသက တစည်း၊
ဃာနဒသကတစည်း၊
ဇိဝှါဒသက တစည်း၊
ကာယဒသက တစည်း။
ဣတ္ထိဘာဝဒသက တစည်း၊
ပုမ္ဘာဝဒသက တစည်း၊
ဝတ္ထုဒသက တစည်း၊
အဝိနိဗ္ဘောဂရုပ်သည်သာလျှင် ဇီဝိတနှင့်တကွ ဇီဝိတနဝက ကလပ်တစည်း-
ဤကား ကမ္မဇကလာပ် ကိုးစည်းတည်း။

စိတ္တဇကလာပ်ကား -

အဝိနိဗ္ဘောဂရုပ်သည် သုဒ္ဓဋ္ဌကကလာပ် တစည်း မည်၏။
၎င်းသည်ပင် ကာယဝိညပ်နှင့် ကာယဝိညတ္တိနုဝက တစည်း။
ဝစီဝိညပ်သဒ္ဒနှင့် ဝစီဝိညတ္တိဒသက တစည်း။
လဟုတာဒိတ္တယနှင့် လဟုတာဒေကာဒသက တစည်း။
ကာယဝိညတ္တိ လဟုတာဒိဒွါဒသက တစည်း။
ဝစီဝိညတ္တိသဒ္ဒ လဟုတာဒိ တေရသက တစည်း။
ဤကား စိတ္တဇကလာပ် ခြောက်စည်းတည်း။

သုဒ္ဓဋ္ဌက တစည်း၊
သဒ္ဒနဝက တစည်း၊
လဟုတာဒေကာ ဒသက တစည်း၊
သဒ္ဒလဟုတာဒိ ဒွါဒသက တစည်း၊
ဤကာ ဥတုဇကလာပ် လေးစည်းတည်း။

သုဒ္ဓဋ္ဌက တစည်း၊
လဟုတာဒေကာ ဒသက တစည်း၊
ဤကား အာဟာရဇကလာပ် နှစ်စည်းတည်း။

ထိုရုပ်ကလာပ်တို့တွင် သုဒ္ဓဋ္ဌက၊ သဒ္ဒနဝက-အားဖြင့် ဥတုဇ နှစ်စည်းတို့သည် ဗဟိဒ္ဓ၌လည်း ဖြစ်ကုန်၏။ အဇ္ဈတ္တ၌လည်း ဖြစ်ကုန်၏။ (သက်မဲ့၊ သက်ရှိ ၂-စည်း)၊ အကြွင်းတို့သည် အဇ္ဈတ္တ၌သာ ဖြစ်ကုန်၏။ ဗဟိဒ္ဓ၌မဖြစ်ကုန်၊ (သက်ရှိ သက်သက် ၁၉- စည်း။)

ကမ္မဇ-၉ စည်း၊ စိတ္တ-၆ စည်း၊ ဥတုဇ-၄ စည်း၊ အာဟာရဇ-၂ စည်း၊ ပေါင်း ၂၁။

အာကာသဓာတ်၊ လက္ခဏရုပ်တို့သည် ကလာပ်တို့၏ ပိုင်းခြားကြောင်း မှတ်သားကြောင်း ဖြစ်ကုန်၏။ ထိုကြောင့် ဤရုပ်ငါးခု ကလာပ်အင်္ဂါ မဖြစ်။ အာကာသသည် ရုပ်ကလာပ်တို့၏ ကလာပ်ချင်း မရောအောင် ပိုင်းခြား၏။ လက္ခဏရုပ် လေးခုသည် ရုပ်ကလာပ်တို့၏ ဥပါဒ် ဌီ ဘင် လက္ခဏာ ဖြစ်၏။

ရုပ်ကလာပ်ဖွဲ့စည်းခြင်း ပြီး၏။

ရုပ်ဖြစ်စဉ်

ကာမဘုံ၌ ပဝတ္တိအခါ ရုပ် ၂၈-ခုလုံး ထိုက်သည် အလျောက် အပြည့်အစုံရကုန်၏။ (ရုပ် ၂၈၊ ကလာပ် ၂၁။)

ပဋိသန္ဓေအခါ သံသေဒဇ၊ ဥပပါတ်တို့အား စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ၊ ဝတ္ထုအားဖြင့် ဒသက ၇-စည်းတို့သည် အလွန်ဆုံအားဖြင့် ဖြစ်ကုန်၏။ အယုတ်အားဖြင့်ကား စက္ခု၊ သောတ၊ ဃာန၊ ဘာဝ၊ ဤဒသက လေးစည်းသည် ရံခါမရ။ ထိုကြောင့် တစည်း၊ နှစ်စည်း၊ သုံးစည်း၊ လေးစည်း ချို့လျှင် ၆-စည်း၊ ၅-စည်း၊ ၄--စည်း၊ ၃-စည်း ဖြစ်ကုန်၏။
(ရုပ် ၁၆၊ ကလာပ် ၇။ ဝါ-ဘာဝနှစ်ခုဖြစ်၍ ရုပ် ၁၇၊ ကလာပ် ၈ ဖြစ်၏။ ဇီဝိတနဝကကား အာဟာရ နှံ့သောအခါမှ ပါစက တေဇောနှင့်အတူ ဖြစ်သည်။)

ဂဗ္ဘသေယျကတို့အား ကာယ, ဘာဝ, ဝတ္ထုအားဖြင့် ဒသက သုံးစည်း ထင်စွာ ဖြစ်ကုန်၏။ ထိုတွင် ဘာဝ ဒသက ရံခါမရ၊ ထိုနောင် ပဝတ္တိအခါ စက္ခု, သောတ, ဃာန, ဇိဝှါ ဤဒသက လေးစည်းတို့လည်း အစဉ်အားဖြင့် ဖြစ်ကုန်၏၊ ဝါ၊ ကံအားဖြင့် ဖြစ်ကုန်၏။

ဤသို့လျှင် ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်ကို အစပြု၍ ဥပါဒ်, ဌီ, ဘင် တိုင်းဖြစ်ကုန်၏။
စိတ္တဇရုပ်တို့သည် ပဋိသန္ဓေ နောင် ပဌမဘဝင်၏ ဥပါဒ်ကိုအစပြု၍ ဥပါဒ်တိုင်း ဖြစ်ကုန်၏။
ဥတုဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဋီကာလကို အစပြု၍ စိတ်၏ ဥပါဒ် ဌီ ဘင် တိုင်းဖြစ်ကုန်၏။
အာဟာရဇရုပ်တို့သည် မျိုပြီး၍ သြဇာနှံ့သော ကာလကို။ ဝါ၊ သြဇာရုပ်၏ ဌီ ကာလကို အစပြု၍ စိတ်၏ ဥပါဒ် ဌီ ဘင်တိုင်း ဖြစ်ကုန်၏။

ဤ စတုသန္တတိ ရုပ်ကလာပ်အစဉ်သည် ကာမဘုံ၌ ဆီမီးလျှံ ကဲ့သို့၎င်း, မြစ်ရေ အယဉ်ကဲ့သို့၎င်း, အသက်ရှည်သမျှမပြတ်ဖြစ်၏။

သေခါနီးအခါ၌ကား စုတိစိတ်မှ အထက် ၁၇-ချက်မြောက်သောစိတ်၏ ဌီကာလကို အစပြု၍ ကမ္မဇရုပ်အသစ် -နောက်ထပ် မဖြစ်။ ဌီရှေ့ ဥပါဒ် တိုင်အောင် ဖြစ်ခဲ့သော ကမ္မဇရုပ်တို့သည်လည်း စုတိစိတ်နှင့် အညီအမျှသာ တည်၍ ချုပ်ကုန်၏၊
(အစဉ်အတိုင်း အသီးသီး ချုပ်၏။ စုတိ, ဘင်နှင့် ပြိုင်၍ ချုပ်ကုန်သည် ဟူလို၊ ကမ္မဇရုပ်ရှိစဉ် မသေကောင်းသောကြောင့်တည်း။)

ထိုနောင် စိတ္တဇရုပ်လည်း ပြတ်၏။ အာဟာရဇရုပ်လည်း ပြတ်၏။ ဥတုဇရုပ်ကလာပ် အဆက်ဆက်တို့သာ အသေကောင်၊ အပုပ်ကောင်၊ အရိုးစု စသည်တိုင်အောင် ဖြစ်ကုန်၏။

ဤသို့လျှင် သေပြီးသောသူတို့အား တဖန်ဘဝသစ်၌ ပဋိသန္ဓေ ဥပါဒ်ကိုအစပြု၍ စတုသန္တတိ ရုပ်အစဉ်သည် ထိုအတူဖြစ်ပြန်၏။

ရူပ ၁၅-ဘုံ၌ ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ-ဒသက ၅-စည်း မရ။ အာဟာရဇ ကလာပ်လည်းမရ။ (ဘာဝသည် ပုဂ္ဂိုလ်၌ တစည်း။ ဘုံ၌ နှစ်စည်း။) ထိုကြောင့် ရူပဗြဟ္မာတို့အား ပဋိသန္ဓေအခါ စက္ခုဒသက၊ သောတဒသက၊ ဝတ္ထုဒသက၊ ဇီဝိတနဝကအားဖြင့် ကမ္မဇကလာပ် ၄-စည်းရ၏။ ပဝတ္တိအခါ စိတ္တဇကလာပ်၊ ဥတုဇ ကလာပ်လည်းရ၏။ (ရုပ် ၂၃၊ ကလာပ် ၁၄။)

အသညသတ် ပုဂ္ဂိုလ်တို့အား စက္ခု၊ သောတ၊ ဝတ္ထု၊ သဒ္ဒ-လည်းမရ။ စိတ္တဇလည်းမရ၊ ထိုကြောင့် ပဋိသန္ဓေအခါ ဇီဝိတနဝက ကလာပ်ကိုသာ ရသည်။ ပဝတ္တိအခါလည်း သဒ္ဒကြဉ်သော ဥတုဇရုပ်မျှသာဖြစ်သည်။ (ရုပ် ၁၇၊ ကလာပ် ၃၊)

ဤသို့လျှင် ကာမ၊ ရူပ၊ အသညသတ် သုံးဌာန၌ ပဋိသန္ဓေ၊ ပဝတ္တိအားဖြင့် ရုပ်ဖြစ်ပုံ နှစ်မျိုးကို သိအပ်၏။

ရုပ်တို့သည်ကာ၌ ၂ ၈၊ ရူပ၌ ၂၃၊ အသညသတ်၌ ၁၇၊ အရူပ၌ မရှိ။

သဒ္ဒ၊ ငါးခုသော ဝိကာရ၊ ဇရတာ၊ အနိစ္စတာ - ဤရုပ်ရှစ်ခု- ပဋိသန္ဓေအခါ မရ။ ပဝတ္တိအခါကား မရသောရုပ် မရှိ။

ရုပ်ဖြစ်စဉ်ပြီး၏။

နိဗ္ဗာန်

နိဗ္ဗာန်သည်လောကမှ လွတ်မြောက်သောကြောင့် လောကုတ္တရ မည်၏။ မဂ်ဉာဏ် လေးပါးဖြင့် မျက်မှောက်ပြုအပ်၏။ မဂ်ဖိုလ်တို့၏ အာရုံဖြစ်၏။ ဝါနမှ ထွက်လာ သောကြောင့် နိဗ္ဗာန်မည်၏။ ဝါနဟူသည် တဏှာဝဋ် အမည်တည်း။

ထိုနိဗ္ဗာန်သည် သဘာဝအားဖြင့် တပါးတည်း ဖြစ်သော်လည်း သဥပါဒိသေသ နိဗ္ဗာနဓာတုအနုပါဒိသေသ နိဗ္ဗာနဓာတုဟု သိစေကြောင်း အမြွက်အားဖြင့် နှစ်ပါး ပြား၏။
(မိမိ၏ သန္တိလက္ခဏာသည် သဘာဝမည်၏။ လေဆိတ်ရာ၌ မီးပမာငြိမ်သက်၏။ ခန္ဓာရှိသူတို့၏ အာရုံပြုခံရသောကြောင့် သဥပါဒိ မည်သော်လည်း ခန္ဓာ မရှိခြင်း ကြောင့် အနုပါဒိလည်း မည်၏ဟူလို)

တနည်း၊ သုညတအနိမိတ္တ အပ္ပဏိဟိတ-ဟု အခြင်းအရာ အပြားအားဖြင့် သုံးပါး ပြား၏။ (ဆိတ်ခြင်း၊ အကြောင်းမရှိခြင်း၊ တဏှာတောင့်တ မရှိခြင်းသည် အခြင်းအရာအပြား ဟူလို။)

အကြင်သဘောတရားသည် ရွေ့လျောခြင်းမရှိ။ စုတိဟူသော ဆုံးခြင်းကိုလွန်၏။ အကြောင်းတရားတို့ မပြုပြင်နိုင်၊ မိမိထက် လွန်မြတ်သော တရားမရှိ။

ထိုသို့သော သဘောတရားသည် နိဗ္ဗာန်မည်၏။ ဤသို့လျှင် ဝါနမှ လွတ်လာ ကုန်သော ဘုရားရှင်တို့သည် ဟောကြားတော်မူကုန်၏။

ဤသို့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ ပရမတ္ထတရားကို လေးပါးပြား၍ ဟောကုန်၏။

ရုပ်သက် မှတ်ဘွယ်

နိပ္ဇန္နရုပ် ၁၈-ခုသည် ရုပ်စစ်ဖြစ်၏။ စိတ္တက္ခဏ ၁၇-ချက်၊ ခဏငယ် ၅၁-ချက်၊ အသက် ရှိ၏။(ဥပါဒ် ၁၊ ဌီ ၄၉၊ ဘင် ၁။)

အာကာသသည် ရုပ်စစ်ကလာပ်တို့၏ အကြားဖြစ်၏။ ရုပ်စစ်သို့ လိုက်၍ ၁၇-ချက်၊ ၅၁-ချက် အသက်ရှိ၏။

ဝိညပ်ဒွေသည် စိတ်သို့လိုက်၍ဖြစ်၏၊ ခဏငယ်-၃-ချက် အသက်ရှိ၏။
(ဥပါဒ် ၁၊ ဌီ ၁၊ ဘင် ၁။)

လဟုတာ ဒိတ္တယသည် ရုပ်စစ်တို့၏ အမူအရာဖြစ်၏၊
ရုပ်စစ် သို့လိုက်၍ ၁၇-ချက်၊ ၅၁-ချက် အသက်ရှိ၏။

ဥပစယသည်၊ သန္တတိသည်၊ ဝါ-ဇာတိသည် ရုပ်စစ်တို့၏ ဥပါဒ်ဖြစ်၏။
ခဏငယ်တချက် အသက်ရှိ၏။

ဇရတာသည် ရုပ်စစ်တို့၏ ဌီဖြစ်၏၊
ခဏငယ် ၄၉-ချက် အသက်ရှိ၏။

အနိစ္စတာသည် ရုပ်စစ်တို့၏ ဘင်ဖြစ်၏။
ခဏငယ် တချက်အသက်ရှိ၏။

ပထဝီ၊ တေဇော၊ ဝါယောသည် ဘူတရုပ်လည်း မည်၏၊ ဖောဋ္ဌဗ္ဗာရုံ ဂေါစရရုပ်လည်း မည်၏။
ဝိညပ်ဒွေသည် ဝိညပ်ရုပ်လည်း မည်၏၊ ဝိကာရ ရုပ်လည်းမည်၏။

ကာယပသာဒ၊ ဇီဝိတ၊ ဘာဝဒွယ၊ အဝိနိဗ္ဘောဂ-ရုပ် ၁၂-ခုသည် ကိုယ်လုံးနှံ့တည်၏၊ သည်းခြေ၊ သုက်၊ သွေး - ဤကောဋ္ဌာသ ၃-ခုသည် ကိုယ်လုံးနှံ့ တည်၏။

မထိ ထိ၊ ထိ ထိ

ရုပ် ၁၂-ခုသည် အာရုံ၊ အာရမ္မဏိက အဖြစ်ဖြင့် ရုန့်ရင်းခြင်း, ထင်ရှားခြင်းကြောင့် သြဠာရိကရုပ် မည်၏၊ သိလွယ်ခြင်း၊ အနီးနှင့်တူခြင်းကြောင့် သန္တိကေရုပ် မည်၏။ အချင်းချင်း ရှေးရှုကျခြင်း၊ ပေါင်းဆုံကျခြင်း၊ ထိခိုက်သောသဘော ရှိခြင်းကြောင့် သပ္ပဋိဃရုပ် မည်၏။ အားကြီးသူ နှစ်ယောက် ထိခိုက်လျှင် အဝေး၌ရှိသော အားနည်းသောသူ တုန်လှုပ်သကဲ့သို့ အာရုံ၊ ပသာဒ ထိခိုက်လျှင် တဒယ၌ရှိသော အားနည်းသော ဘဝင်စိတ် တုန်လှုပ်၏။

ထိခိုက်ပုံကား --

ဖောဋ္ဌဗ္ဗ ၃-ခုသည် ကိုယ်တိုင် ရောက်၍ထိသည်။ ဃာန၊ ဇိဝှါ၊ ကာယ၊ ဂန္ဓ၊ ရသ- ၅ -ခုသည် မှီရာ မဟာဘုတ်စွမ်းဖြင့် ရောက်၍ ထိသည်။ စက္ခု၊ သောတ၊ ရူပ၊ သဒ္ဒ ၄-ခု သည် မရောက်မူ၍ သိသည်။
ကိုယ်တိုင်သွား ၃။ မှီသွား ၅။ မသွား ၄၊ ပေါင်း ၁၂။
မထိဘဲ ထိ ၄။ ထိမှ ထိ ၈။ ပေါင်း ၁၂၊

ဇီဝိတ ဆက္က

ရုပ်ရှစ်ခုသည် အချင်းချင်း မခွဲ၊ တခြားစီ မဖြစ်၊ ထိုကြောင့် အဝိနိဗ္ဘောဂ ရုပ်မည်၏။ ဤစကားဖြင့် “ရူပဘုံ၌ ဂန္ဓ၊ ရသ၊ သြဇာမရှိ” ဟူသော ဝါဒကို ပယ်သည်။

ထိုဝါဒအလိုကား --
ရှိသော်လည်း ထိုဂန္ဓ ရသသည် ဃာန, ဇိဝှါတို့၏ အာရုံမဖြစ်။ အာယတန ကိစ္စမပြု။ ဓမ္မာယတနမျှ ဖြစ်သည်။ သြဇာလည်း ဩဇာဋ္ဌမကရုပ်ကို ဖြစ်အောင် ဆောင်ခြင်း ကိစ္စမပြု။ (ဝါ၊ အာဟာရဇရုပ်ကို မဖြစ်စေနိုင်။) ထိုသို့ အလုပ် မလုပ်ခြင်းကြောင့် မရှိဟု ဆိုလိုသည်။ အသညသတ်၌လည်း ဇီဝိတဆက္က-သာဟု ဆိုလိုသည်ဟူ၏။

ရုပ်ဖြစ်စဉ်၌ မှတ်သားဘွယ်

ကြာတိုက်၊ ကိုယ်ဝန်ညစ်ကြေး စသည်တို့၌ ဖြစ်သော သူသည် သံသေဒဇ ပုဂ္ဂိုလ် မည်၏။
ကိုယ်ထင်ရှားဖြစ်သော သူသည် ဥပပါတ် ပုဂ္ဂိုလ်မည်၏။
အမိဝမ်း၌ ကိန်းသောသူသည် ဂဗ္ဘသေယျက ပုဂ္ဂိုလ်မည်၏။
၎င်းသည်လည်း အဥ၌ကိန်းလျှင် အဏ္ဍဇ၊ အချင်းသူငယ်အိမ်၌ ကိန်းလျှင် ဇလာဗုဇ-ဟု နှစ်မျိုးပြား၏။
သုဂတိ ဒုဂ္ဂတိ-သံသေဒဇအား စက္ခု, သောတ, ဃာန, ဘာဝ ဒွယ-ဤရုပ် ငါးခု ချို့ကောင်းသည်။
ဒုဂ္ဂတိ-ဥပပါတ်အား-စက္ခု၊ သောတ၊ ဘာဝ-၄-ခု ချို့ကောင်းသည်၊
ဃာန မချို့ကောင်း။
သုဂတိ-ဥပပါတ်အား အာနုဘော်ကြီးသော ကံကြောင့် ဖြစ်သည်။ ထိုကြောင့် ဣန္ဒြိယရုပ် ရှစ်ခု မချို့။ ကမ္ဘာဦးသားတို့အားကား ဘာ၀ နှစ်ခု ချို့သည်သာတည်း။

ဂဗ္ဘသေယျကတို့အား စက္ခု၊ သောတ၊ ဃာန - ဤသုံးခုဖြစ်ချိန် မဖြစ်လျှင် ပဋိသန္ဓေကပင် ချို့သည်မည်၏။
နပုံးအား ပဋိသန္ဓေကပင် ဘာဝနှစ်ခု ချို့၏၊
ကာမဘုံ၌ ဇိဝှါ, ကာယ, ဝတ္ထု, ဇီဝိတ- ဤလေးခု ချို့သူမရှိ။

ဒေဝ၊ မနုဿ၊ တိရစ္ဆာန၊ ပေတ၊ နိရယ-ဟု ဂတိငါးခုရှိ၏၊ ထိုတွင် ဘုမ္မဇိုဝ်း ချွင်းချန်၍ ကြွင်းကျန်သောနတ်၊ ဗြဟ္မာ၊ နိဇ္ဈာမတဏှိက ပြိတ္တာ၊ ငရဲသားတို့အား ဥပပါတ်ယောနိ တခုသာရသည်။ (သုဂတိ-တယောနိ၊) ကြွင်းသော ပြိတ္တာ၊ တိရစ္ဆာန်၊ လူ၊ ဘုမ္မဇိုဝ်း တို့အား အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ ဥပပါတ်-ယောနိ လေးရလုံး ရသည်။ (လေးဂတိ - လေးယောနိ၊)

တနည်း၊
ဒေဝဂတိ၌ ဘုမ္မဇိုဝ်း ၄-ယောနိ၊ ကြွင်းဒေဝ ၁- ယောနိ။
မနုဿ ၄။
တိရစ္ဆာန ၄။
ပေတ၌ နိဇ္ဈာမ ၁၊ ကြွင်းပေတ ၄။
နိရယ ၁။

ဂဗ္ဘသေယျကတို့အား ပဋိသန္ဓေအခါ-ကာယ၊ ဘာဝ၊ ဟဒယ-အားဖြင့် ဒသက ကလာပ်သုံးစည်း ရုပ်သုံးဆယ်သည် ကလလရေကြည်မည်၏၊ နပုံးတို့အား ကလာပ် နှစ်စည်း - ရုပ်နှစ်ဆယ်သည် ကလလရေကြည် မည်၏။ လွန်စွာ နူးညံ့သော သိုးမွေးမျှင်တခု၌ကပ်ငြိသော ဆီပေါက်ပမာဏ ရှိ၏။ ထောပတ်ဆီ အဆင်း ကြည်လင်၏။

ကလလံ-ရေကြည်၊
အဗ္ဗုဒံ-အမြှုပ်၊
ပေသိ-သွေးတုံးသားတစ်၊
ဃနော-တခဲနက်။
ပသာခါ- ခက်မငါးဖြာတို့ …

ဤငါးခုသည် ခုနစ်ရက်စီဖြစ်၏-ခုနစ်ရက် ငါးလီရှိပြီ၊
(ဦးခေါင်း၊ ခြေ၊ လက်၊ အဖုအတက် ငါးခုဟူသော)
ခက်မငါးဖြာ၏ ရင့်ခြင်းကား - ခုနှစ်ရက်နှစ်လီ၊ ဤသို့ခုနှစ်ရက် ခုနစ်လီ ရှိသောအခါ စက္ခုဖြစ်၏။ ရှစ်လီရှိသောအခါ သောတ၊ ကိုးလီ-ဃာန၊ ဆယ်လီ-ဇိဝှါဖြစ်၏။ ခုနစ်ရက် ၁၁-လီတွင် အာယတန ၆-ပါး စုံလင်၏၊ ဤကား ဋီကာကျော် အလိုတည်း။
မူလဋီကာ အလိုကား --
၁၁-လီတွင် စက္ခု, သောတ, ဃာန, ဇိဝှါ လေးခုလုံး ကံစွမ်းဖြင့် ဖြစ်ပေါ်လာကုန်၏ ဟုဆို၏။ (ကာယနှင့် မန ပဋိသန္ဓေကပင် ဖြစ်ခဲ့ပြီ။)

ထို့နောက် ၄၂-ခုမြောက် သတ္တာဟ၌ ဆံပင်၊ မွေးညှင်း၊ ခြေသည်း -လက်သည်း စသည်တို့သည် ပြည့်စုံစွာ ဖြစ်လာကုန်၏။ ၂၉၄-ရက်။
ဝါ-ကိုးလကျော် ဆယ်လတွင် သူငယ်ကိုဖွားမြင်၏၊ ဝမ်း၌နေစဉ် အမိစားသော အစာဖြင့် သူငယ်မျှတ၏။ အမိအဧစားလျှင် သူငယ်ခိုက်ခိုက်တုန် ချမ်း၏၊ ပူစပ် စားလျှင် ငရဲခံရသကဲ့သို့ ပူပင်၏။ ချွတ်ချော် တိမ်းပါးဖြစ်လျှင် ယစ်ထုပ်လက်ဝယ် ဆိတ်သူငယ်၊ အလမ္ပါယ်မြွေငယ်ကဲ့သို့ မချိမဆံ့ ပင်ပန်း၏။
(နိဿရဏတ္ထနည်းဖြင့် စာသင်သူတို့ သန္တာန်၌ ကြောက်ခြင်း၊ ငြီးငွေ့ခြင်း ဖြစ်ရာ၏။)

ရုပ်ကလာပ်ဖြစ်စဉ်

ကမ္မဇကလာပ်သည် ပဋိသန္ဓေ ဥပါဒ်မှစ၍ စိတ်၏ဥပါဒ်, ဌီ, ဘင် ကာလတိုင်းဖြစ်၏။ နိရောဓအခါ စိတ်မရှိသော်လည်း စိတ်၏ ဥပါဒ်, ဌီ, ဘင် ကဲ့သို့သော ကာလတိုင်း ဖြစ်၏။
ပဋိသန္ဓေနှင့်အတူ ဥပါဒ်သော ကမ္မဇကလာပ်၌ ပါဝင်သော တေဇောသည် ပဋိသန္ဓေ ဌီအခါ မိမိလည်း ဌီသို့ရောက်သည်ဖြစ်၍ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏။ ဤရုပ်သည် ပဌမဥတုဇတည်း၊ ထိုမှ တေဇောသည်လည်း ပဋိသန္ဓေဘင်၌ မိမိဌီရောက်၍ ကလာပ်တခုကိုဖြစ်စေပြန်၏။ ဤကား ဒုတီယဥတုဇတည်း။
ထိုမှ တေဇောသည်လည်း ပဌမဘဝင် ဥပါဒ်၌ မိမိ ဌီရောက်၍ ကလာပ်တခုကို ဖြစ်စေပြန်၏။ ဤကား တတီယဥတုဇတည်း။ ဤနည်းဖြင့် ကမ္မဇအရင်းခံ ဥတုဇကလာပ် လေးငါးဆက် ဖြစ်စေ၏။

စိတ္တဇကလာပ်သည် ပဋိသန္ဓေနောင် ပဌမဘဝင်မှစ၍ စိတ်ဥပါဒ်တိုင်း ဖြစ်၏။ ဒွေပဉ္စဝိညာဏ် ဥပါဒ်၌ကားမဖြစ်။
ဤပဌမ ဘဝင်ဥပါဒ် စိတ္တဇကလာပ်၌ ပါဝင်သော တေဇောသည် ပဌမဘဝင်ဌီ၌ မိမိရောက်၍ ဥတုဇကလာပ်တခုကို ဖြစ်စေ၏။ ထိုမှ တေဇောသည်လည်း ပဌမ ဘဝင်ဘင်၌ မိမိရောက်၍ ဥတုဇကလာပ် တခုကိုဖြစ်စေ၏၊ ထိုမှတေဇောသည်လည်း ဒုတီယဘဝင်ဥပါဒ်၌ မိမိဌီရောက်၍ ကလာပ်တခုကို ဖြစ်စေ၏။ ဤနည်းဖြင့် စိတ္တဇ အရင်းခံ ဥတုဇကလာပ် နှစ်ဆက် သုံးဆက် ဖြစ်စေ၏။

ဥတုဇကလာပ်သည် ဗဟိဒ္ဓအဧအပူနှင့် တွေ့သောအခါ ဖြစ်၏။ ထိုဥတုဇကလာပ် တေဇောသည် မိမိဌီ ရောက်သောအခါ ဥတုဇကလာပ် တခုကိုဖြစ်စေ၏။ ထိုမှတေဇောသည် နောက်ကလာပ်တခုကို ဖြစ်စေ၏၊ ဤနည်းဖြင့် ဥတုဇအရင်းခံ ဥတုဇကလာပ် အဇ္ဈတ္တိကသုံးဆက်။ ဗဟိဒ္ဓ၌မရေတွက်နိုင်အောင် အဆက်ဆက် ဖြစ်စေ၏။

အာဟာရဇကလာပ်သည် ဂဗ္ဘသေယျက တို့အား သတ္တာဟ တစ်ခုလွန်၍ ဩဇာ ပြန့်သည်မှ စ၍ဖြစ်၏၊ သံသေဒဇ၊ ဥပပါတ်တို့အား အယုတ်ဆုံး မိမိတံတွေးကို မျိုသည်မှ စ၍ဖြစ်၏။ ထိုအခါမှစ၍ ပါစကတေဇောနှင့် ဇီဝိတနဝက ကလာပ် ဖြစ်လာသည်။
ထိုအာဟာရဇကလာပ် တေဇောသည် မိမိဌီသို့ ရောက်သောအခါ ဥတုဇကလာပ် တခုကိုဖြစ်စေ၏။ ထိုကလာပ် တေဇောသည်လည်း ဌီသို့ ရောက်သောအခါ ကလာပ်တခုကို ဖြစ်စေ၏။ ဤနည်းဖြင့် အာဟာရဇ အရင်းခံ ဥတုဇကလာပ် အဆက်ဆက်၊ ဆဲ့နှစ်ဆက်ကို ဖြစ်စေ၏။

ဤသို့လျှင် ပဋိသန္ဓေ ဥပါဒ်မှစသော ရုပ်ကလာပ်တို့သည် သစ်ပင် အခွ, အလက်, ကိုင်းခက်သဘော ပြန့်ပြောကုန်၏။ စုတိတိုင်အောင် မီးလျှံ၊ ရေအယဉ်တို့ကဲ့သို့ မပြတ်ဖြစ်ကုန်၏။

တေဇောရုပ်၊ ဩဇာရုပ်တို့သည် ဌီရောက်မှ ရုပ်ကိုဖြစ်စေရာ၌ ရုပ်ဌီသည် ၄၉ ချက် ကြာသော်လည်း ၄၉-ကြိမ်ရုပ်ကို ဖြစ်စေသည် မဟုတ်၊ ဌီသို့ရောက်စ၌ ကလာပ်တစည်းကို တကြိမ်သာလျှင် ဖြစ်လေ၏။

ရုပ်ကလာပ်ချုပ်စဉ်

မရဏအခါ အာယု-ဇီဝိတိန္ဒြေ၊ ဥသ္မာ-ကမ္မဇတေဇော၊ ဝိညာဏ်-စိတ်၊ ဤသုံးခု ချုပ်၍ သေ၏။ ထိုကြောင့်ကမ္မဇ ရုပ်ကလာပ်သည် စုတိဘင်နှင့် ပြိုင်၍ အကြွင်းမဲ့ချုပ်၏။ ဤသို့ချုပ်နိုင်အောင် ၁၇-ချက်မြောက် စိတ်၏ ဥပါဒ်မှစ၍ နောက်ဆုံးကမ္မဇရုပ် ဖြစ်ပြီးလျှင် ဌီမှစ၍ အသစ်ဖြစ်။

စိတ္တဇရုပ်ကား စုတိဥပါဒ်သည်ပင် ရုပ်ကိုဖြစ်စေသောကြောင့် စုတိနောင် ၁၆-ချက် ခန့်တိုင်အောင် တည်သေး၏။ ထိုနောင် အကြွင်းမဲ့ချုပ်၏။

အာဟာရဇရုပ်လည်း ဝိညာဏ် အထောက်အပံ့ရ၍ စုတိဘင် တိုင်အောင် ရုပ်ကို ဖြစ်စေသောကြောင့် စုတိနောင် ၁၇-ချက်ခန့် တိုင်အောင် တည်သေး၏။ ထိုနောင် အကြွင်းမဲ့ချုပ်၏၊

ဥတုဇရုပ်ကား ကမ္ဘာပျက်သည် တိုင်အောင် အဆက်ဆက် ဖြစ်၍တည်၏။

စုတိနောင် ပဋိသန္ဓေ ဖြစ်ပြန်သည်မှ စ၍လည်း စတုဇရုပ်ကလာပ်တို့သည် ထပ်တလဲလဲ ပြန်၍ နိဗ္ဗာန်မရမချင်း ဖြစ်ကုန်-ပျက်ကုန်၏။

ရူပဘုံ၌ ဃာန၊ ဇိဝှါ၊ ကာယတို့ကို ကုသိုလ်ဖြစ်ကြောင်း မဟုတ်ဟု ဘာဝနာစွမ်းဖြင့် ပယ်သည်။ ဘာဝရုပ်ကို ကာမတဏှာ အားပေးသည်ဟု ဘာဝနာစွမ်းဖြင့် ပယ်သည်။ အာဟာရဇရုပ်ကို အစာမစားခြင်းဖြင့် ပယ်သည်။ အဇ္ဈတ္တိက အာဟာရဇ ရုပ်ကား ရှိ၏၊ ထိုရုပ်သည် ဗဟိဒ္ဓအာဟာရ အထောက်အပံ့ မရသောကြောင့် အာဟာရဇ ရုပ်ကလာပ်ကို မဖြစ်စေနိုင်။

ဗြဟ္မာတို့အား ပဋိသန္ဓေကပင် ကာယဒသက အစား ဇီဝိတနဝက ရသောကြောင့် ကမ္မဇကလာပ် လေးစည်းရသည်၊ ပဝတ္တိအခါ စိတ္တဇ ၆-စည်း၊ ဥတုဇ ၄-စည်းရသည်။ ထိုရုပ်တို့သည် တိဇရုပ် ၂၃-ခုဖြစ်၏။ ကလာပ် ၁၄-စည်းဖြစ်၏၊ (ကာမပုဂ္ဂိုလ်တို့အား အစာရှိပြီးမှ ဇီဝိတနဝက ရသည်။)

အသညသတ်တို့အား - ပဋိသန္ဓေအခါ ဇီဝိတနဝက တစည်း၊ ပဝတ္တိအခါ ဥတုဇ နှစ်စည်းရ၏၊ ကလာပ် ၃-စည်း၊ ဒွိဇရုပ် ၁၇ -ဖြစ်၏။

ဗြဟ္မာသေသောအခါ ကိုယ်ကောင် မကျန်သောကြောင့် တိဇရုပ်၊ ဒွိဇရုပ်တို့သည် တပြိုင်နက်ကဲ့သို့ ချုပ်ကုန်၏။

ရုပ်ဝီထိ

ကမ္မဇရုပ်ဝီထိ ဖြစ်ဟန်ကား ပဋိသန္ဓေမှ စ၍ ဂဗ္ဘသေယျက - ပုဂ္ဂိုလ်တို့အား ကမ္မဇ ၃-စည်းစီ ဖြစ်၏။ (၁၇-ချက်အထိ အချုပ် မရှိသေး။)
ထိုကြောင့် ပဋိသန္ဓေ၏ ဥပါဒ်၌ ၃။ ဌီ ၆၊ ဘင် ၉၊
ပဌမ ဘဝင်၏ဥပါဒ်၌ ၁၂။ ဌီ ၁၅၊ ဘင် ၁၈၊
ဒုတီယဘဝင်၏ ဥပါဒ်၌ ၂၁။ ဌီ ၂၄၊ ဘင် ၂ရ၊
တတီယဘဝင်၏ ဥပါ၌ ၃၀။ ဌီ ၃၃၊ ဘင် ၃၆၊
စတုတ္ထဘဝင်၏ ဥပါဒ်၌ ၃၉။ ဌီ ၄၂၊ ဘင် ၄၅၊
ပဉ္စမဘဝင်၏ ဥပါဒ်၌ ၄၀၊ ဌီ ၅၁၊ ဘင် ၅၄၊
ဆဋ္ဌ ဘဝင်၏ ဥပါဒ်၌ ၅၇။ ဌီ ၆၀၊ ဘင် ၆၃၊
သတ္တမဘဝင်၏ဥပါဒ်၌ ၆၆၊ ဌီ ၆၉၊ ဘင် ၇၂၊
အဋ္ဌမ ဘဝင်၏ဥပါဒ်၌ ၇၅၊ ဌီ ၇၈၊ ဘင် ၈၁၊
နဝမဘဝင်၏ဥပါဒ်၌ ဂ၄။ ဌီ ၈၇၊ ဘင် ၉၀၊
ဒသမဘဝင်၏ဥပါဒ်၌ ၉၃။ ဌီ ၉၆၊ ဘင် ၉၉၊
ဧကာဒသမ ဘဝင်၏ဥပါဒ်၌ ၁ဝ၂။ ဌီ ၁၀၅၊ ဘင် ၁ဝ၈၊
ဒွါဒသမ ဘဝင်၏ဥပါဒ်၌ ၁၁၁။ ဌီ ၁၁၄၊ ဘင် ၁၁၇၊
တေရသမ ဘဝင်၏ ဥပါဒ်၌ ၁၂၀။ ဌီ ၁၂၃၊ ဘင် ၁၂၆၊
စုဒ္ဒသမဘဝင်၏ ဥပါဒ်၌ ၁၂၉။ ဌီ ၁၃၂၊ ဘင် ၁၃၅၊
ပန္နရသမ ဘဝင်၏ဥပါဒ်၌ ၁၃၈။ ဌီ ၁၄၁၊ ဘင် ၁၄၄၊
၁၇-ချက် စိတ်ဥပါဒ်-၁၄၇၊ ဌီ - ၁၅ဝ၊ ဘင် ၁၅၃။
နောက်စိတ်တို့၌ ၃-စည်းဖြစ်၊ ၃-စည်းချုပ်၊ ၁၅၃၊ ၁၅၃။
စက္ခုပေါ်သောအခါ စက္ခုနှင့်တကွ ၄-စည်းဖြစ်၊ ၄-စည်း ချုပ်။
သောတပေါ်သော အခါ ၅-ဖြစ်၊ ၄-ချုပ်။ ၅-ဖြစ်၊ ၅-ချုပ်။ ၂၅၅၊ ၂၅၅။
ဃာနပေါ်သောအခါ ၆-ဖြစ်၊ ၅--ချုပ်။ ၆-ဖြစ်၊ ၆ချုပ်၊ ၃ဝ၆၊ ၃၀၆။
ဇိဝှါပေါ်သောအခါ ၇-ဖြစ်၊ ၆ချုပ်။ ရ-ဖြစ်၊ ၇-ချုပ်၊ ၃၅၇၊ ၃၅၇။
တသက်လုံး ၃၅၇၊ ၃၅၇။

မရဏအခါ --
၁၇-ချက်မြောက်စိတ် ဌီမှစ၍ အသစ်မဖြစ်၊ ထိုကြောင့် ၁၇-ချက်မြောက် စိတ်ဥပါဒ်၌ ပဋိလုံအားဖြင့် ကလာပ် ၃၅၇။ ဌီ ၃၅၀၊ ဘင် ၃၄၃၊
ဥပါဒ် ၃၃၆၊ ဌီ ၃၂၉၊ ဘင် ၃၂၂၊
ဥပါဒ် ၃၁၅၊ ဌီ ၃၀၈၊ ဘင် ၃၀၁၊
ဥပါဒ် ၂၉၄၊ ဌီ ၂၈၇၊ ဘင် ၂၈၀၊
ဥပါဒ် ၂၇၃၊ ဌီ ၂၆၆၊ ဘင် ၂၅၉၊
ဥပါဒ် ၂၅၂၊ ဌီ ၂၄၅၊ ဘင် ၂၃၈၊
ဥပါဒ် ၂၃၁၊ ဌီ ၂၂၄၊ ဘင် ၂၁၇၊
ဥပါဒ် ၂၁၀၊ ဌီ ၂၀၃၊ ဘင် ၁၉၆၊
ဥပါဒ် ၁၈၉၊ ဌီ ၁၈၂၊ ဘင် ၁၇၅၊
ဥပါဒ် ၁၆၈၊ ဌီ ၁၆၁၊ ဘင် ၁၅၄၊
ဥပါဒ် ၁၄၇၊ ဌီ ၁၄၀၊ ဘင် ၁၃၃၊
ဥပါဒ် ၁၂၆၊ ဌီ ၁၁၉၊ ဘင် ၁၁၂၊
ဥပါဒ် ၁၀၅၊ ဌီ ၉၈၊ ဘင် ၉၁၊
ဥပါဒ် ၈၄၊ ဌီ ၇၇၊ ဘင် ၇၀၊
ဥပါဒ် ၆၃၊ ဌီ ၅၆၊ ဘင် ၄၉၊
ဥပါဒ် ၄၂၊ ဌီ ၃၅၊ ဘင် ၂၈၊
စုတိဥပါဒ် ၂၁၊ ဌီ ၁၄၊ ဘင် ၇၊ စုတိဘင်နှင့်ပြိုင်၍ ကမ္မဇရုပ် အကုန်ချုပ်၏။

သံသေဒဇ၊ ဥပပါတ်တို့အား ၇-စည်းစီဖြစ်၏၊ ထိုကြောင့် ပဋိသန္ဓေ ဥပါဒ်မှစ၍ အနုလုံအားဖြင့် ကလာပ် --
၇၊ ၁၄၊ ၂၁၊ ၂၈၊ ၃၅၊ ၄၂၊ ၄၉၊ ၅၆၊ ၆၃၊၇၀၊ ၇၇၊ ၈၄၊ ၉၁၊ ၉၈၊ ၁၀၅၊ ၁၁၂၊ ၁၁၉၊ ၁၂၆၊ ၁၃၃၊ ၁၄၀၊ ၁၄၇၊ ၁၅၄၊ ၁၆၁၊ ၁၆၇၊ ၁၇၅၊ ၁၈၂၊ ၁၈၉၊ ၁၉၆၊ ၂၀၃၊၂၁၀၊ ၂၁၇၊ ၂၂၄၊ ၂၃၁၊ ၂၃၈၊ ၂၄၅၊ ၂၅၂၊ ၂၅၉၊ ၂၆၆၊ ၂၇၃၊ ၂၈၀၊၂၈၇၊ ၂၉၄၊ ၃၀၁၊ ၃၀၈၊ ၃၁၅၊ ၃၂၂၊ ၃၂၉၊ ၃၃၆၊ ၃၄၃၊ ၃၅၀၊ ၃၅၇၊ ၃၅၇။
မရဏအခါ ပဋိလုံအားဖြင့်ကလာပ် --
၃၅၇၊ ၃၅၀၊ ၃၄၃၊ ၃၃၆၊ ၃၂၉၊ ၃၂၂၊ ၃၁၅၊ ၃၀၈၊ ၃၀၁၊ ၂၉၄၊ ၂၈၇၊ ၂၈၀၊၂၇၃၊ ၂၆၆၊ ၂၅၉၊ ၂၅၂၊ ၂၄၅၊ ၂၃၈၊ ၂၃၁၊ ၂၂၄၊ ၂၁၇၊ ၂၁၀၊ ၂၀၃၊ ၁၉၆၊ ၁၈၉၊ ၁၈၂၊ ၁၇၅၊ ၁၆၈၊ ၁၆၁၊ ၁၅၄၊ ၁၄၇၊ ၁၄၀၊ ၁၃၃၊ ၁၂၆၊ ၁၁၉၊ ၁၁၂၊ ၁၀၅၊ ၉၈၊ ၉၁၊ ၈၄၊ ၇၇၊ ၇ဝ၊ ၆၃၊ ၅၆၊ ၄၉၊ ၄၂၊ ၃၅၊ ၂၈၊ ၂၁၊ ၁၄၊ ၇၊
(ကာမဝီထိတို့၌ ဇီဝိတ နဝကကို မထည့်မသွင်းမူ၍ ပြကုန်၏။)

စိတ္တဇရုပ်ဝီထိ ဖြစ်ဟန်ကား --
ပဋိသန္ဓေ၌ မရှိ။
ပဌမဘဝင် ဥပါဒ် ၁၊ ဌီ ၁၊ ဘင် ၁၊
ဒုတီယ ဘဝင်၏ ဥပါဒ် ၂၊ ဌီ ၂၊ ဘင် ၂၊
တတီယ ဘဝင်၏ ဥပါဒ် ၃၊ ဌီ ၃၊ ဘင် ၃၊
စတုတ္ထဘဝင်၏ ဥပါဒ် ၄၊ ဌီ ၄၊ ဘင် ၄၊
ပဉ္စမဘဝင်၏ ဥပါဒ် ၅၊ ဌီ ၅၊ ဘင် ၅၊
ဆဋ္ဌဘဝင်၏ ဥပါဒ် ၆၊ ဌီ ၆၊ ဘင် ၆၊
သတ္တမဘဝင်၏ ဥပါဒ် ၇၊ ဌီ ၇၊ ဘင် ၇၊
အဋ္ဌမ ဘဝင်၏ ဥပါဒ် ၈၊ ဌီ ၈၊ ဘင် ၈၊
နဝမဘဝင်၏ ဥပါဒ် ၉၊ ဌီ ၉၊ ဘင် ၉၊
ဒသမဘဝင်၏ ဥပါဒ် ၁၀၊ ဌီ ၁၀၊ ဘင် ၁၀၊
ဧကာဒသမ ဘဝင်၏ ဥပါဒ် ၁၁၊ ဌီ ၁၁၊ ဘင် ၁၁၊
ဒွါဒသမဘဝင်၏ ဥပါဒ် ၁၂၊ ဌီ ၁၂၊ ဘင် ၁၂၊
တေရသမဘဝင်၏ ဥပါဒ် ၁၃၊ ဌီ ၁၃၊ ဘင် ၁၃၊
စုဒ္ဒသမဘဝင်၏ ဥပါဒ် ၁၄၊ ဌီ ၁၄၊ ဘင် ၁၄၊
ပန္နရသမ ဘဝင်၏ ဥပါဒ် ၁၅၊ ဌီ ၁၅၊ ဘင် ၁၅၊
သောဠသမဘဝင်၏ ဥပါဒ် ၁၆၊ ဌီ ၁၆၊ ဘင် ၁၆၊
၁၇-ချက်မြောက်စိတ် ဥပါဒ် ၁၇၊ ဌီ ၁၇၊ ဘင် ၁၇၊
နောက်နောက်စိတ်တို့၌ ဥပါဒ်တိုင်း တခုဖြစ်၊ တခုချုပ် ၁၇၊ ၁၇။
ပဉ္စဝိညာဏ် ဖြစ်သောအခါ စိတ္တရုပ်မဖြစ်။ ၁၆၊ ၁၆။
ထိုနောက် ၁၇-ချက်မြောက်၌ ချုပ်စရာတခု မရှိ၊ ၁၇၊ ၁၇။
မရဏအခါ စုတိအထိ ပဋိလုံအားဖြင့် စိတ္တက္ခဏ ၁၇။
ထိုနောက် ၁၆၊ ၁၅၊ ၁၄၊ ၁၃၊ ၁၂၊ ၁၁၊ ၁၀၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁။ စုဘိနောင် ၁၆-ချက်ခန့်၌ စိတ္တဇ အကုန်ချုပ်၏။
(သဒ္ဒ၊ ဝိညပ်၊ လဟုတာဒိတ္တယ တို့နှင့်လည်း ထိုက်သလို ဖြစ်ကုန်သေး၏။)

ဥတုဇရုပ်ဝီထိ ဖြစ်ဟန်ကား --
ပဋိသန္ဓေ ဌီမှစ၍ ခဏငယ်တိုင်း ဖြစ်၏၊ ထို့ကြောင့် ပဋိသန္ဓေ ဌီမှစ၍ အနုလုံအားဖြင့် ခဏငယ် --
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ၊ ၇၊ ၈၊ ၉၊ ၁ဝ၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂ ၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁၊ တသက်လုံး စုတိဘင် တိုင်အောင် ၅၁၊ ၅၁။ သေပြီး အရိုးစုစသည် တိုင်အောင်လည်း ၅၁၊ ၅၁။

အာဟာရဇရုပ်ဝီထိ ဖြစ်ဟန်ကား --
သတ္တာဟ တခု နှစ်ခုလွန်၍ ဩဇာ ပြန့်သောအခါမှ စ၍ဖြစ်၏။ ထိုကြောင့် ထိုမှစ၍ အနုလုံအားဖြင့် ခဏငယ် --
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ၊ ၇၊ ၈၊ ၉၊ ၁ဝ၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂ ၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀၊ ၅၁။ တသက်လုံး စုတိဘင် တိုင်အောင် ပဋိလုံအားဖြင့် ခဏငယ် ၅၁၊ ၅၁။ သေပြီးနောက် ၅၀၊ ၄၉၊ ၄၈၊ ၄၇၊ ၄၆၊ ၄၅၊ ၄၄၊ ၄၃၊ ၄၂၊ ၄၁၊ ၄၀၊ ၃၉၊ ၃၈၊ ၃၇၊ ၃၆၊ ၃၅၊ ၃၄၊ ၃၃၊ ၃၂၊ ၃၁၊ ၃၀၊ ၂၉၊ ၂၈၊ ၂၇၊ ၂၆၊ ၂၅၊ ၂၄၊ ၂၃၊ ၂၂၊ ၂၁၊ ၂ဝ၊ ၁၉၊ ၁၈၊ ၁၇၊ ၁၆၊ ၁၅၊ ၁၄၊ ၁၃၊ ၁၂၊ ၁၁၊ ၁ဝ၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁။ စုတိနောင် ၁၇-ချက်ခန့်၌ အာဟာရဇရုပ် အကုန်ချုပ်၏။
ဥတုဇ အရင်းခံ ဥတုဇရုပ် အဆက်ဆက် ဖြစ်ဟန်၊ ဗြဟ္မာ၊ အသညသတ်တို့၌ ဖြစ်ဟန်ကိုလည်း ဉာဏ်ဆတွေး၍ သိအပ်၏။

ရုပ် ၁၂-မျိုး

ရုပ်တို့သည် ကမ္မဇ၊ စိတ္တဇ-စသည်ဖြင့် လေးမျိုး ပြားကုန်၏၊ တဖန် ကမ္မဇရုပ်။ ကမ္မပစ္စယရုပ်၊ ကမ္မပစ္စယ ဥတု သမုဋ္ဌာနရုပ်– စသည်ဖြင့် သုံးမျိုးစီ ပြားသဖြင့် ရုပ် ၁၂-မျိုး ပြားကုန်၏။
၁ - ဟဒယ၊ ဣန္ဒြိယအားဖြင့် ကလာပ်ကိုးစည်းသည် ကမ္မဇရုပ် မည်၏။
၂ - ဆံပင်၊ မွေးညှင်း၊ မြင်းမြီး၊ ဆင်စွယ်စသည်သည် ကမ္မပစ္စယရုပ် မည်၏။
၃ - စကြာရတနာ၊ နတ်ဗိမာန် စသည်သည် ကမ္မပစ္စယဥတုသဋ္ဌာနရုပ် မည်၏။
၄ - စိတ္တဇအဋ္ဌကလာပ်သည် စိတ္တသမုဋ္ဌာနရုပ်။ (ဝါ၊ စိတ္တဇရုပ်။) မည်၏။
၅ - ပစ္ဆာဇာတ ထောက်ပံ့သော ဧကဇ, ဒွိဇ, တိဇ, စတုဇ ကာယသည် စိတ္တပစ္စယရုပ် မည်၏။
၆ - ဖန်ဆင်းအပ်သော ဆင်ရုပ်၊ မြင်းရုပ် စသည်သည် စိတ္တပစ္စယဥတုသမုဋ္ဌာနရုပ် မည်၏။
၇ - အဇ္ဈတ္တိက ဥတုဇ အဋ္ဌကလာပ်သည် ဥတုသမုဋ္ဌာနရုပ် (ဝါ-ဥတုဇရုပ် မည်၏။)
၈ - ပဌမ အဋ္ဌက ဥတုကြောင့်ဖြစ်သော ဒုတီယ အဋ္ဌကလာပ်သည် ဥတုပစ္စယရုပ် မည်၏။
၉ - ဒုတီယအဋ္ဌက ဥတုကြောင့်ဖြစ်သော တတီယအဋ္ဌကလာပ်သည် ဥတုပစ္စယ ဥတုသမုဋ္ဌာနရုပ် မည်၏၊
(အဇ္ဈတ္တိက သက်ရှိ၌ ဥတုသုံးဆက်၊ ဗဟိဒ္ဓသက်မဲ့၌ အဆက်များစွာ။)
တနည်း၊
၇ - ဗဟိဒ္ဓဥတုကြောင့် ဖြစ်သော တိမ်တိုက် စသည်သည် ဥတုသမုဋ္ဌာနရုပ် မည်၏။
၈ - မိုးရေစသည်သည် ဥတုပစ္စယရုပ် မည်၏၊
၉ - မျိုး ပေါက်ခြင်း, မြေနံ့ ထွက်ခြင်း, တောင်ခိုး ထွက်ခြင်, သမုဒြာ ရေတိုးခြင်း စသည်သည် ဥတုပစ္စယ ဥတုသမုဋ္ဌာနရုပ် မည်၏။
၁၀ - အာဟာရဇ အဋ္ဌကလာပ်သည် အာဟာရသမုဋ္ဌာနရုပ် မည်၏။
(ဝါ- အာဟာရဇရုပ် မည်၏။)
၁၁ - အာဟာရ စောင့်ရှောက်အပ်သော ကမ္မဇရုပ်သည် အာဟာရ ပစ္စယရုပ် မည်၏။
၁၂ - မသင့်သော အစာကြောင့် ဖြစ်သော-ညှင်း- မှည့်မည်း စသည်သည်- အာဟာရ ပစ္စယဥတုသမုဋ္ဌာနရုပ် မည်၏။
ဤသို့ ၁၂-ပါးဖြစ်ကုန်၏။

ရုပ်ကလာပ် မှတ်ဘွယ်

ရုပ်တို့သည် ကံစသည်တို့ကြောင့် ဖြစ်သော်လည်း တခုစီမဖြစ်၊ ကလာပ်အားဖြင့်၊ ဝါ၊ အပေါင်းအစုအားဖြင့် ဖြစ်ကုန်၏။
၁။ ဥပါဒ်အတူဖြစ်ခြင်းသည် ဧကုပ္ပါဒ မည်၏၊
၂။ ဘင်အတူချုပ်ခြင်းသည် ဧကနိရောဓ မည်၏။
၃။ မှီရာဘုတ်လေးပါးကို အတူမှီခြင်းသည် ဧကနိဿယ မည်၏။
၄။ ဖြစ်၊ ချုပ်၊ မှီရာအားဖြင့် အစအဆုံး တပေါင်းတည်း ဖြစ်ခြင်းသည် သဟဝုတ္တိ မည်၏။
တပါးသော ကလာင်ရုပ်နှင့် မရောမူ၍ မိမိကလာပ်ရုပ်ချင်းသာ အစအဆုံး တပေါင်းတည်း အတူဖြစ်သည်ဟူလို၊ ဤကား ကလာပ် လက္ခဏာ လေးပါးတည်း။

ဝိညပ်ဒွေသည် ခဏငယ် သုံးချက်သာ ရှိ၏။ ဧကုပ္ပါဒ ဖြစ်သော်လည်း ဧကနိရောဓ မဖြစ်ခဲ့တကား။ မဟာဘုတ် လေးပါးသည် ဥပါဒါရုပ်ကဲ့သို့ ဘုတ်လေးပါးကိုမမှီ၊ သုံးပါးကိုသာ မှီသည်။ ဧကနိဿယ မဖြစ်ခဲ့တကား။ ယင်းသို့ မဖြစ်သော်လည်း ယေဘုယျသို့ လိုက်၍ ဆိုသည်ဟု မှတ်သားရာ၏။

ဝစီဝိညပ်ကို ယူလျှင် သဒ္ဒကိုလည်း ယူပြီးဖြစ်၏။
အသံနှင့် ကင်းသော ဝစီဝိညပ် မရှိသောကြောင့်တည်း။
အသံကင်းလျှင် ဝစီဝိညပ် မဟုတ်ဟူလို။

ရုပ်အကျဉ်း၌ မှတ်ဘွယ်

မဟာဘုတ် မည်ခြင်း

ပထဝီ စသော သဘောတရား လေးပါးသည် မိမိလက္ခဏာကို ဆောင်တတ် သောကြောင့်၎င်း, သတ္တဝါလည်း မဟုတ်၊ အသက်လည်း မဟုတ်သောကြောင့်၎င်း ဓာတ်မည်၏။ မဟန္တ ပါတုဘာဝ-စသော အနက်ငါးပါးဖြင့် မဟာဘုတ်လည်း မည်၏။

မဟန္တပါတုဘာဝ

ဤဓာတ်လေးပါးသည် မဟန္တ-အကြီးကြီး + ပါတုဘာဝ-ဖြစ်သောကြောင့်၊ မဟာ + ဘုတ် မည်၏။
ငါးကြီး လိပ်ကြီး တောတောင်ကြီး စသည်ဖြင့် သက်ရှိ သက်မဲ့ ကြီးကြီးဖြစ်ပုံကို အစိုင်အခဲဖြစ်သော သသမ္ဘာရ ဓာတ်စွမ်းဖြင့် သိအပ်၏။ (မဟန္တာနိ + ဘူတာနိ = မဟာဘူတာနိ။)

မဟာဘူတ သာမည

မဟာဘူတ-မျက်လှည့် ဆရာနှင့် ဝါ၊ ဘီလူးနှင့် + သာမည-တူသောကြောင့်လည်း မဟာဘုတ် မည်၏။
မျက်လှည့်ဆရာသည် မဟာ-များသော + အဗ္ဘုတ-အံ့ဘွယ်ကို။ ဝါ၊ အဘူတ-အမှားကို ပြတတ်သောကြောင့် မဟာဘူတ မည်၏။ ကျောက်ခဲကို ရွှေဟူ၍၎င်း၊ မိမိကိုယ်ကို ငှက်အသွင် စသည် ဖန်ဆင်း၍၎င်း - အံ့ဘွယ်များများ အမှားများများ ပြသကဲ့သို့ မဟာဘုတ်သည် မြေ ရေ မီး လေ-ဓာတ်လေးထွေကို အဆင်း၊ အနံ့၊ အရသာ-ဟူ၍၊ ဝါ၊ ဖန်ဆင်း၍-အံ့ဘွယ်ကို အမှားကို များစွာပြသည်။

ဘီလူးသည် ဇာတိအားဖြင့်- မဟာဘူတ - ဘုတ်ကြီး မည်၏။ ဘီလူးနှင့် ခေတ်လေးပါးသည် လှည့်ပတ်ခြင်းဖြင့်၎င်း မညွှန်းအပ်သော နေရာရှိခြင်းဖြင့်၎င်း တူ၏။ လူကို-ဘီလူးပူးသောအခါ ကိုယ်တွင်း၌လည်း မတည်၊ ကိုယ်ပ၌လည်း မတည်၊ မမှီဘဲ နေသည်လည်း မဟုတ်၊ နေရ ညွှန်း၍ မရ၊ အံ့ဘွယ်ရှိ၏။ ဓာတ်လေးပါးလည်း တခုတွင်း တခုမဝင်၊ အပြင်၌လည်း မတည်၊ မမှီ သည်လည်း မဟုတ်၊ နေရာညွှန်ပြ၍ မရ။ မကြံအပ်သော အံ့ဘွယ်တည်း။
လှည့်ပတ်ခြင်း တူပုံကား ဘီလူးမသည် မိမိ၏- အဆင်းကြပ်ကို ဖုံး၍ နှစ်သက်ဘွယ် ထင်ရအောင် ပလီ၍ လူပြိန်းကို လှည့်ပတ်၏၊ ဓာတ်လေးပါးလည်း မိမိ၏ ကက္ခဠ စသော လက္ခဏာကြမ်းကို ဖုံး၍ နှစ်သက်ဘွယ် အဆင်းဖြင့်၎င်း၊ အင်္ဂါကြီးငယ် သဏ္ဌာန်ဖြင့်၎င်း၊ လက်ခြေ မျက်ခုံး အမူအရာဖြင့်၎င်း၊ အဖြူအနီ-ဟု ထင်အောင်၊ ယောက်ျား မိန်းမဟု ထင်အောင်၊ ပလီ၍ လူ့ဗာလကို လှည့်ပတ်၏။ ဤ မျက်လှည့်ဆရာနှင့် ဘီလူးနှင့် တူပုံကို မာကြမ်း၊ ယိုစီး၊ ဧပူ၊ တွန်းငင်သော လက္ခဏာဓာတ်စွမ်းဖြင့် သိအပ်၏။ (အဟာဘူတေန၊ သဒိသာနိ။)

မဟာပရိဟာရ

မဟာ-များစွာသောပစ္စည်းတို့ဖြင့် + ပရိဟာရ ဆောင်ရွက် အပ်သောကြောင့်လည်း မဟာဘုတ် မည်၏။ နေ့စဉ် အဝတ်အစား များစွာတို့ဖြင့် ဆောင်ရွက်မှ + ဖြစ်သော မဟာဘုတ် ဟူလို။ (မဟန္တေတိ၊ ဘူတာနိ)။
တနည်း၊
မဟာပရိဟာရ - ဆောင်ရွက်ဘွယ် များလှသော ဘုတ်လေးပါး ဟူ၍လည်း ဆိုအပ်၏။ (မဟာပရိဟာရာနိ+ဘူတာနိ။)။
ဤ မဟာပရိဟာရ အနက်ကို သသမ္ဘာရ၊ လက္ခဏ နှစ်ပါးစွမ်းဖြင့် သိအပ်၏။

မဟာဝိကာရ

မဟာ-ကြီးကျယ်စွာ၊ ဝိကာရ + ဖောက်ပြန်ပျက်စီးခြင်း ရှိသောကြောင့်လည်း မဟာဘုတ် မည်၏။
သသမ္ဘာရစွမ်းဖြင့် သိအပ်၏။ (မဟာဝိကာရ ဝန္တာနိ + ဘူတာနိ၊)
ကမ္ဘာပျက်သောအခါ မီး၊ ရေ၊ လေဖြင့် သက်မဲ့ အပျက်ကြီးပျက်၏၊ ဓာတ်ချောက်ချား သောအခါ မြေ, ရေ, မီး, လေဖြင့် သက်ရှိ အပျက်ကြီးပျက်၏။

ပထဝီပျက်လျှင် ကဋ္ဌမုခ မြွေကိုက်သကဲ့သို့ တောင့်တင်း၏။
ပထဝီနှံ့သော ဤကိုယ်သည် ကဋ္ဌမုခ မြွေ၏ခံတွင်း၌ နေရသည်နှင့်တူ၏
အာပေါပျက်လျှင် ပူတိမုခ မြွေကိုက်သကဲ့သို့ ပုပ်ပွ၏၊
အာပေါနှံ့သောကိုယ်သည် ပူတိမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။
တေဇောပျက်လျှင် အဂ္ဂိမုခမြွေ ကိုက်သကဲ့သို့ ပူလောင်၏၊
တေဇောနှံ့သော ဤကိုယ်သည် အဂ္ဂိမုခမြွေ၏ ခံတွင်း၌ နေရသည် နှင့်တူ၏။
ဝါယောပျက်လျှင် သတ္ထမုခ မြွေကိုက်သကဲ့သို့ ပေါက်ကွဲ၏၊ ကြေလွင့်၏။
ဝါယောနှံ့သော ဤကိုယ်သည် သတ္ထမုခမြွေ၏ ခံတွင်း၌ နေရသည်နှင့်တူ၏။

မဟန္တဘူတ

မဟန္တ-ကြီး၍+ဘူတ-ထင်ရှား ရှိသောကြောင့်လည်း မဟာဘုတ် မည်၏။
လုံ့လကြီးစွာ ဉာဏ်ကြီးစွာဖြင့် သိမ်းဆည်းမှ သိရသောကြောင့် မဟန္တ မည်၏။ ထင်ရှားရှိသောကြောင့် ဘူတ မည်၏။ ပထဝီစသည်ဖြင့် ထင်ရှားသော်လည်း ဝိပလ္လာသလွှတ်၍ သဘောမှန်ကို သိမ်းဆည်းသောအခါ လုံ့လ လျှော့လျှင် ဉာဏ်လျှော့လျှင် မသိနိုင်၊ ထိုကြောင့် အလွန်ကြီးကျယ်သည်ဟု လက္ခဏာဖြင့်၎င်း သမ္ဘာရဖြင့်၎င်း သိရ၏။ (မဟန္တာနိ+ဘူတာနိ။)

မဟာဘုတ်လေးပါးသည် အချင်းချင်းမှီလည်း မှီတတ်သည်၊ မှီလည်း မှီအပ်သည်။ ဥပါဒါရုပ်တို့၏ မှီရာလည်း ဖြစ်သည်။ ဥပါဒါရုပ်ကား မဟာဘုတ်ကို မှီသာ မှီတတ်သည်။ မှီအပ်၊ မှီရာမဖြစ်။

ဘူတရုပ် လေးပါးသဘော

ပထဝီသည် ကြမ်းသောရုင်၏ အဖြစ်-သာလျှင် (ဝါ၊ ကြမ်းခြင်းသာလျှင်) လက္ခဏာ ရှိ၏၊ တည်ရာဖြစ်၏။ လက်ခံ၏၊ အကြမ်းအနု၊ အလေးအပေါ့ဖြင့်၎င်း၊ အတွေ့ ကောင်း မကောင်းဖြင့်၎င်း ဝေဘန်အပ်၏။ တေဇော ဝါယော၏ ထိ၍တည်ရာ၊ အာပေါ၏ မထိမူ၍ တည်ရာဖြစ်၏။

အာပေါသည် ယိုစီးသော ရုပ်၏အဖြစ် (ယိုခြင်း) သာလျှင် လက္ခဏာရှိ၏၊ တိုးပွါးစေ၏။ ပေါင်းစုပေး၏၊ ဖွဲ့၏၊ အတွေ့ဖြင့် မဝေဘန်အပ်၊ ဓာတ်သုံးပါးကို မထိမူ၍ ဖွဲ့၏။ ကျောက်ခဲစသည်၌ အာပေါနည်း၍ လွန်စွာဖွဲ့၏။

တေဇောသည် ပူသောရုပ်အဖြစ် (ပူခြင်း) သာလျှင် လက္ခဏာရှိ၏၊ ရင့်ကျက်စေ၏၊ ထက်သန်စေ၏၊ သဟဇာတ်ရုပ်တို့ကို နူးညံ့စေ၏။ ပြင်ပမီး ထောက်ပံ့သောကြောင့် ချိပ်၌ရှိသော တေဇောသည် မိမိနှင့်အတူ ဖြစ်သောရုပ်တို့ကို နူးညံ့စေသကဲ့သို့ သဟဇာတ်ရုပ်တို့ကို နူးညံ့စေ၏၊ အတွေ့ကောင်း မကောင်းဖြင့် ဝေဘန်အပ်၏၊ ပထဝီဝါယောကိုထိ၍၊ အာပေါကို မထိမူ၍ ရင့်စေ၏။

ဝါယောသည် ထောက်ပံ့သော ရုပ်၏အဖြစ် (ထောက်ပံ့ခြင်း) သာလျှင် လက္ခဏာ ရှိ၏။ ရွေ့ရှား၏၊ ဘုတ်အပေါင်းကို ရှေးရှု ဆောင်၏၊ တွန်း၏၊ ဆွဲငင်၏၊ အတွေ့ ကောင်း မကောင်းဖြင့် ဝေဘန်အပ်၏၊ ပထဝီတေဇောကို ထိ၍၊ အာပေါကို မထိမူ၍ ထောက်ခံ၏။

တင်လဲခဲ ရေနူး၍ ယိုသော် ကြေသော်လည်း ပထဝီမယို၊ မကြေ။ (အာပေါယိုသည်-ဝါယောကြေသည်။) ရေနွေးဆူပွက်၍ ပူသော်လည်း အာပေါမပူ။ ရေခဲမိုးသီး မာသော်လည်း အာပေါမမာ၊ သံရည်ကြိုလောင်း၍ ယိုသော်လည်း တေဇောမယို။ လေညှင်းခံ၍ ဧသော်လည်း ဝါယောမဧ၊ နည်းသောဓာတ်သည် များသောဓာတ်သို့ လိုက်ခြင်းသာ ဖြစ်၏။ ဓာတ်လေးပါးသည် အရေအခဲ စသည်ဖြင့် ဖောက်ပြန် သော်လည်း အသီးသီး မိမိသဘောကိုမစွန့်။

ပသာဒရုပ် ငါးပါးသဘော

မဟာဘုတ်လေးပါးကို ကြည်လင်စေသော ရုပ်သည် ပသာဒရုပ် မည်၏။ မဟာဘုတ် ကင်း၍ အကြည်တပါး မရှိ။

စက္ခုပသာဒသည် ရူပါရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ မျက်နက်ဝန်းအလယ် - ကိုယ်သဏ္ဌာန် အရိပ်ထင်ရာ၌ တည်ရှိသော မျက်လွှာ ခုနစ်ထပ်ကို အကြည်နှံ့စေလျက် တည်၏။ သန်းဦးခေါင်း ပမာဏရှိ၏။ စက္ခုဝိညာဏ် စသော စိတ်တို့၏ ဝတ္ထု၊ ဒွါရ-အဖြစ်ဖြင့်တည်၏။

သောတသည် သဒ္ဒါရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ နားအုံအတွင်း နုသောမွေးနီ စီစီညာညာ ပေါက်ရာ၌ တည်၏၊ လက်စွပ် သဏ္ဌာန်ရှိ၏။ သောတဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ဃာနသည် ဂန္ဓာရုံ ထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ နှာခေါင်းအုံ အတွင်း ဆိတ်ခွါသဏ္ဌာန် အရပ်၌တည်၏။ ဃာနဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ဇိဝှါသည် ရသာရုံထိခိုက်အပ်သော မဟာဘုတ်ကို ကြည်လင်စေခြင်း လက္ခဏာရှိ၏။ လျှာလယ်အထက် - ကြာပွင့်ဖတ် အဖျားပိုင်းသဏ္ဌာန်အရပ်၌ တည်၏၊ ဇိဝှါဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ကာယသည်ဖောဋ္ဌဗ္ဗာရုံ ထိခိုက်အပ်သော မဟာဘုဘ်ကို ကြည်လင်စေခြင်း လက္ခဏာ ရှိ၏။ တကိုယ်လုံးနှံ့တည်၏။ ပါစကတေဇော တည်ရာအစာသစ်အိမ် ဆံပင်ဖျား မွေးညှင်းဖျား၊ လက်သည်း, ခြေသည်းဖျား၊ ခြောက်သော အရေဖျား တို့၌ကား မတည်။ ကာယဝိညာဏ် စသည်တို့၏ ဝတ္ထု၊ ဒွါရဖြစ်၍ တည်၏။

ကာယပသာဒ တကိုယ်လုံးနှံ့လျှင် ပသာဒငါးပါး ရောယှက် လေသလော?
မရောယှက်ပေ။ ကလာပ်တခု၌ တည်သောရုပ်သည် တပါးသော ကလာပ်၌မရှိ၊ ထိုကြောင့် မှီရာမဟာဘုတ် အားဖြင့်လည်း မရော၊ လက္ခဏာအားဖြင့်လည်း မရော။ ခွဲမရ၍သာ နှံ့တည်သည်ဟုဆိုသည်။ ဝါ၊ ဂွမ်းဆီနှံ့ ပမာတည်း။

စက္ခုသည် မြွေနှင့်တူ၏၊ အရှုပ်အထွေး ကြိုက်၏၊ ပျောင်ချော မကြိုက်၊ အရုပ်ခြူးပန်း စသည်ဖြင့် ရှုပ်ထွေးရာကိုမြင်လျှင် မျက်စိဖြင့်မဝ၊ ခံတွင်းပါဟ၍ ကြည့်စေ၏။

သောတသည် မိကျောင်းနှင့်တူ၏၊ ရေနက်ရာငုပ်၍ တွင်းခေါင်း အောင်းသကဲ့သို့ နားပေါက်အတွင်း အပေါက် အခေါင်း၌သာ အောင်းသည်။ အပေါက်အခေါင်းရှိမှ အသံကြားရသောကြောင့်တည်း။

ဃာနသည် ငှက်နှင့် တူ၏၊ ကောင်းကင်၌ မွေ့လျော်၏၊ ကောင်းကင်လေဖြင့် အနံ့ ယူသောကြောင့်တည်း။ မိုးဦး ကျစ - နွားတို့သည် မြေနမ်း၍ ကောင်းကင်မော့၍ လေရှူကုန်၏။

ဇိဝှါသည် အိမ်ခွေးနှင့် တူ၏၊ ခုံလောက်အကြား ပြာယက်၍ အိပ်ရန် မီးဖိုချောင်သို့ ကပ်လိုသကဲ့သို့ လျှာရှိသူတိုင်း မီးဖိုချောင်သို့ ကပ်လို၏၊ ခံတွင်းလျှာလယ်အထက် တံတွေးများရာကိုလည်း အလိုရှိသည်။ အရသာကို သိရသောကြောင့်တည်း။

ကာယသည် မြေခွေး (တောခွေး) နှင့်တူ၏။ သုသာန်၌ လူသားစား၍ ထိုသေမှီ၍ အိပ်လိုသကဲ့သို့ ရုပ်တခုကို မှီရန် အလိုရှိ၏။ ပထဝီ ထောက်ပံ့မှ ဖောဋ္ဌဗ္ဗကို သိရသောကြောင့်တည်း။ ရုပ်တခုမရလျှင် မိမိလက်ကိုပင် ဦးခေါင်းတင်၍ အိပ်ကုန်၏။
ဤကိုယ်သည် ကြိုးကြီးတချောင်း မဖြတ်ဘဲ အစငါးခုထုတ်၍ တိရစ္ဆာန် ငါးမျိုးချည်၍ လှောင်ထားသော တိရစ္ဆာန်ရုံတခု ဖြစ်ပေ၏။ (စိတ်-မျောက်နှင့် ခြောက်မျိုး။)

အဆင်း ငါးမျိုးရှိသော အလံ ငါးခု၏ အရိပ်အပေါင်းသည် အချင်းချင်း မရော။ မီးစာငါးခု၏ တပေါင်းတည်း မီးလျှံပေါင်းသည် အချင်းချင်းမရော၊ ပသာဒ ငါးခုလည်း တပေါင်းတည်း ဖြစ်သော်လည်း အချင်းချင်း လက္ခဏာ မရော။

ဂေါစရရုပ် ခုနစ်ပါးသဘော

ပဉ္စဝိညာဏ်၏ အာရုံဖြစ်သော ရုပ်သည် နွားစကျက်နှင့် တူသောကြောင့် ဂေါစရရုပ် မည်၏။ ဝိသယရုပ်လည်း မည်၏။
မဟာဘုတ်လေးပါးကိုစွဲ၍ ဖြစ်သော အဆင်းသည် ရူပါရုံ မည်၏။ မဟာဘုတ်ကင်း၍ အဆင်းတပါး မရှိ။ အဖြူအနီ စသည်ဖြင့် ပြား၏။ အတိုအရှည် စသော ဝေါဟာရဖြင့် ပြား၏။ အရိပ်နေပူ စသည်ဖြင့် ပိုင်းခြားအပ်၏၊ စက္ခုပသာဒကိုထိခိုက်ခြင်း လက္ခဏာ
ရှိ၏။ စက္ခုဝိညာဏ်၏ အာရုံဖြစ်၏။(မထိဘဲနှင့် ထိသောရုပ်၊)
မဟာဘုတ်ကိုစွဲ၍ဖြစ်သော အသံသည် သဒ္ဒါရုံမည်၏။ သောတကို ထိခိုက်၏။ သောတဝိညာဏ်၏ အာရုံဖြစ်၏။ (မထဘဲနှင့် ထိသောရုပ်။)
ထိုအတူ အနံ့သည် ဂန္ဓာရုံ၊ ဃာနကိုထိ၊ ဃာနဝိညာဏ်၏ အာရုံဖြစ်၏။ (ထိလျက် ထိသောရုပ်။)
အရသာသည် ရသာရုံ။ ဇိဝှါကိုထိ။ ဇိဝှါဝိညာဏ်၏ အာရုံ ဖြစ်၏။ (အရသာတို့တွင် ပျားရည်သည် ကြာလျှင်ဖန်၏။ တင်လဲ- ကြာလျှင်ငန်ခါး၏၊ ထောပတ်ကား ကြာလျှင် အဆင်းအနံ့သာ ပျက်သည်၊ အရသာမပျက်။ စင်စစ်မဓုရ မည်၏။ ထိလျက်ထိ။)
ပထဝီအတွေ့၊ တေဇောအတွေ့၊ ဝါယောအတွေ့ - ဤသုံးပါးသည် ဖောဋ္ဌဗ္ဗာရုံ ကာယကိုထိ (ထိလျှက်ထိ) ကာယဝိညာဏ်၏ အာရုံဖြစ်၏။ (အာပေါကား သိမ်မွေ့၏၊ ထိ၍မရ။)

ဖောဋ္ဌဗ္ဗသုံးခုသည် တပြိုင်နက်ထင်၍ ကာယ၌ တပြိုင်နက် ထိသော်လည်း ကာယဝိညာဏ်စိတ်ကား သုံးခုလုံးကို တပြိုင်နက် အာရုံမပြု။
ထမင်း ပြော့၊ မာ-စမ်းသောအခါ ပထဝီ မာခြင်းကိုသာ။
ရေ-နွေး၊ မနွေး-စမ်းသောအခါ တေဇော ပူခြင်းကိုသာ။
လေညှင်းခံသောအခါ ဝါယော တွန်းခြင်းကိုသာ -
ရှေ့ဦးစွာ အာရုံပြု၍ သိသည်။
နှလုံးသွင်းအားဖြင့် တခုစီ ကာယဝိညာဏ်စိတ် အာရုံပြုသည်။
ကျောက်ခဲ ဝါးမိသောအခါ၊
မီးခဲ နင်းမိသောအခါ၊
လေပြင်း တိုက်သောအခါ-
တို့၌ လွန်ကဲသော ဓာတ်အားဖြင့် တခုစီအာရုံပြုသည်။ .
ကြက်တောင်ဖြင့် အနာဆေးသောအခါ၊
အပ်များစွာစုပေါင်း၍ ထိုးသောအခါ၊
ကာယပသာဒ များရာ အားဖြင့်၎င်း၊
လွန်ကဲစွာ ထိခိုက်ရာအားဖြင့်၎င်း၊ ကာယဝိညာဏ် ဖြစ်သည်။
နှလုံးသွင်း၊ ဓာတ်လွန်၊ ပသာဒများ၊ ထိခိုက်များ (လေးပါး) အားလျော်စွာ ရှေးဦးစွာ ကာယဝိညာဏ် ဖြစ်သည်။

အာရုံတခုကို ကြည့်လို၊ နားထောင်လို၊ စားလိုသောအခါ အလို နှလုံးသွင်းအားဖြင့် ဝိညာဏ်ပြောင်းသည်။
ရူပါရုံအာရုံ ပြုနေစဉ် အလွန်မြည်သော စည်ကြီးသံ ကြားသောအခါ အာရုံ လွန်ကဲခြင်း အားဖြင့်လည်း ဝိညာဏ်ပြောင်းသည်။ နှလုံးသွင်း၊ အာရုံလွန် နှစ်မျိုး။
ရူပါရုံ၊ ရသာရုံတို့ အချင်းချင် နှံ့တည်၍ ရုပ်ရောသော်လည်း ပရမတ်အားဖြင့် ရူပါရုံ၌ရသာရုံ မရှိ။ ရသာရုံ၌ရူပါရုံ မရှိ။ သဲနှင့် မြူ မခွဲနိုင်သောကြောင့် အချင်းချင်း နှံ့တည်သည်။ ရောသည်ဟု ဆိုသကဲ့သို့တည်း။ ရုပ်ရောသော်လည်း လက္ခဏာ မရော။

ဘာဝရုပ်နှစ်ပါးသဘော

ဣတ္ထိ၏ဖြစ်ကြောင်းသည်၊ (ဝါ၊ ဣတ္ထိဟုသိကြောင်းသည်၊) ဣတ္ထိဘာဝရုပ် မည်၏။ ပဋိသန္ဓေနှင့် အတူဖြစ်၏၊ မျက်စိဖြင့် မမြင်အပ်၊ မသိအပ်၊ စိတ်ဖြင့်သာ သိအပ်သည်။ ပဝတ္တိအခါ လိင်္ဂ-လိင်၊ နိမိတ္တ-နိမိတ်၊ ကုတ္တ-အပြုအမူ၊ အာကပ္ပ-အမူအရာ တို့ကို ဖြစ်စေနိုင်အောင် အစိုးရသောကြောင့် ဣန္ဒြေ မည်၏။ လိင်္ဂ စသည်ကိုကား မျက်စိဖြင့်လည်း သိအပ်၏၊ ဝါ၊ မြင်နိုင်၏။

မိန်းမ၏အင်္ဂါဇာတ်သည် ဣတ္ထိလိင်္ဂ မည်၏၊
မိန်းမအသံ၊ မိန်းမ အလိုဆန္ဒသည် ဣတ္ထိနိမိတ္တ မည်၏၊
မသန့်ရှင်းသော သွားခြင်း၊ ရပ်ခြင်း စသည်သည် ဣတ္ထိကုတ္တ မည်၏။
မိန်းမ၏ပုံဟန် သဏ္ဌာန်သည် ဣတ္ထိအာကပ္ပ မည်၏။

ပုရိသ၏ ဖြစ်ကြောင်းသည် ပုရိသဘာဝရုပ် မည်၏။ ပဋိသန္ဓေနှင့် အတူဖြစ်၏၊ မမြင်အပ်၊ စိတ်သိ၊ ပဝတ္တိအခါ လိင်္ဂစသည်တို့ကို မိမိအလိုအတိုင်း ဖြစ်စေနိုင်အောင် အစိုးရသောကြောင့် ဣန္ဒြေ မည်၏၊ လိင်္ဂစသည်ကို မျက်စိဖြင့်လည်း သိအပ်၏၊ ဣတ္ထိလိင်္ဂစသည်ကို နည်းယူ၍ ပုရိသလိင်္ဂ စသည်ကို သိနိုင်ပြီ။

အဋ္ဌကထာ၌ကား --
လက်ခြေကြီးငယ်စသော သဏ္ဌာန်သည် အသွင်လိင်္ဂ၊
ပြုံးရယ်ခြင်း စသည်သည် သိကြောင်းနိမိတ္တ၊
ဆန်ကောငယ် ထွန်ငယ်ဖြင့် ကစားခြင်း စသည်သည် အပြုအမူကုတ္တ၊
သွားခြင်းစသည်၏ သန့်ရှင်းခြင်း၊ မသန့်ရှင်းခြင်းသည် အသွင်အပြင်အာကပ္ပ-
ဟု ဆို၏။

ဤဘာဝရုပ်နှစ်ခုသည် ကမ္ဘာဦး၌ ပဝတ္တိအခါဖြစ်သည်၊ နောက်၌ကား ပဋိသန္ဓေအခါ ဖြစ်သည်။ ကိုယ်လုံးနှံ့ တည်သည်၊ မျက်စိဖြင့် အဆင်းကို မြင်ပြီးသောအခါ အတွေးစိတ်ဖြင့် ဘာဝရုပ်ကို သိသည်၊ ပဋိသန္ဓေက ဖြစ်သော်လည်း ပဝတ္တိအခါ ဖောက်ပြန်သည်။
ဗလဝအကုသိုလ်ကြောင့် ပုရိသလိင်ကွယ်၊ ဒုဗ္ဗလကုသိုလ်ကြောင့် ဣတ္ထိလိင်ရ၊
ဒုဗ္ဗလအကုသိုလ်ကြောင့် ဣတ္ထိလိင်ကွယ်၊ ဗလဝ ကုသိုလ်ကြောင့် ပုရိသလိင်ရ။
နှစ်မျိုးလုံး အကုသိုလ်ကြောင့်ကွယ်၊ ကုသိုလ်ကြောင့်ရ။

ဟဒယရုပ်သဘော

ဟဒယဝတ္ထုသည် နှလုံးအိမ်အတွင်း ပုန်းညက်စေ့ခန့် တွင်းငယ်၌ တလက်ဖက် ထက်ဝက်မျှ သွေးကိုမှီ၍ တည်သောရုပ်ဖြစ်၏။ မနောဓာတ်၊ မနောဝိညာဏဓာတ် တို့၏ မှီရာဝတ္ထုဖြစ်၏
ပါဠိတော်၌ကား ဒေသနာဘေဒ (တရားဟောပျက်ခြင်း) ဖြစ်သောကြောင့် မဟော။
ဒေသနာဘေဒဖြစ်ပုံကား --
စက္ခုဝိညာဏ်၏ ဝတ္ထုရုပ်၊ အဝတ္ထုရုပ် တဒုက်။
စက္ခုဝိညာဏ်၏ အာရမ္မဏရုပ်၊ အနာရမ္မဏရုပ် တဒုက်၊
ပေါင်း နှစ်ဒုက်ရသကဲ့သို့ -
ပဉ္စဝိညာဏ်၌ ဝတ္ထုဒုက်၊ အာရမ္မဏဒုက် နှစ်ဒုက်စီ ရ၏၊
မနောဝိညာဏ်၌ကား မနောဝိညာဏ်၏ ဝတ္ထုရုပ်၊ အဝထ္ထုရုပ်-ဟုဝတ္ထု ဒုက်သာ ရသည်။ မနော၏ အာရမ္မဏရုပ်၊ အနာရမ္မဏရုပ်-ဟု အာရမ္မဏဒုက် မရ၊ မနော၏ အာရုံမဟုတ်သော ရုပ်မရှိသောကြောင့်တည်း၊ ဤသို့ အာရမ္မဏ ဒုက်ပျက်၍ ဒေသနာဘေဒ ဖြစ်သည်။ ထိုကြောင့် မဟော၊

နှလုံးသွေးအရောင်

သွေး၌ ဟဒယဝတ္ထုရုပ် တည်သည်။ ဟဒယဝတ္ထု၌ စိတ်စေတသိက် တည်သည်။
ထိုကြောင့် ရာဂစိတ်ဖြစ်လျှင် ဟဒယတည်ရာ သွေးသည်နီ၏၊
ဒေါသဖြစ်လျှင် နက်၏။
မောဟဖြစ်လျှင် အသားဆေးရည် အဆင်းရှိ၏၊
ဝိတက်ဖြစ်လျှင် ပဲပြုတ်ရည် အဆင်းရှိ၏၊
သဒ္ဓါ ဖြစ်လျှင် မဟာလှေကားပန်း အဆင်း ရှိ၏၊
ပညာဖြစ်လျှင် ကြည်လင်၍ အရောင်ထွက်၏။
ထိုသွေးသည် ပုန်းညက်တွင်းလျှံ၍ ကိုယ်လုံးပြန့်သွား၏။
ထိုကြောင့် ရာဂဖြစ်လျှင် အသားနီစပ်၊ ဒေါသဖြစ်လျှင် ညိုမဲ၊ အချို့ နှလုံးကွဲ၏။
(ရုပ်ကျက်သရေ မရှိ။)
သဒ္ဓါပညာဖြစ်လျှင် ကြည်လင်၏၊ (ဣန္ဒြေရရ- တင့်တယ်စွာ ရှုမဝအောင် လှပ၏။ မြင်သူ၏မျက်စိကို ရောဂါကင်းစေ၏။)
သဒ္ဓါပညာလွန်စွာဖြစ်သော အနာထပိဏ် သူဌေးအား အရောင်အဝါ ထွန်းလင်းစွာ ပြင်ပသို့ထွက်လာ၏။ ပဋ္ဌာန်းသုံးသပ်သော မြတ်စွာဘုရား ရောင်ခြည်တော် ခြောက်သွယ် ထွက်၏။ (စိတ်ကောင်းရှိသူ၏ နှစ်သက်ဘွယ်တည်း။)

ဇီဝိတရုပ်သဘော

အသက်ရှည်ကြောင်းရုပ်သည် ဇီဝိတရုပ်မည်၏၊ ကမ္မဇရုပ်ကို စောင့်ခြင်း၌ အစိုးရသောကြောင့် ဣန္ဒြေ မည်၏၊ ကမ္မဇရုပ်သည် ကံကြောင့်ဖြစ်သော်လည်း ထိုကံသည် အတိတ်ဖြစ်၍ ထိုခဏ၌မရှိ၊ ရုပ်သက် ၅၁-ချက်လုံး တည်အောင် ဇီဝိတ စောင့်၏၊ ပါစကတေဇောနှင့်တကွ တကိုယ်လုံးအကြွင်းမဲ့ နှံ့၍တည်၏။
မဟာဘုတ်ဟူသော ဓာတ်လေးပါးကို မှီသောကြောင့် ဓာတ်လေးပါးညီ၍ ဘုတ်ခိုင်သောအခါ ဇီဝိတ ခိုင်သည်။ ဓာတ်ယိုင်၍ ဘုတ်မခိုင်သောအခါ ဇီဝိတမခိုင်၊ ဒဏ်ရာရ၍ ဘုတ်နာသောအခါ ဇီဝိတ နာသည်။ ဘုတ်အသစ် မဖြစ်သောအခါ ဇိဝိတအသစ် မဖြစ်၊ ထိုအခါ ဇီဝိတိန္ဒြေ ချုပ်သည်မည်၏။
(အဘိဓမ္မာ၏ အရသာသည် ခြင်ဆီထိအောင် ထူးကဲလေစွ။)

အာဟာရရုပ်သဘော

အလုပ်အလွေးပြု၍ ယူအပ်သော အစာသည် အာဟာရမည်၏၊ ဝမ်းကိုထောက်ပံ့၏။ အဆာပြေစေ၏။ ဤကား အစိုင်အခဲနှင့်တကွပြခြင်းတည်း။
မျိုအပ်သောအစာ၏ အစေးဖြစ်သော ဩဇာဆောင်ခြင်းသည်သာလျှင် မုချအာဟာရ ရုပ်မည်၏။ မြင်ခြင်း ထိခြင်းတို့ဖြင့် မသိ။ စိတ်သိဖြစ်၏။ အင်္ဂါကြီးငယ်သို့ လျှောက်၍ နှံ့သောအရည် အရသာကို ဆောင်၏၊ သတ္တဝါကို မျှတစေ၏၊ သက်ရှိကိုယ်ကို ထောက်ပံ့ကြောင်း လက္ခဏာရှိ၏၊ မိမိဥပါဒ်အခြားမဲ့- ဌီကာလ၌ ဩဇာလျှင် ရှစ်ခုမြောက်သော ရုပ်ကလာပ်ကို ဖြစ်စေခြင်း ဟူသော ဆောင်ခြင်းကြောင့် ဩဇာ မည်၏။ (ဥဒယာနန္တရံ ရူပံဇနေတီတိသြဇာ၊)။
ထမင်း၌တည်သော ဗဟိဒ္ဓဥတုဇ ဩဇာသည် မျိုပြီးသောအခါ အဇ္ဈတ္တစတုဇ ဩဇာနှင့် ပေါင်းဆုံ၍ အာဟာရဒရုပ်ကို ဖြစ်စေသည်၊ အဇ္ဈတ္တ သက်သက်၊ ဗဟိဒ္ဓ သက်သက် ဩဇာသည် ရုပ်ကို မဖြစ်စေနိုင်။

အစိုင်အခဲသည် အဆာပြေ၏။ မစောင့်ရှောက်၊ သြဇာသည် စောင့်ရှောက်၏၊ အဆာမပြေ။ နှစ်ပါးတွဲမှ အဆာပြေသည်၊ စောင့်ရှောက်သည်။
အစိုင်အခဲကို ချက်သော ဝမ်းမီးပါစက တေဇောသည် အရိပ်တွင်း ဝင်သူကို ဖမ်းခွင့်ရသော ဘီလူးနှင့် တူ၏။ ဘီလူးသည် ဖမ်းထားသော လူတယောက်၏ ဦးခေါင်းကို ဆာသောအခါ နာရုံကိုက်၏၊ ထိုလူ နာ၍ အော်သောအခါ ကြားသူတို့ ပြေးလာ၍ အရိပ်တွင်းဝင်ကုန်၏။ ဝင်သူတို့ကို ဘီလူး ဖမ်းစား၏။
ဝမ်းမီးသည်လည်း အစာအိမ်၌ ထမင်း မရှိသောအခါ အစာအိမ်ဝမ်းပြင်ကို ပူလောင်အောင် နှိပ်စက်၏၊ ဝမ်းပူလောင်၍ ထမင်းတို့ ဝင်လာသောအခါ ဝမ်းပြင်ကို လွှတ်၍ ထမင်းဝင်လာတိုင်းကို ချက်၏။

အာကာသ ဓာတ်သဘော

ရေးခြစ်ခြင်း ထိခိုက်ခြင်းငှါ မရစကောင်းသော အကြားအပေါက်သည် အာကာသ မည်၏။ သတ္တဇီဝ မဟုတ်သောကြောင့် ဓာတ်မည်၏။ ရုပ်ကလာပ်ချင်း မရောအောင် ပိုင်းခြားတတ်၏။ ကလာပ်တို့ဖြင့် ပိုင်းခြားခြင်းကိုလည်း ခံရ၏။ ပိုင်းခြားတတ်သော ကွက်လပ်၊ ပိုင်းခြားအပ်သော ကွက်လပ်ဟူလို။ ကလာပ်တခု မဟာဘုတ်နှင့် ကလပ်တခု မဟာဘုတ် ထိကပ်စပ် နေသော်လည်း ထိုထိုရုပ်တို့၏ ကင်းဆိတ်သော အစွန်းသည် အာကာသ မည်၏။ ထိုအာကာသကို ဘုတ် လေးပါးဖြင့် မထိအပ်၊ ရှုပ်ထွေး ငြိတွယ်ခြင်း မရှိ။

ဝိညပ်ဒွေသဘော

ကာယဝိညပ်

လှုပ်သောကိုယ်ဖြင့် မိမိအလိုကို သူတပါးကို သိစေသော အမူအရာသည်၊ ဝါ၊ မိမိကိုယ်တိုင် ရှေးဦးစွာ သိအပ်သော အမူအရာသည် ကာယဝိညပ်မည်၏။ စောပန ကာယလည်း မည်၏။ (ကိုယ်ဖြင့် + သိစေတတ်၊ သိအပ်-နှစ်မျိုး)
လက်ယပ်ခေါ်လို၊ ရှေ့သို့သွားလိုသော အခါတို့၌ စိတ်ဖြစ်၏၊ နောဒွါရဝီထိဇော ခုနစ်ကြိမ်ဖြစ်၏။ ထိုစိတ်သည် စိတ္တဇအဋ္ဌကလာပ် ရုပ်ကိုဖြစ်စေ၏။ ထို၌ဝါယောရှိ၏။ ထိုစိတ္တဇ ဝါယောသည် အတူဖြစ်သော ရုပ်ကလာပ်ကို ခိုင်စေ၏၊ ဆောင်စေ၏။ လှုပ်စေ၏၊ ဝါ၊ ပဌမဇောမှ ဆဋ္ဌဇော အထိဝါယော ၆-ခုသည် ခိုင်စေ၏။ ဆောင်စေ၏၊ မလှုပ်စေနိုင်သေး။

ဝါယော ၆-ခု အထောက်အပံ့ရသော သတ္တမ ဝါယောသည်သာလျှင် ခိုင်စေ၏၊ ဆောင်စေ၏၊ လှုပ်စေ၏၊ ထိုအခါ လက်ယပ်ခြင်း၊ သွားခြင်းတို့ ဖြစ်ကုန်၏၊ ထိုရုပ်ကလာပ်ကို ခိုင်စေခြင်း လှုပ်စေခြင်းငှါ ကျေးဇူးပြုသော အလိုဆန္ဒနှင့် တကွသော ဝါယောသတ္တိ ခြင်းရာထူးတခုသာလျှင် သိစေတတ်သောကြောင့် ကာယဝိညပ် မည်၏။

ရေကြီးစဉ်က ထင်နေသော အရေးကို နောက်မှမြင်ရသော အခါ “ဤနေရာအထိ ရေကြီး၏၊ ဤအထိ ကြီးခြင်းဖြင့် ဤလယ်မြုပ်၏” ဟု မမြင်ရသော ရေကို စိတ်တွေးဖြင့် သိရ၏၊ ဤ၌ ထင်သော အရေးသည် သိစေတတ်၏၊ သိကြောင်းဖြစ်၏။

လှုပ်သော လက်ယပ်ကို မြင်ရသောအခါ “ဤလက်ယပ်ခြင်း၌ ဝါယောသတ္တိ ခြင်းရာထူးရှိ၏။ ဤခြင်းရာထူးဖြင့် လာစေလို၏၊ သွားစေလို၏” ဟုမမြင်ရသော ဝိညပ်ကို စိတ်တွေးမနော ဝီထိဖြင့်သာ သိရ၏။ ဤ၌ ဝါသောသတ္တိသည် သိစေတတ်၏၊ သိကြောင်းဖြစ်၏၊ ဤကား သိစေသော ဝိညပ်၊ ဝါ-ကာရိုက်ဝိညပ် တည်း။

သိအပ်သောကြောင့် ဝိညပ်မည်ပုံကား --

တိရစ္ဆာန်များပင် ကျောက်ခဲကောက်သည်ကို မြင်ရလျှင် ပစ်ခတ်လိမ့်မည်ဟု အလို ဆန္ဒနှင့် တကွသော ခြင်းရာထူးကို သိကုန်၏၊ ရှောင်ပြေးကုန်၏၊ ဤ၌ ဝါယောသတ္တိ ခြင်းရာထူးသည် မိမိကိုယ်တိုင်ရှေးဦးစွာ သိအပ်သောကြောင့် ကာယဝိညပ်မည်၏၊ ဤကား သိအပ်သော ဝိညပ်၊ ဝါ-ကံ၊ ဝိညပ်တည်း။ (မျက်မြင်မှ ကာယဝိညပ်ကိုသိ။)

မမြင်ရခင် မထင်ရှားသော ဝိညပ်သည်လည်း မြင်ရသောအခါ ထင်ရှားစွာ သိကြောင်း၊ သိအပ်-နှစ်ခုသော သကတ်ကြောင့် ဝိညပ်ပင်မည်၏။

စိတ္တဇ ဝါယော၏ သတ္တိထူးဖြစ်ခဲ့လျှင် ဤဝိညပ်သည် စိတ္တဇ ဝါယောဇ ဖြစ်၏။ စိတ္တဇရုပ် မည်သင့်ပါမည်လော? မည်သင့်၏။ ဝါယောသတ္တိဖြစ်၍ စိတ်ကြောင့် တိုက်ရိုက်ဖြစ်သော စိတ္တဇရုပ် မဟုတ်သော်လည်း စိတ္တဇရုပ်၏ ဝိညပ်ဖြစ်သည်။ စိတ္တဇပိုင် ဖြစ်သည်။ ထိုကြောင့် စိတ္တဇဟူ၍သာ အမည်ရလေသည်၊ ဌာန အမည်ဌာနီ၌ တင်စားသည်။

ပရမတ်အားဖြင့် လှုပ်သောရုပ်၊ ပြောင်းရွှေ့သောရုပ် ရှိသလော၊ အဘယ်သို့ လှုပ်သနည်း?

ဥပါဒ်, ဌီ, ဘင်အားဖြင့် ဖြစ်ရာ၌ပင်၊ လျှင်စွာချုပ်သောကြောင့် နေရာပြောင်းရွှေ့သော ရုပ်မရှိ၊ လှုပ်သောရုပ်လည်း မရှိ။ နီးကပ်စွာ ရုပ်တို့၏ ဖြစ်ခြင်းသည် ရုပ်ချင်း ထိခိုက်သည် မည်၏၊ အရပ်တပါး၌ အဆင့်ဆင့် ရုပ်အသစ် အသစ်ဖြစ်ခြင်းသည် ရုပ်လှုပ်သည် မည်၏၊ ခပ်ဝေးဝေး ဆင့်ဆင့် ဖြစ်ခြင်းသည် ရုပ်နေရာပြောင်းသည်၊ ရုပ်သွားသည်မည်၏။ ဤနည်းဖြင့် ရုပ်သွား၏၊ ရုပ်လှုပ်၏၊ မသွားသောရုပ်ပင် မရှိ။ တဒ္ဓမ္မူပစာ မရှိသည်၌ တင်စားသည်။

ကာယဝိညပ် လှုပ်ခြင်းကြောင့် ယခင်စိတ္တဇရုပ် လှုပ်လျှင် လှုပ်ပါစေ။ ကြွင်းတိဇရုပ် အဘယ်ကြောင့် လှုပ်သနည်း? စတုသန္တတိရုပ်အစဉ်ကို ခွဲ၍မရသောကြောင့်တည်း။

ဝစီဝိညပ်

မြွက်ဆိုသော စကားသံဖြင့် မိမိအလိုကို သိစေသော အမူအရာသည်။ ဝါ၊ သိအပ်သော အမူအရာသည် ဝစီဝိညပ် မည်၏။ စောဝန၀စီလည်း မည်၏။ (သိစေတတ် + သိအပ်- နှစ်မျိုး)

စကားကို ဆိုလိုသောအခါ စိတ်ဇော ခုနစ်ကြိမ်ဖြစ်၏၊ ထိုစိတ်သည် စိတ္တဇ အဋ္ဌကလာပ်ရုပ်ကို ဖြစ်စေ၏၊ ထို၌ ပထဝီဓာတ် ရှိ၏။ ထိုစိတ္တဇပထဝီသည် လည်ချောင်း၊ အာစောက် စလည်တို့၌တည်သော ကမ္မဇပထဝီကို* ထိခိုက်၏။ ပထဝီမာမာ နှစ်ခုထိခိုက်လျှင် ချက်ခြင်း အသံဖြစ်၏။ ထိုအသံသည် စိတ္တဇသဒ္ဒ မည်၏။

(*လည်ချောင်း၌ ထိခိုက်လျှင် က၊ ခ၊ ဂ၊ ဃ၊ င၊ အသံဖြစ်၏။ အာစောက်၌ ထိခိုက်လျှင် စ၊ ဆ၊ ဇ၊ ဈ၊၊ ညံ၊ အသံဖြစ်၏။ အကြွင်းသိလေ။)

ဤ၌ ပဌမဇောကပင် ထိခိုက်၍ အသံဖြစ်သော်လည်း ဇောခုနစ်ကြိမ် ပထဝီ ခုနစ်ချက်ကြောင့် အက္ခရာ တလုံးသာဖြစ်သည်။ ပထဝီနှစ်ခု ထိခိုက်ကြောင်း ဖြစ်သော အလိုဆန္ဒနှင့်တကွသော ပထဝီသတ္တိခြင်းရာထူး တခုသာလျှင် သိစေသော ဝစီဝိညပ် မည်၏။

သိအပ်သော ဝစီဝိညပ်ကား၊ တိဿ၊ ဒတ္တ- ဟု ခေါ်သံကြားလျှင် (သောတဒွါရ ဝီထိဖြင့်ကြားလျှင်) ဝိညပ်ကို မနောဒွါရ ဝီထိစိတ်ဖြင့် သိအပ်၏၊ ထိုဝိညပ်ဖြင့် ဤသို့ ဤသို့ ပြုစေလိုသည် ဟု အလိုကိုသိ၏၊ တိရစ္ဆာန်တို့အားလည်း သိခြင်း ထင်ရှား၏။ (နားကြားမှ ဝစီဝိညပ်ကို သိ၏။)

ဝစီဝိညပ်လည်း စိတ္တဇမဟုတ်၊ စိတ္တဇရုပ်၏ ဝိညပ်ဖြစ်၍ သာစိတ္တဇ မည်သည်။ ဝစီဝိညပ်ကြောင့် တိဇရုပ် နေရာပြောင်းရွှေ့ခြင်း လှုပ်ခြင်းမရှိ၊ စိတ္တဇပင် မပြောင်း မရွှေ့။

လဟုတာဒိတ္တယ သဘော

ကမ္မဇမှတပါးသော တိဇ နိပ္ဖန္နရုပ်တို့၏ ပေါ့ပါးသော အခြင်းအရာသည် ရူပဿ လဟုတာ မည်၏။ အနာကင်းသူနှင့်တူ၏။ ရုပ်တို့၏ လေးလံခြင်းမရှိ။

တိဇနိပ္ဖန္နရုပ်တို့၏ နူးညံ့သော အခြင်းအရာသည် ရူပဿ မုဒုတာ မည်၏။ ကောင်းစွာ နယ်အပ်သော သားရေနှင့်တူ၏။ ရုပ်တို့၏ခက်ထန်ခြင်း မရှိ။

တိဇနိပ္ဖန္နရုပ်တို့၏ အမှု၌ ခံ့သော အခြင်းအရာသည် ရူပဿ ကမ္မညတာ မည်၏။ လှော်ပြီး ဦးပြီးသော ရွှေနှင့်တူ၏၊ ကိုယ်အမူအရာအား လျော်၏။

ဤရုပ်သုံးခုကို ကံမပြုပြင်၊ ဥတု စိတ် အာဟာရတို့သာ ပြုပြင်ကုန်၏။ ကမ္မဇမဟုတ်။ အချင်းချင်း မစွန့်ကြသော်လည်း လွန်ကဲသော အခြင်းအရာဖြင့် ထိုရုပ်သုံးခုတို့၏ ထူးခြားပုံကို သိအပ်၏။

လက္ခဏရုပ် လေးခုသဘော

ပဋိသန္ဓေမှ စက္ခုဒသက စသည်တို့ ဖြစ်သည် တိုင်အောင် ရုပ်တို့၏ အစစွာ ဖြစ်ခြင်းသည် ဥပစယမည်၏။ နောက်၌ အစဉ်မပြတ်ဖြစ်ခြင်းသည် သန္တတိ မည်၏။ ဝါ၊ တဘဝတွင် မဖြစ်ဘူးသေးသော ရုပ်တို့၏ ရှေးဦးစွာ ဖြစ်စသည် ဥပစယ မည်၏၊ ဖြစ်ဘူးသော ရုပ်တို့၏ နောက်ဆက်၍ ဖြစ်စဉ်သည် သန္တတိ မည်၏။ လက်ယက် တွင်းငယ်၌ ရေထွက်၍ ပြည့်သည်တိုင်အောင် ဥပစယသဘွယ်။ ရေလွှမ်း၍ စီးသွားသော ကာလကို သန္တတိသဘွယ် ရှုအပ်၏။

နိပ္ဖန္နရုပ်တို့၏ ဥပါဒ်- ဇာတိတခုကိုပင် ရှေးဦးစွာဖြစ်စ၊ နောက်ဆက်ဖြစ်စ-ဟူသော ခြင်းရာထူးဖြင့်၎င်း၊ ဝေနေယျတို့၏ အလိုစွမ်းဖြင့်၎င်း နှစ်ပါးခွဲ ဟောသည်။ သရုပ်သဘောကား မထူးမပြား။

ဥပစယသည် ရှေးဦးစွာဖြစ်ခြင်း လက္ခဏာရှိ၏၊ အနာဂတ် ရုပ်တို့ကို ရှေ့အစွန်းမှ ပေါ်လာစေ၏၊ “ဤကားရုပ်ဖြစ်သည်၊ လက်ခံကြ”ဟု အပ်နှင်း၏။ ရုပ်၏ပြည့်စုံခြင်း ထင်ရှား၏။ ရှေးဦးစွာ ဖြစ်သောကြောင့်ဖြစ်၏၊

သန္တတိသည် ဆက်၍ဆက်၍ ဖြစ်ခြင်း လက္ခဏာရှိ၏။ အစဉ် မပြတ်အောင်စပ်၏၊ ဖွဲ့ယှက်၏၊ ထင်ရှား၏၊ အစဉ်ဖွဲ့၍ ဆက်၍ဖြစ်သော ရုပ်ကြောင့်ဖြစ်၏။

နိပ္ဖန္နရုပ်တို့၏ အပျက်သို့ ရှေးရှုခြင်းဖြင့် အိုခြင်းသည် ဇရတာ မည်၏။ ရင့်ခြင်း လက္ခဏာရှိ၏။ ဌီအခိုက် ဖြစ်ခြင်းလျှင် လက္ခဏာ ရှိ၏။ ဘင်သို့ကပ်၍ဆောင်၏၊ ရုပ်သစ်ရုပ်ဦး မဟုတ်ခြင်း ထင်ရှား၏၊ စပါးဟောင်းနှင့်တူ၏၊ ရင့်ဆဲရုပ်ကြောင့်ဖြစ်၏။

ဤ၌ ဇရာဟူသည် ဆံဖြူခြင်း သွားကျိုးခြင်းကို ဖြစ်စေ၏။ ဆံဖြူခြင်း သွားကျိုးခြင်း သည် ဇရာမဟုတ်။ ဇရာသွားရာ လမ်းကြောင်း ဖြစ်၏။ မီးလောင်သွားရ၌ မီးမထင်ရှား၊ လမ်းကြောင်းသာ ထင်ရှားသည်နှင့်တူ၏။ ဇရာကို မျက်စိဖြင့်မမြင်အပ်။

နိပ္ဖန္နရုပ်တို့၏ ကွယ်ပျောက်ခြင်းသည် အနိစ္စတာ မည်၏၊ ပျက်ဆဲဘင် အခိုက် လက္ခဏာ ရှိ၏။ ပျက်ဆဲရုပ်ကြောင့်ဖြစ်၏။

ရန်သူသုံးဦး

ဤလက္ခဏရုပ်တို့ဖြင့် ဇာတိ၊ ဇရာ၊ မရဏကို ယူအပ်၏။ ဇာတိသည် တောအုပ်သို့ ဆောင်သော ပဌမရန်သူနှင့်တူ၏။ ဇရာသည် တောအုပ်၌ မထနိုင်အောင် ရိုက်သော ဒုတီယရန်သူနှင့်တူ၏။ မရဏသည် ဦးခေါင်းဖြတ်သော တတီယ ရန်သူနှင့်တူ၏။

ဤရုပ်တို့သည် ဖြစ်ရုပ်မဟုတ်။ ဖြစ်ရုပ်ကို-ဖြစ်ပြီ၊ တည်ပြီ၊ ပျက်ပြီ-ဟု မှတ်သား ကြောင်း အမှတ်အသားတို့သာ ဖြစ်သောကြောင့် လက္ခဏရုပ်တို့ မည်ကုန်၏။

ရုပ်ဝေဘန်ခြင်း မှတ်ဘွယ်

ပသာဒ ရုပ်ငါးခုသည် အတ္တဘော ဟူသော အတ္တကိုစွဲ၍ ဖြစ်သောကြောင့် အဇ္ဈတ္တိကရုပ်မည်၏၊ “ငါတို့ငါးခု မရှိလျှင် သင် ထင်းတုံးဖြစ်လတ္တံ့” ဟုဆိုသကဲ့သို့ အတ္တဘောကို လွန်စွာ ကျေးဇူးပြုသောကြောင့်လည်း အဇ္ဈတ္တိကရုပ် မည်၏၊ အတ္တမည်သော စိတ်ကိုစွဲ၍ စိတ်တို့၏ ထွက်ဝင်ရာ ဒွါရအဖြစ်ဖြင့် ဖြစ်သော ကြောင့်လည်း အဇ္ဈတ္တိကရုပ် မည်၏။ ကြွင်းရုပ် ၂၃-ခုသည် ထိုမှအပ ဖြစ်သောကြောင့် ဗာဟိရရုပ် မည်၏။

ရုပ်ခြောက်ခုသည် ပဉ္စဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်သောကြောင့် ဝတ္ထုရုပ် မည်၏။

ရုပ်ခုနှစ်ခုသည် စိတ်စေတသိက်တို့၏ ထွက်ရာ ဝင်ရာ တံခါးနှင့် တူသောကြောင့် ဒွါရရုပ် မည်၏။

ရုပ်ရှစ်ခုသည် အကြီးအကဲ ဖြစ်သောကြောင့် ဣန္ဒြိယရုပ် မည်၏။ ဤ၌ ပသာဒငါးခုသည် ပဉ္စဝိညာဏ်၌ ကြီးကဲ၏။ ပသာဒထက်မှ ဝိညာဏ်ထက်သည်။ ဘာဝရုပ်သည် လိင်္ဂ နိမိတ္တ စသည်တို့၌ ကြီးကဲ၏။ ဣတ္ထိ၊ ပုရိသဘာဝ အားလျှော်စွာ လိင်္ဂ၊ နိမိတ္တစသော လေးပါးဖြစ်ရသည်။

ဇီဝိတသည် ကမ္မဇရုပ်ကို စောင့်ခြင်း၌ကြီးကဲ၏၊ ခဏငယ် ၅၁-ချက်တည်အောင် ဇီဝိတ-စောင့်သည်။ ဇီဝိတလည်း မိမိစောင့်အပ်သော ရုပ်နှင့်စပ်၍ ၅၁-ချက် တည်သည်။ လှေကိုစောင့်သော လှေသူကြီးနှင့် တူ၏။ လှေသူကြီးလည်း လှေကြောင့် လိုရာရောက်သည်။

သြဠာရိကရုပ် ၁၂-ခု စသည်ကို မထိ-ထိ၊ ထိ-ထိ အဖြစ်ဖြင့် ထိခိုက်ပုံကို ဆိုပြီးပြီ။

ကမ္မဇရုပ် ၁၈-ခုသည် ဥပါဒိန္နရုပ် မည်၏။ တဏှာဒိဋ္ဌိအာရုံ ပြုအပ်သော လောကီကုသိုလ်၊ အကုသိုလ်ကံသည် ဥပမည်၏။ ထိုကံ၏အကျိုး အဖြစ်ဖြင့် ယူအပ်သော ရုပ်သည် အာဒိန္န မည်၏။ ထိုကြောင့် ဥပါဒိန္နရုပ် မည်၏၊ ကြွင်း တိဇရုပ်သည် အနုပါဒိန္နရုပ် မည်၏။

(တပါးသော နေရာ၌ကား သက်ရှိ တကိုယ်လုံး စတုဇရုပ်သည် ဥပါဒိန္န၊ သက်မဲ့ ဗဟိဒ္ဓဥတုဇရုပ်သည် အနုပါဒိန္န။)

ရုပ်ငါးခုသည် ပဉ္စဝိညာဏ်၏ တည်ရာဖြစ်၍ အာရုံယူတတ်သောကြောင့် ဂေါစရဂ္ဂါဟိကရုပ် မည်၏။ ထိုတွင်စက္ခုသည် ရူပကို ယူရာ၌ တခုထံတခု မရောက်ဘဲ အလင်းကို မှီ၍ယူသည်။ သောတသည် သဒ္ဒကို ယူရာ၌ တခုထံတခု မရောက်ဘဲ အာကာသကို မှီ၍ ယူသည်၊ ထိုကြောင့် ဤအာရုံနှစ်ပါး၏ မူလတည်ရာ ဒြဗ်ကို “ဤအရပ်၌” ဟုသိရသည်။ ကြွင်းအာရုံသုံးပါးကို ယူရာ၌ တခုထံတခု ရောက်ပါမှ ဝါယော၊ အာပေါ၊ ပထဝီကို မှီ၍ယူသည်။ ထိုကြောင့် ထိုအာရုံသုံးပါး၏ မူလတည်ရာ ဒြဗ်ကို “ဤအရပ်၌” ဟု မသိရ၊ ရွေ့လျှင် နေရာမသိ၊ မရွေ့လျှင် သိနိုင်၏။

ရုပ်ရှစ်ခု မခွဲခြင်းကို ဇိဝိတဆက္က ပြရာ၌ ဆိုပြီးပြီ။

(*မရွေ့သောအဆင်းကို အသံကိုအရှေ့၌၊ အနောက်၌ဟု သိနိုင်သည်။ ရွေ့သောအနံ့၊ အရသာ၊ အတွေ့ကို ဤသို့မသိ။ နှာခေါင်း၌၊ လျှာ၌၊ ကိုယ်၌သာ သိနိုင်သည်၊ သင့်အောင်ယူလေ။)

ရုပ်ဖြစ်ကြောင်း မှတ်ဘွယ်

အရူပဝိပါက်သည် ရုပ်၌တပ်ခြင်းကင်းသော ကာမာဝစရ ဘာဝနာစွမ်းဖြင့် ဖြစ်သည်။ ၎င်း၏ အကြောင်းကံ- - အရူပကုသိုလ်သည် ရုပ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်း၏ဖြစ်ရာဘုံလည်းရုပ် ဖြစ်ရာမဟုတ်။ ဤအကြောင်း သုံးပါးကြောင့် အရူပဝိပါက် လေးခုသည် ရုပ်ကိုမဖြစ်စေ၊ အရူပဘုံ၌ ဖြစ်ခိုက်စိတ် ၄၂-ပါးလည်း ရုပ်ကိုမဖြစ်စေ။

ဒွေပဉ္စဝိညာဏ်သည် ဈာနင်မရှိသောကြောင့် ရုပ်ကိုမဖြစ်စေနိုင် (ဝိတက်၊ ဝိစာရ စသော) ဈာနင်သည် ရုပ်ဖြစ်စေခြင်း၌ ထူးသော အကြောင်းဖြစ်၏။

ပဋိသန္ဓေစိတ်သည် အားနည်းသော ဝတ္ထုရုပ်ကို မှီရသောကြောင့်၎င်း၊ ရောက်လာစ ဧည့်သည်သဘွယ် ဖြစ်သောကြောင့်၎င်း - ရုပ်ကိုမဖြစ်စေနိုင်၊ မှီရာဝတ္ထုရုပ်သည် ပဋိသန္ဓေနှင့်ပြိုင်၍ ဖြစ်ခါစ ဟဒယဝတ္ထုရုပ် ဖြစ်၏၊ အားမရှိသေး။ ထိုနေရာ၌ ကမ္မဇရုပ်ကား အတိတ်ကံကြောင့်ဖြစ်၏။

ရဟန္တာစုတိလည်း ရုပ်ကိုမဖြစ်စေနိုင်။ မူလဋီကာ၌ကား စုတိအားလုံးပင် ရုပ်ကို မဖြစ်စေနိုင်ဟုဆို၏။ ပဋိသန္ဓေနှင့် ရဟန္တာစုတိ- ရုပ်မဖြစ်စေသော်လည်း ဘဝင်စိတ်-ရုပ်ဖြစ်စေသောကြောင့် အထူးမကြဉ်။

စိတ်သည် ဥပါဒ်ခဏ၌ ဇနကသတ္တိ အားကောင်း၏၊ ထို့ကြောင့် ဥပါဒ်ခဏ၌သာ ရုပ်ကိုဖြစ်စေသည်။ ဌီ, ဘင်ခဏ၌ မဖြစ်စေ၊ အနန္တရစသော ရှေးပစ္စည်း အထောက် အပံ့ကို ဥပါဒ်၌သာ ရသောကြောင့် ဥပါဒ်အား ကောင်းသည်။

ပဉ္စဒွါရ၌ ဖြစ်သော စိတ်တို့သည် အားနည်းသောကြောင့် ဗိညပ်ကို၎င်း, ရယ်ရွှင်ခြင်း ကို၎င်း, မဖြစ်စေ၊ စိတ္တဇရုပ်မျှကိုသာ ဖြစ်စေကုန်၏။ မနောဒွါရ၌ ဖြစ်သော ဝုဋ္ဌော၊ ဇောတို့သာလျှင် အားကောင်းသောကြောင့် ဝိညပ်၊ ရယ်ရွှင်ခြင်းတို့ကိုလည်း ဖြစ်စေကုန်၏၊ ပုထုဇဉ်တို့သည် ကုသိုလ် အကုသိုလ် သောမနုဿ ရှစ်ခုဖြင့် ရယ်ကုန်၏၊ သေက္ခ-ဒိဋ္ဌိဂတသမ္ပယုတ်ကြဉ်၍ ခြောက်ခုဖြင့် ရယ်သည်။ ရဟန္တာ-ဟသိတုပ္ပါဒ်၊ မဟာကြိယာ သောမနဿ-ငါးခုဖြင့် ရယ်သည်။ မြတ်စွာဘုရား၏ ဟသိတုပ္ပါဒ်သည် ပုဗ္ဗေနိဝါသ စသော ဉာဏ်တို့၏ အဆုံး၌ ဖြစ်သည်။

ရုပ်တို့သည် ပစ္ဆာဇာတ စသော နောက်ပစ္စည်း အထောက်အပံ့ ရ၍ ဌီခဏ၌သာ အားကောင်းကုန်၏။ ထိုကြောင့် တေဇော၊ ဩဇာတို့သည် ဌီခဏ၌သာ ဥတုဇရုပ် အာဟာရဇရုပ်ကို ဖြစ်စေကုန်၏။ ဌီရောက်စ တကြိမ်သာ ဖြစ်စေကုန်၏ ဟူလို။

လဟုတာဒိတ္တယသည် ပစ္စုပ္ပန် အကြောင်း ဖြစ်သောစိတ်၊ ဥတု၊ အာဟာရ ကိုသာငဲ့သည်၊ အတိတ်ကံကိုမငဲ့။ ထိုကြောင့် ကမ္မမဖြစ်။

လက္ခဏရုပ်တို့သည် ဖြစ်ရုပ်မဟုတ်၊ ဖြစ်ရုပ်တို့၏ အမှတ် လက္ခဏာတို့သာ ဖြစ်ကုန်၏၊ ထိုကြောင့် နကုတောဇ တို့သာတည်း။

နိဗ္ဗာန်၌မှတ်ဘွယ်

မျက်မှောက်နိဗ္ဗာန်

နိဗ္ဗာန်ကို မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် မျက်မှောက်ပြုအပ်၏-ဟု ဆိုခြင်းဖြင့် အရိယာ တို့သာ မျက်မှောက်ပြုနိုင်သည့် အဖြစ်ကို ပြသည်။

တွေးဆနိဗ္ဗာန်

မဂ်ဖိုလ်တို့၏ အာရုံဖြစ်သည် ဟူသော စကားဖြင့် ကလျာဏ ပုထုဇဉ်တို့ တွေးဆ၍ သိသည့်အဖြစ်ကို ပြသည်။
တွေးဆပုံကား --

သင်္ခတကို ပညပ်ကို အာရုံပြုသော ဉာဏ်သည် ကိလေသာကို မငြိမ်းစေနိုင်။ ထိုကြောင့် သင်္ခတ ပညပ်သည် ကိလေသာငြိမ်းကြောင်း နိဗ္ဗာန မဟုတ်သေး၊ ကိလေသာကို ငြိမ်းစေခြင်းသည်လည်း ထင်ရှားရှိ၏။ ထိုငြိမ်းကြောင်း နိဗ္ဗာနသည် သင်္ခတ ပညပ်တို့မှတပါး ထင်ရှားရှိသော ဓမ္မတခုပင်ဖြစ်မည်၊ အဘာဝ မဟုတ်။ ငြိမ်သက်သော သန္တိလက္ခဏာဖြင့် လေဆိတ်ရာ ဆီမီးပမာ ထင်စွာရှိရမည်-ဟု တွေးဆ၍ သိနိုင်ကုန်၏။

နိဗ္ဗာန်တခု

တဏှာငတ်သည် တေဘူမက တရားတို့ကို ဖွဲ့ချုပ်သောကြောင့် ဝါနမည်၏၊ တဏှာ-ဝါန အာရုံမပြုနိုင်အောင် လွန်ရာအရပ်သည် နိဗ္ဗာန်မည်၏၊

(နေပူမဟုတ်လျှင် အရိပ်၊ အမှောင်မသမ်းလျှင် အလင်း၊ တဏှာမဖွဲ့လျှင် နိဗ္ဗာန်။)

နိဗ္ဗာန်နှစ်ခု

ခန္ဓာငါးပါးသည် ဥပါဒါန်လေးပါး စွဲယူအပ်သောကြောင့် ဥပါဒိမည်၏။ ကိလေသာတို့မှ ကြွင်းသောကြောင့် သေသလည်းမည်၏၊ ကိလေသာမှကြွင်းသော ထိုခန္ဓာ ငါးပါးနှင့် တကွ ဖြစ်သော နိဗ္ဗာန်သည် သဥပါဒိသေသ မည်၏။ ခန္ဓာကြွင်းရှိသူ၏ အာရုံပြု ခံရသော နိဗ္ဗာန်ဟူလို။

ထိုနိဗ္ဗာန်သည်ပင်လျှင် ခန္ဓာဟူသော ဥပါဒိလည်းမရှိ၊ သေသလည်းမရှိ၊ ထိုကြောင့် အနုပါဒိသေသ မည်၏၊ တခုတည်းသော နိဗ္ဗာန်ဖြစ်လျက် ခေါ်ဝေါ်ခြင်း၌ အကြောင်းအမြွက်ဖြင့် နှစ်မျိုးခွဲခေါ်ထားသည်။

နိဗ္ဗာန်သုံးခု

အခြင်းအရာ ပြားခြင်းဖြင့် သုံးမျိုးခွဲခေါ်ပုံကား --

ရာဂဒေါသ မောဟတို့မှ ဆိတ်သောကြောင့် သုညတ
(ယှဉ်လည်းမယှဉ်၊ အာရုံမျှလည်း မပြုဟူလို။)
ရာဂစသောအကြောင်း ကင်းသောကြောင့် အနိမိတ္တ
ရာဂစသော ဘောင့်တခြင်း မရှိသော ကြောင့် အပ္ပဏီဟိတ
ဤသို့သုံးမျိုးပြား၏။

တနည်း --

သင်္ခါရအားလုံးမှဆိတ်သောကြောင့် သုညတ
သင်္ခါ ရဟူသော အကြောင်း နိမိတ်မရှိသောကြောင့် အနိမိတ္တ
တဏှာ တောင့်တခြင်း မရှိသောကြောင့် အပ္ပဏိဟိတ
ဤသို့သုံးမျိုး ပြား၏၊

ရုပ်ပိုင်းအရသာပြီး၏။

၇ - သမုစ္စည်းပိုင်း

လက္ခဏာနှင့်တကွ ဖြစ်ကုန်သော ၇၂-ပါးသောစိတ်၊ စေတသိက်၊ နိပ္ဖန္နရုပ်၊ နိဗ္ဗာန် တို့ကို ဆိုပြီး၍ ယခုအခါ ထိုသဘောတရားတို့၏ အပေါင်းအစုသမုစ္စည်းကို ဆိုပေအံ့။

(စိတ်သည် အာရုံသိခြင်း လက္ခဏာရှိ၏။ စေတသိက် ၅၂-ခုသည် တွေ့ထိခြင်း စသော လက္ခဏာ အသီးသီးရှိ၏။ နိပ္ဖန္နရုပ် ၁၈-ခုသည် ကြမ်းတမ်းခြင်း စသော လက္ခဏာအသီးသီးရှိ၏။ နိဗ္ဗာန်သည် ငြိမ်သက်ခြင်းလက္ခဏာရှိ၏။ ဤ ၇၂-ပါးတို့၏ ပေါင်းစုခြင်းသည် သမုစ္စည်းမည်၏။ အနိပ္ဖန္နရုပ် တဆယ်ကား နိပ္ဖန္နရုပ်တို့၏ အကြား တခု၊ အမူအရာ ငါးခု၊ အမှတ်လက္ခဏာလေးခု အဖြစ်ဖြင့် ပါဝင်၏။)

၁။ အကုသလသင်္ဂဟ
၂။ မိဿကသင်္ဂဟ
၃။ ဗောဓိပက္ခိယသင်္ဂဟ
၄။ သဗ္ဗသင်္ဂဟ -
ဤသို့ သမုစ္စယသင်္ဂဟ လေးခု သိအပ်၏။

အကုသလသင်္ဂဟ

အကုသလသင်္ဂဟ၌ အာသဝတို့သည် ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ-အားဖြင့်လေးပါး ဖြစ်ကုန်၏၊
(တရားကိုယ်အားဖြင့် - လောဘ၊ ဒိဋ္ဌိ၊ မောဟ-သုံးပါး။
မဂ်ပယ်စဉ်အားဖြင့် သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌာသဝကိုပယ်သည်။
အနာဂါမိမဂ်ဖြင့် ကာမာသဝကို ပယ်သည်။
အရဟတ္တမဂ်ဖြင့် ဘဝါသဝအဝိဇ္ဇာသ၀ - နှစ်ပါးကို ပယ်သည်။)

(သြဃတို့သည် ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ - အားဖြင့် လေးပါး ဖြစ်ကုန်၏။ (တရားကိုယ်၊ မဂ်ပယ်စဉ် တူပြီ။)
ယောဂတို့သည် ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂ - အားဖြင့် လေးပါးဖြစ်ကုန်၏။ (တူပြီ၊)

ဂန္ထတို့သည် အဘိဇ္ဈာကာယဂန္ထ၊ ဗျာပါဒကာယဂန္ထ ၊ သီလဗ္ဗတပရာမာသကာယဂန္ထ၊ ဣဒံသစ္စာ ဘိနိဝေသကာယဂန္ထ - အားဖြင့် လေးပါးဖြစ်ကုန်၏။
(တရားကိုယ် - လောဘ၊ ဒေါသ၊ ဒိဋ္ဌိ-သုံးပါး။ မဂ်ပယ်စဉ် --
သောတာပတ္တိမဂ်ဖြင့် သီလဗ္ဗတပရာမာသ ကာယဂန္ထဣဒံသစ္စာဘိနိဝေသ ကာယဂန္ထကို ပယ်သည်၊
အနာဂါမိမဂ်ဖြင့် ဗျာပါဒကာယဂန္ထကို ပယ်သည်။
အရဟတ္တမဂ်ဖြင့် အဘိဇ္ဈာကာယဂန္ထကို ပယ်သည်။)

ဥပါဒါန်တို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်-အားဖြင့် လေးပါး ဖြစ်ကုန်၏။
(လောဘ၊ ဒိဋ္ဌိ-နှစ်ပါး။
သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌုပါဒါန်သီလဗ္ဗတုပါဒါန်အတ္တဝါဒုပါဒါန် သုံးပါးကို ပယ်သည်။
အရဟတ္တမဂ်ဖြင့် ကာမုပါဒါန်ကို ပယ်သည်။
အနာဂါမိမဂ်ဖြင့်-ဟု အသိဉာဏ် ချွတ်တတ်သည်။)

နီဝရဏတို့သည် *ကာမစ္ဆန္ဒနီဝရဏဗျာပါဒနီဝရဏထိနမိဒ္ဓနီဝရဏဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏဝိစိကိစ္ဆာနီဝရဏအဝိဇ္ဇာနီဝရဏ - အားဖြင့် ခြောက်ပါးဖြစ်ကုန်၏။
(လောဘ၊ ဒေါသ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ၊ မောဟ-ရှစ်ပါး။
သောတာပတ္တိမဂ်ဖြင့် ကုက္ကုစ္စဝိစိကိစ္ဆာ နှစ်ပါးကိုပယ်သည်။
အနာဂါမိမဂ်ဖြင့် ကာမစ္ဆန္ဒဗျာပါဒ နှစ်ပါးကိုပယ်သည်။
အရဟတ္တမဂ်ဖြင့် ထိနမိဒ္ဓဥဒ္ဓစ္စအဝိဇ္ဇာ လေးပါးကိုပယ်သည်။)

(*ဈာန်ပယ်ပုံကား --
ဝိတက်ဖြင့် ထိနမိဒ္ဓကို ပယ်ခွါသည်၊
ဝိစာရဖြင့် ဝိစိကိစ္ဆာကို ပယ်ခွါသည်၊
ပီတိဖြင့် ဗျာပါဒကိုပယ်ခွါသည်၊
သုခဖြင့် ဥဒ္ဓစ္စ ကုက္ကုစ္စကို ပယ်ခွါသည်၊
ဧကဂ္ဂတာဖြင့် ကာမစ္ဆန္ဒကို ပယ်ခွါသည်။
ထိမိဒ်၊ ဝိ၊ ဗျာ၊ ဥဒ်ကုက်၊ ကာ-ငါးဖြာ ဈာနင်ပယ်။
အဝိဇ္ဇာကိုဈာနင် မပယ်။
ဧကဂ္ဂတာ၊ ပီတိ၊ ဝိတက်၊ သုခ၊ ဝိစာရ၊ အရဟတ္တမဂ် .. ဤကား အဘယ်နှင့် ညီအောင် စဉ်သည်ဟု ဖော်နိုင်စေလော။)

အနုသယတို့သည် --
၁။ ကာမရာဂါနုသယ
၂။ ဘဝရာဂါနုသယ
၃။ ပဋိဃာနုသယ
၄။ မာနာနုသယ
၅။ ဒိဋ္ဌာနုသယ၊၊
၆။ ဝိစိကိစ္ဆာနုသယ
၇။ အဝိဇ္ဇာနုသယ - အားဖြင့် ခုနစ်ပါး ဖြစ်ကုန်၏၊
(လောဘ၊ ဒေါသ၊ မာနု၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ မောဟ-ခြောက်ပါး။
သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌာနုသယဝိစိကိစ္ဆာ နှစ်ပါးကိုပယ်သည်။
အနာဂါမိမဂ်ဖြင့် ကာမရာဂါနုသယပဋိဃာနုသယ နှစ်ပါးကိုပယ်သည်။
အရဟတ္တမဂ်ဖြင့် ဘဝရာဂမာနအဝိဇ္ဇာ-သုံးပါးကို ပယ်သည်။)

သံယောဇဉ်တို့သည် သုတ္တန်နည်းအားဖြင့် --
၁။ ကာမရာဂ သံယောဇဉ်
၂။ ရူပရာဂ သံယောဇဉ်
၃။ အရူပရာဂ သံယောဇဉ်
၄။ ပဋိဃ သံယောဇဉ်
၅။ မာန သံယောဇဉ်
၆။ ဒိဋ္ဌိ သံယောဇဉ်
၇။ သီလဗ္ဗတပရာမာသ သံယောဇဉ်
၈။ ဝိစိကိစ္ဆာ သံယောဇဉ်
၉။ ဥဒ္ဓစ္စ သံယောဇဉ်
၁၀။ အဝိဇ္ဇာ သံယောဇဉ် - အားဖြင့် ဆယ်ပါးဖြစ်ကုန်၏။
(လောဘ၊ ဒေါ သ၊မာန၊ ဒိဋ္ဌိ၊ ဝိစိကိ စ္ဆာ၊ ဥဒ္ဓစ္စ၊ မောဟ-ခုနှစ်ပါး။)
အဘိဓမ္မာနည်းအားဖြင့် --
၁။ ကာမရာဂ သံယောဇဉ်
၂။ ဘဝရာဂ သံယောဇဉ်
၃။ ပဋိဃ သံယောဇဉ်
၄။ မာန သံယောဇဉ်
၅။ ဒိဋ္ဌိ သံယောဇဉ်
၆။ သီလဗ္ဗတပရာမာသ သံယောဇဉ်
၇။ ဝိစိကိစ္ဆာ သံယောဇဉ်
၈။ ဣဿာ သံယောဇဉ်
၉။ မစ္ဆရိယ သံယောဇဉ်
၁၀။ အဝိဇ္ဇာ သံယောဇဉ် - အားဖြင့် ဆယ်ပါး ဖြစ်ကုန်၏။
(လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဣဿာ၊ မစ္ဆရိယ၊ မောဟ-ရှစ်ပါး။
သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိသီလဗ္ဗတဝိစိကိစ္ဆာဣဿာမစ္ဆရိယ-ငါးပါးကို ပယ်သည်။
အနာဂါမိမဂ်ဖြင့် ကာမရာဂါနုသယပဋိဃာနုသယ နှစ်ပါးကို ပယ်သည်၊
အရဟတ္တမဂ်ဖြင့် ဘဝရာဂမာနုအဝိဇ္ဇာ- သုံးပါးကို ပယ်သည်။)

မှတ်ချက်အထူး

(သုတ္တန်၌ ဥဒ္ဓစ္စ တခု။
အဘိဓမ္မာ၌ ဣဿာမစ္ဆရိယ နှစ်ခု။
နှစ်ပါးစ့ု၌ လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ မောဟ-ခြောက်ခု။
နှစ်ရပ်ပေါင်း -- လောဘ၊ ဒေါသ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဣဿာ၊ မစ္ဆရိယ၊ မောဟ၊ ဥဒ္ဓစ္စ-ကိုးပါး။
အလွတ်ကား - အဟိရိကအနောတ္တပ္ပကုက္ကုစ္စထိနမိဒ္ဓ - ငါးပါး။
သောတာပတ္တိမဂ်ဖြင့် ကုက္ကုစ္စကို ပယ်သည်၊
အရဟတ္တမဂ်ဖြင့် ကြွင်း လေးပါးကို ပယ်သည်။)

ကိလေသာတို့သည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ - အားဖြင့် ဆယ်ပါး ဖြစ်ကုန်၏၊
(တရားကိုယ်လည်း ထိုဆယ်ပါးတည်း။
သောတာပတ္တိမဂ်ဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ-နှစ်ပါးကို ပယ်သည်။
အနာဂါမိမဂ်ဖြင့် ဒေါသကိုပယ်သည်။
အရဟတ္တမဂ်ဖြင့် ကြွင်းသော လောဘ၊ မောဟ၊ မာန၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ ခုနစ်ပါးကိုပယ်သည်။
ကိလေသာ မမည်သော ဣဿာမစ္ဆရိယကုက္ကုစ္စကို သောတာပတ္တိမဂ်ဖြင့် ပယ်သည်။
မိဒ္ဓကို အရဟတ္တမဂ်ဖြင့် ပယ်သည်။)

အာသဝ စသည်တို့၌ - ကာမ၊ ဘဝ-ဟူသော အမည်နှစ်ပါးဖြင့် ကာမကို၎င်း၊ ဘဝကို၎င်း၊ အာရုံပြုသော တဏှာကို ယူအပ်၏။ (ကာမနှင့် ဘဝသည် အာရုံအမည် ဖြစ်သည်။)
သီလဗ္ဗတ-စသောသုံးပါးဖြင့် ထိုထိုခြင်းရာဖြင့် ဖြစ်သော ဒိဋ္ဌိစေတသိက်ကို ယူအပ်၏။ (သီလ-အလေ့+ဝတ-အကျင့်၊ ပရာမာသ-သုံးသပ်ခြင်း။)
နွားတို့၏၊ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရ၏-ဟု သုံးသပ်လျှင် သီလဗ္ဗတပရာမာသမည်၏ (ဣဒံ-ဤသည် + သစ္စံ-မှန်၏ + အဘိနိဝေသ + နှလုံးသွင်းခြင်း။)
ဤငါ၏ အယူသာမှန်သည်ဟု နှလုံးသွင်းလျှင် ဣဒံသစ္စာဘိနိဝေသ မည်၏။ (အတ္တဝါဒ-အတ္တရှိ၏ဟု ဆိုခြင်း + ဥပါဒါန-မြဲစွာယူခြင်း။)
အတ္တရှိ၏ဟု မြဲစွာယူလျှင် အတ္တဝါဒုပါဒါန မည်၏။

တရားကိုယ်အားဖြင့် အာသဝ၊ ဩဃ၊ ယောဂ၊ ဂန္ထ - သုံးပါးစီ။ ဥပါဒါန်-နှစ်ပါး။ နီဝရဏ-ရှစ်ပါး။ အသယ-ခြောက်ပါး။ သံယောဇဉ်-ကိုးပါး။ ကိလေသာ-ဆယ်ပါး။ ဤသို့ အကုသလ သင်္ဂဟကို ကိုးဌာနဟောသည်။
(ဤသင်္ဂဟ၌ စေတသိက်စဉ်တိုင်း-မောဟ-၇-ဌာန။ အဟိရိက-၁။ အနောတ္တပ္ပ-၁။ ဥဒ္ဓစ္စ-၃။ လောဘ-၉-ဌာန + ၁၄-ကြိမ်။ ဒိဋ္ဌိ-၈-ဌာန+ ၁၂ -ကြိမ်။ မ၁န-၃။ ဒေါသ- ၅။ ဣဿာ-၁။ မစ္ဆရိယ-၁၊ ကုက္ကုစ္စ-၁။ ထိန-၂။ မိဒ္ဓ-၁၊ ဝိစိကိစ္ဆာ-၄-ဌာနဖြစ်၏ အကုသိုလ်စေဘသိက် ၁၄-ခုသာ ဟောသည်။
တဌာန-၆ နှစ်။ နှစ်ဌာန-၁။ သုံးဌာန- ၂။ လေးဌာန-၁။ ငါးဌာန -၁။ ခြောက် မရှိ။ ခုနစ် ဌာန-၁။ ရှစ်ဌာန-၁။ ကိုးဌာန-၁။ ပေါင်း ၁၄၊)

မိဿကသင်္ဂဟ

မိဿကသင်္ဂဟ၌ ဟိတ်တို့သည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ-အားဖြင့် ခြောက်ပါး ဖြစ်ကုန်၏။
(တရားကိုယ်လည်း ထိုခြောက်ပါးတည်း။)

ဈာနင်တို့သည် ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာ-အားဖြင့် ခုနစ်ပါးဖြစ်ကုန်၏၊
(ဝိတက်၊ ဝိစာရ၊ ပီတိ၊ ဧကဂ္ဂတာ၊ ဝေဒနာဟု-ငါးပါး၊)
မဂ္ဂင်တို့သည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ။ မိစ္ဆာဝါယာမ၊ မိစ္ဆာသမာဓိ-အားဖြင့် ၁၂-ပါး ဖြစ်ကုန်၏။
(ပညာ၊ ဝိတက်၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ ဝိရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ဒိဋ္ဌိ - ကိုးပါး။)

ဣန္ဒြေတို့သည် စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ မနိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ အနညာ တညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေ အားဖြင့် ၂၂- ပါးဖြစ်ကုန်၏။
(စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဣတ္ထိ ဘာဝရုပ်၊ ပုရိသဘာဝရုပ်၊ ဇီဝိတရုပ်၊ ရုပ်ဣန္ဒြေ ရှစ်ပါး၊
ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ -နာမ်ဣန္ဒြေရှစ်ပါး --
ပေါင်း ၁၆-ပါး။)

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဖိုလ်၊ ပညာဗိုလ်၊ ဟိရီဗိုလ်၊ ဩတ္တပ္ပဗိုလ်၊ အဟိရိကဗိုလ်၊ အနောတ္တပ္ပဗိုလ် - အားဖြင့် ကိုးပါး ဖြစ်ကုန်၏။
(တရားကိုယ်လည်း ထို ကိုးပါးတည်း။)

အဓိပတိတို့သည် ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ-အားဖြင့် လေးပါး ဖြစ်ကုန်၏။
(ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ-လေးပါ။)

အာဟာရတို့သည် ကဗဠီကာရအာဟာရ၊ ဖဿအာဟာရ၊ မနောသေဉ္စတနာ အာဟာရ၊ ဝိညာဏအာဟာရ - အားဖြင့် လေးပါးဖြစ်ကုန်၏။
(အာဟာရရုပ်၊ ဖဿ၊ စေတနာ၊ စိတ် - လေးပါ။)

ဤသင်္ဂဟ၌ ဣန္ဒြေတို့တွင် သောတာပတ္တိ မဂ်ဉာဏ်သည် အနညာတ + ညဿာမီတိ + န္ဒြေ (အနင်ဉာတင် + ဉဿာမီတိန် + န္ဒြေ) မည်၏။
အရဟတ္တဖိုလ်ဉာဏ်သည် အညာတာဝိန္ဒြေ မည်၏။
အလယ်ဉာဏ် ခြောက်ခုသည် အညိန္ဒြေ မည်၏။
ကြွင်းလောကီဉာဏ် ၃၉-ခုသည်၊ ဝါ၊ ဉာဏ်အားလုံး ၄၇-သည် ပညိန္ဒြေမည်၏။
ဇီဝိတိန္ဒြေသည် ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေ- ဟု ရုပ်နာမ်အားဖြင့် နှစ်ပါးပြား၏။

ဒွေပဉ္စဝိညာဏ် တဆယ်၌ ဈာနင်မရ။
(ဧကဂ္ဂတာ- ၁၀၊ ဥပေက္ခာ ၈-ကား ရှိသည်။)
ပီရိယ မယှဉ်သောစိတ် ၁၆-ခု၌ ဖိုလ်မရ။
(ဧကဂ္ဂတာ ၁၆ -ကား ရှိသည်။)
အဟိတ်စိတ် ၁၈-ခု၌ မဂ္ဂင်မရ။
(ဝိတက်-၈၊ ဝီရိယ ၂။ ဧကဂ္ဂတာ ၁၈-ကား ရှိသည်။)

ပိစိကိစ္ဆာစိတ်၌ ဧကဂ္ဂတာသည် မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ် မထိုက်။
(မိစ္ဆာသမာဓိမဂ္ဂင်၊ သမာဓိန္ဒြေ၊ သမာဓိဗိုလ် မမည်ဟူလို။)
*ဓမ္မသင်္ဂဏီ ပါဠိတော်၌ အဝီရိယစိတ် ၁၆-၌ရှိသော ဧကဂ္ဂတာကို သမာဓိန္ဒြေဟု မဟော၊ ဤစကား သင်္ဂြိုဟ်၌ တိုက်ရိုက်မပြ။
(*ဓမ္မသင်္ဂဏီပါဠိတော်၌ ဝိစိကိစ္ဆာ၊ အဝီရိယစိတ်တို့၌ ဟောပုံ၊ တပါးသော စိတ်တို့၌ ဟောပုံကို ကြည့်ရှု မှတ်သားခြင်းဖြင့် အလေးပြုထိုက်၏။)

ဒွိဟိတ်ဇော ၁၈၊ တိဟိတ်ဇော ၃၄-အားဖြင့် သာဓိပတိဇော ၅၂-ခုတို့၌ သာလျှင် ဖြစ်သင့်သည် အားလျော်စွာ အဓိပတိကို တခုစီရသည်။ နှစ်ခု သုံးခု လေးခု ပြိုင်တူ မရ။

တရားကိုယ်အားဖြင့် ဟိတ် ၆ - ပါး၊ ဈာနင် ၅-ပါး၊ မဂ္ဂင် ၉-ပါး၊ ဣန္ဒြေ ၁၆-ပါး၊ ဗိုလ် ၉-ပါး၊ အဓိပတိ ၄-ပါး၊ အာဟာရ ၄-ပါး။ ဤသို့ မိဿကသင်္ဂဟကို ၇-ဌာန ဟောသည်။
(ဤသင်္ဂဟ၌ စိတ်၊ စေတသိက်၊ ရုပ်-စဉ်အတိုင်း-
စိတ် ၃-ဌာန။
ဖဿ-၁။
ဝေဒနာ ၂-ဌာန + ၈ကြိမ်။
စေတနာ ၁။
ဧကဂ္ဂတာ ၄-ဌာန + ၅ ကြိမ်။
ဇီဝိတိန္ဒြေ ၁။
ဝိတက် ၂-ဌာန + ၃ -ကြိမ်။
ဝိစာရ ၁။
ဝီရိယ ၄-ဌာန + ၅-ကြိမ်။
ပီတိ ၁။
ဆန္ဒ ၁။
မောဟ၊ အဟိရိက၊ အနောတ္တပ္ပ၊ လောဘ၊ ဒိဋ္ဌိ၊ ဒေါသ ၁-စီ။
သဒ္ဓါ ၂။
သတိ ၃။
ဟိရီ၊ သြတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ၁–စီ။
ပညာ ၅-ဌာန + ၈- ကြိမ်။
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ ဣတ္ထိဘာဝ၊ ပုရိသဘာဝ၊ဇီဝိတ၊ အာဟာရ ၁-စီ ဖြစ်၏။
စိတ် ၁။
စေတသိက် ၂၆။
ရုပ် ၉-အားဖြင့် ၃၆-ပါးဟောသည်။
တဌာန– ၂၈။
နှစ် ဌာန ၃။
သုံးဌာန- ၂။
လေးဌာန ၂။
ငါးဌာန ၁။
ပေါင်း ၃၆။)

ဗောဓိပက္ခိယသင်္ဂဟ

ဗောဓိပက္ခိယ သင်္ဂဟ၌ သတိပဋ္ဌာန်တို့သည် --
၁။ ကာယာနုပဿနာ သတိပဋ္ဌာန်
၂။ ဝေဒနာနုပဿနာ သတိပဌာန်
၃။ စိတ္တာနုပဿနာ သတိပဌာန်
၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန်-
အားဖြင့် လေးပါးဖြစ်ကုန်၏။ (သတိ တပါးတည်း)

သမ္မပ္ပဓာန်တို့သည် --
၁။ ဥပ္ပန္န - အကုသိုလ်တို့ကို ပယ်ခြင်းငှါ လုံ့လပြုခြင်း၊
၂။ အနုပ္ပန္န - အကုသိုလ်တို့ကို မဖြစ်စေခြင်းငှါ လုံ့လပြုခြင်း၊
၃။ အနုပ္ပန္န - ကုသိုလ်တို့ကို ဖြစ်စေခြင်းငှါ လုံ့လပြုခြင်း၊
၄။ ဥပ္ပန္န - ကုသိုလ်တို့ကို လွန်စွာဖြစ်စေခြင်းငှါ လုံ့လပြုခြင်း
အားဖြင့် လေးပါးဖြစ်ကုန်၏။ (ဝီရိယ တပါးတည်း။)

ဣဒ္ဓိပါဒ်တို့သည် ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် အားဖြင့်လေးပါး ဖြစ်ကုန်၏၊ (အဓိပတိအလား လေးပါး)။

ဣန္ဒြေတို့သည် သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ - အားဖြင့် ငါးပါးဖြစ်ကုန်၏။ (ငါးပါး)

ဗိုလ်တို့သည် သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် အားဖြင့် ငါးပါး ဖြစ်ကုန်၏၊ (ငါးပါး။)
ဗောဇ္ဈင်တို့သည်* သတိသမ္ဗောဇ္ဈင်ဓမ္မဝိစယသမ္ဗောဇ္ဈင်ဝီရိယသမ္ဗောဇ္ဈင်ပီတိသမ္ဗောဇ္ဈင်ပဿဒ္ဓိသမ္ဗောဇ္ဈင်သမာဓိသမ္ဗောဇ္ဈင်ဥပေက္ခာသမ္ဗောဇ္ဈင် -အားဖြင့် ခုနစ်ပါး ဖြစ်ကုန်၏။ (သတိ၊ ပညာ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ ဧကဂ္ဂတာ၊ တတြမဇ္ဈတ္တတာ-ခုနစ်ပါး။)
(*သဗ္ဗတ္ထိက - အချိန်နေရာမရွေး အလိုရှိအပ် တပါး၊ တွန့်ခြင်း၏ ဆန့်ကျင်ဘက် သုံးပါး၊ ပြန့်ခြင်း၏ ဆန့်ကျင်ဘက် သုံးပါး-ဟု အစဉ်ထားသည့် ဗောဇ္ဈင်ခုနစ်ပါး။)

မဂ္ဂင်တို့သည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ အားဖြင့် ရှစ်ပါးဖြစ်ကုန်၏။ (ရှစ်ပါး။)

ဤသင်္ဂဟ၌ သမ္မာသတိ တခုကိုပင် သတိပဋ္ဌာန် လေးပါးပြား၍ ဟောသည်။ သမ္မာဝါယာမ တခုကိုပင် သမ္မပ္ပဓာန်လေးပါး ပြား၍ဟောသည်။

တရားကိုယ်အားဖြင့် စိတ်စေတသိက်စဉ်အတိုင်း - စိတ်။ ဧကဂ္ဂတာ။ ဝိတက်။ ဝီရိယ။ ပီတိ၊ ဆန္ဒ။ ။ သဒ္ဓါ၊ သတိ၊ တတြမဇ္ဈတ္တတာ၊ ပဿဒ္ဓိ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ပညာ- ဟု ၁၄-ပါး။ အပြား ၃၇-ပါး။
ဌာနကား “သ၊ သမ်၊ ကုဒ်၊ ဣန်၊ ဗိုလ်၊ ဗော၊ မဂ်”-၇-ပါး။

စိတ်၊ ဝိတက်၊ ပီတိ၊ ဆန္ဒ၊ တတြမဇ္ဈတ္တတာ၊ ပဿဒ္ဓိ၊ ဝါစာ၊ ကမ္မန္တ၊ အာဇီဝ။ ဤ ကိုးပါးကို တဌာနတကြိမ်စီ ဝေဘန်သည်။
သဒ္ဓါ-နှစ်ဌာန။
ဧကဂ္ဂတာ-လေးဌာန။
ပညာ-ငါးဌာန။
သတိ- ငါးဌာန+ရှစ်ကြိမ်။
ဝီရိယ-ခြောက် ဌာန+ကိုးကြိမ် ဝေဘန်သည်။
တဌာန-၉။ နှစ်ဌာန-၁။ လေးဌာန-၁။ ငါးဌာန-၂။ ခြောက်ဌာန-၁။ ပေါင်း ၁၄။

ဗောဓိပက္ခိယ တရား ၃၇-ပါးတို့သည် လောကုတ္တရာ စိတ် ရှစ်ခု၌ တပြိုင်တည်း အတူ ဖြစ်ကုန်၏။ အချို့လောကုတ္တရာ (ဒုတီယ ဈာန်စသည်) ၌ သင်္ကပ္ပနှင့် ပီတိကားမဖြစ်၊
လောကီကုသိုလ်၌လည်း သီလဝိသုဒ္ဓိ စသော ဝိသုဒ္ဓိ ခြောက်ပါး ဖြစ်သောအခါ သတိပဋ္ဌာန် စသည်တို့ ဖြစ်ကုန်၏။ ဖြစ်သော်လည်း ထိုထိုကိစ္စအားလျော်စွာ အချို့ အသီးသီး ဖြစ်ကုန်၏။

သဗ္ဗသင်္ဂဟ

သဗ္ဗသင်္ဂဟ၌ ခန္ဓာတို့သည် ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ - အားဖြင့် ငါးပါး ဖြစ်ကုန်၏။ ထိုငါးပါးတို့တွင် --
ရုပ် အဋ္ဌဝီသသည် ရူပက္ခန္ဓာ မည်၏။
ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။
သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။
ကြွင်းသော စေတသိက် ၅၀-သည် သင်္ခါရက္ခန္ဓာ မည်၏။
စိတ်တခု ယုတ် ကိုးဆယ်သည် ဝိညာဏက္ခန္ဓာ မည်၏။
နိဗ္ဗာန်သည်အပြား (၁၁-ပါး) မရှိသောကြောင့် ခန္ဓာဟူသော အရေအတွက်မှ လွတ်၏။

ဥပါဒါနက္ခန္ဓာတို့သည် ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာ၊ အားဖြင့် ငါးပါး ဖြစ်ကုန်၏။ ထိုငါးပါးတွင်-
ရုပ်အဋ္ဌဝီသသည် ရူပုပါဒါနက္ခန္ဓာ မည်၏။
လောကီဝေဒနာစေတသိက်သည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏။
လောကီသညာ စေတသိက်သည် သညုပါဒါနက္ခန္ဓာ မည်၏။
ကြွင်းသော လောကီစေတသိက် ၅၀-သည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏။
လောကီစိတ် ဧကာသီတိသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏။
လောကုတ္တရာစိတ်ရှစ်ခု၊ စေတသိက် ဆတ္တိံသ၊ နိဗ္ဗာန်သည် ဥပါဒါနက္ခန္ဓာမှ လွတ်၏၊

အာယတနတို့သည် စက္ခာယတနု၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတန၊ ရူပါယတန၊ သဒ္ဒါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန အားဖြင့် ၁၂-ပါး ဖြစ်ကုန်၏။ ဝါ၊ ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးသည် အာယဟန ၁၂-ပါး ဖြစ်၏။ ထိုတွင် --
စက္ခုပသာဒသည် စက္ခာယတန မည်၏။
သောတပသာဒသည် သောတာယတန မည်၏၊
ဃာနပသာဒသည် ဃာနာယတန မည်၏၊
ဇိဝှါပသာဒသည် ဇိဝှါယတန မည်၏၊
ကာယပသာဒသည် ကာယာယတန မည်၏၊
စိတ်တခု ယုတ်ကိုးဆယ်သည် မနာယတန မည်၏၊
ရူပါရုံသည် ရူပါယတန မည်၏၊
သဒ္ဒါရုံသည် သဒ္ဒါယတန မည်၏၊
ဂန္ဓာရုံသည် ဂန္ဓာယတန မည်၏၊
ရသာရုံသည် ရသာယတန မည်၏၊
ပထဝီအတွေ့ တေဇောအတွေ့ ဝါယောအတွေ့ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ သုံးခုသည် ဖောဋ္ဌဗ္ဗာယတန မည်၏၊
စေတသိက် ဒွေပညာသ၊ သုခုမရုပ် သောဠသ၊ နိဗ္ဗာန်သည် ဓမ္မာယတန မည်၏။
သုခုမရုပ် သောဠသကား - အာပေါ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊၊ ဟဒယရုပ်၊ ဇီဝိတရုပ်၊ အာဟာရရုပ်၊ ပရိစ္ဆေဒရုပ်၊ ကာယဝိညပ်၊ ဝစီဝိညပ်၊ ရူပဿ-လဟုတာ၊ ရူပဿ မုဒုတာ၊ ရူပဿ ကမညတာ၊ ဥပစယ၊ သန္တတိ၊ ဇရတာ၊ အနိစ္စတာ။
စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်-ဤ တခုယုတ်ခုနစ်ဆယ်သည် ဓမ္မာယတန မည်၏။ ဓမ္မဓာတ်လည်း မည်၏။

ဓာတ်တို့သည် --
စက္ခုဓာတ်၊ သောတဓာတ်၊ ဃာနဓာတ်၊ ဇိဝှါဓာတ်၊ ကာယဓာတ်။
ရူပဓာတ်၊ သဒ္ဒဓာတ်၊ ဂန္ဓဓာတ်၊ ရသဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်။
စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာနဝိညာဏဓာတ်၊ ဇိဝှါဝိညာဏ ဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ ဓမ္မဓာတ်၊ မနောဝိညာဏဓာတ်- အားဖြင့် ၁၈-ပါးဖြစ်ကုန်၏။
ဝါ၊ ဒွါရခြောက်ပါး၊ အာရုံ ခြောက်ပါး၊ ထိုဒွါရအာရုံ၌ဖြစ်သော စိတ်တို့၏အစဉ်အားဖြင့် ဓာတ် ၁၈-ပါးဖြစ်၏။ ထိုတွင် --
စက္ခုပသာဒသည် စက္ခုဓာတ် မည်၏။
သောတပသာဒသည် သောတဓာတ် မည်၏၊
ဃာနပသာဒသည် ဃာနဓာတ် မည်၏။
ဇိဝှါပသာဒသည် ဇိဝှါဓာတ် မည်၏၊
ကာယပသာဒသည် ကာယဓာတ် မည်၏၊
ရူပါရုံသည် ရူပဓာတ်မည်၏။
သဒ္ဒါရုံသည် သဒ္ဒဓာတ်မည်၏၊
ဂန္ဓာရုံသည် ဂန္ဓဓာတ်မည်၏၊
ရသာရုံသည် ရသဓာတ်မည်၏။
ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓာတ်မည်၏။
စက္ခုဝိညာဏ်ဒွေသည် စက္ခုဝိညာဏဓာတ် မည်၏၊
သောတဝိညာဏ်ဒွေသည် သောတဝိညာဏဓာတ် မည်၏၊
ဃာနဝိညာဏ်ဒွေသည် ဃာနဝိညာဏဓာတ် မည်၏။
ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဝိညာဏဓာတ် မည်၏၊
ကာယဝိညာဏ်ဒွေသည် ကာယဝိညာဏဓာတ်မည်၏၊
ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်းဒွေသည် မနောဓာတ် မည်၏၊
စေတသိက် ဒွေပညာသ၊ သုခုမရုပ်သောဠသ၊ နိဗ္ဗာန်သည် ဓမ္မဓာတ် မည်၏၊
ကြွင်းသောစိတ် ၇၆-ခုသည် မနောဝိညာဏဓာတ် မည်၏။
မနာယတနတပါးသည် ဝိညာဏဓာတ် ခုနစ်ပါး ပြား၏။

သစ္စာတို့သည် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာအားဖြင့် လေးပါး ဖြစ်ကုန်၏။ ထိုတွင် --
လောကီစိတ် ဧကာသီတိ၊ လောဘကြဉ်သော စေတသိက် ဧကပညာသ ရုပ်အဋ္ဌဝီသ သည် ဒုက္ခသစ္စာမည်၏။
လောဘသည် သမုဒယသစ္စာ မည်၏။
နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏။
မဂ်စိတ်လေးခု၌ ရှိသော သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သပ္ပာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ အားဖြင့် မဂ္ဂင်တရားကိုယ် ရှစ်ပါး၊ ခုနှစ်ပါးသည် မဂ္ဂသစ္စာမည်၏။
ကြွင်းသော မဂ်စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုသည် သစ္စာဟူသော အရေအတွက်မှ လွတ်၏။
(ဒုတီယဈာန်စသည်တို့၌ ဝိတက်မရှိသောကြောင့် မဂ္ဂင် ၇-ပါးဖြစ်သည်။)

ခန္ဓာငါးပါး၊ ဥပါဒါနက္ခန္ဓာငါးပါး၊ အာယတန ၁၂-ပါး၊ ဓာတ် ၁၈-ပါး၊ သစ္စာလေးပါး ဤသို့ သဗ္ဗသင်္ဂဟကို ငါးဌာန ဟောသည်။

မိဿကသင်္ဂဟခွဲ လေ့လာဘွယ်

ဟိတ်ခွဲ

စိတ်တို့ကို ဟိတ်ဖြင့်ခွဲလျှင် လောဘမူသည် ဒွိဟိတ် ဖြစ်၏။
ဒေါသမူ- ဒွိဟိတ်။
မောဟမူ-ဧကဟိတ်။
အဟိတ်-ဟိတ်မရှိ။
ဉာဏဝိပ္ပယုတ်- ဒွိဟိတ်။
ဉာဏသမ္ပယုတ်-တိဟိတ်။
တိဟိတ် ၄၀၊ ဒွိဟိတ် ၂၂၊ ဧကဟိတ်- ၂၊ အဟိတ် ၁၀၊ ပေါင်း ၈၉။

ဈာနင်ခွဲ

ဈာနင်ဖြင့် ခွဲလျှင် (ဒွေပဉ္စဝိညာဏ်-သတိပြု။) လောဘမူ သောမနဿသည် ဈာနင် ငါးပါးရှိ၏။
ဥပေက္ခာ-လေးပါး။
ဒေါသမူ-လေး။
မောဟမူ-လေး။
ဒွေပဉ္စဝိညာဏ်တဆယ်- ဈာနင်မရှိ။
သမ္ပဋိစ္ဆိုင်း-လေး။
ဥပေက္ခာသန္တီရဏ-လေး။
သောမနဿ သန္တီရဏ-ငါး။
အာဝဇ္ဇန်း-လေး။
ဟသိတုပ္ပါဒ်-ငါး။
ကာမသောဘဏ၌ သောမနဿ-ငါး။
ဥပေက္ခာ-လေး။
ပဌမဈာန်-ငါး။
ဒုတီယဈာန်-လေး။
တတီယဈာန်-သုံး။
စတုတ္ထဈာန်-နှစ်။
ပဉ္စမဈာန်-နှစ်။
ဈာန်အင်္ဂါ ငါးပါးရှိသောစိတ် ၂၉။
လေးပါးရှိ-၃၇။
သုံးပါရှိ- ၁၁။
နှစ်ပါးရှိ- ၃၄။
ဈာနင် မရှိ-၁၀။
ပေါင်း ၁၂၁။

မဂ္ဂင်ခွဲ

မဂ္ဂင်ဖြင့်ခွဲလျှင် (ဝိစိကိစ္ဆာ၌ ဧကဂ္ဂတာ-မဂ္ဂင်မထိုက်၊ အဟိတ်စိတ်-သတိပြု။) လောဘမူ သမ္ပယုတ်သည် မဂ္ဂင် လေးပါးရှိ၏။
ဝိပ္ပယုတ်-သုံး၊ ဒေါသမူ-သုံး။ ဝိစိကိစ္ဆာ-နှစ်၊ ဥဒ္ဓစ္စ-သုံး၊ အဟိတ်-မဂ္ဂင်မရှိ၊
မဟာကုသိုလ်သမ္ပယုတ် ငါး၊ ရံခါခြောက်၊ ခြောက်၊ ခြောက်၊ (ပေါင်းရှစ်။)
ဝိပ္ပယုတ်-လေး၊ ရံခါ ငါး၊ ငါး၊ ငါး၊ (ပေါင်းခုနှစ်)
မဟာဝိပါက်သမ္ပယုတ်-ငါး။ ဝိပ္ပယုတ် လေး။ မဟာကြိယာသမ္ပယုတ်-ငါး။
ဝိပ္ပယုတ်-လေး။ မဟဂ္ဂုတ်ပဌမဈာန်- ငါး။ ကြွင်းမဟဂ္ဂုတ်-လေး။ လောကုတ္တရာ-ရှစ်။
မဂ္ဂင်ရှစ်ပါး ရှိသောစိတ်-၈။
ခြောက်ပါး၊ ငါးပါး-၄။
ငါးပါး၊ လေးပါး-၄။
ငါးပါးသက်သက် ၁၁။
လေးပါးသက်သက်- ၃၆။
သုံးပါး-၇။
နှစ်ပါး-၁၊။
မဂ္ဂင်မရှိ-၁၈။
ပေါင်း ၈၉။

ဣန္ဒြေခွဲ

စေတသိက်ဣန္ဒြေ (ဇီ၊ ဝေ၊ ဒ္ဓါ၊ ဝီ၊ တိ၊ ဧ၊ ညာ-ခုနှစ်ပါး) ဖြင့်ခွဲလျှင် (ဝိစိကိစ္ဆာနှင့် အဝီရိယစိတ်တို့၌ ဧကဂ္ဂတာ ဣန္ဒြေမထိုက်။)
လောဘမူစိတ်သည် (ဇီ၊ ဝေ၊ ဝီ၊ ဧ) ဣန္ဒြေ လေးပါး ရှိ၏။
ဒေါသမူ-လေး။ ဝိစိကိစ္ဆာသုံး၊ ဥဒ္ဓစ္စ-လေး။
မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ်လေး။
ကြွင်းအဟိတ် (ဇီ၊ ဝေ) နှစ်။
ဉာဏဝိပ္ပယုတ်- ခြောက်။ သမ္ပယုတ်− ခုနှစ်၊
ဣန္ဒြေ ခုနှစ်ပါးရှိသောစိတ် ၄၇။ ခြောက်ပါး ၁၂။ လေးပါး ၁၃။ သုံးပါး ၁။ နှစ်ပါး ၁၆။ ပေါင်း ၈၉။

ဗိုလ်ခွဲ

ဗိုလ် (ဒ္ဓါ၊ ဝီ၊ တိ၊ ဧ၊ ညာ၊ ဟိ၊ သြ-အ၊ အ-ကိုးပါး) ဖြင့် ခွဲလျှင် (ဝိစိကိစ္ဆာ၌ ဧကဂ္ဂတာ ဗိုလ်မထိုက်။ အဝီရိယ၌ ဗိုလ်မရှိ။) လောဘမူစိတ်သည် ဗိုလ်လေးပါးရှိ၏။ ဒေါသမူ-လေး။ ဝိစိကိစ္ဆာ သုံး။ ဥဒ္ဓစ္စ္ဂ လေး။ ၁၆ -၌ ဗိုလ်မရှိ၊ မနောဒွါရာဝဇ္ဇန်း၊ ဟသိတုပ္ပါဒ် နှစ်။ ဉာဏဝိပ္ပယုတ် ၆၊ သမ္ပယုတ် ခုနစ်။
ဗိုလ်ခုနစ်ပါးရှိသောစိတ်-၄၇။ ခြောက်ပါး ၁၂။ လေးပါး ၁၁။ သုံးပါး ၁။ နှစ်ပါး ၂။ ဗိုလ်မရှိ ၁၆။ ပေါင်း ၈၉။

အဓိပတိခွဲ

အဓိပတိဖြင့်ခွဲလျှင် အပ္ပနာဇော ဆဗ္ဗီသ၌ အဓိပတိ-လေးခု-တခုခု အမြဲရသည်။ လောဘမူ၊ ဒေါသမူ၊ မဟာကုသိုလ်၊ မဟာကြိယာ ၂၆-ခုတို့၌-အဓိပတိသုံးခု၊ လေးခုတို့တွင် တခုခု-ရံခါရသည်။ အမြဲမရ။ ကြွင်း ၃၇-၌ အလျဉ်းမရ။
အဓိပတိအမြဲ ၂၆။ ရံခါ ၂၆။ မရ ၃၇။ ပေါင်း ၈၉။
တနည်းကား --
သုံးပါး, တပါး ရံခါ ၁၈၊
လေးပါး တပါး ရံခါ ၈။
လေးပါး တပါး အမြဲ ၂၆။
မရ ၃၇။
ပေါင်း ၈၉။

ဗောဓိပက္ခိယစိတ်

ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ဝိဝဋ္ဋနိဿိတ ဖြစ်သော မဟာကုသိုလ်၊ မဟာကြိယာ၊ အပ္ပနာဇော- ဤ ၄၂- ပါးသော စိတ်တို့၌သာ ကောက်ယူရသည်။
လောကုတ္တရာ ရှစ်ခု၌ ၃၇-ပါးလုံး တပေါင်းတည်း ဖြစ်သည်၊ လောကီစိတ်တို့၌ သတိပဋ္ဌာန်လေးပါး တပေါင်းတည်း မဖြစ်။ သမ္မပ္ပဓာန် လေးပါး တပေါင်းတည်း မဖြစ်။ ဣဒ္ဓိပါဒ်လေးပါး တပေါင်းတည်းမဖြစ်။ မိမိကိစ္စ အားလျော်စွာ တခုစီဖြစ်သည်။

သဗ္ဗ၌ဘေဒ တဆဲ့တစ်

ခန္ဓာမည်သော တရားတို့သည် --
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟု သုံးပါး။
အဇ္ဈတ္တ၊ ဗဟိဒ္ဓ-ဟုနှစ်ပါး။
သြဠာရိက သုခုမ-ဟု နှစ်ပါး။
ဟီန၊ ပဏီတ-ဟု နှစ်ပါး။
ဒူရ၊ သန္တိက-ဟုနှစ်ပါး-
ဤသို့ ၁၁-ပါးပြားကုန်၏။
ထိုအပြားတို့ကို ပေါင်းစုခြင်းကြောင့် ခန္ဓာမည်၏။
နိဗ္ဗာန်ကား-ဤသို့မပြား။ ကာလဝိမုတ် တပါးတည်းသာ ဖြစ်၏။
ဝါ၊ ဗဟိဒ္ဓသာ၊ သုခုမသာ၊ ပဏီတသာ၊ ဒူရသာဖြစ်၏၊ ပေါင်းစု၍ မရ။

အကုသလ သင်္ဂဟမှတ်ဘွယ်

အကုသိုလ်တို့ကိုသာလျှင် သဘောတူရာ ပေါင်းစုခြင်းသည်၊ ဝါ၊ ပေါင်းစုရာသည် အကုသလသင်္ဂဟ မည်၏။

အာသဝ

ကြာမြင့်စွာ ထုံအပ်သော အရက်သည် အာသဝ မည်၏။ ဤလောဘစသည်တို့ကား- ရှေးအစွန်း မထင်သော တသံသရာလုံး ထုံအပ်ခဲ့သောကြောင့် အာသဝစင်စစ် မည်ကုန်၏။ ဝါ၊ အမာဝမှ မန်းရည်ပြည်စေး ယိုကျသကဲ့သို့ စက္ခုစသည်မှ ရူပါရုံ စသည်တို့၌ ယိုကျသောကြောင့် အာသဝ မည်ကုန်၏၊ ဝါ၊ ဘုံအားဖြင့် ဘဝဂ် တိုင်အောင် ဓမ္မအားဖြင့် ဂေါတြဘူတိုင်အောင် ဖြစ်သောကြောင့် အာသဝ မည်ကုန်၏။
မာနစသော တပါးသော တရားတို့သည် ထိုအတူ ဖြစ်သော်လည်း အာသဝ မမည်။ ဤသုံးပါး၌သာ အာသဝ အမည်ထင်သည်။ အထင်ရုဠှီတည်း။
ကာမဘဝ၌ဖြစ်သော ကာမဂုဏ်ငါးပါး ရာဂသည် ကာမသဝ မည်၏။ ရူပဘဝ-အရူပဘဝ ဟူသော ဥပပတ္တိဘဝ၌ဖြစ်သော ဆန္ဒရာဂသည် ဘဝါသဝ မည်၏။ ဝါ၊ ဈာန်၌ နှစ်သက်သော ဈာနနိကန္တိရာဂသည် ဘဝါသဝ မည်၏၊ ဝါ၊ သဿတ ဒိဋ္ဌိနှင့် တကွဖြစ်သော ရာဂသည် ဘဝါသဝ မည်၏။ ဝါ၊ ဘဝစွမ်းဖြင့် တောင့်တခြင်းသည် ဘဝါသဝ မည်၏။ ၆၂-ပါးသော ဒိဋ္ဌိသည် ဒိဋ္ဌာသဝ မည်၏၊ သစ္စာလေးပါး၊ သံသရာ ရှေးအစွန်း၊ နောက်အစွန်း၊ ရှေးနောက်အစွန်း၊ ပဋိစ္စသမုပ္ပါဒ် - ဤ ရှစ်ဌာနတို့၌ မသိသော မောဟသည် အဝိဇ္ဇာသဝ မည်၏။

အာသဝ မမည်

ဗြဟ္မာတို့အား ဗိမာန်တန်းဆာတို့၌ ဖြစ်သော လောကသည် ကာမရာဂ ပယ်ပြီး ဖြစ်သောကြောင့် ကာမာသဝ မမည်။ လောဘဟိတ်၊ အဘိဇ္ဈာကာယဂန္ထ၊ လောဘ ကိလေသာသာ မည်၏။
ဒိဋ္ဌိနှင့်တကွဖြစ်သော ရာဂလည်း ကာမာသဝ မမည်။ ဒိဋ္ဌိရာဂသာ မည်၏။ ဋီကာ၌ ကာမာသဝကိုစွဲ၍ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဖြစ်သည်ဟု ဟောသောကြောင့် ကာမာသဝ မမည်ဟူ၍ မဆိုနိုင်ဟုဆို၏။
မာနစသည်တို့လည်း အာသဝပင် မမည်ကုန်။

ဒိဋ္ဌိ ၆၂-ပါး

ဒိဋ္ဌာသဝ၌ ဒိဋ္ဌိ ၆၂-ပါးကား --
သဿတ ဒိဋ္ဌိ ၄။
ဧကစ္စသဿတ ၄။
အန္တာနန္တ ၄။
အမရာဝိက္ခေပ ၄။
အဓိစ္စသမုပ္ပန္န ၂။
သညီ ၁၆။
အသညီ ၈။
နေဝသညီ နာသညီ ၈။
ဥစ္ဆေဒ ၇။
ဒိဋ္ဌဓမ္မနိဗ္ဗာန ဒိဋ္ဌိ ၅။
ပေါင်း ၆၂-ဖြစ်၏။
ထိုတွင် -
ရှေ့ ၁၈-ပါးသည် ပုဗ္ဗန္တကပ္ပိက၊
နောက် ၄၄-ပါးသည် အပရန္တကပ္ပိက၊
ပေါင်း ၆၂။
ဥစ္ဆေဒ ၇။ အကြွင်းသဿတ ၅၅ - ပေါင်း ၆၂။

ဩဃ

ဩဃသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ နစ်မြှုပ်စေတတ်၏။ ဝါ၊ ရေအယဉ် (ဩဃ) နှင့် တူ၏။ ထိုကြောင့် ဩဃလည်း မည်၏။

ယောဂ

ယောဂသည် သတ္တဝါတို့ကို ဝဋ်သုံးပါး၌။ ဝါ၊ ဘဝသုံးပါး - စက်ယန္တရား၌ ယှဉ်တွဲစေ၏။ ကံကိုအကျိုးနှင့် ယှဉ်တွဲစေ၏။ သတ္တဝါတို့ကို ဘဝတပါးစသည် တို့နှင့်၎င်း၊ ဒုက္ခနှင့်၎င်း ယှဉ်တွဲစေ၏။ ထိုကြောင့် ယောဂလည်း မည်၏။

ကာယဂန္ထ

နာမ်ရုပ် အပေါင်းသည် ကာယမည်၏။ ဖွဲ့ချည် ရစ်ပတ်တတ်သော တရားသည် ဂန္ထ မည်၏၊ နာမ်နှင့်ရုပ်ကို ဝါ၊ ပစ္စုပ္ပန် နာမ်ရုပ်အပေါင်းနှင့် အနာဂတ် နာမ်ရုပ် အပေါင်းကို
ဖြေနိုင်ခဲအောင် ဖွဲ့ချည်ရစ်ပတ်တတ်သော တရားသည် ကာယဂန္ထ မည်၏။
ကာမာသဝ၊ ဘဝါသဝ - ဟူသော လောဘသည် အဘိဇ္ဈာ ကာယဂန္ထ မည်၏။ အာဃာတဝတ္ထု ကိုးပါးကြောင့်၊ ဝါ၊ အဋ္ဌာန ကောပနှင့် ဆယ်ပါးကြောင့် ဖြစ်သော ဒေါသသည် ဗျာပါဒ ကာယဂန္ထ မည်၏။ နွားစသည်တို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရ၏ ဟုအမှားသုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတပရာမာသ ကာယဂန္ထ မည်၏။ “ဤဒိဋ္ဌိသည် သွားလျက်စားခြင်း၊ ရပ်လျက် ကျင်ငယ်စွန့်ခြင်း၊ စားမြုံ့ ပြန်ခြင်း စသည်ဖြင့် နိဗ္ဗာန်ရ၏ဟူ၍ မျှယူသည်။ ဣဒမေဝ သစ္စံဟု မယူ ဟူလို”။
ဤငါ၏ အယူသာ မှန်သည်၊ သူတပါးအယူ အချည်းနှီး-ဟု လွန်စွာ နှလုံးသွင်းသော ဒိဋ္ဌိသည် ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ မည်၏။ သီလဗ္ဗတပရာမာသ ကာယဂန္ထမှ ကြွင်းသော ဒိဋ္ဌိဟူသမျှဟူလို။ ဤစကားရပ်ဖြင့် မိစ္ဆာဒိဋ္ဌိသည် ဤ နှစ်မျိုးဖြင့်သာ ဖြစ်သည်ဟုပြ၏။

ဥပါဒါန်

ဥပ-မြဲစွာ+အာဒါန-ယူသည်။ အာရုံကိုမြဲစွာ ယူတတ်သော သဘောတရားသည် ဥပါဒါန် မည်၏။ ဖားကို မြွေဖမ်းသည်နှင့် တူ၏။ ကာမအာရုံကို မြဲစွာယူသော လောဘသည် ကာမုပါဒါန် မည်၏။ သီလဗ္ဗတု၊ အတ္တဝါဒုမှ တပါး- ၆၂-ပါးသော ဒိဋ္ဌိသည်၎င်း၊ နတ္ထိဒိန္နံ-စသော ဝတ္ထုဆယ်ပါး ရှိသော ဒိဋ္ဌိသည်၎င်း ဒိဋ္ဌုပါဒါန် မည်၏။ နွားတို့၏ အလေ့အကျင့်ဖြင့် နိဗ္ဗာန်ရ၏ဟု မြဲစွာယူသော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏။ ရုပ်သည်အတ္တမည်၏၊ စသည်ဖြင့် မြဲစွာယူသော သက္ကာယဒိဋ္ဌိ ၂၀-သည် အတ္တဝါဒုပါဒါန် မည်၏။

ဒသဝတ္ထုကဒိဋ္ဌိ

၁။ နတ္ထိဒိန္နံ - အလှူကား ရှိ၏။ အလှူကျိုး မရှိ။
၂။ နတ္ထိယိဋ္ဌံ-ယဇ်ကြီးပူဇော်ခြင်း အကျိုးမရှိ။
၃။ နတ္တိဟုကံ-ဧည့်သည်ဝတ် စသော ယဇ်ငယ်အကျိုးမရှိ။
၄။ နတ္ထိကမ္မာနံ ဝိပါကော- ကုသိုလ်ကံအကုသိုလ်ကံ အကျိုးရင်း အကျိုးဆက်မရှိ။
၅။ နတ္ထိအယံ လောကော-ထိုထိုမှလာရာ ပစ္စုပ္ပန် လောက မရှိ။
(တမလွန်၌ စိတ်ဖြင့်တည်၍ ယူသည်။)
၆။ နတ္ထိပရော လောကော- ဤမှသွားရာ တမလွန် လောကမရှိ။
(ဤလောက၌ စိတ်ဖြင့် တည်၍ယူသည်။ သဗ္ဗေတတ္ထ တတ္ထေ၀ ဥစ္ဆိဇ္ဇန္တီတိ၊ ထိုထို၌သာ ပြတ်ကုန်၏။-ဟု ဒဿေတိ။)
၇။ နတ္ထိမာတာ-အမိ၌ ပြုကျိုးမရှိ။
၈။ နတ္ထိဝိတာ-အဘ၌ ပြုကျိုးမရှိ။
၉။ နတ္ထိသတ္တာ သြပပါတိကာ-သေ၍တဖန် ပဋိသန္ဓေနေသူမရှိ။ ဥပပါတ် ပဋိသန္ဓေမျှ မဟုတ်ဟူလို။
၁၀။ နတ္ထိလောကေ သမဏဗြာဟ္မဏာ - အနုလောမပဋိပဒါ ကျင့်သော သမဏ ဗြာဟ္မဏ လည်းမရှိ။ ပစ္စုပ္ပန်လောက တမလွန်လောက သိ၍ ဟောကြားသော သဗ္ဗညုတ ဘုရားလည်းမရှိ။
ဤအယူ ဆယ်ပါးသည် ဒိဋ္ဌုပါဒါန် မည်၏။

သက္ကာယဒိဋ္ဌိ ၂၀

၁။ ရူပံအတ္တာ-ရုပ်သည် အတ္တတည်း။
၂။ ရူပဝန္တောအတ္တာ-ရုပ်ရှိသော အတ္တတည်း။ (အတ္တသည် ရုပ်ရှိသည် ဟူလို။)
၃။ အတ္တနိရူပံ - အတ္တ၌ ရုပ်တည်သည်တည်း။
၄။ ရူပသ္မိံ အတ္တာ- ရုပ်၌ အတ္တတည်သည်ဟည်း။
ဤသို့ရုပ်၌လေးခု၊ ထိုအတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် တို့၌လည်း လေးခုစီ ဖြစ်၍ ၂၀-ဖြစ်၏။
သ-ထင်ရှားရှိသည် + ကာယ-ရုပ်နာမ်အပေါင်း + ဒိဋ္ဌိ-အမှားမြင်ခြင်း။
ပရမတ္ထအားဖြင့် ထင်ရှားရှိသော ရုပ်နာမ်အပေါင်းသည် သက္ကာယ။ ထို၌ငါသူတပါးဟု အမှားမြင်ခြင်းသည် *သက္ကာယဒိဋ္ဌိ မည်၏။
(*သန္တော-သံဝိဇ္ဇမာနော ကာယော-သက္ကာယော။ မိစ္ဆာပဿတီတိဒိဋ္ဌိ။ သက္ကာယေ ပဝတ္တာ ဒိဋ္ဌိ-သက္ကာယဒိဋ္ဌိ၊ … ဤသို့ ဝစနတ္ထပြု။)
သက္ကာယဒိ ၂ဝ-ဖြစ်ပုံကား ...
သူတော်ကောင်းတရား မကြား မမြင်မသိသော အန္ဓပုထုဇဉ်သည်-
ရုပ်သည်အတ္တ၊ ရုပ်ရှိသောအတ္တ၊ အတ္တ၌ရုပ်၊ ရုပ်၌အတ္တ ဟု လေးမျိုးရှု၏။
ဝေဒနာသည် အတ္တ၊ ဝေဒနာရှိသော အတ္တ၊ အတ္တ၌ ဝေဒနာ၊ ဝေဒနာ၌အတ္တဟု လေးမျိုးရှု၏။
သညာသည် အတ္တ၊ သညာရှိသောအတ္တ၊ အတ္တ၌သညာ၊ သညာ၌အတ္တဟု လေးမျိုး ရှု၏။
သင်္ခါရသည် အတ္တ၊ သင်္ခါရရှိသော အတ္တ၊ အတ္တ၌သင်္ခါရ၊ သင်္ခါရ၌ အတ္တဟု လေးမျိုး ရှု၏။
ဝိညာဏ်သည် အတ္တ၊ ဝိညာဏ်ရှိသောအတ္တ၊ အတ္တ၌ဝိညာဏ်၊ ဝိညာဏ်၌ အတ္တဟု လေးမျိုးရှု၏။
ရုပ်ပွဲ ၁။ နာမ်စွဲ ၇။ ရုပ်နာမ်စွဲ ၁၂ - ပေါင်း ၂၀။
တနည်းကား -
ခန္ဓာတပါးစွဲ-၅။ လေးပါးစွဲ ၁၅ - ပေါင်း ၂၀။
တနည်းကား -
သဿတဒိဋ္ဌိ ၁၅။ ဥစ္ဆေဒဒိဋ္ဌိ ၅ - ပေါင်း ၂၀။
တနည်းကား -
ဘဝဒိဋ္ဌိ ၁၅။ ဝိဘဝဒိဋ္ဌိ ၅ - ပေါင်း ၂ဝ။
ရုပ်သည်အတ္တဟု ရှုခြင်းသည် မီးလျှံသည် အဆင်း၊ အဆင်းသည် မီးလျှံဟု မကွဲမပြား ရှုသည်နှင့် တူ၏။
(အကြင်ရုပ်, ထိုငါ၊ အကြင်ငါ, ထိုရုပ်ဟု ရှုသည်။
တနည်း-ရုပ်သည်ငါ၊ ငါသည်ရုပ်ဟု ရှုသည် ဟူလို။)
ရုပ်ရှိသော အတ္တဟု ရှုခြင်းသည် အရိပ်ရှိသော သစ်ပင်ဟု အရိပ်တခြား သစ်ပင် တခြား ရှုသည်နှင့်တူ၏။
အတ္တ၌ရုပ်ဟု ရှုခြင်းသည် ပန်း၌အနံ့ဟု ပန်းတခြား၊ အနံ့တခြား ရှုသည်နှင့်တူ၏။
ရုပ်၌အတ္တဟု ရှုခြင်းသည် ကြုတ်၌ပတ္တမြားဟု ကြုတ်တခြား ပတ္တမြားတခြား ရှုသည်နှင့် တူ၏။
ဤသို့ ရှုသောသူသည် ဒိဋ္ဌိကိုတားနိုင်အောင် သင်ခြင်း မေးခြင်း ဆုံးဖြတ်ခြင်းဖြင့် ရအပ်သော အာဂမလည်း မရှိ။ ပဋိပတ်အကျင့်ဖြင့် ရအပ်သော အဓိဂမလည်းမရှိ။ ထိုကြောင့် အသုတဝန္တ မည်၏။ အရိယာတို့ကို ဉာဏ်ဖြင့် မမြင်မသိသောကြောင့် သပ္ပုရိသ အဒဿာဝီ လည်းမည်၏။ သတိပဋ္ဌာန်စသော ဓမ္မ၌ မလိမ္မာသောကြောင့် သပ္ပုရိသဓမ္မ အကောဝိဒ လည်းမည်၏။
သီလ၊ သတိ၊ ဉာဏ၊ ခန္တီ၊ ဝီရိယ-ဟူသော သံဝရဝိနည်းငါးပါး။ တဒင်္ဂ စသော ပဟာန ဝိနည်းငါးပါး မရှိသောကြောင့် သပ္ပုရိသဓမ္မ အဝိနိတ လည်းမည်၏။ ဆရာဘုရား အမျိုးမျိုးတို့၏ မျက်နှာကို ကြည့်တတ်၏။ ကာမဂုဏ်၌ နစ်မြုပ်၏။ နီဝရဏတို့ဖြင့် ဖုံးအုပ်၍ မှောက်ထားအပ်သူ ဖြစ်၏။ သူတော်ကောင်းတို့မှ အထူး သီးခြားသူဖြစ်၏။ ထိုကြောင့် ပုထုဇ္ဇနလည်း မည်၏။ အန္ဓပုထုဇဉ် မည်၏။ ကလျာဏပုထုဇဉ်အား သက္ကာယဒိဋ္ဌိ မဖြစ်။ သင်ယူ မေးမြန်း ဆုံးဖြတ်ခြင်းဖြင့် သက္ကာယဒိဋ္ဌိကင်းအောင် ခန္ဓာ၊ အာယတန၊ ဓာတ်တို့ကိုသိလျှင် ကလျာဏပုထုဇဉ် မည်၏။
ဤ အတ္တဟူသည် ပရမတ်၌ စွဲမြှောင်သော ပညပ်ကောင်ဖြစ်၏။ အန္ဓတို့၏ အစွဲကောင်ဖြစ်၏။ “အစိုးရ၏၊ အပျက်မရှိ၊ တခဲနက်”ဟု စွဲအပ်သော ကိုယ်ကောင် ဖြစ်၏။ ငါ၊ သူတပါး-ယောက်ျား မိန်းမ-ဟူ၍၎င်း၊ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ ဟူ၍၎င်း- စွဲအပ်သော အကောင်တုဖြစ်၏။
ရုပ်သည်အတ္တ ဟုစွဲရာ၌ ခန္ဓာတပါးသာ စွဲသည်။ ရုပ်ရှိသော အတ္တ၊ အတ္တ၌ ရုပ်၊ ရုပ်၌အတ္တ- ဟုစွဲခြင်း သုံးမျိုး၌ ခန္ဓာလေးပါးစီ စွဲသည်။ ဝေဒနာ စသည်လည်း ဤနည်းတည်း။
ခန္ဓာတပါးစွဲသည်ငါးခု ရှိ၏။ ဥစ္ဆေဒဒိဋ္ဌိမည်၏။ ဝိဘဝဒိဋ္ဌိလည်း မည်၏။ လေးပါး စွဲသည် ၁၅-ခု ရှိ၏၊ သဿတဒိဋ္ဌိ မည်၏။ ဘဝဒိဋ္ဌိလည်း မည်၏။
တပါးစွဲ ၅-ခု၌ ရုပ်စွဲတခု။ နာမ်စွဲလေးခု ဟု သိအပ်၏။ လေးပါးစွဲ ၁၅-ခုတို့တွင် ရုပ်ရှိသော အတ္တစသော သုံးခု၌ ရုပ်ကိုဖယ်၍ ၄-ပါးနာမ်စွဲဟု သိအပ်၏။ ဝေဒနာရှိသော အတ္တစသည်တို့၌ ဝေဒနာဖယ်၍ ၄ ပါးရုပ်နာမ်စွဲ။ သညာဖယ်၍၊ သင်္ခါရ ဖယ်၍၊ ဝိညာဏ်ဖယ်၍ ၄-ပါး ရုပ်နာမ်စွဲဟု ၁၂-ခု ရှိအောင် သိအပ်၏။
ဤ သက္ကာယဒိဋ္ဌိ ၂၀-သည် နတ်ပြည်မတား၊ မဂ်ကိုသာ တားသည်။ သောတာပတ္တိမဂ်ရလျှင် အမြစ်ပြတ်သည်။ ဒိဋ္ဌိဟူသမျှကို၊ ဝါ၊ ကမ္ဘာမီး လောင်သော အခါ ကမ္ဘာပြောင်း၍ ငရဲခံရသော နိယတ မိစ္ဆာဒိဋ္ဌိကြီးကိုပင် အရင်းခံပြုပေး၏။ ထိုကြောင့် ကြောက်ဘွယ် ကောင်းသော သက္ကာယဒိဋ္ဌိဖြစ်၏။ အာဂမ၊ အဓိဂမဖြင့် ကင်းအောင်ပြုအပ်၏။ အာဂမမျှဖြင့် ကင်းခြင်းကိုပင် အချို့ကျေနပ်ကုန်၏။ စိတ်မချသာသေး။ မိန်းမောသူ၊ မွေးစသူငယ်၊ ခြင်၊ ပရွက် - စသည်တို့အား သက္ကာယဒိဋ္ဌိ မဖြစ်။ အာဂမစသည်ဖြင့် ကင်းစေသောကြောင့် မဟုတ်။ မစွဲနိုင်အောင် တွေဝေခြင်း လွန်ကဲသောကြောင့်တည်း။

နီဝရဏ

ဈာန်စသော ကုသိုလ်မဖြစ်အောင်၊ ဖြစ်လျှင် ပျက်အောင် တားမြစ်တတ်သော သဘောတရားသည် နီဝရဏ မည်၏။ ပညာမျက်စိကိုလည်း ပိတ်ဆို့တတ်၏။ ကာမဂုဏ်၌ လွန်ကဲသောရာဂသည် ကာမစ္ဆန္ဒ နီဝရဏ မည်၏။ ဒေါသကိုးပါး၊ ဝါ-ဆယ်ပါးသည် ဗျာပါဒနီဝရဏ မည်၏။
ထိနနှင့်မိဒ္ဓ၊ ဥဒ္ဓစ္စနှင့် ကုက္ကုစ္စတို့ကို နီဝရဏတခုတည်း အဘယ်ကြောင့် ပေါင်းသနည်း?
ကိစ္စတူ၊ အကြောင်းတူ၊ ဆန့်ကျင်ဘက်တူ သောကြောင့်တည်း။ စိတ်စေတသိက် တို့ကို တွန့်စေခြင်းသည် ထိနမိဒ္ဓိတို့၏ ကိစ္စတည်း။ ပျင်းရိ ထိုင်းမှိုင်းခြင်းသည် ထိနမိဒ္ဓတို့၏ အကြောင်းတည်း။ ဝီရိယသည် ထိနမိဒ္ဓတို့ ၏ ဆန့်ကျင်ဘက်တည်း။
မငြိမ်မသက် ပြုခြင်းသည် ဥဒ္ဓစ္စ ကုက္ကုစ္စတို့၏ ကိစ္စတည်း။ ဉာတိဗျသန-စသည်ကို ကြံစည်ခြင်းသည် ၎င်းတို့၏ အကြောင်းတည်း။ သမထသည် ၎င်းတို့၏ ဆန့်ကျင်ဘက်တည်း။
ယုံမှားခြင်းရှစ်ပါးသည် ဝိစိကိစ္ဆာနီဝရဏ မည်၏။ ဘုရား၌၊ တရား၌၊ သံဃာ၌၊ သိက္ခာ၌၊ ရှေ့အစွန်း၌၊ နောက်အစွန်း၌၊ ရှေ့နောက်အစွန်း၌၊ ပဋိစ္စသမုပ္ပါဒ်၌ ယုံမှား၏။
ထိုတွင် သီလ၊ သမာဓိ၊ ပညာသည် သိက္ခာ သုံးပါး။
အတိတ်ခန္ဓာ အာယတနဓာတ်သည် ပုဗ္ဗန္တ တပါး။
အနာဂတ်ခန္ဓာ အာယတနဓာတ်သည် အပရန္တ တပါး။
အကြောင်းအကျိုးဝဋ်တရား ၁၂-ပါးသည် ပဋိစ္တသမုပ္ပါဒ် မည်၏။
အပ်၊ မအပ်-စူးစမ်းခြင်းကား ဝိနယကုက္ကုစ္စ မည်၏။ ရဟန္တာအားလည်းဖြစ်သည်။ နီဝရဏမဟုတ်၊ နီဝရဏ အတုအပသာ။

အနုသယ

သတ္တဝါတို့ သန္တာန်၌ မဂ်ဖြင့် မပယ်မချင်း အဖန်ဖန်ဖြစ်တတ်သော သဘော တရားသည် အနုသယ မည်၏။ မဂ်မပယ်သေးသောကြောင့် လျောက်ပတ်သော အကြောင်း ရသည်ရှိသော် ဖြစ်တတ်၏။ ထိုကြောင့် အားစွမ်းရှိ၏။ မဂ်မပယ် ခြင်းကြောင့် အားစွမ်းရှိသော ကိလေသာသည် အနုသယမည်၏ဟူလို။ မုချအားဖြင့် ခဏတ္တယသို့ မရောက်သော နဝတ္တဗ္ဗ ကိလေသာ ရ၏။ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ဟု မဆိုအပ်။
(နဝတ္တဗ္ဗ - ကိလေသာဖြစ်ပုံကို မဂ်သတ်ရာ၌ ထင်ရှားစွာ မိန့်ဆို၏။)
တနည်းကား -- အနုသယ ကိလေသာသည် ဘူမိလဒ္ဓဥပ္ပန္န မည်၏၊ ဥပ္ပန္န မည်သောကြောင့် ပရိယာယ်အားဖြင့် ပစ္စုပ္ပန်ဟူ၍လည်း ဆိုအပ်၏။
တနည်း -- ဓမ္မသင်္ဂဏီ ပါဠိတော်၌ အနုသယကို စိတ္တသမ္ပယုတ်ဟူ၍၎င်း- အာရုံကို အာရုံပြု၏ဟူ၍၎င်း။ အကြောင်းရှိ၏ ဟူ၍၎င်း၊ စင်စစ်အကုသိုလ်ဖြစ်၏ ဟူ၍၎င်း။ အတိတ်လည်းဟုတ်၏။ အနာဂတ်လည်း ဟုတ်၏၊ ပစ္စုပ္ပန်လည်း ဟုတ်၏ ဟူ၍၎င်း-ဝေဘန်တော်မူသည်။
ထိုနှင့်ညီစွာ ယမိုက်ပါဠိတော်၌ ဥပ္ပဇ္ဇတိ - ဟူ၍ဟောသည်ဟု ယမိုက်အဋ္ဌကထာ ဆို၏။
ဓမ္မသင်္ဂဏီ၌လည်း ပရိယာယ်အားဖြင့် ဝေဘန်သည် ဟူလို။
ဋီကာကျော်၊ မဏိမဉ္ဇူတို့၌၊ “နိပ္ပရိယာယအားဖြင့် အနာဂတ”ဟုဆို၏။ နဝတ္တဗ္ဗနှင့် အနက်တူ အဓိပ္ပါယ်တူ ဖြစ်လျှင် ဆန့်ကျင်ခြင်း မရှိ။
သာရတ္ထဒီပနီဝိနည်း မဟာဝါဋီကာ ၌လည်း အနာဂတဟု ဆိုလျှက်ရှိ၏။ နဝတ္တဗ္ဗ၌ ဝဒဓာတ်။ အနာဂတ၌ ဂဒ-ဓာတ်ဟုကြံလျှင် သဒ္ဒါကျမ်းတို့၌ အနက် တူ၏။ အာဂတာနာဂတ သံဃာဟု ဆိုရာ၌လည်း မရောက်ပြီး၊ မရောက်ဆဲ၊ မရောက်လတ္တံ့ သည် အနာဂတ၌ ပါဝင်၏။

သံယောဇဉ်

ဝဋ်ဆင်းရဲမှ မထွက်နိုင်အောင် ဖွဲ့နှောင်တတ်သော သဘောတရားသည် သံယောဇဉ် မည်၏။
သေယျ၊ သဒိသ၊ ဟီန - ပုဂ္ဂိုလ် သုံးယောက်အား- ငါမြတ်သည်၊ ငါနှင့်တူသည်၊ ငါယုတ်သည်ဟု သုံးမျိုးစီဖြစ်သော မာန်ကိုးပါးသည် မာနသံယောဇဉ် မည်၏။
အာဝါသ၊ ကုလ၊ လာဘ၊ ဝဏ္ဏ၊ ဓမ္မ- အားဖြင့်ဖြစ်သော ဝန်တိုခြင်း ငါးပါးသည် မစ္ဆရိယသံယောဇဉ် မည်၏။

ကိလေသာ

စိတ်ကိုပူပန်စေတတ်၊ နှိပ်စက်တက်သော သဘောတရားသည် ကိလေသာ မည်၏။

မိဿကသင်္ဂဟ မှတ်ဘွယ်

ကုသိုလ်အကုသိုလ် အဗျာကတစွမ်းဖြင့် ရော သော တရား တို့ကိုပေါင်းရခြင်းသည်။ ဝါ၊ ပေါင်းစုရာသည် မိဿကသင်္ဂဟ မည်၏။

ဟိတ်

အကျိုး၏ ဖြစ်ကြောင်း သဘောတရားသည် ဟိတ်မည်၏။ ဟိတ်ရှိသော တရားတို့သည် အမြစ်စည်ပင်သော သစ်ပင်ကဲ့သို့ ခိုင်ခံ့ကုန်၏။ ဟိတ်မရှိသော တရားတို့သည် ရေ၌ မှော်နှင့်တူကုန်၏။

ဈာနင်

အာရုံကိုကပ်၍ ရှုတတ်သော၊ ဝါ၊ ဆန့်ကျင်ဘက် နီဝရဏတို့ကို ရှို့မြှိုက်တတ်သော တရားအပေါင်းသည် ဈာန် မည်၏။ ဝိတက်စသော အစိတ်အစိတ်သည် ဈာနင် မည်၏။
ဒေါမနဿ ဈာနင် - အကုသိုလ်သက်သက်ဖြစ်၏၊
အကြွင်း ၆-ခု ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ။
ပဉ္စဝိညာဏ်၌ ဝိတက်မရှိသောကြောင့် ဈာနင် မရ၊ ဝိတက် တင်ပေးမှ အာရုံကိုကပ်၍ ရှုနိုင်သည်။ ဝိတက်ကင်းလျှင် အာရုံ၌ ကျရုံမျှ ဖြစ်သည်၊ ကပ်၍မရှုနိုင်။ ထိုကြောင့် ပဉ္စဝိညာဏ်၌ ဥပေက္ခာ (သုခ၊ ဒုက္ခ) ဧကဂ္ဂတာသည် ဈာနင်ကိစ္စ မပြုတတ်။

မဂ္ဂင်

သုဂတိရောက်ကြောင်း၊ ဒုဂ္ဂတိရောက်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း၊ တရား အပေါင်းသည် မဂ္ဂ မည်၏။ အစိတ် အစိတ်သည် မဂ္ဂင်မည်၏။
လောကီသမ္မာဒိဋ္ဌိသည် တေဘူမက သင်္ခါရတို့ကို မဖောက်မပြန် မြင်တတ်၏။ အတ္ထဒိန္နံ၊ အတ္ထိယိဋ္ဌံ - စသည်ဖြင့် ဆယ်မျိုးပြား၏။ လောကုတ္တရာ သမ္မာဒိဋ္ဌိသည် နိဗ္ဗာန်ကို၊ ဝါ၊ သစ္စာလေးပါးကို မြင်တတ်၏။ ပရိညာကိစ္စ၊ ပဟာနကိစ္စ၊ သစ္ဆိကြိယာ ကိစ္စ၊ ဘာဝနာကိစ္စ - အားဖြင့် လေးမျိုး ပြား၏။
သမ္မာသင်္ကပ္ပသည် သုံးမျိုးပြား၏။ လောဘမှ၎င်း, အကုသိုလ်မှ၎င်း ထွက်သော အလောဘသည် နေက္ခမ္မမည်၏၊ ၎င်းနှင့်ယှဉ်သော အကြံသည် နေက္ခမ္မသင်္ကပ္ပ မည်၏။ ဝါ၊ ရှင်ရဟန်းပြုခြင်းသည် နေက္ခမ္မ မည်၏။ ၎င်း၌ ဖြစ်သော အကြံသည် နေက္ခမ္မသင်္ကပ္ပ မည်၏။ မေတ္တာနှင့်ယှဉ်သော အကြံသည် အဗျာပါဒသင်္ကပ္ပ မည်၏။ ကရုဏာနှင့်ယှဉ်သော အကြံသည် အဝိဟိံသာသင်္ကပ္ပ မည်၏။
သမ္မာဝါယာမသည် သမ္မပ္ပဓာန်လေးပါးဖြင့် ပြား၏။ သမ္မာသတိသည် သတိပဋ္ဌာန် လေးပါးဖြင့် ပြား၏။ သမ္မာသမာဓိသည် ဈာန်ငါးပါးဖြင့် ပြား၏။
မိစ္ဆာဒိဋ္ဌိစသော လေးပါးသည် ဒုဂ္ဂတိရောက်ကြောင်း မိစ္ဆာမဂ္ဂင်လေးပါး မည်၏။
အဟိတ်စိတ်၌ ဟိတ်မရှိခြင်းကြောင့် မဂ္ဂင်မရ။ ဟိတ်ရှိမှ မဂ္ဂင် ကိစ္စကိုပြုသည်။ ထို့ကြောင့် အဟိတ်စိတ်၌ ဝိတက်၊ ဝီရိယ၊ ဧကဂ္ဂတာသည် မဂ္ဂင်မမည်။
ဝိစိကိစ္ဆာ စိတ်၌ ဧကဂ္ဂတာလည်း အဓိမောက္ခ မယှဉ်သောကြောင့် မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ် မမည်၊ အဓိမောက္ခ ဆုံးဖြတ်ခြင်း မရှိသဖြင့် ဧကဂ္ဂတာသည် စိတ်၌တည်ရုံမျှ သာတည်သည်။ ခိုင်ခံ့စွာမတည်။ ထို့ကြောင့် မိစ္ဆာသမာဓိမဂ္ဂင်လည်းမမည်။ သမာဓိန္ဒြေလည်း မမည်၊ သမာဓိဗိုလ်လည်း မမည်။ သမ္မာဝါစာ-စသော သုံးပါးသည် မဟာကုသိုလ်၌ နာနာ၊ ကဒါစိ။

ဣန္ဒြေ

မိမိနှင့်အတူဖြစ်သော တရားတို့ကို မိမိသို့ လိုက်စေလျက် အစိုးတရ ကြီးကဲပြုသော သဘောတရားသည် ဣန္ဒြေ မည်၏။
စက္ခုသည် စက္ခုဝိညာဏ်ကို အစိုးတရ အကြီးအကဲပြု၍ မြင်စေ၏။ မိမိအားရှိခြင်း၊ အားနည်းခြင်းသို့ ထိုက်စေ၏၊ မိမိအားရှိလျှင် အမြင်သန်စေ၏၊ အားနည်းလျှင် မသန်စေ။
သောတ စသည်တို့သည် သောတဝိညာဏ် စသည်တို့ကို ကြားစေ၏၊ အနံ့ ယူစေ၏၊ အရသာသိစေ၏၊ အတွေ့သိစေ၏။
ဣတ္ထိန်၊ ပုရိသိန်သည် လိင်္ဂ၊ နိမိတ္တ၊ ကုတ္တ၊ အာကပ္ပ- တို့ကို ဤသို့ မိန်းမအသွင် ယောက်ျားအသွင် စသည် ဖြစ်ရမည်ဟု စီမံ၏။
ရုပ်ဇီဝိတသည် အတူဖြစ်သော ကမ္မဇကလာပ်ကို အစိုးတရ စောင့်ရှောက်၏၊
(ဥပါဒ်နှင့် ဌီအကြား၊ ဌီနှင့်ဘင်အကြား - မပျက်အောင် စောင့်ရှောက်၏ ဟူလို၊)
နာမ်ဇီဝိတသည် အတူဖြစ်သော စိတ်စေတသိက်တို့ကို ဥပါဒ် ဌီ ဘင် အကြား၌ မပျက်အောင် အစိုးတရ စောင့်ရှောက်၏၊
မနသည် စေတသိက်တို့ကို မိမိကဲ့သို့ အာရုံကို သိလေ၏။ သုခ စသောငါးပါးသည် စိတ်စေတသိက်တို့ကို ကိုယ်ချမ်းသာ၊ ကိုယ်ဆင်းရဲ၊ စိတ်ချမ်းသာ၊ စိတ်ဆင်းရဲ- ဖြစ်စေ၍ သိသာအောင် ထင်ရှားစေ၏။ လျစ်လျူရှုစေ၍ မသိမသာ သိမွေ့စေ၏။ သဒ္ဓါစသော ငါးပါးသည် စိတ်စေတသိက်တို့ကို ယုံကြည်စေ၏။ အားထုတ်စေ၏၊ သတိထင်စေ၏၊ ကောင်းစွာထားစေ၏၊ ထိုးထွင်း၍ သိစေ၏။
အနညာသည် စိတ်စေတသိက်တို့ကို “မသိသေးသော သစ္စာလေးပါးကို သိမည်” ဟု အားထုဘ်ခြင်း၌ မိမိကဲ့သို့ အားထုတ်စေ၏။
အညိန်သည် ပဌမမဂ်သိသော အတိုင်း အဖန်ဖန် သိခြင်း၌ မိမိကဲ့သို့ သိစေ၏၊ ဝါ၊ သံယောဇဉ်ကို ပယ်စေ၏။ ရာဂစသည်ကို ခေါင်းပါးအောင် ပြုစေ၏။
အညာတာဝနသည် သိပြီးသော ရဟန္တာ၏ ဣန္ဒြေဖြစ်သည့် အလျောက် ကိစ္စအားလုံး စွန့်၍ နိဗ္ဗာန်သို့ ရှေးရှုစေ။
ဤ ၂၂-ပါးတို့တွင် ဓမ္မသရုပ်ပြခြင်းငှါ ပညိန္ဒြေကို ဟောသည်၊ ကိစ္စထူးပြခြင်းငှါ အနညာစသော သုံးပါးကို ဟောသည်။ ဤစကားဖြင့် ပညိန္ဒြေသည် လောကီ သက်သက် မဟုတ်၊ လောကီ လောကုတ္တရာပညာ အားလုံးဖြစ်သည်ဟု ပြသည်။

ဣန္ဒြေဟောစဉ်

သတ္တဝါဟု ခေါ်ဆိုပညပ်ရာ၌ အဇ္ဈတ္တိက ရုပ်ငါးခုသည် ထူးသော မှီရာဖြစ်၏။
ထို ငါးခုကိုမူတည်လို၍ ရှေးဦးစွာဟောသည်၊
ဤရုပ်ကြောင့် အထီး အမပညပ် ကွဲပြားသည် ဟု ဘာဝရုပ်ကိုဟောသည်။
ဤတရားကြောင့် ကြာရှည်စွာ တည်သည် ဟု ဇီဝိတအသက် သွင်းပြသည်၊
အာရုံသိရာ၌ နာမ်တရားတို့၏ ခေါင်းဆောင်ဟု မနကို ဟောသည်။
နာမ်တရားစု၏ ညစ်နွမ်းကြောင်းကို ဝေဒနာ ငါးပါးဖြင့် ပြသည်။
ဖြူစင်ကြောင်းကို သဒ္ဓါ စသော ငါးပါးဖြင့်ပြသည်။
အစဉ်အတိုင်းဖြူစင်ပုံကို နောက်ဆုံး သုံးခုဖြင့် အဆုံးသတ်၍ ပြတော်မူသည်။
(သံသာရ ဝဋ္ဋဒုက္ခတော - ဟု ငါတို့ လိုလား တောင့်တအပ်သည်ကို လမ်းစ ညွှန်ပြပေသည်။)
ဝိစိကိစ္ဆာစိတ်၌ ဧကဂ္ဂတာသည် သမာဓိန္ဒြေ မမည်။ ဓမ္မသင်္ဂဏီ ပါဠိတော်၌ ပဉ္စဝိညာဏ်၊ မနောဓာတ်၊ သန္တီရဏ-ဤစိတ် ၁၆-ခု၌ ဧကဂ္ဂတာကိုဟောလည်း သမာဓိန္ဒြေ ဟုမဟော၊ ထိုကြောင့် ထို၁၆-ခု၌လည်း သမာဓိန္ဒြေ မမည်။ ထိုတို့မှ ကြွင်းသောစိတ် ၇၂-ခု၌သာ သမာဓိန္ဒြေ ယူရသည်။ ပညိန္ဒြေကိုလည်း လောကီ လောကုတ္တရာ သမ္ပယုတ် ၄၇-ခုလုံး၌ ယူရသည်။ ဓာတုကထာ အရကောက်၌ကား မရောယှက်စိမ့်သောငှါ လောကီ၌သာ ယူလေသည်။

ဗိုလ်

မယုံကြည်ခြင်း၊ ပျင်းရိခြင်း စသော ဆန့်ကျင်ဘက် ခုနစ်ပါးတို့ကြောင့် မတုန်လှုပ်သော သဘောတရား ခုနစ်ပါးသည် ဗိုလ်မည်၏။ (နှစ်ပါး လွတ်နေသည်) ဝါ၊ သမ္ပယုတ်တရားတို့၌ မြဲမြံခိုင်ခံ့ခြင်းကြောင့် ဗိုလ်မည်၏။ (ကိုးပါးလုံး မိသည်) အဟိရိက အနောတ္တပ္ပ - နှစ်ပါးကား ဤမြဲမြံခိုင်ခံ့ခြင်း နောက်အနက်ကြောင့်သာ ဗိုလ်အမည်ရသည်။
အဝီရိယစိတ် ၁၆-ခုတို့၌ ဗိုလ်မရ၊ ဝီရိယရှိမှ ဗိုလ်ကိစ္စပြုနိုင်သည်။ ထိုကြောင့် ပဉ္စဝိညာဏ်၊ မနောဓာတ်၊ သန္တီရဏတို့၌ ဧကဂ္ဂတာသည် ဗိုလ်မမည်။ ဝိစိကိစ္ဆာ၌ ကဂ္ဂတာလည်း ဗိုလ်မမည်။

အဓိပတိ

မိမိနှင့်စပ်၍ဖြစ်သော တရားတို့၏ အကြီးအကဲ ဖြစ်သော သဘောတရားသည် အဓိပတိ မည်၏။
ဆန္ဒရှိသူအား အဘယ်အရာ မပြီးဘဲ ရှိအံ့နည်း ဟူသော ရှေးစိတ် အားထုတ်ခြင်းဖြင့် နောက်စိတ်ဖြစ်ပေါ်သော အခါ၌သာလျှင် အဓိပတိဖြစ်သည်။
ဝီရိယရှိသူအား၊ စိတ်ရှိသူအား၊ ပညာရှိသူအား - အဘယ်အရာ မပြီးဘဲ ရှိအံ့နည်း ဟူသော ရှေးစိတ် အားထုတ်ခြင်းဖြင့် နောက်စိတ် ဖြစ်ပေါ်သောအခါ ဝီရိယသာ အဓိပတိဖြစ်သည်၊ စိတ်သာ အဓိပတိဖြစ်သည်၊ ပညာသာ အဓိပတိဖြစ်သည်။
တပါးသော အဓိပတိတို့၏ ကြီးကဲခြင်းကို တား၍ တဦးတည်း ကြီးကဲခြင်းသည် အဓိပတိ၏ သဘောဖြစ်၏။ တပါးသော ဣန္ဒြေတို့၏ ကြီးကဲခြင်းကို မတားမူ၍ မိမိအလိုသို့ လိုက်စေခြင်မှုသည် ဣန္ဒြိယ၏ သဘောဖြစ်၏။ အဓိပတိကား နှစ်ပါးပြိုင် မရှိ။
ဣန္ဒြိယကား အချင်းချင်း အားလုံးပင် ပြိုင်သည်။

အာဟာရ

အဇ္ဈတ္တသန္တာန်၏ အကြောင်းထူး လေးပါးတို့သည် အကျိုး ပစ္စယုပ္ပန်ကို ဆောင်တတ် သောကြောင့် အာဟာရတို့ မည်ကုန်၏။
ကဗဠီကာရသည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော အာဟာရဇ ရုပ်ကလာပ်ကို ဆောင်၏။ ဖဿသည် ဝေဒနာ သုံးပါးကို ဆောင်၏။ မနောသေဉ္စတနာသည်၊ ဝါ၊ လောကီကုသိုလ် အကုသိုလ်ကံသည် ဘုံသုံးပါး၌ ပဋိသန္ဓေကို ဆောင်၏၊ ဝိညာဏ်သည်၊ ဝါ၊ ပဋိသန္ဓေဝိညာဏ်သည် နာမ်ရုပ်ကိုဆောင်၏။

အကြောင်းထူးလေးပါး

အကြောင်းထူးဖြစ်ပုံကား --
ကဗဠီကာရသည် အစာစားသူတို့၏ ရူပကာယအား အကြောင်းထူး ဖြစ်သည်၊ ကံစသည်ကြောင့် ဖြစ်သော်လည်း အာဟာရ ထောက်ပံ့မှ အသက်ရှည်သောကြောင့် တည်း။ အထိန်းသည်သည် သူငယ်အား ကျေးဇူး ပြုသည်နှင့် တူ၏၊ ကျားကန်သော တိုင်သည် အိမ်အား အကြောင်းထူးဖြစ်၍ ကျေးဇူးပြုသည်နှင့် တူ၏။
ဖဿသည် သုခစသော ဝေဒနာကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့ ကြာရှည်စွာ တည်ခြင်းငှါ အကြောင်းထူး ဖြစ်သည်။ အာရုံသည် သုခစသော ဝေဒနာတည်ရာ ဖြစ်၏၊ ထိုအာရုံကို ဖဿထိပေးမှသာ ဝေဒနာ ဖြစ်နိုင်သောကြောင့်တည်း။
မနောသေဉ္စတနာသည် ဘဝ၏ အမြစ်ကိုဖြစ်စေခြင်းဖြင့် သတ္တဝါတို့ ကြာရှည်စွာ တည်ခြင်းငှါ အကြောင်းထူး ဖြစ်၏၊ ကုသိုလ်ကံ အကုသိုလ်ကံ စေတနာဖြစ်အောင် အားထုတ်မှ ဘဝ၏ တည်ရာအမြစ် ဖြစ်နိုင်သောကြောင့်တည်း။
ဝိညာဏ်သည် နာမ်ရုပ်ကိုဖြစ်စေခြင်းဖြင့် သတ္တဝါတို့ ကြာရှည်စွာ တည်ခြင်းငှါ အကြောင်းထူး ဖြစ်၏။
(အကြောင်းထူး လေးပါးလုံး သံသရာမှ မထွက်နိုင်အောင် ကျေးဇူးပြုသော ထောင်မှူးကြီးတို့သာ ဖြစ်၍ ကြောက်ဘွယ် ကောင်းကုန်၏။)

ဗောဓိပက္ခိယသင်္ဂဟ မှတ်ဘွယ်

သစ္စာလေးပါးသိသော မဂ်ဉာဏ်သည် ဗောဓိမည်၏။ မဂ်ဉာဏ်၏ အသင်းအပင်း၌ ဖြစ်သော သတိပဋ္ဌာန် စသည်တို့သည် ဗောဓိပက္ခိယတို့ မည်ကုန်၏။ ထိုတရားတို့ကို တူရာပေါင်းစုခြင်းသည်၊ ဝါ၊ ပေါင်းစုရာသည် ဗောဓိပက္ခိယသင်္ဂဟ မည်၏။

သတိပဋ္ဌာန်

သတိစေတသိက် သည်ပင်လျှင် အာရုံ၌ ကောင်းစွာ တည်သောကြောင့် သတိပဋ္ဌာန် မည်၏။ (သတိ-သတိ စေတသိက် + ပဋ္ဌာန-တည်သည်။)
ဆံပင်မွေးညှင်း စသည်တို့၏ အပေါင်းသည်၊ ဝါ-ထွက်သက် ဝင်သက်အပေါင်းသည်၊ ဝါ၊ ဘူတရုပ် ဥပါဒါရုပ် အပေါင်းသည် ကာယမည်၏။ ကာယ၌ သုဘဟူသော ဝိပလ္လာသကို ပယ်၍ အသုဘဟူသော ဉာဏ်သည် ကာယနုပဿနာဉာဏ် မည်၏။ ထိုဉာဏ်နှင့်အတူ ဖြစ်သော သတိသည် ကာယာနုပဿနာ သတိပဋ္ဌာန် မည်၏။
ဝေဒနာ သုံးပါး၌ သုခဝိပလ္လာသ ပယ်၍ ဒုက္ခဟု ရှုသောဉာဏ်နှင့် အတူဖြစ်သော သတိသည် ဝေဒနာနုပဿနာ သတိပဋ္ဌာန် မည်၏၊
ရာဂရှိသောစိတ်၊ ရာဂ မရှိသောစိတ် စသော ၁၆-ပါးသော စိတ်တို့၌ နိစ္စဝိပလ္လာသ ပယ်၍ အနိစ္စဟု ရှုသောဉာဏ်နှင့် ဖြစ်သော သတိသည် စိတ္တာနုပဿနာ သတိပဋ္ဌာန်မည်၏။
သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ ဓမ္မတို့၌ အတ္တဝိပလ္လာသ ပယ်၍ အနတ္တဟု ရှုသော ဉာဏ်နှင့် အတူဖြစ်သော သတိသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် မည်၏။
လေးပါးလုံး ၄၂-ပါးသော စိတ်၌ရှိသော သတိဖြစ်၏။
လောကီ၌ အသီးသီး၊ လောကုတ္တရာ၌ တပေါင်းတည်း။

စိတ် ၁၆-ပါး

စိတ္တာနုပဿနာ သတိပဋ္ဌာန်ရှုရာ စိတ် ၁၆-ပါးကား --
သရာဂစိတ်၊ ဝီတရာဂစိတ်၊ သဒေါသစိတ်၊ ဝီတဒေါသစိတ်၊ သမောဟစိတ်၊ ဝိတမောဟစိတ်၊ သံခိတ္တစိတ်၊ ဝိခိတ္တစိတ်၊ မဟဂ္ဂတစိတ်၊ အမဟဂ္ဂတစိတ်၊ သဥတ္တရစိတ်၊ အနုတ္တရစိတ်၊ သမာဟိတစိတ်၊ အသမာဟိတစိတ်၊ ဝိမုတ္တစိတ်၊ အဝိမုတ္တစိတ်။

သမ္မပ္ပဓာန်

ဝီရိယ စေတသိက်သည်ပင်လျှင် ကောင်းစွာ အားထုတ်ကြောင်း ဖြစ်သောကြောင့် သမ္မပ္ပဓာန် မည်၏။ စိတ် ၄၂-ပါး၌ရှိသော ဝီရိယ ရ၏။ ကိစ္စလေးပါး အားဖြင့် လောကီ၌ အသီးသီး၊ လောကုတ္တရာ၌ တပေါင်းတည်း ဖြစ်သည်။ ဝိသုဒ္ဓိမဂ် ဉာဏဒဿနဝိသုဒ္ဓိ၌ ဖိုလ်စိတ်ဖြစ်သောခါ သမ္မပ္ပဓာန် ပယ်၍ ဗောဓိပက္ခိယတရား ၃၃-ပါး ပြိုင်တူဖြစ်သည်ဟု ဆို၏။ ဝီရိယရှိသော်လည်း ဖိုလ်၌ သမ္မပ္ပဓာန် ကိစ္စ မရှိ ဟူလို။

အသီးသီးဖြစ်ပုံ

လောကီ၌ အသီးသီးဖြစ်ပုံကား --
သံသရာ၌ မဖြစ်ဘူးသော အကုသိုလ်ကား မရှိ။ ဤနေရာ၌ ဝတ်ကြီး ဝတ်ငယ်ပြုခြင်း စသည်တို့ကြောင့် ဖြစ်ခွင့်မရသော အကုသိုလ်သည် အနုပ္ပန္န မည်၏။ ၎င်းကို ဖြစ်ခွင့်မပေးရ။ ဝတ်မပြုမိသဖြင့် ဖြစ်လာသော ထိုအကုသိုလ်သည် ဥပ္ပန္န မည်၏။ ထိုအခါ အားထုတ်၍ ပယ်ရသည်။
သမထ၊ ဝိပဿနာ၊ မဂ်သည် မဖြစ်သေးမီ အနုပ္ပန္နကုသိုလ် မည်၏။ ထိုအခါ ဖြစ်လာအောင် အားထုတ်ရသည်။
ဖြစ်သောအခါ ဥပ္ပန္နကုသိုလ် မည်၏။ ထိုအခါ မပျက်အောင် တိုးပွါအောင် အားထုတ် ရသည်။ မဂ်ကား မပျက်ကောင်း။ ဤသို့ လောကီ၌ ကိစ္စအသီးသီး ဖြစ်သည်။

ဥပ္ပန္န ရှစ်မျိုး

ဥပ္ပန္နအမျိုးမျိုး သိလျှင် တပေါင်းတည်း ဖြစ်ပုံ သိလွယ်လတ္တံ့။
ခဏတ္တယသို့ ရောက်ဆဲ ကိလေသာသည် ဝတ္တမာန ဥပ္ပန္န မည်၏။ မဂ်မသတ်နိုင်။
အာရုံခံစားပြီး၍ ချုပ်သော ဝိပါက်သည်၎င်း၊ ဖြစ်ပြီး၍ချုပ်သော ကံသည်၎င်း ဘူတာဝိဂတ ဥပ္ပန္န မည်၏။ မဂ်မသတ်နိုင်။
အကျိုးပေးခွင့်ရသော ဝိပါက်သည် အခွင့်ရသည်မှစ၍ ဩကာသကတ ဥပ္ပန္ပ မည်၏။ မဂ်မသတ်နိုင်။
ဝိပဿနာ၏ အာရုံဖြစ်သော အတိတ်စသော ခန္ဓာငါးပါးသည် ဘူမိ။ ထို ဘူမိ၌ ကိန်းသော ကာလတ္တယ နဝတ္တဗ္ဗ အနုသယ ကိလေသာသည် ဘူမိလဒ္ဓ ဥပ္ပန္န မည်၏။ ဤ ဥပ္ပန္နကို မဂ်သတ်သည်။
တနည်း --
ခဏတ္တယရောက်ဆဲ ကိလေသာသည် သမုဒါစာရ ဥပ္ပန္န မည်၏။ မဂ် မသတ်။
တကြိမ်မြင်ပြီးလျှင် အောက်မေ့တိုင်း သတိရတိုင်း ဖြစ်နိုင်သော ကိလေသာသည် အာရမ္မဏာဝိဂ္ဂဟိတ ဥပ္ပန္န မည်၏။ နွယ်ပင်၌ ခုတ်ရာတိုင်း အစေးထွက်နိုင် သည်နှင့် တူ၏။ မဂ်သတ်မည်။
သမာပတ်ဖြင့် မခွါသေးသော ကိလေသာသည် အဝိက္ခမ္ဘိတ ဥပ္ပန္န မည်၏။ နွယ်ပင် ခုတ်ရာတိုင်း အစေးမထွက်သောနေရာ မရှိသည်နှင့် တူ၏။ မဂ်သတ်မည်။
မဂ်ဖြင့် မသတ်သေးသော ကိလေသာသည် အသမုဂ္ဃါဋိဟ ဥပ္ပန္န မည်၏။ ဘဝဂ်၌ ဖြစ်သူအားလည်း ထိုကိလေသာ ဖြစ်သည်၊ မဂ်သတ်မည်။
ဝတ္တမာန၊ ဘူတာ၊ သြကာသ၊ သမုဒါ-လေးဖြာ မဂ်မသတ်။

မဂ်သတ်ပုံ

သရက်ပင် တပင်၌ အတိတ်သီး စားပြီးပြီ။ ပစ္စုပ္ပန်သီး မသီးဆဲ။ အနာဂတ်သီး မသီးသေး။ ထိုသရက်ပင်ကို ခုတ်လှည်းလျှင် ခုတ်လှည်းဆဲအခါ ဘယ်အသီးမှ မပျက်။ မခုတ်လှည်းခဲ့လျှင် သီးနိုင်သော ကာလဝိမုတ်အသီးတို့သာ မသီးနိုင်ခြင်း အားဖြင့် ပျက်ကုန်၏ဟု ဆိုအပ်ကုန်၏။
ထိုအတူ ဖြစ်ပြီး ချုပ်သွားသော ကိလေသာကို မဂ်မသတ်။ ပစ္စုပ္ပန် ကိလေသာလည်း မဂ်ခဏ၌ မရှိဆဲဖြစ်၍ မဂ်မသတ်။ အနာဂတ် ကိလေသာလည်း မဖြစ်သေး မရှိသေး သောကြောင့် မဂ်မသတ်။ မဂ်မဖြစ်ခဲ့လျှင် ဖြစ်နိုင်သော ကာလဝိမုတ် ကိလေသာ တို့သာ မဖြစ်နိုင်ခြင်းအားဖြင့် သတ်အပ်ကုန်၏ ဟု ဆိုအပ်၏။

တပေါင်းတည်း ဖြစ်ပုံ

လောကုတ္တရာ၌ တပေါင်းတည်း ဖြစ်ပုံကား --
၁။ မဂ်စိတ်ဖြစ်ဆဲခဏ၌ အနုပ္ပန္နအကုသိုလ် မဖြစ်ခြင်းသည် ကိစ္စတပါး။
၂။ ဘူမိလဒ္ဓ ဥပ္ပန္န စသော ဥပ္ပန္နအကုသိုလ်ကို သတ်ခြင်းသည်လည်း ကိစ္စတပါး။
၃။ တသံသရာလုံး မဖြစ်ဘူးသော မဂ်စိတ်ဟူသော အနုပ္ပန္နကုသိုလ် ဖြစ်ခြင်း သည်လည်း ကိစ္စတပါး။
၄။ မဂ်စိတ်၏ ခဏတ္တယ ပဝတ္တိသည်-တည်သည်, တိုးပွါးသည်မည်၏။ ထိုမဂ်စိတ် ဥပ္ပန္နကုသိုလ် တည်ခြင်း, တိုးပွါးခြင်း သည်လည်း ကိစ္စတပါး။
ဤသို့ ကိစ္စလေးပါး တပြိုင်တည်းဖြစ်သည်။
မဂ်စိတ်၌ သမ္မပ္ပဓာန် လေးပါးလုံး ပြိုင်သည်ဟူလို။
ဖိုလ်၌ ထိုကိစ္စမျိုး မရှိ။
(လျှာရှိသူတို့ မြိန်ရှက်ဘွယ် အရသာပေတည်း။)

ဣဒ္ဓိပါဒ်

အဓိဋ္ဌာန်ခြင်း စသည်၏ပြည့်စုံကြောင်း တန်ခိုးအမျိုးမျိုး၌ရှိသော ဉာဏ်သည် ဣဒ္ဓိ မည်၏။ ထိုဉာဏ်၏ အခြေသည် ဣဒ္ဓိပါဒ မည်၏။ စိတ် ၄၂-ခု၌ရှိသော ဆန္ဒ၊ ဝီရိယ၊ စိတ်၊ ပညာ ရ၏။
တနည်း --
ဈာန်၊ မဂ်၊ ဖိုလ်သည် ဣဒ္ဓိမည်၏။
ရှေ့အဘို့၌ဖြစ်သော ဥပစာရ ဝိပဿနာသည် ဣဒ္ဓိပါဒ မည်၏။
တနည်း --
ပဌမဈာန်သည် ဣဒ္ဓိပါဒ။ ဒုတီယဈာန်သည် ဣဒ္ဓိ။
ဤနည်းဖြင့် အောက်အောက်ဈာန် မဂ်သည် အထက်ထက် ဈာန်မဂ်၏ ဣဒ္ဓိပါဒ မည်၏။ အထက်ထက်ဈာန် မဂ်သည် ဣဒ္ဓိမည်၏။
တနည်း --
အဓိပတိတပ်ခိုက် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ လေးပါးသည် ဣဒ္ဓိလည်း မည်၏။ ဣဒ္ဓိပါဒလည်း မည်၏။
ဣန္ဒြေ၊ ဗိုလ်တို့သည် မိဿက သင်္ဂဟနည်းဖြင့် သိလွယ်ကုန်ပြီ။

ဗောဇ္ဈင်

ဥဒယဗ္ဗယဉာဏ် အားထုတ်သည်မှစ၍ သစ္စာလေးပါး သိသည်အထိ ယောဂီသည် ဗောဓိမည်၏။ ဝါ၊ သစ္စာလေးပါး သိကြောင်း၊ ကိလေသာဟူသော အိပ်ခြင်းမှ နိုးကြောင်း၊ ကိလေသာငုံမှ မဂ်ဖိုလ်ပွင့်ကြောင်း တရား ၇-ပါးအပေါင်းသည် ဗောဓိ မည်၏။ ဗောဓိမည်သောပုဂ္ဂိုလ်၏ ဝါ၊ တရားအပေါင်း၏ အကြောင်းအစိတ်တို့သည် ဗောဇ္ဈင်္ဂတို့ မည်ကုန်၏။ စိတ် ၄၂-ခု၌ ရှိသော သတိ စသောတရား ၇-ပါးရ၏။ ဓမ္မဝိစယ ဟူသည် ဝိပဿနာပညာဖြစ်၏။

ဥပေက္ခာဆယ်ပါး

ဥပေက္ခာ သမ္ဗောဇ္ဈင်သည် ဝေဒနာမဟုတ်၊ တတြမဇ္ဈတ္တတာ ဖြစ်၏။
ဥပေက္ခာသည် ဆဠင်္ဂုပေက္ခာ၊ ဗြဟ္မဝိဟာရုပေက္ခာ၊ ဗောဇ္ဈင်္ဂုပေက္ခာ၊ ဝီရိယုပေက္ခာ၊ သင်္ခါရုပေက္ခာ၊ ဝေဒနုပေက္ခာ၊ ဝိပဿနုပေက္ခာ၊ တတြမဇ္ဈတ္တုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ -ဟု ဆယ်ပါးရှိ၏။
ထိုတွင် --
ဝီရိယုပေက္ခာသည် ဝီရိယ။
သင်္ခါရု၊ ဝိပဿနုသည် ပညာ။
ဝေဒနုသည် ဝေဒနာ။
ကြွင်းခြောက်ပါးသည် တတြမဇ္ဈတ္တတာ စေတသိက်ဖြစ်၏။
ဆဠင်္ဂုသည် ရဟန္တာအား ဖြစ်သည်။
ဈာနုသည် စတုတ္ထဈာန်၌ ဖြစ်သည်။
ပါရိသုဒ္ဓုသည် ပဉ္စမဈာန်၌ ဖြစ်သည်။
မဂ္ဂင်သည်သိသာသောနည်းရှိပြီ။
မဂ်စိတ်၌ မဂ္ဂင်ရှစ်ပါးလုံး တပေါင်းတည်း မဂ္ဂင်ကိစ္စပြုသည်။
ဖိုလ်စိတ်၌ တပေါင်းတည်းသာ ဖြစ်သည်၊ မဂ္ဂင်ကိစ္စမပြု။
ဖိုလ်စိတ်၌လည်း မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ - ဟုဟော၏။ ပရိယာယ်သာတည်း။
ဗောဓိပက္ခိယ တရားကိုယ် ၁၄-ပါးတို့တွင် ဝိဝဋ္ဋနိဿိတ ဖြစ်သော မဟာကုသိုလ်။ မဟာကြိယာ၊ အပ္ပနာဇောအားဖြင့် စိတ် ၄၂-ခုသည် စိတ်မည်၏။ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ-နှစ်ပါးကိုလည်း တပေါင်းတည်း ပြုသည်။ ဝဋ္ဋနိဿိတကို ဤသင်္ဂဟ၌ မယူရ၊

သဗ္ဗသင်္ဂဟမှတ်ဘွယ်

ပရမတ္ထတရားလေးပါးကို ခန္ဓာစသည်ဖြင့် အလုံးစုံ ပေါင်းစုခြင်းသည်၊ ဝါ၊ ပေါင်းစုရာသည် သဗ္ဗသင်္ဂဟ မည်၏။

ခန္ဓာ

အတိတ်, အနာဂတ် စသော ၁၁-ပါးသော အပြားဖြင့်ပြားသော တရားတို့သည် တလုံးတည်း, တစုတည်း ပေါင်းစုခြင်း အနက်ကြောင့် ခန္ဓာတို့မည်ကုန်၏။
အတီတ-ချုပ်ပြီး၊
အနာဂတ-မဖြစ်သေး၊
ပစ္စုပ္ပန္န-အကြောင်းကိုစွဲ၍ ဖြစ်ဆဲ (သုံးမျိုး )
အဇ္ဈတ္တ-ကိုယ်တွင်း၊
ဗဟိဒ္ဓ-ကိုယ်ပ (နှစ်မျိုး။)
သြဠာရိက- ရုန့်ရင်းထင်ရှားသည်၊
သုခုမ-သိမွှေ့၍ မထင်ရှား (နှစ်မျိုး။)
ဟီန-အယုတ်၊
ပဏီတ-အမြတ် (နှစ်မျိုး။)
ဒူရ- အဝေး၊
သန္တိက-အနီး (နှစ်မျိုး။)
ဤကား ၁၁-ပါး အပြားတည်း။

ပစ္စုပ္ပန်ခွဲ

ရုပ်၌ ဤတဘဝလုံးရုပ်သည် အဒ္ဓါပစ္စုပ္ပန် မည်၏။
သဘောတူ ဥတုကြောင့်ဖြစ်သော ရုပ်အစဉ်သည်၊
ဝါ၊ သဘောတူ အာဟာရကြောင့်ဖြစ်သော ရုပ်အစဉ်သည်။
ဝါ၊ တဝီထိလုံးကြောင့်၊ ဇောအကြိမ်ကြိမ် တဆက်လုံးကြောင့်၊ သမာပတ် တခုလုံး ကြောင့်ဖြစ်သော ရုပ်အစဉ်သည်
သန္တိတိ ပစ္စုပ္ပန်မည်၏။
တခဏ၊ တနံနက်၊ တနေ့၊ တညဉ့်၊ စသောအချိန် တချိန်၌ ဖြစ်သော ရုပ်အစဉ်သည် သမယပစ္စုပ္ပန် မည်၏။
ဥပါဒ်၊ ဌီ၊ ဘင် ခဏတ္တယသို့ ရောက်ဆဲရုပ်သည် ခဏပစ္စုပ္ပန် မည်၏။
ရုပ်ပစ္စုပ္ပန် လေးမျိုး။
တနည်း - ဟေတုကိစ္စ၊ ဇနကသတ္တိသာပြီး၍ ပစ္စယကိစ္စ၊ ဥပထမ္ဘနသတ္တိ မပြီးသေးသော ရုပ်သည် ပစ္စုပ္ပန်မည်၏။
နာမ်၌ -- တခုသောဝီထိအတွင်း၊ ဇောကြိမ်ကြိမ်အတွင်း၊ သမာပတ်အတွင်း ဖြစ်သော နာမ်သည်၊ ဝါ၊ တခုသောအာရုံ၌ ဖြစ်သော နာမ်သည် သန္တတိ ပစ္စုပ္ပန် မည်၏။
ခဏတ္တယသို့ ရောက်ဆဲနာမ်သည် ခဏပစ္စုပ္ပန် မည်၏။
နာမ်ပစ္စုပ္ပန် နှစ်မျိုး၊
သြဠာရိက စသည်ကို --
ကုသိုလ် အကုသိုလ် စသောဇာတ်ဖြင့်၎င်း၊
သုခ ဒုက္ခ စသော သဘောဖြင့်၎င်း၊
သမာပတ်ဝင်စား မဝင်စားသော ပုဂ္ဂိုလ်ဖြင့်၎င်း၊
လောကီ လောကုတ္တရာဖြင့်၎င်း ခွဲအပ်၏။
စေတောပရိယ အဘိညာ --
ပစ္စုပ္ပန်စိတ်ကို အာရုံပြုရာ၌ ခဏပစ္စုပ္ပန်ကို အာရုံမပြု၊ သန္တတိပစ္စုပ္ပန်ကိုသာ အာရုံပြုသည်။ ဝေါဟာရအများ သုံးစွဲသော ပစ္စုပ္ပန်၌လည်း ခဏကိုမယူကြ။ အဘိဓမ္မာ၌ကား မုချဖြစ်သော ခဏကို အသုံးများသည်။

ခန္ဓာငါးပါးဥပမာ

ခန္ဓာငါးပါး၌ ရုပ်သည် တည်ရာ ဖြစ်သောကြောင့် လူနာရုံနှင့် တူ၏။

ဝေဒနာသည် ခံစားအပ်သောကြောင့် အနာနှင့်တူ၏။

သညာသည် ဝေဒနာကို ဖြစ်စေသောကြောင့် သလိပ်စသော နီးသော အကြောင်းနှင့် တူ၏။

သင်္ခါရသည် မသင့်သော အစာစသော ဝေးသောအကြောင်းနှင့် တူ၏။

ဝိညာဏ်သည် လူနာနှင့်တူ၏၊

(လူနာရုံ၊ အနာ၊ ကိုယ်တွင်း သလိပ်စသည်၊ ကိုယ်ပအစာ စသည်၊ လူနာ ဤ ငါးမျိုးနှင့် စဉ်တိုင်းတူ၏။)

တနည်း --

နှောင်အိမ် အမျိုးမျိုး၊ ညှဉ်းဆဲခြင်း၊ ခိုးမှုစသော အပြစ်၊ သူသတ်ယောက်ျား၊ ခိုးသူနှင့်၎င်း တူ၏။

စားခွက်၊ ထမင်း၊ ဟင်းလျာ၊ ကျွေးသူ၊ စားသူနှင့်၎င်း -- အစဉ်အတိုင်း တူ၏။

---

ခန္ဓာငါးပါး ရှုဘွယ်

ဤခန္ဓာငါးပါးအပေါင်းသည် ရန်သူငါးယောက်နှင့် တူလေစွ၊ ဝန်ထုပ်ကြီး ငါးထုပ်နှင့် တူစွ၊ ထိုးဆွတတ် ကိုက်ခဲတတ်လေစွ၊ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်လေစွ၊ သံလျှက်မိုးသော သူသတ်ယောက်ျား ငါးယောက်နှင့် တူလေစွဟု ဖန်ဖန်ရှုအပ်၏။

တနည်း -

ရုပ်သည် အနှစ်မပါ စွန့်ပစ်စရာ ရေမြှုပ် နှင့်တူလှ၏တကား။

ဝေဒနာသည် အသုံးချ၍မရသော ရေပွက်နှင့် တူလှ၏။

သညာသည် အထင်လွဲစေသော တံလျှပ်နှင့် တူလှ၏။

သင်္ခါရသည် အကာအဖတ် တခုလုံးဖြစ်သော ငှက်ပျောတုံးနှင့် တူလှ၏၊

ဝိညာဏ်သည် လှည့်စားသော မျက်လှည့်နှင့် တူလှ၏တကား-ဟု ဖန်ဖန်ရှုအပ်၏။

(ရေမြှုပ်၊ ရေပွက်၊ တံလျှပ်၊ ငှက်ပျောတုံး၊ မျက်လှည့်။)

---

သီးခြားခန္ဓာနှစ်ပါး

ဝေဒနာ၊ သညာကို စေတသိက် ချင်းတူလျက် အဘယ်ကြောင့် ခန္ဓာသီးခြားသနည်း?

ဝဋ်ဆင်းရဲတို့၌ သာယာခြင်းတခု။

သာယာခြင်း၏ အဆောက်အဦ တခုဖြစ်သောကြောင့်တည်း။

ဝေဒနာသည် တေဘူမက ဓမ္မတို့၌ သာယာခြင်း အစွမ်းဖြင့်ဖြစ်၏။ သညာသည် အသုဘ၌ သုဘ-စသော ဝိပလ္လာသစွမ်းဖြင့် ဖြစ်၍ သာယာခြင်း၏ အဆောက်အဦ ဖြစ်၏။

ဤသို့ သံသရာ၏ ပဓာနအကြောင်း ရှိခြင်းကြောင့် ဤနှစ်ပါးကို ခွဲ၍ သီးခြား ဟောသည်။ သံသရာရှည်အောင် ဝေဒနာ သာယာသည်၊ ဝေဒနာကို သညာ အားပေးသည် ဟူလို။

---

ခန္ဓဝိမုတ်

နိဗ္ဗာန်သည် အတိတ်နိဗ္ဗာန် စသည်ဖြင့် မပြား၊ ကာလဝိမုတ်နိဗ္ဗာန် တပါးတည်းသာ ဖြစ်၏။ ဗဟိဒ္ဓသာ၊ သုခုမသာ၊ ပဏီတသာ၊ ဒူရသာ-ဖြစ်၏။ ၁၁-ပါး အပြားမရှိသဖြင့် ပေါင်းစုခြင်း အနက်မရှိသောကြောင့် ခန္ဓာအမည် မရ။

---

ဥပါဒါနက္ခန္ဓာ

ဥပါဒါန်လေးပါးတို့၏ အာရုံဖြစ်သော ခန္ဓာတို့သည် ဥပါဒါနက္ခန္ဓာတို့ မည်ကုန်၏။ လောကီ လောကုတ္တရာ မထူးမူ၍ သဘောတူ အားလုံ ပေါင်းခြင်းငှါ ခန္ဓာငါးပါးကို ဟောသည်။ လောကီသက်သက်ကို ဝိပဿနာ၏ အာရုံဟု ပြခြင်းငှါ ဥပါဒါနက္ခန္ဓာ ငါးပါးကို ဟောသည်။

ဝေဒနာစသော လေးပါးသည် လောကီ၊ လောကုတ္တရာ နှစ်မျိုးစီ။

ရုပ်ကား ကာမာဝစရ - လောကီသာတည်း။

သဘောတူပေါင်းစုခြင်း တနက်ဖြင့် ခန္ဓာမည်၏။

ဥပါဒါန်၏ အာရုံဖြစ်ခြင်း၊ ပေါင်းစုခြင်း နှစ်နက်ဖြင့် ဥပါဒါနက္ခန္ဓာ မည်၏။

---

အာယတန

စိတ် စေတသိက်တို့၏ မိမိကိစ္စဖြင့် အားထုတ်ရာ နေရာသည် အာယတန မည်၏။

စိတ် စေတသိက်တို့ကို ချဲ့တတ်သောကြောင့်လည်း အာယတန မည်၏။

သံသရာရှည်အောင် ဆောင်တတ်သောကြောင့်လည်း အာယတနမည်၏။

စိတ် စေတသိက်တို့၏ နေရာ၊ ရောပြွမ်း၍ တည်ရာ၊ ပေါင်းဆုံရာ၊ မွေးဖွားရာ၊ အကြောင်းရင်းခံ-ဟူသော အနက်ကြောင့်လည်း အာယတန မည်၏။

---

အာယတန ရှုဘွယ်

ဤအာယတန ၁၂-ပါးသည် အရပ်၊ တပါးမှလည်း မလာဘဲ၊ အရပ်တပါးသို့လည်း မသွားဘဲ ချုပ်တတ်၏။ ဝိညာဏ်ဖြစ်အောင်လည်း အားမထုတ်တတ်၊ မကြောင့်ကြ တတ်ဟု ရှုအပ်၏။

တနည်း --

အဇ္ဈတ္တိကာယတန ၆-ပါးသည် မြွေ၊ မိချောင်း၊ ငှက်၊ အိမ်ခွေး၊ တောခွေး၊ မျောက်-ဤ ၆-ကောင်နှင့် တူ၏။ ဗာဟိရာယတန ၆-ပါးသည် အမှိုက်ပုံ၊ ရေအောင်း၊ ကောင်းကင်၊ မီးဖိုချောင်၊ သူကောင်ရှိသော သုသာန်၊ တောအုပ်- ၆-နေရာနှင့်တူ၏။ အဇ္ဈတ္တိက သည် ရွာပျက်ခင်းနှင့် တူ၏။ ဗာဟိရသည် ရွာဖျက်သော ခိုးသူ ဓားပြနှင့် တူ၏-ဟု ရှုအပ်၏။

---

ဓာတ်

မိမိသဘောကိုဆောင်တတ်သောသဘောတရားသည် ဓာတ်မည်၏။

ဝါ၊ များစွာသော သံသရာဒုက္ခကို စီရင်သောကြောင့် ဓာတ်မည်၏။

ဝန်ထုပ် ကိုယ်ကဲ့သို့ ထမ်းဆောင် အပ်သောကြောင့် ဓာတ်မည်၏။

အလိုက်မသိ ဒုက္ခစီမံခြင်းမျှ ဖြစ်သောကြောင့် ဓာတ်မည်၏။

သတ္တဝါတို့ ဒုက္ခရှာ၌ အကြောင်းဖြစ်သောကြောင့် ဓာတ်မည်၏။

ရှာ၍ရသမျှ ဒုက္ခကို လှောင်ထားရာ ဖြစ်သောကြောင့် ဓာတ်မည်၏။

ကိုယ်အစိတ် သွေး သည်းခြေသည် သွေသည်းခြေသည် ဓာတ်မည်သကဲ့သို့-

ကျောက်အစိတ် ဆေးဒါန်း၊ မြင်းသီလာသည် ဓာတ်မည်သကဲ့သို့-

သိအပ်သော ဉေယျဓမ်တရား၏ အစိတ်ဖြစ် သောကြောင့် ဓာတ်မည်၏။

အသက်ဇီဝ မဟုတ်ခြင်းကြောင့်လည်း ဓာတ်မည်၏။

ကျွတ်ထိုက်သူ အချို့တို့သည် ဝိညာဏ်၌ ဇီဝဟု သညာရှိကုန်၏။ ဝါ၊ အသက် တလုံးတခဲတည်း ခွဲစိတ်မရ၊ ဘယ်အခါမျှမပျက်-ဟု မှတ်ထင်ကုန်၏။ ထိုသူတို့အား ဝိညာဏဓာတ် ခုနှစ်ပါး အစိတ်အပိုင်း များပုံကို၎င်း၊ ဝတ္ထုနှင့်အာရုံ အကြောင်းဆုံမှ ဖြစ်ရသဖြင့် အမြဲမရှိ ပျက်စီးပုံကို၎င်းပြ၍၊ ထိုဇီဝသညာကို ပယ်နှုတ်ခြင်းငှါ ဓာတ် ၁၈-ပါးကို ဟောသည်။

---

ဓာတ်ရှုဘွယ်

နိဗ္ဗာန်မှ တပါးသော သင်္ခတဓာတ်တို့သည် ဥပါဒ်ရှေ့၊ ဘင်နောက်-အစွန်းနှစ်ဘက်မှ ဆိတ်ကုန်၏။ သုဘ၊ နိစ္စ၊ သုခ၊ အတ္တမှ ဆိတ်ကုန်၏။ အကြောင်း ညီညွှတ်မှ ဖြစ်ကုန်၏-ဟု ရှုအပ်၏။

စက္ခုစသော ဒွါရဓာတ် ၆-ပါးသည် စည်ကြီးသဘွယ် ဖြစ်၏။

ရူပစသော အာရုံဓာတ် ၆-ပါးသည် လက်ခတ်သဘွယ် ဖြစ်၏။

စက္ခုဝိညာဏ်စသော ဝိညာဏဓာတ် ၆ -ပါးသည် စည်သံသဘွယ်ဖြစ်၏။

တနည်း --

ဒွါရ၊ အာရုံ၊ ဝိညာဏ် - ဤဓာတ် သုံးမျိုးသည် မှန်ပြင်သဘွယ်၊ မျက်နှာသဘွယ်၊ အရိပ်သဘွယ်ဖြစ်၏။ ဝါ၊ နှမ်းသဘွယ်၊ ကျည်ပွေ့သဘွယ်၊ ဆီသဘွယ်ဖြစ်၏။ ဝါ၊ ပွတ်ခုံသဘွယ်၊ ပွတ်ကျေးသဘွယ်၊ မီးသဘွယ်ဖြစ်၏-ဟု ရှုအပ်၏။

မနောဓာတ်သည် ပဉ္စဝိညာဏ်၏ ရှေ့သွားနှင့်၎င်း, နောက်သွားနှင့်၎င်း တူ၏။

ဝေဒနာသည် မြှားငြောင့် တံကျင်နှင့် တူ၏။

သညာ သင်္ခါရသည် ငြောင့်စူးနာနှင့် တူ၏။

ပုထုဇဉ်သညာသည် တွယ်တာစေသောကြောင့် အချည်းနှီးသော လက်ဆုပ်နှင့်တူ၏။

အလွဲထင်တတ်သောကြောင့် တောသမင်နှင့် တူ၏။

သင်္ခါရသည် ပဋိသန္ဓေကို ဖြစ်စေသောကြောင့် မီးကျီးတွင်းသို့ ပစ်ချသူနှင့် တူ၏။

ဇာတိဒုက္ခ ထက်ချပ်ရှိသောကြောင့် မင်းချင်းလိုက်သော ခိုးသူနှင့် တူ၏။

အကျိုးမရှိသောခန္ဓာစဉ်ကို ဖြစ်စေသောကြောင့် အဆိပ်မျိုးစေ့နှင့် တူ၏

ရုပ်သည် ဘေးမျိုးစုံစေသောကြောင့် သင်ဓုန်းစက်နှင့်တူ၏ - ဟု ရှုအပ်၏။

အသင်္ခတ နိဗ္ဗာနဓာတ်သည် သေခြင်းမရှိ၊ ငြိမ်သက်၏။ ဘေးမရှိ-ဟု ရှုအပ်၏၊ မနောဝိညာဏဓာတ်သည် အာရုံတခုလွှတ်၍ တခုယူတတ်သောကြောင့် တောမျောက် နှင့် တူ၏။ ဆုံးမခက်သောကြောင့် မြင်းယုတ်နှင့် တူ၏။ ကျလိုရာ ကျတတ် သောကြောင့် ကောင်းကင်သို့ ပစ်သော တုတ်နှင့်တူ၏။ ကိလေသာ မျိုးစုံ ယှဉ်သောကြောင့် ကချေသည်မနှင့်တူ၏ - ဟု ရှုအပ်၏။

---

သစ္စာ

သစ္စာ လေးပါးတို့သည် --

အရိယာတို့၏ + သိအပ်သောသစ္စာ၊

ဘုရားရှင်၏ + ဟောအပ်သောသစ္စာ။

အရိယာပုဂ္ဂိုလ် ဖြစ်အောင် + ပြုသောသစ္စာ။

မချွတ်မယွင်း မှန်ကန်သော + သစ္စာတို့ ဖြစ်ကုန်၏၊

အနက်လေးနည်း။

---

ပုဒ်အနက်

ဒု-စက်ဆုပ်စရာ+ခ-အချည်းနှီး။

စက်ဆုပ်စရာ အချည်းနှီးဖြစ်သော တရားသည် ဒုက္ခမည်၏။

သံ-ပေါင်းဆုံမိလျှင် + ဥ-ဖြစ်ခြင်း၏ + အယ-အကြောင်း၊

အဝိဇ္ဇာစသော အကြောင်းတပါးနှင့် ပေါင်းဆုံမိလျှင် ဒုက္ခသစ္စာဖြစ်ခြင်း၏။

အကြောင်းဖြစ်သော တရားသည် သမုဒယမည်၏။

ရောဓ-ဒုက္ခ + နိ-မရှိ။

သံသရာဒုက္ခ မရှိရာ အရပ်သည် နိရောဓ မည်၏။

ဝါ၊ ဒုက္ခချုပ်ရာ ချုပ်ကြောင်းသည် နိရောဓမည်၏။

မရ-သတ်လျက် + ဂမု-သွားသည်။

ကိလေသာကို အကြွင်းမဲ့သတ်လျက် နိဗ္ဗာန်သို့ သွာသောတရားသည် မဂ္ဂမည်၏။

(မရဂမုမှ မဂ္ဂဖြစ်။)

---

သစ္စာအနက် ၁၆-ချက်

ဒုက္ခသစ္စာသည် နှိပ်စက်တတ်၏။ ပြုပြင်အပ်၏။ ပူပန်စေအပ်၏။ ဖောက်ပြန်၏။ လေးနက်။

သမုဒယသည် အားထုတ်၏။ အကြောင်းဖြစ်၏။ ယှဉ်တွဲစေ၏။ (ဒုက္ခနှင့် တွဲပေးခြင်းတည်း။) နှောင့်ယှက်တတ်၏။ လေးနက်။

နိရောဓသည် ထွက်မြောက်တတ်၏၊ ဆိတ်ငြိမ်၏။ မပြုပြင်အပ်။ မသေတတ်။ လေးနက်။

မဂ္ဂသည် ထုတ်ဆောင်တတ်၏။ အကြောင်းဖြစ်၏။ သိမြင်တတ်၏။ ကြီးကဲ၏။ လေးနက်။

ဤသို့ ၁၆-နက် သိအပ်၏။

---

လက္ခဏာ စသည်

ဒုက္ခသစ္စာသည် နှိပ်စက်ခြင်း လက္ခဏာ ရှိ၏။

သမုဒယသည် ဖြစ်ကြောင်း လက္ခဏာရှိ၏။

နိရောဓသည် ငြိမ်သက်ခြင်း လက္ခဏာရှိ၏။

မဂ္ဂသည် ထုတ်ဆောင်ခြင်း လက္ခဏာ ရှိ၏။

ဝါ ဖြစ်ခြင်း၊ ဖြစ်စေခြင်း၊ နစ်ခြင်း၊ နစ်စေခြင်း လက္ခဏာ လေးပါးစဉ်တိုင်း ရှိ၏။

ဝါ၊ ပြုပြင်ခြင်း၊ ပူပန်မက်မောခြင်း၊ မပြုပြင်ခြင်း၊ နိဗ္ဗာန်ကိုမြင်ခြင်း လက္ခဏာ စဉ်တိုင်း ရှိ၏။

ပြင်းစွာပူလောင်စေခြင်းကိစ္စ၊ ဒုက္ခမပြတ် ဖြစ်စေခြင်းကိစ္စ၊ မသေခြင်းကိစ္စ၊ ကိလေသာ ပယ်ခြင်းကိစ္စ လေးပါးစဉ်တိုင်းရှိ၏။

ဖြစ်လာသော တရားဟူ၍၎င်း၊

နှောင့်ယှက်သော တရားဟူ၍၎င်း၊

သင်္ခါရနိမိတ် ကင်းဆိတ်သော တရားဟူ၍၎င်း၊

အဇ္ဈတ္တ ဗဟိဒ္ဓမှ ထသောတရား ဟူ၍၎င်း၊

ရှုသူဉာဏ်အား ထင်ရှားသော အခြင်းအရာလေးပါး စဉ်တိုင်း ရှိ၏။

ပဒဋ္ဌာန် မပြ။

---

သစ္စာမည်ခြင်း

မနှိပ်စက်တတ်သော ဒုက္ခဟူ၍ မရှိ။ ဒုက္ခမှတပါး နှိပ်စက်တတ်သော တရားဟူ၍ မရှိ။ ဤသို့ အမြဲအစွဲ မှန်ကန်ခြင်းကြောင့်၊ ဝါ၊ မဖောက်ပြန်ခြင်းကြောင့်၊ ဝါ၊ ထင်ရှားခြင်း ကြောင့် ဒုက္ခသည် သစ္စာမည်၏။

ဒုက္ခကို မဖြစ်စေသော တဏှာ မရှိ။ တဏှာမှတပါး ဒုက္ခကိုဖြစ်စေသော တရား မရှိ။

မငြိမ်သက်သော နိဗ္ဗာန်မရှိ။ နိဗ္ဗာန်မှတပါး ငြိမ်သက်သော တရား မရှိ။

မထုတ်ဆောင်သောမဂ် မရှိ။ မဂ်မှတပါး ထုတ်ဆောင်သောတရား မရှိ။

ဤသို့ အမြဲအစွဲ မှန်ကန်ခြင်း၊ မဖောက်ပြန်ခြင်း၊ ထင်ရှားခြင်းကြောင့် သစ္စာမည်၏။

---

ဒုက္ခ ၁၂-မျိုး

ဒုက္ခသစ္စာသည် --

ဇာတိ-ပဋိသန္ဓေနေခြင်း၊

ဇရာ-အိုခြင်း၊

မရဏ-သေခြင်း၊

သောက- စိုးရိမ်ခြင်း၊

ပရိဒေဝ-ငိုကြွေးခြင်း၊

ဒုက္ခ-ကိုယ်နာခြင်း၊

ဒေါမနဿ-စိတ်နာခြင်း၊

ဥပါယာသ-ပြင်းစွာပင်ပန်းခြင်း။

အပ္ပိယသမ္ပယောဂ-မချစ်သူနှင့် တွေ့ဆုံခြင်း၊

ပိယဝိပ္ပယောဂ-ချစ်သူနှင့် ကွေကွင်းခြင်း၊

ဣစ္ဆိတာ လာဘ-လိုတိုင်းမရခြင်း၊

ဝါ၊ မရစကောင်းကို တောင့်တခြင်း၊

သံခိတ္တေနပစ္စုပါဒါနက္ခန္ဓ – အကျဉ်းအားဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါး-

ဤသို့ ၁၂-မျိုး ရှိ၏။

---

ဒုက္ခခွဲ

ကိုယ်နာ၊ စိတ်နာသည် ဒုက္ခစစ်ဖြစ်၍ ဒုက္ခဒုက္ခ မည်၏။

သုခသည် ဖောက်ပြန်လျှင် ဆင်းရဲကြောင်းဖြစ်၍ ဝိပရိဏာမဒုက္ခမည်၏။

ဥပေက္ခာနှင့် ကြွင်းသင်္ခါရသည် ဖြစ်ခြင်း ပျက်ခြင်းအမြဲရှိ၍ သင်္ခါရဒုက္ခမည်၏။

သုံးမျိုး၊

တနည်း -

သွားနာ၊ နားနာစသည်၊ ရာဂပူပန်ခြင်း စသည်သည် မထင်ရှား- ပဋိစ္ဆန္နဒုက္ခ မည်၏၊

ရိုက်နှက်၍ ဒဏ်ရာရခြင်းသည် ထင်ရှား၏- အပဋိစ္ဆန္နဒုက္ခ မည်၏။

နှစ်မျိုး။

တနည်း -

ကိုယ်နာ၊ စိတ်နာသည် ဧကန်ဆင်းရဲ၏၊ နိပ္ပရိယာယ ဒုက္ခ မည်၏။

ကြွင်းသမျှသင်္ခါရဒုက္ခသည် ကိုယ်နာ၊ စိတ်နာတို့၏ တည်ရာဖြစ်၏ အကြောင်း ဖြစ်၏။ ပရိယာယဒုက္ခ မည်၏။ နှစ်မျိုး၊

ထိုကြောင့် သောက၊ ဒုက္ခ၊ ဒေါမနဿ - ဤသုံးမျိုးသာ ဒုက္ခအစစ် နိပ္ပရိယာယဒုက္ခ မည်၏၊ မုချဒုက္ခ မည်၏။ ကြွင်းကိုးမျိုးသည် ကိုယ်နာမဟုတ်၊ စိတ်နာမဟုတ်၊ ကိုယ်နာစိတ်နာတို့၏ တည်ရာအကြောင်း ဖြစ်၍ ဒုက္ခစစ် မဟုတ်။ ပရိယာယဒုက္ခ မည်၏။ သင်္ခါရဒုက္ခ မည်၏၊။ ဝိပရိဏာမဒုက္ခ မည်၏။

---

သံခိတ်ဒုက္ခ

ဇာတိစသည်ဖြင့် ဟောသော ဒုက္ခ၊ မဟောသော ဒုက္ခဟူသမျှသည် ဥပါဒါနက္ခန္ဓာ ကိုသာ ညှဉ်းဆဲလျက် ရှိ၏။ မှက်ခြင်အပေါင်းသည် နွားတကောင်ကိုသာ ဝိုင်းအုံ၍ ကိုက်ခဲသကဲ့သို့တည်း။

ဒုက္ခဟူသမျှသည် ဥပါဒါနက္ခန္ဓာ၌သာ တည်၏၊ မြက်နွယ်အပေါင်းသည် မြေ၌သာ တည်သကဲ့သို့တည်း။ မရေတွက်နိုင်အောင် များလှသော ဒုက္ခဟူသမျှ၏ ဒုက္ခအရသာသည် ဥပါဒါနက္ခန္ဓာ၌သာ တည်၏။ သမုဒြာလေးစင်း ရေအရသာသည် ရေတပေါက်၌ တည်သကဲ့သို့တည်း။ ဤနည်းဖြင့် ဒုက္ခအားလုံး ကုန်စင်အောင် ချုံးလို၍ ဤအဆုံးသက် သံခိတ်ဒုက္ခကို ဟောတော်မူလေသည်။

---

သမုဒယသုံးမျိုး

သမုဒယ သစ္စာသည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ-ဟုသုံးမျိုး ရှိ၏။ ပိယရုပ်၊ သာတရုပ် မည်သော ဥပါဒါနက္ခန္ဓာငါးပါး လောကီတရား၌သာ အာရုံပြု သောအားဖြင့် တည်၏။ ဤတဏှာ သုံးမျိုးသည် အာရုံ ၆-ပါး အားဖြင့် ၁၈-မျိုး၊ ကာလ သုံးပါးအားဖြင့် ၅၄-မျိုး၊ အဇ္ဈတ္တိကဗာဟိရသန္တာန် နှစ်ပါးအားဖြင့် ၁၀၈-မျိုးဖြစ်၏၊

(တဏှာသုံးတန်၊ တည်၍ခံ၊ အာ၊ ကာ၊ သန်ဖြင့်မြှောက်၊ တဏှာအစစ်-တရာ့ရှစ်-- ဖြစ်၏ ထိုမျှလောက်။)

---

အကြောင်းထူး

ဒုက္ခ၏အကြောင်း များစွာရှိလျှက် တဏှာကိုသာ အဘယ်ကြောင့် သမုဒယဟု ဟောသနည်း? ထူးသော အကြောင်း ဖြစ်သောကြောင့်တည်း၊

ထူးပုံကား --

အဝိဇ္ဇာသည် အာရုံ၏အပြစ်ကို မမြင်အောင် ဖုံးရုံသာ ဖုံး၏။ ဒိဋ္ဌိစသည်သည် တဏှာ ပွါးကြောင်းမျှသာဖြစ်၏။ ဒေါသစသည်သည် စေတနာကံ၏ အကြောင်းမျှသာဖြစ်၏၊ တဏှာကား ဘဝစည်းစိမ် ဆန်းကြယ်ခြင်းကို မှတ်သား၏၊ အမြင်ကျယ်၏၊ အပြစ် ဒုက္ခကို မမြင်၊ နိစ္စ သုခ အတ္တထင်၍ လိုချင် တောင့်တ၏၊ ရစိမ့်သောငှါအကြောင်း ကံကို အဆန်းတကြယ် စီမံ၏၊ ကံ၏မှီရာ၊ အကြောင်း၊ အဘော်၊ အားပေးသူ-ဖြစ်၏၊ ကံကြောင့်ဖြစ်သော ဘဝစည်းစိမ် ဟူသမျှသည် ဆန်းကြယ်သော ဒုက္ခ ရောက်ကြောင်း တဏှာစွမ်းသာတည်း၊ ဤသို့ဒုက္ခ၏ ထူးသော အကြောင်း ဖြစ်သောကြောင့် တဏှာကိုသာ သမုဒယဟု ဟောသည်။

တဏှာအမြင် ကျယ်သလောက် ကံဆန်းကြယ်သည်၊

ကံဆန်းကြယ်သလောက် ဒုက္ခ ဆန်းကြယ်သည်။

---

နိရောဓဓာတ်

နိရောဓ သစ္စာသည် ထိုတဏှာ သုံးမျိုး၏ အကြွင်းမဲ့ချုပ်ရာ ချုပ်ကြောင်း ဝိရာဂ၊ နိရောဓ-စသည် မည်သော နိဗ္ဗာနဓာတ် ဖြစ်၏။

ဤနိဗ္ဗာနဓာတ်သည် ဒုက္ခ ၁ ၂ - မျိုးချုပ်ရာဖြစ်၏၊

ဒုက္ခချုပ်အောင် ဒုက္ခကိုမသတ်ရ၊ အကြောင်း သမုဒယကို သတ်ရသည်။

သစ်ပင် သေအောင် အညွန့် မဖြတ်ရ၊ အမြစ်ဖြတ်ရသည်နှင့် တူ၏။

ခဲပစ်ခံရသော ခြင်္သေ့သည် ခဲကိုမနှိပ်စက်၊

ပစ်သူကိုနှိပ်စက်ခြင်းဖြင့် နောက်ထပ် ခဲမကျ။

တိတ္ထိတို့ကား ဒုက္ခချုပ်အောင် ရေငုပ်ခြင်း၊ မီးလှုံခြင်း၊ ဆူး၌အိပ်ခြင်း စသည်ဖြင့် ဒုက္ခကိုပင် သတ်ကုန်၏။ သစ်ပင်သေအောင် အညွန့်ဖြတ်သည်နှင့်တူ၏။ ဒုက္ခမချုပ်၊ အကြောင်း အမြစ်ရင်း မသိရှာကြကုန်။ ခဲပစ်ခံရသော အိမ်ခွေးသည် ပစ်သူကို မကိုက်၊ ခဲကိုသာကိုက်ခြင်းဖြင့် နောက်ထပ် ဖန်ဖန်ခဲကျ ပြန်သည်။

---

တဏှာ၏သင်းချိုင်း

ထိုသမုဒ္ဓယကို အရိယာမဂ်ဖြင့် အမြစ်ဖြတ်သောအခါ မဂ်သည် နိဗ္ဗာန်ကို အာရုံပြုခြင်းကြောင့် သမုဒယသည် နောင်မဖြစ်နိုင်ခြင်းသို့ ရောက်၏။

တောအုပ်၌ ထကြွသော ခိုးသူကိုဖမ်း၍ မြို့အနီး၌ သတ်သော်လည်း တောအုပ်၌ ခိုးသူသေပြီဟု ဆိုအပ်သကဲ့သို့ နိဗ္ဗာန်မြို့ အာရုံပြု၍ သတ်သော်လည်း ပီတရုပ် သာတရုပ် တောအုပ်၌သာ တဏှာချုပ်ခြင်းသို့ ရောက်သည်ဟု ဆိုအပ်၏။ ထကြွရာအရပ်၌ မထကြွနိုင်ပြီ ဖြစ်သောကြောင့်တည်း။

---

မုချနိဗ္ဗာန်

သစ်ပင်အမြစ်ဖြတ်လျှင် သီးနေကျ အသီးမသီးနိုင်၍ ပျက်သကဲ့သို့ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်အာရုံပြုလျှင် ဖြစ်နေကျ ကိလေသာ မဖြစ်နိုင်၍ ချုပ်-ပျက်၏၊ ထို ချုပ်ပျက်ခြင်း သည် အနုပ္ပါဒနိရောဓ မည်၏။ မုချ နိဗ္ဗာန် မဟုတ်သေး၊ ဤနိရောဓ၏ အကြောင်း ဥပနိဿယသတ္တိရှိသော မဂ်အာရုံ သည်သာလျှင် မုချ နိဗ္ဗာန်မည်၏။ သိမ်မွေ့လှ၏။ တဏှာရောက်အောင် အာရုံမပြုနိုင်။

---

မဂ္ဂရှစ်မျိုး

မဂ္ဂသစ္စာသည် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ စသည်ဖြင့် ရှစ်မျိုးရှိ၏။ မဂ်စိတ်ဖြစ်ခိုက် စေတသိက် ၃၆-ခုတို့တွင် ပညာ၊ ဝိတက်-စသော ရှစ်ခုသည် မဂ္ဂသစ္စာ မည်၏။

---

သစ္စဝိမုတ်

ကြွင်းသော စေတသိက် ၂၈-ခုနှင့် မဂ်စိတ်သည် မဂ်စိတ္တုပ္ပါဒ် ၂၉-ခုဖြစ်၏။ ဖိုလ်စိတ်ဖြစ်ခိုက် စေတသိက် ၃၆-ခုနှင့် ဖိုလ်စိတ်သည် ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုဖြစ်၏။ ဤမဂ် စိတ္တုပ္ပါဒ် ၂၉-ခု၊ ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ခုသည် သစ္စာလေးပါးမှ လွတ်၏။

ပရိယာယ်အားဖြင့်ကား ဖိုလ်စိတ်၌ သမ္မာဒိဋ္ဌိ စသော ရှစ်ပါးကို မဂ္ဂင်္ဂံ မဂ္ဂပရိယာပန္နံ- ဟု ဟောသောကြောင့် မဂ္ဂသစ္စာ၌၎င်း၊ အကြွင်းတို့ကိုသင်္ခါရ ဒုက္ခ သာမညအားဖြင့် ဒုက္ခသစ္စာ၌၎င်း ရေထွက်နိုင်၏၊ မုချမရေတွက်အပ်။

---

သစ္စာသိကျိုး

ဒုက္ခသိလျှင် ခန္ဓာငါးပါး၌ သုဘ၊ နိစ္စ၊ သုခ၊ အတ္တ-ဟု ယူသောအစွဲမှားကို ပယ်နိုင်သည်။

သမုဒယသိလျှင် ဗြဟ္မာဗိဿဏိုး ဖန်ဆင်း၏ဟု အကြောင်းလွဲသော အကျင့်ကိုပယ် နိုင်သည်၊

နိရောဓသိလျှင် အရူပဘုံကို နိဗ္ဗာန်ဟု အထင်မှားသော အကျင့်ကိုပယ်နိုင်သည်။

မဂ္ဂသိလျှင် ကာမသုခလ္လိက စသည်ကို နိဗ္ဗာန် ရောက်ကြောင်းဟု ယူသော အကျင့်ပျက်ကို ပယ်နိုင်သည်။

သစ္စာလေးပါး မသိလျှင် လောက၌ဖြစ်ခြင်း၊ ဖြစ်ခြင်းအကြောင်း၊ ချုပ်ခြင်း၊ ချုပ်ခြင်း အကြောင်း - ဤလေးပါးတို့၌ တွေဝေ၏။

---

သစ္စာဥပမာ

ဒုက္ခသစ္စာသည် ဝန်ထုပ်၊

သမုဒယသည် ဝန်ထုပ်ထမ်းယူခြင်း၊

နိရောဓသည် ဝန်ထုပ် ချခြင်း၊

မဂ္ဂသည် ဝန်ထုပ်ချနိုင်ကြောင်း နှင့်တူ၏၊

တနည်း --

အနာ၊ အနာဖြစ်ကြောင်း၊ အနာပျောက်ခြင်း၊ ဆေးကောင်းနှင့် စဉ်တိုင်းတူ၏။

ငတ်မွတ်ခြင်း၊ မိုးခေါင်ခြင်း၊ ဝပြောခြင်း၊ မိုးကောင်းခြင်းနှင့်၎င်း၊

ဤမှာဘက်ကမ်း၊ ရေအယဉ်၊ ထိုမှာဘက်ကမ်း၊ ကူးခြင်းလုံ့လနှင့်၎င်း၊

ရန်သူ၊ ဒေါသ၊ မေတ္တာ၊ ချီးမြှောက် စောင်မခြင်းနှင့်၎င်း စဉ်တိုင်းတူ၏။

---

စတုက္ကလေးချက်

ကြွင်း မဂ်စိတ္တုပ္ပါဒ်၊ ဖိုလ်စိတ္တုပ္ပါဒ်သည် သင်္ခါရဒုက္ခဖြစ်၍ ဒုက္ခသာ မည်သည်၊ သစ္စာမမည်။

နိဗ္ဗာန်၊ လောဘ၊ မဂ္ဂတို့သည် သစ္စာသာမည်၏-ဒုက္ခ မမည်၊

တဏှာကြဉ်သော လောကီခန္ဓာငါးပါးသည် ဒုက္ခလည်းမည်- သစ္စာလည်း မည်။

ကြွင်းမဂ်စိတ္တုပ္ပါဒ် ဖိုလ်စိတ္တုပ္ပါဒ်သည် မုချအားဖြင့် ဒုက္ခလည်း မမည်-သစ္စာလည်း မမည်။

တဏှာမှတပါးသော ကိလေသာစသည်သည် သမုဒယသာမည်၏၊ သစ္စာမမည်။

ဒုက္ခ၊ နိရောဓ၊ မဂ္ဂသည် သစ္စာသာမည်၊ သမုဒယ မမည်၊

တဏှာသည် နှစ်ပါးစုံ မည်၏၊

ကြွင်းမဂ်ဖိုလ် စိတ္တုပ္ပါဒ်သည် နှစ်ပါးစုံမမည်။

သင်္ခါရနိရောဓ၊ နိရောဓသမာပတ်သည် နိရောဓသာမည်၊ သစ္စာ မမည်။

ဒုက္ခ၊ သမုဒယ၊ မဂ္ဂသည် သစ္စာသာမည်-နိရောဓ မမည်။

နိဗ္ဗာန်သည် နှစ်ပါးစုံမည်။

ကြွင်း မဂ်ဖိုလ် စိတ္တုပ္ပါဒ်သည် နှစ်ပါးစုံမမည်။

ပဉ္စင်္ဂိကမဂ်၊ ဇင်္ဃမဂ်၊ သကဋမဂ် စသည်သည် မဂ္ဂသာမည်-သစ္စာမမည်။

ဒုက္ခ၊ သမုဒယ၊ နိရောဓသည် သစ္စာသာမည်-မဂ္ဂမမည်။

မဂ္ဂင်ရှစ်ပါးသည် နှစ်ပါးစုံမည်။

ကြွင်း မဂ်ဖိုလ် စိတ္တုပ္ပါဒ်သည် နှစ်ပါးစုံမမည်။

---

သုည

ဒုက္ခသာရှိသည်-ဆင်းရဲသူမရှိ။

တဏှာသာရှိသည် တပ်နှစ်သက်သူမရှိ။

နိဗ္ဗာန်သာရှိသည်-ငြိမ်းချုပ်သူမရှိ။

မဂ္ဂသာရှိသည်-သွားသူကျင့်သူ မရှိ၊

နိဗ္ဗာန်သည် အတ္တမှဆိတ်၏။

မဂ္ဂသည် ဓုဝ၊ သုခ၊ အတ္တ-သုံးပါးမှ ဆိတ်၏။

ဒုက္ခ၊ သမုဒယသည် သုဘ၊ ဓုဝ၊ သုခ၊ အတ္တ-လေးပါးမှ ဆိတ်၏။

နိရောဓသည် ကြွင်းသုံးပါးမှ၊ ကြွင်းသုံးပါးသည် နိရောဓမှဆိတ်၏။

သမုဒယ၊ မဂ္ဂသည် အကျိုးမှ၊ ကြွင်းနှစ်ပါးသည် အကြောင်းမှ ဆိတ်၏။

---

အသိခဲယဉ်းပုံ

အဝေးမှ သံကောက်ပေါက်ငယ်ဖြင့် အဆင့်ဆင့် မချွတ်ယွင်းအောင် မြှားပစ်သွင်း နိုင်ခြင်းသည် ခဲယဉ်းလှ၏။

အစိတ်တရာ စိတ်သော သားမြီး၏ အစွန်းတခုဖြင့် အစွန်းတခုကို ထိအောင် ထိုးခြင်းသည် သာ၍ ခဲယဉ်း၏။

သစ္စာလေးပါး သိခြင်းကား ထိုထက်လွန်၍ အခဲယဉ်းဆုံး ဖြစ်၏။

ခုနစ်နှစ်သားအရွယ်တို့ သစ္စာလေးပါး လွယ်ကူစွာ သိနိုင်ခြင်းကား ဖြည့်အပ်သော ပါရမီကြောင့်သာတည်း။

ထိုကြောင့် ပါရမီပြည့်အောင် အားထုတ်ရေး၌ နုန့်နှေးနွဲ့ဖင့် အချိန်မဆွဲရာ။

---

သဘောတူ မတူ

သစ္စာလေးပါးသည် မှန်ကန်ခြင်း၊ အတ္တဆိတ်ခြင်း၊ သိနိုင်ခဲခြင်း အားဖြင့်တူ၏။ လက္ခဏာမတူ။

ဒုက္ခ၊ သမုဒယသည် သိနိုင်ခဲသဖြင့် နက်နဲခြင်း၊ လောကီဖြစ်ခြင်း၊ အာသဝ၏ အာရုံဖြစ်ခြင်း အားဖြင့်တူ၏။ ကျိုးကြောင်းမတူ၊ သိအပ်ပယ်အပ် မတူ၊ နောက် နှစ်ပါးသည် နက်နဲသဖြင့် သိနိုင်ခဲခြင်း၊ လောကုတ္တရာ ဖြစ်ခြင်း၊ အနာသဝဖြစ်ခြင်း အားဖြင့်တူ၏။ အာရုံအာရမ္မဏိက မတူ၊ မျက်မှောက်ပြုအပ်-ပွါးစေအပ် မတူ။

ပဌမနှင့် တတီယသည် အကျိုးအားဖြင့် တူ၏၊ သင်္ခတ-အသင်္ခတ မတူ။

ဒုတီယနှင့် စတုတ္ထသည် အကြောင်းအားဖြင့် တူ၏၊ ကုသိုလ် အကုသိုလ် မတူ။

ပဌမနှင့် စတုတ္ထသည် သင်္ခတအားဖြင့်တူ၏၊ လောကီ လောကုတ္တရာ မတူ။

ဒုတီယနှင့် တတီယသည် နေဝသေက္ခ နာသေက္ခအားဖြင့် တူ၏၊ အာရုံပြုတတ် မပြုတတ်အားဖြင့် မတူ။

---

သုံးဦးကြိုက်တရား

သတ္တဝါတို့သည် --

နာမ်ကို၊ ရုပ်ကို၊ နှစ်ပါးစုံကို-တွေဝေသူဟု သုံးယောက်ရှိ၏။

ဝါ၊ ဉာဏ်ဣန္ဒြေထက်၊ မထက်၊ နုံ့သူဟု သုံးယောက်၊

ဝါ၊ ကျဉ်းကြိုက်၊ လတ်ကြိုက်၊ ကျယ်ကြိုက်သူဟ ုသုံးယောက်ရှိ၏။

ထိုတွင် နာမ်၌တွေဝေသူအား ချီးမြှောက်ခြင်းငှါ ခန္ဓာငါးပါးကို ဟောသည်။ ထို၌ နမ်ကို ခန္ဓာလေးပါးဖြင့် ဝေဘန်ပြသည်။

ရုပ်၌ တွေဝေသူအား ချီးမြှောက်ခြင်းငှါ အာယတန ၁၂-ပါးကို ဟောသည်။ ထို၌ ရုပ်ကို ဆယ်ပါးခွဲဖြင့် ဝေဘန်ပြသည်။

နှစ်ပါးစုံ၌ တွေဝေသူအား ချီးမြှောက်ခြင်းငှါ ဓာတ် ၁၈-ပါးကို ဟောသည်၊ ထို၌ ရုပ်ကိုလည်း ဓာတ်များစွာဖြင့် နာမ်ကိုလည်း ဓာတ်များစွာဖြင့် ဝေဘန်ပြသည်။

ထိုနည်းအတူ --

ဉာဏ်ဣန္ဒြေ ထက်သူအတွက် အကျဉ်းကြိုက်သူအတွက် ခန္ဓာငါးပါးကို၊

မထက်သူ၊ အလတ်ကြိုက်သူအတွက် အာယတန ၁၂-ပါးကို၊

နုံ့သူ၊ အကျယ်ကြိုက်သူအတွက် ဓာတ် ၁၂-ပါးကို ဟောသည်။

ထို ခန္ဓာ၊ အာယတန၊ ဓာတ်-သုံးမျိုးလုံးသည် ဖြစ်ခြင်း၊ ဖြစ်ကြောင်း၊ နစ်ခြင်း၊ နစ်ကြောင်းအားဖြင့် လေးစိတ်ကွဲ မြင်အောင် ရှုရသည်။ ထိုသို့ မိမိအား ရှုသူကို ချမ်းသာအထူး ကျေးဇူးများအောင် ရွက်ဆောင်သည်။ တပါးသော ခြင်းရာဖြင့် ရှုသူကို မဆောင်။ ထိုကြောင့် သစ္စာလေးပါးကို ဟောသည်။

သမုစ္စည်းပိုင်းအရသာ ပြီး၏။

---

၈ - ပစ္စည်းပိုင်း

အကြောင်း ပစ္စည်းတရားတို့သည် အကျိုးပစ္စယုပ္ပန် တရားတို့အား (တည်တံ့ခြင်းငှါ ဖြစ်ပေါ်ခြင်းငှါ) ကျေးဇူးပြုကုန်၏။ ထိုပစ္စည်းကို၎င်း၊ ထိုပစ္စယုပ္ပန်ကို၎င်း၊ ထို ကျေးဇူးပြုပုံကို၎င်း ထိုက်သည်အားလျော်စွာ ဆိုပေအံ့။

(စိတ်၊ စေတသိက်၊ ရုပ်သည် သင်္ခတ မည်၏။ ပစ္စည်း ပစ္စယုပ္ပန် နှစ်မျိုးလုံး ဖြစ်ကောင်းသည်။ နိဗ္ဗာန်ပညပ်သည် အသင်္ခတ မည်၏။ ပစ္စည်းသာ ဖြစ်ကောင်းသည်၊ ပစ္စယုပ္ပန် မဖြစ်ကောင်း။ အကြောင်းကြောင့်ဖြစ်သော အကျိုး မဟုတ်။

ဖြစ်ပေါ်ခြင်းငှါ သက်သက်ကား - အနန္တရ စသော ငါးခု၊ တည်တံ့ခြင်းငှါ- ပစ္ဆာဇာတသာ။ ဖြစ်ပေါ်တည်တံ့ခြင်းငှါ .ဟေတုစသော ၁၈။)

---

နည်းနှစ်ပါး

ပဋိစ္စသမုပ္ပါဒ်နည်း၊ ပဋ္ဌာန်းနည်းဟု ပစ္စယသင်္ဂဟ နှစ်ခု သိအပ်၏။ ထိုတွင် အကြောင်း ဖြစ်လျှင် အကျိုး ဖြစ်လေ့ရှိသဖြင့် ထိုအကျိုးတို့၏ ဖြစ်ပုံခြင်းရာ သာမညဖြင့် မှတ်အပ်သောနည်းသည် ပဋိစ္စသမုပ္ပါဒ်နည်း မည်၏။ (ကျဉ်း၏။)

သတ္တိထူး ပြု၍ဖြစ်သော ၂၄-ပစ္စည်းကို အကြောင်းပြု၍ ဆိုသောနည်းသည် ပဋ္ဌာန်းနည်း မည်၏။ (ကျယ်၏။)

အာဟစ္စ-အထူးပြု၍ + ပစ္စယ-ကျေးဇူးပြုသည်။

ဤ ၂၄-ပစ္စည်းသည် အကျိုးဖြစ်ပေါ်အောင် သတ္တိအထူးပြု၍၎င်း + ကျေးဇူးပြုသော ကြောင့်၎င်း အာဟစ္စ ပစ္စယ မည်၏။ အကျိုး၏ တည်ရာဖြစ်သောကြောင့် ဌိတိလည်း မည်၏။

နည်းနှစ်ပါးကိုရော၍ အဋ္ဌကထာဆရာတို့ ချဲ့ကုန် ဖွင့်ကုန်၏။

---

ပဋိစ္စသမုပ္ပါဒ်နည်း

အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။

သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏။

ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်၏။

နာမ်ရုပ်ကြောင့် သဠာယတန ဖြစ်၏၊

သဠာယတနကြောင့် ဖဿဖြစ်၏။

ဖဿကြောင့် ဝေဒနာဖြစ်၏။

ဝေဒနာကြောင့် တဏှာဖြစ်၏၊

တဏှာကြောင့် ဥပါဒါန်ဖြစ်၏။

ဥပါဒါန်ကြောင့် ဘဝ ဖြစ်၏။

ဘဝကြောင့် ဇာတိဖြစ်၏။

(ဝါ-ကမ္မဘဝကြောင့် ဥပပတ္တိ ဘဝဟူသော ဇာတိဖြစ်၏။

ဇာတိကြောင့် ဇရာ မရဏဖြစ်၏။

သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတို့ ဖြစ်ကုန်၏။

ဤသို့အကြောင်း အဆက်ဆက်ဖြင့် ဆင်းရဲအစုသာ ထင်ရှားစွာ ဖြစ်၏။

ဤကား ပဋိစ္စသမုပ္ပါဒ်နည်းတည်း။)

---

ခွဲပုံမာတိကာ

ဤပဋိစ္စသမုပ္ပါဒ်နည်း၌ ကာလ ၃-ပါး။ အင်္ဂါ ၁၂-ပါး။ အခြင်းအရာ ၂၀။ အစပ် ၃-ပါး။ အလွှာ ၄-ပါး။ ဝဋ် ၃-ပါး။ မူလ ၂-ပါး-တို့ကို သိအပ်ကုန်၏။

---

ကာလ ၃-ပါး

အဝိဇ္ဇာ၊ သင်္ခါရသည် အတိတ်ကာလ မည်၏-နှစ်ပါး။

ဇာတိ၊ ဇရာ မရဏသည် အနာဂတ် ကာလ မည်၏- နှစ်ပါး။

အလယ် ရှစ်ပါးသည် ပစ္စုပ္ပန်ကာလ မည်၏ နှစ်ပါး။

ဤကား ကာလသုံးပါးတည်း။

---

အင်္ဂါ ၁၂-ပါး

အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာ မရဏ။ ဤကား အင်္ဂါ ၁၂-ပါးတည်း။

သောကစသော ငါးပါးကား ဇာတိ၏ အကျိုးဆက် အကျိုးဖျားသာ ဖြစ်သည်။ မုချ အကျိုးရင်း မဟုတ်။ ထိုကြောင့် အင်္ဂါသီးခြား မယူရ။

---

ခြင်းရာ ၂၀-စသည်

အဝိဇ္ဇာ၊ သင်္ခါရကိုယူလျှင် တဏှာ၊ ဥပါဒါန်၊ ဘဝ-ကိုလည်း ယူရသည်-(ငါးပါး)။

တဏှာ၊ ဥပါဒါန်၊ ဘဝကိုယူလျှင် အဝိဇ္ဇာ သင်္ခါရကိုလည်း ယူရသည်(ငါးပါး)။

ဇာတိ၊ ဇရာ မရဏ (ဟူသောဂုဏ်နှစ်ပါး)ကို ယူလျှင်ကား ဝိညာဏ်စသော အကျိုး (ဒြပ်) ငါးပါးကို ယူခြင်းသာ ဖြစ်၏။ (ငါးပါး)

ဇာတိ၊ ဇရာ မရဏသည် ထိုငါးပါး၏ဂုဏ် ဥပါဒ်၊ ဌီ၊ ဘင်မျှသာဖြစ်သောကြောင့် ၇-ပါး မဖြစ်။ ၅-ပါးသာတည်း၊

ထိုကြောင့် ဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘဝသည် အတိတ်အကြောင်း ငါးပါး မည်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန ၊ ဖဿ၊ ဝေဒနာသည် ပစ္စုပ္ပန် အကျိုး ငါးပါး မည်၏။ (ဤကား ပုဗ္ဗန္တဘဝစက်တည်း။ ၇-ပါး အရင်းခံသည်။)

တဏှာ၊ ဥပါဒါန်၊ ဘဝ။ အဝိဇ္ဖာ၊ သင်္ခါရသည် ပစ္စုပ္ပန် အကြောင်းငါးပါး မည်၏။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာသည် အနာဂတ်အကျိုး ငါးပါး မည်၏။ (ဤကား အပရန္တ ဘဝစက်တည်း။ ၅-ပါး အရင်းခံသည်။)

ဤသို့လျှင် အခြင်းအရာ ၂၀၊ အစပ်သုံးပါး၊ အလွှာလေးပါး တို့ဖြစ်ကုန်၏။

(ဥပပတ္တိဘဝကား အနာဂတ်အကျိုး ဇာတိ၌ ပါဝင်၏၊

ဝိပါကဝဋ် ဖလပဉ္စက၌ ရှုအပ်၏။)

---

ဝဋ်သုံးပါး

အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသဝဋ် မည်၏-(သုံးပါး)။

ကမ္မဘဝဟု ဆိုအပ်သော ဘဝတစိတ်နှင့် သင်္ခါရသည် ကမ္မဝဋ် မည်၏။ (နှစ်ပါး၊ ဝါ-တပါးခွဲ)။

ဥပပတ္တိဘဝ ဟုဆိုအပ်သော ဘဝတစိတ်နှင့် အကြွင်းသည် ဝိပါကဝဋ် မည်၏။ (ရှစ်ပါး၊ ဝါ-ခုနှစ်ပါးခွဲ)

ဤကား ဝဋ်သုံးပါးတည်း။

(ဘဝကို ကမ္မဘဝ၊ ဥပပတ္တိဘဝဟု နှစ်မျိုးခွဲသည်။ မသိလျှင် ဆဲ့သုံးဖြစ်လတ္တံ့။)

ကိ-သုံး၊ ကံ-နှစ်၊ ဝိပါက်-ရှစ်၊ ဆဲ့နှစ်ဖြစ်နိုင်စေ။

---

မူလ ၂ပါး

အဝိဇ္ဇာသည် ပုဗ္ဗန္တဘဝစက်၏ မူလမည်၏။

တဏှာသည် အပရန္တဘဝစက်၏ မူလမည်၏။

ဤကား မူလနှစ်ပါးတည်း။

---

ဝဋ်ပြတ်ပုံ လည်ပုံ

ထို (အမြစ်) မူလနှစ်ပါး အကြွင်းမဲ့ ပြတ်မှသာ သံသရာဝဋ် ပြတ်သည်။ မပြတ်နိုင်ကြောင်းကား - တွေဝေမိန်းမောသော ဇရာမရဏ၏ အနှိပ်အစက်မပြတ် ခံရသူတို့အား မအိုလို မသေလိုသော ကာမာသဝ စသည်တို့သည် ဖြစ်တတ်ကုန်၏။

(သောက၊ ပရိဒေဝ - စသည်တို့၏ အနှိပ်စက်ခံရ သူတို့အားလည်း ကာမာသဝ စသည်တို့ဖြစ်ကုန်၏။)

အာသဝတို့ ဖြစ်သောကြောင့် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ထိုသို့ဖြစ်သောကြောင့် မပြတ်နိုင်။

ဤနည်းဖြင့် ဝဋ်သုံးပါးသည် မပြတ်လည်၏။ ဘုံသုံးပါး၌ဖြစ်၏။ အစမရှိ။ အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ အကျိုးတို့၏ ဖြစ်ရာဌာန ဖြစ်၏။ ထိုကြောင့် ဤဝဋ်သုံးပါးသည် ပဋိစ္စသမုပ္ပါဒ် မည်၏။ ဤသို့ဘုရားရှင် ဟောတော်မူလေသည်။

---

ပဋိစ္စသမုပ္ပါဒ် အရကောက်

သစ္စာလေးပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဤရှစ်ဌာန၌ တွေဝေသော မောဟသည် အဝိဇ္ဇာမည်၏။

(အတိတ် ခန္ဓာစသော သံသရာ အစွန်းသည် ပုဗ္ဗန္တမည်၏-စသည်ဖြင့် သိအပ်၏။)

ကာမကုသိုလ်၊ အကုသိုလ်၊ ရူပကုသိုလ်၊ အရူပကုသိုလ် စေတနာ ၂၉-ခုသည် သင်္ခါရ မည်၏။

ထိုတွင် ကာမကုသိုလ်၊ ရူပကုသိုလ်စေတနာ ၁၃-ခုသည် ပုညာဘိသင်္ခါရ မည်၏။

အကုသိုလ်စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရမည်၏။

အရူပ ကုသိုလ်စေတနာ ၄-ခုသည် အာနေဉ္ဇာဘိသင်္ခါရ မည်၏။

တနည်း-

ကာယဒွါရ၌ဖြစ်သော ကာမကုသိုလ်၊ အကုသိုလ်စေတနာ ၂၀-သည် ကာယသင်္ခါရ မည်၏။

ဝစီဒွါရ၌ဖြစ်သော ထိုစေတနာ ၂ဝ-သည် ဝစီသင်္ခါရ မည်၏။

မနောဒွါရ၌ဖြစ်သော စေတနာ ၂၉-ခုလုံးသည် စိတ္တသင်္ခါရ မည်၏။

ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ၁၉-ခု၊

ပဝတ္တိအခါ လောကီဝိပါက် ၃၂-ခုသည် ဝိညာဏ် မည်၏။

လောကီဝိပါက် ၃၂-ခု၌ရှိသော စေတသိက် ခန္ဓာသုံးပါးသည် နာမ်မည်၏။

ကမ္မဇရုပ်သည် ရုပ်မည်၏။

အဇ္ဈတ္တိကာယတန ခြောက်ပါးသည် သဠာယတန မည်၏။

လောကီဝိပါက် ၃၂-ခု၌ရှိသော ဖဿ ၃၂-ခုသည် ဖဿ မည်၏။

ထိုဖဿ ၃၂-ခုနှင့် အတူဖြစ်သော ဝေဒနာ ၃၂-ခု သည် ဝေဒနာမည်၏။

ဝေဒနာကြောင့် အာရုံခြောက်ပါး၌ နှစ်သက်သော တဏှာ ၆-ပါးသည် တဏှာမည်၏။

အားကြီးသော တဏှာနှင့် ဒိဋ္ဌိသည် ဥပါဒါန်မည်၏။

ဘဝသည် ကမ္မဘဝ၊ ဥပပတ္တိဘဝ-ဟုနှစ်မျိုးပြား၏။

ထိုတွင် ပုညာဘိသင်္ခါရစသော စေတနာ ၂၉-ပါးသည် ကမ္မဘဝ မည်၏။

စေတနာနှင့် ယှဉ်သော ဘဝဂါမိကံ ၂၉-ခုသည်လည်း ကမ္မဘ၀ မည်၏။

(လောကီကုသိုလ်၊ အကုသိုလ် ၂၉-ခု စိတ္တုပ္ပါဒ်ကို ဘဝဂါမိကံ ဟုဆိုသည်။)။

ဥပပတ္တိဘဝသည် ကာမဘဝ၊ ရူပဘဝ၊ အရူဝဘ၀-ဟုသုံးပါး။

သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ-ဟုသုံးပါး။

ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ-ဟုသုံးပါး။

ဤသို့ ကိုးပါးဖြစ်၏။

နိပ္ဖန္နရုပ်၊ နာမက္ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏။

နိပ္ဖန္နရုပ်၊ နာမက္ခန္ဓာတို့၏ ရင့်ခြင်း ပျက်ခြင်းသည် ဇရာ မရဏမည်၏။

စိုးရိမ်ပူဆွေးသော ဒေါသမူ၌ရှိသော ဒေါမနဿ ဝေဒနာသည် သောကမည်၏။

ဆွေမျိုး ပျက်စီးခြင်း စသည်တို့ကြောင့် ငိုကြွေး မြည်တမ်းသော စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်သည် (ဝါ-ငိုသံသည်) ပရိဒေဝ မည်၏။

ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ရှိသော ဒုက္ခဝေဒနာ (ကိုယ်နာ)သည် ဒုက္ခမည်၏။

ဒေါသမူဒွေ၌ ရှိသော ဒေါမနဿဝေဒနာ (စိတ်နာ) သည် ဒေါမနဿမည်၏။

ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့် ဖြစ်သော ပြင်းစွာ စိတ်ပင်ပန်းခြင်းသည် (ဝါ-ဒေါသ စေတသိက်သည်) ဥပါယာသ မည်၏။

ဤကား သုတ္တန္တ ဘာဇနီယ နည်းတည်း။

ထိုမှတပါး အဘိဓမ္မဘာဇနီယနည်း၊ ဓာတုကထာနည်း တို့ကိုလည်း သိအောင် အားထုတ်အပ်ကုန်၏။ ဓာတုကထာ၌ ဇရာနှင့်မရဏကို ခွဲသည်။ ဤ၌ အင်္ဂါ တခုတည်း ပြုသည်။

---

အခြင်းအရာ စသည်၌ မှတ်ဘွယ်

ကံ-ကိလေသာချင်း

အဝိဇ္ဇာ၊သင်္ခါရကိုယူလျှင် အဘယ်ကြောင့် တဏှာ၊ ဥပါဒါန်၊ ဘဝကို ယူသနည်း?

ကိလေသာချင်းတူ၊ ကံချင်းတူသောကြောင့်တည်း။ အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ၊ ဥပါဒါန်လည်း ကိလေသာ - ဤသုံးခု ကိလေသာဝဋ်ချင်း တူသည်။ သင်္ခါရလည်းကံ၊ ကမ္မဘဝ တစိတ်လည်း ကံ - ဤနှစ်ခု ကမ္မဝဋ်ချင်း တူသည်၊ တဏှာ၊ ဥပါဒါန်၊ ဘဝကိုယူလျှင်လည်း တူပြီ။

ဂုဏ် ဂုဏေ

ဇာတိ၊ ဇရာ၊ မရဏကို ယူလျှင် ဝိညာဏ်စသော အကျိုးငါးပါးကို ယူခြင်းသာ ဟူသည် အဘယ်ကြောင့်နည်း?

ဂုဏ်နှင့်ဂုဏေ ခွဲ၍ မရသောကြောင့်တည်း။ (ဝါ- ဌာနီနှင့် ဌာနခွဲ၍မရ။ ဂုဏ်နှင့်ဒြပ် ခွဲ၍ မရသောကြောင့်တည်း။) ဇာတိ၊ ဇရာ မရဏသည် ဝိညာဏ်စသော ငါးပါး၏ ဥပါဒ်၊ ဌီ၊ ဘင်ဖြစ်၍ ဂုဏ်ဖြစ်၏။ ဌာနီဖြစ်၏။ ငါးပါးကား ဂုဏေဖြစ်၏၊ ဌာနဖြစ်၏၊ ဒြဗ်ဖြစ်၏။

ဂုဏ်နှစ်ပါးယူလျှင် ဒြပ်ငါးပါး ပါ၏။ ဒြဗ်ငါးပါးယူလျှင် ဂုဏ်နှစ်ပါး ပါ၏။ ခွဲ၍မရ။ အင်္ဂါအားဖြင့် ခုနစ်ပါး။ ဒြဗ်အားဖြင့်ငါးပါး။ ဂုဏ်အားဖြင့်နှစ်ပါးဖြစ်၏။ ဤ၌ ဒြဗ်အားဖြင့် ယူသောကြောင့် ခုနစ်ပါးမဖြစ်၊ ငါးပါးသာဖြစ်သည်။

---

တိသန္ဓိ စသည်

သင်္ခါရနှင့် ဝိညာဏ်အကြား - ဟေတုဖလ တစပ်။

ဝေဒနာနှင့် တဏှာအကြား- ဖလဟေတု တစပ်။

ဘဝနှင့်ဇာတိအကြား-ဟေတုဖလ တစပ်။

ဤသို့သုံးစပ်ဖြစ်၏။

အစပ်သုံးပါး၏ အစအဆုံးအားဖြင့် လေးပါးသည် အလွှာလေးပါး မည်၏။ အကျဉ်းအဘို့ သင်္ခေပ လေးထပ်မည်၏။

အတိတ်အကြောင် ငါးပါး၊ ပစ္စုပ္ပန် အကြောင်းငါးပါးသည် ကိလေသာနှင့် ကံသာဖြစ်၍ အကြောင်းမျိုးစေ့ချင်း တူသောကြောင့် အကြောင်း ကမ္မဝဋ်ဆယ်ပါး မည်၏။ ပစ္စုပ္ပန် အကျိုးငါးပါး၊ အနာဂတ်အကျိုးငါးပါးသည် အကျိုးဝိပါကဝဋ်ဆယ်ပါး မည်၏။ နှစ်ရပ်ပေါင်းလျှင် အခြင်းအရာ နှစ်ဆယ်ဖြစ်၏။

ဤဘဝစက်သည် အကြောင်းမကင်း၊ အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်၏။ ကာလ ကြာရှည်မတည်၊ မခိုင်ခံ့၊ အကြောင်းဓမ္မတို့ကြောင့် အကျိုး ဓမ္မတို့၏ဖြစ်ခြင်းသာ တည်း။ ဖြစ်စေတတ်သော ငါ သူတပါး မရှိ။ အကြောင်းကို ချုပ်စေရမည်ဟု ဟောသည်၊ အကြောင်းချုပ်လျှင် ဘဝစက်ရပ်၍ သံသရာဝဋ် ပြတ်လေ၏။

ဤသို့ ဒုက္ခဓမ္မတို့၏ ဖြစ်ခြင်း, ဝဋ်ဒုက္ခပြတ်ခြင်း, တရားဟောခြင်း - ဤ သုံးပါး ရှိသောကြောင့် “ဤသာသနာ၌ ဒုက္ခကင်းအောင် ပြုခြင်းငှါ ဗြဟ္မစရိယရှိသည်” ဟု ယုံကြည်အပ်၏။ ပုဂ္ဂိုလ်သတ္တဝါ မရှိ၊ ဒုက္ခဓမ္မအစုသာရှိသည်ဟု သိလျှင် သဿတ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးလည်း မဖြစ်ပြီ။

---

မူလ

မြွေ၏ဦးခေါင်းကို ကိုင်လျှင် လက်ကို မြွေရစ်ပတ်သကဲ့သို့ အဝိဇ္ဇာ တဏှာ မကင်းလျှင် ဝဋ်သုံးပါး ရစ်ပတ်၏။ အဆက်ဆက် မပြတ်။ အဝိဇ္ဇာသည် ဒုဂ္ဂတိ ခေါင်းဆောင်။ တဏှာသည် သုဂတိခေါင်းဆောင်၊ ဤသို့ ဝဋ်သုံးပါး၏ ပဓာန အကြောင်း ဖြစ်သောကြောင့် အဝိဇ္ဇာနှင့်တဏှာသည် မူလမည်၏၊

---

ပုဗ္ဗန္တစက်

အဝိဇ္ဇာသည် အတိတ်အဘို့မှ ပစ္စုပ္ပန်ဝိပါက် ဖြစ်အောင် ဆောင်သည်။ ဝေဒနာအထိ ဖြစ်အောင် ဆောင်သည်။ ထိုကြောင့် ပုဗ္ဗန္တမူလ မည်၏။

ဝေဒနာကြောင့် တဏှာဖြစ်သောအခါ အဝိဇ္ဇာလည်း တဏှာနှင့်အတူဖြစ်သည် ထိုကြောင့် “ဝေဒနာပစ္စယာ အဝိဇ္ဇာ” ဟုလှည့်ခွေအပ်၏။ ဤသို့ အဝိဇ္ဇာမူလက- ပုဗ္ဗန္တစက်ဝိုင်း တခုဖြစ်၏။ ဤစက်၌ အင်္ဂါ ၇-ပါးသာ လည်သလော ဟူမူ။

အတိတ်ဘဝ အဝိဇ္ဇာ၌တဏှာ၊ ဥပါဒါန် ပါဝင်သည်၊ သင်္ခါရ၌ ဘဝပါဝင်သည်။ ပစ္စုပ္ပန်ဘဝ ဝိညာဏ် စသော ငါးပါး၌ ဇာတိ၊ ဇရာမရဏ ပါဝင်သည်။ အင်္ဂါ ၁၂-ပါး အပြည့်လည်သည်။

---

အပရန္တ စက်

တဏှာသည် ပစ္စုပ္ပန်မှ အနာဂတ်ဝိပါက်ကို ဆက်၍ ချဲ့ထွင်သည်၊ ဇရာ မရဏအထိ ချဲ့ထွင်သည်၊ ထိုကြောင့် အပရန္တမူလ မည်၏။

ဇရာ မရဏ ဖြစ်သောအခါ သောကစသည် ပါဝင်ပြီးဖြစ်၍ အာသဝလည်းဖြစ်သည်။ ကာမာသဝသည် တဏှာပင်တည်း။ ထိုကြောင့် “ဇရာမရဏပစ္စယာ တဏှာ” ဟု လှည့်ခွေအပ်၏။ ဤသို့ တဏှာမူလကအပရန္တ စက်ဝိုင်း တခုဖြစ်၏၊ ဤစက်၌ အင်္ဂါငါးပါးသာ လည်သလော ဟူမူ။

ပစ္စုပ္ပန်ဘ၀ တဏှာ၊ ဥပါဒါန်၌ အဝိဇ္ဇာမည်၏။ ဘဝ၌ သင်္ခါရမည်၏။ အနာဂတ်ဘဝ-ဇာတိ၊ ဇရာမရဏ၌ ဝိညာဏ်စသော ငါးပါး ပါဝင်သည်။ အင်္ဂါ ၁၂-ပါး အပြည့် လည်သည်။

သတ္တဝါအပေါင်းသည် မူလနှစ်ပါး ခိုင်မြဲသော ဤ စက်ဝိုင်းရှစ်ခုဖြင့် မရပ်မတည် တလည်တည်း လည်ကုန်၏၊

---

စက်နှစ်ခု ဟောကြောင်း

အဝိဇ္ဇာ မူလရှိသော ပုဗ္ဗန္တစက်ကို ဒိဋ္ဌိစရိုက်ရှိသူစွမ်းဖြင့် ဟောသည်။ ဒိဋ္ဌိများသူကို အဝိဇ္ဇာသည် သံသရာရှည်အောင် ဆောင်သောကြောင့်တည်း။

တနည်း - ဥစ္ဆေဒဒိဋ္ဌိကို ပယ်နိုင်ခြင်းငှါ ဟောသည်၊ ကြောင်းကျိုး မပြတ် ဖြစ်သည်ကို ပြသောကြောင့်တည်း။

တနည်း - ဂဗ္ဘသေယျကစွမ်းဖြင့် ဟောသည်၊ ကလလ ရေကြည် ဝိညာဏ်မှနာမ်ရုပ်၊ သဠာယတန စဉ်၍ဖြစ်ပုံကို ပြသောကြောင့်တည်း။

တဏှာမူလရှိသော အပရန္တစက်ကို တဏှာစရိုက် ရှိသူစွမ်းဖြင့် ဟောသည်၊ တဏှာများသူကို တဏှာသည် သံသရာရှည်အောင် ဆောင်သောကြောင့်တည်း။

တနည်း - သဿတဒိဋ္ဌိကို ပယ်နိုင်ခြင်းငှါ ဟောသည်၊ ဖြစ်ဖြစ်သမျှတို့၏ ဇရာ၊ မရဏကို ပြသောကြောင့်တည်း။

တနည်း - သြပပါတိကစွမ်းဖြင့် ဟောသည်။ ဇာတိအင်္ဂါဖြင့် တကွဖြစ်ခြင်းကို ပြသောကြောင့်တည်း။

---

ပဋ္ဌာန်းနည်း

ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော - အစရှိသော ၂၄-ပစ္စည်းသည် ပဋ္ဌာန်းနည်း မည်၏။

ထိုတွင် ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် ဟေတုပစ္စည်း မည်၏။ သစ်မြစ်သည် သစ်ကိုင်း သစ်ခက်တို့အား စည်ပင်စေ၍ မြဲစွာ တည်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မြဲစွာတည်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် အာရမ္မဏပစ္စည်း မည်၏။ ဘောင်ဝှေး ကြိုးတန်းသည် ကျိုးသူ ကန်းသူတို့အား ဆွဲရာ ထောက်ရာ အားယူစရာ သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား - အားယူစရာ သတ္တိဖြင့် ကျေးဇူးပြု၏။

အလေးအမြတ် ပြုအပ်သော အာရုံဖြစ်၍၎င်း၊ အဓိပတိလေးပါး တပါးပါးဖြစ်၍၎င်း ကျေးဇူးပြုခြင်းသည် အဓိပတိပစ္စည်း မည်၏။ စကြာမင်းသည် နိုင်ငံသားတို့အား တဦးတည်း ကြီးကဲသောသတ္တိဖြင့် ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား တဦးတည်း ကြီးကဲသော သတ္တိဖြင့် ကျေးဇူးပြု၏။

အခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်းသည် အနန္တရပစ္စည်းမည်၏။ စကြာမင်း နတ်ရွာစံခြင်း သည် သားကြီးအား အခြားမရှိ မင်းဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား အခြားမရှိဖြစ်စေသော သတ္တိဖြင့်ကျေးဇူးပြု၏။

ကောင်းစွာအခြားမဲ့ဖြစ်၍ ကျေးဇူးပြုခြင်းသည် သမနန္တရပစ္စည်း မည်၏။ စကြာမင်း တောထွက်ခြင်းသည် သားကြီးအား ကောင်းစွာအခြားမရှိ မင်းဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ကောင်းစွာ အခြားမရှိ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

(ဒေသနာဝိလာသ၊ ဝေနေယျဇ္ဈာသယ စွမ်းဖြင့် ထပ်ဟောသည်၊ အထူးမရှိ။)

တကွဖြစ်၍ ကျေးဇူးပြုခြင်းသည် သဟဇာတ ပစ္စည်းမည်၏။ ဆီမီးသည် အလင်းရောင် အား တကွဖြစ်စေသော သတ္တိဖြင့်ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား တကွဖြစ်စေသော သတ္တိဖြင့်ကျေးဇူးပြု၏။

အချင်းချင်းဖြစ်၍ ကျေးဇူးပြုခြင်းသည် အညမညပစ္စည်း မည်၏။ သစ်သားသုံးချောင်း လေးချောင်းမှီ၍ ထောင်ခြင်းသည် အချင်းချင်း ကူညီထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား အချင်းချင်း ကူညီထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြု၏။

မှီရာဖြစ်၍ ကျေးဇူးပြုခြင်းသည် နိဿယပစ္စည်း မည်၏။ မြေကြီးသည် သစ်ပင် တို့အား တည်ရာမှီရာ သတ္တိဖြင့် ကျေဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား မှီရာ သတ္တိဖြင့် ကျေးဇူးပြု၏။

အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုခြင်းသည် ဥပနိဿယပစ္စည်း မည်၏။ မိုးလေးလရွာသော မိုးသည် သစ်ပင် သတ္တဝါတို့အား အားကြီးသောအကြောင်း သတ္တိဖြင့် ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား အားကြီးသော အကြောင်း သတ္တိ ဖြင့်ကျေးဇူးပြု၏၊

ရှေးဦးစွာဖြစ်၍ မိမိရှိခိုက် ကျေးဇူးပြုခြင်းသည် ပုရေဇာတပစ္စည်း မည်၏။ ကမ္ဘာဦး နေလသည် အလင်းမှီသော သတ္တဝါတို့အား ရှေးဦးဖြစ်၍ မိမိရှိခိုက် ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ရှေးဦးဖြစ်၍ မိမိရှိခိုက် ထောက်ပံ့သော သတ္တိဖြင့်ကျေးဇူးပြု၏။

နောက်မှဖြစ်၍ ကျေးဇူးပြုခြင်းသည် ပစ္ဆာဇာတပစ္စည်း မည်၏။ လင်းတငယ်တို့၏ နောက်မှဖြစ်သော စားလိုသော အာသာသည်၊ ဝါ၊ အာသာနှင့်ယှဉ်သော စေတနာသည် ရှေးဦးစွာဖြစ်သော ကိုယ်အား ထောက်ပံ့သောသတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စပ္ပန်တရားတို့အား နောက်မှဖြစ်၍ ထောက်ပံ့သောသတ္တိဖြင့် ကျေးဇူးပြု၏။

အဖန်တလဲလဲ ထုံသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် အာသေဝနပစ္စည်း မည်၏။ နံ့သာအထပ်ထပ် လိမ်းခြင်းသည် နောက်ထပ် လိမ်းသော နံ့သာအား-အားရှိအောင် ထုံသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တို့အား- အားရှိအောင် ထုံသော သတ္တိဖြင့် ကျေးဇူးပြု၏။

စေတနာကံဖြစ်၍ ကျေးဇူးပြုခြင်းသည် ကမ္မပစ္စည်း မည်၏။ မျိုးစေ့သည် သစ်ပင်အား ပေါ်ပေါက်လာစေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ပေါ်ပေါက် လာစေသော သတ္တိဖြင့် ကျေးဇူးပြု၏။

အကျိုးဝိပါက်ဖြစ်၍ (အချင်းချင်း) ကျေးဇူးပြုခြင်းသည် ဝိပါကပစ္စည်း မည်၏၊ လေညှင်းသည် အရိပ်၌နေသူအား ငြိမ်းဧစေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ငြိမ်းဧစေသော သတ္တိဖြင့် ကျေးဇူးပြု၏။

အာဟာရ လေးပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် အာဟာရပစ္စည်း မည်၏။ ကျားကန်သော တိုင်သည် အိမ်အိုအား ထောက်ပံ့သော သတ္တိ၊ ဆောင်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား ထောက်ပံ့သော သတ္တိ၊ ဆောင်သော သတ္တိဖြင့် ကျေးဇူးပြု၏။

ရုပ်ဣန္ဒြေ၊ နမ်ဣန္ဒြေ အကြီးအကဲဖြစ်၍ ကျေးဇူးပြုခြင်းသည် ဣန္ဒြိယပစ္စည်းမည်၏၊ မင်းကြီး အသီးသီးတို့သည် တပြည်တည်းသားတို့အား အသီးသီး မိမိသဘောသို့ လိုက်စေလျက် အသီးသီး ကြီးကဲသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား အသီးသီး ကြီးကဲသော သတ္တိဖြင့် ကျေးဇူးပြု၏။

(ရုပ်ဣန္ဒြေ ရှစ်ပါး၌ ဘာဝရုပ်ဣန္ဒြေနှစ်ပါး ပစ္စည်းမဖြစ်။ နာမ်ဣန္ဒြေကား ရှစ်ပါးလုံး ပစ္စည်းဖြစ်၏၊)

ဈာနင် ငါးပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် ဈာနပစ္စည်း မည်၏။ တောင်ထိပ်သို့ ရောက်သောသူသည် တောင်အောက်၌ နေသူတို့အား ကပ်၍ရှုသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပဉ္စယုပ္ပန်တရားတို့အား ကပ်၍ရှုသော သတ္တိဖြင့် ကျေးဇူးပြု၏။

မဂ္ဂင်ကိုးပါးဖြစ်၍ ကျေးဇူးပြုခြင်းသည် မဂ္ဂပစ္စည်းမည်၏။ လှေသည် ကမ်းတဘက်သို့ ပို့ဆောင်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့အား သုဂတိသို့် ဒုဂ္ဂတိသို့ နိဗ္ဗာန်သို့ ပို့ဆောင်သော သတ္တိဖြင့် ကျေးဇူးပြု၏။

အညီအညွတ် ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် သပ္ပယုတ္တပစ္စည်း မည်၏။ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ အားဖြင့် လေးပါးသော စတုမဓူသည် အညီအညွတ် ယှဉ်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန်တရားတို့က အညီအညွတ် ယှဉ်သော သတ္တိဖြင့် ကျေးဇူးပြု၏။

(စတုမဓူသည် အရသာလေးမျိုး ခွဲ၍ မထွက်၊ တမျိုးတည်း သမလျက် အတူ ထွက်သည် ဟူလို။)

အတူဖြစ်လျက် မယှဉ်မူ၍ ဝါ-မယှဉ်မတွဲ တကွဲစီ သီးခြား ဖြစ်၍ ကျေးဇူးပြုခြင်းသည် ဝိပ္ပယုတ္တပစ္စည်း မည်၏။ ချို၊ ချဉ်၊ စပ်၊ ငန်၊ ဖန်၊ ခါး အရသာခြောက်ပါးသည် မရောယှက်သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မရောယှက် သော သတ္တိဖြင့် ကျေးဇူးပြု၏။

(သမအောင် ရောသော်လည်း အရသာ သမခြင်းမရှိ ဟူလို။)

ထင်ရှားရှိ၍ ကျေးဇူးပြုခြင်းသည် အတ္ထိပစ္စည်း မည်၏။ မြေ တောင် စသည်သည် မြက်သစ်ပင်တို့အား ထင်ရှားရှိ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား ထင်ရှားရှိ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြု၏။

မရှိသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် နတ္ထိပစ္စည်းမည်၏။ မီးသည် အမိုက်မှောင်အား မိမိမရှိမှ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မိမိ မရှိမှဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

ကင်းသည်ဖြစ်၍ ကျေးဇူးပြုခြင်းသည် ဝိဂတပစ္စည်း မည်၏။ နေဝင်ခြင်းသည် ညဉ့်ဖြစ်ခြင်းအား မိမိ ဝင်ပျောက်၍ ကင်းမှ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု သကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မိမိကင်းမှ ဖြစ်စေသော သတ္တိဖြင့် ကျေးဇူးပြု၏။

မကင်းမူ၍ ကျေးဇူးပြုခြင်းသည် အဝိဂတ ပစ္စည်းမည်၏။ သမုဒြာသည် ငါးအပေါင်းအား မိမိမကင်းမူ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြုသကဲ့သို့ ပစ္စယုပ္ပန် တရားတို့အား မိမိမကင်းမူ၍ ထောက်ပံ့သော သတ္တိဖြင့် ကျေးဇူးပြု၏။

အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတ ငါးပစ္စည်းသည် ဖြစ်ပေါ်ခြင်းငှါ ကျေဇူးပြု၏။ ပစ္ဆာဇာတသည် တည်တံ့ခြင်းငှါ ကျေးဇူးပြု၏။ ကြွင်း ၁၈-ခုသည် ဖြစ်ပေါ်ခြင်းငှါ၎င်း၊ တည်တံ့ခြင်းငှါ၎င်း ကျေးဇူးပြု၏။

တည်တံ့-တစ်သာ၊ ဖြစ် ငါးဖြာ၊ ဒွယာ-တဆဲ့ရှစ်။

ကျေးဇူးပြုနည်း ၆-မျိုး

၁။ နာမ်သည် + နာမ်အား ခြောက်ပစ္စည်း။
၂။ နာမ်သည် + နာမ်ရုပ်အား ငါးပစ္စည်း။
၃။ နာမ်သည် + ရုပ်အား တပစ္စည်း။
၄။ ရုပ်သည် + နာမ်အား တပစ္စည်း။
၅။ ပညပ်နာမ်ရုပ်သည် + နာမ်အား နှစ်ပစ္စည်း။
၆။ နာမ်ရုပ်သည် + နာမ်ရုပ်အား ကိုးပစ္စည်း။

ဤသို့(၆+၅+၁+၁+၂+၉-ဟု) ၂၄-ပစ္စည်းသည် ၆-မျိုးဖြစ်၍ ကျေးဇူးပြုသည်။

နာမ်+နာမ်-ခြောက်

ဤ ၆-မျိုးတို့တွင် နာမ်သည် + နာမ်အား ခြောက်ပစ္စည်းကား --
အနန္တရသမနန္တရနတ္ထိဝိဂတအာသေဝနသမ္ပယုတ္တ ဖြစ်၏။

အနန္တရာဒိ ဖြစ်ပုံကား

အနန္တရ နိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ + ပဋုပ္ပန္နာနံ စိတ္တစေတသိကာနံ ဓမ္မာနံ - အနန္တရ သမနန္တရ နတ္ထိ ဝိဂတ ဝသေန။ အနက်ကို လွယ်လွယ်ပေး၍ အဓိပ္ပါယ်ကို ရှင်းရှင်း မြင်အောင် သတိပြုသင့်၏။
အနန္တရ နိရုဒ္ဓါ၊ အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော။
စိတ္တစေတသိကာ ဓမ္မာ၊ စိတ်စေတသိက်တို့သည်။
ပဋုပ္ပန္နာနံ၊ မိမိသို့လိုက်၍ ဖြစ်ကုန်သော။
စိတ္တစေတသိကာနံ ဓမ္မာနံ၊ စိတ်စေတသိက်တို့အား။
အနန္တရ သမနန္တရ နတ္ထိ ဝိဂတ ဝသေနအနန္တရ သမနန္တရ နတ္ထိ ဝိဂတ သတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြုကုန်သည်။
ဟောတိ၊ ဖြစ်ကုန်၏။

မှတ်ချက်

ဝီထိစိတ်အစဉ်အားဖြင့် ရှေး၌ဖြစ်၍ချုပ်သော စိတ်တိုင်း ပစ္စည်း။ နောက်၌လိုက်၍ ဖြစ်သောစိတ်တိုင်း ပစ္စယုပ္ပန်-ဟု ခွဲရသည်။ ရှေးစိတ်၊ နောက်စိတ် ဝီထိသိလျှင် လွယ်၏။ ရှေးစိတ်လည်း ၈၉။ နောက်စိတ်လည်း ၈၉-ပင်တည်း။

အထူးကား --

ရဟန္တာ၏ စုတိသည် နောက်စိတ်မရှိသောကြောင့် ရှေးစိတ်မမည်။ ပစ္စည်းမဖြစ်၊ ပစ္စယုပ္ပန်သာ ဖြစ်သည်။ နိရောဓသမာပတ် ရက်များစွာ ခြားသော်၎င်း။ အသညသတ် ကမ္ဘာငါးရာ ခြားသော်၎င်း။ နောက်နောက် စိတ်အား + ရှေးရှေး စိတ်သည် အနန္တရ စသည်ဖြင့် ကျေးဇူးပြု၏။

ပစ္စည်း ပစ္စယုပ္ပန် ခွဲပုံ

အနန္တရ၌ “ရဟန္တာ စုတိကြဉ်သော” ရှေးရှေးသော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသသည် ပစ္စည်း မည်၏။ “ရဟန္တာ စုတိနှင့်တကွ” နောက်နောက်သော စိတ်တခုယုတ် ကိုးဆယ်၊ စေတသိက်ဒွေပညာသသည် ပစ္စယုပ္ပန် မည်၏။ အနန္တရမျိုး။

သမနန္တရနတ္ထိဝိဂတ၌လည်း တူပြီ။ အနန္တရမျိုး၊

အာသေဝန

ပုရိမာနိဇဝနာနိ + ပစ္ဆိမာနံ ဇဝနာနံ - အာသေဝနဝသေန
ပုရိမာနိဇဝနာနိ၊ ရှေးရှေးဇောတို့သည်။
ပစ္ဆိမာနံ ဇဝနာနံ၊ နောက်နောက် ဇောတို့အား။
အာသေဝနဝသေနအာသေဝန သတ္တိဖြင့်။
ပစ္စယော၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

အာသေဝန ဇောသည် ကာမ၊ ရူပ၊ အရူပ လောကုတ္တရာအားဖြင့် ဘုံမတူသော်လည်း ဝေဒနာတူ၊ ဇာတ်တူ - ကုသိုလ်ချင်း၊ အကုသိုလ်ချင်း၊ ကြိယာချင်းသာ ဖန်ဖန်ထုံသည်၊ ဘုံမတူရာ၌ ကာမကုသိုလ်သည် ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာ ကုသိုလ်အား လေးချက်။ ကာမကြိယာသည် ကာမ၊ ရူပ၊ အရူပ ကြိယာအား သုံးချက်ထုံသည်။ ဝိပါက်သည် ဖိုလ်ဇော ဖြစ်စေကာမူ မထုံမအပ်။ လောကုတ္တရာ ကုသိုလ် မဂ်ဇောကား မထုံတတ်သော်လည်း ထုံအပ်သည်။ ဇောမျှ ရှေ့ဇော နောက်ဇောသိလျှင်လွယ်၏။ အစဇော-ပစ္စည်းသာ။ အဆုံးဇော၊ မဂ်ဇော-ပစ္စယုပ္ပန်သာ။ အလယ်ဇော-ပစ္စည်း၊ ပစ္စယုပ္ပန်။ ဖိုလ်ဇော-လုံးလုံး မပါ။

ပစ္စည်းပစ္စယုပ္ပန်ခွဲပုံ

အာသေဝန၌-ရှေးရှေးသော လောကီဇော သတ္တစတ္တာလီသ၊ စေတသိက် ဒွေပညာသ သည် ပစ္စည်းမည်၏။ နောက်နောက်သော လောကီဇော၊ မဂ်ဇော-ဧကပညာသ၊ စေတသိက် ဒွေပညာသ သည် ပစ္စယုပ္ပန် မည်၏။ ။ အနန္တရမျိုး။

သမ္ပယုတ္တ

သဟဇာတာ စိတ္တစေတသိကာဓမ္မာ + အညမညံ-သမ္ပယုတ္တဝသေန
သဟဇာတာ၊ တကွဖြစ်ကုန်သော။
စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။
အညမညံ၊ အချင်းချင်းအား။
သမ္ပယုတ္တဝသေနသမ္ပယုတ္တသတ္တိဖြင့်။
မစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

နာမ်ခန္ဓာချင်းချင်း၌ တပါးသည် သုံးပါးအား၊ သုံးပါးသည် တပါးအား၊ နှစ်ပါးသည် နှစ်ပါးအား - သုံးနည်း ကျေးဇူးပြုသည်၊ လေးပါးလုံး ပစ္စည်းမဖြစ်၊ ပစ္စယုပ္ပန်မဖြစ်၊ စေတသိက်ပိုင်း သမ္ပယောဂနည်း သင်္ဂဟနည်းမျှသိလျှင် လွယ်၏။

နှစ်ချက်ခွဲ

သမ္ပယုတ္တ၌ တကွဖြစ်သော စိတ်တခုယုတ်ကိုးဆယ်၊ စေတသိက်ဒွေပညာသ- နာမ်ခန္ဓာ တပါး နှစ်ပါး သုံးပါးသည် ပစ္စည်းမည်၏။ ထိုတကွဖြစ်သော နာမ်ခန္ဓာသုံးပါး၊ နှစ်ပါး၊ တပါးသည် ပစ္စယုပ္ပန်မည်၏။ ။ သဟဇာတမျိုး။

နာမ်+နာမ်ရုပ်ငါး

နာမ်သည်+နာမ်ရုပ်အား ငါးပစ္စည်းကား -
ဟေတုဈာနမဂ္ဂကမ္မဝိပါက ဖြစ်၏။

ဟေတာဒိ

ဟေတု ဈာနင်္ဂမဂ္ဂင်္ဂါနိ + သဟဇာတာနံ နာမရူပါနံ ဟေတာဒိဝသေန
ဟေတု ဈာနင်္ဂမဂ္ဂင်္ဂါနိ၊ ဟိတ် ဈာနင် မဂ္ဂင်တို့သည်။
သဟဇာတာနံ နာမရူပါနံ၊ တကွဖြစ်သော နာမ်ရုပ်တို့အား။
ဟေတာဒိဝသေနဟေတု ဈာန မဂ္ဂ သတ္တိဖြင့်။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ဟေတုမှတ်ချက်

သဟိတ်စိတ် ဧကသတ္တတိ တို့တွင် တိဟိတ် ၄၇။ ဒွိဟိတ် ၂၂။ ဧကဟိတ် ၂-ဖြစ်၏။ မောဟမူဒွေ၌ မောဟဟိတ်သည် ယှဉ်ဘက်ဟိတ် မရှိသောကြောင့် အဟိတ်မည်၏၊ ပစ္စယုပ္ပန်၌ ကြဉ်ရသည်။

သဟဇာတရုပ်အရကို ပဝတ္တိအခါဖြစ်လျှင် စိတ္တဇရုပ်ကို။ ပဋိသန္ဓေအခါဖြစ်လျှင် ပဋိသန္ဓေကမ္မဇရုပ်ကို ကောက်ရသည်။

(နောင် သဟဇာတရုပ် တွေ့တိုင်း၏ ဤနည်းဖြင့် ကောက်အပ်၏။)

ဗာဟိရရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရပ်၊ အသညသတ်ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်၊ ဤငါးမျိုး မကောက်ရ။

နှစ်ချက်ခွဲ

ဟေတု၌ လောဘ၊ ဒေါသ-စသော ဟိတ်ခြောက်ပါးသည် ပစ္စည်း မည်၏။ ထို ဟိတ်ခြောက်ပါးနှင့် အတူဖြစ်သော သဟိတ်စိတ် ဧကသတ္တတိ။ “မောဟမူဒွေ၌ မောဟကြဉ်သော” စေတသိက် ဒွေပညာသ။ သဟိတ်စိတ္တဇရုပ်၊ သဟိတ်ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန်မည် ၏။ ။ သဟဇာတမျိုး။

ဈာနင်မှတ်ချက်

ဒွေပဉ္စဝိညာဏ်၌ ဈာနင်မရှိ၊ ဧကဂ္ဂတာ ဥပေက္ခာ ရှိသော်လည်း ဈာနင် မမည်။ ဝိတက်ရှိမှ အာရုံကပ်ရှုနိုင်သော ဈာနင် မည်သောကြောင့်တည်း၊ လောဘမူ သောမနဿစိတ်၌ ဈာန ငါးပါး။ ကြွင်းအကုသိုလ်၌ ဈာနင်လေးပါး၊ ဒွေပဉ္စဝိညာဏ်၌ ဈာနှမရှိ။ အဟိတ်သောမနဿ၌ ငါးပါး။ ကြွင်းအဟိတ် ခြောက်ခု၌ ပီတိကြဉ်လေးပါး- စသည်ဖြင့် စိတ်အကုန် ဈာနင် ခွဲမြင်ရမည်။

ဒေါမနဿဈာနင်တခုကား စင်စစ် အကုသိုလ်တည်း။

နှစ်ချက်ခွဲ

ဈာနင်ဝိတက်ဝိစာရပီတိဧကဂ္ဂတာဝေဒနာ-ဟူသော ဈာနင်ငါးပါးသည် ပစ္စည်း မည်၏။ ထို ဈာနင်ငါးပါးနှင့် အတူဖြစ်သော စိတ်တခုယုတ် ရှစ်ဆယ်၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး။

မဂ္ဂမှတ်ချက်

အဟိတ်စိတ်၌ မဂ္ဂင်မရှိ၊ ဧကဂ္ဂတာ ရှိသော်လည်း မဂ္ဂင်ကိစ္စမပြုတတ်။ ဝိစိကိစ္ဆာဝိတက်နှင့် ဝီရိယသာ မဂ္ဂင်မည်သည်။ ဧကဂ္ဂတာကား မဂ္ဂင်မမည်။ အဓိမောက္ခ မရှိသောကြောင့်တည်း။ ဝိစိကိစ္ဆာ၌ မဂ္ဂင်ရှစ်ပါး၊ ဒိဋ္ဌိဂတသမ္ပယုတ်၌ မဂ္ဂင်လေးပါး၊ ကြွင်းအကုသိုလ်၌ မဂ္ဂင်သုံးပါး၊ အဟိတ်၌ မရှိ။ စသည်ဖြင့် စိတ်အကုန် မဂ္ဂင် ခွဲမြင်ရမည်။

နှစ်ချက်ခွဲ

မဂ္ဂ၌-ပညာဝိတက်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဝီရိယသတိဧကဂ္ဂတာဒိဋ္ဌိ - ဟူသော မဂ္ဂင်တရားကိုယ် ကိုးပါးသည် ပစ္စည်း မည်၏။ ထို မဂ္ဂင်ကိုးပါးနှင့် အတူဖြစ်သော သဟိတ်စိတ် ဧကသတ္တတိ၊ စေတသိက် ဒွေပညာသ။ သဟိတ် စိတ္တဇရုပ်၊ သဟိတ် ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

(မောဟမူဒွေမောဟအဘယ်ကြောင့် မကြဉ်သနည်း?
တွေ့အောင်ရှာလေ၊ ရသောမဂ္ဂင် ရေပြပါ။)

ကမ္မ

သဟဇာတာ စေတနာ + သဟဇာတာနံ နာမရူပါနံ ....။ နာနာက္ခဏိကာစေတနာ၊ ကမ္မာဘိ နိဗ္ဗတ္တာနံ နာမရူပါနံ - ကမ္မဝသေန
သဟဇာတာ၊ တကွဖြစ်သော။
စေတနာ၊ စေတနာသည်။
သဟဇာတာနံ နာမရူပါနံ၊ တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား။
ကမ္မဝသေန၊ ကံ၏အစွမ်းဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။
နာနာက္ခဏိကာ၊ အထူးထူးသော ကာလ၌ တည်သော။
စေတနာ၊ စေတနာသည်။
ကမ္မာဘိ နိဗ္ဗတ္တာနံ၊ ကံကြောင့်ဖြစ်ကုန်သော။
နာမရူပါနံ၊ နာမ်ရုပ်တို့အား။
ကမ္မဝသေန၊ ကံ၏အစွမ်းဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။

မှတ်ချက်

သဟဇာတစေတနာသည် ပစ္စယုပ္ပန် မဖြစ်။ ကျေးဇူးပြုသော စေတနာတပါး မရှိသောကြောင့်တည်း။

နာနာက္ခဏိကကမ္မာဘိနိဗ္ဗတ္တာနံ နာမရူပါနံ - ဟုဆိုခြင်းဖြင့် ကံကြောင့်ဖြစ်သော ဝိပါက်နှင့် ကမ္မဇရုပ်သာ ပစ္စယုပ္ပန် ဟူ၍၎င်း၊ ထိုကို ဖြစ်စေသော အတိတ်ကုသိုလ်၊ အကုသိုလ် စေတနာသာ ပစ္စည်း ဟူ၍၎င်း, ကျိုးကြောင်းချင်းချင်း ထောက်၍ သိသာပြီ။

နှစ်ချက်ခွဲ

ကမ္မပစ္စည်းသည် သဟဇာတကမ္မနာနာက္ခဏိကကမ္မ-ဟု နှစ်မျိုးပြား၏။ သဟဇာတကမ္မစေတနာ တခုယုတ်ကိုးဆယ်သည် ပစ္စည်းမည်၏။ ထို စေတနာနှင့် အတူဖြစ်သော စိတ်တခု ယုတ်ကိုးဆယ်၊ “စေတနာ ကြဉ်သော” စေတသိက် ဧကပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်သည် ပစ္စယုပ္ပန်မည်၏။ သဟဇာတမျိုး။

နာနာက္ခဏိက ကမ္မ၌ အတိတ်ဖြစ်သော ကုသိုလ်၊ အကုသိုလ်စေတနာ ၃၃-ခုသည် ပစ္စည်း မည်၏။ ထိုအတိတ် စေတနာသည် ဖြစ်စေအပ်သော ဝိပါက် ဆတ္တိံသ၊ စေတသိက်အဋ္ဌတိံသ၊ ပဋိသန္ဓေ ကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်၊ အသညသတ် ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။
နာနာက္ခဏိကမျိုး၊ ပကတူပနိဿယမျိုး၊ အနန္တရမျိုး - သုံးမျိုး။

ဝိပါက

ဝိပါကက္ခန္ဓာ+အညမညံ၊ သဟဇာတ ရူပါနံ ဝိပါကဝသေန
ဝိပါကက္ခန္ဓာ၊ ဝိပါက် ခန္ဓာတို့သည်။
အညမညဉ္စ၊ အချင်းချင်းအား၎င်း။
သဟဇာတရူပါနဉ္စ၊ တကွဖြစ်သော ရုပ်တို့အား၎င်း။
ဝိပါကဝသေန၊ အကျိုးပေးသည့် အစွမ်းဖြင့်။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

အညမညံသဟဇာတရူပါနံ-ဟု ရုပ်တွဲခြင်းကြောင့် --

နာမ်ခန္ဓာတပါးသည် သုံးပါးအား၎င်း၊ သဟဇာတရုပ်အား၎င်း၊
နာမ်ခန္ဓာနှစ်ပါးသည် နှစ်ပါးအား၎င်း, သဟဇာတရုပ်အား၎င်း,
နာမ်ခန္ဓာသုံးပါးသည် တပါးအား၎င်း, သဟဇာတရုပ်အား၎င်း။
နာမ်ခန္ဓာလေးပါးသည် သဟဇာတရုပ်အားသာ -- ဟုသိရသည်။
ဝုဋ္ဌော၊ ကာမဇော၊ အဘိညာ ၃၂-ပါးသာ ဝိညပ်ဒွေကို ဖြစ်စေသည်။
ထိုကြောင့် သဝိပါကစိတ္တဇရုပ်၌ ဝိညပ်ဒွေ ကြဉ်ရသည်ကိုလည်း သိရမည်။

နှစ်ချက်ခွဲ

ဝိပါက၌ ဝိပါက်ဆတ္တိံသ၊ စေတသိက်အဋ္ဌတိံသ-နာမ်ခန္ဓာတပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါးသည် ပစ္စည်း မည်၏။ တကွဖြစ်သော ဝိပါက်နာမ်ခန္ဓာ သုံးပါး၊ နှစ်ပါး၊ တပါးသည်၎င်း၊ “ဝိညပ်ဒွေကြဉ်သော” စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည်၎င်း ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

နာမ်သည် + ရုပ်အား တစ်

နမ်သည် ရုပ်အား တပစ္စည်းကား ပစ္ဆာဇာတ ဖြစ်၏။

ပစ္ဆာဇာတ

ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ + ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတဝသေန
ပစ္ဆာဇာတာ၊ နောက်နောက်၌ ဖြစ်ကုန်သော။
စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။
ပုရေဇာတဿ၊ ရှေးရှေး၌ဖြစ်သော။
ဣမဿ ကာယဿ၊ ဤကာယအား။
ပစ္ဆာဇာတဝသေန၊ နောက်နောက်၌ ဖြစ်သည်၏အစွမ်းဖြင့်။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

နောက်စိတ်သည် ရှေးဤကာယအား ဟူသည် - ဤဘဝ၌ ပဋိသန္ဓေမှစ၍ ရှေးရှေး စိတ်နှင့် အတူဖြစ်သော ရုပ်အား+ပဋိသန္ဓေနောင် ပဌမဘဝင်မှစ၍ နောက်နောက် စိတ်သည်တည်း။ တည်တံ့ခြင်းငှါ ထောက်ပံ့သည်။ ထိုအခါ ထို ရှေးရှေး ရုပ်သည် ရုပ်၏ဋ္ဌိသို့ ရောက်ပြီ။ ပဉ္စဝေါကာရနှင့်သာ ဆိုင်သည်။ ပဉ္စဝေါကာရ၌လည်း စိတ်သည်ဖြစ်ခိုက် ၄၂။ အမြဲ ဖြစ်နေ ၄၃။ မဖြစ် ၄-ကို သိရမည်။

(စတုဝေါကာရ၌ ဖြစ်ခိုက် ၄၂။ ဖြစ်နေ ၄။ မဖြစ် ၄၃ ကိုသိရမည်)။

ဤကာယ-ရှေးရုပ်ကား ပဋိသန္ဓေစိတ်၏ ဥပါဒ်၌ ကမ္မဇရုပ်သာ၊ ဧကဇဥပါဒ်သည် ပဋိသန္ဓေဌီမှစ၍ ဥတုဇရုပ်နှင့် ဒွိဇဥပါဒ်သည်။ ပဌမဘဝင် ဥပါဒ်မှစ၍ ဥပါဒ်တိုင်း စိတ္တဇရုပ်နှင့် တိဇဥပါဒ်သည်။ အာဟာရ နှံ့သောအခါမှစ၍ အာဟာရဇနှင့် စတုဇ ဥပါဒ်သည်ဟု သိရမည်။

နှစ်ချက်ခွဲ

ပစ္ဆာဇာတ၌ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်၊ ဖြစ်နေ “အရူပဝိပါက်လေးခုကြဉ်သော” ပဌမ ဘဝင်အစရှိသော နောက်နောက်သောစိတ် ၈၅-ခု စေတသိက် ဒွေပညာသသည် ပစ္စည်းမည်၏။ ထို နာမက္ခန္ဓာတို့သည် ထောက်ပံ့အပ်သော ပဋိသန္ဓေအစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီသို့ ရောက်သော ဧကဇကာယဒွိဇကာယတိဇကာယစတုဇကာယသည် ပစ္စယုပ္ပန် မည်၏။ ။ ပစ္ဆာဇာတမျိုး၊

ရုပ်သည် + နာမ်အား တစ်

ရုပ်သည် နာမ်အား တပစ္စည်းကား ပုရေဇာတ ဖြစ်၏။

ပုရေဇာတ

ဆဝတ္ထူနိ+ပဝတ္တိယံ သတ္တန္နံ ဝိညာဏ ဓာတူနံ + ပဉ္စာရမ္မဏာနိစ + ပဉ္စဝိညာဏ ဝီထိယာ - ပုရေဇာတ ဝသေန
ဆဝတ္ထူနိ၊ ခြောက်ပါးသော ဝတ္ထုရုပ်တို့သည်။
ပဝတ္တိယံ၊ ပဝတ္တိအခါ၌။
သတ္တန္နံ ဝိညာဏ ဓာတူနံ၊ ခုနစ်ပါးသော ဝိညာဏဓာတ်တို့အား။
ပုရေဇာတဝသေန၊ ရှေး၌ဖြစ်သည်၏ အစွမ်းဖြင့်။
ပစ္စယာ၊ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ပဉ္စာရမ္မဏာနိစ၊ ပဉ္စာရုံတို့သည်လည်း။
ပဉ္စဝိညာဏ ဝီထိယာ၊ ပဉ္စဝိညာဏဝီထိအား။
ပုရေဇာတဝသေန၊ ရှေး၌ဖြစ်သည်၏အစွမ်းဖြင့်။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

မှတ်ချက်

ဝတ္ထု၌ မှီပုံကို ဤသို့သိရမည်။ ပဉ္စဝိညာဏ ဓာတ်ငါးပါးသည် ပဌမအတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော မဇ္ဈိမာယုကဖြစ်သော ပဉ္စဝတ္ထု၌ အသီးသီးမှီသည်။

(စက္ခုဝိညာဏ်သည် စက္ခုဝတ္ထု၌ စသည်ဖြင့် ငါးမျိုးခွဲ သိနိုင်ရမည်။)

မနောဓါတ်မနောဝိညာဏဓာတ် နှစ်ပါးသည် ပဋိသန္ဓေ အစရှိသော ရှေးရှေးသော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၌မှီသည်။

နိရောဓသမာပတ်မှ ထသောအခါ ရှေးစိတ် တချက်ခန့်ကာလ၌ ဖြစ်သော ဟဒယ ဝတ္ထု၌ မှီသည်။ မရဏာသန္န အခါ ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၌မှီသည်။

ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထု၌ မှီသည်။ ဤ ပစ္စည်း၌ကား ပဝတ္တိကိုသာ ခွဲယူလတ္တံ့။

ပဉ္စာရုံသည် + ပဉ္စဒွါရဝီထိအား - ဟုဆိုရာ၌ “နိပ္ဖန္နရုပ်သည် ကာမမနောဒွါရဝီထိ အား၎င်း၊ အဘိညာဒွေအား၎င်း” ဟုပဉှာဝါရမှ ယူ၍ ဖြည့်စွက်တော်မူကြသည်။ ထိုပဉ္စာရုံ၊ နိပ္ဖန္နရုပ် အာရုံသည် ပရမတ်ဖြစ်ခြင်းကြောင့် သုခိတ၊ ဒုက္ခိတ သတ္တဝါ ပညပ်ကိုသာ အမြဲအာရုံပြုသော အပ္ပမညာဒွေ- အာရုံမပြု-ဟူ၍လည်း သိရမည်။

နှစ်ချက်ခွဲ

ပုရေဇာတသည် ဝတ္ထုပုရေဇာတ အာရမ္မဏပုရေဇာတ-ဟု နှစ်မျိုးပြား၏။ ဝတ္ထုပုရေဇာတ၌- ပဝတ္တိအခါ ခြောက်ပါးသော ဝတ္ထုရုပ်သည် ပစ္စည်း မည်၏ ထို ဝတ္ထုရုပ်၌ မှီ၍ဖြစ်သော ခုနှစ်ပါးသော ဝိညာဏဓာတ်သည် ပစ္စယုပ္ပန်မည်၏။ ။ ဝတ္ထုမျိုး။

အာရမ္မဏ ပုရေဇာတ၌ - ပစ္စုပ္ပန် ပဉ္စာရုံသည်။ ဝါ- ပစ္စုပ္ပန် နိပ္ဖန္နရုပ်သည် ပစ္စည်း မည်၏။ ထိုပဉ္စာရုံကို အာရုံပြုသော ပဉ္စဒွါရဝီထိစိတ် ၅၄-ခု၊ “အပ္ပမညာဒွေ ကြဉ်သော” စေတသိက် ပညာသသည်။ ဝါ၊ ထိုပစ္စုပ္ပန် နိပ္ဖန္နရုပ်ကို အာရုံပြုသော ကာမ မနောဒွါရိက ဝီထိစိတ် ၄၁-ခု၊ အဘိညာဒွေ၊ “အပ္ပမညာကြဉ်သော” စေတသိက် ပညာသသည် ပစ္စယုပ္ပန် မည်၏။ ။ အာရမ္မဏမျိုး။

ပညပ်နာမ်ရုပ်+နာမ်အား နှစ်

ပညပ်၊ နာမ်၊ ရုပ်တို့သည် + နာမ်အား နှစ်ပစ္စည်းကား အာရမ္မဏဥပနိဿယ ဖြစ်၏။

အာရမ္မဏ

ရူပါဒိဝသေန ဆဗ္ဗိဓံဟောတိ အာရမ္မဏံ
အာရမ္မဏံ၊ အာရုံသည်။
ရူပါဒိဝသေနရူပါရုံစသည် အစွမ်းဖြင့်။
ဆဗ္ဗိဓံ၊ ခြောက်ပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

မှတ်ချက်

အာရမ္မဏ သင်္ဂဟအတိုင်း အာရုံပြုပုံ သိရှိရုံမျှဖြင့် ဤပစ္စည်း လွယ်ကူလှ၏။

နှစ်ချက်ခွဲ

အာရမ္မဏ၌ စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက်ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ၊ နိဗ္ဗာန်၊ ပညပ် ဟုဆိုအပ်သော အာရုံခြောက်ပါးသည် ပစ္စည်း မည်၏။ ထိုအာရုံခြောက်ပါးကို အာရုံပြုသော စိတ်တခုယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသသည် ပစ္စယုပ္ပန် မည်၏။ ။ အာရမ္မဏမျိုး။

ဥပနိဿယ

ဥပနိဿယသည် အာရမ္မဏူပ နိဿယအနန္တရူပနိဿယပကတူပနိဿယ ဟု သုံးမျိုးပြား၏။

အာရမ္မဏူပနိဿယ

တတ္ထ အာရမ္မဏမေဝ ဂရုကတံ အာရမ္မဏူပနိဿယော
တတ္ထ၊ ထိုအာရုံတို့တွင်။
ဂရုကတံ၊ အလေးအမြတ် ပြုအပ်သော။
အာရမ္မဏမေဝ၊ အာရုံခြောက်ပါး သည်သာလျှင်။
အာရမ္မဏူပနိဿယောအာရမ္မဏူပနိဿယသည်။
ဟောတိ၊ ဖြစ်၏။

အာရမ္မဏူ မှတ်ချက်

အလေးအမြတ်အာရုံပြုရာ၌ လောဘမူရှစ်ခုသည် (ဒေါသ၊ မောဟ၊ ဒုက္ခကြဉ်သော) လောကီစိတ် ၇၆-ခု၊ စိတ္တုပ္ပါဒ်၊ ဣဋ္ဌ-နိပ္ဖန္နရုပ်ကို အလေးအမြတ် အာရုံပြု၏။ ပုထုဇဉ်၏ မဟာကုသိုလ်ရှစ်ခုသည် လောကီကုသိုလ် သတ္တ္ကရသကို အာရုံပြု၏ အောက်ဖိုလ် သုံးယောက်၏ မဟာကုသိုလ် သမ္ပယုတ်လေးခုသည် မိမိမဂ်၊ မိမိဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။ ရဟန္တာ၏ မဟာကြိယာသမ္ပယုတ်လေးခုသည် မိမိမဂ်၊ မိမိဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။

(ဝါ၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြု၏။ လောကုတ္တရာစိတ် နှစ်ခုသည် နိဗ္ဗာန်ကို အလေးအမြတ် အာရုံပြု၏။ ဤအနေခွဲသိလျှင် လွယ်ကူ၏။ ပရမတ်အာရုံ၌ အပ္ပမညာ အာရုံမပြု။)

နှစ်ချက်ခွဲ

အာရမ္မဏူပနိဿယ၌ --

အလေးအမြတ်ပြုအပ်သော ဣဋ္ဌဖြစ်သော နိပ္ဖန္နရုပ်အဋ္ဌာရသ။
ဒေါသမူဒ္ဓေ မောဟမူဒွေဒုက္ခသဟဂုတ် ကာယဝိညာဏ် ကြဉ်သော” စိတ်၈၄-ခု။
ဒေါသစတုက္ကဝိစိကိစ္ဆာကြဉ်သော” စေတသိက် သတ္တစတ္တာလီသ၊
ကာလပိမုတ် ဖြစ်သော နိဗ္ဗာန်-အာရုံခြောက်ပါးသည် ပစ္စည်း မည်၏။
ထို အာရုံခြောက်ပါးကို အလေးအမြတ် အာရုံပြုတတ်သော --
လောဘမူစိတ်ရှစ်ခု၊
မဟာကုသိုလ်စိတ် ရှစ်ခု၊
မဟာကြိယာဉာဏသမ္ပယုတ်စိတ် လေးခု၊
လောကုတ္တရာစိတ် ရှစ်ခု?
ဒေါသစတုက္ကဝိစိကိစ္ဆာအပ္ပမညာကြဉ်သော” စေတသိက် ပဉ္စစတ္တာလီသ
သည် ပစ္စယုပ္ပန် မည်၏။ ။ အာရမ္မဏမျိုး။

အနန္တရူပ နိဿယ

အနန္တရ နိရုဒ္ဓါ စိတ္တစေတသိကာ ဓမ္မာ အနန္တရူပနိဿယော
အနန္တရနိရုဒ္ဓါ၊ အခြားမဲ့ဖြစ်၍ ချုပ်ကုန်သော။
စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။
အနန္တရူပ နိဿယောအနန္တရူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။

နှစ်ချက်ခွဲ

အနန္တရူပနိဿယသည် အနန္တရနှင့်တူ၏။ ။ အနန္တရမျိုး။

ပကတူပနိဿယ

ရာဂါဒယောပနဓမ္မာ သဒ္ဓါဒယောစ သုခံဒုက္ခံ ပုဂ္ဂလော ဘောဇနံဥတု သေနာသနဉ္စ + ယထာရဟံ အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစ ကုသလာဒိ ဓမ္မာနံ၊ ကမ္မံ + ဝိပါကာနန္တိစ ဗဟုဓာ ဟောတိ ပကတူပနိဿယော
ရာဂါဒယော ပန ဓမ္မာစရာဂစသော တရားတို့သည်၎င်း။
သဒ္ဓါဒယောစသဒ္ဓါစသော တရားတို့သည်၎င်း။
သုခဉ္စသုခဝေဒနာသည်၎င်း။
ဒုက္ခဉ္စဒုက္ခဝေဒနာသည်၎င်း။
ပုဂ္ဂလောစ၊ ပုဂ္ဂိုလ်သည်၎င်း။
ဘောဇနဉ္စ၊ ဘောဇဉ်သည်၎င်း။
ဥတုစ၊ ဥတုသည်၎င်း။
သေနာသနဉ္စ၊ ကျောင်းအိပ်ရာ နေရာသည်၎င်း။
ယထာရဟံ၊ ထိုက်သည် အားလျော်စွာ။
အဇ္ဈတ္တဉ္စ၊ အဇ္ဈတ္တသန္တာန်၌လည်း ဖြစ်ကုန်သော။
ဗဟိဒ္ဓါ စ၊ ဗဟိဒ္ဓသန္တာန်၌လည်း ဖြစ်ကုန်သော။
ကုသလာဒိဓမ္မာနံ၊ ကုသိုလ် အကုသိုလ် အဗျာကတ တို့အား၎င်း။
ကမ္မံ၊ ကံသည်။
ဝိပါကာနံ၊ ဝိပါက်တို့အား၎င်း။
ဣတိစ၊ ဤသို့လျှင်။
ပကတူပ နိဿယောပကတူပနိဿယသည်။
ဗဟုဓာ၊ များသော အပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

ပကတူ မှတ်ချက်

ပကတူ စကားနှစ်ရပ်တို့တွင် ပဌမဖြင့်- ပညပ်၊ နာမ်၊ ရုပ်သည်+နာမ်အား ပကတူ တမျိုးဖြစ်၏။ ဤ၌ အနန္တရမျိုးလည်း အတွင်းဝင်၏။

ဒုတီယဖြင့် ဗလဝအတိတ်ကံ ၃၃-ခုသည် + ဝိပါက်အား ပကတူ တမျိုးဖြစ်၏။ ဤ၌ နာနာက္ခဏိကမျိုး၊ အနန္တရမျိုးလည်း အတွင်းဝင်၏- ဟုပြသည်။

နှစ်ချက်ခွဲ

ပကတူပနိဿယ၌ ဗလဝဖြစ်သော ရှေးရှေးသော စိတ်တခု ယုက်ကိုးဆယ်၊ စေတသိက် ဒွေပညာသ၊ ရုပ်အဋ္ဌဝီသ ပစ္စည်းထိုက်သော အချို့သော ပညပ်သည် ပစ္စည်းမည်၏။ နောက်နောက်သော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသသည် ပစ္စယုပ္ပန် မည်၏။ ။ ပကတူပမျိုး။

မှတ်ဘွယ်အထူး

ပကတိယာ + ဥပနိဿယော - ပကတူပနိဿာယော
ပကတိယာ၊ အာရမ္မဏသဘော, အနန္တရသဘော မရော၊ ပင်ကိုယ် မိမိသဘော သက်သက်ဖြင့်။
ဥပနိဿယော၊ အားကြီးသော အကြောင်းသည်။
ပကတူပနိဿယောပကတူပနိဿယတည်း။

တနည်း --
ပ-ကတော ဥပနိဿယော ပကတူပနိဿယော
ပ-ကတော၊ အဇ္ဈတ္တ၌ဖြစ်ပြီးသော။
ဝါ၊ ဗဟိဒ္ဓ၌မှီဝဲအပ်သော။
ဥပနိဿယော၊ အားကြီးသောအကြောင်းသည်။
ပကတူပနိဿယောပကတူပနိဿယတည်း။

ရာဂ သဒ္ဓါ စသည်သည် အဇ္ဈတ္တ၌ ဖြစ်ပြီးသော ပကတမည်၏။
ပုဂ္ဂိုလ်၊ ဘောဇဉ်စသည်သည် ဗဟိဒ္ဓ၌ မှီဝဲအပ်သော ပကတမည်၏။
ပစ္စယမဟာပဒေသ မည်၏။ ထိုကြောင့် များသောအပြား ရှိ၏။
သုတ္တန်နည်း ပကတူပနိဿယ၌ကား --
နာမ်နှင့်ရုပ်သည် ပစ္စည်းမည်၏။ ရုပ်သည် ပစ္စယုပ္ပန် မည်၏ ဟု အဘိဓမ္မာမှ ထူးခြား၏။
အဘိဓမ္မာ၌ ရုပ်အား ကျေးဇူးပြုသော ပကတူ မရှိ။
သုတ္တန် ပကတူကို ပဋိစ္စသမုပ္ပါဒ် ကြောင်းကျိုး ကျေးဇူးပြုပုံ ပြရာ၌ များစွာမြင်ရလတ္တံ့။

ဒွယံ+ဒွယ-ကိုး

နာမ် ရုပ်သည်+နာမ် ရုပ်အား ကိုးပစ္စည်းကား --
အဓိပတိသဟဇာတအညမည (၃)
နိဿယအာဟာရဣန္ဒြိယ (၃)
ဝိပ္ပယုတ္တအတ္ထိအဝိဂတ (၃) ဖြစ်၏။

အဓိပတိ

ဂရုကတ မာရမ္မဏံ + အာရမ္မဏာဓိပတိဝသေန နာမာနံ၊ … သဟဇာတာဓိပတိ စတုဗ္ဗိဓောပိ + သဟဇာတဝသေန သဟဇာတာနံ နာမရူပါနန္တိစ ဒုဝိဓော ဟောတိ အဓိပတိပစ္စယော
ဂရုကတံ၊ အလေးအမြတ် ပြုအပ်သော။
အာရမ္မဏံ၊ အာရုံသည်။
နာမာနံ၊ နာမ်တို့အား။
အာရမ္မဏာဓိပတိဝသေနအာရမ္မဏာဓိပတိ၏ အစွမ်းဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ ဖြစ်၏။
စတုဗ္ဘိဓောပိ၊ လေးပါးအပြား ရှိသည်လည်းဖြစ်သော။
သဟဇာတာဓိပတိသဟဇာတာဓိပတိသည်။
သဟဇာတာနံ နာမ ရူပါနံ၊ တကွဖြစ်သောနာမ်ရုပ်တို့အား။
သဟဇာတဝသေနသဟဇာတ၏ အစွမ်းဖြင့်။
ပစ္စယော၊ ကျေးဇူးပြုသည်။
ဟောတိ၊ဖြစ်၏။
ဣတိစ၊ ဤသို့လျှင်။
အဓိပတိပစ္စယောအဓိပတိပစ္စည်းသည်။
ဒုဝိဓော၊ နှစ်ပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏၊

မှတ်ချက်

အာရမ္မဏာဓိပတိသည် အာရမ္မဏူနှင့် တူ၏။ သဟဇာတာဓိပတိ၌ --

ဒွိဟိတ်ဇော ၁၈-ခု၌ အဓိပတိ သုံးပါးတို့တွင် တပါးပါး ရံခါရ၏။
ကာမဉာဏ သမ္ပယုတ်ဇော ၈-ခု၌ လေးပါး တပါးပါး ရံခါရ၏။
အပ္ပနာဇော ၂၆-ခု၌ လေးပါး တပါးပါး အမြဲရ၏။
ရံခါ ၂၆၊ အမြဲ ၂၆၊ ပေါင်း ၅၂။
သုံးပါး တပါးပါး ၁၈။ လေးပါး တပါးပါး ၃၄၊ ပေါင်း ၅၂။
ဤသို့ခွဲသိရမည်။

နှစ်ချက်ခွဲ

အဓိပတိသည် အာရမ္မဏာဓိပတိသဟဇာတာဓိပတိ-ဟု နှစ်မျိုးပြား၏။
အာရမ္မဏာဓိပတိသည် အာရမ္မဏူပနိဿယနှင့် တူ၏။ ။ အာရုံမျိုး။
သဟဇာတာဓိပတိ၌ - ဆန္ဒစိတ္တပီရိယဝီမံသ-ဟု ဆိုအပ်သော အဓိပတိ တရားကိုယ် လေးပါးတို့တွင် တပါးပါးသည် ပစ္စည်းမည်၏။ ထို အဓိပတိ တပါးပါးနှင့် အတူ ဖြစ်သော သာဓိပတိဇော ၅၂-ခု၊ “ဝိစိကိစ္ဆာကြဉ်သော” စေတသိက် ဧကပညာသ။ သာဓိပတိစိတ္တဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး၊
(ပဋိသန္ဓေအခါ အဓိပတိ မရ။)

သဟဇာတ

စိတ္တစေတသိကာ ဓမ္မာ+ အညမညံ သဟဇာတရူပါနဉ္စ။ ... မဟာဘူတာ+အညမညံ ဥပါဒါရူပါနဉ္စ။ .... ပဋိသန္ဓိက္ခဏေဝတ္ထုဝိပါကာ + အညမညန္တိစ-တိဝိဓောဟောတိ သဟဇာတပစ္စယော
စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။
အညမညဉ္စ၊ အချင်းချင်းအား၎င်း။
သဟဇာတရူပါနဉ္စ၊ တကွဖြစ်သော ရုပ်တို့အား၎င်း။
မဟာဘူတာ၊ မဟာဘုတ်တို့သည်။
အညမညဉ္စ၊ အချင်းချင်းအား၎င်း။
ဥပါဒါရူပါနဉ္စဥပါဒါရုပ်တို့အား၎င်း။
ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေ ခဏ၌။
ဝတ္ထုဝိပါကာ၊ ဝတ္ထုရုပ်နှင့် ဝိပါက်တို့သည်။
အညမညံ၊ အချင်းချင်းအား။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိစ၊ ဤသို့လျှင်။
သဟဇာတပစ္စယောသဟဇာတ ပစ္စည်းသည်။
တိဝိဓော၊ သုံးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

မှတ်ချက်

အစစကား - နှစ်ရပ်၌ ဆိုပြီးသောနည်းရှိ၍ သိနိုင်ရမည်။
တတီယစကား၌ ပဋိသန္ဓေခဏဟု ဆိုခြင်းကြောင့် ဝတ္ထုသည် ဟဒယဝတ္ထုဖြစ်ရမည်။ ဝိပါကသည် ပဋိသန္ဓေဝိပါက် ဖြစ်ရမည်။ ပဉ္စဝေါကာရနှင့်သာ ဆိုင်သည်ဟု သိရမည်။

နှစ်ချက်ခွဲ

သဟဇာတ၌ --

စိတ်တခု ယုတ်ကိုးဆယ် စေတသိက် ဒွေပညာသ - နာမ်ခန္ဓာတပါး၊ ၄ပါး၊ သုံးပါး၊ လေးပါးသည်၎င်း (၁)။
မဟာဘုတ်တပါး၊ နှစ်ပါး၊ သုံးပါး၊ လေးပါးသည်၎င်း (၂)။
ပဋိသန္ဓေအခါ ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာသည်၎င်း (၃)။
ပစ္စည်း မည်၏။
တကွဖြစ်သော နာမ်ခန္ဓာသုံးပါး၊ နှစ်ပါး၊ တပါး၊ စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် သည်၎င်း (၁)။
မဟာဘုတ် သုံးပါး၊ နှစ်ပါး၊ တပါး၊ ဥပါဒါရုပ်သည်၎င်း (၂)။
ပဋိသန္ဓေအခါ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထုသည်၎င်း (၃)။
ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး။

အညမည

စိတ္တစေတသိကာဓမ္မာ အညမညံ၊ မဟာဘူတာ+အညမညံ … ပဋိသန္ဓိက္ခဏေ ဝတ္ထုဝိပါကာ + အညမညန္တိစ-တိဝိဓော ဟောတိ အညမည ပစ္စယော
စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။
အညမညံ၊ အချင်းချင်းအား။
မဟာဘူတာ၊ မဟာဘုတ်တို့သည်။
အညမညံ၊ အချင်းချင်းအား။
ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေခဏ၌။
ဝတ္ထုဝိပါကာ၊ ဝတ္ထုရုပ်နှင့် ဝိပါက်တို့သည်။
အညမညံ၊ အချင်းချင်းအား။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏၊
ဣတိစ၊ ဤသို့လျှင်။
အညမညပစ္စယောအညမညပစ္စည်းသည်။
တိဝိဓော၊ သုံးပါး အပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

မှတ်ချက်

စိတ်စေတသိက်၌ ရုပ်မတွဲ။ မဟာဘုတ်၌ ဥပါဒါရုပ်မတွဲ။ ထိုကြောင့် နာမ်ခန္ဓာ လေးပါးလုံး၊ မဟာဘုတ်လေးပါးလုံး ပစ္စည်းမဖြစ်။ ပစ္စယုပ္ပန် ဝေးစွ။

နှစ်ချက်ခွဲ

အညမည၌ --

စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသ-နာမ်ခန္ဓာတပါး၊ နှစ်ပါး၊ သုံးပါး သည်၎င်း (၁)။
မဟာဘုတ် တပါး၊ နှစ်ပါး၊ သုံးပါးသည်၎င်း(၂)။
ပဋိသန္ဓေအခါ ဟဒယဝတ္ထု၊ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာသည်၎င်း (၃)
ပစ္စည်း မည်၏။
တကွဖြစ်သော နာမ်ခန္ဓာသုံးပါး၊ နှစ်ပါး၊ တပါးသည်၎င်း (၁)၊
မဟာဘုတ်သုံးပါး၊ နှစ်ပါး၊ တပါးသည်၎င်း (၂)။
ပဋိသန္ဓေအခါ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထုသည်၎င်း (၃)-
ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

နိဿယ

စိတ္တစေတသိကာ ဓမ္မာ + အညမညံ သဟဇာတရူပါနဉ္စ။ မဟာဘူတာ + အညမညံ ဥပါဒါရူပါနဉ္စ၊ ဆဝတ္ထူနိ + သတ္တန္နံဝိညာဏ ဓာတူနန္တိ စ-တိဝိဓော ဟောတိ နိဿယပစ္စယော
စိတ္တစေတသိကာ ဓမ္မာ၊ စိတ်စေတသိက် တရားတို့သည်။
အညမညံ၊ အချင်းချင်းအား၎င်း။
သဟဇာတရူပါနဉ္စ၊ အတူတကွဖြစ်သော ရုပ်တို့အား၎င်း။
မဟာဘူတာ၊ မဟာဘုတ်တို့သည်။
အညမညံ၊ အချင်းချင်းအား၎င်း။
ဥပါဒါ ရူပါနဉ္စဥပါဒါရုပ်တို့အား၎င်း။
ဆဝတ္ထူနိ၊ ဆဝတ္ထုတို့သည်။
သတ္တန္နံဝိညာဏဓာတူနံ၊ သတ္တဝိညာဏဓာတ်တို့အား။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိစ၊ ဤသို့လျှင်။
နိဿယပစ္စယောနိဿယပစ္စည်းသည်။
တိဝိဓော၊သုံးပါးအပြားရှိသည်။
ဟောတိ ၊ဖြစ်၏။
(ပုရေဇာတပဝတ္တိယံ ပါသည်၊ ဤ၌ မပါ။)

မှတ်ချက်

အစ စကားနှစ်ရပ်ဖြင့် သဟဇာတမျိုးကို။ တတီယဖြင့် ပဋိသန္ဓေအခါ သဟဇာတမျိုး၊ ပဝတ္တိအခါ ဝတ္ထုမျိုး၊ အာရုံမျိုးဟု သုံးမျိုးကိုပြသည်။ အာရုံမျိုး ပြရာ၌ ဝတ္ထုလည်းဖြစ်၊ အာရုံလည်းဖြစ်၊ ပုရေဇာတလည်းဖြစ်၊ နိဿယလည်း ဖြစ်သော ဝတ္ထာရမ္မဏ ပုရေဇာတ နိဿယ ကိုပြသည်။

ထိုအင်္ဂါလေးချက် ညီသော ပစ္စည်းကိုကား မရဏာအခါ ၁၇-ချက်မြောက်သော ဟဒယဝတ္ထုဟု သိရမည်။ ထိုဟဒယ၌မှီ၍ ထိုဟဒယကို အာရုံပြုနိုင်သော စိတ်ကား မရဏာသန္န မနောဒွါရိက ဝီထိစိတ်သာ ဖြစ်ရမည်။

ဣဿာတိကဝိရတိအပ္ပမညာ အားဖြင့် စေတသိက်ရှစ်ခု ယှဉ်နိုင်စရာ အကြောင်းလည်း မရှိဟု သိရမည်”။

နှစ်ချက်ခွဲ

နိဿယသည် သဟဇာတနိဿယပုရေဇာတနိဿယ-ဟု နှစ်မျိုး ပြား၏၊
သဟဇာတနိဿယသည် သဟဇာတ (တိဝိဓ) နှင့်တူ၏။ ။ သဟဇာတမျိုး။
ပုရေဇာတ နိဿယသည် --
ဝတ္ထုပုရေဇာတ နိဿယ
ဝတ္ထာရမ္မဏ ပုရေဇာတနိဿယ ဟု နှစ်မျိုးပြား၏။
ဝတ္ထုပုရေဇာတ နိဿယသည် ဝတ္ထု ပုရေဇာတနှင့် တူ၏။ ဝတ္ထုမျိုး။
ဝတ္ထာရမ္မဏ ပုရေဇာတ နိဿယ၌ - မရဏာသန္နအခါ ၁၇-ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုသည် ပစ္စည်းမည်၏၊ ထိုဟဒယ၌ မှီ၍ အာရုံပြု၍ မရဏာသန္နအခါ ဖြစ်သော ကာမမနောဒွါရိက ဝီထိစိတ် ၄၁-ခု၊ ဝါ-မနောဒွါရာဝဇ္ဇန်း၊ ကာမဇော တခု ယုတ်သုံးဆယ်၊ တဒါရုံ ဧကာဒသ။ “ဣဿာမစ္ဆရိယကုက္ကုစ္စဝိရတိအပ္ပမညာကြဉ်သော” စေတသိက် စတုစတ္တာလီသသည် ပစ္စယုပ္ပန် မည်၏။ အာရုံမျိုး။

မှတ်ဘွယ်အထူး

ပစ္စယုပ္ပန်၌ အဘိညာဒွေကိုလည်း သုတ္တန်ပါဠိစသော စကားဖြင့် ဆရာမြတ်တို့ မိန့်ဆိုကုန်၏။ သတ္တရသမ ဟဒယဝတ္ထုကို အဘိညာဒွေမှီလျက် အာရုံပြု၍ ထို အဘိညာဇော နောင် စုတိ ဖြစ်သည် ဟူသော အဓိပ္ပါယ်ဖြင့် မိန့်ဆိုကုန်၏။ အဘိညာသည် စုတိအား အနန္တရပစ္စည်း။ သတ္တရ သမ ဟဒယသည် အဘိညာအား ဝတ္ထုပုရေဇာတဝတ္ထုပုရေဇာတနိဿယဖြင့်လည်း ဆိုဘွယ်ရှိ၏။ အဘိဓမ္မာ၌ကား မဟော။

အာဟာရ

ကဗဠီကာရောအာဟာရော+ဣမဿ ကာယဿ ...။ အရူပိနောအာဟာရာ + သဟဇာတာနံ နာမရူပါနန္တိစ -ဒုဝိဓော ဟောတိ အာဟာရ ပစ္စယော
ကဗဠီကာရော အာဟာရောကဗဠီကာရ အာဟာရသည်။
ဣမဿကာယဿ၊ ဤကာယအား။ …
အရူပိနောအာဟာရာ၊ နာမ်အာဟာရတို့သည်။
သဟဇာတာနံ နာမရူပါနံ၊ တကွဖြစ်သော နာမ်ရုပ်တို့အား။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိစ၊ ဤသို့လျှင်။
အာဟာရပစ္စယောအာဟာရပစ္စည်းသည်။
ဒုဝိဓော၊ နှစ်ပါး အပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

မှတ်ချက်

အဇ္ဈတ္တဩဇာနှင့် ဗဟိဒ္ဓဩဇာ ပေါင်းဆုံမိမှ ဤသက်ရှိ အာဟာရဇ ကာယအား ကျေးဇူးပြုသည်၊ အာဟာရဇရုပ်ကို ဖြစ်စေသည်။ အဇ္ဈတ္တသက်သက်၊ ဗဟိဒ္ဓ သက်သက် မဖြစ်စေနိုင်။
ဩဇာသည် ဩဇာကြဉ်သော မိမိကလာပ်အား၎င်း၊ ဩဇာမကြဉ်သော တပါးသော ကလပ်အား၎င်း ကျေးဇူးပြုသည်၊ ဝါ၊ ကလာပ်တူလျှင် ဩဇာကြဉ်၍ ကလာပ်ပြားလျှင် မကြဉ်မူ၍ ကျေးဇူးသည်။

နှစ်ချက်ခွဲ

အာဟာရသည် ရုပ်အာဟာရနာမ်အာဟာရ-ဟု နှစ်မျိုးပြား၏။ ရုပ်အာဟာရ၌ ထမင်းခဲဘွယ် စသည်၌ တည်သော ဗဟိဒ္ဓဩဇာသည် ပစ္စည်းမည်၏။ အာဟာရဇ ရုပ်သည် ပစ္စယုပ္ပန် မည်၏။
တနည်းကား -
အဇ္ဈတ္တသန္တာန်၌ရှိသော စတုဇဩဇာ၊ ဗဟိဒ္ဓသန္တာန်၌ ရှိသော ဥတုဇဩဇာသည် ပစ္စည်း မည်၏။ “ကလာပ်တူ ဩဇာကြဉ်သော” ကလာပ်တူ၊ ကလာပ်ပြား ဖြစ်သော စတုဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ ။ ရုပ်အာဟာရမျိုး။
နာမ်အာဟာရ၌ - ဖဿစေတနာဝိညာဏ် ဟူသော နာမ်အာဟာရတရားကိုယ် သုံးပါးသည် ပစ္စည်းမည်၏။ ထိုအာဟာရ သုံးပါးနှင့် အတူဖြစ်သော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက်ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။

ဣန္ဒြိယ

ပဉ္စပသာဒါ+ပဉ္စန္နံ ဝိညာဏဏံ။ …. ရူပဇီဝိတိန္ဒြိယံ + ဥပါဒိန္န ရူပါနံ၊ … အရူပိနောဣန္ဒြိယာ + သဟဇာတာနံ နာမရူပါနန္တိစ-တိဝိဓော ဟောတိ ဣန္ဒြိယ ပစ္စယော
ပဉ္စပသာဒါ၊ ငါးပါးသော ပသာဒ (ဝတ္ထုရုပ်) တို့သည်။
ပဉ္စန္နံ ဝိညာဏဏံ၊ ပဉ္စဝိညာဏ်တို့အား။
ရူပ ဇီဝိတိန္ဒြိယံရုပ်ဇီဝိတိန္ဒြေသည်။
ဥပါဒိန္နရူပါနံ၊ ကမ္မဇရုပ်တို့အား။
အရူပိနောဣန္ဒြိယာ၊ နာမ်ဣန္ဒြေတို့သည်။
သဟဇာတာနံ နာမရူပါနံ၊ တကွဖြစ်ကုန်သော နာမ်ရုပ်တို့အား။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏၊
ဣတိစ၊ ဤသို့လျှင်။
ဣန္ဒြိယပစ္စယောဣန္ဒြိယပစ္စည်းသည်။
တိဝိဓော၊ သုံးပါးအပြားရှိသည်။
ဟောတိဖြစ်၏။

မှတ်ချက်

ပဌမစကားဖြင့် ဝတ္ထုမျိုးဖြစ်၏။ မဇ္ဈိမာယုကပဉ္စဝတ္ထုသာ ပဉ္စဝိညာဏ်၏ မှီရာ အသီးသီး ပစ္စည်းဖြစ်၏ဟု သိရမည်။
ဒုတီယဖြင့် ဇီဝိတရုပ်သည် မိမိရှိသော ကမ္မဇကလပ် ကိုးစည်းအား ဟုသိရမည်။ ကမ္မဇကိုလည်း ပဝတ္တိ၊ ပဋိသန္ဓေ၊ အသညသတ်-ဟု သုံးမျိုးလုံး သိရမည်။ အချို့သောနေရာ၌ သက်ရှိစတုဇရုပ်သည် ဥပါဒိန္န မည်၏။ ဤအဘိဓမ္မာ၌ကား ကမ္မဇရုပ်သာ ဥပါဒိန္န မည်၏။
တတီယဖြင့် နာမ်ဣန္ဒြေ ရှစ်ပါး ပစ္စည်းကိုသိရမည်။ ဝိစိကိစ္ဆာဧကဂ္ဂတာ-ဣန္ဒြေ မမည်။ အဝီရိယစိတ် ၁၆-ခု၌ ဧကဂ္ဂတာလည်း ဣန္ဒြေ မမည်။

နှစ်ချက်ခွဲ

ဣန္ဒြိယသည် ပုရေဇာတိန္ဒြိယရူပဇီဝိတိန္ဒြိယသဟဇာတိန္ဒြိယ၊-ဟုသုံးမျိုးပြား၏။
ပုရေဇာတိန္ဒြိယမဇ္ဈိမာယုကဖြစ်သော ပဉ္စဝတ္ထုသည် ပစ္စည်း မည်၏။ ပဉ္စဝတ္ထု၌ မှီသော ဒွေပဉ္စဝိညာဏ်တဆယ်၊ သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနစ်ခုသည် ပစ္စယုပ္ပန် မည်၏။ ဝတ္ထုမျိုး။
ရူပဇီဝိတိန္ဒြိယဇီဝိတိန္ဒြိယရုပ်သည် ပစ္စည်း မည်၏။ ထို ဇီဝိတိန္ဒြိယရုပ်ကြဉ်သော ကလာပ်တူ ကမ္မဇကလာပ် ကိုးစည်းသည် ပစ္စယုပ္ပန် မည်၏။ ရုပ်ဇီဝိတမျိုး။
သဟဇာတိန္ဒြိယ၌ - ဇီဝိတစိတ်ဝေဒနာ (၃)၊ သဒ္ဓါဝီရိယသတိဧကဂ္ဂတာပညာ(၅) ဟူသော နာမ်ဣန္ဒြေ တရားကိုယ် ရှစ်ပါးသည် ပစ္စည်းမည်၏။ ထို နာမ်ဣန္ဒြေ ရှစ်ပါးနှင့် အတူဖြစ်သော စိတ်တခု ယုတ်ကိုးဆယ်၊ စေတသိက် ဒွေပညာသ၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည် ပစ္စယုပ္ပန် မည်၏။ သဟဇာတမျိုး။

မှတ်ဘွယ်အထူး

ဣန္ဒြေ ၂၂-ပါး၊ တရားကိုယ် ၁၆-ပါးတို့သည် မိမိမိမိကိစ္စ၌ ဆိုင်ရာဆိုင်ရာတရားတို့ကို မိမိအလိုအတိုင်း ဖြစ်အောင် အစိုးတရ ကြီးကဲကြသောကြောင့် ဣန္ဒြိယ မည်ကုန်၏။ ဘာဝရုပ်မှ တပါးတို့သည် ပစ္စယလည်း မည်ကုန်၏။ ဘာဝရုပ်နှစ်ခုကားလိင်္ဂနိမိတ္တကုတ္တအာကပ္ပ-လေးမျိုးကို မိန်းမအသွင် စသည်၊ ယောက်ျားအသွင် စသည် ဖြစ်ကြရမည်ဟု အစိုးတရ ပြုသောကြောင့်သာ ဣန္ဒြိယမည်သည်။ အစိုးတရ အမြဲ မပြုသောကြောင့် ပစ္စယ မမည်။
ပဋိသန္ဓေအခါ ဘာဝရုပ်ရှိလျက် လိင်္ဂစသည်ကို မဖြစ်စေနိုင်။ ဗြဟ္မာတို့အား ဘာဝရုပ် မရှိဘဲလျက် ပုရိသလိင်္ဂ စသည် ထင်ရှား၏။ အချို့ယောက်ျား ဖြစ်လျှက် မိန်းမအသွင်၊ မိန်းမဖြစ်လျက် ယောက်ျားအသွင် အမြဲ အမှန်မှတ်၍မရ။ (လိင်္ဂါဒိမျိုး အုပ်စိုး မမြဲသတည်း)။

တနည်း --
ဘာဝရုပ် နှစ်ခုသည် လိင်္ဂစသော လေးမျိုးအား ဇနကသတ္တိဖြင့်လည်း မဖြစ်စေ။ ဥပထမ္ဘက သတ္တိဖြင့်လည်း မထောက်ပံ့၊ အနုပါလက သတ္တိဖြင့်လည်း မစောင့်ရှောက်။ ပစ္စည်းဖြစ်နည်း သုံးပါးဖြင့် ကျေးဇူး မပြုသောကြောင့် ပစ္စယမမည်၊
လိင်္ဂစသော လေးမျိုးကို ဣတ္ထိဘာဝ ပုရိသဘာဝအား လျော်သော သဏ္ဌာန်၊ မူရာ စသည်ဖြစ်အောင် ကံ, စိတ်, ဥတု, အာဟာရ တို့ကသာ ပြုပြင်ကြသည်။ ဘာဝနှစ်ခုကား ဤသို့ဤသို့ ဖြစ်ရမည်ဟု အစိုးတရ ကြီးကဲခြင်းသာ ပြုသည်။ ဖြစ်အောင် ပြုပြင်ပေးခြင်းမရှိ။ (ပစ္စည်းဖြစ်နည်း သုံးပါးမှ ရှောင်လွှဲပေသတည်း)။

တနည်း --
လိင်္ဂစသော လေးမျိုးသည် ပစ္စယုပ္ပန် ဖြစ်စကောင်းသော သင်္ခတပရမတ် စစ်စစ် မဟုတ်၊ ပညတ္တိ ဝိသေသ ဖြစ်သည်။ ထိုကြောင့် ပစ္စယမဖြစ်နိုင်။
(ပရမတ်မှ သီးခြားသော ပညပ်အား ကျေးဇူးပြုသောပစ္စည်း အဘယ်မှာ ဖြစ်နိုင် အံ့နည်း)။
လိင်္ဂါဒိမျိုး-အုပ်စိုး မမြဲ (၁)
ရှောင်လွှဲသုံးနည်း (၁)
ပညပ်သီး (၁) ပစ္စည်း ချို့ကြောင်း ဘာဝတည်း။

ဝိပ္ပယုတ္တ

ဩက္ကန္တိက္ခဏေ ဝတ္ထု + ဝိပါကာနံ၊ စိတ္တစေတသိကာ ဓမ္မာ + သဟဇာတ ရူပါနံ သဟဇာတ ဝသေန။ …. ပစ္ဆာဇာတာစိတ္တ စေတသိကာ ဓမ္မာ + ပုရေဇာ တဿ ဣမဿ ကာယဿ ပာဇာတ ဝသေန။ …. ဆဝတ္ထူနိ + ပဝတ္တိယံ သတ္တန္နံဝိညာဏဓာတူနံ ပုရေဇာတ ဝသေနေတိစ - တိပိဓောဟောတိ ဝိပ္ပယုတ္တပစ္စယော
ဩက္ကန္တိက္ခဏေ၊ ပဋိသန္ဓေအခါ၌။
ဝတ္ထု၊ ဝတ္ထုရုပ်သည်။
ဝိပါကာနံ၊ ဝိပါက်တို့အား။
စိတ္တစေတသိကာဓမ္မာ၊ စိတ်စေတသိက်တို့သည်။
သဟဇာတရူပါနံ၊ တကွဖြစ်သော ရုပ်တို့အား။
သဟဇာတဝသေနသဟဇာတ၏ အစွမ်းဖြင့်။
ပစ္စယာ၊ ကျေးဇူးပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
[ဤဝါကျမှ ဩက္ကန္တိက္ခဏေ ဝိပါကာ+ ဝတ္ထုဿ - ဟု ထုတ်ယူအပ်၏။ ပစ္ဆာဇာတာ-စသည် အတူရှိပြီ။ ။ ဆဝတ္ထုနိ စသည် အတူရှိပြီ။]
ဣတိစ၊ ဤသို့လျှင်။
ဝိပ္ပယုတ္တပစ္စယောဝိပ္ပယုတ္တပစ္စည်းသည်။
တိဝိဓော၊ သုံးပါးအပြား ရှိသည်။
ဟောတိ၊ ဖြစ်၏၊

မှတ်ချက်

ဝိပ္ပယုတ္တသည် ဉာဏ်မှကင်းသော ဉာဏဝိပ္ပယုတ်မျိုး ကဲ့သို့မဟုတ်။ မယှဉ်မတွဲ တကွဲစီဖြစ်၏၊ သီးခြား ဖြစ်ခြင်းသာတည်း။ ပြိုင်တူ။ နောက်၊ ရှေ့-ဟု သုံးမျိုးဖြစ်၍ ကျေးဇူးပြု၏။ ပြိုင်တူဖြစ်ရာ၌ ပဋိသန္ဓေအခါ ဝတ္ထုသည် + ဝိပါကတို့အားကဲ့သို့ ဝိပါကတို့သည် ဝတ္ထုအား အချင်းချင်း ကျေးဇူးပြုကုန်၏။ အညမည်ဟု မဆိုသော် လည်း စိတ္တ စေတသိကာဓမ္မာ + သဟဇာတရူပါနံ-မှ “ဝိပါကာ + ဝတ္ထုဿ” ဟု ထုတ်ယူနိုင်၏။ စိတ္တဇရုပ်ကို ဖြစ်စေသောစိတ် ၇၅-ခုရှိ၏။ စိတ္တဇရုပ်ကြောင့်ကား ထို ၇၅-မဖြစ်ဟု သိရမည်။

နှစ်ချက်ခွဲ

ဝိပ္ပယုတ်သည် သဟဇာတဝိပ္ပယုတ်ပစ္ဆာဇာတဝိပ္ပယုတ်ပုရေဇာတဝိပ္ပယုတ်ဟု သုံးမျိုးပြား၏။ သဟဇာတဝိပ္ပယုတ်၌ - ပဋိသန္ဓေအခါ ဟဒယဝတ္ထု၊ ပဉ္စပေါကာရ ပဋိသန္ဓေ နာမက္ခန္ဓာသည်၎င်း (၁)။ ရုပ်ကို ဖြစ်စေဘတ်သောစိတ် ၇၅-ခု၊ စေတသိက် ဒွေပညာသသည်၎င်း (၂) ပစ္စည်း မည်၏။
ပဋိသန္ဓေအခါ ပဉ္စဝေါကာရ ပဋိသန္ဓေနာမက္ခန္ဓာ၊ ဟဒယဝတ္ထုသည်၎င်း (၁)၊ စိတ္တဇရုပ်၊ ပဋိသန္ဓေ ကမ္မဇရုပ်သည်၎င်း (၂) ပစ္စယုပ္ပန် မည်၏။ ။ သဟဇာတမျိုး။
ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတနှင့်တူ၏။ ။ပစ္ဆာဇာတမျိုး။
ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတ ဝိပ္ပယုတ်ဝတ္ထာရမ္မဏပုရေဇာတဝိပ္ပယုတ် ဟု နှစ်မျိုးပြား၏။ ဝတ္ထုပုရေဇာတ ဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတနှင့် တူ၏။ ။ ဝတ္ထုမျိုး။
ဝတ္ထာရမ္မဏ ပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထာရမ္မဏ ပုရေဇာတနိဿယနှင့် တူ၏။ ။ အာရုံမျိုး။

အတ္ထိ

သဟဇာတံ၊ ပုရေဇာတံ၊ ပစ္ဆာဇာတဉ္စ သဗ္ဗထာ။ ကဗဠီကာရော အာဟာရော၊ ရူပဇီဝိတမိစ္စယန္တိ၊ ပဉ္စဝိဓော ဟောတိ အတ္ထိပစ္စယော အဝိဂတပစ္စယော။

သဗ္ဗထာ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
သဟဇာတဉ္စ၊သုံးမျိုးသော သဟဇာတ၎င်း။
ပုရေဇာတဉ္စ၊ နှစ်မျိုးသော ပုရေဇာတ၎င်း။
ပစ္ဆာဇာတဉ္စ၊ ပစ္ဆာဇာတ၎င်း။
ကဗဠီကာရော အာဟာရောစ၊ ကဗဠီကာရ အာဟာရ၎င်း။
ရူပဇီဝိတဉ္စ၊ ရူပဇီဝိတ၎င်း။
ဣတိ၊ ဤသို့။
အယံအတ္ထိ ပစ္စယော၊ ဤအတ္ထိပစ္စည်းသည်။
ပဉ္စဝိဓော၊ ငါးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
အဝိဂတပစ္စယောစ၊ အဝိဂတပစ္စည်းသည်လည်း။
ပဉ္စဝိဓော၊ ငါးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

နှစ်ချက်ခွဲ

အတ္တိသည် သဟဇာတတ္ထိ၊ ပုရေဇာတတ္ထိ၊ ပစ္ဆာဇာတတ္ထိ၊ အာဟာရတ္ထိ၊ ရူပဇီဝိတိန္ဒြိယတ္ထိ-ဟု ငါးမျိုးပြား၏။
သဟဇာတတ္ထိသည် သဟဇာတ (တိဝိဓ)နှင့် တူ၏။ ။ သဟဇာတမျိုး။
ပုရေဇာတတ္ထိသည် ဝတ္ထုပုရေဇာတတ္ထိ၊ အာရမ္မဏပုရေဇာတတ္ထိ ဟု နှစ်မျိုးပြား၏။
ဝတ္ထုပုရေဇာတတ္ထိသည် ဝတ္ထုပုရေဇာတနှင့် တူ၏။ ။ ဝတ္ထုမျိုး။
အာရမ္မဏပုရေဇာတတ္ထိသည် အာရမ္မဏပုရေဇာတနှင့်တူ၏။ အာရုံမျိုး။
ပစ္ဆာဇာတတ္ထိသည် ပစ္ဆာဇာတနှင့်တူ၏။ ။ ပစ္ဆာဇာတမျိုး။
အာဟာရတ္ထိသည် ရုပ်အာဟာရနှင့် တူ၏။ ။ ရုပ်အာဟာရမျိုး။
ရူပဇီဝိတိန္ဒြိယတ္ထိသည် ရူပဇီဝိတိန္ဒြိယနှင့် တူ၏။ ။ ရုပ်ဇီဝိတမျိုး။

အဝိဂတ

ဝိဂတသည်လည်း အတ္ထိ ငါးမျိုးနှင့်တူ၏။ ။ ခြောက်မျိုး။

ပစ္စည်းပေါင်းခြင်း

ဤအလုံးစုံသော ပစ္စည်းတို့သည် အာရမ္မဏ၊ ဥပနိဿယ၊ ကမ္မ္ပ၊ အတ္ထိ-လေးပစ္စည်း၌ ပေါင်းဝင်ကုန်၏။
အမျိုးတူရာ ပေါင်းဝင်သောကြောင့် --
အာရမ္မဏ၌ အာရုံမျိုး ရှစ်ပစ္စည်းဖြစ်၏။
ဥပနိဿယ၌ ဥပနိဿယမျိုး-ကိုး။ ဝါ-အနန္တရမျိုး ၇။ ပကတူပမျိုး ၂-ဖြစ်၏။
ကမ္မ၌ နာနာက္ခဏိကကမ္မတခု ဖြစ်၏။
အတ္တိ၌ သဟဇာတမျိုး ၁၅။ ဝတ္ထုမျိုး ၆။ ပစ္ဆာဇာတမျိုး ၄။ အာဟာရမျိုး ၃။ ရူပဇီဝိတိန္ဒြိယမျိုး ၃-မျိုး ဖြစ်၏။
[ခက်ခဲသည်ဟု ထင်ရသော်လည်း ဆိုပြီးသောနည်း ရှိသဖြင့် ကြံစည် အားထုတ်၍ သိရသောအခါ ပီတိပါမောဇ္ဇတို့ ဖြစ်နိုင်ကုန်ရာ၏။]

သဟဇာတရုပ်နှစ်မျိုး

စိတ်စေတသိက်တို့နှင့် အတူတကွ ဖြစ်သောရုပ်သည် သဟဇာတရုပ် မည်၏။ ပဝတ္တိအခါ စိတ္တဇရုပ်၊ ပဋိသန္ဓေအခါ ကမ္မဇရုပ် နှစ်မျိုးပြား၏။ ဤသဟဇာတရုပ်ကို ဟေတုစသော ငါးပစ္စည်း၌၎င်း၊ အဓိပတိစသော ရှစ်ပစ္စည်း၌၎င်း ပစ္စုပ္ပန်အဖြစ်ဖြင့် ဟောသည်။ ကြွင်း ၁၁-ပစ္စည်း၌ မဟော။ ပဉ္စဝေါကာရဘုံ၌သာ ဟောသည်။ စတုဝေါကာရ ၊ ဧကဝေါကာရ၌ မဟော။

ပစ္စည်းခွဲခြင်း

ဤသို့ ပစ္စည်းတို့သည် --
တေကာလိကပစ္စည်းကာလဝိမုတ္တပစ္စည်းအားဖြင့် နှစ်မျိုး ဖြစ်ကုန်၏။
အဇ္ဈတ္တိကပစ္စည်းဗာဟိရ ပစ္စည်းအားဖြင့် နှစ်မျိုး၊
သင်္ခတပစ္စည်းအသင်္ခတပစ္စည်း အားဖြင့် နှစ်မျိုး၊
ပညပ်ပစ္စည်းနာမ်ပစ္စည်းရုပ်ပစ္စည်းအားဖြင့် သုံးမျိုး။
အလုံးစုံသတ္တိ အသီးသီးအားဖြင့် ၂၄-မျိုးဖြစ်ကုန်၏။
(ပြားခြင်းအားဖြင့် ၄၇-ပစ္စည်း။ အမျိုးအရေအတွက် ၄၉-မျိုးကိုလည်း သိအပ်၏။)

ကာလဖြင့်လေးမျိုး

ကာလအားဖြင့် ပစ္စုပ်-ဆဲ့ငါး၊ အတိတ်-ငါးနှင့်၊ ဒွိကား-တဖြာ၊ တိကာ-ဝိမုတ်၊ သုံးခုထုတ်၊ ပေါင်းချုပ်နှစ်ဆဲ့လေး။

ပစ္စုပ်

ပစ္စုပ်ဆဲ့ငါးကား --
ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ (၄)၊
ပုရေဇာတ၊ ပစ္ဆာဇာတ၊ ဝိပါက (၃)၊
အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ (၄)
သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊(၄)၊
ဤသို့ ပစ္စုပ္ပန်ကာလ ပစ္စည်း ၁၅-ဖြစ်၏။
အတိတ်ငါးကား - အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နတ္ထိ၊ ဝိဂတတည်း။
ဒွိကားတဖြာကား - ကမ္မ။ ဤကမ္မသည် ပစ္စုပ်တီတဒွိကာလိက ပစ္စည်းဖြစ်၏။
တိကာဝိမုတ်-သုံးခုထုတ်ကား - အာရမ္မဏ၊ အဓိပတိ၊ ဥပနိဿ ဤသုံးပစ္စည်းသည် တေကာလိကနှင့် ကာလဝိမုတ်ပစ္စည်း ဖြစ်၏။

ယုဂ ခုနစ်စုံ

ပစ္စည်းတို့သည် အနက်တူတစုံ၊ သဒ္ဒါတူတစုံ စသည်ဖြင့် ခုနစ်စုံရှိ၏။
အနက်တူတစုံကား - အနန္တ၊ သမနန္တရ ဖြစ်၏။
သဒ္ဒါတူတစုံကား - နိဿယ၊ ဥပနိဿယ-ဖြစ်၏။”ဥပသာ ရလိုရင်းမဟုတ်”
ကာလပဋိပက္ခ တစုံကား - ပုရေဇာတ၊ ပစ္ဆာဇာတ။
ဟေတုဖလတစုံကား - ကမ္မ၊ ဝိပါက။
အညမည ပဋိပက္ခသုံးစုံကား - သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ။ အတ္တိ၊ နတ္ထိ။ ။ ဝိဂတ၊ အဝိဂတ ဖြစ်၏။

သတ္တိနှစ်မျိုး

သတ္တိအားဖြင့် ... ဇနက-ခုနစ်၊ ထမ္ဘ -တစ်၊ ဆဲ့ရှစ်-ဥဘယံ။
ဇနက-ခုနစ်ကား -
အနန္တရ ၊သမနန္တရ၊ အနန္တရူ၊ ပကတူ ဟူသော ဥပနိဿယ (၃)၊
အာသေဝန၊ နာနာက္ခဏိကကမ္မ၊ နတ္ထိ၊ ဝိဂတ (၄)
ဤ ခုနစ်ပစ္စည်းသည် ဇနကသည်ဖြင့် ဖြစ်ပေါ်ခြင်းငှါသာ ကျေးဇူးပြု၏။
ဥပထမ္ဘက မဟုတ်။
ထမ္ဘ-တစ်ကား -
ပစ္ဆာဇာတ၊ ဤ တပစ္စည်းသည် ဥပထမ္ဘက သတ္တိဖြင့် တည်တံ့ခြင်း ငှါသာ ကျေးဇူးပြု၏။ ဇနကမဟုတ်။
ဆဲ့ရှစ်-ဥဘယံကား -
ဟေတု၊ အာရမ္မဏ၊ အဓိပတိ (၃)။
သဟဇာတ၊ အညမည၊ နိဿယ၊ အာရမ္မဏူပနိဿယ (၄)
ပုရေဇာတ၊ သဟဇာတကမ္မ၊ ဝိပါက (၃)
အာဟာရ၊ ဣန္ဒြိယ၊ ဈာန၊ မဂ္ဂ (၄)
သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၄)၊
ဤ ၁၈-ပစ္စည်းသည် ဇနက၊ ဥပထမ္ဘက-သတ္တိနှစ်ပါးဖြင့် ဖြစ်ပေါ်ခြင်းငှါ၎င်း တည်တံ့ခြင်းငှါ၎င်း ကျေးဇူးပြု၏။
(ဥပနိဿယနှင့်ကမ္မကို သတိပြု၊ နှစ်ဌာနစီ။)

ဌာနိကနှစ်မျိုး

သင်္ခတတရား အားလုံးတို့အား ကျေးဇူးပြုသော ပစ္စည်းသည် သဗ္ဗဋ္ဌာနိက ပစ္စည်း မည်၏။ သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ ဟုလေးခုရှိ၏။
သင်္ခတတရား တစိတ်တဒေသအား ကျေးဇူးပြုသော ပစ္စည်းသည် အသဗ္ဗဋ္ဌာနိက ပစ္စည်းမည်၏။ ကြွင်း ၂၀-ဖြစ်၏။

ပစ္စည်းပေါင်းဝင်ခြင်း၌ မှတ်ဘွယ်

အာရုံမျိုးရှစ်

၁။ အာရမ္မဏာဓိပတိ
၂။ ဝတ္ထာရမ္မဏပုရေဇာတနိဿယ
၃။ အာရမ္မဏူပနိဿယ
၄။ အာရမ္မဏပုရေဇာတ
၅။ ဝတ္ထာရမ္မဏပုရေဇာတ ဝိပ္ပယုတ္တ
၆။ အာရမ္မဏပုရေဇာတတ္ထိ
၇။ အာရမ္မဏ ပုရေဇာကာဝိဂတ
ဤ ၇-ပစ္စည်းသည် အာရမ္မဏ၌ ပေါင်းဝင်၏။
ထိုကြောင့် အာရုံမျိုး ရှစ်ပစ္စည်း ဖြစ်၏။

ဥပနိဿယ မျိုးကိုး

အနန္တရ၊ သမနန္တရ၊ အာသေဝန၊ မဂ္ဂါနန္တရဖိုလ်အား (ပစ္စည်း) တပ်သော နာနာက္ခဏိက ကမ္မ၊ နတ္ထိ၊ ဝိဂတ ၆-ပစ္စည်းသည် အနန္တရူ၌ဝင်၏။
ပိပါက် ဆတ္တိံသအား တပ်သော ဗလဝ နာနာက္ခဏိကကမ္မသည် ပကတူ ၌ဝင်၏၊ ထိုကြောင့် ဥပနိဿယမျိုးကိုး ဖြစ်၏။
ဝါ-အနန္တရမျိုး ၇။ ပကတူမျိုး ၂-ဖြစ်၏။
(ရုပ်အား ကျေးဇူးမပြုသော ပကတူ၌ ရုပ်အား ကျေးဇူးပြုသော နာနာက္ခဏိက ဝင်ခြင်းသည် တစိတ်- သပဒေသ ဝင်ခြင်းတည်း။)

နာနာက္ခဏိကမျိုး တစ်

ဝိပါက်၊ ကဋတ္တာရုပ်အားတပ်သော ဗလဝ၊ ဒုဗ္ဗလကမ္မသည် နာနာက္ခဏိကမျိုး တခုဖြစ်၏။
[ကာမဝိပါက်အား ကာမကုသိုလ်၊ အကုသိုလ်-ဒုဗ္ဗလသည် နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။
ဗလဝသည် ပကတူ၊ နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။
အပ္ပနာဝိပါက်အား အပ္ပနာကုသိုလ် ဗလဝသည် ပကတူ၊ နာနာက္ခဏိက သတ္တိဖြင့် ကျေးဇူးပြု၏။ ဒုဗ္ဗလမရှိ။
မဂ္ဂါနန္တရဖိုလ်အား မဂ်သည် အနန္တရ၊ ပကတူ၊ နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။
ကဋတ္တာရုပ်အား ကာမကုသိုလ်၊ အကုသိုလ်၊ ရူပကုသိုလ်-ဗလဝ၊ ဒုဗ္ဗလသည် နာနာက္ခဏိကသတ္တိဖြင့် ကျေးဇူးပြု၏။]

သဟဇာတမျိုး ၁၅

ဟေတု၊ သဟဇာတာဓိပတိ၊ သဟဇာတ (၃)။
အညမည၊ သဟဇာတနိဿယ၊ သဟဇာတကမ္မ၊ (၃)။
ဝိပါက၊ နာမ်အာဟာရ၊ သဟဇာတိန္ဒြိယ (၃)။
ဈာန၊ မဂ္ဂ၊ သမ္ပယုတ္တ (၃)။
သဟဇာတဝိပ္ပယုတ္တ၊ သဟဇာတာဝိဂတ (၂)။
ဤ ၁၄-ပစ္စည်းသည် သဟဇာတတ္ထိ၌ ဝင်၏။
ထိုကြောင့် သဟဇာတမျိုး ၁၅-ဖြစ်၏။

ဝတ္ထုမျိုး ၆

ဝတ္ထုပုရေဇာတနိဿယ၊ ဝတ္ထုပုရေဇာတ၊ ပုရေဇာတိန္ဒြိယ၊ ပုရေဇာတဝိပ္ပယုတ္တ၊ ပုရေဇာတာဝိဂတ - ဤ ငါးပစ္စည်းသည် ဝတ္ထုပုရေဇာတတ္တိ၌ဝင်၏။
ထိုကြောင့် ဝတ္တု မျိုး ၆-ဖြစ်၏။

ပစ္ဆာဇာတမျိုး ၄

ပစ္ဆာဇာတ၊ ပစ္ဆာဇာတဝိပ္ပယုတ္တ၊ ပစ္ဆာဇာတာဝိဂတ။ ဤ သုံးပစ္စည်းသည် ပစ္ဆာဇာတတ္တိ၌ ဝင်၏။ ပစ္ဆာဇာတမျိုး ၄-ဖြစ်၏။

အာဟာရမျိုး ၃

ရုပ်အာဟာရ၊ ရုပ်အာဟာရာဝိဂတ၊ ဤနှစ်ပစ္စည်းသည် ရုပ်အာဟာရတ္တိ၌ ဝင်၏။ အာဟာရမျိုး ၃- ဖြစ်၏။

ရူပဇီဝိတမျိုး ၃

ရူပဇီဝိတိန္ဒြိယ၊ ရူပဇီဝိတိန္ဒြိယာဝိဂတ။ ဤနှစ်ပစ္စည်းသည် ရူပဇီဝိတိန္ဒြိယတ္တိ၌ ဝင်၏။ ရူပဇီဝိတမျိုး ၃-ဖြစ်၏။

ပညပ်

ပညပ်၊ နာမ်၊ ရုပ်တို့တွင် ရူပက္ခန္ဓာသည် ရုပ်မည်၏၊
နာမ်ခန္ဓာ လေးပါး၊ နိဗ္ဗာန် - ဤငါးပါးသည် အရူပလည်း မည်၏။ နာမ်လည်း မည်၏။
ပညပ်ကား အတ္ထပညပ်၊ သဒ္ဒပညပ်ဟု နှစ်မျိုး ပြား၏။
သိစေအပ်သော “ဝါ-သိအပ်သော” ပညပ်သည် အတ္ထပညပ်မည်၏။
(ဝစ္စပညပ်လည်း မည်၏။ ပညာပီယတ္တာပညတ္တိလည်း မည်၏။)
သိစေတတ်သော ပညပ်သည် သဒ္ဒပညပ် မည်၏။ (ဝါစက ပညပ်လည်း မည်၏။ နာမပညပ်လည်း မည်၏။ ပညာပနတော ပညတ္တိလည်း မည်၏။)

သင်္ကေတ ဝစနံ သစ္စံ၊ လောကသမ္မုတိကာရဏံ။
ပရမတ္ထ ဝစနံ သစ္စံ၊ ဓမ္မာနံ တထလက္ခဏံ။

လောကသမ္မုတိကာရဏံ၊ လူတို့သမုတ်ခြင်းလျှင် အကြောင်းရှိသော။
သင်္ကေတဝစနံ၊ သင်္ကေတစကားသည်။
သစ္စံ၊ မှန်၏။
ဓမ္မာနံ၊ ဓမ္မတို့၏။
တထလက္ခဏံ၊ မှန်သော လက္ခဏာရှိသော။
ပရမတ္ထ ပစနံ၊ ပရမတ်စကားသည်။
သစ္စံ၊ မှန်၏။

သမ္မုတိသစ္စာပရမတ္ထသစ္စာဟု သစ္စာနှစ်ပါးလုံး ဘုရားရှင် သုံး၏။ ထိုပြင် တတီယသစ္စာဟု မရှိပြီ။
(အရိုးဖြူသောကြောင့် ကျီးဟူသမျှဖြူ၏-ဟူသည် သစ္စာနှစ်ပါး၌ မပါဝင်ပြီ။)

အတ္ထပညပ်အများ

သိအပ်သော အတ္ထပညပ်သည် သန္တာနပညပ်သမူဟပညပ် - စသည်ဖြင့် အများအပြား ရှိ၏။
မြေကြီး၊ တောတောင်၊ သစ်ပင် - စသည်သည် (ဝါ-မြေကြီးစသော အမည်ဖြင့် သိအပ်သော ဝတ္ထုဒြပ်သည်) သန္တာနပညပ် မည်၏။ ပဗန္ဓဟူသော အစဉ်အဆက် ဖွဲ့ခြင်း မပြတ်သောကြောင့်တည်း။ ပထဝီအာပေါစသော မဟာဘုတ်တို့၏ ပြန့်ခြင်း၊ မိုမောက်ခြင်း စသော ခြင်းရာ ဖောက်ပြန်ခြင်းကို စွဲ၍ မှည့်အပ်သော ဝတ္ထုဖြစ်၏။
အိမ်၊ အိုး၊ ပုဆိုး-စသည်သည် သမူဟပညပ် မည်၏၊ သစ်သား၊ မြေညက်၊ ဝါချည် စသည်တို့၏ ပေါင်းစုခြင်းကို စွဲ၍မှည့်အပ်သော အရာဖြစ်၏။
ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် - စသည်သည် သတ္တပညပ်မည်၏။ ခန္ဓာငါးပါး၏ ခြင်းရာကို စွဲ၍မှည့်အပ်သောအရာ ဖြစ်၏။
အရှေ့၊ အနောက်-စသည်သည် ဒိသာပညပ် မည်၏။
နံနက်၊ ညချမ်း-စသည်သည် ကာလပညပ် မည်၏။
ကဆုန်၊ နယုန်-စသည်သည် မာသပညပ် မည်၏။
လ၊နေ၊ နက္ခတ်တို့၏ လှည့်လည်သော ခြင်းရာကိုစွဲ၍ မှည့်အပ်သော အရာဖြစ်၏။
တွင်း၊ လှိုဏ်၊ ဂူ အပေါက်-စသည်သည် အာကာသပညပ် မည်၏။ မဟာဘုတ်တို့၏ မသိခြင်း၊ မရှိခြင်းကိုစွဲ၍ မှည့်အပ်သော အရာဖြစ်၏။
ကသိုဏ်းနိမိတ်၊ အသုဘနိမိတ် စသည်သည် နိမိတ်ပညပ်မည်၏။ ယောဂီတို့အား ထိုထိုနိမိတ်အာရုံ ထင်ခြင်းကို စွဲ၍မှည့်အပ်သော အရာဖြစ်၏။
ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် စသည်သည်လည်း နိမိတ်ပညပ် မည်၏။ ဘာဝနာစဉ် ထူးခြားခြင်းကိုစွဲ၍ မှည့်အပ်သော အရာဖြစ်၏။
အတ္ထပညပ်သည် ပရမတ် မဟုတ်သော်လည်း ပရမတ်၏ အရိပ်အရောင် စွဲမြှောင်တုပခြင်းဖြင့် စိတ်စေတသိက်တို့၏ အာရုံ ဖြစ်၏။ ထိုထိုခြင်းရာဖြင့် ဖြစ်သည်ကို စွဲ၍ ထောက်၍ အကြောင်းပြု၍ ထိုထိုခြင်းရာဖြင့် ကြံဆအပ်သောအရာ၊ ရေတွက်အပ်သော အရာဖြစ်၏။ မှည့်ခေါ်အပ်သော အရာဖြစ်၏၊ အပြားအားဖြင့် သိစေအပ်သော [ဝါ-သိအပ်သော] အရာဖြစ်၏။ ထိုကြောင့်ပညပ် မည်၏။

သဒ္ဒပညပ် ၆-မည်

သိစေတတ်သော သဒ္ဒပညပ်ကိုကား နာမ၊ နာမကမ္မ၊ နာမဓေယျ၊ နိရုတ္တိ၊ ဗျဉ္ဇန၊ အတိလာပ- ဟူသော အမည် ၆-ပါးဖြင့် ပြအပ်၏။ (အမည်သာ ကွဲ၏ ဟူလို။)
သဒ္ဒပညပ်ဟူသည် ရွတ်ဆိုအပ်သော အသံအဖြစ်သို့ ရောက်သော အက္ခရာစဉ် ဖြစ်၏။ ထိုအက္ခရာစဉ်သည် --
(၁)-အတ္ထေသု+ နမတီတိနာမံ -- အနက်ဒြပ်တို့၌+ ညွတ်တတ်သောကြောင့် နာမ မည်၏၊
(၂)-နမတီတိနာမံ၊ ကရီယတေတိကမ္မံ၊ နာမဉ္စ တံကမ္မဉ္စာတိနာမကမ္မံ - အနက်၌လည်း ညွတ်တတ်၊ ပြုလည်း ပြုအပ်သောကြောင့် ဝါ-မှည့်အပ်သော + အမည်ဖြစ်သော ကြောင့် နာမကမ္မ မည်၏။
(၃)-နမဏီတိနာမံ၊ ဓီယတေတိဓေယျံ၊ နာမဉ္စတံဓေယျဉ္စာတိ နာမဓေယျံ- ညွတ်တတ်၊ ထားအပ်သောကြောင့်၊ ဝါ-ထားအပ်သော အမည်ဖြစ်သောကြောင့် နာမဓေယျ မည်၏။
(၄)-နီဟရိတွာ ဥစ္စတိဧတာယာတိ နိရုတ္တိ-ဝစနတ္ထကို ထုတ်၍ဆိုကြောင်း ဖြစ်သောကြောင့် နိရုတ္တိ မည်၏၊
(၅)- ဗျဉ္ဇီယတိ အတ္ထောဧတေ နာတိဗျဉ္ဇနံ - အနက်ပြတတ်သောကြောင့် ဗျဉ္ဇန မည်၏။
(၆)- အဘိမုခံလပဏီတိ အတိလာပေါ - အနက်ဒြဗ်သို့ ရှေးရှုပြု၍ ဟောတတ် သောကြောင့် အဘိလာပ မည်၏။
ဤသို့ ဤသဒ္ဒပညပ်သည် အမည်ခြောက်ပါး ရှိ၏။ ဆိုလတ္တံ့သော တတီယဝီထိ၏ အာရုံဖြစ်၏။ အနက်ဒြပ်အတ္ထပညပ်ကို သိကြောင်းဖြစ်၏။

သဒ္ဒပညပ်အပြား

ဤအက္ခရာစဉ်သည် အနွတ္ထနာမ်ရုဠှီနာမ်အားဖြင့် နှစ်ပါး။ ဧကက္ခရအနေကက္ခရအနေကပဒ အားဖြင့် သုံးပါး။ သာမညနာမ်ဂုဏနာမ်ကြိယာနာမ်ယဒိစ္ဆာနာမ် အားဖြင့် လေးပါး၊ ဒဗ္ဗနာမ်ဂုဏနာမ်ကြိယာနာမ်နာမနာမ်ဇာတိနာမ် အားဖြင့် ငါးပါး၊ ဝိဇ္ဇမာနအဝိဇ္ဇမာန စသော အားဖြင့် ခြောက်ပါး။ လူမျိုးအလိုက်အားဖြင့် တရာ့တပါး ပြား၏။

ဝိဇ္ဇမာနဆက္က

ပရမတ်အားဖြင့် ထင်ရှားရှိသောရုပ်၊ ဝေဒနာ-စသည်ကို ရုပ်ဝေဒနာ-စသည်ဖြင့် လှည့်ခေါ်ခြင်းသည် ဝိဇ္ဇမာန ပညပ်မည်၏။ ပရမတ်အားဖြင့် ထင်ရှား မရှိသောမြေ၊ တောင်-စသည်ကို မြေ၊ တောင်စသည်ဖြင့် မှည့်ခေါ်ခြင်းသည် အဝိဇ္ဇမာနပညပ် မည်၏။
ပရမတ်အားဖြင့် ထင်ရှားရှိ၊ မရှိကို ရောနှော၍ ဆဠဘိညော-အဘိညာခြောက်ပါး ရှိသူဟု မှည့်ခေါ်ခြင်းသည် ဝိဇ္ဇမာနေနေ အဝိဇ္ဇမာနပညပ်မည်၏။ ဣတ္ထိသန္ဒေ-မိန်းမ ၏အသံဟု မှည့်ခေါ်ခြင်းသည် အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညပ် မည်၏။ စက္ခုဝိညာဏံ-စက္ခုဝိညာဏ်ဟု လှည့်ခေါ်ခြင်းသည် ဝိဇ္ဇမာနေနဝိဇ္ဇမာနပညပ် မည်၏။ ရာဇပုတ္တော-မင်းသားဟု မှည့်ခေါ်ခြင်းသည် အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညပ်မည်၏။

ပညပ်နှစ်ခုအထူး

နွားဟုဆိုရာ၌ နငယ်ဝဆွဲရေးချ ဝစ္စပေါက်ရုံမျှ၊ နှုတ်သံဆိုရုံမျှနွားသည် သဒ္ဒပညပ် မည်၏။ မြက်မစား၊ လှည်းမရုန်း၊ နွားကိုယ်ခန္ဓာ မဟုတ်သေး၊ ထိုနွားကိုယ်ခန္ဓာ သို့ကား ရှေးရှုညွတ်၏။ တတီယဝီထိ၏ အာရုံမျှ ဖြစ်၏။
မြက်စား- လှည်းရုန်းသော နွားကိုယ်ခန္ဓာ ဒြပ်သာလျှင် အတ္ထပညပ် မည်၏။ စတုတ္ထဝီထိ၏ အာရုံဖြစ်၏။
ဆားဟုဆိုရာ၌လည်း စာလုံးပေါင်း အက္ခရာဆား၊ နှုတ်သံ ဆားသည်မငန်။ ငန်သော ဆားဒြပ်သို့ကား ရှေးရှုညွတ်၏။ သဒ္ဒပညပ် မည်၏။ ငန်သော ဆားသာလျှင် အတ္ထပညပ်ဖြစ်၏။ ။ ဤသို့အထူးကို ခွဲသိအပ်၏။

သင်္ကေတဖြင့်ပြီးခြင်း

ဝစီဃောသာ နုသာရေန၊ သောတ ဝိညာဏ ဝီတိယာ။
ဝစီဃောသာနုသာရေန၊ ၊ နှုတ်မြွက်သံသို့ အစဉ်လျှောက်သဖြင့်။
သောတဝိညာဏ ဝီထိယာသောတဝိညာဏဝီထိသည်။
ပဝတ္တာ-ပဝတ္တာယ၊ ဖြစ်လတ်သော်။

အဓိပ္ပါယ်ကား “နွား” ဟုဆိုသံ ကြားရသောအခါ ပစ္စုပ္ပန်သဒ္ဒါရုံကို အာရုံပြုလျက် သောတဝိညာဏဝီထိ- ပဌမ ဖြစ်သည်။ ထိုနောက် ထို “နွား”ဟူသော အတိတ် သဒ္ဒါရုံကို အာရုံပြုလျက် နောက်လိုက် - တဒနုဝတ္တကမနောဒွါရဝီထိ- ဒုတီယ မချွတ်ဖြစ်သည်။ ဤနှစ်ဝီထိသည်ပင် ဤနေရာ၌ သောတဝိညာဏဝီထိ မည်၏။

ပဝတ္တာနန္တရုပ္ပန္န၊ မနောဒွါရဿ ဂေါစရာ။
ပဝတ္တာ-ပဝတ္တာယ၊ ဖြစ်လတ်သော်။
အနန္တရုပ္ပန္န မနောဒွါရဿ၊ အခြားမဲ့ဖြစ်သော မနောဒွါရဝီထိ၏။
ဂေါစရာ၊ အာရုံဖြစ်သော။
(သာယံပညတ္တိ၊ ထိုပညပ်သည်။
လောကသင်္ကေတနိမိတ္တာ)။

ယခင်နှစ်ဝီထိနောင် သုဒ္ဓမနောဒွါရဝီထိ- တတီယ မချွတ်ဖြစ်သည်။ ပစ္စုပ္ပန်၊ အတိတ် သဒ္ဒါရုံပရမတ်ကို အာရုံမပြုဘဲ နငယ် ဝဆွဲ စသော အက္ခရာစဉ် နာမပညပ်ကို အာရုံပြုလျက်ဖြစ်သည်၊ သင်္ကေတ ထားသလိုဖြစ်သော နာမပညပ်ဖြစ်သောကြောင့် ဆိုသူသည် မြက်စားကောင် အနက်ဒြပ်သို့ ညွတ်လျက်ဆို၏။ ကြားသူကား သင်္ကေတ သိသူဖြစ်လျှင် မြက်စားကောင် အနက်ဒြဗ်ကို မိမိထံညွတ်စေလျက် ကြား၏။

အတ္ထာယဿာ နုသာရေန၊ ဝိညာယန္တိ တတောပရံ။
တတောပရံ၊ ထိုမှနောက်၌။
ယဿာ၊ ယင်းနာမပညပ်ကို။
အနုသာရေန၊ အစဉ်လျှောက်သဖြင့်။
အတ္ထာ၊ အနက်ဒြဗ် အတ္ထပညပ်တို့ကို။
ဝိညာယန္တိ၊ သိအပ်ကုန်၏။

တတီယဝီထိနောင် “နွားဟူသည် မြက်စားသော ခန္ဓာဒြပ်သာတည်း” ဟု နွားဒြဗ်ကို သိလျက် မနောဒွါရဝီထိ-စတုတ္ထဖြစ်သည်။ ဝါ-ကြားသူ သင်္ကေတ သိပြီးဖြစ်မှ ဤ ဝီထိ ဖြစ်၍သိသည်။ ဤစတုတ္ထနွားသည် သိအပ်သော အတ္ထပညပ် မည်၏။ ယခင် တတီယနွားသည် (သိကြောင်း) သဒ္ဒပညပ်မည်၏။ နာမပညပ်မည်၏။

သာယံပညတ္တိ ဝိညေယျာ၊ လောကသင်္ကေတနိမ္မိတာ။
သာယံပညတ္တိ၊ ထိုနာမပညပ်ကို။
လောကသင်္ကေတနိမ္မိတာ၊ လောကသင်္ကေတဖြင့် ပြီး၏ဟူ၍။
ဝိညေယျာ၊ သိအပ်၏။

ကမ္ဘာဦးလူတို့သည် ဤသို့ဤသို့ ခြင်းရာရှိသော ဝတ္ထုဒြပ်ကို နွားဟူ၍၎င်း၊ ကျွဲဟူ၍၎င်း သင်္ကေတ ထား၍ မှည့်ကုန်၏။ လူမျိုးအလိုက် သင်္ကေတထား၍ တရာ့တပါး မှည့်ခေါ်ခြင်း ပြားကုန်၏။ ထိုအတိုင်း သဒ္ဒပညပ် အလျှိုလျှို ဖြစ်လာသည် ဟု သိအပ်၏။ ထိုကြောင့် သင်္ကေတသိသူဖြစ်မှ စတုတ္ထဝီထိဖြစ်၍ နားလည်သည်။ သင်္ကေတ မသိသူအား တတီယဝီထိ အထိဖြစ်၍ နာမပညပ်မျှကိုသာသိနိုင်သည်။ စတုတ္ထဝီထိ မဖြစ်၍ အတ္ထပညပ်ကို မသိနိုင်၊

ဝဒန္တ သုံးဝီထိ

ဝဒန္တပုဂ္ဂိုလ်အား သုံးဝီထိကျမှ အသံဖြစ်သည်။
အတ္ထပညပ် သိသောဝီထိ၊
နာမပညပ် သိသောဝီထိ၊
အသံဖြစ်စေသောဝီထိ- ဤသုံးဝီထိတည်း။
ချဲ့ဦးအံ့ -
နွားဟု ရွတ်ဆိုလိုသောအခါ ရှေးဦးစွာ နွားခန္ဓာဒြပ်ကို အာရုံပြုလျက် မနောဒွါရ ဝီထိ တခုဖြစ်သည်။ ဤကား အတ္ထပညပ် သိသောဝီထိတည်း။
ထိုနောက် ထိုကိုယ်ဒြဗ် အတ္ထပညပ်မှ အစဉ်လျှောက်၍ အက္ခရာနွား ဟူသော နာမပညပ်ကို ဆင်ခြင်ကာ အာရုံပြုလျက် မနောဒွါရဝီထိ တခုဖြစ်သည်။ ဤကား နာမပညပ်သိသော ဝီထိတည်း။
ထိုနောက် သုဏန္တပုဂ္ဂိုလ် သိနိုင်အောင် အနက်ဒြပ်သို့ညွတ်၍ နွားဟူသော အသံကိုဖြစ်စေလျှက် မနောဒွါရဝီထိ တခုဖြစ်သည်။ ဤကား အသံဖြစ်စေသော ဝီထိတည်း၊
ဤသို့ သုံးဝီထိ အစဉ်အတိုင်းကျမှ “နွား”ဟူသော အသံဖြစ်သည်။

သုဏန္တ လေးဝီထိ

သုဏန္တအား လေးဝီထိကျမှ အနက်ဒြဗ်သိသည်။
ပစ္စုပ္ပန်သဒ္ဒါရုံသိသောဝီထိ၊
အတိတ်သဒ္ဒါရုံသိသောဝီထိ၊
နာမပညပ်သိသော ဝီထိ၊
အတ္ထပညပ်သိသော ဝီထိ-
ဤ လေးဝီထိတည်း။ သိသာသောနည်းရှိပြီ။

အနက်နှစ်မျိုး

အနက်ဟူသည် ဝေါဟာရတ္ထဘာဝတ္ထ ဟု နှစ်မျိုးပြား၏။
ဂေါ-နွား။ ဤသို့ အနက်ပြန်ခြင်းသည် ဝေါဟာရတ္ထ မည်၏၊ ပရိယာယ်တမျိုး ပြောင်းခြင်းမျှ ဖြစ်သည်၊ လှည်းရုန်းသော နွားမဟုတ်။ ထို ဝေါဟာရတ္ထသည် နာမ ပညပ်သာတည်း။
နွားခန္ဓာဒြပ်သည် ဘာဝတ္ထ မည်၏။ လှည်းရုန်းနိုင်၊ မြက်စားနိုင်ပြီ။ ထိုဘာဝတ္ထ သည်သာလျှင် အတ္ထပညပ်ဖြစ်သည်။
ဤ၌ သုဏန္တ၏ တတီယဝီထိအာရုံသည် ဝဒန္တ၏ ဒုတီယဝီထိ အာရုံဖြစ်၏။
သုဏန္တ၏ စတုတ္ထဝီထိအာရုံသည် ဝဒန္တ၏ ပဌမဝီထိ အာရုံဖြစ်၏။
ဤသို့အာရုံချင်း ကိုက်ညီလျှင် အာဘော်ကိုက်ညီသည် မည်၏။

အသံများတိုင်း ဝီထိတိုးခြင်း

ပုဆိုး-ဟုအက္ခရာ နှစ်ခုရှိသော အသံကိုကြားသောအခါ ပု-၌ပစ္စုပ္ပန်သဒ္ဒါရုံတဝီထိ၊ အတိတ် သဒ္ဒါရုံတဝီထိအားဖြင့် နှစ်ဝီထိ။ ဆိုး-၌ ထိုအတူ နှစ်ဝီထိ၊ ပေါင်းစုဟန် သမူဟာကာရ ပညပ်၌တဝီထိ - ဤသို့ ငါးဝီထိဖြစ်ပြီးမှ နာမပညပ်တဝီထိ၊ အတ္ထပညပ် တဝီထိဖြစ်၍ ၇-ဝီထိကျမှ အနက် နားလည်သည်။
သံဃာတော်-ဟု သုံးခုသော အသံကို ကြားသောအခါ ရှေးအတူ သံ-၌ နှစ်ဝီထိ၊ ဃာ-၌နှစ်ဝီထိ၊ တော်-၌နှစ်ဝီထိ၊ သမူဟာကာရ ပညပ်၌ တဝီထိ။ ဤ-ရ-ဝီထိနောင် နာမပညပ် တဝီထိ၊ အတ္ထပညပ် တဝီထိဖြစ်၍ ၉-ဝီထိကျမှ နားလည်သည်။ အသံတခု တိုးလျှင် နှစ်ဝီထိ တိုးကျသည်။
မြတ်စွာဘုရား-ဟု လေးခုသောအသံ၌ ၁၁-ဝီထိ။
ညီတော် အာနန္ဒာ-ဟု ငါးခုသောအသံ၌ ၁၃-ဝီထိ။
ဤကားအကျဉ်းတည်း။

ဝဒန္တ အကျယ် ၇- ဝီထိ

ဝဒန္တအား အကျယ်အားဖြင့် ၇-ဝီထိကျမှ အသံဖြစ်သည်။
၁။ တဇ္ဇာပညပ်ကို သိသောဝီထိ၊
၂။ ဥပါဒါပညပ်ကို သိသောဝီထိ၊
၃။ သမူဟပညပ်ကို သိသောဝီထိ၊
၄။ သန္တတိပညပ်ကို သိသောဝီထိ၊
၅။ အတ္ထပညပ်ကိုသိသောဝီထိ၊
၆။ သင်္ကေတပညပ်ကို သိသောဝီထိ၊
၇။ သဒ္ဒပညပ်ကို သိသောဝီထိ-
ဤသို့ အစဉ်အတိုင်း ၇-ဝီထိကျမှ အသံ ဖြစ်သည်။
ထိုတွင် ရုပ်နာမ်တို့၏ ရုပ္ပနလက္ခဏာ၊ နမနလက္ခဏာသည် တဇ္ဇာပညပ် မည်၏။
ထိုလက္ခဏာကိုစွဲ၍ ရူပ၊ နာမ ဟုသမုတ်ခြင်း သည် ဥပါဒါပညပ်မည်၏။
ထိုရုပ်နာမ် ခန္ဓာတို့၏ အပေါင်းသည် သမူဟပညပ် မည်၏။
ထိုရုပ်နာမ်ခန္ဓာတို့၏ အစဉ်သည် သန္တတိပညပ် မည်၏။
ထိုသန္တတိပညပ်သည်သာလျှင် အနက်ဖြစ်သောကြောင့် အတ္ထပညပ် မည်၏။
ထိုအတ္ထပညပ်ကို မှတ်သားကြောင်း လောကသမ္မုတိသည် သင်္ကေတပညပ်မည်၏။
ထို သင်္ကေတပညပ်ကိုပြသော အက္ခရာစဉ်သည် သဒ္ဒပညပ် မည်၏။
ဤ ပညပ်ခုနစ်ပါးကို အစဉ်အတိုင်း အာရုံပြု၍ မနောဒွါရ တဝီထိစီဖြစ်၏။ ထိုနှောင် အသံဖြစ်လာ၏။
ဤ၌ ဝဒန္တ၏ သဒ္ဒပညပ်သည် မိမိသိပြီးသော အတ္တပညပ်ကို ဟောခြင်းငှါ ဖြစ်ပေါ် လာ၏။ ညွတ်လာ၏။ အနက်သို့ ညွတ်တတ်သော နာမပညပ်ဖြစ်၏။ ထိုကြောင့် အတ္ထေ နမတီတိနာမံ ကတ္တုသာဓိ ဆိုအပ်၏။

သုဏန္တ အကျယ် ၇ -ဝီထိ

သုဏန္တအားလည်း အကျယ်အားဖြင့် ၇-ဝီထိကျမှ နားလည်သည်၊
၁။ ဝဒန္တ၏ ပဋိလောမ အားဖြင့် သဒ္ဒပညပ်ကို သိသော ဝီထိ၊
၂။ သင်္ကေတပညပ်ကို သိသောဝီထိ၊
၃။ အတ္ထပညပ်ကို သိသော ဝီထိ၊
၄။ သန္တတိ ပညပ်ကိုသိသော ဝီထိ၊
၅။ သမူဟပညပ်ကို သိသောဝီထိ၊
၆။ ဥပါဒါပညပ်ကိုသိသော ဝီထိ၊
၇။ တဇ္ဇာပညပ်ကို သိသောဝီထိ-
ဤသို့ အစဉ်အတိုင်း၇-ဝီထိကျမှ နားလည်သည်။
ဤ၌ သုဏန္တ၏ သဒ္ဒပညပ်သည် မိမိသင်္ကေတဖြင့် မှတ်သားဘူးသော အတ္ထပညပ်ကို သိစေ၏။ မိမိသို့ညွတ်စေ၏။ မိမိထံ အနက်တို့ကို ညွတ်လာစေသော နာမပညပ် ဖြစ်၏။ ထိုကြောင့် အတ္တနိ အတ္ထေနာမေတီတိနာမံ-ဟု ဟေတုကတ္တုသာဓိ ဆိုအပ်၏။

ပညပ်ပျက်-မပျက်

နာမပညပ်သည် လူတို့အသုံးပြုသောအခါ ဖြစ်လာ၏။ အသုံးမပြုသောအခါ ကွယ်ပျောက်၏။ အခြင်းအရာ အထူးထူးပြုပြင်ခြင်းကို စွဲ၍ဖြစ်သော အတ္ထပညပ်သို့ လိုက်၍လည်း အမည်တမျိုးစီဖြင့် ပြောင်းလွဲဖောက်ပြန်၏။ ထိုကြောင့် လောက သင်္ကေတ နိမ္မိတာ- ဟုဆိုအပ်၏၊ စင်စစ်အားဖြင့်ကား ဥပါဒ်၊ ဋ္ဌီ၊ ဘင်စွမ်းဖြင့် ဘယ်အခါမှ မပျက်။ အတ္တဒိဋ္ဌိဖြင့် စွဲလမ်းသော ငါ-ဟူသော ပညပ်သည် တသက်လုံး ဘယ်အခါ ပျက်ဘူးလေသနည်း။ တသံသရာလုံးပင် ငါ- မပျက်။
အတ္ထပညပ်ကား ခန္ဓာငါးပါး ပရမတ္ထတရားဖြစ်၍ ဥပါဒ်၊ ဌီ၊ ဘင်စွမ်းဖြင့် တပျက်တည်း ပျက်၏။ အတ္တဒိဋ္ဌိဖြင့် ငါဟုစွဲရာ အတ္တဘောသည် မပျက်သောအခါ  ရှိသေးသလော၊ နှစ်တိုင်း,လတိုင်း ရက်တိုင်းနံနက် မွန်းတည့်စသော အချိန်တိုင်း,တပျက်တည်း ပျက်၏။ ခြေတလှမ်းတလှမ်း၌ ကြွ၊ ဆောင်၊ လွှဲ၊ ချ၊ ထား၊ နှိပ်-အခိုက်အတန့် တိုင်းပင် တပျက်တည်း ပျက်၏။ ဤသို့တပျက်တည်း ပျက်သော ခန္ဓာငါးပါးကို ဘယ်အခါမှ မပျက်သော “ငါ” ဟူသော အမည်တပ်၍ သတ္တဝါတို့ မျက်စိ လယ်ကြရလေသည်။
ဂေါ-နွား ဤသို့ဆိုရာ၌ ဂေါသဒ္ဒါသည်၎င်း၊ ဝေါဟာရတ္ထ နွားသဒ္ဒါသည်၎င်း နာမပညပ် ချည်းသာဖြစ်၏။ လှည်းမရုန်း၊ မြက်မစား၊ ဘယ်အခါမှမသေ။
ဘာဝတ္ထနွားကား ခန္ဓာငါးပါးအတ္ထပညပ်ဖြစ်၏။ လှည်းရုန်းသည်၊ မြက်စားသည်၊ သေနိုင်သည်။ ထိုကြောင့် နာမဂေါတ္တံ နဇီရတိ-ဟု ဟောသည်။
နာမဂေါတ္တံ၊ အမည်အနွယ် ပညပ်သည်။
နဇီရတိ၊ မပျက်။

ပဋိစ္စသမုပ္ပါဒ်နည်း မှတ်ဘွယ်

အကြောင်း သာမညကို ငဲ့၍ ခေါ်ဝေါ်အပ်သော အပေါင်းပစ္စည်းသည် ပဋိစ္စသမုပ္ပါဒ် နည်းမည်၏၊ ကျဉ်း၏၊ ပေါင်း၏၊ အကြောင်းဝိသေသကိုငဲ့၍ ခေါ်ဝေါ်အပ်သော အစိတ်အစိတ် ပစ္စည်းသည် ပဋ္ဌာန်းနည်းမည်၏။ ကျယ်၏၊ စိတ်၏၊ ဤသို့ကျဉ်းကျယ် ပေါင်းစိတ်ဖြစ်၍ တနည်း၌ တနည်း ဝင်သည်။ ထိုကြောင့်ရောနှော၍ ချဲ့ဖွင့်ကုန်၏။
[ပဋိစ္စ-စွဲ၍၊ ဝါ- ယုံကြည်အပ်သည်၊ သံ+ တပေါင်းတည်း ၊ ဝါ၊ မဖောက်မပြန် ဥပ္ပါဒ + ဖြစ်သောအကျိုး။]
အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ + တပေါင်းတည်း + ဖြစ်သော အကျိုးသည် ပဋိစ္စသမုပ္ပါဒ် မည်၏။
ဝါ-အကြောင်းတို့၏ ညီညွတ်ခြင်းကိုစွဲ၍ + အကြောင်း အားလျော်ကန် မဖောက်မပြန် + ဖြစ်သော အကျိုးသည် ပဋိစ္စသမုပ္ပါဒ်မည်၏၊
ဝါ- ယုံကြည်အပ်သော + တပေါင်းတည်း ဖြစ်သော အကျိုးသည် ပဋိပ္ပသမုပ္ပါဒ် မည်၏။
ဝါ- ယုံကြည်အပ်သော + အကြောင်းအားလျော်ကန် မဖောက်မပြန် + ဖြစ်သော အကျိုးသည် ပဋိစ္စသမုပ္ပါဒ်မည်၏။ လေးနည်း။
အကြောင်းဟူသမျှသည်လည်း အကြောင်းကြောင့် ဖြစ်သော အကျိုးသာဖြစ်၍ အင်္ဂါ ၁၂-ပါးလုံးသည် ပဋိစ္စသမုပ္ပါဒ်မည်၏။
နိဗ္ဗာန်သာလျှင် အကျိုး မဟုတ်သောကြောင့် လွတ်၏ အကြောင်း ကင်း၏။

ခေါင်းဆောင်

အဘယ်ကြောင့် အဝိဇ္ဇာကိုစ၍ ဟောသနည်း?
အကြောင်းကင်းသလော၊ အစတရားလော。
အစတရား မဟုတ်၊ အကြောင်းမကင်း၊ အာသဝကြောင့် အဝိဇ္ဇာဖြစ်သည်။ ဝဋ္ဋကထာဟောရာ၌ ပမာနခေါင်းဆောင် ဖြစ်သောကြောင့် စ၍ ဟောသည်။
အဝိဇ္ဇာသည် ဒုဂ္ဂတိသို့ရောက်ကြောင်း ကံ၏ခေါင်းဆောင် ....။
တဏှာသည် သုဂတိသို့ ရောက်ကြောင်း ကံ၏ခေါင်းဆောင် ....။
ထိုနှစ်ပါးတို့တွင်လည်း အဝိဇ္ဇာသည် တဏှာ၏ အကြောင်းဖြစ်သေး၏။
ထိုကြောင့် ပဓာနခေါင်းဆောင်ဟု ဆိုအပ်၏။

ပြန်ဆက်ပုံ

အဝိဇ္ဇာရှိသူအား ဇရာမရဏ ဖြစ်သောအခါ သောက စသည်တို့ဖြစ်ကုန်၏။ နုပျိုလိုခြင်း၊ အသက်ရှည်လိုခြင်းဖြင့် အာသဝတို့လည်း ဖြစ်ကုန်၏။ အာသဝနှင့် ယှဉ်တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ထိုအာသဝကြောင့် အဝိဇ္ဇာဖြစ်သည်။ ထိုဇရာ မရဏကြောင့် အဝိဇ္ဇာ ဖြစ်သည်၊ အဝိဇ္ဇာလူမိုက်-သောက အပူဆိုက်လျှင် အာသဝ-အရက်သောက်၍ တဖန် အဝိဇ္ဇာလူမိုက် ဖြစ်ပြန်၏။ ဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်ပြန်၏။ ဤနည်းဖြင့် ဘဝစက် ပြန်၍ဆက်လေ၏။

အင်္ဂါမရေတွက်ခြင်း

သောက စသော ငါးပါးသည် ဇာတိ၏ မုချအကျိုးရင်း မဟုတ်။ ဇာတိကြောင့်လည်း ဖြစ်သည်၊ မရဏကြောင့်လည်း ဖြစ်သည်။ တပါးသော ဒုက္ခကြောင့်လည်း ဖြစ်သည်။ ရူပဘုံ စသည်တို့၌ကား လုံးလုံး မဖြစ်။ ထိုသို့ အကျိုးဖျားမှ ဖြစ်သောကြောင့် အင်္ဂါ သီးခြား မရေတွက်ရ။

အဝိဇ္ဇာပစ္စယာသင်္ခါရာ မှတ်ဘွယ်

အရကောက်

သစ္စာလေးပါး၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္န၊ ပဋိစ္စသမုပ္ပါဒ်- ဤရှစ်ဌာန၌ သဘောမှန် မသိသော မောဟသည် အဝိဇ္ဇာ မည်၏။
(အာရုံမပြုခိုက်၊ အိပ်ပျော်ခိုက် မသိခြင်းမျိုးကို မယူအပ်။
အတိတ် ခန္ဓာ၊ အာယတန၊ ဓာတ်တို့သည် ပုဗ္ဗန္တ မည်၏။
ရှေ့အစွန်း-ရှေ့ဘဝမည်၏၊
ဤသို့စသည်ဖြင့် နည်းယူ၍ အကြွင်းကို သိအပ်၏။)
လောကီကုသိုလ်၊ အကုသိုလ်-စေတနာ ၂၉-ခုသည် သင်္ခါရ မည်၏။
ထိုတွင် ပုညာဘိသင်္ခါရ ၁၃။ အပုညာဘိသင်္ခါရ ၁၂။ အာနေဉ္ဇာဘိသင်္ခါရ ၄။
တနည်း-ကာယသင်္ခါရ ၂၈။ ဝစီသင်္ခါရ ၂ဝ။ စိတ္တသင်္ခါရ ၂၉။- ခွဲနိုင်ရမည်၊

တပါးသော သင်္ခါရများ

အနိစ္စာဝတသင်္ခါရာ ဟူသော “နိဗ္ဗာန်ကြွင်းသော” သင်္ခါရသည် သင်္ခတသင်္ခါရ မည်၏။
ကံကြောင့်ဖြစ်သော ဝိပါက်၊ ကမ္မဇရုပ်သည် အဘိသင်္ခတ သင်္ခါရ မည်၏။
ကိုယ်စိတ်၌ဖြစ်သော ဝီရိယသည် ပယောဂါဘိသင်္ခါရ မည်၏။
ထွက်သက် ဝင်သက် လေသည် ကာယသင်္ခါရ မည်၏။
ဝိတက်၊ ဝိစာရသည် ဝစီသင်္ခါရမည်၏၊
ကြွင်းသောစေတသိက် ၅၀-သည် စိတ္တသင်္ခါရ မည်၏။
သင်္ခါရတို့ကို အဝိဇ္ဇာပစ္စယာ သင်္ခါရာ၌ မယူအပ်ကုန်။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ

ဒုက္ခသစ္စာ၌၎င်း၊ ပုဗ္ဗန္တ စသော လေးဌာန၌၎င်း ဒုက္ခအစုဟု မသိသူသည် ဤ ငါးဌာနဒုက္ခကို သုခဟုထင်၏။ ထိုသုခကို ရလိုသောကြောင့် မေးမြန်း၍၎င်း၊ ကြံစည်၍၎င်း ပုညာဘိသင်္ခါရကို အချို့ပြု၏။ အပုညာဘိသင်္ခါရကို အချို့ပြု၏။ အာနေဉ္ဇာဘိသင်္ခါရကို အချို့ပြု၏။ ထိုအခါငါးဌာန တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏။
ထိုသင်္ခါရ သုံးပါးလုံးသည် ထိုထိုဘုံ၌ဇာတိ၊ မရဏ စသောဒုက္ခကိုသာ ဖြစ်စေ၏။
သမုဒယသစ္စာ၌ ဒုက္ခဖြစ်ကြောင်းဟု မသိသူသည် သုခဖြစ်ကြောင်းဟုထင်၏။ တဏှာပြုပြင်၍ တန်းဆာဆင်ထားသော သင်္ခါရတို့ကို သုခဟု ထင်ခြင်းကြောင့် ထိုတဏှာကိုလည်း သုခဖြစ်ကြောင်းဟု ထင်သည်၊ ထိုတဏှာ ပြုပြင်ပေးသော သုခကို ရလိုသောကြောင့် ရှေးအတူ ကုသိုလ်၊ အကုသိုလ်တို့ကိုပြု၏။ ထိုအခါ သမုဒယ၌ တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏
ထိုသင်္ခါရ သုံးပါးလုံးသည် တဏှာဟူသော သမုဒယ ခြံရံလျက် တဏှာ စားကျက် တွင်း၌သာ ဖြစ်၏။
နိရောဓမဟုတ်သော နေဝသညာနာသညာယတန စသော ဘုံတခုခုကို နိရောဓ-နိဗ္ဗာန်ဟု မှတ်ထင်သူသည်၎င်း၊ မဂ္ဂင်ရှစ်ပါးမှ တပါးသောတရားကို နိရောဓမဂ္ဂဟု မှတ်ထင်သူသည်၎င်း-ထို နိရောဓကို ရလိုသောကြောင့် ထိုမဂ္ဂကို အားထုတ် လိုသောကြောင့် ကုသိုလ် အကုသိုလ်တို့ကို ပြု၏။ အချို့သတ်၍ ယဇ်ပူဇော်၏。
“ဤသို့သော နတ်ဗြဟ္မာဖြစ်လျှင် မသေသောနိဗ္ဗာန်ကိုရ၏” ဟု အချို့ ချိုးခြံစွာ ကျင့်၏။ သေလုနီးပါး ကျင့်ခြင်းစသည်ကို ပြု၏။ ထိုအခါနိရောဓ၌၎င်း၊ မဂ္ဂ၌၎င်း တွေဝေသော အဝိဇ္ဇာကြောင့် သင်္ခါရတို့ဖြစ်ကုန်၏။
ထိုသင်္ခါရ သုံးပါးလုံးသည် နိရောဓနှင့် မစပ်၊ မဂ္ဂနှင့်မစပ်၊ ဒုက္ခနှင့်သာစပ်၏။

ကုသိုလ် ဆင်ကောင်ပုပ်

ဒုက္ခနှင့် သမုဒယ မသိသူ၏ ကုသိုလ်၊ အကုသိုလ်သည် မိမိဒုက္ခဖြစ်ကြောင်းသာ တည်း။ နိရောဓနှင့် မဂ္ဂမသိသူ၏ ကုသိုလ် အကုသိုလ်သည် မိမိသူတပါး ဒုက္ခဖြစ်ကြောင်းသာတည်း။ သစ္စာလေးပါးမသိသူ ပြုသမျှကုသိုလ်၊ အကုသိုလ်သည် သံသရာဒုက္ခ ဖြစ်ကြောင်းသာတည်း၊
သစ္စာလေးပါးသိသူ၏ ဝိဝဋ္ဋနိဿိတ ကုသိုလ်ကား လောကုတ္တရာမဂ်စိတ်ဖြစ်အောင် ပကတူပသတ္တိဖြင့်၎င်း, အနန္တရူပသတ္တိဖြင့်၎င်း အာသေဝနသတ္တိဖြင့်၎င်း ကျေးဇူးပြု၏ ဟု ပဋ္ဌာန်းပါဠိတော်၌ ဟောသည်။ ထို ဝိဝဋ္ဋနိဿိတ ကုသိုလ်သော်လည်း မဂ်စိတ် မဖြစ်မီ သံသရာဒုက္ခမှ မလွတ်သေး။ မြစ်သမုဒြာအတွင်း ဆင်ကောင်ပုပ်နှင့် တူ၏။ မှီတွယ်၍ ကူးရသော်လည်း ကမ်းသို့မရောက်မချင်း ပုပ်နံ့လှိုင်၏၊ ဤသည်ပင် ငါတို့အားကိုးရာတည်း။

ဥပမာဖြင့်ပြခြင်း

တနည်းကား၊ ဖြစ်လတ္တံ့ ဒုက္ခနီးကပ်သည်ကို မသိသော အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရ ကိုပြုသည်။ နတ်သ္မီးရလိမ့်မည်ထင်၍ ချောက်သို့ခုန်ဆင်းသူနှင့်တူ၏။ ဝါ၊ မီးပုံတွင်း ခုန်ဆင်းသော ပိုးဖလံနှင့်တူ၏။ ဝါ-ပျားရည် လိမ်းသော သင်ဓုန်းသွား လျက်သူနှင့် တူ၏။ အနည်းငယ်ချို၍ လျှာပြတ်တတ်သည်။ ဒုက္ခနီးကပ်၏။
ဖြစ်ဆဲ လက်ရှိဒုက္ခကို မသိသော အဝိဇ္ဇာကြောင့် အပုညာဘိ ပြုသည်။ မစင်ကို ကိုင်ဆော့ကစားသော သူငယ်နှင့်တူ၏။ ဝါ၊ စိတ်ညစ်၍ အဆိပ်မျိုသည်နှင့်တူ၏။ ချက်ခြင်းဒုက္ခတွေ့၏။
ဖောက်ပြန်လတ္တံ့သော ဝိပရိဏာမဒုက္ခကို မသိသောအဝိဇ္ဇာကြောင့် အာနေဉ္ဇာဘိ ပြုသည်။ နတ်ပြည်အသွင် ခေတ္တပျော်မြူးရန် ဖန်ဆင်းထားသော ဘီလူးမြို့၊ ကျတ်မြို့ အတွင်းသို့ မျက်စိလယ် လမ်းမှား ဝင်သွားသည်နှင့်တူ၏။ ဖန်ဆင်းခြင်း ရုပ်သိမ်းလျှင် ချုံထဲရောက်၏။

ကျေးဇူးပြုပုံ

ဝိဇ္ဇာသည် ပုညာဘိအား နှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။
အပုညာဘိအား ၁၅-ပစ္စည်းဖြင့် ကျေးဖူးပြု၏၊
အာနေဉ္ဇာဘိအား တပစ္စည်းဖြင့် ကျေးဇူးပြု၏。
(နှစ်ပစ္စည်းကား-အာရမ္မဏ၊ ပကတူပနိဿယ。
၁၅-ပစ္စည်းကား-ဟေတု၊ အာရမ္မဏ၊ အဓိပတိ၊ အနန္တရ၊ သမနန္တရ(၅)၊
သဟဇာတ၊ အညမည၊ နိဿယ၊ ဥပနိဿယ၊ အာသေဝန (၅)၊
သမ္ပယုတ္တ၊ အတ္ထိ၊ နတ္ထိ၊ ဝိဂတ၊ အဝိဂတ (၅)။
တပစ္စည်းကား ပကတူပ။)

ပုညာဘိအား ၂-ပစ္စည်း

အဝိဇ္ဇာကို အနိစ္စ, ဒုက္ခ, အနတ္တဟု ဝိပဿနာ ရှုသောအခါ ကာမကုသိုလ် ပုညာဘိအား ကျေးဇူးပြု၏။ အဘိညာဝင်စား၍ သိသောအခါ ရူပကုသိုလ် ပုညာဘိအား ကျေးဇူးပြု၏။ အဝိဇ္ဇာသည် အာရမ္မဏပစ္စည်း အဖြစ်ဖြင့် ကျေးဇူးပြု၏။
အဝိဇ္ဇာမှလွတ်လို၍ ဒါနစသည်ကို၎င်း ရူပဈာန်ကို၎င်း ဖြစ်စေသောအခါ ပုညာဘိအား ကျေးဇူးပြု၏။ တွေဝေ၍ ကာမဘုံ ရူပဘုံ၌ဖြစ်အောင် ကာမကုသိုလ်၊ ရူပကုသိုလ်ကို ဖြစ်စေသောအခါ ပုညာဘိအား ပကတူပနိဿအဖြစ်ဖြင့် ကျေးဇူးပြု၏။

အာနေဉ္ဇာဘိအား တပစ္စည်း

အဝိဇ္ဇာမှလွတ်လို၍ အရူပကုသိုလ်ကို ဖြစ်စေသောအခါ အာနေဉ္ဇာဘိအား ကျေးဇူးပြု၏။ တွေဝေ၍ အရူပဘုံ၌ဖြစ်အောင် အရူပကုသိုလ်ကို ဖြစ်စေသောအခါ အာနေဉ္ဇာဘိအား ပကတူပနိဿယ အဖြစ်ဖြင့် ကျေးဇူးပြု၏။

အပုညာဘိအား ၁၅

အဝိဇ္ဇာကို အာရုံပြု၍ လောဘ ဒေါသစသည် ဖြစ်သောအခါ အပုညာဘိအား အာရမ္မဏသတ္တိ စသည်ဖြင့် ကျေးဇူးပြု၏။
အလေးပြု၍ သာယာသောအခါ လောဘမူ အပုညာဘိအား အာရမ္မဏာဓိပတိ သတ္တိစသည်ဖြင့် ကျေးဇူးပြု၏။
တွေဝေ၍ ပါဏာတိပါတ စသည်ကို ပြုသောအခါ အပုညာဘိအား အကြောင်းရင်းခံ အဝိဇ္ဇာသည် ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏။ တကွဖြစ်သော အဝိဇ္ဇာသည် ဟေတု၊ သဟဇာတ၊ သမ္ပယုတ္တစသည်ဖြင့် ကျေးဇူးပြု၏။ နောက်နောက် အဝိဇ္ဇာ ဇောအား ရှေးရှေးအဝိဇ္ဇာဇောသည် အနန္တရ၊ အာသေဝန စသည်ဖြင့် ကျေးဇူးပြု၏။

ထင်ရှားသော အဝိဇ္ဇာ

အဘယ်ကြောင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ-ဟု ဟောသနည်း။ သင်္ခါရ၏အကြောင်းသည် အဝိဇ္ဇာ တခုတည်းသာလော။ တခုတည်းမဟုတ်။ တဏှာ၊ ဥပါဒါန်စသည် အများ အပြား ရှိ၏။ အဝိဇ္ဇာကား ထိုတို့၏ အကြောင်းလည်းဖြစ်၍ ပြဋ္ဌာန်းသော ပဓာနအကြောင်းရင်းပင်မဖြစ်၊ သလိပ်နာ၍ သလိပ်သာ ထင်ရှားသကဲ့သို့ ထင်ရှား သော ပါကဋအကြောင်း ဖြစ်၏။ အဝိဇ္ဇာကင်းသော ရဟန္တာနှင့် မဆက်ဆံသော အသာဓာရဏ အကြောင်း ဖြစ်၏။ ထိုသို့ ပြဋ္ဌာန်းခြင်း, ထင်ရှားခြင်း, မဆက်ဆံခြင်း ကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဟု ဟောသည်။

ကြောင်းကျိုး တူ-မတူ

အနိဋ္ဌကျိုး ပေးသော အဝိဇ္ဇာကြောင့် အနိဋ္ဌကျိုး ပေးသော အပုညာဘိသာ ဖြစ်တန်စေ။ ပညာဘိ စသည်တို့ဖြစ်ခြင်းသည် သင့်နိုင်အံ့လော?
လောက၌ ဆန့်ကျင်သော အကြောင်း မတူသော အကြောင်းသည် များစွာရှိ၏။ အကျိုးဟူသမျှလည်း ဝိပါက်အကျိုးရင်းချည်းသာ မဟုတ်။ ထိုကြောင့် သင့်နိုင်၏။
ရှေးစိတ်သည် နောက်စိတ်အား၊ ရှေးအတတ်သည် နောက်အတတ်အား-နေရာဌာန ဆန့်ကျင်သော အကြောင်း ဖြစ်၏။ ကံသည် ရုပ်အား၊ နို့ရည်သည် နို့ဓမ်းအား-သဘာဝ ဆန့်ကျင်သော အကြောင်းဖြစ်၏။ အလင်းရောင်သည် စက္ခုဝိညာဏ်အား၊ တင်လဲခဲသည် အရက်အား ကိစ္စဆန့်ကျင်သော အကြောင်း ဖြစ်၏။
စက္ခုပသာဒ၊ ရူပါရုံတို့သည် စက္ခုဝိညာဏ်အား ဌာန မဆန့်ကျင်သော အကြောင်း ဖြစ်၏။ ရှေးဇောသည် နောက်ဇောအား သဘာဝမဆန့်ကျင်သော အကြောင်း ဖြစ်၏။
ဥတု၊ အာဟာရသည် ရုပ်အား၊ သလေးစေ့သည် သလေးသီးအား သဒိသအကြောင်း ဖြစ်၏။ ရုပ်သည်နာမ်အား၊ နာမ်သည် ရုပ်အား၊ နွားမွေး, ဆိတ်နီမွေးသည် နေဇာမြက်အား၊ သားချိုသည် အသံအား၊ နို့ဓမ်း နှမ်းညက် တင်လဲတို့သည် မြက်နံ့သာအား၊ မှော်သည် ဟင်းဆန်ခွဲပင်အား၊ မြည်းမသည် အဿတိုရ်မြင်းအား အသဒိသ အကြောင်းဖြစ်၏။
ဤသို့ဆန့်ကျင် မဆန့်ကျင်သော အကြောင်း၊ တူမတူသော အကြောင်း-များစွာ ထင်ရှားသောကြောင့် “အဝိဇ္ဇာကြောင့် ပုညာဘိစသည်တို့ ဖြစ်ခြင်းသည်” သင့်လျော်၏။

ငါးဌာန အဝိဇ္ဇာ

တနည်း - စုတိ၊ ပဋိသန္ဓေ၊ သံသရာ၊ သင်္ခတလက္ခဏာ၊ ပဋိစ္စသမုပ္ပါဒ်-ငါးဌာန၌ တွေဝေသူသည် သင်္ခါရ သုံးပါးကိုပြု၏။ ထိုကြောင့်လည်း အဝိဇ္ဇာကြောင့် ပုညာဘိ စသည်တို့ ဖြစ်ခြင်းသည် သင့်လျော်၏。
စုတိ၌ တွေဝေသူသည် “ရုပ်နာမ်ခန္ဓာတို့၏ ပျက်ခြင်းသည် မရဏ မည်၏” ဟု (ယူရမည်ကို) မယူဘဲ “သတ္တဝါသေ၏၊ ငါ့သား ငါ့သ္မီး သေ၏၊ ဘဝတပါးသို့ ပြောင်းသွား၏။” စသည်ဖြင့် ကြံဆ၏။
ပဋိသန္ဓေ၌တွေဝေသူသည် “ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏”ဟု-မယူဘဲ “သတ္တဝါဖြစ်၏။ ငါ့မှာ သားသ္မီးဖြစ်၏။ ကိုယ်အသစ်ဖြစ်၏။” စသည်ဖြင့် ကြံဆ၏။
သံသရာ၌ တွေဝေသူသည် “ခန္ဓာ အာယတန ဓာတ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသည် သံသရာမည်၏”ဟု မယူဘဲ “ဤသူသည် ဤဘဝမှ ထိုဘဝသို့၊ ထိုဘဝမှဘဝသို့-သွား၏၊ လာ၏ ပြောင်းရွှေ့၏။” စသည်ဖြင့် ကြံဆ၏။
သင်္ခတလက္ခဏာ၌ တွေဝေသူသည် “စိတ် စေတသိက် ရုပ်သည် သိခြင်း၊ ထိခြင်း၊ ကြမ်းတမ်းခြင်း လက္ခဏာရှိ၏။ ဝါ-အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ရှိ၏” ဟု သဘာဝလက္ခဏာကို၊ ဝါ-သာမညလက္ခဏာကို မယူဘဲ “ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ-မြဲ၏၊ တင့်တယ်၏ ချမ်းသာ၏”ဟုကြံဆ၏။
ပဋိစ္စသမုပ္ပါဒ်၌ တွေဝေသူသည် “အဝိဇ္ဇာ စသည်ကြောင့် သင်္ခါရစသည်တို့ ဖြစ်ကုန်၏”ဟု မယူဘဲ “အတ္တသည် ကိုယ်တိုင် သိ၏။ တနည်း-အတ္တသည် ဗုဒ္ဓိဂုဏ်နှင့် တွဲလျှင်သိ၏။ - မတွဲလျှင် မသိ။ အတ္တသည်ပြု၏ ပြုစေ၏။ သန္ဓေအခါ ဖြစ်၏။ အဏု-သိမ်မွေ့သောအကြောင်း၊ ဣဿရာဒိ-နတ်ဗြဟ္မာစသော အကြောင်း တို့သည် ကလလရေကြည် စသောအဖြစ်ဖြင့် ခန္ဓာအိမ်ကိုပြုပြင်၏။ မျက်စိစသော ဣန္ဒြေတို့ကို ပြည့်စေကုန်၏။ မျက်စိစသည်ပြည့်သောအခါ ထိ၏။ ခံစား၏၊ စုံမက်၏။ စွဲလမ်း၏၊ အားထုတ်၏၊ တဖန်ဘဝသစ်၌ ဖြစ်၏ဟူ၍၎င်း၊ သတ္တဝါအားလုံးသည် နိယတိ+ သင်္ခတိ + ဘဝ + ပရိဏတာ-သဘာဝ နိယမအတိုင်း + ပေါင်းဆုံ၍ + ဘဝတို့၌ + ဖြစ်ကုန်၏ ဟူ၍၎င်း” ကြံဆ၏။
ဤသို့ငါးဌာန အဝိဇ္ဇာကြောင့် ကန်းသော အန္ဓပုထုဇဉ် ဗာလသည် ကြံဆပုံ အနည်းနည်းဖြင့် ခရီးညွှန်ကင်း အလင်းမရ ဒုက္ခိတမျို လမ်းကောင်း လမ်းဆိုး အရမ်းတိုးသကဲ့သို့ ကုသိုလ် အကုသိုလ် အရမ်းတိုးလျှက် သင်္ခါရသုံးပါးကို ပြု၏။
သစ္စာလေးပါး သိသောအခါမှ အဝိဇ္ဇာအမြစ်ပုပ်ဆွေး၍ ဝဋ်ဒုက္ခငြိမ်းဧလေသည်။

သင်္ခါရပစ္စယာဝိညာဏံ မှတ်ဘွယ်

အရကောက်

ယခင်ပုညာဘိစသော သင်္ခါရသုံးပါးသည် သင်္ခါရမည်၏။

(ဤ၌ အဘိညာကုသိုလ် စေတနာ၊ မဂ်ပယ်သော အကုသိုလ်စေတနာ၊ အဟောသိကံစေတနာတို့ မပါကုန်၊ အဝိဇ္ဇာကြောင့် ဖြစ်သော သင်္ခါရကား ဟုတ်၏။ ဝိညာဏ်ကို ဖြစ်စေနိုင်သည်မဟုတ်၊ ဥဒ္ဓစ္စစေတနာလည်း ပဋိသန္ဓေအခါ မပါ၊ ပဝတ္တိအခါ ပါသည်။)

ပဋိသန္ဓေအခါ ပဋိသန္ဓေစိတ် ၁၉-ခု၊ ပဝတ္တိအခါ လောကီဝိပါက် ၃၂-ခုသည် ဝိညာဏ် မည်၏။

(လောကုတ္တရာတို့ကို ဝဋ္ဋကထာ၌မယူ။ အဘိဓမ္မဘာဇနီယနည်းဖြင့်ကား စိတ် ၈၉ -ခုလုံး ဝိညာဏ်မည်၏။ ကြိယာစိတ်၊ လောကုတ္တရာစိတ် တို့ကိုလည်း ပဋိစ္စသမုပ္ပန္န သာဖြစ်၍ သွင်း ဟောသည်။)

ကျေးဇူးပြုပုံ

သင်္ခါရ ၂၉-ပါးသည် ပဋိသန္ဓေအခါ ဝိပါက်ဝိညာဏ် ၁၉-ခုအား ပဝတ္တိအခါ ၃၂-ခုအား နာနာက္ခဏိက ကမ္မပကတူပနိဿယ ပစ္စည်းနှစ်ပါးဖြင့်သာ ကျေးဇူးပြု၏။

ချဲ့ဦးအံ့၊

ကာမကုသိုလ် ပုညာဘိရှစ်သည် ပဋိသန္ဓေဝိညာဏ် ၉-ခု၊ ပဝတ္တိဝိညာဏ် ၁၆-ခုကို ဖြစ်စေ၏။ ရူပကုသိုလ်ပညာဘိ ငါးသည် ပဋိသန္ဓေ ၅-ခု၊ ပဝတ္တိ ၅-ခုကို ဖြစ်စေ၏၊ ပုညာဘိကြောင့် ဝိညာဏ် ၂၁-ဖြစ်သည်။

ဥဒ္ဓစ္စကြဉ်သော အပုညာဘိ ၁၁-သည် ပဋိသန္ဓေ တခုကို ဖြစ်စေ၏။ ဥဒ္ဓစ္စနှင့်တကွ ၁၂ သည် ပဝတ္တိဝိညာဏ် ၇-ခုကို ဖြစ်စေ၏။  ။ အပုညာဘိကြောင့် ၇။

အာနေဉ္ဇာဘိ ၄-သည် ပဋိသန္ဓေ ၄၊ ပဝတ္တိ ၄-ကိုဖြစ်စေ၏။ အာနေဉ္ဇာဘိကြောင့် ၄။

ပဋိသန္ဓေအပြား

ပဋိသန္ဓေဝိညာဏ်သည် --

  • ရူပမိဿ၊ အမိဿအားဖြင့် နှစ်ပါး။
  • ကာမ ရူပ၊ အရူပ အားဖြင့် သုံးပါး ပြား၏။
  • အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒဇ၊ သြပပါတိက-ယောနိ အားဖြင့် လေးပါးပြား၏။
  • ဒေဝ၊ မနုဿ၊ နိရယ၊ ပေတ၊ တိရစ္ဆာန- ဂတိအားဖြင့် ငါးပါးပြား၏။
  • ဧကတ္တကာယ နာနတ္တသညီ-စသော ဝိညာဏဌိတိအားဖြင့် ခုနစ်ပါးပြား၏။
  • သတ္တာဝါသအားဖြင့် ကိုးပါး ပြား၏။

ရူပမိဿသည်လည်း သ-ဘာဝက အဘာဝက-အားဖြင့် နှစ်ပါးပြား၏

သ-ဘာဝကလည်း ဣတ္ထိဘာဝ သဟိတ၊ ပုမ္ဘာဝသဟိတ အားဖြင့် နှစ်ပါးပြားပြန်၏။

ပဋိသန္ဓေပုစ္ဆာ

ပဋိသန္ဓေသည် အဘယ်သို့သော တရားနည်း? ရှေးဘဝမှ လာသလော?

ပဋိသန္ဓေသည် အဝိဇ္ဇာနုသယ အကြောင်းရင်းခံ၍ တဏှာနုသယ ခြံရံ၍ ကံကြောင့် ဖြစ်ပေါ်လာသော နာမ်ရုပ်တရားဖြစ်၏။ ရှေးဘဝမှ လာသည်မဟုတ်။ ဥပါဒ်ဆဲ ခဏ၌သာ ဘဝသစ်သို့ ရောက်လာသော အသွင်ဖြင့်ဖြစ်၏။

ရှေးဘဝမှမလာလျှင် ရှေးဘဝအကြောင်းကင်းသည် မဟုတ်လော?

ကင်းသည်မဟုတ်၊ ရှေးဘဝမှ အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရဟူသော အကြောင်းသုံးပါး မကင်းမှု၍ ဖြစ်သည်။ ပဲ့တင်သံ၊ မီးလျှံ၊ မှန်ရိပ်၊ တံဆိပ်ရေးအတူ ရှုအပ်၏။

ပဲ့တင်သံ စသည်တို့ဖြစ်သောအခါ မူလအသံ ရွေ့လာသည် မဟုတ်၊ မူလမီးလျှံ၊ မူလမျက်နှာ၊ မူလတံဆိပ်-ရွေ့လာသည်မဟုတ်။ မူလအသံ စသည်မှ အကြောင်း ကင်းသည်လည်း မဟုတ်။ ပဋိသန္ဓေဖြစ်သော အခါလည်း မူလရှေးဘဝမှ ရွေ့လာသည် မဟုတ်၊ ရှေးဘဝ အကြောင်း ကင်းသည်လည်းမဟုတ်ဟု ရှုအပ်၏။

သင်္ခါရကြောင့် ဝိညာဏ်ဖြစ်လျှင် သင်္ခါရနှင့် ဝိညာဏ်သည် တခုတည်းလော၊ တခုစီလော?

တခုတည်းလည်း မဟုတ်၊ တခုစီလည်း မဟုတ်။ တသန္တာန်တည်း ဆက်စပ်၍ ဖြစ်သည်။ နို့မှ နို့ဓမ်းဖြစ်သောအခါ နို့ဓမ်းသည် နို့မဟုတ်၊ တခြားမှ နို့ဓမ်းလည်း မဟုတ်၊ တသန္တာန်တည်း ဆက်စပ်၍ ဖြစ်သကဲ့သို့တည်း။

ဘဝဟောင်းမှမလာဘဲ အသစ်ဖြစ်လျှင် ကံပြုသူတယောက်၊ အကျိုးခံစားသူ တယောက် မဖြစ်နိုင်ပြီလော?

မဖြစ်နိုင်။ တသန္တာန်တည်း၌ရှိသော အကျိုးသည် သူတပါးနှင့်မဆိုင်၊ သူတပါး၏ ကံကြောင့်လည်းမဖြစ်။

သရက်စေ့ကို ပျားရည်လိမ်း စိုက်လျှင် ထိုအပင်၏ အသီးသာ ပိုလွန်၍ ချိုသည်။ ငယ်စဉ်က သင်သောပညာသည် ကြီးသောအခါ ထိုသူအားသာ အကျိုးရှိသည်။ ထိုအတူ အတိတ်ကံသည် ထိုကံပြုသူအားသာ အကျိုးပေးသည်။ သူတပါးအား မပေး။

အကျိုးခံစားတတ်သူ၊ ပုဂ္ဂိုလ်သတ္တဝါ ရှိသလော။ ထိုအကျိုးသည် အဘယ်သူအား ဖြစ်မည်နည်း?

ပရမတ်အားဖြင့် မရှိ၊ ပညပ်အားဖြင့်ရှိသည်။ သစ်ပင်၌အသီး ဖြစ်လာသောအခါ “ဤ သစ်ပင်သည် သီးတတ်ပေသည်”ဟု ခေါ်ဝေါ်ကြ၏။ ကောင်းကျိုး၊ မကောင်းကျိုး ဖြစ်လာသောအခါ “ဤသူသည် အကျိုးကို ခံစားတတ်သည်” ဟု ခေါ်ဝေါ်ကြ၏။ ထိုခေါ်ဝေါ်ခြင်း ပညပ်ဖြင့် အကျိုးခံစားသူ ပုဂ္ဂိုလ်သတ္တဝါ ရှိသည်။ ထိုအကျိုး သည်လည်း ထိုသူအားသာ ဖြစ်သည်တည်း။

ပြုအပ်သောကံရှိခိုက် အကျိုးပေးသလော။ မရှိခိုက် အကျိုးပေးသလော?

ရှိခိုက်ပေးလျှင် ကံနှင့်အကျိုးပြိုင်တူဖြစ်ရာ၏။ မရှိခိုက်ပေးလျှင် နောက် အခါမရွေး အမြဲအကျိုးပေးရာ၏။ ထိုကြောင့် ဤသို့မမှတ်အပ်။ သင်္ခါရကို ပြုခဲ့သောကြောင့်သာ ဝိညာဏ်ဖြစ်သည်ဟုမှတ်အပ်၏။

ဘဏ္ဍာဝယ်ယူခဲ့သောကြောင့်သာ အဘိုးငွေ ပေးရသည်။ ချေးငှါးခဲ့သောကြောင့်သာ အစားပြန်ပေးရသည်--ဟု အတူရှုအပ်၏။

ဝိညာဏပစ္စယာနာမရူပံ မှတ်ဘွယ်

အရကောက်

ယခင် ပဋိသန္ဓေ ဝိညာဏ် ၁၉၊ ပဝတ္တိ ဝိညာဏ် ၃၂-သည် ဝိညာဏ်မည်၏။

ဤကား သဟဇာတ ဝိညာဏ်တည်း။

လောကီကုသိုလ်၊ အကုသိုလ်စိတ် ၂၉-သည်လည်း ဝိညာဏ်မည်၏။

ဤကား အဘိသင်္ခါရ ဝိညာဏ်တည်း။ ဝါ-ကံဝိညာဏ်တည်း။

ဝိပါက်ဝိညာဏ်၊ ကံဝိညာဏ် နှစ်ပါးဟုသိအပ်၏။

စေတသိက်သည် နာမ်မည်၏။ ရုပ်သည် ရုပ်မည်၏။

တနည်း၊

အရူပဘုံ၌ ဝိပါက်နှင့်ယှဉ်သော စေတသိက်သည် နာမ် မည်၏။ အသညသတ်ဘုံ၌ ကမ္မဇရုပ်သည် ရုပ်မည်၏။ ပဉ္စဝေါကာရဘုံ၌ ဝိပါက်နှင့်ယှဉ်သော စေတသိက်နှင့် ကမ္မဇရုပ်သည် နာမ်ရုပ်မည်၏။ နာမ်+ရုပ်+နာမ်ရုပ်- သုံးမျိုးကို ပေါင်း၍ နာမ်ရုပ်ဟု ခေါ်သည်။

(ဤ၌ စိတ်နာမ်သည် အကြောင်းဝိညာဏ်ဖြစ်၍ အကျိုးနာမ်၌ မယူ။

နိဗ္ဗာန်နာမ်လည်း အကြောင်းကင်းသောကြောင့် မယူ၊

အဘိဓမ္မဘာဇနီယ နည်း၌ကား စိတ်တခု ယုတ်ကိုးဆယ်သည် ဝိညာဏ် မည်၏။

စေတသိက် ဒွေပညာသသည် နာမ်မည်၏။

စတုဇရုပ်အားလုံးသည် ရုပ်မည်၏ ဟုဟောသည်။)

ကျေးဇူးပြုပုံ

ဝိပါက် ဝိညာဏ်သည် နာမ်အား ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဟဒယဝတ္ထု၊ ရုပ်အား ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကြွင်းကမ္မဇရုပ်အား ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကံဝိညာဏ်သည် ကမ္မဇရုပ်အား တပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကြွင်း ဝိညာဏ်သည် ထိုထိုနာမ်ရုပ်အား သဟဇာတစသည်ဖြင့် လိုက်သလို ကျေးဇူးပြု၏။

ချဲ့ဦးအံ့။

အရူပဝိပါက်လေးခုသည် သဟဇာတ စေတသိက်အား --

သဟဇာတ၊ အညမည၊ နိဿယ (၃)

ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ (၃)

သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၃)-

ဤ ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ပဉ္စဝေါကာရဝိပါက် ၂၈-သည် သဟဇာတ စေတသိက်အား ထို ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။ ပဉ္စဝေါကာရ ပဋိသန္ဓေ ဝိပါက် ၁၅-သည် သဟဇာတ ပဋိသန္ဓေ စေတသိက်အား ထို ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ထိုပဉ္စဝေါကာရ ပဋိသန္ဓေဝိပါက် ၁၅-သည် ဟဒယဝတ္ထုအား သမ္ပယုတ္တနုတ်၍ ဝိပ္ပယုတ္တနှင့်ကိုး ပစ္စည်း။ ပဉ္စဝေါကာရဝိပါက် ၂၈-ခုသည် ကြွင်းသဟဇာဟ ကမ္မဇရုပ် အား အညမညကြဉ်၍ ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကံဝိညာဏ်ကား သဟဇာတ မဟုတ်သော ရုပ်ကို ဖြစ်စေသောကြောင့် အတိတ်ရူပ ပဉ္စမဈာန် ကုသိုလ်ကံ ဝိညာဏ်သည် အသညသတ်ဘုံ၌ ကမ္မဇရုပ်အား သုတ္တန် ပကတူပနိဿယဖြင့် ကျေးဇူးပြု၏။ အတိတ်ကာမကုသိုလ်၊ အကုသိုလ်၊ ရူပကုသိုလ် ကံ ဝိညာဏ် ၂၅-သည် ကာမဘုံ၊ ရူပဘုံ၌ ပဋိသန္ဓေကမ္မဇရုပ်၊ ပဝတ္တိကမ္မဇရုပ်အား သုတ္တန်ပကတူဖြင့် ကျေးဇူးပြု၏။

(အဘိဓမ္မာ ပကတူသည် ရုပ်အား ကျေးဇူးမပြု။)

ပဋိသန္ဓေနောင် ပဌမဘဝင်စသော ကြွင်းဝိပါက် ဝိညာဏ်သည် ထိုထိုဘုံ၌ ထိုထို သဟဇာတ နာမ်ရုပ်အား သဟဇာတ စသည်ဖြင့် ထိုက်သလို ကျေးဇူးပြု၏။

အနုမာနနာမ်ရုပ်

ဝိညာဏ်ကြောင့် ပဋိသန္ဓေနာမ်ရုပ် ဖြစ်ခြင်းကို အဘယ်သို့ သိအပ်သနည်း?

စိတ္တာနုပရိဝတ္တိနော ဓမ္မာ-စသည်ဖြင့် စိတ်နောက်သို့ လိုက်၍ဖြစ်သော တရားတို့ကို ဟောသောကြောင့် နာမ်စေတသိက် ဖြစ်ခြင်းကို သိအပ်၏။ မြင်ရသော စိတ္တဇရုပ်ဖြင့်, မမြင်ရသောကမ္မဇရုပ်ကို ထောက်ဆ၍ ရုပ်ဖြစ်ခြင်းကိုသိအပ်၏။

စိတ်ကြည်လျှင် ရုပ်ကြည်သည်၊ စိတ်မကြည်လျှင် ရုပ်မကြည်။ ဤသို့စိတ္တဇရုပ်ကို မြင်ရခြင်းဖြင့် မမြင်ရသောကမ္မဇရုပ်ကိုလည်း ဝိညာဏ်ကြောင့်ဖြစ်သည်ဟုသိအပ်၏။

ဤသို့ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု ဟောခြင်းကို ပညာရှိတို့ ဆင်ခြင်သော အခါ ပရမတ်နာမ်ရုပ်သာ ဖြစ်သည်ဟု ထင်ရှား၏။ သတ္တဝါ၊ လူ၊ နတ်ဖြစ်သည်ဟု မထင်ရှား။

နာမရူပပစ္စယာ သဠာယတနံ မှတ်ဘွယ်

အရကောက်

စေတသိက်ခန္ဓာသုံးပါး၊ မဟာဘုတ်လေးပါး၊ ဝတ္ထုရုပ် ခြောက်ပါး၊ ဇီဝိတရုပ်၊ အာဟာရရုပ်သည် အကြောင်း နာမ်ရုပ်မည်၏။

(နာမ်+ရုပ်+နာမ်ရုပ်ကို နာမ်ရုပ်ဟု ပေါင်းသည်။)

အဇ္ဈတ္တိကာယတန ခြောက်ပါး၊ ဆဋ္ဌာယတန တပါးသည် သဠာယတနမည်၏။

(အရူပဘုံ၌ မနာယတနဟူသော ဆဋ္ဌာယတနသာဖြစ်သည်။)

ရူပါရုံစသော ဗာဟိရာယတနတို့ကား တပြိုင်နက်လည်းမရ၊ သကသန္တတိ ပရိယာပန္န ချည်းလည်း မဟုတ်သောကြောင့် ရုပ်ဟူရာ၌မကောက်၊ သကသန္တတိ ပရိယာပန္န ရုပ်ကိုသာ ကောက်သည်။

နာမ်ကျေးဇူးပြုပုံ

စေတသိက် ခန္ဓာသုံးပါး၊ နာမ်တို့တွင် (၁) အရူပဘုံ၌ ပဋိသန္ဓေအခါ နာမ်သည် ဆဋ္ဌာယတနအား သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ဝိပါက၊ အတ္ထိ၊ အဝိဂတ-ဟု အယုတ်ဆုံး ခုနစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ရံခါ ဟေတုနှင့်၎င်း၊ ရံခါ အာဟာရနှင့်၎င်း အလွန်ဆုံးအားဖြင့် ကျေးဇူးပြု၏။

ပဝတ္တိအခါ ဝိပါကနာမ်သည် ဝိပါက ဆဋ္ဌာယတနအား-ထိုအတူ ကျေးဇူးပြု၏။

အဝိပါကနာမ်သည် အဝိပါကဆဋ္ဌာယတနအား “ဝိပါကကြဉ်၍” ထိုအတူ ကျေးဇူးပြု၏။

(၂) ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေအခါ ဟဒယအဘော်ရှိသော ဝိပါကနာမ်သည် ဆဋ္ဌာယတနအား ခုနစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ရံခါဟေတုနှင့်၎င်း ရံခါ အာဟာရ နှင့်၎င်း အလွန်ဆုံးအားဖြင့် ကျေးဇူးပြု၏။

မဟာဘုတ်အဘော်ရှိသော ဝိပါကနာမ်သည် ပဉ္စာယတနအား “အညမည၊ သမ္ပယုတ္တနုတ်၍” ဝိပ္ပယုတ္တဟု ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ရံခါဟေတု၎င်း, ရံခါအာဟာရ နှင့်၎င်း အလွန်ဆုံးအားဖြင့် ကျေးဇူးပြု၏။

(၃) ပဉ္စဝေါကာရ၌ ပဝတ္တိဝိပါကနာမ်သည် ဝိပါကဆဋ္ဌာယတနအား အယုတ်ဆုံး ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏။ အဝိပါကနာမ်သည် အဝိပါက ဆဋ္ဌာယတနအား အယုတ်ဆုံး ၆-နည်းဖြင့် ကျေးဇူးပြု၏။

(၄) ပဉ္စဝေါကာရ၌ ပဝတ္တိ ပဉ္စပသာဒမှီသော ပဉ္စဝိညာဏ် နာမ်သည်၎င်း၊ ဟဒယမှီသော ဝိပါကနာမ်သည်၎င်း၊ ကုသိုလ်စသော အဝိပါကနာမ်သည်၎င်း ပဉ္စာယတနအား -- ပစ္ဆာဇာတ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ရုပ်ကျေးဇူးပြုပုံ

(၁) ဟဒယဝတ္ထုရုပ်သည် ပဉ္စဝေါကာရ ပဋိသန္ဓေအခါ မနာယတနအား “သမ္ပယုတ္တ၊ ဝိပါက နုတ်၍” ဝိပ္ပယုတ္တဟု ၆-ပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၂) မဟာဘုတ်လေးပါးရုပ်သည် သန္ဓေပဝတ္တိ ထိုထို ပဉ္စာယတနအား သဟဇာတ၊ နိဿယ၊ အတ္ထိ၊ အဝိဂတ-လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၃) ရုပ်ဇီဝိတသည် သန္ဓေပဝတ္တိ ပဉ္စာယတနအား အတ္တိ၊ အဝိဂတ၊ ဣန္ဒြိယ-သုံးပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၄) ရုပ်အာဟာရသည် ကာမဘုံ၌ ပဝတ္တိပဉ္စာယတနအား - အတ္ထိ၊ အဝိဂတ၊ အာဟာရ-သုံးပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၅) ပဉ္စပသာဒရုပ်သည် ပဝတ္တိအခါ ပဉ္စဝိညာဏ် တည်းဟူသော မနာယတနအား-နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ - ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

(၆) ဟဒယဝတ္ထုရုပ်သည် ပဝတ္တိအခါ ကြွင်းမနာယတခုအား “ဣန္ဒြိယကြဉ်၍” ငါးပစ္စည်းဖြင့် ကျေးဇူးပြု၏။

နာမ်ရုပ်ကျေးဇူးပြုပုံ

ပဉ္စဝေါကာရ ပဋိသန္ဓေအခါ နာမ်ခန္ဓာသုံးပါး၊ ဟဒယဝတ္ထုဟူသော နာမ်ရုပ်သည် မနာယတနအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ သမ္ပယုတ္တ၊ ဝိပ္ပယုတ္တ-စသည်ဖြင့် ကျေးဇူးပြု၏။  ။ ဤ အမြွက်ဖြင့် ချဲ့နိုင်လောက်ပြီ။

မှတ်ချက်

ရူပအရ၌ ဗာဟိရာယတနကို ယူ၍လည်း အလုံးစုံသော နာမ်ရုပ်သည် မနာယတနအား အာရမ္မဏစသည်ဖြင့် ကျေးဇူးပြု၏-ဟု ကြံဘွယ်ရှိသမျှ ကြံရာ၏၊

သဠာယတနပစ္စယာ ဖဿော မှတ်ဘွယ်

အရကောက်

ဆဋ္ဌာယတန၊ အဇ္ဈတ္တိကာယတန၊ ဗာဟိရာယတန - ဤအလုံးစုံသည် ပေါင်း၍ အကြောင်းသဠာယတန မည်၏။

လောကီဝိပါက် ဗာတ္တိံသ၌ရှိသော ဖဿ ၃၂-ခုသည် ဖဿ မည်၏။ ဒွါရစွမ်းဖြင့် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ-ဟုခြောက်မျိုးပြား၏။

  • စက္ခုဝိညာဏ်ဒွေဖဿသည် စက္ခုသမ္ဖဿ မည်၏။
  • သောတဝိညာဏ်ဒွေဖဿသည် သောတသမ္ဖဿ မည်၏။
  • ဃာနဝိညာဏ်ဒွေဖဿသည် ဃာနသမ္ဖဿ မည်၏၊
  • ဇိဝှါဝိညာဏ်ဒွေ ဖဿသည် ဇိဝှါသမ္ဖဿ မည်၏။
  • ကာယဝိညာဏ်ဒွေဖဿသည် ကာယသမ္ဖဿ မည်၏။
  • ဒွေပဉ္စဝိညာဏ်မှ ကြွင်းသော လောကီဝိပါက် ၂၂-ခု ဖဿသည် မနောသမ္ဖဿ မည်၏။

ဝါဒကွဲ

သက်ရှိ ဥပါဒိန္နက-ပ္ပဝတ္တိ- ကထာ ဖြစ်သောကြောင့် ဧကသန္တတိ ပရိယာပန္န ဖြစ်သောပစ္စည်း ပစ္စယုပ္ပန်ကို ပြသည်ဟုယူသော ဆရာတို့သည် အရူပ ဆဋ္ဌာယတနှင့် ပဉ္စဝေါကာရ အဇ္ဈတ္တိက သဠာယတနတို့ကို ပေါင်း၍ သဠာယတန ဟု ယူကုန်၏။

ပစ္စယုပ္ပန်သာ ဧကသန္တတိ ပရိယာပန္န။ ပစ္စည်းကား သက်မဲ့ ဘိန္နသန္တာနကိုလည်း ပြသည်ဟု ယူသော ဆရာတို့သည် ဗာဟိရာယတနကိုလည်း ဖဿဖြစ်ကြောင်းဟု ယူ၍ ဆဋ္ဌာယတန၊ အဇ္ဈတ္တိက သဠာယတန၊ ဗာဟိရ သဠာယတနတို့ကို ပေါင်း၍ သဠာယတန ဟုယူကုန်၏။

အများကြောင့်တခု

အာယတနအားလုံးကြောင့် ဖဿ တခုမဖြစ်။

တခုကြောင့် အားလုံးမဖြစ်။

အများကြောင့်သာ တခု ဖြစ်သည်။

ဖြစ်ပုံကား စက္ခုသမ္ဖဿ တခုသည် -

  1. စက္ခာယတန၊
  2. ရူပါယတန၊
  3. စက္ခုဝိညာဏ် မနာယတန၊
  4. သမ္ပယုတ် စေတသိက် ဓမ္မာယတန၊

ဤလေးပါးကြောင့်ဖြစ်သည်။

ကျေးဇူးပြုပုံ

ငါးသည်-ခြောက်ဖြင့်၊ တစ်သည်-ကိုးဖြင့်။ ဗာဟိရသည် လေးဖြင့်တည်း။

ငါးသည်ခြောက်ဖြင့်ကား - စက္ခာယတန စသော ငါးပါးသည် စက္ခုသမ္ဖဿ စသောငါးပါးအား နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ဝိပ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ခြောက်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

တစ်သည် ကိုးဖြင့်ကား - ဝိပါကမနာယတန တပါးသည် ဝိပါက် ၂၂-ဟူသော မနောသမ္ဖဿ ၂၂-အား သဟဇာတ၊ အညမည၊ နိဿယ (၃) ဝိပါက၊ အာဟာရ၊ ဣန္ဒြိယ (၃) သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ (၃) ဤ ကိုးပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဗာဟိရသည် လေးဖြင့်ကား - ရူပါယတနစသော ငါးပါးသည် စက္ခုသမ္ဖဿ စသော ငါးပါးအား အာရမ္မဏ၊ ပုရေဇာတ၊ အတ္ထိ၊ အဝိဂတ-လေးပစ္စည်းဖြင့် ကျေးဇူးပြု၏။ ဗာဟိရာယတန ခြောက်ပါးသည် မနောသမ္ဖဿအား အာရမ္မဏသတ္တိ တခုမျှဖြင့် ကျေးဇူးပြု၏။

ဖဿပစ္စယာဝေဒနာ မှတ်ဘွယ်

အရကောက်

ယခင်ဖဿ ၃၂-ခုသည် ဖဿမည်၏။

လောကီဝိပါက်ဝေဒနာ ၃၂-ခုသည် ဝေဒနာမည်၏။ စက္ခုသမ္ဖဿဇာဝေဒနာ စသည်ဖြင့် ခြောက်မျိုးပြား၏။

[ဤဝေဒနာသည် ဒွါရအားဖြင့် ခြောက်ပါးဖြစ်၏။ ပဘေဒအားဖြင့် ၈၉-ပါး ဖြစ်သော်လည်း လောကီဝိပါက် ဝေဒနာကိုသာ ဤ၌ယူသည်။]

ကျေးဇူးပြုပုံ

သဟဇာတအား ရှစ်၊ ဝီထိတူနောက် ဝေဒနာအားတစ်။

ပဉ္စဒွါရ၌ စက္ခုသမ္ဖဿစသော ဖဿငါးပါးသည် အတူဖြစ်သော စက္ခုသမ္ဖဿဇာ-ဝေဒနာ စသော ငါးပါးအား သဟဇာတ၊ အညမည၊ နိဿယ၊ ဝိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ-ရှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။ ဒွါရတူဖြစ်သော သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ တဒါရုံ ဝေဒနာတို့အား အနန္တရူပကတူ-ဟူသော ဥပနိဿယဖြင့် ကျေးဇူးပြု၏။

မနောဒွါရ၌ တဒါရုံ မနောသမ္ဖဿသည် ထိုတဒါရုံ ဝေဒနာအား ရှစ်ဖြင့် ကျေးဇူးပြု၏။

ဒွါရဝိမုတ် (ပ၊ ဘ၊ စု) ဖဿ ၁၉-ခုသည် ထိုဝေဒနာ ၁၉-ခုအား ရှစ်ဖြင့် ကျေးဇူးပြု၏။

ဝါဒကွဲ

အနုပါဒိန္နကလည်း ပစ္စည်းဖြစ်သင့်၏ဟု ယူသော ဆရာတို့ အလိုအားဖြင့် မနောဒွါရာဝဇ္ဇန်း ကြိယာ ဖဿသည် တဒါရုံဝိပါက် ဝေဒနာအား ပကတူပ နိဿယဖြင့် ကျေးဇူးပြု၏။

မူလဋီကာ၌ - ဤနည်းဖြင့် ဖဿတခုယုတ် ကိုးဆယ်သည် အနန္တရဖြစ်သော မဖြစ်သော ထိုထိုဝိပါက် ဝေဒနာ ၃၆-အား ဥပနိဿယအဖြစ်ဖြင့် ယှဉ်အပ်၏ ဟုဆို၏။

(ဤ၌ လောကီဝိပါက်၊ ကမ္မဇရုပ်မှ တပါးသည် အနုပါဒိန္န မည်၏။)

ဝေဒနာပစ္စယာတဏှာ မှတ်ဘွယ်

အရကောက်

ယခင်ဝေဒနာ ၃၂-ပါးသည် ဝေဒနာ မည်၏။

ဝါ-လောကီဝေဒနာ ၈၁-ခုသည် အကြောင်းဝေဒနာ မည်၏။

ရူပတဏှာ၊ သဒ္ဒတဏှာ၊

ဂန္ဓတဏှာ၊ ရသတဏှာ၊

ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ

ဟူသော တဏှာ ၆-ပါးသည် တဏှာ မည်၏။

တဏှာ ၁၀၈

ဤတဏှာသည် အာရုံအားဖြင့် ၆-ပါး။

အာကာရပဝတ္တိအားဖြင့် ကာမ၊ ဘဝ၊ ဝိဘဝ-ဟုသုံးခုစီပြား၍ ၁၈-ပါး။

သန္တာန်အားဖြင့် အဇ္ဈတ္တ၊ ဗဟိဒ္ဓ နှစ်ခုစီပြား၍ ၃၆-ပါး။

ကာလသုံးပါးဖြင့် သုံးခုစီပြား၍ ၁၀၈-ပါးဖြစ်၏။

အာရုံခြောက်ပါးကို ကာမရာဂဖြင့် သာယာခြင်းသည် ကာမတဏှာ

သဿတဒိဋ္ဌိနှင့် ယှဉ်၍ သာယာခြင်းသည် ဘဝတဏှာ

(အာသဝ၌ ပြအပ်သော ဘဝါသဝ ဟူသမျှလည်း ဘဝတဏှာ။)

ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်၍သာယာခြင်းသည် ဝိဘဝတဏှာ မည်၏။ နိရောဓ တဏှာလည်း မည်၏၊ နိဗ္ဗာန်မှန် နိရောဓမှန် ကိုကား တဏှာအာရုံ မပြုဝံ့။ တဏှာအာရုံပြုရာ နိရောဓကား ဥစ္ဆေဒဒိဋ္ဌိ လက်တွင်း၌သာတည်း။

ကျေးဇူးပြုပုံ

ပကတူတမျိုးသာ။ လောကီဝိပါက် သုခဝေဒနာ တဆယ်သည် တဏှာအား ကျေးဇူးပြု၏။ တနည်း၊ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာ ၃၂-ပါးသည်၊ ဝါ-လောကီဝေဒနာ ၈၁-ပါးသည် တဏှာအား ဥပနိဿယဖြင့် ကျေးဇူးပြု၏။

ဒုက္ခရလျှင် သုခကို တောင့်တသောကြောင့်၊

သုခရလျှင် မရောင့်ရဲနိုင်သောကြောင့်၊

ဥပေက္ခာရလျှင် သုခအတူ ငြိမ်သက်သည်ဟု စုံမက်နိုင်သောကြောင့်

ဝေဒနာအားလုံးသည် တဏှာကို ဖြစ်စေ၏။

ဝေဒနာကြောင့် သတ္တဝါအားလုံးအား တဏှာဖြစ်သလော?

အနုသယ မကင်းသူအားသာ တဏှာဖြစ်သည်။

အနုသယကင်းသော ရဟန္တာအား တဏှာမဖြစ်။

အနုသယ မကင်းသော်လည်း ယောနိသောမနသိကာရသည် ရှိလျှင် တဏှာမဖြစ်။

ဤတဏှာ မဖြစ်ခြင်းသည် သံသရာ ထွက်လမ်းဖြစ်၏။

တဏှာပစ္စယာ ဥပါဒါနံ မှတ်ဘွယ်

အရကောက်

ယခင်တဏှာသည် တဏှာမည်၏။

အားကြီးသော တဏှာဒိဋ္ဌိသည် ဥပါဒါန်မည်၏။

  • တဏှာ ၁၀၈-ပါး၏ ခိုင်မြဲခြင်းသည် ကာမုပါဒါန် မည်၏။
  • ဝတ္တုဆယ်ပါး ရှိသော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏။
  • နွားတို့၏ အလေ့အကျင့်ဖြင့် ဝဋ်မှ စင်ကြယ်၏ဟု စွဲလမ်းခြင်းသည် သီလဗ္ဗတုပါဒါန် မည်၏၊
  • သက္ကာယဒိဋ္ဌိ ၂၀-သည် အတ္တဝါဒုပါဒါန် မည်၏။

တဏှာနှင့် ဥပါဒါန် အဘယ်သို့ ထူးသနည်း?

တဏှာသည် မရသေးသော အာရုံကို တောင့်တ၏။ မှောင်မိုက်၌ စမ်းလေ၏။ ထိုအတူ ကာမုပါဒါန်ကြောင့် အတွင်းဝင်လေးခုတို့နှင့် တကွ ရူပဘဝနှစ်ခု၊ အတွင်းဝင် သုံးခုတို့နှင့်တကွ အရူပဘဝ နှစ်ခု-ဟု ဘဝခြောက်ခု ဖြစ်၏၊ ကြွင်း ဥပါဒါန်တို့ကြောင့်လည်း ထိုအတူ ဖြစ်၍ အတွင်းဝင်တို့နှင့် တကွ ဘဝ ၂၄-ခုဖြစ်၏။

တနည်း၊ ဘဝသည် ဥပပတ္တိဘဝကိုးပါး ပြားသောကြောင့် အကြောင်းဓမ္မသည် ကိုးပါးပြား၍ ၁၈-ပါး။ ဥပါဒါန် လေးပါးကြောင့် ၁၀-ပါးစီဖြစ်၍ ၇ -ပါးပြား၏။

သင်္ဂဟအကျဉ်း

ကမ္မနှင့် ဥပပတ္တိကို တပေါင်းတည်း ပြု၍ ကာမုပါဒါန်ကြောင့် အတွင်းဝင်တို့နှင့်တကွ ကာမဘ၀ တခု၊ ရူပဘဝတခု၊ အရူပဘဝတခုဟု ဘဝသုံးခုဖြစ်၏။ ကြွင်း ဥပါဒါန်တို့ကြောင့်လည်း သုံးခုစီဖြစ်၍ အတွင်းဝင်တို့နှင့် တကွ ဘ၀ ၁၂-ခု ဖြစ်သည်။

တနည်း --

ဥပါဒါန်တို့ကိုသာ တပေါင်းတည်းပြုလျှင် ဥပါဒါန် တူသောအကြောင်းကြောင့် အတွင်းဝင်တို့နှင့် တကွ ကာမဘ၀ ၂-ခု၊ ရူပဘ၀ ၂-ခု၊ အရူပဘဝ ၂-ခုဟု ဘ၀ ၆-ခု ဖြစ်၏။ ထို ၆-ခုတို့သည် ကမ္မ၊ ဥပပတ္တိသို့ မလိုက်လျှင် အတွင်းဝင်တို့နှင့်တကွ တခုစီသာ ဖြစ်၍ ကာမ၊ ရူပ၊ အရူပဟု ဘဝသုံးခု၊ ထိုကာမဘ၀ စသည်တို့သို့ မလိုက်လျှင် ကမ္မ၊ ဥပပတ္တိ-ဟု ဘဝနှစ်ခု။ ထိုသို့လည်း မလိုက်လျှင်  ဥပါဒါနပစ္စယာ ဘဝေါ၏အစွမ်းဖြင့် ဘဝတခုသာ ဖြစ်သည်။

ဥပါဒါန် အားလုံးကြောင့် ဘဝအားလုံး

ပုထုဇဉ်သည် ဥမ္မတ္တကနှင့် တူ၏။ သင့် မသင့် မစီစစ်တတ်။ ဥပါဒါန်တခုခုဖြင့် ဘယ်ဘဝ မဆိုတောင့်တ၍ ပြုလိုရာ ကံတခုခုကို ပြုသည်သာတည်း။ ထို့ကြောင့် “သီလဗ္ဗတုပါဒါန်ဖြင့် ရူပ၊ အရူပဘဝ မဖြစ်” ဟု ဆိုသောဝါဒကို မယူအပ်။ ဥပါဒါန်အားလုံးဖြင့် ဘဝအားလုံး ဖြစ်သည်ဟု ယူအပ်၏။

ဖြစ်ပုံကား --

အချို့သောသူသည် ကြားဘူးခြင်း၊ တွေးဆခြင်းဖြင့် လူ့ပြည်နတ်ပြည်၌ ကာမအာရုံ ပြည့်စုံ၏ဟုကြံ၍ ရခြင်းငှါ မသူတော်တရား လှည့်စားအပ်သူဖြစ်မူ ကာမုပါဒါန် စုတိဖြင့် အကုသိုလ်ကံကိုပြု၏၊ တနည်း၊ မျက်မှောက်ခံစားအပ်သော ကာမအာရုံကို တောင့်တ၍သော်၎င်း၊ ရပြီးကို စောင့်ရှောက်သော်၎င်း၊ ကာမုပါဒါန်စွမ်းဖြင့် အကုသိုလ်ကံကို ပြု၏။ ထိုအကုသိုလ်ကံကြောင့် အပါယ်၌ဖြစ်၏၊ ထိုတွင်ကံသည် ကမ္မဘဝ၊ ထိုကံကြောင့် ဖြစ်သော ခန္ဓာသည် ဥပပတ္တိဘဝ၊ ထိုနှစ်ပါးလုံးသည် ကာမဘဝသာ မည်၏၊ ဤကာမဘဝ၌ သညာဘဝ၊ ပဉ္စဝေါကာရဘဝတို့သည် အတွင်းဝင်ကုန်၏။

အချို့ကား သူတော်ကောင်းတရား နာရ၍ ကာမုပါဒါန်စွမ်းဖြင့် ကာမ ကုသိုလ်ကံကိုပြု၏။ ကာမကုသိုလ်ကံကြောင့် လူ့ပြည် နတ်ပြည်၌ဖြစ်၏။ ထိုတွင် ကံသည် ကမ္မဘဝ။ အကြွင်းတူပြီ။

အချို့ကား ရူပ၊ အရူပဘုံ၌ ကာမအာရုံ လွန်စွာပြည့်စုံ၏ဟု ကြား၍ ကြံ၍ ကာမုပါဒါန်စွမ်းဖြင့် ရူပဈာန်၊ အရူပဈာန်ကို ပြု၏။ ထိုကံကြောင့် ရူပ၊ အရူပ၌ဖြစ်၏။ ထိုတွင် ကံသည်ကမ္မဘဝ။ အကြွင်းတူပြီ။

(နှစ်ပါးလုံး ရူပဘဝ။ ဝါ၊ အရူပဘဝ။) အတွင်းဝင် ဘဝတို့သာ ထူးကုန်၏။

အချို့ကား -

ဤအတ္တသည် ကာမ၊ ရူပ၊ အရူပ ဘုံတခုခု၌သာ ကောင်းစွာမြတ်သည်ဟု ဥစ္ဆေဒကိုး၍ ဒိဋ္ဌုပါဒါန်ဖြင့် ထိုထိုအကုသိုလ်၊ ကာမကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်ကို ပြု၏။ ထိုတွင် ကံသည်တူပြီ။

အချို့ကား -

ဤအတ္တသည် ကာမ၊ ရူပ၊ အရူပ ဘုံတခုခု၌သာ မပင်မပန်း ချမ်းသာ၏ဟု  အတ္တဝါဒုပါဒါန်စွမ်းဖြင့် ထိုထို - အကုသိုလ် စသည်တို့ကို ပြု၏။ ထိုတွင် ကံသည် တူပြီ။

အချို့ကား -

ဤ သီလဗ္ဗတုပါဒါန် အလေ့အကျင့်သည် ကာမ၊ ရူပ၊ အရူပ ဘုံတခုခု၌ ဖြည့်ကျင့်လျှင် သာ၍ ပြည့်စုံသည် ဟု သီလဗ္ဗတုပါဒါန်စွမ်းဖြင့် ထိုထိုအကုသိုလ် စသည်ကို ပြု၏။ ထိုတွင်ကံသည် ကမ္မဘဝမည်၏။ ထိုကံကြောင့် ဖြစ်သော ခန္ဓာသည် ဥပပတ္တိဘဝ မည်၏။ ဤ၌ ထိုထိုဥပပတ္တိဘဝတို့ အတွင်းဝင်ကုန်၏။

ကျေးဇူးပြုပုံ

ဥပါဒါန်လေးပါးသည် ရူပဘဝ၊ အရူပဘဝ၊ ကာမကုသိုလ်ဘဝတို့အား၊ ဝါ-သမ္ပယုတ် မဟုတ်သော ကမ္မဘဝအားလုံး၊ ဥပပတ္တိဘဝ အားလုံးတို့အား ဥပနိဿယ-တပစ္စည်းဖြင့် ကျေးဇူးပြု၏။

မိမိနှင့်သမ္ပယုတ်ဖြစ်သော အကုသိုလ် ကမ္မဘဝတို့အား သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ၊ ဟေတု စသော သဟဇာတ ပစ္စည်းတို့ဖြင့် ကျေးဇူးပြု၏။

ဝိပ္ပယုတ် ဖြစ်သော ကမ္မဘဝတို့အား ဥပနိဿယ တပစ္စည်းဖြင့်သာ ကျေးဇူးပြု၏။

တနည်း၊

ကာမုပါဒါန်သည် သမ္ပယုတ် ကမ္မဘဝအား ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတ ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ကြွင်းဥပါဒါန် သုံးပါးသည် သမ္ပယုတ် ကမ္မဘဝအား ဟေတု နုတ်၍ မဂ္ဂထည့်၍ ၇-ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဥပါဒါန်လေးပါးသည် သမ္ပယုတ် မဟုတ်သော ကမ္မဘဝ၊ ဥပပတ္တိဘဝတို့အား ဥပနိဿယ-တပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဘဝပစ္စယာဇာတိ မှတ်ဘွယ်

အရကောက်

ကမ္မဘဝသည်သာလျှင် ဘဝမည်၏။

ဥပပတ္တိဘဝကား ဇာတိ၏အကြောင်း မဟုတ်သောကြောင့် ဤ၌မယူ။

နိပ္ဖန္နရုပ်တို့၏၎င်း၊ နာမက္ခန္ဓာလေးပါးတို့၏၎င်း ဖြစ်ခြင်းသည် ဇာတိမည်၏။

ကျေးဇူးပြုပုံ

ကမ္မဘဝသည် ဇာတိအား နာနာက္ခဏိကကမ္မ၊ ဥပနိဿယ - နှစ်ပစ္စည်းဖြင့် ကျေးဇူးပြု၏။

ဘဝသည် ဇာတိ၏အကြောင်းဟု အဘယ်သို့ သိသနည်း?

အမြွှာမွေးသူတို့အား ပြင်ပအကြောင်း တူလျက် အယုတ်အမြတ် စသော အထူး ထင်ရှားသောကြောင့်တည်း။ မိဘ၏ သွေးသာ၊ အာဟာရ စသော ဗာဟိရ အကြောင်းချင်း တူလျှက် ယုတ်မြတ် မတူခြင်းသည် ကံမှတပါး အကြောင်းတပါးမရှိ၊ ကမ္မဘဝကြောင့် ဖြစ်သော သတ္တဝါတို့အား အဇ္ဈတ္တသန္တာန်၌ ကမ္မဘဝသာအ ကြောင်းရှိ၏။

ကမ္မံသတ္တေဝိဘဇတိ ယဒိဒံ ဟီနပ္ပဏီတတာယ-ဟု ဟောသည်။

ယဒိဒံ-ယာအယံဟီနပ္ပဏီတတာ၊ အကြင် အယုတ်အမြတ်၏ ဖြစ်ခြင်းသည်။

အတ္ထိ၊ ရှိ၏။

တာယဟနီပ္ပဏီတတာယ၊ ထိုအယုတ်အမြတ်၏ ဖြစ်ခြင်းအကျိုးငှါ။

ကမ္မံ၊ ကုသိုလ် အကုသိုလ်ကံသည်။

သတ္တေ၊ သတ္တဝါတို့ကို။

ဝိဘဇတိ၊ ဝေဘန်၏။

ထို ကြောင့် ဘဝသည် ဇာတိ၏အကြောင်းဟု သိအပ်၏။

ဇာတိပစ္စယာ ဇရာမရဏံ မှတ်ဘွယ်

အရကောက်

ယခင်ရုပ်ဇာတိ၊ နာမ်ဇာတိသည် ဇာတိ မည်၏။

ထိုနိပ္ဖန္နရုပ်နာမက္ခန္ဓာတို့၏ ရင့်ခြင်း ပျက်ခြင်းသည် ဇရာ မရဏမည်၏။

ကျေးဇူးပြုပုံ

ဇာတိသည် ဧရာမရဏအား သုတ္တန် ပကတူပနိဿယ တပစ္စည်းဖြင့် ကျေးဇူးပြု၏။ ဇာတိရှိသူအားသာ ဇရာမရဏသည်၎င်း၊ သောကစသည်တို့သည်၎င်း ဖြစ်ကုန်၏။ ထိုကြောင့် ဇာတိကို ဇရာမရဏ၎င်း၊ သောက စသည်တို့၏၎င်း အကြောင်း-ဟု ဟောသည်။

သောက စသည် မှတ်ဘွယ်

အရကောက်

  • စိုးရိမ်ပူဆွေးသော ဒေါသမူဒွေ၌ ရှိသော ဒေါမနဿဝေဒနာသည် သောကမည်၏။
  • ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့် ငိုကြွေး မြည်တမ်းသော စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်သည်၊ ဝါ-ငိုကြွေးသံသည် ပရိဒေ၀ မည်၏။
  • ကာယဝိညာဏ်၌ရှိသော ဒုက္ခဝေဒနာ ကိုယ်နာသည် ဒုက္ခမည်၏။
  • ဒေါသမူဒွေ၌ရှိသော ဒေါမနဿဝေဒနာ စိတ်နာသည် ဒေါမနဿ မည်၏။
  • ဆွေမျိုးပျက်စီးခြင်း စသည်တို့ကြောင့်ဖြစ်သော ပြင်းစွာပင်ပန်းသော ဒေါသသည် ဥပါယာသ မည်၏။

(ဝေဒနာ ၃၊ ဒေါသ ၁၊ သဒ္ဒရုပ် ၁။)

အာသဝကြောင့် ပြန်ဆက်ပုံ

သောကစသည် ဖြစ်သောအခါ အဝိဇ္ဇာလည်း ဖြစ်သည်။ ပရိဒေဝသဒ္ဒ၌ မောဟ အဝိဇ္ဇာ မယှဉ်သော်လည်း တွေဝေသူတို့သာ ငိုကြွေးသောကြောင့် မောဟ အဝိဇ္ဇာ ရှိပြီးပုံကို သိသာ၏။

တနည်း၊

ကာမအာရုံ စုံမက်သော ကာမာသဝ ရှိသူအား ကာမအာရုံ ပျက်စီးသောအခါ သောက စသည်ဖြစ်၏။ အသက်ရှည်၍ ဘဝါသဝရှိသော နတ်တို့အား အနိစ္စ ဒုက္ခ စသောတရားသံ ကြားအခါ စုတိနိမိတ်ထင်သကဲ့သို့ ထိတ်လန့်ခြင်းသည် ဖြစ်၏။

ရုပ်သည် ငါ့ကိုယ်၊ ငါ့ဟာ၊ ငါဟု ဒိဋ္ဌာသဝ ရှိသူတို့အား ရုပ်ဖောက်ပြန်သောအခါ သောက စသည်ဖြစ်၏။ တွေဝေသော အဝိဇ္ဇာသ၀ ရှိသူတို့အား မျက်မှောက်၌ပင် သောကစသည် ဖြစ်လွယ်လှ၏။

ဤသို့အာသဝလေးပါးကြောင့် သောကစသော ငါးပါးဖြစ်၏၊ သောကစသည်ဖြစ်လျှင် အာသဝပါပြီးဖြစ်၏။ ထိုအာသဝကြောင့် အဝိဇ္ဇာဖြစ်၏။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏။ ဤသို့စသည်ဖြင့် ဘဝဆက်စပ်၍ မပြတ်ဖြစ်၏။

ဤသို့ဆက်စပ်၍ ဖြစ်ပုံကိုပြလို၍ သောကစသည်ကို အဆုံး၌ဟောသည်။

ဤဘဝစက်သည် အစမရှိ၊ ပြုပြင်ဖန်ဆင်းသူမရှိ၊ ခံစားသူမရှိ။ နိစ္စ၊ သုခ၊ အတ္တ၊ သုဘမှ ဆိတ်၏။

ကျေးဇူးပြုပုံပစ္စည်း အမျိုးချုပ်

ပစ္စည်းအမျိုး ရှစ်မျိုးတို့တွင် သဟဇာတမျိုးသည် နာမ်ရုပ် ပစ္စည်း+ နာမ်ရုပ်ပစ္စယုပ္ပန်။

   ။ အာရုံမျိုး

ပကတူမျိုးသည် ပညပ်၊ နာမ်၊ ရုပ်ပစ္စည်း+နာမ်ပစ္စယုပ္ပန်။

အနန္တရမျိုးသည် နာမ် ပစ္စည်း+နာမ်ပစ္စယုပ္ပန်။

နာနာက္ခဏိကမျိုးသည် စေတနာကံ ပစ္စည်း + နာမ်ရုပ်ပစ္စယုပ္ပန်။

ပစ္ဆာဇာတမျိုးသည် နာမ်ပစ္စည်း၊ ရုပ်ပစ္စယုပ္ပန်။

ဝတ္တုမျိုးသည် ရုပ်ပစ္စည်း + နာမ်ပစ္စယုပ္ပန်။

အာဟာရမျိုးရူပဇီဝိတိန္ဒြိယမျိုးသည် ရုပ်ပစ္စည်း + ရုပ်ပစ္စယုပ္ပန်။

သုတ္တန် ပကတူပမျိုးသည် နာမ်ရုပ်ပစ္စည်း + ရုပ်ပစ္စယုပ္ပန်။

(အနန္တရမျိုး၊ ပကတူပမျိုးသည် ဥပနိဿယမျိုးပင်တည်း။)

  • အဝိဇ္ဇာပစ္စယာသင်္ခါရာ၌ -- အာရုံမျိုး၊ အနန္တရမျိုး၊ ပကတူမျိုး သဟဇာတမျိုးအားဖြင့် လေးမျိုး ကျေးဇူးပြုသည်။
  • သင်္ခါရပစ္စယာ ဝိညာဏံ၌-ပကတူ၊ နာနာက္ခဏိက-နှစ်မျိုး
  • ဝိညာဏပစ္စယာနာမရူပံ၌-သဟဇာတ၊ သုတ္တန်ပကတူ-နှစ်မျိုး၊
  • နာမရူပပစ္စယာ သဠာယတနံ၌-သဟဇာတ၊ ပစ္ဆာဇာတ၊ ဣန္ဒြိယ၊ အာဟာရ၊ ဝတ္ထု-ငါးမျိုး။
  • သဠာယတန ပစ္စယာဖဿော၌- သဟဇာတ၊ ဝတ္ထု၊ အာရုံ-သုံးမျိုး။
  • ဖဿပစ္စယာဝေဒနာ၌-သဟဇာတ၊ ပကတူ-နှစ်မျိုး။
  • ဝေဒနာပစ္စယာ တဏှာ၌ ပကတူ-တမျိုး။
  • တဏှာပစ္စယာ ဥပါဒါနံ၌-ပကတူ၊ သဟဇာတ- နှစ်မျိုး ။
  • ဥပါဒါနပစ္စယာ ဘဝေါ၌-သဟဇာတ၊ ပကတူ-နှစ်မျိုး။
  • ဘဝပစ္စယာ ဇာတိ၌-နာနာက္ခဏိက၊ ပကတူ-နှစ်မျိုး။
  • ဇာတိပစ္စယာ ဇရာမရဏံ၌-သုတ္တန်ပကတူ-တမျိုး၊

ဤကား အဋ္ဌကထာမှီ၍ ပြခြင်းတည်း၊

ကြံဘွယ်ကား --

သင်္ခါရ ပစ္စယာ ဝိညာဏံ၌ ပဋိသန္ဓေ၊ ဘဝင်၊ စုတိဝိညာဏ်သည် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ကို အာရုံပြု၍ဖြစ်၏၊ ကံသည် သင်္ခါရ ဖြစ်၏။ ကံသင်္ခါရကိုအာရုံပြု၍ ဝိညာဏ်ဖြစ်သောကြောင့် အာရုံမျိုးဖြင့်လည်း ကျေးဇူးပြုသေး၏ ဟုကြံဘွယ်ရှိ၏၊ နောက်ပုဒ်တို့၌လည်း ကြံဘွယ်ရှိသမျှ ကြံအပ်သည်သာတည်း၊

ဝိနိစ္ဆယခြောက်ပါး မှတ်ဘွယ်

ဤပဋိစ္စသမုပ္ပါဒ်၌ --

  1. သစ္စပဘာဝ-အကြောင်းသစ္စာရှိခြင်း။
  2. ကိစ္စ- အလုပ်ကိစ္စ။
  3. ဝါရဏ-တားခြင်း။
  4. ဥပမာ-တူခြင်း။
  5. ဂမ္ဘီရဘေဒ- နက်နဲခြင်းလေးပါး။
  6. နယဘေဒ-နည်းလေးပါး။

    ဤသို့ ဝိနိစ္ဆယ ခြောက်ခုသိအပ်၏။

သစ္စပဘာဝ

သာမညအားဖြင့် လောကီကုသိုလ်၊ အကုသိုလ်သည် သမုဒယသစ္စာ မည်၏။

ကြွင်းသော လောကီစိတ်၊ စေတသိက်၊ ရုပ်သည် ဒုက္ခသစ္စာ မည်၏။

ထိုကြောင့် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်-လေးခုသည် သမုဒယသစ္စာ မည်၏။

ဘဝသည် သစ္စာဒွယ မည်၏။

ကမ္မဘဝကား သမုဒယ။ ဥပပတ္တိဘဝကား ဒုက္ခဖြစ်သောကြောင့်တည်း။

ဝိညာဏ် စသော ကြွင်းခုနစ်ခုသည် ဒုက္ခသစ္စာ မည်၏။

အဝိဇ္ဇာပစ္စယာသင်္ခါရာသည် သမုဒယသစ္စာကြောင့် သမုဒယသစ္စာဖြစ်သည် မည်၏။

သင်္ခါရပစ္စယာ ဝိညာဏံသည် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်သည်မည်၏၊

(ဤနည်းဖြင့် အားလုံး ဖေါ်ဆိုနိုင်ရမည်။)

ဥပါဒါနပစ္စယာဘဝေါသည် သမုဒယသစ္စာကြောင့် သစ္စာဒွယဖြစ်သည်မည်၏။

ဘဝပစ္စယာ ဇာတိသည် သမုဒယကြောင့် ဒုက္ခသစ္စာဖြစ်သည် မည်၏။

ဤသို့ ဤဘဝစက်ကို ဖန်ဖန်ရှုအပ်၏။

(ကမ္မဘဝကြောင့်သာ ဇာတိဖြစ်သည်။

ဥပပတ္တိဘဝကား ဇာတိ၌ဝင်သည်-ဟု အထူးသိအပ်၏။)

ကိစ္စ

  • ဝိဇ္ဇာသည် တွေဝေစေ၏။ သင်္ခါရ၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။
  • သင်္ခါရသည် သင်္ခတတရားကို ပြုပြင်၏။ ဝိညာဏ်၏အကြောင်းလည်းဖြစ်၏၊ နှစ်ကိစ္စ။
  • ဝိညာဏ်သည် အာရုံ ကိုသိ၏။ နာမ်ရုပ်၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။
  • နာမ်ရုပ်သည် အချင်းချင်း ထောက်ပံ့၏။ သဠာယတန၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။
  • သဠာယတနသည် မိမိစားကျက် အာရုံခြောက်ပါး၌ဖြစ်၏။ ဖဿအကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။
  • ဖဿသည် အာရုံကို တွေ့ထိ၏။ ဝေဒနာ၏ အကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။
  • ဝေဒနာသည် ခံစား၏။ တဏှာအကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။
  • တဏှာသည် တပ်နှစ်သက်၏။ ဥပါဒါန၏ အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။
  • ဥပါဒါန်သည်စွဲလမ်း၏။ ဘဝ၏အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။
  • ဘဝသည် ဂတိငါးပါး၌ပစ်ချ၏။ ဇာတိ၏အကြောင်းလည်း ဖြစ်၏။ နှစ်ကိစ္စ။
  • ဇာတိသည် ခန္ဓာတို့ကိုဖြစ်စေ၏။ ဇရာ၏ အကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။
  • ဇရာမရဏသည် ခန္ဓာတို့၏ရင့်ခြင်း ပျက်ခြင်းကို စွဲ၍တည်၏။ ဘဝသစ်၏၎င်း၊ သောကပရိဒေဝ စသည်တို့၏၎င်း အကြောင်းလည်းဖြစ်၏။ နှစ်ကိစ္စ။

ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန်ရှုအပ်၏။

ဝါရဏ

  • အဝိဇ္ဇာပစ္စယာ သင်္ခါရာ-ဟု ဟောခြင်းသည် ပြုပြင်ဖန်ဆင်းသူရှိ၏ဟု ယူသော မိစ္ဆာအယူကို တား၏။
  • သင်္ခါရ ပစ္စယာ ဝိညာဏံ-ဟုဟောခြင်းသည် အတ္တသည် ပြောင်းရွှေ့၏ ဟုယူသော မိစ္ဆာအယူကို တား၏။
  • ဝိညာဏပစ္စယာ နာမရူပံ သည် အတ္တသည် တလုံးတည်း တခဲနက်ဟုယူသော မိစ္ဆာအယူကို တား၏။ (နာမ်တခြား၊ ရုပ်တခြားဟု အကွဲအစိတ်ကို ပြသောကြောင့်တည်း။)
  • နာမရူပပစ္စယာ သဠာယတနံ-သည် မြင်၊ ကြား၊ နမ်း၊ စား၊ ထိ၊ သိသူ အတ္တရှိ၏ဟု ယူသောမိစ္ဆာအယူကိုတား၏။
  • သဠာယတနပစ္စယာ ဖဿော-သည် တွေ့ထိတတ်သူ အတ္တရှိ၏ ဟူသော မိစ္ဆာအယူကိုတား၏။
  • ဖဿပစ္စယာ ဝေဒနာ-သည် ခံစားတတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တား၏။
  • ဝေဒနာ ပစ္စယာ တဏှာ-သည် တပ်နှစ်သက်တတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာ အယူကိုတား၏၊
  • တဏှာပစ္စယာ ဥပါဒါနံ-သည် စွဲလမ်းတတ်သူ အတ္တရှိ၏ဟု ယူသော မိစ္ဆာအယူကို တား၏။
  • ဥပါဒါန ပစ္စယာ ဘဝေါ-သည် အသစ်ဖြစ်ပေါ်သူ အတ္တရှိ၏ဟုယူသောမိစ္ဆာအယူကို တား၏။
  • ဘဝပစ္စယာဇာတိ-သည် ပဋိသန္ဓေ နေတတ်သူ အတ္တရှိ၏ ဟု ယူသော မိစ္ဆာအယူကို တား၏။
  • ဇာတိပစ္စယာ ဇရာမရဏံ စသည်သည် အိုသူ၊ သေသူ အတ္တရှိ၏။ စိုးရိမ်သူအတ္တ၊ ငိုသူအတ္တ၊ ကိုယ်ဆင်းရဲသူ အတ္တ၊ စိတ်ဆင်းရဲသူအတ္တ၊ ပြင်းစွာပင်ပန်းသူ အတ္တ ရှိ၏-ဟုယူသော မိစ္ဆာအယူကိုတား၏။

ဤသို့လည်း ဤဘဝစက်ကို ဖန်ဖန်ရှုအပ်၏။

တနည်း --

  • မသိခြင်း အဝိဇ္ဇာသာ ရှိသည်။ မသိသူပုဂ္ဂိုလ်သတ္တဝါ မရှိ။
  • ပြုပြင်ခြင်းသင်္ခါရသာ ရှိသည်။ ပြုပြင်သူမရှိ။
  • ဝိညာဏ်ဖြစ်ခြင်းသာ ရှိသည်။ တဘဝမှ ပြောင်းရွှေ့လာသူမရှိ။
  • နာမ်နှင့်ရုပ် တွဲခြင်းသာရှိသည်။ တလုံးတည်း တခဲနက်မရှိ။
  • စက္ခု သောတစသော မြင်၊ ကြား၊ နမ်း၊ စား၊ ထိ၊ သိခြင်းသာရှိသည်။ မြင်သူ၊ ကြားသူ၊ နမ်းသူ၊ စားသူ၊ ထိသူ၊ သိသူမရှိ။
  • တွေ့ထိခြင်း ဖဿသာ ရှိသည်။ တွေ့ထိသူမရှိ။
  • ခံစားခြင်း ဝေဒနာသာရှိသည်။ ခံစားသူမရှိ။
  • တပ်နှစ်သက်ခြင်း တဏှာသာ ရှိသည်။ တပ်နှစ်သက်သူမရှိ။
  • စွဲလမ်းခြင်း ဥပါဒါန်သာရှိသည်၊ စွဲလမ်းသူမရှိ။
  • ဂတိငါးပါး၌ ပစ်ချခြင်း၊ ဖြစ်ခြင်း ဘဝသာရှိသည်၊ ပစ်ချသူ၊ ဖြစ်သူမရှိ။
  • ပဋိသန္ဓေဖြစ်ခြင်းသာရှိသည်။ ပဋိသန္ဓေနေသူမရှိ။
  • အိုခြင်းသေခြင်း သာရှိသည်။ အိုသူသေသူမရှိ။
  • စိုးရိမ်ခြင်း၊ ငိုကြွေးသံ၊ ကိုယ်နာခြင်း၊ စိတ်နာခြင်း၊ ပြင်းစွာပင်ပန်း ခြင်းသာရှိသည်။ စိုးရိမ်သူ၊ ငိုကြွေးသူ၊ ကိုယ်နာသူ၊ စိတ်နာသူ၊ ပြင်းစွာပင်ဝန်းသူ မရှိ- ဟု

ဖန်ဖန်ရှုအပ်၏။

ဥပမာ

အဝိဇ္ဇာသည် သူကန်းနှင့်တူ၏။

(ထိုထိုဓမ္မတို့ကို ဆက်ဆံသော လက္ခဏာ၊ မဆက်ဆံသော လက္ခဏာတို့ဖြင့် မသိသောကြောင့်တည်း။)

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာသည် သူကန်း ချွတ်ချော်သည်နှင့်တူ၏။

(ရံခါကုသိုလ်၊ ရံခါအကုသိုလ်ဖြင့် ချွတ်ချော်၏။)

ဝိညာဏ်သည် ချွတ်ချော်၍ လဲကျသည်နှင့်တူ၏။

(ပဋိသန္ဓေထဲ လိမ့်ကျ၏။)

နာမ်ရုပ်သည် လဲကျ၍ ဖူးရောင်သည်နှင့်တူ၏။

(နာမ်နှင့်ရုပ် ပွဖောင်း၏၊)

သဠာယတနသည် ဖူးယောင်၍ အနာအဖု ပြည်ဥသည်နှင့်တူ၏။

(အနာ ၆-ခုဖြစ်၏။)

ဖဿသည် အနာအ ပြည်ဥသည်ကို ထိခိုက်သည်နှင့်တူ၏။

ဝေဒနာသည် ထိခိုက်၍ အနာနာသည်နှင့်တူ၏။

တဏှာသည် အနာနာ၍ ဆေးကုလိုသည်နှင့် တူ၏။

ဥပါဒါန်သည် ဆေးကုလို၍ မသင့်သော ဆေးအလွဲကိုယူ သည်နှင့်တူ၏။

ဘဝသည် ဆေးအလွဲကိုယူ၍ လိမ်းသည်နှင့် တူ၏။

ဇာတိသည် ဆေးလိမ်းမှား၍ အနာတိုးသည်တူ၏။

မရဏသည် အနာတိုး၍ ပေါက်ကွဲသည်နှင့်တူ၏။

ဤသို့လည်း ဤဘဝစက်ကို တသန္တာန်တည်း ဥပမာဖြင့် ဖန်ဖန်ရှုအပ်၏။

ကန်း၊ ချော်၊ လဲကျ၊ (၃)

ဖူး၊ ကြွ၊ ပြည်၊ ထိ၊ (၃)

နာ၏၊ ကု၊ လွဲ၊ (၃)

လိမ်း၊ တိုး၊ ကွဲ၊ (၃)

ဆက်တွဲပမာ-သူငါ တူလှ၏။

တနည်း --

အဝိဇ္ဇာသည် မျက်စိတိမ်လွှား သည်နှင့်သူ၏။

သင်္ခါရသည် မိမိကိုယ်ကို အိမ်ဖွဲ့သော ပိုးကောင်နှင့်တူ၏။

ဝိညာဏ်သည် အမတ်ကြီးတို့၏ ထိမ်းအုပ်ခြင်း ခံ၍ မင်းစည်းစိမ် ရသော  မင်းသားငယ်နှင့် တူ၏။

(သင်္ခါရ အမတ်ကြီတို့ ပြုပြင်ပေးမှ ဂတိငါးပါး၌ တည်နိုင်သည်။)

နာမ်ရုပ်သည် မျက်လှည့်ရုပ် မျိုးစုံနှင့်တူ၏။

သဠာယတနသည် ကောင်း၌ ပေါက်သော ချုံသစ်ပင်နှင့်တူ၏။

ဖဿသည် ပွတ်၍ရသော မီးနှင့်တူ၏။

(အာရုံနှင့် ပသာဒထိခိုက်မှ ဖဿဖြစ်သည်။)

ဝေဒနာသည် ပွတ်၍ ရသော မီးပူလောင်သည်နှင့်တူ၏။

တဏှာသည် ဆားငန်ရေသောက်၍ ရေငတ်သည်နှင့်တူ၏။

ဥပါဒါန်သည် ရေငတ်၍ ဖန်ဖန် တောင့်တသည်နှင့်တူ၏။

ဘဝသည် ငါးမျှားချိတ်ကောက် မျိုသည်နှင့်တူ၏။

ကမ္မဘဝပြုမိ၍ ပဋိသန္ဓေဖြစ်ရသည။

ဇာတိသည် မျိုးစေ့ပင် ပေါက်သည်နှင့်တူ၏။

ဇရာမရဏသည် ပေါက်သောသစ်ပင် ပြိုလဲသည်နှင့်တူ၏။

ဤသို့လည်း ဤဘဝစက်ကို သန္တန်သီးခြား ဥပမာဖြင့် ဖန်ဖန်ရှုအပ်၏။

တိမ်၊ ပိုး၊ ထိန်းအုပ် (၃)၊

မျက်လှည့်ရုပ်၊ ချုံထူ (၂)၊

မီးပွတ်၊ ပူ၊ ငန် (၃)၊

ဖန်ဖန်၊ ချိတ်ကောက် (၂)၊

မျိုးပေါက်၊ ပင်လဲ (၂)၊

သီးခြားတွဲ-ကွဲကွဲပမာ-သူငါ တူလှ၏။

ဂမ္ဘီရဘေဒ

အဝိဇ္ဇာကြောင့်၎င်း၊ အဝိဇ္ဇာနှင့် အတူဖြစ်သော တရားကြောင့်၎င်း သင်္ခါရဖြစ်သည်။ တပါးသောအကြောင်းကြောင့် မဖြစ်။ ဤသို့အဝိဇ္ဇာ စသည်ကြောင့် သင်္ခါရစသော အကျိုး အဆင့်ဆင့် ဖြစ်လာခြင်း ဟူသောအနက်၊ အဝိဇ္ဇာစသည် မရှိလျှင် သင်္ခါရစသော အကျိုးမရှိခြင်း ဟူသောအနက် - ဤအနက်နှစ်ပါးသည် ဟုတ်မှန်၏။ သိနိုင်ခဲ၏။ သားမြီးဖျားချင်းထိအောင် ထိုးနိုင်သည်ထက် အသိခက်၏။ ထိုကြောင့် ဤဘဝစက်သည် အကျိုးအတ္ထအားဖြင့် (သမုဒ်ရေလယ် ယုန်ငယ်တမျှ) နက်နဲလှ၏ ဟု အတ္ထဂမ္ဘီရအားဖြင့် ဖန်ဖန်ရှုအပ်၏။

အဝိဇ္ဇာသည် အကြင်ခြင်းရာဖြင့်သာ၊ အကြင်အခိုက်အတန့် တည်ခိုက်၌သာ ကျေးဇူးပြု၏။ ထိုခြင်းရာကို၎င်း, ထိုအခိုက်အတန့်ကို၎င်း သိနိုင်ခဲ၏။ သားမြီးဖျား ထိုးနိုင်သည်ထက် အသိခက်၏၊ ထိုကြောင့် ဤဘဝစက်သည် အကြောင်းဓမ္မ အားဖြင့် နက်နဲလှ၏ ဟု ဓမ္မဂမ္ဘီရအားဖြင့် ဖန်ဖန်ရှုအပ်၏။

ဤဘဝစက်ကို ဝေနေယျတို့အား ကောင်းစွာသိအောင် ထိုထို အနုလုံဖြင့်၎င်း, ပဋိလုံဖြင့်၎င်း, ဟောခြင်းသည် လွယ်ကူသည်မဟုဟ်။ သာဝကဉာဏ် ထွတ်ထိပ်သို့ ရောက်သော ရှင်သာရိပုတြာတို့ပင် မဟောနိုင်။ သဗ္ဗညုတ ဉာဏ်တော်ရ၍သာ ဟောနိုင်သည်။ ထိုကြောင့် ဤဘဝစက်သည် ဟောခြင်းဒေသနာ အားဖြင့် နက်နဲ လှ၏ဟု ဒေသနာဂမ္ဘီရဖြင့် ဖန်ဖန်ရှုအပ်၏၊

အဝိဇ္ဇာသင်္ခါရစသည်တို့၏ သဘောသည် သိအပ်သောပဋိဝေဓမည်၏။ ထိုသဘောကို သိသောဉာဏ်သည် သိတတ်သော ပဋိဝေဓမည်၏။ ဤသိအပ်၊ သိတတ်-နှစ်ရပ်သော ပဋိဝေဓသည် သိနိုင်ခဲသော သဘောရှိ၏၊ ထိုကြောင့် ဤဘဝစက်သည် ပဋိဝေဓ အားဖြင့် နက်နဲလှ၏ဟု ပဋိဝေဓဂမ္ဘီရဖြင့် ဖန်ဖန်ရှုအပ်၏။

နယဘေဒ

  • မျိုးစေ့အညွန့်စသည် ဖြစ်၍ သစ်ပင်ကြီး ဖြစ်သကဲ့သို့ အဝိဇ္ဇာစသည်မှ သင်္ခါရ စသည်တို့ တဆက်တည်း စပ်၍ ဖြစ်ခြင်းသည် ဧကတ္တနည်းမည်၏။ ဤနည်းသိလျှင် ဥစ္ဆေဒဒိဋ္ဌိကင်း၏။  (တသန္တာန်တည်း ကျိုးကြောင်း စပ်သည်ကို မြင်ရသောကြောင့် တည်း။)  အသိလွဲလျှင် သဿတဒိဋ္ဌိ စွဲ၏။ (သန္တာန် မပြတ်ဘဲ တခုတည်းဟု ယူသောကြောင့် တည်း။)
  • အဝိဇ္ဇာသဘောတခြား၊ သင်္ခါရသဘောတခြား - ဤသို့စသည်ဖြင့် တခြားစီ ဖြစ်ခြင်းသည် နာနတ္တနည်း မည်၏။ ဤနည်းသိလျှင် သဿတဒိဋ္ဌိ ကင်း၏။ အသစ်အသစ် တခြားစီဖြစ်သည်ကို မြင်သောကြောင့်တည်း။ အသိလွဲလျှင် ဥစ္ဆေဒဒိဋ္ဌိ စွဲ၏။ မွေးသူတခြား၊ သေသူတခြားဟု လွဲနိုင်သောကြောင့်တည်း။
  • သင်္ခါရကို ငါဖြစ်စေမည်ဟု အဝိဇ္ဇာအား ကြောင့်ကြဗျာပါရ မရှိ။ ဝိညာဏ်စသည်ကို ငါဖြစ်စေမည်ဟု သင်္ခါရစသည်တို့အား ကြောင့်ကြဗျာပါရမရှိ၊ ဤသို့ကြောင့်ကြ ဗျာပါရ မရှိခြင်းသည် အဗျာပါရနည်း မည်၏။  ဤနည်းသိလျှင် အတ္တဒိဋ္ဌိ ကင်း၏။ ပြုသူအတ္တမရှိ၊ ပြုပြင်သော သတ္တဝါမရှိ၊ နိဿတ္တ နိဇ္ဇီဝ-ဓမ္မသဘောမျှသာ ရှိသည်ဟု မြင်သောကြောင့်တည်း။ အသိလွဲလျှင် အကြိယာဒိဋ္ဌိ စွဲ၏။ အကြောင်းကို မယူသောကြောင့်တည်း။  ဗျာပါရ မရှိသော်လည်း သဘာဝ နိယမအားဖြင့် ဖြစ်သောအကြောင်း ဖြစ်ခြင်းသည် ရှိ၏။ မီးလျှံဟူသမျှ အထက်သို့ဘက်ခြင်း။ လေဟူသမျှ ဖီလာတိုက်ခြင်းသည် သဘာဝနိယမအားဖြင့် ဖြစ်သော အကြောင်းဖြစ်ခြင်းသည်ရှိ၏။ ဤသို့အကြောင်း ဖြစ်ခြင်းရှိသည်ကို မယူနိုင်သောကြောင့်တည်း
  • နို့ရည်စသည်မှ နို့ဓမ်းစသည် ဖြစ်သကဲ့သို့ ဓမ္မတာအားဖြင့် အဝိဇ္ဇာစသည်မှ သင်္ခါရ စသည်ဖြစ်ခြင်းသည် ဧဝံဓမ္မတာနည်း မည်၏။ ဤနည်းသိလျှင် အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိကင်း၏။ ကြောင်းကျိုးလျော်စွာ ဖြစ်ခြင်းကို သိသောကြောင့်တည်း။  နို့မှ နို့ဓမ်းဖြစ်သည်၊ ရေမှမဖြစ် နှမ်းမှဆီဖြစ်သည်၊ သဲမဖြစ်။ အကြောင်း ဟူသမျှကြောင့် အကျိုးဟူသမျှ မဖြစ်၊ လျော်စွာဖြစ်သည်ဟု သိသောကြောင့် အကြောင်းကံကိုလည်း မပယ်။ အကျိုးဝိပါက်ကို လည်း မပယ်ဟူလို။ အသိလွဲလျှင် အဟေတုကဒိဋ္ဌိ၊ နိယတိပါဒစွဲ၏။  အကြောင်းကြောင့် အကျိုး ဖြစ်ခဲ့လျှင် အကြောင်းတခြား၊ အကျိုး တခြား ဖြစ်ခြင်း ကြောင့် သဲမှဆီသော်၎င်း၊ ကြံမှနို့သော်၎င်း ဖြစ်သင့်ရာ၏။ ထိုသို့ မဖြစ်လေရကား ထိုထိုအကျိုး၏ ထိုထိုအကြောင်း မရှိစကောင်းဟု အကြောင်းပယ်၍ အဟေတုက ဒိဋ္ဌိစွဲသည်၊  ထိုသို့ အကြောင်း မရှိသော်လည်း သဘာဝ နိယမအားဖြင့် နို့မှ နို့ဓမ်း ဖြစ်သကဲ့သို့ မိဘသွေးသားကြောင့် သဘာဝနိယမအားဖြင့် သတ္တဝါဖြစ်သည်။ သဘာဝ နိယမ အားဖြင့် နတ်လူစသော ဂတိငါးပါး၌ဖြစ်သည်။ သဘာဝနိယမအားဖြင့် တနေ့ကျလျှင် သံသရာ ဝဋ်ကင်းပြတ်၍ နိဗ္ဗာန်ရနိုင်သည်ဟု နိယတိ ဝါဒစွဲသည်။

ဥယျောဇဉ်

သတ္တဝါ အပေါင်းသည် မူလနှစ်ပါး ခိုင်မြဲသော စက်ဝိုင်းနှစ်ခုဖြင့် သံသရာအထပ်ထပ် မရပ်မတည် တလည်တည်း လည်ကုန်၏။

ပဋိစ္စသမုပ္ပါဒ်ကို လျော်စွာသိသော ဉာဏ်ကား ထိုမူလနှစ်ပါး မဖြစ်နိုင်ကြောင်း ဉာဏ်ဖြစ်၏။ မူလနှစ်ပါးမဖြစ်လျှင် သံသရာ ဘဝစက် ပျက်၏။

ဤဘဝစက်ကို မဖျက်နိုင် မခွဲနိုင်လျှင် မိုးကြိုး စက်ကြီး လောင်မီးပမာ သံသရာမှ ခုန်ကာကျော်ထွက် လွတ်မြောက်ချက်ကား အိပ်မက်၌ပင် မရှိလေစွတကား။

ဤဘဝစက်ကို သုတမယဉာဏ်၊ စိန္တာမယဉဏ်၊ ဘာဝနာမယဉာဏ်တို့ဖြင့် လျော်စွာ မသိခြင်းကြောင့် မြိတ်ဆာချည်ထွေး စာသိုက်ထွေးနှင့် မြက်ထွေး အတူ သူငါမကြွင်း

လေးဘုံဆင်းကာ သံသရာ၌ ရှည်ကြာဒုက္ခ တွေ့ရလေစွတကား။  ဤပဋိစ္စသမုပ္ပါဒ် သဘောသည် သမုဒြာ၌ ယုန်ငယ်ပမာ ထောက်ရာ တည်ရာမရ နက်နဲလေစွတကား။

သို့စဉ်နက်မှောင် နက်ရောင်ပြင်းထန် နက်နဲမှန်လည်း စိန်ဉာဏ်ဆောင်ထား ခုနစ်နှစ်သ္မီး ခုနစ်နှစ်သားတို့ပင် ဘုရားရှင် ဉာဏ်တော်မှီ၍ ခွဲနိုင် ဖောက်နိုင် ဖျက်ဆီးနိုင်ကြကုန်၏။

ထိုကြောင့် သူတပါး အကျိုးများစေလိုသော အမျိုးကောင်းသားသည် ကိစ္စတပါး ပယ်ရှား၍ နက်လှသော ဤဘဝစက်ကို ထောက်ရာ တည်ရာ ရအောင် မနေမနား အားထုတ်ရာ၏။

ပစ္စည်းပိုင်းအရသာပြီး၏။

၉ - ကမ္မဋ္ဌာန်းပိုင်း

ယခုအခါ သမထဘာဝနာ၊ ဝိပဿနာဘာဝနာတို့၏ (အာရုံ) ကမ္မဋ္ဌာန်း နှစ်မျိုးကို ဆိုပေအံ့။
နီဝရဏတို့ကို ငြိမ်းအောင်ပြုခြင်းသည် သမာဓိမည်၏၊ သမထလည်းမည်၏။ အနိစ္စ ဒုက္ခ အနတ္တ ဟူသော အခြင်းအရာဖြင့် ရှုခြင်းသည် ပညာမည်၏။ ဝိပဿနာ လည်းမည်၏။ တိုးပွါးအောင် ပွါးများစေခြင်းသည် ဘာဝနာ မည်၏။ သမာဓိကို ပွါးများစေလျှင် သမထဘာဝနာ၊ ပညာကို ပွါးများစေလျှင် ဝိပဿနာဘာဝနာ မည်၏။

---

အာရုံ ကမ္မဋ္ဌာန်းနှစ်မျိုး

(ကမ္မဿ-ပြုအပ်သော ကမ္မ၏ + ဌာနံ တည်ရာအာရုံ၊) ပြုအပ်သော ဘာဝနာကမ္မ၏ + တည်ရာဖြစ်သော ကသိုဏ်းစသော အာရုံသည် ကမ္မ + ဋ္ဌာန မည်၏။
သမာဓိဘာဝနာကမ္မ၏ အာရုံသည် သမထကမ္မဋ္ဌာန်း၊
ပညာဘာဝနာကမ္မ၏ အာရုံသည် ဝိပဿနာကမ္မဋ္ဌာန်း၊
ဤအာရုံကမ္မဋ္ဌာန်း နှစ်မျိုးကို ယခုဆိုပေအံ့ ဟူလို။

---

ဘာဝနာကမ္မဋ္ဌာန်း နှစ်မျိုး

(ကမ္မမေဝ-ကမ္မသည်သာလျှင်+ဌာနံ-အကြောင်း။) ဘာဝနာ ကမ္မ သည်သာလျှင် + နောက်နောက် အားထုတ်ခြင်း၊ တရားထူးရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မ+ဋ္ဌာန မည်၏။ သမာဓိဘာဝနာ ကမ္မသည် သမထကမ္မဋ္ဌာန်း၊ ပညာဘာဝနာကမ္မ သည် ဝိပဿနာကမ္မဋ္ဌာန်း၊ ဤ ဘာဝနာကမ္မဋ္ဌာန်း နှစ်မျိုးလည်း- ပါဝင်ပေလတ္တံ့ ဟူလို။

---

ဥဒ္ဒေသ

သမထကမ္မဋ္ဌာန်း၌ ကသိုဏ်း ဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ အပ္ပမညာလေးပါး၊ သညာတပါး၊ ဝဝတ္ထာန်တပါး၊ အာရုပ္ပလေးပါး - ဤသို့ သမထ ကမ္မဋ္ဌာန သင်္ဂဟ ခုနစ်ခု သိအပ်၏။

ရာဂစရိုတ်၊ ဒေါသစရိုတ်၊ မောဟစရိတ်၊ သဒ္ဓါစရိုတ်၊ ဗုဒ္ဓိစရိတ်၊ ဝိတက်စရိတ်၊ ဤသို့စရိုတ်ခြောက်ခု သိအပ်၏။
ရာဂသည် (ရာဂစရိုတ် မည်၏။ ရာဂပင်ကိုယ် များသူသည် ရာဂစရိတပုဂ္ဂိုလ် မည်၏။ အကြွင်း လွယ်ပြီ၊)

ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ-ဤသို့ ဘာဝနာသုံးခု သိအပ်၏။

ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ် - ဤသို့ နိမိတ်သုံး ခု သိအပ်၏။
ဤကား ဥဒ္ဒေသတည်း။

(အစစွာဖြစ်သော ဘာဝနာသည် ပရိကမ္မဘာဝနာ၊
နီဝရဏ ခွါနိုင်သည်မှစ၍ ဂေါတြဘူ အဆုံးတိုင်ဖြစ်သော ဘာဝနာသည် ဥပစာရဘာဝနာ၊
မဟဂ္ဂုတ် လောကုတ္တရာ ဘာဝနာသည် အပ္ပနာဘာဝနာ။
ပရိကမ္မဘာဝနာ၏ အာရုံသည် ပရိကမ္မနိမိတ်၊
မျက်စိဖြင့်မြင်သကဲ့သို့ စိတ်ဖြင့်ယူအပ်သော အာရုံသည် ဥဂ္ဂဟနိမိတ်။
ထိုဥဂ္ဂဟနိမိတ်နှင့်တူသော အပြစ်ကင်းသော အာရုံသည် ပဋိဘာဂနိမိတ်၊
ပရိကမ္မ၊ ဥဂ္ဂဟနိမိတ် နှစ်ပါးသည် ပရိကမ္မဘာဝနာ တခု၏ အာရုံ။
ပဋိဘာဂနိမိတ် တပါးသည် ဥပစာရ၊ အပ္ပနာ ဘာဝနာနှစ်ခု၏ အာရုံ၊)

---

ကသိုဏ်းဆယ်ပါး

ပထဝီကသိုဏ်းအာပေါကသိုဏ်းတေဇောကသိုဏ်းဝါယောကသိုဏ်း၊ ဤသို့ မြေ၊ ရေ၊ မီး၊ လေ-အလုံးစုံ နှံ့ထင်သော ဓာတ်ကသိုဏ်းလေးပါး၊ (ပထဝီ-မြေ+သိဏ-အလုံးစုံအရပ်၌နှံ့ထင်၊)
နီလကသိုဏ်းပီတကသိုဏ်းလောဟိတကသိုဏ်းသြဒါတကသိုဏ်း-ဤသို့-ညို၊ ရွှေ၊ နီ၊ ဖြူ-အလုံးစုံ နှံ့ထင်သော ဝဏ္ဏကသိုဏ်း လေးပါး၊
အာကာသကသိုဏ်းအာလောကကသိုဏ်း - ဤသို့ ကြားပေါက်ကောင်းကင်၊ အလင်းရောင်-အလုံးစုံ နှံ့ထင် နှစ်ပါး။
ဤကား ကသိုဏ်းဆယ်ပါးတည်း။

---

အသုဘဆယ်ပါး

  1. ဥဒ္ဓုမာတကံ - သေသည်အထက်၌+ဖူးဖူးရောင်သော အကောင်ပုပ်။
  2. ဝိ+နီလကံ - ဖြူနီရောလျက် + ညိုမဲသော အကောင်ပုပ်။
  3. ဝိ+ပုဗ္ဗကံ - ယိုသော၊ ပြည်ရှိသောအကောင်ပုပ်။
  4. ဝိ+စ္ဆိဒ္ဒကံ - ခါးလယ်၌+ပြတ်သောအကောင်ပုပ်။
  5. ဝိ+က္ခာယိတကံ - အထူးထူး+ဆိတ်ဆွဲ ကိုက်ခဲအပ်သော အကောင်ပုပ်။
  6. ဝိ+က္ခိတ္တကံ - ဖရိုဖရဲ+ပစ်အပ်သော အကောင်ပုပ်။
  7. ဟတ+ဝိ+က္ခိတ္တကံ - ကြက်ခြေခတ်မွှမ်း၍+ ဖရိုဖရဲ+ပစ်အပ်သော အကောင်ပုပ်။
  8. လောဟိတကံ - သွေးထွက် သံယို အကောင်ပုပ်။
  9. ပုဠုဝကံ - ပိုးလောက်တဖွါးဖွါး အကောင်ပုပ်။
  10. အဋ္ဌိကံ - အရိုးစု အကောင်ပုပ်။

ဤကားအသုဘ ဆယ်ပါးတည်း၊
(ကျီးဦးစွန်းကို ကြက်တောင်စည်း ဟူသကဲ့သို့ ကျီးခြေ သဏ္ဍာန်ကို ကြက်ခြေခတ် ဟူ၏။)

---

အနုဿတိဆယ်ပါး

  1. ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်ကို အောက်မေ့ခြင်း၊
  2. ဓမ္မာနုဿတိ - တရားဂုဏ်ကို အောက်မေ့ခြင်း။
  3. သံဃာနုဿတိ - သံဃာဂုဏ်ကို အောက်မေ့ခြင်း။
  4. သီလာနုဿတိ - ငါ၏သီလ စင်ကြယ်လေစွဟု အောက်မေ့ခြင်း
  5. စာဂါနုဿတိ - စွန့်ကြဲဘူး လှူဒါန်းဘူးသည်ကို အောက်မေ့ခြင်း။
  6. ဒေဝတာနုဿတိ - နတ်တို့သည် သဒ္ဓါစသည်ရှိ၍ နတ်ဖြစ်ကြသည်၊ ငါ့အား လည်း ထိုသဒ္ဓါ စသည်ရှိ၏-ဟု နတ်တို့ကို စံထား၍ အောက်မေ့ခြင်း၊
  7. ဥပသမာနုဿတိ - နိဗ္ဗာန်အား ကိလေသာအားလုံး ငြိမ်း၏ဟု အောက်မေ့ခြင်း။
  8. မရဏာနုဿတိ - ငါသေရလတ္တံ့ဟု အောက်မေ့ခြင်း၊
  9. ကာယ+ဂတာ+သတိ - ၃၂-ကောဋ္ဌာသ ကာယ၌ ဖြစ်သော အောက်မေ့ခြင်း၊
  10. အာနာပါနဿတိ - ထွက်သက် ဝင်သက်ကိုအောက်မေ့ခြင်း။

ဤကား အနုဿတိ ဆယ်ပါးတည်း။

---

အပ္ပမညာလေးပါး

  1. မေတ္တာ - သတ္တဝါ အားလုံးကို ကိုယ်နှင့်အမျှချစ်ခြင်း၊
  2. ကရုဏာ - ဆင်းရဲသူကိုသနားခြင်း၊
  3. မုဒိတာ - ချမ်းသာသူကို ဝမ်းမြောက်ခြင်း၊
  4. ဥပေက္ခာ - ကံအားလျော်စွာ ဖြစ်ရသည်ဟု အသင့်အတင့် ရှုခြင်း၊

ဝါ၊ ကံကို အလေးပြုခြင်း၊
ဤကား အပ္ပမညာ လေးပါးတည်း။
ဗြဟ္မဝိဟာရတရား- ဗြဟ္မစိုရ်တရား ဟူ၍လည်း ခေါ်ကြ၏။

---

သညာတပါး

အာဟာရေ+ပဋိကူလ+သညာ - အာဟာရ၌ + စက်ဆုပ်ဘွယ်ဟု + အမှတ်ပြုခြင်း။
ဤကား သညာတပါးမည်၏။

---

ဝဝတ္ထာန်တပါး

စတုဓာတု+ဝဝတ္ထာနံ - ဓာတ်လေးပါးတို့ကို+ပိုင်းခြားခြင်း။
ဤကားဝဝတ္ထာန်တပါးမည်၏။
ပထဝီ ၂ဝ၊ အာပေါ ၁၂၊ တေဇော ၄၊ ဝါယော ၆ - ၄၂-ကောဋ္ဌာသဖြင့် ပိုင်းခြား၏။
မာ၊ ဖွဲ့၊ ရင့်၊ ထောက်- လက္ခဏာဖြင့် ဝိုင်းခြား၏။

---

အာရုပ္ပလေးပါး

  1. အာကာသာနဉ္စာယတနံ - အဆုံးမရှိသော ကောင်းကင်ပညပ်အာရုံ၊
  2. ဝိညာနဉ္စာယတနံ - အဆုံးမရှိသော အာကာသာနဉ္စာယတနဈာန် မဟဂ္ဂုတ်အာရုံ၊
  3. အာကိဉ္စညာယတနံ - နတ္ထိဘောပညပ်အာရုံ၊
  4. နေဝသညာနာသညာယတနံ - အာကိဉ္စညာယတနဈာန် မဟဂ္ဂုတ်အာရုံ၊

ဤကား အာရုပ္ပ လေးပါးတည်း။
ဤသို့လျှင် သမထ ကမ္မဋ္ဌာန်း (အာရုံ) လေးဆယ်ဖြစ်၏။

---

သပ္ပါယဘေဒ

ရာဂစရိတ်ရှိသူအား ဒသအသုဘ၊ ကာယဂတာသတိ-အားဖြင့် ကမ္မဋ္ဌာန်း ၁၁-ပါး လျောက်ပတ်၏။
ဒေါသများသူအား အပ္ပမညာ၊ ဝဏ္ဏကသိုဏ်း-အားဖြင့် ရှစ်ပါး လျောက်ပတ်၏။
မောဟများသူ၊ ဝိတက်များသူအား အာနာပါန-တပါး လျောက်ပတ်၏။
သဒ္ဓါများသူအား ဗုဒ္ဓါနုဿတိ စသော-ခြောက်ပါး လျောက်ပတ်၏။
ပညာများသူအား မရဏ၊ ဥပသမ၊ သညာ၊ ဝဝတ္ထာန်-လေးပါး လျောက်ပတ်၏။
ကြွင်းကသိုဏ်း ၆-ပါး၊ အာရုပ္ပ ၄-ပါးအားဖြင့် ဆယ်ပါး သည် ပုဂ္ဂိုလ်အားလုံးတို့အား လျောက်ပတ်၏။ (ဓာတ်ကသိုဏ်း၊ အာကာ၊ အာလောက-၆။)
ဤဆယ်ပါးတို့တွင် ကသိုဏ်းတို့၌ ကောက်နယ် တလင်းခန့်မျှ ကြီးသော ကသိုဏ်းဝန်းသည် မောဟများသူအား လျောက်ပတ်၏။ ခွက်မျှ ဆန်ကောမျှ ငယ်သော•ကသိုဏ်းဝန်းသည် ဝိတက်များသူအား လျှောက်ပတ်၏။
ဤကား သပ္ပါယဘေဒသည်း။
ဤ၌ ဖြောင့်ဖြောင့် ဆန့်ကျင်ခြင်းသည် လျောက်ပတ်သည် မည်၏။ အနာ၏ ဆန့်ကျင်ဘက် ဆေးကဲ့သို့လွန်စွာ လျောက်ပတ်သည် ဟူလို။ ရာဂစသည်ကို မခွါနိုင်သော၊ သဒ္ဓါစသည်ကို ကျေးဇူးမပြုနိုင်သော မလျောက်ပတ်သော ကမ္မဋ္ဌာန်း ဟူ၍ကား မရှိ။ ကသိုဏ်းဝန်းကြီးလျှင် စိတ်မတွေဝေ၊ မောဟများ သူနှင့်သင့်၏။ စိတ်ပြေးသာသောကြောင့် ဝိတက်နှင့် မသင့်။ ကသိုဏ်းဝန်းငယ်လျှင် စိတ်မပြေးသာ၊ ဝိတက်များသူနှင့်သင့်၏။ စိတ်တွေဝေစရာ ဖြစ်သောကြောင့် မောဟနှင့်မသင့်။
[ရာဂ-၁၁+၁၀=၂၁။
ဒေါသ-၈+၁၀=၁၈။
မောဟ ဝိတက်- ၁+၁၀-၁၁။
သဒ္ဓါ-၆+၁၀=၁၆။
ပညာ-၄+ ၁၀=၁၄]

---

ဘာဝနာဘေဒ

ကမ္မဋ္ဌာန်းလေးဆယ်လုံး၌ ပရိကမ္မဘာဝနာ-ရသည်သာတည်း။ ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်-အားဖြင့် ဆယ်ပါး၌ ဥပစာရဘာဝနာလည်းရသည်၊ အပ္ပနာမရ။ ကြွင်း ၃ဝ-၌ အပ္ပနာဘာဝနာလည်းရ၏။ [ပရိကမ္မ ၄ဝ၊ ဥပစာရ ၄၀၊ အပ္ပနာ၃ဝ။]
ထို ၃၀ တို့တွင် --
ဒသကသိဏ၊ အာနာပါနသည် ဈာန်ငါးပါးလုံးကိုရစေ၏။ (၁၁)
ဒသအသုဘ၊ ကာယဂတာသတိသည် ပဉ္စမဈာန်ကိုရစေ၏။ (၁၁)
မေတ္တာ၊ ကရုဏာ၊ မုဒိတာသည် အောက် ဈာန်လေးပါးကိုရစေ၏။ (၃)
ဥပေက္ခာသည် ပဉ္စမဈာန်ကိုရစေ၏။ (၁)
ဤသို့ကမ္မဋ္ဌာန်း ၂၆-ပါးသည် ရူပဈာန်ကိုရစေ၏။
[ပဌမ ဈာန်- ၂၅။ ဒုတီယဈာန်၊ တတီယဈာန်၊ စတုတ္ထ္ကဈာန်-၁၄၊ ပဉ္စမဈာန် ၁၂။]
အဆုံးမရှိသော ကောင်းကင်ပညပ် စသော အာရုပ္ပအာရုံ လေးပါးသည် အရူပဈာန် လေးပါးကို တခုစီအစဉ်အတိုင်း ရစေ၏။ (ဤကား ဘာဝနာဘေဒတည်း။)

---

နိမိတ္တဘေဒ

ကမ္မဋ္ဌာန်း လေးဆယ်လုံး၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်နှစ်ပါးကို ထိုက်သည် အားလျော်စွာ ရသည်သာတည်း။ အချို့ကမ္မဋ္ဌာန်း၌ မထင်ရှားသောကြောင့် ပရိယာယ် အားဖြင့် ရ၏ဟူလို။
ပဋိဘာဂနိမိတ်ကိုကား ဒသကသိဏ၊ ဒသအသုဘ၊ ကောဋ္ဌာသ၊ အာနာပါန-အားဖြင့် ၂၂-ပါးတို့၌သာ ရသည်။ ထင်ရှားစွာရသည်။ ပရိယာယ်မဟုတ်။
ထို ၂၂-ပါး၌ ရသော ပဋိဘာဂနိမိတ်ကို အာရုံပြု၍ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိတို့ ဖြစ်ကုန်၏။

---

ပရိကမ္မနိမိတ်

ဖြစ်ပုံကား -- အာဒိကမ္မိက ပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း စသည်တို့၌ အာရုံယူ၍ (ကြည့်၍) ပထဝီ ပထဝီ စသည်ဖြင့် စီးဖြန်းသည်ဖြစ်အံ့၊ ထိုကသိုဏ်းဝန်း စသော အာရုံသည် ပရိကမ္မနိမိတ် မည်၏။ ဒီးဖြန်းသော ဘာဝနာသည် ပရိကမ္မဘာဝနာ မည်၏။
ပရိကမ္မနိမိတ်သည် ပစ္စုပ္ပန်ရူပါရုံဖြစ်၏။ ထိုကြောင့် သာမညအားဖြင့် အတီတဘဝင်၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တိရဏ၊ ဝုဋ္ဌော၊ ဇော ၇-ကြိမ်၊ တဒါရုံ ၂-ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။

---

ဥဂ္ဂဟနိမိတ်

ထိုပရိကမ္မနိတ်ကို ဖန်ဖန်စီးဖြန်း၍ စိတ်ဖြင့် ကောင်းစွာယူနိုင်သောအခါ မျက်စိဖြင့် မြင်သကဲ့သို့ မနောဒွါရအား ထင်၏။ ထိုအခါ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်မည်၏။ ထို ပရိကမ္မဘာဝနာသည်လည်း ခိုင်ခန့်စွာတည်၏။
ဥဂ္ဂဟနိမိတ်သည် မနောဒွါရဂ္ဂဟိတ ရူပါရုံဖြစ်၏။ ထိုကြောင့် ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ၊ မနောဒွါရာဝဇ္ဇန်း၊ ဇေ၁ ၇-ကြိမ်၊ တဒါရုံ ၂ -ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။

---

ပဋိဘာဂနိမိတ်

ထိုနောင် ထိုဥဂ္ဂဟနိမိတ်၌ ပရိကမ္မသမာဓိဖြင့်-ပထဝီ၊ ပထဝီ-ဟုလွန်စွာစီးဖြန်းသော ယောဂီအား သမာဓိ လွန်စွာခိုင်မြဲသောအခါ ထိုဥဂ္ဂဟနိမိတ်နှင့်တူစွာ အာရုံ တခုသည် စိတ်၌ ကောင်းစွာတည်၏။ သက်ဝင်လာ၏။ ထိုအာရုံသည် ကသိုဏ်း အပြစ်မှလွတ်၏။ ဝါ၊ ပရမတ်မှလွတ်သော ပညပ်ဖြစ်၏။ ဘာဝနာစွမ်းကြောင့်ဖြစ်၏။ ထိုအခါ ပဋိဘာဂ နိမိတ် ဖြစ်ပြီဟု ဆိုအပ်၏။
(ကသိုဏ်းအပြစ် ဟူသည် လက်ရာ အရေးအသား အပွန်းအပဲ့ စသည်တည်း။)
(ပဋိဘာဂနိမိတ်သည် ပညပ်ဓမ္မာရုံဖြစ်၏။ ထိုကြောင့် စ၊ ဒ၊ မ၊ ဇော-ခုနစ်ကြိမ်ဖြစ်၍ ဘဝင်ကျသင့်၏။)

---

ဥပစာရဈာန်

ထိုပဋိဘာဂ နိမိတ်ထင်သည်မှစ၍ ကာမာဝစရသမာဓိသည် နီဝရဏတည်းဟူသော ဘေးရန်ကို ပယ်နိုင်ခွါနိုင်၏။ ထိုအခါ ဥပစာရ ဘာဝနာ ဖြစ်သည်မည်၏။ ဝါ၊ ဥပစာရဈာန် ရသည်မည်၏။

---

အပ္ပနာဈာန်

ထိုနောင် ထိုပဋိဘာဂနိမိတ်ကိုသာလျှင် ဥပစာရသမာဓိဖြင့် ပထဝီ၊ ပထဝီ-ဟု ဖန်ဖန် စီးဖြန်းသော ယောဂီအား ရူပါဝစရ ပဌမဈာန်စိတ်သည် အပ္ပနာ၏ အစွမ်းဖြင့်ဖြစ်၏။ ဝါ၊ အပ္ပနာဘာဝနာဖြစ်သည် မည်၏။ ဝါ၊ အပ္ပနာဈာန်ရသည် မည်၏။
(ဤ၌ ဝိတက်သည် အပ္ပနာမည်၏။)
[ပဋိဘာဂနိမိတ်ပညပ်ဓမ္မာရုံ၌ ဈာန်အပ္ပနာ ဖြစ်ဟန်ကား။ စ၊ ဒ၊ မ၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူ၊ အာဒိကမ္မိကဖြစ်အံ့၊ ဈာန်စိတ် တကြိမ်ဖြစ်၍ ဘဝင်ကျ၏။ သမာပဇ္ဇနဖြစ်အံ့၊ ဈာန်စိတ် အကြိမ်များစွာဖြစ်၍ ဘဝင်ကျ၏။ မဟဂ္ဂုတ် ၇၂-ဝီထိ၊]

---

ဈာန်တက်ပုံ

ထိုနောင် ထိုပဌမဈာန်ကိုသာလျှင် --

  1. အာဝဇ္ဇန- မနောဒွါရာဝဇ္ဇန်းစိတ်ဖြင့် ဆင်ခြင်ခြင်း၊
  2. သမာပဇ္ဇန- ဈာန်ဇော ကြိမ်ကြိမ်ဖြင့် ဝင်စားခြင်း၊
  3. အဓိဋ္ဌာန - အလိုရှိတိုင်း ဈာန်ကိုထားခြင်း၊
  4. ဝုဋ္ဌာန - ဈာန်မှထခြင်း၊
  5. ပစ္စဝေက္ခဏာ - ဉာဏ်ဇောဖြင့် ဆင်ခြင်ခြင်း-

ဤဝသီဘော် ငါးပါးဖြင့် လေ့လာသောအခါ -
“ဝိတက်စသော ဈာန်အင်္ဂါသည် ရုန့်ရင်း၏” ဟူ၍၎င်း၊
“ရုန့်ရင်းသော အင်္ဂ ါကိုပယ်လို၏” ဟူ၍၎င်း၊
“ဝိစာရစသော ဈာန်အင်္ဂါသည် သိမ်မွေ့၏” ဟူ၍၎င်း၊
“သိမ်မွေ့သော အင်္ဂါတို့ကိုသာ ဖြစ်စေလို၏” ဟူ၍၎င်း-
တဖန် ပထဝီ၊ ပထဝီ-စသည်ဖြင့် အားထုတ်ပြန်သည် ဖြစ်အံ့၊ အစဉ်အတိုင်း ဒုတီယ ဈာန်စသည်တို့သည် အာရုံ အားလျော်စွာ အပ္ပနာစွမ်းဖြင့် ဖြစ်ကုန်၏။
[ပဌမဈာန်၌ ဝိတက်ပယ်လို၍ အားထုတ်သောအခါ ဒုတီယ ဈာန်ဖြစ်၏။
ဒုတီယဈာန်၌ ဝိစာရပယ်လို၍ အားထုတ်သော အခါ တတီယဈာန်ဖြစ်၏။
တတီယဈာန်၌ ပီတိပယ်လို၍ အားထုတ်သောအခါ စတုတ္ထဈာန်ဖြစ်၏။
စတုတ္ထဈာန်၌ သုခပယ်လို၍ အားထုတ်သောအခါ ပဉ္စမဈာန်ဖြစ်၏။]
ဤသို့လျှင် ဒသကသိဏ၊ ဒသအသုဘ၊ ကောဋ္ဌာသ၊ အာနာပါန-ဟူသော ၂၂-ပါးသော ကမ္ဘဋ္ဌာန်းတို့၌ ပဋိဘာဂနိမိတ် ထင်သည်။ အပ္ပမညာ လေးပါးကား သတ္တဝါပညပ် အာရုံ၌ ဈာန်ရလေ၏ ပဋိဘာဂနိမိတ်မထင်။
ဤကား ကမ္မဋ္ဌာန်း ၂၆-ပါး၌ ရူပဈာန်ဖြစ်ပုံတည်း။

---

ဝသီဘော်ငါးပါး

ရသောဈာန်၊ ဝင်စားသောဈာန်တို့၌ ငါးပါးသောလေ့လာခြင်းဖြင့် လေ့လာသော သူသည် ဝသီမည်၏။ လေ့လာခြင်းဂုဏ်သည် ဝသီဘော်မည်၏။
ဝိတက်စသော ဈာန်အင်္ဂါ တခုတခု၌ မနောဒွါရာဝဇ္ဇန်း နောင် ကာမဇော လေးကြိမ်၊ ငါးကြိမ်၊ ဘဝင်နှစ်ကြိမ်၊ သုံးကြိမ်ထက် မလွန်စေဘဲ ဈာန်အင်္ဂါကို အဆင့်ဆင့် မနောဒွါရာဝဇ္ဇန်းဖြင့် ဆင်ခြင်ခြင်းသည် အာဝဇ္ဇနာဝသီဘော် မည်၏။
ဈာန်ဝင်စားလိုသည့် အခြားမဲ့၌ ဘဝင် နှစ်ကြိမ်၊ သုံးကြိမ်ထက် မလွန်စေဘဲ-မ၊ ပ၊ ဥ၊ နု၊ ဂေါ၊ ဈာန်ဇော အကြိမ်များစွာဖြင့် ဝင်စားနိုင်ခြင်းသည် သမာပဇ္ဇန ဝသီဘော် မည်၏။
ပိုင်းခြားသော ကာလအတိုင်း ဘဝင်မကျစေဘဲ ဈာန်စိတ်ကို ထားနိုင်ခြင်းသည် အဓိဋ္ဌာနဝသီဘော် မည်၏
ပိုင်းခြားသောကာလအတိုင်း ဘဝင်ကျစေ၍ ဈာန်မှထနိုင်ခြင်းသည် ဝုဋ္ဌာနဝသီဘော် မည်၏။
အာဝဇ္ဇနဝသီဘော်၌ အာဝဇ္ဇန်းနောင် ကာမဇော လေးကြိမ်၊ ငါးကြိမ်မျှ ထားနိုင်ခြင်း သည် ပစ္စဝေက္ခဏာ ဝသီဘော် မည်၏။

---

အရူပဈာန်

ကသိုဏ်းရုပ်၌ ပဉ္စမဈာန်ရပြီးသော ယောဂီသည် ထိုကသိုဏ်းရုပ်၌ အပြစ်မြင်၍ အရူပဈာန်ကို ဖြစ်စေလိုသည်ရှိသော် အာကာသကြဉ်သော ကသိုဏ်းကိုးပါးတို့တွင် ပါးပါးကိုခွါ၍ ရအပ်သော ကောင်းကင်ပညပ်ကို “အနန္တော အာကာသော” ဟုဖန်ဖန် စီးဖြန်းသည်ဖြစ်အံ့။ ပဌမအရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။
[ကသိုဏ်းဈာန်ဝင်စားပြီးမှ ပဋိဘာဂနိမိတ်ကို နှလုံးမသွင်းခြင်းသည် ခွါသည် မည်၏။ ထိုသို့ခွါ၍ ဖြစ်လာသော ကောင်းကင်သည် ကသိဏုဂ္ဃါဋိမ အာကာသ မည်၏။ အဇဋာကာသ မမည်။ ပဋိဘာဂနိမိတ်မမည်။ အာကာသကသိုဏ်းကိုကား ခွါ၍မရ။]
ထို ပဌမာရုပ္ပ အာကာသာနဉ္စာသယန ဈာန်စိတ်ကိုသာလျှင် “အနန္တံ ဝိညာဏံ” ဟု ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့၊ ဒုတီယ အရူပဈာန်သည် အပ္ပနာစွမ်းဖြင့်ဖြစ်၏။ ဝါ-ဝိညာနဉ္စာယတန ဈာန် ရ၏။
ထိုပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညပ်ကို သာလျှင် “နတ္ထိကိဉ္စိ” ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့။ တတီယ အရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။ ဝါ-အာကိဉ္စညာယတန ဈာန်ရ၏။
တတီယာရုပ္ပဈာန်စိတ်ကို “သန္တမေတံ၊-ပဏီတမေတံ” ဟု ဖန်ဖန်စီးဖြန်းသည်ဖြစ်အံ့၊ စတုတ္ထအရူပဈာန်သည် အပ္ပနာစွမ်းဖြင့် ဖြစ်၏။ ဝါ-နေဝသညာနာသညာယတန ဈာန်ရ၏။ ဤကား အာရုပ္ပကမ္မဋ္ဌာန်းလေးပါး၌ အရူပဈာန် ဖြစ်ပုံတည်း။

---

အပ္ပနာမရ တဆယ်

ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်ဖြင့် ကြွင်းသော ကမ္မဋ္ဌာန်းဆယ်ပါးတို့၌ ဘုရားဂုဏ် စသည်ကို အာရုံပြု၍ “အရဟံသမ္မာသမ္ဗုဒ္ဓေါ” စသည်ဖြင့် ပရိကံပြုအံ့။ (စီးဖြန်းအံ့၊) ပရိကမ္မဘာဝနာ သမာဓိလည်း ရ၏။ နီဝရဏ ခွါနိုင်သော ဥပစာရ ဘာဝနာ သမာဓိလည်း ပြည့်စုံ၏။ ဝါ၊ ဥပစာရဈာန်အထိရ၏။

---

အဘိညာငါးပါး

အဘိညာဏ်စွမ်းဖြင့်သော်ကား ပါဒကဖြစ်သော ပဉ္စမဈာန်မှထ၍ အဓိဋ္ဌာန်အပ်သော အာရုံ၊ ဖန်ဆင်းအပ်သော အာရုံကိုဆင်ခြင်၍ “သတံဟောမိသဟဿံဟောမိ” စသည်ဖြင့် ပရိကံပြုအံ့။ ရူပါရုံစသော အာရုံခြောက်ပါး၌ ထိုက်သည်အားလျော်စွာ အဘိညာ ကိစ္စတပ်သော ရူပပဉ္စမဈာန် ကုသိုလ်ကြိယာသည် အပ္ပနာစွမ်းဖြင့် တကြိမ်သာ ဖြစ်၏။ ထိုနောင် ဘဝင်ကျ၏။
အဘိညာသည် ဣဒ္ဓိဝိဓဒိဗ္ဗသောတပရစိတ္တဝိဇာနနပုဗ္ဗေနိဝါသနုဿတိဒိဗ္ဗစက္ခု-အားဖြင့် ငါးပါ.ပြား၏။
ဤကား နိမိတ္တဘေဒတည်း။
သမထကမ္မဋ္ဌာန်းပြီး၏။

အာဝဟစသည် မှတ်ဘွယ်

ကမ္မဋ္ဌာန်း ၄၀-တို့တွင် ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်-ဆယ်ပါးသည် ဥပစာရာဝဟ ကမ္မဋ္ဌာန်း မည်၏။ ကြွင်း ၃ဝ-သည် အပ္ပနာဝဟ ကမ္မဋ္ဌာန်းမည်၏။
ဥပစာ ဈာန်ဆောင် ၁၀။ အပ္ပနာဈာန်ဆောင် ၃၀။ ပေါင်း ၄၀။

---

ပဘေဒ

အပ္ပနာဝဟ ၃၀-တို့တွင် အသုဘ၊ ကာယဂတာ၊ ဥပေက္ခာ၊ အာရုပ္ပ ၁၆-ပါးသည် ဧကဈာနိကကမ္မဋ္ဌာန်း မည်၏။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ သုံးပါးသည် စတုတ္ထ္ဘ ဈာနိကကမ္မဋ္ဌာန်း မည်၏။ ကသိုဏ်း၊ အာနာပါန ၁၁-ပါးသည် ပဉ္စကဈာနိက ကမ္မဋ္ဌာန်း မည်၏။
တဈာန် ၁၆။ လေးဈာန် ၃။ ငါးဈာန် ၁၁။ ပေါင်း ၃၀။

---

အတိက္ကမ

ကသိုဏ်း၊ အာနာပါန၊ အပ္ပမညာ ဤ ၁၅ပါးသည် ဝိတက်စသော ဈာန်အင်္ဂါကို လွန်သောကြောင့် အင်္ဂါတိက္ကမ ကမ္မဋ္ဌာန်း မည်၏။ အာရုပ္ပလေးပါးသည် ကသိုဏ်း အာရုံ၊ ကောင်းကင်အာရုံ စသည်ကို လွန်သောကြောင့် အာရမ္မဏာတိက္က ကမ္မဋ္ဌာန်း မည်၏။ ကြွင်း ၂၁-ပါးသည်လွန်ခြင်းမရှိ။
အင်္ဂါလွန် ၁၅။ အာရုံလွန် ၄။ မလွန် ၂၁။ ပေါင်း ၄၀။

---

ဝဍ္ဎနာဝုဍ္ဎန

ကသိုဏ်း ဆယ်ပါးသည် ပွါးစေအပ် (ချဲ့အပ်) သောကြောင့် ဝဍ္ဎန မည်၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ- ဤအဘိညာတို့ကား ချဲ့နိုင်သမျှ ကျေးဇူးပြုသော ဆယ်ပါးတည်း။ ကြွင်း ၃ဝ-ကား မချဲ့အပ်၊ အဝဍ္ဎနမည်၏
ချဲ့အပ် ၁ဝ။ မချဲ့အပ် ၃ဝ။ ပေါင်း ၄၀။
မချဲ့အပ် ၃ဝ-တို့တွင် အသုဘ၊ ကာယဂတာ၊ အာနာပါန-ဤ ၁၂–ပါးသည် အရပ်ပိုင်းခြား၍ ပွါးစေနိုင်သော်လည်း အသုဘကောင် စသည်တို့သာ တိုးပွါး၍ အကျိုးမရှိသောကြောင့် မပွါးစေအပ်။
အပ္ပမညာ-လေးပါးသည် ပဋိဘာဂနိမိတ် မရှိသောကြောင့် မပွါးစေအပ်။
အာကာသာနဉ္စာယတနသည် ကသိုဏ်းကိုခွါ၍ ရအပ်သော အာကာသ ဖြစ်သောကြောင့် မပွါးစေအပ်။
နတ္ထိဘောသည် မရှိသောကြောင့် မပွါးစေအပ်။
ဒုတီယ၊ စတုတ္ထ အာရုပ္ပ၏အာရုံဖြစ်သော အာကာသာနဉ္စာယတနအာကိဉ္စညာ- ယတနနှင့် အကြွင်းသည်။ ဝါ၊ ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်၊ ဝိညာနဉ္စာယတနနေဝသညာနာသညာယတနတို့၏ အာရုံအားဖြင့် ၁၂-ခုသည် ပရမတ် ဖြစ်သောကြောင့် မပွါးစေအပ်။
အကျိုးမရှိ ၁၂။ ပဋိဘာဂမရှိ ၄။ ကသိုဏ်းခွါ ၁။ မရှိ ၁။ ပရမတ် ၁၂။ ပေါင်း ၃ဝ။

---

အာရုံ

ကသိဏ၊ အသုဘ၊ ကာယဂတာ၊ အာနာပါန- ဤ ၂၂-ပါးသည် ပဋိဘာဂနိမိတ် ထင်သည်။ ကြွင်း ၁၈ပါး-မထင်။
ပဋိဘာဂထင် ၂၂ ။ မထင် ၁၈။ ပေါင်း ၄၀။
ဗုဒ္ဓါဒိအဋ္ဌ၊ သညာ၊ ဝဝတ္ထာန်၊ ဝိညာနဉ္စာယတနနေဝသညာ နာသညာယတန- ၁၂-ပါးသည် သဘာဝဓမ္မပရမတ်ကို အာရုံပြု၏။ ၂-ပါးသည် ပဋိဘာဂနိမိတ်ပညပ်ကို အာရုံပြု၏။ အပ္ပမညာ၊ အာကာသာနဉ္စာယတနအာကိဉ္စညာယတန ၆-ပါး သည် သဘာဝလည်း မဟုတ်။ ပဋိဘာဂလည်း မဟုတ်သော နဝတ္တဗ္ဗပညပ်ကို အာရုံပြု၏။
ပရမတ်အာရုံ ၁၂။ ပဋိဘာဂ အာရုံ ၂၂၊ နဝတ္တဗ္ဗအာရုံ ၆။ ပေါင်း ၄ဝ။

---

စလာစလ

အာပေါ၊ တေဇော၊ ဝါယော၊ အာလောက၊ ကသိဏ (၄)၊
ဝိပုဗ္ဗက၊ လောဟိတက၊ ပုဠုဝက-အသုဘ၊ (၃)
အာနာပါန (၁)
ဤရှစ်ပါးသည် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် အခိုက် လှုပ်သော ခြင်းရာ ထင်သောကြောင့် စလိတကမ္မဋ္ဌာန်း မည်၏။
(ပဋိဘာဂနိမိတ်၌ လှုပ်သောကမ္မဋ္ဌာန်း မရှိ၊)
ကြွင်း ၃၂- ပါးသည် အစလိတ ကမ္မဋ္ဌာန်းမည်၏။
လှုပ် ၈၊ မလှုပ် ၃၂။ ပေါင်း ၄၀။

---

ဘုံ

နတ်ပြည်၌ အသုဘ၊ ကာယဂတာ၊ သညာ - ၁၂ -ပါးမရ။
ဗြဟ္မာပြည်၌ အာနာပါနနှင့် ၁၃ ပါးမရ။
အရူပလေးဘုံ၌ အာရုပ္ပလေးပါးသာ ရသည်။
ကာမဘုံ၌ ၄၀-လုံး ရသည်။
ကာမ၌ ၄၀။ နတ်ဘုံ ၂၈။ ဗြဟ္မာ ၂၇။ အရူပ ၄။ ပေါင်း ၄၀။
အရူပ လေးဘုံ၌လည်း အောက်အောက် ကြဉ်၍
အစဉ်အတိုင်း ၄။ ၃။ ၂။ ၁ သာပေါင်း ၄။

---

ဂဟဏ

ဝါယောကသိုဏ်းကို ဒိဋ္ဌဝတ္ထု။ ဖုဋ္ဌဝတ္ထုဖြင့် (မြင်ရာ၊ ထိရာဖြင့်) ဥဂ္ဂဟနိမိတ် ယူရသည်။ ကြွင်းကသိဏ၊ အသုဘ၊ တစပဉ္စကအားဖြင့် ၂၀-ကို ဒိဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။ အာနာပါနကို ဖုဋ္ဌဝတ္ထုဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။ ကြွင်း ၁၉-ပါးကို သုတဝတ္ထု ကြားဘူးရာဖြင့် ဥဂ္ဂဟနိမိတ် ယူရသည်။
ဒိဋ္ဌဖုဋ္ဌ ၁။ ဒိဋ္ဌ ၂ဝ။ ဖုဋ္ဌ ၁။ သုတ ၁၉။ ပေါင်း ၄၁။
[ကာယဂတာ၌ ၃၂-ကောဋ္ဌာသကို ဒိဋ္ဌိ ၅။ သုတ ၂၇-ဟု နှစ်ခု ပြု၍ ယူသည်၊ ထိုကြောင့် ၄ဝ မဖြစ်၊ ၄၁-ဖြစ်သည်။]

---

အာဒိကမ္မိက

ဥပေက္ခာ၊ အာရုပ္ပ-ငါးပါးကို အာဒိကမ္မိက မပွါးအပ်။
အာဒိကမ္မိကပွါး ၃၅။ မပွါး ၅။ ပေါင်း ၄၀။

---

ပစ္စယ

ကသိုဏ်းဆယ်ပါးသည် အဘိညာ၏ အကြောင်း ဖြစ်သည်။ အာကာသာနဉ္စာယတန ကြဉ်သော ကသိုဏ်း ကိုးပါးသည် အာရုပ္ပဈာန်၏ အကြောင်းဖြစ်သည်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ-သုံးပါးသည် ဥပေက္ခာဈာန်၏ အကြောင်း ဖြစ်သည်။
အောက်အောက် အာရုပ္ပသည် အထက်အထက် အာရုပ္ပ၏ အကြောင်းဖြစ်သည်။
နေဝသညာနာသညာယတနသည် နိရောဓ၏ အကြောင်းဖြစ်သည်၊
လေးဆယ်လုံးသည် မျက်မှောက်ဘဝ ချမ်းသာစွာ နေရခြင်း၏ အကြောင်းဖြစ်သည်၊
ဝိပဿနာ၏ အကြောင်းဖြစ်သည်။
ဘဝသမ္ပတ္တိ၏ အကြောင်းဖြစ်သည်။
အဘိညာအကြောင်း ၁၀။ အာရုပ္ပ ၉။ ဥပေက္ခာ ၃။ အထက် အာရုပ္ပ ၃။ နိရောဓ ၁။ မျက်မှောက်ချမ်းသာ၊ ဝိပဿနာ၊ ဘဝသမ္ပတ္တိ အကြောင်း ၄၀။ ပေါင်း ၄၀။

---

စရိယာနုကူလ

ရာဂစရိုတ်အား ၁၁-ပါးလျော်၏။ ဒေါသ ၈။ မောဟ ၁။ ဝိတက် ၁။ သဒ္ဓါ ၆။ ဗုဒ္ဓိ ၄။ စရိုတ်အားလုံးအား ၁၀။ ပေါင်း ၄၀။

---

သဗ္ဗတ္ထက

မေတ္တာ၊ မရဏ၊ အသုဘ-သုံးပါးသည်၊ ဝါ၊ ၁၂-ပါးသည် ရဟန်းကိစ္စအားလုံး၌၊ ကမ္မဋ္ဌာန်း အားထုတ်ရာတိုင်း၌ အလိုရှိအပ်သောကြောင့် သဗ္ဗတ္ထက ကမ္မဋ္ဌာန်း မည်၏။ စရိုတ်အားလျော်စွာ အမြဲဆောင်အပ်သော ကမ္မဋ္ဌာန်း ၄၀-သည် ပါရိဟာရိယ ကမ္မဋ္ဌာန်းမည်၏။
သဗ္ဗတ္ထက ၁၂ ။ပါရိဟာရိယ ၄၀။ ပေါင်း ၄၀။

---

ပရမတ်၌အပ္ပနာ

ဘုရားဂုဏ် စသည်သည် ပရမတ် ဖြစ်များသော အပြားရှိ၏။ ဂုဏ်တခုတခုသည်ပင် လွန်စွာနက်နဲ၏။ ရေနက်ရာ လှေနစ်သကဲ့သို့ ထောက်တည်ရာ မရ။ ထိုကြောင့် ဗုဒ္ဓါဒိအဋ္ဌ သည်၊ ဝဝတ္ထာန်-ဆယ်ပါး၌ အပ္ပနာမဖြစ်။
ဝိညာနဉ္စာယတနနေဝသညာနာသညာယတန ဈာန်ကား ပရမတ်ကို အာရုံပြု သော်လည်း အာရုံကိုလွန်သော ဘာဝနာစွမ်းဖြင့် အပ္ပနာသို့ရောက်၏။
ပရမတ်၌ အပ္ပနာမဖြစ် ၁ဝ။ ဖြစ် ၂ ။ပေါင်း ၁၂။
ဆက်ဦးအံ့၊
လောကုတ္တရာ သမာဓိသည်လည်း ဗိသုဒ္ဓိဘာဝနာစဉ် စွမ်းဖြင့် ပရမတ်အာရုံ၌ အပ္ပနာသို့ရောက်၏။ အာရုံလွန်သော ဘာဝနာထူး၊ ဝိသုဒ္ဓိဘာဝနာထူး၊ ၂-မျိုး။

---

ဈာန်တစိတ်ဖြစ်ကြောင်း

အသုဘ၊ ကာယဂတ-တို့သည် စက်ဆုပ်ဘွယ် ဖြစ်ကုန်၏။ ရေယဉ်ကြမ်း၌ ထိုးဝါးစွမ်းဖြင့်သာ လှေတည်သကဲ့သို့ စက်ဆုပ်ဘွယ် အာရုံဆိုး၌ ဝိတက်စွမ်းဖြင့်သာ စိတ်တည်သည်။ ထိုကြောင့် ထိုအာရုံ၌ ဝိတက်ရှိသော ပဌမဈာန်သာဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည် ဗျာပါဒ၊ ဝိဟိံသာ၊ အရတိဟူသော ဒေါမနဿ သဟဂုတ်တို့ကို ပယ်သဖြင့် ဆန့်ကျင်ဘက် သောမနဿတို့သာ ဖြစ်ထိုက်ကုန်၏။ ထိုကြောင့် ထိုအာရုံ၌ သောမနဿရှိသော ဈာန်လေးပါးသာ ဖြစ်သည်။
ဥပေက္ခာ၊ အာရုပ္ပတို့သည် ကမ္မဿကတာ ဉာဏ်ဖြင့် လျစ်လျူရှုကုန်၏။ တတြမဇ္ဈတ္တတာ စေတသိက် အားရှိကုန်၏။ ထိုကြောင့် ထိုအာရုံ၌ ဥပေက္ခာရှိသော ပဉ္စမဈာန်သာ ဖြစ်သည်။
ပဌမဈာန်သာ ၁၁။ အောက်ဈာန်လေးပါးသာ ၃။ ပဉ္စမဈာန်သာ ၅။ ပေါင်း ၁၉။
ဈာန်ငါးပါးလုံးရသော ကသိဏ၊ အာနာပါန ၁၁-နှင့် ပေါင်း ၃၀။

---

ကမ္မ+ဿကတာဉာဏ်

ကုသိုလ်ကံ၊ အကုသိုလ်ကံ သည်ကမ္မမည်၏။ မိမိဥစ္စာသည် သကမည်၏။ ကမ္မ-ကံဟူသော+ သက-မိမိဥစ္စာ၊ ရှိသော သတ္တပါအားလုံးသည် - ကမ္မ+ဿက မည်၏။ ကမ္မဿက ဖြစ်ကြောင်း ကံသည် ကမ္မဿကတာ မည်၏။ ယခင်ကုသိုလ်ကံ အကုသိုလ်ကံ ပင်တည်း။ ထိုကံကို မြင်သိသောဉာဏ်သည် ကမ္မဿကတာဉာဏ် မည်၏။

---

စရိုတ်မှတ်ဘွယ်

စရိုတ် ၆-ပါးတို့တွင် ရာဂသည် အကုသိုလ်အတို့၌ ဝတ္ထုကာမဂုဏ်ကိုရှာဖွေ၏။
သဒ္ဓါသည် ကုသိုလ်အတို့၌ နူးညံ့၏၊ သီလစသော ဂုဏ်ကိုရှာဖွေ၏။ သဘောချင်း တူသည်။ ထိုကြောင့် ရာဂများလျှင် သဒ္ဓါများတတ်သည်။ သဒ္ဓါများလျှင် ရာဂ များတတ်သည်။
ဒေါသသည် အာရုံ၌ မကပ်ငြိ၊ မဟုတ်သောအပြစ်ကို ရှာဖွေ၏။ ပညာလည်းမကပ်ငြိ၊ ဟုတ်သော အပြစ်ကို ရှာဖွေ၏။ သဘောချင်းတူသည်။ ဒေါသများလျှင် ပညာများ၊ ပညာများလျှင် ဒေါသ များတတ်သည်။
မောဟသည် အနှောင့်အယှက်များ၍ မတည်ကြည်၊ မသက်ဝင်နိုင်ခြင်းဖြင့် တုန်လှုပ်၏။ ဝိတက်သည် အကြံများ၍ မတည်ကြည်၊ လျင်စွာကြံခြင်းဖြင့် တုန်လှုပ်၏၊ သဘောချင်း တူသည်။ မောဟများလျှင် ဝိတက်များ၊ ဝိတက်များလျှင် မောဟ များတတ်သည်။
ဣဋ္ဌာရုံ၌ လေ့ကျက်သူ၊ နတ်ပြည်မှလာသူတို့အား ရာဂများတတ်သည်။ သတ်ဖြတ် ခြင်း၌ လေ့ကျက်သူ၊ ငရဲမှလာသူတို့အား ဒေါသများတတ်သည်၊ သေအရက် သောက်စားသူ၊ အမေးအမြန်းနည်းသူ၊ တိရစ္ဆာန်ဘဝမှ လာသူတို့အား မောဟ များတတ်သည်ဟု ဆိုကုန်၏။
ယင်းသို့ဆိုသော်လည်း စင်စစ်အားဖြင့် ကုသိုလ်ပြုစဉ် ရာဂ ခြံရံအံ့။ ထိုကံဖြင့် ပဋိသန္ဓေ နေသောသူသည် ရာဂစရိုတ်ရှိသူဖြစ်၏။ ဒေါသ၊ မောဟ၊ ဝိတက်ခြံရံလျှင် ထိုအတူတည်း။ ပညာခြံ ရံလျှင် ဗုဒ္ဓိစရိုတ်ရှိသူ၊ သဒ္ဓါခြံရံလျှင် သဒ္ဓါစရိုတ်ရှိသူဖြစ်၏။
စရိုတ်ညံ့လျှင် ခွေးမြီးကောက်နှင့် တူ၏။ ကျည်တောက်စွပ်၍ မဖြောင့်နိူင်၊
စရိုတ်သဘောသည် မပြတ်ဖြစ်တတ်၏။
မိုးမမြင်၊ လေမမြင်၊ အဆင်အခြင်မရှိ။
စုတ်ထိုးမရ၊ နွားငတ်ရေကျ ဖြစ်တတ်၏။
ပဋိသန္ဓေကံပြုစဉ်ကပင် မျိုးဆက် ပါလာသောကြောင့်တည်း။
ထိုကြောင့် ကုသိုလ်ပြုသောအခါ ရာဂစသည် မခြံရံစေဘဲ သဒ္ဓါ ပညာ ခြံရံအောင် သတိကြီးစွာ ထားအပ်၏။
(ကျင့်ဘွယ်အရသာ ထူးလှ၏။)
ရာဂစရိုတ်ရှိသူသည် ဆေးခြောက်မူးကဲ့သို့ အမူအရာရှိ၏။ ခြေရာအလယ် မထင်အောင် ဖြေးဖြေးနင်း၍ သွားတတ်၏။ အင်္ဂါကြီးငယ် ကောင်းစွာ ထား၍အိပ်။ ထသောအခါ ဖြေးဖြေးသာသာ စကားတုံ့ပေး၍ ထတတ်၏။ ကိစ္စပြုရာ၌ သပ်ရပ်၏ အဝတ်အရုံ သေသပ်၏၊ ဆိမ့်ချိုမွှေးကြိုင်ကြိုက်၏။ အရသာခံ၍ အဝန်းညီစွာ စားတတ်၏။ ဣဋ္ဌာရုံ အနည်းငယ်မြင်လျှင် မခွါရက်အောင် ခင်မင်၏။
ဒေါသစရိုတ်ရှိသူသည် နွားရူးစူးထိုး နဖားကြိုးတင်းသကဲ့သို့ ရှူးရှားသော အမူအရာ ရှိ၏၊ ခြေစွန်းဖြင့် တူသကဲ့သို့ ဒရွတ်တိုက်၍ သွားတတ်၏။ မျက်မှောင်ရှုံ့၍ အိပ်တတ်၏။ လျှင်စွာစကားတုံ့ပေး၍ ထတတ်၏။ ကိစ္စပြုရာ၌ မသပ်ရပ်၊ အဝတ်အရုံ တင်းကြပ် မညီရှိ၏။ ချဉ်ငန်စပ်ခါးကြိုက်၏။ အရသာမခံ။ ခံတွင်းအပြည့် အဖောင်း စားတတ်၏ အနိဋ္ဌာရုံ အနည်းငယ်မြင်လျှင် ကဲ့ရဲ့လွယ်၏။
မောဟစရိုတ်ရှိသူသည် ပတိုင်းသီးစားသော ဖွတ်ပဒပ်ကဲ့သို့ ငေးမှိုင်သော အမူအရာ ရှိ၏။ အသွားကြံ့ကြာ၏။ ကိုယ်လက် တောင့်တင်းသကဲ့သို့ ချွတ်ချော်စွာ နင်း၍ သွားတတ်၏။ မှောက်ခုံ ကားယား အိပ်တတ်၏။ တအင်အင်ပြု၍ ဖြေးဖြေး ထတတ်၏။ ကိစ္စပြုရာ၌ သိပ်သည်းခြင်းမရှိ။ အဝတ်အရုံ ရှုပ်ထွေး မညီရှိ၏။ ကြိုက်သောအစာ အမြဲမရှိ။ အလုပ် သေးသေး မညီမညွတ် စားတတ်၏၊ လက် နှုတ်ခမ်း ပေကပ်ခြင်း၊ ဖိတ်စင်ခြင်း များ၏။ ပင်ကိုယ်သဘောဖြင့် ချီးမွမ်း၊ ကဲ့ရဲ့မပြု။ သံယောင်လိုက်တတ်၏။
သဒ္ဓါစရိုတ်ရှိသူ စသည်တို့သည် ရာဂစသည်တို့နှင့် သဘောချင်း တူသောကြောင့် အမူအရာ စသည်တို့လည်း တူကုန်၏။
ရာဂစရိုတ်ရှိသူအား ဆွမ်းခံလမ်း၊ ရွာ၊ ဒါယကာနှင့် ပစ္စည်းလေးဖြာ၊ ရွံဘွယ် စုတ်ချာ အနိဋ္ဌာဖြစ်လျှင် သင့်၏။ ရပ်ခြင်း သွားခြင်း ဣရိယာပုထ် သင့်၏။ ရာဂမဖြစ်နိုင်။
ဒေါသစရိုတ်ရှိသူ။ သဒ္ဓါစရိုတ် ရှိသူတို့အား သန့်ရှင်းသော ဣဋ္ဌာရုံဖြစ်လျှင် သင့်၏။ အိပ်ခြင်း,ထိုင်ခြင်း သင့်၏။
မောဟစရိုတ်ရှိသူအား ကြီးပြန့်ကျယ်ဝန်းသော အာရုံသင့်၏၊ သွားခြင်း ဣရိယာပုထ် သင့်၏။
ဝိတက်စရိုတ်ရှိသူအား ကျဉ်းမြောင်း ဖုံးကွယ် သေးငယ်သော အာရုံသင့်၏။ ရပ်ခြင်း၊ သွားခြင်း သင့်၏။
ဗုဒ္ဓိစရိုတ်ရှိသူအား မသင့်သောအာရုံ မရှိ။

ဝိပဿနာကမ္မဋ္ဌာန်း

ဥဒ္ဒေသ

ဝိပဿနာ ကမ္မဋ္ဌာန်း၌ သီလဝိသုဒ္ဓိ- စသော ဝိသုဒ္ဓိ ခုနစ်ပါးကို သိအပ်၏။

၁။ သီလလေးပါး စင်ကြယ်ခြင်းသည် သီလဝိသုဒ္ဓိ

၂။ ဥပစာရဈာန်၊ အပ္ပနာဈာန်ဖြင့် နီဝရဏကင်း၍ စိတ်စင်ကြယ်ခြင်းသည် စိတ္တဝိသုဒ္ဓိ

၃။ နာမ်ရုပ်နှစ်ပါးသာဟု သိမ်းဆည်း၍ အတ္တမရှိဟု သိခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ

၄။ နာမ်ရုပ်တို့၏ အကြောင်းကို သိမ်းဆည်းမိသဖြင့် ယုံမှားခြင်း ၁၆-ပါး၊ ၈-ပါး ကင်းခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ

၅။ သမ္မသနဉာဏ်ပြီး၍ ဥဒယဗ္ဗယဉာဏ် အားထုတ်စဉ် ဘေးရန် ဆယ်ပါး ဖြစ်လတ်သော် ဝိပဿနာ၏ လမ်းမှန်၊ လမ်းမှား-မှတ်သား ဆုံးဖြတ်နိူင်ခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

၆။ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမ ဉာဏ်တိုင်အောင် အဆင့်ဆင့်ဖြစ်သော ဉာဏ် ၉-ပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

၇။ မဂ်ဉာဏ်လေးပါးသည် ဉာဏဒဿနဝိသုဒ္ဓိ

သီလဝိသုဒ္ဓိစိတ္တဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိကင်္ခါဝိတရဏဝိသုဒ္ဓိမဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိပဋိပဒါဉာဏဒဿနဝိသုဒ္ဓိဉာဏဒဿနဝိသုဒ္ဓိ - ခုနှစ်ပါး၊

အနိစ္စလက္ခဏာစသော လက္ခဏာသုံးပါးကိုလည်း သိအပ်၏။

၁။ ရုပ်နာမ်ခန္ဓာတို့၏ မမြဲခြင်းသည် အနိစ္စလက္ခဏာ

၂။ ဆင်းရဲခြင်းသည် ဒုက္ခလက္ခဏာ

၃။ ရုပ်နာမ်ခန္ဓာတို့၌ အတ္တမရှိခြင်းသည် အနတ္တလက္ခဏာ

အနိစ္စ၁ပဿနာစသော အနုပဿနာသုံးပါးကိုလည်း သိအပ်၏။

၁။ ရုပ်နာမ်ခန္ဓာတို့၏ အနိစ္စလက္ခဏာကို ဖန်ဖန်ရှုသော ဉာဏ်သည် အနိစ္စာနုပဿနာ

၂။ ဒုက္ခလက္ခဏာကို ဖန်ဖန်ရှုသောဉာဏ် သည် ဒုက္ခာနုပဿနာ

၃။ အနတ္တလက္ခဏာကို ဖန်ဖန်ရှုသောဉာဏ်သည် အနတ္တာနုပဿနာ

သမ္မသနဉာဏ်စသော ဉာဏ်ဆယ်ပါးကိုလည်း သိအပ်၏။

၁။ ခန္ဓာစသည်ကို အပေါင်းအစုအားဖြင့် အနိစ္စ ဒုက္ခ အနတ္တဟု သုံးသပ်ခြင်းသည် သမ္မသနဉာဏ်။ (ဤဉာဏ်ဖြင့် အာရဒ္ဓဝိပဿက ပုဂ္ဂိုလ် မဖြစ်သေး။)

၂။ ဖြစ်ခြင်း ပျက်ခြင်းကို ရှုခြင်းသည် ဥဒယဗ္ဗယဉာဏ်

(ဤဉာဏ်မှစ၍ အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဖြစ်၏။)

၃။ ပျက်ခြင်းကိုသာ ရှုခြင်းသည် ဘင်္ဂဉာဏ်

၄။ သင်္ခါရတို့ကို ဘေးဟု ရှုခြင်းသည် ဘယဉာဏ်

၅။ ဘေးရှိသော သင်္ခါရတို့ကို အပြစ်ဟု ရှုခြင်းသည် အာဒီနဝဉာဏ်

၆။ အပြစ်ရှိသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းသည် နိဗ္ဗိဒါဉာဏ်

၇။ ငြီးငွေ့၍ သင်္ခါရတို့မှ လွတ်လိုခြင်းသည် မဉ္စိတုကမျတာဉာဏ်

၈။ လွတ်ကြောင်း ပြည့်စုံအောင် တဖန်သင်္ခါရတို့ကိုပင် ပြန်၍သိမ်းဆည်းခြင်းသည် ပဋိသင်္ခါဉာဏ်

၉။ ထိုတဖန် သိမ်းဆည်းသော သင်္ခါရတို့၌မချစ် မမုန်း လျှစ်လျူရှုခြင်းသည် သင်္ခါရုပေက္ခာဉာဏ်

၁၀။ ဥဒယဗ္ဗယ စသော ရှေးဉာဏ် နှစ်ပါးတို့အား၎င်း၊ မဂ်ခဏရလတ္တံ့သော ဗောဓိပက္ခိယတရား ၃၇-ပါးတို့အား၎င်း လျော်သော ဉာဏ်သည်၊ ဝါ၊ မဂ္ဂဝီထိ၌ ဂေါတြဘူမှ ရှေ့ဖြစ်သော သစ္စာနုလောမိကာ ဉာဏ်သည် အနုလောမဉာဏ် မည်၏။

သမ္မသနဥဒယဘင်္ဂဘယ(၄)
အာဒီနဝနိဗ္ဗိဒါမုဉ္စိတု (၃)
ပဋိသင်္ခါသင်္ခါရုအနုလောမ (၃)- ဉာဏ်ဆယ်ပါး။

သုညတ ဝိမောက္ခ စသော ဝိမောက္ခသုံးပါးကိုလည်း သိအပ်၏။

၁။ အနတ္တ ရှု၍ ရသော မဂ်ဖိုလ်သည် သုညတဝိမောက္ခ

၂။ အနိစ္စရှု၍ရသော မဂ်ဖိုလ်သည် အနိမိတ္တဝိမောက္ခ

၃။ ဒုက္ခရှု၍ရသော မဂ်ဖိုလ်သည် အပ္ပဏိဟိတဝိမောက္ခ

သုညတာနုပဿနာ စသော ဝိမောက္ခ မုခသုံးပါးကိုလည်း သိအပ်၏။

၁။ မဂ်ဖိုလ်ရကြောင်း အနတ္တာနုပဿနာဉာဏ်သည် သုညတာ နုပဿနာ ဝိမောက္ခမုခ

၂။ အနိစ္စာနုပဿနာဉာဏ်သည် အနိမိတ္တာနုပဿနာ ဝိမောက္ခမုခ

၃။ ဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိတာနုပဿနာ ဝိမောက္ခမုခ

ဥဒ္ဒေသပြီး၏။

သီလဝိသုဒ္ဓိ

ဤဥဒ္ဒေသ၌ --

ရှေးဦးစွာ ဝိနည်းပညပ်ကို လွန်ကျူးမိသည် မရှိခြင်းဖြင့်၎င်း၊

လွန်ကျူးမိလျှင် ကုစားပြီးခြင်းဖြင့်၎င်း၊

ကုစားသာသေးလျှင် အပြစ်ကိုထင်စွာ ဖွင့်ပြောထားခြင်းဖြင့်၎င်း၊

ပါတိမောက္ခ သံဝရသီလ စင်ကြယ်သည် မည်၏။

ဒွါရ ခြောက်ခွင် အကုသိုလ် မဝင်အောင် သတိယှဉ်ခြင်းဖြင့်၎င်း၊

သတိလစ်၍ အကုသိုလ်ဖြစ်လျှင်- နပုနေဝံကရိဿာမိ (နောင်မပြုပါအံ့) ဟု စိတ် ဆောက်တည်ခြင်းဖြင့်၎င်း ဣန္ဒြိယသံဝရသီလ စင်ကြယ်၏။

မိမိ၏၎င်း, တပါးသော ရဟန်း၏၎င်း မိစ္ဆာဇီဝ ပစ္စည်းလေးပါးကို မသုံးဆောင်ခြင်း ဖြင့်၎င်း, သုံးဆောင်မိလျှင် ဒေသနာကြား ကုစားခြင်းဖြင့်၎င်းင်, အာဇီဝပါရိသုဒ္ဓိသီလ စင်ကြယ် ၏။

ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်ကာ သုံးဆောင်ခြင်းဖြင့် ပစ္စယသန္နိဿိတ သီလစင်ကြယ်၏။

ထိုအခါ သီလလေးပါး စင်ကြယ်ပြီ၊ တရားအားထုတ်နိုင်ပြီ။

စိတ္တဝိသုဒ္ဓိ

အပ္ပနာဈာန် ရခြင်းဖြင့်၎င်း,

မရလျှင် နီဝရဏကင်း၍ စိတ်ငြိမ်အောင် ဥပစာရဈာန ်ရခြင်းဖြင့်၎င်း

စိတ္တဝိသုဒ္ဓိ ဖြစ်၏။

ထိုအခါ နီဝရဏမှ စိတ်စင်ကြယ်ပြီး တရား အားထုတ်နိုင်ပြီ။

ဒိဋ္ဌိဝိသုဒ္ဓိ

လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်-အားဖြင့် နာမ်ရုပ်ကို သိမ်းဆည်းခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။ ဖဿသည် ဖုသနလက္ခဏာရှိ၏။ ပထဝီသည် ကက္ခဠလတ္ထဏာ ရှိ၏ စသော အကျယ်သိမ်းဆည်းခြင်းဖြင့်၎င်း၊ နာမ်သည် အာရုံသို့ ညွတ်ခြင်း လက္ခဏာရှိ၏၊ ရုပ်သည် အဧအပူ စသည်ကြောင့် ရှေးနှင့်မတူ ဖောက်ပြန်ခြင်း လက္ခဏာရှိ၏ - စသော အကျဉ်း သိမ်းဆည်းခြင်းဖြင့်၎င်း ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။ နာမ်ရုပ်မှတပါး အတ္တ၊ ဇီဝမရှိဟု ဉာဏ်အမြင် စင်ကြယ်ပြီ၊ သက္ကာယဒိဋ္ဌိကွာပြီ။

[လက္ခဏာနှစ်မျိုးရှိ၏။
အနိစ္စလက္ခဏာ စသည်သည် နာမ်၊ ရုပ် အများနှင့်ဆက်ဆံ၏။ သာမညလက္ခဏာ မည်၏။
ဝိဇာနနဖုသနကက္ခဠသန္တိ-စသော လက္ခဏာသည် အများနှင့် မဆက်ဆံ၊ စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်တို့၏ သီးခြားသော မိမိ လက္ခဏာဖြစ်၏။ သဘာဝ လက္ခဏာ မည်၏။
ရသနှစ်မျိုး + ပြုလုပ်ခြင်းသည် ကိစ္စရသ။
ပြည့်စုံခြင်းသည် သမ္ပတ္တိရသ။
ပစ္စုပဋ္ဌာန် နှစ်မျိုး၊
ထင်ရှားသော အခြင်းအရာသည် ဥပဋ္ဌနာကာရ ပစ္စုပဋ္ဌာန်၊
အကျိုးသည် ဖလပစ္စုပဋ္ဌာန်။
ပဒဋ္ဌာန်တမျိုး -နီးသော အကြောင်းသည် ပဒဋ္ဌာန်မည်၏။]

ကင်္ခါဝိသုဒ္ဓိ

ထိုနာမ်ရုပ်၏ အကြောင်းကို သိမ်းဆည်းခြင်းသည် ကင်္ခါဝိတရဏ ဝိသုဒ္ဓိ မည်၏။

ပဋိသန္ဓေ နာမ်ရုပ်သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ-ဟူသော အကြောင်းကြောင့် ဖြစ်သည်။

ပဝတ္တိရုပ်သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်သည်။

ပဝတ္တိနာမ်သည် ဝတ္ထု အာရုံ စသည်ကြောင့်ဖြစ်သည်။ အထူးအားဖြင့် ကုသိုလ်သည် ယောနိသော မနသိကာရကြောင့် ဖြစ်သည်။ အကုသိုလ်သည် အယောနိသော ကြောင့် ဖြစ်သည်။

ဝိပါက်သည် ကုသိုလ်၊ အကုသိုလ်စွမ်းကြောင့် ဖြစ်သည်။

အာဝဇ္ဇန်းဒွေသည် ဘဝင်စသည် အစွမ်းကြောင့်ဖြစ်သည်။

ကြိယာဇောသည် ရဟန္တာသန္တန် စွမ်းကြောင့်ဖြစ်သည်။

အကြောင်းမကင်းသော အကျိုးတရား အပေါင်းတို့သာတည်း။ ဤသို့ အကြောင်း သိမ်းဆည်းခြင်းဖြင့် ကင်္ခါ စင်ကြယ်၏။ ယုံမှားခြင်း ၁၆-ပါး၊ ၈-ပါးတို့မှလွန်၏။ ထိုအခါ စူဠသောတာပန် အငယ်စား ဖြစ်ပြီ။ ဉာဏ်ဆယ်ပါး အားထုတ်နိုင်ပြီ။

မဂ္ဂါမဂ္ဂ၌ သမ္မသနဉာဏ်

ထိုနောက် ထိုသို့သိမ်းဆည်းပြီးသော အကြောင်းမကင်းသော တေဘူမကသင်္ခါရတို့၌ အတိတ် စသည်ခွဲ၍ လက္ခဏာရေး သုံးပါးတင်၍ ဖန်ဖန်သုံးသပ်အပ်၏။ ဤသို့သုံးသပ်ခြင်းသည် သမ္မသနဉာဏ် မည်၏။

ဤ၌ ခန္ဓာဒိနယ မာရဗ္ဘဖြင့် သီဟိုဠ်သားတို့ အလို နယဝိပဿနာ မည်၏ ဟုဆိုသည်။ ကလာပဝသေန သင်္ခိပိတွာဖြင့် ဇမ္ဗူဒိပ်သားတို့ အလို ကလာပသမ္မသန မည်၏ဟု ဆိုသည်။ အဓိပ္ပါယ် တူသည်သာတည်း။

နယဝိပဿနာ

နယဝိပဿနာ သုံးသပ်ပုံကား --

ခန္ဓာငါးပါး၊ ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး စသည်ဖြင့် လာသော ပဋိသမ္ဘိဒါ ဒေသနာ နည်းကိုယူ၍ ...

ရူပံအနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန
ဝေဒနာအနိစ္စာခယဋ္ဌေန ...။
သညာအနိစ္စာခယဋ္ဌေန
သင်္ခါရာအနိစ္စာခယဋ္ဌေန
ဝိညာဏံ အနိစ္စံခယဋ္ဌေန......။

ဤသို့ စသည်ဖြင့် သုံးသပ်အပ်၏။

ကလာပသမ္မသန

ကလာပ သမ္မသန သုံးသပ်ပုံကား --

အတိတ် အနာဂတ် စသော ၁၁-ပါးသော အပေါင်းအစု ကလာပစွမ်းဖြင့် ပေါင်းချုံး၍
အတိတ်ရုပ်သည် အတိတ်၌ချုပ်ပြီးပြီ။

အနိစ္စံခယဋ္ဌေန၊ ဒုက္ခံဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန
အနာဂတ်ရုပ်သည် အနာဂတ်၌ချုပ်လတ္တံ့။
အနိစ္စ ဒုက္ခ အနတ္တ။
ပစ္စုပ္ပန်ရုပ်သည် အနာဂတ် မဖြစ်မီ ချုပ်၏။
အဇ္ဈတ္တတရုပ်သည် ဗဟိဒ္ဓမဖြစ်မူ၍ ချုပ်၏။
ဗဟိဒ္ဓရုပ်သည် အဇ္ဈတ မဖြစ်မူ၍ချုပ်၏။
သုခုမရုပ်သည် သြဠာရိက မဖြစ်မူ၍ချုပ်၏။
သြရိကရုပ်သည် သုခုမ မဖြစ်မူ၍ ချုပ်၏။
ဟီနရုပ်သည် ပဏီတ မဖြစ်မူ၍ ချုပ်၏။
ပဏီတရုပ်သည် ဟီန မဖြစ်မူ၍ ချုပ်၏။
ရူရရုပ်သည် သန္တိက မဖြစ်မူ၍ ချုပ်၏။
သန္တိကရုပ်သည် ဒူရ မဖြစ်မူ၍ ချုပ်၏၊
အနိစ္စ,ဒုက္ခ,အနတ္တ။

ဝေဒနာ စသည်လည်း ထိုအတူ ၁၁-ပါးခွဲ၍ သုံးသပ်အပ်၏။

အဒ္ဓါနစသည်

အဒ္ဓါန၊ သန္တတိ၊ ခဏစွမ်းဖြင့်လည်း လက္ခဏာရေးသုံးပါးတင်၍ သုံးသပ်အပ်၏။

အဒ္ဓါနစွမ်းဖြင့်ကား --
အတိတ်ဘဝရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။
အနာဂတ်ဘဝရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။
ပစ္စုပ္ပန်ဘဝရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

သန္တတိစွမ်းဖြင့် --
အတိတ်သန္တာန်ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။
အနာဂတ်သန္တာန်ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။
ပစ္စုပ္ပန်သန္တာန် ရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ခဏစွမ်းဖြင့် --
အတိတ်ခဏတ္တယရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။
အနာဂတ် ခဏတ္တယရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။
ပစ္စုပ္ပန် ခဏတ္တယရုပ်သည် အနိစ္စ, ဒုက္ခ, အနတ္တ။

ဤသို့ဖန်ဖန် သုံးသပ်သောသူသည် သမ္မသနဉာဏ်ဖြင့် သုံးသပ်သည် မည်၏။

ဥဒယဗ္ဗယဉာဏ်

ထိုတေဘူမက သင်္ခါရတို့၌သာလျှင် ပစ္စယစွမ်း၊ ခဏစွမ်းဖြင့်ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော ဉာဏ်ဖြင့် ဖန်ဖန်ရှုသောသူသည် ဥဒယဗ္ဗယဉာဏ်ဖြင့် ရှုသည်မည်၏။

ပစ္စယစွမ်းဖြင့် ရှုပုံကား
အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ် ဖြစ်သည်။
တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။
ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။
အာဟာရ ဖြစ်ခြင်းကြောင့် ရုပ်ဖြစ်သည်။
ဤသို့ အကြောင်း လေးပါးဖြင့် ရှုအပ်၏။

ခဏစွမ်းဖြင့်ရှုပုံကား
ဥပါဒ်ခဏ၌ ရုပ်ဖြစ်သည်။
ဤသို့ ခဏတပါးဖြင့် ရှုအပ်၏။
ဥဒယ၌ ငါးပါး ဖြင့်ရှုအပ်၏။
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
အာဟာရ ချုပ်ခြင်းကြောင့် ရုပ်ချုပ်သည်။
အကြောင်းလေးပါး။ ဘင်ခဏ၌ ရုပ်ချုပ်သည်။ ခဏတပါး။
ဝယ၌ ငါးပါးဖြင့် ရုပ်ချုပ်သည်။
ဝေဒနာ၊ သညာ၊ သင်္ခါရတို့၌ အာဟာရပယ်၍ ဖဿကြောင့် ဝေဒနာ၊ သညာ၊ သင်္ခါရဖြစ်သည်။
ဝိညာဏ်၌ အာဟာရပယ်၍ နာမ်ရုပ်ကြောင့် ဝိညာဏ်ဖြစ်သည်။
ဤသို့ပြင်၍ ရှုအပ်၏။ ခန္ဓာငါးပါး၌ ဥဒယဗ္ဗယ ဆယ်ပါးစီ ရှုအပ်၏။

ဥဒယဗ္ဗယ ငါးဆယ် ရှုသည်မှစ၍ အာရဒ္ဓဝိပဿက ယောဂီ မည်၏။ ဤသို့သော ယောဂီအား သြဘာသစသော ဘေးရန်ဆယ်ပါးဖြစ်လတ်သော် ထိုဘေးရန်တို့ကို သိမ်းဆည်း၍ လမ်းမှန် လမ်းမှား မှတ်သားခြင်းသည် မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ မည်၏။ ဘေးရန်ဆယ်ပါးကား ထင်မြဲဓမ္မတာဟု ဆို၏။

ဘေးရန်ဆယ်ပါး

ဆယ်ပါးကား --

၁။ လွန်ကဲသော ဝိပဿနာစိတ်ကြောင့် ကိုယ်မှအရောင်ထွက်ခြင်း၊
၂။ ထိုအတူ ဝိပဿနာစိတ်ကြောင့် ပီတိငါးမျိုးဖြစ်ခြင်း၊
၃။ ကိုယ်စိတ်အပူငြိမ်း၍ ပဿဒ္ဓိ နှစ်ပါးဖြစ်ခြင်း၊
၄။ အားကြီးသော သဒ္ဓါဟူသော အဓိမောက္ခဖြစ်ခြင်း၊
၅။ ဝီရိယသမ္ဗောဇ္ဈင်ဟူသော ပဂ္ဂဟဖြစ်ခြင်း၊
၆။ အတိပဏီတသုခဖြစ်ခြင်း၊
၇။ ဝိပဿနာဉာဏ် အမြင်သန်ခြင်း၊
၈။ ရှေးဟောင်းပြန်သိ သတိထင်ခြင်း၊
၉။ ဥပေက္ခာသမ္ဗောဇ္ဈင် ဟူသော တတြမဇ္ဈတ္တုပေက္ခာ၊ မနောဒွါရာဝဇ္ဇန်းဟူသော အာဝဇ္ဇနုပေက္ခာဖြစ်ခြင်း၊
၁၀။ အရောင်စသည်၌ “ငါအား ဤသို့ မဖြစ်စဘူး ဖြစ်ကုန်၏” ဟုသိမ်မွေ့သော တဏှာ နိကန္တိ ဖြစ်ခြင်း -
ဤဆယ်ပါးတည်း။

ထိုအခါ ငါအား မဖြစ်စဘူး ဖြစ်သည်။ မချွတ်ဧကန် မဂ်ဖိုလ် ရပြီဟု မယူမူ၍-ဤဆယ်ပါးသည် တဏှာဖြစ်ကြောင်း၊ မာနဖြစ်ကြောင်း၊ ဒိဋ္ဌိဖြစ်ကြောင်းဖြစ်၍ ဝိပဿနာညစ်ငြူးကြောင်း ဘေးရန်သာ ဖြစ်သည်၊ လမ်းမှန်မဟုတ်။ ထိုမှလွတ်သော ဝိပဿနာဉာဏ် အစဉ်သာ လမ်းမှန်ဖြစ်ချေသည်ဟု မှတ်သား ဆုံးဖြတ်ခြင်းဖြင့် သိမ်းဆည်းအပ်၏။

ပဋိပဒါဉာဏ်

ထိုဘေးရန်ဆယ်ပါးမှ လွတ်ပြီးသောအခါ ဥဒယဗ္ဗယဉာဏ်မှစ၍ အနုလောမဉာဏ် တိုင်အောင် အဆင့်ဆင့် အားထုတ်အပ်သော ဝိပဿနာဉာဏ် ကိုးပါးသည် ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ မည်၏။

ဉာဏ်အဆင့်ဆင့်ဖြစ်ရာ၌ ရှေးဦးစွာ သမ္မသနဉာဏ် သ့ုးသပ်သောအခါ ဝိပဿနာ ဉာဏ် အားထုတ်သည် မမည်သေး။

ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိသောအခါ ဥဒယဗ္ဗယဉာဏ်
ဖြစ်ခြင်းလွှတ်၍ ပျက်ခြင်းမျှ သိသောအခါ ဘင်္ဂဉာဏ်
ပျက်ခြင်းမြင်၍ ခြင်္သေ့ သစ်ကျားပမာ ကြောက်စရာဟု သိသောအခါ ဘယဉာဏ်
(ဥ၊ ဘင်၊ ဘ - ၃။)

ကြောက်လန့်၍ ယူချင်စရာမထင် မီးလောင်သောအိမ်အသွင် အပြစ်မြင်သောအခါ အာဒီနဝဉာဏ်
အပြစ်မြင်၍ ငြီးငွေသောအခါ နိဗ္ဗိဒါဉာဏ်
ပိုက်ကွန်မိသော ငါးပမာ ဘုံသုံးပါးမှလွတ်လိုသောအခါ မုဉ္စိတုကမျတာဉာဏ်
(အာ၊ နိ၊ မု - ၃။)

အပြစ်မြင်သော်လည်း တရှိန်တည်းမပြေးဝင်နိုင်သဖြင့် သမုဒြာ ငှက်ပမာ ဖန်ဖန်ပြန်၍ လွတ်ခြင်းကြီး လွတ်အောင် သုံးသပ်သောအခါ ပဋိသင်္ခါဉာဏ်
အပြစ်မြင်ပြီးသော သင်္ခါရတို့၌ စွန့်ပြီးသော မယားအတူ လျှစ်လျူရှုသောအခါ သင်္ခါရုပေက္ခာဉာဏ်
မဂ္ဂဝီထိ၌ ပရိကံ, ဥပစာ, အနုလုံ ဖြစ်သောအခါ အနုလောမဉာဏ်
(ပဋိ၊ ရု၊ နု - ၃)

ဤသို့ အဆင့်ဆင့်ဖြစ်၏။
(ဤတွင် ဝိသုဒ္ဓိခြောက်ပါး ပြီး၏။)

ဉာဏဒဿနဝိသုဒ္ဓိ-မဂ်ဝီထိ

ဤသို့ ဝိသုဒ္ဓိခြောက်ပါး အစဉ်အားဖြင့် အားထုတ်သော ယောဂီအား ဝိပဿနာ ဉာဏ်၏ ရင့်ခြင်းကို (ဝါ၊ သင်္ခါရုပေက္ခာဉာဏ်၏ ရင့်ခြင်းကို စွဲ၍ မဂ်ဖိုလ် အပ္ပနာ ဖြစ်လိုလတ်သည်ရှိသော် ဘဝင်္ဂစလနဘဝင်္ဂုပစ္ဆေဒ- ဖြစ်၍ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အလုံ၊ ဂေါတြဘူ၊ မဂ် တကြိမ်၊ ဖိုလ်နှစ်ကြိမ် သုံးကြိမ်ဖြစ်၍ ဘဝင်ကျ၏။

ပ-ဥ-နု-လေးမည်

ဤမဂ္ဂဝီထိစိတ်စဉ်၌ ပရိကံ၊ ဥပစာ၊ အနုလုံသည် အထွတ်အထိပ်သို့ ရောက်သော ဝိပဿနာဖြစ်သောကြောင့် သိခါပတ္တာမည်၏။ သစ္စာလောမဉာဏ်နှင့် (ဝါ၊ဝိပဿနာ ရှုသော မဟာကုသိုလ်ဉာဏ်နှင့်) တကွဖြစ်သောကြောင့် သစ္စာနုလောမဉာဏ်မည်၏၊ သင်္ခါရတို့ကို လျစ်လျူရှုသောကြောင့် သင်္ခါရုပေက္ခာမည်၏။ မဂ်သို့ ရောက်ကြောင်း ဝိပဿနာ ဖြစ်သောကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာ မည်၏။ လေးမည်။

ဤစိတ်တို့သည် အနိစ္စစသော လက္ခဏာတခုခုကို အာရုံပြုကုန်၏။

(ဝုဋ္ဌာနသည် မဂ်၏အမည်ဖြစ်၏။ ကိလေသာမှ ထသောကြောင့်တည်း။)

ဂေါတြဘူ

ဂေါတြဘူသည် နိဗ္ဗာန်ကို အာရုံပြု၍ ပုထုဇဉ်အနွယ်ကိုဖျက်လျှက် အရိယာအနွယ်သို့ ရောက်စေလျက်ဖြစ်၏။ နိဗ္ဗာန်ကိုမြင်လျှက် ကိလေသာကိုမသတ်ဘဲ မဂ်အားအချက် ပေးသောကြောင့် မဂ်၏အာဝဇ္ဇန်း အရာ၌ တည်သည်။

မဂ်ဉာဏ်

မဂ်သည် ဒုက္ခသစ္စာကို အကုန်အစဉ် သိလျက်၊

သမုဒယသစ္စာကို ပယ်လျက်၊

နိရောဓသစ္စာကို မျက် မှောက်ပြုလျက်၊

မဂ္ဂသစ္စာကို ပွါးစေသောအားဖြင့် အပ္ပနာဝီထိသို့ ရောက်၏။

ဤ၌ မဂ်ဉာဏ်သည် လေးကိစ္စကို တပြိုင်နက် ပြီးစေသည်။

နိဗ္ဗာန်ကို အာရုံပြုခြင်းသည် နိရောဓ မျက်မှောက်ပြုသည် မည်၏။

မဂ်စိတ်ကို၎င်း။ ကြွင်း မဂ္ဂင်ခုနစ်ပါးကို၎င်း အတူတကွ ခဏတ္တယသို့ ရောက်စေခြင်း သည် မဂ္ဂကို ပွါးစေသည် မည်၏။

နောင်ဖြစ်ထိုက်သော ကိလေသာကို မဖြစ်နိုင်သောအနေသို့ ရောက်စေခြင်းသည် သမုဒယ ပယ်သည်မည်၏။ ဒုက္ခ၏ အကြောင်းကိုပယ်ခြင်းဖြင့် ဒုက္ခကိုအကုန်အစဉ် သိသည်မည်၏။

မဂ်ဉာဏ်သည် ကိလေသာ သတ်သည့်အပြင် --
အနမတဂ္ဂ သံသရာ-ဝဋ်ဒုက္ခ သမုဒြာကိုလည်း ခန်းစေ၏။
အပါယ်တံခါးကိုလည်း ပိတ်စေ၏၊
သူတော်ကောင်း ဥစ္စာခုနှစ်ပါး၏ ပိုင်ရှင် တရားသူဌေးကိုလည်း ဖြစ်စေ၏။
မိစ္ဆာမဂ္ဂင် ရှစ်ပါးကိုလည်း ပယ်၏။
တွင်း၊ ပ၊ နီး၊ ဝေး၊ အကြီး၊ အသေး-ဘေးဟူသမျှကိုလည်း ငြိမ်းစေ၏။
ဘုရားရှင်၏ သားတော်စစ် အဖြစ်သို့လည်း ရောက်စေ၏။
ရတနာသုံးပါး၌ သက်ဝင်သော အဓိဂမသဒ္ဓါ၊ ပဋိသမ္ဘိဒါ၊ အဘိညာ စသည်ကိုလည်း ရစေ၏။

ဖိုလ်ဉာဏ်

ဖိုလ်ဇောနှစ်ကြိမ် သုံးကြိမ်သည် နိဗ္ဗာန်ကို အာရုံပြု၏။

မဂ်ပယ်သော ကိလေသာကို အခိုးအငွေ့မျှ မကျန်အောင် ငြိမ်းဧစေ၏။

ပစ္စဝေက္ခဏာဉာဏ်

ထိုနောင်ဘဝင်ဖြတ်၍ ပစ္စဝေက္ခဏာဉာဏ် ဝီထိတို့ဖြစ်ကုန်၏။ မဂ်ဖိုလ်ရပြီးသော လောကုတ္တရာ ပညာရှင်သည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် သုံးမျိုးကို တခုစီအာရုံပြု၍ ဆင်ခြင်၏။ ပယ်ကိလေသာ၊ ကြွင်းကိလေသာ နှစ်ခုကို အချို့သေက္ခ ဆင်ခြင်၏၊ အချို့ သေက္ခ မဆင်ခြင်။ သာကီဝင်မင်းသာ: မဟာနာမ်သည် ဘုရားရှင်ထံ ချဉ်းကပ်၍ တပည့်တော် သန္တာန်၌ ကိလေသာ အဘယ်မျှ မပယ်ရသေးပါသနည်း ဟု လျှောက်၏။ အသေက္ခကား ကြွင်းကိလေသာကိုသာ မရှိသောကြောင့် မဆင်ခြင်၊

ဤသို့ ဝိသုဒ္ဓိခြောက်ပါး အစဉ်ဖြင့် ဖြစ်စေအပ်သော မဂ်ဉာဏ်လေးပါးသည် ဉာဏဒဿနဝိသုဒ္ဓိ မည်၏။
(ဝိသုဒ္ဓိဘေဒ ပြီး၏။)

ဝိမောက္ခဘေဒ

ဝိမောက္ခဘေး၌ အနတ္တာနုပဿနာသည် အတ္တဟု နှလုံးသွင်းခြင်းကို စွန့်၏၊

(အတ္တမှဆိတ်သော သုညကိုမြင်၏။)

ထိုကြောင့် သုညတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏၊
အနိစ္စာဥပဿနာသည် ဝိပလ္လာသဖြစ်ကြောင်း နိမိတ်ကို စွန့်၏။

အနိမိတ္တာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏။
ဒုက္ခာနုပဿနာသည် တဏှာတောင့်တခြင်းကို စွန့်၏။

အပ္ပဏိဟိတာနုပဿနာ မည်သော ဝိမောက္ခမုခဖြစ်၏။
ထိုကြောင့် ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည် --
အနတ္တရှုအံ့၊ မဂ်သည် သုညတဝိမောက္ခမဂ် မည်၏။
အနိစ္စအံ့၊ အနိမိတ္တဝိမောက္ခမဂ် မည်၏။
ဒုက္ခရှုအံ့၊ အပ္ပဏိဟိတဝိမောက္ခမဂ် မည်၏။
ဝိပဿနာအာရုံစွမ်းဖြင့် မဂ်အမည် သုံးခုရသည်။

မဂ္ဂဝီထိ၌ မဂ်နောင်ဖိုလ်သည် မဂ်အာရုံစွမ်းဖြင့် အမည်သုံးခု ရသည်။

ဖလသမာပတ္တိဝီထိ၌ ဖိုလ်သည် ဝိပဿနာရှုခြင်း အားလျော်စွာ ဝိပဿနာ အာရုံစွမ်းဖြင့် အမည်သုံးခုရသည်။ (မဂ်အာရုံမရှိ)။

မဂ္ဂဝီထိ၊ ဖလသမာပတ္တိ ဝီထိအားလုံး၌ မဂ်ဖိုလ်တို့သည် နိဗ္ဗာန်အာရုံ စွမ်းဖြင့်လည်း သုံးမည်၊ မိမိကိစ္စ ဂုဏ်စွမ်းဖြင့်လည်း သုံးမည်ရ၍ တူသည်သာတည်း။

ပုဂ္ဂလဘေဒ

ပုဂ္ဂလဘေဒ၌ သောတာပတ္တိမဂ် ရသောသူသည် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာကို၎င်း၊ အပါယ် လားကြောင်း အကုသိုလ်ကို၎င်း ပယ်ပြီးဖြစ်၏။ သောတာပန် မည်သောသူဖြစ်၏။ ကာမဘုံ၌ လူနတ်အရော ပဋိသန္ဓေ ခုနစ်ကြိမ်ရှိလျှင် သတ္တက္ခတ္တုပရမ။ နှစ်ကြိမ်မှ ခြောက်ကြိမ်ထိရှိလျှင် ကောလံကောလ။ တကြိမ်ရှိလျှင် ဧကဗီဇိ မည်၏။ လူဘုံ သက်သက်၊ နတ်ဘုံသက်သက်၌ မရောယှက်ဘဲ ဘဝရာထောင် ထပ်ဖြစ် သော်လည်း တကြိမ်သာ မည်၏။ သကဒါဂါမ်၊ အနာဂါမ်ဖြစ်၍ ရူပဘုံသို့ရောက်လျှင် ဘဝများစွာ ဘုံစဉ်စံဖြစ်သေး၏။ လူနတ်အရော ကာမဘုံ ပဋိသန္ဓေကိုသာ ရည်၍ သတ္တက္ခတ္တု ပရမဟု ဆိုသည်။

သကဒါဂါမိမဂ်ရလျှင် ရာဂ, ဒေါသ, မောဟ ခေါင်းပါးပြီးဖြစ်၏။ သကဒါဂါမ် ပုဂ္ဂိုလ် မည်၏။ ဤလူ့ ပြည်သို့ ပဋိသန္ဓေတကြိမ် လာနိုင်၏။

အနာဂါမိမဂ်ရလျှင် ကာမရာဂ၊ ဗျာပါဒ အကြွင်းမဲ့ပယ်ပြီး ဖြစ်၏။ အနာဂါမ်ပုဂ္ဂိုလ် မည်၏။ ကာမဘုံသို့ ပဋိသန္ဓေ လာခြင်း မရှိ။

အရဟတ္တမဂ်ရလျှင် ကိလေသာ အားလုံး အကြွင်းမရှိ ပယ်ပြီး ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ် မည်၏။ အာသဝေါကုန်၍ အလှူခံပုဂ္ဂိုလ် အမြတ်ဆုံးဖြစ်၏။

လောကုတ္တရာ ဉာဏ်ဖြစ်ရာ၌ ဝသီဘော် လေ့လာဘွယ် မရှိ။ ဆန့်ကျင်ဘက်တို့ကို သမုစ္ဆေဒပြုပြီး ဖြစ်သောကြောင့် အလိုလို ဝသီဘော်ပြည့်စုံ၏၊ လောကီဈာန် သမာပတ်၌သာ နုန့်နှေးခြင်းကင်းအောင် ဝသီဘော် လေ့လာရသည်။

(ဤစကားဖြင့် ဝသီဘော် မလေ့လာခြင်းကြောင့် ဖလသမာပတ် မဝင်စားနိုင် ဟူသော စကားကို ပယ်အပ်၏။)

သမာပတ္တိဘေး

သမာပတ္တိဘေဒ၌ မိမိရသော ဖိုလ်ကို မိမိဝင်စားခြင်းဖြင့် ဖလဋ္ဌာန်ပုဂ္ဂိုလ်တိုင်း ဖလသမာပတ်ကို ဝင်စားနိုင်ကုန်၏။

နိရောဓ သမာပတ်ကိုကား အနာဂါမ်၊ ရဟန္တာတို့သာ ဝင်စားနိုင်ကြသည်။

ဝင်စားပုံကား၊
ရှေးဦးစွာ ပဌမဈာန်ကို ဝင်စား၏၊ ဤကား သမထ ပြုခြင်းတည်း။ ထိုနောင် ပဌမဈာန်မှထ၍ ပဌမဈာန်၌ ရှိသောသင်္ခါရတရားတို့ကို အနိစ္စ, ဒုက္ခ, အနတ္တရှု၏၊ ဤကား ဝိပဿနာ ပြုခြင်းတည်း။ ဤသို့ သမထ။ ဝိပဿနာ ပြုခြင်းသည် ယုဂနန္ဓပြုသည် မည်၏။

ဤနည်းဖြင့် ဈာန်အစဉ်အတိုင်း ယုဂနန္ဓပြုကာ အာကိဉ္စညာယတနဈာန်အထိ ဝင်စား၍ အာကိဉ္စညာယတန ဈာန်မှထသောအခါ ဝိပဿနာ မပြုဘဲ အဓိဋ္ဌာန်ခြင်း စသော ပုဗ္ဗကိစ္စ ၄-ပါး ပြု၍ နေဝသညာနာသညာယတနဈာန်ကို ဝင်စား၏။ နေဝသညာ နာသညာယတန ဈာန်ဇောသည် နှစ်ကြိမ်စော၍ စိတ်အစဉ်ပြတ်၏။ စိတ်စေတသိက် စိတ္တဇရုပ် ချုပ်၍ တိဇရပ်မျှ ကြွင်း၏။ ထိုအခါ နိရောဓသမာပတ် ဝင်စားသည် မည်၏။

ပုဗ္ဗကိစ္စလေးပါး ပြုခြင်းကား --
၁။ မိမိနှင့်စပ်သော သီးခြားတည် ကျောင်း၊ သပိတ်၊ သင်္ကန်းစသည်သည် မီးစသော အန္တရာယ်ကြောင့် မပျက်စီးနိုင်စေသတည်းဟု ဓိဋ္ဌာန်၏။
(ကိုယ်၌ဝတ်ရုံထားသော သင်္ကန်းအတွက် ဓိဋ္ဌာန်ဘွယ်မလို။)
၂။ သံဃာအပေါင်း တောင့်တသောအခါ လာမခေါ်မီ သမာပတ်မှ ထနိုင်စေသတည်း ဟု ဓိဋ္ဌာန်၏။
၃။ မြတ်စွာဘုရား ခေါ်တော်မူသောအခါ လာမခေါ်မီ ထနိုင်စေသတည်းဟု ဓိဋ္ဌာန်၏။
၄။ ခုနစ်ရက်အတွင်း မိမိအသက် အပိုင်းအခြား တည်နိုင် မတည်နိူင ်ကြည့်ရှု၏။
ဤ လေးပါးတည်း။

နိရောဓသမာပတ်ကို ကာမဘုံ၊ ရူပဘုံ၌သာ- အနာဂါမ်၊ ရဟန္တာတို့သာ-မဟဂ္ဂုတ်ဈာန် ကိုးပါးလုံး ရမှသာ ဝင်စားနိုင်ကြသည်။ အရူပဘုံ၌ ဈာန်ကိုးပါးမရှိ၍ ယုဂနန္ဓပင် မပြည့်စုံ။ ကာမဘုံ၌ အာဟာရ အတွက် အလွန်ဆုံး ခုနစ်ရက်သာ၊ ရူပဘုံ၌ ပိုင်းခြားမရှိ ဝင်စားကြ၏။

နိရောဓ သမာပတ်မှ ထသောအခါ အနာဂါမ်အား အနာဂါမိ ဖိုလ်ဇောတကြိမ် စော၍ဘဝင်ကျ၏။ ရဟန္တာအား အရဟတ္တ ဖိုလ်ဇောတကြိမ် စော၍ဘဝင်ကျ၏။ ထိုနောင် ပစ္စဝေက္ခဏာ ဉာဏ်ဝီထိဖြစ်၏။
(အနာဂါမ်၊ ရဟန္တာအားသာ- သမာဓိပြည့်သည်။)

ဤ၌ ခုနစ်ရက်ခြားသော်လည်း နေဝသညာနာသညာယတန ဒုတီယဇောသည် အနာဂါမိဖိုလ်ဇော၊ အရဟတ္တ ဖိုလ်ဇောအား (စိတ်အခြားမရှိ) အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

ဤနည်းမျိုးဖြင့် အသညသတ်ဘုံ အသက်- ကမ္ဘာငါးရာခြားလျှက် တတီယ ဘဝ နောက်ဆုံးရက်သည် ယခုဘဝ ပဋိသန္ဓေစိတ် အားလည်း အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။

(ဤသဘောကို မြင်လျှင် အဘိဓမ္မာ၌ ထူးသောဉာဏ်မျက်စိရှိသူ မည်၏။)

လူမင်းနတ်မင်း ဗြဟ္မာမင်းတို့သည် မိမိစည်းစိမ်ကို ခံစား၍ မငြီးငွေနိုင်ကြကုန်။

ဖလဋ္ဌာန်ပုဂ္ဂိုလ်လည်း မိမိဖိုလ် အရသာခံ စား၍ မငြီးငွေ့နိုင်။

မင်းစည်းစိမ်ခံစားစဉ် အပူဝင် အဧမိ၊ ငန်းဖမ်း၊ အသက်ထွက်—အဖြစ်သေး၏။

ဖိုလ်အရသာ ခံစားစဉ် ထိုအန္တရာယ်မျိုး စိုးစဉ်းမျှမဖြစ်။

အမြိုက်ဆေး ဖျန်းသော ပျားသည် ဩဇာထက်၍ လွန်စွာ အရသာရှိ၏။

ဖိုလ်ချမ်းသာ ဆွတ်ဖျန်းသော ဖိုလ်အရသာသည် သာလွန် ထက်မြက်စွာ ချမ်းသာသော အရသာရှိ၏။ စိတ်ရှိသူတို့ ခံစားသော ချမ်းသာတို့တွင် ထိပ်ဆုံးချမ်း သာဖြစ်၏။ နိဗ္ဗာန်လက်တွေ့ဖြစ်၏။ ထိုကြောင့် ဤသို့ တိုက်တွန်းအပ်၏၊

ဘာဝေတဗ္ဗံ ပနိစ္စေဝံ၊ ဘာဝနာဒွယ မုတ္တမံ။
ပဋိပတ္တိ ရသ ဿဒံ၊ ပတ္ထယန္တေန သာသနေ။

သာသနေ၊ ဘုရားရှင် သာသနာတော်၌။
ပဋိပတ္တိရသဿဒံ၊ ပဋိပတ်အကျင့်ဖြင့် ရအပ်သော သမာပတ် အရသာ သာယာဘွယ် လွန်စွာကို။
ပတ္ထယန္တေန၊ တောင့်တသော သူသည်။
ဣစ္စေဝံ၊ ဤဆိုပြီးသော နည်းဖြင့်။
ဥတ္တမံ၊ မြတ်သော။
ဘာဝနာဒွယံ၊ သမထ ဝိပဿနာ ဘာဝနာနှစ်ပါး ရဟန်းတရားကို။
ဘာဝေတဗ္ဗံ၊ ပွါးများအပ်၏။
ဝါ၊ ပွါးများနိုင်ကြပါစေကုန်သတည်း။

ကမ္မဋ္ဌာန်းပိုင်း အရသာ တစိတ်ပြီး၏။

နိဂုံး

ဤမျှဖြင့် ညောင်လေးပင်မြို့ တောရကျောင်တိုက်၌ ပဓာန ဥက္ကဋ္ဌ မထေရ်ဖြစ်ခိုက် ဖြစ်သော ဦးအရိယမထေရ် အရှင် စီရင် ရေးသားသော ဤသင်္ဂြိုဟ်အရသာသည် ၂၄၈၂-ခု သာသနာတော်နှစ်လွန်သော ၁၃၀၀-ပြည့်နှစ်၌ ပြီးဆုံးခြင်းသို့ ရောက်၏။

၃၃-ယောက်သော နတ်တို့စံရာ တာဝတိံသာ၌ ဟောကြားသော အဘိဓမ္မာ ခုနစ်ကျမ်းမှ ဖြစ်လာသော ရှင်အနုရုဒ္ဓါ၏ သင်္ဂြိုဟ်ကျမ်းသည်ရှိ၏။ ထိုသင်္ဂြိုဟ်ကျမ်း၏ အရသာဖြစ်သော ဤကျမ်းသည် ခံတွင်းကောင်းသူတို့အား မဂ်ဖိုလ်မျိုးစေ့ဖြစ်အောင် အရသာ ဆောင်နိုင်လတ္တံ့။

ကမ္မဋ္ဌာန်းပိုင်းအရသာကို ဝိသုဒ္ဓိမဂ်အရသာ၌ ပြည့်စုံစေအံ့။

သင်္ဂြိုဟ်အရသာ ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ (အရှင်ကေလာသ) အနာဂတ်သာသနာရေး ဘာသာရ...