Skip to main content

နိယာမဒီပနီ

နိယာမဒီပနီ

ပဏာမနှင့် ပဋိညာဉ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နိယာမဓမ္မ သံသိဒ္ဓံ၊ နိယာမဓမ္မ ဒေသကံ။

နတွာ နာထံ ကရိဿာမိ၊ သုဘံ နိယာမဒီပနိံ။

အဟံ=လယ်တီဆရာ ငါသည်၊ နိယာမဓမ္မသံသိဒ္ဓံ=သင်္ချေများစွာ ကမ္ဘာဘာ၌ ပါရမီဆယ်ပါး အပြားတိံသ သမ္ဘာရတို့ကို အရယှဉ်မှီး ဖြည့်ကျင့်ပြီးမှ စောထီးထွဋ်ဖျား ဘုရားဖြစ်မြဲဟူသော ဓမ္မနိယာမ အရိုးကျသဖြင့် ဗုဒ္ဓဘာဝ ကိစ္စကုန်စင် အောင်မြင်ပြီးစီးတော်မူထသော၊ နိယာမဓမ္မဒေသကံ=ပဋိစ္စသမုပ္ပါဒ စသည်ထင်ရှား နိယာမတရားတို့ကို လည်း ဟောကြားတော်မူပေထသော၊ နာထံ=မြတ်စွာဘုရားကို၊ နတွာနမာမိ=ရှိခိုးပါ၏၊ နတွာ=ရှိခိုးပြီး၍၊ သုဘံ=သဘောယုတ္တိ လုံလောက်ဘိ၍ ကြည့်သူခပင်း လင်းကြီးလင်းအောင် ကောင်းခြင်းအထူးနှင့် ပြည့်စုံသော၊ နိယာမဒီပနိံ=နိယာမဒီပနီ ဤကျမ်းစာသစ်ကို၊ ကရိဿာမိ=စီရင်ပေအံ့။

[ဤဂါထာ၌ နိယာမဓမ္မသံသိဒ္ဓံ ဟူသည်ကား ဘာသာတစ်ပါး တို့၌ကဲ့သို့ အကြောင်းမရှိပဲ မိမိအလိုလို ဖြစ်ပေါ်လာသော ဘုရားမျိုးမဟုတ် ဟူလို။]

ရန်ကုန်မြို့ ဓမ္မဿဝနအသင်းကြီး၏ အကြီးအချုပ် ဥက္ကဋ္ဌပြီစီဒင် ဖြစ်သူ ပင်စင်အငြိမ်းစား ဝန်ထောက်ကြီး “မောင်ရွှေဂိုဝ်” နှင့် ၎င်း အသင်းသားတစ်စုတို့က နိယာမတရားငါးပါး၏ သဘောအဓိပ္ပါယ်များ ကို ကွဲကွဲပြားပြား ထင်လျားလှစွာ သိမှတ်လိုကြပါကြောင်းနှင့် မြန်မာ သက္ကရာဇ် ၁၂၇၂-ခု၊ ဒုတိယ ဝါဆိုလဆုတ် ၆-ရက်နေ့တွင် မုံရွာမြို့ လယ်တီတောကျောင်းတိုက်အတွင်း သီတင်းဝါကပ်ဆို၍ နေထိုင်လျက် ရှိသော လယ်တီဆရာငါတို့ထံသို့ တောင်းပန်လျှောက်ထားစာ လာ ရောက်သည်ဖြစ်၍ ၎င်းဓမ္မဿဝနအသင်းကြီး၏ အကြီးအချုပ် ဥက္ကဋ္ဌ ပြီစီဒင်နှင့်တကွ အသင်းသားတို့ လျှောက်ထားချက်အရ “နိယာမတရား” ငါးပါးတို့ကို ထင်လျားစွာဖော်ပြသော နိယာမဒီပနီကို စီရင်ရေးသား ပေအံ့သတည်း။

---

လယ်တီဆရာတော်ဘုရားကြီး၏ အမှာစာ စကား

အမိန့်ရှိလိုက်သည် ရန်ကုန်မြို့ ဓမ္မဿဝနအသင်း အကြီးဥက္ကဋ္ဌ ဖြစ်သူ မောင်ရွှေဂိုဝ်၊ မင်းတို့ လျှောက်လွှာမှာ နိယာမတရားငါးပါး၏ မကျဉ်းမကျယ် အဓိပ္ပါယ်ကို သိကြလိုသည်ဟု ပါရှိပေ၏၊ သို့ရာတွင် ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာဆရာများနှင့် ပြောဆိုကြရာမှာ ဖြစ်လာသော “နိယာမ” စကားဖြစ်ကြောင်း ပါရှိသည်နှင့် နိယာမတရား ငါးပါးနှင့်ပင် လောကသုံးပါးလုံး ပြီးစီးနိုင်ရန် အတန်ကြီးချဲ့၍ ရေးလိုက်ရ လေသည်။

“'နိယာမ” တရား ဆိုသည်ကား တစ်စုံတစ်ယောက်သော လူ, တစ်စုံတစ်ယောက်သော နတ်, တစ်စုံ တစ်ယောက်သော သိကြား, တစ်စုံ တစ်ယောက်သောဗြဟ္မာ, တစ်စုံတစ်ယောက်သော ထာဝရဘုရားတို့၏ ပြုလုပ်မှု၊ ဖန်ဆင်းမှုတို့နှင့် မစပ်မဆိုင်ပဲ ဓာတ်သဘာဝအလျောက် မဖောက်မပြန် အမှန်အမြဲ မလွှဲမပြောင်း သူ့အကြောင်းနှင့် သူ့အကျိုး, သူ့အနွယ်နှင့် သူ့အမျိုး, အရိုးမပျက် အစဉ်မပျက် အဆက်ဆက် ဖြစ်ပွား၍ နေမှုကို နိယာမတရား ဆိုသည်။

ထိုနိယာမတရားကို ပြောဆိုကြသောသူတို့သည် စကားအရာ၌ နည်းလေးဆယ်အလာ ပဓာနနည်းမျိုးကို သိ၍ ပြောဆိုကြကုန်ရာ၏၊ ပဓာနနည်း ဆိုသည်ကား “ရာဇာ အာဂစ္ဆတိ” တည်း၊ ရာဇာ=မင်းသည်၊ အာဂစ္ဆတိ=လာ၏၊ ဆိုရာ၌ ပဓာနနည်းဖြစ်သော မင်းကို ထုတ်ဖော်၍ ဆိုသဖြင့် ထိုမင်းနှင့် ထိုက်တန်သော အခြံအရံဖြစ်သူ လူပေါင်းများစွာ ပါရှိလိမ့်မည်ကို မဆိုပဲနှင့် သိရသော နည်းတည်း။

ထိုပဓာနနည်းမျိုးကို ၁၂၇၀-ပြည့်နှစ် နတ်တော်လအခါ ရန်ကုန်မြို့ ပုဇွန်တောင်ရပ် တရားမဏ္ဍပ်ကြီးမှာ ငါတို့ ပြောဟောဖူးသည် ကို ပြဆိုဦးအံ့။

ပဓာန စကားကြီးသုံးခွန်း

ဤလောက၌ ပဓာနစကားကြီး သုံးခွန်းရှိ၏။

(၁) သစ်ပင် ချုံမြက်, သရက်, ပိန္နဲ, ကောက်ပဲ, ပြောင်းနှမ်း, ဗူး, ခရမ်း စသည်တို့မှာ မျိုးစေ့ရှိပါမှ ဖြစ်နိုင်ကြသည် ဟူသော စကား။

(၂) လူတို့၏ ပစ္စည်းဥစ္စာ ချမ်းသာစီးပွါး ဖြစ်ပွါးမှုတို့မှာ ရှေး ကုသိုလ်ကံရှိပါမှ ဖြစ်နိုင်ကြသည်ဟူသော စကား။

(၃) လူတို့၏ ယခုဘဝ ယခုသန္တာန်တွင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ရရေးမှာ ရှေးပါရမီရှိပါမှ ရနိုင်ကြသည်ဟူသော စကား။

ပထမ စကား

ထိုသုံးခွန်းတို့တွင် ပထမပဓာန စကားကြီး၌ မျိုးစေ့ဟူသော ပဓာနစကားသာ ဖြစ်၏၊ မျိုးစေ့ရှိရုံနှင့် ပေါက်ရောက်နိုင်ကြသည် မဟုတ်သေး၊ သစ်ပင်, ချုံ, မြက်တို့မှာ
- ပေါက်ရောက်ရာဌာနဖြစ်သော မြေအရပ်လည်း ရှိပါဦးမှ
- ပေါက်ရောက်ကြောင်းဖြစ်သော မိုးရေ, မိုးပေါက်လည်း ရှိပါ ဦးမှ ပေါက်ရောက်နိုင်ကြကုန်သည်ဟု သိရသည်၊ ကောက်ပဲ, ပြောင်း, နှမ်းတို့မှာ
- လယ်ယာမြေခင်းလည်း ရှိပါဦးမှ
- မိုးရေ, မိုးပေါက်လည်း လုံလောက်စွာ ရွာပါဦးမှ
- တောင်သူယောကျ်ား၏ ဝီရိယမှု လုပ်ငန်းစုကိုလည်း သူ့အခါနှင့် သူ့လုပ်ငန်း စေ့စုံလုံလောက်စွာ လုပ်ဆောင်ပါဦးမှ
- အောင်မိုး, အောင်ရေလည်း ရှိပါဦးမှ
ပေါက်ရောက်ပွါးကြီး အသီးအနှံ ဖြစ်ထွန်းနိုင်ကြကုန်သည်၊ သို့မဟုတ်လျှင် မျိုးစေ့ဟောင်းတို့ပင် လုံလောက်စွာ ရှိပါကုန်ငြားသော် လည်း လယ်ယာမြေခင်း မရှိခဲ့သော် မပေါက်ရောက်နိုင်ကြကုန်ပြီ၊ လယ်ယာမြေခင်းပင်ရှိပါသော်လည်း ကြဲမိုး, စိုက်မိုး မရှိခဲ့သော် မပေါက် ရောက်နိုင်ကြကုန်ပြီ၊ ကြဲမိုး, စိုက်မိုးပင် ရှိပါသော်လည်း တောင်သူ ယောကျ်ား မကျန်းမမာမှု, သောက်စားယစ်မူး ကြူးလွန်မှု, မင်းပြစ် မင်းဒဏ် အကျဉ်းအကျပ်ကျခံရမှု, တစ်ခုခုတို့ကြောင့် ထွန်မှု, ယက်မှု, ကြဲမှု, စိုက်မှု လုပ်ငန်းစုကို ပြုခွင့် မရရှိနေခဲ့သော် မပေါက် မရောက် နိုင်ကြကုန်ပြီ၊ လုပ်ငန်းစုကို ပြုလုပ်၍ ပေါက်ရောက်ကြပါကုန်သော်လည်း နောက်လိုက် မိုးရေ မရှိချေက သေပျောက်ပျက်ဆုံး ကြရလေကုန်၏၊ ဤကား ပထမပဓာန စကားကြီး၏ အနက်အဓိပ္ပါယ်တည်း။

---

ဒုတိယစကား

ဒုတိယပဓာနစကားကြီး၌
ကောက်စပါးတို့မှာ မျိုးစေ့ဟောင်းတို့နှင့် လူတို့၏ ပစ္စည်း ဥစ္စာ ချမ်းသာရေးတို့မှာ ရှေးကုသိုလ် ကံဟောင်းတို့သည် တူကြကုန်၏။

ကောက်စပါးတို့မှာ လယ်ယာ မြေခင်းတို့နှင့် လူတို့မှာ ပုဗ္ဗာစရိယ အမိအဖတို့သည် တူကြကုန်၏၊ အလိမ်မာမှု၌ သွန်သင်ဆုံးမခြင်း မရှိကြကုန်သော အမိအဖတို့သည် ရှိကြပါ ကုန်ငြားသော်လည်း မရှိရာ ရောက်ကြကုန်၏။

ကောက်စပါးတို့၌ လယ်ယာ မြေခင်း ရှိသည်နှင့်တူ၏၊ အဆုံးအမ ညံ့ဖျင်းလှသော မိဖတို့သည် မြေဆီ, မြေဩဇာ နည်းပါးလှသော လယ်တိမ်, လယ်ကောတို့နှင့် တူကြကုန်၏၊ ထိုသူတို့၏ လက်တွင်း၌ ကြီးပွါးရကုန်သော သူငယ်တို့သည် လယ်တိမ်, လယ်ကောတို့၌ ပေါက်ရောက်ကြကုန်သော ကောက် စပါးတို့နှင့် တူကြကုန်၏။

အဆုံးအမ ကောင်းမွန်ကြသော မိဖတို့သည် မြေဆီ, မြေဩဇာ ပြည့်စုံစွာသော လယ်ယာမြေခင်းတို့နှင့် တူကြကုန်၏၊ ထိုသူတို့၏ လက်တွင်း၌ ကြီးပွါးကြရကုန်သော သူငယ်တို့သည် လယ်ကောင်း ယာကောင်းတို့၌ ပေါက်ရောက်သော ကောက် စပါးတို့နှင့် တူကြကုန်၏။

ကောက်စပါးတို့မှာ-စိုက်မိုး, ပျိုးမိုးတို့နှင့် လူတို့မှာ လက်ဦး ငယ်ဆရာတို့သည် တူကြကုန်၏၊ လက်ဦးငယ်ဆရာတို့က အလိမ်မာ မရှိကြလျှင် သူငယ်တို့မှာ အလိမ်မာမျိုး မပေါက် မရောက်နိုင်ကြကုန်ပြီ။ ကောက်စပါးတို့မှာ တောင်သူယောကျ်ား၏ ဝီရိယမှု လုပ်ငန်းစု တို့နှင့် လူတို့၏ စီးပွါးရေးတို့မှာ လုပ်မှု, ကိုင်မှု, ပစ္စည်းဥစ္စာရှာကြံမှု, အတတ်ပညာ အလိမ်မာ ရှာကြံမှုတို့သည် တူကြကုန်၏၊ ကောက်စပါး မျိုးစေ့တို့ပင် အပြည့်အစုံ ရှိပါကုန်ငြားသော်လည်း တောင်သူ ယောကျ်ား ၏ လုပ်ငန်းစု ပျက်ကွက်က ကောက်စပါးမျိုးစေ့တို့သည် ပေါက်ရောက် ခွင့်မရကြကုန်ပဲ တိုက်ထဲ, ကျီထဲမှာ ပုပ်ဆွေးခြင်းသို့သာ ရောက်ကြရ ကုန်သကဲ့သို့ ရှေးကုသိုလ် ကံဟောင်းတို့ပင် ရှိကြပါကုန်သော်လည်း လူတို့၏ ဝီရိယလုပ်ငန်း လုံးလုံးမရှိက ထိုကုသိုလ်ဟောင်းတို့သည် အကျိုး ပေးခွင့် မရပဲ ကိုယ်ခန္ဓာထဲမှာ ငုတ်တုတ်သာ နေကြရကုန်၏၊ ကောက်စပါးတို့မှာ ကြဲမိုး, စိုက်မိုးရှိ၍ ပေါက်ရောက်ခွင့် ရကြ ပါကုန်သော်လည်း အသီးအနှံ ရင့်မာ သန်ခိုင်ခြင်းသို့ မရောက်မီ အကြား ၌ နောက်လိုက်, နောက်ထပ် မိုးရေ, မိုးပေါက် ပြတ်ခြင်းကြီး ပြတ်ခဲ့ပြန် သော် ပျက်ဆုံးခြင်းသို့ ရောက်ကြရပြန်ကုန်သကဲ့သို့ လူတို့မှာ အလိမ်မာ ရင့်သန်ခြင်းသို့ မရောက်မီအကြား၌ လောကဓမ္မ လိမ်မာကြသူ လူပညာရှိ ရှင်ပညာရှိတို့ကို မှီတွယ်ခြင်းမရှိပဲ မိမိလျောက်လျား စိတ်ထင်တိုင်း နေပြန်ငြားက ဖြစ်ပြီးသော စီးပွါး ရှေးကံ၏ အကျိုးများပင် ပျက်ပြား ရတတ်ပြန်၏၊

တတိယစကား

တတိယ ပဓာနစကားကြီး၌
ကောက်စပါးတို့မှာ မျိုးစေ့ဟောင်းတို့နှင့် ယခုဘဝ မဂ်ဖိုလ်ရ ရန်အရေးမှာ ရှေးပါရမီဟောင်းတို့သည် တူကြကုန်၏။

ကောက်စပါးတို့မှာ လယ်ယာမြေခင်းတို့နှင့် မဂ်ဖိုလ်, နိဗ္ဗာန်ရေး တို့မှာ ရှေးဦးငယ်ခါ ဥပဇ္ဈာယ် ဆရာတို့သည် တူကြကုန်၏၊ ဥပဇ္ဈာယ်ဆရာ ညံ့ဖျင်းခဲ့လျှင် ထိုသူ၏ တပည့်ဖြစ်သူ ရှင်လူ အများတို့သည် သာသနဓမ္မအရာ၌ အလိမ်မာ သေးသိမ်ကြရလေကုန်၏၊ ရှေးပါရမီ ပွင့်လင်းခွင့်မရ ရှိနေတတ်၏။

ကောက်စပါးအရာ၌ စိုက်မိုး, ကြဲမိုးတို့နှင့် ရပ်ဆရာ, ရွာဆရာ များတို့၏ အဆုံးအမ ဩဝါဒတို့သည် တူကြကုန်၏၊ စိုက်မိုး, ကြဲမိုး ခေါင်သကဲ့သို့ ဗောဓိပက္ခိယ ဩဝါဒမျိုးတို့မှ ဆိတ်ကင်းကြကုန်သော မြို့ရွာတို့သည် သတိပဋ္ဌာန်ဘာဝနာ သမထ ဝိပဿနာတို့နှင့် ကွာဝေး ကြသဖြင့် ရှေးပါရမီဟောင်းတို့သည် ပွင့်လင်းခွင့် မရကြကုန်ပြီ။ ကိုယ် ခန္ဓာထဲမှာ ငုတ်တုတ်သာ နေကြရကုန်၏၊

သီလ သမာဓိ ပညာ သာသနာ

ကောက်စပါးအရာ၌ တောင်သူယောက်ျား၏ လုပ်ငန်း, လုပ် တာကြီးတို့ကဲ့သို့ ယခုဘဝ မဂ်ဖိုလ်ရရန် အရေး၌ ငါတို့မြတ်စွာဘုရား သာသနာလုပ်ငန်း, လုပ်တာကြီးတို့သည် တူကြကုန်၏၊ ငါတို့မြတ်စွာ ဘုရားသာသနာ လုပ်ငန်း, လုပ်တာကြီးများဆိုသည်ကား အကျဉ်း အား ဖြင့် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးပါးတို့ကို ဆိုသတည်း။ အလတ်အားဖြင့် ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ဆိုသတည်း။ အကျယ်အားဖြင့် ဝိနည်း သုတ္တန် အဘိဓမ္မာ ပိဋကတ်သုံးပုံအရ ပဋိပတ္တိ ဓမ္မတို့ကို ဆိုသတည်း။

ထိုတွင် လူဖြစ်သောသူတို့မှာ အာဇီဝဋ္ဌမကနိစ္စ နေရာကျခဲ့လျှင် သီလသာသနာတော်ကြီး ပြည့်စုံ၏၊ ရဟန်းဖြစ်သော သူတို့မှာ ဥပဇ္ဈာယ ဝတ် အာစရိယဝတ် စသည်တို့နှင့်တကွ ၂၂၇ -သိက္ခာပဒ သီလနေရာ ကျခဲ့လျှင် သီလသာသနာတော်ကြီးပြည့်စုံ၏။

ရဟန်းဖြစ်စေ, လူဖြစ်စေ, အာနာပါန အလုပ်တစ်ခု စွဲမြဲမှု နေရာ ကျခဲ့လျှင် သမာဓိသာသနာတော်ကြီး နေရာကျ၏။

ရဟန်းဖြစ်စေ, လူဖြစ်စေ “မြေ, ရေ, မီး, လေ, ကောင်းကင်, ဝိညာဏ်” ဟူသော ဓာတ်ခြောက်ပါးတို့၌ အနိစ္စ အလုပ်တစ်ခု ထင်မြင်မှု နေရာကျခဲ့လျှင် ပညာသာသနာတော်ကြီး နေရာကျ၏။

ဤအလုပ်ကြီးသုံးပါး နေရာကျခဲ့လျှင် ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့သည် ထိုသုံးပါးတို့၌ အတွင်းဝင်ကြလေ၏၊ ပိဋကတ်သုံးပုံအရ ပဋိ ပတ္တိဓမ္မတို့သည်လည်း ထိုသုံးပါးတို့၌ အတွင်းဝင်ကြလေကုန်၏၊

ပါရမီရှင်ပင် ဖြစ်စေကာမူ

ကောက်စပါးအရာ၌ တောင်သူယောက်ျား၏ လုပ်ငန်း, လုပ် တာကြီးများကို စွန့်ပစ်၍ ထားခဲ့သော် ထိုနှစ်အတွင်းမှာ လုံလောက်စွာ ရှိနေသော စပါးမျိုးဟောင်းတို့သည် တိုက်ထဲ, ကျီထဲမှာ ငုတ်တုတ်သာ နေကြရကုန်သကဲ့သို့ လူတို့၏ဆိုင်ရာ ရှင်၏ဆိုင်ရာ ထိုသာသနာ လုပ်ငန်း ကြီး သုံးပါးကို အားမထုတ်ကြကုန်သည်ရှိသော် ရှေးပါရမီ ပြည့်စုံလုံ လောက်ပြီးပင် ဖြစ်ငြားသော်လည်း ယခုဘဝ ယခုသာသနာမှာ မဂ်ဉာဏ်, ဖိုလ်ဉာဏ်နှင့် ကွာဝေးလျက် ရှေးပါရမီဟောင်းတို့သည် မဂ်ပင်, ဖိုလ်ပင် ပေါက်ရောက်ခွင့်မရ ငုတ်တုတ်သာ နေကြရကုန်၏၊ အလွန်တရာ ကြုံခဲ လှစွာသော ဘုရားသာသနာတော်ကြီးနှင့် တွေ့ကြုံကြပြီးမှ လွှတ်ခွာ၍ ပစ်ကြပြန်လျှင် နစ်မြဲနစ်, ငုပ်မြဲငုပ်, မြုပ်မြဲမြုပ်, မျောမြဲ မျောကြပြန် ကုန်လတ္တံ့။

နောက် မေတ္တေယျဘုရား သာသနာမှာ ပါရလိမ့်မည် ထင်တတ် ကြကုန်၏၊ သာသနာတော်ကြီးနှင့် တွေ့ကြုံကြပါလျှင် ထင်ကြတိုင်းပင် ပါနိုင်ကြကုန်ရာ၏၊ ထိုသာသနာ၌ ကျွတ်တန်း, လွတ်တန်းတွင် ပါဝင်နိုင် ကြရန် အရေးထက် ထိုသာသနာနှင့် တွေ့ကြုံနိုင်ကြရန် အရေးက အလွန် တရာ ခက်ခဲနက်နဲလျက် ရှိနေကြ၏။

အကြောင်းမူကား သာသနာတော်ကြီးနှစ်ပါး၏ အကြား၌ သာသနာပ ဘဝကန္တာရခရီး အမိုက်နယ်ကြီးမှာ အမှောက်အမှားကြီး ဘယ်မျှ တွေ့ကြုံရလိမ့်မည်မသိ သတိမူကြလေကုန်။

ကောက်စပါးအရာ၌ စိုက်ပျိုးစိမ်းရှင် အပင်ပေါက်ရောက်ပြီး ဖြစ်ငြားသော်လည်း အသီးအဆန် ရင့်သန်ခိုင်မာခြင်းသို့ မရောက်မီ အကြား၌ နောက်မိုးမထပ် ပြတ်ကြီးပြတ်ခဲ့ပြန်လျှင် ကောက်ပင်နုနယ် တစ်လယ်တော လုံး ပျက်ဆုံးခြင်းသို့ ရောက်ကြပြန်သကဲ့သို့ ပုဗ္ဗာစရိယ ဇာတ်တယ်လှ၍ သာသနဓမ္မ၌ အထအကြွ ဟန်ရပြီးဖြစ် ငားပါသော် လည်း သဒ္ဓါ, သတိ, သမာဓိ, ဉာဏ်မရင့်သန်မီအကြား၌ တရားမြင်သိ ပညာရှိကြီးများကို လွှတ်ခွာ၍ ဘာသာလျောက်လျား အနေများသဖြင့် တရားဓမ္မ ဩဝါဒ နောက်ထပ်ပြတ်ကြီးပြတ်ခဲ့ပြန်လျှင် တဏှာမာန် လွှမ်းမိုး ၍ အကျိုးမဲ့ကြီး တဏှာမီးနှင့် ပျက်စီးခြင်းသို့ ရောက်ပြန်လေက ဤ ဘုရားသာသနာနှင့် ဝေးကွာချော်လွဲ၍ နစ်မြဲနစ်ကြကုန်၏၊ သတိမူ ကြလေကုန်။

ပဓာနစကားကြီး သုံးခွန်းပြီး၏။

---

နိယာမစကားကြီး ငါးခွန်း

ဤစကားကြီး သုံးခွန်းသည် ပဓာနစကားမျိုး ဖြစ်သကဲ့သို့ “နိယာမ“ငါးပါး စကားကြီးငါးခွန်းသည်လည်း ပဓာနစကားမျိုးပင် ဖြစ် သတည်း။

နိယာမစကားကြီး ငါးခွန်းဆိုသည်ကား
(၁) ဗီဇနိယာမ စကားကြီး၊
(၂) ဥတုနိယာမ စကားကြီး၊
(၃) ကမ္မနိယာမ စကားကြီး၊
(၄) ဓမ္မနိယာမ စကားကြီး၊
(၅) စိတ္တနိယာမ စကားကြီး၊
ဤငါးပါးတို့တည်း၊ ထိုငါးပါးတို့ကို “အဋ္ဌသာလိနီ” ခေါ် အဘိဓမ္မာ အဋ္ဌကထာကြီးမှာ လာရှိသည့်အတိုင်း ရှေးဦးစွာ ပြဆိုပေအံ့။

(၁) ဗီဇနိယာမ

ဗီဇနိယာမ ဆိုသည်ကား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တဝါ ဖြစ်သူ မပြုမပြင်ပါပဲလျက် ပြုပြင်ဘိသကဲ့သို့ မြက်သစ်ပင်တို့၌ မျိုးစေ့၏ တန်ခိုးဖြင့် မဖောက်မပြန်ပဲ အစဉ်မြဲသော အမူအရာထူးမျိုးကို ဆိုသည်၊ ကုလားပဲချုံတို့မှာ မြောက်အရပ်သို့ အညွန့်အဖျားမူခြင်း, ဒက္ခိဏနွယ်အမျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ်ခြင်း, နေကြာ ပန်းတို့မှာ နေရှိရာသို့ မျက်နှာမူခြင်း, မာလောနွယ်မှာ သစ်ပင်ရှိရာသို့ ရှေးရှုခြင်း, အုန်းသီးတို့မှာ ထိပ်၌ အပေါက်ရောက်ခြင်း, ထိုထို မျိုးစေ့တို့မှ ဖြစ်သော အပင်၏ အသီးတို့သည် မျိုးစေ့နှင့်တူစွာ သီးကြခြင်း စသည် တို့သည် ဗီဇနိယာမတန်ခိုးတို့ပေတည်း။

(၂) ဥတုနိယာမ

ဥတုနိယာမ ဆိုသည်ကား ရှေးနည်းအတူ စီရင်သူမရှိပဲ ဥတု၏ အစွမ်းဖြင့် မြက်သစ်ပင်တို့၌ အစဉ်မြဲသော အမူအရာထူးမျိုးကို ဆိုသည်၊ တန်ခူးလ ကဆုန်လ အစရှိသော ထိုထိုကာလ သမယတို့၌ သူ့အခါ ကာလနှင့် သူ့သစ်ပင်မျိုး ပွင့်မှု, သီးမှု စသည် မြဲခြင်းတည်း။

(၃) ကမ္မနိယာမ

ကမ္မနိယာမ ဆိုသည်ကား သတ္တဝါတို့မှာ ရှေး၌ပြုခဲ့သော ကံအမှုနှင့်တူစွာ အကျိုးပေးမှု မြဲခြင်းပေတည်း။

(၁) မြတ်စွာဘုရား လက်ထက်တော်၌ သာဝတ္ထိမြို့တော်မှာ မြို့တံခါးရွာသည် ရှိ၏၊ ထိုရွာကို မီးလောင်ရာ မီးနှင့်တကွ ကောင်းကင်သို့ ပျံတက်လေသော မြက်ကရွတ်ခွေ တစ်ခု သည် ကောင်းကင်ဖြင့် ပျံလာသော ကျီးသတ္တဝါ၏ လည် ပင်းမှာ စွပ်မိလေ၏၊ ကျီးသည် မြေသို့ကျ၍ သေလေ၏။

(၂) မဟာသမုဒ္ဒရာ၌ သင်္ဘောကြီးတစ်စင်းသည် ရွက်တိုက် စက်ခုတ်၍ မသွားပဲ ရပ်တန့်လျက် နေလေ၏၊ ငါတို့ သင်္ဘောမှာ သူယုတ်မာ ပါပြီဟု စာရေးတံချရာ သင်္ဘော သူကြီး၏ မယားလက်၌သာ သုံးခါတိုင်တိုင် ကျလေ၏၊ သင်္ဘောသူကြီးသည် သူတစ်ယောက်အတွက်နှင့် အများ သူတို့ မပျက်စီးကောင်းပေဟု သဲအိုးကို လည်မှာဖွဲ့ချည်၍ သမုဒ္ဒရာရေထဲသို့ ပစ်ချစေ၏၊ ထိုခဏချင်းပင်လျှင် သင်္ဘော သည် လေးမှလွှတ်သော မြားကဲ့သို့ တစ်ဟုန်တည်း ပြေး သွားလေ၏။

(၃) ရဟန်းတော်တစ်ပါးသည် တောင်ခြေရင်းရှိ လိုဏ်တစ်ခု မှာ နေလေရာ အထက်၌ရှိသော တောင်ထွတ်တစ်ခုသည် ပြိုကျ၍ လိုဏ်ပေါက်ဝကို ပိတ်လျက် တည်လေ၏၊ ခုနစ် ရက်တိုင်မှ အလိုလိုလိမ့်၍ ပွင့်လေ၏။

ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရားသည် တရားဟော၍ နေစဉ်အခါ ထိုဝတ္ထုသုံးခုတို့သည် တစ်ပြိုင်နက် ဆိုက်ရောက်လာကြ လေကုန်၏။

အကြောင်းရင်းကို သိခြင်းငှာ မြတ်စွာဘုရားအား လျှောက်ထား ကြလေကုန်၏၊ မြတ်စွာဘုရားသည် ထိုသူသုံးဦးတို့၏ ရှေးအကြောင်း တရားကို ဟောကြားတော်မူ၏၊ ထိုသုံးဦးတို့တွင်

(၁) ကျီးသည် ရှေးဘဝ၌ လူဖြစ်စဉ်အခါ တစ်ခုသော နွားကြမ်း ကို မဆုံးမ, နိုင်ရှိသည်နှင့် နွား၏လည်မှာ ကောက်ရိုးစည်း ကို ဖွဲ့ချည်လျက် မီးတိုက်၍လွှတ်လိုက်၏၊ နွားသေလေ၏။

ထိုသူသည် သေလွန်၍ နောက်ဘဝ၌ ထိုကျီးသတ္တဝါဖြစ် လေရာ ထိုကံဟောင်းကြောင့် ကောင်းကင်မှာ ပျံသွားစဉ် အခါ လည်မှာ မီးကွင်းစွပ်မိ၍ သေဆုံးရလေ၏၊ (၂) လှေသူကြီးမယားသည် ရှေးဘဝ၌ ခွေးတစ်ကောင်ကို အမျက်ထွက်၍ ခွေး၏လည်ပင်းမှာ သဲအိုးဆွဲ၍ ရေထဲ၌ နှစ်သတ်လေ၏။

နောက်ဘဝမှာ သင်္ဘောသူကြီးကတော်ဖြစ်လေရာ ထိုကံဟောင်းကြောင့် သင်္ဘောမသွားနိုင် ရှိနေရာ သမုဒ္ဒရာ ရေထဲ၌ သဲအိုးဆွဲ၍ ပစ်ချသေဆုံးရလေ၏။

(၃) ထိုရဟန်းသည် ရှေးဘဝ၌ နွားကျောင်းသားဖြစ်စဉ်အခါ ဖွတ် သတ္တဝါတစ်ကောင်သည် တွင်းသို့ဝင်သည်ကို ထိုနွား ကျောင်းသားမြင်၍ သစ်ရွက်တို့ဖြင့် ထိုတွင်းကို ပိတ်ဆို့၍ သွားလေ၏၊ ခုနစ်ရက်တိုင်မှ ထိုအရပ်သို့ရောက်ပြန်၍ ထိုတွင်းကို ဖွင့်၍ကြည့်လေရာ အစာငတ်မွတ်သဖြင့် အား နည်းလှလျက် ထွက်၍လာသော ထိုဖွတ်ကိုမြင်လျှင် သနား ခြင်းရှိပြန်၍ ချမ်းသာစွာ လွှတ်လိုက်၏။

ထိုကံဟောင်းကြောင့် နောက်ဘဝ၌ ခုနစ်ရက်တိုင်တိုင် လိုဏ်ပိတ်ခြင်းဒုက္ခကို တွေ့ကြုံခံစားရလေ၏၊ ဤဝတ္ထုသုံးခုကို ပေါင်း၍ မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူသည်။

န အန္ထလိက္ခေ န သမုဒ္ဒမဇ္ဈေ၊

န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ၊

န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊

ယတ္ထ ဌိတော မုေဉ္စယျ ပါပကမ္မာ။။

(အနက်)။။ အန္တလိက္ခေ=ကောင်းကင်၌၊ ဌိတော=တည်သော သူသည်လည်း၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ န မုစ္စတိ= မလွတ်ရ၊ သမုဒ္ဒမဇ္ဈေ=သမုဒ္ဒရာအလယ်၌၊ ဌိတော=တည်သောသူ သည်လည်း၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ န မုစ္စတိ= မလွတ်ရ၊ ပဗ္ဗတာနံ=တောင်တို့၏၊ ဝိဝရံ=အပေါက်တွင်းသို့၊ ပဝိဿ=ဝင်၍၊ ဌိတော=တည်သောသူသည်လည်း၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်း မှုအကျိုးမှ၊ န မုစ္စတိ=မလွတ်ရ၊ ယတ္ထ=အကြင်လောက ရပ်ဒေသ၌၊ ဌိတော=တည်သောသူသည်၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှု အကျိုးမှ၊ မုေဉ္စယျ=လွတ်နိုင်ရာ၏၊ သော ဇဂတိပ္ပဒေသော=ထိုကဲ့သို့သော ဩကာသလောက ရပ်ဒေသသည်၊ န ဝိဇ္ဇတိ=မရှိသည်သာတည်း။

(၄) ဓမ္မနိယာမ

ဓမ္မနိယာမ ဆိုသည်ကား ပစ္ဆိမဘဝိက ဘုရားအလောင်း တော်တို့၏ ပဋိသန္ဓေယူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မ စကြာဒေသနာကို ဟောတော်မူသောအခါ, အာယုသင်္ခါရကို လွှတ် တော်မူသောအခါ, ပရိနိဗ္ဗာန်စံတော်မူသောအခါတို့၌ အလွန် ကြီးကျယ် စွာသော ပုညဓမ္မသမ္ဘာရတို့၏တန်ခိုးကြောင့် လောကဓာတ် တစ် သောင်းတို့၏ တစ်ပြိုင်နက်အားဖြင့် လှုပ်ရှားခြင်းမြဲမှုကို ဓမ္မနိယာမ ဆိုသည်။

(၅) စိတ္တနိယာမ

စိတ္တနိယာမ ဆိုသည်ကား အဆင်း, အသံအစရှိသော အာရုံ တို့သည် မျက်စိ, နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည် ရှိသော် စီမံဖန်ဆင်းသူ မရှိကြပါကုန်ပဲလျက် ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုန်း, သန္တီရဏ အစရှိကုန်သော ဝီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်ခြင်း မြဲကြသည်ကို ဆိုသတည်း။

ဤကား အဋ္ဌသာလိနီ အဋ္ဌကထာကြီး၌ သိသာရုံ မှတ် သားရုံမျှ ဖော်ပြလာရှိသော နိယာမတရားငါးပါး အကျယ်တည်း။ နိယာမ စကားကြီး ငါးခွန်း ပြီး၏။

---

ပညတ်နှင့် ပရမတ်ခွဲပုံ နိယာမနှင့် ထာဝရ

ယခု ပင်စင်အငြိမ်းစား ဝန်ထောက်ကြီး တကာမောင်ရွှေဂိုဝ် နှင့်တကွ ရန်ကုန်အသင်းသားတို့ လျှောက်ထား သည့်အချက်မှာ

“ကမ္ဘာကိုလည်းကောင်း, သတ္တဝါ, သင်္ခါရတို့ကိုလည်း ကောင်း, ထာဝရဘုရား ဖန်ဆင်းသည်”ဟု ဘာသာတစ်ပါးတို့၌ အခိုင်အမြဲယူ၏။

ငါတို့ ဗုဒ္ဓဘာသာ၌ “ကမ္ဘာကိုလည်းကောင်း, သတ္တဝါ, သင်္ခါရတို့ကိုလည်းကောင်း ဘယ်သူ တစ်ဦး တစ်ယောက်မျှ ဖန်ဆင်းရသည်မဟုတ်၊ နိယာမဓမ္မအားဖြင့် အစဉ်အဆက် ဖြစ်၍ နေကြကုန်သည်” ဟု အခိုင်အမြဲယူ၏။

ထိုတွင် ထာဝရဘုရားတစ်ပါးတည်းနှင့် အလုံးစုံ အကုန်ပြီးစီးသည်ဖြစ်၍ လူမတတ်တို့ မှတ်လွယ်, ယူလွယ်, ယုံကြည်လွယ်ရှိ၏၊ နိယာမ ဓမ္မအားဖြင့် ပြီးသည်ဟူသောအယူသည် အကြောင်းအထွေထွေ, အကျိုး အထွေထွေ, ဓမ္မတွေကို ဝေဖန်ခွဲခြမ်းမှု အလွန်များပြားလျက် ခက်ခဲနက်နဲ ဆန်းကြယ်နေသည်ဖြစ်၍ လူမတတ်တို့မှတ်ဖို့, ယူဖို့, ယုံကြည်ဖို့ အလွန် ခဲယဉ်း၏၊ ထာဝရဘုရားနှင့် ပြီးကြသော သူတို့မှာ ကမ္ဘာ, သတ္တဝါတို့ အတွက် ဓာတ်ပညာမျိုး, ဓမ္မပညာမျိုး, အသုံးမကျ၊ နိယာမတရားနှင့် ပြီးကြသောသူတို့မှာ ဖန်ဆင်းသူ ထာဝရဘုရား အသုံးမကျ၊ ဓာတ် ပညာမျိုး, ဓမ္မပညာမျိုးတို့သာ အသုံးကျကြကုန်၏၊ ထို့ကြောင့် ထာဝရ ဘာသာ ကျမ်းစာတို့၌ ရပ်သူ, ရွာသား လူအများတို့ အလွန်နားလည် လွယ်တတ်သော ပညတ်စကားမျိုးတို့သာ လာရှိကုန်၏၊ (အက်ဖ်-အေ၊ ဘီ-အေ) စသော ဓာတ်ပညာကျမ်း, ငါတို့ဗုဒ္ဓဘာသာ အဘိဓမ္မာ ကျမ်းစာ တို့၌သာလျှင် ဓာတ်စကားမျိုး, ဓမ္မစကားမျိုးတို့သည် လာရှိကုန်၏၊

ဓာတ်တုံး ဓာတ်ခဲ

ပညတ်စကားမျိုးတို့သည် ကမ္ဘာပေါ်မှာ ရှိရှိသမျှသော မိန်းမ, ယောကျ်ား လူအများတို့၏ နား, မျက်စိ ဖြစ်ကြကုန်၏၊ ဓာတ်စကားမျိုး, ဓမ္မစကားမျိုးတို့သည် (အက်ဖ်-အေ၊ ဘီ-အေ) ပညာရှိသူများ, အဘိဓမ္မာ ပညာရှိကြသူများတို့၏ နား မျက်စိ ဖြစ်ကြကုန်၏၊ မြေကြီး, မြင့်မိုရ်, ပင်လယ်, သမုဒ္ဒရာစသော ဩကာသလောက အဆောက်အအုံ အလုံးစုံ တို့သည်လည်း ဓာတ်ပုံ, ဓာတ်စု, ဓာတ်တုံး, ဓာတ်ခဲစုတို့သာ အမှန်ဖြစ်ကြ ကုန်၏၊ သစ်ပင်, ချုံ, မြက် အစရှိသော အဆောက်အအုံ အလုံးစုံတို့သည် လည်း ဓာတ်ပုံ, ဓာတ်စု, ဓာတ်တုံး, ဓာတ်ခဲစုတို့သာ အမှန်ဖြစ်ကြကုန်၏။

ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူ, နတ်, နွား, ကျွဲ, ဆင်, မြင်း အစရှိ သော သတ္တလောက အဆောက်အအုံ အလုံးစုံတို့သည်လည်း ဓာတ်ပုံ, ဓာတ်စု, ဓာတ်တုံး, ဓာတ်ခဲစုတို့သာ အမှန်ဖြစ်ကြကုန်၏၊ ဓာတ်ပညာ ရှိကြီး, ဓမ္မပညာရှိကြီးတို့၏ နား, မျက်စိတို့သာ ဖြစ်ကြကုန်၏၊ ထိုကြောင့် ထိုလောကသုံးပါးတို့၏ ဖြစ်မှု, ပျက်မှု, အခွင့်စု၌ ပညတ်သမားတို့၏ အယူစကားကို သတ္တဝါအများတို့ နား မယောင်ကြစေခြင်းငှါ လောကသုံးပါး၏ အချုပ်အခြာ ဖြစ်သော နိယာမတရားငါးပါးတို့ကို ရန်ကုန်မြို့ ဓမ္မဿဝန ဗုဒ္ဓသာသနာပြု အသင်းကြီး၏ ဥက္ကဋ္ဌ ပြီစီဒင်ဖြစ်သူ ပင်စင်အငြိမ်းစား ဝန် ထောက် မောင်ရွှေဂိုဝ်နှင့်တကွ အသင်းသားတို့ လျှောက်ထား တောင်းပန်ကြပေကုန်သတည်း။

ပညတ်သမားနှင့် ပရမတ်သမား အသိဉာဏ်ခြားနားပုံ

ဤအရာ၌ ပညတ်ဖက်သား လူအများတို့နှင့် အဘိဓမ္မာဓာတ် ပညာရှိကြီးတို့၏ အသိဉာဏ်တရား ခြားနားကြပုံကို ပြဆိုပေဦးအံ့။

လူဆောက်လုပ်၍ အိမ်ဖြစ်ပေါ်လာရာ၌ ရပ်သူ, ရွာသား လူအများတို့သည် ဆောက်လုပ်သူကို လူဟူ၍သိကြကုန်၏၊ အိမ်ကိုလည်း အိမ်ဟူ၍ သိကြကုန်၏၊ ဓာတ်ပညာရှိတို့သည်မူကား ရပ်သူ, ရွာသား လူ အများတို့နည်းတူ လူဟူ၍, အိမ်ဟူ၍လည်း အမှတ်သညာသိနှင့် သိကြကုန်၏၊ လူခေါ်သော ဝတ္ထုမှာ ဓာတ်မျိုးပေါင်း ဘယ်မျှရှိသည်၊ အိမ်ခေါ်သော ဝတ္ထုမှာ ဓာတ်မျိုးပေါင်း ဘယ်မျှရှိသည်၊ ဓာတ် မဟုတ်သော ပညတ်သဏ္ဌာန်ကို လူခေါ်သည်၊ အိမ်ခေါ်သည်၊ ဓာတ် သည် လူမဟုတ်၊ အိမ်မဟုတ်၊ လူသည် အိမ်သည် ဓာတ်မဟုတ်၊ ဓာတ်ခဲ, ဓာတ်စုသည်သာ အမှန်ရှိ၊ အဟုတ်ရှိဖြစ်သည်၊ သဏ္ဌာန်သည် အဟုတ် ရှိမျိုး မဟုတ်၊ အမှန်ရှိမျိုးမဟုတ်၊ စိတ်ထဲတွင်သာ ထင်မြင်ကြလေသော အထည်ဒြဗ်မျိုး ဖြစ်သည်။

ရပ်သူ, ရွာသား လူအများတို့သည် လူသည် အိမ်ကို ဆောက် လုပ်တတ်၏၊ လူဆောက်မှအိမ်ဖြစ်၏ ဟူ၍သိကြကုန်၏၊ ဓာတ် ပညာရှိတို့သည်မူကား ဓာတ်ပညာမျက်စိနှင့် ကြည့်ရှု စိတ်ဖြာ ခွဲခြမ်းလိုက် သည်ရှိသော် လူဟူ၍ မတွေ့၊ ဓာတ်တို့ကို သာတွေ့၏၊ ဓာတ်တုံး, ဓာတ်ခဲ သာ ရှိ၏၊

စိတ် နှင့် စေတနာ

ထိုဓာတ်တုံး, ဓာတ်ခဲကြီးမှာလည်း အိမ်ဆောက်မှု အလုပ်သည် ကြီးဖြစ်သော ဓာတ်စွမ်းကောင်းကြီးတစ်ခု ရှိလေ၏၊ ထိုဓာတ်စွမ်းကောင်း ကြီးကို စေတနာလည်း ခေါ်၏၊ ကမ္မံ=ကံ ဟူ၍လည်း ခေါ်၏။

အဘယ်ကြောင့် စေတနာ ခေါ်သနည်း? ကိုယ်အင်္ဂါ , စိတ်အင်္ဂါ တို့ကို အုံလုံးဆူကြွ တစ်ပြိုင်တည်း ထကြွအောင် ချီကြွလှုံ့ဆော်သမားကြီး ဖြစ်သောကြောင့် စေတနာခေါ်သတည်း။

အဘယ်ကြောင့် ကံ ခေါ်သနည်း? လောက၌ ထိုင်မှု, ထမှု, သွားမှု, လာမှု, ပြောမှု, ဆိုမှု, ကြံမှု, ဖန်မှု, လှူမှု, ဒါန်းမှု, သတ်မှု, ဖြတ်မှု အစရှိကုန်သော အလုံးစုံသော အရေးကိစ္စတို့သည် သူ မထက ဘယ်ကိစ္စ တစ်ခုမျှ ပြီးစီးသည် မရှိကုန်၊ သူထမှ ပြီးစီးနိုင်ကြကုန်၏၊ သူ ထလျှင် စိတ်၏ အင်္ဂါဖြစ်ကုန်သော ဝိတက်, ဝီရိယ, လောဘ, ဒေါသ, သဒ္ဓါ, ပညာ, အစရှိကုန်သော ဓာတ်တို့သည် ကိုယ့်ကိစ္စနှင့်ကိုယ် ထကြရကုန်၏၊ ထို့ကြောင့် ခပ်သိမ်းသောကိုယ်အမှု, နှုတ်အမှု, စိတ်အမှုတို့မှာ သူသည် သာလျှင် အမှုသည်ရင်းကြီး မှန်ပေ၏၊ အမှုဆောင်ကြီး မှန်ပေ၏၊ ထိုကြောင့် ကမ္မံ=ကံဟူ၍ ခေါ်သတည်း။

မြတ်စွာဘုရားသည်လည်း
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ၊ ကာယေန ဝါစာယ မနသာ
ဟူ၍ ဟောတော်မူပေ၏၊ တောလည်ရာ၌ လမ်းအနီးဝယ် ချုံငယ်တစ်ခုမှ ယုန်ထ၍ ပြေးသည်ကို မြင်ကြရာ၌ စေတနာ မဆော်လျှင် မြင်ရုံနှင့်ပြီး၏၊ စေတနာ ဆော်ခဲ့လျှင် အော်မှု, ဟစ်မှု, ပစ်မှု, ခတ်မှုတွေ ပေါ်လာ၏၊ ဤနည်းတူ အလုံးစုံသောကိစ္စတို့မှာ စေတနာသည်သာလျှင် အမှုသည်ရင်းဖြစ်၍ ကမ္မံ=ကံဟူ၍ ခေါ်သတည်း။

- ရုပ်ဓာတ်မျိုးတို့မှာ မီးဓာတ်ကြီး,
- နာမ်ဓာတ်မျိုးတို့မှာ စေတနာဓာတ်ကြီး
တို့သည် လှုံ့ဆော်သမားကြီး နှစ်ပါးတို့ပေတည်း၊ မီးသင်္ဘော, မီးရထား, မီးစက်ရုံကြီးတို့၌ စက်ကိရိယာတို့ လှုပ်ရှားမှု ကိစ္စဟူသမျှတို့မှာ မီးဓာတ်ကြီးသည် အမှုသည်ရင်းဖြစ်၏၊ သတ္တဝါတို့၌ ကိုယ်အင်္ဂါ, နှုတ် အင်္ဂါ, စိတ်အင်္ဂါ လှုပ်ရှားမှုတို့မှာ စေတနာဓာတ်ကြီးသည် အမှုသည် ရင်းကြီးဖြစ်၏။

ထို့ကြောင့် ဤအိမ်ဆောက်မှုမှာလည်း စေတနာဓာတ်ကြီး သာလျှင် အမှုသည်ရင်းကြီး ဖြစ်လေသတည်း၊ မီးရထား မီးအိုးတို့၌ စိတ်သည် ထင်းနှင့်တူ၏၊ စေတနာသည် ထင်းမှာစွဲသော မီးနှင့်တူ၏၊ ထင်းသားတခြား မီးသားတစ်ခြားပေတည်း၊ ရေနှင့်လောင်းခဲ့သော် မီးဓာတ်သာ သေပျောက်၍ကုန်၏၊ ထင်းသားမီးသွေး ကျန်ရှိ၏၊ မီး တို့ပြန်လျှင် ထိုမီးသွေးခဲပင် မီးခဲဖြစ်ပြန်၏။

ဤကား စိတ်နှင့် စေတနာ ဓာတ်ခွဲပုံတည်း။ [ဖဿ, ဝေဒနာ, သညာ, ဝိတက္က, ဝိစာရ, လောဘ, ဒေါသ, သဒ္ဓါ, ပညာ အစရှိသော နာမ်ကာယခေါ်သော နာမ်ဓာတ်တို့ကို စိတ် ဓာတ်နှင့် ခွဲရာ၌လည်း ဤနည်းတူ မှတ်လေ။]

ဉာဏ်အမြင်အားဖြင့် တစ်ခြားစီ

တစ်နည်းကား ဟင်းသီး, ဟင်းရွက်, ဆား, ဆီ, ငပိ, ငရုတ်, ကြက်သွန်တို့ကို ရေနှင့်ဖက်၍ ဟင်းချိုရည်ချက်ရာ၌ စိတ်သည် ရေနှင့် တူ၏၊ ဖဿ, ဝေဒနာ, သညာ, စေတနာ အစရှိကုန်သော နာမ်ဓာတ်တို့ သည် ဟင်းသီး, ဟင်းရွက်, ဆား, ဆီစသည်တို့နှင့် တူကြကုန်၏၊ ဇွန်း၌ တည်ရှိသော ဟင်းချိုရည်မှာ အစုံပါကြကုန်၏၊ မျက်မြင်အားဖြင့် မကွဲကြ ကုန်၊ ဉာဏ်မြင်အားဖြင့် မရောကြကုန်။

'ဉာဏ်မြင်'ဆိုသည်ကား ရေ၏ကိစ္စကတစ်ခြား, ဟင်းသီးဟင်းရွက် တို့၏ အရသာတို့ကား တစ်ခြား, ဆားစသည်တို့၏ ရသတို့သည်လည်း တစ်ခြားစီတို့သာတည်း။

- စိတ်သည် ရေနှင့်တူ၏။
- ဖဿ, ဝေဒနာ စသော နာမ်ဓာတ် တို့သည် ဟင်းသီးရသ, ဟင်းရွက်ရသ, ဆားရသ, ဆီရသ စသည်တို့နှင့် တူကြကုန်၏၊ ဓာတ်ပညာ မရှိကြကုန်သော သူတို့သည် ထိုဟင်းရေမှာပင် ခြားနားကြမှန်း မသိကြကုန်၊ လူတို့၏စိတ်ထဲမှာ ဓာတ်သဘာဝ ခြားနား ကြသည်ကို သိကြမည် ဝေးလေစွ။

ဤကား စိတ်နှင့်စေတနာကို ကွဲပြားခြားနားစွာ သိစေလို၍ ပြဆိုလိုက်သော စကားစုတည်း။

အိမ်ဟူ၍ မရှိနိုင်ခြင်း

'လူဆောက်လုပ်၍ အိမ်ဖြစ်ပေါ်လာသည်' ဟူသော စကား၌ သစ်ဝါးတို့သည်သာလျှင် ထိုထိုတောတောင်တို့၌ ဖြစ်မှု, ပေါက်မှု, ပေါ်မှု ဇာတိနှင့်တကွ အမှန်ရှိကြကုန်သည်၊ အိမ်မှာမူကား ဖြစ်သည်ဟူ၍ ဆိုရန် ဇာတိပင်မရှိ၊ သစ်ဝါးတို့ကို ပေါင်းစုတည်ထောင်မိသောအခါ၌ အိမ်ခေါ်စရာ သဏ္ဌာန်ကြီး တစ်ခုအနေနှင့် စိတ်ထဲတွင် ထင်မြင်လာ၏၊ ဤမျှသာ ဆိုခွင့်ရှိ၏၊။ အိမ်ဟူ၍ မရှိဟူသော စကားထင်လျားပြီ။

ဤကဲ့သို့သော အသိဉာဏ်မျိုးသည် ဓာတ်ပညာရှိတို့၌သာ ရှိကြကုန်၏၊ ဓာတ်ပညာမရှိကြသော မှောင်တွင်းသားတို့မှာ မရှိကြ၊ ထိုသူတို့သည်ကား လူဟူသော သဏ္ဌာနပညတ်နှင့် စိတ်စေတနာ ဟူ သော နာမ်ဓာတ်သာ ခြားနားဖို့ကို မဆိုထားဘိ အိမ်နှင့်သစ်ဝါး ခြားနား ကြရန်ပင် ဉာဏ်မရှိကြ။

အိမ်နှင့်သစ်ဝါး တစ်ခြားစီဆိုခဲ့သော် အိမ်နှင့်သစ်ဝါး ဘာခြား သေးသလဲ ဘာထူးသေးသလဲဟု ပြောကြကုန်လတ္တံ့၊ ထိုအခါ၌ အိမ် ကိုဖျက်၍ ပုံထားခဲ့သော် ထိုသစ်ဝါးစု ဟုတ်သေး၏လော၊ ရှိသေး၏ လော-မေး၊ ထိုသစ်ဝါးစု ဟုတ်ပါ၏၊ ရှိပါ၏ဟု ပြောလတ္တံ့၊ ထိုအိမ် ဟုတ် သေး၏လော၊ ရှိသေး၏လော မေး၊ ထိုအိမ် မဟုတ်ပြီ၊ မရှိပြီ၊ ပျက်ကွက် ကွယ်ပြီဟု ပြောလတံ့၊ သဏ္ဌာန်နှင့် သစ်ဝါး ခြားနားလျက် ပေါ်လေ၏။

နောက်၌ သံသပိတ် စကားနှင့်စပ်၍ အကုန်ရှင်းလင်းကြစေ။ ဤကဲ့သို့ ရုပ်ဓာတ်, နာမ်ဓာတ် ခွဲနည်း၌ လိမ်မာကြသူတို့သည် မူကား အိမ်ခေါ်သော ဓာတ်ပုံ, ဓာတ်စုသည် လူဆောက်လုပ်၍ ဖြစ်သည် မဟုတ်၊ လူ ဟူ၍ပင် မရှိ၊ စေတနာဟူသော ပစ္စုပ္ပန်ကံနှင့် ဉာဏ်ဝီရိယ တို့၏အစွမ်းကြောင့် အိမ်သဏ္ဌာန်ကြီးအနေနှင့် ပေါင်းစုတည်ရှိ လာကြကုန်သည်ဟု အမှန်ဆိုနိုင်ကြကုန်၏၊ သစ်ဝါးတို့သည်လည်း ရုပ် ဓာတ်ရှစ်ပါးတို့နှင့် ခွဲစိတ်ပြန်လျှင် သဏ္ဌာန်မျှ ရှိကြကုန်၏၊

ထာဝရဘုရားက ပေးခြင်း မဟုတ်

တစ်ဖန် “အိမ်ဆောက်လုပ်သူမှာ တစ်ရာငွေ နှစ်ရာငွေ ကံကြွေး လက်ခရသည်မှာလည်း ဘယ်သူပေး၍ ရသနည်း”ဟုမေးခဲ့သော် ရပ်သူရွာသားတို့က “အိမ့်ရှင်ပေး၍ရသည်”ဟုပြောကြကုန်လတ္တံ့၊ ဘာသာတစ်ပါး ဆရာများတို့က “ထာဝရဘုရားပေး၍ ရသည်” ဟု ပြောကြကုန်ရာ၏၊ အကြောင်းအကျိုး၌ လိမ်မာသော ဓာတ်ပညာရှိတို့ မူကား ရပ်သူရွာသားတို့ အရိုးအစဉ်သို့လိုက်၍ “အိမ့်ရှင်ပေး၍ ရပေ သည်”ဟူ၍လည်းကောင်း၊ “လှုံ့ဆော်ဆောက်လုပ်မှု စေတနာ ဓာတ်ကြီး သည်သာလျှင် အိမ်ပြီးစီးရာ၌ အမှုသည်ရင်းကြီးဖြစ်ပေသည်၊ အိမ်ပြီး စီးသည့်အတွက် ထိုလက်ခကို ရပေသည်၊ ထို့ကြောင့် ထိုဆောက်လုပ်မှု စေတနာဟူသော ပစ္စုပ္ပန်ကံပေး၍ ထိုလက်ခကို ရပေသည်” ဟူ၍ လည်းကောင်း အရာဌာနအားလျော်စွာ ပြောကြကုန်ပေလတံ့။

ကံပေး၍သာ ရခြင်း

'ကံပေး၍ရသည်' ဟူသော စကားမှာလည်း“အိမ်ဆောက် တတ်သော သူ့အတတ် သူ့ပညာ သူ့အလိမ်မာပေး၍ ရသည်”ဟူ၍ လည်း ဆိုရ၏၊ “လိမ်မာသည့်အတိုင်း အပန်းခံ၍ လုပ်ကြံနိုင်သော သူ့ဝီရိယ သူ့လုံ့လ ပေး၍ရသည်”ဟူ၍လည်း ဆိုရ၏၊ စေတနာကို ချီးမွမ်းလိုသော် “ကံပေး၍ရသည်ဟု” ဆိုရသည်၊ အလိမ်မာကို ချီးမွမ်းလိုသော် “ဉာဏ်ပေး၍ ရသည်” ဟုဆိုရသည်၊ လုံ့လမှုကို ချီးမွမ်းလိုသော် “ဝီရိယပေး၍ ရသည်” ဟူ၍ ဆိုရပေသည်။

မိမိ၏ ကံ, ဉာဏ်, ဝီရိယတို့သည်သာလျှင် တစ်သက်ပတ်လုံး အစဉ်ထာဝရ ပေးဖော်ရကြကုန်သည်၊ အိမ်ရှင်သည်မူကား သူ့အိမ်ကို ဆောက်လုပ်မှုအတွက်မျှကိုသာ ပေးလတံ့။

ဤကား ကံ, ဉာဏ်, ဝီရိယတို့ကို အားကိုး, အားကျ စွဲမြဲကြစေခြင်းငှါ ဗုဒ္ဓဘာသာ ပညာရှိတို့၏ ပြောနည်း ဆိုနည်းပေတည်း။ ဤအိမ် ဆောက်မှု တစ်ခုကို ပြဆိုလိုက်သဖြင့် အလုံးစုံကို အကုန်မြင်ကြစေ။

လောကနှင့် နိယာမ ဩကာသလောကကြီး၏ ဖြစ်မှု ပျက်မှု

ယခုအခါ နိယာမတရားတို့၏အစွမ်းဖြင့် ဩကာသလောက, သင်္ခါရလောက, သတ္တလောကတည်းဟူသော လောကသုံးပါးတို့၏ အစ, မထင် အစဉ်အဆက် ဖြစ်တုံ ပျက်တုံ အပြည့်အစုံ အကျယ်ကိုမူကား ကပ္ပဝဏ္ဏနာ စသော ကျမ်းတို့မှာ ယူကြလေ။

ဖြစ်တုံ, ပျက်တုံ နေကြပုံကို အကျဉ်းအားဖြင့် ပြဆိုပေအံ့။

နိယာမတရားငါးပါးတို့တွင်
ဥတုနိယာမ, ဗီဇနိယာမ နှစ်ပါးတို့သည် ဩကာသလောက, သင်္ခါရလောကတို့၏ ဆိုင်ရာတို့တည်း။
ကမ္မနိယာမ, စိတ္တနိယာမ နှစ်ပါးတို့သည် သတ္တလောက၏ ဆိုင်ရာတို့တည်း။
ဓမ္မနိယာမသည် လောကသုံးပါးနှင့် ဆိုင်၏၊

ကမ္ဘာကြီးတည်ပုံ ပျက်ပုံ

စက်ဘီးသဏ္ဌာန်ကဲ့သို့ စကြဝဠာတောင်တန်းကြီးတစ်ခု ဝန်းဝိုင်း ၍ တည်ရှိသော တစ်ခုသော လောကဓာတ်ကို ဩကာသလောကတစ်ခု ခေါ်၏၊ ထိုဩကာသလောကတစ်ခု၏ အတွင်း၌ မဟာပထဝီ, မဟာ သမုဒ္ဒရာ ကျွန်းကြီး လေးကျွန်း, ကျွန်းငယ်အများ အလယ်တည့်တည့်၌ မြင့်မိုရ်တောင်ကြီး ထိုမြင့်မိုရ်တောင်ကြီး၏ အပ၌ မြင့်မိုရ်တောင်ကို ဝန်းဝိုင်း၍ တည်ရှိကြကုန်သော သီတာ သမုဒ္ဒရာခုနစ်တန် သတ္တရဘန် တောင်တန်း, တောင်ဝိုင်းကြီးခုနစ်ထပ် တည်ရှိကြကုန်၏။

ဤကား ငါတို့ ယခုတည်ရှိ၍ နေကြသော ဩကာသ လောက တစ်ခု၏ တည်ရှိပုံတည်း။ လောကဓာတ်တစ်ခုလည်းခေါ်ရ၏၊ စကြဝဠာတစ်ခုလည်း ခေါ်ရ၏။

ငါတို့စကြဝဠာမှ အရှေ့, အနောက်, တောင်, မြောက် အရပ်လေးမျက်နှာတို့၌လည်း စကြဝဠာအဆက်ဆက် အဆုံးမရှိ၊ အနန္တစီချည်း တည်ရှိကြကုန်၏၊ ထိုစကြဝဠာ အသီးသီးတို့သည်လည်း အညီအမျှ ရွက်ဆောင်ကြကုန်သော ဓာတ်တို့၏ ဓမ္မနိယာမ အစွမ်းအားဖြင့် အဝန်း အဝိုင်း အညီအမျှ ဖြစ်ကြကုန်၏၊ ထိုအဆုံးမရှိ အနန္တ စကြဝဠာတို့ သည်လည်း ကုဋေတစ်သိန်းစီ ကုဋေတစ်သိန်းစီ ဖြစ်အတူ ပျက်အတူ ဖွဲ့စည်းလျက် တည်ရှိကြကုန်၏၊ စကြဝဠာတို့၏ အောက်၌ ရေအထုကြီး ခံ၏၊ ရေ၏အောက်၌ လေအထုကြီးခံ၏၊ လေ၏အောက်၌ အဇဋာ ကာသ အနန္တကောင်းကင်ကြီး အဆုံးမရှိ သွားလေ၏။

အထက် ကောင်းကင်တို့၌ တည်ရှိကြကုန်သော မိုးတိမ်တို့သည် လည်းကောင်း၊ နေ, လ, နက္ခတ်, တာရာ အပေါင်းတို့သည်လည်းကောင်း, ကောင်းကင်ဘုံကြီးတို့သည်လည်းကောင်း မြေအပြင်မှအထက် ကောင်း ကင်နှင့်အပြည့်ရှိနေသော လေအထုကြီးမှာ တည်ကြရကုန်သကဲ့သို့ အောက်ကမ္ဘာ ရေကြီးသည် ပြင်းထန်စွာ သွားလာ၍နေသော လေအရှင် အထုကြီးမှာ တည်ရလေ၏၊ ထိုလေအရှင် အထုကြီးသည်လည်း အောက်အနန္တ ကောင်းကင်ကြီးနှင့် အပြည့်ရှိနေသော ပကတိ လေသေ အထုကြီးမှာ တည်လေ၏၊ စကြဝဠာတို့၏ အထက်၌လည်း အဇဋာ ကာသ အနန္တ ကောင်းကင်ကြီး အဆုံးမရှိ သွားလေ၏။

လူ့ပြည်မှအထက်အရပ်မျက်နှာ၌ ယူဇနာပေါင်းခုနစ်ကုဋေ တစ်သန်း, ရှစ်သိန်း, ငါးသောင်း ခြောက်ထောင်မျှ ဝေးကွာသော ကောင်း ကင် အရပ်၌ ဘဝဂ်ဘုံတည်ရှိ၏၊ ထိုဘုံမှ အောက်ကောင်းကင် အပြင် ကြီး၌ နတ်ဘုံ အဆင့်ဆင့်, ဗြဟ္မာ့ဘုံအဆင့်ဆင့်ဟူသော ကောင်းကင်ဘုံ ကြီး, ကောင်းကင်နိုင်ငံကြီးတို့သည် အဆင့်ဆင့် တည်ရှိကြကုန်၏၊

ဩကာသလောက တည်နေချိန်

ဩကာသလောကသည် အဘယ်မျှ ကာလကြာမြင့်စွာ တည် နေပါသနည်းဟူမူ မြန်မာတိုင်အားဖြင့် တစ်တိုင်ခွဲနှင့် တာပေါင်းတစ်ရာကို တစ်ဂါဝုတ်ခေါ်၏၊ အလျားတစ်ဂါဝုတ်, အနံတစ်ဂါဝုတ်, အမြင့် တစ်ဂါဝုတ်ရှိသော တစ်ခဲနက် ကျောက်အတိပြီးသော တောင်ကြီးတစ်ခု ရှိရာ၏၊ ထိုတောင်ကြီးကို အလွန်သိမ်မွေ့လှစွာသော လဲဝါဂွမ်းဖြင့် အနှစ်တစ်ရာမှ တစ်ခါ, အနှစ် တစ်ရာမှ တစ်ခါ, ပွတ်တိုက်သည်ရှိသော် ပွတ်တိုက်ဖန် အနန္တ အများကြီး များလှသဖြင့် ထိုကျောက်တောင်ကြီး သည်ကုန်လေရာ၏။

ဤမဟာပထဝီ, မြင့်မိုရ်တို့ ယခုတည်ရှိကြသော ဩကာသ လောက၏ အသက်သည် မကုန်နိုင်ရာ၊ တစ်ကြိမ်တည်ထောင်ပြီးသော မဟာပထဝီ, မြင့်မိုရ် အစရှိသော ဩကာသလောကသည် ဤမျှလောက် ကာလမြင့်စွာ တည်ရှိ၏။

ပျက်သောအခါ၌ စကြဝဠာပေါင်း ကုဋေတစ်သိန်း တစ်ပြိုင်နက် ပျက်၏၊ စကြဝဠာတို့ကိုခံသော ကမ္ဘာရေပြင်ကြီးမှ အထက် ပထမစျာန် ဗြဟ္မာပြည် တိုင်အောင် အကုန်မီးလောင်၏၊ ပဌမစျာန် ဗြဟ္မာပြည်လည်း ပါလေ၏။

ဤကား ကမ္ဘာတည်ချက် ကမ္ဘာပျက်ချက် အမြွက်စကားတည်း။

---

ကမ္ဘာကပ်လေးပါး

မဟာကပ်

ယခုအခါ အကျယ်ပြဆိုအံ့။ ကပ်သည်
၁။ သံဝဋ္ဋကပ်,
၂။ သံဝဋ္ဋဌာယီကပ်,
၃။ ဝိဝဋ္ဋကပ်,
၄။ ဝိဝဋ္ဋဌာယီကပ်

ဟူ၍ လေးကပ်ရှိ၏၊ ထိုလေးကပ်တို့တွင်

- ပျက်ဆဲသည် သံဝဋ္ဋကပ်မည်၏။

- တစ်စုံတစ်ခု ဖြစ်ပေါ်မှု မရှိသေးဘဲ ပျက်ပြီးအတိုင်း ရှိနေသေး သော ကာလသည် သံဝဋ္ဋဌာယီကပ် မည်၏။

- တည်ထောင်ဆဲကာလသည် ဝိဝဋ္ဋကပ်မည်၏။

- တည်ထောင်ပြီးအတိုင်း တည်သောကာလသည် ဝိဝဋ္ဋဌာယီကပ် မည်၏။

ထိုလေးကပ်လုံးသည် ကျောက်တောင်ကြီး ဥပမာနှင့်အမျှစီ ကာလရှည်ကြာကြ၏။

ကပ်လေးပါးအပေါင်းကို မဟာကပ်ကြီးတစ်ခုဆို၏၊ ထိုကပ် လေးပါးကို အစဉ်အတိုင်း ပြဆိုပေအံ့။

---

သံဝဋ္ဋကပ်

စကြဝဠာပေါင်း ကုဋေတစ်သိန်းစီ အရေအတွက် ရှိကြသော ထိုဩကာသလောကစုသည် ဖြစ်ချိန်, ပျက်ချိန် ကျသောအခါ အဘယ် ဓာတ်၏အစွမ်းဖြင့် ဖြစ်ပေါ်လာသနည်း၊ အဘယ်ဓာတ်၏အစွမ်းဖြင့် ပျက်ဆုံးပါသနည်း၊ ဥတုခေါ်သော မီးဓာတ်ကြီး၏အစွမ်းဖြင့် ဖြစ် ပေါ်သည်။ ဥတုခေါ်သော မီးဓာတ်ကြီး၏အစွမ်းဖြင့် ပျက်ဆုံးသည်။ ပျက် ဆုံးပုံကို ရှေးဦးစွာပြဦးအံ့၊ ယခုတည်ရှိသော ဤကမ္ဘာသည် ကျောက် တောင်ကြီး ဥပမာအတိုင်း နှစ်အသင်္ချေ, နှစ်အသင်္ချေပေါင်း မရေ မတွက်နိုင် ကြာညောင်းလတ်သော် ကမ္ဘာမီးကြီးလောင်၍ ပျက်လတံ့။

---

ကမ္ဘာပျက်ခြင်း အကြောင်း

ပျက်ဆုံးပုံကား ယခုရှိကြသော မဟာပထဝီမြေကြီး, စကြဝဠာ တောင်, သတ္တရဘန်တောင်, မြင့်မိုရ်တောင် အလုံးစုံတို့သည် အစဉ် အတိုင်း အိုမှန်းမသိအို, ရင့်မှန်းမသိရင့်ဖန်များလတ်သော် အခွံဓာတ်မျိုး, အကာဓာတ်မျိုး အဆင့်ဆင့်တို့သည် တစ်ဖြည်းဖြည်း ကုန်ခန်းကြကုန် လတ္တံ့၊ အနှစ်ဓာတ်မျိုးတို့သည်သာ ကျန်ရှိကြကုန်လတ္တံ့။ အနှစ်ဓာတ် မျိုးတို့်မှာလည်း ညံ့ဖျင်းရာ ညံ့ဖျင်းရာတို့က ကုန်ခန်းဖန် များလတ်သော် အသားမှအနှစ်, အနှစ်မှအဆီမျိုးတို့သာ ကျန်ရှိ ကြကုန်လတံ့၊ ထိုအခါ၌ မဟာပထဝီစသည်တို့သည် ဆီဦးခဲ, ထောပတ် ခဲ, ယမ်းဆီခဲ, ကန့်ခဲ, ကန့်ဆီခဲတို့ကဲ့သို့ မီးထည့်လျှင် တောက်တည့်ရန် မြေဆီ, မြေနှစ်, ကျောက်ဆီ, ကျောက်နှစ်တို့သာ ကျန်ရှိကြကုန်လတံ့။

[ထို့ကြောင့် ဆီ ထောပတ်တို့ကို လောင်သော မီးနှင့် ဥပမာပြတော်မူ၏၊]

ဤကဲ့သို့ နှစ်ကာလ အလွန်ကြာညောင်းသဖြင့် အိုမင်း, ရင့်ဆွေး ရခြင်း စသည်အတိုင်း ကုန်ခန်းရခြင်းအမှုသည် ဘယ်သူတစ်ဦး တစ် ယောက်မျှ ဖန်ဆင်းရသော အမှုမျိုး မဟုတ်၊ အိုမင်း ရင့်ဆွေးအောင် ပြုလုပ်သူမရှိလျှင် မအိုနိုင်, မရင့်နိုင်ဟူ၍ပင် မရှိ၊ ဓမ္မနိယာမ အားဖြင့် တစ်လောကလုံး သိမြင်ထင်လျား၍ နေကြသော ဓမ္မတာအမှုကြီး ပေတည်း။

---

ကမ္ဘာပျက်ပုံ

ဤကဲ့သို့ မဟာပထဝီ, စကြဝဠာတောင်, သတ္တရဘန်တောင်, မြင့်မိုရ်တောင်တို့ အိုမင်း ရင့်ဆွေးခြင်းသို့ ရောက်ကြကုန်သောအခါ ကမ္ဘာပျက်မီးကြီး ဖြစ်ပေါ်လိုလတ်သော် ကမ္ဘာပေါ်မှာ မိုးကြီး ကြီးစွာ တစ်ကြိမ်ရွာ၏၊ ကမ္ဘာပျက်မိုးကြီးခေါ်၏၊ ထိုမှနောက်၌ မိုးမရွာပြီ၊ အနှစ်တစ်သိန်းခန့်ရှိလတ်သော် ကောင်းကင်၌ နေဗိမာန်အများ ပွားစီး၍ လာ၏၊ နေဗိမာန် ခုနစ်ခုတိုင်အောင် အစဉ်အားဖြင့် တိုးပွားလေ၏၊ စကြဝဠာ ကုဋေတစ်သိန်းမှာ နေဗိမာန်ပေါင်း ကုဋေခုနစ်သိန်း ဖြစ်လာ ၏၊ ဤသို့ ဖြစ်လာရာ၌လည်း ဤမျှလောက် ကြီးကျယ်၍ ဤမျှလောက် ကြာညောင်းစွာ တည်ရှိသော ဓာတ်အသိုက်အအုံကြီး၌ ဓာတ်တို့၏ အကြီး အကျယ် အဆန်းတကြယ် ဖောက်ပြန်ဖွယ် အခွင့်ကြီးတို့သည် အသိုက် အအုံ ကြီးကျယ်ကြာညောင်းမှုနှင့်ပင် ပြီးစီးနိုင်ကုန်၏၊ နေဗိမာန်ပေါင်း များစွာ ကမ္ဘာပျက်မီးကြီး ဖြစ်ပေါ်လိုလျှင် ဖြစ်ပေါ်နိုင်၏၊ ကမ္ဘာပျက် ရေကြီး ဖြစ်ပေါ်လိုလျှင် ဖြစ်ပေါ်နိုင်၏၊ ကမ္ဘာပျက်လေကြီး ဖြစ်ပေါ် လိုလျှင် ဖြစ်ပေါ်နိုင်၏။

ဖန်ဆင်းသူကို ရှာကြံဖွယ်မရှိ၊ ဉာဏ်မနိုင်ရှိခဲ့လျှင် ဖန် ဆင်းသူကို တွေးယူတတ်ကြ၏။

အနောက်နိုင်ငံများမှာ ရံခါရံခါ မီးတောင်ပေါက်မှု, မိုးကြီးစွာ ရွာ၍ မြို့ရွာအများ ပျက်ပြားမှု, ပင်လယ်ရေ လွှမ်း၍ မြို့ရွာအများ ပျက် ပြားမှု, လေကြီး ကြီးစွာလာ၍ မြို့ရွာအများ ပျက်ပြားမှုတို့ကဲ့သို့တည်း။ ဤ နေဗိမာန် ခုနစ်စင်းထွက်၍ ကမ္ဘာပျက်မီးလောင်ပုံကို အင်္ဂုတ္တိုရ်ပါဠိတော်မှာ ငါတို့မြတ်စွာဘုရား ဟောကြားတော် မူသော ပါဠိတော်ကြီးရှိလေပြီ။ အင်္ဂုတ္တိုရ်ပါဠိတော် ဒုတိယအုပ် သတ္တကနိပါတ် နံပါတ်(၄၇၅) မှာကြည့်လေ။

---

စကြဝဠာ ကုဋေတစ်သိန်း ကမ္ဘာမီးလောင်ခြင်း

ကမ္ဘာပျက်မီးကြီး လောင်ရာ၌ စကြဝဠာပေါင်း ကုဋေတစ်သိန်း ပါဝင်၏၊ အောက်၌ ကမ္ဘာကိုခံသော ရေနယ်ကို ချန်လှပ်၍ ယူဇနာ နှစ်သိန်းလေးသောင်းအထုရှိသော ပံသုသေလာ မဟာပထဝီမြေကြီး, စကြဝဠာ တောင်ကြီး, သတ္တရဘန်တောင်ရံ ခုနစ်ထပ်တို့နှင့်တကွ မြင့်မိုရ်တောင်ကြီးပေါင်း ကုဋေတစ်သိန်း ကုန်လေ၏၊ ဤလူ့ပြည်မှ ယူဇနာပေါင်း လေးသိန်းကျော် မြင့်ကွာသော ပထမစျာန် ဗြဟ္မာ့ဘုံကြီး တိုင်အောင် ကမ္ဘာမီး သိမ်းယူလေ၏၊ ထိုနယ်ခေတ်အတွင်းမှာ မီးစာဟူ၍ အဏုမြူမျှ အကျန်မရှိမှ မီးခဲ, မီးတောက် အကုန်ကွယ်ငြိမ်းလေ၏၊

---

ကမ္ဘာပျက်မီးကြီး၏ အခိုက်အတန့် ၃-မျိုး

မီး၏ အခိုက်အတန့်သည် အနု, အရင့်, အလျှံဟူ၍ သုံးမျိုးရှိ၏၊ ဥတုအခိုက်အတန့်, မီးခဲအခိုက်အတန့်, မီးတောက်မီးလျှံ အခိုက်အတန့် ဟူ၍ သုံးမျိုးရှိ၏ ဟုဆိုလိုသည်။

ထိုသုံးမျိုးတို့တွင်

(၁) မီးစာဝတ္ထု၌ ရိုးရိုးရဲရဲ မစွဲမီ တည်ရှိသော ဥတုခေါ်သော မီးမျိုးစေ့စုသည် အနုမည်၏။

(၂) မီးစာဝတ္ထု၌ ရိုးရိုးရဲရဲ စွဲသော မီးခဲသည် အရင့်မည်၏။

(၃) တောက်၍ထသော မီးတောက်သည် အလျှံမည်၏၊ မီးစာဟူ၍ မုန့်ညင်းစေ့မျှ အကြွင်းအကျန် မရှိသောအခါ မီးခဲ မီးလျှံတို့သည် အကြွင်းအကျန်မရှိ ကွယ်ငြိမ်းကုန်၏၊ ဥတုခေါ်သော ဓာတ်နုတို့သည်သာလျှင် မီးလောင်ရာ နယ်တစ်ခွင်၌ ကောင်းကင်နှင့် အပြည့် ကျန်ရှိလေ၏၊ ကျောက်တောင်ကြီး ဥပမာမျှ ကြာလေ၏၊ သံဝဋ္ဋကပ် ပြီး၏။

---

သံဝဋ္ဋဌာယီကပ်

ကမ္ဘာပျက်မီး လောင်ပြီးစ ကာလ

မီးလောင်ရာ နယ်တစ်ခွင်မှာ ကောင်းကင်နှင့်အပြည့် ကျန်ရှိကြ ကုန်သော ဥတုမျိုးစေ့တို့သည် အထူးထူး အပြားပြား များကုန်၏၊ အောက် သိလာပထဝီကို လောင်သောမီးတို့မှ ကျန်ရှိကြကုန်သော ဥတုတို့သည် နောင် ထိုနေရာမှာ သိလာပထဝီ ဖြစ်ပေါ်နိုင်ရန် သိလာပထဝီမျိုးအနေ နှင့် ကျန်ရှိကြကုန်၏၊ ထို့အတူ စကြဝဠာတောင်ကို လောင်သောမီး, သတ္တရဘန်တောင်တို့ကို လောင်သောမီး, မြင့်မိုရ်တောင်ကို လောင်သော မီးတို့မှ ကျန်ရှိကြကုန်သော ဥတုတို့သည်လည်း နောင်ထိုထိုနေရာတို့မှာ စကြဝဠာတောင် စသည်ဖြစ်ပေါ်နိုင်ကြရန် ကျောက်ပထဝီမျိုးအနေနှင့် ကျန်ရှိကုန်၏၊ ပံသုပထဝီတည်ရာ၌ ပံသုပထဝီမျိုး အနေနှင့်ကျန်ရှိ ကုန်၏၊ နေ လ နက္ခတ်တာရာတို့ကို လောင်သောမီး, ထိုထိုနတ်ဘုံ ဗြဟ္မာ့ဘုံတို့ကို လောင်သောမီးတို့မှ ကျန်ရှိကြကုန်သော ဥတုတို့သည် လည်း ထို့အတူပင်တည်း။

---

ဥတုအဖြစ်မှ မိုးအဖြစ်သို့

မီးလောင်ရာ နယ်တစ်ခွင်မှာ ကောင်းကင်နှင့်အပြည့် ကျန်ရှိကြ ကုန်သော ဥတုတို့သည် တစ်ဖြည်းဖြည်း ပွါးစီးကြကုန်၍ ကာလကြာ မြင့်လတ်သော် မိုးတိမ်, မိုးဓာတ်, မိုးဥတု, မိုးရာသီအဖြစ်သို့ ရောက်၍ တည်ကြကုန်၏၊ ကျောက်တောင်ကြီးဥပမာ တစ်ခုစာကြာမြင့်လေ၏။

သံဝဋ္ဋဌာယီကပ် ပြီး၏။

---

ဝိဝဋ္ဋကပ်

ကမ္ဘာပြုမိုးကြီးရွာခြင်း

ကမ္ဘာတည်ထောင်ခြင်းဟူသော ဝိဝဋ္ဋကပ် ပေါ်လိုလတ်သော် မိုးတိမ်, မိုးဓာတ်, မိုးဥတု, မိုးရာသီအနေနှင့် တည်ရှိကြကုန်သော ထိုဥတုတို့မှ ရှေးဦးစွာ မိုးသေး, မိုးဖွဲတို့သည် ရွာကုန်၏၊ ထိုအခါ၌ လေတို့သည် သံဝဋ္ဋဌာယီကပ် ထက်ဝက်ခန့်ကာလမှ နောက်၌ ပူရှိန်, ပူငွေ့ အလျင်းမတွေ့ကြရကုန်သဖြင့် အလွန်ထက် အလွန်အေးမြ ကြကုန်၏၊ ထိုလေတို့နှင့် တွေ့ထိကြကုန်သော မိုးရေ, မိုးဓာတ်တို့သည် များသောအားဖြင့် မိုးသီး, မိုးခဲတွေ ဖြစ်ကြလေကုန်၏၊ တရွှေ့တရွှေ့ တိုးပွါးကြကုန်သဖြင့် ကာလကြာမြင့်လတ်သော် ယူဇနာတစ်ရာရှိ တစ်ထောင်ရှိ ကြီးမားစွာ ရွာကုန်၏၊ ပထမစျာန် ဗြဟ္မာဘုံတိုင်အောင် ရေခဲ မိုးခဲတို့သည် ပြည့်လေကုန်၏၊ စကြဝဠာ ကုဋေတစ်သိန်းသည် ရေခဲ, မိုးခဲ တစ်ပြင်တည်း တည်ရှိလေ၏၊ ထိုရေခဲတို့နှင့် ထိစပ်ကြကုန်ရာ အောက်အောက်ရေတို့သည်လည်း ခဲ၍ခဲ၍ လိုက်ကြကုန်၏၊ ထိုရေတို့၏ နေရာမှအပသို့ ထွက်ကြကုန်သော လေတို့သည် ထိုရေတို့ကို ဝန်းဝိုင်း လျက် တည်ကုန်၏၊

---

ကမ္ဘာဦးအစ အချိန်ကာလ

မိုးရွာမှုပြတ်စဲလတ်သော် ထိုရေခဲ မိုးခဲတို့သည် တဖြည်းဖြည်း လျောကျလေကုန်၏၊ အောက်၌ ကမ္ဘာကိုခံသောရေ လေတို့သည် မိုးရေ မိုးခဲ အားကြီးလှသောအခါ မဆောင်ကြဉ်းနိုင်ရှိကြကုန်ရာ ပိုမိုသမျှသော မိုးရေ, မိုးခဲတို့သည် အောက်ကောင်းကင်သို့ လျောကျလေကုန်၏၊ မဟာပထဝီတည်ရာသို့ ကျရောက်သောအခါ ကမ္ဘာကိုခံသော လေတို့ သည် ဆောင်ကြဉ်းနိုင်ကြကုန်သောအခါ မိမိတို့အဟုန်ဖြင့် ပိတ်ဆို့ ကုန်လျက် ရွက်ဆောင်မြဲ ရွက်ဆောင်ကြလေကုန်၏။

---

ဗြဟ္မာဘုံနှင့် နတ်ဘုံများ စတင်ဖြစ်ပေါ်လာခြင်း

ထိုရေခဲပြင်ကြီးသည် အစဉ်အတိုင်း လျောကျလေရာ ထိုထိုဌာန ၌ ရှိကြကုန်သော ဥတုအထူးတို့၏အစွမ်းဖြင့် ဗြဟ္မာ့ဘုံနေရာ၌ ဗြဟ္မာဘုံဖြစ်၍ လာကုန်၏၊ နတ်ဘုံနေရာ၌ နတ်ဘုံဖြစ်၍ လာကုန်၏၊ မြင့်မိုရ်တောင်နေရာ၌ မြင့်မိုရ်တောင်ဖြစ်၍ လာကုန်၏၊ စကြဝဠာ တောင်နေရာ၌ စကြဝဠာတောင်ဖြစ်၍ လာကုန်၏၊ သတ္တရဘန် တောင်တို့၏နေရာ၌ သတ္တရဘန်တောင်တို့သည်ဖြစ်လာကုန်၏၊ ပံသု ပထဝီနေရာ၌ ပံသုပထဝီဖြစ်၍လာ၏၊ သီလာပထဝီနေရာ၌ သီလာ ပထဝီဖြစ်၍လာ၏၊ သီတာ, သမုဒ္ဒရာတို့နေရာ၌ သီတာ, သမုဒ္ဒရာတို့ သည် ဖြစ်၍လာကုန်၏။

နေ, လ, နက္ခတ်, တာရာတို့သည်မူကား နှင်းမြူ နှင်းခိုးတို့ ဖုံးအုပ် လျက် ရှိနေကြကုန်၏၊ နေ, လ, နက္ခတ်, တာရာ, ဘုံဗိမာန်ဖြစ်၍ နေကြ ကုန်သော ရွှေ, ငွေ, ရတနာတို့သည် အလွန်ပေါကြကုန်၏၊ မြေမှအထက် ကောင်းကင်တစ်ခွင်လုံးတို့၌ မလှုပ်မရှားတည်နေသော လေသေ, လေထု ကြီးသည် ခံလေ၏၊ အတွင်း၌ ငှက်တို့သည် ထိုလေသေတို့ကို လှုံ့ဆော်၍ ကောင်းကင်၌ ပျံကြရကုန်၏၊

---

ကမ္ဘာဦးသူတို့ ပေါ်လာခြင်း

မြင့်မိုရ်တောင်, သတ္တရဘန်တောင်တို့မှ အပသို့ထွက်သော လေရှင်တို့နှင့် အပ၌ စကြဝဠာ တောင်ဝိုင်းကြီးမှ အတွင်းသို့ထွက်သော လေရှင်တို့သည် တိုက်ဆိုင်ကြကုန်ရာ မြင့်မိုရ်တောင်ကို မဏ္ဍိုင်ပြု၍ စကြဝဠာ တောင်ဝိုင်းကြီးအလိုက် ပတ်ဝိုက်တုံလျှင်း အဟုန်ပြင်းစွာ လကျ်ာရစ် လှည့်လည်၍နေသော လေဗွေဝဲကြီး, လေဗွေဝန်းကြီး, လေဗွေ စက်ဝိုင်းကြီးသည်ရှိ၏၊ ထိုလေဗွေဝန်းကြီးသည် နေ, လ, နက္ခတ်, တာရာတို့ကို အမြဲတွန်းဆောင် လွှင့်နှင်လေ၏၊ ဘုံဗိမာန် အပေါ့အသေး သို့ လိုက်၍ အမြန်အနှေး, အပြေးအသွား ခြားနားလျက်ရှိကြကုန်၏၊ အထက်ဗြဟ္မာပြည်မှ စုတေ၍ ဥပပတ်သန္ဓေဖြင့် မြေမပေါ်မီခင် ရေ အပြင်ကြီး၏အထက်မှာ ကျရောက်ပေါ်ပေါက်လာကြကုန်သော ဗြဟ္မာလားတူ ကပ်ဦးသူတို့လည်း မိမိတို့ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ကောင်းကင်အပြင်မှာ သွားလာ ရပ်ထိုင်၍နေကြကုန်ရာ ကာလကြာက မြေအစတွင် ရေအပြင်မှာ ဖြစ်ပေါ်လာသော မြေလွှာမြေဆီများကို စားသုံးကြကုန်၍ ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပျောက် မှောင်ကြီးရောက်ခါမှ နေနှင့်လ ကို တ, သကြကုန်ရာ နေ, လ, နက္ခတ်, တာရာတို့သည် ထိုအခါမှ ထင်လင်းစွာ ပေါ်လာကြလေကုန်သတည်း။

[ဤဝိဝဋ္ဋကပ် စကားရပ်၌ အလွန်ထက်အလွန် အေးမြ လှကုန်သော လေတို့၏ တွေ့ထိမှုကြောင့် ကမ္ဘာ့မိုး, ကမ္ဘာ့ရေတို့ အခဲ အပြင်တွေ ဖြစ်ကြကုန်သည် ဟူရာ၌
- ကမ္ဘာပေါ်မှာ အချို့သော မြို့ရွာတို့၌ မိုးသီးမိုး ကြီးစွာရွာ၍ လူသူ, ကျွဲ, နွားများပင် ပျက်စီးကြောင်း အိမ်ရာ တိုက်တာ များ ပြိုပျက်ကြောင်း၊
- ဆောင်းရာသီအခါတွင် ဟိမဝန္တာတောတောင်များမှာ ကောင်းကင်မှကျလာသော ဆီးနှင်းတို့သည် မြေသို့ ရောက် ၍ အလွန်အေးမြသောလေတို့နှင့်တွေ့ကြရာ ဆီးနှင်းခဲတွေ တောင်ရှိ, ကမ်းရှိဖြစ်ကြကြောင်း၊
- ဇမ္ဗူဒီပါ၏ မြောက်အရပ် မျက်နှာတို့၌ ဆောင်းရာသီအခါ အေးမြလှစွာသောလေတို့၏ တွေ့ထိမှုကြောင့် သမုဒ္ဒရာ ပယ်လယ် ရေနယ်တစ်ခွင် ခဲပျစ်၍နေသောကြောင့် လှေ, မီးသင်္ဘောများ မသွား မလာနိုင်ရှိနေကြကြောင်း၊
- မြောက်အရပ်ဒေသ ရုရှားနိုင်ငံရှိ မြစ်ကြီး မြစ်ငယ်တို့မှာ လည်း ထို့အတူ ဆောင်းရာသီ၌ မြစ်ရေ, ချောင်းရေ ခဲပျစ်၍ နေသောကြောင့် လှေ, မီးသင်္ဘောများ မသွားနိုင်, မလာနိုင် ရှိနေကြောင်း၊
- ဆောင်းရာသီအခါ၌ ငါတို့နိုင်ငံတွင် မိုးကုတ်, မိုးမိတ် စသော ရှမ်းပြည် နယ်ပယ်များမှာလည်း ဆီးနှင်းခဲမှု ထင်လျား ရှိနေကြောင်းများကို မြော်ထောက်ကြလေ၊ ရေခဲပြု လုပ်သော ပညာရှိကြီးများနှင့်လည်း ညှိနှိုင်းကြလေ။]

ယခုပြဆိုခဲ့သော ဆီးနှင်းခဲ, ရေခဲတို့မှာမူကား နေပူ လေပူတို့နှင့် တွေ့ထိမှု ရှိနေသောကြောင့် မကြာမီ အရေဖြစ်မြဲဖြစ်၍ သွားကုန်၏၊ ကမ္ဘာ့ရေပြင်, ကမ္ဘာ့ရေခဲတို့မှာမူကား သံဝဋ္ဋဌာယီ နောက်ပိုင်းမှစ၍ ဝိဝဋ္ဋကပ်ပတ်လုံး နေပူ, လေပူဟူ၍ မတွေ့မထိကြသဖြင့် အရည်ဖြစ်ရန် အရေးနှင့် အဝေးကြီးဝေးကြလျက် ခက်မာသည်ထက် ခက်မာဖက်သို့သာ ရောက်ကြလေကုန်၏။

ဝိဝဋ္ဋကပ်ပြီး၏။

---

ဝိဝဋ္ဋဌာယီကပ်

မြေကြီး တစ်ယူဇနာ မြင့်တက်ခြင်း

ဤသို့မြင့်မိုရ်, စကြဝဠာစသည်တို့ တည်ထောင်၍ ပြည့်စုံကြ သောအခါမှစ၍ တစ်ဖန် ဤကမ္ဘာကြီး ပျက်စီးပြန်ရန် ကမ္ဘာပျက်မိုးကြီး ရွာသည်တိုင်အောင် ဩကာသလောကကြီးသည် ကျောက်တောင်ကြီး ဥပမာ တစ်ခုစာမျှ အဓွန့်ရှည်ကြာစွာ တည်လေ၏။

အနမတဂ္ဂသံယုတ် ဝေပုလ္လသုတ်ပါဠိတော်
“ဤကမ္ဘာတွင် ပွင့်ကြကုန်သော ဘုရားငါးဆူတို့တွင် တစ်ဆူနှင့်တစ်ဆူ အကြားမှာ ဤ မဟာပထဝီမြေကြီးသည် တစ်ယူဇနာခန့်, တစ်ယူဇနာခန့် တိုးတက်၏၊ ဝေပုလ္လ တောင်သည် တစ်ယူဇနာခန့်, တစ်ယူဇနာခန့် မြေထဲသို့ မြုပ်လေ၏”။
ဟူ၍ ဟောတော်မူသောကြောင့် ပံသုပထဝီမြေကြီးသည် အန္တရကပ်တစ်ကပ်, တစ်ကပ်အတွင်းမှာ တစ်ယူဇနာ, တစ်ယူဇနာ တက်မြဲဟု သိအပ်၏၊

---

အန္တရကပ် ၆၄-ကပ်

အန္တရကပ်ဆိုသည်ကား ကမ္ဘာဦးအခါ၌ လူတို့၏ အသက်တမ်း သည် အသင်္ချေတမ်းဖြစ်၏၊ လူတို့သည်နှစ်ပေါင်း အသင်္ချေ အသက် ရှည်ကြကုန်၏၊ အသင်္ချေတမ်းမှ တရွေ့တရွေ့ ဆုတ်ယုတ်လေရာ ဆယ် နှစ်တမ်းသို့ ဆိုက်၏၊ ဆယ်နှစ်တမ်းမှ တရွေ့တရွေ့ တက်ပြန်ရာ အသင်္ချေ တမ်းသို့ ရောက်ပြန်၏၊ ဤသို့ အသင်္ချေတမ်းမှ ဆုတ်၍တစ်ဖန် အသင်္ချေ တမ်းသို့ ရောက်ပြန်သော ကာလသည် အန္တရကပ် တစ်ကပ်မည်၏၊

---

ဘုရားငါးဆူ နှင့် သုညကမ္ဘာ ၅၉-ကပ်

ယခုတည်ရှိသော ဤဝိဝဋ္ဋဌာယီကပ်သည် အန္တရကပ်ပေါင်း ၆၄- ပြန် တည်နေ၏။

- ကမ္ဘာဦးပထမ အန္တရကပ်၌ ကကုသန်ဘုရား ပွင့်တော်မူ၏၊
- ဒုတိယ အန္တရကပ်၌ ကောဏာဂုံဘုရား ပွင့်တော်မူ၏၊
- တတိယ အန္တရကပ်၌ ကဿပဘုရား ပွင့်တော်မူ၏၊
- စတုတ္ထ အန္တရကပ်၌ ငါတို့သခင် အရှင်ဂေါတမဘုရား ပွင့်တော်မူ၏၊
- နောက် ပဉ္စမအန္တရကပ်၌ မေတ္တေယျဘုရား ပွင့်တော် မူလတ္တံ့။
- နောက်၌ အန္တရကပ်ပေါင်း ၅၉-ကျန်ရှိ၏၊ ဘုရားပွင့်မှု မရှိလေပြီ။

ဝိဝဋ္ဋဌာယီကပ် ပြီး၏။

ကမ္ဘာကပ်ကြီး ၄-ပါး ပြီး၏။

---

လောက ၃-ပါး နှင့် နိယာမ ၅-ပါး

ဩကာသလောက နှင့် ဓမ္မနိယာမ

ဝိဝဋ္ဋဌာယီ၌ ဤမျှလောက် ကြီးကျယ်စွာ တည်ရှိမှုသည် နောက် ကမ္ဘာပျက်မီး ကြီးကျယ်စွာ ပေါ်လာဖို့ဖြစ်၏၊ ကမ္ဘာပျက်မီး ပေါ်လာရန် ဖန်ဆင်းသူကို ရှာကြံဖွယ်မရှိ၊ ကမ္ဘာပျက်မီး ကြီးကျယ်စွာ လောင်မှုသည် နောက်ကမ္ဘာသစ် တည်ထောင်ရန် ဥတုအသိုက်အအုံ ကြီးကျယ်စွာ ပေါ် လာဖို့ဖြစ်၏၊ ဥတုအသိုက်အအုံ ဖန်ဆင်းသူကို ရှာကြံဖွယ်မရှိ။

ဥတုအသိုက်အအုံ ကြီးကျယ်မှုသည် ကမ္ဘာပြုမိုးကြီး ကြီးကျယ် စွာ ပေါ်လာဖို့ ဖြစ်၏၊ ကမ္ဘာပြုမိုး ဖန်ဆင်းသူကို ရှာကြံဖွယ်မရှိ။

ကမ္ဘာပြုမိုး ကြီးကျယ်စွာ ရွာမှုသည် မဟာပထဝီ၊ မြင့်မိုရ်တောင် အစရှိသော ဩကာသလောကကြီး ဖြစ်ပေါ်ဖို့ဖြစ်၏၊ ဤဩကာသ လောကကြီးကို ဖန်ဆင်းသူအခြား ရှာကြံဖွယ်မရှိ။

ဩကာသလောကကြီး ကြီးကျယ်စွာ တည်မှုသည် ကမ္ဘာမီး ကြီး ကြီးကျယ်စွာလောင်ဖို့ဖြစ်၏။

ဤသို့လျှင် ဖန်ဆင်းသူကို ရှာကြံဖွယ်ကိစ္စ မရှိသည့်အပြင် ထာဝရ ဘုရားပေါင်း တစ်သောင်းအား, တစ်သိန်းအားနှင့်ပင် တားဆီး နိုင်ခွင့် မရအောင် ကြီးကျယ်လှသော “ဓမ္မနိယာမ” ၏ အစွမ်းအားဖြင့် ရှေး၌လည်း အစမရှိ, နောက်၌လည်း အဆုံးမရှိ, အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်ကြီး ဖြစ်လေသတည်း။

ဩကာသလောက နှင့် ဓမ္မနိယာမ ပြီး၏။

---

သင်္ခါရလောက နှင့် ဗီဇနိယာမ, ဥတုနိယာမ

(၁) မူလဗီဇံ=အမြစ်မျိုးစေ့။
(၃) ဖလုဗီဇံ= အဆစ် မျိုးစေ့။
(၂) ခန္ဓှဗီဇံ= ပင်ကိုယ်မျိုးစေ့။
(၄) အဂ္ဂဗီဇံ= အညွန့်မျိုးစေ့။
(၅) ဗီဇဗီဇံ= အစေ့မျိုးစေ့

ဟူ၍လာသော မျိုးစေ့ငါးပါးတို့မှ ပေါက်ရောက်ကြကုန်သော သစ်ပင်, ဝါးပင်, အုန်းပင်, ထန်းပင်, ချုံပင်, နွယ်ပင်, မြက်ပင်, ကောက်ပင်, ပဲပင် အစရှိကုန်သော သင်္ခါရလောကတို့၏ ဗီဇနိယာမ ဥတုနိယာမ ၂-ပါးတို့ကြောင့် ဖြစ်ပွားပုံကို ပြဆိုပေအံ့။

'ဗီဇ' ဆိုသည်ကား လောကဝေါဟာရအားဖြင့် ပြဆိုခဲ့ပြီးသော အမြစ်, ပင်ကိုယ်, အဆစ်, အညွန့်, အစေ့တို့ကို ဆိုသည်။

ဓာတ်တို့ကိုသာ ပြဆိုသော အဘိဓမ္မာဒေသနာနည်းအားဖြင့် မူကား အမြစ်မျိုးစေ့တစ်ခုမှာ ဓာတ်ရှစ်ပါးရှိ၏။

၁။ မြေဓာတ် တစ်ပါး၊
၂။ ရေဓာတ် တစ်ပါး၊
၃။ မီးဓာတ် တစ်ပါး၊
၄။ လေဓာတ် တစ်ပါး၊
၅။ အဆင်းဓာတ်တစ်ပါး၊
၆။ အနံ့ဓာတ် တစ်ပါး၊
၇။ ရသဓာတ် တစ်ပါး၊
၈။ ဩဇာဓာတ် တစ်ပါး။

ထိုရှစ်ပါးတို့တွင် မီးဓာတ်တစ်ပါးသည်သာလျှင် အပင်, အညှောက်တို့ကို ပေါက်ရောက်စေတတ်သည်ဖြစ်၍ မျိုးစေ့အမှန်ဖြစ်၏၊ ကြွင်းကျန်သော ဓာတ်ခုနစ်ပါးတို့သည် အပင်, အညှောက်တို့ကို ပေါက် ရောက်စေတတ်သောသတ္တိ မရှိကြကုန်သောကြောင့် မျိုးစေ့ဓာတ် မဟုတ် ကြကုန်၊ မျိုးစေ့ဓာတ်၏ အဆောက်အအုံ, အခြံအရံမျှ ဖြစ်ကြကုန်၏။

ပင်ကိုယ်မျိုးစေ,့ အဆစ်မျိုးစေ့, အညွန့်မျိုးစေ့ အစေ့မျိုးစေ့ တို့၌လည်း ထို့အတူ

- “သရက်ပင်သည် ဘယ်မှ ဖြစ်သနည်း” မေး။
- ဓမ္မအပြားတို့ကို မသိကြကုန်သော လူအများတို့ အလို အားဖြင့် 'သရက်ပင်သည် သရက်စေ့မှ ဖြစ်သည်' ဟူ၍ ဖြေ။
- အဘိဓမ္မာဓာတ်ပညာကို တတ်ကြကုန်သော သူတို့၏ အလိုအားဖြင့် 'သရက်ပင်သည် သရက်စေ့၌ တည်ရှိ သော ဥတုခေါ်သော တေဇောမီးဓာတ်မှ ဖြစ်သည်'

ဟု ဖြေ။

လောကီသား လူအများတို့သည် အဘိဓမ္မာဓာတ်ပညာ အမျိုး တို့ကို မတတ်ကြကုန်၊ ဓမ္မအပြား, ဓာတ်အပြားတို့ကို မသိကြကုန်၊ မိမိတို့ မျက်စိမှာ ထင်မြင်တိုင်းကိုသာ ပြောဆိုမှတ်သားကြကုန်၏၊ “အက်ဖ် အေ၊ ဘီ-အေ” စသော အနောက်နိုင်ငံဖြစ် ဓာတ်ခွဲကျမ်းများ ငါတို့ဗုဒ္ဓ ဘာသာအဘိဓမ္မာဓာတ်ခွဲကျမ်းစာ”များကို တတ်ကျွမ်းလိမ္မာ သူတို့မှသာ တစ်ခုသော သရက်စေ့အတွင်းမှာ ဓာတ်ပေါင်းမည်မျှ ဓမ္မပေါင်းမည်မျှ ရှိသည်ဟု သိနိုင်ကြကုန်၏၊

---

သရက်စေ့ကို ဓာတ်ခွဲ ကြည့်ခြင်း

သရက်စေ့၌ ဓာတ်ခွဲပုံကား
- အဖတ်သဘောသည် မြေဓာတ်မျိုး ဖြစ်၏။
- အရည်သဘောသည် ရေဓာတ်မျိုးဖြစ်၏။
- ပူမှု, နွေးမှု, အေးမှု သဘောသည် မီးဓာတ်မျိုးဖြစ်၏။
- ပွယွမှု သဘောသည် လေဓာတ်မျိုး ဖြစ်၏။
- အဆင်းသည် ဝဏ္ဏဓာတ်မည်၏။
- အနံ့သည် ဂန္ဓဓာတ်မည်၏။
- အရသာသည် ရသဓာတ်မည်၏။
- အဆီ, အစေးသည် ဩဇာဓာတ်မည်၏။

ဓာတ်ရှစ်ပါးကို ဉာဏ်ဖြင့် အသီးအသီး ထုတ်ယူခဲ့သော် သရက်စေ့ဟူ၍ပင် မရှိပြီ၊ ထို့အတူ သရက်ပင်တို့ကိုလည်း ဓာတ်ရှစ်ပါး ခွဲနည်းနှင့် ဖျက်ဆီး၍ ရှုလိုက်လျှင် သရက်ပင်ဟူ၍ မရှိကြကုန်ပြီ။ ဓာတ်တုံး ဓာတ်ခဲတို့သာဖြစ်၍ကုန်၏။

[ခပ်သိမ်းသောမျိုးစေ့, ခပ်သိမ်းသော သစ်ပင်တို့မှာလည်း ဤနည်းတူ သိလေ။]

---

ကမ္ဘာ့အစဆုံး သရက်ပင်၏ မျိုးစေ့ပြဿနာ

ဓာတ်ပညာ, ဓာတ်မျက်စိ မရှိကြကုန်သောသူတို့၏ အလို အားဖြင့် “ သရက်ပင်သည် သရက်စေ့မှ ဖြစ်သည်” ဟူ၍ ဖြေဆိုခဲ့သော် ယခုရှိကြသော နောက်ဖြစ်သရက်ပင်တို့မှာ သရက်စေ့ကဖြစ်သည် ဆိုနိုင် ၏၊ ကမ္ဘာဦး၌ အစဆုံး သရက်ပင်ကို သရက်စေ့မှ ဖြစ်သည်မဆိုနိုင်၊ အဘယ့်ကြောင့်နည်း ထိုအခါ၌ သရက်စေ့ မရှိသေးသောကြောင့်တည်း။

ဤအရာ၌ ဓာတ်ပညာ ဓာတ်မျက်စိ မရှိကြကုန်သော သူတို့ သည် “မပြောတတ်ပြီ” ဟူ၍သော်လည်းကောင်း၊ “ထာဝရဘုရား ဖန် ဆင်းသည်” ဟူ၍သော်လည်းကောင်း ဆိုကြကုန်ရာ၏၊

---

သစ်ပင်တို့၏ မူလဗီဇ ဟရိတဓာတ်မီး

ဓာတ်ပညာ, ဓာတ်မျက်စိ ရှိကြကုန်သောသူတို့သည်မူကား “ယခု ရှိနေသော သရက်ပင်များသည်လည်း စင်စစ်အားဖြင့် သရက်စေ့မှ ဖြစ်ကြသည်မဟုတ်၊ သရက်စေ့၌ ဓာတ်ရှစ်ပါးရှိသည်တွင် ဥတုဟူသော ဓာတ်မီးမျိုးတစ်ပါးမှ ဖြစ်ကြသည်၊ ထိုဓာတ်မီးမျိုးသည်လည်း ကမ္ဘာဦး အခါ၌ ကမ္ဘာ၏မျိုးစေ့ကြီးဖြစ်ကြကုန်သော ကမ္ဘာ့ဥတုတို့၏အထဲမှာ သရက်ပင်ဖြစ်ပေါ်ရန် သရက်ဥတုမျိုး, ပိန္နဲပင်ဖြစ်ပေါ်ရန် ပိန္နဲဥတုမျိုး စသည်ဖြင့် ခပ်သိမ်းသော သစ်ပင်မျိုး ဖြစ်ပေါ်ကြရန် ဥတုမျိုး အသီး အသီးပါရှိသည်၊ အလွန်သိမ်မွေ့သော မီးဓာတ်မျိုးအထူးဖြစ်ကြသည်၊ စိမ်းရှင်သော သစ်ပင်တို့ကို ပေါက်ရောက်စေတတ်သောကြောင့် ဟရိတဓာတ်မီးဟူ၍ ခေါ်ရ၏၊ ထိုဟရိတခေါ်ရသော ဥတုဓာတ်မီး အထူးသည် သာလျှင် သစ်ပင်တို့၏ ဗီဇအမှန် ဖြစ်သတည်း။ ထို့ကြောင့် ထိုအခါ၌ သရက်စေ့ မရှိသော်လည်း သရက်ပင်ပေါက်နိုင်၏၊ ပိန္နဲစေ့မရှိသော် လည်း ပိန္နဲပင်ပေါက်နိုင်၏၊ ထိုထို အစေ့မရှိသော်လည်း ထိုထို အပင် ပေါက်နိုင်၏ဟု ဖြေကြကုန်ရာ၏၊

---

ဟရိတဗီဇ၏ တည်ရာဌာန အမျိုးမျိုး

ထိုဟရိတဗီဇ ခေါ်ရသော ဥတုအထူး, မီးဓာတ်အထူးတို့သည် ကမ္ဘာဦးအခါမှ နောက်၌ မြေဩဇာ, ရေဩဇာ ဆုတ်ယုတ်သည့်အခါ အချို့သော သစ်ပင်မျိုးတို့မှာ အမြစ်၌ အတည်ကျကြကုန်၏၊ အချို့သော သစ်ပင်မျိုးတို့မှာ ပင်ကိုယ်၌ အတည်ကျကြကုန်၏၊ အချို့သော သစ်ပင် မျိုးတို့မှာ အဆစ်၌ အတည်ကျကြကုန်၏၊ အချို့သော သစ်ပင်မျိုးတို့မှာ အညွန့်၌ အတည်ကျကြကုန်၏၊ သရက်ပင်မျိုး ပိန္နဲပင်မျိုးစသည်တို့မှာ အစေ့၌ အတည်ကျကြကုန်၏၊ ထို့ကြောင့် ယခုအခါ၌ သရက်ပင် ပိန္နဲပင် တို့သည် အစေ့မှသာဖြစ်နိုင်ကြကုန်၏။

ဥပမာကား -ရှေးအခါတို့၌ ကန့်, ကျောက်ခဲတို့ကို ခြစ်လျှင် မီးတောက်လေရာ၏၊ ယခုအခါ၌မူကား ထိုဓာတ်ကျောက်တို့မှ အဆီကို ထုတ်၍ ပြုလုပ်သော မီးခြစ်ဆေးခဲတို့၌ ထိုမီးဓာတ်သည် စုမိ, လုံးမိ ပြန်သည်ဖြစ်၍ မီးခြစ်ဆေးခဲတို့ကို ခြစ်မှ မီးတောက်လေသကဲ့သို့တည်း။ သရက်စေ့, ပိန္နဲစေ့ အစရှိကုန်သော ခပ်သိမ်းသော မျိုးစေ့တို့သည် မီးခြစ်ဆေးခဲနှင့် တူကြကုန်၏၊ သရက်ပင်, ပိန္နဲပင် အစရှိကုန်သော ခပ် သိမ်းသော သစ်ပင်တို့သည် မီးခြစ်ဆေးခဲတို့မှ တောက်ထသော မီး တောက်တို့နှင့် တူကြကုန်၏။

မြေဓာတ်, ရေဓာတ်, မီးဓာတ်, လေဓာတ်ဟူသော ဓာတ်ကြီး လေးပါးတို့တွင် မီးဓာတ်တစ်ပါးသည်သာလျှင် သစ်ပင်တည်း ဟူသော မီးတောက်တို့ကို ပေါက်ရောက်ပွားစီး စေနိုင်၏၊ ကြွင်းသောဓာတ်ကြီး သုံးပါးတို့သည် အထောက်အကူမျှသာ ဖြစ်ကြလေကုန်၏၊ မီးဓာတ်သည် လူတို့၌ အမိနှင့်တူ၏၊ သစ်ပင် အပေါင်းတို့သည် လူတို့၌ သားသမီးတို့နှင့် တူကြကုန်၏၊

---

ဗီဇနိယာမ၏အစွမ်း

ထိုဗီဇတို့၌ ပေါက်ရောက်ကြသော အခါ၌လည်း
(၁) အညှောက်,
(၂) အပင်,
(၃) အကိုင်း,
(၄) အခက်,
(၅) အရွက်,
(၆) အညွန့်,
(၇) အဖူး,
(၈) အငုံ,
(၉) အပွင့်,
(၁၀) အသီး,
(၁၁) အစေ့,
(၁၂) အဆံ,
(၁၃) အပွေး,
(၁၄) အခွံ,
(၁၅) အခေါက်,
(၁၆) အသား,
(၁၇) အနှစ်,
(၁၈) အဆင်း,
(၁၉) အနံ့,
(၂၀) အရသာ

အလုံးစုံတို့ကို “ဗီဇနိယာမ” တရားသည် အုပ်စိုးလျက်ရှိ၏။

ဗီဇ၏ အမျိုး, အရိုးကို အကုန်လိုက်ကြရကုန်၏။

လိုက်ပုံကား ပိန္နဲစေ့တစ်ခုကို စိုက်ပျိုးရာ၌ အညှောက်ငယ် ပေါ်ခဲ့သည်ရှိသော် ရှေးရှေးသော ပိန္နဲပင် အစဉ်အဆက်တို့၏ အညှောက် သဏ္ဌာန်မျိုးသည်သာ ပေါက်ရောက်ရ၏၊ အုန်းညှောက်, ထန်းညှောက် စသည် မပေါက်ရ၊ မဖောက်ပြန်ရ၊ အပင်, အကိုင်း, အခက်, အရွက်, အသီး စသည်တို့၌လည်း ထိုနည်းတူ။

အချို့သော သစ်ပင်မျိုးတို့၌ ဤ “ဗီဇနိယာမ” စီရင်ချက်နှင့် တင့်တယ် ဆန်းကြယ်လျက်ရှိကြသော အပင်သဏ္ဌာန်, အကိုင်းသဏ္ဌာန်, အခက်သဏ္ဌာန်, အရွက်သဏ္ဌာန်, အပွင့်သဏ္ဌာန် အသီးသဏ္ဌာန်တို့ကို လူဖြစ်သူ ပန်းချီဆရာတို့ပင် တူအောင်မရေးနိုင် ရှိကြကုန်၏၊။

ဤကား ဗီဇနိယာမ၏ အစွမ်းတည်း။

---

ဥတုနိယာမ၏ အစွမ်း

ဥတုနိယာမ အစွမ်းမူကား တန်ခူး, ကဆုန်, နယုန်စသော တစ်ဆယ့်နှစ်ရာသီတို့တွင် ထိုထိုလ, ထိုထိုသမယတို့၌ သူ့အခါ, သူ့ သမယနှင့်သူ ပွင့်ကြ, သီးကြကုန်မြဲဖြစ်၏၊ သူ့အခါသမယတိုင် ရောက် လျှင် တောအရပ်ရပ်ကို လှည့်လည်၍ ကြွေးကြော်သူ, လှုံ့ဆော်သူမရှိပဲ ထိုအပင်မျိုးမှန်လျှင် ထိုအခါသမယ၌ တောတိုင်း, တောင်တိုင်းကပင် ပွင့်ကြ, သီးကြကုန်၏။

ဤကား ဥတုနိယာမ၏ အစွမ်းတည်း။

---

ဥတုသုံးခု ဖြစ်ပေါ်မှု အကြောင်းရင်း

ထိုဥတုသည် နွေဥတု, မိုးဥတု, ဆောင်းဥတုဟူ၍ သုံးပါးရှိ၏၊ နွေဓာတ်မီး, မိုးဓာတ်မီး, ဆောင်းဓာတ်မီးဟူ၍ သုံးပါးရှိ၏ ဆိုလို၏။

နွေဥတု၌ ပူမှုသည် မိုးဥတုပေါ်လာရန် အကြောင်းပေတည်း၊ မိုးဥတုမှာ မိုးရွာမှုသည် ဆောင်းဥတုပေါ်လာရန် အကြောင်းပေတည်း၊ ဆောင်းဥတု၌ သီတဓာတ်မီး ပွားစီး၍ သီတဓာတ်နု ကုန်ခန်းမှုသည် နွေဥတုပေါ်လာရန် အကြောင်းပေတည်း၊ နွေဥတုပူမှုသည် မိုးဥတု ပေါ်လာရန် အကြောင်းပေတည်း။

ဤနည်းအတိုင်း တစ်စုံတစ်ယောက်သောသူ၏ စီမံဖန်ဆင်းမှု မရှိပဲ ဥတုလျှင်ဥတုချင်း အဆင့်ဆင့် ပြုပြင်ချက်နှင့် ကမ္ဘာပျက်သည် တိုင်အောင် ဥတုသုံးပါး နှစ်စဉ်, လစဉ် ဆက်လက်၍ သွားလေ၏၊ သစ်ပင်, ချုံမြက်တို့သည်လည်း ဥတုသုံးပါးတို့ ပြုပြင်ချက်အတိုင်း အစဉ်လိုက်ကြကုန်၏။

ဤကား သင်္ခါရလောကဥတုနိယာမ၏ အရာကို ပြဆိုချက်တည်း။

သင်္ခါရလောကနှင့် ဗီဇနိယာမ, ဥတုနိယာမ ပြီး၏။

ဩကာသ, သင်္ခါရလောက ၂-ပါး နှင့် ဓမ္မနိယာမ

ဓာတ်တုံးဓာတ်ခဲ

ဩကာသလောက, သင်္ခါရလောက နှစ်ပါးနှင့် ဆက်ဆံသော “ဓမ္မနိယာမ” စကားကို ပြဆိုဦးအံ့။ ဓာတ်ပညာ, ဓာတ်မျက်စိအလင်း မရှိကြကုန်သော မှောင်တွင်းသားတို့သည် တန်ခိုးအစွမ်းမည်သည် သိတတ်, ကြံတတ်သော ပုဂ္ဂိုလ် သတ္တဝါတို့မှာသာ ရှိ၏၊ မသိတတ်, မကြံတတ်သော တော, တောင်, မြေ, ရေ စသည်တို့မှာမရှိဟု ထင် တတ်ကြကုန်၏။

အဘိဓမ္မာအလိုအားဖြင့်မူကား ပုဂ္ဂိုလ်ဟူ၍မရှိ၊ သတ္တဝါ ဟူ၍ မရှိ၊ တောဟူ၍ မရှိ၊ တောင်ဟူ၍ မရှိ၊ အလုံးစုံသော ဩကာသလောက အဆောက်အအုံစု သင်္ခါရလောက အဆောက်အအုံစု သတ္တလောက အဆောက်အအုံစုသည် ဓာတ်ပုံ, ဓာတ်စု, ဓာတ်တုံး, ဓာတ်ခဲတို့သာ ဖြစ်ကြကုန်၏၊

တန်ခိုးအစွမ်း

တန်ခိုးအစွမ်းဆိုသည် ထိုထိုကိစ္စ, ထိုထိုအကျိုး၏ ပြီးစီးရန် အစွမ်းကိုဆိုသတည်း၊ တစ်ခုသော ဝတ္ထုရှိပေ၍ တစ်စုံတစ်ခုသော ကိစ္စအကျိုး ပြီးစီးခဲ့သော် ထိုတစ်ခုသောဝတ္ထုမှာ တန်ခိုးအစွမ်းရှိသည်ကို သိအပ်၏၊ ထိုတန်ခိုးသည် ခပ်သိမ်းသော ဓာတ်မျိုးတို့မှာ အနည်းအများ အားဖြင့် ရှိကြ၏။

မြေကြီးသည် ခပ်သိမ်းသော သင်္ခါရလောက, သတ္တလောက တို့ကို ရွက်ဆောင်နိုင်သော တန်ခိုးအစွမ်းရှိ၏၊ သတ္တဝါတို့၌ ထိုတန်ခိုးမရှိ၊ မိုးရေတို့သည် ခပ်သိမ်းသော သင်္ခါရလောက, သတ္တလောက တို့ကို ချီးမြှောက်စောင့်ရှောက်နိုင်သော တန်ခိုးအစွမ်းရှိပေ၏၊ ထို တန်ခိုးသည် ပုဂ္ဂိုလ် သတ္တဝါတို့၌မရှိ။

မီးသည်လည်းကောင်း, နေဗိမာန်ကြီးသည်လည်းကောင်း ခပ်သိမ်းသော သင်္ခါရလောက, သတ္တလောကတို့၌ ရင့်ခြင်း, ကျက်ခြင်း, ထက်သန်ခြင်း, အရောင်, အလင်း ထွန်းတောက်ပခြင်းတို့ကို ဖြစ်စေ နိုင်သော တန်ခိုးအစွမ်းရှိ၏၊ ပုဂ္ဂိုလ် သတ္တဝါတို့၌ ထိုတန်ခိုးမရှိ။ တော, တောင်တို့၌ ပေါက်ရောက်သော ဆေးပင်, ဆေးမြစ်တို့၌ အနာရောဂါတို့ကို ပျောက်စေနိုင်သော တန်ခိုးရှိ ၏၊ ပုဂ္ဂိုလ်သတ္တဝါတို့၌ ထိုတန်ခိုးမရှိ။

ယုတ်စွာ့အဆုံး ထမင်းကျက်မှုကိစ္စ ထမင်းစားခြင်းအကျိုးမှာ မြေမရှိ, ရေမရှိ, ထင်းမရှိ, မီးမရှိချေက လူတန်ခိုးသက်သက်နှင့် ကျက် အောင် မစွမ်းနိုင်ပြီ၊ မြေ, ရေ, ထင်း, မီးတို့စုံညီမှ လူတို့တန်ခိုး ရှိနိုင် တော့သည်၊ ထို့ကြောင့် မြေ,ရေ,ထင်း, မီးတို့မှာလည်း သူတို့၏ဆိုင်ရာ၌ သူတို့အားလျော်စွာ ကိစ္စသိဒ္ဓိ တန်ခိုးရှိကြသည်ကို သိအပ်၏။

အထူးမှာမူကား ပုဂ္ဂိုလ်, သတ္တဝါတို့မှာ သိတတ်သော စိတ်ရှိ၏၊ သိတတ်သော ဉာဏ်ရှိ၏၊ ထို့ကြောင့် ရေ၏ဆိုင်ရာ၌ ရေကိုရှာကြံ၍ အသုံးပြုတတ်ကြ၏၊ ထင်း၏ဆိုင်ရာ၌ ထင်းကိုရှာကြံ၍ အသုံးပြုတတ် ကြ၏၊ မီး၏ ဆိုင်ရာ၌ မီးကိုရှာကြံ၍ အသုံးပြုတတ်ကြ၏၊ ဤကား ဓာတ်ပညာရှိ, အဘိဓမ္မာ ပညာရှိတို့၏ အလင်းကြီးပေတည်း။

ယခုအခါ၌ အနောက်နိုင်ငံသား ဓာတ်ပညာရှိကြီးများတို့သည် တောအရပ်ရပ်, တောင်အရပ်ရပ်တို့၌ ဓာတ်တန်ခိုးကြီးတို့ကို အားထုတ် ရှာကြံကြကုန်၏၊ ဩကာသလောက, သင်္ခါရလောကတို့၌ ပြုလုပ် ဖန်ဆင်းသူ ပုဂ္ဂိုလ်, သတ္တဝါ မရှိပါပဲလျက် ဖြစ်ပေါ်ရန်အကြောင်း စုံလင်ခဲ့သော် သူ့အကြောင်းနှင့်သူ, သူ့အခါနှင့်သူ အသီးအသီး ဖြစ်ပေါ်မှု မြဲကြခြင်း ဆုတ်ယုတ်ချိန်, ပျက်ချိန်ကြလျှင်လည်း ဆုတ်ယုတ်, ပျက်ဆုံးမှု မြဲကြခြင်း အလုံးစုံတို့သည် “ဓမ္မနိယာမ” “ဓမ္မနိယာမ” အားဖြင့် ပြီးစီးကြကုန်၏၊ ဩကာသ, သင်္ခါရလောက ၂-ပါးနှင့် ဓမ္မနိယာမ ပြီး၏။

---

သတ္တလောက နှင့် ကမ္မနိယာမ

ယခုအခါ သတ္တလောက၏ ကမ္မနိယာမ အချက်တို့ကို ပြဆို ပေအံ့၊ အနောက်နိုင်ငံဖြစ် ဓာတ်ခွဲကျမ်းတို့၌ ရုပ်ဓာတ်ခွဲနည်းသာ လာ၏၊ နာမ်ဓာတ်ခွဲနည်း မလာ၊ နာမ်ဓာတ်ခွဲနည်းသည် ရုပ်ဓာတ်ခွဲနည်းထက် အဆအထောင်မက ကြီးကျယ်၏၊ နက်နဲ၏၊ ခက်ခဲ၏၊ ငါတို့ ဗုဒ္ဓဘာသာ အဘိဓမ္မာ၌သာ လာရှိ၏၊ ထို့ကြောင့် ဤမှ နောက်၌ အက်ဖ်-အေ၊ ဘီ-အေ ပညာရှိတို့၏ အရာမဟုတ်ပြီ၊ အဘိဓမ္မာပညာရအဘိဓမ္မာပညာရှိတို့၏ အရာ သာဖြစ်၏၊

ရုပ်ဓာတ်အစဉ် နာမ်ဓာတ်အစဉ် ၂-ပါး

သတ္တဝါတစ်ယောက်၏ သန္တာန်မှာ

၁။ ရုပ်ခန္ဓာအစဉ်,
၂။ နာမ်ခန္ဓာအစဉ်

ဟူ၍ အစဉ်နှစ်ပါးရှိ၏။

၁။ ရုပ်ဓာတ်အစဉ်,
၂။ နာမ်ဓာတ်အစဉ်

ဟူ၍ အစဉ်နှစ်ပါးရှိ၏ဟု ဆိုလိုသည်။

ထိုတွင် ရုပ်ဓာတ်အစဉ်ဟူသော ကိုယ်ကောင်သဏ္ဌာန်သည် တစ်ဘဝ, တစ်ဘဝလျှင် သေရာ၌ တစ်ခါတစ်ခါ အစဉ်ပြတ်၏၊ နာမ်ဓာတ်အစဉ်သည်မူကား အစဉ်ပြတ်သည်ဟူ၍ မရှိ၊ အနမတဂ္ဂသံသရာ၌ အနန္တရပစ္စည်း တစ်ဆက်တည်း ဆက်လျက်ရှိ၏၊ ကမ္ဘာပျက်၍ အောက်ဘုံစု မရှိသောအခါ ထိုနာမ်အစဉ်တို့သည် မိမိတို့ ကံပို့ဆောင်ရာ အထက်, အထက်ဘုံတို့၌ အဆင့်အဆင့် ဖြစ်ပေါ်ကြ လေကုန်၏၊ ကမ္ဘာတည်ထောင်၍ လာပြန်သောအခါ အကုသိုလ်ဖက်က အခွင့်သာပြန်သဖြင့် ထိုနာမ်အစဉ်တို့သည် အောက်, အောက်ဘုံတို့၌ ကျရောက်ကြပြန် ကုန်၏၊ နာမ်အစဉ် ရောက်ရာ, ရောက်ရာတို့၌ ရုပ် ခန္ဓာတို့သည်လည်း အသစ်အသစ် ဖြစ်ပေါ်ကြရကုန်၏၊ ဤကား တစ်စုံတစ်ယောက်သောသူ ပြုလုပ် ဖန်ဆင်းမှု မရှိပဲ “ကမ္မနိယာမ” အားဖြင့် သတ္တလောက၏ ဖြစ်နေပုံတည်း။

လှုံ့ဆော်ရေးသမားကြီး ကံ

ကံဆိုသည်ကား နာမ်အစဉ်မှာ စိတ်ဝိညာဏ်နှင့် အတူပါသော စေတနာဓာတ်ကြီးကိုဆိုသတည်း၊ ထိုစေတနာဓာတ်ကြီးသည် ခပ်သိမ်း သော အရေးကိစ္စတို့၌ စိတ်ဝိညာဏ်ကို အတွင်လှုံ့ဆော်၍ ထကြွသမား ကြီးဖြစ်၏၊ ထို့ကြောင့် စေတနာလည်းခေါ်၏။

စိတ်ဝိညာဏ်ကို အတွင်လှုံ့ဆော်ခြင်းမရှိက ဘယ်ကိစ္စတစ်ခုမျှ ပြီးစီးကြမည်မဟုတ်၊ စိတ်ဝိညာဏ်ကို အတွင်လှုံ့ဆော်ထကြွသူ ရှိပေ၍သာလျှင် ထိုထိုကိစ္စ ပြီးစီးကြ၏၊ ထို့ကြောင့် ထိုလှုံ့ဆော်မှု ကြီးသည် ခပ်သိမ်းသောကိစ္စတို့မှာ အမှုသည်ရင်းကြီးဖြစ်ပေ၏၊ ထို့ကြောင့် “ကမ္မံ= ကံ” ဟူ၍လည်း ဆိုရ၏၊

လှုံ့ဆော်ပုံ-လှုံ့ဆော်နည်း

လှုံ့ဆော်ပုံကား တောသို့ သွားရ၍ ရေအိုင်တစ်ခုမှာ ငါးတွေ ရှိနေသည်ကို မြင်၏၊ ဖမ်းယူရန်ကိစ္စ၌ လှုံ့ဆော်သူ မထခဲ့လျှင် မြင်ရုံ နှင့်ပြီး၏၊ စေတနာဓာတ်ကြီး လှုံ့ဆော်၍ ထမှသာလျှင် ဖမ်းယူမှုကိစ္စ ပေါ်လာ၏၊ ထို့ကြောင့် ထိုကိစ္စမှာ သူသည်သာလျှင် အမှုသည်ရင်းကြီး ဖြစ်ချေ၍ “ကမ္မံ=ကံ”ဟူ၍ ဆိုရလေသတည်း။

စိတ်ဝိညာဏ်နှင့် ကံ

စိတ်ဝိညာဏ်နှင့် ထိုစေတနာဟူသော ကံသည် တွဲဖက်၍ ဖြစ် ကြကုန်ငြားသော်လည်း ဓာတ်သဘောအားဖြင့် ကွဲပြားလျက် ရှိကြ၏၊ ထို့အတူ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿ, ဒေါမနဿ, လောဘ, ဒေါသ, မောဟ, မာန, ဣဿာ, မစ္ဆရိယတို့သည်လည်းကောင်း၊ သဒ္ဓါ, ပညာ, အလိမ္မာ, သတိ, ဟိရီ, ဩတ္တပ္ပ, မေတ္တာ, ကရုဏာ စသည် တို့သည်လည်းကောင်း၊ စိတ်ဝိညာဏ်မှ အသီးအခြားတို့သာတည်း။ ဟင်းချိုရည်ချက်ရာ၌ စိတ်ဝိညာဏ်သည် ရေနှင့်တူ၏၊ စေတနာ အစရှိကုန်သော ထိုတရားတို့သည် ထိုရေ၌ပါရှိကြကုန်သော ဟင်းသီး မျိုး, ဟင်းရွက်မျိုး, ဆီ, ဆား, ငရုတ်, ကြက်သွန် စသည်တို့နှင့် တူကုန်၏၊ မျက်မြင်အားဖြင့် ရောနှောလျက် ရှိကြကုန်သော်လည်း အရသာအားဖြင့် အသီးအသီး ပေါ်လျက်ရှိကြလေကုန်၏။

ထို့အတူ စေတနာ အစရှိကုန်သော တရားတို့သည် ဝိညာဏ်နှင့် ရောနှောလျက် ရှိကုန်ငြားသော်လည်း ဓာတ်ကိစ္စအားဖြင့် အသီးအသီး ကွဲပြားလျက် ရှိကြကုန်၏၊ ရေ၏ ကိစ္စကို ဆားသည် မဆောင်နိုင်၊ ဆား၏ ကိစ္စကို ရေသည် မဆောင်နိုင်၊ ထို့အတူ

  • စိတ်ညာဏ်၏ ကိစ္စကို စေတနာသည် မဆောင်နိုင်၊
  • စေတနာ၏ကိစ္စကို စိတ်ဝိညာဏ်သည် မဆောင်နိုင်။

သတ္တလောက၏ မျိုးစေ့ဓာတ် 'ကံ'

ထိုစေတနာဓာတ်ကြီးသည် သရက်မျိုးစေ့, ပိန္နဲမျိုးစေ့တို့ကဲ့သို့ သတ္တလောကအရာ၌ မျိုးစေ့ဓာတ်ကြီးဖြစ်၏။

သရက်မျိုးစေ့တို့မှ သရက်ပင်တွေ ပေါက်ရကုန်သကဲ့သို့၊ ပိန္နဲမျိုးစေ့တို့မှ ပိန္နဲပင်တွေ ပေါက်ရကုန်သကဲ့သို့ ထိုစေတနာမျိုးစေ့တို့မှ ထိုထိုဘဝတို့၌ လူပင်, နတ်ပင်တွေ ပေါ်ပေါက်ရကုန်၏၊ ခွေးပင်, ဝက်ပင် တွေ ပေါ်ပေါက်ရကုန်၏၊ လူကိုယ်ကောင်, နတ်ကိုယ်ကောင်, ခွေးကိုယ် ကောင်, ဝက်ကိုယ်ကောင်တို့ကို လူပင်, နတ်ပင်, ခွေးပင်, ဝက်ပင် ဆိုလိုက် သည်။

သရက်စေ့, ပိန္နဲစေ့ အစရှိသော ရုပ်မျိုးစေ့တို့မှ သရက်ပင်, ပိန္နဲပင် အစရှိသော ရုပ်ပင်တို့ ပေါက်ရသကဲ့သို့ ဤစေတနာဟူသော နာမ်မျိုးစေ့ တို့မှ ထိုထို ဘုံဘဝတို့၌ ပဋိသန္ဓေဝိညာဏ်ဟူသော နာမ်ပင်တွေ ပေါက်ရ ကုန်၏၊

ကံမှ ပဋိသန္ဓေပင် ပေါက်ခြင်း

ထိုစေတနာဟူသော ကံသည် သတ္တဝါတစ်ဦးတစ်ယောက်၏ သန္တာန်မှာ သုစရိုက်ကံ အမျိုးမျိုးရှိ၏၊ ဒုစရိုက်ကံ အမျိုးမျိုးရှိ၏၊ ထိုတွင် သေခါနီးအခါ၌ စိတ်ကောင်း, နှလုံးကောင်း ဖြစ်ခိုက်နှင့် ကြုံကြိုက်ခဲ့၍ သုစရိုက်ကံ အခွင့်သာခဲ့သော် ထိုသူကို သုစရိုက်ကံမျိုးက သုဂတိဘဝသို့ ပို့ဆောင်၏၊ သေခါနီးအခါ၌ စိတ်မကောင်း နှလုံးမကောင်း ဖြစ်ခိုက်နှင့် ကြုံကြိုက်၍ ဒုစရိုက်ကံ အခွင့်သာခဲ့သော် ထိုသူကို ဒုစရိုက်ကံမျိုးက ဒုဂ္ဂတိဘဝသို့ ပစ်ချ၏၊ သစ်ပင်မျိုးစေ့တို့သည် ကျရောက်ရာမြေ၌ အပင်သစ်တို့ကို ပေါက်စေကြကုန်သကဲ့သို့ ကုသိုလ်ကံ, အကုသိုလ်ကံ မျိုးစေ့တို့သည်လည်း ကျရောက်ရာ ဘုံဘဝတို့၌ ပဋိသန္ဓေခန္ဓာ အပင် အသစ်တို့ကို ပေါက်စေ, ပေါ်စေကြကုန်၏၊

'ကံပစ်ချသည်'ဟူသော ဝေါဟာရ

ထိုထိုဘုံဘဝတို့၌ ပဋိသန္ဓေခန္ဓာ အသစ်ပေါ်ပေါက်သောအခါ ထိုပုဂ္ဂိုလ်သည်လည်း ထိုဘဝသို့ ရောက်သည်မည်၏၊ ထိုကံသည်လည်း ထိုပုဂ္ဂိုလ်ကို ထိုဘဝသို့ ပို့ဆောင်ပစ်ချသည်ဟူ၍ လောကီဝေါဟာရ အားဖြင့်ပြောဆိုရ၏၊ ထိုပုဂ္ဂိုလ်မှာ ထိုဘဝ၌ အသက်ကိုလည်း ကံပေး၍ ရသည်၊ 'ခန္ဓာကိုလည်း ကံပေး၍ ရသည်' ဤသို့ စသည်ဖြင့် ဆိုရ၏၊

ဟရိတဓာတ်နှင့် စေတနာဓာတ်

သရက်, ပိန္နဲ အစရှိကုန်သော သင်္ခါရလောကတို့၏ “ဟရိတ” ခေါ်သော ဗီဇဓာတ်ကြီးသည် အသက်မရှိ၊ စိတ်မရှိ၊ ဉာဏ်မရှိ၊ ထိုသို့ ဖြစ်ပါလျက် အပင်အသစ်အသစ် ပေါက်ပွားရန်ကိစ္စမှာ အဘယ်မျှ လောက် တန်ခိုးကြီးသည်ဟု သိမြင်ကြကုန်ပြီ၊ သတ္တလောကတို့၏ ဗီဇ ကြီးဖြစ်ပေသော ထိုစေတနာဓာတ်ကြီးမှာမူကား အသက်လည်းရှိ၏၊ ဉာဏ်လည်းရှိ၏၊ ထို့ကြောင့် ဘဝအသစ်အသစ်၊ ခန္ဓာ အသစ်အသစ်တို့ ဖြစ်ပွားမှုမှာ ဆိုဖွယ်ရာမရှိပြီ။

မုချအမှန်အားဖြင့်မူကား ရှေးဘဝမှာ ထိုကံကို အားထုတ်စဉ် အခါ၌လည်း ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ ရုပ်ဓာတ်မျိုး, နာမ်ဓာတ်မျိုး အစုအခဲသာရှိ၏၊ နောက်ဘဝ၌လည်း ပုဂ္ဂိုလ်, သတ္တဝါဟူ၍ ပေါ်လာ သည်မဟုတ်၊ ရုပ်သစ်ခဲ, နာမ်သစ်ခဲမျှသာတည်း၊ ဤသို့လျှင် သုစရိုက်ကံသုဂတိဘဝသို့ ပို့ဆောင်မှု၊ ဒုစရိုက်ကံဒုဂ္ဂတိဘဝသို့ ပစ်ချမှု မြဲခြင်း သည် ကမ္မနိယာမ ကမ္မနိယာမဖြင့် ပြီး၏၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်, သတ္တဝါက ပို့ဆောင်ရသည်, ပစ်ချရသည်ဟူ၍ မရှိ။

ကမ္မနိယာမ၏အဖော် ဗီဇနိယာမ

သင်္ခါရလောက၌ ပြဆိုခဲ့ပြီးသော ဗီဇနိယာမမည်သည် သစ်ပင်တို့၌သာ ရထိုက်သည်မဟုတ်၊ သတ္တဝါတို့၌လည်း ရထိုက်၏၊ သတ္တဝါတို့၌ ဗီဇနိယာမ ဗီဇနိယာမ ဆိုသည်ကား မိဘနှစ်ပါးတို့မှ ဖြစ်ပွားသော သုက္ကသောဏိတ ခေါ်သော ဗီဇဓာတ်မျိုးနိယာမ နိယာမ အချက်ပေတည်း။ ထို ဗီဇနိယာမ ဗီဇနိယာမသည် သားငယ်၏သန္တာန်၌ ကမ္မနိယာမ၏ အဖော် သဟဲကြီးပေတည်း။

  • အမိဖြစ်သူ၏ ထိုဓာတ်အစုသည် ပျိုးခင်းလယ်တွင် သမန်း ပြင် မြေဓာတ်နှင့်တူ၏။
  • အဘဖြစ်သူ၏ ထိုဓာတ်အစုသည် ပျိုးခင်းလယ်တွင် သမန်း ပြင်ရှိ ရေဓာတ်နှင့် တူ၏။
  • ကံခေါ်သော နာမ်ဓာတ်မျိုးစေ့ကြီးသည် ပျိုးခင်းလယ်တွင် သမန်းပြင် မြေ ရေ၌ ကြဲပစ်, မြုပ်နစ်၍နေသော စပါး မျိုးစေ့နှင့် တူ၏။
  • ပဋိသန္ဓေဝိညာဏ်သည် ထိုမျိုးစေ့မှဖြစ်သော စပါးညှောက် နှင့်တူ၏။

ထို အညှောက်သည်ပင် ထိုဘဝ၌ ဖြစ်ပွားသမျှ သော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ မျိုးစေ့အရာတည်ပြန်၏။

ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ် အစဉ်ကို ပြဆိုရာ၌ ထိုပဋိသန္ဓေ ဝိညာဏ်ကို သရက်မျိုးစေ့, ပိန္နဲမျိုးစေ့တို့နှင့် အတူပြု၍ ပြဆိုမှုလာလတံ့။

ဗီဇနိယာမ၏ တန်ခိုးအစွမ်း

သရက်မျိုးစေ့မှ ပေါက်ရောက်သော အညှောက်အပင်စသည် တို့သည် “ဗီဇနိယာမ” “ဗီဇနိယာမ” ၏ အစွမ်းကြောင့် သရက်ညှောက်, သရက်ပင် စသည်တို့သာ ဖြစ်လာရကုန်သကဲ့သို့ ထိုထိုအမိမျိုး, အဘမျိုးတို့၌ ကံပစ်ချ၍ ဖြစ်ပွားကြကုန်သော သား သမီးဖြစ်သူတို့သည် မိဘမှ ဖြစ်ပွား ကြလျှင် ဗီဇနိယာမ ဗီဇနိယာမ၏အစွမ်းဖြင့် မိမျိုး, ဖမျိုး အသွင်အပြင်သို့ အစဉ် လိုက်စား၍ ကြီးပွားကြရကုန်၏၊ သားသမီးဖြစ်သူတို့ကို မြင်ကြလျှင် သင်တို့မိဘ, ဘိုးဘေးတို့သည် မြန်မာမျိုးဖြစ်သည်၊ ရှမ်းမျိုးဖြစ်သည် ဟု သိနိုင်ကြကုန်၏။

နွားမျိုးမှဖြစ်လျှင် နွားအသွင်, ခွေးမျိုးမှ ဖြစ်လျှင် ခွေးအသွင်, ကျီးငှက်မျိုးမှ ဖြစ်လျှင် ကျီးအသွင် ကျီးအဆင်း, ဗျိုင်းငှက်မျိုးမှ ဖြစ်လျှင် ဗျိုင်းအဆင်း ဗျိုင်းအသွင်, အကုန်မြင်ကြစေ။

ဤကား ကမ္မနိယာမဗီဇနိယာမ ရောနှောကြပုံတည်း။ ကုသိုလ်ကံ, အကုသိုလ်ကံ နှစ်မျိုးတို့တွင် ကုသိုလ်သည် ပြုစဉ် အခါ၌ ကြီးသောကံ, ငယ်သောကံ, အဆင့်ဆင့် ရှိပြန်၏၊ တစ်ပဲတန် လှူသောကံ, တစ်မူးတန် လှူသောကံ, တစ်မတ်တန် လှူသောကံ, တစ် ကျပ်တန်း, တစ်ဆယ်တန်, တစ်ရာတန်, တစ်ထောင်တန်, တစ်သောင်း တန်, တစ်သိန်းတန်, တစ်သန်းတန်, တစ်ကုဋေတန် စသည်တို့တည်း။

ကြီးသောကံသည် ကြီးသောမင်းမျိုး၌ ပဋိသန္ဓေကို ပေးနိုင်၏၊ မင်း၏ ပဋိသန္ဓေကိုရသည်နှင့် တစ်ပြိုင်နက် အဘဖြစ်သူ, အမိဖြစ်သူတို့ ပိုင်ဆိုင်သမျှသော ထီးနန်း, တိုင်းပြည် စသည်အလုံးစုံတို့သည် ထိုသူငယ် ၏ အမွေခံဥစ္စာတို့ ဖြစ်ကြကုန်၏၊ ဤကား ကံပေး၍ရပုံတည်း။

သို့ရာတွင် ပျက်ကွက်ရန် အကြောင်းအမျိုးမျိုးရှိသေး၏၊ သူဌေး မျိုး, သူကြွယ်မျိုးတို့မှာ ပဋိသန္ဓေပေးရာတို့၌လည်း ထို့အတူတည်း၊ အချို့သော ကံသည်သေးငယ်၏၊ လုပ်စား ကိုင်စားမျိုး၌ ပဋိသန္ဓေ ပေး၏၊ ကံအကျိုး အခြေခံသေး၏၊ ဒုတိယပဓာန စကားကြီး၌ ပြဆိုခဲ့ပြီးသော ယခုပစ္စုပ္ပန် ကံ, ဉာဏ်, ဝီရိယတို့သည်သာ ကိုးကွယ်ရာဖြစ်ကုန်၏၊ ကံမည် သည် အထွေထွေ, အပြားပြား အလွန်များ၏၊ ပြောဖွယ်, အလွန်ကျယ်၏။

သတ္တလောက၌ ကမ္မနိယာမအမြွက် ပြီး၏။

---

သတ္တလောက နှင့် စိတ္တနိယာမခန်း

စိတ်အမျိုးမျိုး

(က) မြင်စိတ်မျိုး, (ခ) ကြားစိတ်မျိုး,
(ဂ) နံစိတ်မျိုး,
(ဃ) လျက်စိတ်မျိုး,
(င) တွေ့စိတ်မျိုး,
(စ) ကြံစိတ်မျိုး, သိစိတ်မျိုး

ဟူ၍ ဤကိုယ်၌ စိတ်ခြောက်မျိုး ရှိ၏၊ ထိုတွင်

  • မျက်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် မြင်စိတ်မည်၏။
  • နားတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် ကြားစိတ်မည်၏။
  • နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် နံစိတ်မည်၏။
  • လျှာအပြင်မှာ ဖြစ်ပေါ်သော စိတ်သည် လျက်စိတ်မည်၏။
  • အချို, အချဉ်စသော ရသာရုံတို့ကို ချိုမှန်း ချဉ်မှန်း စသည်ဖြင့် သိမှုကို လျက်စိတ်ခေါ်သည်။
  • တစ်ကိုယ်လုံး၌ ဖြစ်ပေါ်သောစိတ်သည် တွေ့စိတ်မည်၏။
  • နှလုံးအိမ်တွင်း၌ ဖြစ်ပေါ်သောစိတ်သည် ကြံစိတ်, သိစိတ်မည်၏။

ထိုစိတ်တို့၏ အာရုံတရားတို့သည်လည်း ခြောက်မျိုးရှိကုန်၏။

(၁) အဆင်းအာရုံတစ်မျိုး,
(၂) အသံအာရုံ တစ်မျိုး,
(၃) အနံ့အာရုံတစ်မျိုး,
(၄) အရသာအာရုံတစ်မျိုး,
(၅) ကိုယ်၌ထိခိုက်ရန် အာရုံတစ်မျိုး,
(၆) ထွေထွေလာလာ ကြံ သိရန် အာရုံတစ်မျိုး။

မျက်စိ မျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံ၍နေကြဆဲအခါ၌ မျက်လုံးမှာ မြင်စိတ်ဖြစ်ပေါ်၏၊ ထိုအဆင်းကို မြင်၏၊ ထိုအာရုံနှင့် မျက်နှာ လွှဲပြန်လျှင် ထိုမြင်စိတ် ပျက်ဆုံးပြန်၏၊ အဆင်းဝတ္ထုအမျိုးမျိုး ပြောင်း လဲတိုင်း မြင်စိတ်အမျိုးမျိုး ပြောင်းလဲ၏။

နားဥပစာ၌ အသံအာရုံပေါ်လာတိုင်း နားတွင်းမှာ ကြားစိတ် ဖြစ်ပေါ်လာ၏၊ ထိုအသံစဲပြန်လျှင် ထိုကြားစိတ် ပျက်ဆုံးပြန်၏၊ အသံ အမျိုးမျိုး ပြောင်းလဲတိုင်း ကြားစိတ်အမျိုးမျိုး ပြောင်းလဲ၏၊ [အနံ့အာရုံတို့နှင့် နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော နံစိတ်မျိုး, အချို, အချဉ်စသော ရသာရုံတို့နှင့် လျှာအပြင်မှာ ဖြစ်ပေါ် သော လျက်စိတ် မျိုးတို့မှာလည်း ထိုနည်းတူမှတ်လေ။]

တွေ့စိတ်သည်ကား တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်၏၊ မြမြထက် သော အပ်သွားနှင့် ထိုး၍စမ်းသော် နာမှန်းသိရာ ကိုယ်အင်္ဂါ အလုံးစုံ တို့သည် တွေ့စိတ်မျိုး၏ ဖြစ်ပေါ်ရာဌာန ချည်းပင်တည်း၊ ထိုတွေ့စိတ် သည် ထိမှန်းသိရုံလည်းရှိ၏၊ ဒုက္ခဝေဒနာပါရှိသောအခါ နာစိတ် အမျိုးမျိုး, ကျဉ်စိတ်အမျိုးမျိုး, ယားစိတ်, ယံစိတ်, ကြိမ်းစိတ်, စပ်စိတ်, အောင့်စိတ်, အင့်စိတ်, နင့်စိတ်, စူးစိတ်, ထုံစိတ်, ကျဉ်စိတ်, ကိုက်စိတ်, ခဲစိတ်, ပူစိတ်, အိုက်စိတ်, အေးစိတ်, ချမ်းစိတ် စသည်အမျိုးမျိုးရှိ၏၊ လူအများတို့ သည်မူကား ထိုနာမှု, ကျဉ်မှု စသည်တို့ကို စိတ်ဓာတ်ဟူ၍ မသိနိုင်ကြ ကုန်၊ ဝိညာဏ်ဓာတ်ဟူ၍ မသိကြကုန်၊ နာမ်ဓာတ်ဟူ၍ မသိကြကုန်။

ကျောက်ကုန်းအပြင်မှာ နေပြင်းစွာပူသောအခါ ကျောက်ကုန်း ရေပေါ်မှာ ထိုစိတ်တွေ အသင်္ချေ အနန္တဖြစ်နေ၏၊ လူအများတို့သည်မူ ကား ထိုစိတ်တွေကို ကျောက်ကုန်းရေဟူသော ရုပ်အစုနှင့် တစ်ခုတည်း ယူ၍ ကျောက်ကုန်းရေပူသည်ဟူ၍သာ မှတ်ယူပြောဆိုတတ်ကြကုန်၏၊ ဦးခေါင်းကိုက်သည်ဟု သိကြ၏၊ ဦးခေါင်းတွင်းမှာ ဒုက္ခဝေဒနာနှင့် ယှဉ်သော ကိုက်ဝိညာဏ်မျိုး ဖြစ်ပေါ်၍ နေသည်ဟု မသိကြ၊ ခေါင်း ကိုက်ပျောက်သည်ဟု သိကြ၏၊ ထို ကိုက်ဝိညာဏ် ချုပ်ပျောက်သည်ဟု မသိကြ။

[ထိုထို ကိုယ်အင်္ဂါတို့၌ နာမှုပေါ်သည်, နာမှုပျောက်သည် စသည် တို့၌လည်း ထိုနည်းတူသိလေ။]

နှလုံးတွင်း၌ ဖြစ်ကြကုန်သော သိစိတ်, ကြံစိတ်တို့သည်မူကား လောဘစိတ်အမျိုးမျိုး, ဒေါသစိတ်အမျိုးမျိုး, မောဟစိတ်အမျိုးမျိုး, သဒ္ဓါစိတ်အမျိုးမျိုး, မေတ္တာစိတ်အမျိုးမျိုး, ပညာစိတ်အမျိုးမျိုး စသည်ဖြင့် အလွန်များပြားကုန်၏၊ လောဘ အာရုံနှင့် တွေ့ကြုံသောအခါ လောဘ ခေါ်သော စိတ်ကြီးနှင့် ဖက်တွဲ၍ နှလုံးထဲမှာ ဖြစ်ပေါ်လာသော သိမှု, ကြံမှုကို လောဘစိတ်ဆိုသည်။

[ဒေါသစိတ် စသည် တို့၌လည်း ထိုအတူ သိလေ။]

ထိုစိတ်တို့သည် နှလုံးသွေးထဲမှာ တစ်လှည့်စီ, တစ်လှည့်စီ ဖြစ် ပေါ်ချည်, ပျက်ဆုံးချည် နေကြကုန်၏၊ စိတ်နှစ်မျိုးတွဲ၍ တစ်ပြိုင်တည်း ဖြစ်ပေါ်သည်ဟူ၍ မရှိ၊ တစ်ခုပျက်ဆုံးမှ တစ်ခုပေါ်ရ၏၊။ ဥပမာကား တစ်ယောက်သောသူမှာ နတ်ကောင်း, နတ်ဆိုး အမျိုးမျိုး ပူးဝင်ရာ၏၊ နှစ်ဦးပြိုင်၍ ပူးဝင်သည်မရှိ၊ တစ်ဦးထွက်မှ တစ်ဦးဝင်သကဲ့သို့တည်း၊ ကိုယ်အင်္ဂါ, နှုတ်အင်္ဂါတို့ကို ခဏချင်း, ခဏချင်း လှုပ်ရှားလျှင် သွားမှု, လာမှု, ပြောမှု, ဆိုမှု စသည်တို့ကို ပြုလုပ်နိုင်သော စိတ်တန်ခိုးကြီးတို့သည် ထိုနှလုံးဌာနမှ ဖြစ်ပွားကြကုန်၏၊ လူအများတို့သည်မူကား ထိုနှလုံးဌာနမှ ဖြစ်ပွားကြကုန်သော စိတ်တို့ကို တစ်လှည့်စီ, တစ်လှည့်စီ ပေါ်ချည်, ဖြစ်ချည် နေကြသည်ဟူ၍ မသိကြကုန်၊ ထွေထွေလာလာ ကြံတတ်, သိတတ်သော စိတ်တစ်ခုတည်း အမြဲတည်ရှိ၍နေသည် ထင်မှတ်ကြ ကုန်၏။

ဤကား စိတ်အမျိုးမျိုး ခွဲပုံတည်း။

စိတ်တို့၏ ဖြစ်ရာဌာန

(ပဉ္စဒွါရဝီထိ)

ယခုအခါ၌ ဝိသေသဖြစ်သော စိတ္တနိယာမ အချက်ကို ပြဆို ပေအံ့။ စိတ်တို့၏ ရှေ့နောက်စီတန်း၍ ဖြစ်စဉ်ကို ဝီထိ ဝီထိဆို၏၊ ထို ဝီထိသည်
(၁) မြင် ဝီထိ,
(၂) ကြား ဝီထိ,
(၃) နံ ဝီထိ,
(၄) လျက် ဝီထိ,
(၅) တွေ့ ဝီထိ,
(၆) သိ ဝီထိ

ဟူ၍ ခြောက်ပါးရှိ၏၊

ထိုထိုအဆင်းကို မြင်ကြရာ၌ မြင်ဝီထိ ဖြစ်ပုံကား
(၁) ဆင်ခြင်စိတ်,
(၂) မြင်စိတ်,
(၃) ခံယူစိတ်,
(၄) စုံစမ်းစိတ်,
(၅) ပြဋ္ဌာန်းစိတ်,
(၆) ခံစားစိတ်,
(၇) နောက်လိုက်စိတ်

ဟူ၍ စိတ်ခုနစ်မျိုး အစဉ်အတိုင်း ဖြစ်မြဲ၊ ထိုစိတ်ခုနစ်မျိုးတို့တွင်

မြင်စိတ်သည် မျက်လုံး၌ဖြစ်၏၊ ကြွင်းသော စိတ်ခြောက်မျိုးတို့သည် နှလုံးအိမ်တွင်းမှ ဖြစ်ကြသော စိတ်မျိုးတို့သာတည်း။

ထိုထို အသံကို ကြားကြရာ၌ ကြားဝီထိဖြစ်ပုံကား-ဆင်ခြင်စိတ်၊ ကြားစိတ်၊ ခံယူစိတ်၊ နောက်၌ ရှေ့အတိုင်း။

ထိုထိုအနံ့ကို နံကြရာ၌ နံဝီထိ ဖြစ်ပုံကား- ဆင်ခြင်စိတ်, နံစိတ်, ခံယူစိတ်, နောက်၌ ရှေ့အတိုင်း။

ထိုထိုအရသာကို သိကြရာ၌ လျက်ဝီထိဖြစ်ပုံကား- ဆင်ခြင်စိတ်, လျက်စိတ်, ခံယူစိတ်, နောက်၌ ရှေ့အတိုင်း။

ထိုထို တွေ့ထိမှုကို တွေ့ကြုံရာ၌ တွေ့ဝီထိဖြစ်ပုံကား
ဆင်ခြင်စိတ်, တွေ့စိတ်, ခံယူစိတ်, နောက်၌ ရှေ့အတိုင်း။ ကြားစိတ်သည် နား၌ ဖြစ်ပေါ်၏၊ နံစိတ်သည် နှာခေါင်း၌ ဖြစ်၏၊ လျက်စိတ်သည် လျှာ၌ဖြစ်၏၊ တွေ့စိတ်သည် ကိုယ်အင်္ဂါတို့၌ ဖြစ်၏၊ ကြွင်းသော စိတ်ခြောက်မျိုးတို့သည် နှလုံးအိမ် တွင်းမှာချည်း ဖြစ်ကြကုန်၏၊

ဝီထိနှင့် သူခိုး ဥပမာ

ဥပမာကား-မင်းအိမ်တစ်ခုမှာ ညအခါ၌ တံခါးပိတ်လျက် တစ်အိမ်လုံး အိပ်ပျော်၍ နေကြကုန်၏၊ သူခိုးတစ်ယောက်သည် လာ၍ တံခါးကို ဖွင့်၏၊ မင်းခစား တစ်ယောက်သည် နိုး၍ တံခါးမှာ လူလားဟု ဆင်ခြင်၍ တံခါးစောင့်ကို နှိုး၍အကြည့်ခိုင်း၏၊ တံခါးစောင့်သည် တံခါး သော့ပေါက်မှ ကြည့်၏၊ မြင်၏၊ အိပ်ဖန်စောင့် တစ်ယောက်ကို ပြော၏၊ အိပ်ဖန်စောင့်သည် ထ၍သူခိုးကို ဖမ်း၏၊ မိ၏၊ မလွှတ်ပြီ။ မင်းအရာရှိ တစ်ယောက်သည် ထ၍စစ်၏၊ စစ်တမ်း စစ်ချက်တင်၏၊ အရာရှိ တစ် ယောက်က စစ်တမ်းစစ်ချက်ကို ကြည့်၍ ခိုးသူအမှန်ဖြစ်ကြောင်း ပြဋ္ဌာန်း၏၊ မင်းက ပြဋ္ဌာန်းချက်အတိုင်း စီရင်ချက်ချ၏၊ မင်းလုလင်တို့က သူခိုးထံမှ မူးစ, မတ်စညှစ်ယူကြ၏၊ အမှုတစ်ခုပြီး၏။

  • လူတို့၏ကိုယ်ခန္ဓာသည် မင်းအိမ်နှင့်တူ၏။
  • ဘဝင်စိတ်ကျ၍ နေဆဲအခါသည် မင်းအိမ်မှာအိပ်ပျော်၍ နေကြသည်နှင့်တူ၏။
  • မျက်စိ, နား စသော ခြောက်ဒွါရ, ခြောက်ဌာနသည် မင်းအိမ် တံခါးနှင့် တူ၏။
  • အပ၌ ရှိသော အာရုံစုသည် သူခိုးနှင့်တူ၏။
  • အာရုံဒွါရ တွေ့ဆုံကြမှုသည် တံခါးဖွင့်မှုနှင့်တူ၏။
  • ဆင်ခြင်စိတ် စသည်သည် မင်းခစားယောကျ်ား စသည်နှင့် တူ၏။

ဤမြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု စုသည်ကား ကိုယ်ခန္ဓာ တွင်းမှာ ဓာတ်အချင်းချင်း ဆောင်ကြမှု သက်သက်သာ ရှိသေးသည်၊ ပုဂ္ဂိုလ်မှာမူကား ငါမြင်သည်, ငါကြားသည်, ငါနံသည်, ငါလျက်သည်, ငါတွေ့သည်ဟု မသိမပေါ်သေး၊ ဥပမာကိုလည်း ဓာတ်တို့၏ ဖြစ်စဉ် နှင့်သာ စပ်၍ယူ။

ဤကား ပဉ္စဒွါရငါးဝီထိ ဖြစ်ပုံတည်း။

မနောဒွါရဝီထိ (သိ ဝီထိ)

အဆင်းစသော အာရုံငါးပါးတို့နှင့်တကွ လောကဓမ္မအာရုံ အလုံး စုံတို့ကို သိကြ, ကြံကြရာ၌ သိ ဝီထိဖြစ်ပုံကား
(၁) ဆင်ခြင်စိတ်, (၂) တွင်ကျယ်စိတ်, (၃) နောက်လိုက်စိတ် ဟူ၍ သုံးမျိုးရှိ၏၊။ ပဉ္စဒွါရငါးဝီထိတို့၌ ခံစားစိတ်နှင့် ဤမနောဒွါရ ဝီထိ၌ တွင်ကျယ်စိတ်တို့ကို ဇောစိတ ဇောစိတ် ဟူ၍ ခေါ်၏၊ အရှိန်အဟုန် ထက်သန် ပြင်းထန်သော စိတ်မျိုး ဆိုလိုသည်။

ထိုတွင် ဤမနောဒွါရဇောစိတ်သည် အတွင်ကျယ်ဆုံးဖြစ်၏၊ သတ္တလောကကြီး၌ နေ့တစ်ရုန်းရုန်း, ညတစ်ရုန်းရုန်း, တစ်အုန်းအုန်း, တစ်ညံညံ ရှိနေကြသည်မှာ ဤမနောဒွါရဇောတန်ခိုးတို့၏ အတတ် ပေတည်း။

နှလုံးတွင်း၌ ဤဇောတန်ခိုးကြီးတို့ ဆိတ်ကင်း၍ နေသောအခါ ခပ်သိမ်းသော သတ္တဝါတို့သည် အသေကောင်တွေနှင့် အလားတူကြ ကုန်၏၊ မျက်စိ၌ မြင်၍လည်း မြင်မှန်းမသိကြကုန်။ နား၌ ကြား၍လည်း ကြားမှန်းမသိကြကုန်၊ နှာခေါင်း၌ နံ၍လည်း နံမှန်း မသိကြကုန်၊ လျှာ၌ လျက်၍လည်း လျက်ရမှန်း မသိကြကုန်၊ ကိုယ်အင်္ဂါနှင့် တွေ့၍လည်း တွေ့ကြမှန်းမသိကြလေကုန်၊ နှလုံးတွင်း၌ ဤမနောဒွါရဇောတန်ခိုး ကြီးတို့ ကျရောက်ပေါ်ပေါက်လာသောအခါမှသာ မြင်လျှင်မြင်မှန်း သိကြကုန်၏၊ ကြားလျှင် ကြားမှန်း သိကြကုန်၏၊ နံလျှင် နံမှန်း သိကြ ကုန်၏၊ လျက်လျှင် လျက်မှန်း သိကြကုန်၏၊ တွေ့လျှင် တွေ့မှန်း သိကြ လေကုန်၏။

ထို့ကြောင့် ဤမနောဒွါရဝီထိတို့သည် မြင်ဝီထိ၏ နောက်မှာ လည်း များစွာဖြစ်ပွားကြကုန်၏၊လ။တွေ့ဝီထိ၏နောက်မှာလည်း များစွာဖြစ်ပွါးကြကုန်၏၊ မြင်ဝီထိ စသည်တို့နှင့် မစပ်ယှက်ပဲ ကြံဖန်မှု သက်သက်တို့နှင့် ဖြစ်ကြကုန်သည်ကား သာ၍များကုန်၏၊

မည်သူမှ မဖန်ဆင်းပဲ အလိုလိုဖြစ်နေသော စိတ်အစဉ်

ဤသို့ဖြစ်ကြရာ၌ ဘယ်သူတစ်ဦးတစ်ယောက်မှ ထိုသို့ ဖြစ် ကြရန် စီမံဖန်ဆင်းရသည် မဟုတ် စိတ္တနိယာမ စိတ္တနိယာမ အားဖြင့် အလိုလိုစီပြီး, စဉ်ပြီး တစ်စည်း တစ်ရုံး, တစ်လုံးတစ်ဖွဲ့တည်း ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ကြကုန်၏။

စက်ရုံကြီးတို့မှာ အရင်းစက်ခလုတ်ငယ်တစ်ခုကို လှုပ်ရှား လိုက်လျှင် အဆက်ဆက် စက်ကိရိယာ အများတို့သည် တားမရ, ဆီးမရ, အဆုံးတိုင် လည်ကြကုန်သကဲ့သို့ မျက်စိမျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံခဲ့သည်ရှိသော် အမြင်ဝီထိ, အသိဝီထိတို့သည် တားမရ, ဆီးမရ ဖြစ်ကြကုန်၏၊ မျက်စိ, မျက်နှာ မမှိတ်သာ, မလွှဲသာ ရှိနေရာ၌ ငါမမြင်လို ဟု ငို၍ပင် နေငြားသော်လည်း ထိုပုဂ္ဂိုလ်ကို ထိုဝီထိစိတ်တို့သည် မြင်မှု ဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။

ထို့အတူ ခွေးသံ, ဝက်သံ, တီးသံ, မှုတ်သံတို့ နှင့် တွေ့ဆုံကြရာ၌ ငါမကြားလို ဟု ငို၍ပင် နေငြားသော်လည်း အကြား, အသိ ဝီထိစိတ် အပေါင်းတို့သည် ထို ပုဂ္ဂိုလ်ကို ကြားမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြ ကုန်လတ္တံ့၊ ခွေးပုပ်, လူပုပ်စသည်နှင့် တွေ့ဆုံကြရာ၌ နံဝီထိ, သိဝီထိစိတ် အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို နံမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြ ကုန်လတ္တံ့၊ အလွန် ခါးစပ်သော ဓာတ်စာ, ဆေးစာတို့ကို စားသောက် ကြရာ၌ လျက်ဝီထိ, သိဝီထိတို့သည် ထိုပုဂ္ဂိုလ်ကို ခါးမှု, စပ်မှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့၊ အဖျားအနာ ကြုံကြိုက်ရာတို့၌ တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်သော ပူစိတ်, လောင်စိတ်တို့သည်လည်း ကောင်း အနာပေါက်ရာ ကိုယ်အင်္ဂါတို့၌ ဖြစ်ပေါ်ကုန်သော နာစိတ်, ကျဉ်စိတ် တို့သည်လည်းကောင်း ထိုအဖျား, ထိုအနာ မပျောက်ငြိမ်းသမျှ ကာလ ပတ်လုံး ထိုပုဂ္ဂိုလ်ကို ပူဒုက္ခ, လောင်ဒုက္ခ, နာဒုက္ခ, ကျဉ်ဒုက္ခတို့နှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။

[ထင်ရှားစေခြင်းငှါ အနိဋ္ဌာရုံတို့နှင့် တွေ့ဆုံမှုကို ပြဆို လိုက်သည်။ ဣဋ္ဌာရုံတို့နှင့် တွေ့ဆုံရာတို့၌လည်း ဤနည်း အတိုင်း စိတ္တနိယာမ ဖြစ်ပုံတို့ကို အကုန်မြင်ကြစေ။]

သတ္တလောက၌ စိတ္တနိယာမ ဖြစ်ပုံပြီး၏၊

---

သတ္တလောက၏ ဓမ္မနိယာမ

နိဒါနဝဂ္ဂသံယုတ် ပါဠိတော်၌ ပဋိစ္စသမုပ္ပါဒ်တရားကို သတ္တလောက၏ ဓမ္မနိယာမ တရားဟူ၍ ဟောတော်မူ၏။

(၁) အဝိဇ္ဇာပစ္စယာ သင်္ခါရာ

(၂) သင်္ခါရပစ္စယာ ဝိညာဏံ

(၃) ဝိညာဏပစ္စယာ နာမရူပံ

(၄) နာမရူပပစ္စယာ သဠာယတနံ

(၅) သဠာယတနပစ္စယာ ဖေဿာ

(၆) ဖဿပစ္စယာ ဝေဒနာ

(၇) ဝေဒနာပစ္စယာ တဏှာ

(ဂ) တဏှာပစ္စယာ ဥပါဒါနံ

(၉) ဥပါဒါနပစ္စယာ ဘဝေါ

(၁၀) ဘဝပစ္စယာ ဇာတိ

(၁၁) ဇာတိပစ္စယာ ဇရာမရဏံ

ပဋိစ္စသမုပ္ပါဒ် အကြောင်း အကျိုးစုံ (၁၁)။

(၁) အဝိဇ္ဇာပစ္စယာ သင်္ခါရာ

လူ နတ်ဗြဟ္မာ ခေါ်ကြသော ကိုယ်ခန္ဓာစုသည် ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါမဟုတ်၊ လူ နတ် ဗြဟ္မာမဟုတ်၊ အလွန် ကြောက်မက်ဖွယ်ကောင်းလှသော ရုပ်ဓာတ်စု, နာမ်ဓာတ် စုမျှသာ ဖြစ်သည်ကို ထင်လင်းစွာ မသိခြင်းကြောင့် ထိုရုပ် ဓာတ်စု, နာမ်ဓာတ်စုကို အဖန်ဖန် ပြုစု၊ ပျိုးထောင်ခြင်းဟူသော သင်္ခါရတရားတို့ ဖြစ်ပွားကြကုန်သည်။

(၂) သင်္ခါရပစ္စယာ ဝိညာဏံ

သင်္ခါရဟူသော မျိုးစေ့တရား ပွားများခြင်းကြောင့် နောက် ဘဝ၌ ဝိညာဏ်ဟူသော အကျိုးဖလ ပဓာန ဓာတ် မှူးကြီး ဖြစ်ပေါ်သည်။

(၃) ဝိညာဏပစ္စယာ နာမရူပံ

ဝိညာဏ်ဟူသော ပဓာနဓာတ်မှူးကြီး ဖြစ်ပေါ်ခြင်း ကြောင့် နာမကာယကြီး, ရူပကာယကြီး ပွားစီးဖြစ်ပေါ်သည်။ (ဖဿ, ဝေဒနာ, သညာ, စေတနာ အစရှိသော စေတသိက် နာမ်စုကို နာမကာယ ဆိုသည်။)

(၄) နာမရူပပစ္စယာ သဠာယတနံ

နာမကာယကြီး, ရူပကာယကြီး ပွားစီးဖြစ်ပေါ်ခြင်း ကြောင့် ရူပကာယ၌ အာရုံတို့၏ ဆိုက်ဝင်ရန် ရုပ်ကြည်ငါးပါး, နာမကာယ၌ အာရုံတို့၏ဆိုက်ဝင်ရန် မနောအကြည် တစ်ပါး, အကြည်ခြောက်ပါး တံခါးခြောက်ခု ဖြစ်ပေါ်သည်။

(စက္ခု,သောတ,ဃာန,ဇိဝှါ,ကာယ ရုပ်ကြည်ငါးပါး)။

(၅) သဠာယတနပစ္စယာ ဖေဿာ

အကြည်ခြောက်ပါး တံခါးခြောက်ခု ဖြစ်ပေါ်လာခြင်း ကြောင့် တစ်ခုတစ်ခုသော ဒွါရ၌ အကြည်, အာရုံ, ဝိညာဏ် သုံးခု လုံးထွေးမှု ဟူသော ဖဿခြောက်ပါး ဖြစ်ပွားသည်။

(၆) ဖဿပစ္စယာ ဝေဒနာ

အကြည်, အာရုံ, ဝိညာဏ်သုံးခု လုံးထွေးမှုဟူသော ဖဿခြောက်ပါး ဖြစ်ပွားခြင်းကြောင့် ခံစားမှု, စံစားမှု ဟူသော ဝေဒနာခြောက်ပါး ဖြစ်ပွားသည်။

(၇) ဝေဒနာပစ္စယာ တဏှာ

ခံစားမှု, စံစားမှု ဟူသော ဝေဒနာခြောက်ပါး ဖြစ်ပွား ခြင်းကြောင့် ခံစားမှု၏ အသိုက်အအုံ အလုံးစုံတို့ကို သာ ယာတွယ်တာမှုဟူသော တဏှာခြောက်ပါး ဖြစ်ပွားသည်။

(ဂ) တဏှာပစ္စယာ ဥပါဒါနံ

သာယာတွယ်တာမှု ဟူသော တဏှာခြောက်ပါး ဖြစ် ပွားခြင်းကြောင့် အတွယ်အစွဲ မြဲကြီးမြဲခြင်းဟူသော ဥပါဒါန်တရား ဖြစ်ပွားသည်။

(၉) ဥပါဒါနပစ္စယာ ဘဝေါ

အတွယ်အစွဲ မြဲကြီးမြဲခြင်းဟူသော ဥပါဒါန်တရား ဖြစ်ပွားခြင်းကြောင့် ဥပါဒါန် အစီးအပွားကို လိုက်စား အား ထုတ်မှုဟူသော သုစရိတ, ဒုစ္စရိတ ဘဝနှစ်ပါး ဖြစ်ပွား သည်။

(၁၀) ဘဝပစ္စယာ ဇာတိ

သုစရိတ ဒုစ္စရိတ ဘဝနှစ်ပါး ဖြစ်ပွားခြင်းကြောင့် စုတိ၏ နောက်၌ ခန္ဓာအသစ်အသစ် ဖြစ်ပေါ်ခြင်းဟူသော ဇာတိ တရား ဖြစ်ပွားသည်။

(၁၁) ဇာတိပစ္စယာ ဇရာမရဏံ

အသစ် အသစ် ဖြစ်ပေါ်မှု ရှိနေခြင်းကြောင့် သစ်သမျှ ဟောင်းခြင်း, ဖြစ်ပေါ်သမျှ ပျောက်ပျက်ရခြင်း ဟူသော ဇရာမရဏတရား ဖြစ်ပွားသည်။

ဤကား အစုံ ၁၁-၏အနက်။

ဖန်ဆင်းသူ မရှိခြင်း

အဝိဇ္ဇာ, သင်္ခါရ = အတိတ်ဘဝ၌ရှိခဲ့သော တရားနှစ်ပါး။ ဝိညာဏ, နာမ်ရုပ်။လ။ ဘဝ = ယခုပစ္စုပ္ပန်တရားရှစ်ပါး။ ဇာတိ, ဇရာ, မရဏ = နောက် အနာဂတ်ဘဝ၌ ဖြစ်ပေါ် လတ္တံ့သော တရားသုံးပါး။

ဝိညာဏ်သည် ယခုဘဝ၏ အစပေတည်း၊ ယခုဘဝဖြစ်ပေါ်ရန် အကြောင်းကား အဝိဇ္ဇာ, သင်္ခါရ ပေတည်း၊ အဝိဇ္ဇာ, သင်္ခါရ သည်ကား ယခုဘဝ၏ ရှေ့တည်း၊ အတိတ်ဘဝ ပေါ်၏၊ အတိတ်ဘဝဆိုသည်ကား ဝိညာဏ်, နာမ်ရုပ်စသည် ရှစ်ပါးတို့ပင်တည်း၊ ထိုဘဝ၌လည်း ဝိညာဏ် အစပေါ်ပြန်၏၊ ထိုဝိညာဏ်ဖြစ်ပေါ်ရန် အဝိဇ္ဇာ, သင်္ခါရ ရှေ့ဘဝ ပေါ်ပြန်၏၊ အတိတ်သံသရာ၌ အနမတဂ္ဂ အစမရှိ ပေါ်လေ၏။

ဇာတိသည် အနာဂတ်ဘဝ၏ အစပေတည်း။ အနာဂတ်ဘဝ ဆိုသည်ကား ဝိညာဏ်, နာမ်ရုပ် စသည် ရှစ်ပါးပင်တည်း၊ ထိုရှစ်ပါး တို့တွင် ကမ္မဘဝအင်္ဂါသည် အဆုံးအင်္ဂါ ဖြစ်ပြန်၏၊ ထိုအင်္ဂါကြောင့် ထိုမှနောက်ဘဝ၌ ဇာတိပေါ်ရပြန်၏၊ ထိုမှ နောက်ဘဝ ဆိုသည်ကား ဝိညာဏ်, နာမ်ရုပ်စသည် အင်္ဂါရှစ်ပါးပင်တည်း။

ထိုရှစ်ပါးတို့တွင် ကမ္မဘဝအင်္ဂါကြောင့် နောက်ဘဝ၌ ဇာတိ ပေါ်ရပြန်၏၊ အနာဂတ် သံသရာ၌ အနမတဂ္ဂ အဆုံးမရှိပေါ်လေ၏၊ အဝိဇ္ဇာတဏှာတို့ကို ပယ်သတ်နိုင်မှ ဆုံးတော့သည်။

ဤသို့လျှင် တစ်စုံတစ်ယောက်သောသူ ပြုလုပ်ဖန်ဆင်းမှု မရှိပဲ အနမတဂ္ဂ သံသရာကာလ၌ နာမ်ဓမ္မ, ရုပ်ဓမ္မတို့၏ အကြောင်းအကျိုး အဆက်ဆက် အစဉ်မြဲ၍ နေသည်ကို ဓမ္မနိယာမ ဆိုသတည်း။

---

အကြောင်းအကျိုးဖြစ်ပုံ ဥပမာ

တစ်ခုသော ဘဝဖြစ်ပေါ်ရာ၌ အဝိဇ္ဇာသည် မြေနှင့်တူ၏၊ တဏှာသည် မိုးရေနှင့်တူ၏၊ သင်္ခါရဟူသော စေတနာဓာတ်ကြီးသည် သရက်မျိုးစေ့ နှင့်တူ၏၊ နောက်ဘဝ၌ ဝိညာဏ်သည် သရက်မျိုးစေ့မှ ပေါ်ပေါက်သော သရက်ညှောက်ငယ်နှင့်တူ၏။

နာမကာယကြီး, ရူပကာယကြီး နှစ်ပါးသည် သရက် ညှောက်ငယ်မှ ဆက်လက် ကြီးပွား၍ သွားသော သရက်ပင် ကြီးနှင့် တူ၏၊ နာမကာယကြီးဆိုသည်မှာ ဖဿ ဝေဒနာ သညာ စေတနာ စသည်, ဝိတက္က, ဝိစာရ, ဝီရိယ စသည်, လောဘ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ စသည်, သဒ္ဓါ, သတိ, ဟိရီ, ဩတပ္ပ, ပညာ စသည်ဖြင့် စိတ် ဝိညာဏ်၏ အခြံအရံ နာမ်ခေါ်သော တရားမျိုး များပြား လျက် ရှိသောကြောင့် နာမကာယကြီး ဆိုပေသည်။

  • သဠာယတန ခြောက်ပါးသည် သရက်ပွင့်ခိုင်စုနှင့်တူ၏။
  • ဖဿခြောက်ပါးသည် သရက်ပွင့်တန်စုနှင့်တူ၏။
  • ဝေဒနာခြောက်ပါးသည် သရက်ပွင့်စုနှင့်တူ၏။
  • တဏှာခြောက်ပါးသည် သရက်သီးကင်းစုနှင့် တူ၏။
  • ဥပါဒါန် လေးပါးသည် သရက်သီးရင့်စုနှင့်တူ၏။
  • ကမ္မဘဝသည် သရက်စေ့နှင့်တူ၏။
  • ဇာတိသည် ထိုသရက်စေ့မှ ပေါက်သော နောက်သရက်ပင် နှင့် တူ၏။

အကြောင်းအကျိုး အဆင့်ဆင့်ဖြစ်ပွား၍ သွားပုံမျှကိုပြသော ဥပမာတည်း။

သတ္တလောကဓမ္မနိယာမကို ဖြစ်ပုံ ပြီး၏။

---

သစ္စာ ၂-မျိုး နှင့် ဝေါဟာရ ၂-မျိုး

သမုတိသစ္စာ ပရမတ္ထသစ္စာ

ဤလောကသုံးပါး၏ ဖြစ်ပုံကို ပြောဆိုသူတို့သည် သစ္စာနှစ်မျိုး ဝေါဟာရနှစ်မျိုးတို့ကို သိမှတ်ရင်း ရှိကြကုန်ရာ၏။

သစ္စာနှစ်မျိုး ဆိုသည်ကား
(၁) သမ္မုတိသစ္စာ တစ်မျိုး,
(၂) ပရမတ္ထသစ္စာ တစ်မျိုး၊

သမ္မုတိသစ္စာ ဆိုသည်ကား ထိုထိုလူမျိုးတို့မှာ အမှန်ပြု၍ ခေါ်ဝေါ်ပြောဆိုကြသော စကားမျိုးတည်း၊ ငါတို့မြန်မာနိုင်ငံ၌ နွားကို နွားဟူ၍, ကျွဲကို ကျွဲဟူ၍ ခေါ်ဝေါ်ပြောဆိုလျှင် အမှန်ကျ၏၊ သမ္မုတိသစ္စာ ဖြစ်၏၊ အဘယ့်ကြောင့် အမှန်ကျသနည်း၊ ဤနိုင်ငံမှာ လူအများတို့ ခေါ်ဝေါ်ရိုး, ပြောဆိုရိုးရှိသည့်အတိုင်း ပြောဆိုသည်ဖြစ်၍ ဘယ်သူမှ လှည့်စားရာ မကျသောကြောင့် အမှန်ဖြစ်ပေသတည်း။

နွားဟူသော သတ္တဝါ, ကျွဲဟူသောသတ္တဝါသည် လောက၌ ဧကန်ရှိအမှန်ရှိဖြစ်၏၊ ဤအကောင်ကြီးသည် နွားအမှန်ဖြစ်၏၊ ကျွဲအမှန် ဖြစ်၏၊ သမ္မုတိသစ္စာ ပေတည်း၊ ဤသမ္မုတိသစ္စာသည် လူအများခေါ် ဝေါ်မှုသို့ အစဉ်လိုက်၏၊ လူအများ ညီညာလျှင် ပြောင်းချင်တိုင်း ပြောင်း နိုင်၏၊ ညီညာ၍ ပြောင်းရွှေ့ ပြောဆိုလျှင် အချင်းချင်း လှည့်စားမှု မရှိပြီ။

ပရမတ္ထသစ္စာ ဆိုသည်ကား ဓာတ်သဘာဝ, ဓမ္မသဘာဝတို့နှင့် အဖြောင့်ကျသော စကားမျိုးတည်း၊ မသိမှုကို မောဟခေါ်၏၊ သိမှုကို ဉာဏ်ခေါ်၏၊ အဖြောင့်ကျ၏၊ မသိမှုကို ဉာဏ်, သိမှုကို မောဟ, ပြောင်း ရွှေ့၍မရ၊ အဘယ့်ကြောင့်နည်းဟူမူ ပြောင်းရွှေ့ခဲ့လျှင် ပရမတ္ထသစ္စာ ပျက်၏၊ မိစ္ဆာဒိဋ္ဌိ ဖြစ်တတ်၏။

  • သမ္မုတိသစ္စာပျက်လျှင် မုသာဝါဒ ဖြစ်တတ်၏။
  • ပရမတ္ထသစ္စာ ပျက်ခဲ့လျှင် ဒိဋ္ဌိ ဖြစ်တတ်၏။

ဝေါဟာရ ၂- မျိုး

ဝေါဟာရ နှစ်မျိုး ဆိုသည်ကား
(၁) သုတ္တန်ဝေါဟာရ တစ်မျိုး,
(၂) အဘိဓမ္မာဝေါဟာရ တစ်မျိုး၊

ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူ, နတ်, မိန်းမ, ယောကျ်ား အစရှိ သော ဝေါဟာရမျိုးသည် သုတ္တန်ဝေါဟာရမျိုး မည်၏၊ သမ္မုတိသစ္စာ၏ ဆိုင်ရာပေတည်း။

နာမ်, ရုပ်, ဖဿ, ဝေဒနာ, ပထဝီ, အာပေါ အစရှိသော ဝေါဟာ ရ မျိုးသည် အဘိဓမ္မာဝေါဟာရမျိုးမည်၏၊ ပရမတ္ထသစ္စာ၏ ဆိုင်ရာ ပေတည်း။

ပညတ်နှင့် ပရမတ်ခွဲပုံအကျယ်

သံသပိတ် ဟူသော စကား၌ သမ္မုတိသစ္စာ အလိုအားဖြင့် သံသည်ပင်လျှင် သပိတ်, သပိတ်သည်ပင်လျှင် သံ, သံနှင့်သပိတ်, သပိတ် နှင့်သံ မကွဲပြားကြဟူ၍ ပြောကြကုန်လတ္တံ့၊ ပရမတ္ထသစ္စာအလိုအားဖြင့် သံသည် သပိတ်မဟုတ်။ သပိတ်သည် သံမဟုတ်၊ သံကားတခြား, သပိတ်ကား တခြားဟူ၍ ပြောရမည်၊ ယုတ္တိမူကား သံ၏အနက်ကား သံသားတည်း၊ သပိတ်၏ အနက်ကား ဝန်းဝန်း ဝိုင်းဝိုင်း ထင်မြင်ရသော သဏ္ဌာနပညတ် တည်း။

ထို့ကြောင့် သံဟူသော အမည်သည် အိုးဖြစ်စေ, ခွက်ဖြစ်စေ, ဓားမ, ပုဆိန်ဖြစ်စေ, သံသားရှိရာ အလုံးစုံတို့၌ အကုန်လိုက်၏၊ သပိတ်ဟူသော အမည်သည် သံကို လုပ်သည်ဖြစ်စေ, မြေကို ရွှေကို ငွေကို လုပ်သည်ဖြစ်စေ, ထိုသဏ္ဌာန်မျိုးရှိရာတို့၌ အကုန်လိုက်၏၊ သံ အမည်ရှိရာတိုင်းတို့၌ သပိတ်အမည် မလိုက်, သပိတ်အမည် ရှိရာတိုင်း တို့၌ သံ အမည်မလိုက်။

ထိုသံသပိတ်ကို်ပင် ဖျက်ဆီး၍ အိုး, ခွက် စသည် ပြုလုပ်ခဲ့သော် သံအိုး, သံခွက် စသည်ဖြင့် သံအမည်သည်သာ လိုက်၏၊ ထိုသံပင် ဖြစ်သော်လည်း သဏ္ဌာန်တစ်မျိုး ပြောင်းရွှေ့၍ သွားခဲ့လျှင် သပိတ် အမည် မလိုက်နိုင်ပြီ၊ ထို့ကြောင့် အဘိဓမ္မာနည်း အလိုအားဖြင့် ထို သပိတ်မှာပင် သံသည်သပိတ်မဟုတ်၊ သပိတ်သည် သံမဟုတ်၊ သံကား တခြား, သပိတ်ကား တခြား, သံ၏အနက်ကား သံသားတည်း၊ သပိတ်၏ အနက်ကား သဏ္ဌာန်တည်း၊ သံသားသည် သဏ္ဌာန် မဟုတ်၊ သဏ္ဌာန် သည် သံသားမဟုတ်၊ သံသည်ကား သပိတ်သည် လုပ်၍ဖြစ် လာသည် မဟုတ်၊ သံ, ကျောက်စသည်တို့မှ ဖြစ်လာ၏၊ သဏ္ဌာန်သည်မူကား သပိတ်သည်လုပ်မှ ဖြစ်ပေါ်လာသော အာဂန္တုပညတ်ကြီးပေတည်း။

ဤသို့ အဘိဓမ္မာနည်းအားဖြင့် သံသားနှင့် သဏ္ဌာန်ကို ဉာဏ်နှင့် ခွဲခြမ်းလိုက်သည်ရှိသော် သဏ္ဌာန်သည် သံကဲ့သို့ အမျိုးဇာတိ နှင့်ရှိသော ဝတ္ထုမျိုးမဟုတ်၊ ထိုသို့အမျိုးဇာတိနှင့်ရှိသော ဝတ္ထုမျိုး မဟုတ်သည့် အတွက် သပိတ်ဟူ၍မရှိဟု ပြောဆိုပိုင်လေသတည်း။။ လောက၌ သန်းဥသဏ္ဌာန်, သန်းဖျသဏ္ဌာန်, ဆံပင်သဏ္ဌာန်, မွေးညင်းသဏ္ဌာန်, မြူမှုန့်သဏ္ဌာန်, သဲမှုန့်သဏ္ဌာန်တို့မှစ၍ သက်ရှိ, သက်မဲ့ အလုံးစုံအကုန် သဏ္ဌာန်အသွင် ထင်မြင်သမျှတို့သည် သပိတ်သဏ္ဌာန်မျိုးကဲ့သို့ ချည်း မှတ်လေ။

သစ္စာနှစ်မျိုး၊ ဝေါဟာရနှစ်မျိုး ခွဲနည်းပြီး၏။

---

ရုပ်နှင့် နာမ် ဓာတ်ခွဲပုံ

တစ်ဘဝမှ တစ်ဘဝသို့

ကိုယ်သဏ္ဌာန်၌, ခေါင်းသဏ္ဌာန်ဖြစ်၍ နေကြကုန်သော ရုပ်တုံး, ရုပ်ခဲ, ဓာတ်တုံး, ဓာတ်ခဲတို့၌ ဓာတ်ခွဲပုံဥပမာကား- သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့ပါသလော မေးခဲ့သော် မေးသောသူ သည် ဉာဏ်ပညာနုံ့ သောသူဖြစ်ခဲ့အံ့၊ သမ္မုတိသစ္စာမျိုးနှင့် ဖြေဆိုရာ၏၊ ဖြေဆိုပုံကား ပြောင်းရွှေ့ပါ၏၊ ကုသိုလ်တရားကို အားထုတ်သောသူ သည် သေသည်မှနောက်၌ သုဂတိဘဝသို့ ရောက်ရသည်၊ ကုသိုလ် တရားကို အားမထုတ်သော သူသည် သေသည်မှနောက်၌ ဒုဂ္ဂတိဘဝသို့ ရောက်ရသည်ဟူ၍ ဖြေဆိုရာ၏။

ဉာဏ်ပညာ ထက်သန်သောသူ ဖြစ်ခဲ့အံ့၊ အရာဌာနသို့လိုက်၍ သမ္မုတိသစ္စာနည်းမျိုးနှင့်သော်လည်း ဖြေဆိုရာ၏၊ ပရမတ္ထသစ္စာ နည်းမျိုး နှင့်သော်လည်း ဖြေဆိုရာ၏၊ ပရမတ္ထသစ္စာ နည်းမျိုးနှင့် ဖြေဆိုပုံကား သတ္တဝါဟူ၍ မရှိ၊ မရှိသောသတ္တဝါကို အရှိလုပ်၍ “ပြောင်းရွှေ့သည်, မပြောင်းရွှေ့သည်” ဟုပြောခွင့်မရှိ၊ ရုပ်နာမ်တရား နှစ်ပါးသာရှိ၏၊ ထိုနှစ်ပါးသည်လည်း ယခုမျက်မှောက် ဘဝမှာပင် တစ်ဌာနက တစ်ဌာန သို့ ပြောင်းရွှေ့ခြင်း မရှိကြ၊ ဖြစ်ရာဖြစ်ရာ ဌာန၌ပင်လျှင် ချုပ်ဆုံးကြ၏၊ အဘယ်မှာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့နိုင်မည်နည်း၊ ဤဘဝ၌ ဖြစ်ပွား ကြသော ကုသိုလ်ကံ, အကုသိုလ်ကံကြောင့် စုတိ၏အခြားမဲ့၌ ဘဝတစ်ပါး မှာ နာမ်အသစ်, ရုပ်အသစ် ဖြစ်ပေါ်လေ၏၊ ဤသို့ဖြစ်ပေါ်သည်ကိုပင် လောကဝေါဟာရအားဖြင့် “သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်း ရွှေ့သည်ဟု ခေါ်ကြရသည်” ဟူ၍ ပင်ဖြေဆိုရာ၏၊

လောက ဥပမာ

ဤအရာ၌ ဥပမာတစ်ခုကို ပြဆိုပေအံ့၊ အလွန်သိမ်မွေ့ လှစွာ သော သဲတို့ကို လမ်းကြီးတစ်ခု လုပ်ရာ၏၊ ဆယ်မိုင်ခန့်ရှည်၏၊ အနံသုံး တောင်၊ အထု နှစ်တောင်ရှိ၏၊ ဤလမ်းကြီး၌ သမ္မုတိသစ္စာ နည်းအားဖြင့် “လမ်းကြီး တစ်ခုရှိ၏၊ အလျား အနံ အထု မည်မျှရှိ၏၊ မည်သည့်ရွာမှ မည်သည့်ရွာသို့ရောက်၏၊ မည်သည့်နေရာ၌ ဖြောင့်၏၊ မည်သည့် နေရာ၌ ကောက်၏၊ ကွေ့၏၊ မိုမောက်၏၊ နိမ့်ရှိုင်း၏” ဟူ၍ ပြောပေ ရာ၏။

အဘိဓမ္မာနည်းအားဖြင့် ပြောမူကား လမ်းဟူ၍ပင် မရှိ၊ အလွန် သိမ်မွေ့သော သဲလုံးတို့သာ ရှိကုန်၏၊ သဲပုံကြီး, သဲစုကြီးသာ ဖြစ်၏၊ အလျား, အနံ, အထု, အမို, အမောက်, အနိမ့်, အရှိုင်း, အကောက်, အကွေ့ဟူ၍ မရှိ၊ ဘယ်ဌာနကစ၍ ဘယ်ဌာနသို့ ရောက်သည်ဟူ၍ မရှိ။

ဤနှင့်အတူ တစ်ခု တစ်ခုသော ရုပ်တရား, နာမ်တရားသည် လည်း ယခုပစ္စက္ခဘဝ၌ပင် ဘယ်ဌာနက ဘယ်ဌာနသို့ ရောက်သည် ဟူ၍ မရှိ၊ ဖြစ်ရာဌာန၌သာ ချုပ်ရ၏၊ အဘယ်မှာ ဘဝတစ်ပါးသို့ ပြောင်း ရွှေ့နိုင်မည်နည်း။

ဤဥပမာ၌ သဲမှုန့်တို့ကို အသီးအသီးပြု၍ ရှုမြော်လိုက်သည် ရှိသော် လမ်းကြီးသဏ္ဌာန် ကွယ်ပျောက်လေ သကဲ့သို့ မြေမှုန့်, ကျောက် မှုန့်တို့ကို အသီးအသီးပြု၍ ရှုမြော်လိုက်သည်ရှိသော် မဟာပထဝီမြေကြီး သဏ္ဌာန်, စကြဝဠာတောင်, မြင့်မိုရ်တောင်, သတ္တရဘန်တောင် သဏ္ဌာန် တို့သည်လည်း ဉာဏ်၌ အကုန်ကွယ်ပျောက်လေကုန်၏၊ မြေမှုန့်အစု, ကျောက်မှုန့်အစုတို့သာ ရှိကြကုန်၏၊ သစ်ပင်, ချုံနွယ် အပေါင်းတို့ကိုလည်း ထောင်းထု, ကြိတ်နယ်၍ ရှုခဲ့သော် သူ့သဏ္ဌာန်စုနှင့် သူ့အမည်စု အကုန် ကွယ်ပျောက်၍ မြေမှုန့်စုတို့သည်သာ ကျန်ရှိကုန်လတ္တံ့။

တစ်ခုတစ်ခုသော ရုပ်တရား, နာမ်တရားသည် တစ်ဌာနမှ တစ်ဌာနသို့ နှမ်းစေ့တစ်ခုစာမျှ ပြောင်းရွှေ့ခြင်း မရှိ၊ ထွက်သက်ခဏ၌ ဖြစ်ပေါ်သော ရုပ်နာမ်စုသည် ဝင်သက်ခဏသို့ မရောက်၊ ထွက်သက် ခဏ၌သာ ချုပ်ကုန်၏၊ ဝင်သက်ခဏ၌ ဖြစ်ပေါ်သော နာမ်, ရုပ်စုသည် ထွက်သက် ခဏသို့မရောက်၊ ဝင်သက်ခဏ၌သာ ချုပ်ကုန်၏၊ ချုပ်ပုံကား စီး၍နေသော မြစ်ရေကို စေ့စေ့ရှု တစ်လှုပ်လှုပ် တစ်ရွရွနေသည်ကို မြင်ရ၏၊ လှုပ်မှု, ရွမှုဟူသည် ရုပ်သစ်, ရုပ်ဟောင်း ပြောင်းလဲမှုတည်း။

အဘိဓမ္မာ၌ ရုပ်သစ်, ရုပ်ဟောင်း, နာမ်သစ်, နာမ်ဟောင်း ပြောင်းလဲမှုကို လောက၌ လှုပ်သည်, ရှားသည်ခေါ်၏၊ ထိုမြစ်ရေ အထဲမှာ မလှုပ်မရှားပဲ တည်ငြိမ်၍နေသော ရေမှုန့်ငယ်တစ်ခုကို တွေ့အောင် ရှာလေ၊ မလှုပ်မရှားဘဲ နှမ်းစေ့ခန့်မျှ ဌာနပြောင်း ရွှေ့နိုင်သော ရေမှုန့် ငယ်တစ်ခုကို တွေ့အောင်ရှာလေ၊ မလှုပ်မရှားပဲ အသက်တစ်ရှူစာမျှ ခဏပြောင်းရွှေ့နိုင်သော ရေမှုန့်ငယ်တစ်ခုကို တွေ့အောင်ရှာလေ၊ တည်ငြိမ်သည်ကို မတွေ့၊ မတည်မငြိမ် တရွရွနေသည်ကိုသာ တွေ့၏၊ မြစ်ရေ တစ်ပြင်လုံး တရွရွ နေသည်ကိုသာ မြင်ရ၏၊ ဖြစ်မှု, တည်မှု, ပျက်မှု သုံးခုရှိ၏၊ အမူအရာ တစ်မျိုးတစ်မျိုးပေါ်သည်ကား ရုပ်ကလာပ် သစ် ဖြစ်မှုတည်း။ တစ်မျိုးတစ်မျိုး ကွယ်ဆုံးသည်ကား ရုပ်ကလာပ်ဟောင်း ချုပ်ပျက်မှုတည်း၊ ဖြစ်ပေါ်မှု, ကွယ်ဆုံးမှု နှစ်ခုတို့၏ အကြား၌ ဖြစ်ပေါ် သည့်အတိုင်း အမူအရာမပျက်ပဲ တည်နေသည်ကား တည်မှုတည်း၊ အနုစိတ်၍ အစေ့အစပ် ကြည့်ရှုသည်ရှိသော် မြစ်ရေ တစ်ပြင်လုံးမှာ တည်မှုကိုပင် ရှာကြံ၍မရ၊ ဖြစ်မှု, ပျက်မှု နှစ်ခုကိုသာ မြင်ရ၏၊

ဓာတ်မှန်၌ မထင်မမြင်နိုင်ခြင်း

ယခုအခါ၌ ရန်ကုန်မြို့ သိပ္ပံကျောင်းကြီးများမှာ ငယ်သည်ကို ကြီးအောင် ဖွင့်နိုင်သော ဓာတ်မှန်, ဓာတ်မီး ပညာကြီးများနှင့် ကြည့်ရှု သော်လည်း တည်ငြိမ်မှု ဌီခဏကို ပသာဒစက္ခုတွင် မြင်နိုင်ရန်မရှိ၊ ပကတိမျက်စိတွင် မထင်နိုင်, မမြင်နိုင်အောင် သိမ်မွေ့လှသော ဖြစ်မှု, ပျက်မှုတို့ကိုမူကား ထိုပညာရှိကြီးများနှင့်ကြည့်ရှုလျှင် ထင်ရှားစွာ မြင်ကြ ရကုန်၏၊ စီးသောရေတို့၌ အဆင်းဟူသော ဝဏ္ဏဓာတ်၏ လှုပ်ရှားမှု ကို မြင်၍ ဖြစ်ခြင်း, ပျက်ခြင်း လျင်မြန်မှုကို သိရ၏၊ မစီးသော ရေသေ တို့၌မူကား ရေနှင့်အပြည့်ရှိနေသော ဥတုဟူသော မီးဓာတ်ကြီးသည် ပူသောအခါ ပူရှိန် တရွရွ, အေးသောအခါ အေးရှိန် တရွရွ, တရှိန်ရှိန် ထလျက်သာ နေ၏၊ မီးဓာတ်မည်သည် တည်ငြိမ်သော ဓာတ်မျိုးမဟုတ်၊ ထိုရေတွင်းသို့ သက်ဆင်း၍ စုံစမ်းလျှင် ရေတွင်းရှိ ကိုယ်အင်္ဂါတို့၌ ရေပူဖြစ်လျှင် ပူရှိန်တွေ တရွရွ, ရေအေးဖြစ်လျှင် အေးရှိန်တွေ တရွရွ, ခိုက်တိုက် ထိုးဆွ၍ တရွရွနေမှုတွေကို တွေ့ရှိရ၏၊ ထိုရေကန်တစ်ခုလုံး နေ့နေ့ညည, တရှိန်ရှိန်, တရွရွ နေသည်ကို မြင်နိုင်၏။

ထိုတွင် ပူရှိန်သည် ပံသုပထဝီမြေမျိုးတို့၌ ပွားစီး၏၊ ပံသုပထဝီ မြေကြီးနှင့် သစ်ပင်ချုံနွယ်တို့မှာ ပူရှိန်ဥတု ပွားစီးမှုနှင့် နေ့နေ့ ညည, တရှိန်ရှိန်, တရွရွ ရှိနေကြကုန်၏၊ အေးရှိန်သည် သိလာပထဝီမျိုးတို့၌ ပွားစီး၏၊ အောက်၌ သိလာပထဝီမြေကြီးနှင့် မြင့်မိုရ်တောင်, စကြဝဠာ တောင်, သတ္တရဘန်တောင်, ဟိမဝန္တာတောင်, ကျောက်ဓာတ်မျိုး ကြေး ဓာတ်မျိုး သံဓာတ်မျိုးတို့သည် အေးရှိန်ဥတု ပွားစီးမှုနှင့် နေ့နေ့ ညည, တရှိန်ရှိန် တရွရွ ရှိနေကြကုန်၏၊

ဝိညာဏ် အစဉ်

ရာဟုအရပ်မှ ကြီးစွာလာသော လေမုန်တိုင်းကြီးမှာ တည်နေမှု တစ်ခုကို တွေ့အောင်ရှာ၍ မရ၊ မြစ်ရေအလျဉ်ကဲ့သို့ လေအလျဉ်ပြန့်ပွား လှုပ်ရှားမှုကိုသာ မဟာပထဝီမြေကြီး မြင့်မိုရ်တောင်ကြီးတို့၌ရှိသော တစ်ခုသော ရုပ်သည်ပင်လျှင် မချုပ်မပျက်ပဲ တစ်ဌာနမှ တစ်ဌာနသို့, တစ်ကာလမှ တစ်ကာလသို့, ပြောင်းရွှေ့သည် မရှိချေ၊ ပုဂ္ဂိုလ်သတ္တဝါတို့ သန္တာန်မှာ ဤဘဝ၌ ရှိနေသော နာမ်တရားတို့သည်မူကား ဤဘဝတွင် မချုပ်မပျက်ကြကုန်မူ၍ နောက်ဘဝသို့ ပြောင်းရွှေ့နိုင်ကြရန် အဘယ်မှာ ရှိချေတုံအံ့နည်း။

ပြဆိုခဲ့ပြီးသော သဲလမ်းကြီးဥပမာ၌ သဲလုံးတို့၏ အစီအစဉ်အားဖြင့်သာလျှင် “သည်လမ်းကြီးသည် သည်နေရာမှ ဟိုနေရာသို့ ရောက်သည်, သည်ရွာမှ ဟိုရွာသို့ရောက်သည်” ဟူ၍လည်းကောင်း, မြစ်ရေဥပမာ၌ ရေမှုန့်ရုပ်စုတို့၏ အစဉ်အားဖြင့်သာလျှင် “ဤမြစ်ရေ သည် ဟိမဝန္တာမှစ၍ ပင်လယ်သို့ကျအောင် စီးလာသည်” ဟူ၍ လည်း ကောင်း, လေမုန်တိုင်း ဥပမာ၌ လေမှုန့်ရုပ်စုတို့၏ အစဉ်အားဖြင့်် သာလျှင် “လေမုန်တိုင်းကြီးသည် ဤရွာမှ ထိုရွာသို့ ရောက်သည်” ဟူ၍လည်း ကောင်း, ပြောဆိုကြရကုန်သကဲ့သို့ သတ္တဝါတို့၏သန္တာန်မှာလည်း အသစ် အဟောင်း အပြောင်းအလဲ မစဲမပြတ် ရုပ်ဓာတ်, နာမ်ဓာတ်, ဝိညာဏ် ဓာတ်တို့၏ အစဉ်အားဖြင့်သာလျှင် “ဤနေရာမှ ထိုနေရာ, ဤခဏမှ ထိုခဏ, ဤဘဝမှထိုဘဝ ပြောင်းရွှေ့ကြကုန်သည်” ဟုပြောဆိုကြရ ကုန်၏။

ဤကား အဘိဓမ္မာပညာရှိတို့၏ ဉာဏ်အလင်းကြီးပေတည်း။

---

ရုပ်ဓာတ်, နာမ်ဓာတ်, ဝိညာဏ်ဓာတ်တို့၏ အစဉ်အားဖြင့်သာ လျှင် “ဤဘဝမှ ချုပ်၍ ထိုဘဝမှာ အသစ်ပေါ်သည်” ဆိုခဲ့သော် လူ့ပြည်မှ စုတေ၍ လူ့ပြည်၌ ဖြစ်သောသူ, လူ့ပြည်မှ စုတေ၍ အထက် နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌ဖြစ်သောသူ လူ့ပြည်မှစုတေ၍ အောက်ငရဲဘုံ တို့၌ဖြစ် သောသူ, ဤသူတို့သည် ဤလူ့ပြည်၌ တစ်ပြိုင်နက် စုတေကြကုန်သော် လူ့ပြည်, နတ်ပြည်, ဗြဟ္မာ့ပြည်, ငရဲပြည်တို့၌ တစ်ပြိုင်နက် ရောက်နိုင်ကြ ကုန်သလော၊ အကာ အဆီး, အနီး အဝေး, အလျောက် ရှေ့နောက် ခြားနားခြင်း ရှိကြကုန်သလော၊ ခြားနားခြင်း မရှိကြကုန်၊ တစ်ပြိုင်နက် ရောက်နိုင်ကြကုန်သည်၊ အကာအဆီးရှိနေခဲ့လျှင် ဖောက်ထွင်း၍ မသွား နိုင်၊ မလာနိုင်၊ နီးလျှင် အလျင်ရောက်သည်, ဝေးလျှင် နောက်မှရောက် သည်ဟူသော ခြားနားမှုသည် ရုပ်တရားတို့၌သာရှိ၏၊ နာမ်တရားတို့၌ မရှိ။။ ရုပ်တရားသည် ရုန့်ရင်းကြမ်းတမ်းသော တရားမျိုးဖြစ်၍ အကာ, အဆီးရှိလျှင် တိုက်ခိုက်၍ နေတတ်၏၊ ဖောက်ထွင်း၍မသွားနိုင်၊ အာရုံကိုယူတတ်သော တရားမျိုးမဟုတ်၊ အာရုံကို လှမ်းမှု၊ ယူမှုမရှိ၊ ရုပ်အစဉ် ရွေ့ရှား၍ သွားမှု လာမှုသာ ရှိ၏၊ ထို့ကြောင့်နီးလျှင် နီးသည့် အလျောက် အလျင်ရောက်တတ်၏၊ ဝေးလျှင် ဝေးသည့်အလျောက် နောက်မှရောက်တတ်၏၊ တန်ခိုးအရာမျိုးကို ချန်လှပ်၍ဆိုသည်။

နာမ်တရားသည် အလွန်သိမ်မွေ့သော တရားမျိုးဖြစ်သည် တစ်ကြောင်း, အာရုံကို သိမှု, ယူမှုရှိသည်က တစ်ကြောင်း, သို့အတွက် ကြောင့် အကာ, အဆီး, အနီး, အဝေး ခြားနားခြင်းမရှိ၊ အာရုံပြုလိုလျှင် ယခုပင် မဟာအဝီစိငရဲကို လှမ်းယူသမှု အာရုံပြုနိုင်၏၊ စုတိကျ၍ ဤဘဝ ဤသန္တာန် ပျက်ဆုံးသောအခါ၌လည်း အာရုံပြုမှုအတိုင်း ယခုပင် အဝီစိငရဲ၌ ဖြစ်နိုင်၏၊ ယခုပင်နတ်ပြည်, ဗြဟ္မာ့ပြည်၌ ဖြစ်နိုင်၏၊ နာမ် တရားဖြစ်ရာမှာ ရုပ်ခန္ဓာလည်း ပေါ်ရတော့သည်၊ ထိုထိုဘဝ၌ နာမ်ခန္ဓာ, ရုပ်ခန္ဓာ ဆက်လက်ခါ ပေါ်ခဲ့လျှင် သမ္မုတိသစ္စာ နည်းအားဖြင့် “ဘယ်လူ သည် ယခုသေ၍ ငရဲပြည်မှာ ဖြစ်လေ၏၊ နတ်ပြည်မှာ ဖြစ်လေ၏”ဟု ပြောကြ ဆိုကြရတော့သည်။

ဤကား သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့ ပါသလောဟူသော မေးခွန်း၌ အဘိဓမ္မာဓာတ် ပညာ အလင်းကြီးကို ပြဆိုချက် တည်း။

ဤအလင်းကြီးအလိုမှာ ပုဂ္ဂိုလ်, သတ္တဝါဟူ၍ မရှိသောကြောင့် မရှိသည်ကို အရှိလုပ်၍“နောက်ဘဝသို့ ပြောင်းသည်, မပြောင်းသည်” ဟု ပြောဆိုခွင့်မရှိဟု ဖြေ၏၊ အဘိဓမ္မာ ဓာတ်ပညာအလင်းမှ ကင်းကွာ ကြကုန်သော မှောင်တွင်းသားတို့သည်မူကား ပုဂ္ဂိုလ်မရှိ၊ သတ္တဝါ မရှိ ဟူသောစကားကို မကြားလိုကြကုန်၊ အမှားကြီးထင်ကြကုန်၏၊ ကြောင် တောင်မှားကြီး ထင်ကြကုန်၏၊ ရှေ့၌ ပညတ်နှင့် ပရမတ်ခွဲခန်းမှာ လာခဲ့ သော သံသပိတ်ဥပမာကို ဤနေရာ၌ ဆောင်၍ ဖြေရာ၏၊

မှောင်တွင်းသားတို့ အလို

မှောင်တွင်းသားတို့အလို ထိုသပိတ်၌ သံသည်ပင်လျှင် သပိတ်၊ သပိတ်သည်ပင်လျှင် သံ၊ သံနှင့်သပိတ်, သပိတ်နှင့်သံ မကွဲကြဟု ဖြေဆို ခဲ့ပြီ၊ ထိုသူတို့ကား သပိတ်သဏ္ဌာန်နှင့် သံသားကို ခြားနားစွာ မြင်နိုင်ရန် ဉာဏ်အလင်းမရှိကြကုန်သောကြောင့် သံသားကို သပိတ်သဏ္ဌာန်၏ အတ္တပြု၍ သံသည်ပင်လျှင် သပိတ်, သပိတ်သည်ပင်လျှင် သံ, သံနှင့် သပိတ်, သပိတ်နှင့်သံ မကွဲကြဟု ယူကြကုန်သည်၊ ထိုသူတို့သည် လောက ၌ သပိတ်ဟူ၍မရှိ ဟူသောစကားကိုမကြားလို ရှိကြကုန်လတ္တံ့၊ အမှားကြီး ထင်ကြကုန်လတ္တံ့၊ ကြောင်တောင်မှားကြီး ထင်ကြကုန်လတ္တံ့။

အလင်းသမားတို့ အလို

အလင်းဘက်၌မူကား သံသားသည်သာ အမှန်ရှိ၏၊ သပိတ် သဏ္ဌာန်ကြီးသည်ကား အမှန်ရှိ မဟုတ်၊ စိတ်ထဲတွင်သာ ထင်မြင်ရသော သဏ္ဌာန်ပညတ်ကြီးသာတည်း၊ ထို့ကြောင့် သံသားကို သပိတ်သဏ္ဌာန်၏ အမာခံ, အထယ်ခံ, အတ္တမပြုပဲ တစ်ခြားစီခွဲလိုက်သော် သပိတ် သဏ္ဌာန် သည် မရှိ ဟူသောအရေအတွက်သို့ ရောက်လေ၏။

  • သတ္တဝါတို့၏ သန္တာန်၌ ရုပ်ဓာတ်သား၊ နာမ်ဓာတ်သားစုသည်သံသားနှင့် တူ၏။
  • ပုဂ္ဂိုလ်သဏ္ဌာန်, သတ္တဝါသဏ္ဌာန်, လူသဏ္ဌာန်,
    နတ်သဏ္ဌာန်, မိန်းမသဏ္ဌာန်, ယောကျ်ားသဏ္ဌာန်, ခေါင်းသဏ္ဌာန်,
    ကိုယ်သဏ္ဌာန် စသော သဏ္ဌာန်ကြီးငယ်စုသည် သပိတ်သဏ္ဌာန်နှင့်တူ၏။

ဆံပင်တစ်ခု၌ အဖတ်သဘောသည် မြေဓာတ်မည်၏၊ အရည် သဘောသည် ရေဓာတ်မည်၏၊ ပူမှု, အေးမှုသည် မီးဓာတ်မည်၏၊ ပွရွရန် သဘောသည် လေဓာတ်မည်၏၊ အဆင်းသည် ဝဏ္ဏဓာတ်မည်၏၊ အနံ့သည် ဂန္ဓဓာတ်မည်၏၊ ရသာသည် အရသာဓာတ်မည်၏၊ အဆီမျိုး သည် ဩဇာဓာတ်မည်၏၊ ရုပ်ဓာတ်သားစုပေတည်း၊ လုံးလုံးရှည်ရှည် သဏ္ဌာန်သည် ဆံပင်မည်၏၊ ဓာတ်သားစုသည် သံသားနှင့်တူ၏၊ ဆံပင် သဏ္ဌာန်သည် သပိတ် သဏ္ဌာန်နှင့်တူ၏၊ ဆံပင်အဖတ်သဘောကို ဆံပင် ဟုဆိုခဲ့သော် မြေဓာတ်ကိုသတ္တဝါဟု စွပ်စွဲခြင်းဖြစ်၏၊ အဖတ် သဘော ကား မြေဓာတ်တည်း၊ ဆံပင်မဟုတ်ဟု ဆိုခဲ့သော် ဟုတ်မှန်သော အနတ္တ ဉာဏ်ဖြစ်၏။

ဤနည်းအတိုင်း တစ်ကိုယ်လုံး၌ အတ္တ, အနတ္တ ခွဲနည်းကို ရှင်းလင်းစွာ မြင်ကြလေ။

မှောင်တွင်းသားတို့မှာ ရုပ်ဓာတ်, နာမ်ဓာတ်တို့ကို သတ္တဝါ၏ အတ္တ, ငါ၏အတ္တဟု ယူကြလျက်ရှိသောကြောင့် “ဤဘဝ ရုပ်နာမ်စု သည် စုတိတွင် ချုပ်ဆုံးသည်” ဟုယူကြလျှင် ဤပုဂ္ဂိုလ်သတ္တဝါသည် လည်း စုတိတွင် ပျက်ဆုံးသည်ဟု ဥစ္ဆေဒဒိဋ္ဌိ ဖြစ်လေ၏၊ “ဤပုဂ္ဂိုလ် သတ္တဝါသည် စုတိတွင်မဆုံး, နောက်ဘဝတွင် ကူးပြောင်းသည်” ဟု ယူကြလျှင် အတ္တဖြစ်သော နာမ်ရုပ်စုသည် အချို့အချို့ နောက်ဘဝသို့ ကူးပြောင်းသည်ဟု သဿတဒိဋ္ဌိ ဖြစ်၏၊ ရုပ်နာမ်မှ အလွတ်ကြံဆ၍ ယူကြသော အတ္တဇီဝ အယူမျိုးလည်းရှိ၏၊ သေရာမှာ ပြတ်သည်ဟု ယူလျှင် ဥစ္ဆေဒဒိဋ္ဌိဖြစ်၏၊ သေရာမှာ မပြတ် ခန္ဓာအိမ်တစ်ခု ပျက်လျှင် ကုသိုလ်ကံ, အကုသိုလ်ကံ ပို့ချရာ၌ ခန္ဓာအိမ်အသစ်နှင့် နေပြန် သည်ဟု ယူလျှင် သဿတဒိဋ္ဌိဖြစ်၏။

ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝ အယူကင်းပျောက်၍ အဘိဓမ္မာ အလင်းပေါက်ခဲ့လျှင် သောတာပန်အဖြစ်သို့ ရောက်၍ ဘဝဆက်တိုင်း အပါယ်ငရဲမှ အမြဲကင်းငြိမ်းခြင်း ဟူသော ပဌမနိဗ္ဗာန်ကြီး ပေါက်လေ၏။

သတ္တလောကဓမ္မနိယာမအချက်၌ ခက်ဆစ်, ခက်ပိုင်းစုကို ရွေးကောက်, ရှင်းလင်းခန်း ပြီး၏။

---

လောကသုံးပါး၏ အချုပ်-အခြာ

ဩကာသလောက
(၁) သံဝဋ္ဋကပ်,
(၂) သံဝဋ္ဋဌာယီကပ်,
(၃) ဝိဝဋ္ဋကပ်,
(၄) ဝိဝဋ္ဋဌာယီကပ်
ဟူသော အသင်္ချေယျ ကပ်ကြီးလေးပါးနှင့် ထိုကပ်ကြီး လေးပါးကို အစဉ်အတိုင်း ပြုပြင်သော သံဝဋ္ဋမီးဓာတ်,
ဝိဝဋ္ဋမီးဓာတ်,
သံဝဋ္ဋဌာယီမီးဓာတ်,
ဝိဝဋ္ဋဌာယီမီးဓာတ်
ဟူ၍ ကမ္ဘာမီးဓာတ်ကြီး လေးပါးသည်အချုပ်၊ ဥဏှတေဇော သီတတေဇော နှစ်ပါးသည် အခြာ။

သင်္ခါရလောက
(၁) ဂိမှန္တဥတု, (၂) ဝဿန္တဥတု, (၃) ဟေမန္တဥတု ဟူသော ဥတုသုံးပါးနှင့် မျိုးစေ့ကြီးငါးပါးသည် အချုပ်၊ ဥဏှတေဇော သီတတေဇော နှစ်ပါးသည် အခြာ။

သတ္တလောက
(၁) ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တစ်ဆယ့်နှစ်ပါးနှင့် (၂) အဝိဇ္ဇာ တဏှာဟူသော မူလနှစ်ပါးသည် အချုပ်၊ (၁) ကုသိုလ်ကံ, (၂) အကုသိုလ်ကံ နှစ်ပါးသည် အခြာ။

လောကကြီးသုံးပါး၌- (၁) ရုပ်ဓာတ်, (၂) နာမ်ဓာတ်တရား နှစ်ပါးနှင့် (၃)နိယာမတရား ငါးပါးသည် အချုပ်၊ (၁) ဇာတိ (၂) ဇရာ (၃) မရဏတရားသုံးပါးနှင့် (၄) အနိစ္စ (၅) ဒုက္ခ (၆) အနတ္တတရား သုံးပါးသည် အခြာ။

အလုံးစုံ အုပ်ခြုံမိသည်ကို အချုပ်ဆိုသည်။ အထူးထင်ရှားသည်ကို အခြာဆိုသည်။

---

နိဂုံး

မုံရွာလယ်တီ အရညမှိ၊ မုံရွာဇနေဟိ ကာရိတေ။
မနောရမ္မေ စင်္ကမမှိ၊ ဝသန္တေန မယာ ကတာ။

နိယာမဒီပနီ နာမ၊ ရန်ကုန်ဇနေဟိ ပတ္ထိတာ။
ဘာသန္တရဝိဇယာယ၊ ဒွိသတ္တေဒွေကသာကိယေ။

မုံရွာလယ်တီ အရညမှိ=မုံရွာမြို့ လယ်တီတောကျောင်းတိုက် တွင်း၌၊ မုံရွာဇနေဟိ=မုံရွာမြို့ ကမ်းနားရပ်နေ အမိန့်တော်ရရှေ့နေ “မောင်ကြော့, မောင်စံလင်း“အမှူးရှိကုန်သော မုံရွာမြို့သားတို့သည်၊ ကာရိတေ=ဆောက်လုပ်စေအပ်သော၊ မနောရမ္မေ စင်္ကမမှိ= မနော်ရမံ စင်္ကြံကျောင်းကြီး၌၊ ဝသန္တေန=၁၂၇၂-ခုနှစ်အတွင်း သီတင်း ဝါကပ် ဆိုနေထိုင်သော၊ မယာ=လယ်တီဆရာငါသည်၊ ရန်ကုန် ဇနေဟိ= ရန်ကုန်မြို့ ဓမ္မဿဝန ဗုဒ္ဓသာသနာပြု အသင်းကြီး၏ အကြီးအချုပ် ဥက္ကဋ္ဌဖြစ်သူ ပြီစီဒင်“မောင်ရွှေဂိုဝ်“နှင့် အသင်းသားအပေါင်းတို့သည်၊ ဘာသန္တရဝိဇယာယ=ဘာသာတစ်ပါးကို အောင်မြင်ခြင်းငှါ၊ ပတ္ထိတာ= တောင့်တအပ်သော၊ နိယာမဒီပနီနာမ=နိယာမဒီပနီ အမည်တွင်လှစ် ဤကျမ်းသစ်ကို၊ ဒွိသတ္တေဒွေကသာကိယေ=မြန်မာသက္ကရာဇ် ၁၂၇၂- ခု ဝါခေါင်လပြည့်နေ့၌၊ ကတာ=စီရင်ဖန်တီး ပြီးစီးအောင်မြင်လေ သတည်း။

နိယာမဒီပနီကျမ်း ပြီး၏။

---

* * *

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...