Skip to main content

လယ်တီဟောကိန်းတရားစာ

လယ်တီဟောကိန်းတရားစာ

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ မိန့်ခွန်းတော်

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး မြန်မာနိုင်ငံအရပ်ရပ်၌ နှစ်ပေါင်း ၃၀-အတွင်း ဟောကြားပြသဆုံးမတော်မူခဲ့သော

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏ မိန့်ခွန်းတော်

လယ်တီဦးဝဏ္ဏိတကိုယ်တော်သည် မုံရွာမြို့၊ လယ်တီတိုက်ကြီး အတွင်း၌ လယ်တီစာသင်နည်း၊ စာချနည်း၊ စကားပြောနည်း၊ သမထ ဝိပဿနာ လေ့လာပွါးများနည်းတို့ကို အင်တိုက်အားတိုက်ဖိ၍ သင်ယူ အားထုတ်နေစဉ် ၁၂၇၉ -ခုနှစ်၊ နတ်တော်လဆန်း (၁၅ ) ရက်နေ့၊ အလုံမြို့အရှေ့ ကြီးခေါင်တောရကျောင်း ကျေးဇူးတော်ရှင် လယ်တီ ဆရာတော်ဘုရားကြီးထံမှ အမိန့်တော်စာရောက်ရှိ၍ တိုက်အုပ် ဘုန်းကြီးနှင့် သံဃာတော်ကြီးများကို ရိုသေစွာ ရှိခိုးခဲ့ပြီး အလုံမြို့ရှိ ဆရာတော်ဘုရားကြီး၏ ခြေတော်ရင်းသို့ အရောက်သွားရကြောင်း။ ထိုအခါ ဆရာတော်ဘုရားကြီးက မိန့်တော်မူသည်မှာ

'ငါတို့ မြန်မာပြည်အတွင်း၌ မှီတင်းနေထိုင်ကြကုန်သော သံဃာတော်အရေအတွက် သုံးသောင်းကျော် လေးသောင်းခန့်မျှ ရှိသော်လည်း စာချစာသင် တောနေတောင်စောင်း ချောင်းအောင်းပုဂ္ဂိုလ် တို့သာ များပြားချေသည်။ ထိုကြောင့် ယခုအခါ ရဟန်းတော်တို့ ဘောင်မှာသာ အသိအလိမ္မာ ဉာဏ်ပညာမျက်စိ အဆင့်ဆင့် ပွင့်လင်း လျက် ရှိနေကြသည်။ လူတို့၏ဘောင်မှာကား အသိအလိမ္မာဉာဏ် ပညာမျက်စိ ပွင့်လင်းထက်သန်သင့်သလောက် မထက်သန်ကြဘဲ အား လျော့ခါသာ နေကြလေသည်။'

'ထိုထိုမြို့ရွာတို့၌ ဘာသာခြား ဘုရားရှိခိုးကျောင်းကြီးတွေ သာသနာပြုစာသင်ကျောင်းကြီးတွေ တရားဟောဆရာတွေ နှမ်းကြဲ ထားသလို များပြားစည်ကားနေသည်ကို မြော်လိုက်ပါက လူတို့၏ ဘောင်မှာ အသိအလိမ္မာ ဉာဏ်ပညာမျက်စိ အားနည်းဆုတ်လျော့ နေပုံကိုသိနိုင်လေသည်။ ဘာသာဘက်သို့ သွေးဆောင်၍ တရားဟော ဆရာတို့ကလည်း ဉာဏ်ပညာမျက်စိပွင့်လင်းကြရှိသော ရဟန်းတော်တို့ ဘောင်သို့ မချဉ်းမကပ် မသီဝံ့ကြဘဲ ရှောင်လွှဲ တိမ်းဖယ် ပုန်းကွယ်ခိုကပ် ဝေးရာအရပ်ကနေပြီးလျှင် လူတို့ကိုသာလျှင် ဟောပြောသွေးဆောင်ကာ နေကြလေသည်။'

'ဘာသာခြားဘက်သို့ ပြောင်းသွားကြသော ဗုဒ္ဓဘာသာလူမျိုး တို့သည် တစ်နေ့တစ်ခြား များပြားလျက်ရှိနေသည်ကို ဆရာတော် တွေ့မြင်ကြားသိရသည့်အတွက် အသည်းနာစရာကောင်းလှပေ၏၊ နောင်အနှစ် နှစ်ဆယ်ကျော်လျှင် ဘာသာခြားတရားဟော ဆရာတွေကို အားရှိ၍ ထခွင့်ကြွခွင့်ရွခွင့် ရရှိကြပြီးလျှင် ဗုဒ္ဓဘာသာ၏ အကိုင်းအခက် အလက်တို့ကို ဖျက်ဆီးချိုးဖဲ့တရွဲ့တစောင်း ထောင်းထောင်းကြေအောင် ချေမှုန်းမည်ကို အတပ်သိမြင်ကြသဖြင့် ယခုကတင်ကြို၍ ဗုဒ္ဓဘာသာ ခံတပ်ကြီးများကို ပြုပြင်ရန် အရေးအခွင့်ဆိုက်ရောက်လျက်ရှိ၏၊ 'ခံတပ်ကြီးများဆိုသည်ကား လူတို့ဘောင်၌ အသိအလိမ္မာ ဉာဏ်ပညာပွင့်လင်းအောင် ဟောမှုပြောမှုဆုံးမမှု ဓမ္မကထိကတရားဟော ဆရာတို့ကိုဆိုပေသည်၊ မြို့ရွာမှာရှိသော လူတို့အတွက် မြို့ရွာရှိ သံဃာ တော်များ တာဝန်ဖြစ်၏၊ မိမိတို့ကျောင်းဒါယကာ-ဒါယိကာ၊ ဆွမ်း ဒါယကာ-ဒါယိကာမတို့ကို ကျောင်းထိုင်ဘုန်းကြီးတို့၏ တာဝန်ပင်ဖြစ်၏၊ ကျောင်းဘုရားမရှိသေးသော တောကြိုတောင်ကြား လူရိုင်းအများ တို့ကိုလည်း လျစ်လျူမထားဘဲ နယ်လှည့်ဓမ္မကထိက ပုဂ္ဂိုလ်တို့၏ တာဝန်ဖြစ်၏။'

ထို့ကြောင့် ဗုဒ္ဓဘာသာကြီး၏ မျက်နှာတော်ကိုထောက်၍ မြို့ပေါ် ရပ်ပေါ် ရွာပေါ်ရှိ သံဃာတော်တို့နှင့် နယ်လှည့်ဓမ္မကထိက ပုဂ္ဂိုလ်တို့က ဟောပြောမှုတာဝန်ကြီးကို ကိုယ်စီကိုယ်င ထမ်းရွက်ကြ၍ ဆိုင်ရာဆိုင်ရာ ဒါယကာ, ဒါယိကာမတို့ကို အသိအလိမ္မာဉာဏ်ပညာ မျက်စိပွင့်လင်းရန် ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ပဋိစ္စသမုပ္ပါဒ် ဒေသနာ အဘိဓမ္မာတရား တို့ကို ဟောပြောရမည်။

ဆရာတော်မှာလည်း နှစ်ပေါင်းနှစ်ဆယ်ကျော် တိုင်းသူပြည်သား တို့အကျိုး, သာသနတော်မြတ်ကြီး၏အကျိုးကို မျှော်၍

၁။ ယစ်မျိုးငါးပါးသောက်မှု, စားမှု, ခိုးမှု, တိုက်မှု, မိုက်မဲ မှုတို့ကို ပပျောက်စေ၍ နိုင်ငံမြို့ရွာ သာယာငြိမ် သက်ရှိကြစေရန် အားထုတ်ခြင်းတစ်ပါး။

၂။ ထိုထိုမြို့ရွာတို့မှာ လူတို့၌လည်းကောင်း၊ ကျွဲ,နွား တိရိစ္ဆာန်တို့၌လည်းကောင်း၊ ကျရောက်ဖြစ်ပွားလျက် ရှိနေသော ပလိပ်အဖျားရောဂါ, တုပ်ကွေးရောဂါ, ကာလဝမ်းရောဂါ, ကျောက်ရောဂါ ဆိုးကြီးအစရှိသော အနာဆိုးရောဂါဆိုး ကပ်ဥပါဒ်မျိုးတို့ကို ဆရာတော် ကိုယ်တိုင်သွားရောက်၍ နေ့ချင်းညချင်း ပျောက်ကင်း အောင် ပြုလုပ်မှုတစ်ပါး။

၃။ ဗုဒ္ဓဘာသာလူမျိုးတို့ကို မိမိဘာသာ၌ စိတ်စေတနာ ခိုင်မြဲစွာ တည်ကြစေရန် ပြောဟောမှုတစ်ပါး။

ဤအချက်ကြီးသုံးပါးတို့ကို ဆောင်ရွက်ခဲ့ပေကြောင်း။

'ဆရာတော်မှာယခုအခါ မကျန်းမမာ စက္ခုရောဂါ စွဲကပ်လာ သည်ဖြစ်၍ ထိုထိုမြို့ရွာဌာနတို့သို့ ရှေးအခါကလို လှည့်လည် သွားလာ ဟောပြောခြင်းငှာ အခွင့်မသာရှိနေခိုက် တပည့်မောင်ဝဏ္ဏိတကို ဆရာ တော်၏ ကိုယ်စားပြုလုပ်၍ မြန်မာပြည်အောက်ပိုင်း၊ အထက်ပိုင်း ဒိစတြိတ်မြို့ရွာနယ်ပယ်တို့ကို လှည့်လယ်ပြီး အဘိဓမ္မာသာသနာပြုရန် ဆရာတော်၏ဟောပြောချက်အတိုင်း ပုရပိုက်စာအုပ်လွတ်တို့၌ မှတ်ချက် တင်ကာထားရမည်။ အဘိဓမ္မာတရားဟော ပြောလိုသော သူတို့အတွက် လည်း လယ်တီဟောကိန်းမူသစ်တစ်ခု ရနိုင်လိမ့်မည်ဖြစ်ကြောင်း။'

'သို့အတွက် ဆရာတော်၏ နောက်က ဝတ်ကြီးဝတ်ငယ်ပြု၍ အရပ်ရပ် ဟောပြောသော တရားစကားများကို မှတ်ချက်တင်ကာ ထား ရမည်' ဟု အမိန့်ရှိပါကြောင်း။

ဦးစံချိန်( ဦးဉာဏဝံသ)

ရွှေကျောင်းဘုန်းတော်ကြီး၊

အလုံမြို့။

မူလနိဒါန်း

သေဋ္ဌဇေဋ္ဌ၊ အတုလဘုန်းခေါင်၊ ငါးမာန်အောင်သည်၊ များမြောင် ရှည်ကြာ၊ ဝါလေးဆယ့်ငါး၊ တရားမြိုက်ရေ၊ ဗိုလ်လူတွေကို၊ မျှဝေသမှု၊ ကျွတ်ဆုသီးသီး၊ ချိမ့်ချိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သား၊ နိဗ္ဗာန်ပုရီ၊ ဘေးမဲ့ပြည်သို့၊ ကြွချီစံလွန်တော်မူသည့် နောက်ထွန်းတောက်ဂုဏ်ရည်၊ ဇမ္ပူဒီဝယ်၊ ထေရ်ဥပါလိ၊ စရှိဝံသ၊ နွယမပျက်၊ ဆင်းသက် နွယ်လာ၊ ဤအခါဝယ်၊ မှီရာကင်းလောက်၊ စွယ်စုံပေါက်သား၊ မုန်သောက်မာတင်၊ ဇာနည်ဝင်အလား၊ အလျား သုံးတောင်၊ နက်ကျယ်ဆောင်သော၊ တောတောင်ကြီးအလယ်၊ လွန်တင့်တယ်သည့်၊ ဖန်ခြယ်ဂူနန်း၊ စံမြန်း ပျော်မွေ့၊ ရွှေခြင်္သေ့တရထည်၊ သုံးလီပိဋကတ်၊ ငါးရပ်နိကာယ်၊ကိုးသွယ်အင်္ဂါ၊ ဓမ္မက္ခန္ဓာအပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းစောင်စောင်ပရိယတ်တို့၌၊ ငြိကပ်ရွ့ရှား၊ ယုံမှားမရှိ၊ တတ်ကျွမ်းဘိ၍၊ တိပိဋကပါရဂူ၊ ဖြစ်တော်မူသော၊ မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးအဟောဝတ၊ ချီးပ၍မကုန်၊ ဘဝဂ်တုန်မျှ၊ ဓမ္မဂမ္ဘီ၊ အဆီသေတ္တု၊ နိပုဏတရ၊ သိမ် မွေ့လှသော၊ သတိပဋ္ဌာန ဒေသနာ၊ သမ္မပ္ပဓာနဒေသနာ၊ ဣဒ္ဓိပါဒဒေသနာ၊ ဣန္ဒြိယဒေသနာ၊ ဗလဒေသနာ၊ ဗောဇ္ဈင်္ဂဒေသနာ၊ မဂ္ဂင်္ဂဒေသနာ၊ အတက္ကာဝစရ၊ ပဏ္ဍိတဝေဒနီယ၊ မဟာနိဗ္ဗာနဒေသနာ၊ အဖြာဖြာကို၊ ဘာသာရှိသမျှ၊ သိကြရအောင်၊ များမြောင်ပရိယာယ်၊ အသွယ်သွယ်သောဥပမာတို့ဖြင့်၊ ကောင်းစွာဟောကြားပြသတော်မူကြောင်း။

ထိုသို့နည်းကောင်းလမ်းမှန်၊ အတန်တန်အဝဝ၊ ဟောပြောသမျှ၊ သဘာဝဓမ္မ၊ အဘိဓမ္မာတရားရင်းကြီးများကို၊ နောင်လာနောင်သား၊ လူရှင်အများတို့၊ မှတ်သားကြည့်ရှု၊ ဟောပြောမှုဖြင့်၊ မှုသစ်တစ်ခု၊ ရရှိနိုင်ရန်၊ ရည်သန်ပြီးခါ၊ 'ဤဓမ္မကထာဒေသနာ- လယ်တီဟောကိန်း တရားစာ' ဟူသောအမည်ဖြင့် ဤကျမ်းစာကို ဆရာတော်ကြီး၏ အမိန့်အတိုင်း စက်တင်ပုံနှိပ်နိုင်ရန်အခွင့်ပြုလိုက်သည်။

လယ်တီဦးဝဏ္ဏိတ

နယ်လှည့်ဓမ္မကထိက

မုံရွာမြို့

မိတ်ဆက်နိဒါန်း

ကျေးဇူးရှင်လယ်တီဆရာတော်ကြီး ရေးသားတော်မူခဲ့သော ကျမ်းစာများတွင် ဒီပနီကျမ်းများစွာ ပါဝင်နေပါသဖြင့် ဒီပနီဆိုလျှင် လယ်တီဆရာတော်ကြီး ပြုစုသောကျမ်းဟု ထင်မှတ်ခဲ့ကြသည်။ ဒီပနီဟူသောကျမ်းအမည်ကို အဋ္ဌကထာကျမ်းပြု ဆရာတော်ကြီးတို့ လက် ထက်အခါကပင် သုံးစွဲခဲ့ကြသော်လည်း ဒီပနီအမည်ပါသော ကျမ်းများ စွာကို လယ်တီဆရာတော်ကြီးပြုစုခဲ့သည်ဖြစ်၍ 'ဒီပနီဆို လယ်တီကဒီပနီဆို လယ်တီက' ဟုထင်မှတ်ကြခြင်းဖြစ်လေသည်။ စင်စစ်လယ်တီဆရာတော်ကြီး ပြုစုတော်မူခဲ့သောကျမ်းစာတို့တွင် ဒီပနီကျမ်းသာမက ဋီကာကျမ်း၊ အမေးအဖြေ(ပုစ္ဆာဝိဿဇ္ဇနာကျမ်း)၊ ဝိသောဓနီကျမ်း၊ နိဿယကျမ်း၊ ကဗျာလင်္ကာ စသည်တို့အပြင် ဤ 'လယ်တီဟောကိန်းတရားစာလယ်တီဟောကိန်းတရားစာ' သည်လည်း တစ်ကျမ်းတစ်ဖွဲ့ အပါအဝင်ဖြစ်ပါသည်။

ဟောကိန်း-ဟူသည်

'လယ်တီဟောကိန်းတရားစာ' ဟုဆိုရာတွင် 'ဟောကိန်း' ကို 'ရှေ့၌ဖြစ်မည့်အကြောင်းကို ကြိုတင်၍ ဟော ပြောထားချက်များ (Prediction, Prophecy)' ဖြစ်သည်ဟု ယူဆကောင်းယူဆကြပေလိမ့်မည်။ ဤနေရာ၌ 'ဟော'ဆိုသည်မှာ 'ဟောကြား၊ မိန့်ကြား၊ ပြောကြား' ဟူသော အနက်ဖြစ်ပြီး၊ 'ကိန်း'ဆိုသည်မှာ 'နဝစန္ဒေကိန်း၊ ကိန်းဂဏန်း၊ ကိန်းစက်၊ ကိန်းအောင်း၊ ရှင်ကိန်း၊ သေကိန်း၊ ကိန်းသေ၊ တွက်ကိန်း၊ တည်ကိန်း' စသည်တို့၌ လာသောအနက်မျိုးမဟုတ်ဘဲ 'ကိန်းစံ၊ ကိန်းဆင်' စသည့် စကားတို့၌ လာသည့် 'နည်း၊ နည်းဥပဒေ' ဟူသောအနက်မျိုးဖြစ် လေသည်။ သို့ဖြစ်၍ 'ဟောကိန်း' သည် 'ဟောပုံဟောနည်း၊ ပြောပုံ ပြောနည်း၊ ဟောပြောနည်းဥပဒေ၊ ဟောလုံး ဟောပေါက်' ဟုအဓိပ္ပါယ် ရလေသည်။ 'လယ်တီဟောကိန်း' ဟုဆိုရာတွင် လယ်တီဆရာတော် ကြီး၏တရားဟောပုံ ဟောနည်း၊ လယ်တီဟောလုံး ဟောပေါက်၊ လယ်တီတရားဟောနည်း ဥပဒေသ(တစ်နည်း)လယ်တီဟောစဉ်ဟုဆိုလို သည်။ လယ်တီဆရာတော်ကြီး တရားဟောကြားတော်မူခဲ့သောခေတ်က နိုင်ငံအတွင်း၌ တရားဟောပုံ ဟောနည်းအမျိုးမျိုးပေါက်နေပါသဖြင့် အခြားသော ဟောပုံဟောနည်းများနှင့်မတူ လယ်တီဆရာတော်၏ ကိုယ်ပိုင်မူဟော ပြောနည်းကို ပေါ်လွင်ခြားနားစေခြင်းငှာ 'လယ်တီ ဟောကိန်း' ဟုဆိုလိုက်ခြင်းဖြစ်သည်။

ရှေးက ဆရာတကာဆက်ဆံရေး

လယ်တီဆရာတော်ဘုရား ထင်ရှားရှိတော်မူသောခေတ်က တရားဟောပြောကြပုံကို မဖော်ပြမီ ထိုခေတ်က ဆရာတကာဆက်ဆံပုံကို ရိပ်စားမိရုံ တင်ပြလိုပါသည်။ ထိုစဉ်က ရဟန်းဆရာတို့သည် လူတကာ များကို အရောတဝင် ဆက်ဆံလေ့၊ လူမှုကိစ္စတွင်လည်း စိတ်ဝင်စား မှုနည်းပါးတော်မူကြသည်။ လူတကာတို့၏ လောကီရေးနှင့် ကိုယ်မှု ကိုယ်တာတို့တွင် ဘာကိုမှစပ်စုခြင်းမရှိ၊ သိလိုစိတ်လည်းမရှိ၊ ကျောင်း တကာ ကျောင်းအမများ ကျောင်းသို့လာသော်မှ မေးတစ်ခွန်း ပြောတစ်ခွန်းသာ။ လာရင်းကိစ္စ လျှောက်ထားပြီးလျှင် 'ကာလကုန် တယ်သွားတော့' ဟုခပ်တိုတို စကားဖြတ်၍ ပြန်ခိုင်းတတ်၏၊ ကျောင်း အလှူ ရဟန်းခံရှင်ပြု ကထိန်ပွဲစသည့်အခါမျိုးမှအပ တရားချီးမြှင့်သော အလေ့မရှိ။ တကာတကာမတို့က တရားနာလို၍ တရားဓမ္မချီးမြှင့် ပေးတော်မူပါရန် လျှောက်ထားလျှင် တရားဓမ္မသည် လောကီလူသား တို့နှင့် မအပ်စပ်သည့်အလား ကျယ်ကျယ်ဝင့်ဝင့် ဟောကြားချီးမြှင့်ခြင်း မပြုကြပေ။ ဒကာဒကာမတို့ကို ရှည်ရှည်လျားလျား တရားဟောခြင်းကို 'အိုးကွဲရေလောင်းသည်' ဟု ရှေးဆရာတော်ကြီးတို့က မိန့်ဆိုတော်မူ လေသည်။

ယပ်ထောင်တရား

ထိုခေတ်က ဓမ္မကထိကရဟန်းတော်တို့၏ တရားဟောပြော နည်းမှာ အချင်းသုံးပေခန့်ရှိသော မောင်းထောင် ပေရွက်ယပ်တောင် ကြီးကို ရှေ့တည့်တည့်၌ ထောင်ကာထားပြီး 'ဗုဇ္ဈတီတိ ဗုဒ္ဓေါ မိန့်ဟော ဝစနတ် ဖွင့်ထုတ်အပ်သည်နှင့်အညီ' စသည်ဖြင့် တရားတစ်ပုဒ်လုံး အစမှအဆုံး တစ်သံတည်းကာရံဆက်၍ ဟောပြောသောနည်းဖြစ်သည်၊ တရားနာပရိသတ်ကို မမြင်ရအောင် ယပ်ကိုထောင်၍ ကွယ်ပြီး ဟောပြော သောနည်းဖြစ်၍ ထိုခေတ်ကဟောသော တရားကို ' ယပ်ထောင်တရား' ဟုခေါ်ကြသည်။

သင်္ဂဇာ၊ ရွှေကျင်နှင့်ရွှေအင်ပင်

မန္တလေးရတနာပုံခေတ်က ယပ်မထောင်ပဲ တရာဟောပြောရာ တွင် နာမည်ကျော်သောဆရာတော်ကြီး တစ်ပါးမှာ မန္တလေးမြို့ အနောက် တောင်ဒေးဝန်းရပ် သင်္ဂဇာတိုက်ကြီး၏ အရှင်အဂ္ဂဓမ္မာလင်္ကာရကဝိဓဇ မဟာဓမ္မ ရာဇဂုရု အက္ခရာ ၂၂-လုံးတံဆိပ်တော်ရ သင်္ဂဇာဆရာတော်ကြီး ဦးအဂ္ဂဓမ္မဖြစ်သည်၊ သင်္ဂဇာဆရာတော်ကြီး ဟောပြောဆုံးမသော ပုံတိုပတ်စတို့ကို စုပေါင်းပြီး 'သင်္ဂဇာစကားပုံပေါင်းချုပ်ကျမ်း'ဟု ပုံနှိပ် ထုတ်ဝေခဲ့ကြသည်။

သင်္ဂဇာဆရားတော်နှင့်တစ်ခေတ်တည်း မန္တလေးတောင်တော် မြောက် ရွှေကျင်ငါးတိုက်တွင် အဖိတ်နေ့ညများ၌ ပထမရွှေကျင် ဆရာတော်ဘုရားကြီးသည် တပည့်သံဃာတော်များကို ကာမဝိတက်စ သောကိလေသာတရားတို့ နှိပ်စက်သောကြောင့် တုန်လှုပ်ချောက်ချား ပျက်ပြားဆုတ်ယုတ်မှုမရှိကြစေရန် ကာမာနံ အာဒီဝကထာ, သီလ သံဝရကထာ, ခန္တီသံဝရကထာ, အပ္ပမာဒကထာ စသောသိမ်မွေ့ နက်နဲသော တရားစကားများကို ယပ်မထောင်ပဲ ဟောတော်မူကြောင်း သိမှတ်ရသည်၊ ထိုစဉ်က ရွှေကျင်ဆရာတော်ဟောကြားတော်မူသော တရားစကားများကို 'မဟာသိဿကောဝါဒ၊ စူဠသိဿကောဝါဒ'ဟု ကျမ်းစာနှစ်စောင်ပုံထားပါသည်။

သင်္ဂဇာဆရာတော်၊ ပထမရွှေကျင်ဆရာတော်တို့ လွန်တော်မူပြီး သည့်နောက်၌ မန္တလေးမြို့ပေါ်တွင် တရားဟောအကောင်းလှသည်ဟု ထင်ရှားကျော်ကြားခဲ့သော ဓမ္မကထိကဆရာတော်ကြီးတစ်ပါးမှာ မန္တလေးမြို့ အနောက်ဒေဝန်း ရွှေအင်ပင်ကျောင်းကြီး၏ အရှင် ဦးဇဝနဓဇဆရာတော်ကြီးဖြစ်ပါသည်။ ထိုရွှေအင်ပင်ဆရာတော်ကြီး ဟောကြားသောတရားတော်များကို စုပေါင်း၍ 'ရွှေအင်ပင် မဓုရ ရသဓမ္မပီတိ ယပ်လှဲတရားစာ' ဟု ပုံနှိပ်ခဲ့ပါသည်။

ယပ်လှဲတရား

ရွှေအင်ပင်ဆရာတော်ကြီး တရားစဟောသောအခါမှာပင် ယပ်ထောင်တရားဟောနည်းခေတ်ကုန်၍ ယပ်လှဲတရား ဟောနည်းပေါ် ထွန်းခဲ့ပါသည်၊ 'သက္ကရာဇ်ကလေး အသစ်ရေး၊ အစ်-ဒွေး-ဆ-သုဉ်၊ တဂုဏ်သိန်မှေး၊ ယပ်လှဲချင်း တွေးရော့'ဟူသောစာချိုးအရ ၁၂၆၀- ပြည့်နှစ်တွင် ယပ်လှဲတရားပေါ်ကြောင်းသိရပါသည်၊ ယပ်လှဲတရားဆို သည်မှာ ဓမ္မကထိကကိုယ်တော်သည် ယပ်ကိုထောင်၍မထားတော့ပဲ ယပ်ကိုနံဘေး၌လှဲ၍ ဂါထာ တစ်ပုဒ်ကိုရွတ်ပြီးလျှင် အနက်ဆံ ရှည်ရှည် ပေးဆီလျော်ရာဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားဖွယ်ကောင်း အောင် နာချင်အောင် ဖွဲ့နွဲ့ဟောပြောသောနည်းဖြစ်သည်၊ တရားဟော သောအခါ ယပ်ကိုနံဘေး၌လှဲထားပြီး ဟောသောနည်းဖြစ်၍ 'ယပ်လှဲ တရား'ဟုခေါ်ကြသည်။

စိန်ဇနိ

ယပ်လှဲတရားကို စိန်ဇနိစ၍ဟောသည်ဟု အမှတ်အသားရှိခဲ့ပါ သည်၊ စိန်ဇနိသည် အောက်မြန်မာပြည် ညောင်တုန်းခတ္တိယဇာတိ၊ ၁၂၂၄-ခုဖွားဖြစ်သည်၊ ရန်ကုန်မြို့ အလယ်တောရ၌ ရဟန်းဘောင်သို့ တက်ခဲ့ပြီး၊ ၁၂၄၉-ခုနှစ်တွင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံအရှေ့ တိုက်သို့ရောက်ရှိခဲ့သည်၊ မဟာဝိသုဒ္ဓါရုံဆရာတော်ကြီးက ဦးဇနိတအသံ ကောင်းမှန်းသိ၍ တိုက်အတွင်း ညတရားပွဲများတွင် အဟောခိုင်းခဲ့ရာ ဦးဇနိတသည် အသံကောင်း အသံပေါသူပီပီ အသံကိုဆွဲဆွဲငင်ငင် ရွတ်ဆိုဟောပြောသဖြင့် စာတွေပျက်ကုန်ပြီဟုဆိုသူက ဆို၏၊ ရယ်သူက လည်း ရယ်ကြ၏၊ မန္တလေး စျေးချိုတော်မှ ညတရားပွဲဟောရန် ဦးဇနိတကို လာပင့် အဟောခိုင်းရာ ဦးဇနိတ၏ ဟောလုံးဟောပေါက်ကို စျေးချိုသူ စျေးချိုသားများကြိုက်ကြပြီး ဦးဇနိတနာမည်ကျော်လာသည်။ ၁၂၅၆-ခုနှစ်၊ တပို့တွဲလ မင်းကွန်းငွေတောင်တောရ၌ ပထမရွှေကျင်ဆရာတော်ကြီး၏ စျာပနတွင် ဘုရားရှင် မဟာပရိနိဗ္ဗာန် စံတော်ခန်းကို ညလုံးပေါက် ဦးဇနိတဟောလေရာ တရားနာသူတိုင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး စိန်လှဲစိန်ငုံ အငြိမ့်ပွဲလည်း အစောကြီးကပင် သိမ်းခဲ့ရလေသည်၊ ထိုအခါမှစ၍ ဦးဇနိတကို စိန်ဇနိ-ဟုခေါ်တွင် ကြသည်၊ ဦးဇနိတကို ကြည်ညို၍ လှူလာသော ကျောင်းလေးကျောင်း အရှေ့ပြင် မဟာဝိသုဒ္ဓါရုံအတွင်း၌ ရှိခဲ့သည်၊ ၁၂၆၀-ပြည့်နှစ် ဦးဇနိတ လူထွက်သောအခါ 'ထေရ်ရှင် ကဝိန်တည့် မသက်သာပါသကွယ်၊ ရွှေကျင်စိန်ဇနိ ထွက်ရှာရတယ်' စသော စာချိုးပေါ်ပါသေးသည်။

ယပ်လှဲကို ဝေဖန်ခြင်း

သင်္ဂဇာဆရာတော်၊ ပထမရွှေကျင်ဆရာတော်၊ ရွှေအင်ပင် ဆရာတော်၊ စိန်ဇနိစသည်ဖြင့် ခေတ်အဆက်ဆက် တရားဟော တော်မူကြရာ ဟောပုံဟောနည်းတည်ငြိမ် ဣန္ဒြေရအချိုးကျသောကြောင့် ရှင်ရှင်လူလူသဘောကျလက်ခံခဲ့ကြသည်၊ ထိုစဉ်ကဟောကြားသော ယပ်လှဲတရားများကြောင့် 'လူဒကာများ တရားတော်ကို ရေရေလည်လည် သေသေချာချာ မှတ်သားနာယူမိကြသဖြင့် သဒ္ဓါတရားတိုးပွါးကာ အကျိုး များကြောင်း' ကျိုက္ကစံအရှင်ပဏ္ဍိတဓမ္မ၏ ကျိုက္ကစံယပ်လှဲတရား စာအုပ်၊ ပထမတွဲနိဒါန်း၌ ရေးသားထားပါသည်။

ထိုအရှင်များ နောက်ပေါ်ပေါက်လာသော ယပ်လှဲတရား ဓမ္မကထိကကိုယ်တော်များသည် သူထက်ငါ ဆန်းကြယ်အောင် ဟော ပြောခဲ့ကြ၏၊ ဇာတ်မင်းသားရှုံးလောက်အောင် လက်ဟန်, ခြေဟန် မဟာဆန်စွာ သံတို-သံရှည်-သံမြွာ-အဆွဲ-အငင်-အရှူ-အရှိုက်များဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ သရဘင်္ဂဝတ်ကိုသွင်း၍ ကိလေသာညစ်ညူး ရာဂမြူးအောင် ဟောကြားခဲ့ကြသည်၊ တရားဟောပလ္လင်ထက်တွင် ရဟန်းနှစ်ပါး စုံတွဲထိုင်၍ သူတစ်ပြန်ငါတစ်ပြန် အချအချီဟောသောစုံတွဲတရား၊ မန္တလေးမြို့ အိမ်တော်ရာဘုရားကြီးဝင်းအတွင်း ပင့်သူမရှိပဲ နေမင်းကြီး မိမိဘာသာ အငြိမ့်မင်းသမီးများသီဆိုသောကြာသီချင်းကို မေးရိုက် မေးထိုးကျနစွာသီဆိုပြီး နောက်ဆုံးတရားချကာမှ ဝေနေယျကြာ သတ္တဝါတို့၏ သံသရာကြောမျောပါ၍ ကြာမြင့်နေရပုံကြောင်းကို ဟောကြားသောကြာတရားစသည် ပေါ်ပေါက်ခဲ့ ပါသည်၊ ထိုခေတ်က ယပ်လှဲတရားစာအုပ်များစွာပေါ်ထွက်ခဲ့သည်၊ ယပ်လှဲဓမ္မကထိက အချို့၏လုပ်ရပ်ကြောင့် သာသနာတော်ညစ်ထေးရသည်ဟု ထိုရဟန်းရှင် လူပညာရှိများက ဝေဖန်ခဲ့ကြသည်၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်မှ စာချအကျော်ဆရာတော် ဦးနန္ဒိယ (ကဗျာနန်) ၏ ဝေဖန်ရေး ဆိုင်းဆင့် လေပြေ စာချိုးများသည် အလွန်ထင်ရှားခဲ့၏၊ သီပေါစော်ဘွားကြီး ဆာစောချယ်ကမိမိနယ်အတွင်း သီချင်းဆိုသော ယပ်လှဲတရားမျိုးကို ဟောပါက ပုဒ်မ-၁၀ အရ အရေးယူမည်ဟုပင် ပိတ်ပင်တားဆီးခဲ့ပါသည်။

လယ်တီနှင့်တရားဟောပညာ

လယ်တီဆရာတော်ကြီးသည် ကောဇာ ၁၂၂၉- ခုနှစ်၊ ရဟန်း တစ်ဝါအရတွင် မန္တလေးမြို့တော်မြောက်ပြင်ရှိ မဟာဇောတိကာရာမ ရတနာပုံစံကျောင်းတော်သို့ရောက်ရှိတော်မူခဲ့ပြီးလျှင်၊ စံကျောင်း တိုက်ကြီး၌ စာသင်သားအဖြစ် (၆)ဝါ၊ တိုက်စာချဂဏဝါစကအဖြစ် (၃)ဝါ ၊ ဘုရင့်ဆံထောက်ခံ ပထမစာတော်ချအဖြစ်(၆) ဝါ၊ စုစုပေါင်း (၁၆)ဝါ သီတင်းသုံးနေတော်မူခဲ့ပါ၏၊ ထိုသိုနေစဉ်အတွင်း မြန်မာစကားကို ထိထိမိမိ ပြောတတ် ဟောတတ်စေရန် ယောမင်းကြီးဦးဖိုးလှိုင်၊ ပိဋကတ်တော်အုပ်ဦးရန်နှင့် ဦးဝဇီရဉာဏခေါ် နေမျိုးဓမ္မကျော်သူ စာတော်ပြင်အရာရှိ ဦးဖားတို့ ထံ သီတင်းနေ့တိုင်းဝတ်ထားပြီး သွား ရောက်မှတ်သားသင်ယူခဲ့သည်ဟု လယ်တီဦးဝဏ္ဏိတ၏ လယ်တီမဟာ ထေရုပ္ပတ္တိကထာ (စာမျက်နှာ-၇၀) ၌ဖော်ပြထားပါသည်။ စာတော် ပြင်ဦးဖားသည် ပခန်းမင်းကြီး ဦးရန်ဝေး၊ ဒုတိယစံကျောင်း ဆရာတော် ကြီး၊ ပထမဘုရာကြီးဆရာတော်၊ ဗန်းမော်ဆရာတော်၊ အုတ်ဖိုဆရာတော် တို့နှင့် စာသင်ဖက်စာတတ် ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။

တရားဟောဝါဒ

လယ်တီဆရာတော်ဘုရားကြီးသည် မိမိရဟန်းပျိုဘဝက မန္တလေး ရွှေမြို့တော်၌လေ့လာခဲ့ရသည့် မြန်မာလူမျိုးတို့အတွက် လိုအပ်နေသော ဟောပြောနည်းအကြောင်းကို ပုသိမ်မြို့၊ အစိုးရ အထက်တန်းကျောင်း တရားပွဲတွင်

'တို့မြန်မာလူမျိုးများခက်နေတာက ကိုယ်နားမလည်တဲ့ ကိုယ်မပိုင်တဲ့ ပါဠိများကိုရွတ်၍ မြိုင်မြိုင်ဆိုင်ဆိုင် လှိုင်လှိုင်ကြီး ဟော ပြောတဲ့ပုဂ္ဂိုလ်မျိုးကိုမှ လူတော်, လူကောင်း, လူတတ်, လူမြတ်, လူသမတ်ဟု ပင့်မြှောက်ချီးကျူးကြလေသည်။ တို့မြန်မာလူမျိုးမှာ မြန်မာလို တိကျမှန်ကန်စွာပြောဆို၍ မြန်မာနားမှာကွက်ကွက်ကွင်းကွင်း ထင်းခနဲ, လင်းခနဲ, ဝင်းခနဲ, ရှင်းခနဲ မြင်လုံးထွားအောင် မြန်မာဆန်ဆန် ဘာသာ ပြန်ကိန်းကြီးလိုနေတယ်ကွဲ့။ ပဋ္ဌာန်း ၂၄- ကျမ်းပါဠိကို နှုတ်ငုံဆောင်ပြီး ဟောကြား၍ နာသောသူကနာသော်လည်း အနက်အဓိပ္ပါယ် မြန်မာ ကိန်းကြီးချက် မပိုင်လျှင် ဟောသူနာသူမှာ ကုသိုလ်တော့ဖြင့်ရပါရဲ့၊ ဓမ္မရသ=တရားအရသာ၊ ဓမ္မသဘာဝ=တရားသဘောကိုတော့ ရယူ ခံစားနိုင်သော အခြေအနေမဆိုင်းဘူးကွဲ့။ လွန်စွာရနိုင်ခဲသော တွေ့ကြုံနိုင်သော ဘုရားသာသနာမြတ်ကြီးနှင့် တွေ့ကြုံရတဲ့အခါ ဟောမှု, ပြောမှု, နာမှု, ကြားမှု ဝတ်ကျေတမ်းကျေ ကုသိုလ်ရရုံမျှနှင့် တင်းတိမ် ရောင့်ရဲမနေကြနဲ့။ တို့ကမြန်မာလူမျိုးများအတွက် ဟောပြောတာဖြစ်၍ မြန်မာစကားနှင့်ပြောသည်၊ ပါဠိလူမျိုးအတွက် ပြောတာ မဟုတ်ဘူး' စသည်ဖြင့် မိန့်ကြားတော်မူခဲ့ပါသည်။

တရားစ၍ဟောပြီ

လယ်တီဆရာတော်ကြီးသည် မန္တလေးမြို့၊ မြောက်ပြင်စံကျောင်း တိုက်ကြီးတွင် (၁၆) ဝါ သီတင်းသုံးနေတော်မူခဲ့ပြီး၊ ပညာရည်ဝအားရ လောက်သောအခါ ကောဇာ ၁၂၄၄-ခုနှစ်တွင် မုံရွာမြို့သို့ကြွတော်မူ၍ မုံရွာမြို့ ရွှေစည်းခုံတိုက်ဆရာတော်၏ ချီးမြောက်မှုကိုခံယူကာ ပရိယတ္တိ သာသနာတော်ကို ပြုစုတော်မူခဲ့ပါသည်၊ ကောဇာ ၁၂၄၆-ခုနှစ်တွင် သင်္ဂြီုဟ်ဦးဝိုင်းကျောင်း၌ သီတင်းသုံးနေတော်မူပါသည်၊ ထိုစဉ်အခါက လယ်တီဆရာတော်ကြီး တရားဟောကြားပုံကို ရွှေမုံတင်၏ လယ်တီ နေမင်းကျမ်း (စာမျက်နှာ-၆၄) 'သင်္ဂြီုဟ် ဦးဝိုင်းကျောင်း၌ နေထိုင်တော်မူ သောအခါ ပိဋကတ်ပို့ချမှုကို ခေတ္တရပ်နားတော်မူပြီးလျှင် ကိုယ်တွေ့ အဘိဓမ္မာနှင့် ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်, လက္ခဏာ, သစ္စာ ဟုဆိုအပ်သော ဝိပဿနာတရားကို တွင်တွင်ကြီးပြသဟောကြား တော်မူ၏၊ ဦးဝိုင်းဘုန်းကြီး၊ မန်းပြန်ဆရာတော် တရားဟောတရားပြ အလွန့်အလွန်ပဲကောင်းပါပေသည်ဟု အထူးကျော်ကြားထင်ရှား၍ လာတော်မူ၏'ဟုဖော်ပြထား၏၊ ထိုမှတ်တမ်းအရ 'မုံရွာမြို့ပေါ်တွင် ကောဇာ ၁၂၄၆၊ ၄၇၊ ၄၈-ခုနှစ်များအတွင်းက လယ်တီဆရာတော်ကြီး တရားစ၍ဟောတော်မူခဲ့သည်'ဟု မှတ်ယူနိုင်ပါသည်။

တရားဦးလင်း

မုံရွာမြို့တွင် လယ်တီဆရာတော်ကြီးတို့မတိုင်မီက 'ဆားဆားလင်း၊ ဓား-ဒီပယင်း၊ တရား-ဦးလင်း'ဟူသော စာချိုးနှင့် အညီတရား အဟောတွင် နာမည်ကျော်သော ဘုန်းကြီးဦးလင်းဟုရှိခဲ့ဖူးပါသည်၊ ထိုခေတ်က မုံရွာတစ်ဝိုက်တွင် ဆားလင်းကြီးမှဆားသည် အကောင်းဆုံး၊ ဓားတွင် ဒီပဲယင်းဓားသည် အကောင်းဆုံး၊ တရားအဟောတွင်လည်း မုံရွာမြို့ သာစည်လမ်း၊ ဘုန်းစိုးရပ်ကွက်ရှိ တလုံးတောရမှ ဘုန်းကြီး ဦးလင်းသည် အတော်ဆုံးအကျော်ဆုံးဖြစ်ပါသည်၊ တလုံးတောရသည် လယ်တီတောရ၏ အရှေ့မြောက်ဘက်တွင်ရှိပြီး၊ လယ်တီတောရ၌ သိမ်မသမုတ်မီက လယ်တီဆရာတော်ကြီး တလုံးသိမ်သို့ကြွရောက်ကာ သံဃာကိစ္စကံ ကံငယ်များကို ဆောင်ရွက်တော်မူခဲ့ပါသည်၊ ထိုစဉ်က တလုံးတောရတွင် ဘုန်းကြီးဦးလင်းပျံလွန်ခဲ့ပြီး လယ်စင်ရွာမှ ဘုန်းကြီး ဦးဝါယာမိန္ဒသီတင်းသုံနေခဲ့၏၊ ဘုန်းကြီးဦးလင်း ဟောသော တရား စာများကိုစု၍ နောင်အခါ 'တလုံးတရားစာ'ဟု ပုံနှိပ်ခဲ့ပါသည်။

ဆင်းရဲသားတရား

ကောဇာ ၁၂၄၉-ခုနှစ်တွင် လယ်တီဆရာတော်ကြီးသည် လယ်တီတောရသို့ခိုဝင်တော်မူခဲ့ပြီး မြန်မာလူမျိုးတို့ သိနားလည်အမြင် ရှင်းအောင်၊ အထူးသဖြင့်တောသူတောင်သားတို့ ပညာမျက်စိအလင်း ပွင့်စေရန် သူတို့နားလည်လောက်သော အသုံးအနှုန်းဖြင့် ဝင်ဆံ့ခံယူ နိုင်လောက်သော တရားဓမ္မာတို့ကို ဟောကြားပြသတော်မူပါသည်၊ ထိုစဉ်အခါက လယ်တီဆရာတော်ကြီး ဆွမ်းခံကြွသောရွာတို့မှာ အိမ်ထောင်တစ်စုနှစ်စုမျှရှိသော ရွာသိမ်ရွာငယ်ကလေးများဖြစ်လေ သည်၊ ရံခါ ထန်းတော ထန်းတဲ အိမ်စု အိမ်တန်းများသို့ ဂေါစရဂါမ်ကြွ တော်မူပါသည်၊ လောင်းကြသောဆွမ်းမှာ ပြောင်းဆန်ဖြူနီကြောင်ကြား ဖြစ်ပြီး၊ ဆွမ်းဟင်းမှာ ငရုတ်သီးဟင်း၊ ရံခါ သကာရည်ကိုလောင်းကြ၏၊ ဤသို့ဆင်းရဲ နွမ်းပါးသောရွာကလေးများ အိမ်စုတဲစုကလေးများသို့ ဆွမ်းခံထွက်၍ ဆွမ်းကွမ်းမပြည့်စုံသည်ကို သိကြသောအခါ၊ မြို့မမြို့ ပေါ်ရပ်ကွက်သို့ ကြွတော်မူရန် တောင်းပန်ကြ၏၊ ထိုအခါ ဆရာတော် ကြီးက 'ငါက ဆင်းရဲသားတွေကိုချီး မြောက်လိုလို့၊ ခမျာများသနားစရာ ဘာမှမရှိရှာကြဘူး၊ သူတို့နားလည်အောင်ဟောပြော ချီးမြောက်လိုလို့ ကြွတာကွဲ့' ဟု တပည့်များကို မိန့်ဆိုတော်မူပါသည်။

လယ်တီတရားပွဲစပြီ

လယ်တီဆရာတော်ကြီးသည် ကောဇာ ၁၂၅၀-ပြည့်နှစ်မှစ၍ လယ်တီတောရကျောင်းဝင်းအတွင်း စတင်၍ တရားဟောကြားတော် မူခဲ့ပါသည်၊ ထိုအခါက ညတရားဟောတော်မူလေ့ရှိပြီး တရားနာကြမည့် ဒကာဒကာမများသည် အဖိတ်နေ့ညကပင် ကျောင်းသို့လာရောက် ဥပုသ်စောင့်ကြအိပ်ကြပြီး တရားနာယူကြရပါသည်၊ ဆရာတော်ကြီးက စင်္ကြံတဲကျောင်းကလေးအတွင်းကနေ၍ဟောပြီး ဥပုသ်အများက ထိုတဲကျောင်းအနီး သစ်ပင်ဝါးပင်ရိပ်အောက်က နေ၍နာယူကြရသည်၊ ညဘက်ဖြစ်၍ လသာမှန်အိမ်ကလေးထွန်းညှိထားလေသည်၊ နောင်အခါ ဥပုသ်နေ့များတွင် မြို့ပေါ်ပရိသတ်အတွက်နေ့ဘက် တရားတပွဲ ချီးမြှင့်ပေးတော်မူပါသည်၊ လယ်တီဆရာတော်ကြီးသည် မုံရွာမြို့ပေါ် ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့် မြို့လယ်ဇရပ်ဝိုင်းဘုရားတို့တွင်လည်း တရားပွဲချီးမြှင့်တော်မူပါသည်၊ ဆရာတော်ကြီး တရားပွဲရှိလျှင် အဘိဓမ္မာ ဆရာသဲကြီးနှင့် ဦးကြာမြင့်တို့က ကြေးစည်ထမ်း၍ လှေကူး, မုံရွာ တစ်ဝိုက်ကြေညာပေးကြရသည်။

လယ်တီတောရဘုန်းကြီး တရားအဟောကောင်းလှသည်ဟု ကျော်ကြားသောကြောင့် မုံရွာမြို့ပေါ်နေ ဆွမ်းဒကာမကြီးဒေါ်ငွေဥက တရားပွဲသို့ရောက်လာ၍ နာယူ၏၊ တရားပွဲပြီးလျှင် 'ဩော်---လယ်တီ ဆရာတော်---လယ်တီဆရာတော်နဲ့နာမည်ကြီးလိုက်တာ၊ တရား အဟောကလဲကောင်းလိုက်တာ၊ ယခုတွေ့ရတော့မှ ငါတို့အိမ်မှာ နေ့တိုင်း ဆွမ်းခံကြွလာတဲ့ ရွှေစည်းခုံတိုက်က ဦးဉာဏကြီးပါလား ဟရို့ရဲ့'ဟု ပြောကြောင်း ဆိုစမှတ်ရှိပါသည်။

နိုင်ငံတွင်းလှည့်လည်ဟောတော်မူခြင်း

ကောဇာ ၁၂၇၈-ခု၊ တော်သလင်းလ၌ရေးသားတော်မူသော ဣဏပရိဘောဂ ဝိနိစ္ဆယစာတမ်း (ဇေယျာပူရ ပုစ္ဆာ)၌ '၁၂၆၅-ခုနှစ်မှစ၍ အထက်အောက်မြန်မာနိုင်ငံမှာ နှစ်ရှည်လများ တရားဟောလှည့်လည်ရာ' ဟုဖော်ပြထား သောကြောင့် လယ်တီဆရာတော်ကြီး မြန်မာနိုင်ငံအတွင်း တရားဟောထွက်သော နှစ်ကို ၁၂၆၅-ခုနှစ်ဟု မှတ်သားနိုင်ပါသည်၊ ဆရာတော်ကြီး ရှေးဦးဆုံးတရားဟောသောမြို့မျာ မန္တလေးမြို့ဖြစ်ပြီး၊ ဟောသောဌာနမှာ ကင်းဝန်မင်းကြီး၏အိမ်ဦးတွင် ဖြစ်ပါသည်၊ ဒုတိယ ဟောသောမြို့မှာ ပျဉ်းမနားမြို့ဖြစ်သည်၊ ကောဇာ ၁၂၆၇-ခုနှစ်သို့ ရောက်မှ ရန်ကုန်၊ မော်လမြိုင်၊ သထုံစသော အောက်ပြည်အောက်ရွာသို့ တရားဟောကြွတော်မူပါသည်။

လယ်တီအသံ

လယ်တီဆရာတော်ကြီးတရားပွဲများကို နာယူဖူးသူများ၏ ပြောပြချက်အရ ဆရာတော်ကြီး၏ အသံတော်မှာ အလွန်အောင် ကြောင်းသိရ၏၊ မုံရွာမြို့၊ မဟာလယ်တီတိုက်၊ နိဗ္ဗာနဒီပနီကျောင်း ဆရာတော် ဦးနန္ဒမာလာက 'ဆရာတော်ကြီးအသံတော်က သိပ်ကြီးတာ၊ စင်္ကြံကျောင်းကနေပြီး ပြောရင် သံလမ်းနားကကြားရတယ်။ ရှေးတုန်းက လယ်တီဆရာတော်နဲ့ မန်လည်ဆရာတော်တို့ အောက်ပြည်မင်းလှမြို့မှာ အတူတရားဟောကြတော့ လယ်တီဆရာတော်က ဘာသာရိုးရိုးဟော တာပါပဲ၊ ထိုင်ပြီးစကားပြောနေသလိုပဲ၊ လူပရိသတ်ကလည်း လေးငါး ခြောက်ထောင် မနည်းဘူးတဲ့၊ အဲဒီပရိသတ်ကို ပေါက်အောင်ဟောနိုင် တယ်။ မန်လည်ဆရာတော် ဟောတဲ့အခါ လူသုံးလေးဆင့် လောက် ထောက်ရတယ်။ အသံသဒ္ဒရုပ်ချင်း အဲသလောက် ကွာပါတယ်”ဟု(၂၃- ၄-၁၉၇၆)နေ့ အမိန့်ရှိတော်မူပါသည်။ လယ်တီဆရာတော်ကြီး၏ အသံသဒ္ဒရုပ် ကောင်းလှသဖြင့် မန်လည်ဆရာတော်ကြီးက “တို့က တော့လူနည်းနည်းကို အတွင်းကြိတ်တရား ဟောမယ်ကွဲ့။ ပရိသတ်များ များကိုတော့ မောင်လယ်တီက ဟောလိမ့်မယ်”ဟုမိန့်ဆိုတော် မူကြောင်း ကိုလည်း လယ်တီဦးလှပိုင်ထံမှ မှတ်သားရသည်။

လယ်တီဆရာတော်ကြီး၏ တပည့်ဒကာရင်း မြစ်သားမြို့ မင်းတိုင်ပင်အမတ် ဦးစံဖေ၏သမီး ဒေါ်တုတ်က “သိမ်တောင်တောရမှာ ဆရာတော်ကြီး သီတင်းသုံးနေတော်မူစဉ် အနီးအနားရွာများက တရားဟောရန် ပင့်သည့်အခါ လေးတိုင်စင်မဏ္ဍပ်ဆောက်၍ အထက်မှ တရားဟောတော်မူပါတယ်။ ဆရာတော်ကြီးရဲ့ အသံတော်မှာ အလွန်အောင်ပါတယ်၊ ဟိန်းလည်းဟိန်းပါတယ်။ ထိုခေတ်က အသံ ကောင်းကောင်းနှင့် ဟောပြောနိုင်သော ဆရာတော်ဆို၍ လယ်တီ ဆရာတော်ကြီးတစ်ပါးသာ ကြုံဖူးပါတယ်။ ရှေးအခါက ဆရာတော် ကြီးများ ဒီလိုတရားဟောလေ့မရှိပါ”ဟု (၄-၁-၁၉၈၄) နေ့က ပြောပြ ပါသည်။

လယ်တီဆရာတော်ကြီးတို့ တရားဟောသောခေတ်က အသံ ချဲ့စက်ဟွန်းစသည့် မပေါ်သေးပေ။ မြန်မာပြည်သို့ ကောဇာ ၁၂၉၆- ခု(ခရစ်-၁၉၃၄-ခု)တွင် အသံချဲ့စက်ရောက်ရှိလာပြီး။ မိုးညှင်းဆရာ တော်ကြီးက မြို့မအမျိုးသားကျောင်းရှေ့ ကွင်းကြီးထဲ၌ အသံချဲ့စက်ကို စတင်အသုံးပြုပြီး ဟောကြားကြောင်းကို မိုးညှင်းထေရာပဒါန်ကျမ်း(စာ မျက်နှာ-၂၅၅)၌ဖေါ်ပြထားပါသည်။

တရားဟောပြောမှု၌ မွေ့လျော်ပုံ

လယ်တီဆရာတော်ကြီးသည် တရားနာပရိသတ် ထောင်ပေါင်း များစွာ နာယူသော တရားပွဲကြိးမျိုးတွင် လေးငါးည ဆက်၍ဟောတော် မူသကဲ့သို့တရားနာလေးငါးဦး တစ်စုမျှကိုလည်း စိတ်လက်ရှည်စွာ ဟောတော်မူလေ့ ပါသည်။ မန္တလေးမြို့နန်းမြို့အတွင်း ကင်းဝန်မင်း ကြီးအိမ်ဦး၌ ကင်းဝန်မင်းကြီး၊ ဖန်ချက်ဝန်ဦးရွှေအိုး၊ ဝက်မစွတ် ဝန်ထောက်ကြီး စသောတရားနာပုဂ္ဂိုလ်လေးငါးဦးကို လေးညဉ့်နှင့် ငါးရက်ဟောတော်မူရာ တရားပွဲ အပြီးတွင် ကင်းဝန်မင်းကြီး ဦးကောင်းက 'တပည့်တော် အသိနောက်ကျရပါသည်ဘုရား' အထပ်ထပ်ပြော၍ယူကြုံး မရဖြစ်ပြီးလျှင် အသက် ၆၈- နှစ်အရွယ်ရှိဖန်ချက်အတွင်းဝန် ဦးရွှေအိုးက လည်း မျက်ရည်လည်ရွဲလျက် ဤသို့အတ္တဒိဋ္ဌိကိုတွန်းလှန်ဖြိုဖျက်၍ အနတ္တသမ္မာဒိဋ္ဌိမဂ္ဂင် ဝိဇ္ဇာဉာဏ်အလင်းနယ်သို့ ဆိုက်ရောက်အောင် ဟောပြောသည့် အဘိဓမ္မာတရားမျိုးကို အရှင်မင်းတုန်းမင်းကြီး မကြား နာလိုက်ရလေခြင်းဟု ကြီးစွာပူဆွေးကာ အရှင်မင်းတုန်းမင်းတရားကို သတိရမဆုံးဖြစ်ခဲ့လေသည်။

ဤနေရာ၌ လယ်တီဆရာတော်ကြီးသည် ကင်းဝန်မင်းကြီး၊ ဖန်ချက်ဝန်စသော ပုဂ္ဂိုလ်တို့သည် ရာထူး ကြီးမားနာမည် ကျော်ကြား သောပုဂ္ဂိုလ်များဖြစ်၍ စိတ်လက်ရှည်စွာ ဟောတော်မူသည်ဟု ထင်ဖွယ်ရှိသော်လည်း ကောဇာ ၁၂၅၆-ခုနှစ်၊ နတ်တော်လတွင် မန္တလေးမြို့ ဂန္တန်ရပ်နေ အသက် ၆၀-အရွယ် ဒေါ်ပုံအမည်ရှိသော ဒကာမကြီးတစ်ဦးတည်းကို ဓာတ်ကြီးလေးပါးတို့၏ ကိုယ့်အလိုမပါ သူ့အလိုလိုသာဖြစ်တတ်ပျက်တတ်သော ဓမ္မသဘောကို အကျယ်တဝင့် ဟောကြားတော်မူခဲ့ဖူးပါသည်။ ဒေါ်ပုံကို ဟောကြားပြသခဲ့သော ကမ္မဋ္ဌာန်းတရားကို 'ပုဏ္ဏောဝါဒကမ္မဋ္ဌာန်း' ဟူသောအမည်ဖြင့် ပုံနှိပ်ပြီး ဖြစ်ပါသည်။

ထို့ပြင် ကောဇာ ၁၂၆၅- ခုနှစ်- ဝါဆိုလတွင် မုံရွာမြို့ အနောက် တောင်လက်ပန်တောင်း ဝါဆိုစင်္ကြကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ်မှလာ၍ ကမ္မဋ္ဌာန်းအားထုတ်နည်းကို ဟောပြောတော်မူခဲ့ပါသည်။ ဦးမြို့ကို ဟောပြောပြသခဲ့သော ကမ္မဋ္ဌာန်း နည်းကို ယခုအခါ ကမ္မဋ္ဌာနဒီပနီ-ဟူသောအမည်ဖြင့် ပုံနှိပ်ပြီးဖြစ် ပါသည်။

လယ်တီဆရာတော်ကြီးသည် လက်ပန်တောင်းတောင်စခန်း၌ လယ်တီပဏ္ဍိတနှင့်နှစ်ပါးတည်းသီတင်းသုံးနေတော်မူစဉ် တစ်နေ့သော ဆွမ်းခံချိန်သို့ရောက်၍ တောင်သို့ရှိမြန်မာတစ်တိုင်ခွဲ ခန့်ကွာလှမ်းသော ကျော်ရွာသို့ ဆွမ်းခံကြွတော်မူခဲ့၏၊ ထိုစဉ် နောက်တော်မှလိုက်ပါ လာသော လယ်တီပဏ္ဍိတကို မဇ္ဈိမပဏ္ဏာသပါဠိတော်လာ(မ၊၂။၁၆၉။) မာဂဏ္ဍိယသုတ်ကြီးကို ဟောတော်မူလာ၏၊ မာဂဏ္ဍိယသုတ်သည် ဤခန္ဓာကိုယ်ကောင်ကြီး၏ အပြစ်ကိုပြသောသုတ် ဖြစ်လေရာ ဆရာ တော်ကြီးက ခန္ဓာကိုယ်ကောင်ကြီးသည် ရောဂါအိမ်ကြီးနှင့် တူကြောင်း အကျယ်တဝင့်ရှင်းလင်းဟောတော်မူလာ၏၊ ဆွမ်းခံရွာသို့ခွဲသော လမ်းဆုံသို့ရောက်သောအခါ ဆရာတော်ကြီးက ဆွမ်းခံရွာသို့သွားသော လမ်းသို့ မလိုက်ဘဲ အခြားလမ်းဘက်သို့ ကြွသွားမိသည့်အတွက် နောက် တော်မှပါလာသော လယ်တီပဏ္ဍိတက 'အရှင်ဘုရား၊ သည်လမ်း မဟုတ်ပါဘုရား'ဟု လျှောက်ထားလျှင်၊ 'ဟဲ့ ပဏ္ဍိတ၊ နင်က ငါ့ကို လမ်းပြစကားလျှောက်ထားတယ်၊ ငါဟောတဲ့ တရားကိုတော့ အာရုံ မရှိဘူး၊ ငါ့နောက်က ကြံမိကြံရာကြံပြီးလိုက်လာတာကိုး၊ လမ်းမှားသွား သဖြင့် ဆွမ်းတစ်ထပ်ငတ်ရုံ ရှိတော့မပေါ့၊ ငါဟောတဲ့တရားကို မနာ ယူသဖြင့် တစ်သံသရာလုံးလမ်းမှားသွားလိမ့်မယ်ဆိုတာကို နင်သိရဲ့လား' စသည်ဖြင့် မိန့်ဆိုတော်မူပါသည်၊ ဤသို့လျှင် လယ်တီဆရာတော်ကြီး သည် တရားတော်၌ အလွန်အလေးထားတော်မူပါသည်။

လယ်တီဆရာတော်ကြီးကို ကောင်းစွာသိမီလိုက်သော မြို့မ ရွှေဂူတိုက်ဆရာတော်ကြီး အရှင်ကေသရာသီရိက 'ဆရာတော်ကြီးသည် ကျောင်းဆောက်လိုသူကို ဦးစားမပေး၊ တရားနာလိုသူကိုသာ ဦးစားပေးသောဆရာတော်ကြီးဖြစ်သည်'ဟု (၇-၈-၈၄) ရက်နေ့က မိန့်ဆိုတော်မူပါသည်။

လူ့ရွာတရားပွဲ

လယ်တီဆရာတော်ကြီးသည် ဘုရားပွဲ, ကျောင်းပွဲရှိလျှင် မဟာဝိသုဒ္ဓါရုံဆရာတော်ကြီး၏ 'တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ' ဆောင်ပုဒ်ကို ရွတ်ပြတော်မူပြီး ပွဲလမ်းသဘင်ကိုပယ်၍ တရားပွဲကို ထည့်သွင်းရန် စီရင်ပေးတော်မူသောအလေ့ရှိပေသည်၊ ကောဇာ ၁၂၈၁- ခုနှစ် ညောင်လေးပင်မြို့နှင့် လေးမိုင်အကွာရှိ ဇီကုန်းမြို့မှ သူကြီးဦးသက် တရားဟောပင့်၍ ညောင်လေးပင်မြို့သို့ ကြွတော်မူစဉ်က ညောင်လေး ပင်မြို့ မြောက်ဘက်ပိုင်းရှိ ရွာမရပ်၌ သဲပုံစေတီ ဘုရားပွဲကျင်းပနေ၏၊ ဘုရားပွဲစည်ကားရန် ဦးဖိုးညိုရုပ်သေးစင်ကိုသွင်း၍ က, ပြကြ၏၊ လယ်တီဆရာတော်ကြီးသည် ဘုရားပွဲမှ တီးသံဆိုသံတို့ကို ကြားတော် မူသောအခါ 'ဘာလုပ်နေကြတာလဲ'မေးတော်မူလျှင်၊ ဒကာများက 'ဘုရားပွဲတွင် ရုပ်သေးက, နေခြင်းဖြစ်ပါကြောင်း'လျှောက်ထားကြ၏၊ ဆရာတော်ကြီးက 'ဘုရားပွဲမှာ ပွဲထည့်တော့ ကုသိုလ်မဖြစ် အကုသိုလ် သာဖြစ်တယ်၊ သဘင်ပွဲအစား တရားပွဲထည့်၊ ငါဟောပေးမယ်'ဟုမိန့်ဆိုပြီး၊ ထိုတရားပွဲ၌ ရှေးဦးပထမ တရားတစ်ပွဲချီးမြှင့်တော်မူပါသည်၊ ထို ညောင်လေးပင်တရားပွဲသို့ ကိုယ်တိုင်မကြွနိုင်သောအခါ၌ သေက္ချတောင် ဦးတိလောက၊ လယ်တီဦးစန္ဒိမာ၊ အရှင်ကေသရာသီရိ၊ လယ်တီဦးပဒုမ တို့ကို ကိုယ်စားအဟောလွှတ်ခဲ့ရာ မိုးကုတ်ဆရာတော်ကြီးဦးဝိမလ သည်ပင် လယ်တီဓမ္မကထိကများကိုယ်စား ထိုတရားပွဲ၌ နှစ်ပေါင်းများစွာ ဟောကြားပေတော်မူခဲ့ရပါသည်။

ဥပမာဆောင်၍ဟောခြင်း

လယ်တီဆရာတော်ကြီးသည် တရားဟောပြောတော်မူရာတွင် တောသူတောင်သားတို့နားလည်စေရန် အရပ်သုံးစကားဖြင့်သာ ဟောတော်မူလေ့ရှိပါသည်၊ အကြောင်းသင့်ပါက ဇာတ်ဝတ္ထုကြောင်း ကိုသွတ်သွင်း၍ ဟောတော်မူပါသည်၊ ဆရာတော်ကြီးတရားကို နာယူဖူးသူတို့ပြောပြချက်အရ ဆရာတော်ကြီးသည် ဥပမာပုံပြု၍ ဟောတော်မူလေ့ရှိကြောင်းသိရ၏၊ မုံရွာမြို့နေ သံခိပ်အသင်းသူ အသက် ၈၆-နှစ်အရွယ် အဘွားဒေါ်စိန်မြက 'မိမိငယ်စဉ်က ဆရာတော်ကြီး၏ တရားပွဲများကိုလိုက်၍ နာယူဖူးကြောင်း၊ မုံရွာမြို့ပေါ်မှာသာမက ကျောက်ကာ, သာစည်, ကံပြားရွာများ အထိလိုက်၍ နာယူခဲ့ကြောင်း၊ တရားနာပရိသတ်အလွန်များကြောင်း၊ ဆရာတော်ကြီးက တရားဟော ရာတွင် လှည်းနှင့်ပုံပြု၍ မဏ္ဍပ်နှင့်ပုံပြု၍ ဟောတော်မူပါကြောင်း'စသည် (၂၄-၄-၁၉၇၆) နေ့ကပြောပြ ပါသည်။

တရားနာခံ

လယ်တီဆရာတော်ကြီးသည် တရားပွဲများတွင် တရားနာခံ ထား၍ဟောပြောလေ့ရှိပါသည်၊ မုံရွာမြို့တရားပွဲ များတွင် အင်စပိတ် တော် ဦးလူနိုင်, အမိန့်တော်ရ ဦးကျော့စံ, အဘိဓမ္မာဆရာသဲကြီး၊ မြစ်သားသိမ်တောင်တရားပွဲတွင် ဦးစံဖေ၊ ပဲခူးတွင် ဝတ်လုံတော်ရ ဦးစိန်၊ စစ်ကိုင်းတွင် ဝန်ထောက်ကြီး ဦးစံမင်း၊ ဓနုဖြူတွင် ဦးဘိုးမင်း၊ ရန်ကုန်မြို့တွင် ဦးရွှေဂိုဝ်, မိလိန္ဒပွဲစားကြီး ဦးစံချိန်၊ မန္တလေးမြို့တွင် ပညာဝန်ဦးကျော်ရန်၊ မော်လမြိုင်မြို့တွင် ကျောင်းဒကာဦးတိုးလုံ၊ မင်းလှမြို့တွင် ဦးသိမ်းမောင် (တြိရတန)၊ ပုသိမ်တွင် အင်စပိတ်တော် မောင်ကျော်စံစသည်ဒကာများက တရားထောက် တရားနာခံလုပ်ကြ ရသည်၊ တရားနာခံမပါသော တရားပွဲမျိုးတွင် ပရိသတ်အတွင်းမှ တရားနာနေသူဒကာတစ်ဦးကို တရားနာခံထားပြီး ဟောတော်မူပါသည်၊ ထိုအခါ၌ တရားနာခံလုပ်သူက စည်းဝါးကိုက်အောင် မထောက် တတ်သောအခါ ဆရာတော်ကြီးသည် တရားနာခံထောက်သည် ကိုလိုက်၍ ဟောကွက်ဆိုက်အောင် ဟောတော်မူရပါသည်၊ မုံရွာ အနောက်ဘက်ကမ်း ညောင်ပင်ကြီးဆိပ်တရားပွဲတွင် လယ်တီဆရာတော် ကြီးသည် တရားနာခံထောက်သည်ကိုလိုက်၍ ဟောတော်မူခဲ့ပုံမှာ ပြောစမှတ်တွင်ရစ်ပါသည်။

မြစ်ဆိပ်တရားပွဲ

လယ်တီဆရာတော်ကြီးသည် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းညောင်ပင်ကြီးဆိပ်၌ ဟောတော် မူစဉ်ကဖြစ်သည်၊ ည ၇-နာရီခန့်တွင် တရားပွဲစပါသည်၊ တရားပွဲစလျှင် အနီးရှိဒကာကြီး တစ်ဦးကို

ဆရာတော်က - ဒကာကြီးနာမည်က ဘယ်လိုခေါ်သတုံး။

ဒကာကြီး - ဘိုးရွှေဝပါတဲ့ဘုရား။

ဆရာတော် - ဘယ်အရပ်ကတုံး။

ဒကာကြီး - လက်ပတောင်းကပါဘုရား။

ဆရာတော် - ကိုင်း---ဒါဖြင့် လက်ပတောင်းက ဘိုးရွှေဝပေါ့။

ဒကာကြီး - တင်ပါ့ဘုရား။

ဆရာတော် - ဒကာကြီးတို့တစ်တွေကို ဆင်းရဲအောင် နှိပ်စက်ပြီးနေတာ ဘယ်သူတွေလဲဆိုတာသိရဲ့လား။

ဒကာကြီး - တင်ပါ၊ သိပါ့ဘုရား။

ဆရာတော် - ကိုင်း---ဒါဖြင့်လျှောက်စမ်း။

ဒကာကြီး- သားမယားတွေပါဘုရား။

ဆရာတော် - ဟေ---ဘာကြောင့်လဲကွဲ့၊ ဒကာဘိုးရွှေဝရဲ့။

ဒကာကြီး - သားမယားတွေကြောင့်ဆင်းရဲတာပါဘုရား။

ဆရာတော်ကြီးက ပြင်၍လျှောက်ထားစေလိုသောကြောင့် ထပ်၍မေးသော်လည်း ဘိုးရွှေဝကမပြင်ဘဲ လျှောက်ထားမြဲအတိုင်း လျှောက်ထားနေသောကြောင်း တရားနာခံဘိုးရွှေဝ၏ စကားကိုပင် လိုက်၍ တရားခွင်ဆင်ကာ ဟောကြားတော်မူသည်မှာ

ဆရာတော် - ကိုင်း---မင်းတို့ဒကာတွေကို ဆင်းရဲအောင်နှိပ်စက်နေတဲ့ သားတွေမယားတွေဆိုရာမှာ သားဟာ မယားကလာတာ မဟုတ်လား၊ အဓိကရန်သူက မယားဆိုတဲ့မိ်န်းမပဲ မဟုတ်လားကွဲ့။

ဒကာကြီး - တင်ပါ့ဘုရား။

ဆရာတော် - ကိုင်း---ဒါဖြင့် မင်းတို့ယောကျ်ားတွေကို ဒုက္ခပေးလှတဲ့ မိန်းမတွေကို ခေါင်းဖြူစွယ်ကျိုး အမယ်အိုကစပြီး မွေးခါစတွတ်တီမှမထားနဲ့၊ အားလုံးအကုန်စုလကွဲ့၊ ချင်းတွင်းမြစ်ကြီးထဲ ဖောင်ရိုက်၊ အဲဒီမိန်းမတွေ အားလုံးကုန်တင်ကွဲ့၊ ဝါခေါင်လမှာ ရေကကြီး, အစီးကလဲသန်သနဲ့၊ မျှောရအောင် ဖောင်ကြိုးဖြေလကွဲ့၊ တကယ်တော့ မဟုတ်ဘူးပေါ့ကွယ်၊ စိတ်ကူးပေါ့။

ဒကာကြီး - တင်ပါ့ဘုရား၊ ဖောင်ကြိုးဖြေပြီးပါပြီဘုရား။

ဆရာတော် - ကိုင်း---မျှောလိုက်ကြစို့လကွဲ့၊ ဒကာ ဘိုးရွှေဝ ရေ---မင်းတို့ယောကျ်ားတစ်တွေကို ဒုက္ခပေးတဲ့ မိန်းမတွေ ချင်းတွင်း မြစ်ကြီးထဲ မျှောသွားရှာကြပြီကွဲ့။

ဟုမိန့်ဆိုတော်မူပြီး ဆရာတော်ကြီးသည် သရုပ်ပါပါနှင့် အောက်အရပ်တောင်ဘက်ဆီသို့လည်ငဲ့စောင်း ငေးကြည့်တော်မူလေ သည်၊ ထိုအခါ တရားနာနေကြသော မိန်းမပရိသတ်မှာ ခေါင်းငုံပြီး ခပ်ကုပ်ကုပ်မျက်နှာပျက်၍ နေကြရရှာ၏၊ ဆရာတော်ကြီးကဆက်၍ဆရာတော်- ကဲ-ဘိုးရွှေဝရေ၊ အခုလာမယ့် တော်သလင်း လပြည့်ကျော် ၁၀-ရက်နေ့ အရှေ့ဘက်ကမ်း လှေကူးရွာ (ယခုမုံရွာမြို့) ဆုတောင်ပြည့်ဘုရားက ဆွမ်းလုံးဆွမ်းလောင်းပွဲတော်ကို တို့အနောက် ဘက်ကမ်း ညောင်ပင်ကြီးရွာက မုန့်လောင်းသွားချေရအောင်၊ မုန့်ဖက် ထုပ်ထုပ်မယ်၊ မုန့်ဆီကြော် ကြော်မယ်၊ မင်းတို့ယောကျ်ားဒကာတွေထဲက ဘယ်သူမုန့်လုပ်တတ်သလဲ၊ ဘိုးရွှေဝကော လုပ်တတ်ကဲ့လား။

ဒကာကြီး - တပည့်တော် မလုပ်တတ်ပါဘုရား၊ လုပ်ဖူး လုပ်စလဲ မရှိပါဘုရား၊ သူတို့တစ်တွေက တဲစပ်ကလေးကအစ ဖက်ခွက် ကလေးကအစ လုပ်ပေးတတ်ပါတယ်ဘုရား။

ဆရာတော် - ဟေ---ဘိုးရွှေဝရဲ့၊ ဘုရားပွဲရှိလို့မှ မုန့်ကလေး လောင်းချင်လို့မှ မလုပ်မကိုင်တတ်တဲ့ မင်းတို့ ဒကာတွေနဲ့ ပေါင်းလို့ ဖြင့်မတော်ဘူး၊ တကယ့်သာသနာကိစ္စမှာ မိန်းမဒကာမတွေ မပါလျှင် ဘယ့်နှယ်လုပ်မလဲ၊ ခုနကမိန်းမတွေ တင်မျှောလိုက်တဲ့ဖောင်ကို ပြန်ဆယ်စမ်း၊ အင်း- စိတ်ကူးနဲ့မျှောလို့သာပေါ့ကွယ်၊ တကယ်ဆိုအကျိုး မနည်းပေဘူးလား ဘိုးရွှေဝရဲ့။

ဟုမိန်းတော်မူသောအခါ မိန်းမပရိသတ်မှာ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပြီး ပွဲကတော် ဒကာမတစ်ဦးကထ၍ 'ဒါမှ တို့ဆရာတော် ဘုရား' ဟုပိုးသင်္ကန်းတစ်စုံ၊ အခြားဒကာမများကလည်းစု၍ ပိုးသင်္ကန်း တစ်စုံ ပိုးသင်္ကန်းနှစ်စုံလှူကြသည်ဟူ၏။

ထိုအခါ ဆရာတော်ကြီးကဆက်၍- 'ယောကျ်ား, မိန်းမ သတ္တဝါဟူသမျှဆင်းရဲအောင် နှိပ်စက်ပြီးနေသော အရာသည် အခြား မဟုတ်၊ ခန္ဓာငါးပါး ရုပ်နာမ်တရာသာဖြစ်ဟု ဒုက္ခသစ္စာထိုက်သော တရားကို ဟောတော်မူပါသည်၊ ထိုစဉ်က ကိုရင်ဝတ်ဖြင့် ညောင်ပင် ဆိပ်တရားပွဲ၌ နာယူခဲ့ဖူးသော လက်ပတောင်းဆရာတော် ဦးကေသရ၏ မိန့်ဆိုချက်မှ ဖြစ်ပါသည်။

ဟောတော်မူလေ့ရှိသောတရားများ

လယ်တီဆရာတော်ကြီးသည် သစ္စာလေးပါးကို လေးည၊ ဓာတ်ကြီးလေးပါးကို လေးည၊ နိယာမငါးပါးကို ငါးည၊ ကမ္မသမ္မောဟစသော အလင်းငါးပါးကို ငါးည၊ ပဋိစ္စသမုပ္ပါဒ်ဓမ္မသဘာဝကြီး တစ်ဆယ့်နှစ်ပါးကို တစ်ဆယ့်နှစ် ညစသည်ဖြင့် ညဝါတရားကြီးများကို ဟောတော်မူလေ့ရှိပါသည်၊ ဆဆက္ကသုတ်ကိုလည်း မကျဉ်းမကျယ် သုံးလေးညဆက်၍ ဟောတော်မူပါသည်၊ ယင်းသို့ သုံးလေးငါးည ဆက်၍ ဟောတော်မူသောအခါ တရားနာပရိသတ်ကို တရားတော်၌စိတ်ညွတ်နူး စေရန် ပထမဦးညတွင် နှုတ်ဆက်တရားအဖြစ် ဒေဝဓမ္မဇာတ်တော်ကို ဟောတော်မူလေ့ရှိ ပါသည်၊ ရံခါ၌ ကာမတဏှာတွင် အဆိုးဆုံးဖြစ်သော ရသတဏှာကိုသရုပ်ပေါ်စေရန် ဝါတမိသမင်ပျံ ဝတ္ထုဇာတ်ကို မိတ်ဆက်အဖြစ်ဟောတော်မူပါသည်၊ သံဃာတော်များဆွမ်းကွမ်း ခက်ခဲသော မြို့ရွာဖြစ်ခဲ့လျှင် ဆွမ်းဒါနအလှူ၏ အကျိုးထူးပုံကို ဓမ္မပဒအဋ္ဌကထာ၌ လာသော သိကြားမင်း လူ့ပြည်သို့ဆင်းသက်ကာ ဆင်းရဲသားလူအို ယောင်ဆောင်၍ အရှင်မဟာကဿပ ကိုယ်တော်ကြီးကို ဆွမ်းလောင်း ပုံတရားကို လက်သုံးထား၍ ဟောတော်မူပါသည်။

၁၂၈၈-ခုနှစ်၊ ဝါခေါင်လထုတ် လယ်တီတရားသတင်းစာ (စာမျက်နှာ-၃၉)ပါ ဝိသုဒ္ဓါရုံဓမ္မကထိက ဦးပညိန္ဒ၏ နယဂ္ဂါဟဒေသနာ ဆောင်းပါးတွင် လယ်တီဆရာတော်ကြီး၏တရားကို ကိုယ်တွေ့နာယူခဲ့ရ ပုံကို အောက်ပါအတိုင်း ရေးသားဖော်ပြထားလေသည်။

'ကျေးဇူးရှင်လယ်တီဆရာတော်ကြီး ၁၂၆၉-ခုနှစ်၊ ဓနုဖြူမြို့သို့ တရားစည်ကြီးရိုက်တီးတော်မူရန်အတွက် ပင့်လျှောက်ချက်အရ ကြွရောက်တော်မူတဲ့အခါ ဦးပဉ္စင်း၏ကိုယ်တိုင်ကျောင်းသာအဖြစ်နှင့် ငါးညပတ်လုံး တရားနာလိုက်ခဲ့ဖူးတယ်၊ ပထမညတွင် ဓမ္မသင်္ဂဏီပါဠိ တော်၏ အစဆုံးဖြစ်တဲ့ ကုသလာဓမ္မာကို အမျိုးမျိုးဝေဖန်ဟောတော်မူရာ ထိုညအတွက် ကုသလာဓမ္မာတစ်ပုဒ်နှင့်ပင် တရားပွဲအဆုံးသတ်တော် မူတယ်၊ ဒုတိယညတွင် အကုသလာဓမ္မာတစ်ပုဒ်နှင့်ပင် တရားပွဲအဆုံး သတ်တော်မူတယ်၊ တတိယညတွင် အဗျာကတာဓမ္မာ တစ်ပုဒ်နှင့်ပင် တရားပွဲအဆုံးသတ်တော်မူတယ်၊ ထိုစဉ်အခါက မှတ်သားခဲ့ဖူးတဲ့ တရားဟောပုံအချက် အလက်တွေကို နောင်ရဟန်းအဖြစ်သို့ရောက်၍ နောက်ကြောင်းပြန်တွေးပြီး တရေးရေးစဉ်းစားကြည့်တဲ့အခါ 'ကုသလာ ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ'တစ်ပုဒ်စီကို မူတည်ပြီးလျှင် ဇာတိဉာဏ်ဖြင့်ခွဲစိတ်၍ အမျိုးမျိုးချဲ့ထွင် ဟောတော်မူခြင်းကြောင်း၊ ဒေသနာတော်၏ဆန်းကြယ်ပုံကို အကုန်မကျန် ဝေဖန်ခွဲစိတ်၍ သိမြင်ရခြင်း၏ အခြေခံဖြစ်ပေတယ်လို့ ကြံတွေးပြီး ကျေးဇူးရှင်လယ်တီ ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးတော်များကို စဉ်းစား၍ မကုန်နိုင်အောင် အပုံကြီးတွေးတောမိပေတယ်'ဟူ၍ ဖြစ်ပါသည်။

အဆီပါသော လယ်တီတရား

မန္တလေးမြို့၊ အဘယရာမရွှေဂူဆရာတော်ကြီး ဦးအဂ္ဂဓမ္မသည် ရဟန်းသိက္ခာ (၇) ဝါအရ သကျသီဟစာသင်တန်းအောင်ပြီးစ သကျသီဟ စာချတန်းလုပ်နေစဉ် တစ်ညသော် တရားဟောကောင်းလှသည်ဟု နာမည်ကျော်နေသော လယ်တီဆရာတော်ကြီး၏ တရားပွဲကိုနာယူလို၍ တရားပွဲကျင်းပရာ သကျသီဟဘုရားဝင်းသို့ ပတ္တမြားဆရာတော် လောင်းကိုရင်ကိုအဖော်ပြုပြီး ကျားမျက်လုံးမီးအိမ်ကလေး ဆွဲ၍ လာခဲ့သည်၊ ထိုညတရားပွဲတွင် တရားနာပရိသတ်များ ပြားလွန်း၍ တရားပွဲအနားသို့မကပ်နိုင်၊ ဆရာတပည့်နှစ်ပါးတို့ လမ်းမပေါ်ကပင် မိုးတိုးမတ်တတ်ရပ်၍ နာကြရသည်၊ အတော်ကြာကြာနာပြီးသောအခါ 'လယ်တီဆရာတော်၏တရားသည် အဆီပါသည်၊ အဟုတ်ကို ကျော် သင့်ပေသည်' ဟုအဘယရာမဆရာတော်က ခပ်တိုတိုခပ်ပြတ်ပြတ် ဝေဖန်ချက်ချတော်မူခဲ့ပါသည်။

အဘယရာမဆရာတော်ကြီးမိန့်ဆိုသည့်အတိုင်း လယ်တီဆရာ တော်ကြီး၏တရားများသည် အဆီပါသည့်အတွက် တစ်ကြိမ်နာပြီးပါက အဖန်ဖန်အထပ်ထပ်နာ၍မဝနိုင်အောင်ဖြစ်နေကြသည်၊ ကောဇာ ၁၂၆၉-ခုနှစ်၊ ပြာသိုလဆန်း ၆-ရက်နေ့ ရခိုင်တိုင်း၊ စစ်တွေမြို့ သူဌေး ဦးရဲကျော်သူ ပင့်လျှောက်သည့်အတွက် စစ်တွေမြို့သို့ ကြွတော်မူပြီး၊ စစ်တွေမြို့လယ် တရားမဏ္ဍပ်ကြီးတွင် ဟောတော်မူပါသည်၊ ပထမည တွင် ဒေဝဓမ္မဇာတ်နှင့်သိရီဇာတ်၊ ဒုတိယနှင့် တတိယညတွင် မနုဿတ္တ ဒုလ္လဘတရား၊ စတုတ္ထညတွင် သဥပါဒိသေသပထမနိဗ္ဗာန်တရား၊ ပဉ္စမညမှ နဝမညအထိ ငါးညဆက်၍ မဂ္ဂင်ရှစ်ပါးတရား၊ ဒသမညတွင် သာသနဒါယဇ္ဇ သာသနအမွေခံတရားကို ဟောတော်မူရာ စစ်တွေမြို့သူ မြို့သားများသည် ဥတေနမင်းကြီး၏ ဟတ္ထိကန္တိစောင်းသံကိုကြားသဖြင့် ဝေးဝေးသို့ မသွားနိုင်သောဆင်တို့ကဲ့သို့ ဆရာတော်ကြီး၏ တရား ဒေသနာသံကို ခုံမင်ကြသဖြင့် တရားမဏ္ဍပ်အတွင်းက မထွက်နိုင်ကြဘဲ ဖြစ်နေပုံတို့ကို ဆရာရွှေ၏ လယ်တီမဟာထေရုပ္ပတ္တိကထာ (စာမျက်နှာ၁၄)၌ ဖော်ပြထားပါသည်။

ထို့အတူပင် ကောဇာ ၁၂၇၀-ပြည့်နှစ်က မော်လမြိုင်မြို့၊ တောင် ပေါက်ကျောင်းရှိ လောကမှန်ကူနှင့် လောကဥသျှောင်စေတီနှစ်ဆူ ဆီမီးပူဇော်ပွဲကြီးတွင် တရားဟောကြားရန် သစ်စက်သူဌေးဦးတိုးလုံက ပင့်၍ မော်လမြိုင်မြို့သို့ ကြွတော်မူခဲ့၏၊ မော်လမြိုင်မြို့၊ ကျိုက်သလ္လာန် တောင်ပေါ် တောင်ပေါက်ကျောင်းကြီးအတွင်း ဒေါ်လွှာ၏ တရားဟော ဓမ္မာရုံကြီးအတွင်း တရားဟောကြားတော်မူရာ မော်လမြိုင်မြို့သူ မြို့သားတို့သည် တရားအရသာခံတွင်းတွေ့နေကြ၍ လယ်တီဆရာ တော်ကြီးကို မိမိတို့မြို့မှာပင် တစ်ဝါဆိုတော်မူပါဟုလျှောက်ထား တောင်း ပန်သောကြကြောင့် ထို ၁၂၇၀-ပြည့်နှစ်တွင် ကျိုက်သလ္လာန်တောင်တန်း အလံတိုင်ဘုရားတောင်ဘက်ကွက်လပ်ရှိ စံကျောင်းတော်၌ ဝါကပ်ဆို တော်မူခဲ့ရပါသည်၊ ထိုစဉ်က မော်လမြိုင်မြို့၊ ရတနာဘုံမြင့်ဆရာတော်နှင့် တိုင်ပင်ပြီး ရောဂန္တရဒီပနီကျမ်းကို ပြုစုတော်မူခဲ့ပါသည်။

အရေးအပြောစွယ်စုံ

လယ်တီဆရာတော်ကြီးကို မမီလိုက်ကြသူများအဖို့ ဆရာ တော်ကြီးပြုစုသောကျမ်းစာကိုဖတ်ရှုပြီး လယ်တီဆရာတော်ဘုရားကြီး၏ ကျမ်းစာအရေးအသားကောင်းပုံကို ဝေဖန်ချီးကျူးကြပါသည်၊ မင်းကွန်း တိပိဋကဓရ ဆရာတော်ကြီးက'ကနေ့ ရွှေချောင်းခေတ်နှင့် ချီးမွမ်းရင် လယ်တီဆရာတော်ကြီးများရေးသားတဲ့ စာတမ်းတစ်ပုဒ် တစ်ပုဒ်လျှင် ရွှေချောင်းတစ်ချောင်းတစ်ချောင်းလောက် တန်ဖိုးရှိတယ်လို့ ချီးမွမ်း နေရတယ်၊ အင်မတန် စာရေးသန့်တယ်' ဟု အမိန့်ရှိတော်မူဖူးပါသည်၊ လယ်တီဆရာတော်ကြီးကို သိမီလိုက်ကြသူ၊ လယ်တီဆရာတော် ဟော သောတရားပွဲကို နာယူလိုက်ဖူးသူများကမူ လယ်တီဆရာတော်ကြီးကဲ့သို့ စကားအပြောကောင်း, တရားအဟောကောင်းသော ပုဂ္ဂိုလ်မျိုး မရှိ ကြောင်းချီးကျူးကြပါသည်၊ လယ်တီဆရာတော်ကြီး၏ တရားပွဲကို နာယူဖူးသော မန္တလေးမြို့ နယူးစီပီလိုင်း ဝိဇိတာရုံ ဆရာတော်ကြီးက 'လယ်တီဆရာတော်ကြီး တရားအဟော ကောင်းပုံကိုပြောရရင် လယ်တီ ဆရာတော်ကြီးဟောတရားကို နာနေရင်း တချို့များ မဂ်ရလာသလိုလို ဖြစ်ပြီးလာတယ်၊ တရားပွဲပြီးလို့ အတော်ကြာမှ ကိုယ့်အခြေအနေမှန်ကို သိကြတယ်'ဟု အမိန့်ရှိဖူးပါသည်၊ လယ်တီဆရာတော်ကြီး၏ စာပေ များနှင့် တရားဟောပြောမှုနှစ်ရပ်စလုံးကို ရင်းနှီးကျွမ်းဝင်သူ လယ်တီ ပဏ္ဍိတ ဆရာဦးမောင်ကြီးကမူ 'လယ်တီဆရာတော်ကြီးသည် အရေး ကောင်းတော်မူသလောက် အပြောဘက်တွင်လည်း အလွန် ကောင်း တော်မူကြောင်း၊ အရေး, အပြော စွယ်စုံရပုဂ္ဂိုလ်ဖြစ်ကြောင့်'ကို နီတိ မာလာကျမ်း၊ ပထမတွဲ၊ (စာမျက်နှာ-၁၇၀)၌ ရေးသားခဲ့ပါသည်။

ရေစကြိုဆရာတော်ကြီး၏မေတ္တာ

လယ်တီဆရာတော်ကြီး စာပို့ချဘဲ တရားဟောထွက်သည်ကို မနှစ်သက်သော ဆရာတော်ကြီးတပါး ရှိခဲ့ပါ သည်။ ထိုဆရာတော်သည် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ရေစကြိုဆရာတော်ဘုရားကြီး အရှင်ဂန္ထသာရ ဖြစ်ပါသည်။ ရေစကြိုဆရာတော်ကြီးသည် လယ်တီ ဆရာတော်ကို မန္တလေးမြို့၊ သစ်ဆိမ့်တိုက်၌ နေတော်မူစဉ်အခါကပင် ခင်မင်တော်မူခဲ့၍ အဝေးမှမေတ္တာပို့နေတော်မူပါသည်။ ရေစကြိုဆရာ တော်ကြီးသည် စာပေပို့ချမှုလုပ်ငန်းကို အလွန်အလေးထားတော်မူပြီး စာချပျက်မည်စိုး၍ ဆွမ်းစဉ်ပရိတ်လိုက်လေ့မရှိ၊ ခရီးသွားသော်မှ သင်္ဘောပေါ်၌ စာဝါပို့ချ၍သွားတော်မူသော ပရိယတ်ထိပ်ခေါင်တင် မဟာထေရ်ကြီးဖြစ်တော်မူပါသည်။ လယ်တီဆရာတော် ပခုက္ကူမြို့သို့ ရောက်၍ ရေစကြိုဆရာတော်ဘုရားထံ ဦးခိုက်လာသောအခါ ရေစကြို ဆရာတော်ဘုရားကြီးက“အင်း--မုံရွာ လယ်တီတောရမှာ စာချနေသည် စာရေးနေသည်ကြားစဉ်က ရည်ညွှန်းပြီးမေတ္တာပိုပါရဲ့၊သို့ရာတွင် စာချဖျက်ပြီး အမြို့မြို့အရွာရွာသို့ နယ်လှည့်တရားဟောနေသည်ဟု ကြားသောအခါ သဗ္ဗေသတ္တာထဲထည့်လိုက်ပြီ”ဟုမိန့်တော်မူရာ လယ်တီ ဆရာတော်ကြီးမှာ ရေစကြိုဆရာတော်ဘုရားကြီး၏ စိတ်တော်ကိုသိပြီး ဖြစ်၍ အထူးလျှောက်ထားခြင်း မပြုဘဲ ခပ်မဆိတ်ပြုံးနေတော်မူခဲ့ပါသည်။

လယ်တီတရားဟောနည်း

လယ်တီဆရာတော်ကြီး တရားအဟောအပြောတွင် “လယ်တီ ဟောကိန်း”ဟူ၍ တစ်မူဆန်းအောင် 'လယ်တီတရားဟောနည်း” ကို တီထွင်ပြီးသည့်နောက် တပည့်များကိုလည်း ထိုဟောနည်းအတိုင်း သင်ကြားပေး၍ ဟောပြောစေပါသည်။ လယ်တီဆရာတော်ကြီး၏ တရားဟောနည်းကို ရှေးဦးပထမရရှိခဲ့သူမှာ လယ်တီပဏ္ဍိတ (ဆရာဦးမောင်ကြီး ) ဖြစ်ပါသည်။ လယ်တီပဏ္ဍိတကိုယ်တော်သည် မုံရွာမြို့၊ မဟာလယ်တီတိုက်အတွင်း လယ်တီဓမ္မသာလာကျောင်း၌ အဖိတ်နေ့ညတိုင်း ညတရားဟောတော်မူရသည်။ လယ်တီပဏ္ဍိတသည် မိမိကို လယ်တီဆရာတော်ကြီး တရားဟောနည်း သင်ကြားပေးတော် မူပုံတို့ကို ဒေသနာမဉ္စရီကျမ်း၊ ပထမတွဲ၏ နိဒါန်း၌ ရေးသားထားခဲ့ ပါသည်။ လယ်တိဆရာတော်ကြီးထံမှ အနတ္တဆိုင်ရာ တရားဟောပုံ အမျိုးမျိုးကို မှတ်သားခဲ့ရကြောင်းကို အနတ္တစက္ခုကျမ်း၊ နိဒါန်းနှင့် ဒေသနာမဉ္စရီကျမ်း၊ တတိယတွဲ၊(စာမျက်နှာ-၂၂၀)တိုက၌ဖော်ပြ ထားသည်။ ပမာဒတရားနှင့်စပ်၍ သိကြားမင်းမေ့လျော့ပုံကို လယ်တီ ဆရာတော်ကြီး ဟောနည်းအတိုင်း သောတမာလာကျမ်း၊ ဒုတိယတွဲ (စာမျက်နှာ-၁၂၀)၌ ဖော်ပြထား၏၊ လယ်တီပဏ္ဍိတ၏ ဒေသနာမဉ္စရီ၊ သောတမာလာ၊ သာဓုသုန္ဒရီ၊ နိတိမာလာ၊ တိပိဋကနီတိစသောကျမ်း များတွင် လယ်တီဆရာတော်ကြီးထံမှ ကြားနာခဲ့ရသော တရားတော်များ ကို ဖော်ပြထားပါသည်။

လယ်တီပဏ္ဍိတသည် ကောဇာ-၁၂၆၅-ခုနှစ်၌ ဆရာတော်ကြီး နှင့်အတူ နိုင်ငံအတွင်းလိုက်ပါ၍ တရားဟောခဲ့ရသည်။ ထိုအချိန်က လယ်တီပဏ္ဍိတသည် အရွယ်ကောင်း,စာတတ်၊ အဟောအပြော ပိုင်နိုင်သဖြင့် လိုတရသဗ္ဗသိဒ္ဓိ ဖြစ်ကာ ငွေဒင်္ဂါးကိုရိုးသည်ဟု မသုံးစွဲဘဲ ရွှေဒင်္ဂါးကိုသာသုံးစွဲခဲ့ကြောင်းတို့ကို လယ်တီဦးကောဝိဒ၏ လယ်တီ ပဏ္ဍိတ ဇနပ္ပတ္တိကထာကျမ်း၊(စာမျက်နှာ-၃၇)၌ ဖော်ပြထားပါပေသည်။ လယ်တီပဏ္ဍိတကို တရားဟောစင်ပေါ်တင်၍ ပွဲထုတ်ပြီး မကြာမီမှာပင် လယ်တီပဏ္ဍိတ လူ့ဘောင်သို့သက်ဆင်းသောအခါ မဟာဝိသုဒ္ဓါရုံဆရာ တော်ကြီးက “ယထာပိဗလဝါ ခဂ္ဂေါ“အစချီသောဂါထာ၊“တေပရိတ္တေန နဿန္တိ” အစချီသောဂါထာ တို့ကိုရေးပြီး လူ့ဘောင်သို့ တရားဟော ထွက်သော ရဟန်းကောင်းကလေးများသည် ဒကာဒကာမများနှင့် အရောလွန်လျှင် ပျက်စီးကြလိမ့်မည်ဟု အဓိပ္ပါယ်ပါပါ လယ်တီဆရာတော် အား သတိပေးတော်မူခဲ့ပါသည်။

ဆရာမြို့

လယ်တီနိကာယအတွင်း၌ လယ်င်္တီဆရာတော်ကြီး၏ ဟော နည်းဟောပုံအတိုင်း ထပ်တူရသောပုဂ္ဂိုလ်သည် အဂ္ဂမဟာပဏ္ဍိတ ဆရာမြိူ့ခေါ် လယ်တီဦးဝါယာမဖြစ်ပါသည်။ ဦးဝါယာမတရားဟောပုံနှင့် လယ်တီဆရာတော်ကြီး ဟောပုံတို့တူပုံကို သိမီလိုက်သူ ဆရာကြီး ပီမိုးနင်းက 'ဦးဝါယာမတရားမှာ လယ်တီဆရာတော်ဘုရားကြီးဟော သောတရားများကို ဓာတ်စက်နှင့်ခံယူထားပြီးဖွင့်ထုတ်သည့်မလား အသံရော,လေပေးလေယူရော, သဘောရော, တရားဆင်ပုံရောထပ် တူ၍နေလေသည်။ ဦးမြို့၏ထူးခြားချက်ကား တစ်ခုသာပို၏၊ ထိုတစ်ခုက ဆရာတော်ကြီး ဟောသည်ထက်ပိုမို၍ ပွဲကျသဖြင့်ပရိသတ်များ တအုန်း အုန်းဖြစ်၍နေခြင်းဖြစ်သည်ဟု' စကားပြောဟောနည်းကျမ်း (စာမျက် နှာ-၁၅ )၌ရေးသားထားပါသည်။

လယ်တီဆရာတော်ကြီးက လယ်တီဦးဝါယာမခေါ် ဆရာမြို့ကို တရားဟောနည်းသင်တော်မူပုံမှာ 'တရား မဟောမှီ ၃-နာရီလောက်က ကြို၍လူသူတစ်စုံတစ်ယောက်နှင့်မျှ စကားမပြောဘဲ ဆိတ်ငြိမ်ရာအရပ်၌ မိမိဟော ပြောမည့် တရားများကို ရှေးဦးပြောသင့်သောစကား နောက်မှ ပြောသင့်သောစကားစသည်ဖြင့် စိတ်နှလုံး၌ သတ်မှတ်ပါ၊ ပြီးလျှင် 'ဥဋ္ဌေဟိဝီရ ဝိဇိတ သင်္ဂါမ' အစချီသော ဘုရားဂုဏ်တော် ဂါထာကို နှစ်လုံးသွင်း၍ ပုတီးစိတ်နေပါ၊ ပြီးလျှင်မြို့ရွာနေသူရှင်လူအပေါင်း မြို့စောင့်နတ် ရွာစောင့်နတ် ရုက္ခစိုးဘုမ္မစိုးအပေါင်းကို အထူးရည်ရွယ်ကာ မေတ္တာပို့ပါ စသည်ဖြင့် သင်ကြားပေးတော်မူပါသည်။ ဆရာတော်ကြီး၏ တရားဟောနည်း သင်ကြားပေးပုံများကို လယ်တီဆရာမြို့က ၁၂၈၀- ပြည့်နှစ်၊ ဝါဆိုလထုတ် ဓမ္မဒေသနာတရားသတင်းစာ၊ (အတွဲ-၁၀၊ အမှတ်-၁၁၇၊ စာမျက်နှာ-၃) ၌ရေးသားဖော်ပြထားပါသည်။

လယ်တီဝဏ္ဏိတ

လယ်တီပဏ္ဍိတ၊ လယ်တီဆရာမြို့ တို့ခေတ်နောက်ပိုင်း လယ်တီ ဆရာတော်ကြီး၏ဟောနည်းကို လက်ထပ်ရခဲ့သော ပုဂ္ဂိုလ်မှာ လယ်တီ ဝဏ္ဏိတဖြစ်၏၊ လယ်တီဦးဝဏ္ဏိတ(ဆရာကြီးဦးလှတင်) သည် လယ်တီ ဆရာတော်ကြီးထံမှရရှိခဲ့သော တရားဟောပုံဟောနည်းများကို လယ်တီ ယပ်လှဲတရားစာအုပ်၌ ရှင်းလင်းရေးသာထားပါသည်။ ထို့ပြင် ဘိုးဘိုးကြီး လယ်တီဦးဝဏ္ဏိတ က

'ဘိုးနဲ့လယ်တီပဏ္ဍိတဦးမောင်ကြီးက အမေညီအစ်မ၊ သူ့ အမေက ဒေါ်ထပ်၊ ဘိုးအမေကဒေါ်ရပ်တဲ့။ ဘိုးက ညောင်ဖြူပင်ရွာက နေဘကြီးဖြိုးက လယ်တီတိုက်ကိုလိုက်ပို့တာ၊ လယ်တီတိုက်ထဲရောက် တော့ ဒုတိယဆရာတော်ဦးဉာဏော အုပ်ချုပ်နေတယ်၊ လယ်တီ ဆရာတော်ဘုရားကြီးက အောက်ပြည်အောက်ရွာကိုကြွနေတယ်။ အဲဒီအခါက လယ်တီတိုက်မှာ ညကို ၁၀-နာရီက ၁၁-နာရီအထိ စာပြန် ကြရတယ်။ ဘိုးကလည်း အဲဒီအခါ လယ်ပေါ်ကျောင်းအရှေ့နားက တံခွန်တိုင်နတ်ရုပ်ပေါ်တက်ပြီး အသံကုန်ဟစ်ပြီးစာပြန်နေတယ်။ တစ်နေ့တော့ လယ်တီဆရာတော်ကြီး အောက်ပြည်မှပြန်ကြွလာပြီး ဘိုးရဲ့စာပြန်သံကိုကြားတော်မူသတဲ့။ ဒီအခါ ဦးဉာဏောကို 'ဘယ်က မောင်ပဉ္စင်းလဲ၊ မနက်ဖြန် ငါ့ထံခေါ်ခဲ့' လို့ အမိန့်ရှိလိုက်တယ်။ မနက် ရောက်တော့ဆရာတော်ကြီးထံဝင်ရတာပေါ့။ ဆရာတော်ကြီး ရှေ့ရောက် လို့ ဦးဉာဏောက 'ရောက်ပါပြီဘုရား'လို့လျှောက်ထားတော့ ဆရာတော် ကြီးက ဘိုးရဲ့ဇာတိရပ်ရွာ၊ ဆရာသမားတွေကို မေးတယ်။ ပြီးတော့ 'မောင်ပဉ္စင်း'တဲ့၊ 'မင်းရဲ့အသံဟာစာကျက်စာအံနေရမယ့်အသံမျိုးမဟုတ် ဘူးကွဲ့၊ လူတွေကို တရားဟောရမယ့်အသံ' တဲ့၊ ပြီးတော့ ဆရာတော် ကြီးက 'အေး...တရားဟောရာမှာလည်း ကျက်ပြီးဟောရမှာမျိုး မဟုတ် ဘူးကွဲ့၊ ညဝါဆိုပြီး လယ်တီဟောကိန်း လုပ်ဟောရမယ်၊ တို့မြန်မာ လူမျိုးများ ပါဠိတော်တွေကို နားလည်ပိုင်နိုင်အောင် မြန်မာစကားပီပီနဲ့ ဟောရမကွဲ့' တဲ့။ အဲဒီကစပြီး ဆရာတော်ကြီးက ဘိုးကို တရားဟော နည်းသင်ပေးတော်မူတာပါပဲ။ တရားပွဲတိုင်း နောက်ကလိုက်ရတယ်။ ခန္ဓာငါးပါးကို ပထမဦးစွာတစ်ညနဲ့အဟောခိုင်းတယ်။ နောက်သုံးည၊ နောက်ငါးည၊ နောက်အလိုရှိရင်ရှိသလောက် ချဲ့ထွင်ဟောနိုင်အောင်သင် ပေးတယ်။ ဆရာတော်ကြီးက 'ရေစကြို, ဦးပုည, ကျပင်း, ငါးကျမ်း စတဲ့ပုဂ္ဂိုလ်များရေးတဲ့ ရဟန်းခံတရား, ဆွမ်းတရား ကထိန်တရားတွေကို ကျက်ပြီးတော့ နိဗ္ဗာန်ဆုကိုတောင်းကြလေကုန်လို့ ဗျောရိုက်နဲ့ တရား တစ်ပွဲပြီးသွားတာမျိုး မဖြစ်ကြစေနဲ့၊ တို့မြန်မာ လူမျိုးများ အသိ တရားရှိလာအောင် သမ္မာဒိဋ္ဌိမျက်စိအလင်းကြီးပေါက်လာအောင် ဟောပြာကြ၊ ဗုဒ္ဓုပ္ပါဒဒုလ္လဘနဝမ ကာလဆိုတာ ရခဲတယ်၊ တရားတော်နဲ့ တွေ့တုန်းယူကြပါစေကွယ်'လို့လည်း မိန့်ဆိုတော်မူပါတယ်၊ ဘိုးက တော်တော် ဟောနိုင်လာတော့ စစ်ကိုင်းတရားပွဲမှာ ဆရာတော်ကြီးက 'တို့က ခန္ဓာငါးပါးကို ငါးညဟောနိုင်တာကွဲ့၊ ငါတို့တပည့် မောင်ဝဏ္ဏိတ တို့က ခုနစ်ညဟောနိုင်တယ်'လို့ ချီးမြှောက်တော်မူပါတယ်၊ ဘိုးကို တရားစင်ပေါ်စပြီးတင်တာ မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်းဂိတ်နားက တရားပွဲမှာဖြစ်တယ်' ဟူ၍ ပြောပြပါသည်။

လယ်တီဓမ္မကထိကများ

လယ်တီဆရာတော်ကြီး၏ နည်းနာအတိုင်းဟောပြောခဲ့ကြသော လယ်တီဓမ္မကထိကများမှာ ကြောင်းပန်း အရှင်ဣန္ဒက၊ လယ်တီဦးဝါယမ (ဆရာမြို့)၊ လယ်တီဦးတိလောက(သေက္ဈတောင်)၊ လယ်တီဦးပဒုမ (ဇမ္ဗုပတိချောင်)၊ လယ်တီဦးမဟိန္ဒ(ဆရာသိန်း)၊ လယ်တီဦးဓမ္မစာရီ (ရန်ကုန်ချောင်)၊ လယ်တီဦးဝဏ္ဏိတ(ဦးလှတင်)၊ လယ်တီဦးခေမန္ဒ (မိုးကုတ်)၊ လယ်တီဦးကိတ္တိ (ဆရာစိန်)၊ မိုးညှင်းဆရာတော်ဦးသုမန၊ လယ်တီဦးဉေယျ(ပျဉ်းမနား)၊ လယ်တီဦးဝိမလ၊ လယ်တီဦးသုန္ဒရ၊ လယ်တီဦးအာသဘ၊ လယ်တီဦးပညာသီဟ(အောင်မင်္ဂလာ)၊ လယ်တီ ဦးဩဘာသ(ညောင်ကုန်း)၊ လယ်တီဦးနန္ဒမာလာ၊ လယ်တီဦးဒီပ (တပယင်း)၊ လယ်တီဦးဝိသုဒ္ဓ(မင်းလှ)၊ လယ်တီဦးသောဘန(မြောင်းမြ)၊ လယ်တီ ဦးနာဂ(နောင် မိုးညှင်းဓမ္မကထိက တွံတေးဦးနာဂ)၊ အဘိဓမ္မာ ဆရာသဲကြီး၊ ဦးကျော်ရန်၊ ဦးစံဖေ၊ ဦးမင်းဒင်(ပျဉ်းမနား)၊ ဆရာကြီး ဒေါ်စန္ဒာ(နောင်ဆရာမြို့ဇနီး) စသည်စသည်ဖြင့် အမြောက်အမြား ရှိခဲ့ပါသည်။

လယ်တီဓမ္မကထိကများသည် သူ့ခေတ်နှင့်သူ ကျော်ကြား ထင် ရှားခဲ့ကြပါသည်။ ရှေးက မင်းကွန်းတောင်ရိုး ငွေတောင်တောရ၌ ဦးဇနိတ(စိန်နိတ) တရားပွဲ ကိုနာလိုက်ရသော မင်းကွန်းဓမ္မနာဒတိုက်မှ ဘိုးသံပုရာအမည်ရှိကိုယ်တော်ကြီးက'အောင်မလေးဗျာ- တရားဟော ကောင်းလိုက်တာ၊ မဟာဝိသုဒ္ဓါ ရာမဆရာတော်ကြီးအုပ်ထားတဲ့ သခွား သီးမှည့်ကြီးတွေ ခုမှလှပ်တော့တယ်'ဟု ချီးမွမ်းသကဲ့သို့ပင် (ရှေ့က သွားရည်စာအကောင်းဆုံးမှာ သခွားသီးမှည့် ဖြစ်သည်။) လယ်တီဆရာ တော်အုပ်ထားသော လယ်တီဓမ္မကထိကတည်းဟူသော သခွားသီး မှည့်ကြီးများသည်လည်း လှပ်တိုင်းမွှေးသော စားတိုင်းချိုသော သခွား မှည့်ကြီးများဖြစ်ခဲ့ပါသည်။

လယ်တီဆရာတော်ကြီးတရားဟောပါမှ

လယ်တီဆရာတော်ကြီး မြန်မာနိုင်ငံအဝန်းသို့လှည့်လည်၍ အမြို့မြို့အရွာရွာတို့၌ တရားဟောတော်မူပါသောကြောင့် ရှေးအခါက မကြားစဖူးဖြစ်၍နေသော မဂ်သံ, ဖိုလ်သံ, နိဗ္ဗာန်သံများကို ကြားနာခွင့် ရလာကြသည်။ သို့ဖြစ်၍ အရှင်အာဒိစ္စဝံသက ဗုဒ္ဓနိကာယမှန်တော် ကြီးတွင် 'ကျွန်ုပ်တို့စာသင်သားငယ်ခေတ်တွင် မဂ်ဖိုလ်နိဗ္ဗာန် တရား တော်များ ကွယ်ပျောက်တိမ်ကောလျက်ရှိခဲ့လေရာ လယ်တီဆရာ တော်ကြီး ပေါ်ပေါက်ထွန်းကား၍ ဒီပနီကျမ်းများစွာကိုရေးသားလျက် တရားလှည့်လည်ဟောပြောမှသာ ၎င်းမဂ်ဖိုလ်နိဗ္ဗာန်တရားများ ပေါ် ပေါက်လာခဲ့လေသည်' ဟု ရေးသားထားလေသည်။

၁၉၉၇-ခုနစ်ရိုက် ဆရာကြီးရွှေဥဒေါင်းတစ်သက်တာ မှတ်တမ်း၊ ပထမတွဲ၊ (စာမျက်နှာ-၃၇) တွင်လည်း မိမိအသက်ခုနစ်သား အရွယ်လောက်က (ကောဇာ ၁၂၅၈-ခုနစ်ခန့်) 'ထိုခေတ်တွင် လယ်တီ ဆရာတော်လည်း မကျော်ကြားသေးသဖြင့် နိဗ္ဗာန်မဂ်ဖိုလ်ဟူသည်မှာ ရနိုင်သောခေတ်မရှိတော့ပြီဟု မြန်မာပြည်ရဟန်းလောကတစ်ခုလုံးက ယူဆလျက်ရှိရာ လူ(လူဝတ်ကြောင်) ဆိုသည်မှာကား ရဟန်းများပြီးလျှင် ပြီးကြရသော ခေတ်ဖြစ်၏' ဟု ရေးသားထားလေရာ၊ ဆရာကြီး ရွှေဥဒေါင်းက လယ်တီဆရာတော်ကြီး နိုင်ငံအတွင်း လှည့်လည် ဟော ကြားသော ၁၂၆၀-ပြည့်နှစ်ရောက်မှ တစ်နိုင်ငံလုံး မဂ်သံဖိုလ်သံ ကြား လာရကြောင်း ရေးသားလိုရင်းဖြစ်ပါသည်။ ထိုအကြောင်းတို့ကို ရည်ရွယ်၍ပင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက နိုင်ငံခြား သာသနာပြု လေးချိုးကဗျာကြီးတွင်

'လူတမ်းမှာ၊ ဥဒါန်း တမည်သာသို့၊

သည်တစ်ခါ အကြံနိပ်လိုက်တာက၊

ပြည်မြန်မာ တမ္ပဒိပ်တွင်မှ၊

တောင်ထိပ် ရွှေပဒုမ္မာ နှင့်၊

သူရိယာဩဘာစက်ဟာက၊

ဇမ္ဗူလှည့်ကာ၊ ဂေါယာကထွက်သလိုပ၊

မဂ်ဖိုလ်သည်မည်ပြင်တဲ့ လယ်တီအရှင်'

ဟု ရေးဖွဲ့ခဲ့လေသည်။

ဟောကိန်းစာအုပ်ဖြစ်လာပုံ

လယ်တီဟောကိန်းတရားစာကို လယ်တီဦးဝဏ္ဏိတ၏ မူလ နိဒါန်း၌ ပြဆိုထားသည့်အတိုင်း ကောဇာသက္ကရာဇ် ၁၂၇၉-ခု၊ နတ်တော်လဆန်း ၁၅-ရက်နေ့တွင် အလုံမြို့အရှေ့၊ ကြီးခေါင်တောရ ကျောင်းတွင် သီတင်းသုံးနေတော်မူသော လယ်တီဆရာတော်ဘုရားကြီး အမိန့်ရှိသည့်အတိုင်း လယ်တီဦးဝဏ္ဏိတ(ဆရာကြီးဦးလှတင်)သည် လယ်တီဆရာတော်ကြီးတရားတော်များကို ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ ထိုဟောကိန်းတရားစာကို မန္တလေးမြို့၊ ဂုဏဝတီပုံနှိပ်တိုက်က ၁၂၈၆- ခု၊ ဝါဆိုလတွင် ရှေးဦးရိုက်နှိပ်ခဲ့ပါသည်။ ထိုစာအုပ်မျက်နှာဖုံးတွင် 'ဇမ္ဗုပကာရ သာသနဟိတ အသင်းပိုင်စာအုပ်' ဟုဖော်ပြထား၏၊ ထို နောက် ရန်ကုန်မြို့၊ ၅၁-လမ်း၊ မြန်မာအမျိုးသားပုံနှိပ်တိုက်က ဒုတိယ အကြိမ်ရိုက်နှိပ်ပါသည်။ ရိုက်နှိပ်သောခုနစ်ကို ဖော်ပြမထားပါ။

၁၉၃၅- ခုနှစ်၊ နိုဝင်ဘာလ (၁၂၉၇-ခု၊ တန်ဆောင်မုန်းလ)ထုတ် သုတပညာဝတီမဂ္ဂဇင်းလယ်တီဟောကိန်း တရားစာအုပ်ကို အောက်ပါ အတိုင်း ကြော်ငြာထားပါသည်။

လယ်တီဟောကိန်းတရားစာအုပ်ကြီး

အထက်ပါတရားစာအုပ်ကြီးမှာ ကျေးဇူးရှင်လယ်တီ ဆရာ တော်ကြီးသည် မြန်မာနိုင်ငံအထက်ပိုင်း, အောက်ပိုင်းအမြို့မြို့ အရွာရွာတို့၌ နှစ်ပေါင်း ၃၀-ခန့်အတွင်းဟောကြားပြသဆုံးမတော်မူ အပ်သောတရားများကို စုပေါင်းကာရိုက်နှိပ်ထားအပ်သော စာအုပ်ဖြစ်၍ ဆရာတော်ကြီးကိုယ်တိုင်ဟောပြောသည့်အတိုင်း တရားဓမ္မကို နာကြား လိုပါလျှင် အထက်ပါ လယ်တီဟောကိန်းစာအုပ်ကြီးကို ဖတ်ရှုတော် မူကြပါ။

တစ်အုပ် ၁ိ-ဂဲ၊ ယခု-၁ိ။

ကျေးဇူးတင်မှတ်တမ်းလွှာ

ဤလယ်တီဟောကိန်းတရားတော်စာအုပ် ရိုက်နှိပ်ရန်အတွက် ခွင့်ပြုတော်မူသော မုံရွာမြို့၊ မဟာလယ်တီတိုက် ပဓာနနာယက နဝမလယ်တီဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေလာသ မထေရ်မြတ်၊ လယ်တီဟောကိန်း တရားစာမူကို ကြည့်ရှုစီစစ်ပေး တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက် သူဌေးတန်းကျောင်း ဆရာတော်ဘဒ္ဒန္တမာနိတ သီရိဘိဝံသမဟာထေရ်၊ ဤကျမ်းစာကိုပုံနှိပ်ရန် ရှေးဦးပထမ ပေး အပ်ခဲ့သော မူလစာအုပ်ရှင် သထုံမြို့နေ ဘိုးဘိုးကြီးဦးလှတင် (လယ်တီ ဦးဝဏ္ဏိတ) ရန်ကုန်မြို့ ကျားကူးကျောင်းတိုက်ဆရာတော်ကြီး အရှင်စက္ကိန္ဒမဟာထေရ်နှင့် ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာ ကျောင်းမတိုက် ဆရာတော် အရှင်ဓမ္မပါလ(ဓမ္မာစရိယ) ဆရာတော်ဘုရားနှင့် ဤကျမ်း စာနိဒါန်းရေးသားနိုင်ရန် ဖြေကြားကူညီတော်မူခဲ့ကြသော လယ်တီ နိကာယာဓိပတိဆရာတော်ကြီးများ၊ လယ်တီဝံသ လယ်တီအနွယ် လူပုဂ္ဂိုလ်များတို့အား ဤနေရာမှ ဦးခိုက် ဝပ်တွား၍ ကျေးဇူးမှတ်တမ်း တင်ရှိပါကြောင်း ဖော်ပြလိုက်ပါသည်။

ဦးအောင်မွန် (မြတ်ဆုမွန်)

ဝေဒယိတသုခနှင့်သန္တိသုခတရားတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အခန်း (၁)

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၈၂-ခု၊ တပိုတွဲလဆန်း (၂ )ရက်နေ့ ကျိုက်ထိုမြို့၊ လယ်တီစံကျောင်းဓမ္မာရုံကြီး၌ ဟောကြားတော်မူသော

ယခုည ဝေဒယိတသုခနှင့် သန္တိသုခတရားနှစ်ပါး ခြားနားချက်ကြီးများကို ဘွားဘွားကြီးပေါ်သွားအောင် ကောင်းကောင်းကြီး မှတ်လိုက်စမ်းဟေ့၊ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား )။

ဝေဒယိတသုခဆိုတာ မောင်ဘိုးကြူတို့ တစ်တွေခံစား စံစားလို့ မဆုံးနိုင် မဝနိုင်သော ခံစားမှုစံစားမှု ချမ်းသာမျိုးတွေကို ဆိုသည်ဟု မှတ်ကြ။ လူမှာလည်း လူ့အကျိုးပေးသလောက်၊ နတ်မှာလည်း နတ်အကျိုးပေးသလောက်၊ ဗြဟ္မာမှာလည်း ဗြဟ္မာ့အကျိုးပေးသလောက် ကိလေသာမီးတောက်ကြီးတွေ နယ်ကျယ်ပြီး ခံစားမှုစံစားမှုဘက်သို့ တစ်ယိုင်တည်းယိုင် တစ်လဲတည်းလဲ၍ ယခုထက်ထိ ကိလေသာအပူတောကြီးထဲက မကျွတ်မလွတ်နိုင်ဘဲ ကျွံသည်ထက်ကျွံ၊ နစ်သည်ထက်နစ်၊ မြုပ်သည်ထက်မြုပ်နေကြရတာ ဝေဒယိတသုခအတွက် မဟုတ်လားကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။ သန္တိသုခဆိုတာကတော့ လောဘကိလေသာမီးတောက်ကြီးတွေ၊ ဒေါသကိလေသာမီးတောက်ကြီးတွေ၊ မောဟကိလေသာမီးတောက်ကြီးတွေ ငြိမ်းအေး၍ ကောင်းမြတ်သောချမ်းသာမျိုးကို ဆိုသည်ဟု မှတ်ကြ။ သည်လို သန္တိသုခမျိုးကိုတော့ မောင်ဘိုးကြူတို့တစ်တွေက လိုချင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့၊ မောင်ဘိုးကြူတို့ သန္တာန်၌ ကိလေသာအပူအအိုက်၊ အပုပ်တောကြီးတွေက ထကြွသောင်းကျန်းပြီး နေသောကြောင့် တစ်ခါတည်း ငြိမ်းအေးသွားမှာတောင် စိုးသေးရဲ့ မဟုတ်လားကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ကိလေသာအပူအအိုက် အပုပ်ဓာတ်ကြီးများဟာ ကမ္ဘာသူ ကမ္ဘာသားတို့ကို အပါယ်သံသရာနယ်ကြီးထဲက မကျွတ်မလွတ်ရအောင် အတင်းတားဆီးကန့်ကွက်၍ ထားတာတွေကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

သည်ကိလေသာအပူအအိုက် အပုပ်ဓာတ်ကြီးတွေကိုပင် မောင်ဘိုးကြူတို့တစ်တွေက အအေးဓာတ် အမွှေးဓာတ်ကြီးတွေဟု အထင်မှားပြီး ယခုထက်ထိ ခံစားစံစားလို့မပြီးဘဲ တမောမောတဟိုက် ဟိုက် မပူအအိုက် ဓာတ်ကြီးတွေနောက်သို့ တလိုက်တည်း လိုက်နေကြရတာတွေကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

သို့ကလောက် အိုဆိုးတဲ့ကိလေသာအပူအအိုက်ကြီးတွေကို အပူအအိုက်မှန်း မသိနိုင်ကြတာ ဘယ်သူအတွက်လည်းဆိုတော့ မောင်ဘိုးကြူတို့တစ်တွေက 'ငါကိုယ်ငါ့ကိုယ်'နှင့်တကြော်ကြော် တအော် အော် ခေါ်နေကြသော အတ္တဒိဋ္ဌိကြီးဟု တစ်ခါတည်းစွဲချက်ထုတ်ထား ရမယ်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

အဲဒီ အတ္တဒိဋ္ဌိဘေးကြီး ထင်းလင်းရှိနေကြမှဖြင့် သံသရာဘေးကြီး အပါယ်ဘေးကြီး ဒုစ္စရိတဘေးကြီး ဝနိပါတနဘေးကြီးများနှင့် အမြဲ တွေ့ကြုံနေရတာတွေကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

အတ္တဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ ဆိုသည်ကား သဒ္ဒါသာပြားသည်၊ အနက်သွားမှာအတူတူ တစ်သဘောတည်းဟု မှတ်လိုက်ကြ။ ယခု မောင်ဘိုးကြူတို့နေကြရသော သံသရာနယ်ကြီးထဲမှာ အတ္တဒိဋ္ဌိဘေးကြီး တွေက သစ်ပင်အမှိုက်သရိုက်တွေ ထူထပ်ပေါများသည့် ဝါးတောကြီး အတွင်း၌သောင်းပြောင်းရှုပ်ထွေး၍နေသော ကြခပ်ဝါးရုံကြီးများကဲ့သို့ နတ်ပြည်မှာလည်း နတ်ပြည်အလိုက်၊ ဗြဟ္မာ့ပြည်မှာလည်း ဗြဟ္မာ့ပြည် အလိုက် သိမ်းပိုက်စရာ အတ္တဒိဋ္ဌိအကိုင်းအခက်တွေဟာ ထကြွသောင်း ကြမ်း၍ ရှုပ်ထွေးနေလိုက်တာ အလွန်ကြောက်စရာလန့်စရာ တကယ် ကောင်းတာကိုးကွဲ့၊ (မှန်လှပါဘုရား)။

အမှတ်မဲ့ ပေါ့တီးပေါ့ဆ ရီးတီးယောင်တောင် တစ်ပိုင်းကြောင် မဖြစ်ကြစေနှင့်၊ သတိကြပ်ကြပ် ထားကြရမည်။ အတ္တဒိဋ္ဌိထကြွ သောင်းကျန်းမှုအတွက် သူများအသက်ကိုသတ်ဖြတ်ရမှာများ၊ သူတစ်ပါးဥစ္စာခိုးရမှာများ၊ သူ၏သားမယား ကျူးလွန်ပြစ်မှားရမှာများ၊ လိမ်လည်ဖောက်ပြား မုသားဆိုရမှာများ၊ ဘိန်းကင်းကစော် လှော်စာ အရက်တို့ကို သောက်စားမူးယစ်ရမှာများတော့ ဝန်လေးခြင်းမရှိ။ တစ်နေ့တစ်နေ့မှာပဲ ကြက်ကောင်ဝက်ကောင် ငှက်ကောင်တွေဟာ တစ်ရာတစ်ထောင်မက ဓားလက်နက်ဘေးကြီးကျရောက်ဖြစ်ပွားလျက် နေရတာဟာ အတ္တဒိဋ္ဌိဘေးဆိုးကြီးအတွက်ဟု အမြဲအစွဲမှတ်ထားကြကွဲ့။ သူများအသက်များကို သတ်ဖြတ်တာမှာ တစ်ကောင်အတွက် ငရဲမှာခြောက်ဘဝ၊ ဝိပါက်အကျိုးမှာဘဝပေါင်း ငါးရာ၊ သေခြင်းဆိုးနှင့်သေရတာတွေ ဘယ့်လောက်များ ကြောက်စရာကောင်းတယ်ဆိုတာ မောင်ဘိုးကြူတို့သာ မျှော်ပြီးကြည့်ကြတော့။ သို့ကလောက် ကြောက်စရာကောင်းသော သံသရာနယ်ကြီးထဲမှာ နေချင်စရာ မကောင်းပါဘူး။ ချမ်းသာကွက်ကယ်လို့တစ်စက်မျှမရှိ။ ဒုက္ခကြီးတွေကသာ ဗွက်ကြမ်းပြီးနေတာဖြစ်တော့ ကမ္ဘာပေါ်မှာ အတ္တဒိဋ္ဌိတွေဟာ နှမ်းကြဲထားသလို သူ့သန္တာန်ငါ့သန္တာန်၌ မရေတွက်နိုင်အောင် များပြားနေကြတာကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ထိုကဲ့သို့ အတ္တဒိဋ္ဌိဘေးဆိုးကြီး ရန်ငြောင့်ကြီးရှိနေကြသော သူတို့အား အဘယ်မှာငြိမ်းအေးခြင်းဆိုသော သန္တိသုခချမ်းသာခွင့် အရေးအရာကြီးကို ရရှိနိုင်ပါအံ့နည်း။ မောင်ဘိုးကြူတို့ ကမ္ဘာသူ ကမ္ဘာသားတို့၏ စိတ်မနောအတွင်း၌ ဒုစရိုက်ကံဟောင်းတွေက အသင်္ချေအနန္တပါရှိပြီးနေတာဖြစ်တော့ လိမ်မာတဲ့ဘဝကနည်းပါးပြီး အမိုက်ဘဝ တွေကသာ များ၍နေ၏။ မင်းတို့ ကျိုက်ထိုသူ ကျိုက်ထိုသားတွေမှာ အတ္တဒိဋ္ဌိတင်းလင်းရှိနေသည့်အတွက်ကြောင့် အပါယဘေးကြီး၊ ဝိနိပါတနဘေးကြီး၊ ဒုစ္စရိတဘေးကြီး၊ နာနာသတ္ထာရဘေးကြီး၊ အညဘာသာဘေးကြီးတို့နှင့် တွေ့ထိကြုံကြိုက်၍ လာခဲ့ရတဲ့ဘဝမျိုးတွေဟာ မရေတွက်နိုင်ဘူးကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

အတ္တဒိဋ္ဌိဘေးကြီးကို လက်သတ်မွေးထားလေ ဝေဒယိသုခနယ်ကကြီးကျယ်လေ၊ ဝေဒယိတသုခနယ် ကြီးကျယ်လေ အပါယ်ကြော ရှည်လေ၊ အပါယ်ကြောရှည်လေ သံသရာမျောချက်မြုပ်ချက် နစ်ချက် ကောင်းလေဟု အမြဲစွဲမှတ်ကြ၊ သံသရာအပါယ်တွင်းသို့ တစ်ကြိမ်ဆင်း မိပြန်ပြီဆိုမှဖြင့် လူ့ဘုံ နတ်ဘုံကိုတော့ ပြန်ရလိမ့်ဦးမည်ဟု မထင်စားပါနှင့်။ တစ်ခါတည်းအဝီစိဆိုက်အောက် သွားရမှာကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ဒါကြောင့် မောင်ဘိုးကြူတို့တစ်တွေဟာ မသေခင်က နှုတ်ဆက် ထားကြဟေ့။ 'ကျွန်ုပ်တို့သေလျှင် လူ့ဘုံ နတ်ဘုံများ၌ မသီမကပ်ဘဲ အဝီစိခါးတောင်းကျိုက်ပြီး ဆင်းသွားကြမည့် အဝီစိသူ အဝီစိသား တွေပါဟု ရဲရဲတင်းတင်း ဝန်ခံချက်ပြုထားကြကွဲ့။ အတ္တဒိဋ္ဌိဘေးကြီး ရှိနေမှဖြင့် အမြင့်ဆုံးဖြစ်သော ဗြဟ္မာ့ဘုံကြီးကပေမယ်လို့ အဝီစိသို့ တိုင်အောင်ဂျွမ်းထောင်ကျသွားရတာပဲ၊ ဘာကြောင့်လဲဆိုရင် သေမြဲ ဓမ္မတာ မရဏဘေးကြီးနှင့် ဝိနိပါတဘေးကြီးတွေက တွဲလျက်ပါရှိလေ သောကြောင့်တည်း။

ကျိုက်ထိုသူတွေကကျိုက်ထိုသားတွေကို မေးမယ်၊ 'ယခုဘဝက သေလျှင် ဘယ်ဘဝသို့သွားမလဲ'လို့ မေးမယ်၊ ဘယ်လိုဖြေကြမလဲ ဟေ့မောင်ဘိုးကြူရဲ့။ မင်းတို့ ကျိုက်ထိုသူကျိုက်ထိုသားတွေ ဖြေမှာက ဆရာတော်ကြီးမြင်ပါရဲ့ကွဲ့၊ ကမ္မသကာ ကံပစ်ချရာသွားရမှာပ။ ကိုယ်သွား ချင်သောဘဝ ရောက်ချင်သောဘဝတို့၌ သွားနိုင်ရောက်နိုင်သောဓမ္မတာမျိုးမှ မဟုတ်ဘဲ၊ ဝိနိပါတန ပရမ်းပတာ မလှမပ ကိုးရိုးကားရား ဖရိုဖရဲကျတတ်တဲ့ဘေးကြီးက တွဲလျက်ပါနေတော့ ဘေးဒုက္ခကြီးတွေ ဗလဗွက်ကြမ်းနေတဲ့ အဝီစိလမ်းသို့ တန်းလန်းဖြောင့်ဖြောင့် မထောင့် မနား တစ်ခါတည်း ဆင်းသွားရမှာကွဲ့ မောင်ဘိုးကြူရဲ့။

အဝီစိအပါယ်ငရဲသို့ မကျမနေရအောင် ညာပေးတာက ကာမတဏှာကြီးဟုမှတ်။ မျက်စိအရသာ အကောင်းကြိုက်၊ နားအရသာ အကောင်းကြိုက်၊ နှာခေါင်းအရသာ အကောင်းကြိုက်၊ လျှာအရသာ အကောင်းကြိုက်၊ ကိုယ်အင်္ဂါအတွေ့အရသာ အကောင်းကြိုက်၊ စိတ်မနောအရသာ အကောင်းကြိုက်တာတွေက ကံဟောင်းသိန်းပေါင်း သန်းပေါင်းတွေကို မပျောက်မပျက်ရအောင် မလျော့ပါးရအောင် တိုးပွားများပြားအောင် အကူအညီ အစောင့်အရှောက်ကြီးလားကွဲ့ မောင်ဘိုးကြူရဲ့။

ဘယ်ငရဲ ကျချင်သလဲ ပြော၊ မင်းတို့ ကျိုက်ထိုမြို့၌ ယခုကပြနေ သောရုံပွဲကြီးဟာ အာမခံရုံပွဲကြီးဟုမှတ်၊ ကျချင်ရောက်ချင်သောငရဲကို အာမခံရုံပွဲကြီးက ချပေးနိုင်တယ်ကွဲ့။ မင်းတို့ ကျိုက်ထိုသူတွေ ကျိုက်ထို သားတွေ သန္တာန်၌ရှိနေသော ကာမတဏှာကြီးဟာ တောင်ကျမြစ်ကြီး၏ ဝဲယာဘက်ကမ်း၌ တင်ရှိနေကြသော အမှိုက်သရိုက်တွေကို မိုးကြီး သည်းထန်စွာ ရွာသွန်းသောအခါ တစ်တိုတစ်စမကျန်ရအောင် အကုန် တိုက်သရောပြီး ဆွဲငင်တွန်းချတစ်ပါတည်းယူသွားတာလို ကမ္ဘာပေါ်မှာ ရှိနေကြကုန်သော ကမ္ဘာသူကမ္ဘာသားတွေဟာ တောင်ကျမြစ်ကြီး၏ ဝဲယာဘက်ကမ်းပေါ်မှာ တင်နေကြသော အမှိုက်သရိုက်တွေနှင့်တူ၏၊ မရဏသေဘေးကြီးနှင့်တွေ့ထိလျှင် ကာမတဏှာကြီးဟာ အဝီစိထိ အောင် အကုန်လုံး တံမြက်လှည်း၍ တိုက်သရောပြီး ယူသွားမှာကွဲ့ မောင်ဘိုးကြူရဲ့။

ကာမတဏှာကြီးက ကံဟောင်းတွေကို ညာပေးသမား၊ အတ္တဒိဋ္ဌိဘေးကြီးကလဲ ကံဟောင်းတွေကို မပျောက်မပျက်ရအောင် လုံခြုံအောင် သိမ်းပိုက်ထားသမား၊ ဝိနိပါတနဘေးကြီးကလဲ ပရမ်းပတာ ကိုးရိုးကားရား ကျသမား၊ အမှောက်အမှားဘေးကြီးများကို တစ်နေ့တစ်ခြား လွင့်ပါး ပျောက်ပျက်သွားအောင် ကြောင့်ကြစိုက်လိုက်ကြ၊ မလှမပ အရှက်တစ်ကွဲ အကျိုးနည်းအောင် ပြုလုပ်တတ်တဲ့ ကာမတဏှာကြီးကို အလိုလိုက်၍ အကြိုက်ကိုသာ ရှာကြံစုဆောင်း၍ ပေးနေကြပါမူ မီးခိုးမဆုံး မိုးမဆုံး ဘယ်တော့မှ လက်စတုန်းကြမှာ မဟုတ်ဘူးကွဲ့ မောင်ဘိုးကြူရဲ့။

အနမတဂ္ဂ သံသရာကြီး၌ မျက်စိအရသာ နားအရသာ၊ နှာခေါင်း အရသာ လျှာအရသာ ကိုယ်အင်္ဂါအရသာ စိတ်မနောအရသာမျိုးကို ခံစားစံစားခဲ့ရတာတွေဟာ ခြေရာချင်းထပ်လို့၊ ယခုနေ့အထိ အားရတင်းတိမ်နိုင်တယ်လို့ပဲ မရှိပါဘူး။ ဝေဒယိတသုခခံစားမှု စံစားမှုအတွက်နှင့်သာ နေ့ကုန်ရက်ဆုံး အချိန်တွေကို အလကားဖြုန်းပစ်နေကြတာ ငြိမ်းအေး မှုသန္တိသုခမှာတော့ အိပ်မက်ထဲတောင် ထည့်မမက်သေးဘူး၊ ဘာကြောင့်လဲဆိုတော့ ဝေဒယိသုခနယ်အတွင်းသို့သာ သက်ဆင်းနစ်မြုပ်၍နေ သောကြောင့်တည်း။ ကြည့်စမ်းပါလား မင်းတို့ ကျိုက်ထိုသူ ကျိုက်ထိုသားတွေဟာ ရုံပွဲကြီးကို ငွေပေးပြီး ဝေဒယိတသုခတွေကို ဝယ်ယူနေကြတာ အဘယ်မှာ သန္တိသုခဘက်သို့ ရောက်နိုင်ပါအံ့နည်း၊ ဝေဒယိတသုခ ဘက်သို့ပါလေ ငြိမ်းဆိုတဲ့သန္တိသုခမှဝေးလေ၊ ကြပ်ကြပ်ချမ်းသာကြလေ ကိလေသာမီးတောက်လေ၊ ကိလေသာမီးတောက်လေ သန္တိသုခမှဝေးလေ။

ကမ္ဘာသူကမ္ဘာသားတွေဟာ ဝေဒဟိတသုခဘက်သို့ပါ နေကြ တာဖြစ်တော့ ခံစားမှုစံစားမှုတွေကိုသာ ရှာဖွေစုဆောင်းကာ နေကြရ လေသည်။ ကမ္ဘာလောကကြီး၌ တစ်ကြော်ကြော် တစ်အော်အော် ဆုတောင်းပြီး နေကြသည့် အထဲမှာ သန္တိသုခကလေးကဖြင့် အနည်း ငယ်မျှလောက်သာပါကြရဲ့၊ ခံစားမှုစံစားမှု ဝေဒယိတသုခကဖြင့် ဗွက် ကြမ်းပြီး သီးမျိုးစုံပဒေသာကြီးကဲ့သို့ လက်ဖျားဝေနေလိုက်ကြတာဟာ တစ်ကမ္ဘာလုံးက ကျေကျေနပ်နပ် ဖြစ်နေကြတာကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ငြိမ်းအေးချမ်းသာမှုသန္တိသုခကို ဆုတောင်းတယ်ဆိုပေမယ်လို့ ဗုဒ္ဓဘာသာအရိုးအစဉ်မို့ ဆုတောင်းရတာ ပါလေ၊ သူတို့လိုချင်တာက တော့ ခံစားမှု စံစားမှု ဝေဒယိတသုခမျိုးကိုသာ ဇွဲသန်နေကြတာပါ၊ ကြည့်စမ်းပါလား။ ကျိုက်ထီးရိုးဘုရားမှာ ဆုတောင်းသမားတွေ ဆုတောင်းပုံကောင်းကောင်းမှတ်လိုက်စမ်းဟေ့ မောင်ဘိုးကြူရဲ့၊ (မှန် လှပါဘုရား)။

ဤထီးနှင့်ယပ် တံခွန်ကုက္ကား မုလေးပွား ကြက်လျှာ ချိုးတော်ရေ အဖြာဖြာတို့ကို တန်ခိုးကြီးဘုရားအား တနင်္ဂနွေ သားက ဆက်ကပ်ပူဇော်လှူဒါန်းပါ၏အရှင်ဘုရား၊ ဤကောင်းမှုကြောင့်သည်သား သည်မယားနှင့် ဘဝအဆက်ဆက် မကွဲမပျက်ကြဘဲ ဆက်ခါဆက်ခါ စိန်သူဌေး ရွှေသူဌေး စက်ပိုင်သူဌေးဖြစ်ကြပြီးသည်သားသည်မယားနှင့် အနည်းဆုံး တစ်နှစ်နှစ်ခေါက် သုံးခေါက် ရောက်ရပါလို၏ အရှင်မြတ်ဘုရားတဲ့။

ဟောသည်ဆုတောင်းထဲမှာ ငြိမ်းအေးချမ်းသာမှုဆိုသည့် သန္တိသုခအရှင်း လွတ်ကင်းနေပုံကို ကြည့်ကွဲ့ မောင်ဘိုးကြူရဲ့ (မှန်လှပါဘုရား)။ ဆုတောင်းသမားများကလည်း ကမ္ဘာသားများအကြိုက်ကို လိုက်ပြီးဆုတောင်းကြရတာကွဲ့။ သူတို့ကို အပြစ်တင်ဖွယ်မရှိပါဘူး။ မိန်းမကတော့ သည်လိုဆုတောင်းမှ ကြိုက်ကြတာကွယ့် မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

စကြာမင်းကြီး၊ မန္ဓာတ်မင်းကြီးများ၏ ခံစားမှုစံစားမှု ဝေဒယိတသုခနယ်ကြီး မည်မျှလောက်ပင် ကြီးကျယ်သော်လည်း နောက်ဆုံး တစ်နေ့ကျလျှင် စံစားမှုခံစားမှုတွေဟာ စမ်းကာရှာဖွေလို့မရ၊ အလဟဿ အချည်းအနှီး အပြီးဗလာ သုံးရာမဝင် စိတ်တွင်ဖောက်ပြား မှောက်မှား စရာအချက်ကြီးတွေကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။ သန္တိသုခမျိုးကို မရသေးသောသူဟာ လေးကျွန်းလုံးကို အုပ်စိုးပိုင်နင်း စကြာမင်းကြီး ဖြစ်သော်လည်း ငရဲဘေးကြီးအနန္တ ရှိနေသောကြောင့် စကြာမင်းကြီးများသည် ဒုက္ခတောင် ဒုက္ခတုံး ဒုက္ခခဲကြီးတွေဟုမှတ်၊ သိကြားမင်း ဗြဟ္မာမင်းများလည်း ဒုက္ခကောင် ဒုက္ခတုံး ဒုက္ခခဲကြီးတွေဟု ရဲရဲတင်းတင်းကြီး ဆိုနိုင်တယ်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ကာမတဏှာကြီးကို သူတစ်ခုလွှတ်ပြီး အလိုလိုက်ထားမယ်ဆိုမှဖြင့် အကုန်ဗွက်ကြမ်းပြီး အပါယ်လေးပါးသို့ ညာအော်ပြီး ဆင်းသွား ကြရမှာတွေ၊ ဒါကြောင့် ကိုယ်သွားချင်ရာရောက်ချင်ရာ ရောက်နိုင်တာမျိုးမဟုတ်ပါဘဲ ပေါက်လွှတ် ဒလကြမ်းဖြစ်နေရတာကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ကာမတဏှာကြီးဟာ သို့ကလောက် အိုဆိုးကြောင်းကို သိရှိရသဖြင့် ကာမတဏှာကြီး၏ အကြိုက်ခံစားမှု စံစားမှု ဝေဒယိတသုခဘက်မှ မြန်မြန်ကြီးထွက်မြောက်၍ ငြိမ်းအေးခြင်းသန္တိသုခဘက်သို့ ရောက်နိုင်ရန်အချက်မှာတော့ အတ္တဒိဋ္ဌိကြီး၏ ဦးခေါင်းကို အနတ္တ သမ္မာဒိဋ္ဌိမဂ္ဂင်ဝိဇ္ဇာဉာဏ်တည်းဟူသော ပေါက်တူးနှင့်အတင်းနင်းပြီး မှုန့်မှုန့်ညက်ညက်ပျောက်ပျက်သွားအောင် ဖောက်ခွဲပစ်ရမယ်ကွဲ့ မောင် ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

အတ္တဒိဋ္ဌိဘေးဆိုးကြီး ပြိုကွဲပျက်စီးပြီဆိုမှဖြင့် အပါယ်သံသရာ ဒုက္ခဘေးကြီး ငြိမ်းအေးသွားတော့သည်။ ၎င်းငြိမ်းအေးချက်ကိုပင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်လေသောကြောင့် ပထမသန္တိသုခဟု မှတ်ကြ။ ပထမသန္တိသုခသို့ရောက်လျှင် ပရမ်းပတာဖရိုဖရဲ ကိုးရိုးကားရား ကျတတ်သော ဝိနိပါတနဘေးဆိုးကြီးမှ တစ်ခါတည်းကျွတ်လွတ်ငြိမ်း အေး၍ သွားရတော့သည်။ ၎င်းငြိမ်းအေးချက်ကိုပင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်လေသောကြောင့် ဒုတိယသန္တိသုခဟုမှတ်ကြ။

ပထမသန္တိသုခနှင့် ဒုတိယသန္တိသုခစခန်းသို့ တန်းတန်းမတ်မတ် ဆိုက်ရောက်ကြသော သူတို့သည် အပါယ်ငရဲသို့ ကျရောက်စေတတ် သော ဒုစရိုက်ကံဟောင်း အနန္တ သိန်ပေါင်းသန်းပေါင်းများစွာ ပျက်ပြားရလေတော့သည်။ မြတ်စွာဘုရားကြီးနှင့်လည်းတွေ့ကြုံရ ကျိုးနပ်၍ နိယတ အခြေအနေသို့ဆိုက်ရောက်သဖြင့် ဘုရားအတွက် ဘာသာ အတွက်တို့ကြောင့် စိုးရိမ်နေုာင့်နှေးခြင်းမရှိရ။ ဘုရားမှန် တရားမှန် သံဃာမှန် ဘာသာမှန်တွေနှင့်သာ အမြဲတွေ့ကြုံကြရလေတော့သည်။ ထို့ကြောင့် အပါယဘေးကြီး ဒုစ္စရိတဘေးကြီး နာနာသတ္တာရဘေးကြီး အညဘာသာဘေးကြီးတို့မှ ငြိမ်းအေးခြင်းကို ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်လေသောကြောင့် တတိယသန္တိသုခဟုမှတ်ကြ။

ခံစားမှု စံစားမှု ဝေဒယိတသုခဘက်မှ ငြိမ်းအေးခြင်း သန္တိသုခဘက်သို့ ပေါက်ရောက်နိုင်ရန် အလုပ်ကိုတော့ မောင်ဘိုးကြူတို့ ဝီရိယဓာတ်မျိုးနှင့် ပေါက်ရောက်နိုင်မှာ မဟုတ်ပါဘူးကွဲ့ မောင်ဘိုးကြူရဲ့။ (မှန်လှပါဘုရား)။ မောင်ဘိုးကြူတို့ ဝိရိယတပိုင်းကြောင်သမားတွေက တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူးနှင့် ယခုနေ့ထက်ထိ ဝိရိယဓာတ်ကြီးကို လက်လျော့ပြီးလာခဲ့ကြတာ မဟုတ်လားကွဲ့ မောင်ဘိုးကြူရဲ့။ (မှန်လှပါဘုရား)။ ထိုကြောင့် ငြိမ်းအေးမှုဆိုသော သန္တိသုခဘက်သို့ မပေါက်မရောက်နိုင်ဘဲနှင့် ဝေဒယိတသုခဘက်သို့သာ ယိုင်လဲနစ်မြုပ်ပြီး နေကြတာကွဲ့ မောင်ဘိုးကြူရဲ့ (မှန်လှပါဘုရား)။

ထက်သန်သောဝီရိယဓာတ်ကြီးများအတွက် ငြိမ်းအေးမှုဆိုသော သန္တိသုခဘက်သို့ဆိုက်ရောက်သွားရပုံမှာတော့ လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် တိုင်းခရိုင် နိုင်ငံကို အုပ်ချုပ်ပြီး မင်းလုပ်နေတယ်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါ ဘုရား)။ အဲ--ငါတို့ဘုရားအလောင်းတော်ကြီးကလဲ လှည်းမှူးအမျိုး၌ ဖြစ်၍ အရွယ်ရောက်သောအခါ လှည်းငါးရာဖြင့် ကုန်သွယ်ကူးသန်း ရောင်းဝယ်ရေးကိစ္စဖြင့် အသက်မွေးမြူရတယ်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

အဲ--တနေ့သ၌ ဘုရားအလောင်းတော်ကြီးသည် လှည်းငါးရာတို့ဖြင့် ငါးဆယ်ကိုးယူဇနာရှိသော သဲကန္တာရခရီးကြီးသို့ သွားကြသော အခါ မရွှင်မလန်း စိတ်ပင်ပန်းကြသဖြင့် လှည်းပေါ်၌သာ အိပ်လျက် စီးနင်းလိုက်ပါကြသည့်အတွက် ရောက်ချိန်သင့်သော အရပ်သို့ မရောက် ကြဘဲ မျက်စိလည်လမ်းလွဲပြီး တစ်ညပတ်လုံး ကန္တာရခရီးခဲကြီးမှ မထွက်မြောက်နိုင်ကြဘဲနှင့် တလည်လည်နေသည့်အတွင်း ပူပြင်းလှ စွာသော နေမင်းကလည်း အရှေ့လောကဓာတ်က ပေါ်ထွက်တော့ အချိန်ရောက်သည့်အခါမှ လှည်းသားတွေလည်း အိပ်ရာမှနိုးကြ၍ မိမိတို့ သွားလမ်းလာလမ်းကို စုံစမ်းသောအခါ မျက်စိလည်လမ်းမှားကြောင်း သိကြသည့်အတွက် အလျင်အမြန် လှည်းများကိုရပ်ဆိုင်းစေပြီး နွားများ ကိုချွတ်၍ သဲကန္တာရကြီးဖြစ်နေသည့်အတွက် သစ်ပင်အရိပ်အာဝါသ ကလဲမရှိ နေပူပြင်းမည့်အရေးကို ကြောက်ရွ့ကြသောကြောင့် မိမိ တို့ပါလာကြသော စောင်အဝတ်ဖျာသင်ဖြူးများကို မဏ္ဍပ်အရံအတား အမိုးအကာပြုလုပ်ပြီး စိုးရိမ်ကြောင့်ကြလျက် ပူပန်ပြီး နေကြရတော့ တာပဲကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

အဲ--၎င်းလှည်းသားငါးရာတွေမှာလဲ ရေကုန်ခန်းသဖြင့် သေကျေ ပျက်စီးရတော့မည့်အရေးကို ငါတို့ဘုရားအလောင်းတော်ကြီးက မျှော်တွေးမိသဖြင့် ငါသည်ထက်သန်သော ဝီရိယဓာတ်ကြီးမလျော့ဘဲ လူအပေါင်းတို့၏ စိတ်နှလုံး ငြိမ်းအေးချမ်းသာမှုရစေတော့ဟု ပေါက် တူးကိုယူစေ၍ စိမ်းစိုသောနေစာမျက်နှာတွေ၏ အောက်အရပ်ကို တူးစေရတယ်ကွဲ့ မောင်ဘိုးကြူရဲ့(မှန်လှပါဘုရား)။ အဲထိုခဏ၌ပင်လျှင် အတောင်ခြောက်ဆယ်ရှိအရပ်သို့ရောက်လျှင် တစ်ခုသောကျောက်ဖျာကြီးကို တွေ့ရသောကြောင့် အောက်သို့ဆက်လက်တူးဖော်ရန် များစွာ ခဲယဉ်းလေရကား၊ဝီရိယဓာတ်ကို ချက်ချင်း လျော့လိုက်ကြတယ်ကွဲ့ မောင် ဘိုးကြူရဲ့၊(မှန်လှပါဘုရား)။

ငါတို့ဘုရားအလောင်းတော်ကြီးသည် အလုပ်အကျွေး တပည့်ငယ်ကိုခေါ်၍ “အမောင်၊ သင်သည် ဝီရိယဓာတ်ကို လျော့လိုက်သည် ရှိသော် ခပ်သိမ်းသောလူတို့သည် မလှမပပျက်စီးကြကုန်အံ့။ သင်သည် ထက်သန်သော ဝီရိယကိုမလျော့မူ၍ ဤသံချွန်ကိုယူပြီးလျှင် ကျောက် ဖျာကို အားတိုက်ဘိ၍ ဖောက်ခွဲလော့”ဟု စေခိုင်းလိုက်တယ်ကွဲ့ မောင်ဘိုးကြူရဲ့၊(မှန်လှပါဘုရား)။ အဲ ထိုအခါ အလုပ်အကျွေး တပည့်ငယ်သည် ဘုရားအလောင်းတော်ကြီး၏ စကားကိုဝန်ခံ၍ ရေတွင်းသို့ သက်ဆင်းပြီးလျှင် ကျောက်ဖျာကို အတင်းတလကြမ်း ပေါက်ခွဲလေလျှင် ကျောက်ဖျာကြီးသည် အလယ်၌ ကျိုးပေါက်၍ ထန်းလုံးမျှ ပမာဏရှိသောရေသည် အထက်သို့ တရှိန်တည်းတက်လာပါ ရောကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။ အဲ ထိုအခါ များစွာသော လှည်းကုန် သည်တို့သည် အားရဝမ်းသာစွာ အလိုရှိတိုင်း သောက်ချိုးကြရ၍ စိုးရိမ်ကြောင့်ကြဗျာပါရ အပူဓာတ် ရေငတ်သောဆင်းရဲဘေးကြီးမှ ထွက် မြောက်၍ ငြိမ်းအေးမှုဘက်သို့ ချက်ချင်းကူးပြောင်းသွားရတယ်ကွဲ့ မောင်ဘိုးကြူရဲ့၊(မှန်လှပါဘုရား)။

အဲတာ ထက်သန်သော ဝီရိယဓာတ် တန်ခိုးကြီးအတွက်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။ အဲဒါကြောင့် ထက်သန်သော ဝီရိယဓာတ်တန်ခိုးအစွမ်းများသည် အလွန်ကောင်းမြတ်ချမ်းသာသော သန္တိသုခငြိမ်းအေးမှုဘက်သို့ ရောက်သည်၏အဖြစ်ကို ဟောတော်မူသော ပါဠိတော်ကြီးကို ကောင်းကောင်းမှတ်လိုက်ကွဲ့ မောင်ဘိုးကြူရဲ့။ (မှန်လှပါဘုရား)။

အကိလာသုနော ဝဏ္ဏ ပထေ ခဏန္တာ၊
ဥဒင်္ဂဏေ တတ္ထ ပပံ အဝိန္ဒုံ။
ဧဝံမုနိ ဝီရိယ ဗလူပပန္နော၊
အကိလာသု ဝိန္ဒေ ဟဒယဿ သန္တိံ။

(ဇာ၊၁။၁။ဇာ၊ဋ္ဌ၊ဆ။၁၂၂။)

အကိလာသုနော=မပျင်းမရိကုန်သော လှည်းကုန်သည်တို့သည်၊ ဝဏ္ဏပထေ=သဲခရီး၌၊ ခဏန္တာ=တူးကုန်လတ်သော်၊ အင်္ဂဏေ=လူတို့၏ သွားရာမြေအပြင်ဖြစ်သော၊ တတ္ထဝဏ္ဏပထေ=ထိုသဲခရီး၌၊ ပပံ=ရေကို၊ အဝိန္ဒုံ=ရကုန်၏၊ ဧဝံတထာ=ထို့အတူ၊ ဝီရိယဗလူပပန္နော=ကာယဗလ, ဉာဏဗလနှင့်ပြည့်စုံသော၊ အကိလာသု=မပျင်းမရိသော၊ မုနိ=ပညာရှိသောရဟန်းသည်၊ ဟဒယဿ=စိတ်နှလုံး၏၊ သန္တိံ=ငြိမ်းအေးချမ်းသာမှုကို၊ ဝိန္ဒေ=ရရာ၏။

အဲဒါပါဠိတော်ကြီးကို မောင်ဘိုးကြူတို့တတွေ အရကျက်မှတ်ထားရန် အလွန်ကောင်းတယ်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)၊ သို့အတွက်ကြောင့် ထက်သန်သော ဝီရိယဓာတ်ကြီးများကို အားပေး၍

* ကြော, ခြင်, ရိုး, ရေ၊ ကြွင်းလေစေ၊ ကုန်စေ သားအသွေး။

* အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန်လေး။

ဟု တို့သံခိပ်ကဆိုသည့်အတိုင်း အကြော အခြင် အရိုး အရေမျှသာကြွင်းကျန်စေတော့ မဖြစ်လျှင်မနေဘူး, မအိပ်ဘူး, မစားဘူး, မထဘူး, မသွားဘူး, မလာဘူးဟု ရဲတင်းခိုင်မာသော ကေသရာဇာခြင်္သေ့မင်းကြီးကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ဖြစ်မြောက်အောင် အားထုတ်နိုင်လျှင် သန္တိသုခ ငြိမ်းအေးချမ်းသာမှုဘက်သို့ ရောက်နိုင်ပါရောကွဲ့၊ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)၊ သို့အတွက်ကြောင့် ဝေဒယိတသုခ ခံစားမှု စံစားမှု ချမ်းသာမှုကြီးဆိုတာ ဆင်းရဲဒုက္ခကြီးတွေဟု မြတ်စွာဘုရားက ဟောတော်မူတာကွဲ့ မောင်ဘိုကြူရဲ့။

ယံကိဉ္စိ ဝေဒယိတံ အတ္ထိ။ သဗ္ဗံတံ ဒုက္ခသ္မိံ။

ယံကိဉ္စိ=အလုံးစုံသော၊ ဝေဒေယိတံ=ဝေဒယိတသုခသည်၊ အတ္ထိ=ရှိ၏၊ တံသဗ္ဗံ=ထိုအလုံးစုံသော ဝေဒယိတသုခမှန်သမျှသည်၊ ဒုက္ခသ္မိံ=ဒုက္ခထဲကချည်းသာတည်း။

အဲ-ဒါကြောင့် ဝေဒယိတသုခ ကာမတဏှာ ကိလေသာအပူအလောင်ဓာတ်ကြီးမှ ငြိမ်းအေးချမ်းသာမှု သန္တိသုခဘက်သို့ရောက်နိုင်ထက်သန်လှစွာသော ဝီရိယဓာတ်ကြီး ခိုင်လုံစွာထားပြီး အတ္တဒိဋ္ဌိဘေးဆိုး၏ဦးခေါင်းကို အနတ္တသမ္မာဒိဋ္ဌိ မဂ္ဂင်ဝိဇ္ဇာဉာဏ်တည်းဟူသော ပေါက်တူးဖြင့် အတင်းဒလကြမ်းအားကုန်လွှဲပြီး ဖောက်ခွဲပစ်ရမယ်ကွဲ့ မောင်ဘိုးကြူရဲ့၊ (မှန်လှပါဘုရား)။

ကိုင်း ယခုညဟောကြားခဲ့ပြီသော ဝေဒယိတသုခနှင့် သန္တိသုခ တရားနှစ်ပါး ခြားနားချက်ကြီးများကို ကောင်းကောင်းကြီး မှတ်သား ထားလိုက်ကြပေတော့။

---

လက္ခဏာရေးသုံးပါး ရှုပွားပုံပါဝင်သော သာသနဒါယဇ္ဇတရားတော်

အခန်း (၂ )

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် ပခုက္ကူမြို့၊ နယ်ပိုင်ဝန်ထောက် ဦးစံရာ သားရှင်ပြုပွဲတွင် ဟောကြားတော်မူအပ်သော

မိမိရင်၌ဖြစ်သောသား၊ သူတစ်ပါးရင်၌ဖြစ်သောသားကို နှစ်ပါးသော အနုဂ္ဂဟတို့ဖြင့် မြတ်စွာဘုရား သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ရသော ကုသိုလ်၏အကျိုးအာနိသံသ ကြီးမြတ်ကြောင်းကို အဘယ်ကိုထောက်၍ သိအပ်ပါသနည်းဟူမူ

ပါဋလိပုတ်ပြည်ကြီးကိုအစိုးရတော်မူသော သီရိဓမ္မာသောကမင်းကြီးသည် မြတ်စွာဘုရားသာသနာတော်၌ ကုဋေများစွာသော ပစ္စည်းဥစ္စာများတို့ကို စွန့်လှူတော်မူပြီးလျှင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်အား ဤသို့နားတော်လျှောက်လေ၏၊ 'အကျွန်ုပ်သည် ကုဋေများစွာသော ဥစ္စာပစ္စည်းတို့ကို စွန့်လှူပါသည်။ အကျွန်ုပ်သည် မြတ်စွားဘုရား သာသနာတော်မြတ်၏ အမွေကိုခံစံထိုက်ပါပြီလော'ဟုလျှောက်လေ၏၊ ထိုအခါ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က သီရိဓမ္မာသောကမင်းကြီးအား ဤသို့မိန့်တော်မူပေ၏၊ 'ဒကာတော် မင်းကြီး၊ မြတ်စွာဘုရားသာသနာတော်မြတ်၌ ပစ္စည်းဥစ္စာမျှကို စွန့်လှူသောသူသည် ဘဝဂ်တိုင်အောင်ပုံစု၍ လှူငြားသော်လည်း ပစ္စယဒါယကာဟူ၍သာ ဆိုထိုက်ချေသည်။ မြတ်စွာဘုရား သာသနာတော်မြတ်၏ အမွေကိုခံစံရသောသူဟူ၍ မဆိုထိုက်ချေ'။

ဤသို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် ဖြေကြားတော်မူသောအခါ သီရိဓမ္မာသောကမင်းကြီးသည် ဤသို့ နားတော်လျှောက် ပြန်၏၊ 'အရှင်ဘုရား၊ အဘယ်သို့ပြုရသော် မြတ်ဘုရား သာသနာတော်မြတ်၏ အမွေကို ခံစံထိုက်ပါသနည်း'ဟု လျှောက်ပြန်လေသော်၊ မြတ်စွာဘုရားသာသနာတော်မြတ်၏ အမွေကိုခံစံထိုက်သောသူကို ပြတောမူလိုသည်ဖြစ်၍

ယော ဟိ ကောစိ မဟာရာဇ။ အဍ္ဎောဝါ ဒလိဒ္ဒေါဝါ အတ္တနော ပုတ္တံ ပဗ္ဗာဇေတိ=အယံ ဝုစ္စတိ မဟာရာဇ။ ဒါယာဒေါ သာသနဿ

မဟာရာဇ=ဒကာတော်မင်းကြီး။ အဍ္ဎောဝါ=ကုံလုံကြွယ်ဝသည်လည်းဖြစ်ထသော။ ဒလိဒ္ဒေါဝါ=ဆင်းရဲနွမ်းပါးသည်လည်းဖြစ်ထသော။ ယောဟိ ကောစိ=အကြင်အမှတ်မရှိသောသူသည်။ အတ္တနော=မိမိ၏၊ ပုတ္တံ=သားမြေးကို။ ပဗ္ဗာဇေတိ=ရှင်အဖြစ်၊ ရဟန်းအဖြစ်ဖြင့် သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်၏၊ မဟာရာဇ=ဒကာတော် မင်းကြီး။ အယံ=ဤသူကိုသာလျှင်။ သာသနဿ=သာသနာတော်မြတ်၏၊ ဒါယာဒေါ=အမွေကိုခံ စံရသောသူဟူ၍။ ဝုစ္စတိ=ဆိုအပ်၏ ဟူ၍ဟောတော်မူသည်။

အဓိပ္ပာယ်သော်ကား- ဒကာတော်မင်းကြီး၊ ချမ်းသာကြွယ်ဝ သောသူပင်ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသောသူပင်ဖြစ် စေ၊ အကြင်သူသည် မိမိရင်၌ဖြစ်သော သားမြေးကို မြတ်စွာဘုရားသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်၏၊ ထိုသူကိုသာလျှင် မြတ်စွာဘုရား သာသနာတော် မြတ်၏ အမွေကို ခံစံရသောသူဟုဆိုထိုက်ချေသည်'ဟူ၍ အဓိပ္ပါယ်လာ ချေသည်။

အဘယ်သို့လျှင် မိမိရင်၌ဖြစ်သော သားမြေးကို မြတ်စွာဘုရားသာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်သောသူသည် မြတ်စွာဘုရား သာသနာတော်မြတ်၏ အမွေကို ခံစံရလေသနည်းဟူမူကား မိမိတို့လှူဒါန်းသော သင်္ကန်း, သပိတ်, ပရိက္ခရာတို့ကိုဝတ်ရုံလျက် ရှင်သာမဏေအဖြစ် ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ကြလေကုန်သော အမျိုးသားတို့သည် ရှင်သာမဏေအဖြစ် ရဟန်းပဉ္စင်းအဖြစ်သို့ ရောက်ကြလေသည်နှင့် တစ်ပြိုင်နက် မြတ်စွာဘုရား၏ သားတော်မြတ်အဖြစ်သို့ ရောက်ကြလေကုန်၏၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်အာနန္ဒာ၊ အစရှိကုန်သော အရိယာသံဃာတော်မြတ်တို့၏ ညီတော်မြတ်အဖြစ်သို့ ရောက်ကြလေကုန်၏။

ရှင်ရဟန်းအဖြစ်သို့ ရောက်ကြကုန်သည်နှင့်တစ်ပြိုင်နက် အဓိသီလသိက္ခာ သာသနာတော်မြတ်၏ အမွေကို ခံစံကြရကုန်၏၊ အဓိစိတ္တသိက္ခာ သာသနာတော်မြတ်၏အမွေကိုခံစံထိုက်ကြလေကုန်၏၊ အဓိပညာသိက္ခာ သာသနာတော်မြတ်၏၊ အမွေကို ခံစံထိုက်ကြလေ ကုန်၏။

သကျပုတ္တိယ သာကီဝင်မင်းသား မြတ်စွာဘုရား၏သားတော် ဟူသော ဝိနည်းတော်ဗျာဒိတ် ဘွဲ့တံဆိပ်နာမံ အထူးကို ရကြလေကုန်၏၊ ရှင်သာမဏေပြုဆဲအခိုက်၌သော်လည်းကောင်း၊ ရဟန်းပဉ္ဇင်းပြုဆဲ အခိုက်၌သော်လည်းကောင်း၊ ရှင်ဖြစ်ဖို့အင်္ဂါ ရဟန်းဖြစ်ဖို့အင်္ဂါ ပါရှိမြဲဖြစ်ပေသော သင်္ကန်း, သပိတ်, ပရိက္ခရာတို့ကို လှူဒါန်းသူ ဒါယကာတို့မှာလည်း ထိုရှင်လောင်း ရဟန်းလောင်းတို့သည် သာကီဝင်မင်းသား ဘုရားသားတော်အဖြစ်သို့ ရောက်ကြလေကုန်သည်နှင့် တစ်ပြိုင်နက် သင်္ကန်း, သပိတ်, ပရိက္ခရာစိုက်ထုတ်ချီးမြှောက် လှူဒါန်းသူ ဒါယကာတို့သည်လည်း မိမိတို့၏ သာမဏေ မိမိတို့၏ရဟန်းပဉ္စင်းများကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ဆွေတော်ရင်း မျိုးတော်ရင်း အတွင်းသူအတွင်းသားအဖြစ်သို့ ရောက်ကြလေကုန်၏၊ တရားတော်မြတ်၏ ဆွေတော်ရင်း မျိုးတော်ရင်း အတွင်းသူအတွင်းသားအဖြစ်သို့ ရောက် ကြလေကုန်၏၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင် အာနန္ဒာအစရှိသော အရိယာသံဃာတော်မြတ်တို့၏ ဆွေတော် ရင်းမျိုးတော်ရင်း အတွင်းသူအတွင်းသားအဖြစ်သို့ ရောက်ကြလေ ကုန်၏၊ မြတ်စွာဘုရားသာသနာတော်မြတ်၏ အမိအရာ အဖအရာ ဉာတိမိတ္တအရာ၌ တည်ရခြင်း တည်းဟူသော ဂုဏ်ကျေးဇူးအထူးကို ခံစံကြရလေကုန်၏။

ဤကဲ့သို့ မိမိတို့ပြုအပ်သော ရဟန်းကောင်းရှင်ကောင်းများကို အကြောင်းပြု၍ သာသနာတော်မြတ်၏ အမိအရာ အဖအရာ ဉာတိမိတ္တအရာ၌ တည်ရခြင်းတည်းဟူသော ဂုဏ်ကျေးဇူးအထူးကို ခံစံကြရသည်ဟု ဟောတော်မူပေသည်။

ဤကဲ့သို့ သာသနာတော်မြတ်၏အမွေကို ခံစံရခြင်းမည်သည် လောက၌ သူဌေးသူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ်မင်း တို့၏ အမွေကို ခံစံရခြင်းထက် အဆများစွာ သာလွန်မြင့်မြတ်လေ၏၊ သိကြားမင်း နတ်မင်း ဗြာဟ္မာမင်းတို့၏အမွေကို ခံစံရခြင်းထက် အဆများစွာသာလွန်မြင့်မြတ်လေ၏၊ အဘယ့်ကြောင့်လျှင် လောက၌ သူဌေးသူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ်မင်းတို့၏ အမွေကို ခံစံရခြင်းထက် အဆများစွာ သာလွန်မြင့်မြတ်ရလေသနည်းဆိုသော်

ထိုလောကီအမွေအနှစ်တို့မည်သည် လောဘမီး, ဒေါသမီး, မောဟမီး, ဇာတိမီး, ဇရာမီး, မရဏမီး, သောကမီး, ပရိဒေဝမီး ဒုက္ခမီး, ဒေါမနဿမီး, ဥပါယာသမီးဟူသော တစ်ဆယ့်တစ်ပါးသောမီးတို့၏ ပွားစီးတောက်လောင်ရာ မီးစာထင်းစုသဖွယ် ဖြစ်ကြကုန်သည်ဖြစ်၍ ထိုလောကီအမွေကို ခံစံရခြင်းသည် တေဘုမ္မကဝဋ်ဒုက္ခသံသရာ၌ ကာလရှည်ကြာစွာ နစ်မွန်းမျောပါဖို့သာဖြစ်ချေသည်။ သာသနာတော် မြတ်၏ အမွေကို ခံစံရခြင်းသည်မူကား ထိုတစ်ဆယ့်တစ်ပါးသောမီးကို အလျင်အမြန်ငြိမ်းစေနိုင်သော အမြိုက်ရတနာ သီတာရေချမ်းသဖွယ် ဖြစ်လေသည်နှင့် တေဘုမ္မက ဝဋ်ဒုက္ခသံသရာမှ မကြာမတင် အလျင်ဆောစွာကျွတ်လွတ်နိုင်သော ဥပနိဿယကြီးဖြစ်လေသည်။

ကျွတ်လွတ်ကြသောအခါ၌လည်း အရှင်အနုရုဒ္ဓါ, အရှင်အာနန္ဒာ, အရှင်ရာဟုလာ အစရှိသော သူတို့ကဲ့သို့ နောင်ပွင့်တော်မူလတ္တံ့သော မြတ်စွာဘုရား၏ ဆွေတော်ရင်းမျိုးတော်ရင်း အတွင်းသူအတွင်းသားအဖြစ်နှင့် ကျွတ်လွတ်နိုင်ရာသော ဥပနိဿယကြီးဖြစ် လေသည်။ ဤသို့သောအကြောင်းကြောင့် သူဌေးသူကြွယ်, ပဒေသရာဇ်, ဧကရာဇ်, စကြာမန္ဓာတ်မင်းတို့၏ အမွေကိုခံစံရသည်ထက် သာသနာတော်မြတ်၏အမွေကို ခံစံရခြင်းသည် အဆများစွာသာ လွန်မြင့်မြတ်လေသည်။ ဤသို့ဟောတော်မူသော ဒေသနာတော်မြတ်ကို အသင့်နှလုံး ပိုက်ကြုံးမိကြကုန်သော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့သည်လည်း အနမတဂ္ဂသံသရာ၌ အလွန်ရခဲလှစွာသော သာသနဒါယဇ္ဇ သာသနာတော်မြတ်၏ အမွေခံ ကုသိုလ်အထူးကိုခံစံကြရခြင်း အကျိုးငှါ မိမိရင်၌ဖြစ်သော သားမြေးကိုသော်လည်းကောင်း သူတစ်ပါးတို့၏ သားမြေးကိုသော်လည်းကောင်း၊ ပစ္စယာနုဂ္ဂဟ, ဓမ္မာနုဂ္ဂဟ တရားနှစ်ပါးတို့ဖြင့် မြတ်စွာဘုရား သာသနာတော်တွင်းသို့ သွတ်သွင်းချီးမြှင့်ခြင်းတည်းဟူသော သာသနဒါယဇ္ဇ ကုသိုလ်မင်္ဂလာတရားများကို အား ထုတ်ကြကုန်ရာသည်။

ဤတရားကား ရှင်ရဟန်း ဒါယကာ, ဒါယကာမတို့နှင့် ဆိုင်သော အမွေပေတည်း။ သာသနာ့တာဝန်ကို ကိုယ်တိုင်ဝင်၍ ထမ်းဆောင်သော ရှင်ရဟန်းတို့နှင့်ဆိုင်သော အမွေခံတရားကို ဆက်လက်၍ပြောဟော လိုက်ဦးမည်။

သာသနာ့ဒါယဇ္ဇံ=သာသနာ့အမွေခံ” ဟူသော စကားရပ်၌ (က) သာသနာ့အမွေတို့၏ အထွေအပြားကို လည်းကောင်း၊ (ခ) မြတ်စွာဘုရား ခွင့်ပြုတော်မူသည်ဖြစ်၍ သာသနာတော်ထမ်း ရဟန်းတော်တို့ ခံစံထိုက် သော အမွေနှင့် မြတ်စွာဘုရားမြစ်ပယ်တော်မူခဲ့သည်ဖြစ်၍ သာသနာတော်ထမ်း ရဟန်းတော်တို့ မခံထိုက် မစံထိုက်သော အမွေဟူ၍ ဤအမွေနှစ်ပါးတို့၏ အထွေအပြားကိုလည်းကောင်း ပြတော်မူခြင်းငှာ မူလပဏ္ဏာသပါဠိတော် ဓမ္မဒါယာဒသုတ်၌

ဓမ္မဒါယဒါ မေ ဘိက္ခဝေ ဘဝထ၊ မာ အာမိသဒါယာဒါ ဘိက္ခဝေ=ရဟန်းတို့၊ တုမှေ=သင်ချစ်သားရဟန်းတို့သည်၊ မေမမ=အဘဖြစ်သူငါဘုရား၏၊ ဓမ္မဒါယာဒါ=ဓမ္မအမွေကိုသာ ခံစံကြကုန်သည်၊ မာဘဝထ=မဖြစ်ရစ်ကြကုန်လင့် ဟူ၍ဟောတော်မူသည်။

ဤဒေသနာတော်မြတ် ပါဌ်ဝယ် အဓိပ္ပာယ်သော်ကား- “ငါ၏ ချစ်သား ရဟန်းများတို့၊ သင်တို့၏အဘဖြစ်သူ ငါဘုရား၏ အမွေတော်သည် အာမိသအမွေ, ဓမ္မအမွေဟူ၍ နှစ်ထွေနှစ်ပါးရှိချေသည်၊ ထိုတွင် သင်ချစ်သား ရဟန်းတို့သည် အဘဖြစ်သူငါဘုရား၏ ဓမ္မအမွေကိုသာ ခံစံရစ်ကြကုန်လော့ အာမိသအမွေကို မခံစံလင့်ကြကုန်လင့်၊ အာမိသအမွေကို တံတွေးပေါက်ကဲ့သို့ စက်ဆုပ်ရစ်ကြလော့” ဟူ၍ အဓိပ္ပါယ်လာ ပေသည်။

ဤသုတ္တန်ဒေသနာတော်မြတ်ပါဌ်ဝယ်

(က) အဘယ်တရားသည် အာမိသအမွေ မည်လေသနည်း?။

(ခ) အဘယ်တရားသည် ဓမ္မအမွေမည်လေသနည်း? ဆိုသည်ရှိသော် မြတ်စွာဘုရား၏ ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော် ဂုဏ်တော်မြတ်ကို အကြောင်းပြု၍ ယခုအခါ သာသနာတေ်ာမြတ်၌ ရဟန်းတော် သံဃာတော်တို့အား ဖြစ်ပွားကြကုန်သော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်းလေးပါးတို့သည် အာမိသအမွေမည်ကုန်၏၊ လေးဆယ့်ငါးဝါကာလပတ်လုံး ဟောကြားညွှန်ပြ ဆုံးမတော်မူ အပ်သော ဝိနည်း, သုတ္တန်, အဘိဓမ္မာဒေသနာ တော်မြတ်နှင့်တကွ သီလ, သမာဓိ, ပညာ ဤသုံးပါးသောတရားတို့သည် ဓမ္မအမွေမည်ကုန်၏၊ ထိုနှစ်ပါးတို့တွင် မြတ်စွာဘုရား၏ ဘုန်းတော် ကံတော် ဉာဏ်တော် တန်ခိုးတော် ဂုဏ်တော်တို့ကို အကြောင်းပြု၍ သာသနာတော် ငါးထောင်ကာလပတ်လုံး သာသနာတော်ထမ်း ရဟန်းသံဃာတော် တို့အား များစွာသော ပစ္စည်းအာမိသအမွေတို့သည် ဖြစ်ထွန်းရစ်ကြ ကုန်လတ္တံ့။ ကောင်းမြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ် အမြိန်အရသာ ဟူသော အာမိသအမွေတို့သည်လည်း များစွာဖြစ်ထွန်းရစ်ကြကုန်လတ္တံ့၊ ကောင်းမြတ်သော ခေါမတိုင်း၌ဖြစ်သော သင်္ကန်းအဝတ်အထည်မျိုး၊ ပိုးချည်ဖြင့်ပြီးသော သင်္ကန်းအဝတ်အထည်မျိုး၊ ဝါချည်ဖြင့်ပြီးသော သင်္ကန်းအဝတ် အထည်မျိုး၊ ကမ္ပလာချည်ဖြင့်ပြီးသော သင်္ကန်းအဝတ် အထည်မျိုး၊ ပိုက်ဆံလျော်ချည်ဖြင့်ပြီးသော သင်္ကန်းအဝတ် အထည်မျိုး၊ ဖန်ချည်ဖြင့်ပြီးသော သင်္ကန်းအဝတ်အထည်မျိုးတို့သည် ဖြစ်ထွန်းရစ်ကြ ကုန်လတ္တံ့။ နှစ်ဖက်အမိုးရှိသော ဝိဟာရကျောင်းမျိုး၊ တစ်ဖက်ဆောင်း မိုးသော အဍ္ဎယောဂကျောင်း၊ ဘုံနှစ်ဆင့်, ဘုံသုံးဆင့်, ဘုံလေးဆင့်, ဘုံငါးဆင့်ရှိသော ပြာသာဒ်ကျောင်းမျိုးအစရှိသော ကျောင်းတည်း ဟူသော အာမိသအမွေတို့သည်လည်း ဖြစ်ထွန်းရစ်ကြကုန်လတ္တံ့။ ထော ပတ်ဆီဦးအစရှိသော ဆေးတည်းဟူသော အာမိသအမွေတို့သည်လည်း ဖြစ်ထွန်းရစ်ကြကုန်လတ္တံ့။

ထိုသို့ဖြစ်ထွန်းကုန်သော ပစ္စည်းလေးပါးတည်းဟူသော လောဘ တဏှာအမွေတို့ကို တံတွေးပေါက်ကဲ့သို့ စက်ဆုပ်ကြကုန်လော့။ လောဘ တဏှာဖြင့် သာယာမက်မောခြင်းကို မဖြစ်စေကြကုန်မူ၍ ပစ္စဝက္ခဏ ဉာဏ်ပညာဖြင့် ကောင်းစွာဆင်ခြင်၍ သုံးဆောင်ရစ်ကြကုန်လော့။ ဝိနည်းတော်လာ ပါတိမေက္ခသံဝရသီလတည်းဟူသော ဓမ္မအမွေ၊ ဣန္ဒြေ ခြောက်ပါးကို စောင့်ထိန်းခြင်း-ဣန္ဒြိယသံဝရသီလတည်းဟူသော ဓမ္မအမွေ၊ ဒါယကာတို့ကို လောကာမိသနှင့် ဖြားယောင်းပေါင်းဖက် ဆက်ဆံခင်မင်စေခြင်းကိုပြု၍ လှူဒါန်းရရှိသော အဓမ္မိယပစ္စည်းတို့ကို သုံးဆောင်ခြင်းမှ ကင်းလွတ်စင်ကြယ်ခြင်း- အာဇီဝပါရိသုဒ္ဓိသီလ တည်း ဟူသော ဓမ္မအမွေ၊ ဓမ္မိယလဒ္ဓပစ္စည်းတို့၌ လောဘတဏှာဖြင့် သာယာ မက်မောခြင်းကို မဖြစ်ကြစေကုန်မူ၍ ပစ္စဝေက္ခဏာဉာဏ် ပညာဖြင့် ကောင်းစွာဆင်ခြင်၍ သုံးဆောင်ခြင်း- ပစ္စယသန္နိဿီတသီလ တည်း ဟူသော ဓမ္မအမွေ၊ ဤစတုပါရိသုဒ္ဓိသီလတည်းဟူသော သီလဓမ္မ အမွေတို့ကိုသာလျှင် အဏုမြူအဖိတ်အစင် အယိုအယွင်းမရှိ မိမိတို့၏ စိတ်သန္တာန် ခန္ဓပဉ္စကဟူသော ကျီတွင်း ကျတွင်း တံတင်း သေတ္တာတို့၌ လုံခြုံစွာ သိုမှီးစောင့်ထိန်း၍ ချမ်းမြေ့စွာ ခံစံရစ်ကြကုန်လော့။

မကောင်းသော ကာယကံ, ဝစီကံ, မနောကံ, စိတ်, စေတနာ, တဏှာရာဂ, ဣဿာ, မစ္ဆေရ, ဓားပြသူခိုးတို့၏ ဖျက်ဆီးချက်နှင့် ဖိတ်တစ်ဝက်စင်တစ်ဝက် အပျက်ပျက်အစီးစီး အချည်းနှီးဖြစ်၍ မကုန်ကြစေကုန်လင့်။ ထိုအတူ အာရုံခြောက်ပါးတို့၌ အဆီးအတားမရှိ ပရမ်းပတာ ချာချာပတ်လည် ရပ်တည်မရ ထကြွသောင်းကျမ်း၍ နေသော မိမိမိမိတို့၏ စိတ်မိုက်စိတ်ကြမ်းကို ငြိမ်ဝပ်ပိပြားအောင် ကာယဂတာသတိ, အာနာပါနဿတိ အစရှိသော ဝိသုဒ္ဓိဘာဝနာဖြင့် ကောင်းစွာဆုံးမခြင်း၊ ဥပစာရသမာဓိ, အပ္ပနာသမာဓိတည်းဟူသော သမာဓိဓမ္မအမွေတို့ကိုသာလျှင် မရလျှင်မနေရ အရအမိခံစံရစ်ကြ ကုန်လော့။

မကောင်းသော ကာမစ္ဆန္ဒ, ဗျာပါဒ, ထိနမိဒ္ဓ, ဥဒ္ဓစ္စ, ကုက္ကုစ္စ ဓားပြသူခိုးအဆိုးအသွမ်းတို့နှင့် ပေါင်းဖက်သဖြင့် ခက်ထန်သောင်း ကျန်း၍နေသော မိမိတို့၏စိတ်ကို ပေါက်လွှတ်ထားကြသဖြင့် သမာဓိ နှစ်ပါး တရားအမွေနှင့် ကွာလှမ်း၍ မနေကြစေကုန်လင့်။ ထို့အတူ မိမိမိမိတို့၏စိတ်ကိုပင် ကိုယ်တွင်းသန္တာန်မှာ အမြဲတည်ရှိ၍နေသော နိစ္စဓမ္မအမှန်ဖြစ်၏ဟူ၍လည်းကောင်း၊ သာယာနှစ်သက် စုံမက်ဖွယ်ရာ မင်္ဂလာကျက်သရေဖြစ်၍နေသော သုခဓမ္မအမှန်ဖြစ်၏ ဟူ၍လည်းကောင်း၊ မိမိမိမိတို့စိတ်ကိုပင် ပုဂ္ဂိုလ်၏အနှစ် သတ္တဝါ၏အနှစ် လူနတ်အများ သိကြားဗြဟ္မာ သတ္တဝါတို့၏ အနှစ်ဖြစ်၍နေသော အတ္တ သာရအမှန်ဖြစ်၏ဟူ၍လည်းကောင်း၊ ဘဝများစွာ ကမ္ဘာအဆက်ဆက် အမှောက်အမှား ထင်မြင်စွဲလမ်း၍နေကြသော တဏှာ, မာန, ဒိဋ္ဌိ တရားတို့ကို ပယ်ရှားပျောက်ငြိမ်းစေခြင်းငှါ မိမိ မိမိတို့စိတ်၏ အနိစ္စ အချက်၊ ဒုက္ခအချက်၊ အနတ္တအချက်ကို လက်ဝယ်တင်ထား ပတ္တမြား ကဲ့သို့ထင်ရှားပိုင်ပိုင် မြင်စွမ်းနိုင်အောင် ပွားများအားထုတ်ခြင်း ဝိပဿနာ ဉာဏ်ပညာ၊ ထိုအမှောက်အမှားတို့ကို အကြွင်းမဲ့ပယ်ဖြတ်နိုင်သော မဂ်ပညာ, ဖိုလ်ပညာဟူသော ပညာဓမ္မအမွေကိုသာ မရလျှင် မနေရ၊ အရအမိ ခံစံရစ်ကြကုန်လော့။ ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ အထင်အမြင်အစဉ်မှောက်မှား၍နေသော မိစ္ဆာတရား ထိုသုံးပါးတို့ကို မိမိမိမိတို့ကိုယ်တွင်း၌ သိမ်းပိုက်မွေးမြူ၍ထားကြသဖြင့် ပညာနှစ်ပါး တရားအမွေနှင့်ကွာလှမ်း၍ မနေကြပေကုန်လင့်ဟူ၍ မကျဉ်းမကျယ် အဓိပ္ပာယ်လာ ချေသည်။

အဘယ့်ကြောင့် မြတ်စွာဘုရားသည် အာမိသအမွေကို ပယ်မြစ်တော်မူလေသည်သနည်း? ဟူမူကား ဥပမာဖြင့်ဆိုသည်ရှိသော် တစ်ခုသောမြေအရပ်၌ပေါက်ရောက်ကြကုန်သော အင်ကြင်းပင်ပျို တို့သည် ရှိကုန်ရာ၏၊ အလွန်ရွှင်လန်းသော ပင်စည် ကိုင်းခက် အရွက် အပွင့်တို့နှင့်ပြည့်စုံကြကုန်ရာ၏၊ နှစ်စဉ်ရွာသော မိုးရေမိုးပေါက်တို့ဖြင့် တစ်နှစ်တခြား ကြီးပွားစည်ပင်ကြကုန်ရာ၏၊ တစ်ရံရောအခါ ထို အင်ကြင်းပင်ပျိုတို့မှာ တစ်ခုတစ်ခုသောခက်မတို့၌ ဩဇာဟရဏ မည်သော ရောဂါဆိုး အနာဆိုးတို့သည် ကျရောက်စွဲကပ်ကုန်ရာ၏။

ထိုရောဂါဆိုး အနာဆိုးတို့ကို ကျရောက်စွဲကပ်သည်ရှိသော် ရှေးဦးစွာ ထိုအနာရောဂါတို့ ကျရောက်စွဲကပ်ရာ ခက်မတို့၌ပွားစီးခြင်းကို ကျေးဇူးပြုတတ်ကုန်သော အဆီအစေးတို့သည် တစ်နေ့တခြား ခြောက်သွေ့ ကုန်ခန်းကြလေကုန်၏၊ ထိုခက်မတို့သည် အညွန့် အခက် အရွက်အပွင့်ပေါက်ရောက်ခြင်းမရှိ၊ အပွားအစီးရပ်တန့်ကြလေကုန်၏ ထိုနောက်စိမ်းစိုခြင်းကို ကျေးဇူးပြုတတ်ကုန်သော အဆီအစေးတို့သည် တစ်နေ့တခြား ခြောက်သွေ့ကုန်ခမ်းကြလေကုန်၏၊ ထိုနောက် ထိုခက်မ တို့သည် စိမ်းစိုခြင်းမရှိ ခြောက်သွေ့သေဆုံးကြလေကုန်၏၊ ထို့နောက် ထိုခက်မတို့နှင့် နီးရာစပ်ရာ အနာကူးပြောင်း၍ အနီးအစပ်ဖြစ်ကြ ကုန်သော ခက်မကြီးတို့သည် ခြောက်သွေ့သေဆုံးကြလေကုန်၏၊ ထိုနောက် ကိုင်းသေးကိုင်းငယ် ခက်သေးခက်ငယ်တို့သည် သွေ့ခြောက် သေဆုံးကြလေကုန်၏၊ ထိုနောက် ထိုရောဂါ ထိုအနာတို့သည် ပင်စည် ပင်မနှင့်တကွ အမြစ်ကြီး အမြစ်သေးအကုန်ပျံ့နှံ့လေကုန်၍ ပင်စည်ပင်မ အမြစ်ကြီး အမြစ်သေး အလုံးစုံတို့သည် အကုန်ခြောက်သွေ့ သေဆုံးကြ ကုန်၍ မြေ၌ပြိုလဲကြလေသဖြင့် ထင်းအတိသာ ဖြစ်ကြလေကုန်၏၊ ထိုနောက် ထိုအပင်တို့မှမြေ၌ပျံ့နှံ့ကြကုန်သော အခိုးအငွေ့တို့ကြောင့် ထိုအပင်တို့ကို မှီတွယ်၍ ပေါက်ရောက်ကြကုန်သော အနီးအစပ်ဖြစ် ကုန်သော အင်းကြင်းပျိုတို့သည်လည်း ထိုအနာရောဂါ ကိုယ်စီကိုယ်င ရှိကြလေကုန်၏၊ ထိုအရပ်ဌာနတို့၌ အင်ကြင်းပင်တော မျိုးဆက်ပြတ် လေ၍ ချုံနွယ်ပိတ်ပေါင်းအတိ ဖြစ်လေရာ၏။

ထိုဥပမာနှင့်အတူ ဤမြတ်စွာဘုရားသာသနာတော်မြတ်၌လည်း အမျိုးကောင်းသားတို့သည် ရဟန်းပြု လုပ်မည်ကြံစည်သော ကာလတို့၌ လည်းကောင်း၊ ရဟန်းပြုလုပ်ပြီးစ ကာလတို့၌လည်းကောင်း အလွန်ဖြူစင် သော စိတ်နှလုံး ရှိကြကုန်၏၊ ပရိယတ္တိသာသနာတော်မြတ်၏ ဂုဏ် ကျေးဇူး၊ ပဋိပတ္တိသာသနာတော်မြတ်၏ ဂုဏ်ကျေးဇူး၊ သီလသိက္ခာ သာသနာတော်မြတ်၏ဂုဏ်ကျေးဇူး၊ သမာဓိန္ဒြေ သာသနာတော်မြတ်၏ ဂုဏ်ကျေးဇူး၊ ဝိပဿနာဉာဏ် ပညာ သာသနာတော်မြတ်၏ ဂုဏ်ကျေးဇူး များကို ကြားရ နာရ သိမြင်ကြရသည်ရှိသော် ထိုဂုဏ်ကျေးဇူးတို့ကို ရလို ယူလို အားထုတ်လိုကုန်သော သဒ္ဓါဆန္ဒတရားတို့သည် ဖြစ်ပွားကြလေ ကုန်၏၊ ပရိယတ် ပဋိပတ်နှင့်စပ်သော သဒ္ဓါဆန္ဒ လုံ့လဥဿာဟ တရား တို့သည် နေ့စဉ်ဖြစ်ပွားကြကုန်၏၊ အနာဆိုးရောဂါ ဆိုးတို့မှ စင်ကြယ် ကြကုန်သော အင်းကြင်းပင်ပျိုတို့သည် မိုးရေမိုးပေါက် ကျရောက်တိုင်း ကျရောက်တိုင်း ရွှင်းစိုစည်ကား ကြီးပွားကြကုန်သကဲ့သို့တည်း။

ရဟန်းပြုလုပ်၍ အသက်သိက္ခာရဟန်းဝါ အတော်အတန်ကြီးကြ ကုန်သည်ရှိသော် ပစ္စည်းလေးပါးနှင့်စပ်သော တဏှာ, ရာဂ, လောဘ တရားတို့သည် ကပ်ရောက်ကြလေကုန်၏၊ ထိုအခါမှစ၍ ပရိယတ် ပဋိယတ်နှင့်စပ်သော သဒ္ဓါဆန္ဒ လုံးလဥဿာဟတရားတို့သည် အတိုး အပွားမရှိ တန့်ရပ်ကြလေကုန်၏၊ ဩဇာဟရဏအနာကျရောက်သဖြင့် အညွန့် အခက် အရွက် အပွင့် အသစ်ပေါက်ရောက်တိုးပွားခြင်း မရှိကြကုန်သော အင်ကြင်းပင်ပျိုတို့ကဲ့သို့တည်း။ ထိုမှနောက်၌မူကား ပရိယတ္တိဉာဏ်ပညာ ဝိပဿနာဉာဏ်ပညာတို့ကို ရလိုယူလိုအား ထုတ်လို သော သဒ္ဓါဆန္ဒအစေးတို့သည် သွေ့ခြောက်ကုန်ခန်းကြလေကုန်၏။

ထိုမှနောက်၌ ကာယဂတာသတိ, အာနာပါနဿတိ အစရှိသော သမာဓိဘာဝနာတရားကို ရလိုယူလို အားထုတ်လိုသော သဒ္ဓါဆန္ဒ အစေးတို့သည် သွေ့ခြောက်ကုန်ခန်းကြလေကုန်၏၊ ထိုမှနောက်၌ ပါတိမောက္ခ သံဝရသီလအစရှိသော သီလဝိသုဒ္ဓိတရားတို့ကို ရလိုယူလို ခရုသင်းပွတ်သစ်အသွင် စင်ကြယ်လိုသော သဒ္ဓါဆန္ဒ အစေးတို့သည် သွေ့ခြောက်ကုန်ခန်းကြလေ၏၊ ထိုအင်ကြင်းပင်ပျိုတို့မှာ အခက်ကြီး အခက်လတ် အခက်ငယ် အကုန်သွေ့ခြောက်သေ ဆုံးကြကုန်သကဲ့ သို့တည်း။

ထိုမှနောက်၌ မိမိတို့၏ ရှေ့မှောက်မှာ တရားကျမ်းဂန် စကားကို ပြောဆိုသည်ရှိသော်လည်းကောင်း၊ သီလဝိသုဒ္ဓိစကား ကာယဂတာ သတိအရှိသော သမာဓိဘာဝနာစကား, အနိစ္စမနသိကာရ အစရှိသော ပညာဘာဝနာ စကားများကို ပြောဆိုသည်ရှိသော်လည်းကောင်း၊ နားမသက်သာ နှလုံးမသက်သာ မျက်နှာမသက်သာ ရှိကြလေကုန်၏၊ ပြောဆိုသောသူကိုပင် ပရိယာယ်စကားဖြင့် မောင်းမဲကြလေကုန်၏၊ သာသနာတော်မြတ်၏ ဓမ္မန္တရာယ်ကို ပြုကြလေကုန်၏၊ အင်ကြင်းပင် ပျိုတို့သည် ပင်စည်ပင်မ အမြစ်ကြီး အမြစ်ငယ်တို့နှင့်တကွ သွေ့ ခြောက်ကြကုန်သကဲ့သို့တည်း။

သာသနာတော်မြတ်အစီးအပွားကို ကြားနာခြင်းငှါမျှ မချမ်းသာ နက်နဲစွာသော ဓမ္မန္တရာယ်ကို ပြုကြကုန်သည့်အတွက် ဝဋ်ဝိပါက် တရားတို့ကြောင့် ယခုဘုရားသာသနာ၌လည်း ကျွတ်လမ်းလွတ်လမ်းသို့ မရောက်၊ နောက်ဘုရားသာသနာ၌လည်း ကျွတ်လွတ်ရန်အခွင့်နှင့် အနင့်သားကွာဝေးကြသဖြင့် ရှေးအတိတ်သံသရာက လာခဲ့ကြသည့် အတိုင်း သံသရာဒလဟောဝယ် မျောမြဲနစ်မြဲ တလဲလဲသာရှိကြကုန် လတ္တံ့။ အင်ကြင်းပင်ပျိုတို့သည် မြေ၌လဲ၍ ထင်းအတိသာဖြစ် ကြလေ ကုန်သကဲ့သို့တည်း။

ထိုပုဂ္ဂိုလ်တို့၏ တပည့်တပန်းအပေါင်း ပေါင်းသင်းဖက် ဆက်ဆံ သမျှအလုံးစုံတို့သည်လည်း ထိုသူတို့နှင့် အလားတူစွာပါကြလေကုန်၏၊ အနီးအပါး၌ရှိကြသော အင်းကြင်းပင်ပျိုတို့သည်လည်း ထိုအင်ကြင်းပင် တို့နှင့် အလားတူစွာ ဖြစ်ကြလေကုန်သကဲ့သို့တည်း။

ထိုပုဂ္ဂိုလ်တို့ ပျံလွန်သေဆုံးကြကုန်သည်ရှိသော် ထိုပုဂ္ဂိုလ်တို့ နေရာထိုင်ရာတိုက်တာကျောင်းကန်တို့သည်လည်း ပရိယတ်ပဋိပတ် ဂုဏ်နှင့် ပြည့်စုံသော တပည့်တပန်းအဆက်အနွယ်မှ ဆိတ်ကင်းကြ ကုန်သဖြင့် သုန်းဖျင်းပျက်ပြား၍သာ သွားကြလေကုန်၏၊ ထိုအင်ကြင်းပင် တို့ ပေါက်ရောက်ရာဌာနသည် တောချုံပိတ်ပေါင်းဖြစ်၍သာ သွားလေ သကဲ့သို့တည်း။

ဤသို့သော အကြောင်းကြောင့် အစိန္တေယျ သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် တပည့်သား တော်ဖြစ်ကြကုန်သော သာသနာ တော်ထမ်း ရဟန်းတော်အပေါင်းတို့အား အလွန်တရာကြုံကြိုက်ခဲ့လှစွာ သော ပဗ္ဗဇိတဒုလ္လဘအခွင့်ကိုကောင်းစွာကြုံကြိုက်ရရှိကုန်ပြီးမှ အာမိသ ရာဂ အာမိသတဏှာ အနာဆိုးရောဂါဆိုး ကင်းရောက်ကြကုန်သဖြင့် ဝဋ္ဋဒုက္ခဝဲဩဃသံသရာ၌ မြုပ်မြဲမြုပ် မျောမြဲမျော အဟောသိကံ ဖြစ်၍ မသွားကြကုန်စေခြင်းငှာ အာမိသအမွေခံမှုကို ပယ်မြစ်တော်မူပေသည်

ဤသို့ ပယ်မြစ်တော်မူသည်ကို အသင့်နှလုံးသွင်းမိကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် ရဟန်း ပဉ္စင်းဖြစ်ကြကုန်သည်မှစ၍ ပထမ, ဒုတိယ, တတိယ အရွယ်သုံးပါးတို့၌ အာမိသရာဂ အာမိသတဏှာ အနာဆိုး ရောဂါဆိုးတို့ကို မိမိတို့၏ စိတ်သန္တာန်တို့၌ အကျအရောက် အကပ်အငြိကို မခံကြကုန်မူ၍ ပစ္စဝေက္ခဏာ ဉာဏ်ပညာဖြင့် ကောင်းစွာ စောင့်ရှောက်ကြကုန်ရာသည်။

ပထမအရွယ်မှာ ဉာဏ်ပညာဖြင့် ကောင်းစွာမစောင့်ရှောက် နိုင်ကြကုန်သည်ရှိသော် ဒုတိယအရွယ်မှာ ဉာဏ်ပညာဖြင့် ကောင်းစွာ စောင့်ရှောက်ကြကုန်ရာသည်။ ပထမအရွယ် ဒုတိယအရွယ်တို့မှာ ဉာဏ်ပညာဖြင့် ကောင်းစွာမစောင့်ရှောက်ကြကုန်သည်ရှိသော် တတိယ အရွယ်မှာ ကောင်းစွာ မစောင့်ရှောက်နိုင်ကြကုန်ရာသည်။

ယုတ်အစွဆုံး မသေမီ သုံးနှစ်အတွင်း နှစ်နှစ်အတွင်းတို့၌ နှစ်ရှည်လများ လက်တွင်းသိမ်းပိုက် သာယာခံစံ၍လာခဲ့သော ဆွမ်း ကောင်း, သင်္ကန်းကောင်း, ကျောင်းကောင်း, ဆီဦးထောပတ် ပျားသကာ အစရှိသော ဆေးကောင်းမျိုးတို့စွန့်ပစ်ပယ်ရှား၍ ပိဏ္ဍိယာ လောပဆွမ်း, ပံသုကူသင်္ကန်း, သစ်ရွက်ကျောင်း အစရှိသော သာယာဖွယ်မရှိသော အာမိသဝတ္ထုတို့နှင့် မျှတခြင်းကိုပြုကြကုန်၍ မဟာသတိပဋ္ဌာန်သုတ်, ဓမ္မစကြာသုတ်, အနတ္တလက္ခဏာသုတ်, မဟာရာဟုလောဝါဒသုတ်, စူဠရာဟုလောဝါဒသုတ် အစရှိသော ပရိယတ္တိဓမ္မ သုတ္တန္တ ဒေသနာ များကို နေ့နေ့ညည တတ်အားသမျှ ရွတ်အံ သရဇ္ဈယ်ခြင်း၊ သိက္ခာ, သီလ, အာစာရ, ပဋိပတ်များကို ကောင်းစွာဖြည့် ကျင့်ခြင်း၊ ဒွါတ္တိံသာကာရ, အာနာပါနအမှုများကို စွဲမြဲခြင်း၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ဒုက္ခ အနတ္တအချက်များကို ကောင်းစွာ နှလုံးထားခြင်းတည်းဟူသော ဓမ္မအမွေ တို့ကို လက်ရှိလက်ကိုင်ပြု၍ အာမိသရာဂ အာမိသ တဏှာ အနာဆိုး ရောဂါဆိုး တင်းလင်းနှင့်သေခြင်းငှါ မသင့်မြတ်ကုန်ရာ ဟု ပညာသတိ ရှိကြကုန်ရာသည်။

ထိုအာမိသသည်လည်း ပစ္စယာမိသ, လောကာမိသ, ဝဋ္ဋမိသ ဟူ၍ သုံးပါးအပြားရှိ၏၊ ထိုသုံးပါးတို့တွင် ပြဆိုခဲ့ပြီးသော ပစ္စည်းလေးပါး တို့သည် ပစ္စယာမိသမည်ကုန်၏၊ ထိုပစ္စည်းလေးပါးတို့ကို ပေါများ စေခြင်းငှါသာယာ၍ ပြုလုပ်အားထုတ်အပ်ကုန်သော ပရိယတ်မှု ပဋိပတ်မှု တို့သည်လည်း အာမိသအဖို့၌ တည်ကုန်၏၊ လောက၌ ဂုဏ်ကျက်သရေ အခြံအရံ အကျော်အစော ဘုန်းတန်ခိုးတို့သည် လောကာမိသမည် ကုန်၏၊ ထိုလောကာမိသကိုရခြင်းငှါ သာယာ၍ ပြုလုပ်အားထုတ်အပ် ကုန်သော ပရိယတ်မှု ပဋိပတ်မှုတို့သည်လည်း ထိုလောကာ မိသအဖို့၌ တည်ကုန်၏၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဟု ဆိုအပ်ကုန် သော လောကီစည်းစိမ်ချမ်းသာတို့သည် ဝဋ္ဋာမိသမည်ကုန်၏၊ ထို ဝဋ္ဋာမိသကိုရခြင်းငှါ ပြုလုပ်အားထုတ်အပ်ကုန်သော ပရိယတ်မှု ပဋိပတ် မှုတို့သည်လည်း ဝဋ္ဋာမိသအဖို့၌ တည်ကုန်၏၊ ဤသုံးပါးသော အာမိသ အမွေတို့ကိုလည်း ပယ်မြစ်တော်မူအပ်သော အာမိသအမွေတို့ ဟူ၍ပင် မှတ်အပ်ကုန်၏။

ထိုအာမိသအမွေသုံးပါး, အာမိသရာဂ, အာမိသတဏှာ သုံးပါး တို့ကို စင်ကြယ်စွာ စွန့်ခွာပယ်ရှား၍ ဝဋ္ဋနိဿရဏအကျိုးငှာ ပြုလုပ် အားထုတ်အပ်ကုန်သော ပရိယတ်မှု, ပဋိပတ်မှု, သီလမှု, သမာဓိမှု, ပညာမှုတို့သည်သာလျှင် သဗ္ဗညုမြတ်စွာဘုရား ခွင့်ပြုတော်မူအပ်သော ဓမ္မအမွေမည်ပေ၏။

ဤဓမ္မအမွေကိုသာလျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် ခွင့်ပြုတိုက်တွန်းတော်မူပေသနည်းဟူမူကား ဤဓမ္မအမွေကို ခံစံကြ ကုန်သော သူတို့သည်သာလျှင် အလွန်တစ်ရာ ကြုံကြိုက်ခဲလှစွာသော ဗုဒ္ဓပ္ပါဒခဏပဗ္ဗဇိတခဏကို ကြုံကြိုက်ကြကုန်သည်အားလျော်စွာ အလွန် ထွက်မြောက်နိုင်ခဲလှစွာသော သံသရာဝဋ်ဒုက္ခကြီးမှ ထွက်မြောက်နိုင်ကြ ကုန်သတည်း။ ထို့ကြောင့် ဤဓမ္မအမွေကိုသာလျှင် ခွင့်ပြုတိုက်တွန်း တော်မူပေသည်။

ထိုဓမ္မအမွေသည်လည်း လောကီဓမ္မအမွေ, လောကုတ္တရာဓမ္မ အမွေဟူ၍ နှစ်ပါးအပြားရှိပြန်၏၊ ထိုနှစ်ပါးတို့တွင် သောတာပတ္တိမဂ် ခဏသို့ မရောက်မီအတွင်း၌ ပြုလုပ်အားထုတ်အပ်ကုန်သော ပရိယတ္တိ ဓမ္မ, ပဋိပတ္တိဓမ္မ, သီလဓမ္မ, သမာဓိဓမ္မ, ပညာဓမ္မတို့သည် လောကီဓမ္မ အမွေမည်ကုန်၏၊ လောကုတ္တရာဖြစ်ကုန်သော မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်တရားတို့သည် လောကုတ္တရာဓမ္မအမွေမည်ကုန်၏၊ ထိုနှစ်ပါး တို့တွင် လောကီဖြစ်သော ဓမ္မအမွေစုသည် သက္ကာယဒိဋ္ဌိအမှုးရှိသော တောက်လောင်ထိန်ညီး ကိလေသာမီးတို့၏အတွင်း၌ တည်ရှိခြင်းကြောင့် ငါ၏ ဥစ္စာဟူ၍ စိတ်ချလက်ချခံစံရသော ထာဝရအမွေ မဟုတ်လေ ရကား အနိယမ, ဇင်္ဂမအမွေသာမည်ကုန်၏၊ ကိလေသာမီးတို့၏ အတွက် နှင့် ပျက်စီးပြုန်းတီးလိုလျှင် ခဏချင်းပြုန်းတီးပျက်စီးနိုင်ကုန်၏၊ ယခုနေ့မှာ ပရိယတ္တိဂုဏ်နှင့် လျှမ်းလျှမ်းတောက်၊ နောက်နေ့မှာ ဥမ္မတ္တကဖြစ်နိုင် ကုန်၏၊ ယခုနေ့မှာ ပဋိပတ္တိဂုဏ် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်နှင့် လျှမ်းလျှမ်းတောက်၊ နောက်နေ့မှာသေသောက်ကြူး စသည်ဖြစ်နိုင်ကုန်၏၊ နောက်လ နောက်နှစ် နောက်အရွယ် နောက်ဘဝ တို့၌ဆိုဖွယ်မရှိ။

လောကုတ္တရာဖြစ်သော ဓမ္မအမွေစုသည်သာလျှင် သက္ကာယဒိဋ္ဌိ အမှုးရှိသော ကိလေသာမီးတို့နှင့် ဝေးစွာကင်း လွတ်ခြင်းကြောင့် ငါ၏ ဥစ္စာဟူ၍ စိတ်ချလက်ချခံစံရသော ထာဝရအမွေဖြစ်ပေသောကြောင့် နိယာမအမွေမည်ပေ၏၊ ထိုသို့ဖြစ်သော်လည်း ထိုလောကီဓမ္မ အမွေစုနှင့် ကင်း၍ လောကုတ္တရာဓမ္မအမွေကို ရခြင်းယူခြင်း ခံစံခြင်းငှါ မတတ် ကောင်းလေရကား ထိုလောကီဓမ္မအမွေကိုလည်း ခံစံခြင်းငှါ ခွင့်ပြု တော်မူပေသတည်း။ သက္ကာယဒိဋ္ဌိကင်းရှင်းပြီးသော ပုဂ္ဂိုလ်တို့၌မူကား ထိုလောကီဖြစ်သော ဓမ္မအမွေစုသည်လည်း ထာဝရနိယာမ အလို၌ တည်ကုန်၏။

အဘယ်သို့ ဤသက္ကာယဒိဋ္ဌိကင်းရှင်းပြီးသောပုဂ္ဂိုလ်တို့အား ထိုလောကီဖြစ်သော ဓမ္မအမွေ, လောကုတ္တရာဖြစ်သော ဓမ္မအမွေတို့ သည် ထာဝရနိယာမအမွေ ဖြစ်ကြလေကုန်သနည်းဟူမူကား- ယခုအခါ သာသနာတော်တွင်း၌ အကြင်သူတို့သည် ယုတ်စွအဆုံး မိမိကိုယ်ခန္ဓာမှာ ရှိနေသော စိတ်ဟူသော တစ်ခုသောတရား၏ အနိစ္စအချက်ကို လှလှကြီး ထင်မြင်ကြကုန်၏၊ အနိစ္စအချက်ကို လှလှကြီးထင်မြင်ကြကုန်သည်ရှိ သော် ဒုက္ခအချက်, အနတ္တအချက်ကိုလည်း ထင်မြင်ကြလေကုန်တော့ သည်။ စိတ်ဟူသော တစ်ခုသောတရား၏ အနတ္တအချက်ကို တစ်ကြိမ် တစ်ခါမျှ လှလှကြီးထင်မြင်ကြကုန်သည်ရှိသော် သက္ကာယဒိဋ္ဌိတရားသည် ချုပ်ငြိမ်းလေ၏။

အနတ္တအချက်ကို လှလှကြီးထင်မြင်သဖြင့် သက္ကာယဒိဋ္ဌိ ကင်း ရှင်းကြကုန်ပြီးသောသူတို့အား ထိုနာရီ ထိုခဏမှစ၍ ဖြစ်လေရာရာ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် သံသရာအဆက်ဆက်တို့၌ ထိုလောကီ လောကုတ္တရာ ဓမ္မအမွေနှစ်ပါးတို့သည် အမြဲမကွာပါရှိ လေတော့သည်။ ထိုသူတို့အား ယခုဘဝမှစ၍ ပရိနိဗ္ဗာန်စံရာဘဝ တိုင်အောင် ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ စိတ်နှလုံးတွင်းမှာ ငါတို့မြတ်စွာဘုရား သာသနာတော်မြတ်ကြီး သုံးပါးလည်း အမြဲမကွာ ပါရှိလေတော့သည်။ ထိုသူတို့မှာ ပရိနိဗ္ဗာန်စံရာဘဝတိုင်အောင် သံသရာ၌ သာသနာကွယ်ပသော ဘဝဟူ၍ မရှိပြီ။ သာသနာကွယ်ပသော ကမ္ဘာ ဟူ၍ မရှိပြီ။ ပရိယတ္တိသာသနာတော်လည်း အမြဲပါလေတော့ သည်။ ပဋိပတ္တိသာသနာတော်လည်း အမြဲပါလေတော့သည်။ သဥပါဒိသေသ နိဗ္ဗာန်တည်းဟူသော ပဋိဝေဓသာသနာတော်မြတ်ကြီးလည်း အမြဲပါ လေတော့သည်။

အဘယ်သို့လျှင် သဥပါဒိသေသ နိဗ္ဗာန်တည်းဟူသော ပဋိဝေဓ သာသနာတော်မြတ်ကြီး အမြဲမကွာပါရှိလေသနည်းဟူမူကား ထိုသူ တို့အား ထိုသက္ကကာယဒိဋ္ဌိ ချုပ်ငြိမ်းရာ နာရီခဏ၌ နိယတမိစ္ဆာ ဒိဋ္ဌိကြီး သုံးပါးတို့လည်း အပြီးချုပ် ငြိမ်းကုန်၏၊ ခြောက်ဆယ်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ တို့လည်း အပြီးချုပ်ငြိမ်းကုန်၏၊ ဒိဋ္ဌိအမျိုးမျိုးဟူသော အမှောက် အမှား အပူအလောင်တို့၏ ချုပ်ပျောက်ငြိမ်းအေးမှုဟူသော နိဗ္ဗာန်သည် အမြဲ မကွာပါရှိလေတော့သည်၊ ဘယ်အခါမှာမှ ထိုသူတို့သန္တာန်ဝယ် ဒိဋ္ဌိနှင့် စပ်လျဉ်းသော မှောက်မှားမှု ပူလောင်မှုဟူ၍ အဏုမြူမျှမငွေ့ လာပြီ၊ ဖြစ်လေရာဘဝတို့မှာ ဒိဋ္ဌိအတွက်နှင့် ကြောက်မက်ဖွယ် မှောက်မှား ၍နေကြကုန်သော သတ္တဝါတွေကို မြင်ရတိုင်းမြင်ရတိုင်း ငါတို့မှာ ဤကဲ့သို့ သော အမှောက်ကြီးအမှားဘေးတို့မှ လွတ်ငြိမ်းချမ်းသာပေပြီဟူ၍ ထိုနိဗ္ဗာန်ချမ်းသာကို အမြဲခံစားစံစားကာ ကျင်လည်ကြရကုန်၏။

ခပ်သိမ်းသောသတ္တဝါတို့မှာ အပါယ်သို့ကျရန် အပရာပရိယ ဝေဒနီယ အကုသိုလ်ကံဟောင်းတို့သည် စိတ်သန္တာန်တွင် အသင်္ချေအနန္တ ပါရှိ၍နေကြကုန်၏၊ ထိုအကုသိုလ်ကံဟောင်းတို့သည် သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းရာ တစ်ချက်တည်းအကုန်ပါကြလေကုန်၏၊ ထိုအကုသိုလ်ကံ ဟောင်းအနန္တတို့၏ ချုပ်ပျောက်အေးငြိမ်းခြင်းဟူသော နိဗ္ဗာန်ချမ်းသာ သည်လည်း အမြဲပါရှိကြကုန်၏၊ ထိုနည်းတူ အပါယ်လေးပါးဟူသော ဒုဂ္ဂတိသံသရာသည်လည်း အပြီးချုပ်ငြိမ်းလေကုန်၏၊ အပါယ်ဘေး အတွက်နှင့် ဒုက္ခကြီးစွာဖြစ်၍နေကြသောသတ္တဝါတို့ကို မြင်ရတိုင်း မြင်ရတိုင်း မိမိတို့မှာ အပါယ်ဘေးငြိမ်းမှုကြီးပေါ်လေ၏၊ ထိုသက္ကာယ ဒိဋ္ဌိချုပ်ငြိမ်းပြီးသောသူတို့အား အပါယ်ဒုဂ္ဂတိဟူသောသံသရာ မရှိပြီ၊ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံဟူသော သုဂတိသံသရာသာရှိတော့သည်၊ ထို သုဂတိသံသရာမှလည်း ကပ်သုံးပါး, အရပ်ပြစ်ရှစ်ပါး, ရန်သူမျိုးငါးပါး, ဝိပ္ပတ္တိတရားလေးပါးတို့နှင့် တစ်ရံတစ်ဆစ်မျှ မတွေ့မကြုံကြရကုန်ပြီ။

စတုမဟာရာဇ်ဘုံ၌ အနှစ်ကိုးသန်း၊ တာဝတိံသာဘုံ၌ အနှစ်သုံး ကုဋေခြောက်သန်း အစရှိသည်ဖြင့် အကနိဋ္ဌတိုင်အောင် ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ ငါတို့မြတ်စွာဘုရား၏ လောကုတ္တရာချမ်းသာ အမွေကြီးကို ရင်ခွင်ပိုက်၍ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့ကို ဘုံစဉ် စံစား၍ သွားကြရကုန်လတ္တံ့၊ နောင်အနာဂတ်ဖြစ်သော အကုသိုလ်ကံ အနန္တတို့သည်လည်း သက္ကာယဒိဋ္ဌိချုပ်ငြိမ်းရာတွင် အကုန်ပါကြလေ ကုန်၏၊ ဖြစ်လေရာဘဝတို့၌ မာတုဃာတကကံထိုက်သောသူတို့ကို မြင်ရတိုင်း မြင်ရတိုင်း ငါတို့မှာ ဤကဲ့သို့သောကံကြီး လွတ်ငြိမ်းပေပြီဟု ဝမ်းမြောက်ကြရကုန်လတ္တံ့၊ ကြွင်းသော ပဉ္စာနန္တရိယကံကြီးထိုက်သော သူတို့ကိုလည်းကောင်း၊ ပါဏာတိပါတ အစရှိသော ဒုစရိုက်ဆယ်ပါးနှင့် ပြည့်စုံသောသူတို့ကိုလည်းကောင်း၊ မြင်တိုင်းမြင်တိုင်း ငါတို့မှာ ဤကဲ့သို့ သော အကုသိုလ်ကံတို့ လွတ်ငြိမ်းပေကုန်ပြီဟု ဝမ်းမြောက်ကြရကုန် လတ္တံ့၊ ဤသို့လျှင် သက္ကာယဒိဋ္ဌိ ချုပ်းပြီးသောသူတို့အား ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ စိတ်သန္တာန်မှာ သဥပါဒိသေသနိဗ္ဗာန်တည်း ဟူသော ပဋိဝေဓသာသနာတော်မြတ်ကြီး အမြဲမကွာပါရှိ၍နေပုံကို သိအပ်၏။

ထိုသူတို့အား ဖြစ်လေရာရာ ကမ္ဘာအဆက်ဆက်တို့၌ ရတနာသုံးပါးလည်း အမြဲမကွာ ပါရှိကြလေတော့သည်၊ သူတော်ကောင်း ဥစ္စာခုနစ်ပါးလည်း အမြဲမကွာပါရှိကြလေတော့သည်၊ ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးလည်း အမြဲမကွာပါရှိကြလေတော့သည်၊ ဤသို့လျှင် မိမိ မိမိတို့၏သန္တာန်၌ စိတ်တည်းဟူသော တစ်ခုသောတရား၏ အနတ္တ အဖြစ်ကို အချက်လှလှ ထင်မြင်ကြသဖြင့် သက္ကာယဒိဋ္ဌိ ကင်းရှင်းကြ ကုန်ပြီးသော သူတို့အား ယခုဘဝမှစ၍ ပရိနိဗ္ဗာန်စံရာ ဘဝတိုင်အောင် ဘဝအဆက်ဆက်တို့၌ လောကီလောကုတ္တရာ နှစ်ဖြာသောဓမ္မအမွေ အမြဲထာဝရ နိယာမဖြစ်၍နေပုံကို သိအပ်၏။

ယခုဘဝ၌ လောကုတ္တရာဓမ္မအမွေကို မရနိုင် မယူနိုင်ကြကုန် သေးသော လူလူရှင်ရှင် ပညာရှိအပေါင်း သူတော်ကောင်းတို့သည် ပြဆိုခဲ့ပြီးသော တစ်ခုခုသော သုတ္တန်ဒေသနာတော်တည်းဟူသော ပရိယတ္တိဓမ္မအမွေ၊ အယုတ်ဆုံးအားဖြင့် 'အနိစ္စာဝတသင်္ခါရာ၊ ဥပ္ပါဒဝယ ဓမ္မိနော' အစရှိသော တစ်ပုဒ်တစ်ဂါထာသော ပရိယတ္တိဓမ္မအမွေနှင့်တကွ ပြဆိုခဲ့ပြီးသော ပရိပတ္တိဓမ္မ၊ လူဖြစ်ခဲ့အံ့ အာဇီဝဋ္ဌမကသီလတည်းဟူသော သီလဓမ္မအမွေ၊ ရဟန်းဖြစ်ခဲ့အံ့ စာတုပါရိသုဒ္ဓိ သီလတည်းဟူသော သီလဓမ္မအမွေ၊ ဒွတ္တံသာကာယ, အာနာပါနစသော တစ်ခုခုသော ကမ္မဋ္ဌာန်းကို စွဲမြဲခြင်းတည်းဟူသော သမာဓိဓမ္မအမွေ၊ အယုတ်ဆုံး အားဖြင့် မိမိသန္တာန်၌ရှိသော စိတ်တည်းဟူသော တစ်ခုတည်းဟူသော တရား၌ လက္ခဏာရေးသုံးပါးတင်၍ ဆင်ခြင်သုံးစွဲမြဲခြင်းတည်းဟူသော ပညာဓမ္မအမွေ၊ ဤလောကီဓမ္မအမွေတို့ကို ကြိုးစားအားထုတ်၍ ယူကြကုန်သောသူတို့ကိုသည်ကား စူဠသောတပန်ပုဂ္ဂိုလ်မည်ကုန်၏၊ သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိဘဝသို့ ရောက်ကြကုန်သည်ရှိသော် ရောက်ရာဘုံဘဝတို့၌ လောကုတ္တရာအမွေကို ခံစံကြရ ကုန်လတ္တံ့။ အဘယ်သို့ ခံစံကြရကုန်လတ္တံ့နည်းဟူမူကား မြတ်စွာဘုရား လက်ထက်တော်၌ ထိုထိုနတ်ပြည်မှ အကျွတ်ရာကကုန်သော အရိယာ နတ်တို့သည် ယခုအခါ၌ နတ်ပြည်ခြောက်ထပ်မှာ ထိုထိုနတ်ပြည်နှင့် အပြည့်ရှိနေကြကုန်၏၊ သာဝတ္ထိပြည်မှ အကျွတ်ရကြကုန်သော ဝိသာခါ၊ အနာထပိဏ်အစရှိသော ကုဋေများစွာသော သာဝတ္ထိပြည်သူပြည်သား တို့သည် ယခုအခါ နတ်ပြည်ခြောက်ထပ်မှာ အပြည့်ရှိကြကုန်၏၊ ထို့အတူ ရာဇဂြိုဟ်ပြည်မှ အကျွတ်ရကြကုန်သော ဗိမ္ဗိသာရမင်း အစရှိသော အကုဋေများစွာသော ရာဇဂြိုဟ်ပြည်သူအစရှိသည်ဖြင့် တိုင်းကြီး သောဠသ မဇ္ဈိမတစ်မြေပြင်လုံးမှ အကျွတ်ရကြကုန်သော အသင်္ချေ အနန္တများလှစွာကုန်သော မဇ္ဈိမတိုင်းသူ တိုင်းသားတို့သည် ယခုအခါ နတ်ပြည်ခြောက်ထပ်မှာ အပြည့်ရှိကြကုန်၏။

ထိုအရိယာနတ်တို့၏ အသက်အပိုင်းအခြားအားဖြင့် ငါတို့ မြတ်စွာဘုရား သာသနာတော်မြတ်သည် စတုမဟာရာဇ်နတ်ပြည်မှာ အနှစ်ကိုးသန်းတိုင်အောင် တည်လတ္တံ့။ စတုမဟာရာဇ်နတ်ပြည်မှာအနှစ် ကိုးသန်းတုင်အောင် မဂ်တံခါး, ဖိုလ်တံခါး,နိဗ္ဗာန်တံခါး, ဟင်းလင်း ပွင့်လတ္တံ့။ တာဝတိံသာဘုံမှာ အနှစ်သုံးကုဋေခြောက်သန်းတိုင်အောင် မဂ်တံခါး, ဖိုလ်တံခါး, နိဗ္ဗာန်တံခါး ဟင်းလင်းပွင့်လတ္တံ။ ယာမာအစ ရှိသော အထက်အထက်သော နတ်ပြည်တို့မှာလည်း အသက်တမ်းအား လျော်စွာ သာသနာတော်တည်ထွန်းလတ္တံ။ ဗြဟ္မာပြည်တို့၌လည်း ပထမစျာန်ဘုံမှာ ဤကမ္ဘာပျက်သည့်တိုင်အောင် ငါတို့မြတ်စွာဘုရား သာသနာတော်မြတ်ကြီးတည်လတ္တံ။ ဒုတိယစျာန်ဘုံမှာ မဟာကမ္ဘာကြီး ရှစ်ကမ္ဘာတိုင်အောင်၊ တတိယစျာန်ဘုံမှာ မဟာကမ္ဘာကြီးခြောက်ဆယ့် လေးကမ္ဘာတိုင်အောင်၊ ဝေဟပ္ဖိုလ်ဘုံမှာ မဟာကမ္ဘာကြီးငါးရာတိုင် အောင်၊ အကနိဋ္ဌဘုံမှာ မဟာကမ္ဘာကြီးတစ်သောင်း ခြောက်ထောင်တိုင် အောင် ငါတို့မြတ်စွာဘုရား သာသနာတော်မြတ်ကြီး တည်ထွန်းလတ္တံ့။

စတုမဟာရာဇ်အစရှိသော အောက်ဘုံတို့၌ အသက်တမ်း စေ့ပြီးမှ အထက်အထက်ဘုံသို့ရောက်သော အရိယာပုဂ္ဂိုလ်တို့နှင့် ပိုင်းခြား၍ဆိုသည်ရှိသော် အထက်အထက်ဘုံတို့မှာ မျာစွာသော နှစ်အရေအတွက် များစွာသော ကမ္ဘာအရေအတွက်တို့သည် တိုးပွား ကုန်ရာသေး၏၊ ယခုအခါ၌ လူပြည်မှ ပြဆိုခဲ့ပြီးသော လောကီဓမ္မ အမွေကို အရအမိ ကြီုးစားအားထုတ်၍ သေသည်၏အခြားမဲ့၌ ထိုထို နတ်ပြည်မှာဖြစ်ကြရကုန်သော ရှင်ရှင်လူလူ သူတော်ကောင်းအပေါင်း တို့သည် မိမိ မိမိတို့ဖြစ်ရာနတ်ပြည်မှာ သုံးဌာနတို့၌ လောကုတ္တရာ အမွေကို ရနိုင်ကြယူနိုင်ကြကြောင်းကို အင်္ဂုတ္ထိုရ်ပါဠိတော်၌ သဗ္ဗညု မြတ်စွာဘုရား ဟောကြားတော်မူသည်။

သုံးဌာနဆိုသည်ကား-

ယခုအခါ လူပြည်မှ လောကီဓမ္မအမွေကို ရင်ခွင်ပိုက်၍ နတ် ပြည်၌ဖြစ်ကြလေကုန်သောသူတို့သည် ဖြစ်သည်၏ အခြားမဲ့၌ မဂ်ဖိုလ် ကို ရကြကုန်လတ္တံ့ဟူ၍တစ်ဌာန--၁။

ထိုသို့မိမိတို့အလိုအလျောက် မရတည်နိုင်ကြကုန်သည်ရှိသော် နတ်ပြည်၌ရှိနှင့်ကြကုန်သော အရိယာနတ်တို့၏ ဆုံးမချက်ကိုနာခံ၍ မဂ်ဖိုလ်ကိုရကြကုန်လတ္တံ့ဟူ၍။ တစ်ဌာန--၂။

ထိုသို့မရနိုင်ကြကုန်သည်ရှိသော် နတ်ပြည်ခြောက်ထပ်မှာ အစဉ်ထာဝရ တစ်လတစ်လလျှင် ရှစ်ကြိမ်ရှစ်ကြိမ် သုဓမ္မာတွင် ကြီးကျယ် စွာသော တရားနာအစည်းအဝေးတို့သည်ဖြစ်ကြကုန်၏၊ ရံခါရံခါ သိကြားမင်း နတ်မင်းကြီးတို့သည် တရားဟောကြကုန်၏၊ ရံခါရံခါ ဓမ္မကထိကနတ်သားတို့သည် တရားဟောကြကုန်၏၊ ရံခါရံခါ ဗြဟ္မာ ပြည်မှလာ၍ ဗြဟ္မာဓမ္မကထိကနတ်သားတို့သည် တရားဟောကြကုန်၏၊ ထိုတရားနာအစည်းအဝေးမှာ မဂ်ဖိုလ်ကို ရကြကုန်လတ္တံ့ဟူ၍။ တစ် ဌာန-၃။

ဤသို့ ယခုအခါ လူပြည်မှ မတ်ပြည်သို့ရောက်ကြရာ ရောက်ရာ နတ်ပြည်မှာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရကြရန် သုံးဌာနကို ဟောကြားတော် မူသည်။

ထိုသုံးဌာနတို့တွင် တစ်ခုသောဌာန၌ အကျွတ်တရားရကြ ကုန်သဖြင့် သာဝတ္တိပြည်သူ ရာဇဂြိုဟ်ပြည်သူ အစရှိကုန်သော မဇ္ဈိမတိုင်း သူအပေါင်းတို့နှင့် ဘုံစဉ်စံအဖြစ်ဖြင့် ဇာတ်ပေါင်းမိကြကုန်၍ အကနိဋ္ဌဘုံ တိုင်အောင် ဝိသာခါ၊ အနာထပိဏ်အစရှိသော မဇ္ဈိမတိုင်းသူတို့နှင့် အတူတကွ အရပ်ရပ်သော နတ်ချမ်းသာ အရပ်ရပ်သော ဗြဟ္မာချမ်းသာ တို့ကို အစဉ်အတိုင်း ဘဝများစွာ ကမ္ဘာအဆက်ဆက် ခံစံစံစား၍ သွားကြ ကုန်လတ္တံ့။ ဤသို့လျှင် ယခုအခါ လူပြည်မှာ လောကုတ္တရာ အမွေကို မရနိုင်မယူနိုင်ကြကုန်သေးသော သူတို့သည်ပြဆိုခဲ့ပြီးသော လောကီဓမ္မ အမွေကို အရအမိကြိုးစားအားထုတ်ရာသည်။ ယခုဘဝ သေသည်၏ အခြားမဲ့၌ နတ်ရွာသုဂတိဘဝမှာဖြစ်ကြ၍ ဖြစ်ရာဌာနနတ်ပြည်မှာ လောကုတ္တရာအမွေကို ဧကန္တရနိုင်ယူနိုင်ကြောင်းကို သိကြကုန်ရာသည်။ တေဘုမ္မက သင်္ခါရတရားအများရှိကြသည်တွင် စိတ်တည်း ဟူသော တစ်ခုသောတရား၏ အနတ္တအချက်ကို မိမိရရ လှလှထင်မြင် နိုင်လျှင်ပင် လောကုတ္တရာအမွေကို ဧကန္တရနိုင်ကြောင်းကိုအဘယ်သို့ သိအပ်လေသနည်းဟူမူကား--

“ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ နာမရူပံ ပရိညာတံ ဟောတိ။ နာမရူပေ ပရိညာတေ အရိယသာဝကဿ နတ္ထိ ကိဉ္စိ ဥတ္တရိ ကရဏိယန္တိ ဝဒါမိ”

(သံ၊၁။ ၃၂၄)

ဟူ၍ ဟောတော်မူသော နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မြတ်ကို ထောက်၍ သိအပ်လေသတည်း။

ဘိက္ခဝေ=ရဟန်းတို့။ ဝိညာဏေဟာရေ=ဝိညာဏာဟာရကို။ ပရိညာတေ=ပရိညာသုံးပါးဖြင့် ပိုင်နိုင်သည်ရှိသော်။ နာမရူပံ=နာမ်တရား ရုပ်တရားနှစ်ပါးကို။ ပရိညာတံ=အလိုလိုပိုင်နိုင်တော့သည်။ ဟောတိ= ဖြစ်၏၊ နာမရူပေ=နာမ်တရား,ရုပ်တရား နှစ်ပါးကို။ ပရိညာတေ=ပိုင်နိုင် သည်ရှိသော်။ အရိယာသာဝကဿ=ငါဘုရား တပည့်သားအား။ ဥတ္တရိ= ထို့ထက်အလွန်။ ကိဉ္စိ=တစ်စုံတစ်ရာမျှ။ ကရဏီယံ=ပြုဘွယ်ကိစ္စသည်။ နတ္ထိ=မရှိပြီ။ ဣတိ=ဤသို့။ ဝဒါမိ=ငါဘုရားဟောတော်မူ၏။

အဓိပ္ပါယ်သော်ကား--မိမိမိမိတို့၏ သန္တာန်၌ရှိကြသော စိတ် တည်းဟူသော ဝိညာဏာဟာရတရားတစ်ခုကို ပရိညာသုံးပါးဖြင့် ပိုင်နိုင် အောင် အားထုတ်နိုင်သည်ရှိသော် ထိုစိတ်မှကြွင်းသော ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာတည်းဟူသော နာမ်ခန္ဓာတို့ကိုလည်းကောင်း၊ ရုပ်အဋ္ဌဝီသဟူသော ရုပ်ခန္ဓာကိုလည်းကောင်း၊ အသီးအခြား အားထုတ် ဖွယ်ကိစ္စမရှိပြီ၊ အလိုလိုပိုင်နိုင်လေတော့သည်၊ ထိုရုပ်နာမ်တရားနှစ်ပါးကို ပိုင်နိုင်လျှင်လည်း ပိုင်နိုင်ပြီးသောငါဘုရား၏ တပည့်သားအား ထိုထက် အလွန်အားရန်ကိစ္စဟူ၍ တစ်စုံတစ်ခုမျှမရှိပြီ။ အလုံးစုံကိစ္စ ပြီးငြိမ်း တော့သည်။ လောကုတ္တရာဓမ္မ အမွေခံကိစ္စ ခွင်လုံးပိုင်နိုင်လေတော့သည် ဟူ၍ အဓိပ္ပါယ်လာချေသည်။

ပရိညာသုံးပါဆိုသည်ကား

'တိဿော ပရိညာ-ဉာတပရိညာ, တိရဏပရိညာ, ပဟာနပရိညာ'

ဟူသောပါဌ်နှင့်အညီ ဉာတပရိညာ, တိရဏပရိညာ, ပဟာန ပရိညာ-ဟူ၍ ပရိညာတို့သည် သုံးပါးအပြား ရှ်ိကုန်၏။

ထိုသုံးပါးတို့တွင်

'အာရမ္မဏဝိဇာနန လက္ခဏံ စိတ္တံ။ ပုဗ္ဗင်္ဂမရသံ၊ အနုသန္ဓာနတာ ပစ္စုပဋ္ဌာနံ၊ နာမရူပ ပဒဋ္ဌာနံ'

ဟူ၍လာသည်နှင့်အညီ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် ဟူသော အချက်လေးပါးတို့ဖြင့် မိမိမိမိတို့၏ စိတ်ကို ပိုင်ပိုင်နိုင်နိုင် သိခြင်းသည် ဉာတပရိညာမည်၏။

'စိတ္တံ=စိတ်သည်။ အာရမ္မဏဝိဇာနနလက္ခဏံ=အာရုံကို သိခြင်း လက္ခဏာ ရှိ၏၊ ပုဗ္ဗင်္ဂမ ရသံ=စေတသိက်တို့၏ ရှေ့ဆောင်ရှေ့သွားဖြစ်၍ ပြဋ္ဌာန်းခြင်း ကိစ္စရှိ၏၊ အနုသန္ဓာနတာပစ္စုပဋ္ဌာနံ=ကိုယ်တွင်း၌ မစဲမလပ် အစဉ်စပ်ခြင်းလျှင် ထင်သောတံခွန်ရှိ၏၊ နာမရူပ ပဒဋ္ဌာနံ=စေတသိက် တရား ဝတ္ထုရုပ်တရားလျှင် နီးစွာသောဖြစ်ကြောင်းရှိ၏။

အောက်ခြေဖဝါးအပြင်မှစ၍ အထက်ဦးခေါင်းရေ အပြင်တိုင် အောင် အတွင်းအပဖြစ်သော တစ်ကိုယ်လုံး၌ အပ်သွားရာမျှ မလပ်ရ အောင် အာရုံထိခိုက်တိုင်း ဆိုက်တိုက်တိုင်း အစဉ်ဖြစ်ပွား၍နေသော မိမိ မိမိတို့၏စိတ်ကို ဤအချက်လေးပါးတို့ဖြင့် ပိုင်ပိုင်နိုင်နိုင်သိခြင်းသည် ဉာတပရိညာမည်၏။

ထိုသို့ အစဉ်ဖြစ်ပွား၍နေသောစိတ်ကို အနိစ္စလက္ခဏာ, ဒုက္ခ လက္ခဏာ, အနတ္တလက္ခဏာတို့ဖြင့် ပို်င်ပိုင်နိုင်နိုင် သိမြင်ခြင်းသည် တိရဏပရိညာမည်၏။

အနိစ္စလက္ခဏာဆိုသည်ကား လက်ယာခြေဖဝါးအပြင်၌ အာရုံ ထိခိုက်မှု ထင်ရှားရှိနေဆဲအခါ ထိခိုက်ရာဌာန၌ စေတသိက် ခန္ဓာသုံး ပါးတို့နှင့်တကွ တလျှမ်းလျှမ်းဖြစ်ပေါ်၏၊ အာရုံထိခိုက်မှု ပြတ်စဲသောအခါ ထိုနေရာဌာန၌ပင်လျှင် စေတသိက်ခန္ဓာသုံးပါးတို့နှင့်တကွ အကုန်လုံး ချုပ်ကွယ်သေဆုံးကုန်၏၊ လက်ဝဲခြေဖဝါးအပြင်၌ အာရုံထိခိုက်ပြန်လျှင် ထိခိုက်ရာဌာန၌ ထို့အတူ စေတသိက်ခန္ဓာ သုံးပါးတို့နှင့်တကွ တလျှမ်း လျှမ်းဖြစ်ပေါ်၏၊ အာရုံထိခိုက်မှု ပြတ်စဲပြန်လျှင် ထိုနေရာဌာန၌ စေတသိက်ခန္ဓာသုံပါးတို့နှင့်တကွ အကုန်ချုပ်ကွယ် သေဆုံး၏၊ ဤသို့ အစရှိသည်ဖြင့် အတွင်းအပတစ်ကိုယ်လုံးမှာ အာရုံဆိုက်တိုက်ရာ ဆိုက်တိုက်ရာဌာနတို့၌ တလျှပ်လျှပ်ပြတ်သော လျှပ်စစ်ရောင်၏ တိမ် တိုက်တွင်းမှာ မစဲမစဲဖြစ်ပေါ်ခြင်း၊ မစဲမစဲချုပ်ကွယ်ခြင်းကဲ့သို့ ဤ ကိုယ်တွင်းမှာ မစဲမစဲဖြစ်ပေါ်ခြင်း၊ မစဲမစဲချုပ်ပျက်သေဆုံးခြင်းသည် စိတ်၏ အနိစ္စလက္ခဏာမည်၏။

ဒုက္ခလက္ခဏာဆိုသည်ကား အကြင်မျှလောက်သော ဘဝ သံသရာကာလပတ်လုံး ထိုကဲ့သို့ မစဲမစဲ ချုပ်ပျက် သေဆုံးခြင်း၊ အနိစ္စ လက္ခဏာရှိသောစိတ်ကို မိမိမိမိတို့၏ ကိုယ်တွင်းအင်္ဂါပြု၍ လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတို့၌ ကျင်လည်ကြကုန်၏၊ ထိုဘဝတို့သည် အတည် မမြဲကြကုန်သဖြင့် အပါယ်ငရဲ၌တို့သာ အဖန်တလဲလဲ မစဲမစဲ ကျရောက် နေကြကုန်၏၊ ဖြစ်လေရာရာဘဝတို့၌လည်း အသက်တမ်းရှိသမျှ ကာလပတ်လုံး အလျဉ်မပြတ် အစဉ်မပြတ် အသစ်အသစ် မစဲဖြစ်ပေါ်၍ နေပါစေခြင်းအကျိုးငှါ အသက်မွေးမှု အာရုံခြောက်ဖြာ အစာကျွေးမှု တို့ဖြင့် ဘဝတိုင်းဘဝတိုင်း အကျပ်အတည်း ဆင်းရဲ ပင်ပန်းကြရကုန်၏၊ ဤသို့ဖြစ်ခြင်းသည် စိတ်၏ဒုက္ခလက္ခဏာမည်၏။

အနတ္တလက္ခဏာဆိုသည်ကား အတ္တမဟုတ်သော လက္ခဏာ တည်း။ အဘယ်သို့လျှင် စိတ်သည်ပုဂ္ဂိုလ်သတ္တဝါတို့၏ အတ္တမဟုတ်လေ သနည်းဟူမူကား ပုဂ္ဂိုလ်သတ္တဝါတို့မည်သည် ထိုထိုဘုံဘဝတို့၌ ပဋိသန္ဓေ တည်နေမှုဖြင့် တစ်ကြိမ်တစ်ခါမျှသာဖြစ်ခြင်းမည်သည် ရှိကြကုန်၏၊ တစ်ခုတစ်ခုသောဘဝမှာ တစ်ယောက်တစ်ယောက်သော သတ္တဝါသည် အကြိမ်ကြိမ်အခါခါဖြစ်သည်ဟူ၍ မရှိကြလေကုန်၊ သေဆုံးသောအခါ၌ သာ တစ်ဘုံတစ်ဘဝမှာ သေချိန်ရောက်သောအခါ တစ်ကြိမ်တစ်ခါမျှသာ သေခြင်းမည်သည်ရှိကြကုန်၏၊ တစ်ခုတစ်ခုသောဘဝမှာ တစ်ယောက် တစ်ယောက်သောသတ္တဝါသည် အကြိမ်ကြိမ်အခါခါသေသည် ချုပ်သည် ဟူ၍ မရှိကြလေကုန်၊ အနိစ္စလက္ခဏာရှိသော ဤစိတ်မှာမူကား အနိစ္စ အချက်မှာ ပြဆိုခဲ့ပြီးသောအတိုင်း တစ်ကိုယ်လုံးမှာ အာရုံထိခိုက်ရာ ထိုထိုအင်္ဂါ၌ တစ်ထိုင်တွင်းမှာပင် အကြိမ်အခါများစွာ မစဲမစဲအသစ် အသစ်ဖြစ်ခြင်း၊ မစဲမစဲသေပျောက်ချုပ်ဆုံးခြင်းသည် ထင်လင်းစွာ ရှိနေ၏။

ဤစိတ်သည် အကယ်၍ ပုဂ္ဂိုလ်သတ္တဝါတို့၏ အမာခံအထည်ခံ စင်စစ်မှန်သော အတ္တသာရဖြစ်ခဲ့ငြားအံ့၊ ပုဂ္ဂိုလ်သတ္တဝါတို့နှင့် အဖြစ်မကွဲ၊ အပျက်မကွဲ တစ်လုံးတည်းတစ်စုတည်းသာဖြစ်လေရာ၏၊ ဤသို့မူကား မဟုတ်၊ ပုဂ္ဂိုလ်သတ္တဝါမှာမူကား တစ်ဘဝလုံးမှာပင် တစ်ခါဖြစ် တစ်ခါ သေသာ ရှိကြကုန်၏၊ စိတ်မှာမူကား တစ်ထိုင်တွင်းမှာပင် အခါခါဖြစ်မှု အခါခါသေမှု ထင်ရှားရှိနေ၏၊ ဤသို့လျှင် စိတ်သည် ပုဂ္ဂိုလ်သတ္တဝါတို့၏ အတ္တမဟုတ်သော အနတ္တသဘောသာစင်စစ်ဖြစ်၏၊ ဤသို့ဖြစ်ခြင်းသည် စိတ်၏အနတ္တလက္ခဏာမည်၏၊ ဤလက္ခဏာရေးသုံးပါးတို့ဖြင့် မိမိ မိမိတို့၏စိတ်ကို ပိုင်ပိုင်နိုင်နိုင်ထင်မြင်နိုင်ခြင်းသည် တိရဏပရိညာမည်၏၊ ပဟာနပရိညာဆိုသည်ကား ထိုလက္ခဏာရေးသုံးပါးတို့တွင် စိတ်၏အနိစ္စလက္ခဏာ စိတ်၏အနတ္တလက္ခဏာတို့ကို ပိုင်ပိုင်နိုင်နိုင် ထင်မြင်ကြသည်ရှိသော် စိတ်သည် တစ်ဘဝလုံး ကိုယ်ခန္ဓာထဲမှာ အမြဲ တည်နေ၏ဟူ၍လည်းကောင်း၊ စိတ်သည် ပုဂ္ဂိုလ်သတ္တဝါတို့၏ အတ္တသာရဖြစ်၏ဟူ၍လည်းကောင်း၊ သာယာစွဲလမ်းသော တဏှာမာန တို့နှင့်တကွ သက္ကာယဒိဋ္ဌိတရားသည် အကြွင်းမဲ့ချုပ်ငြိမ်းလေ၏၊ သောတာပန်ပုဂ္ဂိုလ်သို့ရောက်လေ၏၊ စိတ်၏ဒုက္ခလက္ခဏာကို ပိုင်နိုင်စွာ ထင်မြင်ကြသည်ရှိသော် စိတ်သည် သတ္တဝါတို့မှာ အထွတ်အမြတ်မင်္ဂလာ သဖွယ်သာ သုခကြီး စင်စစ်ဖြစ်၏ဟူ၍ သာယာစွဲလမ်းသော တဏှာမာန တို့နှင့်တကွကိလေသာအလုံးစုံတို့သည် မဂ်လေးပါး အစဉ်အတိုင်း ချုပ် ငြိမ်းလေကုန်၏။

ရဟန္တာအဖြစ်တိုင်အောင် ရောက်နိုင်ကြကုန်၏၊ ဤသို့လျှင် ရှေးဦးစွာ သက္ကာယဒိဋ္ဌိကို အကြွင်းမဲ့ပယ်ခြင်းသည်လည်းကောင်း၊ နောက်၌ မဂ်သုံးပါးအစဉ်အားဖြင့် အလုံးစုံသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်ခြင်းသည်လည်းကောင်း၊ ပဟာနပရိညာမည်၏၊ ဤသို့လျှင် 'ဝိညာဏေ ဘိက္ခဝေ အာဟာရေ ပရိညာတေ' ဟူသောဒေသနာတော် မြတ်ပါဌ်၌ ဝိညာဏာဟာရဟုဆိုအပ်သော မိမိမိမိတို့၏စိတ်ကို ပရိညာသုံးပါးတို့ဖြင့် ပိုင်းခြား၍ သိပုံပိုင်နိုင်ပုံ အစီအရင်များကို ကောင်း စွာသိကြကုန်ရာသည်၊ ထိုသို့ပိုင်နိုင်စွာ သိမြင်ကြရာ၌လည်း မိမိမိမိတို့၏ စိတ်ကို အနိစ္စအချက် အနတ္တအချက် လက္ခဏာနှစ်ပါးကို ကောင်းစွာ ထင်မြင်ကြသဖြင့် သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်းခြင်းဟူသော ပထမပဟာန ပရိညာသို့ ရောက်ကြကုန်သည်ရှိသော် အလုံးစုံသော လောကီဓမ္မအမွေ လောကုတ္တရာဓမ္မမွေတို့သည် အထက်၌ ပြဆိုခဲ့ပြီးသောအတိုင်း ဘဝ များစွာ ကမ္ဘာအဆက်ဆက်တို့၌ ထိုသူတို့၏ စိတ်သန္တာန်မှာ အစဉ်ထာဝရ မြဲကြလေကုန်တော့သည်။

ဤသို့ ဟောတော်မူအပ်သော ဓမ္မဒါယာဒသုတ္တန် ဒေသနာတော် များကို ကြားနာကြရကုန်သော သူတော်ကောင်းအပေါင်းတို့သည် အနမ တဂ္ဂဘဝသံသရာတို့၌ အစဉ်တွေ့ကြုံခံစားစံစား၍ လာခဲ့ကြကုန်သော အာမိသအမွေ အနှစ်များကို စွန့်ပစ်ပယ်ရှားကြကုန်၍ ယခုဘဝမှစ၍ ပရိနိဗ္ဗာန်စံရာဘဝတိုင်အောင် ဘဝများစွာ ကမ္ဘာအဆက်ဆက်တို့၌ အပါယ်လေးပါး, ကပ်သုံးပါး, အရပ်ပြစ်ရှစ်ပါး, ရန်သူမျိုးငါးပါး, ဝိပ္ပတ္တိ တရားလေးပါး အလုံးစုံသောမိစ္ဆာဒိဋ္ဌိမျိုး အလုံးစုံသော ဒုစရိုက်အမိုက် မျိုးတို့မှ အစဉ်ထာဝရကျွတ်လွတ်အေးငြိမ်းခြင်းသို့ ယခုမျက်မှောက် ရောက်စေနိုင်သော ဓမ္မအမွေ သာသနာ့အမွေများကိုသာ ယခုဘဝ မရမနေ ကြိုးစားအားထုတ်ကြကုန်ရာသတည်း။

---

လယ်တီဝိပဿနာကမ္မဋ္ဌာန်းရှုနည်း

မိမိမိမိတို့၏စိတ်ကို အနိစ္စထင်မြင်နိုင်လျှင် အနတ္တလည်း ထင်မြင် နိုင်တော့သည်၊ ဒုက္ခထင်မြင်မှုမှာမူကား သောတာပန်, သကဒါဂါမ် ဖြစ်သည့်တိုင်အောင် ကောင်းကောင်းကြီး မထင်နိုင်ကြကုန်သေး၊ အနိစ္စ ထင်မြင်နိုင်ရန် အချက်မှာလည်း လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် ဟူသော ဉာတပရိညာနေရာကျပိုင်နိုင်မှ အနိစ္စနေရာကျ ထင်မြင် နိုင်သည်၊ ဉာတပရိညာလေးချက်တွင်လည်း 'အာရမ္မဏ ဝိဇာနနလက္ခဏံ စိတ္တံ'ဟူသော ပထမအချက်သာ လိုရင်းတည်း။

အာရုံကိုသိခြင်းလက္ခဏာဆိုသည်ကား စက္ခုဝိညာဏ်စိတ်ဖြစ်အံ့၊ စက္ခု၌ဆိုက်တိုက်လာသော ထိုထိုအဆင်းသဏ္ဌာန်ကို မြင်ခြင်းအမှု, မြင်ခြင်းကြိယာကိုဆိုသတည်း၊ ထိုမြင်ခြင်းအမှုသည် ပရမတ္ထဓမ္မအားဖြင့် ထင်ရှားရှိသော စက္ခုဝိညာဏ်ခေါ်သော ဓာတ်ပင်တည်း၊ ထိုမြင်ခြင်း ခေါ်ကြသော အမူအရာကြိယာမျိုးတစ်ခုကို စက္ခုပသာဒရုပ်နှင့် မရော မယှက်စေမူ၍ ဉာဏ်ထဲတွင် မိမိရရထင်မြင်နိုင်သည်ရှိသော် စက္ခု ဝိညာဏ်စိတ်ကို လက္ခဏာအားဖြင့် ပိုင်နိုင်စွာသိနိုင်သော ဉာတပရိညာ ဖြစ်၏၊ စက္ခုပသာဒရုပ်နှင့် မရောမယှက်ထင်မြင်ပုံမှာ မှန်ထဲမှာ မျက်နှာ ရိပ်ထင်ရာ၌ မှန်သားတခြား မျက်နှာရိပ်တခြားကဲ့သို့မှတ်၊ မျက်နှာ အမျိုးမျိုးနှင့် ရူပါရုံအမျိုးမျိုးတူစေ၊ မှန်ငယ်နှင့် စက္ခုပသာဒတူစေ၊ မျက်နှာရိပ်နှင့် စက္ခုဝိညာဏ်ခေါ်သော မြင်မှုအမူအရာ ကြိယာဓာတ် သားတူစေ၊ နောက်နောက်ဝိညာဏ်တို့၌လည်း ဤနည်းတူသိလေ။

ကြားသည်ဟူ၍ သိကြခေါ်ကြသော အမူအရာ ဓာတ်ကြိယာ အထူးသည် သောတဝိညာဏ်ပင်တည်း၊ နံသည်ဟူ၍ သိကြ ခေါ်ကြ သော အမူအရာကြိယာအထူးသည် ဃာနဝိညာဏ်ပင်တည်း၊ အချိုအချဉ် စသည်ကိုသိခြင်းဟူ၍ ခေါ်ကြသော အမူအရာဓာတ်ကြိယာအထူးသည် ဇိဝှါဝိညာဏ်ပင်ပေတည်း၊ တစ်ကိုယ်လုံးမှာ အတွင်းအပ ဘယ်ဌာနမှာ မဆို ပူမှန်း အေးမှန်း ထိမှန်း ခိုက်မှန်းသိခြင်းဟူသော အမူအရာဓာတ် ကြိယာအထူးသည် ကာယဝိညာဏ်စိတ်ပင်တည်း၊ နှလုံးတွင်းက ကြံကြ ဖန်ကြ သိကြ တွေးတောကြခြင်း အမူအရာဓာတ်ကြိယာအထူးတို့သည် မနောဝိညာဏ်စိတ်တို့ပင်တည်း၊ ဤအမူအရာဓာတ်ကြိယာခြောက်ပါးကို ရုပ်ခန္ဓာကြီးမှ အသီးအခြားကွက်ခြား၍ ဉာဏ်ထဲတွင် ထင်မြင်နိုင်သည်ကို စိတ်မှာဉာတပရိညာဆိုသတည်း။

ဆရာသမားထံ ကောင်းကောင်းနာခံ၍ယူမှ နေရာတကျ ထင်မြင် နိုင်သောအရာမျိုး ဖြစ်ချေသည်၊ အကြံအဖန် ကောင်းသော သူဖြစ်ခဲ့လျှင် သည့်လောက်ပြောလိုက်လျှင်ပင်ကြံနိုင်၏၊ တစ်ကိုယ်လုံးမှာ တစ်ခုခုသော နေရာ၌ အနာအကျင် အပူအလောင်မခံသာအောင် ထင်ရှားသော ကာယဝိညာဏ်တွေကိုထင်မြင်နိုင်ပြီးမှ ကြွင်းသော ဝိညာဏ်ငါးပါးကို ထင်မြင်အောင်ရှုရသည်။

---

သတိထားရန် မှာထားချက်

ထိုထိုအဆင်းသဏ္ဌာန်ကို မျက်စိဖြင့်မြင်ကြသောအခါ ငါမြင် သည်ဟု ထင်မှတ်စွဲလမ်းမှုသည် သက္ကာယဒိဋ္ဌိ ငရဲမီးတောက်မှုပေတည်း၊ ဓာတ်သဘာဝမျှသာ ဧကန်ရှိသည်၊ တစ်ဘဝလုံး အသက်ရှည်၍ တည် နေသော ငါဟူသည် အဏုမြူမျှမရှိ၊ ဤမြင်ခြင်းအမှု မြင်ခြင်း ကြိယာ သည်ကား ဓာတ်တစ်ခုအသီးသာဖြစ်သည်၊ ငါမဟုတ် ငါဓာတ်ဟူ၍ပင် မရှိ၊ ငါမဟုတ်ကလည်း ငါမြင်သည်မဟုတ်၊ အာရုံထိခိုက်မှုကြောင့် စက္ခုရုပ်ပေါ်မှာ ဖြစ်ပေါ်လာသော အာဂန္တုဓာတ်တစ်ခုသာ ဖြစ်သည်ဟု ထင်လင်းစွာသောဉာဏ်ကား မြတ်စွာဘုရား၏ ဓမ္မအမွေတော် အစစ် တည်း၊ ထိုသက္ကာယဒိဋ္ဌိ ငရဲမီးကို ငြိမ်းစေတတ်သော အမြိုက်ရေကြီး တည်း။

ထိုနည်းအတူ ထိုထိုအသံကို နားဖြင့်ကြားကြသောအခါ ငါကြား သည်ဟုဖြစ်သည်ကား သောတဝိညာဏ်၌စွဲသော သက္ကာယဒိဋ္ဌိ ငရဲမီး တည်း၊ ထိုထိုအနံ့ကို နှာခေါင်းဖြင့် နံကြသောအခါ ငါနံသည် ငါမွှေး သည်ဟုဖြစ်သည်ကား ဃာနဝိညာဏ်၌စွဲသော သက္ကာယဒိဋ္ဌိ ငရဲမီးတည်း၊ ထိုထိုအရသာကို လျှာဖြင့်သိကြသောအခါ ငါချိုသည် ငါချဉ်သည် အစရှိ သဖြင့် ဖြစ်ကြသည်ကား ဇိဝှါဝိညာဏ်၌စွဲသော သက္ကာယဒိဋ္ဌိငရဲမီးတည်း၊ အတွင်းအပဖြစ်သော တစ်ကိုယ်လုံးမှာ ထိုထိုနေရာ၌ ထိမှန်းသိကြ ပူမှန်းသိကြ အေးမှန်းသိကြ နာမှန်းသိကြ ကျင်မှန်း ကိုက်မှန်း ခဲမှန်း ညောင်းမှန်း ညာမှန်း ယားမှန်း ယံမှန်း သိကြသောအခါ ငါသိသည် ငါပူသည် ငါအေးသည်အစရှိသည်ဖြင့် ဖြစ်ကြသည်ကား ကာယဝိညာဏ် ၌စွဲသော ငရဲမီးတည်း။

စိတ်နှလုံးထဲမှာ ထိုထိုအာရုံနှင့် ပေါင်းဆုံ၍ အထွေထွေ အလာလာ ကြံမှုဖန်မှုသိမှုဖြစ်ကြသောအခါ ငါသိသည် ငါကြံသည် ဟုဖြစ်ကြသည်ကား မနောဝိညာဏ်စု၌စွဲသော ငရဲမီးတည်း၊ ကြွင်းသော စကားရပ်စုကို စက္ခုဝိညာဏ်မှာကဲ့သို့ ရှင်းလင်းစွာခွဲခြမ်း၍သိလေ၊ ဤကားဝိညာဏ်ခြောက်ပါး၌ သက္ကာယဒိဋ္ဌိ ငရဲမီးတောက်၍နေမှုနှင့် ထိုငရဲမီးကို ငြိမ်းစေတတ်သော ပညာဟူသော ဓမ္မအမွေတို့ကို ပြဆို ချက်တည်း၊ ဝိညာဏ်ခြောက်ပါးတည်းဟူသောစိတ်၌ ဓမ္မအမွေတော် နည်းပြီး၏။

မိမိမိမိတို့၏စိတ်ကို ပရိညာသုံးပါးဖြင့်ပိုင်း၍ သိနိုင်ကြသည်ရှိသော် လောကီလောကုတ္တရာ နှစ်ဖြာသော ဓမ္မအမွေ သာသနာ့ အမွေတို့ကို ခွင်လုံးပိုင်လေသကဲ့သို့ ထို့အတူ မိမိမိမိမှာရှိနေကြသော ဝေဒနာ စေတသိတ်တစ်ခုကို ပိုင်ခြား၍ သိနိုင်ကြလျှင်လည်း အမွေနှစ်ပါးတို့ကို ယခုဘဝ၌ပင် ခွင်လုံးပိုင်နိုင်သည်သာဖြစ်၏။

မိမိတစ်ကိုယ်လုံးမှာ ထိုထိုနေရာဌာနည ဖြစ်ပေါ်မှု ချုပ်ပျက် သေဆုံးမှုကို ထွေထွေလာလာ ကြံဖန်ထုတ် ဖော်၍ရှုကြရာ၌ စိတ်ကိုထုတ် ဖော်မှုထက် ဝေဒနာဓာတ်ကို ထုတ်ဖော်မှုသည်သာ၍ လွယ်သည်၊ ထင်ရှားသည်။ ဝေဒနာတွင်လည်း ဒုက္ခဝေဒနာသာ၍ လွယ်သည်၊ ထင်ရှားသည်။ ဒုက္ခဝေဒနာဆိုသည်ကား မခံသာအောင် ကျင်နာမှု ဟူသော ဓာတ်ကြိယာကြီးပေတည်း။ ဤနေရာ၌“ယခုနာ၍လာသည်၊ ယခုအနာပျောက်ပြီ” အစရှိသည်ဖြင့် အသစ်အသစ် ယခု ယခုမှ ပျောက် ငြိမ်း ချုပ်သေမှု အလွန်ထင်ရှားသည်။ ကောင်းသည်ဟူ၍ဖြစ်သော သုခဝေဒနာလည်း ထင်ရှားပါ၏။

ဤကား ဝေဒနာ၌ ဝိပဿနာဉာဏ်ပညာတည်းဟူသော ဓမ္မ အမွေ သာသနာ့အမွေဖော်၍ ခံစံမှုကို အရိပ်အမြွက်ပြဆိုချက်တည်း။


ဗုဒ္ဓုပ္ပါဒဒုလ္လဘ တရားတော်

အခန်း (၃)

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော

ဘိက္ခဝေ အပ္ပမာဒေန သမ္ပာဒေထ။ ဒုလ္လဘော ဗုဒ္ဓုပ္ပါ ဒေါ လောကသ္မံ၊ ဒုလ္လဘော မနုဿတ္တ ပဋိလာဘော၊ ဒုလ္လဘာ ခဏသမ္ပတ္တိ၊ ဒုလ္လဘာ ပဗ္ဗဇ္ဇာ။ ဒုလ္လဘံ သဒ္ဓမ္မဿဝနံ။

အင်္ဂုတ္တရအဋ္ဌကထာ၊ သံယုတ်အဋ္ဌကထာ၊ ဇိနာလင်္ကာရဋီကာ အစများစွာသောကျမ်းတို့၌လာသော ပကိဏ္ဏကပါဠိတော်။

ဘိက္ခဝေ=ရဟန်းတို့၊ အပ္ပမာဒေန=မမေ့မလျော့သော သတိ တရားနှင့်၊ သမ္ပာဒေထ=ပြည့်စုံကြကုန်လော့၊ လောကသ္မံ=လောက၌၊ ဗုဒ္ဓုပ္ပါဒေါ=ဘုရားရှင်တို့၏ဖြစ်ပေါ်လာခြင်းသည်၊ ဒုလ္လဘော=ရခဲ၏၊ မနုဿတ္တပဋိလာဘော= လူ၏အဖြစ်ကိုရခြင်းသည်၊ ဒုလ္လဘော=ရခဲ၏၊ ခဏသမ္ပတ္တိ=ကုသိုလ်ဖြစ်ခွင့် ခဏသင့်နှင့် ပြည့်စုံရခြင်းသည်၊ ဒုလ္လဘာ= ရခဲ၏၊ ပဗ္ဗဇ္ဇာ=ရဟန်းအဖြစ်သည်၊ ဒုလ္လဘာ=ရခဲ၏၊ သဒ္ဓမ္မဿဝနံ= သူတော်ကောင်းတရားကိုကြားနာရခြင်းသည်၊ ဒုလ္လဘံ=ရခဲ၏၊ (အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ။ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မံ၊ မနုဿတ္တဘာဝေါ ဒုလ္လဘော လောကသ္မိံ၊ မနုဿတ္တဘာဝေါ ဒုလ္လဘော၊ ဒုလ္လဘာ သဒ္ဓါသမ္ပတ္တိ။ ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော။ သဒ္ဓမ္မဿဝနံ အတိဒုလ္လဘံ။ ဧဝံ ဒိဝသေ ဒိဝသေ ဩဝါဒိ။ ဤသို့လည်း ရွတ်ကြကုန်၏၊)

ဒုလ္လဘတရား ငါးပါး

၁။ ဗုဒ္ဓပ္ပါဒဒုလ္လဘ။

၂။ မနုဿတ္တဒုလ္လဘ။

၃။ သဒ္ဓါသမ္ပတ္တိဒုလ္လဘ။

၄။ ပဗ္ဗဇိတဘာဝဒုလ္လဘ။

၅။ သဒ္ဓမ္မဿဝနဒုလ္လဘ။

ယခုည ဒုလ္လဘတရားငါးပါးထဲက 'ဗုဒ္ဓပ္ပါဒဒုလ္လဘပုဒ်' ကို ထုတ်နုတ်၍ ဟောပြောရလိမ့်မည်၊ ကောင်းစွာ မှတ်သားထားကြ၊ ထို ဗုဒ္ဓုပ္ပါဒဒုလ္လဘဟူသော ဝေါဟာရတံဆိပ်ကြီး၌ နိတတ္ထအနက်, နေယျတ္ထ အနက် နှစ်ချက်ကို သိရမည်၊ နိတတ္ထဆိုသည်ကား ဘုရားအဖြစ်ကိုရမှု လည်းကောင်း၊ နေယျတ္ထဆိုသည်ကား ဘုရားပွင့်သောသာနာခေတ် သမယ၏ လောက၌ အလွန်ကြုံကြိုက်ခဲမှုသည်လည်းကောင်း၊ ၎င်း အနက် နှစ်ချက်ပေတည်း။

ထိုနှစ်ချက်တွင် လောက၌ ဘုရားပွင့်မှုကြုံကြိုက်ခဲပုံမှာ ဘုရား မည်သည် ကမ္ဘာတိုင်းမှာ ပွင့်သည်မဟုတ်၊ မဟာကမ္ဘာကြီးသိန်းသောင်း များစွာခြားပြီးမှ ပွင့်လေသည်၊ ရံခါ၌ မဟာကမ္ဘာကြီးအသင်္ချေခြားပြီးမှ ပွင့်လေသည်၊ ဤကား လောက၌ ဘုရားပွင့်မှု ကြုံကြိုက်ခဲပုံတည်း။ မိမိ၏ဘုရားပွင့်ရာ သာသနာနှင့် ကြုံကြိုက်ခဲပုံကား ဘုရားပွင့် သောအခါ၌မှာပင် အပါယ်စသောအရပ်ပြစ် ရှစ်ဌာနတို့၌ မိမိက ကြုံကြိုက်၍နေသောအခါ အလွန်များချေသည်၊ လောက၌ ဘုရားပေါင်း တစ်ရာပွင့်လို့မှ တစ်ဆူမတွေ့လိုက်ရ၊ ဘုရားပေါင်းတစ်ထောင်ပွင့်၍မှ တစ်ဆူမတွေ့လိုက်ရ၊ ဘုရားပေါင်း တစ်သောင်း တစ်သိန်းပွင့်၍မှ တစ်ဆူမတွေ့လိုက်ရ၊ ဤကဲ့သို့ဖြစ်မှု ရှိပြန်သည်၊ လောက၌ ဘုရားပွင့် ရာသာသနာခေတ် အလွန်ကြုံကြိုက်ခဲလျက်ရှိသည်ထက် မိမိမိမိတို့က ဘုရားပွင့်သာသနာ၌ ကြုံကြိုက်ရာအခွင့်သည် အဆအသင်္ချေ သာ လွန်၍ခက်ခဲပြန်လေသတည်း။

ယခုအခါ ဘာသာမျိုးခြား အစရှိသောသူတို့သည် မြန်မာနိုင်ငံမှာ နေကြကုန်သော်လည်း အရပ်ပြစ်ရှစ်ပါးတွင် အပါအဝင်ဖြစ်ကြကုန်၍ သာသနာတော်၌ ကြုံကြိုက်ကြသူတို့မဟုတ်ကုန်။ နောင်မေတ္တယျဘုရား ပွင့်လတ္တံ့ ရှိသော်လည်း မိမိတွေ့ကြုံရလိမ့်မည်ဟု ထင်စားခွင့်ကားရှိ၏၊ စိတ်ချလက်ချ အားကိုရသည်ကား မဟုတ်။ အဘယ့်ကြောင့်နည်းဟူမူ အနမတဂ္ဂအတိတ်သံသရာ၌ ဂင်္ဂါသဲလုံးမျှမက ပွင့်တော်မူကြပြီးသော ဘုရားတို့ကိုပင် လွတ်အောင်ရှောင်၍ လာကြသေးသည်ကို နောင်တစ်ဆူ တည်းမျှကို ရှောင်လောက်မည်လော။ နောင်မေတ္တေယျ ဘုရားတစ်ဆူကို မဆိုထားဘဲ ဘုရားတစ်ရာကိုပင် လွတ်အောင်ရှောင်ခွင့်ရှိ၏၊ ဧကန္တ မဟုတ်သည်ကို ဧကန္တကဲ့သို့ စိတ်ချလက်ချအားကိုးအားထားပြုခြင်း မည်သည် ပညာသေးလှသော လူပြိန်းရှင်ပြိန်းတို့၏အမှုသာတည်း။ ယခု ဟောပြောခဲ့သော စကားရပ်များသည်ကား ဗုဒ္ဓုပ္ပါဒုလ္လဘ၏ နိတတ္ထ အနက် နှစ်ချက်တည်း။

နေယျတ္ထအနက်မည်သည်ကား ဤလူနတ်ဗြဟ္မာ သတ္တဝါ အပေါင်းတို့မှာ ဘုရားသာသနာတော်နှင့် တွေ့ကြုံမှ လွတ်ငြိမ်းနိုင်သော ဘေးကြီး နှစ်ပါးသည်ရှိ၏၊ ဝိနိပါတဘေးကြီး တစ်ပါး၊ အပါယ်ဘေးကြီး တစ်ပါး နှစ်ပါးတည်း။

ဝိနိပါတဘေးကြီးဆိုသည်ကား ပါရမီအဆောက်အဦး ကြီးကျယ် လှသော အလောင်းတော်များကိုချန်လှပ်၍ ခပ်သိမ်းသော လူသတ္တဝါ အပေါင်းတို့အား လူ့ဘုံလူ့ဘဝမှစုတေမည်ရှိရာ ဘယ်ဘုံကိုငါသွားမည်ဟု မှန်တမ်း ရည်ရွယ်၍ သွားနိုင်သော အခွင့်မရှိ။ သမ္မသကာ ကံချရာ ပေါက်လွှတ်သာ ထားကြရကုန်၏၊ ဤသို့ သေသည် နောက်ကို ရောက် လိုရာရောက် ကျလိုရာကျ ပေါက်လွှတ်ထားကြရသော ဝိနိပါတဘေးကြီး သည် အလွန်ကြောက်ဖွယ်ကောင်းလှ၏၊ စက်ဆုပ်ဖွယ်ကောင်းလှ၏၊ မုန်းဖွယ်ကောင်းလှ၏၊ ရွံဖွယ်ကောင်းလှ၏၊ လန့်ဖွယ်ကောင်းလှ၏၊ ဘုရားအလောင်းတော်ကြီးများပင်လျှင် ဤဝိနိပါတဘေးကြီးကို မလွန်နိုင်သေးသည့်အတွက် အပါယ်ဘုံသို့ အခါခါကျရ ချေသေး၏၊ ထို့အတူ စတုမဟာရာဇ် တာဝတိံသာအစရှိသောနတ်ပြည်ခြောက်ထပ်ရှိ နတ်အပေါင်းတို့သည်လည်း သေသည့်နောက်၌ ပေါက်လွှတ်ကျသွား သည်ချည်းသာတည်း။ ထို့အတူ ရူပဘုံ, အရူပဘုံရှိ ပုထုဇဉ်ဗြဟ္မာတို့ သည်လည်း သေသည့်နောက်၌ ပေါက်လွှတ်ကျသွားသည် တို့ချည်း သာတည်း။ ယခုဟောပြောခဲ့သည်ကား သံသရာ၌ ပုထုဇဉ်အဖြစ်နှင့် ကျင်လည်ကြစဉ်အခါ အလောင်းအလျာ ပညာရှိအပေါင်းတို့သည် အလွန် ကြောက်ကြ စက်ဆုပ်ကြသော ဝိနိပါတဘေးကြီးဟု မှတ်ကြ။ အပါယ်ဘေးကြီးဆိုသည်ကား ဤသတ္တဝါအပေါင်းတို့၏ သန္တာန်မှာ ရှိရှိသမျှသော ရုပ်နာမ်တရားတို့၏အလေ့ကား ပေါက်လွှတ် ထားလျှင်ရေကဲ့သို့ နိမ့်ရာသာသွားမြဲဓမ္မတာဖြစ်၏၊ သတ္တဝါတို့၏ သန္တာန်မှာ ဘဝများစွာ ကမ္ဘာအဆက်ဆက်တွင် သူတော်ကောင်းတရားနှင့် တွေ့ကြုံရသောဘဝကား အလွန်နည်းပါး၏၊ အမှောက်မှောက် အမှားမှား ဖားချင်းစား ငါးချင်းစား နိုင်ရာစား မိစ္ဆာဒိဋ္ဌိကြီးတများများ ဒုစရိုက်တရား အမျိုးမျိုးနှင့်ကုန်ခဲ့ကြသော ဘဝတွေသာ အလွန်များ၏၊ ထိုယခု သူ့သန္တာန်နှင့် ငါ့သန္တာန်ထဲမှာရှိနေကြသော အကုသိုလ် ကံဟောင်းစုနှင့် ကုသိုလ်ကံဟောင်းစုကို နှိုင်းချိန်သည်ရှိသော် အကုသိုလ် ဒုစရိုက်ကံဟောင်း အထုပ်အထည်ဝန်မူကား မြင်းမိုရ်တောင်မက ကြီးကျယ်လျက်ရှိကြကုန်၏၊ ကုသိုလ်သုစရိုက်ကံဟောင်းကား ကျပ်လေး, ဆယ်လေး, ပိဿာလေးများကဲ့သို့ ရှိရာ၏၊ သေသောအခခါ လေးရာ ဖက်သို့သာ စောက်ထိုးသွားမြဲ ဓမ္မတာဖြစ်ကြသည်နှင့်အညီ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်မှ သေသမျှတို့သည် အပါယ်သို့သာစုကြလေကုန်၏၊ အပါယ်သို့တစ်ကြိမ်ကျလျှင် ဘဝတစ်ထောင်နှင့်လည်း သုဂတိဘုံ သို့ပြန်နိုင်သည်မဟုတ်၊ ဘဝတစ်သောင်း တစ်သိန်းနှင့်လည်း သုဂတိဘုံသို့ ပြန်နိုင်သည်မဟုတ်၊ အပါယ်ဘုံ၌ သတ္တဝါတွေပြည့်၍ များ၍ရှိနေကြ ပုံကိုမြော်လေ။

အပါယ်ဘုံနှင့်ထောက်ဆသည်ရှိသော် လူ့ဘုံမှာ လူရှိသည် ဟူ၍ ပင် မပြောလောက်၊ လူ့ဘုံမှန်ကြောင်းကို သက်သေပြရုံ ဘုံစောင့် ကလေးမျှရှိကြကုန်သည်၊ နတ်ပြည် ဗြဟ္မာပြည်တို့မှာလည်း ဤအတူပင်၊ ဤမုံရွာ အလုံမြို့နယ်အတွင်းမှာရှိနေကြသော ခြသတ္တဝါတစ်မျိုးနှင့် ဤစကြဝဠာတွင် လူရှိသမျှ နတ်ရှိသမျှ ဗြဟ္မာရှိသမျှကို နှိုင်းစာလျှင် မုံရွာ အလုံမြို့နယ်၌ရှိသမျှ ခြသတ္တဝါကပင် များပြားရန်ရှိသေးသည်၊ လေးကျွန်းလုံးရှိ ခြသတ္တဝါမှကြွင်းသော အပါယ်သတ္တဝါကို ဆိုဖွယ်မရှိ၊ ဤသို့သော အထင်အမြင်ယုတ္တိကိုသိလေ။

ဤနေရာ၌ ငရဲကြီးရှစ်ပြည်ထောင်နှင့်တကွ အပါယ်၌ခံစားကြ ရသော ဒုက္ခကြီးတွေကို ပြဆိုရမည့် အချက်တည်း။

ငရဲခန်းပြဆိုချက်

* သိဉ္ဇိုဝ်း, ကာလ၊ သံဃာတ၊ ဒွယ ရောရုဝါ။

* တာပန ဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။

၁။ သိဉ္ဇိုဝ်းငရဲကြီး။

၂။ ကာလသုတ်ငရဲကြီး။

၃။ သံဃာတငရဲကြီး။

၄။ ရောရုဝငရဲကြီး။

၅။ မဟာရောရုဝငရဲကြီး။

၆။ တာပနငရဲကြီး။

၇။ မဟာတာပနငရဲကြီး။

၈။ အဝီစိငရဲကြီး။

ဤကား ဇမ္ဗူဒီပါကျွန်း၏ အောက်၌တည်ရှိသော ငရဲကြီး ရှစ်လုံးဟုမှတ်ကြ။

* သောင်းငါးထောင်စီ၊ သင်္ချာညီ၊ ရှစ်လီခြားအကွာ။ လူ့ပြည်မှ အောက်ယူဇနာတစ်သောင်းငါးထောင်အကွာတွင် သိဉ္ဇိုဝ်းငရဲကြီးတည်ရှိ၏၊ ၎င်းအောက် ယူဇနာတစ်သောင်းငါး ထောင်စီကွာခြား၍ ကြွင်းသော ငရဲကြီးခုနှစ်ဘုံတို့သည်လည်း အဆင့် ဆင့်တည်ရှိကြကုန်၏၊ အောက်ဆုံးဖြစ်သော အဝီစိငရဲကြီးသည် သိလာပထဝီမြေပေါ်၌တည်၏၊ အလျားအနံ ယုဇနာတစ်ရာစီနှင်နှင် ရှိကြ၏။

* ဘင်, ပြာ, လက်, သန်၊ အစဉ်ရံ၊ လေးတန် ဥဿဒါ။

ဘင်ပုတ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊ သန်လျက်အရွက် ရှိသော သစ်ပင်တောငရဲဟူ၍ ဥဿဒငရဲကြီး လေးထပ်တည်း။ အနံယူဇနာ တစ်ရာစီရှိကြ၏၊ အရဲကြီးရှစ်ထပ်တို့၏ပြင်ဘက်၌ အတွင်းမှစ၍ အစဉ်အတိုင်း အဆင့်ဆင့်ဝိုက်၍ဝိုက်၍တည်ရှိကြသော ဥဿဒ ငရဲကြီး လေးထပ်တည်း။ ထိုဥဿဒငရဲကြီးတိုပ၏ ပြင်ဘက်တစ်ခွင်၌ ကြိမ်ပိုက် ချောင်းငရဲ၊ လောဟကုမ္ဘီငရဲ အစရှိကုန်သော များသော ငရဲမျိုးတို့သည် ဝန်းရံ၍တည်ရှိကြကုန်၏၊ တစ်ခုတစ်ခုသော ငရဲဘုံကြီးတို့သည် ဇမ္ဗူဒီပါကျွန်းနှင့်အမျှ ယူဇနာတစ်သောင်း စီရှိကြ၏၊ အောက်ဆုံး ဖြစ်သော အဝီစိငရဲကြီး၌ ခံနေကြရကုန်သော သတ္တဝါတို့သည် 'ဝါးကျည် တောက်၌ထည့်၍ထားအပ်ကုန်သော မုန့်ညှင်းစေ့တို့ကဲ့သို့ ထိစပ်ပြည့် နှက်၍ နေကြကုန်၏' ဟုအဋ္ဌကထာကြီးတို့၌ မိန့်ဆိုကြကုန်၏၊ အထက်ငရဲကြီးခုနစ်ဘုံတို့မှာလည်း ထိုနည်းအတူ ပြည့်ကြကုန်သည် ဟုသိရ၏။

ကိုယ်တွင်းမှာ မြဲမီးတောက်၍နေသဖြင့် နှစ်ပေါင်းအသိန်းမက ရပ်တည်မရ ပြေး၍နေသောပြိတ္တာမျိုး၊နှစ်ပေါင်း အသင်္ချေများစွာရှည်၍ ထမင်းတစ်လုပ် ရေတစ်ပေါက်မှ မတွေ့ရသောပြိတ္တာမျိုး အစရှိသဖြင့် မမြင်ဝံ့ မရှုဝံ့ ကြောက်ရွံ့ဖွယ်ရာသော ဒုက္ခကြီးတွေနှင့် နေကြရသော ပြိတ္တာမျိုး အနန္တရှိ၏။

အလွန်ကြီးသောကိုယ်ရှိသည်ဖြစ်၍ အပ်နဖားမျှသော လည် ချောင်းပေါက်ရှိသဖြင့် စားခွင့်သောက်ခွင့်မရ အမြဲဆာလောင်၍ နေရသော ကာလကဉ္စိက အသုရကာယ်မျိုးအစရှိကုန်သော မကြားဝံ့ မနာဝံ့ ကြောက်ဖွယ်ရာသော ဒုက္ခကြီးတွေနှင့် နှစ်ပေါင်းအသင်္ချေ နေကြရသော အသုရကာယ်မျိုး အနန္တရှိ၏၊ ကုန်းတိရစ္ဆာန်အနန္တ၊ ထို့ထက်အဆ အသင်္ချေ တွက်ရေသင်္ချာများလှစွာသော ရေတိရစ္ဆာန် အနန္တရှိ၏။

လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာဘုံဟူသော သုဂတိနှစ်ဆယ့်ခုဘုံတို့မှ သတ္တဝါတစ်ယောက်လျှင် အပါယ်လေးဘုံတို့မှ သတ္တဝါအသင်္ချေကျ ထား၍ နှိုင်းယှဉ်သည်ရှိသော် သုဂတိခုနှစ်ဘုံ၌ သတ္တဝါကုန်လေရာ၏၊ အပါယ်လေးဘုံ၌ရှိသော သတ္တဝါကား မကုန်လေရာ၊ ဤမျှလောက် အပါယ်လေးဘုံသည် အသိုက်အအုံကြီးကျယ်လှ၏၊ အဘယ့်ကြောင့် ဤမျှလောက် အပါယ်လေးဘုံသည် အသိုက်အအုံကြီးကျယ် လှပါသနည်း ဟူမူကား နခသိခသုတ်၊ ကာဏကစ္ဆပေါပမ သုတ်ဒေသနာတို့ဖြင့် ဖြေဆိုရာ၏။

နခသိခသုတ်ဆိုသည်ကား မြတ်စွာဘုရားသည် လက်သည်း တော်ပေါ်၌ မြေမှုန့်တို့ကို တင်ထားတော်မူ၍ ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏၊ 'ချစ်သားရဟန်းတို့၊ မဟာပထဝီမြေကြီးရှိ မြေမှုန့်နှင့် ငါ၏လက်သည်းပေါ်တွင် တင်ရှိသောမြေမှုန့်သည် အဘယ်ကများ သနည်း' ဟုမေးတော်မူ၏၊ 'လက်သည်းပေါ်ရှိ မြေမှုန့်ကား အလွန်နည်း လှပါ၏၊ မဟာပထဝီရှိမြေမှုန့်ကား အလွန်များလှပါ၏' ဟု ရဟန်းတို့က လျှောက်ကြကုန်၏၊ 'ချစ်သားရဟန်းတို့၊ ထိုအတူသာလျှင် တစ်နေ့ တစ်နေ့မှာ သေဆုံးကြကုန်သော သတ္တဝါအပေါင်းတို့တွင် သုဂတိဘုံသို့ ရောက်ကြကုန်သော သတ္တဝါတို့ကား ငါ၏လက်သည်းပေါ်ရှိ မြေမှုန့် ကဲ့သို့ အလွန်နည်းလှကုန်၏၊ အပါယ်ဘုံသို့ရောက်ကြကုန်သော သတ္တဝါတို့ကား မဟာပထဝီမြေကြီးရှိ မြေမှုန့်တို့ကဲ့သို့ အလွန်များလှ ကုန်၏' ဟူ၍ ဟောတော်မူသော ဒေသနာကို နခသိခသုတ်ဆိုသည်။

အပါယ်ဘုံမှနေ၍ လူ့ဘုံသို့ ရောက်ရန်ခဲယဉ်းပုံ

ကာဏကစ္ဆပေါပမသုတ်ကား ရဟန်းတို့ကို ခေါ်တော်မူ၍ 'ချစ်သားရဟန်းတို့၊ မဟာသမုဒ္ဒရာ၌ မျက်စိနှစ်ဘက်အစုံပျက်သော လိပ်ငယ်တစ်ကောင်သည်ရှိရာ၏၊ မဟာသမုဒ္ဒရာရေအတွင်း၌သာ ရောက်မိရောက်ရာ သွား၍နေ၏၊ အနှစ်တစ်ရာမှတစ်ခါ အနှစ်တစ် ထောင်မှတစ်ခါ ရေပေါ်သို့ပေါ်လာ၏၊ ထိုမဟာသမုဒ္ဒရာ၌ပင်လျှင် အပေါက်တစ်ခုသာရှိသော ထမ်းပိုးငယ်တစ်ခုသည် ရှိရာ၏၊ လေဆောင် ရာ လှိုင်းဆောင်ရာ လေးမျက်နှာ ရှစ်မျက်နှာ မျောပါလွင့်ပါ၍နေ၏၊ အနှစ်တစ်ရာ နှစ်တစ်ထောင်မှတစ်ခါသာ ပေါ်သောလိပ်ငယ်၏ ဦးခေါင်းသို့ ထိုထမ်းပိုးငယ် အပေါက်၌ စွပ်မိနိုင်ရာသော အခွင့်သည်ရှိ ရာ၏လော'ဟု မေးတော်မူ၏၊ စွပ်မိနိုင်ရာသော အခွင့်မရှိပါ၊ သို့သော် လည်း ကပ်ကမ္ဘာမည်သည် အလွန်ရှည်ကြာလှသည်ဖြစ်၍ လိပ်ငယ် လည်း မသေမပျောက်ပါမူကား ထမ်းပိုးပေါက်လည်း မပုပ်မဆွေးပါမူကား တစ်ရံတစ်ခါ စွပ်မိနိုင်ရာသော အခွင့်ရှိရာပါ၏' ဟု လျှောက်ကုန်၏။

'ချစ်သားရဟန်းတို့၊ လိပ်ကန်းထမ်းပိုးစွပ်မိရာသော အခွင့်သည် အလွန်လွယ်လှသေး၏၊ ဤသုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျ ရောက်လေသောသူ၏ ဤသုဂတိဘုံသို့ တစ်ဖန်ပြန်ပေါ်လာရန် အခွင့် သည် ထိုထက်အဆ အရာမက အဆအထောင်မက ခဲယဉ်းလှ၏၊ အဘယ့်ကြောင့်နည်းဆိုသော် တရားကိုကျင့်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပြုခြင်းဟူသော သုစရိုက်မှုမျိုးဟူ၍ အပါယ်ဘုံ၌မရှိ၊ နိုင်ရာနိုင်ရာ သတ်ဖြတ်ညဉ်းဆဲ၍ စားသောက်ခြင်း အစရှိသောဒုစရိုက်မှုတို့သည် အပါယ်ဘုံ၌ရှိ၏၊ ကုသိုလ်မှန်း၊ အကုသိုလ်မှန်းပင်မသိကြ၊ အသက်ရှည် သမျှကာလ ပတ်လုံး ဒုစရိုက်မှု ဒုက္ခမှုတို့နှင့်သာနေကြရကုန်၏၊ ထို့ကြောင့် တစ်ဘဝထက်တစ်ဘဝ မြှုပ်၍မြှုပ်၍သာ သွားကြကုန်၏၊ နစ်၍နစ်၍ သာလျှင် သွားကြကုန်၏၊ ထို့ကြောင့် ထိုလိပ်ကန်း ထမ်းပိုးစွပ်မိမှုထက် ဤသုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်လေသောသူ၏ ဤသုဂတိဘုံသို့ ပြန်လာရန်အခွင့်သည် အဆအရာမက အဆအထောင် မက ခဲယဉ်းလှ၏'ဟု ဟောတော်မူသောဒေသနာသည် ကာဏကစ္ဆ ပေါပမ သုတ်မည်၏။

ဤသုတ်၌ကား အပါယ်ဘုံမှာ တစ်ဘဝထက်တစ်ဘဝ ဝန်လေး ၍ ဝန်လေး၍သွားသော အကုသိုလ်အသစ်အသစ်တို့ အတွက်နှင့် တစ်ဘဝထက်တစ်ဘဝ မြုပ်၍မြုပ်၍သာ သွားသဖြင့် သုဂတိဘုံသို့ တစ်ဖန်ပြန်လာခွင့်ခဲယဉ်းမှုကို ဟောတော်မူသည်။

အဋ္ဌကထာကြီးတို့၌မူကား 'အနမတဂ္ဂသံသရာ၌ ကျင်လည်၍ နေကြကုန်သော သတ္တဝါအပေါင်းတို့အား သူတော်ကောင်းတရားနှင့် ပြည့်စုံစွာဖြစ်ရသောဘဝသည် အလွန်နည်းပါးလှ၏၊ ဘဝတစ်သောင်း ဘဝတစ်သိန်းမှာ တစ်ခါတစ်ခါ မကြုံကြိုက်ရ၊ တစ်ဘဝလုံး တစ်ဘဝလုံး ဒိဋ္ဌိဒုစရိုက်အမိုက်အမှားတို့နှင့်ကုန်ခဲ့ရသော ဘဝတွေသာ များလှကုန်၏၊ တစ်ဘဝတစ်ဘဝတွင်ပင် ဒိဋ္ဌိဒုစရိုက် အမိုက်ကံပေါင်း အနန္တ အနန္တ ဖြစ်ပွါးကြ၏၊ သေသည်၏အခြားမဲ့၌ကား တစ်ကံတစ်ကံသည်သာ အကျိုးပေးခွင့်ရ၏၊ ဘဝတိုင်းဘဝတိုင်းတို့က ကျန်ရှိသော ဒိဋ္ဌိဒုစရိုက် ကံဟောင်းတို့သည် မိမိတို့ အကျိုးပေးခွင့်မရသေးသမျှ ကာလပတ်လုံး အနမတဂ္ဂသံသရာ၌ သတ္တဝါတို့သန္တာန်မှာ ဖြစ်လေရာရာ အစဉ်လိုက် ပါ၍နေကြကုန်၏၊ အပါယ်ဘုံမည်သည် အကုသိုလ်တို့၏ ဌာနပေတည်း၊ အပါယ်ဘုံသို့ တစ်ကြိမ်ကျလေသည်ရှိသော် ထိုကံဟောင်းတို့သည် ကောင်းကောင်းကြီးအခွင့်ရကြကုန်၏၊ တစ်ကံလျှင်တစ်ဘဝ၊ တစ်ကံလျှင် တစ်ဘဝ ဆက်ခါဆက်ခါ ပေးခွင့်ရကြကုန်၏၊ ထိုကံဟောင်းတို့ အတွက်နှင့် တစ်ဘဝထက်တစ်ဘဝ မြှုပ်၍ မြှုပ်၍သွားသဖြင့် မဟာအဝီစိ သို့ဆိုက်လေ၏၊ မဟာအဝီစိမှအောက်၌ ငရဲဘုံဟူ၍မရှိသောကြောင့် မဟာအဝီစိမှာစုမိ ကြ၏၊ ဤကဲ့သို့ တစ်ခုသောကံငယ်နှင့် အပါယ်သို့ကျ လေရာ ရှေးကံဟောင်းတွေဆက်လက်မှုကြောင့် မဟာအဝီစိတိုင် အောင်မြုပ်လေ၍ မဟာအဝီစိမှာ ထပ်ခါထပ်ခါဖြစ်၍နေရသဖြင့် ကမ္ဘာပျက်မှပင် အဝီစိငရဲမှကျွတ်လွတ်နိုင်ကြမည့် သတ္တဝါအပေါင်းတို့ သည် ယခုအခါ မဟာအဝီစိငရဲဘုံမှာ အသင်္ချေယျ အနန္တရှိကြကုန်၏ ဟူ၍ ဖွင့်ဆိုကြကုန်၏။

ဤအဋ္ဌကထာကြီး၌ကား သုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျ ရောက်လေသောသူ၏ ရှေးရှေးသော အကုသိုလ်ကံဟောင်းတွေ အတွက် နှင့် တစ်ဘဝထက် တစ်ဘဝ မြှုပ်၍ မြှုပ်၍သာသွားကြသဖြင့် သုဂတိ ဘုံသို့ တစ်ဖန်ပြန်ခွင့် ခဲယဉ်းမှုကို ဖွင့်ဆိုကြပေကုန်၏။

ပထမသုတ္တန်၌ တစ်နေ့ တစ်နေ့လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေ တည်နေကြသူ အသင်္ချေယျ အနန္တများပြားလှသည်ကို ပြတော်မူ၏၊ ဒုတိယသုတ္တန်၌ သုဂတိဘုံမှ အပါယ်ဘုံသို့ တစ်ကြိမ်ကျရောက်ခဲ့လျှင် အပါယ်ဘုံမှာ အဆင့်ဆင့်ဖြစ်ပွါး၍သွားသော အကုသိုလ်ကံသစ်တို့ အတွက် သုဂတိဘုံသို့ တစ်ဖန်ပြန်ရောက်ခွင့် ခဲယဉ်းသည်ကို ပြတော်မူ၏။

အဋ္ဌကထာကြီးတို့၌ကား ရှေးရှေးသောဘဝအဆက်ဆက်တို့က အစဉ်ပါရှိ၍နေကြသော ကံဟောင်းတို့အတွက် သုဂတိဘုံသို့ တစ်ဖန်ပြန် ရခွင့် ခဲယဉ်းမှုကို ပြတော်မူ၏။

အလုံးစုံသော ပါဠိ, အဋ္ဌကထာ, ဋီကာသုံးရပ်ကို စပ်ဟပ်နှီး နှော၍ပြောဆိုလိုသော် 'အပါယ်ဘုံမည်သည်' ဝင်ပေါက်သာရှိ၏၊ ထွက် ပေါက်မရှိ၊ ကျပေါက်သာရှိ၏၊ တက်ပေါက်မရှိ၊ မြုပ်ပေါက်သာရှိ၏၊ ပေါ်ပေါက်မရှိ၊ စုန်ပေါက်သာရှိ၏၊ ဆန်ပေါက်မရှိ'ဟု ဆိုထိုက်၏၊ ဤ နည်းကို အတိတ် အနာဂတ် အနမတဂ္ဂသံသရာတစ်ခွင်လုံး စကြဝဠာ အနန္တလုံးမြော်မြင်ကြလေ။

ဆဂတိဒီနီကျမ်းလာ ငရဲခန်းကြီးပြဆိုချက်

* ဘုံတွင်ဘုံဆိုး၊ ငရဲအိုးကား၊ သိဉ္ဇိုဝ်းသမုတ်၊ ကာလ သုတ်က၊ သင်္ဃာတနှင့်၊ ရောရုဝမဟာ၊ ရောရုဝါက၊ တာပန္နတသွန်၊ တာပန်မည်ရှိ၊ အဝီစိဟု၊ တွင်ဘိ ပညတ်၊ ဤရှစ်ရပ်ကို၊ ကြပ်ကြပ်အမြဲ၊ လွတ်အောင်ခဲ။

- ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တာပန္နငရဲ၊ မဟာတာ ပန္နငရဲဆိုလိုသည်၊ ဤကားငရဲကြီးရှစ်ထပ် မှတ်ဖွယ် တည်း။

* လေးထပ်မျက်နှာ၊ ဝန်းရံကာလျက်၊ ညှီစွာစက်ဆုပ်၊ ဘင်ပုပ်, ပြာပူ၊ ပြောထူပြည့်နှက်၊ သန်လျက်, တောင် ခေါင်း၊ ကြိမ်ပိုက်ချောင်းနှင့်၊ ပေါင်းသော်မှန်စွ၊ တစ်ရာ့နှစ်ဆယ်၊ စွန်းကယ်ရှစ်ခု၊ ငရဲစုကို၊ ဒုစရိုက်မင်း၊ လွတ်အောင်းကွင်း။

ဤကား ငရဲကြီးရှစ်ထပ်တို့တွင် တစ်ထပ်တစ်ထပ်၌ ဥဿဒ ရက်ငရဲငယ် တစ်ဆယ့်ခြောက်ထပ်ပြားကြောင်း မှတ်ဖွယ်တည်း။ လူ့ပြည်မှသည် ယူဇနာတစ်သိန်းနှစ်သောင်းရှိသော အောက်မြေအရပ်၌ အဝီစိငရဲကြီးတည်၏၊ အထက်ကိုအဆင့်ဆင့်တည်း၏၊ တစ်လုံးနှင့် တစ်လုံးအကြား ယူဇနာတစ်သောင်းငါးထောင်ကွာ၏၊ အဝီစိငရဲအတွင်း ၌ အလျားယူဇနာတစ်ရာ၊ အနံယူဇနာတစ်ရာ၊ အစောက်ယူဇနာ တစ်ရာ၊ ပြင်အပ မီးလျှံလေးမျက်နှာ၊ လေးမျက်နှာ သံတံတိုင်း၊ အထုကိုးယူဇနာ၊ သံတံတိုင်း၏ မြေအဖုံး သိမ်းဆည်းရာအရပ် ငါးဆယ့်လေးယူဇနာ ရှိလေသည်။

ဘင်ပုပ်ငရဲငယ်ယူဇနာလေးရာ၊ ပြာပူငရဲငယ်တစ်မျက်နှာ ယူဇနာသုံးရာစီဖြစ်၍ လေးမျက်နှာအားဖြင့် ယူဇနာ တစ်သောင်းနှစ်ရာ၊ သန်လျက်ငရဲငယ် ထက်ဝန်းကျင်ယူဇနာလေးရာ၊ ကြိမ်ပိုက်ငရဲငယ် ယူဇနာလေးရာ၊ ကြိမ်ပိုက် ချောင်းငရဲငယ် ကမ်းနှစ်ဖက် ဘင်ပုပ်သွားခရီး ယူဇနာနှစ်ရာ၊ ထက်ဝန်းကျင် အလျားအနံငရဲငယ်နှင့်တကွ အဝစိငရဲ ယူဇနာတစ်သောင်း၊ ဇမ္ဗူဒီပါ၊ တာဝတိံသာ၊ အသုရာပြည် သောင်းလေး ရပ်မှတ်လေ၊ ကြွင်းသောငရဲကြီးတို့သည်လည်း အတွင်းယူဇနာတစ်ရာ စီချည်း။

လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံမှ စုတေကြကုန်သော ပုထုဇဉ်သတ္တဝါ တို့သည် သေသောအခါ၌ ဝိနိပါတဘေးကြီး ကပ်တိုက်၍ ချလိုက်၏၊ အဘယ်သို့ရောက်ကြရာ နှစ်ပေါင်းများစွာ ဘဝပေါင်းများစွာ အပါယ်ဘေး ကြီးကို ခံကြရ၏၊ ဤဘေးကြီးနှစ်ပါးကို လူ နတ် ဗြဟ္မာ သတ္တဝါတို့သည် လွတ်ငြိမ်းအောင် မတတ်နိုင်ကြ၊ ငုတ်တုတ်ခံနေကြရကုန်၏၊ “သင်သည် သေသည်နောက် ဘယ်ဘုံမှာဖြစ်မလဲ” ဟု မေးခဲ့လျှင် “ဘယ်မှာသိ နိုင်မလဲ၊ ကံပြစ်ချရာဖြစ်ရမှာပ” ဟု ဘယ်သူမဆို ပြောကြလတ္တံ့။ အလွန် ကြောက်ဖွယ်ကောင်းသော ဘေးကြီးတည်း၊ ကြားဝံ့ဖွယ်မရှိသော ဘေးကြီးတည်း။ ငုတ်တုတ်ခံနေကြရပုံ သက်သေတည်း။

ဉာဏ်ပညာနှင့် ပြည့်စုံကြကုန်သော အလောင်းအလျာ လူပညာရှိ, နတ်ပညာရှိ, မိန်းမပညာရှိ,ယောကျ်ားပညာရှိတို့သည် သံသရာတွင် ပုထုဇဉ်တို့၌ ဖြစ်လေရာရာ ဘဝမကွာထက်ကြပ်ပါ၍ ရှေ့ကဆီးဆီးကာ အမြဲရှိ၍နေသော ထိုကြောက်ခွင့်ကြီးနှစ်ပါးကို မြင်ကြကြောက်ကြ စက်ဆုပ်ကြကုန်သော်လည်း ပျောက်ငြိမ်းအောင် မကြံဆောင်နိုင်ကြကုန် သောကြောင့် သဗ္ဗညုမြတ်စွာဘုရားပွင့်ရာ သာသနာကို လွန်စွာတောင့်တ ကြရကုန်၏။

ဒါနကိုပြု၍ ဘုရားကို တောင့်တကြရကုန်၏၊ တတ်အားသမျှ ပုညကြိယာကိုပြု၍ ဘုရားကို တောင့်တကြရကုန်၏၊ သီလကိုပြု၍ ဘုရားကိုတောင့်တကြရကုန်၏၊ ပါရမီကိုဖြည့်၍ ဘုရားကို မြော်ကြရ ကုန်၏၊ ဘုရားနှင့်တွေ့မှ ဘုရားသာသနာနှင့်တွေ့ ထိုဘေးကြီးနှစ်ပါး၏ လက်တွင်းက ကျွတ်လွတ်နိုင်မည်ကို သိကြကုန်၏ ယောကျ်ားဖြစ်ခဲ့လျှင် ဘုရားသာသနာတော်ဖြစ်ရမှ ထိုဘေးကြီးနှစ်ပါး၏ လက်တွင်းက ကျွတ်လွတ်နိုင်မည်ကို သိကြကုန်၏၊ မိန်းမဖြစ်ခဲ့လျှင် ဘုရားသမီး တော်ဖြစ်ရမှ ထိုဘေးကြီးနှစ်ပါး၏ လက်တွင်းက ကျွတ်လွတ်နိုင်မည်ကို သိကြကုန်၏။

ထိုသို့သိကြသောကြောင့် ဘဝများစွာ ကမ္ဘာဘာတို့၌ အခွင့်ရ တိုင်း ရတိုင်း ပါရမီသမ္ဘာရတို့ကို တတ်အားသမျှ ဆည်းပူး၍ ဘုရား, တရား, သံဃာ, သာသနာကိုသာ တစ်မျှော်တည်းမျှော်၊ တစ်တောင့်တ တည်း တောင့်တကြရကုန်၏ ထိုသို့တောင်းတကြရသည့်အတိုင်း မြတ်စွာ ဘုရား၏သာသနာတော်ကို ကြည်ညိုတတ်သော ဗုဒ္ဓဘာသာအမျိုး၌ ဖြစ်ကြပြီးလျှင် ထိုက်သည့်အားလျော်စွာ မြတ်စွာဘုရား၏ သားတော်ကြီး, သားတော်လတ်, သားတော်ငယ်, သမီးတော်ကြီး, သမီးတော်လတ်, သမီးတော်ငယ်အဖြစ်သို့ရောက်ကြကုန်သောအခါ ထိုဘေးကြီးနှစ်ပါးမှ အပြီးလွတ်ငြိမ်းကြလေကုန်၏၊ ဤဘေးကြီးနှစ်ပါးမှ အပြီးလွတ်ငြိမ်းမှုကို ပဓာနပြ၍ ဗုဒ္ဓုပ္ပါဒ ဒုလ္လဘဟူသော ဝေါဟာရတံဆိပ်တော်ကြီးသည် လောက၌ဖြစ်ထွန်းလျက်ရှိသတည်း။

သားတော်ဖြစ်ရမှု သမီးတော်ဖြစ်ရမှု ထိုဘေးကြီးနှစ်ပါးငြိမ်းမှုဆို သည်ကား သက္ကာယဒိဋ္ဌိချုပ်ငြိမ်းသည်နှင့် တပြိုင်နက် သားတော်အဖြစ် သမီးတော်အဖြစ်သို့လည်းရောက်ကြလေကုန်၏၊ ထိုဘေးကြီး နှစ်ပါး လည်း အပြီးလွတ်ငြိမ်းကြကုန်၏။

သက္ကာယဒိဋ္ဌိချုပ်ငြိမ်းလျှင်ပင် အဘယ်သို့သားတော်အဖြစ် သမီးတော်အဖြစ်သို့ ရောက်ကြလေကုန်သနည်းဟူမူကား ခန္ဓာငါးပါး တို့တွင် စိတ်ဟူသော ဝိညာဏက္ခန္ဓာတစ်ခု၌ အနတ္တလက္ခဏာ ကောင်း ကောင်းထင်လျှင်ပင် သက္ကာယဒိဋ္ဌိချုပ်ငြိမ်း၏၊ သို့မဟုတ် ဖဿ စေတသိက် တစ်ခု၌ သို့မဟုတ်ဝေဒနာစေတသိက်တစ်ခု၌ သို့မဟုတ် သညာစေတသိက်တစ်ခု၌ သို့မဟုတ် စေတနာစေတသိက်တစ်ခု၌ အနတ္တလက္ခဏာ ကောင်းကောင်း ထင်လျှင်ပင် သက္ကာယဒိဋ္ဌိချုပ်ငြိမ်း၏၊ အနတ္တလက္ခဏာကောင်းကောင်းထင်မှုမည်သည် အနိစ္စလက္ခဏာ ကောင်းကောင်း ထင်လျှင် အနတ္တလက္ခဏာထင်မှုကိစ္စပြီး စီးလေတော့ သည်။

သက္ကာယဒိဋ္ဌိရှိသေးသမျှ ကာလပတ်လုံး အလုံးစုံသော ဒုစရိုက် ကံဟောင်း ဒုစရိုက်ကံသစ်တို့သည် ရှိနေကုန်တော့သည်။ အလုံးစုံသော ကိလေသာတို့သည် အမြဲရှိ၍နေကုန်တော့သည်။ အလုံးစုံသော အပါယ်ဘေးတို့သည် စိတ်သန္တာန်မှာအမြဲပါရှိ၍ နေကုန်တော့သည်။ ထိုသို့ပါရှိ၍နေသောသူသည် ပုထုဇဉ်မည်၏၊ ပုထုဇဉ်အဖြစ်သည် ဘုံအသီးအခြားတည်း။ ပုထုဇဉ်ဘုံတည်း။ အယုတ်အညံ့ဘုံ မကောင်း ဆိုးဝါးဘုံ အညစ်အညမ်းဘုံ ဆိုလိုသည်။

ပုထဂေဝါ ယံဇနောတိ ပုထုဇ္ဇနော။

အယံဇနော=ဤသူအပေါင်းကား။ ပုထဂေဝ=အသီးအခြားသော အရိုင်းအစိုင်းမျိုးတည်း။ ဣတိတသ္မာ=ထို့ကြောင့်။ ပုထုဇ္ဇနော=ပုထုဇဉ် မည်၏၊ လောက၌ နတ်အမျိုးမျိုးတို့တွင် လူသားအစိမ်းကိုစားသော ဘီးလူး အမျိုးမျိုးတို့တွင် အစိမ်းစားဘီလူးမျိုး, သရဲမျိုး, သဘက်မျိုး, မကောင်းဆိုးဝါးမျိုး ဆိုသကဲ့သို့လည်းကောင်းတည်း။

အနတ္တလက္ခဏာနေရာတကျ ထင်မြင်၍ သောတာပတ္တိမဂ်သို့ ရောက်သည်နှင့်တပြိုင်နက် ဒိဋ္ဌိဟူသော ပုထုဇဉ်အစွယ်ကြီးသည် ကျွတ်၍ကျ၏၊ အပါယ်သို့ချရန် စိတ်နှလုံးထဲတွင် အစဉ်ပါရှိ၍နေသော ဒုစရိုက်ကံဟောင်းအနန္တတို့သည် ဒိဋ္ဌိကျွတ်လွတ်ရာ အကုန်အစင်ပါ လေကုန်၏၊ ရှေ့သို့မိုက်မဲသောင်းကျန်းလတ္တံ့သော ဒုစ္စရိုက်ကံသစ် အနန္တတို့သည်လည်း ဒိဋ္ဌိချုပ်ငြိမ်းရာ အကုန်အစင်ပါလေကုန်၏၊ ဤဘဝမှစ၍ နောက်နောက်၌ ကျရောက်ရလတ္တံသော အပါယ် သံသရာ ကြီးသည်လည်း ဒိဋ္ဌိချုပ်ငြိမ်းရာတွင် အကုန်အစင်ပါလေ၏၊ အပါယ် သံသရာကြီး သည်သာမကသေး၊ စည်းစိမ်ချမ်းသာ သေးသိမ်စုတ်နုပ် သော လူ့ဘဝ နတ်ဘဝမျိုး ဘုန်းတန်ခိုး သေးသိမ်သော လူ့ဘဝ နတ်ဘဝမျိုး အကျင့်အမူယုတ်ညံ့ရိုင်းစိုင်းသော လူ့ဘဝ နတ်ဘဝမျိုး အသိအလိမ္မာဉာဏ် ပညာသေးသိမ်သော လူ့ဘဝ နတ်ဘဝမျိုးသို့လည်း ကျရောက်ခြင်းမရှိပြီ။ သေလျှင် မြင့်သည်ထက်မြင့်မြတ်သည် ထက်မြတ် သောဘဝသို့ ဆန်တတ်မှု တစ်လမ်းသာရှိတော့သည်ဖြစ်၍ ပုထုဇဉ်တို့၏ အလားသည် အကုန်လုံး ကွယ်ပျောက်၏၊ ပုထုဇဉ်ဘုံကို လွန်၏၊ ပုထုဇဉ်အနွယ်မှ ကျွတ်လွတ်၏၊ အရိယာဘုံသို့ ရောက်၏၊ မြတ်စွာ ဘုရား၏ သားတော်အစစ် သမီးတော်အစစ်အဖြစ်သို့ရောက်၏၊ ဝိနိပါတ ဘေးကြီးအပြီး လွတ်ငြိမ်း၏၊ အပါယ်ဘေးကြီးအပြီး လွတ်ငြိမ်း၏၊ ထို ဘေးကြီးအပူအလောင်ကြီးနှစ်မျိုးမှ အေးငြိမ်းရာ နိဗ္ဗာန်ကြီးအတွင်းသို့ ရောက်လေ၏၊ ထိုနိဗ္ဗာန်ကြီး အတွင်းမှ မထွက်ရပြီ။

လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ဘဝများစွာကမ္ဘာအဆက်ဆက် ကျင်လည်၍သွားသော်လည်း ထိုနိဗ္ဗာန်ကြီးအတွင်း၌တည်၍သာ ကျင်လည်ရတော့သည်။ နိဗ္ဗာန်ဝပြင်ဘက်သို့ မထွက်ရပြီ။ နိဗ္ဗာန်ပြင်ဘက် သို့ မထွက်ရပြီ ဆိုသည်ကား ကာလကြာညောင်းလှ၍ ထိုအေးငြိမ်းမှုကြီး ပပျောက်၍ သွားပြန်သည်ဟုမရှိပြီ။ ဒိဋ္ဌိပေါ်၍လာပြန်သည်ဟု မရှိပြီ။ အတိတ်ဒုစရိုက်ကံဟောင်းတွေအတွက် ပူရပြန်သည်ဟုမရှိပြီ။ အနာဂတ် ဒုစရိုက် ကံတွေ ဖြစ်လာလတ္တံ့သည်ကို ကြောင့်ကြရပြန်သည်ဟု မရှိပြီ။ အပါယ်ဘေးအတွက် ပူပန်ရပြန်သည်ဟု မရှိပြီ။ ယုတ်နိမ့်ရာသို့ ပေါက်လွှတ်ကျမှုဟူသော ဝိနိပါတဘေး ပေါ်လာပြန်သည်ဟု မရှိပြီ။ ထိုဘေးစုအတွက်ကြောင့် နောက်နောက် ဘုရားကို မျှော်ရ တောင့်တရ ပြန်သည်ဟု မရှိပြီ။ ဘဝများစွာ ကမ္ဘာများစွာ ဆက်ကာဆက်ကာ ကျင်လည်၍သွားသော်လည်း ဘုရားသာသနာတော်ပ,သောဘဝ ပ,သော ကမ္ဘာဟူ၍ မတွေ့ရပြီ။ ဤကား နိဗ္ဗာန်ပြင်ဘက်သို့ မထွက်ရပုံတည်း။

နိဗ္ဗာန်အတွင်း၌တည်၍ ကောင်းမြတ်သော လူ့ချမ်းသာ နတ် ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို ခံစားစံစား၍ သွားရတော့သည်။ ဝဋ်ဒုက္ခ၌ နစ်မွန်းမျောပါသော သတ္တဝါမျိုးမဟုတ်ပြီ။ ဝဋ္ဋနိဿိတသတ္တဝါမျိုး မဟုတ်ပြီ။ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ၌ ဘဝများစွာ ကမ္ဘာအဆက်အဆက် ကျင်လည်၍နေသော်လည်း ဝိဝဋ္ဋဿိတသတ္တဝါမျိုးအနေနှင့် ကျင်လည်ရ တော့သည်။ သံသရာ၌ မျောမှုမဟုတ်ပြီ။ အနုပါဒိသေသနိဗ္ဗာန်သို့ ဆန်တက်ရာ လမ်းစခန်းမှာ ကွန်းထောက်ချနားမှုမျိုးသာ ရှိတော့သည်။ ကွန်းထောက်ချရာ ချရာ ထိုထိုဘဝတို့၌ တွေ့ရှိရာသမ္ပတ္တိတို့ကို ခံစား စံစား၍ သွားမှုသာ ရှိတော့သည်။

လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို အကုန်လုံး မုန်းလှပြီ အားရလှပြီဆိုသောအခါမှ ခန္ဓာငါးပါးကို စွန့်ပစ်၍ အနုပါဒိသေသ နိဗ္ဗာန်သို့ ဝင်လေ၏၊ သောတာပတ္တိမဂ်သို့အဆိုက်တွင် သဥပါဒိသေသ နိဗ္ဗာန်၏အတွင်းသို့ ရောက်လေ၏၊ လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝတွေ အကြွင်းရှိသေးသောကြောင့် အနုပါဒိသေသ နိဗ္ဗာန်အဖို့ ကျန်ရှိ သေး၏၊ နိဗ္ဗာန်ကြီးမှာ အသင်္ခတမဟာနိဗ္ဗာန်ကြီး တစ်ခုတည်းပင်ဖြစ် သည်။ သဥပါဒိသေသအဖို့ အနုပါဒိသေသ အဖို့ဟူ၍ ရောက်သူပုဂ္ဂိုလ်၏ ဘဝအကြွင်းရှိ၊ မရှိအတွက်နှင့်သာ နိဗ္ဗာန်နှစ်ပါးဖြစ်ရလေသည်။

ဒိဋ္ဌိချုပ်ငြိမ်းမှုသည် အသီးအသီးကန့်ကွက်၍ ပြဆိုရန် နယ်အသီး အခြားမရှိပြီ။ ထို့အတူ အတိတ်ဒုစရိုက် ချုပ်ငြိမ်းမှု စသည်တို့သည်လည်း အသီးအသီးကန့်ကွက်၍ ပြရန်မရှိပြီ။ နောက်ဆုံးခန္ဓာ၏ ချုပ်ငြိမ်းမှုလည်း ကန့်ကွက်၍ တစ်ခုအသီးတစ်ပါး ပြဆိုရန်မရှိပြီ။ သက္ကာယဒိဋ္ဌိ ချုပ်ငြိမ်း သည်မှစ၍ နောက်ဆုံးခန္ဓာ ချုပ်ငြိမ်းခြင်းသည် အေးမှုငြိမ်းမှု အဖြစ်ဖြင့် တစ်ပြင်တည်း တစ်ဆက်တည်း တစ်ခုတည်းဖြစ်လေတော့သည်။

ဤကား ဗုဒ္ဓုပ္ပါဒဒုလ္လဘ ဟူသော ဝေါဟာရတံဆိပ်ကြီး၌ လိုရင်း ပဓာနဖြစ်သော နေယျတ္ထအနက်ကို ပြဆိုခန်းတည်း။

ပြဆိုခဲ့ပြီးသော စကားရပ်စု၌ သုဒ္ဓါဝါသငါးဘုံသည် သတ္တဝါသဘုံကိုးဝ ဟောတော်မူရာ၌မပါ။ အဘယ်ကြောင့် မပါသနည်းဆိုသော် ထိုဘုံ၌ရှိသော အနာဂါမ်ဗြဟ္မာတို့သည် အထက်အထက်ဘုံသို့ ရွှေ့ပြောင်း ကျင်လည်မှု ရှိကြကုန်သေးသော်လည်း အရိယာပုဂ္ဂိုလ်မျိုးချည်းဖြစ်၍ ဝိဝဋ္ဋသတ္တဝါမျိုး ဖြစ်ကြပေကုန်သည်။ ထို့ကြောင့် မပါလေသည် ဟူသော အဋ္ဌကထာဟိတ်စကားကိုထောက်၍ အရိယာပုဂ္ဂိုလ်မှန်လျှင် သောတာ ပန်ဖြစ်၍ လူ့ဘုံ, နတ်ဘုံ, ဗြဟ္မာ့ဘုံတို့မှာ ဘဝများစွာ ကမ္ဘာအဆက်ဆက် တက်ဆန်ကျင်လည်မှုရှိသေးသော်လည်း ဝဋ်ကောင်မျိုး မဟုတ်ပေပြီ။ ဝိဝဋ္ဋမျိုးအဖြစ်နှင့် ကျင်လည်မှုသာဖြစ်သည်ဟု ဆိုပေသည်။

သက္ကာယဒိဋ္ဌိချုပ်ငြိမ်းပြီးသောခဏမှစ၍ သဥပါဒိသေသ နိဗ္ဗာန်ကြီး၏အတွင်း၌ ရောက်ဆိုက်တည်နေရလေ၏ ဟူသော အနက် သည် ထင်လည်းထင်ရှား၏၊ ယောင်ကြသူလည်းများ၏၊ ခန္ဓာပရိနိဗ္ဗာန်စံ သောအခါမှ နိဗ္ဗာန်သို့ရောက်သည်ဟု ယောင်ကြသူများ၏၊ မြတ်စွာ ဘုရား၏ သားတော်အဖြစ် သမီးတော်အဖြစ်သို့ ရောက်ကြ၍ ဝိနိပါတ ဘေးကြီး အပြီးလွတ်ငြိမ်းခန်းသို့ ဆိုက်ရောက်သော သူတို့မှသာလျှင် ဗုဒ္ဓုပ္ပါဒဒုလ္လဘကို ကြုံကြိုက်ရသူ မည်လေသည်။


သက္ကာယဒိဋ္ဌိရှင်းတမ်း တရားတော်

အခန်း(၄)

ကျေးဇူးတော်ရှင်

လယ်တီဆရာတော်ဘုရားကြီး ဟောကြားအပ်သော

လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၌ အမြင့်အမြတ် အတတ် အလိမ္မာမှု ကုသိုလ်တရားတို့မည်သည် ထင်ရှားရှိကြကုန်၏၊ အဟုတ် အမှန် အမြင်သန်သော ဉာဏ်မျက်စိမှ ကင်းဝေးကြကုန်သော လူနတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့သည် ထိုအမြင့်အမြတ် အတတ်အလိမ္မာမှု ကုသိုလ်တရားတို့ကို ပုဂ္ဂိုလ်သတ္တဝါပြုကြကုန်၍ 'မည်သည့်လူ မြင့်မြတ်သည်၊ မည်သည့်နတ် မြင့်မြတ်သည်၊ မည်သည့်လူ တတ်သိလိမ္မာသည်၊ မည်သည့်နတ် တတ်သိလိမ္မာသည်'ဟူ၍ သက္ကာယဒိဋ္ဌိတရားဖြင့် မှောက် မှားစွဲလမ်းကြကုန်၏။

ထိုအမြင့်အမြတ် အတတ်အလိမ္မာမှု ကုသိုလ်တရားတို့ကိုပင် ငါပြုကြကုန်၍ သူတစ်ပါးပြုကြကုန်၍ ငါ့ကိုယ်ပြုကြကုန်၍ သူတစ်ပါး ကိုယ်ပြုကြကုန်၍ 'ငါမြင့်မြတ်သည်၊ ငါတတ်သိလိမ္မာသည်၊ သူတစ်ပါး မြင့်မြတ်သည်၊ သူတစ်ပါးတတ်သိလိမ္မာသည်'ဟူ၍ သက္ကာယ ဒိဋ္ဌိတရားဖြင့် မှောက်မှားစွဲလမ်းကြကုန်၏။

ထိုအမြင့်အမြတ် အတတ်အလိမ္မာမူ ကုသိုလ်တရားတို့ကိုပင် မိန်းမပြုကြကုန်၍ ယောကျ်ားပြုကြကုန်၍ 'မည်သည့်မိန်းမမြင့်မြတ်သည်၊ မည်သည့်ယောက်ျားမြင့်မြတ်သည်၊ မည်သည့်မိန်းမတတ်သိလိမ္မာသည်၊ မည်သည့်ယောက်ျားတတ်သိလိမ္မာသည်'ဟူ၍ သက္ကာယဒိဋ္ဌိဖြင့် မှောက် မှားစွဲလမ်းကြကုန်၏။

ထိုအမြင့်အမြတ် အတတ်အသိ အလိမ္မာမှု ကုသိုလ်တရား မည်သည်ကား ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ကြပေကုန်။ အတ္တဇီဝ မဟုတ်ကြ ပေကုန်။ ငါသူတစ်ပါးမဟုတ်ကြပေကုန်။ မိန်းမ, ယောကျ်ား မဟုတ်ကြ ပေကုန်။ စင်စစ်ဧကန် အမှန်အားဖြင့်မူကား ထိုအမြင့်အမြတ် အတတ် အသိအလိမ္မာမှုကုသိုလ်တရားတို့၏ ဖြစ်ပေါ်ရန် ဖြစ်ပွားရန်အကြောင်း တရားတို့နှင့် ပေါင်းဆုံတွေ့ဆုံသောအခါ အခိုက်အလှည့်အားဖြင့် အကြောင်းခွင့်သင့်ရာ လျော်ရာဖြစ် ပေါ်ကာ ဖြစ်ပွားကာနေကြကုန်သော ဓာတ်သဘာဝဓမ္မ သဘောတို့သာတည်း။

ပတိရူပဒေသာဝါသာ သပ္ပုရိသူပနိဿယ အစရှိကုန်သော အကြောင်းတရားတို့နှင့်ကင်းကွာကြကုန်သောအခါ ကွယ်ပပျောက်ဆုံး နေကြကုန်သော ဓာတ်သဘာဝဓမ္မသဘောတို့သာ ဖြစ်ကြကုန်သည်။ ထိုမှတစ်ပါးလည်း ဤလူနတ်ဗြာဟ္မာသတ္တဝါအပေါင်းတို့၌ ဣဿာ မစ္ဆေရ အစရှိကုန်သော မသိမလိမ္မာ အယုတ်အညံ့ အမိုက်အမဲ အကုသိုလ်တရား တို့မည်သည် ထင်ရှားရှိကြကုန်၏။

အဟုတ်အမှန်အမြင်သန်သော ဉာဏ်မျက်စိမှကင်းဝေးကြ ကုန်သော လူနတ်ဗြာဟ္မာ သတ္တဝါအပေါင်းတို့သည် ထိုအယုတ်အညံ့ အမိုက်အမဲမှု အကုသိုလ်တရားတို့ကို ပုဂ္ဂိုလ်သတ္တဝါပြုကြကုန်၍ မည်သည့်လူသည် အကျင့်အကြံ ယုတ်ညံ့သည်။ မည်သည့်လူသည် မိုက်မဲသည်။ မည်သည့် နတ်သည် အကျင့်အကြံ ယုတ်ညံ့သည်။ မည်သည့် နတ်သည် မိုက်မဲသည်ဟူ၍ သက္ကာယဒိဋ္ဌိတရားတို့ဖြင့် မှောက်မှား စွဲလမ်းကြကုန်၏။

ထိုအယုတ်အညံ့ အမိုက်အမဲမှု အကုသိုလ်တရားတို့ကိုပင် မိန်းမ ပြုကြကုန်၍ ယောကျ်ားပြုကြကုန်၍ မည်သည့်မိန်းမ အကျင့်အကြံ ယုတ်ညံ့သည်၊ မည်သည့်ယောက်ျား အကျင့်အကြံယုတ်ညံ့သည်၊ မည် သည့်မိန်းမ မိုက်မဲသည် မည်သည့်ယောက်ျားမိုက်မဲသည်ဟူ၍ သက္ကာယ ဒိဋ္ဌိဖြင့် မှောက်မှားစွဲလမ်းကြကုန်၏။

ထိုအယုတ်အညံ့ အမိုက်အမဲမှု အကုသိုလ်တရားတို့သည်မူကား ပုဂ္ဂိုလ်သတ္တဝါ၊ မဟုတ်ကြပေကုန်။ အတ္တဇီဝ မဟုတ်ကြပေကုန်။ ငါ, သူတစ်ပါး မဟုတ်ကြပေကုန်။ မိန်းမယောကျ်ား မဟုတ်ကြပေကုန်။ စင်စစ်ဧကန်အမှန် အားဖြင့်မူကား ထိုအမိုက်အမဲမှု အကုသိုလ်တရား တို့၏ဖြစ်ပေါ်ရန် ဖြစ်ပွားရန် အပတိရူပဒေသာဝါသ အသပ္ပုရိသူပ နိဿယ အစရှိကုန်သော အယုတ်အညံ့အကြောင်းတို့နှင့် အခွင့်သင့်ရာ လျော်ရာဖြစ်ပေါ်ကာ ဖြစ်ပွားကာနေကြကုန်သော ဓာတ်သဘာဝ ဓမ္မ သဘောတို့သာတည်း။

ထိုမှတစ်ပါးလည်း ဤလူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၌ ကောင်းကျိုးကိုပေးတတ်သည်ဟူ၍လည်း မဆိုရ။ မကောင်းကျိုးကိုပေး တတ်သည်ဟူ၍လည်း မဆိုရ။ ဘဝမဆုံးမီကာလအတွင်း၌သာ ဆောင် ရွက်မွေးမြူကာ နေကြရကုန်သော စက္ခု, သောတ အစရှိကုန်သော တရားတို့သည် ထင်းရှားရှိကြကုန်၏၊ အဟုတ်အမှန် အမြင်သန်သော ဉာဏ်မျက်စိမှ ကင်းဝေကြကုန်သော လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း တို့သည် ထိုစက္ခု, သောတအစရှိကုန်သောတရားတို့ကို ပုဂ္ဂိုလ် သတ္တဝါ ပြုကြကုန်၍ မည်သည့်လူ မည်သည့်အရာဌာနကိုကြည့်သည် ရှုသည် မြှော်သည် မြင်သည်ဟူ၍လည်းကောင်း သက္ကာယဒိဋ္ဌိတရားတို့ဖြင့် မှောက်မှား စွဲလမ်းကြကုန်၏၊ ထိုစက္ခု, သောတ အစရှိကုန်သော တရား တို့ကို ပုဂ္ဂိုလ်သတ္တဝါပြုကြကုန်၍ မည်သည့်လူ မည်သည့် အရာဌာနကို နားထောင်သည် ကြားသည်ဟူ၍လည်းကောင်း သက္ကာယဒိဋ္ဌိတရား တို့ဖြင့် မှောက်မှားစွဲလမ်းကြကုန်၏၊ ထို့အတူ နံမှု, လျက်မှု, တွေ့ထိမှုသိမှု, ကြံဖန်မှုတို့ကိုလည်း 'သူနံသည်၊ ငါနံသည်၊ သူလျက်သည်၊ ငါလျက်သည်၊ သူထိပါးသည်၊ သူကြံဖန်သည်၊ ငါကြံဖန်သည်' ဟူ၍လည်းကောင်း သက္ကာယဒိဋ္ဌိတရားဖြင့် မှောက်မှား စွဲလမ်းကြကုန်၏။

ထိုစက္ခု, သောတအစရှိကုန်သောတရားတို့ကိုပင် မိန်းမပြုကြ ကုန်၍ ယောကျ်ားပြုကြကုန်၍ 'မည်သည့်မိန်းမ မြင်သည်၊ ကြားသည်၊ နံသည်၊ လျက်သည်၊ ထိပါးသည်။ မည်သည့်ယောကျ်ားမြင်သည်၊ ကြားသည်၊ နံသည်၊ လျက်သည်၊ ထိပါးသည်' ဟူ၍ သက္ကာယဒိဋ္ဌိဖြင့် မှောက်မှားစွဲလမ်းကြကုန်၏၊ ထိုစက္ခု, သောတအစရှိကုန်သော တရား တို့မည်သည်ကား ပုဂ္ဂိုလ်သတ္တဝါ မဟုတ်ကြပေကုန်။ အတ္တဇီဝ မဟုတ် ကြပေကုန်။ ငါ, သူတစ်ပါးမဟုတ်ကြပေကုန်။ မိန်းမယောကျ်ား မဟုတ် ကြပေကုန်။

စင်စစ်ဧကန် အမှန်အားဖြင့်မူကား (က) ရှေးရှေး၌ပြုခဲ့ဖူးသော ကုသိုလ်ကံအကုသိုလ်ကံတည်းသော မူလကြောင့်၊ (ခ) တစ်ကိုယ်လုံးကို ပေါင်းနွေး၍ သွေး, သည်းခြေ, လေ, သလိပ်တို့ကို မပုပ်မရိ မသိုးမချဉ် ကြည်လင် ရွှင်လန်းသည်ကိုပြု၍ ကောင်းစွာစောင့်ချုပ် အုပ်ထိန်းကာ နေပေသော ဥသ္မာဓာတ်မီးတည်းဟူးသော အကြောင်း မီးစာနှင့်ကင်း၍ တည်ခြင်းငှါမစွမ်းနိုင်သောမီးကို မပြတ်ထည့်သွင်းသော ထင်းမီးစာသည် ကောင်းစွာ စောင့်ရှောက် ထောက်ပံ့သကဲ့သို့ တစ်ကိုယ်လုံးမှာရှိသော ဥသ္မာဓာတ်မီးနှင့်တကွ ရုပ်ကလာပ်အပေါင်းတို့ကို ကောင်းစွာ စောင့် ရှောက်ထောက်ပံ့ပေကုန်သော တစ်နေ့တစ်နေ့လျှင် နှစ်ကြိမ်နှစ်ကြိမ် မျိုးသွင်းအပ်ကုန်သော အာဟာရလေးပါးတည်းဟူသောအကြောင်း၊ ဤသို့လျှင် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယအစရှိကုန်သော လူခန္ဓာ နတ်ခန္ဓာ ဗြဟ္မာခန္ဓာတရားတို့ ဖြစ်ပွားမြင့်ရှည်တည် နေနိုင်ရန်အကြောင်း တို့နှင့် ပေါင်းဆုံညီညွတ်ကြကုန်သောအခါ ထိုခန္ဓာတရားတို့သည် အခိုက်အလှည့်အားဖြင့် အကြောင်းအခွင့် သင့်ရာလျော်ရာဖြစ်ပေါ်ကာ ဖြစ်ပွားကာနေကြကုန်သော ဓာတ်သဘာဝ ဓမ္မသဘောတို့သာ ဖြစ်ကြ ကုန်၏။

ပဋိသန္ဓေတည်နေသည်မှစ၍ ဘယ်ခဏမဆို ဘယ်နာရီမဆို ထိုထိုအကြောင်းတရားတို့နှင့် ကင်းကွာကြကုန်သောအခါ ထင်းမီးစာ မရှိခဲ့လျှင် မီးလျှံမီးတောက်ခဏချင်း ချုပ်ပျောက်ကွယ်ဆုံးသကဲ့သို့ ခဏချင်းချုပ် ပျောက်ကွယ်ဆုံးကာနေကြကုန်သော ဓာတ်သဘာဝ ဓာတ်သဘောတို့သာ ဖြစ်ကြကုန်၏၊ ဤသို့သောအဓိပ္ပါယ်ကို ကောင်း စွာသိမြင် သက်ဝင် ထိုးထွင်းနိုင်ကြကုန်သည်ဖြစ်၍ မိမိ၏ကိုယ်ခန္ဓာ သူတစ်ပါး၏ကိုယ်ခန္ဓာတို့၌ည သတ္တဝါပုဂ္ဂိုလ်ဟု စွဲဆိုထင်မှတ်၍ နေကြကုန်သော အတ္တဝါဒုပါဒါန်တရား သက္ကာယဒိဋ္ဌိတရားတို့ကို ပယ်ရှားရုပ် သိမ်းချုပ်ငြိမ်းပျောက်ကင်းကြစေခြင်းအကျိုးငှါ 'ကုသလာ ဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ' ဟူသော အဘိဓမ္မာဒေသနာ တော်မြတ်ကိုဟောတော်မူသည်။

ထိုကုသိုလ်, အကုသိုလ်,အဗျာကတ- သုံးပါးတို့သည် အဘယ်သို့ လျှင်ပုဂ္ဂိုလ်သတ္တဝါမဟုတ်၊ ဓာတ်သဘာဝ ဓမ္မသက်သက်တို့သာ ဖြစ်ကြ ကုန်သနည်းဟူမူ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ စိတ်သန္တာန်တွင် ထင်မြင်စွဲမှတ်၍နေကြသော ပုဂ္ဂိုလ်သတ္တဝါမည်သည် အသက်အတိုင်း နေ၍ သေဆုံးသောအခါ တစ်ဘဝလျှင် တစ်ခါသာ သေဆုံးမြဲ ချုပ်ပျက် ကွယ်ပျောက်မြဲဓမ္မတာ ဖြစ်ချေသည်။ တစ်ဘဝတွင်းမှာ အခါခါသေ ဆုံးသည်၊ အခါခါချုပ်ပျက် ကွယ်ပျောက်သည်ဟူ၍ မရှိချေ။ အသိအလိမ္မာဟူသော ကုသိုလ်တရားတို့သည် အကယ်၍ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်မှန်ကန်ငြားအံ့၊ ပုဂ္ဂိုလ်သတ္တဝါသည် တစ်ခုသော ဘဝတွင် အစဉ်မြဲသကဲ့သို့ ချုပ်ပျက်ကွယ်ပျောက်ခြင်းမရှိသကဲ့သို့ ထိုအသိအလိမ္မာဟူသော ကုသိုလ်တို့သည်လည်း အခါခပ်သိမ်းမချုပ် မကွယ်ဘဲ အစဉ်မြဲ၍ နေကုန်ရာသည်။ ကောင်းမြတ်စင်ကြယ်သော အာရုံနှင့်တကွ ကောင်းမြတ်စင်ကြယ်သော အကြံအစည် အသိ အလိမ္မာတို့သည်သာလျှင် ပဋိသန္ဓေတည်နေသည်မှ စုတိကျသည်တိုင် အောင် ခဏမစဲ အမြဲတည်နေကုန်ရာသည်။

ထို့အတူ မကောင်းသော လောဘ ဒေါသ မောဟဟူသော အကုသိုလ်တရားတို့သည် အကယ်၍ ပုဂ္ဂိုလ်သတ္တဝါ ဟုတ်မှန်ကန်ငြားအံ့၊ ပုဂ္ဂိုလ်သတ္တဝါသည် တစ်ခုသောဘဝတွင် အစဉ်မြဲသကဲ့သို့ ထို အကုသိုလ်တရားတို့သည်လည်း အခါခပ်သိမ်း မချုပ်မကွယ်ဘဲ အစဉ်မြဲ၍ နေကုန်ရာသည်။ မကောင်းသော အာရုံနှင့်တကွ မကောင်းသော အကြံအစည်တို့သည် ပဋိသန္ဓေတည်နေသည်မှ စုတိကျသည်တိုင်အောင် ခဏမစဲ အမြဲတည်နေကုန်ရာသည်။ ထိုသို့မူကား မတည်ကြပေကုန်။

တစ်ခုတစ်ခုသောဣရိယာပုတ်အတွင်း၌ပင်လျှင် ကောင်းသော အကြံအစည်ပေါင်း အကြိမ်တစ်ရာ အကြိမ်တစ်ထောင်မက၊ မကောင်း သောအကြံအစည်ပေါင်း အကြိမ်တစ်ရာ အကြိမ်တစ်ထောင်မက ပြောင်းရွှေ့ကြသည်။ ကောင်းသောအကြံအစည်ဖြစ်ပေါ်၍နေစဉ်အခါ မကောင်းသောအကြံအစည်မရှိ၊ မကောင်းသောအကြံအစည် ဖြစ်ပေါ် ၍နေစဉ်အခါ ကောင်းသောအကြံအစည်မရှိ။ ကုသိုလ်စိတ် ဖြစ်ပေါ်၍ နေစဉ်အခါ အကုသိုလ်စိတ်မရှိ။ အကုသိုလ်စိတ်ဖြစ်ပေါ်၍နေသောအခါ ကုသိုလ်စိတ်မရှိ။ ကောင်းစိတ်ကောင်းအကြံအစည် ဖြစ်ပေါ်သောအခါ မကောင်းသောစိတ်မကောင်းအကြံအစည်တို့သည် ချုပ်ပျောက် ကွယ်ပျောက်ကုန်၏၊ မကောင်းစိတ် မကောင်းအကြံအစည်တို့သည် ချုပ်ပျက်ကွယ်ပျောက်သည်မှန်၏။

လူတို့၏ခံတွင်းမှ ပေါ်ထွက်သောစကားသံတို့သည် နောက် နောက်စကားသံ ပေါ်ထွက်သောအခါ ရှေးရှေး စကားသံတို့သည် ချုက်ပျက်ကွယ်ပျောက်ကုန်သကဲ့သို့ ဤအတူ ဟဒယဝတ္ထုတည်းဟူသော ခံတွင်းမှပေါ် ထွက်သောစိတ်တို့သည် နောက်နောက်အကြံအစည် တစ်မျိုးတစ်မျိုးပေါ်ထွက်သောအခါ ရှေးရှေးအကြံအစည် တစ်မျိုး တစ်မျိုးတို့သည် ချုပ်ပျက်ကုန်၏၊ ကွယ်ပျောက်ကုန်၏၊ တိ်မ်တိုက်မှ တလျှပ်လျှပ်ပေါ်ထွက်သော လျှပ်ရောင်တို့သည် နောက်နောက် လျှပ် ရောင်ပေါ်ထွက်သောအခါ ရှေးရှေးအကြံအစည်တစ်မျိုးတစ်မျိုး တို့သည်ချုပ်ပျက်ကွယ်ပျောက်ကုန်၏၊ ဤအတူ ဟဒယဝတ္ထုတည်း ဟူသော တိမ်တိုက်မှပေါ်ထွက်သော စိတ်အကြံအစည်တို့သည် နောက် နောက်အကြံအစည် အမျိုးမျိုးပေါ်ထွက်သောအခါ ရှေးရှေး အကြံအစည် တစ်မျိုးတစ်မျိုးတို့သည် ချုပ်ပျောက်ကုန်၏၊ ကွယ်ပျောက်ကုန်၏။

တိုက်ခန်းအတွင်း၌ မီးရောင်နေရောင်ဖြစ်ပေါ်သည်ရှိသော် အမိုက်မှောင်တို့သည် ချုပ်ပျက်ကွယ်ပျောက်ကုန်သကဲ့သို့ အမိုက် မှောင်ဖြစ်ပေါ်သောအခါ မီးရောင်နေရောင်တို့သည် ချုပ်ပျက်ကွယ် ပျောက်ကုန်သကဲ့သို၊ ဤအတူ ဟဒယဝတ္ထုတည်းဟူသောတိုက်ခန်း၌ ကောင်းသောအကြံအစည်တည်းဟူသော အရောင်အလင်းဖြစ် ပေါ် သည်ရှိသော် မကောင်းသောအကြံအစည်တည်းဟူသော အမိုက်မှောင် တို့သည် ချုပ်ပျက်ကွယ်ပျောက်ကုန်၏၊ မကောင်းသော အကြံအစည် တည်းဟူသော အမိုက်မှောင်ဖြစ်ပေါ်သည်ရှိသော် ကောင်းသောအကြံ အစည်တည်းဟူသော အရောင်အလင်းတို့သည် ချုပ်ပျက်ကုန်၏၊ ကွယ်ပျောက်ကုန်၏။

ဤသို့လျှင် ဖြူစင်သောကုသိုလ်တရားတို့နှင့် မည်းညစ်သော အကုသိုလ်တရားတို့သည် မိုးမှောင်ကြီးစွာကျ၍ အလွန်မိုက်မဲလှသော လဆုတ်ပက္ခ တစ်ဆယ့်ငါးရက် ညဉ့်အခါ၌ အခါခါပျက်သော လျှပ်ရောင် တို့နှင့် အခါခါဖုံးလွှမ်းသောအမှောင်တို့ကဲ့သို့ ဟဒယဝတ္ထုအတွင်း၌ အလှည့်အကြိမ်အားဖြင့် တစ်ခုတစ်ခုသောဣရိယာပုထ်မှာပင် ဖြူစင် သော အကြံအစည်ပေါင်း အကြိမ်တစ်ရာ အကြိမ်တစ်ထောင်မက ပြောင်းရွှေ့လဲလှယ် ကွယ်ပျောက်ချုပ်ကုန်၍နေသည်ကို မိမိမိမိတို့ ကိုယ်မှာပင်အထင်အရှား သိမြင်တွေ့ကြုံကြရကုန်သည်ဖြစ်၍ ထိုဖြူ စင်သော အကြံအစည် မည်းညစ်သောအကြံအစည်တို့သည် အသက် ထက်ဆုံး မချုပ်မကွယ်ဘဲ အမြဲတည်နေသော ပုဂ္ဂိုလ်သတ္တဝါမဟုတ် ကြောင်း၊ အတ္တဇီဝမဟုတ်ကြောင်း ဣတ္ထိပုရိသမဟုတ်ကြောင်းကို သိအပ်ကုန်ရာသည်။

ထိုမှတစ်ပါး စက္ခု, သောတအစရှိကုန်သော အဗျာကတတရား တို့မှာလည်း လောက၌ ပုဂ္ဂိုလ် သတ္တဝါသန္တာန် မချုပ်မပျက် ထင်းရှားရှိ နေပါလျက် စက္ခုချုပ်ပျက်ကွယ်ပ၍နေသောသူကိုလည်း ထင်မြင်ကြ ကုန်၏၊ သောက ချုပ်ပျက်ကွယ်ပ၍နေသောသူကိုလည်း ထင်မြင်ကြ ကုန်၏၊ ဃာနချုပ်ပျက်ကွယ်ပ၍ အနံ့ကိုမျှမသိသောသူ၊ ဇိဝှါချုပ်ပျက် ကွယ်ပ၍ အရသာကိုမျှ မသိသောသူကိုလည်း ထင်မြင်ကြကုန်၏၊ တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ် ပြည့်ဖြိုးသော ပထဝီကာယချုပ်ပျက် ကွယ်ပ၍ အရိုးအရေမျှသာကျန်ရှိသောသူ၊ တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ် ရွှမ်းရွှမ်းစိုသော အာပေါကာယ ချုပ်ပျက်ကွယ်ပ၍ ထင်းချောင်းကဲ့သို့ ခြောက်သွေ့ကုန်ခန်းသောသူ၊ တစ်ကိုယ်လုံး၌ အချမ်းအပူဟူသော တေဇောကာယ အနည်းနည်းပြောင်းလဲချုပ်ကွယ်၍ ရက်ဆက်ရက်ခြား ဖျားနာသောသူ၊ တစ်ကိုယ်လုံး၌ အင်္ဂါကြီးငယ်သို့ လျှောက်သွားသော ဝါယောကာယ ချုပ်ပျက်ကွယ်ပ၍ အထအထိုင် အယူအငင် မစွမ်းနိုင် သောသူတို့ကိုလည်း ထင်မြင်ကြကုန်၏။

ဤသို့လျှင် တစ်ခုသောဘဝ၌ စုတိကမ္မဇရုပ်မချုပ်မှီအတွင်း၌ အချို့သောရုပ်အင်္ဂါတို့၏ အဆုံးတိုင် ချုပ်ပျောက်ကွယ်ပျောက်မှုတို့ကို လည်းကောင်း၊ နွေဥတု, မိုးဥတု, ဆောင်းဥတုအားလျော်စွာ မိမိတို့၏ ကိုယ်တွင်းသန္တာန် သလိပ်သည်းခြေ သွေးဓာတ်လေဓာတ်တို့၏ အသစ် အဟောင်းပြောင်းလဲမှု ချုပ်ကွယ်မှုတို့ကိုလည်းကောင်း၊ ဦးခေါင်း၌ ဖြစ်သောရောဂါမျိုးအနာမျိုး ဝမ်းရင်တို့၌ဖြစ်သောရောဂါမျိုးအနာမျိုး ခြေအင်္ဂါလက်အင်္ဂါတို့၌ဖြစ်သော ရောဂါမျိုး တစ်ကိုယ်လုံး၌ ဖြစ်သော ရောဂါမျိုးအနာမျိုးတို့ကြောင့် တစ်စိတ်တစ်ဒေသသော ကိုယ်အင်္ဂါ အလုံးစုံသောကိုယ်အင်္ဂါတို့၌ မချမ်းသာသော သလိပ် သည်းခြေ သွေး ဓာတ်လေဓာတ်တိ့ု၏ အသစ်အဟောင်းပြောင်းလဲမှု ချုပ်ကွယ်မှုတို့ကို လည်းကောင်း၊ ဦးခေါင်း၌ဖြစ်သော ရောဂါမျိုး အနာမျိုး ဝမ်းရင် တို့၌ဖြစ်သော ရောဂါမျိုးအနာမျိုး ခြေအင်္ဂါလက်အင်္ဂါတို့၌ဖြစ်သော ရောဂါမျိုးအနာမျိုး တစ်ကိုယ်လုံး၌ဖြစ်သော ရောဂါမျိုးအနာမျိုးတို့ကြောင့် တစ်စိတ်တစ်ဒေသသော ကိုယ်အင်္ဂါ အလုံးစုံသောကိုယ်အင်္ဂါတို့၌ မချမ်းသာသောရုပ်တရား၊ ချမ်းသာသောရုပ်တရားတို့၏ အထွေထွေ အနည်းနည်း ပြောင်းလဲချုပ်ကွယ်မှုတို့ကိုလည်းကောင်း၊ လွန်စွာထိုင်ခြင်း, လွန်စွာရပ်ခြင်း, လွန်စွာသွားခြင်း, အပင်အပန်း ထမ်းခြင်း, လုပ် ဆောင်ခြင်းတို့ကြောင့် တစ်စိတ်တစ်ဒေသကိုယ်အင်္ဂါ အလုံးစုံသော ကိုယ်အင်္ဂါတို့၌ မချမ်းသာသောရုပ်တရား, ချမ်းသာသောရုပ်တရားတို့၏ အထွေထွေအနည်းနည်း ပြောင်းလဲ ချုပ်ကွယ်မှုတို့ကိုလည်းကောင်း မသင့်သော အစာအာဟာရတို့ကို မှီဝဲခြင်းတို့ကြောင့် အထွေထွေ အနည်းနည်း ပြောင်းလဲချုပ်ကွယ်မှု ဇရာဒုဗ္ဗလ အရွယ်သို့ရောက်ခြင်း ကြောင့် တောင့်တင်း ရွှင်လန်းသော ရုပ်တရားတို့၏ ကုန်ခန်းချုပ် ကွယ်မှုတို့ကိုလည်းကောင်း၊ ကိုယ်တွေ့မျက်မြင် အထင်အရှား ရှိကြကုန် သည်ဖြစ်၍ ထိုစက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟူသောအဗျာကတ တရားတို့သည်လည်း အသက်ထက်ဆုံးမချုပ်မကွယ်ဘဲ အမြဲတည် နေသောပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်း၊ အတ္တဇီဝ မဟုတ်ကြောင်း၊ ဣတ္ထိပုရိသမဟုတ်ကြောင်းကို သိအပ်ကုန်သည်။

မိမိ မိမိတို့၏ကိုယ်၌ ထိုကုသိုလ် အကုသိုလ် အဗျာကတတရား သုံးပါးတို့၏ ပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်း အတ္တဇီဝမဟုတ်ကြောင်း ဣတ္ထိပုရိသမဟုတ်ကြောင်းကို သိအပ်ကုန်သည်ဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါ အနေနှင့် သာယာစွဲလမ်းသော သက္ကာယဒိဋ္ဌိတရား၊ အတ္တဇီဝအနေနှင့် သာယာစွဲလမ်းသော သက္ကာယဒိဋ္ဌိတရား၊ ဣတ္ထိပုရိသအနေနှင့် သာယာစွဲလမ်းသော သက္ကာယဒိဋ္ဌိတရားကို ပယ်ရှား၍ ထိုကုသိုလ်, အကုသိုလ်, အဗျာကတတရားတို့၏ အထွေထွေ အနည်းနည်း ဖောက်လဲ ဖောက်ပြန်မှုဟူသော အနိစ္စလက္ခဏာကိုလည်းကောင်း ထိုအနိစ္စ လက္ခဏာနှင့်တကွဖြစ်ခြင်းကြောင့် ကြောက်ဖွယ်လန့်ဖွယ် ငြီးငွေ့ဖွယ် ဟူသော ဒုက္ခလက္ခဏာကိုလည်းကောင်း၊ ထိုအနိစ္စလက္ခဏာ ဒုက္ခ လက္ခဏာ နှစ်ပါးတို့နှင့်တကွဖြစ်ခြင်းကြောင့် မိမိတို့၏ကိုယ်အင်္ဂါအနေနှင့် တွယ်တာသိမ်းပိုက်ခြင်းငှါ မထိုက်မတန်ဟူသော အနတ္တလက္ခဏာကို လည်းကောင်း၊ ကောင်းစွာနှလုံးသွင်းကြကုန်ရာသည်။


ပရမတ် ပညတ် ခွဲခြားတရားတော်

အခန်း ( ၅ )

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးဟောကြားဆုံးမတော်မူသော

* စိတ်, စေတသိက်၊ ရုပ်, နိဗ် လေးရပ်၊ ပရမတ်။

* မသမုတ်ဘဲ၊ အဟုတ်ရှိလတ်၊ ပရမတ်။

* အဟုတ်မရှိ၊ သမုတ်ရှိကို၊ ပညတ်ဆို။

အဟုတ်မရှိ၊ သမုတ်ရှိ နှစ်ချက်ကို ခြားနား၍ပြအံ့။ ရွှံ့အိုင် တွင်းမှာရှိသော ရွှံမြေ၌ နူးညံ့မှု-၁၊ ဖွဲ့စေးကပ်တွယ်မှု-၁၊ အေးမှု-၁၊ ပွရွမှု၁၊ မဲညိုမှု-၁၊ ပုပ်နံမှု-၁၊ ငံမှု-၁၊ မျိုသောသူ၏ခန္ဓာကို ထောက်ပံ့သောအဆီ ၁၊ ဤရှစ်ခုကား အဟုတ်ရှိ။ ၎င်းရွှံ့ကိုကြည့်ရှုသောအခါ အပြားအပျဉ် သဏ္ဍာန်ထင်၏၊ ဤသဏ္ဍာန်ကား အဟုတ်ရှိ မဟုတ်။ သမုတ်ရှိသာ ဖြစ်၏၊ ၎င်းရွှံ့ကိုယူ၍ တစ်ခုသော နေရာမှာပုံ၍ထား၊ အဟုတ်ရှိ ဓာတ်ရှိမျိုးကား ရှိမြဲပင်ရှိ၏၊ အပြားအပျဉ်သဏ္ဍာန်ကားမရှိပြီ။ အစုအပုံသဏ္ဍာန် ထင်ရပြန်၏၊ ထိုအစုအပုံသဏ္ဍာန်မှာလည်း အမြင် ထွေပြား၍ စကားခွန်းအလီလီအလာလာဖြစ်ရန် အချက်ဟူသမျှသည် အစိတ်စိတ်သော သဏ္ဍာန်ငယ်စုဖြစ်၍ သဏ္ဍာန်မကြီး သဏ္ဍာန်ငယ်စု အလုံးစုံသည် သဏ္ဌာနပညတ်မည်၏၊ သမူဟပညတ် လည်း ဆိုရ၏။

ထိုရွှံ့အစုအပုံကို လုံးအောင်လုပ်လျှင် အလုံးသဏ္ဌာန်ထင်ပြန်၏၊ ဝန်းအောင်လုပ်လျှင် အဝန်းသဏ္ဌာန်၊ ရှည်အောင်လုပ်လျှင် အရှည် သဏ္ဌာန်၊ ပြားအောင်လုပ်လျှင် အပြားသဏ္ဌာန်၊ သုံးထောင့်လုပ်လျှင် သုံးထောင့်သဏ္ဌာန် လေးထောင့် ငါးထောင့်စသည်လုပ်လျှင် လေးထောင့် သဏ္ဌာန်၊ ငါးထောင့်သဏ္ဌာန် စသည်ထင်ပြန်၏၊ ဉာဏ်ရှိသော သူဆန်း ကြယ်စွာလုပ်လျှင် အနိမ့် အနင်း အမိုအမောက် အကောက်အကွေ့ စသော အရာအထောင် မကသော သဏ္ဌာန်အထူးအထွေ ထင်ရ၏၊ ဤအလုံးစုံသောသဏ္ဌာန်စုသည် အဟုတ်ရှိတစ်ခုမဟုတ်၊ စိတ်သန္တာန်မှာ အထင်အထင်ကိုစွဲ၍ အရှိဖြစ်ရသော သမုတ်ရှိစုချည်းသာတည်း၊ သမုတ်ရှိစုမှာ သဏ္ဌာန်တစ်မျိုးတစ်မျိုးလဲ၍သွားလျှင် ကွယ်ပျောက်၍ ကုန်၏၊ အဟုတ်ရှိ ရှစ်ခုမှာကွယ်ပျောက်သည်ဟူ၍ မရှိ၊ အဟုတ်ရှိရှစ်ခု ကွယ်ပျောက်ခဲ့လျှင် သဏ္ဌာန်ထင်ရန်ပင် မရှိပြီ၊ အကုန်ကွယ်ပ၍ သွားတော့မည်။

တစ်ဖန် ထိုပုံသဏ္ဌာန်ကို ဖျက်၍ နွားရုပ်အသွင်လုပ်ပြန်အံ့၊ အပုံသဏ္ဌာန် အကုန်ကွယ်ပျောက်၏၊ နွားသဏ္ဌာန်ကြီးငယ်စု အကုန် ထင်ပြန်၏၊ ပရမတ္ထတရားတို့မည်သည် ပရမာဏုမြူကို အစိတ်တစ်သိန်း စိတ်၍ တစ်စိတ်စာမျှသဏ္ဌာန်ဟူ၍ မရှိကြ၊ အမူအရာ အခြင်းအရာ ကြိယာမျှသာရှိကြကုန်၏၊ ထို့ကြောင့် အဏုမြူမျှ အကြီးအငယ် အလုံး အပြားသဏ္ဌာန်ထင်လျှင်ပင် ပညတ်မျှသာဖြစ်၏၊ ပရမတ်မဟုတ်၊ အလွန်သေးငယ်လှစွာသော ကမျဉ်းနီခေါ်ကြသောသတ္တဝါ၌ အသဲ နှလုံးမျက်လုံးမျက်ဆန် အစရှိသော အင်္ဂါငယ်စုရှိ၏၊ တစ်ခုတစ်ခုသော အင်္ဂါမှာ အထောင်မကသော ရုပ်ကလာပ်စုရှိ၏၊ ဤသို့ရှိသည်ကို ထောက်၍ ပရမတ္ထဓမ္မတို့၏ သိမ်မွေ့ကြောင်းသဏ္ဌာန်ဟူ၍ အဏုမြူမျှ မရှိကြကြောင်းကို သိအပ်၏၊ နွားသဏ္ဌာန်၌ အကြီးအငယ် သဏ္ဌာန ပညတ်ပေါင်းကုဋေအသိန်းမက များ၏။

ကြည့်ရှု၍ စကားတစ်ခွန်းတစ်ခွန်း ဖြစ်လောက်သော အသွင် သဏ္ဌာန် တစ်ခုတစ်ခုသည် သဏ္ဌာန်ပညတ် တစ်ခုတစ်ခုဟူ၍မှတ်၊ တစ်ဖန်နွားရုပ်သဏ္ဌာန်ကိုဖျက်၍ မြင်းရုပ် ဆင်ရုပ်စသည် အဆင့်ဆင့် လုပ်ရာ၌လည်း ဤနည်းသိလေ၊ ရွှံ့အိုင်တွင်း၌နေသော ရွှံ့အဖြစ်မှစ၍ အရုပ်သဏ္ဌာန် အဆင့်ဆင့်ပြောင်းလဲ၍သွားရာ၌ အဟုတ်ရှိသော ရှစ်ပါးသော အမူအရာစုကား အဆင့်တစ်ရာပင် ပြောင်းလဲသော်လည်း ကွယ်ပျောက်သည် ဖောက်ပြန်သည်ဟူ၍မရှိ၊ အဟုတ်မရှိဘဲ စိတ် သန္တာန်တွင် ထင်ရရုံမျှဖြစ်သော သဏ္ဌာနပညတ်စုမှာမူကား ကွယ်ပျောက် ဖောက်ပြန်လေ၏။

ရှစ်ပါးသောအမူအရာစုမကွယ်ပုံကား- ရွှံ့ခဲသဏ္ဌာန်မှစ၍ အဆင့်ဆင့်လုပ်သမျှ သဏ္ဌာန်မှပင် ရွှံ့အနေ နူးညံ့မှုဟူသော မြေဓာတ် သည် ရွှံ့မာ၍သွားလျှင် အဆင့်ဆင့်ခက်မာမှု ပြောင်းလဲ၍သာလိုက်သည်၊ သဏ္ဌာန ပညတ်ကဲ့သို့ အဆုံးတိုင်ကွယ်ပျောက်၍ မသွား၊ အကယ်၍ မြေဓာတ်သည်အဆုံးတိုင် ကွယ်ပျောက်၍ သွားသည်ဖြစ်အံ့၊ မြေဓာတ် ကွယ်ပျောက်သည်နှင့်တပြိုင်နက် ထိုရွှံ့ခဲသည် မီးတောက်သေပျောက် သကဲ့သို့ ကွယ်ပျောက်လတ္တံ့၊ နူးညံ့သောပထဝီမှ ခက်မာသောပထဝီသို့ အဆင့်ဆင့်ပြောင်းလဲ၍ သွားသည်မှာလည်း ရုပ္ပနလက္ခဏာအားဖြင့် ပြောင်းလဲမှုသာဖြစ်သည်၊ ရှေးရှေးသဏ္ဌာန်စု အကြွင်းမဲ့ကွယ် ပျောက် သကဲ့သို့ မြေဓာတ်နွယ် အကြွင်းမဲ့ ကွယ်ပျောက်သည်မဟုတ်။ ဖွဲ့မှုတွယ် ကပ်မှုဟူသော ရေဓာတ်၊ ပူမှုအေးမှုဟူသော မီးဓာတ်၊ တောင့်တင်း လျော့ရဲ ပွရွမှုဟူသော လေဓာတ်၊ ရွှံ့၏အဆင်းဟူသော ဝဏ္ဏဓာတ်၊ အနံ့ဟူသောဂန္ဓဓာတ်၊ အရသာဟူသောရသဓာတ်၊ ဩဇာဟူသော အဆီဓာတ်၊ ဤဓာတ်ခုနစ်ပါးတို့၏ ရွှံ့သဏ္ဍာန်ပြောင်းလဲရာ အစဉ်ပါ၍ နေကြပုံကိုလည်း မြေဓာတ်နည်း တူသိလေ။ ဤကား ရွှံ့ခဲတစ်ခု၌ အဟုတ်ရှိသောပရမတ်ရှစ်ပါးနှင့် အဟုတ်မရှိသော ပညတ်တရားကို ခြားနား၍ ပြချက်တည်း။

ဤရွှံ့ခဲ၌ အနည်းနည်းပြောင်းလဲ၍ပြချက်မှာ ဉာဏ်အမြင်ရှင်း လင်း၍ သွားအောင်ပြချက်တည်း။ ပြောင်းလဲ၍ပြရာ၌ ပရမတ်နှင့် ပညတ်နှစ်ပါး ဉာဏ်အမြင်ခြားနားခဲ့လျှင် ပြောင်းလဲခြင်းမရှိသော မြင့်မိုရ်တောင်ကြီးမှာပင် ခြားနားစွာမြင်နိုင်လတ္တံ့။ လူ့သဏ္ဌာန်စသည်၌ ဆိုဖွယ်မရှိ။ ဤလူ့သဏ္ဌာန်၌လည်း ဦးခေါင်းသဏ္ဌာန်ကြီးတစ်ခုမှာပင် အစိတ်စိတ်သဏ္ဌာန်ငယ်ပေါင်း အသိန်းမကများပြား၏။

အထက်၌ပြဆိုခဲ့ပြီးသောအတိုင်း အဏုမြူပမာဏ သန်းဥ, သန်းဖျ ပမာဏသဏ္ဌာန်ထင်လာလျှင်ပင် ပရမတ်အစစ် မဟုတ်ပြီ။ ပညတ် အခြင်းအရာသာဖြစ်သည်ဟု သိအပ်၏၊ ပရမတ်အစစ်ကိုသိရ ပုံကား ပရမတ်စကားကို မကြားဖူးသောသူကိုပင် 'ဤဝတ္ထုကိုစမ်းလော့၊ မာသလော၊ ပျော့သလော၊ ကြမ်းသလော၊ နူးညံ့သလော'ဆိုလျှင် စမ်းသပ်၍ မာလျှင်မာသည်၊ ပျော့လျှင်ပျော့သည်၊ ကြမ်းလျှင်ကြမ်းသည်၊ နူးညံ့လျှင်နူးညံ့သည်ဟု ပြောပေလတ္တံ့။ ထိုသို့ပြောသောအခါ ထိုသူ၏ စိတ်သည် ပရမတ္ထပထဝီကို အာရုံပြု၏၊ ပရမတ္ထပထဝီကို သိသော အသိပင်ဖြစ်၏၊ ပရမတ္ထပထဝီကိုပြောသည်ပင်ဖြစ်၏၊ ထိုသို့ဖြစ်သော် လည်း ယခုငါသိသော မာမှု, ပျော့မှု, ကြမ်းမှု, နူးညံ့မှုသည် ပထဝီဓာတ် ခေါ်သော ပရမတ္ထဓမ္မအသီးတစ်ခုဖြစ်၏ဟူ၍ကား ဉာဏ်မလိုက်၊ သဏ္ဌာနပညတ်နှင့် ထိုအမှုစုကို တစ်ခုတည်း တစ်သားတည်းထင်မှတ် သော မိစ္ဆာသညာအတိုင်းသာ မှတ်ထင်လေ၏၊ ပရမတ်ကိုသိသော သူမှသာ ထိုအမှုစုသည်ပထဝီခေါ်သော ဓာတ်အသီး ပရမတ်အသီး ဖြစ်၏ဟုဉာဏ်လိုက်နိုင်သည်။

ထို့အတူ ထိုဝတ္ထု၌ပင်လျှင် ဖွဲ့စည်းပုံ့ကို စမ်းလော့။ ပူသည်အေး သည်ကို စမ်းလော့။ ပွရွသည် မပွရွသည်ကို စမ်းလော့။ ဖြူသည်ညို သည်ကို ကြည့်စမ်းလော့။ အနံ့ကိုနမ်းစမ်းလော့။ အရသာကိုလျှာ နှင့်တို့ရက်၍ စမ်းလော့ဆိုလျှင် စမ်း၍ ပရမတ်ကို အတတ်ပြောပေလတ္တံ့။ ပြောသော်လည်း ဓာတ်အသီးအသီးဟူသော အသိဉာဏ်ကား မလိုက်။ သဏ္ဌာနပညတ်နှင့် ထိုဓာတ်စုကို တစ်ခုတည်း အမှတ်သညာထားလတ္တံ့။ ပရမတ်ကိုသိသောသူမှာသာ ဖွဲ့စည်းမှုကား ရေဓာတ်အသီးတည်း။ ပူမှုအေးမှုကား မီးဓာတ်အသီးတည်း။ ပွမှုရွမှု ထကြွမှုကား လေဓာတ် အသီးတည်း။ အဖြူအညို အဆင်းကား ဝဏ္ဏဓာတ်အသီးတည်း။ အနံ့ကား ဂန္ဓဓာတ်အသီးတည်း။ အရသာကား ရသဓာတ်အသီးတည်းဟု အသိဉာဏ်လိုက်လေသည်။ ဩဇာဟူသောအာဟာရ ဓာတ်ကိုကား ထိုဝတ္ထုကိုမျိုလျှင် အတ္တဘောကို ထောက်ပံ့မှု ရှိပေလတ္တံ့။ ထိုထောက်ပံ့ မှုသည် တစ်ပါးသောဓာတ်တို့၏ အမှုမဟုတ်။ ဩဇာ၏အမှုပေတည်း။ ထိုအမှုသည်ပင် ဩဇာပေတည်းဟုသိလတ္တံ့။ ဤသို့လျှင် တစ်ခုတစ်ခု သော ဝတ္ထုတို့၌ ရှစ်ခု ရှစ်ခုသောအခြင်းအရာတို့ကို ခပ်သိမ်းသော လူတို့သည်ပင် စိတ်၏သိခြင်းဖြင့် သိကြကုန်၏၊ ဉာဏ်၏သိခြင်းဖြင့်သာ မသိကြကုန်။

ဉာဏ်၏သိခြင်းဆိုသည်ကား-သဏ္ဌာနပညတ်ကို ပယ်ဖျောက်၍ အခြင်းအရာရှစ်ပါးတို့ကို အသီးသီး တရားတစ်ခုစီ ဖြစ်ကြကုန်၏ ဟုသိခြင်း-၁။

ခက်ထန်မှုကိုဖြစ်ပွားတိုးတက်အောင် ယုတ်လျော့ကြေပျက် အောင် ပြုပြင်လုပ်ဆောင်ရသော နည်းလမ်းတစ်မျိုး၊ ဖွဲ့စေးမှုကို(လ)၊ ပူမှုအေးမှုကို(လ)၊ တင်းကြပ်မှု ပွရွမှုကို(လ)၊ အဆင်းအရောင်ကို(လ)၊ အနံ့ကို(လ)၊ အရသာကို(လ)၊ ဩဇာကို ဖြစ်ပွားတိုးတက်အောင် ဆုတ် ယုတ်လျော့ပါး ကုန်ခန်းအောင် ပြုပြင်လုပ်ဆောင်ရသောနည်း တစ်မျိုးဟု ဖြစ်ပွားရန်အကြောင်းနှင့် ဆုတ်ယုတ်ပျက်ပြားရန်အကြောင်းစုလည်း အသီးသီး တခြားစီဖြစ်ကြသည်ဟုသိခြင်း-၂။

ထိုရှစ်ပါးသောအမှု ရှစ်ပါးသောအခြင်းအရာတို့တွင် ဘယ် နေရာ မျိုးမှာ ဘယ်အမှု ဘယ်အခြင်းအရာ အသုံးကြသည်၊ အကျိုးများ သည်၊ ဘယ်အမှု ဘယ်အခြင်းအရာကား အသုံးမကျ အကျိုးယုတ်သည်၊ အန္တရာယ်ဖြစ်သည်ဟု အသီးသီးအကျိုးရှစ်မျိုး အပြစ်ရှစ်မျိုး တခြားစီဖြစ် ကြသည်ဟု သိခြင်း-၃။

ဤသို့အစရှိသည်ဖြင့် ရှစ်ကြောင်းရှစ်လမ်း ခြားနား၍သိခြင်းကို ဉာဏ်သိဆိုသည်။

ပရမတ်နှင့်သန္တတိပညတ်ခြားနားပုံ

သန္တတိပညတ်ဆိုသည်ကား- ရှေးရှေးခဏ၌ဖြစ်သော အဟောင်း အဟောင်းစုနှင့် နောက်နောက်ခဏ၌ဖြစ်သော အသစ်အသစ်စုကို တစ်ခုတည်းတစ်သားတည်းထင်သော ပညတ်ပေတည်း။ ညဉ့်မှောင် ကြီးစွာ မိုက်သောအခါ၌ ကြီးစွာသော မီးရှူးမီးခွက်ကို ဦးခေါင်းပေါ်၌ တင်ထား၍ ခရီးသွားသောအခါ လူ၏ပတ်ဝန်းကျင်မှာ မီးရောင်အဝန်း အဝိုင်းကြီး လိုက်ပါ၍နေ၏၊ ထိုသို့နေရာ၌ တစ်တိုင်ခရီး နှစ်တိုင်ခရီး ပေါက်ရောက်အောင်ပင် ထိုမီးရောင်အဝန်း အဝိုင်းကြီးကို လူသွားရာ အစဉ်လိုက်၍နေသော တစ်ခုတည်းသောအဝန်းကြီး အဝိုင်းကြီးဟုထင် ရ၏၊ မီးတောက်မှထွက်၍ မြေမှာ မြင်ရသော မီးရောင်တို့သည်ကား ဖြစ်ရာအရပ်မှ ဆံခြည်ခြမ်းမျှ ပြောင်းရွှေ့ခြင်း မရှိကြကုန်မူ၍ ချုပ်ပျက် ကွယ်ပျောက်ကြကုန်၏၊ အစမှစ၍ ဤနေရာ ဤနေရာမှ ထိုမီးရောင် ရှိသေး၏လောဟု မေးခဲ့လျှင် ပရမတ်သဘောကို မသိသော သူတို့ကား “ဤနေရာ မရှိပြီ၊ ထိုလူသွားရာသို့ ပြောင်းရွှေ့လိုက်ပါ၍ သွားပြီ” ဟု ပြောကြကုန်၏၊ ပရမတ်သဘောကို သိသောသူတို့မူကား “ဤနေရာ၌ မြင်ရသော မီးရောင်စုသည် ဤနေရာမှာပင် ချုပ်ပျက် ကွယ်ပျောက် ကြကုန်ပြီ” ဟုပြောကြကုန်လတ္တံ့။

ဤမီးရောင်ဝန်း၌ ဥပမာဆင်၍ ထင်အောင်ပြတိုဦးအံ့။ တန်ခိုး ဣဒ္ဓိပါဒ်နှင့် ပြည့်စုံသောသူသည် ရေအိုးကြီးကို ဦးခေါင်း၌ တင်ဆောင် ၍ ထိုမီးခွက်မီးရှူးနှင့်အလားတူ ရေပန်းပဒေသာကြီးမိုးရွာ၍ သွားခဲ့အံ့။ ရေအိုးမှထွက်၍ မြေ၌ကျသမျှသော ရေပေါက်စုသည် ကျရာအရပ်၌သာ ပျက်စီးကွယ်ပျောက်လေကုန်၏၊ ထိုသူသွားရာသို့ လိုက်ပါခြင်းမရှိကုန်။ ဤရေပေါက်၌ကား မြေဓာတ်ရေဓာတ်အထုအထယ် အားကြီးသည့် အတွက် ထိုထိုနေရာမှာ အတန်ကြာအောင် စိုစွတ်၍နေပြီးမှ ခန်းခြောက် ကွယ်ပျောက်သည်။ မီး၌မူကား မြေဓာတ် ရေဓာတ်အလွန်ကြီးနုံ့ သည်ဖြစ်၍ မျက်တောင်တစ်ခပ်မျှမတည်နိုင်ဘဲ ခဏချင်းခဏချင်း ချုပ်ပျက်ကွယ်ပျောက်သည်။ ချုပ်ပျက်ကွယ် ပျောက်ချပ် လျင်မြန်လှ၍ ဤနေရာတွင်ပင် ကွယ်ပျောက်ပျက်ဆုံးသည်ဟု မျက်မြင်သက်သေ မထင်ရှားသည်။ အိုးမှထွက်မှုမှာလည်း ရေပန်းရေ ပေါက်တို့မှာ အစ အလယ်အဆုံး အကြိတ်အခဲ ကွဲကွဲပြားပြား မြင်ရသည်။ မီးတို့မှာ အလွန်သိမ်မွေ့သည့်အတွက် တစ်ခုတခြားကွဲပြားအောင် ထင်နိုင် မြင်နိုင်တော့သည် မဟုတ်။ မဟုတ်သော်လည်း ရေပန်းရေပေါက်တို့ ထွက်ကျပုံကျရာမှာ ပြောင်းရွှေ့ခြင်း မရှိ။ ချုပ်ပျက်ကွယ်ပျောက်ပုံ မခြားကြပြီ။

ထိုမီးဝိုင်းကြီးအတူ နေ့အခါ သစ်ပင်ရိပ် အိမ်ရိပ် ကျောင်းရိပ်တို့၏ နေရွှေ့တိုင်း ရွှေ့ရာ၌လည်းကောင်း၊ လူရိပ်နွားရိပ်တို့၏ လူနွား ရွှေ့တိုင်း ရွှေ့ရာ၌လည်းကောင်း သိလေ။ နွားမျက်စိတို့၏ အထင်အမြင်မည်သည် ထင်တိုင်း မြင်တိုင်း မဟုတ်သည်သာများ၏၊ မီးရထားစီးသွားရာ ဝဲယာရှိ လယ်ယာမြေရေ သစ်ပင်တောချုံ တောင်ကြီး တောင်ငယ်တို့ကို အနီး အဝေး ကြည့်ကြသောအခါ ချာချာလည်၍ ပြေးသွားလှုပ်ရှားသော အခြင်းအရာဟု ထင်ကြမြင်ကြကုန်၏၊ ထိုသို့ ထင်ကြမြင်ကြရသော်လည်း ထိုသစ်ပင်စသည်တို့၏ မလှုပ်မရှား မပြေး မသွားကြောင်းကို နဂိုက သိရင်းရှိကြ၍ ထင်တိုင်းမဟုတ် မြင်တိုင်း မဟုတ်ဟု အထင်အမြင်ကို ဉာဏ်နှင့် ပယ်ဖျက်နိုင်ကြကုန်၏။

ပရမတ္ထဓမ္မအရာတို့၌ကား နဂိုကသိရင်းမရှိကြသည့်အတွက် အထင်အမြင်အတိုင်းသာ အဟုတ်အမှန် မှတ်ကြရသည်။ အထင် အမြင်ကို မဖျောက်နိုင်ကြလေ။ ဒေသနာတော်ကိုကြားနာရ၍ ပရမတ် ဉာဏ်မျက်စိကိုရသော သူတို့မှာသာ နားမျက်စိ အထင်အမြင်တို့ကို အစဉ်ဆေးကြောသုတ်သင်ပယ်ဖျောက်၍ အဟုတ်အမှန်ကို ဉာဏ်နှင့် ဖောက်ထွင်း၍သိနိုင်ကြကုန်သည်။ သတိထားကြပါကုန်။

ညအခါ မီးထွန်း၍ထားရာ၌လည်း ထွန်းစက မီးတောက် သည်ပင်လျှင် သေသည်တိုင်အောင် တစ်ခုတည်း ထင်ရ၏၊ ညဉ့်မှောင် တွင်း၌ လက်သန်းခန်ပရှိသော မီးစကိုရမ်းရာ စက်ဝိုင်းကြီးကဲ့သို့ အဝန်းအဝိုင်းကြီးတစ်ခုတည်း ထင်ရ၏၊ ဤကဲ့သို့ မျက်စိအမြင် အထင်မည်သည် မဟုတ်သည်သာ အလွန်များလှ၏၊ ညဉ့်မှောင်တွင်း ကျလျှင် ပန်းကန်ကွဲမှထွက်သော မီးပွင့်မျှ အရောင်မရှိ။ အကန်း လုံးလုံးဖြစ်၏၊ ဤသို့လျှင် မျက်စိမြင်မှုထင်မှု၏ မဟုတ်မမှန်များကြောင်း သေးငယ် စုတ်နုတ်ကြောင်းကို သိကြ၍ အဟုတ်မှတ်၍နေသော မျက်စိ အမြင် အထင်စုက်ို စွန့်ပစ်ရာ၏။

နိဗ္ဗာန်တရားတော်ကြီး

အခန်း ( ၆ )

သက္ကရာဇ် ၁၂၈၂-ခု၊ တပို့တွဲလဆန်း ၁၅-ရက်နေ့ည ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ပဲခူးမြို့၊ တိုင်းရင်းသားကျောင်းကြီး၌ ဟောကြားတော်မူသော

ယခုည ဝတ်လုံတော်ရမောင်စိန်တို့ ပဲခူးမြို့ကြီးသူမြို့ကြီးသားတွေ တကြော်ကြော် တအော်အော်မျှော်ပြီး ဆုတောင်းနေကြတဲ့ နိဗ္ဗာန်တရား တော်ကြီးကို ပေါ်လွင်ထင်ရှားအောင် ဟောကြားပြရပေလိမ့်မယ်။

နိဗ္ဗာန်တရားတော်ကြီးသည် ဗုဒ္ဓဘာသာမှာ အကောင်းဆုံး အမြတ်ဆုံး အချမ်းသာဆုံးကြီးဖြစ်၍ ကမ္ဘာသူ ကမ္ဘာသားတွေဟာ ရလိုယူလိုရောက်လိုကြသည့်အတွက် တဆူဆူတညံညံ ဆုတောင်း သံတွေသည် တစ်ကမ္ဘာလုံး ပွက်ပွက်ရိုက်ပြီးနေတာလားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ သို့ပေမဲ့လို့ နိဗ္ဗာန်တရားကြီးသည် ဖြူသလား မည်း သလား ညိုသလားဆိုတာကိုတော့ မောင်စိန်တို့တစ်တွေက သိနိုင်မယ် မဟုတ်ပါဘူးကွဲ့။ သို့အတွက်ကြောင့် ယခုနေ့ည သေချာဂနသိရှိ နိုင်ရန် နိဗ္ဗာန်တရား၏မျက်နှာကြီးကို ဖွင့်ုပြီးပြရပေလိမ့်မယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်ပါဘုရား )။

မောင်စိန်တို့ ပဲခူးမြို့ကြီး၌ ယခုထင်ရှားရှိသော ရွှေမော်ဓော ဘုရားရှေ့တော်မှာ ဆွမ်းဘောဇဉ် ချိုချဉ်ရသာ အမျိုးမျိုး, အမွှေးနံ့သာ အခိုးအထုံအမျိုးမျိုး, ဆီမီးဖယောင်း အမျိုမျိုးတို့ဖြင့် ပူဇော်ကန်တော့ပြီး ရေစက်ချသော အခမ်းအနားမှာ “သံသာရဝဋဒုက္ခတော မောစနတ္ထာယ အဟံ ဘန္တေ တိသရဏေနသဟ ပဉ္စင်္ဂသမ္ပန္နာဂတံ နိစ္စဂရုဓမ္မသီလံ သမာဒိယိတွာ ဣမာနိ ခါဒနိယဘောဇနိယာဒိနိ ဗုဒ္ဓဿ ဒေမ ပူဇေမ” ဟူ၍ ဆိုကြတယ်ကွဲ့။

ဘန္တေ=အရှင်ဘုရား။ အဟံ=ဘုရားတပည့်တော်သည်။ သံသာရ ဝဋ္ဋဒုက္ခတော=သံသရာတည်းဟူသော ဝဋ်ဆင်းရဲမှ မောစနတ္ထာယ= ကျွတ်လွတ်ပါရခြင်းအကျိုးငှာ။ တိသရဏေမ=သရဏဂုံသုံးပါးနှင့်။ သဟ=တကွ။ ပဉ္စင်္ဂသမ္ပန္နာဂတံ=အင်္ဂါငါးပါးနှင့်ပြည့်စုံသော။ နိစ္စဂရု ဓမ္မသီလံ=နိစ္စဂရုဓမ္မသီလကို။ သမာဒိယိတွာ=ကောင်းစွာ ခံယူကျင့်သုံး ဆောက်တည်ပြီး၍၊ ဣမာနိခါဒနိယာဒီနိ=ဤဆွမ်းခဲဖွယ် ဘောဇဉ်ရသာ အစရှိသည်တို့ကို။ ဗုဒ္ဓဿ=မြတ်စွာဘုရားအား။ ဒေမပူဇေမ=လှူဒါန်း ပူဇော်ပါကုန်၏ အရှင်မြတ်ဘုရား။

အဲဒါ မင်းတို့ပဲခူးသူတွေ ရေစက်ချကွဲ့ မောင်စိန်ရဲ့၊ (မှန်ပါ ဘုရား)။ ၎င်းရေစက်ချကို ဆရာတော်ကြီးက ပဲခူးသူတွေ နားလည်သွားအောင် ချဲ့ထွင်ရှင်း၍ ဟောပြောမယ်။ သေချာစွာ မှတ်လိုက်ကွဲ့။

သံသရာဆိုသည်ကား ခန္ဓာ, အာယတန, ဓာတ်တို့၏ အနုမတဂ္ဂ သံသရာကာလ၌ ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက်အားဖြင့် မပြတ်မလတ်ဆက်လက်ဖြစ်ပွားလျက်နေသောအစဉ်ကို သံသရာရယ်လို့ ခေါ်ဆိုရသည် ဟုမှတ်။ ဝဋဒုက္ခဆိုသည်ကား တပြောင်းပြန်ပြန် ခွေး, ဝက်, ကြက်, ငှက်စသော အပါယ်ငရဲဘဝထဲသို့ မလွဲထုတ်ချောက်ပြန် လည်ဆိုက်ရောက်ရခြင်ကိဆိုသည်ဟု မှတ်လိုက်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှ ပါဘုရား)။

သံသရာဆိုတာ ဘာလဲ ?

၁။ ပထမ အောက်သံသရာ။

၂။ ဒုတိယ အလယ်သံသရာ။

၃။ တတိယ အထက်သံသရာ။

ဟူ၍ သံသရာကြီး သုံးချောင်းသုံးသွယ်ရှိတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်ပါဘုရား)။ ထိုတွင်

(၁) အပါယ် လေးဘုံနယ်ပယ်ကြီးသည်ပထမ အောက်သံသရာ မည်၏ဟုမှတ်၊

(၂) လူပြည်နှင့် နတ်ပြည်ခြောက်ထပ်သည် ဒုတိယ အလယ် သံသရာ မည်၏၊ ဟုမှတ်။

(၃) ဗြဟ္မာပြည်နှစ် ဆယ်သည် တတိယအထက်သံသရာမည်၏ ဟုမှတ်လိုက်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ပထမအောက်သံသရာကြီးမှာလည်း--
(က) ကိလေသဝဋ်၊
(ခ) ကမ္မဝဋ်၊
(ဂ) ဝိပါကဝဋ်၊
ဟူ၍ အောက်သံသရာကြီး၏ဆိုင်ရာဖြစ်သော ဝဋ်သုံးပါတစ်မျိုး၊

ထို့အတူ အလယ်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုး၊

အထက်သံသရာကြီး၏ဆိုင်ရာဖြစ်သော ဝဋ်သုံးပါးတစ်မျိုးဟူ၍ သုံးပါး သုံးလီဟုမှတ်။

ထိုတွင် ပထမ အောက်သံသရာကြီး၏ ဆိုင်ရာဖြစ်သော ဝဋ်သုံးပါး၌
(က) ကိလေသဝဋ်ဆုသည်ကား မောင်စိန်တို့ ကမ္ဘာသူ ကမ္ဘာ သားတွေက ငါ့ကိုယ် ငါ့ကိုယ်ဟု တကြော်ကြော် တအော်အော်နှင့် ခေါ်ဆိုနေကြသော အတ္တဒိဋ္ဌိဘေးဆိုးကြီးကို ခေါ်ဆိုသည်ဟုမှတ်။

(ခ) ကမ္မဝဋ်ဆိုသည်ကား မောင်စိန်တို့၏ သန္တာန်မှာ ရှေးရှေး သော ဘဝအနန္တတို့၌လည်းကောင်း၊ ယခုဘဝ၌လည်းကောင်း၊ အမိုက်အမှားဖြစ်ခဲ့၍ အတ္တဒိဋ္ဌိဘေးဆိုးကြီး၏ သိမ်းပိုက်ချက်ဖြင့် အတ္တဒိဋ္ဌိ၏ လက်ဆုပ်ထဲတွင် ယခုနေ့ထက်တိုင် ပါရှိ၍နေကြကုန်သော အါယ်လားကြောင်း အကုသိုလ်ကံဟောင်း သိန်းပေါင်းသန်းပေါင်း ကုဋေပေါင်း အနန္တတို့သည် အတ္တဒိဋ္ဌိဘေးဆိုးကြီး ရှိနေသမျှကာလ ပတ်လုံး ထိုအတ္တဒိဋ္ဌိဘေးဆိုးကြီးမှ ဖြစ်ပွားလတ္တံ့ကုန်သော အပါယ် လားကြောင်း အကုသိုလ်ကံဟောင်း သိန်းပေါင်းသန်းပေါင်း ကုဋေပေါင်း အနန္တသည် ကမ္မဝဋ်မည်၏ဟုမှတ်။

(ဂ) ဝိပါကဝဋ်ဆိုတာကတော့ ငရဲတိရစ္ဆာန်ပြိတ္တာ အသုရကာယ် ဟုဆိုအပ်သော အပါယ်လေးဘုံသားတို့၏ ခန္ဓာကိုယ်တွေကို ဝိပါကဝဋ် ဆိုသည်ဟု မှတ်လိုက်ကွဲ့ မောင်စိန်ရဲ့။

အတ္တဒိဋ္ဌိဘေးဆိုးကြီးကို အပါယ်သံသရာ၏ဆိုင်ရာ ကိလေသ ဝဋ်ဟူ၍ ဘယ်အတွက်ကြောင့် ဆိုရပါသလဲဟု မောင်စိန်တို့ကို အခြား သူများကမေးလျှင် ဘယ်လိုဖြေမလဲကွဲ့ မောင်စိန်ရဲ့။ 'မဖြေတတ်ပါဘူး မသိပါဘူး'ဟူ၍သာ လျှောက်ထားလိုက်ပါတော့၊ ဒါမှပဲအေးပါတယ်။ မင်းတို့တစ်တွေက အဝိဇ္ဇာအုပ်စိုးချက်ကို ခံနေကြရသော အဝိဇ္ဇာနယ်သမားတွေဖြစ်နေရတော့ မသိမမြင် မထင် မလင်းနိုင်သော အမိုင်တွင်းကြီးထဲသို့ သက်ဆင်းကျွံနစ်၍ တမြှုပ်ထဲမြှုပ်နေတာကိုးကွယ့် မောင်စိန်ရဲ့။ ဒါ့ကြောင့် သိမြင်ထင်လင်းနိုင်သော ဝိဇ္ဇာဉာဏ်စခန်းသို့ မဆိုက်နိုင်ကြဘဲနှင့် တပေပေတတေတေ ဖြစ်ချင်တတ်တိုင်းဖြစ်၊ ပျက်ချင် တတ်တိုင်းပျက်နေကြတာကွဲ့ မောင်စိန်ရဲ့။ အဲသည်တော့ အဝိဇ္ဇာနယ် သမားမှန်း သိနိုင်ရန် ဘာကိုဘဲမေးမေး ' မသိပါဘူး' ဟု 'ဘူး' ကိုသာလျှင် ကန်ထရိုက်ခံပြီး ရေလဲနှင့်သုံးနေပါကွဲ့ မောင်စိန်ရဲ့။

မောင်စိန်တို့လို အဝိဇ္ဇာနယ်သမားတွေ အမြောက်အများ ရှိနေလေ ခွေးဘုံတွေ ဝက်ဘုံတွေ ကြက်ဘုံ ငှက်ဘုံတွေ များပြားပြီး စည်ကားလေဟု နဖူးပေါ်မှာ လက်တင်၍ စဉ်းစားပြီးမှတ်ကွဲ့ မောင်စိန်ရဲ့။ ၎င်း ခွေး ဝက် ကြက် ငှက်စသော အပါယ်လေးဘုံတို့မှ ကျွတ်လွတ်လိုကြလျှင် ယခုညတရားဟောပြောသည့် အတ္တဒိဋ္ဌိလိုရင်း တရား အချက်ကြီးများကို ကျကျနန သေသေချာချာ မှတ်ထားလိုက်ကွဲ့ မောင်စိန်ရဲ့။ ကိုင်း ဆရာတော်က ပေါ်လွင်ထင်ရှားအောင် ဟောကြား ပြသမယ်။ အတ္တဒိဋ္ဌိဘေးဆိုးကြီးရှိနေမှဖြင့် လူ့ဘုံလူ့ဘဝမှာ ဖြစ်နေရ သော်လည်း အောက်တန်းကျသော ခွေး ဝက် ကြက် ငှက်ဘုံဘဝသို့သာ တလည်လည်တဝဲဝဲ ကျရောက်ပြီး နေရတော့မယ်ကွဲ့ မောင်စိန်ရဲ့။ ထို့အတူ နတ်ဘုံ နတ်ဘဝ ဗြဟ္မာဘုံ ဗြဟ္မာ့ဘဝ ဖြစ်နေရသော်လည်း အပါယ်လေးဘုံအတွင်းသို့သာ ခုန်ဆင်းကျရောက်ကြရတာပဲကွဲ့ မောင်စိန်ရဲ့။ ဒါ့ကြောင့် အတ္တဒိဋ္ဌိဘေးဆိုးကြီးကို အပါယ်သံသရာ၏ ဆိုင်ရာ ကိလေသဝဋ်ဟု ဆိုရတာကွဲ့မောင်စိန်ရဲ့။ ကမ္မဝဋ်ဆိုတာကတော့ ဒုစရိုက်ဆယ်ပါး မကောင်းသောတရားကြီးများကို ဆိုသည်ဟုမှတ်။ ဝိပါကဝဋ်ဆိုသည်ကား ခွေးခန္ဓာ ဝက်ခန္ဓာ ကြက်ခန္ဓာစသော အပါယ် ခန္ဓာတွေကို ဆိုသည်ဟုမှတ်။

ကမ္ဘာသူကမ္ဘာသားတွေသည် အကြင်မျှလောက်ကာလပတ်လုံး အတ္တဒိဋ္ဌိဘေးဆိုးကြီးကို မပယ်မဖြတ်ရသေး၊ ထိုမျှလောက်ကာလပတ်လုံး ကမ္ဘာသူကမ္ဘာသားတွေသည် အပါယ်နယ်အတွင်းမှ လွတ်ကင်းနိုင်လိမ့် မည် မဟုတ်။ ထို့ကြောင့် အတ္တဒိဋ္ဌိဘေးဆိုးကြီးကို ချိုးဖဲ့ဖျက်ဆီးရန် အနတ္တသမ္မာဒိဋ္ဌိ မဂ္ဂင်စခန်းကြီးသို့ရောက်အောင် အနတ္တ ပုတီးစိပ်ကို ကြပ်ကြပ်ကြီးဂရုစိုက်ရမယ်ကွဲ့ မောင်စိန်ရဲ့။

ဒုတိယ အလယ်သံသရာကြီး၏ဆိုင်ရာ

(က) ကိလေသဝဋ် ဆိုတာက ကာမတဏှာကြီးကို ဆိုလိုသည်။ ကာမတဏှာ ကြီးကိုဆိုသည်ကား မျက်စိအရသာ အကောင်းကြိုက် မှုကြီးတစ်ပါး၊ နားအရသာ အကောင်းကြိုက်မှုကြီးတစ်ပါး၊ နှာခေါင်း အရသာ အကောင်းကြိုက်မှုကြီး တစ်ပါး၊ လျှာအရသာ အကောင်း ကြိုက်မှုကြီးတစ်ပါး၊ ကိုယ်အင်္ဂါအရသာ အကောင်းကြိုက်မှုကြီးတစ်ပါး ဤအကောင်းကြိုက်မှုကြီးငါးပါးကို ကာမတဏှာကြီးဟုဆိုသည်။ ကာမဂုဏ်ငါးပါးတို့၌ သာယာမက်မောမှုကြီး ငါးပါးတို့ပေတည်း။ ၎င်း ကာမတဏှာကြီးသည် ငြီးငွေ့ခြောက်သွေ့ကြီး ဖြစ်နေသောကြောင့် အပြင်ကိုသာမော့၍ မျှော်၍ နေရတော့တာဘဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှ ပါဘုရား)။

အဲ ကာမတဏှာသည် ဘာနဲ့တူပါသလဲလို့ဆိုတော့ ငါတို့အထက် အညာများမှာ ပြောင်းဆန်, လူးဆန် ထမင်းများနှင့်တူသည်ဟုမှတ်။ ပြောင်းဆန်, လူဆန်ထမင်းမည်သည် သူ့ချည်းစားပါက မဖြစ်လောက်နိုင် လောက်အောင် နင်၍သာနေ၏၊ ပျို့၍သာနေ၏၊ သို့အတွက် အပြင်က အရံအတားတွေဖြစ်သော အချို, အချဉ်,အစပ်, အငန်, အဖန်, အခါး, အမျိုးမျိုးတို့နှင့် တွဲဖက်ရောမွှေ၍စားမှသာလျှင် မြိန်မြိန်ရှက်ရှက်ကြီး ဖြစ်နိုင်တာမဟုတ်လားဘွဲ့ မောင်စိန်ရဲ့ (မှန်လှပါဘုရား)။ အဲဒါလို မင်းတို့သန္တာန်၊ တို့သန္တာန်မှာ အုပ်စိုးလျက်ရှိနေသာ ကာမတဏှာကြီး သည် အဖေါ်မမှီး တစ်ယောက်ထီးတည်းသာနေမယ်ဆိုလျှင် ပြောင်းဆန် လူးဆန်းထမင်းကဲ့သို့ ငြီးတောက် ခြောက်သွေ့ ကြီးဖြစ်၍သာနေလေ၏၊ အဲဒါကြောင့်မို့ အပြင်က အချို, အချဉ်, အစပ်, အငန်, အဖန်, အခါး, အဆိမ့်, အအီစသော ဟင်းအမျိုးမျိုးတွေနှင့်တူသော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံအမျိုးမျိုးတွေ မွမ်းမံ ချယ်လှယ်၍ ပေးနေကြရတာမဟုတ်လားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။

ယခု မင်းတို့ ပဲခူးမြို့သူမြို့သားတွေနှင့် ကမ္ဘာပေါ်မှာရှိသမျှ ကမ္ဘာသူကမ္ဘာသားတွေဟာ ကာမဓာတ်အုပ်စိုး ချက်ကို ခံနေကြရသဖြင့် အနမတဂ္ဂသံသရာကစ၍ ယနေ့ညအထိ ရူပါရုံ, သဒ္ဒါရုံစသော အာရုံ အမျိုးမျိုးတည်းဟူသော ညွှန်အိုင်ကြီးထဲမှာ မြှုပ်နေကြရတာ မဟုတ် လားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဒါကြောင့် ကာမ တဏှာကြီးသည် ငြီတောက်ခြောက်သွေ့ကြီးဟုမှတ်။ မျက်စိကလည်း မျက်စိနှင့်ဆိုင်ရာ အဆင်းအမျိုးမျိုး၊ နားကလည်း နားနှင့်ဆိုင်ရာ အသံအမျိုးမျိုး၊ နှာခေါင်း ကလည်း နှာခေါင်းနှင့်ဆိုင်ရာ အနံ့အမျိုးမျိုး၊ လျှာကလည်း လျှာနှင့်ဆိုင်ရာ အရသာအမျိုးမျိုး၊ ကိုယ်ကလည်း ကိုယ်နှင့်ဆိုင်ရာ အတွေ့အမျိုးမျိုး တို့ကိုသာ မျှော်နေကြတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲယခုဟောပြောခဲ့တဲ့ ကာမတဏှာကြီးဟာ အလယ်သံသရာ၏ဆိုင်ရာ ကိလေသာဝဋ် ဟူ၍မှတ်။

(ခ) အလယ်သံသရာ၏ဆိုင်ရာ ကမ္မဝဋ်ဆိုတာကတော့ သည်လိုမှတ်လိုက်ကွဲ့။ မင်းတို့ ပဲခူးသူတွေ ပဲခူးသားတွေက စက်သူဋ္ဌေးကြီး စည်းစိမ်ချမ်းသာမျိုးတို့ကို တောင့်တ၍ပြုအပ်သောဒါနမှု, သီလမှု, ဘာဝနာမှုတွေ၊ ရွှေသူဌေး ငွေသူဌေး ပတ္တများသူဌေး ကျောက်သူဌေး ကြီးတွေ၊ စည်းစိမ်ချမ်းသာမျိုးကို တောင့်တ၍ပြုအပ်သော ဒါနမှု, သီလမှု, ဘာဝနာမှုတွေ၊ ရွာပိုင် မြို့ပိုင် ပြည်ပိုင် တိုင်းပိုင် နိုင်ငံပိုင် စကြာဝဠာပိုင် ကမ္ဘာပို်င် စတဲ့ ဘုရင်မင်းမြတ်တို့၏ စည်းစိမ်ချမ်းသာမျိုးကို တောင့်တ၍ ပြုအပ်သော ဒါနမှု, သီလမှု, ဘာဝနာမှုတွေ၊ နတ်သိကြား ဗြဟ္မာချမ်းသာ မျိုးကို တောင့်တ၍ပြုအပ်သော ဒါနမှု, သီလမှု, ဘာဝနာမှုတို့ကို အလယ် သံသရာ၏ဆိုင်ရာ ကမ္မဝဋ်ဟုဆိုတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

(ဂ) အလယ်သံသရာ၏ဆိုင်ရာ ဝိပါကဝဋ် ဆိုတာကတော့ လူ့ဘုံသားနတ်ပြည်ခြောက်ထပ် နတ်ဘုံသားတို့၏ ခန္ဓာတွေကို ဝိပါကဝဋ် ဟု ဆိုရတယ်ကွဲ့ မောင်စိန်ရဲ့။

အဘယ်ကြောင့် ကာမတဏှာကြီးကို အလယ်သံသရာ၏ ဆိုင်ရာ ကိလေသဝဋ်ဟူ၍ ဆိုရပါသလဲ' ဟုမေးခွန်းရှိရဲ့။ ထိုကာမတဏှာ အနုသယကြီးရှိနေသောသူသည် အထက်ဘဝဂ်ဘုံမှာ ဖြစ်နေသော်လည်း အောက်လူဘုံ နတ်ဘုံသို့ တရစ်ဝဲဝဲ တလည်လည်သာ ကျရောက်၍ နေရတာဘဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဒါကြောင့် ကာမတဏှာ နုသယကြီးကို အလယ်သံသရာ၏ဆိုင်ရာ ကိလေသဝဋ်ဟုဆိုရတာကွဲ့ မောင်စိန်ရဲ့။ ကမ္ဘာသူကမ္ဘာသားတွေသည် 'အကြင်မျှလောက် ကာလ ပတ်လုံး ကာမတဏှာဓာတ်ကြီးကို တကယ့်သုခဓာတ်အနေမျိုးဖြင့် ထင်ယောင်ထင်မှား ပြု၍နေသေး၏၊ ထိုမျှလောက်သော ကာလပတ်လုံး ကမ္ဘာသူကမ္ဘာသားတွေသည် အပါယ်နယ်ပယ်တွင်းမှ ကျွတ်လွတ်ခွင့် မရနိုင်' ဟုမှတ်လိုက်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

(က) တတိယအထက်သံသရာကြီး၏ဆိုင်ရာ ကိလေသ ဝဋ်ကို ရှင်းလင်း၍ပြဦးမည်။ အထက်သံသရာ၏ဆိုင်ရာ ကိလေသဝဋ် ဆိုတာကတော့ ဘဝတဏှာကိုဆိုသည်ဟုမှတ်။ ဘဝတဏှာဆိုတာက အထက်ကောင်းကင် ဘုံမှာရှိနေကြသော ဗြဟ္မာကြီးတို့၏ သန္တာန်၌ရှိ နေသော စျာန်အဘိဉာဏ် သမာပတ်ဟုဆိုအပ်သော ကမ္မဝဋ်၌ သာယာ သော တဏှာတစ်ပါး၊ ထိုကမ္မဝဋ်၏ အကျိုးတန်ခိုး ဣဒ္ဓိပါဒ်တို့၌ သာယာ သော တဏှာတစ်ပါး၊ ဤတဏှာ နှစ်ပါးကို အထက်သံသရာ၏ ဆိုင်ရာ ကိလေသဝဋ်ဆိုရတယ်ကွဲ့ မောင်စိန်ရဲ့။

၎င်းဘဝတဏှာကြီးသည်ဘာနှင့်တူပါသလဲဆိုတော့ ဘိန်းကြိုက် တဲ့တရုတ်ကြီးနှင့်တူသည်ဟုမှတ်၊ ဘိန်းကြိုက်တဲ့ တရုတ်ကြီးသည် မိမိ၏ ဘိန်းရှူရန် ပြောင်းတံကိရိယာအစုံအလင်နှင့် တစ်ယောက်တည်း အခန်းတံခါးပိတ်၍ ငြိမ်သက်စွာဘိန်းရှူပြီးမှိန်းနေသည့်အခါ အပြင်က မငြိမ်မသက် ဆူညံပွက်ပြီး ဂျိုးဂျိုးဂျောင်းဂျောင်းနှင့် ကသောင်းကနင်း ရုန်းရင်းဆန်ခတ်ဖြစ်သောအာရုံတွေကို အလျဉ်းပင်အလိုမရှိဘူးတဲ့ မောင်စိန်ရဲ့၊ သည်တရုတ်ကြီးမှာ သူဘိန်းရှူရန် ကိရိယာတွေရှိလျှင်ပြီးရော၊ အပြင်က သားမယားအာရုံ, ရွှေ ငွေအာရုံ စသော အာရုံအမျိုးမျိုးတွေကို သတိရမှာဝေးစွ၊ သူ့ထံလာမှာတောင် အများကြီးစိုးရိမ်နေတာကွဲ့ မောင်စိန့်ရဲ့၊ အဲဒါလိုဘဲ ဗြဟ္မာကြီးကိုအုပ်စိုးနေတဲ့ ဘဝတဏှာကြီးဟာ ဘိန်းကြိုက်သည့် တရုတ်ကြီးလို စျာန်အဟုန်၊ စျာန်အရှိန်တွေနှင့် မှိန်းပြီးအဟုတ်ကြီးထင်၍ မူးမေ့လျော့နေတော့တာဘဲ၊ အဲသည်ဗြဟ္မာကြီး တွေမှာတော့ အပြင်က အရံအတား အဖေးအမ အထောက်အကူဖြစ် သော ရူပါရုံ, သဒ္ဒါရုံစသော အာရုံအမျိုးမျိုးတွေကို အလိုမရှိဘူးကွဲ့ မောင်စိန်ရဲ့၊ သူ့စျာန်တန်ခိုးတွေကိုသာပုံယုံပြီး အားကိုးနေတာဖြစ်တော့ အကယ့်စျာနသုခဓာတ်ကြီး စျာန်ချမ်းသာကြီးဘဲဟု အထင်လွဲပြီး စျာန် ချမ်းသာကြီးထဲမှာ တလည်တည်းလည် တမြှုပ်တည်းမြှုပ်နေတာ ကွဲ့ မောင်စိန်ရဲ့။

(ခ) တတိယ အထက်သံသရာကြီး၏ဆိုင်ရာ ကမ္မဝဋ်ဆိုတာ ကတော့ ပထမစျာန်ကုသိုလ် ဒုတိယစျာန် ကုသိုလ်အစရှိသော ရူပ ကုသိုလ်ငါးပါး၊ အရူပကုသိုလ်လေးပါး၊ ဤမဟဂ္ဂုတ်ကုသိုလ်ကိုးပါးကို ကမ္မဝဋ်ဆိုတယ်ကွဲ့ မောင်စိန်ရဲ့။

(ဂ) တတိယ အထက်သံသရာ၏ဆိုင်ရာ ဝိပါကဝဋ်ဆိုတာ ကတော့ ရူပဗြဟ္မာ, အရူပဗြဟ္မာတို့၏ ခန္ဓာကိုယ်ကို ဝိပါကဝဋ်ဆို တယ်ကွဲ့ မောင်စိန်ရဲ့၊ ၎င်းဗြဟ္မာကြီးများသည်' အကြင်မျှလောက်ကာလပတ်လုံး ဘဝတဏှာကြီးကို သုခဓာတ်အနေမျိုးဖြင့်မှတ်ထင်ယုံကြည်အားကိုလျက် ရှိနေသေး၏၊ ထိုမျှလောက် ကာလပတ်လုံး အပါယ်ဝဋ်ကျင်း ဆင်းရဲတွင်း သို့ သက်ဆင်းကျရောက်ရမည်' အမှန်ဘဲကွဲ့ မောင်စိန်ရဲ့။ ဒါကြောင့်မဟုတ်လား ဝိဘင်းပါဠိတော်ကြီးများမှာ

ဥက္ခိတ္တာ ပုညတေဇေန၊
ကာမရူပ ဂတိံဂတာ။
ဘဝဂ္ဂမ္ပိစ သမ္ပတ္တာ၊
ပုန ဂစ္ဆန္တိ ဒုဂ္ဂတိံ။
(အဘိ၊ ဝိ။ ၄၄၁)

ပုညတေဇေန=မိမိတို့ပြုကြသော ဒါန, သီလစသော ကာမ ကုသိုလ်၊ ပထမစျာန်, ဒုတိယစျာန်စသော ရူပဗြဟ္မာကုသိုလ်တို့၏ အရှိန်အဟုန်သည်၊ ဥက္ခိတ္တာ=ချီးပင့်မြှောက်တင်အပ်ကုန်သည်ဖြစ်၍၊ ကာမရူပဂတိံ=လူ့ပြည်နတ်ပြည်ဟူသော ကာမဘုံပထမစျာန်စသော ရူပဗြဟ္မာဘုံသို့၊ ဂတာပိစ=ရောက်ကြကုန်သောသူတို့သည် လည်းကောင်း၊ ဘဝဂ္ဂံ=ဘဝဂ်ခေါ်သော အရူပဗြဟ္မာဘုံသို့၊ သမ္ပတ္တာပိစ= ရောက်ကုန် သောသူတို့သည်လည်းကောင်း၊ ပုန=တစ်ဖန်၊ ဒုဂ္ဂတိံ=အပါယ်လေး ဘုံဟူသော ဒုဂ္ဂတိဘုံသို့၊ ဂစ္ဆန္တိ=ကျရောက်လာကြကုန်၏။

ယခု ဆရာတော်ဟောပြောခဲ့သော သံသရာကြီး သုံးကြောင်း သုံးသွယ်တို့သည်

၁။ ပထမ အောက်သံသရာမှာ အတ္တဒိဋ္ဌိဘေးဆိုးကြီး၏ ဦးခေါင်းကို အနတ္တသမ္မာဒိဋ္ဌိမဂ္ဂင်ဝိဇ္ဇာဉာဏ်တည်းဟူသော ပေါက်တူးနှင့် အတင်းဒလကြမ်း ဖောက်ခွဲပြီးပစ်ရန် အရေးကြီးတယ်ကွဲ့ မောင်စိန်ရဲ့။

၂။ ဒုတိယ အလယ်သံသရာကြီးမှာ ကာမတဏှာသုခ၊ အပူ အလောင်ဓာတ်ကြီး၏ဦးခေါင်းကို ဒုက္ခတည်းဟူသော အမြောက် စိန်ပြောင်းကြီးဖြင့် အတင်းနင်းတွန်းကန်ပြီး ဖြိုခွင်းချေဖျက်ပြီးပစ်ရန် အရေးကြီးတယ်ကွဲ့ မောင်စိန်ရဲ့။

၃။ တတိယ အထက်သံသရာကြီးမှာလည်းပဲ ဘဝတဏှာ သုခဓာတ်ကြီး၏ဦးခေါင်းကို ဒုက္ခတည်းဟူသော အမြောက်စိန်ပြောင်း ကြီးဖြင့် အတင်းနင်းတွန်းကန်ပြီး ဖြိုခွင်းချေဖျက်ပြီးပစ်ရန် အရေးကြီး တယ်ကွဲ့ မောင်စိန်ရဲ့။

အဲ ယခုရှင်းလင်း၍ ဟောပြခဲ့တာကတော့ မောင်စိန်တို့ ပဲခူးသူ ပဲခူးသားတွေ နားလည်သွားအောင် ဝဋ်သုံးပါးသုံးလီကို ချဲ့ထွင်ကာ ပြဆိုနေတာကွဲ့ မောင်စိန်ရဲ့။

ကိုင်း တစ်ခါထပ်၍ သံသရာဝဋ်ဒုက္ခကို အနည်းငယ် ဟောဦး မယ်ကွဲ့ ကောင်းကောင်းကြီးမှတ်လိုက်စမ်း မောင်စိန်ရဲ့။ သံသရာဝဋ် ဒုက္ခဆိုတာကတော့

၁။ ဇာတိဒုက္ခတစ်ပါး၊

၂။ ဇရာဒုက္ခတစ်ပါး၊

၃။ မရဏဒုက္ခတစ်ပါး၊

၄။ သောကဒုက္ခတစ်ပါး၊

၅။ ပရိဒေဝဒုက္ခတစ်ပါး၊

၆။ ဒုက္ခ ဒုက္ခတစ်ပါး။

၇။ ဒေါမနဿတစ်ပါး၊

၈။ ဥပါယာသ ဒုက္ခတစ်ပါး၊

၉။ အပိယသမ္မယောဂဒုက္ခတစ်ပါး၊

၁၀။ ပိယဝိပ္ပယောဂဒုက္ခတစ်ပါး၊

၁၁။ ဣစ္ဆာဝိဃာတဒုက္ခတစ်ပါး၊

ဤတစ့်တစ်ပါးသော ဒုက္ခအချက်ကြီးတို့ကို သံသရာဝဋ်ဒုက္ခ လို့ဆိုတယ်ကွဲ့ မောင်စိန်ရဲ့။

၁။ ဇာတိဒုက္ခဆိုသည်ကား မောင်စိန်တို့ ကမ္ဘာသူ ကမ္ဘာ သားတို့၏ အလိုကို အနည်းငယ်ကလေးမျှလိုက်ခြင်းမရှိ ဘဲ ဘောက် သောက်လျောက်လျား ဖြစ်ပေါ်ခြင်းအလေ့သဘောရှိတယ်ကွဲ့ မောင် စိန်ရဲ့။ အဲ ဆရာတော်က မောင်စိန်တို့ ပဲခူးသူပဲခူးသားတွေ နားလည် အောင် ဥပမာပြောပြဦးမည်။ တစ်ခုသော တောအရပ်ဋ္ဌာနကြီး၌ မီးပေါက်မီးပွားတို့သည် မိုးကြီးရွာသကဲ့သို့ အမြဲကျရောက်ဖြစ်ပွား၍ နေရာ၏၊ တစ်ယောက်သောသူသည် ကြီးစွာသော ယမ်းထုပ်ကိုပွေ့ ပိုက်၍ ထိုတောအလယ်သို့ သွားရာ၏၊ ထိုသူအား မချွတ်မလွဲလျှင် ဒုက္ခကြီးစွာဖြစ်လေရာ၏၊ အဘယ့်ကြောင့်ပါလဲဆိုသော် မီးနှင့်တွေ့ ခဲ့လျှင် ထိုသူ၏ အလိုကိုမငဲ့ဘဲမလိုက်ဘဲ ယမ်း၏ပကတိ အလိုအား ဖြင့် မီးတောက်၍ ထိုသူကိုပင် လောင်လေရာသောကြောင့်တည်း။ ကိုင်း ဤဥပမာကို မောင်စိန်က သတိထားလိုက်စမ်းကွဲ့။

လောကကြီးသုံးပါးသည် ကိလေသာမီးတို့ကို လွန်စွာဖြစ်ပွား စေနိုင်သော ဥပါဒါနိယတရားတို့၏ အနမတဂ္ဂသံသရာနှင့်အမျှ အမြဲ ဖြစ်ထွန်းရာဌာနဖြစ်၍ မီးပေါက်မီးပွား မိုးကြီး အမြဲရွာ၍နေသော တောအရပ်ကြီးနှင့်တူတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ တစ်ယောက်တစ်ယောက်သော သတ္တဝါ၌အစဉ်ပါရှိ၍နေသော တစ်ထောင်ငါးရာ ကိလေသာအစုအခဲ ကြီးသည် ထိုသူ၌ရင်ခွင်ပိုက်၍ အစဉ်ပါရှိသော ယမ်းထုပ်ကြီးနှင့်တူ၏ဟုမှတ်။ ကိလေသာသုံးပါးသည် ယမ်းပုံမီးကျ မီးတောက်ထအောင် လှုံ့ဆော်နိုင်သော အာရုံတောကြီး အတိဖြစ်တယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ လောဘတရား၏ ဖြစ်ပေါ်မှုသည် သူတော်ကောင်းတရား အချုပ်အထိန်းမရှိပါက အကြောင်းအာရုံ လှုံ့ဆော်တိုင်း ယမ်းပုံမီးကျပေါက်လွှတ် လျောက်လျား ဖြစ်ချင်တတ်တိုင်း ဖြစ်နေတော့တာပဲကွဲ့ မောင်စိန်ရဲ့။ (မှန်လှပါဘုရား)။ သူတော်ကောင်းတရား ဆိုတာကလဲ ဘဝတစ်ရာမှာ တစ်ခါမတွေ့လို့ ဘဝတစ်ထောင်မှာ တစ်ခါမတွေ့လို့ အလွန်တွေ့ကြုံခဲတယ်ကွဲ့။ ကမ္ဘာသူ ကမ္ဘာသားတို့ကလဲ မိမိတို့၏ ပကတိအလိုဟူ၍ မရကြကုန်ဘဲ လောဘ ဓမ္မ၏အလိုကို မိမိတို့အလိုပြုလုပ်ကြ၍ ပေါက်လွှတ်လိုက်စားပြီး နေ ကြတာကွဲ့ မောင်စိန်ရဲ့။ (ရေသတ္တဝါ, ကုန်းသတ္တဝါ, လူ့လောက, နတ်လောက အကုန်မျှော်ကြလေ)။

ကမ္ဘာလောကကြီးထဲမှာ လောဘ ဇာတိ, ဒေါသဇာတိ, မောဟ ဇာတိစသော ကိလေသာဇာတိဆို တောကြီးတွေလှိုင်းထပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြတာကွဲ့ မောင်စိန်ရဲ့။ ကိလေသာဇာတိဆိုသည်ကား ကမ္ဘာ လောကကြီးအလယ်၌ ကိလေသာတို့၏ ဇာတ်ထွက်မှုကို ဆိုတာကွဲ့ မောင်စိန်ရဲ့။ (မှန်လှပါဘုရား)။ ငရဲ, ပြိတ္တာ, အသုရကာယ်ဘုံတို့၌ ဒေါသဒေါမနဿ ဇာတ်ထွက်မှုကြီးတွေသည် အလွန်ကြီးကျယ်လှတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ရေတိရစ္ဆာန်, ကုန်းတိရစ္ဆာန်ဘုံတို့၌ မောဟဇာတ်ထွက်မှုကြီးလဲ အလွန်ကြီးကျယ်သည်ဟုမှတ်။ မောင်စိန်တို့ လူလောကကြီးထဲမှာလဲ အလွန်ဇာတ်ရှုပ်သည်ဟုမှတ်။ အောက်စတု မဟာရာဇ်ဘုံ၌လည်း ဇာတ်ရှုပ်သည်ဟု မှတ်။ အထက်နတ်ပြည်၌ လောဘဇာတ် ထွက်မှုကြီးသည် အလွန်ကြီးကျယ်လှသည်ဟု မှတ်။ ဗြဟ္မာ့ပြည်တို့၌ မာန,ဒိဋ္ဌိဇာတ် အလွန်ကြီးကျယ်လှသည်ဟုမှတ်ကွဲ့မောင် စိန်ရဲ့။ (မှန်လှပါဘုရား)။ အဲ ယခုပြလိုက်တာကတော့ ကိလေသာဇာတိ ဘေးကြီး၏ ထကြွသောင်းကျမ်းမှုအတွက် ကြောက်မက်ဖွယ် အချက် ကြီးကို ပြဆိုရတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

ဒုစရိုက်တို့၏ ဇာတိသည်လည်း အလွန်သောင်းကျန်း၏၊ ပါဏာတိပါတစေတနာစသည်တို့သည် မောင်စိန်တို့သန္တာန်၌ ဖြစ်ပေါ်ခွင့် ဆိုက်ခဲ့လျှင် ဘယ်အခါမဆို ပါဏာတိပါတကိစ္စနှင့်လှုံ့ဆော်၍ထွက်၏၊ သည်တော့ မောင်စိန်တို့ဟာ ထိုစေတနာလှုံ့ဆော်တိုင်း သူများအသက်ကို သတ်ဖြတ်ခြင်းဟုဆိုအပ်သော ပါဏာတိပါတအလုပ်ကို ပြုလုပ်ရတာ ဘဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဒိန္နာဒါနစသည်တို့၌လည်း ဤနည်းအတူပဲဟုသာ မှတ်လိုက်ပါတော့ကွဲ့။ အသိအမြင်ဉာဏ် ဘက်က ထိုင်းမှိုင်း၍ အရိုင်းအစိုင်းလူမျိုးတို့နှင့် ကျား, မြွေစသော တိရစ္ဆာန်တို့၌မူ ပါဏာတိပါတဇာတ်ထွက်မှုကြီးသည် မပြောပလောက်နိုင်အောင် ကြီးကျယ်တာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ယခုအခါ ဥရောပတိုက် အမေရိကတိုက်တို့၌ မိစ္ဆာဒိဋ္ဌိဒုစရိုက်ဇာတ်ထွက်မှု အလွန်ကြီးကျယ် တာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲယခုပြဆိုလိုက်တာကတော့ ဒုစရိုက်ဓမ္မတို့၏ ဇာတ်ဘေးကြီးကျယ်ပုံကို ပြဆိုချက်ဟု မှတ်။ ဝိပါက်ခန္ဓာတို့၏ ဇာတိသည်လည်း သေသည်၏အခြားမဲ့၌ မောင်စိန်တို့၏အလိုကို ငဲ့ခြင်းမရှိဘဲ ကံပစ်ချရာ၌ ပေါက်လွှတ် လျောက် လျား ဖြစ်ခြင်တတ်တိုင်း ဖြစ်ပေါ်ရတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ မောင်စိန်တို့ တတွေဟာ မရဏလက်နက်ဘေးကြီး ကျရောက်လိုက်လျှင် တိရစ္ဆာန်မျိုးတွင် ဘယ်တိရစ္ဆာန်မျိုးကားမဖြစ်ဟု အထိမ်းအမှတ်မရှိ။ ခွေးဇာတိ, ဝက်ဇာတိ, နွားဇာတိ စသည် အချက်မရွေး ထွက်ချင်တတ် တိုင်း ထွက်နေတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ပြိတ္တာမျိုးတွင် ဘယ်ပြိတ္တာမျိုးကားမဖြစ်ဟု မရှိ။ အသုရကာယ်မျိုးတွင် ဘယ် အသုရကာယ်မျိုးကား မဖြစ်ဟု မရှိ။ ငရဲကြီးရှစ်ထပ်တို့တွင်လည်း လူ့ပြည်မှ စုတေလျှင် ဘယ်ငရဲကြီး၌မဖြစ်ဟု မရှိ။ အနမတဂ္ဂသံသရာ၌ သတ္တဝါအပေါင်းတို့သည် စုတေသည်မှနောက်၌ ကမ္မသကာ ကံပစ်ချရာ ဟု မိမိတို့ကိုယ်ခန္ဓာကို အစဉ်ထာဝရ ပေါက်လွှတ်ထားကြရတာကွဲ့ မောင်စိန်ရဲ့။ အဲ ထိုနည်းအတူ နတ်ပြည် ဗြဟ္မာ့ပြည်မှ စုတေကြရာ၌ လည်း အကုန်မျှော်လေ။

ဝိပါက်ခန္ဓာတို့၏ ဇာတိဘေးကြီးသည် အဘယ်မျှလောက် သောင်းကန်းရမ်းကားမှု ကြီးကျယ်သနည်း' ဟုသိလိုသော် အပါယ်လေးဘုံ အသိုက်အအုံကြီးကျယ်ပုံ၊ ငရဲ ပြိတ္တာ အသုရကာယ်တို့၌ အသက်ရှည်ပုံ၊ ခဏမစဲ အမြဲခံနေကြရသော ဒုက္ခဝေဒနာတို့၏ ပြင်းထန်ပုံတို့ကို အကုန်မျှော်လေ။ အဲ ယခုပြဆိုလိုက်တာကတော့ ဝိပါခန္ဓာတို့၏ ဇာတိဘေး ကြီးကျယ်ပုံကို ပြဆိုချက်ဟုမှတ်။ ဇာတိဒုက္ခ ကြီးကျယ်မှု တစ်ခုကိုပြသဖြင့် ဇရာဒုက္ခ စသည်တို့ကိုလည်း နယ်ချဲ့နိုင်လောက်သော ဉာဏ်ရှိကြစေကုန်သတည်း။

သံသရာသုံးသွယ် ဝဋ်သုံးပါးတို့ကို မှတ်သားနိုင်ရန် အကျဉ်းပြဇယား

၁။ ပထမအောက်သံသရာကြီး၌

၁။ ကိလေသဝဋ်
၂။ ကမ္မဝဋ်
၃။ ဝိပါကဝဋ်

ဝဋ်သုံးပါး
(က) အတ္တဒိဋ္ဌိ
(ခ ) ဒုစရိုက်ဆယ်ပါး
(ဂ ) ခွေး၊ ဝက်၊ ကြက်၊ ငှက်ခန္ဓာ

၂။ ဒုတိယအလယ်သံသရာကြီး၌

၁။ ကိလေသဝဋ်
၂။ ကမ္မဝဋ်
၃။ ဝိပါကဝဋ်

ဝဋ်သုံးပါး
(က) ကာမတဏှာ
(ခ ) ဒါန၊ သီလ၊ သုစရိုက်ဆယ်ပါး
(ဂ ) လူခန္ဓာ၊ နတ်ခန္ဓာ

၃။ တတိယအောက်သံသရာကြီး၌

၁။ ကိလေသဝဋ်
၂။ ကမ္မဝဋ်
၃။ ဝိပါကဝဋ်

ဝဋ်သုံးပါး
(က) ဘဝတဏှာ
(ခ ) ရူပ၊ အရူပ၊ မဟဂ္ဂုတ် ကုသိုလ်ကိုးပါး
(ဂ ) ရူပ၊ အရူပ၊ ဗြဟ္မာခန္ဓာ

နိဗ္ဗာန်သုံးမျိုး ရှင်းလင်းချက်

နိဗ္ဗာန်ဆိုတာကတော့ နောက်ကပြောဆိုဟောကြားခဲ့ပြီးသော ဇာတိ ဒုက္ခစသော သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ခြင်းကို နိဗ္ဗာန် လို့ဆိုရတာကွဲ့ မောင်စိန်ရဲ့။ အဲ ထိုကျွတ်လွတ်ခြင်းနိဗ္ဗာန်သည်

၁။ ပထမနိဗ္ဗာန်

၂။ ဒုတိယနိဗ္ဗာန်

၃။ တတိယနိဗ္ဗာန်

ဟုနိဗ္ဗာန်သုံးမျိုးရှိတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား )။

ထိုသုံးမျိုးတို့တွင်

၁။ ပထမနိဗ္ဗာန်ဆိုသည်ကား အပါယ်သံသရာ ကြီး၏ဆိုင်ရာ ဝဋ်ဒုက္ခတို့၏နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ပထမနိဗ္ဗာန်ဆိုရတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

၂။ ဒုတိယနိဗ္ဗာန် ဆိုတာကတော့ လူ့ဘဝ၊ နတ်ဘဝအဆက် ဆက်ဟုဆိုအပ်သော အလယ်သံသရာကြီး၏ဆိုင်ရာ ဝဋ်ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိ ချုပ်ငြိမ်းခြင်းကို ဒုတိယနိဗ္ဗာန် ဆိုရတယ်ကွဲ့ မောင်စိန်ရဲ့။ (မှန်လှပါဘုရား)။

၃။ တတိယနိဗ္ဗာန် ဆိုတာကတော့ ရူပဗြဟ္မာ, အရူပဗြဟ္မာ ဘဝ အဆက်ဆက်ဟုဆိုအပ်သော အထက်သံသရာကြီး၏ဆိုင်ရာ ဝဋ် ဒုက္ခတို့၏ နောင်ဖြစ်ပေါ်ရန် အကြွင်းအကျန်မရှိချုပ်ငြိမ်းခြင်းကို တတိယနိဗ္ဗာန်ဟု ဆိုရတယ်ကွဲ့ မောင်စိန်ရဲ့။ (မှန်လှပါဘုရား )။

မောင်စိန်တို့ခန္ဓာ၌ အနတ္တဉာဏ်အမြင်ပေါက်၍ အတ္တဒိဋ္ဌိ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းပြီဆိုမှဖြင့် အလုံးစုံသောဒိဋ္ဌိ အမှောက် အမှားတို့မှလည်း တစ်ခါတည်း ကျွတ်လွတ်သွားတော့တာဘဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အပါယ်လားကြောင်း သိန်းပေါင်း ကုဋေပေါင်းများစွာ အကုသိုလ်ကံဟောင်းကံသစ်တို့မှလည်း တစ်ခါတည်း ကျွတ်လွတိသွားတော့တာပဲကွဲ့၊ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အတ္တ ဒိဋ္ဌိချုပ်ငြိမ်း၍ အနတ္တသမ္မာဒိဋ္ဌိမဂ္ဂင်ဉာဏ် အမြင်သန်သောသူသည် ပထမနိဗ္ဗာန်ဘုံ သူနိဗ္ဗာန်ဘုံသားဖြစ်ရလေသည်။ ထိုဘုံသူဘုံသားများ သည် အပါယ်ခန္ဓာ အပါယ်ဘဝ အနန္တအပါယ်ဘုံအပါယ်ဘဝ အောက်ဘုံ အောက်ဘဝသို့ လျောကျမြဲ ဓမ္မတာလမ်းကြီးသည်လည်း တစ်ခါတည်း ကွယ်ပျောက်ချုပ်ငြိမ်းလေ၏၊ ကိုယ်အလိုရှိရာ သုဂတိဘုံဘဝ မြင့်သည် ထက်မြင့်မြတ်သည်ထက်မြတ်ရာ ဘဝအဆက်ဆက်သို့ ဆန်တက်ခြင်း ဟူသော ဓမ္မတာလမ်းသစ်ကြီးတစ်ခုသည်သာ တည်ရှိတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

လူ့ဘုံလူ့ဘဝတွင်လည်း သီလသိက္ခာအလိမ်မ္မာ အောက်တန်း ကျ၍ ယုတ်ညံ့သော လူ့ဘဝစည်းစိမ်ချမ်းသာ၊ ကိုယ်အင်္ဂါယုတ်ညံ့သော လူဘဝတို့မှလည်း တစ်ခါတည်းကျွတ်လွတ်ရ၍ သီလသိက္ခာ အလိမ္မာကြီး မြတ်သော လူဘဝစည်း စိမ်ချမ်းသာ၊ ကိုယ်အင်္ဂါမြင့်မြတ်သော လူ့ဘဝ၌ သာဖြစ်ရတော့တာဘဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ နတ်ဘုံနတ်ဘဝ တို့၌လည်း ထိုအတူသာမှတ်ပေတော့။ ထိုပထမနိဗ္ဗာန်၌ တည်သော သူသည် ပုထုဇဉ်အဖြစ်မှ ကျွတ်လွတ်၍ အရိယာအဖြစ်၌ တည်ရလေ၏၊ လောကီဘုံသားအဖြစ်မှကျွတ်လွတ်၍ လောကုတ္တရာဘုံသားအဖြစ်၌ တည်ရလေ၏၊ ထိုသူများသည် လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ဘဝများစွာ ကမ္ဘာများစွာ သံသရာ၌ကျင် လည်ရငြားသော်လည်း သံသရာအလျဉ်၌ မြှုပ်သောသွားခြင်း၊ မျောသောသွားခြင်းဟူ၍မရှိဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အတ္တဒိဋ္ဌိကြီးရှိနေကြသောသူတို့၏ သံသရာ၌ ကျင်လည်ရတာကတော့ မြစ်ရေအလျဉ်၌ကျရောက် ခြောက်သွေ့သော သစ်တုံးကဲ့သို့ မြုပ်သောကျင်လည်ခြင်း။ မျောသောကျင်လည်ခြင်း၊ ဖြစ်ရလေတော့တာဘဲကွဲ့ မောင်စိန်ရဲ့။

အတ္တဒိဋ္ဌိကင်းပျောက်ချုပ်ငြိမ်း၍ အနတ္တသမ္မာဒိဋ္ဌိ မဂ္ဂင်ဝိဇ္ဇာ ဉာဏ်စခန်းသို့ ဆိုက်ရောက်ကုန်သောသူတို့၏ ကျင်လည်ခြင်းမှာမူကား မြုပ်သောကျင်လည်ခြင်း၊ မျောသောကျင်ခြင်းဟူ၍ မရှိရတော့ဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ မြစ်ရိုးမြစ်စဉ်တလျှောက်၌ သင်္ဘောကြီး ငယ်တို့သည် အလိုရှိရာ မြစ်စဉ်တလျှောက်သွားလာ၍ နေကြဘိသကဲ့သို့ မိမိတို့အလိုရှိရာ သုဂတိဘုံဘဝတစ်လျှောက်သို့ သွားလာ၍သာနေကြရ ကုန်တယ်ကွဲ့ မောင်စိန်ရဲ့။ ဖြစ်လေရာရာ ဘုံဘဝ၌လည်း လောကီ ချမ်းသာ၊ လောကုတ္တရာချမ်းသာ နှစ်ပါးကိုအစုံ ခံစားရတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ လူဖြစ်သောဘဝ၌ လူ့ချမ်းသာ နိဗ္ဗာန် ချမ်းသာဟု ဆိုအပ်သော ချမ်းသာနှစ်ပါးကို စွယ်စုံခံစားရသည်ဟူလို။ သည်နေရာ၌ မောင်စိန်တို့တတွေက နိဗ္ဗာန်ဘုံမှာ လောကီစည်းစိမ် ချမ်းသာ ခံစားမှုစံစားမှု ရှိနေပါသေးသလားဟု ဆရာတော်ထံ လျှောက် ထားရန် ရှိတယ်မဟုတ်လားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ တို့လယ်တီ ဟောကိန်း နိဗ္ဗာန်ကတော့ လောကီစည်းစိမ် ချမ်းသာခံစားမှု စံစားမှု ကြီးတွေရှိနေသေးတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဝိသာခါ ဒါယိကာမကြီးသည် ပုဏ္ဏဝဍ္ဎနသူဌေးသားနှင့် တစ်ဦးကိုတစ်ဦး မေတ္တာ ကူးလူးဂဟေစပ်၍ လက်ထပ်လိုက်တာဟာ ပထမနိဗ္ဗာန်ဘုံမှာ မဟုတ် တာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

အဲ တို့လယ်တီနိဗ္ဗာန်ကတော့ လောကီချမ်းသာ လောကုတ္တရာ ချမ်းသာ နှစ်မျိုးစလုံး စွယ်စုံခံစား စံစားရတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဆရာတော်ကြီးက လယ်တီနိဗ္ဗာန်ဟောကိန်းကြီး ထွင်ထားရတာက မောင်စိန်တို့ ပဲခူးသူတွေ ပဲခူးသားတွေ အကြိုက်ကို အလိုက်သင့် အဆင်သင့်အောင် ချဲ့ထွင်ထားရတာကွဲ့ မောင်စိန်ရဲ့။

လောကုတ္တရာနိဗ္ဗာန်ချမ်းသာကြီးကို ခံစားစံစားပုံကတော့ သည်လိုမှတ်လိုက်ကြ။ ဒုစရိုက်မှုကို ပြုကျင့်၍နေသော သူများကို တွေ့ရ မြင်ရ ကြားရ သိရသည်ရှိသော် 'ဩော် ဤသူများသည် မကောင်းသော ဒုစရိုက်မှုကြီးများကို ပြုလုပ်ကြပေ၏၊ အပါယ်ဝဋ်ကျင်း ဆင်းရဲတွင်းသို့ ကျရောက်ရှာကြဦးမှာပါကလား၊ ငါ့မှာတော့ ဤကဲ့သို့သော မကောင်း မှုဒုစရိုက်ဘေးကြီးမှ ဘဝအဆက်ဆက်လွတ်ရပေပြီ ကျွတ်ရပေပြီ ငြိမ်းရပေပြီ'ဟု ကြီးစွာသော အဖိုးမဖြတ်နိုင်သော ဝမ်းသာချက်ကြီး ဖြစ်ပေါ်ရတော့ဒါပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ခွေးတွေ, ဝက်တွေ, ကြက်တွေ ငှက်တွေ အစရှိသောအပါယ်ဘုံသားသတ္တဝါများကို တွေ့မြင်ရ သောအခါ 'ဩော်ဤသတ္တဝါများသည် ဆင်းရဲဒုက္ခတွင်းကြီး နက်နဲပေစွ ငါ့မှာမူကား ဤကဲ့သို့သော အပါယ်ဆင်းရဲဒုက္ခမှ လွတ်ရပေပြီ ကျွတ်ရ ပေပြီ ငြိမ်းချမ်းရပေပြီ' ဟု ကြီးစွာသော အဖိုးမဖြတ်နိုင်သော ဝမ်းသာ ချက်ကြီး ဖြစ်ပေါ်ရတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

မောင်စိန်တို့တစ်တွေက သူဌေး သူကြွယ် ပဒေသရာဇ်တို့၏ လောကီစည်းစိမ်ချမ်းသာကြီးတွေကို အလွန်ကောင်းမြတ်သည်ဟု ထင်နေကြတာ မဟုတ်လားကွဲ့မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ နိဗ္ဗာန် ချမ်းသာမှာတော့ လွတ်မှုကျွတ်မှု ငြိမ်းမှုချုပ်မှုဖြစ်၍ အထည်ဝတ္ထုကို မမြင်ရသောကြောင့် ကြီးမြတ်သည်ဟု မထင်တတ်ကြဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ထို့ကြောင့် ကမ္ဘာသူကမ္ဘာသားတွေဟာ အလွန်ကျယ် ဝန်းရှည်လျားလှစွာသော သံသရာနယကြီး၌ တမြှုပ်တည်းမြှုပ် တနစ် တည်းနစ်နေကြတာကွဲ့မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

လောကီချမ်းသာမျိုးတွေဆိုတာက တကယ်ကောင်းမြတ်သော ချမ်းသာမျိုးမဟုတ် လွတ်ငြိမ်းမှုဟူသော နိဗ္ဗာန်ချမ်းသာမှသာလျှင် ကြီးကျယ်ကောင်းမြတ်တာကွဲ့မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ စကြာ မန္ဓာတ်မင်းတို့၏ စည်းစိမ်ချမ်းသာထက် ငရဲဘဝမှ အစဉ်ထာဝရ လွတ်ငြိမ်းမှုကြီးသည် အဆသိန်းသန်ကုဋေ မရေမတွက်နိုင်အောင် ကြီးမြတ်တာကွဲ့မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ထို့အတူ နတ်မင်း သိကြားမင်း ဗြဟ္မာမင်းတို့၏ လောကီစည်းစိမ် ချမ်းသာထက် အဆသိန်း သန်းကုဋေ မရေတွက်နိုင်အောင် ကြီးမြတ်သည်ဟုမှတ်၊ မြတ်စွာဘုရား သာသနာတော်မြတ်ကြီးကို တွေ့ကြံရပါလို၏ လွန်မင်းစွာတောင့်တ ကြရာ၌ သူဌေးသူကြွယ်တို့၏ လောကီငြ်မ်းမှုချုပ်မှုဟူသော နိဗ္ဗာန် ချမ်းသာအတွက်သာ ကြော်ကြော် တအော်အော် ဆုတောင်းကြရတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

ကိုင်းဒုတိယနိဗ္ဗာန်ကြီး ဆက်လက်ပြီးမှတ်လိုက်ဦးကွဲ့မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဒုတိယနိဗ္ဗာန် ဆိုတာကတော့ ကိလေသာကာမတဏှာ အပူအအိုက် ဒုစရိုက်ထူပြောလှသော လူ့ဘုံလူ့ဘဝ၊ နတ်ဘုံနတ်ဘဝတို့မှ အစဉ်ထာဝရ လွတ်မှုကျွတ်မှု ငြိမ်းမှုချုပ်မှုကြီးကို ဒုတိယနိဗ္ဗာန်ကြီးဟု ခေါ်ဆိုရတာကွဲ့မောင်စိန်ရဲ့။ ၎င်းဒုတိယနိဗ္ဗာန်၌ ကာမတဏှာကြီးကို ပယ်ဖြတ်ရန် အရေးကြီးလှ၏၊ သို့အတွက် လူ့ခန္ဓာ, နတ်ခန္ဓာတို့၏ ဒုက္ခအချက်ကြီးတို့ကို ထင်အောင်မြင်အောင်ကြည့်ရှုရာ အနာဂါမိမဂ် ကိုရသဖြင့် ထိုကာမတဏှာကြီးသည် အကြွင်းအကျန်မရှိ ကျွတ်လွတ် ချုပ်ငြိမ်းရတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲ ၎င်းကာမ တဏှာကြီး ချုပ်ငြိမ်းသည်နှင့်တပြိုင်နက် လူ့အဖြစ်, နတ်အဖြစ်ကို ပေးနိုင်သောကုသိုလ်ကမ္မဘဝတို့နှင့် လူ့ခန္ဓာ, နတ်ခန္ဓာအဆက်ဆက် တို့သည်လည်း တစ်ခါတည်း အကြွင်းအကျန်မရှိ ကျွတ်လွတ်ချုပ်ငြိမ်း ရတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ လူ့ခန္ဓာ, နတ်ခန္ဓာတို့၏ ဒုက္ခအချက်ကြီးများကိုမြင်ရာ၌ ဥပမာတစ်ခုပြောပြမယ် ကောင်း ကောင်းကြီး မှတ်လိုက်စမ်းကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

မစင်ဘင်ပုတ်သေတ္တာကြီးတစ်ခုသည် ရှိလေရာ၏၊ ထိုသေတ္တာ ကြီး၏ ပြင်ပ၌ အနီအဝါစသော ဆေးအမျိုးမျိုး၊ ပိုးဖဲကတ္တီပါ အစရှိသော အထည်အမျိုးမျိုး ချယ်လှယ်လျက်ရှိ၏၊ အတွင်း၌မူကား မစင်ဘင်ပုတ် တွေအပြည့်ရှိ၏၊ ဘီလူးကြီး သရဲကြီး သဘက်ကြီးသုံးကောင်လည်းရှိ၏၊ အဆိပ်ထန်သော မြွေဆိုးကင်းဆိုး အမျိုးမျိုးလည်းရှိလေ၏၊ မကောင်း သောမစင်ဘင်ပုတ်တွေကို စားသောက်၍နေသော ပိုးလောက်တွေလည်း အပြည့်ရှိလေရာ၏။

ဤဥပမာ၌ မောင်စိန်တို့ ကာမဘုံသားတို့၏ ခန္ဓာသည် မစင် ဘင်ပုပ်တို့ဖြင့်ပြည့်သော သေတ္တာကြီးငယ်နှင့် တူတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ တဏှာ, မာန, ဒိဋ္ဌိသုံးပါးသည် သေတ္တာတွင်း၌ရှိနေသော ဘီလူးကြီး သရဲကြီး သဘက်ကြီး သုံးကောင်နှင့်တူတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ကျန်ရှိသောကိလေသာအများသည် ထိုသေတ္တာ တွင်း၌ရှိနေသော အဆိပ်ထန်သော မြွေဆိုး ကင်းဆိုးအမျိုးမျိုးတို့နှင့် တူတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဇာတိ, ဇရာ, မရဏ, သောက, ပရိဒေဝစသော ဒုက္ခအချက်ကြီးများသည်။ ထိုသေတ္တာတွင်း၌ မစင် ဘင်ပုတ်တို့ကို စားနေကြသော ပိုးလောက်အများနှင့် တူတယ်ကွဲ့ မောင်စိန်ရဲ့၊(မှန်လှပါဘုရား)။ အလွန်တရာ လန့်ဖွယ် ရွံဖွယ် ကြောက်ဖွယ် မုန်းဖွယ်ကောင်းလှသော ခန္ဓာနာမ် ရုပ်အကောင်ပုပ်ကြီးတို့၏ ဒုက္ခ အချက်ကြီးတွေကို ကျကျနန သိမြင်ထင်ရှားနိုင်ရန် ခန္ဓာငါးပါး ဟောကိန်း တရားကြီးမှာမှ ပေါ်လွင်ထင်ရှားလိမ့်မကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

ကိုင်း တတိယနိဗ္ဗာန်ကြီးကိုဆက်လက်၍ မှတ်လိုက်ဦးကွဲ့။ နောက်က ပဲခူးသူတွေက အိပ်ငိုက်နေကြထင်ပါရဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။ မင်းတို့ပဲခူးသူတွေဟာ ကာမအပုပ်ဓာတ်ကြီးက အုပ်စိုးပြီးနေ တာဖြစ်တော့ တတိယနိဗ္ဗာန်ကြီးကို သဘောကျမှာမဟုတ်ဘူးကွဲ့။ ခန္ဓာငါးပါး အကြွင်းအကျန်မရှိ တစ်ခါတည်းချုပ်ငြိ်မ်းမယ်ဆိုလျှင် ဝေဒယိတသုခ ခံစားမှု စံစားမှု နယ်ကြီးဆိုင်ရာ အာရုံအမျိုးမျိုးတွေကလဲ တစ်ခါတည်းချုပ်ငြိမ်းရမှာကိုကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ သည် တော့ ဘာကြိုက်နိုင်မလဲ။ တတိယနိဗ္ဗာန်ကြီးဟာ အခြောက်တိုက်ကြီး ဖြစ်မနေပေဘူးလားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ မင်တို့ ပဲခူးသူတွေ ကတော့ ဝေဒယိတသုခကာမတဏှာ အပူအအိုက်အပုပ် ဓာတ်ကြီး၏ အုပ်စိုးချက်ကို ခံနေကြရသဖြင့် ခံစားမှုစံစားမှု ကိလေသာ အပူအအိုက် အပုပ်ဓာတ်ကြီးတွေနှင့် စပ်လျဉ်းသော စကားမျိုးတွေကို ကြားနာနေရပါမှ ရေတွေ့သော ကြာပန်းကြီးများကဲ့သို့ ရွှင်ရွှင်လန်းလန်း နှစ်နှစ်သက် သက်ဖြစ်မှာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

အဲသည်တော့ မင်းတို့ပဲခူးသူတွေဟာ အပုတ်ဓာတ် အိုးစိုးလျက် ရှိသော လင်းတကြီးများနှင့် တူနေတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ လင်းတကြီးများဟာ သူတို့အနားသွားပြီး 'အမောင်လင်းတကြီးရေ၊ ဘယ်တော ဘယ်တောင်မှ အကျော်စံပါ နံ့သာကရမက် အမွှေးအကြိုင် တွေ အလွန်ပေါတာကလား' ဟုပြောလျှင် လင်းတကကြိုက်မှာမဟုတ် ဘူးကွဲ့ မောင်စိန်ရဲ့။ ဘာကြောင့်လဲဆိုတော့ လင်းတဆိုတဲ့ အကောင် မျိုးက အပုပ်ဓာတ်အုပ်စိုး နေတာဖြစ်တော့ အမွှေးအကြိုင် ဓာတ် တွေနှင့်ဆိုလျှင် ကန့်လန့်ဆန့်ကျင်ဘက်ဖြစ်နေတာကွဲ့။ ဒါကြောင့် အမွှေးအကြိုင်ဓာတ်ဆိုလျှင် လင်းတက မျက်ကြောတည့်မှာမဟုတ်ဘူးကွဲ့ မောင်စိန်ရဲ့။ လင်းတ သဘောကျကို ပြောမယ်ဆိုလျှင် 'အမောင် လင်းတရေ၊ ဘယ်တောဘယ်တောင်မှာ မကောင်းသော ခွေးသေကောင် ပုပ်တွေ ဝက်သေကောင်ပုပ်တွေ အလွန်ပေါများတာကလား' ဟုပြောလျှင် အလွန်သဘောကျမှာပါကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲသည် အပုပ်ဓာတ်အုပ်စိုးလျက်ရှိသော လင်းတကြီးများနှင့် မောင်စိန်တို့ ပဲခူးသူတွေနှင့် တူနေတယ်ကွဲ့။

ကာမတဏှာ အပူအအိုက်အပုပ်ဓာတ်ကြီးတွေ အုပ်စိုးချက် ကြီးများကို ခံနေကြရသော မောင်စိန်တို့ပဲခူးသူတွေ၏နားမှာ 'တတိယ နိဗ္ဗာန်ကြီးသည် ခန္ဓာငါးပါးအကြွင်းအကျန်မရှိ ချုပ်ငြိမ်းရတော့၏၊ ခံစားဖွယ်စံစားဖွယ် အသွယ်သွယ်သော အာရုံတွေလဲ အကုန်ချုပ် ပျောက်ရတော့၏' လို့ပြောလျှင် သဘောကျမှာမဟုတ်ဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဘာကြောင့်လဲဆိုတော့ မောင်စိ်န်တို့ ပဲခူးသူတွေရဲ့ သန္တာန်၌ လောဘကိလေသာ အပူအအိုက် အပုတ်ဓာတ်ကြီးတွေ၊ ဒေါသကိလေသာ အပူအအိုက် အပုပ်ဓာတ်ကြီးတွေ၊ မောဟကိလေသာ အပူအအိုက် အပုတ်ဓာတ်ကြီးတွေက စီးနင်းအုပ်စိုး လွှမ်းမိုးပြီးနေတာ ဖြစ်တော့ ခံစားမှု စံစားမှုတွေ မရှိတော့ဘူးလို့ဆိုလျှင် ကန့်လန့်ဆန့်ကျင် ဘက်ဖြစ်၍ မျက်ကြောတည့်မှာ မဟုတ်ဘူးကွဲ့ မောင်စိန်ရဲ့။ မောင်စိန်တို့ ပဲခူးသူတွေသဘောကျကို ပြောမယ်ဆိုလျှင် လောဘကိလေသာတွေနှင့် ဆိုင်ရာ ခံစားမှု စံစားမှု ဝေဒယိတသုခဘက်က များသည်ထက်များအောင် ကြီးသည်ထက်ကြီးအောင် ရွှမ်းရွှမ်းစိုစိုကြီးပြောမှသာ များစွာသဘော ကျကုန်မှာ မဟုတ်လားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ တတိယနိဗ္ဗာန်၌ မှတ်ရန်အချက်ကြီးမှာ ဒိဋ္ဌိ, မာန ထူပြောကြကုန်သော ရူပဗြဟ္မာဘုံ အရူပဗြဟ္မာဘုံ အလုံးစုံတို့မှ အစဉ်ထာဝရလွတ်မှုကျွတ်မှု ငြိမ်းမှု ချုပ်မှုကြီးကို တတိယနိဗ္ဗာန်ဆိုတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ထိုတတိယနိဗ္ဗာန်တိုင်အောင် ပေါက်ရောက်နိုင်ကြကုန်သော သူတို့ သည်ကား ရဟန္တာအစစ်ဖြစ်ကြကုန်၍ ကာမဘုံ, ရူပဘုံ, အရူပဘုံဟူသော ဘုံသုံးပါးတို့မှ အစဉ်ထာဝရလွတ်ကြ ကျွတ်ကြ ငြိမ်းကြ ချုပ်ကြရကုန် တယ်ကွဲ့ မောင်စိန်ရဲ့။ ယခုဘဝတွင် ပရိနိဗ္ဗာန်ဝင်ကြလေကုန်၏ ဟူလို။

၎င်း တတိယနိဗ္ဗာန်၌ ဘဝတဏှာကြီးကို ပယ်ဖြတ်ရန် အရေး ကြီးလှ၏၊ သို့အတွက်ကြောင့် ဗြဟ္မာ့ခန္ဓာတို့၏ ဒုက္ခအချက်ကြီးတို့ကို ထင်မြင်အောင်ကြည့်ရှုရာ အရဟတ္တမဂ်ကိုရသဖြင့် ထိုဘဝ တဏှာကြီး သည် အကြွင်းအကျန်မရှိ ကျွတ်လွတ်ချုပ်ငြိမ်းရတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲ ၎င်းဘဝတဏှာကြီး ချုပ်ငြိမ်းသည်နှင့် တစ်ပြိုင်နက် ဗြဟ္မာအဖြစ်ကိုပေးနိုင်သော ကုသိုလ်ကမ္မဘဝတို့နှင့် ဗြဟ္မာ ခန္ဓာအဆက်ဆက်တို့သည်လည်း တစ်ခါတည်း အကြွင်းအကျန်မရှိ ကျွတ် လွတ်ချုပ်ငြိမ်းရတော့တာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

ဒုတိယနိဗ္ဗာန်၌ ဟောပြခဲ့သောဥပမာနှင့်အလားတူ ဥပမာတစ်ခု ဟောမည် ကောင်းကောင်းမှတ်လိုက်စမ်းကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။ ဖွဲသေတ္တာကြီးတစ်ခုသည်ရှိလေရာ၏၊ ထိုဖွဲသေတ္တာကြီး၏ ပြင်ပ၌ အနီအဝါစသော ဆေးအမျိုးမျိုး ခြယ်လှယ်လျက်ရှိ၏၊ အတွင်း၌ မှာမူကား ဖွဲကြမ်းတွေ အပြည့်ရှိ၏၊ ဘီလူးကြီးသရဲကြီး သဘက်ကြီး သုံးကောင်သည်လည်းရှိ၏၊ အဆိပ်ထန်သောမြွေဆိုး ကင်းဆိုးအမျိုးမျိုး လည်းရှိ၏၊ မကောင်းသော ဖွဲကြမ်းတွေကို စားသောက်၍နေသော ပိုးအမျိုးမျိုးလည်းရှိ အပြည့်ရှိ၏၊ ဤဥပမာ၌ ရူပဗြဟ္မာ, အရူပဗြဟ္မာ ကြီးတို့၏ ခန္ဓာသည် ဖွဲနုဖွဲကြမ်းတို့ ဖြင့်ပြည့်သော သေတ္တာကြီးငယ်နှင့် တူတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ တဏှာ, မာန, ဒိဋ္ဌိသုံးပါး တို့သည်။ သေတ္တာတွင်း၌ရှိသောဘီလူးကြီး သရဲကြီး သဘက်ကြီး သုံးကောင်နှင့် တူတယ်ကွဲ့ မောင်စိန်ရဲ့၊(မှန်လှပါဘုရား)။ ထိုမှတစ်ပါး သော ကိလေသာတရားများသည် သေတ္တာတွင်း၌ရှိသော အဆိပ်ထန် သော မြွေဆိုး ကင်းဆိုးအမျိုးမျိုးနှင့်လည်း တူတယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဇာတိ, ဇရာ, မရဏ ဒုက္ခများသည် ထိုသေတ္တာတွင်း၌ ဖွဲနုဖွဲကြမ်းတို့ကို စားနေကြသောပိုးမျိုးနှင့်တူတယ်ကွဲ့ မောင်စိန်ရဲ့၊ ဗြဟ္မာခန္ဓာကြီးများသည် ဖွဲနုဖွဲကြမ်းတို့ဖြင့် ပြည့်သော သေတ္တာကြီးနှင့် တူပုံမှာ ဖွဲကြမ်းမည်သည် ဘယ်ဟာမှအသုံးမကျ ပိုးစာမွှားစာ မီးစာမျှ သာဖြစ်တာပဲကွဲ့ မောင်စိန်ရဲ့။

ထိုအတူ ဤသတ္တဝါများသည် အနမတဂ္ဂသံသရာ၌ ဘဝခန္ဓာကို ရခဲ့ကြသည်မှာ အနန္တရှိကြလေပြီ။ သို့သော်အပါယဝဋ်ဒုက္ခ အပေါင်းတွင် ယနေ့ထက်တိုင် အဘယ်ဒုက္ခတစ်ခုကိုမျှ ပယ်ဖြတ်နိုင်ပြီဟု မရှိသေးဘူးကွဲ့ မောင်စိန်ရဲ့။ ဇရာ, မရဏ မီးစာမျှသာဖြစ်၍ ကုန်ဆုံးခဲ့လေ၏၊ ထိုကြောင့် ဗြဟ္မာခန္ဓာသည် အသုံးမကျသော ဖွဲကြမ်းသေတ္တာကြီးနှင့် တူတယ်ကွဲ့ မောင်စိန်ရဲ့။

၁။ ပထမအောက်သံသရာကြီးချုပ်ငြိမ်းခြင်းကို ပထမနိဗ္ဗာန် ဟုမှတ်၊ အနတ္တ အရေးကြီးသည်။

၂။ ဒုတိယအလယ်သံသရာကြီး ချုပ်ငြိမ်းခြင်းကို ဒုတိယ နိဗ္ဗာန်ဟုမှတ်၊ ဒုက္ခအရေးကြီးသည်။

၃။ တတိယအထက်သံသရာကြီးချုပ်ငြိမ်းခြင်းကို တတိယ နိဗ္ဗာန်ဟုမှတ်၊ ဒုက္ခအရေးကြီးသည်။

အဲဒါကြောင့် ဘဝတဏှာဦးစီးနေတဲ့ ဗြဟ္မာကြီးများဟာ စျာန်အရှိန် စျာန်အဟုန်တွေနှင့် ပျော်ပိုက်မူးရူးပြီး မိမိ၏ထွက်လမ်း လွတ်လမ်း ကျွတ်လမ်းကိုမှ မမျှော်မတွေးဘဲနှင့်သာ အချိန်တွေအလကား ဖြုန်းပစ် တာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ဖွဲသေတ္တာကြီးနှင့်တူသော ဗြဟ္မာကြီးများ၏ ဘုံဘဝကို စက်ဆုပ်ရွံရှာကြ၍ ဘဝတဏှာကြီးကို ဒုက္ခ လက်နက်ကြီးဖြင့် တစ်ခါတည်း နာလံမထနိုင်အောင် အတင်းဖြို ဖျက်ပစ် ရမယ်ကွဲ့ မောင်စိန်ရဲ့။

အဲ - ယခုဟောပြောခဲ့ပြီးသော နိဗ္ဗာန်သုံးရပ်မှာလည်းပဲ ဗုဒ္ဓဘာသာ သာသနာတော်အတွင်း၌ ပထမသံသရာကြီး၏ ချုပ်ငြိမ်းရာ ပထမနိဗ္ဗာန်ကိုရခြင်းငှါ အလွန်အရေးကြီးတယ်ကွဲ့ မောင်စိန်ရဲ့။ ထိုနိဗ္ဗာန်ကိုလည်း ယခုလူ့ဘဝ၌သော်လည်းကောင်း၊ နတ်ပြည်သို့ ရောက်၍ နတ်ဘဝ၌သော်လည်းကောင်း၊ ရနိုင်သော အခွင့်ကာလ ရှိတယ်ကွဲ့ မောင်စိန်ရဲ့။ မောင်စိန်တို့တတွေဟာ ဘုရားသာသနာတော် မြတ်ကြီးနှင့်တွေကြုံပါလျက် ဤပထမနိဗ္ဗာန်ကိုမျှ မရခဲ့သည်ရှိသော် လိုရင်းအကျိုးကိုမရဘဲ လွဲခြင်းကြီးလွဲသွားရမှာတွေကွဲ့ မောင်စိန်ရဲ့။ ယခုကာလကြီးထဲ၌ ကမ္ဘာသူကမ္ဘာသားတို့သည် မိမိတို့ကိုယ်ကို ယခုဘုရားသာသနာတော်တွင်းမှာ နိဗ္ဗာန်ကိုမရနိုင်ကြကုန်ပြီ နောက် အရိမေတ္တေယျမြတ်စွာဘုရား သာသနာသို့ရောက်မှ ရနိုင်ကြလိမ့်မည် မှတ်ထင်လျက် ရှိနေကြကုန်တာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ ထို မှတ်ထင်ချက်သည် နိယတဗျာဒိတ်ရပြီးသော ပုဂ္ဂိုလ်တို့မှသာ မှတ်ထင် ချက်အတိုင်း ရနိုင်ကြကုန်လတ္တံ့။ နိယတဗျာဒိတ်ကို မရဘူးသော မောင်စိန်တို့လို အနိယတ ကမ္ဘာသူ ကမ္ဘာသားတို့မှာမူကား မှတ်ထင်ချက် အတိုင်း ရနိုင်ကြရန် အလွန်ခဲယဉ်းလှတာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။ ခဲယဉ်းပုံမှာ သည်လိုမှတ်လိုက်။

ယခုဘုရားသာသနာ ကွယ်လွန်ပြီးသည့်နောက် မေတ္တေယျမြတ် စွာဘုရား ပွင့်တော်မူရာကာလကလဲ အလွန်ဝေးကွာလျက်ရှိသေးတယ် ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ လူ့ဘဝပေါင်း နတ်ဘဝပေါင်း သိန်းသောင်းများစွာ ကျင်လည်ကြရသော်လည်း ထိုမြတ်စွာဘုရား သာသနာသို့ ရောက်နိုင်ကြမည်မဟုတ်ဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။ စပ်ကြား၌လည်း သာသနာပ အမိုက်တောကြီးထဲမှာ ကျင်လည် ကြရလိမ့်ဦးမယ်။ အတ္တဒိဋ္ဌိ ဘေးဆိုးကြီးတင်းထင်းနှင့် ထိုအမိုက်တောကြီး အတွင်းမှာ ဘဝပေါင်းများစွာ ကျင်လည်ရသည်ရှိသော် အပါယ်ဘုံတွင်း သို့ ဘဝပေါင်းမည်မျှကျရလိမ့်မည် ကို မသိနိုင်ကြပေဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲ---အပါယ်ဘုံသို့ တစ်ကြိမ်တစ်ခါ ကျခဲ့ပြန်လျှင် လည်း အောက်အဝီစိတိုင်အောင်စုန်ဆင်းတတ်သော ခန္တာဓမ္မတာလမ်း ကြီးအတိုင်း အပါယ်နယ်တခွင်မှာပင် ဘဝပေါင်းသိန်းပေါင်းများစွာ ကျင်လည်၍နေရသည်ရှိသော် ထိုမြတ်စွာဘုရား သာသနာတော်နှင့် တွေ့ကြုံရန်အရေး အဝေးကြီးဝေးကွာ၍ နေရလိမ့်မည်ကို မသိနိုင်ဘူးကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

မေတ္တေယျမြတ်စွာဘုရားသည် ယခုအန္တရကပ်ကုန်၍ နောက် အန္တရဆုတ်ကပ်တွင် လူတို့အသက်တစ်သိန်းတမ်း၌ ပွင့်တော်မူ လိမ့် မည်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ သာသနာတော်အနှစ် နှစ်သိန်း သုံးသိန်း တည်ထွင်ပြီး၍ ကွယ်သွားလိမ့်မယ်တဲ့ မောင်စိန်ရဲ့၊ (မှန်လှ ပါဘုရား)။ အဲ ---အနှစ်နှစ်သိန်းသုံးသိန်း ဆိုသောကာလသည် ငရဲဘုံ၌ တစ်ဘဝ နှစ်ဘဝမျှသာ ဟုမှတ်ကြ။ မေတ္တေယျမြတ်စွာဘုရား သာသနာ ကွယ်သည့်နောက် ဤကမ္ဘာမှာ ပွင့်လာရန် ဘုရားမရှိတော့ဘဲ အမိုက် တော့ကြီးအထိ ဖြစ်ပြီးနေတော့မှာကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အဲ---ဤကမ္ဘာကုန်၍ နောင်လာမည့်ကမ္ဘာတွေကလဲ သုညကမ္ဘာတွေ သာများစွာလာကုန်၍ အမှောင်တောကြီးအတိ အမိုက်တောကြီးအတိ ဖြစ်ကြမှာတွေကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

ယခု ငါတို့ဂေါတမမြတ်စွာဘုရား သာသနာတော်တွင် လူ့အဖြစ် ရှင်အဖြစ်ကိုကြကုန်သောသူတို့မှာ နောက်ဘုရားသာသနာနှင့် အလွန် အခွင့်သင့်လျော်၍ အလွန်စခန်းဆိုက်တိုက်သည်ဟုမှတ်ကြ။ လူ့အဖြစ် ကိုရကြသော်လည်း ရင်းနှီးရန် လက်ရှိဘုရားသာသနာနှင့် ကျွတ်လွတ်ရန် နောက်ဘုရားသာသနာနီးလှစွာကို အလွန်ကြုံကြိုက်ခဲလှ၏၊ ယခု ကြုံကြိုက်ကြပေပြီ။

ယခုသာသနာတော်တွင်း၌ပြုရသော ဒါန, သီလ, ဘာဝနာ ကုသိုလ်ကြောင့် ယခုဘဝမှစုတေ၍ သာသနာတည်ထွန်းရာ လူမျိုးမှာ ဖြစ်လျှင်လည်း ကုသိုလ်ပါရမီတရား ပွားများခွင့်ရကြဦးမှာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ အထက်စတုမဟာရာဇ် မှာဖြစ်ရလျှင် လည်း မြတ်စွာဘုရားသားတော်အစစ်ဖြစ်ကြပေကုန်သော သောတာပန်, သကဒါဂါမ်, အရိယာသူမြတ်တို့၏ အလယ်၌ဖြစ်၍ ဘုရားဂုဏ်ကျေဇူး၊ တရားတော်ဂုဏ်ကျေးဇူး၊ သံဃာတော်ဂုဏ်ကျေးဇူး၊ နက်နဲသော သတိပဋ္ဌာန် သမ္မပ္ပဓာန်စသော တရားစကားတို့ကို ကြားနာ၍ နေကြ ရဦးမှာပဲကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။ တာဝတိံသာ, ယာမာ, တုသိတာစသည်တို့မှာဖြစ်လျှင်လည်း ထို့အတူမှတ်ကြ။

ယခုအခါ နတ်ပြည်ခြောက်ထပ်တို့၌ ဘုရားသာသနာ စည်ကား ဆဲ စည်ကားတုန်းပင်ရှိသေးတယ်။ အစိုးရဖြစ်သော နတ်မင်းကြီး သိကြားမင်းကြီးတို့ကလည်း ဘုရားသားတော်အစစ် အရိယာပုဂ္ဂိုလ် တွေကလားကွဲ့ မောင်စိန်ရဲ့။ (မှန်လှပါဘုရား)။ ယခုအခါ စတုမဟာရာဇ် နတ်ပြည်မှာ ဘုရားပရိနိဗ္ဗာန်စံ၍ အရက်လေးဆယ်ကျော် ငါးဆယ်ခန့် မျှသာ ရှိသေးတယ်။ တာဝတိံသာမှာ အရက်နှစ်ဆယ်ကျော်ခန့်မျှသာ ရှိသေးတယ်။ ယခုအခါ ဘုရားသာသနာ နတ်ပြည် ဗြဟ္မာပြည်များမှာ ထွန်ကားဆဲ ထွန်းကားတုန်းပင် ရှိသေးတယ်ဟု မှတ်ကြ။ ဘုရားလက်တော်၌ရှိကြသော သာဝတ္ထိပြည်သူ ရာဇဂြိုဟ်ပြည် သူအစရှိကုန်သော ကုဋေသိန်းသန်းမက များလှစွာကုန်သော မဇ္ဈိမတိုင်း သူတိုင်းသား ဘုရားသားတော် သမီးတော်အစစ်ဖြစ်ကြပေကုန်သော သူတို့သည် ယခုအခါ စတုမဟာရာဇ်မှာအပြည့်၊ တာဝတိံသာမှာအပြည့်၊ ယာမာ။ တုတိသာမှာ အပြည့်ရှိကြကုန်၏၊ အဲ --- မေတ္တေယျဘုရား အလောင်းတော်လည်း တုသိတာမှာရှိနေသေးသည်။ ဘုရားပရိနိဗ္ဗာန်စံ တော်မူသည့်နောက် အနှစ်နှစ်ဆယ်ကျော်ခန့် အတွင်းမှာဖြစ်ကြကုန်သော မဇ္ဈိမတိုင်းသူ တိုင်းသား ဘုရားသားတော် သမီးတော်တို့လည်း ယခု နတ်ပြည်မှာ အပြည့်ပင်ရှိနေကြတာကလားကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။

ထို့နောက် သီဟိုဠ် (သီရိလင်္ကာ) သို့ သာသနာတော်ရောက်၍ သီဟိုဠ်မှဖြစ်ကြကုန်သော ဘုရားသားတော် သမီးတော် အစစ်တို့လည်း ယခု နတ်ပြည်မှာ အပြည့်ပင်ရှိနေကြကုန်သည်။ ယခု မောင်စိန်တို့ တစ်တွေမှာ ဝိသာခါ အနာထပိဏ်အစရှိသော သူတို့ကို စာဆို စာတွေ့ နှင့်သာ လွမ်းနေကြရတာ မဟုတ်လားကွဲ့ (မှန်လှပါဘုရား)။ ယခုဘဝမှ သေ၍ နတ်ပြည်သို့ရောက်ကြလျှင် ဝိသာခါ အနာထပိဏ်အစရှိသော ဘုရားလက်ထက်တော်ရှိ သာဝတ္ထိပြည်သူ၊ ရာဇဂြိုဟ်ပြည်သူ အစရှိသော ကုဋေသိန်းသန်းမကသောသူတို့နှင့် နတ်ပြည်သို့ကျမှ ဇာတ်ပေါင်း ကြရလိမ့်မည်ကွဲ့၊ (မှန်လှပါဘုရား)။

ထိုအခါသူတို့ကိုကြည်ညိုအားကျ၍ အဆုံးအမကို ခံယူ၍ သောတာပန်လည်းဖြစ်နိုင်၏၊ သကဒါဂါမ်လည်းဖြစ်နိုင်၏၊ ထိုသို့ မဖြစ်ရသော်လည်း ယခုဘဝ၌ပြုကြသော ဒါန, သီလ, ဘာဝနာ ကုသိုလ် ကြောင့် နတ်ပြည်မှသည် လူ့ပြည်၌၊ လူ့ပြည်မှသည် နတ်ပြည်၌ဆက်ကာ ဆက်ကာဖြစ်၍ မေတ္တေယျမြတ်စွာဘုရား သာသနာတော်နှင့် တွေ့ကြ၍ အတုမရှိသော မြတ်စွာဘုရား၏ အနန္တဘုန်းတော် တန်းခိုးတော်တို့ကို ကိုယ်တိုင်ဒိဋ္ဌ ဖူးမြင်ကြရ၍ အကျွတ်တရားကို ဧကန်မုချရကြပေလိမ့် မယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား)။

ထို့ကြောင့် ယခုဘဝ ဘုရားသာသနာတော်တွင်း၌ စခန်းကောင်း ကိုထိုင်မိလျက် အချက်ကြ၍နေသည်ကို ဉာဏ်မျက်စိဖြင့် ကြည့်ရှု၍ သိကြရမယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါဘုရား) ဤကဲ့သို့ စခန်းကောင်း အချက်ကောင်းကနေ၍ ဒါန, သီလ အစထား၍ အနိစ္စဝိပဿနာ ဒုက္ခဝိပဿနာ အနတ္တဝိပဿနာသို့တိုင်ရောက်အောင် မနေမနား အားထုတ်ပွါးများကြပါလျှင် ပထမနိဗ္ဗာန်, ဒုတိယနိဗ္ဗာန်, တတိယနိဗ္ဗာန်ဟု ဆိုအပ်သော သုံးတန်သော လမ်းမှန် စခန်းမှန်ကြီးသို့ မကွေ့မထောင့် အဖြောင့်ဧကန် ဆိုက်ရောက်ကြရလိမ့်မယ်ကွဲ့ မောင်စိန်ရဲ့၊ (မှန်လှပါ ဘုရား)။ ကိုင်း -----ယခုနေ့ည ဤတွင်ရပ်ဆိုင်း၍ တရား တစ်ထုံးပိုင်း လိုက်ပြီး။

--------- * --------

မီးခြောက်ပါးတရားတော်

အခန်း (၇)

သက္ကရာဇ် ၁၂၇၀-ပြည့်နှစ်၊ တပေါင်းလဆန်း(၈)ရက်နေ့ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ပုသိမ်မြို့၊ ဟိုက်စကူးကျောင်းကြီးတွင် ဟောကြားတော်မူသော

လောဘော ဒေါသောစ မောဟောစ

မာတာပိတာစ ပူဇိတာ

ဒယှနာ နုဂ္ဂဟဋ္ဌေန

ဆဠေတေ အဂ္ဂိသမ္မတာ

လောဘောစ=လောဘသည်လည်းကောင်း။ ဒေါသောစ= ဒေါသသည်လည်းကောင်း။ မောဟောစ=မောဟသည်လည်းကောင်း။ မာတာစ=မိခင်သည်လည်းကောင်း။ ပိတာစ=ဖခင်သည်လည်းကောင်း။ ပူဇိတာစ=ပူဇော်ထိုက်သောသူသည်လည်းကောင်း။ ဆဠေတေဧတေဆ=ထိုခြောက်ပါးတို့ကို။ ဒယှနာနုဂ္ဂဟဋ္ဌေန=လောင်မြိုက်တတ် သောအနက်။ ချီးမြှောက်တတ်သောအနက်နှစ်ပါးကြောင့်။ အဂ္ဂိ သမ္မတာ=မီးဟူ၍ သမုတ်အပ်ကုန်၏။

အို ---လူများအပေါင်းတို့၊ လောဘ, ဒေါသ, မောဟ, အမိ, အဖ, ပူဇော်ထိုက်သောသူဟုဆိုအပ်သော ဤခြောက်ပါးတို့သည် လောင် မြိုက်ခြင်း၊ ချီးမြှောက်ခြင်းကိုပြုတတ်သောကြောင့် မီးနှင့်တူသဖြင့် မီးဟူ၍ မည်ကုန်၏။

အဓိပ္ပါယ်ကား မီး၌သဘောနှစ်မျိုးရှိ၏၊ နှစ်မျိုးဟူသည်ကား
(၁) ၎င်းကို ပမာဏပြု လစ်လပ်ပေါ့တန်စွာပြုကုန်သော သူတို့အားလည်းကောင်း၊ ၎င်းတို့နှင့်စပ်ဆိုင်သော ဥစ္စာပစ္စည်းတို့အား လည်းကောင်း၊ အကျွမ်းလောင်မြိုက်တတ်ကုန်၏၊ ဆေးလိပ်သောက် ရူသောသူသည် ဆေးလိပ်မီးကို အလေးမပြုဂရုမစိုက်ဘဲနေလျှင် အဖိုးထိုက်တန်သော ၎င်း၏အထည်အဝတ်ကို မကြမီလောင်မြိုက်စေ လိမ့်မည်။ မီးခြစ်ဆံ၌ တည်ရှိသောမီးဓာတ်သည် အနည်းငယ်ပင်ဖြစ် သော်လည်း ၎င်း၏ အစွမ်းသတ္တိမှာ ကြီးကျယ်သောတိုက်တာ အိမ်ရာ မြို့ပြပြည်ရွာတို့ကို ပြာဖြစ်အောင်ကျွမ်းလောင်စေနိုင်၏၊ မီးခြစ်ဆံ တစ်ခု၌ရှိသောမီးဓာတ်သည် ဇမ္ဗူဒီပါ၌ ရှိသမျှသော အဆောက်အအုံဟူ သမျှတို့ကို အကုန်အစင် မကျွမ်းလောင်နိုင်ဟူ၍ မဆိုမပြောရာ။ ၎င်းနှင့် နီးစပ်လျှင် တစ်ခုမကျန်ကုန်ခန်းအောင် လောင်ကျွမ်းစေနိုင်၏၊ ဤစကား ရပ်ကား မီး၏ဒယှနတ္တသဘော၊ လောင်မြိုက်တတ်သော အနက်သ ဘောတည်း။

(၂) ထိုမီးသည် မိမိက အလေးဂပြု၍ စေခိုင်းလျှင် အလိုဆန္ဒ ဟူသမျှတို့ကို ပြီးမြောက်အောင် ဆောင်ရွက် ချီးမြှောက်တတ်သော အနုဂ္ဂဟသဘောလည်းရှိပေ၏၊ ထိုစကားမှန်၏၊ ဤလောက၌ ခပ်သိမ်း သော လူအပေါင်းတို့သည် မီးဖြင့်နပ်စွာ ချက်ပြုတ်ကြော်လှော်အပ်သော အစာအာဟာရတို့ကိုသာလျှင် အမြဲမပြတ် တစ်သက်ပတ်လုံး သုံးစား၍ အသက်ရှည်ကြရကုန်၏၊ ထိုမီးသည်ပင်လျှင် အလွန်သတ္တိရှိလှစွာသော ပြဒါးဓာတ်, သံဓာတ်တို့ကို အစိမ်းဟုဆိုအပ်သော အာမကသဘောမှ ပြောင်းလဲစေ၍ ကောင်းစွာကျက်သည်ဟုဆိုအပ်သော သုပက္ကသဘောသို့ ရောက်စေပြီးလျှင် အာယုသိဒ္ဓိ, ဓနသိဒ္ဓိအစရှိသော သိဒ္ဓိအမျိုးမျိုးကို ပြီးစီးအောင်ဆောင်ရွက်ပေ၏၊ ထိုမီးဖြင့် ပြုပြင်အပ်သည်ရှိသော် အရိုင်း သက်သက်ဖြစ်သော ရွှေဓာတ်, ငွေဓာတ်တို့သည် ထူးဆန်းသော အကွင်းအကွင်းအချည် အထည်အမျိုးမျိုးအဖြစ်သို့ ရောက်ကြကုန်၏၊ ထိုမီးကိုကောင်းစွာ စေခိုင်းနိုင်သည်ရှိသော် မီးသင်္ဘောကြီး, မီးရထားကြီး တို့ကိုပင်လျှင် ဝေးလံလှစွာသော မြို့ရွာတို့ကို မကြာ ဖြန်းတော လျင် ဆောစွာ ရောက်နိုင်အောင် ဆောင်ယူသယ်ပိုးနိုင်ပေ၏၊ ဤသို့ စသည်ဖြင့် မီး၏ အနုဂ္ဂဟသဘောသည် အလွန်များစွာပင် ရှိချေ၏၊ ဤကား မီး၏ အနုဂ္ဂဟတ္ထသဘော ချီးမြှောက်တတ်သော အနက်ပေတည်း။

ဤအဓိပ္ပါယ်ဖြင့်ပြဆိုခဲ့ပြီး မီး၏အစွမ်းသတ္တိသဘောကို သိလောက် တန်ရာပြီ။ ယခုအခါအောက်၌ လက်စရှိခဲ့သော လောဘစသော တရား တို့၏ မီးနှင့်တူပုံကို ဆက်လက်၍ပြဆိုပေအံ့။

လောဘမီး

လောဘသည် မီးပုံကြီးတစ်ခုဖြစ်၏၊ လောဘဆိုသည်ကား စားလိုမှု, ဝတ်လိုမှု,တုပဂုဏ်ပြိုင်လိုမှု, လိုချင်မှုအမျိုးမျိုးပေတည်း။ ထို လောဘမီးသည် ယခုပစ္စက္ခမျက်မှောက်ဘဝ၌လည်း မိမိမှိရာပုဂ္ဂိုလ်ကို လောင်မြိုက်တတ်၏၊ စုတေသည်မှ နောက်တမလွန်ဘဝ၌လည်း လိုက် လံလောင်မြိုက်တတ်၏။

ယခုဘဝ၌ လောင်မြိုက်ပုံမှာ လောဘမီးသည် တစ်စုံတစ်ရာ နှစ်သက်ဖွယ်သော ဝတ္ထုတစ်ခုခု၌စွဲငြိ၏၊ ထိုသို့စွဲငြိသောအခါမှစ၍ ထိုဝတ္ထုကိုရလိုမှု, မိမိပိုင်နိုင်လိုမှု, သုံးစွဲလိုမှုတို့သည် များစွာဖြစ်ပေါ်လာ ကုန်၏၊ ထိုအခါ ထိုသူသည် ဣန္ဒြေအနေအထိုင် ဖောက်ပြန်ပြီးလျှင် ထိုဝတ္ထု၌ စွဲလမ်းတပ်မက် အိပ်စက်မပျော်နိုင်ရှိနေသဖြင့် မရ,ရကြောင်း ထောင်သောင်းမကသော အားထုတ်မှု ကြောင့်ကြစိုက်မှုတို့ဖြင့် အပင် အပန်း အနွမ်းအနယ်များကို ခံရလေ၏၊ အမျိုးမျိုးသော ဒုစရိုက်မှု တို့ကိုပင် ဇွတ်တိုးပြုရလေတော့၏၊ ဟိရီဩတ္တပ္ပတရားတို့မှကင်းဆိတ် သဖြင့် မရှက်နိုင်မကြောက်နိုင်ဖြစ်ရလေ၏၊ တစ်ရ့တစ်ခါ မင်းစိုးရာဇာ တို့၏ အာဏာကိုပင် လွန်ဆန်၍ ပြုကျင့် ဆောင်ရွက်မိ၏၊ ထိုသို့ပြုကျင့် သည့်အတွက် ငွေဒဏ်, ကြိမ်ဒဏ်, ထောင်ဒဏ် စသည်များကိုခံရခြင်း၊ ထိုထက် ကြီးလေးသောအမှုဖြစ်လျှင် အသက်ဆုံးရှုံးအောင် ကွပ်မျက် မှုများကိုပင် ခံရတတ်၏၊ ဤကား ယခုပစ္စက္ခဘဝ၌ လောဘမီး၏ လောင်မြိုက်ပုံပေတည်း။

တမလွန်ဘဝ၌ လိုက်လံလောင်မြိုက်ပုံမှာ ထိုလောဘမီးသည် အပါယ်ငရဲတို့၌ ဆင်းရဲကြီးစွာ ရှည်ကြာလေးမြင့် အေးခွင့်ချမ်းသာနှင့် မဖက်၊ ဆက်ကာဆက်ကာလောင်မြိုက်ခြင်းကို ခံရကုန်၏၊ အပါယ်မှ လွတ်ပြန်ပါသော်လည်း လူကောင်းသူကောင်းဟူ၍ တော်တော်နှင့် မဖြစ်နိုင်ချေ။ သေးသေးနုတ်နုတ်, ယုတ်ယုတ်မာမာ အောက်ကျနောက် ကျသော လူမျိုးနတ်မျိုးတို့သာလျှင်ဖြစ်ရ၏၊ ဘုန်းမဲ့ကံမဲ့ ညှိုးညှိုး နွမ်းနွမ်းသာဖြစ်၍ သူတော်ကောင်း၏တရားကိုမျှ နာကြားခွင့်မရအောင် ဒုက္ခိတဇာတ်၌ ဖြစ်ရတတ်၏၊ ဤကားတမလွန်ဘဝ၌ လောဘမီး၏ လိုက်လံလောင်မြိုက်ပုံတည်း။

အလောဘ

သို့ရာတွင် ထိုလောဘသည် ပယ်အပ်သော ပဟာတဗ္ဗတရား ဖြစ်၍ ပဟာယကတရာမျိုးဖြင့် တစ်စတစ်စ ပယ်ဖျောက်လျှင် လောဘ ဓာတ်မှပြောင်းလဲ၍ အလောဘဓာတ်ဖြစ်ပေါ်လာ၏၊ လောဘဓာတ် မဟုတ်သည်ကိုပင် အလောဘဓာတ်ဟုခေါ်သည်။ မလိုချင်မှု, မစွဲလမ်းမှု, မသာယာမှု, တပ်ခြင်းကင်းမှုများပေတည်း။ လောဘအတွက် ကျယ်ဝန်း လှစွာသော ဒုက္ခနယ်ရှိသမျှကို အလောဘသည် ပစ္စုပ္ပန်သံသရာတို့၌ ချမ်းသာအမျိုးမျိုးကိုလည်းလောင်း၊ ကျက်သရေ မင်္ဂလာအမျိုးမျိုး ဂုဏ်အမျိုးမျိုးကိုလည်းကောင်း၊ ပေးတတ်ပေ၏၊ မိမိ၏မှီရာဖြစ်သော ပုဂ္ဂိုလ်ကို အမျိုးမျိုးသော ချီးမြှောက်မှုတို့ဖြင့် ပြုစုချီးမြှောက်တတ်၏။

ပစ္စုပ္ပန်၌ အကြင်သူမှာ လောဘဓာတ်နည်း၍ အလောဘဓာတ် သည်အားကြီးစွာရှိ၏၊ ထိုသူကို သူတော်ကောင်းဟူ၍ ဆိုအပ်၏၊ လောဘဓာတ်ကြီးသောသူသည် လိုချင်မက်မောခြင်းအားကြီးသဖြင့် မကြာမကြာ အရှက်ရတတ်ခြင်း, မကြာမကြာ မျက်နှာမလှဖြစ်ရခြင်း, လူအများတို့၏ပြောမှုဆိုမှု စောင်းမြောင်း ချုပ်ချယ်မှုများကို မကြာမကြာ ခံရ တွေ့ကြုံရတတ်၏၊ အလောဘဓာတ်ရှိသော သူမှာမူကား ကောင်း ကင်အလယ်၌ စင်ကြယ်ရောင်ရွှမ်း တက်ထွန်းသော လပြည့်ဝန်းကြီးပမာ လွန်စွာကျက်သရေမင်္ဂလာရှိ၍ လူအများတို့၏ ယုံကြည် အားထား ကိုးစားရာတစ်ဆူဖြစ်ရ၏၊ ပရိသတ်တို့၏အလယ်၌ တင့်တယ်သိမ်မွေ့၍ ပြုမူသရွေ့အချက်တို့သည် လူအပေါင်းတို့ နှစ်သက်စွာ လိုက်နာ ဆောင် ရွက်ကြကုန်၏၊ သေသောအခါတိုင်အောင် တစ်စုံတစ်ရာမျှ အတ္တာနုဝါဒ ဘေး၊ ပရာနုဝါဒဘေးတို့နှင့်မတွေ့မကြုံရဘဲ ကြည်ကြည်အေးအေး ချမ်းချမ်းသာသာစုတေရ၏၊ သေသည်မှ နောက်ကာ၌လည်း လောက ကြီးထဲ၌ ရှည်သီးလှစွာ တစ်ကမ္ဘာလုံး အုန်းအုန်းဆူလှိုက် သိုက်မြိုက် ရည်ချင်း ဂုဏ်သတင်းတို့ဖြင့် ထင်းလင်း ကျော်စော၏။

တမလွန်ဘဝ၌မူကား ထိုအလောဘ ဓာတ်ခံရှိသောသူသည် လူ့ရွာ နတ်ရပ် မြတ်သောဘဝတို့၌သာ ဖြစ်ရ၏၊ တစ်စုံတစ်ရာ ယုတ်နိမ့် သည်ဟူ၍မရှိ။ တစ်ဆင့်ထက်တစ်ဆင့် မြင့်ထက်မြင့်၍ ရင့်သန်သော ပါရမီရှင် ဘုန်းကံရှင်သာ ဖြစ်ရ၏၊ ကြီးမားမြင့်မြတ်သော လူကောင်း နတ်ကောင်း ဗြဟ္မာကောင်ဘဝကိုရ၍ အများတို့၏ မှီခိုကိုးကွယ်ရာ ချည်းသာ ဖြစ်လေ၏၊ အဆုံးစွန်အားဖြင့် လျင်လျင်မြန်မြန် ဘဝတိုတိုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုရ၍ လွန်ကဲထူးမြတ်လှစွာသော ချမ်းသာကို ခံစား စံစားရလေ၏ ဤကားလောဘမီးနှင့်စပ်ဆိုင်သော စကားရပ်စုပေတည်း။

ဒေါသမီး

ဒေါသသည်လည်း မီးပုံကြီးတစ်ခုဖြစ်၏၊ ဒေါသဆိုသည်ကား အမျိုးမျိုး ကြမ်းကြမ်းတမ်းတမ်း ပရမ်းပတာ ပြုကျင့်မှု ကာယကံအားဖြင့် ဓားလှံလက်နက်တို့ဖြင့် ပုတ်ခတ်သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှု၊ သူတစ်ပါး ကို မညှာမတာရက်ရက်စက်စက် ကြူးလွန်စော်ကားမှု၊ ကိုယ်အမူအရာ တောင့်တင်းကြမ်းကြုတ်မှုတို့ပေတည်း။ ဝစီကံအားဖြင့် ဆဲရေးမှု, ကြမ်းတမ်းစွာပြောဆိုမှု, သူတစ်ပါးတို့၏ နားမခံသာအောင် ပြောဆိုမှု များပေတည်း။ မနောကံအားဖြင့် သူတစ်ပါးကို မနာလိုဝန်တိုမိစ္ဆာဖြစ်မှု ချုပ်ချယ်စောင်းမြောင်းမှု, ငြူစူမှု, အသက်ကို သေဆုံးအောင် တောင့်တ မှုများပေတည်း။

ထို ဒေါသမီးသည် ယခုပစ္စက္ခမျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ မိမိ၏မှီရာ ပုဂ္ဂိုလ်ကို လောင်မြိုက်တတ်၏၊ ပစ္စက္ခမျက်မှောက်ဘဝ၌ လောင်မြိုက်ပုံမှာ တစ်စုံတစ်ရာ မိမိ၏ မနှစ် သက်အပ်သော အနိဋ္ဌာရုံဝတ္ထု၌ ဒေါသမီးသည် စွဲငြိ၏၊ ထိုအခါ ထိုသူသည် ထိုဝတ္ထုအတွက် စိတ်နှလုံးမချမ်းမသာချင်း, တပူနွေးနွေး တရေးရေးနှင့် ဆွေးသောစိတ်ဖြင့်သာ နေရခြင်းတည်းဟူသော ဒုက္ခကို ခံရ၏၊ ထိုဒေါသမီး စွဲငြိဖူးသောသူ၏ အပေါ်၌သာလျှင် သတိရတိုင်း ဒေါသမီးတောက်လောင်၏၊ တစ်နည်းအဖြင့် ထိုသူ၏ ပျက်စီးကိုသာ လျှင် အစဉ်မပြတ်ကြံစီမိ၏၊ ထိုသူအပေါ်၌ ရန်ငြိုးဖွဲ့ခြင်း, အမှု အပေါက် ရှာခြင်း, ချုပ်ချယ်စောင်းမြောင်းခြင်းများကို ပြုမိ၏၊ မိမိကဩဇာ အဏာရှိ၍ လွှမ်းမိုးနှိပ်စက်နိုင်ပါလျှင် အစွမ်းရှိသမျှ ညှဉ်းပန်းနှိပ်စက်၏၊ အသက်ကိုပင်သော်လည်း သတ်ဖြတ်နိုင်အောင် တနည်းနည်းဖြင့် ကြံ စည်မိ၏၊ ကြိးမားလေးလံလှစွာသော အကုသိုလ်ဒုစရိုက်မှုကြီးတို့ကိုပင် အတင်းပြုကျင့်မိလေ၏။

ဒေဝဒတ်သည် မိမိ၏သန္တာန်၌ ဒေါသမီးလောင်မြိုက်လျက်ရှိနေ သောကြောင့် အဂ္ဂပုဂ္ဂလ မကုဋသင်းကျစ် ဓမ္မရာဇ်စောဖျား မင်းတရား ကိုပင် ပရိနိဗ္ဗာန်ဝင်စံကြွသွားလေအောင် ဂိဇ္ဈကုဋ်တောင်ဖျားမှ ကျောက် ပြားဖြင့်လှိမ့်ချခြင်း၊ နာဠာဂီရိ ဆင်ဖြင့် နင်းသတ်ရန် စေလွှတ်ခြင်းများကို ပြုကုန်၏၊ ထို့ပြင် မိမိ၏မိတ်ဆွေဖြစ်သော အဇာတသတ် မင်းသား ငယ်သည် ဒေဝဒတ်မှ ဒေါသမီးစက် ကူးယှက်ပြန့်ပွားလာသဖြင့် ကျေးဇူး ရှင်ခမည်းတော် အရိယာဗိမ္ဗိသာရ မင်းကြီးကိုပင် သတ်ဖြတ်၍ ပိတုဃာတက ကံထိုက်အောင် ပြုကျင့်မိလေ၏။

ထိုဒေါသသည် မေတ္တာဓာတ်၏ စင်စစ် ဆန့်ကျင်ဘက်ကြီး ဖြစ်၏၊ လူအများတို့၏ ရွံရှာစက်ဆုပ်ဖွယ်ရာ တရားကြီးဖြစ်၏၊ ထိုဒေါသ မီးစွဲငြိလျက်ရှိနေသူကို လူတိုင်းလိုပင် ရန်ငြိုရန်ထားပြုကြသည့်ပြင် မိမိ၏ကိုယ်စောင့်ဒေဝါ သမ္မာနတ်အမျိုးမျိုးကလည်း မုန်းထားကြကုန်၏၊ ထိုသူ၏ အကျိုးမဲ့ကိုသာလျှင် အပေါက်ရှာ၍ ကြံစည်ကြကုန်၏၊ ထိုသူကို အခွင့်သာလျှင် စီးပွားချမ်းသာမှစ၍ တစ်ဆင့်ထက်တစ်ဆင့် အသက်သေ သည်တိုင်အောင် ဖိစီးနှိပ်စက်၏၊ ထိုသူသည် ကြီးပွားဖွယ်ရာဖြစ်သော အမှုအမျိုးမျိုးတို့ကို တစ်စုံတစ်ရာမျှ ဆောင်ရွက်လုပ်ကိုင်ခွင့်ကို မရနိုင် ဘဲရှိ၍ တစ်နေ့တခြားနွမ်းပါး ဆုတ်ယုတ်တတ်၏။

ဒေါသမီးသည် သဘာဝအားဖြင့် လောဘမီးများထက် ကြီးမား ပြင်းထန်သောကြောင့် မိမိ၏မှီရာပုဂ္ဂိုလ်ကို ဟဒယဝတ္ထုမှစ၍ ရုပ်ခန္ဓာစုကို ကျွမ်းလောင်ပျက်စီး၍ကျစေ၏၊ လှပရွှင်းစို နုပျိုရုပ်ဆင်းများကိုလည်း အတင်းပျက်စီးအောင် လောင်မြိုက်၏၊ သောကမီးသည်လည်း ဒေါသနှင့် ဂိုဏ်းတူသောမီးပင်ဖြစ်၍ ထိုသောကမီး တောက်လောင်လျှင်လည်း တစ်နေ့တခြား ညှိုးခြောက်ပိန်းချုံး၍ အသက်သေဆုံးအောင်ပင် ဖိစီးနှိပ်စက်၏၊ ဗျသနတရားသည် ဒေါသမီး သောကမီးတို့ကို အားကြီး စွာတောက်လောင်စေရန် ထက်သန်သောအကြောင်း အချက်ကြီးတွေ ဖြစ်ပေ၏၊ ဤကား ပစ္စက္ခဘဝ၌ ဒေါသမီးလောင်ပုံ၏ အမြွက်တည်း။

တမလွန်ဘဝ၌မူကား ထိုဒေါသမီးသည် မီးငရဲ, ဓားငရဲ, လှငရဲ ထဲသို့ အတင်းဆွဲချ၍ ပြင်းပြထက်သန်လှစွာသော ဆင်းရဲဝေဒနာတို့ကို ခံစားစေ၏၊ ထိုငရဲမှ လွတ်ပြန်ပါသော်လည်း ရုပ်ဆင်းသဏ္ဌာန် ဉာဏ်ပညာချို့ တဲ့၍ဘုန်းမဲ့ကံမဲ့ဖြစ်သော လူမျိုးနတ်မျိုးတို့၌ဖြစ်စေ၏ ထိုသူသည် ဖြစ်လေရာဘဝတို့၌ အသက်တိုခြင်း, ရောဂါဆိုး အနာဆိုး ကပ်ရောက်ခြင်း, ဥပဃာတကကံဖြင့် အတင်းနှိပ်စက်၍ ရုပ်တရက်သေ ကြေပျက်စီးခြင်းများကိုသာလျှင် အဖန်တလဲလဲတွေ့ကြုံရတတ်၏၊ ဤကား တမလွန်ဘဝ၌ လောင်မြိုက်ပုံအမြွက်စကားရပ်ပေတည်း။

အဒေါသ (မေတ္တာ)

သို့ရာတွင် ထိုဒေါသသည် ပဟာတဗ္ဗတရားမျိုးပင် ဖြစ်ပေရကား ပဟာယကတရာမျိုးဖြင့် တစ်စတစ်စပယ်ဖျောက်လျှင် ဒေါသဓာတ်မှ ပြောင်းလဲ၍ အဒေါသဓာတ်ဖြစ်ပေါ်လာ၏၊ ဒေါသဓာတ်မဟုတ်သည် ကိုပင် အဒေါသ ဓာတ်ဟူ၍ ခေါ်ဝေါ်သည်။ အဒေါသဆိုသည်ကား ဗြဟ္မစိုရ်တရား လေးပါးတွင်ပါဝင်သော မေတ္တာတရားပေတည်း။ မကြမ်း တမ်းမှု၊ နူးညံ့သိမ်မွေ့မှု၊ သတ္တဝါအများပေါ်၌ အကျိုးစီးပွား လိုလားမှု၊ ဘေးကင်းစေလိုမှု၊ ဒဏ်ကင်းစေလိုမှု၊ ချမ်းသာစေလိုမှု များဖြစ်၏။

ထိုအဒေါသတည်းဟူသော မေတ္တာသည် ဒေါသမီးအတွက် ကျယ်ဝန်းလှစွာသောအပူဟူသမျှကို အလုံးစုံ ပယ်သတ်နိုင်၏၊ မေတ္တာ ဓာတ်သည် ကုဏ္ဍာနောဒတ် အိုင်မြတ်ရေသီတာတို့ထက် အဆများစွာ သာလွန်၍ အေးမြစေနိုင်သော တရားဖြစ်၏၊ မေတ္တာဖြင့် စိမ့်ထုံထား အပ်သောပုဂ္ဂိုလ်သည် အမြဲမပြတ် အမြိုက်ရေကို ချိုးရဘိသကဲ့သို့ ရူပကာယ၏အေးမြချမ်းသာခြင်း၊ နာမကာယတည်းဟူသော စိတ်၏ အေးမြချမ်းသာခြင်းကို ရ၏၊ ဧကာဒသမ မေတ္တာနိသံသ-ဟုဆို အပ်သော မေတ္တာအကျိုး တစ်ဆယ့်တစ်ပါးတို့ကိုသည်လည်း ကိုယ်တွေ့ ဒိဋ္ဌ ကြုံရတွေ့ရလေ၏၊ မေတ္တာဓာတ်သည် မိမိမှီရာပုဂ္ဂိုလ်ကိုသာလျှင် အေးမြစေနိုင်သည်မဟုတ်သေး၊ မေတ္တာပျံ့နှံ့သမျှ သတ္တဝါအများကို အေးမြစေနိုင်သော ဓာတ်ကြီးတစ်ခုဖြစ်၏။

ဤပစ္စက္ခဘဝ၌ ထိုမေတ္တာတရားနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို လူနတ်အပေါင်းတို့ကိုပင် ကြည်ညိုစုံမက် နှစ်သက်မြတ်နိုးကြကုန်၏၊ မေတ္တာသည် လူကြည်ညို နတ်ကြည်ညိုသော လူချစ် နတ်ချစ် တရားကြီး တစ်ခုပေတည်း။ လူအပေါင်းတို့သည် မေတ္တာဓာတ်ရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ခ,စားကာ လိုက်နာမြဲမြံညီစွာဆောင်ရွက်ကြကုန်သဖြင့် ရန်သူမျိုးငါးပါးဟူ၍ မရှိချေ။ ထိုသူ၏ စည်းစိမ်ဥစ္စာ ရတနာ ဘောဂ ဟူသမျှတို့သည် ငါးဝရန်သူ ငြူစူမာန်မျက် နှောက်ယှက်ဖျက်ဆီးခြင်း ကင်း၍ ပွင့်သစ်စပန်း ဆန်းသစ်စလကဲ့သို့ ကျက်သရေမင်္ဂလာ အမျိုးမျိုး တို့ဖြင့် ပြည့်ဖြိုး လှိုင်ထုံ၏၊ ထိုကြောင့် မေတ္တာတရားဖြင့်နေသောသူကို ဗြဟ္မာမင်းတို့၏ နေခြင်းကဲ့သို့ နေနိုင်သောသူဟူ၍ မြတ်စွာဘုရားလည်း ဟောကြားတော်မူ၏။

တမလွန်ဘဝ၌ကား ထိုမေတ္တာဓာတ်သည် ဗြဟ္မာ့ပြည်သို့တိုင် အောင် ပို့ဆောင်ချီးမြှောက်နိုင်၏၊ မေတ္တာဓာတ်ခံရှိသော သူသည် ဖြစ်လေရာရာဘဝတို့၌ လူအများတို့မြင်လျှင် ချစ်ခင်ကြည်ညိုဖွယ်ရာကို ဆောင်နိုင်သော ရုပ်ဆင်းအင်္ဂါလက္ခဏာနှင့် ပြည့်စုံ၏၊ နူးညံ့သိမ်မွေ့ ယဉ်ကျေးဖွယ်ရာသော ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့် လည်းပြည့် စုံ၏၊ လူတို့၏ အလယ်ရှင်တို့၏ အလယ်၌ တင့်တယ်သောဂုဏ်ရောင် ကျက်သရေရောင်တို့ကို ဆောင်နိုင်သော ဘုန်းကံသမ္ဘာတို့နှင့်ပြည့်စုံ၏၊ ထိုသူကို ငြိုးသူရန်ဘက်ပြုလျက်ငြူစူ၍ စောင်းမြောင်းမည့်သူလည်းမရှိ၊ တစုံတစ်ရာ အန္တရာယ်ပြုမည့်သူလည်း မရှိ၊ ပကတိစင်းလုံးချော အရော အနှောမရှိသော သုခကိုရတတ်ချေ၏၊ ထိုမေတ္တာဓာတ်သည် တစ်ဆင့် ထက်တစ်ဆင့် ရင့်သန်လာသောအခါ ဘဝတိုတိုနှင့် မဂ်ဖိုလ်နိဗ္ဗာန် ချမ်းသာများကို လျင်မြန်စွာ ရစေနိုင်၏၊ ဤကား ဒေါသမီးနှင့် စပ်ဆိုင် သော စကားရပ်စုပေတည်း။

မောဟမီး

မောဟသည်လည်း မီးပုံကြီးတစ်ခုပေတည်း၊ မောဟဆို သည်ကား တွေဝေမှု၊ မိန်းမောမှု၊ မလိမ္မာမှု၊ မသိမြင် မထင်လင်းမှု၊ မေ့မေ့ မူးမူး ရူးရူးနှမ်းနှမ်းဖြစ်မှု၊ သောက်ကြူးစားကြူးပျော်ကြူးမှုများဖြစ်၏၊ ထို မောဟမီးသည် ပစ္စက္ခဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်း ကောင်း၊ မိမိ၏မှီခိုရာပုဂ္ဂိုလ်ကို လောင်မြိုက်တတ်သည်သာဖြစ်၏။

ပစ္စက္ခဘဝ၌ ထိုမောဟမီးရှိသောသူသည် ဆွံ့,အ,ကျိုး,ကန်း မစွမ်းမသန်သူတို့ပမာ အရာရာတို့၌ အသုံး မကျဖြစ်၏၊ လူပေါ့လူပေ၊ လူလေလူလွင့်တို့သာဖြစ်ကုန်၏၊ သောက်ကြူးစားကြူး ပျော်မြူးမူးမေ့ခြင်း အမှုတို့၌သာ ပျော်ပိုက်လိုက်စားကြ၏၊ ထိုသူ၏လောကီဥစ္စာ ရတနာ ရွှေငွေတို့သည်လည်း မတိုးမပွား ပျက်ပြားဆုတ်ယုတ်သော အခြေအနေ သို့ရောက်ကုန်၏၊ ထိုသူသည် မိမိ၌ရရှိပြီးသော ဂုဏ်သိရ် အရှိန်အမျိုး မျိုးတို့ကိုလည်းကုန်အောင် ဖြုန်းတီးဖျက်ဆီး၏၊ မရမရှိသေးသော ဂုဏ်သိန်တို့ကိုလည်း ရအောင်ပြုလုပ်ရန် အစွမ်းသတ္တိတို့သည်တုံးကုန်၏၊ တစ်စုံတစ်ရာ ပြုဖွယ်ကစ္စဟူသမျှတို့မှာ စဉ်းစားဆင်ခြင်ခြင်း၊ နိသမ္မဉာဏ် ကင်း၍ ပဲ့တက်မပါလှေနာဝါကဲ့သို့ ထင်ရာပေါက်လွတ် ပြုကျင့်တတ်၏၊ ပြုပြုသမျှသော အမှုများလည်း လိုရာမရောက် မပြီးမြောက်ဘဲ ဆင်းရဲ အဖတ်တင်ရုံသာ ရှိတတ်ချေ၏။

မောဟသည် ပညာဉာဏ်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော တရား ဖြစ်၍ မောဟစရိုက်ရှိသောသူသည် အရာရာတို့၌ပင် သမ္ပဇညတရားမှ ကင်း၍ ချွတ်ချော်မှားယွင်းတတ်၏၊ ဝိစိကိစ္ဆာအမျိုးမျိုး ဥဒ္ဓစ္စအမျိုး မျိုးတွေနှင့် ပူပင်သောက ဒုက္ခရောက်လျက်သာ နေရတတ်၏၊ ဉာဏ် ပညာနှင့် သက်ဆိုင်သော အရာဌာဟူနသမျှတို့၌ သူတစ်ပါးတို့၏ အောက်ကျနောက်ကျသာလျှင် ဖြစ်ရ၏၊ သူတော်ကောင်းတို့ ဟောပြော သောတရား ဓမ္မများကို ကျကျနနသိမြင်မှုမှ ကင်းဝေးလေ၏၊ သဲသောင် ပြင်၏အတွင်းဝယ် မြားမြောင်လှစွာသော ရေတို့သွန်းလောင်းသော် လည်း အရာမထင် အဖတ်မတင်ရှိလေသကဲ့သို့ ထိုသူ၏စိတ်တွင် သူတော်ကောင်းတို့၏ တရားတန့်နားတည်နေခြင်းမရှိ၊ ရုတ်တရက်ကွယ် ပျောက်တတ်သဖြင့် ရေ၌ရေးသားအပ်သော အရေးအသားနှင့်လည်း တူလေ၏။

မောဟသည် တောင်ဝှေးတုတ်ဆွဲမပါသော သူကန်းခရီးသွား ပမာ ဖြောင့်မှန်သည်ဟူ၍ မရှိလှ၊ တစ်ခါတစ်ရံ ဆူးချုံတိုးနင်း တွင်းကျင်း ကျရောက်၏၊ တစ်ခါတစ်ရံ ရွှံ့နွံထူပြော မစင်တောနှင့် ခွေးတော ဝက်တော ဘေးတော အန္တရာယ်တောထဲသို့လည်း ဝင်ရောက်မိ၏၊ ထို့အတူ ပညာတည်းဟူသော တောင်ဝှေးတုတ်ဆွဲမှကင်းသော မောဟ သမားသည် သံသရာလမ်းခရီးကို လျှောက်သွားရာ တစ်ရံတစ်ခါ လောဘ မီးပုံကြီးသို့လည်းတိုးဝင်မိ၏၊ တစ်ရံတစ်ခါ ဒိဋ္ဌိတောကြီးသို့ ဝင်မိ၏၊ တစ်ရံတစ်ခါ မာနတောကြီးထဲသို့ဝင်မိ၏၊ တစ်ရံတစ်ခါ ဒေါသမီးပုံကြီး တွင်းသို့လည်းသက်ဆင်းမိ၏၊ တစ်ရံတစ်ခါ ဣဿာတော, မစ္ဆရိယတော, ကုက္ကုစ္စတောသို့ဝင်မိ၏၊ ထိုသို့ဝင်မိလာသောကြောင့် ပစ္စက္ခဘဝ၌ ရှက်ဖွယ်အမျိုးမျိုးတို့ကို လက်ရောက်ရရှိ၏၊ သူတစ်ပါးတို့၏ စွပ်စွဲမှုအမျိုး မျိုးတို့ကိုလည်း ခံရလေ၏၊ မင်းဘေး မင်းဒဏ်အမျိုးမျိုးတို့ကိုလည်း ခံရလေ၏၊ သူတော်ကောင်းတို့က ပေါင်းသင်းဆက်ဆံခြင်းကိုမပြုဘဲ မျက်နှာလွှဲခြင်းကိုလည်းခံရလေ၏၊ ဤသို့စသည်ဖြင့် မောဟမီး၏ ပစ္စက္ခဘဝ၌ လောင်မြိုက်ပုံစခန်းလမ်းသည် အလွန်တစ်ရာများလှစွာ၏။

တမလွန်ဘဝ၌မူကား ယေဘုယျအားဖြင့် မောဟသည် ဉာဏ် ပညာမှကင်း၍ အဖျင်းအဖြုန်း အသုံးမကျသော တိရစ္ဆာန်ဘဝတို့၌ ဖြစ်စေတတ်၏၊ မောဟထူထပ် သတိလစ်လပ်သော ဖွတ်ပတတ်, ပုတ်သင်, တက်တူ, အိမ်မြှောင်, တီ, မျှော့, ကျွတ်, ခရု, ယောက်သွား, ငါး, တိရစ္ဆာန်စသော အလွန်ယုတ်ညံ့လှစွာ သတ္တဝါအမျိုးမျိုးတို့၌ ဖြစ်စေတတ်၏၊ အပါယ်လေးဘုံမှလွတ်ပြန်ပါသော်လည်း ဉာဏ်ပညာ အနှစ်ကင်းသော လူဖျင်းလူညံ့မျိုးတို့၌လည်းကောင်း၊ အလေနတော သောကောယောကော ယံဝါတံဝါ တဗ္ဗောသောတ္ထ အသုံးမကျသော လူမျိုး၌လည်းကောင်း၊ လူဆွံ့လူအ လူနလူနုံမျိုးတို့၌လည်းကောင်း၊ သူတော်ကောင်းတရားမှ ဝေးကွာသော ရပ်ပြစ်ရှစ်ပါးအဝင်အပါ ပစ္စန္တဒေသ ဝနမိလက္ခူ တောသူတောင်သား လူမျိုး၌လည်းကောင်း၊ ဖြစ်စေတတ်၏၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့နှင့် တစ်စတစ်စ ဝေးကွာရာ မျက်ကွယ်မူရာ အမျိုးတို့၌လည်းကောင်း အသီးသီးဖြစ်စေတတ်၏၊ ဤသို့ စသည်ဖြင့် မောဟ၏ တမလွန်အကျိုးသည် များပြားလှစွာ၏။

အမောဟ

သို့ရာတွင် ထိုမောဟသည် ပဟာတဗ္ဗတရားမျိုးဖြစ်ရကား တစ်စ တစ်စ ပယ်ခွာလျှင် မောဟဇာတိမှပြောင်း၍ အမောဟဇာတ် ဖြစ်ပေါ် လာ၏၊ မောဟ မဟုတ်သည်ကို အမောဟဆို၏၊ အမောဟသည် မောဟ၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်တရားပေတည်း၊ ထိုအမောဟ ကိုပင် ဉာဏ်ပညာ, ဝိဇ္ဇာ, သမ္မာဒိဋ္ဌိ, ဓမ္မဝိစယ, ဝီမံသာ, စိန္တာဟူ၍ အသီး သီးခေါ်ဝေါ်၏၊ သဘောအားဖြင့် သိမြင်မှု၊ ထိုးတွင်းမှု၊ ပေါက် ရောက်မှု၊ လိမ္မာမှု၊ တတ်မှု၊ ကျွမ်းကျင်မှုများပေတည်း၊ ထိုအမောဟ တည်းဟူသော ပညာသည် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောဌာနတို့၌ ကောင်းမြတ်သော အကျိုးထူးကို ဖြစ်စေနိုင်၏။

ပစ္စုပ္ပန်ဘဝ၌ ပညာကိုအကြောင်းပြု၍ တတ်သိလိမ္မာ လူရာ လူဖော်ဝင်သောအဖြစ်သို့ ရောက်ရစေ၏၊ ပညာဖြင့် ရှည်မြင့်စွာကာလ ပတ်လုံးရရှိသော အသက်ဝိညာဏ်နှင့်တကွ ခန္ဓာကိုစောင့်ရ၏၊ 'ဉာဏ် သည် အသက်ကို စောင့်သည်' ဆိုသောစကားအရ ဉာဏ်ပညာသည် အမျိုးမျိုးသော အသက်အန္တရာယ်တို့မှ စောင့်ရှောက်ပေ၏၊ ဤပညာဖြင့် အမျိုးမျိုးသော အသက်မွေးမှုများကို သင်ကြားတတ်မြောက်ရ၏။

ဤလောက၌ ပညာနှင့်စက်ဆိုင်၍ အသက်မွေးမှုတို့သည် အလွန်တရာ များပြားကုန်၏၊ အစိုးရတရားမဖက်နှင့် ရာဇဝတ်ဆိုင်ရာ အတတ်အမျိုးမျိုး, သူဌေးဘက်ဆိုင်ရာ ကူးသန်းရောင်ဝယ်မှု အတတ် အမျိုးမျိုး, လုပ်ဆောင်ရေး ဌာနဆိုင်ရာ အင်ဂျင်နီယာအတတ်အမျိုးမျိုး ဆေးဘက်ဆိုင်ရာအတတ်အမျိုးမျိုး, မီးရထား မီးသင်္ဘော စက်ကိယာ ဆိုင်ရာအတတ်အမျိုးမျိုး, ဥယျာဉ်လယ်ယာ စိုက်ပျိုးမှုဆိုင်ရာ အတတ် အမျိုးမျိုး, စာသင်ကျောင်းကြီးတို့နှင့်ဆိုင်ရာ ပညာရေးဌာန အတတ် အမျိုးမျိုး, မြေဓာတ် ရေဓာတ် ကျောက်ဓာတ် စသည်တို့၏ အကြောင်း အရာအလုံးစုံကို အကုန်သိစွမ်းနိုင်သော လောဓာတ်ပညာ ဘက်ဆိုင်ရာ အတတ်အမျိုးမျိုး, ပျို့ကဗျာ လင်္ကာစာပေသီကုံး ဖွဲ့နွဲ့ခြင်းဆိုင်ရာ အတတ်အမျိုးမျိုး, ယင်းသို့ အတတ်သိပ္ပံအမျိုးမျိုးကိုလည်း ပညာဖြင့် တတ်သိလိမ္မာရပေ၏၊ ဤသို့စသည်ဖြင့် လောကီဘက် ပညာစုသည် များပြားလှစွာ၏၊ ထိုပညာစုတို့တွင် တစ်ခုခု၌ ဆုံးခန်းတိုင်ရောက် တတ်မြောက်လိမ္မာသဖြင့် ရရှိနေသော အသက်ခန္ဓာကို မွေးမြူရပေ၏၊ ပညာဖြင့်အသက်မွေးမှုကို မြင့်မြတ်သော အသက်မွေးမှု ဟူ၍ ဆိုအပ် ပေ၏။

ထိုဆိုအပ်ခဲ့ပြီးသော ပညာများကိုတတ်ကျွမ်းသဖြင့် ကမ္ဘာပေါ်၌ အကျော်အစော လူကြီးလူကောင်းအဖြစ်ကို ရနိုင်ပေ၏၊ တစ်တိုင်းလုံး၏ မှီခိုရာပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ်သို့ ရောက်နိုင်ပေ၏၊ ထိုပုဂ္ဂိုလ် ကွယ်လွန်၍ သွားသည့်နောက် ကမ္ဘာပေါ်၌ လဝန်းကြီးအသွင် နေဝန်း ကြီးအသွင် အစဉ်အားဖြင့် ကျော်စောထွန်းကား၍ ရှိရစ်လေ၏၊ ထိုလောကီပညာမျိုးတို့မှတစ်ပါး လောကုတ္တရာပညာမျိုးဟူသမျှကိုလည်း အမောဟခေါ်သော ပညာဖြင့်သာလျှင် ပေါက်ရောက်ရရှိနိုင်ပေ၏၊ သံသရာထဲ၌ ငြီးငွေ့နိုင်သော နိဗ္ဗိန္ဒဉာဏ်၊ သံသရာဝန်ကြီးကို အလွန် ကြောက်ရွံ့ လှစွာသော ဘယဉာဏ်၊ သံသရာဝန်ကြီးမှ အလွန်ထွက် မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်၊ သံသရာဝန်ကြီး၏ အပြစ်ဒေါသကို လှလှကြီးထင်မြင်နိုင်သောအာဒီနဝ ဉာဏ်တို့သည်လည်း ပညာဉာဏ်၏ ကိစ္စကြီးတို့ပေတည်း။ ထိုမှတစ်ပါး ပထမမဂ်ဉာဏ်, ဒုတိယမဂ်ဉာဏ်, တတိယမဂ်ဉာဏ်, စတုတ္ထမဂ်ဉာဏ်တို့သည်လည်း ပညာဉာဏ်၏ ကိစ္စကြီးတို့ပေတည်း။

ထိုမှတစ်ပါး တရားအလုံးစုံကို အကုန်သိစွမ်းနိုင်သော သဗ္ဗညုတ ဉာဏ်၊ အပိတ်အပင် အဆီးအတားမရှိ မြင်စွမ်းနိုင်သော အနာဝရဏ ဉာဏ်၊ ဝရဇိန်လက်နက် မိုးကြိုးစက်ကဲ့သို့ ထက်မြက်စွာသော မဟာ ဝဇီရဉာဏ်အစရှိသော မြတ်စွာဘုရားတို့နှင့်သာ ဆိုင်ရာဖြစ်သော ဉာဏ်အမျိုးမျိုးတို့သည်လည်း ထက်မြက်ရင့်သန် ပညာဉာဏ်၏ ကိစ္စကြီး တို့ပေတည်း။ ထိုမှတစ်ပါး ဒိဗ္ဗစက္ခုဉာဏ် အစရှိသောအဘိညာဉ် တို့သည်လည်း ပညာဉာဏ်၏ ကိစ္စကြီးတို့ပေတည်း။

တမလွန်အကျိုးအားဖြင့် အမောဟ တည်းဟူသော ပညာသည် အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်အောင် စင်ကြယ်ထူးမြတ်သော အကျိုး ထူးတို့ကိုသာလျှင် ပေးစွမ်းနိုင်၏၊ ပညာစရိုက်ရှိသောသူသည် သံသရာ ၌ပဲ့တတ်ပါသော လှေသင်္ဘောကြီးများကဲ့သို့ မတိမ်းမစောင်း မကောက် မကွေ့အလိုရှိရာဌာနသို့သာလျှင် ဖြောင့်မတ်စွာ သွားရောက်စေနိုင်၏၊ ပညာသည် သံသရာ၏ ပဲ့တတ်ကြီးနှင့်တူချေ၏၊ အမျိုးမျိုးသော ကိလေသာအညစ်အကြေးတို့ဖြင့် အမှောင်အတိပြည့်နေသော သံသရာ တိုက်ကြီးထဲ၌ ပညာသည် အလွန်တစ်ရာထွန်းလင်းလှစွာသော ဓာတ်မီး တိုင်နှင့်တူ၏၊ 'နတ္ထိ ပညာ သမာ အာဘာ'ဟူသည်နှင့်အညီ ပညာနှင့် တူသော အရောင်အလင်းမည်သည်မရှိချေ။ ပညာ-တည်းဟူသော အရောင်အလင်းဖြင့်သာလျှင် သတ္တဝါတို့သည် ဟုတ်မှန်သော အတိုင်း သူတော်ကောင်းတို့၏ တရားကို တတ်သိနားလည်၍ မကောင်း သောအပြစ်ဒေါသ ကာမာဒီနဝဟူသမျှတို့ကို မြင်စွမ်းနိုင်ကြကုန်၏၊ ပညာတည်းဟူသော ဓာတ်ခံကိုအမှီပြု၍ သူတော်ကောင်းတို့၏ တရား ရောင်သည် ပြောင်ပြောင် တောက်လောက်နိုင်၏၊ ဤလောက တစ်ခု လုံး၌ ပညာတည်းဟူသော ပရမတ္ထဓာတ်သည် ထင်ရှားမရှိပါမူကား သူတော်ကောင်းတို့၏ တရားဟူ၍ တစ်စုံတစ်ရာမျှ မရှိခဲ့လေရာ။ ဘုရား သာသနာတော်သည်လည်း တစ်နေ့တစ်ရက် တစ်နံနက်မျှ မတည်ခဲ့ လေရာ။ တစ်လောကလုံးသည် အမှောင်ကြီးအတိဖြစ်ခဲ့လေရာ၏။

ထိုမှတစ်ပါး ပညာတည်းဟူသော အမောဟသည် သံသရာကြီး၏ မျက်စိကြီးလည်းဖြစ်ပေ၏၊ ဤမျက်စိဖြင့်ပင်လျှင် ဆိုးဆိုးကောင်းကောင်း အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်ကြရကုန်၏၊ သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော တရားကောင်းတရားမှန်တို့ကိုလည်း ဤဉာဏ်ပညာမျက်စိဖြင့်သာလျှင် မြင်နိုင်ကြကုန်၏၊ အဝိဇ္ဇာမှောင် တိုက်ကြီးထဲ၌ ခွဲ၍ မြင်နိုင်သောမျက်စိကား ပညာမျက်စိတစ်ခုသာ ရှိချေ၏၊ ပညာဓာတ်ခံရှိသောသူသည် သံသရာ၌ဖြောင့်မတ်စွာ ကျင် လည်ရ၍ လူကောင်းနတ်ကောင်းဘဝတို့၌သာ ဖြစ်ရလေ၏၊ ဖြစ်လေရာ ဘဝတို့၌ မိစ္ဆာဒိဋ္ဌိလူမျိုးဟူ၍ မဖြစ်လေဘဲ သမ္မာအယူသာဖြစ်ရ လေ၏၊ ကမ္မဿကတာဉာဏ်သည် ထိုသူ၏ဖြစ်လေရာဘဝတို့၌ မြဲစွာလိုက်ပါ လေ၏၊ ထိုသူမှာ ဖြူစင်ဖြောင့်မတ်သောအယူရှိသော အမျိုးကောင်း တို့၌ ဉာဏ်ပညာတည်းဟူသောရတနာသည် ဘဝတိုင်း၌ ရနေကြဖြစ် သော သံသရာအမွေအနှစ်ကြီးဖြစ်၏၊ ဖြစ်လေရာတို့၌ ပညာတည်း ဟူသော တံခွန်ဖြင့် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး သာလျှင် ဖြစ်ရလေ၏၊ အဆုံးစွန်သောဘဝ၌ ပညာဓိကဇာတ်ဖြင့် ကျွတ်တန်းဝင်ရတတ်ချေ၏၊ ဤကား မောဟမီးနှင့်စပ်၍ ဆိုအပ်သော စကားစုပေတည်း။

ဖော်ပြအပ်သော စကားအစဉ်အားဖြင့် မာတိကာ၌တည်ထား အပ်သော မီးခြောက်ပါးတို့တွင် လောဘမီး, ဒေါသမီး, မောဟမီးတို့၏ အကြောင်းကို ကောင်းစွာသိရာ၏၊ ထိုသို့ဆိုခဲ့ပြီးသော မီးသုံးပါးသည် သတ္တဝါတို့၏ အတွင်းသန္တာန်၌ ကိန်းအောင်းတတ်သောကြောင့် အဇ္ဈတ္တမီးမည်၏၊ အတွင်းမီးသုံးပါးဟုဆိုလိုသည်။ ထိုအတွင်း မီးသုံးပါး တို့သည် အမြဲအစွဲကိန်း ဝပ်တည်နေမှုဟုဆိုအပ်သော အနုသယကိစ္စ အားဖြင့်လည်း သတ္တဝါတို့ကို အမြဲမပြတ်လောင်မြိုက်တတ်သည်သာ ဖြစ်ကုန်၏၊ ဟဒယဝတ္ထုအတွင်း၌ ဥပါဒ်ဖြစ်ပေါ်မှု ထကြွသောင်း ကျန်းမှု ဟုဆိုအပ်သော ပရိယုဋ္ဌာနကိစ္စဖြင့်လည်း သတ္တဝါတို့ကို လောင်မြိုက် တတ်သည်သာဖြစ်ကုန်၏၊ ဥပါဒ်ဖြစ်ပေါ်ရုံမျှတွင် မတန့်စားဘဲ ကာယကံ၏ ဖောက်ပြန်ကျူးလွန်မှု၊ ဝစီကံ၏ ဖောက်ပြန် ကျူးလွန်မှုများ ကိုဖြစ်စေ၍ ထိထိရောက်ရောက် စော်စော်ကားကား ဖြစ်မှုဟုဆိုအပ် သော ဝီတိက္ကမကိစ္စဖြင့်လည်း သတ္တဝါတို့ကို အတင်း လောင်မြိုက် တတ်ကုန်၏။

ထိုအတွင်းမီးသုံးပါးတို့သည် မိမိတို့၏တည်ရာမှီရာ ပုဂ္ဂိုလ်တို့ကို အတင်းလောင်မြိုက်၍ ပြုန်းတီးဖျက်ဆီးတတ်ကုန်၏၊ ကျူပင်ဝါးပင်တို့၏ အတွင်း၌ ဖြစ်ပေါ်သောအသီးသည် မိမိမှီရာကျူပင်ဝါးပင်များကို ပြုန်တီး အောင်ပြာမှုန့်ဖြစ်အောင်သတ်လေသကဲ့သို့လည်းကောင်း၊ ပေပင်၌ ဖြစ်သောပေသီးသည် မိမိ၏မှီရာပေပင်ကြီးကို သတ်လေဘိသကဲ့သို့ လည်းကောင်း၊ မှတ်ရာ၏။

လောဘော ဒေါသော စ မောဟော စ
ပုရိသံ ပါပေစေတသံ
ဟိံသန္တိ အတ္တသမ္ဘူတာ
တစသာရံ ဝ သဖလံ။ (သံ၊ ၁။ ၇၀)။

ဟူ၍သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၌ ဟောတော်မူ၏။

အနက်ကား- တစသာရံ=အကာလျှင်အနှစ်ဖြစ်၍နေသော ကျူပင်, ဝါးပင်, ပေပင်စသည်များကို။ သဖလံ=မိမိ၏ အသီးသည်။ ဟိံသတိဣဝ=နှိပ်စက်သတ်ဖြတ်ဘိသကဲ့သို့။ တထာ=ထို့အတူ။ အတ္တ သမ္ဘူတာ=မိမိကိုယ် ထဲ၌ဖြစ်ပွားကုန်သော။ လောဘောစ=လောဘ သည်လည်းကောင်း။ ဒေါသောစ=ဒေါသသည်လည်းကောင်း။ တေ= ထိုတရားတို့သည်။ ပါပစေတသံ=ယုတ်မာသော စိတ်နေစိတ်ထားရှိသော။ ပုရိသံ=မိမိတို့မှီရာသတ္တဝါကို။ ဟိံသန္တိ=ညှဉ်းဆဲသတ်ဖြတ်တတ်ကုန်၏။

အမိနှင့်အဖဟူသော မီးနှစ်ပါး

အမိနှင့်အဖတို့ကို မရိုမသေပြုလုပ်လျှင် ထိုသားသမီးတို့အား လောင်မြိုက်တတ်၏၊ သားသမီးတို့ပြုရာသော ဝတ္တရားနှင့်ညီစွာ အရို အသေပြုလျှင် ပစ္စုပ္ပန်သံသရာတို့၌ အမျိုးမျိုးအစားစားသော စီးပွား ချမ်းသာကြီးများကို ရနိုင်၏။

မိဘနှစ်ပါးတို့အား အရိုအသေမပြု ဝတ္တရားပျက်ကွက်သော သူတို့မှာ ဤလောက၌ပင် လူအပေါင်းတို့၏ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရတတ်၏၊ တစ်စုံတစ်ရာ ကြီးကျယ်စွာသော အကျိုးမဲ့ကြီးများကိုလည်း တွေ့ကြုံတတ်၏၊ 'ဘုန်ကြီးသော်လည်း သက်မရှည်၊ သက်ရှည်သော် လည်း ဘုန်းမကြီး' ဆိုသောစကားကဲ့သို့ ထိုသို့မိဘနှစ်ပါး၌ အရိုအသေ ကင်းမဲ့သောသူသည် ကြီးပွားရန်အလုံးစုံတို့မှ အကုန်ဆုတ်ယုတ်တတ် ချေ၏၊ ဖြစ်ပွားသောဥစ္စာတို့လည်း မတည်တံ့ဘဲ ပျက်စီးသော သဘော သို့သာ ရောက်တတ်ချေ၏၊ အသက်ရှည်ခြင်း, အနာကင်းခြင်းတည်း ဟူသော လာဘ်ကြီးတို့မှလည်း ဆုတ်ယုတ်တတ် ချေ၏၊ အကယ်၍ပင် အသက်ရှည်ပါသော်လည်း ဘုန်းမဲ့ကံ့မဲ့ စားရန်သောက်ရန်ချို့တဲ့ ကိုးကွယ် ရာမဲ့ ဖြစ်တတ်၏။

မိဘနှစ်ပါးတို့ကို မရိုသေလျှင် မိမိတို့က်ိုစောက်ရှောက်သော ကိုယ်စောင့်နတ်မှစ၍ သမ္မာဒေဝနတ်အပေါင်းတို့က မုန်းထားတတ် ကုန်၏၊ ကောင်းမွန်ကြီးပွားရန် အခွင့်အလမ်းတို့ကို ပိတ်ပင်တာ းမြစ်တတ်ကုန်၏၊ ဟန့်ဆီးကာကွယ်တတ်ကုန်၏ ထို့ကြောင့်ပင်လျှင် ထိုသူမှာကြီးပွားရန် အလုံးစုံတို့မှ အကုန်ချို့တဲ့တတ်ကုန်၏၊ ထိုသူတွင် မာတာပိတု ဥပဋ္ဌာနံ ဆိုသော မင်္ဂလာတရားကြီးမှကင်းဆိတ်လေ၏၊ ထို့ကြောင့် ထိုသူကို မင်္ဂလာမရှိသော သူဟူ၍လည်းကောင်း၊ အဝမင်္ဂလ ဟူ၍လည်းကောင်း ဆိုအပ်၏၊ ကျက်သရေမရှိသောသူ, ယုတ်မာသော သူဟူ၍လည်းကောင်း ဆိုထိုက်၏၊ ကာလကဏ္ဏီနတ်သမီး ကိန်းဝပ်သော သူဟူ၍လည်းကောင်း ဆိုအပ်၏၊ မိဘနှစ်ပါးတို့အား အရိုအသေမပြု လုပ်မှုနှင့် စပ်လျဉ်း၍ ကျမ်းဂန်တို့၌ များစွာဖွင့်ဆိုသောအရာတို့သည် ထင်ရှားစွာရှိကုန်၏၊ သေလွန်သည်မှနောက်ကာလ တမလွန်ဘဝ၌မူကား ထိုသူသည် မာတာပိတုဥပဋ္ဌာနမင်္ဂလာမှ ကင်းသဖြင့် မင်္ဂလာရှိသော သူတို့၏နေရာ နတ်ရွာသုဂတိသို့လားနိုင်ရန်အကြောင်း မရှိသည်သာ ဖြစ်၏။

အကယ်၍ မာတုဃာတက, ပိတုဃာတကကံထိုက်အောင် ပြစ်မှားလျှင် အနန္တရိယကံထိုက်၍ သေလျှင်မုချစင်စစ် အပါယ်သို့သွား လိမ့်မည်ဖြစ်၏၊ သူတစ်ပါးကို နှိပ်စက်သတ်ဖြတ်လျှင် ပါဏာတိပါတကံ မျှသာထိုက်၏၊ အနန္တရိယကံမထိုက်။ သေလျှင်မုချအပါယ်သို့ သွားရလိမ့် မည်ဟုမဆိုသာ။ အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်း ကောင်း နှိပ်စက်သတ်ဖြတ်မိလျှင် ပါဏာတိပါတကံ ထိုက်ရုံမက အနန္တရိယကံထိုက်၏၊ သေလျှင် မုချအပါယ်သို့သွားရ၏၊ အဘယ်မျှ လောက်ကြီးသော ကုသိုလ်ကံတို့ပင်ရှိစေကာမူ တားဆီး၍မရနိုင်ချေ။ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ်ဖြစ်၏၊ ဘခင် ဗိမ္ဗိသာရမင်းကြီးကိုသတ်မိသော အဇာတသတ်မင်း၏ကြီးလေးသောပြစ်ဒဏ်ဖြင့် ငရဲခံစံရသည်ကို ထောက်လေ။ ထို့ကြောင့် မိဘတို့ကို မရိုမသေ မလေးမစား ဝတ်တရား ချို့တဲ့ မင်္ဂလာပျက်ခဲ့သော် အနန္တရိယကံကြီးတို့သို့ရောက်အောင် လောင် ခြင်းကြီးလောင်မြိုက်မှုကို ခံရလိမ့်မည်။

မိဘနှစ်ပါးကို အိမ်ဦးနတ်ကြီးတို့အတူ ကြည်ဖြူသောစေတနာဖြင့် ဂရုဂါရဝသက္ကစ္စပြုလုပ်၍ ရိုသေလေးမြတ်စွာ လုပ်ကျွေးမွေးမြူမိလျှင် မာတာပိတုဥပဋ္ဌာနံဟူ၍ ဟောတော်မူအပ်သော ဒေသနာတော်နှင့်အညီ မင်္ဂလာတရားထူးကိုရနိုင်၏၊ ထိုသူကိုမင်္ဂလာရှိသောသူ, ကျက်သရေ ရှိသောသူ, မယုတ်မာသောသူ, သီရိနတ်သမီး ကိန်းဝပ်သောသူ ဟူ၍ ဆိုအပ်၏။

မာတာပေတ္တိ ဘရံဇန္တု-စသည်ဖြင့် သဂါထာဝဂ္ဂသံယုတ်၌ ဟော တော်မူအပ်သော တာဝတိံသာနတ်အများတို့ နေ့စဉ်မပြတ် ချီးမွမ်းသော တရားခုနစ်ပါးတို့တွင်လည်း မိဘကိုရိုသေစွာ လုပ်ကျွေးမှုများသည် ပထမတရားကြီး ဖြစ်ပေ၏၊ မိခင်နှင့်ဘခင်ကျေးဇူးရှင်တို့အား ရိုသေစွာ လုပ်ကျွေးပြုစုသူကို မိမိ၏ကိုယ်စောင့်နတ်မှစ၍ အလုံးစုံသော သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တို့သည် ချစ်လှသော သားကို မိဘများစောင့် ရှောက်သကဲ့သို့ မြတ်နိုးချစ်ခင်စွာ စောင့်ရှောက် ကုန်၏၊ ထိုသို့နတ် ကောင်း နတ်မြတ်တို့ စောင့်ရှောက်နိစ္စ စောင့်မခြင်း ကိုခံရသောသူသည် အခါခပ်သိမ်း ကောင်းသောအာရုံတို့ကိုသာလျှင် တွေ့ကြုံခံစားရ၏၊ ကောင်းမြတ်သောအခွင့်အလမ်း စီးပွားချမ်းသာ တိုးတက်ကြောင်း အကြံကောင်း အစည်ကောင်းကိုသာ ကြံစည်မိ၏၊ လူအပေါင်းတို့ သည်လည်း ထိုသူကို ချီးမွမ်း မြတ်နိုးကြကုန်၏၊ လူကြည်ညို နတ်ကြည်ညို ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်ထူးဟု ဆိုအပ်၏။

ထိုသူကို အမိဘက်နှင့်ဆိုင်သော ဆွေမျိုးအပေါင်း၊ အဘ ဘက်နှင့် ဆိုင်သော ဆွေမျိုးအပေါင်းတို့သည် အလွန်လျှင်ချစ်ခင် မြတ်နိုးကြ ကုန်၏၊ အမျိုးအနွယ်နှင့်စပ်၍ ချီးမွမ်းဖွယ်ရာ တစ်စုံတစ်ရာ စကား ဖြစ်ပေါ်၍လာလျှင် ဆွေမျိုးဉာတကာတို့၏ နှုတ်ဖျား၌ ထိုသူ၏ ဂုဏ် ကျေးဇူးစကားသည် အမြဲတည်ဘိသကဲ့သို့ဖြစ်၏၊ မိဘဖြစ်သော သူတို့ကလည်း လိမ္မာသောသားတစ်ယောက် လိမ္မာသောသမီး တစ် ယောက်ဟူ၍ အားကိုးအားထားပြုလျက် အမူအရာ အလုံးစုံတို့၌ ယုံကြည်စွာ လွှဲအပ်ခြင်းကိုခံရ၏၊ အမျိုးအနွယ်ကို စင်ကြယ်စွာ စောင့် ရှောက် လတ္တံ့သော သားသမီးတို့ဟူ၍ အမှတ်ပြုပြီးလျှင် ဂုဏ်ကျက် သရေနှင့် စပ်လျဉ်းသော ဓမ္မအမွေများကို ထိုသူတို့အား အပ်နှင်းကုန်၏။

ထိုသူမှာ ပစ္စက္ခဘဝ၌ပင် မင်္ဂလာကျက်သရေ အမွေအနှစ် ကိုရ၍ လူရှင်ပရိသတ်တို့အလယ်၌ တင့်တယ်သော မျက်နှာ ဣန္ဒြေ အနေ အထားဖြင့် ရဲရင့်စွာသွားလာဝင်ထွက်ခြင်းကို ပြုလုပ်နိုင်၍ လူကြည်ညို နတ်ကြည်ညို ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သောကြောင့် လောကီဥစ္စာ ရတနာတို့သည်လည်း တိုးတက်စည်ပင်စွာ ဖြစ်ကုန်၏၊ ထိုသူ၏ လုပ်ဆောင်ရေးဌာနဟူသမျှတို့သည်လည်း အစစမှာပင် တွင်တွင် ကျယ်ကျယ် နေရာတကျ အခွင့်အလမ်း သင့်လျော်စွာဖြစ်ကုန်၏၊ အကျိုးအခွင့်ကို ဖွံ့ဖြိုးစွာပေးမည်ဟု ငံ့လင့်မျှော်တ၍ နေကြကုန်သော အပရာပရိယကုသိုလ် စေတနာကံဟောင်းတို့သည် ထိုပုဂ္ဂိုလ်သန္တာန်မှာ အလိုရှိသလောက် ကျယ်ကျယ်ဝင့်ဝင့် အကျိုးပေး ခွင့်ကို ရကြကုန်၏၊ ထိုအခါ ကြီးကျယ်ထူးမြတ်လှစွာသော ကုသလဝိပါက သုခဖလအကျိုး ထူးတို့ကို ဖြစ်စေကုန်၏၊ ထိုအကျိုးထူးတို့ကို ရရှိသောအခါ လူအပေါင်း တို့၏ ရိုသေအားကိုးကြရာ မှီရာတည်ရာဟုဆိုအပ်သော လူကြီးလူကောင်း အဖြစ်ကို ရကုန်၏၊ လောကထဲ၌ အလိုရှိသလောက် ကြီးပွါးချမ်းသာ တိုင်းကြီးပွါးနိုင်၏၊ ကြံစည်သမျှသော အရာဌာနအလုံးစုံတို့သည် အကုန် အောင်မြင်၍ ဆောင်လိုက်သမျှသော အရေးအရာ တို့သည်လည်း ကောင်းမွန်ကျေနပ်စွာ ပြီးစီးထမြောက်ကြကုန်၏၊ အသက်ရှည်ခြင်းနှင့် လည်း ပြည့်စုံကုန်၏၊ အနာကင်းခြင်း ဘေးရန် ကင်းခြင်းတို့နှင့်လည်း ပြည့်စုံကုန်၏၊ အသက်ရှည်သမျှကာလပတ်လုံး စည်းစိမ်ဥစ္စာကုံ ထံ ကြွယ်ဝ ကြီးလှသော ချမ်းသာကိုရ၍ ပျော်ကာ ရွှင်ကာ နေကြကုန်၏။

မိဘနှစ်ပါးကို ရိုသေသောသူ၏ သားသမီးဟူသမျှတို့သည်လည်း မိမိကိုပြန်၍ ရိုသေကြကုန်၏၊ တူသောအကျိုးကို ခံစားရကုန်၏၊ မိမိပြောဆိုဆုံးမသမျှကို သားသမီးတို့က လိုက်နာကြကုန်၏၊ မိမိ၏ အမျိုး အနွယ်သည် စင်ကြယ်သန့်ရှင်းစွာ ဆက်လက်ပွါးစီးကုန်၏၊ ဤသည်ကား မိဘနှစ်ပါးကို ရိုသေသမှုပြုစု လုပ်ကျွေးသောသူ၏ ပစ္စက္ခမျက်မှောက် ဘဝ၌ ရရှိခံစားအပ်သော အကျိုးထူးကြီးများပေတည်း။

မိဘနှစ်ပါးကို ရိုသေစွာပြုစုလုပ်ကျွေး၍ မာတာပိတု ဥပဋ္ဌာန မင်္ဂလာကို ကောင်းစွာလက်ကိုင်ရရှိသောသူသည် နတ်ပြည် လူပြည် တည်းဟူသော သုဂတိဘဝ ကျက်သရေမင်္ဂလာရှိရာဘုံဌာနတို့သို့ သေလွန် သည်မှနောက် တမလွန်ဘဝ၌ ရောက်ရကုန်၏၊ ဖြစ်လေရာရာဘဝ တို့၌လည်း လူတကာ နတ်တကာတို့ထက် ထူးမြတ်သော စည်းစိမ် ဥစ္စာတို့ကို ရနိုင်ချေ၏၊ မွန်မြတ်ဆန်းကြယ်လှစွာသော ရတနာအမျိုးမျိုး တို့ကို ရနိုင်ချေ၏။

ယာဒိသံ ဝပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။ (သံ၊ ၁။ ၂၂၉။)

ယာဒိသံ=အကြင်သို့သဘောရှိသော၊ ဗီဇံ=မျိုးစေ့ကို၊ ဝပ္ပတေ= စိုက်ပျိုးအပ်၏၊ တာဒိသံ=ထိုသို့သဘောရှိသော၊ ဖလံ=အသီးကို၊ ဟရတေ= ဆောင်ပေ၏။

ဤဒေသနာတော်နှင့်အညီ ဖြစ်လေရာရာဘဝတို့၌ တူမျှသော အကျိုးကိုရ၍ မိမိ၏သားမြေး စသည်တို့သည် မိမိ၏အပေါ်၌ အထူး သဖြင့် ရိုသေကော်ရော် ပူဇော်မြတ်နိုးကြကုန်၏၊ ဤလောကကြီး၌ သားကြီးသမီးကြီးဖြစ်သော သူတို့က နှိပ်စက်ကလူပြုမှု မထီမဲ့ပြင်ပြုမှု ကလန်ကဆန် ပြန်လှန်ပြောဆိုမှုများကို ခံနေရသော ဒုက္ခထက် ကြီး ကျယ်သော ဒုက္ခဟူ၍ မရှိချေ။ ဤဒုက္ခမှုမျိုးကို မြတ်စွာဘုရား လက်ထက် တော်အခါမှစ၍ ယခုထက်တိုင်ကြီးရင့်သော မိခင်များမှာ တွေ့ကြုံရ တတ်သော ဒုက္ခကြီးဖြစ်ပေ၏၊ မိဘကို ရိုသေကော်ရော် ပူဇော်ချီးမြှောက် ထောက်ပံ့သင်္ဂြီုဟ်လေ့ ရှိသောသူသည် ထိုသို့သော ဒုက္ခမျိုးကို သံသရာ ထဲ၌ မတွေ့မကြုံရချေ။ သောဝစ္စဿတာဂုဏ် နှင့်ပြည့်စုံသော မိဘတို့၏ စကားကို မြေဝယ်မကျလိုက်နာတတ်သော မိဘတို့၏ နှလုံးအလိုသို့သာ လိုက်၍ ကျင့်တတ်သော သားကောင်း သမီးကောင်း သားလိမ္မာ သမီး လိမ္မာတို့ကိုသာ ရတတ်ချေ၏။

သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၌ နတ်သားတစ်ယောက်၏ လျှောက်ချက်တွင်လည်း 'ယော စ ပုတ္တာ နမဿဝေါ' (သံ၊ ၁။ ၇။) ဟူ၍ ဟောတော်မူ၏။

ပုတ္တာနံ=သားသမီးအပေါင်းတို့တွင်၊ ယော စ=အကြင်သား သမီးသည်မူကား၊ အဿဝေါ=မိဘတို့စကားကို ရိုသေကောင်းမွန်စွာ လိုက်နာပေ၏၊ သော=ထိုသားသမီးသည်၊ ဇေဋ္ဌော=အမြတ်ဆုံးပေတည်း။

အဓိပ္ပါယ်ကား များစွာလှသောသားသမီးတို့တွင် အကြင်သား သမီးသည် အရုပ်အဆင်းအင်္ဂါချို့တဲ့စေကာမူ မိဘတို့၏စကားကို နားထောင်၍ မိဘတို့ကို ဝတ္တရားသိစွာနှင့် လုပ်ကျွေးပြုစုပေ၏၊ ထိုသား သမီးသည်သာလျှင် အမြတ်အထွတ်ဆုံးဟူ၍ ဆိုလိုသည်။

ထိုသို့သော အဿဝဂုဏ်နှင့်ပြည့်စုံသော သားကောင်းရတနာ၊ သမီးကောင်းရတနာတို့ကို ရနိုင်ခဲလှ၏၊ မိဘကို ရိုသေလေ့ရှိသော သူတို့သာလျှင် ဤသို့သော သားရတနာ သမီးရတနာတို့ကို ရနိုင်ကုန်၏၊ သားသမီးများကို သားရတနာ သမီးရတနာဟု ဆိုရသည်မှာ သားတိုင်း သမီးတိုင်းကို ယံဝါတံဝါခေါ်ဆိုရမည်မဟုတ်။ ဝတ္တရားကို တတ်သိ လိမ္မာ၍ လိုက်နာဆောင်ရွက်သဖြင့် မာတာပိတုဥပဋ္ဌာန မင်္ဂလာနှင့် ပြည့်စုံသော သားသမီးတို့ကိုသာလျှင် သားရတနာ သမီး ရတနာဟု ခေါ်ဆို ထိုက်၏။

ထိုသို့မဟုတ်သော သားယုတ်သမီးယုတ် ဝန်ထုပ်ဝန်ပိုတွေ ကိုမူကား အသရေကို မဲ့စေတတ်၏၊ ဒုက္ခအရပ်ရပ် ၎င်းတို့နှင့်စပ်၍ မိဘတို့အပေါ်၌ ထပ်မံပိုမို၍ လာမည်ဖြစ်ရကား ရတနာဟူ၍ ခေါ်ဆို ရမည် ဝေးစွ၊ အလေနတော သောကော ယောကော တဗ္ဗော သောတ္ထ အသုံးမကျသော သားမျိုးသမီးမျိုးသာဟူ၍ ဆိုထိုက်ကုန်၏၊ အမှိုက် သဖွယ် လူ့နယ်မှာ ရှုပ်သော သားသမီး၊ အညစ်အကြေးပမာ လူ့ရွာ တွင်ပိုမိုသော သားသမီး၊ ဖရိုဖရဲ ကြဲ၍ပစ်ထိုက်သော သားသမီး တို့ဟူ၍ ဆိုထိုက်ဆိုအပ်ကုန်သည်။ ထိုသို့သော သားသမီးမျိုးအတွက်ကြောင့် မိဘတို့မှာ တစ်သက်ပတ်လုံး ဒုက္ခဝန်ထုပ်ကြီးကို ထမ်းရွက်ရသည်နှင့် တူကုန်၏။

ဤသို့သောဒုက္ခမျိုးမှ လွတ်ရန်မူကား မာတာပိတု ဥပဋ္ဌာန ကုသိုလ်မင်္ဂလာကြီး တစ်ပါးသာရှိချေသည်။ ဤကုသိုလ်မင်္ဂလာကြီးကို ပြုလုပ်ရန်လည်း များစွာခဲယဉ်းလှသည်မဟုတ်။ မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်မှု အတ္တသမ္မာ ပဏိဓိမင်္ဂလာကြီးကို ကြပ်တည်းမြဲမြံစွာ ထား၍ မိဘနှစ်ပါးကို ရိုသေစွာ လုပ်ကျွေးရုံမျှသာဖြစ်၏၊ မိဘတို့ဟူသည် လည်း တခြားမှာ တမင်တကာ သွားရောက်ရှာဖွေရသော ဝတ္ထုမျိုး မဟုတ်။ အိမ်တွင်းပင် အသင့်ရှိ နေကြသော အိမ်ဦးနတ်ကြီးတို့ပေတည်း။

မိမိနေသောအိမ်တွင်းမှာပင် ကုသိုလ်ပြုရာ လယ်ယာ မြေကြီး တို့သည် အသင့်ရှိကြကုန်သည်ဟူ၍ လွယ်ကူစွာနှင့် သတိရထိုက်လှ ပေကုန်၏၊ ထိုမိဘတို့သည် သားသမီးတို့အား များပြားကြီးကျယ်သော ကျေးဇူးရှင်ဖြစ်သောကြောင့် အာဟုနေယျဂုဏ်ထိုက်၏၊ အမြတ်တနှိုး ကြိုးကြိုးစားစား ရှာဖွေစုဆောင်းကာ ဆောင်ယူလာသော ဥစ္စာနှစ်တို့ဖြင့် ပူဇော်ခြင်းငှါထိုက်သော ဂုဏ်ရှိ၏၊ ထိုဂုဏ်ထိုက်သက်ရှိသောကြောင့် မိဘနှစ်ပါးသည် အာဟူနေယျဂ္ဂိ မီးပုံကြီးလည်း မည်၏၊ လောက၌ရှိသော မီးကို ရိုသေသမှု ကြောင့်ကြပြုသော် လူသတ္တဝါတို့၏ ချက်ရေးပြုတ်ရေးလို သေးသည်မရှိ။ မီးနှင့်စပ်သော ကိစ္စအတွက် တွင်တွင်ကျယ်ကျယ် ရွက်ဆောင်သကဲ့သို့ ထိုမိဘနှစ်ဆူ တည်းဟူသော မီးပုံကြီးကို ရိုသေသမှု ပြုစုလုပ်ကျွေးသော အမျိုးသားအမျိုးသမီးတို့အားလည်း ပစ္စုပ္ပန်၌ဖြစ် သော အကျိုးကျေးဇူးတရား တမလွန်၌ဖြစ်သော အကျိုးကျေးဇူးတရား ကြီးများသည် အထက်ကဖော်ပြခဲ့သည့်အတိုင်း ကြီးမားထွန်ကားစေလိမ့် မည်ဖြစ်၏။

မိဘနှစ်ပါးကို မရိုမသေ မလုပ်ကျွေးမှု မည်သည်ကား အကြင် သားသမီးသည် မိဘတို့စိတ်နှလုံးပူပန်စေရန် နာကြည်းစေရန် ပြန်လှန် ပြောဆိုမှု၊ မိဘတို့၏ စကားကိုနားမထောင်မှု၊ ကျွေးတုံ့ကျွေးလှည့် မွေးတုံ့မွေးလှည့်ကိုမပြု ရိုင်းပြစွာပစ် စွန့်ထားမှုများကို ဆိုလိုသည်ဖြစ်၏။

အချို့ယောကျ်ားမိန်းမတို့သည်ကား မိမိတို့အခြေအနေ ကြီးမြင့် ရှိကြသောအခါ ဥစ္စာစီးပွားချို့တဲ့ကုန်သော အမိအဘတို့ကို လေးစားမမူ ဂရုမစိုက်နေကြလေကုန်၏၊ မိန်းမတို့မှာလည်း လင် ယောကျ်ား၏ စကားကို နာယူကြရ၍ လင်ယောကျ်ားမကြည်မသာ ရှိမည်ကို စိုးရိမ်ကြ ရ၍၊ ယောကျ်ားတို့မှာလည်း မယားမိန်းမတို့၏အရိပ်အခြည်ကို ကြည့်ရ၍ ဇနီးမိန်းမကို ကြောက်ရွံ့ကြရ၍ ငယ်ရွယ်စဉ်အခါက စတည်လျက် ငါတို့သား သမီးတို့သည်ကား အိုးမင်းမစွမ်း ဥစ္စာကုန်ခန်းရှိသော် ပြုစုလုပ်ကျွေးကြလိမ့်မည်ဟူသော အထင်အားကိုးနှင့်ကြိုးပမ်းစွာ မွေးမြူခဲ့သော ကျေးဇူးရှင် မိအိုဘအိုများကို စွန့်ပစ်ထားကြကုန်သည်ဖြစ်၍ မျက်ရည်ပူတို့ဖြင့်ပြည့်သော မျက်စိတို့ဖြင့်သာ နေ့ရက်ရှည်သမျှ ပူ ဆွေးကြရကုန်သော ဒုက္ခသည်မိဘ ကြီးများကို မကြာမကြာ တွေ့မြင် ရခဲ့လေပြီ။

ယင်းသို့ မိဘနှစ်ပါး ပူပန်သောကကြီးလေ သားသမီးတို့အား ထိုအာဟုနေယျဂ္ဂိမီးသည် ငြီးငြီးပြောင်ပြောင် နေ့ရှိသမျှတောက်လောင် ကုန်သည် ဖြစ်သောကြောင့် ထိုသား ထိုသမီ‌းတို့မှာ မီးလောင်တိုင်ငုတ် အတူ မဖြူမစင်သော အကျိုး မတိုးမပွားသော ကျက်သရေ အထွေ ထွေသော ဒုက္ခကြီးများကို တွေ့ကြုံရတတ်ချေ၏၊ သို့ဖြစ်၍ အမျိုး ကောင်းသား အမျိုးကောင်းသမီးတို့၊ ကြီးမားသောကျေးဇူးရှင် မိမိ တို့၏မိခင်ဘခင်များကို ဘုရားအလောင်းတော် သုဝဏ္ဏသာမစသော သူတော်ကောင်းတို့ကဲ့သို့ ရိုသေလေးမြတ်စွာ လုပ်ကျွေးမှု မာတာပိတု ဥပဋ္ဌာန မင်္ဂလာကြီးကို ရွက်ဆောင်အားထုတ်ကြကုန်လော့၊ သံသရာ ပစ္စုပ္ပန် နှစ်တန်ကာလ နှစ်ဘဝလုံး နှစ်ပါးရှုံးသော မီးသွေးတုံးမီးလောင် တိုင်ငုတ်အနေ မဖြစ်ကြစေနှင့်၊ ကြပ်ကြပ်သတိထားကြလေကုန်။

---

ပူဇော်အပ်သောသူဟူသော ဆဋ္ဌမီး

ပူဇော်အပ်သောသူ ရိုသေအပ်သောသူဟူသည်ကား လောက သုံးပါး၏ကိုးကွယ်ရာ မြတ်စွာဘုရားသည်လည်းကောင်း၊ မြတ်စွာ ဘုရား၏တပည့်သားသံဃာတော်တို့သည်လည်းကောင်း၊ ထို့ပြင်တရား သဖြင့်ကျင့်ကြံအားထုတ်၍ နေလေ့ရှိကြကုန်သော ရသေ့ ပရိဗိုဇ်တို့ သည်လေည်းကောင်း၊ မိမိထက်အသက်အားဖြင့်ကြီးသောသူ ဂုဏ်အား ဖြင့်ကြီးသော သူတို့သည်လည်းကောင်း၊ မိမိအပေါ်၌ တရားသဖြင့် ကျေးဇူးရှိဖူးသောသူတို့သည်လည်းကောင်း၊ ဤသို့သောသူတို့သည် ပူဇော်အပ်သော ရိုသေအပ်သောသူတို့မည်ကုန်၏၊ ထိုပူဇော်အပ်ရိုသေ အပ်သော သူတို့ကို ပူဇနီယပုဂ္ဂိုလ်ဟူ၍ မြတ်စွာဘုရားဟောကြား တော်မူ၏။

ထိုပူဇော်အပ်သော ရိုသေအပ်သော သူတို့ကို မရိုမသေ မလေး မစားပြုလုပ်လျှင် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော ကာလ၌ လောင် မြိုက်ခြင်းကိုခံရတတ်၏၊ ထို့ကြောင့် ပူဇနီယပုဂ္ဂိုလ်သည် မီးနှင့်တူ၏၊ ဤပစ္စက္ခဘဝ၌ ရိုသေအပ်သော သူကို မရိုမသေပြုလုပ်ခြင်းသည် ပူဇာစ ပူဇနေယျာနံဟူ၍ ဟောတော်မူအပ်သော မင်္ဂလာတရားမှဆုတ်ယုတ် ပျက်စီးသည်မည်၏၊ ထို့ကြောင့် ထိုသူကို မင်္ဂလာမရှိသောသူ အဝ မင်္ဂလိက ပုဂ္ဂိုလ်၊ အလက္ခိကပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ ကျက်သရေ မရှိသောသူဟူ၍လည်းကောင်း၊ ကာလကဏ္ဏီနတ်သမီး ကိန်းဝပ်သော သူဟူ၍လည်းကောင်း၊ ဆိုထိုက်လေ၏၊ ထိုပူဇော်ထိုက် ရိုသေထိုက်သော သူများကို မရိုမသေနေခဲ့လျှင် များစွာသော လူအပေါင်းတို့က ထိုသူကို ကဲ့ရဲပြစ်တင် စကားပြောကြား ဆိုမြွက်တတ်ကြကုန်၏၊ ထိုသူမှာလည်း ကြီးပွားလောက်ဖွယ်သော အကျိုးအမျိုးမျိုးတို့မှ ဆုတ်ယုတ်တတ်ချေ၏၊ အသက်စည်းစိမ်များကိုသော်လည်း ထိပါးရောက်ရှိအောင်ပျက်စီး ဖို့ကြုံ တွေ့ရတတ်၏၊ ပူဇနီယပုဂ္ဂိုလ်ဖြစ်ပေသော ခန္တီဝါဒရှင်ရသေ့ကို ပြစ်မှား မိ၍ အသက်စည်းစိမ်နှင့်တကွ ပျက်စီးလေဖူးသော ကလာဗုမင်း စသည် ကိုထောက်လေ။

ထိုပူဇနီယပုဂ္ဂိုလ်များကို မထေမဲ့မြင်ပြုလုပ်ခဲ့လျှင် မိမိမှာ သိသင့်သိထိုက်သော တရားဓမ္မတို့ကိုမသိရဘဲ တရားတည်းဟူသော လာဘ်ကြီးမှလည်းလွဲရလေ၏၊ လိမ္မာစရာအမျိုးမျိုး ကြီးပွားစရာ အမျိုးမျိုးတို့မှလည်း ဆုတ်ယုတ်ရတတ်ချေ၏၊ ထိုသို့မရိုမသေပြုလုပ် သည့်အတွက် ဂါရဝမင်္ဂလာကြီးလည်း ပျက်စီးလေ၏၊ ထိုသူတို့အပေါ်၌ ထောင်ထောင်လွှားလွှားကြွားကြွားဝင့်ဝင့် ပြုလုပ်ပြန်လျှင်လည်း နိဝါတ မင်္ဂလာပျက်စီးပြန်၏။

အဝမင်္ဂလိကပုဂ္ဂိုလ်၏အဖြစ် ကျက်သရေမရှိ မင်္ဂလာမရှိသော သူယုတ်အဖြစ်သို့ရောက်ရလေ၏၊ ထိုပူဇနိယ ပုဂ္ဂိုလ်ကို မရိုမသေပြုလုပ်၍ အပြစ်စကားပြောကြားရေရွတ်လျှင် အလွန်ယုတ်မာလှစွာသော ဝသလ ပုဂ္ဂိုလ်မည်ကြောင်း သုတ္တနိပါတ် ဝသလသုတ်၌ မြတ်စွာဘုရားဟောကြား တော်မူ၏၊ မီးပုံကြီးကို တစ်စုံတစ်ယောက်သောသူက သွားရောက်၍ ထိပါးခဲ့လျှင် မီးပုံကြီးမှာ တစ်စုံတစ်ရာနာကျင်ခြင်းစသည်မဖြစ်၊ ထိပါးလာ သောသူမှာသာလျှင် ပူလောင်ခြင်းဒုက္ခကို ခံရလေသကဲ့သို့ ထိုအတူ ပူဇနီယပုဂ္ဂိုလ်ကို မရိုမသေ ထိပါးပြောဆိုခဲ့လျှင် ခံရသောပူဇနီယ ပုဂ္ဂိုလ်မှာ တစ်စုံတစ်ရာ ဂုဏ်ပျက်စီး၍လည်းမသွား၊ ထိပါးသောသူမှာ သာလျှင် များစွာဒုစရိုက်အညစ်အကြေး အဖတ်တင်ခံရလေ၏။

ဤလောက၌ ငါတို့ဗုဒ္ဓဘာသာ သာသနာတော်တွင်းမှာပင် ပူဇာစပူဇနီယမင်္ဂလာသည် အတော်ပင်ချို့တဲ့တတ်ကြကုန်၏၊ မိမိ ကြည်ညိုသောပုဂ္ဂိုလ်ကိုမူကား အထူးပင်ပိုမိုသာလွန်၍ မြှင့်မြှင့်မြှောက် မြှောက်ပြောပတတ်ကြ၏၊ မိမိကြည်ညိုသော ပုဂ္ဂိုလ်မှတစ်ပါး အခြား သောပုဂ္ဂိုလ် အခြားသောဂိုဏ်းဖြစ်လျှင် သီလဝန္တပညဝန္တ လဇ္ဇီပေသလ ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သော်လည်း ထိုပုဂ္ဂိုလ်ကြီးများကို ထိထိပါးပါး နှိပ်နှိပ်နယ်နယ် ပြောဆိုလွယ်တတ်ကြကုန်၏၊ အကယ်၍ မိမိတို့ မကြည်ညိုနိုင်ခဲ့ကြပါမူ နှုတ်ပိတ်၍ တိတ်ဆိတ်စွာသာ နေသင့်ချေ၏၊ အပြစ်ကို မပြောဆိုမိစေရာ၊ မလှူလိုလျှင်လည်း မလှူဘဲရှောင်လွှဲ၍သာ နေရာ၏၊ အပြစ်ကို မပြောဆိုတဲ့ရာ။

သာမညသေးသေးသိမ်သိမ်ပုဂ္ဂိုလ်များကို ပြောဆိုမိလျှင် တော် တော်တန်တန် ပေါ့ပါးပါသေး၏၊ ဧရာမ သီလဝန္တ ပညဝန္တ လဇ္ဇီပေသလ ဝယဝုဒ္ဓိပုဂ္ဂိုလ်ကြီးများကို ထိထိပါးပါးပြောဆိုပါမူ အလွန်တရာကြီး လေးပြင်းပြလှစွာသော ဒုစရိုက်ဝန်ထုပ်ကြီးများကို ဆောင်ယူ သယ်ပိုး သည်မည်၏၊ ပူဇနီယအပြစ်ကို ထားဘိဦး၊ 'အချင်းချင်းဖြစ်သော ပုဂ္ဂိုလ်များ၏ အပြစ်ကိုပင် မရှုရာမပြောမဆိုရာ၊ မိမိ၏အပြစ်ကိုသာလျှင် ရှုမြင်ရာ၏'ဟူ၍ ဓမ္မပဒပါဠိတော်စသည်၌ မြတ်စွာဘုရား ဟောကြား တော်မူ၏။

မိမိတို့ကိုယ်တွင် ဤဘဝကံကောင်းထောက်မ၍ ရရှိနေသော သသမ္ဘာရဇိဝှါ လျှာကလေးတစ်ခုသည် အမျိုးမျိုးသောဒုစရိုက် အမျိုးမျိုး သောအပြစ်တို့ကို လှုပ်ကာလှုပ်ကာနှင့် များစွာဆည်းပူနိုင်၏၊ ဝိနည်း ဒေသနာတော်၌ ဥတ္တရိမနုဿဓမ္မကိုပြောဆို၍ ပါရာဇိကသို့ရောက် အောင် ထိုလျှာကလေးသည် ရွက်ဆောင်နိုင်လေ၏၊ ပဉ္စာနန္တရိယ ကံကြီးတို့တွင် အထူးအားဖြင့် သံဃဘေဒကကံကြီးမြောက်အောင်ပင် ရွက်ဆောင်နိုင်၏၊ မိတ်ကြီး ဆွေကြီးတို့ကို ကွဲပြားစေမှု၊ မိမိနှင့် ပေါင်း သင်းနေကြမိတ်စစ်ဆွေစစ်တို့ကိုပင် မုန့်မုန့်ညက်ညက် ကွဲပျက်သည် တိုင်အောင် ပြုလုပ်မှုတို့ကိုသော်လည်း ရွက်ဆောင်နိုင်၏၊ ထို့ကြောင့် ထိုလျှာကလေးတစ်ခုသည် ကြီးလှစွာသော ဓားသန်လျက်တို့ထက် အဆများစွာ ထက်မြက်လှသည်ကို ယုံကြည်စိတ်ချ သိထိုက်လှပေ၏။

သူတစ်ပါးတို့၏ အပြစ်ကို ပြောဆိုရန်အရေးသို့ ကျရောက်လျှင် ၎င်းလျှာသည် စက်ကဲ့သို့ အလွန်တစ်ရာ လည်ပတ်လှချေ၏၊ သူတစ်ပါး တို့၏ဂုဏ်ကျေးဇူးကို ပြောဆိုရန်အရေးသို့ ကျရောက်ပါမူကား ၎င်းလျှာ သည် ကျောက်တောင်ကြီးများထက်ပင် လေးလံထိုင်းမှိုင်း လျက်ရှိချေ၏၊ ကြီးကျယ်လှစွာသော စစ်သင်္ဘောကြီးများ ပဲ့တက်ကြီးများကို သက်သာ စွာဖြင့် နိုင်နင်းအောင်ကိုင်၍ ပဲ့နိုင်၏၊ နှစ်လက်မမျှလောက်ရှိသော ဤလျှာတစ်ခုကို နိုင်နင်းအောင်ပဲ့နိုင်ပါလျှင် ဤလောက၌ လူလိမ္မာဖြစ်၍ အလွန်တစ်ရာသိပ်သည်းသေဝပ်သောသူဟူ၍ ချီးမွမ်း ထိုက်လေ၏၊ ဘုရားအစရှိသော ပူဇနီယပုဂ္ဂိုလ်တို့၏ အပေါ်၌ အနန္တရိယ ကံထိုက် လောက်အောင် ပူဇာစ ပူဇနီယ မင်္ဂလာပျက်လျှင် သေသည်၏ အခြားမဲ့၌ စင်စစ်အပါယ်သို့သွားရမည် မှန်ချေ၏၊ ချအပ်သောဝန်ထုပ်သည် မုချမလွဲ ကျခြင်းမြဲသကဲ့သို့ ငရဲသို့ကျရမည် စင်စစ်ဖြစ်လေ၏။

ထိုပူဇနီယမီးကဲ့သို့ ကြီးမားသောအပြစ်ရှိ၍ လောင်ခြစ်စေတတ် သောဂုဏ်တူမီးတစ်ခုရှိသေး၏၊ ထိုမီးကို မရိုမသေမလေးမစား ပြုလုပ် သောအခါ အမျိုးသမီးမိန်းမများ သံသရာပစ္စုပ္ပန်တို့၌ လောင်မြိုက်တတ် လေ၏၊ အဘယ်မီးနည်းဟူမူကား ဂဟပတဂ္ဂိခေါ်သော အိမ်ရှင် လင်ယောကျ်ားတည်းဟူသော မီးပုံကြီးပေတည်း၊ မိန်းမတို့သည် မိမိတို့ အရှင်သခင် လင်ယောက်ျားကို နိုင်လိုမင်းထက် နှိပ်စက်ကလူ ငြူစူ ဆောင့်အောင့် မဖြောင့်နှလုံး ကျင့်သုံး နေထိုင်ခဲ့သော်လည်းကောင်း၊ ထိုလင်ယောက်ျားကို မယားမိန်းမတို့ဝတ္တရားနှင့်အညီ လေးလေးမြတ်မြတ် ရိုရိုသေသေ မပြုလုပ်ခဲ့သော်လည်းကောင်း၊ ထိုလင်ယောကျ်ားကိုပင် ရုန့်ရုန့်ကြမ်းကြမ်း ပရမ်းပတာ နင်ငါကဆ ကြိမ်းပသံဟောက် အော်ငေါက် ဆဲရေးခဲ့သော်လည်းကောင်း၊ ထိုမိန်းမမှာ ကျေးဇူးရှင်လင်ယောက်ျား တည်းဟူသော မီးပုံကြီးလောင်မြိုက်၍ တစ်နေ့ထက်တစ်နေ့ ခြောက် သွေ့သော အရေအသားခေါင်ပါးကြုံလှီသော အသွေးအရည် မကြည် မလင်သော မျက်နှာဖြင့်သာ အိမ်၌နေရလေသဖြင့် ထိုမိန်းမရှိသောအိမ် သည် ကျက်သရေမင်္ဂလာမရှိ ဖြစ်လေ၏။

အိမ်စောင့်နတ် ရွာစောင့်နတ် နတ်ကောင်းနတ်မြတ်တို့သည် လည်း ထိုကျက်သရေမင်္ဂလာမရှိရာ အိမ်မှဖဲခွာ ထွက်သွားကြေလေ ကုန်၏၊ စီးပွားလာဘ်လာဘတို့သည်လည်း တစ်နေ့ထက်တစ်နေ့ တရွေ့ရွေ့ဆုတ်ယုတ် ပျက်ပြားတတ်လေကုန်၏၊ အဘယ်ကြောင့်ဆိုသော် စီးပွားဥစ္စာတိုးတက်ကြောင်း ရောဂါဥပဒ်ကင်းလွတ်ကြောင်းကို စောင့်ရှောက်မ, စတတ်ကြကုန်သော သမ္မာဒေဝနတ်တို့ စွန့်ပစ်ထွက်ခွာ သွားကြလေသောကြောင့်လည်းကောင်း၊ ထိုကျက်သရေမင်္ဂလာ မရှိသော မျက်နှာဆိုးမ, အုပ်ချုပ်ကြီးစိုးနေထိုင်သောအိမ်ကို မိတ်ကောင်း ဆွေ ကောင်း လူအပေါင်းတို့သည် ရှောင်လွှဲသွားကြလေသောကြောင့် လည်း ကောင်း၊ တစ်နေ့ထက်တစ်နေ့ မိတ်ဆွေပျက်၍ စီးပွား လာဘ် လာဘ တို့သည်လည်း ပျက်ပြားဆုတ်ယုတ်ရလေကုန်၏။

ထိုသို့ ဥစ္စာစီးပွားပျက်ပြားလေသော မိန်းမအား စိတ် မကြည် မသာဖြစ်၍ ရောဂါအနာတို့သည်လည်း ဖိစီး နှိပ်စက်လာလေ ကုန်၏၊ တစ်ခါတစ်ရံ ယောက်ျားသူတော်ကောင်းတို့က မခံမရပ်နိုင်သဖြင့် ထိုမိန်းမကို စွန့်ပစ် ထွက်ပြေးလေသောအခါ သားငယ်သမီးငယ် တို့နှင့် တကွ မှီခိုကိုးကွယ်ရာမဲ့ဖြစ်၍ မျက်ရည်ပူတို့ဖြင့် စီးယိုလျက်နေ ရလေ သော မိန်းမများကိုပင် များစွာတွေ့ကြုံရဖူးလေ၏၊ ဤသည်ကား လင်ယောက်ျားတည်းဟူသော ဂဟပတဂ္ဂိမီးကို မရိုမသေ မထီလေးစား စော်ကားရိုင်းပျစွာပြုလုပ်သော မိန်းမတို့အား ပစ္စက္ခမျက်မှောက်၌ပင် လောင်မြိုက်ပုံအခြင်းအရာ အမြွက်ဖြစ်၏။

အကြင်မိန်းမသည် မိမိ၏အရှင်လင်ယောကျ်ားကို ကြောက် လည်းကြောက်၏၊ ချစ်လည်းချစ်၏၊ ရိုသေလေးမြတ်စွာလည်း ပြုစု လုပ်ကျွေးလေ၏၊ မိမိ၏အရှင်သခင် လင်ယောကျ်ားကို လွန်ကျူး၍လည်း မကျင့်တတ်။ သာယာချေငံစွာ မိန်းမကောင်းပီပီ မယားဝတ် ငါးပါးနှင့် အညီ ပြုစုလုပ်ကျွေးလေ၏၊ လင်ယောကျ်ား၏ စိတ်သဘော အလို အတိုင်းသို့သာလျှင် လိုက်၍ကျင့်လေ့ရှိ၏၊ ထိုမိန်းမကိုမူကား ထို ဂဟပတဂ္ဂိမီးသည် မလောင်မြိုက်ရုံသာမက လောက၌ရှိသော ကျက်သရေမင်္ဂလာကြီးတို့ကို အလိုရှိတိုင်းပေး၍ ချီးမြှောက်တတ် လေကုန်၏၊ ထိုမိန်းမကို မိမိ၏အရှင် လင်ယောက်ျားကလည်း ခင်ခင် မင်မင် ကြင်ကြင်နာနာ ညှာတာပေါင်းသင်း၍ အလုံးစုံသော ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကိုလည်း ကြည်ကြည်ယုံယုံ လွှဲပုံအပ်နှင်းခြင်းခံရလေ၏၊ မိမိတို့ လင်ယောကျ်ားများ၏ မြတ်နိုးယုံကြည်မှုကို ရရှိကြသော မိန်းမ အပေါင်းတို့သည်ကား စကြာမင်း၏ မိဖုရားခေါင်ကြီးပမာ အေးချမ်း သာယာစွာ သားသမီးခြွေရံပရိသတ်နှင့်တကွ စိတ်ဝမ်းမကွဲမပြား အညီ အညွတ်နေရလေကုန်၏။

ထိုသို့သော မိန်းမအိမ့်ရှင်တို့အား မရသေးသောစီးပွားဥစ္စာ လာဘ်သပ်ပကာတို့သည် တစ်နေ့တခြား ဒီရေများသို့ တိုးပွားလေကုန်၏၊ လူအပေါင်းတို့သည်လည်း ကောင်းချီးထောမနာ ဩဘာစကားမြွက်ကြား ချီးမွမ်းကြလေကုန်၏၊ သမ္မာဒေဝ နတ်များစွာတို့သည်လည်း စောင့် ရှောက်နိစ္စမစလေကုန်၏၊ ထိုသို့ နတ်ကောင်း နတ်မြတ်တို့ မပြတ်မ, စလေသောအိမ်ရှင်အား ကျက်သရေမင်္ဂလာတို့သည် ပွင့်လန်းသာယာ သည်ဖြစ်သောကြောင့် မိတ်ကောင်း ဆွေကောင်းတို့သည်လည်း စုပေါင်း ရောက်လာတတ်လေကုန်၏၊ အထူးအားဖြင့်ကား ထိုသို့ ကျက်သရေ မင်္ဂလာရှိသော အိမ်သို့ ရသေ့ရဟန်းသူတော် သူမြတ်တို့သည်လည်း ကပ်ရောက်ကြလေကုန်သဖြင့် သူတော်ကောင်းတို့၏ တရားကြီးများကို ကြားနာမှတ်သားရလေသဖြင့် ထူးခြားသော လူ့ဘဝ သမ္ပတ္တိစက်ဝင် သူတော်စင်မိန်းမမြတ် ဖြစ်ရလေ၏။

တမလွန်လောက၌မူကား မိမိတို့ကိုးကွယ်ရာ လင်ယောကျ်ားကို နိုင်လိုမင်းထက် နှိက်စက်ကလူ ပြုမှုပြောကြား စော်ကားရိုင်းပြသော မိန်းမတို့သည် ဤဘဝမှစုတေ့ကျသည်ရှိသော် 'ယထာသကံ နိက္ခိတ္တော ဧဝံနိရယေ' ဟူသော ဒေသနာတော်ကြီးအရ မဟာတာပနငရဲကြီးသို့ချ အပ်သော ဝန်ထုပ်မြုပ်လေသည့်ပမာ မုချဧကန် ကျရောက်ကြရမည်သာ လျှင်မှန်၏၊ ထိုသို့လင်ယောကျ်ားကို မရိုမသေ မထီလေစား စော်ကား သောမိန်းမတို့သည် တာပနငရဲကြီး၌ ကျရောက် ခံကြရလေကြောင်းကို သတ္တတိနိပါတ်၊ သံကိစ္စဇာတ်၌ မြတ်စွာဘုရားဟောကြားတော်မူ၏၊ အင်္ဂုတ္တိုရ် ပါဠိတော်၌လည်း မိန်းမတို့မှာ အတွင်းမီးသုံးပါး အပမီးလေးပါး ရှိကြောင်းကိုဟောတော်မူ၏၊ အတွင်းမီးသုံးပါးမှာ လောဘ, ဒေါသ, မောဟတရား မီးသုံပါးကိုဆိုသည်။ အပမီးမှာ အမိ, အဘ, မီးနှစ်ပါးနှင့် ယခုပြအပ်သော ပူဇော်ထိုက်သော ပုဂ္ဂိုလ်တည်းဟူသော ဒက္ခိဏေယျဂ္ဂိ မီးတစ်ပါး၊ မိမိတို့လင်ယောကျ်ားတည်းဟူသော ဂဟပတဂ္ဂိမီး တစ်ပါး အားဖြင့် အပမီးလေးပါးဖြစ်၏။

လင်ယောကျ်ားကို မထီလေစား ကျင့်ဖောက်ပြားလျက် စော်ကား သောမိန်းမတို့ ကျခံရလတ္တံ့သော မဟာတာပန ငရဲကြီးသည်ကား ငါတို့ တည်နေကြသော မဟာပထီဤမြေကြီးအောက် ယူဇနာပေါင်း ကိုး သောင်း အကွာတွင် အစောက်ယူဇနာတစ်ရာ အလျားအနံယူဇနာ တစ်သောင်း ကျယ်ဝန်းသောမြေဥမင်ကြီး၌ တည်ရှိ၏၊ ထိုမဟာတာပန ငရဲကြီး၌ အလျှံတပြောင်ပြောင် တောက်လောင်သောသံမြေအပြင်ရှိ၏၊ ရေတွက်ခြင်းငှါ မစွမ်းရာသဖြင့် အသင်္ချေယျအနန္တ များပြားလှစွာသော ငရဲသူသတ္တဝါတို့ဖြင့်လည်းပြည့်နေ၏၊ ဤငရဲကြီး၌ အလျှံတပြောင်ပြောင် တောက်လောင်ကုန်သော သံတောင်ကြီးတို့သည်ရှိကုန်၏၊ ထိုသံတောင် ကြီးတို့၏ ပတ်လည်ဝန်းကျင် သံမြေအပြင်တို့၌ ထန်းတောကြီးသဏ္ဌာန် ပေတောကြီး သဏ္ဌာန်ကဲ့သို့ သံမြေမှပေါက်၍ထကြကုန်သော အလွန် ထက်မြသော အဖျားရှိကုန်သော အလျှံတပြောင်ပြောင် တောက်လောင် ကုန်သောသံတံစို့ သံတံကျင် သံချွန်ကြီး သံတိုင်ကြီးတို့သည် စိုက်ထူ လျက်ရှိကြကုန်၏၊ ငရဲထိန်းတို့သည် အလျှံတပြောင်ပြောင် တောက် လောင်သော လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ကုန်လျက် ငရဲသူသတ္တဝါ တို့ကို သံတောင်ကြီး တို့အပေါ်သို့ တက်ရောက်ပြေးသွားစေကြကုန်၏၊ ငရဲသူသတ္တဝါတို့သည် ကိုးရာမရ ရိုက်နှက်ခြင်းဒုက္ခကို မခံမရပ်နိုင်ကြ သည်ဖြစ်၍ အလျှံတပြောင်ပြောင် တောက်လောင်သော ထိုသံ တောင်ကြီးတို့အပေါ်သို့ တက်ရောက်ပြေးသွားကုန်၏၊ ထိုသို့တက် ရောက်ပြေး သွားကြသဖြင့် တောင်ထိပ်သို့ရောက်ကြသောအခါ ပြင်ထန်းစွာတိုက်ခတ်လာကုန်သောလေတို့သည် ထိုငရဲသူ သတ္တဝါတို့ကို ခိုကိုးရာမရ လွင့်ပါ၍ကျန်ပြန်အောင် တစ်ဖန်တိုက်လွှင့်ကုန်၏၊ ငရဲသူ သတ္တဝါတို့သည် ထိုလေ၌လွင့်ပါ၍ တောင်ခြေတို့၌ စိုက်ထူလျက်ရှိ ကုန်သော သံတံကျင် သံတံစို့တို့၏ အပေါ်သို့ ဦးခေါင်းစောက်ထိုး ကျလေကုန်၏။

တံခွန်တိုင်တို့၌ စွပ်၍ထားအပ်သော ဂဠုန်ရုပ်, နဂါးရုပ်, ဟင်္သာရုပ်တို့ကဲ့သို့ သံတံကျင်တို့၏အထက်၌စွပ်လျက် မမြင်ဝံ့မရှုဝံ့ တလွန့်လွန့် တလက်လက်တွေ နေကြကုန်၏၊ တစ်ဖန် ငရဲထိန်းတို့သည် အလျှံတစ်ပြောင်ပြောင် တောက်သော သံလှံတန် သံတံချူတို့ဖြင့် ထိုးကြိတ်ဆွဲငင်၍ အောက်သံမြေအပြင်သို့ ကျရောက်စေကြကုန်၏၊ တစ်ဖန် ငရဲထိန်းတို့သည် အထူးထူးအပြားပြားသော လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်လျက် အလျှံတပြောင်ပြောင် တောက်လောင်သော သံတောင်ကြီးတို့သို့ တက်စေကြကုန်၏၊ တောင်ထိပ်သို့ရောက်ပြန်လျှင် ယခင်ကကဲ့သို့ လေတို့တိုက်ခတ်ပြန်သဖြင့် သံတစို့ကြိးတို့အပေါ်သို့ တစ်ဖန်လွင့်စင်ကျရောက်ရပြန်ကုန်၏။

ဤသို့လျှင် အကြင်မျှလောက် ကာလပတ်လုံး မိမိတို့ပြုအပ်သော မကောင်းမှုကံတို့သည် ကုန်ခြင်းသို့ မရောက်ကုန်သေး၊ ထိုမျှလောက် သော ကာလပတ်လုံး ဆိုခဲ့ပြီးခဲ့သော နည်းအတိုင်းဖြင့်သာ သည်းထံ ပြင်းပြ ကြီးမားလှသော ဒုက္ခကို အပြန်ပြန်အလှန်လှန် ခံနေကြရကုန်၏၊ အနှစ်တစ်သိန်း အနှစ်တစ်သန်း အနှစ်အကုဋေ အနှစ်အင်္သချေပင် ကြာမြင့်ကြကုန်သော်လည်း ထိုဒုက္ခမှ မကျွတ်မလွတ်ကြရလေကုန်၊ ဤသို့လျှင် မဟာတာပနငရဲကြီး၌ကြီးမားပြင်းပြ ဆင်းရဲလှသော ဝဋ်ဒုက္ခ အမျိုးမျိုးတို့ကို လင်ယောကျ်ားတို့အား စော်ကားရိုင်းပြ မရိုမသေပြု လုပ်ကြသော မိန်းမတို့သည်ခံစားကြရကုန်၏၊ ထိုငရဲ၌ နှစ်ပေါင်း အသင်္ချေမက ကြာမြင့်လာသောအခါ ၎င်းမှတစ်ဖန် ပြန်လည်လွတ် မြောက်ပြန်သဖြင့် အကယ်တန္တိ လူ့ဘုံလူ့ဘဝကို ရခဲ့လေငြားသော်လည်း ထိုအကုသိုလ်ကံတို့၏အကျိုးဆက်ကြောင့် ထိုမိန်းမတို့မှာ ဖြစ်လေရာရာ သံသရာဘဝတို့၌ ရုပ်ဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ အင်္ဂါချို့တဲ့ခြင်း၊ လူ့လောက၌ အသုံးမဝင် ကျက်သရေမင်္ဂလာ တစ်စုံတစ်ရာ မရှိသော ဒွန်စဋားမျိုး ပန်းမှိုက်သွန်မျိုး ရွံစရာ ညစ်စုတ်တကယ်နုတ်သော လူယုတ် မာမျိုးတို့၌သာ ဖြစ်ရ တတ်လေကုန်၏၊ သူတော်ကောင်း တရားတို့နှင့် ဝေးကွာရာအရပ်တို့၌ မိန်းမမျိုးတို့၌သာ ဖြစ်ရလေကုန်၏၊ မြို့ကြီးပြကြီး တို့အလယ်တွင် ဖြစ်ရသော်လည်း သူတော်ကောင်းတို့နှင့် ဝေးကွာရာ ဖြစ်သော ပြည့်တန်ဆာမတို့၏ နေရာတို့သို့ရောက်၍ မသူတော်အမျိုး မျိုးတို့၏ ဘောင်၌ အကုသိုလ်အမျိုးမျိုးတို့ကိုသာ နေ့စဉ်နေ့တိုင်းပွားလျက် သေသည်၏ အခြားမဲ့၌ ယခင်ကပြဆိုခဲ့သော တာပနငရဲကြီးစသည်တို့သို့ တဖန်ပြန်၍ ရောက်မြဲရောက်ရလေကုန်၏။

ဤသည်ကား လင်ယောကျ်ားကို မရိုမသေမထီလေးစား စော်ကား ဖောက်ပြန် အကျင့်တန်သော မိန်းမတို့အား ဂဟပတဂ္ဂိမီး လောင်ပုံ အကျိုးကြွင်းကို အမြွက်မျှပြဆိုခြင်းတည်း။

ထိုဂဟပတဂ္ဂိမီးတည်းဟူသော လင်ယောကျ်ားကို မယားမိန်းမ တို့၏ ဝတ္တရားနှင့်အညီ ရိုသေလေးမြတ်စွာ ပြုစုလုပ်ကျွေးလေ့ရှိကြ ကုန်သော အမျိုးကောင်းသမီးမိန်းမတို့မှာမူကား ဤဘဝမှ စုတေမနေ သေလွန်ကြကုန်သည်ရှိသော် ကျက်သရေမင်္ဂလာရှိရာ သူတော်ကောင်း တရားထွန်းကားရာ ဘုံဌာနတို့သို့ရောက်ကြရ၍ ကြီးမြင့်သော ပထမတန်း လူ့စည်းစိမ်ကြီးများကို ရတတ်ကြလေ၏။

လူ့ပြည်လောကတွင် အချို့သောမိန်းမတို့သည် ရွှေငွေဥစ္စာ ရတနာ စိန်ကျောက် အဆောက်အအုံစသော ဘောဂသမ္ပတ္တိကြီးတို့နှင့် ပြည့်စုံကြ လေသော်လည်း မိမိတို့လင်ယောကျ်ားများအပေါ် ဩဇာမရှိ သွေး ဆောင်၍မရ။ ထိုယောကျ်ားကလည်း ထိုမိန်းမမှတစ်ပါး လိုက်စား ပျော်ပါးလေ့ရှိကြပြန်သောကြောင့် နေ့ညဉ့်မပြတ် အူသည်း ပြတ်ကြွေ မတတ် စိတ္တဒုက္ခကြီးများကို ရရှိပူဆွေးနေကြရသော မိန်းမအပေါင်းတို့ကို မကြာမကြာ တွေ့မြင်ရလေ၏၊ ဘဝသံသရာက လင်ယောကျ်ားကို ရိုသေ သမှု အလေးပြုခဲ့သော မိန်းမတို့မှာမူကား ထိုဒုက္ခမျိုးတို့မှ အကြွင်းမဲ့ လွတ်ကင်းချမ်းသာလျက် မိမိယောကျ်ားများအပေါ်၌ ဩဇာတိက္ကမ ကြီးမား၍ ထိုယောကျ်ားတို့သည် မိမိတို့အလိုသို့သာ လိုက်ပါရတတ် လေကုန်၏၊ နတ်ပြည်နတ်ရွာတို့၌လည်း ထို့အတူပင်ဖြစ်၏၊ လင် ယောကျ်ားကို ရိုသေလေးမြတ်လေ့ရှိသော မိန်းမတို့သည် အလိုရှိ၍ ဆုပတ္တနာခြင်းကိုပြုသည်ရှိသော် ယောကျ်ားဘဝကို လျင်မြန်စွာရနိုင်၏၊ လင်ကိုမရိုသေသောမိန်းမတို့သည်ကား ယောကျ်ားဘဝကို မရနိုင်ကြရာ ဟူ၍ နာရဒဇာတ်၌ မြတ်စွာဘုရား ဟောကြားတော်မူ၏၊ အကျဉ်းချုပ်ကို ဆိုသော်ကား လင်ယောကျ်ားကို ရိုသေလေးမြတ်စွာ လုပ်ကျွေးပြုစုသော မိန်းမအပေါင်းတို့မှာ လူ့ပြည်စုန်ဆန် နတ်ပြည်စုန်ဆန် ခံစားစံစားကြရ၍ ဘဝတိုတိုနှင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်ကြလေ၏။

ထိုသို့ဖော်ပြအပ်သော ယုတ္တိအထောက်အထား ဘုရားဟော ဒေသနာတော်ကြီးများအရ အမျိုးကောင်း သမီးမိန်းမတို့မှာ မလွှဲသာ မရှောင်သာ မိမိတို့နှင့် အမြဲထာဝရဆက်ဆံ၍သာ နေကြရသော လင်ယောကျ်ား တည်းဟူသော မီးပုံကြီးကို မရိုမသေပြုလုပ်က မီးတို့မည် သည် အာဏာဖီဆန်လေ့မရှိ၊ အကျွမ်းလောင်မြိုက်တတ်လေ သကဲ့သို့ ထို့အတူ လင်ယောကျ်ားတည်းဟူသော ဂဟပတဂ္ဂိမီးကြီး လောင်မြိုက် သဖြင့် ကြီးကျယ်သော ပစ္စုပ္ပန် မျက်မှောက် ကျရောက် ခံစားရလတ္တံ့ သော အပြစ်ကြီးတို့ကို ရှုမျှော်ထောက်ထား များများကြီး သတိရကြကုန် လျက် နောက်နောက်က လွန်ခဲ့ပြီးသောအပြစ်တို့ ပပျောက်ကြလေအောင် မိမိတို့အရှင်သခင် လင်ယောက်ျားတို့ကို ရိုသေစွာတောင်းပန် ခယ ကန်တော့ကြ၍ နောင်အသက်ရှည်သမျှ ကာလပတ်လုံးလည်း ရိုသေ လေးမြတ်စွာ ဂရုဂါရဝ သက္ကစ္စပြု၍ လင်ယောက်ျားတည်းဟူသော မီးကို စေခိုင်း အသုံးပြုလုပ်ကြလေကုန်၊ ဤသည်ကား ပူဇနီယမီးနှင့် ဂုဏ်တူ သော ဂဟပတဂ္ဂိလင်ယောက်ျား မီးလောင် မြိုက်ပုံအချက်ကို အမြွက်မျှ ပြခန်းတည်း။

ယောက်ျားတို့မှာလည်း ဇနီးမိန်းမတို့အား လင်ယောက်ျားတို့က ပြုရာသောဝတ္တရားနှင့်အညီ မပြုခဲ့သောကြောင့်လည်းကောင်း၊ မိမိတို့ ဇနီးမိန်းမမှတစ်ပါး အခြားသောမိန်းမများ၌ ဖောက်ပြားကျင့် ကြံ ကျူးလွန်ခြင်းကြောင့်လည်းကောင်း၊ ရောက်အပ်ခံစားအပ်သော အပြစ် တို့သည် မိန်မတို့နှင့် ထပ်တူထပ်မျှပင်ဖြစ်လေ၏၊ အကျယ်ကို ဝေဖန်၍ သိကြလေ။

အို---တကာတော် ယောက်ျားတို့၊ သင်တို့၏ ခြေရင်းအလုပ် အကျွေးဖြစ်သော အိမ်ရှင်မိန်းမသတ္တဝါ အပေါင်းတို့ကို ကြင်နာ သနားကြကုန်လော့၊ ထိုမိန်းမတို့မှာ သင်ယောက်ျားတို့တည်းဟူသော ဂဟပတဂ္ဂိမီးညီးညီး ပြောင်ပြောင်တောက်လောင်ခဲ့သောအခါ အ ကြီးကျယ်မှစွာသော ဒုက္ခကြီးများကို မညှာမတာလွန်ကျူး၍ ကျင့်ကြ သောကြောင့် သူ့ခမျာမိန်းမတို့မှာ သည်းဖျားတုန်ဆပ် မခံမရပ်နိုင်ရကား ဒေါသမီးပွားကြီးမား တောက်လောင်လေသဖြင့် မိမိတို့အရှင် လင် ယောကျ်ားကြီးကိုပင် ရိုသေချင်လျက် မရိုမသေနိုင်၊ ကိုင်းညွှတ် ချင်လျက် မကိုင်းမညွှတ်သာ၊ ဗျာပါပွေနောက် ရောက်တတ်ရာရာဖြစ်၍ ထိုကျေးဇူး ရှင်ကြီးကိုပင် ဆဲရေးငေါက်ငမ်းပရမ်းပတာ နင်ပဲငဆ ပြောဆိုကြရလေ ကုန်၏၊ သို့ဖြစ်၍ မိမိတို့ဇနီးခင်ပွန်းမကို သနားကြင်နာ သည့်အလျောက် ချီးမြှောက်မည်ဆိုလျှင် ငါ၏အတွက် ဤမိန်းမမှာ မီးမလောင်ပါစေ သတည်းဟု ကြပ်တည်းမြဲမြံစွာ မိမိတို့ကိုယ်ကို စောင့်ရှောက် ဆောက် တည်၍ ဇနီးတူစုံနိဗ္ဗာန်ဘုံကို ခိုလှုံရသည်တိုင်အောင် ကျင့်ဆောင်ရ မည်ဟူသော ဥပဒေသကိုလည်း ယောက်ျားတို့အတွက် အမြွက်မျှ ဖော်ပြ အပ်လေသည်။

ပူဇနီယမီးနှင့်ဂုဏ်တူသော ဂဟပတဂ္ဂိလင်ယောက်ျားမီးကို ကြားညှပ်ဖောက်ထွင်း ထင်လင်းဖော်ပြအပ် သည်မှတစ်ပါး ထိုပူဇနီယ မီး၏လောင်မြိုက်ပုံအကျိုးများကို ဆက်လက်၍ဆိုဦးအံ့၊ ပူဇော်ထိုက် ပူဇော်အပ် ပူဇော်သင့် ပူဇော်ရာသော ဆရာသမား ရတနာသုံးပါး ကျေးဇူး တရားများသူတို့ကို မပူဇော်ဘဲ အရိုအသေမပြုဘဲ အလေးအမြတ် မပြုဘဲ ခြွင်းချန်လှပ်ထားခဲ့သော်လည်းကောင်း၊ ထိုကံ၏အကျိုးဆက်သည် အပါယ်နရက်သို့ ကျရောက်ရုံမျှမက ဖြစ်လေတိုင်းသောဘဝတို့မှာ ဘာဘ်သပါပကာနည်းပါးတတ်ခြင်း၊ ဘုန်းမဲ့ကံမဲ့ ချို့တဲ့ကြုံလှီစွာ ဖြစ်ရ တတ်ခြင်း၊ မိမိကို ပူဇော်မည့်သူ ရိုသေမည့်သူ ခစားမည့်သူ ကျေးဇူးဆပ် မည့်သူတို့ နည်းပါးတတ်ခြင်းကို ဖြစ်စေတတ်၏။

မိမိ၏ လက်အောက်ငယ်သားတို့က တော်လှန်တတ်၏၊ ကျေးဇူး ကိုချေပစ်တတ်၏၊ ကတညုတ ဂုဏ်ကျေးဇူး မခံစားရဘဲ ရှိတတ်ချေ၏၊ မိမိ၏တပည့်ငယ်သားတို့က ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်၍ ခြေရာတိုင်းကာ မထေမဲ့မြင်ပြု တတ်လေကုန်၏၊ ဤလောကကြီး၌ လက်အောက် ငယ်သားတို့ကသော်လည်းကောင်း၊ တပည့်တပန်းတို့ကသော်လည်း ကောင်း၊ နိုင်လိုမင်းထက် နှိပ်စက်ကလူ ဂုဏ်တုဂုဏ်မျှတုပပြိုင်ဆိုင် အနိုင်ရမှု အလုအယက်ပြုခြင်းများကို ခံနေကြရကုန်သောလူကြီးများနှင့် ဆရာကြီးသမားကြီးတို့မှာ အသည်းနှလုံးကြေပြုန်း ပျက်စီးလောက်ဖွယ် အကြီးအကျယ်နစ်နာကြရသော ဒုက္ခကြီးများကို လှလှရတတ်ချေ၏၊ တပည့်မုသိလက စောင်းဆရာဂုတ္တိလကို ဂုဏ်ပြိုင်သည့်အတွက် စိတ်ပျက် စရာဆင်းရဲရပုံကို ထောက်လေ။

ထိုသို့သော ဒုက္ခမျိုးကို ပူဇာစပူဇနီယမင်္ဂလာပျက်၍ ပြဆိုအပ် ခဲ့ပြီးသော ဆဋ္ဌမီးလောင်သူတို့မှာ များစွာကြုံတွေ့ရတတ်လေ၏၊ ယခုကာလ ဆုတ်ကပ်လောကကြီး၌မူကား ဤသို့သောဒုက္ခကြီးမျိုးတွေကို ခံနေကြရကုန်သော လူကြီးလူကောင်းတို့နှင့် ဆရာကောင်း သမား ကောင်းတို့သည် အလွန်တစ်ရာများပြားလေကုန်၏၊ ထိုသို့ပြဆိုခဲ့ပြီးသော နည်းအတိုင်း လူကြီးလူကောင်း ဆရာသမားကောင်းတို့ကို ပူပင်သောက ဒုက္ခအထည်ကြီးကို ပေးတတ်ကုန်သော လက်အောက်ငယ်သား တပည့် အများတို့ကို ရည်တော်မူ၍ ပါဌဇာတ်ပါဠိတော်၌
သစ္စံ ကိရေဝ မာဟံသု၊
နရာ ဧကစ္စိယာ ဣဓ။
ကဋ္ဌံ နိပလဝိတံ သေယျော၊
နတွေဝ ကစ္စိယော နရော။ (ဇာ၊ ၁။ ၁၇။)

နိပလဝိတံ=ရေထဲမှဆယ်တင်၍ထားအပ်သော။ ကဋ္ဌံ=မီးဆိုက် စဖွယ် ထင်းတုံးငယ်သည်။ သေယျော=မြတ်လေသေး၏၊ ဧကစ္စိယော= အချို့သော။ နရော=ကျေးဇူးချေပစ် လူပေညစ်သည်။ နတွေဝသေယျော= ထင်းတုံးမျှအဖြစ် စင်စစ်မမြတ်သည်သာလျှင်တည်း။ ဣတိ=ဤသို့သော စကားကို။ ဣဓ=ဤလောက၌။ ဧကစ္စိယာ=အချို့ကုန်သော။ နရာ= ပညာရှိသူ လူအပေါင်းတို့သည်။ အာဟံသု=ပုရာဏ်စကား မိန့်ကြား တော်မူဖူးကြကုန်၏၊ ဣဒံ=ဤပုရာဏ်စကားသည်။ သစ္စံကိရေဝ=စင်စစ် ဧကန်မုချ မှန်လေစွတကား။

အဓိပ္ပါယ်အကျဉ်းချုပ် ဆိုလိုရင်းကား ဤလောက၌ ရေ၌မျော၍ လာသည်ကို ဆယ်ယူ၍ထားအပ်သော မီးစာထင်းတုံးသည် မြတ်လေ သေး၏၊ နိုင်လိုမင်းထက် နှိပ်စက်ကလူ ဂုဏ်တူဂုဏ်မျှ တုပပြိုင်ဆိုင် အနိုင်ရမှု အလုအယက်ပြုလုပ်တတ်သော ကျေးဇူးမဲ့သူအချို့လူသည် ထင်းတုံးလောက်မျှမမြတ်ဟူ၍ ရှေးပညာရှိတို့ မိန့်ကြားသော ပုရာဏ် စကားဟောင်းသည် မှန်လေစွဟူလို။

ပူဇနီယပုဂ္ဂိုလ်တို့ကို ပူဇာစ ပူဇနေယျာနံဟူ၍ ဟောတော်မူအပ် သောအတိုင်း အရိုအသေ အလေးအမြတ်ပြု၍ ဆည်းကပ်မှု နိမ့်ချမှု ရိုသေမှု ပူဇော်မှု လှူဒါန်းမှု ပေးကမ်းမှုများကိုပြုလျှင် ဤကဲ့သို့ပြုသော သူသည် ပူဇာစပူဇနီယ မင်္ဂလာကို လက်ရောက်ရရှိသောသူ မည်ပေ၏၊ ပုညကိရိယာဝတ္ထုဆယ်ပါးတို့တွင် အပစာယန ကုသိုလ်ထူးကို ဆည်းပူး သောသူလည်း မည်ပေ၏၊ မင်္ဂလာရှိသောသူ ကျက်သရေရှိသောသူ သီရိနတ်သမီး ကိန်းဝပ်ရာဖြစ်သောသူ ဟူ၍လည်းခေါ်ဆိုထိုက်ပေ၏၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာဌာနတို့၌ လူကြည်ညို နတ်ကြည်ညို ပုဂ္ဂိုလ်မြတ် ကြီးတစ်ဦး ဖြစ်ပေ၏၊ ထိုသူသည် အမျိုးမျိုးသော ကျက်သရေ အမျိုး မျိုးသောအခြံအရံ အမျိုးမျိုးသော လာဘ်သပ်ပကာတို့ကို ရတတ်ချေ၏၊ ထိုသူ၏ လက်အောက်ငယ်သား တပည့်တို့သည် အထူးသဖြင့်ရိုသေခြင်း၊ ရှိခိုးပူဇော်ခြင်း၊ ခစားဆည်းကပ်မြတ်နိုးခြင်းများကိုလည်း ပြုကြကုန်၏၊ မိမိ၌ရှိပြီးသော ပရိသတ်တို့သည်လည်း မကွဲ့မပြား တသားတည်း ညီညွတ်စေ့စပ်၍ အဘေဇ္ဇပရိသ ပုဂ္ဂိုလ်အဖြစ်ကိုရတတ်ချေ၏၊ ဖြစ်လေ ရာရာ သံသရာဘဝတို့၌ မိမိ၏လက်အောက်ငယ်သား တပည့် များက နိုင်လိုမင်းထက် နှိက်စက်ကလူ ဂုဏ်တူဂုဏ်မျှ တုပပြိုင်ဆိုင် အနိုင်ရမှု အလုအယက်ပြု ခြင်းကြောင့်ဖြစ်သော ဒုက္ခများကို မတွေ့ မကြုံရချေ။ ဝတ္တရားသိစွာ လိမ္မာချေငံ ကျေပွန်နူးနပ် လျောက်ပတ် ယဉ်ကျေးသော လက်အောက်ငယ်သား တပည့်များ၏ပူဇော်မှု ရိုသေမှု များကိုရ၍ အလွန်တရာ ကြည်သာချမ်းမြေ့ ပျော်မွေ့ရတတ်ချေ။ မိမိပြုစုပျိုးထောင် အပ်သော အပင်းအသင်း ဂိုဏ်းဂဏတို့သည်လည်း မိမိ၏ဆုံးမစကား ဩဝါဒများကို တသားတည်း လိုက်နာခံယူကုန်၏၊ မိမိဆောင်ရွက်လိုသော အတိုင်း မသွေမလှန် လိုက်နာပြု ကျင့်ကြကုန်၏။

ယောကျ်ားဖြစ်လျှင် ယသသူဌေးသားမဟာကပ္ပိန မင်းကြီးများ ကဲ့သို့ ငယ်သား တပည့်အပေါင်းတို့နှင့်တကွ ညီညွတ်စေ့စပ်ထူးမြတ် ယဉ်ကျေးသော ပရိသတ်တို့ဖြင့် ပျော်ရွှင်စွာသံသရာ၌လည်းရ၍ အနုပါဒိသေသ နိဗ္ဗာနဓာတ် သုခမြတ်ကို ဆည်းကပ်ခိုလှုံရလေ၏၊ မိန်းမဖြစ်လျှင် ဝိသာခါ, အနောဇာ, သာမာဝတီ, ဘဒ္ဒါတို့ကဲ့သို့ လက် အောက်ငယ်သား တပည့်ပရိသတ်များနှင့်တကွ ပျော်ရွှင်စွာ သံသရာ ၌ကျင်လည်ရ၍ အနုပါဒိသေသနိဗ္ဗာန ဓာတ်သုခမြတ်ကို ဆည်းကပ်ခိုလှုံ ရသည်ဖြစ်ကုန်၏။

ဤစကားရပ်ကား ပူဇနီယဟုဆိုအပ်သော ဆဋ္ဌမီးနှင့်စပ်လျဉ်း၍ အကျဉ်းအမြွက်မျှဖြစ်သော စကားရပ်တည်း။

အမိ, အဘ, ပူဇနီယပုဂ္ဂိုလ် ဤသုံးပါးကို အပမီးသုံးပါးဟူ၍ ဆိုအပ်၏၊ မိန်းမတို့မှာမူကား လင်ယောကျ်ား တည်းဟူသော ဂဟပတိ မီးကိုထည့်၍ အပမီးလေးပုံ ရှိလေ၏၊ ဤမီးများကို မရိုမသေ မထီလေး စား ယွင်းမှားဖောက်ပြန် မတော်မတန် ကိုယ်နှုတ်နှလုံးသုံးပါးဖြင့် ပြစ်မှားလွန်ကျူးခဲ့သော် သံသရာပစ္စုပ္ပန် နှစ်တန်ကာလ နှစ်ဘဝလုံး ဆုံးရှုံးပျက်စီးလေအံ့သည်သာဖြစ်၍ အကြင်အမျိုးကောင်းသား ယောကျ်ားတို့သည်လည်းကောင်း၊ အမျိုးကောင်း သမီ‌းမိန်းမတို့သည် လည်းကောင်း ကြဉ်ရှောင်စောင့်ရှောက် ပြုလုပ်ရွက်ဆောင်အပ်သည်ကို ပြုလုပ်ရွက်ဆောင်လျက် ကိုယ်ကျိုးကိုယ်စီးပွားကို ကြီးမားတင့်တယ် ရှိအောင် လိုက်နာပြုကျင့်ရမည်ဟူသော ဥပဒေသကိုလည်း ဖော်ပြအပ် လေပြီ။ အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်ပါဠိတော်မြတ်၌ အောက်ပါ အတိုင်း ဟောတော်မူသည်ကိုလည်း ကျက်မှတ် လိုက်နာကြရာသည်။

၁။ မာတရိ ပိတရိ စာပိ၊
ယော မိစ္ဆာ ပဋိပဇ္ဇတိ။
အပုညံ တာဒိသော နရော။
ဣဓေဝန့ ဂရဟန္တိ၊
ပစ္စပါယဉ္စ ဂစ္ဆတိ။ (အံ၊ ၁၊ ၃၁၁။)

ယော=အကြင်သူသည်။ မာတရိစာပိ=မိခင်၌သော်လည်း ကောင်း။ ပိတရိစာပိ=ဖခင်၌သောလည်းကောင်း။ မိစ္ဆာ=မှားမှားယွင်းယွင်း (ဝါ) မရိုမသေ။ ပဋိပဇ္ဇတိ=ကျင့်၏၊ အထဝါ=ထိုမှတစ်ပါး။ တထာဂတေ= ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော။ သမ္ဗုဒ္ဓေဝါ= မြတ်စွာဘုရား၌သော်လည်းကောင်း။ တဿ=ထိုမြတ်စွာဘုရား၏၊ သာဝကေဝါ=တပည့်သားအပေါင်း သူတော်ကောင်းများ၌သော်လည်း ကောင်း။ မိစ္ဆာ=မှားမှားယွင်းယွင်း (ဝါ) မရိုမသေ။ ပဋိပစ္စတိ=ကျင့်၏၊ တာဒိသော=ထိုသို့သဘောရှိသော။ သောနရော=ထိုသူသည်။ အပုညံ= မကောင်းမှုကို။ ဗဟုဉ္စ=များစွာပင်လျှင်။ ပသဝတိ=ဆည်းပူးစုဆောင်း သည်မည်၏၊ နံ=ထိုသူကို။ ဣဓေဝ=ဤမျက်မှောက်ဘဝ၌ပင်လျှင်။ ပဏ္ဍိတာ=ပညာရှိတို့သည်။ ဂရဟန္တိ=ကဲ့ရဲ့ရှုတ်ချကြလေကုန်၏၊ ပစ္စ= တမလွန်ဘဝ၌။ အပါယဉ္စ=အပါယ်လေးပါးသို့ လည်း။ ဂစ္ဆတိ= သွားရလေ၏။

၂။ မာတရိ ပိတရိ စာပိ၊
ယော သမ္မာ ပဋိပဇ္ဇတိ။
ပုညံ ဧတာဒိသော နရော။
ဣဓေဝနံ ပသံသန္တိ၊
ပစ္စ သဂ္ဂေ ပမောဒတိ။ (အံ၊ ၁။ ၃၁၁။)

ယော=အကြင်သူသည်။ မာတရိစာပိ=မြင်းမိုရ်တောင်နှင့် ပုံဆောင် နှိုင်းလည်း အတိုင်းမသိ ကျေးဇူးရှိသည့် မွေးမိခင် ၌သော်လည်းကောင်း။ ပိတရိစာပိ=မြင်းမိုရ်တောင်လောက် မကမြောက်သား ကျေးဇူးများဘိ မွေးသည့်အဘ ပိတရ၌သော်လည်းကောင်း။ သမ္မာ=ကောင်းကောင်း မွန်မွန် (ဝါ) ရိုရိုသေသေ။ ပဋိပဇ္ဇတိ=ကျင့်၏၊ အထဝါ=ထိုမှတစ်ပါး။ တထာဂတေ=ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော။ သမ္ဗုဒ္ဓေဝါ=မြတ်စွာဘုရား၌သော်လည်းကောင်း။ တဿ=ထိုမြတ်စွာ ဘုရား၏၊ သာဝကဝေါ=တပည့်သားအပေါင်း သူတော်ကောင်း များ၌ သော်လည်းကောင်း။ သမ္မာ=ကောင်းကောင်းမွန်မွန် (ဝါ)ရိုရိုသေသေ လေးလေးမြတ်မြတ်။ ပဋိပဇ္ဇတိ=ကျင့်၏၊ ဧတာဒိသော=ထိုသို့သဘော ရှိသော။ သောနရော=ထိုသူသည်။ ပုညံ=ကောင်းကျိုးချမ်းသာ ရရာရ ကြောင်း ကောင်းသောအမှုကို။ ဗဟုဉ္စ=များစွာပင်လျှင်။ ပသတိ=ဆည်းပူး စုဆောင်းရသည်မည်၏၊ နံ=ထိုသူကို။ ဣဓေဝ=ဤမျက်မှောက်ဘဝ၌ ပင်လျှင်။ ပဏ္ဍိတာ=ပညာရှိတို့သည်။ ပသံသန္တိ=ချီးမွမ်းကြလေကုန်၏၊ ပစ္စ=တမလွန်ဘဝ၌။ သဂ္ဂေ=နတ်ပြည်၌။ ပမောဒတိ=ဝမ်းမြောက်ဝမ်းသာ ပျော်ကာရွှင်ကာနေရလေ၏။

အခွန်အတုတ်တရားတော်

အခန်း (၈)

သက္ကရာဇ် ၁၂၇၀-ပြည့်နှစ် တပေါင်းလ၊ ပုသိမ်မြို့တွင် ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဗုဒ္ဓဘာသာဝင်တို့ ပေးဆောင်ရသော

ယခုအခါ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့မှာ ထမ်းရွက်ပေးဆောင် ကြရသော အခွန်ဌာနကြီး လေးပါးရှိသည်။ လေးပါးဆိုသည်ကား

၁။ နိဗ္ဗာန်ခွန် တစ်ပါး၊

၂။ နတ်ပြည်သုဂတိခွန်တစ်ပါး၊

၃။ အစိုးရခွန်တစ်ပါး၊

၄။ အပါယ်ခွန်တစ်ပါးတို့ ဖြစ်၏။

ထိုလေးပါးတို့တွင် နိဗ္ဗာန်ခွန်ဆိုသည်ကား နိဗ္ဗာန်ကို ရည်သန် တောင့်တ၍ လက်ဦးလက်ဖျား ပေးကမ်းလှူဒါန်းမှုသည် နိဗ္ဗာန်အတွက် အခွန်ဆက်ရသောကြောင့် နိဗ္ဗာန်ခွန်မည်၏။

နတ်ပြည်သုဂတိခွန်ဟူသည်ကား ဤဘဝမှစုတေမနေ သေလွန် ကြရသောအခါ နောက်ဘဝ၌ ကောင်းမြတ်ရာဘုံ ဌာနတို့သို့ရောက်ရန် နောက်ဘဝ၌ ကျမ်းသာရန်အတွက် ရည်သန်ချက်နှင့်ပြုသော ပုညာဘိ သင်္ခါရ ကုသိုလ်ဒါနမှုများသည် နတ်ပြည်သုဂတိခွန်မည်၏။

အစိုးရခွန်ဆိုသည်ကား လယ်ခွန်, ယာခွန်, လူခွန်, အိမ်ခွန်, အမြတ်တော်ကြေးခွန်, မြူနီစီပါယ်ခွန် အစရှိသော အခွန်အမျိုးမျိုးတို့ကို အစိုးရမင်းတို့အား ပေးဆောင်ရသောအမှုသည် အစိုးရခွန်မည်၏။

အပါယ်ခွန်ဆိုသည်ကား ဘိန်းရှုသောသူ ဘိန်းစားသော သူတို့သည် ဘိန်းဖိုးငွေတို့ကို ဘိန်းဆိုင်သို့ နေ့စဉ် ပေးသွင်းကြရသည် လည်းကောင်း၊ အရက်, ထန်းရည်, စိမ်ရည်, ဓနိရည်သောက်သော သူတို့၏ အရက်ဖိုး ထန်းရည်ဖိုး ဓနိရည်ဖိုးငွေတို့ကို အရက်ဆိုင် ထန်းရည်ဆိုင် ဓနိရည်ဆိုင်တို့သို့ နေ့စဉ် နေ့တိုင်း ပေးကြမှုများသည် လည်းကောင်း၊ မြင်းပြိုင် နွားပြိုင် လှည်းပြိုင် လှေပြိုင် ဖဲရိုက် အနီ ထောင်ထိုးအစရှိသော လောင်းကြေးစားကြေးတို့နှင့် ကုန်ကျမှုများသည် လည်းကောင်း၊ ရုံပွဲ ဇာတ်ပွဲ အငြိမ့်ပွဲပျော်ပါးရန်အလို့ငှါ ဘုရားပွဲ ပျော်ပွဲ ကစားပွဲစသော အပျော်အပါးလိုက်စားမှုတို့အတွက် ကုန်ကျမှုများ အကုန်အလုံးစုံသည်လည်းကောင်း၊ အပါယ်ခွန်မည်၏၊ အဘယ်ကြောင့် အပါယ်ခွန်ဆိုရသနည်းဆိုသော် သေလွန်သည်မှ နောက်ဘဝတို့၌ ကျ ရောက်ခံစားကြရန် ကြေးငွေပေး၍ ငရဲဘဝတွေကို ဝယ်ယူကြမှု၊ တိရစ္ဆာန်ဘဝတွေကို ဝယ်ကြမှု၊ ပြိတ္တာဘဝတွေကို ဝယ်ယူကြမှု၊ အသုရကာယ် ဘဝတွေကို ဝယ်ယူကြမှု ဖြစ်လေသောကြောင့်တည်း။

ထိုအခွန်လေးမျိုးတို့တွင် အပါယ်လေးပါးအခွန်သည် အလွန် တရာအားကြီးလှလေ၏၊ ပုသိမ်မြို့၌ တစ်နေ့တစ်နေ့လျှင် ဘိန်းဆယ့် နှစ်လုံး ဆယ်နှစ်လုံးကုန်၏၊ ဘိန်းတစ်လုံးလျှင် ငွေဒင်္ဂါး (၈၀) ကျ၏၊ ဘိန်းဆယ့်နှစ်လုံးလျှင် ငွေကိုးရာ့ခြောက်ဆယ် (၉၆၀) ကျ၏၊ ပုသိမ်မြို့မှာ တစ်နေ့တစ်နေ့တွင် ဘိန်းဖိုးအတွက် အပါယ်ခွန်ငွေပေါင်း ကိုးရာ့ခြောက် ဆယ် (၉၆၀)သွား၏၊ ဆယ်ရက်တွင် ကိုးထောင်ခြောက်ရာ (၉၆၀၀) သွား၏၊ တစ်လတွင် နှစ်သောင်းရှစ်ထောင်ရှစ်ရာ (၂၈၈၀၀) သွား၏၊ တစ်နှစ်တွင် ပုသိမ်မြို့မှ ဘိန်းဖိုးအတွက် အပါယ်ခွန်ငွေပေါင်း သုံးသိန်း လေးသောင်းငါးထောင်ခြောက်ရာ (၃၄၅၆၀၀) သွား၏၊ အရက်ဖိုး ထန်းရည်ဖိုး စိမ်ရည်ဖိုးကျန်ရှိသေး၏၊ ထိုအဖိုးများနှင့်တကွ တွေးဆချင့် မျှော်သည်ရှိသော် ပုသိမ်မြို့မှ တစ်နှစ်တစ်နှစ်တွင် ယစ်မျိုးဖိုး အပါယ်ခွန် ငွေပေါင်း ခြောက်သိန်းကျော်အောက်မနည်းရာ။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ တစ်နှစ်အတွက် ယစ်မျိုးဖိုးအပါယ်ခွန်ငွေပေါင်း ခုနစ်ကုဋေ ခုနစ်သန်း ကျော်မျှကုန်ကျသည်ဟု သတင်းစာများတွင် တွေ့မြင်ကြဖူး၏။

အထက်မြစ်ညာမှ စီးဆင်းလာကုန်သော မြစ်ရေတို့သည် သမုဒ္ဒရာပင်လယ်သို့ နေ့မစဲ, ညမစဲအမြဲစီးဝင်ကြကုန်သကဲ့သို့ ထို့အတူ ယခုအခါ ငါတို့မြန်မာနိုင်ငံမှ တစ်နေ့တစ်နေ့လျှင် ယစ်မျိုးဖိုးအပါယ်ခွန် ငွေပေါင်းနှစ်သိန်းကျော် နှစ်သိန်းကျော်အမှန်သွားရာ၏၊ တစ်လတစ်လ လျှင် ခြောက်သန်းကျော် ခြောက်သန်းကျော် အမှန်သွားရား၏၊ ယခုအခါ ငါတို့မြန်မာနိုင်ငံ၌ ယစ်မျိုးဖိုးအပါယ်ခွန်သည် ဤမျှလောက်ကြီးမား များပြားလျက်ရှိနေ၏။

မိမိတို့လက်ရှိ ဥစ္စာအင်အားနှင့်မတန် အထူးအချွန် အလွန်အကဲ တုပပြိုင်ဆိုင်ဝတ်မှု စားမှု ကြွားမှု ဝါမှု သုံးစွဲမှုတို့နှင့် နေ့စဉ်ကုန်ကျသော ကြေးငွေများကိုလည်း မလိမ္မာမှု မိုက်မဲမှုလောဘတဏှာကြီးမားမှု မာန်မာန ထောင်လွှားမှုတို့ကြောင့် ကုန်ကျရသည်ဖြစ်၍ အပါယ်ခွန်၌ ထည့်သွင်းရေတွက်ရာ၏၊ ထိုစကားသည်မှန်၏၊ ယခုအခါ ငါတို့မြန်မာ နိုင်ငံတွင် ယောကျ်ား မိန်းမပေါင်းတို့သည် ဝတ်စားတန်ဆာဆင်ယင် ဝတ်စားမှု၌ တစ်ဦးအတုကို တစ်ဦးလိုက်ကြ၍လည်းကောင်း၊ တစ်ဦးထက် တစ်ဦး အသာအလွန် အလုအယုပြိုင်ဆိုင် မောက်မော်ကြ၍လည်း ကောင်း၊ ဥရောပတိုက် အမေရိကန်ပြည် ဂျပန်ပြည် ဂျာမနီပြည် ဖရန်စစ်ပြည်စသော တိုင်းကြီးပြည်ကြီးတို့မှထွက်သော ပိုးချည်အမျိုး မျိုးတို့ဖြင့် ရက်လုပ်သော အထည်အဝတ်၊ သိုးချည်အမျိုးမျိုးတို့ဖြင့် ရက်လုပ်သော အထည်အဝတ်၊ ဂွမ်းချည်အမျိုးမျိုးတို့ဖြင့် ရက်လုပ်သော အထည်အဝတ်၊ ပိတ်ဆန်းအမျိုးမျိုး သရက်ထည်ဆန်းအမျိုးမျိုး သက္ကလတ်ဆန်းအမျိုးမျိုး ဖဲလုံချည် ဖဲပုဆိုးအဆန်းအမျိုးမျိုးတို့ကို သူ့ထက်ကား ငါသာကြီးသာအောင် ဆင်ယင်ဝတ်စား အဖိုးအမြောက် အမြားပေး၍ ကြွားဝါပလွှားကြလေကုန်၏။

အိမ်ထောင်မှုအသုံးအဆောင်ဟူသမျှ၌လည်း ထိုအတူပင်။ ဝင်ငွေကိုမချင့်တွက် လက်ရှိဥစ္စာနှင့်မမျှ၊ မြင်မြင်ကရ ဥရောပတိုက်က ဆိုလျှင် ဝယ်ယူသုံးစွဲကြလေကုန်၏၊ ယောကျ်ားတို့မှာလည်း ယောကျ်ား တို့အလျောက် မိမိ၏ အနေအခြေနှင့် မတော်မတန် မလျော်ကန်မည်ကို မချင့်တွက်။ တိုက်ထွက်ကေဖိနပ် ရှပ်အကျႋအမျိုးမျိုး မိုးကာအဆန်း လမ်းသွားဆိုင်ကယ် အသွယ်သွယ်တို့ကို ဝယ်ယူသုံးစွဲ ကြွားဝါကြသည့်ပြင် ရွှေထည်ငွေထည်အခြည်အကွင်း စိန်ကျောက်ရတနာတို့ကိုလည်း ဝတ် ဆင်ကြွားဝါကြကုန်၏၊ ထိုသို့ကြွားဝါပလွှားမှုနှင့် ကုန်ကျသမျှ ဥစ္စာ ဘဏ္ဍာစုသည် အပါယ်နရက်သို့ အခွန်ဆက်ရသည် မည်၏။

မိန်းမတို့မှာမူကား ထိုထက်ပိုမို သာလွန်စွာဝတ်စား ဝါကြွားကြ လေသေး၏၊ ပိုးဖဲကတ္တီပါ သာခါပိတ်ချောတို့ကို လည်းကောင်း၊ ဂျပန်တိုင်း ဖြစ်ထည်သစ်ကမ္ပလာ မွေ့ရာကော်ဇော အချောအနုဟူသမျှတို့ကို လည်းကောင်း၊ အမွှေးမျိုး နံ့သာမျိုး ပုလင်းမျိုးအနန္တ အထုပ်မျိုးအနန္တ ဖာဘူးမျိုးအနန္တ အလှရည် အသရည် မျက်နှာချေနံ့သာ စသည်တို့ကို သော်လည်းကောင်း၊ အဖိုးငွေ အမြောက်အမြားပေး၍ ဝယ်ယူသုံးစွဲ ကြွားဝါမော်မောက်ကြကုန်၏၊ ထို့ပြင် ရွှေထည်နှင့် စပ်ဆိုင်သော အရာတို့ကိုလည်း လက်ကောက် လက်ကျပ် နားကပ်လက်စွပ်တို့ကို နှစ်စဉ်ပြောင်းလဲ၍ ပန်းတိမ်ဆရာ ဉာဏ်လွှာတိုင်း ကြိမ်ဖန်ပေါင်း တစ်ရာမက အသစ်အသစ် ပြုပြင်ဝတ်ဆင်ကြလေကုန်၏၊ စိန်ကျောက် ရတနာတို့ကိုလည်း ထိုအတူပင် လူတစ်ကိုယ်လျှင် ရနိုင်သမျှကြံဖန်၍ နားကပ်လက်စွပ် ရင်ထိုးလက်ကောက် ကြယ်သီးဆံ ထိုးအမျိုးမျိုးပြုလုပ် အဖိုးမြောက် အမြားပေး၍ ဝတ်ဆင်ကြလေကုန်၏၊ အချို့သော ရန်ကုန်မြို့ မော်လမြိုင်မြို့ စသောမြို့ကြီးပြကြီးတို့၌ နေထိုင်ကြကုန်သော အမျိုးသမီးမိန်းမတို့သည် မိမိတို့မှာ ကိုယ်ပိုင်လက်ရှိဥစ္စာကလည်း နည်းပါးခဲ့လေ၏။

မကြွားချင်မသွားချင်လျှင် မနေသာသော ပွဲထိုင်ခေါ် စိန်ပြိုင် ပွဲကြီးများကလည်း ကြုံကြိုက်ခဲ့လေ၏၊ ထိုအခါ ပွဲနေ့မတိုင်မီ သုံးရက် လေးရက်လောက်ကပင် ကြိုတင်၍ စိန်ရှိသူ ဘာဘူသူဌေးတို့ထံ၌ အခပေး၍သော်လည်းကောင်း၊ မျက်နှာနာသောသူထံမှာ အခမပေးမူ၍ သော်လည်းကောင်း၊ မရမက ပင်ပန်းကြီးစွာ လိုက်လံရှာဖွေ ငှားရမ်းကြ လေကုန်၏၊ တစ်ရံတစ်ခါ ငှားရမ်း၍မှ မပြည့်စုံနိုင်လျှင် ယောကျ်ားပြုလုပ် သူတို့ကပင် ကူညီငှားရမ်း ပေးကြလေသေး၏၊ ထိုသို့ငှားရမ်း ဝတ်ဆင်ကာ စိန်ပြိုင်ပွဲကြီးသို့သွားရောက်၍ တစ်ယောက်အရိပ်ကို တစ်ယောက် ကြည့်လျက် ကြပ်တည်းလှစွာ မိန်းမပေါင်းတစ်ရာနှစ်ရာ ပူအိုက်ညောင်း ညာမှု ဒုက္ခကြီးများကိုခံယူ၍ မောက်မော်ဝါကြွားကာ နေကြသည်များကို မကြာမကြာ ကြားရဖူး၏၊ ထိုသို့သော ဝတ်စားတန်ဆာ ဆင်ယင်မှုများ သည်လည်း အပါယ်သို့ အခွန်သွင်းဆက်ရမှုသာ ဖြစ်လေ၏။

အဘယ့်ကြောင့်ဆိုသော် ထိုသို့အဝတ်အမျိုးမျိုး အစားအမျိုးမျိုး အဆင်တန်ဆာ အမိ်ျုးမျိုးကို ဝတ်စားဆင်ယင် တုပပြိုင်ဆိုင် အနိုင် အသာကြွားဝါမှုများသည် မလိမ္မာပညာမဲ့သူတို့မှာ မာန, တဏှာ ဣဿာ, မစ္ဆရိယစသော အယုတ်တမာတရားတို့ တိုးပွားကြီးမား၍ အပါယ်လေးပါး သို့သာ လားရမည်စင်စစ် ဖြစ်ချေသောကြောင့်လည်းကောင်း၊ ထိုသို့ တုပပြိုင်ဆိုင်အနိုင်ရမှု ကြွားဝါမှုကို ပြုလိုကုန်သောသူတို့သည် ဥစ္စာ စီးပွားကို အဆမတန်ရအောင် ရှာဖွေရလေကုန်၏၊ ကောင်းသော ကုန်သွယ်မှု လယ်လုပ်မှုတို့နှင့် တရားသဖြင့်မရခဲ့သော် မတရားမှု အကုသိုလ် ဒုစရိုက်ကြီးတို့ကို ပြု၍ မရအရရှာဖွေရလေကုန်၏၊ ထို့ကြောင့် လည်း အပါယ်လေးပါးအစာဖြစ်၍ အပါယ်ခွန်ဆက်ရသည်ပင် မည် လေ၏။

ထိုသို့ အကြီးအကျယ်ယောက်ျားဖြစ်လျှင် ယောက်ျားအလျောက် မိန်းမဖြစ်လျှင် မိန်းမအလျောက် မြို့ကြီးသူ မြို့ကြီးသားတို့ ဝါကြွား ပြုလုပ်ပုံစံပြကြသည်ကို အတုအပလိုက်၍ တောသား တောသူ လူ အပေါင်းတို့ကလည်း ဆင်ယင်ဝတ်စား ဝါကြွားကြကုန်၏၊ ရန်ကုန် သားများ အတုကိုလိုက်၍ တောမြို့ကျေးရွနေ လူအပေါင်းတို့ကလည်း ဆင်ယင်ဝတ်စား ဝါကြွားကြကုန်လျက်၊ ရန်ကုန်သူများ အတုကိုလိုက်၍ တောမြို့ကျေးရွာနေ မိန်းမအပေါင်းတို့ကလည်း ဆင်ယင်ဝတ်စား ဝါကြားကြကုန်လျက် အပါယ်ခွန်သွင်းဆက်ကြသောကြောင့် ယခုအခါ ငါတို့မြန်မာနိုင်င်ငံမှာ နေ့စဉ်ကုန်ကျသော အပါယ်ခွန်အလွန်ကြီးမား များပြားလျက်ရှိနေ၏၊ ထိုအပါယ်ခွန် အနှုတ်အယူများသည့်အတွက် နိုင်ငံသူနိုင်ငံသားတို့မှာ ဥစ္စာပစ္စည်းမွဲ၍ ဆင်းရဲသူတို့အလွန် များလေ ကုန်၏။

ပစ္စည်းဥစ္စာမွဲ၍ ဆင်းရဲသူအလွန်များသောကြောင့် ယခုငါတို့ နိုင်ငံမှာ နိဗ္ဗာန်ခွန် အလွန်ဆုတ်ယုတ်၏၊ ထိုထိုမြို့ရွာတိုင်းမှာပင် ဘုရား သစ် တန်ဆောင်းသစ် ကျောင်းသစ် ဇရပ်သစ် နောက်ဖြစ် နောက်ပွား အလွန်နည်းပါး၏၊ ဘုရားဟောင်း တန်ဆောင်ဟောင်း ကျောင်းဟောင်းဇရပ်ဟောင်း အပြိုအပျက်တို့သည်သာ များကြကုန်၏။

အစိုးရခွန်မှာမူကား မြန်မာမင်းတို့လက်ထက်နှင့် အင်္ဂလိပ်မင်းတို့ လက်ထက်မတူချေ၊ မြန်မာမင်းတို့ အုပ်စိုးသောအခါ ဤနိုင်ငံမှာ ကြေးငွေ ဥစ္စာလည်း အလွန်တစ်ရာရှားပါး၏၊ အစိုးရခွန်လည်းအလွန်နည်းပါး၏၊ နိုင်ငံပြုစုမှုလည်း နည်းပါး၏၊ နိုင်ငံ၌ဆင်းရဲသူ ချမ်းသာသူမျှတ၏၊ အင်္ဂလိပ်မင်းတို့လက်ထက်၌ ဤနိုင်ငံမှာ ကြေးငွေအဆတစ်ရာမက ပေါများကြောင်းကား အောက်မြန်မာနိုင်ငံမှာ ရှေးအခါက လယ်ယာ ကျယ်ပြန့်ပွားများ၏၊ လုပ်သီးလုပ်ခွန်တို့သည် အဆတစ်ရာမက တိုးပွား လေ၏၊ ရှေးအခါမှာ စပါးအတင်းတစ်ရာလျှင် ငွေတစ်ဆယ်ကျပ် မျှသာရ၏၊ ယခုအခါ စပါးတင်းတစ်ရာလျှင် ငွေတစ်ရာကျော်ရ၏၊ ရှေးအခါ၌ အငှားအရမ်းလုပ်ကိုင်ရန် အလုပ်ကြီးအကိုင်ကြီး အလွန် နည်းပါး၏၊ ယခုအခါ အလုပ်ကြီးအကိုင်ကြီး အလွန်ပေါများ၏၊ ရှေးအခါ ကူးသန်း ရောင်းဝယ်ကြမှုသေးသိမ်၏၊ ယခုအခါ အရောင်းအဝယ် ကြီးကျယ်ကြလေ၏၊ သို့အတွက် ယခုအခါ ဤမြန်မာနိုင်ငံမှာ ရှေးအခါ မြန်မာမင်းတို့လက်ထက်နှင့်စာလျှင် အဆတစ်ရာမက ကြေးငွေဥစ္စာ ပေါများလေသည်ဖြစ်၏။

အစိုးရအခွန် အဆတစ်ရာမက များခြင်းအကြောင်းကား ရှေးအခါ၌ အခွန်ကောင်ခံရာဌာန အလွန်နည်းပါး၏၊ ကောင်ခံသော နေရာမှာလည်း အစေ့အစပ်အလွန်နည်းပါး၏၊ ဆင်းရဲသားတို့တိမ်းသာ ရှောင်သာများ၏၊ ယခုအခါ၌ အခွန်ကောက်ခံရာဌာန အလွန်များ၏၊ အဆတစ်ရာမက တိုးတက်လျက်ရှိ၏၊ အခွန်ကောက်ခံသောနေရာ မှာလည်း အလွန်အစေ့အစပ်များ၏၊ ဆင်းရဲသားတို့ မတိမ်းသာ မရှောင်သာ ရှိ၏၊ သို့ဖြစ်၍ အစိုးရခွန်သည်လည်း ရှေးအခါကထက် အဆတစ်ရာမက ပိုမိုများပြားခြင်းဖြစ်လေ၏၊ အစိုးရအခွန်တော် ပိုမိုများပြားလေသည့်အတွက် လုံ့လဝီရိယမရှိ ပျင်းရိပေါ့တန် နောက် နောက်ကကံကိုသာလျှင် အားကိုးအားထားပြုလုပ်ကြ၍ သတိ မေ့လျော့ နေလေ့ရှိကြသော တိုင်းရင်းသားလူမျိုးတို့သည် တစ်နေ့ထက် တစ်နေ့ စီးပွားဥစ္စာ ဆုတ်ယုတ်ပျက်ပြား လူမွဲသာလျှင် များကြကုန်၏၊ လုံ့လဝီရိယကောင်းသော နိုင်ငံသားတို့နှင့် ပြိုင်ယှသ်ဖက်မရ မြို့ကြီးပြကြီးတို့၏အလယ်မှ တစ်နေ့ထက်တစ်နေ့ မြို့စွန်မြို့နား တောကြို တောင်ကြား အခွန်အတုတ် အကောက်အယူနည်းပါးသောအရပ်တို့သို့ တိမ်းရှောင်ပြေး သွားရလေကုန်၏၊ လုံ့လဝီရိယကောင်း၍ စီးပွားဥစ္စာ ပေါများကြွယ်ဝကြကုန်သော အခြားတိုင်းရင်းသား တရုတ်လူမျိုး ကုလားလူမျိုး အင်္ဂလိပ်လူမျိုးတို့သာလျှင် ထိုမြို့ကြီးပြကြီးတို့၏ အလယ်၌ ကြီးကျယ်သော အခြေကြီးအမြစ်ကြီးတို့ကို စိုက်ထူလျက် အစိုးရမင်းတို့ ဥပဒေနှင့်အညီ ခွဲခန့်ကောက်ခံသော အခွန်တော်များကို ကြေလည် အောင် ပေးဆောင်နေနိုင်ကြကုန်၏၊ သို့ဖြစ်၍ အစိုးရမင်းတို့ ကောက်ယူ သောအခွန်အတုတ်ကြီးရာမှာလည်း ကြီးသည်ဟူ၍ မဆိုသာချေ။ ထိုအခွန်တို့ကို ပေးဆောင်နိုင်သည်ထက်ပိုမို၍ ဥစ္စာစီးပွား များပြားလေအောင် ကြံစည်ရေး လုပ်ဆောင်ရေးတို့ကိုသာလျှင် တိုး တက်ချဲ့ထွင်၍ ပျင်းရိပေါ့တန်သောသူတို့ တစ်နေ့တခြား တစ်လတစ်ပါး သေးသိမ်ပြိန်ဖျင်း၍ အနွယ်အမျိုးတို့တန်ခိုးမရှိ ဘာသာအယူဝါဒပျက်ပြား ဆုတ်ယုတ် ရှိမည်ဖြစ်သောအပြစ်ကြီးတို့ကို မျက်မြင်ဒိဋ္ဌ ကြုံတွေ့ကြလျက် အမျိုးဘာသာ သာသနာ်တော်၏ ကြီးပွားကြောင်း ကောင်းမြတ်သော လုံ့လဝီရိယရှိခြင်း၊ အမျိုးသားချင်း ရိုင်းပင်း ကူညီလေ့ရှိခြင်း၊ တစ်ဦးကို တစ်ဦးထူးသောမေတ္တာ အစေးကိုထပ်လောင်း၍ ဖွဲ့စည်း ညီညွတ်ခြင်း တို့ကို ဖြစ်ကြစေရာသည်။

နိုင်ငံပြုစုမှု အဆတစ်ရာမကများကြောင်းကား နိုင်ငံမှာ ကောက်ခံရရှိသော အခွန်တော်ငွေတို့ကို ကန့်သတ် ပိုင်းခြားဝေပုံပြုလုပ်၍ စစ်တပ်တော်အမျိုးမျိုးကို ဖွဲ့စည်းရခြင်း၊ နိုင်ငံတွင်း၌ မြို့သစ် ရွာသစ် တည်ထောင်ခြင်း၊ လမ်းကြီး လမ်းငယ် ဖောက်လုပ်ပြုပြင်ခြင်း၊ တံတားကြီး တံတားငယ် တည်ဆောက်ပြုပြင်ခြင်း၊ မီးရထား မီးသင်္ဘောများ တည်ထောင်ခြင်း၊ ရေတွင်းရေကန်၊ ဆည်ကြီးဆည်ငယ်၊ မြောင်းကြီး မြောင်းငယ် တူးဖော်ခြင်း၊ မြို့ရွာတို့ကိုသန့်ရှင်း သာယာအောင် စီမံပြု ပြင်ခြင်း၊ အမြို့မြို့ အရွာရွာတို့၌ သိပ္ပံကျောင်းကြီးကျောင်းငယ် တည် ထောင်ခြင်း၊ သူနာအထောက်အပံ့ဖြစ်သော ဆေးရုံကြီး ဆေးရုံငယ် တည်ထားခြင်း၊ ရာဇဝတ်ရုံးကြီး ရုံးငယ်တည်ထားခြင်းစသော အရာ အထာင်မက နိုင်ငံပြုစုမှုအရပ်ရပ်တို့သည် ဖြစ်ပွားကုန်၏၊ ယခုအခါ ဆင်းရဲသူများ၍ ချမ်းသာသူနည်းကြောင်းကား

အပါယ်လေးပါးခွန် အနုတ်အယူများခြင်း၊ အစိုးရခွန် အကောက်အယူ များ၍ လူအပေါင်းတို့ ကြံစည်လုပ်ဆောင်ရေး ပေါ့ဖျင်းခြင်း၊ မိုးခေါင် ရေရှားခြင်းနှင့် နွားသတ်ရုံ ပေါ်ပေါက်ခြင်းတို့ကြောင့်ဖြစ်၏၊ ဤစကား၌ နွားသတ်ရုံပေါ်ပေါက်ခြင်းသည် အဘယ်သို့နိုင်ငံ ဆင်းရဲကြောင်းဖြစ်သနည်းဟူမူကား မိုးခေါင်များသည်အတွက် လယ် ယာဥယျာဉ်ကိုင်းကျွန်းလုပ်ခင်းမြေရေတို့သည် တစ်နှစ်တခြား အဆီဩဇာ ခန်းခြောက်၍ သွားကုန်၏၊ နွားချေးကျွဲချေးတို့သည် အဆီဩဇာကို ပေးနိုင်ကုန်၏၊ နွားချေး ကျွဲချေးမထည့်ဘဲ လုပ်ဆောင်ရာ စပါးတင်း တစ်ရာမျှသာထွက်သောလယ်သည် နွားချေး ကျွဲချေးထည့်၍ လုပ်ဆောင် လျှင် စပါးအတင်းတစ်ရာ့ငါးဆယ် နှစ်ရာထွက်၏၊ လယ်ယာထွန်မှု တို့မှာလည်း နွားညံ့ကျွဲညံ့တို့နှင့်ထွက်ခဲ့သော် လယ်ယာမြေတစ်နှစ်တခြား တိမ်ကော၍ သွား၏၊ နွားကောင်း ကျွဲကောင်းနှင့်ထွန်ခဲ့သော် လယ်ယာ မြေ တစ်နှစ်တခြားချိုင့်ဝှမ်း ပြည့်လျှမ်း၍သွား၏၊ နွားသတ်ရုံပေါ် ပေါက်သည်အတွက် တစ်နှစ်တခြား ကျွဲနွားနည်းပါးလေသဖြင့် လယ်ယာ လုပါခင်းများ၌ နွားချေးကျွဲချေး အလွန်နည်းပါး၏၊ ကျွဲနွားနည်းပါးသဖြင့် ကျွဲဖိုးနွားဖိုးအလွန်ကြီးသည့်အတွက် ကျွဲကောင်းနွားကောင်းကို မကိုင် နိုင်ကြ၊ ကျွဲညံ့နွားညံ့တို့နှင့်သာ ထွက်ကြရသဖြင့် လယ်ယာလုပ်ခင်းတို့ သည် တစ်နှစ်တခြား အသီးအခွန်ဆုတ်ယုတ်၏။

နွားသတ်ရုံရှိရာဌာနတို့သို့ အရပ်ရပ်သောဒေသဌာနတို့မှ ဘီလူး သဘက် အစမ်းသရဲ နတ်ဆိုးနတ်ဝါးတို့သည် စု၍လာကြလေကုန်၏၊ နွားသတ်ရုံကြာရှည်လေလေ ထိုအရပ်၌ နတ်ဆိုးနတ်ဝါးပွား များလေ လေဖြစ်၏၊ ထိုနတ်ဆိုး နတ်ဝါးတို့သည် လူတို့၏လည်းကောင်း၊ ကျွဲနွား တို့၏လည်းကောင်း၊ အသွေးအဆီတို့ကို အလွန်ကြိုက်ကြကုန်၏။

မိမိတို့တန်ခိုးဖြင့် အနာဆိုးရောဂါဆိုးတို့ကို ဖြစ်ပွားစေ၍ အသွေးအဆီ တို့ကို စုတ်ယူမျိုသောက်ကြကုန်၏၊ လူသူကျွဲနွားတို့သည် အသေပျောက် များကုန်၏၊ ထို့ကြောင့် တစ်ကျွန်းတစ်နိုင်ငံသို့သွား၍ ပစ္စည်းဥစ္စာရှာကြံမှု အလုပ်ကြီးမရှိသော မြန်မာနိုင်ငံ၌ နွားသတ်ရုံပေါ်ပေါက်ခြင်းသည် တစ်နှစ်တခြား ဥစ္စာပစ္စည်းရှားပါးကြောင်း၊ ရောဂါဥပါဒ်များပြားကြောင်း ဧကန်စင်စစ်ဖြစ်သတည်း။

ထိုသို့ဖော်ပြအပ်ပြီးသော အခွန်တို့ကို လူအပေါင်းတို့သည် နေ့စဉ် ထမ်းဆောင်ပေးသွင်းကြရကုန်၏၊ ထိုသို့ပေးသွင်းကြရသော အခွန်တို့တွင် အစိုးရခွန်သည် ဤပစ္စက္ခဘဝ၌ မိမိတို့အပေါ်သို့ ကျရောက် လတ္တံ့သော ဘေးရန်ဥပဒ် ခိုးသူဓားပြရှိသမျှတို့ကို ကာကွယ်ရုံမျှမက နေ့ရက်ရှည်သမျှ စိုးရိမ်မှု ကြောင့်ကြမှုမရှိ၊ ပကတိကြည် လင်အေးမြစွာ အလိုရှိရာဘာသာ အယူဝါဒတို့ကို လိုက်နာ ကျင့်သုံးနိုင် ရန်ဖြစ်သော ကြောင့် တမလွန်လောက အတွက်လည်း အနှောက်အယှက် မရှိသော ချမ်းသာသုခကိုရစေသည်ပင်မည်၏၊ သို့ဖြစ်၍တရားဥပဒေနှင့် အညီ သဿမေဓစသော အလွန်တော်များကို ကောက်ယူရာ၌ ညည်းညူးဝန် လေးမှုမရှိစေရ။ ကြီးစွာသော လုံ့လဝီရိယဖြင့် ဥစ္စာစီးပွားကို အရရှာဖွေ၍ ကြေလည်အောင် ပေးဆောင်သင့်ပေ။

ဘိန်းရှုမှု, အရက်သောက်မှု, ထန်းရေသောက်မှု, ကဇော်ရည် သောက်မှု, ကာလူးခေါ် ဓနိရည်သောက်မှု, မြင်းပြိုင်, နွားပြိုင်, လှေပြိုင်, လှည်းပြိုင်, ဖဲရိုက်, အနီထောင်ထိုး,ဗလီလုံးထိုး, ကြွေအံပစ်စသော ကစားနည်း အမျိုးမျိုးတို့ဖြင့် ကုန်ကျမှု၊ တစ်ဦးကိုတစ်ဦး တုပပြိုင်ဆိုင် အနိုင်လု၍ ရွှေငွေစိန်ကျောက် ဝင်းဝင်းတောက်မျှ ဝါကြွားပလွှားကြ သဖြင့် ကုန်ကျမှုတို့မှာမူကား အပါယ်လေးပါးလားကြောင်း တဏှာ, မာန, ဒိဋ္ဌိဟူသော ပပဉ္စတရားတို့၏ တိုးပွားကြောင်းဖြစ်သောကြောင့် ပစ္စုပ္ပန် လောက၌ ပျော်ပိုက်မွေ့လျော်ရသည်ဟုဆိုရသော်လည်း ပညာရှိ သူတော် ကောင်းတို့ အထူးစက်ဆုပ်ရွံရှာသော အရာတို့သာ ဖြစ်လေ၏၊ သူတော် ကောင်းအမျိုးအရိုး ဗုဒ္ဓသာဘာမှန်က ယစ်မျိုးသောက်မှု ကစား လောင်း စားပြုမှုတို့ကို မပြုကြဉ်ရှောင်ကြမြဲဖြစ်သည့်အပြင် အကျိုးစီးပွား နှင့်မစပ်သော အထူးအချွန် အလွန်အကဲ ကြွားဝါမှုတို့ကိုလည်း မပြုကြဉ် ရှောင်ကြကုန်ရာသည်။ သို့ဖြစ်၍ ထိုအပါယ်ခွန်များသည် ပစ္စုပ္ပန် လောက၌လည်း သူတော်ကောင်းအဖြစ်မှဆုံးရှုံးရန်၊ တမလွန်လောက၌ လည်း အပါယ်လေးပါးလားရန်၊ သံသရာဝဋ်၌ ကျင်လည်ပြေးသွားရန်သာ ဖြစ်သောကြောင့် အကျိုးစီးပွားနှင့် မစပ်သော အခွန်မည်၏၊ နတ်ရွာသုဂတိခွန်နှင့် နိဗ္ဗာန်ခွန်မှာမူကား သေလွန်သည့် အခြားမဲ့ ဘဝမှစ၍ ဘဝတိုင်းဘဝတိုင်း လူချမ်းသာ နတ်သာ ချမ်းသာ သမ္ပတ္တိများ ကို အလွယ်တကူပေးနိုင်ရုံမျှမက ဒုက္ခခပ်သိမ်း အေးငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ချမ်းသာ ကြီးကိုလည်း အလွယ်တကူရယူနိုင်ရန်ဖြစ်၏၊ သို့ဖြစ်၍ ပင်ပန်းကြီးစွာရှာဖွေရရှိသော မိမိဥစ္စာပစ္စည်းရပ်တို့ကို ပစ္စုပ္ပန် စီးပွား တမလွန် စီးပွားနှင့်မစပ်သော အပါယ်ခွန်အတွက်သာ ဖြစ်စေမူ၍ ပစ္စုပ္ပန် စီးပွား တမလွန်စီးပွား များမြောင်မည့် အခွန်ဌာနကြီးတို့ကို ပေးသွင်း သဖြင့် ချမ်းသာသုခကြီးများကို ရယူကြကုန်ရာသည်။

--------- * --------

အတွင်းအပြင် အပူနှစ်ပါးတရားတော်

အခန်း (၉ )

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော

ဗဟိဒ္ဓအပူ, အဇ္ဈတ္တအပူ ဓာတ်နှစ်ပါးတို့နှိပ်စက်မှုကြောင့် သတ္တဝါအပေါင်းတို့၏ ဆင်းရဲပင်ပန်းကြပုံကို ပြဆိုဦးအံ့။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟု ဆိုအပ်သော လောကီအာရုံ ကာမဂုံငါးပါးသည် အဘိဓမ္မာ ဒေသနာတော်နည်းအားဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါကောင်တွေကို အတင်းအဓမ္မ စွဲငြိတောက်လောင် ၍နေသော ဗဟိဒ္ဓမီးတောက်မီးလျှံတွေ မည်ကုန်၏။

သတ္တဝါတို့၏ သန္တာန်၌တည်ရှိနေသော ပဉ္စဒွါရနှင့် ပဉ္စဝိညာဏ ဓာတ်တို့သည် ဗဟိဒ္ဓအပူလာသမျှတွေကို သဘောရှိတိုင်းလက်သင့်ခံ၍ ဆင်းရဲအမျိုးမျိုးဖြစ်ပွါးလေအောင် ပြုစုပျိုးထောင်၍နေသော အဇ္ဈတ္တိက အတွင်းအပူဓာတ် မည်ကုန်၏။

ပဉ္စဒွါရဆိုသည်ကား မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ် ဟု ဆိုအပ်သော တရားငါးပါးတို့ပေတည်း။ စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ ဟု ပါဠိဘာသာအားဖြင့် ခေါ်ရ၏။

ပဉ္စဝိညာဏဓာတ်ဆိုသည်ကား ယခင် စက္ခုစသော ဒွါရငါးပါး၌ ဖြစ်ပေါ်သော ဝိညာဏဓာတ်ငါးပါးကို ဆိုသတည်း။

ထိုသို့ ရူပါရုံအစရှိသော ဗဟိဒ္ဓအပူမီးနှင့် စက္ခုဒွါရ, စက္ခုဝိညာဏ ဓာတ် အစရှိသော အဇ္ဈတ္တိကအပူဓာတ်တို့၏ စပ်ဆက်ပေါင်း၍ တောက် လောင်နေမှုကြောင့် ပုထုဇဉ်သတ္တဝါတို့မှာ ရပ်တည်ရာကိုမှ မရနိုင်ဘဲ အမြဲပင် တဆင်းရဲတည်း ရှိနေကြကုန်၏၊ တဟုန်းဟုန်း တပြောင်ပြောင် တစ်ကိုယ်လုံးတောက်လောင်၍ နေကြရကုန်၏၊ ထိုသို့တဟုန်းဟုန်း တပြောင်ပြောင် တောက်လောင်၍နေသည်၏ အဖြစ်ကြောင့်

'သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံကေန အာဒိတ္တံ၊ ရာဂဂ္ဂိနာ ဒေါသဂ္ဂိနာ မောဟဂ္ဂိနာ အာဒိတ္တံ။ ဇာတိယာ ဇရာယ မရဏေန သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနေဿဟိ ဥပါယာသေဟိ အာဒိတ္တံ' ဟူ၍ ဟောတော်မူ အပ်လေသည်။

ဘိက္ခဝေ=ရဟန်းတို့၊ သဗ္ဗံ=အလုံးစုံသော တစ်လောကလုံးသည်၊ အာဒိတ္တံ=တဟုန်းဟုန်းတပြောင်ပြောင် တောက်လောင်နေသတည်း၊ ကေန=အဘယ်မီးဖြင့် တဟုန်းဟုန်းတပြောင်ပြောင် တောက်လောင်နေ သနည်း။ ရာဂဂ္ဂိနာ=ရာဂမီးဖြင့်၊ ဒေါသဂ္ဂိနာ=ဒေါသမီးဖြင့်၊ မောဟဂ္ဂိနာ= မောဟမီးဖြင့်၊ အာဒိတ္တံ=တဟုန်းဟုန်းတပြောင်ပြောင် တောက်လောင် နေ၏၊ ဇာတိယာ(ပေ) ဥပါယာသေဟိ=ဇာတိမီး, ဇရာမီး, မရဏမီး သောကမီး, ပရိဒေဝမီး, ဒုက္ခမီး, ဒေါမနဿမီး, ဥပါယာသ မီးတို့ဖြင့်။ အာဒိတ္တံ=တဟုန်းဟုန်းတပြောင်ပြောင် တောက်လောင်၍နေလေ၏၊ စက္ခုဒွါရစသော ဒွါရခြောက်ပါးတို့၌ ရာဂမီး, ဒေါသမီး, မောဟမီး တဟုန်းဟုန်း တောက်လောင်နေသော အခြင်းအရာစုကိုပြရာ၏၊ ရူပါရုံကို သာယာနှစ်သက် စုံမက်မြတ်နိုးတတ်သော ရူပတဏှာ၊ သဒ္ဒါရုံကို သာယာနှစ်သက် စုံမက်မြတ်နိုးတတ်သော သဒ္ဒတဏှာ၊ ဂန္ဓာရုံကို သာယာနှစ်သက် စုံမက်မြတ်နိုးတတ်သော ဂန္ဓတဏှာ၊ ရသာရုံကို သာယာနှစ်သက် စုံမက်မြတ်နိုးတတ်သော ရသတဏှာ၊ ဖောဋ္ဌဗ္ဗရုံကို သာယာနှစ်သက် မြတ်နိုးတတ်သော ဖောဋ္ဌဗ္ဗတဏှာရာဂမီးတောက် အဇ္ဈတ္တိက, ဗဟိဒ္ဓအပူနှစ်ပါးအတွက်ကြောင့် သန်သန်သွန်းသွန်း ရွှမ်း ရွှမ်းစိုစို ပေါက်ပွားလာရောက်ကြကုန်၏။

ထိုပဉ္စဒွါရိကတဏှာတို့၏ ဖြစ်ပွါးမှုကြောင့် တဏှာ၏ ကျွန် သပေါက်ဖြစ်ကုန်သော သတ္တဝါတို့သည် တဏှာတည်းဟူသော အရှင် သခင်၏ ကြည့်ကာမျှော်ကာနှင့် ရူပါရုံစသည်တို့ကို မရလျှင်မနေ သေချင် လျှင်သေစေတော့ဟု အာမကျတန်ရာ၌ အလကားသက်သက် အားကျ ပြီးလျှင် ဂရုစိုက်၍နေကြရကုန်၏။

တဏှာဓာတ်နှင့် တဏှာ၏မဟာမိတ်ဖြစ်သော အဝိဇ္ဇာတို့၏ မှောက်မှားစေမှုကြောင့် သတ္တဝါလုပ်၍နေသော လူကောင် နတ်ကောင် တိရစ္ဆာန်ကောင်တို့၏ ပူလျှင်အပူမှန်းမသိ ဆင်းရဲလျှင် ဆင်းရဲမှန်းမသိ မျက်စိမှိတ်ကာ ရောက်ရာရောက် ပေါက်ရာပေါက် နောင်ခါလာ နောင်ခါ စျေး သံသရာဆိုသည်များကို အလေးမျှမပြု ဂရုမစိုက် တဏှာနောက် သို့သာ လိုက်ရကုန်၏ ကိုယ်လက်အင်္ဂါလှုပ်ရှားမှု တည်းဟူသော ကာယကံအမျိုးမျိုး, နှုတ်အင်္ဂါ လှုပ်ရှားမှုဟု ဆိုအပ်သော ဝစီကံအမျိုးမျိုး, ထွေထွေလာလာ ကြံစည်မှုဟုဆိုအပ်သော မနောကံအမျိုးမျိုးတို့သည် လည်းကောင်း၊ မြတ်သော ကုသလပက္ခသို့ မပါနိုင်ကြကုန်ဘဲ တဏှာ အုပ်စိုး၍ အာဏာလွှမ်းမိုးသော လောကီနယ်ဘက်သို့သာ ကိုင်းကြ ရှိုင်းကြဦးညွတ်ကြကုန်၏၊ ဘယ်လိုပင်ကြီးသောဒုစရိုက်မှုဖြစ်စေ ဝန် မလေးဘဲ ပြုနိုင်ကြကုန်၏၊ ထိုသို့ပြုနိုင်မှုသည် အတွင်းအပရော စပ်၍ပူသောကြောင့် တဏှာမီးတောက်သည်အတွက်နှင့် ပြုကုန်သော အချက်ပေတည်း။

တဏှာမီးထ၍ ပြုလေသမျှသောကံတို့သည်လည်း သံသရာကြီး မှာ မီးအသစ်မွှေးဖို့ရာ မီးစာအသင့်ကို ပြုစုပျိုးထောင်သည်မည်ကုန်၏၊ ထိုသို့သတ္တဝါတွေကို ငရဲမင်းကြီးကလည်း ငြီးငွေ့ခံလေသည်မရှိဘဲ မိမိငရဲနယ်သို့သာ အပါရအောင် ဆွဲငင်ခေါ်ဆောင်လေသည်။ ထိုသတ္တဝါ တွေအတွက် ပြိတ္တာဘုံဘက်ကလည်း ခေါ်ချင်သူမရှား၊ နွား- ကျွဲစသော တိရစ္ဆာန်ဘုံကလည်း ဆွဲ၍ယူချင်သူမရှား၊ အပါယ်သား အပါယ်သူတို့က မဟာမိတ်စာချုပ်နှင့် အဆွေခင်ပွန်းပြုလုပ်ရုံသာလျှင် မျှော်လင့်ငံစား၍ နေကြရကုန်၏၊ သေသွားသည့်နောက်အခါ ကွဲနေသောဆွေညာ တကာတို့နှင့် တွေ့ရဘိသကဲ့သို့ မိတ်ဆွေမရှား များချင်တိုင်းပေါများသော အပါယ်သားအပါယ်သူ မိတ်တူဆွေရင်းတို့နှင့် ပေါင်းသင်း ဆက်ဆံကြ ကုန်၏၊ အချို့သောသူတို့မှာ ဤဘုံကမသေမီလျှင် တမင်စောင့်၍ခေါ် ဆောင်ကြကုန်၏၊ ခရီးဦးကြိုဆို ပြုလာကြကုန်၏၊ ထို့ကြောင့် သေခါနီး အခါတွင် 'လူနက်ကြီးလာပါသည်၊ လူနီကြီးလာပါသည်' ဟူ၍ ပြောဆို သည်ကို မကြာမကြာ ကြားသိရပါလေသည်။

ဤနေရာ၌ သုတ္တန်နည်းအားဖြင့် အတွင်းမီးအပမီးများကို ဆိုရပါလျှင် ရှိရှိသမျှသောသတ္တဝါအပေါင်းတို့သည် သားသမီးအတွက် အိမ်သူ မယားအတွက် မိတ်ခင်ပွန်းများအတွက် မင်စိုးရာဇာအတွက် ပြုဖွယ်ရှိရှိသမျှသော ကိစ္စအလုံစုံတို့သည် မိမိကိုပူလောင်စေတတ်သော အပတို့မည်ကုန်၏၊ ထိုအပဗာဟီရကိစ္စတွေ လှုံ့ဆော်တိုက်တွင်းမှုနှင့် မနေသာမထိုင်သာ အားကွက်ရနိုင်စရာမရှိအောင် ကာယကံဖြင့် ဆောင်ရွက်လုပ်ကိုင်မှု၊ ဝစီကံဖြင့်ပြောဆိုလုပ်ကိုင်မှု၊ မနောကံဖြင့်ကြံ စည်မှုသည် အတွင်းအပူမီးတွေမည်ကုန်၏၊ လောကုတ္တရာဘက် သက်သက်မဆိုင်သော အမှုကိစ္စသည် အချည်းအနှီးအလကား လူမိုက် များတို့ လုပ်ကိုင်ကြိုးစားသော အလေနတောအမှုကိစ္စများသာဖြစ်သော ဗာလုဿုက္ကမည်ကုန်၏။

ဗာလာနံ ဥဿုက္ကော ဗာလုဿုက္ကော။

ဗာလာနံ=ဘာမှန်းမသိသော သတ္တဝါတို့၏၊ ဥဿုက္ကော=အကျိုး မများ အလကားအားထုတ်မှုတည်း။ ဣတိတသ္မာ=ထို့ကြောင့်။ ဗာလုဿုက္ကော=ဗာလုဿုက္ကမည်၏၊ လောကုတ္တရာအရေးနှင့်စပ်၍ တစ်စုံတစ်ရာဘာမှန်းမသိသော ပုထုဇဉ်သတ္တဝါတို့၏ မတွေးမတော သောကော ရောကောအနေ ပြုလုပ်ခြင်းကိစ္စ အမှုရှုပ်တွေဟုဆိုလိုသည်။ လောကီသတ္တဝါတို့သည် ထိုဗာလုဿက္ကဟုဆိုအပ်သော အမှုရှုပ် တွေ၏ အပူအပင် အဆောတလျင် တိုက်တွင်းနှိုးဆော်မှုတွေကြောင့် ဂရုကြီးစိုက်ကာ မနေသာမထိုင်သာအောင် တလှုပ်လှုပ် တရှားရှား သွားတုန်းလာတုန်း ပြုလုပ်ရွက်ဆောင်၍ နေကြကုန်၏၊ ထိုကိစ္စအမှုရှုပ် ဗာလုဿုက္ကတွေကို ပြုလုပ်သည့်အတွက် ဘယ်လို အကျိုးရှိပါသနည်းဟု ကြည့်ပါလျှင် ဘာတစ်ခုမျှ အသုံးမကျဆိုသည်ကား ထိုဗာလုဿုက္က၏ ငြိမ်းရာ လောတ္တရာ အရေးကိစ္စအတွက်နှင့် ဘာမျှအသုံးမကျဆိုလိုသည်။ 'ပါနီထဲကငွေ ပါနီထဲသို့ရောက်လေသည်' ဆိုသောစကားပုံကဲ့သို့ လောကီအရေးအမှုရှုပ်ဟူသမျှတို့သည် လောကီနယ်အတွင်းမှာသာလျှင် အချည်းနှီးပျောက်ပျက်လေကုန်၏၊ သို့ရာတွင် ဓမ္မစက္ခုကို မရကြကုန် သော အန္ဓပုထုဇဉ်တို့မှာ ထိုလောကီအမှုတွေကိုပင် အမြတ်တနိုးထင်၍ ခင်ခင်မင်မင် ဆောင်ရွက်လုပ်ကိုင်ကြကုန်၏၊ ထိုအမှုကိစ္စကိုမလုပ်လျှင် လုပ်ရလေအောင် အစိုးရထံမှာ လျှောက်လွှာသွင်း၍ လုပ်ကိုင်ကြကုန်၏၊ သူဌေးကုမ္ပဏီကြီးများထံမှာသော်လည်း လျှောက်လွှာသွင်း၍ လုပ်ကိုင် ကြကုန်၏၊ ဘယ်လိုပင်လုပ်ဆောင်ကြိုးစား ပါသော်လည်း နောက်ဆုံးပိတ် ကနေ၍ တွက်လိုက်လျှင် ဘာမျှအသုံးမကျ ထမင်းကလေးဝ ရုံသာ ရှိသည်၊ ဘယ်လိုပင်ဝတ်ဆင်ပလွှားသော်လည်း မိမိကိုယ်ကို နနွင်းသုတ်၍ ခြယ်လှယ်သလိုရှိ၏၊ ဗာလုဿုက္ကကိစ္စတို့ လုပ်ဆောင်နိုင်သော သတ္တိ ရှိပေသည်၊ အလုပ်ကောင်းလှပေသည်အတွက်နှင့် ရှင်ဘုရင်ကြီးအဖြစ် သို့တိုင်အောင် ကျော်စော၍ နာမည်ကြီးလာသော်လည်း နောက်ဆုံးတစ် ရက်မှာ ပျောက်ပျက်လေတော့ သည်သာဖြစ်၏။

ဤအဓိပ္ပါယ်စုကိုရည်၍--

၁။ ကြိုးကြိုးမင်းမင်း၊ လုပ်ဆောင်ခြင်းကား၊ ထမင်းဝ ရုံမျှသာ တည်း။

၂။ ဝိုးဝိုးဝင်းဝင်း၊ ဝတ်ဆင်ခြင်းကား၊ နနွင်းသရုံမျှသာ တည်း။

၃။ ဂုဏ်နံ့သတင်း၊ ကျော်ဇောခြင်းကား၊ ဆီးနှင်းကျရုံမျှသာ တည်း-ဟူ၍ ရှေးဆရာကြီးတို့စပ်ဆိုကြ၏၊

ထိုသို့ ဗာလုဿုက္က တည်းဟူသော ဗာဟီရကိစ္စမီးတွေအတွက် နှင့် ပူပူပန်ပန်ဆောင်ရွက်လုပ်ရပုံ၊ နေပူစသော အပူကြီးများကိုမှ အမှု မထားနိုင်ဘဲ သွားလာဆင်းရဲရပုံကို ထုတ်ပြလတ္တံ့သော အဍ္ဎမာသက အလောင်းတော်၏ ဇာတ်ဝတ္ထုဖြင့် သိမှတ်ကြရာ၏၊

---

အဍ္ဎမာသက ရေသည်ပြဇာတ်

ငါတို့မြတ်စွာဘုရားသည် ရှေးနုစဉ်အခါ ဗာရာဏသီပြည် တော်ကြီးဝယ် ပစ္စည်းဥစ္စာချို့တဲ့လှစွာသော အမျိုး၌ ဖြစ်လေ၏၊ ကုသိုလ်ကံအခွင့်မသာသေးသဖြင့် တစ်စုံတစ်ရာအလုပ်အကိုင်ဟူ၍ အကြီးအကျယ်မရှိဘဲ အိမ်စဉ်တိုက်စဉ်လျှောက်၍ ရေရောင်းကာ စားရသော ရေထမ်းသမားယောကျ်ားဖြစ်တော်မူ၏၊ ဘယ်တော့အခါမှ ပိုမိုသောရွှေငွေဟူ၍မရှိနိုင်။ လုပ်လုပ်စားစား ဝါးဝါးမျိုမျိုဆိုသကဲ့သို့သာ ရှိတော်မူ၏၊ သမင်မွေးရင်းကျားစား ရင်းဆိုသကဲ့သို့ ရသမျှသည် စားသောက်မှုနှင့် လောက်ငရုံသာရှိ၏၊ စားသောက်ရပါသော်လည်း မနက်စာချောက်ချက် နေ့လယ်ရှစ်ချက် ညကိုးချက်နှင့်သာနေရ၏၊ မဝ တဝ အသက်မသေရုံသာ ရှိ၏။

နှစ်ပေါင်းနှစ်ဆယ်နီးနီး ရှာဖွေစုဆောင်း ရေရောင်းကုမ္ပဏီ လုပ်သော အလုပ်မှာ တစ်ပဲထက်ဝက်ခေါ်သော ပိုက်ဆံနှစ်ပြားသာလျှင် အမြတ်အစွန်းရှိ၏၊ ထိုပိုက်ဆံနှစ်ပြားကိုရလေရာ လွန်စွာဝမ်းမြောက် လှသဖြင့် ဘဏ်တိုက်ကြီးတည်ထားမည်ဟုကြံပြီးလျှင် မြို့ရိုးမြောက် တံခါးခြေရင်းမှာ တွင်းနက်နိုင်သမျှနက်အောင်တူးပြီးလျှင် နောင် အလိုရှိသောအခါရအောင်ဟုမြှုပ်ထားလေ၏၊ သိုက်ဆရာတူးဖော်၍ မရနိုင်အောင် ဂါထာမန္တရားများကိုလည်း စီမံပြီးလျှင် နတ်ဘီလူး အစောင့်အရှောက်များကိုလည်း စီမံ၍ထားမည့်လက္ခဏာ လွန်စွာလုံခြုံ အောင်ပြု၏၊ ထိုပိုက်ဆံနှစ်ပြား လက်ကိုင်ရှိသောနေ့ကတည်းကစ၍ ရှေးကနှင့်များစွာမတူဘဲ သူဌေးအသွင်ဝင်ပြီးလျှင် သီချင်း ကလေးများကို သီဆိုကာနှင့် ပဝါကလေးများကို အစခပ်ရှည်ရှည်ထောင်ပြီးလျှင် လူရောင်လူဝါပြလျက် မိန်းမများကို လိုချင်သောစိတ်နှင့် ချိတ်စကား ထေ့စကားတို့ကို အသုံးပြု၍ ပြုံးပြုံး ပြုံးပြုံးနှင့် ရေထမ်းလေ့ရှိ၏။

'ရှာလျှင်တွေ့ ကြာလျှင်မေ့' ဆိုသောစကားပုံကဲ့သို့ ကြင်ယာ သက်ထား ချစ်မယားကိုအလိုရှိသဖြင့် မိမိအား နှစ်သက်မည့်သူကို ရှာလေသော် တောင်ပြင်တံခါးအနီး၌ ရေသည်တစ်ဦး၏သမီးနှင့် တွေ့ကြုံလေ၏၊ ရေသည်မမှာလည်း အသက်နှစ်ဆယ်ကျော်လောက်နီးနီး ရေရောင်းသော အလုပ်မှစုဆောင်း၍ ပိုက်ဆံနှစ်ပြားပင်ပိုမိုသောကြောင့် ထိုပိုက်ဆံနှစ်ပြားကို မြို့တော်၏တောင်တံခါးအနီး၌ ကြီးကျယ်စွာ ဘဏ်တိုက်တစ်ခုပြုပြီးလျှင် မြှုပ်နှံလျှို့ဝှက်၍ထား၏၊ထိုရေသည် လင်မယားနှစ်ယောက်တို့သည် ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ကြသော ပိုက်ဆံ နှစ်ပြားကို တစ်ဦးတစ်ဦး မပြောကြဘဲ နှမြောသောစိတ်နှင့်သာ နေ့တိုင်းလုပ်ကိုင်၍ စားသောက်ကြကုန်၏၊ 'ချစ်သော်လည်း ယုံခဲသည်၊ ယုံသော်လည်း ပုံခဲသည်' ဆိုသောစကားအရ လွန်စွာချစ်ခင်သော လင် မယားဖြစ်ကြပါလျက် ဥစ္စာပစ္စည်းအရေးနှင့်ကျတော့ခါ ပိုက်ဆံ နှစ်ပြား ကလေးလောက်မျှ ပုံ၍မအပ်နိုင်ဘဲ ရှိလေသည်ကား လောက ဓမ္မတာ ဖြစ်ပုံလက္ခဏာတူ၏။

တစ်ရံသောအခါ ကဆုန်လပြည့်နေ့ ဝိသာခါနက္ခတ်နှင့် ယှဉ်သော ပွဲသဘင်ကြီးသည် ဗာရာဏသီတစ်ပြည်လုံး အုန်းအုန်း ကျွတ် ကျွတ် ဖြစ်စေလျက် စည်စည်ကားကား ပျော်ပါးဖွယ်ရာကြီး ဖြစ်လတ်၏၊ ထိုအခါအလောင်းတော် ရေသည် လင်းမယားနှစ်ယောက်တို့သည် သူတကာတို့၏ ဝင်းဝင်းဝါဝါ သွားကြလာကြ ပျော်မွေ့ကြသည်ကို မြင်ကြ လေလျှင် မိမိတို့လည်း လက်ဝဲလက်ယာ နှစ်ဖြာယှက်တွဲ လက်ချင်း ဆွဲ၍ ပွဲသွားလိုသောဆန္ဒရှိကြကုန်၏၊ လင်မယားရခါစတွင် ဗန်းပြ လိုသော ဆန္ဒနှင့် အတူတူလက်တွဲ၍ လမ်းလျှောက်ရလျှင် တော်တော်ကြီး အရသာ ရှိလိမ့်မည်ဟု ထင်မြင်ကြသဖြင့် သူများတို့ကဲ့သို့ ဝိသာခါ နက္ခတ် သဘင်ပွဲသို့ အားခဲ၍သွားလိုပုံ လက္ခဏာတူလေသည်။

ထိုအခါ ဇနီးဖြစ်သူ ရေသည်မက စတင်၍ပြောဆိုသည်မှာ 'အို -အမောင်၊ ယခုအခါ ကြီးစွာသော ဝိသာခါ ပွဲသဘင်သည် စည်ပင်စွာ ဖြစ်ပေါ်၍နေဆဲကြုံ၏၊ ထိုပွဲသဘင်ကို ပျော်ပျော်ရွှင်ရွှင် သွားရောက်ရ လျှင် 'ရေသည်လင်မယား ရေသည်လင်မယား' လို့ အများက ကြည့်ရှု ခေါ်ငင်ကြသဖြင့် စိတ်ကြီးဝင်စရာဖြစ်လိမ့်မည်။ သို့အတွက် ထိုပွဲ သဘင်သို့ သွားရောက်သောအခါ သုံးစွဲရန်သင့်မှာ သိုမှီးသိမ်းဆည်း ၍ထားသော ရွှေ ငွေ ဘဏ္ဍာ ရတနာဘဏ်တိုက်မှာ ဘယ်မျှရှိပါ သနည်း' ဟု မေးမြန်းလေ၏။

ထိုအခါ ရေသည်ယောကျ်ားကိုနှစ်ပြားက မယားကိုချစ်ခင်စိတ် အားကြီးလှသဖြင့် မိမိသိုထားသော ဘဏ်တိုက်ကြီးတစ်ခုရှိကြောင်းကို ပြောကြားလိုသဖြင့် 'အို -ဇနီးသက်နှံ မောင့်မျက်မှန်၊ မချန်မချွင်း အလင်း ဖွင့်ဖော်၍ ပြောရလျှင် ဤလောက၌ ရှိရှိသမျှသောလူများမှာ အားကိုး ဖို့တစ်ခုစီ ရှိမြဲဓမ္မတာ ဖြစ်ချေသည်။ မောင့်မှာလည်း ရှည်ကြာသော နှစ်လရက်တို့ပတ်လုံး မသုံးမစွဲဘဲ စုဆောင်း၍ထားသောဥစ္စာစုကို ဘဏ်တိုက်ကြီး တစ်ခုပြု၍ အခိုင်အမြဲသိုမှီးမြှုပ်နှံ၍ထားသည်။ အကယ်၍ အကြောင်းရှိပါမူ ပူစရာမဟုတ်၊ သိုမြှုပ်၍ထားသော ထိုဘဏ္ဍာတိုက် ကြီးကို ဖွင့်လှစ်၍ ယူရုံမျှသာရှိတော့သည်' ဟု ပြောကြားလေရာတွင် ဇနီးသက်ထားချစ်မယားက အားရနှစ်သက် လင်ဂုဏ်များတက်ပြီးလျှင် ဖက်မလို မြူမလို မျက်နှာပေးချိုချိုနှင့် ပြောဆိုမေးမြန်းပြန်သည်မှာ 'မောင်၏ပြောသံ စကားကို ကြားလျှင်ကြားချင်း ကြက်သီးတွေ တဖျင်း ဖျင်းနှင့် အလွန်ပင်ဝမ်းမြောက်လှပါသည်။ သို့ရာတွင် မောင်၏ ဘဏ် တိုက်သည် ဘယ်နေရာမှတည်ရှိ၍ ဘဏ္ဍာရတနာပေါင်း အရေအတွက် မှာ ကုဋေပေါင်း ဘယ်မျှလောက် ရှိပါသနည်း' ဟု မေးမြန်းလေ၏။

ထိုအခါ ရေထမ်းသမား ဘကြီးသားက ပြန်ကြားပြောဆိုပြန် သည်မှာ 'အို-အိမ်သူနတ်ရှင် ချစ်ပန်းပင် သင်မေးမြန်းသော ကုဋေ ကုဋာလောက်မျှနှင့် ဘယ့်ကြောင့် ဘဏ်တိုက်ကြီးတစ်ခု ပြုလုပ်တည် ထောင်လိမ့်မည်နည်း၊ ငါ၏ဘဏ်တိုက်မှာ ဤဗာရာဏသီမြို့တော်ကြီး၏ မြောက်ဘက်တံခါးအနီး ကြီးစွာသောမြို့ရိုးကြီးနှင့်ရပ်လျက် တည်ရှိ၏၊ ထိုဘဏ္ဍာတိုက်ကြီးအတွင်းမှာ ခဲခဲယဉ်းယဉ်း ငါထားသော ပစ္စည်းပေါင်း မှာ အဍ္ဎမာသက တစ်ပဲဝက်ဖြစ်သည်' ဟု ပြောကြားလေရာ တစ်ပဲဝက် ဆိုသည်ကို နားမလည်တဲ့သေးသဖြင့် မယားက ထပ်မံ၍ မေးရာတွင် 'တစ်ပဲဝက်ဆိုသည်ကား ပိုက်ဆံနှစ်ပြား မဟုတ်ပါလော' မျက်နှာကြီး ခပ်ထားထားနှင့် ပြောကြားတုံ့ပြန်လေ၏။

ထိုအခါတွင်မှ ဘဏ်တိုက်ကြီးဆိုကတည်းက အားခဲ၍ နားထောင် နေသော ရေသည်မ၏ မြောက်မြင့်၍နေသော စိတ်နှလုံးသည် ဗြုန်းခနဲ ကျသဖြင့် ရယ်ရမှာကလဲ ခပ်ရှက်ရှက်၊ မြည်တွန်ပြောဆိုရမှာ ကလဲ ခပ်ခက်ခက် ဖြစ်နေသဖြင့် တစ်စုံတစ်ရာ စကားမပြောဘဲ ဆိတ် ဆိတ်နေလေ၏၊ ထိုအခါ ရေသည်ယောကျ်ားက ထပ်မံ၍မေးသည်မှာ 'အို-အဘယ်၊ ငါ့မှာရှိသော ဘဏ်တိုက်နှင့် ပိုက်ဆံနှစ်ပြားကိုဖြင့် ထင် ရှားစွာ ဖော်ပြပြောကြားရလေပြီ။ သင့်မှာလည်း တစ်စုံတစ်ရာ ဘဏ္ဍာ တိုက်များရှိပုံ လက္ခဏာတူသည်။ သင်၏မျက်နှာ ရွှင်လန်းပုံကို ထောက်လျှင် ရွှေသူဌေးကတော်လောက်နီးနီး ပစ္စည်းရှိလိမ့်မည်ဟု ငါထင်သည်။ ဟုတ်သောအတိုင်း မဆိုင်းမတွ မုချမှန်ရာကို ပြောဆိုရမည်' ဟု မေးမြန်းလေရာတွင် ရေသည်သက်ထား ကြင်မယားက စကား အကျယ်မချဲ့ဘဲ 'ကျွန်ုပ်မှာလည်း မောင်ကဲ့သို့ပင် တစ်သက်လုံး လုပ်ကိုင် စုဆောင်း၍ထားသော ပိုက်ဆံနှစ်ပြားရှိပါသည်။ ၎င်းပိုက်ဆံနှစ်ပြားကို တောင်တံခါးဝအနီး မြို့ရိုးကြီးအခြေနားမှာ မြှုပ်နှံ့၍ထားပါသည်' ဟူ၍ပြောကြားလေ၏၊ ထိုသို့ပြောကြားသည်ကို ကြားလေလျှင် အလောင်းတော်ရေသည်ယောကျ်ားသည် စိတ်အားမြင့်မြောက် သူဌေး ဂုဏ်ရောက်ရောက်နှင့် ခပ်မောက်မောက် ပြောကြားသည်မှာ 'ကောင်း ပါပြီ နှမ၊ သင့်မှာရှိသော တစ်ပဲဝက်၊ ငါ့မှာရှိသော တစ်ပဲဝက် ဥစ္စာများကို ယခုပွဲတော်ကြီးမှာ ထုပ်ဖော်ယူငင်ကြကုန်အံ့။ ထိုတစ်ပဲဝက် နှစ်ခု ပေါင်းစပ်ပြီးကာ ရွှေဒင်္ဂါးနှင့် နွတ်စက္ကူများ 'လဲပြီးလျှင် သုံးစွဲ ပျော် မွေ့ကြရန် အရေးသာလိုတော့သည်။ သင်၏ဘဏ္ဍာတိုက်ကိုလည်း ယနေ့ပင်သွား၍ဖွင့်ချေ။ ငါ၏ဘဏ္ဍာ တိုက်ကိုလည်း ယခုပင်သွား၍ ဖွင့်တော့မည်' ဟုပြောဆိုပြီးလျှင် ကဆုန်လအခါ နေပူထီးထီး နေ့လယ် နာရီပြန် နှစ်ချက်လောက် အချိန်ကြီးမှာ ထီးလဲမပါ ဖိနပ်လဲမပါဘဲ ပူပြင်းစွာသော သဲကန္တာရခရီးကိုဖြတ်သန်း၍ မိမိဘဏ်တိုက်ရှိရာ မြောက်မြို့ရိုးသို့လာခဲ့လေ၏၊ လမ်းလျှောက်သွားလာစဉ်မှာလည်း ကြည်လင်ရွှင်ပျစွာသီချင်းများကို သီဆို၍ ထိုထိုရရှိသမျှသောပန်းများကို ပန်ဆင်လျက်သာ နေပူကိုသတိမရ အောက်ကသဲကန္တာရ အပူကို နှလုံးမထားနိုင်ဘဲ နက်ဖြန်ခါတွင် ကြင်ယာသက်ထား ချစ်မယားနှင့် မပြားမကွဲ လက်ချင်းတွဲ၍ ပွဲသွားရန်အရေးကိုသာ တွေးလျက် လာခဲ့ လေ၏၊ ဤနေရာ၌ ဇနီးမောင်နှံပွဲကြည့်ရန်ကိစ္စတည်းဟူသော ဗဟိဒ္ဓ အပူဓာတ်၏ နှိုးဆော်တိုက်တွန်းမှုကြောင့် အလွန်ပူလှသော နေပူ သဲပူများကိုမှ သတိမရနိုင်ဘဲ သီချင်းသံတစာစာနှင့် အေးအေး သာသာ သွားနိုင်လေသည်။

ယခုလောကမှာလည်း ပွဲတည်းဟူသော ဗဟိဒ္ဓမီးပူ လှုံ့ဆော် ထိုးကျင့်လျှင် တစ်စုံတစ်ရာ ဆောင်ရွက်ဖွယ်ရှိရင်း ကိစ္စကြီးများကိုမှ မဆောင်ရွက်ကြကုန်။ အိပ်ရမှန်းမသိ စားရမှန်းမသိ နွမ်းနွမ်းချိချိနှင့် စပါးကြီးမွေ ချက်ငြိသော သတ္တဝါကဲ့သို့ ဖြစ်ကြလေကုန်သည်။ ပွဲတည်း ဟူသော ဗဟိဒ္ဓအာရုံသည် ဤမျှလောက်ပင် သတ္တဝါတို့ကို လောင်မြိုက် နိုင်လေသည်။ သို့ရာတွင် ယခုအခါမှာမူကား မြို့ရွာနယ်ပယ်မှာ ရှိကြ ကုန်သော သူတော်ကောင်း အပေါင်းတို့က ပွဲသဘင်လောက်မှမက ပျော်မွေ့စေနိုင်သော တရားသဘင်ကြီးများကို ထူထောင် ဖွင့်လှစ်ပေး သည့်အတွက် ဇာတ်ရုံ ရုံပွဲ ရုပ်သေးပွဲ တည်းဟူသော ပွဲသဘင်များသည် လူများတို့၏ စိတ်ကိုများစွာ နှိပ်စက်ထိုးကျင့်ခွင်ကို မရကြလေကုန်သဖြင့် ပွဲလမ်းသဘင် ကြည့်ရှုသူတို့ တစ်နေ့တခြား နည်းပါးလာသည်ကို ဒိဋ္ဌတွေ့မြင်ရ၍ များစွာ ဝမ်းမြောက် ဖွယ်ကြီး ဖြစ်ကြရလေ၏၊ ထို့ကြောင့် ဓမ္မကထိက ပုဂ္ဂိုလ်ကျော်တို့နှင့် တရားပွဲပြုလုပ်ရန် စီမံကြကုန်သော သူတော်ကောင်းအပေါင်းတို့ကို များစွာကျေးဇူးတင်ထိုက်ပေသည်။

ထိုသို့ အထက်ကလည်းနေပူ အောက်ကလည်းသဲပူ နံဘေး ရှစ်မျက်နှာတို့ုကလည်း တံလျှပ်အပူတို့ဖြင့် ဝိုင်းဝန်း၍နေသော အပူထီး ထီးအလယ်၌ ထီးဖိနပ်မပါဘဲ သီချင်းသီဆိုကာနှင့် သွားလာလျက် ရှိနေသော အလောင်းတော် ရေသည်ယောကျ်ားကို ဗာရာဏသီပြည့်ရှင် ဘုရင်မင်းတရားကြီး အထက်နန်းမြင့်က လေသာနန်းတံခါးကိုဖွင့်၍ ကြည့်နေခိုက်တွင်မြင်လေ၏၊ မြင်လျှင်မြင်ချင်း လွန်စွာအံ့ဩကြခြင်း ဖြစ်၍ ကြံစည်သည်မှာ ဤသူသည် အခြားသူတို့သွားလာသောအချိန် မဟုတ်ဘဲ ရဲရဲညိတောက်လောင်သော အပူကြီးထဲ၌ ထီးဖိနပ်မပါ သီချင်းဆိုကာနှင့် သွားရောက်နိုင်သည်ကို ထောက်လျှင် ထိုသူ၌ ကြီး ကျယ်စွာဆောင်ရွက်ဖွယ် အရေးကိစ္စရှိလိမ့်မည်။ ထိုသူ၏ ကြီးကျယ်စွာ ဆောင်ရွက်ဖွယ်အရေးကိစ္စရှိလိမ့်မည်။ ထိုသူ၏ ကြီးကျယ်စွာသော အရေးကို ထင်းရှားစွာသိဖို့ရန် ခေါ်၍မေးတော်မူအံ့ဟု ကြံပြီးမှ မင်းချင်း လုလင်တစ်ယောက်ကို ခေါ်ပြီးလျှင် နေပူသဲပူကြီးအပြင်၌ လျှောက်သွား ၍နေသော ဤသူကို လျင်မြန်စွာသွား၍ ငါ၏အာဏာတော်နှင့်ပါအောင် ခေါ်ခဲ့ရမည်ဟု စေလွှတ်တော်မူ၏။

စေလွှတ်အပ်သော မင်းချင်းလုလင်သည်လည်း လျင်မြန်စွာသွားလ၍ ရေသည်ယောကျ်ား၏ အပါးသို့ ကပ်ပြီးလျှင် 'အချင်း ယောကျ်ား၊ သင့်ကို ငါတို့၏သခင် ဘုရင်မင်းမြတ်က အမိန့်တော် မှတ်သဖြင့် ခေါ်ခဲ့ရန် လာခဲ့ပေသည်။ သို့အတွက် ယခုပင်ငါနှင့်အတူ နန်းတော်ကြီးသို့လိုက်ခဲ့ရမည်' ဟုပြောလေလျှင် မိမိပိုက်ဆံနှစ်ပြား ယူရန်ကိစ္စက အရေးကြီးလှသဖြင့် ရေသည်ယောကျ်ားက ပြန်၍ပြောပြ သည်မှာ 'ချစ်ဆွေ ---ငါ့မှာလွန်စွာကြီးကျယ် ဆောင်ရွက်ဖွယ်သော အရေးကိစ္စများ ရုပ်တရက် လတ်တလော ပူပူနွေးနွေးဆိုက်ရောက်၍ နေပါသည်။ ငါ့မှာ တစ်စုံတစ်ရာ ပြစ်မှုပြစ်ဒဏ်လည်း မရှိပါ။ မင်းတို့ ရှင်ဘုရင်လုပ်သော သူကိုသာ အရေးကြီး၍ မလိုက်နိုင်ကြောင်း ငါမှာ လိုက်သည်ဟု ပြန်ပြောလေတော့' ဟုဆိုလေ၏၊ ထိုအခါ မင်းချင်း လုလင်က ဤသူသည် တစ်စုံတစ်ရာမင်းတို့၏ စိတ်သဘောကို မသိ သည်ဖြစ်၍ ဤသို့ဆိုပုံလက္ခဏာတူသည်။ ဤမျှလောက် တောကျ ရိုင်းစိုင်းသောသူကို အတင်းပင်ခေါ်ငင်အံ့ဟု ကြံပြီးလျှင် ရေသည် ယောကျ်ား၏ လက်ရုံး လက်မောင်းများကို အတင်းကိုင်ဆွဲ၍ 'အချင်း ယောကျ်ား၊ ရှင်ဘုရင်ဆိုသူကို အဘယ်သို့ မှတ်ထင်ဘိသနည်း၊ လူတကာ တို့၏ အသက်ဦးဆံကိုပိုင်၍ သတ်နိုင်ဖြတ်နိုင် သေစေနိုင်သော အာဏာ ရှင်ဖြစ်သည်။ အကယ်၍ သင်မလိုက်ပါလျှင် သင်၏ဦးခေါင်း ကိုဖြတ်၍ သေသည့်တိုင်အောင် သတ်လိမ့်မည်' ပြောသောကာလတွင်မှ အကယ် များသေ၍သွားလျှင် သူ၏မယား ရေသည်မနှင့် နက္ခတ်သဘင်ကို မသွားရမည်ကိုစိုးရိမ်လှသောကြောင့် ရှင်ဘုရင်ထံသို့ လိုက်ဦးမှတော် လိမ့်မည်ဟုကြံပြီးလျှင် နန်းတော်သို့ လိုက်၍လာခဲ့လေ၏။

နန်းတော်ကြီးအတွင်း ခင်းအပ်သော ရာဇပလ္လင်ထက်၌နေသောဘုရင်မင်းမြတ်၏ ရှေ့တော်သို့ ရောက်လေလျှင် မကြောက်မရွံ့ဘဲ ရဲရင့်သောစိတ်ဖြင့် 'အရှင်မင်းမြတ်၊ သတ်လို၍ပင် ကျွန်ုပ်ကိုခေါ် တော်မူသလော၊ သို့တည်းမဟုတ် ချီးမြှောက်ထောက်ပင့်လို၍ပင် ခေါ်ပါသလော၊ အကြောင်းနှစ်ပါးကို ခြားနားစွာမိန့်တော်မူပါ။ ကျွန်ုပ်မှာ ပြုလုပ်ဆောင်ရွက်ဖွယ် ကိစ္စများသည် အားကြီးစွာပူပန်လှသဖြင့် ကာလရှည်ကြာစွာနေရန် အခွင့်အခါမရှိပါ။ လျင်မြန်စွာ မိန့်တော်မူပါ' ဟု လျှောက်တင်လေ၏။

ထိုအခါ ရှင်ဘုရင်ပြုလုပ်သောသူကလည်း အခြားသူမဟုတ်။ ရှင်အာနန္ဒာ၏အလောင်းတော်ဖြစ်လေသဖြင့် ရှေးရှေးသော အစဉ် အဆက်က ဆင်းသက်ပေါင်းစည်း၍လာသော ပါရမီဓာတ်၏ နှိုးဆော်မှု ကြောင့် ထိုအလောင်းတော် ရေသည်ယောကျ်ားကို မြင်စကပင် ချစ်ခင် ရွှင်လန်းသောစိတ် နူးညံ့ပျောင်းပျော့သောစိတ် ရှိတော်မူသဖြင့် 'ရေသည် ယောကျ်ား၊ သင့်ကို မင်းပြစ်မင်းဒဏ်ဖြင့် သေစေရန် ခေါ်တော် မူသည်မဟုတ်၊ သင့်အား မေးမြန်းလိုသော အရေးတစ်ခုကြောင့်သာ ခေါ်တော်မူသည်'ဟု ဆို၍အောက်၌ပါရှိသော ဂါထာဖြင့် မေးမြန်း တော်မူ၏။

ဥဒ္ဓံ တပတိ အာဒိစ္စော၊
အဓော တပတိ ဝါလုကာ။
အထ ဂါယသိ ဝတ္ထာနိ၊
န တံ တပတိ အာတပေါ။။

ဥဒ္ဓံ=အထက်ကောင်းကင်က။ အာဒိစ္စော=ပူရှိန်ထန်ပြင်း ရှင်နေ မင်းသည်။ တပတိ=ပူလောင်၍နေ၏၊ အဓော=အောက်မြေ အပြင်က။ ဝါလုကာ=သဲပြင်ကြီးသည်။ တပတိ=ပူလောင်၍နေ၏၊ အထ=ထို သို့ဖြစ်ပါလျက်။ ဝတ္ထာနိ=အဝတ်ပုဆိုးတို့ကို။ နိဝသိတွာ=ဝတ်ဆင်၍။ ဂါယသိ=သီချင်းသီဆိုနိုင်ဘိ၏၊ တံ=သင့်ကို။ အာတပေါ=အထက်ကနေပူ အောက်သဲပူသည်။ နတပတိ=မပူဘဲပင်ရှိပါသလော။

အဓိပ္ပါယ်ကား- အချင်းယောကျ်ား၊ ယခု သင်သွားသောအချိန် သည် ပူရှိန်ဝင်းဝင်းတောက်လောင်သော အချိန်ပေတည်း။ လူအများကို မဆိုထားနှင့် ကျေးငှက်တိရစ္ဆာန်များပင် ပျံသွားလူးလာသော အခါ မဟုတ်ပေ။ အထက်ကောင်းကင်က နေမင်းသည်လည်း အတင်းပူ၍ နေ၏၊ အောက်မြေအပြင်၌တည်ရှိသော သဲကန္တာရကြီးသည်လည်း ပြာပူမီးတမျှပူပန်လှ၏၊ ထိုသို့ အပူနှစ်ပါးညှပ်၍နေသော ကန္တာရကြီး လယ်ခေါင်မှာ ထီးနှင့်ဖိနပ်များကိုမှ မဆောင်ဘဲ သင်သွားလာ၍ နေ ဘိ၏၊ သင်၏နှုတ်ကလည်း တစာစာတအေးအေးနှင့် တေးသီချင်းများ ကိုပင် ရွှင်လန်းစွာ သီဆိုနိုင်ဘိ၏၊ အထက်ကနေပူနှင့် အောက်က သဲမြေ ကန္တာရ အပူများသည် သင့်အား မပူနိုင်ဘဲရှိပါသလော။ သင်၏ကိုယ်မှာ ပူလောင်စရာ ကင်းနိုင်အောင် ဓာတ်သတ္ထုပြဒါးနှင့် ဆေးများကို ဆောင်ပါသလော။ မှန်သောအတိုင်း လျှောက်ထားပါ'ဟု မေးတော်မူ လေရာတွင် လျင်မြန်စွာထ၍ အောက်ကပါရှိသော ဂါထာ ကိုရွတ်ဆို၍ လျှောက်ကြားလေ၏။

န မံ တပတိ အာတပေါ၊
အာတပါ တပယန္တိ မံ။
အတ္ထာ ဟိ ဝိဝိဓာ ရာဇ၊
တေ တပယန္တိ န အာတပေါ။ (ဇာ၊ ၁။ ၁၈၀။)

ရာဇ=မင်းမြတ်။ အာတပေါ=အထက်နေပူ အောက်သဲပူသည်။ မံ=ငါ့ကို၊ နတပတိ=မပူစေနိုင်ပါ။ အာတပါ=အကျွန်ုပ်၏ လက်ငင်း ပူပန်၍ နေသော အရေးကိစ္စ အပူအလောင်တို့သည်သာလျှင်၊ မံ= အကျွန်ုပ်ကို၊ တပယန္တိ=မနေသာအောင် လွန်စွာပူပန်ကြစေကုန်၏၊ ဟိ=ထိုစကားမှန်စွ၊ အတ္ထာ=အကျွန်ုပ်၏ အကျိုးစီးပွါးတို့သည်၊ ဝိဝိဓာ=အလွန်တစ်ရာ များလှပါကုန်၏၊ တေ=ထိုအကျွန်ုပ်၏ အကျိုးစီးပွါးတို့သည်သာလျှင်၊ တပန္တိ=ပူလောင်စေကုန်ပါ၏၊ အာတပါ=နေပူသဲပူတို့သည်၊ န တပန္တိ= မပူစေနိုင်ကုန်။

အဓိပ္ပါယ်ကား 'လူတို့သခင် နန်းကြီးရှင် ယခုနွေအခါကာလ၌ ပူသောနေပူနှင့် သဲကန္တာရအပူကလေးများသည် အကျွန်ုပ်ကို မပူနိုင်ပါ။ ထိုထက်ပင် ပြင်းထန်စွာ ပူလောင်လျက်နေသော ကျွန်ုပ်၏ ကိုယ်ရေးကိစ္စ တို့သည်သာလျှင် ထက်မြက်စွာ ပူပန်ကြပါကုန်သည်။ ယခုအခါ ကျွန်ုပ်၌ လက်ငင်းအရေးကြီး၍နေသော စီးပွားရေးများသည် အလွန်တစ်ရာများ လှပါသည်။ ထိုစီးပွားရေးတို့ကသာလျှင် နေပူသဲပူများထက် ပူပန်လှပါ သည်ပါဘုရား' ဟု လျှောက်ထားလေ၏။

ဤသို့ ရေသည်ယောကျ်ား လျှောက်ထားသော ပါဠိဂါထာကို ထောက်၍ ပြုလုပ်ဖွယ်ကိစ္စများသည် နေပူစသည်တို့ထက် သာလွန်၍ ပူပန်စေနိုင်ကြောင်းကို သိသာရပေသည်။ ထိုသို့လျှောက်ထားသော စကားကို ပြည့်ရှင်မင်းကြီး ကြားတော်မူလေလျှင် ထိုသူ၏ကိစ္စသည် လွန်စွာကြီးမားသည်မှာ မုချဟုတ်လိမ့်မည်ဟု တွေးတောတော်မူပြီးမှ 'သင်၏လက်ငင်းပူပန်၍နေသော စီးပွားရေးကိစ္စများကို ငါ့အား ပြောကြား ပါ'ဟု မိန့်တော်မူလေ၏၊ ရေသည်ယောကျ်ားက 'အရှင်ဘုရား၊ ကျွန်ုပ်၏ စီးပွားရေးကိစ္စကြီးများဆိုသည်မှာ အခြားမဟုတ်ပါ။ ယခုအခါ တစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ် စည်စည်ကားကား ပျော်ပါးဖွယ်ရာဖြစ်သော ဝိသာခါနက္ခတ်သဘင်ကြီး ဖြစ်နေကြောင်းကို အရှင်မြတ်လည်း သိ တော်မူလိမ့်မည်၊ ထိုဝိသာခါနက္ခတ်သဘင်အခါကြီးမှာ ကျွန်ုပ်တို့ ဇနီးခင်ပွန်းနှစ်ယောက် လက်ချင်းတွဲ၍ပျော်ပွဲဝင်ကြရန် အရေးကိစ္စကြီး ဖြစ်ပေါ်၍နေပါသည်။ ထိုသို့ နက္ခတ်သဘင်ပွဲသို့ သွားသောအခါ သုံး စွဲရန် ကျွန်ုပ်မြှုပ်နှံ၍ထားသော ဘဏ်တိုက်ကြီးဖွင့်ရန် ယခု ကျွန်ုပ်သွားဆဲ ကိစ္စကြီးများဖြစ်ပါသည်'ဟု လျှောက်ထားလေ၏။

ထိုအခါ ဘုရင်မင်းမြတ်က ထိုရေသည်ယောကျ်ား၏ ကြီးကျယ် သော စကားကို ကြားသိတော်မူလျှင် လွန်စွာများပြားသော ဘဏ္ဍာ ရတနာတို့ဖြင့်ပြည့်သော ဘဏ်တိုက်ကြီးဖြစ်ပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ငါကပင် စစ်သည်ဗိုလ်ပါများကို အကူအပံ့စေလွှတ် တူးဖော်၍ ပေးတော် မူအံ့ဟူ၍ ကြံစည်တော်မူ၍ မေမြန်းတော်မူသည်မှာ 'အချင်းယောကျ်ား၊ အသင်၏ ဘဏ်တိုက်ကြီးဆိုသည်မှာ ဘယ်နေရာဌာန၌ တည်ရှိပါ သနည်း၊ ဘယ်မျှလောက်သော ရွှေငွေရတနာတို့ဖြင့် ပြည့်လျှံပိုမောက်၍ စိန်ကျောက်ဘဏ်တိုက်ကြီးဖြစ်ပါသနည်း' ဟူ၍ မေးတော်မူလေရာ 'အရှင်ဘုရား၊ ကျွန်ုပ်၏ဘဏ်တိုက်ကြီးသည် ဤမြို့တော်၏ မြောက် မျက်နှာ မြို့ရိုးကြီးနှင့်တစ်စပ်တည်း တည်လျက်ရှိပါသည်။ ကျွန်ုပ်သည် နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးနီး ရေရောင်းကုမ္ပဏီကြီးဖွင့်၍ လုပ်ကိုင်ရာမှ ပိုမိုသော ဘဏ္ဍာစုမှာ တစ်ပဲဝက်ခေါ် ပိုက်ဆံနှစ်ပြား ဖြစ်ပါသည်'ဟူ၍ လျှောက်ထားလေ၏။

ထိုစကားကိုကြားလျှင် မင်းကြီးနှင့်တကွ မှူးမတ်အပေါင်းတို့က သောင်းသောင်းကျွက်ကျွက် ရယ်ရွှင်ကြပြီးလျှင် သနားကြင်နာခြင်း ရှိတော်မူသော ဘုရင်မင်းမြတ်က 'အချင်းယောကျ်ား၊ ဤပိုက်ဆံနှစ်ပြား အတွက်နှင့် အပူအပြင်း ဆင်းရဲခံ၍ မသွားလေနှင့်၊ ငါကပင် ပေးတော်မူ လိုက်မည်' ဟု မိန့်တော်မူလေရာ မိမိဥစ္စာအတွက်နှင့် အာသာ မဖြတ် နိုင်သော ရေသည်ယောကျ်ားက 'အရှင်ဘုရား၊ အရှင်ပေးသနားတော် မူသော ပိုက်ဆံနှစ်ပြားကို ယူပါမည်၊ ငြင်းပယ်လိမ့်မည် မဟုတ်ပါ၊ သို့ရာတွင် ကျွန်ုပ်၏ ပိုက်ဆံနှစ်ပြားကိုလည်း သွား၍ယူပါရစေ'ဟု လျှောက်တင်၏။

ထိုသို့လျှောက်တင်လျှင် 'မသွားလေလင့်၊ တစ်ပါးသော ဘဏ္ဍာ ကို ငါပေးတော်မူမည်' စသည်ဖြင့် မိန့်တော်မူပါသော်လည်း 'အရှင်ပေး သမျှကိုလည်း ယူပါမည်၊ ကျွန်ုပ်၏ပိုက်ဆံနှစ်ပြားကိုလည်း ယူပါဦးမည်' ဟူ၍သာ အထပ်ထပ် တင်လျှောက်လေ၏၊ ထိုသို့တစ်ဆင့် ထက် တစ်ဆင့်တက်၍ ပေးသနားတော်မူရာ တိုင်းတော်ပြည်တော်ကို တစ်ဝက်ခွဲ၍ မင်းပြုဘက်ဖြစ်သော အိမ်ရှေ့ဥပရာဇာ၏ စည်းစိမ်တော် တိုင်အောင် ပေးတော်မူလေ၏၊ ထိုအိမ်ရှေ့မင်း၏ စည်းစိမ်တော်သို့ တိုင်မှပင် မိမိပိုက်ဆံနှစ်ပြားကို လိုချင်ရက်သားနှင့်လျှင် အနိုင်နိုင်တင်းတိမ် ယောင်ပြု၍ 'ကောင်းပါပြီ' ဟူ၍ဝန်ခံလေသည်။ ထိုအခါကစ၍ ရေသည် ယောက်ျားသည် အိမ်ရှေ့မင်း၏စည်းစိမ်ကို ရလေ၏၊ ရေသည်မသည် လည်း ဦးခေါင်းထက်က ရေအိုးနှင့် ရေပုံးများကိုချ၍ အိမ်ရှေ့ မိဖုရားကြီး ဖြစ်လေ၏။

ထိုသို့ အိမ်ရှေ့မင်း၏စည်းစိမ်ကိုရလျှင် မကြာမြင့်မီပင် တပ် ထောင်တာဗိုလ်ထုနှင့် ထိုမြောက်မြိုးရိုးကြား၌ သိုထားသော ပိုက်ဆံ နှစ်ပြားကို သွားရောက်ထုတ်ယူလေ၏၊ ထို့နောက် ဘုရင်မင်းမြတ်ကြီးနှင့် အတူတကွ ဥယျာဉ်တော်သို့ ထွက်ကြလေရာ ထိုအဍ္ဎမာသက အိမ်ရှေ့ မင်း၏ ပေါင်ပေါ်တွင် မင်းကြီးဦးခေါင်းထား၍ စက်တော်ခေါ်လေ၏၊ ထိုအခါ ရောင့်တက်လော်မာသောတဏှာ၏ နှိုးဆော်ခိုင်း စေမှုကြောင့် တိုင်းပြည်ကြီး တစ်ခုလုံးကို လိုချင်လှသဖြင့် ရေသည်အဖြစ်က အိမ် ရှေ့မင်းအဖြစ်သို့ရောက်အောင် ချီးမြှောက်တော်မူသော ကျေးဇူးရှင် ဘုရင်မင်းမြတ်ကြီးကိုပင် အသေသတ်ရန် ကြံစည်ပြစ်မှားလျက် သုံးကြိမ် တိုင်တိုင် သန်လျက်ဖြင့် ချိန်ရွယ်မိလေ၏။

သို့ရာတွင် ဘုရားလောင်းဖြစ်သည့်အတွက် သတိပညာရှိသူ ဖြစ်သောကြောင့် မသတ်ဖြတ်ဘဲ သန်လျက်ကို ရုပ်သိမ်းနိုင်လေသည်။ သန်လျက်ကိုရုပ်သိမ်းချထား၍ မင်းကြီးကိုထစေ၍ ခြေ၌ဝပ်လျက် 'အရှင်မင်းမြတ်၊ အကျွန်ုပ်၏အပြစ်ကို သည်းခံတော်မူပါ' ဟုရိုသေစွာ တောင်းပန်လျှောက်လေ၏၊ မင်းကြီးလည်း 'ငါ၌ကြူးလွန်အပ်သော သင်အိမ်ရှေ့မင်း၏အပြစ် တစ်စုံတစ်ရာတို့သည် မရှိချေ၊ ထိုသို့အပြစ် မရှိဘဲလျက် အဘယ်ကို ငါသည်းခံအံ့နည်း'ဟု ဆိုလေသော် မိမိလွန်ကြူး မိသမျှ ကြံစည်မိသမျှတို့ကို လျှောက်ထားလေ၏၊ ထိုအခါ မင်းကြီး ကလည်း 'အို--အဆွေ၊ အဘယ်ကြောင့် ငါ့ကိုသတ်ရအံ့နည်း၊ ဤထီး ဤနန်းကို သိမ်းမြန်းစိုးစံလိုပါသလော၊ ငါတမူကား သင့်ကိုခ,စားသော အိမ်ရှေ့မင်းဖြစ်အံ့' ဟု ဆိုလေလျှင်၊ အဍ္ဎမာသကမင်းသည် 'အရှင်မင်း မြတ် ပေးသနားတော်မူသော အိမ်ရှေ့မင်း၏ အဖြစ်ကိုလည်း အကျွန်ုပ် အလိုမရှိတော့ပါ၊ အကျွန်ုပ်သည် ကာမ၏အပြစ်ကို ကောင်းစွာ မြင်ပြီ ဖြစ်သောကြောင့် ရဟန်းပြုပါတော့အံ့'ဟု လျှောက်ကြား၏၊ ကာမ၏ အပြစ်စကားကို ဖော်ပြဟောကြားလျက် ဥဒါန်းကျူးလေ၏။

အဒ္ဒသံ ကာမ တေ မူလံ၊
သင်္ကပ္ပါ ကာမ ဇာယသိ။
န တံ သင်္ကပ္ပယိဿာမိ၊
ဧဝံ ကာမ နဟေဟိသိ။။

ကာမ=ဆိုးညစ်ယုတ်စွာ ဤကာယာကို မိစ္ဆာလမ်းပြ အပါယ် ကျအောင် မုချကြံထ ဟယ်ကာမ။ တေ=သင်ကာမ၏၊ မူလံ=အရင်း အမြစ်ကို။ အဒ္ဒသံ=ဉာဏစက္ခု သဟဲပြု၍ ယခုရှာစဉ် ငါမြင်ပြီ။ ကာမ= ဟယ် ကာမ။ သင်္ကပ္ပါ=ရဇ္ဇနိယ စသည်အာရုံ ကာမဂုဏ်ကို ခုံမင်မှားယွင်း ကြံမိခြင်းကြောင့်။ တွံ=သင်သည်။ ဇာယတိ=ဖြစ်ပေါ်၍ လာရပေ၏၊ ကာမ=ဟယ် ကာမ။ တံ=သင့်ကို။ အဟံ=ငါသည်။ ပုန=တစ်ဖန်။ နသင်္ကပ္ပ ယိဿာမိ=မကြံမစည်ဘဲ နေတော့အံ့။ ဧဝံ=ဤသို့မကြံမစည်ဘဲနေသည် ရှိသော်။ တွံ=သင်သည်။ မမန္တရေ=ငါ၏အတွင်းသန္တာန်၌။ န ဟေဟိသိ= မမြင်ရလတ္တံ့သည်သာလျှင်တည်း။

ဤသို့ ဥဒါန်းကျူးဆို၍ တစ်ဖန် တရားဟောလိုပြန်သောကြောင့်

အပ္ပါပိ ကာမာ န အလံ၊
ဗဟူဟိ ပိ န တပ္ပတိ။
အသာတာ ဗာလလာပနာ၊
ပရိဝဇ္ဇေယျ ဇဂ္ဂတော။

မဟာရာဇ=မြတ်သောမင်းကြီး။ အပ္ပါပိကာမာ=အနည်းငယ် ဖြစ်ကုန်သော ဝတ္ထုကာမ, ကိလေသာကာမတို့သည်လည်း။ မဟာဇနဿ= လူများအပေါင်းအား။ န အလံ=မလုံမလောက်နိုင်ကြလေကုန်။ ဗဟူဟိပိ= များစွာကုန်သော ကာမတို့ဖြင့်လည်း။ မဟာဇနော=လူများသည်။ နတပ္ပတိ=မရောင့်ရဲနိုင်ကြကုန်။ ကာမာ=ကာမတို့သည်၊ အသာတာ= မသာယာအပ်ကုန်။ ကာမာ=ကာမတို့သည်၊ ဗာလလာပနာ=သူမိုက်တို့ကို ငါ့ဥစ္စာ ငါ့ဥစ္စာဟု ဆိုစေတတ်ကုန်၏၊ ဣမေ=ဤကာမတို့ကို၊ ဇဂ္ဂတော= သုတ်သင်သောအားဖြင့်၊ ပရိဝဇ္ဇေယျ=ဝေးသည်ထက် ဝေးအောင် တဖြည်းဖြည်း ရှောင်ကွင်းကြကုန်ရာ၏။

ဤသို့ အဍ္ဎမာသကအိမ်ရှေ့မင်းသည် လူအပေါင်းတို့အား တရား ဟောကြား၍ ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုလျက် စျာန်အဘိညာဉ်တို့ကို ဖြစ်စေ၍နေလေ၏၊ ဤဇာတ်တော်ကား အဋ္ဌကနိပါတ်တွင်ပါရှိ၏၊ အဍ္ဎမာသက ဇာတ်ဟူ၍ခေါ်၏၊ ဂင်္ဂမာလဇာတ်ဟူ၍လည်း ခေါ်သည်။

ဤဇာတ်တော်ကိုထောက်၍ ဗာလုဿုက္ကတည်းဟူသော ဗဟိဒ္ဓ အပူဓာတ်တို့၏ နှိပ်စက်ထိုးကျင့်ပုံ၊ ထို ဗာလုဿုက္ကများသည် နေပူ သဲပူတို့မက ပူပန်စေနိုင်ကြောင်းကို သိသာရပေသည်။ ထို့ပြင် တဏှာ တရားသည် မြှောက်ပင့်မည့်သူရှိလျှင် ရောင့်တက်ချင်တိုင်း ရောင့်တက် လော်မာပုံများကိုလည်း ဤဇာတ်တော်ဖြင့် ထင်ရှားစွာ သိသာလှသည်။

---------- * ---------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...