Skip to main content

ဓမ္မပဒဝတ္ထုတော်ကြီး (ဒုတိယတွဲ)

ဓမ္မပဒဝတ္ထုတော်ကြီး (ဒုတိယတွဲ)

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

အဂ္ဂမဟာ ပဏ္ဍိတ ညောင်လေးပင်မြို့ တောရဆရာတော်
ပါဌ်လျှောက် ပြန်ဆို ရေးသားသည်။

မာတိကာ

၄ - ပုပ္ဖဝဂ်

၁ - မြေကြီးနှင့် စပ်သော စကားပြောကြားလေ့ရှိသော ရဟန်းငါးရာဝတ္ထု
၁ ဒေသနာတော်
၂ ဒေသနာတော်၏အကျိုး

၂ - တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်ဝတ္ထု
၃ မိမိကိုယ်ကို တံလှပ်ပမာ ရေမြှုပ်ပမာဆင်ခြင်ပုံ
၄ ဒေသနာတော်
၅ ဒေသနာတော်၏ အကျိုး

၃ - ဝိဋဋူဘဝတ္ထု
၆ ပသေနဒီကောသလမင်းကြီး စသည်တို့၏အကြောင်း
၇ ကောသလမင်းနှင့် အရှင်အာနန္ဒာ
၈ မချဉ်းကပ်သင့် ချဉ်းကပ်သင့်သော အမျိုး၏
၉ ကေသဝ ရသေ့ဝတ္ထု
၁ဝ ချစ်ကျွမ်းဝင်ရာ အရသာတရား
၁၁ ကောသလမင်းကြီးနှင့် သာကီဝင်
၁၂ ဝိဋဋူဘဟု အမည် ဖြစ်ပေါ်လာပုံ
၁၃ ဝိဋဋူဘ ကပိလဝတ်ပြည်သို့ သွားခြင်း
၁၄ ဝိဋဋူဘ ထိုင်ရာ အင်းပျဉ်ကို ဆေးကြောခြင်း
၁၅ ကဋ္ဌဝါဟနဇာတ် ဟောတော်မူခြင်း
၁၆ မလ္လိကာ၏ ချင်ခြင်းနှင့် ဗန္ဓုလ၏ သူရသတ္တိ
၁၇ ဗန္ဓုလမြှားဖြင့် လိစ္ဆဝီမင်းများ ပျက်စီးပုံ
၁၈ သားတို့နှင့်တကွ ဗန္ဓုလစစ်သူကြီး အနိစ္စရောက်ခြင်း
၁၉ ကောသလမင်းကြီး နတ်ရွာစံခြင်း
၂၀ ဝိဋဋူဘ သာကီဝင်မင်းမျိုးဆက် ဖြတ်ခြင်း
၂၁ ဘိုးတော်မဟာနာမ် နဂါးပြည်၌ တဆဲ့နှစ်နှစ် နေခြင်း
၂၂ ဝိဋဋူဘတို့ ပျက်စီးပုံ
၂၃ သာကီဝင်တို့၏ ရှေးကံနှင့် ဝိဋဋူဘတို့၏ နှလုံးအလိုမပြည့်ခြင်း
၂၄ ဒေသနာတော်
၂၅ ဂါထာအဓိပ္ပါယ်
၂၆ ဒေသနာဟော်၏အကျိုး

၄ - ပတိပူဇိကာ သတို့သ္မီးဝတ္ထု
၂၇ တစ်ဦးသော နတ်သ္မီး နတ်ပြည်မှ စုတေခြင်း
၂၈ လူတို့၏ အခြေအနေကို ကြားရ၍ မာလဘာရီ နတ်သား ထိတ်လန့်ခြင်း
၂၉ ရဟန်းများနှင့် ကွယ်လွန်သူ ပတိပူဇိကာ
၃ဝ ဒေသနာတော်
၃၁ ဒေသနာတော်၏အကျိုး

၅ - မစ္ဆရိယကာသိယသူဌေးဝတ္ထု
၃၂ သူဌေးကြီး၏ မုံ့အိုးကင်းတဏှာ
၃၃ ရှင်မောဂ္ဂလာန်၏ တန်ခိုး
၃၄ သူဌေးကြီးလင်မယား သောတာပန်တည်ခြင်း
၃၅ ဒေသနာတော်
၃၆ ဒေသနာတော်၏ အကျိုး
၃၇ ဣလ္လိသဇာတ် အကျဉ်း

၆ - ပါဝေယျကမည်သော တက္ကတွန်းဝတ္ထု
၃၈ ဘုရားအား တက္ကတွန်းငြူစူခြင်း
၃၉ တက္ကတွန်းနားနှင့် သာဓုခေါ်သံ
၄ဝ ဒေသနာတော်
၄၁ ဒေသနာတော်၏အကျိုး

၇ - ဆတ္တပါဏိ ဥပါသကာဝတ္ထု
၄၂ ဘုရားမျက်မှောက် ဘုရင့်ဂုဏ်ပျောက်ခြင်း
၄၃ ဘုရားမျက်ကွယ် ဘုရင့်ဂုဏ်ကြွယ်ခြင်း
၄၄ စာသင်လေ့ရှိသော မိဖုယားအကြောင်း
၄၅ ဒေသနာတော်
၄၆ ဒေသနာတော်၏အကျိုး

၈ - ဝိသာခါဝတ္ထု
၄၇ ခုနစ်နှစ်သ္မီး ဝိသာခါ သောတာပန် တည်ခြင်း.
၄၈ သာကေတမြို့ တည်ခြင်း
၄၉ မိန်းမတို့၏ ကောင်းခြင်းငါးပါး
၅ဝ ပုဏ္ဏဝဍ္ဎနသတို့သားအား သတို့သ္မီးအရှာ ထွက်ခြင်း
၅၁ လျင်မြန်စွာ မသွားသင့်သူ လေးယောက်
၅၂ ဝိသာခါ လက်ထပ်ပန်းကုံး လက်ခံခြင်း
၅၃ မင်္ဂလာဆောင်ပွဲအတွက် ဝိသာခါ စီမံပုံ
၅၄ မင်္ဂလာဆောင်ပွဲ၌ ထင်း မလောက်နိုင်ပုံ
၅၅ မဟာလတာ တန်းဆာ၏ ပုံစံတန်ဖိုး သင်္ကန်းအကျိုး
၅၆ လက်ဖွဲ့လိုက်သော ပစ္စည်းများ
၅၇ မင်္ဂလာဆောင် သတို့သ္မီးအား ဆုံးမ၍ပို့ခန်း
၅၈ ဝိသာခါ လောကတ် ကျေပြွန်ခြင်း
၅၉ ဝိသာခါအမှုရောက်ပုံ
၆ဝ ဝိသာခါ၌ ပြစ်မှုမရှိခြင်း
၆၁ ဩဝါဒဆယ်ပါးအနက် အဓိပ္ပါယ်အကျယ်
၆၂ ချွေးမအား တောင်းပန်ခြင်းနှင့် ဘုရားပင့် ခွင့်ပြုခြင်း
၆၃ အစေလက တက္ကတွန်းတို့ ဩဇာကြီးခြင်း
၆၄ မိဂါရသူဌေးကြီးက မိခင်အလား အားထားပုံ
၆၅ ဝိသာခါ၏ အခြံအရံအကြောင်း
၆၆ ဝိသာခါကို ဆင်ပြောင်ဖြင့် ခွန်အားစမ်းခြင်း
၆၇ မဟာလတာတန်းဆာ မေ့ကျန်ရစ်ခြင်း
၆၈ သုပ္ပိယာဒါယိကာမ၏ စေတနာထက်သန်ပုံ
၆၉ မဟာလတာ တန်းဆာကို ရောင်း၍ ဘုရားအား လျှောက်ထားခြင်း
၇၀ ဘုရားရှင်၏ မိန့်ခွန်းတော်အတိုင်း ကျောင်းဆောက်ခြင်း
၇၁ ရှင်မောဂ္ဂလာန် စီမံပေးခြင်း
၇၂ အဆွေခင်ပွန်းမတယောက် ကုသိုလ်ပါဝင်ခြင်း
၇၃ ကျောင်းသာဓုခေါ်ခြင်း
၇၄ ဝိသာခါ၏ ဥဒါန်းဂါထာများ
၇၅ ဝိသာခါ၏ ရှေးကောင်းမှု ဆုတောင်း
၇၆ ကိကီမင်းကြီး၏သ္မီး သံဃဒါသီဖြစ်ခြင်း
၇၇ ဒေသနာတော်
၇၈ ဒေသနာတော်၌ မှတ်ဖွယ် အဓိပ္ပါယ်
၇၉ ဒေသနာတော်၏ အကျိုး

၉ - အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု
၈၀ လေအောက် လေထက် မွှေးကြိုင်သော နံ့သာ
၈၁ ဒေသနာတော်
၈၂ ဒေသနာတော်၏ အကျိုး

၁၀ - အရှင်မဟာကဿပ မထေရ်အား ဆွမ်းလှူသောဝတ္ထု
၈၃ သိကြားမင်း လူအိုလူမွဲ ဟန်ဆောင်ခြင်း
၈၄ လူအိုအိမ်သို့ ရှင်မဟာကဿပ ဆွမ်းခံကြွခြင်း
၈၅ သိကြားမင်း ဒုက္ခကြီးပုံ
၈၆ မြတ်စွာဘုရား ဥဒါန်းကျူးခြင်း
၈၇ ဒေသနာတော်
၈၈ ဒေသနာတော်၏အကျိုး

၁၁ - ဂေါဓိကမထေရ် ပရိနိဗ္ဗာနဝတ္ထု
၈၉ ဂေါဓိကမထေရ် ပရိနိဗ္ဗာန်စံယူခြင်း
၉ဝ မာရ်နတ် လိုက်လံရှာဖွေခြင်း
၉၁ ဒေသနာတော်
၉၂ ဒေသနာတော်၏အကျိုး

၁၂ - ဂရဟ ဒိန္နသူကြွယ်ဝတ္ထု
၉၃ နိဂဏ္ဍတို့အား သိရိဂုတ္တ သူကြွယ် ပင့်ဖိတ်စေခြင်း
၉၄ သိရိဂုတ္တသူကြွယ်အိမ်၌ စီမံထားပုံ
၉၅ နိဂဏ္ဌတို့ကို မစင်တွင်း၌ချ၍ ညှဉ်းပန်းခြင်း
၉၆ ဂရဟဒိန္န တရားစွဲဆိုခြင်း
၉၇ တရားရှုံးသဖြင့် လက်စားချေရန် အားထုတ်ခြင်း
၉၈ မြတ်စွာဘုရား မြင်တော်မူပုံ
၉၉ ဂရဟဒိန္န မီးကျီးတွင်း စီရင်ပုံ
၁၀၀ မီးကျီးတွင်း၌ ကြာပန်းပေါက်ခြင်း
၁ဝ၁ အချဉ်းနှီးသောအိုး၌ ဆွမ်းစသည် ပြည့်နေခြင်း
၁ဝ၂ ဒေသနာတော်
၁၀၃ ဒေသနာတော်၏ အကျိုး
၁၀၄ ခဒီရင်္ဂါရဇာတ် ဟောခြင်းအမြွက်

၅ - ဗာလဝဂ်

၁ - မထင်ရှားငသာ ယောကျ်ားဝတ္ထု
၁၀၅ မယားလိုချင်သဖြင့် လင်အား ရာထူးပေးခြင်း
၁ဝ၆ ကြာပန်းနှင့် မြေနီ ယူခိုင်းခြင်း
၁ဝ၇ အမျှဝေခြင်း အကျိုး
၁၀၈ မြို့တံခါး ပိတ်ထား၍ ကျောင်းသို့သွားခြင်း
၁ဝ၉ ဒု သ န သောဟု ကြားရပုံ
၁၁ဝ ဒု သ န သော ပုဏ္ဏားကိန်း ဆင်ပုံ
၁၁၁ မလ္လိကာ မိဖုယားက ဘုရားထံ ခေါ်သွားခြင်း
၁၁၂ ဒု သ န သော အတိတ်ဝတ္ထု
၁၁၃ ဒု သ န သော အကျယ် ဂါထာ
၁၁၄ မင်းခယောက်ျားနှင့်ပေါင်းဆုံမိခြင်း
၁၁၅ ဒေသနာတော်
၁၁၆ ဒေသနာတော်၏ အကျိုး
၁၁၇ မလ္လိကာ၏ ဂုဏ်ကျေးဇူး ပြောဆိုကြခြင်း
၁၁၈ ဗလိနတ်စာ ပူဇော်ခြင်း အတိတ်ဝတ္ထု
၁၁၉ ဓမ္မဒိန္နာ မိဖုယား ငိုခြင်းနှင့် ရယ်ခြင်း
၁၂ဝ ဗာရာဏသီမင်းကြီး တောင်းပန်ကန်တော့ခြင်း

၂ - မဟာကဿပ မထေရ်မြတ်၏ တပည့်ဝတ္ထု
၁၂၁ တပည့်လိမ္မာ အလိမ်ပေါ်ခြင်း
၁၂၂ ရန်ငြိုးကြီးသဖြင့်ကျောင်းမီးရှို့ခြင်း
၁၂၃ ဘုရားအား လျှောက်ထားခြင်း
၁၂၄ မျောက်နှင့် စာပေါင်းသောင်း အတိတ်ဝတ္ထု
၁၂၅ ဒေသနာတော်
၁၂၆ ဒေသနာတော်၌ မှတ်ဖွယ်
၁၂၇ ဒေသနာတော်၏အကျိုး

၃ - အာနန္ဒာသူဌေးကြီးဝတ္ထု
၁၂၈ အာနန္ဒာ သူဌေးကြီးသေ၍ လူ့ပြိတ္တာ ဖြစ်ခြင်း
၁၂၉ ဘဝဟောင်းက ရွှေအိုးများ ဖေါ်ပြခြင်း
၁၃ဝ ဒေသနာတော်
၁၃၁ ဒေသနာတော်၏အကျိုး

၄ - အထုပ်ဖြေတတ်သော ခိုးသူနှစ်ယောက်ဝတ္ထု
၁၃၂ ခါးပိုက်နှိုက်သမား သောတာပန် တည်ခြင်း
၁၃၃ ဒေသနာတော်
၁၃၄ ဒေသနာတော်၌ မှတ်ဖွယ်
၁၃၅ ဒေသနာတော်၏အကျိုး

၅ - အရှင်ဥဒါယီ မထေရ်ဝတ္ထု
၁၃၆ တရားမရဘဲ ပလ္လင်ထိုင်ခြင်း
၁၃၇ ဒေသနာတော်
၁၃၈ ဒေသနာတော်၏အကျိုး

၆ - သုံးကျိပ်မျှသော ပါဝေယျကတိုင်းသား ရဟန်းတို့ဝတ္ထု
၁၃၉ တခဏဖြင့် တရားသိခြင်း
၁၄ဝ ဒေသနာတော်
၁၄၁ ဒေသနာတော်၏အကျိုး

၇ - သုပ္ပဗုဒ္ဓ လူနူဝတ္ထု
၁၄၂ တရားခုနစ်ပါးဆောင် သေအောင်မမွဲခြင်း
၁၄၃ သုပ္ပဗုဒ္ဓ နွားဝှေ့ခြင်း အတိတ်ကံ
၁၄၄ ဒေသနာတော်
၁၄၅ ဒေသနာတော်၏အကျိုး

၈ - လယ်ထွန်ယောက်ျားဝတ္ထု
၁၄၆ ငွေထုပ်လော မြွေဆိုးလော မှတ်သားဖွယ်
၁၄၇ ဘုရားကြောင့် အသက်ဘေးမှ ချမ်းသာခြင်း
၁၄၈ ဒေသနာတော်
၁၄၉ ဒေသနာတော်၏အကျိုး

၉ - သုပနပန်းသည်ဝတ္ထု
၁၅ဝ အသက်မငဲ့ဘဲ စွန့်စားကာ လှူဒါန်းခြင်း
၁၅၁ ဘုရားရှင် တန်ခိုးတော်၏ အံ့ဩဖွယ်
၁၅၂ လင်အလှူရဲခြင်းကြောင့် မယားစိတ်ပူပန်ခြင်း
၁၅၃ သုမနပန်းသည် သဗ္ဗဋ္ဌက ဆုရခြင်း
၁၅၄ ပစ္စေကဗောဓိဆု ဗျာဒိတ်ပေးခြင်း
၁၅၅ ဒေသနာတော်
၁၅၆ ဒေသနာတော်၏အကျိုး

၁၀ - ဥပ္ပလဝဏ်ထေရီမဝတ္ထု
၁၅၇ ဆီမီးလျှံ၌ နိမိတ်ယူ၍ ရဟန္တာမ ဖြစ်ခြင်း
၁၅၈ နန္ဒလုလင်ပြစ်မှား၍ မြေမျိုခြင်း
၁၅၉ ဒေသနာတော်
၁၆ဝ ဒေသနာတော်၏အကျိုး
၁၆၁ ဘိက္ခုနီမတို့ ရွာ၌သာနေရန် စီမံခြင်း

၁၁ - ဇမ္ဗုကပထေရ်ဝတ္ထု
၁၆၂ ဒါယကာအပေါ် မကျေနပ်၍ ရဟန္တာအား ဆဲရေးမိခြင်း
၁၆၃ ဒါယကာနှင့်စပ်၍ ဝန်တိုခြင်း
၁၆၄ မကောင်းကျိုး ရရှိပုံ
၁၆၅ သားပျက်ကို အာဇီဝက ပြုစေခြင်း
၁၆၆ အာဇီဝကတို့က နှင်ထုတ်ခြင်း
၁၆၇ ဘုရားဉာဏ်တော်၌ ထင်လာ၍ ကြွသွားခြင်း
၁၆၈ ဘုရားထံ နတ်မင်း သိကြား ဗြဟ္မာတို့လာကြခြင်း
၁၆၉ ဇမ္ဗုကရဟန္တာဖြစ်၍ ဝဋ်ကျွတ်ခန်း
၁၇ဝ ဇမ္ဗုကမထေရ် တန်ခိုးပြခြင်း
၁၇၁ ဒေသနာတော်
၁၇၂ ဒေသနာတော်၏အကျိုး

၁၂ - မြွေပြိတ္တာဝတ္ထု
၁၇၃ မြွေပြိတ္တာ၏ ဆင်းရဲခြင်း
၁၇၄ သံဃာ့ဦးစား၍ ကျီးပြိတ္တာဖြစ်ရခြင်း
၁၇၅ ကျောင်းမီးရှို့သဖြင့် မြွေပြိတ္တာဖြစ်ခြင်း
၁၇၆ ဒေသနာတော်
၁၇၇ ဒေသနာတော်၏အကျိုး

၁၃ - သဋ္ဌိကူဋ ပြိတ္တာဝတ္ထု
၁၇၈ တူမခြောက်သောင်း အထုခံရသောပြိတ္တာ
၁၇၉ ပုရောဟိတ်ခံတွင်း ဆိတ်မစင် ပစ်သွင်းခြင်း
၁၈ဝ အတတ်ပညာ အသုံးမှားသဖြင့် ပြိတ္တာဖြစ်ခြင်း
၁၈၁ ဒေသနာတော်
၁၈၂ ဒေသနာတော်၏အကျိုး

၁၄ - စိတ္တသူကြွယ်ဝတ္ထု
၁၈၃ စိတ္တသူကြွယ်သည် အာဂန္တုတို့အား ဆွမ်းစားပင့်ခြင်း
၁၈၄ သုဓမ္မရဟန်း ဒါယကာကို အမျက်ထွက်ခြင်း
၁၈၅ ဒေသနာတော်
၁၈၆ ဒေသနာတော်၏အကျိုး
၁၈၇ သုဓမ္မမထေရ် ရဟန္တာဖြစ်ခြင်း
၁၈၈ စိတ္တသူကြွယ် သာဝတ္ထိပြည်သို့ ဘုရားဖူးသွားခြင်း
၁၈၉ စိတ္တသူကြွယ် ဘုရားဖူးစဉ် ပန်းမိုးရွာခြင်း
၁၉ဝ ဘုရားအထံ၌ တလတိတိနေ၍ အလှူလှူခြင်း
၁၉၁ ဘုရားဖူးအပြန် ရတနာခုနစ်ပါး အပြည့်ရခြင်း
၁၉၂ မုဆိုးဘဝ ရှေးကောင်းမှု ဆုတောင်း

၁၅ - ဝနဝါသီ တိဿ သာမဏေဝတ္ထု
၁၉၃ မဟာသေနပုဏ္ဏားကြီး ဆင်းရဲခိုက် အလှူပေးခြင်း
၁၉၄ မဟာသေနပုဏ္ဏား တဖြစ်လဲ ကျေးဇူးသိတတ်ခြင်း
၁၉၅ တိဿအမည်မှည့်ခြင်းနှင့် ကျောင်းတော်သို့ပို့ခြင်း
၁၉၆ ရှင်ပြုခြင်းနှင့် အမည်ထူးရခြင်း
၁၉၇ ကမ္ဗလာအလှူခံကြွခြင်းနှင့် သဝန်တိုသောသူ
၁၉၈ ခုနစ်နှစ်အရွယ်တွင် ကမ္ဗလာတထောင်ရခြင်း
၁၉၉ ခုနစ်နှစ်သားအတွင်း တောနေသဖြင့် လေးမည်ရခြင်း
၂၀၀ တောကျောင်းနေ ကိုရင်တိဿ ရဟန္တာဖြစ်ခြင်း
၂၀၁ ရှင်သာရိပုတြာစသော သံဃာလေးထောင် ကြွရောက်ခြင်း
၂ဝ၂ အမိန့်အရ လက်သုံးဆုပေးနှစ်ပုဒ် တရားချဲ့ဟောခြင်း
၂၀၃ တရားအဆုံး အချို့အမျက်ထွက်သဖြင့် ဘုရားကြွခြင်း
၂ဝ၄ ဘုရားရှင် စေ့စပ်ရေး ဟောသဖြင့် ကျေနပ်ကြခြင်း
၂၀၅ သမုဒြာမြင်ရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ
၂၀၆ အိပ်ရာနေရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ
၂၀၇ မသေဖူးသော အရပ်၌ ပရိနိဗ္ဗာန်စံသော ရှင်အာနန္ဒာ အကြောင်း
၂၀၈ ကိုရင်တိဿ တော၌ မွေ့လျော်ခြင်းနှင့် ဘုရားပြန်ကြွခြင်း
၂ဝ၉ အစည်းအဝေး၌ ရဟန်းတို့ပြောသောစကား
၂၁ဝ ဒေသနာတော်
၂၁၁ ဒေသနာတော်၌ မှတ်ဖွယ်အဓိပ္ပါယ်
၂၁၂ ဒေသနာတော်၏အကျိုး

၆ - ပဏ္ဍိတဝဂ်

၁ - ရာဓမထေရ်ဝတ္ထု
၂၁၃ ပုဏ္ဏားအို၏ကျေးဇူးကို ရှင်သာရိပုတြာ သိတော်မူပုံ
၂၁၄ သူ့ကျေးဇူးသိဖူးပုံ အလီနစိတ္တဇာတ်အမြွက်
၂၁၅ ဒေသနာတော်
၂၁၆ ဒေသနာတော်၌ မှတ်ဖွယ်အဓိပ္ပါယ်
၂၁၇ ဒေသနာတော်၏အကျိုး

၂ - အဿဇိပုနဗ္ဗသုကရဟန်းတို့ဝတ္ထု
၂၁၈ ဆုံးမတတ်သူ လူမိုက်မုန်းခြင်း
၂၁၉ ဒေသနာတော်
၂၂ဝ ဒေသနာတော်၏အကျိုး

၃ - ဆန္ဒမထေရ်ဝတ္ထု
၂၂၁ ဂုဏ်ကြီးသူအား အဆဲသန်ခြင်း
၂၂၂ ဒေသနာတော်
၂၂၃ ဒေသနာတော်၏အကျိုး
၂၂၄ ဗြဟ္မဒဏ်ခံရမှ ရဟန္တာဖြစ်ခြင်း

၄ - မဟာကပ္ပိနမထေရ်ဝတ္ထု
၂၂၅ ရက်ကန်းသည်တထောင် ပစ္စေကဗုဒ္ဓါတို့အား ကိုးကွယ်ခြင်း
၂၂၆ ကဿပဘုရားလက်ထက် ကျောင်းဆောက်လှူဒါန်းခြင်း
၂၂၇ ယခုဘုရားလက်ထက် ကပ္ပိနမင်းကြီး စသည်ဖြစ်ခြင်း
၂၂၈ ရတနာသုံးပါး သတင်းကြား၍ သုံးသိန်း ဆုတော်ချခြင်း
၂၂၉ မင်းစည်းစိမ်စွန့်၍ တောထွက်ခြင်း
၂၃၀ မြတ်စွာဘုရားကြွသွား၍ ကြိုဆိုခြင်း
၂၃၁ ဂုဏ်တော်အာရုံပြုလျက် မြစ်သုံးတန် မြင်းဖြင့်ကူးခြင်း
၂၃၂ ဘုရားထံရောက်၍ ဧဟိဘိက္ခု ရဟန်းဖြစ်ကြခြင်း
၂၃၃ အနောဇာဒေဝီမိဖုယား သုံးဆဆုချခြင်း
၂၃၄ အနှောဇာဒေဝီ ရထားစီး၍ တောထွက်ရာ မြစ်ကိုကူးခြင်း
၂၃၅ အနောဇာဒေဝီတို့ သောတာပန် မဟာကပ္ပိနတို့ ရဟန္တာဖြစ်ခြင်း
၂၃၆ အနောဇာဒေဝီတို့ ရဟန်းပြု၍ ရဟန္တာမ ဖြစ်ကြခြင်း
၂၃၇ ဒေသနာတော်
၂၃၈ ဒေသနာတော်၏အကျိုး

၅ - ပဏ္ဍိတသာမဏေဝတ္ထု
၂၃၉ ကဿပ ဘုရားလက်ထက် နိဗ္ဗာန်ဆော် စာရင်းယူခြင်း
၂၄၀ မဟာဒုဂ် ရဟန်းတပါးအတွက် တာဝန်ခံခြင်း
၂၄၁ မဟာဒုဂ် လင်မယား ထင်းပေါက်ဆန်ဖွပ်ကြခြင်း
၂၄၂ ဆွမ်းကျွေးရန် ငါးကြင်းလေးကောင် တံငါသည်က ပေးခြင်း
၂၄၃ ဘုရားနှင့် သိကြားမင်းတို့ မဟာဒုဂ်ကို ကြည့်ရှုခြင်း
၂၄၄ မဟာဒုဂ် သံဃာမရ၍ ကျောင်းတော်သို့သွားခြင်း
၂၄၅ မဟာဒုဂ် ဘုရားသပိတ်တော် ရလာခြင်း
၂၄၆ မဟာဒုဂ်အိမ်ကုပ်၌ ကဿပဘုရားအား မင်းကြီးလျှောက်ကြားပုံ
၂၄၇ ရတနာမိုဃ်းရွာ၍ မဟာဒုဂ်သူဌေးကြီးဖြစ်ခြင်း
၂၄၈ ယခုဘုရားလက်ထက် အမျိုးသားပဏ္ဍိတ ဖြစ်လာခြင်း
၂၄၉ မဟာဒုဂ်တဖြစ်လဲ မောင်ပဏ္ဍိတ ရှင်ပြုခြင်း
၂၅ဝ ရေမြောင်းစသည် မြင်ရာ ကိုရင်ပဏ္ဍိတ ဆင်ခြင်ပုံ
၂၅၁ တရားအားထုတ်သော ရှင်ပဏ္ဍိတအား သိကြားစောင့်ရှောက်ပုံ
၂၅၂ အောက်ဖိုလ်သုံးပါးရ၍ ဘုရားရှင်ကြွသွား စောင့်ရှောက်ပုံ
၂၅၃ ပြဿနာလေးပါး ဖြေဆိုစဉ် ရဟန္တာဖြစ်ခြင်း
၂၅၄ နေလွဲမှဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း
၂၅၅ ဒေသနာတော်
၂၅၆ ဒေသနာတော်၏အကျိုး

၆ - လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထု
၂၅၇ ရဟန္တာအား တုန်လှုပ်ခြင်းမရှိကြောင်း
၂၅၈ ဒေသနာတော်
၂၅၉ ဒေသနာတော်၏အကျိုး

၇ - ကာဏမာတာဝတ္ထု
၂၆ဝ ကာဏာသတို့သ္မီး နှလုံးမသာမယာ ဖြစ်ရခြင်း
၂၆၁ ကာဏာသည် လောကုတ် လောကီ စည်းစိမ်နှစ်လီရခြင်း
၂၆၂ တောကြောင်ကြီး လေးစီးဇာတ် အမြွက်
၂၆၃ ဒေသနာတော်
၂၆၄ ဒေသနာတော်၏အကျိုး

၈ - ရဟန်းငါးရာဝတ္ထု
၂၆၅ စားကြွင်းစား အစာဝ ဣန္ဒြေမရ ဖြစ်ခြင်းအကြောင်း
၂၆၆ ဝါလောဒက ဇာတ်အမြွက်
၂၆၇ ဒေသနာတော်
၂၆၈ ဒေသနာတော်၏အကျိုး

၉ - ဓမ္မိကမထေရ်ဝတ္ထု
၂၆၉ တဦးနောက် တဦးလိုက်၍ တရားကျင့်ခြင်း
၂၇ဝ ဒေသနာတော်
၂၇၁ ဒေသနာတော်၏အကျိုး

၁ဝ - ဓမ္မသဝနဝတ္ထု
၂၇၂ မရိုမသေ တရားနာကြခြင်း
၂၇၃ ဒေသနာတော်
၂၇၄ ဒေသနာတော်၏အကျိုး

၁၁ - အာဂန္တုရဟန်းငါးရာဝတ္ထု
၂၇၅ ဝါကျွတ်သောအခါ ဘုရားဖူးသွားကြခြင်း
၂၇၆ ဒေသနာတော်
၂၇၇ ဒေသနာတော်၏အကျိုး

၇ – အရဟန္တဝဂ်

၁ - ဇီဝကပဉှာဝတ္ထု
၂၇၈ အနာဆေးစည်းခြင်းကြောင့် အပူကို မေးလျှောက်ခြင်း
၂၇၉ ဒေသနာတော်
၂၈ဝ ဒေသနာတော်၏အကျိုး

၂ - မဟာကဿပ မထေရ်ဝတ္ထု
၂၈၁ အရှင်မဟာကဿပအား ရဟန်းတို့ကဲ့ရဲ့ခြင်း
၂၈၂ ရွှေလမင်းနှင့်တူကြောင်း ဘုရားချီးမွမ်းခြင်း
၂၈၃ ဒေသနာတော်
၂၈၄ ဒေသနာတော်၏အကျိုး

၃ - ဗေလဋ္ဌသီသ မထေရ်ဝတ္ထု
၂၈၅ ထမင်းခြောက်လှမ်းသဖြင့် သိက္ခာပုဒ်ပညတ်ခြင်း
၂၈၆ ဒေသနာတော်
၂၈၇ ဒေသနာတော်၏အကျိုး

၄ - အနုရုဒ္ဓါ မထေရ်ဝတ္ထု
၂၈၈ သင်္ကန်းချုပ်ရာ၌ ဘုရားရှင် အပ်နဖါးထိုးပေးခြင်း
၂၈၉ ဒေသနာတော်
၂၉ဝ ဒေသနာတော်၏အကျိုး

၅ - မဟာကစ္စာယနမထေရ်ဝတ္ထု
၂၉၁ သိကြားနတ်မင်းတို့ ချစ်ခင်မြတ်နိုးခြင်း
၂၉၂ ဒေသနာတော်
၂၉၃ ဒေသနာတော်၏အကျိုး

၆ - အရှင်သာရိပုတြာမထေရ်ဝတ္ထု
၂၉၄ အရှင်သာရိပုတြာအပေါ်၌ ရိုက်မှုဖြင့် စွဲဆိုခြင်း
၂၉၅ အရှင်သာရိပုတြာ ထုချေရာ၌ မြေလှုပ်ခြင်း
၂၉၆ စွပ်စွဲသောရဟန်း တောင်းပန်ခြင်း
၂၉၇ ဒေသနာတော်
၂၉၈ ဒေသနာတော်၌ မှတ်ဖွယ်
၂၉၉ ဒေသနာတော်၏အကျိုး

၇ - ကောသမ္ဗီဝါသီတိဿမထေရ်၏ သာမဏေဝတ္ထု
၃ဝဝ တပည့်လိမ္မာ ဆရာ အာပတ်လွတ်ခြင်း
၃ဝ၁ တပည့်မျက်စိပျက်၍ ဆရာပင်ပန်းခြင်း
၃ဝ၂ ဒေသနာတော်
၃ဝ၃ ဒေသနာတော်၏အကျိုး

၈ - အရှင်သာရိပုတြာ မထေရ်ဝတ္ထု (ဒုတိယ)
၃ဝ၄ အရှင်သာရိပုတြာ မိစ္ဆာအယူ မစွန့်သေးဟုဆိုခြင်း
၃ဝ၅ ဒေသနာတော်
၃၀၆ စကားထာဝှက် ပဟေဠိအနက်
၃ဝ၇ ဒေသနာတော်၏အကျိုး

၉ - ရှားတောနေ ရှင်ရေဝတမထေရ်ဝတ္ထု
၃ဝ၈ ခုနစ်နှစ်သားရေဝတ မင်္ဂလာဆောင်ပွဲ
၃ဝ၉ ရေဝတသတို့သား ထွက်ပြေး၍ သာမဏေပြုခြင်း
၃၁ဝ ဘုရားနှင့် အရှင်သာရိပုတြာတို့ ကြွသွားခြင်း
၃၁၁ ရှင်သီဝလိ လာဘ်ပေါခြင်း ဘုန်းတန်ခိုး
၃၁၂ ရဟန်းကြီးနှစ်ပါး ဒုက္ခတွေ့ပုံ
၃၁၃ ပြန်ရောက်သောအခါ ဝိသာခါအား ပြောကြားကြပုံ
၃၁၄ ဒေသနာတော်
၃၁၅ ဒေသနာတော်၏အကျိုး
၃၁၆ ရှင်သီဝလိ အတိတ်ကံ မေးလျှောက်ခြင်း
၃၁၇ ဝိပဿီဘုရားလက်ထက် ကုသိုလ်ပြိုင်ပွဲ
၃၁၈ ပျားရည်အလှူဝင်သူ ဇနပုဒ်သားအကြောင်း
၃၁၉ ရှင်သီဝလိ သားအမိတို့၏ ကြောက်ဖွယ်ဝိပါက်
၃၂ဝ ကိုရှင်ရေဝတအကြောင်း စကားစပ်

၁၀ - မထင်ရှားသော မိန်းမတယောက်ဝတ္ထု
၃၂၁ တကဲ့ ဝဲဇလုပ် တကဲ့ လှေသင်္ဘောသဖွယ်
၃၂၂ ဒေသနာတော်
၃၂၃ ဒေသနာတော်၏အကျိုး

၈ - သဟဿဝဂ်

၁ - တမ္ဗဒါဋ္ဌိက ခိုးသူသတ်ယောကျ်ားဝတ္ထု
၃၂၄ ခိုးသူသတ်ရာထူး ငါးဆဲ့ငါးနှစ် အမှုထမ်းသူ
၃၂၅ ရာထူးမှ ရွေ့လျောသောအခါ စည်းစိမ်ခံစားခြင်း
၃၂၄ အရှင်သာရိပုတြာ တရားဟော ကျွမ်းကျင်ပုံ
၃၂၅ ခိုးသူသတ် ယောက်ျား တရားနာကျိုး ဝမ်းမြောက်ဖွယ်
၃၂၆ ဒေသနာတော်
၃၂၇ ဒေသနာတော်၏အကျိုး

၂ - ဗာဟိယဒါရုစီရိယမထေရ်ဝတ္ထု
၃၂၈ သူတပါးစကားကြောင့် အကြံမှားပုံ
၃၂၉ ရဟန်း ၇-ပါးတောင်ပေါ်တက်၍ တရားအားထုတ်ခြင်း
၃၃ဝ မိတ်ဟောင်းဗြဟ္မာကြီး စောင်မခြင်း
၃၃၁ ဘုရားရှင်အား တရားဟောရန် တောင်းပန်ခြင်း
၃၃၂ ရဟန္တာဖြစ်ခြင်းနှင့် နွားဝှေ့သတ်ခြင်း
၃၃၃ စေတီတည်ခြင်းနှင့် ခိပ္ပါဘိညဧတဒဂ်ပေးခြင်း
၃၃၄ ဒေသနာတော်
၃၃၅ ဒေသနာတော်၏အကျိုး

၃ - ကုဏ္ဍလကေသီထေရီမဝတ္ထု
၃၃၆ သူဌေးသ္မီးဖြစ်လျက် ခိုးသူနှင့် အကြောင်းဆက်ခြင်း
၃၃၇ သူဌေးသ္မီးကိုသတ်၍ ပစ္စည်းယူရန်ကြံစည်ပုံ
၃၃၈ သူဌေးသ္မီး သနားစရာ တောင်းပန်ခြင်း
၃၃၉ ခိုးသူသေသဖြင့် နတ်သာဓုခေါ်ခြင်း
၃၄၀ လင်သတ်ပြီးနောက် ပရိဗိုဇ်မ ပြုခြင်း
၃၄၁ ရှင်သာရိပုတြာနှင့် တွေ့၍ အယူဝါဒ ပြောဆိုခြင်း
၃၄၂ ရဟန်းမိန်းမပြု၍ ရဟန္တာမ ဖြစ်ခြင်း
၃၄၃ ဒေသနာတော်
၃၄၄ ဒေသနာတော်၏အကျိုး

၄ - အနတ္တပုစ္ဆက ပုဏ္ဏားဝတ္ထု
၃၄၅ ဒေသနာတော်
၃၄၆ ဒေသနာတော်၏အကျိုး

၅ - အရှင်သာရိပုတြာ၏ ဦးရီးပုဏ္ဏားကြီးဝတ္ထု
၃၄၇ ဗြဟ္မာ့ပြည် တောင့်တ၍ တက္ကတွန်းအား လှူခြင်း
၃၄၈ ဒေသနာတော်
၃၄၉ ဒေသနာတော်၏အကျိုး

၆ - အရှင်သာရိပုတြာ၏ တူဝတ္ထု
၃၅ဝ ဗြဟ္မာ့ပြည်တောင့်တ၍ သားကောင်ဖြင့် မီးပူဇော်ခြင်း
၃၅၁ ဒေသနာတော်
၃၅၂ ဒေသနာတော်၏အကျိုး

၇ - အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏားဝတ္ထု
၃၅၃ ဗြဟ္မာ့ပြည်တောင့်တ၍ ယဇ်ကြီးပူဇော်ခြင်း
၃၅၄ ဒေသနာတော်
၃၅၅ ဒေသနာတော်၏အကျိုး

၈ - အာယုဝဍ္ဎန သတို့သားဝတ္ထု
၃၅၆ အန္တရာယ် မကင်းသဖြင့် ဆုမပေးခြင်း
၃၅၇ အန္တရာယ်ကင်းအောင် ပရိတ်ရွတ်ခြင်း
၃၅၈ အသက်တရာ့နှစ်ဆယ် ရှည်မည်ဆိုခြင်း
၃၅၉ ဒေသနာတော်
၃၆ဝ ဒေသနာတော်၏အကျိုး

၉ - သံကိစ္စသာမဏေဝတ္ထု
၃၆၁ ဖြစ်လတ္တံ့သော ဘေးရန်ကို မြင်သိတော်မူခြင်း
၃၆၂ ရဟန္တာမဖြစ်ဘဲ မသေသေးသော ပုဂ္ဂိုလ်ထူး
၃၆၃ သံကိစ္စသာမဏေ တောကျောင်းသို့ ထည့်လိုက်ခြင်း
၃၆၄ ဝါဆိုနေ့၌ ကတိကဝတ်ပြုပုံ
၃၆၅ စားကြွင်းစားခေါ် လူဆင်းရဲရောက်လာခြင်း
၃၆၆ ခိုးသူဘေးကြောင့် စားကြွင်းစားကျေးဇူးကန်းပုံ
၃၆၇ ခိုးသူဘေးကြောင့် ရဟန်းသုံးကျိပ် တိုင်ပင်ခြင်း
၃၆ဂ သံကိစ္စသာမဏေကို ခိုးသူတို့ ရက်စက်စွာပြုပုံ
၃၆၉ သန်လျက်အသွား လိပ်သဖြင့် အချင်းချင်း တိုင်ပင်ပုံ
၃၇၀ ခိုးသားငါးရာတို့ ရဟန်းပြုကြခြင်း
၄၇၁ ဒေသနာတော်
၃၇၂ ဒေသနာတော်၏အကျိုး
၃၇၃ အဓိမုတ္တသာမဏေ၏ ခိုင်ခံ့သောသစ္စာ

၁ဝ–ခါဏုကောဏ္ဍညမထေရ်ဝတ္ထု
၃၇၄ သစ်ငုတ်ဟု ထင်ရလောက်အောင် တည်ကြည်ပုံ
၃၇၅ ဒေသနာတော်
၃၇၆ ဒေသနာတော်၏အကျိုး

၁၁ - သပ္ပဒါသမထေရ်ဝတ္ထု
၃၇၇ မြွေဆိုး မကိုက်သောရဟန်း
၃၇၈ လည်ပင်းကိုချိန်လျက် ကိလေသာကို လှီးခြင်း
၃၇၉ သပ္ပဒါသဟု အမည်ရပုံ
၃၈ဝ လူထွက်အောင် ပြုလုပ်ကြောင်း မကောင်းမှု
၃၈၁ ရဟန္တာဖြစ်ကြောင်း ကောင်းမှု
၃၈၂ ဒေသနာတော်
၃၈၃ ဒေသနာတော်၏အကျိုး

၁၂ - ပဋာစာရီထေရီမဝတ္ထု
၃၈၄ ပဋာစာရီ အရွယ်ရောက်စ ချွတ်ချော်ခြင်း
၃၈၅ လမ်း၌ သားဖွားခြင်း ဒုက္ခဆင်းရဲစွာ တွေ့ပုံ
၃၈၆ လင် မြွေကိုက်သေသဖြင့် ဒုက္ခတွေ့ပြန်ခြင်း
၃၈၇ သားငယ်စွန်ချီ သားကြီးရေမျော ဒုက္ခတွေ့ပြန်ခြင်း
၃၈၈ မိဘမောင်ဘား သေသည်ကြား၍ ရူးသွပ်ခြင်း
၃၈၉ ဘုရားရှင်နှင့် တွေ့မှ သတိပြန်ရခြင်း
၃၉၀ ပဋာစာရီ သောတာပန် တည်ခြင်း
၃၉၁ ဘိက္ခုနီမပြု၍ ရေအာရုံယူခြင်း
၃၉၂ ဒေသနာတော်
၃၉၃ ဒေသနာတော်၏အကျိုး

၁၃ - ကိသာဂေါတမီ ထေရီမဝတ္ထု
၃၉၄ မီးသွေးမှ ရွှေ ငွေဖြစ်သော သတို့သ္မီး ဘုန်းကံ
၃၉၅ ဘုန်းကံရှိသော်လည်း သားသေသဖြင့် ရူးသွပ်ခြင်း
၃၉၆ ပင်ပန်းမှ သတိရ၍ သောတာပန်တည်ခြင်း
၃၉၇ ဘိက္ခုနီမပြု၍ မီးအာရုံယူခြင်း
၃၉၈ ဒေသနာတော်
၃၉၉ ဒေသနာတော်၏အကျိုး

၁၄ - ဗဟုပုတ္တိကာထေရီမဝတ္ထု
၄ဝ၀ ယောက္ခမ၌ ချွေးမတို့၏ ဓမ္မတာသဘော
၄ဝ၁ ဒေသနာတော်
၄ဝ၂ ဒေသနာတော်၏အကျိုး
၄ဝ၃ နိဂုံး

ဓမ္မပဒဝတ္ထုတော်ကြီး ဒုတိယတွဲ မာတိကာပြီး၏။

---

ဓမ္မပဒဝတ္ထုတော်ကြီး (ဒုတိယတွဲ)

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၄ - ပုပ္ဖဝဂ်

၁ - မြေကြီးနှင့်စပ်သော စကား
ပြောကြားလေ့ရှိသော ရဟန်းငါးရာဝတ္ထု

ကောဣမံ ပထဝိံ ဝိစေဿတိ အစရှိသော ဤ တရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မြေကြီးနှင့်စပ်သော စကားကို ပြောကြားခြင်း၌ လေ့ကျက်ကုန်သော ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထို ငါးရာသော ရဟန်းတို့သည် ဘုရားရှင်နှင့် အတူတကွ ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော် မူကြပြီးသည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ပြန်လာ၍ ညချမ်းသောအခါ စည်းဝေး ခစားရာ ဖြစ်သော စရပ်၌ ထိုင်နေ စည်းဝေးကုန်လျက် မိမိတို့ ကိုယ်တိုင် ရောက်ရာရောက်ရာ အရပ်တို့၌ ဤမည်သောရွာမှ ဤမည်သောရွာသို့ သွားရာအရပ်၌ မြေညီညွတ်၏ မညီညွတ် ညွှန်ပျောင်းများ၏ ကျောက်စရစ် များ၏ မည်းနက်သောမြေစိုင်ရှိ၏ နီမြန်းသောမြေစိုင်ရှိ၏- ဤသို့အစရှိသည်ဖြင့် မြေကြီးနှင့် စပ်သော စကားကို ပြောကြားကာ နေကြလေကုန်၏။

ထိုအခါ ဘုရားသဗ္ဗညုသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခု ငါဘုရား ကြွလာဆဲကာလ၌ အဘယ်စကား ပြောကြားခြင်းဖြင့် စည်းဝေးနေထိုင်ကြသနည်းဟု မေးတော်မူသဖြင့် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော် တို့သည် လှည့်လည် သွားလာရာအရပ်၌ တွေ့မြင်ခဲ့သော မြေကြီးနှင့် စပ်သော စကား ပြောကြားခြင်းဖြင့် စည်းဝေး နေထိုင်ကြပါသည် ဘုရားဟု လျှောက်သည် ရှိသော် ချစ်သားရဟန်းတို့ ဤမြေကြီးသည် အပဖြစ်သော မြေကြီးမည်၏၊ သင်တို့သည် အတွင်းဖြစ်သောမြေကြီး၌ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း ပရိကံကို ပြုခြင်းငှါ သင့်၏ ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၄၄။ ကော ဣမံ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ဝိစေဿတိ။

၄၅။ သေခေါ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ဝိစေဿတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ကော၊ အဘယ်သူသည်။
ဣမံပထဝိံ၊ အတ္တဘောတည်းဟူသော အဇ္ဈတ္တမြေကြီးကို။
ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန် ရွေးချယ်နိုင်လတ္တံ့နည်း။
ယမလောကဉ္စ၊ အပါယ်လေးဘုံကို၎င်း။
သဒေဝကံ၊ နတ်ဘုံဗြဟ္မာဘုံနှင့် တကွသော။
ဣမံလောကဉ္စ၊ ဤလူ့ဘုံကို၎င်း။
ကော၊ အဘယ်သူသည်။
ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့နည်း ။
ကုသလော၊ လိမ္မာသော ပန်းသည်သည်။
ပုပ္ဖံ၊ ပန်းပွင့်ကို။
ဝိစိနန္တောဝိယ၊ ဝေဖန်ရွေးချယ်နိုင်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ကော၊ အဘယ်သူသည်။
သုဒေသိတံ၊ ကောင်းစွာ ဟောတော်မူအပ်သော။
ဓမ္မပဒံ၊ ဗောဓိပက္ခိယဓမ္မဟူသော တရားအစုကို။
ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ် နိုင်လတ္တံ့နည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
သေခေါ၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်သည်။
ဣမံ ပထဝိံ၊ ဤအတ္တဘောတည်းဟူသော အဇ္ဈတ္တမြေကြီးကို။
ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်နိုင်လတ္တံ့ ။
ယမလောကဉ္စ၊ အပါယ်လေးဘုံကို၎င်း။
သဒေဝကံ၊ နတ်ဘုံဗြဟ္မာဘုံနှင့် တကွသော။
ဣမံလောကဉ္စ၊ ဤလူ့ဘုံကို၎င်း။
သေခေါ၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်သည်။
ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန် ရွေးချယ်နိုင်လတ္တံ့။
ကုသလော၊ လိမ္မာသော ပန်းသည်သည်။
ပုပ္ဖံ၊ ပန်းပွင့်ကို။
ဝိစိနာတိဣဝ၊ ဝေဖန်ရွေးချယ်နိုင်သကဲ့သို့။
ဧဝံ၊ ဤအတူ။
သေခေါ၊ ပုဂ္ဂိုလ်ခုနစ်ယောက်သည်။
သုဒေသိတံ၊ ကောင်းစွာ ဟောတော်မူအပ်သော။
ဓမ္မပဒံ၊ ဗောဓိပက္ခိယ ဓမ္မဟူသော တရားအစုကို။
ဝိစေဿတိ၊ မိမိဉာဏ်ဖြင့် ဝေဖန်ရွေးချယ်လတ္တံ့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မြေကြီးနှင့်စပ်သောစကား ပြောကြားလေ့ရှိသော ရဟန်းငါးရာဝတ္ထု ပြီး၏။

---

၂ - တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်ဝတ္ထု

ဖေဏူပမံ အစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အမှတ်မရှိ တပါးသော တံလှပ်ပမာပါတကားဟု ကမ္မဋ္ဌာန်း ရှုလေ့ ရှိသော ရဟန်းကိုအကြောင်းပြု၍ ဟောတော်မူလေ၏။

မိမိကိုယ်ကို တံလှပ်ပမာ ရေမြှုပ်ပမာ ဆင်ခြင်ပုံ

ထိုရဟန်းသည် ဘုရားရှင်၏ အထံတော်၌ ကမ္မဋ္ဌာန်းယူ၍ ရဟန်းတရားကို အားထုတ်အံ့ဟု တောအုပ်သို့ ဝင်ပြီးလျှင် စေ့ဆော် လုံ့လဝီရိယဖြင့် အားထုတ်ပါ သော်လည်း အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မတတ်နိုင်ခြင်းကြောင့် အထူးပြု၍ ကမ္မဋ္ဌာန်းကို ဟောပြစေဦးအံ့ဟု ဘုရားရှင်၏ အထံတော်သို့ ပြန်လာသည်ရှိသော် ခရီးအကြား၌ တံလှပ်ကိုမြင်လေလျှင် နွေအခါ၌ ဖြစ်လေ့ ရှိသော ဤတံလှပ်သည် အဝေး၌ တည်နေကုန်သော သူတို့အား ရုပ်အဆင်းသန္တာန်ရှိသော အရာကဲ့သို့ ထင်လျက် အနီးသို့ ရောက်လာကုန်သော သူတို့အား မထင်လေသကဲ့သို့ ထို့အတူ -

ဤ အတ္ထဘောသည်လည်း ဖြစ်ပျက်တတ်သော အနက်သဘောကြောင့် ဤတံလှပ် နှင့်တူသော သဘောရှိလေစ္စတကားဟု တံလှပ်ပမာ ကမ္မဋ္ဌာန်းကို ပွားစေလျက် ကြွလာခဲ့လေရာ ခရီး ပန်းလှ သောကြောင့် အစီရဝတီမြစ်၌ ရေချိုးပြီးလျှင် အဟုန် ပြင်းစွာစီးသဖြင့် ကြမ်းသော ရေအလျဉ်ရှိသော တခုသော ကမ်းနားတွင် သစ်ပင် အရိပ်၌နေစဉ် ရေလှိုင်းအဟုန် ပုတ်ခတ်သဖြင့် ဖြစ်ပေါ်လာပြီးလျှင် ပျက်စီးကြကုန်သော ကြီးစွာကြီးစွာကုန်သော ရေမြှုပ်စိုင်တို့ကို မြင်ပြန် လေလျှင် ဤအတ္တဘော သည်လည်း ဖြစ်ပြီးလျှင် ပျက်စီးတတ်သော အနက်သဘောကြောင့် ရေမြှုပ်စိုင်နှင့် တူသော သဘောရှိသည် သာလျှင်တည်းဟု အာရုံယူပြန်လေ၏။

မြတ်စွာဘုရား သည်လည်း ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ထိုမထေရ်ကို မြင်တော်မူ၍ ချစ်သားရဟန်း ဤအတ္တဘောသည် ဤ အတိုင်းသာလျှင် ဟုတ်မှန်ပေ၏ ဤသို့သဘောရှိသည် သာလျှင် ဖြစ်ပေ၏ ရေမြှုပ်စိုင်ကဲ့သို့၎င်း တံလှပ်ကဲ့သို့၎င်း ဖြစ်ခြင်းပျက်ခြင်းသဘော ရှိသည် သာလျှင်တည်း ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၄၆။ ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ သပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

ဣမံကာယံ၊ ဆံပင် မွှေးညှင်း ခြေသည်း လက်သည်း စသည်တို့၏ အပေါင်းအစု ဖြစ်သော ဤကိုယ်ကို။
ဖေဏူပမံ၊ ခဏဖြစ်ချုပ် အခြေနုပ်သော ရေမြှုပ်နှင့် တူ၏ဟု။
ဝိဒိတွာ၊ သိပြီး၍။
မရီစိဓမ္မံ၊ ဗလာကွက်လပ် အထင်ကပ်သည့် တံလှပ်နှင့်တူသော သဘောကို။
အဘိသမ္ဗုဓာနော၊ ကောင်းစွာ သိသောသူသည်။
မာရဿ၊ မာရ်မင်း၏။
သပုပ္ဖကာနိ၊ *သပုပ္ဖကဟု ဆိုအပ်ကုန်သော တေဘူမက ဝဋ်တရားတို့ကို။
ဆေတွာန၊ အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ဖြတ်ဖျက်၍။
မစ္စုရာဇဿ၊ သေမင်း၏။
အဒဿနံ၊ မမြင် မတွေ့ရာ ပြည်သာ နိဗ္ဗာန်သို့။
ဂစ္ဆေ၊ ရောက်ရာ၏။

(*သပုပ္ဖက - ပန်းပွင့်မျိုးစုံပွင့်လျက် မွေ့လျော်ဖွယ်ကောင်းသော ပန်းဥယျာဉ်ကြီး၊)

ဒေသနာတော်၏ အကျိုး

ဂါထာ၏ အဆုံး၌ ထိုမထေရ်မြတ်သည် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်၍ ဘုရားရှင်၏ ရွှေအဆင်းနှင့် တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်းထောမနာ ရှိခိုးလျက် သာလျှင် ရောက်လာခဲ့လေသတည်း။

တံလှပ်ပမာ ကမ္မဋ္ဌာန်းကိုရှုသော မထေရ်၏ဝတ္ထု ပြီး၏။

---

၃ - ဝိဋဋူဘဝတ္ထု

ပုပ္ဖာနိဟေဝ ပစိနန္တံ - အစ ရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ကြီးစွာသော ရေအလျဉ်သည် လွှမ်းမိုး ဖိစီးလျက် နှစ်မြှုပ်ကာ သတ်အပ်သော ပရိသတ်နှင့်တကွ ဝိဋဋူဘကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ပသေနဒီကောသလမင်းကြီး ဗန္ဓုလစစ်သူကြီး
မဟာလိ လိစ္ဆဝီမင်းတို့၏ အကြောင်း

ထိုသို့ဟောရာ၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း သာဝတ္ထိပြည်၌ မဟာကောသလမင်းကြီး၏ သားတော်သည် ပသေနဒီမင်းသား မည်၏။ ဝေသာလီပြည်၌ လိစ္ဆဝီမင်း၏ သားတော်သည် လိစ္ဆဝီမင်းသား မဟာလိ မည်၏။ ကုသိနာရုံပြည်၌ မလ္လာမင်း၏ သားတော်သည် ဗန္ဓုလမည်၏။

ဤသို့ ဤသုံးယောက်သော မင်းသားတို့သည် အရပ်လေးမျက်နှာမှ လာကုန်သော သူတို့၏ အကြီးအမှူး ဖြစ်သော ဒိသာပါမောက္ခ ဆရာ့ထံ၌ အတတ်ပညာ သင်ယူခြင်းငှါ တက္ကသိုလ်ပြည်သို့ သွားကြရာ မြို့မှအပဖြစ်သော စရပ်သို့ အတူ ရောက်ကြကုန်သဖြင့် အချင်းချင်း လာခြင်း၏ အကြောင်းကို၎င်း, အမျိုးအနွယ် ကို၎င်း, အမည်ကို၎င်း, မေးကြ၍ အဆွေခင်ပွန်း ဖြစ်ကြပြီးလျှင် အတူတကွ ဆရာ့ထံ ချဉ်းကပ်လျက် အတတ်ပညာကို သင်ကြားကြကုန်သည်ရှိသော် မကြာမြင့်မီ တတ်မြောက်အောင် သင်ယူအပ်ပြီးသော အတတ်ပညာ ရှိကုန်သဖြင့် ထိုမင်းသား သုံးယောက် တို့သည် ဆရာကိုပန်ကြားပြီးလျှင် အတူတကွ ထွက်ခဲ့ကြရာ မိမိ မိမိတို့နေရာ တိုင်းပြည်တို့သို့ ရောက်သွားကြလေကုန်၏။

ထိုမင်းသားတို့တွင် ပသေနဒီမင်းသားသည် ခမည်းတော်အား အတတ်ကို ပြလတ် သည်ရှိသော် သားအား မြတ်နိုးသဖြင့် ခမည်းတော်သည် မင်းအဖြစ်ဖြင့် အဘိသိက် သွန်း၍ မင်းပြု စေတော်မူလေ၏

မဟာလိမင်းသား သည်လည်း လိစ္ဆဝီမင်းတို့အား အတတ်ကို ပြသည်ရှိသော် ကြီးစွာသော အားထုတ်ခြင်းဖြင့် ပြလေ၏။ ထိုမဟာလိမင်းသား၏ မျက်စိတို့သည် ပေါက်ကွဲပျက်စီး၍ သွားကုန်၏။ လိစ္ဆဝီမင်းတို့လည်း သြော်ဖြစ်ရလေခြင်း ဆရာသည် မျက်စိကွယ်ပျက်ခြင်းသို့ ရောက်ခဲ့ရလေပြီ တကား ထိုကြောင့် မဟာလိမင်းသားကို ငါတို့ မစွန့်ကုန်အံ့။ ငါတို့ လုပ်ကျွေးသမှု ပြုစုကုန်အံ့ဟု အခွန်တသိန်းထွက်သော တံခါးတခုကို ပေးထားကြလေကုန်၏။ ထို မဟာလိ မင်းသားသည် ထိုတံခါးကို အမှီပြု၍ ငါးရာ အတိုင်းအရှည်ရှိသော လိစ္ဆဝီမင်းသားတို့ကို အတတ် သင်ပေးလျက် နေလေ၏။

ဗန္ဓုလမင်းသား သည်ကား ခြောက်ဆယ်သောဝါးကို ယူဆောင်စေ၍ ဝါးလုံးခေါင်း အလယ်၌ သံချောင်းတို့ ထည့်သွင်းသဖြင့် စိုက်ထောင်၍ ထားအပ်ကုန်ပြီးသော ဝါးအစည်း ခြောက်ဆယ် တို့ကို မလ္လာမင်းသားတို့က ဤဝါးစည်းတို့ကို ပြတ်အောင် ခုတ်ဖြတ် စေသတည်းဟုဆိုလျှင် အတောင် ရှစ်ဆယ် မျှလောက်သော ကောင်းကင်သို့ ခုန်တက်၍ သန်လျက်ဖြင့် ပြတ်အောင် ခုတ်ဖြတ်ကာ သွားလေ၏။

ဗန္ဓုလမင်းသားသည် အဆုံးဖြစ်သော ဝါးစည်း၌ သံချောင်း၏ ကိရီဟူ၍ မြည်သော အသံကို ကြားရ၍ ဤအသံကား အဘယ်နည်းဟု မေးလတ်သော် အလုံးစုံသော ဝါးစည်းတို့၌ သံချောင်းတို့ ထားသည်အဖြစ်ကို သိရလျှင် သံလျက်ကိုစွန့်ပစ်၍ ငိုကြွေးလျက် ငါ့အား ဤမျှအတိုင်းအရှည် ရှိသော ဆွေမျိုး နှလုံးချစ်ကျွမ်းဝင်သော သူတို့တွင် တယောက်သော သူမျှလည်း ချစ်ခင်ခြင်း ရှိသဖြင့် ဤအကြောင်းကို မပြောကြား၊

ငါသည်အကယ်၍ သိရပါမူကား သံချောင်းသံကို မမြည်စေမူ၍ သာလျှင် ဖြတ်နိုင်ရာ၏ဟု ဆိုပြီးလျှင် မယ်တော် ခမည်းတော်တို့အား ဘုရားသားတော်သည် အလုံးစုံသော ဤသူတို့ကို သတ်၍ မင်းအဖြစ်ကိုပြုလို၏ဟု ပြောကြားလေ၏။

မယ်တော် ခမည်းတော်တို့လည်း ချစ်သား အစဉ်အဆက် ဖြစ်သော ဤမင်းအဖြစ် မည်သည်ကို ဤသို့ပြုခြင်းငှါ မရအပ်ဟု အထူးထူး အပြားပြားအားဖြင့် တားမြစ် လေ၏။ ထိုသို့ဖြစ်မူ ငါ့သူငယ်ချင်း အထံသို့ သွားတော့ အံ့ဟုကြံ၍ သာဝတ္ထိပြည်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းသည်လည်း သူငယ်ချင်း ဗန္ဓုလမင်းသားလာကြောင်းကို ကြားရလေလျှင် ခရီးဦးကြိုဆို၍ များစွာကြီးကျယ်သော ပူဇော်သက္ကာရဖြင့် ထိုဗန္ဓုလ မင်းသားကို သာဝတ္ထိပြည်သို့ သွင်းသဖြင့် စစ်သူကြီးအရာ၌ ထားလေ၏။ ထိုဗန္ဓုလ မင်းသားသည် မယ်တော် ခမည်းတော် တို့ကိုလည်းခေါ်စေ၍ သာဝတ္ထိပြည်၌သာလျှင် နေခြင်းကိုပြုလေ၏။

ကောသလမင်း မေ့လျော့ခြင်းနှင့် အရှင်အာနန္ဒာ သဒ္ဓါတရား စောင့်ရှောက်ပုံ

---

ထို့နောက် တနေ့သ၌ ပသေနဒီ ကောသလမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် ခရီးလမ်းမကို ကြည့်ရှုသည်ရှိသော် အနာထပိဏ် သူဌေးကြီး၏၎င်း, ဝိသာခါ ဒါယိကာမကြီး၏၎င်း, သုပ္ပဝါသာ ဒါယိကာမကြီး၏၎င်း, ဤသူတို့၏ အိမ်သို့ နေ့စဉ်မပြတ် ဆွမ်းစားခြင်းငှါ ကြွသွားတော် မူကြကုန်သော အထောင် မကသော ရဟန်းတို့ကိုမြင်လျှင် အရှင်ကောင်းတို့သည် အဘယ် အရပ်သို့ ကြွတော်မူကြကုန် သနည်းဟု မေးတော်မူသည်ရှိသော် အရှင်မင်းကြီး အနာထပိဏ် သူဌေးကြီးအိမ်၌ နိစ္စဘတ်, သလာကဘတ်, ဂိလာနဘတ်, စသည်အလို့ငှါ နေ့တိုင်း နေ့တိုင်း နှစ်ထောင်သော ရဟန်းတို့သည် ကြွတော်မူကြကုန်၏။

စူဠ အနာထပိဏ်သူဌေးကြီးအိမ်၌ ငါးရာသောရဟန်းတို့သည် ကြွတော်မူကြကုန်၏၊ ဝိသာခါ သုပ္ပါဝါသာတို့အိမ်၌လည်း ထို့အတူ ကြွတော်မူကြကုန်၏ဟု လျှောက်တင် ကုန်သည်ရှိသော် မိမိကိုယ်တိုင်လည်း ရဟန်းသံဃာအပေါင်းကို လုပ်ကျွေးလိုသည် ဖြစ်၍ ကျောင်းတော်သို့ သွားပြီးလျှင် ရဟန်းတထောင်နှင့်တကွ ဘုရားရှင်ကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး မိမိလက်ဖြင့် အလှူကြီးကို ပေးလှူ၍ ခုနစ်ရက် မြောက်သောနေ့၌ ဘုရားရှင်ကို ရှိခိုးလျက် မြတ်စွာဘုရား ငါးရာသောရဟန်းတို့နှင့် တကွ မပြတ် တပည့်တော်၏ ဆွမ်းကို ခံယူတော်မူကြပါဘုရားဟု လျှောက် လေ၏။

မြတ်သောမင်းကြီး ဘုရားတို့မည်သည်ကား တခုတည်းသောအရပ်၌ မပြတ်ဆွမ်းကို မခံယူကုန် လူအများတို့သည် ဘုရားရှင်တို့၏ ကြွလာတော်မူခြင်းကို တောင့်တ မြှော်ခေါ်ကြကုန်၏ဟု မိန့်တော်မူလတ်သော် ထိုသို့ဖြစ်မူ ရဟန်းတပါးကို မပြတ် စေလွှတ်တော် မူကြပါဘုရားဟု လျှောက်ပြန်သဖြင့် ဘုရားရှင်လည်း အာနန္ဒာ မထေရ်အား မပြတ်ကြွရောက် ချီးမြှောက်ရန် တာဝန် ပြုလေ၏။

မင်းကြီးလည်း ရဟန်းသံဃာ ကြွလာသည်ရှိသော် သပိတ်ကို လှမ်းယူလျက် ဤ အမည်ရှိကုန်သော သူတို့သည် လုပ်ကျွေးသမှု ပြုစုစေကုန်သတည်းဟု မစီရင် မခွဲခြမ်းမူ၍ ခုနစ် ရက်ပတ်လုံး ကိုယ်တိုင်သာလျှင် လုပ်ကျွေးပြီးလျှင် ရှစ်ရက် မြောက်သောနေ့၌ ပြန့်လွင့်သော စိတ်ရှိခြင်းကြောင့် မေ့လျော့ခြင်းကိုပြုလေ၏။

မင်းအိမ်နန်းတော် မည်သည်ကား မစေခိုင်း မတိုက်တွန်းအပ်ကုန်သော သူတို့သည် နေရာ တို့ကိုခင်း၍ ရဟန်းတို့ကိုနေစေလျက် လုပ်ကျွေးခြင်းငှါ မရကြကုန်။ ထို့ကြောင့် ရဟန်း တို့သည် ငါတို့ကား ဤအရပ်၌ နေခြင်းငှါ မစွမ်းနိုင်ကုန်ဟု နှလုံးပြု၍ များစွာသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။

မင်းကြီးသည် နှစ်ရက်မြောက်သော နေ့၌လည်း မေ့လျော့ ပြန်ခြင်းကြောင့် များစွာသော ရဟန်းတို့သည် ဖဲသွားကြကုန်၏။ သုံးရက်မြောက်သော နေ့၌လည်း မေ့လျော့ပြန်လေ၏။ ထိုအခါ ရှင်အာနန္ဒာ တပါးကိုသာလျှင် ထားခဲ့၍ ကြွင်းသော ရဟန်းတို့သည် ဖဲသွားကြလေကုန်၏။

[ဘုန်းရှိသောသူတို့ မည်သည်ကား အကြောင်းကို ထောက်ညှာသဖြင့် နေခြင်း ရှိသည်သာ ဖြစ်ကုန်၏။ ဒါယကာတို့၏ ကြည်ညိုခြင်းကိုလည်း စောင့်ရှောက်ကုန်၏။ မြတ်စွာဘုရား၏လည်း -

  • ရှင်သာရိပုတ္တာ ရှင်မောဂ္ဂလာန် ဟူသော နှစ်ပါးသော အဂ္ဂသာဝက
  • ရဟန်းမိန်းမတို့တွင် ခေမာ ဥပ္ပလဝဏ်ဟူသော နှစ်ပါးသော အဂ္ဂသာဝိကာမ
  • ဥပါသကာ ယောကျ်ားတို့တွင် စိတ္တသူကြွယ် ဟတ္ထကအာဠဝက ဟူသော နှစ်ယောက်သော မြတ်သော ဥပါသကာ
  • ဥပါသိကာ မိန်းမတို့တွင် ဝေဠုကဏ္ဍကီ မည်သော နန္ဒမာတာ ခုဇ္ဇုတ္တရာ ဟူသော နှစ်ယောက်သော မြတ်သောဥပါသိကာမ

ဤရှစ်ယောက်သော သူတို့ကို ပြု၍ အရာအထူးသို့ ရောက်ကုန်သော အလုံးစုံသော သာဝက တို့သည်လည်း တစိတ်အားဖြင့် ဆယ်ပါးသော ပါရမီတို့ကို ဖြည့်သည်၏ အဖြစ်ကြောင့် ကြီးသောဘုန်းကံရှိကုန်၏။ ဆုတောင်းခြင်းနှင့် ပြည့်စုံကုန်၏။]

ရှင်အာနန္ဒာ မထေရ်သည်လည်း ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ပြီးသော ပါရမီ ရှိသည်ဖြစ်၍ ဆုတောင်းနှင့် ပြည့်စုံသောကြောင့် ကြီးသောဘုန်းကံရှိသည် ဖြစ်ရကား မိမိ၏ အကြောင်းကို ထောက်ညှာ၍ နေလေ့ရှိသော အဖြစ်ဖြင့် ဒါယကာ၏ ကြည်ညိုခြင်းကို စောင့်ရှောက်လျက် နေလေ၏။ ထို ရှင်အာနန္ဒာ တပါးတည်းကို သာလျှင် နေစေ၍ လုပ်ကျွေးကြလေကုန်၏။

---

မချဉ်းကပ်သင့် - ချဉ်းကပ်သင့်သော အမျိုးအိမ်

ကောသလမင်းကြီးသည်လည်း ရဟန်းတို့၏ ကြွသွားတော်မူကြသော ကာလ၌ လာလတ်၍ ခဲဖွယ် ဘောဇဉ်တို့ကို ထိုသို့ထားတိုင်းပင် တည်သည်တို့ကို မြင်ရလျှင် အသို့နည်း အရှင်မြတ်တို့ မကြွလာကုန်သလောဟု မေးမြန်းသဖြင့် အရှင်မင်းကြီး ရှင်အာနန္ဒာ တပါးသာလျှင် ကြွလာ တော်မူပါသည်ဟု လျှောက်သော စကားကို ကြားရလျှင် မချွတ်ဧကန် ငါ၏ ဤမျှလောက်သော ဆွမ်းဖြတ်ခြင်းကို ပြုကုန်ဘိ၏ဟု ရဟန်းတို့အား အမျက်ထွက်၍ ဘုရားရှင်အထံတော်သို့ သွားပြီးလျှင် -

မြတ်စွာဘုရား တကာတော်တို့သည် ငါးရာသော ရဟန်းတို့အဖို့ ဆွမ်းကို လှူဒါန်းရန် စီရင်အပ်၏။ ရှင်အာနန္ဒာမထေရ် တပါးတည်းသာလျှင် ကြွလာခဲ့သတတ်။ စီရင် အပ်သောဆွမ်းသည် ထိုသို့ စီရင်တိုင်းသာလျှင် တည်ရှိပါသည် ရဟန်းငါးရာတို့သည် တကာတော်၏ နန်းတော်၌ ဆွမ်းဘုဉ်း ပေးအံ့ ဟူသော အမှတ်ကို မပြုကြပါကုန်။ အကြောင်းကား အသို့ပါနည်းဘုရားဟု လျှောက်ထား လေ၏။

ဘုရားရှင်လည်း ရဟန်းတို့၏အပြစ်ကို မိန့်တော်မမူဘဲ မြတ်သောမင်းကြီး ငါဘုရား၏ တပည့်သား သာဝကတို့အား အသင်မင်းကြီးတို့နှင့်တကွ ချစ်ချစ် ခင်ခင် အကျွမ်း ဝင်ခြင်းသည် မရှိ။ ထို့ကြောင့်မလာကုန်သည် ဖြစ်ပေကုန်လတ္တံ့ ဟု မိန့်တော်မူ၍ ဒါယကာတို့၏ အထံသို့ မသွားသင့် မကပ်ရောက်သင့်သော အကြောင်းကို၎င်း, သွားသင့် ကပ်ရောက်သင့်သော အကြောင်းကို၎င်း ထင်ရှားစွာ ပြတော်မူလိုသည် ဖြစ်၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် ဤသုတ်ကို ဟောတော်မူ လေ၏။

ချစ်သားရဟန်းတို့ ကိုးပါးသော အင်္ဂါတို့နှင့် ပြည့်ဇုံသော့ဒါယကာ အိမ်သို့ မကပ် မရောက်ရ သေးလျှင် ကပ်ရောက်ခြင်းငှါ မသင့် ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ် နေထိုင်ခြင်းငှါ မသင့်။ အဘယ် ကိုးပါးတို့နည်း ဟူမူကား -

  1. နှစ်သက်မြတ်နိုးစွာ ခရီးဦး မကြိုဆိုကြကုန်။
  2. နှစ်သက်မြတ်နိုးစွာ ရှိမခိုးကြကုန်။
  3. နှစ်သက်မြတ်နိုးစွာ နေရာမပေးကြကုန်။
  4. ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို လျှို့ဝှက်၍ ထားကြကုန်၏။
  5. များများရှိသော်လည်း အနည်းငယ်ကိုသာ လှူကြကုန်၏။
  6. အမွန်အမြတ်ရှိသော်လည်း အယုတ်အညံ့ကိုသာ လှူဒါန်းကြကုန်၏။
  7. မရိုမသေ လှူဒါန်းကြကုန်၏၊ ရိုရိုသေသေ မလှူဒါန်းကြကုန်။
  8. ရိုရိုသေသေဆည်းကပ်၍ မနေကြကုန်။
  9. တရားနာစိမ့်သောငှါ ဟောကြားသောပုဂ္ဂိုလ်အား မမြတ်နိုးကြကုန်။

ချစ်သားရဟန်းတို့ ဤအဂါကိုးပါးတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက် ရသေးလျှင် ကပ်ရောက်ခြင်းငှါ မသင့်။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ်ထိုင် နေခြင်းငှါ မသင့်။

ချစ်သားရဟန်းတို့ ကိုးပါးသော အင်္ဂါတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ် မရောက်ရသေး လျှင်လည်း ကပ်ရောက်ခြင်းငှါ သင့်၏။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ် ထိုင်နေခြင်းငှါသင့်၏။ အဘယ်ကိုးပါးတို့နည်း ဟူမူကား -

  1. နှစ်သက်မြတ်နိုးစွာ ခရီးဦးကြိုဆိုကြကုန်၏။
  2. နှစ်သက်မြတ်နိုးစွာ ရှိခိုးကြကုန်၏။
  3. နှစ်သက်မြတ်နိုးစွာ နေရာပေးကြကုန်၏။
  4. ထင်ရှားရှိသောလှူဖွယ်ဝတ္ထုကို လျှို့ဝှက်၍ မထားကြကုန်။
  5. များများရှိသဖြင့်လည်း များများလှူကြကုန်၏။
  6. အမွန်အမြတ်ရှိသဖြင့်လည်း အမွန်အမြတ်ကိုသာ လှူကြကုန်၏။
  7. ရိုသေစွာလှူဒါန်းကြကုန်၏၊ မရိုမသေ မလှူဒါန်းကြကုန်။
  8. ရိုရိုသေသေလည်းကပ်၍ နေကြကုန်၏။
  9. တရားနာစိမ့်သောငှါ ဟောကြားသောပုဂ္ဂိုလ်အားမြတ်နိုးကြကုန်၏။

ချစ်သားရဟန်းတို့ ဤအင်္ဂါကိုးပါးတို့နှင့် ပြည့်စုံသော ဒါယကာအိမ်သို့ မကပ်မရောက် ရသေး လျှင်လည်း ကပ်ရောက်ခြင်းငှါ သင့်၏။ ကပ်ရောက်ပြီးလျှင်လည်း ချဉ်းကပ် ထိုင်နေခြင်းငှါလည်း သင့်၏။

မြတ်သောမင်းကြီး ဤသို့လျှင် ငါဘုရား၏ တပည့်သား သာဝကတို့သည် တကာတော် မင်းကြီးတို့ အထံ၌ ချစ်ချစ်ခင်ခင် အကျွမ်းဝင်ခြင်းကို မရကုန်သည် ဖြစ်၍ မလာကုန်သည် ဖြစ်ပေကုန်လတ္တံ့ဟု မိန့်တော်မူပြီးလျှင် ရှေးပညာရှိတို့သည် လည်း ချစ်ချစ်ခင်ခင် အကျွမ်းမဝင်သော အရပ်၌ ရိုသေစွာ လုပ်ကျွေးသမှု ပြုစုအပ်ကုန်သော်လည်း သေလူနီးပါး ရောဂါဝေဒနာသို့ ရောက်သောအခါ ချစ်ချစ် ခင်ခင် အကျွမ်းဝင်သော အရပ်သို့သာ ကြွသွားကြလေကုန်၏ဟု မိန့်တော်မူသည် ရှိသော် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ်အခါ၌ ကြွသွားကြပါ ကုန်သနည်းဘုရားဟု မင်းကြီးသည် လျှောက်ထား မေးမြန်း အပ်သည်ဖြစ်၍ လွန်လေပြီးသော အတိတ်ကိုဆောင်တော် မူလေ၏။

---

အကျွမ်းဝင်ရာ၌သာ ချဉ်းကပ်သင့်ကြောင်း ပြသော ကေသ၀ ရသေ့ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ကေသဝ အမည်ရှိသောမင်းသည် မင်းစည်းစိမ်ကို စွန့်ပယ်၍ ရသေ့ရဟန်း အဖြစ်ကို ပြုလေ၏။ ထိုကေသဝမင်း ရသေ့ပြုပြီဟူသော စကားကိုကြား၍ ထိုမင်း၏ ငါးရာကုန်သော ယောကျ်ား တို့သည် အတုလိုက်၍ ရသေ့ရဟန်း ပြုကြကုန်၏။

ထို ရသေ့သည် ကေသဝရသေ့မည်သည် ဖြစ်လေ၏။ ထိုကေသဝမင်း၏ ဆံမုတ်ဆိတ် စသည်တို့ကို ပြုပြင်ခြင်း တန်းဆာဆင်ခြင်းနှင့် ယှဉ်သော ဆေတ္တာသည် သည်လည်း ရသေ့ ရဟန်းပြု၍ ကပ္ပက မည်သော အန္တေဝါသိက တပည့်ရင်း ဖြစ်လေ၏။

ထို ကေသဝရသေ့သည် ပရိသတ်နှင့်တကွ ရှစ်လတို့ပတ်လုံး ဟိမဝန္တာတော၌နေ၍ မိုဃ်းဥတု အခါ၌ ချဉ် ဆားကို မှီဝဲသုံးဆောင်ခြင်း အကျိုးငှါ ဗာရာဏသီပြည်သို့ ရောက်၍ ဆွမ်းအလို့ငှါ ဝင်လေ၏။ ထိုအခါ ကေသဝ ရသေ့ကို ဗာရာဏသီမင်း မြင်လျှင် ကြည်ညိုသောစိတ် ရှိရကား မိုဃ်းလေးလ ပတ်လုံး မိမိနေပြည်တော်၌ နေစိမ့်သောငှါ ပဋိညာဉ်ကိုယူစေလျက် ဥယျဉ်၌ နေစေပြီးလျှင် ညချမ်းနံနက်တို့၌ ထိုရသေ့အား ဆည်းကပ်ခြင်းသို့ သွားရောက်၏။

ကြွင်းသောရသေ့တို့သည် နှစ်ရက် သုံးရက်ပတ်လုံး နေပြီးလျှင် ဆင်သံစသည်တို့ဖြင့် ဆူညံနှိပ်စက် ကုန်သောကြောင့် ပျင်းရိငြီးငွေ့ကုန်သည်ဖြစ်၍ ဆရာ အကျွန်ုပ်တို့ ငြီးငွေ့ကုန်သည်ဖြစ်၍ သွားလိုကြပါကုန်၏ဟု ပန်ကြား လျှောက်ထားလေကုန်၏။ ချစ်သားတို့ အဘယ်အရပ်သို့ သွားလိုကြကုန်သနည်းဟု မေးလတ်သော် ဆရာ ဟိမဝန္တာသို့ သွားပါကုန်အံ့ဟု လျှောက်ကုန်၏။

ချစ်သားတို့ မင်းကြီးသည် ငါတို့ရောက်သော နေ့ရက်၌ပင်လျှင် မိုဃ်းလေးလပတ်လုံး ဤဥယျာဉ်၌ နေခြင်းငှါ ပဋိညာဉ်ကို ယူလေပြီ။ အဘယ်သို့သော အခြင်းအရာဖြင့် သွားနိုင်ကုန်အံ့နည်းဟု ဆိုလတ်သော် ဆရာ အရှင်တို့သည် အကျွန်ုပ်တို့အား မပြော မကြားမူ၍သာလျှင် ပဋိညာဉ်ကို ပေးအပ်၏။ အကျွန်ုပ်တို့ကား နေခြင်းငှါ မစွမ်းနိုင်ပါကုန် ဤ ဥယျာဉ်မှမနီးမဝေး အရှင်ဆရာ တို့၏သတင်းစကားကို ကြားကောင်းသော အရပ်ဌာန၌ နေကြပါကုန်အံ့ဟု လျှောက်ကြားပြီးလျှင် ဆရာရသေ့ကို ရှိခိုး၍ ဖဲသွားကြလေကုန်၏။

ကပ္ပကအမည်ရှိသော အတွင်းနေ တပည့်နှင့်အတူတကွ ဆရာရသေ့သည်သာလျှင် ကျန်ရစ် လေ၏။ မင်းကြီးသည် ဆည်းကပ်ခစားခြင်းသို့ ရောက်လာသည် ရှိသော် အရှင်ကောင်းတို့သည် အဘယ်မှာ နည်းဟု မေးလျှောက်၏။ မြတ်သောမင်းကြီး ထို ရသေ့ အားလုံးတို့ကား မမွေ့လျော် ပျင်းရိငြီးငွေ့ သည်ဟု ဆို၍ ဟိမဝန္တာသို့ သွားကြကုန်၏ ဟုဆိုလေ၏။

ကပ္ပကရသေ့သည်လည်း မကြာမြင့်မီ ပျင်းရိငြီးငွေ့၍ ဆရာရသေ့သည် အဖန် တလဲလဲ တားမြစ်သော်လည်း မစွမ်းနိုင်ပါဟုဆို၍ ဖဲသွားပြီးလျှင် ရှေးဦးစွာ သွားနှင့်သော ရသေ့တို့ ထံရောက်၍ ဆရာရသေ့၏ သတင်းစကားကို နားထောင် လျက်သာလျှင် မနီးမဝေးသော အရပ်၌နေလေ၏။

နောက်အဖို့၌ ဆရာရသေ့အား အတွင်းနေ တပည့်တို့ကို အောက်မေ့သဖြင့် ဝမ်းသွေးသွန်သော အနာရောဂါသည် ဖြစ်လေ၏။ မင်းကြီးသည် သမားကောင်း တို့ဖြင့် ကုစားစေသော်လည်း ရောဂါသည် မငြိမ်းမပျောက်လေ။ ထိုအခါ ကေသဝ ရသေ့က မြတ်သောမင်းကြီး အသို့နည်း ငါ့အား ရောဂါငြိမ်းပျောက်ခြင်းကို အလိုရှိသလောဟု မေးလေ၏။

အရှင်ဘုရား အကျွန်ုပ်သည် အကယ်၍ တတ်နိုင်ပါအံ့။ ယခုချက်ခြင်း ချမ်းသာခြင်း ကိုပြုလိုပါ၏ဟု လျှောက်၏။ မြတ်သောမင်းကြီး ငါ၏ချမ်းသာခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အံ့။ ငါ၏အတွင်းနေ တပည့်တို့ အထံသို ငါ့ကိုပို့ပါလော့ဟုဆို၏။

မင်းကြီးသည်လည်း အရှင်ဘုရား ကောင်းလှပါပြီဟု ဝန်ခံ၍ ထိုကေသာရသေ့ကို ညောင့်စောင်း၌ အိပ်စေပြီးလျှင် နာရဒအမတ် အမှူးရှိသော အမတ်လေးယောက် တို့ကို ငါ့အရှင်ဆရာမြတ်၏ အကြောင်းဖြစ်ခြင်း သတင်းစကားကို ကြားသိအောင် ပြု၍ ငါ့အား သတင်းစကား ပို့လိုက်ကြ ကုန်လော့ဟု မိန့်မှာတော်မူ၍ လွှတ်လိုက်၏။

ကပ္ပကမည်သော အတွင်းနေ တပည့်သည် ဆရာရသေ့၏ ကြွလာသော သတင်း စကား ကိုကြားရလျှင် ခရီးဦးကြိုဆိုခြင်းကိုပြု၍ ကြွင်းသောရသေ့တို့သည် အဘယ်မှာနည်းဟု မေးသည် ရှိသော် ဤမည်သော အရပ်၌ နေပါကုန်သတတ်ဟု ပြောလေ၏။

ထိုရသေ့တို့သည်လည်း ဆရာမြတ်၏ ကြွရောက်လာကြောင်းကို ကြားရလျှင် ထို အရပ်သို့ပင် သက်ဝင်စုဝေးကြ၍ ဆရာအား ရေနွေးကိုပေး၍ သစ်သီးကြီးငယ်ကို ပေးဆက်ကပ် လှူကြကုန်၏။ ထိုခဏ၌ပင်လျှင် ရောဂါသည် ငြိမ်းပျောက် ချမ်းသာလေ၏။ ကေသဝရသေ့သည် နှစ်ရက် သုံးရက်ဖြင့်သာလျှင် ရွှေအဆင်း ကဲ့သို့သော အဆင်းရှိသည် ဖြစ်လေ၏။ ထိုအခါ၌ ကေသဝ ရသေ့ကို နာရဒအမတ် သည် ဤသို့မေးလေ၏။ (ကေသာရသေ့သည် အဖြေဂါထာတို့ကို ဖြေဆိုလေ၏)၊

---

ချစ်ကျွမ်းဝင်ရာ အရသာ တရား

မနုဇိန္ဒံ ဗဟိတွာန၊ သဗ္ဗကာမသမိဒ္ဓိနံ။
ကထံနု ဘဂဝါ ကေသီ၊ ကပ္ပဿ ရမတဿမေ။

သာဒူနိ မရဏီယာနိ၊ သန္တိ ရုက္ခာ မနောရမာ။
သုဘာသိတာနိ ကပ္ပဿ၊ နာရဒ ရမယန္တိ မံ။

သာလီနံ ဩဒနံ ဘုတွာ၊ သုစိံ မံသူပသေစနံ။
ကထံ သာမာကနီဝါရာ၊ အလောဏာ ဆာဒယန္တိတံ။

အသာဒုံ ယဒိဝါသာဒုံ၊ အပ္ပံဝါ ယဒိဝါဗဟုံ။
ဝိဿတ္ထော ယတ္ထ ဘုဉ္ဇေယျ၊ ဝိဿာသပရမာ ရသာ။

သဗ္ဗကာမသမိဒ္ဓိနံ၊ အလိုခပ်သိမ်းကို ပြည့်စုံစေနိုင်သော။
မနုဇိန္ဒံ၊ လူတို့ကို အစိုးရသော ဗာရာဏသီမင်းကို။
ဇဟိတွာန၊ စွန့်ပယ်၍။
ကထံနု၊ အဘယ်သို့သော အကြောင်းဖြင့်။
ဘဂဝါ၊ ငါတို့၏ဘုန်းကြီးသော အရှင်ဖြစ်သော။
ကေသီ၊ သ္မီးကညာရတနာကို ပေးဆက်ကုန်အံ့ဟု ဆိုကြကုန်၏။

အဘယ်သူ့သ္မီးနည်းဟု မေးလတ်သော် မြတ်စွာဘုရား၏ ဘထွေးတော်သား မဟာနမ် မည်သော သာကီဝင်မင်း၏ ဝါသဘခတ္တိယာ အမည်ရှိသော မင်းသ္မီးတည်း ဟု ဆိုကြကုန်၏။

တမန်တို့သည်သွား၍ မင်းကြီးအား လျှောက်ကြား သံတော်ဦး တင်ကြလေကုန်၏။ မင်းကြီးသည် ယင်းသို့ဖြစ်လျှင် ကောင်းလှပေပြီ လျင်မြန်စွာ ဆောင်ယူခဲ့ကြ ကုန်လော့။ မင်းတို့မည်သည်ကား များသောမာယာ ရှိကုန်၏။ ကျွန်မ၏ သ္မီးကိုသော် လည်း ပို့ဆက်ကုန်ရာ၏။ ဖခင်မင်းကြီးနှင့် တခုသော ပွဲတော်အုပ်၌ အတူတကွ စားသောက်သော မင်းသ္မီးကိုသာ ဆောင်ကြရမည်ဟု စေလွှတ်လိုက်၏။

တမန်တို့သည် သွား၍ အရှင်မင်းကြီးတို့နှင့် တခုသော ပွဲတော်အုပ်၌ အတူတကွ စားသောက်သော မင်းသ္မီးကိုသာ အကျွန်ုပ်တို့မင်းသည် အလိုရှိပါသည်ဟု လျှောက်ကြားကြကုန်၏။ မဟာနာမ် သာကီဝင်မင်းသည် အမောင်တို့ ကောင်းလှပေပြီဟု ဝန်ခံ၍ ဝါသဘခတ္တိယာ မင်းသ္မီးကို တန်းဆာ ဆင်စေပြီးလျှင် မိမိစားတော်ခေါ်သောအခါ ခေါ်စေ၍ ထိုမင်းသ္မီးနှင့်အတူတကွ စားသောက်ဘိ သကဲ့သို့သော အခြင်းအရာကိုပြ၍ ဝါသဘခတ္တိယာကို တမန်တို့အား ဆောင်နှင်း အပ်နှံ လိုက်လေ၏။

တမန်တို့လည်း ထိုမင်းသ္မီးကို ဆောင်ယူခဲ့၍ သာဝတ္ထိပြည်သို့ ရောက်လတ်သော် ထိုအကြောင်းကို မင်းကြီးအား လျှောက်ထား သံတော်ဦး တင်ကြလေကုန်၏ မင်းကြီး သည် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုဝါသဘခတ္တိယာ မင်းသ္မီးကို ငါးရာသော မင်းမောင်းမတို့၏ အကြီးပြု၍ မိဖုယားကြီးအရာ၌ အဘိသိက် သွန်းလေ၏။ ထို ဝါသဘခတ္တိယာ မိဖုယားသည် မကြာမြင့်မီလျှင် ရွှေအဆင်းနှင့် တူသော အဆင်း ရှိသော သတို့သားကို ဖွားမြင်လေ၏။

---

ဝိဋဋူဘဟု အမည်ဖြစ်ပေါ်လာပုံ

ထိုအခါ မင်းသားငယ်ကို အမည်မှည့်အံ့သောနေ့၌ ကောသလမင်းကြီးသည် မင်းသားငယ်၏ ဘိုးတော်ဖြစ်သော မဟာနာမ်မင်း၏ အထံသို့ သာကီဝင်မင်းသ္မီး ဝါသဘခတ္တိယာသည် သတို့သား ဖွားမြင်ပါပြီ။ ထိုသူငယ်၏အမည်ကို အဘယ်သို့ မှည့်စေလိုပါသနည်းဟု တမန်စေလွှတ်လေ၏။

ထိုသတင်းစကားကို ယူဆောင်၍ သွားသူ အမတ်သည်ကား အနည်းငယ် နားလေးသော သဘော ရှိ၏။ ထိုအမတ်သည် သွားရောက်၍ ဘိုးတော်ဖြစ်သော မဟာနမ်မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ မဟာနာမ် မင်းကြီး လည်း ထိုစကားကို ကြားရလျှင် ဝါသဘခတ္တိယာသည် သားမဖွားမြင်သေးမှီကပင် အလုံးစုံသော လူအပေါင်းကို လွှမ်းမိုးနိုင်သေး၏။

ယခုအခါကား အလွန်လျှင် မင်းနှင့် အကျွမ်းဝင်သည် ဖြစ်လတ္တံ့ ဝလ္လဘာ ဖြစ်လတ္တံ့ ဟု ဆိုလေ၏။ ထိုဝလ္လဘာဟူသော စကားကို နားလေးသော အမတ်သည် မှားယွင်း ချွတ်ချော်စွာ ကြားခြင်းဖြင့် ကြားရ၍ ဝိဋဋူဘ ဟု မှတ်သားပြီးလျှင် ကောသလ မင်းကြီးသို့ ချဉ်းကပ်၍ အရှင်မင်းကြီး သတို့သား၏ အမည်ကို ဝိဋဋူဘ ဟူ၍ မှည့်တော်မူကြရမည်တဲ့ဟု သံတော်ဦးတင်လေ၏။

ကောသလမင်းသည်လည်း ဤအမည်ကား ငါတို့၏အမျိုးဥစ္စာဖြစ်သော ရှေးဟောင်း အမည် ဖြစ်ပေ လတ္တံ့ ဟု ကြံ၍ ထိုဝိဋဋူဘ ဟူသော အမည်ကိုပင် မှည့်လေ၏။

---

ဝိဋဋူဘ ကပိလဝတ်ပြည်သို့ သွားခြင်း

ထိုအခါ ဝိဋဋူဘမင်းသားကို ငယ်စဉ်ကပင်လျှင် မင်းကြီးသည် ဘုရားရှင်၏ ချစ်မြတ်နိုးအောင် ပြုအံ့ဟု စစ်သူကြီးအရာကို ပေးလေ၏။ ထိုဝိဋဋူဘ မင်းသားသည် မင်းသားတို့ အစောင့် အရှောက်ဖြင့် ကြီးပွားသည်ဖြစ်၍ ခုနစ်နှစ်သား အရွယ်ရှိသော အခါ၌ တပါးသော မင်းသားတို့အား ဘွားတော်အိမ်မှ ဆင်ရုပ် မြင်းရုပ်စသည်တို့ကို ဆောင်ပို့လာသည်တို့ကို မြင်လျှင် မယ်တော်ကို မေးလေ၏။

မယ်တော် တပါးသော မင်းသားတို့အား ဘွားတော်အိမ်မှ လက်ဆောင် ပဏ္ဏာကာရကို ဆောင်လာ ကြပါကုန်၏။ သားတော်ဖြစ်သော ကျွန်တော်အားကား တစုံတယောက်သောသူမျှ တစုံတခုကို မပို့လာပါ၊ အသို့ပါနည်း မယ်တော်သည် မိမဲ့ဘမဲ့ ဖြစ်လေသလောဟု ဝိဋဋူဘ မင်းသားသည် အဖန်ဖန် အထပ်ထပ် မေးအပ် သည်ရှိသော် ထိုဝါသဘခတ္တိယာ မိဖုယားက သားတော် ဝိဋဋူဘ မင်းသားကို ငါ့သားချစ် သင်၏အမျိုးသည် သာကီဝင်မင်းတို့ ဖြစ်ကုန်၏။

ဘွားတော်တို့သည် ဝေးသောအရပ်၌ နေကုန်၏။ ထို့ကြောင့် တစုံတခုကို မပို့နိုင်ကြကုန်ဟုဆို၍ လှည့်ပတ်ဖြားယောင်း ထားလေ၏။ တဖန် တဆဲ့ခြောက်နှစ် အရွယ်ရှိသောအခါ၌ မယ်တော် မယ်တော်၏ ဘွားတော်မျိုးကို ဖူးမြင်လိုပါသည်ဟု ပြောဆိုခြင်းကြောင့် ငါ့သားမသင့် ထိုကပိလဝတ်ပြည်သို့ သွား၍ အဘယ်အမှု ပြုလတ္တံ့နည်းဟု တားမြစ်ပါသော်လည်း အဖန်တလဲလဲ တောင်းပန်လေ၏။

ထိုအခါ ဝိဋဋူဘမင်းသား၏ မိခင်သည်ထိုသို့ဖြစ်မူ သွားလေတော့ဟု ဝန်ခံ၍ ခွင့်ပြုလေ၏။ ဝိဋဋူဘမင်းသားသည် ခမည်းတော် မင်းကြီးအား ပန်ကြား၍ များစွာသော အခြံအရံနှင့် ထွက်သွားလေ၏။ ဝါသဘခတ္တိယာ မင်းသ္မီးသည်လည်း ရှေးဦးစွာ ဆောင်းပါးစာလွှာကို ပို့လိုက်လေ၏။

ဘုရား ကျွန်တော်မကား ဤသာဝတ္ထိပြည်၌ ချမ်းသာစွာ နေရပါ၏ အရှင် သာကီဝင် မင်းတို့သည် ဝိဋဋူဘ မင်းသားကလေးအား တစုံတခုခြားနားမှုကို မပြကြပါကုန်လင့် ဟု စာလွှာဖြင့် တောင်းပန်လိုက်လေ၏။ သာကီဝင် မင်းတို့သည်လည်း ဝိဋဋူဘ၏ လာခြင်းကို သိနှင့်၍ ရှိခိုးခြင်းငှါ မစွမ်းနိုင်ကုန်ဟု ထို ဝိဋဋူဘမင်းသား အောက် ငယ်ကုန် ငယ်ကုန်သော မင်းသားတို့ကို ဇနပုဒ်သို့စေလွှတ်၍ ထိုဝိဋဋူဘသည် ကပိလဝတ်ပြည်သို့ ရောက်သည်ရှိသော် *မင်းကွန်း၌ စည်းဝေးကြကုန်၏။ ဝိဋဋူဘ မင်းသားသည် ထိုမင်းကွန်းသို့ သွား၍ နေလေ၏။

(*မင်းကွန်းဆိုသည်ကား တိုင်းသူပြည်သား လူအများတို့၏ အမှုကိစ္စဟူသမျှကို စီရင် ဆုံးမရာ ဖြစ်သော မင်းတဲဟူလို။)

---

ဝိဋဋူဘ ထိုင်ရာအင်းပျဉ်ကို နို့ရည်ဖြင့် ဆေးကြောခြင်း

ထိုအခါ ဝိဋဋူဘကို ချစ်သား ဤသူသည် သင်၏ အဘွားတော်တည်း။ ဤသူသည် ဦးရီးတော်တည်းဟု ဆို၍ ရှိခိုးစေကြကုန်၏။ ဝိဋဋူဘသည် အလုံးစုံသော သူတို့ကို ရှိခိုးလျက် လှည့်လည်သွားလာပြီးလျှင် မိမိကို ရှိခိုးသောသူကို တယောက်မျှ မမြင်ခြင်းကြောင့် အသို့ပါနည်း အကျွန်ုပ်ကို ရှိခိုးထိုက်သော သူတို့သည် မရှိလေကုန် သလောဟု မေးလေ၏။ သာကီဝင်မင်း တို့သည် ချစ်သား သင့်အောက် အသက် အရွယ်ငယ်ကုန်သော သင်၏ညီတော်ဖြစ်သော မင်းသား တို့သည် ဇနပုဒ်သို့ သွားကြကုန်၏ဟု ပြောဆို၍ ထိုဝိဋဋူဘအား ကြီးစွာသော ပူဇော်သက္ကာရ ပြုကြကုန်၏။

ထိုဝိဋဋူဘလည်း နှစ်ရက် သုံးရက်ပတ်လုံး နေခဲ့၍ များစွာသော အခြံအရံနှင့် ထွက်ပြန် လာခဲ့လေ၏။ ထိုအခါ ကျွန်မတယောက်သည် မင်းကွန်း၌ ထို ဝိဋဋူဘ နေထိုင်ရာ ပျဉ်ချပ်ကို ဤနေရာသည်ကား ဝါသဘခတ္တိယာ ကျွန်မသား၏ နေထိုင်ရာ ပျဉ်ချပ်တည်းဟု ဆဲရေး ရေရွတ်လျက် နို့ရည်ဖြင့် ဆေးကြောလေ၏။

တယောက်သော မင်းချင်းယောက်ျားသည် မိမိ၏ လက်နက်ကို မေ့ရစ်သဖြင့် ပြန်လည်၍ ထိုလက်နက်ကို ယူစဉ် ဝိဋဋူဘ မင်းသား ဆဲရေးသံကိုကြားရ၍ ထို အကြောင်းကို မေးသဖြင့် ဝါသဘခတ္တိယာသည် ကျွန်မ၏ဝမ်း၌ မဟာနာမ်မည်သော သာကီဝင်မင်းကို အစွဲပြု၍ ဖွားမြင် သည်ဟု သိသောကြောင့် ဗိုလ်ပါအပေါင်းအား ပြောကြားလေ၏။

ဝါသဘခတ္တိယာ မိဖုယားသည် ကျွန်မ၏သ္မီးဖြစ်သတတ်ဟု အုတ်အုတ် ကျက်ကျက် ကြီးစွာ ဖြစ်လေ၏။ ထိုစကားကိုကြားလျှင် ဝိဋဋူဘမင်းသားသည် ဤသာကီဝင်မင်း တို့ကား ရှေးဦးစွာ ငါ၏နေထိုင်ရာ ပျဉ်ချပ်ကို နို့ရည်ဖြင့် ဆေးကြောနှင့်စေဦး။ ငါသည် မင်းအဖြစ်၌ တည်သောအခါ ဤသာကီဝင်မင်းတို့၏ လည်ချောင်းသွေးအားလုံးကို ယူ၍ ငါ၏နေထိုင်ရာ ပျဉ်ချပ်ကို ဆေးကြော ပေအံ့ဟု စိတ်အကြံကို ဖြစ်စေလေ၏။

---

မြတ်စွာဘုရား ကဋ္ဌဝါဟနဇာတ်ကို ဟောတော်မူရခြင်း

ထိုဝိဋဋူဘမင်းသားသည် သာဝတ္ထိပြည်သို့ ရောက်သည်ရှိသော် အမတ်တို့သည် အလုံးစုံသော အကြောင်းကို မင်းကြီးအား လျှောက်ကြား သံတော်ဦး တင်ကြ လေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် ငါ့အား ကျွန်မသ္မီးကို ပေးကုန်၏ဟု သာကီဝင်မင်းတို့အား အမျက်ထွက်၍ ဝါသဘခတ္တိယာ မင်းသ္မီးအား၎င်း၊ သားတော် ဝိဋဋူဘအား၎င်း ပေးကမ်း ချီးမြှင့်တော် မူခဲ့သော အစောင့်အရှောက် အခြံအရံကို ရုပ်သိမ်း၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့ ရသင့်သမျှကိုသာ ပေးစေလေ၏။

ထို့နောင်မှ နှစ်ရက်သုံးရက်ကို လွန်မြောက်သောအခါ ဘုရားရှင်သည် ကောသလမင်း၏ နန်းတော် ကြွသွားတော်မူ၍ ခင်းထားအပ်သော နေရာ၌ နေတော်မူ၏။ မင်းကြီးသည်လာ၍ ရှိခိုးပြီးလျှင် မြတ်စွာဘုရား မြတ်စွာဘုရားတို့၏ ဆွေတော် မျိုးတော်တို့သည် ကျွန်မသ္မီးကို တကာတော်အား ပေးခဲ့သတတ်။ ထို့ကြောင့် တကာတော်သည် သားတော်နှင့်တကွ မိဖုယားအား အစောင့်အရှောက် အခြံအရံကို ရုပ်သိမ်းပြီးလျှင် ကျွန်ယောက်ျား ကျွန်မိန်းမတို့ ရသင့်သမျှလောက်ကိုသာ ပေးစေ၍ ထားပါသည်ဟု လျှောက်ကြားလေ၏။

ဘုရားရှင်သည်လည်း မြတ်သောမင်းကြီး သာကီဝင်တို့သည် မသင့်မလျောက်ပတ် သည် ပြုဘိ၏။ ပေးကမ်းဆက်သသော သူတို့ မည်သည်ကား တူမျှသောဇာတ် ရှိသောသူကိုသာ ဆက်သအပ် သည်ဖြစ်ရာ၏။ မြတ်သော မင်းကြီး ငါဘုရားသည် သင်မင်းကြီးကို အကြောင်းတခု ပြောကြားတော်မူဦးအံ့။

ဝါသဘခတ္တိယာ မိဖုယားသည် မဟာနာမ်မင်းကြီးသ္မီးဖြစ်၍ ခတ္တိယစင်စစ် ဖြစ်လေ သော သင်မင်းကြီး၏ နန်းတော်၌ အဘိသိက်သွန်းခြင်းကိုရ၏။ ဝိဋဋူဘမင်းသားသည်လည်း ခတ္တိယ စင်စစ် မင်းမျိုးဖြစ်သော အသင်မင်းကြီးကို စွဲ၍ဖွားမြင်၏။ အမိ အမျိုးအနွယ် မည်သည်ကား အဘယ်သို့ပြုအံ့နည်း။ အဘအမျိုးအနွယ်သာလျှင် ပမာဏတည်းဟု ပြောကြား မိန့်မြွက်တော်မူ၏။

ရှေးပညာရှိတို့သည် သူဆင်းရဲဖြစ်သော ထင်းခွေသည်မိန်းမအား မိဖုယားကြီး အရာကို ပေးကြ ကုန်သေး၏။ ထိုသူဆင်းရဲမ၏ ဝမ်း၌ဖြစ်၍ ဖွားမြင်သော မင်းသား သည်လည်း တဆဲ့နှစ်ယူဇနာ ကျယ်ဝန်းသော ဗာရာဏသီပြည်၌ မင်းအဖြစ်သို့ ရောက်၍ ကဋ္ဌဝါဟန မည်သောမင်း ဖြစ်ဖူး၏ဟု ကဋ္ဌဝါဟနဇာတ်ကို အတိတ် ဆောင်၍ ဟောကြားတော်မူလေ၏။

ပသေနဒီကောသလ မင်းကြီးသည် ဤတရားစကားကို ကြားနာရ၍ အဘ၏ အမျိုး အနွယ် သည်သာ ပမာဏ ဖြစ်ပေသတတ်ဟု နှစ်သက်၍ ဝါသဘခတ္တိယာ ဖုယးအား၎င်း သားတော် ဝိဋဋူဘအား၎င်း ပေးတော်မူမြဲ ဖြစ်သော အစောင့်အရှောက် အခြံအရံကိုသာလျှင် ပေးစေ တော်မူလေ၏။ ဝိဋဋူဘမင်းသားကိုလည်း စစ်သူကြီးအရာ၌ ထားတော်မူလေ၏။

---

မလ္လိကာ၏ ချင်ခြင်းနှင့် ဗန္ဓုလ၏ သူရသတ္တိ

ဗန္ဓုလစစ်သူကြီး အားလည်း ကုသိနာရုံပြည်၌နေသော မလ္လိကာမိဖုယား၏ သ္မီးဖြစ်သော မလ္လိကာမည်သော စစ်သူကြီးကတော်သည် ရှိလေ၏။ ထိုမလ္လိကာ သည်လည်း ကြာမြင့်စွာသော ကာလပတ်လုံး သားသ္မီးကို မဖွားမြင်လေ။ ထိုအခါ ဗန္ဓုလစစ်သူကြီးသည် မလ္လိကာကို မိမိ အမျိုးအိမ်ကို ပြန်သွားလော့ဟုဆို၍ လွှတ်လိုက်လေ၏။

မလ္လိကာသည် ဘုရားကိုဖူးမြင်ပြီးမှ သွားအံ့ဟု နှလုံးသွင်း၍ ဇေတဝန်ကျောင်းတော် သို့ဝင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တည်နေသည်ရှိသော် အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူ အပ်သဖြင့် မြတ်စွာဘုရား တပည့်တော်မကို အရှင် ဖြစ်သောဗန္ဓုလစစ်သူကြီးသည် အမျိုးအိမ်သို့ စေလွှတ်ပါသည် ဘုရားဟု လျှောက်ကြားလေ၏။

အဘယ် အကြောင်းကြောင့် စေလွှတ်သနည်းဟု မေးတော်မူလတ်သော် သားသ္မီးမရ မိန်းမမြုံ ဖြစ်ပါသတတ်ဟု လျှောက်ကြားလေ၏။ ယင်းသို့ဖြစ်လျှင် သွားဖွယ်ကိစ္စမရှိ ပြန်နစ်လေလော့ဟု မိန့်တော်မူလတ်သည် ရှိသော် မလ္လိကာသည် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိသဖြင့် ဘုရားရှင်ကိုရှိခိုး၍ အိမ်သို့သွားသည် ရှိသော် အဘယ့်ကြောင့် ပြန်နစ်ခဲ့သနည်း ဟု မေးမြန်းအပ် သည်ဖြစ်၍ မြတ်စွာဘုရား တားမြစ်တော်မူသောကြောင့် ပြန်လာခဲ့ပါသည်ဟု ပြောကြားလေ၏။

ဗန္ဓုလစစ်သူကြီးသည်လည်း အရှည်ကို မြင်လေ့ရှိတော်မူသော ဘုရားသဗ္ဗညုသည် အကြောင်း ဖြစ်အင်ကို သိမြင်တော်မူသည် ဖြစ်လတ္တံ့ဟု နှလုံးပြု၍ လက်ခံ သိမ်းပိုက်လေ၏။ ထို မလ္လိကာ သည်လည်း မကြာမြင့်မီသာလျှင် ကိုယ်ဝန်ကိုရ၍ ဖြစ်သောချင်ခြင်း ရှိသည်ဖြစ်ရကား “ကျွန်တော်မ အား ချင်ခြင်းသည်ဖြစ်ပေါ်လာ ချေပြီ”ဟု ပြောကြားလေ၏။

အဘယ်သို့သော ချင်ခြင်း ဖြစ်ပေါ်လာသနည်း ဟုမေးလျှင် အရှင် ဝေသာလီပြည်ကြီး၌ အပေါင်း ဖြစ်သော မင်းမျိုးတို့၏ အဘိသိက်သွန်းသော မင်္ဂလာရေကန်တွင်းသို့ ရေချိုးပြီးလျှင် ရေကို သောက်လိုပါသည်ဟု ဆိုလေ၏။

ဗန္ဓုလစစ်သူကြီးသည် ကောင်းပြီဟုဆို၍ ဗိုလ်ခြေ လူဦးရေ တထောင်၏ အစွမ်း အားဖြင့် တင်အပ်သော လေးကိုယူ၍ မလ္လိကာကို ရထားထက် တင်ပြီးလျှင် သာဝတ္ထိပြည်မှ ထွက်သဖြင့် ရထားကိုမောင်းနှင်လျက် မဟာလိ လိစ္ဆဝီမင်းသားအား ပေးထားအပ်သော တံခါးဖြင့် ဝေသာလီ ပြည်သို့ ဝင်လေ၏။

မဟာလိ လိစ္ဆဝီမင်း၏ နေရာအိမ်သည်လည်း တံခါး၏ အနီး၌သာလျှင် ဖြစ်ပေ၏။ မဟာလိ လိစ္ဆဝီမင်းသည် တံခါးခုံ၌ ရထား၏ ထိခိုက်သံကိုကြားရလျှင် ဤအသံကား ဗန္ဓုလစစ်သူကြီး၏ ရထားသံတည်းဟု သိသဖြင့် ယနေ့ လိစ္ဆဝီမင်းတို့အား ဘေး အန္တရာယ်ဖြစ်လတ္တံ့ဟု ဆိုလေ၏။

ရေကန်၏ အတွင်း၌၎င်း အပ၌၎င်း အစောင့်အရှောက်တို့သည် လွန်စွာအားကြီး ကုန်၏။ အထက်၌ သံကွန်ယက်ကို ဖုံးအုပ်၍ထားအပ်၏။ ငှက်တို့အားသော်လည်း ဝင်နိုင်ရန်နေရာ အခွင့်မရှိ။ ဗန္ဓုလ စစ်သူကြီးသည်ကား ရထားမှ ဆင်းသက်၍ အစောင့်အရှောက် ဖြစ်သော လူတို့ကို သန်လျက်ဖြင့် ပုတ်ခတ်ကာ ထွက်ပြေးစေ၍ သံကွန်ရက်ကို ဖြတ်ပြီးလျှင် ရေကန်တွင်းသို့ဝင်သဖြင့် မယားကိုချိုးစေ သောက်စေ၍ မိမိကိုယ်တိုင်လည်း ရေချိုး၍ တဖန်မလ္လိကာကို ရထားသို့တင်၍ ပြည်မှထွက်ကာ လာခဲ့သော လမ်းခရီးဖြင့်သာလျှင် ပြန်သွားလေ၏။

---

ဗန္ဓုလမြှားဖြင့် လိစ္ဆဝီမင်းများ ပျက်စီးပုံ

ထိုအစောင့်အရှောက်ဖြစ်သော လူတို့သည် လိစ္ဆဝီမင်းတို့အား ကြားလျှောက်ကြလေ ကုန်၏။ လိစ္ဆဝီမင်းတို့သည် အမျက်ထွက်၍ ရထားငါးရာတို့သို့ တက်စီးကုန်လျက် ဗန္ဓုလစစ်သူကြီးကို၎င်း မလ္လိကာကို၎င်း ဖမ်းယူအံ့ဟု ထွက်ခဲ့ကြ လေကုန်၏။ ထို အကြောင်းကို မဟာလိ လိစ္ဆဝီမင်းအား ပြောကြားကြကုန်သော် မဟာလိ လိစ္ဆဝီမင်း သည်လည်း မလိုက်ကြကုန်လင့် ထိုဗန္ဓုလသည် အလုံးစုံသော သင်တို့ကိုသတ်လတ္တံ့ ဟု ဆိုလေ၏။

ထိုလိစ္ဆဝီမင်းတို့လည်း အကျွန်ုပ်တို့ လိုက်ကုန်အံ့သည် သာလျှင်တည်းဟု ဆိုကြကုန် သဖြင့် ထိုသို့လိုက်လိုမူကား ထိုဗန္ဓုလ၏ ရထားလှည်းဘီး၏ ချက်မပုံတောင်း တိုင် အောင် မြေသို့ဝင်ရာ အရပ်ကိုမြင်လျှင် ပြန်ခဲ့ကြကုန်လော့ ထိုအရပ်မှ မပြန်ကုန် သည်ရှိသော် ရှေ့မှမိုဃ်းကြိုးသံကဲ့သို့ ကြားရကုန်လတ္တံ့ ထိုအရပ်မှ ပြန်ခဲ့ကြ ကုန်လော့။

ထိုအရပ်မှ မပြန်ကုန်သည်ရှိသော် အသင် လိစ္ဆဝီမင်းတို့၏ ရထားလှည်းဦးတို့၌ အပေါက်ကို မြင်ရကုန်လတ္တံ့။ ထိုအရပ်မှပြန်ခဲ့ကြကုန်လော့။ ထိုအရပ်မှမပြန်မူ၍ ရှေ့သို့မလိုက်ကြလေနှင့်ဟု မှာကြား ပြောဆိုလိုက်လေ၏။

ထိုလိစ္ဆဝီမင်းသား ငါးရာတို့သည်လည်း မဟာလိစကားဖြင့် မပြန်ကုန်မူ၍ ဗန္ဓုလ စစ်သူကြီးသို့ အစဉ်လိုက်ကုန်သည်သာတည်း။ မလ္လိကာသည် ထိုလိုက်လာသော လိစ္ဆဝီမင်းအပေါင်းတို့ကိုမြင်၍ အရှင့်သား ရထားတို့သည် ထင်ကုန်၏ဟု ဆိုလေ၏။ ထိုသို့ဖြစ်မူ တခုတည်းသော ရထားဦး ထင်သောအခါ ငါ့အားပြောကြားလော့ဟု ဆို၏။ အလုံးစုံသော ရထားတို့သည် တခုတည်းသော ရထားကဲ့သို့ဖြစ်၍ ရှေ့နောက် စဉ်လျက် ထင်ကုန်သောအခါ မလ္လိကာက အရှင့်သား တခုတည်းသော ရထားဦး ထင်ပါပြီဟု ပြောကြားလေ၏။

ဗန္ဓုလစစ်သူကြီး သည်လည်း ယင်းသို့ဖြစ်မူ ဤကြိုးတို့ကို ကိုင်ငင်ဦးလော့ဟု ဆိုလျက် မလ္လိကာအား ကြိုးတို့ကိုပေး၍ ရထား၌ရပ်လျက် လေးကိုတင်လေ၏။ ရထားလှည်းဘီးသည် ချက်မ ပုံတောင်းတိုင်အောင် မြေသို့ဝင်လေ၏။ လိစ္ဆဝီမင်း တို့သည် ထိုအရပ်ကို မြင်သော်လည်း မပြန်ကြကုန်။

ဗန္ဓုလစစ်သူကြီးလည်း အတန်ငယ်သွား၍ လေးညှို့ကိုဖြန့်၏။ မိုဃ်းကြိုးသံကဲ့သို့ ဖြစ်လေ၏။ ထိုလိစ္ဆဝီမင်းတို့သည် ထိုအရပ်မှလည်း မပြန်ကြကုန်။ အစဉ်အတိုင်း လိုက်လျက် သွားကြ ကုန်သော လိစ္ဆဝီမင်းတို့ကို ဗန္ဓုလစစ်သူကြီးသည် ရထားထက်၌ ရပ်လျက်သာလျှင် မြှားတစင်းကို ပစ်လွှတ်လေ၏။ ထိုမြှားသည် ရထားငါးရာတို့၏ ရထားဦးကို ဖေါက်ထွင်း၍ ငါးရာသောမင်းတို့ကို ဝတ်ဆင်သော ချပ်မိန်ညိုနေရာ၌ ဖေါက်ထွင်းလျက်မြေသို့ ဝင်လေ၏။

လိစ္ဆဝီမင်းတို့လည်း မိမိတို့ကိုယ်ကို မြှားဖောက်ထွင်း၍ သွားသည့်အဖြစ်ကို မသိ သောကြောင့် အချင်းဗန္ဓုလရပ်ဦးလော့ အချင်းဗန္ဓုလ ရပ်ဦးလော့ဟု ဆိုကုန်လျက် အစဉ်အတိုင်း လိုက်ကြ ကုန်သည် သာလျှင်တည်း။ ထိုအခါ ဗန္ဓုလ စစ်သူကြီးသည် ရထားကိုမောင်းနှင်လျက် သင်တို့ သူသေတို့ ချည်းသာတည်း။ သူသေတို့နှင့် ငါ့အား စစ်ထိုးခြင်း မည်သည် မရှိဟုဆို၏၊ သူသေတို့ မည်သည် ငါတို့နှင့်တူသည် မဖြစ်ကုန် ဟုဆိုပြန်သော် ယင်းသို့ဖြစ်မူ အလုံးစုံ ဝတ်ဆင်ခဲ့သော ရှေ့နောက် ချပ်ဝတ် တန်းဆာကိုချွတ်စေ ကြကုန်လော့ဟု ဆိုသဖြင့် ထိုလိစ္ဆဝီမင်းတို့သည် ချွတ်ကြလေကုန်၏။

တန်းဆာကိုချွတ်သည် နှင့်တပြိုင်နက် ထိုလိစ္ဆဝီမင်း တယောက်သည် အသက် သေ၍ လဲကျလေ၏။ ထိုအခါ ထိုအလုံးစုံသော လိစ္ဆဝီမင်းသား တို့ကိုလည်း အလုံးစုံကုန်သော အသင်တို့သည် ဤသို့ သဘော ရှိကြကုန်၏။ မိမိတို့အိမ်သို့ ပြန်သွား၍ စီရင်အပ်သော အမှုကို စီရင်ပြီးမှ သားမယားကို ဆုံးမဩဝါဒပေး၍ ချပ်မိန်ညို တန်းဆာကို ချွတ်စေကြကုန်လော့ဟု ဆိုလေ၏။ လိစ္ဆဝီမင်းတို့လည်း ဆိုတိုင်းပြု၍ အားလုံး အသက်ကုန်ခြင်းသို့ ရောက်ကြလေကုန်၏။

---

သားသုံးကျိပ် နှစ်ယောက်နှင့်တကွ ဗန္ဓုလစစ်သူကြီး အနိစ္စရောက်ခြင်း

ဗန္ဓုလ စစ်သူကြီးသည်လည်း မလ္လိကာကို သာဝတ္ထိပြည်သို့ ဆောင်လေ၏။ ထို မလ္လိကာသည် တဆဲ့ခြောက်ကြိမ် အစုံအစုံသော သားမြွာတို့ကို ဖွားမြင်လေ၏။ အလုံးစုံ သုံးကျိပ်နှစ်ယောက်သော သားတို့သည်လည်း ရဲရင့်ကုန်သဖြင့် အားအစွမ်းနှင့် ပြည်စုံကြကုန်၏။ အလုံးစုံသော အတတ်ပညာ တို့၏ အပြီးအဆုံးသို့ ရောက်ကြလေကုန်၏။

တယောက် တယောက်သော သားအား ယောက်ျားတထောင် အခြံအရံရှိ၏။ ဖခင် ဗန္ဓုလ စစ်သူကြီးနှင့်တကွ မင်းအိမ်နန်းတော်သို့ သွားသည်ရှိသော် ထိုသူတို့ဖြင့် သာလျှင် မင်းယင်ပြင် သည် ပြည့်လေ၏။

ထိုနောက် တနေ့သ၌ တရားဆုံးဖြတ်ရာ သဘင်ရုံးတော်၌ ကောက်ကျစ် စဉ်းလဲ သောအားဖြင့် တရားရှုံးသော လူတို့သည် ဗန္ဓုလစစ်သူကြီး လာသည်ကို မြင်လတ်သော် သည်းစွာ ငိုကြွေး မြည်တမ်းကုန်လျက် တရားစီရင် ဆုံးဖြတ်သော အမတ်တို့ စဉ်းလဲသောအားဖြင့် တံစိုးစား၍ စီရင်ကြောင်းကို ထိုဗန္ဓုလ စစ်သူကြီး အား ပြောကြားကြကုန်၏။

ဗန္ဓုလစစ်သူကြီးလည်း တရားသဘင်ရုံးတော်သို့ သွား၍ ထိုတရားကို စိစစ်မေးမြန်း ပြီးလျှင် ပစ္စည်းရှင်ကိုသာ ပစ္စည်းရှင်ပြုလေ၏။ လူများ အပေါင်းတို့သည် ကျယ်စွာသော အသံဖြင့် ကောင်းချီးပေးခြင်းကို ဖြစ်စေ၏ ပသေနဒီကောသလ မင်းကြီးသည် ဤအသံကား အဘယ် အသံနည်းဟု မေးတော်မူ၍ ထိုအကြောင်းကို ကြားသိတော်မူလျှင် နှစ်သက်တော်မူသဖြင့် ထိုအလုံးစုံ ကောက်ကျစ်စဉ်းလဲသော အားဖြင့် စီရင်သော အမတ်တို့ကို တရားသူကြီးအရာမှ နုတ်စေ၍ ဗန္ဓုလအား သာလျှင် တရားသဘင်ရုံးတော်ကို အပ်နှင်းလေ၏။

ဗန္ဓုလ စစ်သူကြီးသည်လည်း ထိုအခါမှစ၍ မှန်ကန်ဖြောင့်မတ်စွာ ဆုံးဖြတ် စီရင်၏။ ထိုသို့ ဗန္ဓုလစစ်သူကြီးသည်သာ တရားဆုံးဖြတ်သောကြောင့် တရားသူကြီးဟောင်း ဖြစ်ကုန်သော အမတ်တို့သည် တစုံတခုသော တံစိုးလက်ဆောင်ကို မရကြ ကုန်သည်ဖြစ်၍ နည်းသောလာဘ် ရှိကုန်ရကား ဗန္ဓုလစစ်သူကြီးသည် မင်းအဖြစ် တောင့်တ၏ဟုမင်းကြီးကို ဂုံးတိုက်ကြလေကုန်၏။

မင်းကြီးသည် ထိုအမတ်ဟောင်းတို့ စကားကို ယုံကြည်တော်မူသည်ဖြစ်၍ မိမိစိတ်ကို နှိပ်ကွပ် ငြိမ်းအေးအောင် ပြုခြင်းငှါ မစွမ်းနိုင် ဗန္ဓုလစစ်သူကြီးကို ဤအရပ်၌သာ သတ်အပ်သည်ရှိသော် ငါ့အားကဲ့ရဲ့ခြင်း ဖြစ်လတ္တံ့ဟု တဖန်ကြံအောက်မေ့မိပြန် သဖြင့် သူလျှိုမင်း ယောက်ျားတို့ကို ပစ္စန္တရစ်ကို လုယက်ဖျက်ဆီးစေ၍ ဗန္ဓုလ စစ်သူကြီးကို ခေါ်တော်မူပြီးလျှင် ပစ္စန္တရစ်ကျေးရွာသည် ပျက်စီးသတတ်။

သင်၏သားတို့နှင့် တကွသွား၍ ခိုးသူတို့ကိုဖမ်းယူချေလော့ဟု စေလွှတ်၍ ထိုအရပ်၌ပင် သုံးကျိပ် နှစ်ယောက်သော သားတို့နှင့်တကွ ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကိုဖြတ်၍ ဆောင်ချေကြကုန် လော့ဟုဆိုလျက် ထိုသူတို့နှင့်အတူတကွ တပါးကုန်သော ဆောင်စွမ်းနိုင်သော သူရဲကြီးတို့ကို စေလွှတ်တော်မူပြန်လေ၏။ ဗန္ဓုလ စစ်သူကြီးလည်း ပစ္စန္တရစ်သို့ ရောက်ခါမျှ၌သာလျှင် စစ်သူကြီး လာသတတ်ဟု ပုန်ကန် သောင်း ကြမ်းကုန်သော သူလျှိုခိုးသူတို့သည် ထွက်ပြေးတိမ်းရှောင် ကြလေကုန်၏။ ဗန္ဓုလစစ်သူကြီးသည် ထိုအရပ်ကို လူနေမြဲနေစေ၍ ကောင်းစွာတည်စေ၍ ပြန် ခဲ့လေ၏။

ထိုအခါမြို့မှ မနီးမဝေးသောအရပ်၌ မင်းကြီး စေလွှတ်အပ်ကုန်သော သူရဲကြီးတို့သည် သားတို့နှင့် တကွဖြစ်သော ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြလေကုန်၏။ ထိုနေ့၌ပင် မလ္လိကာသည် ရဟန်းငါးရာတို့နှင့်တကွ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို ပင့်ဖိတ်၍ ထားအပ်ကုန်၏။ ထိုအခါမလ္လိကာအား နံနက်မိုးသောက်စအခါမှာပင် သင်၏သားတို့နှင့် တကွဖြစ်သော အရှင်သခင် ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကြကုန်၏ ဟူသော ကမ္ပည်းအမှာစာကို ဆောင်ယူခဲ့၍ ပေးလာကြကုန်၏။

မလ္လိကာသည် ထိုအကြောင်းကိုသိလျှင် တစုံတယောက်သောသူအား တခွန်းသောစကားကိုမျှ မပြောမဆိုကြားဘဲ ကမ္ပည်း အမှာစာကို ရင်ခွင်၌ထားလျက် ရဟန်းသံဃာတော်တို့ကိုသာလျှင် ဆွမ်းလုပ်ကျွေးလေ၏။ ထိုအခါမလ္လိကာ၏ အလုပ်အကျွေး ကျွန်မတို့သည် ရဟန်းတို့အားဆွမ်းကို ကပ်လှူပြီး၍ ထောပတ်အိုးကို ဆောင်ယူကြသည်ရှိသော် မထေရ်မြတ်တို့၏ ရှေ့တော်၌ ထောပတ် အိုးတို့ကို ခွဲပစ်ကြလေကုန်၏။ အရှင်သာရိပုတြာသည် ကွဲတတ် ပျက်တတ်သော သဘော တရားသည် ကွဲတတ်ပျက်တတ်၏။ ထွေရာလေးပါး မကြံစည်အပ်ဟု ဟောကြားဆုံးမတော်မူ၏။

ထိုမလ္လိကာသည် ရင်ခွင်မှ ကမ္ပည်းအမှာစာကို ထုတ်ယူပြီးလျှင် သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဖခင်ဖြစ်သော ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကိုဖြတ်ကြကုန်၏ဟု တပည့်တော်မထံ ဤအမှာစာကို ပို့လာကြပါကုန်၏။ တပည့်တော်မသည် ဤသို့သောအကြောင်းကို ကြားသိရ ပါသော်လည်း ထွေရာလေးပါး မကြံစည်ပါ ထောပတ်အိုး ကွဲရာ၌ အဘယ်မှာ ကြံစည်ပါအံ့နည်း ဘုရား ဟု လျှောက်ကြားလေ၏။ တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်မြတ်သည် -

အနိမိတ္တ မနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။

ဣဓ၊ ဤလောက၌။
မစ္စာနံ၊ သတ္တဝါတို့၏။
ဇီဝိတံ၊ အသက်သည်။
အနိမိတ္တံ၊ သိနိုင်စကောင်း အကြောင်းမရှိ။
အနညာတံ၊ မသိအပ်။

ဤသို့ အစရှိသည်တို့ကို ရွတ်ဆိုကာ တရားဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ မလ္လိကာသည်လည်း သုံးကျိပ်နှစ်ယောက်သော ချွေးမ တို့ကိုခေါ်စေ၍ သင်တို့၏ အရှင် ယောကျ်ားတို့သည် အပြစ်မရှိကြပါဘဲလျက် မိမိရှေးဘဝ၌ ပြုခဲ့ဖူးသော အကုသိုလ်ကံအကျိုးကို ရကြလေကုန်ပြီ။ သင်တို့သည် မစိုးရိမ်ကြကုန်လင့် မငိုကြွေးကြကုန်လင့် ဘုရင်မင်းမြတ်၏ အပေါ်၌လည်း စိတ်၏ပြစ်မှားခြင်းကို မပြုကြကုန်လင့် ဟု ဆုံးမဩဝါဒပေးလေ၏။

---

ပသေနဒီကောသလမင်းကြီးသည် တိုင်းတပါးစရပ်၌ ခိုကိုးရာမဲ့ နတ်ရွာစံရခြင်း

မင်းကြီး၏သူလျှိုဖြစ်သော ယောကျ်ားတို့သည် ထိုမလ္လိကာဆိုသော စကားကို ကြားရလျှင် သွားကြ၍ ထိုသူတို့၏ အပြစ်မရှိသောအဖြစ်ကို မင်းကြီးအား လျှောက်ကြားကြကုန်၏။ မင်းကြီး သည် ထိပ်လန့်ခြင်းသို့ ရောက်သဖြင့် မလ္လိကာ၏နေအိမ်သို့ သွားရောက်ပြီးလျှင် မလ္လိကာကို၎င်း, မလ္လိကာ၏ချွေးမတို့ကို၎င်း သည်းခံစေ၍ မလ္လိကာအား ဆုမြတ်ကို ပေးသနားတော်မူလေ၏။

မလ္လိကာကလည်း ပေးသနားတော်မူအပ်သောဆုကို ဘုရားကျွန်မ ယူအပ်သည် ဖြစ်ပါစေ သတည်းဟု လျှောက်ကြားပြီးမှ ထိုနေအိမ်၌ပင်လျှင် ထိုသေလွန်ကုန်သော သားလင်ခင်ပွန်းတို့၏ အလို့ငှါ မတကဘတ်ကို လှူဒါန်းပြီးလျှင် မင်းကြီးထံသို့ချဉ်းကပ်ခါ ရှိခိုးလျက် အရှင်မင်းမြတ် အရှင်မင်းမြတ်တို့သည် ဘုရားကျွန်မအား ဆုမြတ်ကို ပေးသနားတော်မူပါသည်ဘုရား။

ကျွန်မအား တပါးသောဆုဖြင့် အလိုမရှိပါ၊ သုံးကျိပ်နှစ်ယောက်ကုန်သော ချွေးမတို့၏၎င်း ဘုရား ကျွန်မ၏၎င်း မိဘအိမ်သို့ပြန်သွားရခြင်းကို ခွင့်ပြုတော်မူပါဟု လျှောက်ကြား သံတော်ဦး တင်လေ၏။ မင်းကြီးလည်း ဝန်ခံလေ၏။ မလ္လိကာသည် သုံးကျိပ်နှစ်ယောက်သော ချွေးမတို့ကို အကြင် အကြင် မိမိတို့၏ မိဘအိမ်သို့ စေလွှတ်၍ မိမိလည်း ကုသိနာရုံပြည် မိမိ-မိဘအိမ်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းကြီးသည် ဗန္ဓုလစစ်သူကြီး၏တူဖြစ်သော ဒီဃကာရာယန မည်သော သူအား စစ်သူကြီးအရာကို ပေးတော်မူ၏။ ထို ဒီဃကာရာယန စစ်သူကြီးကား ဤမင်းကြီးသည် ငါ၏ဦးရီးဗန္ဓုလကို သတ်အပ်၏ဟု မင်းကြီးအား လုပ်ကြံရန် အခွင့်ကိုရှာလျက် သွားလာ လှည့်ပတ်၍ နေ၏။

မင်းကြီးသည်လည်း အပြစ်မရှိသော ဗန္ဓုလစစ်သူကြီးကို သတ်မိသော ကာလမှစ၍ နှလုံး မသာယာခြင်း ရှိသဖြင့် စိတ်၏သက်သာရာကိုမရ၊ မင်းစည်းစိမ်ကိုလည်း ခံစားတော်မမူနိုင်ရှာ။ ထိုအခါ မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ ဇနပဒပရမ အမည်ရှိသော နိဂုံးကိုအမှီပြု၍ နေတော်မူ၏။ ပသေနဒီကောသလမင်းကြီးသည် ထိုဘုရားရှိရာ အရပ်သို့သွား၍ ကျောင်းတော် အာရာမ်မှ မနီးမဝေး၌ သစ်ခက်တဲနန်းတည်၍ နေပြီးလျှင်များစွာသော အခြံအရံဖြင့် ဘုရားရှင်ကို ရှိခိုးအံ့ဟု ကျောင်းတော်သို့ သွားလတ်သော် ငါးပါးကုန်သော မင်းမြှောက်တန်းဆာတို့ကို ဒီဃကာရာယန စစ်သူကြီးအား အပ်၍ တယောက်အထီးတည်း ဂန္ဓကုဋိသို့ဝင်တော်မူ၏။

အလုံးစုံသောအတ္ထုပ္ပတ္တိကို "ဓမ္မစေတိယသုတ္တန်၌ လာသောနည်းဖြင့် ပြဆိုအပ်၏။ ပသေနဒီ ကောသလမင်းသည် ဂန္ဓကုဋိသို့ ဝင်သွားသည်ရှိသော် ဒီဃကာရာယန စစ်သူကြီးသည် ထို မင်းမြှောက်တန်းဆာ ငါးပါးတို့ကိုယူ၍ ဝိဋဋူဘမင်းသားကို မင်းမြှောက်ပြီးလျှင် ကောသလ မင်းကြီးအား မြင်းတစီးနှင့် ခြေရင်းအလုပ်အကျွေး မိန်းမတယောက်ကို ထားခဲ့၍ပြန်လာသဖြင့် သာဝတ္ထိပြည်သို့ သွားလေ၏။

ပသေနဒီ ကောသလမင်းကြီးသည်လည်း ဘုရားရှင်နှင့်တကွ ချစ်ကြည်မြတ်နိုး အပ်သောစကားကို ပြောဆိုလျှောက်ထားပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ ထွက်ခဲ့သည် ရှိသော် စစ်သည်အပေါင်းတို့ကို မမြင်ခြင်းကြောင့် ထိုကြွင်းကျန် စောင့်နေသော မိန်းမကိုမေး၍ ထိုအကြောင်းကိုကြားသိရသဖြင့် ငါသည် တူတော်ဖြစ်သောအ ဇာတသတ်မင်းကိုခေါ်ယူ၍ ဝိဋဋူဘကို ဖမ်းအံ့ဟု ရာဇဂြိုဟ်ပြည်သို့ မြန်းကြွလေရာ အချိန်မဟုတ် မိုးချုပ်သည့်အခါ၌ တံခါးကို ပိတ်ထားသည့်အခါတွင် ရာဇဂြိုဟ် ပြည်သို့ရောက်သဖြင့် တဆောင်သော စရပ်၌အိပ်ရ၍ လေနေပူတို့ဖြင့်ပင်ပန်းသည် အဖြစ်ကြောင့် ညဉ့်အဖို့တွင် ထိုစရပ်၌ပင် နတ်ရွာလားတော်မူလေ၏။

ထိုညဉ့်မိုးသောက်လင်းစင်ခြင်းသို့ ရောက်သောအခါ ကောသလပြည့်ရှင် ဘုရင်မင်းမြတ်ကြီး ဘုရာ့ အရှင်မင်းမြတ်ကြီးသည် ကိုးကွယ်ရာမဲ့ဖြစ်ခဲ့လေပြီဟု ငိုကြွေး မြည်တမ်းသော ထိုမိန်းမ၏အသံကို ကြားလျှင် အဇာတသတ်မင်းကြီးအား ကြားလျှောက်လေ၏။ အဇာတသတ်မင်းကြီးသည်လည်း ဦးရီးဖြစ်သော ကောသလ မင်းကြီးအား များစွာသော ပူဇော်သက္ကာရဖြင့် အလောင်းကောင် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုစေလေ၏။

ဝိဋဋူဘ သာကီဝင်မင်း မျိုးဆက်ဖြတ်ခြင်း

ဝိဋဋူဘသည်လည်း မင်းအဖြစ်ကိုရလျှင် ထိုရန်ကို အောက်မေ့မိသည်ဖြစ်၍ အလုံးစုံသော သာကီဝင်မင်းတို့ကို သတ်အံ့ဟု ကြံစည်ကာ များစွာသော စစ်သည် ဗိုလ်ပါနှင့်တကွ ထွက်ခဲ့၏။ ထိုနေ့၌ မြတ်စွာဘုရားသည် မိုးသောက် နံနက်စောစောအခါ၌ လောကကိုကြည့်ရှုတော်မူလတ်သည်ရှိသော် ဆွေတော်မျိုးတော် အပေါင်း၏ ပျက်စီးအံ့သည်ကို မြင်တော်မူ၍ ဆွေတော်မျိုးတော် အပေါင်းအား ချီးမြှင့်ခြင်းကိုပြုခြင်းငှါသင့်၏ ဟုကြံတော်မူလျက် နံနက်အခါ ဆွမ်းအလို့ငှါ ကြွသွားတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် ဂန္ဓကုဋိ၌ ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့် တူသော မြတ်သော ကိန်းစက်တော်မူခြင်းကိုပြု၍ ညချမ်းသောအခါ၌ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပြီးလျှင် ကပိလဝတ်ပြည်၏အနီး ကျဲသော ပူသော အရိပ်ရှိသော တခုသော သစ်ပင်ရင်း၌ နေတော်မူလေ၏။

ထိုမှတပါး ဝိဋဋူဘမင်း၏ ပြည်အပိုင်းအခြား၌ ကြီးစွာသော ထူထဲသော ဧချမ်းသော အရိပ်ရှိသော ပညောင်ပင်သည်ရှိ၏။ ဝိဋဋူဘမင်းသည် ဘုရားရှင်ကိုမြင်လျှင် ဆည်းကပ်၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ်အကြောင်းကြောင့် ဤသို့ ပူလောင် ပြင်းပြသောအခါ အရိပ်မရှိသော ဤသစ်ပင်ရင်း၌ နေတော်မူကြကုန်ဘိသနည်း။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဧချမ်းသော အရိပ်ရှိသော ထို ပညောင်ပင်ရင်း၌ နေတော်မူကြပါဘုရားဟု လျှောက်ကြားသဖြင့် မြတ်သောမင်းကြီး ရှိပါစေတော့ ဆွေတော်မျိုးတော်တို့၏ အရိပ် မည်သည်ကား ဧချမ်းကုန်၏ဟု မိန့်တော်မူသည်ရှိသော် ဆွေတော်မျိုးတော်တို့ကို စောင့်ရှောက်ခြင်းငှါ ဘုရားသဗ္ဗညု ကြွလာတော်မူသည် ဖြစ်လတ္တံ့ဟု ကြံ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဆုတ်နစ်ကာ သာဝတ္ထိပြည်သို့သာ ရှေးရှုပြန်လေ၏။

ဘုရားရှင်သည်လည်း ကောင်းကင်ခရီးသို့ ပျံတက်တော်မူသဖြင့် ဇေတဝန်ကျောင်းတော်သို့ သာလျှင် ကြွသွားတော်မူလေ၏။ ဝိဋဋူဘ မင်းသည်လည်း သာကီဝင်မင်းတို့၏ အပြစ်ကို အောက်မေ့၍ နှစ်ကြိမ်မြောက် ထွက်ပြန်သော် ထိုအရပ်၌ပင် ဘုရားရှင်ကို ဖူးမြင်ရ၍ တဖန်ပြန်လာပြန်၏။ သုံးကြိမ်မြောက် ထွက်ပြန်သော် ဘုရားရှင်ကို ထိုအရပ်၌ပင် ဖူးမြင်ရ၍ တဖန်ပြန်လာပြန်၏။

လေးကြိမ်မြောက်သောအခါ၌ကား ဝိဋဋူဘမင်းသည် ထွက်သည်ရှိသော် ဘုရားရှင်သည် သာကီဝင်မင်းတို့၏ ရှေးမကောင်းမှုကံကို ကြည့်ရှုသဖြင့် ထိုသာကီဝင်မင်းတို့၏ တနေ့သောအခါ မြစ်၌ အဆိပ်ဆေးခပ်ခဲ့ဖူးသော မကောင်းမှုကံ၏ မတားမြစ်နိုင်သည့်အဖြစ်ကို သိတော်မူ၍ လေးကြိမ်မြောက်သောအခါ၌ ကြွတော်မမူ။

ဝိဋဋူဘမင်းသည် သာကီဝင်မင်းတို့ကို သတ်တော့အံ့ဟု များစွာသော ရဲမက် ဗိုလ်ပါအပေါင်းနှင့် တကွ ထွက်ခဲ့လေ၏။ ဘုရားရှင်၏ ဆွေတော်မျိုးတော်တို့ကား သူတပါး၏ အသက်ကို သတ်ဖြတ်သော မည်သည်မရှိ၊ သေကုန်သော်လည်း သူတပါးတို့၏ အသက်ကို မသတ်ကြကုန်။

ထိုသာကီဝင်တို့ ကြံပုံကား ငါတို့ကား ကောင်းစွာ သင်အပ်သော လေးအတတ် အစရှိသည်ကို လက်စွဲခြင်းရှိကုန်၏။ လေ့ကျက်အပ်သော မြှားရေးရှိကုန်၏။ မြတ်သော လေးသ္မားတို့ ဖြစ်ကြကုန်၏။ ငါတို့သည် သူတပါးကို အသက်မှ ချခြင်းငှါ မတတ်ကောင်းကုန်၊ မိမိ၏ အတတ်ပညာ အမှုကိစ္စကို ပြသဖြင့် ပြေးစေကုန်အံ့ဟု ကြံကြလေကုန်၏။ ထိုသာကီဝင်မင်းတို့သည် ဆင်ယင်အပ်သော ချပ်မိန်ညိုရှိကုန်လျက် ထွက်ခဲ့၍ စစ်ထိုးခြင်းငှါ အားထုတ်ကြလေကုန်၏။

သာကီဝင်မင်းတို့ ပစ်အပ်သော မြားတို့သည် ဝိဋဋဘ၏ စစ်သည်ယောက်ျားတို့ အကြားအကြားဖြင့် သွားကုန်၏။ ကာကြား နားပေါက်ကြား စသည်တို့မှ ထွက်ကုန်၏။ ဝိဋဋူဘမင်းသည် မြင်၍ အချင်းတို့ သာကီဝင်မင်းတို့သည် ငါတို့ကား သူတပါး၏ အသက်ကို မသတ်ဖြတ်ကြကုန်ဟု ဆိုကုန်သည် မဟုတ်လော။ ထိုသို့ဆိုကုန်လျက်လည်း ငါ၏ စစ်သည်တော်ယောက်ျားတို့ကို သတ်ဖြတ်ကုန်၏ ဟု ဆို၏။

ထိုအခါ ဝိဋဋူဘမင်းကို ယောက်ျားတယောက်သည် အရှင်မင်းကြီး အဘယ်သို့ ဆိုသနည်း၊ ပြန်လည့်၍ ကြည့်ရှုတော်မူပါဦးလော့ဟု ဆိုလေ၏။ သာကီဝင်မင်းတို့သည် ငါ၏စစ်သည်တော် ယောက်ျားတို့ကို သတ်ဖြတ်ကုန်၏ဟု ဆိုပြန်၏။ အရှင်မင်းကြီးတို့၏ စစ်သည်တော်ယောက်ျားသည် တယောက်မျှလည်း သေသောသူမရှိဟုဆိုလျှင် အချင်းတို့ ယင်းသို့ဖြစ်မူ ငါတိုက်တွန်း၏၊ ရေတွက်ကြကုန်လော့ဟု ပြောဆို၍ ရေတွက်စေသည်ရှိသော် တယောက်သောသူ၏လည်း ကုန်ပျောက် ပျက်စီးခြင်းကို မမြင်၊ ဝိဋဋူဘမင်းသည် ထိုအရပ်မှ ပြန်လည် ဆုတ်နစ်၍ အချင်းတို့ ငါတို့ကား သာကီဝင်ဖြစ်ကုန်၏ဟု ပြောဆိုကုန်သော ထိုထိုအလုံးစုံသောသူတို့ကို သတ်ကြကုန်လော့။ ဘိုးတော်ဖြစ်သော မဟာနာမ်သာကီဝင်မင်း၏ အထံ၌ နေကုန်သောသူတို့၏ အသက်ကို ချမ်းသာပေးကြကုန်လော့ဟု ဆိုလေ၏။

သာကီဝင်မင်းတို့သည် ကိုင်ယူသင့် ကိုင်ယူစရာကို မမြင်ရှာကြကုန်သဖြင့် အချို့ကား မြက်ပင်ကို ကိုက်လျက်၊ အချို့ကားကျူပင်ကို ကိုင်စွဲလျက် ရပ်တည်ကြလေကုန်၏။ သင်တို့သည် သာကီဝင်တို့ မဟုတ်ကုန်လောဟု မေးမြန်းလတ်သော် ထိုသာကီဝင်တို့သည် သေကုန်သော်လည်း မဟုတ် မမှန်သောစကား မဆိုကြကုန်၊ ထို့ကြောင့် မြက်ပင်ကို ကိုက်လျက်တည်သောသူတို့သည် သာကီဝင် မဟုတ် မြက်ဟု ဆိုကြရှာကုန်၏။ ကျူပင်ကို ကိုင်စွဲလျက်တည်သောသူတို့သည် သာကီဝင်မဟုတ် ကျူဟုဆိုကြရှာကုန်၏။

အကြင်သာကီဝင်တို့သည်ကား မဟာနာမ်မင်းကြီး၏ အထံ၌ နေကြကုန်၏။ ထိုသာကီဝင်တို့သာလျှင် အသက်ကို ရကြကုန်၏။ ထိုသာကီဝင်တို့တွင် မြက်ပင်ကို ကိုက်လျက်တည်သော သာကီဝင်တို့သည် တိဏသာကီဝင်တို့ မည်ကုန်၏။ ကျူပင်ကို ကိုင်စွဲလျက်တည်သော သာကီဝင်တို့သည် နဠသာကီဝင်တို့ မည်ကုန်၏။ ဝိဋဋူဘသည်လည်း ကြွင်းသော နို့စို့သူငယ်တို့ကိုပင် မလွှတ်မူ၍ သတ်စေလျက် သွေးချောင်းစီးစေပြီးလျှင် ထိုသာကီဝင်မင်းတို့၏ လည်ချောင်းသွေးဖြင့် မိမိနေထိုင်ရာ ပျဉ်ချပ်ကို ဆေးကြောစေ၏။ ဤသို့သော အခြင်းအရာဖြင့် သာကီဝင်မင်းအဆက်အနွယ်သည် ဝိဋဋူဘမင်း၏ ဘေးဖြင့် ပြတ်ခြင်းသို့ရောက်လေ၏။

---

ဘိုးတော်မဟာနာမ် နဂါးပြည်၌ တဆဲ့နှစ်နှစ် နေခြင်း

ဝိဋဋူဘမင်းသည် ဘိုးတော်ဖြစ်သော မဟာနာမ်သာကီဝင်မင်းကြီးကို ဆောင်ယူခဲ့စေ၍ ဆုတ်နစ်ပြန်လာသည်ရှိသော် နံနက်စာစားချိန်အခါ၌ နံနက်စာပွဲတော်တည်ခြင်းကို ပြုအံ့ဟု တခုသောအရပ်၌ လက်ဆင်းထိုင်နေ၍ ဘောဇဉ်အုပ်ကို ဆောင်ယူအပ်သည်ရှိသော် အတူတကွ ပွဲတော်တည်အံ့ဟု ဘိုးတော် မဟာနာမ်မင်းကြီးကို ခေါ်စေလေ၏။

မင်းမျိုးတို့မည်သည်ကား အသက်ကို စွန့်ရသော်လည်း ကျွန်မသားတို့နှင့် အတူတကွ ပွဲတော်မတည်ကြကုန်။ ထို့ကြောင့် မဟာနာမ်မင်းကြီးသည် ရေအိုင်တခုကိုကြည့်ရှုလျက် ငါ့မြေး ညစ်နွမ်းသောကိုယ် ရှိသည်ဖြစ်ခဲ့၏၊ ရေချိုးအံ့ဟု ဆိုလေ၏။ ဘိုးတော် ကောင်းလှပါပြီ၊ ရေချိုးတော်မူကြပါဦးလော့ဟု ပြန်လျှောက်လေ၏။

ထိုမဟာနာမ်မင်းကြီးသည်ကား ဝိဋဋူဘသည် အတူတကွ မစားသည်ရှိသော် ငါ့ကိုသတ်လတ္တံ့။ မိမိအလိုလိုသာလျှင် သေရခြင်းသည်မြတ်၏ဟု ဆံတို့ကို ဖြည်သဖြင့် အဖျား၌ အထုံးအဖွဲ့ပြု၍ ဆံပင်တို့၌ ခြေမတို့ကို သွတ်သွင်းပြီးလျှင် ရေ၌ ငုပ်လျှိုးလေ၏။

ထိုမဟာနာမ်မင်း၏ ဂုဏ်ကျေးဇူး အာနုဘော်ကြောင့် နဂါးပြည်သည် ပူသော အခြင်းအရာကို ပြလေ၏။ နဂါးမင်းသည် အကြောင်းအဘယ်သို့ ရှိသနည်းဟု စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုသိရလျှင် မဟာနာမ်မင်းကြီး အထံသို့လာ၍ မဟာနာမ်မင်းကြီးကို ပါးပျဉ်းထက် နေစေ၍ နဂါးပြည်သို့ ဆောင်သွင်းလေ၏။ ထိုမဟာနာမ်မင်းကြီးသည်လည်း တဆဲ့နှစ်နှစ် ပတ်လုံး ထိုနဂါးပြည်၌သာလျှင် စံနေတော်မူလေ၏။

ထိုဝိဋဋူဘမင်းလည်း ငါ၏ဘိုးတော်မင်းကြီးသည် ယခုပင်လာလတ္တံ့ဟု ဆိုင်းငံ့မျှော်လျက်သာ နေလေ၏။ ထိုမဟာနာမ်မင်းကြီးသည် အလွန်ကြာမြင့်လှသည်ရှိသော် ရေအိုင်၌ စူးစမ်းရှာဖွေစေ၍ ဆီမီးရောင် အလင်းဖြင့် သူတပါးတို့၏ အဝတ်အသုံးအဆောင် အကြားတို့ကိုလည်း ရှာဖွေကြည့်ရှုပြန်ရာ မမြင်သဖြင့် ထွက်သွားတော်မူသည်ဖြစ်လတ္တံ့ဟု နှလုံးပြု၍ ဖဲသွားလေ၏။

---

ဝိဋဋူဘမင်း ပရိသတ်တို့နှင့်တကွ သမုဒြာ၌ သေဆုံးခြင်းနှင့် ကံဆန်းကြယ်ပုံ

ဝိဋဋူဘသည် ညဉ့်အဖို့၌ အစိရဝတီမြစ်သို့ရောက်၍ သစ်ခက်တဲနန်းတော်သို့ သက်ဝင်နေထိုင်လေ၏။ အချို့ကုန်သော ရဲမက်ဗိုလ်ပါတို့သည် မြစ်၏အတွင်း သဲသောင်ပြင်စု၌ အိပ်ကြကုန်၏။ အချို့ကား မြစ်မှအပ ကြည်းကုန်းထက်၌ အိပ်ကြကုန်၏။ မြစ်၏အတွင်း၌ အိပ်ကုန်သောသူတို့တွင်လည်း ရှေး၌ မိမိ၏ပြုအပ်သော မကောင်းမှု အကုသိုလ်ကံ ကင်းသောသူတို့သည် ရှိကုန်၏။ မြစ်မှအပ၌ အိပ်ကုန်သောသူတို့တွင်လည်း ရှေး၌ပြုအပ်သော မကောင်းမှု အကုသိုလ်ကံ မကင်းသောသူတို့သည် ရှိကုန်၏။

ထိုသူတို့၏ အိပ်ရာအရပ်တို့၌ ပိုးပရွက်တို့သည် ထကြွ ကိုက်ခဲကြကုန်၏။ ထိုသူတို့သည် ငါတို့၏အိပ်ရာအရပ်၌ ပိုးပရွက်တို့ရှိကုန်၏။ ငါတို့၏အိပ်ရာအရပ်၌ ပိုးပရွက်တို့ရှိကုန်၏ဟု ဆို၍ ထကြကုန်ပြီးလျှင် ရှေးဘဝ ပြုအပ်သော အကုသိုလ်ကံ ကင်းကုန်သောသူတို့သည် တက်၍ ကြည်းကုန်းထက်၌ အိပ်ကြကုန်၏။

ပြုအပ်ပြီးသော အကုသိုလ်ကံ မကင်းသောသူတို့သည် သက်ဆင်း၍ သဲသောင်ပြင်စု၌ အိပ်ကြကုန်၏။ ထိုခဏ၌ မိုးကြီးသည် တက်လတ်၍ တခဲနက်သော မိုးကြီးကို သည်းထန်စွာ အထက်မြစ်ညာ၌ ရွာချလေ၏။ မြစ်၌ ရေအလျဉ်သည် စီးလာ၍ ရဲမက်ဗိုလ်ပါ ပရိသတ်အပေါင်းနှင့်တကွ ဝိဋဋူဘမင်းကို သမုဒြာသို့သာလျှင် ရောက်စေလေ၏။ မျှောလိုက်လေ၏။ ထိုသမုဒြာ၌ အလုံးစုံသောသူတို့သည် ငါးလိပ်တို့၏ အစာဖြစ်ကုန်၏။

---

သာကီဝင်တို့၏ ရှေးမကောင်းမှုကံနှင့် ဝိဋဋူဘတို့၏ နှလုံးအလို မပြည့်ခြင်း

များစွာသောလူအပေါင်းသည် စကားကိုဖြစ်စေကြကုန်၏။ သာကီဝင်မင်းတို့၏ သေရပုံကား မသင့်၊ သာကီဝင်မင်းတို့သည် ဤသို့ဤပုံ ဖြတ်၍ဖြတ်၍ အသတ်ခံရရှာကုန်၏။ ထိုသို့ အသတ်ခံရခြင်းသည် မသင့်မလျော်ချေတကားဟု စကားကိုဖြစ်စေကြကုန်၏။

မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူသည်ရှိသော် ချစ်သားရဟန်းတို့ ဤကိုယ်၏အဖြစ်၌ သာကီဝင်မင်းတို့အား ဤသို့သေရခြင်းသည် အကယ်၍ကား မသင့်မလျောက်ပတ်၊ ထိုသို့ပင် မလျောက်ပတ်သော်လည်း ဤသာကီဝင်မင်းတို့သည် ရှေးဘဝ၌ ပြုအပ်ဖူးသော ကံ၏အစွမ်းဖြင့်ကား သင့်လျော်လျောက်ပတ်သော သေရခြင်းကိုသာ ရအပ်ပေ၏ဟု မိန့်တော်မူလေ၏။

ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား ထိုသာကီဝင်မင်းတို့သည် ရှေးဘဝ၌ အဘယ်မကောင်းမှုကို ပြုကြကုန်ဖူးပါသနည်းဘုရားဟု မေးလျှောက်သဖြင့် ထိုသာကီဝင်မင်းတို့သည် တပေါင်းတည်း အတူတကွဖြစ်၍ မြစ်၌ အဆိပ်ကို ထည့်ခဲ့ဖူးကြလေ၏ဟု မိန့်တော်မူလေ၏။

တဖန် တနေ့သ၌ များစွာကုန်သော ရဟန်းတို့သည် တရားသဘင်၌ ဝိဋဋူဘသည် ဤမျှလောက်သော သာကီဝင်မင်းတို့ကို သတ်ဖြတ်၍ပြန်လာခဲ့ရာ မိမိ၏နှလုံးအလို အပြီးအဆုံးသို့ မရောက်သေးမီသာလျှင် ဤမျှလောက်သော လူအပေါင်းကိုယူ၍ မဟာသမုဒြာ၌ ငါးလိပ်တို့၏ အစာဖြစ်ရရှာ၏ဟု စကားကိုဖြစ်စေကြကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုငါလာဆဲဖြစ်သောအခါ အဘယ်စကားဖြင့် အညီအညွတ် စည်းဝေးကြကုန်သနည်းဟု မေးတော်မူသဖြင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု လျှောက်ကြားသည်ရှိသော် ချစ်သားရဟန်းတို့ ဤသတ္တဝါတို့၏ နှလုံးအလိုသည် အပြီးအဆုံးသို့ မရောက်မီသာလျှင် သေမင်းသည် အိပ်ပျော်နေသော ရွာသူရွာသားအပေါင်းကို လွှမ်းမိုးဖိစီးမြှုပ်နှစ်တတ်သော ကြီးစွာသော ရေအလျဉ်ကဲ့သို့ ဇီဝိတိန္ဒြေကို ဖြတ်၍ အပါယ်တည်းဟူသော သမုဒြာလေးစင်းတို့၌ နစ်မွန်းလျှိုးငုပ်မြုပ်စေလေ၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

---

ဒေသနာတော်

ပုပ္ဖာနိဟေဝ ပစိနန္တံ၊ ဗျာသတ္တမာနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

ပုပ္ဖါနိ၊ ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပန်းပွင့်တို့ကို။
ပစိနန္တံဟေဝ၊ ရွေးချယ်ဆဲသာလျှင် ဖြစ်သော။
ဗျာသတ္တမာနသံ၊ အထူးထူး အပြားပြားသော အခြင်းအရာအားဖြင့် လွန်စွာ ကပ်ငြိသော စိတ်ရှိသော။
နရံ၊ သတ္တဝါကို။
မဟောဃော၊ ကြီးစွာသော ရေအလျဉ်သည်။
သုတ္တံ၊ အိပ်ပျော်သော။
ဂါမံ၊ ရွာနေသူလူအပေါင်းကို။
အာဒါယ၊ ယူဆောင်၍။
ဂစ္ဆတိဣဝ၊ သွားသကဲ့သို့။
မစ္စု၊ သေမင်းသည်။
အာဒါယ၊ ယူ၍။
ဂစ္ဆတိ၊ သွားလေ၏။

---

ဂါထာအဓိပ္ပါယ်

[ပန်းသည်တယောက်သည် ပန်းခြံသို့ဝင်လျက် ပန်းရွှေးချယ်မည်ဟု ကြံသော်လည်း ထိုပန်းခြံမှ ပန်းတို့ကိုမယူမူ၍ တပါးသောပန်းခြုံကို တောင့်တသဖြင့် ပန်းခြံတခုလုံး၌ စိတ်ကို စေလွှတ်ခြင်းကြောင့် စိတ်လေလွင့်လျက် ပန်းရွေးချယ်စဉ် မေ့လျော့ခြင်းသို့ရောက်သကဲ့သို့ အချို့သောသူသည် ကာမဂုဏ်အလယ်သို့ သက်ဝင်သဖြင့် ကောင်းသော အာရုံကို ရရှိသော်လည်း တပါးသော အာရုံကိုတောင့်တပြန်သဖြင့် စိတ်လေလွင့်လျက် မေ့လျော့ခြင်းသို့ ရောက်၏။

ဤသို့ပန်းပွင့်အလား ကာမဂုဏ်တရားတို့ ရွေးချယ်တောင့်တကာ စိတ်လွှင့်ပါးမေ့လျော့၍ နေသော ရအပ် မရအပ်သော အာရုံတို့၌ လွန်စွာ တွယ်တာကပ်ငြိလျက်ရှိသော သတ္တဝါအပေါင်းကို ကြီးစွာသော ရေအလျဉ်သည် အိပ်မောကြနေသော ရွာသားအပေါင်းကို သမုဒြာသို့ဆောင်ယူ၍ ငါးလိပ်တို့၏အစာ ပြုသကဲ့သို့ အပါယ်လေးပါး ရောက်အောင် သေမင်းဆောင်ယူ၍ နှိပ်စက်တတ်၏ဟူလို။]

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဝိဋဋူဘ ဝတ္ထုပြီး၏။

---

၄ - ပတိပူဇိကာ သတို့သ္မီးဝတ္ထု

ပုပ္ဖါနိဟေဝ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပတိပူဇိကာ အမည်ရှိသော သတို့သ္မီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။ [ဝတ္ထုသည် တာဝတိံသာနတ်ပြည်၌ ဖြစ်၏။]

---

တဦးသောနတ်သ္မီး နတ်ပြည်မှ လူ့ပြည်သို့ လူ့ပြည်မှ တဖန် နတ်ပြည်သို့ ပြန်ရောက်ရပုံ

ထိုတာဝတိံသာနတ်ပြည်၌ မာလဘာရီ အမည်ရှိသော နတ်သားသည် နတ်သ္မီးတထောင် ခြံရံလျက် ဥယျာဉ်သို့ဝင်လေ၏။ ငါးရာကုန်သော နတ်သ္မီးတို့သည် ပန်းပင်ထက်သို့တက်၍ ပန်းတို့ကို ဆွတ်ချွေ၍ ချကြကုန်၏။ ငါးရာကုန်သော နတ်သ္မီးတို့သည် ကြွေကျလာသော ပန်းတို့ကို ကောက်ယူ၍ နတ်သားကို တန်းဆာဆင်ကြကုန်၏။ ထိုနတ်သ္မီးတို့တွင် တဦးသောနတ်သ္မီးသည် တခုသော သစ်ကိုင်းထက်၌ပင်လျှင် စုတေမနေ ကွယ်လွန်ရှာလေသဖြင့် ခန္ဓာကိုယ်သည် ဆီမီးလျှံကဲ့သို့ ကွယ်ပျောက်ချုပ်ငြိမ်းလေ၏။

ထိုနတ်သ္မီးသည် သာဝတ္ထိပြည်၌ တဦးသော အမျိုးအိမ်၌ ပဋိသန္ဓေတည်နေ စွဲယူပြီးလျှင် ဖွားမြင်လာသောအခါ ဘဝဟောင်းကို အောက်မေ့နိုင်သည့် - ဇာတိဿရဉာဏ်ကိုရသည်ဖြစ်၍ မာလဘာရီနတ်သား၏ ကြင်ဘက်ဖြစ်ဖူးကြောင်းကို အစဉ်အောက်မေ့လျက် ကြီးရင့်သော အရွယ်သို့ အစဉ်ရောက်လတ်သည်ရှိသော် နံ့သာပန်း စသည်တို့ဖြင့် ပူဇော်လှူဒါန်းခြင်းကို ပြု၍ အရှင်ဖြစ်သော မာလဘာရီနတ်သား၏ အထံ၌ ပြန်၍ဖြစ်ရပါစေသတည်းဟု ဆုတောင်းပတ္ထနာပြုလေ၏။

ထိုသတို့သ္မီးသည် တဆဲ့ခြောက်နှစ်ရှိသောအခါ သူတပါး (လင်ယောက်ျား)၏ အိမ်သို့ လိုက်သွားရသော်လည်း စာရေးတံဆွမ်း လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သောဆွမ်း, ဝါဆိုသင်္ကန်း စသည်တို့ကို လှူဒါန်းပေးကမ်း၍ ငါ၏ ယခုပြုအပ်သော ကောင်းမှုသည် အရှင်ဖြစ်သောလင်၏ အထံ၌ ဖြစ်ရပါစေခြင်း အကျိုးငှါ အထောက်အပံ့ ဖြစ်ပါစေသတည်းဟု နှုတ်မြွက်၍ ဆုတောင်းပတ္ထနာပြုလေ၏။ ထိုအခါ ထိုသတို့သ္မီးအား ရဟန်းတို့သည် ဤသတို့သ္မီးသည် ထကြွလုံ့လဥဿာဟရှိသည်ဖြစ်၍ ဒါနစသောကုသိုလ် ကောင်းမှုကို ပြုစုတိုင်းပြုစုတိုင်း လင်ကိုသာ တောင့်တသည်ဟုဆို၍ ပတိပူဇိကာ ဟူသော အမည်ကို မှည့်ခေါ်ကြကုန်၏။

ထိုပတိပူဇိကာသတို့သ္မီးသည်လည်း မပြတ်သာလျှင် ဆွမ်းစားစရပ်ကို သုတ်သင်ရှင်းလင်း၏။ သောက်ရေ သုံးဆောင်ရေကို တည်ထား၏။ နေထိုင်စရာနေရာတို့ကို ခင်းထား၏။ စာရေးတံဆွမ်း စသည်တို့ကို လှူလိုကြကုန်သော တပါးသော လူတို့ကလည်း ချစ်သ္မီး ဤလှူဖွယ်ဝတ္ထုတို့ကိုလည်း ရဟန်းသံဃာအား ကိုယ်စားပြု၍၊ ဝါ၊ တဆင့်လှူဒါန်း ပေးပါလော့ဟု ဆိုသည်ရှိသော် ဆောင်ယူလာ၍ လှူဒါန်းပေး၏။

ဤသို့သောနည်းဖြင့် လာတိုင်းသွားတိုင်းသော ထိုပတိပူဇိကာသတို့သ္မီးသည် ခြေတလှမ်း အကြိမ်၌ ငါးဆဲ့ခြောက်ပါးသော ကုသိုလ်တရားတို့ကို ရလေ၏။ (ဓမ္မသင်္ဂဏီပါဠိတော်၌ မဟာကုသိုလ်စိတ် ဖြစ်သောအခါ ၅၆-ပါးသော တရားတို့ ဖြစ်သာ်ဟု သရုပ်ရေတွက်၍ ပြထားသည်။) ထိုပတိပူဇိကာသတို့သ္မီး၏ဝမ်း၌ ကိုယ်ဝန်သန္ဓေတည်သဖြင့် ဆယ်လလွန်သောအခါ သားငယ်ကို ဖွားမြင်လေ၏။

ထိုသူငယ် ခြေဖြင့်သွားနိုင်သောအခါ တယောက်ကို၎င်း၊ တယောက်ကို၎င်း ဖွားမြင်ပြန်လေ၏။ ဤသို့လျှင် သားလေးယောက်တို့ကို ရလေ၏။ ထိုပတိပူဇိကာသတို့သ္မီးသည် တနေ့သ၌ အလှူလှူခြင်း ပူဇော်ခြင်း တရားနာခြင်း သိက္ခာပုဒ်တို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းတို့ကိုပြု၍ နေစဉ် နေ့အဆုံး ညချမ်းသော ကာလ၌ ထိုတခဏချင်း ဖြစ်ပေါ်သော တစုံတခုသော အနာရောဂါကြောင့် ဘဝတပါး ပြောင်းသွားမနေ စုတိပြန်သည်ရှိသော် မိမိ၏အရှင်ဖြစ်ခဲ့ဖူးသော မာလဘာရီနတ်သား၏ အထံ၌သာ ပြန်၍ ဖြစ်လေ၏။

---

လူတို့၏အခြေအနေကိုကြားရ၍ မာလာဘာရီ နတ်သား ထိတ်လန့်ခြင်း

အဖော်ဖြစ်ကုန်သော တပါးသော နတ်သ္မီးတို့သည်လည်း ဤမျှလောက် ကြာမြင့်သော ကာလပတ်လုံး မာလဘာရီနတ်သားကို တန်းဆာဆင်လျက်ပင် ရှိကြကုန်သေး၏။ မာလဘာရီနတ်သားသည် ထိုပတိပူဇိကာနတ်သ္မီးကို မြင်ရလျှင် အသင်သည် နံနက်စောစောကာလမှစ၍ မထင်မြင်ပျောက်နေသည်၊ အဘယ်အရပ်သို့ သွားသနည်းဟု မေးမြန်းလေ၏။

ကျွန်မသည် စုတိပျက်ပြား သေလွန်သွားပါသည် အရှင်နတ်သားဟု ဖြေဆိုလေ၏။ သင်အဘယ်သို့ ဆိုဘိသနည်းဟု မေးပြန်လတ်သော် ဤသို့ စုတိပျက်ပြား သေလွန်သွားသည်မှာ မှန်ပါသည် အရှင်နတ်သားဟု ဆိုလေ၏။ အဘယ်အရပ်၌ ဖြစ်ခဲ့သနည်းဟု မေးပြန်လတ်သော် သာဝတ္ထိပြည် တဦးသော အမျိုးအိမ်၌ဖြစ်ပါသည်ဟု ပြောပြလေ၏။

ထိုဘဝ၌ အဘယ်မျှကာလပတ်လုံး နေခဲ့သနည်းဟု မေးပြန်လတ်သော် အရှင်နတ်သား အနှစ်တရာမျှလောက်သာ အသက်ရှည်ကြပါကုန်၏ဟု ဆိုလေ၏။ ဤအနှစ်တရာမျှလောက်သာလျှင် ဖြစ်လေသလောဟု မေးလတ်ပြန်သည်ရှိသော် အရှင်နတ်သား ဤအနှစ်တရာမျှလောက်သာ ဟုတ်ပါပေသည်ဟု ဝန်ခံကာ ဆိုလေ၏။

ဤအနှစ်တရာမျှလောက်သော အသက်ကိုယူ၍ ဖြစ်ကုန်သော လူတို့သည် အိပ်ပျော်ခြင်း မေ့လျော့ခြင်းရှိကုန်သည်ဖြစ်၍ ကာလကို ကုန်လွန်စေကြကုန်သလော၊ ထိုသို့မဟုတ် အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကို ပြုကြကုန်သလောဟု မေးပြန်သည်ရှိသော် အရှင်နတ်သား အဘယ်သို့ ဆိုတော်မူပါသနည်း၊ နှစ်အသင်္ချေ မရေမတွက်နိုင်သော အသက်ကိုယူ၍ ဖြစ်ကုန်သကဲ့သို့၎င်း၊ မအိုနိုင် မသေနိုင်ကြကုန်သကဲ့သို့၎င်း၊ လူတို့သည် အမြဲမပြတ် မေ့လျောကြကုန်၏ဟု ဆိုလေ၏။

ထိုသို့ဆိုသောအခါ အနှစ်တရာမျှလောက်သော အသက်ကိုယူ၍ ဖြစ်ကုန်သော လူတို့သည် မေ့လျော့ကုန်လျက် တုံးလုံးလှည်းကာ အိပ်မောကျကြကုန်၏။ အဘယ်အခါ ဆင်းရဲမှ လွတ်နိုင်ကြကုန်လတ္တံ့နည်းဟု မာလဘာရီနတ်သားအား ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂသည် ဖြစ်လေ၏။

(ဤသံဝေဂကား - မကောင်းမှုမှ ကြောက်လန့်တတ်သော သြတ္တပ္ပနှင့် တကွဖြစ်သော အသိဉာဏ်ဖြစ်ခြင်းကြောင့် သဟောတ္တပ္ပဉာဏသံဝေဂမည်၏။)

[လူဖြစ်သော ငါတို့၏ အနှစ်တရာသည် တာဝတိံသာနတ်တို့အား -
တနေ့နှင့် တညဉ့် တရက်မျှ ဖြစ်၏။
ထိုညဉ့်ဖြင့် ညဉ့် သုံးဆယ်သည် တလ၊
ထိုလဖြင့် တဆဲ့နှစ်လသည် တနှစ်၊
ထိုနှစ်ဖြင့် နတ်၌ဖြစ်သော အနှစ်တထောင်သည် တာဝတိံသာ နတ်သက်အတိုင်းအရှည်ဖြစ်၏။
ထိုနတ်သက်တထောင်သည် လူတို့အရေအတွက်အားဖြင့် သုံးကုဋေခြောက်သန်းတို့ ဖြစ်ကုန်၏။

ထို့ကြောင့် ပတိပူဇိကာနတ်သ္မီး လူ့ပြည်၌ဖြစ်၍ နတ်ပြည်သို့ ပြန်လာသော ကာလသည် ထို မာလဘာရီနတ်သားအား တနေ့မျှသည်လည်း မလွန်သေး တမုဟုတ် တခဏနှင့် တူသော ကာလသာ ဖြစ်လေ၏။ ဤသို့ တိုသော အသက်ရှိသော လူတို့အား မေ့လျော့ခြင်းမည်သည် အလွန်လျှင် မသင့်လျော်သည်သာတည်း။ ဤကား သတိပြုဖွယ်တည်း။]

---

ရဟန်းများနှင့် ကွယ်လွန်သူ ပတိပူဇီကာ

တဖန်မိုးသောက် ရောက်သောနေ့၌ ရဟန်းတို့သည် ရွာတွင်းသို့ ဝင်ကုန်သည်ရှိသော် ဆွမ်းစားစရပ် မသုတ်သင်သည်ကို၎င်း၊ နေရာမခင်းသည်ကို၎င်း၊ သောက်ရေသုံးဆောင်ရေ မတည်ထားသည်ကို၎င်း မြင်ကြကုန်သည်ဖြစ်၍ ပတိပူဇိကာဥပါသိကာမသည် အဘယ်မှာနည်းဟု ဆိုကြလေကုန်၏။ အရှင်ဘုရားတို့သည် အဘယ်မှာ ပတိပူဇိကာဥပါသိကာမကို မြင်နိုင်ပါကုန်အံ့နည်း။ ယမန်နေ့၌ အရှင်မြတ်တို့သည် ဆွမ်းဘုဉ်းပေးပြီး၍ ပြန်ကြွကြကုန်သည်ရှိသော် ညချမ်းသောအခါ ခန္ဓာပျက်ကြွေ သေရှာလေပြီဟု လျှောက်ကြားကြကုန်၏။ ထိုစကားကို ကြား၍ ပုထုဇဉ်ရဟန်းတို့သည် ထိုဥပါသိကာမ၏ ကျေးဇူး ဥပကာရကို အောက်မေ့ကုန်လျက် မျက်ရည်ဆည်ခြင်းငှါ မတတ်နိုင်ကြလေကုန်၊ ရဟန္တာပုဂ္ဂိုလ်တို့အားကား ဓမ္မသံဝေဂသည် ဖြစ်လေ၏။

(ဓမ္မသံဝေဂ = ဖြစ်တတ် ပျက်တတ်သော သင်္ခတတရားတို့ကို ကြံစည်သည် အစွမ်းဖြင့် ရဟန္တာတို့အားသာ ကြောက်လန့်သော အခြင်းအရာဖြင့်ဖြစ်သော မဟာကြိယာဉာဏ်။)

ထိုရဟန်းတို့သည် ဆွမ်းစားခြင်းကိစ္စပြု၍ ကျောင်းသို့သွားရောက်ပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား၊ ပတိပူဇိကာမည်သော ဥပါသိကာမသည် ထကြွလုံ့လဥဿာဟဖြင့် အထူးထူး အပြားပြားသော ကောင်းမှုတို့ကိုပြု၍ လင်ကိုသာ တောင့်တပါသည်။ ထိုဥပါသိကာမသည် ယခုအခါ သေရှာပါပြီ။ အဘယ်အရပ်၌ ဖြစ်ပါသနည်းဘုရားဟု မေးလျှောက်ကြသည်ရှိသော် ချစ်သားရဟန်းတို့ မိမိအရှင်လင်ယောက်ျား၏ အထံ၌ပင် ဖြစ်လေပြီဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား အရှင်လင်ယောက်ျား၏အထံ၌ ထိုဥပါသိကာမ မရှိပါဘုရားဟုလျှောက်ကုန်ကြသည်ရှိသော် ချစ်သားရဟန်းတို့ ပတိပူဇိကာဥပါသိကာမသည် ဤလူ့ပြည်၌ရှိသော လင်ယောက်ျားကို တောင့်တသည်မဟုတ်။ တာဝတိံသာနတ်ပြည်၌ မာလဘာရီမည်သော နတ်သားသည် ထိုဥပါသိကာမ၏ အရှင်လင်ယောက်ျားပေတည်း။ ထိုဥပါသိကာမသည် မာလဘာရီနတ်သားအား ပန်းဆင်မြန်းရာအရပ်မှ စုတေခဲ့၍ တဖန် ပြန်ရောက်သွားပြီးလျှင် ထိုနတ်သား၏ အထံ၌ပင် ဖြစ်လေပြီဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ဤသို့ဖြစ်ပါသလားဘုရားဟု မေးလျှောက်ကြပြန်သည်ရှိသော် ချစ်သားရဟန်းတို့ ဤသို့ဖြစ်ပေသည်ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား သတ္တဝါတို့၏အသက်သည် အလွန်နည်းပါးလေစွတကား။ နံနက်အခါကာလ၌ပင် ဘုရားတပည့်တော်တို့ကို ဆွမ်းလုပ်ကျွေးပါသေးလျက် ညချမ်းသောအခါ၌ ဖြစ်သောအနာဖြင့် သေရရှာလေ၏ဟု လျှောက်ထားသည်ရှိသော် မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ သတ္တဝါတို့၏အသက်မည်သည်ကား နည်းပါးသည်မှန်ပေ၏။ ထို့ကြောင့်သာလျှင် ဤသတ္တဝါတို့ကို ဝတ္ထုကာမတို့ဖြင့်၎င်း၊ ကိလေသာကာမတို့ဖြင့်၎င်း မရောင့်ရဲ မတင်းတိမ်သေးမီသာလျှင် သေမင်းသည် မိမိအလိုနိုင်ငံသို့ လိုက်စေ၍ ငိုကြွေးမြည်တမ်းကုန်စဉ် ယူဆောင်၍သွားပေ၏ဟု မိန့်တော်မူ၍ ဤဂါထာကိုဟောတော်မူလေ၏။

*(ဝတ္ထုကာမ - ခံစားအပ်သော အာရုံငါးပါး။
ကိလေသာကာမ - ခံစားတတ်သော လောဘတဏှာ။)

---

ဒေသနာတော်

ပုပ္ဖါနိဟေဝ ပစိနန္တံ၊ ဗျာသတ္တမာနသံ နရံ။
အတိတ္တံယေ၀ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။

ပုပ္ဖါနိ၊ ငါးပါးအာရုံ ကာမဂုဏ်တည်းဟူသော ပန်းပွင့်တို့ကို။
ပစိနန္တံဟေဝ၊ ရွေးချယ်ဆဲသာလျှင် ဖြစ်သော။
ဗျာသတ္တမာနသံ၊ အထူးထူး အပြားပြားသော အခြင်းရာဖြင့် လွန်စွာကပ်ငြိသော စိတ်ရှိသော။
ကာမေသု၊ ဝတ္ထုကာမကိလေသာ ကာမတို့၌။
အတိတ္တံယေဝ၊ ရှာမှီးခြင်း, ရခြင်း, သုံးဆောင်ခြင်း, သိုမှီးခြင်း အားဖြင့် မရောင့်ရဲသည်သာလျှင် ဖြစ်သော။
နရံ၊ သတ္တဝါကို။
အန္တကော၊ သေမင်းသည်။
ဝသံ၊ မိမိ၏အလိုကို။
ကုရုတေ၊ ပြုပေ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ပတိပူဇိကာသတို့သ္မီးဝတ္ထု ပြီး၏။

---

၅ - မစ္ဆရိယ ကောသိယ သူဌေးဝတ္ထု

ယထာပိဘမရောပုပ္ဖံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မစ္ဆရိယကောသိယသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။ [ထိုသူဌေး၏ ဝတ္ထုသည် ရာဇဂြိုဟ်ပြည်၌ဖြစ်၏။]

---

သူဌေးကြီး၏ မုံ့အိုးကင်းတဏှာ

ရာဇဂြိုဟ်ပြည်၏ မနီးမဝေးသောအရပ်၌ သက္ကာရအမည်ရှိသော နိဂုံးသည် ရှိလေသတတ်။ ထိုနိဂုံး၌ ကုဋေရှစ်ဆယ် ဥစ္စာကြွယ်သော မစ္ဆရိယ-ကောသိယ မည်သောသူဌေးကြီး တဦးသည် နေ၏။ ထိုသူဌေးသည် မြက်ပင်ဖျားဖြင့် ဆီတပေါက်မျှလောက်ကိုလည်း သူတပါးတို့အား မပေးမလှူ၊ မိမိလည်း မသုံးဆောင်မခံစား၊ ထို့ကြောင့် ထိုသူဌေးကြီးအား ထိုမျှလောက်သော စည်းစိမ်ဥစ္စာသည် ဖြစ်လေ၏။

သားမယားစသော သူတို့အား၎င်း၊ ရဟန်းပုဏ္ဏားတို့အား၎င်း တစုံတခုမျှသော အကျိုးစီးပွါးကို မပြီးစီးစေနိုင်။ ရက္ခိုသ်ဘီလူးသိမ်းဆည်း၍ ထားအပ်သော ရေကန်ကြီးကဲ့သို့ မသုံးဆောင်ထိုက်သော အရာဖြစ်၍ တည်၏။

မြတ်စွာဘုရားသည် တနေ့သ၌ မိုးသောက်ယာမ် နံနက်စောစော မဟာကရုဏာသမာပတ်မှ ထတော်မူလျက် အလုံးစုံသော လောကဓာတ်၌ သစ္စာလေးပါး သိခြင်းငှါထိုက်သော မိတ်ဆွေတို့ကို ကြည့်ရှုတော်မူလတ်သည်ရှိသော် လေးဆဲ့ငါးယူဇနာထက်၌ နေထိုင်လျက်ရှိသော မစ္ဆရိယ-ကောသိယသူဌေးကြီး၏ သူဌေးကတော်ကြီးနှင့်တကွ သောတာပတ္တိဖိုလ် ရအံ့သော အကြောင်းဥပနိဿယကို မြင်တော်မူလေ၏။

ထိုဘုရားရှင် မြင်တော်မူသောနေ့မှ ရှေးဖြစ်သော တနေ့၌ကား ထိုသူဌေးကြီးသည် မင်းကြီးသို့ ဆည်းကပ်ခစားခြင်းငှါ မင်း၏နန်းတော်သို့သွား၍ မင်းခစားခြင်းကိုပြု၍ ပြန်လာခဲ့သည်ရှိသော် ဆာလောင်မွတ်သိပ်ခြင်း ကိုယ်တွင်းရှိသော ဇနပုဒ်သားတယောက် မုယောမုံ့ဖြစ်သော မုံ့အိုးကင်းစားနေသည်ကို မြင်ရသဖြင့် ထိုမုံ့၌ စားလိုသော အာသာဆန္ဒကို ဖြစ်စေလျက် မိမိ၏အိမ်သို့ ရောက်လတ်သော် ကြံစည်ပုံကား -

ငါသည် မုံ့အိုးကင်းကို စားလိုသည်ဟု အကယ်၍ဆိုငြားအံ့ များစွာသောလူတို့သည် ငါနှင့်အတူ စားလိုကုန်လတ္တံ့။ ဤသို့အများ စားကြသော် ငါ၏များစွာသော နှမ်း၊ ဆန်၊ ထောပတ်၊ တင်လဲစသည်တို့သည် ကုန်ခြင်းသို့ ကြံစည်၍ စားလိုသောတဏှာကို သည်းခံလျက် သွားလာလှည့်ပတ်၏။

ထိုသူဌေးလည်း ကာလရှည်ကြာလတ်သော် ဖက်ရွက်ယော်ကဲ့သို့ ဖြော့တော့သော အဆင်းရှိသည်ဖြစ်၍ အကြောဖြိုင်းဖြိုင်းထသောကိုယ်ရှိသည်ဖြစ်လေ၏။ ထို့နောက်မှ စားလိုသော တဏှာကို သည်းခံခြင်းငှါ မတတ်နိုင်ရကား တိုက်ခန်းတွင်းသို့ဝင်၍ ညောင်စောင်း၌တက်၍ အိပ်လေ၏။ ဤသို့ပင် ဖြစ်သော်လည်း ဥစ္စာကုန်အံ့သောဘေးမှ ကြောက်သောကြောင့် တစုံတယောက်သောသူအား တခွန်းသောစကားကိုမျှ မပြောမဆိုဘဲ တိတ်တဆိတ်သာ နေလေ၏။

ထိုအခါ သူဌေးကြီးကို သူဌေးကတော်သည် ချဉ်းကပ်၍ ကျောက်ကုံးကို ဆုပ်နယ်သုံးသပ်လျက် အရှင်သူဌေး အရှင်အား အဘယ်သို့သော မချမ်းသာခြင်းသည် ဖြစ်လေသနည်းဟု မေးမြန်းလေ၏။ ငါ့အား တစုံတခုသော မချမ်းသာခြင်းသည် မရှိပေဟု ပြောဆိုလတ်သော် အရှင်သူဌေးကြီးအား မင်းကြီးအမျက် ထွက်လေသလောဟု မေးပြန်လေ၏။

ငါ့အား မင်းကြီးသည်လည်း အမျက်မထွက် ဟုဆိုလတ်သော် ယင်းသို့ဖြစ်မူ အသို့ပါနည်း အရှင်အား သားသ္မီးတို့သည်၎င်း၊ ကျွန်အမှုလုပ်အစရှိသော သူတို့သည်၎င်း တစုံတခုသော မနှစ်သက်ဖွယ် အမှုကို ပြုခြင်းရှိပါသလောဟု မေးပြန်လေ၏။

ထိုသို့သဘောရှိသော အကြောင်းတစုံတရာသည်လည်း မရှိဟုဆိုပြန်သော် အရှင်အား တစုံတခုသော ဝတ္ထု၌ စွဲလမ်းသောတဏှာသည် ရှိပါသလောဟု မေးမြန်းပြန်လေ၏။ ဤသို့ပင်မေးမြန်းပြောဆိုသော်လည်း ဥစ္စာကုန်အံ့သောဘေးမှ ကြောက်သောကြောင့် တခွန်းသောစကားကိုမျှ မဆိုမူ၍ အသံတိတ်ဆိတ်သည်ဖြစ်၍သာလျှင် အိပ်နေလေ၏။

ထိုအခါ သူဌေးကြီးကို သူဌေးကတော်သည် အရှင်ပြောသာ ပြောပါလော့၊ အရှင့်အား တစုံတခုသော ဝတ္ထု၌ စွဲလမ်းသောတဏှာ ရှိပါသလောဟု ဆိုပြန်သော် သူဌေးကြီးသည် ထိုသူဌေးကတော်၏ စကားကို အလွန်ပင်ပန်းသကဲ့သို့ ပြု၍ ငါ့အားစွဲလမ်းသော တဏှာသည်ရှိ၏ဟု ဆိုလေ၏။ အရှင် အဘယ်စွဲလမ်းသော တဏှာဖြစ်သနည်းဟု မေးပြန်သော် မုံ့အိုးကင်းကို စားခြင်းငှါ အလိုရှိကြောင်း ပြောကြားလေ၏။

ထိုသို့ဖြစ်လျက် ထိုအကြောင်းကို အဘယ့်ကြောင့် မပြောကြားလေသနည်း၊ အရှင်သည် လူမွဲဖြစ်သလော၊ ယခုပင်လျှင် အလုံးစုံသော မြို့နိဂုံး၌နေသောသူတို့အား စားလောက်အောင် မုံ့အိုးကင်းတို့ကို ကြော်ပါအံ့ဟု ဆိုလတ်သော် ထိုနိဂုံး၌နေသောသူတို့ဖြင့် အသင့်အား ဘယ်အကျိုးရှိအံ့နည်း။ မိမိအမှုကိုပြုလုပ်၍ စားကုန်လတ္တံ့ဟု ဆိုလေ၏။

ယင်းသို့ဖြစ်မူ လမ်းတလမ်းတည်း၌ နေသောသူတို့အား စားလောက်အောင် မုံ့အိုးကင်းတို့ကို ကြော်ပါအံ့ဟု ဆိုပြန်သော် သင်၏ဥစ္စာ များစွာကြွယ်ဝသည့်အဖြစ်ကိုငါသိ၏ဟု ဆိုလေ၏။ ဤအိမ်အနီးအပါး ထက်ဝန်းကျင်၌ နေသောသူအားလုံးတို့အား စားလောက်အောင်ပြု၍ ကြော်ပါအံ့ဟု ဆိုပြန်သော် သင်၏ကြီးကျယ်သော အလိုဆန္ဒရှိသည့်အဖြစ်ကို ငါသိ၏ဟုဆိုလေ၏။

ယင်းသို့ဖြစ်မူ သင်သူဌေးကြီး၏ သားမယားမျှလောက်သာ စားလောက်ရုံပြု၍ ကြော်ပါအံ့ဟု ဆိုပြန်သော် ထိုသားမယားတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု ဆိုလေ၏။ အရှင်သူဌေးကြီးနှင့် ကျွန်တော်မအား စားသောက်ရုံပြု၍ ကြော်ရမည်လောဟု ဆိုပြန်သော် သင့်ကိုအဘယ်သို့ပြုအံ့နည်းဟု ဆိုပြန်လေ၏။

ထိုသို့ဖြစ်မူ အရှင်သူဌေးကြီးတယောက်အား စားလောက်ရုံပြု၍ ကြော်ပါအံ့ဟု ဆိုသောအခါ လူအများမြင်ရာအရပ်၌ ကြော်သည်ရှိသော် လူအများတို့ လိုချင်တောင့်တကြကုန်လတ္တံ့။ ဆန်ရင်းတို့ကို ဖယ်ထား၍ ဆန်ကွဲတို့ကို၎င်း၊ ခုံလောက်, အိုးကင်းတို့ကို၎င်း ယူ၍ အတန်ငယ်သော နို့ရည်, ထောပတ်, ပျား, တင်လဲကို၎င်း ယူ၍ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်ထပ်သို့ တက်၍ကြော်ရမည်၊ ထိုအထက်ထပ်၌ ငါတယောက်တည်းသာ နေထိုင်၍စားမည်ဟု ဆိုလေ၏။

---

ရှင်မောဂ္ဂလာန်၏တန်ခိုး

သူဌေးကတော်လည်း ကောင်းပါပြီဟု ဝန်ခံ၍ ယူသင့်သမျှကို ယူစေပြီးလျှင် ပြာသာဒ်ထက်သို့ တက်၍ ကျွန်မတို့ကို စေလွှတ်၍ သူဌေးကြီးကို ခေါ်စေလေ၏။ သူဌေးကြီးသည် အစတံခါးမှစ၍ တံခါးတို့ကိုပိတ်လျက် တံခါးဟူသမျှတို့၌ ကျည်ငယ်ကျည်မတို့ကိုပေး၍ (မင်းတုတ်လျှို၍) ခုနစ်ဆင့်မြောက်သော အထပ်သို့တက်ပြီးလျှင် ထိုအထပ်၌လည်း တံခါးကိုပိတ်၍ နေထိုင်လေ၏။ သူဌေးကတော်ကြီးသည်လည်း ခုံလောက်၌မီးမွှေး၍ အိုးကင်းကိုတင်ပြီးလျှင် မုံ့ကိုကြော်ခြင်းငှါ အားထုတ်လေ၏။

ထိုအခါ၌ကား မြတ်စွာဘုရားသည် နံနက်စောစောကပင်လျှင် ရှင်မောဂ္ဂလာန်မထေရ်ကို ခေါ်တော်မူ၍ မိန့်တော်မူလေ၏။ ချစ်သား မောဂ္ဂလာန်၊ ရာဇဂြိုဟ်ပြည်၏ မနီးမဝေးဖြစ်သော သက္ကာရနိဂုံး၌ မစ္ဆရိယသူဌေးသည် မုံ့အိုးကင်းတို့ကို စားအံ့ဟု သူတပါးတို့မြင်အံ့သည်မှ ကြောက်သဖြင့် ဘုံခုနစ်ဆင့်ရှိသောပြာသာဒ်၌ မုံ့အိုးကင်းတို့ကို ကြော်စေ၏။

သင်သည်ထိုအရပ်သို့ သွား၍ သူဌေးကြီးကို ဆုံးမလျက် အဆိပ်အတောက် မရှိသည်ကိုပြုသဖြင့် နှစ်ယောက်စလုံးဖြစ်ကုန်သော ဇနီးခင်ပွန်းတို့ကိုလည်း မုံ့တို့ကို၎င်း၊ နို့ရည်၊ ထောပတ်၊ ပျား၊ တင်လဲတို့ကို၎င်းယူစေ၍ မိမိ၏တန်ခိုးအာနုဘော်ဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်ခဲ့လော့။ ယနေ့ ငါဘုရားသည် ငါးရာသော ရဟန်းတို့နှင့်တကွ ဇေတဝန်ကျောင်းတော်၌သာလျှင် နေတော်မူအံ့၊ မုံ့တို့ဖြင့်သာလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူအံ့ဟု မိန့်တော်မူလေ၏။

ရှင်မဟာမောဂ္ဂလာန်မထေရ်သည်လည်း ကောင်းလှပါပြီ မြတ်စွာဘုရားဟု မြတ်စွာဘုရားစကားတော်ကို ဝန်ခံပြီးလျှင် ထိုခဏ၌ တန်ခိုးတော်အစွမ်းဖြင့် ထိုနိဂုံးသို့သွား၍ ထိုဘုံခုနစ်ဆင့်ရှိသောပြာသာဒ်၏ ခြင်္သေ့ရုပ်ခံသော လေသာပြုတင်းတံခါး၌ ကောင်းစွာဝတ်လျက် ကောင်းစွာရုံလျက် ကောင်းကင်၌ပင် ပတ္တမြားဆင်းတုကဲ့သို့ ရပ်တည်နေလေ၏။ ရှင်မောဂ္ဂလာန်ကို မြင်လျှင်မြင်ခြင်း သူဌေးကြီး၏ နှလုံးသားသည် တုန်လှုပ်လေ၏။

ထိုသူဌေးကြီးသည် ငါကား ဤသို့သဘောရှိသောသူတို့၏ မြင်အံ့သည်မှ ကြောက်သောကြောင့်သာ ဤအရပ်သို့လာ၏။ ဤရဟန်းသည် ကောင်းကင်ခရီး၌ ကြွသွားစဉ် လေသာပြူတင်းတံခါး၌ ရပ်လာဘိ၏တကားဟု တုန်တုန်လှုပ်လှုပ်ဖြစ်လေ၏။

သူဌေးကြီးသည် ယူသင့်ယူထိုက်သော ပစ္စည်းဝတ္ထုကိုမျှ ကြည့်ရှုထင်ထင် မမြင်နိုင်ဘဲ မီး၌ထည့်အပ်သော ဆားပွင့်ကဲ့သို့ အမျက်ဒေါသဖြင့် တဖျစ်ဖျစ် တတောက်တောက်မြည်လျက် ရှင်ရဟန်း ကောင်းကင်၌ ရပ်တည်၍နေသော်လည်း အရှင်သည် အဘယ်ကို ရလတ္တံ့နည်း။ ခြေရာမထင်သော ကောင်းကင်၌ ခြေရာကိုပြ၍ စင်္ကြံသွားသော်လည်း မရလတ္တံ့ဟု ဆိုလေ၏။

ရှင်မောဂ္ဂလာန်မထေရ်သည် ထိုအရပ်၌ပင် ထိုမှဤမှ စင်္ကြံသွားလေ၏။ သူဌေးကြီးသည် စင်္ကြံသွားသော်လည်း အရှင်သည် အဘယ်ကို ရလတ္တံ့နည်း။ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်၍နေသော်လည်း မရလတ္တံ့သည်သာတည်းဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေလျက် နေတော်မူလေ၏။

ထို့နောက် ရှင်မောဂ္ဂလာန်မထေရ်ကို ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ ကြွလာ၍ လေသာပြုတင်းတံခါးခုံ၌ ရပ်သော်လည်း တစုံတခုကိုမျှ မရလတ္တံ့ဟု ဆိုပြန်၏။ ရှင်မောဂ္ဂလာန်သည် လေသာပြုတင်းတံခါးခုံ၌ ရပ်လေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို ပြုတင်းတံခါးခုံ၌ ရပ်သော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ အခိုးလွှတ်သော်လည်း တစုံတခုကိုမျှ မရလတ္တံ့သည်သာတည်းဟုဆိုပြန်လေ၏။

ရှင်မောဂ္ဂလာန်လည်း အခိုးကို လွှတ်တော်မူ၏။ အလုံးစုံသော ပြာသာဒ်သည် တခဲနက် အခိုးအတိ ဖြစ်၏။ သူဌေးကြီး၏ မျက်စိတို့ကို အပ်ဖြင့်ထိုးဆွဘိသကဲ့သို့ ဖြစ်လေ၏။ အိမ်ကို မီးလောင်အံ့သည်မှ ကြောက်သောကြောင့် အရှင်ရဟန်းသည် ထိန်ထိန်ပြောင်ပြောင် အလျှံလွှတ်သော်လည်း တစုံတခုကိုမျှ မရပေလတ္တံ့ဟူသော ဤစကားကိုမဆိုမူ၍ ဤရဟန်းသည် လွန်စွာကပ်ငြိခြင်းရှိ၏၊ မရလျှင် သွားလိမ့်မည်မဟုတ်၊

ထို့ကြောင့် ထိုရဟန်းအား မုံ့တရှက်ကို ပေးစေအံ့ဟု ကြံ၍ သူဌေးကတော်ကြီးကို ရှင်မ မုံ့ငယ်တရှက် ကြော်ပြီးလျှင် ရဟန်းအားပေး၍ လွှတ်လိုက်လော့ဟု ဆိုလေ၏။ သူဌေးကတော်သည်လည်း အနည်းငယ်မျှသော မုံ့ညက်ကို အိုးကင်းခွက်၌ ထည့်လိုက်လေရာ ကြီးစွာသော မုံ့ကြီးဖြစ်၍ မုံ့အိုးကင်းတခွက်လုံးကို ပြည့်စေလျက် ဖောင်းဖောင်းပွပွဖြစ်၍ တည်လေ၏။

သူဌေးကြီးသည် ထိုမုံ့ကြီးကိုမြင်လျှင် သင်သည် များစွာသော မုံ့ညက်ကို ယူအပ်သည်ဖြစ်လတ္တံ့ဟုဆို၍ ကိုယ်တိုင် ယောင်းမဖျား အနားထောင့်စွန်းဖြင့် အနည်းငယ်သော မုံ့ညက်ကိုယူ၍ ထည့်လိုက်၏။ မုံ့သည် ရှေးမုံ့ထက် အလွန်ကြီးသော မုံ့ဖြစ်လေ၏။ ဤသို့လျှင် အကြင်အကြင်ငယ်သည်ထက် ငယ်စွာသော မုံ့ကိုကြော်၏။ ထိုထိုမုံ့သည် ကြီးသည်ထက်ကြီးသော မုံ့သာလျှင် ဖြစ်၏။

သူဌေးကြီးသည် ငြီးငွေ့သည်ဖြစ်၍ သူဋ္ဌေးကတော်ကြီးကို ချစ်နှမ ငါ့အား ဤမုံ့တို့ဖြင့် စားခြင်းငှါ အလိုမရှိတော့ပြီ၊ တောင်းနှင့်တကွသာလျှင် ဤရဟန်းအား ပေးလှူလိုက်ပါလော့ဟု ဆိုရကား သူဌေးကတော်သည်လည်း တောင်းကိုယူ၍ ရှင်မောဂ္ဂလာန်မထေရ်သို့ ချဉ်းကပ်ကာ လှူဒါန်းလေ၏။

ရှင်မောဂ္ဂလာန်မထေရ်မြတ်သည် နှစ်ယောက်ကုန်သောသူတို့အားလည်း တရားဓမ္မကိုလည်း ဟောပြတော်မူလေ၏။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကိုလည်း ဧပြာကြားတော်မူလေ၏။ အတ္ထဒိန္နံ အတ္ထိယိဋ္ဌံ စသည်ဖြင့် အလှူဒါနတို့၏ အကျိုးကိုလည်း ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ပြတော်မူလေ၏။

သူဋ္ဌေးကြီးလင်မယား ဘုရားထံရောက်၍ သောတာပန်တည်ခြင်း

ထိုတရားစကားကို ကြားနာရလျှင် ကြည်လင်သောစိတ် ရှိသည်ဖြစ်၍ သူဌေးကြီးသည် အရှင်မြတ်ဘုရား ကြွလာတော်မူ၍ ဤပလ္လင်ထက်၌ နေထိုင်တော်မူလျက် ဘုဉ်းပေးတော်မူကြပါ ဘုရားဟု လျှောက်ကြားလေ၏။ မထေရ်လည်း ဒါယကာသူဌေးကြီး မြတ်စွာဘုရားသည် မုံ့တို့ကို ဘုဉ်းပေးတော် မူလိုသည်ဟု ရဟန်းငါးရာတို့နှင့်တကွ ကျောင်းတော်၌နေတော်မူ၏၊

သင်တို့အားအလိုရှိလတ်သော် သင်တို့ကို ငါဆောင်ကြဉ်းအံ့ဟု မိန့်တော်မူသဖြင့် သူဌေးကြီးသည် သူဌေးကတော်ကို မုံ့တို့ကို၎င်း နို့ရည်စသည်တို့ကို၎င်း ယူစေကုန်လော့ ဘုရားရှင် အထံတော်သို့ သွားကြကုန်စိုအံ့ဟု ဆိုပြီးလျှင် အရှင်ဘုရား ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူပါသနည်းဟု မေးလျှောက်လေ၏။

ဒါယကာသူဌေးကြီး ဤနိဂုံးမှ လေးဆဲ့ငါး ယူဇနာထက်၌ ဇေတဝန်ကျောင်းတော်တွင် နေတော်မူ၏ ဟု မိန့်တော်မူလတ်သော် အရှင်ဘုရား မွန်းတည့်ကာလကို မလွန်မူ၍ ဤမျှအဓွန့်ရှည် ဝေးသော ခရီးကို အဘယ်သို့သော နည်းဖြင့် သွားနိုင်ကြပါကုန်အံ့ နည်းဟု လျှောက်လေ၏။

ဒါယကာသူဌေးကြီး သင်တို့အား အလိုရှိလတ်သော် ငါသည်သင်တို့ကို မိမိ တန်ခိုးအာနုဘော်ဖြင့် ဆောင်ကြဉ်းပေအံ့၊ သင်တို့၏ပြာသာဒ်၌ စောင်းတန်းဦးသည် မိမိ၏နေရာ၌သာလျှင်ဖြစ်လတ္တံ့ သင်တို့၏ စောင်းတန်းအဆုံး ခြေရင်းသည် ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ဖြစ်လတ္တံ့။

ပြာသာဒ်အထက် အပြင်မှ ပြာသာဒ်အောက်အပြင်သို့ သက်ဆင်းသော ကာလမျှဖြင့်သာလျှင် ဇေတဝန် ကျောင်းတော်သို့ ဆောင်ကြဉ်းအံ့ဟု မိန့်တော်မူလတ်သော် သူဌေးကြီးသည် ကောင်းလှပါပြီ အရှင်ဘုရားဟု ဝန်ခံလေ၏။

အရှင်မောဂ္ဂလာန် မထေရ်သည် စောင်းတန်းဦးကို ထိုနေရာ၌သာလျှင်ပြု၍ စောင်းတန်းခြေရင်း သည် ဇေတဝန် ကျောင်းတော်၏ တံခါးမုခ်၌ ဖြစ်စေသတည်းဟု ဓိဋ္ဌာန်တော်မူလျှင် ဓိဋ္ဌာန်တော် မူတိုင်းသာလျှင် ဖြစ်လေ၏။ ဤသို့ရှင်မောဂ္ဂလာန် မထေရ်သည် သူဌေးကြီးကို၎င်း သူဌေး ကတော်ကြီးကို၎င်း ပြာသာဒ်အထက်မှ ပြာသာဒ်အောက်သို့သက် ဆင်းသော ကာလထက်ပင် အလွန်လျင်မြန်စွာ ဇေတဝန်ကျောင်းတော်သို့ ရောက်စေတော်မူလေ၏။

ထိုသူဌေးလင်မယား နှစ်ဦးတို့သည်လည်း ဘုရားရှင်သို့ ချဉ်းကပ်၍ ဆွမ်းဘုဉ်း ပေးတော်မူရန် အချိန်ကာလကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်လည်း ဆွမ်းစားစရပ်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်ထက်၌ ရဟန်းသံဃာတော် အပေါင်းနှင့်တကွ နေထိုင်တော်မူလေ၏။

သူဌေးကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအား မြတ်သော အလှူရေစက်ကို ပေးလှူလေ၏။ သူဌေးကတော်သည်လည်း ဘုရားရှင်၏ သပိတ်တော်၌ မုံ့ကိုလောင်းထည့်လေ၏။ ဘုရားရှင်သည် ကိုယ်တော်မြတ်အား မျှတလောက်အောင်သော မုံ့ကိုခံယူတော်မူ၏။ ငါးရာသောရဟန်းတို့သည်လည်း မျှတလောက်အောင်သာ ခံယူတော်မူကြကုန်၏။

သူဌေးကြီးသည် နို့ ထောပတ် ပျား သကာ စသည်တို့ကို ပေးလှူလတ်သည် ရှိသော် ကုန်ခြင်းသို့ မရောက်လေပြီ ဘုရားရှင်သည် ငါးရာသော ရဟန်းတို့နှင့်တကွ မုံ့ဆွမ်းကိစ္စကို ပြီးစီးစေတော်မူ၏။ သူဌေးကြီးသည်လည်း မယားနှင့်တကွ အလိုရှိသမျှ သုံးဆောင်စားသောက်လေ၏။ မုံ့တို့အား ကုန်ခန်းခြင်းသည်လည်း မထင်နိုင်၊ ကျောင်းတိုက်တခုလုံး၌ ရဟန်းတို့အား၎င်း စားကြွင်းစားတို့ အား၎င်း ပေးကုန်သော်လည်း အဆုံးအပိုင်းအခြား မထင်ရှားသည် သာလျှင်တည်း။

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား မုံ့တို့သည် ကုန်းခန်းခြင်းသို့ မရောက်နိုင်ကြပါကုန် ဘုရားဟု ဘုရားရှင်အား လျှောက်ကြားကြကုန်၏။ ထိုသို့ဖြစ်မူ ဇေတဝန်ကျောင်းတော် တံခါး မုခ်ဦး၌ စွန့်ပစ်စေကြကုန်လော့ဟု မိန့်တော်မူသောအခါ ထိုမုံ့တို့ကို တံခါးမုခ်ဦး၏ မနီးမဝေး ချိုင့်ဝှမ်းရာအရပ်၌ စွန့်ပစ်ကြလေကုန်၏။

[ယခုထက်တိုင်လည်း ထိုအရပ်သည် မုံ့အိုးကင်းစွန့်ရာ ချောက်ဖြစ်သောကြောင့် ကပလ္လပူဝပဗ္ဘာရ ဟူ၍သာလျှင် ထင်ရှားလေ၏။]

သူဌေးကြီးသည် သူဌေးကတော်နှင့်တကွ ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးဦးချလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေ၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူလေ၏။ တရား အနုမောဒနာ အဆုံး၌ သူဌေးလင်မယား နှစ်ယောက်စလုံး တို့သည်လည်း သောတာပတ္တိဖိုလ်၌တည်၍ ဘုရားရှင်ကို ရှိခိုးလျက် ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ ပြာသာဒ် စောင်းတန်းသို့ တက်၍ မိမိပြာသာဒ်၌သာ တည်နေကြလေကုန်၏။

ထိုနေ့မှစ၍ သူဌေးကြီးသည် ကုဋေရှစ်ဆယ်သော ဥစ္စာကို ဘုရားသာသနာတော်၌သာလျှင် စွန့်ကြဲလှူဒါန်းလေ၏။ တဖန်မိုးသောက်သောနေ့ ညချမ်းသောအခါ၌ တရားသဘင်ဝယ် စည်းဝေး ကုန်သော ရဟန်းတို့သည် ငါ့ရှင်တို့ ရှင်မောဂ္ဂလာန်မထေရ်၏ အာနုဘော်ကို ကြည့်ကြပါကုန်လော့ သဒ္ဓါတရားကို မထိခိုက်စေမူ၍ စည်းစိမ်ဥစ္စာတို့ကို မထိခိုက် ပါစေမူ ဤမစ္ဆရိယသူဌေးကြီးကို တခဏခြင်းဖြင့်သာလျှင်ဆုံးမ၍ အဆိပ်အတောက် ကင်းပျောက်သည်ကို ပြုလျက် မုံ့တို့ကို ယူစေ ပြီးလျှင် ဇေတဝန် ကျောင်းတော်သို့ ဆောင်ကြဉ်းခဲ့သဖြင့် ဘုရားရှင်မျက်မှောက် ရောက်သည်ကို ပြု၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူပေပြီ။ ရှင်မောဂ္ဂလာန်မထေရ်သည် အံ့ဩဖွယ် အလွန် တန်ခိုး အာနုဘော်ရှိပေစွဟု ရှင်မောဂ္ဂလာန် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ပြောကြားလျက် နေကြလေကုန်၏။

ဘုရားရှင်သည်လည်း ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ရဟန်းတို့၏ စကားကို ကြားတော်မူသဖြင့် ကြွလာတော်မူပြီးလျှင် ချစ်သားရဟန်းတို့ ယခု ငါဘုရား ကြွလာဆဲအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟုမေးတော်မူလျှင် ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်သည် ဘုရားဟု နားတော်လျှောက်သည် ရှိသော် ချစ်သားရဟန်းတို့ ဒါယကာကို ဆုံးမတတ်သော ရဟန်းမည်သည် သဒ္ဓါတရားကိုမထိခိုက်စေမူ၍ စည်းစိမ်ဥစ္စာတို့ကို မထိခိုက်စေ၍ အမျိုးကောင်း ဒါယကာကို မပင်မပန်း မညစ်နွမ်းစေမူ၍ မညှဉ်းဆဲ မနှိပ်စက်မူ၍ ပန်းပွင့်မှဝတ်ဆံ ဝတ်မှုံကို ဆွတ်ချွေယူသော ပျားပိတုန်းကဲ့သို့ ချဉ်းကပ်၍ ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို သိစေအပ်၏။ ငါ၏ သားတော် ဖြစ်သော မောဂ္ဂလာန်သည်ကား ထိုသို့ သဘောရှိပေ၏ဟု မထေရ်မြတ်ကို ချီးမွမ်းတော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓံ အပေါထယံ။ ပလေတိ ရသ မာဒါယ၊ ဧဝံ ဂါမေ မုနီစရေ။

ဘမရော၊ ပျားပိတုန်းသည်။ ပုပ္ဖံပိ၊ ပန်းပွင့်ကို၎င်း။ ဝဏ္ဏဂန္ဓံပိ၊ အဆင်းအနံ့ကို၎င်း။ အပေါထယံ-အပေါထယန္တော၊ မပျက်စီးစေမူ၍။ ရသံ၊ ပန်းရည် ပန်းရက်ကို။ အာဒါယ၊ စုပ်ယူ၍။ ပလေတိယထာ၊ ပျံသွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဂါမေ၊ ရွာ၌။ မုနိ၊ ရဟန်းသည်။ စရေ၊ ကျင့်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေ ကုန်၏။

ဣလ္လိသဇာတ် အကျဉ်းအမြွက်

သဗ္ဗညုမြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၍ ထို့ထက် အလွန်လည်း ရှင်မောဂ္ဂလာန် မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာ ပြခြင်းငှါ ချစ်သားရဟန်းတို့ ယခုအခါ၌ သာလျှင် မောဂ္ဂလာန်သည် မစ္ဆရိယ သူဌေးကို ဆုံးမသည်မဟုတ်သေး ရှေး၌လည်း ထိုသူဌေးကို ဆုံးမ၍ ကံအကျိုးနှင့် စပ်သည်ကို သိစေဖူးသည်သာလျှင်တည်း ဟုမိန့်တော်မူ၍ ဤသို့သော အကြောင်းကို ထင်ရှားစွာ ပြလိုရကား ရှေးလွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၍ -

ဥဘော ခဉ္ဇာ ဥဘော ကုဏီ၊ ဥဘော ဝိသမစက္ခုနော။ ဥဘိန္နံ ပိဠကာ ဇာတာ၊ နာဟံ ပဿာမိ ဣလ္လိသံ။

ဥဘော၊ နှစ်ယောက်သော သူတို့သည့်။ ခဉ္ဇာ၊ ခွင်ကြကုန်၏။ ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ကုဏီ၊ ကောက်သောလက် ရှိကြကုန်၏။ ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ဝိသမစက္ခုနော၊ မညီညွတ်သော မျက်စိ ရှိကြကုန်၏။ ဥဘိန္နံ၊ နှစ်ယောက်သောသူတို့အား။ ပိဠကာ၊ အနာအဖုတို့သည်။ ဇာတာ၊ ပေါက်ရောက်ကြကုန်၏၊ အဟံ၊ အကျွန်ုပ်သည်။ ဣတ္ထိသံ၊ ဣလ္လိသသူဌေးကို။ န ပဿာမိ၊ မမြင်ပါ။

ဤသို့သောဂါထာဖြင့် ဤ ဣတ္ထိသဇာတ်ကို ဟောတော်မူလေ၏။

မစ္ဆရိယကောသိယ သူဌေးဝတ္ထု ပြီး၏။

---

၆ - ပါဝေယျက မည်သော တက္ကတွန်း ဝတ္ထု

နပရေသံ ဝိလောမာနိ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပါဝေယျက အမည်ရှိသော အာဇီဝက တက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအား တက္ကတွန်း ငြူစူခြင်း

သာဝတ္ထိပြည်၌ သူကြွယ်မတယောက်သည် ပါဝေယျကမည်သော အာဇီဝက တက္ကတွန်းကို သားအရာ၌ထား၍ လုပ်ကျွေးသမှု ပြုစုလေသတတ်။ ထိုသူကြွယ်မအိမ်၏ အခြားမဲ့အိမ်တို့၌ နေသောလူတို့သည် မြတ်စွာဘုရား၏ တရားတော်မြတ်ကို ကြားနာရသဖြင့် လာပြီးလျှင် မြတ်စွာဘုရားတို့၏ တရားဒေသနာတော်မြတ်သည်ကား သြော် အလွန်အံ့ဖွယ်ရှိပေစွဟု အထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့် ဘုရားဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းထောမနာကြကုန်၏။

သူကြွယ်မလည်း ဘုရားရှင်တို့၏ဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ကြားရလျှင် ကျောင်းတော်သို့ သွား၍ တရားနာလိုသည်ဖြစ်ရကား အရှင်မတို့ အကျွန်ုပ်သည် အာဇီဝက တက္ကတွန်းအား ထိုအကြောင်းကို ပြောပြပြီးမှ သွားပါအံ့ဟု ဆိုလေ၏။ တက္ကတွန်းသည်လည်း မသွားလင့်ဟု တားမြစ်သဖြင့် ထိုတက္ကတွန်းကို အဖန်တလဲလဲ တောင်းပန်ပါသော်လည်း တားမြစ်မြဲ တားမြစ် သည်သာလျှင်တည်း။

သူကြွယ်မသည် ဤတက္ကတွန်းကား ငါ့ကိုကျောင်းသို့သွား၍ တရားနာအံ့သောငှါ ခွင့်မပေး ဘုရားရှင်ကို ပင့်ဖိတ်၍ ဤအိမ်၌ပင် တရားနာအံ့ဟုကြံပြီးလျှင် သူကြွယ်မသည် ညနေချမ်းအခါ၌ သားငယ်ကိုခေါ်စေ၍ ချစ်သား သွားချေ နက်ဖြန်ကောင်းမှု အလို့ငှါ ဘုရားရှင်ကိုပင့်ဖိတ်လော့ဟု စေလွှတ်၏၊

ထိုသားငယ်သည် သွားသည်ရှိသော် ရှေးဦးစွာ ဆရာတက္ကတွန်း၏ နေရာသို့ သွား၍ ရှိခိုးလျက် ထိုင်နေလေ၏။ ထိုအခါသားငယ်ကို တက္ကတွန်းသည်အဘယ် အရပ်သို့ သွားအံ့နည်းဟုမေးသဖြင့် မိခင်၏စကားဖြင့် ဘုရားရှင်ကိုပင့်ဖိတ်ခြင်း ငှါသွားပါအံ့ဟု ဆိုလတ်သော် ထိုရှင်ကြီး ဂေါတမ၏ အထံသို့ မသွားလင့်ဟု တားမြစ်လေ၏။

အရှင် တားမြစ်ခြင်းငှါမသင့်ပါ တပည့်တော်၏ မိခင်အား ကြောက်လှပါသည် တပည့်တော်သည် သွားပါအံ့ဟု ဆိုလတ်သော် ဤ ရှင်ကြီးဂေါတမအတွက် ပြုလုပ်အပ်သော ပူဇော်သက္ကာရကို နှစ်ယောက်ကုန်သော ငါတို့သည် စားကုန်အံ့ မသွားလေလင့်ဟု ဆိုပြန်လေ၏။

အရှင် ဤသို့ တားမြစ်ခြင်းသည် မသင့်လျော်ပါ မိခင်သည် တပည့်တော်အား ကြိမ်းမောင်းပါ လိမ့်မည်ဟု ဆိုပြန်လတ်သော် ထိုသို့ ဖြစ်မူသွားချေ သွားပြီးသော်ကား ဆွမ်းဖိတ်၍ တပည့်တော် တို့၏အိမ်သည် မည်သောအရပ်၌ဟူ၍၎င်း ဤမည်သောလမ်း၌ ဟူ၍၎င်း ဤမည်သောလမ်းခရီး ဖြင့်သွားရပါသည်ဟူ၍၎င်း မပြောကြားလင့်။ ထိုရှင်ကြီးဂေါတမ ၏အထံ၌ တည်နေလေဟန် တပါးသောခရီးဖြင့် သွားလေဟန်ကဲ့သို့ ထွက်ပြေး၍လာခဲ့လာ့ဟု မှာထားလိုက်၏။

ထိုသူကြွယ်မ၏ သားသည်လည်း တက္ကတွန်း၏ စကားကိုနားထောင်၍ မြတ်စွာဘုရားအထံသို့ သွားရောက်ကာ ပင့်ဖိတ်လျက် ဆရာတက္ကတွန်း ညွှန်ကြားသော နည်းအားဖြင့်သာ အလုံးစုံ ပြုပြီးလျှင် ထိုတက္ကတွန်းထံ သွားသည်ရှိသော် သင်သည်အဘယ်သို့ပြုခဲ့သနည်းဟု မေးအပ်သဖြင့် အရှင် ထိုအလုံးစုံကို ပြုအပ်လေပြီဟု ဆိုလေ၏။

သင်၏ပြုပုံ ကောင်းလေစွ ထိုရှင်ကြီးဂေါတမအား ပြုအပ်သော ပူဇော်သက္ကာရကို နှစ်ယောက် ကုန်သော ငါတို့သည် စားကြရကုန်အံ့ဟု ဆိုပြီးလျှင် နံနက် မိုးသောက် ရောက်သောအခါ တက္ကတွန်းသည် စောစောကလျှင် ထိုအိမ်သို့ သွားလေ၏။ ထိုတက္ကတွန်းကို ခေါ်ငင်ဆောင်ယူ၍ အိမ်တိုက်ခန်းနောက်အဖို့၌ နေစေရလေသတည်း။

တက္ကတွန်း နားနှင့် သာဓုခေါ်သံ

အိမ်နီးချင်းသား လူအများတို့သည် ထိုသူကြွယ်မ၏အိမ်ကို စိုစွတ်သော နွားချေးဖြင့်လိမ်းကျံ၍ ပေါက်ပေါက်လျှင် ငါးခုမြောက်သော ပန်းတို့ကိုဖြန့်ကာကြဲကာ မြတ်စွာဘုရား ထိုင်နေသီတင်းသုံး တော်မူရန် မြတ်သော သူတို့အားသာထိုက်သော နေရာကိုခင်းကျင်းကြကုန်၏။

ထိုစကားမှန်၏ မြတ်စွာဘုရားတို့နှင့် အတူတကွ မလေ့ကျက်ဖူးကုန်သော လူတို့သည် နေရာ ခင်းခြင်းကို မသိကြကုန် ထိုမှတပါးလည်း မြတ်စွာဘုရားတို့အား ခရီးညွှန်ကြားခြင်းဖြင့် ပြုဖွယ် ကိစ္စမည်သည်မရှိ။ ဗောဓိပင်ရင်း၌ တသောင်းသော လောကဓာတ်ကို တုန်လှုပ်စေလျက် ဘုရားအဖြစ်သို့ ရောက်တော်မူသော နေ့ကပင်လျှင် ထိုဘုရားရှင်တို့အား ဤလမ်းခရီးကား ငရဲသို့ လားရသောလမ်းခရီးတည်း။ ဤလမ်းခရီးကား တိရစ္ဆာန်အမျိုးသို့၊ ဤလမ်းခရီးကား ပြိတ္တာဘုံသို့၊ ဤလမ်းခရီးကား လူ့ ပြည်သို့၊ ဤလမ်းခရီးကား နတ်ပြည်သို့၊ ဤလမ်းခရီးကား သေခြင်းငြိမ်းလတ် မြတ်သော နိဗ္ဗာန်သို့လားရသော လမ်းခရီးတည်းဟု အလုံးစုံလားရာ ခရီးတို့သည် ထင်ရှား ဖြစ်ခဲ့ကုန်၏။

ရွာနိဂုံးစသည်တို့၏ လမ်းခရီးမျှ၌ ဆိုဖွယ်ရာ မရှိသည်သာတည်း။ ထို့ကြောင့် ဘုရားရှင်သည် နံနက် စောစောကလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ဒါယိကာမကြီး၏ အိမ်တံခါးဝသို့ ကြွရောက်တော်မူလေ၏။

ထိုဒါယိကာမကြီးသည်လည်း အိမ်မှထွက်၍ မြတ်စွာဘုရားကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးလျက် (ဒူးနှစ်ဘက် လက်ဝါးနှစ်ဘက် နဖူးဟူသော အင်္ဂါငါးပါး ပြားပြား ဝပ်လျက်တည်အောင် ရှိခိုးသည်ဟူလို။) အိမ်တွင်းသို့ ကြွဝင်တော်မူစေ၍ ခင်းအပ်သော နေရာမြတ်၌ နေစေပြီးလျှင် အလှူရေစက် သွန်းချလျက် မွန်မြတ်လှသော ခဲဖွယ် ဘောဇဉ်ဖြင့် လုပ်ကျွေးပြုစုလေ၏။

ဒါယိကာမကြီးသည် ပြုအပ်သော ဆွမ်းစား ခြင်းကိစ္စရှိသော မြတ်စွာဘုရားအား တရား အနုမောဒနာကို ပြုစေလိုသည် ဖြစ်၍ သပိတ်တော်ကို ယူလေ၏။ ဘုရားရှင်သည် အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာ သာယာသော အသံတော်ဖြင့် အနုမောဒနာဖြစ်သော တရားစကားကိုအားထုတ် တော်မူလေ၏။ (ဟောကြားတော်မူလေ၏။)

ဒါယိကာမကြီးသည်လည်း သာဓု သာဓုဟု ကောင်းချီးသံကိုပေးလျက် တရားတော်ကို နာကြား လေ၏။ တက္ကတွန်းသည်လည်း အိမ်တိုက်ခန်း နောက်အဖို့၌နေလျက်သာလျှင်ကောင်းချီးသံပေး၍ တရားနာကြားသော ထိုဒါယိကာမကြီး၏ အသံကိုကြားရလျှင် တည်တည်တံ့တံ့ နေအံ့သောငှါ မစွမ်းနိုင်သည်ဖြစ်၍ ဤဒါယိကာမကြီးသည် ယခုအခါ ငါ့ ဒါယိကာမ မဟုတ်တော့ပြီဟု ကြံစည်ကာ တိုက်ခန်းမှ ထွက်ခဲ့၍ ဟယ် သူယုတ်မာမ နင်ကားပျက်ခဲ့လေပြီ ထိုရဟန်းကြီး ဂေါတမအား ဤသို့သော ပူဇော်သက္ကာရ ပြုဘိ၏တကားဟု အထူးထူး အပြားပြားဖြင့် ဒါယိကာမကြီးကို၎င်း ဘုရားရှင်ကို၎င်း ဆဲရေးလျက် ထွက်ပြေး ဖဲသွားလေ၏။

ဒါယိကာမကြီးသည်လည်း တက္ကတွန်း၏ ဆဲရေးသော စကားဖြင့် ရှက်နိုးရကား အာရုံတပါးသို့ တုန်လှုပ်ပြေးသွားသော မကြည်သာသော အဖြစ်သို့ ရောက်သောစိတ်ကို ဘုရားရှင် ဒေသနာ တော်သို့ အစဉ်လျှောက်သဖြင့် အသိဉာဏ်ကို စေလွှတ်ခြင်းငှါ မစွမ်းနိုင်ရှာလေ။ ထိုအခါ ဘုရားရှင် သည် ဒါယိကာမကြီး အသို့နည်း မိမိစိတ်ကို ဒေသနာတော်သို့ အစဉ် လျှောက်အောင် ပြုခြင်းငှါ မစွမ်းနိုင်လေသလောဟု မေးတော်မူ၏။

မြတ်စွာဘုရား ထိုတက္ကတွန်း၏ စကားဖြင့် တပည့်တော်မ၏စိတ်သည် အာရုံတပါးသို့ တုန်လှုပ် ပြေးသွားသဖြင့် မကြည်သာသော အဖြစ်သို့ ရောက်ရပါသည်ဘုရားဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် ဒါယိကာမကြီး ဤသို့သဘောရှိသော ပြောဆိုဆဲရေးသော စကားကို နှလုံး မသွင်းမူ၍ မိမိ၏ပြုအပ်သောအမှု မပြုအပ်သော အမှုကိုသာလျှင် ဆင်ခြင် ကြည့်ရှုခြင်းငှါ သင့်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၅ဝ။ န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။ အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိစ။

ပရေသံ၊ တပါးသော သူတို့၏။ ဝိလောမာနိ၊ မလျော်ကြမ်းကြုတ် ဝန်တိုသော စကားယုတ်တို့ကို။ နမနသိကာတဗ္ဗာနိ၊ နှလုံးမသွင်းအပ်ကုန်။ ပရေသံ၊ တပါးသော သူတို့၏။ ကတာကတံ၊ ကောင်းမှု မကောင်းမှုပြုအပ်သည် မပြုအပ်သည်ကို။ နဩလောကေတဗ္ဗံ၊ မကြည့်ရှုအပ်။ အတ္တနောဝ၊ မိမိ၏သာလျှင်။ ကတာနိစ၊ ကောင်းမှု မကောင်းမှု ပြုသည်တို့ကို၎င်း။ အကတာနိစ၊ ကောင်းမှု မကောင်းမှု မပြုသည်တို့ကို၎င်း။ အဝေက္ခေယျ၊ ရှုဆင်ခြင်ရာ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုဥပါသိကာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏ လူများအပေါင်း အားလည်း အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

ပါဝေယျကမည်သော တက္ကတွန်းဝတ္ထု ပြီး၏။

---

၇ - ဆတ္တပါဏိဥပါသကာ ဝတ္ထု

ယထာပိ ရုစိရံ ပုပ္ဖံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ဆတ္တပါဏိ ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားမျက်မှောက် ဘုရင်ဂုဏ်ပျောက်ခြင်း

သာဝတ္ထိပြည်၌ ဆတ္တပါဏိအမည်ရှိသော ဥပါသကာသည် ပိဋကတ်သုံးပုံကို ဆောင်သော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။ ထိုဆတ္တပါဏိဥပါသကာသည် စောစောကလျှင် ဥပုသ်သီလ ကျင့်သုံးသည် ဖြစ်၍ ဘုရားရှင်အား ဆည်းကပ်ခြင်းငှါ သွားလေ၏။

[အနာဂါမ်တည်သော အရိယာသာဝကတို့အား ဆောက်တည်ခံယူသည်၏ အစွမ်းဖြင့် ဥပုသ်သီလ ကျင့်သုံးခြင်း မည်သည် မရှိ၊ အနာဂါမိမဂ်ဖြင့် သာလျှင် ထိုအရိယာ သာဝကတို့အား ဗြဟ္မစရိယ အကျင့်သည်၎င်း ဧကဘတ္တိကအကျင့်သည်၎င်း အလိုလိုရောက်လာလေ၏။ ထို့ကြောင့်သာလျှင် မြတ်သောမင်းကြီး ကဿပဘုရားရှင် လက်ထက် ဃဋိကာရမည်သော အိုးထိမ်းသည်သည် နံနက်အချိန် တချိန်သာ အာဟာရ သုံးဆောင်လေ့ရှိ၏။ မြတ်သောအကျင့် ကျင့်လေ့ရှိ၏။ သီလရှိ၏ ကောင်းသော အကျင့်တရား ရှိ၏ဟု မဇ္ဈိမပဏ္ဏာသ၌ ဟောကြားတော်မူလေပြီ။ ဤသို့ အနာဂါမ်ပုဂ္ဂိုလ် တို့သည် ပကတိပင်ကိုယ် သဘောအားဖြင့်သာလျှင် တထပ်တချိန်သာ စား၍ မြတ်သောအကျင့်ကို ကျင့်ကြကုန်၏။]

ထိုဆတ္တပါဏိ ဥပါသကာသည်လည်း ထိုနည်းတူစွာသာလျှင် ဥပုသ်သီလ ကျင့်သုံးသည်ဖြစ်၍ ဘုရားရှင်သို့ ချဉ်းကပ်ပြီးလျှင် ရှိသေစွာရှိခိုး၍ တရားစကားကို နာကြားလျက် ထိုင်နေလေ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည် ဘုရားရှင်အား ဆည်းကပ်ခြင်းငှါ ရောက်သွား၏။

ဆတ္တပါဏိ ဥပါသကာသည် ရှေးရှုလာသော ထိုကောသလမင်းကြီးကိုမြင်လျှင် နေရာမှထသင့် သလော၊ မထဘဲ နေသင့်သလောဟု ကြံစည်လတ်သော် ငါသည်မြတ်သောမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်၌ ထိုင်နေ၏။ တစိတ်တဒေသမျှ အစိုးရသော ပဒေသရာဇ်မင်းကို မြင်၍ထခြင်းငှါ ထိုငါ့အားမသင့်လျော်ချေ စင်စစ်အားဖြင့် မင်းကြီးသည် မထဘဲနေသော ငါ့အား အမျက်ထွက်လတ္တံ့ ဤ ကောသလမင်းသည် အမျက်ထွက်စေကာမူ ငါကား မထဘဲနေတော့အံ့ ဟုကြံစည်မိလေ၏။

ထိုအကြံ သင့်လျော်လှပေ၏၊ မင်းကိုမြင်၍ ထသောသူသည် မင်း၌ အလေးပြုသောသူ ဖြစ်၏ မြတ်စွာဘုရား၌ အလေးပြုသောသူ မဟုတ်။ ထို့ကြောင့် ငါမထဘဲနေတော့အံ့ဟု ကြံစည်၍ မထဘဲနေလေ၏။

[ပညာရှိသော ယောက်ျားတို့ မည်သည်ကား အလွန်အလေးအမြတ် ပြုအပ်သော သူတို့၏အထံ၌ ထိုင်နေ၍ မထသောသူကို မြင်ကုန်ငြားသော်လည်း အမျက် မထွက်ကြကုန်။]

ကောသလမင်းကြီးသည်ကား နေရာမှမထသော ထိုဆတ္တပါဏိ ဥပါသကာကို မြင်လျှင် အမျက် ထွက်သော စိတ်ရှိသည်ဖြစ်လျက် ဘုရားရှင်ကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလေ၏။ ဘုရားရှင်လည်း ထိုကောသလမင်းကြီး၏ အမျက်ထွက်သော အဖြစ်ကို သိတော်မူသဖြင့် မြတ်သောမင်းကြီး ဤဆတ္တပါဏိ ဥပါသကာသည် ပညာရှိသောသူဖြစ်၏၊ သိမြင်အပ်ပြီးသော တရားရှိ၏၊ ပိဋကတ် သုံးပုံကိုဆောင်နိုင်၏၊ အကျိုးဟုတ်သည် မဟုတ်သည်၌ လိမ္မာလှပေ၏ဟု သီတင်းသည် ဥပါသကာ၏ ဂုဏ်ကျေးဇူးကို ချီးကြူး မိန့်ဆိုတော်မူလေ၏။ မင်းကြီးအား ထိုဆတ္တပါဏိ ဥပါသကာ၏ ဂုဏ်ကျေးဇူးစကားကို ကြားနာရစဉ်ပင်လျှင် စိတ်သည် နူးညံ့ခြင်းဖြစ်လေ၏။

ဘုရားမျက်ကွယ် ဘုရင်ဂုဏ်ကြွယ်ခြင်း

ထို့နောက် တနေ့သ၌ ပသေနဒီ ကောသလမင်းကြီးသည် ဘုံနန်းပြာသာဒ် အထက်၌ စမ္ပယ်တော် မူလျက် နေစဉ် ဆတ္တပါဏိဥပါသကာ နံနက်စာထမင်း စားပြီးသဖြင့် ထီးကိုဆောင်ယူ၍ ဘိနပ်ကို စီးလျက် မင်းယင်ပြင်ဖြင့် သွားသည်ကို မြင်ရလျှင် ခေါ်တော်မူလေ၏။ ထိုဆတ္တပါဏိ ဥပါသကာ သည် ထီးနှင့်ဘိနပ်ကို ချွတ်ပယ်၍ မင်းကြီးအထံသို့ ချဉ်းကပ်ကာ ရှိခိုးလျက် သင့်တင့် လျောက်ပတ်သော အရပ်၌ တည်နေလေ၏။

ထိုအခါ ဆတ္တပါဏိ ဥပါသကာကို ကောသလမင်းကြီးသည် အိုအချင်း ဥပါသကာ အဘယ့်ကြောင့် သင်သည် ထီးဘိနပ်တို့ကို ချွတ်ပယ် အပ်ကုန်သနည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ်သည် ခေါ်တော်မူ၏ ဟူသော စကားကို ကြားရပါသောကြောင့် ချွတ်ပယ်ထားခဲ့၍ လာရောက်ရပါကြောင်း သံတော်ဦး တင်လတ်သော် ယခုမှ အကျွန်ုပ်တို့၏ မင်းအဖြစ်ကို သင်တို့ သိအပ်သည် ဖြစ်ပေလိမ့်မည်ဟု မိန့်တော်မူလေ၏။

အရှင်မင်းကြီး အခါခပ်သိမ်းလည်း အရှင့် ကျွန်တော်မျိုးတို့သည် အရှင်မင်းကြီးတို့၏ မင်းအဖြစ်ကို သိပါကုန်၏ဟု လျှောက်တင်လတ်သော် အကယ်၍ ဤသို့ သိသည်ဖြစ်ခဲ့အံ့ အဘယ့်ကြောင့် ရှေးဖြစ်သောနေ့၌ မြတ်စွာဘုရား၏ အထံတော်၌နေစဉ် အကျွန်ုပ်ကိုမြင်လျက် နေရာမှ မထ သနည်းဟု မေးတော်မူလေ၏။

မြတ်သောမင်းကြီး အရှင့် ကျွန်တော်မျိုးသည် မင်းတကာတို့ထက် မြတ်သော အဂ္ဂရာဇာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်၌နေစဉ် တစိတ်တဒေသမျှ အစိုးရသော ပဒေသရာဇ်မင်းကို မြင်၍ ထခဲ့သည်ရှိသော် မြတ်စွာဘုရား၌ မရိုသေခြင်းကို ပြောကြားသည် ဖြစ်ခဲ့ပေရာ၏။

ထို့ကြောင့် မထဘဲနေပါသတည်း ဟု လျှောက်တင်လတ်သော် အိုအချင်း ဥပါသကာကြီး ရှိပါစေတော့ ထိုစကားသည် ရပ်တန့်ပါစေ အသင်ဥပါသကာကြီးတို့သည် ပစ္စုပ္ပန်ဘဝ တမလွန် ဘဝ၌ဖြစ်သော အကျိုးစီးပွါး ရှိမရှိတို့၌ လိမ္မာတတ်သော ဉာဏ်ပညာ ရှိပေကုန်သတတ် ပိဋကတ် သုံးပုံကို ဆောင်နိုင်ပေကုန်သတတ် ငါတို့၏ နန်းတော်တွင်း၌ တရားဓမ္မကို ပို့ချပါလော့ဟု တောင်းပန်စကား မိန့်ကြားတော်မူလေ၏။

အရှင်မင်းမြတ် မတတ်နိုင်ပါဟု လျှောက်တင်သော် အဘယ့်ကြောင့်နည်းဟု မေးမြန်းတော်မူပြန် လေ၏။ အရှင်မင်းကြီး ဘုရင်မင်းမြတ်တို့၏စံပျော်ရာ ရွှေနန်းတော်မည်သည်ကား များသောအပြစ် ရှိပါသည် မကောင်းသဖြင့် ယှဉ်အပ်သော အမှုကိစ္စ တာဝန်တို့သည် ကြီးလေးပါကုန်၏ဟု လျှောက်တင်လတ်သော် ဤသို့ မဆိုပါလင့် ရှေးဖြစ်သောနေ့၌ ဘုရင်မင်းမြတ်ကိုမြင်၍ ငါမထခဲ့ဟု အလို့လို့ဖြစ်ခြင်း မပြုပါလင့်ဟု မိန့်ဆိုလေ၏။ အရှင်မင်းမြတ် လူတို့၏ လှည့်လည် သွားလာခြင်း မည်သည် အပြစ်များလှပါ၏ ရဟန်းတော် တပါးကို ပင့်ခေါ်စေ၍ တရားဓမ္မကို ပို့ချ စေတော်မူပါဟု လျှောက်တင်လေ၏။

စာသင်လေ့ရှိသော မိဖုယားအကြောင်း

မင်းကြီးသည် အိုအချင်း ဥပါသကာ ကောင်းလှပါပေပြီ အသင်တို့သည် သွားကြပါကုန်လော့ဟု ဆိုသဖြင့် ထိုဆတ္တပါဏိ ဥပါသကာကို လွှတ်လိုက်ပြီးလျှင် ဘုရားရှင် အထံတော်သို့သွား၍ ဘုန်းကော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား မလ္လိကာ မိဖုယားသည်၎င်း ဝါသဘခတ္တိယာ မိဖုယားသည်၎င်း တရား ဓမ္မကို သင်ကြားလိုကြပါကုန်၏ဟု ပြောဆိုကြပါသည်၊

မြတ်စွာဘုရားသည် ရဟန်းတော် ငါးရာတို့နှင့်တကွ အမြဲမပြတ် ဘုရား တပည့်တော်၏ နန်းတော်သို့ ကြွတော်မူ၍ ထိုမိဖုယားတို့အား တရားဓမ္မ ပို့ချသင်ပေးတော် မူကြပါဘုရားဟု မြတ်စွာဘုရားကို လျှောက်ကြား တောင်းပန်လေ၏။ မြတ်သောမင်းကြီး ဘုရားရှင်တို့အား အမြဲမပြတ် တခုတည်းသောအရပ်သို့ ကြွသွားတော်မူခြင်း မည်သည် မရှိဟု မိန့်တော်မူလတ်သော် ယင်းသို့ဖြစ်မူ ဘုန်းတော်ကြီးလှပေသော မြတ်စွာဘုရား ဘုရားရှင်မှတပါး ရဟန်းတော်တပါးကို ပေးသနားတော် မူပါ ဘုရားဟု လျှောက်ကြား တောင်းပန်ပြန်သဖြင့် မြတ်စွာဘုရားသည် ရှင်အာနန္ဒာ မထေရ်အား တာဝန်ပြုတော်မူလေ၏။

ရှင်အာနန္ဒာမထေရ်သည်လည်း အမြဲမပြတ် ကြွတော်မူ၍ ထိုမိဖုယားတို့အား တရားဓမ္မကို ပို့ချ သင်ပေးတော်မူ၏။ ထိုမိဖုယား နှစ်ပါးတို့တွင် မလ္လိကာမိဖုယားသည် ကောင်းမွန်ရိုသေစွာ သင်ယူကာ သရဇ္ဈာယ်၍ ဆရာကို ဝန်ခံစေ၏။ ဝါသဘခတ္တိယာကား ရိုသေစွာမသင် သရဇ္ဈာယ်ခြင်းမပြု သင်ယူအပ်သော ပါဠိကို ဝန်ခံစေခြင်းငှါ မစွမ်းနိုင်။

ထို့နောက် တနေ့သ၌ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ ဥပါသိကာမတို့သည် တရားတော်ကို သင်ယူကြကုန်၏လောဟု မေးတော်မူလတ်သော် မြတ်စွာဘုရား သင်ယူကြပါ ကုန်၏ဘုရား ဟု လျှောက်လေ၏။ ဥပါသိကာမတို့သည် ရိုသေကောင်းမွန်စွာ သင်ယူကြကုန်၏ လောဟု မေးတော်မူပြန်လတ်သော် မြတ်စွာဘုရား မလ္လိကာမိဖုယားသည်ရှိသေ ကောင်းမွန်စွာ သင်ယူပါသည်၊ ရိုသေကောင်းမွန်စွာ သရဇ္ဈာယ်ပါသည်၊ ရိုသေ ကောင်းမွန်စွာ သင်ယူအပ်သော ပါဠိကိုဝန်ခံယူစေခြင်းငှါ စွမ်းနိုင်ပါသည်။

ရှင်တော်မြတ်ဘုရားတို့၏ ဆွေတော်မျိုးတော် သ္မီးဖြစ်သော ဝါသဘခတ္တိယာ မိဖုယားကား ရိုသေ ကောင်းမွန်စွာ မသင်ယူပါ မသရဇ္ဈာယ်ပါ သင်ယူအပ်သောပါဠိကို ဝန်ခံစေခြင်းငှါ မစွမ်းနိုင်ပါ ဘုရားဟု နားတော်လျှောက်လေ၏။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ် စကားကို ကြားရလျှင် ချစ်သားအာနန္ဒာ ငါဘုရားဟောကြားအပ်သော တရားမည်သည်ကား ရိုသေစွာ မနာသောသူ, မသရဇ္ဈာယ်သောသူ, မဟောကြားသော သူအား အဆင်းနှင့်သာ ပြည့်စုံ၍ အနံ့ မရှိသော ပန်းကဲ့သို့ အကျိုး မရှိဖြစ်ရပေ၏။ ရိုသေစွာနာခြင်း စသည်တို့ကို ပြုသောသူအားကား မြတ်သောအကျိုး အာနိသင်ရှိပေ၏ ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။ ဧဝံ သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။

၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ သုဂန္ဓကံ။ ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ သကုဗ္ဗတော။

ရုစိရံ၊ တင့်တယ်သည်ဖြစ်၍။ ဝဏ္ဏဝန္တံ၊ အဆင်းသဏ္ဌာန်နှင့် ပြည့်စုံသော။ အဂန္ဓကံ၊ အနံ့မရှိသော။ ပုပ္ဖံ၊ ကသစ် ခေါင်ရမ်း စသော ပန်းသည်။ အဖလံ၊ အကျိုးမရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာ ဟောကြားတော်မူအပ်သော။ ဝါစာပိဋကတ်သုံးပုံ တည်းဟူသော ဘုရားစကားတော်သည်။ အကုဗ္ဗတော၊ ရိုသေစွာသင်ကြားနာယူခြင်း စသည်ဖြင့် မပြုမကျင့်သောသူအား။ အဖလာ၊ အကျိုးမရှိသည်။ ဟောတိ၊ ဖြစ်၏။

ရုစိရံ၊ တင့်တယ်သည်ဖြစ်၍။ ဝဏ္ဏဝန္တံ၊ အဆင်းသဏ္ဌာန်နှင့်လည်း ပြည့်စုံထသော။ သုဂန္ဓကံ၊ ကောင်းသောအနံ့လည်း ရှိထသော။ ပုပ္ဖံ၊ ကြာညို ဇလပ် ရှင်ခတ် ပွင့်ဆန်း ကတတ်ငန်းစသော ပန်းသည်။ သဖလံ၊ အကျိုးရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟော ကြားတော်မူအပ်သော။ ဝါစာပိဋကတ်သုံးပုံ တည်းဟူသော ဘုရားစကားတော်သည်။ သကုဗ္ဗတော၊ ရိုသေစွာ သင်ကြားနာယူခြင်း စသည်ဖြင့် ပြုကျင့်သောသူအား။ သဖလာ၊ များစွာအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြ လေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရား ဒေသနာဖြစ်တော်မူလေ၏။

ဆတ္တပါဏိဥပါသကာဝတ္ထု ပြီး၏။

---

၈ - ဝိသာခါဝတ္ထု

ယထာပိ ပုပ္ဖရာသိမှာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်ကို အမှီပြု၍ ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူစဉ် ဝိသာခါ ဒါယိကာမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခုနှစ်နှစ်သ္မီး ဝိသာခါ သောတာပန်တည်ခြင်း

ထိုဝိသာခါ ဒါယိကာမသည်ကား အင်္ဂတိုင်း ဘဒ္ဒိယမြို့၌ မေဏ္ဍကသူဌေးကြီး၏ သားဖြစ်သော ဓနဉ္စယသူဌေး၏ သူဌေးကတော်ကြီးဖြစ်သော သုမနဒေဝီ မည်သော သူဌေးမ၏ဝမ်း၌ဖြစ်သတတ်။ ထိုဝိသာခါ၏ ခုနစ်နှစ်သ္မီးအရွယ်ရှိသောအခါ ဘုရားရှင်သည် သူဌေးပုဏ္ဏားအစရှိသော သူတို့၏၎င်း သစ္စာလေးပါး သိခြင်းငှါ ထိုက်သော မိတ်ဆွေတို့၏၎င်း၊ အကြောင်းဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူသဖြင့် များစွာသော ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် ဒေသစာရီ ကြွချီတော် မူလတ်သည်ရှိသော် ထိုဘဒ္ဒိယမြို့သို့ ဆိုက်ရောက်တော် မူလေ၏။

ထိုအခါ၌လည်း မေဏ္ဍက သူဌေးကြီးသည် ထိုဘဒ္ဒိယမြို့၌ ရှေးဘုန်းရှေးကံ ကြီးမားကုန်သော ငါးယောက်သောသူတို့၏ အကြီးအမှူးဖြစ်၍ သူဌေးအရာကို ပြုလေ၏။ ရှေးဘုန်းရှေးကံ ကြီးမား ကုန်သော ငါးယောက်သောသူတို့ မည်သည်ကား --

  1. မေဏ္ဍကသူဌေးကြီး
  2. မေဏ္ဍကသူဌေးစန္ဒပဒုမာမည်သော သူဌေးကတော်ကြီး
  3. မေဏ္ဍကသူဌေးဓနဉ္စယမည်သော သားကြီး
  4. ထိုဓနဉ္စယ သူဌေးကလေး၏ သုမနဒေဝမည်သော သူဌေးကတော်ကလေး
  5. မေဏ္ဍကသူဌေးပုဏ္ဏ မည်သော ကျွန်ယောက်ျား

ဤငါးယောက်တို့ပေတည်း။

သက်သက် ဤ မေဏ္ဍကသူဌေးကြီး တဦးသာ မဟုတ်သေး ဗိမ္ဗိသာရမင်းကြီး၏ တိုင်းပြည် နိုင်ငံတော်၌ အတိုင်းမသိသော စည်းစိမ်ဥစ္စာရှိသည် မည်ကုန်သော ဇောတိက ဇဋိလ, မေဏ္ဍက, ပုဏ္ဏ ကာကဝလိယ ဟူသောသူဌေးကြီး ငါးဦးတို့လည်း ရှိကုန်သေး၏။

ထိုငါးယောက်ကုန်သော သူဌေးကြီးတို့တွင် ဤမေဏ္ဍက သူဌေးကြီးသည် မိမိ၏ ဘဒ္ဒိယမြို့သို့ မြတ်စွာဘုရား ကြွရောက်တော် မူလာသည့်အဖြစ် ကိုသိ၍ သားဖြစ်သော ဓနဉ္စယ သူဌေး ကလေး၏ သ္မီး ဝိသာခါ သတို့သ္မီးငယ်ကို ခေါ်စေပြီးလျှင် ချစ်မြေးဝိသာခါ သင်အားလည်း မင်္ဂလာ ဖြစ်လတ္တံ့။ ငါတို့အားလည်း မင်္ဂလာဖြစ်လတ္တံ့၊ သင်၏ အခြံအရံ ငါးရာသော သတို့သ္မီးငယ်တို့နှင့် တကွ ငါးရာသောရထားထက် တက်စီး၍ ငါးရာကုန်သော ကျွန်မတို့ဖြင့် ခြံရံလျက် ကိုယ်အား ဉာဏ်အား ဆယ်ပါးသခင် ဘုရားရှင်အား ခရီးဦးကြိုဆိုခြင်း အမှု ပြုလော့ဟု ဆိုလေ၏။

ဝိသာခါ သတို့သ္မီးငယ်သည်လည်း ကောင်းလှပါပြီဟု ဝန်ခံ၍ သူဌေးကြီး ဆိုတိုင်းပြုလေ၏။ အကြောင်းဟုတ်သည် မဟုတ်သည်တို့၌ လိမ္မာသော သဘောရှိသည် အဖြစ်ကြောင့် အကြင် မျှလောက် ယာဉ်ဖြင့် သွားခြင်းငှါ လျောက်ပတ်သော မြေပြင်သည်ရှိ၏ ထိုမျှလောက် ယာဉ်ဖြင့် သွား၍ ယာဉ်မှသက်ဆင်းပြီး ခြေဖြင့်သာလျှင် သဗ္ဗညုဘုရားရှင်သို့ ချဉ်းကပ်ကာ ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌နေလေ၏။

ထိုအခါ ဝိသာခါအား ရှေးရှေးသောကာလ အတိတ်ဘဝက လေ့ကျက်ခဲ့ဖူးသော ကောင်းမှုကံ စရိုက်၏ အစွမ်းအားဖြင့် ဘုရားရှင်သည် တရားကို ဟောတော်မူ၏။ ထိုဝိသာခါသည် ဒေသနာ တော်၏ အဆုံး၌ ငါးရာသော သတို့သ္မီးတို့နှင့် တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

မေဏ္ဍကသူဌေးကြီးသည်လည်း ဘုရားရှင်သို့ ချဉ်းကပ်၍ တရားစကားကို ကြားနာရသဖြင့် သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် နက်ဖြန်ကောင်းမှုအလို့ငှါ ပင့်ဖိတ်ခဲ့၍ တဖန် နံနက် မိုးသောက် ရောက်သောနေ့၌ မိမိ၏နေအိမ်၌ မွန်မြတ်သောခဲဖွယ် ဘောဇဉ်တို့ဖြင့် ဘုရားအမှူး ရှိသော သံဃာတော်မြတ်အပေါင်းကို ဆွမ်းလုပ်ကျွေး၍ ဤသို့သော နည်းဖြင့်သာလျှင် တဆဲ့ငါးရက် ပတ်လုံး အလှူကြီးကို ပေးလှူ၏။ မြတ်စွာဘုရားသည်လည်း ဘဒ္ဒိယမြို့၌ မွေ့လျော်သမျှ ကာလ ပတ်လုံး သီတင်းသုံးနေထိုင်တော်မူ၍ ဖဲကြွ သွားတော်မူလေ၏။

သာကေတမြို့တည်ခြင်း

ထိုအခါ ဗိမ္ဗိသာရမင်းနှင့် ပသေနဒီ ကောသလမင်းတို့သည် အချင်းချင်း တယောက်သည် တယောက်၏ မောင်လယ် နှမလယ် နှမ၏ ခင်ပွန်းတို့ ဖြစ်ကြကုန်၏။ ထိုအခါ တနေ့သ၌ ကောသလမင်း ကြံစည်သည်မှာ ဗိမ္မိသာရမင်း၏ နိုင်ငံတော်၌ အတိုင်းမသိ များစွာသော စည်းစိမ် ချမ်းသာ ရှိကုန်သော ဘုန်းကံကြီးမားသော ငါးယောက်ကုန်သော သူဌေးကြီးတို့သည် နေထိုင်ကြ ကုန်၏။

ငါ၏ နိုင်ငံတော်၌ကား ထိုသို့သဘောရှိသော သူဌေးသည် တဦးတယောက် မျှလည်း မရှိချေ ငါသည် ဗိမ္ဗိသာရမင်း အထံသို့သွား၍ ဘုန်းကံ ကြီးမားသော သူဌေးကြီးတဦးကို တောင်းရမူကား ကောင်းလေစွဟု ကြံစည်လေ၏။ ထိုကောသလ မင်းကြီးသည် ရာဇဂြိုဟ်ပြည်သို့ သွား၍ ဗိမ္ဗိသာရ မင်းသည် စေ့စပ်ခြင်း ပဋိသန္ဓာရ လောကဝတ် ပြုအပ်သည်ဖြစ်၍ အသင်မင်းကြီးသည် အဘယ် အကြောင်းကြောင့် ကြွလာတော်မူသနည်း ဟု မေးအပ်သည်ရှိသော် အသင် မင်းကြီးတို့၏ တိုင်း နိုင်ငံတော်၌ အတိုင်းမသိ စည်းစိမ်ချမ်းသာ များစွာ ကြွယ်ဝကုန်သော ဘုန်းကံကြီးမားကုန်သော သူဌေးကြီး ငါးဦးတို့သည် နေထိုင်ကြကုန်၏။

ထိုငါးဦးကုန်သော သူဌေးကြီးတို့တွင် တဦးတယောက်မျှသော သူဌေးကိုယူ၍ သွားအံ့ဟု အကျွန်ုပ် လာခဲ့ပါသည် ထိုသူဌေးကြီးငါးဦးတို့တွင် အသင် မင်းကြီးတို့သည် တယောက်ကို ပေးကြပါကုန် လော့ဟု ဆို၏။ ကြီးကျယ်သော အမျိုးကြီးတို့ဖြစ်သဖြင့် အကျွန်ုပ်တို့သည် လှုပ်ရှားခြင်းငှါ မတတ်နိုင်ကုန်ဟု ဆိုလတ်သော် အကျွန်ုပ်သည် မရသည်ရှိသော် နေပြည်တော်သို့ ပြန်မသွား တော့အံ့ဟု ဆိုပြန်၏။

ထိုအခါ၌ ဗိမ္ဗိသာရမင်းကြီးသည် အမတ်တို့နှင့်အတူတိုင်ပင်၍ ဇောတိက အစရှိသောအမျိုးမြတ် သူဌေးကြီးတို့ကို ရွှေ့ပြောင်း တုန်လှုပ်စေခြင်း မည်သည် မြေကြီးကိုရွှေ့ပြောင်း တုန်လှုပ်စေရ သည်နှင့် တူ၏။ မေဏ္ဍက သူဌေးကြီး၏သား ဓနဉ္စယသူဌေး မည်သည် ရှိ၏၊ ထိုဓနဉ္စယ သူဌေးနှင့် အတူ တိုင်ပင်ပြီးမှသာလျှင် အသင်မင်းကြီးအား စကားတုံ့ကို ပြန်အံ့ဟုဆို၍ ဓနဉ္စယသူဌေးကို ခေါ်စေပြီးလျှင် ချစ်သား ဓနဉ္စယသူဌေး ကောသလမင်းကြီးသည် ဥစ္စာကြွယ်ဝသော သူဌေး တယောကီကို ယူဆောင်၍တိုင်းပြည်သို့ ပြန်သွားအံ့ဟုဆို၏။

သင်သည် ထို ကောသလမင်းကြီးနှင့် အတူတကွ လိုက်သွားပါလော့ဟု ဆိုလတ်သော် အရှင်မင်းကြီး အရှင်မင်းကြီးတို့သည် စေလွှတ်ကုန်သည်ရှိသော် သွားပါအံ့ဟု လျှောက်တင်လျှင် ချစ်သား ယင်းသို့ဖြစ်မူ စီရင်ဖွယ်ရှိသမျှ စီရင်ပြုလုပ်၍ လိုက်သွားပါလော့ဟု မိန့်ဆို၍လွှတ်လိုက်၏။ ဓနဉ္စယသူဌေးလည်း မိမိပြုလုပ်သင့်သမျှကို ပြုလုပ်လေ၏။

ဗိမ္ဗိသာရမင်းကြီးသည်လည်း ထိုဓနဉ္စယသူဌေးအား များစွာကြီးကျယ်သော ပူဇော်သက္ကာရကိုပြု၍ ဤ သူဌေးကိုခေါ်၍ သွားကြပါကုန်လော့ဟု ပြောဆိုကာ ပသေနဒီ ကောသလမင်းကြီးကို လွှတ်လိုက်လေ၏။ ကောသလမင်းကြီးလည်း ထိုသူဌေးကိုခေါ်၍ သာဝတ္ထိပြည်သို့ တညဉ့်အိပ် ခရီးဖြင့် သွားသဖြင့် ချမ်းသာသော အရပ်တခုသို့ ရောက်လျှင် နေရာကိုယူလေ၏။

ထိုအခါ ကောသလမင်းကြီးကို ဓနဉ္စယသူဌေးသည် ဤအရပ်ကား အဘယ် မင်းမြတ်၏နိုင်ငံ အဝင် အပါ အရပ်ဖြစ်ပါသနည်းဟု မေးလျှောက်လေ၏။ သူဌေးကြီး ငါ၏နိုင်ငံအဝင်အပါအရပ်ဖြစ်သည်ဟု ပြောဆိုလျှင် သာဝတ္ထိပြည်သည် ဤအရပ်မှ အဘယ်မျှ ဝေးကွာသောအရပ်၌ တည်ရှိပါသနည်းဟု မေးပြန်လေ၏။

ခုနစ်ယူဇနာထက်၌ တည်ရှိပေ၏ဟု ပြောဆိုလျှင် အရှင်မင်းမြတ် မြို့၏ အတွင်းမည်သည် ကျဉ်းမြောင်းလှ၏။ အရှင့် ကျွန်တော်မျိုးတို့၏ အခြံအရံ အလုပ်အကျွေး လူပရိသတ်ကား များလှ စွာ၏။ အရှင်မင်းကြီးတို့သည် အကယ်၍ နှစ်သက်ကုန်သည်ဖြစ်ခဲ့အံ့ ဤအရပ်၌ပင် နေလိုပါ၏ဟု လျှောက်တင်လေ၏။

ကောသလမင်းကြီးလည်း ကောင်းပြီဟု ဝန်ခံ၍ ထိုအရပ်၌ မြို့ကို တည်ထောင်သဖြင့် ဓနဉ္စယ သူဌေးအားပေးပြီး ကြွသွားလေ၏။ ထိုအရပ်၌ မိမိကိုယ်တိုင်နေရာ အရပ်ယူအပ်သောကြောင့် သာကေတ ဟူ၍ မြို့၏အမည်တွင်လေ၏။

မိန်းမတို့အား ကောင်းခြင်းငါးပါး အကြောင်း

သာဝတ္ထိပြည်၌လည်း မိဂါရသူဌေး၏ သားဖြစ်သော ပုဏ္ဏဝဍ္ဎန မည်သော သတို့သားသည် အရွယ်သို့ ရောက်သည်ဖြစ်ပေ၏။ ထိုအခါ မိဘတို့သည် ထိုပုဏ္ဏဝဍ္ဎန သတို့သားကို ချစ်သား သင်နှစ်သက်ရာ အရပ်၌ သတို့သ္မီးတယောက်ကို စုံစမ်းရှာ ဖွေလော့ဟု ဆိုကြကုန်၏။ မိခင်ဘခင်တို့ ဤသို့ သဘောရှိသော မယားဖြင့် ကျွန်တော်အား ပြုဖွယ်ကိစ္စ အလိုဆန္ဒ မရှိပါဟုဆိုသဖြင့် မိခင် ဖခင်တို့လည်း ချစ်သား ဤသို့မပြုပါလင့် သားမရှိသော အမျိုးမည်သည်ကား ကာလအရှည် မတည်တံ့နိုင် ပျက်စီးတတ်သည်။ ထို့ကြောင့် ချစ်သားနှစ်သက်ရာ သတို့သ္မီးငယ် တယောက် ကိုသာ ရှာဖွေလော့ဟု ဆိုပြန်လေ၏။

ပုဏ္ဏဝဍ္ဎန သူဌေးသားသည် အဖန်ဖန်ပြောဆို တိုက်တွန်းအပ်သည်ရှိသော် ထိုသို့ဖြစ်မူ ကောင်းခြင်း ငါးပါး နှင့်ပြည့်စုံသော သတို့သ္မီးကို ရသည်ဖြစ်အံ့ သင်မိခင်ဖခင်တို့၏ ပြောကြားသော စကားကို လိုက်နာပါအံ့ဟု ဝန်ခံ၏။ ချစ်သား ကောင်းခြင်းငါးပါးတို့ ဟူသည် အဘယ်သည်တို့နည်း ဟု မေးသဖြင့် ဆံပင်၏ကောင်းခြင်း, အသား၏ကောင်းခြင်း အရိုး၏ကောင်းခြင်း, အရေ၏ကောင်းခြင်, အရွယ်၏ကောင်းခြင်း - ဟူသော ဤ ငါးပါးတို့တည်းဟု ဖြေဆိုလေ၏။ ထိုစကားမှန်၏။

  1. ဘုန်းကံကြီးသော မိန်းမ၏ ဆံပင်တို့သည် ဥဒေါင်းမြီးစည်းနှင့် တူကုန်သည်ဖြစ်၍ ဦးခေါင်းမှ ဖြေ၍ချလိုက်သည်ရှိသော် အဝတ်ထမီ အစွန်းကိုထိ၍ အဖျားကော့တက်လျက် တည်ကုန်၏။ ဤကား ဆံပင်၏ ကောင်းခြင်းမည်၏။
  2. သွားကိုဖုံးသော နှုတ်ခမ်းသားသည် ကျီးအာသီးမှည့်နှင့်တူစွာ နီမြန်းသောအဆင်းနှင့် ပြည့်စုံ သည်ဖြစ်၍ ညီညွတ်၏ ကောင်းစွာ ထိခြင်း စပ်ခြင်း ရှိ၏။ ဤကား အသား၏ ကောင်းခြင်းမည်၏။
  3. သွားတို့သည် ဖြူစင်ခြင်း ညီညွတ်ခြင်း မကြဲခြင်းရှိကုန်သည်ဖြစ်၍ စိုက်၍ ထားအပ်သော ဝဇိရစိန်ရတနာ အစီအတန်းကဲ့သို့၎င်း ကောင်းမွန် ညီညွတ်စွာ ဖြတ်အပ်သော ခရုသင်း အစီ အတန်း ကဲ့သို့၎င်း တင့်တယ်ကုန်၏။ ဤကား အရိုး၏ ကောင်းခြင်းမည်၏။
  4. အသားညိုသော မိန်းမ၏ အရေအဆင်းသည် ကသည်မှုန့်စသည်တို့ဖြင့် မလိမ်းမကျံဘဲသာလျှင် ပင်ကိုယ် ညက်ညော ပြေပြစ်၏၊ ကြာညို ပန်းဆိုင်းနှင့် တူ၏၊ အသားဖြူသော မိန်းမ၏ အရေ အဆင်းသည် မဟာလှေကားပန်းဆိုင်းနှင့် တူ၏။ ဤကားအရေ၏ ကောင်းခြင်းမည်၏။

(ကသည်မှုန့် ဟူသည်ကား အဆင်းအရောင် လှပအောင် လိမ်းကျံသော မျက်နှာချေ ပေါင်ဒါ အလှရည် စသည်တို့တည်း။ စာအချို့၌ မှည့်မည်းဟု မူကွဲ၏။ ဂန္ဓဏ္ဏကေန နှာယေယျ ပါစိတ္တိယံ ဟူသော ပါဠိတော်ဖြင့် ဆင်ခြင်သင့်၏။)

  1. ဆယ်ကြိမ်တိုင်အောင် သားသ္မီးဖွားမြင်ပြီးသော်လည်း စင်စစ် အားဖြင့် တကြိမ်သားဖွားသော မိန်းမကဲ့သို့ အရွယ်ကွေကွင်း ဆုတ်ယုတ်ခြင်း မရှိသည်သာတည်း။ ဤကား အရွယ်၏ကောင်းခြင်း မည်၏။

ပုဏ္ဏဝဍ္ဎန သတို့သားအတွက် သတို့သ္မီး အရှာထွက်ခြင်း

ထိုအခါ ပုဏ္ဏဝဍ္ဎန သတို့သား၏ မိခင်ဖခင်တို့သည် ပုဏ္ဏားရှစ်ယောက်တို့ကို ပင့်ခေါ်၍ ကျွေးမွေး ပြီးလျှင် ကောင်းခြင်းငါးပါးနှင့် ပြည့်စုံကုန်သော မိန်းမတို့ မည်သည် ရှိပါကုန်သလောဟု မေးမြန်း ကြကုန်၏၊ ပုဏ္ဏားတို့သည် သြော် ရှိကြကုန်၏ဟု ဆိုလျှင် ထိုသို့ဖြစ်မူ ဤသို့သဘောရှိသော သတို့သ္မီးကို ရှာဖွေခြင်းငှါ ရှစ်ယောက်သော ပုဏ္ဏားတို့သည် သွားကြပါကုန်လော့ဟုဆို၍ များစွာ သော ဥစ္စာကို ပေးပြီးလျှင် ပြန်ရောက်လာသောအခါ သင်တို့အား ကျေးဇူး တုံ့ပြုဖွယ်ကို သိကြပါကုန်အံ့ ကျေးဇူးဆပ်ပါမည် သွားကြပါကုန်လော့ ဤသို့ ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံသော သတို့သ္မီးကို ရှာဖွေကြပါကုန်လော့ တွေ့သောအခါ၌လည်း ဤတန်းဆာကို ပေးခဲ့ကြပါကုန်လော့ ဟု မှာထား ပြောဆိုလျက် အဘိုးတသိန်းထိုက်သော ရွှေပန်းကုံးကိုပေး၍ လွှတ်လိုက် ကြလေကုန်၏။

ထိုပုဏ္ဏားတို့သည် ကြီးကုန် ကြီးကုန်သော မြို့ကြီး ပြကြီးတို့သို့သွား၍ ရှာဖွေ ကြကုန်သော်လည်း ကောင်းခြင်းငါးပါးနှင့်ပြည့်စုံသော သတို့သ္မီးကို မတွေ့မထင် မမြင်ရသဖြင့် ပြန်လည်ဆုတ်နစ်ကာ လာကုန်သည်ရှိသော် ဝိဝဋနက္ခတ်ပွဲသဘင် ကြိမ်သောနေ့၌ သာကေတမြို့သို့ အစဉ်အတိုင်း ရောက်လာကြကုန်ရကား ယနေ့ ငါတို့၏အမှုကိစ္စသည် ပြီးဆုံးခြင်းသို့ ရောက်လတ္တံ့ ဟု ကြံစည်ကြ ကုန်၏။

ထို သာကေတမြို့၌ကား နှစ်စဉ်မပြတ် ကျင်းပပြုလုပ်အပ်သော ဝိဝဋနက္ခတ်ပွဲသဘင် မည်သည် ရှိ၏။ ထိုအခါ ပြင်ပသို့ ထွက်သွားလေ့ မရှိကုန်သော အမျိုးသား အမျိုးသ္မီးတို့သည်လည်း အခြံအရံ နှင့်တကွ နေအိမ်မှထွက်၍ မကွယ်မဝှက်သော ကိုယ်ရှိသည်ဖြစ်၍ ခြေဖြင့်သာလျှင် မြစ်ကမ်းနားသို့ သွားလေ့ရှိကုန်၏။

ထိုနေ့၌ ခတ္တိယ မဟာသာလ စသည်တို့၏ သားယောကျ်ား တို့သည်လည်း မိမိနှင့် အမျိုး အနွယ် တူမျှသော နှစ်သက်ဖွယ် ကောင်းသော အမျိုးသတို့သ္မီးကို မြင်လျှင် ပန်းကုံးဖြင့် ပစ်ကုန်အံ့ ပန်းကုံးစွပ်ကုန်အံ့ဟု ကြံလျက် ထိုထိုခရီး လမ်းမကို မှီ၍ ရပ်တည်နေကြကုန်၏။

ထိုပုဏ္ဏားတို့သည်လည်း မြစ်ကမ်းနား၌ စရပ်တခုသို့ ဝင်ရောက်၍ ရပ်တည်နေကြကုန်၏။ ထို ခဏ၌ ဝိသာခါသည် တဆဲ့ငါးနှစ် တဆဲ့ခြောက်နှစ် အရွယ်ရှိပြီဖြစ်၍ ခပ်သိမ်းသော တန်းဆာတို့ဖြင့် တန်းဆာဆင်လျက် သတို့သ္မီးငယ် ငါးရာတို့ဖြင့် ခြံရံကာ မြစ်သို့သွား၍ ရေချိုးအံ့ဟု လာခဲ့ရာ ထိုပုဏ္ဏားတို့နေသော အရပ်သို့ ရောက်လာလေ၏။

ထိုအခါ မိုဃ်းတက်၍ ရွာလတ်သဖြင့် ငါးရာကုန်သော သတို့သ္မီးတို့သည် လျင်မြန်စွာပြေးသွား၍ စရပ်သို့ဝင်ကြကုန်၏။ ပုဏ္ဏားတို့သည် ကြည့်ရှုကြသည်ရှိသော် ထိုသတို့သ္မီး ငါးရာတို့တွင် ကောင်းခြင်း ငါးဖြာလက္ခဏာနှင့် ပြည့်စုံသူ တယောက်ကိုမျှ မမြင်ကြရလေကုန်။ ထို့နောက်မှ ဝိသာခါသည် ပြကတေ့သော သွားခြင်းဖြင့်သာ စရပ်သို့ဝင်လာသဖြင့် ဆင်သော အဝတ်တန်း ဆာတို့သည် စွတ်စိုကုန်၏။

ပုဏ္ဏားတို့သည် ထိုဝိသာခါ၏ လေးပါးသော ကောင်းခြင်းတို့ကို မြင်၍ သွားတို့ကိုကြည့်ရှု လိုသောကြောင့် ငါတို့သ္မီးကား ပျင်းရှိသော သဘောရှိ၏။ ဤသတို့သ္မီး၏ အရှင်သည် ပအုံးရည် မျှကိုလည်း ရလိမ့်မည် မဟုတ်ယောင်တကား ဟု အချင်းချင်း ပြောဆိုကြကုန်၏။

ထိုအခါဝိသာခါသည် ထိုပုဏ္ဏားကို အသင်တို့ ပုဏ္ဏားကြီးတို့သည် အဘယ်သူကို ပြောဆိုကြပါ သနည်းဟု မေးလေသဖြင့် ချစ်သ္မီး အသင့်ကို ပြောဆိုကြကုန်၏ ဟုဆိုကြလေကုန်၏။ ထို ဝိသာခါ၏ အသံသည် သာယာနာပျော်ဖွယ် နားဝင်ချိုသည်ဖြစ်၍ တီးခေါက်အပ်သော ကြေးဖလား ကြေးခွက်သံကဲ့သို့ မြည်ထွက်လေ၏။ ထိုအခါ ပုဏ္ဏားတို့ကို တဖန် သာယာစွာသော အသံဖြင့် အဘယ် အကြောင်းကြောင့် ပြောဆိုကြပါကုန်သနည်းဟု မေးပြန်လေ၏။

သင်၏ အခြံအရံဖြစ်ကုန်သော မိန်းမတို့သည် အဝတ်တန်းဆာတို့ကို မစွတ်စိုစေမူ၍ လျင်မြန် စွာစရပ်သို့ ဝင်လာကြကုန်ပြီ သင့်အားမူကား ဤမျှလောက် လျင်မြန်စွာလာခြင်း မျှသည်လည်း မရှိ အဝတ်တန်းဆာတို့ကို စွတ်စိုစေလျက် လာခဲ့သည် ဖြစ်ပေ၏။ ချစ်သ္မီး ထို့ကြောင့် ငါတို့သည် ပြောဆိုကြကုန်သတည်းဟု. ပြောကြားကြ လေကုန်၏။

---

လျင်မြန်စွာ မသွားသင့်သူ ၄-ယောက်

ထိုအခါ ဝိသာခါသည် ဖခင်တို့ ဤသို့သော စကားကို မဆိုကြပါကုန်လင့် ကျွန်မသည် ဤမိန်းမ တို့ထက်လွန်စွာကြီးသော ခွန်အားဗလရှိပါသည်၊ စင်စစ်သော်ကား အကြောင်းကိုမှတ်သား၍ လျင်မြန်စွာ မလာခြင်း ဖြစ်ပါသည် ဟုဆိုသဖြင့် ချစ်သ္မီး အဘယ်အကြောင်းကိုနည်း ဟု မေးပြန်သော် ဖခင်တို့ လေးယောက်ကုန်သော သူတို့သည် လျင်မြန်စွာ သွားကြသည်ရှိသော် မတင့်တယ်ကြပါကုန်။

ထိုမှတပါးလည်း အကြောင်းတပါး ရှိပါသေးသည်ဟု ဝိသာခါကဆိုလေ၏။ ချစ်သ္မီး လျင်မြန်စွာ ပြေးသွားသဖြင့် မတင့်တယ်ကုန်သော လေးယောက်ကုန်သော သူတို့သည် အဘယ်သူတို့နည်းဟု မေးပြန်လေသော် ဖခင်တို့ -

  1. အဘိသိက် သွန်းပြီးသော မင်းသည် အလုံးစုံသော မင်းမြှောက်တန်းဆာ ငါးပါးဆင်ယင်လျက် ခါးတောင်းအောက်ပိုး ကျိုက်ခြင်းကိုပြု၍ မင်းယင်ပြင်၌ လျင်မြန်စွာသွားသည်ရှိသော် မတင့်တယ်ပါ အသို့နည်း ဤမင်းသည် လယ်လုပ်ကုန်သွယ် အသက်မွေးသော သူကြွယ်ကဲ့သို့ လျင်စွာ ပြေးသွားသည်ဟု သူတပါးတို့၏ ကဲ့ရဲ့ခြင်းကို ဧကန်မုချ ရရှာပေ၏။ ဖြည်းဖြည်းသာသာ သွားမှ သာလျှင် တင့်တယ်လှပါသည်။

  2. မင်း၏မင်္ဂလာရှိသော ဆင်ရတနာသည်လည်း တန်းဆာဆင်ခြင်းရှိသည် ဖြစ်လျက် လျင်မြန်စွာ သွားသည်ရှိသော် မတင့်တယ်ပါ ဆင်မင်းတို့၏ တင့်တယ် စံပယ်ခြင်းဖြင့် သွားမှသာလျှင် တင့်တယ်ပါသည်။

  3. ရဟန်းတော်အရှင်မြတ်သည်လည်း လျင်မြန်စွာ သွားသည်ရှိသော် မတင့်တယ်ပါ အသို့နည်း ဤရဟန်းသည် လူကဲ့သို့ လျင်မြန်စွာ ပြေးသွားဘိသည်ဟု သက်သက်ကဲ့ရဲ့ခြင်းကိုသာ ခံရပေ၏။ ငြိမ်သက် တည်ကြည်စွာ သွားခြင်းဖြင့် သွားမှသာလျှင် တင့်တယ်ပါသည်။

  4. မိန်းမတို့သည်လည်း လျင်မြန်စွာ သွားကုန်သည်ရှိသော် မတင့်တယ်ကြပါကုန် အသို့နည်း ဤ မိန်းမသည် ယောက်ျားကဲ့သို့ လျင်မြန်စွာ ပြေးသွားလေ သည်ဟု သူတပါးတို့ ကဲ့ရဲ့အပ် သည်သာတည်း။

ဤလေးယောက်သော သူတို့သည် လျင်မြန်စွာ သွားကြသည်ရှိသော် မတင့်တယ်ကြပါကုန်ဟု ဆိုလေ၏။

ချစ်သ္မီး ထိုမှတပါး အကြောင်းတပါး ရှိပါသေးသည်ဟု ဆိုရာ၌ ထိုအကြောင်းကား အဘယ်နည်းဟု မေးပြန်လတ်သော် ဖခင်တို့ မိခင်ဖခင်တို့မည်သည် မိမိတို့၏ သ္မီးကို အင်္ဂါကြီးငယ် အသွယ်သွယ် အဝဝတို့ကို လှပတင့်တယ် ရှုချင်ဖွယ် ရှိသည်၏ အဖြစ်၌ တည်စေလျက် မွေးမြူကြရပါကုန်၏။ ကျွန်မတို့သည် ရောင်းအပ်သောဥစ္စာ ဘဏ္ဍာမည်ပါသည်၊ ကျွန်မတို့ကို တပါးသော အမျိုးသား အိမ်သို့ စေလွှတ်ခြင်း အကျိုးငှါ မွေးမြူကြရပါကုန်၏။

လျင်မြန်စွာ သွားသဖြင့် ဆင်ယင် ဝတ်စားထားသော အဝတ်၏အစွန်းအနား၌ နင်းမိသည်ဖြစ်၍၎င်း မြေ၌ ချွတ်ချော်သည်ဖြစ်၍၎င်း လဲပြိုသောအခါ လက်သည်၎င်း၊ ခြေသည်၎င်း ကျိုးခဲ့ငြားအံ့ အမျိုး အားသာလျှင် တာဝန်ဖြစ်ရာ၏။ ကျွန်မ၏ ဆင်ယင်ဝတ်စားသော တန်းဆာသည်ကား မိုဃ်း စိုစွတ်သော်လည်း ခြောက်သွေ့ပါလတ္တံ့ ဤ အကြောင်းကိုမြင်ကာ မှတ်သား၍ လျင်မြန်စွာ မသွားဘဲ နေပါသည် ဖခင်တို့ဟု ပြန်ပြောလေ၏။

---

ဝိသာခါ လက်ထပ်ပန်းကုံး လက်ခံခြင်း

ပုဏ္ဏားတို့လည်း ထိုဝိသာခါ၏ စကားပြောသော ကာလ၌ ညီညွတ်လှပသော သွား၏ပြည့်စုံခြင်းကို မြင်ရ၍ ဤသို့ သဘောရှိသော သွား၏ ကောင်းခြင်းနှင့် ပြည့်စုံသော သတို့သ္မီးကို ငါတို့ မမြင်အပ်စဖူးကုန်ဟု အချင်းချင်း ပြောဆိုပြီးမှ ဝိသာခါအား ကောင်းချီးပေး၍ ချစ်သ္မီး ဤ ပန်းကုံးသည် သင်ချစ်သ္မီးအားလျှင် လျောက်ပတ် ထိုက်တန်၏ဟုဆို၍ ထိုရွှေပန်းကုံးကို ပန်ဆင် စေကြကုန်၏။

ထိုအခါ ဝိသာခါက ပုဏ္ဏားတို့ကို ဖခင်တို့ ဖခင်တို့သည် ဘယ်ပြည် ဘယ်မြို့မှလာခဲ့ကြပါကုန် သနည်းဟုမေးသော် ချစ်သ္မီး ငါတို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြကုန်၏ဟု ဆိုလျှင် ဖခင်တို့ သူဌေးမျိုးသည် အဘယ် အမည်ရှိပါသနည်းဟု ပြန်သော် ချစ်သ္မီး မိဂါရသူဌေးမည်၏ဟု ပြောလျှင် အရှင်သူဌေးသားကား အဘယ်အမည်ရှိပါသနည်းဟု မေးသဖြင့် ချစ်သ္မီး ပုဏ္ဏဝဍ္ဎန သတို့သား အမည် ရှိ၏ဟု ပြောဆိုကြလေကုန်၏။

ဝိသာခါသည်လည်း ငါတို့နှင့်တူမျှသော ဇာတ်ရှိသော အမျိုးပေတည်းဟု ရွှေပန်းကုံးကို သိမ်းပိုက် လက်ခံ ပန်ဆင်ပြီးလျှင် ဖခင်၏ အထံသို့ ကျွန်မတို့အလို့ငှါ ရထားစေလွှတ်ပါဟု မှာကြားလိုက်၏။

[ရထားမှာရခြင်း အကြောင်းကား ဝိသာခါသည် လာသောအခါ ခြေဖြင့် လာခဲ့သော်လည်း ရွှေပန်းကုံးကို တန်းဆာ ဆင်ရသော အခါမှစ၍ ထိုသို့ ခြေဖြင့်သွားခြင်းငှါမရ ကြွယ်ဝချမ်းသာသော သတို့သ္မီးတို့သည် ရထား စသည်တို့ဖြင့် သွားကြရကုန်၏။ တပါးသော သတို့သ္မီးတို့ကား ပြကတေ့သော ယာဉ်ကိုသော်လည်း စီးကြရကုန်၏။ ထီးကို၎င်း ထန်းရွက်ကို၎င်း အထက်၌ ပြုကြ ရကုန်၏။ ဆောင်း၍ သွားကြရကုန်၏။ ထိုထီးထန်းရွက်မျှလည်း မရှိခဲ့သော် ဝတ်ဆင်ထားသော အဝတ်၏ အမြိတ်အဆာစွန်းကို ပင့်မြှောက်၍ ပခုံးထက်၌ တင်လွှားကုန်လျက် သွားကြရကုန် စမြဲတည်း။]

ထိုဝိသာခါ၏အလို့ငှါ ဖခင်သူဌေးကြီးလည်း ရထားငါးရာတို့ကို စေလွှတ်လေ၏။ ဝိသာခါသည် အခြံအရံငါးရာနှင့်တကွ ရထားထက်သို့ တက်စီး၍ သွားကြကုန်၏။ ပုဏ္ဏားတို့သည်လည်း အတူ တကွသာလျှင် လိုက်သွားကြကုန်၏။ အိမ်သို့ ရောက်သောအခါ ထိုပုဏ္ဏားတို့ကို သူဌေးကြီးသည် အဘယ်အရပ်မှ လာခဲ့ကြပါ သနည်းဟု မေး၏။

သူဌေးကြီး အကျွန်ုပ်တို့သည် သာဝတ္ထိပြည်မှ လာခဲ့ကြပါကုန်၏ဟု ပြောဆိုလျှင် အသင်တို့၏ သူဌေးသည် အဘယ်အမည် ရှိသနည်းဟု မေး၏။ မိဂါရသူဌေး မည်ပါသည်ဟု ပြောဆိုလျှင် သူဌေးသားသည် အဘယ်အမည် ရှိသနည်းဟု မေး၏။ ပုဏ္ဏဝဍ္ဎနသတို့သား မည်ပါသည်ဟု ပြောဆိုလျှင် ဥစ္စာအဘယ်မျှ ရှိသနည်းဟု မေးပြန်လေ၏။

အရှင်သူဌေးမင်း ကုဋေလေးဆယ် ရှိပါကုန်၏ဟု ဆိုလတ်သော် ထို ကုဋေလေးဆယ်မျှသော ဥစ္စာသည် ငါတို့ပိုင် ဥစ္စာကို ထောက်သော် တချင်ရွေးမျှလောက် ဖြစ်၏။ သို့သော်လည်း ငါ့သ္မီးကို စောင့်ရှောက်ရန် ရသောအခါမှစ၍ တပါးသော အကြောင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟုကြံ၍ ဝန်ခံလေ၏။ ဓနဉ္စယ သူဌေးသည် ထိုပုဏ္ဏားတို့အား ပူဇော် သက္ကာရကိုပြု၍ တရက်နှစ်ရက် ပတ်လုံး နေစေပြီးမှ လွှတ်လိုက်လေ၏။

---

မင်္ဂလာဆောင်ပွဲအတွက် ဝိသာခါ စီမံပုံ

ထိုပုဏ္ဏားတို့သည် သာဝတ္ထိပြည်သို့ ပြန်သွား၍ ငါတို့ကား သတို့သ္မီးကို ရအပ်ပါပြီဟု ပြောကြား ကြလေကုန်၏။ အဘယ်သူ၏သို့းနည်းဟု မေးလတ်သော် ဓနဉ္စယ သူဌေးကြီး၏ သ္မီးတည်းဟု ပြောကြားကုန်၏။ မိဂါရသူဌေးလည်း ငါ့အား ကြီးကျယ်မြင့်မြတ်သော အမျိုး၏ သတို့သ္မီးကို ရအပ် ပေပြီတကား ထို့ကြောင့် လျင်မြန်စွာသာလျှင် သတို့သ္မီးကိုဆောင်ယူခြင်းငှါ သင့်သည်ဟုဆို၍ ထို သာကေတပြည်သို သွားအံ့သောငှါ ကောသလမင်းကြီးအား လျှောက်ကြား သံတော်ဦး တင်လေ၏။

ကောသလ မင်းကြီးသည်လည်း ဤသူဌေးမျိုးကား ကြီးကျယ် မြင့်မြတ်သော စည်းစိမ့်ရှိ၏။ ဗိမ္ဗိသာရမင်းကြီးထံမှ တောင်းရမ်းဆောင်ယူပြီးလျှင် ဤသာကေတပြည်၌ နေစေအပ်၏။ ထို သူဌေးအား အမြတ်တနိုး ချီးမြှောက် ထောက်ပံ့ခြင်းငှါ သင့်၏ဟုကြံ၍ ငါသည်လည်း သွားအံ့ဟု ဆိုလေ၏။

မိဂါရ သူဌေးသည် အရှင်မင်းကြီးကောင်းလှပါပြီဟု ဝန်ခံပြောဆို၍ ဓနဉ္စယသူဌေးကြီး၏ အထံသို့ အကျွန်ုပ် လာသည်ရှိသော် သာဝတ္ထိပြည်ကြီးရှင် ဘုရင်မင်းမြတ်သည်လည်း ကြွလာတော် မူပါလတ္တံ့၊ မင်းကြီး၏ စစ်သည်ဗိုလ်ပါ ရဲမက်အပေါင်းကား များပြားလှ၏။ ဤမျှလောက်သော လူအပေါင်းအား ကောင်းစွာ ကျွေးမွေး ပေးကမ်း နှစ်ခြိုက်ပြုထိုက်ပြုသင့်သော အမှုကိစ္စအဝဝ အလုံးစုံကို အကုန်ပြုခြင်းငှါ တတ်နိုင်အံ့လော မတတ်နိုင်အံ့လော ဟု တမန်စေလွှတ်လိုက်လေ၏။ ဓနဉ္စယ သူဌေးကလည်း တကျိပ်ကုန်သော မင်းတို့သည် အကယ်၍ လာကြကုန်သည်ဖြစ်အံ့ လာကြပါစေဟု သတင်းတုံ့တဖန်ပြန်၍ စေလွှတ်လေ၏။

မိဂါရသူဌေးကြီးသည် ထိုမျှလောက်ဖြင့် ကြီးကျယ်သောပြည်၌ အိမ်စောင့်မျှ လောက်ကိုသာ ထားခဲ့၍ ကြွင်းသော လူအပေါင်းကို ခေါ်ယူလျက် သွားသည် ရှိသော် ယူဇနာခွဲအရပ်၌ တည်နေ ဆိုင်းငံ့၍ အကျွန်ုပ်တို့လာကြကုန်ပြီဟု သတင်းစကား ပို့လိုက်လေ၏။ ဓနဉ္စယသူဌေးကြီးလည်း များစွာသော လက်ဆောင်ပဏ္ဏာကို ပို့သစေ၍ သ္မီးနှင့်တကွ တိုင်ပင်စကား ဤသို့ ပြောကြားလေ၏။

ချစ်သ္မီး အသင်၏ ယောက္ခမဖြစ်သော မိဂါရသူဌေးကြီးသည် ကောသလမင်းကြီးနှင့်တကွ ကြွလာ သတတ် ထိုသူဌေးကြီးအလို့ငှါ အဘယ်အိမ်ကို သုတ်သင်ပြင်ဆင်သင့်သနည်း မင်းကြီးအလို့ငှါ အဘယ်အိမ်ကို အိမ်ရှေ့မင်း စသည်တို့အလို့ငှါ အဘယ်အိမ်တို့ကို သုတ်သင်ပြင်ဆင်သင့် သနည်းဟု တိုင်ပင်စကား ပြောကြားလေ၏။

သူဌေးသ္မီးသည်ကား ပညာကြီး၏ ဝဇိရစိန်သွားကဲ့သို့ ထက်မျက်သော ဉာဏ်အမြင်ရှိ၏။ ကမ္ဘာ တသိန်းကာလပတ်လုံး တောင့်တအပ်သော ဆုတောင်းပတ္ထနာရှိ၏ ရှေးကောင်းမှု ဆုတောင်းခြင်း နှင့်လည်း ပြည့်စုံလှပေသည်ဖြစ်ရကား ကျွန်မ၏ ယောက္ခမအလို့ငှါ ဤမည်သောအိမ်ကို သုတ်သင် ပြင်ဆင်ကြပါကုန်လော့ မင်းကြီးအလို့ငှါ ဤမည်သောအိမ်ကို သုတ်သင်ပြင်ဆင်ကြပါကုန်လော့ အိမ်ရှေ့မင်းစသည်တို့ အလို့ငှါ ဤမည်သော အိမ်တို့ကို သုတ်သင် ပြင်ဆင်ကြပါကုန်လော့ဟု ပြောဆိုစီမံ၍ ကျွန်အမှုလုပ်တို့ကို ခေါ်စေပြီးလျှင် ဤမျှလောက်ကို မင်းကြီးအားပြုသင့်သမျှ အလုံးစုံ ပြုစုကြပါကုန်လော့ ဤမျှလောက်တို့ကို အိမ်ရှေ့မင်းစသည်တို့အား ပြုစုကြပါကုန်လော့ ဆင် မြင်း စသည်တို့ကိုလည်း သင်တို့သာလျှင် ထိန်းကျောင်းကျွေးမွေး သုတ်သင်ကြပါကုန်လော့ ဆင်ထိန်း မြင်းထိန်းစသော သူတို့သည်လည်း လာရောက်၍ မင်္ဂလာဆောင်ပွဲ သဘင်ကို ကြည့်ရှု ခံစားနိုင်ကြပါကုန်လတ္တံ့ဟု ပြုစုမံစီလေ၏။

(အဘယ့်ကြောင့် ဤသို့စီမံရသနည်း ဟူမူကား ငါတို့သည် ဝိသာခါသူဌေးသ္မီး၏ မင်္ဂလာဆောင်ရာ ပွဲသဘင်သို့ သွားရောက်ကြပါလျက် တစုံတခုကိုမျှ ကြည့်ရှုခွင့်မရကုန် ဆင် မြင်း, စောင့်ရှောက် ထိန်းကျောင်းခြင်း စသည်တို့ကို ပြုကာနေရသည် ဖြစ်သောကြောင့် ချမ်းသာစွာ မလှည့်ပတ် မသွားလာရကုန် ဟု အချို့သောသူတို့သည် ပြောဆိုပြစ်တင်ခွင့်ကို မရပါစေကုန်သတည်းဟု နှလုံးသွင်း၍ ဤသို့ပြုစုစီမံလေသတည်း။)

---

မင်္ဂလာဆောင်ပွဲ၌ ထင်းမလောက်နိုင်ပုံ

ထိုနေ့၌ပင်လျှင် ဝိသာခါ၏ ဖခင်သူဌေးကြီးသည် ရွှေပန်းထိမ်သည် ငါးရာတို့ကို ခေါ်စေ၍ ငါ့သ္မီးဆင်ယင်ဖို့ရာ မဟာလတာ တန်းဆာမည်သည်ကို ပြုကြကုန်လော့ဟု နီမြန်းသော ရွှေစင် *နိက္ခတထောင်ကိုပေး၍ ထိုရွှေစင်အား ထိုက်လျောက် သင့်လျော်ကုန်သော ငွေ, ပတ္တမြား, ပုလဲ, သန္တာ ဝဇိရစိန်ကျောက် စသည်တို့ကိုလည်း ပေးစေလေ၏။ (နိက္ခတခုသည် ရွေးတထောင် သို့မဟုတ် ကျပ်တဆယ် ရှိ၏။)

ပသေနဒီကောသလမင်းကြီးသည် နှစ်ရက်သုံးရက်မျှ နေပြီးလျှင် ဓနဉ္စယသူဌေးကြီး၏ အထံသို့ သူဌေးကြီး ငါတို့အား တာရှည်လေးမြင့်စွာ လုပ်ကျွေးမွေးမြူခြင်း မည်သည်ကို ပြုခြင်းငှါ မစွမ်းနိုင် ကောင်းပေ။ ဤ ယခုအခါ သတို့သ္မီး၏ သွားသင့်သောအခါကိုသာ သိပါလေလော့ဟု သတင်းစကား စေလွှတ်လိုက်၏။

သူဌေးကြီးသည်လည်း ကောသလမင်းကြီး၏ အထံသို့ ယခုအခါ မိုဃ်းကာလ ရောက်လာပါပြီ မိုဃ်းလေးလတို့ပတ်လုံး လှည့်လည် သွားလာခြင်းငှါ မတတ်ကောင်းပါ (မသင့်သေးပါ) အရှင် မင်းကြီးတို့၏ ဗိုလ်ပါ အပေါင်းအား ရသင့်သမျှ အဖုံဖုံ ထိုထိုအလုံးစုံသည် အကျွန်ုပ်၏တာဝန် ပါတည်း။ အကျွန်ုပ်ခွင့်လွှတ် လျှောက်တင်သောအခါမှ အရှင်မင်းကြီး ပြန်ကြွတော်မူနိုင်ရပါလတ္တံ့ ဟု သတင်းစကားကို စေလိုက်၏။

ထိုနေ့မှစ၍ သာကေတမြို့အလုံးသည် အမြဲ နက္ခတ်ပွဲသဘင်ကဲ့သို့ ဖြစ်လေ၏။ မင်းကြီးကို အစပြု၍ အလုံးစုံသော လူတို့အလို့ငါ ပန်းနံ့သာ အဝတ်ပုဆိုး စသည်တို့ကို စီရင်အပ်ကုန်သည်သာ ဖြစ်ကုန်၏။ ထို့နောက်မှ ထိုလူများတို့သံည် သူဌေးကြီးသည် ငါတို့အားသာလျှင် ပူဇော်သက္ကာရ ချီးမြှင့်ခြင်းကို ပြုလေဘိသည်ဟု ကြံစည်အောက်မေ့ မှတ်ထင်ကြကုန်၏။

ဤသို့သောနည်းဖြင့် သုံးလတို့သည် လွန်မြောက်ကုန်ပါသော်လည်း မဟာလတာ တန်းဆာသည် မပြီးဆုံးသေး သည်သာတည်း အမှုကြီးငယ် လုပ်ဆောင်ရာ၌ ကြီးမှူးကြပ်မ ကြည့်ရှုကြရကုန်သော သူတို့သည် လာလတ်၍ တပါးသော မရှိသော မပြည့်စုံသော အရာမည်သည် မရှိပါ၊ ဗိုလ်ပါရဲမက် အပေါင်း အလို့ငါ ထမင်းချက်ပြုတ်ရန် ထင်းတို့သည် မလောက်နိုင်ကုန်ပါဟု သူဌေးကြီးအား ပြောကြားကြကုန်၏။

သူဌေးကြီးက အမောင်တို့သွားကြချေ ဤမြို့၌ ဟောင်းနွမ်း ဆွေးမြေ့ကုန်သော ဆင်တင်းကုပ် စသည်တို့ကို၎င်း ဟောင်းနွမ်း ဆွေးမြေ့ကုန်သော အိမ်တို့ကို၎င်း ဖျက်ဆီးဆောင်ယူ၍ ချက်ပြုတ် ကြကုန်လော့ဟုဆိုရလေ၏။ ဤသို့ပြု၍ ချက်ပြုတ်ကုန်သော်လည်း လခွဲမျှသာ လွန်မြောက်လေ၏။

နောက် တဖန်လည်း ထင်းတို့မရှိကုန်ပါဟု ပြောကြားကြပြန်ကုန်၏။ ဤအချိန် အခါ၌ ထင်းတို့ကို ရခြင်းငါ မတတ်ကောင်း ရနိုင်ဖွယ်မရှိချေ၊ ပုဆိုး တိုက်ကျီကျ တို့ကို ဖွင့်လှစ်၍ ထူကြမ်းသော ပုဆိုးတို့ကို မီးစာကျစ်သဖြင့် ဆီအိုးတို့၌ ဆွတ်၍ ထမင်းကို ချက်ကြကုန်လော့ ဟုဆိုလေ၏။ ထိုသူတို့လည်း လခွဲပတ်လုံး ထိုသူဌေးဆိုတိုင်း ပြုကြကုန်၏။ ဤသို့လျှင် လေးလတို့သည် လွန်ကုန် သည်ဖြစ်၍ ပြုပြင်စီမံသော မဟာလတာ တန်းဆာသည်လည်း ပြီးဆုံးခြင်းသို့ ရောက်လေ၏။

---

မဟာလတာတန်းဆာ ပုံစံ တန်ဖိုး သင်္ကန်းအကျိုး

ထိုမဟာလတာ တန်းဆာ၌ လေးစလယ် ကွမ်းစားရှိသော ဝဇိရစိန်ကျောက် တို့သည် ထည့်စွပ် ယှဉ်တပ်ခြင်းသို့ ရောက်ကုန်၏။ ပုလဲတဆဲ့တစလယ် ကွမ်းစားတို့၎င်း၊ သန္တာ နှစ်ဆဲ့နှစ်စလယ် ကွမ်းစားတို့၎င်း၊ ပတ္တမြား သုံးဆဲ့သုံးစလယ် ကွမ်းစားတို့၎င်း၊ ဤသို့ဆိုအပ်ပြီးသော ရတနာတို့ဖြင့် ၎င်း တပါးသော ရတနာ ခုနစ်ပါးတို့ဖြင့်၎င်း ပြုပြင်စီရင် ချယ်လယ်အပ်သည်ဖြစ်၍ ပြီးဆုံးခြင်းသို့ ရောက်လေ၏။

ဤတန်းဆာကား ချည်တို့ဖြင့် ယက်လုပ်အပ်သည် မဟုတ် မရောမရှက် ငွေသက်သက်ဖြင့်သာ ချည်ကိစ္စကို ပြုကြရကုန်၏။ ထိုမဟာလတာ တန်းဆာသည် ဦးခေါင်း၌ စွပ်သည်ရှိသော် ခြေဖမိုး တိုင်အောင် ရောက်၏။ ဖုံးမိ၏။ ထိုထိုအရပ်၌ လက်စွပ်ကွင်းတို့ကို ယှဉ်၍ ပြုအပ်သော ကမ္ပတ်သိမ်း ကျယ်သီးတို့သည် ရွှေဖြင့်ပြီးကုန်၏။ ကမ္ပတ်ကွင်း ကျယ်သီးအိမ်တို့သည် ငွေဖြင့် ပြီးကုန်၏။

အထက်ဦးခေါင်း အလယ်၌ လက်စွပ်ကွင်း တခု
နှစ်ခုသော နားရင်းတို့၌ နှစ်ခု၊
လည်ချောင်းရေမျို၌ တခု
နှစ်ဘက်သော ပုဆစ်ဒူးဝန်းတို့၌ နှစ်ခု
တတောင်ဆစ်နှစ်ဘက်တို့၌ နှစ်ခု
ပေါင်နှစ်ဘက်တို့၌ နှစ်ခု
ခါးစောင်နံဘေး နှစ်ဘက်တို့၌ နှစ်ခု
တို့သည် ရှိသည် ဖြစ်ကုန်၏။
ထိုမဟာလတာ တန်းဆာ၌ တခုသောဥဒေါင်းရုပ်သဏ္ဌာန် ပြုကြကုန်၏။

ထိုဥဒေါင်းရုပ်၏ လက်ယာတောင်ပန်၌ ရွှေနီဖလံဖြင့် ပြီးသော ငါးရာသော လေသာတောင်တို့ သည်၎င်း။
လက်ဝဲတောင်ပန်၌ ငါးရာသော လေသာတောင် တို့သည်၎င်း ရှိကြကုန်၏။
နှုတ်သီးသည် သန္တာဖြင့် ပြီး၏။
မျက်လုံး တို့သည် ပတ္တမြားတို့ဖြင့် ပြီးကုန်၏။
လည်တံနှင့် အမြီးတို့သည်လည်း ထို့အတူပတ္တမြားဖြင့် ပြီးကုန်၏။
ငါးရာသော လေသာတောင် အရိုးတံတို့သည် ငွေဖြင့် ပြီးကုန်၏။
သလုံးမြင်းခေါင်းတို့သည် ထို့အတူ ငွေဖြင့်ပြီးကုန်၏။

ထိုဥဒေါင်းရုပ်သဏ္ဌာန်သည် ဝိသာခါ၏ ဦးထိပ်အလယ်၌ တောင်ထွတ်၌ နားလျက် ကသော ဥဒေါင်းကဲ့သို့ မြင်သူတို့စိတ်တွင် ထင်မြင်ရ၏။ လေသာတောင် အရိုးတံ တထောင်၏ အသံသည် နတ်တို့၏ ကောင်းစွာညှိ၍ ဆိုအပ်သော သီချင်းသံကဲ့သို့၎င်း၊ ငါးပါးသောအင်္ဂါ ရှိသော တူရိယာ အသံကဲ့သို့၎င်း သာယာ နာပျော်ဖွယ် ဖြစ်၏။

အနီးသို့ ရောက်သော သူတို့သာလျှင် ထိုဝိသာခါ မဟာလတာ တန်းဆာ ဥဒေါင်းရုပ်၏ ဥဒေါင်း စင်စစ် အရှင်မဟုတ်သည့် အဖြစ်ကို သိနိုင်ကြရကုန်၏။ ထိုတန်းဆာသည် ကိုးကုဋေ အဘိုး ထိုက်သည် ဖြစ်၍ ရွှေပန်းထိမ်သည်တို့အား လက်ခ တသိန်းပေးရ၏။

အဘယ်မည်သော ကောင်းမှု၏ အကျိုးဆက်ကြောင့် ထိုဝိသာခါသည် ဤမဟာလတာတန်းဆာကို ရသနည်းဟူမူကား ကဿပဘုရားရှင် လက်ထက်တော် အခါ၌ နှစ်သောင်းသော ရဟန်းတို့အား သင်္ကန်းလျာ ပုဆိုးကို လှူဒါန်း၍ မိမိ၏ ဥစ္စာသာလျှင် ဖြစ်သော ချည်ကို၎င်း အပ်တို့ကို၎င်း ဆိုးရည် ကို၎င်း လှူဒါန်းဖူးလေသတတ်၊ ထိုသင်္ကန်း ဒါန၏အကျိုးဆက်ဖြင့် ဤမဟာလတာတန်းဆာကို ရလေသတည်း။

[ထိုစကားသည်မှန်၏။ မိန်းမတို့အား သင်္ကန်းအလှူသည် မဟာလတာ တန်းဆာဘဏ္ဍာ ရခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်ရပေ၏။ ယောက်ျားတို့ အားကား တန်ခိုးဖြင့် ပြီးသော သပိတ်သင်္ကန်း ရခြင်းဖြင့် အထွတ်အထိပ်သို့ ရောက်ရပေ၏။]

---

လက်ဖွဲ့လိုက်သော ပစ္စည်းများ

ဤသို့လျှင် သူဌေးကြီးသည် လေးလတို့ဖြင့် (လေးလတို့ပတ်လုံး) သ္မီးအတွက် စီရင်ဖွယ် အမှုကြီးငယ် အခမ်းအနားကို ပြုပြီးလျှင် ထိုဝိသာခါအား ပေးအပ်သော ဥစ္စာစည်းစိမ်ကို ပေးကမ်း ချီးမြှင့် လက်ဖွဲ့လိုသဖြင့် -

  • အသပြာတို့ဖြင့် ပြည့်သော လှည်းငါးရာ
  • ရွှေအိုး ရွှေခွက်တို့ဖြင့် ပြည့်သော လှည်းငါးရာ
  • ငွေအိုး ငွေခွက်တို့ဖြင့်ပြည့်သော လှည်းငါးရာ
  • ကြေးနီအိုး ကြေးနီခွက်တို့ဖြင့် ပြည့်သော လှည်းငါးရာ
  • ပတ္တုက္ကုတိုင်းမှဖြစ်သောပုဆိုး ပိုးချည်ပုဆိုးတို့ဖြင့် ပြည့်သော လှည်းငါးရာ
  • ထောပတ်ဖြင့်ပြည့်သောလှည်းငါးရာ
  • ဆီဖြင့်ဖြည့်သောလှည်း ငါးရာ
  • သလေးဆန်ဖြင့် ပြည့်သောလှည်းငါးရာ
  • ထွန်တုံး ထွန်သွားစသော အဆောက် အဦတို့ဖြင့် ပြည့်သောလှည်းငါးရာ

တို့ကို ပေးလိုက်လေ၏။

ထိုဓနဉ္စယသူဌေးကြီး အား ငါ့သ္မီးသည် ရောက်လေရာ အရပ်၌ဤမည်သော ဥစ္စာပစ္စည်းတို့ဖြင့် ငါ့အား အလိုရှိ၏ဟူ၍ သူတပါးအိမ်သို့ မစေခိုင်းရပါစေလင့်ဟု အကြံအစည် ဖြစ်လေသတတ်။ ထို့ကြောင့် ခပ်သိမ်းသော အဆောက်အဦတို့ကို ပေးကမ်းလက်ဖွဲ့စေ လေသတည်း။ တခု တခု သောရထား၌ အလုံးစုံသောတန်းဆာ ဆင်ယင်လျက် သုံးယောက် သုံးယောက်စီ ဖြစ်ကုန်သော အဆင်းလှပသော ကျွန်မတို့ကို ထား၍ ရထားငါးရာတို့ကို ပေးလိုက်လေ၏။

ထိုအဆင်း လှပသော ကျွန်မတို့ကို ရေချိုးခိုင်းလျက် ကျွေးမွေးခိုင်းလျက် တန်းဆာ ဆင်ယင် ခိုင်းလျက် လှည့်လည်ကြကုန်လော့ဟု တထောင့်ငါးရာသော အလုပ်အကျွေး အခြွေအရံမိန်းမ တို့ကို ပေးလိုက် လေသတည်း။

ထို့နောက် သူဌေးကြီးအား ငါ၏ချစ်သ္မီးအား နွားတို့ကို ပေးလိုက်ဦးအံ့ဟု အကြံအစည် ပေါ်ပေါက် လာပြန်သဖြင့် သူဌေးကြီးသည် ယောက်ျားတို့ကိုခေါ်၍ ဤသို့ စေခိုင်းလေ၏။ အချင်းတို့ သွားကြချေကုန်လော့ ငယ်သော နွားခြံ၏ တံခါးကိုဖွင့်၍ သုံးဂါဝုတ်တို့၌ သုံးလုံးသော စည်ကြီး တို့ကိုယူ၍ တည်နေကြကုန်လော့ အပြန့်အကျယ်အားဖြင့် တဥသဘ အတိုင်းအရှည်ရှိသော နေရာ၌ နံပါးနှစ်ဘက်တို့၌ တည်နေကြကုန်လော့ နွားတို့အား ထို့ထက်အလွန် သွားအံ့သောငှါ မပေးကြကုန်လင့် ဤသို့တည်နေသော ကာလ၌ စည်ကြီးသံ ပြုကြရမည်ဟု စေခိုင်းလေ၏။

ထိုယောက်ျားတို့လည်း သူဌေးကြီးဆိုတိုင်းပြုကြ၍ နွားတို့ကို နွားခြံမှထွက်စေသဖြင့် တဂါဝုတ်သို့ ရောက်သောအခါ (တဂါဝုတ်ဟူသည် သုံးမိုင်ကျော်ဖြစ်၏။) စည်သံ အမှတ်သညာကို ပြုကြကုန်၏။ တဖန် ယူဇနာခဲ့သို့ ရောက်သောအခါ စည်သံအမှတ် သညာကို ပေးကြပြန်၏။ တဖန် သုံးဂါဝုတ်သို့ ရောက်ပြန်သောအခါလည်း စည်သံ အမှတ် သညာကိုပေးလျက် အပြန့်အကျယ်အားဖြင့် သွားခြင်း ကိုလည်း တားမြစ်ကြလေကုန်၏။ ဤသို့ အလျားအားဖြင့် သုံးဂါဝုတ်၊ အပြန့်အကျယ်အားဖြင့် တဥသဘမျှ သောအရပ်၌နွားတို့သည် အချင်းချင်း တိုးဝှေ့လျက် နေကြလေကုန်၏။

သူဌေးသည်လည်း ငါ့သ္မီးအလို့ငါ ဤမျှလောက်သော နွားတို့သည် သင့်တော်လောက်ပြီ တံခါးကို ပိတ်ကြကုန်လော့ဟု ဆိုလျက် နွားခြံတံခါးကို ပိတ်ထားစေ၏။ တံခါးပိတ်အပ်သည်ရှိသော် ဝိသာခါ၏ကောင်းမှု အကျိုးအားဖြင့် ခွန်အားကြီးကုန်သော နွားလားတို့သည်၎င်း နွားမတို့သည်၎င်း ခုန်၍ခုန်၍ ထွက်ကြလေကုန်၏။ လူတို့ပိတ်ပင်တားဆီးကြကုန်စဉ်ပင်လျှင် ခြောက်သောင်း အတိုင်း အရှည် ရှိကုန်သော အားကြီးသော နွားလားတို့သည်၎င်း ခြောက်သောင်း အတိုင်းအရှည် ရှိကုန်သော နွားမတို့သည်၎င်း ထွက်လိုက်ကြကုန်၏။

ထိုမျှလောက် အတိုင်းအရှည်ရှိသော ခွန်အားကြီးသော နွားလားဥသဘတို့သည် ထိုနွားမတို့၏ နောက်မှ ခုန်ထွက်ခါ အစဉ်လိုက်ကြကုန်၏။ အဘယ်ကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဤသို့နွားတို့သည် တားမြစ်ကုန်သော်လည်း လိုက်သွား ကြလေကုန်သနည်း ဟူမူကား တန်ပြီဟု တားမြစ်ကုန် တားမြစ်ကုန်သော အလှူခံပုဂ္ဂိုလ်တို့အား အားကြီးစွာ လှူဒါန်းသော အလှူဒါန၏ အစွမ်းဖြင့် လိုက်သွား ကြလေ ကုန်သတည်း။

ထိုဝိသာခါသည် ကဿပမြတ်စွာဘုရား လက်ထက်တော်အခါ၌ ကိကီမင်းကြီး၏ သ္မီးတော် ခုနစ်ယောက်တို့တွင် အငယ်အထွေးဆုံး သံဃဒါသီ မည်သော မင်းသ္မီးဖြစ်၍ နှစ်သောင်းသော ရဟန်းတို့အား ငါးပါးသော နွားနို့ အရသာ အလှူကို ပေးလှူလတ်သည်ရှိသော် မထေရ်တို့၏၎င်း ပဉ္စင်းငယ်တို့၏၎င်း သာမဏေတို့၏၎င်း သပိတ်ခွက်ကို လက်ဖြင့်ပိတ်ထား၍ တန်ပြီတန်ပြီဟု တားမြစ် ကြကုန်သော်လည်း ဤအာဟာရသည် ကောင်းမြတ် ချိုမြိန်လှပါသည်ဘုရား ဤ အာဟာရသည် နှစ်သက်မြတ်နိုးဖွယ် ရှိလှပါသည်ဘုရားဟုဆို၍ လှူဒါန်းပေး ကမ်းဖူးသတတ်၊ ဤသို့ လှူဒါန်းပေးကမ်းအပ်သော ထိုကုသိုလ်ကံ၏ အကျိုးဆက် အားဖြင့် တားဆီးပိတ်ပင် အပ်ကုန်သော်လည်း ထိုနွားတို့သည် ခြံမှခုန်၍ ထွက်လိုက်ကြလေကုန်သတည်း။

သူဌေးကြီးသည် ဤမျှလောက်သော ဥစ္စာကို ပေးသောအခါ၌ သူဌေးကတော်ကြီးသည် ဤသို့ ဆိုလေ၏၊ အရှင်သူဌေးကြီးတို့သည် ကျွန်တော်မ၏ သ္မီးအလို့ငါ အလုံးစုံသော စည်းစိမ်ဥစ္စာကို စီရင်ပေးအပ်ပြီ အမှုကြီးငယ်ကို ရွက်ဆောင် ပြုလုပ်အံ့သော ကျွန်ယောက်ျား ကျွန်မိန်းမတို့ကို မစီရင်အပ်ကုန်။ အကြောင်းကား အချို့ရှိပါသနည်းဟု မေးမြန်းပြောဆိုလေ၏။

ငါ့သ္မီး၌ ချစ်ခင်သည် မချစ်ခင်သည်တို့ကို သိရစိမ့်သောငါ မစီရင်အပ်ကုန် ငါသည်ငါ့သ္မီး ဝိသာခါ နှင့် အတူမလိုက်လိုသော သူတို့ကိုလည်ပင်း၌ ကိုင်ငင်ဆွဲယူ၍ နှင်ထုတ်ခြင်းငါ အလိုမရှိ ယာဉ်သို့ တက်စီး၍ သွားသောအခါ၌သာလျှင် ငါ့သ္မီးဝိသာခါနှင့်အတူ လိုက်လိုသော သူတို့သည် လိုက်သွား ကြကုန်လော့ မလိုက်လိုသော သူတို့သည် မလိုက်သွားကြကုန်လင့် ဟူ၍ ပြောဆိုပေအံ့ဟု ဖြေဆိုလေ၏။

---

မင်္ဂလာဆောင်သတို့သ္မီးအား ဆုံးမ၍ပို့ခန်း

ထို့နောက် နက်ဖြန် ငါ၏သ္မီးသည် သွားရပေတော့လတ္တံ့ ဟု တိုက်ခန်းတွင်း၌ နေထိုင်လျက် သ္မီးကိုအနီး၌ ထိုင်နေစေပြီးလျှင် ချစ်သ္မီး လင့်အိမ်၌နေသော မိန်းမမည်သည် ဤမည် ဤမည်သော ဝတ်အကျင့်ကို စောင့်ရှောက်ခြင်းငါ သင့်လျော်ပေ၏ဟု ဆိုလျက် အဆုံးအမ ဩဝါဒကို ပေးလေ၏။

ဤမိဂါရ သူဌေးကြီးသည်လည်း အခြားမဲ့ဖြစ်သော တိုက်ခန်း၌နေလျက် ဓနဉ္စယသူဌေးကြီး၏ အဆုံးအမပေးသော စကားကို နာကြား နားထောင်ကာ နေလေ၏။ ထို ဓနဉ္စယသူဌေးကြီး သည်လည်း သ္မီးဝိသာခါကို ဤသို့ဆုံးမ ဩဝါဒပေးလေ၏။ ချစ်သ္မီး ယောက္ခမအိမ်၌နေသော အမျိုး ချွေးမ မည်သည်ကား -

  • ၁။ အတွင်းမီးကို အပသို့မထုတ်အပ်။
  • ၂။ အပမီးကို အတွင်းသို့ မသွင်းအပ်။
  • ၃။ ပေးသောသူအားသာ ပေးအပ်၏။
  • ၄။ မပေးသောသူအား မပေးအပ်။
  • ၅။ ပေးသောသူအား၎င်း မပေးသောသူအား၎င်း ပေးအပ်၏။
  • ၆။ ချမ်းသာစွာ ထိုင်နေအပ်၏။
  • ၇။ ချမ်းသာစွာ စားအပ်၏။
  • ၈။ ချမ်းသာစွာ အိပ်စက်အပ်၏။
  • ၉။ မီးကို လုပ်ကျွေးအပ်၏။
  • ၁၀။ အိမ်တွင်းနတ်ကို ရှိခိုးအပ်၏။

ဤသို့ ဤဆယ်ပါးသော အဆုံးအမ ဩဝါဒကိုပေး၍ တဖန်မိုးသောက် ရောက်သောနေ့၌ ခပ်သိမ်း သော စစ်သည်ဗိုလ်ပါတို့ကို စည်းဝေးစေ၍ မင်းစစ်သည် အပေါင်းတို့အလယ်၌ ရှစ်ယောက်သော သူကြွယ်တို့ကို တာဝန်ခံယူစေလျက် ရောက်ရာအရပ်၌ ငါ၏သ္မီးအား အပြစ်ဒေါသသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့ သင်တို့သည် အပြစ်ဒေါသကို စောကြောပြစ်တင် သုတ်သင်ရမည်ဟုဆို၍ ကိုးကုဋေ အဘိုးထိုက် တန်သော မဟာလတာတန်းဆာဖြင့် သ္မီးကို တန်းဆာဆင်ယင်စေပြီးလျှင် ရေချိုး ကသယ်မှုန့် ဆပ်ပြာဘိုး ငါးဆဲ့လေးကုဋေသော ဥစ္စာကိုပေးပြီးမှ ယာဉ်ထက်သို့ တက်စေလျက် သာကေတပြည်၏ အနီးထက်ဝန်းကျင် မိမိဥစ္စာဖြစ်ကုန်သော အနုရာဓပြည်မျှလောက် အတိုင်း အရှည်ရှိသော တဆဲ့လေးခရိုင် အပိုင်စားရာကျေးရွာတို့၌ ငါ၏သ္မီးနှင့် အတူတကွ လိုက်သွား လိုသော သူတို့သည် လိုက်သွားကြကုန်လော့ဟု စည်လည်စေ၏။

ရွာသူရွာသားတို့သည် စည်သံကိုကြားလျှင်ကြားခြင်း ငါတို့၏သခင်မ သွားသောအခါ ဤအရပ်၌ နေသဖြင့် ငါတို့အား အဘယ်အကျိုး ရှိတော့အံ့နည်းဟု တဆဲ့လေးရွာ၌ အနည်းငယ်မျှ လောက်သော သူကိုသာ ကြွင်းကျန်စေသဖြင့် ထွက်လိုက်ကြလေကုန်၏။ ဓနဉ္စယသူဌေးကြီး သည်လည်း လမင်းကြီးအား၎င်း မိဂါရသူဌေးကြီးအား၎င်း ပူဇော်သက္ကာ မြတ်နိုးတနာပြု၍ အတန်ငယ် လိုက်ပို့လျက် ထိုသူတို့နှင့်တကွ သ္မီးဝိသာခါကို လွှတ်လိုက်လေ၏။

---

ဝိသာခါ လောကဝတ် ကျေပြွန်ခြင်း

မိဂါရသူဌေးသည်လည်း အလုံးစုံသော သူတို့၏နောက်မှ ယာဉ်ငယ်၌ စီးနေလျက် သွားသည် ရှိသော် ဗိုလ်ပါအပေါင်းကို မြင်ရလျှင် ဤသူတို့ကား အဘယ် မည်သောသူတို့နည်း ဟုမေး၏။ အရှင်သူဌေးကြီး၏ ချွေးမ၏ အမှုကြီးငယ်ပြုလုပ် ရွက်ဆောင်ကြကုန်သော ကျွန်မိန်းမ ကျွန်ယောက်ျား တို့ပါတည်းဟု ပြောဆို လတ်သည်ရှိသော် ဤမျှလောက်သော သူတို့ကို အဘယ် သူသည် ကျွေးမွေးနိုင်လတ္တံ့နည်း။ ထိုသူတို့ကို ပုတ်ခတ်ရိုက်နှက်၍ ထွက်ပြေးစေကြကုန်လော့ မပြေးကြကုန် သည်ရှိသော် ဤအရပ်မှနေ၍ ဒဏ်ထားကြကုန်လော့ဟုဆိုလေ၏။

ဝိသာခါသည်ကား ဖဲကြပါကုန်လော့ မတားမြစ်ကြပါကုန်လင့် ဗိုလ်ပါအပေါင်း သည်ပင်လျှင် ဗိုလ်ပါ အပေါင်းအား ထမင်းကို ပေးပေလတ္တံ့ ဟု ဆိုလေ၏။ ဤသို့ပင်ဆိုသော်လည်း မိဂါရ သူဌေးကြီးသည် ချစ်သ္မီး ငါတို့အား ဤသူတို့ဖြင့် အလိုမရှိ ဤသူတို့ကို အဘယ်သူ ကျွေးမွေး နိုင်လတ္တံ့နည်း ဟုဆိုလျက် အုတ်ခဲ လှံတံ စသည်တို့ဖြင့် ပစ်ခတ်ရိုက်နှက်၍ ရှေးဦးစွာ ထွက်ပြေး စေပြီးလျှင် ကြွင်းကျန်သောသူတို့ကို ငါတို့အား ဤမျှလောက်သော သူတို့ဖြင့် သင့်တော်လောက် ပေပြီဟုဆို၍ ထိုသူတို့ ကို ယူဆောင်ကာသွားလေ၏။

ထိုနောက် ဝိသာခါသည် သာဝတ္ထိပြည် မြို့တံခါးသို့ ရောက်သောအခါ ဤသို့ ကြံ၏ ငါသည် ဖုံးလွှမ်းမိုးကာသော ယာဉ်၌နေထိုင်၍ ဝင်ရအံ့လော ထိုသို့မဟုတ် ရထားထက်၌ရပ်တည်၍ ဝင်ရအံ့ လောဟု ကြံလေ၏။ ထိုအခါဝိသာခါအား ဤသို့သောအကြံဖြစ်လေ၏။ ဖုံးလွှမ်းမိုးကာသော ယာဉ်ဖြင့်ဝင်မူ မဟာလတာတန်းဆာ၏ ဂုဏ်အထူးသည် ထင်ရှားလိမ့်မည် မဟုတ်ဟု အကြံ ဖြစ်ပေါ်လတ်သဖြင့် ဝိသာခါသည် အလုံးစုံသော ပြည်သူပြည်သား အပေါင်းအား မိမိကိုယ်ကိုမြင် စေလျက် အမိုးမရှိသော ရထားထက်၌ ရပ်တည်၍ သာဝတ္ထိပြည်သို့ ဝင်လေ၏။

သာဝတ္ထိပြည်သူ ပြည်သားတို့သည် ဝိသာခါ၏ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်း ကိုမြင်ရလျှင် ဝိသာခါ မည်သော ဤသတို့သ္မီးသည် ဤသို့ သဘောရှိပေသတတ် အံ့သြ၍မဆုံးနိုင်အောင် ခမ်းနားသော ဤစည်းစိမ်နှင့် ပြည့်စုံခြင်းသည် ဤဝိသာခါ သတို့သ္မီးအားသာလျှင် သင့်လျော် လျောက်ပတ် လှပေ၏ဟု ချီးမွမ်းပြောဆိုကြကုန်၏။

ဤသို့လျှင်ဝိသာခါသည် ကြီးကျယ်ခမ်းနား များစွာသော စည်းစိမ် ချမ်းသာဖြင့် မိဂါရသူဌေးကြီး၏ အိမ်သို့ဝင်လေ၏။ ရောက်သောနေ့၌ပင်လျှင် ထိုဝိသာခါအား မြို့၌နေသော အလုံးစုံသော သူတို့သည် ငါတို့၏ ဓနဉ္စယသူဌေးသ္မီး ဝိသာခါသည် မိမိမြို့သို့ ရောက်လာသော သူတို့အား များစွာသော ပူဇော် သက္ကာရကိုပြုဖူး၏။ ငါတို့သည်လည်း ပေးတုံ့ပေးလှည့် ပူဇော်သက္ကာရကို ပြုကုန်အံ့ဟု စွမ်းအားသတ္တိ ရှိသည်အလျောက် လက်ဆောင်ပဏ္ဏာကို စေလွှတ်ပို့ကြလေကုန်၏။

ဝိသာခါသည်လည်း ထိုပြည်သူပြည်သားတို့ ပို့သလာသော လက်ဆောင် ပဏ္ဏာကို ထိုပြည်၌ သာလျှင် အချင်းချင်းဖြစ်ကုန်သော အမျိုးတို့၌ ရောက်လာတိုင်းသော လက်ဆောင် ပဏ္ဏာကာရ တို့ကို လဲလှယ်လျက် အလုံးစုံသော သူတို့အားသာလျှင် ပေးကမ်းစေလေ၏။

ဤသို့လျှင် ဝိသာခါသည် ဤဥစ္စာကို ငါ့မိခင်အား ပေးကြပါကုန်လော့ ဤဥစ္စာကို ငါ့ဖခင်အား ပေးကြပါကုန်လော ဤဥစ္စာကို ငါ့မောင်ကြီး မောင်ငယ်တို့အား ပေးကြပါကုန်လော့ ဤဥစ္စာကို ငါ့အစ်မ ညီမအား ပေးကြပါကုန်လော့ဟု ထိုထိုသူတို့၏ အရွယ်အားလျော်စွာ ချစ်ဖွယ်သော စကားကိုဆို၍ လက်ဆောင်ပဏ္ဏာကို ပို့သစေ၏။

သာဝတ္ထိပြည် အလုံး၌ နေသောသူတို့ကို ဆွေမျိုးအရင်းအချာ တို့ကဲ့သို့ ပြုလေ၏။ ထိုနောက် ဝိသာခါ သူဌေးသ္မီးအိမ်သို့ ရောက်သော ညဉ့်အဖို့ အခြားမဲ့ သန်းခေါင်ယာမ် အခါ၌ အာဇာနည် မြင်းငယ်ကို ကိုယ်ဝန်ဆောင်သော မြည်းမအား ကိုယ်ဝန်မှထမြောက် ဖွားမြင်ခြင်းသည် ဖြစ်လေ၏။ ဝိသာခါသည် ကျွန်မတို့နှင့် အတူတကွ မီးရှုးမီးတိုင်တို့ကို ညှိထွန်း ကိုင်ယူစေ၍ ထိုမြည်းမ သားဖွားရာသို့ သွားသဖြင့် မြည်းမကို ရေနွေးဖြင့် ရေချိုးစေ၍ ဆီဖြင့်လိမ်းကျံပြီးလျှင် မိမိနေရာ အရပ်သို့သာ သွားလေ၏။

---

ဝိသာခါအမှုရောက်ပုံ

မိဂါရသူဌေးကြီးသည်လည်း သားအား ထိမ်းမြားခြင်း မင်္ဂလာကို ပြုသည် ရှိသော် မနီးမဝေးသော ဇေတဝန်ကျောင်းတော်၌ နေတော် မူသော်လည်း မြတ်စွာဘုရားကို နှလုံးသွင်းခြင်း မပြုမူ၍ ရှည်ကြာစွာသော ကာလပတ်လုံး အဝတ်မရှိသော အစေလကတိတ္ထိရဟန်းတို့၌ ချစ်ကြည်မြတ်နိုး ခြင်းဖြင့် တိုက်တွန်း နှိုးဆော်အပ်သည် ဖြစ်ရကား ငါ၏ အရှင်ကောင်းတို့အားလည်း ပူဇော် သက္ကာရကို ပြုကြကုန်ဦးအံ့ဟု တခုသောနေ့၌ အရာမက များစွာကုန်သော အိုးသစ်တို့၌ ရေမရောသော နို့ဃနာကို ချက်စေ၍ ငါးရာမျှလောက်ကုန်သော အစေလက တက္ကတွန်းတို့ကို ပင့်ဖိတ်စေပြီးလျှင် အိမ်တွင်းသို့ ပင့်သွင်း၍ ငါ၏ ချွေးမ ဝိသာခါသည် လာပါစေ ရဟန္တာကြီးတို့ကို ရှိခိုးပါစေဟု ဝိသာခါထံသို့ သတင်းစကားကို စေလွှတ်လိုက်လေ၏။

သောတာပန် အရိယာ သာဝိကာမ ဖြစ်သော ဝိသာခါသည် ရဟန္တာကြီးတို့ကို ဟူသောစကားကို ကြားရလျှင် အလွန်တရာ ရွှင်လန်းနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ထိုရဟန္တာကြီးတို့၏ ဆွမ်းဘုဉ်း ပေးရာအရပ်သို့ ရောက်သွားလျှင် ထိုအစေလက တက္ကတွန်းတို့ကို ကြည့်ရ မြင်ရသဖြင့် ဤသို့ သဘောရှိကုန်သော အရှက်အကြောက် ဟိရိ သြတ္တပ္ပမှ ကင်းကုန်သော သူတို့သည် ရဟန္တာ မည်သောသူတို့ မဟုတ်ကုန်။

အဘယ့်ကြောင့် ငါ၏ ယောက္ခမ သူဌေးကြီးသည် ငါ့ကို ခေါ်စေလေဘိသနည်းဟု မနှစ်သက်သဖြင့် စက်ဆုပ်ဖွယ်ရှိလေစွ စက်ဆုပ်ဖွယ်ရှိလေစွ၊ ဓီ ဓီဟု ကဲ့ရဲ့ရှုတ်ချလျက် မိမိနေရာ အရပ်သို့သာ ပြန်သွားလေ၏။

အလုံးစုံသော အစေလက တက္ကတွန်းတို့သည် ထိုဝိသာခါကို မြင်လတ်သော် တပြိုင်နက်တည်း အားဖြင့်သာလျှင် သူဌေးကြီးကို ကဲ့ရဲ့ကြလေကုန်၏။ ဒါယကာ သူဌေးကြီး အသင်သည် တပါးသော အမျိုးကောင်းသ္မီးကို မရနိုင်လေသလော ရဟန်းဂေါတမ၏ တပည့်မဖြစ်သော အလွန် ယုတ်မာသော သူယုတ်မာမကို ဤအိမ်သို့ ဆောင်ယူ သွင်းထားလေဘိသနည်း လျင်မြန်စွာ ထိုသူယုတ်မာမကို ဤအိမ်မှ နှင်ထုတ်စေလော့ဟု ဆိုကြကုန်၏။

သူဌေးကြီးသည်ကား ငါသည် ဤ ရဟန္တာကြီးတို့၏ စကားမျှဖြင့်သာလျှင် ငါ့ချွေးမ ဝိသာခါကို နှင်ထုတ်စေခြင်းငါ မတတ်နိုင်၊ ဝိသာခါသည် များမြတ်သော စည်းစိမ် ချမ်းသာရှိသော အမျိုးကြီး တဦး၏ သ္မီးဖြစ်ပေသည်ဟု ကြံလျက် အရှင်ကောင်းတို့ အသက်အရွယ် နုနယ် ပျိုမြစ်သောသူတို့ မည်သည်ကား သိ၍၎င်း မသိ၍၎င်း ပြုကုန်ရာ၏။

အရှင်ဘုရားတို့သည် ဆိတ်ဆိတ်ငြိမ်ငြိမ်သာ နေကြပါကုန်လော့ဟု တောင်းပန် လျှောက်ကြား၍ ထိုအစေလကတို့ကို လွှတ်လိုက်ပြီးလျှင် သူဌေးကြီးသည် မြတ်သောသူတို့အား နေခြင်းငါ ထိုက်သော နေရာ၌ ထိုင်နေလျက် ရွှေခွက်၌ ရေမရောသော နို့ဃနာကို သုံးဆောင်စားသောက်၍ နေလေ၏။

ထိုအခါ ဆွမ်းခံ လှည့်လည်လေ့ရှိသော မထေရ်တပါးသည် ဆွမ်းအလို့ငါ လှည့်လည်လတ်သည် ဖြစ်၍ ထိုသူဌေးကြီး အိမ်သို့ဝင်ရောက်လာလေ၏။ ဝိသာခါသည် ယောက္ခမဖြစ်သော မိဂါရသူဌေး ကို ယပ်ခတ်လျက်နေစဉ် ဆွမ်းခံကြွလာသော ထိုမထေရ်ကိုမြင်ရ၍ ငါ၏ယောက္ခမကြီးအား ပြောကြားခြင်းငါ မသင့်မလျော်ဟု ကြံစည်လျက် သူဌေးကြီးသည် ထို မထေရ်ကိုမြင်နိုင် လောက်သော အခြင်းအရာဖြင့် နေရာမှ ဖဲ၍နေလေ၏။

ထိုမိဂါရသူဌေးသည်ကား မိုက်မဲတွေဝေသည်၏ အဖြစ်ကြောင့် မထေရ်ကိုမြင်ပါလျက်လည်း မမြင်လေယောင် ဟန်ဆောင်၍ အောက်သို့ မျက်နှာမူလျက် (ငုံ့လျက်) စားမြဲတိုင်းသာ စားနေ သည်သာတည်း။ ဝိသာခါသည် ငါ၏ ယောက္ခမကြီးသည် မထေရ်မြတ်ကို မြင်၍လည်း အမှတ်သညာ မပြုလေဟုသိ၍ အရှင်ဘုရား လွန်၍ အလိုရှိတော်မူကြပါဘုရား (ကန်တော့ဆွမ်းပါ ဘုရား) တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းကိုသာ စားသောက်ပါသည်ဘုရားဟု လျှောက်ကြားလေ၏။

ထိုမိဂါရသူဌေးကြီးသည် အစေလကတက္ကတွန်းတို့က ပြောဆိုသော ကာလ၌ သည်းခံနိုင်ပါ သော်လည်း အဟောင်းကိုသာ စားသောက်ပါသည် ဟူ၍ ဆိုသောခဏ၌သာလျှင် လက်ကိုဖယ်၍ ဤနို့ဃနာကို ဤနေရာမှ ဆောင်ယူကုန်လော့ဟု ဆိုပြီးလျှင် ဤသူယုတ်မ အားလုံးတို့ကို ဤအိမ်မှ နှင်ထုတ်ကြကုန်လော့ ကိုင်ဆွဲကြကုန်လော့ ဤချွေးမ ဝိသာခါသော်မှလည်း ငါ့ကို ဤသို့ သဘောရှိသော မင်္ဂလာအခါကောင်း၌ အညစ်အကြေးကို စားသောသူ ဖြစ်အောင် ပြုဘိ၏ တကားဟု ဆိုလေ၏။

---

ဝိသာခါ၌ပြစ်မှု မရှိခြင်း

ထိုအခါ အိမ်၌အလုံးစုံသော ကျွန်အမှုလုပ်တို့သည် ဝိသာခါ၏ဥစ္စာ ဖြစ်ကုန်သော ကျွန်အမှုလုပ် တို့သာလျှင်ဖြစ်၍ အဘယ်သူသည် ထိုဝိသာခါကို လက်၌၎င်း ခြေ၌၎င်း ကိုင်ဆွဲယူငင်ငံ့အံ့နည်း ခံတွင်းဖြင့် ပြောဆိုခြင်းငါ ဝံ့သောသူမျှလည်း မရှိ။

ဝိသာခါသည် ယောက္ခမကြီး၏ စကားကိုကြားရသဖြင့် ဤသို့ဆိုလေ၏။ ဖခင် ကျွန်မတို့သည် ဤမျှသောစကားကို ပြောကာမတ္တမျှဖြင့် မထွက်မသွားနိုင်ပါ၊ ကျွန်မကို အသင် သူဌေးကြီးတို့သည် ရေဆိပ်မှ ခေါ်ငင်ဆောင်ယူလာသော ရေခပ်ကျွန်မကဲ့သို့ ဆောင်ယူအပ်သည် မဟုတ်ပါ ထင်ရှား ရှိသော မိခင်ဖခင်တို့၏ သ္မီးတို့မည်သည်ကား ဤမျှဖြင့် မထွက်သွားနိုင်ကြပါကုန်။ ဤသို့သော အကြောင်းကြောင့် ကျွန်မ၏ဖခင်သည် ဤအရပ်သို့ လာသောအခါ သူကြွယ်ရှစ်ယောက်တို့ကို ခေါ်စေ၍ ငါ့သ္မီးအား အပြစ်ဒေါသသည် အကယ်၍ဖြစ်ခဲ့ငြားအံ့ အသင်တို့သည် စောကြောပြစ်တင် သုတ်သင်ကြကုန်လော့ဟု ဆို၍ ကျွန်မကို ထိုသူကြွယ် ရှစ်ယောက်တို့၏လက်၌ အပ်နှံ၍ ထည့်လိုက်ပါသည်၊ ထိုသူကြွယ်တို့ကိုခေါ်စေ၍ ကျွန်မ၏အပြစ် ရှိ-မရှိကို သုတ်သင် ရှင်းလင်း စေတော်မူကြပါကုန်ဦးလော့ ဟု ဆို၏။

သူဌေးကြီးသည်လည်း ဤဝိသာခါကား ကောင်းသော စကားကို ဆိုပေသည်ဟု သူကြွယ် ရှစ်ယောက်တို့ကို ခေါ်စေ၍ ဤသူငယ်မသည် မင်္ဂလာအခါကောင်း၌ ထိုင်နေလျက် ရေမရောသော နို့ဃနာကို ရွှေခွက်တွင်ထည့်၍ သုံးဆောင်စား သောက်နေသော ငါ့ကို အညစ်အကြေး သုံးဆောင် စားသောက်သောသူဟူ၍ ဆိုလေဘိသည် ဟုဆိုပြီးလျှင် ဤသတို့သ္မီးအား အပြစ်သို့တင်၍ ဤသတို့သ္မီးကို ဤ အိမ်မှ နှင်ထုတ်လိုက်ကြပါကုန်လော့ဟု ပြောဆိုလေ၏။

သူကြွယ်ရှစ်ယောက် တို့ကလည်း ချစ်သ္မီး ဤသို့ပြောဆိုမိသည် မှန်သလောဟု မေးစစ်လတ်သော် ဝိသာခါက ဖခင်တို့ ကျွန်မသည် ဤသို့ပြောဆိုရသည် မဟုတ်ပါ ဆွမ်းခံလှည့် လည်သော မထေရ်တပါးသည် အိမ်တံခါး၌ ရပ်လာသည်ရှိသော် ကျွန်မ၏ ယောက္ခမကြီးသည် ရေမရောသော ချိုမြိန်ကောင်းမြတ်သော နို့ဃနာကို သုံးဆောင်စားသောက်စဉ် မထေရ်ရှင် ဆွမ်းရပ်လာသည်ကို နှလုံးသွင်းခြင်းကို မပြုသောကြောင့် ငါ၏ယောက္ခမကြီးကား ဤကိုယ်အဖြစ်၌ ကောင်းမှုကိုမပြု ရှေး၌ပြုအပ်သော ကောင်းမှုကံ၏ အကျိုးကိုသာလျှင် ခံစားစံစားလေဘိ၏ ဟု ကြံစည်မိ၍ အရှင်ဘုရား ကန်တော့ဆွမ်းပါ ဘုရား တပည့်တော်မ၏ ယောက္ခမကြီးသည် အဟောင်းကို စားသောက်ပါသည်ဟု ကျွန်မံပြောဆိုပါသည်။

ဤသို့ ပြောဆိုရာ၌ ကျွန်မအား အဘယ်အပြစ် ရှိပါသနည်းဟု ဝိသာခါ ဆိုသည်ရှိသော် ရှစ်ဦး ကုန်သော သူကြွယ်တို့ကလည်း အရှင်သူဌေးမင်း ဤသို့ပြောဆိုရာ၌ တစိုးတစိ အပြစ်မရှိချေ အကျွန်ုပ်တို့၏သ္မီးသည် သင့်လျော် လျောက်ပတ်ကောင်းမြတ်သော စကားကိုသာ ဆိုချေသည် တကား အရှင်သူဌေးကြီးသည် အဘယ့်ကြောင့် အမျက်ထွက်ဘိသနည်းဟု ဆိုကြကုန်၏။

ထိုအခါ မိဂါရသူဌေးကြီးက အမောင်သူကြွယ်တို့ ဤအပြစ်သည် အပြစ်မဟုတ်သေးလျှင် ရှိပါစေဦးတော့။ ဤဝိသာခါသည် တနေ့သ၌ သန်းခေါင်ယာမ်တွင် ကျွန်ယောက်ျား ကျွန်မိန်းမ တို့ဖြင့် ခြံရံလျက် အိမ်နောက်ဖေးသို့ ဆင်းသွားဖူးသည်ဟု ဆိုလတ်ပြန်သော် ချစ်သ္မီးဝိသာခါ ဤမိဂါရသူဌေးကြီး ပြောဆိုတိုင်း မှန်လေသလောဟု မေးစစ်ပြန်လေ၏။

ဖခင်တို့ ကျွန်မသည် တပါးသော အကြောင်းဖြင့် သွားရသည်မဟုတ်ပါ ဤအိမ်၌ အာဇာနည်မြင်း ကိုယ်ဝန်ဆောင်သော မြည်းမသည် သားပေါက်ဖွားရာ၌ အမှတ်သညာမျှကိုသော်လည်း မပြုဘဲ နေခြင်းငါ မည်သည် မသင့်လေတကားဟု အောက်မေ့ ဆင်ခြင်မိသဖြင့် မီးရှုး မီးတိုင်တို့ကို ညှိထွန်းကိုင်ယူစေ၍ ရေနွေးစသည်တို့ကိုလည်း ယူစေ၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့နှင့် အတူ တကွ သွားပြီးလျှင် မြည်းမ သားဖွားမြင်ခြင်းကို အစောင့် အရှောက် ပြုစုစေပါသည်ဟု ဆိုပြီးလျှင် ဤသို့ပြုစုရာ၌ ကျွန်မအား အဘယ်အပြစ် ရှိပါသနည်းဟု ပြောကြားလေ၏။

အရှင်သူဌေးမင်း အကျွန်ုပ်တို့၏သ္မီးသည် အရှင်သူဌေးကြီးအိမ်၌ ကျွန်မတို့ပင် ပြုခြင်းငါ မလျောက် ပတ်သော အမှုကို ပြုပါပေသည် အသင်သူဌေးကြီးသည် ဤသို့ သန်းခေါင်ယာမ် အိမ်နောက်ဖေး သို့သွား၍ ပြုစုရာ၌ အဘယ်အပြစ်ကို မြင်ပါသနည်းဟု မေးကုန်၏။

အမောင်သူကြွယ်တို့ ဤအရာ၌လည်း ဝိသာခါ၏ အပြစ်မဟုတ်သေးမူ ရှိပါစေဦးတော့ ဤ ဝိသာခါ၏ ဖခင် ဓနဉ္စယသူဌေးကြီးသည် ဤအိမ်သို့ လာအံ့သောအခါ ဤသို့သဘောရှိသော ဆုံးမဩဝါဒကို ပြောကြား ဆုံးမသည်ရှိသော် လျှို့ဝှက်ဖုံးကွယ်အပ်သော ဆယ်ပါးသော အဆုံးအမ ဩဝါဒတို့ကို ပေးလေ၏။ ထိုဆယ်ပါးသော ဩဝါဒတို့၏ အနက် အဓိပ္ပါယ်ကို ငါမသိရ ထို ဆယ်ပါးသော ဩဝါဒတို့၏ အနက်အဓိပ္ပါယ်ကို ငါ့အား ပြောကြားပါစေ။

ဤဝိသာခါ၏ဖခင် ဓနဉ္စယသူဌေးကြီးသည် အတွင်းမီးကို အပသို့မထုတ် အပ်ဟု ဆိုဆုံးမ၏။ ငါတို့သည် နှစ်ခုသော အဖို့၌တည်သော အိမ်နီးချင်း ဖြစ်သော အိမ်တို့အား မီးကိုမပေးမူ၍ နေခြင်းငါ တတ်နိုင်ကောင်းပါအံ့လောဟု ဆိုလေ၏။

ဩဝါဒဆယ်ပါး အနက်အဓိပ္ပါယ် အကျယ်

ချစ်သ္မီး ဤသို့ပြောဆိုသည့်အတိုင်း ဟုတ်မှန်ပေသလောဟု မေးစစ်ကုန်သည် ရှိသော် ဖခင် သူကြွယ်တို့ ကျွန်မ၏ဖခင်သည် ဤသို့သော ပကတိမီးကို ရည်မှန်း၍ ပြောဆိုဆုံးမသည် မဟုတ်ရပါ သင်၏ယောက္ခမ မိန်းမသူ, ယောက္ခမ ယောက်ျားသူ, ကျေးဇူးရှင် လင်ယောက်ျားတို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်ကိုမြင်လျှင် အပဖြစ်သော ထိုထိုအိမ်၌ တည်နေ၍ မပြောမဆိုလေလင့် ဟူသော အနက် အဓိပ္ပါယ်ကို ရည်မှန်း၍ ပြောဆိုဆုံးမပါသည် ထိုစကားသည် မှန်လှပါ၏ ဤသို့ သဘောရှိသော ယောက္ခမမိဘ ချစ်လင်တို့၏ ဂုဏ်ကျေးဇူးမဲ့ အပြစ်မီးနှင့်တူသော မီးမည်သည် မရှိပါဟု ပြောပြလေ၏။

အမောင်သူကြွယ်တို့ ဤလျှို့ဝှက်အပ်သော ဩဝါဒသည် ဤသို့ပြောပြသော အတိုင်းပင် ရှိပါစေ ဦးတော့။ ဤဝိသာခါ၏ ဖခင်သူဌေးကြီးသည် အပမှမီးကိုအတွင်းသို့ မသွင်းအပ်ဟု ဆိုဆုံးမ၏။ ငါတို့ကား အိမ်တွင်း၌ မီးငြိမ်းခဲ့သည်ရှိသော် အပမှမီးကို မဆောင်ယူဘဲ နေခြင်းငှါ အဘယ်မှာ တတ်နိုင်ကောင်းပါ အံ့နည်း ဟုဆို၏။ ချစ်သ္မီး ဤသို့ ပြောဆိုသည် အတိုင်း မှန်ပေသလောဟု မေးစစ်ကြပြန်၏။

ဖခင်သူကြွယ်တို့ ကျွန်မ၏ ဖခင်သည်ကား ဤသို့သော ပကတိမီးကို ရည်မှန်း၍ ပြောဆိုဆုံးမသည် မဟုတ်ရပါ အိမ်နီးချင်းဖြစ်သော အိမ်တို့၌နေကုန်သော မိန်းမတို့သည်၎င်း ယောက်ျားတို့သည်၎င်း ယောက္ခမ မိဘချစ်လင်တို့၏ ဂုဏ်ကျေးဇူးမဲ့အပြစ်ကို ပြောဆိုကြကုန်သည် ရှိသော် ထိုသူတို့ ပြောဆိုအပ်သော စကားကိုဆောင်ယူ၍ ဤအမည်ရှိသောသူသည် အရှင်တို့၏ ဤသို့ ဤသို့လျှင် ဂုဏ်ကျေးဇူးမဲ့ အပြစ်စကားကို ပြောဆိုဘိ၏ဟု တဆင့်တဖန် ပြန်ကြားပြောစားခြင်းကို မပြုလေနှင့် ဟူသော အနက်အဓိပ္ပါယ်ကို ရည်မှန်း၍ ပြောဆိုဆုံးမပါသည်၊ ထိုစကားသည် မှန်လှပါ၏ ဤသို့သဘောရှိသော မီးနှင့်တူသော မီးမည်သည် မရှိပါဟုပြောပြန်လေ၏။ ဤသို့သောနည်းဖြင့် အကြောင်းကြောင့်လည်း ဝိသာခါသည် အပြစ် မရှိသည်သာ ဖြစ်လေ၏

(ဤဩဝါဒ နှစ်ပါးတို့၌ အပြစ်မရှိလေသကဲ့သို့ ကြွင်းသော ဩဝါဒတို့၌လည်း ဤအတူအပြစ် မရှိသည်သာတည်း။ ကြွင်းသော ဩဝါဒ ရှစ်ပါးတို့၌ ဤဆိုလတ္တံ့သည်ကား အနက် အဓိပ္ပါယ် ဖြစ်သတည်း။)

ဝိသာခါ၏ဖခင် သူဌေးကြီးသည် ပေးသောသူတို့ အားသာ ပေးအပ်၏ဟု ဆိုအပ်သောစကား ကိုကား အကြင်သူတို့သည် ငှါးရမ်းအပ်သော အသုံးအဆောင် ကိုငှါးယူပြီးလျှင်တဖန်ပြန်၍ ပို့လာ ကြကုန်၏ ထိုသူတို့အားသာလျှင် ပေးအပ်၏ဟု ဤသို့သော အနက်အဓိပ္ပါယ်ကို ရည်မှန်း၍ ဆိုအပ်၏။

မပေးကုန်သော သူတို့အား မပေးအပ် ဟူသောစကားကို အကြင်သူတို့သည် ငှါးရမ်းအပ်သော အသုံးအဆောင် ကိုငှါးယူပြီးလျှင် တဖန်ပြန်၍မပေးကြကုန်၊ ထိုသူတို့အားမပေးအပ်ဟု ဤသို့သော အနက်အဓိပ္ပါယ်ကို ရည်မှန်း၍ဆိုအပ်၏။

ပေးသောသူအား၎င်း မပေးသောသူ အား၎င်းပေးအပ်၏ ဟူသောဤစကားကိုကား ဆင်းရဲငြိုငြင် ပင်ပန်းကုန်သော အဆွေအမျိုး အကျွမ်းဝင်သော သူတို့သည် ရောက်လာကုန်သည်ရှိသော် တဖန် ပြန်၍ ပေးခြင်းငှါ တတ်နိုင်ကြသည်မူလည်း ဖြစ်စေကုန် မတတ်နိုင်ကြမူလည်း ဖြစ်စေကုန် ပေးကမ်းခြင်းငှါသာလျှင် သင့်လျော်ပေ၏ဟု ဤသို့သော အနက် အဓိပ္ပါယ်ကိုရည်မှန်း၍ဆိုအပ်၏။

ချမ်းသာစွာ ထိုင်နေအပ်၏ဟူသော ဤစကားကိုလည်း ယောက္ခမ မိန်းမသူ, ယောက္ခမ ယောက်ျားသူ, ကျေးဇူးရှင် လင်ယောက်ျားတို့ကို မြင်လျှင် ထသင့်သောနေရာ၌ ထိုင်နေခြင်းငှါ မလျောက်ပတ် ဟူသော အနက်အဓိပ္ပါယ်ကို ရှည်မှန်း၍ဆိုအပ်၏။

ချမ်းသာစွာ စားအပ်၏ ဟူသော ဤစကားကိုကား ယောက္ခမ မိန်းမသူ ယောက္ခမယောက်ျားသူ, ကျေးဇူးရှင် လင်ယောက်ျားတို့ စားသည်မှ ရှေးဦးစွာ မစားနှင့်မူ၍ ယောက္ခမ မိဘ အရှင် လင် ယောကျ်ား တို့ကို လုပ်ကျွေးပြီးလျှင် လောက်လောက် ငင ရ-မရ အလုံးစုံကိုလည်း သိပြီး၍ နောက်ဆုံးမှ မိမိစားခြင်းငှါသင့်လျော်၏ ဟူသောအနက် အဓိပ္ပါယ်ကိုသာ ရည်မှန်း၍ဆိုအပ်၏။

ချမ်းသာစွာ အိပ်စက်အပ်၏ ဟူသော ဤစကားကိုလည်း ယောက္ခမ မိဘ အရှင် လင် ယောက်ျား တို့အိပ်သည်မှ ရှေးဦးစွာအိပ်ရာသို့တက်၍ မအိပ်လိုက်ရသေး ထိုသူတို့အား ပြုသင့်ပြုထိုက်သော ခြေဆုပ်လက်နယ်ခြင်း အစရှိသော ဝတ်ကြီး ဝတ်ငယ်ကိုပြု၍ နောက်မှအိပ်ရာသို့ တက်၍ အိပ်ခြင်းငှါသင့်လျော်၏ ဟူသောအနက် အဓိပ္ပါယ်ကိုရည်မှန်း၍ ဆိုအပ်၏။

မီးကိုလုပ်ကျွေးအပ်၏ ဟူသော ဤစကားကိုကား ယောက္ခမ မိန်းမသူကို၎င်း, ယောက္ခမ ယောက်ျားသူကို၎င်း, ကျေးဇူးရှင် လင်ယောက်ျားကို၎င်း မီးပုံကြီးကဲ့သို့၎င်း နဂါးမင်းကြီးကဲ့သို့၎င်း ရိုသေကြောက်ရွံ့ခြင်းကိုပြု၍ ကြည့်ရှုခြင်းငှါသင့်လျော်၏ ဟူသောအနက်အဓိပ္ပါယ်ကိုရည်မှန်း၍ ဆိုအပ်၏။

အိမ်တွင်းနတ်ကို ရှိခိုးအပ်၏ ဟူသောဤစကားကို ယောက္ခမမိန်းမသူ ကို၎င်း, ယောက္ခမ ယောက်ျားသူကို၎င်း, ကျေးဇူးရှင် လင်ယောက်ျားကို၎င်း နတ်ကဲ့သို့ အရိုအသေအလေးအမြတ်ပြု၍ ကြည့်ရှုဖူးမြင်းခြင်းငှါ သင့်လျော်၏ ဟူသော ဤအနက်အဓိပ္ပါယ်ကို ရည်မှန်း၍ဆိုအပ်၏။

ဤကား ဩဝါဒစကားတို့၏ အနက်အဓိပ္ပါယ်တည်း။ ဤသို့လျှင် မိဂါရသူဌေးကြီးသည် ဤ ဆယ်ပါးသော ဆုံးမဩဝါဒတို့၏ အနက်အဓိပ္ပါယ်ကို ကြားနာရလျှင် တဖန်ထပ်လောင်း ပြန်ပြောစရာ တစုံတခုသော စကားကို မမြင်ရှာသဖြင့် မျက်နှာအောက်ချ ငုံ့လျက်သာ နေရှာရလေ၏

---

ချွေးမအား တောင်းပန်ခြင်းနှင့် ဘုရားပင့်ရန် ခွင့်ပြုရခြင်း

ထိုအခါ ဂါမိရသူဌေးကြီးကို သူကြွယ်ရှစ်ယောက်တို့သည် အရှင်သူဌေးကြီး အသို့ပါနည်း အကျွန်ုပ်တို့၏ သ္မီးအား တပါးသော အပြစ်ဒေါသသည် ရှိပါသေးသလောဟု မေးကြကုန်၏။ အမောင် သူကြွယ်တို့ မရှိပါပြီဟုဆိုလျှင် ထိုသို့အပြစ် မရှိပါဘဲလျက် အဘယ့်ကြောင့် အပြစ် မရှိသော ဤသတို့သ္မီးကို အကြောင်းမဲ့သက်သက် အိမ်မှနှင်ထုတ်စေဘိသနည်း ဟုအပြစ်တင် စကား ပြောကြားကြပြန် လေကုန်၏။

ဤသို့ မိဂါရသူဌေးကြီး ပြစ်တင်ပြောဆို ခံနေရစဉ် ဝိသာခါက ဤသို့ဆိုလေ၏ ဖခင်တို့ ယောက္ခမကြီးစကားဖြင့် ရှေးဦးစွာက ကျွန်မဆင်းသွားခြင်းသည် အကယ်၍ကား သင့်လျော်လှပါ၏ ထိုသို့ပင် ဆင်းသွားသင့်သော်လည်း ဖခင် ဓနဉ္စယသူဌေးကြီးသည် ကျွန်မဤအိမ်သို့လာစဉ် အခါက ကျွန်မအပေါ်၌ အပြစ်ကြီးငယ်ကို စောကြောပြစ်တင် သုတ်သင်ခြင်းအကျိုးငှါ ကျွန်မကို အရှင်ဖခင် သူကြွယ် ရှစ်ယောက်တို့၏လက်၌ အပ်နှံ၍ထည့်လိုက်ပါသည်

အရှင်ဖခင်တို့သည်လည်း ကျွန်မ၏အပြစ်မရှိသည့်အဖြစ်ကို သိအပ်လေပြီ ယခုအခါကျွန်မ၏ ဆင်းသွားခြင်းငှါ သင့်လျော်ပါပြီဟုဆို၍ ကျွန်မိန်းမ ကျွန်ယောက်ျားတို့ကို ယာဉ် ရထားစသည်ကို ပြင်ဆင်စေကြကုန်လော့ဟု စေခိုင်းလိုက်လေ၏။ ထိုအခါ မိဂါရသူဌေးကြီးသည် ရှစ်ဦးကုန်သော သူကြွယ်တို့ကိုခေါ်၍ ဝိသာခါကို ချစ်သ္မီးငါသည်မသိ၍သာ ပြောဆိုမိပါသည် ငါ့အား သည်းခံ ပါလော့ ဟုတောင်းပန်စကား ပြောကြားလေ၏။

ဖခင် သင်ဖခင်တို့၏အပေါ်၌ သည်းခံသင့်သမျှကို သည်းခံပါ၏။ သို့ရာတွင် ကျွန်မသည် သစ္စာ လေးပါး တရားသိမြင် ဘုရားရှင်၏ သာသနာတော်မြတ်၌ မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း ရှိသော အမျိုး၏သ္မီးဖြစ်ပါသည်။ ကျွန်မတို့သည် ရဟန်းသံဃာနှင့် ကွေကွင်း၍ မနေလိုကြပါ ကျွန်မ၏အလိုအားဖြင့် ရဟန်းသံဃာကို လုပ်ကျွေးခြင်းငှါ အကယ်၍ ရသည်ဖြစ်အံ့ ဤသို့ ရသည်ရှိသော် နေပါမည်ဟု ဆို၏။

ချစ်သ္မီး သင်ချစ်သ္မီးသည် အလိုရှိတိုင်း သင်ချစ်သ္မီး၏ ရဟန်းတော်တို့ကို လုပ်ကျွေးပါလော့ဟု အခွင့်ပေးစကား ပြောကြားလေ၏။ ဝိသာခါသည်လည်း မြတ်စွာဘုရားကို ဖိတ်မန်စေ၍ တဖန် မိုးသောက်သောနေ့၌ နေအိမ်တွင်းသို့ ဆွမ်းဘုဉ်းပေးစိမ့်သောငှါ ပင့်သွင်းလေ၏။

အဝတ် မဆီးသော အစေလက တက္ကတွန်းရဟန်း တို့သည်လည်း မိဂါရသူဌေးကြီး၏အိမ်သို့ မြတ်စွာဘုရား ကြွသွားတော်မူသည့် အဖြစ်ကို ကြားရသဖြင့် သွားပြီးလျှင် အိမ်၏ နောက်ဖေး၌ ဝိုင်းဝန်းခြံရံလျက် နေကြလေကုန်၏။

ဝိသာခါသည် မြတ်သော အလှူရေစက်ကို ဆက်ကပ်လှူဒါန်း၍ အလုံးစုံသော ပူဇော်သက္ကာရကို စီရင်အပ်ပြီးသည်ရှိသော် ကျွန်မ၏ယောက္ခမ မိဂါရသူဌေးကြီးသည် လာရောက်၍ ဘုရားသဗ္ဗညု သုံးလူသခင် အားတော်ဆယ်ပါး ဘုရားရှင်ကို လုပ်ကျွေးသမှု ပြုစုပါလော့ဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။

---

အစေလကတက္ကတွန်းတို့ ဩဇာကြီးခြင်း

ထိုအခါ သွားခြင်းငှါအလိုရှိသော မိဂါရသူဌေးကြီးကို အာဇီဝက တက္ကတွန်း တို့သည် သူဌေးကြီး သင်သည် ရဟန်းဂေါတမ၏ အထံသို့ မသွားလေလင့်ဟု တားမြစ်ကြလေကုန်၏။ မိဂါရ သူဌေးကြီးကလည်း ငါ၏ချွေးမသည် မိမိကိုယ်တိုင်သာ လုပ်ကျွေးသမှု ပြုစုလှူဒါန်းပါလော့ဟု သတင်း စကားကို တုံ့ပြန်စေလွှတ်လိုက်၏။

ဝိသာခါသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်မြတ် အပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်သည်ရှိသော် တဖန် ကျွန်မ၏ ယောက္ခမ မိဂါရသူဌေးကြီးသည် လာရောက်၍ တရားစကားတော်ကို နာကြားပါလော့ဟု သတင်းစကား စေလွှတ်ပြန်၏။ ထိုအခါ ယခုအခါ၌ မသွားဘဲ နေခြင်းမည်သည် အလွန်လျှင် မသင့်တော်လေတကားဟု တရားကို နာကြား လိုသဖြင့် တရားနာရန် သွားသော မိဂါရသူဌေးကြီးကို အာဇီဝက တက္ကတွန်း တို့သည် ထိုသို့ဖြစ်မူ ရဟန်းဂေါတမ၏အထံ၌ တရားကိုနာသည်ရှိသော် တင်းတိမ် အကာ၏ ပြင်ဘက်ကနေ၍ နာလော့ ဟုဆိုကြကုန်၏။

မိဂါရသူဌေးကြီး မသွားမီ ရှေးဦးကပင်လျှင်သွား၍ တင်းတိမ်အကာကို ကာရံ၍ထားကြကုန်၏။ မိဂါရသူဌေးကြီးသည် သွား၍တင်းတိမ် အကာ၏ပြင်ဘက်၌နေလေ၏။ မြတ်စွာဘုရားသည်သင် မိဂါရသူဌေးကြီးသည် --

တင်းတိမ်အကာ၏ အပြင်ပ၌မူလည်း နေသည်ဖြစ်စေ
တိုက် နံရံတဘက် ခြားသော အရပ်၌မူလည်း နေသည်ဖြစ်စေ
ကျောက်တောင်တဘက် ခြားသော အရပ်၌မူလည်း နေသည်ဖြစ်စေ
တပါးသော စကြဝဠာ၌မူလည်း နေသည်ဖြစ်စေ

ငါဘုရား မည်သည်ကား ထိုထိုသူကို ငါ့အသံကို ကြားစေခြင်းငှါ စွမ်းနိုင်၏ဟု ကြိမ်းဝါးတော်မူ လေဟန်ပြု၍ သပြေပင်ကြီး၏ ပင်စည်ကိုကိုင်ငင်၍ လှုပ်ဘိသကဲ့သို့၎င်း အမြိုက်ဟူသော မိုဃ်းကြီးကို ရွာသွန်းချဘိသကဲ့သို့၎င်း တရားကို ဟောကြားတော်မူခြင်းငှါ အစဉ်အတိုင်းသော တရားစကားကို အားထုတ်တော်မူလေ၏

[မြတ်စွာဘုရား တို့သည်ကား တရားစကားကို ဟောကြားတော်မူကြ ကုန်သည်ရှိသော် ရှေ့ တည့်တည့်၌ နေသောသူတို့သည်၎င်း နောက်တည့်တည့်၌ နေသောသူတို့သည်၎င်း စကြဝဠာ အရာ စကြဝဠာအထောင်ကို ကျော်လွန်၍တည်သော သူတို့သည်၎င်း အကနိဋ္ဌ ဗြဟ္မာ့ပြည်၌ တည်နေကုန်သော သူတို့သည်၎င်း မြတ်စွာဘုရားသည် ငါ့ကိုသာလျှင် ကြည့်ရှုတော်မူ၏။ ငါ့အား သာလျှင် တရားဟောတော်မူ၏ဟု ပြောဆို ကြရကုန်၏။

ထိုစကားသည် မှန်၏။ မြတ်စွာဘုရားသည် ထိုထိုသူကို ကြည့်ရှုတော်မူနေဘိ သကဲ့သို့၎င်း ထိုထို သူနှင့်အတူတကွ စကားပြောကြားတော်မူနေ ဘိသကဲ့သို့၎င်း ဖြစ်တော်မူလေ၏။ ဘုရားရှင်တို့ကား စင်စစ် လပြည့်ဝန်းကြီးနှင့် တူကုန်၏ လပြည့်ဝန်းကြီးသည် ကောင်းကင်အလယ်၌ တည်နေသည် ဖြစ်လျက် ငါ၏ အထက်၌ လမင်းတည်ရှိလေ၏။

ငါ၏အထက်၌ လမင်းတည်ရှိလေ၏ ဟူ၍ အလုံးစုံသော သတ္တဝါတို့အား ထင်ရှားပြသကဲ့သို့ ဤ အတူသာလျှင် အမှတ်မထင် အကြင်တပါးပါးသောအရပ်၌ တည်နေကုန်သော သတ္တဝါတို့၏ရှေးရှု မျက်နှာမူရာအရပ်၌ တည်နေတော်မူကြကုန် ဘိသကဲ့သို့ ထင်ရှားပြတော်မူကြကုန်၏။

ဤသို့ ထင်ရှားပြနိုင်သော လမင်းနှင့် တူရခြင်းသည် ထိုဘုရားရှင် တို့၏ပါရမီတော် ဖြည့်တော် မူစဉ်အခါ အပြည့်အစုံ တန်းဆာဆင်အပ်ပြီးသော ဦးခေါင်းကိုဖြတ်၍၎င်း မျက်စဉ်းဆေးကွင်း အပ်သဖြင့် ညိုမည်းလှပသော အဆင်းရှိသောမျက်လုံးတို့ကို ထုတ်နုတ်၍၎င်း နှလုံးသားကို ထုတ်နုတ်၍၎င်း သူတပါး၏ ခိုင်းစေရန် ကျွန်အလို့ငှါ ဇာလီမင်းသားနှင့် တူသောသားတော် တို့ကို၎င်း ကဏှာဇိန်မင်းသ္မီးနှင့်တူသော သ္မီးတော်တို့ကို၎င်း မဒ္ဒီမိဖုယားနှင့် တူသော ဇနီး ကြင်ဘက်တို့ကို၎င်း စွန့်လွှတ်၍၎င်း ပေးလှူတော်မူအပ်သော အလှူဒါန၏ အကျိုးအာနိသင် ဖြစ်ပေသတတ်။]

(အကနိဋ္ဌဗြဟ္မပြည် ဟူသည် - အငယ် မဟုတ် ကြီးကျယ်မြင့်မြတ်သော ရဟန္တာဖြစ်လု ဆဲဆဲ ဗြဟ္မာကြီးတို့၏နေရာ ဘုံဖြစ်သည်။ ထိုဘုံသို့ရောက်သေးသူတိုင်း ရဟန္တာဖြစ်၍ နိဗ္ဗာန်ဝင်ကြသည် အခြားဘုံသို့မကူး ဤဘုံ၌လည်းထပ်၍မဖြစ်။)

---

မိဂါရသူဌေးကြီးက မိခင်အလား အားထားပုံ

မိဂါရသူဌေးကြီးလည်း မြတ်စွာဘုရားသည် တရားဟောကြားခြင်း ပြီးဆုံး ရပ်တန့် စေလိုက်သည် ရှိသော် တင်းတိမ်အကာ၏ ပြင်ပ၌ နေလျက်သာလျှင် နည်းတထောင်ဖြင့် တန်းဆာဆင်အပ်သော (တန်းဆာဆင်၍ ဟောကြားအပ်သော) သောတာပတ္တိဖိုလ်၌တည်၍ မတုန်မလှုပ် မြဲမြံခိုင်ခံ့သော သဒ္ဓါတရား နှင့်ပြည့်စုံသဖြင့် သုံးပါးသော သရဏဂုံတို့၌ ယုံမှားကင်းခြင်းကြီး ကင်းလျက် တင်းတိမ် ထောင့်စွန်းကို မြှောက်တင်ပင့်ကာ ထွက်လာပြီးလျှင် ချွေးမဖြစ်သော ဝိသာခါ၏သားမြတ်ကို ခံတွင်းဖြင့် ယူစို့၍ ယနေ့မှစ၍ သင်သည် ငါ၏မိခင်ပေတည်းဟု ဝိသာခါကို မိခင်အရာ၌ ထားလေ၏။

ဝိသာခါသည်လည်း ထိုအခါ မှစ၍ မိဂါရမာတာ - ဟူသော အမည်ရသူ ဖြစ်လေ၏။ နောက်အဖို့၌ သားငယ်ကို ရရှိသဖြင့်လည်း ထိုသားငယ်အား မိဂါရဟူသော အမည်ကို မှည့်လေ၏၊ မိဂါရသူဌေး ကြီးသည် ချွေးမ၏သားမြတ်ကို စွန့်လွှတ်ပြီးလျှင် သွား၍ မြတ်စွာဘုရား၏ နှစ်ခုသောခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်စင်းလျက် ခြေတော်တို့ကို လက်တို့ဖြင့်သုံး သပ်ဆုပ်နယ်သဖြင့်၎င်း ခံတွင်းဖြင့် နမ်းစုတ်သဖြင့်၎င်း ဘုန်းတော်အလွန်ကြီး မြတ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် မိဂါရပါတည်း၊ တပည့်တော်သည် မိဂါရပါတည်းဟု သုံးကြိမ်တိုင်တိုင် အမည်ကို သိသိသာသာ လျှောက်ကြား၍ ဘုန်းတော်အလွန် ကြီးမြတ်တော်မူသော မြတ်စွာဘုရား တပည့်တော်သည် ဤမျှ လောက်သော ကာလပတ်လုံး ဤသာသနာတော်မြတ်အား ပေးလှူခြင်း မည်သည် အကျိုး ကြီးမြတ်လှပေ၏ဟူ၍ မသိမိပါဘုရား၊ ယခုအခါ၌ကား တပည့်တော်၏ ချွေးမကိုအမှီပြု၍ သိအပ် ပါပြီ၊ အလုံးစုံသော အပါယ်ဆင်းရဲမှ လွှတ်ကင်းရပါပြီ ဘုရားဟု လျှောက်ကြားပြီးလျှင် ဤအိမ်သို့ ရောက်လာသော တပည့်တော်၏ချွေးမ ဝိသာခါသည် တပည့်တော်၏ အကျိုးများခြင်းငှါ စီးပွါး တိုးတက်ခြင်းငှါ ချမ်းသာကြီးခြင်းငှါ ရောက်လာပါသည်ဘုရားဟု လျှောက်ကြား၍ ဤဂါထာကို ရွတ်ဆိုလေ၏။

သောဟံ အဇ္ဇ ပဇာနာမိ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
အတ္ထာယ ဝတ မေ ဘဒ္ဒါ၊ သုဏိသာ ဃရမာဂတာ။

ဘန္တေ၊ ရွှေဘုန်းတော် နေလဝန်းမက ထွန်းလင်းတောက်ပတော် မူပေသော မြတ်စွာဘုရား။
ယတ္ထ၊ အကြင်သာသနာတော်မြတ်အား။
ဒိန္နံ၊ လှူဒါန်းခြင်းသည်။
မဟပ္ဖလံ၊ ကြီးကျယ်ပြန့်ပြော များမြတ်သော အကျိုးရှိ၏။
တံ၊ ထိုအကျိုးများကြောင်း လှူဒါန်းကောင်းရာ သာသနာတော်မြတ်ကို။
သောဟံ၊ ထိုတပည့်တော်သည်။
အဇ္ဇ၊ ယခုနေ့၌။
ပဇာနာမိ၊ သိရပါ၏ဘုရား။
ဝတ၊ စင်စစ်။
မေ မမ၊ ဘုရားတပည့်တော်၏။
အတ္ထာယ၊ အကျိုးငှါ။
ဘဒ္ဒါ၊ ကောင်းလှပေသော။
သုဏိသာ၊ ချွေးမသည်။
ဃရံ၊ နေအိမ်သို့။
အာဂတာ၊ ရောက်လာရပါသည်ဘုရား။

ဝိသာခါသည် တဖန်မိုးသောက်သော နေ့၌လည်း မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်လေ၏။ ထို့နောက် တဖန်မိုးသောက် ရောက်သောနေ့၌လည်း ဝိသာခါ၏ ယောက္ခမ မိန်းမသူဖြစ်သော သူဌေး ကတော်ကြီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုအခါမှစ၍ ထိုအိမ်သည် သာသနာ တော်အား ဟင်းလင်းပွင့်သော တံခါးရှိသောအိမ် ဖြစ်လေ၏။

ထို့နောက် မိဂါရသူဌေးကြီး ကြံစည်စိတ်ကူးမိသည်မှာ ငါ၏ချွေးမသည် ငါ့အား အလွန်လျှင် ကျေးဇူး များလှပေသည်။ ထိုချွေးမအား ကြည်လင်နှစ်သက်သော အခြင်းအရာကို ပြုပေအံ့ ဤငါ၏ချွေးမ အား ယခုရှိသော ဤ မဟာလတာ တန်းဆာသည် လေးလံလှသည်ဖြစ်၍ အခါခပ်သိမ်း ဆင်ယင် ခြင်းငှါ မတတ်ကောင်း။ နေ့၌၎င်း ညဉ့်၌၎င်း အလုံးစုံသော ဣရိယာပုထ်တို့၌ ဆင်ယင်ခြင်းငှါ လျောက်ပတ်သော ပေါ့ပါးသော တန်းဆာ တခုကို ချွေးမအလို့ငှါ ပြုပေအံ့ ဟုကြံပြီးလျှင် အဘိုးတသိန်းထိုက်သော တခဲနက် ပြေပြစ်ချောမောသောကြောင့် ဃနမဋ္ဌက မည်သော တန်းဆာကို ပြုလုပ်စေ၍ ထိုတန်းဆာ ပြီးလတ်သည်ရှိသော် ဘုရားအမှူးရှိသော ရဟန်း သံဃာတော် အပေါင်းကို ပင့်ဖိတ်၍ ရိုသေကောင်းမွန်စွာ ဆွမ်းကျွေးပြီးလျှင် ဝိသာခါကို တဆဲ့ခြောက်လုံးသော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေ၍ မြတ်စွာဘုရား မျက်မှောက်တော်၌ ထားသဖြင့် နေစေသဖြင့် တန်းဆာ ဆင်ယင်စေလျက် မြတ်စွာဘုရားကို ရှိခိုးစေလေ၏။ မြတ်စွာဘုရားသည် ဝမ်းမြောက်ဝမ်းသာ အနုမော ဒနာပြု၍ ကျောင်းတော်သို့သာလျှင် ကြွသွားတော်မူ၏

---

ဝိသာခါ၏ အခြံအရံ အကြောင်း

ဝိသာခါသည်လည်း ထိုအခါမှစ၍ အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကို ပြုလျက် ဘုရားရှင်၏ အထံတော်မှ ရှစ်ပါးသောဆုတို့ကိုရ၍ ကောင်းကင်ပြင်၌ လ-ရေးပမာ လွန်စွာ ထင်ရှားသဖြင့် သားသ္မီးတို့ဖြင့် စည်ပင်ပေါများ ကြီးပွါးခြင်းသို့ ရောက်လေ၏။ ထိုဝိသာခါအား တကျိပ်သော သားတို့သည်၎င်း တကျိပ်သော သ္မီးတို့သည်၎င်း ပေါက်ဖွားလေကုန်သတတ်။

ထိုသားသ္မီးတို့တွင် တယောက် တယောက်အား တကျိပ် တကျိပ်သော သားတို့သည်၎င်း တကျိပ် တကျိပ်သော သ္မီးတို့သည်၎င်း ပေါက်ဖွားပြန်ကုန်၏။

ထို မြေးတို့တွင်လည်း တယောက် တယောက်အား တကျိပ် တကျိပ်သော သားတို့သည်၎င်း တကျိပ် တကျိပ်သော သ္မီးတို့သည်၎င်း ပေါက်ဖွားပြန်လေကုန်၏။

ဤသို့လျှင် ဝိသာခါ၏ သား မြေး မြစ် အစဉ်၏ အစွမ်းဖြင့် ဖြစ်ကုန်သော သူတို့သည် ရှစ်ထောင် လေးရာ့နှစ်ဆယ် တို့သည် ဖြစ်ကုန်၏။ ထို့ကြောင့် ရှေးဆရာတို့သည် ဤဂါထာကို မိန့်ဆို တော်မူကြလေကုန်၏။

ဝိသာခါ ဝီသတိပုတ္တာ၊ နတ္တာစ စတုရော သတာ။
ပနတ္တာ အဋ္ဌသဟဿာ၊ ဇမ္ဗုဒီပေ သုပါကဋာ။

ဝိသာခါ-ဝိသာခါယ၊ ဝိသာခါ၏။
ဝီသတိ၊ နှစ်ဆယ်သော။
ပုတ္တာ၊ သား သ္မီးတို့သည်။
အဟေသုံ၊ ဖြစ်ကုန်၏။
နတ္တာစ၊ ဝိသာခါ၏ မြေးတို့ကား။
စတုရော သတာ၊ လေးရာတို့တည်း။
ပနတ္တာ၊ ဝိသာခါ၏ မြစ်တို့ကား။
အဋ္ဌသဟဿာ၊ ရှစ်ထောင်တို့တည်း။
ဣတိ၊ ဤသို့။
ဇမ္ဗုဒီပေ၊ ဇမ္ဗူဒီပါ ကျွန်းအပြင်၌။
သုပါကဋာ၊ အလွန်ထင်ရှား၏။

ဝိသာခါ၏အသက်ကား တရာ့နှစ်ဆယ် ရှည်၏ ဦးခေါင်း၌ တခုသော ဖြူသော ဆံပင်မျှ မည်သည် လည်းမရှိ အမြဲမပြတ် တဆဲ့ခြောက်နှစ်ရွယ်ကဲ့သို့ ဖြစ်လေ၏။ သားမြေးမြစ်တို့ဖြင့် ခြံရံလျက် ကျောင်းတော်သို့ သွားသော ဝိသာခါကို မြင်ကုန်သည်ရှိသော် ဤသူတို့တွင် အဘယ်သူသည် ဝိသာခါ ဖြစ်ပါသနည်းဟု မေးမြန်းကြရကုန်၏

သွားဆဲဖြစ်သော ဝိသာခါကို မြင်ရကုန်သော သူတို့သည် ယခုအခါ အတန်ငယ် သွားပါစေဦး သွားဆဲသာလျှင်ဖြစ်သော ငါတို့၏ သခင်မသည် တယ်လှပေ၏ဟု ကြံစည်မိကြကုန်၏။ ရပ်ဆဲ, ထိုင်ဆဲ, လျောင်းစက်ဆဲ ဖြစ်သော ဝိသာခါကို မြင်ရကုန်သော သူတို့သည် ယခုအခါ အတန်ငယ် လျောင်းစက်ပါစေဦး လျောင်းစက်ဆဲ သာလျှင်ဖြစ်သော ငါတို့၏ သခင်မသည် တင့်တယ် လှပေ၏ဟု ကြံစည်မိကြကုန်၏။

ဤသို့လျှင် ဝိသာခါအား သွား ရပ်, ထိုင်, လျောင်းခြင်း တည်းဟူသော ဣရိယာပုထ် လေးပါးတို့၌ ဤမည်သော ဣရိယာပုထ်ဖြင့် မတင့်တယ်သော မည်သည်ရှိပေ၏ဟု ဆိုဖွယ်မရှိ၊ ထိုဝိသာခါသည် ဆင်ပြောင် ငါးစီးတို့၏ အားအစွမ်းကိုလည်း ဆောင်နိုင်၏။

---

ဝိသာခါကိုဆင်ပြောင်ဖြင့် ခွန်အားစမ်းခြင်း

ပသေနဒီ ကောသလမင်းကြီးသည် ဝိသာခါကား ဆင်ပြောင်ငါးစီးတို့၏အား အစွမ်းကိုဆောင်နိုင်၏ ဟူသောစကားကို ကြားရသဖြင့် ကျောင်းတော်သို့သွား၍ တရားနာပြီး ပြန်လာသော အခါကာလ၌ ဝိသာခါ၏ အားအစွမ်းကို စုံစမ်းလိုသည် ဖြစ်၍ဆင်ပြောင်ကို လွှတ်စေလေ၏။ ထိုဆင်ပြောင်သည် နှာမောင်းကို ပင့်မြှောက်၍ ဝိသာခါရှိရာသို့ ရှေးရှုပြေးသွား၏။ ထိုဝိသာခါ၏ အခြံအရံ မိန်းမ ငါးရာတို့တွင် အချို့သောမိန်းမတို့သည် ထွက်ပြေးကြကုန်၏။

အချို့သော မိန်းမတို့ကား ဝိသာခါကို ထက်ဝန်းကျင် တားဆီးကာကွယ်သော အခြင်းအရာကို စီရင်ကြကုန် သည်ဖြစ်၍ ဤသို့ပြုခြင်းကား အကြောင်းအသို့နည်းဟု ဝိသာခါက မေးလတ်သော် သခင်မ မင်းကြီးသည် သခင်မ၏ အားအစွမ်းကို စုံစမ်းလိုသည်ဖြစ်၍ ဆင်ပြောင်ကို လွှတ်စေ ဘိသတတ်ဟု ပြောဆိုကြကုန်၏။

ဝိသာခါသည်ဤဆင်ပြောင်ကိုမြင်၍ ထွက်ပြေးသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် ထိုဆင်ပြောင်ကို ငါကိုင်ဖမ်းရအံ့နည်း ဟုကြံပြီးလျှင် အကယ်၍ မြဲမြံစွာကိုင်ဖမ်း သည်ဖြစ်အံ့ ထိုဆင်သည် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရရှာ၏ဟု ဆင်ခြင်မိသဖြင့် နှစ်ခုသော လက်ချောင်းတို့ဖြင့် နှာမောင်း၌ ဖိနှိပ်ကာ တွန်းလိုက်လေ၏

ဆင်ပြောင်ကြီးသည် မိမိကိုယ်ကို တည်တံ့စွာဆောင်လျက် ရပ်တည်ခြင်းငှါ မတတ်နိုင်ရကား မင်းယင်ပြင်၌ ဆောင့်ကြောင့် ထိုင်လျက် လဲကျသွားလေ၏။ များစွာသော လူအပေါင်းသည် အုတ်အုတ် ကျက်ကျက် ကောင်းချီးပေးလေ၏ ဝိသာခါသည်လည်း အခြံအရံနှင့်တကွ ချမ်းသာစွာ အိမ်သို့ပြန်သွားလေ၏။

---

မာဟာလတာတန်းဆာ မေ့ကျန်ရစ်ခြင်း

ထိုအခါ သာဝတ္ထိပြည်ကြီးဝယ် ဝိသာခါသည် များသော သားသ္မီးရှိ၏၊ များသောမြေးရှိ၏။ များသော မြစ်ရှိ၏၊ သား သ္မီး မြေး မြစ်တို့သည် အနာရောဂါ ဝေဒနာမှကင်းကြကုန်၏ အလွန်မင်္ဂလာ ရှိသည်ဟု သမုတ်အပ်ကုန်၏။ ထိုမျှလောက် ကုန်သောသား သ္မီး မြေး မြစ်တို့တွင် တယောက် သော သူမျှလည်း အကြား၌သေခြင်းသို့ ရောက်လေသောသူ မည်သည်မရှိစဖူး

သာဝတ္ထိပြည်သူ ပြည်သားတို့သည် မင်္ဂလာရှိသော ပွဲသဘင်တို့၌ ဝိသာခါကို ရှေးဦးစွာဖိတ်မန်၍ ကျွေးမွေးကြရကုန်၏။ ထိုအခါ တခုသောပွဲသဘင်နေ့၌ လူများအပေါင်းသည် အဝတ်တန်းဆာဖြင့် ဘန်းဆာဆင်လျက် တရားနာခြင်းငှါ ကျောင်းတော်တို့ သွားလတ်သည်ရှိသော် ဝိသာခါသည်လည်း ဖိတ်မန်ရာ အရပ်၌ သုံးဆောင် စားသောက်ပြီးမှ မဟာလတာ ဝန်းဆာကို ဆင်ယင်လျက် လူများ အပေါင်းနှင့်တကွ ကျောင်းသို့သွား၍ တန်းဆာတို့ကို ချွတ်ပြီးလျှင် အပေါ်ရုံအဝတ်ဖြင့် အထုပ်ကို ထုပ်၍ ကျွန်မအား ဤဘဏ္ဍာထုပ်ကို ယူခဲ့လော့ဟု ပေးလေ၏။

[၎င်းအကြောင်းအရာကို ရည်မှန်း၍ ပါဠိတော်၌ တေနခေါ ပန သမယေန ။လ။ ဟန္ဒဇေ ဣမံ ဘဏ္ဍိကံ ဂဏှာဟိ ဟုဆိုအပ်ပြီ။]

ဝိသာခါသည် ကျောင်းတော်သို့ သွားသည်ရှိသော် ဤသို့သဘောရှိသော အဘိုးများစွာ ထိုက်တန်သော ဦးခေါင်း၌စွပ်၍ ခြေဖနောင့်တိုင် ဆင်ယင်အပ်သော တန်းဆာကို ဆင်ယင် ဝတ်စားလျက် ကျောင်းတော်သို့ ဝင်ခြင်းငှါ မသင့်မလျော်ပါတကားဟု ကြံမိသဖြင့် ထိုတန်းဆာကို ချွတ်၍ အထုပ်ကိုပြုပြီးလျှင် မိမိ၏ကောင်းမှုကြောင့်သာ ဖြစ်ပေါ်လာသော ဆင်ပြောင်ငါးစီးအားကို ဆောင်စွမ်းနိုင်သော ကျွန်မ၏လက်၌ ပေးအပ်လေ၏

ထိုကျွန်မသည်သာလျှင် ထိုတန်းဆာကိုဆောင် ယူခြင်းငှါစွမ်းနိုင်သတတ် ထို့ကြောင့် ကျွန်မကို အမိ ဤမဟာလဟာ တန်းဆာကို ယူထားဦးလော့ ဘုရားရှင်၏ အထံတော်မှ ပြန်လာသော အခါကျမှ ထိုတန်းဆာကို ဆင်ယင်ပေအံ့ဟု ဆိုလေ၏။ ထိုတန်းဆာကိုကား ပေးအပ်ပြီးလျှင် ဃနမဋ္ဌက တန်းဆာကိုဆင်ယင်လျက် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ တရားတော်ကို နာကြားလေသတည်း။

တရားနာပြီးသောအဆုံး၌ ဘုရားရှင်ကိုရှိခိုး၍ ထပြီး ဖဲသွားလေ၏။ ဝိသာခါ၏ မဟာလတာ တန်းဆာကို ယူသိမ်းထားသော ထိုကျွန်မသည်လည်း တန်းဆာကို သတိလွတ်ကင်းသဖြင့် မေ့လျော့ ခဲ့မိလေ၏။ တရားတော်ကိုနာ၍ ပရိသတ် ဖဲလတ်သည်ရှိသော် တစုံတခုသော ပစ္စည်းဥစ္စာသည် အကယ်၍မေ့ကျန်ရစ်သည် ဖြစ်အံ့ ထိုပစ္စည်းဥစ္စာကို ရှင်အာနန္ဒာမထေရ်သည် သိုမှီး သိမ်းဆည်း ထားနေကြဖြစ်၏

ထို့ကြောင့် ရှင်အာနန္ဒာမထေရ်သည် ထိုနေ့၌ မဟာလတာတန်းဆာကို မြင်လေလျှင် ဘုရားရှင်အား မြတ်စွာဘုရား ဝိသာခါသည် မဟာလတာ တန်းဆာကို မေ့ရစ်၍ သွားပါသည် ဘုရားဟု လျှောက်ကြားသဖြင့် ချစ်သားအာနန္ဒာ တင့်အပ်လျောက်ပတ်သော အရပ်၌ထားလော့ဟု မိန့်တော်မူလျှင် ရှင်အာနန္ဒာမထေရ်သည် ထိုမဟာလတာ တန်းဆာကို ပင့်ချီ မြောက်ယူ၍ စောင်းတန်း နံပါး၌ ဆွဲချိပ်ကာ ထားလေ၏။

---

သုပ္ပိယာဒါယိကာမ၏ စေတနာထက်သန်ပုံ

ဝိသာခါသည်လည်း သုပ္ပိယာမည်သော ဒါယိကာမနှင့်တကွ အာဂန္တုဧည့်သည် ရဟန်း, ခရီးသွားသောရဟန်း, သူနာရဟန်း စသည်တို့အား ပြုစုသင့် ပြုစုထိုက်သော ကိစ္စအလုံးစုံကို သိရအံ့ဟု ကျောင်းတွင်း၌ လှည့်လည်ခဲ့လေ၏။ ထိုဒါယိကာမတို့ကို ကျောင်းတွင်း၌ တွေ့မြင်ကြ ကုန်သည်ရှိသော် ထောပတ် ပျား တင်လဲ အစရှိသည်တို့ဖြင့် အလိုရှိကုန်သော ပဉ္စင်းငယ် တို့သည်၎င်း သာမဏေ တို့သည်၎င်း ပြကတေ့ အားဖြင့်သာလျှင် ခွက်စသည်တို့ကိုယူကုန်လျက် ချဉ်းကပ် လာကြကုန်၏။ ထိုနေ့၌လည်း ထိုနည်းအတူသာလျှင် ပြုကြလေကုန်၏။

[အခါတပါး၌ မကျန်းမမာသော ဂိလာနရဟန်းတပါးကိုမြင်ရ၍ သုပ္ပိယာ ဒါယိကာမသည် အရှင်မြတ်အား အဘယ်ဝတ္ထုဖြင့် အလိုတော်ရှိပါသနည်းဟု မေးလျှောက်သဖြင့် သားပြွမ်း ဟင်းရည်ဖြင့် အလိုရှိကြောင်းကို ဆိုလတ်သော် အလိုတော်ရှိသည်ဖြစ်ပါမူ အရှင်မြတ်ထံ ပို့ခိုင်း လိုက်ပါမည်ဘုရားဟု လျှောက်ကြား ဝန်ခံ၍ နှစ်ရက်မြောက်သောနေ့၌ အပ်သောအသားကို ရှာ၍ မရခြင်းကြောင့် မိမိ၏ပေါင်သားဖြင့် ပြုဖွယ်ဖြစ်သော သားပြွမ်းဟင်းရည် ကိစ္စကို မချွတ်မယွင်း ရအောင် ပြုလုပ်လှူဒါန်း၍ နောက်တဖန် မြတ်စွာဘုရား ကြည်ညိုသောစိတ်ကြောင့် ပြကတေ့သော ကိုယ်ရှိသည်သာလျှင် ဖြစ်ပြန်၏။]

(*ဇာတ်တူဖြစ်သော လူသား
မင်းသုံးဘဏ္ဍာ ဖြစ်သော ဆင်သား မြင်းသား၊
ရွံဖွယ် ကောင်းသော ခွေးသား မြွေသား၊
ဘေးရန်တွေ့တတ်သော ကျားသား သစ်သား ခြင်္သေ့သား ဝံသား အောင်းသား၊
ဤကား မအပ်သော အသားငယ်မျိုး ဖြစ်၏။
ထိုမှတပါး အပ်သော အသားဖြစ်စေကာမူ ရဟန်းတို့အား ကျွေးမွေးရန် ရည်မှန်း၍ သတ်သည်ဟု
မြင်ရသောအသား
ကြားရသောအသား
တွေးတောဖွယ် မကင်းသောအသား
သုံးပါးလည်း မအပ်သော အသားဖြစ်၏။)

---

မဟလတာ တန်းဆာကို ရောင်း၍ ဘုရားအား လျှောက်ထားခြင်း

ဝိသာခါသည်လည်း သူနာရဟန်းတို့ကို၎င်း ရဟန်းငယ်တို့ကို၎င်း သာမဏေ တို့ကို၎င်း ကြည့်ရှု၍ တခုသောတံခါးဖြင့် ထွက်ခဲ့ပြီးလျှင် ကျောင်းဥပစာ၌ တည်နေလျက် အမိ မဟာလတာတန်းဆာကို ဆောင်ခဲ့လော့ ဆင်ယင်ဦးအံ့ဟု ဆိုလေ၏။ ထိုခဏ၌ ကျွန်မသည် မေ့လျော့၍ ထွက်လာခဲ့မိသည့် အဖြစ်ကို သတိရ၍ အရှင်မ မေ့လျော့ခဲ့မိပါပြီဟု ပြောဆိုလေ၏။

ထိုသို့ဖြစ်မူ သွားယူ၍ လာခဲ့လော့ ငါ၏ အရှင်သခင် အာနန္ဒာမထေရ်မြတ်သည် ချီမ၍ ဤ မည်သော အရပ်၌ အကယ်၍ ထားအပ်သည်ဖြစ်အံ့ မဆောင်ယူခဲ့လေလင့် အရှင်မြတ်အားသာလျှင် ထိုတန်းဆာကို ငါသည် စွန့်လွှတ် လှူဒါန်းအပ်ပေပြီဟု ဆိုလိုက်၏။

[ဤသို့သောစကားကို မှာထားလိုက်ခြင်းသည်ကား အမျိုးကောင်း သားသ္မီးတို့၏ မေ့လျော့ ကျန်ရစ်သော ဘဏ္ဍာကို အရှင်အာနန္ဒာ မထေရ်သည် သိမ်းဆည်းမြဲ ဖြစ်၏ဟု ဝိသာခါသိပြီး ဖြစ်လေသတတ်။ ထို့ကြောင့် ဤသို့ မှာထားလိုက်ခြင်း ဖြစ်၏။]

ရှင်အာနန္ဒာ မထေရ်သည်လည်း ထိုကျွန်မကိုမြင်လျှင် မြင်ခြင်း အဘယ့်ကြောင့် လာသနည်းဟု မေးသဖြင့် အရှင်ဘုရား တပည့်တော်မ၏ သခင်မ တန်းဆာကို မေ့လျော့ခဲ့မိ၍ ပြန်လာရပါသည် ဘုရားဟု လျှောက်ကြားလတ်သော် ငါသည် တခုသော စောင်းတန်းနံပါး၌ ထားအပ်၏ သွားချေ ထိုတန်းဆာကို ယူလော့ဟု မိန့်ဆိုတော်မူလေ၏။

ကျွန်မသည် အရှင်ဘုရား အရှင်မြတ်တို့၏ လက်တော်ဖြင့် သုံးသပ်အပ်ပြီးသော ဘဏ္ဍာကို တပည့်တော်မ၏ သခင်မသည် မဆောင်ယူအပ်သည်ကို ပြုအပ်ပါလေပြီဘုရားဟု လျှောက်ထား၍ အချည်းနှီးသော လက်ရှိသဖြင့် သာလျှင် ပြန်သွား၍ အမိ အကြောင်း အသို့နည်းဟု ဝိသာခါက မေးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။

အမိ ငါ၏အရှင်သခင် အာနန္ဒာ သုံးသပ်လေပြီး ဘဏ္ဍာကို ငါသည် မဆင်ယင်တော့အံ့ ငါသည် စွန့်လွှတ် လှူဒါန်းအပ်ပေပြီ ထိုသို့စွန့်လွှတ် အပ်သော်လည်း အရှင်မြတ်သည် သိမ်းဆည်း စောင့်ရှောက်ခြင်းငှါ ဆင်းရဲငြိုငြင်ပေလတ္တံ့။ ထိုတန်းဆာကို စွန့်လွှတ်ရောင်းချပြီးလျှင် အပ်သော ကပ္ပိယဘဏ္ဍာကို ဆောင်ပို့လှူဒါန်းအံ့ သွားချေ ထိုတန်းဆာကို ဆောင်ယူခဲ့လော့ ဟု စေလွှတ်ပြန်၏။ ကျွန်မလည်းသွား၍ မဟာလတာ တန်းဆာကို ဆောင်ယူလေ၏။

ဝိသာခါသည် ကျွန်မဆောင်ယူလာသော တန်းဆာကို မဆင်ယင်မူ၍သာလျှင် ပန်းထိမ်သည်တို့ကို ခေါ်စေ၍ အဘိုးဖြတ်စေ၏။ ထိုပန်းထိမ်သည်တို့က ကိုးကုဋေ အဘိုးထိုက်၏ လက်ခကား တသိန်း ထိုက်၏ဟု ဖြတ်ဆိုသည်ရှိသော် ထိုသို့ဖြစ်မူ ဤတန်းဆာကို လှည်းယာဉ်ထက်၌ တင်စေ၍ ရောင်းချကုန်လော့ဟု ဆိုလေ၏။ ထိုမျှလောက်သော အဘိုးဥစ္စာကို ပေးဝယ်ယူအံ့သောငှါ တစုံတယောက်သော သူမျှ မစွမ်းနိုင်လတ္တံ့

[မဝယ်နိုင်ကြောင်းကား ထိုတန်းဆာကို ဆင်ယင်ခြင်းငှါ ထိုက်တန်သော မိန်းမတို့မည်သည် ရနိုင်ခဲကုန်၏။ ထိုစကားမှန်၏ ဤမြေပြင်အဝန်း၌ သုံးယောက်သော မိန်းမတို့သည်သာလျှင် မဟာလတာတန်းဆာကို ရကြလေကုန်၏။ ဝိသာခါသည်၎င်း၊ မလ္လမင်းသား ဗန္ဓုလစစ်သူကြီး ကတော် မလ္လိကာသည်၎င်း၊ ဗာရာဏသီ သူဌေးကြီး၏ သ္မီးသည်၎င်း ဤသုံးဦးတို့သာ ရကြလေ ကုန်၏။]

ထို့ကြောင့် ဝိသာခါသည် မိမိကိုယ်တိုင်ပင်လျှင် ထိုမဟာလတာ တန်းဆာ၏ အဖိုးကိုပေး၍ တသိန်းအလွန်ရှိဇသာ ကိုးကုဋေသောဥစ္စာတို့ကို လှည်း၌တင်၍ ကျောင်းတော်သို့ ဆောင်ယူလျက် မြတ်စွာဘုရားကို ရှိခိုးပူဇော်ပြီးလျှင်ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား တပည့်တော်မ၏ အရှင်သခင် နန္ဒာမထေရ်မြတ်သည် တပည့်တော်မ၏ မဟာလတာတန်းဆာကို လက်တော်ဖြင့် သုံးသပ်အပ်လေပြီ။ ထိုမထေရ်မြတ် သုံးသပ်သော အခါမှစ၍ ထိုတန်းဆာကို တပည့်တော်မ ဝတ်ဆင်ခြင်းငှါ မတတ်နိုင်ပါ။

ထိုတန်းဆာကို စွန့်လွှတ်ရောင်းချ၍ အပ်သော ကပ္ပိယဘဏ္ဍာကို ဆောင်ပို့လှူဒါန်းအံ့ဟု လှည့်လည် ရောင်းချစေပါသော်လည်း ဝယ်ယူခြင်းငှါ စွမ်းနိုင်သော တပါးသောသူကို မမြင်ခြင်းကြောင့် တပည့်တော်မ သည်ပင်လျှင် အဘိုးကိုပေး၍ ဝယ်ယူပြီးမှ ထိုတန်းဆာအဘိုးကို ယူဆောင်စေ၍ လာရောက်ခဲ့ပါသည်။ လေးပါးသောပစ္စည်းတို့တွင် အဘယ်ပစ္စည်း ကိုဆောင်ယူလှူဒါန်းရပါအံ့နည်း ဘုရားဟု လျှောက်ကြားလေ၏။

---

ဘုရားရှင်၏ မိန့်ခွန်းတော်အတိုင်း ကျောင်းဆောက်ခြင်း

ဝိသာခါဒါယိကာမ သင်သည် မြို့၏ အရှေ့တံခါး၌ သံဃာတော်အပေါင်း သီတင်းသုံးနေစရာ ကျောင်းကို ဆောက်လုပ်ခြင်းငှါ သင့်လျော်ပေ၏ဟု မိန့်တော်မူ၏။ ဝိသာခါသည် မြတ်စွာဘုရား သင့်တော်ကောင်းမြတ် လျောက်ပတ်လှပါ သည်ဘုရားဟု လျှောက်ကြား၍ နှစ်သက်ဝမ်းမြောက် လှစွာ ကိုးကုဋေသော ဥစ္စာတို့ဖြင့် မြေကိုသာလျှင် ဝယ်ယူလေ၏။ တပါးသော ကိုးကုဋေ သောဥစ္စာတို့ဖြင့် ကျောင်းကိုဆောက်လုပ်ခြင်းငှါ အားထုတ်လေ၏။ ထို့နောက် တနေ့သ၌ မြတ်စွာ ဘုရားသည် နံနက်စောစော မိုးသောက်ယာမ်အခါ၌ လောကကိုကြည့်ရှုတော်မူ လတ်သည်ရှိသော် နတ်ပြည်မှစုတေ၍ ဘဒ္ဒိယပြည်သူဌေးမျိုး၌ဖြစ်သော ဘဒ္ဒိယ မည်သော သူဌေးသား၏ အကြောင်း ဥပနိဿယနှင့် ပြည့်စုံခြင်းကို မြင်တော်မူ၍ အနာထပိဏ်သူဌေးကြီး၏ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စကိုပြုပြီးလျှင် မြောက်တံခါးသို့ ရှေးရှု ကြွတော်မူလေ၏

[ပကတိသဘောအားဖြင့် မြတ်စွာဘုရားသည် ဝိသာခါအိမ်၌ဆွမ်းကို ခံယူတော်မူပြီးသည်ရှိသော် တောင်တံခါးဖြင့် ထွက်ကြွတော်မူ၍ ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူလေ့ရှိ၏ အနာထပိဏ် သူဌေးကြီးအိမ်၌ ဆွမ်းခံယူတော် မူပြီးသည်ရှိသော် အရှေ့တံခါးဖြင့် ထွက်ကြွ တော်မူ၍ ပုဗ္ဗါရုံ ကျောင်းတော်၌ သီတင်းသုံးတော်မူလေ့ရှိ၏ မြောက်တံခါးသို့ ရည်ရွယ်၍ ကြွသွားတော်မူသည် သာလျှင်ဖြစ်သော ဘုရားရှင်ကို မြင်ကြကုန်လျှင် ဒေသစာရီ ကြွချီလတ္တံ့ ဟု သိကြရကုန်၏။]

ဝိသာခါသည်လည်း ထိုနေ့၌ မြတ်စွာဘုရားသည် မြောက်တံခါးသို့ ရှေးရှု ကြွသွားတော်မူ၏ဟု ကြားသိရသဖြင့် လျင်မြန်စွာလိုက်သွား၍ ရိုသေမြတ်နိုး ရှိခိုးလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူလိုကြပါသလော ဘုရားဟု မေးလျှောက်ကြားလေ၏။ ဝိသာခါ ကြွချီလိုသည် မှန်ပေ၏ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရား ဤမျှလောက်သော ပစ္စည်းဥစ္စာကို စွန့်လွှတ်၍ ရှင်တော်မြတ်ဘုရားတို့ အလို့ငှါ ကျောင်းကိုဆောက်လုပ်မည် ဖြစ်ပါသောကြောင့် ပြန်လည် ဆုတ်နစ်တော်မူပါဘုရားဟု လျှောက်ကြားပြန်လေ၏။

ဝိသာခါ ဤကြွခြင်းကား ပြန်လည်ဆုတ်နစ်ခြင်း မရှိသော ကြွသွားခြင်းတည်းဟု မိန့်တော်မူ လေလျှင် ဝိသာခါသည် မချွတ်လျှင် အကြောင်း ဥပနိဿယနှင့် ပြည့်စုံသော တစုံတယောက်သော ပုဂ္ဂိုလ်ကို မြတ်စွာဘုရား မြင်တော်မူလတ္တံ့ ဟု ကြံမိ၍ မြတ်စွာဘုရား ထိုသို့ဖြစ်ပါမူ တပည့်တော်မ၏ ပြုသင့်ပြုထိုက် မပြုသင့် မပြုထိုက်သည်ကို ကျွမ်းကျင်နားလည်သော ရဟန်း တပါးကို ပြန်နစ်စေ၍ ကြွမြန်းတော် မူကြပါဘုရားဟု လျှောက်ကြားပြန်သဖြင့် ဝိသာခါ အကြင် ရဟန်းကို နှစ်သက်၏၊ ထိုရဟန်း၏ သပိတ်ကို ယူလော့ဟု မိန့်တော်မူလေ၏။

---

ရှင်မောဂ္ဂလာန် စီမံပေးခြင်း

ဝိသာခါသည် ရှင်အာနန္ဒာမထေရ်ကို အကယ်၍ကား ချစ်ကြည်မြတ်နိုး၏ ထိုသို့ပင်ဖြစ်သော်လည်း ရှင်မောဂ္ဂလာန်မထေရ်ကား တန်ခိုးကြီး၏။ ထို ရှင်မောဂ္ဂလာန် မထေရ်ကို အမှီပြုရလျှင် ငါ၏အမှုသည် လျင်မြန်စွာ ပြီးစီးပေလတ္တံ့ ဟု တဖန်ကြံစည်လျက် ရှင်မောဂ္ဂလာန်မထေရ်၏ သပိတ်ကို ယူလေ၏။

မထေရ်လည်း မြတ်စွာဘုရားကို မော်၍ဖူးမျှော်ကြည့်ရှုရကား မြတ်စွာဘုရားက ချစ်သား မောဂ္ဂလာန် သင်၏အခြံအရံ ရှဟန်းငါးရာ တို့ကိုခေါ်၍ ပြန်လည်ဆုတ်နစ် နေရစ်လေလော့ဟု မိန့်တော်မူလျှင် ရှင်မောဂ္ဂလာန်လည်း ဘုရားမိန့်တော်မူတိုင်း ဆုတ်နစ် နေရစ်လေ၏။

ထိုရှင်မောဂ္ဂလာန်၏ တန်ခိုးအာနုဘော်တော်အားဖြင့် ယူဇနာငါးဆယ် ခြောက်ဆယ်တို့ တိုင်အောင် လည်း သစ်သားအလို့ငှါ၎င်း ကျောက်အလို့ငါ၎င်း သွား၍ ကြီးကုန်ကြီးကုန်သော သစ်သား တို့ကို၎င်း ကျောက်တို့ကို၎င်း ယူပြီးလျှင် ထိုနေ့၌ပင် ပြန်လာနိုင်ကြကုန်၏။ လှည်းပေါ်သို့ သစ်သား ကျောက်တို့ကို တင်သောသူတို့သည် ပင်ပန်းခြင်းမည်သည်လည်း မရှိကြကုန်၊ လှည်းဝင်ရိုး ကျိုးခြင်းလည်းမရှိ၊ မကြာမြင့်မီပင်လျှင် ဘုံနှစ်ဆင့် ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ် ကြလေကုန်၏။

အောက်ထပ်ဘုံဆင့်၌ တိုက်ခန်းငါးရာတို့၎င်း အထက်ထပ်ဘုံဆင့်၌ တိုက်ခန်းငါးရာတို့၎င်း ဤသို့ တိုက်ခန်း တထောင်တို့ဖြင့် တန်းဆာဆင်အပ်သော ပြာသာဒ်ကျောင်းတော် ကြီးသည် ဖြစ်လေ၏။ ရှစ်မင်းပယ်စားမျှလောက်သော သန့်ရှင်းသော မြေအဖို့၌ ပြာသာဒ်ကို ဆောက်လုပ်စေ၏။ သက်သက်သော ပြာသာဒ်သည် မတင့်တယ်ခဲ့ဟု ပြာသာဒ်ကိုပတ်လည် ဝန်းရံပြီးလျှင် ကမ္မဋ္ဌာန်း စီးဖြန်းစရာ ကျောင်းငါးရာ တို့ကို၎င်း ပြာသာဒ်ငယ် ငါးရာတို့ကို၎င်း ရှည်လျားသော စရပ် တန်ဆောင်း ငါးရာတို့ကို၎င်း ဆောက်လုပ်စေပြန်လေ၏။

(*မင်းပယ်စားတခု ဟူသည် - တဆဲ့တတင်း ပျိုးကြဲလောက်သော အရပ်ဖြစ်သည်။)

ထို့နောက် မြတ်စွာဘုရားသည် ကိုးလတို့ပတ်လုံး ဒေသစာရီ ကြွချီတော်မူ၍ တဖန် သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူလာ၏။ ဝိသာခါ၏ ပြာသာဒ် ကျောင်းတော်ကြီး၌ ဆောက်လုပ်ခြင်း အမှုသည် ကိုးလတို့ဖြင့် ပြီးဆုံးခြင်းသို့ ရောက်လေ၏။ ပြာသာဒ်အထွတ်အဖျား စုလစ်မွန်ချွန်ကား တခဲနက်ခတ်အပ်သော နီသော ရွှေဖြင့်သာလျှင် ရေအိုးအလုံး ခြောက်ဆယ်ဝင် အိုးစရည်းကြီး ပမာဏရှိသော ကြာသွတ်အိုးကို ပြုလုပ်စေလေ၏။

မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်သို့ ကြွရောက်တော်မူ၏ ဟူသောစကားကို ကြား၍ ခရီးဦးကြိုဆိုပြီးလျှင် မြတ်စွာဘုရားကို မိမိ၏ကျောင်းသို့ ပင့်ဆောင်၍ ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား ဤမိုဃ်းလေးလပတ်လုံး ရဟန်းသင်္ဃာတော် အပေါင်းကို ခေါ်ယူတော် မူခဲ့သဖြင့် ဤ ကျောင်း၌သာလျှင် သီတင်းသုံးတော်မူပါ၊ ပြာသာဒ်ပူဇော်ပွဲသဘင် ကျောင်းသာဓုခေါ်ခြင်းကို ပြုလုပ်လိုပါသည်ဘုရားဟု ပဋိညာဉ်ကိုယူ၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူလေ၏။ ဝိသာခါသည် ထိုအခါမှစ၍ဘုရား အမှူးရှိသော ရဟန်းသင်္ဃာအား ကျောင်း၌သာလျှင် အလှူဒါနကို ပေးလှူစွန့် ကြဲ၏

---

အဆွေခင်ပွန်းမ တယောက် ကုသိုလ် ပါဝင်ခြင်း

ထိုအခါ ဝိသာခါ၏ အဆွေခင်ပွန်းမဖြစ်သော ဒါယိကာမ တယောက်သည် အဘိုးတသိန်း ထိုက်သော တထည်သော အဝတ်ပုဆိုးကို ယူလာ၍ အဆွေခင်ပွန်းမ ဝိသာခါ ငါသည် ဤ အဝတ်ပုဆိုးကို သင်အရှင်မ၏ ကျောင်းပြာသာဒ်၌ မြေ အခင်း အသွင်ဖြင့် ခင်းလိုပါသည် ခင်းဖို့ရာ အရပ်ကို ငါ့အား ပြောကြားပါ ကုန်လော့ဟုဆို၏။

အဆွေခင်ပွန်းမ ကောင်းလှပါပြီ ငါသည် သင့်အား ခင်းဖို့ရာ အခွင့်အရပ်မရှိဟု အကယ်၍ ဆိုသည်ဖြစ်အံ့။ ငါ့အားခင်းဖို့ရာအခွင့် အရပ်ပေးခြင်းငှါ အလိုမရှိဟု သင်အောက်မေ့လတ္တံ့။ ထို့ကြောင့် ကိုယ်တိုင် သာလျှင် ပြာသာဒ်၏ ဘုံနှစ်ဆင့်တို့ကို၎င်း တိုက်ခန်းတထောင်ကို၎င်း ကြည့်ရှု၍ ခင်းဖို့ရာ အရပ်ကို သိပါလေလော့ဟုဆို၏။

ထိုအဖော်မသည်လည်း အဘိုးတသိန်းထိုက်သော အဝတ်ပုဆိုးကိုယူ၍ ထိုထိုအရပ်၌ သွားလာ ကြည့်ရှုသည်ရှိသော် မိမိယူ လာသော ထိုအဝတ် ပုဆိုးထက် နည်းသောအဘိုးရှိသော အဝတ် ပုဆိုးကို မမြင်ခြင်းကြောင့် ငါသည် ဤကျောင်းပြာသာဒ်၌ ကောင်းမှုအဖို့ကိုမရဘဲ ရှိချေ၏ဟု နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ တခုသော အရပ်၌ ငိုကြွေးလျက် ရပ်နေ၏

ထိုအခါ ရှင်အာနန္ဒာ မထေရ်သည် ငိုကြွေး၍နေသော ဒါယိကာမကို မြင်ရသဖြင့် အဘယ့်ကြောင့် ငိုကြွေးဘိသနည်း ဟုမေးသော် ငိုကြွေးသော ဒါယိကာမသည် ထိုအကြောင်းကို လျှောက်ကြား လေ၏။ ရှင်အာနန္ဒာမထေရ်က မစိုးရိမ်လင့် ငါသည် သင့်အား ခင်းဖို့ရာအရပ်ကို ပြောကြားပေအံ့ဟု မိန့်တော်မူပြီးလျှင် စောင်းတန်းခြေရင်း ခြေဆေးရာအရပ်၌ ဤတသိန်းတန် အဝတ်ပုဆိုးကို ခြေသုတ် ပုဆိုးပြု၍ ခင်းလေလော့ဟု မိန့်ကြားတော်မူ၍ ရဟန်းတို့သည် ခြေတို့ကို ဆေး၍ ရှေးဦးစွာ ဤအဝတ်ပုဆိုး၌ ခြေကိုသုတ်သင်ပြီးမှ ကျောင်းတွင်းသို့ ကြွဝင်ကြရကုန်လတ္တံ့ ဤသို့လျှင် သင်ဒါယိကာမကြီးအား များစွာအကျိုးရှိသည်ဖြစ်လတ္တံ့ ဟု မိန့်ကြားတော်မူလေ၏။

[ထိုနေရာကား ဝိသာခါသည် မမှတ်သားမိသော အရပ် ဖြစ်သတတ်။]

---

ကျောင်းသာဓုခေါ်ခြင်း

ဝိသာခါသည် လေးလတို့ပတ်လုံး ကျောင်းတွင်း၌ ဘုရားအမှူးရှိသော ရဟန်း သင်္ဃာတော်မြတ် အပေါင်းအား အလှူကို ပေးလှူလေ၏။ နောက်ဆုံး ဖြစ်သောနေ့၌ ရဟန်းသင်္ဃာတော်မြတ် အပေါင်းအား သင်္ကန်းလျာပုဆိုးတို့ကို ပေးလှူ၏။ သီတင်း အငယ်ဆုံးဖြစ်သော သင်္ဃာနော ရဟန်း ရအပ်သော သင်္ကန်းလျာပုဆိုးတို့သည် အဘိုးတထောင် ထိုက်ကုန်၏။

ခပ်သိမ်းသော ရဟန်းတို့အား သပိတ်တို့ကို ပြည့်စေလျက် ဆေးပစ္စည်းကို ပေးလှူ၏။ ဒါနဝတ္ထုကို စွန့်လွှတ် လှူဒါန်းခြင်းအားဖြင့် အသပြာ ကိုးကုဋေတို့သည် ကုန်ခန်းခြင်းသို့ ရောက်ကုန်၏၊ ဤသို့ အားဖြင့် ကျောင်းရာမြေကို ဝယ်ယူခြင်းဖြင့် ကိုးကုဋေ ကျောင်းဆောက်လုပ် စေခြင်းဖြင့် ကိုးကုဋေ ကျောင်းပူဇော်ပွဲကို ကျင်းပခြင်းဖြင့် ကိုးကုဋေ ဤသို့ အလုံးစုံ နှစ်ဆဲ့ခုနစ်ကုဋေသော ဥစ္စာတို့ကို ဝိသာခါသည် ဘုရားရှင် သာသနာတော်၌ စွန့်ကြဲလှူဒါန်းပေ၏။

မိန်းမအဖြစ်၌ တည်၍ မိစ္ဆာဒိဋ္ဌိအိမ်၌ နေရသည် ဖြစ်လျက် ဤသို့သဘောရှိသော များမြတ်သော စွန့်ကြဲခြင်းမည်သည် ဝိသာခါမှ တပါး အခြားသော မိန်းမအားမရှိစဖူး။ ဝိသာခါသည် ကျောင်းသာဓု ခေါ်ခြင်း၏ ပြီးဆုံးသောနေ့၌ ညချမ်းသောအခါ သား မြေး မြစ်တို့ ခြံရံလျက် ငါသည် ရှေး၌ အကြင်အကြင်ဆုကို တောင့်တအပ်၏။ ထိုထိုအလုံးစုံသော ဆုသည် အထွတ်အထိပ်ပြည့်စုံခြင်းသို့ ရောက်ပေပြီဟု ကျောင်းပြာသာဒ်ကို အစဉ် လှည့်လည်ကာ သွားလျက် ငါးခုသောဂါထာတို့ဖြင့် အသံသာယာစွာ ဤဥဒါန်း စကားကို မြွက်ကြားကျူးရင့်လေ၏။

ဝိသာခါ၏ ဥဒါန်းဂါထာများ

ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။
ဝိဟာရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါဟံ မဉ္စ ပီဌဉ္စ၊ ဘိသိဗိမ္မောဟနာနိစ။
သေနာသနဘဏ္ဍံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါဟံ သလာကဘတ္တံ၊ သုစိံ မံသူပသေစနံ။
ဘောဇနဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါဟံ ကာသိကံ ဝတ္ထံ၊ ခေါမကပ္ပါသိကာနိစ။
စီဝရဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါဟံ သပ္ပိနဝနီတံ၊ မဓုတေလဉ္စ ဖါနိတံ။
ဘေသဇ္ဇဒါနံ ဒဿာမိ၊ သင်္ကပ္ပေါ မယှ ပူရိတော။

ကဒါ၊ အဘယ်နံရောအခါ၌။
အဟံ၊ ငါသည်။
သုဓာမတ္တိကလေပနံ၊ ထုံး အင်္ကတေ မြေဖြူမြေနီဖြင့် လိမ်းကျံအပ်သော။
ရမ္မံ၊ နှလုံးမွေ့လျော် ပျော်ဖွယ်လည်း ရှိသော။
ပါသာဒံ၊ ပြာသာဒ်ဟုဆိုအပ်သော။
ဝိဟာရဒါနံ၊ ကျောင်းဟူသောအလှူကို။
ဒဿာမိ၊ ပေးလှူရပါအံ့နည်း။
ဣတိ၊ ဤသို့။
မယှံ၊ ငါ၏။
သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။
အဇ္ဇ၊ ယနေ့။
ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။
အဟံ၊ ငါသည်။
မဉ္စ ပီဌဉ္စ၊ ညောင်စောင်း အင်းပျဉ်လည်းဖြစ်သော။
ဘိသိဗိမ္မောဟနာနိစ၊ ဘုံလျှိုခေါင်းအုံးတို့လည်း ဖြစ်ကုန်သော။
သေနာသနဘဏ္ဍံ၊ အိပ်ရာနေရာ ကျောင်းဘဏ္ဍာကို။
ဒဿာမိ၊ ပေးလှူရပါအံ့နည်း။
ဣတိ၊ ဤသို့။
မယှံ၊ ငါ၏။
သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။
ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။
အဟံ၊ ငါသည်။
သုစိံ၊ သန့်ရှင်းစင်ကြယ်သော။
မံသူပသေစနံ၊ ငါး အမဲဖြင့် ပြွမ်းသော။
သလာကဘတ္တံ၊ စာရေးတံဆွမ်းအစရှိသော။
ဘောဇနဒါနံ၊ ဘောဇဉ်ဟူသောအလှူကို။
ဒဿာမိ၊ ပေးလှူရပါအံ့နည်း။
ဣတိ၊ ဤသို့။
မယှံ၊ ငါ၏။
သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။
ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။
အဟံ၊ ငါသည်။
ကာသိကဝတ္ထဉ္စ၊ ကာသိကရာဇ်တိုင်း၌ဖြစ်သော အဝတ်ပုဆိုးလည်းဖြစ်သော။
ခေါမကပ္ပါသိကာနိစ၊ ခေါမတိုင်း၌ဖြစ်သော ပုဆိုး ဝါချည်ပုဆိုးတို့လည်း ဖြစ်ကုန်သော။
စီဝရဒါနံ၊ သင်္ကန်းဟူသောအလှူကို။
ဒဿာမိ၊ ပေးလှူရပါအံ့နည်း။
ဣတိ၊ ဤသို့။
မယှံ၊ ငါ၏။
သင်္ကပ္ပေါ၊ တောင့်တအပ်သော အကြံသည်။
ပူရိတော၊ ပြည့်လေပြီ။

ကဒါ၊ အဘယ်နံရောအခါ၌။
အဟံ၊ ငါသည်။
သပ္ပိနဝနီတဉ္စ၊ ထောပတ် ဆီဥလည်းဖြစ်သော။
မဓုတေလဉ္စ၊ ပျားရေ ဆီ လည်းဖြစ်သော။
ဖါဏိတံ၊ တင်လဲလည်းဖြစ်သော။
ဘေသဇ္ဇဒါနံ၊ ဆေးဟူသောအလှူကို။
ဒဿာမိ၊ ပေးလှူရပါအံ့နည်း။
ဣတိ၊ ဤသို့။
မယှံ၊ ငါ၏။
သင်္ကပ္ပေါ၊ တောင့်တအပ်သောအကြံသည်။
ပူရိတော၊ ပြည့်လေပြီ။

ရဟန်းတို့သည် ထိုဝိသာခါ၏ ဂါထာရွတ်ဆိုသော အသံကိုကြားရလျှင် မြတ်စွာဘုရားအား ဤသို့ နားတော်လျှောက်ကုန်၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး ဝိသာခါဒါယိကာမ၏ သီချင်းဆိုခြင်းမည်သည် မကြားမထင် မမြင်ဖူးပါ။ ထို ဝိသာခါသည် ယနေ့သား မြေး မြစ်တို့ ခြံရံကာ သီချင်းသီဆိုလျက် ကျောင်း ပြာသာဒ်ကို အစဉ်လှည့်လည်ပါသည်၊ ထိုဝိသာခါအား သည်းခြေသည်မူလည်း ပျက်စီးပါလေ သလော ထိုသို့မဟုတ် ရူးသွတ်ခြင်းသည်လည်း ဖြစ်ပါလေသလော ဘုရားဟု လျှောက်ကြားကြ လေကုန်၏။

မြတ်စွာဘုရားသည်လည်း ချစ်သားရဟန်းတို့ ငါ၏သ္မီး ဝိသာခါသည် သီချင်း သီဆိုသည်မဟုတ် ထိုဝိသာခါအား မိမိ၏အလိုဆန္ဒပြည့်ဝလေပြီ၊ ထိုဝိသာခါသည် ငါ၏တောင့်တအပ်သော ဆုတောင်း ခြင်းသည် အထွတ်အထိပ် အပြီးအဆုံးသို့ ရောက်ရပေပြီဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ဥဒါန်းသီကုံး ကျူးရင့်လျက် လှည့်ပတ်သွားလာပေ၏ဟု မိန့်တော်မူသည်ရှိသော် မြတ်စွာဘုရား အဘယ်အခါကာလ၌ ထိုဝိသာခါသည် ဆုတောင်းခြင်းကို တောင့်တဖူးပါသနည်း ဘုရားဟု ရဟန်းတို့လျှောက်ထားပြန်သည်ဖြစ်၍ ချစ်သားရဟန်းတို့ နာကြားလို ကြကုန်သလောဟု မိန့်တော်မူပြန်သဖြင့် နာကြားလိုကြပါကုန်သည် မြတ်စွာဘုရားဟု ရဟန်းတို့က လျှောက်ထားပြန် သောကြောင့် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

---

ဝိသာခါ၏ ရှေးကောင်းမှုဆုတောင်း

ချစ်သားရဟန်းတို့ ရှေးလွန်လေပြီးသောအခါ၌ ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာ တသိန်းထက်၌ ပဒုမုတ္တရမည်တော်မူသော မြတ်စွာဘုရားသည် လောက၌ ထင်ရှား ပွင့်တော်မူ လေ၏။ ထိုပဒုမုတ္တဘုရားရှင်၏ အသက်တော်ကား အနှစ်တသိန်းဖြစ်၏ ရဟန္တာတသိန်း အခြံအရံရှိ၏။ နေပြည်တော်ကား ဟံသာဝတီ အမည်ရှိ၏။ ခမည်းတော်ကားသုနန္ဒအမည်ရှိသော မင်းကြီးဖြစ်၏။ မယ်တော်ကား သုဇာတာ အမည်ရှိသောမိဖုယားကြီးဖြစ်၏။

ထိုပဒုမုတ္တရ ဘုရားရှင်၏ မြတ်သော အလုပ်အကျွေး ဒါယိကာမ တယောက်သည် ရှစ်ပါးသော ဆုတို့ကို တောင်းယူ၍ မိခင်၏အရာ၌ တည်ပြီးလျှင် ဘုရားသဗ္ဗညုကို ပစ္စည်းလေးပါးတို့ဖြင့် နေ့ညဉ့်မပြတ် ဆည်းကပ် လုပ်ကျွေးလေ၏။ ညဉ့်နံနက် မပျက်မကွက် သောအားဖြင့် ခစား လုပ်ကျွေးခြင်းငှါ ရောက်၏။

ထိုအလုပ်အကျွေး ဒါယိကာမ၏ တယောက်သော အဆွေခင်ပွန်းမသည် ထိုအလုပ်အကျွေး ဒါယိကာမနှင့် အတူတကွ ကျောင်းတော်သို့ မပြတ်သွား၏၊ ထိုအဆွေခင်ပွန်းမသည် ထိုအလုပ် အကျွေး ဒါယိကာမအား ဘုရားရှင်နှင့်တကွ အကျွမ်းဝင်သဖြင့် စကားပြောဆိုခြင်းကို၎င်း အထူး အကျွမ်းဝင်ခြင်းကို၎င်း မြင်ရလျှင် အဘယ်ကောင်းမှုကိုပြု၍ ဤသို့ ဘုရားရှင်တို့နှင့် အကျွမ်း ဝင်သော သူတို့ ဖြစ်ကြကုန်သနည်းဟု ကြံစည်၍ မြတ်စွာဘုရားကို ဤသို့မေးမြန်း လျှောက်ထားလေ၏။

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဤမိန်းမသည် ရှင်တော်မြတ်ဘုရားတို့နှင့် အဘယ်သို့ တော်စပ်ပါသနည်းဘုရားဟု မေးလျှောက် လတ်သော် အလုပ်အကျွေး ဒါယိကာမတို့တွင် မြတ်သော အလုပ်အကျွေး တယောက် ဖြစ်ပေသည်ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား အဘယ် ကောင်းမှုကို ပြုခြင်းကြောင့် ဒါယိကာမတို့တွင် မြတ်သော အလုပ်အကျွေး ဖြစ်ရပါသနည်း ဘုရားဟု လျှောက်ပြန်သော် ကမ္ဘာတသိန်း ကာလပတ်လုံး ဆုတောင်းခြင်းကို ပြုခြင်းကြောင့် ဖြစ်သည်ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ယခုအခါ၌ ဆုတောင်း၍ ရခြင်းငှါ တတ်နိုင်ကောင်း ပါမည်လောဘုရားဟု လျှောက်ပြန်သော် တတ်နိုင်ကောင်းသည် မှန်၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုသို့ဖြစ်ပါမူ ရဟန်း တသိန်းနှင့်တကွ ခုနစ်ရက်ပတ်လုံး တပည့်တော်မ၏ဆွမ်းကို ခံယူတော်မူပါဘုရားဟု လျှောက်ကြားလေ၏။ ပဒုမုတ္တရဘုရားရှင်လည်း သည်းခံတော်မူလေ၏။

ထိုအဆွေခင်ပွန်းမသည် ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေးလှူ၍ အဆုံး ဖြစ်သောနေ့၌ သင်္ကန်းလျာ ပုဆိုးတို့ကို လှူဒါန်းပြီးလျှင် ဘုရားရှင်ကိုရှိခိုး၍ ခြေတော်ရင်း၌ဝပ်လျက် ဘုန်းတော် ကြီးတော်မူလှပေသော မြတ်စွာဘုရား တပည့်တော်မသည် ဤအလှူကောင်းမှု၏ အကျိုးဆက် အားဖြင့် နတ်စည်းစိမ် အစိုးထရ မင်းစည်းစိမ် စသည်တို့တွင် တပါးပါးသော စည်းစိမ်ကိုမျှ တောင့်တ ရည်ရွယ်ခြင်း မပြုလိုပါ။ ရှင်တော်မြတ်ဘုရားတို့ကဲ့သို့ သဘောရှိသော တဆူသော ဘုရားရှင်၏ အထံတော်၌ *ရှစ်ပါးသောဆုတို့ကိုရ၍ မိခင်၏အရာ၌ တည်ပြီးလျှင် ပစ္စည်းလေးပါး တို့ဖြင့် လုပ်ကျွေးသမှု ပြုစုခြင်းငှါ စွမ်းနိုင်သောသူတို့တွင် မြတ်သော အလုပ်အကျွေးသည် ဖြစ်ရပါလို၏ ဘုရားဟု ဆုတောင်းခြင်းကို ပြုလေ၏။

*(ဝိသာင်္ခါ ရသော ဆုရှစ်ပါးကား -
၁။ သံဃာအား အသက်ထက်ဆုံး မိုဃ်းရေခံ သင်္ကန်းလှူခြင်း၊
၂။ အာဂန္တုရဟန်းအား ဆွမ်းလှူခြင်း၊
၃။ ခရီးသွားရဟန်းအား ဆွမ်းလှူခြင်း၊
၄။ နာသော ရဟန်းအား ဆွမ်းလှူခြင်း၊
၅။ နာသောရဟန်းကို လုပ်ကျွေးသောရဟန်းအား ဆွမ်းလှူခြင်း၊
၆။ နာသောရဟန်းအး ဆေးလှူခြင်း၊
၇။ အမြဲယာဂု လှူခြင်း၊
၈။ ဘိက္ခုနီ သံဃာနား ရေသနုပ် သင်္ကန်းလှူခြင်း ဟူသော ဆုရှစ်ပါးတည်း။)

ပဒုမုတ္တရ မြတ်စွာဘုရားသည်လည်း ဤဒါယိကာမ၏ ဆုတောင်းခြင်းကား ပြည့်စုံလတ္တံ့လောဟု အနာဂတ်ကာလကို စူးစမ်း ဆင်ခြင်တော်မူသဖြင့် ကမ္ဘာတသိန်းကို ကြည့်ရှုတော်မူလတ်၍ ထိုဒါယိကာမ၏ ဆုတောင်းပြည့်စုံလတ္တံ့သည် အဖြစ်ကို မြင်တော်မူလျှင် ကမ္ဘာတသိန်း၏အဆုံး၌ ဂေါတမအမည်ရှိသော မြတ်စွာဘုရားသည် ထင်ရှားစွာ ပွင့်တော်မူလတ္တံ့။

ထိုအခါ သင်သည် ဝိသာခါ အမည်ရှိသော ဒါယိကာမဖြစ်၍ ထိုဂေါတမဘုရားရှင်၏ အထံ၌ ရှစ်ပါးသော ဆုတို့ကိုရလျက် မိခင်၏အရာ၌ တည်ပြီးလျှင် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေး နိုင်သော ဒါယိကာမတို့တွင် မြတ်သော အလုပ်အကျွေး ဒါယိကာမဖြစ်ပေလတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ ထိုဒါယိကာမအား ထိုသို့သောပြည့်စုံခြင်းကို နက်ဖြန်၌ပင် ရအပ်လတ္တံ့ ကဲ့သို့ ဖြစ်လေ၏။

---

ကိကီမင်းကြီး၏ သ္မီး သံဃဒါသီဖြစ်ခြင်း

ထိုဝိသာခါ အလောင်းဖြစ်သော ဒါယိကာမသည်လည်း အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ် ကောင်းမှုကိုပြုလျက် ထိုကိုယ်၏အဖြစ်မှ စုတေမနေ သေသည်ရှိသော် နတ်ပြည်၌ဖြစ်၍ နတ်ပြည် လူ့ပြည်တို့၌ ကြိမ်ဖန်များစွာ ကျင်လည်လျက် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ ကိကီ အမည်ရှိသော ကာသိကရာဇ်မင်းကြီး၏ သ္မီးတော် ခုနစ်ယောက်တို့တွင် အငယ်ဆုံး သံဃဒါသီ မည်သော မင်းသ္မီးဖြစ်၍ လင့်အိမ်သို့မလိုက် အိမ်ထောင်မပြုဘဲ ထိုအစ်မကြီးတို့နှင့် အတူတကွ ရှည်ကြာစွာသော ကာလပတ်လုံး ဒါနအစရှိသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်၍ ကဿပဘုရားရှင်၏ ခြေတော်ရင်း၌လည်း နောင်သောအခါ ရှင်တော်မြတ်ဘုရားတို့ ကဲ့သို့သော ဘုရားရှင်တဆူ၏ မိခင်အရာ၌တည်ပြီးလျှင် လေးပါးသော ပစ္စည်းတို့ဖြင့် လုပ်ကျွေးကုန်သော ဒါယိကာမတို့တွင် မြတ်သော အလုပ်အကျွေးဒါယိကာမ ဖြစ်ရပါလို၏ဘုရားဟု ပတ္တနာအမှု ဆုတောင်းခြင်းပြုလေ၏။

ဝိသာခါ အလောင်းဖြစ်သော ထိုဒါယိကာမသည် ထိုအခါမှစ၍ နတ်ပြည်လူ့ပြည်တို့၌ ကျင်လည်လျက် ဤကိုယ်၏အဖြစ်၌ မေဏ္ဍကသူဌေးကြီး၏ သားဖြစ်သော ဓနဉ္စယသူဌေး၏ သ္မီးကောင်းရတနာဖြစ်လာ၍ ငါဘုရား၏ သာသနာတော်၌ များစွာကုန်သော ကုသိုလ်ကောင်းမှု တို့ကို ပြုစုအားထုတ်လေ၏။

ချစ်သားရဟန်းတို့ ဤသို့သော အကြောင်းအရာကြောင့် ငါ၏သ္မီး ဝိသာခါသည် သီချင်းသီဆိုသည် မဟုတ် တောင့်တအပ်သော ဆုတောင်းခြင်း၏ ပြီးစီးခြင်းပြည့်စုံခြင်းကို မြင်ရသဖြင့် ဥဒါန်းစကား ကျူးရင့်မြွက်ဆိုခြင်းကိုပြုပေ၏ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူလိုရကား ချစ်သားရဟန်းတို့ ဥပမာမည်သည်ကား လိမ္မာလှသောပန်းသည်သည် အထူးထူးသောပန်းတို့ကို အစုအပုံကြီးပြု၍ အထူးထူးအပြားပြားသော ပန်းကုံးတို့ကို ပြုဘိသကဲ့သို့ ဤအတူသာလျှင် ဝိသာခါ၏စိတ်သည် အထူးထူး အပြားပြားသော ကောင်းမှုတို့ကို ပြုခြင်းငှါ ညွတ်၏ဟု မိန့်တော်မူ၍ ဤဂါထာကိုဟောတော်မူလေ၏။

---

ဒေသနာတော်

၅၃။ ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံဗဟုံ။

ပုပ္ဖရာသိမှာ၊ အထူးထူးသောပန်းတို့၏ အပေါင်းအစုမှ။
ဗဟူ၊ များစွာကုန်သော။
မာလာဂုဏေ၊ ပန်းကုံးအထူးတို့ကို။
ကယိရာ ယထာ၊ ပြုရာသကဲ့သို့။
ဧဝံ တထာ၊ ထို့အတူ။
ဇာတေန၊ ဖွားမြင်ပြီး၍။
မစ္စေန၊ သေခြင်းငှါထိုက်သော သတ္တဝါသည်။
ဗဟုံ၊ များလှစွာသော။
ကုသလံ၊ ဒါနစသောကုသိုလ်ကို။
ကတ္တဗ္ဗံ၊ ပြုအပ်၏။

---

ဒေသနာတော်၌ မှတ်ဖွယ် အဓိပ္ပါယ်

[အထူးထူးသောပန်းတို့၏ အပေါင်းအစုဟု ဆိုခြင်းကား များပြားလှသော ပန်းတို့ကိုပြခြင်း အကျိုး ရှိ၏။ အကယ်၍ -

ပန်းနည်းပါးအံ့ ပန်းသည်လိမ္မာသော်လည်း ပန်းကုံးများစွာ ပြုခြင်းငှါ မတတ်ကောင်း မလိမ္မာသော ပန်းသည်သည်ကား ပန်းနည်းပါးသည်ဖြစ်စေ ပေါများသည်ဖြစ်စေ မတတ်နိုင်သည် သာတည်း။ ပန်းပွင့်လည်းများပါမှ ပန်းသည်သည်လည်း လိမ္မာပါမှ များစွာသော ပန်းကုံးတို့ကို ပြုခြင်းငှါ တတ်ကောင်းသကဲ့သို့ -

ဤအတူ သဒ္ဓါတရားနည်းပါး၍ စည်းစိမ်များစွာ ရှိသောသူသည် များစွာသောကုကိုလ်တို့ကို ပြုခြင်းငှါ မတတ်နိုင်။ သဒ္ဓါတရားနည်းပါး၍ စည်းစိမ်နည်းပါးသော သူသည်လည်း မတတ်နိုင်။ သဒ္ဓါတရားပေါများသော်လည်း စည်းစိမ် နည်းပါးသော သူသည်လည်းမတတ် နိုင်သည်သာတည်း။ သဒ္ဓါတရားလည်း ပေါများပါမှ စည်းစိမ်လည်းပေါများပါမှ များစွာသော ကုသိုလ်ကောင်းမှု တို့ကို ပြုခြင်းငှါ တတ်နိုင်ပေသည်။ ဝိသာခါ ဥပါသိကာမသည် ထိုသို့ သဘောရှိသော သဒ္ဓါကြွယ်၍ စည်းစိမ်ကြွယ်သူ တယောက်ဖြစ်၏ ဟူလို။]

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ် တော်မူလေ၏။

ဝိသာခါဝတ္ထု ပြီး၏။

---

၉ - အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု

န ပုပ္ဖာဂန္ဓော ပဋိဝါတေမေတိ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌နေတော်မူစဉ် အာနန္ဒာမထေရ်၏ ပြဿနာ ဖြေဆိုခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

လေအောက် လေထက် မွှေးကြိုင်သောနံ့သာ

အရှင်အာနန္ဒာမထေရ်သည် ညချမ်းသောအခါ ဆိတ်ငြိမ်ရာသို့ တပါးတည်း ချဉ်းကပ် ကိန်းအောင် နေထိုင်လျက် ကြံဆင်ခြင်တော်မူသည်မှာ မြတ်စွာဘုရားသည် အနှစ်နံသာ, အပွင့်နံ့သာ, အမြစ် နံ့သာဟု သုံးပါးကုန်သော မြတ်သောနံ့သာ တို့ကို ဟောကြားတော်မူအပ်ကုန်၏။

ထို့နံ့သာတို့၏ အနံ့သည် လေအောက်သို့သာ အစဉ်လျှောက်၍ သင်းပြန့် မွှေးကြိုင်လှိုင်စေနိုင်၏။ သွားပေ၏။ လေညာသို့ တက်ခါ မွှေးကြိုင်လှိုင်ခြင်းငှါ မစွမ်းနိုင်။ အကြင် နံ့သာ၏ အနံ့သည် လေအောက်သို့ လေညာသို့ တကြိုင်ကြိုင် လှိုင်ကာသွား၏ ထိုနံ့သာမျိုးသည် ရှိကောင်းပါအံ့လော ဟု ကြံဆင်ခြင်တော်မူလေ၏။

ထို့နောက် အရှင်အာနန္ဒာ မထေရ်အား ဤသို့သောအကြံသည် ဖြစ်ပေါ်လာလေ၏။ ငါ့အား မိမိကိုယ်တိုင် ဆုံးဖြတ်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း ဘုရားရှင်ကိုသာလျှင် လျှောက်ထား မေးမြန်းပေအံ့ဟု အကြံဖြစ်ပေါ်လာလေ၏။ အရှင်အာနန္ဒာသည် ဘုရားရှင်သို့ ချဉ်းကပ်ကာ လျှောက်ထား မေးမြန်းလေ၏။ ထို့ကြောင့် ပါဠိတော်၌ အထခေါ။လ။ ဂစ္ဆတိ ဟု ဆိုပြီ။ အဓိပ္ပါယ်ကား -

[ထိုအခါ အရှင်အာနန္ဒာသည် ညနေချမ်းအခါ တပါးတည်း ကိန်းအောင်းရာမှ ထ၍ ဘုရားရှင် ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ဤသို့သော စကားကို လျှောက်ကြား လေ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား သုံးပါးကုန်သော ဤနံ့သာမျိုးတို့သည် ရှိကြပါကုန်၏။ ယင်းနံ့သာတို့၏ အနံ့သည် လေကြေသို့သာ သွားပါ၏၊ လေညာသို့မသွားပါ၊ ထိုသုံးပါးတို့သည် အဘယ်သည်တို့နည်းဟူမူ အနှစ်နံ့သာ, အမြစ်နံ့သာ, အပွင့်နံ့သာဟူ၍ လေညာ မသွား လေကြေသွား ဤနံ့သာ သုံးပါးတို့ပါတည်း ဘုရား၊ အကြင်နံ့သာ၏ အနံ့သည် လေကြေ သို့လည်း သွားပါ၏ လေညာ သို့လည်းသွားပါ၏ ထိုနံ့သာမျိုး တစုံတရာ ရှိပါသလောဘုရားဟုမေး လျှောက်လေ၏။]

ထိုအခါ အရှင်အာနန္ဒာ မထေရ်၏ အမေးပြဿနာကို ဖြေတော်မူလိုသော မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ အကြင်နံ့သာ၏ အနံ့သည် လေအောက် သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏ လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာ သွား၏ လေအောက် လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ ထိုနံ့သာမျိုး ရှိပေ၏ဟု ဖြေဆိုတော်မူ၏။

မြတ်စွာဘုရား အကြင်နံ့သာ၏ အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏ လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏ လေအောက် လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏။ ထိုနံ့သာမျိုးကား အဘယ်ပါနည်း ဘုရားဟု မေးလျှောက် ကြားလတ်သော် ချစ်သား အာနန္ဒာ ဤလောကဝယ် အကြင်ရွာ၌၎င်း အကြင်နိဂုံး၌၎င်း မိန်းမသည်၎င်း ယောက်ျားသည်၎င်း --

ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော သူဖြစ်၏။
တရားတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သောသူ ဖြစ်၏။
ကာမဂုဏ်တို့၌ မှားယွင်းသော အကျင့်မှ ရှောင်ကြဉ်သောသူ ဖြစ်၏။
မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သောသူဖြစ်၏။
မေ့လျော ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကိုသောက်စား သုံးစွဲခြင်းမှ ရှောင်ကြဉ် သောသူ ဖြစ်၏။
သီလရှိ၍ ကောင်းသော အကျင့်တရားရှိသော သူဖြစ်၏။
ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသောစိတ်ဖြင့် အိမ်ရာထောင်သော လူ၏ဘောင်၌ နေလေ့ရှိ၏။
လွတ်လွတ်စွန့်ကြဲခြင်း အလေ့ရှိ၏။
လှူဒါန်းရန်ဖြစ်သော။ ဝါ၊ ဆန့်တမ်းသော လက်ရှိ၏။
စွန့်ကြဲခြင်း၌ မွေ့လျော်သော နှလုံးရှိ၏။
ဘုန်းတောင်း ယာစကာ အလှူခံ ပုဂ္ဂိုလ်တို့နှင့် ဆက်ဆံလျက်ရှိ၏။
လှူဒါန်း ပေးကမ်း ခွဲခြမ်းဝေဖန်ခြင်း၌ မွေ့လျော်သောနှလုံးရှိ၏။

ထိုသို့ သဘောရှိသော မိန်းမ၏၎င်း ယောက်ျား၏၎င်း ဂုဏ်ကျေးဇူးကို အရပ် ဆယ်မျက်နှာတို့၌ ရဟန်း ပုဏ္ဏားတို့သည် ဤမည်သော ရွာ၌၎င်း ဤမည်သော နိဂုံး၌၎င်း မိန်းမသည်၎င်း ယောက်ျား သည်၎င်း -

ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။
တရားတော်ကို ကိုးကွယ်ဆည်းကပ် ခြင်းသို့ ရောက်သောသူဖြစ်၏။
သံဃာတော်ကို ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏ ။လ။
လှူဒါန်းပေးကမ်းခွဲခြမ်းဝေဖန်ခြင်း၌မွေ့လျော်သော နှလုံးရှိ၏ဟုပြောကြားကြကုန်၏။

ထိုသို့သဘောရှိသော မိန်းမ၏၎င်း ယောက်ျား၏၎င်း ဂုဏ်ကျေးဇူးကို နတ်တို့သည်၎င်း လူတို့ သည်၎င်း ဤမည်သော ရွာ၌၎င်း ဤမည်သောနိဂုံး၌၎င်း မိန်းမသည်၎င်း ယောက်ျားသည်၎င်း -

ဘုရားရှင်ကိုကိုးကွယ် ဆည်းကပ်ခြင်းသို့ရောက်သောသူဖြစ်၏
တရားတော်ကိုကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သောသူဖြစ်၏။
သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သော သူဖြစ်၏။ လ။
လှူဒါန်းပေးကမ်းခွဲခြမ်းဝေဖန်ခြင်း၌ မွေ့လျော်သော နှလုံးရှိ၏ဟု ပြောကြားကြကုန်၏။

ချစ်သားအာနန္ဒာ အကြင်နံ့သာမျိုး၏ အနံ့သည် လေအောက်သို့လည်း တကြိုင်ကြိုင် လှိုင်ကာ သွား၏၊ လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏၊ လေအောက် လေညာသို့လည်း တကြိုင်ကြိုင် လှိုင်ကာသွား၏၊ ထိုနံ့သာမျိုးဟူသည်ကား စင်စစ် ဤဆိုအပ်ပြီးသော သရဏဂုံ သီလ ဒါနကျင့်ညောင်း သူတော်ကောင်းပေတည်း။ ဝါ၊ ထိုသူတော်ကောင်း၏ သရဏဂုံ သီလ ဒါန အစုမြတ်ကောင်းမှုပေတည်းဟု မိန့်ကြားတော်မူ၍ ဤဂါထာတို့ကိုဟောတော်မူ၏။

---

ဒေသနာတော်

၅၄။ န ပုပ္ဖဂန္ဓော ပဋိဝါတ မေတိ၊ န စန္ဒနံ တဂရံ မလ္လိကာဝါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။

၅၅။ စန္ဒနံ တဂရံဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂမ္မော အနုတ္တရော။

ပုပ္ဖဂန္ဓော၊ ပန်းတို့၏အနံ့သည်။
ပဋိဝါတံ၊ လေတင် လေညာသို့။
နဧတိ၊ မသွား မရောက်နိုင်။
စန္ဒနံဝါ၊ စန္ဒကူးနံ့သည်၎င်း။
တဂရံဝါ၊ တောင်ဇလပ်နံ့သည်၎င်း။
မလ္လိကာဝါ၊ ကြက်ရုံးစပယ်နံ့သည်၎င်း။
ပဋိဝါတံ၊ လေညာသို့။
နဧတိ၊ မသွား မရောက်နိုင်။
သတံ၊ သူတော်ကောင်းတို့၏။
ဂန္ဓောစ၊ သီလကျေးဇူး ဟူသော သတင်းအနံ့ သည်သာလျှင်။
ပဋိဝါတံ၊ လေတင်လေညာသို့။
ဧတိ၊ သွားရောက်နိုင်ပေ၏။
သပ္ပုရိသော၊ သူတော်ကောင်းသည်။
သီလဂန္ဓေန၊ သီလကျေးဇူးအနံ့ထူးဖြင့်။
သဗ္ဗာဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့သို့။
ပဝါယတိ၊ သတင်း ကြိုင်ကြိုင် လွှမ်းမိုး၍လှိုင်၏

စန္ဒနံဝါ၊ စန္ဒကူးအနံ့၎င်း။
တဂရံဝါပိ၊ တောင်ဇလပ်ပန်းအနံ့၎င်း။
ဥပ္ပ္ပလံဝါ၊ ကြာပန်းအနံ့၎င်း။
အထ၊ ထိုမှတပါး။
ဝဿီကီဝါ၊ မုလေးပန်းအနံ့၎င်း ။
ဣတိ၊ ဤသို့။
ဧတေသံ ဂန္ဓဇာတာနံ၊ ဤနံ့သာမျိုးတို့၏အနံ့သက်။
သီလဂန္ဓော၊ သူတော်ကောင်း တို့၏သီလတည်း ဟူသောအနံ့သည်။
အနုတ္တရော၊ အတုမရှိလွန်ကဲ ထူးမြတ်ပေ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အာနန္ဒာမထေရ်၏ ပြဿနာဝတ္ထု ပြီး၏။

---

၁၀ - အရှင်မဟာကဿ မထေရ်အား ဆွမ်းလှူသောဝတ္ထု

အပ္ပမတ္တော အယံဂန္ဓော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ် အားဆွမ်းလှူဒါန်းခြင်းကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

---

သိကြားမင်း လူအို လူမွဲ ဟန်ဆောင်ခြင်း

တခုသောနေ့၌ ရှင်မဟာကဿပ မထေရ်သည် ခုနစ်ရက်လွန်သဖြင့် နိရောဓသမာပတ်မှ ထတော်မူ၍ ရာဇဂြိုဟ်ပြည်၌ အစဉ်တိုင်း အိမ်စဉ်မပြတ် ဆွမ်းအလို့ငှါ လှည့်လည်ပေအံ့ဟု ထွက်ကြွတော်မူ ခဲ့လေ၏။ ထိုအခါ နတ်တို့ကို အစိုးရသော သိကြားမင်း၏ အလုပ်အကျွေး ဖြစ်ကုန်သော ခိုခြေ အဆင်းနှင့်တူစွာ နီသော ခြေအဆင်းရှိသော ငါးရာသော နတ်သ္မီးတို့သည် ရှင်မဟာကဿပ မထေရ်အား ဆွမ်းကိုလှူအံ့ဟု အားထုတ်ခြင်း ရှိကုန်သည်ဖြစ်၍ ငါးရာသော ဆွမ်းတို့ကိုစီရင်ကာ ယူခဲ့ပြီးလျှင် ခရီးအကြား၌နေလျက် အရှင်ဘုရား ဤဆွမ်းဘောဇဉ်ကို အလှူခံ တော်မူကြပါ တပည့်တော်မတို့အား ချီးမြှင့်တော်မူကြပါ ဘုရားဟု တောင်းပန် လျှောက်ကြား ကြကုန်၏။

ထိုအခါ ရှင်မဟာကဿပမထေရ်သည် သင်တို့ ဖဲသွားကြကုန်လော့ ငါကား ဆင်းရဲငြိုငြင် ပင်ပန်း နွမ်းနယ်သော သူတို့အား ချီးမြှင့်ခြင်းကို ပြုအံ့ဟု မိန့်မြွက်တော်မူလေလျှင် အရှင်ဘုရား တပည့်တော်မတို့အား မဖျက်ဆီးကြပါလင့် တပည့်တော်မတို့အား ချီးမြှင့်ခြင်းကို ပြုတော်မူကြပါ ဘုရား ဟု လျှောက်ပြန်သော် ရှင်မဟာကဿပ မထေရ်မြတ်သည် သိပြီးဖြစ်၍ တဖန် ပယ်မြစ် သော်လည်း ဖဲသွားခြင်းငှါ အလိုမရှိသဖြင့် တောင်းပန်ပြန်ကုန်သော် နတ်သ္မီးတို့ကို အသင်တို့သည် မိမိ၏ပမာဏကို မသိကြလေကုန် ဖဲသွားကြကုန်လော့ဟု မိန့်တော်မူ၍ လက်ဖျစ်တီးတော်မူ၏။

နတ်သ္မီးတို့သည် မထေရ်၏ လက်ဖျစ်တီးသံကို ကြားရလျှင် ခိုင်ခံ့တည်တံ့စွာ ပြု၍ မျက်မှောက် တော်၌ တည်နေခြင်းငှါ မတတ်နိုင်ကုန်ရကား ထွက်ပြေး တိမ်းရှောင်ကာ တာဝတိံသာနတ်ပြည် သို့သာ ပြန်သွားရသဖြင့် သိကြားမင်းသည် အသင်တို့ အဘယ်အရပ်သို့ သွားကြသနည်းဟု မေးအပ်ကုန်လတ်သော် အရှင် သိကြားမင်း နိရောဓသမာပတ်မှ ထသော ရှင်မဟာကဿပအား ဆွမ်းလှူ ကြကုန်အံ့ဟု သွားကြပါသည်ဟူ၍ လျှောက်တင်လေလျှင် သင်တို့လှူကြရကုန်၏ လောဟု မေးပြန်သော် မထေရ်မြတ်သည် ခံယူခြင်းငှါ အလိုမရှိပါဟု လျှောက်တင်ကြကုန်၏။

မထေရ်မြတ်သည် အဘယ်သို့ မိန့်တော်မူသနည်းဟု မေးပြန်သော် အရှင်သိကြားမင်း ဆင်းရဲ ငြိုငြင် ပင်ပန်းသော သူတို့အား ချီးမြှင့်ခြင်းကို ပြုအံ့ဟု မိန့်တော်မူပါသည်ဟူ၍ လျှောက်တင်ကြ လေကုန်၏။ သင်တို့သည် အဘယ်သို့သော အသွင်ဖြင့် သွားရောက်ကြ ကုန်သနည်းဟု မေးပြန်သော် အရှင်သိကြားမင်း ဤယခုအသွင်ဖြင့်သာ သွားရောက်ကြပါသည်ဟု လျှောက်ကြ လေကုန်၏။

သိကြားမင်းသည် အသင်တို့ကဲ့သို့ သဘောရှိကုန်သော သူတို့သည် မထေရ်မြတ်အား ဆွမ်း အလှူကို အဘယ်မှာ လှူနိုင်ရပေကုန်အံ့နည်းဟု ဆိုပြီးလျှင် မိမိကိုယ်တိုင် လှူလိုသည်ဖြစ်၍ အိုမင်းယွင်းယို ကြီးရင့်လေပြီးသော ကျိုးသော သွားရှိသော ဖွေးဖွေးဖြူသော ဆံပင်ရှိသော စနောင့်စနင်း ကိုယ်ရှိသော ရက ကန်းသည် သူအိုကြီးဖြစ်အောင် ဖန်ဆင်းလျက် မိဖုယား သုဇာနတ်သ္မီး ကိုလည်း ထိုသို့သဘော ရှိသည်သာလျှင် ဖြစ်သော အမယ်အိုကြီးသဏ္ဌာန် ဖန်ဆင်း ပြုလုပ်လျက် ရက်ကန်းသည် လမ်းခရီးတခုကို ဖန်ဆင်းပြီးလျှင် ရက်ကန်းချည်ကို ဖြန့်လျက် နေလေ၏။

---

လူအိုအိမ်သို့ ရှင်မဟာကဿပ ဆွမ်းခံကြွခြင်း

အရှင်မဟာကဿပ မထေရ်သည်လည်း ဆင်းရဲငြိုငြင်ကုန်သော သူတို့အား ချီးမြှင့်ခြင်းကိုပြုအံ့ဟု နှလုံးပြုလျက် မြို့သို့ရှေးရှု ကြွတော်မူသည်ရှိသော် မြို့ပ၌သာလျှင် ထို လမ်းခရီးကိုမြင်၍ ကြည့်တော်မူလေလျှင် အဘိုးအို အမယ်အို နှစ်ယောက်တို့ကို မြင်တော်မူလေ၏။ ထိုခဏ၌ သိကြားမင်းသည် ရက်ကန်းချည်ကို ဖြန့်၏ သုဇာသည် ရက်ဖောက်ရောက်၏ (လုံး၏)။

မထေရ်မြတ် ဆင်ခြင်တော်မူသည်မှာ ဤသူအို လင်မယားတို့သည် အိုမင်းကြီးရင့်သော အရွယ်သို့ ကျ၍ ဇရာ ဒုဗ္ဗလ အခါ၌သော်လည်း အသက်မွေးမှု ကိစ္စစုကို ပြုလုပ်ရကုန်သေး၏။ ဤမြို့၌ ဤသူတို့အောက် လွန်စွာဆင်းရဲသော သူသည် မရှိယောင်တကား (ရှိမည်ငါမထင်) ဤသူအိုမွဲတို့ လှူအပ်သော တယောက်ချို တမှုတ်မျှသော ဆွမ်းဟင်းကိုသော်၎င်း ဟင်းရွက်ပြုတ်မျှကိုသော်၎င်း ခံယူသုံးဆောင်၍ သူအိုမွဲလင်မယားတို့အား ချီးမြှင့်ခြင်းကိုပြုအံ့ဟု ဆင်ခြင်တော်မူပြီးလျှင် ထိုရှင် မဟာကဿပမထေရ်သည် ထိုသူအိုမွဲတို့၏ အိမ်သို့ရှေးရှု ကြွတော်မူလေ၏။

သိကြားမင်းသည်လည်း ကြွလာသော ရှင်မဟာကဿပမထေရ်ကိုမြင်လျှင် သုဇာကိုဤသို့ဆို၏ ချစ်နှမ ငါ့အရှင်သည် ဤအရပ်သို့ကြွလာတော်မူ၏ သင်နှမသည် မမြင်ဘိသကဲ့သို့ ဟန်ဆောင်၍ တိတ်ဆိတ်စွာ အသာနေလော့ ထိုခဏဖြင့်သာလျှင် မထေရ်မြတ်ကို လှည့်စား၍ ဆွမ်းလှူဒါန်းပေ အံ့ဟု ဆိုလေ၏။ ရှင်မဟာကဿ မထေရ်မြတ်သည်လည်း ကြွလာတော်မူ၍ ဤအိမ်တံခါး၌ ရပ်တန့်တော်မူ၏၊ ထိုလူအိုမဲ့ဇနီးခင်ပွန်းတို့သည် မမြင်လေယောင် ဆောင်၍ မိမိ၏အမှုကိုသာလျှင် ပြုလုပ်ကုန်လျက် အနည်းငယ်မျှသောကာလကို ဆိုင်းငံ့၍ နေကြလေကုန်၏။

ထို့နောက်မှ သိကြားမင်းသည် အိမ်တံခါးဝ၌ မထေရ်တပါးကဲ့သို့ ရပ်တည်၍ နေဘိ၏ စူးစမ်း စမ်းပါဦးရှင်မဟု ဆိုလေ၏။ အရှင် အသင်တို့သာ သွား၍စူးစမ်းကြပါဦးလော့ဟု ပြောဆိုလတ်သော် သူအိုအသွင် ဖန်ဆင်းသော သိကြားမင်းသည် အိမ်မှထွက်လာသဖြင့် မထေရ်ကို ငါးပါးသော တည်ခြင်းဖြင့် ရှိခိုး၍ လက်နှစ်ဘက်တို့ဖြင့် ဒူးတို့ကိုထောက်၍ ညည်းတွားလျက် ထလာပြီးလျှင် အရှင်မြတ်သည် အဘယ်မထေရ် ဖြစ်ပါလိမ့်မည်နည်းဟု အတန်ငယ်နောက်သို့ဆုတ်၍ ငါ၏မျက်စိ တို့သည် အခိုးလွှမ်းထုံသီမှုလှကုန်၏ဟု နဖူးပြင်၌ လက်ကိုထား၍ အထက်သို့ မော်ကြည့်ပြီးလျှင် သြော် ဆင်းရဲလှ၏တကား ငါတို့၏အရှင်ဖြစ်သော ကဿပမထေရ်သည် ကြာမြင့်စွာသောကာလမှ ငါတို့၏အိမ်တံခါးဝသို့ ကြွလာတော်မူ၏။

အိမ်၌ တစုံတခု လှူဖွယ်ဝတ္ထု ရှိသလောဟု မေးလေ၏။ သုဇာသည် အတန်ငယ် ရှာဖွေ မွှေနှောက်ဟန်ပြု၍ ... အရှင်ရှိပါသေးသည်ဟု စကားတုံ့ပြန်လေ၏။ သိကြားမင်း သည်လည်း အရှင်ဘုရား ခေါင်းပါးရုန့်ရှင်း ကြမ်းတန်းခြင်းကို၎င်း မွန်မြတ်ခြင်းကို၎င်း မရေမတွက် မကြံစည်မူ၍ မွဲအိုချွတ်ချော် တပည့်တော်တို့အား သနားကူပင့် ချီးမြှင့်တော်မူကြပါ ဘုရားဟု လျှောက်၍ သပိတ်ကိုယူ၏။

အရှင်မဟာကဿပ မထေရ်သည်လည်း ဤသူအိုမွဲတို့ လှူအပ်သောဝတ္ထုသည် ဟင်းရွက်ပြုတ် မူလည်းဖြစ်စေ ဆန်ကွဲမုန့်ဆုပ်မူလည်းဖြစ်စေ ထိုသူမဲ့တို့အား ချီးမြှင့်ခြင်းကို ပြုပေအံ့ဟုနှလုံးပြု၍ သပိတ်ကိုပေးလေ၏။ သိကြားမင်းသည်လည်း အိမ်အတွင်းသို့ဝင်၍ ဆွမ်းမည်သည်ကို အိုးမှ ခူးပြီးလျှင် သပိတ်ကိုပြည့်စေလျက် မထေရ်၏ လက်၌ထားလေ၏။ ထိုဆွမ်းသည် များစွာသော စမဲဟင်းလျာနှင့် ပြည့်စုံသည်ဖြစ်၍ အလုံးစုံသော ရာဇဂြိုဟ်ပြည် တပြည်လုံးကို မွှေးကြိုင်သော အနံ့ဖြင့် လွှမ်းမိုးလေ၏၊

ထိုအခါ ရှင်မဟာကဿပ မထေရ်သည် ဤယောက်ျားအိုကြီးကား နည်းသော ဘုန်းကံရှိ၏ (မဲ့လှ၏)။ ဆွမ်းမှုကား ဘုန်းကံကြီးမြတ်သော သူတို့၏ သုံးဆောင် စရာဖြစ်ပေ၏ သိကြားမင်း၏ ဘောဇဉ်နှင့်တူ၏။ ဤသူကား အဘယ်သူဖြစ်ပါ လိမ့်မည်နည်းဟု ဆင်ခြင်တော်မူလေ၏။

---

သိကြားမင်း ဒုက္ခကြီးပုံ

ထိုသို့ ဆင်ခြင်တော်မူသောအခါ ထိုသူအိုကြီးကို သိကြားမင်းတည်းဟု သိတော်မူ၍ သင် သိကြားမင်းသည် သူဆင်းရဲတို့အား ရထိုက်သော စည်းစိမ်ချမ်းသာကို လုယက်ဖျက်ဆီးသဖြင့် ဝန်လေးသော အမှုကိုပြုဘိ၏၊ ယနေ့ငါအား အလှူဒါနကိုပေး လှူ၍ တစုံတယောက်သာလျှင် ဖြစ်သော သူဆင်းရဲသည် စစ်သူကြီးအရာကိုသော်၎င်း သူဌေးကြီးအရာကိုသော်၎င်း ရလေရာ၏ဟု မိန့်ဆိုတော်မူလေ၏။

အရှင်ဘုရား တပည့်တော်အောက် လွန်စွာဆင်းရဲသောသူ မရှိပါဟု လျှောက်ပြန်သဖြင့် အသင် သိကြားမင်းသည် နတ်ပြည်၌ နတ်မင်း၏ စည်းစိမ်ကို ခံစား၍နေရပါလျက် အဘယ် အကြောင်းကြောင့် ဆင်းရဲရသနည်း ဟု မေးမြန်းတော်မူ၏။ အရှင်ဘုရား ထိုနတ်မင်းစည်းစိမ်ကို ခံစားရသော ဟူသည်မှန်ပါ၏။

ထိုသို့ပင် မှန်သော်လည်း တပည့်တော်သည် ဘုရားပွင့်တော်မမူမီ သာသနာပကာလ၌ ကုသိုလ် ကောင်းမှုပြုစုအား ထုတ်ရပါသည်။ ဘုရားပွင့်ခြင်း ဖြစ်တော်မူသော အခါ၌ ကောင်းမှုကုသိုလ်ကို ပြုခဲ့ကြရကုန်၍ စူဠရထနတ်သား မဟာရထနတ်သား အနေကဝဏ္ဏနတ်သား ဟူသော ဤ သုံးယောက်သော တူမျှသော သဘောရှိကုန်သော နတ်သားတို့သည် တပည့်တော်၏ အနီးအပါး နေရာ၌ ဖြစ်ကြပါသည်၊ တပည့်တော်ထက် လွန်စွာတန်ခိုး အာနုဘော် ကြီးကြပါသည်၊

ထိုနတ်သားတို့သည် နက္ခတ်သဘင်ကို ကစားကုန်အံ့ဟု အလုပ်အကျွေး အခြွေအရံတို့ကိုခေါ်၍ ခရီးမသို့ သက်ကုန်သည်ရှိသော် တပည့်တော်သည် ထွက်ပြေး၍ နေအိမ်ဗိမာန်တွင်းသို့ ဝင်နေ ရပါသည်၊ ထိုနတ်သားတို့၏ ကိုယ်မှဖြစ်သော အရောင်အဝါ တန်ခိုးသည် တပည့်တော်၏ ကိုယ်ကို လွှမ်းမိုး ဖိစီးပါသည်၊ တပည့်တော်၏ ကိုယ်မှထွက်သော အရောင်အဝါ တန်ခိုးသည် ထိုနတ်တို့၏ ကိုယ်ကို မလွှမ်းမိုးနိုင်ပါ အရှင်ဘုရား။ တပည့်တော်အောက် လွန်စွာ ဆင်းရဲသော သူသည် အဘယ်မှာ ရှိပါအံ့နည်းဘုရားဟု လျှောက်ကြားလေ၏။

တကာတော် သိကြားမင်း ဤသို့ပင်ဖြစ်သော်လည်း ဤနေ့ ဤအခါမှစ၍ နောက်နောက်သော ကာလ၌ ငါ့အား ဤသို့ လှည့်စားလျက် အလှူကို မလှူလေလင့်ဟု မိန့်တော်မူလတ်သော် လှည့်စား၍ အရှင်ဘုရားတို့အား အလှူကို လှူသည် ရှိသော် တပည့်တော်အား ကုသိုလ် ရရှိပါအံ့လော မရဘဲပင် ရှိပါအံ့လော ဟု လျှောက်ပြန်လေ၏။

ဒါယကာသိကြားမင်း ကောင်းမှု ကုသိုလ်ကိုမူကား ရရှိ၏ဟု မိန့်တော်မူသောအခါ အရှင်ဘုရား ဤသို့ဖြစ်ခဲ့သည်ရှိသော် ကုသိုလ် ကောင်းမှု ပြုခြင်းမည်သည် တကာတော်၏ တာဝန်ပါဘုရားဟု လျှောက်ကြားလေ၏။ သိကြားမင်းသည် ဤသို့သော စကားကို လျှောက်ထားပြီးလျှင် အရှင်မဟာ ကဿပ မထေရ်ကိုရှိခိုး၍ သုဇာတာ မိဖုယားကို ခေါ်လျက် မထေရ်ကို လက်ျာရစ် လှည့်သည်ကို ပြုသဖြင့် ကောင်းကင်သို့ လှမ်းကြွပြန်တက်ပြီးလျှင်–

အဟောဒါနံ ပရမဒါနံ၊ ကဿပေသု ပတိဋ္ဌိတံ။

ဒါနံ၊ ငါ၏အလှူဒါနသည်။
ပရမဒါနံ၊ မြတ်သောအလှူဒါန ဖြစ်လေစွတကား။
ကဿပေသု၊ ဓုတင်ဆောင် ဧတဒဂ်ရ နိရောဓသမာပတ်မှ ထတော်မူသော အရှင်မဟာကဿပ မထေရ်မြတ်ကြီးတို့၌။
ပတိဋ္ဌိတံ၊ ကောင်းစွာ တည်လတ်ပြီဖြစ်၍။
အဟော၊ သြော် လက်ဖြောက်တီး၍ အံ့ချီးဖွယ်ကောင်းသော အလှူဒါန ဖြစ်ခဲ့လေစွ တကားဟု ဥဒါန်း ကျူးရင့်လေ၏။

---

မြတ်စွာဘုရား ဥဒါန်းကျူးခြင်း

ထိုအခါ မြတ်စွာဘုရားသည် ကျောင်းတော်၌ နေတော်မူလျက်သာလျှင် ထိုသိကြားမင်း၏ ဥဒါန်း ကျူးသော အသံကိုကြားရ၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် ချစ်သားရဟန်းတို့ ဝမ်းမြောက်စွာ ဥဒါန်းစကား ကျူးရင့်လျက် ကောင်းကင်ခရီးဖြင့် ပျံတက်သွားသော သိကြားနတ်မင်းကြီးကို ကြည့်ရှုကြကုန်လော့ဟု မိန့်တော်မူလေ၏။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုသိကြားမင်းသည် အဘယ်သို့သော အမှုကိုပြုပါလေ သနည်းဘုရား ဟု မေးလျှောက်ကြကုန်သောအခါ ထို သိကြားမင်းသည် ငါ၏သားတော် ကဿပအား လှည့်စား၍ ဆွမ်းကိုလှူအပ်၏။ ထိုဆွမ်းကိုလှူပြီးလျှင် နှစ်သက်သော စိတ်ရှိသည် ဖြစ်၍ ဝမ်းမြောက်စွာ ရွတ်ဆိုအပ်သောဥဒါန်းကို ကျူးရင့်လျက် သွား၏ဟု မိန့်ကြားတော်မူ၏။

မြတ်စွာဘုရား မထေရ်အား ဆွမ်းကိုလှူခြင်းငှါ သင့်၏ဟူ၍ ထိုသိကြားမင်းသည် အဘယ်သို့သော အခြင်းအရာဖြင့် သိအပ်သနည်းဘုရားဟု မေးလျှောက်ပြန်သော် ချစ်သားရဟန်းတို့ ငါ့သား ကဿပနှင့်တူသော ပိဏ္ဍပါတ် ဆောက်တည်သော ဆွမ်းခံသွားလေ့ရှိသော ရဟန်းမည်သည်ကို နတ်တို့သည်၎င်း လူတို့သည်၎င်း ချစ်ခင်မြတ်နိုးကြကုန်၏ဟု မိန့်တော်မူလေ၏။

ဤသို့သောစကားကို မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်သည်လည်း ဥဒါန်းဂါထာကို ကျူးရင့်တော် မူလေ၏။

(ပါဠိတော်၌ကား ဤမျှ အတိုင်းအရှည်ရှိသော စကားသာလျှင် လာလေ၏။ မြတ်စွာဘုရားသည် သန့်ရှင်းစင်ကြယ်သော လူတို့၏ နားအကြားကို လွန်သော ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ကောင်းကင်သို့ ပျံတက်၍ အထက် ကောင်းကင်၌ သုံးကြိမ် ဥဒါန်းကျူးသော နတ်တို့ကို အစိုး ရသော သိကြားမင်းကြီးအဟောဒါနံ ပရမဒါနံ ကဿပေသု ပတိဋ္ဌိတံ, အဟောဒါနံ ပရမဒါနံ ကဿပေသု ပတိဋ္ဌိတံ - ဟူသော ဥဒါန်းစကားကို ကြားတော်မူသည် သာတည်း။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူသဖြင့် ထိုအခါ၌ ဤဥဒါန်းကို ကျူးရင့်တော် မူလေ၏။)

ပိဏ္ဍပါတိကဿ ဘိက္ခုနော၊ အတ္တဘရဿ အနညပေါသိနော။
ဒေဝါပိ ပိဟယန္တိ တာဒိနော၊ ဥပသန္တဿ သဒါ သတိမတော။

တဒိနော၊ တာဒိဂုဏ်နှင့်ပြည့်စုံထသော။
ဥပသန္တဿ၊ ငြိမ်းပြီးသောကိလေသာ ရှိထသော။
သဒါ၊ အခါခပ်သိမ်း။
သတိမတော၊ သတိနှင့်ပြည့်စုံထသော။
အတ္တဘရဿ၊ မိမိကိုယ်ကိုမိမိ မွေးမြူနိုင်ထသော။
အနညပေါသိနော၊ သူတပါးတို့ မွေးမြူအပ်သည် မဟုတ်သော။
ပိဏ္ဍပါတိကဿ၊ ဆွမ်းခံသွားလေ့ ရှိထသော။
ဘိက္ခုနော၊ ရဟန်းအား။
ဒေဝါပိ၊ နတ်တို့သည်လည်း။
ပိဟယန္တိ၊ ချစ်မြတ်နိုးကြကုန်၏။

(တာဒိဂုဏ်ဟူသည်ကား လာဘ်ရခြင်း မရခြင်းစသော လောကဓမ်တရား ရှစ်ပါးတို့ကြောင့် တုန်လှုပ်ခြင်းမရှိသော ဂုဏ်တည်း။)

ဤသို့သော ဥဒါန်းစကားကို ကျူးရင့်တော်မူပြီးလျှင် ချစ်သားရဟန်းတို့ နတ်တို့ကို အစိုးရသော သိကြားမင်းသည် ငါ့သားကဿပ၏ သီလတည်းဟူသော အနံ့ကြောင့် လာ၍ဆွမ်းကို လှူဒါန်းရ လေသတည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

---

ဒေသနာတော်

၅၆။ အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယောစ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

တဂရစန္ဒနံ- တဂရစန္ဒနာနံ၊ တောင်ဇလပ် စန္ဒကူးနီတို့၏။
ယွာယံဂန္ဓော၊ အကြင်အနံ့သည်။
အတ္ထိ၊ ရှိ၏။
အယံဂန္ဓော၊ ဤအနံ့သည်။
အပ္ပမတ္တော၊ နည်းသော အတိုင်းအရှည်ရှိ၏။
သီလဝတံ၊ သီလရှိကုန်သောသူတို့၏။
ယောစ ဂန္ဓော၊ အကြင်သီလတည်းဟူသောအနံ့သည်။
အတ္ထိ၊ ရှိ၏။။
သောဂန္ဓော၊ ထို သီလတည်းဟူသောအနံ့သည်။
ဥတ္တမော၊ ထူးကဲလွန်မြတ်သည်ဖြစ်၍။
ဒေဝေသု၊ နတ်တို့၌။
ဝါတိ၊ လှိုင်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

အရှင်မဟာကဿပမထေရ်အား ဆွမ်းလှူသောဝတ္ထု ပြီး၏။

၁၁ - ဂေါဓိကမထေရ် ပရိနိဗ္ဗာန ဝတ္ထု

တေသံ သမ္ပန္နသီလာနံ — အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဂေါဓိကမထေရ်၏ ပရိနိဗ္ဗာန် စံယူတော်မူသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဂေါဓိကမထေရ် ပရိနိဗ္ဗာန် စံယူခြင်း

ထိုအရှင်ဂေါဓိကမထေရ်သည် ဣသိဂိလိတောင်ယံနံပါးဝယ် ညိုသောအဆင်း ရှိသော ကာဠသိလာ မည်သော ကျောက်ဖျာ၌ သီတင်းသုံး နေတော်မူစဉ် မမေ့မလျော့ဘဲ ကိလေသာကို ပူပန်စေ တတ်သော လုံ့လရှိသည်ဖြစ်၍ နိဗ္ဗာန်သို့စေလွှတ်သော စိတ်ရှိလျက် ကဂ္ဂတာသမာဓိကြောင့် ဖြစ်သော နီဝရဏမှကင်းလွတ်သော ဈာန်တရားသို့ ရောက်စေပြီးလျှင် အစဉ်မပြတ် ကိန်းသော တခုသောအနာ ရောဂါ၏ အစွမ်းအားဖြင့် ထိုရအပ်သောဈာန်မှ ဆုတ်ယုတ်ခြင်း ဖြစ်ခဲ့လေ၏။

ထိုဂေါဓိကမထေရ်သည် နှစ်ကြိမ်မြောက်၎င်း သုံးကြိမ်မြောက်၎င်း ခြောက်ကြိမ်တိုင်အောင် ဈာန်ကို ဝင်စားပြီးလျှင် ထိုဈာန်မှ ဆုတ်ယုတ်လေ၏။ ခုနစ်ကြိမ်မြောက်သောအခါ၌ ဈာန်ကိုဖြစ်စေပြီးလျှင် ဤသို့ကြံစည်လေ၏၊ ငါကား ခြောက်ကြိမ်တိုင်အောင် ဈာန်မှဆုတ်ယုတ်ခဲ့၏၊ ဆုတ်ယုတ်သော ဈာန်ရှိသေသူအား လားရာဂတိသည် အမြဲမရှိနိုင်သည် သာလျှင်တည်း။

ယခုပင်လက်နက်ကို ဆောင်အံ့ ကိုယ့်ကိုယ်ကို သတ်သေအံ့ ဟု ဆံရိတ်သင်ဓုန်းကိုယူ၍ ရေမျို လည်ချောင်းကိုဖြတ်ခြင်းငှါ ညောင်စောင်း၌ လျောင်းအိပ်စက်လေ၏။ မာရ်နတ်သည် ထိုဂေါဓိက မထေရ်၏ စိတ်အကြံတော်ကိုသိ၍ ဤရဟန်းသည် လက်နက်ကိုဆောင်ခြင်းငှါ အလိုရှိ၏။ လက်နက်ကို ဆောင်ကုန်သော သူတို့သည်လည်း စင်စစ်အားဖြင့် အသက်၌ ငဲ့ကွက်ခြင်း ကင်းကုန်၏။ ထိုသို့အသက်၌ ငဲ့ကွက်တွယ်တာ ညှာတာခြင်း မရှိသောသူတို့သည် ဝိပဿနာကို ပွါးစေ၍ ရဟန္တာအဖြစ်သို့လည်း ရောက်တတ်ကုန်၏ဟု ဆင်ခြင်၍ မာရ်နတ်သည် ငါသည် ဤရဟန်းကို အကယ်၍ တားမြစ်သည်ဖြစ်အံ့ ငါ၏စကားကို နာယူခြင်းမပြုဘဲ ရှိပေလိမ့်မည် ဆရာဖြစ်သော မြတ်စွာဘုရားကို တားမြစ်စေအံ့ဟု မထင်ရှားသော အသွင်ဖြင့် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ ဤသို့လျှောက်လေ၏။

မဟာဝီရ မဟာပည၊ ဣဒ္ဓိယာ ယသသာ ဇလံ။
သဗ္ဗဝေရ ဘယာတီတ၊ ပါဒေ ဝန္ဒာမိ စက္ခုမ။

သာဝကော တေ မဟာဝီရ၊ မရဏံ မရဏာဘိဘူ။
အာကင်္ခတိ စေတယတိ၊ တံ နိသေဓ ဇူတိန္ဓရ။

ကထံဟိ ဘဂဝါ တုယှံ၊ သာဝကော သာသနေ ရတော။
အပ္ပတ္တ မာနသော သေခေါ၊ ကာလံ ကယိရာ ဇနေသုတ။

မဟာဝီရ၊ ကြီးသောလုံ့လ ရှိတော်မူသော မြတ်စွာဘုရား။ မဟာပည၊ ကြီးသော ပညာရှိတော်မူသော မြတ်စွာဘုရား။ ဣဒ္ဓိယာ၊ တန်ခိုး အားဖြင့်၎င်း။ ယသသာ၊ အခြံအရံအားဖြင့်၎င်း။ ဇလံ၊ ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား။ သဗ္ဗဝေရ ဘယာတီတ၊ အလုံးစုံသော ရန်ဘေး အပေါင်းကို လွန်မြောက်တော်မူသော မြတ်စွာဘုရား။ စက္ခုမ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရား၏။ ပါဒ၊ ခြေတော်စုံတို့ကို။ ဝန္ဒာမိ၊ ရှိခိုးပါ၏။

မဟာဝီရ၊ ကြီးသောလုံ့လ ရှိတော်မူသော မြတ်စွာဘုရား။ တေ၊ ရှင်တော်မြတ်ဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော ဂေါဓိကမထေရ်သည်။ မရဏာဘိဘူ၊ သေခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍။ မရဏံ၊ သေခြင်းကို။ အာကင်္ခတိ၊ တောင့်တ၏။ စေတယတိ၊ လုံ့လမြောက်ကော် စေ့ဆော်အားထုတ်၏။ ဇုတိန္ဓရ၊ တောက်ပသော တန်ခိုးခြည်ရောင် ဆောင်တော်မူသော မြတ်စွာဘုရား။ တံ၊ ထိုသေခြင်းကို တောင့်တ၍ အားထုတ်ကြိုးစား ရှင်တော်မြတ် တပည့်သားကို။ နိသေဓ၊ တားမြစ်တော်မူပါဘုရား။

ဇနေသုတ၊ လူအပေါင်း၌ ထင်ရှားတော်မူသော။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ တုယှံ၊ ရှင်ပင်မြတ်ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ရတော၊ မွေ့လျော်သော။ သာဝကော၊ တပည့်သည်။ အပ္ပတ္တမာနသော၊ အရဟတ္တဖိုလ်သို့ မရောက်မူ၍။ သေခေါ၊ သေက္ခပုဂ္ဂိုလ်သာဖြစ်လျက်။ ကထံဟိ၊ အဘယ် အကြောင်းကြောင့်လျှင်။ ကာလံ၊ စုတေခြင်းကို။ ကယိရာ၊ ပြုရာအံ့နည်း။

ထိုသို့ ဘုရားရှင်အား မာရ်နတ် လျှောက်ကြားဆဲဖြစ်သော ခဏ၌ မထေရ်သည် လက်နက်ကို ဆောင်အပ်လေသတည်း။ မြတ်စွာဘုရားသည်လည်း ဤ လျှောက်ထားလာသော သူသည်ကား မာရ်နတ်တည်းဟု သိတော်မူ၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဧဝဉှိ ဓီရာ ကုဗ္ဗန္တိ၊ နာဝကင်္ခန္တိ ဇီဝိတံ။
သမူလံ တဏှံ အဗ္ဗုယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။

ဧဝဉှိ၊ ဤသို့လျှင်။ ဓီရာ၊ ပညာရှိသော သူတို့သည်။ ကုဗ္ဗန္တိ၊ ပြုကြကုန်၏။ ဇီဝိတံ၊ အသက်ရှည်ခြင်းကို။ နာဝကင်္ခန္တိ၊ အလိုမရှိကြ မတောင့်တကြကုန်။ ဂေါဓိကော၊ ဂေါဓိကမထေရ်သည်။ သမူလံ၊ အမြစ်အရင်းနှင့်တကွ ဖြစ်သော။ တဏှံ၊ တဏှာကို။ အဗ္ဗုယှ၊ အကြွင်းမဲ့နုတ်၍။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် ပြုလေပြီ။

မာရ်နတ် လိုက်လံရှာဖွေခြင်း

ထိုသို့ မိန့်တော်မူပြီးသောအခါ မြတ်စွာဘုရားသည် များစွာသော ရဟန်းတို့ နှင့်တကွ မထေရ် လက်နက်ကိုဆောင်လျက် လျောင်းအိပ်စက်ရာ ဖြစ်သော ညောင်စောင်းသို့ ကြွသွားတော်မူလေ၏။ ထိုခဏ၌ ယုတ်မာသော သဘောရှိသော မာရ်နတ်သည် အဘယ်အရပ် အဘယ်ဘုံ၌ ဤဂေါဓိက မထေရ်၏ ပဋိသန္ဓေ ဝိညာဉ်သည် သန္ဓေစွဲမှီ တည်နေဘိသနည်းဟု ကြံ၍ မီးခိုးအစုကဲ့သို့၎င်း အမိုက်မှောင်အစု ကဲ့သို့၎င်း ဖြစ်၍ အလုံးစုံသော အရပ်မျက်နှာတို့၌ လှည့်လည် ပြေးသွားလျက် မထေရ်၏ ပဋိသန္ဓေဝိညာဉ်ကို အစဉ်လိုက်ကာရှာ၏။

မြတ်စွာဘုရားသည်လည်း ထိုမီးခိုးအမိုက်မှောင်၏ အဖြစ်ကို ရဟန်းတို့အားပြ၍ ချစ်သားရဟန်းတို့ ဤမီးခိုးစု အမိုက်မှောင်စုကား ယုတ်မာသော သဘောရှိသော မာရ်နတ်ပေတည်း။ ဂေါဓိက မည်သော အမျိုးကောင်းသား ရဟန်း၏ဝိညာဉ်ကို အစဉ်လိုက်ကာ ရှာမှီး၍ နေလေသတည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား အဘယ်အရပ် အဘယ်ဘုံ၌ ဂေါဓိကမည်သော အမျိုးကောင်း သားရဟန်း၏ ဝိညာဉ်သည် တည်နေပါသနည်း ဘုရားဟု မေးလျှောက်လတ်သော် ချစ်သား ရဟန်းတို့ ပဋိသန္ဓေတည်နေခြင်း ကင်းသည်သာလျှင် ဖြစ်သော ဝိညာဉ်ဖြင့် ဂေါဓိကမည်သော အမျိုးကောင်းသား ရဟန်းသည် ပရိနိဗ္ဗာန်ပြုလေပြီဟု မိန့်တော်မူလေ၏။

မာရ်နတ်သည်လည်း ထိုမထေရ်၏ ဝိညာဉ်တည်ရာ အရပ်ကို မြင်ရစိမ့်သောငှါ မတတ်နိုင်ရကား သတို့သားငယ်၏ အသွင်ကို ပြုပြင်ဖန်ဆင်းပြီးလျှင် ဖြော့တော့သော ဥသျှစ်သီးမှည့် အဆင်းရှိသော ဗေဠုဝနတ်စောင်းကို ပိုက်ယူလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤဂါထာဖြင့် မေးလျှောက် လေ၏။

ဥဒ္ဓံ အဓောပိ တိရိယံ၊ ဒိသာ အနုဒိသာသု ဟံ။
အနွေသံ နာဓိဂစ္ဆာမိ၊ ဂေါဓိကော သော ကုဟိံ ဂတော။

ဘန္တေ၊ မြတ်စွာဘုရား။ ဥဒ္ဓံပိ၊ အထက်၌၎င်း။ အဓောပိ၊ အောက်၌၎င်း။ တိရိယံဒိသာအနုဒိသာသုပိ၊ ဖီလာအရပ်လေးပါး အထောင့်အရပ် လေးပါးတို့၌၎င်း။ အနွေသံ-အနွေသန္တော၊ အစဉ်လိုက်ကာ ရှာမှီးပါသော။ အဟံ၊ အကျွန်ုပ်သည်။ နာဓိဂစ္ဆာမိ၊ မမထင်မသိမြင်ရပါ။ သောဂေါဓိကော၊ ထိုဂေါဓိကမထေရ်သည်။ ကုဟိံ၊ အဘယ်အရပ် အဘယ်ဘုံသို့။ ဂတော၊ သွားရှာလေသနည်း။

ထိုအခါ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဤသို့ မိန့်ကြားတော်မူလေ၏။

ယော ဓီရော ဓိတိသမ္ပန္နော၊ ဈာယီ ဈာနရတော သဒါ။
အဟောရတ္တံ အနုယုဉ္ဇံ၊ ဇီဝိတံ အနိကာမယံ။

ဆေတွာန မစ္စုနော သေနံ၊ အနာဂန္တွာ ပုနဗ္ဘဝံ။
သမူလံ တဏှံ အဗ္ဗုယှ၊ ဂေါဓိကော ပရိနိဗ္ဗုတော။

ယောဂေါဓိကော၊ အကြင်ဂေါဓိကရဟန်းသည်။ သဒါ၊ အခါခပ်သိမ်း။ ဓီရော၊ ပညာရှိ၏။ ဓိတိသမ္ပန္နော၊ သမာဓိနှင့်ပြည့်စုံ၏။ ဈာယီ၊ ဈာန်ဝင်စားလေ့ရှိ၏။ ဈာနရတော၊ ဈာန်၌မွေ့လျော်၏။ အဟောရတ္တံ၊ နေ့ညဉ့်ပတ်လုံး။ အနုယုဉ္ဇံ၊ အားထုတ်ခြင်းရှိ၏။ ဇီဝိတံ၊ အသက်ကို။ အနိကာမယံ၊ တောင့်တခြင်းမရှိ။

သောဂေါဓိကော၊ ထို ဂေါဓိကရဟန်းသည်။ မစ္စုနော၊ သေမင်း၏။ သေနံ၊ စစ်သည်အပေါင်းကို။ ဆေတွာန၊ သတ်ဖြတ်၍။ ပုနဗ္ဘဝံ၊ တဖန်ဖြစ်သော ဘဝသစ်သို့။ အနာဂန္တွာ၊ မသွားမူ၍။ သမူလံ၊ အမြစ်အရင်းနှင့်တကွဖြစ်သော။ တဏှံ၊ တဏှာကို။ အဗ္ဗုယှ၊ အကြွင်းမဲ့နုတ်၍။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုလေပြီ။

မြတ်စွာဘုရားသည် ဤသို့မိန့်ကြားတော်မူသည်ရှိသော်–

တဿ သောကပရေတဿ၊ ဝိဏာ ကစ္ဆာ အဘဿထ။
တတော သော ဒုမ္မနော ယက္ခော၊ တစ္ဆေဝန္တရဓာယတိ။

သောကပရေတဿ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ တဿ၊ ထိုမာရ်နတ်၏။ ကစ္ဆာ၊ လက်ကတီးကြားမှ။ ဝီဏာ၊ ဗေဠုဝစောင်းသည်။ အဘဿထ၊ လွတ်၍ကျလေ၏။ တတော၊ ထိုနောင်မှ။ ဒုမ္မနော၊ မကောင်းဖျင်းချာ မသာယာသော စိတ်နှလုံးရှိသော။ သောယက္ခော၊ ထိုမာရ်နတ်သည်။ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။ အန္တရဓာယတိ၊ ကွယ်ပျောက်လေ၏။

မြတ်စွာဘုရားသည်လည်း မာရ်ယုတ် ဂေါဓိကမည်သော အမျိုးကောင်းသား ရဟန်း၏ ဖြစ်ရာ အရပ်ဖြင့် (ဖြစ်ရာအရပ်ကို သိရသဖြင့်) သင့်အား အဘယ်အကျိုး ရှိအံ့နည်း။ ထို ဂေါဓိကရဟန်း၏ ပရိနိဗ္ဗာန် စံယူရာအရပ်ကို သင်ကဲ့သို့ သဘော ရှိသောသူတို့၏အရာသည်၎င်း အထောင်သည်၎င်း ရှာဖွေကြည့်ရှု၍ထင် မြင်ခြင်းငှါ မတတ်ကောင်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၅၇။ တေသံ သမ္မန္နသီလာနံ၊ အပ္ပမာဒ ဝိဟာရိနံ။
သမ္မ ဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ နဝိန္ဒတိ။

သမ္ပန္နသီလာနံ၊ ပြည့်စုံသော သီလရှိကြကုန်သော။ အပ္ပမာဒဝိဟာရိနံ၊ သတိ မကင်း မမေ့မလျော့ခြင်းဖြင့် နေလေ့ရှိကြကုန်သော။ သမ္မာ၊ သင့်သော အကြောင်းဖြင့်။ အညာ၊ သိ၍။ ဝိမုတ္တာနံ၊ ငါးပါးသော ဝိမုတ္တိတို့ဖြင့် လွတ်ပြီး ကုန်ထသော။ တေသံ၊ ထိုဂေါဓိက ရဟန်းကဲ့သို့ နိဗ္ဗာန်စံပြီး မြတ်သော ရဟန္တာကြီးတို့၏။ မဂ္ဂံ၊ သွားရာခရီးကို။ မာရော၊ မာရ်နတ်သည်။ မဂ္ဂံ-မဂ္ဂန္တောပိ၊ အစွမ်းကုန် ရှာသော်လည်း။ နဝိန္ဒတိ၊ မရအပ်။ ဝါ၊ မသိမမြင်နိုင်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဂေါဓိကမထေရ် ပရိနိဗ္ဗာနဝတ္ထု ပြီး၏။

---

၁၂ - ဂရဟဒိန္န သူကြွယ်ဝတ္ထု

ယထာသင်္ကာရဋ္ဌာနသ္မိံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဂရဟဒိန္န အမည်ရှိသော နိဂဏ္ဌတက္ကတွန်း၏ တပည့်သူကြွယ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နိဂဏ္ဌတို့အား သိရိဂုတ္တသူကြွယ် ပင့်ဖိတ်စေခြင်း

သာဝတ္ထိပြည်၌ သိရိဂုတ္တမည်သော သူကြွယ်သည်၎င်း ဂရဟဒိန္န မည်သော သူကြွယ်သည်၎င်း ဤသို့ နှစ်ဦးကုန်သော အပေါင်းအဖော် သူကြွယ်တို့သည် ရှိကုန်သတတ်။ ထိုသူနှစ်ယောက် တို့တွင် သိရိဂုတ္တသူကြွယ် ဥပါသကာသည် မြတ်စွာဘုရား၏ တပည့်တည်း။ ဂရဟဒိန္န သူကြွယ်သည် နိဂဏ္ဌတက္ကတွန်း၏ တပည့်တည်း။

ထို ဂရဟဒိန္န သူကြွယ်ကို ဆရာဖြစ်ကုန်သော နိဂဏ္ဌတက္ကတွန်းတို့က ပြောဆိုလေ့ရှိသည်မှာ သင်၏ သူငယ်ချင်း သိရိဂုတ္တကို သင်သည် အဘယ့်ကြောင့် ရဟန်းဂေါတမကို ဆည်းကပ်လေဘိ သနည်း။ ထိုရဟန်းဂေါတမ အထံ၌ အဘယ်ကို ရလတ္တံ့နည်းဟု ဤသို့စသော စကားကိုပြောပြ၍ အကြင် သို့သော အခြင်းအရာဖြင့် ဆုံးမစကား ပြောကြားသည်ရှိသော် ငါတို့သို့ ဆည်းကပ်၍ ငါတို့အား ဝတ္ထုကို လှူဒါန်းလတ္တံ့ ထိုသို့သောအခြင်းအရာဖြင့် ဆုံးမစကား ပြောကြားခြင်းငှါ မသင့် လေသလောဟု မပြတ် ဤသို့ပြောဆိုကြကုန်၏။

ဂရဟဒိန္နသူကြွယ်သည်လည်း ထိုတက္ကတွန်းတို့၏ စကားကိုကြားရလျှင် မပြတ်မပြတ် သွားတဲ့၍ ရပ်၍နေရာ ထိုင်၍နေရာ စသည်တို့၌ သိရိဂုတ္တသူကြွယ်ကို ဤသို့ဆိုလေ၏။ အဆွေ သိရိဂုတ္တ သင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ထိုရဟန်းဂေါတမကို ဆည်းကပ်ခြင်း ကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း၊ အသို့နည်း အသင်သည် ငါ၏အရှင်မြတ်တို့ကို မှီဝဲ ဆည်းကပ်၍ ထိုအရှင်မြတ်တို့အားလည်း အလှူပေးခြင်းငှါ အပ်သည် မဟုတ်ပါတုံလောဟု ဤသို့ မပြတ် မပြတ် ပြောဆိုလေ၏။

သိရိဂုတ္တ သူကြွယ်သည် ထိုဂရဟဒိန္န သူကြွယ်၏စကားကို ကြားရသော်လည်း များစွာသော နေ့ရက်တို့ပတ်လုံး ဆိတ်ဆိတ်ဖြစ်၍သာ အိပ်စက်ကာနေလျက် တနေ့သ၌ အဆွေ ဂရဟဒိန္န အသင်သည် မပြတ်မလပ် အကျွန်ုပ်ကို ရပ်၍နေရာ စသည်တို့၌ ဤသို့ ဆိုလေ့ရှိ၏။

အဆွေ သိရိဂုတ္တ သင်သည် ရဟန်းဂေါတမကို ဆည်းကပ်၍ အဘယ်ဝတ္ထုကို ရလတ္တံ့နည်း ငါ၏ အရှင်မြတ်တို့ကို မှီဝဲဆည်းကပ်၍ ထိုအရှင်မြတ်တို့အားလည်း အလှူ လှူဒါန်းပေးကမ်းပါလော့ ဟု မပြတ် မလတ်ဆို၏။ သင်၏ အရှင်တို့သည် အဘယ်ကို သိကုန်သနည်း ရှေးဦးစွာ ငါ့အား ပြောကြားပါဦးလော့ဟု ဆိုသော် အရှင့်သား အံ့ဩဖွယ်ရှိလေစွ၊ ဤသို့မပြောမဆိုပါလင့် ငါ၏ အရှင်မြတ်တို့အား မသိသော အရာမည်သည်မရှိ၊ အလုံးစုံသော အတိတ် အနာဂတ် ပစ္စုပ္ပန်ကို၎င်း အလုံးစုံသော ကာယကံ, ဝစီကံ, မနောကံ ကို၎င်း ဤအမှုသည်ဖြစ်လတ္တံ့ ဤအမှုသည် မဖြစ် လတ္တံ့ဟု အလုံးစုံထိုက်သည် မထိုက်သည်ကိုပင် သိကြပါကုန်၏ ဟုပြောလျှင် ဤသို့အသင် ပြောဆိုဝံ့သလောဟု မေးပြန်လတ်သော် သြော် ပြောဆိုဝံ့ပါ၏ဟု ပြောကြား ဝန်ခံသဖြင့် အသင် ပြောကြားဝန်ခံသောအတိုင်း ဖြစ်ခဲ့ပါလျှင် ဤမျှလောက် ကာလပတ်လုံး ငါ့အား ဤအကြောင်းကို မပြောကြားဘဲနေသဖြင့် အသင်သည် အလွန်ဝန်လေးသော အမှုကိုပြုဘိ၏၊

ယနေ့မှပင်ငါသည် အရှင်မြတ်တို့၏ ဉာဏ်အစွမ်း အာနုဘော်ကို သိအပ်ပေ၏။ အဆွေဂရဟဒိန္န သွားချေပါလော့ အရှင်မြတ်တို့ကို ငါ့စကားဖြင့် ပင့်ဖိတ်ပါလော့ဟု ဆိုလေ၏။ ထိုဂရဟဒိန္နသည် နိဂဏ္ဌတက္ကတွန်းတို့ ၏အထံသို့သွား၍ ထိုနိဂဏ္ဌတက္ကတွန်း တို့ကိုရှိခိုးလျက် အကျွန်ုပ်၏ အဆွေဖြစ်သော သိရိဂုတ္တသူကြွယ်သည် နက်ဖြန်ကောင်းမှုအလို့ငှါ အရှင်တို့ကို ပင့်ဖိတ်ပါ၏ဟု ဆိုလေ၏။

သိရိဂုတ္တသူကြွယ်သည် ကိုယ်တိုင်ကပင် သင့်ကိုပြောဆိုသလောဟု မေးလတ်သဖြင့် အရှင်ဘုရား တို့ ကိုယ်တိုင်ကပင် ပြောဆိုပါသည်ဟု လျှောက်လတ်သော် ထိုနိဂဏ္ဌတက္ကတွန်းတို့သည် နှစ်သက် ရွှင်လန်း ဝမ်းမြောက်ကြသည် ဖြစ်၍ ငါတို့လိုအပ်သော အမှုသည် ပြည့်စုံပေပြီ။ ငါတို့၌ သိရိဂုတ္တသူကြွယ် ကြည်ညိုသောအခါမှစ၍ အဘယ်မည်သော ပြည့်စုံခြင်းသည် ငါတို့အား မဖြစ်ဘဲ ရှိလတ္တံ့နည်းဟု ဆိုကြလေကုန်၏။

သိရိဂုတ္တသူကြွယ်အိမ်၌ စီမံထားပုံ

သိရိဂုတ္တသူကြွယ်၏ အိမ်ကား အလွန်ကြီး၏ ထိုသိရိဂုတ္တသူကြွယ်သည် ထိုအိမ်ကြီး၌ အိမ်နှစ်ဆောင်တို့၏ အကြား၌ နှစ်ဘက်အားဖြင့် အလျားရှည်သော တွင်းကို တူးစေပြီးလျှင် မစင်, ညွှန်ပျောင်းဖြင့်ပြည့်စေ၏။ တွင်း၏အပ အစွန်း နှစ်ဘက်တို့၌ သစ်ငုတ်တို့ကို ရိုက်နှက်ကာ စိုက်စေ၍ ထိုသစ်ငုတ်တို့၌ ကြိုးတို့ကို ဖွဲ့ချည်စေလျက် နေရာညောင်စောင်းတို့၏ ရှေ့ခြေတို့ကို တွင်း၏ ရှေ့နံပါး၌ ထားစေသဖြင့် နောက်ခြေတို့ကို ကြိုးငယ်တို့၌ မှေးကာ ထားစေလေကုန်၏။

ဤသို့ထားသည်ရှိသော် ထိုင်သောအခါ၌ပင်လျှင် ဦးခေါင်း စောက်ထိုး လိမ့်ကျကုန်လတ္တံ့ ဟု အမှတ်ပြုလျက် တွင်းသည် ထင်ရှားပေါ်လွင်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေရာတို့၏ အထက်၌ အခင်းတို့ကို ခင်းပေးစေလေ၏။ ကြီးကုန် ကြီးကုန်သော အိုးတို့ကို ထားစေ၍ ငှက်ပျောရွက်တို့ဖြင့်၎င်း ပြုသောပုဆိုး အဝတ်ပိုင်းတို့ဖြင့်၎င်း အိုးဝတို့ကိုဖုံးပိတ် ဖွဲ့စည်းစေလျက် အချည်းနှီးသာလျှင်ဖြစ်သော ထိုအိုးတို့ကို အိမ်၏နောက်အဖို့ဖြစ်သော အပနေရာ၌ ယာဂု - ထမင်းလုံး - ထောပတ် - ဆီ - ပျား တင်လဲ - မုံ့မှုန့်တို့ဖြင့် အလိမ်းလိမ်း ကပ်ငြိသည်တို့ကို ပြု၍ ထားစေလေ၏။

ဂရဟဒိန္န သူကြွယ်သည် နံနက်စောစောကလျှင် ထိုသိရိဂုတ္တ သူကြွယ်၏အိမ်သို့ လျင်မြန်စွာ သွား၍ အရှင်မြတ်တို့အလို့ငှါ ကျွေးမွေးပေးကမ်း လှူဒါန်းဖွယ်ကို စီရင်အပ်ပါ ပြီလောဟု မေးလေ၏။ အဆွေ စီရင်အပ်ပါပြီ ဟုဆိုလတ်သော် ထိုစီရင်အပ်သော ပေးကမ်းလှူဒါန်းဖွယ်သည် အဘယ်မှာနည်းဟု မေးပြန်သဖြင့် ဤမျှအတိုင်း အရှည်ရှိသော ထိုအိုးတို့၌ ယာဂုကို, ဤမျှသော အိုးတို့၌ ဆွမ်းကို, ဤမျှသော အိုးတို့၌ ထောပတ်တင်လဲ မုံ့စသည်တို့ကို ပြည့်စေအပ်ပါကုန်ပြီ နေရာတို့ကိုလည်း ခင်းထားအပ်ပါကုန်ပြီဟု ညွှန်ပြပြောဆိုလေ၏။ ထိုဂရဟဒိသူကြွယ်သည် ကောင်းလှပါပြီဟု ပြောဆို၍ပြန်သွားလေ၏။

ထို ဂရဟဒိန္နသူကြွယ် သွားသောအခါ ငါးရာသော နိဂဏ္ဌတက္ကတွန်းတို့သည် ကြွလာကြလေ ကုန်၏။ သိရိဂုတ္တသူကြွယ်သည် အိမ်မှထွက်၍ ငါးပါးသော တည်ခြင်းဖြင့် နိဂဏ္ဌတက္ကတွန်းတို့ကို ရှိခိုး၍ ထိုနိဂဏ္ဌတက္ကတွန်းတို့၏ ရှေ့မှ လက်အုပ်ကို မြှောက်ချီကာ ရပ်တည်လျက် ဤသို့ ကြံဆင်ခြင် လေ၏။

အရှင်တို့သည် အတိတ် စသည် အပြားရှိသော အလုံးစုံကို သိကြကုန်၏လော ဤသို့ သိကြ ကြောင်းကို အရှင်တို့၏ အလုပ်အကျွေး ဒါယကာသည် အကျွန်ုပ်အား ပြောကြားအပ်၏။ ထိုပြောဆိုတိုင်း အရှင်တို့သည် အလုံးစုံကိုအကယ်၍ သိကြကုန်သည်ဖြစ်အံ့ အကျွန်ုပ်၏ အိမ်သို့ မဝင်ကြပါကုန်လင့်၊

မဝင်သင့်ကြောင်းကား အကျွန်ုပ်၏အိမ်သို့ ဝင်ကုန်သော အရှင်တို့အလို့ငှါ ယာဂုလည်းမရှိ ထမင်း စသည်တို့လည်းမရှိ မသိဘဲလျက် အကယ်၍ ဝင်ကြကုန်သည်ဖြစ်အံ့ မစင်တွင်း၌ သင်တို့ကို လိမ့်ကျစေ၍ ပုတ်ခတ် ရိုက်နှက်ကြစေကုန်အံ့ဟု ကြံဆင်ခြင်ပြီးလျှင် အမှုလုပ် ယောက်ျားတို့အား အမောင်တို့သည် ထို နိဂဏ္ဌတက္ကတွန်းတို့၏ ထိုင်နေသော အဖြစ်ကို သိပြီးလျှင် နောက်အဖို့၌ နေလျက် နေရာတို့၏ အထက်၌ လွှမ်း၍ ခင်းထားအပ်သော ပုဆိုး အခင်းတို့ကို ဖယ်ကြကုန်လော့။ ထိုပုဆိုး အခင်းတို့သည် မစင်အညစ်အကြေးဖြင့် မလိမ်းကျံ မကပ်ငြိပါစေ ကုန်လင့်ဟုပြောဆိုကာ အမှတ်သညာ ပေးလေ၏။

နိဂဏ္ဍတို့ကို မစင်တွင်းချ၍ ညှဉ်းပန်းခြင်း

ထို့နောက်မှ နိဂဏ္ဌတက္ကတွန်းတို့ကို အရှင်တို့သည် ဤအရပ်သို့ ကြွဝင်ကြပါကုန်လော့ ဟုဆို၏။ နိဂဏ္ဌတက္ကတွန်းတို့သည် ဝင်ကြပြီးလျှင် ခင်းထားအပ်သော နေရာတို့၌ ထိုင်နေခြင်းငှါ အားထုတ် ကြကုန်၏။ ထိုအခါ နိဂဏ္ဌတက္ကတွန်းတို့ကို လူတို့သည် အရှင်ဘုရားတို့ ခေတ္တဆိုင်းငံ့တော် မူကြပါဦး၊ ရှေးဦးစွာ မထိုင်ကြပါကုန်လင့်ဟု ပြောဆိုကြကုန်၏။ အဘယ်အကြောင်းကြောင့်နည်းဟု မေးသည် ရှိသော် အကျွန်ုပ်တို့၏ အိမ်သို့ ဝင်ရောက်ကုန်သော အရှင်တို့သည် ပြုအပ်သော ကျင့်ဝတ်ကို သိပြီးမှ ထိုင်နေခြင်းငှါ သင့်ပါသည်ဟု ပြောဆိုကြသဖြင့် ဒါယကာတို့ အဘယ် ကျင့်ဝတ်ကို သိပြီးမှ ထိုင်နေခြင်းငှါ သင့်သနည်းဟု မေးလတ်ပြန်သော် မိမိ မိမိအား ရောက်သော နေရာအနီးတို့၌ ရပ်လျက် အလုံးစုံသော အရှင်တို့သည်လည်း တပြိုင်နက်တည်းသာ ထိုင်နေခြင်းငှါ သင့်ပါသည်ဟု ပြောဆိုကြကုန်၏။

[ဤဆိုလတ္တံ့သည်ကား ထိုသိရိဂုတ္တ သူကြွယ်၏ အလိုဖြစ်သတတ်။ တယောက်သည် တွင်း၌ လိမ့်ကျပြီးသည်ရှိသော် ငါ့ရှင်တို့ ကြွင်းကျန်သော သူတို့သည် နေရာ၌ မထိုင်ကြပါနှင့်ဟု ထိုကြွင်း ကျန်သော နိဂဏ္ဌတို့ကို ပြောဆိုခြင်းငှါ အခွင့် မရပါစေသတည်း။ ဤကားဖြစ်သော အလိုတည်း။]

ထိုနိဂဏ္ဌတက္ကတွန်းတို့လည်း ကောင်းလှပြီဟု ပြောဆိုဝန်ခံ၍ ဤသူတို့ပြောဆိုတိုင်း ပြောဆိုတိုင်း သောစကားကို ငါတို့သည် ပြုခြင်းငှါသင့်၏ ဟုကြံကြကုန်၏၊ ထို့နောက် အလုံးစုံသော နိဂဏ္ဌ တက္ကတွန်းတို့သည် မိမိ မိမိအား ရောက်သော နေရာ အနီး၌ အစဉ်အတိုင်း ရပ်တည်ကြကုန်၏။ ထိုအခါ အမှုလုပ်ယောကျ်ားတို့က ထိုနိဂဏ္ဌတို့ကို အရှင်ဘုရားတို့ လျင်မြန်စွာ တပြိုင်နက်တည်း ဖြင့်သာလျှင် ထိုင်တော် မူကြပါကုန်လော့ဟုဆို၍ ထိုနိဂဏ္ဌတို့၏ ထိုင်နေကြောင်းကို သိပြီးသော အခါ နေရာတို့၏အထက်၌ အခင်းတို့ကို ပယ်ဆောင်ကြလေကုန်၏။

နိဂဏ္ဌ တက္ကတွန်းတို့သည် တပြိုင်နက်တည်း အားဖြင့်သာလျှင် ထိုင်ကြကုန်သည်ရှိသော် ကြိုးတို့၏ အထက်၌ ထားအပ်ကုန်သော ညောင်စောင်းနေရာ အခြေတို့သည် လျောကျကုန်ရကား နိဂဏ္ဌတို့သည် ဦးခေါင်းစောက်ထိုး တွင်း၌ လိမ့်ကျကြလေကုန်၏။ သိရိဂုတ္တသူကြွယ်သည် ထို နိဂဏ္ဌတို့ တွင်းသို့ လိမ့်ကျကုန်သည်ရှိသော် တံခါးကိုပိတ်လျက် ထိုနိဂဏ္ဌတို့တွင် တက်လာတိုင်း တက်လာတိုင်း ဖြစ်ကုန်သော နိဂဏ္ဌတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန်ကို အဘယ့်ကြောင့် မသိကြကုန်သနည်းဟု တုတ် တောင်ဝှေး လှံတံတို့ဖြင့် ပုတ်ခတ်ရိုက်နှက်စေပြီးလျှင် ဤမျှ လောက်သည် ဤနိဂဏ္ဌတို့အား သင့်လျော်လတ္တံ့ ဟု တံခါးကို ဖွင့်ပေးစေလေ၏။

နိဂဏ္ဌတို့သည် ထွက်ခွါ၍ ပြေးလွှားခြင်းငှါ အားထုတ်ကြကုန်၏ ထိုနိဂဏ္ဌတို့၏ သွားရာဖြစ်လတ္တံ့ လမ်းခရီး၌ကား အင်္ဂတေဖြင့် အပြေအပြစ်ပြုအပ်သော မြေပြင်ကို ချွဲကျိအောင် ပြုထားစေပြီး ဖြစ်သဖြင့် ထိုချွဲကျိသော မြေပြင်၌ မတည်တန့်နိုင်ခြင်းကြောင့် ချော်လဲတိုင်း ချော်လဲတိုင်းဖြစ်သော ထိုနိဂဏ္ဌတက္ကတွန်းတို့ကို တဖန် ပုတ်ခတ် ရိုက်နှက်စေပြန်သဖြင့် ဤမျှလောက်သော နှိပ်စက် ညှဉ်းပန်းခြင်းသည် အရှင်တို့အား သင့်လျော် ထိုက်တန်၏ဟု ပြောဆိုကာ လွှတ်လိုက်လေ၏။

နိဂဏ္ဌတို့လည်း အသင်ဒါယကာသည် ငါတို့ကိုနှိပ်စက်ဖျက်ဆီး၏၊ အသင်ဒါယကာသည် ငါတို့ကို နှိပ်စက်ဖျက်ဆီး၏ဟု ဟစ်ကြွေး မည်တန်းလျက် အလုပ်အကျွေး ဒါယကာဖြစ်သော ဂရဟဒိန္န သူကြွယ်၏ အိမ်တံခါးသို့ သွားကြလေကုန်၏။

ဂရဟဒိန္န တရားစွဲဆိုခြင်း

ဂရုဟဒိန္န သူကြွယ်သည် ထိုသို့သောဖေါက်ပြန် ပျက်စီးခြင်းကို မြင်ရလျှင် အမျက်ခြောင်းခြောင်း ထွက်သဖြင့် သိရိဂုတ္တသူကြွယ်သည် ငါတို့ကိုနှိပ်စက် ဖျက်ဆီးဘိ၏ဟု လက်ကို ဆန့်တန်းလျက် ရှိခိုးကြည်ညို ရိုသေကုန်သော သူတို့အား နတ်နှင့်တကွသော လောက၌ အလိုရှိတိုင်း စည်းစိမ် ချမ်းသာအကျိုး ပေးခြင်းငှါ စွမ်းနိုင်သည် မည်သော ကောင်းမှုမျိုးစေ့တို့၏ စိုက်ပျိုးကြဲချရာ လယ်တာမြေ ကောင်းသဖွယ်ဖြစ်၍ ဖြစ်ကုန်သော ငါ၏အရှင်မြတ်တို့ကို ပုတ်ခတ်ရိုက်နှက်စေ၍ ပျက်စီးခြင်းသို့ ရောက်စေဘိသည် တကားဟု အမျက်ဒေါသ ခြောင်းခြောင်းထလျက် မင်းအိမ် နန်းတော်သို့သွားပြီးလျှင် သိရိဂုတ္တသူကြွယ်အား အသပြာ တထောင် ဒဏ်ထားစေလေ၏။

ထိုအခါ မင်းသည် သိရိဂုတ္တသူကြွယ်ထံ သတင်းစကားကို မှာကြား ဆင့်ဆိုလိုက်၏။ သိရိဂုတ္တ သူကြွယ်သည် သွား၍ မင်းကြီးကို ရှိခိုးပြီးလျှင် အရှင်မင်းမြတ် စူးစမ်း ဆင်ခြင်တော်မူ၍ ဒဏ်ကို ယူတော်မူကြပါကုန်လော့။ မစူးစမ်း မဆင်ခြင်မူ၍ မယူကြပါလင့်ဟု လျှောက်တင်လေ၏။

စူးစမ်း ဆင်ခြင်၍သာ ငါယူပေအံ့ဟု မိန့်တော်မူသဖြင့် ကောင်းလှပါပြီ အရှင်မင်းကြီးဟု လျှောက်တင်သောအခါ ထိုသို့ဖြစ်မူ ပြောဆိုသင့်သော အကြောင်းကို ယူလော့ ဝါ၊ ပြောဆို လေလော့ဟုမိန့်တော်မူသဖြင့် အရှင်မင်းမြတ် ကျွန်တော်မျိုး၏ အဆွေ ခင်ပွန်းဖြစ်၍ နိဂဏ္ဌတို့၏ တပည့် သာဝကဖြစ်သော ဤဂရဟဒိန္နသူကြွယ်သည် ရှေးဦးစွာ ကျွန်တော်မျိုးထံ ချဉ်းကပ်၍ ရပ်၍နေရာ ထိုင်၍နေရာ စသည်တို့၌ မပြတ်မလတ် ဤသို့ဆိုလေ့ရှိပါသည်။

အဆွေ သိရိဂုတ္တ အသင့်အား ရဟန်းဂေါတမဖြင့် အဘယ်အကျိုး ရှိအံ့နည်း ရဟန်းဂေါတမကို မှီဝဲဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း ဟူသော ဤစကားကို အစပြု၍ သိရိဂုတ္တ သူကြွယ်က လျှောက်ကြား သံတော်ဦးတင်ပြီးလျှင် အရှင်မင်းမြတ် ဤအရာ၌ ဒဏ်ကို ယူစိမ့်သောငှါ အကယ်၍ သင့်သည်ဖြစ်အံ့ ယူတော်မူကြပါကုန်လော့ဟု လျှောက်တင်လေ၏။

မင်းကြီးလည်း ဂရဟဒိန္န သူကြွယ်တို့ကြည့်၍ သင်ဤသို့ဆိုသည် မှန်သလောဟု မေးလေ၏။ အရှင်မင်းမြတ် ဟုတ်မှန်ပါသည် ဘုရားဟု ဝန်ခံလျှင် ထိုဂရဟဒိန္နကို သင်သည် ဤမျှလောက်ကို သော်လည်း မသိတတ်သော သူတို့ကို ဆရာဘုရားဟု ယူဆပြီးလျှင် လှည့်လည်ကာ အလုံးစုံ အကုန်ပင် သိတတ်ကုန်၏ ဟု အဘယ် အကြောင်းကြောင့် မြတ်စွာဘုရား၏ တပည့်သားအား ပြောကြားဘိသနည်း။ သင်တင်အပ်သောဒဏ်သည် သင့်အားသာလျှင် ဖြစ်စေရမည်ဟု ဂရဒိန္န၏ အပေါ်၌သာလျှင် ဒဏ်ကိုရောက်စေလေ၏။ ထို ဂရဟဒိန္န၏ ဆရာတက္ကတွန်း တို့ကိုလည်း ပုတ်ခတ် ရိုက်နှက်ကာ နှင်ထုတ်စေအပ်ကုန်၏။

တရားရှုံးသဖြင့် လက်စားချေရန် အားထုတ်ခြင်း

ဂရဟဒိန္နသူကြွယ်သည် သိရိဂုတ္တသူကြွယ်ကို အမျက်ထွက်သဖြင့် ထိုနေ့မှစ၍ လခွဲမျှသော ကာလ တိုင်အောင်လည်း သိရိဂုတ္တသူကြွယ်နှင့် အတူတကွ စကား မပြောမဆိုဘဲ နေပြီးလျှင် ကြံဆင်ခြင် ပြန်သည်မှာ ဤသို့လှည့်လည် နေထိုင်ခြင်းငှါ ငါ့အား မသင့်လျော် မလျောက်ပတ်၊ ထိုသိရိဂုတ္တ သူကြွယ်၏ ဆရာတို့ အားလည်း ကြီးစွာသော ပျက်စီးခြင်းကိုပြုလုပ်ခြင်းငှါ သင့်လျော်၏ဟု ကြံဆင် ခြင်ပြီးလျှင် သိရိဂုတ္တ သူကြွယ်ထံသို့ ချဉ်းကပ်၍ အဆွေသိရိဂုတ္တဟု မြွက်ဆို ခေါ်ဝေါ်လေ၏။

အဆွေ ဂရဟဒိန္န အသို့နည်းဟု စကားတုံ့ပြန်သောအခါ အဆွေ သိရိဂုတ္တ အကျွမ်းအဝင် စိတ်နှလုံး ကောင်းရှိကြသော ဆွေမျိုးသားချင်း နီးရင်းသော သူတို့အားမည်သည် ကိုယ်လက်ထိပါး ခိုက်ရန် ပွါးခြင်းသည်၎င်း ငြင်းခုံကျယ်ပွါး စကားများခြင်းသည်၎င်း ဖြစ်တတ်၏။ အသင်သည် တစုံ တခုသော စကားကို မပြောမဆိုဘဲနေဘိ၏။ အဘယ့်ကြောင့် ဤသို့ပြုဘိသနည်းဟု မေးမြန်း ပြောဆိုလေ၏။

အဆွေဂရဟဒိန္န ငါနှင့်အတူတကွ သင်စကား မပြောမဆိုဘဲ နေသောကြောင့် ငါသည်လည်း စကားမပြောမဆိုဘဲ နေခဲ့၏ဟု ပြန်ကြား ပြောဆိုသော အခါ အဆွေသိရိဂုတ္တ အကြင်ပြုအပ်သော အမှုကား ပြုပြီးသည်သာတည်း ထိုပြုပြီးသော အမှုဖြင့် ငါတို့သည် အဆွေခင်ပွန်း ချစ်ကျွမ်းဝင် သည်အဖြစ်ကို မဖျက်ကြကုန်အံ့ဟု အစေ့အစပ် ပြောဆိုလေ၏။ ထိုအခါမှစ၍ သူကြွယ်နှစ်ဦး တို့သည်လည်း တခုတည်းသော နေရာ၌ ရပ်ကြ ထိုင်ကြကုန်၏။

ထို့နောက် တနေ့သ၌ သိရိဂုတ္တသူကြွယ်က ဂရဟဒိန္နသူကြွယ်ကို သင့်အား နိဂဏ္ဌတို့ဖြင့် အဘယ် အကျိုးရှိအံ့နည်း ထိုနိဂဏ္ဌတို့သို့ ဆည်းကပ်ခြင်းကြောင့် အဘယ်ဝတ္ထုကို ရလတ္တံ့နည်း ငါ၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသို့ ဆည်းကပ်ခြင်းငှါ၎င်း အရှင်မြတ်တို့အား အလှူပေးခြင်း ငှါ၎င်း အသို့နည်း၊ အသင့်အား မအပ်လေသလောဟု ပြောဆိုလေ၏။

ဂရဟဒိန္န သူကြွယ်သည်လည်း ဤသို့ ပြောဆိုခြင်းကိုသာလျှင် တောင့်တကာ နေလျက် ရှိသောကြောင့် ဂရဟဒိန္န သူကြွယ်အား ယားနာရှိရာအရပ်၌ လက်သည်းဖြင့် ဖျောက်လိုက် သကဲ့သို့ ဖြစ်ပြီးလျှင် သိရိဂုတ္တကို သင်၏ဆရာ ဘုရားသည် အဘယ်အရာကို သိသနည်းဟု မေးလေ၏။

အဆွေဂရဟဒိန္န ဤသို့မဆိုပါလင့် ဆရာဘုရားမည်သည် အလုံးစုံသော အရာ၌သာလျှင် မသိအပ်သော အရာမည်သည်မရှိ အတိတ်စသော အပြားရှိသော အလုံးစုံကို အကုန်သိတော်မူ၏။ တဆဲ့ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏ စိတ်ကိုပိုင်းခြား၍ သိတော်မူ၏ဟု ဆိုလတ်သော် ငါသည် ဤသို့သော အကြောင်းကို မသိရပါ ဤမျှလောက် ကြာအောင်သော ကာလပတ်လုံး ငါ့အား အဘယ့်ကြောင့် မပြောကြားဘဲနေဘိသနည်း၊ အဆွေသိရိဂုတ္တ ထိုသို့ဖြစ်မူ အသင်သည် သွားပါချေလော့ သင့်ဆရာ မြတ်စွာဘုရားကို နက်ဖြန်ကောင်းမှု အလို့ငှါ ပင့်ဖိတ် ပါချေလော့။ ဆွမ်းလုပ်ကျွေးပါအံ့ ရဟန်းငါးရာတို့နှင့်တကွ အကျွန်ုပ် ဆွမ်းကို ခံယူစိမ့်သောငှါ လျှောက်ကြားပါလော့ဟု ပြောကြားကာ စေလွှတ်လိုက်လေ၏။

သိရိဂုတ္တသူကြွယ် သည်လည်း မြတ်စွာဘုရား ထံတော်သို့ ချဉ်းကပ်၍ ရှိခိုးလျက် ဘုန်းတော် ကြီးသော မြတ်စွာဘုရား တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော ဂရဟဒိန္န သူကြွယ်သည် ရှင်တော်မြတ်ဘုရားတို့ကို ရဟန်းငါးရာတို့နှင့် တကွ နက်ဖြန် ထိုဂရဟဒိန္န သူကြွယ်၏ ဆွမ်းကို ခံယူတော်မူကြပါမည် အကြောင်းနှင့် တပည့်တော်ကို ပင့်ဖိတ်လျှောက်ထား စေပါသည် ဘုရား။

ရှေးဖြစ်သောနေ့၌ကား ထိုဂရဟဒိန္နသူကြွယ်၏ ဆရာနိဂဏ္ဌတို့အား တပည့်တော်သည် ဤမည်သော အမှုကို ပြုလုပ်စီရင်အပ်ပါသည်၊ တပည့်တော်ပြုလုပ် စီရင်အပ်သော အမှုကို လက်စား ချေလိမ့်မည်ကိုလည်း မသိပါ၊ ရှင်တော်မြတ်ဘုရားတို့အား စင်ကြယ် ကောင်းမွန်သော စိတ်ဖြင့် ဆွမ်းကိုလှူလိုသည့် အဖြစ်ကိုလည်း မသိပါဘုရား၊ ဆင်ခြင်တော်မူ၍ သင့်လျော်သည် အကယ်၍ဖြစ်ခဲ့ပါအံ့ သည်းခံတော်မူကြပါ အကယ်၍ မသင့်လျော်သည်ဖြစ်ခဲ့အံ့ သည်းခံတော် မမူကြပါကုန်လင့် ဘုရားဟု လျှောက်ထားလေ၏။

မြတ်စွာဘုရား မြင်တော်မူပုံ

မြတ်စွာဘုရားသည်လည်း ထိုဂရဟဒိန္နသည် ငါတို့အား အဘယ်သို့သော အမှုကိုပြုခြင်းငှါ အလိုရှိ သနည်းဟု ဆင်ခြင်တော်မူသည်ရှိသော် နှစ်ခုသော အိမ်တို့၏ အကြား၌ ကြီးစွာသော တွင်းကို တူးစေ၍ လှည်းအစီး ရှစ်ဆယ်တိုက် မျှလောက်ကုန်သော ရှားနှစ်ထင်းတို့ကို ဆောင်ယူ စေသဖြင့် တွင်း၌ပြည့်စေပြီးလျှင် မီးတိုက်၍ငါတို့ကို မီးကျီးတွင်း၌ လိမ့်ကျစေ၍ နှိပ်စက်ခြင်းငှါ အလိုရှိသည်ဟု မြင်သိတော်မူ ရသဖြင့် ထိုဂရဟဒိန္နသူကြွယ်အိမ်သို့ ငါဘုရားကြွသွားခြင်း တည်းဟူသော အကြောင်းကြောင့် အကျိုးရှိအံ့လော မရှိအံ့လောဟု တဖန်စူးစမ်း ဆင်ခြင်တော်မူ ပြန်လေ၏။

ထို့နောက် ဤသို့သော အကျိုးအာနိသင်ကို မြင်တော်မူလေ၏။ ငါဘုရားသည် မီးကျီးတွင်း၌ ခြေတော်တို့ကို ဆန့်လှမ်းတော်မူအံ့ ထိုမီးကျီးတွင်းကို ဖုံးလွှမ်း၍ထားအပ်သော ဖျာသည် ကွယ်ပျောက်လတ္တံ့၊ မီးကျီးတွင်းကို ဖေါက်ခွဲလျက် လှည်းဘီးစက် အတိုင်းအရှည်ရှိသော ပဒုမာ ကြာပွင့်ကြီးသည် ပေါ်ပေါက် လာလတ္တံ့၊ ထိုအခါငါဘုရားသည် ပဒုမာကြာချပ်၏ အချက်ကို နင်းလျက် ကြွသွား၍နေရာ၌ ထိုင်နေရလတ္တံ့၊ ငါးရာသော ရဟန်းတို့သည်လည်း ထို့အတူသာလျှင် သွားရောက် ထိုင်နေကြရကုန်လတ္တံ့၊ များစွာကုန်သော လူအပေါင်းသည် စည်းဝေး လာရောက် လတ္တံ့၊

ထိုအစည်းအဝေး၌ ငါဘုရားသည် နှစ်ခုကုန်သော ဂါထာတို့ဖြင့် အနုမောဒနာကို ပြုရလတ္တံ့ အနုမောဒနာ ပြုတော်မူသောအဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားထင်ထင် သိမြင်သောအား အကျွတ်တရားကို ရခြင်းဖြစ်လတ္တံ၊ သိရိဂုတ္တသူကြွယ် ဂရဟဒိန္န သူကြွယ်တို့သည် သောတာပန်ဖြစ်ကုန်လတ္တံ့၊ မိမိ၏ပစ္စည်းဥစ္စာစုကို သာသနာတော်၌ စွန့်ကြဲ လှူဒါန်းလတ္တံ့၊ ဤအမျိုးသားကိုမှီ၍ ငါဘုရားသည် ကြွသွားခြင်းငှါသင့်လျော်၏ဟု မြင်တော်မူ၍ ပင့်ဖိတ်လာသော ဆွမ်းအလှူကို သည်းခံတော်မူလေ၏။

ဂရဟဒိန္န မီးကျီးတွင်း စီရင်ပုံ

သိရိဂုတ္တ သူကြွယ်သည် သွား၍ ဘုရားရှင် သည်းခံတော်မူသည့် အဖြစ်ကိုသိရသဖြင့် ဂရဟဒိန္န သူကြွယ်အား ပြောကြားပြီးလျှင် လူသုံးပါးတို့၏ အကြီးအမှူးဖြစ်သော မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုပြင် စီရင်ပါလော့ဟု ဆိုလေ၏။

ဂရဟဒိန္နသူကြွယ်သည် ယခုအခါ ထို သိရိဂုတ္တ၏ ဆရာဘုရားအား ပြုအပ်သည်နှင့်ယှဉ်သည်ကို သိရပေတော့အံ့ ပြုရပေတော့အံ့ဟု ကြံပြီးလျှင် နှစ်ခုသော အိမ်တို့၏အကြား၌ နွားချေးဖြင့်လိမ်းကျံ စေလျက် ကြီးစွာသော တွင်းကိုတူးစေ၍ လှည်းအစီး ရှစ်ဆယ်မျှလောက်ကုန်သော ရှားနှစ်ထင်း လှည်းတို့ဖြင့် ဆောင်ယူကာ တွင်းကိုပြည့်စေသဖြင့် ထင်းတို့ကိုမီးတိုက်ပြီးမှ ရှားမီးခဲအစု တို့ကို ပြုစေပြီးလျှင် ညဉ့်သုံးယာမ်ပတ်လုံး အခိုးထွက်စေလျက် ရှားမီးကျီးစုကို ပြုလုပ်စေ၍ တွင်းအထက်၌ ပျဉ်ချပ်တို့ကိုခင်းလျက် ဖျာဖြင့်ဖုံးလွှမ်းစေပြီးလျှင် နွားချေးဖြင့်လိမ်းကျံလျက် တဘက်သောနံပါး၌ အားနည်းသော တုတ်တံဖြင့်ဖြန့်ခင်း၍ သွားရာ လမ်းခရီးကိုပြုစေလေ၏။

ဤသို့ပြုထားပါမှ နင်းသောကာလ၌ တုတ်တံတို့သည် ကျိုးကုန်သည်ရှိသော် တိမ်းလဲ၍ မီးကျီး တွင်း၌ လိမ့်ကျလတ္တံ့ ဟု အမှတ်ပြုလျက် နေအိမ်၏ နောက်အဖို့၌လည်း သိရိဂုတ္တသူကြွယ် ထားသောနည်းဖြင့်သာလျှင် အိုးတို့ကို ထားစေလေ၏။ နေရာတို့ကိုလည်း ထိုနည်းအတူသာလျှင် ခင်းစေလေ၏။

သိရိဂုတ္တသူကြွယ်သည်လည်း နံနက်စောစောကလျှင် ထို ဂရဟဒိန္နသူကြွယ်၏ အိမ်သို့သွား၍ အဆွေ လှူဖွယ်ဝတ္ထုကို စီမံပြုလုပ်အပ်ပြီးပြီလော ဟုမေးလေ၏။ အဆွေ သြော် စီမံပြုလုပ်အပ်ပါပြီ ဟုဆိုလျှင် ထိုလှူဖွယ်သည် အဘယ်မှာနည်းဟု မေးပြန်လေ၏။ လာပါကြည့်ရှုကြရအောင်ဟုဆို၍ အလုံးစုံကို သိရိဂုတ္တသူကြွယ် ပြသော နည်းဖြင့်ပင်ပြလေ၏။ သိရိဂုတ္တသူကြွယ်သည်လည်း အဆွေ ကောင်းလှပါပြီဟု ဝန်ခံပြောဆို၏။ များစွာသော လူအပေါင်းသည်လည်း စည်းဝေးလေ၏။

[စည်းဝေးခြင်း အကြောင်းကား မိစ္ဆာအယူရှိသောသူသည် ပင့်ဖိတ်သည်ရှိသော် ကြီးစွာသော အစည်းအဝေးသည် ဖြစ်လေ၏။ မိစ္ဆာဒိဋ္ဌိတို့သည်ကား ရဟန်းဂေါတမ၏ ဖေါက်ပြန်ပျက်စီးခြင်းကို ကြည့်ရှုကြကုန်စို့အံ့ဟု စည်းဝေးကြကုန်၏။ သမ္မာဒိဋ္ဌိတို့သည်ကား ယနေ့ ငါတို့၏ ဆရာဖြစ်တော် မူသော ဘုရားရှင်သည် မြတ်သော တရား ဒေသနာတော်ကို ဟောကြားတော်မူလတ္တံ့ မြတ်စွာဘုရား၏ အရာဖြစ်သော တင့်တယ်စံပယ်ခြင်းကို ဖူးမြင်မှတ်သားကြရကုန်စို့အံ့ဟု စည်းဝေးကြကုန်၏။]

မီးကျီးတွင်း၌ ကြာပန်း ပေါက်ခြင်း

တဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတော်တို့ နှင့်တကွ ဂရဟဒိန္နသူကြွယ်၏ အိမ်တံခါးသို့ ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် အိမ်မှထွက်၍ ငါးပါးသော တည်ခြင်းဖြင့်ရှိခိုးပြီး ရှေ့မှလက်အုပ်ချီကာ ရပ်၍ စိတ်ထဲ၌ကြံအောက်မေ့သည်မှာ မြတ်စွာဘုရား ရှင်တော်ဘုရားတို့သည် အတိတ်စသောအားဖြင့် ပြားသောအလုံးစုံကို အကုန် အစဉ်သိမြင်နိုင်ကြကုန်၏။ တဆဲ့ခြောက်ပါးသော အခြင်းအရာတို့ဖြင့် သတ္တဝါတို့၏ စိတ်ဖြစ်ပုံကို ပိုင်းခြားနိုင်ကြကုန်၏ဟု ရှင်တော်မြတ်ဘုရားတို့၏ အလုပ်အကျွေးသည် အကျွန်ုပ်အား ပြောဆိုအပ်ပါ၏။

အကယ်၍ မသိကြကုန်သည်ဖြစ်ခဲ့အံ့ အကျွန်ုပ်၏အိမ်သို့ မဝင်ကြပါကုန်လင့် ဝင်ကြကုန်သော အရှင်တို့အလို့ငှါ ယာဂုဆွမ်းစသည်တို့သည် တစုံတခုမျှမရှိကုန် အလုံးစုံသော အရှင်တို့ကို မီးကျီးတွင်း၌ချ၍ နှိက်စက်ပါအံ့ဟု ကြံအောက်မေ့၏။ ဤသို့ ကြံအောက်မေ့ပြီးလျှင် ဘုရားရှင်၏ သပိတ်တော်ကို ယူ၍ မြတ်စွာဘုရား ဤအရပ်သို့ ကြွတော်မူကြပါဟုဆိုလျက် မြတ်စွာဘုရား အကျွန်ုပ်တို့၏ အိမ်သို့လာကုန်သော သူတို့သည် ပြုသင့်သော ကျင့်ဝတ်ကိုသိ၍ လာခြင်းငှါ သင့်လျော်ပါသည် ဘုရားဟု လျှောက်လေ၏။ ဒါယကာ အဘယ်သို့သော ကျင့်ဝတ်ကို ပြုခြင်းငှါ သင့်သနည်းဟု မေးတော်မူလျှင် တပါးစီတပါးစီ ဝင်သဖြင့် ရှေ့သို့သွား၍ ထိုင်နေပြီးသောအခါ နောက်မှ တပါးသော ရဟန်းသည် ကြွလာခြင်းငှါ သင့်ပါသည်ဘုရားဟု လျှောက်ပြန်လေ၏။

[ဤသို့ ထိုဂရဟဒိန္နအား အကြံဖြစ်ပေါ်သတတ် ရှေ့မှသွားသောသူ မီးကျီးတွင်း၌ လိမ့်ကျသည်ကို တွေ့မြင်ရလျှင် နောက်မှလာကုန်သော ကြွင်းကျန်သောသူတို့သည် မလာရောက်ကြကုန်လတ္တံ့ တယောက်ချင်း တယောက်ချင်းကိုသာလျှင် လိမ့်ကျစေပြီးလျှင် နှိပ်စက်ညှဉ်းပန်းခြင်းကို ပြုပေအံ့ ဤကားဖြစ်သောအကြံတည်း။]

ဘုရားရှင်သည်လည်း ကောင်းပြီဟု ဝန်ခံတော်မူ၍ ကိုယ်တော်မြတ် တပါးတည်းသာလျှင် ကြွသွားတော်မူလေ၏။ ဂရဟဒိန္နသူကြွယ်သည် မီးကျီးတွင်း၏ အနီးသို့ရောက်လျှင် နောက်သို့ ဆုတ်၍ ရပ်တည်နေသော မြတ်စွာဘုရားကို ရှင်တော်မြတ်ဘုရား ရှေ့သို့တိုး၍ ကြွတော်မူပါဦး ဘုရားဟု လျှောက်လေ၏။ ထိုအခါ ဘုရားရှင်လည်း မီးကျီးတွင်း အထက်၌ ခြေတော်ကို ဆန့်လှမ်းတော်မူလေ၏။ ဖျာသည်လည်း ကွယ်ပျောက်လေ၏။ မီးကျီးတွင်းကို ဖေါက်ခွဲလျက် လှည်းဘီးစက် အတိုင်းအရှည်ရှိသော ပဒုမာကြာပွင့်တို့သည် ပေါ်ပေါက်လာကြလေကုန်၏။

ဘုရားရှင်သည်လည်း ပဒုမာကြာချပ်၏ အချက်၌နင်းလျက် ကြွလှမ်းတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ သီတင်းသုံး နေတော်မူလေ၏။ ရဟန်းတို့သည်လည်း ထို့အတူသာလျှင် ကြွသွား ကြကုန်၍ သီတင်းသုံး နေတော်မူကြလေကုန်၏။ ဂရဟဒိန္နသူကြွယ်၏ကိုယ်မှ ပူလောင်သကဲ့သို့ ထကြွဖြစ်ပေါ်လာလေ၏။

အချည်းနှီးသောအိုး၌ ဆွမ်းစသည် ပြည့်နေခြင်း

ထိုဂရဟဒိန္နသူကြွယ်သည် လျင်မြန်စွာသွား၍ သိရိဂုတ္တသူကြွယ်သို့ ချဉ်းကပ်ပြီးလျှင် အရှင် သိရိဂုတ္တ သင်သည်ငါ၏ မှီခိုပုန်းအောင်းရာ ဖြစ်ပါလော့ဟု တောင်းပန် ပြောဆို၏။ ဤတောင်းပန် စကား ပြောကြားကြောင်း အမှုကား အဘယ်နည်းဟု မေးသည်ရှိသော် အဆွေရဟန်းငါးရာတို့အား ကျွေးမွေးလှူဒါန်းရန် ငါ၏ အိမ်၌ ယာဂုသည်၎င်း ဆွမ်းစသည်တို့သည်၎င်း မရှိပါကုန် အဘယ်သို့ ပြုရပါအံ့နည်းဟု ပြောပြန်သဖြင့် အသို့နည်း အသင်သည် အဘယ်သို့သော အမှုကို ပြုထား လေဘိသနည်းဟု မေးပြန်၏။

ငါသည် အိမ်နှစ်ခုတို့၏ အကြား၌ ကြီးစွာသော တွင်းကို ရှားမီးကြီးဖြင့်ပြည့်အောင် ပြုလုပ်ထား စေမိ၏ ထိုရှားမီးကျီးတွင်း၌ လိမ့်ကျစေ၍ နှိပ်စက်အံ့ဟု ကြံမိပါ၏။ ထိုသို့ကြံစည်ပြုလုပ် ပါသော်လည်း မီးကျီးတွင်းကို ဖောက်ခွဲ၍ ပဒုမာကြာပွင့်ကြီးတို့သည် ပေါ်ပေါက်လာကြ လေကုန်ပြီ။

အလုံးစုံသော ရဟန်းတို့သည် ထိုပေါ်ပေါက်လာသော ပဒုမာကြာပွင့်ချပ်၏ အချက်၌နင်းကာ ကြွသွားတော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ သီတင်းသုံး နေထိုင်တော်မူကြကုန်ပြီ။ အိုအရှင် သိရိဂုတ္တ ယခုအခါ အဘယ်သို့ပြုရအံ့နည်း ဟု ပြောဆိုပြန်သော် ယခုပင်လျှင် သင်သည်ငါ့အား ဤမျှ အတိုင်းအရှည်ရှိသော အိုးတို့သည် ယာဂု ဤမျှအတိုင်းအရှည်ရှိသော အိုးတို့သည် ဆွမ်း စသည် တို့ဟူ၍ ပြသည်မဟုတ်လော ဟုမေးလျှင် အရှင် မဟုတ်မမှန်သောစကားကို ပြောဆိုပါ သည်၊ အိုးတို့ကား အချည်းနှီးသာတည်းဟု ဆိုသဖြင့် ထိုသို့ပင်ဖြစ်စေကာမူ သွားသာသွားချေ ထိုအိုးတို့၌ ယာဂုစသည်တို့ကို ကြည့်ရှုပါဦးလော့ဟု ဆိုလေ၏။

ထိုဆိုသောခဏ၌ပင်လျှင် ဂရဟဒိန္န သူကြွယ်သည် ယာဂုအိုးတို့၌ ယာဂုဟူ၍ ဆိုသောကြောင့် ယာဂုဖြင့်ပြည့်ကုန်၏။ ဆွမ်းစသည်တို့ကို ဆိုသောကြောင့် ဆွမ်းစသည်တို့သည် အပြည့်သာလျှင် ဖြစ်ကုန်၏။ ထိုသို့ပြည့်စုံခြင်းကို မြင်လျှင် မြင်ခြင်း ဂရဟဒိန္နသူကြွယ်၏ တကိုယ်လုံးသည် နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းဖြင့် ထက်ဝန်းကျင်ပြည့်သော စိတ်ရှိသည်ဖြစ်၍ ကြည်ကြည် လင်လင် ဖြစ်လေ၏။

ထိုဂရဟဒိန္နသည် ရိုသေကောင်းမွန်စွာ ဘုရားအမှူးရှိသော ရဟန်း သင်္ဃာတော် အပေါင်းကို ဆွမ်း လုပ်ကျွေး၍ ပြုအပ်ပြီးသော ဆွမ်းစားခြင်းကိစ္စ ရှိတော်မူသော မြတ်စွာဘုရားအား ဆွမ်းအနုမောဒနာ ပြုစေလိုသောကြောင့် သပိတ်တော်ကို ယူလေ၏။ မြတ်စွာဘုရားသည် အနုမောဒနာတရား ဟောကြားတော်မူသည် ရှိသော် ဤသတ္တဝါတို့သည် ပညာမျက်စိ မရှိခြင်းကြောင့် ငါဘုရား၏၎င်း တပည့် သာဝကတို့၏၎င်း ငါဘုရား သာသနာတော်၏၎င်း ဂုဏ်ကျေးဇူးတော်ကို မသိနိုင်ကြကုန်၊ ပညာမျက်စိမှ ကင်းကုန်သော သူတို့သည် သူကန်းတို့ မည်ကုန်၏။ ပညာရှိကုန်သော သူတို့သည်သာ မျက်စိရှိကုန်သောသူတို့ မည်ကုန်၏ ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဒေသနာတော်

၅၈။ ယထာ သင်္ကာရဌာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။

၅၉။ ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

မဟာပထေ၊ သွားရာခရီးလမ်းမကြီး၌။ ဥဇ္ဈိတသ္မိံ ၊ စွန့်ပစ်ထားအပ်သော။ တတ္ထသင်္ကာရဌာနသ္မိံ၊ ထိုသို့သဘောရှိသော တံမြက်ချေးစုံ ရွံဖွယ်ထုံသော အမှိုက်ပုံ၌။ သုစိဂန္ဓံ၊ စင်ကြယ်သန့်ရှင်း ထုံသင်းပျံ့ပျံ့ ကောင်းသော ရနံ့ရှိသော။ မနောရမံ၊ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော။ ပဒုမံ၊ ပဒုမာကြာပန်းသည်။ ဇာယေထ ယထာ၊ ပေါက်ရောက်လာသကဲ့သို့—

ဧဝံတထာ၊ ဤအတူ။ သင်္ကာရဘူတေသု၊ တံမြက်ချေးစုသဖွယ် ဖြစ်၍ ဖြစ်ကုန်သော။ အန္ဓဘူတေ-အန္ဓဘူတေသု၊ ပညာမျက်စိကင်းခြင်းကြောင့် အကန်း ဖွယ်ဖြစ်၍ ဖြစ်ကုန်သော။ ပုထုဇ္ဇနေ-ပုထုဇ္ဇနေသု၊ ပုထုဇဉ် ပုဂ္ဂိုလ်တို့၌။ ဇာတော၊ ဖြစ်သော။ သမ္မာသမ္ဗုဒ္ဓသာဝကော၊ ဘုရားတပည့်သားသည်။ ပညာယ၊ မိမိပညာဖြင့်။ အတိရောစတိ၊ အလွန်တင့်တယ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ဂရဟဒိန္နသူကြွယ်သည်၎င်း၊ သိရိဂုတ္တသူကြွယ်သည်၎င်း သောတာပတ္တိဖိုလ်သို့ ရောက်ကြလေကုန်၏။ ထိုဂရဟဒိန္န သူကြွယ်နှင့် သိရိဂုတ္တ သူကြွယ်တို့သည် မိမိတို့၏ဥစ္စာအလုံးစုံကို ဘုရားသာသနာတော်၌ စွန့်ကြဲပေးကမ်း လှူဒါန်းကြလေကုန်၏။

ခဒိရင်္ဂါရဇာတ် ဟောခြင်းအမြွက်

ဘုရားရှင်သည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ မြတ်စွာဘုရားတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ မည်သည်ကား သြော် အံ့ဖွယ်ရှိပါပေစ္စတကား၊ ထိုသို့ သဘောရှိသည် မည်သော ရှားမီးကျီးအစုကို ဖောက်ခွဲ၍ ပဒုမာကြာပွင့်တို့သည် ပေါက်ရောက် ကုန်သည်တကား ဟူသောစကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူသည်ဖြစ်၍ ဤမည်သော စကားဖြင့် စည်းဝေးကြပါသည် ဘုရားဟု လျှောက်ကြားလတ်သည်ရှိသော် ယခုအခါ၌ ဘုရားဖြစ်တော်မူသော ငါ့အား ရှားမီးကျီးခဲအစုမှ ဖောက်ခွဲ၍ ပဒုမာကြာပန်းတို့ ပေါက်လာကုန်သည်ကား အံ့ဩဖွယ် မရှိလှသေး ဉာဏ်ပညာ မရင့်သေးမီကပင် ဘုရားလောင်းတော်ဖြစ်၍ ဖြစ်သော ငါ့အားလည်း ပဒုမာကြာပန်းတို့သည် ပေါက်လာကုန်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူလျှင် မြတ်စွာဘုရား အဘယ်အခါ၌ပါနည်း တပည့်တော်တို့အား မိန့်ကြားတော်မူပါဘုရားဟု တောင်းပန် အပ်သောကြောင့် အတိတ် ဆောင်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကာမံ ပတာမိ နိရယံ၊ ဥဒ္ဓံပါဒေါ အဝံသိရော။
နာနရိယံ ကရိဿာမိ၊ ဟန္ဒ ပိဏ္ဍံ ပဋိဂ္ဂဟ။

ဘန္တေ၊ ပစ္စေကဗောဓိသခင် အရှင်သူမြတ်ဘုရား။ အဟံ၊ ဆွမ်းအုပ် ပို့ရန် ရည်သန်ပြုလုပ် အကျွန်ုပ်သည်။ နိရယံ၊ အတောင်ရှစ်ဆယ် ကြီးကျယ်ဘိခြင်း ရှားမီးကျီးတွင်းဟူသော ငရဲသို့။ ဥဒ္ဓံပါဒေါ၊ ခြေမိုးမျှော်လျက်။ အဝံသိရော၊ ဦးခေါင်းစောက်ထိုးဖြစ်လျက်။ ကာမံပတာမိ၊ အကယ်စင်စစ် ကျသည်ဖြစ်စေကာမူ။ အနရိယံ၊ အလှူမပေးခြင်း သီလမစောင့်ခြင်း စသော မသူတော်တို့၏ အမှုကို။ နကရိဿာမိ၊ မပြုပါအံ့။ တုဝံ၊ ရှင်တော်ဘုရားသည်။ ဟန္ဒ၊ လွတ်လွတ် ကျွတ်ကျွတ်။ ပိဏ္ဍံ၊ တပည့်တော်၏ဆွမ်းကို။ ပဋိဂ္ဂဟ၊ ခံယူ သုံးဆောင်တော်မူပါဘုရား။

ဤသို့ ဤခဒိရင်္ဂါရ ဇာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူလေ၏။

ဂရဟဒိန္နသူကြွယ်ဝတ္ထု ပြီး၏။

ဤတွင်ရွေ့ကား လေးခုမြောက်သော ပုပ္ဖဝဂ်အဖွင့် ပြီး၏။

၅ - ဗာလဝဂ်

၁ - ပသေနဒီကောသလမင်းကြီးနှင့် မထင်ရှားသော ယောက်ျားဝတ္ထု

ဒီဃာ ဇာဂရတော ရတ္တိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပသေနဒီကောသလမင်းကြီးကို၎င်း မထင်ရှားသော ယောက်ျားကို၎င်း အကြောင်းပြု၍ ဟောတော်မူလေ၏။

မယား လိုချင်သဖြင့် လင်အား ရာထူးပေးခြင်း

သာဝတ္ထိပြည်ကြီးကို အစိုးရတော်မူသော ဘုရင်ပသေနဒီ ကောသလမင်းကြီးသည် တခုသော ပွဲသဘင်နေ့၌ တန်းဆာဆင်ခြင်းနှင့်စပ်သော တကိုယ်လုံး ဖွေးဖွေးဖြူသော ပုဏ္ဍရီကမည်သော ဆင်တစီးကို တက်စီး၍ ကြီးစွာသောမင်း၏ အာနုဘော်ဖြင့် ပြည်ကိုလက်ျာရစ် လှည့်လည်ခြင်းကို ပြုသတတ်။ များစွာသော လူတို့အစုအရုံးသည် ဖြစ်လတ်သည်ရှိသော် ခဲ တုတ် စသည်တို့ဖြင့် ပုတ်ခတ်အပ်ကာ ပြေးစေသော်လည်း လူများအပေါင်းသည် လည်ပင်းကိုပြန်လှည့်၍ပင် ကြည့်ရှုသေးသည် သာတည်း။

[ဤသို့ပြန်ကြည့်ရှုခြင်းကား မင်းတို့၏ကောင်းမွန်စွာ လှူခဲ့သော သက္ကစ္စ ဒါန အကျိုးဆက် အာနိသံသ ဖြစ်ပေသတတ်။]

မထင်ရှားသော လူဆင်းရဲတယောက်၏ မယားသည်လည်း ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင်၌ တည်နေလျက် တခုသော လေသာပြူတင်း တံခါးရွက်ကို ဖွင့်၍ကြည့်ပြီးမှ ဖဲသွားလေ၏။ ပသေနဒီကောသလမင်းကြီး၏ စိတ်၌လပြည့်ဝန်းသည် တိမ်တိုက်ကြားသို့ ဝင်၍ သွားဘိသကဲ့သို့ အောက်မေ့ မှတ်ထင်လေ၏။

မင်းကြီးသည် ထိုမိန်းမအား တပ်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဆင်ကျောက်ကုန်းထက်မှ လိမ့်ကျအံ့သော အခြင်းအရာသို့ ရောက်ဘိသကဲ့ သို့ဖြစ်ရကား လျင်မြန်စွာ ပြည်ကို လက်ျာရစ် လှည့်လျက် နန်းတော်တွင်းဝင်ပြီးလျှင် မင်းကျွမ်းဝင်သော အမတ်တယောက်ကို ဤမည်သော အရပ်သို့ ရောက်လတ်သော် ငါကြည့်အပ်သော ပြာသာဒ်ကို သင်မြင်၏လောဟု မိန့်မြွက်တော် မူလေ၏။

အရှင်မင်းကြီး မြင်ပါသည်ဘုရားဟု လျှောက်တင်လတ်သော် ထိုပြာသာဒ်၌ တယောက်သော မိန်းမကို မြင်မိ၏လောဟု မေးတော်မူပြန်၏။ အရှင်မင်းကြီးမြင် မိပါသည်ဟု လျှောက်ကြားသော ကာလ၌ အချင်းအမတ် သွားတဲ့ချေလော့ ထိုမိန်းမ၏ လင်ရှိသည်အဖြစ် မရှိသည်အဖြစ်ကို သိအောင်ပြုလော့ဟု ခိုင်းစေသောကြောင့် အမတ်သည် သွားပြီးလျှင် ထိုမိန်းမ၏ လင်ရှိသည် အဖြစ်ကို သိရသဖြင့် ပြန်လာ၍မင်းကြီးအား လင်ရှိမယား ဖြစ်ပါကြောင်းနှင့် လျှောက်တင်လေ၏။

ထိုအခါမင်းကြီးသည် ထိုသို့ဖြစ်မူ ထိုမိန်းမ၏ခင်ပွန်း အရှင်လင်ယောက်ျားကို ခေါ်ဆောင်ခဲ့လော့ဟု ဆိုပြန်သည်ရှိသော် အမတ်လည်း သွားရောက်၍ အို အချင်းယောက်ျား လာလော့ မင်းကြီးသည် သင့်ကို ခေါ်တော်မူ၏ဟု ပြောဆိုလေ၏။ ထိုယောက်ျားလည်း ဤသို့ကြံစည်၏ ငါ့အားမယားကို မှီ၍ဘေး ဖြစ်ခြင်းသည် ဖြစ်ရာ၏ဟု ကြံစည်လျက် မင်း၏အာဏာကို ဖီဆန်ခြင်းငှါ မတတ်နိုင် ရကား လိုက်သွား၍ မင်းကြီးကိုရှိခိုးကာ ရပ်တည်နေလေ၏။

ထိုအခါမင်းကြီးသည် အချင်းယောက်ျား ယနေ့မှစ၍ ငါ့အား ခစားလုပ်ကျွေးရမည်ဟု မိန့်တော်မူ လေ၏။ အရှင်မင်းကြီး အလိုဆန္ဒမရှိလှပါ မိမိ၏အမှုကိုပြုလုပ်၍ အရှင်မင်းကြီးတို့အား အခွန် အတုတ်ကို ဆက်သွင်းပါမည် အိမ်၌သာလျှင် နေ၍ ကျွန်တော်မျိုး၏ အသက်ရှည်ခြင်းသည် ဖြစ်ပါစေ ဟုလျှောက်လေ၏။ သင်၏ အခွန်အတုတ်ဖြင့် ငါ့အားအလိုမရှိ ယနေ့မှစ၍ ငါ့အား ခစားလုပ်ကျွေးခြင်းကို ပြုဘိလော့ဟု ဆို၍ ထိုယောကျ်ားအား ကာကို၎င်း လက်နက်ကို၎င်း ပေးစေတော်မူလေ၏။

[မင်းကြီး၏အကြံကား ဤသို့ဖြစ်သတတ်။ တစုံတခုသောအပြစ်ကို ထို ယောက်ျားအပေါ်၌တင်၍ သတ်ပြီးမှ ထိုယောက်ျား၏မယားကို ငါယူမည် ဤကား မင်းကြီး၏အကြံတည်း။]

ထိုအခါ ထိုယောက်ျားသည် သေဘေးမှတွေးတော ရွံ့ကြောက်သည်ဖြစ်၍ မမေ့မလျော့သာလျှင် မင်းကြီးအား ခစားလုပ်ကျွေးရလေ၏။

ကြာပန်းနှင့် မြေနီယူခိုင်းခြင်း

ထိုအခါ မင်းကြီးသည် ထိုယောကျ်ား၏အပေါ်၌ အပြစ်ဒေါသကို မမြင်သည် ရှိသော် ကာမ ဂုဏ်နှောင် ပူလောင်ပြင်းပြ ကြီးပွါးလှသည်ဖြစ်၍ ထိုယောကျ်ားအား တခုသော အပြစ်ကိုတင်၍ မင်း၏အာဏာကို ပြုအံ့ဟုကြံ၍ ထိုယောက်ျားကို ခေါ်စေပြီးလျှင် အချင်းယောက်ျား ဤ နေပြည်တော်မှ တယူဇနာထက်၌ မြစ်တခု၏ ဤအမည်ရှိသော အရပ်သို့သွားပြီးလျှင် ညချမ်းအခါ ငါဘုရင်မင်းမြတ် ရေချိုးချိန်၌ ကုမုဒြာ ကြာပန်းတို့ကို၎င်း၊ အရုဏဝတီ မြေကို၎င်း ဆောင်ချေ လော့ ထိုအချိန် အခါ၌ အကယ်၍မရောက်လာနိုင်ခဲ့သော် သင့်အား မင်းအာဏာကို ပြုအံ့ဟု ဤသို့ မိန့်တော်မူလေ၏။

ထိုမင်းခယောက်ျားသည် ကျွန်လေးမျိုးတို့အောက် ယုတ်ညံ့လှစွာ၏ ငွေဝယ်ကျွန်စသည်တို့ကား ငါ၏ခေါင်းကိုက်၏ ငါ၏ကျောက်ကုန်းနာ၏ ဟူသောစကားကို တောင်းပန်ပြောဆို၍နေခြင်းငှါ ရကြ ကုန်သေး၏၊ မင်းခယောက်ျားအား ထိုသို့နေနိုင်ခွင့်မရှိ စေခိုင်းအပ်သောအမှုကို ပြုခြင်းငှါသာ သင့်၏။ ထို့ကြောင့် ထိုမင်းခယောက်ျားသည် မချွတ်ငါကား သွားရတော့အံ့ ကုမုဒြာကြာပန်းတို့နှင့် အရုဏဝတီမြေ မည်သည်ကား နဂါးပြည်၌သာလျှင် ရှိသည်ဖြစ်လေ၏။

ငါသည် အဘယ်၌ ရနိုင်ပါအံ့နည်းဟု ကြံစည်လျက် သေအံ့သောဘေးမှ တွေးတော ရွံ့ကြောက်သည်ဖြစ်၍ လျင်မြန်စွာအိမ်သို့ သွားပြီးလျှင် ချစ်နှမ ငါ့အလို့ငှါ ထမင်းကျက်ပြီလောဟု မေးလေ၏။ အရှင်ခုံလောက် ထက်၌သာ ရှိပါသေးသည်ဟု ဆိုလတ်သော် ထိုယောက်ျားသည် ထမင်းအိုးကို ကျကာလတိုင်အောင် တည်တံ့ဆိုင်းငံ့၍ နေခြင်းငှါ မတတ်နိုင်ရကား ဟင်းချိုမှုတ်ဖြင့် ပအုံးရည်ကို ဆောင်စေ၍ ရတိုင်းသောဟင်းလျာနှင့်တကွ ချွေးမတိတ်သေးသဖြင့် စိုစွတ်သော ထမင်းကိုသာလျှင် ပချုပ်တောင်း၌ သိပ်ထည့်ကာ ယူဆောင်လျက် တယူဇနာရှိသော ခရီး တိုင်အောင် ပြေးသွားသည်ရှိသော် ထိုယောက်ျား၏ သွားစဉ်ပင် ထမင်းသည် ကျက်ခြင်း နပ်ခြင်း ဖြစ်ရလေ၏။

အမျှဝေခြင်းအကျိုး

ထိုယောက်ျားသည် အကြွင်းအကျန် ဖြစ်အောင် မပြုလိုသဖြင့် အတန်ငယ်သော စားဦးထမင်းကို ဖယ်ထား၍ ထမင်းကို စားနေစဉ် ခရီးသွား တယောက်ကို မြင်ရလျှင် အရှင်ငါသည် ဖယ်၍ ထားသော အကြွင်းအကျန် မဟုတ်သော အတန်ငယ်သော ထမင်းသည်ရှိ၏။ ယူ၍စားပါလော့ဟု ဆိုလေ၏။ ခရီးသွား ယောက်ျားလည်း ယူ၍စားလေ၏။

မင်းခယောက်ျားလည်း မိမိစားပြီး၍ ထမင်းတဆုပ်ကိုရေ၌ စွန့်ကြဲပြီးလျှင် ခံတွင်းကို ဆေးကြော၍ ကျယ်စွာသော အသံဖြင့် ဤမြစ်အရပ်၌ စောင့်ရှောက် စိုးအုပ်ကာနေကြကုန်သော နဂါး ဂဠုန် နတ် တို့သည် အကျွန်ုပ်၏စကားကို နာတော်မူကြပါကုန်လော့ မင်းကြီးသည် အကျွန်ုပ်အား မင်းအာဏာ ကိုပြုလိုသောကြောင့် ကုမုဒြာကြာပန်းနှင့်တကွ အရုဏဝတီမြေကို ဆောင်ချေဟု မိန့်မြွက်၍ အကျွန်ုပ်ကို စေလွှတ်တော်မူ၏။

ခရီးသွားယောက်ျား လူတယောက်အားလည်း အကျွနု်ပ်သည်ထမင်း ပေးလှူအပ်ပါ၏။ ထို အလှူသည် တထောင်သော အကျိုးအာနိသင် ရှိပါ၏။ ရေ၌ငါးတို့အားလည်း ပေးလှူအပ်ပါ၏။ ထိုအလှူသည် တရာသော အကျိုးအာနိသင် ရှိပါ၏။ ဤမျှလောက်သော ကောင်းမှုအကျိုးကို အသင်တို့ အလို့ငှါ အဘိုးပြု၍ အမျှပေးဝေပါ၏။ အကျွန်ုပ်အား ကုမုဒြာကြာပန်းနှင့် အရုဏဝတီ မြေညက်ကို ဆောင်ယူ၍ ပေးသနားတော်မူကြပါကုန်လောဟု ဆိုလျက် သုံးကြိမ်တိုင်အောင် ကြား သိစေလေ၏။ (ကြွေးကြော်လေ၏) ။

ထိုမြစ်အရပ်၌ စောင့်ရှောက် စိုးအုပ်ကာနေသော နဂါးမင်းကြီးသည် ထိုအသံကို ကြားရလျှင် သူအို၏ အသွင်ဖြင့် ထိုမင်းခယောက်ျား၏ အထံသို့ သွားရောက်၍ အသင်သည်အဘယ်ကို ဟစ်အော် ပြောဆိုသနည်းဟု မေးလေ၏။ ထိုယောက်ျားသည် နောက်ထပ်တဖန် ရှေးနည်းအတူ သာလျှင် ပြောကြားပြန်သောကြောင့် ငါ့အား ထိုအလှူအဖို့ကို ပေးပါလော့ဟု နဂါးမင်းက ဆိုလတ် သည်ရှိသော် ပေးဝေပါ၏ဟုပြောဆို၏။ နောက်ထပ် တဖန် ပေးပါလော့ဟု ဆိုပြန်သောအခါ အရှင် ပေးဝေပါ၏ဟု ပြောဆို၏။ ဤသို့နဂါးမင်းသည် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် အလှူအဖို့ကို ပေးဝေစေပြီးလျှင် ကုမုဒြာကြာပန်းနှင့်တကွ အရုဏဝတီမြေညက်ကို ယူဆောင်၍ ပေးလိုက် လေ၏။

မြို့တံခါး ပိတ်ထား၍ ကျောင်းသို့သွားရခြင်း

ပသေနဒီကောသလ မင်းကြီးသည်လည်း လူတို့မည်သည်ကား များသောလှည့်ပတ်ခြင်းရှိကုန်၏ ထိုယောက်ျားသည် တစုံတခုသော ဥပါယ်တမျဉ် အကြောင်းအရာဖြင့် အကယ်၍ ရခဲ့သည်ဖြစ်အံ့ ငါ့အားကိစ္စပြီးခြင်း မဖြစ်ရာဟု ကြံဆင်ခြင် တော်မူ၏။ ဤသို့ကြံဆင်ခြင်တော်မူပြီးလျှင် စောစောကလျှင် မြို့တံခါးကိုပိတ်ထားစေ၍ ကမ္ပည်းတံဆိပ် သံကောက်သော့ကို မိမိ၏အထံသို့ ဆောင်ယူလာစေ၏။ မင်းခယောက်ျားလည်း မင်းကြီးရေချိုးအံ့သော အချိန်အခါ၌သာလျှင် လာရောက်၍ တံခါးကို ဝင်ခွင့်မရခြင်းကြောင့် တံခါးစောင့်ကိုခေါ်စေ၍ တံခါးကိုဖွင့်ပါလော့ ဟု ဆိုလေ၏။

တံခါးကိုဖွင့်ခြင်းငှါ မတတ်နိုင်ပါ မင်းကြီးသည် စောစောကလျှင် တံဆိပ်ခတ်နှိပ်၍ သော့ခတ်၍ သော့ကို မင်းအိမ် နန်းတော်သို့ ဆောင်ယူစေပါပြီဟု ပြောဆို၏။ ထိုယောက်ျားက ငါသည် မင်းကြီး စေလွှတ်အပ်သောတမန် ဖြစ်ပါသည် တံခါးကိုဖွင့်၍ပေးပါလော့ဟု ပြောဆိုသော်လည်း ဝင်ရန် တံခါးကိုမရသည်ဖြစ်၍ ဤယခုအခါ၌ ငါအား အသက်သည် ရှိတော့မည်မဟုတ် အဘယ်သို့ ပြုရပါအံ့နည်း ဟုကြံစည်လျက် တံခါး၏ အထက်တံခါးခုံ၌ မြေညက်စိုင်ခဲကို တင်ထားပြီးလျှင် ထိုမြေညက်စိုင်ခဲ၏ အထက်၌ ကြာပန်းတို့ကိုဆွဲထား၍ ကျယ်စွာသောအသံကိုပြုလျက် အို - တိုင်းသူပြည်သား လူအများတို့ မင်းကြီး၏စေခိုင်းသော အာဏာဖြင့် အကျွန်ုပ်သွားရသည်အဖြစ်ကို အသင်တို့သည် သိကြပါကုန်လော့၊ မင်းကြီးသည် အကျွန်ုပ်ကို အကြောင်းမဲ့ ဖျက်ဆီးခြင်းငှါ အလိုရှိပါ၏ ဟုသုံးကြိမ် တိုင်အောင် ဟစ်အော်ပြီးမှ ငါသည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု ကြံစည်၍ ရဟန်းတော်တို့ မည်သည်ကား နူးညံ့သိမ်မွေ့သော စိတ်နှလုံး ရှိကြကုန်၏။ ကျောင်းသို့ သွား၍အိပ်တော့အံ့ဟု ဆုံးဖြတ်ခြင်းကိုပြုရလေ၏။

[ဤသတ္တဝါတို့ မည်သည်ကား ချမ်းသာသော ကာလ၌ ရဟန်းတော်တို့၏ ရှိသည့် အဖြစ်ကို သော်လည်း မသိ ဆင်းရဲဖြင့် နှိပ်စက်အပ်ကုန်သော်ကား ကျောင်းသို့ သွားခြင်းငှါ အလိုရှိကုန် သည်သာတည်း။]

ထို့ကြောင့် ထိုမင်းခယောက်ျားသည်လည်း ငါ့အား တပါးသော ကိုးကွယ်ရာ မည်သည် မရှိလေပြီ ဟုကြံ၍ ကျောင်းသို့သွားပြီးလျှင် ချမ်းသာရာနေရာတခု၌ အိပ်လေ၏။ ထိုအခါ ပသေနဒီ ကောသလမင်းကြီးသည်လည်း ထိုညဉ့်၌အိပ်ပျော်ခြင်းကို မရသဖြင့် ထိုမိန်းမကို အောက်မေ့ ကြံစည်စဉ် ကာမတဏှာ တည်းဟူသော ပြင်းစွာသော ပူလောင်ခြင်းသည် ဖြစ်လေ၏ ထိုသို့ ကာမတဏှာ ပူလောင်ခြင်းဖြင့် နှိပ်စက်အပ်သော ထိုပသေနဒီ ကောသလမင်းကြီးသည် မိုးလင်း စင်သောခဏ၌သာလျှင် ထိုယောက်ျားကို သတ်၍ ထိုမိန်းမကို ဆောင်ယူ သိမ်းပိုက်တော့အံ့ဟု ကြံစည်အောက်မေ့၍ နေလေ၏။

ဒု - သ - န - သော ဟု ကြားရပုံ

ထိုခဏ၌ပင်လျှင် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲ၌ ဖြစ်ကြကုန်သော ယောက်ျား လေးယောက်တို့သည် ကျိုက်ကျိုက်ဆူသော ထမင်းအိုး၌ ဆန်တို့ကဲ့သို့ တပြောင်းပြန်ပြန် ကျက်ကုန်လျက် အနှစ်သုံးသောင်းတို့ကြာမှ အောက်အပြင်သို့ ရောက်၍ တပါးသော အနှစ် သုံးသောင်းတို့ကြာမှ တဖန် အိုးမျက်နှာဝသို့ ရောက်ကြလေကုန်၏။ ထိုငရဲသား လေးယောက် တို့သည် ဦးခေါင်းကိုပင့်မြှောက်၍ အချင်းချင်းကိုကြည့်ရှုပြီးလျှင် ဂါထာတခုတခုစီ ဆိုလိုကုန်လျက် ထိုဂါထာကို ရွတ်ဆိုခြင်းငှါ မစွမ်းနိုင်ကုန်ရကား အက္ခရာတလုံးတလုံး စီကိုသာ ရွတ်ဆိုနိုင်သဖြင့် ပြန်လည်၍ လောဟကုမ္ဘီငရဲသို့သာ နစ်မြုပ်ဝင်သွား ပြန်လေကုန်၏။

ပသေနဒီကောသလမင်းကြီးသည် မအိပ်နိုင်မူ၍ သန်းခေါင်ယာမ်၏ အခြားမဲ့၌ ထိုအသံကို ကြားရလျှင် ကြောက်ရွံ့ထိတ်လန့်သော စိတ်ရှိရကား အသို့နည်း ငါ၏အသက် အန္တရာယ်တည်း ဖြစ်လတ္တံ့လေလော။ သို့တည်းမဟုတ် ငါ၏တောင်ညာဒေဝီ မဟေသီမိဖုယားကြီး၏ အသက် အန္တရာယ်တည်း ဖြစ်လတ္တံ့လေလော။ သို့တည်းမဟုတ် ငါ၏တိုင်းပြည်ကြီးသည်ပင် ပျက်စီးလတ္တံ့ လောဟု ကြံစည်အောက်မေ့လျက် တညဉ့်ပတ်လုံး မျက်စိတို့ကိုမှိတ်ခြင်းငှါ မတတ်နိုင်ဘဲ ရှိလေ၏။

ထိုပသေနဒီကောသလ မင်းကြီးသည် အရုဏ်တက်သောအခါ၌ပင် ပုရောဟိတ် ပုဏ္ဏားကို ခေါ်စေတော်မူ၍ ဆရာပုဏ္ဏား ငါဘုရင်မင်းမြတ်သည် သန်းခေါင်ယာမ်၏ အခြားမဲ့၌ ကြီးသော ကြောက်မက်ဖွယ်သော အသံကို ကြားအပ်၏။ တိုင်းပြည်အား၎င်း မိဖုယားကြီးအား၎င်း ငါဘုရင် မင်းမြတ်အား၎င်း အဘယ်သူအား အန္တရာယ်သည် ဖြစ်လတ္တံ့ဟု မသိရ။ ထို့ကြောင့် ငါဘုရင် မင်းမြတ်သည် အသင်ဆရာကို ခေါ်စေအပ်၏ဟု မိန့်ဆိုလေ၏။

မြတ်သောမင်းကြီး အဘယ်သို့သော အသံတို့ကို အရှင်မင်းကြီးသည် ကြားအပ်ပါကုန်သနည်းဟု မေးလျှင် ဆရာပုဏ္ဏား ဒု - ဟူ၍၎င်း၊ - ဟူ၍၎င်း၊ - ဟူ၍၎င်း၊ သော - ဟူ၍၎င်း ဤသို့ ဤ အသံကို ငါကြားရလေသည် ဤအသံလေးခုတို့၏ ဖြစ်ခြင်း အကျိုးအပြစ်ကို စူးစမ်းပါလော့ဟု မိန့်တော်မူလေ၏။

ဒု - သ - န - သော ပုဏ္ဏား ကိန်းဆင်ပုံ

ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးအား ကြီးစွာသော အမိုက်တိုက်သို့ သက်ဝင်သော သူအားကဲ့သို့ တစုံတခုသော အကျိုးအပြစ်သည် မထင်ရှားလေ။ သို့ရာတွင် အကျွန်ုပ်မသိပါဟု အကယ်၍ လျှောက်ကြားအပ်သည်ဖြစ်အံ့ ငါ့အား လာဘ်ပူဇော် သက္ကာရသည် ဆုတ်ယုတ်ပေလတ္တံ့ ဟု ကြောက်သောကြောင့် အရှင်မင်းမြတ် ဝန်လေးလှပါသည်ဟု လျှောက်လေ၏။

ဆရာပုရောဟိတ် အသို့ပါနည်းဟု မေးပြန်လတ်သော် အရှင်မင်းမြတ်၏ အသက်အန္တရာယ်သည် ထင်ပေါ်လာပါသည်ဟု ဆိုလျှင် မင်းကြီးသည် နှစ်ဆထက် ကြောက်လန့်သည်ဖြစ်၍ ဆရာ ပုရောဟိတ် ပယ်ဖျောက်တားမြစ်နိုင်သော တစုံတခုသော အကြောင်းရှိပါသလောဟု မေးတော်မူ လေ၏။

အရှင်မင်းမြတ် တားမြစ်နိုင်သော အကြောင်းသည်ရှိပါ၏။ ကြောက်လန့်တော်မမူပါလင့် အကျွန်ုပ် သည် ဗေဒင်သုံးပုံတို့ကိုသိပါ၏ဟု လျှောက်တင်လေ၏။ အဘယ်ကိုရခြင်းငှါ သင့်သနည်း ဟု မေးတော်မူပြန်သော် အရှင်မင်းမြတ် သဗ္ဗသတ မည်သော ယဇ်ကိုပူဇော်သဖြင့် အသက်ကို ရပါလတ္တံ့ ဟု လျှောက်တင်လေ၏။

အဘယ်ကိုရခြင်းငှါ သင့်သနည်းဟု ပုဏ္ဏားကိုမေးပြန်သော် -

  • ဆင်တရာ
  • မြင်းတရာ
  • နွားလားဥသဘတရာ
  • နို့ညှစ်နွားမတရာ
  • ဆိတ်မြန်မာတရာ
  • မြည်းတရာ
  • အာဇာနည် မြင်းတရာ
  • ဆိတ်ကုလားတရာ
  • ကြက်တရာ
  • ဝက်တရာ
  • သတို့သားတရာ
  • သတို့ သ္မီးတရာ

ဤသို့အားဖြင့် တဦးတဦးသော သတ္တဝါမျိုး၌ တရာစီပြု၍ ယူစေလေ၏။

[သားမျိုးချည်း သက်သက်ကိုသာလျှင် အကယ်၍ ယူစေငြားအံ့၊ မိမိ အလို့ငှါ စားဖွယ်ရာကို သာလျှင် ယူစေဘိသည်ဟု လူတို့ ဆိုကုန်လတ္တံ့။ ထို့ကြောင့် ဆင် မြင်း လူတို့ကိုလည်း ယူစေ လေသတည်း။]

မင်းကြီးလည်း ငါ၏အသက်သည်သာလျှင် ငါ့အားရထိုက်သော လာဘ်ကြီးတခု ဖြစ်ခဲ့၏ဟုကြံ၍ အလုံးစုံ သတ္တဝါတို့ကို လျင်မြန်စွာ ဖမ်းဆီးကြကုန်လော့ဟု စေခိုင်းတော်မူ၏။ စေခိုင်းအပ်သော လူတို့သည် စေခိုင်းသည်ထက် ပိုလွန်၍ ဖမ်းဆီးကြ လေကုန်၏။

[ထိုစကားသည်မှန်၏၊ ကောသလသံယုတ် ပါဠိတော်၌ တေနခေါပန သမယေန။လ။ ပရိကမ္မာနိ ကရောန္တိ ဟူ၍ မိန့်တော်မူအပ်ပြီ။ အဓိပ္ပါယ်ကား။ ပသေနဒီကောသလမင်းကြီး ယဇ်ပူဇော်ရန် ပြုလုပ်ရာ၌ နွားထီး နွားမ စသည်တို့ ငါးရာစီဖြစ်၍ ထိုယဇ်ပူဇော်ပွဲ၌ ပါဝင်သော ကျွန်အစေခံ အမှုလုပ်တို့သည် သေဘေးမှ ကြောက်လန့်ကုန်ရကား မျက်ရည်စက်လက် ငိုကြွေး မြည်တမ်း ကုန်လျက် အသတ်ခံရန် အစီအမံ ပရိကံကို ပြုလုပ်ကြရကုန်၏။ ဤကား အဓိပ္ပါယ်အမြွက်တည်း။]

များစွာသော လူအပေါင်းသည်လည်း မိမိ မိမိ၏ သားသ္မီး ဆွေမျိုး၏ သေဘေးမှ လွတ်စေခြင်း အကျိုးငှါ ဟစ်အော်ငိုကြွေး ပူဆွေးလျက် ကြီးစွာသော အသံကို ပြုကြလေကုန်၏။ မဟာပထဝီ မြေကြီးသည် ပဲ့တင်ထပ်ဘိသကဲ့သို့ ဖြစ်လေ၏ ။

မလ္လိကာမိဖုယားက ဘုရားထံ ခေါ်သွားခြင်း

ထိုအခါ မလ္လိကာမိဖုယားသည် ထိုအသံကိုကြားရ၍ မင်းကြီး၏ အထံသို့ သွားရောက်ပြီးလျှင် မြတ်သောမင်းကြီး အရှင်မင်းမြတ်၏ ဣန္ဒြေတို့သည် ပြကတေ့အတိုင်း မဟုတ်ကုန် နွမ်းနယ် ပင်ပန်းဘိသကဲ့သို့ ထင်ရှား ဖြစ်ပေါ်ချေပြီတကား အကြောင်းကား အသို့ပါနည်းဟု မေးလျှောက် လေ၏။

မလ္လိကာမိဖုယား သင်သည် ငါ၏နားရင်း၌ လျင်သော အဆိပ်ရှိသောမြွေ သွားနေသည်ကိုလည်း မသိလေသလောဟု မိန့်တော်မူလတ်သော် အရှင်မင်းကြီး ဤအကြောင်းကား အဘယ်ပါနည်းဟု မေးလျှောက်ပြန်လေ၏။ ညဉ့်အဖို့၌ ဤသို့ သဘောရှိသော အသံ မည်သည်ကို ကြားအပ်၏ ငါသည် ပုရောဟိတ်ပုဏ္ဏားကြီးကို မေးသည်ရှိသော် အသင်မင်းမြတ်၏ အသက်အန္တရာယ်သည် တွင်ပါ၏။ ထို့ကြောင့် သဗ္ဗသတမည်သော ယဇ်ကြီးကို ပူဇော်ပါမှ အသက်ကိုရပေလတ္တံ့ဟု လျှောက်တင်သောကြောင့် ငါ၏အသက်သည်သာလျှင် ငါ၏ကြီးစွာသော လာဘ်တခုဟု နှလုံးပြု၍ ဤသတ္တဝါတို့ကို ဖမ်းယူစေဘိ၏ဟု မိန့်တော်မူလေ၏။

မလ္လိကာမိဖုယားသည်လည်း မြတ်သောမင်းကြီး အရှင်မင်းကြီးသည် အလွန်မိုက်သည်သာလျှင် ဖြစ်ပေ၏။ အစားကြီးသောသူသည် အကယ်၍ကား ဖြစ်ခဲ့လေ၏။ များစွာသော စားမဲဟင်းလျာ အထူးရှိသော တစိတ်ချက်ထမင်းကို အကယ်၍ကား စားနိုင်ခဲ့၏။ တိုင်းကြီး နှစ်တိုင်းတို့၌ မင်းအဖြစ်ကို အကယ်၍ကား ပြုနိုင်၏။ ယင်းသို့ဖြစ်သော်လည်း အရှင်မင်းမြတ်၏ ပညာကား နည်ပါးလှပေ၏ဟု ဆိုလေ၏။

ထိုအခါ အဘယ်မိဖုယား သင်အဘယ့်ကြောင့် ဤသို့ဆိုဘိသနည်းဟု မေးလျှင် သူတပါး၏ သေခြင်းဖြင့် သူတပါး၏ အသက်ရခြင်းကို အဘယ်သို့လျှင် သင်မင်းကြီး မြင်ဖူးလေသနည်း။ အလွန်မိုက်လှစွာသော ပုဏ္ဏား၏စကားကိုယူ၍ လူများအပေါင်း၏ အထက်၌ ဆင်းရဲဒုက္ခကို အဘယ့်ကြောင့် ပစ်ချလိုဘိသနည်း။

မနီးမဝေး ဖြစ်သော ဇေတဝန်ကျောင်းတော်၌ နတ်နှင့်တကွသော လူအပေါင်း၏ အထွတ် အမြတ် ပုဂ္ဂိုလ်ဖြစ်သော အတိတ် စသည်တို့၌ အပိတ်အပင် အဆီးအတား ကင်းသော ဉာဏ်ရှိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံး နေတော်မူ၏။ ထို မြတ်စွာဘုရားကို မေးလျှောက်၍ မြတ်စွာဘုရား ၏ အဆုံးအမကိုသာ လိုက်နာ ပြုကျင့်တော်မူပါလော့ဟု လျှောက်ကြား ပြောဆိုအပ်သည်ရှိသော် ထိုအခါ မင်းကြီးသည် ပေါ့ပါးလျင်လျားသော ယာဉ်တို့ဖြင့် မလ္လိကာမိဖုယားနှင့်တကွ တက်စီး၍ ကျောင်းတော်သို သွားရောက်၍ သေအံ့သော ဘေးဖြင့် ခြိမ်းချောက်အပ်သောသူ ဖြစ်ရကား တစုံတခုသော စကားကိုမျှ ဆိုခြင်းငှါ မတတ်နိုင်သဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့်သော အရပ်၌နေထိုင်လေ၏။

ထိုအခါ မင်းကြီးကို မြတ်စွာတုရားသည် တကာတော်မင်းကြီး အသင်မင်းကြီးသည် ယခု နေ့လည် ကြောင်တောင်ဖြစ်သော မွန်းတည့်အခါ ကာလ၌ အဘယ်အရပ်မှ လာခဲ့သနည်းဟု ရှေးဦးစွာ စတင်လျက် ပြောဆို မေးမြန်းတော်မူလေ၏။ ပသေနဒီ ကောသလမင်းကြီးသည်ကား ဆိတ်ဆိတ် သာလျှင် ထိုင်နေလေ၏။

ထို့နောက်မှ မလ္လိကာမိဖုယားသည် မြတ်စွာဘုရားအား ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အရှင်မြတ်၏ တကာတော်မင်းကြီးသည် သန်းခေါင်ယာမ်၏ အခြားမဲ့၌ မကောင်းသောအသံကို ကြားရလေသတတ်။ ထိုအခါ ဤ မင်းကြီးသည် ပုရောဟိတ်ပုဏ္ဏားအား ပြန်ကြား ပြောဆိုပါသည် ထိုစကားကို ကြားရလျှင် ပုရောဟိတ်ပုဏ္ဏားသည် အသင်မင်းကြီး၏ အသက်အန္တရာယ်ဖြစ်လတ္တံ့ ဟု ဆို၍ ထိုအန္တရာယ်ကို တားမြစ်ခြင်းအကျိုးငှါ အလုံးစုံ တရာ တရာ ဖြစ်သော သတ္တဝါတို့ကို ဖမ်းယူ၍ ထိုသတ္တဝါတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ကြီးပူဇော်ပါမှ အသက်ကိုရပါလတ္တံ့ ဟု လျှောက်တင် ပါသည်ဘုရား မင်းကြီးသည်လည်း သတ္တဝါတို့ကို ဖမ်းယူစေပါသည်။

ထို့ကြောင့်တပည့်တော်မသည် ဤမင်းကြီးကို ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းဖြစ်သော ဤ အရပ်သို့ သွေးဆောင်ခေါ်ယူခဲ့ရပါသည် ဘုရားဟု လျှောက်ကြားလေ၏။ တကာတော်မင်းကြီး ဤမိဖုယား လျှောက်ကြားတိုင်း မှန်ပေသလောဟု မေးတော်မူသော် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဟုတ်မှန်ပါသည် ဘုရားဟု ဝန်ခံသဖြင့် မင်းကြီး အသင်သည် အဘယ်သို့သော အသံကိုကြားအပ်လေသနည်း ဟု မေးတော်မူပြန်သော် မင်းကြီးသည် မိမိကြားသော နည်းဖြင့် သာလျှင် မြတ်စွာဘုရားအား လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် မင်းကြီး လျှောက်ထားသည်ကို ကြားတော်မူ၍သာလျှင် တပြိုင်နက် အရောင်အလင်းသည် ဖြစ်လေ၏။ ထိုအခါ မင်းကြီးကို တကာတော်မင်းကြီး မကြောက်မရွံ့လင့် အသင်မင်းကြီးအား အန္တရာယ်သည်မရှိ မကောင်းမှုကို ပြုဖူးကုန်သော သတ္တဝါတို့သည် မိမိ၏ ဆင်းရဲဒုက္ခကို သည်းခံခြင်းငှါ မတတ်နိုင်ကုန်ရကား ဤသို့သော အသံကို ရွတ်ဆို ကြကုန်၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုသူတို့သည် ပြုအပ်ဖူးသော မကောင်းမှုသည်ကား အဘယ် ပါနည်းဘုရားဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုသူတို့၏ မကောင်းမှုကို ဟောကြားတော်မူခြင်းငှါ ထိုသို့ ဖြစ်မူ တကာတော်မင်းကြီး နာကြားလေလော့ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

ဒု - သ - န - သော အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ အနှစ်-နှစ်သောင်းတမ်း အသက်ရှိသော လူတို့၌ ကဿပ မည်တော်မူသော မြတ်စွာဘုရားသည် လူတွင်ထင်ရှား ဘုရားဖြစ်တော်မူ၍ ရဟန္တာအပေါင်း နှစ်သောင်း တို့နှင့်တကွ ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်တော်မူလေ၏။ ဗာရာဏသီပြည်သူ ပြည်သားတို့သည် နှစ်ယောက်သော သူတို့သည်၎င်း သုံးယောက်သော သူတို့သည်၎င်း များစွာသော သူတို့သည်၎င်း တပေါင်းတည်း ပေါင်းစည်း စုဝေး၍ အာဂန္တု ရဟန်းတို့အား လှူအပ်သောအာဂန္တုက ဒါနကိုဖြစ်စေကြကုန်၏။

ထိုအခါ ဗာရာဏသီပြည်၌ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော စည်းစိမ်ရှိသောသူ လေးယောက် တို့သည် သူဌေးသားဖြစ်၍ အပေါင်းအဖေါ် အဆွေခင်ပွန်းတို့ ဖြစ်ကြလေကုန်၏။ ထိုသူတို့သည် တိုင်ပင်စကား ပြောကြားကြကုန်သည်မှာ ငါတို့၏ အိမ်၌ များစွာသော ရွှေ ငွေ ရတနာ, ပစ္စည်း ဥစ္စာသည် ရှိပေ၏။ ထိုပစ္စည်းဥစ္စာဖြင့် အဘယ်အမှုကို ပြုရကုန်အံ့နည်းဟု တိုင်ပင်ကြကုန်သော် ဤသို့ သဘောရှိသော မြတ်စွာဘုရား ဒေသစာရီ လှည့်လည်ကြွလာ သည့်အခိုက် အလှူဒါနကို ပေးလှူကြကုန်အံ့ သီလကိုစောင့်ရှောက်ကြကုန်အံ့ ပူဇော်ခြင်းကို ပြုကြကုန်အံ့ဟု ထိုသူဌေးသား လေးယောက်တို့တွင် တယောက်သောသူမျှလည်း မပြောမဆိုမူ၍ တယောက်သော သူဌေးသားသည် ရှေးဦးစွာ ဤသို့ဆိုလေ၏။

ထက်သော သေရည်ကိုသောက်ကုန်လျက် မြိန်မြတ်သော အရသာရှိသော ငါးအမဲကို စားကုန်၍ သွားလာ လှည့်ပတ်ကြကုန်စို့အံ့၊ ဤသို့ သောက်စားလှည့်လည်ရခြင်းသည် ငါတို့အား အသက် ရှည်ခြင်းအကျိုးဖြစ်ပေလိမ့်မည်ဟု ဆိုလေ၏။

တယောက်သော သူဌေးသားကလည်း နေ့တိုင်းနေ့တိုင်း သုံးနှစ်လည်အောင် နံ့သာမွှေးကြိုင်သော သလေးထမင်းကို အထူးထူးသော အရသာကောင်းတို့နှင့် သုံးဆောင် စားသောက်ကုန်လျက် လှည့်လည် သွားလာကြကုန်စို့အံ့ဟု ပြောဆိုလေ၏။

တယောက်သော သူဌေးသားကလည်း အထူးထူး အပြားပြား များလှသော မုံ့ခဲဖွယ်အထူးကို ကြော်စေချက်စေ၍ စားသောက်ကုန်လျက် လှည့်လည်ကြကုန်စိုအံ့ဟု ပြောဆိုလေ၏။

တယောက်သော သူဌေးသားကမူကား အဆွေတို့ ငါတို့သည် တပါးသော တစုံတခုသော ကိစ္စကို မပြုလိုကြကုန် ပစ္စည်းဥစ္စာကို ပေးအံ့ဟု ဆိုသည်ရှိသော် အလိုမရှိသော မိန်းမတို့မည်သည် မရှိ၊ ထို့ကြောင့် ပစ္စည်းဥစ္စာဖြင့် ဖြားယောင်းကုန်လျက် သူတပါး၏ ဇနီးမယားတို့၌ ပျော်ပါးခြင်းတည်း ဟူသော ပရဒါရိကကံအမှုကို ပြုကျင့်ကြကုန်စို့အံ့ဟု ပြောဆိုလေ၏။ အလုံးစုံသော သူတို့သည် ကောင်းပေ၏ ကောင်းပေ၏ဟု ထိုသူ၏စကား၌သာ ရပ်တည် ကြလေကုန်၏။

ထိုသူဌေးသားတို့သည် ထိုအခါမှစ၍ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ ကောင်းစွာပြည့်ဝ လှပ ချောမွေ့ကုန်သော မိန်းမတို့အား ဥစ္စာကို ပေးပို့စေ၍ အနှစ်နှစ်သောင်း တိုင်တိုင် သူတပါး သားမယားအား လွန်ကြူးပြစ်မှားသော အမှုကို ပြုမိခဲ့ကြ၍ စုတေမနေ သေလွန်သည်ရှိသော် အဝီစိငရဲကြီး၌ ဖြစ်ကြသဖြင့် ဘုရားနှစ်ဆူတို့၏ တခုသော အကြား ကာလပတ်လုံး ငရဲ၌ ကျက်ပြီးလျှင် ထို အဝီစိငရဲ၌ သေလွန်ပြန်ရကား ထိုမကောင်းမှုကံကြွင်း၏ အစွမ်းအားဖြင့် ယူဇနာ ခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲအိုး၌ ဖြစ်ပြန်သဖြင့် အနှစ်သုံးသောင်း တို့ဖြင့် အောက် အပြင်သို့ ကျရောက်၍ တဖန် အနှစ်သုံးသောင်းတို့ဖြင့် လောဟကုမ္ဘီ ငရဲအိုး၏ အထက် မျက်နှာရေးဝသို့ ရောက်လာသောအခါ တခုစီသောဂါထာကို ရွတ်ဆိုလိုကုန်လျက် ရွတ်ဆိုခြင်းငှါ မစွမ်းနိုင်ရကား တလုံး တလုံးစီသော အစအက္ခရာကို ရွတ်ဆိုမိပြီးလျှင် တဖန်ကျွမ်းပြန်လျက် ငရဲအိုးသို့သာ နစ်မြုပ်ကာ ဝင်သွားရလေ၏။

တကာတော်မင်းကြီး လျှောက်ဆိုလေလော့ အသင်မင်းကြီးသည် ရှေးဦးစွာအဘယ်မည်သော အသံကို ကြားအပ်ပေသနည်း ဟု မေးတော်မူလျှင် မြတ်စွာဘုရား ဒု-ဟူသောအသံကို ကြားရပါသည် ဘုရား ဟု လျှောက်လေ၏။ မြတ်စွာဘုရားလည်း ထိုငရဲသားသတ္တဝါသည် မပြည့်မစုံဘဲ ရွတ်ဆိုအပ်သော ဂါထာကို အပြည့်အစုံပြု၍ ဟောပြတော်မူလိုသောကြောင့် ဤသို့ မိန့်တော်မူ လေ၏။

ဒု - သ - န - သော အကျယ်ဂါထာ

ဒုဇ္ဇီဝိတမဇီဝိမှ၊ ယေသံ နော နဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။

ယေသံနော၊ အကြင်ငါတို့အား။
တနည်းကား။
ယေသံနော၊ အကြင်ငါတို့သည်။
ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့သည်။
ဝိဇ္ဇမာနေသု၊ ထင်ရှားရှိကုန်လျက်။
နဒဒမှသေ၊ မပေးမလှူမိကုန်။
အတ္တနော၊ မိမိ၏။
ဒီပံ၊ မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကံကို။
နအကမှ၊ မပြုမိကုန်။
တေနော၊ ထိုငါတို့သည်။
ဒုဇ္ဇီဝိတံ၊ မကောင်းသဖြင့် အသက်မွေးခြင်းကို။
အဇီဝိမှ၊ အသက်မွေးမိကြလေကုန်၏။

ထိုအခါမင်းကြီးအား ဤဂါထာ၏ အနက်ကို ပြတော်မူပြီးလျှင် တကာတော် မင်းကြီး သင်မင်းကြီး သည် နှစ်ခုမြောက်သောအသံ, သုံးခုမြောက်သောအသံ လေးခုမြောက်သော အသံ,ကို အဘယ်သို့ ကြားအပ်ပေသနည်းဟု မေးတော်မူပြန်သဖြင့် ဤသို့မည်သော အသံပါဘုရားဟု လျှောက်ကြား အပ်သည်ရှိသော် အကြွင်းအကျန်ကို အပြည့်အစုံပြုတော်မူလျက် -

သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တောဘဝိဿတိ။

နိရယေ၊ လောဟကုမ္ဘီ ဤသည်ငရဲ သံရေထဲ၌။
ပစ္စမာနာနံ၊ ကျက်ကြရကုန်သောငါတို့အား။
သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။
သဋ္ဌိဝဿသ ဟဿာနိ၊ အနှစ်ခြောက်သောင်းတို့သည်။
ပရိပုဏ္ဏာနိ၊ ပြည့်ကုန်ပြီ။
ကဒါ၊ အဘယ် နံရောအခါ၌။
အန္တော၊ အဆုံးသည်။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။

နတ္ထိ အန္တော ကုတော အန္တော၊ နအန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသ။

အမှာကံ၊ ငါတို့အား။
အန္တော၊ အဆုံးအပိုင်းအခြားသည်။
နတ္ထိ၊ မရှိခဲ့။
အန္တော၊ ငရဲ၏အဆုံးကား။
ကုတော၊ အဘယ်မှာရှိအံ့နည်း။
အန္တော၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည်။
နပဋိဒိဿတိ၊ မထင်။
ဟိ၊ ထိုစကားသင့်စွ။
မာရိသ၊ ငါနှင့်တူသောသူ။
တဒါ၊ ထိုဗာရာဏသီပြည်တွင် လူဖြစ်စဉ်အခါ၌။
မမစ၊ ငါ သည်၎င်း။
တုယှဉ္စ၊ သင်သည်၎င်း။
ပါပံ၊ မကောင်းမှုကို။
ပကတံ၊ များစွာပြုမိခဲ့လေပြီ။

သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။

သောဟံ၊ ထိုငါသည်။
ဣတော၊ ဤသံရေပူငရဲမှ။
ဂန္တွာ၊ သွားရ၍။
မာနုသိံ၊ လူ၌ဖြစ်သော။
ယောနိံ၊ ဘဝကို။
လဒ္ဓါန၊ ရပါမူကား။
ဝဒညူ၊ အလှူခံသူ ပုဂ္ဂိုလ်တို့၏ စကားကို သိလေ့ရှိသည်ဖြစ်၍။
သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသည် ဖြစ်၍။
နူန၊ စင်စစ်အားဖြင့်။
ဗဟုံ၊ များစွာ။
ကုသလံ၊ ကုသိုလ်ကောင်းမှုကို။
ကာဟာမိ၊ ပြုပါတော့အံ့။

ဤသို့အစဉ်အတိုင်း ဤဂါထာတို့ကို ယှဉ်စပ်ဟောပြတော်မူပြီးလျှင် ထို့နောက်မှ မြတ်စွာဘုရား သည် အနက်ကိုပြတော်မူလိုရကား တကာတော်မင်းကြီး ဤသို့လျှင် ထိုလေးယောက်ကုန်သော သူတို့သည် တခုတခုသော ဂါထာကို ရွတ်ဆိုခြင်း ငှါမတတ်နိုင်ကြကုန်ရကား တလုံးတလုံးသာလျှင် ဖြစ်သော အက္ခရာကို ရွတ်ဆိုပြီး တဖန် ထိုငရဲသား သတ္တဝါတို့သည် လောဟကုမ္ဘီငရဲသို့သာ ဝင်ရပြန်လေတော့သည်ဟု မိန့်တော်မူလေ၏။

မင်းခယောက်ျားနှင့် ပေါင်းဆုံမိကြခြင်း

[ထို ဒုသနသော ဟူသောအသံကို ပသေနဒီကောသလမင်းကြီး နားဖြင့် ဆတ်ဆတ် ကြားရသော အချိန်အခါမှအစပြု၍ ထိုငရဲသား လေးယောက်တို့သည် အောက်သို့နစ်မြုပ် ကျလျောနေကြ ကုန်သည်သာလျှင် ဖြစ်ကုန်သတတ်။ ဤသို့လျှင် ယနေ့တိုင်အောင်လည်း အောက်သို့ နစ်မြုပ် ကျလျောနေကြဆဲသာတည်း။ အဘယ့်ကြောင့်ဆိုသော် နှစ်တထောင်မျှ မလွန်သေးသောကြောင့် တည်း။]

ထိုတရားဒေသနာတော်ကို ကြားရလျှင် ပသေနဒီ ကောသလမင်းကြီး၏ သန္တာန်၌ ကြီးစွာသော ထိတ်လန့်ခြင်းသည် ဖြစ်ပေါ်လာလေ၏။ သူတပါး၏ မယား၌ ကြူးလွန်စော်ကား ပြစ်မှားသော ထိုမကောင်းမှုမည်သည် ဝန်လေးလှ၏တကား နှစ်ဆူသော ဘုရားရှင်တို့၏ တခုသော အကြား ကာလပတ်လုံး ဤသို့ ငရဲ၌ ကျက်ပြီးလျှင် ထိုငရဲမှ စုတေသည်ရှိသော် ယူဇနာ ခြောက်ဆယ် ရှိသော လောဟကုမ္ဘီ ငရဲအိုး၌ဖြစ်ရ၍ ထိုလောဟကုမ္ဘီငရဲအိုး၌ အနှစ်ခြောက်သောင်းတို့ ပတ်လုံး ကျက်၍ ခံစားကာ နေရပါလျက်လည်း ထိုငရဲသားတို့အား ဆင်းရဲမှ လွတ်အံ့သော အခါသည် မထင်ရှားခဲ့ သတတ်။

ငါသည်လည်း သူ့မယား၌ ချစ်ခင်ခြင်းကို ပြုမိသောကြောင့် အလုံးစုံသော ညဉ့်သုံးယာမ်ပတ်လုံး အိပ်ပျော်ခြင်းကို မရလေ။ ယခုအခါ ဤနေ့မှစ၍ သူတပါး၏မယား၌ ပြစ်မှားသောစိတ်ကို မဖွဲ့တော့အံ့ (မဖြစ်စေတော့အံ့) ဟု ပသေနဒီကောသလမင်းကြီး ကြံလျက် မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တကာတော်သည် ယနေ့ ညဉ့်၏တာရှည်သည့် အဖြစ်ကို သိရပါပြီဘုရားဟု လျှောက်ကြားလေ၏။

မင်းကြီး စေလွှတ်အပ်သော ထိုမင်းခယောက်ျားသည်လည်း ထိုနေရာ၏ အနီး၌သာလျှင် ထိုင်နေ ရကား မင်းကြီးလျှောက်ထားသော စကားကို ကြားရသည်ရှိသော် ငါ့အား အားကိုးရာ အထောက် အပံ့ကို ရအပ်ပေပြီဟုကြံလျက် မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ပြည့်ရှင်မင်းမြတ်သည် ညဉ့်၏ တာရှည်သည့် အဖြစ်ကို ရှေးဦးစွာသိလေပြီ၊ ဘုရား တပည့်တော် သည်လည်း ယမန်နေ့က တယူဇနာမျှလောက်သော ခရီး၏ ရှည်ဝေးသည့်အဖြစ်ကို သိရပါသည် ဘုရားဟူ၍ လျှောက်လေ၏။

မြတ်စွာဘုရားသည် နှစ်ဦး နှစ်ယောက်လည်း ဖြစ်သော သူတို့၏စကားကို နှီးနှောတော်မူ၍ အချို့သောသူအား ညဉ့်သည် တာရှည်၏။ အချို့သောသူအား တယူဇနာမျှသော ခရီးသည် ရှည်ဝေး၏။ မိုက်မဲ တွေဝေသောသူအား သံသရာသည် ကြာရှည်၏ဟု မိန့်တော်မူ၍ တရား ဟောတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၆ဝ။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီယံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

ဇာဂရတော၊ အိပ်၍မပျော် နိုးကြား၍နေသောသူအား။
ရတ္တိ၊ သုံးယာမ်မျှသာ ရှိသောညဉ့်သည်။
ဒီဃာ၊ ရှည်ကြာသကဲ့သို့ ဖြစ်ပေ၏။
သန္တဿ၊ ခရီးပန်းသော သူအား။
ယောဇနံ၊ လေးဂါဝုတ်သာ တယူဇနာမျှသော ခရီးသည်။
ဒီယံ၊ ရှည်ဝေးသကဲ့သို့ ဖြစ်ပေ၏။
သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။
အဝိဇာနတံ-အဝိဇာနန္တာနံ၊ မသိကုန်သော။
ဗာလာနံ၊ သူမိုက်တို့အား။
သံသာရော၊ ကျင်လည် ပြေးသွားရာသံသရာသည်။
ဒီဃော၊ အလွန် ရှည်ဝေးလှသည်သာတည်း။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုမင်းခစား ယောက်ျားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ တပါးလည်း ဖြစ်ကုန်သော များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။

ပသေနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး၍ နန်းတော်သို့ ပြန်သွားသဖြင့်သာလျှင် ချုပ်နှောင် ဖမ်းဆီး၍ ထားအပ်ကုန်သော ထိုသတ္တဝါတို့ကို အနှောင်အဖွဲ့မှ လွတ်စေလေ၏။ (လွှတ်လေ၏)။

မလ္လိကာ၏ ဂုဏ်ကျေးဇူး ပြောဆိုကြခြင်း

ထိုယဇ်စီမံရာ၌ အနှောင်အဖွဲ့မှ လွတ်ကုန်သော မိန်းမယောက်ျားတို့သည် ဦးခေါင်းကိုရေဖြင့် ဆေးကြော သုတ်သင်ပြီးလျှင် မိမိတို့၏အိမ်တို့သို့ သွားကြကုန်သည်ရှိသော် ငါတို့အရှင်မလ္လိကာ မိဖုယားကြီးသည် ကြာမြင့်စွာ သက်တော် ရှည်ပါစေသတည်းဟု ဆုတောင်းလျက် ထိုမလ္လိကာ မိဖုယားကြီးကို အမှီပြု၍ ငါတို့သည် အသက်ကို ရကြလေကုန်ပြီဟု မလ္လိကာမိဖုယားကြီး၏ ဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ပြောဆိုကြလေကုန်၏။

ညချမ်းသောအခါ ရဟန်းတို့သည်လည်း တရားသဘင်၌ ဤမလ္လိကာ မိဖုယားကြီးသည် သြော် အလွန် ပညာရှိပေစွတကား မိမိ၏ပညာကိုမှီ၍ ဤမျှလောက်သော သတ္တဝါအပေါင်းအား ဇီဝိတဒါနကို ပေးလှူလေဘိသည်တကား ဟု ချီးမွမ်းထောမနာသော စကားကို ဖြစ်စေကြလေ ကုန်၏။

မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်၌ သီတင်းသုံးနေတော် မူလျက်သာလျှင် ထိုရဟန်းတို့၏ စကားကို ကြားသိတော် မူရသဖြင့် ဂန္ဓကုဋိတိုက်မှ ထွက်ကြွတော်မူပြီးလျှင် တရားသဘင်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ သီတင်းသုံး နေတော်မူပြီးလျှင် ချစ်သားရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် ပြောကြား စည်းဝေးနေကြကုန်သနည်းဟု မေးတော်မူ သဖြင့် ဤမည်သောစကားဖြင့် ပြောကြား စည်းဝေးနေကြပါသည် ဘုရားဟု လျှောက်ထားအပ် သည်ရှိသော် ချစ်သားရဟန်းတို့ မလ္လိကာ မိဖုယားကြီးသည် ဤယခုဘဝ၌သာလျှင် မိမိ၏ပညာကို မှီ၍ များစွာသော လူအပေါင်းအား ဇီဝိတဒါနကို ပေးလှူသည် မဟုတ်သေး၊ ရှေး၌လည်း ပေးလှူဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ထိုအကြောင်းကို ထင်စွာ ပြတော်မူလိုသောကြောင့် အတိတ်ကို ဆောင်တော်မူလေ၏။

ဗလိနတ်စာပူဇော်ခြင်း အတိတ်ဝတ္ထု

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကြီး၌ ပြည့်ရှင်မင်းကြီး၏ သားတော် မင်းသား တပါးသည် တခုသော ပညောင်ပင်သို့ ချဉ်းကပ်၍ ထိုပညောင်ပင်၌ စောင့်ရှောက် နေထိုင်သော နတ်အား အရှင်နတ်မင်း ဤဇမ္ဗူဒီပါကျွန်း၌ တရာ့ တပါးသောမင်းတို့သည်၎င်း တရာ့တပါးသော မိဖုယားတို့သည်၎င်း ရှိကြပါကုန်၏။ အကျွန်ုပ်သည် ဖခမည်းတော် ကွယ်လွန်သဖြင့် မင်းအဖြစ်ကို အကယ်၍အကျွန်ုပ် ရလေသည်ဖြစ်ပါအံ့ ထိုတရာ့တပါးသော မင်း, မိဖုယားတို့၏ လည်ချောင်း သွေးဖြင့် ဗလိနတ်စာကို ပြုလုပ်ပါအံ့ဟု တောင်းပန်လေ၏။

ထိုမင်းသားသည်လည်း ခမည်းတော် နတ်ရွာစံလွန်သည်ရှိသော် မင်းအဖြစ်သို့ ရောက်၍ ငါသည် နတ်မင်း၏ အာနုဘော်ကြောင့် မင်းအဖြစ်သို့ ရောက်ရပေပြီ။ ထိုနတ်မင်းအား ဗလိနတ်စာ ပြုလုပ် ပေတော့အံ့ဟု ကြံ၍ များစွာသော စစ်သည်အပေါင်းနှင့် ထွက်၍ တဦးသောမင်းကို မိမိ၏အလိုသို့ လိုက်ပါစေပြီးလျှင် ထိုမင်းနှင့်အတူတကွပေါင်းသင်း၍ တပါးသောမင်းကို၎င်း တပါးသောမင်းကို၎င်း မိမိ၏အလိုသို့ လိုက်ပါစေလေ၏။

ဤသို့သောနည်းဖြင့် အလုံးစုံသော မင်းတို့ကို မိမိအလိုသို့ လိုက်ပါစေသည်ကို ပြုပြီးလျှင် မိဖုယားကြီးတို့နှင့်တကွ ခေါ်ဆောင် ယူငင်၍ သွားသည်ရှိသော် အလုံးစုံသော မင်းတို့အောက် အငယ်ဆုံးဖြစ်သော ဥဂ္ဂသေန မည်သော မင်း၏ ဓမ္မဒိန္နာ အမည်ရှိသော မိဖုယားကြီးသည်ကား လေးသော ကိုယ်ဝန်ရှိသောကြောင့် ထိုမိဖုယားကြီးကို ချန်ထားကာ လာခဲ့ပြီးလျှင် ဤမျှလောက် သောလူအပေါင်းကို အဆိပ်ဆေးဖြင့်ရောသော အဖျော်ကိုသောက်စေ၍ သတ်တော့အံ့ဟု ကြံစည် ကာ ပညောင်ပင်ရင်းကို သုတ်သင်စေလေ၏။

ပညောင်ပင်စောင့် နတ်မင်းသည် ဤသို့ကြံစည်လေ၏။ ဤမင်းကြီးသည်ကား ဤမျှလောက် အတိုင်းအရှည် ရှိကုန်သော မင်းတို့ကို ဖမ်းယူစဉ် ငါ့ကိုမှီ၍ ဖမ်းယူအပ်ကုန်၏ဟု ကြံစည် အောက်မေ့၍ ထိုမင်းတို့၏ လည်ချောင်းသွေးဖြင့် ငါ့အားဗလိနတ်စာ ပြုခြင်းငှါအလိုရှိ၏။ ပူဇော်ခြင်းကို ပြုလို၏။ ဤမင်းကြီးသည် ထိုမင်းတို့ကိုအကယ်၍ သတ်သည်ဖြစ်အံ့။ ဤသို့ သတ်သည်ရှိသော် ဇမ္ဗူဒီပါကျွန်း၌ မင်းဆက် မင်းနွယ်သည် ပြတ်ပေတော့လတ္တံ့။

ငါ၏စံရာ ကောင်းစွာသန့်ရှင်း ပညောင်ပင်ရင်း သည်လည်း မစင်ကြယ် မသန့်ရှင်းသည် ဖြစ်ပေတော့လတ္တံ့။ ထိုမင်းပြုလတ္တံ့သော အမှုကို ငါသည် တားမြစ်ခြင်းငှါ တတ်စွမ်းနိုင်လတ္တံ့လော ဟု ကြံစည်၍ ထိုပညောင်ပင်စောင့်နတ်သည် စူးစမ်းဆင်ခြင်လတ်သည်ရှိသော် ငါကား မတတ်စွမ်း နိုင်လတ္တံ့ ဟုသိရသဖြင့် တပါးသောနတ်သို့ချဉ်းကပ်၍ ဤအကြောင်းကို ပြောကြားလျက် သင်နတ်မင်းသည် တားမြစ်ခြင်းငှါ တတ်နိုင်ကောင်းအံ့လော ဟု မေးမြန်း ပြောဆိုလေ၏။

ထိုနတ်မင်းကလည်း မတတ်နိုင်ပါဟု ပယ်မြစ်လေ၏။ တပါးသော နတ်မင်း၏ ထံသို့လည်း ချဉ်းကပ်ပြန်၍ ထိုနတ်မင်းကလည်း ပယ်မြစ်ပြန်လေ၏။ ဤသို့သော နည်းအားဖြင့် စကြဝဠာတိုက် အလုံး၌ နေကုန်သော နတ်တို့သို့ချဉ်းကပ် ပြန်သဖြင့်လည်း ထိုနတ်တို့သည် ပယ်မြစ်ပြန်လေ၏။

ထို့နောက် လေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့၏ အထံသို့ သွားရောက် ချဉ်းကပ်၍ တောင်းပန် ပြောဆိုပါသော်လည်း ထိုနတ်မင်းကြီးတို့က ပြောဆိုသောအခါ ဖြစ်ပေါ် သောဘေးကို ငါတို့မတတ်စွမ်းနိုင်ကြကုန်ဟု ပြောလတ်သော် သိကြားမင်း၏အထံသို့ ချဉ်းကပ်၍ ထိုအကြောင်း အလုံးစုံကို အကုန် ပြန်ကြားပြီးလျှင် အရှင်သိကြားမင်း အရှင်တို့သည် ကြောင့်ကြ မဲ့နေခြင်းသို့ ရောက်ခဲ့ကုန်သည်ရှိသော် ဇမ္ဗူဒိပ်ကျွန်း၌ မင်းမျိုးမင်းနွယ် ပြတ်ပါလိမ့်မည်။ ထိုမင်းတို့၏ ကိုးကွယ် မှီခိုရာသည် ဖြစ်တော်မူကြပါကုန်လော့ဟု လျှောက်ထားလေ၏။

သိကြားမင်းက ငါသည်လည်း တားမြစ်ခြင်းငှါ မတတ်စွမ်းနိုင်ဟု ဆိုပြီးလျှင် အကြောင်း ဥပါယ် တမည်ကိုမူကား သင့်အား ညွှန်ကြား ပြောဆိုလိုက်ပေအံ့ ဟုဆို၍ အကြောင်းဥပါယ်တမျည်ကို ဤသို့ညွှန်ကြားလိုက်လေ၏။

သွားချေ အသင်သည် မင်းကြီး၏ ကြည့်ရှုထင်ထင် မြင်စဉ်ပင်လျှင် နီမြန်းသော အဝတ် ပုဆိုးကို ဝတ်လျက် မိမိ၏သစ်ပင်မှထွက်၍ သွားအံ့သော အခြင်းအရာကို ပြလေလော့၊ ထိုအခါ မင်းကြီးသည် ပညောင်ပင်စောင့်နတ်မင်း ထွက်သွားလေ၏ဟု ဆို၍ ထိုနတ်မင်းကို ဆုတ်နစ် ပြန်လည်စေအံ့ဟု အထူးထူး အပြားပြား များစွာသော အခြင်းအရာဖြင့် တောင်းပန်လတ္တံ့။

ထိုသို့တောင်းပန်သောအခါ ထိုမင်းကြီးကို အရှင်မင်းကြီး အသင်သည် အဂ္ဂမဟေသီ မိဖုယားကြီး တို့နှင့်တကွ ဖြစ်သော တရာ့တပါးသော မင်းတို့ကို ဖမ်းဆောင်ယူငင်၍ ထိုမင်းမိဖုယားတို့၏ လည်ချောင်းသွေးဖြင့် ဗလိနတ်စာပူဇော်မှုကို ပြုလုပ်ပါမည်ဟု ငါ့အား တောင်းပန်ပြီးလျှင် ဥဂ္ဂသေနမင်း၏ မိဖုယားကို ချန်ထားခဲ့၍ လာရောက်ပေ၏။ ငါသည်ထိုသို့ သဘော ရှိသော မုသား ဆိုသောသူ၏ ပူဇော်ခြင်းကို မခံယူလိုဟူ၍ ပြောဆိုလေလော့ဟု အကြောင်း ဥပါယ်တမျည်ကို ညွှန်ကြားလိုက်လေ၏။

[ဤသို့ ပြောဆိုအပ်သည်ရှိသော် မင်းကြီးသည် ဓမ္မဒိန္နာ မိဖုယားကို အာဏာဖြင့်စေလွတ်၍ ခေါ်ဆောင်စေလတ္တံ့။ ထိုဓမ္မဒိန္နာမိဖုယားသည် မင်းကြီးအား တရားဟော၍ ဤမျှလောက်သော လူအပေါင်းအား အသက်အလှူ တည်းဟူသော ဇီဝိတဒါနကို ပေးလှူလတ္တံ့ ဟူသော ဤ အကြောင်းဖြင့် သိကြားမင်းသည် ထိုပညောင်ပင်စောင့်နတ်အား ဤသို့သော အကြောင်း ဥပါယ် တမျည်ကို ပြောကြားလိုက်လေသတတ်။]

ဓမ္မဒိန္နာမိဖုယား ငိုခြင်းနှင့် ရယ်ခြင်း

ပညောင်ပင်စောင့်သော နတ်သည်လည်း သိကြားမင်း ပြောကြားတိုင်း ပြုလေ၏။ ဗာရာဏသီ မင်းကြီးသည်လည်း ဓမ္မဒိန္နာမိဖုယားကို ခေါ်ဆောင်စေရန် စေလွှတ်၏။ ဓမ္မဒိန္နာမိဖုယားသည် လာရောက်၍ ထိုအလုံးစုံသော မင်းတို့အောက် အငယ်ဆုံးဖြစ်၍ အစွန်ဆုံးဖြစ်သော နေရာ၌ ထိုင်နေသော မိမိ၏အရှင် ဖြစ်သော ဥဂ္ဂသေနမင်းကိုသာ ရိုသေစွာရှိခိုးလျက် ထိုင်နေလေ၏။

ဗာရာဏသီ ပြည့်ရှင်မင်းကြီးသည် အလုံးစုံသောမင်းတို့၏ အကြီးအမှူးဖြစ်သော ငါသည် တည်နေ ပါလျက် အလုံးစုံသော မင်းတို့အောက် ငယ်သော အရွယ်ရှိသော မိမိ၏ ခင်ပွန်းလင် အရှင်ဖြစ်သော ဥဂ္ဂသေနမင်းကိုသာ ရှိခိုးလေဘိသည်ဟု ထိုဓမ္မဒိန္နာ မိဖုယားအား အမျက် ထွက်လေ၏။ ထိုအခါ ဓမ္မဒိန္နာမိဖုယားက ဗာရာဏသီ ပြည့်ရှင် မင်းကြီးကို ဤသို့ပြောဆိုလေ၏။

အရှင်မင်းကြီး၌ အကျွန်ုပ်အား အဘယ်သို့ တော်စပ်ခြင်း ရှိဖူးပါသနည်း။ ဤဥဂ္ဂသေန မင်းမြတ် သည်ကား အကျွန်ုပ်၏အရှင်ခင်ပွန်းဖြစ်တော်မူ၏။ အစိုးရခြင်း စည်းစိမ်ချမ်းသာကို ပေးသနားတော် မူပေ၏။ ထိုဥဂ္ဂသေနမင်းမြတ်ကို ရှိမခိုးဘဲ အဘယ့်ကြောင့် အသင်ဗာရာဏသီ မင်းကြီးကို ရှိခိုးနိုင်ပါလတ္တံ့ နည်းဟု ပြောဆိုလေ၏။

ထိုအခါ ပညောင် ပင်စောင့်နတ်သည် များစွာသော လူအပေါင်း၏ ကြည့်ရှုစဉ်ပင်လျှင် အရှင်မ အသင့်စကားသည် ဟုတ်မှန်လှပေ၏ဟု ပြောဆိုချီးမွမ်း၍ ဓမ္မဒိန္နာ မိဖုယားကို ပန်းတလက်ဆုပ်ဖြင့် ပူဇော်လေ၏။

တဖန် ဗာရာဏသီ ပြည့်ရှင်မင်းကြီးက ငါ့ကို အကယ်၍ ရှိမခိုးသည်ရှိသော် ငါ့အားမင်း၏ စည်းစိမ်ချမ်းသာ အသရေကို ပေးတော်မူတတ်သော ဤသို့ ကြီးမြတ်သော တန်ခိုးအာနုဘော် ရှိတော်မူပေသော နတ်မင်းကြီးကို အဘယ့်ကြောင့် နင်ရှိမခိုးလေဘိသနည်းဟု ဆိုပြန်လတ်သော် အရှင်မင်းမြတ် အရှင်မင်းမြတ်သည် မိမိ၏ကောင်းမှု ဘုန်းကံတော်၌ တည်၍ မင်းတို့ကို ဖမ်းယူအပ်ကုန်၏။ နတ်မင်းသည် ဖမ်းယူ၍ ပေးအပ်ကုန်သည် မဟုတ်ဟု ပြောဆိုပြန်လေ၏။

တဖန်လည်း ထိုဓမ္မဒိန္နာမိဖုယားကို နတ်မင်းသည် အရှင်မ ဟုတ်မှန်လှပေ၏ အရှင်မ ဟုတ်မှန် လှပေ၏ဟု ပြောဆိုချီးမွမ်း၍ ရှေးနည်းအတူသာလျှင် ပူဇော်ပြန်လေ၏။

တဖန် ဓမ္မဒိန္နာမိဖုယားသည် မင်းကြီးကို ဤသို့ပြောဆိုလေ၏။ အရှင်မင်းကြီး အရှင်မင်းကြီးက ဤပညောင်ပင်စောင့် နတ်မင်းသည် ငါ့အား ဤမျှလောက်သော မင်းတို့ကို ဖမ်းယူ၍ပေး၏ဟု ဆိုဘိ၏။ ယခုအခါ အရှင့် ထိုနတ်မင်းကြီး၏ အထက် လက်ဝဲနံပါး၌ သစ်ပင်မီးကျွမ်းနေသည် အရှင့် ထိုနတ်မင်းကြီးသည် ယင်းသို့ ကျယ်သော တန်ခိုးအာနုဘော်ရှိပါလျက် ထိုမီးကိုငြိမ်းဧစိမ့်သောငှါ မတတ်နိုင် ရှာလတ္တံ့ဟု ပြောဆိုပြန်လေ၏။

တဖန်လည်း ဓမ္မဒိန္နာမိဖုယားကို နတ်မင်းသည် အရှင်မ ဟုတ်မှန်လှပေ၏ အရှင်မ ဟုတ်မှန်လှ ပေ၏ဟု ပြောဆို ချီးမွှမ်းပြီးလျှင် ရှေးနည်းအတူသာလျှင် ပူဇော်ပြန်လေ၏။

ဓမ္မဒိန္နာမိဖုယားသည် ထိုစကားကိုပြောဆိုနေစဉ်ပင် ငိုလည်းငို၏။ ရယ်လည်း ရယ်၏။ ထိုအခါ ဓမ္မဒိန္နာမိဖုယားကို ဗာရာဏသီမင်းကြီးသည် အသို့နည်း နင်ရူး သွပ်လေသလောဟု ဆိုလေသဖြင့် အရှင်မင်းကြီး အဘယ့်ကြောင့် ဤသို့ဆိုလေဘိသနည်း။ အကျွန်ုပ်ကဲ့သို့သော မိန်းမတို့သည် ရူးသွပ်ကြသည် မဟုတ်ကုန်ဟု ပြန်ပြောလေ၏။

ထိုအခါ ဓမ္မဒိန္နာမိဖုယားကို အဘယ့်ကြောင့် ငိုလည်းငို ရယ်လည်းရယ်လေဘိသနည်းဟု မေးပြန်သော် အရှင်မင်းကြီး နားထောင်တော်မူပါလော့ ချဲ့၍ ပြောဆိုပေအံ့။ ကျွန်တော်မသည် ရှေးလွန်လေပြီးသောအခါ အမျိုးသ္မီးဖြစ်၍ ခင်ပွန်းသည် လင်ယောက်ျား၏ အိမ်၌ နေစဉ် အရှင် လင်ယောက်ျား၏ အဆွေခင်ပွန်းဖြစ်သော ဧည့်သည်ကိုမြင်၍ ထိုဧည့်သည်အလို့ငှါ ထမင်းကို ချက်ပြုတ်လိုသောကြောင့် အမဲသားကို ဆောင်ခဲ့ချေလောဟု ကျွန်မတယောက်အား အသပြာကို ပေးလိုက်ရာ ထိုကျွန်မသည် အမဲသားကို မရခဲ့သောကြောင့် ပြန်လာ၍ အမဲသားမရှိပါဟု ပြောဆိုသောအခါ အိမ်နောက်အဖို့၌ အိပ်နေသောဆိတ်မ တကောင်၏ ဦးခေါင်းကိုဖြတ်ပိုင်း၍ ထမင်းကိုကောင်းစွာ ချက်ပြုတ် ကျွေးမွေးလေ၏။

ထိုကျွန်တော်မသည် တကောင်သောဆိတ်မ၏ ဦးခေါင်းကို ဖြတ်ပိုင်းခဲ့သောကြောင့် ငရဲ၌ကျက်ရ၍ အကျိုး အကြွင်းအကျန်အားဖြင့် ထိုဆိတ်မ၏ အမွေးအရေအတွက်နှင့်အမျှ ဦးခေါင်းပြတ်ခြင်းသို့ ရောက်ရပါပြီ။ အရှင်မင်းမြတ်သည် ဤမျှလောက်သော မင်းအပေါင်းကို သတ်သည်ရှိသော် အဘယ်အခါ ကာလဝယ် ဆင်းရဲဒုက္ခမှ လွတ်ရပေလတ္တံ့နည်း ဤသို့သော အကြောင်းကြောင့် ကျွန်တော်မသည် အသင်မင်းကြီး၏ ဆင်းရဲဒုက္ခကို အောက်မေ့ စဉ်းစားလျက် စိုးရိမ်ပူဆွေး ငိုကြွေးမိပါသည်ဟု ပြောဆို၍ ထိုဓမ္မဒိန္နာ မိဖုယားသည် ဤဂါထာ ကို ရွတ်ဆိုလေ၏။

ဧဠိကာယ ကဏ္ဌံ ဆိန္ဒိတွာ၊ လောမဂဏနာယ ပစ္စိဿံ။
ဗဟူနံ ကဏ္ဌေ ဆိန္ဒိတွာ၊ ကထံ ကာဟသိ ခတ္တိယ။

ခတ္တိယ၊ ရေမြေစိုးကြပ် အိုမင်းမြတ်။
အဟံ၊ ကျွန်တော်မသည်။
ဧဠိကာယ၊ တကောင်သောဆိတ်မ၏။
ကဏ္ဌံ၊ လည်ပင်းကို။
ဆိန္ဒိတွာ၊ ဖြတ်မိသောကြောင့်။
လောမဂဏနာယ၊ အမွေး၏အရေအတွက်အားဖြင့်။
ဝါ၊ အမွှေး၏အရေအတွက် နှင့်အမျှ။
ပစ္စိဿံ၊ ငရဲ၌ကျက်ပြီး လည်ပင်း အဖြတ်ခံရလေပြီ။
တွံ၊ အရှင် ဗာရာဏသီမင်းကြီးသည်။
ဗဟူနံ၊ များစွာသောမင်း မိဖုယားတို့၏။
ကဏ္ဌေ၊ လည်ပင်းတို့ကို။
ဆိန္ဒိတွာ၊ ဖြတ်ခဲ့သည်ရှိသော်။
ကထံကာဟသိ၊ အဘယ်သို့ဆင်းရဲမှ လွတ်ကြောင်းပြုနိုင် ပါတော့အံ့နည်း ။

ထိုသို့ဂါထာ ရွတ်ဆိုပြီးသောအခါ အဘယ့်ကြောင့် သင်ရယ်လေဘိသနည်းဟု မေးပြန်လတ်သော် အရှင်မင်းမြတ် ကျွန်တော်မသည် ထိုဆင်းရဲမှ လွတ်မြောက်သူ ဖြစ်ခဲ့ပေပြီဟု နှစ်သက် ဝမ်းမြောက် သဖြင့် ရယ်မိပါသည်ဟု လျှောက်ကြားလေ၏။ တဖန်လည်း ဓမ္မဒိန္နာမိဖုယားကို ပညောင်ပင်စောင့် နတ်သည် အရှင်မ ဟုတ်မှန်လှပေ၏၊ အရှင်မ ဟုတ်မှန်လှပေ၏ဟု ပြောဆိုချီးမွမ်း ပြီးလျှင် ပန်းတလက်ဆုပ်ဖြင့် ပူဇော်ပြန်လေ၏။

---

ဗရာဏသီမင်းကြီး တောင်းပန်ကန်တော့ခြင်း

ဗာရာဏသီပြည့်ရှင်မင်းကြီးသည် သြော် - အလွန်ဝန်လေးသောအမှုကို ငါပြုမိလေစွတကား ဤဓမ္မဒိန္နာမိဖုယားကား ဆိတ်မတကောင်ကို သတ်မိခြင်းကြေ ငရဲ၌ကျက်ပြီးမှ အကျိုး အကြွင်း အကျန်အားဖြင့် ဆိတ်မ၏ အမွေးအရေအတွက် နှင့်အမျှ ဦးခေါင်းဖြတ်ခြင်းသို့ ရောက်ရပေ သတတ်။ ငါသည် ဤမျှလောက်သော မင်းအပေါင်းကို သတ်ခဲ့သည်ရှိသော် အဘယ်အခါ ချမ်းသာ ခြင်းသို့ ရောက်နိုင်ပါလတ္တံ့ နည်းဟု အောက်မေ့စဉ်းစား နှလုံးထားလျက် အလုံးစုံသော မင်းတို့ကို လွှတ်၍ မိမိထက် အသက်အရွယ်ကြီးရင့်ကုန်သော မင်းတို့ကိုရှိခိုးလျက် ငယ်ကုန်ငယ်ကုန်သော မင်းတို့ကို လက်အုပ်ချီလျက် အလုံးစုံသော မင်းတို့ကို သည်းခံစေလျက် တောင်းပန်ကန်တော့၍ မိမိ မိမိ၏စံရာဖြစ်သော တိုင်းနိုင်ငံ နေပြည်တော်သို့သာ ပြန်၍လွှတ်လေ၏။

မြတ်စွာဘုရားသည် ဤ တရားဒေသနာတော်ကို ဆောင်တော်မူ၍ ချစ်သားရဟန်းတို့ ဤသို့လျှင် မလ္လိကာမိဖုယားသည် ဤယခုအခါ၌သာ မိမိ၏ ပညာကိုမှီ၍ များစွာသော လူအပေါင်းအား ဇီဝိတဒါန အသက်အလှူကို ပေးလှူသည်မဟုတ်သေး။ ရှေးအခါကာလ၌လည်း ပေးလှူဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ဇာတ်ကို ပေါင်းတော်မူလေ၏။

ထိုအခါ ဗာရာဏသီမင်းသည် ယခုအခါ ပသေနဒီကောသလ မင်းကြီးဖြစ်လာ၏။
ထိုအခါ ဓမ္မဒိန္နာ မိဖုယားသည် ယခုအခါ မလ္လိကာမိဖုယားဖြစ်လာ၏။
ထိုအခါ ပညောင်ပင်စောင့်နတ်သည် ယခုအခါ ငါဘုရားသာလျှင် ဖြစ်လာ၏
ဟု အတိတ် ဇာတ်ကို ပေါင်းတော်မူလေ၏။

ဤသို့အတိတ်ဇာတ်ကို ပေါင်းတော်မူပြီးလျှင် တဖန် တရားဟောကြားတော်မူလိုရကား ချစ်သား ရဟန်းတို့ သူ့အသက်ကို သတ်ခြင်း မည်သည်ကို ပြုခြင်းငှါ မသင့်တင့် မလျောက်ပတ်သော အမှုပေတည်း။ ထိုစကား မှန်၏။ သူ့အသက်ကို သတ်လေ့ရှိသော သူတို့သည် ရှည်စွာသော နေ့ညဉ့် ကာလပတ်လုံး စိုးရိမ်ကြရကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဣဓသောစတိ ပေစ္စသောစတိ၊ ပါပကာရီ ဥဘယတ္ထသောစတိ။
သော သောစတိ သော ဝိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌ မတ္တနော။

ဧဝေဉ္စ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ။
န ပါဏော ပါဏိနံ ဟညေ၊ ပါဏဃာတီ ဟိ သောစတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည်။
ဣဓ၊ ပစ္စုပ္ပန်လောကဤဘဝ၌လည်း။
သောစတိ၊ စိုးရိမ်ရ၏။
ပေစ္စ၊ တမလွန်လောက နောင်ဘဝ၌လည်း။
သောစတိ၊ စိုးရိမ်ရ၏။
ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘဝ၌။
သောစတိ၊ စိုးရိမ်ရ၏။
သော၊ ထိုသူသည်။
အတ္တနော၊ မိမိ၏။
ကမ္မကိလိဋ္ဌံ၊ ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို။
ဒိသွာ၊ မြင်၍။
သောစတိ၊ စိုးရိမ်ရ၏။
သော၊ ထိုသူသည်။
ဝိဟညတိ၊ ပင်ပန်းရ၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
အယံဇာတိသမ္ဘဝေါ၊ ဤ ပဋိသန္ဓေနေခြင်း သဘောသည်။
ဒုက္ခော၊ ဆင်းရဲလှလေစွတကား။
ဧဝံ၊ ဤသို့။
သတ္တာ၊သတ္တဝါတို့သည်။
စေဇာနေယျုံ၊ အကယ်၍သိကုန်ငြားအံ့။
ပါဏော၊ သတ္တဝါတဦးသည်။
ပါဏိနံ၊ သတ္တဝါတဦးကို။
နဟညေ၊ မသတ်မညှင်းဆဲရာ။
ဟိ၊ ထိုစကားသင့်စွ။
ပါဏဃာတီ၊ သတ္တဝါကိုသတ်လေ့ရှိသောသူသည်။
သောစတိ၊ စိုးရိမ်ပူပန်ရ၏၊

ဤတရားဒေသနာတော်၏အဆုံး၌ များစွာကုန်သော သူတို့သည် ပတ္တိဖိုလ်စသည် တို့သို့ ရောက်ကြလေကုန်၏။

ပသေနဒီကောသလမင်းကြီးနှင့် မထင်ရှားသော ယောက်ျားဝတ္ထု ပြီး၏။

---

၂−မဟာကဿပ မထေရ်မြတ်၏ တပည့် ဝတ္ထု

စရေဉ္စနာဓိဂစ္ဆေယျ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပ မထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။ ဒေသနာ ဝတ္ထုသည် ရာဇဂြိုဟ်ပြည်၌ဖြစ်၏။

---

တပည့်လိမ္မာ အလိမ်ပေါ်ခြင်း

ရာဇဂြိုဟ်ပြည်ကိုမှီ၍ ပိပ္ပလိညောင်ချပ်ပင် ရှိသော လိုဏ်ဂူ၌ သီတင်း သုံးနေတော်မူသော ရှင်မဟာကဿပမထေရ်ကို နှစ်ယောက်သော အတူနေ တပည့်တို့သည် လုပ်ကျွေးပြုစုကြလေ ကုန်သတတ်၊ ထိုတပည့်နှစ်ယောက်တို့တွင် တယောက်ကား ရိုသေကောင်းမွန်စွာ ဝတ်ကြီး ဝတ်ငယ်ကိုပြု၏။ တယောက်ကား ထိုဝတ်နှင့်ပြည့်စုံသော ရဟန်း ပြုပြုသမျှကို မိမိပြုသကဲ့သို့ ပြုလျက် မျက်သစ်ရေ ဒန်ပူ တို့ကိုစီရင်ပြီးသည့်အဖြစ်ကို သိသောအခါ အရှင်ဘုရား မျက်သစ်ရေ ဒန်ပူတို့ကို တပည့်တော် ပြုပြင်စီရင် ထားအပ်ပါကုန်ပြီ မျက်နှာသစ်တော်မူပါ ဘုရားဟု လျှောက်ကြား၏၊ ခြေဆေးအံ့သောအခါ ရေချိုးအံ့သောအခါ စသည်တို့၌လည်း ဤအတူသာလျှင် လျှောက်ကြားလေ့ရှိ၏။

ဤမှတပါး ဝတ်နှင့်ပြည့်စုံသော တပည့်ရဟန်းသည် ကြံဆင်ခြင်သည်မှာ ဤရဟန်းသည် အမြဲ မပြတ်ကာလပတ်လုံး ငါပြုပြုသမျှကို မိမိပြုသကဲ့သို့ပြု၍ ညွှန်ပြလေ့ရှိ၏၊ ရှိစေဦးတော့ ဤ ရဟန်းအား ပြုအပ်သောအမှုကိုပြုဦးအံ့ဟု ကြံဆင်ခြင်ပြီးလျှင်ဆွမ်းစားပြီး၍ ထိုရဟန်း အိပ်ပျော်စဉ် ချိုးရေကိုနွေး၍ အိုးတခု၌ထည့်လျက် ရေချိုးအိမ်၏နောက်၌ ထားလေ၏။ ရေကိုနွှေးသော အိုး၌ကား တကွမ်းစား တစလယ်မျှလောက်သော ရေကိုချန်ချွင်း၍ အငွေ့ကိုလွတ်စေလျက် ထားလေ၏။

ဤမှတပါး ဝတ်နှင့်မပြည့်စုံသော တပည့်ရဟန်းသည် ညချမ်းအခါ အိပ်ရာမှ နိုး၍ အခိုးအငွေ့ ခြောင်းခြောင်း ထနေသည်ကို မြင်ရလျှင်ရေကိုနွှေး၍ ရေချိုးအိမ်၌ထားအပ်သည်ဖြစ်ပေလတ္တံ့ဟု မှတ်ထင်သဖြင့် လျင်မြန်စာသွားရောက်၍ မထေရ်ကိုရှိခိုးလျက် အရှင်ဘုရား ရေချိုးအိမ်၌ ရေကို ထည့်ထားအပ်ပါပြီ၊ ရေသုံးသပ်တော်မူကြပါဘုရားဟု လျှောက်၍ မထေရ်နှင့်တကွသာလျှင် ရေချိုးအိမ်သို့ ဝင်လေ၏။

မထေရ်လည်း ရေကိုမမြင်ရကား ငါ့ရှင် ရေအဘယ်မှာနည်း ဟုမေးတော်မူ၏၊ ရဟန်းငယ်သည် မီးတင်းကုပ်သို့သွား၍ အိုး၌မှုတ်ကို ချခပ်လိုက်လျှင် ရေမရှိဘဲအချည်းနှီးသော အိုး၏အဖြစ်ကို သိရ၍ ယုတ်မာသောရဟန်းပျက်၏အမှုကို ကြည့်စမ်းပါလော့၊ ရေမရှိဘဲ အချည်းနှီးသောအိုးကို ခုံလောက်၌ တင်ထား၍ အဘယ်အရပ်သို့ သွားလေဘိသနည်း ငါကားရေချိုးအိမ်၌ရေရှိ၏ ဟူသော အမှတ်ဖြင့် မထေရ်ကို လျှောက်ထားမိလေပြီဟု ကဲ့ရဲ့ရှုတ်ချလျက် ရေအိုးကိုယူ၍ ရေဆိပ်သို့ သွားလေ၏။

ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ရေချိုးအိမ်၏နောက်မှ ရေကိုဆောင်ယူလာ၍ ရေချိုးအိမ်၌ ထားလေ၏။ အရှင်မဟာကဿပ မထေရ် ကြံဆင်ခြင်တော်မူသည်မှာ ဤရဟန်းငယ်သည် ရေကို နွေး၍ ရေချိုးအိမ်၌တပည့်တော် ထားအပ်ပါပြီ အရှင်ဘုရား ကြွတော်မူကြပါ ရေသုံးသပ်တော် မူကြပါ ဘုရားဟု ဆိုလျက် ဤယခုအခါ၌ ကဲ့ရဲ့ရှုတ်ချကာ ရေအိုးကိုယူ၍ မြစ်ဆိပ်သို့ သွားဘိ၏။

ဤအကြောင်းကား အသို့နည်းဟု စူးစမ်းဆင်ခြင်သည်ရှိသော် ဤမျှလောက်သော ကာလပတ်လုံး ထိုရဟန်းငယ်သည် ဤရဟန်းငယ် ပြုအပ်သော ဝတ်ကြီး ဝတ်ငယ်အမှုကို မိမိသာလျှင် ပြုအပ်ဘိ သကဲ့သို့ ထင်ရှားပြလျက် နေလေဘိသည်ဟု သိတော်မူရကား ညချမ်းအခါလာ၍ ခစား နေထိုင်သော ထိုရဟန်းငယ်အား အဆုံးအမကို ဤသို့ပေးတော်မူလေ၏။

ငါ့ရှင် ရဟန်းမည်သည်ကား မိမိ ပြုအပ်သော အမှုကိုသာလျှင် ပြု၏ဟုပြောဆိုခြင်းငှါ သင့်သည၊် မပြုအပ်သော အမှုကိုပြု၏ဟု ပြောဆိုခြင်းငှါမသင့်၊ သင်သည် ယခုပင် ရေချိုးအိမ်၌ ရေကိုထား အပ်ပါပြီ အရှင်ဘုရား ရေသုံးသပ်တော်မူကြပါ ဘုရားဟု လျှောက်ကြားသဖြင့် ငါသည် ရေချိုးအိမ်သို့ ဝင်ရောက်၍ နေသည်ရှိသော် ရေအိုးကိုယူဆောင်လျက် ကဲ့ရဲ့ ရှုတ်ချကာ သွားလေ ဘိ၏။

ရဟန်းမည်သောသူအား ဤသို့ပြုခြင်းငှါ မသင့်လျော် ဟု အဆုံးအမကို ပေးတော်မူလေ၏။ ထိုရဟန်းငယ်သည် မထေရ်၏အမှုကိုကြည့်ရှု ကြပါကုန်လော့ ရေအနည်းငယ်မျှကို အမှီပြု၍ ငါ့ကို ဤသို့ ပြောဆိုဘိ၏ဟု အမျက်ထွက်သဖြင့် တဖန် မိုးသောက်သောနေ့၌ မထေရ်နှင့် အတူတကွ ဆွမ်းခံ မဝင်ဘဲနေလေ၏။

---

ရန်ငြိုးကြီးသဖြင့် ကျောင်းမီးရှို့ခြင်း

မထေရ်သည်လည်း ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်နှင့် အတူတကွ တခုသော အရပ်သို့ ကြွတော်မူ၏။ ဝတ်နှင့်မပြည့်စုံသော ရဟန်းငယ်သည် မထေရ် ကြွတော်မူသည်ရှိသော် မထေရ်၏ အလုပ်အကျွေးဖြစ်သော အမျိုးအိမ်သို့ သွားသဖြင့် အရှင်ဘုရား မထေရ်မြတ်သည် အဘယ်မှာ နည်းဟု မေးလျှောက် အပ်သည်ဖြစ်၍ မထေရ်အား မချမ်းမသာ မကျန်းမမာဖြစ်၍ ကျောင်း၌ သာလျှင် ကျိန်းစက်တော်မူ၏ဟု ပြောလေ၏။

အရှင်ဘုရား အဘယ်ကိုရခြင်းငှါ သင့်ပါသနည်းဟု မေးပြန်လျှင် ဤသို့သဘောရှိသည်မည်သော အစာအာဟာရကို လှူကြကုန်လော့ ဟု ပြောဆိုသဖြင့် ထိုရဟန်းငယ် ပြောဆိုသော အတိုင်းဖြင့် သာလျှင် ကောင်းစွာ ပြုပြင်စီရင်၍ ပေးလှူလိုက်ကြကုန်၏။ ထိုရဟန်းငယ်သည် ခရီးအကြား၌ သာလျှင် ဆွမ်းကိုစား၍ ကျောင်းသို့ သွားလေ၏။

မထေရ်သည်လည်း ကြွတော်မူရာ အရပ်၌ ကြီးသည်ဖြစ်၍ သိမ်မွေ့နူးညံ့သော သင်္ကန်းလျာ ပုဆိုးကို ရခဲ့၍ မိမိနှင့် အတူတကွ လိုက်ပါသွားသော ရဟန်းငယ်အား ပေးသနားတော်မူ၏။ ထိုရဟန်းငယ်သည်လည်း ထိုသင်္ကန်းလျာပုဆိုးကို ဆိုးရည်ဖြင့် ဆိုး၍ မိမိကိုယ်တိုင် အဝတ် အရုံကို ပြုလေ၏။

အရှင်မဟာကဿပ မထေရ်သည် တဖန်မိုးသောက် ရောက်သောနေ့၌ ထို အလုပ်အကျွေး အမျိုး အိမ်သို့ ကြွသွားတော်မူသည်ရှိသော် အရှင်ဘုရား အရှင်ဘုရားတို့အား မချမ်းမသာ မကျန်းမမာ ဖြစ်သည်ဟု တပည့်တော်တို့သည် ရဟန်းငယ် မိန့်ဆိုအပ်သော အတိုင်းဖြင့်သာလျှင် ပြုပြင်စီရင်၍ အစာအာဟာရကို ပေးပို့လိုက်ပါသည် ဘုဉ်းပေး သုံးဆောင် စားသောက်ရသောကြောင့် အရှင် မြတ်အား ကျန်းမာချမ်းသာခြင်း ဖြစ်ပါလေသလောဘုရားဟု လျှောက်ကြားလျှင် မထေရ်သည် ဆိတ်ဆိတ်သာ နေတော်မူခဲ့၍ ကျောင်းသို့ ရောက်သွားတော် မူလတ်သည်ရှိသော် ရှိခိုး၍ နေထိုင်လာသော ထိုရဟန်းငယ်ကို ငါ့ရှင် အသင်သည် ယမန်နေ့က ဤသို့သော အမှုမည်သည်ကို ပြုအပ်လေသတတ်၊ ဤသို့ ပြုခြင်းသည် ရဟန်းတို့အား မလျောက်ပတ်၊ ဝိညတ်ကိုပြု၍ စားသောက်ခြင်းငှါ မအပ်ဟု ပြောဆိုဆုံးမတော်မူလေ၏။

ထို ရဟန်းငယ်သည်လည်း အမျက်ထွက်၍ မထေရ်၌ ရန်ငြိုးဖွဲ့သဖြင့် ရှေးဖြစ်သောနေ့၌ ရေ အနည်းငယ်မျှကိုမှီ၍ ငါ့ကိုမုသာဝါဒ ပြောဆိုလေ့ရှိသောသူကို ပြုဘိ၏။ ယနေ့လည်း မိမိ၏ အလုပ်အကျွေးဖြစ်သော အမျိုးအိမ်၌ တဆုပ်မျှလောက်သော ဆွမ်းကို သုံးစားမိခြင်းတည်း ဟူသော အကြောင်းကြောင့် ငါ့ကိုဝိညတ်ပြု၍ တောင်းစားခြင်းငှါ မအပ်ဟုပြောဆိုဘိ၏။ ရအပ်သော သင်္ကန်းလျာ ပုဆိုးကိုလည်း ထိုမထေရ်သည် မိမိ၏ အလုပ်အကျွေး ဖြစ်သော ထို ရဟန်းအား သာလျှင် ပေးဘိ၏။

သြော်မထေရ်သည် ပြုအပ်သော အမှုကား ဝန်လေးလှ၏တကား မထေရ်အား ပြုအပ်သည်နှင့် ယှဉ်သောအမှုကို သိရပေတော့အံ့ဟု အပြစ်ရှုပြီးလျှင် တဖန် မိုးသောက်သောနေ့၌ မထေရ်သည် ရွာတွင်းသို့ ဝင်တော်မူသည်ရှိသော် မိမိကား ကျောင်း၌ကျန်နေရစ်ခဲ့၍ တုတ်လှံတံကို ကိုင်လျက် အသုံးအဆောင်ဖြစ်သော အိုးခွက်တို့ကို ရိုက်ခွဲပြီးလျှင် မထေရ်၏ သစ်ရွက်မိုးသောကျောင်းကို မီးတိုက်၍ အကြင်ဝတ္ထုသည် မီးမစွဲမလောင်၊ ထိုမီး မစွဲမလောင်သော ဝတ္ထုကို လက်ရိုက် တင်းပုတ်ဖြင့် ရိုက်ခွဲပြီးမှ ထွက်ပြေးလေ၏။ ထိုရဟန်းငယ်သည် စုတေမနေ သေလွန်သည်ရှိသော် အဝိစိငရဲကြီး၌ ဖြစ်ရရှာလေ၏။

---

ဘုရားအား လျှောက်ထားခြင်း

များစွာသော လူအပေါင်းသည် အရှင်မဟာကဿပ မထေရ်၏ သဒ္ဓိဝိဟာရိက တပည့်ရဟန်းသည် ဆိုဆုံးမသည်မျှကို သည်းမခံနိုင်သဖြင့် အမျက်ထွက်၍ မထေရ်၏ သစ်ရွက်မိုးသော ကျောင်းကို မီးတိုက်၍ ထွက်ပြေးလေသတတ်ဟု စကားကို ဖြစ်စေကြလေကုန်၏။

ထိုမှနောက်အဖို့၌ ရဟန်းတပါးသည် ရာဇဂြိုဟ်ပြည်မှထွက်ခဲ့၍ မြတ်စွာဘုရားကို ဖူးမျှော်လိုသဖြင့် ဇေတဝန်ကျောင်းတော်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရားကို အစေ့အစပ် ပဋိသန္ဓာရ ပြုသဖြင့် ချစ်သားရဟန်း အသင်သည် အဘယ်အရပ်မှ လာခဲ့သနည်းဟု မေးတော်မူအပ်သည်ရှိသော် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်မှ လာခဲ့ ပါသည်ဘုရားဟု လျှောက်ကြားလေ၏။

ငါ၏ သားတော်ဖြစ်သော မဟာကဿပအား ခန့်ကျန်းချမ်းသာစွာ ရှိ၏လော့ဟု မေးတော် မူပြန်လျှင် မြတ်စွာဘုရား ခန့်ကျမ်းချမ်းသာစွာ ရှိပါ၏။ သဒ္ဓိဝိဟာရိက တပည့် ရဟန်းငယ် တပါးသည်ကား အဆုံးအမ ဩဝါဒပေးကာမျှဖြင့် အမျက်ထွက်၍ သစ်ရွက်မိုးသော ကျောင်းကို မီးတိုက်ပြီးလျှင် ထွက်ပြေးပါသည်ဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ချစ်သားရဟန်း ထိုရဟန်းငယ်သည် ယခုအခါ၌သာလျှင် အဆုံးအမကို ကြားနာရ၍ အမျက်ထွက်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်သည်သာလျှင်တည်း။ ယခုအခါ၌သာလျှင် နေရာဖြစ်သော ကုဋိကို ဖျက်ဆီးသည် မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီး သည်သာလျှင် တည်းဟုမိန့်တော်မူပြီးလျှင် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

---

မျောက်နှင့် စာပေါင်းသောင်း အတိတ်ဝတ္ထု

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည် ရှိသော် ဟိမဝန္တာ အရပ်၌ တခုသော စာပေါင်းသောင်းသည် အသိုက်ပြု၍ နေလေ၏။ ထိုအခါ တနေ့သ၌ မိုဃ်းရွာလတ်သော် တကောင်သော မျောက်သည် ချမ်းခြင်းကြောင့် တုန်တုန် လှုပ်လှုပ်ဖြစ်လျက် ထိုအရပ်သို့ ရောက်သွားလေ၏။ စာပေါင်းသောင်းသည် ထိုမျောက်ကိုမြင်၍ ဤဂါထာကို ဆိုလေ၏။

မနုဿဿေဝ တေ သီသံ၊ ဟတ္ထပါဒါစ ဝါနရ၊
အထ ကေန နုဝဏ္ဏေန၊ အဂါရံ တေ နဝိဇ္ဇတိ။

ဝါနရ၊ အိုမျောက်။
တေ၊ သင်မျောက်၏။
သီသံ၊ ဦးခေါင်းသည်။
မနုဿဿ၊ လူ၏။
သီသံဣဝ၊ ဦးခေါင်းကဲ့သို့ဖြစ်၏။
ဟတ္ထပါဒါစ၊ လက်ခြေတို့သည်လည်း။
မနုဿဿ၊ လူ၏။
ဟတ္ထပါဒါဣဝ၊ လက်ခြေတို့ကဲ့သို့ ဖြစ်ကုန်၏။
အထ၊ ထိုသို့ ဖြစ်လျက်။
ကေနနုဝဏ္ဏေန၊ အဘယ် အကြောင်းကြောင့်။
တေ၊ သင့်အား။
အဂါရံ၊ နေရာအိမ်သည်။
နဝိဇ္ဇတိ၊ မရှိရလေသနည်း။

မျောက်သည်လည်း ငါအား လက်ခြေတို့သည်ကား အကယ်၍ ရှိကုန်၏ ထိုသို့ပင်ရှိကုန်သော်လည်း အကြင်ပညာဖြင့် စီစစ်ဆင်ခြင်၍ နေရာအိမ်ကို ဆောက်လုပ်နိုင်၏။ ထိုပညာသည် ငါ့အားမရှိဟု ကြံစည်လျက် ထိုအကြောင်းကို ထင်ရှားစွာ သိစေလိုရကား - ဤဂါထာကို ဆိုလေ၏။

မနုဿဿေဝ မေ သီသံ၊ ဟတ္ထပါဒါစ သိင်္ဂိလ၊
ယာဟု သေဋ္ဌာ မနုဿေသု၊ သာ မေ ပညာ နဝိဇ္ဇတိ။

သိင်္ဂိလ၊ အဆွေ စာပေါင်းသောင်း။
မေ၊ ငါ၏။
သီသံ၊ ဦးခေါင်းသည်။
မနုဿဿ၊ လူ၏။
သီသံဣဝ၊ ဦးခေါင်းကဲ့သို့ဖြစ်၏။
ဟတ္ထပါဒါစ၊ လက်ခြေတို့ သည်လည်း။
မနုဿဿ၊ လူ၏။
ဟတ္ထပါဒါဣဝ၊ လက်ခြေတို့ကဲ့သို့ ဖြစ်ကုန်၏။
ယာပညာ၊ အကြင်ပညာသည်။
မနုဿေသု၊ လူတို့၌။
သေဋ္ဌာ၊ မြတ်၏ဟူ၍။
အာဟု၊ ဆိုကုန်၏။
သာပညာ၊ ထိုပညာသည်။
မေ၊ ငါ့အား။
နဝိဇ္ဇတိ၊ မရှိ။

ထိုအခါ မျောက်ကို ဤသို့သဘောရှိသော သင့်အား အဘယ်သို့လျှင် အိမ်၌ နေခြင်းသည် ပြည့်စုံနိုင်လတ္တံ့နည်းဟု ကဲ့ရဲ့ရှုတ်ချလိုသဖြင့် စာပေါင်းသောင်းသည် ဤဂါထာနှစ်ခု အပေါင်းကို ဆိုလေ၏။

အနဝဋ္ဌိတစိတ္တဿ၊ လဟုစိတ္တဿ ဒုဗ္ဘိနော၊
နိစ္စံ အဓုဝသီလဿ၊ သုခဘာဝေါ နဝိဇ္ဇတိ။

သော ကရဿာနုဘာဝံ တွံ၊ ဝီတိဝတ္တဿု သီလိယံ၊
သီတဝါတပရိတ္တာဏံ၊ ကရဿု ကုဋိကံ ကပိ။

ဝါနရ၊ အိုမျောက်။
အနဝဋ္ဌိတစိတ္တဿ၊ မတည်တံ့ မငြိမ်သက်သော စိတ်ရှိသော။
လဟုစိတ္တဿ၊ ပေါ့သော လျင်သော စိတ်အကြံရှိသော။
ဒုဗ္ဘိနော၊ အဆွေခင်ပွန်းအား ပြစ်မှားတတ်သော။
နိစ္စံ၊ အမြဲ။
အဓုဝသီလဿ၊ မမြဲသောသီလ အကျင့်ရှိသောသူအား။
သုခဘာဝေါ၊ ချမ်းသာခြင်း၏ အဖြစ်သည်။
နဝိဇ္ဇတိ၊ မရှိ။

ကပိ၊ အိုမျောက်။
သောတွံ၊ ထိုသင်သည်။
အာနုဘာဝံ၊ ပညာ၏ဖြစ်ခြင်း အကျိုးငှါ အာနုဘော်ဟုဆိုအပ်သော ဥပါယ်တမျည်ကို။
ကရဿု၊ ပြုလေဦးလော့။
သီလိယံ၊ ညစ်နွမ်းခြင်းကို ဖြစ်စေတတ်သော မျောက်တို့၏ အလေ့အလာကို။
ဝီတိဝတ္တဿု၊ လွန်ပေဦးလော့။
သီတဝါတပရိတ္တာဏံ၊ ချမ်းဧခြင်းကို ဖြစ်စေတတ်သော လေကို တားမြစ်ရာ တားမြစ်ကြောင်း ဖြစ်သော။
ကုဋိကံ၊ နေရာအိမ်ကို။
ကရဿု၊ ပြုလေဦးလော့။

မျောက်သည်လည်း ဤစာပေါင်းသောင်းငှက်ကား ငါ့ကိုမရပ်သွေဖီ မတည်ကြည်သောစိတ် ရှိသည်ကို၎င်း၊ ပေါ့သော လျင်သောစိတ် ရှိသည်ကို၎င်း၊ အဆွေခင်ပွန်းအား ပြစ်မှားတတ်သည် ကို၎င်း၊ မမြဲသောသီလ ရှိသည်ကို၎င်း ပြုလေဘိ၏။ ဤယခုအခါ၌ ထိုစာပေါင်းသောင်းငှက်အား အဆွေခင်ပွန်းအား ပြစ်မှားတတ် သည်၏အဖြစ်ကို ပြရပေတော့အံ့ဟု အသိုက်ကို ဆုတ်ဖဲ့ ဖျက်ဆီး၍ ဖရိုဖရဲကြဲ ဖြန့်လေ၏။ ထိုစာပေါင်းသောင်းငှက်ကား မျောက်သည် အသိုက်ကို ဆွဲငင်သော ကာလ၌ပင် နံပါးတဘက်ဖြင့် ထွက်၍ ပျံသွားလေ၏။

မြတ်စွာဘုရားသည် စတုက္ကနိပါတ် သိင်္ဂါလသကုဏဇာတ်ဖြစ်သော ဓမ္မဒေသနာကို ဆောင်တော် မူ၍ ဇာတ်ကို ပေါင်းတော်မူလေ၏။ ကျောင်းကိုဖျက်ဆီးသော ရဟန်းသည် ထိုအခါ မျောက် ဖြစ်ဖူးလေပြီ။ ကဿပမထေရ်သည် စာပေါင်းသောင်းငှက် ဖြစ်ဖူးလေပြီ။ ဤသို့ဇာတ်ကို ပေါင်းတော်မူပြီးလျှင် ချစ်သားရဟန်းတို့ ထိုရဟန်းငယ်သည် ဤ ယခုအခါ၌သာ ဤသို့သဘော ရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဆိုဆုံးမသော ခဏ၌ အမျက်ထွက်၍ စာပေါင်းသောင်း အသိုက်ကို ဖျက်ဆီး၏။ ငါ့သားဖြစ်သော ကဿပအား ဤသို့သဘောရှိသော မလိမ္မာသော သူနှင့်တကွ နေရခြင်းထက် တယောက်ထည်းသာ နေရခြင်းသည် မြတ်၏ဟု မိန့်တော်မူ၍ ဤ ဂါထာကို ဟောတော်မူလေ၏။

---

ဒေသနာတော်

စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစ္စရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

စရံစရန္တော၊ ကလျာဏမိတ္တကိုရှာမှီးသောသူသည်။
အတ္တနော၊ မိမိထက်။
သေယျံ၊ သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် လွန်မြတ်သော သူကို၎င်း။
အတ္တနော၊ မိမိနှင့်။
သဒိသံ၊ သီလစသောဂုဏ်ကျေးဇူးတို့ဖြင့်တူသောသူကို၎င်း။
စေနာဓိဂစ္ဆေယျ၊ အကယ်၍ မရငြားအံ့။
ဧကစ္စရိယံ၊ တယောက်ထည်းသာ ကျင့်ခြင်းကို။
ဒဠှံ၊ မြဲစွာ။
ကယိရာ၊ ပြုရာ၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။
ဗာလေဗာလံ၊ မလိမ္မာသောသူကို။
နိဿာယ၊ မှီ၍။
သဟာယတာ၊ အပေါင်း အဖော်၏ဖြစ်ကြောင်း သီလစသော ဂုဏ်ကျေးဇူးသည်။
နတ္ထိ၊ မရှိ။

---

ဒေသနာတော်၌ မှတ်ဖွယ်

ကလျာဏမိတ္တ တည်းဟူသော အဆွေခင်ပွန်းကောင်းကို ရှာမှီးလိုသော သူသည် သီလ, သမာဓိ, ပညာတို့ဖြင့် မိမိထက် သာလွန်သော သူကို၎င်း၊ မိမိနှင့်တူမျှသော သူကို၎င်း ရှာမှီးရမည် သာလွန်သောသူကိုရလျှင် သီလစသည် တို့ဖြင့်တိုးပွါး၏။ တူမျှသောသူကိုရလျှင် မဆုတ်ယုတ်။ မိမိအောက် ယုတ်ညံ့သောသူကား အတူတကွ နေလျှင်၎င်း အတူတကွပေါင်းသင်း ဆက်ဆံ သော်၎င်း သီလစသော ဂုဏ်တို့မှ ဆုတ်ယုတ်တတ်၏။

ထို့ကြောင့် ဤသို့ သဘောရှိသော ယုတ်ညံ့သောသူကို အစဉ်သနားခြင်း အစဉ်စောင့်ရှောက်ခြင်းမှ ကင်းသဖြင့် မမှီဝဲမဆည်းကပ်အပ်ဟု ဘုရားဟောတော်မူသည်။ ထို့ကြောင့်သနားခြင်းကို အစွဲပြု၍ ဤသူသည် ငါ့ကိုအမှီပြုရသည်ရှိသော် သီလစသောဂုဏ် တို့ဖြင့်တိုးပွါးပေလတ္တံ့ဟု နှလုံးပြုလျက် ထိုသူ့အထံမှ တစုံတခုသောပစ္စည်း အာမိသကို မတောင့်တဘဲ ချီးမြှောက်ခြင်းငှါ စွမ်းနိုင်ပါမူ အပြစ်မရှိပေ။

မစွမ်းနိုင်ပါမူကား တယောက်ထည်းသာ ကျင့်သောအကျင့်ကိုမြဲမြံစွာပြု၍ သွား ရပ်, ထိုင်, လျောင်း လေးပါးသော ဣရိယာပုထ် အပေါင်း၌ တယောက်ထည်းသာ နေထိုင်ရာ၏ အဘယ့်ကြောင့် ဆိုသော် စူဠသီလ, မဇ္ဈိမသီလ, မဟာသီလ, ဆယ်ပါးသော ကထာဝတ္ထု, တဆဲ့သုံးပါးသော ဓုတင် ဂုဏ်ကျေးဇူး, ဝိပဿနာဂုဏ်ကျေးဇူး, မဂ်လေးပါး, ဖိုလ်လေးပါး, ဝိဇ္ဇာသုံးပါး, အဘိညာဉ် ခြောက်ပါး တည်းဟူသော အပေါင်းအဖော်၏ ဖြစ်ကြောင်း “သဟာယတာ” မည်သော ဂုဏ်ကျေးဇူးသည် မလိမ္မာသောသူကို အမှီပြု၍ မရှိနိုင် မဖြစ်နိုင် ဟူလို။

---

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏ အဆုံး၌ ရာဇဂြိုဟ်ပြည်မှ ကြွလာသော အာဂန္တုက ရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှတပါး များစွာသောသူ တို့သည်လည်း သောတာပတ္တိ ဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများ အပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မဟာကဿပမထေရ်မြတ်၏ တပည့်ဝတ္ထု ပြီး၏။

---

၃−အာနန္ဒာသူဌေးကြီးဝတ္ထု

ပုတ္တာမတ္ထိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အာနန္ဒာအမည်ရှိသောသူဌေးကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(အာနန္ဒ-ဟု ပုလ္လိင် အကာရန္တဖြင့်သာ ဆိုသင့်သော်လည်း မြန်မာတို့ခေါ်ခင်မှု၌ အာနန္ဒာ ဟု ပုလ္လိင် အာကာရန္တ ဆိုလေ့ရှိကြသည်။ သာရိပုတြာ အရိယာ သံဃာတို့၌လည်း ၎င်းနည်းတူ။)

---

အာနန္ဒာသူဌေးကြီးသေ၍ လူ ပြိတ္တာဖြစ်ခြင်း

သာဝတ္ထိပြည်၌ ကုဋေရှစ်ဆယ် ကြွယ်ဝသော စည်းစိမ်ဥစ္စာရှိသည်ဖြစ်၍ လွန်မင်းစွာ နှမြော ဝန်တိုသော သဘောရှိသော အာနန္ဒာအမည်ရှိသော သူဌေးတဦးသည် ရှိပေသတတ် ထိုအာနန္ဒာ သူဌေးသည် လခွဲတိုင်းလခွဲတိုင်း ဆွေမျိုးဉာတကာ တို့ကိုစည်းဝေးစေ၍ မူလသိရိ အမည်ရှိသော မိမိ၏သားကို သုံးပါးသောအခါတို့၌ ဤသို့သော အဆုံးအမဩဝါဒကိုပေး၏။

ဤကုဋေလေးဆယ် မျှလောက်သော ပစ္စည်းဥစ္စာကို များလှပြီဟူသော အမှတ်သညာကို မပြုလေလင့်။ ထင်ရှားရှိနေသော ဥစ္စာကို မပေးကမ်းအပ်၊ အသစ်ဖြစ်သောဥစ္စာကို တိုးပွါးစေအပ် ဖြစ်စေအပ်၏။ ထိုစကားမှန်၏။ တသပြာမျှဖြစ်သော ဥစ္စာကိုလည်း ကုန်ခန်း ပျက်စီးအောင် ပြုသောသူအားဥစ္စာသည် တဖြည်းဖြည်း ကုန်သည်သာတည်း။ ထို့ကြောင့် -

အဉ္ဇာနာနံ ခယံ ဒိသွာ၊ ဥပစိကာနဉ္စ အာစယံ။
မဓူနဉ္စ သမာဟာရံ၊ ပဏ္ဍိတော ဃရမာဝသေ။

ပဏ္ဍိတော၊ ပညာရှိသည်။
အဉ္ဇနာနံ၊ မျက်စဉ်းတို့၏။
ခယံစ၊ ကုန်ခြင်းကို၎င်း။
ဥပစိကာနံ၊ သေးငယ်စွာလှ ပိုးရွ ခြ တို့၏။
အာစယဉ္စ၊ တောင်ပို့ ဖြစ်အောင် ပေါင်းစုခြင်းကို၎င်း။
မဓူနံ၊ ပျားကောင်တို့၏။
သမာဟာရံစ၊ ပျားလပို့ ဖြစ်အောင် ပန်းယက်စုပေါင်းကာ ဆောင်ယူခြင်းကို၎င်း။
ဒိသွာ၊ ကြည့်ရှု၍။
ဃရံ၊ အိမ်ကို။
ဝါ၊ အိမ်၌။
အာဝသေ၊ အုပ်ချုပ်သေချာ နေထိုင်ရာ၏။

ဤသို့ အဆုံးအမ ဩဝါဒကိုပေး၏ ထိုသူဌေးကြီးသည် နောက်အဖို့ဖြစ်သော တပါးသောအခါ၌ မိမိ၏ရွှေအိုးကြီးငါးလုံးကို မိမိ၏သားဖြစ်သော မူလသိရိအား မပြောမကြားမူ၍ ဥစ္စာကိုမှီ၍ဖြစ်သော နှမြောဝန်တိုခြင်း တည်းဟူသော အညစ်အကြေး ယှက်မှေးလိမ်းကျံလျက် စုတိပြောင်းကြွေ သေလွန်ခြင်းကို ပြုရလေသောကြောင့် ထိုသာဝတ္ထိပြည်၏သာလျှင် တခုသော တံခါးအနီးရွာ၌ ဒွန်းစဏ္ဍားတို့၏ အမျိုးတထောင်သည် နေထိုင်၏။ ထိုရွာတွင် ဒွန်းစဏ္ဍားမတယောက်၏ဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။

သာဝတ္ထိပြည်ကြီးရှင် ဘုရင် ပသေနဒီကောသလ မင်းကြီးသည် ထိုအာနန္ဒာ သူဌေး၏ သေလွန်ခြင်းကို ကြားသိတော်မူသဖြင့် သူဌေး၏သားဖြစ်သော မူလသိရိကို ခေါ်စေပြီးလျှင် သူဌေးအရာ၌ ထားတော်မူလေ၏။ ထိုဒွန်းစဏ္ဍားမျိုး တထောင်သည်လည်း တပေါင်းတစုတည်း သာလျှင် အခဖြင့်အမှုကိုပြုလျက် အသက်မွေးခြင်း အမှုကိုပြုနေရာ အာနန္ဒာသူဌေး၏ ပဋိသန္ဓေ စွဲယူနေသည်မှစ၍ အခကိုမရ၊ မျှတလောက်ရုံမျှကိုလည်း မရ၊ ထိုမှနောက်၌လည်း ထမင်း တဆုပ်မျှကိုပင် မရသောကြောင့် ဒွန်းစဏ္ဍားတို့သည် ဤယခုအခါ ငါတို့သည် အမှုကို ပြုလုပ်ပါ ကုန်သော်လည်း ထမင်းတဆုပ်ကိုမျှလည်း မရကြကုန်၊ ငါတို့၏ အတွင်း၌ သူယုတ်မာမသည် ရှိသည်ဖြစ်တန်ရာ၏ဟု နှစ်ဖို့နှစ်စုဖြစ်ကြ၍ အကြင်မျှလောက် အာနန္ဒာ သူဌေး၏ အမိအဘ တို့သည် အသီးအခြား ဖြစ်ကြကုန်၏။

ထိုမျှလောက် ခွဲခြားဝေဖန်၍ ဤအမျိုး၌ သူယုတ်မာမသည် ဖြစ်ပေါ်လေ၏ဟု ထိုအာနန္ဒာသူဌေး၏ မိခင်ဖြစ်သော ဒွန်းစဏ္ဍားမကို နှင်ထုတ်ကြလေကုန်၏။ ထိုမိခင် ဒွန်းစဏ္ဍားမ သည်လည်း အကြင် မျှလောက် ထိုသူငယ်သည်ဝမ်း၌ တည်၏၊ ထိုမျှလောက်သော ကာလပတ်လုံး မျှတ လောက်ရုံသော ထမင်းကိုမျှလည်း ငြိုငြင်ဆင်းရဲစွာ ရှာဖွေပါမှ ရသည်ဖြစ်၍ သားကို ဖွားမြင်ရရှာလေ၏။

ထိုသူငယ်၏ လက်တို့သည်၎င်း ခြေတို့သည်၎င်း မျက်စိတို့သည်၎င်း နားတို့သည်၎င်း နှာခေါင်း သည်၎င်း ခံတွင်းသည်၎င်း ပကတိတည်ရှိမြဲတိုင်းသော အရပ်၌ မဟုတ်ကုန်။ ထိုသူငယ်သည် ဤသို့ သဘောရှိသော အင်္ဂါကြီးငယ် ချို့တဲ့ခြင်းနှင့် ပြည့်စုံသည် ဖြစ်ရကား မြေဘုတ်ဘီလူးကဲ့သို့ အလွန်အမင်း ဖောက်ပြန်စွာ အဆင်းမလှခြင်း ရှိသော သူငယ်ဖြစ်ရရှာလေ၏။

---

ဘဝဟောင်းကရွှေအိုးများ ဖေါ်ပြခြင်း

ဤသို့အလွန်အပင်း အဆင်းမလှသော သူငယ်ဖြစ်သော်ငြားလည်း ထိုသူငယ်ကို မိခင်သည် မစွန့်ပစ်ရက်နိုင် ထိုစကားမှန်၏။ မိမိ၏ဝမ်း၌ ပဋိသန္ဓေ တည်နေလာသော သားသ္မီး၌ ချစ်ခင် စုံမက်နှစ်သက်မြတ်နိုးခြင်းသည် လွန်မင်းစွာ အားကြီးပေ၏။

ထိုဒွန်းစဏ္ဍားမသည် သားငယ်ကို ဆင်းရဲငြိုငြင်စွာ မွေးကျွေးသုတ်သင်လျက် ထိုသားငယ်ကို ပွေ့ချီ၍ သွားသောနေ့၌ကား တစုံတခုကိုမျှ မရသောကြောင့် အိမ်၌ထားခဲ့၍ မိမိချည်း သွားသောနေ့၌ တဖန် ရနေကြရလေ၏။ ထို့နောက် ထမင်းစသော အစာအာဟာရ အလို့ငှါ လှည့်လည်သွားလာ ရှာဖွေ၍ အသက်မွေးခြင်းငှါ စွမ်းနိုင်သောအခါ သူငယ်ကိုလက်၌ ခွက်တခုထား၍ ချစ်သား ငါတို့သည် သင်ချစ်သားကို အမှီပြု၍ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြရလေကုန်ပြီ၊

ယခုအခါ အသင်ချစ်သားကို မွေးကျွေး သုတ်သင်ခြင်းငှါ မစွမ်းနိုင်ကြကုန်၊ ဤသာဝတ္ထိပြည်ကြီး၌ အထီးကျန်သောသူ ခရီးသွားသောသူ စသည်တို့၏ အကျိုးငှါ စီရင်အပ်သော ထမင်းတို့သည် ရှိကုန်၏။ ထိုထမင်းရှိရာ၌ ထမင်းစသော အစာကို တောင်းရမ်းလှည့်လည် ရှာဖွေကာ အသက် မွေးလေလော့ဟု ဆို၍ သားငယ်ကိုစေလွှတ် စွန့်ပစ်ရရှာလေ၏။

ထိုသူငယ်သည် အိမ်စဉ်အတိုင်း အားဖြင့် လှည့်လည်လတ်သည်ရှိသော် အာနန္ဒာ သူဌေးကြီး ဖြစ်စဉ်အခါ ရှေးယခင်က ဖြစ်ခဲ့ဖူးသော အိမ်နေရာသို့ ရောက်သွားပြီးလျှင် ဘဝဟောင်းကို သိစွမ်း နိုင်သော ဇာတိဿရဉာဏ် ရသည်ဖြစ်၍ မိမိ၏အိမ်သို့ ဝင်သွားလေ၏။ သုံးတန် သုံးထပ်ကုန်သော တံခါးမုခ်တို့၌ စောင့်သော တစုံတယောက်သောသူမျှ အမှတ်အသား မပြုလိုက်မိသဖြင့် လေးတန်မြောက် စတုတ္ထတံခါးမုခ်၌ မူလသိရိသူဌေး၏ သားငယ်တို့ မြင်ရသည်ရှိသော် လွန်စွာ ထိတ်လန့်သော နှလုံးရှိကုန်သည် ဖြစ်၍ ငိုကြွေးမြည်တမ်းကြလေကုန်၏။

ထိုအခါ ထိုသူငယ်ကို မူလသိရိသူဌေး၏ အလုပ်အကျွေး အစောင့်အရှောက် ယောက်ျားတို့သည် ဘုန်းကြက်သရေ မဲ့လှသော ဟယ်သူယုတ် ထွက်သွားလော့ ဟု ရိုက်နှက်ပုတ်ခတ် ထောင်းထု သတ်၍ ငင်ထုတ်ပြီးလျှင် တံမြက်ချေး စွန့်ရာ အရပ်၌ ပစ်ထားကြလေကုန်၏။

မြတ်စွာဘုရားသည် အာနန္ဒာ မထေရ်လျှင် နောက်လိုက်ရဟန်းရှိသဖြင့် ဆွမ်းအလို့ငှါ လှည့်လည် လတ်သည်ရှိသော် ထိုအရပ်သို့ ရောက်တော်မူလျှင် အာနန္ဒာမထေရ်ကို ကြည့်တော်မူသဖြင့် ရှင်အာနန္ဒာ မထေရ် မေးတော်မူအပ်သည်ရှိသော် ထိုအကြောင်းကိုပြောကြား မိန့်မြွက်တော် မူသောကြောင့် အာနန္ဒာမထေရ်သည် မူလသိရိသူဌေးကို ခေါ်စေတော်မူလေ၏။

ထိုအခါ များစွာသော လူအပေါင်းတို့သည် စည်းဝေးကြကုန်၏။ မြတ်စွာဘုရားသည် မူလသိရိ သူဌေးကို ခေါ်တော်မူ၍ ဤသူငယ်ကို သိ၏လောဟု မေးတော်မူသဖြင့် မသိပါဘုရားဟု လျှောက်ကြားသည်ရှိသော် အသင်၏ ဖခင်ဖြစ်သော အာနန္ဒာသူဌေးကြီးပေတည်း ဟု မိန့်တော် မူသဖြင့် မယုံမကြည်ဖြစ်နေသော မူလသိရိ သူဌေးကို အာနန္ဒာသူဌေးကြီး သင်၏သားအား ငါးလုံးသော ရွှေအိုးကြီးကို ပြောကြားလေလော့ဟု မိန့်တော်မူ၍ ပြောကြားစေတော်မူသဖြင့် ယုံကြည်စေတော်မူလေ၏။

ထိုမူလသိရိသူဌေးသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ခြင်းသို့ ရောက်လေ၏။ ထို မူလသိရိသူဌေးအား တရားဟောကြားတော်မူလို ပြန်ရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၆၂။ ပုတ္တာ မတ္ထိ ဓန မတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတောဓနံ။

မေ၊ ငါ့အား။
ပုတ္တာ၊ သားသ္မီးတို့သည်။
အတ္ထိ၊ ရှိကုန်၏။
မေ၊ ငါ့အား။
ဓနံ၊ ဥစ္စာသည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။
ဗာလော၊ မလိမ္မာသောသူမိုက်သည်။
တဏှာယ၊ သားသ္မီးဥစ္စာ တပ်ငြိကာဖြင့်။
ဝိဟညတိ၊ ပင်ပန်းဆင်းရဲ၏။
ဧဝံပိ၊ ဤသို့ပင်ပန်းဆင်းရဲရပါသော်လည်း။
အတ္တာဟိ၊ မိမိပင်သော်လည်း။
အတ္တနော၊ မိမိ၏။
တာဏာယ၊ ကိုးကွယ်ရာ စောင့်ရှောက်ရာ အကျိုးငှါ။
နတ္ထိ၊ မရှိ။
ပုတ္တာ၊ သားသ္မီးတို့သည်။
ကုတောအတ္ထိ၊ အဘယ်မှာ ရှိကုန်အံ့နည်း။
ဓနံ၊ ဥစ္စာသည်။
ကုတောအတ္ထိ၊ အဘယ်မှာရှိနိုင်အံ့နည်း။

---

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားအထူးကို သိခြင်းသည် ဖြစ်လေ၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အာနန္ဒာသူဌေးကြီးဝတ္ထု ပြီး၏။

၄ - အထုပ်ဖြေတတ်သော ခိုးသူနှစ်ယောက် ဝတ္ထု

ယောဗာလော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သူတပါးတို့၏ ဥစ္စာထုပ်ကို ဖြေဖျက်၍ ခိုးယူတတ်ကုန်သော ခိုးသူတို့ကိုအကြောင်းပြု၍ ဟောတော်မူလေ၏။

ခါးပိုက်နှိုက်သမား သောတာပန်တည်ခြင်း

အပေါင်းအဖော်ဖြစ်ကုန်သော နှစ်ယောက်သော ခိုးသူတို့သည် တရားနာခြင်းငှါ သွားကုန်သော လူအပေါင်းနှင့်တကွ ဇေတဝန်ကျောင်းတော်သို့ လိုက်သွား၍ တယောက်သော ခိုးသူသည်ကား တရားစကားကို နာကြား၍နေသတတ်
တယောက်သော ခိုးသူသည်ကား မိမိခိုးယူရန် ဥစ္စာကိုသာ ကြည့်ရှု၍နေသတတ်။

ထိုနှစ်ယောက်ကုန်သော ခိုးသူတို့တွင် တယောက်သောခိုးသူသည် တရားတော်ကို နာလျက်ပင် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။
တယောက်သော ခိုးသူသည်ကား တရားနာသော သူတယောက်၏ ပုဆိုးစွန်း၌ ထုပ်သော ငါးပဲမျှသော အသပြာကို ခိုးယူ၍ရလေ၏။
ထိုသူ၏ ထိုငါးပဲမျှသော အသပြာသည် အိမ်၌ချက်ပြုတ် အပ်သော ထမင်းဟင်းဖြစ်လေ၏။

ဤမှတပါးသော တရားနာသော ခိုးသူ၏ အိမ်၌ကား မချက်မပြုတ်ရ
ထိုအခါ၌ တရားနာသော ခိုးသူကို အဖော်ဖြစ်သော ခိုးသူသည် မိမိ၏ဇနီးနှင့်အတူတကွ ပြက်ရယ်စကား ပြောကြားလျက် အသင်သည် အလွန်ပညာရှိသည်၏ အဖြစ်ကြောင့် မိမိ၏အိမ်၌ ချက်ပြုတ်ရန် ထမင်း ဟင်းလျာဖိုး မျှကိုသော်လည်းမရ မပြီးစေနိုင်ဟု ပြောဆိုလေ၏။
မြတ်စွာဘုရား တရားတော်ကို ကြားနာရသော ခိုးသူသည်ကား ဤသူသည် အလွန်တရာ မိုက်မဲ တွေဝေခြင်းကြောင့် သာလျှင် မိမိ၏ပညာရှိ တယောက် ဖြစ်ကြောင်းကို အောက်မေ့ဘိ၏ဟု ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ကြားအံ့သောငှါ ဆွေမျိုးဉာတကာတို့နှင့် အတူတကွ ဇေတဝန်ကျောင်းတော်သို့ သွား၍ လျှောက်ကြားလေ၏။
မြတ်စွာဘုရားသည် ထိုဒါယကာအား တရားဟောတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၆၃။ ယောဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတောဝါ ပိ တေနသော။
ဗာလောစ ပဏ္ဍိတမာနီ၊ သ ဝေ ဗာလောတိ ဝုစ္စတိ။

ယောဗာလော၊ အကြင်သူမိုက်သည်။
ဗာလျံ၊ မိမိမိုက်သည်၏အဖြစ်ကို။
မညတိ၊ ငါမိုက်သည်ဟုသိ၏။
သောဗာလော၊ ထိုသူမိုက်သည်။
တေန၊ ထိုမိုက်သည့်အဖြစ်ကို သိသောအကြောင်းကြောင့်။
ပဏ္ဍိတောဝါပိ၊ ပညာရှိသည်မူလည်း။
ဝါ၊ ပညာရှိနှင့်တူသည်မူလည်း။
ဟောတိ၊ ဖြစ်၏။
ယောဗာလော၊ အကြင်သူမိုက်သည်။
ဗာလောစ၊ မိုက်သည်ဖြစ်၍သာလျှင်။
ပဏ္ဍိတမာနီ၊ ငါပညာရှိဟုမှတ်၏။
သောဗာလော၊ ထိုသူမိုက်ကို။
ဝေ၊ စင်စစ်။
ဗာလောတိ၊ ဗာလဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၌ မှတ်ဖွယ်

[ငါသည် မသိမလိမ္မာ မိုက်မဲတွေဝေသောသူ တယောက်ဖြစ်၏ဟု အသိဉာဏ် အလိမ္မာရှိသော လူမိုက်သည် တပါးသောပညာရှိထံ ချဉ်းကပ် ခစားနိုင်သဖြင့် ပညာရှိဖြစ်အောင် ဆုံးမကံမြစ်သော ဩဝါဒကိုနားထောင် မှတ်ယူမိလျှင် သာမန်ပညာရှိသော်၎င်း လွန်ကဲသောပညာရှိကြီးသော်၎င်း ဖြစ် နိုင်ပေ၏။

အသိဉာဏ် အလိမ္မာကင်းသဖြင့် မိမိမိုက်မဲ တွေဝေသည့် အဖြစ်ကို မသိတတ်သော လူမိုက် သည်ကား ငါနှင့်တူသော ပညာဗဟုဿုတ ရှိသောသူ မရှိ၊ ငါနှင့်တူသော တရားဟောဆရာ, ငါနှင့်တူသော ဝိနည်းဆောင်, ငါနှင့်တူသော ဓုတင်ဆောင်, အဘယ်မှာရှိအံ့နည်းဟု ပညာရှင် မှတ်ထင်လျက် တပါးသော ပညာရှိထံ မချဉ်းကပ် မခစား မသင်ကြား မဖြည့်ကျင့်ဘဲသာနေ၏
ထို လူမိုက်သည် လူမိုက်အစစ်တယောက်၏ အဖြစ်သို့သာ ရောက်ရရှာလေ၏ ဟူလို။]

ဒေသနာတော်၏အကျိုး

တရားဒေသနာတော်၏ အဆုံး၌ တရားနာသောခိုးသူ၏ အဆွေအမျိုးတို့နှင့် တကွ များစွာသော လူအပေါင်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

အထုပ်ဖြေတတ်သော ခိုးသူနှစ်ယောက်ဝတ္ထု ပြီး၏။

---

၅ - အရှင်ဥဒါယီမထေရ်ဝတ္ထု

ယာဝဇီဝံပိစေ ဗာလော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် ဥဒါယီမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

တရားမရဘဲ ပလ္လင်ထိုင်ခြင်း

ထိုအရှင် ဥဒါယီမထေရ်သည် မထေရ်ကြီးတို့သည် တရားသဘင်နေရာမှ ဖဲကြွတော်မူကုန်သည် ရှိသော် တရားသဘင်သို့သွား၍ တရားဟောပုဂ္ဂိုလ်တို့၏ နေရာ၌ ထိုင်နေလေ့ရှိသတတ်၊ ထိုအခါ တနေ့သ၌ ထိုအရှင်ဥဒါယီမထေရ်ကို အာဂန္တုက ရဟန်းတို့သည် မြင်သဖြင့် ဤအရှင်ကား များသော အကြားအမြင်ရှိသော မထေရ်ကြီးတပါး ဖြစ်ပေလတ္တံ့ဟု အောက်မေ့ မှတ်ထင် ကုန်သည်ဖြစ်၍ ခန္ဓာ စသည်နှင့် စပ်သော ပြဿနာကို မေးမြန်း လျှောက်ထားကြပြီးလျှင် တစုံတခု ကိုမျှ မသိသော သူဖြစ်ရကား ဤအရှင်ကား အဘယ်သို့သော အရှင်ဖြစ်လေသနည်းဟု ဆိုလျက် မြတ်စွာဘုရား တို့နှင့်တကွ တကျောင်းတည်း၌ နေသည် ဖြစ်ပါလျက် ခန္ဓာ ဓာတ် အာယတန ကိုမျှလည်း မသိဟု ကဲ့ရဲ့ရှုတ်ချကာ အပြစ်တင်၍ ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ကြားကြကုန်၏။
မြတ်စွာဘုရားသည် ထိုအာဂန္တုက ရဟန်းတို့အား တရားဟောတော် မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၆၄။ ယာဝဇီဝံပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
သော ဓမ္မံ န ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

ဒဗ္ဗီ၊ ဟင်းမွှေယောက်မသည်။
သူပရသံ၊ အစပ် အငန် အဖန် အခါး စသော အားဖြင့် ခြောက်ပါးဖြာဖြာ ဟင်း၏အရသာကို။
နဝိဇာနာတိ ယထာ၊ မသိနိုင်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ဗာလော၊ လူမိုက်သည်။
ယာဝဇီဝံပိ၊ အသက် ထက်ဆုံးလည်း။
ပဏ္ဍိတံ၊ ပညာရှိသောသူကို။
စေပယိရုပါသတိ၊ အကယ်၍ အတူတကွ နေလျက် ဆည်းကပ်သည်ဖြစ်ငြားအံ့။
သောဗာလော၊ ထိုသူမိုက်သည်။
ဓမ္မံ၊ ဘုရားဟောကြား မြတ်တရားကို။
နဝိဇာနာတိ၊ မသိ။

ဒေသနာတော်၏အကျိုး

တရားဒေသနာတော်၏ အဆုံး၌ အာဂန္တုကရဟန်းတို့သည် အာသဝေါတရားတို့မှ စိတ်တို့သည် ကင်းလွတ်ကြလေကုန်၏။

အရှင်ဥဒါယီမထေရ်ဝတ္ထု ပြီး၏။

---

၆ - သုံးကျိပ်မျှသော ပါဝေယျက တိုင်းသား ရဟန်းတို့ ဝတ္ထု

မုဟုတ္တမပိစေဝိညူ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သုံးကျိပ်မျှသော ပါဝေယျကတိုင်း သားရဟန်းများကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တခဏဖြင့် တရားသိခြင်း

မြတ်စွာဘုရားသည် မိန်းမတယောက်ကို လိုက်လံရှာဖွေကုန်သော သုံးကျိပ်သော ပါဝေယျက တိုင်းသားတို့အား ကပ္ပါသိက မည်သော တောအုပ်၌ ရှေးဦးစွာ တရားကို ဟောကြားတော်မူလေ၏။
ထိုအခါ သုံးကျိပ်မျှသော အလုံးစုံသော သူတို့သည် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်ကြပြီးလျှင် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆောင်ကုန်သည်ဖြစ်၍ တဆဲ့သုံးပါးသော ဓုတင် ကျင့်ဝတ် တို့ကို ဆောက်တည်ကာ ကျင့်ကြံကြိုးကုတ် အားထုတ်ကြကုန်သဖြင့် တဖန်လည်း ရှည်စွာသော ကာလ လွန်ပြီးသောအခါ မြတ်စွာဘုရားသို့ချဉ်းကပ်၍ အနမတဂ္ဂသုတ္တန် တရား ဒေသနာကို ကြားနာရသဖြင့် ထိုနေရာ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

ရဟန်းတို့သည် ဤရဟန်း သုံးကျိပ်တို့သည်ကား အံ့ဩဖွယ်ရှိစွ၊ လျင်မြန်စွာ တရားတော်ကို ထိုးထွင်း၍ သိအပ်ပေသည်တကားဟု တရားသဘင်၌ စကားကို ဖြစ်စေကြကုန်၏။
မြတ်စွာဘုရား သည် ထိုစကားကို ကြားတော်မူ၍ ချစ်သားရဟန်းတို့ ဤသုံးကျိပ်သော ရဟန်းတို့သည် ယခုအခါ၌သာ တရားတော်ကို လျင်မြန်စွာ ထိုးထွင်း၍ သိသည်မဟုတ်သေး
ရှေးအခါ၌လည်း သုံးကျိပ်မျှလောက်သော အဆွေခင်ပွန်း သေသောက်ကြူးတို့ဖြစ်၍ တုဏ္ဍိလဇာတ်၌ မဟာတုဏ္ဍိလဝက်မင်း၏ တရားဟောခြင်းကို ကြားနာရ၍လည်း လျင်မြန်စွာသာလျှင် တရား ဒေသနာကို သိကြသဖြင့် ငါးပါးသော သီလတို့ကို ဆောက်တည်ကြလေကုန်ပြီ။

ထိုသို့သော အကြောင်းဥပနိဿယကြောင့် ယခုအခါ ထိုင်နေသော နေရာဌာန၌ပင် အရဟတ္တဖိုလ် သို့ ရောက်ကြလေကုန်၏ဟု မိန့်တော်မူ၍ တရားဟောတော်မူ လိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၆၅။ မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။

ဇိဝှါ၊ လျှာသည်။
သူပရသံ၊ ဟင်း၏အရသာကို။
ဝိဇာနာတိ ယထာ၊ သိနိုင်သကဲ့သို့။
ဝိညူ၊ သိကြားလိမ္မာ ပညာရှိသောသူသည်။
မုဟုတ္တမပိ၊ တခဏမျှ လည်း။
ပဏ္ဍိတံ၊ ပညာရှိသောသူကို။
စေပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်သည် ဖြစ်ငြားအံ့။
ခိပ္ပံ၊ လျင်လျင်မြန်မြန်။
ဓမ္မံ၊ ဘုရားဟောကြား မြတ်တရားကို။
ဝိဇာနာတိ၊ သိ၏။

ဒေသနာတော်၏အကျိုး

တရားဒေသနာတော်၏ အဆုံး၌ များစွာသော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြ လေကုန်၏။

သုံးကျိပ်မျှသော ပါဝေယျကတိုင်းသား ရဟန်းတို့ဝတ္ထု ပြီး၏။

---

၇ - သုပ္ပဗုဒ္ဓလူနူ ဝတ္ထု

စရန္တိဗာလာ ဒုမ္မေဓာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် သုပ္ပဗုဒ္ဓမည်သော လူနူကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားခုနစ်ပါးဆောင် သေအောင်မမွဲခြင်း

သုပ္ပဗုဒ္ဓ လူနူ၏ ဝတ္ထုကား ဥဒါန်းပါဠိတော်၌ လာသည်သာလျှင်တည်း၊ ထိုအခါ သုပ္ပဗုဒ္ဓ လူနူသည် ပရိတ်သတ်အစွန်၌ ထိုင်နေလျက် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရသဖြင့် သောတာပတ္တိ ဖိုလ်သို့ရောက်ပြီးလျှင် မိမိရအပ်သော ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားအား လျှောက်ကြား လိုသည်ဖြစ်၍ ပရိသတ် အလယ်၌ သက်ဝင်ခြင်းငှါ မစွမ်းနိုင်သည်ဖြစ်ရကား များစွာသော လူအပေါင်းသည် ဘုရားရှင်ကို ရှိခိုးကာ လိုက်သွားပြီးမှ ပြန်လည်ဆုတ်နစ် လာသောကာလ၌ ကျောင်းတော်သို့ သွားလေ၏။

ထိုခဏ၌ နတ်တို့ကိုအစိုးရသော သိကြားမင်းသည် ဤသုပ္ပဗုဒ္ဓလူနူသည်ကား မြတ်စွာဘုရား၏ သာသနာတော်၌ မိမိရအပ်သော ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှါ အလိုရှိ၏ဟု သိမြင်သဖြင့် ထိုသုပ္ပဗုဒ္ဓ လူနူကို စုံစမ်းဦးအံ့ဟု သွားရောက်ပြီးလျှင် ကောင်းကင်၌ ရပ်တည်လျက်သာလျှင် ဤသို့ ပြောဆိုလေ၏။

အိုသုပ္ပဗုဒ္ဓ သင်သည် လူ့လောက၌ ဆင်းရဲလှသော ဒုက္ခိတ သတ္တဝါဖြစ်ပေသည် တောင်းခံမှ စားသောက်ရသော အထီးကျန်သောသူ ဖြစ်ပေသည်။ ငါသည် သင့်အား အပိုင်းအခြား အဆုံး မရှိသော ပစ္စည်းဥစ္စာကို ပေးကမ်းပေအံ့။
ဘုရားသည် - ဘုရားမဟုတ်၊ တရားသည် - တရား မဟုတ်၊ သံဃာသည် - သံဃာမဟုတ်၊ ငါ့အားဘုရားဖြင့် အကျိုးမရှိ၊ ငါ့အားတရားဖြင့် အကျိုးမရှိ၊ ငါ့အား သံဃာဖြင့် အကျိုးမရှိ ဟူ၍ဆိုပါလေလော့ဟု ပြောဆိုလေ၏။

ထိုအခါ သိကြားမင်းကို သုပ္ပဗုဒ္ဓလူနူသည် အသင်ကား အသူဖြစ်လေဘိသနည်းဟု မေးမြန်း ပြောဆိုလေ၏။
ငါကား သိကြားမင်းတည်းဟု ပြန်ပြောသဖြင့် အလွန် မိုက်ကန်းလှသဖြင့် အရှက် ကင်းပသော သိကြားမင်း သင်သည် ငါနှင့် အတူတကွ စကားပြောဆိုခြင်းငှါ မသင့်တင့် မလျောက်ပတ်သော သဘောရှိသူဖြစ်ပေ၏ ဟု ဆိုပြီးလျှင် အသင်သည် ငါ့ကို မကောင်းသော အလားရှိသောသူ ဟူ၍၎င်း သူဆင်းရဲဟူ၍၎င်း အထီးကျန်သူဟူ၍၎င်း ပြောဆိုဘိ၏။
ငါသည်ကား မကောင်းသော အလားရှိသောသူမဟုတ် လူဆင်းရဲမဟုတ် အထီးကျန်သောသူ မဟုတ်
ငါသည် ချမ်းသာခြင်းသို့ ရောက်သောသူဖြစ်၏ ပစ္စည်းဥစ္စာ များစွာ ကြွယ်ဝသောသူ ဖြစ်၏။

သဒ္ဓါဓနံ သီလဓနံ၊ ဟိရီဩတ္တပ္ပိယံ ဓနံ။
သုတဓနဉ္စ စာဂေါစ၊ ပညာ ဝေ သတ္တမံ ဓနံ။

ယဿ ဧတေဓနာ အတ္ထိ၊ ဣတ္ထိယာ ပုရိသဿဝါ။
အဒလိဒ္ဒေါတိ တံ အာဟု၊ အမောဃံ တဿဇီဝိတံ။

၁ - ယံသဒ္ဓါဓနဉ္စ၊ ရတနာသုံးပါး ကံ ကံ၏ အကျိုးကို ယုံကြည်ခြင်းလက္ခဏာ ရှိသော သဒ္ဓါတည်း ဟူသော အကြင်ဥစ္စာသည်၎င်း။

၂ - ယံသီလဓနဉ္စ၊ စာရိတ္တ ဝါရိတ္တ သီလတည်းဟူသော အကြင်ဥစ္စာသည်၎င်း။

၃ - ယံဟိရီဓနဉ္စ၊ မကောင်းမှုမှ ရှက်ခြင်း လက္ခဏာရှိသော ဟိရီ တည်းဟူသော အကြင်ဥစ္စာ သည်၎င်း။

၄ - ယံဩတ္တပ္ပဓနဉ္စ၊ မကောင်းမှုမှ ထိတ်လန့်ခြင်း လက္ခဏာရှိသော ဩတ္တပ္ပတည်း ဟူသော အကြင်ဥစ္စာသည်၎င်း။

၅ - ယံသုတဓနဉ္စ၊ သူတော်တရား အကြားအမြင်များခြင်း သုတ တည်းဟူသော အကြင်ဥစ္စာ သည်၎င်း။

၆ - ယောစာဂေါစ၊ ချီးမြှောက်ပေးကမ်း စွန့်ကြဲခြင်းစာဂ တည်းဟူသော အကြင် ဥစ္စာသည်၎င်း။

ဝေဧကန္တေန၊ စင်စစ်အားဖြင့်။

သတ္တမံ၊ ခုနစ်ခုမြောက်ဖြစ်သော။

၇ - ယံပညာ ဓနဉ္စ၊ ယထာဘူတ သဘာဝကို သိစွမ်းနိုင်သော ပညာတည်းဟူသော အကြင် ဥစ္စာ သည်၎င်း။

ဧတေဓနာ၊ ထိုဥစ္စာတို့သည်။
ယဿာဣတ္ထိယာဝါ၊ အကြင်မိန်းမအား၎င်း။
ယဿပုရိသဿဝါ၊ အကြင်ယောက်ျားအား၎င်း။
အတ္ထိသန္တိ၊ ရှိကုန်၏။
တံဣတ္ထိံ ဝါ၊ ထိုမိန်းမကို၎င်း။
တံပုရိသံဝါ၊ ထိုယောကျ်ားကို၎င်း။
အဒလိဒ္ဒေါတိ၊ မဆင်းရဲသော များသော ဥစ္စာရှိသောသူ ဟူ၍သာလျှင်။
ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိသူတော်ကောင်းတို့သည်။
အာဟု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။
တဿ၊ ထိုသူတော်ကောင်းဥစ္စာ ခုနစ်ဖြာနှင့်ပြည့်စုံသော ယောက်ျား မိန်းမ၏။
ဇီဝိတံ၊ အသက်ရှည်ခြင်းကို။
အမောဃံ၊ အချည်းနှီးမဟုတ်။
သဖလန္တိ၊ အကျိုးရှိသော အသက်ရှည်ခြင်းဟူ၍။
ပဏ္ဍိတာ၊ ဘုရားအစရှိသော ပညာရှိ သူတော်ကောင်းတို့သည်။
အာဟု၊ မိန့်ဆိုတော်မူကြလေကုန်ပြီ။

ဤဆိုအပ်ခဲ့ပြီးသော ခုနစ်ပါးအပြားရှိသော အရိယာ သူတော်ကောင်းတို့၏ ဥစ္စာတို့သည် ငါ့အား ထင်ရှား ရှိကုန်၏။ အကြင်သူတို့အား ဤခုနစ်ပါးသော ဥစ္စာတို့သည် ရှိကုန်၏။ ထိုသူတို့ကို ဘုရားတို့သည်၎င်း ပစ္စေကဗုဒ္ဓါ အစရှိကုန်သော အရိယာသူတော်ကောင်း အပေါင်းတို့သည်၎င်း သူဆင်းရဲဟူ၍ မိန့်ဆိုတော်မမူကြကုန်ဟု သိကြားမင်းကို ပြောဆိုလေ၏။

သုပ္ပဗုဒ္ဓ နွားဝှေ့ခြင်း အတိတ်ကံ

သိကြားမင်းသည် ထိုသုပ္ပဗုဒ္ဓလူနူ၏ တရားစကားကို ကြားနာရသဖြင့် သုပ္ပဗုဒ္ဓ လူနူကို လမ်းခရီး အကြား၌ စွန့်ထားခဲ့၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက် ချဉ်းကပ်ပြီးလျှင် အလုံးစုံသော ထိုမိမိပြောသောစကား သုပ္ပဗုဒ္ဓပြန်ပြော သောစကားကို လျှောက်ကြားလေ၏။

ထိုအခါ သိကြားမင်းကို မြတ်စွာဘုရားသည် တကာတော်သိကြားမင်း တကာတော်ကဲ့သို့သော သိကြားတို့၏ အရာသည်၎င်း အထောင်သည်၎င်း သုပ္ပဗုဒ္ဓလူနူကို ဘုရားသည် ဘုရားမဟုတ်ဟူ၍ ၎င်း၊ တရားတော်သည် တရားတော်မဟုတ်ဟူ၍၎င်း၊ သံဃာတော်သည် သံဃာ တော်မဟုတ် ဟူ၍၎င်း ပြောဆိုစိမ့်သောငှါ မစွမ်းနိုင်သည်သာတည်းဟု မိန့်တော်မူလေ၏။

သုပ္ပဗုဒ္ဓလူနူသည်လည်း မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်၍ မြတ်စွာဘုရားနှင့်တကွ ပဋိသန္ဓာရစကား ပြောကြားပြီးသည်ရှိသော် ဝမ်းမြောက် ဝမ်းသာရအပ်သော တရားဂုဏ်ထူးကို လျှောက်ကြားပြီးလျှင် နေရာမှထ၍ ဖဲသွားလေ၏။

ထို့နောက်ဖဲသွား၍ မကြာမြင့်မီသာလျှင် ထိုသုပ္ပဗုဒ္ဓလူနူကို ပျိုမြစ်နုနယ် ငယ်သော သားရှိသော နွားမသည် ဇီဝိတိန္ဒြေမှ ချသတ်လေ၏။

[ထိုနွားမသည်ကား ပကတိသောနွားမ မဟုတ်၊ တယောက်သောဘီလူးမသည် ပုက္ကုသာတိမင်း, ဗာဟိယဒါရုစီရိယ, တမ္ဗဒါဌိကခိုးသူသတ်, သုပ္ပဗုဒ္ဓလူနူဟူသော ဤလေးယောက်သောသူတို့၏ တရာ တရာစီလောက်တိုင်အောင် ခန္ဓာကိုယ် အတ္တဘောတို့ကို နွားမ အယောင်ဆောင်၍ ဇီဝိတိန္ဒြေမှ ချသတ်ဖူးလေသတတ်။

ထိုလေးယောက်သောသူတို့သည် ရှေးလွန်လေပြီးသောအခါ သူဌေးသား လေးယောက်ဖြစ်ကြ၍ ပြည်ကြီးကြက်သရေ ဖြစ်သော တယောက်သော ပြည့်တန်းဆာမကို ဥယျာဉ်သို့ဆောင်၍ နေ့အဖို့ပတ်လုံး စည်းစိမ်ချမ်းသာကို မွေ့လျော်စွာ ခံစားပြီးလျှင် ညချမ်းသောကာလ၌ ဤသို့ ပြောကြားတိုင်ပင်ကြကုန်၏။

ဤအရပ်ဒေသ၌ ငါတို့မှတပါး အခြားသောသူသည် တစုံတယောက်မျှမရှိ ဤမိန်းမအား ငါတို့ ပေးအပ်သော အသပြာ တထောင်နှင့် ဝတ်ဆင်သော အလုံးစုံသော တန်းဆာကိုယူ၍ ဤ ပြည့်တန်းဆာမိန်းမကို သတ်ပြီးမှ သွားကြကုန်စိုအံ့ဟု ပြောကြား တိုင်ပင်ကြကုန်၏။

ထိုပြည့်တန်းဆာမသည် သူဌေးသား လေးယောက်တို့၏ တိုင်ပင်ပြောဆိုသော စကားကို ကြားရလျှင် ဤ သူတို့ကား အရှက်မရှိကုန်စွ၊ ငါနှင့်အတူတကွ မွေ့လျော် ပျော်ပါးပြီး၍ ယခုအခါ ငါ့ကို သတ်ခြင်းငှါ အလိုရှိကြကုန်၏။
ထိုသူတို့အား ပြုအပ်သောအမှုကို သိရပေတော့အံ့ ဟုကြံ ဆင်ခြင်ပြီးမှ ထိုပြည့်တန်းမသည် ထိုသူဌေးသားတို့ သတ်အပ်သည်ရှိသော် ငါသည် ဘီလူးမဖြစ်၍ ဤသူ လေးယောက်တို့ ငါ့ကိုသတ်ကုန်သကဲ့သို့ပင် ငါသည်လည်း ထိုသူတို့ကို သတ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ရပါလို၏ဟု ပတ္တနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။
ထိုအကျိုးဆက်ဖြင့် ဤသူလေးယောက်တို့ကို ဘီလူးမက သတ်လေဘိသတည်း။]

များစွာသော ရဟန်းတို့သည် ထိုသုပ္ပဗုဒ္ဓလူနူ၏ စုတေမနေ သေလွန်ခြင်းကို မြတ်စွာဘုရားအား လျှောက်ကြား၍ ထိုသုပ္ပဗုဒ္ဓ၏ လားရာဂတိကား အဘယ်ပါနည်း၊ အဘယ်အကြောင်းကြောင့် နူနာစွဲသည်အဖြစ်သို့ ရောက်ရပါလေသနည်း ဘုရားဟု မေးလျှောက်ကြလေကုန်၏။

မြတ်စွာဘုရားသည် သောတာပတ္တိဖိုလ်သို့ ရောက်၍ ထိုသုပ္ပဗုဒ္ဓလူနူ၏ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြောင်းကို၎င်း၊ တဂရသိခီအမည်ရှိသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို တွေ့မြင်၍ တံထွေးဖြင့် ထွေးလျက် မရိုမသေ ပြစ်မှားသောအမှုကို ပြုမိသောကြောင့် ရှည်ကြာစွာသော ကာလပတ်လုံး ငရဲ၌ကျက်ပြီးမှ ကံအကျိုးအကြွင်း၏ အစွမ်းအားဖြင့် ဤယခုဘဝ၌ နူနာ စွဲကပ်ခြင်း ရောက်ရ လေ၏ဟု ထိုအကြောင်းကို မိန့်ကြားတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤသတ္တဝါ တို့သည် မိမိ မိမိအလို့ငှါ ခါးစပ်ပြင်းထန်သော အကျိုးကို ရစေတတ်သော အကုသိုလ်ကံကို ပြုကြကုန်လျက် ကျင်လည်ကုန်ဘိသည်ဟု အနုသန္ဓေကိုစပ်တော်မူ၍ ထိုထက် အလွန်ဖြစ်သော ဓမ္မဒေသနာတော်ကို ဟောကြားတော် မူလိုရကားဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၆၆။ စရန္တိ ဗာလာ ဒုမ္မေဓာ၊ အမိတ္တေနေ၀ အတ္တနာ။
ကရောန္တာ ပါပကံ ဓမ္မံ၊ ယံ ဟောတိ ကဋုကံ ဖလံ။

ဗာလာ၊ မျက်မှောက်တမလွန် နှစ်တန်သောအကျိုးကို မသိသဖြင့် မိုက်မဲ တွေဝေကြကုန်သော။
ဒုမ္မေဓာ၊ ပညာမဲ့သောသူတို့သည်။
အမိတ္တေနေဝ၊ ရန်သူ နှင့်တူသော။
အတ္တနာ၊ မိမိကိုယ်ဖြင့်။
ဝါအမိတ္တေနေဝအတ္တနာ၊ မိမိကိုယ်လျှင် ရန်သူ ရှိသည်ဖြစ်၍။
ပါပကံ၊ ယုတ်မာသော။
ဓမ္မံ၊ အကုသိုလ်ကံတရားကို။
ကရောန္တာ၊ ပြုကြကုန်လျက်။
စရန္တိ၊ ကျင်လည်ကြကုန်၏။
ယံ၊ ယင်းအကုသိုလ်ကံတရားသည်။
ကဋကံ ဖလံ၊ ခါးစပ်ကျင်နာ မခံသာအောင် ဆင်းရဲသော အကျိုးရှိသည်။
ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

သုပ္ပဗုဒ္ဓလူနူဝတ္ထု ပြီး၏။

---

၈ - လယ်ထွန်ယောက်ျား ဝတ္ထု

နတံကမ္မံ ကတံ သာဓု - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် လယ်ထွန်ယောက်ျား တယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ငွေထုပ်သော မြွေဆိုးလော မှတ်သားဖွယ်

ထို လယ်ထွန်ယောက်ျားသည် သာဝတ္ထိပြည်မှ မနီးမဝေးသော အရပ်၌ တခုသော လယ်ကို ထွန်ယက်နေသတတ်။
ခိုးသူတို့သည် ရေပြွန်ပေါက်ဖြင့်သာလျှင် မြို့သို့ ဝင်၍ တဦးသော ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသော အမျိုးအိမ်၌ ဥမင်လှိုင်ခေါင်းကို ဖျက်ဆီး ဖေါက်ထွင်း၍ များစွာသော ရွှေငွေတို့ကို ယူပြီးလျှင် ရေပြွန်ပေါက်ဖြင့် သာလျှင် ထွက်ခဲ့ကြလေကုန်၏။

တယောက်သော ခိုးသူသည် အဖော်ခိုးသူတို့ကို လှည့်ပတ်ပြီးလျှင် အသပြာတထောင်ဝင် အိတ်တလုံးကို ခါးတောင်းကျိုက်၌ ထားလျက် ထိုလယ်သို့သွား၍ အဖော်ခိုးသူတို့နှင့် ဥစ္စာကို ခွဲဝေကာယူပြီးမှ သွားလေသည်ရှိသော် ခါးတောင်းကျိုက်မှကျသော အသပြာ တထောင်ဝင် အိတ်ကို မမှတ်သားမိ သတိမရဖြစ်လေ၏။

ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော် မူသည် ရှိသော် ထိုလယ်ထွန် ယောက်ျားကို ကိုယ်တော်မြတ်၏ ဉာဏ်တော်တည်း ဟူသော ကွန်ယက်၏ အတွင်း၌ ဝင်လာသည်ကို မြင်ရတော်မူသဖြင့် အသို့ဖြစ်လတ္တံ့နည်းဟု စူးစမ်း ဆင်ခြင်တော် မူပြန်သည်ရှိသော် ဤ လယ်ထွန်ယောက်ျားသည် နံနက်စောစောကပင်လျှင် လယ်ထွန်ခြင်းငှါ သွားလတ္တံ့၊

ဥစ္စာရှင်တို့သည် ခိုးသူတို့၏ ခြေရာကိုလိုက်၍ ခါးတောင်းကျိုက်မှကျသော အသပြာထောင်ထုပ် အိတ်ကိုမြင်လျှင် ထိုလယ်ထွန်ယောက်ျားကို ဖမ်းယူကုန်လတ္တံ့
ငါဘုရားကိုထား၍ ထိုလယ်ထွန် ယောက်ျားအား တပါးသောသက်သေ မည်သည် မဖြစ်လတ္တံ့၊ သောတာပတ္တိမဂ်၏ ဥပနိဿယ သည်လည်း ထိုလယ်ထွန်ယောက်ျားအား ရှိ၏။
ထိုလယ်သို့ ငါဘုရားကြွခြင်းငှါ သင့်လျော်ပေ၏ဟု ဤအကြောင်းကို မြင်တော်မူလေ၏။

ထိုလယ်ထွန်ယောက်ျားလည်း နံနက်စောစောကပင်လျှင် လယ်ထွန်ခြင်းငှါ သွားခဲ့လေ၏။
မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်လျှင် နောက်လိုက် ရဟန်းရှိသဖြင့် ထိုလယ်တောသို့ ကြွသွားတော်မူလေ၏။
လယ်ထွန်ယောက်ျားလည်း မြတ်စွာဘုရားကို မြင်သဖြင့် သွား၍ ဘုန်းတော်သခင် အရှင်ဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးတဖန် လယ်ထွန်ခြင်းငှါ အားထုတ်လေ၏။

မြတ်စွာဘုရားသည် ထိုလယ်ထွန်ယောက်ျားနှင့် တစုံတခုသောစကားကို မိန့်ကြားပြောဆိုတော် မမူဘဲသာလျှင် အသပြာထောင်ထုပ် အိတ်၏ကျရာ အရပ်သို့ ကြွသွားတော်မူ၍ ထိုအသပြာ ထောင်ထုပ်အိတ်ကို မြင်တော်မူလျှင် အရှင်အာနန္ဒာ မထေရ်ကို ချစ်သား အာနန္ဒာ လျင်သော အဆိပ်ရှိသော မြွေကို ကြည့်ရှုစမ်းလော့ဟု မိန့်တော်မူလေ၏။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မြင်ပါသည် ပြင်းထန်သော အဆိပ်ရှိသော မြွေပါဘုရားဟု လျှောက်ကြားလေ၏။
လယ်ထွန်ယောက်ျား သည်လည်း ထိုစကားကိုကြားရ၍ ဤနေရာ အရပ်သည် အခါဟုတ်သည်၌၎င်း အခါမဟုတ်သည်၌၎င်း ငါ၏သွားလာရာ အရပ်တည်း။

ဤနေရာအရပ်၌ ကျသော အဆိပ်ရှိသော မြွေရှိ၏ဟု ကြံပြီးလျှင် မြတ်စွာဘုရားသည် ဤမျှသော စကားကိုသာ မိန့်တော်မူ၍ ဖဲကြွသွားတော်မူသည် ရှိသော် ထိုမြွေကို ဆောင်ယူအံ့ဟု နှင်တံကို ကိုင်ယူ၍ သွားရောက်သည်ရှိသော် အသပြာ ထောင်ထုပ်ကိုမြင်၍ ဤသပြာထုပ်ကို ရည်စူးတော် မူသဖြင့် မြတ်စွာ ဘုရားမိန့်တော်မူသည် ဖြစ်လတ္တံ့ ဟု နှလုံးသွင်း၍ အသပြာအိတ်ကိုယူဆောင်ပြီး ဆုတ်နစ်ပြန်လည်ခဲ့လေ၏။
လိမ္မာထက်မြက်သော ဉာဏ်ပညာ မရှိသည့်အဖြစ်ကြောင့် တခုသော အရပ်၌ ထား၍ မြေမှုန့်ဖြင့် ဖုံးအုပ်ပြီးလျှင် တဖန် လယ်ထွန်ခြင်းငှါ အားထုတ်ပြန်လေ၏ ၊

ဘုရားကြောင့် အသက်ဘေးမှ ချမ်းသာခြင်း

လူတို့သည်လည်း နံနက်မိုးသောက် အလင်းသို့ရောက်သောအခါ အိမ်၌ ခိုးသူတို့သည် ပြုအပ်သော အခြင်းအရာ အမှုကို မြင်ရသဖြင့် ခြေရာအစဉ်အတိုင်း ကြည့်ရှုကာ လိုက်လျက် ထိုလယ်တော အရပ်သို့ ရောက်သွားကြရာ ထိုအရပ် ဒေသ၌ ခိုးသူတို့ဥစ္စာ ခွဲဝေရာဖြစ်သော နေရာအရပ်ကို တွေ့မြင်ရပြီးလျှင် လယ်ထွန် ယောက်ျား၏ ခြေရာကို မြင်ပြန်လေကုန်၏။

ဥစ္စာရှင်တို့သည် ထိုလယ်ထွန် ယောက်ျား၏ ခြေရာကို အစဉ်လျှောက်သဖြင့် သွားကြရာ ဥစ္စာ ထားရာအရပ်ကို မြင်သဖြင့် မြေမှုန့်ကိုယက်၍ ထားအပ်သော ဥစ္စာထုပ်ကို ယူပြီးလျှင် သင်သည် အိမ်၌ လုယက်ဖျက်ဆီး ခိုးယူပြီးမှ လယ်ကို ထွန်နေလေဟန်ကဲ့သို့ လှည့်လည်ဘိသည်ဟု ခြိမ်းချောက်မောင်းမဲ ထောင်းပုတ် ရိုက်နှက်ကာ ဆောင်ယူ၍ မင်းကြီးအား ပြလေကုန်၏။

မင်းသည်လည်း ထိုအကြောင်းအရာကို ကြားတော်မူသဖြင့် လယ်ထွန်ယောက်ျားအား သတ်စေအံ့ သောငှါ အမိန့်အာဏာကို ပေးလေ၏။
မင်းချင်းယောက်ျားတို့သည် ထိုလယ်ထွန်ယောက်ျားကို လက်ပြန်ချည်နှောင်၍ တပြာကြိမ်လုံးတို့ဖြင့်လည်း ရိုက်ခတ်ကုန်လျက် သတ်ရာ သင်းချိုင်းသို့ ဆောင်ယူကြလေကုန်၏။

ထို လယ်ထွန်ယောက်ျားသည် တပြာကြိမ်လုံးဖြင့် ရိုက်ခတ် အပ်သည်ရှိသော် တပါးသော တစုံတခုသော စကားကို မမြည်တမ်းမမြွက်ဆိုမူ၍ ပဿာနန္ဒ အာသီဝိသောတိပဿာမိ ဘဂဝါ ဃောရဝိသော - ဟူသောစကားကိုသာ မြည်တမ်းမြွက်ဆိုလျက် သွားလေသတည်း။

[အဓိပ္ပါယ်က “ချစ်သားအာနန္ဒာ လျင်သော အဆိပ်ရှိသော မြွေကို ကြည့်ရှုစမ်းလော့ - ဤကား ဘုရားစကားတော်” ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော် မြင်ပါသည် ပြင်းထန်သော အဆိပ်ရှိသော မြွေပါဘုရား - ဤကား ရှင်အာနန္ဒာ စကားတော်” ဟူသော စကားကိုသာ မြွက်ဆို၏ ဟူလို။]

ထိုအခါ လယ်ထွန်ယောက်ျားကို မင်းချင်းယောက်ျားတို့သည် အသင်သည် ဘုရားသဗ္ဗညု၏၎င်း အာနန္ဒာမထေရ်၏၎င်း စကားကိုသာ မြည်တမ်း မြွက်ဆိုဘိ၏
ဤဆိုခြင်းကား အကြောင်း အသို့နည်းဟု မေးမြန်းသဖြင့် မင်းကြီးကို ဖူးမြင်ရပါမူကား ပြောကြားပါအံ့ဟု ဆိုသည်ရှိသော် မင်းကြီး၏ အထံသို့သွား၍ မင်းကြီးကို လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။

ထိုအခါ လယ်ထွန်ယောက်ျားကို မင်းကြီးသည် အဘယ့်ကြောင့် ဤသို့မြွက်ဆိုဘိသနည်း ဟု မေးတော်မူသဖြင့် လယ်ထွန်ယောက်ျားက အရှင်မင်းမြတ် အရှင့် ကျွန်တော်မျိုးသည် ခိုးသူမဟုတ် ရပါဟု လျှောက်တင်ပြီးလျှင် လယ်ထွန်ခြင်းငှါ ထွက်သွားသော ကာလမှစ၍ ဖြစ်ခဲ့သမျှ အဖုံဖုံသော အကြောင်းမျိုးအစုံကို မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။

မင်းကြီးလည်း ထိုသူ၏တင်လျှောက်ချက် စကားကို ကြားသိတော်မူရ၍ အချင်းတို့ ဤသူသည် လောက၌ မြတ်သော ပုဂ္ဂိုလ်အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားကို သက်သေညွှန်ပြပေ၏၊ ထိုသူ၏ အပေါ်၌ ပြစ်ချက်ကိုတင်၍ အပြစ်ပေးခြင်းငှါ မသင့်လျော် မလျောက်ပတ်လေ၊ ငါသည် ဤအရာ၌ ပြုအပ်သော အခြင်းအရာကို သိအောင်ပြုရလတ္တံ့ ဟု မိန့်တော်မူပြီးလျှင် ထိုလယ်ထွန် ယောက်ျားကိုခေါ်၍ ညချမ်းသောအခါ မြတ်စွာဘုရား၏ အထံတော်သို့ သွားရောက်ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တရံတခါ ရှင်တော်မြတ် ဘုရားတို့သည် အာနန္ဒာ မထေရ်နှင့် အတူတကွ ဤလယ်ထွန်ယောက်ျား၏ နေထိုင်ရာ အရပ်သို့ ကြွသွားတော်မူဖူး ပါသလော ဘုရားဟု မြတ်စွာဘုရားကို မေးလျှောက်လေ၏။

တကာတော်မင်းကြီး ငါဘုရား ကြွသွားတော်မူဖူးသည် မှန်ပေ၏ဟု မိန့်တော်မူလျှင် ထိုအရပ်၌ ရှင်တော်မြတ်ဘုရား တို့သည် အဘယ်ကို မြင်တော်မူခဲ့ပါသနည်းဟု မေးလျှောက်ကြားပြန်လေ၏။
တကာတော် မင်းကြီး တထောင် ဝင်သော အသပြာအိတ်ကို မြင်ခဲ့ရပေ၏ဟု မိန့်တော်မူလျှင် မြင်တော်မူပြီးသော အခါ အဘယ်သို့သော စကားကို မိန့်ဆိုတော်မူပါသနည်းဘုရားဟု မေးလျှောက်ပြန်လေ၏။

တကာတော်မင်းမြတ် ဤမည်သောစကားကို မိန့်ဆိုခဲ့ပေသည်ဟု မိန့်တော်မူလျှင် ဘုန်းတော်ကြီး တော်မူသော မြတ်စွာဘုရား ဤလယ်ထွန် ယောက်ျားသည် ရှင်တော်မြတ်ဘုရားတို့ ကဲ့သို့သော ညွှန်ပြစရာ သက်သေကို မပြုခဲ့နိုင်သည် ဖြစ်ခဲ့ပါအံ့ ဇီဝိတိန္ဒြေ တည်နေခြင်းကို မရတော့ပါပြီ
ရှင်တော်မြတ်ဘုရားတို့သည် မိန့်ဆိုတော်မူခဲ့သော စကားကို ဆိုခြင်းကြောင့် ထိုလယ်ထွန် ယောက်ျားသည် အသက်ကို ရအပ်ပါပြီ ဘုရားဟု လျှောက်ကြားလေ၏။

ထို စကားကြား၍ မြတ်စွာဘုရားသည် တကာတော်မင်းကြီး ဟုတ်မှန်ပ၏။ ငါဘုရားသည်လည်း ဤမျှသော စကားကိုသာ မိန့်ကြား၍ ကြွသွားတော်မူခဲ့ပေ၏၊ ပညာရှိသောသူ မည်သည်ကား အကြင်အမှုကိုပြု၍ နောင်တဖန် ပူပန်ရ၏။ ထိုအမှုကိုမပြုကျင့်အပ်ပေဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၆၇။ နတံကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

ယံကမ္မံ၊ အကြင်အမှုကို။
ကတွာ၊ ပြု၍။
အနုတပ္ပတိ၊ အဖန်တလဲလဲ စိုးရိမ်ရ၏။
ကတံ၊ ပြုအပ်သော။
တံကမ္မံ၊ ထိုအမှုသည်။
နသာဓု၊ မကောင်း။
ယဿ ကမ္မဿ၊ ယင်းမကောင်းမှုကံ၏။
ဝိပါကံ၊ အကျိုးကို။
အဿုမုခေါ၊ မျက်ရည်ဖြင့် စွတ်သောမျက်နှာ ရှိသည်ဖြစ်၍ ။
ရောဒံ-ရောဒန္တော၊ ငိုကြွေးလျက်။
ပဋိသေဝတိ၊ မှီဝဲခံစားရ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ လယ်ထွန်ယောက်ျား ဥပါသကာသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။
စည်းဝေး ရောက်လာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြလေကုန်၏။

လယ်ထွန်ယောက်ျားဝတ္ထု ပြီး၏။

---

၉ - သုမနပန်းသည် ဝတ္ထု

တဉ္စကမ္မံ ကတံ သာဓု - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် သုမနမည်သော ပန်းသည်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသက်မငဲ့ဘဲ စွန့်စားကာ လှူဒါန်းခြင်း

ထိုသုမနပန်းသည်သည် နေ့တိုင်းမပြတ် ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင် ဗိမ္ဗိသာရမင်းမြတ်ကို နံနက် စောစော အချိန်၌သာ ရှစ်ကွမ်းစား ရှစ်စလယ်သော မြတ်လေးပန်းတို့ဖြင့် ခစားဆည်းကပ် ဆက်သ သည်ရှိသော် ရှစ်ခုသော အသပြာတို့ကို ရလေသတတ်။

ထိုအခါ တနေ့သ၌ ထိုပန်းသည်သည် ပန်းတို့ကိုယူ၍မြို့သို့ ဝင်ကာမျှ၌သာလျှင် မြတ်စွာဘုရားသည် များစွာသော ရဟန်းအပေါင်း ခြံရံလျက် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော် တို့ကို လွှတ်တော်မူ၍ ကြီးကျယ်စွာသော မြတ်စွာဘုရား၏ အာနုဘော်တော်ဖြင့် ရာဇဂြိုဟ် ပြည်တွင်းသို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူလေ၏။

ထိုစကားကို ထင်ရှားအောင် ဆိုဦးအံ့။
မြတ်စွာဘုရားသည် တရံတခါ ခြောက်သွယ်သော အဆင်း ရှိသော ရောင်ခြည်တော်တို့ကို သင်္ကန်းတော်ဖြင့် ဖုံးလွှမ်း၍ ယူဇနာသုံးဆယ်ရှိသော ခရီးကို အင်္ဂုလိမာလအား ခရီးဦး ကြိုဆိုခြင်းငှါ ကြွသွားတော်မူသကဲ့သို့၎င်း မထင်မရှား ဆွမ်းခံကြွ သွားသော ရဟန်းကဲ့သို့ လှည့်လည် ကြွသွားတော်မူ၏။

တရံတခါ၌ကား ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ကပိလဝတ် ပြည်သို့ ဝင်တော်မူခြင်း စသည်တို့ကဲ့သို့ လှည့်လည် ကြွသွားတော်မူ၏။
ထိုနေ့၌ လည်းကိုယ်တော်မှ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် ကြီးကျယ်စွာသော မြတ်စွာဘုရား၏ အာနုဘော်တော်ဖြင့်၎င်း ကြီးကျယ်စွာသော ဘုရားရှင်၏ တင့်တယ် စံပယ်ခြင်းဖြင့်၎င်း ရာဇဂြိုဟ်ပြည်သို့ ကြွဝင်တော်မူလေ၏။

သုမနပန်းသည်သည် မြတ်စွာဘုရား၏ ရတနာစေတီအထွတ်နှင့် တူလှစွာသော ကိုယ်တော်မြတ်၏ အတ္တဘောတော်ကို ဖူးမြင်ရလျှင် သုံးဆဲ့နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာတော်ငယ် တို့ဖြင့် တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်သော ကိုယ်တော်ကို ကြည့်၍ ကြည်ညိုသော စိတ်ရှိသဖြင့် မြတ်စွာဘုရားအား အဘယ်သို့သော လွန်ကဲသော ပူဇော်ခြင်းအမှုကို ပြုရပါအံ့နည်း ဟု ကြံစည်ပြီးလျှင် တစုံတခုမျှသော တပါးသော ပစ္စည်းဝတ္ထုကို မမြင်သောကြောင့် ဤမြတ်လေးပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်အံ့ဟု ကြံပြီးမှ တဖန်လည်း ဤပန်းတို့သည်ကား မင်းကြီးအားနေ့တိုင်း မပြတ် ခစားဆည်းကပ် ဆက်သအပ်သော ပန်းတို့ဖြစ်ကုန်၏။

မင်းကြီးသည် ဤ ပန်းတို့ကို မရသည်ရှိသော် ငါ့ကို နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ပေရာ၏။ သတ်မူ လည်း သတ်ပေရာ၏။ တိုင်းပြည်မှ နှင်ထုတ်မူလည်း နှင်ထုတ်ပေရာ၏။
အသို့လျှင် ပြုရပါအံ့နည်း ဟု စဉ်းစားဆင်ခြင်၏။
ထိုအခါ ထိုသုမနပန်းသည်အား ဤသို့သော အကြံသည်ဖြစ်လေ၏။
ပြည်ကြီး သခင် ဘုရင်မင်းကြီးသည် ငါ့ကိုသတ်လိုမူလည်း သတ်စေတော့။ နှောင်ဖွဲ့လိုမူလည်း နှောင်ဖွဲ့ စေတော့။ တိုင်းပြည်မှ ထုတ်လိုမူလည်း နှင်ထုတ်စေတော့။
ထိုမင်းကြီးသည် ငါ့အား ပေးသော်လည်း ဤခန္ဓာကိုယ် အတ္တဘော၌ အသက်မွေးလောက်ရုံမျှသော ပစ္စည်းဥစ္စာကိုသာ လေရာ၏။

မြတ်စွာဘုရားကို ပူဇော်လှူဒါန်းရခြင်းသည်ကား ငါ့အား များစွာသော ကမ္ဘာကုဋေတို့၌ အစီးအပွား ဖြစ်ခြင်းငှါ၎င်း ချမ်းသာခြင်းငှါ၎င်း ထိုက်၏ဟု အကြံဖြစ်ပြီးလျှင် မိမိ၏အသက်ကို မြတ်စွာဘုရား အား စွန့်လွှတ်လေ၏။
ထိုသုမန ပန်းသည်သည် အကြင်မျှလောက်သော ကာလ၌ ငါ၏ ကြည်ညို သော စိတ်သည် မတွန့်တို မဆုတ်နစ်။
ထိုမျှလောက်သော ကာလ၌သာလျှင် ပူဇော်ခြင်း ကိုပြုပေ တော့အံ့ဟု အလွန်ရွှင်လန်း ဝမ်းမြောက်ဝမ်းသာ အဖန်ဖန် တက်ကြွသော စိတ်ရှိသည် ဖြစ်၍ မြတ်စွာဘုရားကို လှူဒါန်းပူဇော်လေ၏။

ဘုရားရှင်တန်ခိုးတော်၏ အံ့ဩဖွယ်

အဘယ်သို့ လှူဒါန်းပူဇော်သနည်း ဟူမူကား ရှေးဦးစွာ နှစ်ဆုပ်မျှသော ပန်းတို့ကို မြတ်စွာဘုရား၏ အထက်၌ ကြဲမြှောက် ပစ်လိုက်လေ၏
ထိုပစ်အပ်သော ပန်းဆုပ်တို့သည် ဦးထိပ်မဏိတော်ထက်၌ ဗိတာန်မျက်နှာကြက်ဖြစ်၍ တည်ကုန်၏။
တပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ပစ်လိုက် ပြန်လေသော် ထိုပန်းနှစ်ဆုပ်တို့သည် လက်ျာလက်နံပါးတော်ဖြင့် ပန်းအမိုးအကာ အဖြစ်အားဖြင့် အောက်သို့တွဲလျား ကျဆင်းလျက် တည်ကုန်၏။

တပါးသော ပန်းနှစ်ဆုပ်တို့ကို ကြဲမြှောက်ကာ ပစ်လိုက်ပြန်လေသော် ထိုပန်းဆုပ်တို့သည် ကျောက်ကုန်း နံပါးတော်ဖြင့် အောက်သို့ တွဲလျား ကျဆင်းလျက် ရှေးနည်း အတူသာလျှင် တည်ကုန်၏။
တပါးသောပန်း နှစ်ဆုပ်တို့ကို ကြဲမြှောက်ကာ ပစ်လိုက်ပြန်လေသော် ထိုပန်းဆုပ် တို့သည် လက်ဝဲ လက်နံပါးတော်ဖြင့် အောက်သို့ တွဲလျား ကျဆင်းလျက် ရှေးနည်းအတူသာလျှင် တည်ကုန်၏။

ဤသို့လျှင် ရှစ်စလယ် ရှစ်ကွမ်းစား အတိုင်းအရှည်ရှိသော ပန်းတို့သည် ရှစ်ဆုပ်ဖြစ်၍ လေးပါးသော အရပ်တို့၌ မြတ်စွာဘုရားကို ခြံရံလျက် တည်ကြလေကုန်၏။
မြတ်စွာဘုရား၏ ရှေ့တည့်တည့်မှကား ကြွသွားတော်မူစရာ တံခါးမကြီး တမျှသာလျှင် ဖြစ်လေ၏။
ပန်းတို့၏ အညှာတို့သည် အတွင်း၌ တည်ကုန်၏။
ပွင့်ရွက် ပွင့်ချပ်တို့သည်ကား အပသို့ရှေးရှု မျက်နှာ မူကြကုန်၏။

မြတ်စွာဘုရားသည် ငွေပြားငွေချပ် ဝန်းရံအပ်သကဲ့သို့ဖြစ်၍ ကြွသွားတော်မူလေ၏။
ပန်းတို့သည် စိတ်စေတနာ မရှိသော အဝိညာဏကပင် ဖြစ်ကုန်သော်လည်း စိတ်စေတနာ ရှိသော သဝိညာဏကဖြစ်သော မြတ်စွာဘုရားကိုမှီ၍ စိတ်စေတနာရှိဘိသကဲ့သို့ မပြိုမပျက်မပြုတ်မကျမူ၍ ဘုရားရှင်နှင့် အတူတကွသာလျှင် သွားကြကုန်၏။
ရပ်တော်မူရာ ရပ်တော်မူရာဌာန၌ ရပ်တည် ကြကုန်၏။

ဘုရားရှင်၏ ကိုယ်တော်မှ တသိန်းမျှလောက်သော လျှပ်စစ်နွယ်တို့ ရောင်ခြည်တော် များစွာ တို့သည် ရစ်သန်းပြိုးပြက် ထွက်တော်မူကြလေ၏။
ရှေ့တော်မှ၎င်း နောက်တော်မှ၎င်း လက်ျာတော်မှ၎င်း လက်ဝဲတော်မှ၎င်း ဦးခေါင်းတော်၏ အထက်တော်မှ၎င်း မပြတ်မလပ် ထွက်သော ရောင်ခြည်တော် တို့သည် အထူးထူးအားဖြင့် ထွက်ခွါပြေးသန်း ကြွမြန်းတော် မူကြကုန်၏။

တခုသော ရောင်ခြည်တော်မျှလည်း ရှေးရှုရာ ရှေးရှုရာ အရပ်သို့သာလျှင် မပြေးသွားသေးမူ၍ ခပ်သိမ်းသော ရောင်ခြည်တော်တို့သည် မြတ်စွာဘုရားကို သုံးကြိမ် တိုင်တိုင် လက်ျာရစ် လှည့်လည်သည်ကိုပြု၍ ပျိုနုသောထန်းပင်၏ ပင်စည်လုံးပတ် ပမာဏရှိကုန်လျက် ရှေ့တော်မှ သာလျှင် ပြေးသွားကြကုန်၏။

အလုံးစုံသော ရာဇဂြိုဟ်ပြည်ကြီးသည် အုတ်အုတ် ကျက်ကျက် တုန်လှုပ် ချောက်ချားလေ၏။
ပြည်တွင်းကိုးကုဋေ ပြည်ပကိုးကုဋေ အားဖြင့် တဆဲ့ရှစ်ကုဋေတို့တွင် တယောက်သော ယောက်ျား သည်၎င်း တယောက်သော မိန်းမသည်၎င်း လှူဒါန်း ဖွယ်ရာသော ဆွမ်းကိုယူ၍ အိမ်မှမထွက်သော သူမည်သည်မရှိ။
များစွာသော လူအပေါင်းသည် ရဲရင့်စွာသော အသံကို ကြွေးကြော်လျက် ပုဆိုးဦးရစ်မြှောက်ခြင်း ပစ်ခြင်း တထောင်တို့ကို ပြုသည်ဖြစ်၍ မြတ်စွာဘုရား၏ ရှေ့တော်မှ သာလျှင် သွားလေ၏။

မြတ်စွာဘုရားသည်လည်း သုမနပန်းသည်၏ ဂုဏ်ကျေးဇူးကို ထင်ရှားအောင် ပြုခြင်းငှါ သုံးဂါဝုတ် အတိုင်းအရှည် ရှိသော မြို့တွင်း၌ စည်လှည့်လည်သော ခရီးလမ်းဖြင့်သာ ကြွတော်မူလေ၏။
သုမနပန်းသည်၏ ကိုယ်အလုံးသည် ငါးပါး အပြားရှိသော ပီတိဖြင့် ထက်ဝန်းကျင်ပြည့်လေ၏။

(ပီတိ- ငါးမျိုး၊
၁ - ခုဒ္ဒကပီတိ = အနည်းငယ်နှစ်သက်ခြင်း၊
၂ - ခဏီကပီတိ = တခဏ နှစ်သက်ခြင်း။
၃ - ဩက္ကန္တိကာ ပီတိ = သက်ဝင်၍ နှစ်သက်ခြင်း၊
၄ - ဥဗ္ဗေဂါပီတိ = ကောင်းကင်သို့ လွင့်တက်စေတတ်သော နှစ်သက်ခြင်း၊
၅ - ဖရဏာပီတိ = ကိုယ်အလုံး ပြန့်နှံ့သော နှစ်သက်ခြင်း။)

ထိုပန်းသည်သည် အနည်းငယ် သာလျှင် မြတ်စွာဘုရားနှင့် အတူတကွ လှည့်လည်၍ ဆေးဒန်း မြင်းသီလာ အပြင်၌ ငုတ်လျှိုးသကဲ့သို့ ဘုရားရောင်ခြည်တော်တို့၏ အတွင်းသို့ဝင်၍ မြတ်စွာ ဘုရားကို ချီးမွမ်းရှိခိုးပြီးလျှင် ပန်းမရှိသော အချည်းနှီးသော ခြင်းတောင်းကို သာလျှင် ယူငင်၍ နေအိမ်သို့ပြန်လေ၏။

လင်အလှူရဲခြင်းကြောင့် မယားစိတ်ပူပန်ခြင်း

ထိုအခါ သုမနပန်းသည်ကို မယားခင်ပွန်းမက ပန်းတို့သည် အဘယ်မှာနည်း မေး၏။ မြတ်စွာဘုရားကိုသာ ငါလှူဒါန်း ပူဇော်လိုက်ပြီဟု ပြောဆိုလျှင် ယခုအခါ၌ ဘုရင်မင်းမြတ်အတွက် အသို့ပြုပါအံ့နည်းဟု မေးပြန်လေ၏။

မင်းကြီးသည် ငါ့ကိုသတ်လိုလည်း သတ်စေ၊ တိုင်းပြည်မှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေ၊ ငါသည်အသက်ကို စွန့်လွှတ်၍ မြတ်စွာဘုရားကို ပူဇော်လှူဒါန်း၏။ အလုံးစုံသော ပန်းတို့ကား ရှစ်ဆုပ်မျှတို့သည် ဖြစ်ကုန်၏။ ဤသို့ သဘောရှိသည်မည်သော လှူဒါန်းပူဇော်ခြင်းသည်ဖြစ်၏။ လူများအပေါင်းသည် တထောင်မျှ လောက်ကုန်သော ကြွေးကြော်ခြင်း သာဓုခေါ်ခြင်းတို့ကို ပြုလျက် မြတ်စွာဘုရားနှင့် အတူတကွ လိုက်သွား၏။ ဤသို့များစွာသော လူအပေါင်း ကြွေးကြော်သော ဤအသံသည် ထိုငါပန်းပူဇော်ရာ အရပ်၌ အံ့ဖွယ်သရဲဖြစ်၍ ကြွေးကြော်ကြသော အသံပေတည်းဟု ပြောပြလေ၏။

ထိုအခါ သုမနပန်းသည်၏ မယား ခင်ပွန်းမသည် မိုက်မဲတွေဝေလှသည် ဖြစ်သောကြောင့် ဤသို့သဘောရှိသော အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာ၌ ကြည်ညိုနှစ်သက်ခြင်း မည်သည်ကို မဖြစ်စေမူ၍ ထိုသုမနပန်းသည်ကို ဆဲရေးရေရွတ်လျက် ပြည့်ရှင်မင်းတို့မည်သည်ကား ရက်စက်ကြမ်းကြုတ်သော သဘောရှိကုန်၏။ တကြိမ်မျှဖြစ်သော အမျက်ကြောင့် လက်ခြေစသည်တို့ကိုဖြတ်ခြင်းဖြင့် များစွာသော အကျိုးစီးပွါးမဲ့ကို သော်လည်း ပြုတတ်ကုန်၏။

အသင်ပြုအပ်သော ထိုပြစ်မှုကြောင့် ငါ့အားလည်း အကျိုးစီးပွါးမဲ့သည် ဖြစ်ရာ၏ဟု ပြောဆိုမြည်တမ်းကာ သားငယ်တို့ကိုယူ၍ မင်းအိမ်နန်းတော်သို့ သွားပြီးလျှင် မင်းကြီးအထံသို့ ချဉ်းကပ်သဖြင့် မင်းကြီးက ချဉ်းကပ်ခြင်းအကြောင်းကား အဘယ်နည်းဟု မေးတော်မူလတ်သော် ထိုမိန်းမက အရှင်မင်းမြတ် ကျွန်တော်မ၏ ခင်ပွန်းဖြစ်သော ဤသုမနပန်းသည်သည် အရှင်မင်းမြတ်တို့အား ဆက်သရန် ပန်းတို့ဖြင့် မြတ်စွာဘုရားကို လှူဒါန်းပူဇော်၍ အချည်းနှီးသောလက်ရှိသည်ဖြစ်၍ အိမ်သို့ပြန်လာပါသဖြင့် ပန်းတို့သည် အဘယ်မှာနည်းဟု ကျွန်တော်မက မေးမြန်းသောအခါ ဤမည်သောစကားကို ပြောဆိုပါသည်။

ကျွန်တော်မသည် ထိုသူကို ဆဲရေးရေရွတ် ခြိမ်းချောက်လျက် ပြည့်ရှင်မင်းတို့ မည်သည်ကား ရက်စက်ကြမ်းကြုတ်သော သဘောရှိကုန်၏။ တကြိမ်မျှဖြစ်သော အမျက်ကြောင့် လက်ခြေစသည်တို့ကို ဖြတ်ခြင်းဖြင့် များစွာသော အကျိုးစီးပွါးမဲ့ကို သော်လည်း ပြုတတ်ကုန်၏။ အသင်ပြုအပ်သော ပြစ်မှုကြောင့် ငါ့အားလည်း အကျိုးစီးပွားမဲ့သည်ဖြစ်ရာ၏ဟု ပြောဆိုမြည်တမ်း၍ ထိုသုမနပန်းသည်ကို ပယ်စွန့်၍ ဤနန်းတော်သို့ ရောက်လာရပါသည်။ ထိုသူပြုအပ်သော အမှုသည် ကောင်းသည်မူလည်းဖြစ်စေ၊ မကောင်းသည်မူလည်းဖြစ်စေ၊ ထိုအမှုသည် ထိုသူအားသာလျှင် ဖြစ်ပါစေ။ ကျွန်တော်မသည် ထိုသူကို အပြတ်အစဲ စွန့်ပစ်အပ်သည့် အဖြစ်ကို အရှင်မင်းမြတ် သိတော်မူပါဘုရားဟု လျှောက်တင်လေ၏။

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို ပဌမရှေးဦး ဖူးမြင်ရခြင်းအားဖြင့်ပင်လျှင် သောတာပတ္တိဖိုလ်သို့ ရောက်ခဲ့လေရကား သဒ္ဓါတရားအားကြီးသော နှစ်သက်ကြည်ညိုခြင်းရှိသော အရိယာသာဝကဖြစ်တော်မူသောကြောင့် ကြံဆင်ခြင်တော်မူသည်မှာ သြော်… အံ့ဖွယ်ရှိလေစွတကား။ ဤမိန်းမသည် အလွန်မိုက်မဲတွေဝေလေစွတကား။ ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးတော်၌ သော်လည်း နှစ်သက်ကြည်ညိုခြင်းကို မဖြစ်စေနိုင်ဟု ကြံဆင်ခြင်တော်မူ၏။

ထိုဗိမ္ဗိသာရမင်းကြီးသည် ဒေါသအမျက်ခြောင်းခြောင်းထွက်သကဲ့သို့ဖြစ်၍ မယ်မင်းမ သင်အသို့ဆိုဘိသနည်း ငါ့အား ဆက်သရန် ပန်းတို့ဖြင့် ထိုပန်းသည် သုမနသည် လှူဒါန်းပူဇော်ခြင်းကို ပြုလေသလောဟု မေးတော်မူသည်ရှိသော် အရှင်မင်းမြတ် ဟုတ်မှန်ပါသည် ဘုရားဟု လျှောက်တင်ပြန်လေ၏။

ယခုအခါ ထိုပန်းသည် သုမနကိုစွန့်ပစ်သဖြင့် ကောင်းသောအမှုကို သင်ပြုအပ်ပေ၏။ ထိုသုမနသည် ငါဘုရင်မင်းမြတ်၏ ပန်းတို့ဖြင့် လှူဒါန်းပူဇော်ခြင်းကို ပြုလေဘိသည်။ ထိုပန်းသည် သုမနအား ပြုအပ်သောအမှုကို ငါသိအောင် ပြုရပေတော့အံ့ဟု ပြောဆို၍ ထိုမိန်းမကို လွှတ်လိုက်ပြီးလျှင် လျင်မြန်စွာ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိခိုးလျက် မြတ်စွာဘုရားနှင့် အတူတကွသာလျှင် လှည့်လည်လေ၏။

---

သုမနပန်းသည် သဗ္ဗဋ္ဌကဆု ရခြင်း

မြတ်စွာဘုရားသည် မင်းကြီး၏ စိတ်ကြည်ညိုခြင်းကို သိတော်မူ၍ စည်လှည့်လည်သော ခရီးလမ်းဖြင့် မြို့တွင်းသို့ လှည့်လည်ပြီးလျှင် မင်း၏အိမ်နန်းတော်တံခါးဝသို့ ကြွသွားတော်မူလေ၏။ မင်းသည် သပိတ်တော်ကိုယူ၍ နန်းတော်တွင်းသို့ သွင်းဆောင်ခြင်းငှါ အလိုရှိ၏။ မြတ်စွာဘုရားသည်ကား မင်းယင်ပြင်၌သာ နေတော်မူလိုသော အခြင်းအရာကို ပြတော်မူ၏။ မင်းကြီးသည် ထိုအကြာင်းကို သိ၍ လျင်စွာ မဏ္ဍပ်ကို ပြုကြကုန်လော့ဟု မိန့်ခြင်းကြောင့် ထိုခဏ၌သာလျှင် မဏ္ဍပ်ကို ပြုစေလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းနှင့်တကွ ထိုင်နေတော်မူလေ၏။

[မြတ်စွာဘုရားသည် အဘယ့်ကြောင့် မင်းအိမ်နန်းတော်သို့ ဝင်တော်မမူလေသနည်း ဟူမူကား မြတ်စွာဘုရားအား ဤသို့သော အကြံတော်သည် ဖြစ်ပေသတတ်။ ငါဘုရားသည် နန်းတော်တွင်းသို့ ဝင်၍ ထိုင်နေတော်မူသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ လူများအပေါင်းသည် ငါဘုရားကို ဖူးမြင်ခြင်းငှါ မရပေလတ္တံ့။ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည် ထင်ထင်ရှားရှား မဖြစ်ပေလတ္တံ့။

မင်းယင်ပြင်၌ ထိုင်နေတော်မူသော ငါဘုရားကိုမူကား လူများအပေါင်းသည် ဖူးမြင်ခြင်းငှါ ရပေလတ္တံ့။ သုမနပန်းသည်၏ ဂုဏ်ကျေးဇူးသည်လည်း ထင်ထင်ရှားရှား ဖြစ်ပေလတ္တံ့ ဟု ဤသို့သော အကြံဖြစ်တော်မူလေ၏။

စကားမှန်၏။ ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို မြတ်စွာဘုရားတို့သည်သာလျှင် ထင်ရှားသည်ကိုပြုခြင်းငှါ စွမ်းနိုင်ကြကုန်၏။ ကြွင်းသော လူများအပေါင်းသည် ဂုဏ်ရှိသောသူတို့၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် မထင်ရှားစေလို၊ ဝန်တိုလျှို့ဝှက်တတ်၏။]

လေးခုကုန်သော ပုဆိုးအလား ပန်းအပြားတို့သည် လေးပါးကုန်သော အရပ်မျက်နှာအဖို့တို့၌ တည်နေကြကုန်၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို ခြံရံ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို မွန်မြတ်သော ဆွမ်းခဲဖွယ်ဘောဇဉ်အာဟာရဖြင့် လုပ်ကျွေးဆက်ကပ် လှူဒါန်း၏။

မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအခါ အနုမောဒနာပြုတော်မူ၍ ရှေးနည်းဖြင့်သာလျှင် လေးခုသော ပန်းအပြားတို့ဖြင့် ခြံရံအပ်လျက် မြတ်သော ရဲရင့်သောအသံကို ရွတ်ဆိုပြီးလျှင် များစွာသော လူအပေါင်းခြံရံကာ ကျောင်းတော်သို့ ကြွတော်မူလေ၏။

ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားကို အစဉ်လိုက်၍ ပို့လိုက်ပြီးမှ ဆုတ်နစ်ပြန်လည်လာခဲ့ပြီးလျှင် သုမနပန်းသည်ကို ခေါ်စေတော်မူ၍ ငါ့အား ဆက်သွင်းခြင်းငှါ ယူဆောင်၍လာခဲ့သော ရှစ်စလယ် ရှစ်ကွမ်းစား ဖြစ်သောပန်းတို့ဖြင့် အဘယ်သို့ နှလုံးသွင်းခြင်းကို ပြု၍ မြတ်စွာဘုရားကို လှူဒါန်းပူဇော်ဘိသနည်းဟု မေးမြန်းတော်မူ၏။

သုမနပန်းသည်က အရှင်မင်းမြတ် ပြည့်ရှင်မင်းကြီးသည် ငါ့အား သတ်လိုမူလည်း သတ်စေတော့၊ တိုင်းနိုင်ငံမှ နှင်ထုတ်လိုမူလည်း နှင်ထုတ်စေတော့ဟု ဆို၍ အသက်ကို စွန့်လွှတ်ပြီးလျှင် လှူဒါန်းပူဇော်လိုက်ပါသည် ဘုရားဟု လျှောက်တင်လေ၏။ မင်းကြီးသည် သင်ကား ယောက်ျားမြတ် မည်ပေသည်ဟု မိန့်တော်မူ၍ --
၁။ ဆင် ရှစ်စီးတို့ကို၎င်း
၂။ မြင်း ရှစ်စီးတို့ကို၎င်း
၃။ ကျွန်မိန်းမ ရှစ်ယောက်တို့ကို၎င်း
၄။ ကျွန်ယောက်ျား ရှစ်ယောက်တို့ကို၎င်း
၅။ မြတ်သောတန်းဆာ ရှစ်ခုတို့ကို၎င်း ပေးတော်မူပြီးလျှင်
၆။ အသပြာ ရှစ်ထောင်တို့ကိုလည်း
၇။ နန်းတော်တွင်းမှ ထုတ်ဆောင်၍ အလုံးစုံသော တန်းဆာတို့ဖြင့် တန်းဆာဆင်အပ်သော ရှစ်ယောက်သော သ္မီးကညာမိန်းမတို့ကို၎င်း
၈။ အခွန်ကျေးလက် ကောင်းစွာထွက်ကုန်သော ရှစ်ခုကုန်သော ရွာမြတ်တို့ကို၎င်း

ဤသို့ ဤအလုံးစုံ ရှစ်ခုစီရှိသော သဗ္ဗဋ္ဌကအမည်ရှိသော ပေးအပ်သော ဆုတော်လာဘ်တော်ကို ပေးသနားတော်မူလေ၏။

---

ပစ္စေကဗောဓိဆု ဗျာဒိတ်ပေးခြင်း

အရှင်အာနန္ဒာ မထေရ်သည် ကြံဆင်ခြင်တော်မူသည်မှာ ယနေ့နံနက်အခါမှစ၍ ရဲရင့်သော ကောင်းချီးပေးသံ တထောင်တို့သည်၎င်း၊ ပုဆိုးဦးရစ်တထောင် ပစ်မြှောက်ခြင်းတို့သည်၎င်း ဖြစ်စေကုန်၏။ သုမနပန်းသည်အား ခံစားရလတ္တံ့သော အကျိုးအာနိသံသကား အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု ကြံဆင်ခြင်တော်မူပြီးလျှင် အရှင်အာနန္ဒာမထေရ်သည် မြတ်စွာဘုရားကို မေးလျှောက်လေ၏။

ထိုအခါ အရှင်အာနန္ဒာကို မြတ်စွာဘုရားသည် ချစ်သားအာနန္ဒာ ဤပန်းသည်သည် အနည်းငယ်မျှသာ ဖြစ်သော ကောင်းမှုကို ပြုအပ်ပြီဟု မမှတ်သားလေလင့်၊ ဤသူသည် ငါဘုရားအား အသက်ကိုစွန့်၍ ပူဇော်ခြင်းကို ပြုလေ၏။ ထိုပန်းသည်သည် ဤသို့ငါဘုရား၌ စိတ်ကိုကြည်ညိုစေရသောကြောင့် ဤသို့ ဖြစ်လတ္တံ့ဟု ဤဂါထာကို ဟောတော်မူလေ၏။

ကပ္ပါနံ သတသဟဿံ၊ ဒုဂ္ဂတိံ နာဂမိဿတိ။
ဌတွာ ဒေဝမနုဿေသု၊ ဖလံ ဧတဿ ကမ္မုနော။
ပစ္ဆာ ပစ္စေက သမ္ဗုဒ္ဓေါ၊ သုမနောနာမ ကဝိဿတိ။

အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ဧတဿ ကမ္မုနော၊ ထိုကောင်းမှုကံ၏။ ဖလံ၊ အကျိုးသည်။ ကပ္ပါနံ၊ ကမ္ဘာတို့၏။ သတသဟဿံ၊ တသိန်းကာလပတ်လုံး။ ဒုဂ္ဂတိံ၊ ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် အပါယ်လေးပါး မကောင်းသော အလားသို့။ နဂမိဿတိ၊ မသွားမလာရလတ္တံ့။ ဒေဝမနုဿေသု၊ နတ်ပြည် လူ့ပြည်တို့၌။ ဌတွာ၊ တည်၍။ ပစ္ဆာ၊ နောက်ကာလ၌။ သုမနောနာမ၊ သုမန အမည်ရှိသော။ ပစ္စေကသမ္ဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓါသည်။ ဘဝိဿတိ၊ အမှန်စင်စစ် ဖြစ်ပေလတ္တံ့။

မြတ်စွာဘုရားသည် ကျောင်းတော်သို့ ကြွသွားတော်မူ၍ ဂန္ဓကုဋိသို့ ဝင်တော်မူသောအခါ ထိုမြတ်လေးပန်းတို့သည် တံခါးမုခ်၌ ကျလေကုန်၏။ ညချမ်းသောအခါ ရဟန်းတို့သည် တရားသဘင်၌ သုမနပန်းသည်၏ ပြုအပ်သော ကောင်းမှုကံသည် အံ့ဩဖွယ်ရှိလေစွတကား၊ သက်တော်ထင်ရှားရှိတော်မူသော မြတ်စွာဘုရားအား အသက်ကို စွန့်လွှတ်၍ ပန်းလှူဒါန်းပူဇော်ခြင်းကို ပြုသဖြင့် ထိုခဏ၌ပင် သဗ္ဗဋ္ဌကမည်သော ဆုတော်လာဘ်တော်ကို ရလေပြီဟူသော စကားကို ဖြစ်စေကြကုန်၏။

မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်တော်မှ ထွက်တော်မူ၍ ကြွသွားခြင်းသုံးပါးတို့တွင် တပါးပါးသောကြွသွားတော်မူခြင်းဖြင့် တရားသဘင်ကြွသွားတော်မူ၍ မြတ်စွာဘုရားနေရာတော်၌ ထိုင်နေသီတင်းသုံးတော်မူပြီးလျှင် ချစ်သားရဟန်းတို့ ယခုငါဘုရား ကြွလာတော်မူဆဲကာလ၌ အဘယ်စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားဖြင့် စည်းဝေးနေထိုင်ကြပါသည် ဘုရားဟု နားတော်လျှောက်သော် ချစ်သားရဟန်းတို့ သြော်… ဟုတ်ပေ၏။ အကြင်သို့သော အမှုကို ပြုအပ်သည်၏ အဖြစ်ကြောင့် နောင်တတဖန် စိုးရိမ်ပူပန်ခြင်းသည် မဖြစ်နိုင်။ အောက်မေ့တိုင်း အောက်မေ့တိုင်းသော ခဏ၌ ဝမ်းမြောက်ခြင်းသည်သာလျှင် ဖြစ်၏။ ဤသို့သဘောရှိသော ကောင်းမှုကံကို ပြုအပ်သည်သာလျှင်တည်းဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကိုမိန့်တော်မူလေ၏။

---

ဒေသနာတော်

၆၈။ တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။

ယံကမ္မံ၊ အကြင်အမှုကို။ ကတွာ၊ ပြု၍။ နာနုတပ္ပတိ၊ နောင်တတဖန် မပူပန်ရပေ။ ယဿကမ္မဿ၊ အကြင်ကံ၏။ ဝိပါကံ၊ အကျိုးကို။ ပတီတော၊ ပီတိအဟုန်ဖြင့် နှစ်သက်သည်ဖြစ်၍။ သုမနော၊ သောမနဿအဟုန်ဖြင့် ဝမ်းမြောက်သည်ဖြစ်၍။ ပဋိသေဝတိ၊ မှီဝဲသုံးဆောင်ရ၏။ တဉ္စကမ္မံ၊ ထိုကောင်းမှုကံကိုသာလျှင်။ ကတံ၊ ပြုရခြင်းသည်။ သာဓု၊ ကောင်းလှပေ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်လေ၏။

သုမနပန်းသည်ဝတ္ထု ပြီး၏။

---

၁၀ - ဥပ္ပလဝဏ်ထေရီမ ဝတ္ထု

မဓူဝ မညတီ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥပ္ပလဝဏ်ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ဆီမီးလျှံ၌ နိမိတ်ယူ၍ ရဟန္တာမ ဖြစ်ခြင်း

ထိုဥပ္ပလဝဏ်ထေရီမသည် ပဒုမုတ္တရမြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဂ္ဂသာဝိကာမဆုကို ပန်ဆင်ဆုတောင်းခြင်းကို ဖြစ်စေ၍ ကမ္ဘာတသိန်းတို့ကာလပတ်လုံး များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် နတ်ပြည်တို့၌၎င်း လူ့ပြည်တို့၌၎င်း ကျင်လည်ခံစားပြီးလျှင် ဤငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ နတ်ပြည်မှစုတေခဲ့၍ သာဝတ္ထိပြည်ဝယ် သူဌေးမျိုး၌ ပဋိသန္ဓေတည်နေစွဲယူလေ၏။ ကြာညိုပန်းတိုက်နှင့်တူသော အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ လွန်စွာလှပကြည်လင်ခြင်းရှိသောကြောင့် ထိုသတို့သ္မီးအား ဥပ္ပလဝဏ် ဟူသော အမည်ကို မှည့်ခေါ်ကြလေကုန်၏။

ထို့နောက် ဥပ္ပလဝဏ်သတို့သ္မီးအရွယ်သို့ ရောက်သောအခါ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော မင်းတို့သည်၎င်း၊ သူဌေးသူကြွယ်တို့သည်၎င်း ဥပ္ပလဝဏ်သတို့သ္မီး၏ ဖခင် သူဌေးကြီးအထံသို့ ငါတို့အား သ္မီးကိုပေးပါလော့ ဟု သတင်းစကားစေလွှတ်ကုန်၏။ လွတ်သောသူမည်သည် မရှိ။

ထို့နောက်မှ သူဌေးကြီးက ကြံဆင်ခြင်သည်မှာ ငါသည် အလုံးစုံကုန်သော သူတို့၏စိတ်အလိုကို ပြည့်အောင်ယူခြင်းငှါ မတတ်နိုင်။ တခုသောဥပါယ်တမျဉ် အကြောင်းကို ပြုတော့အံ့ဟု ကြံဆင်ခြင်၍ သ္မီးကိုခေါ်စေပြီးလျှင် ချစ်သ္မီး ရဟန်းပြုခြင်းငှါ တတ်နိုင်အံ့လောဟု မေးလေ၏။ ထိုဥပ္ပလဝဏ်သတို့သ္မီးလည်း ပစ္ဆိမဘဝိကသတ္တဝါ ဖြစ်သောကြောင့် ဖခင်သူဌေးမေးအပ်သော ထိုစကားသည် ဦးခေါင်း၌ သွန်းလောင်းအပ်သော အကြိမ်တရာချက်ပြီးသော ဆီကဲ့သို့ ဖြစ်လေ၏။ ထို့ကြောင့် ဖခင်သူဌေးကြီးကို ဖခင် ကျွန်တော်မသည် ရဟန်းပြုပါအံ့ဟု ပြောဆိုလေ၏။

သူဌေးကြီးသည် ထိုမိမိ၏သ္မီးအား များစွာသော ပူဇော်သက္ကာရကိုပြု၍ ရဟန်းမိန်းမကျောင်းသို့ ဆောင်ပို့ပြီးလျှင် ရဟန်းပြုစေ၏။ ထိုဥပ္ပလဝဏ်ထေရီမအား ရဟန်းပြု၍ မကြာမြင့်မီသာလျှင် ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်းစသည်ကို ပြုရသော အလှည့်အကြိမ်သည် ရောက်လေ၏။

ထိုဥပ္ပလဝဏ်ထေရီမသည် ဆီမီးကိုညှိထွန်း၍ ဥပုသ်အိမ်ကို တံမြက်လှည်းလျက် မိမိညှိထွန်းအပ်သော ဆီမီးလျှံ၌ နိမိတ်ကိုယူပြီးလျှင် ရပ်နေလျက်သာလျှင် အဖန်ဖန်ကြည့်ရှုလျက် တေဇောကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဖြစ်စေ၍ ထိုဈာန်ကိုပင်လျှင် အခြေပြုသဖြင့် ပဋိသမ္ဘိဒါအဘိညာဉ်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

---

နန္ဒလုလင် ပြစ်မှား၍ မြေမျိုခြင်း

ထိုဥပ္ပလဝဏ်ထေရီမသည် နောက်အဖို့ဖြစ်သော အခါတပါး၌ ဇနပုဒ် ဒေသစာရီလှည့်လည်ခြင်းကို လှည့်လည်ပြီး၍ ပြန်လာသောယခါ အန္ဓဝနမည်သော သူကန်းတောသို့ ကြွဝင်၍ သီတင်းသုံးတော်မူလေ၏။ ထိုအခါ ရဟန်းမိန်းမတို့အား တောကျောင်း၌ နေခြင်းကို မတားမြစ်အပ်သေး (သိက္ခာပုဒ် ပညတ်တော်မူခြင်းဖြင့် တားမြစ်တော်မမူရသေး)။

ထိုအခါ ထိုမထေရ်မအား ထိုတောအုပ်၌ ကျောင်းငယ်ကုဋိကို ဆောက်လုပ်၍ ညောင်စောင်းကို ခင်းပြီးလျှင် တင်းတိမ်ကို ကာရံပေးကြလေကုန်၏။ ထိုဥပ္ပလဝဏ်ထေရီမသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ကြွဝင်တော်မူပြီးလျှင် ထွက်လာလေ၏။ ထိုဥပ္ပလဝဏ်ထေရီမ၏ ဦးရီးသားဖြစ်သော နန္ဒအမည်ရှိသော လုလင်သည် လူဖြစ်စဉ်ကာလမှစ၍ စွဲတပ်သောစိတ်ရှိ၏။

ထိုနန္ဒလုလင်သည် ဥပ္ပလဝဏ်ထေရီမ ရောက်လာသည့်အဖြစ်ကို ကြားသိရ၍ ထေရီမ မလာမရောက်မီ ရှေးဦးကပင်လျှင် သူကန်းတောသို့ သွားလင့်ပြီးမှ ထိုကျောင်းငယ်ကုဋိသို့ဝင်၍ အိပ်ရာညောင်စောင်းအောက်၌ ပုန်းအောင်းကာ နေလင့်သဖြင့် မထေရ်မလည်း ပြန်လာ၍ ကျောင်းငယ်ကုဋိသို့ဝင်လျက် တံခါးပိတ်ပြီး ညောင်စောင်းထက်၌ ထိုင်နေကာမျှ အပြင်ပဖြစ်သော နေပူမှ လာခဲ့ရသည့်အဖြစ်ကြောင့် စက္ခုထင်ထင် ရှုမြင်သောနေရာဝယ် အမိုက်တိုက်မပျောက်သေးမီသာလျှင် ညောင်စောင်းအောက်မှ ထွက်၍ ညောင်စောင်းထက်သို့ တက်လျက် ဟယ်လူမိုက် ... မဖျက်ဆီးလေနှင့် ဟု မထေရ်မ တားမြစ်စဉ်ပင်လျှင် ဖိစီးနှိပ်စက်၍ မိမိသည် တောင့်တအပ်သောအမှုကိုပြုလုပ်၍ ထွက်ခွါသွားလေ၏။

ထိုအခါ အလွန်မိုက်လှစွာသော ထိုနန္ဒလုလင်၏ ကျေးဇူးမဲ့ကို ဆောင်ရွက်ခြင်းငှါ မတတ်နိုင်လေသကဲ့သို့ ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသော မဟာပထဝီမြေကြီးသည် နှစ်ဖြာပြတ်စဲဟင်းလင်းကွဲလေ၏။ ထိုနန္ဒလုလင်သည် မြေကြီး၏ အတွင်းသို့ ဝင်ရောက်ကျသွား၍ မဟာအဝီစိငရဲ၌သာလျှင်ဖြစ်လေ၏။

ထေရီမသည်လည်း ထိုအကြောင်းကို သီတင်းသုံးဖော်ရဟန်းမိန်းမတို့အား ပြောကြား၏။ ရဟန်းမိန်းမတို့လည်း ရဟန်းယောက်ျားတို့အား ထိုအကြောင်းကို ပြောကြားလျှောက်ထားကြကုန်၏။ ရဟန်းယောက်ျားတို့သည်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

ထိုစကားကို ကြားသိတော်မူသဖြင့် မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ချစ်သားရဟန်းတို့ ငါဘုရား၏ တပည့်သားဖြစ်ကုန်သော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့၌ အမှတ်မထင် အကြင်တစုံတယောက်သောသူမိုက်သည် မကောင်းမှုအကုသိုလ်ကံကို ပြုလုပ်၏၊ ထိုသူမိုက်သည် ပျားသကာစသည်တို့၌ရှိသော တစုံတခုသာလျှင်ဖြစ်သော ချိုမြိန်ကောင်းမြတ်သော အရသာကို စားရသော ယောက်ျားကဲ့သို့ ရွှင်လန်းနှစ်သက်တက်ကြွသည်ထက် တက်ကြွသော စိတ်ရှိသောသူကဲ့သို့ဖြစ်၍ ပြုလုပ်လေ့ရှိ၏ ဟု အနုသန္ဓေကို စပ်၍ တရားဒေသနာကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၆၉။ မဓူဝ မညတီ ဗာလော၊ ယာဝ ပါပံ နပစ္စတိ။
ယဒါစ ပစ္စတီ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပါပံ၊ မကောင်းမှုကံသည်။ နပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ တံကမ္မံ၊ ထိုမကောင်းမှုကံကို။ ဗာလော၊ သူမိုက်သည်။ မဓူဝ၊ ပျားအရသာကဲ့သို့။ မညတိ၊ မှတ်ထင်အောက်မေ့၏။ ယဒါစ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုကံသည်။ ပစ္စတိ၊ အကျိုးကိုပေး၏။ တဒါ၊ ထိုအခါ၌။ သောဗာလော၊ ထိုသူမိုက်သည်။ ဒုက္ခ၊ ဆင်းရဲခြင်းသို့။ ဝါ၊ ဆင်းရဲခြင်းကို။ နိဂစ္ဆတိ၊ ရောက်ရလေ၏။ ဝါ၊ ရရှိလေ၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။

---

ဘိက္ခုနီမတို့ရွာ၌သာ နေရန်စီမံခြင်း

ထို့နောက် အခါတပါး တရားသဘင်၌ များစွာသော လူရဟန်းအပေါင်းသည် ရဟန္တာပုဂ္ဂိုလ်တို့သည် ငါးပါးသော ကာမဂုဏ်ချမ်းသာကို ခုံမင်တပ်မက်နှစ်သက် သာယာကြကုန်၏။ ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်တပ်စွဲမှီဝဲကြကုန်၏။ အဘယ့်ကြောင့် မမှီဝဲဘဲရှိကုန်အံ့နည်း... ထိုရဟန္တာတို့သည်လည်း ခြောက်သွေ့သော သစ်ငုတ်တို့လည်း မဟုတ်ကုန်၊ တောင်ပို့တို့လည်းမဟုတ်ကုန်၊ စိုစွတ်သော အသားရှိသောကိုယ်ရှိကုန်သည်သာလျှင်တည်း။ ထို့ကြောင့် ထိုရဟန္တာတို့သည်လည်း ကာမဂုဏ်ချမ်းသာကို သာယာကြကုန်၏၊ ကာမဂုဏ်ကို မှီဝဲကြကုန်၏ဟု စကားကို ဖြစ်စေလေ၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သော် ချစ်သားရဟန်းတို့ ရဟန္တာတို့သည် ကာမဂုဏ်ချမ်းသာကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ဥပမာမည်သည်ကား ပဒုမ္မာကြာရွက်၌ ကျသော ရေပေါက်သည် မကပ်ငြိမတည်တံ့နိုင်ဘဲ လိမ့်၍ကျသကဲ့သို့၎င်း၊ ပွတ်ဆောက်ဖျား၌ မုံညင်းစေ့သည် မကပ်ငြိမတည်တံ့နိုင်ဘဲ လိမ့်၍ကျသကဲ့သို့၎င်း၊ ဤအတူသာလျှင် ရဟန္တာပုဂ္ဂိုလ်၏စိတ်၌ နှစ်ပါးအပြားရှိသော ဝတ္ထုကာမ ကိလေသာကာမသည် မကပ်ငြိမတည်တံ့နိုင်သည်သာတည်းဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ တရားဟောလိုရကား ဗြာဟ္မဏဝဂ်၌ ဤဂါထာကို မိန့်တော်မူလေ၏။

ဝါရိပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော နလိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝါရိ၊ ရေသည်။ ပေါက္ခရပတ္တေ၊ ကြာရွက်၌။ နလိမ္ပတိဣဝ၊ မကပ်ငြိမတည်တံ့သကဲ့သို့၎င်း။ သာသပေါ၊ မုံညင်းစေ့သည်။ အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။ နလိမ္ပတိဣဝ၊ မကပ်ငြိမတည်တံ့သကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေသု၊ နှစ်ပါးသော ကာမတို့၌။ နဝိလိမ္ပတိ၊ မကပ်ငြိမတည်တံ့။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကိုအပပြုပြီးသောသူ ဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

[ဤဂါထာ၏အနက်အဓိပ္ပါယ်အဖွင့်သည်ကား ဗြာဟ္မဏဝဂ်၌သာလျှင် ထင်ရှားစွာ ဖြစ်လတ္တံ့။]

မြတ်စွာဘုရားသည် ပသေနဒီကောသလမင်းကြီးကို ခေါ်စေတော်မူ၍ တကာတော်မင်းကြီး ဤငါဘုရား၏ သာသနာတော်၌ အမျိုးကောင်းသားယောက်ျားတို့ကဲ့သို့သာလျှင် ထို့အတူ အမျိုးကောင်းသ္မီးမိန်းမတို့သည်လည်း များစွာသော ဆွေမျိုးဉာတကာအပေါင်းကို၎င်း၊ စည်းစိမ်ဥစ္စာစုကို၎င်း စွန့်ပစ်ပယ်ရှား၍ ရဟန်းပြုပြီးလျှင် တော၌နေထိုင်ကြကုန်၏။

ထိုရဟန်းမိန်းမတို့သည် တောကျောင်း၌ နေထိုင်ကြကုန်သည်ရှိသော် ရာဂဖြင့် စွဲတပ်ကပ်ငြိခြင်းရှိသော ယုတ်မာသော ပုဂ္ဂိုလ်တို့သည် ယုတ်သောမာန်မူခြင်း လွန်ကဲသောမာန်မူခြင်းတို့၏အစွမ်းဖြင့် ညှဉ်းဆဲလည်း ညှဉ်းဆဲကြကုန်၏။ မြတ်သောအကျင့်၏ အန္တရာယ်သို့လည်း ရောက်စေကြကုန်၏။

ထို့ကြောင့် ရဟန်းမိန်းမသံဃာအပေါင်း၏ အလို့ငှါ နေရာကျောင်းကို မြို့၏အတွင်း၌သာ ပြုခြင်းငှါသင့်၏ဟု မိန့်တော်မူလေ၏။ ပသေနဒီကောသလမင်းကြီးသည်လည်း ကောင်းပါပြီဘုရား ဟုဝန်ခံ၍ မြို့၏တခုသောနံပါး၌ ရဟန်းမိန်းမသံဃာအပေါင်း၏ အလို့ငါ နေရာကျောင်းကို ဆောက်လုပ်စေလေ၏။ ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် မြို့တွင်းရွာတွင်း၌သာ နေထိုင်ကြရကုန်၏။

ဥပ္ပလဝဏ်ထေရီမဝတ္ထု ပြီး၏။

---

၁၁ - ဇမ္ဗုကမထေရ် ဝတ္ထု

မာသေ မာသေ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇမ္ဗုက အမည်ရှိသော အာဇီဝကကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ဒါယကာအပေါ် မကျေနင်၍ ရဟန္တာအား ဆဲရေးမိခြင်း

ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ တခုသောရွာ၌ နေလေ့ရှိသော သူကြွယ်တယောက်သည် တပါးသော မထေရ်အား သီတင်းသုံးရာဖြစ်သော ကျောင်းကို ဆောက်လုပ်လှူဒါန်း၍ ထိုကျောင်း၌ သီတင်းသုံးသော မထေရ်ကို ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးလေသတတ်။

မထေရ်သည်လည်း ထိုသူကြွယ်၏အိမ်၌ အမြဲမပြတ် ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုအခါ ရဟန္တာမထေရ်တပါးသည် နေ့အခါ၌ ဆွမ်းအလို့ငှါ လှည့်လည်တော်မူသည်ရှိသော် ထိုသူကြွယ်၏အိမ်တံခါးသို့ ရောက်သွားလေ၏။

သူကြွယ်သည် ထိုရဟန္တာမထေရ်အရှင်ကို မြင်လျှင်မြင်ခြင်း မထေရ်၏ ဣရိယာပုထ်၌ ကြည်ညိုသည်ဖြစ်၍ အိမ်အတွင်းသို့ ပင့်သွင်းပြီးလျှင် ရိုသေကောင်းမွန်စွာ မွန်မြတ်သော ဘောဇဉ်ဖြင့် လုပ်ကျွေး၍ အရှင်ဘုရား ဤအဝတ်ပုဆိုးကို ဆိုးရည်ဆိုး၍ ဝတ်ရုံသုံးဆောင်တော်မူကြပါဘုရားဟု ကြီးစွာသော အဝတ်ပုဆိုးကို လှူပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့၏ ဆံပင်တို့သည်လည်း ရှည်ကုန်ပြီ။ အရှင်ဘုရားတို့၏ ဆံချစိမ့်သောငှါ ဆေတ္တာသည်ကို ခေါ်ဆောင်ခဲ့ပါအံ့ဟု လျှောက်ထားသဖြင့် အရှင်ဘုရားတို့၏ ကျိန်းစက်ရာအလို့ငါ ညောင်စောင်းကိုလည်း ယူစေ၍ လာခဲ့ပါမည်ဘုရားဟု ဝန်ခံလျှောက်ကြားလေ၏။

အိမ်၌အမြဲမပြတ် ဆွမ်းဘုဉ်းပေးသော ကုလူပကဆရာရဟန်းသည် ထိုအာဂန္တုကဧည့်သည်ရဟန်းအား ထိုသို့ပြုအပ်သော ပူဇော်သက္ကာရကိုမြင်လျှင် စိတ်ကိုကြည်ညိုစေခြင်းငှါ မစွမ်းနိုင်ရှာသဖြင့် ဤဒါယကာသည် ထိုတခဏမျှမြင်အပ်သော အာဂန္တုကဧည့်သည်ရဟန်းအား ဤသို့သဘောရှိသော ပူဇော်သက္ကာရကိုပြုဘိ၏။

အိမ်၌ အမြဲမပြတ် ဆွမ်းစား၍နေသော ငါ့အားမူကား ဤသို့သော ပူဇော်သက္ကာရကိုမပြုလေဘိဟု ကြံအောက်မေ့လျက် ကျောင်းသို့ သွားလေ၏။ အာဂန္တုကဧည့်သည်ရဟန္တာသည်လည်း ထိုအာဝါသိကကျောင်းနေရဟန်းနှင့် အတူတကွသာလျှင် လိုက်သွား၍ သူကြွယ်သည် ပေးလှူအပ်သော အဝတ်ပုဆိုးကို ဆိုးရည်ဆိုး၍ ဝတ်ရုံသုံးဆောင်လေ၏။

သူကြွယ်လည်း ဆေတ္တာသည်ကို ခေါ်သွား၍ မထေရ်၏ဆံတို့ကို ချစေပြီးလျှင် ညောင်စောင်းကို ခင်းစေ၍ အရှင်ဘုရား ဤညောင်စောင်း၌သာလျှင် ကျိန်းစက်သီတင်းသုံးတော်မူကြပါဘုရားဟု လျှောက်ကြား၍ နှစ်ဦးသောမထေရ်တို့ကိုလည်း နက်ဖြန် ကောင်းမှုအလို့ငှါ ပင့်ဖိတ်ပြီးလျှင် ဖဲသွားလေ၏။

နေဝါသိကဖြစ်သော ကျောင်းနေရဟန်းသည် ထိုအာဂန္တုကဧည့်သည်ရဟန္တာအား ပြုအပ်သော ထိုပူဇော်သက္ကာရကို သည်းခံခြင်းငှါ မစွမ်းနိုင်ရှာသဖြင့် ထို့နောက် ညချမ်းသောအခါသို့ ရောက်သည်ရှိသော် ကျောင်းနေရဟန်းသည် အာဂန္တုကဧည့်သည်မထေရ်၏ အိပ်ရာအရပ်သို့ သွားရောက်၍ လေးပါးသော အခြင်းအရာတို့ဖြင့် မထေရ်ကို ဆဲရေးလေ၏။

၁။ ငါ့ရှင်အာဂန္တု သူကြွယ်၏အိမ်၌ ဆွမ်းကို အသင်စားခြင်းထက် မစင်ကို စားခြင်းသည် မြတ်သေး၏။
၂။ သူကြွယ်သည် ခေါ်ဆောင်ခဲ့သော ဆေတ္တာသည်ဖြင့် ဆံချခြင်းထက် ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နုတ်စေခြင်းသည် မြတ်သေး၏။
၃။ သူကြွယ်သည် ပေးလှူအပ်သော သင်္ကန်းလျာအဝတ်ပုဆိုးကို ဝတ်ရုံခြင်းထက် အဝတ်မဆည်းအချည်းနှီး လှည့်လည်ခြင်းသည် မြတ်သေး၏။
၄။ သူကြွယ်သည် ဆောင်ယူခဲ့သော ညောင်စောင်း၌ အိပ်ခြင်းထက် မြေ၌အိပ်ခြင်းသည် မြတ်သေး၏

ဟု ဤလေးပါးသော အခြင်းအရာတို့ဖြင့် ဆဲရေးလေ၏။

---

ဒါယကာနှင့်စပ်၍ ဝန်တိုခြင်း

ရဟန္တာမထေရ်သည်လည်း ဤမလိမ္မာသောရဟန်းသည် ငါ့ကိုအမှီပြု၍ မပျက်စီးပါစေလင့်ဟု ကြံဆင်ခြင်တော်မူ၍ ပင့်ဖိတ်လျှောက်ကြားထားသည်ကို မယူလက်မခံမူ၍ နံနက်စောစော၌ပင်ထ၍ ချမ်းသာသည့်အလားလျော်စွာ အလိုရှိရာအရပ်သို့ ကြွသွားတော်မူလေ၏။

ကျောင်းနေရဟန်းသည်လည်း နံနက်စောစောကပင်လျှင် ကျောင်း၌ ပြုဖွယ်ကိစ္စဖြစ်သော ဝတ်ကြီးဝတ်ငယ်ကို ပြုပြီးလျှင် ဆွမ်းခံအံ့သောအခါ၌ ဤယခုအခါ၌ အာဂန္တုကရဟန်းသည်လည်း အိပ်ပျော်၍နေ၏။ ခေါင်းလောင်းကျောက်စည်သံဖြင့် နိုးလေရာ၏ ဟူသောအမှတ်ရှိသဖြင့် လက်သည်းခွံဖြင့်သာလျှင် ခေါင်းလောင်းကို အသံမမည်အောင် ထိုးခတ်၍ ရွာသို့ဆွမ်းအလို့ငှါ ကြွဝင်လေ၏။

သူကြွယ်သည်လည်း ပူဇော်သက္ကာရကို ပြုစုစီမံ၍ မထေရ်နှစ်ပါးတို့၏ ကြွလာရာလမ်းခရီးကို ကြည့်မျှော်လျက်နေရာ ကျောင်းနေရဟန်းကိုသာ မြင်ရ၍ အရှင်ဘုရား အာဂန္တုမထေရ်သည် အဘယ်မှာနည်းဟု မေးလျှောက်လေ၏။ ထိုအခါ ကျောင်းနေရဟန်းသည် သူကြွယ်ကို ဒါယကာသူကြွယ် တစုံတခုသောစကားကို မဆိုလေနှင့်။ အသင်၏ ကုလူပကဆရာ အာဂန္တုကရဟန်းသည် ယမန်နေ့က အသင်ဖိတ်မန်ပြီး၍ ထွက်သွားသောအခါ တိုက်ခန်းတွင်းသို့ဝင်၍ အိပ်ပျော်ခြင်းသို့ သက်ရောက်လေ၏။ နံနက်စောစောက ထ၍ ငါသည်ကျောင်းကို တံမြက်လှည်းသံကို၎င်း၊ သောက်ရေအိုးသုံးဆောင်ရေအိုးတို့၌ ရေလောင်းသံကို၎င်း၊ ခေါင်းလောင်းကျောက်စည်သံကို၎င်း ပြုလုပ်ပါလျက် မသိလေခဲ့ဟု ဆိုလေ၏။

ဒါယကာသူကြွယ် ကြံဆင်ခြင်သည်မှာ ထိုသို့သဘောရှိသော ဣရိယာပုထ်၏ ပြည့်စုံခြင်းနှင့် ပြည့်စုံသော ငါ၏အရှင်အား ဤအချိန်အခါကာလတိုင်အောင် အိပ်ခြင်းမည်သည် မရှိတန်ရာ။ ထိုမထေရ်အား ဤသို့ပူဇော်သက္ကာရပြုသည်ကို မြင်၍မချွတ်မလွဲ ဤအရှင်သည် တစုံတခုသော အမနာပစကားကို ပြောဆိုသည်ဖြစ်ပေလတ္တံ့ဟု ကြံဆင်ခြင်မိလေ၏။

ထိုသူကြွယ်သည် မိမိ၏ဉာဏ်ပညာရှိသည်၏အဖြစ်ကြောင့် ထိုကြွလာသော ကျောင်းနေရဟန်းကို ရိုသေကောင်းမွန်စွာ ဆွမ်းကျွေး၍ ထိုရဟန်း၏သပိတ်ကို ကောင်းစွာဆေးကြောပြီးလျှင် အထူးထူးကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့်ပြည့်စေ၍ အရှင်ဘုရား တပည့်တော်၏အရှင်ကို အကယ်၍တွေ့မြင်ကြပါကုန်ငြားအံ့ ဤဆွမ်းကို ထိုအရှင်မြတ်အား လှူဒါန်းတော်မူကြပါဘုရားဟု လျှောက်ကြားလေ၏။

ကျောင်းနေရဟန်းသည်လည်း ထိုဆွမ်းဘောဇဉ်ကို ယူလာလျက်သာလျှင် ကြံအောက်မေ့သည်မှာ ထိုအာဂန္တုကရဟန်းသည် ဤသို့သဘောရှိသော ဆွမ်းဘောဇဉ်ကို အကယ်၍ သုံးဆောင်စားသောက်ရသည်ဖြစ်ငြားအံ့ ဤအရပ်ဌာန၌သာလျှင် လွန်စွာမက်မောစွဲလမ်းကပ်ငြိခြင်းရှိသောသူဖြစ်လတ္တံ့ဟု အောက်မေ့ပြီးလျှင် လမ်းခရီးအကြား၌ ထိုဆွမ်းကို စွန့်ပစ်ခဲ့၍ မထေရ်၏နေရာဌာနသို့သွား၍ မထေရ်ကို အရပ်၌ ကြည့်ရှုသည်ရှိသော် မတွေ့မမြင်ဘဲရှိလေ၏။

---

မကောင်းကျိုး ရရှိပုံ

ထိုအခါ ဤမျှ အတိုင်းအရှည်ရှိသော မကောင်းမှုကံကို ပြုအပ်ဖူးသည်၏အဖြစ်ကြောင့် အနှစ်နှစ်သောင်းတို့ပတ်လုံး ပြုကျင့်အပ်သည်လည်းဖြစ်သော ရဟန်းတရားသည် ထိုရဟန်းကို အပါယ်မှ လွတ်အောင် စောင့်ရှောက်ခြင်းငှါ မစွမ်းနိုင်လေ။

အသက်အပိုင်းအခြား၏အဆုံး၌ သေလွန်ခြင်းကို ပြုခဲ့ပြီးလျှင် အဝီစိငရဲကြီး၌ဖြစ်၍ နှစ်ဆူသောဘုရားရှင်တို့၏ တခုသောအကြားကာလပတ်လုံး ကြီးစွာသော ဆင်းရဲခြင်းကို ခံစားရ၍ ဤဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ၌ ရာဇဂြိုဟ်ပြည်ဝယ် များစွာသော ထမင်းအဖျော်ရှိသော တဆောင်သော အမျိုးအိမ်၌ ဖြစ်လေ၏။

ထိုသူငယ်သည် ခြေဖြင့်သွားလာနိုင်သောအခါမှစ၍ အိပ်ရာ၌အိပ်ခြင်းငှါ အလိုမရှိ၊ ထမင်းကို စားခြင်းငှါ အလိုမရှိ၊ မိမိ၏ကိုယ်မှဖြစ်သော အညစ်အကြေးကိုသာလျှင် စားလေ့ရှိ၏။ အသက်အရွယ် ငယ်သေး၍ မသိမလိမ္မာသောကြောင့်သာ ဤကဲ့သို့ပြုဘိသည်ဟု အောက်မေ့မှတ်ထင်လျက် ထိုသူငယ်ကို မွေးကျွေးသုတ်သင်ကြလေကုန်၏။ အရွယ်ကြီးရင့်လာသောအခါ၌လည်း အဝတ်ပုဆိုးကို ဝတ်ခြင်းငှါ အလိုမရှိ၊ အချည်းစည်းသာလျှင် လှည့်လည်သွားလာလေ့ရှိ၏။ မြေ၌သာအိပ်လေ့ရှိ၏။ မိမိ၏ကိုယ်မှဖြစ်သော အညစ်အကြေးကိုသာ စားလေ့ရှိ၏။

---

သားပျက်ကို အာဇီဝကပြုစေခြင်း

ထိုအခါ သူငယ်၏မိခင်ဖခင်တို့သည် ဤသူငယ်ကား ငါတို့၏အိမ်နှင့်မထိုက်တန် မလျောက်ပတ်။ သက်သက်အရှက်မရှိသောသူဖြစ်ပေရကား ဤသူငယ်သည် အာဇီဝကတို့အား ထိုက်တန်လတ္တံ့ဟု ကြံ၍ ထိုအာဇီဝကတို့၏ အထံသို့ဆောင်ယူ၍ ဤသူငယ်ကို ရဟန်းပြုပါကုန်လော့ဟု ပေးကြလေကုန်၏။

ထိုအခါ အာဇီဝကတို့သည် ထိုသူငယ်ကို ရဟန်းပြုကြကုန်၏။ ရဟန်းပြုပေးကြကုန်သော အာဇီဝကတို့သည်လည်း လည်ပင်းမျှပမာဏရှိသော တွင်း၌ထား၍ ပခုံးစွန်းနှစ်ဘက်တို့၏အထက်၌ ပျဉ်ချပ်တို့ကိုခင်း၍ ထိုပျဉ်ချပ်တို့၏အထက်၌ ထိုင်လျက် ထန်းစေ့မှုတ်ထက်ခြမ်းပိုင်းဖြင့် ဆံပင်တို့ကို နုတ်ကြလေကုန်၏။

ထိုအခါ ထိုသူငယ်၏အမိအဘတို့သည် ထိုအာဇီဝံကတို့ကို နက်ဖြန်ဆွမ်းဘောဇဉ် ကျွေးမွေးခြင်းအလို့ငှါ ပင့်ဖိတ်၍ ဖဲသွားကြကုန်၏။ တဖန်မိုးသောက်ရောက်သောနေ့၌ အာဇီဝကတို့သည် ငါ့ရှင်လာလှည့် ရွာသို့ဝင်ကုန်အံ့ဟု ခေါ်ကြကုန်သည်ရှိသော် ထိုသူငယ်အာဇီဝကသည် အသင်တို့သာ သွားကြပါကုန်လော့၊ အကျွန်ုပ်သည်ကား ဤအရပ်၌သာလျှင် နေရစ်ခဲ့ပါအံ့ဟု ဆိုလျက် ရွာသို့ဝင်ခြင်းကို အလိုမရှိ။

ထိုအခါ ထိုသူငယ်အာဇီဝကကို အဖန်တလဲလဲ ဆိုသော်လည်း လိုက်ခြင်းငှါ အလိုမရှိသည်ဖြစ်၍ စွန့်ပစ်ချန်ထားခဲ့၍ သွားကြလေကုန်၏။ ထိုသူငယ်အာဇီဝကသည်လည်း အဖော်အာဇီဝကတို့သွားသည့်အဖြစ်ကို သိလျှင် ဝစ္စကုဋိဟူ ကျင်ကြီးအိမ်၌ ပျဉ်ချပ်ကိုဖွင့်၍ သက်ဆင်းပြီးမှ လက်နှစ်ဘက်တို့ဖြင့် အလုပ်အလုပ်ပြု၍ မစင်ကိုစားလေ၏။ အာဇီဝကတို့သည်လည်း ထိုသူငယ်အာဇီဝကအလို့ငှါ ရွာတွင်းမှ အစာအာဟာရကို ပို့လိုက်ကြကုန်၏။

ထိုအစာအာဟာရကိုလည်း အလိုမရှိ၊ အဖန်တလဲလဲ ပြောဆိုသော်လည်း ငါ့အား ဤအစာအာဟာရဖြင့် အလိုမရှိ၊ ငါ့အား အစာအာဟာရကို ရအပ်ပြီဟု ဆိုလေ၏။ အဘယ်မှာရသနည်းဟု မေးသည်ရှိသော် ဤအရပ်၌ပင် ရ၏ဟု ပြောဆို၏။ ဤသို့သောနည်းဖြင့် နှစ်ရက်မြောက်၊ သုံးရက်မြောက်၊ လေးရက်မြောက်သောနေ့၌လည်း ထိုအာဇီဝကတို့သည် များစွာပြောဆိုသော်လည်း ငါသည် ဤအရပ်၌ပင် အစာအာဟာရရပေလတ္တံ့ဟု ပြောဆို၍ ရွာတွင်းသို့ သွားခြင်းငှါ အလိုမရှိဘဲနေ၏။

အာဇီဝကတို့သည်လည်း ဤသူငယ်အာဇီဝကသည် နေ့တိုင်းနေ့တိုင်း ရွာသို့ဝင်ခြင်းငှါ အလိုမရှိ၊ ငါတို့ပိုလိုက်သော အစာအာဟာရကိုလည်း သုံးဆောင်ခြင်းငှါ အလိုမရှိ။ ဤအရပ်၌သာလျှင် ငါ့အား အစာအာဟာရကိုရအပ်ပြီဟု ပြောဆို၏။ အဘယ်သို့လျှင်ပြုလုပ်၍ နေဘိသနည်းဟု ထိုသူကိုစူးစမ်း၍ ဖမ်းယူကြကုန်အံ့ဟု ကြံပြီးလျှင် ရွာသို့ဝင်ကုန်လတ်သော် တယောက်နှစ်ယောက်သောသူတို့ကို ထိုသူအား စူးစမ်း၍ ဖမ်းယူခြင်းငှါ ချန်ထားခဲ့၍ သွားကြလေကုန်၏။

ထိုအာဇီဝကတို့လည်း နောက်မှလိုက်သွားဘိသကဲ့သို့ ပြု၍ ပုန်းအောင်းကာ နေကြကုန်၏။ ထိုသူငယ်အာဇီဝကသည်လည်း အာဇီဝကတို့၏သွားသည်အဖြစ်ကိုသိလျှင် ရှေးနည်းအတူသာလျှင် ကျင်ကြီးအိမ်သို့ သက်ဆင်း၍ မစင်ကို စားလေ၏။

---

အာဇီဝကတို့က နှင်ထုတ်ခြင်း

ပုန်းအောင်းချောင်းမြောင်း၍နေသော အာဇီဝကတို့လည်း ထိုသူအာဇီဝက၏ အပြုအမူအရာကိုမြင်လျှင် အာဇီဝကတို့အား ပြောကြားကြကုန်၏။ ထိုစကားကိုကြားလျှင် အာဇီဝကတို့က သြော်... ဝန်လေးစွာသော အမှုပါတကား။ ရဟန်းဂေါတမ၏ တပည့်တို့သည် အကယ်၍ သိကုန်ငြားအံ့ အာဇီဝကတို့သည် မစင်ကိုစားကုန်လျက် သွားလာလှည့်လည်ကုန်၏ဟု ငါတို့၏မကောင်းသောကျော်စောခြင်းကို ပြသပြောဆိုကုန်ရာ၏။

ဤသူသည် ငါတို့နှင့် မထိုက်တန်ဟု ပြောဆိုတိုင်ပင်၍ ထိုသူငယ်အာဇီဝကကို မိမိတို့၏အထံမှ နှင်ထုတ်ကြလေကုန်၏။ ထိုသူငယ်အာဇီဝကသည်လည်း ဆရာအာဇီဝကတို့သည် နှင်ထုတ်အပ်သည်ဖြစ်၍ လူများအပေါင်း၏ ကျင်ကြီးစွန့်ရာအရပ်၌ ခင်းထားအပ်သော တခုသောကျောက်ဖျာသည်ရှိ၏။

ထိုကျောက်ဖျာ၌ ကြီးသောနှာမောင်းသဖွယ် မှီရာဖြစ်သော ကျောက်ဖျာကိုမှီ၍ လူများအပေါင်း၏ ကျင်ကြီးစွန့်ရာအရပ်သည်ရှိ၏။ ထိုသူငယ်အာဝဇီကသည် ထိုအရပ်သို့သွားပြီးမှ ညဉ့်အခါ၌ မစင်ကိုစား၍ လူများအပေါင်း၏ ကိုယ်လက်သန့်ရှင်းသုတ်သင်ခြင်းငှါ လာသောအခါ လက်တဘက်ဖြင့် ကျောက်ဖျာ၏ အစွန်းတခုကို ထောက်ပြီးလျှင် ခြေတဘက်ကို ပင့်မြောက်၍ ဒူး၌ထားသဖြင့် အထက်၌ လေသို့ ရှေးရှုခံတွင်းကိုဖွင့်လျက် ရပ်တည်၏။

လူများအပေါင်းသည် ထိုသူငယ်အာဇီဝကကိုမြင်လျှင် ချဉ်းကပ်ကာ ရှိခိုး၍ အရှင်ဘုရား အရှင်မြတ်သည် အဘယ့်ကြောင့် ခံတွင်းကိုဖွင့်၍ ရပ်နေဘိသနည်းဟု မေးလေ၏။ ငါသည် လေကိုသာ စား၏။ ငါ့အား လေမှတပါးသော အစာအာဟာရမရှိဟု ဆိုသော် ထိုသို့ဖြစ်မူ အဘယ့်ကြောင့် ခြေတဘက်ကို ဒူး၌ထား၍ ရပ်နေပါသနည်းဟု မေးပြန်သည်ရှိသော် ငါသည် မြတ်သောအကျင့်ရှိ၏။ ပြင်းထန်သောအကျင့်ရှိ၏။ ငါသည် ခြေနှစ်ဘက်တို့ဖြင့် နင်းထောက်အပ်သည်ရှိသော် မြေကြီးတုန်လှုပ်၏။

ထို့ကြောင့်သာ ခြေတဘက်ကို မြှောက်၍ ဒူး၌ထားလျက် ရပ်တည်နေ၏ဟု ပြောဆို၏။ ထိုစကားမှန်၏။ ငါသည် ညဉ့်ရောနေ့ပါ ရပ်လျက်သာလျှင် ကာလကို လွန်စေ၏။ ထိုင်နေခြင်း အိပ်နေခြင်း မရှိဟု ပြောဆိုလေ၏။ လူတို့မည်သည်ကား များသောအားဖြင့် စကားမျှကိုပင်သော်လည်း ယုံကြည်တတ်ကြကုန်၏။

ထို့ကြောင့် အလွန်အံ့ဩဖွယ်ရှိပေစွ။ ဤသို့သဘောရှိသော အကျင့်-ကျင့်နိုင်သူတို့ မရှိကုန်။ ဤသို့သဘောရှိသော အကျင့်အာစာရရှိသောသူကို ရှေးအခါက ငါတို့မမြင်စဖူးဟု ပြောဆိုချီးမွမ်းလျက် များသောအားဖြင့် အင်္ဂတိုင်း မဂဓတိုင်း၌ နေသောသူတို့သည် တုန်လှုပ်ချောက်ချား၍ ချဉ်းကပ်ပြီးလျှင် လတိုင်းလတိုင်း၌ ကြီးစွာသော ပူဇော်သက္ကာရကို ရှေးရှုဆောင်ယူခဲ့ကြကုန်၏။

ထိုသူငယ်အာဇီဝကသည် ငါကား လေကိုသာစား၏။ လေမှတပါးသော အစာကို မစား။ လေမှတပါးအခြားသော အစာကို ငါစားသည်ရှိသော် အကျင့်ပျက်စီးလတ္တံ့ဟု ဆို၍ ထိုသူတို့ရှေးရှုဆောင်ယူခဲ့သော တစုံတခုသော အာဟာရကို အလိုမရှိ။ လူတို့သည် အရှင်ဘုရား တပည့်တော်တို့ကို မဖျက်ဆီးပါကုန်လင့်။ အရှင်ဘုရားတို့ကဲ့သို့သဘောရှိသော ပြင်းထန်သောအကျင့်ရှိသောသူသည် သုံးဆောင်ခြင်းပြုသည်ရှိသော် တပည့်တော်တို့အား ရှည်ကြာစွာသော နေ့ညဉ့်ကာလပတ်လုံး စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသည်ဟု အဖန်တလဲလဲ တောင်းပန်ကြကုန်၏။

ထိုငါ့အား တပါးသော အစာအာဟာရဖြင့် မနှစ်သက်ဟု မြစ်ပယ်သော်လည်း လူအပေါင်း၏ တောင်းပန်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ထိုသူတို့ဆောင်ယူခဲ့သော ထောပတ် တင်လဲစသည်တို့ကို သမန်းမြက်ဖျားဖြင့် လျှာဖျား၌တင်၍ သင်တို့သွားကြကုန်လော့။ ဤမျှလောက်သည် သင်တို့အား ချမ်းသာခြင်းငှါ စီးပွါးခြင်းငှါ ထိုက်တန်လောက်ပေပြီဟုဆို၍ လွှတ်လိုက်လေ၏။

ဤသို့လျှင် ထိုသူငယ်အာဇီဝကသည် ငါးဆဲ့ငါးနှစ်တို့ကာလပတ်လုံး အချည်းနှီးအဝတ်မကပ်ဘဲ မစင်ကိုသာ စား၍ ဆံပင်တို့ကိုနုတ်၍ မြေ၌အိပ်လျက် ကာလကို လွန်စေလေ၏။

ဘုရားဉာဏ်တော်၌ထင်လာ၍ ကြွသွားခြင်း

မြတ်စွာဘုရားတို့အားလည်း နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူခြင်း သဘောသည် မစွန့်လွှတ်အပ် သည်သာဖြစ်၏။ ထို့ကြောင့် တနေ့သ၌ နံနက်စောစော မိုးသောက် သောအခါ လောကကို ကြည့်ရှုတော်မူသော မြတ်စွာဘုရားအား ဤဇမ္ဗုက အာဇီဝကသည် ဉာဏ်တော်တည်းဟူသော ကွန်ယက်၏ အတွင်း၌ ထင်လာ၏။

မြတ်စွာဘုရားသည် အသို့ဖြစ်လတ္တံ့နည်းဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် ပဋိသမ္ဘိဒါလေးပါး နှင့်တကွ ထိုဇမ္ဗုက အာဇီဝက၏ အရဟတ္တဖိုလ် အကြောင်း ဥပနိဿယ၏ ပြည့်စုံခြင်းကို မြင်တော်မူလျှင် ငါဘုရားသည် ထိုဇမ္ဗုကကို အစပြု၍ တခုသောဂါထာကို ဟောကြားတော် မူပေအံ့ ထိုဒေသနာ ဂါထာ၏ အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်ပေလတ္တံ့၊

ထို့ကြောင့် ဤအမျိုးသားကို အမှီပြု၍ လူများ အပေါင်းသည် ချမ်းသာခြင်းသို့ ရောက်ပေလတ္တံ့ ဟု သိမြင်တော်မူ၍ တဖန် မိုးသောက်သောနေ့ဝယ် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ ကြွတော်မူ၍ ဆွမ်းခံရာမှ ဖဲကြွတော်မူလတ်သော် အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ ချစ်သားအာနန္ဒာ ငါဘုရားသည် ဇမ္ဗုက အာဇီဝက၏ အထံသို့ ကြွသွားတော်မူအံ့ဟု မိန့်တော်မူလေ၏။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားတို့ သည်သာလျှင် အဖော်မပါ တပါးတည်း ကြွသွားတော်မူကြ ကုန်အံ့လောဘုရားဟု မေးလျှောက်လျှင် သြော် … ဟုတ်ပေ၏၊ ငါဘုရားတပါးတည်းသာ ကြွသွားတော်မူအံ့ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ညနေစောင်း အခါဝယ် ဇမ္ဗုကအာဇီဝက၏ အထံသို့ ကြွသွားတော်မူလေ၏။

နတ်တို့လည်း မြတ်စွာဘုရားသည် ဇမ္ဗူက အာဇီဝက၏ အထံသို့ ကြွသွားတော်မူ၏။ ထိုဇမ္ဗုက အာဇီဝကသည်လည်း စက်ဆုပ်ဖွယ်သော ကျင်ကြီးကျင်ငယ် ဒန်ပူဖတ်တို့ဖြင့် ညစ်နွမ်းခြင်းရှိသော ကျောက်ဖျာ၌နေ၏ မိုဃ်းရွာစိမ့်သောငှါ သင့်လျော်၏ ဟုကြံ၍ မိမိ၏အာနုဘော်ဖြင့် ထိုခဏ၌ သာလျှင် မိုဃ်းကို ရွာစေကြကုန်၏။ ကျောက်ဖျာသည် သန့်ရှင်းစင်ကြယ်စွာ အညစ်အကြေး ကင်းလေ၏။

ထို့နောက်မှ ကျောက်ဖျာထက်၌ ငါးပါးသော အဆင်းရှိသော ပန်းမိုဃ်းကို ရွာစေပြန်ကုန်၏။ မြတ်စွာဘုရားလည်း ညချမ်းသောအခါ၌ ဇမ္ဗုကအာဇီဝက၏ အထံသို့ ရောက်သွားတော်မူ၍ ဇမ္ဗုက ဟု အသံကိုပြုတော်မူ၏။ ဇမ္ဗုကလည်း ဤသူယုတ်မာသည် အဘယ်သူဖြစ်လေသနည်း ငါ့ကို ဇမ္ဗုကဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်လေဘိ၏ဟု ကြံလျက် ဤခေါ်သောသူကား အဘယ်သူနည်း ဟုမေးလေ၏။

ဇမ္ဗူက ငါဘုရားတည်းဟု မိန့်တော်မူလျှင် ရဟန်းကြီး အဘယ်အကြောင်းကြောင့် ခေါ်သနည်းဟု မေးလေ၏။ ယနေ့ငါအား တညဉ့်မျှ ဤအရပ်၌တည်းခို နေထိုင်ခြင်းငှါ တခုသောနေရာကို ပေးလောဟု မိန့်တော်မူသော် ရဟန်းကြီး ဤအရပ်၌ တည်းခိုနေထိုင်စရာနေရာမရှိဟု မြစ်ပယ်၏။ ဇမ္ဗုက ဤသို့မပြုလင့် တညဉ့်မျှနေရာအရပ်ကို ငါ့အားပေးလော့ဟု မိန့်တော်မူပြန်လတ်သော် -

ရဟန်းတို့ မည်သည်ကား ရဟန်းချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏။
လူတို့သည် လူချင်းချင်းကို နှစ်သက် တောင့်တကြကုန်၏။
သားကောင်တို့သည် သားကောင်ချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏
အသို့နည်း .. သင်သည် ရဟန်းပင်လောဟု မေးပြန်လေ၏။

သြော် ရဟန်းဟုတ်ပေ၏ဟု မိန့်တော်မူသည်ရှိသော် သင်သည် အကယ်၍ ရဟန်းဖြစ်ခဲ့ငြားအံ့ ဤသို့ ရဟန်းဖြစ်သည်ရှိသော် သင်၏ ဗူးတောင်းသည် အဘယ်မှာနည်း။ မီးမွှေယောက်မသည် အဘယ်မှာနည်း။ ယဇ်ပူဇော်သောချည်သည် အဘယ်မှာနည်းဟု မေးပြန်လေ၏။

ဤအလုံးစုံသည် ငါ့အားရှိ၏။ အသီး အသီးယူ၍ သွားခြင်းသည် ဆင်းရဲ ပင်ပန်းလှသောကြောင့် ကိုယ်တွင်း၌သာလျှင် ယူ၍ သွားလာ လှည့်လည်၏ဟု မိန့်ဆိုပြန်သော် ထိုအသင်သည် ထိုဗူးတောင်း စသည်ကို ကိုင်ငင်ဆွဲယူ၍ သွားလတ္တံ့ဟုဆို၍ အမျက်ထွက်လေ၏။

ထိုအခါ ဇမ္ဗုကကို မြတ်စွာဘုရားသည် ဇမ္ဗုက ရှိပါစေတော့ အမျက်မထွက်ပါလင့် ငါ့အား တည်းခို နေထိုင်ရာ နေရာတခုကိုသာ ပြောကြားလော့ဟု မိန့်တော်မူပြန်သော် ရဟန်းကြီး ဤအရပ်၌• နေစရာနေရာမရှိဟု ဆိုလေ၏။

---

ဘုရားထံ နတ်မင်း သိကြား ဗြဟ္မာတို့ လာကြခြင်း

မြတ်စွာဘုရားလည်း ထိုဇမ္ဗုက၏ နေရာအရပ်မှ မနီးမဝေးသော အရပ်၌ တခုသော တောင်ဝှမ်း သည်ရှိ၏။ ထိုတောင်ဝှမ်းကို စုံစမ်းတော်မူ၍ ထိုတောင်ဝှမ်း၌ အဘယ်သူ နေသနည်းဟု မေးတော်မူလေ၏။ ရဟန်းကြီး ဤနေရာ၌မူကား တစုံတယောက်သောသူသည် မရှိဟုဆိုလျှင် ထိုသို့ဖြစ်မူ ဤနေရာကို ငါ့အား ပေးလော့ဟု မိန့်တော်မူ၏။

ရဟန်းကြီး သင်သည်ပင်လျှင် သိလေလော့ဟု ဆိုလတ်သော် မြတ်စွာဘုရားသည် တောင်ဝှမ်း၌ နိသီဒိုင်ကိုခင်း၍ နေထိုင်တော် မူလေ၏။ ထိုအခါ ပဌမယာမ်၌ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့ သည် အရပ်လေးမျက်နှာတို့ကို တပြိုင်နက် အရောင်အလင်းကိုပြုလျက် မြတ်စွာ ဘုရားအား ခစားခြင်းငှါ လာရောက်ကြကုန်၏။

ဇမ္ဗုကလည်း အရောင်အလင်းကို မြင်၍ ဤအရောင်ကား အဘယ်သို့သော အရောင်ပေနည်းဟု ကြံစည်လေ၏။ သန်းခေါင်ယာမ်၌ သိကြားနတ်မင်းသည် ရောက်လာ၏။ ဇမ္ဗူကသည် ထိုသိကြား မင်း၏ ကိုယ်ရောင်ကိုမြင်၍ ဤအရောင်သည်လည်း အဘယ်အရောင်ပေနည်းဟု ကြံစည်ပြန် လေ၏။ ပစ္ဆိမယာမ်၌ လက်တချောင်းဖြင့် စကြဝဠာတခု လက်နှစ်ချောင်းဖြင့် စကြဝဠာနှစ်ခု လက်ဆယ်ချောင်းဖြင့် စကြဝဠာ ဆယ်ခုတို့ကို ထွန်းလင်းစေခြင်းငှါ စွမ်းနိုင်သော မဟာဗြဟ္မာကြီး သည် တောအုပ်အလုံးကို တပြိုင်နက် အလင်းရောင်ပြုလျက် ရောက်လာလေ၏။

ဇမ္ဗူကသည် ထိုဗြဟ္မာမင်း၏ ကိုယ်အရောင်ကိုမြင်၍ ဤအရောင်သည်လည်း အဘယ်သို့သော အရောင်ပေနည်းဟု ကြံစည်၍ နံနက်စောစောကပင်လျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ပဋိသန္ဓာရ စကားကို ပြောကြားပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌နေလျက် မြတ်စွာဘုရားကို ရဟန်းကြီ အသင်တို့၏အထံ၌ လေးပါးသောအရပ်တို့ကို ထွန်းလင်းစေကုန်လျက် အဘယ် သူတို့သည် လာရောက်ကြကုန်သနည်းဟု မေးလေ၏။

လေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့တည်းဟု မိန့်တော်မူလျှင် အဘယ့်ကြောင့် လာကုန်သနည်းဟု မေးပြန်လေ၏။ ငါဘုရားကို ခစား ဆည်းကပ်ခြင်းငှါ လာကုန်၏ဟု မိန့်တော်မူလျှင် အသင်သည် ထိုလေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့ထက်ပင် မြတ်လေသလောဟု မေးပြန်သဖြင့် ဇမ္ဗူက သြော် ဟုတ်မှန်ပေ၏၊ ငါသည် ထိုစတုမဟာရာဇ် နတ်မင်းကြီးတို့ထက်လည်း ကဲလွန်ထူးမြတ်သော မင်းကြီးပေတည်း ဟု မိန့်တော်မူ၏။

သန်းခေါင်ယာမ်၌ကား အဘယ်သူ လာသနည်းဟု မေးပြန်သော် ဇမ္ဗူက နတ်တို့ကို အစိုးရသော သိကြားမင်း တည်းဟု မိန့်တော်မူလေ၏။ အဘယ့်ကြောင့် လာသနည်းဟု မေးပြန်သော် ငါ့ကို ခစား ဆည်းကပ်ခြင်းငှါ လာ၏ဟု မိန့်တော်မူလေ၏။ အသင်သည် သိကြားနတ်မင်းထက်ပင် မြတ်သေးသလောဟု မေးပြန်သော် သြော် ဟုတ်မှန်ပေ၏။ ငါကား သိကြားနတ်မင်းထက်လည်း မြတ်၏ဟု မိန့်တော်မူ၍ ဤသိကြား နတ်မင်းကား ငါ၏ နာဖျားမကျန်းရှိသောအခါ လုပ်ကျွေး ပြုစု သူနာပြု တယောက်ဖြစ်၏။ အမှုကြီးငယ်ပြုတတ်သော ကပ္ပိယကာရက တယောက်ဖြစ်၏။ တပည့် သာမဏေနှင့် တူ၏ဟု မိန့်တော်မူလေ၏။

ရဟန်းကြီး မိုးသောက်ယာမ်၌ တောအလုံးကို ထွန်းလင်းစေလျက် အဘယ်သူသည် ရောက်လာ သနည်းဟု မေးပြန်သော် လောက၌ ပုဏ္ဏား အစရှိသော သူတို့သည် ချေဆတ်သော်၎င်း ချွတ်ချော် သော်၎င်း အကြင်သူကို ရည်စူး၍ နမော မဟာဗြဟ္မနော - မဟာဗြဟ္မာကြီးအား ရှိခိုးပါ၏ဟု ဆိုကြကုန်၏။ ထိုသူကား ဤမဟာဗြဟ္မာကြီးပေတည်းဟု မိန့်တော်မူ၏။

အသို့နည်း အသင်သည် မဟာဗြဟ္မာကြီးထက်ပင် မြတ်လေသေးသလောဟု မေးပြန်သော် ဇမ္ဗူက သြော် ဟုတ်မှန်ပေ၏။ ငါသည် ဗြဟ္မာတို့ထက်လည်း ကဲလွန်ထူးမြတ်သော ဗြဟ္မာကြီးပေတည်းဟု မိန့်တော်မူလျှင် ရဟန်းကြီး အသင်သည် လက်ဖျောက်တီး၍ အံ့ချီးဖွယ်ကောင်းသော သူ တယောက်ဖြစ်ပေ၏။

အကျွန်ုပ်သည် ငါးဆဲ့ ငါးနှစ်တို့ပတ်လုံး ဤအရပ်ဒေသ၌ နေထိုင်ပါသော်လည်း ထိုသူတို့တွင် တယောက်သော သူမျှလည်း အကျွန်ုပ်ကို ခစားဆည်းကပ်ခြင်းငှါ လာဖူးသည်မရှိ။ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး လေကိုသာ စားသည်ဖြစ်၍ ရပ်တည်လျက်သာလျှင် ကာလကို လွန်စေခဲ့လေပြီ။ ထိုမျှလောက် ကြာသော်လည်း ထိုသူတို့သည် အကျွန်ုပ်အား ခစား ဆည်းကပ်ခြင်းငှါ မလာစဖူးကြကုန်ဟု ပြောဆိုလေ၏။

---

ဇမ္ဗုက ရဟန္တာဖြစ်၍ ဝဋ်ကျွတ်ခန်း

ထိုအခါ ဇမ္ဗုကကို မြတ်စွာဘုရားသည် အိုဇမ္မူက အသင်သည် လောက၌ မိုက်မဲတွေဝေသော လူများအပေါင်းကို လှည့်စားလျက် ငါဘုရားကိုလည်း လှည့်စားခြင်းငှါ အလိုရှိသော သူတယောက် ဖြစ်ဘိ၏။

အသင်သည် ငါးဆဲ့ငါးနှစ် တို့ပတ်လုံး မစင်ကိုသာ စားသည်မဟုတ်လော။
မြေ၌သာလျှင် အိပ်သည် မဟုတ်လော။
အဝတ်မဝတ်ဘဲ အချည်းနှီးဖြစ်၍ လှည့်လည်သည်မဟုတ်လော။
ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံတို့ကိုနုတ်သည် မဟုတ်လော။

ထိုသို့ဖြစ်လျက် မလိမ္မာသော လူအပေါင်းကို လှည့်စား၍ ငါသည် လေကိုစား၏။ ခြေတဖက်ဖြင့်သာ ရပ်တည်၏။ ထိုင်နေခြင်း အိပ်နေခြင်းမရှိဟု ပြောဆိုဘိ၏။ ငါဘုရားကိုလည်း လှည့်စားလိုသောသူ ဖြစ်ဘိ၏ဟု မိန့်ဆိုပြီးလျှင် အသင်သည် ရှေးရှေးသော ကာလ ဘဝ၌လည်း အလွန်အကြူး ယုတ်မာလှသော အယူကိုမှီ၍ ဤမျှလောက်သော ကာလပတ်လုံး မစင်ကိုစားလျက် မြေ၌ အိပ်လျက် အချည်းနှီး လှည့်လည်လျက် ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံပင်တို့ကိုနုတ်ရခြင်းသို့ ရောက်လေ၏။

ယခုအခါ၌လည်း အလွန်အကြူး ယုတ်မာလှသော အယူကိုသာ ယူပြန်ဘိ၏ဟု မိန့်တော်မူ လတ်သော် ရဟန်းကြီး အကျွန်ုပ်သည် အဘယ်သို့သော မကောင်းမှုကို ပြုဖူးပါသနည်းဟု မေးသဖြင့် ထိုအခါ မြတ်စွာဘုရားသည် ထိုဇမ္ဗုကအား ရှေး၌ ပြုခဲ့ဖူးသော မကောင်းမှုကံကို ပြန်ကြား မိန့်မြွက်တော်မူလေ၏။

မြတ်စွာဘုရား ဟောကြားစဉ်ပင်လျှင် ထိုဇမ္ဗူကအား ထိတ်လန့်ခြင်း သံဝေဂ ဖြစ်၍ ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပ ဖြစ်ခဲ့ရကား ဆောင့်ချောင့် ထိုင်နေလေ၏။ ထိုအခါ မြတ်စွာဘုရား သည် ထိုဇမ္ဗူကအား ရေသနုပ်ကိုပစ်၍ ပေးတော်မူလေ၏။ ဇမ္ဗုကလည်း ထိုရေသနုပ်ကိုဝတ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့် လျောက်ပတ်သော နေရာ၌ ထိုင်နေလေ၏။

မြတ်စွာဘုရားသည်လည်း ဇမ္ဗုကအား အစဉ်အတိုင်းသော တရားစကားကို ပြောကြားလျက် တရားဟောတော် မူလေ၏။ ထိုဇမ္ဗူကသည် ဒေသနာတော်၏ အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးတို့နှင့် တကွ ရဟန္တာအဖြစ်သို့ ရောက်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထိုင်နေရာမှ ထလျက် ရှင်အဖြစ် ကို၎င်း၊ ပဉ္စင်း၏အဖြစ်ကို၎င်း တောင်းပန်၏။ ဤမျှဖြင့် ထို ဇမ္ဗုက၏ ရှေးမကောင်းမှုကံသည် ကုန်လေပြီ။

(ဤဇမ္ဗုကသည် ရဟန္တာမထေရ်မြတ်ကို လေးပါးကုန်သော ဆဲရေးခြင်းတို့ဖြင့် ဆဲရေး၍ အကြင်ရွေ့လောက် ဤမဟာပထဝီမြေကြီးသည် သုံးဂါဝုတ် အလွန်ရှိသော တယူဇနာ တိုင်တိုင် တက်၏။ ထိုရွေ့လောက် အဝီစိငရဲ၌ ကျက်ပြီးလျှင် ထိုအဝီစိငရဲ၌ ခံစားရပြီးသော အကျိုးကြွင်း၏ အစွမ်းဖြင့် ငါးဆဲ့ငါးနှစ်တို့ပတ်လုံး ဤသို့သော ဖောက်ပြန်ခြင်းသို့ ရောက်ရလေ၏။ ထို ရဟန္တာ ဖြစ်ခြင်းဖြင့် ဇမ္ဗုကအား ထိုအကုသိုလ်ကံသည် ကုန်ခြင်းသို့ ရောက်လေ၏။)

အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ဤဇမ္ဗုကသည် ကြိုးစားအားထုတ် ပြုလုပ်ခဲ့သော ရဟန်း တရား၏အကျိုးကို ဖျက်ဆီးတားမြစ်ခြင်းငှါ မစွမ်းနိုင်လေ။ ထို့ကြောင့် မြတ်စွာဘုရားသည် လက်ျာ လက်တော်ကို ဆန့်တန်းတော်မူ၍ ချစ်သားရဟန်း လာလော့ ကောင်းစွာ ဆင်းရဲခြင်း၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကျင့်လေလောဟု ဧဟိဘိက္ခု ခေါ်တော်မူလေ၏။

ထိုခဏ၌သာလျှင် ထိုဇမ္ဗုကအား လူ့အသွင် ကွယ်ပျောက်၍ ပရိက္ခရာရှစ်ပါးတို့ကို ဆောင်လျက် ဝါတော်ခြောက်ဆယ် ပြည့်ကြွယ်လေပြီး မထေရ်ကြီးကဲ့သို့ ဖြစ်တော်မူလေသတည်း။

(ပရိက္ခရာရှစ်ပါး - သင်းပိုင်, ကိုယ်ရုံ, ဒုကုဋ်, ခါးပန်း, သပိတ်, ရေစစ်, သင်ဓုန်း, အပ်)

---

ဇမ္ဗုကမထေရ် တန်ခိုးပြခြင်း

ထိုနေ့သည်ကား အင်္ဂတိုင်း မာဂဓတိုင်းနှစ်တိုင်း၌ နေကြကုန်သောသူတို့သည် ထိုဇမ္ဗုကအလို့ငှါ ပူဇော်သက္ကာရကိုယူ၍ လာသောနေ့ ဖြစ်ပေသတတ်။ ထို့ကြောင့် နှစ်ခုသော တိုင်းသူပြည်သား ယောက်ျား မိန်းမတို့သည် ပေးလှူ ပူဇော်ဖွယ် ဝတ္ထုကိုယူ၍ လာကြကုန်သည်ရှိသော် မြတ်စွာဘုရားနှင့် အရှင်ဇမ္ဗုက အတူနေသည်ကို တွေ့မြင်သောအခါ အသို့နည်း ငါတို့၏ အရှင် ဇမ္ဗုကသည် တန်ခိုးကြီးမြတ်သလော သို့တည်းမဟုတ် ရဟန်းဂေါတမပင် တန်ခိုးကြီးမြတ်သလော ဟုကြံ၍ ရဟန်းဂေါတမသည် တန်ခိုးကြီးမြတ်သည် အကယ်၍ ဖြစ်ခဲ့ငြားအံ့ ဤအရှင်ဇမ္ဗုကသည် ရဟန်းဂေါတမ၏ အထံသို့ သွားလေရာ၏။

ငါတို့၏ အရှင်ဇမ္ဗုက အာဇီဝက၏ တန်ခိုးကြီးမြတ်သည်၏ အဖြစ်ကြောင့်သာလျှင် ရဟန်း ဂေါတမသည် ဤဇမ္ဗုက အာဇီဝက၏ အထံသို့ ရောက်လာရသည်ဟု ကြံစည်ကြကုန်၏ မြတ်စွာဘုရားသည် လူများအပေါင်း၏ အကြံအစည်ကို သိတော်မူ၍ ဇမ္ဗုက သင်၏အလုပ်အကျွေး ဒါယကာတို့၏ ယုံမှားခြင်းကို ပယ်ဖြတ်လေလော့ ဟု မိန့်တော်မူလေ၏။

ဇမ္ဗုကသည်လည်း ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော် သည်လည်း ဤမျှလောက်သော အတိုင်းအရှည်ကိုသာလျှင် တောင့်တ၍နေပါသည်ဟု လျှောက်ကြားပြီးလျှင် စတုတ္ထဈာန်ကို ဝင်စား၍ ဈာန်မှထလျက် ထန်းတပင်အမြင့် အတိုင်းအရှည်ရှိသော ကောင်းကင်သို့ ပျံတက်၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားသည် တပည့်တော်၏ ဆရာပါဘုရား။ တပည့်တော်သည် ရှင်တော်မြတ်ဘုရား၏ တပည့်သာဝကပါ ဘုရားဟု လျှောက်ကြားကာ အောက်သို့ သက်ဆင်းပြီးလျှင် ခြေတော်စုံကို ရှိခိုးဦးတိုက်၍ တဖန် ထန်း နှစ်ဆင့်မျှသော အရပ်သို့၎င်း၊ ထန်းသုံးဆင့်မျှသော အရပ်သို့၎င်း၊ ဤအတူ ထန်းခုနစ်ဆင့် မျှသောအရပ်သို့၎င်း ကောင်းကင်သို့ ပျံတက် ပြီးမှ ဆင်းသက်၍ မိမိ၏ တပည့်သာဝက၏အဖြစ်ကို သိစေလေ၏။

ထိုသို့သော အခြင်းအရာကိုမြင်၍ လူအပေါင်းသည် ဘုရားတို့ မည်သည်ကား အလွန်အကြူး အထူးသဖြင့် အံ့ဩဖွယ် ရှိပေစွတကား။ မနှိုင်းယှဉ်အပ်သော ကျေးဇူးတော် ဂုဏ်တော်ရှိပါ၏ ဟုကြံဆင်ခြင်လေ၏။ မြတ်စွာဘုရားလည်း လူများအပေါင်းနှင့်တကွ စကားပြောဆိုတော် မူလိုရကား ဤသို့သောစကားကို မိန့်တော်မူ၏။

ဤဇမ္ဗုကသည် ဤမျှလောက်သော ကာလပတ်လုံး သင်တို့ဆောင်ယူခဲ့သော ပူဇော်သက္ကာရကို သမန်းမြက်ဖျားဖြင့် လျှာဖျား၌ တင်ထား၍ ခြိုးခြံသော အကျင့်ကို ဖြည့်ကျင့်အံ့ဟု ဤအရပ်၌ နေလေ၏။ ဤသို့သော အကြောင်းဖြင့် အနှစ်တရာပတ်လုံး ခြိုးခြံသော အကျင့်ကို အကယ်၍ မူလည်း ဖြည့်ကျင့်ငြားအံ့ ဤယခုအခါ အချိန်ကာလကို၎င်း ဆွမ်းကို၎င်း သံသယကုက္ကုစ္စဖြစ်ပွါး၍ မစားဘဲ နေသော ထိုဇမ္ဗုက၏ အကြင်ရွေ့လောက် အစာဖြတ်ခြင်း ကုသိုလ်စေတနာသည် ရှိ၏။

ထိုကုသိုလ်စေတနာကို တဆဲ့ခြောက်စိတ် တဆဲ့ခြောက်ကြိမ်စိတ်၍ တစိတ်သော အဖို့မျှကို သော်လည်း ထိုအနှစ်တရာ ပြင်းပြစွာ ကျင့်ကြံအားထုတ်အပ်သော သမန်းမြက်ဖျားဖြင့် လျှာဖျား တင်ထားသော ခြိုးခြံသော အကျင့်သည် မမှီနိုင်၊ အဘိုးမထိုက်ပေဟု အနုသန္ဓေကိုစပ်၍ တရား ဟောတော်မူလိုရကား ဤ ဂါထာကို ရွတ်ဆိုတော်မူလေ၏။

---

ဒေသနာတော်

မာသေမာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ဗာလော၊ မသိမလိမ္မာသော သူမိုက်သည်။
မာသေမာသေ၊ လတိုင်းလတိုင်းသို့။
ပတ္တေ၊ ရောက်လတ်သည်ရှိသော်။
ဘောဇနံ၊ ဘောဇဉ်ကို။
ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်။
ဘုဉ္ဇေယျ၊ စားရာ၏။
သောဗာလော၊ ထိုတပစရဏ အကျင့်ကို ဖြည့်သော သူမိုက်သည်။
သင်္ခတဓမ္မာနံ၊ ပိုင်းခြား၍ သိအပ်သော တရား ရှိကုန်သော အရိယာပုဂ္ဂိုလ်တို့၏။
သောဠသိံ၊ တဆဲ့ခြောက်ခု တဆဲ့ခြောက်လီ နှစ်ရာ့ငါးဆဲ့ခြောက်ခုမြောက် ဖြစ်သော။
(၁၆-စိတ်တို့တွင် တစိတ်ကိုပင် ၁၆-စိတ် စိတ်ရမည် ဖြစ်သောကြောင့် ၂၅၆ စိတ်တို့တွင် တစိတ် ဖြစ်၏ ဟူလို။)
ကလံ၊ အစိတ်ကို။
တနည်းကား။
သောဠသိံ၊ နှစ်ရာ့ငါးဆဲ့ခြောက်စိတ် စိတ်၍။
ကလံ၊ တစိတ်ကိုမျှ။
နအဂ္ဃတိ၊ မမှီနိုင်။
ဝါ၊ အဖိုးမထိုက်။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သတ္တဝါတို့အား တရားကို ထိုးထွင်း၍ သိသဖြင့် အကျွတ်တရားရခြင်းသည် ဖြစ်လေ၏။

ဇမ္ဗုကမထေရ်ဝတ္ထုပြီး၏။

---

၁၂ - မြွေပြိတ္တာဝတ္ထု၊

နဟိပါပံ ကတံ ကမ္မံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

မြွေပြိတ္တာ၏ ဆင်းရဲခြင်း

တနေ့သ၌ ဥရုဝေဠကဿပ အမှူးရှိကုန်သော ရသေ့တထောင်၏ အတွင်း၌ ဖြစ်သော အရှင်လက္ခဏ မထေရ်သည်၎င်း အရှင်မောဂ္ဂလာန် မထေရ်သည်၎င်း ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်ကုန်အံ့ဟု ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ခဲ့ကုန်၏။

ထိုမထေရ်နှစ်ပါးတို့တွင် အရှင်မောဂ္ဂလာန် မထေရ်သည် တကောင်သော မြွေပြိတ္တာကိုမြင်၍ ပြုံးရယ်ခြင်းကို ပြုတော်မူ၏။ ထိုအခါ လက္ခဏ မထေရ်သည် ငါ့ရှင် မောဂ္ဂလာန် အဘယ့်ကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုသနည်းဟု ပြုံးရယ်ခြင်း၏ အကြောင်းကို မေးလေ၏။ ငါ့ရှင်လက္ခဏ ဤပြဿနာကို ဖြေဆိုအံ့သောငှါ အခါမဟုတ်သေး၊ ဤပြဿနာကို မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကိုမေးဦးလော့ ဟု အရှင်မောဂ္ဂလာန်မထေရ်က မိန့်ဆိုတော်မူလေ၏။

ထိုမထေရ် နှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ သွားပြီးမှ မြတ်စွာဘုရား၏ အထံသို့ သွားရောက် နေထိုင်ကြကုန်သည်ရှိသော် လက္ခဏမထေရ်သည် ငါ့ရှင်မောဂ္ဂလာန် အသင်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်သည်ရှိသော် ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုသဖြင့် ပြုံးရယ်ခြင်း၏ အကြောင်းကို အကျွန်ုပ် မေးအပ်သည်ရှိသော် မြတ်စွာဘုရား၏ အထံ၌ ငါ့ကိုမေးဦးလော့ဟု ပြောဆိုဘိ၏၊ ယခုအခါ ထိုအကြောင်းကို ပြန်ကြားလော့ဟု မေးတော်မူလေ၏။

အရှင်မောဂ္ဂလာန် မထေရ်သည် ဤသို့မိန့်တော်မူလေ၏။ ငါ့ရှင်လက္ခဏ ငါသည် တကောင်သော မြွေပြိတ္တာကို မြင်သောကြောင့် ပြုံးရှယ်ခြင်းကို ထင်ရှားစွာပြုလေသည်။ ထိုမြွေပြိတ္တာ၏ ခန္ဓာကိုယ် အတ္တဘောသည်ကား ဤသို့သဘောရှိ၏။

ထိုမြွေပြိတ္တာ၏ ဦးခေါင်းသည် လူတို့၏ ဦးခေါင်း ကဲ့သို့ သဏ္ဌာန်ရှိ၏။
ကြွင်းသောကိုယ်သည် မြွေနှင့်တူ၏။
ဤပြိတ္တာသည် မြွေပြိတ္တာ မည်၏။
အတိုင်းအရှည် ပမာဏအားဖြင့် နှစ်ဆဲ့ငါးယူဇနာ ရှိ၏။
ထိုမြွေပြိတ္တာ၏ ဦးခေါင်းမှထသော မီးလျှံတို့သည် အမြီးဖျားတိုင်အောင် တောက်လောင်၍ သွားကုန်၏။
အမြီးဖျားမှ ထသောမီးလျှံတို့သည် ဦးခေါင်းတိုင်အောင် တောက်လောင်၍သွားကုန်၏။
ဦးခေါင်းလယ်မှထသော မီးလျှံတို့သည် နံပါးနှစ်ဘက်တို့ကို တောက်လောင်၍သွားကုန်၏။
နံပါးနှစ်ဘက်တို့မှထသော မီးလျှံတို့သည် အလယ်သို့ သက်ဝင်ကုန်၏ဟု မိန့်တော်မူလေ၏။

[နှစ်ဦးကုန်သော ပြိတ္တာတို့၏သာလျှင် အတ္တဘောသည် နှစ်ဆဲ့ငါး ယူဇနာ ပမာဏရှိ၍ ကြွင်းသော ပြိတ္တာတို့၏ အတ္တဘောသည်ကား သုံးဂါဝုတ် ပမာဏ ရှိသတတ်။ ဤမြွေပြိတ္တာအား၎င်း ကျီးပြိတ္တာ အား၎င်း နှစ်ဆဲ့ငါးယူဇနာ ကိုယ်ခန္ဓာရှိလေ၏။ ထိုနှစ်ဦးသောပြိတ္တာတို့တွင် ဤပြိတ္တာကား ရှေးဦးစွာ မြွေပြိတ္တာပေတည်း။]

---

သံဃာ့ဦးစား၍ ကျီးပြိတ္တာ ဖြစ်ခြင်း

အရှင်မောဂ္ဂလာန်မထေရ်သည် ဂိဇ္ဈကုဋ်တောင်ထိပ်ထက်၌ ကျက်၍ခံစားရသော ကျီးပြိတ္တာ ကိုလည်း မြင်တော်မူ၍ ထိုကျီးပြိတ္တာ၏ ရှေးအကြောင်း မကောင်းမှုကံကို မေးလိုရကား ဤ ဂါထာကို ရွတ်ဆိုတော်မူ၏။

ပဉ္စယောဇနိကာ ဇိဝှါ၊ သီသံ တေ နဝယောဇနံ။
ကာယော အစ္စုဂ္ဂတော တုယှံ၊ ပဉ္စဝီသတိ ယောဇနံ။
ကိံနု ကမ္မံ ကရိတွာန၊ ပတ္တောသိ ဒုက္ခမီဒိသံ။

ဘော၊ အို ကျီးပြိတ္တာ။
တေ၊ သင်၏။
ဇိဝှါ၊ လျှာသည်။
ပဉ္စယောဇနိကာ၊ ငါးယူဇနာရှိ၏။
သီသံ၊ ဦးခေါင်းသည်။
နဝယောဇနံ၊ ကိုးယူဇနာရှိ၏။
တုယှံ၊ သင်၏။
ကာယော၊ကိုယ်သည်။
ပဉ္စဝီသတိယောဇနံ၊ နှစ်ဆဲ့ငါးယူဇနာတိုင်တိုင်။
အစ္စုဂ္ဂတော၊ အထက်သို့မြင့်တက်၏။
တွံ၊ သင်သည်။
ကိံကမ္မံ၊ အဘယ်သို့သော မကောင်းမှုအကုသိုလ်ကံကို။
ကရိတွာန၊ ပြုခဲ့မိသောကြောင့်။
ဤဒိသံ၊ ဤသို့ သဘောရှိသော။
ဒုက္ခံ၊ ဆင်းရဲခြင်းသို့။
ပတ္တော၊ ရောက်သည်။
အသိနု၊ ဖြစ်ရလေဘိသနည်း။

ထိုသို့ မေးတော်မူသောအခါ အရှင်မောဂ္ဂလာန်မထေရ်အား ကျီးပြိတ္တာသည် ပြောကြားလိုသည် ဖြစ်၍—

အဟံ ဘန္တေ မောဂ္ဂလာန၊ ကဿပဿ မဟေသိနော။
သံဃဿ အာဘတံ ဘတ္တံ၊ အာဟရေသိံ ယဒိစ္ဆကံ။

ဘန္တေမောဂ္ဂလာန၊ အရှင်ဘုရားမောဂ္ဂလာန်။
အဟံ၊ တပည့်တော်ကျီးပြိတ္တာသည်။
ကဿပဿ မဟေသိနော၊ ကဿပမြတ်စွာဘုရား၏။
သံဃဿ၊ တပည့် သားသံဃာတော်အလို့ငှါ။
အာဘတံ၊ ရှေးရှု ဆောင်ယူအပ်သော။
ဘတ္တံ၊ ဆွမ်းကို။
ယဒိစ္ဆကံ၊ အလိုရှိတိုင်း။
အာဟရေသိံ၊ ဆောင်ယူခဲ့ဖူးပါသည်ဘုရား။

ဤဂါထာကို လျှောက်ဆို၍ အရှင်ဘုရား ကဿပမြတ်စွာဘုရား လက်ထက်တော်၌ များစွာသော ရဟန်းတို့သည် ရွာသို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူကြကုန်၏ လူတို့သည် မထေရ်ကိုမြင်၍ မြတ်နိုး တနာ ခင်မင်ကုန်သည်ဖြစ်၍ ဆွမ်း စားစရပ်၌ ထိုင်နေစေပြီးလျှင် ယာဂုကိုသောက်စေပြီးသော် ခဲဖွယ်ကိုလှူဒါန်း၍ ခြေတို့ကိုဆေးကြော၍ ဆီဖြင့်လိမ်းကျံ၍ ဆွမ်းစားချိန် တိုင်အောင်သော ကာလ ပတ်လုံး ဆိုင်းငံ့လျက် တရားတော်ကို နာကြားကာ နေကြပါကုန်၏။

တရားဟောတော်မူပြီးသော အဆုံး၌ မထေရ်တို့၏ သပိတ်တို့ကိုယူ၍ မိမိ မိမိ၏အိမ်၌ စီမံချက် ပြုတ်အပ်သော အထူးထူးကောင်းသော အရသာရှိသော ဘောဇဉ်ဖြင့်ပြည့်စေ၍ ဆောင်ယူခဲ့ကြ ပါကုန်၏။ ထိုအခါ တပည့်တော်သည် တိရစ္ဆာန် ကျီးသတ္တဝါဖြစ်၍ ဆွမ်းစားစရပ်၏ အမိုးခေါင် အပြင်၌ နားနေလျက် ဆောင်ယူခဲ့သော ဆွမ်းကိုမြင်လျှင် တယောက်သောသူ ယူဆောင်လာ အပ်သောသပိတ်မှ သုံးကြိမ်တိုင်အောင် ခံတွင်းနှုတ်သီးကို ပြည့်စေလျက် သုံးလုပ်သော ထမင်းလုပ်တို့ကို ထိုးသုတ်ချီဆောင်၍ ယူဖူးပါသည်ဘုရား။

ထိုဆွမ်းသည်ကား သံဃာ၏စိုးပိုင်သော ပစ္စည်းဥစ္စာလည်း မဟုတ်ရသေးပါ။ သံဃာအား ဆောင်နှင်း၍ ပေးလှူအပ်သော ဥစ္စာလည်း မဟုတ်ရသေးပါ။ ရဟန်းတို့သည် ခံယူသည်မှ အကြွင်းလည်း မဟုတ်ရသေးပါ။ စင်စစ်မှာမူကား မိမိအိမ်မှ ထုတ်ဆောင်အပ်သော လူတို့သည် သုံးဆောင် စားသောက်ခြင်းငှါ ထိုက်သည်ဖြစ်၍ သက်သက် သံဃာအား ရည်ညွှန်းသဖြင့် ရှေးရှု ဆောင်အပ်ခါမျှသော ဆွမ်းသာဖြစ်ပါသေးသည်။

ထိုဆွမ်းမှ သုံးလုပ်သော ဆွမ်းလုပ်ကြီးတို့ကို ထိုးသုတ်ကာ ယူစားမိပါသည်ဘုရား။ တပည့်တော်၏ ရှေး မကောင်းမှုကံကား ဤမျှသာပါတည်း။ ထိုတပည့်တော်သည် စုတေ့မနေ သေလွန်ခြင်းကိုပြု၍ ထိုမကောင်းမှုကံ၏ အကျိုးအဆက်ဖြင့် အဝီစိငရဲ၌ ငရဲခံရပြီးမှ ကြွင်းကျန်သော အကုသိုလ်ကံ အကျိုးဖြင့် ယခုအခါ ဂိဇ္ဈကုဋ်တောင်ထိပ်၌ ကျီးပြိတ္တာ၏ အဖြစ်ဖြင့် ဖြစ်ရ၍ ဤဆင်းရဲကို ခံစားရပါသည်ဘုရားဟုပြန်ကြား လျှောက်ထားရှာလေသတည်း။

ဤကား ကျီးပြိတ္တာ၏ ဝတ္ထုတည်း။

---

ကျောင်းမီးရှို့သဖြင့်မြွေပြိတ္တာဖြစ်ခြင်း

ဤအရာ၌ အရှင်မောဂ္ဂလာန်မထေရ်သည် မြွေပြိတ္တာကိုမြင်၍ ပြုံးရယ်ခြင်း ကို ထင်ရှားစွာပြု၏ဟု ဆို၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်မောဂ္ဂလာန်၏ သက်သေ ဖြစ်တော်မူသဖြင့် ထ၍ ချစ်သားရဟန်းတို့ မောဂ္ဂလာန်သည် ဟုတ်မှန်သောစကားကို ဆိုပေ၏။ ငါဘုရားသည်လည်း ဤ မြွေပြိတ္တာကို ဘုရား အဖြစ်သို့ရောက်တော်မူသောနေ့၌ ပင်လျှင် မြင်တော်မူ၏။ ထိုသို့မြင်တော်မူ သော်လည်း ငါဘုရားမဟောကြားဘဲ နေတော်မူ၏။ အကြင်သူတို့သည် ငါဘုရား၏စကားကို မယုံကြည်ကုန်ငြားအံ့။ ထိုသူတို့အား အကျိုးစီးပွါးမဲ့ခြင်းငှါ ဖြစ်ကုန်ရာ၏။ ဤသို့သော အကြောင်းကြောင့် သူတပါးကို သနားခြင်းဖြင့် ဟောကြားတော်မမူဟု မိန့်တော်မူလေ၏။

[ထိုစကား မှန်၏။ လက္ခဏသံယုတ်၌လည်း အရှင်မဟာမောဂ္ဂလာန် မြင်တော်မူသော အခါ၌ သာလျှင် မြတ်စွာဘုရားသည် ထိုအရှင်မဟာမောဂ္ဂလာန် မထေရ်၏ သက်သေဖြစ်တော်မူ၍ နှစ်ဆယ်ကုန်သော ပြိတ္တာတို့၏ အကြောင်းဝတ္ထု တို့ကို ဟောကြားတော်မူ၏။]

ဤ မြွေပြိတ္တာ၏ အကြောင်းအရာ ဝတ္ထုကိုလည်း ထိုအရှင်မဟာမောဂ္ဂလာန် မထေရ်သည် လျှောက်ကြားအပ်၏။ ထိုစကားကိုကြားလျှင် ရဟန်းတို့သည် ထိုမြွေပြိတ္တာ၏ ရှေးမကောင်းမှုကံကို မေးလျှောက်ကြလေကုန်၏။ မြတ်စွာဘုရားလည်း ထိုရဟန်းတို့အား ဟောကြားတော်မူလေ၏။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အမှီပြု၍ မြစ်ကမ်းဖြစ်သော တခုသောအရပ်၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ် တဆူအား သစ်ရွက်မိုးသော ကျောင်းကိုဆောက်လုပ် လှူဒါန်းကြကုန်၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုကျောင်း၌ နေတော်မူစဉ် အမြဲမပြတ် ဗာရာဏသီ မြို့တွင်း၌ ဆွမ်းအလို့ငှါ ကြွဝင်လှည့်လည်တော်မူ၏။

မြို့သူမြို့သားတို့သည်လည်း ညဉ့်နံနက်မပြတ် နံ့သာပန်းစသည် လက်စွဲကုန်လျက် ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ခစား ဆည်းကပ်ခြင်းငှါ သွားရောက်ကြကုန်၏ ဗာရာဏသီ ပြည်သား တယောက် သောယောက်ျားသည် လူတို့၏သွားလာရာ ထိုလမ်းခရီးကိုမှီ၍ လယ်ကိုထွန်လေ၏။

လူများအပေါင်းသည် ညချမ်းနံနက်မပြတ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ခစားဆည်းကပ်ခြင်းငှါ သွားလတ်သည်ရှိသော် ထိုလယ်ကို နှင်းနယ်လျက် သွားကြကုန်၏။ ထိုလယ်ထွန် ယောက်ျားသည် ငါ၏လယ်ကို မနင်းနယ်ကြပါကုန်လင့်ဟု တားမြစ်ပါသော်လည်း တားမြစ်ခြင်းငှါ မတတ်နိုင်။ ထိုအခါ လယ်ထွန်ယောက်ျားအား ဤသို့သော အကြံသည် ဖြစ်လေ၏။

အရှင် ပစ္စေကဗုဒ္ဓါ၏ သီတင်းသုံးတော်မူရာ သစ်ရွက်မိုးသော ကျောင်းသည် ဤအရပ်ဌာန၌ အကယ်၍ မရှိခဲ့သည်ဖြစ်အံ့၊ ငါ၏လယ်ကို နင်းနယ်ကြမည် မဟုတ်ကုန်ရာဟု ကြံဖြစ်ပြီးလျှင် ထို လယ်ထွန်ယောက်ျားသည် အရှင်ပစ္စေကဗုဒ္ဓါ၏ ဆွမ်း အလို့ငှါ ကြွဝင်တော်မူခိုက် သုံးဆောင်သော အိုးခွက်တို့ကို ရိုက်ခွဲ၍ သစ်ရွက်မိုးသော ကျောင်းကိုလည်း မီးဖြင့် တိုက်လေ၏။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မီးလျှံဖြင့် စွဲလောင်သော မိမိ၏ကျောင်းသင်္ခမ်းကို မြင်လျှင် ချမ်းသာရာ အရပ်သို့ ကြွသွားတော်မူလေ၏။

လူများသည် နံ့သာပန်းကိုလက်စွဲလျက် လာလတ်သည်ရှိသော် မီးလောင်သော သစ်ရွက်မိုးသော ကျောင်းကိုမြင်ရ၍ ငါတို့၏ အရှင်မြတ်သည် အဘယ် အရပ်သို့ ကြွသွားတော်မူသနည်းဟု ပြောဆို မေးမြန်းလေ၏။ လယ်ထွန် ယောက်ျားသည်လည်း လူများအပေါင်းနှင့် အတူတကွသွား၍ လူများအပေါင်း၏ အလယ်၌ ရပ်တည်နေလျက်သာလျင် ငါသည် အရှင်ပစ္စေကဗုဒ္ဓါ၏ သီတင်း သုံးရာ သစ်ရွက်မိုးသော ကျောင်းကို မီးဖြင့်တိုက်အပ်လေပြီဟု ပြောလေ၏။

ထိုအခါ ဤသူယုတ်မာကို ဖမ်းဆီးကြကုန်လော့၊ ဤသူယုတ်မာကိုမှီ၍ ငါတို့သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးမြင်ခြင်းငှါ မရကြလေကုန်ဟု ဆိုလျက် တုတ် လှံတံ စသည်တို့ဖြင့် ပုတ်ခတ် ထောင်းထု၍ အသက်ကုန်ခြင်းသို့ ရောက်စေကြလေကုန်၏။

ထိုလယ်ထွန်ယောက်ျားသည် အဝီစိငရဲကြီး၌ဖြစ်၍ အကြင်ရွေ့လောက် ဤမဟာပထဝီ မြေကြီးသည် တယူဇနာမျှ မြင့်တက်၏။ ထိုရွေ့လောက် ငရဲ၌ ကျက်၍ ခံစားရပြီးလျှင် အကျိုး အကြွင်း၏ အစွမ်းအားဖြင့် ဤဂိဇ္ဈကုဋ်တောင်၌ မြွေပြိတ္တာ၏အဖြစ်ဖြင့် ဖြစ်လေသတည်း။

မြတ်စွာဘုရားသည် ထိုမြွေပြိတ္တာ၏ ဤသို့သဘောရှိသော ရှေးမကောင်းမှုကို ဟောတော်မူပြီးလျှင် ချစ်သားရဟန်း ဤမကောင်းမှုမည်သည်ကား နို့ရည်နှင့်တူ၏။ နို့ရည်သည် ညှစ်လျှင် ညှစ်ခြင်း မပုပ်မသိုး အခိုးမလွှတ်သေး သကဲ့သို့ ထို့အတူ အကုသိုလ်သည်လည်း ပြုလျှင် ပြုခြင်းအကျိုးကို မဖြစ်စေသေး။ အကြင်အခါ အကျိုးကိုဖြစ်စေ၏။ ထိုအခါ၌ ဤသို့သဘောရှိသော ဆင်းရဲခြင်းဖြင့် ပူပန်စိုးရိမ် ရ၏ ဟု အနုသန္ဓေကိုစ၍ တရား ဟောတော်မူလိုရကား ဤဂါထာကို ဟောတော် မူလေ၏။

---

ဒေသနာတော်

၇၁။ နဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇု ခီရံ ဝ မုစ္စတိ။
ဒဟန္တံ ဗာလမနွေတိ၊ တသ္မာ ဆန္ဒောဝ ပါဝကော။

သဇ္ဇု ခီရံ၊ ယိုထွက်စ ပူပူနွေးနွေး ဖြစ်သော နို့ရည်သည်။
နမုစ္စတိဣဝ၊ ချဉ်နံ့ ထောင်းထောင်း ချက်ခြင်း မပြောင်းသေးသကဲ့သို့။
ကတံ၊ ပြုအပ်ခါစဖြစ်သော။
ပါပံကမ္မံ၊ အကုသိုလ်ကံသည်။
နဟိဝိပစ္စတိ၊ မကောင်းကျိုးစင်စစ် ချက်ခြင်းမဖြစ်နိုင်။
ဝိပစ္စမာနံ၊ မကောင်းကျိုးစင်စစ် ဖြစ်စေလတ်သည်ရှိသော်။
ဗာလံ၊ ကံဆိုး သိမ်းပိုက် ယင်းလူမိုက်ကို။
ဒဟန္တံ၊ ပူလောင်စေသည်ဖြစ်၍။
အနွေတိ၊ အစဉ်လိုက်၏။
ယထာ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။
ဘသ္မာဆန္နော၊ ပြာဖြင့်ဖုံးလွှမ်းအပ်သော။
ပါဝကော၊ မီးကျီးခဲသည်။
ဒဟန္တော၊ နင်းမိသူကိုပူလောင်စေလျက်။
အနွေတိဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း ။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။

မြွေပြိတ္တာဝတ္ထု ပြီး၏။

---

၁၃ - သဋ္ဌိကူဋပြိတ္တာဝတ္ထု

ယာဝဒေဝအနတ္ထာယ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် သဋ္ဌိကူဋပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

တူမ ခြောက်သောင်း အထုခံရသောပြိတ္တာ

ရှေးနည်းအားဖြင့်သာလျှင် ရှင်မဟာမောဂ္ဂလာန် မထေရ်သည် လက္ခဏမထေရ်နှင့်တကွ ဂိဇ္ဈကုဋ် တောင်ထက်မှ ဆင်းသက်တော်မူသည်ရှိသော် အမှတ်မရှိ တခုသောအရပ်၌ ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုတော်မူလေ၏။ အရှင်လက္ခဏထေရ်သည် ပြုံးရယ်ခြင်း၏ အကြောင်းကို မေးအပ် သည်ရှိသော် မြတ်စွာဘုရား၏ အထံတော်၌ ငါ့ကို မေးဦးလော့ဟုဆို၍ ဆွမ်းအလို့ငှါ ကြွသွားတော်မူပြီးမှ မြတ်စွာဘုရား၏အထံတော်သို့ ချဉ်းကပ်ကာရှိခိုးလျက် နေသောအခါ အရှင် လက္ခဏမထေရ်က တဖန်မေးပြန်သောကြောင့် ငါ့ရှင်လက္ခဏ ငါသည် တကောင်သော ပြိတ္တာကို မြင်ရပေသည်။

သုံးဂါဝုတ်မျှ ပမာဏရှိသော ခန္ဓာကိုယ့်အတ္တဘောဖြင့် ထိုပြိတ္တာ၏ ဦးခေါင်းထိပ်ထက်၌ ခြောက်သောင်းသော သံဖြင့်ပြီးသော တူမတို့သည် အလျှံရဲရဲ ငြိစွဲတောက်ပြောင် လောင်ကုန်လျက် ကျကာကျကာ ထကြ တက်ကြကုန်၏။ ဦးခေါင်းကိုရိုက်ခွဲကြကုန်၏။ ဦးခေါင်းကွဲတိုင်း ကွဲတိုင်း ရှေးအတိုင်း တဖန် ဖြစ်စေပြန်၏။

ငါသည် ဤကိုယ်၏အဖြစ်ဖြင့် ဤသို့သဘောရှိသော အတ္တဘောကို ရှေး၌တရံတခါမျှ မမြင်အပ် စဖူးဟု မြွက်ဆိုပြီးလျှင် ငါသည် ထိုပြိတ္တာကို မြင်သောကြောင့် ပြုံးရယ်ခြင်းကို ထင်ရှားစွာ ပြုမိပေသည်ဟု ပြောဆိုလေ၏။

ထိုစကားသည် မှန်၏။ ပေတဝတ္ထုပါဠိတော် အဆုံးစွန်သောဝတ္ထု၌ ဤသဋ္ဌိကူဋပြိတ္တာကိုပင် ရည်မှန်း၍ ဤဂါထာကို ဟောတော်မူလေ၏။

သဋ္ဌိ ကူဋသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
သီသေ တုယှံ နိပတန္တိ၊ ဘိန္ဒန္တိ တဝ မတ္ထကံ။

(*သဋ္ဌိကူဋ = ထောင်ပေါင်း ခြောက်ဆယ်သော သံတူမတို့၏ ရိုက်နှက်ထုခွဲခြင်း ခံရသော ပြိတ္တာ၊ သံတူမပေါင်း ခြောက်သောင်း ဟူလို။)

ဘောပေတ၊ အိုပြိတ္တာ။
သဗ္ဗသော၊ အလုံးစုံသောအခြင်းအရာဖြင့်။
ပရိပုဏ္ဏာနိ၊ ပြည့်ကုန်သော။
သဋ္ဌိကူဋ သဟဿာနိ၊ ခြောက်သောင်းသော သံတူတို့သည်။
တုယှံ၊ သင်၏။
သီသေ၊ ဦးခေါင်း၌။
နိပတန္တိ၊ ကျကုန်၏။
တဝ၊ သင်၏။
မတ္ထကံ၊ ဦးထိပ်ကို။
ဘိဒ္ဒန္တိ၊ ရိုက်ခွဲကြကုန်၏။

မြတ်စွာဘုရားလည်း အရှင်မောဂ္ဂလာန်မထေရ်၏ စကားကို ကြားတော်မူ၍ ချစ်သား ရဟန်းတို့ ငါဘုရားသည်လည်း ဤသတ္တဝါကို ဗောဓိမဏ္ဍိုင်၌ နေတော်မူစဉ်ပင် မြင်တော်မူ၏။ ယင်းသို့ပင် မြင်သော်လည်း အကြင်သူတို့သည် ငါဘုရား၏ စကားကိုမယုံကြည်ကြကုန်။ ထိုသူတို့အား အကျိုးစီးပွားမဲ့ခြင်းငှါဖြစ်ကုန်ရာ၏ဟု သူတပါးတို့အား အစဉ်သနားသဖြင့် ငါဘုရားမဟောကြားဘဲ နေတော်မူ၏။

ယခုအခါမူကား မောဂ္ဂလာန်၏ သက်သေဖြစ်၍။ ဝါ၊ သက်သေ၏ အဖြစ်ဖြင့် ဟောကြားတော် မူပေအံ့ဟု မိန့်တော်မူ၏ ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် ထိုပြိတ္တာ၏ ရှေးမကောင်းမှု ကံကို မေးလျှောက်ကြကုန်၏ မြတ်စွာဘုရားသည်လည်း ထိုရဟန်းတို့အား အတိတ်ကိုဆောင်၍ ဟောကြားတော်မူလေ၏။

---

ပုရောဟိတ်ခံတွင်း ဆိတ်မစင် ပစ်သွင်းခြင်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကျောက်စရစ်ကို ပစ်သော အတတ်၌ အပြီးတိုင် တတ်မြောက်ခြင်းသို့ ရောက်သော တယောက်သော သူဆွံ့သည် (သူဆွံ့ ဟူသည်ကား လမ်းမလျှောက်နိုင်သောသူဖြစ်၏။) ရှိလေသတတ်။ ထိုသူဆွံ့သည် မြို့တံခါး၌ တခုသော ပညောင်ပင်၏ အရင်း၌ နေလျက် ကျောက်စရစ်တို့ကိုပစ်၍ ထိုပညောင်ပင်၏ အရွက်တို့ကို ပြတ်စေ ပေါက်စေလျက် ဆင်ရုပ်ကို ငါတို့အား ပြပါလေလော့ မြင်းရုပ်ကို ငါးတို့အား ပြပါလေ လော့ဟု ရွာသူသားငယ်တို့ ဆိုလတ်သော် အလိုရှိတိုင်း အလိုရှိတိုင်းသော အရုပ်တို့ကိုပြလျက် ထိုရွာသူသားငယ်တို့၏ အထံမှ ခဲဖွယ်ဘောဇဉ်စသည် တို့ကို ရပေ၏။

ထို့နောက် တနေ့သ၌ ပြည့်ရှင်မင်းမြတ်သည် ဥယျာဉ်သို့ ထွက်တော်မူသည်ရှိသော် ထိုအရပ်သို့ ရောက်တော်မူလေ၏။ ထိုရွာသူသားငယ်တို့သည် သူဆွံ့ကို ပညောင်ပင်မြစ်ပျဉ်းကြား၌ ပစ်ထားခဲ့၍ ထွက်ပြေး တိမ်းရှောင်ကြ လေကုန်၏။ မင်းကြီးသည် မွန်းတည့်ဆဲဆဲ သောအခါ ပညောင်ပင်ရင်းသို့ ဝင်ရောက်သည်ရှိသော် အပေါက်ကြီး အပေါက်ငယ်ရှိသော နေရိပ်ဖြင့် မင်းကြီး၏ ကိုယ်ကို ထိခိုက်လာ၏။

မင်းကြီးသည် ဤအကြောင်းကား အဘယ်အကြောင်းနည်းဟု အထက်သို့မော်၍ ကြည့်လတ်သော် သစ်ရွက်တို့၌ ဆင်ရုပ်စသည်တို့ကို မြင်ရလျှင် ဤအမှုသည် အဘယ်သူ၏ အမှုနည်းဟု မေးတော်မူသည်ရှိသော် တယောက်သော သူဆွံ့၏ အမှုဖြစ်ပါသည်ဟု လျှောက်ထားသော စကားကို ကြားသိတော်မူရ၍ ထိုသူဆွံ့ကို ခေါ်စေတော်မူပြီးလျှင် ငါ၏ ပုရောဟိတ် ပုဏ္ဏားကား အလွန်တရာ နှုတ်သီး ကောင်းလှ၏။ ငါသည် စကားအနည်းမျှကို ပြောဆိုသည်ရှိသော် များစွာသော စကားကိုပြောဆိုလျက် ငါ့ကိုဖိစီးနှိပ်စက်၏ ထိုပုရောဟိတ် ပုဏ္ဏား၏ ခံတွင်းသို့ တစလယ် ကွမ်းစားမျှလောက်ကုန်သော ဆိတ်ချေးတို့ကို ပစ်သွင်းခြင်းငှါ စွမ်းနိုင်ကောင်း လတ္တံ့လောဟု မေးမြန်း ပြောဆိုတော်မူလေ၏။

အရှင်မင်းမြတ် ကျွန်တော်မျိုး စွမ်းနိုင်ပါသည် ဆိတ်ချေးကို ဆောင်ယူစေ၍ ပုရောဟိတ် ပုဏ္ဏားနှင့်တကွ အရှင်မင်းကြီးတို့သည် စကားပြောဆိုကုန် လျက် တင်းတိမ်တွင်း၌ နေထိုင်တော် မူပါကုန်လော့။ ကျွန်တော်မျိုးသည် ဤအရာ၌ ပြုအပ်သော အမှုကို သိနိုင်ရပါလတ္တံ့ဟု လျှောက်တင်လေ၏။

ထိုအခါ မင်းကြီးလည်း ထိုသူဆွံ့ ပြောဆိုသောအတိုင်း စီမံပြုလုပ်စေ၏။ သူဆွံ့သည် ကပ်ကျေး ဦးဖျားဖြင့် တင်းတိမ်၌ အပေါက်ဖေါက်သည်ကိုပြု၍ မင်းကြီးနှင့်တကွ စကားပြောဆိုသော ပုရောဟိတ်ပုဏ္ဏား၏ ခံတွင်းဖွင့်ဟရုံမျှ၌ တလုံး တလုံးသော ဆိတ်ချေးကို ပစ်သွင်းလေ၏။ ပုရောဟိတ်ပုဏ္ဏားလည်း ခံတွင်းသို့ ဝင်လာတိုင်း ဝင်လာတိုင်းသော ဆိတ်ချေးကို မျိုချလေ၏။

သူဆွံ့သည် ဆိတ်ချေးတို့သည် ကုန်ခြင်းသို့ ရောက်သည်ရှိသော် တင်းတိမ်ကို လှုပ်လိုက်လေ၏ မင်းကြီးလည်း ထိုတင်းတိမ်လှုပ်သော အမှတ်ဖြင့် ဆိတ်ချေးတို့၏ ကုန်သည့်အဖြစ်ကို သိရ၍ ဆရာပုရောဟိတ် အသင်တို့နှင့်တကွ စကားပြောဆိုသော အကျွန်ုပ်သည် စကားကို ခံတွင်းမှ ထုတ်ခြင်းငှါ မစွမ်းနိုင်။ အသင်တို့သည် အလွန်တရာ နှုတ်သီး ကောင်းလှသည့် အဖြစ်ကြောင့် တစလယ် ကွမ်းစားမျှလောက်သော ဆိတ်ချေးတို့ကို မျိုချပြီး၍သော်လည်း နှုတ်၏ တိတ်ဆိတ်ခြင်းသို့ မရောက်နိုင်ကြပါကုန် တကားဟု ဆိုလေ၏။

ပုရောဟိတ် ပုဏ္ဏားသည် မျက်နှာမသာယာသည် အဖြစ်သို့ ရောက်ပြီးလျှင် ထိုအခါမှစ၍ ခံတွင်းကို ဖွင့်ဟလျက် မင်းကြီးနှင့် အတူတကွ စကားပြောဆိုခြင်းငှါ မဝံ့ရှာလေ။ မင်းကြီးသည် သူဆွံ့၏ ကျေးဇူးကို အောက်မေ့သဖြင့် ထိုသူဆွံ့ကို ခေါ်တော်မူစေ၍ ငါသည် အသင့်ကို အမှီပြုသဖြင့် ချမ်းသာ သုခကို ရအပ်ပေသည်ဟု နှစ်သက်ဝမ်းမြောက်တော်မူလျက် ထိုသူဆွံ့အား အလုံးစုံရှစ်ခု အရေအတွက်ရှိသောကြောင့် သဗ္ဗဋ္ဌကမည်သော ပစ္စည်းဥစ္စာကို ပေးသနားတော်မူပြီး၍ မြို့၏ အရပ်လေးမျက်နှာတို့၌ လေးခုသော ရွာမြတ်တို့ကို ပေးသနားတော်မူလေ၏။

ထိုအကြောင်းကို ထင်ရှားစွာသိရ၍ မင်းကြီး၏အကျိုး အကြောင်း ကောင်း မကောင်း အရာတို့ကို သေချာညွှန်ပြ ဆုံးမတတ်သော အမတ်ပညာရှိသည် ဤဂါထာကို ရွတ်ဆိုလေ၏။

သာဓုခေါ သိပ္ပကံနာမ၊ အပိ ယာဒိသ ကီဒိသံ။
ပဿ ခဉ္ဇပ္ပဟာရေန၊ လဒ္ဓါ ဂါမာ စတုဒ္ဒိသာ။

မဟာရာဇ၊ မြတ်သောမင်းကြီး။
သိပ္ပကံနာမ၊ အတတ် မည်သည်ကား။
ယာဒိသကီဒိသံအပိ၊ အမှတ်မရှိ ဟုတ်ဟုတ်ငြားငြား ဖြစ်သော်လည်း။
သာဓုခေါ၊ ကောင်းသည်သာတည်း။
တွံ၊ အရှင်မင်းမြတ်သည်။
ပဿ၊ ရှုတော်မူပါလော့။
ခဉ္ဇပ္ပဟာရေန၊ ဤသူဆွံ့သည် ဆိတ်ချေးကို ပစ်သဖြင့်။
စတုဒ္ဒိသာ၊ မြို့တော်၏ အရပ်လေးမျက်နှာ၌ ရှိကုန်သော။
ဂါမာ၊ လေးခုသောရွာတို့ကို။
လဒ္ဓါ၊ ရလေကုန်ပြီ။

ထိုဆုံးမတတ်သော အမတ်ပညာရှိကား ထိုအခါ ငါဘုရားသာလျှင် ဖြစ်လေ၏။

---

အတတ်ပညာ အသုံးမှားသဖြင့် ပြိတ္တာဖြစ်ခြင်း

ထိုအခါ ယောက်ျားတယောက်သည် သူဆွံ့သည် ရအပ်သော စည်းစိမ် ချမ်းသာကို မြင်ရသဖြင့် ဤမည်သောသူသည် သူဆွံ့ တယောက်ဖြစ်ပါလျက် ဤအတတ်ကိုမှီ၍ ကြီးစွာသော စည်းစိမ် ချမ်းသာကို ရလေ၏။ ငါသည်လည်း ထိုအတတ်ပညာကို သင်ယူခြင်းငှါ သင့်၏ဟုကြံလေ၏။ ကြံပြီးလျှင် ထိုယောက်ျား သည်သူဆွံ့၏အထံသို့ ချဉ်းကပ်လျက် ဆရာ ဤအတတ်ပညာကို အကျွန်ုပ်အား သင်ကြားပေးသနားပါဟု ပြောဆိုတောင်းပန်လေ၏။

အမောင် သင်ကြားပေးခြင်းငှါ မစွမ်းနိုင်ဟု ပယ်မြစ်သည်ရှိသော် ထိုယောက်ျားလည်း သူဆွံ့ ပယ်မြစ်သည် ဖြစ်ပါစေ၊ သူဆွံ့ကို နှစ်သက်အောင် ငါပြုအံ့ဟုကြံ၍ ထိုသူဆွံ့၏ လက်ခြေ ဆုပ်နယ်ခြင်း အစရှိသော ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ကိုပြုလျက် ရှည်ကြာ လေးမြင့်စွာ ထိုယောက်ျားသည် သူဆွံ့ကို နှစ်သက်စေပြီးလျှင် အဖန်ဖန်တောင်းပန်လေ၏။

သူဆွံ့သည်လည်း ဤယောက်ျားကား ငါ့အား အလွန်လျှင် ကျေးဇူး များလှပေ၏ဟု ထိုယောက်ျား၏ စကားကို ပယ်ခြင်းငှါ မစွမ်းနိုင်ရကား အတတ်ပညာကို သင်ကြားပြသပြီးလျှင် အမောင် အသင့်အား အတတ ပညာသည် အပြီးအဆုံးတိုင်လေပြီ။ ယခုအခါ၌ အသို့ပြုအံ့နည်းဟု မေး၏။ ဆရာ မြို့၏အပသို့ သွား၍ အတတ်ပညာကို စုံစမ်းအံ့ဟုဆိုလျှင် အဘယ်သို့ စုံစမ်းခြင်းပြုအံ့နည်းဟု မေးပြန်သော် နွားကို၎င်း လူကို၎င်း ပစ်ခတ်၍ သေစေအံ့ဟု ပြောဆိုလေ၏။

အမောင် နွားကိုသတ်သောသူအား ဒဏ်တရာထိုက်၏။ လူကိုသတ်သော သူအား ဒဏ်တထောင် ထိုက်၏။ သင်သည် သားမယားနှင့်တကွ ပြုသော်လည်း ထိုဒဏ်ကို ထုတ်ဆောင် ခြင်းငှါ မစွမ်းနိုင်ပေလတ္တံ့ ဟု ဆို၍ သင်သည် မပျက်စီးပါစေလင့်။ အကြင်သူကို ပစ်ခတ် သည်ရှိသော် ဒဏ်ကိုပေးဆောင်ရခြင်းမရှိ။ ထိုသို့ သဘောရှိသော အမိအဘမရှိသူ တဦး တယောက်ကို စူးစမ်းလော့ဟု ပြောဆို မှာထား၍ လွှတ်လိုက်လေ၏။

ထိုယောက်ျားလည်း ကောင်းပါပြီဟု ဝန်ခံ၍ ကျောက်စရစ်တို့ကို ရင်ခွင်၌ ထည့်ပိုက် ယူဆောင်လျက် ထိုသို့ သဘောရှိသော စောင့်ရှောက်စိုးပိုင်သူ ကင်းရှင်းသည့်သူကို ရှာဖွေ လှည့်လည်ရာ နွားကို မြင်လျှင် ဤနွားကား အရှင်ရှိ၏ဟု ပစ်ခတ်ခြင်းငှါ မဝံ့လေ။ လူကိုမြင်ပြန်လျှင်လည်း ဤ သူကား အမိအဘရှိ၏ဟု ပစ်ခတ်ခြင်းငှါ မဝံ့လေ။

ထိုအခါကာလ၌ သုနေတ္တ အမည်ရှိသော ပစ္စေကဗုဒ္ဓါတဆူသည် ထိုဗာရာဏသီပြည်ကို အမှီပြု၍ သစ်ရွက်မိုးသောကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုယောက်ျားသည် ဆွမ်းအလို့ငှါ ကြွဝင် တော်မူလာသော ထိုသုနေတ္တ ပစ္စေကဗုဒ္ဓါကို မြို့တံခါး၏အကြား၌မြင်လျှင် ဤသူသည် အမိအဘမရှိသောသူတည်း ဤသူကိုပစ်ခတ်အပ်သည်ရှိသော် ဒဏ်မရှိသည် ဖြစ်ပေလိမ့်မည်၊ ဤသူကိုပစ်ခတ်၍ အတတ်ပညာကို စုံစမ်းအံ့ဟု ကြံပြီးလျှင် ထိုအတတ်ပညာတတ်သော ယောကျ်ားမိုက်သည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ လက်ျာနားတွင်းကို ရွယ်ရည် ချိန်မှန်းလျက် ကျောက်စရစ်ကို ပစ်လွှတ်လိုက်လေ၏

ထိုကျောက်စရစ်သည် လက်ျာနားတွင်းဖြင့်ဝင်၍ လက်ဝဲ နားတွင်းဖြင့် ထွက်သွား၏။ ပြင်းစွာသော ဆင်းရဲဝေဒနာသည် ဖြစ်လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဆွမ်းခံ ကြွဝင်တော်မူခြင်းငှါ မစွမ်းနိုင်သဖြင့် ကောင်းကင်ခရီးဖြင့် သီတင်းသုံးတော်မူရာ သစ်ရွက်မိုးသော ကျောင်းသင်္ခမ်းသို့ ကြွသွားတော်မူ၍ ပရိနိဗ္ဗာန် စံတော်မူရလေ၏။

လူတို့သည် ပစ္စေကဗုဒ္ဓါ အရှင်သည် ဆွမ်းခံမကြွမဝင်လာသည် ရှိသော် တစုံတခု မချမ်းသာခြင်း ဖြစ်ပေလတ္တံ့ဟုကြံ၍ အရှင်မြတ် ကိန်းအောင်းသော ကျောင်းသို့ သွားရောက်သောအခါ ပစ္စေကဗုဒ္ဓါ အရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်ကို မြင်ရလျှင် မျက်ရည်ရွှဲစို ငိုကြွေးလွမ်းဆွတ် တမ်းတကြ လေကုန်၏။

ထို ယောကျ်ားသည်လည်း သွားလာကြသော လူများအပေါင်းကိုမြင်၍ ထိုကျောင်းသို့ သွားရောက် ပြီးလျှင် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ကောင်းစွာ မှတ်မိသောကြောင့် ဤပစ္စေကဗုဒ္ဓါ အရှင်သည် ဆွမ်းအလို့ငှါကြွဝင်တော်မူလာ၍ မြို့တံခါး၏အကြား ငါ၏မျက်မှောက်၌ ရှေးရှု ဖြစ်လေ၏။ ငါသည် မိမိ၏အတတ်ပညာကို စုံစမ်းလိုသောကြောင့် ဤအရှင်ကို ငါပစ်ခတ်၏ဟု ပြောဆိုလေ၏

လူတို့သည်လည်း ဤသူယုတ်မာသည် ငါတို့၏ အရှင်ပစ္စေကဗုဒ္ဓါကို ပစ်သတ်လေသတတ်။ ဖမ်းဆီးကြကုန်လော့ ဖမ်းဆီးကြကုန်လော့ဟု ပြောဆိုကာ ရိုက်နှက် ပုတ်ခတ်ကြသဖြင့် ထိုနေရာ ဌာန၌ပင် ထိုလူယုတ်မာကို အသက်ကုန်ခြင်းသို့ ရောက်စေကြကုန်၏။ ထိုလူယုတ်မာသည်လည်း အဝိစိငရဲကြီး၌ဖြစ်၍ အကြင်ရွေ့လောက် ကာလပတ်လုံး ဤမဟာပထဝီ မြေကြီးသည် တယူဇနာ တိုင်တိုင် အထက်သို့မြင့်တက်၏။ ထိုရွေ့လောက် ကာလပတ်လုံး ငရဲ၌ကျက်၍ အကျိုးကြွင်း၏ အစွမ်းအားဖြင့် ဂိဇ္ဈကုဋ်တောင်ထက်၌ သဋ္ဌိကူဋ-ပြိတ္တာ၏ အဖြစ်ဖြင့် ဖြစ်ရလေ၏။

မြတ်စွာဘုရားသည် ထိုသဋ္ဌိကူဋ-ပြိတ္တာ၏ ရှေးအကြောင်း မကောင်းမှုကံကို ဟောကြားတော် မူပြီးလျှင် ချစ်သား ရဟန်းတို့ လူမိုက်အား အတတ်ပညာသည် ၎င်းအစိုးရခြင်းသည်၎င်း ဖြစ်ပေါ် လာသည်ရှိသော် အကျိုးမဲ့ အချည်းနှီးသာလျှင် ဖြစ်လေ၏။

ထိုစကား မှန်၏။ လူမိုက်သည် အတတ်ပညာကို၎င်း အစိုးရခြင်းကို ၎င်းရလျှင် မိမိ၏ အကျိုး စီးပွားမဲ့ကိုသာ ပြုတတ်၏ဟု အနုသန္ဓေကိုစပ်၍ တရားကိုဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏ ။

ဒေသနာတော်

၇၂။ ယာဝဒေဝ အနတ္ထာယ၊ ဥတ္တံ ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ဝိပါတယံ။

ဗာလသာ၊ လူမိုက်၏။ ဥတ္တံ၊ သိခြင်းသည်။ ဝါ၊ အတတ်ပညာစည်းစိမ် အခြံအရံ အစိုးရခြင်းစသည်ဖြင့် လူ၌ထင်ရှားသော အဖြစ်သည်။။ အနတ္ထာယဧဝ၊ မိမိအကျိုးမဲ့ ဖြစ်ခြင်းငှါသာလျှင်။ ဇာယတိ၊ ဖြစ်၏။ ဗာလဿ၊ လူမိုက်အား။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သောအတတ်ပညာ အစိုးရခြင်းသည်။ သုက္ကံသံ၊ ဖြူစင်သော ကောင်းမှုအဖို့ကို။ ဟန္တိဟနတိ၊ ဖျက်ဆီးတတ်၏။ အဿ၊ ထိုလူမိုက်၏။ မုဒ္ဓံ၊ ပညာတည်းဟူသော ဦးထိပ်ကို။ ဝိပါတယံ၊ ဖျက်ဆီးပယ်ချသည် ဖြစ်၍။ ဟန္တိဟနတိ၊ ပယ်ဖျောက်တတ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေ၏။

သဋ္ဌိကူဋပြိတ္တာဝတ္ထုပြီး၏။

---

၁၄ - စိတ္တသူကြွယ်ဝတ္ထု

အသန္တ ဘာဝနမိစ္ဆေယျ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် သုဓမ္မမထေရ်ကိုအကြောင်း ပြု၍ ဟောတော်မူလေ၏။

(ဒေသနာတော်သည် မစ္ဆိကာသဏ္ဍမြို့၌ဖြစ်၍ သာဝတ္ထိပြည်၌ပြီးဆုံး၏။) ---

စိတ္တသူကြွယ်သည် အာဂန္တုတို့အား ဆွမ်းစားပင့်ခြင်း

မစ္ဆိကာသဏ္ဍမြို့၌ စိတ္တအမည်ရှိသော သူကြွယ်သည် ပဉ္စဝဂ္ဂီငါးဦးတို့တွင် အဝင်အပါ အရှင် မဟာနာမ် အမည်ရှိသော မထေရ်သည် ဆွမ်းအလို့ငှါ လှည့်လည်တော်မူသည်ကို မြင်ရလျှင် ထို မထေရ်အရှင်၏ ဣရိယာပုထ်၌ ကြည်ညိုခြင်း ရှိလှသဖြင့် သပိတ်တော်ကိုယူကာ အိမ်သို့ ပင့်သွင်းပြီးလျှင် ဆွမ်းကျွေး၍ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ၏ အပြီးအဆုံး၌ တရားစကားတော်ကို ကြားနာရသောကြောင့် သောတာပတ္တိဖိုလ်သို့ ရောက်လေရကား မတုန်မလှုပ်သော သဒ္ဓါတရား ရှိသည်ဖြစ်၍ အဗ္ဗဋ္ဌကဝန မည်သော မိမိ၏ ဥယျာဉ်ကို သံဃာတော်တို့ သီတင်းသုံးရာ သံဃာ အာရာမ်ပြုလိုသဖြင့် မထေရ်၏ လက်တော်၌ ရေကိုသွန်းချကာ ဆောင်နှင်းလှူဒါန်းလေ၏။

ထိုခဏ၌ ဘုရားသာသနာတော် တည်လေပြီဟု ရေလျှင် အဆုံးရှိသည်ကိုပြု၍ ဤမဟာပထဝီ မြေကြီးသည် တုန်လှုပ်လေ၏။ စိတ္တသူကြွယ်သည်လည်း ဥယျာဉ်၌ ကျောင်းကြီးကို ဆောက်လုပ် စေ၍ ခပ်သိမ်းသော အရပ်မျက်နှာတို့မှ ကြွရောက် လာကြကုန်သော ရဟန်းတို့ အလို့ငှါ ဖွင့်ထားအပ်သော တံခါးသဖွယ်ဖြစ်လေ၏။

မစ္ဆိကာသဏ္ဍမြို့၌လည်း သုဓမ္မမထေရ်ကား ကျောင်း၌ စောင့်ရှောက်ကာ နေသော နေဝါသိက ရဟန်းဖြစ်၏။ တပါးသောအခါ၌ စိတ္တသူကြွယ်၏ ဂုဏ်ကျေးဇူးစကားကို ကြားသိရသည် ဖြစ်သော ကြောင့် နှစ်ပါးသော အဂ္ဂသာဝကတို့သည် စိတ္တသူကြွယ်အား သင်္ဂြိုဟ်ချီးမြှောက် ထောက်ပံ့လို ကုန်သည်ဖြစ်၍ မစ္ဆိကာသဏ္ဍမြို့သို့ ကြွသွားတော်မူကြကုန်၏။

စိတ္တသူကြွယ်သည် ထိုမထေရ်ကြီးတို့၏ ကြွလာတော်မူသော သတင်းစကားကို ကြားသိရလျှင် ယူဇနာခွဲမျှလောက်သော ခရီးသို့ သွားရောက် ကြိုဆို၍ မထေရ်တို့ကို ပင့်ဆောင်ခဲ့သဖြင့် မိမိ ဆောက်လုပ် လှူဒါန်းအပ်သော ကျောင်းသို့ ပင့်သွင်း၍ အာဂန္တုကဝတ်ကို ပြုပြီးသောအခါ အရှင်ဘုရား အနည်းငယ်သော တရားစကားကို နာလိုပါသည်ဘုရားဟု တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတြာ မထေရ်မြတ်ကို တောင်းပန် လျှောက်ထားလေ၏။

ထိုအခါ စိတ္တသူကြွယ်ကို အရှင်သာရိပုတြာမထေရ်သည် ဒါယကာ ငါတို့သည် အဓွန့်ရှည်စွာသော ခရီးဖြင့် လာရသည် ဖြစ်သောကြောင့် ပင်ပန်းနွမ်းနယ်သော သဘောရှိကုန်၏။ ထိုသို့ပင် ဖြစ်သော်လည်း အနည်းငယ်မျှသော တရားတော်ကို နာဦးလောဟု မိန့်တော်မူပြီးလျှင် ထိုစိတ္တ သူကြွယ်အား တရားစကား ဟောကြားတော်မူ၏။

သူကြွယ်သည် မထေရ်မြတ်၏ တရားစကားကို နာကြားလျက်သာလျှင် အနာဂါမိဖိုလ်သို့ ရောက်လေ၏။ သူကြွယ်သည် နှစ်ပါးသော အဂ္ဂသာဝကတို့ကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အရှင် ဘုရားတို့ နက်ဖြန် နောက်ပါရဟန်း တထောင်နှင့်တကွ တပည့်တော်၏အိမ်၌ ဆွမ်းကို အလှူခံတော်မူပါဘုရားဟု ပင့်ဖိတ်လျှောက်ထား၍ နောက်မှ ကျောင်းနေဖြစ်သော သုဓမ္မမထေရ်ကို အရှင်ဘုရားတို့သည်လည်း နက်ဖြန် မထေရ်ကြီးတို့နှင့် အတူတကွ ကြွလာတော်မူကြပါဘုရားဟု ပင့်ဖိတ်လေ၏။ ---

သုဓမ္မရဟန်း ဒါယကာကို အမျက်ထွက်ခြင်း

သုဓမ္မမထေရ်သည် ဤသူကြွယ်ကား ငါ့ကိုနောက်မှ ပင့်ဖိတ်ဘိသည်ဟု အမျက်ထွက်လျက် ပယ်မြစ်လေသောကြောင့် အဖန်တလဲလဲ တောင်းပန်ပါသော်လည်း ပစ်ပယ်မြဲ ပယ်မြစ်သည် သာလျှင်တည်း။ ဒါယကာလည်း အရှင်ဘုရား တပည့်တော်ဉာဏ်၌ ထင်ရှားစွာ သိရပါပြီဟု လျှောက်ကြား၍ ဖဲသွားပြီးလျှင် တဖန် မိုးသောက်သောနေ့၌ မိမိအိမ်ဝယ် ကြီးကျယ်သော အလှူဒါနကို စီရင်လေ၏။

သုဓမ္မမထေရ်သည်လည်း နံနက်စောစော အချိန်ကသာလျှင် အဂ္ဂသာဝကမထေရ် အရှင်တို့အား သူကြွယ်သည် အဘယ်သို့ သဘောရှိသော ပူဇော် လှူဒါန်းဖွယ်ကို စီရင်လေဘိသနည်း နက်ဖြန်၌ သွားရောက်၍ ကြည့်ရှု့ဦးအံ့ဟု ကြံစည်၍ နံနက်စောစောကပင် သပိတ်သင်္ကန်းကို ယူဆောင် လျက် သူကြွယ်၏ အိမ်သို့သွားလေ၏။

သူကြွယ်သည် အရှင်ဘုရား ထိုင်နေ သီတင်းသုံးတော်မူကြပါဦးဟု လျှောက်ထား တောင်းပန် သော်သည် ထိုသုဓမ္မမထေရ်က ငါသည် ထိုင်နေခြင်းငှါ အလိုမရှိ ဆွမ်းအလို့ငှါ လှည့်လည်တော့အံ့ ဟုဆို၍ အဂ္ဂသာဝက မထေရ်အရှင်တို့ အလို့ငှါ ပြုစုစီရင်၍ ထားအပ်သော လှူဖွယ်ဝတ္ထု အစုစုကိုကြည့်ရှု ပြီးလျှင် သူကြွယ်ကို အမျိုးအားဖြင့် ထိပါးပုတ်ခတ် ပြောဆိုလိုရကား ဒါယကာ သူကြွယ် ကျွေးမွေး လှူဒါန်းဖွယ်ကား အလွန်လျှင်မွန်မြတ်ပေ၏။ စင်စစ်မှု ဤလှူဖွယ်ဝတ္ထုအစု၌ လှူဖွယ်တပါးသည်သာလျှင် မစုံမပြည့် မရှိလေဟုဆိုလေ၏။

အရှင်ဘုရား အဘယ်လှူဖွယ် ဝတ္ထုပါနည်းဟု မေးလတ်သော် ဒါယကာ သူကြွယ် နှမ်းပြစ်မုံ့တည်း ဟု ပြောဆိုလေသဖြင့် သူကြွယ်သည် ကျီးဥပမာဖြင့် ပြောဆို မောင်းမဲအပ်သည်ရှိသော် ဒေါသအမျက် ပြင်းစွာ ထွက်သောကြောင့် ဒါယကာသူကြွယ် ဤကျောင်းကား အသင်၏ ကျောင်းတည်း။ ငါသည်အရပ်တပါးသို့ ဖဲသွားတော့အံ့ဟု ပြောဆိုသဖြင့် သုံးကြိမ် တိုင်အောင် တားမြစ် တောင်းပန်ပါသော်လည်း မနာမယူဖဲသွား၍ မြတ်စွာဘုရား၏ အထံသို့ သွားရောက် ပြီးလျှင် စိတ္တသူကြွယ်သည်၎င်း မိမိသည်၎င်း ပြောဆိုအပ်သော စကားကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် သင်ကားသဒ္ဓါတရားနှင့် ပြည့်စုံသော ရတနာသုံးပါးအား ကြည်ညိုတတ်သော ဒါယကာကို ယုတ်ညံ့သော ဆဲရေးခြင်းဖြင့် ကဲ့ရဲ့ရှုံ့ချ ဂရဟိတသဘော ပြောဆိုဘိသည်ဟု ထို သုဓမ္မ မထေရ်အား သာလျှင် အပြစ်တင်၍ ပဋိသာရဏီယကံကို ပြုစေပြီးလျှင် သွားချေ စိတ္တ သူကြွယ်ကို သည်းခံအောင် ပြုလေလော့ဟု မိန့်တော်မူ၏။

ထိုသုဓမ္မမထေရ်သည် ထိုမစ္ဆိကာသဏ္ဍမြို့သို့သွား၍ ဒါယကာသူကြွယ်ကို ဤအပြစ်သည် ငါ၏အပြစ်သာ ဖြစ်ပေသည်။ ငါ့အား သည်းခံပါလော့ဟု တောင်းပန် ပြောဆိုသော်လည်း တပည့်တော် သည်းမခံနိုင်ဟု သူကြွယ်က ပယ်မြစ်အပ်သဖြင့် မျက်နှာမသာယာ ဖြစ်၍ ထို သူကြွယ်ကို သည်းခံစေခြင်းငှါ မစွမ်းနိုင်ရကား တဖန်မိုးသောက်သောနေ့၌ မြတ်စွာဘုရား၏ အထံတော်သို့ ပြန်လာခဲ့ပြန်လေ၏။

[မြတ်စွာဘုရားသည်ကား ထိုမထေရ်အား ဒါယကာသည် သည်းမခံလတ္တံ့ဟု သိတော်မူပြီး ဖြစ်သော်လည်း ဤရဟန်းသည် ခက်ထန်သော မာန်မာနရှိ၏။ ယူဇနာ သုံးဆယ်ရှိသော ဤလမ်းခရီးသို့သွား၍ တဖန်ပြန်လာစေဦးဟု နှလုံးသွင်းတော်မူ၍ သည်းခံအံ့သော အကြောင်းကို မပြောကြားမူ၍ သာလျှင် လွှတ်လိုက်ခြင်းဖြစ်လေ၏။]

ထိုအခါ တဖန်ပြန်လာသော ကာလ၌ ပယ်ချအပ်သော မာန်မာနရှိသည် ဖြစ်၍ ထိုသုဓမ္မ မထေရ်အား အတူလိုက်သွားရန် အဖော်တမန် ရဟန်းကို ပေးသနားတော်မူ၍ သွားချေ ဤရဟန်းနှင့်အတူတကွ သွား၍ ဒါယကာကို သည်းခံစေလော့ဟု မိန့်တော်မူပြီး၍ ရဟန်းမည်သည် ငါ၏နေရာကျောင်း, ငါ၏နေရာအရပ်, ငါ၏ဒါယကာ, ငါ၏ဒါယိကာမဟူ၍ မာန်ထောင်လွှားခြင်း ကို၎င်း ငြူစူ စောင်းမြောင်းခြင်းကို၎င်း ပြုစေခြင်းငှါ မသင့်မတော်ဟု မိန့်တော်မူပြီးလျှင် ဤသို့ ပြုသော ရဟန်းအား မကောင်းသော အလိုရမ္မက် မာန်မာန အစရှိသော ကိလေသာတို့သည် တိုးတက်ပွါးလေ ကုန်၏ဟု အနုသန္ဓေကို စပ်၍ တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။ ---

ဒေသနာတော်

၇၃။ အသန္တဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု ဣဿရိယံ၊ ပူဇာ ပရ ကုလေသုစ။

မမေဝ ကတမညန္တု၊ ဂိဟိပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိဉ္စိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနောစ ဝဍ္ဎတိ။

ယောဗာလော၊ အကြင် မလိမ္မာသော ရဟန်းသည်။ အသန္တဘာဝနံ၊ ထင်ရှားမရှိသော ချီးမွမ်းခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။

[သဒ္ဓါတရား မရှိသောသူ ဖြစ်လျက် သဒ္ဓါတရားရှိသော ရဟန်းဟူ၍ လူအပေါင်း သိပါစေဟု အလိုရှိ၏။ သီလမရှိ သမာဓိမရှိ ပညာမရှိ ဗဟုဿုတ မရှိဘဲလျက် သီလရှိသူ ။လ။ ဗဟုသုတရှိသူ ဟူ၍၎င်း၊ ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟူ၍၎င်း လူအပေါင်းသိမူ ကောင်းလေစွဟု မိမိကိုယ်၌ ထင်ရှားမရှိသော ချီးမွမ်းခြင်းကို အလိုရှိ၏။]

ဘိက္ခုသု၊ ရဟန်းတို့၌။ ပုရိက္ခာရဉ္စ၊ မိမိကိုခြံရံခြင်းကို၎င်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။

[ကျောင်းတိုက်ကြီးတခုလုံး၌ ရှိကြသော ရဟန်းတို့သည် ငါ့ကိုဝန်းရံလျက် မသိသော အရာ ပြဿနာကို မေးမြန်းကြရသဖြင့် ငါနေရမူ ကောင်းလေစွဟု အလိုဆိုး၌ တည်၍ ရှေ့သွားပြုခြင်း ခြံရံခြင်းကို ရဟန်းတို့ အလယ်၌ အလို ရှိ၏။]

အာဝါသေသု၊ ကျောင်းတို့၌။ ဣဿရိယဉ္စ၊ အစိုးရခြင်းကို၎င်း။ ဣစ္ဆေယျ၊ အလိုရှိရာ၏။

[သံဃိကကျောင်းတို့၌ သော်လည်း နေရာကောင်း, ကျောင်းကောင်းတို့ကို မိမိနှင့်ချစ်ကျွမ်း ဝင်သော ရဟန်းတို့အား အရှင်တို့ ဤကျောင်း၌ နေကြကုန်လော့ဟု စီမံလျက် မိမိကိုယ်တိုင်ကား အလွန့်အလွန် ကောင်းသောကျောင်းကို စောင့်ရှောက် သုတ်သင်လျက် အရပ်တပါးမှ ရောက်လာ သော အာဂန္တုရဟန်းတို့အား နေရာအစွန်အဖျား ယုတ်ညံ့သောကျောင်း တို့ကို၎င်း မကောင်းဆိုးဝါး ရှိသော ကျောင်းတို့ကို၎င်း အရှင်တို့ ဤကျောင်း၌ နေကြကုန်လော့ဟု စီမံလျက် ကျောင်းကန် အရိပ်အာဝါသ တို့၌ ပိုင်စိုးပိုင်နင်း ပြုလုပ်လို၏။]

ပရကုသလေသု၊ တပါးသော ဒါယကာတို့၌။ ပူဇာစ၊ ပူဇော်ခြင်းတို့ကို၎င်း။ ဣစ္ဆေယျ၊ အလိုရှိ၏။

[မိဘတို့ထံ၌ အလိုမရှိ မိဘမှတပါးသော ဒါယကာတို့၌သာလျှင် ဤဒါယကာတို့သည် ငါ့အား သာလျှင် လှူဒါန်းကြ၍ သူတပါးတို့အား မလှူဒါန်းကြပါမူ ကောင်းလေစွဟု ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကိုပြု၏။]

ယဿဗာလဿ၊ အကြင်မလိမ္မာသော ရဟန်းအား။ ဥဘော၊ နှစ်ဦးကုန်သော။ ဂိဟိပဗ္ဗဇိတာ၊ လူနှင့်ရဟန်းတို့သည်။ မမေဝ၊ သူနှင့်ရဟန်းတို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ ကတံသေနာသန စသည်မချွတ် ဝတ်ကိုပြု၏ဟူ၍။ မညန္တု၊ မှတ်ထင် အောက်မေ့ကြ ပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သင်္ကပ္ပေါ၊ အကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

[ကျောင်းတိုက်အတွင်း၌ ဥပုသ်အိမ် စသည်ကို ပြုလုပ်ခြင်း၏ အစွမ်းဖြင့် ပြုအပ်သော အမှုကြီး ငယ်သည်ရှိ၏ ထိုအမှုကြီးငယ် အလုံးစုံကို ငါတို့၏ မထေရ်သည် ပြုလေ၏ဟူ၍ လူနှင့်ရဟန်း နှစ်ဦးစလုံးတို့က ငါ့ကိုသာမှီ၍ ပြုအပ်သော အမှုတိုင်း ပြီးဆုံးခြင်းကို မှတ်ထင်အောက်မေ့ နိုင်ကြပါစေဟု ကြံစည်လေ၏။]

ကိစ္စာ ကိစ္စေသု၊ ငယ်သောအမှုကိစ္စ ကြီးသောအမှုကိစ္စတို့တွင်။ ကိသ္မိဉ္စိ၊ တစုံတခုသော အမှုကိစ္စ၌သော်လည်း။ မမေဝ၊ ငါ၏သာလျှင်။ အတိဝသာ၊ အလိုအတိုင်း။ ဝါ၊ အလိုသို့လိုက်ကုန်သည်။ အဿု၊ ဖြစ်ပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ သင်္ကပ္ပေါ၊ အကြံသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

[လူနှင့်ရဟန်း အားလုံးတို့သည် ငါ၏အလို၌သာ ဖြစ်ကြပါစေ လှည်း နွား ပဲခွပ် ပုဆိန်ရသည်ဖြစ်စေ ယာဂုထမင်း ချက်ပြုတ် စားသောက်သည် ဖြစ်စေ ဤသို့သော ကိစ္စငယ် ကိစ္စကြီးတို့ ပြုသည် ရှိသော် တစုံတခုသော ကိစ္စ၌သော်လည်း ငါ့အလို၌သာ ဖြစ်ကြပါစေ ငါ့ကိုသာ ပန်ကြားပြီးမှ ပြုလုပ်ကြပါစေ ဟု ကြံစည်လေ၏။]

တဿဗာလဿ၊ ထိုမလိမ္မာသောရဟန်းအား။ ဣစ္ဆာစ၊ တဏှာသည်၎င်း။ မာနောစ၊ မာန်မာနသည်၎င်း။ ဝဍ္ဎတိ၊ တိုးပွား၏။

[အလိုဆိုးလေးချက် အကြံဆိုးနှစ်ချက် ဖြစ်ပေါ်လျက်ရှိသော ထိုရဟန်းအား ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် မတိုးပွား စင်စစ်သော် သမုဒြာ ဒီရေအလား ဒွါရှခြောက်ပါးတို့၌ တဏှာသည်၎င်း ၊ ကိုးပါးသော မာန်မာနသည်၎င်း တိုးပွါးလေ၏။] ---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော လူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။ ---

သုဓမ္မမထေရ် ရဟန္တာဖြစ်ခြင်း

သုဓမ္မမထေရ်သည်လည်း ဤသို့သော အဆုံးအမ ဩဝါဒကို ကြားနာရ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် နေရာမှထ၍ လက်ျာရစ် လှည့်လည်သည်ကို ပြုသဖြင့် ထိုအဖော် တမန်ရဟန်းနှင့် အတူတကွ သွားရောက်၍ စိတ္တသူကြွယ်၏ မျက်မှောက် မြင်လောက်သောအရပ်၌ အာပတ်ကိုကုစား ဒေသနာပြောကြားလျက် ဒါယကာစိတ္တသူကြွယ်ကို သည်းခံစေရလေ၏။

စိတ္တသူကြွယ်ကလည်း အရှင်ဘုရား အရှင်မြတ် လွန်ကြူးအပ်သောအပြစ်ကို တပည့်တော်ကို သည်းခံပါ၏။ တပည့်တော်အား လွန်ကြူးပြစ်မှားအပ်သော အပြစ်ဒေါသ ရှိခဲ့ပါလျှင် အရှင်ဘုရား ကလည်း သည်းခံတော်မူပါဘုရားဟု ပြန်၍ ကန်တော့ဝန်ချ အပ်သည်ရှိသော် သုဓမ္မမထေရ်သည် မြတ်စွာဘုရား ပေးသနားတော် မူအပ်သော အဆုံးအမ ဩဝါဒ၌တည်၍ နှစ်ရက် သုံးရက်ဖြင့် သာလျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော်မူလေ၏။ ---

စိတ္တသူကြွယ် သာဝတ္ထိပြည်သို့ ဘုရားဖူးသွားခြင်း

စိတ္တသူကြွယ်သည်လည်း ကြံဆင်ခြင်သည်မှာ ငါသည်ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားကို တပ်အပ်ထင်ထင် မဖူးမမြင်ရသေး မူ၍သာလျှင် သောတာပတ္တိ ဖိုလ်သို့ရောက်၏။ မြတ်စွာဘုရား ကို မဖူးမမြင်ရသေးမူ၍သာလျှင် အနာဂါမိဖိုလ် ၌လည်းတည်၏။ မြတ်စွာဘုရားကို ငါသွား၍ ဖူးမြင်ခြင်းငှါ သင့်ပေသည်ဟု ဆင်ခြင်လေ၏။

ယင်းသို့ကြံဆင်ခြင်ပြီးလျှင် ထိုသူကြွယ်သည် နှမ်း, ဆန်, တင်လဲ, အဝတ်ပုဆိုး စသည်တို့ဖြင့် ပြည့်ကုန်သော လှည်းငါးရာတို့ကို ကစ၍ မြတ်စွာဘုရားကို ဖူးမြင်လိုကုန်သော အရှင်မြတ်တို့သည် ကြွလိုက်ခဲ့ကြပါစေကုန်လော့၊ ဆွမ်းစသည်တို့ဖြင့် ပင်ပန်းခြင်းမဖြစ်ပါလတ္တံ့ဟု ရဟန်းသံဃာအား လျှောက်ကြားစေပြီးလျှင် ရဟန်းမိန်းမသံဃာအား၎င်း ဒါယကာယောက်ျားတို့အား၎င်း ဒါယိကာ မိန်းမတို့အား၎င်း ပြောကြားသိစေလေ၏။

ထိုစိတ္တသူကြွယ်နှင့် အတူတကွ ငါးရာငါးရာကုန်သော ရဟန်းယောက်ျား တို့သည်၎င်း၊ ရဟန်း မိန်းမတို့သည်၎င်း၊ ဒါယကာယောက်ျား ငါးရာတို့သည်၎င်း၊ ဒါယိကာမိန်းမ ငါးရာတို့သည်၎င်း ထွက်ခွါလာကြကုန်၏။

စိတ္တသူကြွယ်သည်လည်း ထိုသို့ထွက်ခွါ လာကြကုန်သော ပုဂ္ဂိုလ်တို့နှင့်တကွ မိမိပရိသတ်ပါ သုံးထောင်သော လူတို့အား အကြင်သို့သော နည်းဖြင့် ယူဇနာသုံးဆယ် ရှိသောခရီး၌ ယာဂုထမင်း စသည်တို့ဖြင့် တစုံတခုမလုံ မလောက်ချို့တဲ့ခြင်း မည်သည်မဖြစ်။ ထိုသို့သော နည်းဖြင့် စီရင်ပြုစုလေ၏။

သူကြွယ် ထွက်ခွါလာသည့် အဖြစ်ကိုသိ၍ နတ်တို့သည် တယူဇနာ တယူဇနာ၌ သစ်ခက် တဲအုံဖွဲ့ချီပြုလုပ်သဖြင့် နတ်၌ဖြစ်သော ယာဂုခဲဖွယ်ထမင်း အဖျော်စသည် တို့ဖြင့် လူများ အပေါင်းကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။ တစုံတယောက် သောသူအား တစုံတခုသော ယာဂု စသည်ဖြင့် ချို့တဲ့ခြင်းမည်သည်မရှိ။

ဤသို့လျှင် နတ်တို့သည် ကောင်းစွာ လုပ်ကျွေးအပ်သည်ဖြစ်၍ နေ့တိုင်း တယူဇနာစီ သွားခဲ့ရာ တလံဖြင့် သာဝတ္ထိပြည်သို့ ရောက်လေသတည်း။ လှည်းငါးရာတို့လည်း လျော့သည်မရှိ ပြည့်မြဲ တိုင်းသာလျှင် ဖြစ်ကုန်၏။ နတ်တို့သည်၎င်း လူတို့သည်၎င်း ဆောင်ယူပေးပို့လာသော လက်ဆောင် ပဏ္ဏာကာရကို စွန့်ကြဲပေးကမ်း လှူဒါန်း၍သာ သွားရလေ၏။ ---

စိတ္တသူကြွယ် ဘုရားဖူးစဉ် ပန်းမိုဃ်းရွာခြင်း

မြတ်စွာဘုရားသည် အာနန္ဒာမထေရ်ကို ချစ်သားအာနန္ဒာ ယနေ့ညချမ်း နေမွန်းယိမ်းသောအခါ၌ စိတ္တသူကြွယ်သည် လှည်းငါးရာတို့ဖြင့် ခြံရံလျက် လာရောက်၍ ငါဘုရားကို ဖူးမျှော်လတ္တံ့ဟု မိန့်တော်မူလေ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ရှင်တော်မြက်ဘုရားတို့အား ထို စိတ္တသူကြွယ်၏ ဖူးမျှော် လာသောအခါ တစုံတခုသော တန်ခိုးပြာဋိဟာသည် ဖြစ်ပါလတ္တံလော ဘုရားဟု မေးလျှောက်လတ်သော် ချစ်သားအာနန္ဒာ ဖြစ်ပေလတ္တံ့ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား အဘယ်သို့ ဖြစ်ပါလတ္တံ့ နည်းဘုရားဟု မေးလျှောက်ပြန်သော် စိတ္တသူကြွယ်လာ၍ ငါဘုရားကို ရှိခိုးသောအခါ ပြည့်ရှင်မင်းတို့၏ အတိုင်းအထွာ ပမာဏအားဖြင့် ရှစ်မင်းပယ် မျှလောက် ပမာဏရှိသော အရပ်၌ ဒူးပုဆစ်မျှ လောက်သော အပိုင်းအခြားအားဖြင့် ငါးပါးသော အဆင်းရှိသော နတ်ပန်းတို့၏ တခဲနက် ပန်းမိုဃ်းရွာခြင်းဖြင့် ရွာချပေလတ္တံ့ဟု မိန့်တော်မူလေ၏။

ထိုသို့ မြတ်စွာဘုရား မိန့်တော်မူသောစကားကို အဆင့်ဆင့်အားဖြင့် ကြားသိကုန်သည်ရှိသော် မြို့သူမြို့သားတို့သည် ဤသို့သဘောရှိသော ကောင်းမှု ဘုန်းကံနှင့် ပြည့်စုံသော စိတ္တမည်သော သူကြွယ်သည် လာရောက်၍ ယနေ့မြတ်စွာဘုရားကို ဖူးမျှော်လတ္တံ့၊ ဤသို့သဘောရှိသော တန်ခိုး ပြာဋိဟာသည် ဖြစ်ပေလတ္တံ့၊ ငါတို့သည် ထိုကောင်းမှုဘုန်းကံ ကြီးမားသော စိတ္တသူကြွယ်ကို မြင်ခြင်းငှါ ရပေတော့လတ္တံ့ဟု ပူဇော်သက္ကာရကို ယူဆောင်ကုန်လျက် လမ်းခရီး၏ နံပါးနှစ်ဘက် တို့၌ တည်နေကြကုန်၏။

ကျောင်းတော်၏အနီးသို့ ရောက်လာသောအခါ ငါးရာသော ရဟန်းတို့သည် ရှေးဦးစွာ ကြွလာ ကြလေကုန်၏ စိတ္တသူကြွယ်လည်း မိခင်တို့ အသင်မိခင်တို့သည် အကျွန်ုပ်တို့၏နောက်မှ လာခဲ့ကြ ပါကုန်လော့ဟု ဥပါသိကာမကြီးများကို ချန်ထားခဲ့ပြီးလျှင် ငါးရာသော ဥပါသကာတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရား၏ အထံတော်သို့ သွားလေ၏။

ဘုရားရှင်တို့၏ မျက်မှောက်တော်၌ ရပ်နေသော သူတို့သည်၎င်း ထိုင်နေသောသူတို့သည်၎င်း ဤနေရာ၌၎င်း ထိုနေရာ၌၎င်း မရှိကုန်။ မြတ်စွာဘုရား၏ ရှေ့တော်လမ်းခရီး၏ နံပါးနှစ်ဘက်တို့၌ မတုန်မလှုပ် သာလျှင် တည်နေကြကုန်၏။ စိတ္တသူကြွယ်သည် မြတ်စွာဘုရား၏ ရှေ့တော် လမ်းခရီးမကြီးသို့ သက်ဝင်လေ၏။ ဖိုလ်သုံးပါးသို့ ရောက်ပြီးသော အရိယာ သာဝကဖြစ်သော စိတ္တသူကြွယ်သည် ကြည့်အပ်တိုင်း ကြည့်အပ်တိုင်းသော အရပ်ကား တုန်လှုပ်လေ၏။ စိတ္တသူကြွယ် ဟူသည် ဤသူဖြစ်ပေသတတ်ဟု လူများ အပေါင်းသည် ကြည့်ရှုရလေ၏။

စိတ္တသူကြွယ်သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ခြောက်သွယ်သော အဆင်းရှိသော ဘုရားရှင်၏ ရောင်ခြည်တော်တို့၏ အတွင်းသို့ ဝင်ပြီး နှစ်ခုကုန်သော ခြေဖမျက်တို့၌ မြတ်စွာဘုရား၏ ခြေတော်တို့ကို လက်ဖြင့် ကိုင်လျက် ရှိခိုးဦးချလေ၏။ ထိုသို့ရှိခိုးဦးချသော ခဏ၌သာလျှင် မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သော အပြားရှိသော ပန်းမိုဃ်းသည် ရွာသွန်းလေ၏။ ကောင်းချီး ပေးခြင်း အထောင်တို့ကိုလည်း ဖြစ်စေကြလေကုန်၏။ ---

ဘုရားအထံ၌ တလတိတိနေ၍ အလှူလှူခြင်း

ထိုစိတ္တသူကြွယ်သည် တလပတ်လုံး မြတ်စွာဘုရား၏ အထံတော်၌နေ၏။ ထိုသို့နေလျက်သာလျှင် ဘုရားအမှူးရှိသော အလုံးစုံသော ရဟန်းသံဃာတော် အပေါင်းကို ကျောင်းတော်၌သာ သီတင်းသုံး နေစေ၍ ကြီးစွာသောအလှူကြီးကို ပေးလှူလေ၏။ မိမိနှင့်အတူတကွ လိုက်ပါလာသော သူတို့ ကိုလည်း ကျောင်းတော်တွင်း၌သာလျှင် တည်းခိုနေထိုင်စေ၍ လုပ်ကျွေးသမှု ပြုစုလေ၏။ တနေ့မျှလည်း မိမိ၏လှည်းတို့၌ ပါလာသော ပစ္စည်းတစုံတခုကို ယူရသည်မရှိ နတ်လူတို့သည် ဆောင်ယူပို့ဆက်လာသော လက်ဆောင်ပဏ္ဏာကာရဖြင့်သာလျှင် အလှူကို ပေးလှူ၏။

ခပ်သိမ်းသော ကိစ္စတို့ကိုလည်းပြုစု၏။ ထိုစိတ္တသူကြွယ်သည် မြတ်စွာဘုရားကို ရှိခိုးလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် ရှင်တော်မြတ်ဘုရားတို့အား အလှူကို ပေးအံ့ဟု လာခဲ့ရာ တလပတ်လုံး လမ်းခရီး အကြား၌ ဖြစ်ပါသည် ဤကျောင်းတော် ၌လည်း တပည့်တော်အား တလလွန်ပါပြီ။ တပည့်တော် ဆောင်ယူခဲ့သော တစုံတခုသော ပစ္စည်းကို လှူစရာလက်ဆောင် ပဏ္ဏာကာရကို တစုံတရာ အနည်းငယ်မျှ ထုတ်ယူခြင်းငှါ မရသေးပါ။

ဤမျှလောက်သော ကာလပတ်လုံး နတ်လူတို့သည် ဆောင်ပို့ယူလာအပ်သော လက်ဆောင် ပဏ္ဏာကာရဖြင့်သာလျှင် အလှူဒါနကို ပေးလှူ၍ နေရပါသည်ဘုရား။ တပည့်တော်သည် ဤ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးတနှစ်ပတ်လုံးသော်လည်း အကယ်၍ နေခဲ့ငြားအံ့ တပည့်တော်၏ လှူဖွယ်ဝတ္ထု ပစ္စည်းအစုကို ပြုစုပေးကမ်း လှူဒါန်းခြင်းငှါ ခွင့်ရနိုင်တော့မည် မဟုတ်ပါဘုရား။ တပည့်တော်သည် လှည်းတို့ကို ပစ္စည်းဥစ္စာဘဏ္ဍာ အလုံးစုံချစေ၍ ပြန်သွားခြင်းငှါ အလိုရှိပါသည်။ သိုမှီးရာအရပ်ကိုသာ တပည့်တော်အား ညွှန်ပြပြောကြား ခိုင်းတော် မူကြပါ ဘုရားဟု လျှောက်ထားလေ၏။

မြတ်စွာဘုရားသည်လည်း အာနန္ဒာ မထေရ်ကို ချစ်သားအာနန္ဒာ ဤသူကြွယ်ဒါယကာအား တခုသော နေရာ အရပ်ကို နေရာလွတ်ပြု၍ ပေးလေလော့ဟု မိန့်တော်မူလေ၏။ အာနန္ဒာမထေရ် လည်း မြတ်စွာဘုရား မိန့်တော်မူသောအတိုင်း ပြုလေ၏။

[စိတ္တသူကြွယ်၏ နှမ်း ဆန် စသော လှူဖွယ်ဝတ္ထု ပစ္စည်းတို့ကို သိုမှီးရန် ခွင့်ပြုအပ်သော နေရာ အရပ်သည် သိုမှီးကောင်းသော အပ်သော *ကပ္ပိယကုဋိ ဖြစ်သတတ်။]

(*ကပ္ပိယကုဋိ ဟူသည်ကား ခဲဖွယ်ဘောဇဉ်တို့ကို ညဉ့်သိပ်သိုမှီး၍ ထားကောင်းသော ရဟန်းတို့နေရာ ကျောင်းပေတည်း။ ထိုနေရာကျောင်းသည် - ၁ - ဥဿဝနန္တိကကုဋိ ၂ - ဂေါနိသာဒိကကုဋိ ၃ - ဂဟပတိကုဋိ ၄ - သမ္မုတိကုဋီဟု လေးမျိုးရှိ၏၊ ထိုလေးမျိုးမှ လွတ်သော နေရာကျောင်းသည် အကပ္ပိယကုဋိမည်၏၊ ခဲဖွယ်ဘောဇဉ် တို့ကို ညဉ့်သိပ် သိုမှီးလျှင် ရဟန်းတို့ မစားအပ်၊ အန္တောဝုတ္ထဒုက္ကဋ် အာပတ် သင့်သည်။) ---

ကပ္ပိယကုဋီကို ဘယ်မှာ သမုတ်ရမလဲ

ရဟန်းဝိနည်းတွင် သံဃာနေသည့် အဆောင်၌ စားစရာကို သိုလှောင်ထားမည်ဆိုလျှင် "ကပ္ပိယကုဋိ" ဖြစ်ရမည်။ ကပ္ပိယကုဋီ မဟုတ်ဘဲ စားစရာများကို သိုလှောင်ထားလျှင် ဘုဉ်းပေးသော ရဟန်းတိုင်း ဒုက္ကဋ်အာပတ်သင့်တော့သည်။

ကပ္ပိယကုဋိ (၄) မျိုး

၁။ ဥဿဝနန္တိကကပ္ပိယကုဋိ
အဆောင်ကို ဆောက်လုပ်ရာတွင် သစ်သားတိုင်ဖြင့် ဆောက်လျှင် သစ်သားတိုင်ကို ရဟန်းက ကိုင်လျက် "ကပ္ပိယကုဋိံ ကရောမ" ဟု ဆို၍ ချရမည်။
အုတ်ဖြင့် ဆောက်လုပ်သော ကျောင်းဖြစ်လျှင် မြေပေါ်သို့ ပထမဆုံးတက်သော အုတ်ခဲကို ကိုင်လျက် "ကပ္ပိယကုဋိံ ကရောမ" ဟု ဆို၍ ချရမည်။
ဤသို့ ပြုလုပ်လျှင် "ဥဿာဝနန္တိကကုဋိ" ဖြစ်တော့သည်။ ထိုကျောင်းဆောင်၌ စားစရာများ သိမ်းထားနိုင်တော့သည်။

၂။ ဂေါနိသာဒိကကပ္ပိယကုဋိ
ကျောင်းတိုက်တစ်ဝန်းလုံး ခြံစည်းရိုး အကာမရှိလျှင် (သို့မဟုတ်) တစ်ချို့တစ်ဝက်သာ ကာထားလျှင် "ဂေါနိသာဒိကကပ္ပိယကုဋိ" ဖြစ်တော့သည်။
ကျောင်းတစ်ဝန်းလုံးကို ခြံကာလိုက်လျှင်ကား "ဂေါနိသာဒိကကပ္ပိယကုဋိ" မဖြစ်တော့ပေ။

၃။ ဂဟပတိကပ္ပိယကုဋိ
ရေစက်ချသောအခါ ဒကာဒကာမတို့က "ကပ္ပိယကုဋိံ ဒေမ" ဟု ဆို၍လည်းကောင်း "ကပ္ပိယကုဋိံ ကာတုံ ဒေမ" ဟု ဆို၍လည်းကောင်း လှူဒါန်းလျှင် "ဂဟပတိကပ္ပိယကုဋိ" ဖြစ်တော့သည်။
"ကပ္ပိယဝေါဟာရသဒ္ဒါ မပါဘဲလျက်" ဣမံ ဝိဟာရံ သံဃဿ ဒေမ၊ အာယသ္မတော ဒေမ" စသည်ဖြင့် ရေစက်သွန်းချ လှူဒါန်းသောကျောင်း၊
ရေစက်ပင်မချဖြစ်ဘဲ ဒါယကာတို့က အာလယပြတ်စွန့်ပစ် လှူထားသောကျောင်းတို့သည် "အကပ္ပိယကုဋိ" မည်၏ ဟု ဝိသုဒ္ဓါရုံဆရာတော် မိန့်တော်မူ၏။

၄။ သမ္မုတိကပ္ပိယကုဋိ
ကမ္မဝါစာဖတ်၍ သမုတ်ထားသော ကျောင်းဆောင်ကို "သမ္မုတိကပ္ပိယကုဋိ" ဟု ခေါ်သည်။
သမ္မုတိကပ္ပိယကုဋိပြုလုပ်ရာတွင် ကမ္မဝါစာဖတ်ရမည်ဆိုရာ၌ မည်သည့်နေရာကဖတ်ရမည်နည်း?
သိမ်ထဲဝင်၍ ကမ္မဝါရဖတ်ရမည်လား?
သမုတ်မည့် ကျောင်းဆောင်၌ ကမ္မဝါဖတ်ရမည်လား ဟု ဝိနည်းဆောင်ရဟန်းများ သံသယ ဖြစ်လျက် ရှိကြရာ ဝိသုဒ္ဓါရုံဆရာတော်ကြီးက "ကပ္ပိယကုဋိကို ကျောင်းဝန်းထဲ၌ မသမုတ်အပ်၊ သိမ်ထဲ၌သာ ကမ္မဝါဖတ်၍ သမုတ်ရသည်" ဟု မိန့်တော်မူ၏။
သံဃာနေသော အဆောင်ဖြစ်မှသာ ကပ္ပိယကုဋိ ၄-မျိုးတွင် တစ်မျိုးမျိုး ဖြစ်အောင် လုပ်ရသည်။
ထို့ကြောင့် သံဃာနေဆောင် မဟုတ်သော ဆွမ်းချက်ဆောင်၊ ဆွမ်းစားကျောင်း၊ ကပ္ပိယအဆောင် စသည်တို့သည် အထက်၌ ဆိုခဲ့သော ကပ္ပိယကုဋိ ၄-မျိုးတွင် မပါဝင်ဘဲ သူ့အလိုလိုပင် ကပ္ပိယကုဋိ ဖြစ်ကြောင်း ဝိမတိဋီကာဆရာမိန့်တော်မူသည်။

ကျမ်းညွှန်း။
၁။ ဝိမတိဋီကာ၊ ဒု၊ ၁၉၀
၂။ ဝိသုဒ္ဓါရုံအဆုံးအဖြတ်ကျမ်း၊ ၅၉၊ ၇ ---

ဘုရားဖူးအပြန် ရတနာခုနစ်ပါး အပြည့်ရခြင်း

စိတ္တသူကြွယ် ဥပါသကာ သည်လည်း မိမိနှင့်အတူတကွ လိုက်လာ ကြကုန်သော သုံးထောင်သော သူတို့နှင့်အတူ အချည်းနှီးသော လှည်းတို့ဖြင့် တဖန် လမ်းခရီးသို့ သွားလေ၏။ နတ်လူတို့သည် ထလာကြကုန်၍ အရှင်သူကြွယ် အရှင်သည် အချည်းနှီးသော လှည်းတို့ဖြင့် သွားခြင်းအမှုကို ပြုအပ်ဘိသည်တကားဟု ဆိုကုန်လျက် ရတနာ ခုနစ်ပါးတို့ဖြင့် လှည်းတို့ကို ပြည့်စေကြ လေကုန်၏။ စိတ္တသူကြွယ်လည်း ပို့သလာသော လက်ဆောင် ပဏ္ဏာကာရဖြင့်သာလျှင် လူများ အပေါင်းကို စောင့်ရှောက်သမှု ပြုစုလုပ်ကျွေးကာ ပြန်သွားလေ၏။

အရှင် အာနန္ဒာ မထေရ်သည်လည်း မြတ်စွာဘုရားကို ရှိခိုးလျက် ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား စိတ္တသူကြွယ်သည် ရှင်တော်ဘုရားတို့၏ အထံတော်သို့ လာသောအခါလည်း တလတိုင်တိုင် လာပါရသည်။ ဤကျောင်းတော်၌လည်း တလတိုင်တိုင်သာလျှင် နေပါသည် ဘုရား။ ဤမျှလောက်သော ကာလပတ်လုံး နတ်လူတို့သည် ရှေးရှုဆောင်ယူ ပေးလာအပ်သော လက်ဆောင် ဖြင့်သာလျှင် ကြီးစွာသော အလှူဒါနကို ပေးလှူပါလေပြီ။

ယခုအခါ လှည်းငါးရာတို့ကို အချည်းနှီး ပြု၍ တလဖြင့်သာလျှင် သွားရလိမ့်မည် ဖြစ်ပါသတတ်၊ နတ်လူတို့သည် ထိုစိတ္တသူကြွယ်အား ထလာကြကုန်၍ အရှင်သူကြွယ် အရှင်သည် အချည်းနှီး သော လှည်းတို့ဖြင့် သွားခြင်းအမှုကို ပြုအပ်ဘိသည် တကားဟု ဆိုကုန်လျက် လှည်းငါးရာတို့ကို ရတနာ ခုနစ်ပါးတို့ဖြင့် ပြည့်စေကြလေကုန်၏။

ထိုစိတ္တသူကြွယ်သည် တဖန် မိမိအား ပို့သလာသော လက်ဆောင် ပဏ္ဏာကာရဖြင့် သာလျှင် လူများအပေါင်းကို စောင့်ရှောက်သမှု ပြုစုလုပ်ကျွေးကာ သွားပါလိမ့်မည် ဘုရားဟု လျှောက်ထား ပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အသို့ပါနည်း ထိုစိတ္တသူကြွယ်အား ရှင်တော် မြတ်ဘုရားတို့၏ ထံမှောက်တော်သို့ လာရောက် ချဉ်းကပ်သော်သာလျှင် ဤသို့သော လာဘ် ပူဇော်သက္ကာရသည် ဖြစ်ရပါသလော သို့တည်းမဟုတ် တပါးသော အရပ်သို့ သွားရောက် သော်လည်း ဤသို့ သဘောရှိသော လာဘ်ပူဇော် သက္ကာရသည် ဖြစ်ရပါသလော ဘုရားဟု မေးလျှောက်လေ၏။

ချစ်သားအာနန္ဒာ ငါဘုရား၏ အသံသို့လာသော်၎င်း အရပ်တပါးသို့ သွားသော်၎င်း ထိုသူကြွယ်အား ဤသို့ သဘောရှိသော ပူဇော်သက္ကာရသည် ဖြစ်သည်သာလျှင်တည်း။

ဤဥပါသကာ ဒါယကာကား ယုံကြည်ခြင်း သဒ္ဓါဂုဏ်ရှိ၏။
ကြည်ညိုခြင်း ပသန္နဂုဏ်ရှိ၏။
အပြည့် အစုံ သင်းထုံသော သီလဂုဏ်ရှိ၏။

ဤသို့သဘောရှိသော ပုဂ္ဂိုလ်သည် အကြင် အကြင် အရပ်သို့ချဉ်းကပ် သွားလာ၏။ ထိုထိုအရပ် ၌ပင် ထိုသူအား လာဘ်ပူဇော် သက္ကာရသည် ဖြစ်ပေါ်လာရ၏ ဟုမိန့်တော်မူ၍ မြတ်စွာဘုရား သည် ပကိဏ္ဏကဝဂ်၌ လာသောဤဂါထာကို ဟောတော်မူလေ၏။

သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသော ဘောဂ သမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။

သဒ္ဓေါ၊ သဒ္ဓါတရားရှိသော။ သီလေန၊ သီလနှင့်။ သမ္ပန္နော၊ ပြည့်စုံသော သူသည်။ ယသော၊ ကျော်စောသတင်း ရှိသည်ဖြစ်၍။ ဘောဂသမပ္ပိတော၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်ဖြစ်၍။ ယံယံ ပဒေသံ၊ အကြင်အကြင် အရပ်သို့။ ဘဇတိ၊ ချဉ်းကပ်သွားလာ၏။ တတ္ထ-တတ္ထေဝ၊ ထိုထိုအရပ်၌သာလျှင်။ ပူဇိတော၊ ပူဇော်အပ်သည်။ ဟောတိ၊ ဖြစ်၏။

[ဤဂါထာ၏ အနက်အဓိပ္ပါယ် အဖွင့်သည်ကား ထိုပကိဏ္ဏကဝဂ်၌သာလျှင် ထင်ရှားစွာဖြစ်လတ္တံ့။] ---

မုဆိုးဘ၀ ရှေးကောင်းမှု ဆုတောင်း

ဤသို့ မြတ်စွာဘုရား ဟောကြားတော် မူအပ်သည်ရှိသော် အရှင်အာနန္ဒာ မထေရ်သည် စိတ္တသူကြွယ်၏ ရှေးကောင်းမှုကံကို မေးလျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာ မထေရ်အား ဟောကြားတော်မူလိုသည်ဖြစ်၍ မိန့်ကြားတော်မူဟန်ကား -

ချစ်သား အာနန္ဒာ ဤစိတ္တသူကြွယ်သည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်သော ဆုတောင်းခြင်း ရှိသည်ဖြစ်၍ ကမ္ဘာတသိန်း ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ပြီးလျှင် ကဿပမြတ်စွာ ဘုရား၏ လက်ထက်တော်၌ သားမုဆိုးအမျိုး၌ ဖြစ်ရသဖြင့် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် တနေ့သ၌ မိုဃ်းရွာလတ်သောအခါ သားသမင်တို့ကို သတ်ခြင်းငှါ လှံကိုယူ၍ တောအုပ်သို့ သွားပြီးလျှင် သားသမင်တို့ကို ကြည့်ရှုလတ်သည်ရှိသော် မပြုမပြင် ပင်ကိုယ်ဖြစ်သော တခုသော တောင်ဝှမ်း၌ ဦးခေါင်းနှင့်တကွခြုံ၍ ထိုင်နေတော်မူသော ရဟန်းတပါးကို မြင်ရလျှင် အရှင်ကောင်း တပါးသည် ရဟန်းတရားကို အားထုတ်လျက် သီတင်း သုံးနေတော်မူသည် ဖြစ်ပေလတ္တံ့၊ ထိုအရှင်မြတ်အား ဆွမ်းကိုဆောင်ပို့အံ့ ဟုကြံလျက် လျင်မြန်စွာ အိမ်သို့ပြန်လာ၍ တခုသောခုံလောက်၌ ယမန်နေ့က ဆောင်ယူ၍ ထားအပ်သော အမဲကို၎င်း တခုသော ခုံလောက်၌ ထမင်းကို၎င်း ချက်စေပြီးလျှင် ဆွမ်းခံ လှည့်လည်တော်မူကုန်သော တပါးသော ရဟန်းတို့ကိုမြင်လျှင် ထိုရဟန်းတို့၏ သပိတ်တို့ကိုလည်း ယူ၍ ခင်းထားအပ်သော နေရာ၌ သီတင်းသုံး နေစေလျက် ဆွမ်းကိုစီရင်၍ အရှင်ကောင်းတို့ကို ဆွမ်းလုပ်ကျွေး ကြပါ ကုန်လော့ဟု သူတပါးကို စေခိုင်းပြီးလျှင် ချက်ပြုတ်အပ်သော ထိုထမင်းကို အထုပ်၌ပိုးထုပ်ကာ ယူဆောင်၍သွားသည်ရှိသော် -

ခရီးအကြား၌ အထူးထူးသော ပန်းတို့ကို ဆွတ်ခူး၍ ထမင်းထုပ်၌ တင်လျက် မထေရ်မြတ်၏ နေရာအရပ်သို့ သွားရောက်ပြီးလျှင် အရှင်ဘုရား တပည့်တော်အား ချီးမြှင့်ခြင်းအမှုကို ပြုတော် မူကြပါဘုရားဟု လျှောက်ကြားပြီးလျှင် သပိတ်ကိုယူသဖြင့် ဆွမ်းတို့ဖြင့် ပြည့်စေပြီးမှ မထေရ်မြတ်၏ လက်၌ထားလျက် ထိုပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြုပြီးလျှင် ဘုရား တပည့်တော်၏ ပန်းပူဇော်ခြင်း နှင့်တကွ အရသာရှိလှသော ဤဆွမ်းသည် စိတ်ကိုနှစ်သက်စေနိုင် ဘိသကဲ့သို့ ဤအတူ ဖြစ်တိုင်း ဖြစ်တိုင်းသောဌာန၌ လက်ဆောင် ပဏ္ဏာကာရ တထောင်မျှလောက်တို့သည် ရောက်လာ၍ တပည့်တော်၏စိတ်ကို နှစ်သိမ့်စေလျက် ငါးပါးသောအဆင်း ရှိသော ပန်းမိုဃ်း ရွာခြင်းဖြင့်လည်း ရွာပါစေသတည်းဟု ပတ္ထနာအမှု ဆုတောင်းခြင်းကို ပြုလေ၏။

ထိုသားမုဆိုးသည့် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကို ပြုသဖြင့် နတ်ပြည်၌ ဖြစ်လေ၏။ ဖြစ်လေရာဌာန၌ ဒူးပုဆစ်မျှလောက်သော အပိုင်း အခြားအားဖြင့် နတ်ပန်းမိုဃ်းသည် ရွာလေ၏။ ဤယခုဘဝ၌လည်း ထိုသူကြွယ် ဖွားမြင်သောနေ့၌၎င်း ဤအရပ်သို့ ရောက်သောအခါ၌၎င်း ပန်းမိုဃ်း ရွာခြင်းသည်၎င်း၊ လက်ဆောင်ပဏ္ဏာ ရှေးရှု ဆောင်ပို့ခြင်းသည်၎င်း၊ ရတနာ ခုနစ်ပါး တို့ဖြင့် လှည်း၌ ပြည့်စေခြင်းသည်၎င်း ထိုသားမုဆိုး ဖြစ်စဉ်အခါက ပြုခဲ့ဖူးသော ကုသိုလ်ကံ၏ အကျိုးဆက်သာတည်းဟု အတိတ်ကို ဆောင်၍ မိန့်ကြားတော်မူလေ၏။

စိတ္တသူကြွယ်ဝတ္ထုပြီး၏။

၁၅ - ဝနဝါသီ တိဿ သာမဏေဝတ္ထု

အညာဟိ လာဘူပနိသာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဝနဝါသီတိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

[ဒေသနာတော်သည် ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။]

---

မဟာသေန ပုဏ္ဏားကြီး ဆင်းရဲခိုက် အလှူပေးခြင်း

အရှင်သာရိပုတြာ မထေရ်မြတ်၏ ဘခမည်းတော် ဝင်္ဂန္တ မည်သော ပုဏ္ဏားကြီး၏ အဆွေခင်ပွန်း ဖြစ်သော မဟာသေန အမည်ရှိသော ပုဏ္ဏားကြီးသည် ရာဇဂြိုဟ်ပြည်၌ နေသတတ်။ အရှင်သာရိပုတြာ မထေရ်သည် တနေ့သ၌ ဆွမ်းအလို့ငှါ ကြွသွားတော်မူသည်ရှိသော် ထို မဟာသေန ပုဏ္ဏားကြီး၌ အစဉ်သနားသောအားဖြင့် ပုဏ္ဏားကြီး၏ အိမ်တံခါးသို့ ကြွသွား တော်မူလေ၏။ ထိုပုဏ္ဏားကြီးကား ကုန်ပြီးသော စည်းစိမ်ချမ်းသာ ရှိသည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်နေရကား ငါ၏သား မထေရ်ကား ငါ၏အိမ်တံခါးသို့ ဆွမ်းအလို့ငှါ ကြွဝင်တော် မူလာသည် ဖြစ်ပေလတ္တံ့။ ငါသည်လည်း ဆင်းရဲခိုက်ဖြစ်ခဲ့၏။ ငါ၏ ဆင်းရဲသည့် အဖြစ်ကိုလည်း မသိလေ ယောင်တကား။ ငါ့အား တစုံတခုသော လှူဒါန်း ပေးကမ်းဖွယ် ဝတ္ထုသည်လည်း မရှိဟု ကြံ၍ ထိုပုဏ္ဏားကြီးသည် မထေရ်၏ မျက်မှောက်၌ ဖြစ်ခြင်းငှါ (နေထိုင်ခြင်းငှါ) မစွမ်းနိုင်သဖြင့် ပုန်းအောင်း၍သာ နေလေ၏။

အရှင်သာရိပုတြာ မထေရ်သည် နောက်တနေ့၌လည်း ကြွသွားတော်မူပြန်၏။ ပုဏ္ဏားကြီး သည်လည်း ရှေးနည်းအတူ ပုန်းအောင်း၍သာ နေပြန်လေ၏။ တစုံတခု လှူဖွယ်ဝတ္ထုကို ရလျှင် လှူဒါန်းပေအံ့ဟု ကြံပါသော်လည်း တစုံတခုကိုမျှ မရလေ။ ထို့နောက် တနေ့သ၌ တခုသော ပုဏ္ဏားတို့ စာဟောပွဲ၌ ထူထဲ ရုံ့ရင်းသော ပုဆိုးပိုင်းနှင့်တကွ နို့ဃနာခွက်ကိုရသဖြင့် ယူဆောင်၍ အိမ်သို့ ရောက်လျှင် ရောက်ခြင်း မထေရ်ကို ဤဆွမ်းကို ငါသည် မထေရ်မြတ်အား ပေးလှူခြင်းငှါ သင့်၏ဟု အောက်မေ့သတိရ ရှိလေ၏။

အရှင်သာရိပုတြာ မထေရ်သည်လည်း ထိုခဏ၌ ဈာန်သမာပတ်ကို ဝင်စား၍ သမာပတ်မှ ထတော်မူသည်ရှိသော် ထိုပုဏ္ဏားကြီးကိုမြင်၍ ပုဏ္ဏားကြီးသည် လှူဖွယ်ဝတ္ထုကို ရသောကြောင့် ငါ၏လာရောက်ခြင်းကို တောင့်တမျှော်လင့်၍ နေ၏။ ငါသည် ထိုအရပ်သို့ ကြွသွားခြင်းငှါ သင့်လျော် လျောက်ပတ်ပေ၏ဟု ဒုကုဋ်သင်္ကန်းကို ရုံတော်မူ၍ သပိတ်ပိုက်ကာ ထိုပုဏ္ဏားကြီး၏ အိမ်တံခါးဝ၌ ရပ်လျက်သာလျှင် မိမိကိုယ်ကို ပြတော်မူလေ၏။

မဟာသေန ပုဏ္ဏားကြီးသည် မထေရ်ကိုမြင်ရ၍ သာလျှင် စိတ်သည် ကြည်လင်လေ၏။ ထိုအခါ မထေရ်သို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးပြီးမှ ပဋိသန္ဓာရစကား ပြောကြားသဖြင့် အိမ်တွင်း၌ ထိုင်နေစေ၍ နို့ဃနာခွက်ကို ကိုင်ယူလျက် မထေရ်၏သပိတ်၌ လောင်းထည့် လှူဒါန်းလေ၏။ မထေရ်လည်း ထက်ဝက်မျှလောက်ကိုသာ ခံယူလျက် သပိတ်ကိုပိတ်တော်မူ၏။ ထိုအခါ ပုဏ္ဏားကြီး က မထေရ်ကို အရှင်ဘုရား ဤနို့ဃနာသည် တယောက်စာမျှအဖို့သာ ဖြစ်ပါသည်။ တမလွန်လောက နောက်ဘဝ၌ ချီးမြှင့်ခြင်းကိုသာ ပြုတော်မူပါ ဤပစ္စုပ္ပန်ဘဝ ပစ္စက္ခ၌ ချီးမြှင့်ခြင်းကို ပြုတော် မမူပါလင့်၊ ကြွင်းမဲ့အကုန် အလုံးစုံကိုသာ လှူဒါန်းလိုပါသည် ဘုရားဟု လျှောက်ထား၍ အလုံးစုံ အကုန်ကိုပင် လောင်းထည့်၏။

မထေရ်သည်လည်း ထိုနေရာ၌ပင် ဘုဉ်းပေး သုံးဆောင်တော်မူလေ၏။ ထို့နောက် ဆွမ်းဘုဉ်း ပေးပြီးသော အဆုံး၌ မထေရ်အား မိမိရရှိသော ပုဆိုးပိုင်းကိုလည်း ပေးလှူ၍ ရှိခိုးဦးချပြီး သောအခါ အရှင်ဘုရား တပည့်တော်သည်လည်း အရှင်ဘုရားတို့ သိမြင်အပ်သော တရားတော်ကိုသာလျှင် မျက်မှောက်ပြုနိုင်ရပါလို၏ ဘုရားဟု ဆုတောင်း လျှောက်ထားလေ၏။

မထေရ်မြတ်ကလည်း ဒါယကာ ပုဏ္ဏားကြီး အသင် တောင်းသော ဆုအတိုင်း ပြည့်စုံစေဟု ထို ပုဏ္ဏားကြီးအား ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၍ နေရာမှထ၍ ဖဲကြွတော်မူလျက် အစဉ် သဖြင့် ဒေသစာရီ လှည့်လည်သည်ရှိသော် ဇေတဝန်ကျောင်းတော်သို့ ရောက်တော်မူလေ၏။

[ဆင်းရဲသော အခါကာလ၌ သာလျှင် ပေးလှူအပ်သော အလှူဒါနမည်သည် အလှူရှင်အား အလွန်လျှင် နှစ်သက်ခြင်းကို ဖြစ်စေတတ်ပေ၏။]

ပုဏ္ဏားကြီးသည်လည်း ထိုအလှူဒါနကို ပေးလှူပြီးလျှင် ကြည်ညိုနှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လတ်သဖြင့် အရှင်သာရိပုတြာ မထေရ်၌ အလွန်အကဲ ချစ်ကြည်မြတ်နိုး ခြင်းကို ပြုလေ၏။

---

မဟာသေနပုဏ္ဏား တဖြစ်လဲ ကျေးဇူး သိတတ်ခြင်း

ထိုပုဏ္ဏားကြီးသည် မထေရ်၌ ချစ်ခင်ကြည်ညိုခြင်းဖြင့်သာလျှင် စုတေ့မနေ သေလွန်ခြင်းကို ပြုသည်ရှိသော် သာဝတ္ထိပြည်ဝယ် အရှင်သာရိပုတြာ မထေရ်၏ အလုပ်အကျွေးဖြစ်သော အမျိုး အိမ်၌ ပဋိသန္ဓေတည်နေ စွဲယူလေ၏။ ထိုခဏ၌သာလျှင် ပဋိသန္ဓေတည်နေသော သူငယ်၏ မိခင် သည် ငါ၏ဝမ်း၌ သူငယ်ပဋိသန္ဓေ တည်နေပြီဟုသိလျက် အရှင်ခင်ပွန်းသည် လင် ယောကျ်ားအား ပြောကြားသဖြင့် လင်ယောက်ျားက ထိုမိန်းမအား ကိုယ်ဝန် အစောင့်အရှောက်ကို ပေးလေ၏။

ထိုသူငယ် ပဋိသန္ဓေရှိသော မိန်းမအား ပူလွန်းသော အရသာ အေးလွန်းသော အရသာ ချဉ်လွန်း သောအရသာ စသည်တို့ကို သုံးဆောင် စားသောက်ခြင်းကို ကြဉ်ရှောင်စေလျက် ချမ်းသာခြင်းဖြင့် ကိုယ်ဝန်ကို စောင့်ရှောက်အပ်သည် ရှိသော် ဤသို့သဘောရှိသော ချင်ခြင်းသည် ဖြစ်လေ၏။ ငါသည် အရှင်သာရိပုတြာ မထေရ် အမှူးရှိကုန်သော ငါးရာသော ရဟန်းတို့ကို ပင့်ဖိတ်၍ အိမ်၌ထိုင်နေ စေလျက် ရေမရောသော နို့ဃနာဆွမ်းကို ပေးလှူပြီးသောအခါ မိမိကိုယ်တိုင်လည်း ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်၍ ရွှေခွက်ကို ယူပြီးလျှင် အဆုံး ဖြစ်သော နေရာစွန်း၌ ထိုင်နေလျက် ဤမျှလောက်သော ရဟန်းတို့ ဘုဉ်းပေးသုံးဆောင်၍ ကြွင်းကျန်သော စားကြွင်း နို့ဃနာဆွမ်းကို စားသုံးရပါမူကား ကောင်းလေစွဟု ချင်ခြင်းဖြစ်လေ၏။

[ထိုမိန်းမ၏ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်ခြင်း၌ဖြစ်သော ချင်ခြင်း သည်ကား ဝမ်း၌ ပဋိသန္ဓေ တည်စွဲနေသော သားငယ်၏ မြတ်စွာဘုရား သာသနာတော်တွင်း၌ ရဟန်းပြုခြင်းငှါ ဖြစ်သော ပုဗ္ဗနိမိတ်ဖြစ်ပေသတတ်။]

ထိုအခါ ထိုမိန်းမ၏ မိဘ ဆွေမျိုးတို့သည် ငါတို့သ္မီး၏ ချင်ခြင်းကား သူတော်ကောင်း တရားအား လျော်ပေ၏ဟု သာရိပုတြာမထေရ်မြတ်ကို အကြီးအမှူး သံဃာထေရ်ပြု၍ ငါးရာသော ရဟန်း တို့အား ရေမရောသော နို့ဃနာဆွမ်းကို ပေးလှူလေကုန်၏။

ထိုမိန်းမသည်လည်း တခုသော ဖန်ရည်စွန်းသော အဝတ်ကို ဝတ်လျက် တထည်ကိုရုံလျက် ရွှေခွက်ကို ကိုင်၍ အဆုံးဖြစ်သော နေရာစွန်း၌ ထိုင်နေလျက် သံဃာ့စားကြွင်းဖြစ်သောနို့ဃနာကို သုံးဆောင်စား သောက်လေ၏။ ထိုခဏ၌ ချင်ခြင်းသည် ငြိမ်းပျောက်လေ၏။

ထိုမိန်းမအား ကိုယ်ဝန်မှ ထမြောက်သည် တိုင်အောင် အကြားအကြား၌ ပြုအပ်သောမင်္ဂလာ တို့၌၎င်း ဆယ်လလွန်သဖြင့် သားကိုဖွားမြင်သဖြင့် ပြုအပ်သော မင်္ဂလာတို့၌၎င်း ရှင်သာရိပုတြာ မထေရ် အမှူးရှိသော ရဟန်းငါးရာတို့အား ရေမရောသော မြိန်သော နို့ဃနာကိုသာလျှင် ပေးလှူကြကုန်၏။

[ဤအလုံးစုံသည် သူငယ်၏ လွန်လေပြီးသော ဘဝ မဟာသေနပုဏ္ဏား ဖြစ်စဉ် ကာလ၌ ပေးကမ်း လှူဒါန်းအပ်သော နို့ဃနာ၏ အကျိုးဆက် ဖြစ်ပေသတတ်။]

သားဖွားမင်္ဂလာပြုသော နေ့၌ကား ထိုသူငယ်ကို နံနက်စောစော ကပင်လျှင် ရေချိုးစေ၍ တန်းဆာ ဆင်ယင်စေပြီးလျှင် အသရေရှိသော အိပ်ရာဝယ် အဘိုး တသိန်းထိုက်တန်သော ကမ္ဗလာ၏ အထက်၌ သိပ်ထားကြလေကုန်၏။ သူငယ်သည်လည်း ထိုကမ္မလာ အိပ်ရာထက်၌ အိပ်လျက် သာလျှင် အရှင်သာရိပူတာ မထေရ်ကို စိန်းစိန်းကြည့်၍ ဤမထေရ်သည် ငါ၏ ရှေးဆရာရင်း ပေတည်း။ ငါသည် ဤမထေရ်ကိုမှီ၍ ဤစည်းစိမ်၏ပြည့်စုံခြင်းကို ရပေ၏။

ငါသည် ဤမထေရ်အား တခုသော ပစ္စည်းဝတ္ထုကို လှူဒါန်းစွန့်ကြဲခြင်းငှါ သင့်လျော်ပေ၏ဟု ကြံ၍ သိက္ခာပုဒ်သီလကို ခံယူဆောက်တည်စိမ့်သောငှါ သူငယ်ကိုဆောင်ယူ လာခဲ့သည်ရှိသော် ထို တသိန်းတန် ကမ္ဗလာကို လက်ချောင်းငယ်ဖြင့် ရစ်ပတ်ကာ ယူလေ၏။ ထိုအခါ သူငယ်၏ လက်ချောင်း၌ ကမ္ဗလာချိပ်ငြိနေသည်ဟု သူငယ်ကို ဆောင်ကုန်သော သူတို့သည် ကမ္ဗလာကို ဖယ်ခြင်းငှါ အားထုတ်ကြကုန်၏။ သူငယ်သည် ပြင်းစွာငိုကြွေးလေ၏။

မိဘအဆွေ အမျိုးတို့သည် ဖဲကြကုန်လော့ သူငယ်ကို အငို မရှာကြကုန်လင့်ဟု တားမြစ်၍ ကမ္ဗလာနှင့်တကွသာလျှင် ဆောင်ယူကြရ၏ သူငယ်သည်လည်း မထေရ်ကို ရှိခိုးသောအခါ ကမ္ဗလာမှ လက်ချောင်းကိုဆွဲငင်၍ ကမ္ဗလာကို မထေရ်၏ ခြေတော်ရင်း၌ ကျစေလေ၏။

---

တိဿအမည်မှည့်ခြင်းနှင့် ကျောင်းတော်သို့ပို့ခြင်း

မိဘဆွေမျိုးတို့သည် သူငယ် သတို့သားသည် ကလေး အမိုက်အမဲ မသိမလိမ္မာသောကြောင့် ပြုလေဘိသည်ဟု မဆိုမူ၍ အရှင်ဘုရား တပည့်တော်တို့၏ သားငယ်ကလေး ပေးကမ်း လှူဒါန်းအပ်သော အလှူသည် လွတ်လွတ် ကျွတ်ကျွတ် စွန့်လွှတ်အပ်ပြီးသော အလှူပင် ဖြစ်ပါစေ ဘုရားဟု လျှောက်ကြား၍ အရှင်ဘုရား အဘိုးတသိန်း ထိုက်တန်သော ကမ္ဗလာဖြင့် လှူဒါန်း ပူဇော်ခြင်းကိုပြုသော အရှင်ဘုရားတို့၏ ကျေးကျွန်အား သိက္ခာပုဒ်တို့ကို ပေးသနားတော် မူကြပါ ဘုရားဟု လျှောက်ထားကြလေကုန်၏။

ဤသူငယ်သည် အဘယ်အမည် ရှိသနည်းဟု မထေရ်က မေးသည်ရှိသော် အရှင်ဘုရား ဤ သားငယ် သည် အရှင်ဘုရားနှင့် အမည်တူ တိဿ အမည်ရှိသောသူ ဖြစ်ပါလတ္တံ့ ဟု လျှောက်ကြားကြကုန်၏။

(အရှင် သာရိပုတြာမထေရသည် လူဖြစ်စဉ် အခါကာလ ဥပတိဿ မည်သော လုလင်ဖြစ်လေ သတတ်။)

ထိုသူငယ်၏မိခင်လည်း ငါသည် သားငယ်၏ အလိုဆန္ဒ အဇ္ဈာသယကို မဖျက်ဆီးထိုက်ဟု ကြံလေ၏။ ဤသို့သူငယ်အား အမည်မှည့်ခြင်း မင်္ဂလာကို ပြုပြီးလျှင် တဖန် -

သူငယ်အား ထမင်း အာဟာရ သုံးဆောင်ခြင်းမင်္ဂလာ ပြုရာ၌၎င်း၊
တဖန် သူငယ်အား နားထွင်းမင်္ဂလာ ပြုရာ၌၎င်း၊
ပုဆိုးဝတ်မင်္ဂလာ ပြုရာ၌၎င်း၊
ဥသျှောင် ထုံးမင်္ဂလာ ပြုရာ၌၎င်း
အရှင်သာရိပုတြာမထေရ် အမှူးရှိသော ငါးရာသော ရဟန်းတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် လှူဒါန်း ကြလေကုန်၏။

သူငယ်သည် ကြီးရင့်ခြင်းသို့ ရောက်၍ ခုနစ်နှစ်သား အရွယ် ရှိသောအခါ အမိကို မိခင် အကျွန်ုပ်သည် အရှင်သာရိပုတြာမထေရ်၏ အထံ၌ ရှင်သာမဏေပြုပါရစေဟု ခွင့်တောင်းလေ၏။ ချစ်သား ကောင်းလှပြီ ရှေးအခါ ကာလကပင် ငါသည် သား၏အလိုကို မဖျက်ဆီးထိုက်ဟု စိတ်ထား နှလုံးသွင်း ပြုထားသည် ချစ်သား ရှင်သာမဏေပြုပါဟု အနူးအညွတ်ခွင့်ပြု၍ မထေရ်ကို ပင့်ဖိတ်စေပြီးလျှင် ကြွလာတော်မူသော မထေရ်အား ဆွမ်းကို ပေးလှူသဖြင့် အရှင်ဘုရား အရှင်ဘုရားတို့၏ ကျေးကျွန်သည် ရှင်သာမဏေ ပြုပါရစေဟု ခွင့်တောင်းပါသည် ဤသူငယ်ကို ယူဆောင်၍ ညချမ်းအခါကျောင်းသို့ လာခဲ့ပါမည်ဘုရားဟု လျှောက်ကြား၍ မထေရ်ကို လွှတ်လိုက်ပြီးလျှင် ညချမ်းသောအခါ ကြီးစွာသော မြတ်နိုးတနာဖြင့် သားငယ်ကို ယူဆောင်လျက် ကျောင်းတော်သို့ သွား၍ မထေရ်အား ဆောင်နှင်းလေ၏။

အရှင်သာရိပုတြာမထေရ်သည် ထိုသူငယ်နှင့် အတူတကွ စကားပြောကြားလိုသည်ဖြစ်၍ သူငယ်တိဿ ရှင်သာမဏေ ပြုရခြင်း မည်သည်ကား ခဲယဉ်းလှပေ၏။ အပူကို အလိုရှိသော် အဧးကို ရတတ်၏။ အဧးကို အလိုရှိသော် အပူကိုရတတ်၏။ ရှင်သာမဏေတို့မည်သည် ဆင်းရဲ ငြိုငြင်သဖြင့် အသက်မွေးကြရကုန်၏။ သင်သည်လည်း ချမ်းသာခြင်းဖြင့် ကြီးပွား၍လာခဲ့၏ဟု ဤသို့သော စကားကို မိန့်ကြားတော်မူလတ်သော် အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားတို့ ဆိုဆုံးမသော နည်းအတိုင်းဖြင့်သာလျှင် အလုံးစုံကိုပြုခြင်းငှါ စွမ်းနိုင်ပါမည်ဘုရားဟု လျှောက်ကြားလေ၏။

---

ရှင်ပြုခြင်းနှင့် အမည်ထူးရခြင်း

မထေရ်သည်လည်း ကောင်းလှပေပြီဟု မိန့်တော်မူ၍ ထိုသူငယ်အား စက်ဆုပ်ရွံရှာဖွယ်သော အခြင်းအရာကို နှလုံးသွင်းသည်၏ အစွမ်းဖြင့် တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားတော်မူပြီး၍ ထိုသူငယ်ကို ရှင်သာမဏေ ပြုပေးတော် မူလေ၏။

[ထိုစကား မှန်၏။ အလုံးစုံသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို ဟောကြားခြင်းငှါ သင့်လျော်သည် သာလျှင်တည်း။ အလုံးစုံကို ဟောကြားခြင်းငှါ မစွမ်းနိုင်သော ဆရာသည်ကား တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားအပ်သည် သာလျှင်တည်း။ ထိုစကားသင့်စွ။ ဤဒ္ဓတ္ထိံသာကာရ ကမ္မဋ္ဌာန်း သည် ခပ်သိမ်း သော ဘုရားရှင်တို့ မစွန့်အပ်သော ကမ္မဋ္ဌာန်းသာတည်း။

ဆံပင်အစရှိသော အစုတို့တွင် တခုတခုသော အစုတို့၌ အရဟတ္တဖိုလ်သို့ ရောက်ကုန်သော ရဟန်းယောက်ျားတို့၏၎င်း ရဟန်းမိန်းမတို့၏၎င်း ဥပါသကာ ယောက်ျားတို့၏၎င်း ဥပါသိကာ မိန်းမတို့၏၎င်း ဤရွေ့ဤမျှဟု အပိုင်းအခြားမည်သည် မရှိ။ လိမ္မာခြင်းမရှိသော ဆရာရဟန်း တို့သည်ကား ရှင်ရဟန်းပြုပေးကြကုန် သည်ရှိသော် အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယကို ဖျက်ဆီးပစ်ကြကုန်၏။ ထို့ကြောင့် မထေရ်သည် တစပဉ္စကကမ္မဋ္ဌာန်းကို ဟောကြားလျက်သာလျှင် ရှင်ပြုပေး၍ ဆယ်ပါးသော သီလတို့၌ တည်စေလေသတည်း။]

သူငယ်၏ မိခင်ဖခင်တို့သည် သားငယ်၏ ရှင်သာမဏေပြုပွဲ ပူဇော်သက္ကာရကို ပြုကြကုန်လျက် ခုနစ်ရက်ပတ်လုံး ကျောင်းတော်၌သာလျှင် နေကုန်၍ ဘုရား အမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအား ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာလျှင် ပေးလှူကြကုန်၏။

ရဟန်း သံဃာတို့သည်လည်း ငါတို့သည် နေ့တိုင်းမပြတ် ရေမရောသော ချိုမြိန်သော နို့ဃနာ ဆွမ်းကို ဘုဉ်းပေး သုံးဆောင်ခြင်းငှါ မစွမ်းနိုင်ကြကုန်ဟု ပြစ်တင်ကဲ့ရဲ့ခြင်း ကိုပင်သော်လည်း ပြုကြလေကုန်၏ သာမဏေငယ်၏ မိခင်ဖခင်တို့သည် ခုနစ်ရက် မြောက်သောနေ့ ညချမ်းအခါ အိမ်သို့ပြန်သွားကြလေကုန်၏။

သာမဏေငယ် ရှင်တိဿသည် ရှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့နှင့် အတူတကွ ဆွမ်းခံခြင်း အလို့ငှါ ကြွဝင်တော်မူလေ၏။ သာဝတ္ထိပြည်သူပြည်သားတို့သည် သာမဏေငယ် ရှင်တိဿ ယနေ့ဆွမ်းခံခြင်းအလို့ငှါ ကြွဝင်တော်မူလာလိမ့်မည် ထိုသာမဏေငယ်အား ပူဇော်သက္ကာရကို ပြုကုန်အံ့ဟု ငါးရာကုန်သော ပုဆိုးတို့ဖြင့် ခေါင်းခုတို့ကိုပြု၍ ငါးရာကုန်သော ဆွမ်းတို့ကို စီရင်ကာ ဆောင်ယူ၍ ခရီးရင်ဆိုင် တည်နေကြကုန်လျက် ပေးလှူကြလေကုန်၏။

တဖန်မိုးသောက် ရောက်သောနေ့၌ ကျောင်း၏ဥပစာသို့ လာရောက်၍ ပေးလှူကြကုန်၏ ဤသို့သောနည်းဖြင့် သာမဏေသည် နှစ်ရက်သော နေ့တို့ဖြင့်သာလျှင် သင်္ကန်းပုဆိုး တထောင် တို့နှင့်တကွ ဆွမ်း တထောင်ကိုရ၍ ရဟန်း သံဃာအား ပေးလှူစေလေ၏။

[ဤသို့ပြည့်စုံခြင်းသည်လည်း ပုဏ္ဏားဖြစ်စဉ် ရှေးဘဝက ပေးလှူအပ်သော ထူထဲရုန့်ရင်းသော ပုဆိုးပိုင်း၏ အကျိုးဆက် ဖြစ်သတတ်။]

ထိုအခါ ထိုသာမဏေအား ရဟန်းတို့သည် ဆွမ်းတထောင် လှူသောကြောင့် ပိဏ္ဍပါတ ဒါယကတိဿ ဟူသောအမည်ကို မှည့်ကြလေကုန်၏။

---

ကမ္ဗလာ အလှူခံကြွခြင်းနှင့် သဝန်တိုသောသူ

တဖန် တနေ့သ၌ သာမဏေသည် ချမ်းဧးသောအခါ ကျောင်းစဉ်ဒေသစာရီ လှည့်လည် သွားလာ သည်ရှိသော် ရဟန်းတော်တို့ကို ထိုထိုသို့သော မီးတင်းကုပ် စသည်တို့၌ မီးလှုံနေကြသည် တို့ကို မြင်ရလျှင် အရှင်ဘုရားတို့ အသို့ပါနည်း၊ မီးလျှံ၍ နေကြပါကုန်သလောဘုရားဟု မေးလျှောက်၏။

ရဟန်းတော်တို့က ငါ့ရှင်သာမဏေ ငါတို့အား အချမ်းနှိပ်စက်၏ ဟု မိန့်ကုန်သည် ရှိသော် အရှင်ဘုရားတို့ ချမ်းသောကာလ၌ မည်သည့် ကမ္ဗလာကိုခြုံခြင်းရုံခြင်းငှါ သင့်လျော်သည်မဟုတ်ပါ တုံလောဟု လျှောက်၍ ထိုကမ္ဗလာကား အချမ်းကို တားမြစ်ခြင်းငှါ စွမ်းနိုင်ပါသည်ဘုရားဟု လျှောက်ပြန်လေ၏။

ငါ့ရှင်သာမဏေ သင်ကား မြတ်သော ရှေးဘုန်းရှေးကံ ရှိပေသောကြောင့် ကမ္ဗလာကို ရပေရာ၏ ဘုန်းကံနည်းပါးသော ငါတို့အား ကမ္ဗလာကို အဘယ်မှာ ရနိုင်ပါအံ့နည်း ဟု ဆိုလတ်သော် အရှင်ဘုရားတို့ ထိုသို့ဖြစ်မူ ကမ္ဗလာဖြင့် အလိုရှိကုန်သော ပုဂ္ဂိုလ်တို့သည် တပည့်တော်နှင့် တကွ လိုက်လာတော်မူကြပါစေ ဘုရားဟု အလုံးစုံသော ကျောင်း၌ ပြောကြား လျှောက်ထားစေ၏။

ထိုအခါ ရဟန်းတော်တို့သည် သာမဏေငယ် ရှင်တိဿနှင့် အတူတကွ သွား၍ ကမ္ဗလာကို ဆောင်ယူကုန်စို့အံ့ဟုဆိုလျက် ခုနစ်နှစ်သားမျှ ရှိသေးသော သာမဏေငယ်ကိုမှီ၍ တထောင်မျှ လောက်သော ရဟန်းတော်တို့သည် ထွက်လာခဲ့ကြကုန်၏။

သာမဏေငယ်လည်း ဤမျှလောက် များပြားသော ရဟန်းတော်တို့ အလို့ငှါ ကမ္ဗလာကို အဘယ်မှ ရနိုင်ပါအံ့နည်းဟု စိတ်မျှကို သော်လည်း မဖြစ်စေမူ၍ ထိုရဟန်းတော်တို့ကို ပင့်ခေါ်ဆောင် ယူပြီးလျှင် မြို့သို့ရှေးရှု ကြွသွားတော်မူလေ၏။

[ထိုစကား မှန်၏။ ကောင်းမွန်ရိုသေစွာ ပေးလှူအပ်သော သက္ကစ္စ-ဒါန၏ တန်ခိုးအာနုဘော်သည် ဤသို့သဘော ရှိသည်သာလျှင်တည်း။]

ထိုသာမဏေသည် မြို့၏အပ၌သာလျှင် အိမ်စဉ်အတိုင်း ကြွသွားသည်ရှိသော် ငါးရာသော ကမ္ဗလာတို့ကို ရပြီးလျှင် မြို့တွင်းသို့ ကြွဝင်တော်မူပြန်လေ၏။ လူတို့သည် ထိုမှဤမှ ကမ္ဗလာ တို့ကို ဆောင်ယူကြရကုန်၏။ ယောက်ျားတယောက်သည် အိမ်ဈေးတံခါးဖြင့် လာလတ်သည် ရှိသော် ကမ္ဗလာငါးရာတို့ကို ဖြန့်ခင်း ရောင်းချ၍ နေသော တယောက်သော ဆိုင်ရှင်ဈေးသည်ကို မြင်၍ - အိုအချင်း သာမဏေငယ် တပါးသည် ကမ္ဗလာတို့ကို ယူဆောင် စုရုံးလျက် ကြွလာတော် မူ၏။ အသင်၏ ကမ္ဗလာတို့ကို ဖုံးအုပ်ကာ ထားပါလေလော့ဟု ပြောကြားလေ၏။

အသို့နည်း ထိုသာမဏေငယ်သည် လှူဒါန်းအပ်သော ကမ္ဗလာတို့ကို ယူဆောင်သလော သို့တည်း မဟုတ် မလှူဒါန်းအပ်သော ကမ္ဗလာတို့ကို ယူဆောင်လေသလောဟု မေးလတ်သော် လှူဒါန်း အပ်သော ကမ္ဗလာတို့ကိုသာ ယူဆောင်၏ဟုဆိုလျှင် ဤသို့ဖြစ်သည်ရှိသော် အကယ်၍ လှူဒါန်း လိုသည်ဖြစ်အံ့ လှူဒါန်းမည်၊ မလှူဒါန်းလိုမူကား မလှူဒါန်းဘဲပင်နေမည်၊ သင်သွားချေလော့ဟု လွှတ်လိုက်လေ၏။

[ထိုစကား မှန်၏။ ဝန်တိုတတ်ကုန်သော လူမိုက်တို့သည် ဤသို့ ရှိကုန်သော အလှူကို လှူဒါန်းခြင်း တို့၌ ဝန်တိုလေ့ ရှိကြသည်ဖြစ်၍ ပသေနဒီ ကောသလမင်းတရား၏ အသဒိသအလှူ ပေးလှူ သည်ကို မြင်ရသဖြင့် ဝန်တိုသော ကာဠအမတ်ကဲ့သို့ ငရဲ၌ ဖြစ်တတ်ကြကုန်၏။]

---

ခုနှစ်နှစ်အရွယ်တွင် ကမ္ဗလာတထောင် ရခြင်း

ဆိုင်ရှင်ဈေးသည်သည်လည်း ဤယောက်ျားကား မိမိ၏ သဘောအားဖြင့် လာရောက်၍ အသင်၏ ကမ္ဗလာတို့ကို ဖုံးအုပ်ကာ ထားပါလေလော့ဟု ငါ့ကို ဆိုဘိ၏။ သာမဏေသည် လှူဒါန်းအပ်သော ကမ္ဗလာကိုသာ အကယ်၍ ယူသည် ဖြစ်ခဲ့အံ့ ငါသည်ကား ငါ၏ပစ္စည်း ဥစ္စာကို အကယ်၍ လှူဒါန်း လိုသည်ဖြစ်အံ့ လှူဒါန်းမည်၊ မလှူဒါန်းလိုမူကား မလှူဒါန်းဘဲပင်နေမည်ဟု ဆိုလိုက်မိပေပြီ။

မျက်မှောက်ထင်ထင် မြင်နေရသော အလှူခံပုဂ္ဂိုလ်ကို မပေးမလှူသော သူအား ရှက်ဖွယ်လိလိ ဖြစ်ချေဘိ၏။ ထို့ကြောင့် မိမိ၏ပစ္စည်းဥစ္စာကို ဖုံးအုပ်ကာထားသော ထိုသူအား အပြစ်မရှိ ဤ ငါးရာသော ကမ္ဗလာတို့တွင် နှစ်ထည်သော ကမ္ဗလာတို့ကား အဘိုးတသိန်းစီ ထိုက်တန်ကုန်၏။ ထိုကမ္ဗလာ နှစ်ထည်တို့ကိုသာ ဖုံးလွှမ်း ထားခြင်းငှါ သင့်၏ဟု ကြံ၍ ကမ္ဗလာ နှစ်ထည်စလုံးတို့ကို အမြိတ်အဆာ တခုဖြင့် အမြိတ်အဆာတခုကို ဖွဲ့စပ်ပြီးလျှင် ထိုကမ္ဗလာတို့၏ အတွင်း၌ ထည့်သွင်း၍ ဖုံးလွှမ်းကာ ထားလေ၏။

သာမဏေသည်လည်း ရဟန်းတထောင်နှင့်တကွ ထိုအရပ်သို့ ရောက်လာလေ၏ ဆိုင်ရှင် ဈေးသည် အား သာမဏေကို မြင်လျှင် မြင်ခြင်း သားတည်းဟူသော ချစ်ခြင်းသည် ဖြစ်ပေါ်လာ၏။ ကိုယ်အလုံးသည် သားတည်းဟူသော ချစ်ခင်ခြင်းဖြင့် ပြည့်သည်ဖြစ်လေ၏။ ထိုဈေးသည်သည် ကမ္ဗလာတို့ကို ထားလိုက်ဘိဦး ဤသာမဏေကိုမြင်ရလျှင် နှလုံးသားကိုပင်သော်လည်း လှူဒါန်းခြင်းငှါ သင့်လျော် လျောက်ပတ်သော သဘောရှိ၏ဟု ချစ်ခင်လှသဖြင့် အဘိုးတသိန်းစီ ထိုက်တန်ကုန်သော ထိုကမ္ဗလာ နှစ်ထည်တို့ကိုပင် ထုတ်ယူ၍ သာမဏေ၏ခြေရင်း၌ ချထားလျက် ရှိခိုးပြီးလျှင် အရှင်ဘုရား အရှင်ဘုရားသည် သိမြင်အပ်သော တရားအဖို့ကို သိရှိနိုင်သောသူ ဖြစ်ရပါလို၏ ဘုရားဟု ဆုတောင်း ပတ္ထနာပြုလေ၏။ သာမဏေသည်လည်း ထိုဒါယကာအား တောင်းသည့်ဆုအတိုင်း ပြည့်စုံစေလော့ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူလေ၏။

သာမဏေသည် မြို့အတွင်း၌လည်း ကမ္ဗလာငါးရာတို့ကို ရပြန်လေ၏၊ ဤသို့လျှင် တနေ့တည်း ၌သာလျှင် ကမ္ဗလာတထောင်ကို ရရှိသဖြင့် ရဟန်းတထောင်အား ပေးလှူ၏။ ထိုအခါ ထိုသာမဏေ အား ကမ္ဗလာတထောင် လှူသောကြောင့် ကမ္ဗလဒါယက တိဿမထေရ် ဟူ၍ အမည်ကို မှည့်ကြလေကုန်၏။ ဤသို့ ယခုဘဝ အမည်မှည့်သောနေ့၌ လှူသော ကမ္ဗလာ တထည်သည် ခုနစ်နှစ်သားအရွယ်ရှိသော ကာလ၌ ကမ္ဗလာတထောင် အဖို့သို့ ရောက်လေ၏။

[ထိုစကား မှန်၏။ အကြင်အရပ်၌ အနည်းငယ် လှူဒါန်းအပ်သော အလှူသည် များစွာဖြစ်၏။ များစွာလှူဒါန်းအပ်သော အလှူသည် အလွန့်အလွန် များစွာဖြစ်၏။ ထိုအရပ်သည် ဘုရားရှင် သာသနာကို ဖယ်ထား၍ ဘုရားသာသနာမှ တပါးမရှိပေ။ ထို့ကြောင့် မြတ်စွာဘုရား သည် “တထာရူပေါ ဘိက္ခဝေ ဘိက္ခု သံဃော ယထာရူပေ ဘိက္ခုသံဃော အပ္ပံ ဒိန္နံ ဗဟုံ ဟောတိ ဗဟုံ ဒိန္နံ ဗဟု တရံ”ဟု ဟောတော်မူလေပြီ။ အဓိပ္ပါယ်ကား – အနည်းငယ်လှူ၍ များများ ဖြစ်ရာ များများလှူ၍ အလွန့်အလွန် များများဖြစ်ရာဌာနကား ရဟန်းသံဃာ အပေါင်းပေတည်း။]

ဤသို့လျှင် သာမဏေသည် ကမ္ဗလာတထည်၏ အကျိုးဆက်ဖြင့် ခုနစ်နှစ် အရွယ်ရှိစဉ်ကပင် ကမ္ဗလာတထောင်ကို ရလေ၏။

---

ခုနှစ်နှစ်သားအတွင်း တောနေသဖြင့် လေးမည်ရခြင်း

ဇေတဝန်ကျောင်းတော်၌နေသော ထိုတိဿသာမဏေ၏ အထံသို့ ဆွေမျိုးဖြစ်သော ဒါယကာတို့သည် မပြတ်မလပ် လာရောက်ကြသဖြင့် စကားပြောဆိုခြင်းကို ပြုကြကုန်၏။ ထို့ကြောင့် သာမဏေသည် ငါကား ဤဇေတဝန်ကျောင်းတော်၌ နေသဖြင့် ဆွေမျိုးဖြစ်သော ဒါယကာတို့သည် လာ၍ စကားပြောဆို ကြကုန်သည်ရှိသော် မပြောမဆိုဘဲ နေခြင်းငှါလည်း မတတ်ကောင်း၊ ထိုသူတို့နှင့် အတူတကွ စကားပြောကြားရခြင်း သည်ကား ကြာမြင့်သဖြင့် သော်လည်း မိမိ၏ ထောက်ရာ တည်ရာ အားကိုးရာကို ပြုခြင်းငှါ မစွမ်းနိုင်၊ ငါသည်မြတ်စွာဘုရား ၏အထံတော်၌ ကမ္မဋ္ဌာန်းကို သင်ယူပြီးသောအခါ တောအုပ်သို့ သက်ဝင်ရမူကား ကောင်းလေစွ တကားဟု ကြံဆင်လေ၏။

ထိုသာမဏေ ရှင်တိဿသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ အရဟတ္တဖိုလ် တိုင်အောင်သော ကမ္မဋ္ဌာန်းကို ဟောကြားတော်မူစေပြီးလျှင် ဥပဇ္ဈာယ်ဆရာကို ရိုသေမြတ်နိုး ရှိခိုးသဖြင့် သပိတ် သင်္ကန်းကို ယူလျက် ကျောင်းတော်မှထွက်ခဲ့၍ ငါသည်နီးသောအရပ်၌ အကယ်၍နေသည် ဖြစ်အံ့ ဆွေမျိုးတို့သည် ငါ့ကိုပင့်ခေါ်ကြကုန်လတ္တံ့ ဟုနှလုံးပြု၍ ယူဇနာ တရာ့နှစ်ဆယ် ကွာသော ခရီးသို့ကြွသွားလေ၏။

ထိုအခါ တခုသော ရွာတံခါးဖြင့် သွားသော သူအိုယောက်ျား တယောက်ကိုမြင်၍ ဥပါသကာ ဒါယကာကြီး ဤအရပ်၌နေလိုသော ပုဂ္ဂိုလ်တို့အလို့ငှါ တောအင်္ဂါရသော ကျောင်းသည် ရှိသလော ဟု မေးတော်မူ၏။ အရှင်ဘုရား ရှိပါသည်ဟု လျှောက်ကြားလျှင် ထိုသို့ဖြစ်မူ ကိုရင့်အား လမ်းခရီးကို ညွှန်ကြားပါလော့ဟု ဆိုလေ၏။ ဥပါသကာ သူအိုကြီးအားလည်း ထိုသာမဏေကို မြင်လျှင်မြင်ခြင်း သားတည်းဟူသော ချစ်ခြင်းသည် ဖြစ်ပေါ်လေ၏။

ထိုအခါ ထိုသာမဏေအား ထိုအရပ်၌သာလျှင် ရပ်လျက် မညွှန်ကြားမူ၍ အရှင်ဘုရား ကြွလာ ပါလော့။ အရှင်ဘုရားအား ပြောကြားပါမည်ဘုရား ဟု ပင့်ခေါ်၍သွားလေ၏။ သာမဏေသည် ထိုဥပါသကာ သူအိုကြီးနှင့် အတူတကွ သွားသည်ရှိသော် ခရီးအကြား၌ အထူးထူးသော အပွင့်အသီးတို့ဖြင့် တင့်တယ်စွာ တန်းဆာ ဆင်အပ်ကုန်သော သစ်ပင်တောင်နေရာတို့ကို မြင်ရလျှင် ဥပါသကာကြီး ဤ အရပ်သည် အဘယ်အရပ် မည်သနည်းဟုမေး၏။

ဥပါသကာသည်လည်း ထိုသာမဏေအား ထိုနေရာတို့၏ အမည်တို့ကို ပြောကြားသဖြင့် တောကျောင်းသို့ ရောက်လတ်သော် အရှင်ဘုရား ဤအရပ်ကား ချမ်းသာသုခရှိသော အရပ်တည်း။ ဤ အရပ်၌သာ သီတင်းသုံး နေတော်မူပါဘုရားဟု လျှောက်ကြားပြီးလျှင် အရှင် ဘုရား အရှင်ဘုရားသည် အဘယ်အမည် ရှိပါသနည်းဘုရားဟု အမည်ကိုမေးလျှောက်၍ နက်ဖြန် တပည့်တော်တို့ရွာ၌ ဆွမ်းအလို့ငှါ ကြွရန် သင့်လျော်ပါသည် ဟု လျှောက်ကြား၍ ပြန်လာပြီး သောအခါ ရွာတွင်းသို့သွားလျက် ဝနဝါသီတိဿ မထေရ်အမည်ရှိသော အရှင်မြတ် တပါးသည် ကျောင်းသို့ ကြွလာတော်မူ၏။

ထိုအရှင် အလို့ငှါ ယာဂုဆွမ်းစသည်တို့ကို စီရင်ကြကုန်လော့ဟု လူတို့အား ပြောကြားစေလေ၏။ သာမဏေသည် ရှေးဦးကလျှင် တိဿအမည် ရှိသည်ဖြစ်၍ ထို့နောက်မှ ပိဏ္ဍပါတ ဒါယကတိဿ, ကမ္မလဒါယကတိဿ, ဝနဝါသီတိဿ ဤ သုံးပါးကုန်သော အမည်တို့ကိုရသဖြင့် ခုနစ်နှစ် အတွင်း၌ အမည်လေးပါးတို့ကို ရရှိလေ၏။

---

တောကျောင်းနေ ကိုရင်တိဿ ရဟန္တာဖြစ်ခြင်း

ထိုသာမဏေသည် တဖန်မိုးသောက် နက်ဖြန်ရောက်သောနေ့၌ နံနက် စောစောကလျှင် ထိုရွာသို့ ဆွမ်းအလို့ငှါ ကြွဝင်တော်မူလေ၏။ လူတို့သည် ဆွမ်းကိုလှူဒါန်း၍ ရိုသေမြတ်နိုး ရှိခိုးကြကုန်၏။ သာမဏေသည် “သုခိတာဟောထ ဒုက္ခာမုစ္စထ ချမ်းသာကြသူတို့ ဖြစ်ကြပါစေ ဆင်းရဲမှ ကင်းလွတ်ကြပါစေ”ဟု မိန့်ဆိုလေ၏။

တယောက်သော လူမျှလည်း သာမဏေအား ဆွမ်းလှူပြီးလျှင် တဖန်အိမ်သို့ ပြန်သွားခြင်းငှါ မစွမ်းနိုင်။ ခပ်သိမ်းသော လူတို့သည် ငေးကြည့်လျက်သာလျှင် တည်နေကြကုန်၏။ တိဿ သာမဏေသည်လည်း မိမိအား မျှတလောက်ရုံသော ဆွမ်းကိုသာလျှင် ခံယူလေ၏။ အလုံးစုံသော ရွာသူရွာသားတို့သည် သာမဏေ၏ခြေရင်း၌ ရင်ဖြင့်ဝပ်လျက် အရှင်ဘုရား အရှင်ဘုရားတို့သည် ဤဝါတွင်း သုံးလပတ်လုံး ဤအရပ်၌ သီတင်းသုံးတော်မူကုန်သည်ရှိသော် တပည့်တော်တို့သည် သရဏဂုံသုံးပါးတို့ကိုယူ၍ ငါးပါးသော သီလတို့၌ တည်လျက် ဝါတွင်းသုံးလ၏အတွင်း ရှစ်ပါးသော ဥပုသ်သီလတို့ကို ကျင့်သုံး ဆောက်တည်ကာ နေကြပါမည်ဘုရား ထို့ကြောင့် ဤအရပ်၌ သီတင်း သုံးတော်မူခြင်းငှါ တပည့်တော်တို့အား ဝန်ခံခြင်းပဋိညာဉ်ကို ပေးသနားတော်မူကြပါ ဘုရားဟု တောင်းပန် လျှောက်ကြားကြကုန်၏။

သာမဏေလည်း ကျေးဇူးဥပကာရကို မှတ်သားသဖြင့် ထိုသူတို့အား ဝန်ခံခြင်း ပဋိညာဉ်ကို ပေးတော်မူပြီးလျှင် အမြဲ မပြတ် ထိုရွာ၌သာလျှင် ဆွမ်းခံကြွချီ လှည့်လည်တော်မူ၏။ ရှိခိုးတိုင်း ရှိခိုးတိုင်းသော ခဏ၌လည်း “သုခိတာဟောထ ဒုက္ခာမုစ္စထ”ဟူသော ပုဒ်နှစ်ခုကိုသာလျှင် မိန့်ဆို၍ ဖဲကြွတော်မူလေ၏။ ထိုသာမဏေသည် ထိုအရပ်၌သာလျှင် ပဌမတလကို၎င်း ဒုတိယတလကို၎င်း လွန်စေ၍ တတိယလသို့ ရောက်လတ်သည် ရှိသော် ပဋိသမ္ဘိဒါလေးပါးတို့နှင့် တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

---

ရှင်သာရိပုတြာစသော သံဃာလေးထောင် ကြွရောက်ခြင်း

ထို့နောက် ထိုတောကျောင်းနေ ကိုရင်တိဿအား ပဝါရဏာပြု၍ ဝါကျွတ်သောအခါ သာမဏေ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော အရှင်သာရိပုတြာ မထေရ်သည် မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် တိဿသာမဏေ၏ အထံသို့ သွားလို ပါသည် ဘုရားဟု လျှောက်ကြား ခွင့်တောင်းလေသော် ချစ်သား သာရိပုတြာ သွားလေလော့ဟု ခွင့်ပြုတော်မူ၏။

အရှင်သာရိပုတြာမထေရ်သည် မိမိ၏ အခြံအရံဖြစ်ကုန်သော ရဟန်းငါးရာတို့ကို ခေါ်တော်မူ၍ ဖဲကြွတော်မူစဉ် ငါ့ရှင်မောဂ္ဂလာန် ငါသည် တိဿသာမဏေ၏ အထံသို့ သွားဦးအံ့ဟု ပြောကြားလေ၏။ အရှင်မောဂ္ဂလာန် မထေရ်လည်း ငါ့ရှင် သာရိပုတြာ ငါသည်လည်း သွားဦးအံ့ဟု ရဟန်းငါးရာတို့နှင့်တကွ ထွက်ကြွတော်မူလေ၏။

ဤသို့သောနည်းဖြင့် ရှေးအတူ သာလျှင် ရှင်မဟာကဿပမထေရ်, ရှင်အနုရုဒ္ဓါမထေရ်, ရှင်ဥပါလိ မထေရ် ရှင်ပုဏ္ဏမထေရ်, အစရှိကုန်သော အလုံးစုံသော မဟာသာဝကတို့သည် ငါးရာ ငါးရာ ကုန်သော ရဟန်းတို့နှင့် အတူတကွ ထွက်ကြွတော်မူကြကုန်၏။ မဟာသာဝကတို့၏ အလုံးစုံသော အခြံအရံ ရဟန်းတော်တို့သည် လေးထောင်မျှ ဖြစ်ကုန်၏။

ယူဇနာ တရာ့နှစ်ဆယ် တိုင်အောင် လမ်းခရီးသို့ ကြွသွားတော်မူကြကုန်၍ ဆွမ်းခံရွာသို့ ရောက်လာကြကုန်သော ထိုအလုံးစုံ လေးထောင်သော ရဟန်းတို့ကို သာမဏေ၏ အမြဲမပြတ် လုပ်ကျွေးသော ဒါယကာသည် ရွာ၏တံခါး၌သာလျှင် မြင်ရသဖြင့် ခရီးဦးကြိုဆို၍ ရိုသေမြတ်နိုး ရှိခိုးလေ၏။

ထိုအခါ ဒါယကာကို အရှင်သာရိပုတြာမထေရ်သည် ဒါယကာ ဤအရပ်၌ တောကျောင်းသည် ရှိလေသလောဟု မေးတော်မူ၏။ အရှင်ဘုရား ရှိပါသည် ဘုရားဟု လျှောက်ကြားသောအခါ ထိုကျောင်းသည် သီတင်းသုံးနေသော ရဟန်းရှိသော ကျောင်းလော မရှိသောကျောင်းလောဟု မေးတော်မူပြန်လေ၏။ အရှင်ဘုရား ရဟန်းရှိသော ကျောင်းပါဘုရားဟု လျှောက်ကြားသောအခါ ထို ကျောင်း၌ အဘယ်အမည်ရှိသော ရဟန်းသည် သီတင်းသုံးနေသနည်းဟု တော်မူပြန်လေ၏။

အရှင်ဘုရား ဝနဝါသီတိဿ မထေရ် သီတင်းသုံးနေပါသည် ဘုရားဟု လျှောက်လျှင် ထိုသို့ဖြစ်မူ ငါတို့အား လမ်းခရီးကို ညွှန်ကြားပါလော့ဟု မိန့်တော်မူ၏။ အရှင်ဘုရားတို့သည် အဘယ်သို့သော ပုဂ္ဂိုလ်တို့ ဖြစ်ကြပါကုန်သနည်းဟု မေးလျှောက်သောအခါ ဒါယကာ ငါတို့သည် သာမဏေ၏ အထံသို့ လာကြကုန်သော ပုဂ္ဂိုလ်တို့တည်း ဟု မိန့်တော်မူလေ၏။

ဒါယကာသည် ကြည့်ရှုဖူးမျှော်သဖြင့် တရားစစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်မြတ်ကို အစပြု၍ အလုံးစုံလည်းဖြစ်ကုန်သော မဟာသာဝကတို့ကို မှတ်မိသောကြောင့် မပြတ်သော ပီတိဖြင့် တွေ့ထိသောကိုယ် ရှိသည်ဖြစ်၍ အရှင်ဘုရားတို့ ခဏခေတ္တမျှဆိုင်းငံ့ ရပ်တန့်တော်မူကြပါဦး ဘုရားဟု လျှောက်ကြားပြီးလျှင် လျင်စွာသော အဟုန်ဖြင့် ရွာတွင်းသို့ဝင်၍ အမောင်တို့ - အမိတို့ အရှင်သာရိပုတြာ မထေရ်ကို အစပြု၍ ထို အသီတိမဟာသာဝကတို့သည် မိမိ၏ အခြံအရံနှင့်တကွ သာမဏေ၏ အထံသို့ ကြွလာတော်မူကြကုန်၏။

ညောင်စောင်း အင်းပျဉ် အိပ်ရာခင်း ဆီမီးစသည်တို့ကိုယူ၍ လျင်မြန်စွာ ထွက်ကြကုန်လော့ ဟု ကြွေးကြော် ပြောဆိုလေ၏။ လူတို့သည်လည်း ထိုခဏ၌ပင်လျှင် ညောင်စောင်း စသည်တို့ကို ယူ၍မထေရ်တို့ ခြေရာစဉ်မှီအောင် လိုက်ကုန်သည်ဖြစ်၍ မထေရ်တို့နှင့် အတူတကွသာလျှင် ကျောင်းသို့ ဝင်ရောက်ကြကုန်၏။

သာမဏေသည်လည်း ရဟန်းအပေါင်းကို ကောင်းစွာသိသဖြင့် အစဉ်အတိုင်း ဖြစ်ကုန်သော မထေရ်တို့၏ သပိတ်သင်္ကန်းတို့ကိုယူလျက် ဝတ်ကြီးဝတ်ငယ်ကို ပြုလေ၏။ သာမဏေသည် မထေရ်တို့၏ သီတင်းသုံးတော်မူရန် နေရာကို စီရင်တော်မူစဉ် သပိတ်သင်္ကန်းကို သိုမှီးစဉ်ပင်လျှင် မိုးချုပ်မှောင်မိုက်လေ၏။

---

အမိန့်အရ လက်သုံး ဆုပေး နှစ်ပုဒ်တရား ချဲ့ဟောခြင်း

အရှင်သာရိပုတြာ မထေရ်သည် ဒါယကာတို့ကို ဒါယကာတို့ ပြန်လည်ကြကုန်လော့။ သင်တို့အား မိုးချုပ်မှောင်မိုက်ခဲ့ချေပြီဟု မိန့်တော်မူလျှင် အရှင်ဘုရား ယနေ့ကား တရားနာအံ့သောနေ့ ဖြစ်ပါသည်။ တပည့်တော်တို့သည် မသွားလိုကြသေးပါ။ တရားတော်ကို နာကြားကြကုန်ဦးအံ့။ ဤနေ့မှ ရှေးအခါ၌ တရားတော်ကို နာကြားရခြင်းမျှလည်း မရှိပါဘုရားဟု လျှောက်ကြားကြလေ ကုန်၏။

ငါ့ရှင်သာမဏေ ထိုသို့ဖြစ်မူ ဆီမီးကိုညှိထွန်း၍ တရားနာအံ့သောအခါကို ကြွေးကြော်လေလော့ဟု မိန့်တော်မူ၏။ သာမဏေသည်လည်း မထေရ်ဆိုတော်မူတိုင်း ပြုလေ၏။ ထိုအခါ သာမဏေကို မထေရ်သည် တိဿ သင်၏ အလုပ်အကျွေး ဖြစ်ကုန်သော ဒါယကာ ဒါယိကာမတို့သည် တရားတော်ကို နာကြားခြင်းငှါ အလိုရှိပါကုန်၏ဟု လျှောက်ကြားကြကုန်၏။

ထိုဒါယကာ ဒါယိကာမတို့အား တရားဟောလေလော့ ဟု မိန့်တော်မူလတ်သော် ထိုဒါယကာ ဒါယိကာမတို့သည် တပြိုင်နက် တချက်တည်း ထ၍ အရှင်ဘုရား တပည့်တော်တို့၏ အရှင်သည် ကား သုခိတာဟောထ ဒုက္ခာမုစ္စထ ဟူသော ဤနှစ်ပုဒ်တို့ကို ဖယ်ထား၍ တပါးသောတရားကို မသိ မတတ်ပါ။ တပည့်တော်တို့အား တပါးသောတရား စကား ဟောကြားတတ်သော ဓမ္မထိကကို ပေးသနားတော်မူကြပါဘုရားဟု လျှောက်ကြားကြကုန်၏။

[သာမဏေသည်ကား အရဟတ္တဖိုလ်သို့ ရောက်ပြီး၍သော်လည်း ထို ဒါယကာ ဒါယိကာမတို့အား တရားစကားကို ဟောကြားဖူးသည် မရှိသေးသည်သာတည်း။]

ထိုအခါ သာမဏေကို ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူသော အရှင်သာရိပုတြာ မထေရ်သည် ငါ့ရှင် သာမဏေ အဘယ်သို့လျှင် ချမ်းသာကြသည် ဖြစ်ကုန်သနည်း။ အဘယ်သို့လျှင် ဆင်းရဲမှ လွတ်ကြ ကုန်သနည်း။ ဤနှစ်ပုဒ်တို့၏ အနက် အဓိပ္ပါယ်ကို ငါတို့အား ဟောကြားဦးလော့ဟု မိန့်တော်မူ၏။

သာမဏေသည် အရှင်ဘုရား ကောင်းပါပြီ ဘုရားဟု ဝန်ခံ၍ ဆန်းကြယ်သော ယပ်ကို ကိုင်ယူ လျက် တရားဟောပလ္လင်သို့ တက်ပြီးလျှင် နိကာယ် ငါးရပ်တို့မှ အကျိုးကို၎င်း အကြောင်းကို၎င်း ယူငင်ဆွဲထုတ်၍ တခဲနက်မိုဃ်းကိုရွာသွန်းသော လေးကျွန်းလုံး နှံ့သော မိုဃ်းကြီးကဲ့သို့ ခန္ဓာ, အာယတန, ဓာတ်, ဗောဓိပက္ခိယ တရားတို့ကို ဝေဖန်လျက် အရဟတ္တဖိုလ် တည်းဟူသော အထွတ် တပ်သောအားဖြင့် တရားစကားကို ဟောကြားပြီးနောက် အရှင်ဘုရား ဤသို့လျင် အရဟတ္တဖိုလ်သို့ ရောက်သောသူအား ချမ်းသာခြင်းသည်ဖြစ်ပါ၏။ အရဟတ္တဖိုလ်သို့ ရောက်သော သူသည်သာလျှင် ဆင်းရဲမှလွတ်ပါ၏။ ကြွင်းသော သတ္တဝါတို့သည် ပဋိသန္ဓေ တည်နေခြင်းစသော ဆင်းရဲတို့မှ၎င်း၊ ငရဲသို့ကျရောက် ခံစားခြင်းစသော ဆင်းရဲတို့မှ၎င်း မလွတ်နိုင်ကြပါဘုရားဟု ဟောကြား လျှောက်ထားလေ၏။

သာမဏေ ကောင်းပါပေ၏။ တရားကိုကောင်းစွာ ဟောကြားအပ်ပေ၏။ သင့်အား ထက်မျက်သော ပဋိဘာန် ဉာဏ်ပညာရှိပေ၏။ ယခုအခါ သရဘညဝတ်ကို ရွတ်ဆို ဦးလော့ဟု မိန့်တော်မူပြန်သဖြင့် သာမဏေသည် သရဘညဝတ်ကိုလည်း ရွတ်တော်မူလေ၏။

---

တရားအဆုံး အချို့ အမျက်ထွက်သဖြင့် ဘုရားကြွခြင်း

အရုဏ်တက်သည်ရှိသော် သာမဏေ၏ အလုပ်အကျွေး ဒါယကာတို့သည် နှစ်ဖို့နှစ်စုတို့ ဖြစ်ကြကုန်၏။ အချို့ကုန်သော လူတို့သည် ငါတို့အား ဤကဲ့သို့ သဘောရှိသော ကြမ်းကြုတ်သော သူကို မမြင်ဖူးလေစွတကား၊ ဤသို့သဘော ရှိသောတရားကို သိမြင်ပါလျက်သားနှင့် ဤမျှ လောက်သော ကာလပတ်လုံး အမိ အဖ၏ အရာ၌တည်လျှက် လုပ်ကျွေးကုန်သော လူတို့အား တစ်ပုဒ် တစ်ပါဒရှိသော တရားကိုမျှ ဟောကြားခြင်းကို မပြုလေဟု အမျက်ထွက်ကြကုန်၏။

အချို့ကုန်သော လူတို့သည် ငါတို့အား အရတော်လေစွတကား၊ ငါတို့သည် ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးအထူးနှင့် ပြည့်စုံသောအရှင်ကို ဂုဏ်ကျေးဇူး ရှိသည်ကို လည်းကောင်း၊ မရှိသည်ကို လည်းကောင်း မသိကုန်ဘဲ လုပ်ကျွေးရကုန်၏။ ဤယခုအခါ၌ ငါတို့အား ထိုအရှင်၏ အထံ၌ တရားနာခြင်းငှာ ရပေကုန်ပြီဟု နှစ်သက်ကုန်၏။

---

တိဿ သာမဏေငယ်ထံ မြတ်စွာဘုရား ကြွတော်မူခြင်း

မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ထိုနေ့ မိုးသောက်ထအခါ လောကကို ကြည့်ရှုတော်မူသည် ရှိသော် ဝနဝါသီ တိဿသာမဏေ၏ အလုပ်အကျွေး ဖြစ်ကုန်သော ဒါယကာ ဒါယိကာမတို့သည် ကိုယ်တော်မြတ် ဉာဏ်တော်တည်း ဟူသော ကွန်ရက်၏ အတွင်းသို့ ဝင်လာသည်တို့ကို မြင်တော်မူ၍ အသို့ဖြစ်လတ္တံနည်း ဟု စူးစမ်းဆင်ခြင်တော်မူသည်ရှိသော် ဝနဝါသီတိဿသာမဏေ အလုပ်အကျွေး ဖြစ်ကုန်သော ဒါယကာ ဒါယိကာမ အချို့တို့သည် နှစ်သက်ကုန်၏။ ဒါယကာ, ဒါယိကာမအချို့ တို့သည် အမျက်ထွက်ကုန်၏။

ငါ၏ သားတော် တိဿသာမဏေအား အမျက်ထွက်သော သူတို့သည် ငရဲသို့ ကျရောက်ခြင်း အဖို့ရှိသည် ဖြစ်ကုန်လတ္တံ့။ ငါဘုရားသည် ထိုအရပ်သို့ ကြွသွားခြင်းငှာ အပ်ပေ၏။ ငါဘုရားသည် ထိုအရပ်သို့ ကြွတော်မူရသည်ရှိသော် အလုံးစုံသော ဒါယကာ ဒါယိကာမ အပေါင်းတို့သည် သာမဏေ၌ မေတ္တာသက်ဝင် ချစ်ခင်ခြင်းကိုပြု၍ ဆင်းရဲအပေါင်းတို့မှ လွတ်မြောက်ကုန်လတ္တံ့ဟု စူးစမ်း ဆင်ခြင်၍ မြင်တော်မူ၏၊

တရားတော်ကို နာကုန်သော ရွာသူရွသား ယောက်ျား မိန်းမ အပေါင်းတို့သည်လည်း ရဟန်း သံဃာတော်ကို ပင့်ဖိတ်၍ ရွာသို့ သွားရောက်ပြီးလျှင် သင့်တင့် ကောင်းမွန်သော မဏ္ဍပ်ကိုပြု၍ ယာဂု ဆွမ်းစသည်တို့ကို စီရင်ပြီးလျှင် နေရာတို့ကို ခင်းထားပြီး သံဃာတော်တို့၏ ကြွတော်မူ လာအံ့သော လမ်းခရီးကို မျှော်ငံ့ ဆိုင်းလင့်၍ နေကြကုန်၏။

ရဟန်းအပေါင်းတို့သည် ကိုယ်လက်သန့်ရှင်း သုတ်သင်ခြင်း အမှုကို ပြုပြီးလျှင် ဆွမ်းခံချိန် တိုင်သောအခါ၌ ဆွမ်းအလို့ငှာ ကြွဝင်တော်မူကုန်သည် ရှိသော် ငါ့ရှင် သာမဏေ အသို့နည်း၊ အသင်သည် ငါတို့နှင့် အတူတကွပင် လိုက်ကုန်အံ့လော၊ ထိုသို့မဟုတ် နောင်မှပင် လာခဲ့အံ့လောဟု မေးကုန်၏။

အရှင်ဘုရားတို့ တပည့်တော်သည် သွားအံ့သော အချိန်ကျမှပင် လိုက်လာ ခဲ့ပါတော့အံ့။ အရှင် ဘုရားတို့သည် ရှေးဦးစွာ ကြွနှင့်ကြပါကုန်လော့ဟု လျှောက်ကြားလိုက်၏။ ရဟန်းသံဃာတို့ သည်လည်း သပိတ်သင်္ကန်းကို ဆင်မြန်း လက်စွဲလျက် ရွာထဲသို့ ကြွဝင်ကုန်၏၊

မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌သာလျှင် သင်္ကန်းတော်ကို ရုံတော်မူသဖြင့် သပိတ်တော်ကို ယူတော်မူပြီးလျှင် တခုသော စိတ္တက္ခဏဖြင့်သာ ကြွတော်မူ၍ ရဟန်းတော်တို့၏ ရှေ့၌ ရပ်တော်မူလျက်သာလျှင် ဖြစ်သော ကိုယ်တော်ကို ထင်ရှား ပြတော်မူ၏။ မြတ်စွာဘုရား ကြွလာတော်မူသည်ဟု အလုံးစုံ တရွာလုံး ချောက်ခြား၍ တပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်လေ၏။

---

ဘုရားရှင် စေ့စပ်ရေး ဟောသဖြင့် ကျေနင်ကြခြင်း

လူတို့လည်း ရွှင်လန်းနှစ်သက် တက်ကြွသော စိတ်ရှိကုန်သည်ဖြစ်၍ မြတ်စွာဘုရား ရဟန်း သံဃာတော်အပေါင်းကို သီတင်းသုံး နေစေတော်မူပြီးလျှင် ယာဂုကိုလှူ၍ ခဲဖွယ်ကို လှူဒါန်းကြ ကုန်၏။ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ မပြီးမီသာလျှင် သာမဏေလည်း ရွာတွင်းသို့ ဝင်လာခဲ့လေ၏။ ရွာသူ ရွာသားတို့လည်း ကောင်းစွာဆောင်၍ သာမဏေအား ရိုသေလေးမြတ်စွာ လှူဒါန်း ကြကုန်၏။

သာမဏေသည် မိမိမျှတလောက်ရုံမျှသော ဆွမ်းကိုအလှူခံ၍ မြတ်စွာဘုရား၏အထံသို့ ချဉ်းကပ်၍ သပိတ်ကိုဆက်ကပ် လှူဒါန်းလေ၏။ မြတ်စွာဘုရားလည်း ချစ်သားတိဿ ဆောင်ယူခဲ့လေလော့ဟု လက်တော်ကိုဆန့်၍ သပိတ်ကို လှမ်းယူတော်မူပြီးလျှင် ချစ်သားသာရိပုတြာ အသင်၏ တပည့်ရင်း ဖြစ်သော သာမဏေ၏သပိတ်ကို မြင်၏လောဟု မိန့်တော်မူလျက် အရှင်သာရိ ပုတြာ မထေရ်အား လှမ်း၍ပြတော်မူ၏။

မထေရ်လည်း မြတ်စွာဘုရား၏ လက်တော်မှ သပိတ်ကိုလှမ်းယူ၍ သာမဏေအား ပေးပြီးလျှင် သွားချေ မိမိအား ရောက်သောနေရာ၌ ထိုင်နေလျက် ဆွမ်းစားခြင်းကိစ္စကို ပြုလေလော့ဟု မိန့်တော်မူ၏။ ရွာသူရွာသားတို့လည်း ဘုရားအမှူးရှိသော ရဟန်းသံဃာကိုဆွမ်း လုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးဦးချ၍ အနုမောဒနာတရား ဟောကြားခြင်းကို တောင်းပန်ကြ ကုန်၏။

မြတ်စွာဘုရားသည် အနုမောဒနာ ပြုတော်မူလိုရကား ဤသို့သော စကားကို မိန့်တော်မူ၏။ ဒါယကာတို့ သင်တို့အား အရတော်လေစွတကား။ အကြင် သင်တို့သည် မိမိ၏ဆရာဖြစ်သော သာမဏေကို အမှီပြု၍ သာရိပုတြာ မောဂ္ဂလာန် ကဿပ အနုရုဒ္ဓါ အစရှိသော အသီတိ မဟာ သာဝကတို့ကို ဖူးမြင်ခြင်းငှါ ရကြကုန်၏။ ငါဘုရားသည်လည်း အသင်တို့၏ဆရာကိုသာ အမှီပြု၍ ကြွလာတော်မူ ခဲ့ရပေ၏။ ငါဘုရားအား ဖူးမြင်ရခြင်းကိုလည်း အသင်ဒါယကာတို့သည် ဤ သာမဏေကို အမှီပြု၍သာလျှင် ရအပ်ပေ၏။ အသင်တို့အား အရတော်လေစွ တကား ကောင်းစွာ ရအပ်လေစွတကားဟု မိန့်တော်မူလေ၏။

လူတို့သည် သြော် အံ့ဖွယ်ရှိလေစွတကား။ ငါတို့အား အရတော်လေစွတကား။ မြတ်စွာဘုရား တို့အား၎င်း ရဟန်းသံဃာ အပေါင်းအား၎င်း နှစ်သိမ့်စေခြင်းငှါ စွမ်းနိုင်သော ငါတို့၏အရှင်ကို ဖူးမြင်ခြင်းငှါ ငါတို့ရပေသည်။ ထိုအရှင်အား လှူဖွယ်ဝတ္ထုကို လှူဒါန်းပူဇော်ခြင်းငှါလည်း ငါတို့ရပေသည်ဟု သာမဏေအား အမျက်ထွက်ပြီးကုန်သော လူတို့သည် နှစ်သက် ရွှင်လန်း ဝမ်းမြောက်ကြလေကုန်၏။ နှစ်သက်ပြီး ဖြစ်ကုန်သော လူတို့လည်း အတိုင်းထက်အလွန် ကြည်ညို မြတ်နိုး ကြလေကုန်၏။

အနုမောဒနာ တရားတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိ ဖိုလ်စသည်တို့သို့ ရောက်ကြလေကုန်၏။ မြတ်စွာဘုရားလည်း နေရာမှထ၍ တော်မူသည်ရှိသော် လူတို့သည် မြတ်စွာဘုရားကို အစဉ်လိုက်၍ ပို့ပြီးမှ ရှိခိုး ဦးချ၍ ပြန်လည် ဆုတ်နစ်ကြလေကုန်၏။

---

သမုဒြာမြင်ရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ

မြတ်စွာဘုရားသည် သာမဏေနှင့်အတူတကွ ရင်ပေါင်တန်းခြင်းအားဖြင့် ဝါ၊ သာယာဖြည်းညှင်း ကြွသွားခြင်းဖြင့် ကြွသွားတော်မူလျက် သာမဏေ ဤအရပ်သည် အဘယ်အရပ် မည်သနည်း။ ဤအရပ်သည် အဘယ်အရပ် မည်သနည်း ဟု ရှေးအခါ သာမဏေအား ဒါယကာကြီးက ညွှန်ကြား ပြောဆိုအပ်သော အရပ်တို့ကိုမေးမြန်းကာ ကြွတော်မူလေ၏။

သာမဏေသည်လည်း ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဤအရပ်သည်ကား ဤအမည် ရှိပါသည်။ ဤ အရပ်သည်ကား ဤအမည်ရှိပါသည် ဘုရားဟု လျှောက်ကြားလျက် သာလျှင် လိုက်သွားလေ၏။ မြတ်စွာဘုရားသည် ထိုသာမဏေ၏ နေရာအရပ်သို့ ရောက်လျှင် တောင်ထိပ်သို့ တက်ကြွတော်မူပြန်၏။ ထိုတောင်ထိပ်၌ တည်နေသော သူတို့အားကား မဟာ သမုဒြာသည် ပေါ်လွင် ထင်ရှားလေ၏။

မြတ်စွာဘုရားသည် သာမဏေကို ချစ်သားတိဿ တောင်ထိပ်မှရပ်လျက် ထိုမှ ဤမှ ကြည့်သည် ရှိသော် အဘယ်ကို မြင်ရသနည်းဟု မေးတော်မူလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား မဟာသမုဒြာကို မြင်ရပါသည်ဘုရားဟု လျှောက်ကြားလေ၏။ မဟာသမုဒြာကိုမြင်လျှင် အဘယ် သို့သောအကြံကို ကြံစည် အောက်မေ့သနည်းဟု မေးတော်မူပြန်လတ်သော် ဆင်းရဲဒုက္ခ တွေ့ကြုံတိုင်း တွေ့ကြုံတိုင်း ငိုကြွေးရသော ငါ၏မျက်ရည်သည် ဤသမုဒြာ လေးစင်းရေထက် အလွန့်အလွန် များသည် ဖြစ်တန်ရာ၏ဟူ၍ ဤအကြံကို တပည့်တော် ကြံမိပါသည် ဘုရားဟု လျှောက်ကြားလေ၏။

ချစ်သားတိဿ သာဓု သာဓု ကောင်းလေစွ ကောင်းလေစွ၊ အသင် လျှောက်ကြားသော စကားအတိုင်း ဟုတ်မှန်လှပေ၏။ ထိုစကား မှန်၏။ တယောက် တယောက်သော သတ္တဝါ၏ ဆင်းရဲဒုက္ခ တွေ့ကြုံသောအခါ ယိုစီးသော မျက်ရည်တို့သည် သမုဒြာလေးစင်း ရေတို့ထက် အလွန့်အလွန် များ ကုန်သည် သာလျှင်တည်းဟု ဤသို့သော စကားကို မိန့်ကြားတော် မူပြီးလျှင် ဤဂါထာကို ဟောတော်မူလေ၏။

စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တကံ၊
တတော ဗဟုံ အဿုဇလံ အနပ္ပကံ။
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊
ကိံ ကာရဏာ သမ္မ တုဝံ ပမဇ္ဇသိ။

စတူသုသမုဒ္ဒေသု၊ သမုဒြာလေးစင်းတို့၌။
ဇလံ၊ ရှိသောရေသည်။
ပရိတ္တကံ၊ နည်း၏။
ဒုက္ခေန၊ ဆင်းရဲခြင်းဖြင့်။
ဖုဋ္ဌဿ၊ တွေ့သော။
နရဿ၊ သတ္တဝါအား။
ဝါ၊ သတ္တဝါ၏။
သောစနာ၊ စိုးရိမ်ခြင်းကြောင့်။
ဇာတံ၊ ဖြစ်သော။
အလံ၊ မျက်ရည်သည်။
တတော၊ ထိုထက်။
ဗဟုံ၊ များ၏။
အနပ္ပကံ၊ မနည်း။
သမ္မ၊ အချင်း။
တုဝံ၊ သင်သည်။
ကိံ ကာရုဏာ၊ အဘယ်အကြောင်းကြောင့်။
ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း။

အိပ်ရာ နေရာ၌ ကိုရင်တိဿ ဆင်ခြင်ပုံ

ထို့နောက်မှတဖန် ထိုတိဿသာမဏေကို မြတ်စွာဘုရားသည် ချစ်သား တိဿ အဘယ်အရပ်မှာ နေသနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤတောင်ဝှမ်း၌ နေပါသည် ဘုရားဟု လျှောက်ကြားလတ်သော် ထိုတောင်ဝှမ်း၌နေစဉ် အဘယ်သို့သော အကြံကို ကြံစည် သနည်းဟု မေးတော် မူပြန်လေ၏။ ငါသေသဖြင့် ဤနေရာ၌ အလောင်းကောင် ပစ်ချသည်ကို ပြုရခြင်း၏ အပိုင်းအခြားသည် မရှိပြီဟူ၍ ဤအကြံကို တပည့်တော် ကြံမိပါသည် မြတ်စွာဘုရားဟု လျှောက်ကြားလေ၏။

ချစ်သားတိဿ သာဓု သာဓု ကောင်းလေစွ ကောင်းလေစွ။ ချစ်သား တိဿ အသင် လျှောက်ကြား သော စကားအတိုင်း ဟုတ်မှန်လှပေ၏။ ထိုစကားမှန်၏။ ဤသတ္တဝါတို့အား မဟာ ပထဝီ မြေကြီးထက်၌ လျောင်းအိပ် စက်လျက် မသေဖူးသော နေရာမည်သည် မရှိဟု မိန့်တော် မူပြီးလျှင် ဒုကနိပါတ် ဥပသာဠကဇာတ်ဂါထာတို့ကို ဟောတော်မူ၏။

ဥပသာဠကနာမာနိ၊ သဟဿာနိ စတုဒ္ဒသ။
အသ္မိံ ပဒေသေ ဒဍ္ဎာနိ၊ နတ္ထိ လောကေ အနာမတံ။

ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
ဧတံ အရိယာ သေဝန္တိ၊ ဧတံ လောကေ အနာမတံ။

အသ္မိံပဒေသေ၊ ဤအရပ်၌။
ဥပသာဠကနာမာနိ၊ ဥပသာဠက အမည်ချည်းသာ တွင်ကုန်သည်ဖြစ်၍။
စတုဒ္ဒသ-သဟဿာနိ၊ တသောင်းလေးထောင်သော အလောင်းကောင်တို့ကို။
ဒဍ္ဎနာနိ၊ ဘုတ်ကြည်း သင်္ဂြိုဟ်အပ်ကုန်ပြီ။
လောကေ၊ လောက၌။
အနာမတံ၊ မသေဖူးရာဖြစ်သော အရပ်မည်သည်။
ဝါ၊ သုသာန်မဟုတ်သော အရပ်မည်သည်။
နတ္ထိ၊ မရှိ။

ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။
သစ္စဉ္စ၊ သစ္စာလေးပါးသိကြောင်း ရှေးအဖို့သစ္စာ ဉာဏ်သည်၎င်း။
ဓမ္မောစ၊ ကုသိုလ်တရားသည်၎င်း။
အတ္ထိ၊ ရှိ၏။
အဟိံသာစ၊ မညှဉ်းဆဲခြင်း ကရုဏာတရားသည်လည်း။
အတ္ထိ၊ ရှိ၏။
သံယမောစ၊ သီလ စောင့်ရှောက်ခြင်းသည်လည်း။
အတ္ထိ၊ ရှိ၏။
ဒမောစ၊ ဣန္ဒြေကို ဆုံးမခြင်းသည်လည်း။
အတ္ထိ၊ ရှိ၏။
ဧတံ၊ ဤဂုဏ်လေးပါးအပေါင်းရှိသော ပုဂ္ဂိုလ်ကို။
အရိယာ၊ ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့သည်။
သေဝန္တိ၊ မှီဝဲဆည်းကပ်ကြကုန်၏။
လောကေ၊ လောက၌။
ဧတံ၊ ဤဂုဏ်လေးပါးအပေါင်းသည်။
အနာမတံ၊ သေခြင်းကင်းသည်ကို ပြီးစေတတ်သောကြောင့် အနာမတ မည်ပေ၏ ။

[ဤသို့ ဟောကြားတော်မူခဲ့သော ဒေသနာတော် နည်းအတိုင်း ပထဝီမြေကြီးပေါ်၌ ခန္ဓာကိုယ် အလောင်းကောင် ပစ်ချခြင်းကိုပြု၍ သေကုန်သော သူတို့တွင် မသေဖူးရာဖြစ်သော အရပ်၌ သေသောသူ မည်သည်မရှိ ဤသို့မှတ်သားအပ်၏။]

---

မသေဖူးသော အရပ်၌ ပရိနိဗ္ဗာန်စံသော ရှင်အာနန္ဒာ အကြောင်း

အရှင်အာနန္ဒာမထေရ်နှင့် တူသော သူတို့သည်ကား မသေဖူးရာဖြစ်သော အရပ်၌ ပရိနိဗ္ဗာန် စံယူတော်မူကြကုန်၏။ အရှင်အာနန္ဒာမထေရ်သည် သက်တော် တရာ့နှစ်ဆယ် ရှိသောအခါ အာယုသင်္ခါရကို ကြည့်ရှု ဆင်ခြင်တော်မူသည်ရှိသော် အာယုသင်္ခါရ ကုန်ခန်းသည့်အဖြစ်ကို သိတော်မူ၍ ဤနေ့မှနောက် ခုနစ်ရက် မြောက်သောနေ့၌ ငါပရိနိဗ္ဗာန်ပြုတော့အံ့ ဟုမိန့်ကြားတော် မူလေ၏။

ထိုအကြောင်းကို ကြားသိကြရကုန်၍ ရောဟိနီမြစ်၏ နှစ်ဘက်သော ကမ်းခြေတို့၌ နေကုန်သော လူတို့တွင် ဤမှာဘက်ကမ်းခြေ၌ နေကုန်သော လူတို့သည်လည်း ငါတို့သည် မထေရ်မြတ်၏ အပေါ်၌ များစွာကျေးဇူးဥပကာရ ရှိကြကုန်၏။ ငါတို့၏အထံ၌ ပရိနိဗ္ဗာန်ပြုတော်မူလတ္တံ့ ဟုပြောဆိုကြလေကုန်၏။ ထိုမှာဘက်ကမ်းခြေ၌ နေကုန်သော လူတို့သည်လည်း ငါတို့သည် မထေရ်မြတ်၏အပေါ်၌ များစွာကျေးဇူးဥပကာ ရရှိကြကုန်၏။ ငါတို့၏အထံ၌ ပရိနိဗ္ဗာန်ပြုတော် မူလတ္တံ့ဟု ပြောဆိုကြလေကုန်၏။

အရှင်အာနန္ဒာမထေရ်သည် ထိုလူတို့၏စကားကို ကြားသိတော်မူရလျှင် နှစ်ဘက်သောကမ်းခြေ၌ နေကြကုန်သော လူတို့သည် ငါ၏အပေါ်၌ ကျေးဇူးဥပကာရ များလှသော သူတို့ချည်းသာ ဖြစ်ကုန်၏။ ဤမည်သော သူတို့ကား ကျေးဇူးမများ ဟုဆိုခြင်းငှါ မတတ်ကောင်းကုန်။ ငါသည် ဤမှာဘက်ကမ်း၌ အကယ်၍ ပရိနိဗ္ဗာန်ပြုသည်ဖြစ်ခဲ့အံ့၊ ထိုမှာဘက်ကမ်း၌ နေသောသူတို့သည် ငါ၏ဓာတ်တော်ကို ယူခြင်းငှါ ဤမှာဘက်ကမ်း၌ နေသောသူတို့နှင့် ငြင်းခုံခိုက်ရန် ပြုကြကုန် လတ္တံ့။

ထိုမှာဘက်ကမ်း၌ အကယ်၍ ပရိနိဗ္ဗာန်ပြုသည်ဖြစ်ခဲ့အံ့၊ ဤမှာဘက်ကမ်း၌ နေသောသူတို့သည် ထို့အတူ ငြင်းခုံခိုက်ရန် ပြုကြကုန်လတ္တံ့။ ငြင်းခုံခိုက်ရန်ဖြစ်လတ်သည် ရှိသော်လည်း ငါ့ကို မှီ၍သာလျှင်ဖြစ်လတ္တံ့၊ ငြင်းခုံခိုက်ရန် ငြိမ်းအေးလတ်သည် ရှိသော်လည်း ငါ့ကိုမှီ၍သာလျှင် ငြိမ်းအေးလတ္တံ့ဟု ကြံစည်ဆင်ခြင်တော်မူ၍ ဤမှာဘက်ကမ်း၌ နေသောသူတို့သည်လည်း ငါ့အား ကျေးဇူးဥပကာရ များကုန်၏။ ထိုမှာဘက်ကမ်း၌ နေသူတို့သည်လည်း ငါ့အား ကျေးဇူးဥပကာရ များကုန်၏။ ကျေးဇူးမများသော သူတို့မည်သည် မရှိကုန်။

ဤမှာဘက်ကမ်း၌ နေလေ့ရှိသော သူတို့သည် ဤမှာဘက်ကမ်း၌သာ စည်းဝေးကြကုန်လော့၊ ထိုမှာ ဘက်ကမ်း၌ နေလေ့ရှိသော သူတို့သည်လည်း ထိုမှာဘက်ကမ်း၌သာ စည်းဝေးကြကုန် လော့ဟု မိန့်တော်မူလေ၏။

ထို့နောင် ခုနစ်ရက် မြောက်သောနေ့၌ မြစ်၏အလယ် ထန်းခုနစ်ဆင့် အတိုင်းအရှည် မြင့်သော ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် နေထိုင်တော်မူလျက် လူများအပေါင်းအား တရားစကားကို ဟောကြားတော်မူပြီးလျှင် ငါ၏ကိုယ်သည် အလယ်၌ ထက်ခြမ်းကွဲသဖြင့် တခုသော အဖို့ကား ဤမှာဘက်ကမ်း၌ ကျစေသတည်း။ တခုသောအဖို့ကား ထိုမှာဘက်ကမ်း၌ ကျစေသတည်းဟု ဓိဋ္ဌာန်တော်မူ၍ ထိုင်နေတော်မူမြဲတိုင်းသာလျှင် တေဇောကသိုဏ်းဈာန်ကို ဝင်စားတော် မူလတ်သည် ရှိသော် မီးတောက်မီးလျှံတို့သည် ထကုန်၏။

ကိုယ်တော်သည် အလယ်၌ ကွဲ၍ တခုသော အဖို့သည် ဤမှာဘက်ကမ်း၌ ကျ၏။ တခုသော အဖို့ကား ထိုမှာ ဘက်ကမ်း၌ကျ၏။ ထိုသို့ကျပြီးသည့်နောက် ကမ်းခြေနှစ်ဘက်၌ တည်နေစုဝေး ကြကုန်သော များစွာသောလူတို့သည် ငိုကြွေး မြည်တမ်းကြလေကုန်၏။ ငိုကြွေး မြည်တမ်းသော အသံသည် မြေကြီးတော်လည်းသော အသံကဲ့သို့ပင် ဖြစ်လေ၏။

မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံတော်မူစဉ်အခါ၌ ငိုကြွေးမြည်တမ်းသော အသံထက်သော်လည်း လွန်စွာသနား ကြင်နာဖွယ်ရာ ကောင်းလှပေ၏။ လူတို့သည် လေးလတို့ပတ်လုံး ငိုကြွေးမြည်တမ်း ကုန်လျက် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းတော်တို့ကို သည်ပိုး ရွက်ဆောင်လေ့ရှိသော အရှင် အာနန္ဒာမထေရ်သည် တည်နေ ထင်ရှားရှိလတ်သော် မြတ်စွာဘုရား၏ တည်နေတကျ ရှိတော် မူသော ကာလကဲ့သို့ ငါတို့အားဖြစ်ချေ၏။ ယခုအခါ၌ ငါတို့၏ဘုရားသည် ပရိနိဗ္ဗာန် စံတော် မူလေပြီဟု ယောင်ယမ်း မြည်တမ်းကုန်လျက် လှည့်လည် သွားလာကြကုန်၏။

ဤကား အရှင်အာနန္ဒာမထေရ်၏ ပရိနိဗ္ဗာန်စံယူခန်းအမြွက်တည်း။

---

ကိုရင်တိဿ တော၌မွေ့လျော်ခြင်းနှင့် ဘုရားပြန်ကြွခြင်း

ထို့နောက်တဖန် မြတ်စွာဘုရားသည် သာမဏေကို ချစ်သား တိဿ ဤတောအုပ်၌ သစ် အစရှိသော တောတိရစ္ဆာန်တို့၏ အသံဖြင့် ကြောက်ရွံ့တုန်လှုပ်ခြင်း ဖြစ်လေသလော မဖြစ်လေ သလောဟု မေးတော်မူလတ်သည်ရှိသော် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ကြောက်ရွံ့ တုန်လှုပ်ခြင်း မဖြစ်ပါ။ စင်စစ်သော်ကား ထို တောတိရစ္ဆာန်တို့၏ အသံကိုကြားရလျှင် တော၌ဖြစ်သော မွေ့လျော် ခြင်းမည်သည် ဖြစ်ပါသည်ဘုရားဟု လျှောက်ကြားပြီးလျှင် ခြောက်ဆယ်မျှ လောက်ကုန်သော ဂါထာတို့ဖြင့် ဝနဝဏ္ဏမည်သော တောဘွဲ့ မည်သည်ကို ရွတ် ဆိုလေ၏။

ထိုအခါ သာမဏေကို မြတ်စွာဘုရားသည် ချစ်သားတိဿဟု ခေါ်တော်မူ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အသို့ပါနည်း ဘုရားဟု မေးလျှောက်၏။ ငါတို့သည် ပြန်သွားကြ ကုန်အံ့၊ အသင်သည် လိုက်လာခဲ့အံ့လော သို့တည်းမဟုတ် ဆုတ်နစ်ပြန်လည်၍ပင် နေရစ် အံ့လောဟု မေးတော်မူ၏။

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်၏ ဥပဇ္ဈာယ် ဆရာမထေရ်မြတ်သည် တပည့်တော်ကို ခေါ်ဆောင်၍ သွားလိုသည်ဖြစ်ပါအံ့ တပည့်တော် လိုက်ပါမည်။ ဆုတ်နစ်ပြန်လည် စေသည် ဖြစ်ပါအံ့၊ ပြန်လည်၍ နေရစ်ပါမည် ဘုရားဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာတော် အပေါင်းနှင့်တကွ ဖဲသွားတော်မူလေ၏။

သာမဏေအားကား ဆုတ်နစ်ပြန်လည်၍ နေလိုသောဆန္ဒရှိ၏ အရှင်သာရိပုတြာမထေရ်မြတ်သည် ဤသို့နေရစ်လိုသည် အဖြစ်ကို သိတော်မူသဖြင့် ငါ့ရှင်တိဿ အကယ်၍ ပြန်လည်၍ နေလိုသော ဆန္ဒရှိမူကား ဆုတ်နစ်ပြန်လည်လော့ဟု မိန့်တော်မူ၏။ သာမဏေသည် မြတ်စွာဘုရားကို၎င်း ရဟန်းသံဃာတော် အပေါင်းကို၎င်း ရိုသေမြတ်နိုး ရှိခိုးဦးချပြီးလျှင် နေရစ်ခဲ့လေ၏။ မြတ်စွာဘုရား လည်း ဇေတဝန်ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

---

အစည်းအဝေး၌ ရဟန်းတို့ပြောသောစကား

ရဟန်းသံဃာတော် အပေါင်းတို့အား တရားသဘင်၌ ဤသို့သော စကားသည် ဖြစ်ပေါ်လေ၏။ ငါ့ရှင်တို့ ဪ ... အံ့ဩဖွယ်ရှိလေစွတကား။ ဝနဝါသီ တိဿ သာမဏေသည် ပြုနိုင်ခဲသော အမှုကို ပြုလေစွတကား။ ပဋိသန္ဓေ စွဲယူနေသော အခါမှစ၍ ထိုတိဿသာမဏေ၏ ဆွေမျိုး သားချင်း တို့သည် မင်္ဂလာခုနစ်ပါးတို့၌ ငါးရာသောရဟန်းတို့အား ရေမရောသော ချိုမြိန်သော နို့ဃနာ ဆွမ်းကိုသာလျှင် လှူဒါန်းကြကုန်၏။

ရှင်သာမဏေပြုသောအခါ ကျောင်း၏အတွင်း၌ မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအား ခုနစ်ရက်တို့ပတ်လုံး ရေမရောသော ချိုမြိန်သော နို့ဃနာဆွမ်းကိုသာ လှူဒါန်းကြ လေကုန်၏။ ရှင်သာမဏေ ပြုပြီး၍ ရှစ်ရက်မြောက်သော နေ့၌လည်း ရွာတွင်းသို့ ဝင်သည်ရှိသော် နှစ်ရက်တို့ဖြင့်သာလျှင် ပုဆိုး တထောင်နှင့်တကွ ဆွမ်းတထောင်ကို ရပြန်လေ၏။ တဖန် တနေ့သ၌ ကမ္ဗလာတထောင်ကို ရလေ၏။ တဖန် တခုသောနေ့၌ ကမ္ဗလာတထောင်ကို ရပြန် လေ၏။ ဤသို့လျှင် ထိုသာမဏေအား ဤအရပ်၌ နေသောအခါ များစွာသော လာဘ်ပူဇော် သက္ကာရသည် ဖြစ်လေ၏။

ယခုအခါ ဤသို့ သဘောရှိသော လာဘ်-ပူဇော်-သက္ကာရကို စွန့်၍ တောသို့ဝင်ပြီးလျှင် အရော အနှောဖြစ်သော အစာ အာဟာရဖြင့် မျှတစေနိုင်ပေ၏။ သာမဏေသည် ပြုနိုင်ခဲသောအမှုကို ပြုလေစွတကားဟု ချီးမွမ်းထောမနာသော စကားသည် ထင်ရှားစွာဖြစ်ပေါ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ငါဘုရား ကြွတော်မူလာသော ဤယခု အခါ၌ အဘယ်မည် သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည် သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် -

ချစ်သားရဟန်းတို့ ဪ.. ဟုတ်လှပေ၏။ ထိုလာဘ်ကိုမှီ၍ ကျင့်သောအကျင့် မည်သည်လည်း တမျိုးတခြားဖြစ်၏။ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်လည်း တမျိုးတခြားဖြစ်၏။

ဤသို့ ကျင့်သည်ရှိသော် လာဘ်ကိုရအံ့ဟူ၍ အာရညကင် စသော ဓုတင်ကို ဆောက်တည်သည်၏ အစွမ်းဖြင့် လာဘ်ကိုမှီ၍ ကျင့်သော ဓုတင် စသောအကျင့်ကို ပြုသောရဟန်းအား အပါယ်လေးဘုံ တို့သည် တံခါး ဟင်းလင်းပွင့်ကုန်၍သာလျှင် တည်ကုန်၏။

နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ဖြင့် ဖြစ်ပေါ်လာသော လာဘ သက္ကာရကို ပယ်ခွါ စွန့်ပစ်လျက် တောသို့ဝင်ပြီး သောအခါ ကောင်းမွန်စွာ စေ့ဆော်တတ်သော လုံ့လဥဿာဟ ဝီရိယ ရှိသော ရဟန်းသည် အရဟတ္တဖိုလ်ကို ယူရလေ၏ဟု အနုသန္ဓေကိုစပ်၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၇၅။ အညာဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။
သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေက မနုဗြူဟယေ။

လာဘူပနိသာ၊ လာဘ်ကိုမှီ၍ ကျင့်သောအကျင့်သည်။
အညာဟိ-အညာဧဝ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှ တပါး တခြားသာလျှင်တည်း။
နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်သည်။
အညာဟိ-အညာဧဝ၊ လာဘ် ရကြောင်းအကျင့်မှ တပါး တခြားသာလျှင်တည်း။
ဧဝံ၊ ဤသို့။
ဧတံ၊ ဤ အကျင့်နှစ်ပါးကို။
အဘိညာယ၊ သိ၍။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာဝကော၊ တပည့်သာဝကဖြစ်သော။
ဘိက္ခု၊ ရဟန်းသည်။
သက္ကာရံ၊ လာဘ်ပူဇော်သက္ကာရ အထူးကို။
နာဘိနန္ဒေယျ၊ အလွန်နှစ်သက် မတောင့်တရာ။
ဝိဝေကံ၊ သုံးပါး သောဝိဝေကကို။
အနုဗြူဟယေ၊ အဖန်ဖန်ပွားများရာ၏။

---

ဒေသနာတော်၌ မှတ်ဖွယ် အဓိပ္ပါယ်

[လာဘ်ရကြောင်း အကျင့်ကား တခြား။ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကား တခြားစီသာဖြစ်၏။ လာဘ်ရလိုသော ရဟန်းသည် အနည်းငယ်သော အကုသိုလ် အမှုကိုပြုသင့်၏။ ကိုယ်၏ ကောက်ကျစ်စဉ်းလဲခြင်း စသည်တို့ကို ပြုအပ်ကုန်၏။ အကြင်အခါ ကောက်ကျစ်စဉ်းလဲခြင်း တခုခုကိုပြု၏။ ထိုအခါ လာဘ်လာဘဖြစ်ပေါ်လာတတ်၏။

ဥပမာကား နို့ဃနာခွက်၌ ကောက်ကွေး ခြင်းမပြုဘဲ ဖြောင့်ဖြောင့်တန်းတန်းဖြစ်သော လက်ကိုချ၍ မြှောက်သော သူ၏လက်သည် လိမ်းကျံရုံမျှသာဖြစ်၏။ ကောက်ကွေး၍ မြှောက်သည်ရှိသော်ကား နို့ဃနာ အစိုင်အခဲကို ထုတ်ကော်၍သာ ထွက်လာ၏။

ဤဥပမာအတူ ကောက်ကျစ်စဉ်းလဲခြင်း စသည်တို့ကို ပြုသောအခါ၌သာလျှင် လာဘ်လာဘ ဖြစ်ပေါ်၏။ ဤကား တရားနှင့်မညီသော လာဘ်ရကြောင်းအကျင့် မည်ပေ၏။

ခန္ဓာကိုယ် ဥပဓိပြည့်ဖြိုးခြင်း သင်္ကန်းညီညွတ်စွာ ဆောင်ခြင်း, အကြားအမြင် ဗဟုဿုတ ရှိခြင်း, အခြံအရံ ကောင်းပြည့်စုံခြင်း, တောကျောင်း၌ နေခြင်း, ဤသို့ သဘောရှိသော အကြောင်း တို့ကြောင့် ဖြစ်ပေါ်သော လာဘ်လာဘသည် တရားနှင့်အညီ ဖြစ်သော လာဘ်မည်ပေ၏

နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို ဖြောင့်တန်းစွာ ဖြည့်ကျင့်လိုသော ရဟန်းသည် ကိုယ်၏ ကောက်ကျစ်စဉ်းလဲခြင်း စသည်တို့ကို ပယ်စွန့်အပ်ကုန်၏။ မကန်းသော်လည်း ကန်းသကဲ့သို့ မအသော်လည်း အသကဲ့သို့ နားမပင်းသော်လည်း နားပင်းသကဲ့သို့ ဖြစ်သင့်၏။ ကောက်ကျစ် စဉ်းလဲခြင်းမှကင်း၍ လှည့်ဖြားခြင်းမှ ကင်းလွတ်သူဖြစ်သင့်၏။

ဤသို့လာဘ်ရကြောင်း နိဗ္ဗာန်ရကြောင်း တရား နှစ်ပါးအပေါင်းကို ကောင်းစွာသိလျှင် အကြွင်းမဲ့ ကုန်အောင် စုံသောတရားတို့ကို သိသောကြောင့် ဗုဒ္ဓမည်သော ဘုရားရှင်၏ တရားတော်ကို နာကြားခြင်း၏ အဆုံး၌ဖြစ်သော အနက်ကြောင့်၎င်း ဆုံးမကံမြစ်သည်ကို နားထောင်ခြင်း အနက်ကြောင့်၎င်း သာဝကမည်သော ရဟန်းကောင်းသည် တရားနှင့် မညီသော ပစ္စည်း လေးသွယ် ပူဇော်ဖွယ်ကို ခုံမင်စုံမက် နှစ်သက်ခြင်းမပြုရာ။ တရားနှင့်ညီသော ပစ္စည်းလေးသွယ် ပူဇော်ဖွယ်ကို ပိတ်ပင်တားဆီး မဖျက်ဆီးရာ။

တကိုယ်တည်း အဖြစ်ဟူသော ကာယဝိဝေက,
သမာပတ်ရှစ်ပါးဟူသော စိတ္တဝိဝေက,
နိဗ္ဗာန်ဟူသော ဥပဓိဝိဝေက, ဤဝိဝေကသုံးပါး တိုးပွါးအောင် ဖြည့်ကျင့်ရာ၏။

ထိုသုံးပါးတို့တွင် --
ကာယဝိဝေကသည် အပေါင်းအဖော် အပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။
စိတ္တဝိဝေကသည် ကိလေသာ အပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။
ဥပဓိဝိဝေကသည် သင်္ခါရတရား အပေါင်း၌ နေခြင်းကို ပယ်ဖျောက်တတ်၏။
ကာယဝိဝေကသည် စိတ္တဝိဝေက၏အကြောင်း အထောက်အပံ့ဖြစ်၏။
စိတ္တဝိဝေကသည် ဥပဓိဝိဝေက၏ အကြောင်း အထောက်အပံ့ဖြစ်၏။
ဤဝိဝေကသုံးပါး တိုးပွါးအောင် ဖြည့်ကျင့် ရမည်ဟူလို။]

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဝနဝါသီတိဿသာမဏေ ဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား ငါးခုမြောက်သော ဗာလဝဂ်အဖွင့်ပြီး၏။

---

၉ - ပဏ္ဍိတဝဂ်

၁ - ရာဓမထေရ်ဝတ္ထု

နိဓီနံဝ ပဝတ္တာရံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ရာဓမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

---

ပုဏ္ဏားအို၏ကျေးဇူးကို ရှင်သာရိပုတြာ သိတော်မူပုံ

ထို ရာဓမထေရ်သည် လူဖြစ်စဉ်ကာလ၌ သာဝတ္ထိပြည်ဝယ် ဆင်းရဲစွာသော ပုဏ္ဏားတဦး ဖြစ်သတတ်။ ထိုပုဏ္ဏားသည် ရဟန်းတော် အရှင်မြတ်တို့၏ အထံ၌ အသက်မွေးမြူတော့အံ့ ဟု ကြံ၍ ကျောင်းသို့ သွားရောက်ပြီးလျှင် စိမ်းစို ပေါက်ရောက်သော မြက်သစ်ပင်တို့ကို သုတ်သင် ရှင်းလင်းခြင်းကို ပြုလျက် ပရိဝုဏ်ကို တံမြက်လှည်းလျက် မျက်နှာသစ်ရေ စသည်တို့ကိုပေးလျက် ကျောင်း၏ အတွင်း၌သာလျှင် နေလေ၏။

ရဟန်းတော် အရှင်မြတ်တို့လည်း ထိုသူဆင်းရဲ ရာဓပုဏ္ဏားကြီးကို ချီးမြှင့်ထောက်ပံ့ကြကုန်၏။ ရဟန်းပြုပေးခြင်းငှါကား အလိုမရှိကြကုန်။ ထိုပုဏ္ဏားသည်လည်း ရဟန်းအဖြစ်ကို မရသောကြောင့် ပိန်ချုံး ကြုံလှီခြင်း ဖြစ်လေ၏။

ထို့နောက် တနေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစော မိုးသောက် ထသောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုပုဏ္ဏား ကြီးကို မြင်တော်မူရ၍ အသို့ဖြစ်လတ္တံ့နည်းဟု စူးစမ်း ဆင်ခြင်တော်မူသည် ရှိသော် အရဟတ္တဖိုလ်သို့ လျင်စွာ ရောက်ခြင်းဖြစ်လတ္တံ့ဟု သိတော်မူ၍ ညချမ်း သောအခါ ကျောင်းစဉ်ဒေသစာရီ လှည့်လည်တော်မူဘိ သကဲ့သို့ ပုဏ္ဏား၏အနီးသို့ ကြွသွားတော်မူ သဖြင့် ပုဏ္ဏားကြီး အဘယ်သို့သော အမှုကိုပြု၍ လှည့်လည် ဘိသနည်းဟု မေးတော်မူ၏။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ရဟန်းတော် အရှင်မြတ်တို့၏ ဝတ်ကြီးဝတ်ငယ်ကို ပြုစုရွက်ဆောင်လျက် နေပါသည် ဘုရားဟု လျှောက်ကြားလေသော် ထိုရဟန်းတို့၏ အထံမှ ထောက်ပင့် ချီးမြှင့်ခြင်းကို ရလေသလောဟု မေးတော်မူပြန်၏။ မှန်လှပါသည် မြတ်စွာဘုရား အစာ အာဟာရ ချီးမြှင့်ခြင်းမျှကိုကား ရပါ၏။ စင်စစ်မှာ တပည့်တော်ကို ရဟန်းပြုမပေးလို ကြပါဘုရားဟု လျှောက်ထားပြန်သောအခါ မြတ်စွာဘုရားသည် ထိုအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေ၍ ထိုသို့သောအကြောင်းကို မေးမြန်းတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤပုဏ္ဏားကြီး ပြုစုဖူးသော ကျေးဇူးအထူးကို အောက်မေ့နိုင်သော တစုံတယောက်သော ရဟန်းသည် ရှိလေ သလောဟု မေးတော်မူ၏။

အရှင်သာရိပုတြာ မထေရ်သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော် အောက်မေ့မိပါသည်ဘုရား။ ဤပုဏ္ဏားကြီးသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည် သွားလာသော တပည့်တော်အား မိမိအလို့ငှါ ရှေးရှု ဆောင်အပ်သော တယောက်မမျှသောဆွမ်းကို ပေးလှူစေဖူးပါသည်။ တပည့်တော်သည် ဤပုဏ္ဏားကြီး၏ ပြုစုဖူးသော ကျေးဇူးအထူးကို အောက်မေ့မိပါ သည်ဘုရားဟု လျှောက်ကြားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ချစ်သား သာရိပုတြာ အသို့နည်း သင့်အား ဤသို့ပြုဖူးသော ကျေးဇူးရှိသော သူတယောက်ကို ဆင်းရဲအပေါင်းမှ လွတ်စေခြင်းငှါ သင့်လျော်သည် မဟုတ် တုံလော ဟု မေးတော်မူလျှင် မြတ်စွာဘုရား ကောင်းလှပါပြီ တပည့်တော် ရဟန်းပြုပေးပါမည် ဘုရားဟု လျှောက်ကြားပြီးလျှင် ထိုပုဏ္ဏားကြီးကို ရဟန်းပြုပေးတော်မူလေ၏။

ထို ရာဓပုဏ္ဏားရဟန်းကြီးအား ဆွမ်းစားစရပ်၌ နေရာတို့၏ အစွန်အဖျား၌သာ နေရာသည် ရောက်၏ (နေရာရ၏)။ ယာဂုဆွမ်း စသည်တို့ဖြင့်လည်း ပင်ပန်း ဆင်းရဲ၏ အရှင်သာရိပုတြာ မထေရ်သည် ထိုရဟန်းကြီးကို ခေါ်ဆောင်တော်မူ၍ ဒေသစာရီ လှည့်လည်ဖဲကြွတော်မူ၏။ အစဉ်မပြတ်လျှင် ထို ရာဓပုဏ္ဏားရဟန်းကြီးကို ဤအမှုကား သင်သည် ပြုအပ်၏။ ဤအမှုကား သင်သည် မပြုအပ်ဟု သွန်သင် ဆုံးမကံမြစ်တော်မူ၏။

ထိုရဟန်းကြီးလည်း ဆိုလွယ်သောစကား ရှိသည်ဖြစ်၍ အဆုံးအမကို ရိုသေစွာ လိုက်နာ ခံယူလေ၏။ ထို့ကြောင့် ပြောဆိုဆုံးမတိုင်းကျင့် လတ်သည်ရှိသော် နှစ်ရက် သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ အရှင်သာရိပုတြာ မထေရ်သည် ထိုရဟန်းကြီးကို ခေါ်ဆောင် တော်မူ၍ မြတ်စွာဘုရား၏ အထံသို့ သွားရောက်ပြီးလျှင် ရိုသေမြတ်နိုး ရှိခိုးဦးချလျက် ထိုင်နေလေ၏။

ထိုအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတြာမထေရ်ကို ပဋိသန္ဓာရပြုတော်မူ၍ ချစ်သား သာရိပုတြာ အသင်၏ အန္တေဝါသိက တပည့် ရဟန်းကြီးသည် ပြောဆိုဆုံးမ လွယ်ကူ၏လောဟု မေးတော်မူ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အလွန်ပင် ဆိုဆုံးမ၍ လွယ်ကူပါသည် တစုံတခုသော အပြစ်ကြောင့် ပြောဆိုဆုံးမသည်ရှိသော် အမျက်ဒေါသ မာန်ခက်ထန်ခြင်း တရံတခါမျှ မရှိပါဘုရားဟု လျှောက်ထားသဖြင့် ချစ်သားသာရိပုတြာ ဤသို့သဘောရှိသော သဒ္ဓိဝိဟာရိက အတူနေတပည့်ကို ရရှိသည်ရှိသော် အဘယ်မျှလောက်သော တပည့်တို့ကို သင်သည် သိမ်းဆည်း စောင့်ရှောက် နိုင်လတ္တံ့ နည်းဟု မေးတော်မူပြန်သောအခါ မြတ်စွာဘုရား ဤကဲ့သို့သော တပည့်တို့ကို များစွာပင် ဖြစ်လေငြားသော်လည်း သိမ်းဆည်း စောင့်ရှောက်နိုင် သည်သာပါ ဘုရားဟု လျှောက်ထားလေ၏။

ထို့နောက် တနေ့သ၌ တရားသဘင်တွင် အရှင်သာရိပုတြာ မထေရ်သည် ပြုအပ်ဖူးသော သူ့ကျေးဇူးကို သိတတ်၏။ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်၏။ တယောက်မမျှ ဆွမ်းလှူဖူးသော ကျေးဇူးကို အောက်မေ့၍ ဆင်းရဲသော ပုဏ္ဏားကို ရဟန်းပြုပေးတော် မူပေ၏။ ထို့ကြောင့် မထေရ် သည်လည်း ဆုံးမခြင်းကို ခံနိုင်သည်ဖြစ်၍ ဆုံးမခြင်းကို ခံနိုင်သော တပည့်ကိုသာ ရလေသည် တကား ဟူသောစကားကို ဖြစ်စေကြလေကုန်၏။

---

သူ့ကျေးဇူးသိဖူးပုံ အလီနစိတ္တဇာတ် အမြွက်

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ၌ သာလျှင် မဟုတ်သေး ရှေးအခါကာလ၌လည်း သာရိပုတြာသည် ပြုအပ်ဖူးသော သူ့ကျေးဇူးကို သိတတ်၍ ထင်စွာပြုတတ်သည်သာလျှင်တည်း ဟု မိန့်တော်မူ၍ ထိုအကြောင်းကို ထင်စွာပြခြင်းငှါ -

အလီနစိတ္တံ နိဿာယ၊ ပဟဋ္ဌာ မဟတီ စမူ။
ကောသလံ သေနာ သန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။

ဧဝံ နိဿယသမ္ပန္နော၊ ဘိက္ခု အာရဒ္ဓဝီရိယော။
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
အလီနစိတ္တံ၊ အလီနစိတ္တမည်သော မင်းသားကလေးကို။
နိဿာယ၊ အမှီပြု၍။
ပဟဋ္ဌာ၊ ရွှင်လန်းနှစ်သက် ကြွတက်သော စိတ်နှလုံးရှိသော။
မဟတီ၊ များစွာသော။
စမူ၊ စစ်သည်ရဲမက်အပေါင်းသည်။
သေန၊ မိမိ၏ဥစ္စာဖြစ်သော တိုင်းပြည်ဖြင့်။
အသန္တုဋ္ဌံ၊ ရောင့်ရဲတင်းတိမ်ခြင်း ကင်းသော။
ကောသလံ၊ ကောသလမင်းကြီးကို။
ဇီဝဂ္ဂါဟံ၊ အရှင်လက်ရဖမ်းခြင်းကို။
ဝါ၊ ဖမ်းခြင်းဖြင့်။
ဟတ္ထိနာ၊ မင်္ဂလာဆင်တော်ကြီးကို။
အဂါဟယိ၊ ဖမ်းယူစေလေပြီ။

ဧဝံ၊ ဤအတူ။
နိဿယ သမ္ပန္နော၊ ကလျာဏမိတ္တ အမှီကောင်းနှင့် ပြည့်စုံသော။
အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော လုံ့လဝီရိယနှင့် ပြည့်စုံသော။
ဘိက္ခု၊ ရဟန်းသည်။
ဝါ၊ အမျိုးကောင်းသားသည်။
ယောဂက္ခေမဿ၊ ယောဂ လေးရပ် ဘေးရန်ပြတ်သည့် အမြတ်နိဗ္ဗာန်သို့။
ပတ္တိယာ၊ ရောက်စိမ့်သောငှါ။
ကုသလံ၊ အပြစ်ကင်းသော။
ဓမ္မံ၊ ဗောဓိပက္ခိယ တရားကို။
ဘာဝယံ-ဘာဝယန္တော၊ ပွါးများစေလျက်။
အနုပုဗ္ဗေန၊ အစဉ်အတိုင်းအားဖြင့်။
သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းအဆုံး၌ဖြစ်သော အရဟတ္တ ဖိုလ်သို့။
ငါ၊ နိဗ္ဗာန်သို့။
ပါပုဏေ ပါပုဏာတိ၊ ရောက်၏။

ဤသို့လျှင် ဒုကနိပါတ်၌ အလီနစိတ္တဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါကာလ လက်သမားဆရာတို့သည် ခြေအနာမရှိအောင် ပြုခြင်းဖြင့် မိမိအား ပြုအပ်သော ကျေးဇူး ဥပကာရကို သိ၍ တကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ငယ်ကိုပေးသော တစီးတည်းသာ လှည့်လည် ကျက်စား သွားလာလေ့ရှိသော ဧကစာရီ ဆင်ပြောင်ကြီးသည် သာရိပုတြာ ဖြစ်ဖူး လေသတတ်ဟု ဤသို့လျှင် အရှင်သာရိပုတြာ မထေရ်ကို အကြောင်းပြု၍ အလီနစိတ္တ ဇာတ်ကို ဟောကြားတော်မူပြီးလျှင် -

ရာဓမထေရ်ကို အကြောင်းပြု၍ ချစ်သား ရဟန်းတို့ ရဟန်း မည်သည်ကား ရာဓမထေရ်ကဲ့သို့ ပြောဆိုဆုံးမလွယ်သော စကားရှိသည် ဖြစ်ရာ၏။ အပြစ်ကိုပြ၍ ပြောဆိုဆုံးမ အပ်သဖြင့်လည်း အမျက် မထွက်အပ် အဆုံးအမ ပေးလာသော သူကိုကား ရတနာရွှေအိုးကို ညွှန်ပြ ပြောကြားလာ သော သူကဲ့သို့ မှတ်အပ်၏ ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားတော်ကို ဟောကြားတော်မူ လိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၇၆။ နိဓနံဝ ပဝတ္တာရံ၊ ယံ ပဿေ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

ဝဇ္ဇဒဿိနံ၊ အပြစ်ကိုဖေါ်ပြတတ်သော။
နိဂ္ဂယှဝါဒိံ၊ နှိပ်ကွပ်၍ ဆိုဆုံးမလေ့ ရှိသော။
မေဓာဝိံ၊ ပညာထက်မြက် ဉာဏ်သန်လျက်ရှိထသော။
ယံပဏ္ဍိတံ၊ အကြင်ပညာရှိကို။
ပသော၊ တွေ့မြင်ရငြားအံ့။
တာဒိသံ၊ ထိုသို့ သဘောရှိသော။
တံပဏ္ဍိတံ၊ ထိုပညာရှိကို။
နိဓီနံ၊ မြှုပ်ထားအပ်သော ဥစ္စာအိုးတို့ကို။
ပဝတ္တာရံ ဣဝ၊ ထုတ်ဖေါ် ပြောကြားလာသော သူကဲ့သို့။
ဘဇေ၊ ဆည်းကပ်ရာ၏။
တာဒိသံ၊ ထိုသို့သဘောရှိသော ပညာရှိကို။
ဘဇမာနဿ၊ ဆည်းကပ်သော သူအား။
သေယျော၊ အထူးသဖြင့် မြတ်သည်။
ဟောတိ၊ ဖြစ်၏။
ပါပိယော၊ ယုတ်မာသည်။
နဟောတိ၊ မဖြစ်။

---

ဒေသနာတော်၌ မှတ်ဖွယ်အဓိပ္ပါယ်

[ထိုထိုအရပ်၌ မြှုပ်ထားအပ်သော ရွှေငွေ စသည်တို့ဖြင့် ပြည့်သော အိုးကြီးတို့ကို ဆင်းရဲငြိုငြင် ပင်ပန်းသော လူတို့ကို သနားသဖြင့် လာခဲ့ ချမ်းသာစွာ အသက်မွေးခြင်းအကြောင်းကို ပြပေအံ့ဟု ရွှေအိုးနေရာသို့ဆောင်၍ လက်ကို ဆန့်တန်းလျက် ဤဥစ္စာကိုယူပြီး ချမ်းသာစွာ အသက်မွေးလေ လော့ဟု ပြောကြား ညွှန်ပြသောသူကို နှစ်သက်စွာ မှီဝဲဆည်းကပ်ရသကဲ့သို့ အပြစ် ဖေါ်ပြတတ်သော, နှိပ်ကွပ်ဆုံးမတတ်သော, ထက်မြက်သော ပညာဖြင့် ပညာရှိသော ပုဂ္ဂိုလ်ကို နှစ်သက်စွာ မှီဝဲ ဆည်းကပ်ရမည်။

ဤနေရာ၌ အပြစ် ဖေါ်ပြတတ်သောသူ နှစ်မျိုးရှိ၏။ ဤမလျော်သော ပြစ်ချက်ဖြင့် ဤသူ့ကို ပရိသတ်အလယ် နှိပ်စက် အရှက်ခွဲအံ့ဟု အပြစ်ရှာနေသော သူလည်း တယောက်ဖြစ်၏။ မတတ်မသိ မလိမ္မာသေးလျှင် တတ်သိလိမ္မာစိမ့်သောငှါ တတ်သိလိမ္မာလျှင် ချီးမြှောက် ထောက်ပံ့ခြင်းငှါ ထိုသူအား သီလစသည်တို့ဖြင့် ကြီးပွါးစေလိုသဖြင့် ထိုထိုအပြစ်ကို ကြည့်ရှု ဆင်ခြင်ခြင်းအားဖြင့် ထုတ်ဆောင် ကယ်ဆယ်လိုသော သဘောရှိသော ပညာရှိလည်း တယောက် ဖြစ်၏။

ထိုနှစ်မျိုးတို့တွင် နောက်ပုဂ္ဂိုလ်သာ ဤနေရာ၌ အလိုရှိအပ်သည်။ ဤ ဥစ္စာယူခဲ့ဟု ခြိမ်းချောက် သော်၎င်း ရိုက်ပုတ်သော်၎င်း ရွှေအိုးကိုမြင်သော သူဆင်းရဲသည် အမျက်မထွက် လွန်စွာ ဝမ်းမြောက်သကဲ့သို့ ဤအတူသာလျှင် ဤသို့သဘောရှိသော နောက်ပုဂ္ဂိုလ်သည် မလျော်သော ပြစ်ချက်ကို မြင်သဖြင့်ပြောကြားလျှင် အမျက်မထွက်အပ် နှစ်သက်ဝမ်းမြောက်အပ်၏။

အရှင်ဘုရား ဆရာဥပဇ္ဈာယ် အရာ၌တည်၍ ဆိုဆုံးမကုန်သော အရှင်မြတ်ဘုရားတို့ ပြုသောအမှုသည် လွန်စွာကျေးဇူး များလှပါသည်။ နောက်တဖန်လည်း ပြောဆို ဆုံးတော်မူကြ ပါဘုရားဟု ဖိတ်ကြား လျှောက်ထားထိုက်၏။ နှိပ်ကွပ်ဆုံးမတတ်သော သူကား အချို့သော ဆရာသည် သဒ္ဓိဝိဟာရိက တပည့် စသည်တို့၏ မလျော်ချွတ်ချော်သော အပြစ်ကိုမြင်လျှင် ဤ တပည့်သည် ငါ့အားရိုသေစွာ လုပ်ကျွေးပေ၏။ အကယ်၍ ပြောဆို ဆုံးမသည်ဖြစ်အံ့ မလုပ်ကျွေးဘဲ နေလတ္တံ့ ဤသို့လျှင် ငါ့အား ဆုတ်ယုတ်လတ္တံ့ဟု မပြောဝံ့ မဆိုဝံ့ရကား နှိပ်ကွပ် ဆုံးမတတ်သောသူ မမည်။ သာသနာတော်၌ အမှိုက်ဖြန့် ကြဲသောသူ မည်၏။

အကြင်ဆရာသည် ထိုသို့သဘောရှိသော အပြစ်ကိုမြင်လျှင် အပြစ်အားလျော်စွာ ခြိမ်းချောက် မောင်းမဲလျက် ဖယ်ထုတ်လျက်ဒဏ် ပေးလျက် ကျောင်းမှနှင်ချလျက် ဆုံးမတတ်၏။ ထိုဆရာသည် ဘုရားရှင်နှင့် အလားတူ နှိပ်ကွပ် ဆုံးမတတ်သောသူ မည်၏။ ထက်မြက်သော ပညာရှိကား ကျင့်ကြံကြိုးကုတ် အားထုတ်အပ်သော တရားကြောင့် ဖြစ်သော ပညာနှင့် ပြည့်စုံသောသူ ဖြစ်၏။ ထိုသို့ သဘောရှိသော ပညာရှိပုဂ္ဂိုလ်ကိုသာ နှစ်သက်စွာ မှီဝဲဆည်းကပ်သော တပည့်အား ဆုတ်ယုတ်ခြင်း မရှိ တိုးပွား ထွန်းကား သည်သာတည်း။]

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြ လေကုန်၏။

ရာဓမထေရ်ဝတ္ထု ပြီး၏။

---

၂ - အဿဇိ ပုနဗ္ဗသုက ရဟန်းတို့ ဝတ္ထု

ဩဝဒေယျ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အဿဇိ ပုနဗ္ဗသုက အမည်ရှိကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ လေ၏။

[ဒေသနာသည်ကား ကိဋာဂိရိဇနပုဒ်၌ ဖြစ်၏။]

---

ဆုံးမတတ်သူ လူမိုက်မုန်းခြင်း

ထို အဿဇိ ပုနဗ္ဗသုက ရဟန်းတို့သည် အဂ္ဂသာဝက မထေရ်အရှင်တို့၏ ဥပဇ္ဈာယ်ယူ သဒ္ဓိ ဝိဟာရိက တပည့် ရဟန်းတို့ ဖြစ်ကုန်သတတ်။ သို့ရာတွင် ထို ရဟန်းတို့သည် အရှက်မရှိသော အလဇ္ဇီရဟန်း တို့ဖြစ်ကုန်၏။ ယုတ်မာသော အကျင့်ရှိသော ရဟန်းတို့သာတည်း။ ထိုရဟန်းတို့သည် မိမိ၏အခြံအရံ ဖြစ်သောရဟန်း ငါးရာတို့နှင့်တကွ ကိဋာဂိရိဇနပုဒ်၌ နေကြကုန်လျက် ပန်းပင်ငယ်ကို မိမိလည်း စိုက်ပျိုးကြကုန်၏။ သူတပါးကိုလည်း စိုက်ပျိုးစေကြကုန်၏။

ဤသို့ အစရှိသော အထူးထူး အပြားပြား မလျောက်ပတ်သော အကျင့်ကို ပြုကျင့်ကြကုန်၍ ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးခြင်း ကုလဒူသန အမှုကို ပြုကြသဖြင့် ကုလဒူသန အမှုကြောင့် ရအပ်ကုန်သော ပစ္စည်းတို့ဖြင့် အသက်မွေးခြင်းကို ပြုကုန်လျက် ထိုကျောင်း အရိပ်အာဝါသကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့ မနေနိုင်အောင် ပြုလုပ်ကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ ထိုအဿဇိ, ပုနဗ္ဗသုက ရဟန်းတို့အား ပဗ္ဗာဇနီယကံကို ပြုစေခြင်းငှါ တပည့်အခြံအရံနှင့်တကွ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့ကို ခေါ်တော်မူ၍ ချစ်သားသာရိပုတြာ မောဂ္ဂလာန်တို့ သွားကြလေကုန်။ ထိုရဟန်းတို့တွင် အကြင် ရဟန်းတို့သည် အသင်တို့၏စကားကို မလိုက်နာကြကုန် ထိုရဟန်းတို့ ပဗ္ဗာဇနီယကံကို ပြုကြ ကုန်လော့။ အကြင် ရဟန်းတို့သည် အသင်တို့၏ စကားကို လိုက်နာခြင်းကိုပြုကြကုန်၏။ ထို ရဟန်းတို့ကိုသာလျှင် ပြောဆိုဆုံးမ ကြကုန်လော့ ကံမြစ်ကြကုန်လော့။

ထိုစကား မှန်၏။ ပြောဆိုဆုံးမတတ်သောသူ ကံမြစ်တတ်သောသူကို ပညာမရှိသော သူတို့ သည်သာလျှင် မချစ်မနှစ်သက်အပ် နှလုံးကိုမပွားစေအပ်။ ပညာရှိတို့သည်ကား နှစ်သက်မြတ်နိုး အပ်၏။ နှလုံးကိုပွား စေအပ်၏ဟု အနုသန္ဓေကိုစပ်၍ တရားတော်ကို ဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၇၇။ ဩဝဒေယျာ နုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

ဩဝဒေယျ၊ ဆုံးမရာ၏။
အနုသာသေယျ၊ ကံမြစ်ရာ၏။
အသဗ္ဘာစ၊ အကုသိုလ်တရားမှလည်း။
နိဝါရယေ၊ တားမြစ်ရာ၏။
(ကုသိုလ်တရား၌ တည်စေရာ၏ဟူလို)
ဟိ၊ ထိုစကားသင့်စွ။
သော၊ ထိုဆုံးမကံမြစ်တတ်သောသူသည်။
သတံ၊ သူတော်ကောင်းတို့သည်။
ဝါ၊ သူတော်ကောင်းတို့၏။
ပိယော၊ ချစ်ခင် နှစ်သက် မြတ်နိုးအပ်သောသူသည်။
ဟောတိ၊ ဖြစ်၏။
အသတံ၊ လာဘ်ကိုမြှော်တွေး ဝမ်းရေးကိုရှာ သူယုတ်မာတို့သည်။
ဝါ၊ သူယုတ်မာတို့၏။
ဝါ၊ နှုတ်လှံ ထိုးသူတို့၏။
အပ္ပိယော၊ မချစ်ခင် မမြတ်နိုးအပ်သောသူသည်။
ဟောတိ၊ ဖြစ်၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည် တို့သို့ ရောက်ကြ လေကုန်၏။ အရှင်သာရိပုတြာ အရှင်မောဂ္ဂလာန် တို့သည်လည်း ထိုကိဋာဂိရိဇနပုဒ်သို့ ကြွသွား တော်မူကြ၍ ထိုရဟန်းတို့ကို ဆုံးမတော်မူကြကုန်၏။ ကံမြစ်တော်မူကြကုန်၏။

ထိုရဟန်းတို့တွင် အချို့သောရဟန်းတို့သည် အဆုံးအမ ဩဝါဒကို လိုက်နာခံယူ၍ ကောင်းစွာ ကျင့်ဆောင်ကြကုန်၏။ အချို့သောရဟန်း တို့သည် လူထွက်ကြကုန်၏။ အချို့သောရဟန်း တို့သည် ပဗ္ဗာဇနီယကံသို့ရောက် ကြလေကုန်၏။

အဿဇိ ပုနဗ္ဗသုက ရဟန်းတို့ဝတ္ထု ပြီး၏။

---

၃ - ဆန္ဒမထေရ် ဝတ္ထု

န ဘဇေ ပါပကေ မိတ္တေ — အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဆန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ဂုဏ်ကြီးသူအား အဆဲသန်ခြင်း

ထိုအရှင်ဆန္ဒမထေရ်ကား ငါသည် ငါတို့ အရှင်ကောင်းသားနှင့် အတူတကွ မြတ်သော တောထွက်ခြင်းဖြင့် ထွက်၏။ ထိုစဉ်အခါ ငါမှတပါး အခြားသူ တယောက်ကိုမျှလည်း မမြင်ရ ယခုအခါ၌ကား ငါကား သာရိပုတြာမည်၏။ ငါကား မောဂ္ဂလာန်မည်၏။ ငါတို့သည် အဂ္ဂသာဝက ဖြစ်ကုန်၏ ဟု ဤပုဂ္ဂိုလ်တို့သည် လှည့်လည် သွားလာကြကုန်၏ စသည်ဖြင့် အဂ္ဂသာဝက နှစ်ပါး တို့ကိုဆဲရေး၏။ မြတ်စွာဘုရားသည် ရဟန်းတို့၏အထံမှ ထိုအကြောင်းကို ကြားတော်မူလျှင် ဆန္ဒမထေရ်ကို ခေါ်စေတော်မူ၍ ပြောဆို ဆုံးမတော်မူလေ၏။

ထိုဆန္ဒမထေရ်သည် ထိုမြတ်စွာဘုရားဆုံးမတော်မူသော ခဏ၌သာလျှင် ဆိတ်ဆိတ်နေ၍ တဖန် သွားပြီးလျှင် မထေရ်တို့ကို ဆဲရေးမြဲ ဆဲရေးပြန်သည် သာလျှင်တည်း။ ဤသို့သုံးကြိမ်တိုင်အောင် ဆဲရေးသော ထိုဆန္ဒမထေရ်ကို ခေါ်စေတော်မူ၍ မြတ်စွာဘုရားသည် ပြောဆိုဆုံးမတော်မူပြီးလျှင် ချစ်သားဆန္ဒ နှစ်ဦးသော အဂ္ဂသာဝကတို့ မည်သည်ကား အသင်၏ ကောင်းသော အဆွေခင်ပွန်း တို့ဖြစ်ကုန်၏။ မြတ်လှသော ယောက်ျားမြတ်တို့ ဖြစ်ကုန်၏။ ဤသို့သဘောရှိသော ကောင်းသော အဆွေ ခင်ပွန်းတို့ကို ပေါင်းဖော်မှီဝဲလေလော့၊ ဆည်းကပ် ခစားလေလော့ဟု မိန့်တော်မူပြီး၍ တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၇၈။ န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

ပါပကေ၊ ယုတ်မာကုန်သော။
မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။
နဘဇေ၊ မဆည်းကပ်ရာ။
ပုရိသာဓမေ၊ ကြမ်းတန်းကုန်သော သူတို့ကို။
နဘဇေ၊ မဆည်းကပ်ရာ။
ကလျာဏေ၊ ကောင်းကုန်သော။
မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။
ဘဇေထ၊ ဆည်းကပ်ရာ၏။
ပုရိသုတ္တမေ၊ ယောကျ်ားမြတ်ဖြစ်ကုန်သော သူတော်ကောင်းတို့ကို။
ဘဇေထ၊ ဆည်းကပ်ရာ၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

---

ဗြဟ္မဒဏ်ခံမှ ရဟန္တာဖြစ်ခြင်း

ဆန္ဒမထေရ်သည်ကား ထိုအဆုံးအမ စကားကို ကြားနာရသော်လည်း ရှေးနည်းဖြင့်သာလျှင် ရဟန်းတို့ကို ဆဲရေးရေရွတ်ပြန်၏။ တဖန်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ဤသို့မိန့်တော် မူလေ၏။ ချစ်သားရဟန်းတို့ ငါဘုရား ထင်ရှားရှိတော်မူစဉ် ဆန္ဒကို ဆုံးမခြင်းငှါ သင်တို့ မစွမ်းနိုင်ပေကုန်လတ္တံ့။ ငါဘုရား ပရိနိဗ္ဗာန် စံယူတော်မူသည်ရှိသော် စွမ်းနိုင်ပေကုန်လတ္တံ့ ဟု မိန့်တော်မူသောကြောင့် ပရိနိဗ္ဗာန်ပြုရာ ညောင်စောင်း၌ လျောင်းစက် တော်မူသောအခါ အရှင်အာနန္ဒာ မထေရ်သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့သည် ဆန္ဒမထေရ်အပေါ်၌ အဘယ်သို့ ပြုကျင့်ထိုက်ပါသနည်းဘုရား ဟု မေးလျှောက်သည်ရှိသော် ချစ်သားအာနန္ဒာ ဆန္ဒရဟန်းအား ဗြဟ္မဒဏ်ကို ပေးကြကုန်လော့ဟု စေခိုင်းတော်မူ၏။

အရှင် ဆန္ဒလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန် စံယူတော်မူပြီးသည် ရှိသော် အရှင်အာနန္ဒာ မထေရ် မိန့်ကြားပြောပြအပ်သော ဗြဟ္မဒဏ်ကို ကြားသိရလေသောကြောင့် ဆင်းရဲငြိုငြင်သော စိတ် နှလုံးဖြင့် ယူကြုံးမရဖြစ်၍ သုံးကြိမ်တိုင်အောင် မူးမေ့ တွေဝေကာ လဲကျသွားပြီးလျှင် အရှင်ဘုရား တို့ တပည့်တော်ကို ဖျက်ဆီးခြင်းကို ပြုတော်မမူကြပါကုန်လင့် ဘုရားဟု အဖန်ဖန် အထပ်ထပ် လျှောက်ကြား တောင်းပန်၍ ရဟန်းကျင့်ဝတ် မယွင်းမချွတ် မပျက်ပြားရအောင် ကောင်းစွာ ဖြည့်ကျင့်သည် ရှိသော် မကြာမြင့်မီပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။

ဆန္ဒမထေရ်ဝတ္ထုပြီး၏၊

၄ - မဟာကပ္ပိနမထေရ်ဝတ္ထု

---

ဓမ္မပီတိ သုခံသေတိ - အစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကပ္ပိန မထေရ်ကိုအကြောင်း ပြု၍ ဟောတော်မူလေ၏။

[ထိုသို့ဟောရာ၌ ဤဆိုလတ္တံ့သည်ကား အစဉ်သောစကားတည်း။]

ရက်ကန်းသည် တထောင်

ပစ္စေကဗုဒ္ဓါတို့အား ကိုးကွယ်ခြင်း

လွန်လေပြီးသောအခါ အရှင်မဟာကပ္ပိန မထေရ် အလောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ပြုအပ်သော ဆုတောင်း ပတ္ထနာခြင်း ရှိသည် ဖြစ်၍ သံသရာ၌ ကျင်လည်ရသည် ရှိသော် ဗာရာဏသီပြည်မှ မနီးမဝေးသော တခုသော ရက်ကန်းသည်ရွာ၌ ရက်ကန်းသည်တို့၏ အကြီးအမှူးအဖြစ်ဖြင့် ဖြစ်လေ၏။

ထိုအခါ တထောင်မျှလောက်သော အရှင် ပစ္စေကဗုဒ္ဓါတို့သည် ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌ သီတင်းသုံး နေတော်မူပြီး၍ မိုဃ်းလေးလပတ်လုံး မြို့ရွာ ဇနပုဒ်၌ သီတင်းသုံးနေတော်မူကြကုန်၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် တကြိမ်သော အလှည့်အခါ၌ ဗာရာဏသီပြည်၏ မနီးမဝေး သောအရပ်၌ သက်ဆင်း၍ ကျောင်းဆောက်လုပ်ခြင်းငှါ လက်အမှုကို တောင်းခံကြကုန်လော့ - ဟု ဆို၍ ပြည့်ရှင်မင်းကြီး၏ အထံသို့ ရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့ကို စေလွှတ်ကြကုန်၏။

ထိုအခါ ပြည့်ရှင်မင်းကြီးအား လယ်ယာစိုက်ပျိုးခြင်း မင်္ဂလာသည် ဖြစ်လေ၏။ မင်းကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွလာတော်မူကုန်သတတ်ဟု ကြားသိရလျှင် ထိုခဏ၌ ထွက်လာ တော်မူ၍ ကြွလာတော်မူခြင်း၏ အကြောင်းကို မေးမြန်း လျှောက်ထားပြီးလျှင် အရှင်ဘုရားတို့ ယနေ့အချိန် အခွင့်မရှိပါ။ နက်ဖြန် တပည့်တော်တို့အား လယ်ယာစိုက်ပျိုးခြင်း မင်္ဂလာကို သုံးရက် မြောက်သောနေ့၌ ပြုလုပ်ပါလိမ့်ဦးမည်ဟု လျှောက်ကြားသဖြင့် ပစ္စေကဗုဒ္ဓါတို့ကို မပင့်ဖိတ်မူ၍ သာလျှင် နန်းအိမ်ခန်းတွင်းသို့ ဝင်သွားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့လည်း အရပ်တပါးသို့ သွားကုန်အံ့ဟု ဖဲကြွတော်မူကုန်၏။

ထိုခဏ၌ ရက်ကန်းသည်အကြီးမယားသည် တစုံတခုသော ပြုဖွယ်ကိစ္စဖြင့် ဗာရာဏသီပြည်သို့ သွားသည်ရှိသော် ထိုပစ္စေကဗုဒ္ဓါတို့ကို ဖူးမြင်ရ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အရှင်ဘုရားတို့ အချိန်အခါ မဟုတ်ဘဲ အဘယ့်ကြောင့် ကြွလာ တော်မူကြပါသနည်း ဘုရားဟု မေးလျှောက်သဖြင့် အစမှစ၍ ပြန်ကြားပြောဆို ကြလေကုန်၏။

ထိုအကြောင်းကို ကြားရလျှင် သဒ္ဓါဘရားနှင့် ပြည့်စုံသော ထိုမိန်းမသည် အရှင်ဘုရားတို့ နက်ဖြန် တပည့်တော်မတို့၏ ဆွမ်းကို ခံယူတော်မူပါကုန်ဘုရားဟု လျှောက်ကြား ပင့်ဖိတ်လေ၏။ နှမအရွယ် သဒ္ဓါကြွယ်ဘိ ဒါယိကာမ ငါတို့ကား အလွန်ပင် များကုန်၏ဟု မိန့်တော်မူလတ်သည် ရှိသော် အရှင်ဘုရားတို့ အဘယ်မျှလောက် ရှိပါကုန်သနည်း ဘုရားဟု မေးလျှောက်သဖြင့် တထောင် မျှလောက် ရှိပေကုန်၏ဟု မိန့်တော်မူသောအခါ အရှင်ဘုရားတို့ ဤရွာ၌ တထောင်မျှလောက် ကုန်သော ရက်ကန်းသည်တို့သည် နေထိုင်ကြပါကုန်၏။

တဦး တဦးသော သူသည် တပါးတပါးသော အရှင်အား ဆွမ်းကို လှူဒါန်းပါလတ္တံ့။ ဆွမ်းကို သည်းခံတော်မူကြပါဘုရား။ တပည့်တော်မသည်ပင် အရှင်ဘုရားတို့အား သီတင်းသုံးတော်မူရန် ကျောင်းနေရာကိုလည်း ဆောက်လုပ်ပါမည် ဘုရားဟု လျှောက်ကြားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း သည်းခံတော်မူကြကုန်၏။ ထိုဒါယိကာမသည် ရွာသို့ဝင်ရောက်ပြီးလျှင် ငါသည် တထောင်မျှလောက် ကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ဖူးမြင်ရ၍ ပင့်ဖိတ်ခဲ့၏။ အရှင်မြတ်တို့အား သီတင်းသုံး ထိုင်နေတော်မူစရာနေရာကို စီရင်ကြကုန်လော့ ယာဂုဆွမ်း စသည် တို့ကို ပြည့်စုံအောင် ချက်ပြုတ်ကြကုန်လော့ဟု ကြွေးကြော် ဆော်ဩလေ၏။

ထို့နောက် ရွာလယ်၌ မဏ္ဍပ်ကို ဆောက်လုပ်စေ၍ နေရာတို့ကို ခင်းစေပြီးလျှင် တဖန်မိုးသောက် ရောက်သောနေ့၌ အရှင်ပစ္စေကဗုဒ္ဓါတို့ကို ထိုင်နေ သီတင်းသုံး တော်မူစေ၍ မွန်မြတ်လှသော ခဲဖွယ်ဖြင့်၎င်း ဘောဇဉ်ဖြင့်၎င်း လုပ်ကျွေးသမှု ပြုစုသဖြင့် ဆွမ်းစားပြီးသောအခါ ထိုရွာ၌ နေသော အလုံးစုံသော မိန်းမတို့ကို ခေါ်ဆောင်၍ ထိုမိန်းမတို့နှင့်အတူတကွ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို ရိုသေမြတ်နိုး ရှိခိုးဦးချပြီးလျှင် သုံးလပတ်လုံး သီတင်းသုံးရန် ပဋိညာဉ်ကိုယူ၍ တဖန် ရွာ၌ ကြွေးကြော် ဆော်ဩ ပြန်သည်မှာ အိုမိခင် ဖခင်တို့ တဦးတဦးသော အမျိုးမှ တယောက် တယောက်သော ယောက်ျားသည် ပေါက်ဆိန် ပဲခွပ်စသည်တို့ကို ယူ၍ တောသို့ပင်ပြီးလျှင် သစ်သား အဆောက်အဦတို့ကို ဆောင်ယူခဲ့၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့၏ သီတင်းသုံးတော် မူရာဖြစ်သော ကျောင်းကို ဆောက်လုပ်ပါလော့ဟု ကြွေးကြော်လေ၏။

ရွာသူရွာသားတို့သည် ထိုမိန်းမ၏ စကားကို ကြားရလျှင် တယောက် တယောက်သော သူသည် တခု တခုသော နေစရာကျောင်းကို ဆောက်လုပ်၍ ညဉ့်သန့်ရာ နေ့သန့်ရာ တို့နှင့်တကွ သစ်ရွက် မိုးသော ကျောင်းဆောင် တထောင်ကို ဆောက်လုပ်စေပြီးလျှင် မိမိ မိမိ၏ သစ်ရွက်မိုးသော ကျောင်း၌ ဝါကပ်သီတင်း သုံးကြကုန်သော ပစ္စေကဗုဒ္ဓါတို့ကို ငါသည် ရိုသေစွာ လုပ်ကျွေးအံ့ ငါသည်ရိုသေစွာ လုပ်ကျွေးအံ့ဟု အားတက်သရော ရိုရိုသေသေ လုပ်ကျွေးကြလေကုန်၏။

ဝါကျွတ်သောအခါ မိမိ မိမိ၏ သစ်ရွက်မိုးသော ကျောင်း၌ ဝါမှထမြောက်ကုန်သော အရှင် ပစ္စေကဗုဒ္ဓါတို့ အလို့ငှါ သင်္ကန်းလျာ ပုဆိုးတို့ကို စီရင်ကြကုန်ဦးလော့ဟု စီရင်ပြုလုပ်စေ၍ တပါး တပါးသော ပစ္စေကဗုဒ္ဓါအား အဘိုးတထောင်မျှ ထိုက်တန်သော သင်္ကန်းကို လှူဒါန်းစေလေ၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည် ဝါကျွတ်ကုန်သည်ရှိသော် အနုမောဒနာ ပြု၍ ဖဲကြွတော်မူကြ လေကုန်၏။

---

ကဿပဘုရားလက်ထက် ကျောင်းဆောက်လှူဒါန်းခြင်း

ရွာသူရွာသား တို့သည်လည်း ဤသို့သော ကုသိုလ်ကောင်းမှုကံကို ပြုလုပ်၍ ဤလူ့ပြည်မှ စုတေကြ ကုန်သည်ရှိသော် တာဝတိံသာ နတ်ပြည်၌ ဖြစ်သဖြင့် အပေါင်း အစု အဖွဲ့ ဖြစ်သော, ဂဏနတ်သားတို့ မည်ကြလေကုန်၏။ ထိုအပေါင်းနတ်သားတို့သည် တာဝတိံသာ နတ်ပြည်၌ နတ်စည်းစိမ် ချမ်းသာကို အစဉ်ခံစားကြပြီးလျှင် ကဿပမြတ်စွာဘုရား၏ လက်ထက်တော် အခါ၌ ဗာရာဏသီပြည်ဝယ် သူကြွယ်အိမ်တို့၌ ဖြစ်ကြကုန်၏။

အကြီးအမှူးဖြစ်သော ရက်ကန်းသည်သည် အကြီးအမှူးဖြစ်သော သူကြွယ်၏သားဖြစ်၏။ ထို သူ၏ မယားဟောင်းသည်လည်း အကြီးအမှူးဖြစ်သော သူကြွယ်၏ သ္မီးဖြစ်လေ၏။ ထိုအလုံးစုံသော မိန်းမတို့သည်လည်း အရွယ်သို့ ရောက်သောအခါ တပါးသော အမျိုးသားအိမ်သို့ လိုက်သွားကြ ကုန်သည်ရှိသော် ထိုသူ ထိုသူတို့၏ အိမ်သို့သာ ရောက်သွားကြလေကုန်၏။

ထို့နောက် တနေ့သ၌ ကျောင်းတော်၌ တရားနာ ကြွေးကြော် အပ်သည်ဖြစ်၍ မြတ်စွာဘုရား တရားဟောတော်မူလတ္တံ့ ဟု ကြားသိရသဖြင့် အလုံးစုံသော ထိုသူကြွယ် တို့သည်လည်း တရားတော်ကို နာကုန်အံ့ဟု ဇနီးသည်မယားတို့နှင့်တကွ ကျောင်းတော်သို့ ရောက်လာကြကုန်၏။

ထိုသူတို့ ကျောင်းအလယ်သို့ ဝင်ရောက်သော ခဏ၌သာလျှင် မိုဃ်းသားတက်၍ ရွာသွန်းခဲ့လေ၏။ အကြင်လူတို့အား ချဉ်းကပ်နေကြ ဆရာရဟန်းတို့သည်၎င်း ဆွေမျိုး တော်စပ်ကုန်သော ရဟန်း သာမဏေတို့သည်၎င်း ရှိကြကုန်၏။ ထိုလူတို့သည် ထိုရဟန်းသာမဏေတို့၏ နေရာကျောင်းငယ် ပရိဝုဏ်တို့သို့ ဝင်ကြကုန်၏။

ထိုသူကြွယ်သား တထောင်တို့အား ထိုသို့သော ရဟန်းသာမဏေတို့ မရှိကြကုန်သဖြင့် ထို သူတို့သည် တစုံတခုသော ပရိဝုဏ်ကျောင်းသို့ ဝင်ခြင်းငှါ မစွမ်းနိုင်ကြသောကြောင့် ကျောင်းအလယ်၌သာလျှင် ရပ်တည်၍နေကြကုန်၏။ ထိုအခါ ထိုသူတို့ကို အကြီးအမှူးဖြစ်သော သူကြွယ်က ငါတို့၏ ဖေါက်ပြန်ခြင်းကို ကြည့်ရှုကြကုန်လော့ အမျိုးကောင်းသားတို့ မည်သည်ကား ဤမျှဖြင့် ရှက်ခြင်းငှါ သင့်လှပြီဟုဆိုလေ၏။

အရှင် ယင်းသို့ဖြစ်ခဲ့လျှင် အဘယ်သို့ ပြုကြကုန်အံ့နည်း မေးသဖြင့် ငါတို့သည် အကျွမ်းဝင်ရာ အရပ်ဌာန မရှိသောကြောင့် ဤသို့သော ဖေါက်ပြန်ခြင်းသို့ ရောက်ရကုန်၏ ဟုဆိုလျှင် အလုံးစုံ သောငါတို့သည် ဥစ္စာကို စုဆောင်း၍ ကျောင်းပရိဝုဏ်ကို ပြုကြကုန်စိုအံ့ဟု ပြောဆိုကြသဖြင့် အရှင်တို့ ကောင်းလှပေပြီ ဟုဝန်ခံ၍ အကြီးအမှူးဖြစ်သော သူကြွယ်သည် ဥစ္စာတထောင်ကို ပေးလေ၏။ ကြွင်းသော သူတို့သည် ငါးရာ ငါးရာစီတို့ကို ပေးကုန်၏။ မိန်းမတို့သည် နှစ်ရာ့ငါးဆယ် စီတို့ကို ပေးကြလေကုန်၏။

ထိုသူကြွယ်သား တထောင်တို့သည် မိမိတို့၏ ဥစ္စာကို စုဆောင်း၍ စုလစ်မွန်း ချွန်တပ်သော ကျောင်းအရံတထောင်၊ မြတ်စွာဘုရား သီတင်းသုံးတော်မူရန် အလို့ငှါ ကျယ်ဝန်းသော ကျောင်း ပရိဝုဏ်ကြီးမည်သည်ကို ဆောက်လုပ်ခြင်းငှါ အားထုတ်ကြလေကုန်၏။ ပြုလုပ်ဖွယ်ဖြစ်သော အမှုသစ်၏ များပြား ကျယ်ဝန်းလှသည် အဖြစ်ကြောင့် ဥစ္စာမလောက်သည်ရှိသော် ရှေးက လှူဒါန်း အပ်သော ဥစ္စာအောက် ထက်ဝက်မျှလောက်သော ဥစ္စာကို ထပ်မံလှူဒါန်းကြရ လေကုန်၏။

ပရိဝုဏ်ကျောင်းကြီး ပြီးလတ်သော် ကျောင်းပူဇော်ခြင်း ကျောင်းသာဓုခေါ်ခြင်းကို ပြုကြကုန်သဖြင့် ဘုရားအမှူးရှိသော ရဟန်းသင်္ဃာတော်အား ခုနစ်ရက်ပတ်လုံး ကြီးစွာသော အလှူဒါနကို ပေးလှူ ပူဇော်၍ နှစ်သောင်းကုန်သော ရဟန်းတော် အရှင်မြတ်တို့အလို့ငှါ သင်္ကန်းတို့ကို စီရင်ကြ လေကုန်၏။ အကြီးအမှူး ဖြစ်သော သူကြွယ်၏ မယားသည်ကား အလုံးစုံသောသူတို့နှင့် တူမျှအောင်မပြုမူ၍ မိမိ၏ ဉာဏ်ပညာ၌ ကောင်းစွာတည်လျက် အလွန်အကြူး အထူးပြုပြီးလျှင် မြတ်စွာဘုရားကို ပူဇော်အံ့ဟု အနောဇာပန်း အဆင်းရှိသော အဘိုးတထောင် ထိုက်တန်သော ပုဆိုးနှင့်အတူတကွ အနောဇာပန်း ခြင်းတောင်းကိုယူ၍ တရားအနုမောဒနာ ပြုသောအခါ မြတ်စွာဘုရားကို အနောဇာပန်းတို့ဖြင့် ပူဇော်လျက် ထိုပုဆိုးကို မြတ်စွာဘုရား၏ ခြေတော်ရင်း၌ ထားပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဖြစ်တိုင်း ဖြစ်တိုင်းသောဌာန ဘုံဘဝ၌ တပည့်တော်မ၏ ကိုယ်သည် အနောဇာပန်း၏ အဆင်းနှင့်တူသော အဆင်းရှိသည်သာလျှင် ဖြစ်ပါစေသတည်း တပည့်တော်မ၏ အမည်သည်လည်း အနောဇာသာလျှင် ဖြစ်ပါစေသတည်း ဟု ပတ္ထနာအမှု ဆုတောင်းခြင်းကိုပြုလေ၏။ မြတ်စွာဘုရားသည်လည်း ဤသို့ တောင်းသည့်ဆု အတိုင်း ပြည့်စုံစေသတည်းဟု အနုမောဒနာကို ပြုတော်မူလေ၏။

---

ယခုဘုရားလက်ထက် ကပ္ပိနမင်းကြီး စသည်ဖြစ်ခြင်း

ထိုအလုံးစုံသော သူတို့သည်လည်း အသက်အတိုင်း တည်နေ၍ ထိုကိုယ် အဖြစ်မှ စုတေမနေ သေလွန်ကြကုန်သည်ရှိသော် နတ်ပြည်၌ဖြစ်ပြီးလျှင် ငါတို့ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော် မူလာသော ဤအခါ၌ နတ်ပြည်မှစုတေခဲ့၍ အကြီးအမှူးဖြစ်သော သူကြွယ်သည် ကုက္ကုဋဝတီ မည်သောပြည်ဝယ် မင်းမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် မဟာကပ္ပိနမည်သော မင်းသည် ဖြစ်လေ၏။

ကြွင်းသော သူကြွယ်တို့သည်လည်း အမတ်မျိုး၌ ဖြစ်ကြလေကုန်၏။ အကြီးအမှူးဖြစ်သော သူကြွယ်၏ မယားကား မဒ္ဒရာဇ်တိုင်း သာဂလပြည်ဝယ် မင်းမျိုး၌ဖြစ်လေ၏။ ထိုမင်းသ္မီး၏ ကိုယ်သည် အနောဇာပန်း အဆင်းနှင့်တူသော အဆင်းရှိသည်သာဖြစ်၍ အနောဇာဟူ၍သာလျှင် မင်းသ္မီး၏ အမည်ကိုမှည့်ကြလေကုန်၏။

ထိုမင်းသ္မီးသည် အရွယ်သို့ရောက်သည်ရှိသော် မဟာကပ္ပိနမင်းကြီး၏ နန်းအိမ်တော်သို့ လိုက်ပါ သွားရောက်သဖြင့် အနောဇာဒေဝီ မည်သော မိဖုယားကြီးဖြစ်လေ၏။ ကြွင်းသော မိန်းမတို့ သည်လည်း အမတ်မျိုးတို့၌ဖြစ်၍ အရွယ်သို့ ရောက်ကြကုန်သည်ရှိသော် ရှေးဘဝဟောင်း အတူ ပေါင်းဖူးကုန်သော ထို အမတ်သားတို့၏ အိမ်တို့သို့သာ သွားရောက်ကြရကုန်၏။

ထိုအလုံးစုံသော အမတ်တို့သည်လည်း မင်းကြီး၏ စည်းစိမ်နှင့် တူမျှသော စည်းစိမ်ချမ်းသာကို ခံစားကြရလေကုန်၏ အကြင်အခါ မင်းကြီးသည် အလုံးစုံသော တန်းဆာတို့ဖြင့် တန်းဆာ ဆင်လျက် ဆင်ကိုတက်စီး၍ လှည့်လည်၏။ ထိုအခါ ထိုအမတ်တို့သည်လည်း ထို့အတူသာလျှင် ဆင်ကို တက်စီး၍ လှည့်လည်ကုန်၏။ မင်းကြီးသည် မြင်းဖြင့်၎င်း ရထားဖြင့်၎င်း လှည့်လည် သွားလာသည် ရှိသော် အမတ်တို့သည်လည်း ထို့အတူသာလျှင် လှည့်လည် သွားလာကုန်၏။ ဤသို့လျှင် ထိုမင်းနှင့် အမတ်တို့သည် တပေါင်းတည်း အတူဖြစ်၍ ပြုအပ်ကုန်သော ကုသိုလ် ကောင်းမှုတို့၏ အာနုဘော်ဖြင့် တပေါင်းတည်း အတူသာလျှင် စည်းစိမ်ချမ်းသာကို ခံစားကြရလေကုန်၏။

အထူးကား မင်းကြီးအား ဗလမည်သောမြင်း, ဗလဝါဟနမည်သောမြင်း, ပုပ္ဖမည်သောမြင်း, ပုပ္ဖဝါဟနမည်သောမြင်း, သုပတ္တမည်သောမြင်း, ဤသို့ မြင်းငါးစီးတို့သည် ရှိကုန်၏။ ထိုမြင်း ငါးစီးတို့တွင် မင်းကြီးသည် သုပတ္တမည်သော မြင်းကိုစီးနင်း၏။ ကြွင်းသော လေးစီးသောမြင်းတို့ကို မြင်းစီးသူရဲတို့အား သတင်းစကားကို ဆောင်စိမ့်သောငှါ ပေးထားလေ၏။ မင်းကြီးသည် ထိုတမန် တို့ကို နံနက်စောစော ကသာလျှင် ကျွေးမွေး၍ သွားကြလေကုန် နှစ်ယူဇနာ သုံးယူဇနာမျှ လောက်သော ခရီးသို့တိုင်အောင် လှည့်လည်ရှာဖွေ၍ မြတ်စွာဘုရား၏၎င်း တရားတော်မြတ်၏၎င်း သံဃာတော်မြတ်၏၎င်း ပွင့်ထွန်း ဖြစ်ပေါ်လာသည့် အဖြစ်ကို သိအောင်ပြု၍ ငါ့အလို့ငှါ ချမ်းသာကြောင်း သတင်းကောင်းကို ယူဆောင်ခဲ့ကြရမည်ဟု စေလွှတ်လေ၏။

မြင်းစီးသူရဲ လေးယောက် တို့သည်လည်း တံခါးလေးမျက်နှာတို့မှ ထွက်၍ နှစ်ယူဇနာ သုံးယူဇနာ တို့တိုင်တိုင် လှည့်လည်ရှာ ဖွေကြရာ သတင်းစကားကို မရကြကုန်သဖြင့် တဖန်ပြန်လာကြ ရကုန်၏။

ထို့နောက် တနေ့သ၌ မင်းကြီးသည် သုပတ္တမည်သော မြင်းကိုစီး၍ အမတ် တထောင်ခြံရံလျက် ဥယျာဉ်သို့ ထွက်တော်မူသည် ရှိသော် ပင်ပန်းသောသဘော ရှိသော ငါးရာမျှကုန်သော လှည်းကုန်သည်တို့ကို မြို့တော်သို့ ဝင်လာသည်တို့ကို မြင်ရလျှင် ဤသူတို့သည် အဓွန့်ရှည်သော ခရီးသွားခြင်းတို့ဖြင့် ပင်ပန်းကြကုန်၏။ မချွတ်လျှင် ဤကုန်သည်တို့၏ အထံမှ ကောင်းမြတ်သော သတင်းစကား တခုကို ကြားနာရပေအံ့ဟု ကြံစည်လျက် ထိုကုန်သည်တို့ကို ခေါ်စေတော် မူပြီးလျှင် အသင်တို့သည် အဘယ်အရပ်မှ လာခဲ့ကြကုန်သနည်းဟု မေးတော်မူလေ၏။

---

ရတနာသုံးပါး သတင်းကြား၍ သုံးသိန်း ဆုတော်ချခြင်း

အရှင်မင်းမြတ် ဤနေပြည်တော်မှ ယူဇနာ တရာ့နှစ်ဆယ်ထက်၌ သာဝတ္ထိ အမည်ရှိသော မြို့ကြီးသည် ရှိပါသည်။ ထိုသာဝတ္ထိမြို့ကြီးမှ လာကြပါသည် ဘုရားဟု လျှောက်တင်လတ်သော် အသင်တို့၏ အရပ်ဒေသ၌ တစုံတခု ဖြစ်ပေါ်သော သတင်းထူးသည် ရှိလေသလောဟု မေးတော်မူပြန်သဖြင့် အရှင်မင်းမြတ် တပါးသောသတင်း အထူးဝိသေသ သည်ကား တစုံတခုမျှ မရှိပါ။ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူတတ်သော မြတ်စွာဘုရား သည်ကား ထင်ရှား ဖြစ်ပေါ်လာပါသည် ဘုရားဟု လျှောက်ကြား၏။

ထိုခဏ၌သာလျှင် မင်းကြီးသည် ငါးပါးအပြားရှိသော ပီတိနှင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ တစုံတခုကို မှတ်သားခြင်းငှါ မစွမ်းနိုင်ရကား တခဏမျှသော ကာလကို လွန်စေပြီးလျှင် အမောင်တို့ အဘယ်ကို ပြောဆိုကြကုန်ဘိ သနည်းဟု မေးတော်မူပြန်လေ၏။ အရှင်မင်းမြတ် မြတ်စွာဘုရားသည် ထင်ရှားပွင့်တော် မူပါသည်ဘုရားဟု လျှောက်တင်ပြန် သည်ရှိသော် မင်းကြီး သည် နှစ်ကြိမ်မြောက်၎င်း သုံးကြိမ်မြောက်၎င်း ရှေးနည်း အတူသာလျှင် ကာလကိုလွန်စေပြီးလျှင် လေးခုမြောက် အကြိမ်၌ အမောင်တို့ အသင်တို့သည် အဘယ်ကို ပြောဆိုကုန်ဘိသနည်း ဟုမေးတော်မူ၍ အရှင်မင်းမြတ် မြတ်စွာဘုရားသည် ထင်ရှား ပွင့်တော်မူပါသည်ဟု လျှောက်တင် ပြန်သောအခါ အသင်တို့အား တသိန်းသောအသပြာကို ဆုချပေအံ့ဟု မိန့်တော်မူလေ၏။

ထိုမှတပါး တစုံတခုသော သတင်းထူးလည်း ရှိလေသေးသလော ဟု မေးတော်မူပြန်၏။ အရှင်မင်းမြတ် ရှိပါသေးသည်။ တရားတော်လည်း ဖြစ်တော်မူပါသည် ဘုရားဟု လျှောက်တင်ပြန် သဖြင့် မင်းကြီးသည် ထိုစကားကို ကြားရ၍လည်း ရှေးနည်းဖြင့်သာလျှင် သုံးကြိမ် တိုင်တိုင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်သောအကြိမ်၌ တရားတော် ဖြစ်တော်မူပါသည်ဘုရားဟု လျှောက်တင်လတ်သော် မင်းကြီးသည် ဤနေရာ၌လည်း အသင်တို့အား တသိန်းသော အသပြာ ကို ဆုချပေအံ့ဟု မိန့်တော်မူ၍ -

အမောင်တို့ တပါးသော သတင်းထူးလည်း ရှိလေသေးသလော ဟု မေးတော်မူပြန်၏။ အရှင်မင်းမြတ် ရှိပါသေးသည်။ သံဃာရတနာလည်း ဖြစ်တော်မူပါသေးသည် ဘုရားဟု လျှောက်တင်ပြန်သဖြင့် မင်းကြီးသည် ထိုစကားကို ကြား၍လည်း သုံးကြိမ်တိုင်တိုင် ကာလကို လွန်စေပြီးလျှင် လေးခုမြောက်အကြိမ်၌“သံဃော” ဟူသော စကားပုဒ်ကို ဆိုလတ်သော် ဤနေရာ၌လည်း အသင်တို့အား တသိန်းသော အသပြာကို ဆုချပေအံ့ဟု မိန့်တော်မူလေ၏။

---

မင်းစည်းစိမ်စွန့်၍ တောထွက်ခြင်း

ထို့နောက် အမတ်တထောင်ကို ကြည့်ရှုတော်မူလျက် အမောင်တို့ အသို့ပြုကုန်လတ္တံ့နည်းဟု မေးတော်မူလတ်သော် အရှင်မင်းမြတ် အရှင်မင်းမြတ်ကြီး တို့သည် အသို့ပြုကုန်လတ္တံ့နည်းဟု ပြန်၍ မေးလျှောက်ကုန်၏။

အမောင်တို့ ငါသည် ဘုရားထင်ရှား ဖြစ်တော်မူသည်၊ တရားထင်ရှား ဖြစ်တော်မူသည်၊ သံဃာ ထင်ရှားဖြစ်တော်မူသည် ဟူသောစကားကို ကြားရသည် ဖြစ်သောကြောင့် ငါသည် တဖန် မပြန်လည် မဆုတ်နစ်လို မြတ်စွာဘုရားကို ရည်မှန်းကာ သွားပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုတော့အံ့ဟု မိန့်တော်မူလတ်သော် အရှင်မင်းကြီး ဘုရားကျွန်တော်မျိုးတို့ သည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ လိုက်ပါ ရဟန်းပြုကြပါ ကုန်အံ့ဟု လျှောက်တင်ကြ လေကုန်၏။

မင်းကြီးသည် ရွှေပြား၌ အက္ခရာတို့ကို ရေးစေ၍ ကုန်သည်တို့ကို ဤသို့ မိန့်မှာတော်မူ၏။ အသင်တို့အား အနောဇာဒေဝီမိဖုယားကြီးသည် သုံးသိန်းကုန်သော အသပြာတို့ကို ပေးသနားပေလတ္တံ့ ဤသို့သော စကားကိုလည်း လျှောက်တင်ကြကုန်ဦးလော့။ မင်းကြီးသည် အရှင်အာား အစိုး ရသောမင်း၏ စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ် သတတ်၊ အလိုတော်ရှိတိုင်း စည်းစိမ်ချမ်းသာကို ခံစားတော်မူပါဟူ၍ လျှောက်တင်ကြလော့။

အသင်တို့၏ မင်းကြီးသည် အဘယ်သို့ သွားသနည်းဟု အကယ်၍ မေးခဲ့ငြားအံ့ မြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်းပြုတော့အံ့ဟု ဆိုလျက် ကြွသွားတော်မူ၏ဟု လျှောက်ကြားလိုက်ကြ ကုန်လော့ဟု မိန့်မှာတော်မူလိုက်၏။ အမတ်တို့လည်း မိမိ မိမိ၏ မယားတို့အထံသို့ ထိုမင်းကြီး အတူသာလျှင် သတင်းစကား မှာကြား ပေးပို့လိုက်ကြကုန်၏။ မင်းကြီးသည် လှည်းကုန်သည်တို့ကို လွှတ်လိုက်၍ မြင်းတော်စီးပြီးလျှင် အမတ်ပေါင်း တထောင် ခြံရံလျက် ထိုခဏ၌သာလျှင် ထွက်တော်မူလေ၏။

---

မြတ်စွာဘုရားကြွသွား၍ ကြိုဆိုခြင်း

မြတ်စွာဘုရား သည်လည်း ထိုနေ့နံနက် စောစောအချိန် လောကကို ကြည့်ရှုတော်မူသည်ရှိသော် အခြံအရံနှင့် တကွဖြစ်သော မဟာကပ္ပိန မင်းကြီးကို မြင်တော်မူလျှင် ဤမဟာကပ္ပိနမင်းသည် ကုန်သည်တို့၏ အထံမှ ရတနာ သုံးပါးတို့၏ ဖြစ်ပေါ်သည်ကို ကြားရ၍ ထိုကုန်သည်တို့၏စကားကို သုံးသိန်းကုန်သော အသပြာတို့ဖြင့် ပူဇော်ချီးမြှင့်ပြီးလျှင် ပြည်စည်းစိမ်ကိုစွန့်၍ အမတ်ပေါင်း တထောင်တို့ဖြင့် ခြံရံလျက် ငါဘုရားကို ရည်မှန်းကာ ရဟန်းပြုလိုသောကြောင့် နက်ဖြန် ထွက်လာ လတ္တံ့။ အခြံအရံနှင့်တကွသော ထိုမင်းသည် လေးဖြာသော ပဋိသမ္ဘိဒါတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လတ္တံ့။

ထိုမင်းအား ခရီးဦး ကြိုဆိုခြင်းကို ငါပြုအံ့ဟု ကြံဆင်ခြင်တော်မူ၍ တဖန်မိုးသောက် ရောက်သော နေ့၌ သေးငယ်သောရွာကို ပိုင်စားသော ရွာစား ရွာအုပ်ကို ခရီးဦးကြိုဆိုခြင်းငှါ ရွှေစက်နှစ်စင်း ဖြန့်ချီခင်းသော လေးကျွန်းသနင်း စကြာမင်းကြီးကဲ့သို့ ကိုယ်တော်တိုင်သာလျှင် သပိတ်သင်္ကန်းကို လွယ်ယူတော်မူလျက် ယူဇနာတရာ့ နှစ်ဆယ်ရှိသော လမ်းခရီးသို့ ကြွသွားတော်မူပြီးလျှင် စန္ဒဘာဂါမြစ်၏ ကမ်းနား၌ ပညောင်ပင်ရင်းဝယ် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော် တို့ကို ဖြိုင်ဖြိုင်လွှတ်လျက် သီတင်းသုံး ထိုင်နေတော်မူလေ၏ ။

---

ဂုဏ်တော်အာရုံပြုလျက် မြစ်သုံးတန် မြင်းဖြင့်ကူးခြင်း

မဟာကပ္ပိနမင်းကြီးသည်လည်း ထွက်၍ လာလတ်သည်ရှိသော် မြစ်တခုသို့ ရောက်လျှင် ဤမြစ်သည် အဘယ်အမည် ရှိပေသနည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ် အပရစ္ဆာမြစ် မည်ပါသည်ဘုရားဟု လျှောက်လျှင် အမောင်တို့ ဤမြစ်၏ အတိုင်းအရှည်ကား အဘယ်မျှလောက် ရှိသနည်းဟု မေးတော် မူပြန်လေ၏။ အရှင်မင်းကြီး အစောက်အားဖြင့် တဂါဝုတ် အနံ အကျယ်အားဖြင့် နှစ်ဂါဝုတ် ရှိပါသည်ဟု ကြားလျှောက်လတ်သော် ဤမြစ်၌ လှေသည်၎င်း ဖေါင်သည်၎င်း ရှိလေသလောဟု မေးပြန်လေ၏။

အရှင်မင်းမြတ် မရှိပါဟု လျှောက်တင်လျှင် လှေစသည်တို့ကို ရှာဖွေကြည့်ရှု၍နေသော ငါတို့ကို ဇာတိတရားသည် ဧရာတရားသို့ ရောက်အောင် ကပ်၍ဆောင်၏။ ဇရာတရားသည် မရဏ တရားသို့ ရောက်အောင် ကပ်၍ဆောင်၏။ ငါသည် ယုံမှားခြင်း မရှိသည်ဖြစ်၍ ရတနာ သုံးပါးတို့ကို ရည်မှန်းလျက် ထွက်လာခဲ့၏။ ငါ့အား ထိုရတနာသုံးပါးတို့၏ အာနုဘော်တော်အားဖြင့် ဤ မြစ်ရေသည် ရေကဲ့သို့ မဖြစ်ပါစေသတည်းဟု ဓိဋ္ဌာန်လျက် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်ပြီးလျှင် ဣတိပိ က သောဘဂဝါ, အရဟံ, သမ္မာသမ္ဗုဒ္ဓေါ - အစရှိသည်ဖြင့် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို အဖန်ဖန်ပွါးများ အောက်မေ့ကာ နှလုံးထားလျက် အခြံအရံနှင့်တကွ မြင်း တထောင်ဖြင့် ရေပြင်ပေါ်သို့ စိုင်းဝင်ပြေးသွားလေ၏။ မြင်းတို့သည် ကျောက်ဖျာ အပြင်၌ စိုင်းသွား ကုန်သကဲ့သို့ စိုင်းသွားကြလေကုန်၏။ ခွါတို့၏ အဖျားမျှတို့သည် သာလျှင် ရေစိုစွတ်ကြလေကုန်၏။

ထိုမဟာကပ္ပိနမင်းကြီးသည် အပရစ္ဆာမြစ်ကို ကူးပြီးလျှင် ရှေ့သို့သွားသည် ရှိသော် တပါးသော မြစ်တစင်းကိုလည်း မြင်ပြန်သဖြင့် ဤမြစ်ကား အဘယ် အမည် ရှိသနည်းဟု မေးတော်မူ၏။ အရှင်မင်းမြတ် နီလဝါဟနာ မည်ပါသည် ဘုရားဟု လျှောက်တင်လတ်သော် ဤမြစ်၏ အတိုင်း အရှည်ပမာဏကား အဘယ်မျှ ရှိသနည်းဟု မေးတော်မူပြန်သဖြင့် အရှင်မင်းမြတ် အစောက် အားဖြင့်၎င်း အနံအားဖြင့်၎င်း ယူဇနာခဲ့ ယူဇနာဝက် ရှိပါသည်ဘုရားဟု လျှောက်တင်လေ၏။ အကြွင်းကား ရှေးနည်းအတူသာလျှင် ဖြစ်လေ၏။

ထိုနီလဝါဟနာမြစ်ကို မြင်ရပြီးလျှင် သြာက္ခာတော ဘဂဝတာ ဓမ္မော အစရှိသည်ဖြင့် ဓမ္မာနုဿတိ ကမ္မဋ္ဌာန်းကို အဖန်ဖန် ပါးများအောက်မေ့ကာ နှလုံးထားလျက် စိုင်းနှင်ကာ ကူးသွားပြန်လေ၏ ထိုနီလဝါဟနာမြစ်ကို လွန်၍ တပါးလည်းဖြစ်သော မြစ်ကို မြင်ပြန်သဖြင့် ဤမြစ်ကား အဘယ်အမည်ရှိသနည်းဟု မေးတော်မူ၏။

အရှင်မင်းမြတ် စန္ဒဘာဂါ အမည် ရှိပါသည်ဘုရားဟု လျှောက်တင်လတ်သော် ဤမြစ်၏ အတိုင်း အရှည် ပမာဏကား အဘယ်မျှရှိသနည်းဟု မေးတော်မူပြန်လျှင် အရှင်မင်းမြတ် အစောက် အားဖြင့်၎င်း၊ အနံအားဖြင့်၎င်း တယူဇနာရှိပါသည်ဘုရားဟု လျှောက်တင်လေ၏။ အကြွင်းကား ရှေးနည်းအတူသာလျှင် ဖြစ်လေ၏။

ထို စန္ဒဘာဂါမြစ်ကို မြင်ရပြီးလျှင် သုပ္ပဋိပန္နော ဘဂဝတော သာဝက သံဃော အစရှိသည်ဖြင့် သံဃာနုဿတိ ကမ္မဋ္ဌာန်းကို အဖန်ဖန် ပွါးများ အောက်မေ့ကာ နှလုံးထားလျက် စိုင်းနှင်ကာ ကူးသွားပြန်လေ၏။

---

ဘုရားထံရောက်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကြခြင်း

ထိုမြစ်ကိုလည်း ကျော်လွန်၍ သွားလတ်သည်ရှိသော် မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော် တို့ကို ဖူးမြင်ရလေ၏။ ပညောင်ပင်၏အကိုင်း အခွ ရွက်နုရွက်ရင့် ဟူသမျှသည် ရွှေဖြင့်ပြီးကုန်သကဲ့သို့ ဖြစ်ကုန်၏။ မင်းကြီးသည် ဤအရောင် သည်ကား နေ၏ အရောင်လည်းမဟုတ်။ လ၏ အရောင်လည်းမဟုတ်။ နတ်မင်း မာရ်မင်း ဗြဟ္မာမင်း နဂါး ဂဠုန် စသည်တို့တွင် တစုံတရောက်သော သူ၏ အရောင်လည်းမဟုတ်။ ငါသည် မြတ်စွာဘုရား ကို ရည်မှန်း၍ လာသည်ကို မဟာဂေါတမ အနွယ်ဖြစ်သော မြတ်စွာဘုရားသည် မချွတ်ဧကန် မြင်တော်မူအပ်သည် ဖြစ်ပေလိမ့်မည်ဟု ကြံလျက် မဟာကပ္ပိနမင်းကြီးသည် ထိုခဏ၌သာလျှင် မြင်းကျောက်ကုံးထက်မှ သက်ဆင်းသဖြင့် ညွှတ်ကိုင်းသော ကိုယ်ရှိသည်ဖြစ်၍ ရောင်ခြည်တော်သို့ အစဉ် ရှောက်လျက် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ဆေးဒန်းမြင်းသီလာ ရေ၌ ငုပ်လျှိုးဘိ သည့်အလား မြတ်စွာဘုရား၏ ရောင်ခြည်တော်တို့၏ အတွင်းသို့ သက်ဝင်၍ မြတ်စွာဘုရာကို ရိုသေမြတ်နိုး ရှိခိုးဦးချပြီးမှ သင့်တင့် လျောက်ပတ်သော အရပ်၌ အမတ်ပေါင်း တထောင်တို့နှင့် အတူတကွ ထိုင်နေလေ၏။

မြတ်စွာဘုရားသည် ထိုမဟာကပ္ပိန မင်းကြီးအား အစဉ်အတိုင်း ဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာတော်၏ အဆုံး၌ မင်းကြီးသည် အခြံအရံနှင့်တကွ သောတာပတ္တိ ဖိုလ်၌ တည်လေ၏။ ထိုအခါ အလုံးစုံသော သူတို့သည် နေရာမှထ၍ ရဟန်း အဖြစ်ကို တောင်းပန်ကြ ကုန်၏။

မြတ်စွာဘုရား သည်အသို့နည်း ဤအမျိုးသားတို့အား တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းသည် ရောက်လာလတ္တံ့လော ဟု စူးစမ်းဆင်ခြင်တော် မူသည်ရှိသော် ဤအမျိုးသားတို့သည် ပစ္စေကဗုဒ္ဓါ အရှင်တထောင်တို့အား သင်္ကန်းတတောင်ကို ပေးလှူဖူးကုန်၏။ ကဿပမြတ်စွာဘုရား လက်ထက် တော်အခါ၌ နှစ်သောင်းသော ရဟန်းတို့အား နှစ်သောင်းသော သင်္ကန်းတို့ကိုလည်း ပေးလှူဖူး ကုန်၏။

ဤသူတို့အား အံ့ဖွယ်ကောင်းသော တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်း ရောက်လာခြင်းသည် ရှိပေ၏ဟု သိတော်မူသဖြင့် မြတ်စွာဘုရားသည် လက်ျာဘက် လက်တော်ကို ဆန့်တန်း တော်မူလျက် ရဟန်းတို့ လာလှည့်ကြကုန်လော့ ဆင်းရဲအဆုံးကို ပြုခြင်းငှါ ကောင်းစွာ မြတ်သော အကျင့်ကို ကျင့်ကြကုန်လော့ဟု မိန့်တော်မူ၍ ဧဟိ ဘိက္ခု ခေါ်တော်မူ၏။

ထိုသူတို့သည် ထိုခဏ၌သာလျှင် ပရိက္ခရာရှစ်ပါးကို ဆောင်ကုန်လျက် ဝါတော်ခြောက်ဆယ် ရပြီးသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် တဖန် ဆင်းသက်ခါ မြတ်စွာဘုရားကို ရှိခိုးဦးချ၍ ထိုင်နေကြလေကုန်၏။

---

အနောဇာဒေဝီ မိဖုယား သုံးဆဆုချခြင်း

ထိုလှည်းကုန်သည်တို့သည် မင်းအိမ်နန်းတော်သို့ သွားရောက်၍ မင်းကြီး စေလွှတ်အပ်သော သတင်းစကားကို ပြောကြား သိစေသောအခါ အနောဇာ မိဖုယားကြီးက လာခဲ့စေသတည်းဟု မိန့်ခေါ်သည်ရှိသော် ဝင်သွား၍ ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေကြ လေကုန်၏။ ထိုအခါ ထိုကုန်သည်တို့ကို မိဖုယားကြီးက အမောင်တို့သည် အဘယ်အကြောင်း ကြောင့် လာခဲ့ကြကုန်သနည်းဟု မေးလေ၏။

မင်းကြီးသည် အရှင်မိဖုယားကြီးတို့၏ အထံသို့ သုံးသိန်းကုန်သော အသပြာတို့ကို အရှင့် ကျွန်တော်မျိုးတို့အား ပေးလိုက်ကြရမည်တဲ့ဟု အရှင့် ကျွန်တော်မျိုးတို့ကို စေလွှတ်အပ်ပါသည် ဘုရား ဟူ၍ လျှောက်ကြားသောအခါ အမောင်ကုန်သည်တို့ အလွန်များသည်ကိုပြု၍ တောင်းဆို ကုန်ဘိ၏။ အသင်တို့သည် မင်းကြီး၏ အဘယ်ကိစ္စကို ပြုအပ်သနည်း။ မင်းကြီးသည် တစုံ တခုသော အဘယ်အမှုကိစ္စ၌ ကြည်လင်နှစ်သက်၍ သင်တို့အား ဤမျှသော ဥစ္စာကို ပေးစေဘိ သနည်းဟု မေးမြန်းတော်မူလေ၏။

အရှင်မိဖုယား တပါးသော တစုံတခုသော အမှုကို ပြုစုရသည်မဟုတ်ပါ။ မင်းကြီးအား ဤမျှသော သတင်းစကားကို လျှောက်ကြားကြပါကုန်၏ ဟု လျှောက်တင်လေသဖြင့် အမောင်တို့ ထိုသတင်း စကားကို ငါ့အားလည်း ပြောကြားခြင်းငှါ တတ်ကောင်းပါအံ့လော ဟု မေးမြန်းပြန်လေ၏။ အရှင်မိဖုယား တတ်ကောင်းပါ၏ဟု လျှောက်လျှင် အမောင် ထိုသို့ဖြစ်မူ ငါ့အားလည်း ပြောကြား ကြပါကုန်လော့ဟု မိန့်ဆိုလေ၏။

အရှင် မိဖုယား လောက၌ သုံးလူ့ထွတ်ထား မြတ်စွာဘုရား ထင်ရှားပွင့်တော်မူပါသည် ဘုရားဟု လျှောက်ကြားသောအခါ မိဖုယားကြီးသည်လည်း ထိုစကားကိုကြားရလျှင် ရှေးနည်းအားဖြင့် သာလျှင် ပီတိဖြင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ သုံးကြိမ်တိုင်တိုင် တစုံတခုကိုမျှ မမှတ်သားနိုင်ဘဲ လေးကြိမ်မြောက်၌ ဘုရား ဟူသောပုဒ်ကို ကြားရလျှင် အမောင်တို့ ဤဘုရား ဟူသောပုဒ်၌ မင်းကြီးသည် အဘယ်မျှလောက် ချီးမြှောက် ဆုချတော်မူသနည်းဟု မေးလေ၏။

အရှင်မိဖုယား တသိန်း-ဆုတော် ချပါသည်ဘုရားဟု လျှောက်သောအခါ အမောင်တို့ ဤသို့ သဘောရှိသော သတင်းစကားကိုကြား၍ သင်တို့အား တသိန်းသော အသပြာ ဆုချတော်မူသဖြင့် မင်းကြီးသည် မလျောက်ပတ်သည်ကို ပြုဘိ၏။ ငါသည်ကား သင်တို့အား ငါ၏ ဆင်းရဲသော လက်ဆောင် သုံးသိန်းဆုချပေအံ့ ဟု မိန့်ဆိုလေ၏။

အသင်တို့သည် မင်းကြီးအား ထိုမှတပါးဖြစ်သော အဘယ် သတင်းစကားကို လျှောက်ကြားအပ် သေးသနည်းဟု မေးပြန်သဖြင့် ကုန်သည်တို့သည် ဤမည်သောအကြောင်း ဤမည်သော အကြောင်းကိုလည်း လျှောက်ကြားအပ်ပါသေး၏ဟု ဤမှတပါး ကြွင်းကျန်သော သတင်းစကား နှစ်ခုတို့ကို လျှောက်ထားကြလေကုန်၏။

မိဖုယားကြီးသည် ရှေးနည်းဖြင့်သာလျှင် ပီတိဖြင့် တွေ့ထိသော ကိုယ်ရှိသည်ဖြစ်၍ သုံးကြိမ် တိုင်တိုင် တစုံတခုကိုမျှ မမှတ်သားနိုင်သဖြင့် လေးကြိမ်မြောက်၌ ထို့အတူကြားရလျှင် သုံးသိန်း - သုံးသိန်းသော အသပြာတို့ကို ပေးစေလေ၏။

ဤသို့သာလျှင် ကုန်သည်တို့သည် အလုံးစုံ တသန်း-နှစ်သိန်းကုန်သော အသပြာတို့ကို ရကြ လေကုန်၏။ ထို့နောက် ကုန်သည်တို့ကို မိဖုယားကြီးသည် အမောင်တို့ မင်းကြီးသည် အဘယ်မှာနည်း ဟု မေးတော်မူ၏။

အရှင်မိဖုယားကြီး မြတ်စွာဘုရားကို ရည်မှန်း၍ ရဟန်းပြုတော့အံ့ ဟု ကြွသွားလေပြီဟု လျှောက်ကြားလတ်သော် ငါ့အား မင်းကြီးသည် အဘယ်သို့သော သတင်းစကားကို မှာကြား ပေးသွားလေဘိသနည်းဟု မိန့်ဆိုလေ၏။ မင်းကြီးသည် အရှင်မိဖုယားကြီးတို့အား အလုံးစုံသော အစိုးတရ စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ်လေသတတ်။ အရှင်မတို့သည် အလိုတော်အတိုင်း စည်းစိမ်ချမ်းသာကို ခံစား စံစားကြကုန်လောတဲ့ဟု မိန့်မှာခဲ့ကြောင်းကို လျှောက်တင်လေလျှင် အမောင်တို့ အမတ်တို့ကား အဘယ်မှာနည်းဟု မေးပြန်သဖြင့် အရှင်မိဖုယား ထိုအမတ်တို့သည် လည်း မင်းကြီးနှင့် အတူတကွ ရဟန်းပြုကုန်အံ့ဟု လိုက်သွား ကြပါကုန်ပြီဟု လျှောက်တင်ကြ လေကုန်၏။

---

အနောဇာဒေဝီ ရထားစီး၍ တောထွက်ရာ မြစ်ကိုကူးခြင်း

မိဖုယားကြီးသည် အမတ်ကတော်တို့ကို ခေါ်စေ၍ အမိတို့ အသင်တို့၏ အရှင် ချစ်လင်တို့သည် မင်းကြီးနှင့် အတူတကွ ရဟန်းပြုကုန်အံ့ဟု လိုက်ပါသွားကြလေကုန်ပြီ။ အသင်တို့သည် အဘယ်သို့ပြုကုန်အံ့နည်းဟု မေးတော်မူ၏။ အရှင်မိဖုယား ကျွန်တော်မတို့အား အမတ်ကြီး တို့သည် အဘယ်သို့သော သတင်းစကားကို မှာကြား စေလွှတ်လိုက်ပါသနည်းဟု မေးလျှောက်ကြ သဖြင့် ထိုအမတ်ကြီးတို့သည် အသင်တို့အား မိမိတို့၏ စည်းစိမ်ချမ်းသာကို စွန့်လွှတ်အပ်ပြီ အသင်တို့သည် အလိုရှိတိုင်း ထိုစည်းစိမ်ချမ်းသာကို ခံစား စံစားကြ ကုန်လော့ဟု မှာထား စေလွှတ်လိုက်ပေသည်ဟု မိန့်ဆိုလေ၏။

အရှင်မိဖုယား အရှင်မတို့ကား အဘယ်သို့ ပြုကုန်အံ့နည်းဟု မေးပြန်လျှင် အမိတို့ ငါတို့အရှင် ဖြစ်သော ထိုမင်းမြတ်သည် သတင်းစကားကို ကြားရလျှင် လမ်းခရီး၌ ရပ်တည် လျက်သာလျှင် အသပြာ သုံးသိန်းတို့ဖြင့် ရတနာသုံးပါးတို့ကို ပူဇော်၍ ပြည်စည်းစိမ်ကို တံထွေးပေါက်ကဲ့သို့ စွန့်ပစ်ကာ ရဟန်းပြုတော့အံ့ဟု ထွက်သွားတော်မူလေပြီ။

ငါသည်လည်း ရတနာသုံးပါးတို့၏ ဖြစ်ပေါ်လာကြောင်း သတင်းကောင်းကို ကြားရ၍ ရတနာ သုံးပါးတို့ကို ကိုးသိန်းသော အသပြာတို့ဖြင့် ပူဇော်အပ်ကုန်ပြီ။ ဤစည်းစိမ်သည် စင်စစ်အားဖြင့် မင်းကြီးအားသာလျှင် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သည်မဟုတ်။ ငါ့အားလည်း ဆင်းရဲခြင်း၏ အကြောင်း ဖြစ်သည်သာလျှင်တည်း။ ဘုရင်မင်းမြတ်၏ စွန့်ထွေးလေပြီးသော တံထွေးပေါက်ကို ဒူးပုဆစ်ထောက်၍ အဘယ်သူသည် ခံတွင်းဖြင့် ကောက်ယူအံ့နည်း။ ငါ့အား စည်းစိမ် ချမ်းသာကို ခံစားခြင်းဖြင့် အလိုမရှိပြီ။ ငါသည်လည်း မြတ်စွာဘုရားကို ရည်မှန်း၍ သွားပြီးလျှင် ရဟန်း ပြုပေတော့အံ့ဟု ဆိုလေ၏။

အရှင်မိဖုယား ကျွန်တော်မတို့လည်း အရှင်မတို့နှင့် အတူတကွသာလျှင် ရဟန်းပြုပါကုန်အံ့ဟု လျှောက်ဆိုကြလျှင် အမိတို့ အကယ်၍ တတ်နိုင်ကုန်ငြားအံ့ ကောင်းပါ၏ဟု ဆိုလေ၏။ အရှင်မိဖုယား တတ်နိုင်ပါကုန်၏ဟု ဝန်ခံကြကုန်လျှင် အမိတို့ ကောင်းလှပေပြီ ထိုသို့ဖြစ်မူ လာကြကုန်လော့ဟု ခေါ်ငင်လျက် ရထား တထောင်ကို ကစေ၍ ရထားထက်သို့ တက်စီ.ပြီးလျှင် ထိုအမတ်ကတော် တထောင် တို့နှင့် အတူတကွ ထွက်လာခဲ့၍ လမ်းခရီးအကြား မြစ်ကို တွေ့မြင် သောအခါ မင်းကြီးမေးသကဲ့သို့မေး၍ အလုံးစုံသော အကြောင်းကို ကြားသိရပြီးလျှင် မင်းကြီး ကြွသွားသော လမ်းခရီးကို ကြည့်ရှုရှာဖွေကြကုန်လော့ဟု မိန့်တော်မူသဖြင့် အရှင်မိဖုယား မြင်းတို့၏ခြေရာကို မမြင်ကြရပါဘုရားဟု လျှောက်သည် ရှိသော် မင်းကြီးသည် ရတနာသုံးပါးတို့ကို ရည်မှန်း၍ ဘုရားတပည့်တော် ထွက်လာပါသည် ဘုရားဟု သစ္စာပြု၍ ကူးသွားသည် ဖြစ်ပေလိမ့်မည်ဟု ကြံဆင်ခြင်၍ ငါသည်လည်း ရတနာသုံးပါးတို့ကို ရည်မှန်း၍ ထွက်လာခဲ့သူ ဖြစ်ပေ၏။

ထိုရတနာသုံးပါးတို့၏ အာနုဘော်အားဖြင့် ငါ့အား ဤရေသည် ရေကဲ့သို့ မဖြစ်စေသတည်းဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့ ပြီးလျှင် ရထားတထောင်ကို စေလွှတ်မောင်းနှင်၏။ ရေသည် ကျောက်ဖျာအပြင်ကဲ့သို့ ဖြစ်လေ၏။ ရထားလှည်းဘီးတို့၏ အစွန်း အဖျား အကွပ်အဝိုင်းတို့သာလျှင် စိုစွတ်ကြကုန်၏။ ဤသို့သောနည်းဖြင့် သာလျှင် ဤမှတပါးသော မြစ်နှစ်ခုတို့ ကိုလည်း ကူးသွားလေ၏။

---

အနောဇာဒေဝီတို့ သောတာပန်, မဟာကပ္ပိနတို့ ရဟန္တာမ ဖြစ်ခြင်း

ထိုအခါ မြတ်စွာဘုရားသည် ထိုအနောဇာဒေဝီမိဖုယား၏ လာလတ္တံ့သော အဖြစ်ကိုသိတော်မူ၍ အကြင်သို့သော အခြင်းအရာဖြင့် ပြုအပ်သည်ရှိသော် ကိုယ်တော်မြတ်၏အထံ၌ နေကြကုန်သော ရဟန်းတို့သည် ထင်ရှားမဖြစ်ကုန်၊ ထိုသို့သောအခြင်းအရာဖြင့် တန်ခိုးပြာဋိဟာ ပြုတော်မူလင့်၏။ အနောဇာဒေဝီ မိဖုယားလည်း သွားလတ်သည်ရှိသော် မြတ်စွာဘုရား၏ ကိုယ်တော်မှထွက်သော ရောင်ခြည်တော် ခြောက်သွယ်တို့ကို မြင်ရလျှင် ရှေးနည်းအတူ ကြံဆင်ခြင်ပြီးသဖြင့် ဘုရားရှင် ထံသို့ ချဉ်းကပ်၍ ရိုသေမြတ်နိုး ရှိခိုးဦးချပြီးမှ သင့်တင့်လျောက် ပတ်သော အရပ်၌နေလျက် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မဟာကပ္ပိနမင်းကြီးသည် ရှင်တော်မြတ်ဘုရားတို့ကို ရည်မှန်း၍ ထွက်ရောက် လာကြကုန်ပြီဟု မှတ်ထင်မိပါသည်။

ထိုမဟာကပ္ပိန မင်းကြီးသည် အဘယ်မှာရှိပါ သနည်းဘုရား ဟု မေးလျှောက်ပြီးလျှင် တပည့်တော်မ တို့အား ထိုမဟာကပ္ပိနမင်းကို ညွှန်ပြတော်မူကြပါဘုရားဟု လျှောက်ထားလေ၏။ အသင်တို့သည် ရှေးဦးစွာ ထိုင်နေကြဦးလော့။ ဤအရပ်၌ပင် ထိုမင်းကြီးကို မြင်ကြရကုန်လတ္တံ့ဟု မိန့်တော်မူ လတ်သော် အနောဇာဒေဝီ အမှူးရှိကုန်သော အလုံးစုံသော ထိုမိန်းမတို့သည် ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ ဤအရပ်၌ပင် ထိုင်နေကုန်လျက် ငါတို့အရှင်ခင်ပွန်းတို့ကို တွေ့မြင်ကြရကုန် လတ္တံ့ဟု ထိုင်နေကြကုန်၏။

မြတ်စွာဘုရားသည် ထိုမိန်းမတို့အား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောတော်မူ၏။ အနောဇာဒေဝီမိဖုယားသည် တရားဒေသနာ ဟောတော်မူပြီးသော အဆုံး၌ အခြံအရံဖြစ်ကုန်သော မိန်းမတထောင်တို့နှင့် အတူတကွ သောတာပတ္တိ ဖိုလ်သို့ရောက်လေ၏။ မဟာကပ္ပိန မထေရ် သည်လည်း ထိုမိန်းမတို့အား ဟောကြား ပွားများစေအပ်သော တရားဒေသနာတော်ကို ကြားနာ ရလျက် အခြံအရံ အမတ် ရဟန်းတထောင်တို့ပါမကျန် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တ ဖိုလ်သို့ ရောက်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် အနောဇာဒေဝီ အမှူးရှိကုန်သော ထိုမိန်းမ တို့အား အရဟတ္တဖိုလ်သို့ ရောက်ပြီးကုန်သော မဟာကပ္ပိန မထေရ် အမှူးရှိကုန်သော ထိုရဟန်း တို့ကို ပြတော်မူလေ၏။

[ထို အနောဇာမိဖုယား အမှူးရှိသော မိန်းမတထောင်တို့အား လာရောက်စဖြစ်သော အခါ၌သာလျှင် ဖန်ရည်စွန်းသော အဝတ်ကို ဆောင်ကုန်လျက် ဦးခေါင်းပြည်းသော ဦးခေါင်းရှိကုန်သော မိမိအရှင် ခင်ပွန်းတို့ကို မြင်ရလျှင် စိတ်သည် တည်ကြည်ခြင်း မဖြစ်နိုင်ရာ။ ထိုသို့ မတည်ကြည်သဖြင့် မဂ်ဖိုလ်တို့သို့ ရောက်ခြင်းငှါ မတတ်နိုင်ကုန်ရာ။ ထို့ကြောင့် မတုန်မလှုပ် ကြည်ညိုခြင်း တည်ရှိ သောအခါ၌ ထိုမိန်းမတို့အား အရဟတ္တဖိုလ်သို့ ရောက်ပြီးသည်သာလျှင် ဖြစ်ကုန်သော ထို ရဟန်းတို့ကို ပြတော်မူသတည်း။]

အနောဇာဒေဝီ အမှူးရှိကုန်သော ထိုမိန်းမတို့သည်လည်း မဟာကပ္ပိနမထေရ် အမှူးရှိကုန်သော ထိုရဟန်းတို့ကို မြင်ရလျှင် ငါးပါးသော တည်ခြင်းဖြင့် ရိုသေမြတ်နိုး ရှိခိုးဦးချလျက် အရှင်ဘုရားတို့ အရှင်ဘုရားတို့အား ရှေးဦးစွာ ရဟန်းကိစ္စသည် အပြီးသို့ရောက်လေပြီဟု လျှောက်ကြားပြီးလျှင် မြတ်စွာဘုရားကို ကြည်လင်ညွတ်လျှိုး ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌နေလျက် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။

[ဤသို့ လျှောက်ထား တောင်းပန်လတ်သော် မြတ်စွာဘုရားသည် ဥပ္ပလဝဏ် ထေရီမ၏ လာရောက်ခြင်းငှါ ကြံစည်တော်မူလေ၏ဟု အချို့သော ဆရာတို့ ဆိုကြကုန်သတတ်။]

---

အနောဇာဒေဝီတို့ ရဟန်းပြု၍ ရဟန္တာမ ဖြစ်ကြခြင်း

မြတ်စွာဘုရားသည် ထိုဒါယိကာမတို့ကို အသင်တို့သည် သာဝတ္ထိပြည်သို့ သွား၍ ရဟန်းမိန်းမတို့၏ ကျောင်း၌ ရဟန်းပြုကြကုန်လော့ဟု မိန့်တော်မူလေ၏။ ထိုမိန်းမတထောင်တို့သည် ခရီးစဉ်အတိုင်း ဇနပုဒ်လှည့်လည်ခြင်းဖြင့် လှည့်လည်ကြရာ လမ်းခရီးအကြား၌ များစွာသော လူအပေါင်းသည် ရှေးရှု ဆောင်ပို့အပ်သော ပူဇော်သက္ကာရ မြတ်နိုးတနာ ရရှိကုန်လျက် ခြေဖြင့်သာလျှင် ယူဇနာ တရာ့နှစ်ဆယ်ရှိသော ခရီးသို့သွား၍ ရဟန်းမိန်းမတို့၏ကျောင်း၌ ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း ရဟန်း တထောင်ကို ယူဆောင်တော်မူ၍ ကောင်းကင်ခရီးဖြင့်သာလျှင် ဇေတဝန် ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။ ထိုဇေတဝန်ကျောင်းတော်၌ အရှင်မဟာကပ္ပိန မထေရ်သည် ညဉ့်သန့်ရာအရပ် နေ့သန့်ရာအရပ် စသည်တို့၌ “အဟောသုခံ - အဟောသုခံ သြော် ချမ်းသာလေစွ - သြော် -ချမ်းသာလေစွ” ဟူသော ဥဒါန်းစကားကို ကျူးရင့်တော်မူသည် ဖြစ်၍ လှည့်လည် သွားလာလေ့ ရှိ၏။

ရဟန်းတို့သည် မြတ်စွာဘုရားအား ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မဟာကပ္ပိန မထေရ်သည် “အဟောသုခံ - အဟောသုခံ သြော်-ချမ်းသာလေစွ - သြော်-ချမ်းသာလေစွ” ဟူသော ဥဒါန်းကို ရွတ်ဆိုကျူးရင့်လျက် လှည့်လည်လေ့ ရှိပါသည်ဘုရား မိမိ၏တိုင်းပြည် မင်းအဖြစ်တည်းဟူသော စည်းစိမ်ချမ်းသာကို ရည်မှန်းလျက် မြည်တမ်းရွတ်ဆိုလေ့ ရှိယောင် တကားဟု လျှောက်ကြားကြ လေကုန်၏။

မြတ်စွာဘုရားသည် မဟာကပ္ပိနမထေရ်ကို ခေါ်စေတော်မူ၍ ချစ်သား ကပ္ပိန အသင်သည် ကာမဂုဏ် ချမ်းသာကို ရည်မှန်းလျက် ဥဒါန်းကျူးရင့်သော ဟူသည် မှန်ပေသလော ဟု မေးတော်မူလေ၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ထိုကာမဂုဏ် ချမ်းသာကို ရည်မှန်းလျက် ဥဒါန်း ကျူးရင့်သော အဖြစ်ကို၎င်း၊ ကာမဂုဏ်ချမ်းသာကို မရည်မှန်းဘဲ ဥဒါန်း ကျူးရင့်သော အဖြစ်ကို၎င်း မြတ်စွာဘုရား သိတော်မူပါသည်ဘုရားဟု လျှောက်ကြားလေ၏

မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ငါ၏သားတော်ဖြစ်သော ကပ္ပိနသည် ကာမဂုဏ်ချမ်းသာကို ၎င်း ပြည်ရွာရိပ်ငြိမ် မင်းစည်းစိမ်ကို၎င်း ရည်မှန်း၍ ဥဒါန်းစကားကို ရွတ်ဆို ကျူးရင့်သည်မဟုတ် စင်စစ်အားဖြင့် ငါ၏သားတော်အား ဓမ္မပီတိဖြစ်၏။ ထိုငါ၏ သားတော်သည် အမြိုက်နိဗ္ဗာန် တရားကြီးကို ရည်မှန်းထောက်ရှု အာရုံပြု၍ ဥဒါန်းကို ကျူးရင့် မြွက်ဆိုလေသည်ဟု အနုသန္ဓေကို စပ်တော်မူ၍ တရားကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏ ။

---

ဒေသနာတော်

၇၉။ ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။ အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

ဓမ္မပီတိ၊ တရားအရသာကို သောက်စို့သောသူသည်။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ အိပ်ရ၏။
ဝါ၊ လေးပါးဣရိယာ ချမ်းသာစွာနေရ၏။
ပဏ္ဍိတော၊ ပညာ ရှိသောသူသည်။
အရိယပ္ပဝေဒိတေ၊ ဘုရားအစရှိသော အရိယာတို့သည် ကြားအပ်သော။
ဓမ္မေ၊ ဗောဓိပက္ခိယတရား၌။
ဝိပ္ပသန္နေန၊ ညစ်ကြေးလွတ်ကင်း သန့်ရှင်းကြည်လင်သော။
စေတသာ၊ စိတ်ဖြင့်။
သဒါ၊ အခါခပ်သိမ်း။
ရမတိ၊ အလွန်မွေ့လျော်ရပေ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏

မဟာကပ္ပိနမထေရ်ဝတ္ထု ပြီး၏။

၅ - ပဏ္ဍိတ သာမဏေဝတ္ထု

ဥဒကဉှိ နယန္တိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပဏ္ဍိတသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ကဿပဘုရားလက်ထက် နိဗ္ဗာန်ဆော် စာရင်းယူခြင်း

လွန်လေပြီးသောအခါ ကဿပ မြတ်စွာဘုရားသည် ရဟန္တာနှစ်သောင်း ခြံရံတော်မူလျက် ဗာရာဏသီပြည်သို့ ကြွမြန်းတော်မူလေ၏။ လူတို့သည် မိမိ၏ အားအစွမ်းကို မှတ်သား၍ ရှစ်ယောက်မျှကုန်သော သူတို့သည်၎င်း၊ ဆယ်ယောက် မျှကုန်သော သူတို့သည်၎င်း တပေါင်း တည်းပြု၍ အာဂန္တုကအလှူ စသည်တို့ကို ပေးလှူကြလေကုန်၏။ ထိုအခါ တနေ့သ၌ ကဿပ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်း ပေးပြီးသောအဆုံး၌ —

၁။ ဥပါသကာ ဒါယကာတို့ ဤလောက၌ အချို့သောသူသည် မိမိ၏ ဥစ္စာကိုသာ လှူဒါန်းခြင်းငှါ သင့်၏။ သူတပါးကို တိုက်တွန်း ဆောက်တည်စေသဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု နှလုံးသွင်း၍ မိမိသာလျှင် အလှူပေးလှူ၏။ သူတပါးကို မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသော ဘဝ၌ ဥစ္စာပြည့် စုံခြင်းကိုရ၏။ အခြံအရံ ပြည့်စုံခြင်းကို မရ။

၂။ အချို့သောသူသည် သူတပါးကို နှိုးဆော်တိုက်တွန်း၏ မိမိကားမလှူဒါန်း။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ အခြံအရံ ပြည့်စုံခြင်းကိုရ၏။ ဥစ္စာပြည့်စုံခြင်းကို မရ။

၃။ အချို့သောသူသည် မိမိလည်းမပေးမလှူ။ သူတပါးကိုလည်းမနှိုးဆော် မတိုက်တွန်း။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ ဥစ္စာပြည့်စုံခြင်းကိုလည်း မရ။ အခြံအရံပြည့်စုံခြင်းကိုလည်း မရ။ စားကြွင်းစားဖြစ်၍သာ အသက် မွေးရ၏။

၄။ အချို့သောသူသည် မိမိလည်းလှူဒါန်း၏။ သူတပါးကိုလည်း နှိုးဆော် တိုက်တွန်း၏။ ထိုသူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ဘဝ၌ ဥစ္စာပြည့်စုံခြင်းကို လည်းရ၏။ အခြံအရံ ပြည့်စုံခြင်းကိုလည်းရ၏ဟု ဤသို့ ဝမ်းမြေက် ဝမ်းသာ တရားဟောကြားတော်မူလေ၏။

ထိုသို့ ဟောကြားတော်မူသော တရားဒေသနာတော်ကို ကြားနာရလျှင် အနီး၌ နေသော ပညာရှိ ယောက်ျားတယောက်သည် ငါသည်ကား ယခုအခါ အကြင် အခြင်းဖြင့် ပြုသည်ရှိသော် ဘောဂသမ္ပတ္တိ ပရိဝါရသမ္ပတ္တိ အားဖြင့်နှစ်ပါးသော ပြည့်စုံခြင်းတို့သည် ဖြစ်လေကုန်လတ္တံ့ ထိုအခြင်းအရာဖြင့် ပြုပေအံ့ဟု ကြံစည်လေ၏။

ထိုပညာရှိသော ယောက်ျားသည် မြတ်စွာဘုရားကို ရှိခိုးဦးချပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော်မူကြပါဘုရားဟု လျှောက်ကြားသဖြင့် အသင်အား အဘယ်မျှလောက်သော ရဟန်းတို့ဖြင့် အလိုရှိဘိသနည်းဟု မေးတော်မူလေ၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့၏ အခြံအရံသည်အဘယ်မျှ အရေအတွက် ရှိပါသနည်းဘုရားဟု နားတော်လျှောက်လေသော် ရဟန်း နှစ်သောင်းရှိ၏ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ထိုအလုံးစုံသော ရဟန်းတို့ နှင့်တကွ နက်ဖြန် တပည့်တော်၏ဆွမ်းကို ခံယူတော် မူကြပါဘုရားဟု ပင့်ဖိတ်ပြန်သဖြင့် မြတ်စွာဘုရားသည် သည်းခံတော်မူလေ၏။ ထိုယောက်ျား သည် ရွာသို့ဝင်၍ အို မိခင်-ဖခင်တို့ အကျွန်ုပ်သည် နက်ဖြန်အလို့ငှါ ဘုရားအမှူးရှိသော ရဟန်း သံဃာအပေါင်းကို ပင့်ဖိတ်ခဲ့ပါ၏။ အသင်တို့သည် အကြင်မျှလောက်သော ရဟန်းတို့အား လှူဒါန်းခြင်းငှါ တတ်နိုင်ကုန်၏။ ထိုမျှလောက်သော ရဟန်းတို့အား လှူဒါန်းကြပါကုန်လော့ ဟု ပြောကြားကာ လှည့်လည်လတ်သည်ရှိသော် ထိုသူတို့သည် မိမိ၏ အားအစွမ်းကို မှတ်သားလျက် ငါတို့သည် တကျိပ်မျှလောက်သော ရဟန်းတို့အား လှူဒါန်းကြပါကုန်အံ့၊ ငါတို့သည်နှစ်ကျိပ်, ငါတို့သည်တရာ ငါတို့သည် ငါးရာသော ရဟန်းတော်တို့အား လှူဒါန်းကြပါကုန်အံ့ဟု ဝန်ခံပြော ဆိုသည်ရှိသော် အလုံးစုံသောသူတို့၏ စကားကို အစမှစ၍ ကမ္ပည်းစာ၌ ရေးမှတ်တင်ထားလေ၏။

---

မဟာဒုဂ် ရဟန်းတပါးအတွက် တာဝန်ခံခြင်း

ထိုအခါကာလ၌ ထိုဗာရာဏသီပြည်ဝယ် အလွန်ဆင်းရဲသည့် အဖြစ်ကြောင့်သာလျှင် မဟာဒုဂ် ဟူ၍ ထင်ရှားသော ယောက်ျား တယောက်သည် ရှိလေ၏။ ဆွမ်းဖိတ်မန်သော ယောက်ျားသည် ထိုမဟာဒုဂ်ကိုလည်း မျက်မှောက်၌ နေသည်ကိုမြင်ရသောကြောင့် အချင်း မဟာဒုဂ် ငါသည် နက်ဖြန်ကောင်းမှုအလို့ ငှါ ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ပင့်ဖိတ်ခဲ့၏။ နက်ဖြန် ပြည်သူ ပြည်သားတို့သည် အလှူဒါနကို ပေးလှူကြကုန်လတ္တံ့။ အသင်သည် အဘယ်မျှ လောက်သော ရဟန်းတို့ကို ဆွမ်းကျွေးမည်နည်းဟု မေးလေ၏။

အချင်း ငါ့အား ရဟန်းတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်အံ့နည်း။ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ ကုန်သော သူတို့အားသာ ရဟန်းတို့ဖြင့် အလိုရှိနိုင်မည်။ အကျွန်ုပ်အားကား နက်ဖြန် ယာဂုကျိုစရာ အလို့ငှါ ဆန် တစလယ် ကွမ်းစားတခုမျှလည်း မရှိခဲ့။ အကျွန်ုပ်သည် အခစားပြု၍ အသက် မွေးရပါသည် အကျွန်ုပ်အား ရဟန်းတို့ဖြင့် အဘယ်မှာ အလိုရှိနိုင်ပါအံ့နည်းဟု ပြောဆိုလေ၏။

သူတပါးတို့ကို တိုက်တွန်း နှိုးဆော်တတ်သော နိဗ္ဗာန်ဆော် မည်သည် လိမ္မာထက်မြက်ခြင်း ရှိသင့်၏။

ထို့ကြောင့် ၎င်းနှိုးဆော်သော ယောက်ျားသည် မဟာဒုဂ်က မရှိဟုပြောဆို သော်လည်း ဆိတ်ဆိတ် မနေမူ၍ မဟာဒုဂ်အနီးသို့ လာရောက်ပြီးလျှင် အချင်း မဟာဒုဂ် ဤဗာရာဏသီမြို့ကြီး၌ ကောင်းမြတ်သော ဘောဇဉ်ကိုစား၍ သိမ်မွေ့သောအဝတ်ကိုဝတ်၍ အထူးထူးသော တန်းဆာ တို့ဖြင့် တန်းဆာဆင်ယင်လျက် အသရေရှိသော အိပ်ရာ၌ အိပ်နေကုန်လျက် များစွာသော လူတို့သည် စည်းစိမ်ချမ်းသာကို ခံစား စံစားကြကုန်၏။

သင်သည်ကား တနေ့လုံး အခစား ပြုလုပ်လျက် ဝမ်းပြည့်လောက်ရုံမျှကိုလည်း မရချေ။ ဤသို့ပင်ဖြစ်သော်လည်း သြော်...ငါသည် ရှေးအခါကာလ၌ ကုသိုလ်ကောင်းမှု မပြုမိဖူး သောကြောင့် တစုံတခုကိုမျှ မရပါချေတကား ဟူ၍ သိပါ၏လောဟု မေးလျှင် အရှင်သိပါ၏ ဟုပြန်ကြားသဖြင့် ထိုသို့သိပါလျက် အဘယ့်ကြောင့် ယခုအခါ ကုသိုလ်ကောင်းမှု မပြုဘဲ နေသနည်း။ အသင်သည် ပျိုနု၏။ ခွန်အားဗလနှင့်ပြည့်စုံ၏။ အသင်သည် အခစားအမှုကို ပြုပြီး၍သော်လည်း အစွမ်းသတ္တိ ရှိသည်အလျောက် အလှူလှူခြင်းငှါ မသင့်ပါသလောဟု ဟောပြောလေ၏။

မဟာဒုဂ်သည် ထိုပညာရှိယောကျ်ား ပြောကြားစဉ်ပင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ အကျွန်ုပ်အတွက်လည်း ရဟန်းတပါးကို ကမ္ပည်းစာ၌ ရေးတင်မှတ်သားပါလော့ တစုံတခုသော အခစားအမှုကိုပြုလုပ်ရန် ရဟန်းတပါးအား ဆွမ်းလှူဒါန်းပါတောအံ့ဟု ပြောဆိုဝန်ခံလိုက်လေ၏။

ထိုပညာရှိ နိဗ္ဗာန်ဆော် ယောက်ျားသည်လည်း ရဟန်းတော်တပါးအတွက် စာရင်း၌ရေးမှတ် တင်ထားသဖြင့် အဘယ်ပြုအံ့နည်း။ ကိစ္စတစုံတခု မရှိတန်ရာဟု စာရင်း၌ မတင်ထားမိဘဲရှိလေ၏။ မဟာဒုဂ်သည်လည်း အိမ်သို့သွားရောက်၍ မယားကို ချစ်နှမ ပြည်သူပြည်သားတို့သည် နက်ဖြန် သံဃာတော်အား ဆွမ်းကျွေးခြင်းကို ပြုကြကုန်လတ္တံ့။ ငါ့ကိုလည်း နှိုးဆော်တိုက်တွန်းသော ယောက်ျားသည် ရဟန်းတပါးအား ဆွမ်းလှူလော့ဟု နှိုးဆော် တိုက်တွန်းအပ်သောကြောင့် ငါတို့သည်လည်း နက်ဖြန်ရဟန်း တပါးအား ဆွမ်းလှူဒါန်းကြကုန်အံ့ဟု ပြောကြားလေ၏။

ထိုအခါ မဟာဒုဂ်၏ မယားက ငါတို့ကား ဆင်းရဲ မွဲချာလှသည်ဖြစ်လျက် အဘယ့်ကြောင့် မောင်ဝန်ခဲ့သနည်းဟု မဆိုတဲ့မူ၍သာလျှင် အမောင် အမောင်သည် ကောင်းမြတ်သော အမှုကို ပြုအပ်ပေ၏။ ငါတို့သည် ရှေးရှေးသော ဘဝ၌လည်း တစုံတခုကိုမျှ မပေးလှူခဲ့ခြင်းကြောင့် ဤယခုအခါ ဆင်းရဲနွမ်းပါးသောသူတို့ ဖြစ်ကြရကုန်၏။ ငါတို့ နှစ်ယောက်စလုံး တို့သည်လည်း အခစားအမှုပြုလုပ်၍ ရဟန်းတော်တပါးအား ဆွမ်းလှူအံ့ ဟုဆိုပြီးလျှင် နှစ်ဦးကုန်သော ဇနီး ခင်ပွန်း တို့သည် အိမ်မှထွက်၍ အခစားအမှု ပြုလုပ်ရာအရပ်သို့ သွားကြလေကုန်၏။

---

မဟာဒုဂ် လင်မယား ထင်းပေါက် ဆန်ဖွပ်ကြခြင်း

သူဌေးကြီးတဦးသည် ထိုမဟာဒုဂ်ကိုမြင်လျှင် အချင်းမဟာဒုဂ် အခစားအမှုကို ပြုလုပ်အံ့လောဟု မေးသဖြင့် အရှင်သူဌေးမင်း ပြုလုပ်ပါမည်ဟု ဝန်ခံလေ၏။ အဘယ်အမှုကို ပြုလတ္တံ့နည်းဟု မေးပြန်သော် အရှင်သူဌေးမင်းတို့ ပြုလိုသောအမှုကို ပြုလုပ်ပါမည်ဟု ဆိုလေ၏။

ထိုသို့ဖြစ်မူ ငါတို့သည် နက်ဖြန်နှစ်ရာ သုံးရာမျှလောက် ကုန်သောရဟန်းတို့ကို ဆွမ်းကျွေးကုန်အံ့ လာလော့ ထင်းတို့ကိုပေါက်ခွဲလော့ဟု ပဲခွပ်-ပေါက်ဆိန်ကို ထုတ်ဆောင်၍ ပေးစေလေ၏ မဟာဒုဂ် သည် မြဲမြံစွာ ခါးတောင်းကျိုက်ဖွဲ့သဖြင့် လွန်စွာအားထုတ်ခြင်းသို့ ရောက်သည်ဖြစ်၍ ပဲခွပ်လည်း ဖြစ် ပေါက်ဆိန်လည်းဖြစ်သော ပဲခွပ်ပေါက်ဆိန်ကို ကိုင်ယူကာ ထင်းတို့ကိုခွဲလေ၏။

ထိုအခါ မဟာဒုဂ်ကို သူဌေးကြီးသည် အချင်းမဟာဒုဂ် သင်သည် ယနေ့ အလွန်လျှင် အားထုတ် ခြင်းသို့ ရောက်သည်ဖြစ်၍ အမှုကိစ္စကို ပြုလေဘိ၏။ အကြောင်းကား အသို့ရှိသနည်းဟု မေးမြန်းသဖြင့် အရှင်သူဌေးမင်း အကျွန်ုပ်သည် နက်ဖြန် ရဟန်းတော်တပါးကို ဆွမ်းလုပ်ကျွေး လိုပါသည်။ ဤသည်လျှင် အကြောင်းပါတည်းဟု ဆိုလေ၏။

ထိုစကားကို ကြားလျှင် သူဌေးကြီးသည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ သြော် - အံ့ဖွယ်ရှိလေစ္စတကား။ ဤသူသည် ပြုနိုင်ခဲသောအမှုကို ပြုဘိ၏။ ငါသည် လူဆင်းရဲ တယောက်ဟု ဆိတ်ဆိတ် နေခြင်းသို့ မရောက်မူ၍ အခစားအမှုပြုလုပ်လျက် ရဟန်းတပါးကို ဆွမ်းလုပ်ကျွေးလိုပါသည်ဟု ပြောဆိုဝန်ခံဘိသည်ဟု ကြံဆင်ခြင်၏။

သူဌေးကတော်သည်လည်း ထိုမဟာဒုဂ်၏ မယားကိုမြင်သဖြင့် အမိ အဘယ်အမှုကို ပြုလတ္တံ့နည်း ဟု မေးသည်ရှိသော် အရှင်မ အရှင်မတို့သည် အကြင်အမှုကို ပြုလိုကြကုန်၏။ ထိုအမှုကို ပြုပါမည်ဟု ပြောဆိုလတ်သော် မောင်း တင်းကုပ်သို့ ဝင်စေ၍ - မန်း-ကျည်ပွေ့ စသည်တို့ကို ပေးစေလ၏။ ထိုမဟာဒုဂ်၏ မယားသည် ကခုန်သည့်အသွင် ရွှင်လန်း နှစ်သက်စွာ စပါးကို ထောင်းလည်း ထောင်း၏။ ပြာလည်းပြာ၏။

ထိုအခါ မဟာဒုဂ်မယားကို သူဌေးကတော်က အမိ အသင်သည် အလွန်လျှင် ရွှင်လန်းနှစ်သက်စွာ အမှုကိုပြုလုပ်ဘိ၏။ အမိအား အကြောင်း အသို့ရှိသနည်းဟု မေး၏။ အရှင်မ ဤသို့ အခစား အမှုပြုလုပ်၍ အကျွန်ုပ်တို့သည်လည်း ရဟန်းတော် တပါးကို ဆွမ်းလုပ်ကျွေးလိုကြပါကုန်သည်ဟု ပြောဆိုလေ၏။ ထိုစကားကို ကြားလျှင် သူဌေးကတော်ကြီး သည်လည်း သြော် - အံ့ဖွယ် ရှိလေစွတကား ဤမိန်းမသည် ပြုနိုင်ခဲသော အမှုကိုပြုဘိ၏ဟု ကြည်လင်နှစ်သက်ခြင်းဖြစ်လေ၏။

သူဌေးကြီးသည် မဟာဒုဂ်အား ထင်းတို့ကို ခွဲပြီးသောအခါ ဤသည်ကား သင့်လုပ်ခတည်းဟု သလေးဆန် လေးစလယ် ကွမ်းစားတို့ကို ပေးစေပြီးလျှင် ဤသည်ကား သင့်အား နှစ်သက်၍ ပေးသော ဆုတည်းဟု တပါးလည်း ဖြစ်ကုန်သော ဆန် လေးစလယ် ကွမ်းစားတို့ကို ပေးစေ ပြန်လေ၏။

မဟာဒုဂ်သည် အိမ်သို့သွား၍ မယားကို ပြောဆိုသည်မှာ ငါသည် အခစားအမှုပြုသဖြင့် သလေးဆန်ကို ရအပ်၏။ ဤဆန်သည် ကျွေးမွေးရန် ဆွမ်းရိက္ခာဖြစ်ပေလတ္တံ့။ အသင်ရခဲ့သော အခဖြင့် နို့ဓမ်း ဆီ ငြုတ်စသော ဘဏ္ဍာတို့ကို ဝယ်ချေလော့ဟု ပြောဆိုလေ၏။ သူဌေး ကတော်ကြီးသည်လည်း တဖန် ထိုမဟာဒုဂ် မယားအား ထောပတ်တအိုးကို၎င်း နို့ဓမ်းအိုးကို၎င်း ငြုတ်စသော ဘဏ္ဍာကို၎င်း စင်ကြယ်သန့်ရှင်းသော သလေးဆန် တစလယ် ကွမ်းစားကို၎င်း ပေးစေလေ၏။

ဤသို့သော အခြင်းအရာဖြင့် ဇနီး ခင်ပွန်း နှစ်ဦးတို့အား ရအပ်သော ဆန်တို့သည်ကား ငါးကွမ်းစားတို့ ဖြစ်ကုန်၏။ ထိုဇနီး ခင်ပွန်း နှစ်ဦးတို့သည် ငါတို့သည် လှူဖွယ်ဝတ္ထုကို ရအပ်ပေပြီဟု နှစ်သက် ရွှင်လန်းကုန်သည်ဖြစ်၍ စောစောကပင် ထကြလေကုန်၏။

---

ဆွမ်းကျွေးရန် ငါးကြင်းလေးကောင် တံငါသည်က ပေးခြင်း

မယားဖြစ်သူက မဟာဒုဂ်ကို အမောင်သွား၍ ဟင်းရွက်ကို ရှာဖွေကာ ယူ ဆောင်ခဲ့ပါလော့ဟု ဆို၏။ မဟာဒုဂ်သည် အိမ်ဈေး၌ ဟင်းရွက်ကို မရသောကြောင့် မြစ်ဆိပ်ကမ်းနားသို့ သွားရောက်သဖြင့် ယနေ့ အရှင်မြတ်တို့အား ဆွမ်းဘောဇဉ်ကို လှူဒါန်းခြင်းငှါ ရပေလတ္တံ့ ဟု အလွန်ရွှင်လန်းသော စိတ် ရှိသည်ဖြစ်၍ သီချင်းကို သီဆိုလျက် ဟင်းရွက်ကို ရွေးချယ်ဆွတ်ခူး နေဆဲ ပိုက်ကွန်ကြီးကို ပစ်ချ၍ တည်နေသော တံငါသည်သည် မဟာဒုဂ်၏အသံ ဖြစ်တန်ရာ၏ ဟုကြံ၍ မဟာဒုဂ်ကိုခေါ်ပြီးလျှင် အသင်သည် အလွန်လျှင် ရွှင်လန်းနှစ်သက်သော စိတ်ရှိသည် ဖြစ်၍ သီချင်းကိုသီဘိ၏၊ အကြောင်း အသို့ရှိသနည်းဟု မေးလေ၏။

အချင်း ဟင်းရွက်တို့ကို ရွေးချယ် ဆွတ်ခူးနေပါသည်ဟု ဆိုသော် ဟင်းရွက်ဖြင့် အဘယ်အမှုကို ပြုလတ္တံ့နည်းဟု မေးပြန်လေ၏။ ရဟန်းတော်တပါးကို ဆွမ်းလုပ်ကျွေးအံ့ဟု ဆိုသော် သြော်– အံ့ဖွယ်ရှိစွ သင့်ဟင်းရွက်ကို အဘယ် ရဟန်းသည် ချမ်းချမ်းသာသာ ဘုဉ်းပေးနိုင်ပါလတ္တံ့နည်းဟု ဆိုလေ၏။ အချင်း အသို့ပြုနိုင်ပါအံ့နည်း။ မိမိရအပ်သော ဟင်းရွက်ဖြင့်ပင် ကျွေးမွေးပေတော့အံ့ဟု ဆိုသော် ထိုသို့ဖြစ်မူ လာလော့ဟုဆိုလေ၏။

အချင်း အဘယ်ကိုပြုရမည်နည်းဟု ဆိုလတ်သော် ဤငါးတို့ကိုယူ၍ တမတ်ဘိုးတို့ကို၎င်း ငါးမူးဘိုး တို့ကို၎င်းတကျပ် ဘိုးတို့ကို၎င်း ပေါင်းစုဖွဲ့ခြင်းတို့ကို ပြုလုပ်လေလော့ဟု ဆိုလေ၏။ မဟာဒုဂ် လည်း တံငါသည် ဆိုသောအတိုင်း ပြုလုပ်လေ၏။ ဖွဲ့တိုင်း ဖွဲ့တိုင်းသော ငါးတို့ကို ပြည်သူ ပြည်သား တို့သည် ပင့်ဖိတ်အပ် ပင့်ဖိတ်အပ်ကုန်သော ရဟန်းတို့အလို့ငှါ ဆောင်ယူကြကုန်၏။

ထိုမဟာဒုဂ်သည် ငါးအတွဲ အဖွဲ့တို့ကိုပြုလုပ်စဉ်ပင် ဆွမ်းခံသွားချိန်သည် ရောက်လေ၏။ မဟာဒုဂ်သည် အခါကိုမှတ်သား၍ အချင်း ငါသည်သွားတော့အံ့။ ဤအခါသည် ရဟန်းတော်တို့၏ ကြွလာအံ့သောအခါတည်း ဟုဆို၏။ တစုံတခုသော ငါးအတွဲသည် ရှိလေသေးသလောဟု မေးလတ်သော် အချင်း တခုမျှမရှိ အလုံးစုံသော ငါးအတွဲတို့သည် ကုန်လေပြီဟု ဆိုလေသဖြင့် ထိုသို့ဖြစ်မူ ငါသည် မိမိ၏အလို့ငှါ သဲ၌မြှုပ်၍ ငါးကြင်းလေးကောင်တို့ကို ထားအပ်ကုန်၏။ ရဟန်းသံဃာတော်ကို အကယ်၍ ဆွမ်းလုပ်ကျွေးလိုမူကား ဤငါးကြင်းတို့ကို ယူ၍သွားလေလော့ ဟု ဆိုပြီးလျှင် ထိုငါးတို့ကို မဟာဒုဂ်အား ပေးလိုက်လေ၏။

---

ဘုရားနှင့်သိကြားမင်းတို့ မဟာဒုဂ်ကို ကြည့်ရှုခြင်း

ထိုနေ့၌ မြတ်စွာဘုရားသည် နံနက်စောစောအခါ လောကကိုကြည့်ရှုတော် မူသည်ရှိသော် မဟာဒုဂ်ကို ကိုယ်တော်မြတ်၏ ဉာဏ်တော် ကွန်ယက်အတွင်းသို့ ဝင်လာသည်ကို မြင်တော်မူရ၍ အသို့ဖြစ်လတ္တံ့နည်းဟု ဆင်ခြင်တော်မူသည် ရှိသော် မဟာဒုဂ်သည် ရဟန်းတပါးကို ဆွမ်း လုပ်ကျွေးအံ့ဟု မယားနှင့်တကွ ယမန်နေ့က အခစားအမှု ပြုလုပ်လေ၏။

အဘယ်ရဟန်းကို ရလတ္တံ့နည်းဟု ကြံဆင်ခြင်တော် မူပြန်သည်ရှိသော် လူတို့သည် စာရင်း၌ တင်ထားပြီးသော အမှတ်သညာဖြင့် ရဟန်းတို့ကိုပင့်၍ မိမိအိမ်တို့၌ နေစေကြကုန်လတ္တံ့။ မဟာဒုဂ် သည် ငါဘုရားကိုဖယ်ထား၍ တပါးသောရဟန်းတို့ကို မရဘဲရှိလတ္တံ့ ဟုဆင်ခြင်တော်မူမိလေ၏။

ဘုရားတို့မည်သည် ဆင်းရဲပင်ပန်းလှသောသူတို့၌ အစဉ်သနားခြင်းကို ပြုတော်မူကြကုန်သတတ်။ ထို့ကြောင့် မြတ်စွာဘုရားသည် နံနက်စော စောကလျှင် ကိုယ်လက်သုတ်သင်ခြင်းကို ပြုတော်မူ၍ မဟာဒုဂ်ကို ချီးမြှောက်အံ့ဟု အောက်မေ့ ဆင်ခြင်တော်မူလျက် ဂန္ဓကုဋိတိုက်သို့ ကြွဝင်၍ သီတင်း သုံးထိုင်နေတော်မူလေ၏။

မဟာဒုဂ်သည်လည်း ငါးကြင်းတို့ကို ယူဆောင်၍အိမ်သို့ ဝင်သည်ရှိသော် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူသော အခြင်းအရာကိုပြ၏။ သိကြားမင်းသည်လည်း အကြောင်းကား အသို့ပေနည်းဟု ကြည့်ရှုလတ်သည်ရှိသော် ယမန်နေ့က မဟာဒုဂ်သည် ရဟန်း သံဃာတော် တပါးအား ဆွမ်းလုပ်ကျွေးအံ့ဟု မိမိမယားနှင့်တကွ အခစားအမှုကို ပြုလေ၏။ အဘယ်ရဟန်းကို ရလတ္တံ့နည်းဟု ဆင်ခြင်ပြန်သောအခါ ထိုမဟာဒုဂ်အတွက် တပါးသော ရဟန်းသည် မရှိ။ မြတ်စွာဘုရားသည် မဟာဒုဂ်အား ချီးမြှောက်ခြင်းကိုပြုအံ့ဟု ဂန္ဓကုဋိတိုက်၌ သီတင်းသုံးနေထိုင်တော်မူ၏။

မဟာဒုဂ်သည် မြတ်စွာဘုရားအလို့ငှါ မိမိအားသာ သုံးဆောင်ခြင်းငှါထိုက်သော ယာဂုဆွမ်းကို၎င်း ဟင်းရွက်ဟင်းလျာကို၎င်းစီမံ၍ မြတ်စွာဘုရားအား ပေးလှူလေရာ၏။ ငါသည် မဟာဒုဂ်၏အိမ်သို့ သွား၍ ထမင်းချက်အမှုကို ပြုလုပ်ရမူကား ကောင်းလေစွဟု ကြံပြီးလျှင် ထိုသိကြားမင်းသည် မထင်ရှားသော အသွင်ဖြင့် ထိုမဟာဒုဂ်၏ အိမ်အနီးအပါးသို့ သွား၍ တစုံတယောက်သောသူအား အခဖြင့် ငှါးရမ်း၍ပြုဖွယ်ကိစ္စ တစုံတခုသည် ရှိပါသလောဟု မေးမြန်းလေ၏။

မဟာဒုဂ်သည် ထိုသူကိုမြင်လျှင် အဘယ်သို့သော အမှုကို ပြုလတ္တံ့ နည်းဟုမေးလေ၏။ အရှင် ငါသည် အလုံးစုံသော အတတ်ကိုတတ်၏။ မသိသော အတတ်မည်သည်မရှိ။ ယာဂုထမင်း စသည် တို့ကိုလည်း ပြည့်ပြည့်စုံစုံ ချက်ပြုတ် ခြင်းငှါ တတ်သိနားလည်၏ ဆိုသော် အချင်း ငါတို့ကား အသင်၏ ပြုလုပ်သော အမှုကိစ္စဖြင့် အလိုရှိပါကုန်၏။ သို့ရာတွင် အသင်အား ပေးကမ်းဖွယ် တစုံတခုသော အခကို မမြင်ဟုဆို၏။

သင့်အား ပြုလုပ်ဖွယ် အဘယ်အမှု ရှိသနည်းဟု မေးပြန်သော် ရဟန်းတော် တပါးအား ဆွမ်း လှူဒါန်းလို၏။ ထိုရဟန်းအလို့ငှါ ယာဂု ဆွမ်းစီရင်ခြင်းကို အလိုရှိပါ၏ ဟုဆို၏။ ရဟန်း သံဃာတော်အား အကယ်၍ ဆွမ်းလှူလိုသည်ဖြစ်အံ့ ငါ့အား အဘိုးအခဖြင့် အလိုမရှိ။ ငါ့အား ကုသိုလ် ကောင်းမှုသည် မသင့်လျော်ပါသလော ဟု ဆိုလတ်သော် အချင်း ထိုသို့ဖြစ်မူ ကောင်းလှပါပြီ ချက်ပြုတ် စီမံပါလော့ဟု ပြောဆိုတိုက်တွန်းလေ၏။

---

မဟာဒုဂ် သံဃာမရ၍ ကျောင်းတော်သို့ သွားခြင်း

သိကြားမင်းသည် မဟာဒုဂ်၏အိမ်သို့ဝင်၍ ဆီ ဆန် စသည်တို့ကို ဆောင်ယူစေပြီးလျှင် အချင်း မဟာဒုဂ် သွားချေ မိမိအားရောက်သော ရဟန်းတော်ကို ပင့်ဆောင်လေလော့ဟုဆို၍ မဟာဒုဂ်ကို လွှတ်လိုက်လေ၏။

အလှူဝတ်ကို ပြုစု စီမံသော စာရင်းကိုင် ယောက်ျားသည်လည်း ကမ္ပည်းစာ၌ ရေးသား တင်ထား သော အမှတ်ဖြင့်သာလျှင် ထိုထိုသူတို့၏ အိမ်တို့ဖို့ ရဟန်းတို့ကို ပို့လိုက်လေ၏။ မဟာဒုဂ်သည် စာရင်းကိုင်ယောကျ်ား၏ အထံသို့သွား၍ အကျွန်ုပ်အား ရောက်သော ရဟန်းတော်ကို ပေးတော်မူပါလော့ဟု တောင်းဆိုလေ၏။

ထိုစာရင်းကိုင် ယောက်ျားသည် ထိုခဏ၌ သတိရ၍ ငါကား သင့်အတွက် ရဟန်းကို သတိ မေ့လျော့ခဲ့လေပြီဟု ဆိုလတ်သော် မဟာဒုဂ်သည် ထက်လှစွာသော လှံမဖြင့် ရင်ဝကို ထိုးဆွ ပုတ်ခတ်ဘိသကဲ့သို့ အချင်း နိဗ္ဗာန်ဆော်ယောက်ျား အဘယ့်ကြောင့် အကျွန်ုပ်ကို ဖျက်ဆီးနှိပ်စက် ပါသနည်း။

အသင်သည် ယမန်နေ့က အကျွန်ုပ်ကို နှိုးဆော် တိုက်တွန်းခြင်းကြောင့် မယားနှင့်တကွ တနေ့ ပတ်လုံး အခစားအမှု ပြုလုပ်၍ ယနေ့ နံနက်စောစော ကပင်လျှင် ဟင်းရွက်အလို့ငှါ မြစ်ကမ်းနား၌ ရှာဖွေ လှည့်လည်၍ လာခဲ့ပါသည်။ အကျွန်ုပ်အား ရဟန်းတော်တပါးကို ပေးသနားတော်မူပါ ခင်ဗျားဟု လက်မြှောက်ကာ ငိုကြွေးရှာလေ၏။

လူတို့လည်း စည်းဝေးကုန်လျက် မဟာဒုဂ် ဤသို့ ငိုကြွေးရခြင်းကား အကြောင်းအသို့နည်းဟု မေး လေကုန်၏။ မဟာဒုဂ်သည် ထိုအကြောင်းကို ပြောကြားလေ၏။ ထိုလူတို့သည် အလှူဝတ်ကို စီစဉ်သော စာရင်းကိုင်ယောက်ျားကို အချင်း အသင်သည် ဤ မဟာဒုဂ်ကို အခစားအမှုပြုလုပ်၍ ရဟန်းတော်တပါးအား ဆွမ်းကို လှူဒါန်းပါလော့ဟု နှိုးဆော်တိုက်တွန်းသော ဟူသည် မှန်သလော ဟု မေးကုန်လတ်သော် အရှင်တို့ နှိုးဆော်မိသည် မှန်ပါပေ၏ဟု ဆိုလျှင် အကြင် အသင်သည် ဤမျှလောက်သော ရဟန်းတို့ကို စီရင်နိုင်လျက် ဤမဟာဒုဂ်အား ရဟန်းတပါးကိုမျှ မပေးနိုင် ထိုအသင်သည် ဝန်လေးသော အမှုကို ပြုအပ်ဘိလေတော့၏ဟု ဆိုကြလေကုန်၏။

စာရင်းကိုင်သော ယောက်ျားလည်း ထိုသူတို့၏စကားဖြင့် မျက်နှာ မသာသည်ဖြစ်၍ မဟာဒုဂ်ကို ဤသို့ဆို၏။ အချင်းမဟာဒုဂ် ငါ့ကို မဖျက်ဆီးပါလင့်၊ ငါကား သင်တယောက်၏အကြောင်းကြောင့် ကြီးစွာသော ပင်ပန်းခြင်းသို့ ရောက်ခဲ့ရပါပြီ။ လူတို့သည်လည်း စာရင်း၌ တင်ပြီးသော နည်း အားဖြင့် မိမိ မိမိအား ရောက်သော ရဟန်းတို့ကို ပင့်ဆောင်ကြချေကုန်ပြီ။ မိမိ၏အိမ်၌ ထိုင်နေ သီတင်းသုံးပြီးသော ရဟန်းတို့ကို ထုတ်ဆောင်၍ ပေးသောသူမည်သည် မရှိ။

မြတ်စွာဘုရားသည်ကား မျက်နှာတော်သစ်၍ ဂန္ဓကုဋီ၌သာလျှင် သီတင်းသုံး နေထိုင်တော်မူ၏ မင်း, အိမ်ရှေ့မင်း, စစ်သူကြီးစသော သူတို့သည် မြတ်စွာဘုရား၏ ဂန္ဓကုဋိမှ ထွက်တော်မူခြင်းကို ကြည့်ရှု ငံ့လင့်ကုန်လျက် မြတ်စွာဘုရား၏ သပိတ်တော်ကို ယူ၍ သွားကုန်အံ့ဟု ဆိုင်းငံ့ နေကြကုန်၏။ ဘုရားရှင်တို့ မည်သည်ကား ဆင်းရဲသောသူကို အစဉ်သနားတော်မူကြကုန်၏။

အသင်သည် ကျောင်းတော်သို့သွား၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရား တပည့်တော်သည် အလွန်အမင်း ဆင်းရဲသောသူ ဖြစ်ပါသည်။ တပည့်တော်အား ချီးမြှောက် ခြင်းကို ပြုတော်မူပါဘုရားဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုးလေလော့။ အသင်အား အကယ်၍ ကုသိုလ်ကံရှိသည်ဖြစ်အံ့ မချွတ်ဧကန် ရပေလတ္တံ့ဟု ပြောဆို၍ စေလွှတ်လိုက်၏။ မဟာဒုဂ်သည် ကျောင်းတော် သွားလေ၏။

---

မဟာဒုဂ် ဘုရားသပိတ်တော် ရလာခြင်း

ထိုအခါ မဟာဒုဂ်ကို တပါးသောနေ့၌ ကျောင်းတွင် စာကြွင်းစား၏အဖြစ်ဖြင့် မြင်အပ်ဖူး သောကြောင့် မင်း အိမ်ရှေ့မင်းစသော သူတို့က အချင်းမဟာဒုဂ် ယခုအခါ ဆွမ်းဘုဉ်းပေးသော အချိန်အခါ မဟုတ်သေး။ အဘယ့်ကြောင့် အသင် လာဘိသနည်းဟု ပြောဆိုကြကုန်၏ မဟာဒုဂ်လည်း သခင် ယခုအခါဆွမ်းဘုဉ်းပေး သောအချိန်အခါ မဟုတ်သေးဟု သိပါ၏။

သို့သော်လည်း မြတ်စွာဘုရားကို ရှိခိုးခြင်းငှါ ရောက်လာပါသည်ဟု ပြောပြောဆိုဆိုဖြင့် သွား၍ ဂန္ဓကုဋိ တံခါးခုံ၌ ဦးခေါင်းကို ထားလျက် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးပြီးလျှင် ဘုန်းတော်ကြီး တော်မူသော သဗ္ဗညုမြတ်စွာဘုရား ဤဗာရာဏသီပြည်ကြီး၌ ဘုရားတပည့်တော်အောက် ဆင်းရဲပင်ပန်း နွမ်းပါးလွန်းသောသူ မည်သည်မရှိပါဘုရား။ မြတ်စွာသခင် ဘုရားရှင်တို့သည် တပည့်တော်၏ ကိုးကွယ် မှီခိုရာဖြစ်တော်မူကြပါဘုရား။ တပည့်တော်အား သင်္ဂြိုဟ်ချီးမြှင့်ခြင်းကို ပြုတော်မူကြပါဘုရားဟု လျှောက်ကြားလေ၏။

ကဿပမြတ်စွာ စိန္တေယျာသည် ဂန္ဓကုဋိတိုက် တံခါးကို ဖွင့်လှစ်တော်မူ၍ သပိတ်တော်ကို ထုတ်ဆောင်တော်မူပြီးလျှင် မဟာဒုဂ်၏လက်၌ ထားတော်မူလေ၏။ မဟာဒုဂ်သည် စကြဝတေး မင်း၏ အသရေကိုရဘိသကဲ့သို့ ဖြစ်လေ၏။ မင်း အိမ်ရှေ့မင်း စသောသူတို့သည် အချင်းချင်း မျက်နှာတို့ကို ကြည့်ကြကုန်၏။

မြတ်စွာဘုရား ကိုယ်တော်တိုင် ပေးသနားတော်မူအပ်သော သပိတ်တော်ကို တစုံ တယောက် သောသူသည် အစိုးတရ ပိုင်စိုးပိုင်နင်း ယူငင်ခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိ။ ယင်းသို့ မရှိသော်လည်း အချင်းမဟာဒုဂ် ငါတို့အားသပိတ်တော် ကိုပေးလော့ သင့်အား ဤမျှလောက်သော အသပြာကိုပေးကုန်အံ့။ သင်သည် ဆင်းရဲလှ၏။ ပစ္စည်းဥစ္စာကိုသာ ယူလေလော့။ သင့်အား သပိတ်တော်ဖြင့်အဘယ် အကျိုးရှိအံ့နည်းဟု ဤသို့ကား ပြောဆိုကြလေကုန်၏။

မဟာဒုဂ်သည်လည်း အကျွန်ုပ်သည် တစုံတယောက်သော သူအား ပေးလိမ့်မည်မဟုတ်။ အကျွန်ုပ်အား ဥစ္စာဖြင့်အလိုမရှိ မြတ်စွာဘုရားကိုသာ ဆွမ်းလုပ်ကျွေးပါအံ့ဟု ပြန်ပြောလေ၏ ကြွင်းကျန်သော လူတို့သည် မဟာဒုဂ်ကိုတောင်း၍ သပိတ်တော်ကို မရသောကြောင့် ပြန်လည် ဆုတ်နစ်ကြကုန်၏။

ပြည့်ရှင်မင်းသည်ကား မဟာဒုဂ်သည် ဥစ္စာဖြင့်ဖြားယောင်း ဖြောင်းဖျသော်လည်း မြတ်စွာဘုရား၏ သပိတ်တော်ကိုမပေး။ မြတ်စွာဘုရား ကိုယ်တော်တိုင် သနားတော်မူအပ်သော သပိတ်တော်ဖြစ်၍ တစုံတယောက်သောသူ အတင်းယူခြင်းငှါလည်း မစွမ်းနိုင်။ ဤမဟာဒုဂ်၏ လှူဖွယ်ဝတ္ထုမည်သည် အဘယ်မျှရှိသည်ဖြစ်လတ္တံ့နည်း။

မဟာဒုဂ်သည် လှူဖွယ်ဝတ္ထုကို လှူပြီးသောအခါ မြတ်စွာဘုရားကိုပင့်၍ နန်းတော်သို့ ပင့်ဆောင် ပြီးလျှင် ငါ၏ ကောင်းစွာစီရင်အပ်သော အာဟာရကို ပေးလှူပေအံ့ဟု ကြံလျက် မြတ်စွာဘုရားနှင့် အတူတကွသာ လိုက်ပါသွားလေ၏။ သိကြားနတ်မင်း သည်လည်း ယာဂု ခဲဖွယ် ဆွမ်း ဟင်းရွက်ဟင်း စသည်တို့ကို ပြည့်ပြည့်စုံစုံ စီမံပြီးလျှင် မြတ်စွာဘုရားအလို့ငှါ ထိုင်နေ သီတင်းသုံး ခြင်းငှါ ထိုက်သောနေရာကို ခင်း၍နေလေ၏။

---

မဟာဒုဂ် အိမ်ကုပ်၌ ကဿပဘုရားအား မင်းကြီးလျှောက်ကြားပုံ

မဟာဒုဂ်သည် မြတ်စွာဘုရားကို ပင့်ဆောင်၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ကြွဝင်တော်မူပါဘုရားဟု လျှောက်ကြားလေ၏။

မဟာဒုဂ်၏နေရာအိမ်သည် နိမ့်သည်ဖြစ်၍ မညွတ်မကိုင်းဘဲ ဝင်ခြင်းငှါ မတတ်ကောင်း၊ မြတ်စွာဘုရားတို့ မည်သည်လည်း ဝင်တော်မူသည်ရှိသော် ညွတ်ကိုင်း၍ ဝင်တော်မမူကြကုန်၊ အိမ်သို့ ဝင်တော်မူသောအခါ မဟာပထဝီမြေကြီးသည်မူလည်း အောက်သို့နိမ့်ဝင်ရ၏၊ အိမ်သည်မူလည်း အထက်သို့ မြင့်တက်ရ၏၊ ဤသည်ကား ဘုရားရှင်တို့၏ ကောင်းစွာလှူဒါန်း အပ်သော အလှူဒါန၏ အကျိုးတည်း၊ တဖန်ထွက်၍ ကြွသွားတော်မူသောအခါ၌ အလုံးစုံသည် ပကတိအတိုင်း သာလျှင် ဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရားသည် ရပ်တော်မူလျက်သာလျှင် မဟာဒုဂ်၏ အိမ်သို့ ကြွဝင်တော်မူ၍ သိကြားမင်း ခင်းထားအပ်သောနေရာ၌ ထိုင်နေသီတင်း သုံးတော်မူလေ၏။ မြတ်စွာဘုရား ထိုင်နေ သီတင်းသုံးတော်မူသည်ရှိသော် ဗာရာဏသီပြည့်ရှင် ဘုရင်မင်းမြတ်သည် ဤသို့ဆို၏၊ အချင်း မဟာဒုဂ် သင်သည် ငါတို့ တောင်းကြကုန်သော်လည်း ဘုရား၏ သပိတ်တော်ကို မပေး၊ ငါတို့သည် ရှေးဦးစွာ ကြည့်ရှုလိုကုန်၏။ အသင်သည် မြတ်စွာဘုရားအား အဘယ်သို့သော ပူဇော် သက္ကာရကို ပြုဘိသနည်းဟု ဆိုလတ်သော် ထိုအခါ မင်းကြီးအား သိကြားမင်းသည် ယာဂုခဲဖွယ် စသည်တို့ကို ဖွင့်လှစ်ကာပြလေ၏။

ယာဂုခဲဖွယ် စသည်တို့၏ တကြိုင်ကြိုင်လှိုင်သော အနံ့သည် တပြည်လုံးကို လွှမ်းမိုး၍ တည်လေ၏။ မင်းကြီးသည် ယာဂုစသည်တို့ကို ကြည့်ရှုပြီးလျှင် မြတ်စွာဘုရားကို ဤသို့နားတော် လျှောက်လေ၏။

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် မဟာဒုဂ်၏ လူဖွယ်ဝတ္ထုကား အဘယ်မျှလောက် ဖြစ်လတ္တံ့နည်း၊ ဤမဟာဒုဂ်သည် လှူဖွယ်ဝတ္ထုကို ပေးလှူပြီး သည်ရှိသော် မြတ်စွာဘုရားကို နန်းတော်သို့ ဆောင်၍ မိမိအလို့ငှါ စီရင်အပ်သော အာဟာရကို ပေးလှူအံ့ဟု ကြံ၍ လာခဲ့ပါသည်ဘုရား။ တပည့်တော်သည် ဤသို့သဘောရှိသော အာဟာရကို ရှေးအခါ မမြင်အပ် စဖူးပါ။ ဤအရပ်၌ တပည့်တော် နေသည်ရှိသော် မဟာဒုဂ်သည် ပင်ပန်းရာ၏။ တပည့်တော် သွားပါဦးမည်ဘုရားဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။

သိကြားမင်းသည်လည်း မြတ်စွာဘုရားကို ယာဂု စသည်တို့ကို လှူဒါန်းသဖြင့် ရိုသေစွာ လုပ်ကျွေး ပြုစုလေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းစားခြင်းကို ပြုပြီးသည်ရှိသော် အနုမောဒနာပြု၍ နေရာမှ ထတော်မူပြီးလျှင် ဖဲကြွတော်မူလေ၏။ သိကြားမင်းသည် မဟာဒုဂ်အား အမှတ် သညာကို ပေးသဖြင့် မဟာဒုဂ်လည်း သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားကို လိုက်ပို့လေ၏။

---

ရတနာမိုဃ်းရွာ၍ မဟာဒုဂ် သူဌေးကြီးဖြစ်ခြင်း

သိကြားမင်းသည် နတ်ပြည်သို့ ပြန်လည်လေသောအခါ မဟာဒုဂ်၏ အိမ်တံခါး၌ရပ်လျက် ကောင်းကင်သို့ ကြည့်ရှုလေ၏။ ထိုခဏ၌သာလျှင် ကောင်းကင်မှ ရတနာခုနစ်ပါးဖြင့်ပြီးသော မိုဃ်းကြီးကိုရွာချ၍ မဟာဒုဂ်၏အိမ်၌ ခပ်သိမ်းသော အိုးတို့ကို ပြည့်စေပြီးလျှင် တအိမ်လုံးကို ပြည့်စေလေ၏။ ထိုမဟာဒုဂ်၏ အိမ်၌ နေရာကွက်လပ်မရှိလေပြီ။

မဟာဒုဂ်၏မယားသည် သားငယ်တို့ကို လက်ဆွဲ ငင်ထုတ်ဆောင်လျက် အိမ်အပ၌ ရပ်နေလေ၏။ မဟာဒုဂ်သည် မြတ်စွာဘုရားကို လိုက်ပို့၍ ပြန်လာသောအခါ သားငယ်တို့ကို အိမ်ပြင်ပ၌ တွေ့မြင်ရလျှင် ဤကား အကြောင်းအသို့နည်းဟု မေး၏။ အမောင် ကျွန်မတို့၏အိမ် တအိမ်လုံး သည် ရတနာ ခုနစ်ပါးတို့ဖြင့် ပြည့်သည်ဖြစ်၍ ဝင်ခြင်းငှါ နေရာကွက်လပ် မရှိပါဟု ပြောလေ၏။

မဟာဒုဂ်သည် ယနေ့ပင်လျှင် ငါ့အား အလှူဒါနသည် အကျိုးပေးလေပြီဟု ဆင်ခြင် အောက်မေ့ လျက် မင်းကြီး၏ အထံသို့ သွားရောက်၍ ရှိခိုးကာ ရပ်တည်လေ၏။ အဘယ့်ကြောင့် လာသနည်းဟု မေးတော်မူသောအခါ မဟာဒုဂ်သည် အရှင်မင်းမြတ် အရှင့် ကျွန်တော်မျိုး၏ အိမ်သည် ရတနာ ခုနစ်ပါးတို့ဖြင့် ပြည့်နေပါပြီ။ ထိုဥစ္စာကို ယူတော်မူကြပါဘုရားဟု လျှောက်ကြား လေ၏။ မင်းကြီးသည် သြော် - အံ့ဖွယ်ရှိလေစွ ဘုရားရှင်တို့အား ပေးလှူအပ်သော ဒါနသည် ယနေ့ပင်လျှင် အပြီးအဆုံးသို့ ရောက်ချေပြီဟု ကြံစည်အောက်မေ့၍ ထိုမဟာဒုဂ် ကို အဘယ် ဝတ္ထုကို ရခြင်းငှါ သင့်သနည်းဟု မိန့်ဆိုလေ၏။

အရှင်မင်းမြတ် ဥစ္စာပစ္စည်းကို ဆောင်ယူ သယ်ပိုးခြင်းငှါ လှည်းအစီး တထောင် ရခြင်းငှါ သင့်ပါသည် ဘုရားဟု လျှောက်တင်သော် မင်းကြီးသည် လှည်းအစီး တထောင်ကို စေလွှတ်၍ ဥစ္စာကို ဆောင်ယူစေပြီးလျှင် မင်းယင်ပြင်၌ ပေါင်းစုပုံ ထားစေလ၏။ ထန်းတဆင့် အတိုင်းအရှည် မြင့်သော ရတနာအစုအပုံသည် ဖြစ်လေ၏။ မင်းကြီးသည် ပြည်သူ ပြည်သားတို့ကို စည်းဝေး စေပြီးလျှင် ဤပြည်၌ တစုံတယောက်သောသူအား ဤမျှလောက်သောဥစ္စာ ရှိလေသလော ဟု မေးလေ၏။ အရှင်မင်းမြတ် မရှိပါဟု လျှောက်ကြား ကုန်သည်ရှိသော် ဤသို့ ပစ္စည်းဥစ္စာ များစွာ ကြွယ်ဝချမ်းသာ လှသော သူအား အသို့ပြုခြင်းငှါ သင့်သနည်းဟု မေးပြန်လေ၏။

အရှင်မင်းမြတ် သူဌေးအရာကို ပေးခြင်းငှါ သင့်ပါသည်ဟု လျှောက်တင်ကြသောကြောင့် မဟာဒုဂ်အား များစွာသော ပူဇော် သက္ကာရကိုပြု၍ သူဌေးကြီးအရာကို ပေးသနားတော်မူလေ၏။ ထို့နောက် မဟာဒုဂ်အား ရှေးအခါ တဦးသောသူဌေး၏ နေဖူးသောအိမ်နေရာကို ညွှန်ကြားလျက် ဤအရပ်၌ ပေါက်ရောက်ကုန်သော ချုံတို့ကို ခုတ်ထွင်ဖယ်ရှားစေ၍ အိမ်ကို ဆောက်လုပ်စေ ပြီးလျှင် နေထိုင်လေလော့ဟု အမိန့်ချမှတ်တော်မူလေ၏။

မဟာဒုဂ်၏ ထိုနေရာအရပ်ကို သုတ်သင်ရှင်းလင်းသဖြင့် အညီအညွတ်ပြု၍ မြေတူး အပ်သည် ရှိသော် အချင်းချင်း ထိ၍တည်နေသော ရွှေအိုးတို့သည် ပေါ်ပေါက်လာကုန်၏။ မဟာဒုဂ်သည် မင်းကြီးအား လျှောက်ကြားလတ်သည် ရှိသော် အသင်၏ကောင်းမှုကြောင့် ပေါ်ပေါက်လာကုန်၏။ အသင်သည်သာ ယူလေလော့ဟု မိန့်ကြားတော်မူ၏။

မဟာဒုဂ်လည်း အိမ်ကို ဆောက်လုပ်စေပြီးလျှင် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော ရဟန်း သံဃာတော်အပေါင်းအား အလှူကြီးကို ပေးလှူလေ၏။ ထိုမှနောက်၌လည်း အသက်ရှည်သမျှ ကာလပတ်လုံး တည်နေလျက် ကောင်းမှုတို့ကို ပြုရသဖြင့် အသက်၏အဆုံး၌ နတ်ပြည်၌ ဖြစ်လေ၏။

---

ယခုဘုရားလက်ထက် အမျိုးသား ပဏ္ဍိတဖြစ်လာခြင်း

မဟာဒုဂ်သည် နှစ်ဆူသော ဘုရားရှင်တို့၏ တခုသော အကြားပတ်လုံး နတ် စည်းစိမ်ကို အစဉ် ခံစားပြီးလျှင် ဤငါတို့ဘုရား ထင်ရှားပွင့်လင်း ထွန်းဝင်း တောက်ပသောအခါ ထိုနတ်ပြည်မှ စုတေ့မနေ သေခဲ့လေ၍ သာဝတ္ထိပြည်၌ အရှင်သာရိပုတြာမထေရ်၏ အလုပ်အကျွေး အမျိုး အိမ်တွင် သူဌေးသ္မီးဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။

ထိုအခါ သူဌေးသ္မီး၏ မိခင်ဖခင်တို့သည် ကိုယ်ဝန်တည်သည့်အဖြစ် ကိုသိ၍ ကိုယ်ဝန် အစောင့် အရှောက်ကို ပေးကြလေကုန်၏။ ထိုသတို့သ္မီးအား တပါးသောအခါ ဤသို့သဘောရှိသော ချင်ခြင်းသည်ဖြစ်လေ၏။ ငါသည်တရား စစ်သူကြီး ဖြစ်တော်မူသော အရှင်သာရိပုတြာမထေရ်ကို အစပြု၍ ငါးရာသော ရဟန်းတော်တို့အား ငါးကြင်းသားဟင်း အရသာဖြင့် အလှူကိုပေးလှူပြီးလျှင် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် နေရာအစွန်၌နေပြီးမှ ရဟန်းတော်တို့၏ စားကြွင်းထမင်းကို စားရပါမူကား ကောင်းလော့ဟု ချင်ခြင်းဖြစ်လေ၏။

ထိုသူဌေးသ္မီးသည် မိခင်ဖခင်တို့အား ပြောကြားပြီးလျှင် ချင်ခြင်းဖြစ်သော အတိုင်း ပြုသည်ရှိသော် ချင်ခြင်းသည် ငြိမ်းပျောက်လေ၏။ ထို့နောက်သူဌေးသ္မီး အလို့ငှါ ပြုအပ်ကုန်သော ချင်ခြင်း ငြိမ်းအောင်ပြုသည်မှတပါး ခုနစ်ပါးသော မင်္ဂလာတို့၌လည်း ငါးကြင်းသားဟင်း အရသာဖြင့် သာလျှင် အရှင်သာရိပုတြာ မထေရ်အမှူးရှိကုန်သော ငါးရာသော ရဟန်းတော်တို့ကို ဆွမ်းကျွေးကြ လေကုန်၏။

အလုံးစုံသည် တိဿ-သတို့သား၏ဝတ္ထု၌ ဆိုခဲ့အပ်ပြီးသော နည်းဖြင့်သာလျှင် သိအပ်၏။ အထူးကား - ဤသတို့သားအား မဟာဒုဂ်ဖြစ်သောအခါ ပေးလှူအပ်သော ငါးကြင်းသားဟင်း အရသာ အလှူ၏သာလျှင်အကျိုးဆက်တည်း။

ထိုသူငယ်ကို အမည်မှည့်အံ့သောနေ့၌ကား အရှင်ဘုရား အရှင်မြတ်တို့၏ ကျေးကျွန်ဖြစ်သော သူငယ်အား သိက္ခာပုဒ်တို့ကို ပေးသနားတော်မူကြပါ ဘုရားဟု မိခင်က လျှောက်ကြားလတ်သည် ရှိသော် မထေရ်သည် ဤသူငယ်ကား အဘယ်အမည်ရှိသနည်းဟု မေးတော်မူလေ၏။ အရှင်ဘုရား ဤသူငယ်သည် ဝမ်း၌ပဋိသန္ဓေ တည်နေသောအခါမှစ၍ ဤအိမ်၌ ထုံအ, ဖျင်းနုံ ထိုင်းမှိုင်း ကုန်သော သူတို့သော်လည်း ပညာရှိဖြစ်ကြကုန်ပါ၏။ ထို့ကြောင့် တပည့်တော်မ၏ သားအား ပဏ္ဍိတ - ဟူသော အမည်သည်သာလျှင် ဖြစ်ပါလိမ့်မည် ဘုရားဟု လျှောက်ကြား၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း သိက္ခာပုဒ်တို့ကို သနားတော်မူလေ၏။ ထိုသူငယ် ဖွားမြင်သောနေ့မှ စ၍ ငါ့သား၏ အလိုဆန္ဒ အဇ္ဈာသယကို ငါမဖျက်ဆီးအံ့ဟု မိခင်အား စိတ်အကြံသည် ဖြစ်လေ၏။

---

မဟာဒုဂ် တဖြစ်လဲ မောင်ပဏ္ဍိတ ရှင်ပြခြင်း

သူငယ်သည် ခုနစ်နှစ်သားအရွယ် ရှိသောအခါ မိခင်ကို မိခင် ကျွန်တော်သည် အရှင်သာရိပုတြာ မထေရ်၏ အထံ၌ ရှင်သာမဏေပြုပါရစေ ဟုခွင့်တောင်းလေ၏။ ချစ်သား ကောင်းလှပေပြီ ငါမိခင်သည် ချစ်သား၏ အလိုဆန္ဒ အဇ္ဈာ သယကို မဖျက်ဆီးပေအံ့ဟူ၍ စိတ်အကြံကို ဖြစ်စေဖူးပြီဟု ပြောဆိုပြီးလျှင် အရှင်သာရိပုတြာ မထေရ်ကို ပင့်ဖိတ်သဖြင့် ဆွမ်းကျွေး၍ အရှင်ဘုရား အရှင်မြတ်တို့၏ ကျေးကျွန်ဖြစ်သော ဤသူငယ်သည် ရှင်သာမဏေပြုခြင်းငှါ အလို ပါသည် တပည့်တော်မသည် ညချမ်းသောအခါ၌ ဤသူငယ်ကို ကျောင်းသို့ပို့ ဆောင်ပါမည် ဘုရားဟု လျှောက်ကြားပြီးလျှင် မထေရ်ကိုလွှတ်လိုက်၍ ဆွေမျိုးတို့ကို စည်းဝေးစေလျက် ငါ၏သားအား လူအဖြစ်၌ ပြုစုထိုက်သော အလုံးစုံသော ပူဇော်သက္ကာရကို ယနေ့ပင်လျှင် ပြုတော့အံ့ ဟု များစွာသော ပူဇော်သက္ကာရကို ပြုစေ၍ သူငယ်ကိုဆောင်ယူလျက် ကျောင်းတော်သို့ သွားပြီးလျှင် အရှင်ဘုရား ဤသူငယ်ကို ရှင်သာမဏေ ပြုပေးတော်မူပါဘုရားဟု တောင်းပန်လျက် မထေရ်အား အပ်နှံလေ၏။

မထေရ်သည်လည်း ရဟန်းအဖြစ်၌ ဆင်းရဲငြိုငြင်စွာ ကျင့်ရသည့် အဖြစ်ကို ပြောကြားလျှင် အရှင်ဘုရား တပည့်တော်သည် အရှင်ဘုရားတို့၏ အဆုံးအမ ပေးတော်မူသမျှကို လိုက်နာ ကျင့်ကြံပါမည်ဘုရားဟု လျှောက်ကြားသည်ရှိသော် ထိုသို့ဖြစ်မူ လာလော့ဟု ခေါ်ပြီးလျှင် ဆံပင် တို့ကို ရေဖြင့်ဆွတ်၍ တစပဉ္စက ကမ္မဋ္ဌာန်းကို ဟောကြားလျက် ရှင်သာမဏေ ပြုပေးလေ၏။

ထိုပဏ္ဍိတ သာမဏေ ၏ မိခင် ဖခင်တို့သည်လည်း ခုနစ်ရက်ပတ်လုံး ကျောင်း၌သာ နေကုန်လျက် ဘုရားအမှူးရှိသော ရဟန်းသံဃာတော် အပေါင်းအား ငါးကြင်းသားဟင်း အရသာအလှူဒါနကိုသာ ပေးလှူ၍ ခုနစ်ရက်မြောက်ရောက်သောနေ့ ညချမ်းသောအခါ အိမ်သို့ ပြန်သွားကြလေကုန်၏ အရှင်သာရိပုတြာ မထေရ်သည်လည်း ရှစ်ရက်မြောက်သောနေ့၌ ရွာတွင်းသို့ ဆွမ်းခံကြွဝင်တော် မူသည်ရှိသော် ထိုသာမဏေကိုခေါ်၍ ကြွသွားတော်မူ၏။

ရဟန်းသံဃာအပေါင်းနှင့် အတူတကွ ကြွသွားတော်မမူ၊ အဘယ့်ကြောင့် အတူတကွ မကြွသနည်း ဟူမူကား ထိုသာမဏေငယ်၏ သင်္ကန်းဝတ်ခြင်း သပိတ်ကိုင်ခြင်းတို့သည်၎င်း ဣရိယာပုထ်၌ ကြည်ညိုဖွယ် ဆောင်နိုင်ခြင်းသည်၎င်း ရှေးဦးစွာ မဖြစ်သေး၊ တနည်း အကြောင်းမှာ ကျောင်း၌ အရှင်သာရိပုတြာ မထေရ်အား ပြုအပ်သော ဝတ်သည်ရှိ၏။ မထေရ်ကြီးတပါးပင်ဖြစ်သော်လည်း ရဟန်းသံဃာ ရွာတွင်းသို့ ကြွဝင်လတ်သည် ရှိသော် ကျောင်းအလုံးကို လှည့်ပတ်လျက် တံမြက်မလှည်းသော အရပ်ကို တံမြက် လှည်း၍ ရေမရှိသောအိုးတို့၌ သောက်ရေ သုံးဆောင်ရေ ထည့်လောင်း၍ မကောင်းသဖြင့် ခင်းထားအပ်သော ညောင်စောင်း အင်းပျဉ်စသည်တို့ကို သိုမှီး သိမ်းဆည်းပြီးမှ နောက်၌ ရွာသို့ ကြွဝင်တော်မူလေ၏။

အကြောင်း တနည်းကား သာသနာတော်မှ အပဖြစ်သော တိတ္ထိတို့သည် အချည်းနှီးသော ကျောင်းသို့ ဝင်ရောက်ပြီးလျှင် ရဟန်းကြီး ဂေါတမ၏ တပည့်သားတို့၏ နေရာအရပ်တို့ကို ကြည့်ရှုကြစမ်း ပါဦးဟု ရှုံ့ချပြောဆိုခြင်းငှါ မရကြပါစေလင့်ဟု ဆင်ခြင်၍ ကျောင်းအလုံးကို သုတ်သင် ရှင်းလင်းပြီးမှ နောက်၌ရွာသို့ ကြွဝင်တော်မူ၏။ ထို့ကြောင့် ထိုနေ့၌လည်း သာမဏေကို သပိတ် သင်္ကန်းကို ယူစေတော်မူ၍ နေမြင့်မှ ဆွမ်းအလို့ငှါ ကြွဝင်တော်မူလေသတည်း။

---

ရေမြောင်းစသည် မြင်ရာ ကိုရင်ပဏ္ဍိတ ဆင်ခြင်ပုံ

ပဏ္ဍိတ သာမဏေငယ်သည် ဥပဇ္ဈာယ်ဆရာနှင့် အတူတကွ ကြွသွားလတ်သည် ရှိသော် ခရီး အကြား၌ မြောင်းကိုမြင်ရလျှင် အရှင်ဘုရား ဤသည်ကား အဘယ် အမည် ရှိပါသနည်းဘုရားဟု မေးလျှောက်လေ၏။ သာမဏေ မြောင်းမည်၏ဟု မိန့်တော်မူလျှင် ဤမြောင်းဖြင့် အဘယ်ကို ပြုကြပါကုန်သနည်းဘုရားဟု မေးပြန်လေ၏။ ထိုမှ - ဤမှ - ရေကို ဆောင်၍ မိမိ၏ လယ်လုပ်ခြင်း အမှုကို ပြုကြကုန်၏ ဟု မိန့်တော်မူသော် အရှင်ဘုရား ရေအား စိတ်ရှိပါသလောဘုရားဟု လျှောက်ပြန်လေ၏။

ငါ့ရှင်သာမဏေ ရေအား စိတ်မရှိဟု မိန့်တော်မူလေသော် အရှင်ဘုရား ဤသို့သဘောရှိသော စိတ်မှကင်းသော ရေကို မိမိ၏လိုရာ အရပ်သို့ ရောက်အောင် ဆောင်နိုင်ကြပါကုန်သလော ဘုရားဟု မေးလျှောက်ပြန်လေ၏။ ဆောင်နိုင်သည်မှန်၏ ငါ့ရှင်ဟု မထေရ်မိန့်ဆိုလတ်သော် သာမဏေသည် ဤသို့ ကြံဆင်ခြင်၏။

ဤသို့သဘောရှိသော စိတ်မရှိသော ရေကို မိမိ၏ အလိုရှိရာ အလိုရှိရာအရပ်သို့ ဆောင်လျက် လယ်လုပ်ခြင်း စသော အမှုကို အကယ်၍ပြုလုပ် နိုင်ကြကုန်သည်ဖြစ်အံ့ စိတ်ရှိသောသူတို့ သည်လည်း စိတ်ကို မိမိ၏အလို နိုင်ငံသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှါ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်းဟု ကြံဆင်ခြင်လေ၏။

ထို့နောင် ထိုပဏ္ဍိတ သာမဏေငယ်သည် ရှေ့သို့ သွားပြန်လတ်သည် ရှိသော် လေးသမားသည် မြှားတံကို မီး၌ကင်၍ မျက်စိထောင့်စွန်းဖြင့် ကြည့်လျက် ဖြောင့်မတ်စွာ ပြုကြသည်တို့ကို မြင်ရပြန်လျှင် အရှင်ဘုရား ဤသူတို့ကား အဘယ်အမည်ရှိပါသနည်းဘုရားဟု မေးလျှောက် လေ၏။ ငါ့ရှင်သာမဏေ လေးသမားတို့ မည်ကုန်၏ဟု မိန့်တော်မူလတ်သော် ဤသူတို့သည် အဘယ်အမှုကို ပြုကြပါကုန်သနည်းဘုရားဟု မေးပြန်လေ၏။

မီး၌ကင်၍ မြှားတန်ကို ဖြောင့်မတ်အောင် ပြုကြကုန်၏ဟု မိန့်တော်မူလတ်သော် အရှင်ဘုရား ဤမြှားကား စိတ်ရှိ ပါသလောဘုရားဟု မေးလျှောက်ပြန်လေ၏။ ငါ့ရှင်သာမဏေ ဤမြှားကား စိတ် မရှိဟု မိန့်ဆိုလတ်သော် သာမဏေသည် ဤသို့ ကြံဆင်ခြင်၏။ စိတ်မရှိသော မြှားတံကိုယူ၍ မီး၌ကင်လျက် ဖြောင့်မတ်အောင် အကယ်၍ ပြုလုပ်နိုင်ကြ ကုန်သည်ဖြစ်အံ့ စိတ်ရှိသော သူသည်လည်း မိမိ၏စိတ်ကို မိမိအလိုသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှါ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်းဟု ကြံဆင်ခြင်ပြန်လေ၏။

ထို့နောင် ထိုပဏ္ဍိတ သာမဏေငယ်သည် ရှေ့သို့သွားပြန် လတ်သည်ရှိသော် သစ်တို့ကို အကန့် အကွပ်, ပုန်တောင်းချက်မ စသည်တို့ကို ရွေကြသည်တို့ကို မြင်ရပြန်လျှင် အရှင်ဘုရား ဤသူတို့ ကား အဘယ်အမည် ရှိပါသနည်းဘုရားဟု မေးလျှောက်လေ၏။ ငါ့ရှင်သာမဏေ တစည်းသမား ပဲခွပ်သမားတို့ မည်ကုန်၏ဟု မိန့်တော်မူလတ်သော် ဤသူတို့သည် အဘယ်အမှုကို ပြုကြပါကုန် သနည်းဟု မေးလျှောက်ပြန်လေ၏။

သစ်တို့ကိုယူ၍ လှည်းယာဉ်စသည် တို့၏ ဘီးစသည်တို့ကို ပြုကြကုန်၏ဟု မိန့်တော်မူလတ်သော် အရှင်ဘုရား ဤ သစ်တို့သည် စိတ်ရှိကြပါကုန်သလော ဘုရားဟု လျှောက်ပြန်လေ၏။ ငါ့ရှင် သာမဏေ စိတ်မရှိဟု မိန့်တော်မူလတ်သော် ထိုအခါသာမဏေအား ဤသို့သော စိတ်အကြံ ဖြစ်လေ၏။ စိတ်မရှိသော သစ်တုံးတို့ကိုယူ၍ လှည်းဘီး စက်ဝန်း စသည်တို့ကို အကယ်၍ ပြုလုပ်နိုင်ကြ ကုန်သည်ဖြစ်အံ့ စိတ်ရှိသောသူတို့သည် မိမိ၏ စိတ်ကို မိမိအလိုသို့ လိုက်စေ၍ ရဟန်းတရားကို အားထုတ်ခြင်းငှါ အဘယ့်ကြောင့် မတတ်နိုင်ဘဲ ရှိကုန်အံ့နည်းဟု စိတ်အကြံ ဖြစ်ပြန်လေ၏။

---

တရားအားထုတ်သော ရှင်ပဏ္ဍိတအား သိကြားစောင့်ရှောက်ပုံ

သာမဏေသည် ဤအကြောင်းတို့ကို မြင်ရပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့၏ သပိတ် သင်္ကန်းတို့ကို အရှင်ဘုရားတို့သည် အကယ်၍ ယူကုန်သည်ဖြစ်ငြားအံ့ တပည့်တော်သည် ပြန်လည်ဆုတ်နစ် လိုပါသည်ဘုရားဟု လျှောက်ကြားလေ၏။ မထေရ်သည်လည်း ဤ သာမဏေသည် ယခုပင်ရှင်ပြုသော သာမဏေငယ် ဖြစ်လျက် ငါ့နောက်သို့ အစဉ်အတိုင်း လိုက်နေစဉ် ဖြစ်လျက် ဤသို့ဆိုဘိ၏ဟု စိတ်ကို မဖြစ်စေမူ၍ သာမဏေ ယူဆောင်ခဲ့လေလော့ဟု ဆိုပြီးလျှင် မိမိ၏ သပိတ် သင်္ကန်းကို ယူတော်မူလေ၏။

သာမဏေသည်လည်း ဥပဇ္ဈာယ်ကို ရှိခိုး၍ ပြန်နစ်သည်ရှိသော် အရှင်ဘုရား တပည့်တော်၏ အလို့ငှါ ဆွမ်းအာဟာရကို ဆောင်ယူ လာသည်ရှိသော် ငါးကြင်းသားဟင်း အရသာနှင့်သာလျှင် ဆောင်ယူ တော်မူခဲ့ပါ ဘုရားဟု လျှောက်လေ၏။ ငါ့ရှင်ပဏ္ဍိတ သာမဏေ အဘယ်သို့လျှင် ရနိုင် ပါအံ့နည်းဟု ဆိုလတ်သော် မိမိ၏ဘုန်းကံဖြင့် မရနိုင်လျှင် တပည့်တော်၏ ဘုန်းကံဖြင့် ရတော်မူကြပါကုန်လတ္တံ့ ဟု လျှောက်လေ၏။

မထေရ်သည်လည်း သာမဏေငယ်အား ကျောင်းပြင်ပ၌ နေရသည်ရှိသော် ဘေးရန်သော်လည်း ဖြစ်ရာ၏ဟု သံကောက် (သော့)ကို ပေးလိုက်၍ ငါနေသော တိုက်ခန်း တံခါးကိုဖွင့်ပြီးလျှင် အတွင်းသို့ဝင်၍ နေလေလော့ဟု မှာထားတော်မူလိုက်၏။

သာမဏေလည်း မထေရ်မှာလိုက်တိုင်း အတွင်း၌နေ၍ မိမိ၏ ကရဇကာယ-ခန္ဓာကိုယ်၌ ဉာဏ်ကို ချသွင်းပြီးလျှင် အတ္တဘောကို သုံးသပ်နေလေ၏။ ထိုအခါ သာမဏေ၏ ဂုဏ်ကျေးဇူး အာနုဘော် ကြောင့် သိကြားမင်း၏ နေရာသည် ပူသော အခြင်းအရာကို ပြလေ၏။

သိကြားမင်းသည် အကြောင်းကား အဘယ်သို့နည်းဟု ကြည့်ရှု ဆင်ခြင်လတ်သည်ရှိသော် ပဏ္ဍိတ သာမဏေသည် ဥပဇ္ဈာယ်အား သပိတ် သင်္ကန်းကို ပေးလိုက်၍ ရဟန်းတရားကို အားထုတ်အံ့ဟု ပြန်လာခဲ့လေ၏။ ငါသိကြားမင်း သည်လည်း ထိုပဏ္ဍိတသာမဏေ ရှိရာသို့ သွားခြင်းငှါ သင့်၏ဟု ကြံ၍ စတုမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့ကို ခေါ်ပြီးလျှင် ကျောင်း၏ ဥပစာရအနီး အနား၌ နေကုန်သော ငှက်တို့ကို ပျံသွားစေ၍ ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ယူကြ ကုန်လော့ဟု မိန့်တော်မူ၍ လနတ်သားကိုလည်း လဝန်းကိုဆွဲငင်၍ ဆီးတားထားလော့ နေနတ်သားကိုလည်း နေဝန်းကိုဆွဲငင်၍ ဆီးတားထားလော့ ဟုဆိုပြီးမှ မိမိကိုယ်တိုင်သွား၍ တံခါးသံကောက်ကြိုး ဆွဲငင်ရာအရပ်၌ အစောင့်အရှောက်ကိုယူ၍ တည်နေလေ၏။

အောက်ဖိုလ်သုံးပါးရ၍ ဘုရားရှင်ကြွသွား စောင့်ရှောက်ပုံ

ကျောင်း၌ သစ်ရွက်လျော်ကြွေ၍ ကျသော်လည်း ကျသံမမည်။ သာမဏေ၏စိတ်သည် မတုန်မလှုပ် တည်ကြည်လတ်သည် ဖြစ်သဖြင့် သာမဏေသည် ဆွမ်းမစားမီ အကြား၌သာလျှင် ကိုယ်ခန္ဓာ အတ္တဘောကို သုံးသပ်ဆင်ခြင်၍ ဖိုလ်သုံးပါးတို့သို့ ရောက်လေ၏။

မထေရ်သည်လည်း သာမဏေငယ်သည် ကျောင်း၌ နေ၏။ ထိုသာမဏေအား သုံးဆောင်ခြင်းငှါ ထိုက်သော ဆွမ်းဘောဇဉ်ကို အဘယ် မည်သောအမျိုးအိမ်၌ ရခြင်းငှါ တတ်နိုင်ကောင်းအံ့နည်းဟု အောက်မေ့လျက် ချစ်ခြင်း, မြတ်နိုးခြင်း, ရိုသေခြင်း ရှိသော တယောက်သောအလုပ်အကျွေး ဒါယကာ အိမ်သို့ အိမ်သို့ကြွတော်မူလေ၏။

ထို အလုပ်အကျွေး ဒါယကာအိမ်၌လည်း လူတို့သည် ထိုနေ့၌ ငါးကြင်းတို့ကို ရသဖြင့် မထေရ်မြတ်၏ ကြွလာခြင်းကို ဆိုင်းငံ့မြှော်လင့်ကာ နေကြကုန်၏။ ထိုဒါယကာတို့သည် ကြွလာတော်မူသော မထေရ်ကိုမြင်ရလျှင် အရှင်ဘုရား အရှင်ဘုရားတို့ ဤအိမ်သို့ကြွလာတော် မူခြင်းတို့ဖြင့် ကောင်းသောလာခြင်းကို ပြုတော်မူပေ၏ဟု လျှောက်၍ အိမ်တွင်းသို့ သွင်းပြီးလျှင် ယာဂု ခဲဖွယ် စသည်တို့ကိုလှူ၍ ငါးကြင်းသားဟင်း အရသာဖြင့် ထိုမထေရ်သပိတ်၌ ဘောဇဉ်ကို ပြည့်စေလျက် ဆွမ်းလှူဒါန်းကြလေကုန်၏။

မထေရ်သည်လည်း ဆောင်ယူ သွားအံ့သော အကြောင်းကိုပြလျှင် လူတို့သည်မြင်၍ အရှင်ဘုရား ဘုဉ်းပေးတော်မူကြပါဘုရား ကျောင်းသို့ ဆောင်ယူအပ်သော ဆွမ်းကိုလည်း ရပါလိမ့်မည်ဘုရား ဟုလျှောက်ကုန်၍ မထေရ်ဆွမ်းဘုဉ် ပေးပြီးသောအခါ သပိတ်ကို ငါးကြင်းသားဟင်း အရသာ ရှိသော ဘောဇဉ်ဖြင့် ပြည့်စေ၍ လှူဒါန်းကြလေကုန်၏။ မထေရ်သည်လည်း သာမဏေသည် ဆာလောင်မွတ်သိပ်တန်ပြီဟု လျင်မြန်စွာ ကြွသွားတော်မူလေ၏။

ဘုရားရှင်သည်လည်း ထိုနေ့စောစောကလျှင် ဆွမ်းဘုဉ်းပေး၍ ကျောင်းတော်သို့ ကြွသဖြင့် ဤသို့ ဆင်ခြင်တော်မူ၏။ ပဏ္ဍိတသာမဏေသည် ဥပဇ္ဈာယ်ဆရာအား သပိတ် သင်္ကန်းကိုပေး၍ ရဟန်း တရားကို အားထုတ်အံ့ဟု ပြန်လာ၏။ ထို သာမဏေအားရဟန်းကိစ္စ အပြီးတိုင်အံ့လောဟု စူးစမ်းသည်ရှိသော် သုံးပါးသော ဖိုလ်တို့သို့ ရောက်သည့်အဖြစ်ကို သိရပြီးလျှင် အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယ ရှိသလော မရှိသလောဟု ဆင်ခြင်ပြန်သည်ရှိသော် ရှိ၏ဟု မြင်တော်မူ၍ ဆွမ်းမစားမီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ တတ်နိုင်အံ့လော မတတ်နိုင်အံ့လောဟု စူးစမ်း ဆင်ခြင်ပြန်သည်ရှိသော် တတ်နိုင်လတ္တံ့ဟု သိမြင်တော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားအား ဤသို့သောအကြံသည် ဖြစ်လေ၏။ သာရိပုတြာသည် သာမဏေ အလို့ငှါ ဆွမ်းကိုယူ၍ လျင်မြန်စွာလာ၏။ သာမဏေအား ရဟန်းတရား ပြီးဆုံးခြင်း အန္တရာယ် ကိုမူလည်း ပြုရာ၏။ တံခါးမုခ်၌ အစောင့်အရှောက်ကို ယူ၍ နေနှင့်အံ့ ထိုအခါ သာရိပုတြာကို ပြဿနာ လေးပါးတို့ကို မေးပေအံ့။ ထိုပြဿနာကို ဖြေဆိုအပ်သည်ရှိသော် သာမဏေသည် ပဋိသမ္ဘိဒါလေးပါး တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လတ္တံ့ဟု အကြံဖြစ်တော်မူလေ၏။

ထို့နောင်မှ ကြွသွားတော်မူ၍ တံခါးမုခ်၌ ရပ်တည်တော်မူပြီးလျှင် ရောက်လာသော အရှင် သာရိပုတြာမထေရ်ကို ပြဿနာလေးပါးတို့ကို မေးတော်မူလေ၏။ မေးတိုင်း မေးတိုင်းသော ပြဿနာကို ဖြေဆိုလေ၏။

---

ပြဿနာလေးပါး ဖြေဆိုစဉ် ရဟန္တာ ဖြစ်ခြင်း

ထိုစကား၌ ဤဆိုလတ္တံ့သည်ကား အမေးအဖြေတည်း။ မြတ်စွာဘုရားသည် အရှင်သာရိပုတြာ မထေရ်ကို ဤသို့မေးမြန်းတော်မူသတတ်။

၁။ ချစ်သားသာရိပုတြာ အဘယ်ကို ရလာသနည်းဟု မေးတော်မူ၏။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အာဟာရကို ရလာပါသည် ဘုရားဟု ဖြေဆို၏။

၂။ ချစ်သားသာရိပုတြာ အာဟာရမည်သည် အဘယ်ကို ဆောင်တတ်သနည်းဟု မေးတော်မူ၏။
မြတ်စွာဘုရား ဝေဒနာကို ဆောင်တတ်ပါသည် ဘုရားဟု ဖြေဆို၏။

၃။ ချစ်သား သာရိပုတြာ ဝေဒနာသည် အဘယ်ကို ဆောင်တတ်သနည်းဟု မေးတော်မူ၏။
မြတ်စွာဘုရား ရုပ်ကို ဆောင်တတ်ပါသည် ဘုရားဟု ဖြေဆို၏။

၄။ ချစ်သား သာရိပုတြာ ရုပ်သည်ကား အဘယ်ကို ဆောင်တတ်သနည်းဟု မေးတော်မူ၏။
မြတ်စွာဘုရား ဖဿကို ဆောင်တတ်ပါသည်ဘုရားဟု ဖြေဆို၏။

[ထိုစကား၌ ဤဆိုလတ္တံ့သည်ကား အဓိပ္ပါယ်တည်း။ မွတ်သိပ် ဆာလောင်သောသူသည် စားအပ် သောအစာ အာဟာရသည် ထိုသူအား မွတ်သိပ် ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သုခဝေဒနာကို ရွက်ဆောင်တတ်၏။ အစာ အာဟာရကို သုံးဆောင်ခြင်းဖြင့် ချမ်းသာသောသူအား သုခဝေဒနာ ဖြစ်ခြင်းကြောင့် ကိုယ်၌အဆင်း၏ ပြည့်စုံခြင်းသည်ဖြစ်၏။ ဤသို့ဝေဒနာသည် ရုပ်ကိုရွက်ဆောင်၏ ချမ်းသာသော သူသည်ကား အာဟာရကြောင့်ဖြစ်သော ရုပ်၏အစွမ်းဖြင့် ဖြစ်သော ကိုယ်၏ ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း ရှိသည်ဖြစ်၍ ယခုအခါ ငါ့အား သက်သာခြင်း ဖြစ်၏ ဟူ၍ အိပ်လျက်၎င်း ထိုင်လျက်၎င်း ကောင်းသောအတွေ့ကိုရ၏။ ဤကား အဓိပ္ပါယ်တည်း။]

ဤသို့ ဤပြဿနာ လေးပါးတို့ကို ဖြေအပ်ကုန်ပြီးသည်ရှိသော် ပဏ္ဍိတ သာမဏေသည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်တော် မူလေသတည်း။

---

နေလွဲမှ ဆွမ်းစားသည်ဟု ကဲ့ရဲ့ကြခြင်း

မြတ်စွာဘုရားသည်လည်း မထေရ်ကို ချစ်သား သာရိပုတြာ သွားတဲ့ချေလော့ သင်၏ သာမဏေအား ဆွမ်းကိုပေးလော့ဟု မိန့်တော်မူ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း သွား၍ တံခါးကို ခေါက်လေ၏။ သာမဏေသည် ထွက်လာ၍ မထေရ်၏လက်မှ သပိတ်ကို ယူလျက် တင့်အပ်သော အရပ်၌ ထားပြီးလျှင် ထန်းရွက်ယပ်ဖြင့် အရှင်သာရိပုတြာမထေရ်ကို ယပ်လေ ခပ်လျက် နေလေ၏။

ထိုအခါ သာမဏေကို မထေရ်သည် သာမဏေ ဆွမ်းစားခြင်းကိစ္စကို ပြုလော့ဟု ဆိုလေ၏။ အရှင်ဘုရား အရှင်ဘုရားတို့ကား ဆွမ်းစားခြင်းကိစ္စ ပြုပါပြီလောဟု လျှောက်ပြန်သော် ငါသည် ဆွမ်းစားခြင်းကိစ္စကို ပြုအပ်ပြီ။ သင်သာပြုလော့ဟု ဆိုသောအခါ ခုနစ်နှစ်ရှိသော သူငယ်သည် ရှင်သာမဏေပြု၍ ရှစ်ရက်မြောက် သောနေ့ဝယ် ထိုခဏ၌ ပွင့်သစ်သော ပဒုမာကြာ ဥပ္ပလကြာနှင့် တူစွာ အရဟတ္တဖိုလ်သို့ ရောက်တော်မူသဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်သင့်သော အရာကို ပစ္စဝေက္ခဏာ ဆင်ခြင်ကာ နေလျက် ဆွမ်းစားခြင်းကိစ္စကို ပြုတော်မူ၏။

ပဏ္ဍိတ သာမဏေသည် သပိတ်ကိုဆေး၍ သိမ်းဆည်းပြီးသောအခါ လနတ်သားသည် လကို လွှတ်လေ၏။ နေနတ်သားသည်လည်း နေကိုလွှတ်လေ၏။ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက် တို့သည်လည်း အရပ်လေးမျက်နှာမှ အစောင့်အရှောက်ကို လွှတ်ကြလေကုန်၏။ သိကြားနတ်မင်းသည်လည်း တံခါးကြိုးဆွဲရာ၌ အစောင့်အရှောက်ကို လွှတ်လေ၏။

နေသည် မွန်းတည့်သော အရပ်ဌာနမှ လျှောကျ၍ သွားလေ၏။ ရဟန်းတို့သည် အရိပ်ကား ပိုလွန်သော ပမာဏရှိပြီ။ နေသည် မွန်းတည့်ရာမှ လျှောကျ၍ သွားခဲ့ပြီ။ သာမဏေသည်လည်း ယခုပင်လျှင် ဆွမ်းစားပြီး၏ ဤသို့ဖြစ်ခြင်းကား အဘယ်နည်းဟု ကဲ့ရဲ့စကား ပြောကြားကြ လေကုန်၏။

မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူသဖြင့် ကြွလာတော်မူပြီးလျှင် ချစ်သားရဟန်းတို့ အဘယ်စကားကို ပြောဆိုကြကုန်သနည်းဟု မေးတော်မူလေ၏။ မြတ်စွာဘုရား ဤမည်သော အကြောင်းကို ပြောဆိုကြပါသည်ဘုရားဟု လျှောက်ကြားလတ်သော် ချစ်သားရဟန်းတို့ သြော် - ဟုတ်ပေ၏။ ဘုန်းကံရှိသော သူ၏ ရဟန်းတရားကို အားထုတ်ကြိုးပမ်း စီးဖြန်းသောအခါ လနတ်သားသည်လည်း လဝန်းကိုဆွဲငင်၍ တားမြစ်ထား၏။ နေနတ်သားသည်လည်း နေဝန်းကို ဆွဲငင်၍ တားမြစ်ထား၏။ နတ်မင်းကြီး လေးယောက်တို့သည်လည်း ဇေတဝန် ကျောင်းတော်အနီး အရပ်လေးမျက်နှာ၌ အစောင့်အရှောက်ကို ယူကြလေကုန်၏။ သိကြားနတ်မင်းသည်လည်း တံခါး ကြိုးဆွဲရာ၌ အစောင့် အရှောက်ကို ယူလေ၏။

ငါဘုရားသည်လည်း ငါကား သစ္စာလေးပါးသိသော ဘုရားဖြစ်၏ဟု ကြောင့်ကြမဲ့ နေခြင်းငှါ မရဘဲ ကြွသွား၍ တံခါးမုခ်၌ ငါ၏ သားတော်အား အစောင့်အရှောက်ကို ယူခဲ့ရလေပြီ။ ထိုသာမဏေသည် ရှေဆောင်သမားတို့ ရေမြောင်းဖြင့်သာလျှင် ရေဆောင်ယူကြသည်တို့ကို၎င်း၊ မြှားသမားတို့ မြှားကို ဖြောင့်အောင် ပြုကြသည်တို့ကို၎င်း၊ တစည်းသမားတို့ သစ်တို့ကို ရွေကြသည် တို့ကို၎င်း မြင်ရ သဖြင့် ဤမျှလောက်သော အာရုံကိုယူပြီးလျှင် ပညာရှိသောသူတို့သည် မိမိကိုယ်ကို ဆုံးမလျက် အရဟတ္တဖိုလ်ကို ယူကြကုန်သည် သာလျှင်တည်း ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်၍ တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်ဆိုတော်မူလေ၏။

---

ဒေသနာတော်

၈ဝ။ ဥဒကဉှိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ ဒမယန္တိ တေဇနံ။
ဒါရုံ ဒမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

နေတ္တိကာ၊ ရေကိုဆောင်ယူတတ်ကုန်သော သူတို့သည်။
ဥဒကံ၊ ရေကို။
နယန္တိ၊ မိမိတို့လိုရာအရပ်သို့ ဆောင်ကြကုန်၏။
ဥသုကာရာ၊ လေးသမားတို့သည်။
တေဇနံ၊ မြှားကို။
ဒမယန္တိ၊ ဖြောင့်အောင်ပြုလုပ်ကြကုန်၏။
တစ္ဆကာ၊ တစည်းသမားတို့သည်။
ဒါရုံ၊ သစ်တုံးကို။
ဒမယန္တိ၊ မိမိတို့အလိုရှိတိုင်း အဖြောင့်အကောက် ပြုလုပ်ကြကုန်၏။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒမယန္တိ၊ မဂ်ဖိုလ်ရအောင် ဆုံးမကြကုန်၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ပဏ္ဍိတသာမဏေဝတ္ထု ပြီး၏။

---

၆ - လကုဏ္ဋကဘဒ္ဒိယ မထေရ်ဝတ္ထု

သေလောယထာ - အစရှိသော ဤတရားဒေသာနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ပုကွသောကြောင့် လကုဏ္ဋကဘဒ္ဒိယ အမည်ရသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

[ဝတ္ထုကား ဝိနည်းပိဋကတ်၌ လာသည်သာလျှင်တည်း။]
[ဝတ္ထုကား ဝိနည်းပိဋကတ်၌ လာသည်သာလျှင်တည်း။]

---

ရဟန္တာအား တုန်လှုပ်ခြင်း မရှိကြောင်း

ပုထုဇဉ်ဖြစ်ကြကုန်သော သာမဏေ ပဉ္စင်းငယ် စသည်တို့သည် လကုဏ္ဋက ဘဒ္ဒိယ မထေရ်ကို မြင်လျှင် ဦးခေါင်း၌၎င်း နားရွက်တို့၌၎င်း နှာခေါင်းတို့၌၎င်း ဆွဲငင်ကိုင်ယူကုန်လျက် အသို့နည်း ဘထွေးတော်မြတ်ဘုရား၏ သာသနာတော်၌ ငြီးငွေ့ခြင်း မဖြစ်လေသလော အလွန်မွေ့လျော်ခြင်း ရှိပါလေသလောဟု ပြက်ရယ်စကား ပြောဆိုကြကုန်၏။

မထေရ်သည် ထိုသာမဏေ ရဟန်းငယ်တို့အပေါ်၌ အမျက်ထွက်တော်မမူ။ စိတ်ဖြင့် ပြစ်မှားခြင်း မျှကိုသော်လည်း ပြုတော်မမူ။ တရားသဘင်၌ ငါ့ရှင်တို့ ကြည့်ရှုကြကုန်လော့ လကုဏ္ဋက ဘဒ္ဒိယ မထေရ်ကိုမြင်လျှင် သာမဏေစသည် တို့သည် ဤသို့ ဤသို့ ညှဉ်းပန်းကြကုန်၏။ မထေရ်သည် ထိုသာမဏေ ရဟန်း ငယ်တို့အပေါ်၌ အမျက်လည်း ထွက်တော်မမူ။ စိတ်ဖြင့် ပြစ်မှားခြင်း မျှကိုသော်လည်း မပြုပေဟု ဤသို့သောစကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ အဘယ်သို့သော စကားကို ပြောကြား ကြကုန်သနည်းဟု မေးခြင်းကြောင့် မြတ်စွာဘုရား ဤမည်သော စကားကို ပြောဆိုကြပါသည် ဘုရားဟု နားတော် လျှောက်လတ်သည်ရှိသော် ချစ်သား ရဟန်းတို့ အမျက်မထွက် စိတ်မဆိုး ဟူသည် မှန်ပေ၏။ ရဟန္တာတို့မည်သည်ကား အမျက်လည်း မထွက်ကုန်။ စိတ်ဖြင့် ပြစ်မှားခြင်း ကိုလည်း မပြုကြကုန်။ ထိုစကားမှန်၏။ ဤရဟန္တာတို့သည် တခဲနက်သော ကျောက်တောင်နှင့် တူကုန်၏။ မတုန်မလှုပ်ကုန်ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားတော် ကိုဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၈၁။ သေလော ယထာ ဧကဂ္ဃနော၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာ ပသံသာသု၊ နသမိဉ္စန္တိ ပဏ္ဍိတာ။

ဧကဂ္ဃနော၊ တခဲနက်အခေါင်းမရှိသော။
သေလော၊ ကျောက်အတိပြီးသော တောင်သည်။
ဝါတေန၊ လေဖြင့်။
နသမီရတိ ယထာ၊ မတုန်မလှုပ်သကဲ့သို့။
ဧဝံ၊ ဤအတူ။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့်။
နသမိဉ္စန္တိ၊ အမျက်ထွက်ခြင်း ဝမ်းမြောက်ခြင်း အစွမ်းဖြင့် မတုန်မလှုပ်ကြကုန်။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

လကုဏ္ဋကဘဒ္ဒိယ မထေရ်ဝတ္ထု ပြီး၏။

---

၇ - ကာဏမာတာဝတ္ထု

ယထာပိရဟဒေါ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ကာဏာမည်သော သတို့သ္မီး၏ မိခင်ဖြစ်သော ကာဏမာတာ ဒါယိကာမကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

[ဝတ္ထုကား ဝိနည်းပိဋကတ်၌ လာသည်သာလျှင်တည်း။]

---

ကာဏာသတို့သ္မီး နှလုံးမသာမယာ ဖြစ်ရခြင်း

ထိုအခါ ကာဏမာတာ ဒါယိကာမကြီးသည် လက်ချည်းစည်း ဖြစ်သော သ္မီးကို လင့်အိမ်သို့ ပြန်လွှတ်ခြင်းငှါ မတတ်ကောင်းဟု ကြံ၍ သားလင် ခင်ပွန်းတို့ အလို့ငှါ မုံ့တို့ကို ကြော်လတ်စဉ် လေးကြိမ်တိုင်တိုင် ရဟန်းလေးပါးတို့အား လှူပြီး သောကာလ၌ မြတ်စွာဘုရားသည် ထို ဝတ္ထုကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူ၏။

ကာဏာ၏ လင်ယောက်ျားသည် တပါးသောမယားကို ဆောင်ယူသည်ရှိသော် ကာဏာသည် ထိုအကြောင်းကို ကြားရသဖြင့် ဤရဟန်းတို့ကား ငါ၏ အိမ်ထောင်ကို ဖျက်ဆီးအပ်၏ဟု မြင်တိုင်း မြင်တိုင်း ကုန်သော ရဟန်းတို့ကို ဆဲရေး၏။ ရေရွတ်၏။ ရဟန်းတို့လည်း ထိုလမ်းမသို့ လျှောက်သွားခြင်းငှါ မဝံ့ကြလေကုန်။ မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ ထို အရပ်သို့ ကြွသွားတော်မူလေ၏။

ကာဏာ၏ မိခင်သည် မြတ်စွာဘုရားကို ရှိခိုး၍ ခင်းအပ်ပြီးသော နေရာ၌ နေစေပြီးလျှင် ယာဂု ခဲဖွယ်ကို လှူဒါန်းဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် နံနက်စာ ဆွမ်းဘုဉ်းပေးပြီးသည်ရှိသော် ကာဏာ အဘယ်မှာနည်းဟု မေးမြန်းတော်မူလေ၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ကာဏာသည် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာ မသာမယာရှိသည်ဖြစ်၍ ငိုကြွေးကာ နေပါသည် ဘုရားဟု လျှောက်ကြားလတ်သော် အဘယ့်ကြောင့်နည်းဟု မေးတော်မူပြန်လျှင် မြတ်စွာဘုရား ဤကာဏာသည် ရဟန်းတို့ကို ဆဲရေး ရေရွတ်ပါသည။် မောင်းမဲပါသည်။ ထို့ကြောင့် ရှင်တော်မြတ်ဘုရားတို့ကို မြင်ရလျှင် မျက်နှာ မသာမယာရှိလှ၍ ငိုကြွေးကာ နေပါသည်ဘုရားဟု လျှောက်လေ၏။

ထိုသို့ လျှောက်သည်ရှိသော် ကာဏာကို မြတ်စွာဘုရားသည် ခေါ်စေတော်မူ၍ ချစ်သ္မီးကာဏာ အဘယ့်ကြောင့် ငါဘုရားကို မြင်ရလျှင် မျက်နှာမသာမယာ ဖြစ်၍ ပုန်းကွယ်လျက် ငိုနေဘိသနည်း ဟု မိန့်တော်မူ၏။ ထိုအခါ ကာဏာမိခင်သည် ကာဏာပြုအပ်သော အမူအရာကို လျှောက်ကြား လေ၏။ ထိုအခါ ဒါယိကာမကြီးကို မြတ်စွာဘုရားသည် ကာဏမာတာ ဒါယိကာမကြီး အသို့နည်း ငါဘုရား၏တပည့်တို့သည် သင်လှူသည်ကို ခံယူကုန်သလော၊ မလှူသည်ကို ခံယူကုန်သလောဟု မေးတော်မူ၏။

မြတ်စွာဘုရားလှူသည်ကို ခံယူကြပါသည်ဘုရားဟု လျှောက်လတ်သော် ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှါ သွားကုန်သည်ဖြစ်၍ သင်ဒါယိကာမကြီး၏ အိမ်တံခါးသို့ ရောက်လတ်သော် သင် ဒါယိကာမကြီး လှူသောမုံ့ကို အကယ်၍ ခံယူကုန်သည်ဖြစ်အံ့ ထိုသို့ခံယူသည်ရှိသော် ထို ရဟန်းတို့အား အဘယ်အပြစ်ရှိသနည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား အရှင်ကောင်း တို့အား အပြစ်မရှိပါ။ ဤချစ်သ္မီးကာဏာ၏သာ အပြစ်ပါဘုရားဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည်လည်း ကာဏာကို ချစ်သ္မီးကာဏာ ငါ၏တပည့်တို့သည် ဆွမ်းအလို့ငှါ သွားကုန် သည်ရှိသော် အိမ်တံခါးသို့ ရောက်လာကုန်သတတ်။ ထိုအခါ ရဟန်းတို့အား သင်၏ မိခင်သည် မုံ့တို့ကိုလှူအပ်ကုန်၏။ ဤသို့လှူရာ၌ ငါ၏ တပည့်တို့အား အဘယ်မည်သော အပြစ် ရှိသနည်း ဟုမိန့်တော်မူလေ၏။ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အရှင်ကောင်းတို့အား အပြစ်မရှိပါဘုရား။ တပည့်တော်မ အားသာလျှင် အပြစ်ရှိပါသည်ဘုရား ဟု လျှောက်ကြား၍ မြတ်စွာဘုရားကို ရှိခိုး၍ ကန်တော့တောင်းပန်လေ၏။

---

ကာဏာသည် လောကုတ် လောကီစည်းစိမ် နှစ်လီရခြင်း

ထိုအခါ ကာဏာအား မြတ်စွာဘုရားသည် အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြား တော်မူလေ၏။ ကာဏာသတို့သ္မီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ မြတ်စွာဘုရား သည်လည်း နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလတ်သည်ရှိသော် မင်းယင်ပြင်ဖြင့် ဖြတ်လျက် ကြွသွားတော်မူလေ၏။

ကောသလမင်းတရား မြင်လတ်သော် အချင်းတို့ မြတ်စွာဘုရားနှင့် တူသည်မဟုတ်လောဟု မေးမြန်းသဖြင့် အရှင်မင်းကြီး မြတ်စွာဘုရား စင်စစ်မှန်လှပါကြောင်း ဟု လျှောက်တင်လတ်သော် သွားကြချေ၊ ငါဘုရင်မင်းမြတ် လာရောက်၍ ရှိခိုးမည့်အကြောင်းကို လျှောက်ကြားကြချေလော့ဟု စေလွှတ်လိုက်သဖြင့် မင်းယင်ပြင်၌ ရပ်တည်နေတော်မူသော ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးပြီးလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အဘယ်အရပ်သို့ ကြွသွားပါသနည်း ဘုရားဟု မေးလျှောက်လေ၏။

မြတ်သောမင်းကြီး ကာဏမာတာ ဒါယိကာမကြီး၏ အိမ်သို့သွား၏ဟု မိန့်တော်မူလျှင် မြတ်စွာဘုရား အဘယ်အကြောင်းကြောင့် ကြွပါသနည်းဘုရား ဟု မေးလျှောက်ပြန်လေ၏။ ကာဏာ အမည်ရှိသော သတို့သ္မီးသည် ရဟန်းတို့ကို ဆဲရေးရေရွတ်သတတ် ထိုအကြောင်းကြောင့် သွားသည်ဖြစ်၏ဟု မိန့်တော်မူသောအခါ မြတ်စွာဘုရား အသို့ပါနည်း ထိုကာဏာ ဆဲရေးခြင်းမှ ကင်းလွတ်သည့် အဖြစ်ကို ပြုအပ်ပါပြီလောဘုရားဟု မေးလျှောက်လေ၏။

မြတ်သောမင်းကြီး ပြုအပ်သည်မှန်၏ ဟု မိန့်တော်မူပြီးလျှင် ရဟန်းတို့ကိုလည်း ဆဲရေးခြင်း မရှိအောင်ပြုအပ်ခဲ့ပြီ။ လောကုတ္တရာတရား စည်းစိမ်ရှင်၏ အဖြစ်ကိုလည်း ပြုအပ်ခဲ့ပြီဟု မိန့်တော်မူလျှင် မြတ်စွာဘုရား ထိုသို့ဖြစ်ပါစေ ရှင်တော်မြတ်ဘုရားတို့သည် ကာဏာအား လောကုတ္တရာ တရားစည်းစိမ်ရှင် ဖြစ်အောင် ပြုအပ်ပါပြီဘုရား၊ တပည့်တော်သည်ကား ထို ကာဏာကို လောကီဥစ္စာစည်းစိမ်ရှင် ဖြစ်အောင် ပြုပါမည်ဘုရားဟု လျှောက်ကြား၍ မင်းကြီးသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဆုတ်နစ်ပြန်လည်သွားလေ၏။

ထို့နောက်မှ မင်းကြီးသည် ဖုံးလွှမ်းသော ယာဉ်ကြီးကို စေလွှတ်ပြီးလျှင် ကာဏာကို ခေါ်စေ တော်မူ၍ အလုံးစုံသော တန်းဆာတို့ဖြင့် တန်းဆာဆင်လျက် သ္မီးကြီးအရာ၌ထား၍ ငါ၏ သ္မီးတော်ကို မွေးကျွေး သုတ်သင်ခြင်းငှါ စွမ်းနိုင်သောသူတို့သည် ယူကြကုန်လော့ဟု မိန့်တော်မူလေ၏။ ထိုအခါ အမှုခပ်သိမ်းကို ပြီးစေတတ်သော အမတ်ကြီးတယောက်သည် အရှင်မင်းကြီး အရှင်မင်းကြီး၏ သ္မီးတော်ကို အရှင့် ကျွန်တော်မျိုး မွေးကျွေးသုတ်သင်ပါမည်ဟု လျှောက်၍ ထိုကာဏာကို မိမိအိမ်သို့ ဆောင်စေပြီးလျှင် အလုံးစုံသော စည်းစိမ်ကို ဆောင်နှင်း ပေးအပ်၍ အလိုရှိတိုင်း ကောင်းမှုတို့ကို ပြုလေလော့ဟု ဆိုလေ၏။

ထိုနေ့မှစ၍ ကာဏာသတို့သ္မီးသည် လေးခုကုန်သော တံခါးမကြီးတို့၌ လုလင်ယောကျ်ားတို့ကို ထားရလေသဖြင့် မိမိကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်း ယောက်ျားတို့ကို၎င်း ရဟန်း မိန်းမတို့ကို၎င်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှါ မရနိုင် ကာဏာ၏ အိမ်တံခါး၌ စီရင်၍ ထားအပ် သော ခဲဖွယ်ဖြင့်၎င်း၊ ဘောဇဉ်ဖြင့်၎င်း ကြီးစွာသော ရေအလျင် ကဲ့သို့ ဖြစ်လေ၏။

---

တောကြောင်ကြီး လေးစီးဇာတ် အမြွှက်

ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ရှေးအခါ၌ မထေရ်ကြီးလေးပါး တို့သည် ကာဏာ သတို့သ္မီး နှလုံးမသာယာအောင် ပြုကြလေကုန်၏။ ထိုကာဏာသည် ဤသို့ နှလုံးမသာယာခြင်း ရှိသည်ဖြစ်သော်လည်း မြတ်စွာဘုရားကို အကြောင်းပြု၍ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကို ရပြီးလျှင် မြတ်စွာဘုရားသည် တဖန် ထိုကာဏာ၏ အိမ်တံခါးသို့ ရဟန်းတို့အား ချဉ်းကပ်ခြင်းငှါထိုက်အောင် ပြုအပ်ပေ၏။

ယခုအခါ ကာဏာသတို့သ္မီး ကိုယ်တိုင်ပင် လုပ်ကျွေးအပ်ကုန်သော ရဟန်းယောက်ျားတို့ကို၎င်း ရဟန်းမိန်းမတို့ကို၎င်း ရှာဖွေသော်လည်း တွေ့မြင်ခြင်းငှါ မရနိုင်၊ ဘုရားတို့မည်သည်ကား အံ့သြ၍ မကုန်နိုင်သော ဂုဏ်တော် ကျေးဇူး ရှိကြကုန်စွတကားဟု ပြောဆိုကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေး ကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုရဟန်းကြီး လေးပါး တို့သည် ကာဏာ၏ စိတ်နှလုံး မသာယာခြင်းကို ပြုသည်မဟုတ်သေး။ ရှေး၌လည်း ပြုကြဖူး ကုန်သည်သာလျှင်တည်း။ ယခုအခါ၌သာလျှင် ငါဘုရားသည် ကာဏာကို ငါဘုရားစကားကို လိုက်နာအောင် ပြုအပ်သည်မဟုတ်သေး။ ရှေး၌လည်း ပြုအပ်ဖူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုအကြောင်းကို နာကြားလိုကုန်သော ရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်ရကား -

ယတ္ထကော လဘတေ ဗဗ္ဗု၊ ဒုတိယော တတ္ထ ဇာယတိ။
တတိယော စ စတုတ္ထော စ၊ ဣဒံ တေ ဗမ္ဗုကာ ဗိဠံ။

ယတ္ထ၊ အကြင်အရပ်၌။
ဧကောဗဗ္ဗု၊ ကြောင်တကောင်သည်။
မူသိကံဝါ၊ ကြွက်ကို၎င်း။
မံသံဝါ၊ အသားကို၎င်း။
လဘတေ၊ ရ၏။
တတ္ထ၊ ထိုအရပ်၌။
ဒုတိယောစ၊ နှစ်ခုမြောက်သော ကြောင်သည်လည်း။
ဇာယတိ၊ ဖြစ်ပေါ်လာ၏။
တတိယောစ၊ သုံးခုမြောက်သောကြောင်သည်လည်း။
ဇာယတိ၊ ဖြစ်ပေါ်လာ၏။
စတုတ္ထောစ၊ လေးခုမြောက်သော ကြောင်သည်လည်း။
ဇာယတိ၊ ဖြစ်ပေါ်လာ၏။
တေဗဗ္ဗုကာ၊ ထိုကြောင်တို့သည်။
ဣဒံဗိဠံ၊ ဤဖလ်ဂူကို။
ဥရေန၊ ရင်ဖြင့်။
ပဟရိတွာ၊ ခတ်မိ၍။
ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။
ပတ္တာ၊ ရောက် ကြလေကုန်ပြီ။

ဤသို့ ဤဗဗ္ဗုဇာတ်ကို အကျယ်အားဖြင့် ဟောကြားတော်မူပြီးလျှင် လေးပါးသော ရဟန်းကြီး တို့သည် ကြောင်ကြီး လေးစီးတို့ ဖြစ်ကုန်ပြီ။ ကြွက်မသည် ကာဏာဖြစ်ပြီ ရွဲထွင်းသမား၊ ဝါ၊ ကျောက်သွေးသမားသည် ငါဘုရား သာလျှင်တည်း။

ဤသို့ဇာတ်ကိုပေါင်း၍ ချစ်သား ရဟန်းတို့ ဤသို့လျှင် လွန်လေပြီးသော အခါ၌လည်း ကာဏာသည် နှလုံးမသာယာသည်ဖြစ်၍ နောက်ကျုသောစိတ် ရှိသည်ဖြစ်၍ ပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍ ငါ့စကားဖြင့်ကြည်လင်သော စိတ် ရှိလေ၏။ နက်လှစွာသော ရေအိုင်ကြီးကဲ့သို့ အထူးသဖြင့် ကြည်လင်သောစိတ် ရှိသည် ဖြစ်ပြီဟု မိန့်တော်မူ၍ အနုသန္ဓေကို စပ်လျက် တရားဟောတော်မူ လိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၈၂။ ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

ဂမ္ဘီရော၊ နက်လှစွာသော။
ရဟဒေါ၊ မဟာသမုဒြာသည်။
ဝိပ္ပသန္နော၊ ကြည်လင်သည်။
အနာဝိလော၊ မနောက်ကျုသည်။
ဟောတိယထာပိ၊ ဖြစ်သကဲ့သို့လည်း။
ဧဝံ၊ ဤအတူ။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
ဓမ္မာနိ၊ ဟောကြားအပ်သော တရားတို့ကို။
သုတွာန၊ နာကြားကြရကုန်၍။
ဝိပ္ပသီဒန္တိ၊ အထူးအားဖြင့် ကြည်လင်ကြကုန်၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ကာဏမာတာဝတ္ထု ပြီး၏။

---

၈ - ရဟန်းငါးရာဝတ္ထု

သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော် မူလေ၏။

[ဒေသနာတော်ကား ဝေရဉ္ဇာပြည်၌ဖြစ်၏။]

---

စားကြွင်းစား အစာဝ, ဣန္ဒြေ မရခြင်းအကြောင်း

မြတ်စွာဘုရားသည် ပဌမဗောဓိ၌ ဝေရဉ္ဇာပြည်သို့ ကြွသွား၍ ဝေရဉ္ဇပုဏ္ဏား ပင့်ဖိတ် အပ်သောကြောင့် ရဟန်းငါးရာတို့နှင့်တကွ ဝါတွင်းသုံးလ နေခြင်းသို့ ကပ်ရောက် ဝါဆိုတော် မူလေ၏။ ဝေရဉ္ဇပုဏ္ဏားသည် မာရ်နတ် လှည့်ပတ်ခြင်းဖြင့် လှည့်ပတ်ထားအပ်သဖြင့် တနေ့ မျှလည်း မြတ်စွာဘုရားကို အာရုံပြု၍ အောက်မေ့ခြင်း သတိကို မဖြစ်စေနိုင်၊ ဝေရဉ္ဇာ ပြည်သူပြည်သားတို့ သည်လည်း ငတ်မွတ် ခေါင်းပါးကြကုန်၏။ ငါးရာ အတိုင်းအရှည်ရှိသော ရဟန်းတို့သည် ထက်ဝန်းကျင် အတွင်းအပဖြစ်သော ဝေရဉ္ဇာပြည်သို့ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းကို မရခြင်းကြောင့် ပင်ပန်းကြလေကုန်၏။

ထိုရဟန်းတို့အား မြင်းကုန်သည်တို့သည် တကွမ်းစား တကွမ်းစား တစလယ်သော မုယောဆန်ကို ဆွမ်းဝတ် တည်ကြကုန်၏။ ပင်ပန်းကြကုန်သော ထိုရဟန်းတို့ကိုမြင်လျှင် အရှင်မောဂ္ဂလာန်မထေရ် သည် မြေဆီဩဇာအရသာကို ဘုဉ်းပေး သုံးဆောင်စိမ့်သောငှါလည်း အလိုရှိတော်မူ၏။ မြောက်ကျွန်းသို့ ဆွမ်းအလို့ငါ စေလွှတ်ခြင်းငှါလည်း အလိုရှိတော်မူ၏။ မြတ်စွာဘုရားသည် ထိုအရှင်မောဂ္ဂလာန် အလိုရှိသဖြင့် တောင်းပန်သော စကားကို ပယ်မြစ်တော်မူခြင်းကြောင့် ရဟန်းတို့အား တနေ့မျှလည်း ဆွမ်းကို အကြောင်းပြု၍ အရိပ်အရောင်ပြခြင်း မည်သည်မရှိ မကောင်းသော အလိုရမ္မက်ကို ကြဉ်ရှောင်၍သာလျှင် နေကြလေကုန်၏။

မြတ်စွာဘုရားသည် ထိုဝေရဉ္ဇာပြည်၌ ဝါတွင်းသုံးလပတ်လုံး နေတော်မူပြီးလျှင် ဝေရဉ္ဇပုဏ္ဏားကို ပန်ကြားသဖြင့် ဝေရဉ္ဇပုဏ္ဏားသည် ပြုအပ်သော အရိုအသေပြုခြင်း မြတ်နိုးခြင်း ရှိသည်ဖြစ်၍ ဝေရဉ္ဇပုဏ္ဏားကို သရဏဂုံတို့၌ တည်စေပြီးလျှင် ထိုဝေရဉ္ဇာပြည်မှ ထွက်ကြွတော်မူခဲ့၍ အစဉ် သဖြင့် ဒေသစာရီကြွချီ လတ်သည်ရှိသော် အခါတပါး၌ သာဝတ္ထိပြည်သို့ ရောက်သဖြင့် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေထိုင်တော်မူလေ၏။

သာဝတ္ထိ ပြည်သူ ပြည်သားတို့သည်လည်း မြတ်စွာဘုရားအလို့ငှါ အာဂန္တုက ဘတ်တို့ကို ပြုကြလေကုန်၏။ ထိုအခါ၌ကား ငါးရာမျှ အတိုင်းအရှည်ရှိကုန်သော စားကြွင်းစားတို့သည် ရဟန်း တို့ကိုမှီ၍ ကျောင်းတွင်း၌သာလျှင် နေကြကုန်၏။ ထိုစားကြွင်းစားတို့သည် ရဟန်းတို့ ဘုဉ်းပေး ကြွင်းဖြစ်ကုန်သော မွန်မြတ်သော ဘောဇဉ်တို့ကို စားပြီးလျှင် အိပ်၍ အိပ်ရာမှ ထပြီးလျှင် မြစ်ကမ်းနားသို့သွား၍ ကြွေးကြော်ကုန်လျက် လက်ပန်းပေါက် ခတ်ကုန်လျက် လက်ဝှေ့သတ်ခြင်း ကို အားထုတ်ကုန်လျက် ကစား မြူးထူးကုန်လျက် ကျောင်းတွင်း၌၎င်း ကျောင်းပ၌၎င်း မလျောက်ပတ် ကသော အကျင့်ကိုသာလျှင် ကျင့်ကုန်လျက် သွားလာလှည့်ပတ်ကြကုန်၏။

---

ဝါလောဒက ဇာတ်အမြွက်

ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ ကြည့်ရှုကြကုန်လော့ ဤစားကြွင်းစားတို့ ငတ်မွတ် ခေါင်းပါးသောအခါ ဝေရဉ္ဇာပြည်၌ တစုံတခုသော ဖေါက်ပြန်ခြင်းအမှုကို မပြကြလေကုန်။ ယခု အခါ၌ကား ဤသို့ သဘောရှိသော မွန်မြတ်သော ဘောဇဉ်တို့ကို စားရသောကြောင့် များစွာသော ဖေါက်ပြန်သော အခြင်းအရာကို ပြကြကုန်လျက် လှည့်ပတ် သွားလာကြကုန်၏။

ရဟန်းတော်တို့သည်ကား ဝေရဉ္ဇာပြည်၌လည်း ငြိမ်သက်သော သဘောရှိကုန်လျက် နေထိုင်ကြ၍ ယခုအခါ၌လည်း ငြိမ်သက်ကုန်သည်ဖြစ်၍သာ နေထိုင်ကြကုန်၏ ဟု စကားကို ပြောဆိုကာ နေကြလေကုန်၏။

မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ ချစ်သားရဟန်းတို့ အဘယ်စကားကို ပြောဆိုကာ နေကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားကို ပြောဆိုကာ နေကြပါသည် ဘုရားဟု နားတော်လျှောက်သည် ရှိသော် ဤသူတို့သည် ရှေး၌လည်း မြည်းအမျိုး၌ ဖြစ်ကြ ကုန်သည် ရှိသော် ငါးရာသော မြည်းတို့ဖြစ်ကုန်၍ အာဇာနည် သိန္ဓောမြင်းငါးရာတို့၏ ဦးဖျား လတ်ဆတ်စိုစွတ်သော အရည်အရသာရှိသော မုဒရက်သီး အဖျော်သောက်ကြွင်း စွန့်ပစ်သင့်သော အဖပ်ကို ရေဖြင့်နယ်၍ ပိုက်ဆံလျှော်ဖြင့် ရက်သောပုဆိုးနွမ်း (ဂုန်အိတ်စုတ်ဖြင့်) စစ်အပ်သည် အဖြစ်ကြောင့် ဝါလောဒကဟူ၍ ခေါ်ခြင်းသို့ ရောက်သော ကောင်းသော အရသာနည်းပါးသော အညံ့စားအဖျော်ရည်ကို သောက်ကြရလျှင် ပျားအရသာ ယစ်ကုန်သကဲ့သို့ ဟစ်အော်ဟီမြည်ကာ သွားလာ လှည့်လည်ကြလေကုန်၏ဟု မိန့်တော်မူ၍—

ဝါလောဒကံ အပ္ပရသံ နိဟီနံ၊ ပိတွာ မဒေါ ဇာယတိ ဂဒြဘာနံ။
ဣမဉ္စ ပိတွာန ရသံ ပဏီတံ၊ မဒေါ န သဉ္ဇာယတိ သိန္ဓဝါနံ။
အပ္ပံ ပိဝိတွာန နိဟီနဇစ္စော၊ သော မဇ္ဇတီ တေန ဇနိန္ဒ ဖုဋ္ဌော။
ဓောရယှ သီလောစ ကုလမှိ ဇာတော၊ နမဇ္ဇတီ အဂ္ဂရသံ ပိဝိတွာ။

ဝါလောဒကံ၊ ဝါလောဒက မည်သော။
အပ္ပရသံ၊ နည်းသောအရသာရှိသော။
နိဟီနံ၊ ယုတ်ညံ့သောအဖျော်ရည်ကို။
ပိတွာ၊ သောက်ရသောကြောင့်။
ဂဒြဘာနံ၊ မြည်းတို့အား။
မဒေါ၊ ယစ်ခြင်းသည်။
ဇာယတိ၊ ဖြစ်၏။
ပဏီတံ၊ မွန်မြတ်သော။
ဣမဉ္ဇရသံ၊ ဤသို့ အရသာရှိသော မုဒရက်သီး အဖျော်ကိုပင်လျှင်။
ပိတွာန၊ သောက်ရသောကြောင့်။
သိန္ဓဝါနံ၊ သိန္ဓောမြင်းတို့အား။
မဒေါ၊ ယစ်ခြင်းသည်။
နသဉ္ဇာယတိ၊ မဖြစ်။

ဇနိန္ဒ၊ မင်းမြတ်။
နိဟီနဇစ္စော၊ ယုတ်သော အမျိုးဇာတ်ရှိသော။
သော၊ ထိုမြည်းအပေါင်းသည်။
အပ္ပံ၊ အနည်းငယ်သော မုဒရက်သီးအဖျော်ကို။
ပိဝိတွာန၊ သောက်ရ၍။
တေန၊ ထိုမုဒရက်ရှည်သည်။
ဖုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။
မဇ္ဇတိ၊ ယစ်၏။
ဓောရယှသီလောစ၊ ဝန်ကိုရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သော အလေ့ရှိသော။
ကုလမှိ၊ မြတ်သောအမျိုး၌။
ဇာတော၊ ဖြစ်သောသိန္ဓောမြင်းသည်။
အဂ္ဂရသံ၊ မြတ်သောမုဒရက်သီးအရည်ကို။
ပိဝိတွာ၊ သောက်၍။
နမဇ္ဇတိ၊ မယစ်။

ဝါလောဒကဇာတ်ကို အကျယ်အားဖြင့် ဟောတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤသို့ သူတော်ကောင်းတို့သည် လောကဓံတရားကို ကြဉ်ရှောင်၍ ချမ်းသာသောအခါ၌၎င်း ဆင်းရဲသော အခါ၌၎င်း ဖေါက်ပြန်တုန်လှုပ်ခြင်း မရှိသည်သာလျှင် ဖြစ်ကြကုန်၏ ဟု အနုသန္ဓေစပ်၍ တရား ဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၈၃။ သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထဝါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

သပ္ပုရိသာ၊ သူတော်ကောင်းတို့သည်။
သဗ္ဗတ္ထ၊ ခန္ဓာငါးပါးစသောအပြား ရှိကုန်သော ခပ်သိမ်းသောဓမ္မတို့၌။
ဝေ၊ စင်စစ်။
စဇန္တိ၊ ဆန္ဒရာဂကို စွန့်ကြကုန်၏။
သန္တော၊ ဘုရားစသော သူတော်ကောင်းတို့သည်။
ကာမကာမာ၊ ဝတ္ထုအာရုံ ကာမဂုဏ်ကို ရှာမှီးကြကုန်သည်ဖြစ်၍။
နလပယန္တိ၊ မပြောကြား မမြွက်ဆိုကြကုန်။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
သုခေန၊ ချမ်းသာခြင်းဖြင့်။
အထဝါ၊ ထိုမှတပါး။
ဒုခေန၊ ဆင်းရဲခြင်းဖြင့်။
ဖုဋ္ဌာ၊ တွေ့ကုန်သော်လည်း။
ဥစ္စာဝစံ၊ မြတ်သော ယုတ်သော အခြင်းအရာကို။
နဒဿယန္တိ၊ မပြကြကုန်။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြ လေကုန်၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။

---

၉ - ဓမ္မိကမထေရ်ဝတ္ထု

နအတ္တဟေတု အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

တဦးနောက် တဦးလိုက်၍ တရားကျင့်ခြင်း

သာဝတ္ထိပြည်၌ တယောက်သော ဒါယကာသည် တရားနှင့်အညီ အိမ်ရာ ထောင်သော လူ့ဘောင်၌ နေသတတ်။ ထိုဒါယကာသည် ရဟန်းပြုလိုသည်ဖြစ်၍ တနေ့သ၌ မယားနှင့်အတူတကွ နေလျက် ချမ်းသာသောစကားကို ပြောကြားနေစဉ် ချစ်နှမ ငါကား ရဟန်းပြုခြင်းငှါ အလိုရှိ၏ဟု ပြောဆို လေ၏။ သခင်သား အကြင်ရွေ့လောက် အကျွန်ုပ်သည် ဝမ်း၌ရှိသော သူငယ်ကို ဖွားမြင်ပါဦးအံ့ ထိုရွေ့လောက် ဆိုင်းငံ့ပါဦးဟုဆိုလျှင် ထိုဒါယကာသည် ဆိုင်းငံ့၍ သူငယ်၏ ခြေဖြင့် သွားနိုင်သော အခါ တဖန် ထိုမယားကို ခွင့်ပန်ပြန်သဖြင့် သခင်သား ဤသူငယ်အရွယ်သို့ ရောက်သည့် တိုင်အောင် ဆိုင်းငံ့ပါဦးဟု ဆိုပြန်သော် ဤ မိန်းမအား ပန်ကြားသဖြင့်၎င်း မပန်ကြားသဖြင့်၎င်း ငါ့အား အဘယ်အကျိုး ရှိအံ့နည်း။

မိမိ၏ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာကိုသာ ပြုတော့အံ့ဟု တောထွက်၍ ရဟန်းပြုလေသတည်း။ ထိုဓမ္မိက ရဟန်းသည် ကမ္မဋ္ဌာန်းကိုယူသဖြင့် လုံ့လစေ့ဆော် အားထုတ်လတ်သည်ဖြစ်၍ မိမိ၏ ရဟန်းကိစ္စကို ပြီးစေပြီးလျှင် ထိုသားမယား တို့ကို ကြည့်ရှုခြင်းငှါ တဖန် သာဝတ္ထိပြည်သို့ သွားလေ၍ သားအား တရားစကားကို ဟောကြားလေ၏။ သားသည်လည်း တောထွက်၍ ရဟန်းပြုလေ၏ ရဟန်းပြုပြီးလျှင်လည်း မကြာမြင့်မီ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။

ထိုဓမ္မိကရဟန်း၏ အပေါင်းအဖော်ဟောင်း မယားသည်လည်း အကြင် သားလင်တို့၏ အကျိုးငှါ ငါသည် လူ့ဘောင်၌နေ၏ ထိုနှစ်ယောက်သော သား လင်တို့သည်လည်း ရဟန်းပြုကြကုန်ပြီ။ ယခုအခါ ငါ့အား အိမ်၌နေသဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ရဟန်းပြုတော့အံ့ဟုကြံ၍ တောထွက်ပြီး ရဟန်းပြုပြန်လေ၏။ ရဟန်းပြုပြီး၍ မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။

ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ငါ့ရှင်တို့ ဓမ္မိကဥပါသကာ ဒါယကာသည် မိမိကိုယ်တိုင် လည်း တရား၌ တည်ခြင်းကြောင့် တောထွက်၍ ရဟန်းပြုပြီးလျှင် ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ လေ၏။ သားမယား၏လည်း မှီခိုကိုးကွယ်ရာ ဖြစ်ခဲ့လေ၏ ဟု စကားကိုဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေး နေထိုင်ကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေး နေထိုင်ကြ ပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ ပညာရှိသောသူ မည်သည်ကား မိမိ၏အကြောင်းကြောင့်၎င်း သူတပါး၏အကြောင်းကြောင့်၎င်း စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို အလိုမရှိအပ်။ တရားနှင့်အညီသာလျှင် တရားသဖြင့် ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်း ရှိသည် ဖြစ်ရာ၏ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

---

ဒေသနာတော်

၈၄။ န အတ္တဟေတူ န ပရဿ ဟေတု၊
န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊
သ သီလဝါ သ ပညဝါ ဓမ္မိကော သိယာ။

ပဏ္ဍိတော နာမ၊ ပညာရှိသောသူ မည်သည်ကား။
အတ္တဟေတူ၊ မိမိ၏ အကြောင်းကြောင့်။
ပါပံ၊ မကောင်းမှုကို။
နကရောတိ၊ မပြု။
ပရဿ၊ သူတပါး၏။
ဟေတု၊ အကြောင်းကြောင့်။
ပါပံ၊ မကောင်းမှုကို။
နကရောတိ၊ မပြု။
ပါပ ကမ္မေန၊ မကောင်းမှုဖြင့်။
ပုတ္တံ၊ သားကို။
နဣစ္ဆေ၊ အလိုမရှိရာ။
ဓနံ၊ ဥစ္စာကို။
နဣစ္ဆေ၊ အလိုမရှိရာ။
ရဋ္ဌံ၊ ပြည်စည်းစိမ်ကို။
နဣစ္ဆေ၊ အလိုမရှိရာ။
အဓမ္မေန၊ မတရားသဖြင့်။
အတ္တနော၊ မိမိ၏။
သမိဒ္ဓိံ၊ စည်းစိမ်ချမ်းသာ၏ ပြည့်စုံခြင်းကို။
နဣစ္ဆေယျ၊ အလိုမရှိရာ။
သ သော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။
သီလဝါ၊ သီလရှိသည်။
သိယာ၊ ဖြစ်ရာ၏။
သ သော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။
ပညဝါ၊ ပညာရှိသည်။
သိယာ၊ ဖြစ်ရာ၏။
ဓမ္မိကော၊ တရားရှိသောသူသည်။
သိယာ၊ ဖြစ်ရာ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြ လေကုန်၏။

ဓမ္မိကမထေရ်ဝတ္ထု ပြီး၏။

၁ဝ−ဓမ္မသဝနဝတ္ထု

အပ္ပကာ တေ မနုဿေသု အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် တရားနာခြင်းကိုအကြောင်း ပြု၍ ဟောတော်မူလေ၏။

မရိုမသေ တရားနာကြခြင်း

သာဝတ္ထိပြည်ကြီးဝယ် တခုသောလမ်းခရီး၌ နေကြကုန်သော လူတို့သည် အညီအညွတ်ဖြစ်၍ အပေါင်းအစုဖွဲ့သဖြင့် အလှူဒါနကို ပေးလှူပြီးလျှင် ညဉ့်သုံးယာမ် ပတ်လုံး တရားနာခြင်းကို ပြုကြကုန်သတတ်။ ညဉ့်သုံးယာမ်လုံး တရားဟောသော်လည်း နာကြားခြင်းငှါ မတတ်နိုင်ကြ ကုန်ရကား အချို့သောသူတို့သည် ကာမဂုဏ်၌ မွေ့လျော်ခြင်းကို မှီကုန်သည်ဖြစ်၍ တဖန် အိမ်သို့သာလျှင် ပြန်သွားကြကုန်၏။ အချို့သော သူတို့သည် ဒေါသကို မှီကုန်သည်ဖြစ်၍ အချို့သောသူတို့သည် မာနကိုမှီကုန်သည် ဖြစ်၍ အိမ်သို့ပြန်သွားကြကုန်၏။

အချို့သောသူတို့ သည် ငိုက်မျဉ်းခြင်းနှင့် ပေါင်းမိကုန်သည်ဖြစ်၍ ထိုအရပ်၌ပင် ထိုင်ကုန်လျက် မှိတ်တုပ်မှိတ်တုပ် လှုပ်သောမျက်စိ ရှိကုန်သည်ဖြစ်၍ ငိုက်မျဉ်းကုန်၍ တရားနာခြင်းငှါ မတတ်နိုင်ကြကုန်။ တဖန် မိုးသောက်သောနေ့၌ ရဟန်းတို့သည် ထိုအကြောင်းကိုသိကြလျှင် တရားသဘင်၌ စကားကိုဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည်လည်း ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေး နေထိုင်ကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေး နေထိုင်ကြပါသည် ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ ဤသတ္တဝါတို့ မည်သည်ကား များသောအားဖြင့် ဖြစ်ရာဘဝကို မှီကြကုန်သည်ဖြစ်၍ ဘဝတို့၌ သာလျှင် ငြိကပ် ကုန်လျက် နေကြကုန်၏။ နိဗ္ဗာန်ဟူသောတဘက်ကမ်းသို့ ရောက်သောသတ္တဝါတို့ မည်သည်ကား နည်းပါးလှကုန်၏ ဟု အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာ အပေါင်းကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

၈၅။ အပ္ပကာ တေ မနုဿေသု၊ ယေ ဇနာ ပါရဂါမိနော။ အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။

၈၆။ ယေစ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။ တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

မနုဿေသု၊ လူတို့တွင်။ ယေဇနာ၊ အကြင်လူတို့သည်။ ပါရဂါမိနော၊ နိဗ္ဗာန်ဟူသော ကမ်းတဘက်သို့သာ ရောက်နိုင်ကြကုန်၏။ တေဇနာ၊ ထိုလူတို့သည်။ အပ္ပကာ၊ နည်းပါးလှကုန်၏။ ဣတရာ၊ နိဗ္ဗာန်သို့သွားရောက်နိုင်ကြကုန်သောသူမှ တပါးသော။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ တီရမေဝ၊ သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်သို့သာလျှင်။ အနုဓာဝတိ၊ အစဉ်ပြေးဝင်လေ၏။

ယေစဇနာ၊ အကြင်သူတို့သည်ကား။ သမ္မဒက္ခာတေ၊ ကောင်းစွာဟောကြားအပ်သော။ ဓမ္မေ၊ တရားတော်၌။ ခေါ၊ စင်စစ်။ ဓမ္မာနုဝတ္တိနော၊ လောကုတ္တရာတရား ကိုးပါးနှင့်လျော်သော တရားတော်ကို မှတ်သား ကြားနာ အတုလိုက်ကာ ကျင့်ကြကုန်၏။ တေဇနာ၊ ထိုလူတို့သည်။ သုဒုတ္တရံ၊ အလွန် ကူးမြောက်နိုင်ခဲသော။ မစ္စုဓေယျံ၊ ကိလေသာလျှံ မစ္စုမာရ်၏ နေရာဖြစ်သော တေဘူမက ဝဋ်ဘဝကို။ တရိတွာ၊ လွန်မြောက်ကူးခတ်၍။ ပါရံ၊ နိဗ္ဗာန် ဟူသောကမ်းတဘက်သို့။ ဧဿန္တိ၊ ရောက်နိုင်ကြကုန်လတ္တံ့။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဓမ္မသဝနဝတ္ထု ပြီး၏။

---

၁၁ - အာဂန္တုရဟန်းငါးရာဝတ္ထု

ကဏှံဓမ္မံ ဝိပ္ပဟာယ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် ငါးရာကုန်သော အာဂန္တုက ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝါကျွတ်သောအခါ ဘုရားဖူးသွားကြခြင်း

ကောသလတိုင်းကြီး၌ သီတင်းသုံးတော်မူကြကုန်သော ငါးရာသော ရဟန်းတော်တို့သည် ဝါတွင်း သုံးလပတ်လုံး နေပြီး၍ ဝါလကျွတ်မြောက် အခါရောက်လတ်သော် မြတ်စွာဘုရားကို ဖူးမြင် ကုန်အံ့ဟု ဇေတဝန်ကျောင်းတော်သို့ သွားရောက်ပြီးလျှင် ဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးဦးချ၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန်သတတ်။ မြတ်စွာဘုရား သည်လည်း ထိုရဟန်းတို့၏ စရိုက် ဆန့်ကျင်ဘက်ကို မှတ်သားတော်မူပြီးလျှင် တရား ဟောကြားတော်မူ လိုရကား ဤဂါထာတို့ကို မိန့်ဆိုတော်မူလေ၏။

ဒေသနာတော်

၈၇။ ကဏှံဓမ္မံ ဝိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။ ဩကာ အနောကမာဂမ္မ၊ ဝိဝေက ယတ္ထ ဒူရမံ။

၈၈။ တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။ ပရိယောဒပေယျ အတ္တာနံ၊ စိတ္တတ္ထေသေဟိ ပဏ္ဍိတော။

၈၉။ ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။ အာဒါနပ္ပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။ ခီဏာသဝါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

ပဏ္ဍိတော၊ ပညာရှိသည်။ ကဏှံဓမ္မံ၊ မည်းညစ်သော ဒုစရိုက် အကုသိုလ် တရားကို။ ဝိပ္ပဟာယ၊ ပယ်စွန့်၍။ သုက္ကံဓမ္မံ၊ ဖြူစင်သော သုစရိုက် ကုသိုလ် တရားကို။ ဘာဝေထ၊ အရဟတ္တ မဂ်တိုင်အောင် ပွါးများရာ၏။ ကထံ၊ အဘယ်သို့လျှင် ပွါးများရာသနည်းဟူမူကား။ ဩကာ၊ တဏှာဟုဆိုအပ်သော တည်ရာမှ။ နိက္ခမိတွာ၊ ထွက်၍။ အနောကံ၊ တဏှာကင်းရာ ချမ်းသာအထွတ် နိဗ္ဗာန်မြတ်ကို။ အာဂမ္မ၊ စွဲ၍။ ဘာဝေထ၊ ပွါးများရာ၏။ ယတ္ထဝိဝေကေ၊ အကြင် နိဗ္ဗာန်တည်း ဟူသော ဝိဝေက၌။ ဒူရမံ၊ သတ္တဝါတို့ မွေ့လျော်နိုင်ခဲ၏။

ပဏ္ဍိတော၊ ပညာရှိသည်။ ကာမေ၊ ဝတ္ထုကာမ ကိလေသာကာမတို့ကို။ ဟိတွာ၊ စွန့်၍။ အကိဉ္စနော၊ ရာဂစသော စိုးရိမ်ခြင်းမရှိသည်ဖြစ်၍။ တတြဝိဝေကေ၊ ထိုနိဗ္ဗာန်တည်းဟူသော ဝိဝေက၌။ အဘိရတိံ၊ လွန်စွာမွေ့လျော်ခြင်းကို။ ဣစ္ဆေယျ၊ အလိုရှိရာ၏။ စိတ္တတ္ထေသေဟိ၊ စိတ်ကိုညစ်ညူးစေတတ်ကုန်သော နီဝရဏတို့မှ။ အတ္တာနံ၊ မိမိကိုယ်ကို။ ပရိယောဒပေယျ၊ ဖြူစင်စေရာ၏။

ယေသံ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ သမ္ဗောဓိယင်္ဂေသု၊ သမ္ဗောဓိ၏ အကြောင်း ဖြစ်သော ဗောဇ္ဈင်တို့၌။ သမ္မာ၊ သင့်သောအကြောင်းအားဖြင့်။ စိတ္တံ၊ စိတ်ကို။ သုဘာဝိတံ၊ ကောင်းစွာ ပွါးများစေအပ်ပြီ။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ အနုပါဒါယ၊ လေးပါးသော ဥပါဒါန်တို့ဖြင့် တစုံတခုကိုမျှ မစွဲမလမ်းမူ၍။ အာဒါနပ္ပဋိနိဿဂ္ဂေ၊ စွဲလမ်းခြင်းကို စွန့်လွှတ်ရာ နိဗ္ဗာန်၌။ ရတာ၊ မွေ့လျော်ကြကုန်၏။ ခီဏာသဝါ၊ ကုန်ပြီးသော အာသဝေါ ရှိကုန်သော။ ဇုတိမန္တော၊ အရဟတ္တမဂ် ဉာဏ်ရောင် ပြောင်ပြောင်လင်းကုန်သော။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ လောကေ၊ ခန္ဓာစသော လောက၌။ ပရိနိဗ္ဗုတာ၊ နှစ်ပါးသော နိဗ္ဗာနဓာတ်ဖြင့် ငြိမ်းကြကုန်၏။

ဒေသနာတော်၏အကျိုး

တရားဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာဂန္တုရဟန်းငါးရာဝတ္ထု ပြီး၏။

ဤတွင်ရွေ့ကား ခြောက်ခုမြောက်သော ပဏ္ဍိတဝဂ်အဖွင့်ပြီး၏။

---

၇ - အရဟန္တဝဂ်

၁ - ဇီဝကပဉှာဝတ္ထု

ဂတဒ္ဓိနော - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇီဝက၏ သရက်ဥယျာဉ်၌ နေတော်မူစဉ် ဇီဝကမေးအပ်သော အမေးပဉှာ ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

[ဇီဝက ဝတ္ထုကို စူဠဝါခန္ဓက၌ အကျယ် ချဲ့တော်မူအပ်သည် သာလျှင်တည်း။]

အနာဆေးစည်းခြင်းကြောင့် အပူကို မေးလျှောက်ခြင်း

တပါးသောအခါ ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် အတူတကွ တပေါင်းတည်း ဖြစ်သဖြင့် ဂိဇ္ဈကုဋ်တောင်သို့ တက်ပြီးလျှင် ပြစ်မှားလိုသောစိတ်ရှိသည် ဖြစ်၍ ဘုရားရှင်ကို သတ်အံ့ဟု ကျောက်လုံးကို လှိမ့်ချ၏။ ထိုကျောက်လုံးကို တောင်ထွဋ် နှစ်ခုတို့သည် ခုကြ ခံကြလေကုန်၏။ လိမ့်ကျသော ကျောက်မှ ကွဲအက် လွင့်စင်သွားသော ကျောက်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ကို ခတ်မိ၍ သွေးကို ဖြစ်စေလေ၏။ ပြင်းပြ လွန်ကဲကုန်သော ဆင်းရဲဒုက္ခ ဝေဒနာ တို့သည် ဖြစ်ကြလေကုန်၏။

ရဟန်းတို့သည် ဘုရားရှင်ကို မဒ္ဒကုစ္ဆိတောင်သို့ ဆောင်ယူကြကုန်၏။ မြတ်စွာဘုရားသည် ထို မဒ္ဒကုစ္ဆိတောင်မှလည်း ဇီဝက သရက်ဥယျာဉ်သို့ ကြွတော်မူလိုသောကြောင့် ထိုသရက်ဥယျာဉ်သို့ ငါဘုရားကို ဆောင်ပို့ကြကုန်လော့ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို ဆောင်ယူ၍ ဇီဝက သရက်ဥယျာဉ်သို့ သွားကြလေကုန်၏။

ဇီဝကသည် ထို အကြောင်းကိုသိရလျှင် ဘုရားရှင်၏ အထံတော်သို့ သွားသဖြင့် အနာကိုဆေးကု စားအံ့သောငှါ ထက်စွာသော ဆေးကိုပေး၍ အနာကို ဖွဲ့စည်းပြီးလျှင် ဘုရားရှင်ကို ဤသို့သော စကား လျှောက်ကြားလေ၏။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည် မြို့တော်အတွင်း၌ လူတယောက်အား ဆေးကုစားခြင်းကို ပြုထားပါသည်။

ထိုသူ၏အထံသို့ သွားပြီးလျှင် တဖန် ပြန်လာပါမည်ဘုရားဟု လျှောက်ကြား၍ ဤဆေးကို တပည့်တော် ပြန်လာသည်တိုင်အောင် ဖွဲ့စည်းမြဲတိုင်းဖြင့်သာ တည်စေချင်ပါသည်ဘုရား ဟု လျှောက်ကြားပြီးလျှင် ဇီဝကသည် သွား၍ ထိုယောကျ်ားအား ပြုအပ်သောကိစ္စကို ပြုပြီးမှ တံခါး ပိတ်သော အချိန်၌ ပြန်လာသည်ရှိသော် တံခါးသို့မရောက် တံခါးမပိတ်မီ မရောက်ဘဲရှိလေ၏။

ထိုအခါ ဇီဝကအား ဤသို့သော အကြံသည် ဖြစ်ပေါ်လေ၏။ သြော် - ငါသည် ဝန်လေးစွာသော အမှုကိုပြုအပ်မိပေ၏။ ငါသည် မထင်မရှား သာမန်ယောက်ျား၏ ခြေကဲ့သို့ ဘုရားရှင်၏ခြေတော်၌ ထက်စွာသောဆေးကို ပေး၍ အနာကိုဖွဲ့စည်းခဲ့မိရကား ဤအခါသည် ထိုဖွဲ့စည်းပြီးသော အဖွဲ့ကို ဖြေသင့်သော အခါတည်း။ ထိုအစည်းအဖွဲ့ကို မဖြေချေသည်ရှိသော် တညဉ့်ပတ်လုံး ဘုရားရှင်၏ ကိုယ်တော်၌ ပူလောင်ခြင်းဖြစ်လတ္တံ့ ဟု အကြံဖြစ်ပေါ်လေ၏။

ထိုခဏ၌ ဘုရားရှင်သည် အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ ချစ်သားအာနန္ဒာ ဇီဝကသည် ညချမ်း အခါ ပြန်လာရာ တံခါးမပိတ်မီ မရောက်နိုင်ဘဲ ရှိလေ၏။ ဤအခါသည်လည်း အနာကို ဖြေသင့်သော အခါတည်း ဟူ၍ကား ကြံစည်လေ၏။ ထိုအစည်းအဖွဲ့ကို ဖြေလော့ဟု မိန့်တော်မူသဖြင့် ရှင်အာနန္ဒာသည် ဖြေ၏။ အနာသည် သစ်ပင်မှ သစ်ခေါက် ကွာကျသကဲ့သို့ ကင်းပျောက်လေ၏။

ဇီဝကသည် အရုဏ် အတွင်း၌သာလျှင် ဘုရားရှင်၏ အထံတော်သို့ လျင်မြန်စွာ လာရောက်ပြီးလျှင် မြတ်စွာဘုရား အသို့ဖြစ်ပါသနည်း။ ရှင်တော်မြတ်ဘုရားတို့၏ ကိုယ်တော်၌ ပူလောင်ခြင်း ဖြစ်ပါသလောဘုရားဟု မေးလျှောက်လေ၏။ ဘုရားရှင်လည်း သမားတော်ဇီဝက ငါဘုရား အားကား ဗောဓိမဏ္ဍိုင်၌သာလျှင် အလုံးစုံသော ပူပန်ခြင်းသည် ငြိမ်းဧးခဲ့လေပြီဟု အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၉ဝ။ ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။ သဗ္ဗဂန္တပ္ပဟီနဿ၊ ပရိဠာဟော နဝိဇ္ဇတိ။

ဂတဒ္ဓိနော၊ အဓွန့်ရှည်သော သံသရာခရီးကို သွားပြီး ထသော။ ဝိသောကဿ၊ စိုးရိမ်ခြင်းလည်း ကင်းပြီးထသော။ သဗ္ဗဓိ၊ ခပ်သိမ်းသော ခန္ဓာ စသောတရားတို့၌။ ဝိပ္ပမုတ္တဿ၊ လွတ်ပြီးထသော။ သဗ္ဗဂန္တပ္ပဟီနဿ၊ အလုံးစုံသော ဂန္ထလေးပါးကို ပယ်ပြီးသောပုဂ္ဂိုလ်အား။ ပရိဠာဟော၊ ကိလေသာဟူသော စိတ်၏ ပူပန်ခြင်းသည်။ နဝိဇ္ဇတိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြ လေကုန်၏။

ဇီဝကပဉှာဝတ္ထု ပြီး၏။

---

၂ - မဟာကဿပ မထေရ်ဝတ္ထု

ဥယျုဉ္ဇန္တိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရှင်မဟာကဿပအား ရဟန်းတို့ကဲ့ရဲ့ခြင်း

အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ဝါကျွတ်တော်မူလတ်သည် ရှိသော် ချစ်သား ရဟန်းတို့ ငါဘုရားသည် လခွဲလွန်သောအခါ ဒေသစာရီကြွချီတော်မူပေအံ့ ဟု ရဟန်းတို့အား မိန့်ကြား သိစေတော်မူ၏။

[ဤသို့ လခွဲကြိုတင်၍ မိန့်ကြားတော်မူခြင်းသည် ရဟန်းတို့နှင့် အတူတကွ ခရီးဒေသစာရီ ကြွချီတော်မူလိုသော ဘုရားရှင်တို့၏ ကျင့်ဝတ်ဖြစ်သတတ်။ ဤသို့ မိန့်ကြားတော်မူသဖြင့် ရဟန်းတို့သည် မိမိ၏သပိတ်ဖုတ်ခြင်း သင်္ကန်းဆိုးခြင်း စသည်တို့ကို ပြုလုပ်ကြ၍ ချမ်းသာစွာ သွားကြရကုန် လတ္တံ့ဟု နှလုံးပြုလျက် ယခုအခါ လခွဲလွန်သောအခါ ဒေသစာရီကြွချီပေအံ့ ဟု ရဟန်းတို့အား မိန့်ကြားသိစေတော်မူခြင်း ဖြစ်ပေ၏။]

ရဟန်းတို့သည် မိမိတို့၏ သပိတ်ဖုတ်ခြင်း စသည်တို့ကို ပြုကြကုန်သည်ရှိသော် အရှင် မဟာကဿပ မထေရ်သည်လည်း သင်္ကန်းတို့ကို ဖွပ်လျှော်တော်မူလေ၏။ ရဟန်းတို့က အဘယ့်ကြောင့် မထေရ်သည် သင်္ကန်းတို့ကို ဖွပ်လျှော်ဘိသနည်း ဤရာဇဂြိုဟ်ပြည်၌ မြို့တွင်း ၌၎င်း မြို့ပ၌၎င်း တဆဲ့ရှစ်ကုဋေကုန်သော လူတို့သည် နေကြကုန်၏။ ထိုသူတို့တွင် အကြင် သူတို့သည် ရှင်မဟာကဿပ မထေရ်၏ အဆွေအမျိုး မဟုတ်ကုန်။ ထိုသူတို့သည် အလုပ်အကျွေး ဖြစ်ကြကုန်၏။

အကြင် သူတို့သည် အလုပ်အကျွေး မဟုတ်ကုန်။ ထိုသူတို့သည် ဆွေမျိုးဖြစ်ကြကုန်၏။ မထေရ်အား ပစ္စည်းလေးပါးတို့ဖြင့် မြတ်နိုးတနာ ပူဇာသက္ကာရကို ပြုကြကုန်၏။ ဤမျှလောက်သော ကျေးဇူးဥပကာရကို ပယ်စွန့်၍ ဤမထေရ်သည် အဘယ်အရပ်သို့ သွားနိုင်အံ့နည်း။ အကယ်၍ သွားခဲ့ငြားအံ့ မာပမာဒကန္ဒရ ချောက်မှ အလွန် သွားနိုင်လိမ့်မည် မဟုတ်ဟု ကဲ့ရဲ့ကြလေကုန်၏။

[ဘုရားရှင်သည် အကြင်ချောက်သို့ ရောက်လျှင် ပြန်နစ်သင့်ကုန်သော ရဟန်းတို့ကို သင်တို့သည် ဤအရပ်မှ ပြန်နစ်ကြကုန်လော့။ မမေ့မလျော့ကြကုန်လင့်ဟု မိန့်ဆိုတော်မူလေ့ရှိ၏။ ထို့ကြောင့် ထိုချောက်ကို မာပမာဒကန္ဒရ ချောက်ဟု ဆိုအပ်သတတ်။ ထိုချောက်ကိုရည်၍ ဤစကားကို ဆိုအပ်၏။]

ဘုရားရှင်သည်လည်း ဒေသစာရီ ကြွချီတော် မူလတ်သောအခါ ကြံစည်တော်မူသည်မှာ ဤပြည်၌ မြို့တွင်း၌၎င်း မြို့ပ၌၎င်း တဆဲ့ရှစ်ကုဋေကုန်သော လူတို့သည် နေကြကုန်၏။ လူတို့၏ သုမင်္ဂလ ဒုမင်္ဂလအရာတို့၌ ရဟန်းတို့သွားသင့်၏။ ကျောင်းတိုက်ကို အချည်းစည်းပြုခြင်းငှါ မတတ်ကောင်း။ အဘယ်သူကို ပြန်နစ်စေရအံ့နည်းဟု ကြံစည်တော်မူလေ၏။

ထိုအခါ မြတ်စွာဘုရားအား ဤသို့အကြံ ဖြစ်တော်မူ၏။ ဤလူတို့သည် မဟာကဿပ၏ အဆွေ အမျိုးတို့သည်၎င်း အလုပ်အကျွေးတို့သည်၎င်း ဖြစ်ကုန်၏။ ငါ့သားကြီးကဿပကို ပြန်နစ်စေခြင်းငှါ သင့်လျော်၏ဟု အကြံဖြစ်တော်မူ၍ မြတ်စွာဘုရားသည် ရှင်မဟာကဿပကို ချစ်သားကဿပ ကျောင်းတိုက်ကို အချည်းစည်းပြုခြင်းငှါ မတတ်ကောင်း လူတို့၏သုမင်္ဂလ ဒုမင်္ဂလအရာတို့၌ ရဟန်းတို့ဖြင့် အလိုရှိ၏။ သင်သည် မိမိပရိသတ်နှင့်အတူ ပြန်နစ်လေလော့ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား ကောင်းပါပြီ ဘုရားဟုဝန်ခံ၍ ရှင်မဟာကဿပသည် ပရိသတ်ကိုခေါ်၍ ပြန်နစ်လေ၏ ထိုအခါ ရဟန်းတို့သည် ငါ့ရှင်တို့ သင်တို့မြင်အပ်ပြီလော ယခုပင်လျှင် ငါတို့ ဆိုအပ်သည် မဟုတ်တုံလော။ ရှင်မဟာကဿပသည် အဘယ့်ကြောင့် သင်္ကန်းကို ဖွပ်လျော်ဘိသနည်း။ ဤအရှင် မဟာကဿပသည် ဘုရားရှင်နှင့် အတူမလိုက်လတ္တံ့ဟု ငါတို့ ဆိုအပ်သော စကားအတိုင်းသာ ဖြစ်၏ဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။

ရွှေလမင်းနှင့် တူကြောင်း ဘုရားချီးမွမ်းခြင်း

မြတ်စွာဘုရားသည် ရဟန်းတို့၏စကားကို ကြားရလျှင် ပြန်လည် ရပ်တန့်တော်မူလျက် ချစ်သား ရဟန်းတို့ အဘယ်မည်သော ဤစကားကို ပြောဆိုကြကုန်ဘိသနည်းဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား ရှင်မဟာကဿပမထေရ်ကို အကြောင်းပြု၍ တပည့်တော်တို့ ပြောဆိုကြပါသည် ဘုရားဟု မိမိတို့ကိုယ်တိုင် ပြောဆိုပြီးသော နည်းဖြင့်သာလျှင် အလုံးစုံသောအကြောင်းကို လျှောက်ကြား ကြလေကုန်၏။

ထိုစကားကို ကြားတော်မူရသဖြင့် မြတ်စွာဘုရားသည် ချစ်သား ရဟန်းတို့ သင်တို့သည် ငါ့သား ကဿပကို အလုပ်အကျွေး ဒါယကာတို့၌၎င်း ပစ္စည်းတို့၌၎င်း ကပ်ငြိသောစိတ်ရှိ၏ဟု ဆိုချင်ကြ ကုန်၏။ ငါ့သားကဿပသည် ငါဘုရား၏စကားကို လိုက်နာအံ့ဟု ပြန်နစ်လေ၏။ ဤကဿပသည် ရှေးဘဝ ဆုတောင်းစဉ်ကပင် ပစ္စည်းလေးပါးတို့၌ ငြိတွယ်ခြင်းမရှိ လမင်းနှင့်တူသော ဥပမာ ရှိသည်ဖြစ်၍ ဒါယကာတို့သို့ ချဉ်းကပ်ခြင်းငှါ စွမ်းနိုင်သောသူ ဖြစ်ရပါလို၏ဟု ဆုတောင်းခြင်းကို ပြုခဲ့၏။

ထိုကဿပအား ဒါယကာ၌၎င်း ပစ္စည်း လေးပါး၌၎င်း ငြိတွယ်ခြင်းမရှိ။ ငါဘုရားသည် လနှင့်တူသော အကျင့်မြတ်ကို၎င်း အရိယဝံသ အကျင့်မြတ်ကို၎င်း ဟောသည်ရှိသော် ငါ့သား ကဿပကို ပြု၍ ဟောတော်မူရ၏ဟု မိန့်တော်မူလေ၏။

ရဟန်းတို့သည် မြတ်စွာဘုရားကို ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အဘယ်အခါ၌ မထေရ်မြတ်သည် ဆုတောင်းခြင်း ပြုပါသနည်းဘုရား ဟု မေးလျှောက်ကြကုန်၏။ ချစ်သား ရဟန်းတို့ နာကြားလိုကြကုန်သလောဟု မေးတော်မူလျှင် မြတ်စွာဘုရား နာကြားလိုကြပါသည် ဘုရားဟု လျှောက်ထားကြလေကုန်၏။

မြတ်စွာဘုရားသည် ရဟန်းတို့အား ချစ်သားရဟန်းတို့ ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရမည်သော ဘုရားရှင်သည် လောက၌ ထင်ရှားပွင့်တော်မူလေ၏ စသည်ဖြင့် ဟောကြားတော်မူပြီးလျှင် ပဒုမုတ္တရဘုရားရှင်၏ ခြေရင်းတော်၌ မထေရ်သည် ထားအပ် တောင်းဆိုအပ်သော ဆုတောင်းခြင်းကိုအစပြု၍ မထေရ်၏အလုံးစုံသော ရှေးအကျင့်ကို ဟောတော်မူလေ၏။

ထိုအကြောင်းကို ထေရပါဠိတော်၌ အကျယ်ချဲ့အပ်သည် သာလျှင်တည်း။ ဘုရားရှင်သည်ကား ရှင်မဟာကဿပမထေရ်၏ ဤ ရှေးအကျင့်ကို အကျယ်ချဲ့ကာ ဟောတော်မူပြီးလျှင် ချစ်သား ရဟန်းတို့ ဤသို့လျှင် ငါဘုရားသည် လနှင့်တူသော အကျင့်မြတ်ကို၎င်း အရိယဝံသ အကျင့်မြတ် ကို၎င်း ငါ့သားဖြစ်သော ကဿပကိုအစပြု၍ ဟောတော်မူရ၏။

ငါ့သားဖြစ်သော ကဿပအား ပစ္စည်းတို့၌၎င်း ဒါယကာတို့၌၎င်း ကျောင်းတို့၌၎င်း ပရိဝုဏ်တို့၌၎င်း ကပ်ငြိခြင်းမည်သည်မရှိ။ ညွှန်ပျောင်းသို့ သက်ဆင်း၍ ညွှန်ပျောင်း၌ ကျင်လည် ကျက်စား သွားလာသော ဟင်္သာမင်းကဲ့သို့ တစုံတခုသောအာရုံ၌ ငါ့သား ကဿပသည် မငြိမကပ်သည် သာလျှင်တည်းဟု အနုသန္ဓေစပ်၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၉၁။ ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။ ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။

သတီမန္တော၊ ပြန့်ပြောသော သတိရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ ဥယျုဉ္ဇန္တိ၊ ဝသီဘော်ငါးပါးတို့ဖြင့်လုံ့လပြုကြကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ နိကေတေ၊ တွယ်တာစရာနေရာအရပ်၌။ နရမန္တိ၊ မမွေ့လျော်ကြကုန်။ ဟံသာ၊ ဟင်္သာငှက် တို့သည်။ ပလ္လလံ၊ ကျက်စားရာ ညွှန်ပျောင်းကို။ ဟိတွာ၊ မငဲ့မကွက် စွန့်ပစ်၍။ ဂစ္ဆန္တိ ဣဝ၊ သွားကြလေကုန်သကဲ့သို့။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဩကမောကံ၊ တွယ်တာစရာ နေရာတိုင်းကို။ ဇဟန္တိ၊ စွန့်ပယ်ကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖို စသည်တို့သို့ ရောက်ကြ လေကုန်၏။

မဟာကဿပမထေရ်ဝတ္ထု ပြီး၏။

---

၃ - ဗေလဋ္ဌသီသ မထေရ်ဝတ္ထု

ယေသံသန္နိစယောနတ္ထိ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဗေလဋ္ဌသီသ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ထမင်းခြောက် လှမ်းသဖြင့် သိက္ခာပုဒ် ပညတ်ခြင်း

ထိုအရှင်ဗေလဋ္ဌသီသသည် ရွာတွင်းလမ်းခရီးတခု၌ ဆွမ်းအလို့ငှါ သွား၍ ဆွမ်းစားခြင်းကိစ္စကို ပြုပြီးနောက် တဖန် တပါးသောလမ်းခရီးသို့ ဆွမ်းခံ လှည့်လည် ပြန်သဖြင့် ထမင်းခြောက်ကိုယူ၍ ကျောင်းသို့ဆောင်ယူ သိုမှီးပြီးလျှင် နေ့စဉ်မပြတ် ဆွမ်းကိုရှာမှီးရခြင်း မည်သည် ဆင်းရဲလှ၏ဟု နှလုံးထားသဖြင့် နှစ်ရက် သုံးရက် ပတ်လုံး ဈာန်ချမ်းသာဖြင့် လွန်စေ၍ အာဟာရကို အလိုရှိသည် ရှိသော် ထမင်းခြောက်ကို ဘုဉ်းပေး သုံးဆောင်တော်မူ၏။

ရဟန်းတို့ သိကြ၍ ကဲ့ရဲ့ရှုတ်ချပြီးလျှင် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေ ကုန်၏။ ဘုရားရှင်သည်လည်း ဤအကြောင်းကြောင့် နောင်အခါ သိုမှီးခြင်းကို ပြုခြင်းမှ ရှောင်ကြဉ်စေခြင်းငှါ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ မထေရ်သည်ကား သိက္ခာ ပုဒ်ကို မပညတ်သေးမီ အလိုနည်းသည့် အဖြစ်ကိုမှီ၍ ပြုခြင်းကြောင့် ထိုဗေလဋ္ဌသီသမထေရ်အား အပြစ်မရှိခြင်းကို ထင်ရှားပြလျက် အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၉၂။ ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။ သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။ အာကာသေဝ သကုဏာနံ၊ ဂတိ တေသံ ဒုရန္နယာ။

ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့အား။ သန္နိစယော၊ သိုမှီးခြင်းသည်။ နတ္ထိ၊ မရှိ။

[ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မသန္နိစယမည်၏။ ပစ္စည်းလေးပါးတို့သည် ပစ္စယသန္နိစယ မည်၏။ ထိုနှစ်ပါးတို့တွင် ကျောင်းနေ ရဟန်းအား တခုသော တင်လဲစိုင်ခဲကို၎င်း လေးဖို့တဖို့မျှ ထောပတ်ကို၎င်း, ဆန်တစလယ်မျှကို၎င်း ထားခဲ့လျှင် ပစ္စည်းသိုမှီးသည် မမည်။ ထို့ထက် ပိုထားခဲ့လျှင် ပစ္စည်းသိုမှီးသည် မည်၏။ ကမ္မသန္နိစယ, ပစ္စယသန္နိစယ နှစ်ပါးလုံးပင် မရှိ ဟူလို။]

ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ပရိညာတဘောဇနာ၊ ပိုင်းခြား၍ သိအပ်သော ဘောဇဉ်ရှိကုန်၏။

[ယာဂုစသည်တို့တွင် တခုခုကို ယာဂုအဖြစ် စသည်ကို သိခြင်းသည် ဉာတပရိညာ မည်၏။ အာဟာရ၌ စက်ဆုပ်ဖွယ် အမှတ်သညာ၏ အစွမ်းဖြင့် ဘောဇဉ်ကို အထူးသိခြင်းသည် တီရဏ ပရိညာမည်၏။ သုံးဆောင်အပ်သော အာဟာရ၌ လောဘတဏှာကို ပယ်တတ်သောဉာဏ်သည် ပဟာနပရိညာ မည်၏။ ဤသုံးပါးသော ပရိညာတို့ဖြင့် ခဲဖွယ်ဘောဇဉ်ကို ပိုင်းခြား၍ သိနိုင် ကြကုန်၏ ဟူလို။]

သုညတောဝိမောက္ခောစ၊ သုညတ နိဗ္ဗာန်သည်၎င်း။ အနိမိတ္တောဝိမောက္ခောစ၊ အနိမိတ္တ နိဗ္ဗာန်သည်၎င်း ။ ယဿ-ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့၏။ ဂေါစရော၊ အာရုံသည်။ ဟောတိ၊ ဖြစ်၏။

[နိဗ္ဗာန်သည် ရာဂ, ဒေါသ, မောဟတို့၏ မရှိခြင်းကြောင့်၎င်း, ၎င်းတို့မှ လွတ်ခြင်းကြောင့်၎င်း, သုညတ ဝိမောက္ခမည်၏။ ရာဂစသော အကြောင်းနိမိတ် မရှိခြင်းကြောင့်၎င်း, ၎င်းတို့မှ လွတ်ခြင်း ကြောင့်၎င်း အနိမိတ္တ ဝိမောက္ခမည်၏။ ရာဂစသော တောင့်တခြင်း မရှိခြင်းကြောင့်၎င်း ၎င်းတို့မှ လွတ်ခြင်းကြောင့်၎င်း အပ္ပဏိဟိတဝိမောက္ခမည်၏။ စသဒ္ဒါဖြင့် ၎င်းဝိမောက္ခ ကိုလည်းယူ ထိုသုံးမည်ရ နိဗ္ဗာန်ကို ဖိုလ်ဉာဏ်ဖြင့် အာရုံပြုကာ နေကြကုန်၏ ဟူလို။]

တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ဂတိ၊ လားရာဂတိသည်။ အာကာသေ၊ ကောင်းကင်၌။ သကုဏာနံ၊ ငှက်တို့၏။ ဂတိဣဝ၊ သွားရာလမ်းကဲ့သို့။ ဒုရန္နယာ၊ သိနိုင်ခဲ၏။ ဝါ၊ သိခြင်းငှါ မတတ်ကောင်း။

[ကောင်းကင်ခရီး၌ ပျံသွားကုန်သော ငှက်တို့၏ ခြေရာကို မမြင်ရခြင်းကြောင့် သွားရာခရီးကို သိခြင်းငှါ မတတ်ကောင်းသကဲ့သို့ ထို့အတူ သန္နိစယ နှစ်ပါးမရှိ၍ ပရိညာသုံးပါးဖြင့် ဘောဇဉ်ကို သိပြီးလျှင် နိဗ္ဗာန်လျှင် အာရုံ ပြုကုန်သော ပုဂ္ဂိုလ်တို့၏ လားရာ ဂတိသည်လည်း ဘဝသုံးပါး, ယောနိ လေးပါး, ဂတိငါးပါး, ဝိညာဏဋ္ဌိတိ ခုနစ်ပါး, သတ္တာဝါသကိုးပါး, ဟူသော ငါးပါးသောအဖို့ အစုတို့တွင် ဤမည်သော အဖို့အစုဖြင့် သွား၏ဟု သွားလမ်း မထင်ရှားရကား သိခြင်းငှါ မတတ်ကောင်း ဟူလို။]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဗေလဋ္ဌသီသ မထေရ်ဝတ္ထုပြီး၏။

---

၄ - အနုရုဒ္ဓါမထေရ်ဝတ္ထု

ယဿာသဝါ - အစရှိသော ဤထရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်အနုရုဒ္ဓါ မထေရ်ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

သင်္ကန်းချုပ်ရာ၌ ဘုရားရှင် အပ်နဖါး ထိုးပေးခြင်း

တနေ့သ၌ အရှင်အနုရုဒ္ဓါမထေရ်သည် ဆွေးမြေ့သော သင်္ကန်းရှိသည် ဖြစ်၍ တံမြက်ချေးစွန့်ရာ အမှိုက်ပုံ စသည်တို့၌ သင်္ကန်းကို ရှာမှီးတော်မူရ၏။ ထိုမထေရ်၏ ဤကိုယ်အဖြစ်မှ သုံးခုမြောက် ဖြစ်သော ကိုယ်အဖြစ်မှ မယားဟောင်းဖြစ်ဖူးသော မိန်းမသည် တာဝတိံသာ နတ်ပြည်၌ဖြစ်၍ ဇာလိနီအမည်ရှိသော နတ်သ္မီးဖြစ်လေ၏။

ထိုနတ်သ္မီးသည် မထေရ်သင်္ကန်းလျာ ပုဆိုး ရှာမှီးတော် မူသည်ကို မြင်ရလျှင် မထေရ်မြတ်အလို့ငှါ အလျား တဆဲ့သုံးတောင်ရှည်၍ အနံလေးတောင် အပြန့်ကျယ်သော သုံးထည်သော နတ်ပုဆိုး တို့ကို ယူ၍ ငါကား ဤသို့သော နည်းအားဖြင့် အကယ်၍ လှူသည်ဖြစ်အံ့ မထေရ်သည် မခံယူ လတ္တံ့ ဟုကြံပြီးလျှင် ပုဆိုးတို့ကို ရှာမှီးသော ထိုအနုရုဒ္ဓါမထေရ်၏ ရှေ့မှ တခုသော တံမြက်ချေး စွန့်ရာ အမှိုက်ပုံ၌ အကြင်အခြင်းအရာဖြင့် ထားသည်ရှိသော် ထိုပုဆိုးတို့၏ အမြိတ်အစွန်း မျှသည်သာလျှင် ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင်ဖြစ်၏၊ ထို အခြင်းအရာဖြင့်ထားလေ၏။

မထေရ်သည်လည်း ထိုခရီးဖြင့် ပုဆိုးကိုရှာမှီးခြင်းငှါ သွားလာလှည့်ပတ်သည်ရှိသော် ပုဆိုးတို့၏ အမြိတ်အစွန်းကိုမြင်လျှင် ထိုအစွန်း၌သာ ကိုင်ယူ၍ ဆွဲငင်သည်ရှိသော် ဆိုအပ်ပြီးသော အတိုင်းအရှည်ရှိသော နတ်ပုဆိုးတို့ကို မြင်ရသဖြင့် ဤပစ္စည်းကား မြတ်သော အဘိုးတန် ပံသုကူ သင်္ကန်း ဖြစ်လေစွတကားဟု ယူ၍ ဖဲသွားလေ၏။ ထို့နောက် မထေရ်၏ သင်္ကန်းချုပ်သောနေ့၌ ဘုရားရှင်သည် ရဟန်းငါးရာ ခြံရံလျက် ကျောင်းသို့ ကြွ၍ နေတော်မူလေ၏။

ရှစ်ကျိပ်သော မထေရ်ကြီးတို့သည်လည်း ထိုကျောင်း၌ပင် နေကြလေကုန်၏။ သင်္ကန်းချုပ်ခြင်းငှါ အရှင်မဟာကဿပ မထေရ်သည် သင်္ကန်းအရင်း၌ နေ၏။ အရှင်သာရိပုတြာ မထေရ်သည် အလယ်၌နေ၏။ အရှင်အာနန္ဒာ မထေရ်သည် သင်္ကန်းအဖျား၌ နေ၏။ ရဟန်း သံဃာအပေါင်းသည် အပ်ချည်ကိုကျစ်၏။ ဘုရားရှင်သည် အပ်နဖါး၌ အပ်ချည် သီတပ်ပေးတော်မူ၏။ အရှင်မဟာမောဂ္ဂလာန် မထေရ်သည် အလိုရှိသောအရာ ဟူသမျှကို ဆောင်ပို့ကာ လှည့်လည်၏။

နတ်သ္မီးသည် ရွာတွင်းသို့ဝင်၍ ငါ့အရှင် ဖြစ်သော အနုရုဒ္ဓါမထေရ်၏ သင်္ကန်းကိုချုပ်သဖြင့် ဘုရားရှင်သည် ရှစ်ကျိပ်သော မဟာသာဝကတို့ဖြင့် ခြံရံလျက် ရဟန်းငါးရာတို့နှင့်တကွ ကျောင်း၌ နေတော်မူ၏။ ယာဂုစသည်တို့ကိုယူ၍ ကျောင်းသို့ သွားကြပါကုန်လော့ဟု နှိုးဆော်လျက် ဆွမ်းကို ပြည့်စုံစေလေ၏။

အရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း ဆွမ်းမစားမီ အကြား များစွာသော ဇမ္ဗုသပြေသီးကို ဆောင်ယူလာ၏။ ငါးရာသော ရဟန်းတို့သည် ကုန်အောင် ဘုဉ်းပေး သုံးဆောင်ခြင်းငှါ မတတ်နိုင်ကြကုန်။ သိကြားမင်းသည် သင်္ကန်းချုပ်ရာအရပ်၌ မြေကိုညီညွတ်အောင်ပြု၏။ မြေသည် ချိပ်ရည်ဖြင့် ဆိုးအပ်သကဲ့သို့ ဖြစ်လေ၏။ ရဟန်းတို့သုံးဆောင်၍ ကြွင်းသောယာဂု ဆွမ်း ခဲဖွယ် ဘောဇဉ်တို့၏ ကြီးစွာသော အစုအပုံသည် ဖြစ်လေ၏။

ရဟန်းတို့သည် ဤမျှလောက်သော ရဟန်းတို့အား ဤသို့ များစွာကုန်သော ယာဂုစသည်တို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ အတိုင်းအရှည်ကို မှတ်သား၍ ဤမျှလောက်သော ခဲဖွယ်ဘောဇဉ်ကို ဆောင်ယူလာကြကုန်လော့ဟု ဆွေမျိုးတို့ကို၎င်း အလုပ်အကျွေး ဒါယကာတို့ကို၎င်း ဆိုအပ်သည် မဟုတ်ပါလော။ ရှင်အနုရုဒ္ဓါမထေရ်သည် မိမိဆွေမျိုးအလုပ်အကျွေး ဒါယကာများသည်အဖြစ်ကို သိစေ လိုယောင်တကားဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။

ထိုအခါ ရဟန်းတို့ကို မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ အဘယ်စကားကို ဆိုကြကုန်သနည်း ဟုမေးတော်မူခြင်းကြောင့် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤမည်သောစကားကို ဆိုကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ အနုရုဒ္ဓါမထေရ်သည် ဤယာဂု စသည်တို့ကို ဆွေမျိုးအလုပ်အကျွေး ဒါယကာ တို့အား များစွာဆောင်ယူစေအပ်၏ဟု သင်တို့ မှတ်ထင်ကြကုန်သလောဟု မေးတော်မူလေ၏။

မြတ်စွာဘုရား မှတ်ထင်မိကြသည် မှန်ပါသည်ဘုရားဟု လျှောက်လတ်သော် ချစ်သားရဟန်းတို့ ငါ့သားဖြစ်သော အနုရုဒ္ဓါမထေရ်သည် ဤသို့သောစကားကို မဆို၊ ရဟန္တာတို့ မည်သည်ကား ပစ္စည်းနှင့်စပ်သော စကားကို မဆိုကြကုန်။ ဤဆွမ်းသည် နတ်၏ အာနုဘော်ကြောင့်ဖြစ်သော ဆွမ်းတည်း ဟု အနုသန္ဓေစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော် မူလေ၏။

ဒေသနာတော်

၉၃။ ယဿာသဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။ သုညတော အနိမိတ္တော စ၊ ဝိမောက္ခာ ယဿ ဂေါစရော။ အာကာသေဝ သကုဏာနံ၊ ပဒံ တဿ ဒုရန္နယံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ အာသဝါ၊ အာသဝေါတရား လေးပါးတို့သည်။ ပရိက္ခီဏာ၊ ကုန်ခန်းလေကုန်ပြီ။ အာဟာရေစ၊ ဆွမ်းစသော အာဟာရ၌လည်း။ အနိဿိတော၊ တဏှာဒိဋ္ဌိအားဖြင့် မှီခိုအားထားခြင်းမရှိ။ သုညတော ဝိမောက္ခောစ၊ သုညတနိဗ္ဗာန်သည်၎င်း။ အနိမိတ္တော ဝိမောက္ခောစ၊ အနိမိတ္တ နိဗ္ဗာန်သည်၎င်း။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ ဂေါစရော၊ အာရုံသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ပဒံ၊ ခြေရာအလားလားရာအရပ်သည်။ အာကာသေ၊ ကောင်းကင်၌။ သကုဏာနံ၊ ငှက်တို့၏။ ပဒံဣဝ၊ ခြေရာကဲ့သို့။ ဒုရန္နယံ၊ သိခြင်းငှါမတတ်ကောင်း။

[ဤနေရာ၌ ခြေဖြင့်နင်းသွားသည် ဤနေရာ ရင်ဖြင့် ထိခိုက်သွားသည်၊ ဤနေရာ ဦးခေါင်းဖြင့် အတောင်တို့ဖြင့် ထိခိုက်သွားသည်ဟု ကောင်းကင် ခရီး၌ ပျံသွားကုန်သော ငှက်တို့၏ခြေရာကို သိခြင်းငှါ မတတ်ကောင်း သကဲ့သို့ ထို့အတူ အာသဝေါကင်းကွာ အာဟာရမမှီ သုံးမည်ရနိဗ္ဗာန်ကို အာရုံပြုသောပုဂ္ဂိုလ်၏ ခြေရာကိုလည်း ငရဲခြေရာဖြင့်သွားသည်၊ တိရစ္ဆာန် ခြေရာဖြင့်သွားသည် စသည်ဖြင့် သိခြင်းငှါ မတတ်ကောင်း ဟူလို။]

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

အနုရုဒ္ဓါမထေရ်ဝတ္ထု ပြီး၏။

၅ - မဟာကစ္စာယန မထေရ်ဝတ္ထု

ယဿိန္ဒြိယာနိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ပုဗ္ဗာရုံ ကျောင်းတော်၌ နေတော်မူစဉ် ရှင်မဟာကစ္စည်းမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သိကြားနတ်မင်းတို့ ချစ်ခင်မြတ်နိုးခြင်း

တပါးသောအခါ မြတ်စွာဘုရားသည် သီတင်းကျွတ်လပြည့်နေ့၌ မိဂါရမာတာ ဝိသာခါ ဒါယိကာမကြီး၏ ပြာသာဒ်အောက်တွင် မဟာသာဝကကြီးတို့ ခြံရံလျက် နေတော်မူလေ၏။ ထိုအခါ ရှင်မဟာကစ္စည်းမထေရ်သည် အဝန္တိတိုင်းတို့၌ နေတော်မူ၏။ ထိုမဟာကစ္စည်း အရှင်မြတ်သည် ဝေးသောအရပ်မှသော်လည်း ကြွလာ၍ တရားနာခြင်းကို ချီးမြှင့်တော်မူလေ့ ရှိသည်သာတည်း။

ထို့ကြောင့် မထေရ်ကြီးတို့သည် နေထိုင်ကြကုန်သည်ရှိသော် ရှင်မဟာကစ္စည်း မထေရ်၏ အလို့ငှါ နေရာကိုချန်ထား၍ နေထိုင်ကြလေကုန်၏။ သိကြား နတ်မင်းသည်လည်း နတ်ပြည်နှစ်ထပ်၌ နေကုန်သော နတ်ပရိသတ်တို့နှင့်တကွ လာရောက်၍ နတ်၌ဖြစ်သော နံ့သာပန်းစသည်တို့ဖြင့် ဘုရားရှင်ကို ပူဇော်၍ မတ်မတ် ရပ်လျက် ရှင်မဟာကစ္စည်းမထေရ်ကို မမြင်ခြင်းကြောင့် ငါ၏အရှင် ကစ္စည်း မထေရ်သည် အဘယ်မှာနည်း မထင်မြင်ပါတကား။ အကယ်၍ ကြွလာတော်မူပါလျှင် စင်စစ်အားဖြင့် ကောင်းခြင်းဖြစ်ရာ၏ဟု အာရုံပြုကာ နေလေ၏။ မထေရ်မြတ်သည်လည်း ထိုခဏ၌ သာလျှင် ကြွလာ၍ မိမိကိုယ်တိုင် ထိုင်လျက်သာလျှင် ဖြစ်သော ကိုယ်ကို ပြတော်မူလေ၏။

သိကြားမင်းသည် မထေရ်ကို မြင်ရလျှင် ရှိခိုး၍ ဖမျက်တို့၌ မြဲစွာ ကိုင်ဆုပ်လျက် ငါ၏ အရှင်မြတ်သည် ကောင်းစွာ ကြွလာတော်မူပေစွတကား။ တပည့်တော်သည် အရှင်မြတ်၏ ကြွလာခြင်းကို တောင့်တကာ နေပါသည်ဘုရားဟု ဆို၍ နံ့သာပန်း စသည်တို့ဖြင့် ပူဇော်လျက် တင့်အပ် လျောက်ပတ်သောအရပ်၌ နေလေ၏။

ရဟန်းတို့သည် သိကြားမင်းကား မျက်နှာကြည့်၍ ပူဇော်ခြင်းကိုပြု၏။ ရှင်မဟာကစ္စည်းမထေရ်မှ ကြွင်းသော မဟာသာဝကတို့အား ဤသို့သဘော ရှိသော ပူဇော်ခြင်းကို မပြုမူ၍ ရှင်မဟာကစ္စည်း ကိုမြင်လျှင် လျင်မြန်စွာ ဖမျက်တို့၌ ကိုင်ဆုပ်၍ ငါ၏အရှင်မြတ်သည် ကြွလာတော်မူပေ၏ ကောင်းလှပေစွ တကားဟု ဆိုပြီးလျှင် တပည့်တော်သည် အရှင်မြတ်၏ ကြွလာခြင်းကိုသာ တောင့်တကာ နေပါသည်ဘုရားဟုဆို၍ လက်နှစ်ဘက်တို့ဖြင့် ခြေတို့ကို သုံးသပ် ဆုပ်နယ်လျက် ရှိခိုးပူဇော်ပြီးမှ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေဘိ၏တကားဟု ကဲ့ရဲ့ကြကုန်၏။

မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို ကြားတော်မူရ၍ ချစ်သားရဟန်းတို့ ငါ့သားဖြစ်သော ကစ္စည်းနှင့် တူကုန်သော စက္ခုစသော ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိကုန်သော ရဟန်းတို့ကို နတ်တို့သည်၎င်း လူတို့သည်၎င်း ချစ်မြတ်နိုးကုန်သည် သာတည်းဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၉၄။ ယဿိန္ဒြိယာနိ သမထင်္ဂတာနိ၊
အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟိနမာနဿ အနာသဝဿ၊
ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

သာရထိနာ၊ လိမ္မာသော ရထားထိန်းသည်။
သုဒန္တာ၊ ကောင်းစွာဆုံးမ အပ်ကုန်သော။
အဿာယထာ၊ မြင်းတို့ကဲ့သို့။
ယဿ၊ အကြင်ရဟန္တာပုဂ္ဂိုလ်၏။
ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့သည်။
သမထံ၊ ငြိမ်သက် တည်ကြည်ခြင်းသို့။
ဂတာနိ၊ ရောက်ကုန်၏။
ပဟီနမာနဿ၊ ပယ်အပ်ပြီးသော မာနရှိသော။
အနာ သဝဿ၊ အာသဝေါတရား လေးပါးမှ ကင်းပြီးသော။
တာဒိနော၊ ကောင်း မကောင်းသော အာရုံတို့၌ မတုန်မလှုပ်သော သဘောရှိသော။
တဿ၊ ထိုရဟန္တာ ပုဂ္ဂိုလ်အား။
ဒေဝါပိ၊ နတ်တို့သည်လည်း။
ပိဟယန္တိ၊ ချစ်မြတ်နိုးကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

မဟာကစ္စာယနမထေရ် ဝတ္ထုပြီး၏။

---

၆ - အရှင်သာရိပုတြာမထေရ်ဝတ္ထု

ပထဝီသမော - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတြာအပေါ်၌ ရိုက်မှုဖြင့်စွဲဆိုခြင်း

တပါးသောအခါ အရှင်သာရိပုတြာမထေရ်သည် ဝါကျွတ်လတ်သဖြင့် ဒေသစာရီ ဖဲသွားလိုရကား မြတ်စွာဘုရားကို ပန်ကြား၍ ရှိခိုးပြီးလျှင် မိမိ၏ အခြံအရံ နှင့်တကွ ထွက်သွားတော်မူလေ၏။ ထိုမှတပါး များစွာကုန်သော ရဟန်းတို့သည်လည်း မထေရ်သို့ အစဉ်လိုက်ပို့ကြကုန်၏။ မထေရ်မြတ်သည် အမည်အမျိုး အစွမ်းအားဖြင့် ထင်ရှားကုန်သော ရဟန်းတို့ကို အမည်အမျိုး အစွမ်းအားဖြင့် ပြောကြား၍ ပြန်သွားဆုတ်နစ်စေလေ၏။

အမှတ်မရှိ အမည်အမျိုး အစွမ်းအားဖြင့် မထင်ရှားသော ရဟန်းတပါးသည်ကား ငါ့ကိုလည်း အမည်အမျိုး အစွမ်းအားဖြင့် ချီးမြှောက်လျက် ပြောဆို၍ ပြန်သွား ဆုတ်နစ်စေပါမူကား ကောင်းလေစွ တကားဟု ကြံစည် အောက်မေ့လေ၏။ မထေရ်မြတ်သည် များစွာသော ရဟန်း သံဃာအပေါင်း၏အကြား၌ ထိုရဟန်းကို မမှတ်သားမိဘဲ ရှိလေ၏။

ထို ရဟန်းသည် အခြားသော ရဟန်းတို့ကဲ့သို့ ငါ့ကိုမချီးမြှောက်ဟု ကြံအောက်မေ့၍ မထေရ်၌ ရန်ငြိုးဖွဲ့လေ၏။ မထေရ်၏ ဒုကုဋ်စွန်းသည်လည်း ထိုရဟန်း၏ ကိုယ်ကို ထိမိခဲ့လေ၏။ ထို့ကြောင့်လည်း ရန်ငြိုးဖွဲ့သည်သာလျှင်တည်း။

ယခုအခါ မထေရ်သည် ကျောင်းဥပစာကို လွန်မြောက်သည်ဖြစ်လတ္တံ့ ဟု သိရသဖြင့် ထို ရဟန်းသည် ဘုရားရှင်သို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား တပည့်တော်ကို အရှင်သာရိပုတြာသည် ရှင်တော်မြတ်ဘုရားတို့၏ အဂ္ဂသာဝကတပါး ဖြစ်၏ဟု ထောင်လွှားလျက် နားရွက်ကို ရိုက်ခဲ့ သကဲ့သို့ ပုတ်ခတ်ပြီးလျှင် သည်းမခံစေဘဲ မတောင်းပန်ဘဲသာလျှင် ဒေသစာရီ ဖဲသွားပါသည် ဘုရားဟု လျှောက်ထားလေ၏။

ဘုရားရှင်သည် အရှင်သာရိပုတြာ မထေရ်ကို ခေါ်စေတော်မူလေ၏။ ထိုခဏ၌ ရှင်မောဂ္ဂလာန် မထေရ်သည်၎င်း၊ အရှင်အာနန္ဒာမထေရ်သည်၎င်း ဤသို့ ကြံစည်ကြကုန်၏။ ဤရဟန်း၏ ရန်ငြိုး ဖွဲ့သည့်အဖြစ်ကို ဘုရားရှင်မသိသည် မဟုတ်၊ ငါတို့၏ အဂ္ဂသာဝက နောင်တော်ကြီးကို ခြင်္သေ့သံ ကဲ့သို့ ရဲရင့်စွာမြတ် သောစကားကို ဆိုခြင်းငှါ အလိုတော်ရှိသည်ဖြစ်လတ္တံ့။

ထို့ကြောင့် ပရိသတ်ကို စည်းဝေးစေကြကုန်စိုအံ့ဟု ကြံစည်ကြ၍ ရှင်မောဂ္ဂလာန် ရှင်အာနန္ဒာ တို့သည် သံကောက်(သော့) လက်စွဲကုန်လျက် ပရိဝုဏ်ကျောင်းငယ် တံခါးတို့ကို ဖွင့်၍ အရှင်တို့ ထွက်ကြပါကုန်လော့ ယခုအခါ အရှင်သာရိပုတြာသည် ဘုရားမျက်မှောက် မကြောက်မရွံ့သော စကားကို ဆိုတော်မူလတ္တံ့ဟု တိုက်တွန်းသဖြင့် များစွာသော ရဟန်းသံဃာ အပေါင်းကို စည်းဝေး စေတော်မူကြလေကုန်၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း ကြွလာ၍ ဘုရားရှင်ကိုရှိခိုးလျက် နေလေ၏။

အရှင်သာရိပုတြာ ထုချေရာ၌ မြေလှုပ်ခြင်း

ထိုအခါ အရှင်သာရိပုတြာကို မြတ်စွာဘုရားသည် ထိုအကြောင်းကို မေးတော်မူ၏။ အရှင် သာရိပုတြာသည် ဤရဟန်းကို တပည့်တော် မပုတ်ခတ်ရပါဘုရားဟု မလျှောက်ထားမူ၍ မိမိဂုဏ် ကျေးဇူးနှင့် စပ်သောစကားကို ဆိုလိုသဖြင့် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အကြင် ရဟန်းအား ကိုယ်၌ ကာယဂတာသတိသည် အဖန်တလဲလဲ ရှေးရှု ထင်ရှားသည် ဖြစ်ခဲ့ငြားအံ့ ထိုရဟန်းသည် ဤသာသနာတော်၌ အမှတ်မရှိ တစုံတယောက်သော သီတင်းသုံးဖော်ကို ထိခိုက် ပြစ်မှားမိလျှင် အပြစ်ကိုမစွန့်မူ၍ အပြစ်တန်းလန်း ခရီးဒေသစာရီ ဖဲသွားနိုင်ပါအံ့နည်း ဟု လျှောက်ထားပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဥပမာ မည်သည်ကား မဟာ ပထဝီမြေကြီး၌ သန့်ရှင်း စင်ကြယ်သော ဝတ္ထုကိုလည်း စွန့်ပစ်ကြပါကုန်၏။ မစင်ကြယ်သော ဝတ္ထုကိုလည်း စွန့်ပစ်ကြပါကုန်၏။ ဤသို့အစရှိသောနည်းဖြင့် မိမိ၏မြေနှင့်တူစွာ စိတ်ရှိသည့် အဖြစ်ကို၎င်း ရေ မီး လေ, ခြေသုတ်ကြိုးဝန်း၊ ဝါ၊ ခြေသုတ်စရာအဝတ်စုတ်, ဒွန်းစဏ္ဍားသတို့သား ဦးချိုကျိုးသော နွားလားဥသဘနှင့်တူစွာ စိတ်ရှိသည့် အဖြစ်ကို၎င်း မြွေကောင်ပုပ် စသည်တို့ အလား မိမိ၏ကိုယ်ဖြင့် ငြီးငွေ့သည့် အဖြစ်ကို၎င်း ဝါးလုံးဖျားသို့ တက်သော မေဒကထလိကာ မည်သော လုလင်ကဲ့သို့ မိမိ၏ကိုယ်ကို သတိမကင်း ဆောင်ယူခြင်းကို၎င်း ထင်ရှားစွာ ဖေါ်ပြ လျှောက်ထား လေ၏။

[ဤကိုးပါးသော ဥပမာတို့ဖြင့် မထေရ်မြတ်သည် မိမိ၏ဂုဏ်ကျေးဇူးကို ဆိုလတ်သည်ရှိသော် ကိုးပါးသော နေရာတို့၌ပင် ရေအဆုံးရှိသည်ကိုပြု၍ မဟာပထဝီမြေကြီး တုန်လှုပ်လေ၏။ ခြေသုတ် စရာအဝတ်စုတ်, ဒွန်းစဏ္ဍား သတို့သား, မေဒကထလိကာ ဥပမာကိုဆောင်သော ကာလ၌ ပုထုဇဉ်ရဟန်း တို့သည် မျက်ရည်တို့ကို ကောင်းစွာထားခြင်းငှါ (ဆည်ခြင်းငှါ) မတတ်နိုင်ကြကုန် ရဟန္တာပုဂ္ဂိုလ်တို့အား ဓမ္မသံဝေဂသည် ထင်စွာဖြစ်လေ၏။]

စွပ်စွဲသောရဟန်း တောင်းပန်ခြင်း

အရှင်သာရိပုတြာမထေရ်သည် မိမိ၏ဂုဏ်ကျေးဇူးကို ဆိုစဉ်ပင်လျှင် စွပ်စွဲသော ရဟန်း၏ ကိုယ်အလုံး၌ ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုရဟန်းသည် ထိုခဏ၌ပင်လျှင် ဘုရားရှင်၏ ခြေတော်တို့၌ဝပ်၍ မိမိ၏ စွပ်စွဲမိသော အပြစ်ကို ထင်ရှားစွာဖေါ်ပြ၍ အပြစ်ကို လျှောက်ကြား တောင်းပန်လေ၏။

မြတ်စွာဘုရားသည် အရှင်သာရိပုတြာကို ခေါ်တော်မူ၍ ချစ်သားသာရိပုတြာ ဤရဟန်း၏ ဦးခေါင်းသည် ခုနစ်စိတ်မကွဲမီ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ဤရဟန်းအား သည်းခံစေလော့ ကန်တော့ခံလေလော့ ဟု မိန့်တော်မူလေ၏။

မထေရ်သည် ဆောင့်ကြောင့်ထိုင်၍ လက်အုပ် ချီပြီးလျှင် မြတ်စွာဘုရား တပည့်တော်သည် ထို အရှင်မြတ်အား သည်းခံပါ၏ ဘုရားတပည့်တော် အားလည်း အကယ်၍ အပြစ်ရှိသည် ဖြစ်အံ့ ဤသို့ရှိခဲ့သော် အရှင်မြတ်သည်လည်း တပည့်တော်၏ အပြစ်ကို သည်းခံစေသတည်းဟု လျှောက်ဆိုလေ၏။

ရဟန်းတို့သည် ငါ့ရှင်တို့ ယခုအခါ မထေရ်မြတ်ပြုအပ်သော နှိုင်းယှဉ်စရာ ဥပမာကင်းသော ဂုဏ်ကျေးဇူးကို ကြည့်ရှုကြကုန်လော့။ ဤသို့သဘောရှိသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲသော ရဟန်း၏အပေါ်၌ အနည်းငယ်မျှလည်းဖြစ်သော အမျက်ငယ်ကို၎င်း အမျက်ကြီးကို၎င်း မပြုမူ၍ မိမိကိုယ်တိုင်ပင် ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီကာ ကန်တော့သေး၏ ဟု ပြောဆိုကြကုန်၏။

ဘုရားရှင်သည် ထိုစကားကိုကြားရလျှင် ချစ်သားရဟန်းတို့ အဘယ်စကားကို ပြောဆိုကြကုန် ဘိသနည်းဟု မေးတော်မူခြင်းကြောင့် မြတ်စွာဘုရား ဤမည်သောစကား ပြောဆိုကြပါသည် ဘုရားဟု နားတော်လျှောက်သော် ချစ်သားရဟန်းတို့ သာရိပုတြာနှင့် တူကုန်သော သူတို့အား အမျက်ငယ်ကို၎င်း အမျက်ကြီးကို၎င်း ဖြစ်စေခြင်းငှါ မတတ်ကောင်း။ ချစ်သားရဟန်းတို့ သာရိပုတြာ၏ စိတ်သည် မဟာပထဝီမြေကြီးနှင့်တူ၏။ တံခါးခုံ နှင့်လည်းတူ၏။ ကြည်သော ရေရှိသော ရေအိုင်နှင့်လည်းတူ၏ ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေ စပ်၍ တရား ဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၉၅။ ပထဝီသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခီလူပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ နဘဝန္တိ တာဒိနော။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ပထဝီသမာ၊ မြေကြီးနှင့် တူသည်ဖြစ်၍၎င်း။
ဣန္ဒခီလူပမော၊ တံခါးတိုင်နှင့် တူသည်ဖြစ်၍၎င်း။
နောဝိရုဇ္ဈတိ၊ မဆန့်ကျင်။
ဝါ၊ လျော်ခြင်းလည်းမဖြစ် မလျော်ခြင်းလည်းမဖြစ်။
တာဒိ၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် မတုန်မလှုပ် ပကတိသဘော ရှိ၏။
သုဗ္ဗတော၊ ကောင်းသော အကျင့်ရှိ၏။
အပေတကဒ္ဒမော၊ ကင်းသော ညွှန်ရှိသော။
ရှဟဒေါဣဝ၊ ရေအိုင်ကဲ့သို့။
ပသန္နော၊ ကြည်လင်သောစိတ်ရှိ၏။
တာဒိနော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
သံသာရာ၊ သုဂတိဒုဂ္ဂတိတို့၌ ကျင်လည်ခြင်းတို့သည်။
နဘဝန္တိ၊ မဖြစ်ကုန်။

ဒေသနာတော်၌မှတ်ဖွယ်

[မဟာပထဝီမြေပြင်၌ သန့်ရှင်းသော နံ့သာပန်း စသည်တို့ကိုလည်း ပစ်ကြကုန်၏။ မသန့်ရှင်းသော ကျင်ငယ် ကျင်ကြီး စသည်တို့ကိုလည်း စွန့်ပစ် ကြကုန်၏။ မြို့တံခါး၌ ထားအပ်သော တံခါးတိုင်ကို သူငယ်စသည်တို့သည် ကျင်ကြီး ကျင်ငယ် စွန့်ကြကုန်၏။ အချို့ကား နံ့သာပန်းစသည်တို့ဖြင့် ပူဇော်ကြကုန်၏။ ထိုအခါ မြေပြင်အား၎င်း၊ တံခါးတိုင်အား၎င်း လိုက်လျောခြင်းလည်း မဖြစ်။ ဆန့်ကျင်ခြင်းလည်းမဖြစ်။

ထိုဥပမာအတူ ရဟန္တာပုဂ္ဂိုလ်သည် လောကဓံတရားရှစ်ပါးတို့ကြောင့် မတုန်လှုပ်သဖြင့် ပင်ကိုယ် တည်တံ့ခြင်း ကောင်းစွာရှိသောကြောင့် ကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ် ဖြစ်၏။ ထို ပုဂ္ဂိုလ်သည် ဤသူတို့သည် ငါ့ကို ပစ္စည်းလေးပါးတို့ဖြင့် ပူဇော် ကြကုန်၏။ ဤသူတို့ကား မပူဇော်ကြဟု ပြုသူတို့၌လည်း လိုက်လျောဝမ်းမြောက်ခြင်းမရှိ။ မပြုသူတို့၌လည်း ဆန့်ကျင်ခြင်း မရှိ။

စင်စစ်မြေကြီးနှင့်လည်း တူ၏။ တံခါးတိုင်နှင့်လည်းတူပေ၏။ ညွှန်ကင်းသောရေအိုင်သည် ကြည်လင်သော ရေရှိသကဲ့သို့ ထို့အတူ ကိလေသာ ကင်းခြင်းကြောင့် ရာဂညွှန် စသည်တို့ဖြင့် ညွှန်မရှိ။ ကြည်လင်သော စိတ်အစဉ်ရှိ၏။ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား သုဂတိဘဝ ဒုဂ္ဂတိဘဝ၌ ကျင်လည်ခြင်း၏ အစွမ်းဖြင့် သံသရာ၌ ကျင်လည်ခြင်းမည်သည် မရှိပြီ ဟူလို။]

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ကိုးထောင်သော ရဟန်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်ကြလေကုန်၏။

အရှင်သာရိပုတြာမထေရ်ဝတ္ထု ပြီး၏။

---

၇ - ကောသမ္ဗီဝါသီ တိဿမထေရ်၏ သာမဏေဝတ္ထု

သန္တန္တဿ မနံဟောတိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် တိဿမထေရ်၏သာမဏေ ကိုအကြောင်းပြု၍ ဟောတော်မူလေ၏။

တပည့်လိမ္မာ ဆရာအာပတ်လွတ်ခြင်း

ကောသမ္ဗီပြည်၌နေသော အမျိုးသား တယောက်သည် ဘုရားရှင်၏ သာသနာတော်၌ ရှင်သာမဏေပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် ကောသမ္ဗီပြည်၌ နေလေ့ရှိခြင်းကြောင့် ကောသမ္ဗိဝါသီတိဿမထေရ် ဟူ၍ ကျော်စော ထင်ရှားလေသတတ်။ ကောသမ္ဗီပြည်၌ ဝါကျွတ်ပြီး သည်ရှိသော် ထိုမထေရ်အား အလုပ်အကျွေး ဒါယကာသည် သင်္ကန်းသုံးထည်ကို၎င်း ထောပတ် တင်လဲကို၎င်း ဆောင်၍ ခြေရင်း၌ လှူရန်ထားလေ၏။

ထိုအခါ ဒါယကာကို မထေရ်သည် ဒါယကာ ဤသည်ကား အဘယ်နည်းဟု မေးလေ၏။ အရှင်ဘုရား အရှင်ဘုရားတို့ကို တပည့်တော်သည် ဝါဆိုစေအပ်ကုန်သည် မဟုတ်ပါလော။ တပည့်တော်တို့ ၏ကျောင်း၌ ဝါကျွတ်ကုန်သော ရဟန်းတို့သည် ဤ လာဘ်လာဘကို ရကြပါ ကုန်၏အရှင်ဘုရား ခံယူတော်မူကြပါဘုရားဟု လျှောက်ထားသဖြင့် ဒါယကာ ထိုသို့ဖြစ်စေကာမူ ငါ့အား ဤလာဘ်လာဘဖြင့် အလိုမရှိဟု မိန့်ဆိုလေ၏။

အရှင်ဘုရား အကြောင်းကား အသို့ပါနည်းဘုရား ဟု လျှောက်လျှင် ဒါယကာ ငါ့အထံ၌ ကပ္ပိယ ကာရက ဖြစ်သော သာမဏေသည်လည်း မရှိဟု မိန့်တော်မူ၏။ အရှင်ဘုရား ကပ္ပိယကာရက အကယ်၍ မရှိသည်ဖြစ်အံ့ တပည့်တော်၏သားသည် အရှင်ဘုရား၏အထံတော်၌ သာမဏေဖြစ်ပါလိမ့်မည် ဘုရားဟု လျှောက်လတ်သော်မထေရ်မြတ်သည် သည်းခံတော်မူလေ၏။

ဒါယကာသည်လည်း ခုနစ်နှစ် အရွယ်သာ ရှိသော မိမိ၏သားကို မထေရ်အထံသို့ ဆောင်ပို၍ ဤ သတို့သားကို ရှင်သာမဏေ ပြုပေးတော်မူကြပါဘုရားဟု အပ်နှင်းလေ၏။ ထိုအခါမထေရ်သည် ထိုသူငယ်၏ ဆံတို့ကို ရေဆွတ်လျက် တစပဉ္စက ကမ္မဋ္ဌာန်းကိုပေး၍ ရှင်သာမဏေပြုပေးတော် မူလေ၏။

ထိုသာမဏေသည် ဆံရိတ်သော သင်ဓုန်း အဆုံး၌ပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်လေ၏။ မထေရ်သည် ထိုသူငယ်ကို ရှင်သာမဏေပြုပေးပြီး၍ လခွဲပတ်လုံး ထို ကျောင်း၌နေပြီးလျှင် ဘုရားရှင်ကို ဖူးမြင်အံ့ဟု သာမဏေကို ပရိက္ခရာယူစေ၍ ကြွသွားတော်မူရာ လမ်ခးရီ အကြား၌ ကျောင်းတခုသို့ ဝင်ရောက်လေ၏။

သာမဏေသည်လည်း ဥပဇ္ဈာယ်ဆရာတို့၏အလို့ငှါ အိပ်ရာနေရာတို့ကိုယူ၍ သုတ်သင်ရှင်းလင်း၏။ ထိုနေရာကို သာမဏေ သုတ်သင် ရှင်းလင်းစဉ်ပင်လျှင် နေဝင်မိုးချုပ်ခြင်း ဖြစ်သောကြောင့် မိမိအလို့ငှါ အိပ်ရာနေရာကို သုတ်သင်ရှင်း လင်းခြင်းငှါ မတတ်နိုင်။

ထိုအခါ ခစားသင့်သော အချိန်ကာလ၌ လာရောက်၍ နေသော သာမဏေကို မထေရ်သည် သာမဏေ သင်သည် မိမိအလို့ငှါ နေရာအရပ်ကို သုတ်သင်ပြီးပြီလောဟု မေးတော်မူ၏ အရှင်ဘုရား သုတ်သင်ခြင်းငှါ အခွင့်ကို မရပါဘုရားဟု လျှောက်သောအခါ ထိုသို့ဖြစ်မူ ငါ့နေရာ အရပ်၌သာလျှင် နေလော့ ဧည့်သည် အာဂန္တုတို့၏ နေရာအပြင်ပ၌ နေခြင်းသည် သင့်အား ဆင်းရဲ၏ဟု ဆိုသဖြင့် သာမဏေကို ယူ၍ ကျောင်းသို့ ဝင်လေ၏။

မထေရ်သည်ကား ပုထုဇဉ် ဖြစ်သောကြောင့် လျောင်းစက်ကာမျှသာလျှင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ သာမဏေသည် ဤသို့ ကြံဆင်ခြင်၏ ယနေ့ကား ဥပဇ္ဈာယ်ဆရာနှင့် အတူတကွ တမိုးတရံတည်းသော ကျောင်း၌ ငါအိပ်ရသည်မှာ သုံးရက်ရှိကုန်ပြီ။ အကယ်၍ တုံးလုံးလှဲလျက် ငါအိပ်သည်ဖြစ်အံ့ မထေရ်သည် သဟသေယျ အာပတ်သို့ ရောက်ခဲ့ရာ၏ဟု ကြံဆင်ခြင်လျက် ထိုင်လျက်သာလျှင် ညဉ့်အချိန်ကို လွန်စေအံ့ဟု ဥပဇ္ဈာယ်ဆရာ၏ ညောင်စောင်းအနီး၌ ထက်ဝယ် ဖွဲ့ခွေ ထိုင်နေလျက်သာ ညဉ့်ကိုလွန်စေလေ၏။

မထေရ်သည် နံနက် စောစောအခါ အိပ်ရာမှထ၍ သာမဏေကို ပြင်ဘက်သို့ ထွက်စေခြင်းငှါ သင့်၏ဟု ညောင်စောင်း တဘက် နံပါး၌ထားအပ်သော ယပ်ကိုယူပြီးလျှင် ယပ်ရွက် အစွန်းဖြင့် သာမဏေ၏ သင်ဖြူးကို ပုတ်ခတ်၍ ယပ်ကို အထက်သို့ မြှောက်လျက် သာမဏေ အပသို့ ထွက်လော့ဟု ဆိုလေ၏။

တပည့် မျက်စိပျက်၍ ဆရာပင်ပန်းခြင်း

ယပ်ရွက်ရိုးသည် မျက်စိ၌ထိုးမိ ထိခိုက်လေ၏။ ထိုခဏ၌ပင်လျှင် မျက်စိ ပေါက်ကွဲ ပျက်စီးလေ၏။ အပသို့ ထွက်လော့ဟု ဆိုလျှင် ဆိုခြင်း ထိုသာမဏေသည်လည်း အရှင်ဘုရား အဘယ်ပါနည်း ဘုရားဟု လျှောက်ဆိုလျက် ထပြီးလျှင် အရှင်ဘုရား တပည့်တော်၏ မျက်စိ ပေါက်ကွဲ ပျက်စီးပါပြီ ဘုရားဟု မဆိုမူ၍ လက်တဘက်ဖြင့် ဖုံးအုပ်ကာ ထွက်သွားရှာလေ၏။

ဝတ်ကြီးဝတ်ငယ် ပြုသော အခါ၌လည်း ငါ၏မျက်စိ ပျက်စီးလေပြီဟု ဆိတ်ငြိမ်စွာ မနေမူ၍ လက်တဘက်ဖြင့် မျက်စိကိုမ၍ လက်တဘက်ဖြင့် လက်ဆုပ် တံမြက်စည်းကို ယူလျက် ဝစ္စကုဋိကို၎င်း မျက်နှာသစ်ရာ အရပ်ကို၎င်း တံမြက်လှည်းပြီးလျှင် မျက်နှာသစ်ရေကိုလည်း တည်ထား၍ ပရိဝုဏ်ကို တံမြက်လှည်း၏။ ထို့နောက် ထို့နောက် သာမဏေသည် ဥပဇ္ဈာယ် ဆရာအား ဒန်ပူကို ဆက်ကပ်သည်ရှိသော် လက်တဘက်ဖြင့် သာလျှင် ဆက်ကပ်ရလေ၏။

ထိုအခါ သာမဏေကို ဥပဇ္ဈာယ် ဆရာသည် ဤသာမဏေကား သင်ကြား တတ်မြောက်ခြင်း ကင်းလေစ္စတကား။ ဆရာဥပဇ္ဈာယ်တို့အား လက်တဘက်တည်းဖြင့် ဒန်ပူကို ဆက်ကပ်ခြင်းငှါ မသင့်မလျော်ဟု မိန့်ဆိုလေ၏။ အရှင်ဘုရား တပည့်တော်သည် ဤသို့ပြုလျှင် မသင့်မလျော်ဟု သိပါသည် ထိုသို့သိသော်လည်း တပည့်တော်၏ လက်တဘက်သည် အချည်းနှီးမဟုဟ်ပါဘုရားဟု လျှောက်ထားလေသော် သာမဏေ အသို့နည်းဟု မေးပြန်လေ၏။ သာမဏေသည် အစမှ စ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။

မထေရ်သည် ကြားလျှင်ကြားခြင်း ထိတ်လန့်သော စိတ်နှလုံးရှိသဖြင့် ငါကား အလွန်ဝန်လေး စွာသော အမှုကို ပြုမိလေစွတကားဟုဆို၍ သူတော်ကောင်း သာမဏေ ငါ့အား သည်းခံပါလော့ ဤအကြောင်းကို ငါမသိ။ ငါ၏ကိုးကွယ်ရာ ဖြစ်ပါလောဟု လက်အုပ်ချီလျက် ခုနစ်နှစ်ရှိသော သာမဏေငယ်၏ ခြေရင်း၌ ဆောင့်ကြောင့် ထိုင်နေလေ၏။

ထိုအခါ မထေရ်ကို သာမဏေသည် အရှင်ဘုရား တပည့်တော်ကား ဤသို့တောင်းပန် ရှိခိုး စိမ့်သောငှါ ဆိုသည်မဟုတ်ပါ။ အရှင်ဘုရားတို့၏ စိတ်တော်ကို စောင့်ရှောက် လိုပါသဖြင့် တပည့်တော် ဤသို့ဆိုပါသည်။ ဤအရာ၌ အရှင်ဘုရားတို့၏ အပြစ် မဟုတ်ပါ။ တပည့်တော်၏ အပြစ်လည်း မဟုတ်ပါ။ ဤအပြစ်သည် သံသရာဝဋ်၏ အပြစ်သာဖြစ်ပါသည်။ ထွေထွေရာရာ မကြံကြပါလင့်။ တပည့်တော်သည် အရှင်ဘုရားတို့၏ နှလုံးမသာယာခြင်းကို စောင့်ရှောက်သော အားဖြင့်သာလျှင် မလျှောက်ကြားဘဲ နေပါသည်ဘုရားဟု လျှောက်ဆိုလေ၏။ မထေရ်ကား သာမဏေက သက်သာရာရအောင် နှစ်သိမ့်စေသော်လည်း မနှစ်သိမ့်မှု၍ဖြစ်သော ထိတ်လန့်ခြင်း ရှိလျက် သာမဏေ၏ ပရိက္ခရာကို ယူ၍ ဘုရားရှင်၏ အထံတော်သို့ သွားလေ၏။

မြတ်စွာဘုရားသည်လည်း ထိုကောသမ္ဗီဝါသီ တိဿ ရဟန်း၏ လာခြင်းကို ကြည့်ရှုလျက်သာ နေတော်မူလေ၏။ မထေရ်သည် သွားရောက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘုရားရှင်နှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ ပြောကြားခြင်းကိုပြုသဖြင့် ရဟန်း သင့်အား ခန့်ကျန်း၏လော။ တစုံတခု လွန်စွာဖြစ်သော မချမ်းမသာခြင်းသည် ဖြစ်လေသလောဟု မေးမြန်းအပ်သည်ရှိသော်မထေရ်သည် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ခန့်ကျန်းပါ၏။ တပည့်တော်အား တစုံတခုလွန်စွာ ဖြစ်သော မချမ်းသာခြင်းမရှိပါ။ စင်စစ်မူကား တပည့်တော်၏ ဤ သာမဏေငယ် ကဲ့သို့ လွန်ကဲသောဂုဏ် ကျေးဇူးရှိသောသူကို မမြင်စဖူးပါဘုရားဟု လျှောက်ထားလေ၏။

ချစ်သားရဟန်း အဘယ်အမှုကို ဤသာမဏေငယ် ပြုဖူးလေသနည်း ဟု မေးတော်မူလတ်သော် မထေရ်သည် အစမှစ၍ အလုံးစုံသော ထိုအကြောင်းကို မြတ်စွာဘုရားအား ပြောကြား လျှောက်ထားလျက် မြတ်စွာဘုရား ဤသို့လျှင် တပည့်တော်သည် သည်းခံစေအပ်သည်ရှိသော် တပည့်တော်ကို ဤသို့ ဆိုပါသည်၊ ဤအရာ၌ အရှင်ဘုရားတို့အား အပြစ်မရှိပါ တပည့်တော် အားလည်း အပြစ်မရှိပါ ဤသို့ဖြစ်ရခြင်းသည် သံသရာဝဋ်၏ အပြစ်သာတည်း အရှင်ဘုရားတို့ သည် ထွေထွေရာရာ မကြံကြပါကုန်လင့်ဟုဆို၍ သက်သာရာရအောင် နှစ်သိမ့် စေပါသေးသည်။ တပည့်တော်အပေါ်၌ ငယ်သော အမျက်ထွက်ခြင်း ကြီးသော အမျက်ထွက်ခြင်းကို မပြုပါ။ မြတ်စွာဘုရား ဤသို့သဘောရှိသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော သူကို မမြင်စဖူးပါဘုရားဟု လျှောက်ကြားလေ၏။

ထိုအခါ ထိုမထေရ်ကို ချစ်သားရဟန်း ရဟန္တာတို့ မည်သည်ကား တစုံတယောက်သော သူအား အမျက်မထွက်ကြကုန်။ ပြစ်မှားခြင်းမပြုကြကုန်။ ငြိမ်သက်သော ဣန္ဒြေ ရှိကုန်သည်ဖြစ်၍ ငြိမ်သက်သော စိတ်ရှိကုန်သည်သာလျှင် ဖြစ်ကြကုန်၏ဟု မိန့်တော်မူလျက် အနုသန္ဓေစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၉၆။ သန္တန္တဿ မနံ ဟောတိ၊ သန္တဝါစာ စ ကမ္မစ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

သမ္မာ၊ သင့်သောအကြောင်းဖြင့်။
အညာ၊ သိ၍။
ဝိမုတ္တဿ၊ ကိလေသာမှ လွတ်ပြီးထသော။
ဥပသန္တဿ၊ အတွင်းရာဂစသည် ငြိမ်းခြင်းဖြင့် ငြိမ်းပြီးထသော။
တာဒိနော၊ ထိုသို့သဘောရှိသော။
တဿ၊ ထိုရဟန္တာ သာမဏေ၏။
မနံ၊ စိတ်သည်။
သန္တိ၊ အဘိဇ္ဈာစသည် မရှိသဖြင့် ငြိမ်ဧးသည်။
ဟောတိ၊ ဖြစ်၏။
ဝါစာစ၊ ဝစီကံစကားသည်၎င်း။
ကမ္မံစ၊ ကာယကံ အမှုသည်၎င်း။
သန္တိ၊ ငြိမ်းသည်။
ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ ကောသမ္ဗီပြည်၌ နေလေ့ရှိသော တိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါး တို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏ ကြွင်းသောလူများ အပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကောသမ္ဗီဝါသီ တိဿမထေရ်၏ သာမဏေဝတ္ထုပြီး၏။

---

၈ - အရှင်သာရိပုတြာ မထေရ်ဝတ္ထု (ဒုတိယ)

အသဒ္ဓေါ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

အရှင်သာရိပုတြာ မိစ္ဆာအယူ မစွန့်သေးဟုဆိုခြင်း

တပါးသောအခါ၌ သုံးကျိပ်မျှသော တောကျောင်းနေ ရဟန်းတို့သည် မြတ်စွာဘုရား၏ အထံတော် သို့လာ၍ ရှိခိုးပြီးလျှင် ထိုင်နေကြလေကုန်၏။ ဘုရားရှင်သည် ထိုရဟန်းတို့၏ ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယကို မြင်တော်မူသဖြင့် အရှင်သာရိပုတြာ မထေရ်ကို ခေါ်တော်မူပြီးလျှင် ချစ်သားသာရိပုတြာ သဒ္ဓိန္ဒြေကို ပွါးစေအပ်သည်ရှိသော် အကြိမ်များစွာ ပြုအပ် သည်ရှိသော် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏။ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏။ သင်ယုံကြည် ၏လောဟု ဣန္ဒြေငါးပါးတို့ကိုအကြောင်းပြု၍ ပြဿနာကို မေးတော်မူလေ၏။

အရှင်သာရိပုတြာ မထေရ်သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤသဒ္ဓိန္ဒြေကို ပွါးများ၍ အမြိုက်နိဗ္ဗာန်ကိုရ၏ ဟူသောအရာ၌ တပည့်တော်သည် မြတ်စွာဘုရားအား - ယုံကြည်သောအားဖြင့် ကပ်ရောက်သည် မဟုတ်ပါဘုရား။ မြတ်စွာဘုရား အကြင်သူတို့သည် ထိုအရာကို ဉာဏ်ပညာဖြင့် ဧကန် စင်စစ် မသိအပ် မရှုအပ် မမြင်အပ် ထိုးထွင်း၍ မသိအပ် မျက်မှောက် မပြုအပ် မတွေ့ထိအပ် ထိုသူတို့သည်သာလျှင် ထိုအရာ၌ သူတပါးတို့အား ယုံကြည်သောအားဖြင့် ကပ်ရောက်လေ ကုန်ရာ၏ဟု ထိုပြဿနာကို ဖြေကြားလေ၏။

ထိုဖြေဆိုခြင်းကို ကြားရလျှင် ရဟန်းတို့သည် အရှင်သာရိပုတြာ မထေရ်ကား မိစ္ဆာ အယူကို မစွန့်သေး ယနေ့တိုင်အောင်လည်း ဘုရားသဗ္ဗညုအား ယုံယုံကြည်ကြည် မရှိသေးသည်သာလျှင် တည်းဟု စကားကို ပြောကြားကြလေကုန်၏။

ထိုစကားကို ကြားလျှင် ဘုရားရှင်သည် ချစ်သားရဟန်းတို့ အဘယ်မည်သော ဤစကား ဆိုကြ ကုန်ဘိသနည်း။ ငါဘုရားသည် ဣန္ဒြေငါးပါးတို့ကို မပွားစေပူ၍ သမထ ဝိပဿနာကို မစီးဖြန်းစေမူ၍ မဂ်ဖိုလ်တို့ကို မျက်မှောက်ပြုခြင်းငှါ စွမ်းနိုင်သော သူမည်သည် ရှိ၏ ဟူသည်ကို ချစ်သား သာရိပုတြာ သင်သည် ယုံကြည်သလော ဟု မေးတော်မူ၏။

ထိုသာရိပုတြာသည်ကား ဤသို့ မျက်မှောက်ပြုသောသူ မည်သည် ရှိ၏ ဟူသည်ကို မယုံကြည် နိုင်ပါဘုရားဟု လျှောက်ကြား ဖြေဆို၏။ လှူအပ်သော အလှူ၏၎င်း ပြုအပ်သော ကောင်းမှု၏၎င်း အကျိုးဝိပါက်ကို မယုံကြည်သည် မဟုတ်။ ဘုရားရှင်စသည်တို့၏ ဂုဏ်တော် ကျေးဇူးကိုလည်း မယုံကြည်သည်မဟုတ်။ ဤသာရိပုတြာကား မိမိရအပ်ကုန်သော ဈာန်ဝိပဿနာ မဂ်ဖိုလ်ဓမ္မတို့၌ သူတပါးတို့အား ယုံကြည်သောအားဖြင့် ကပ်ရောက်သည် မဟုတ်။ ထို့ကြောင့် အပြစ်မဆိုအပ်ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်ပြီးလျှင် ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

၉၇။ အသဒ္ဓေါ အကတညူစ၊ သန္ဓိစ္ဆေဒေါစ ယောနရော။
ဟတာဝကာသော ဝန္တာသော၊ သဝေဥတ္တမပုရိသော။

စကားထာဝှက် ပဟေဠီ အနက်

ယောနရော၊ အကြင်သူသည်။
အသဒ္ဓေါစ၊ သဒ္ဓါတရားလည်း မရှိ။
အက တညူစ၊ ပြုဖူးသော ကျေးဇူးကိုလည်းမသိတတ်။
သန္ဓိစ္ဆေဒေါစ၊ အိမ်နံရံ အစပ်ကိုလည်း ဖောက်ထွင်း ဖျက်ဆီးတတ်၏။
ဝါ၊ ဖောက်ထွင်းခိုးယူတတ်၏။
ဟတာဝကာသော၊ မြို့ပြ ပြည်ရွာ လူနေရာကိုလည်း ဖျက်ဆီးတတ်၏။
ဝန္တာသော၊ တွယ်တာ စုံမက် နှစ်သက်စရာ ဥစ္စာပစ္စည်းကိုလည်း ထွေးအန် စွန့်ပစ် ချင်အောင် လုယူတတ်၏။
သ-သောနရော၊ ထိုသူသည်။
ဝေ၊ စင်စစ်။
ဥတ္တမပုရိသော၊ နုတ်အပ်ပြီးသော အဝိဇ္ဇာရှိသောယောက်ျားမြတ် ဖြစ်ပေ၏။

[ဤကား စကားဝှက်သည်ကို မသိသဖြင့် ပေးအပ်သော အလိုမရှိအပ်သော အနက်။]

ယောနရော၊ အကြင်သူသည်။
အသဒ္ဓေါ၊ မိမိရအပ်သော ဂုဏ်ကို သူတပါး စကားဖြင့် ယုံကြည်သော သူမဟုတ်။
(ကိုယ်တွေ့ဖြင့်သာ ယုံကြည်၏ဟူလို)
အက တညူစ၊ အကြောင်းတရားတို့ မပြုအပ်သော နိဗ္ဗာန်ကိုလည်း သိတတ်၏။
သန္ဓိစ္ဆေဒေါစ၊ သံသရာဝဋ်အစပ် စက်ရဟတ်ကိုလည်း ဖြတ်တတ်၏။
ဟတာဝကာသောစ၊ ဖြစ်ရာဌာန ဘုံဘဝကိုလည်း ဖျက်ဆီးတတ်၏။
(ကံမျိုးစေ့ ကုန်ခြင်းကြောင့် ဖြစ်စရာဘဝ မရှိပြီ ဟူလို)
ဝန္တာသောစ၊ ထွေးအန်ပြီးသောအာသာ တဏှာလည်းရှိ၏။
သောနရော၊ ထိုသူသည်။
ဝေ၊ စင်စစ်။
ဥတ္တမပုရှိသော၊ မြတ်သော ယောက်ျားဖြစ်ပေ၏။
(ဤကား အလိုရှိအပ်သောအနက်)။

ဒေသနာတော်၏အကျိုး

ဂါထာ၏ အဆုံး၌ ထိုတောကျောင်းနေ သုံးကျိပ်မျှသော ရဟန်းတို့သည် ပဋိသမ္ဘိဒါ လေးပါးတို့နှင့် တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ကြွင်းသော လူအပေါင်း အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော် မူလေ၏။

အရှင်သာရိပုတြာမထေရ်ဝတ္ထုပြီး၏

---

၉ - ရှားတောနေ ရှင်ရေဝတ မထေရ်ဝတ္ထု

ဂါမေဝါ-အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ရှားတော၌ နေလေ့ရှိသော ရေဝတမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခုနှစ်နှစ်သား ရေဝတ မင်္ဂလာဆောင်ပွဲ

အရှင်သာရိပုတြာ မထေရ်သည် ရှစ်ဆဲ့ခုနစ်ကုဋေ ဥစ္စာကိုပယ်စွန့်၍ ရဟန်း ပြုပြီးလျှင် စာလာ, ဥပစာလာ, သီသူပစာလာ, ဟူသော နှမ သုံးယောက်တို့ကို၎င်း၊ စုန္ဒ, ဥပသေန ဟူသော ညီ နှစ်ယောက်တို့ကို၎င်း ရဟန်းပြုစေလေ၏။ ရေဂတသတို့သား တယောက်ထည်းသာ အိမ်၌ ကြွင်းကျန်၏။

ထိုအခါ ရေဝတ သတို့သား၏ မိခင်သည် ငါ့သားဖြစ်သော ဥပတိဿသည် ဤမျှလောက်သော ဥစ္စာကို ပယ်စွန့်၍ ရဟန်းပြုပြီးလျှင် နှမ သုံးယောက်တို့ကို၎င်း ညီ နှစ်ယောက် တို့ကို၎င်း ရဟန်းပြုစေပြန်၏။ ရေဝတ တယောက်သာ အိမ်၌ ကြွင်းကျန်၏။ ဤ ရေဝတကိုလည်း အကယ်၍ ရှင်ရဟန်း ပြုပေးသည်ဖြစ်အံ့ ငါတို့၏ ဤမျှ လောက်သောဥစ္စာသည် ပျက်စီးလတ္တံ့။ အမျိုးအနွယ် ပြတ်လတ္တံ့။ ငယ်စဉ်က သာလျှင် ရေဝတကို အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့ပေတော့အံ့ဟု ကြံစည်လေ၏။

အရှင်သာရိပုတြာ မထေရ်သည်လည်း ရှေးဦးမဆွကပင်လျှင် ရဟန်းတို့ကို ငါ့ရှင်တို့ ရေဝတသည် ရှင်ရဟန်းပြုလိုသောကြောင့် အကယ်၍ လာသည်ဖြစ်အံ့ လာကာမျှ ချက်ခြင်း ထိုရေဝတကို ရှင်ရဟန်း ပြုပေးကြပါကုန်လော့ ငါ့မိခင် ဖခင်တို့သည် မိစ္ဆာအယူ ရှိကုန်၏။ မိဘတို့ကို ပန်ကြားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ငါသည်ပင်လျှင် ထိုရေဝတ၏ အမိလည်းဟုတ်၏။ အဘလည်းဟုတ်၏ဟု မိန့်ဆိုမှာထားလေ၏။

ထိုရေဝတ၏ မိခင်သည်လည်း ရေဝတသတို့သားကို ခုနစ်နှစ် အရွယ်ကပင်လျှင် အိမ်ယာ ထောင်ခြင်းဖြင့် နှောင်ဖွဲ့လိုသောကြောင့် တူသော ဇာတ်ရှိသော အမျိုး၌ သတို့သ္မီးငယ်ကို တောင်းရမ်းကာ နေ့ရက်ချိန်းချက် ပြီးလျှင် သတို့သားကို ဝတ်စားတန်းဆာ ကောင်းစွာ ဆင်ယင် စေလျက် များစွာသော အခြံအရံနှင့်တကွ ယူဆောင်၍ သတိုးသ္မီးငယ်၏ ဆွေမျိုးမိဘအိမ်သို့ သွားလေ၏။

ထိုအခါ ပြုအပ်သော မင်္ဂလာရှိကုန်သော နှစ်ယောက်သော သူတို့၏လည်း ဆွေမျိုးဉာတကာ တော်စပ်ကုန်ခဲသော သူတို့သည် စည်းဝေးကြကုန်သည် ရှိသော် ရေခွက်၌ လက်တို့ကိုချစေ၍ မင်္ဂလာစကားတို့ကို ပြောဆိုကြပြီးလျှင် သတို့သ္မီးငယ်၏ ကြီးပွားခြင်းကို တောင်းတကြကုန်သော ဆွေမျိုးတို့က ချစ်သ္မီး သင်သည် သင်၏အဘွားမ မြင်သိအပ်သော တရားကို မြင်ရ၍ အဘွားမကဲ့သို့ ရှည်မြင့်စွာ အသက်ရှည်ပါစေ သတည်းဟု ဆိုကြကုန်၏။

ရေဝတ သတို့သားသည် ဤသတို့သ္မီး၏အဘွားမ မြင်သိအပ်သော တရားဟူသည် အဘယ်နည်း ဟုကြံ၍ “ဤသတို့ သ္မီး၏ အဘွားမဟူသည် အဘယ်သူနည်း”ဟု မေးလေ၏။ ထိုအခါ ရေဝတကို ချစ်သား အသို့နည်း အသက်တရာ့နှစ်ဆယ် ရှည်ခြင်းရှိလျက် ကျိုးသောသွား ရှိသော ဖြူသော ဆံလည်းရှိသော တွန့်လိပ်သော အရေလည်းရှိသော မှည့်မဲ ပေါက်စွဲသော ကိုယ်လည်းရှိသော နံရိုး ကိုင်းကိုင်းရှိသော ဤအဘွားမကို မမြင် လေသလော၊ ဤသူကား သတို့သ္မီး၏ အဘွားမတည်းဟု ပြောဆိုကြကုန်၏။

အသို့နည်း ဤသတို့သ္မီးငယ်သည်လည်း ဤသို့သဘော ရှိသည် ဖြစ်လတ္တံ့လောဟု မေးပြန် လတ်သော် ချစ်သား အကယ်၍ အသက်ရှည်သည်ဖြစ်အံ့ ဖြစ်လတ္တံ့ ဟု ဆိုကုန်၏။ ထိုရေဝတ သည် ဤသို့သဘောရှိသည် မည်သော ကိုယ်သည်လည်း အိုခြင်းဖြင့် ဤသို့ဖေါက်ပြန်ခြင်းသို့ ရောက်လတ္တံ့။ ထို့ကြောင့် ငါ၏နောင်တော် အကြီးဆုံးဖြစ်သော ဥပတိဿသည် ဤသဘောကို မြင်သည်ဖြစ်လတ္တံ့။ ယနေ့ပင်လျှင် ငါသည် ထွက်ပြေး၍ ရှင်ရဟန်းပြုခြင်းငှါ သင့်၏ဟု ကြံစည်မိလေ၏။ ထို့နောက်မှ ရေတကို ဆွေမျိုးတို့သည် သတို့သ္မီးငယ်နှင့် အတူတကွ ယာဉ်တခု သို့တင်၍ ဆောင်ယူ ဖဲသွားကြလေကုန်၏။

ရေဝတ သတို့သား ထွက်ပြေး၍ သာမဏေပြုခြင်း

ထိုရေဝတ သတို့သားသည် အတန်ငယ်သွားမိလျှင် ကိုယ်လက် သုတ်သင်ခြင်း ကိစ္စကို ညွှန်းပြ ယိုးမယ်ဖွဲ့၍ တခဏမျှယာဉ်ကို ရပ်ဆိုင်းကြပါကုန်ဦးလော့ သက်ဆင်းပြီးလျှင် မကြာမီ လာခဲ့ပါမည်ဟု ဆို၍ ယာဉ်မှဆင်းသက်သဖြင့် တခုသောချုံ၌ အတန်ငယ် ကြာမြင့်အောင်ပြုပြီးမှ သွားလေ၏။ တဖန်လည်း အတန်ငယ်သွားပြီးလျှင် ထိုကိစ္စရှိယောင် ညွှန်းပြခြင်းဖြင့်သာလျှင် ဆင်းသက်ပြီးမှ တက်စီးပြန်၏။ တဖန်လည်း ထိုရှေးအတူသာလျှင် ပြုပြန်၏။

ထိုအခါ ရေဝတ၏ ဆွေမျိုးတို့သည် မချွတ်ဧကန် အမှန်စင်စစ် ဤသူငယ်အား ကိုယ်လက် သုတ်သင်ရန် ဝေဒနာထကြွခြင်းတို့သည် ဖြစ်ကုန်ဘိ၏ဟု မှတ်ထင်ခြင်းကြောင့် အလွန် မြဲမြံစွာ အစောင့်အရှောက်ကို မပြုကြကုန်။ ထိုရေဝတသည် တဖန်လည်း အတန်ငယ်သွား၍ ထို ကိုယ်လက် သုတ်သင်ခြင်း ကိစ္စညွှန်းပြခြင်းဖြင့်သာလျှင် ဆင်းသက် ပြီးလျှင် သင်တို့သည် မောင်းနှင်ကာ ရှေ့သို့သွားနှင့်ကြပါ ကျွန်တော်တို့သည် နောက်မှ ဖြေးဖြေးလာကြပါမည်ဟု ဆိုလျက် ဆင်းသက်ကာ ချုံသို့ရှေးရှု မျက်နှာပြုလေ၏။

ထိုရေဝတ၏ ဆွေမျိုးတို့သည်လည်း နောက်မှလိုက်လာလိမ့်မည် ဟူသောအမှတ်ဖြင့် ယာဉ်ကို မောင်းနှင်ကာ သွားကြလေကုန်၏။ ရေဝတသည်လည်း ထိုချုံမှ ထွက်ပြေး၍ တခုသောအရပ်၌ သုံးကျိပ်သော ရဟန်းတို့သည် နေကြကုန်၏။ ထိုရဟန်းတို့၏ အထံသို့ ရောက်သွားသဖြင့် ရှိခိုးပြီးလျှင် အရှင်ဘုရားတို့ တပည့်တော်ကို ရှင်သာမဏေ ပြုပေးတော်မူကြပါဘုရားဟု လျှောက် ကြားလေ၏။

သတို့သားငယ် ဒါယကာကလေး သင်သည် ခပ်သိမ်းသော တန်းဆာတို့ဖြင့် တန်းဆာ ဆင်ယင်လျက် ရှိပေ၏။ ငါတို့သည် သင်၏မင်းသား ဖြစ်သည်ကို၎င်း အမတ်သား ဖြစ်သည်ကို၎င်း မသိကြရကုန်။ အဘယ်သို့လျှင် ရှင်သာမဏေ ပြုပေးနိုင်ကုန် လတ္တံ့နည်းဟု မိန့်တော်မူကြ သောအခါ အရှင်ဘုရားတို့သည် တပည့်တော်ကို မသိကြပါသလောဟု လျှောက်ဆိုလေ၏။ ဒါယကာ သတို့သားငယ် ငါတို့မသိကြကုန် ဟုဆိုလျှင် တပည့်တော်သည် ဥပတိဿ၏ညီ အငယ်ဆုံးပါဘုရားဟု လျှောက်ဆိုပြန်လေ၏။

ဤ ဥပတိဿ အမည်ရှိသောသူသည် အဘယ်သူနည်းဟု မေးပြန်သော် သြော် ဟုတ်ပါပေ၏ အရှင်ဘုရားတို့ အရှင်ကောင်းတို့သည် တပည့်တော်၏ နောင်တော်ကို သာရိပုတြာဟု ခေါ်ဝေါ် ကုန်၏။ ထို့ကြောင့် တပည့်တော်က ဥပတိဿဟူ၍ လျှောက်ထားသည်ကို မသိနိုင်ကြကုန်ဟု လျှောက်လေ၏။

အသို့နည်း သင်သည် အရှင်သာရိပုတြာ၏ ညီငယ်လေလောဟု မေးပြန်သော် အရှင်ဘုရားတို့ မှန်လှ ပါသည်ဘုရားဟု လျှောက်ဆိုပြန်လေ၏။ ထိုသို့ဖြစ်မူ လာလှည့် သင်၏နောင်တော်သည် ခွင့်ပြုထားနှင့်သည် သာတည်းဟုဆို၍ ရဟန်းတို့သည် ထိုရေဝတ၏ တန်းဆာတို့ကို ချွတ်စေသဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ ထားစေလျက် ရှင်သာမဏေပြုပေးပြီးလျှင် အရှင်သာရိပုတြာ မထေရ်အား သတင်းစကား လျှောက်ကြားစေလွှတ်ကြ လေကုန်၏။

ဘုရားနှင့် အရှင်သာရိပုတြာတို့ ကြွသွားခြင်း

အရှင်သာရိပုတြာ မထေရ်သည် ထိုစကားကို ကြားရလျှင် ဘုရားရှင်အား ဘုန်းတော် ကြီးတော် မူသော မြတ်စွာဘုရား တောကျောင်းနေ ရဟန်းတို့သည် ရေဝတကို ရှင်သာမဏေ ပြုပေး သတတ်ဟု သတင်းစကား ပို့လိုက်ကြပါသည်။ တပည့်တော်သွား၍ ထိုရေဝတကို ကြည့်ရှုပြီးမှ ပြန်လာလိုပါသည် ဘုရားဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း ချစ်သား သာရိပုတြာ သည်းခံဦးလော့ဟု မိန့်တော်မူသဖြင့် သွားခြင်းငှါ အခွင့်မပေးဘဲ ထားလေ၏။

အရှင် သာရိပုတြာမထေရ်လည်း တဖန် နှစ်ရက်-သုံးရက် လွန်သောအခါ ဘုရားရှင်ကို ပန်ကြားပြန်၏။ ဘုရားရှင်သည်လည်း ချစ်သား သာရိပုတြာ သည်းခံဦးလော့ ငါဘုရားတို့သည် လည်း လိုက်ကြကုန်ဦးအံ့ဟု မိန့်တော်မူသဖြင့် သွားခွင့်ကို မပေးဘဲ ထားလေ၏။

သာမဏေ ရှင်ရေဝတသည်လည်း ငါကား ဤအရပ်၌ အကယ်၍ နေခဲ့သည်ဖြစ်အံ့ ဆွေမျိုးတို့သည် ငါ့ကိုလိုက်၍ ခေါ်စေကြကုန်လတ္တံ့ဟု နှစ်လုံးပြုလျက် ထိုရဟန်းတို့အထံ၌ အရဟတ္တဖိုလ်သို့ ရောက်သည် တိုင်အောင် ကမ္မဋ္ဌာန်းကို သင်ကြား၍ သပိတ် သင်္ကန်းကို ယူလျက် ဒေသစာရီ လှည့်လည်လတ်သည် ရှိသော် ထိုအရပ်မှ ယူဇနာ သုံးဆယ်ကွာသော ရှားတောသို့ ရောက်သွား သဖြင့် ဝါတွင်းသုံးလ အတွင်း၌ပင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။

အရှင်သာရိပုတြာ မထေရ်သည်လည်း ပဝါရဏာပြုပြီးလျှင် ဘုရားရှင်ကိုတဖန် ထိုရှားတောသို့ သွားခြင်းငှါ ပန်ကြားပြန်လေ၏။ ဘုရားရှင်သည် ချစ်သားသာရိပုတြာ ငါဘုရားတို့သည်လည်း သွားကြကုန်အံ့ဟု မိန့်တော်မူ၍ ရဟန်း ငါးရာတို့နှင့် အတူတကွ ထွက်တော်မူလေ၏။ အတန်ငယ် ခရီးရောက်သွားသော ကာလ အရှင်အာနန္ဒာမထေရ်က နှစ်ဖြာသောခရီး၌ ရပ်လျက် ဘုရားရှင်ကို မြတ်စွာဘုရား ရေဝတသာမဏေ အထံသို့ သွားရာခရီးတို့တွင် ဤခရီးကား မဖြောင့်သော ယူဇနာ ခြောက်ဆယ်ရှိသော ခရီးဖြစ်၍ လူတို့နေရာဖြစ်ပါသည်။ ဤခရီးကား ဖြောင့်သော ယူဇနာ သုံးဆယ်ရှိသော ခရီးဖြစ်၍ နတ်ဘီလူးတို့ သိမ်းဆည်းအပ်ပါသည်။ အဘယ်ခရီးဖြင့် သွားကြရ ပါကုန်အံ့နည်းဘုရားဟု လျှောက်လေ၏။ ချစ်သားအာနန္ဒာ ရှင်သီဝလိသည် ငါတို့နှင့်အတူတကွ လိုက်ပါလာသလောဟု မေးတော်မူလျှင် မြတ်စွာဘုရား ရှင်သီဝလိ လိုက်ပါလာပါသည် ဘုရားဟု လျှောက်သဖြင့် ရှင်သီဝလိ အကယ်၍ လိုက်ပါလာသည်ဖြစ်အံ့ ဖြောင့်သောခရီးကိုသာလျှင် ယူလော့ဟု မိန့်တော်မူလေ၏။

[ဘုရားရှင်သည်ကား ငါသည်သင်တို့ အလို့ငါ ယာဂုဆွမ်းကို ဖြစ်စေအံ့။ ခရီးဖြောင့်ကို ယူလော့ဟု မိန့်ဆိုတော်မမူဘဲ ဤအရပ်ကား ထိုထိုပုဂ္ဂိုလ် တို့၏ကောင်းမှု အကျိုးပေးရာ အရပ်တည်းဟု သိတော်မူ၍ ရှင်သီဝလိ အကယ်၍ လိုက်ပါလာသည်ဖြစ်အံ့ ဖြောင့်သော ခရီးကိုယူလော့ဟု မိန့်တော်မူသတတ်။]

ရှင်သီဝလိ လာဘ်ပေါခြင်း ဘုန်းတန်ခိုး

ထိုခရီးသို့ မြတ်စွာဘုရား ကြွသွားတော်မူသည်ရှိသော် နတ်တို့သည် ငါတို့အရှင် သီဝလိမထေရ် အား ပူဇော်သက္ကာရကို ပြုကုန်အံ့ဟု ကြံ၍ တယူဇနာ တယူဇနာ ကွာသောအရပ်၌ ကျောင်းတို့ကို ဆောက်စေလျက် တယူဇနာမှ အထက်သို့ ကြွသွားစိမ့်သောငှါ မပေးမူ၍ နံနက်စောစောထပြီးလျှင် နတ်၌ဖြစ်သော ယာဂု စသည်တို့ကို ယူကုန်သဖြင့် ငါတို့၏ အရှင်ဖြစ်သော သီဝလိမထေရ်သည် အဘယ်၌ နေတော်မူသနည်းဟု လှည့်လည် ရှာဖွေကြကုန်၏။

သီဝလိမထေရ်သည် မိမိအား ရှေးရှု ဆောင်ခဲ့သော ဆွမ်းကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းစေ၏။ ဤသို့လျှင် ဘုရားရှင်သည် အခြံအရံ ပရိသတ်နှင့် တကွ ယူဇနာ သုံးဆယ်ရှိသော ခရီးခဲကို ရှင်သီဝလိ မထေရ်၏ ဘုန်းကံကို ခံစား သုံးဆောင်လျက် ကြွသွားတော်မူလေ၏။ ရေဝတ မထေရ်သည်လည်း မြတ်စွာဘုရား၏ ကြွလာခြင်းကိုသိလျှင် ဘုရားရှင် အလို့ငှါ ဂန္ဓကုဋိ တိုက်တော် ဖန်ဆင်း၍ အထွတ် တပ်သော ကျောင်းငါးရာ စင်္ကြံငါးရာ ညဉ့်သန့်စရာ နေ့သန့်စရာ အရပ်ငါးရာတို့ကိုလည်း ဖန်ဆင်းကာ ထားလင့်၏။ ဘုရားရှင်သည် ထိုရေဝတ၏ အထံ၌ တလမျှ နေတော်မူလေ၏။ ထိုအရပ်၌ နေတော်မူလျက်လည်း ရှင်သီဝလိ မထေရ်၏ ဘုန်းကံကိုသာလျှင် ခံစား သုံးဆောင်တော် မူရလေ၏။

---

ရဟန်းကြီးနှစ်ပါး ဒုက္ခတွေ့ပုံ

ထိုအရပ်၌ ရဟန်းကြီး နှစ်ပါးတို့သည် ရှားတောသို့ ဝင်သောအခါ ကြံစည် မိပုံကား ဤရဟန်းသည် ဤမျှလောက်သော အမှုသစ် (အမှုပို) ကို ပြုလုပ် အားထုတ်သူဖြစ်ရကား ရဟန်းတရားကို အားထုတ်ခြင်းငှါ အဘယ်မှာ တတ်နိုင်လတ္တံ့နည်း။ ဘုရားရှင်သည် အရှင်သာရိပုတြာမထေရ်၏ ညီငယ်ဖြစ်ပေသည်ဟု မျက်နှာကြည့်ရှု ငဲ့ညှာလျက် ဤသို့သဘောရှိသော အမှုသစ် ပြုလုပ် အားထုတ်လေ့ရှိသော ရဟန်း၏ အထံသို့ ကြွလာဘိလေသည်ဟု ကြံစည်မိကြလေကုန်၏။

ဘုရားရှင်သည်လည်း ထိုနေ့နံနက် စောစောအခါ လောကကို ကြည့်ရှုတော် မူလတ်သည်ရှိသော် ထိုရဟန်းတို့ကို မြင်တော်မူလျှင် ထိုရဟန်းတို့၏ စိတ်အကြံကိုလည်း သိတော်မူလေ၏။ ထို့ကြောင့် ဤအရပ်တွင် တလမျှနေ၍ ထွက်ပြန်လာခဲ့သောနေ့၌ အကြင် အခြင်းအရာဖြင့် ဓိဋ္ဌာန်သည်ရှိသော် ထိုရဟန်းကြီးတို့သည် မိမိ၏ ဆီကြည်တောက်ကို၎င်း ရေဗူးကို၎င်း ဘိနပ်တို့ကို၎င်း မေ့လျော့ ကုန်၏။ ထိုအခြင်းအရာဖြင့် ဆောက်တည်၍ ထွက်လာခဲ့ပြန်သည်ရှိသော် ကျောင်းဥပစာ မှ အပသို့ ထွက်မိသောအခါ၌ တန်ခိုးပြာဋိဟာကို စွန့်လွှတ်လေ၏။

ထိုအခါ ထိုရဟန်းကြီး နှစ်ပါးတို့သည် ငါကား ဤမည် ဤမည်သောဝတ္ထုကို မေ့လျော့၏။ ငါသည်လည်း မေ့လျော့၏ဟု နှစ်ဦးစလုံး ဆုတ်နစ်ပြန်သွား၍ ထိုနေရပ်ကို မမှတ်မိသောကြောင့် ရှားဆူးတို့ဖြင့် စူးကုန်သည်ဖြစ်၍ သွားလာ လှည့်လည် ရှာဖွေသည်ရှိသော် တခုသော ရှားပင်၌ တွဲလွဲဆွဲနေသော မိမိဥစ္စာကို မြင်ကြရမှ ယူငင်ကာ ဖဲသွားကြရရှာလေသတည်း။

---

ပြန်ရောက်သောအခါ ဝိသာခါအား ပြောကြားကြပုံ

ဘုရားရှင်သည်လည်း ရဟန်းသံဃာအပေါင်းကို ခေါ်ဆောင်၍ တဖန် တလမျှဖြင့်သာလျှင် ရှင်သီဝလိမထေရ်၏ ဘုန်းကံကို ခံစားသုံးဆောင်လျက် ပြန်သွား၍ ပုဗ္ဗာရုံ ကျောင်းတော်သို့ ဝင်ရောက်တော်မူလေ၏။ ထိုအခါ ထိုရဟန်းကြီး နှစ်ပါးတို့သည် နံနက်စောစောကပင်လျှင် မျက်နှာသစ်၍ ဧည့်သည် အာဂန္တုတို့ အလို့ငှါ ဆွမ်းလှူလေ့ရှိသော ဝိသာခါ၏အိမ်သို့ ယာဂုကို သောက်ကုန်အံ့ဟု သွား၍ ယာဂုသောက်ပြီးလျှင် ခဲဖွယ်စားကာ နေကြကုန်၏။

ထိုအခါ ထိုရဟန်းကြီး နှစ်ပါးတို့အား ဝိသာခါက အရှင်ဘုရားတို့ အရှင်ဘုရားတို့ သည်လည်း ဘုရားရှင်နှင့်အတူတကွ ရှင်ရေဝတမထေရ်၏ နေရာအရပ်သို့ ကြွရောက်တော်မူကြပါသလား ဘုရားဟု မေးလျှောက်ရာ ဒါယိကာမကြီး သွားကြသည်မှန်၏ဟု ဆိုကုန်၏။ အရှင်ဘုရားတို့ ရေဝတ မထေရ်၏ နေရာအရပ်သည် မွေ့လျော်ဖွယ် ရှိပါရဲ့လားဘုရားဟု မေးပြန်သည်ရှိသော် ဒါယိကာမကြီး ထိုရှင်ရေဝတ၏ နေရာသည် မွေ့လျော်ဖွယ် အဘယ်မှာရှိနိုင်အံ့နည်း ထိုနေရာသည် ထိုရွေ့လောက် သက်သက် ဆူးရှိသော ရှားပင်တောအုပ် ရှုပ်လျက်ရှိ၏။ ပြိတ္တာတို့နေရာ အရပ်နှင့် အတူတူဖြစ်၏ဟု ပြောကြလေကုန်၏။

ထို့နောက် တပါးသော ရဟန်းငယ်နှစ်ပါးတို့ ကြွလာကြပြန်ကုန်၏။ ဒါယိကာမကြီးသည် ထိုရဟန်းငယ် နှစ်ပါးတို့အားလည်း ယာဂုခဲဖွယ်ကို လှူဒါန်း၍ ထို့အတူသာလျှင် မေးပြန်လေ၏။ ရဟန်းငယ် နှစ်ပါးတို့က ဒါယိကာမကြီး ချီးမွမ်းခြင်းငှါ မတတ်နိုင်။ ရေဝတမထေရ်၏ နေရာအရပ်သည် သုဓမ္မာ နတ်သဘင်နှင့် အတူတူဖြစ်၏။ တန်ခိုးဖြင့် ဖန်ဆင်း စီရင်ထားအပ်သကဲ့သို့ ဖြစ်၏ဟု ဆိုကြလေကုန်၏။

ဝိသာခါ ဒါယိကာမကြီး ကြံစည် ရိပ်မိပုံကား ရှေးဦးစွာကြွလာသော ရဟန်း ကြီးတို့အား တပါးသော အခြင်းအရာဖြင့် ပြောဆိုကြကုန်၏။ ဤရဟန်းငယ်တို့ကား တပါးသော အခြင်းအရာဖြင့် ပြောဆို ကြကုန်၏။ ရှေးဦးစွာ ကြွလာသော ရဟန်းကြီးတို့သည် တစုံတခု မေ့လျော့ ကျန်ရစ်သဖြင့် တန်ခိုး လွှတ်သော ရုပ်သိမ်းသော ကာလမှပြန်လာကြသည် ဖြစ်ကုန်လတ္တံ့။ ဤရဟန်းငယ်တို့ကား တန်ခိုးဖြင့် ပြုပြင်စီရင်၍ ဖန်ဆင်းထားသော ကာလ၌ပင် ပြန်လာကြသည် ဖြစ်ကုန်လတ္တံ့ဟု ကြံစည်၍ မိမိပညာရှိသည့် အဖြစ်ကြောင့် ဤအကြောင်းကို သိပြီးလျှင် မြတ်စွာဘုရားကို ကြွလာတော်မူသောအခါ၌ မေးမြန်းလျှောက်ထား ဦးအံ့ဟု ကြံ၍ နေလင့်၏။

ထို့နောက် တခဏ တမဟုတ်ကြာ ကာလ၌ပင် မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံလျက် ဝိသာခါအိမ်သို့ ကြွသွားလေ၍ ခင်းထားအပ်သော နေရာ၌ နေတော်မူလေ၏။ ဝိသာခါသည် ဘုရားအမှူးရှိသော ရဟန်းသံဃာ အပေါင်းတို့ကို ရိုသေစွာ လုပ်ကျွေးသဖြင့် ဆွမ်းစားခြင်း ကိစ္စ ပြီးသောအခါ ဘုရားရှင်ကိုရှိခိုးလျက် မြတ်စွာဘုရား ရှင်တော်မြတ် ဘုရားတို့နှင့် အတူကြွသွား ကြကုန်သော ရဟန်းတို့တွင် အချို့သော ရဟန်းတို့သည် ရေဝတ မထေရ်၏ နေရာ အရပ်သည် ရှားချုံရှုပ်ထွေးသော တောဟူ၍ ဆိုကြပါသည်။ အချို့သော ရဟန်းတို့သည် မွေ့လျော်ဖွယ် ရှိသည်ဟုဆိုကြပါသည်။ ဤအကြောင်းသည် အဘယ်ပါနည်းဘုရား ဟု မေးလျှောက်လေ၏။

ထိုစကားကို ကြားလျှင် ဒါယိကာမကြီး ရွာ၌မူလည်းဖြစ်စေ တော၌မူလည်းဖြစ်စေ အကြင်နေရာ အရပ်၌ ရဟန္တာတို့နေကြကုန်၏။ ထိုနေရာအရပ်သည် မွေ့လျော်ဖွယ် ရှိသည်သာလျှင် တည်းဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော် မူလေ၏။

---

ဒေသနာတော်

၉၈။ ဂါမေဝါ ယဒိဝါ အရညေ၊ နိန္နေဝါ ယဒိဝါ ထလေ။ ယတ္ထ အရဟန္တော ဝိဟရန္တိ၊ တံဘူမိ ရာမဏေယျကံ။

ဂါမေဝါ၊ ရွာ၌မူလည်းဖြစ်စေ။
ယဒိ၊ ထိုမှတပါး။
အရညေဝါ၊ တော၌ မူလည်းဖြစ်စေ။
နိန္နေဝါ၊ ချိုင့်ဝှမ်းရာ နိမ့်ရာ အရပ်၌မူလည်း ဖြစ်စေ။
ယဒိ၊ ထိုမှတပါး။
ထလေဝါ၊ ကြည်းကုန်းမြင့်ရာ အရပ်၌မူလည်း ဖြစ်စေ။
ယတ္ထ၊ အကြင် အရပ်၌။
အရဟန္တော၊ ရဟန္တာတို့သည်။
ဝိဟရန္တိ၊ နေကြကုန်၏။
တံဘူမိ၊ ထိုနေရာအရပ်သည်။
ရာမဏေယျကံ၊ မွေ့လျော်နှစ်သက်ဖွယ်ရှိ၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

---

ရှင်သီဝလိ အတိတ်ကံ မေးလျှောက်ခြင်း

တပါးသောအခါ ရဟန်းတို့သည် ငါ့ရှင်တို့ အဘယ် အကြောင်းကြောင့် ရှင်သီဝလိ မထေရ်သည် ခုနစ်နှစ် ခုနစ်လ ခုနစ်ရက်တို့တိုင်တိုင် အမိဝမ်း၌နေရ ရှာလေသနည်း။ အဘယ်အကြောင်းကြောင့် ငရဲ၌ခံရ ကျက်ရရှာလေသနည်း။ အဘယ် အကျိုးဆက်ကြောင့် ဤသို့ လာဘ်လာဘ ပြန့်ပြောခြင်း အခြံအရံ ပြန့်ပြောခြင်းကို ရတော်မူလေသနည်းဟု စကားကို ပြောကြားကြလေကုန်၏။

ဘုရားရှင်သည် ထိုစကားကိုကြားလျှင် ချစ်သားရဟန်းတို့ အဘယ်စကားကို ပြောကြားကြ ကုန်သနည်းဟု မေးတော်မူခြင်းကြောင့် မြတ်စွာဘုရား ဤမည်သောစကား ပြောကြားကြပါသည် ဘုရားဟု နားတော် လျှောက်လတ်သည် ရှိသော် ထို ရှင်သီဝလိ၏ ရှေးကောင်းမှု ကံကို ဟောကြားတော်မူလိုသဖြင့် ဤသို့ မိန့်တော်မူလေ၏။

---

ဝိပဿီဘုရားလက်ထက် ကုသိုလ်ပြိုင်ပွဲ

ချစ်သားရဟန်းတို့ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်သော် ကိုးဆဲ့တကမ္ဘာ ထက်၌ ဝိပဿီမည်သော ဘုရားရှင်သည် လူတွင်ထင်ရှား ပွင့်တော်မူသဖြင့် တပါးသောအခါ ဇနပုဒ်ဒေသစာရီ ကြွချီတော် မူပြီးလျှင် ခမည်းတော်၏ နေပြည်တော်သို့ ပြန်ရောက်လာလေ၏။ ခမည်းတော်မင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော် အပေါင်းအလို့ငှါ အာဂန္တုကအလှူကို စီရင်သဖြင့် ပြည်သူပြည် သားတို့အားလာ၍ ငါ၏အလှူ၌ အဖော်သဟဲ ဖြစ်ကြကုန်လော့ ဟု သတင်း စကားပြောကြား စေလွှတ်လိုက်လေ၏။

ပြည်သူပြည်သားတို့သည် မင်းကြီးဆိုတိုင်း ပြုပြီးလျှင် မင်းကြီးပေးသော အလှူထက် အလွန် လွန်ကဲစွာ ပေးလှူကြကုန်အံ့ဟု ဘုရားရှင်ကိုပင့်ဖိတ်၍ တဖန်မိုးသောက်သောနေ့၌ အလှူကို စီရင်ကာ မင်းကြီးအား သတင်းစကား စေလွှတ်သံတော်ဦး တင်ကြလေကုန်၏။ မင်းကြီးသည် လည်း ကြွလာတော်မူ၍ ပြည်သူပြည်သားတို့၏ အလှူကိုမြင်ရလျှင် ဤအလှူထက် လွန်ကဲစွာ လူဦးအံ့ဟု တဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်၏။

မင်းကြီးသည် ပြည်သူပြည်သားတို့ကို ရှုံးစေခြင်းငှါမတတ်နိုင်။ ပြည်သူ ပြည်သား တို့သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှါ မတတ်နိုင်ကြကုန်။ ပြည်သူ ပြည်သားတို့သည် ခြောက်ကြိမ်မြောက် သောအခါ၌ ယခုအခါ နက်ဖြန် ဤသူတို့၏ အလှူ၌ ဤမည်သော လှူဖွယ်ဝတ္ထုသည် မရှိဟု ဆိုခြင်းငှါ မတတ်ကောင်းအောင် အလှူကို လှူကုန်အံ့ဟုကြံ၍ တဖန်မိုးသောက်သောနေ့၌ အလှူကိုစီရင်ပြီးလျှင် ဤအလှူ၌ အဘယ်ဒါနဝတ္ထု မရှိသနည်းဟု ကြည့်ရှုကြသည်ရှိသော် ပျားရည် အစိမ်းကိုသာလျှင် မမြင်ကြကုန်။ ပျားရည်အကျက်ကား များစွာရှိ၏။ ထိုပြည် သူပြည်သားတို့သည် ပျားရည်အစိမ်း အလို့ငှါ လေးခုကုန်သော မြို့တံခါးတို့၌ အသပြာ လေးထောင်တို့ကိုယူစေ၍ စေလွှတ်ကြလေကုန်၏။

---

ပျားရည်အလှူဝင်သူ ဇနပုဒ်သားအကြောင်း

ထိုအခါ ဇနပုဒ်ရွာသား တယောက်သည် ရွာစားမင်းကို ဖူးမြင်ခြင်းငှါ လာလတ်သည် ရှိသော် ခရီးအကြား၌ ပျားအုံကို မြင်ရသဖြင့် ပျားကောင်တို့ကို ပျံသွားစေပြီးလျှင် သစ်ခက်ကိုဖြတ်၍ အခက်အတန်နှင့်တကွ ပျားအုံကိုယူဆောင်ကာ ရွာစားမင်းအား ဆက်သအံ့ဟု မြို့သို့ဝင် ရောက်လေ၏။ ပျားအလို့ငှါ သွားသောသူသည် ထိုဇနပုဒ်သား ယောက်ျားကိုမြင်လျှင် အိုအချင်း ယောက်ျား ရောင်းအပ်သော ပျားအုံလောဟု မေးလေ၏။ သခင့်သား ရောင်းစရာမဟုတ်ပါဟု ဆိုလတ်သော် ယခု ဤအသပြာကိုယူ၍ ပျားအုံကို ပေးပါလော့ဟု ဆိုလေ၏။

ထိုပျားရှင်ယောက်ျားသည် ဤပျားအုံသည်ကား တမတ်မျှလည်း မထိုက်။ ဤသူသည်ကား အသပြာကိုပေး၏။ အသပြာ များစွာရှိယောင်တကား။ ငါကား အသပြာကို တိုးတက်စိမ့်သောငှါ သင့်၏ဟု ကြံ၏။ ထို့နောက်မှ ထိုသူကို မပေးနိုင်ဟု ဆိုလေ၏။ ထိုသို့ဖြစ်မူ နှစ်သပြာတို့ကို ယူပါလော့ဟု ဆိုပြန်သော် နှစ်သပြာတို့ဖြင့်လည်း မပေးနိုင်ဟု ဆိုပြန်လေ၏။ ဤသို့လျှင် ထိုမျှလောက် တိုးတက်စေ သည်သာတည်း။

ထိုပျား ဝယ်လိုသော ယောက်ျားသည် ထိုသို့ဖြစ်မူ ဤအသပြာ တထောင်ကို ယူပါလော့ဟု ဆိုလျက် ဥစ္စာထုပ်ကို အနီးသို့ ဆောင်ယူလာလေ၏။ ထိုအခါ ထိုဝယ်ယူလိုသောသူကို ပျားရှင်က အသို့နည်း သင်ရူးသလော ထိုသို့မဟုတ် အသပြာထားစရာ အရပ်ကို မရလေသလော။ တမတ်မျှပင် မထိုက်သောပျားကို တထောင်ယူ၍ ပေးပါဟုဆိုဘိ၏။ ဤသည်ကား အဘယ် သဘောနည်းဟု ဆိုလေ၏။ အချင်းယောကျ်ား ငါကား သိပါ၏။ ဤပျားဖြင့် ငါ့အားပြုဖွယ် ကိစ္စရှိပါသည်။ ထို့ကြောင့်သာ ဆိုပါသည်ဟု ပြောဆိုလတ်သော် သခင့်သား အဘယ်အမှုကိစ္စ ပါနည်းဟု မေးမြန်းလေ၏။

ငါတို့သည် ခြောက်သောင်း ရှစ်ထောင် ရဟန်း အခြံအရံရှိသော ဝိပဿီ မြတ်စွာဘုရားအား အလှူကြီးကို စီရင်အပ်၏။ ထိုအလှူ၌ ပျားအစိမ်းတခုသာလျှင် မရှိ။ ထို့ကြောင့် ဤသို့ ဝယ်ယူရပါသည်ဟုဆိုလျှင် ဤသို့ မြတ်စွာဘုရားအား လှူလိုသည်ရှိသော် ငါသည်အဘိုးဖြင့်မပေး ငါသည်လည်း အလှူ၌ ကုသိုလ်အဖို့ကို အကယ်၍ရသည်ဖြစ်အံ့ ဤသို့ရမူ ပေးပါအံ့ဟု ဆိုလေ၏။

ထိုဝယ်ယူလိုသော သူသည်လည်း ပြန်သွား၍ ပြည်သူပြည်သားတို့အား ထိုအကြောင်းကို ပြော ကြားလေ၏။ ပြည်သူပြည်သားတို့သည်လည်း ထိုပျားရှင်၏ သဒ္ဓါတရားအားကြီးခြင်းကို သိရလျှင် ကောင်းလေစွ ကောင်းလေစွ။ အလှူအဖို့ကို အညီအမျှရသည် ဖြစ်စေပါလော့ဟု ဝန်ခံကြ၍ ပြည်သူပြည်သားတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို သီတင်းသုံး နေစေလျက် ယာဂု ခဲဖွယ်ကို လှူဒါန်း၍ ကြီးစွာသော ရွှေခွက်ကို ဆောင်ယူလာစေပြီးလျှင် ပျားအုံ ပျားလဖို့ကို ညှစ်စေကြကုန်၏။

ထိုဇနပုဒ်သားဖြစ်သော သူသည်ပင်လျှင် လက်ဆောင်အလို့ငှါ ဆောင်ယူ လာခဲ့သော နို့ဓမ်းအိုး လည်း ရှိသေး၏။ ထိုသူသည် နို့ဓမ်းကိုလည်း ခွက်၌လောင်းထည့်၍ ပျားရည်နှင့် ရောနှောကာ နယ်ပြီးလျှင် ဘုရားအမှူးရှိသော ရဟန်း သံဃာအား အစဖြစ်သော ဘုရားမှစ၍ လှူဒါန်း ဆက်ကပ်လေ၏။ ထိုပျားနို့ဓမ်းသည် အလိုရှိတိုင်း အလှူခံယူကုန်သော ရဟန်းအားလုံးတို့အား ပြည့်စုံစွာ ရောက်လေ၏။ အပိုအလျှံလည်း ကြွင်းကျန်သေးသည်သာလျှင်တည်း။

[ဤသို့လျှင် အနည်းငယ်သောပျားသည် ထိုရွေ့လောက် များစွာသော သူတို့အား အဘယ်သို့သော အခြင်းအရာဖြင့် စေ့စေ့ငှငှ လောက်လေသနည်းဟု မကြံစည်အပ်။ ထိုသို့ရောက်ခြင်းသည် ဘုရား အာနုဘော်အားဖြင့် ရောက်သည်သာတည်း။ ဘုရားအရာကိုလည်း မကြံစည်အပ် ထိုစကားမှန်၏။ မကြံစည်အပ်သော လေးပါးသော သဘောတရားတို့ကို ဟောကြားအပ်ကုန်၏။ ထိုမကြံစည်အပ် သည်တို့ကို ကြံစည်သောသူသည် ရူးသွပ်ခြင်း၏ အဖို့ရှိသည်သာဖြစ်၏။ ၁-ဗုဒ္ဓဝိသယ၊ ၂-ဣဒ္ဓိဝိသယ၊ ၃-လောကဝိသယ၊ ၄-ကမ္မဝိသယ၊]

---

ရှင်သီဝလိ သားအမိတို့၏ ကြောက်ဖွယ် ဝိပါက်

ထိုပျားရှင် ယောက်ျားသည် ဤမျှလောက်သော ကောင်းမှုကံကို ပြုရသဖြင့် အသက်အဆုံး၌ နတ်ပြည်၌ဖြစ်ပြီးလျှင် ဤမျှကာလတိုင်တိုင် သံသရာ၌ ကျင်လည်လတ်သည်ရှိသော် အခါတပါး နတ်ပြည်မှ စုတေခဲ့၍ ဗာရာဏသီပြည် မင်းမျိုး၌ဖြစ်သဖြင့် ခမည်းတော်ကွယ်လွန်သောအခါ မင်းအဖြစ်သို့ရောက်လေ၏။

ထိုမင်းသည် မြို့တခုကို သိမ်းယူအံ့ဟုသွား၍ ဝန်းရံထားလေ၏။ မြို့သူ မြို့သား တို့အားလည်း ငါ့အား ပြည်စည်းစိမ်ကိုမူလည်း ပေးမည်လော၊ စစ်ထိုးခြင်းကိုမူလည်း ပေးမည်လောဟု သတင်း စကား ပို့လိုက်၏။ ထိုမြို့သူ မြို့သားတို့သည် ပြည်စည်းစိမ်ကိုလည်း ငါတို့မပေးလိုကုန်၊ စစ်ထိုးခြင်းကိုလည်း မပေးလိုကုန် ဟုဆို၍ မလွယ်ပေါက် တံခါးငယ်တို့ဖြင့် ထွက်လျက် ထင်း ရေ စသည်တို့ကို ဆောင်ယူကြကုန်၏။

အလုံးစုံသောကိစ္စတို့ကိုလည်း ပြုကြလေကုန်၏။ ဗာရာဏသီမင်းသည် တံခါးမလေးခုတို့ကို စောင့်ရှောက်လျက် ခုနစ်နှစ်နှင့် ခုနစ်လတို့ပတ်လုံး မြို့ကို ပိတ်ပင်ဆီးတား ဝန်းရံထားလေ၏။ ထိုအခါ မင်း၏မယ်တော်သည် ငါ့သားတော်ကား အဘယ်သို့သော အမှုကို ပြုသနည်းဟု မင်းချင်း တို့ကို မေးလတ်သဖြင့် မိဖုယားကြီး ဤမည်သောအမှုကို ပြုပါသည်ဟု ပြောကြားသောကြောင့် ထိုအကြောင်းကိုကြားလျှင် ငါ့သားတော်သည် မလိမ္မာမသိ မိုက်မဲဘိ၏တကား သွားကြလေကုန် ထိုသားတော်မင်းအား တံခါးငယ်တို့ကို ပိတ်လျက် မြို့ကို ဆီးတား ပိတ်ပင်ရမည် ဟူ၍ ဆိုကြလေလော့ဟု တမန်စေလွှတ်လေ၏။

ထိုဗာရာဏသီ မင်းသည်လည်း မယ်တော်၏ သတင်းစကားကို ကြားရလျှင် ထိုမယ်တော်ဆိုတိုင်း ပြုစေလေ၏။ မြို့သူမြို့သား တို့သည်လည်း အပသို့ထွက်ခြင်းငှါ မရကုန်သည် ဖြစ်၍ ခုနှစ်ရက် မြောက်သောနေ့၌ မိမိတို့ပြည့်ရှင်မင်းကို သတ်၍ ဗာရာဏသီမင်းအား ပြည်စည်းစိမ်ကို အပ်နှင်းကြလေကုန်၏၊

ထိုမင်းသည် ဤမကောင်းမှုကို ပြုခြင်းကြောင့် အသက်အဆုံး၌ အဝီစိငရဲ၌ ဖြစ်ပြီးလျှင် အကြင် ရွေ့လောက် ဤမြေကြီးသည် တယူဇနာမျှ တိုးပွါး မြင့်မောက်လာ၏။ ထိုရွေ့လောက် ငရဲ၌ ကျက်ပြီးလျှင် တံခါးငယ် လေးခုတို့ကို ပိတ်ခြင်းကြောင့် ထိုငရဲမှ စုတေသည်ရှိသော် ထိုမိခင်၏ ဝမ်း၌သာလျှင် ပဋိသန္ဓေ စွဲယူလေသဖြင့် ခုနစ်နှစ်နှင့် ခုနစ်လတို့ပတ်လုံး အမိဝမ်းတွင်း၌ နေရပြီးလျှင် ခုနစ်ရက်တိုင်တိုင် ယောနိဝ၌ ကန့်လန့် ဖီလာ အိပ်ရရှာ၏၊

ချစ်သားရဟန်းတို့ ဤသို့လျှင် သီဝလိသည် ထိုအခါ မြို့ကိုဝန်းရံပိတ်ဆီးကာ ယူခဲ့ဖူးသော မကောင်းမှုကြောင့် ဤမျှ ကာလပတ်လုံး ငရဲ၌ကျက်၍ တံခါးငယ် လေးခုတို့ကို ပိတ်ခြင်းကြောင့် ထိုကိုယ်မှ စုတေသည်ရှိသော် ထိုမိခင်၏ ဝမ်း၌သာလျှင် ပဋိသန္ဓေစွဲယူလေသဖြင့် ဤမျှ ကာလ ပတ်လုံး ဝမ်းခေါင်း၌ ကိန်းအောင်းရရှာလေ၏၊

လတ်လတ် ဆတ်ဆတ် ပျားရည်ကို လှူခဲ့ဖူးသော ကောင်းမှုကြောင့်ကား လာဘ်လာဘ ပြန့်ပြောခြင်း အခြံအရံ ပြန့်ပြောခြင်းကို ရသည်ဖြစ်၏ဟု မိန့်တော်မူလေ၏။

---

ကိုရင်ရေဝတ အကြောင်း စကားစပ်

တဖန်တနေ့သ၌ ရဟန်းတို့သည် ရေဝတ သာမဏေအား လာဘ်လာဘသည် အံ့ဩဖွယ်ရှိပေစွ ဘုန်းကံသည်လည်း အံ့ဩဖွယ်ရှိပေစွ။ ယင်း သာမဏေသည် ဘုန်းရှိ၏။ တယောက်ထည်း ဖြစ်လျက် ရဟန်းငါးရာတို့၏ အလို့ငှါ စုလစ်မွန်းချွန် အထွဋ်တပ်သော ငါးရာသော ကျောင်း စသည်တို့ကို ပြုလုပ်အပ်ကုန်၏ဟု စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သား ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေး ကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သား ရဟန်းတို့ ငါ့သားအား ကောင်းမှုလည်း မရှိ၊ မကောင်းမှု လည်းမရှိ၊ ကောင်းမှု-မကောင်းမှု နှစ်ပါးကို ထိုသာမဏေ ပယ်ရှားအပ်ပြီဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောတော်မူလေ၏။

ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂံ ဥပစ္စဂါ။ အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
ဣဓ၊ ဤသာသနာတော်၌။
ယော၊ အကြင် သူသည်။
ပုညဉ္စ၊ ကောင်းမှုကို၎င်း။
ပါပဉ္စ၊ မကောင်းမှုကို၎င်း။
ဥဘော၊ နှစ်ပါးစုံသော ကံတို့ကို။
ဆဍ္ဋေတွာ၊ ပယ်စွန့်၍။
သင်္ဂံ၊ အာရုံ၌ကပ်ငြိတတ်သောရာဂကို။
ဥပစ္စဂါ၊ လွန်မြောက်ပြီ။
အသောကံ၊ စိုးရိမ်ခြင်းလည်းမရှိသော။
ဝိရဇံ၊ ကိလေသာဟူလည်းမရှိသော။
သုဒ္ဓံ၊ သန့်ရှင်းစင်ကြယ်သော။
တံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
ဗြာဟ္မာဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။

ရှားတောနေ ရှင်ရေဝတမထေရ်ဝတ္ထုပြီး၏။

---

၁၀ - မထင်ရှားသော မိန်းမတယောက် ဝတ္ထု

ရမဏီယာနိ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် မထင်ရှားသော မိန်းမတယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

တကယ့်ဝဲဇလုပ် တကယ့်လှေသင်္ဘော သဖွယ်

ပိဏ္ဍပါတ် ဓုတင်ကို ဆောက်တည်သော ရဟန်းတပါးသည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူပြီးလျှင် တခုသော ဥယျာဉ်ဟောင်းသို့ဝင်၍ ရဟန်း တရားကို အားထုတ်သတတ်။ မြို့ကြီး ပြည်ကြီးကို တင့်တယ်စေတတ်သောကြောင့် တန်းဆာသဖွယ်ဟု သမုတ်ခေါ်ဝေါ်အပ်သော ပြည်မကံကျွေး မိန်းမတယောက် သည် ယောက်ျားတယောက်နှင့်တကွ ကျွန်မသည် ဤမည်သော အရပ်သို့ သွားပါမည်။ အရှင်သည်ထိုအရပ်သို့ လာခဲ့ပါဟု ချိန်းချက် မှတ်သားခြင်းကိုပြု၍ သွား လေရာ ထိုယောက်ျား မလာသဖြင့် ထိုမိန်းမသည် ယောကျ်ား၏ လာရာလမ်းခရီးကို ကြည့်ရှု လတ်သည်ရှိသော် ထိုယောက်ျားကို မမြင်ရသဖြင့် ပျင်းရိလှသောကြောင့် ထိုမှ ဤမှ လှည့်လည် လျက် ဥယျာဉ်သို့ ဝင်လာလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော မထေရ်မြတ်ကို မြင်ရပြီးလျှင် ထိုမှ ဤမှ တပါးသောသူကို ကြည့်ရှုပြန်ရာ တပါးသောသူ တစုံတယောက်ကိုမျှ မမြင်ရခြင်းကြောင့် ရဟန်းသည်လည်း ယောက်ျားဖြစ်၏။

ဤသို့လျှင် ထိုရဟန်း၏စိတ်ကို တွေအောင် ပြုအံ့ဟု ကြံစည်လျက် ထိုရဟန်း၏ ရှေ့၌ ရပ်၍ အဖန်တလဲလဲ အဝတ် ထမီကို တမင် ဖြေချွတ်ကာ ဝတ်လေ၏။ ဆံပင်တို့ကိုလည်း ဖြည်၍ထုံး၏။ လက်ခုပ်ကိုလည်း တီး၍ရယ်၏။ မထေရ်အား ထိတ်လန့်ခြင်း သံဝေဂဉာဏ် ဖြစ်ပေါ်လာ သောကြောင့် တကိုယ်လုံးပီတိဖြင့် ပျံ့နှံ့လေရကား ထိုရဟန်းသည် ဤသည်ကား အဘယ်နည်းဟု ဆင်ခြင်လေ၏။

ဘုရားရှင်သည်လည်း ငါဘုရား၏အထံ၌ ကမ္မဋ္ဌာန်း ယူ၍ ရဟန်းတရားကို အားထုတ်အံ့ဟု သွားသော ရဟန်းအား အကြောင်း အဘယ်သို့ ဖြစ်သနည်းဟု ဆင်ခြင်တော်မူလတ်သည် ရှိသော် ထိုမိန်းမကို မြင်ရလျှင် ထိုမိန်းမ၏ မသင့်လျော်သော အကျင့် အမူအရာကို၎င်း မထေရ်၏ ထိတ် လန့်ခြင်းသို့ ရောက်ခြင်းကို၎င်း သိမြင်တော်မူသဖြင့် ဂန္ဓကုဋိတိုက်၌ နေတော် မူလျက်သာလျှင် ထိုရဟန်းနှင့် အတူတကွ ချစ်သားရဟန်း ကာမဂုဏ်ကို ရှာကုန်သော သူတို့ အာရုံပြုရာ ဌာန သည်သာလျှင် ရာဂကင်းကွာ ရဟန္တာတို့အား အာရုံပြုရာ ဌာနမဟုတ်ဟု စကားကို မိန့်ကြား ပြောဆိုတော်မူလေ၏။ ဤသို့ မိန့်ဆိုပြီးလျှင် ရောင်ခြည်တော်ကို ပြန့်နှံ့စေတော်မူလျက် ထို ရဟန်းအား တရားဟော လိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၉၉။ ရမဏီယာနိ အရညာနိ၊ ယတ္ထ နရမတီ ဇနော။ ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

အရညာနိ၊ တောတို့သည်။
ရမဏီယာနိ၊ မွေ့လျော်ဖွယ် ရှိကြကုန်၏။
ယတ္ထ၊ ယင်းတောတို့၌။
ဇနော၊ လူအပေါင်းသည်။
နရမတိ၊ မမွေ့လျော်။
ဝီတရာဂါ၊ တပ်ခြင်းကင်းသော ရဟန္တာတို့သည်။
ရမိဿန္တိ၊ မွေ့လျော်ကုန်လတ္တံ့။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
တေ၊ ထိုရဟန္တာတို့သည်။
ကာမ ဂဝေသိနော၊ ကာမဂုဏ်ကို ရှာမှီးကြကုန်သည်။
နဟောန္တိ၊ မဟုတ်ကုန်။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ မထေရ်သည် နေထိုင်လျက်ပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သဖြင့် ကောင်းကင်ခရီးဖြင့် ကြွလာတော်မူ၍ ချီးမွမ်းခြင်းကိုပြုလျက် ဘုရားရှင်၏ ခြေတော်တို့ကို ရှိခိုးပြီးမှ ပြန်သွားတော်မူလေသတည်း။

မထင်ရှားသောမိန်းမတယောက်ဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား ခုနစ်ခုမြောက်သော အရဟန္တဝဂ် အဖွင့်ပြီး၏။

---

၈ - သဟဿဝဂ်

၁ - တမ္ဗဒါဌိက ခိုးသူသတ် ယောက်ျား ဝတ္ထု

သဟဿမပိစေဝါစာ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် တမ္ဗဒါဌိက ခိုးသူသတ် ယောက်ျားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ခိုးသူသတ်ရာထူး ငါးဆယ့်ငါးနှစ် အမှုထမ်းသူ

တယောက်ဖြင့် ယုတ်လျော့သော ငါးရာသော ခိုးသူတို့သည် ရွာကိုဖျက်ဆီး ခြင်း အစရှိသည်တို့ကို ပြုကုန်လျက် အသက်မွေးမြူ ကြကုန်သတတ်။ ထိုအခါ ထုတ်ခြင်းခတ် မျက်စိကြောင်သည်ဖြစ်၍ နီသောကြင်စွယ် ရှိသောကြောင့် တမ္ဗဒါဌိက မည်သော ယောက်ျားတယောက်သည် ထိုခိုးသူတို့၏ အထံသို့သွားပြီးလျှင် ငါလည်း သင်တို့နှင့်အတူတကွ အသက်မွေးမြူပါအံ့ဟု ဆို၏။ ထိုအခါ ထို သူ့ကို ခိုးမှူးကြီးအား ပြ၍ ဤသူသည်လည်း အကျွန်ုပ်တို့ အထံ၌ နေခြင်း ငှါ အလိုရှိပါသတဲ့ဟု ဆိုကြလေကုန်၏။

ထိုသူကို ခိုးမှူးကြီးသည် ကြည့်ရှုလတ်သော် ဤသူကား မိခင်၏သားမြတ်ကို ကိုက်ဖြတ်၍ ဖခင်၏ လည်ချောင်းသွေးကို ထုတ်၍ စားသောက်ခြင်းငှါ စွမ်းနိုင်သောသူ ဖြစ်၍ အလွန် ကြမ်းကြုတ်သော သူတည်းဟု ကြံစည်မိသဖြင့် ငါတို့အထံ၌ ဤသူ၏ နေဖွယ် ကိစ္စမရှိဟု ပယ်လေ၏။ ထို တမ္ဗဒါဌိကသည် ဤသို့ပယ်သော်လည်း လာပြန်၍ ထိုခိုးမှူးကြီး၏ အတွင်းနေတပည့်တယောက်ကို ခစားလုပ်ကျွေးကာ နှစ်သိမ့်စေလေ၏။

ထိုတပည့်သည် တမ္ဗဒါဌိကကိုခေါ်၍ ခိုးမှူးကြီးသို့ ချဉ်းကပ်ပြီးလျှင် အရှင် ဤသူသည် ကောင်းသော သဘောရှိ၏။ ကျွန်တော်တို့အား ကျေးဇူးများသူ ဖြစ်ပါလိမ့်မည်။ ထိုယောက်ျားကို ပြုစုချီးမြှောက်ကြပါကုန်လော့ဟု တောင်းပန်၍ ခိုးမှူးကြီးကို လက်ခံစေလေ၏။

ထိုအခါ တနေ့သ၌ မြို့သူမြို့သားတို့သည် မင်းချင်းယောက်ျားတို့နှင့်အတူ တပေါင်းတည်းဖြစ်၍ ထိုခိုးသူတို့ကို ဖမ်းယူပြီးလျှင် တရားဆုံးဖြတ်တတ်သော အမတ်တို့ အထံသို့ ပို့ဆောင်ကြကုန်၏။ အမတ်တို့သည် ထိုခိုးသူတို့အား ပေါက်ဆိန်ဖြင့် ဦးခေါင်းဖြတ်ခြင်းကို (ဦးခေါင်းဖြတ်ရန်) အမိန့် ပေးကြလေကုန်၏။

ထို့နောင်မှ အဘယ်သူသည် ဤခိုးသူတို့ကို သတ်နိုင်အံ့နည်းဟု ရှာဖွေသည်ရှိသော် ထို ခိုးသူတို့ကိုသတ်ခြင်းငှါ အလိုရှိသော တစုံတယောက်သောသူကို မမြင်သဖြင့် ခိုးမှူးကြီးကို သင်သည် ဤခိုးသူတို့ကိုသတ်လျှင် အသက်ကိုလည်း ရလတ္တံ့။ ဆုလာဘ် ချီးမြှောက်ခြင်း ကိုလည်းရလတ္တံ့။ ဤခိုးသူတို့ကို သတ်လော့ဟု ဆိုကြကုန်၏။

ခိုးမှူးကြီးသည်လည်း မိမိကိုမှီ၍နေသော တပည့်တို့ဖြစ်သောကြောင့် ထိုသူတို့ကို သတ်ခြင်းငှါ အလိုမရှိ။ ဤသို့သောနည်းဖြင့် တခုယုတ် ငါးရာသော ခိုးသူတို့ကို မေးကြကုန်၏။ အလုံးစုံသော သူတို့သည်လည်း အလိုမရှိကြကုန်။ အလုံးစုံသော သူတို့၏နောက်၌ ထုတ်ချင်းခတ် မျက်စိ ကြောင်သည်ဖြစ်၍ နီသောကြင်စွယ်ရှိသော ထိုတမ္ဗဒါဌိကကို မေးကြကုန်၏။ ထိုတမ္ဗဒါဌိကသည် ကောင်းပြီဟုဝန်ခံ၍ အလုံးစုံသော ထိုခိုးသူတို့ကို သတ်ခြင်းကြောင့် အသက်ကိုလည်းရ၏။ ဆုလာဘ် ချီးမြှောက်ခြင်းကိုလည်း ရလေ၏။

ဤသို့သော နည်းအားဖြင့် မြို့၏တောင်အရပ်မှလည်း ခိုးသားငါးရာတို့ကို ဆောင်၍ အမတ် တို့အားပြလျှင် အမတ်တို့လည်း ခိုးသားတို့၏ ဦးခေါင်းဖြတ်ခြင်းကို စေအပ်ပြန်သည်ရှိသော် ခိုးမှူးကြီးကို အစပြု၍ မေးမြန်းကြရာ တစုံ တယောက်သောသူမျှ သတ်ခြင်းငှါ အလိုမရှိသည်ကို မြင်ရ၍ ရှေးဖြစ်သောနေ့၌ ယောက်ျားတယောက်သည် ငါးရာသော ခိုးသူတို့ကိုသတ်၏။

ထိုယောက်ျားသည် အဘယ်မှာနည်းဟု မေးသဖြင့် ဤမည်သောအရပ်၌ ငါတို့မြင်အပ်၏ဟု ဆိုလတ်သော် ထိုခိုးသူသတ် တမ္ဗဒါဌိကကို ခေါ်ခိုင်း၍ ဤသူတို့ကိုသတ်လော့။ ဆုတော် လာဘ်တော် ရလတ္တံ့ဟု စေခိုင်းကြကုန်၏။ ထိုတမ္ဗဒါဌိကသည်လည်း ကောင်းပြီ ဟုဝန်ခံ၍ ထို အလုံးစုံသော သူတို့ကိုလည်း သတ်ခြင်းကြောင့် မြတ်နိုးစွာပေး အပ်သော ဆုလာဘ်တို့ကိုရလေ၏။

ထိုအခါ တမ္ဗဒါဌိကကို ဤယောက်ျားသည် အသတ်ကောင်း၏ဟု ထိုယောက်ျားကို အမြဲတန်း ခိုးသူသတ်ကိုသာ ပြုအံ့ဟု တိုင်ပင်၍ တမ္ဗဒါဌိက အားသာလျှင် ထိုရာထူးကိုပေး၍ ဆုတော် လာဘ်တော်ပေးခြင်းကို ပြုကြလေကုန်၏။ ထိုတမ္ဗဒါဌိကသည် အနောက်မျက်နှာ အရပ်မှ၎င်း မြောက်မျက်နှာ အရပ်မှ၎င်း ဆောင်ခဲ့ကုန်သော ငါးရာ-ငါးရာသော ခိုးသားတို့ကိုလည်း သတ်သည် သာလျှင်တည်း။

ဤသို့အရပ်လေးမျက်နှာတို့မှ ဆောင်ခဲ့ကုန်သော နှစ်ထောင်သော ခိုးသားတို့ကို သတ်ပြီးလျှင် ထို အခါမှစလျက် နေ့တိုင်း နေ့တိုင်း ဆောင်ခဲ့ကုန်သော တယောက် နှစ်ယောက် သုံးယောက် ဖြစ်ကုန်သော လူတို့ကိုလည်း သတ်သဖြင့် ငါးဆဲ့ငါးနှစ်တို့ ပတ်လုံး ခိုးသူသတ်အမှုကိုသာ ပြုခဲ့လေ၏။

---

ရာထူးမှ ရွေ့လျောသောအခါ စည်းစိမ်ခံစားခြင်း

ထိုတမ္ဗဒါဌိကသည် အိုမင်းကြီးရင့်သောအခါ တချက်တည်းဖြင့် သာလျှင် ဦးခေါင်းကိုဖြတ်ခြင်းငှါ မတတ်နိုင်။ နှစ်ကြိမ် သုံးကြိမ် ပုတ်ခတ်ရသဖြင့် လူတို့ကို ပင်ပန်းစေ၏။ မြို့သူမြို့သားတို့သည် တမ္ဗဒါဌိကမှတပါးသော ခိုးသူသတ်ယောက်ျား သည်လည်း ပေါ်ပေါက်လာပါလိမ့်မည်။ ဤသူသည် အလွန်လျှင် လူတို့ကို ဆင်းရဲ ပင်ပန်းစေ၏။ ဤသူဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု ကြံ၍ တမ္ဗဒါဌိက၏ ခိုးသူသတ် ရာထူးကို ပယ်နုတ်ကြကုန်၏။

ထိုတမ္ဗဒါဌိကသည် ရှေး၌ ခိုးသူ သတ်အမှုကို ပြုရလေသောကြောင့် --
အစာ မကျေသေးသော ပုဆိုးသစ်ဖြင့် ဝတ်ခြင်းငှါ၎င်း၊
ထောပတ်သစ်ဖြင့် နိုရည်ယာဂုကို သောက်ခြင်းငှါ၎င်း၊
မုလေးပန်းတို့ကို ပန်ဆင်ခြင်းငှါ၎င်း၊
နံ့သာတို့ကို လိမ်းကျံခြင်းငှါ၎င်း၊
ဤ လေးပါးတို့ကို မရ။

ထို တမ္ဗဒါဌိကသည် ရာထူးမှ ရွေ့လျောသောနေ့၌ ငါ့အလို့ငှါ နို့ရည်ယာဂုကို ချက်ပေးကြ ကုန်လော့ဟု ဆို၍ အစာမကျေသေးသော ပုဆိုးသစ်တို့ကို၎င်း မုလေးပန်းနံ့သာပျောင်းတို့ကို၎င်း ယူစေ၍ မြစ်သို့ သွားသဖြင့် ရေချိုးပြီးလျှင် အစာ မကျေသေးသော ပုဆိုးသစ်တို့ကို ဝတ်လျက် ပန်းတို့ကို ပန်ဆင်လျက် နံ့သာတို့ဖြင့် လိမ်းကျံအပ်သောကိုယ် ရှိသည်ဖြစ်၍ အိမ်သို့ ပြန်လာပြီး ထိုင်နေလေ၏။

ထိုအခါ တမ္ဗဒါဌိက အလို့ငှါ ထောပတ်သစ်ဖြင့် စီရင်အပ်သော နို့ရည်ယာဂုကို ရှေ့တွင်ထား၍ လက်ဆေးရေကို ဆောင်ယူခဲ့ကြကုန်၏။ ထိုခဏ၌ အရှင်သာရိပုတြာ မထေရ်သည် သမာပတ်မှ ထသဖြင့် ယနေ့ အဘယ်အိမ်သို့ ငါသည် သွားသင့်မည်နည်းဟု ဆင်ခြင်လျက် မိမိ၏ ဆွမ်းခံရာ အရပ်ကို ကြည့်ရှုလတ်သော် ထိုတမ္ဗဒါဌိကအိမ်၌ နို့ရည်ယာဂုကိုမြင်ရလျှင် ငါ့အားထိုယောက်ျား သည် ချီးမြှောက် ထောက်ပံ့ခြင်းကို ပြုနိုင်အံ့လောဟု စူးစမ်း ဆင်ခြင်ပြန်သည်ရှိသော် ငါ့ကိုမြင်လျှင် ငါ့အားချီးမြှောက် ထောက်ပံ့ခြင်းကိုပြုနိုင်လတ္တံ့၊ ပြုပြီး၍ကား ဤအမျိုးသားသည် ကြီးစွာသော စည်းစိမ်ချမ်းသာကို ရလတ္တံ့ဟု သိတော်မူ၍ သင်္ကန်းကို ရုံပြီးလျှင် သပိတ်ကို ပိုက်ယူ၍ တမ္ဗဋ္ဌိက၏အိမ်တံခါး၌ ရပ်လျက်သာလျှင် ဖြစ်သော မိမိကိုယ်ကို ပြလေ၏။

ထိုတမ္ဗဒါဌိကသည် မထေရ်ကိုမြင်လျှင် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ငါကား ကြာမြင့် စွာသော ကာလပတ်လုံး ခိုးသူသတ်အမှုကို ပြုအပ်၏။ များစွာသောလူတို့ကို သတ်အပ်ကုန်၏။ ယခုအခါ ငါ့အိမ်၌ နို့ရည်ယာဂုကို စီရင်အပ်၏။ မထေရ်သည်လည်း ကြွလာ၍ ငါ၏ အိမ်တံခါး၌ရပ်၏။ ယခုအခါ ငါသည် ဤအရှင်မြတ်အား လှူဖွယ်ဝတ္ထုကို လှူခြင်းငှါ သင့်၏ဟု ကြံစည်မိသဖြင့် ရှေ့၌ချထားအပ်သော ယာဂုကိုပယ်၍ မထေရ်သို့ကပ်လျက် ရှိခိုးပြီးလျှင် အိမ်တွင်း၌ နေစေလျက် သပိတ်၌ နို့ရည်ယာဂုကို လောင်းထည့်၍ ထောပတ်သစ်ကို သွန်းလောင်း၍ မထေရ်ကို ယပ်ခပ်ကာနေလေ၏။

ထိုအခါ တမ္ဗဒါဌိက အားလည်း ရှည်ကြာစွာသော ကာလပတ်လုံး မရဖူးသည်၏ အဖြစ်ကြောင့် နို့ရည် ယာဂုကို သောက်ခြင်းငှါ အားကြီးစွာသော အလိုဆန္ဒ ရှိလေ၏။ အရှင်သာရိပုတြာ မထေရ်သည် ထိုတမ္ဗဒါဌိက အလိုကို သိတော်မူသဖြင့် ဒါယကာ သင်သည် မိမိ၏ ယာဂုကို သောက်လော့ဟု ဆိုလေ၏။ ထိုတမ္ဗဒါဌိကသည် တပါးသော သူ၏ လက်၌ ယပ်ကို ပေး၍ ယာဂုကို သောက်လေ၏။

မထေရ်သည်လည်း ယပ်ခပ်သော ယောက်ျားကို ဒါယကာ သင်သွားလော့ ငါ့အား ယပ်မခပ်လင့်ဟု ဆိုလေ၏။ ထိုတပါးသောသူ ယပ်ခပ်စဉ် တမ္ဗဒါဌိကသည် ဝမ်းပြည့်အောင် ယာဂုသောက်ပြီးမှ လာလတ်သဖြင့် မထေရ်ကို ယပ်ခပ်ကာနေ၍ ဆွမ်းစားပြီးသော အရှင်သာရိပုတြာမထေရ်၏ သပိတ်ကို ယူလေ၏။

---

အရှင်သာရိပုတြာ တရားဟော ကျွမ်းကျင်ပုံ

အရှင်သာရိပုတြာမထေရ်သည် တမ္ဗဒါဌိကအား တရား အနုမောဒနာပြုရန် အားထုတ်တော် မူလေ၏။ ထိုတမ္ဗဒါဌိကသည် မိမိ၏စိတ်ကို မထေရ်မြတ် ဟောတော်မူသော တရားဒေသနာ၌ ယှဉ်တွဲ၍ အစဉ်လိုက်ခြင်းကို ပြုခြင်းငှါ မတတ်နိုင်။ မထေရ်သည် ထိုအမူအရာကို မှတ်သား၍ ဒါယကာ အဘယ့်ကြောင့် စိတ်ကို ဒေသနာတော်၌ အစဉ် လိုက်ခြင်းကို ပြုခြင်းငှါ မတတ်နိုင် လေသနည်းဟု မေးတော်မူလေ၏။

အရှင်ဘုရား တပည့်တော်သည် ရှည်ကြာစွာသော ကာလပတ်လုံး ကြမ်းတန်းသော အမှုကို ပြုအပ်ပါသည်။ များစွာသော လူတို့ကို သတ်အပ်ကုန်၏။ ထိုမိမိ၏ မကောင်းမှုကို တပည့်တော် သည် အောက်မေ့မိသည်ဖြစ်ပါ၍ စိတ်ကို အရှင်မြတ်ဘုရား၏ ဒေသနာတော်၌ ယှဉ်တွဲ၍ အစဉ် လိုက်ခြင်းကို ပြုခြင်းငှါ မတတ်နိုင်ပါဘုရားဟု လျှောက်လေ၏။

မထေရ်မြတ်သည်လည်း ထိုတမ္ဗဒါဌိကကို ငါလှည့်ပတ်အံ့ဟု ကြံတော်မူ၍ ဒါယကာ သင်သည် မိမိအလိုဖြင့် ပြုသလော သူတပါးတို့သည် ပြုစေအပ်သလောဟု မေးတော်မူ၏။ အရှင်ဘုရား ပြည့်ရှင်မင်းကြီးသည် တပည့်တော်ကို ပြုခိုင်းပါသည်ဘုရားဟု လျှောက်ကြား လတ်သောအခါ ဒါယကာ ဤသို့ဖြစ်သည်ရှိသော် သင်အား မကောင်းမှု အကုသိုလ်ကံ ဖြစ်သတဲ့လော ဟု မိန့်မြွက်တော်မူလေ၏။

ပညာနုံ့သော သဘောရှိသော ဒါယကာသည် အရှင်သာရိပုတြာမထေရ် ဤသို့မိန့်သည်ရှိသော် ငါ့အား မကောင်းမှု အကုသိုလ်ကံ မရှိလေစွတကားဟု မှတ်ထင်သဖြင့် အရှင်ဘုရား ထိုသို့ဖြစ်မူ တရားတော်ကို ဟောကြားတော်မူပါဘုရားဟု အားရဝမ်းသာ လျှောက်ကြားရှာလေ၏။

---

ခိုးသူသတ်ယောက်ျား တရားနာကျိုး ဝမ်းမြောက်ဖွယ်

ထိုတမ္ဗဒါဌိကသည် အရှင်သာရိပုတြာ မထေရ်မြတ် အနုမောဒနာတရား ဟောကြားလတ်သည် ရှိသော် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ တရားတော် နာကြားစဉ် သောတာပတ္တိမဂ်၏ ဤမှာ ဘက်အတွင်းမှ အနုလောမိကခန္တီကို ဖြစ်စေလေ၏။ မထေရ်လည်း အနုမောဒနာပြုပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ မထေရ်မြတ်ကို အတန်ငယ်လိုက်ပို့၍ ပြန်လည်လာသော တမ္ဗဒါဌိက ဥပါသကာကို ဘီလူးမတယောက်သည် နွားမအသွင်ဖြင့် ပြေးလာပြီးလျှင် ရင်၌ ပုတ်ခတ်၍ ဝှေ့သတ်၏။

ထိုတမ္ဗဒါဌိကသည် စုတေမနေ သေသည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ရဟန်းတို့သည် တရားသဘင်၌ ခိုးသူသတ် ယောက်ျားသည် ငါးဆဲ့ ငါးနှစ်တို့ပတ်လုံး ကြမ်းကြုတ်သော အမှုကို ပြု၍ ယနေ့ပင်လျှင် ထိုကြမ်းကြုတ်သော အမှုမှ လွတ်မြောက်၏။ ယနေ့ပင်လျှင် အရှင်သာရိတြာ မထေရ်အား ဆွမ်း လှူဒါန်း၍ ယနေ့ပင်လျှင် သေလွန်ရှာလေ၏။

အဘယ်အရပ်၌ ဖြစ်လေအံ့နည်းဟု စကားပြောကြား ကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော် လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ထိုတမ္ဗဒါဌိကသည် တုသိတာနတ်ပြည်၌ ဖြစ်၏ဟု မိန့်တော်မူလေ၏။

မြတ်စွာဘုရား အဘယ်သို့ မိန့်တော်မူပါသနည်း ဤမျှကာလတိုင်တိုင် ဤမျှလောက် သောလူတို့ကို သတ်၍ တုသိတာနတ်ပြည်၌ ဖြစ်လေဘိသလောဘုရားဟု လျှောက်ပြန်သော် ချစ်သားရဟန်းတို့ တုသိတာနတ်ပြည်၌ ဖြစ်သည်ကားမှန်၏။ ထိုတမ္ဗဒါဌိကသည် အဆွေခင်ပွန်းကောင်းကို ရအပ်၏။ သာရိပုတြာ၏ တရားဒေသနာကို ကြားနာရ၍ အနုလောမိက ဉာဏ်ကို ဖြစ်စေသဖြင့် ဤဘဝ ဤ ကိုယ်အဖြစ်မှ စုတေသည်ရှိသော် တုသိတာနတ်ပြည်၌ ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သုဘာသိတံ သုဏိတွာန၊ နဂရေ စောရဃာတကော။ အနုလောမခန္တိံ လဒ္ဓါန၊ မောဒတီ တိဒိဝံ ဂတော။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
နဂရေ၊ ရာဇဂြိုဟ်ပြည်၌။
စောရဃတကော၊ ခိုးသူသတ်ယောက်ျားသည်။
သုဘာသိတံ၊ ကောင်းစွာဟောအပ်သော တရားတော်ကို။
သုဏိတွာန၊ နာကြားရ၍။
အနုလောမခန္တိံ၊ အနုလောမဉာဏ်ကို။
လဒ္ဓါန၊ ရသဖြင့်။
တိဒိဝံဂတော၊ တုသိတာနတ်ပြည်သို့ ရောက်လျက်။
မောဒတိ၊ မွေ့လျော်ရ၏။

ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အနုမောဒနာတရား ဟောခြင်း မည်သည် အားမကြီး လှပါ။ ထိုတမ္ဗဒါဌိက ပြုအပ်သော အကုသိုလ်ကံကား ကြီးလှပါ၏။ အဘယ်သို့လျှင် ဤမျှလောက် သောတရား နာကြားရုံမျှဖြင့် အကျိုးထူးကို ဖြစ်စေနိုင်ပါသနည်း ဘုရားဟု လျှောက်ကြားကြ ပြန်သည်ရှိသော် မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ငါဘုရား ဟောကြားအပ်သော တရားတော်၏ ပမာဏကို နည်းသည်ဟူ၍၎င်း များသည်ဟူ၍၎င်း မမှတ်ယူကြကုန်လင့်။ တခွန်းသော စကားသည်လည်း အကျိုးစီးပွားလို မှီခြင်းကြောင့် မြတ်သည်သာလျှင်တည်း ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကိုစပ်၍ တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၀၀။ သဟဿမပိ စေ ဝါစာ၊ အနတ္ထပဒသံဟိတာ။ ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

အနတ္ထပဒသံဟိတာ၊ တောဘွဲ့တောင်ဘွဲ့ အကျိုးမဲ့သော ပုဒ်တို့ဖြင့် စပ်ယှဉ်သော။
ဝါစာ၊ စကားသည်။
သဟဿမပိ၊ ပုဒ်ပေါင်းတထောင် များမြောင်စွာသည်လည်း။
စေဟောတိ၊ အကယ်၍ ဖြစ်ခဲ့ငြားအံ့။
နသေယျော၊ မမြတ်။
အတ္ထပဒံ၊ အကျိုးပြီးစရာ ခန္ဓာစသည်ကို ပြတတ်သော ပုဒ်ဟု ဆိုအပ်သော။
ယံ၊ အကြင်ပုဒ်ကို။
သုတွာ၊ နာကြားရသည်ရှိသော်။
ဥပသမ္မတိ၊ ရာဂစသည်တို့၏ ငြိမ်းခြင်းဖြင့် ငြိမ်း၏။
တံ၊ ထိုပုဒ်သည်။
ဧကမ္ပိ၊ တပုဒ်ထည်းပင် ဖြစ်သော်လည်း။
သေယျော၊ မြတ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

တမ္ဗဒါဌိကခိုးသူသတ်ယောက်ျား ဝတ္ထုပြီး၏။

၂ - ဗာဟိယဒါရုစီရိယ မထေရ်ဝတ္ထု

သဟဿမပိစေဂါထာ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ဒါရုစီရိယမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

သူတပါးစကားကြောင့် အကြံမှားပုံ

အခါတပါး များစွာသော လူတို့သည် လှေဖြင့် မဟာသမုဒြာသို့ သက်ဝင် ကူးသွားကြရာ မဟာသမုဒြာ အတွင်း၌ လှေကွဲပျက်သောကြောင့် ငါးလိပ်တို့၏ အစာဖြစ်ကုန်၏။ ဤလူ အပေါင်းတို့တွင် တယောက်သော ကုန်သည်သည် ပျဉ်ချပ်တခုကိုယူ၍ လုံ့လပြုသောကြောင့် သုပ္ပါရက သင်္ဘောဆိပ် မြစ်ကမ်းနားသို့ ရောက်လေ၏၊

ထိုယောက်ျားအား အဝတ်အရုံ ပုဆိုးကားမရှိ။ ထိုယောကျ်ားသည် တပါးသော တစုံတခု ဝတ်ရုံ စရာကို မမြင်ရကား ခြောက်သွေ့သော သစ်သား တုတ်ချောင်းကို လျှော်ဖြင့် ရစ်ပတ်သီကုံး၍ အဝတ်အရုံကို ပြုပြီးလျှင် နတ်ကွန်းနတ်စင်မှ ခွက်ကိုယူ၍ သုပ္ပါရကဆိပ်သို့ သွားလေ၏၊

လူတို့သည် ထိုသူကိုမြင်လျှင် ယာဂု ထမင်း စသည်တို့ကို ပေးကမ်း၍ ဤသူကား ရဟန္တာ တပါးပင်တည်းဟု ချီးမွမ်း ပြောကြကုန်၏၊ ထိုယောက်ျားသည် အဝတ်တို့ကို ဆောင်ပို့ လာကြကုန်သည်ရှိသော် ငါသည် အကယ်၍ဝတ်မူလည်း ဝတ်ငြားအံ့ ရုံမူလည်း ရုံငြားအံ့ ငါ့အား လာဘ်ပူဇော်သက္ကာရ ဆုတ်ယုတ်လတ္တံ့ဟု ကြံစည်၍ ထိုအဝတ်တို့ကို ပယ်စွန့်ပြီးလျှင် သစ်သား တုတ်ချောင်း အဝတ်သင်္ကန်းတို့ကိုသာ ဆောင်ယူ၏၊

ထိုအခါ များစွာသော လူတို့က ရဟန္တာဟူ၍ ဆိုအပ်သည် ရှိသော် ထိုသူအား ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်လေ၏၊ လောက၌ အကြင်အမှတ်မရှိ အလုံးစုံကုန်သော ရဟန္တာ ဖြစ်သော သူတို့သည်၎င်း အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်၎င်း ရှိကြကုန်၏။ ထိုသူတို့တွင် ငါသည် တယောက် အဝင်အပါတည်းဟု အကြံဖြစ်ပေါ်လေ၏။ ထိုအခါ ထိုသူ၏ ရှေး၌ သွေးသား တော်စပ်သူ အလား အကျွမ်းတဝင် ဖြစ်ဖူးသောကြောင့် ပုရာဏ သာလောဟိတ ဟု ဆိုအပ်သော ဗြဟ္မာကြီးသည် ဤသို့ ကြံစည်လေ၏၊ ထိုပုရာဏသာလောဟိတ ဟူသည်ကား ရှေး၌ အတူတကွ ရဟန်းတရားကို အားထုတ်ဖူးသောသူတည်း။

---

ကဿပဘုရား လက်ထက် ရဟန်းခုနစ်ပါး
တောင်ပေါ်သို့တက်၍ တရား အားထုတ်ခြင်း

ရှေးအခါ ကဿပ မြတ်စွာဘုရား၏ သာသနာတော် ရွေ့လျှောဆုတ်နစ် လတ်သည်ရှိသော် သာမဏေ စသည်တို့၏ ဖေါက်ပြန်သော အမူအရာကိုမြင်ရ၍ ခုနစ်ပါးသော ရဟန်းတော်တို့သည် ထိတ်လန့်ခြင်းသို့ ရောက်ကုန်သဖြင့် အကြင်ရွေ့လောက် သာသနာတော်၏ ကွယ်ပျောက်ခြင်းသည် မဖြစ်သေး၊

ထိုရွေ့လောက် မိမိ၏ထောက်တည် ကိုးကွယ်ရာကို ပြုကြကုန်အံ့ဟု ရွှေစေတီကို ရှိခိုးပြီးလျှင် တောသို့သက်ဝင်၍ တောင်တခုကိုမြင်လတ်သော် အသက်၌တွယ်တာ ငဲ့ကွက်ခြင်း ရှိသော သူတို့သည် ဆုတ်နစ်ပြန်လည်ကြကုန်လော့၊ တွယ်တာငဲ့ကွက်ခြင်း ကင်းကုန်သော သူတို့သည် ဤတောင်သို့ တက်ကြကုန်လော့ဟုဆို၍ ထန်းကျင့်လှေကားကို ဖွဲ့လျက် အလုံးစုံ ခုနစ်ပါးသော ရဟန်းတို့သည်ပင် ထိုတောင်သို့ တက်ကြသဖြင့် ထန်းကျင့်လှေကားကို တွန်းလှန်ပစ်ချပြီးလျှင် ရဟန်းတရားကို အားထုတ်ကြလေကုန်၏၊

ထိုရဟန်း ခုနစ်ပါးတို့တွင် သံဃထေရ်ကား တညဉ့် လွန်ခြင်းဖြင့်ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်လေ၏၊ ထိုသံဃထေရ်သည် အနဝတတ်အိုင်၌ နာဂလတာ မည်သော ဒန်ပူကို စား၍ မြောက်ကျွန်းမှ ဆွမ်းကို ဆောင်ယူပြီးလျှင် ထိုရဟန်းတို့ကို ငါ့ရှင်တို့ ဤဒန်ပူကိုစား၍ မျက်နှာ သစ်ပြီးလျှင် ဤဆွမ်းကို သုံးဆောင်ကြကုန်လော့ဟု ဆိုလေ၏။

အရှင်ဘုရား အသို့ပါနည်း အကြင်ရဟန်းသည် ရှေးဦးစွာ ရဟန္တာ အဖြစ်သို့ ရောက်၏။ ထို ရဟန်းသည် ဆောင်ယူအပ်သော ဆွမ်းကို ကြွင်းသော ရဟန်းတို့သည် သုံးဆောင်ရကုန်လတ္တံ့ဟု တပည့်တော်တို့သည် ဤသို့သော ကတိကဝတ်ကို ပြုထားအပ်ပါသလောဘုရား ဟု လျှေက်ထား ကြသော် ငါ့ရှင်တို့ ဤသို့သော ကတိကဝတ် ပြုထားခြင်းကား မရှိဟု ဆိုလေ၏။

ထိုသို့ဖြစ်မူ တပည့်တော်တို့ သည်လည်း အရှင်ဘုရားတို့ကဲ့သို့ တရားအထူးကို အကယ်၍ ဖြစ်စေနိုင်ကြကုန်အံ့၊ ကိုယ်တိုင် ဆောင်၍ သုံးဆောင်ကြပါကုန်အံ့ဟု ဆို၍ အလိုမရှိ ငြင်းဆန်ကြ လေကုန်၏။ နှစ်ရက်မြောက်သောနေ့၌ ဒုတိယ မထေရ်သည် အနာဂါမိဖိုလ်သို့ ရောက်လေ၏။ ထိုမထေရ်သည်လည်း ထို့အတူသာလျှင် ဆွမ်းကိုဆောင်၍ ကြွင်းကျန်သော ရဟန်းတို့ကို ဖိတ်ကြားလေ၏။

ထိုရဟန်းတို့သည် အရှင်ဘုရား အသို့ပါနည်း မဟာထေရ်ကြီးသည် ဆောင်ယူခဲ့သော ဆွမ်းကို မသုံးဆောင်မူ၍ ဒုတိယမထေရ် ဆောင်ယူခဲ့သော ဆွမ်းကို သုံးဆောင်ကြရကုန် လတ္တံ့ဟု တပည့်တော်တို့သည် ဤသို့သော ကတိကဝတ်ကို ပြုထားအပ်ပါသလော ဘုရားဟု လျှောက်ထား ကြပြန်သော် ငါရှင်တို့ ဤသို့သော ကတိကဝတ် ပြုထားခြင်းကား မရှိဟု ဆိုလေ၏။

ဤသို့ ဖြစ်သည်ရှိသော် အရှင်ဘုရားတို့ကဲ့သို့ တပည့်တော် တို့သည်လည်း တရားအထူးကို ဖြစ်စေပြီးလျှင် မိမိ၏ ယောက်ျားဟူသော အခြင်းအရာ အားဖြင့် သုံးဆောင်ခြင်းငှါ တတ်နိုင် ကုန်သည်ရှိသော် သုံးဆောင်ကြပါကုန်အံ့ဟု ဆို၍ အလိုမရှိကြလေကုန်။ ထိုရဟန်းတို့တွင် ရဟန္တာအဖြစ်သို့ ရောက်သော ရဟန်းသည် ပရိနိဗ္ဗာန် စံယူလေ၏။ အနာဂါမ်တည် ရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်လေ၏။

ဤမှတပါး ငါးပါးသော မထေရ်တို့သည် တရားထူးကို ဖြစ်စေခြင်းငှါ မတတ်နိုင်ကုန်ရကား ခြောက်ကပ် ပိန်ချုံးသဖြင့် ခုနစ်ရက်မြောက်သောနေ့၌ စုတေမနေ သေလွန်ခြင်းကို ပြု၍ နတ်ပြည်၌ ဖြစ်ကြပြီးလျှင် ဤငါတို့ဘုရား ထင်ရှား ပွင့်တော်မူသောအခါ ထိုနတ်ပြည်မှ စုတေခဲ့၍ ထိုထို အမျိုးအိမ်တို့၌ ဖြစ်ကြလေကုန်၏။

ထိုသူငါးဦးတို့တွင် --
တဦးကား ပက္ကုသာတိမင်း ဖြစ်လာ၏။
တဦးကား ကုမာရကဿပ ဖြစ်လာ၏။
တဦးကား ဒါရုစီရိယ ဖြစ်လာ၏။
တဦးကား မလ္လာ မင်းသား ဒဗ္ဗ ဖြစ်လာ၏။
တဦးကား သုပ္ပိယ ပရိဗိုဇ် ဖြစ်လာ၏။

ထို ရဟန်းခုနစ် ပါးတို့တွင် အကြင်ရဟန်းသည် ဗြဟ္မာ့ပြည်၌ ဖြစ်၏။ ထို ရဟန်းကို ရည်မှန်း၍ ပုရာဏသာလောဟိတ ဗြဟ္မာကြီး ဟူသောစကားကို ဆိုအပ်၏။

---

မိတ်ဟောင်း ဗြဟ္မာကြီး စောင်မခြင်း

ထိုဗြဟ္မာကြီးအား ဤသို့သော အကြံဖြစ်လေ၏။ ဤတုတ်ချောင်းကြိုးသီ အဝတ်ဖြင့် ရဟန္တာ တပါးဟု အထင်မှားနေသော ဗာဟိယဒါရုစိ မည်သော သူကား ငါနှင့် အတူတကွ ထန်းကျင့် လှေကားကိုဖွဲ့သဖြင့် တောင်ထိပ်သို့တက်၍ ရဟန်းတရားကို အားထုတ်ဖူး၏။ ယခုအခါ ဤ အယူကို ယူလျက် လှည့်လည် နေသည်ရှိသော် ပျက်စီးလေရာ၏။ ထိုဗာဟိယဒါရုစိကို ထိတ်လန့်စေဦးအံ့ဟု အကြံဖြစ်ပေါ်လေ၏။

ထို့နောက်မှ ဗာဟိယ ဒါရုစိထံသို့ ချဉ်းကပ်၍ ဤသို့ဆိုလေ၏။ အချင်းဗာဟိယ အသင်သည် ရဟန္တာ မဟုတ်သေး။ အရဟတ္တမဂ်သို့ ရောက်သော သူလည်း မဟုတ်သေး။ အကြင် အကျင့်ဖြင့် သင်သည် ရဟန္တာသော်လည်း ဖြစ်ရာ၏ အရဟတ္တမဂ်သို့သော်လည်း ရောက်ရာ၏ ထိုအကျင့်မျိုး သည်လည်း သင့်အားမရှိသေးဟု ဆိုလတ်သော် ရဟန္တာအဖြစ်မှ အပဖြစ်သော အကျင့်ရှိသော ဗာဟိယဒါရုစိသည် ကောင်းကင်၌ ရပ်၍ဆိုသော မဟာဗြဟ္မာကြီးကို ကြည့်ရှုလျက် အလွန် ဝန်လေးသော အမှုကို ငါပြုမိချေပြီတကား။

ငါကား ရဟန္တာဖြစ်၏ဟု ကြံမိ၏။ ဤဗြဟ္မာသည်ကား ငါ့ကို သင် ရဟန္တာ မဟုတ်သေး။ အရဟတ္တမဂ်သို့ရောက်သော သူလည်း မဟုတ်သေး ဟူ၍ပင် ဆိုဘိ၏။ လောက၌ ငါမှတပါးသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်သည် ရှိနှင့်လေသလောဟု ကြံစည် စဉ်းစားလေ၏။ ထို့နောက်မှ ဗြဟ္မာကြီးကို ဗြဟ္မာကြီး ယခုအခါလောက၌ ရဟန္တာသည်၎င်း အရဟတ္တမဂ်သို့ ရောက်သော သူသည်၎င်း ရှိလေသလောဟုမေး၏။

ထိုအခါ ဗာဟိယဒါရုစိအား ဗြဟ္မာကြီးသည် ဤသို့ ပြောကြားလေ၏။ အချင်း ဗာဟိယ မြောက်ခွင် ဖြစ်သော ဇနပုဒ်တို့၌ သာဝတ္ထိမည်သော ပြည်သည်ရှိ၏။ ထိုသာဝတ္ထိပြည်၌ ပူဇော်အထူးကို ခံတော်မူထိုက်သည်ဖြစ်၍ ကုန်အောင်စုံသော တရားတို့ကို မဖေါက်မပြန် ကိုယ်တော်တိုင် သိတော် မူပြီးသော ထိုမြတ်စွာဘုရားသည် ယခုအခါ သီတင်းသုံး နေတော်မူ၏။ ဗာဟိယ ထိုမြတ်စွာဘုရား သည် ရဟန္တာလည်း မည်၏။ ရဟန္တာဖြစ်ခြင်း အကျိုးငှါလည်း တရားဟောတော် မူ၏ဟု ပြောကြားလေ၏။

ဗာဟိယသည် ညဉ့်အဖို့၌ ဗြဟ္မာကြီးစကားကို ကြားရ၍ ထိတ်လန့်သော စိတ်နှလုံးရှိသဖြင့် ထိုခဏ၌ပင် သုပ္ပါရက သင်္ဘောဆိပ်မှ ထွက်ခဲ့ရာ အလုံးစုံသော လမ်းခရီးအရပ်တို့၌ တညဉ့်မျှ ကြာခြင်းဖြင့် သာဝတ္ထိပြည်သို့ ရောက်လေ၏။ အလုံးစုံ ယူဇနာ တရာ့နှစ်ဆယ်ရှိသော လမ်းခရီးကို တညဉ့်မျှ ကြာခြင်းဖြင့်သာလျှင် ရောက်သွားလေ၏။ သွားသော်လည်း ဗြဟ္မာကြီး၏ အာနုဘော် အားဖြင့်သွားလေ၏။ ဘုရားရှင်၏ အာနုဘော်အားဖြင့်ဟူ၍လည်း ဆိုကြကုန်သည် သာလျှင်တည်း။

---

ဘုရားရှင်အား တရားဟောရန် တောင်းပန်ခြင်း

ထိုခဏ၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူဆဲ ဖြစ်၏။ ထို ဗာဟိယသည် နံနက်ဆွမ်း ဘုဉ်းပေးပြီး ဖြစ်သဖြင့် ကိုယ်၏ပျင်းရိ ထိုင်း မှိုင်းခြင်းမှ လွတ်စိမ့်သောငှါ လွင်တီးခေါင်၌ စင်္ကြံသွားနေကုန်သော များစွာသော ရဟန်းတို့ကို မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာပါနည်း ဘုရားဟု မေးလေ၏။

ရဟန်းတို့သည် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှါ ဝင်တော်မူခိုက်ဖြစ်၏ဟု ပြောကြား၍ ထိုဗာဟိယကို သင်သည် အဘယ်အရပ်မှ လာခဲ့သနည်းဟု မေးကြကုန်၏။ သုပ္ပါရက သင်္ဘောဆိပ်မှ လာခဲ့ပါသည် ဘုရားဟု ဆိုလျှင် အဘယ်အခါ ထွက်ခဲ့သနည်းဟု မေးပြန်လေ၏။ ယမန်နေ့ ညချမ်းအခါ ထွက်ခဲ့ပါသည်ဘုရားဟု ဆိုလျှင် သင်ကား ဝေးသောအရပ်မှ လာသည်ဖြစ်ခဲ့၏။

ရှေးဦးစွာ ထိုင်ဦးလော့။ ခြေတို့ကို ဆေးပြီးမှ ဆီဖြင့်လိမ်းကျံ၍ အတန်ငယ် အပင်ပန်း ဖြေဦးလော့ ကြွလာတော် မူသောအခါ ဘုရားရှင်ကို ဖူးမြင်ရလတ္တံ့ဟု ဆိုကြကုန်၏။ အရှင်ဘုရားတို့ တပည့်တော်သည် မြတ်စွာဘုရား၏၎င်း မိမိ၏၎င်း အသက်အန္တရာယ်ကို မသိပါ တညဉ့်မျှ တည်းဖြင့် သာလျှင် တစုံတခုသော အရပ်၌ မရပ်မနားမူ၍ မထိုင်ခဲ့မူ၍ ယူဇနာ တရာ့နှစ်ဆယ် ရှိသော လမ်းခရီးကို လာသော သူဖြစ်ပါသည်။ ဘုရားရှင်ကို ဖူးမြင်ရပြီးမှ အပင်အပန်း ဖြေဖျောက် နိုင်ပါလိမ့်မည်ဟု ပြန်လျှောက်လေ၏။

ထိုဗာဟိယသည် ဤသို့ဆို၍ အဆောတလျင် သာဝတ္ထိပြည်သို့ ဝင်သဖြင့် နှိုင်းယှဉ်စရာ ဥပမာ မရှိသော ဘုရားရှင်၏ ကြက်သရေတော်ဖြင့် ဆွမ်းအလို့ငှါ ကြွနေတော်မူသော ဘုန်းတော်သခင် သဗ္ဗညုဘုရားရှင်ကို မြင်ရလျှင် ငါသည် အလွန်ကြာမြင့်သော ကာလမှ ဂေါတမ အနွယ်ဖြစ်သော ဘုရားသဗ္ဗညုကို ဖူးမြင်ရပေ၏ တကားဟု မြင်ရာအရပ်မှစ၍ ကိုင်းညွတ်သော ကိုယ်ရှိလျက် သွားပြီးလျှင် ခရီးအကြား၌ သာလျှင် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးသဖြင့် ဖမျက်တော်တို့၌ မြဲစွာဖက်၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား တရားဟောတော်မူပါဘုရား။

ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါဘုရား။ ၎င်းတရားတော်သည် တပည့်တော်အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားခြင်းငှါ ချမ်းသာ ခြင်းငှါ ဖြစ်ရာ၏ဟု လျှောက်လေ၏။ ထိုအခါ ထိုဗာဟိယကို မြတ်စွာဘုရားသည် ဗာဟိယ တရားဟောချိန် ကာလ မဟုတ်သေး။ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်ဆဲဖြစ်သေး၏ဟု မိန့် မြွက်ကာ ပယ်တော်မူလေ၏။

မြတ်စွာဘုရား မိန့်တော်မူသော စကားကို ကြားရလျှင် ဗာဟိယသည် မြတ်စွာဘုရား သံသရာ၌ ကျင်လည်ရသဖြင့် ကဗဠီကာရ အာဟာရကို မရဖူးသော မည်သည်မရှိပါ။ ရှင်တော်မြတ်ဘုရား တို့၏၎င်း တပည့်တော်၏၎င်း အသက် အန္တရာယ်ကို မသိနိုင်ပါ။ တပည့်တော်အား တရား ဟောတော်မူပါ ဘုရားဟု လျှောက်ကြားပြန်လေ၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်၌လည်း ပယ်တော်မူသည်သာလျှင်တည်း။

မြတ်စွာဘုရားအား ဤသို့အကြံဖြစ်သတတ်။ ငါဘုရားကို ဖူးမြင်ရသော အခါမှစ၍ ဤဗာဟိယ၏ ကိုယ်အလုံးသည် နှစ်သက်ခြင်းဖြင့် မပြတ် ပျံ့နှံ လွှမ်းမိုးခြင်းရှိ၏။ အားကြီးသော ပီတိအဟုန် ရှိရကား တရားနာရသော်လည်း ထိုးထွင်း၍ သိခြင်းငှါ မတတ်နိုင်လတ္တံ့။ အလယ်အလတ် လျစ်လျူရှုခြင်း၌ တည်လင့်စေဦး။ တညဉ့်ချင်းဖြင့်သာလျှင် ယူဇနာ တရာ့နှစ်ဆယ်ရှိသော လမ်း ခရီးကို လာရခြင်းကြောင့် ပင်ပန်းခြင်းသည်လည်း ထိုသူအား အားကြီး၏။ ထိုပင်ပန်းခြင်းသည် လည်း ငြိမ်းစေဦးလော့ဟု ကြံတော်မူသတတ်။

---

ရဟန္တာဖြစ်ခြင်းနှင့် နွားဝှေ့သတ်ခြင်း

ထို့ကြောင့် နှစ်ကြိမ်ပယ်တော်မူ၍ သုံးကြိမ်မြောက် တောင်းပန်အပ်သော မြတ်စွာဘုရားသည် ခရီး လမ်းမအတွင်း၌ ရပ်တော်မူလျက်သာလျှင် “တသ္မာ တိဟ တေဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ” ဤသို့စသော နည်းအားဖြင့် တရားဟောတော်မူလေ၏။

ဗာဟိယ၊ ချစ်သားဗာဟိယ။
ယသ္မာ၊ အကြင်ကြောင့်။
ဒိဋ္ဌေ၊ မြင်အပ်သောရူပါရုံ၌။
ဒိဋ္ဌမတ္တံ၊ မြင်အပ်သော ရူပါရုံမျှသာလျှင်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
တသ္မာ၊ ထို့ကြောင့်။
ဣဟ၊ ဤလောက၌။
တေ-တယာ၊ သင်သည်။
ဧဝံ၊ ဤသို့။
သိက္ခိတဗ္ဗံ၊ ကျင့်အပ်၏။

ထိုဗာဟိယသည် မြတ်စွာဘုရား၏ တရားတော်ကို နာစဉ်ပင်လျှင် အလုံးစုံသော အာသဝေါတို့ကို ကုန်ခန်းစေ၍ ပဋိသမ္ဘိဒါလေးပါးတို့နှင့် တကွ ရဟန္တာ အဖြစ်သို့ ရောက်လေ၏၊ ထိုရဟန္တာဖြစ်သော ခဏ၌ပင်လျှင် မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လေ၏။

သင်အား သပိတ်သင်္ကန်း ပြည့်စုံပြီလော ဟု မေးတော်မူသည်ရှိသော် မပြည့်စုံသေးပါ ဘုရားဟု လျှောက်ဆိုလေ၏။ ထိုအခါ ဗာဟိယကို မြတ်စွာဘုရားသည် ထိုသို့ဖြစ်မူ သပိတ်သင်္ကန်းကို ရှာချေ ဦးလော့ဟု မိန့်တော်မူ၍ ဖဲကြွတော်မူလေ၏။

ထိုဗာဟိယဒါရုစိသည် အနှစ် နှစ်သောင်း ကာလပတ်လုံး ရဟန်းတရားကို အားထုတ်သည်ရှိသော် ရဟန်း မည်သည် မိမိကိုယ်တိုင် ပစ္စည်းတို့ကို ရမူ တပါးသူကို မငဲ့မကြည့်ဘဲ မိမိချည်း သာလျှင် သုံးဆောင်ခြင်းငှါ သင့်၏ဟု နှလုံးသွင်းသဖြင့် တပါးသောရဟန်းအားမူလည်း သပိတ်တလုံးဖြင့်၎င်း သင်္ကန်းတထည်ဖြင့်၎င်း သင်္ဂြိုဟ် ထောက်ပံ့ ချီးမြှောက်ခြင်းကို မပြုလေဖူးသတတ်။

ထို့ကြောင့် ထိုဗာဟိယ ဒါရုစိအား တန်ခိုးဖြင့် ပြီးသော သပိတ် သင်္ကန်းသည် မဖြစ်နိုင်ဟု သိတော် မူသဖြင့် ဧဟိဘိက္ခု ရဟန်း၏အဖြစ်ဖြင့် ရဟန်းအဖြစ်ကို ပေးတော်မမူ။ ထိုဗာဟိယဒါရုစိကို သပိတ် သင်္ကန်းရှာခြင်းငှါ လှည့်လည် သွားလာစဉ်သာလျှင် ဘီလူးမ တယောက်သည် နွားမအသွင်ဖြင့် လာလတ်၍ လက်ဝဲပေါင်၌ တိုးဝှေ့ သဖြင့် အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။

---

စေတီတည်ခြင်းနှင့် ခိပ္ပါဘိည ဧတဒဂ်ပေးခြင်း

မြတ်စွာဘုရားသည် ဆွမ်းအလို့ငှါ လှည့်လည်တော်မူ၍ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စ ပြီးပြီးသည်ရှိသော် များစွာသော ရဟန်းတို့နှင့်တကွ ထွက်လာခဲ့ရာ ဗာဟိယ၏ ကိုယ်အလောင်းကောင်ကို တံမြက်ချေး စုရာ အမှိုက်ပုံ၌ လဲကျလျက် ရှိသည်ကို မြင်တော်မူရလျှင် ရဟန်းတို့ကို ချစ်သားရဟန်းတို့ တခုသော အိမ်တံခါး၌ရပ်၍ ညောင်စောင်းငယ်ကို ဆောင်ယူစေသဖြင့် ဤအလောင်းကောင်ကို မြို့မှထုတ်၍ မီးသင်္ဂြိုဟ်ပြီးလျှင် စေတီတည်ကြကုန်လော့ဟု မိန့်မြွက်စေခိုင်းတော် မူလေ၏။

ရဟန်းတို့သည်လည်း မြတ်စွာဘုရား မိန့်တော်မူတိုင်း ပြုကြလေကုန်၏။ ထိုသို့ပြုကြပြီးသည် ရှိသော် ကျောင်းသို့သွား၍ ဘုရားသို့ ချဉ်းကပ် လျက် မိမိတို့ပြုပြီးသော ကိစ္စကိုလျှောက်ကြားကြ၍ ထိုဗာဟိယဒါရုစိ၏ လားရာတမလွန် ဘဝကို မေးလျှောက်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရား သည် ထိုရဟန်းတို့အား ထိုဗာဟိယဒါရုစိ၏ ပရိနိဗ္ဗာန်ပြုကြောင်းကို ကြားသိစေတော် မူပြီးလျှင်...
ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ခိပ္ပါဘိညာနံ ယဒိဒံ ဗာဟိ ယော ဒါရုစီရိယော။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။
မမ၊ ငါဘုရား၏။
သာဝကာနံ၊ တပည့်ဖြစ်ကုန်သော။
ခိပ္ပါဘိညာနံ၊ လျင်သော အဘိညာဉ် ရှိကုန်သော။
ဘိက္ခူနံ၊ ရဟန်းတို့တွင်။
ယဒိဒံ-ယော အယံ ဗာဟိယော ဒါရုစီရိယော၊ အကြင် ဗာဟိယဒါရု စီရိယသည်။
အတ္ထိ၊ ရှိ၏။
ဧတံ-ဧသော ဗာဟိယော ဒါရုစီရိယော၊ ထိုဗာဟိယ ဒါရုစီရိယသည်။
အဂ္ဂံ-အဂ္ဂေါ၊ မြတ်၏။

ဤသို့ မြတ်စွာဘုရားသည် ဗာဟိယ ဒါရုစီရိယကို ဧတဒဂ်အရာ၌ ထားတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို ရဟန်းတို့သည် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားရှင်တော်မြတ် ဘုရားတို့သည် ဗာဟိယကား ရဟန္တာအဖြစ်သို့ ရောက်ပြီဟူ၍ မိန့်တော်မူကြပါကုန်၏ အဘယ် အခါ၌ ထိုဗာဟိယသည် ရဟန္တာ အဖြစ်သို့ ရောက်ပါသနည်းဘုရားဟု မေးလျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ငါဘုရား၏ တရားကို နာရစဉ်အခါ၌ ရောက်၏ဟု မိန့်တော်မူ၏။

အဘယ်အခါ ဗာဟိယအား ရှင်တော်မြတ်ဘုရားတို့သည် တရားဟောတော် မူပါသနည်းဘုရား ဟု မေးလျှောက်ပြန်သည်ရှိသော် ဆွမ်းအလို့ငှါ သွားစဉ် လမ်းခရီးအကြား၌ ရပ်နားလျက် ဟောအပ်၏ ဟု မိန့်တော်မူသဖြင့် မြတ်စွာဘုရား ရှင်တော်မြတ် ဘုရားတို့သည် လမ်းခရီးအကြား၌ ရပ်နားလျက် ဟောအပ်သော တရားသည် အနည်းငယ်မျှသာတည်း၊ အဘယ်သို့လျှင် ဗာဟိယသည် ထိုမျှ တည်းဖြင့် တရားအထူးကို ဖြစ်စေနိုင်ပါသနည်း ဘုရားဟု လျှောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို ချစ်သားရဟန်းတို့ အဘယ်သို့ ဆိုကြကုန်သနည်း။ ငါဘုရား၏ တရားတော်ကို အနည်းငယ်ဟူ၍၎င်း အများဟူ၍၎င်း အတိုင်း အရှည်ကို မမှတ် ယူကြကုန်လင့်။ များစွာလည်းဖြစ်သော ဂါထာ တထောင်တို့ပင်သော်လည်း အကျိုးမဲ့ကို မှီကုန် သည်ရှိသော် မမြတ်။ အကျိုးကို မှီသည်ရှိသော် ဂါထာတပုဒ် သည်လည်း မြတ်၏ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရား စကား ဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၀၁။ သဟဿမပိ စေ ဂါထာ၊ အနတ္တပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

ဂါထာ၊ ဂါထာသည်။
သဟဿ မပိ၊ အထောင်မက များသော်လည်း။
စေအနတ္ထပဒသံဟိတာ၊ အကယ်၍ အကျိုးမဲ့ကို ပြတတ်သောပုဒ်နှင့် ယှဉ်စပ်သည် ဖြစ်အံ့။
နသေယျော၊ မမြတ်။
ယံ၊ အကြင်ဂါထာကို။
သုတွာ၊ ကြားနာရ၍။
ဥပသမ္မတိ၊ ရာဂစသည်ငြိမ်း၏။
တံ ဂါထာပဒံ၊ ထိုဂါထာပုဒ်သည်။
ဧကံ၊ တပုဒ်ထည်းပင် ဖြစ်သော်လည်း။
သေယျော၊ မြတ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

ဗာဟိယဒါရုစီရိယမထေရ် ဝတ္ထုပြီး၏။

---

၃ - ကုဏ္ဍလကေသီ ထေရီမဝတ္ထု

ယောစ ဂါထာသတံ ဘာသေ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကုဏ္ဍလကေသီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

သူဌေးသမီးဖြစ်လျက် ခိုးသူနှင့် အကြောင်းဆက်ခြင်း

ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတယောက်သည် တဆဲ့ခြောက်နှစ် အရွယ်ရှိ၍ အလွန်အဆင်းလှသဖြင့် ရှုစချင်ဖွယ် စိတ်ကြည်လင်ဖွယ် ဖြစ်လေသတတ်။ ထိုအရွယ်၌ တည်ကုန်သော မိန်းမတို့သည်ကား ယောက်ျား၌ အလိုဆန္ဒရှိကြကုန်၏။ ယောက်ျား၌ လျှပ်ပေါ်လော်လည်ကြကုန်၏။ ထိုအခါ သမီးကို မိဘတို့သည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်အပြင် အသရေရှိသောတိုက်ခန်း၌ နေစေကြလေကုန်၏။ ထိုသတို့သမီးအား တယောက်သာလျှင်ဖြစ်သော အလုပ်အကျွေး ကျွန်မ ငယ်ကို ပေးထားကြကုန်၏။

ထိုအခါ ခိုးမှုကိုပြုသောအမျိုးသား တယောက်ကိုဖမ်း၍ လက်ပြန်ကြိုးချည်နှောင်လျက် ခရီးလေးဆုံ ခရီးလေးဆုံ၌ ကြိမ်လုံးတို့ ဖြင့် ပုတ်ခတ်ကာ လူသတ်ရာ သင်းချိုင်းတစပြင်သို့ ဆောင်ယူကြ ကုန်၏။ သူဌေးသမီးသည် များစွာသော လူအပေါင်း၏အသံကို ကြားရလျှင် ဤအသံကား အဘယ်အသံနည်းဟု ပြာသာဒ်အပြင်၌ရပ်လျက် ကြည့်ရှုလတ်သည် ရှိသော် ထိုခိုးသူကိုမြင်ရ၍ တပ်နှစ်သက်သောစိတ် ရှိသည်ဖြစ်ရကား ထိုခိုးသူကို တောင့်တလျက် ထမင်းအာဟာရကိုပယ်၍ မစားဘဲ ညောင်စောင်း ငယ်၌ အိပ်လေ၏။

ထိုအခါ သူဌေးသမီးကို မိခင်က ချစ်သမီး ဤသို့ ထမင်းမစားဘဲနေခြင်းကား အဘယ်အကြောင်း ရှိသနည်းဟု မေးလေ၏။ ခိုးသူဟု ဖမ်း၍ဆောင်ယူသွားသော ထိုယောက်ျားကို အကယ်၍ ရပါမူကား အသက်ရှင်အံ့။ မရပါမူကား ကျွန်မအား အသက်မရှိ ဤနေရာ၌သာလျှင် သေရပါ လတ္တံ့ဟု ဆိုလတ်သော် ချစ်သမီး ဤသို့ မပြုပါလင့် ငါတို့နှင့် အမျိုးအားဖြင့်၎င်း စည်းစိမ်အားဖြင့်၎င်း တူသော တပါးသော အမျိုးတူလင်ယောက်ျားကို ရပေလတ္တံ့ဟု ဆိုလေ၏။

ကျွန်မအား တပါးသော ယောကျ်ားဖြင့် ပြုဖွယ်ကိစ္စ တစုံတရာမရှိ။ ဤခိုးသူယောက်ျားကို မရ သည်ရှိသော် သေရပါလိမ့်မည်ဟု ဆိုလတ်သဖြင့် မိခင်သည် သမီးကို မှတ်သား လိုက်နာစိမ့်သောငှါ မတတ်နိုင်ရကား ဖခင်သူဌေးကြီးအား အကြောင်းကြားလေ၏။ ဖခင်သူဌေးကြီးသည်လည်း သမီးကို မှတ်သား လိုက်နာစိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ အဘယ်သို့ပြုခြင်းငှါ တတ်နိုင်ကောင်း အံ့နည်းဟု ကြံပြီးလျှင် ခိုးသူကိုဖမ်းယူစေ၍ သွားသော မင်းချင်းယောက်ျားအား ဥစ္စာ တထောင် ထုပ်ကို ဤ ဥစ္စာတထောင်ထုတ်ယူ၍ ခိုးသူယောက်ျားကို ငါ့အားပေးလော့ဟု ပို့လိုက်လေ၏။

မင်းချင်းယောက်ျားလည်း ကောင်းပြီဟုဝန်ခံ၍ အသပြာတို့ကို ယူပြီးလျှင် ခိုးသူကိုလွှတ်လိုက်၍ တပါးသူကို သတ်ပြီး အရှင်မင်းမြတ် ခိုးသူကို သတ်အပ်ပါပြီဟု မင်းကြီးအား လျှောက်ကြား သံတော်ဦးတင်လေ၏။ သူဌေးကြီးသည်လည်း ထိုခိုးသူအား သမီးကိုပေးလေ၏။ သူဌေးသမီးသည် ထိုအခါမှစပြီးလျှင် လင်ကို နှစ်သက်စေအံ့ဟု ခပ်သိမ်းသောတန်းဆာဖြင့် တန်းဆာ ဆင်ယင်လျက် ကိုယ်တိုင် သာလျှင် ထိုခိုးသူအလို့ငှါ ယာဂုစသည်တို့ကို စီရင်လေ၏။

---

သူဌေးသမီးကို သတ်၍ ပစ္စည်းယူရန် ကြံစည်ပုံ

ခိုးသူယောက်ျားသည် နှစ်ရက်သုံးရက် လွန်သောအခါ ကြံစည်ပုံမှာ အဘယ်အခါ ဤသူဌေးသမီးကို သတ်၍ သူဌေးသမီး၏တန်းဆာတို့ကို ယူပြီးလျှင် သုရာတင်းကုပ်တခု၌ ရောင်း၍ စားသောက်ခြင်းငှါ ရပါအံ့နည်းဟု ကြံ၏။

ကြံပြီးလျှင် ခိုးသူသည် တခုသော ထိုအကြောင်းသည်ရှိ၏ဟု ကြံပြန်သဖြင့် ထမင်းအစာကို ပယ်၍ ညောင်စောင်းငယ်၌ အိပ်လေ၏။ ထိုအခါ ခိုးသူကို သူဌေးသမီးသည် ချဉ်းကပ်၍ အရှင့်သား သင့်အား အဘယ်သို့သော နာကျင်ခြင်း ရှိပါသနည်းဟု မေးလေ၏။ ချစ်နှမ ငါ့အားတစုံတခု နာကျင်ခြင်း မရှိဟုဆိုလျှင် အသို့ပါနည်း ကျွန်မ၏ မိခင်ဖခင်တို့သည် အရှင့်အား အမျက်ထွက်ကြ ပါသလောဟု မေးပြန်၏။

ချစ်နှမ အမျက် မထွက်ကြကုန်ဟုဆိုလျှင် ထိုသို့ဖြစ်ပါလျှင် ဤသို့ ဖြစ်ရခြင်းကား အကြောင်း အဘယ်သို့နည်းဟု မေးပြန်၏။ ချစ်နှမ ငါသည် ထိုနေ့၌ နှောင်ဖွဲ့၍ ဆောင်ယူအပ်သည်ရှိသော် ခိုးသူတို့ကို ချရာချောက်၌ စောင့်ရှောက်သော နတ်မင်းအား ဗလိနတ်စာကို ပူဇော်ရန် ဝန်ခံ ခဲ့ခြင်းကြောင့် အသက်ကိုရခဲ့လေ၏။ သင့်ကိုလည်း ငါသည် ထိုနတ်မင်း၏ အာနုဘော်ဖြင့်သာလျှင် ရအပ်ပေ၏။

ချစ်နမ နတ်မင်းအား ထိုဗလိနတ်စာကို ပူဇော်ရန် ဝန်ခံအပ်ပေ၏ဟု ကြံစည်လျက်ရှိကြောင်း ပြောဆိုလတ်သော် သခင့်သား မပူပန်ပါလင့် ပြုပေးပါမည်။ ပြောကြားပါ၏လော့ ဗလိနတ်စာပြုရန် အဘယ်ဝတ္ထုဖြင့် အယူရှိပါသနည်းဟု မေးလေ၏။ ရေမပါသော နို့ဃနာချိုဖြင့်၎င်း ပေါက်ပေါက် လျှင် ငါးခုမြောက် ရှိသော ပန်းပွင့်တို့ဖြင့်၎င်း အလိုရှိ၏ဟု ဆိုလေသော် အရှင့်သား ကောင်းပါပြီ ကျွန်မစီရင်ပေးပါမည်ဟု ဆိုပြီးလျှင် သူဌေးသမီးသည် အလုံးစုံသော ဗလိနတ်စာ အမှုကို စီရင်၍ သခင့်သား လာပါလော့ သွားကြကုန်စိုအံ့ဟု ဆိုလေ၏။

ချစ်နှမ ထိုသို့ဖြစ်မူ သင်၏ဆွေမျိုးတို့ကို ပြန်လည်ဆုတ်နစ်စ၍ အဘိုးများစွာ ထိုက်သော အဝတ် တန်းဆာတို့ကိုယူလျက် မိမိကိုယ်ကို တန်းဆာဆင်လော့။ ရွှင်ရွှင်ပျပျ ပျော်ပျော်ပါးပါး ချမ်းချမ်း သာသာ သွားကြကုန်စို့အံ့ဟု ဆိုသော် ထိုသူဌေးသီး သည် ခိုးသူဆိုတိုင်း ပြုလေ၏။ ထိုအခါ သူဌေးသမီးကို တောင်ခြေရင်းသို့ ရောက်သောအခါ ချစ်နှမ ဤနေရာမှ အထက်၌ ငါ့တို့နှစ်ယောက် ထည်းသာ သွားကုန် အံ့ဟု ဆိုပြီးလျှင် ကြွင်းသော လူအပေါင်းကို ယာဉ်နှင့်တကွ ပြန်လည်စေ၍ ဗလိနတ်စာခွက်ကို ကိုယ်တိုင်ရွက်၍ ယူခဲ့လော့ဟု ဆိုလတ်သော် သူဌေးသမီးသည် ခိုးသူဆိုတိုင်း ပြုလေ၏။ ခိုးသူသည် ထိုသူဌေးသမီးကိုခေါ်၍ ခိုးသူတို့ကို ချရာ ချောက်ရှိသော တောင်သို့ တက်လေ၏။

[ထိုတောင်အားကား တခုသောနံပါးဖြင့် လူတို့သည် တက်ရောက် နိုင်ကြကုန်၏။ တခုသော နံပါးသည် ပြတ်သောချောက်ရှိ၏။ ထိုတောင်ထိပ်၌ ရပ်တည်ကုန်လျက် ထိုနံပါးဖြင့် ခိုးသူတို့ကို ကျစေကြကုန်၏ တွန်းချကုန်၏။ ထိုခိုးသူတို့သည် အပိုင်းပိုင်း အတစ်တစ်ဖြစ်၍ မြေ၌ကျကုန်၏။ ထို့ကြောင့် သူတို့ကိုချရာ “စောရပပါတ”ဟူ၍ ခေါ်ဆိုအပ်၏။]

---

သူဌေးသမီး သနားစရာ တောင်းပန်ခြင်း

သူဌေးသမီးသည် ထိုတောင်၏ ထိပ်ထက်၌ ရပ်လျက် သခင့်သား သင်၏ ဗလိနတ်စာ ပူဇော်ခြင်းကို ပြုပါလော့ဟု ဆိုလေ၏။ ခိုးသူကား ဆိတ်ဆိတ် သာနေလေ၏။ တဖန် သူဌေးသမီးသည် သခင့်သား အဘယ့်ကြောင့် ဆိတ်ဆိတ် နေသနည်းဟု မေးသည်ရှိသော် သူဌေးသမီးကို ငါ့အား ဗလိနတ်စာ အမှုဖြင့် အလိုမရှိ။ သင့်ကိုသာ လှည့်စား၍ ခေါ်လာခဲ့ပေသည်ဟုဆိုလျှင် သခင့်သား အဘယ် အကြောင်းကြောင့် ပါနည်းဟု မေးလေ၏။

သင့်ကိုသတ်၍ သင်၏ တန်းဆာကို ယူပြီးလျှင် ထွက်ပြေးလိုသောကြောင့် လာသည်ဟု ဆိုလတ်သော် သူဌေးသမီးသည် သေဘေးဖြင့် ခြိမ်းချောက်ခြင်းကြောင့် ကြောက်လန့်ရကား အရှင့်သား ကျွန်မသည်၎င်း တန်းဆာတို့သည်၎င်း အရှင့်ဥစ္စာတို့သာ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဤသို့ဆိုရက်ပါသနည်းဟု ပြောရှာလေ၏။

ခိုးသူသည် ဤသို့မပြုပါလင့်ဟု အဖန်တလဲလဲ တောင်းပန်အပ်သော်လည်း သတ်မည်သာလျှင် စင်စစ်ဟု ပြောဆိုပြန်၏။ ဤသို့ တန်းဆာတို့ကို အလိုရှိပါလျှင် ကျွန်မ၏ သေခြင်းဖြင့် အရှင့်အား အဘယ်အကျိုး ရှိပါအံ့နည်း။ ဤတန်းဆာတို့ကိုယူ၍ ကျွန်မအသက် ချမ်းသာပေးပါ။ ဤအခါမှစ၍ ဤ အကောင်မကို သေလေပြီဟု မှက်သားထားပါ။ သို့တည်းမဟုတ် အရှင်၏ ကျေးကျွန် အဖြစ်ဖြင့် အမှုကြီး ငယ်ကို ပြုလုပ်ကာ နေရပါစေဟုဆို၍ ဤဂါထာကို ဆိုရှာလေ၏။

ဣမေ သုဝဏ္ဏကေယူရာ၊ သဗ္ဗေ ဝေဠုရိယာ မယာ။
သဗ္ဗဉ္စ ဂဏှ ဘဒ္ဒန္တေ၊ မမံ ဒါသိံ စ သာဝယ။

သာမိ၊ အရှင့်သား။
တေ၊ အရှင့်သားအား။
ဘဒ္ဒံ၊ ကောင်းခြင်းသည်။
ဟောတု၊ ဖြစ်ပါစေ။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဣမေသုဝဏ္ဏကေယူရာ၊ ဤ ရွှေသားလက်ကောက် စသော တန်းဆာတို့သည်။
ဝေဠုရိယာမယာ၊ ကြောင်မျက်ရွဲဖြင့် ချယ်စီအပ်ကုန်၏။
သဗ္ဗဉ္စ၊ အလုံးစုံသော တန်းဆာကိုလည်း။
ဂဏှ၊ ယူပါလော့။
မမံစ၊ ကျွန်တော်မကိုလည်း။
ဒါသိံ၊ ကျေးကျွန်မ အစေခံဟူ၍။
သာဝယ၊ ပြောကြားပါလော့။

ထိုစကားကိုကြားလျှင် ခိုးသူက ဤသို့ပြုသည်ရှိသော် သင်သည်ပြန်သွား၍ မိဘတို့အား ပြောကြား လတ္တံ့။ သင့်ကိုသတ်မည်သာလျှင် စင်စစ်တည်း ပြင်းပြစွာ မငိုကြွေးလေလင့်ဟုဆို၍ ဤဂါထာကို ဆိုလေ၏။

မာ ဗာဠှံ ပရိဒေဝေသိ၊ ခိပ္ပံ ဗန္ဓာဟိ ဘဏ္ဍိကံ။
န တုယှံ ဇီဝိတံ အတ္ထိ၊ သဗ္ဗံ ဂဏှာမိ ဘဏ္ဍကံ။

ဗာလေ၊ ဟယ်အမိုက်မ။
ဗာဠှံ၊ ပြင်းပြစွာ။
မာပရိဒေဝေသိ၊ မငိုကြွေး လေလင့်။
ခိပ္ပံ၊ လျင်မြန်စွာ။
ဘဏ္ဍိကံ၊ တန်းဆာအထုပ်ကို။
ဗန္ဓာဟိ၊ ဖွဲ့ထုပ် လော။
တုယှံ၊ သင့်အား။
ဝါ၊ သင့်အလို့ငှါ။
ဇီဝိတံ၊ အသက်သည်။
နတ္ထိ၊ မရှိ။
သဗ္ဗံ၊ အလုံးစုံသော။
ဘဏ္ဍကံ၊ တန်းဆာကို။
ဂဏှာမိ၊ ငါယူအံ့။

---

ခိုးသူသေသဖြင့် နတ် သာဓုခေါ်ခြင်း

သူဌေးသမီးသည် ဤအမှုကား အလွန်ဝန်လေးလှ၏တကား။ ပညာမည်သည်ကို ချက်၍စားခြင်းငှါ ပြုအပ်သည်မဟုတ်။ စင်စစ်မူကား ဆင်ခြင်သုံးသတ်ခြင်းငှါပြု အပ်၏။ ထိုခိုးသူအား ပြုအပ်သော အမှုကို သိရပေတော့အံ့ဟုကြံလေ၏။ ထို့နောင်မှ ခိုးသူကို အရှင့်သား အကြင်အခါ အရှင့်ကို ခိုးသူဟု ဖမ်းလျက်ဆောင်ယူလာ၏။

ထိုအခါ ကျွန်မသည် မိဘတို့အား ပြောကြားပါသည် မိဘတို့က ဥစ္စာတထောင်ကို စွန့်လွှတ်၍ အရှင့်ကိုလွှတ်ရန် စေခိုင်းပြီးလျှင် အိမ်၌ နေရန် ပြုကြရပါသည်။ ထိုအခါမှစ၍ ကျွန်မသည် အရှင့်အား ကျေးဇူးများသူ တယောက်ဖြစ်ပါသည်။ ယနေ့ ကျွန်မအား ကောင်းစွာ မြင်ရအောင် ထင်ထင်ရှားရှားပြု၍ ကိုယ်ကို ရှိခိုးခြင်းငှါ ခွင့်ပေးစေချင်ပါသည် ဟု ဆိုလေ၏၊

ခိုးသူသည် ချစ်နှမ ကောင်းပြီ ကောင်းစွာမြင်ရအောင် ထင်ထင်ရှားရှားပြု၍ ရှိခိုးလော့ဟု တောင်၏အစွန်း၌ ရပ်နေလေ၏။ ထိုအခါ ခိုးသူကို သူဌေးသမီးသည် သုံးကြိမ်လက်ျာရစ် လှည့်လည် သည်ကိုပြု၍ လေးပါးသော အရပ်တို့၌ ရှိခိုးလျက် အရှင့်သား ဤယခုမြင်ရခြင်းသည် ကျွန်မ၏ နောက်ဆုံး ဖြစ်သော မြင်ရခြင်းပါတည်း။

ယခုအခါ အရှင့်အားလည်း ကျွန်မကို မြင်ရခြင်းသည် ရှိတော့မည်မဟုတ်ပါ။ ကျွန်မအားလည်း အရှင့်ကို မြင်ရခြင်းသည် ရှိတော့မည်မဟုတ်ပါဟု ဆိုကာ ရှေ့မှ၎င်း နောက်မှ၎င်း လည်ဖက်ပြီးလျှင် မေ့လျော့သည်ဖြစ်၍ တောင်အစွန်း၌ ရပ်နေသော ခိုးသူကို ကျောက်ကုန်း၏ နံပါးတဘက်၌ ရပ်တည်လျက် လက်တဘက်ဖြင့် ပခုံး၌ကိုင်၍ လက်တဘက်ဖြင့် ကျောက်ကုန်း နောက် ခါးတောင်းကျိုက်စွန်း၌ ကိုင်၍ တောင်ခြေရင်းသို့ ပစ်ချလေ၏။

ထိုခိုးသူသည် တောင်ဝှမ်း၌ ထိခိုက်အပ်သဖြင့် အပိုင်းပိုင်း အတစ်တစ်ဖြစ်၍ မြေသို့ကျလေ၏။ “စောရပပါတ” တောင်ထိပ်၌ အမြဲစောင့်သော တောင်စောင့်နတ်သည် ထိုသူနှစ်ယောက်တို့၏ အမူအရာကို မြင်ရသဖြင့် ထိုမိန်းမအား ကောင်းချီးပေး၍ ဤဂါထာကို ရွတ်ဆိုလေ၏။

န သော သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။
ဣတ္ထီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ဝိစက္ခဏာ။

ဘော၊ အိုအချင်းတို့။
သဗ္ဗေသု ဌာနေသု၊ အလုံးစုံသော အရာတို့၌။
သောပုရိသော၊ ထိုယောက်ျားသည်။
ပဏ္ဍိတော၊ ပညာရှိသည်။
နဟောတိ၊ မဖြစ်။
ဣတ္ထီပိ၊ မိန်းမသည်လည်း။
တတ္ထ တတ္ထ၊ ထိုထိုအရာ၌။
ဝိစက္ခဏာ၊ ပညာအမြော်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍။
ပဏ္ဍိတာ၊ ပညာရှိသည်။
ဟောတိ၊ ဖြစ်၏။

---

လင်သတ်ပြီးနောက် ပရိဗိုဇ်မ ပြုခြင်း

ထိုသူဌေးသမီးသည်လည်း ခိုးသူကို ကမ်းပါးပြတ်၌ ပစ်ချပြီးလျှင် ငါကား အိမ်သို့ အကယ်၍ သွားသည်ဖြစ်အံ့ သင်၏အရှင် လင်ယောက်ျားကား အဘယ်မှာနည်းဟု ဟု အကယ်၍ ဆိုသည် ဖြစ်အံ့ ဟယ်မိန်းမယုတ် ဥစ္စာတထောင် ပေး၍ ထို ယောက်ျားကို ဆောင်ယူစေပြီးလျှင် ယခုအခါ ထိုယောက်ျားကို သတ်လေဘိ၏တကားဟု ငါ့ကို နှုတ်သီးတည်းဟူသော လှံတို့နှင့် ထိုးကြကုန် လတ္တံ့။ နာကျည်းအောင်ဆိုကုန်လတ္တံ့။

ထိုယောက်ျားသည် တန်းဆာအလို့ငှါ ငါ့ကိုသတ်လိုသတတ်ဟု ဆိုသော်လည်း မယုံကြည်ကြ ကုန်လတ္တံ့။ ငါ့အား အိမ်သို့ပြန်ခြင်းဖြင့် အကျိုးမရှိဟု ကြံစည်လျက် ထိုအရပ်၌သာလျှင် တန်းဆာတို့ကို စွန့်ပယ်၍ တောသို့ဝင်ပြီးလျှင် အစဉ်သဖြင့် လှည့်လည်လတ်သည်ရှိသော် ပရိဗိုဇ်မတို့၏ နေရာ သင်္ခမ်းတခုသို့ ရောက်သွားသဖြင့် အရှင်မတို့ အကျွန်ုပ်အား အရှင်မ တို့၏အထံ၌ ရဟန်းအဖြစ်ကို ပေးကြပါလောဟု ပြောဆိုလေ၏။ ထိုအခါ သူဌေးသမီးကို ရဟန်း ပြုပေးကြကုန်၏။

သူဌေးသမီးသည် ရဟန်း ပြုပြီး၍သာလျှင် အရှင်မတို့ အရှင်မတို့၏ ရဟန်းအဖြစ်၌ မြတ်သော အကျင့်ကား အဘယ်ပါနည်းဟု မေးသည်ရှိသော် ညီမ ဆယ်ပါးသော ကသိုဏ်းတို့၌ ပရိကံကိုပြု၍ ဈာန်ကိုမူလည်း ဖြစ်စေအပ်၏။ အယူဝါဒတထောင်ကိုမူလည်း သင်ယူအပ်၏။ ဤသည်လျှင် ငါတို့ ၏ရဟန်းအဖြစ်၌ မြတ်သော အကျိုးတည်းဟု ဆိုကြကုန်၏။ အရှင်မတို့ဈာန်ကို ရှေးဦးစွာ ဖြစ်စေခြင်းငှါ အကျွန်ုပ်သည် မတတ်နိုင်သေးလတ္တံ့။ အယူဝါဒတထောင်ကိုကား သင်ယူနိုင်ပါ လတ္တံ့ဟု ဆိုလတ်သော်...

ထိုအခါ သူဌေးသမီးကို ဝါဒတထောင်ကို သင်ယူစေ၍ သင်သည်အတတ် ပညာသင်ယူအပ်ပြီ ယခုအခါ သင်သည် ဇမ္ဗူဒီပါကျွန်းအပြင်၌ လှည့်လည် သွားလာ၍ မိမိနှင့်တကွ ပြဿနာကို ဖြေဆိုခြင်းငှါ စွမ်းနိုင်သော သူတို့ကို ကြည့်ရှုရှာဖွေလေတော့ဟု ဆိုပြီးလျှင် သူဌေးသမီး ပရိဗိုဇ်မ၏ လက်၌ ဇမ္ဗုသပြေခက်ကို ပေး၍ ညီမ သွားချေ လူဖြစ်သောသူသည် သင်နှင့် အတူတကွ ပြဿနာကို ဖြေဆိုခြင်းငှါ အကယ်၍ တတ်နိုင်သည် ဖြစ်အံ့ ထိုသူ၏ခြေရင်း အလုပ်အကျွေး ဖြစ်လေလော့။ ရဟန်းသည် အကယ်၍ တတ်နိုင်သည်ဖြစ်အံ့ ထိုရဟန်း၏အထံ၌ ရဟန်း ပြုလေလော့ဟု ဆို၍ လွှတ်လိုက်ကြလေကုန်၏။

ထိုသူဌေးသမီးသည်လည်း အမည်အားဖြင့် ဇမ္ဗု ပရိဗိုဇ်မ အမည် တွင်သည်ဖြစ်၍ ထိုအာရာမ်မှ ထွက်ခဲ့ပြီးလျှင် မြင်တိုင်းသော သူတို့ကို ပြဿနာမေးလျက် လှည့်လည်သွားလာလေ၏။ ထိုပရိဗိုဇ်မနှင့် အတူတကွ ပြောဆိုခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိ။ ဤအရပ်သို့ ဇမ္ဗူ ပရိဗိုဇ်မ သည် ရောက်လာ၏ဟူသော စကားကို ကြားလျှင် လူတို့သည် ထွက်ပြေးကြကုန်၏။

ထိုပရိဗိုဇ်မသည် ရွာသို့၎င်း နိဂုံးသို့၎င်း ဆွမ်းအလို့ငှါ ဝင်သည်ရှိသော် ရွာတံခါး၌ သဲပုံအစု ပြုသဖြင့် ထိုသဲပုံအစု၌သာလျှင် ဇမ္ဗုသပြေခက်ကို စိုက်ထားပြီးလျှင် ငါနှင့်အတူ တကွ ပြောဆိုခြင်းငှါ စွမ်းနိုင်သော သူသည် ဤဇမ္ဗုသပြေခက်ကို နင်းနယ် ဖျက်ဆီးစေသတည်းဟု ဆို၍ ရွာသို့ ဝင်လေ့ရှိ၏။ ထိုအရပ်သို့ ချဉ်းကပ်ခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိ။ သူဌေးသမီး ပရိဗိုဇ်မ သည်လည်း သပြေခက်တခု ညှိုးသည်ရှိသော် တပါးသော သပြေခက်တခုကိုယူ၏။

ဤသို့သောနည်းဖြင့် လှည့်လည်လတ်သည် ရှိသော် သာဝတ္ထိပြည်သို့ ရောက်သဖြင့် တံခါး၌ သပြေ ခက်ကိုထား၍ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင် ဆိုလျက် ဆွမ်းအလို့ငှါ ဝင်လေ၏။ များစွာ ကုန်သော ရွာသူသားငယ်တို့သည် ဇမ္ဗုသပြေခက်ကို ခြံရံကာ နေကြလေကုန်၏။

---

ရှင်သာရိပုတြာနှင့် တွေ့၍ အယူဝါဒ ပြောဆိုခြင်း

ထိုအခါ အရှင်သာရိပုတြာ မထေရ်သည် ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်း ဘုဉ်းပေးပြီးသည် ရှိသော် မြို့မှထွက်လာရာ ထိုသူငယ်တို့ ဇမ္ဗုသပြေခက်ကို ခြံရံကာ နေကြသည်တို့ကို မြင်ရလျှင် ဤသည်ကား အဘယ်နည်းဟု မေးလေ၏။ ထိုသူငယ်တို့သည် မထေရ်အား ထိုအကြောင်းကို လျှောက်ကြားကြကုန်၏။ သူငယ်တို့ ထိုသို့ဖြစ်မူ ဤသပြေခက်ကို နင်းနယ် ဖျက်ဆီးကြကုန်လော့ ဟု မိန့်တော်မူလျှင် အရှင်ဘုရား ကြောက်လှပါသည် ဘုရားဟု လျှောက်ကြားကြကုန်၏။

ငါသည် ပြဿနာကို ဖြေဆိုအံ့။ သင်တို့သည် မကြောက်မရွံ့ နင်းနယ် ဖျက်ဆီးကြကုန်လော့ဟု မိန့်တော်မူလျှင် သူငယ်တို့သည် မထေရ်မြတ်၏ စကားတော်ဖြင့် ဖြစ်သော အားထုတ်ခြင်း ရှိကုန်သည်ဖြစ်၍ ထိုအရှင်သာရိပုတြာ မထေရ် မိန့်တော်မူတိုင်း နင်းနယ်ဖျက်ဆီးလျက် ဇမ္ဗုသပြေခက်ကို နုတ်ပစ်မြှောက်လွှင့် ကြလေကုန်၏။

ပရိဗိုဇ်မသည်လည်း လာလတ်၍ သူငယ်တို့ကို ရေရွတ် မောင်းမဲပြီးလျှင် သင်တို့နှင့်တကွ ငါ့အား ပြဿနာဖြင့် ပြောဆိုရန်ကိစ္စမရှိ အဘယ့်ကြောင့် ငါ၏ သပြေခက်ကို နင်းနယ်ဖျက်ဆီးဘိ သနည်းဟု ဆိုလေ၏။ အရှင် သာရိပုတြာ မထေရ်သည် အကျွန်ုပ်တို့ကို နင်းနယ်ဖျက်ဆီး စေအပ်ကုန်၏ဟု ဆိုလျှင် အရှင်ဘုရား အရှင်ဘုရား တို့သည် သပြေခက်ကို ဖျက်ဆီးစေအပ်ပါ သလောဟု မေးလေ၏။ နှမ ပရိဗိုဇ်မ ဖျက်ဆီးစေသည် မှန်၏ဟု မိန့်တော်မူလျှင် ထိုသို့ဖြစ်မူ အကျွန်ုပ်နှင့် တကွ ပြဿနာကို ဖြေတော်မူကြပါလော့ဟု လျှောက်ဆိုလေ၏။

ကောင်းပြီ ဖြေဆိုရပေအံ့ဟု မိန့်တော်မူလတ်သော် ထိုပရိဗိုဇ်မသည် နေမွန်း ယိမ်းသောအခါ ပြဿနာမေးခြင်းငှါ အရှင်သာရိပုတြာ၏ အထံသို့ သွားလေ၏။ သာဝတ္ထိတမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍ ချောက်ချားလေ၏။ ပညာရှိနှစ်ဦးတို့ စကားကို နားထောင်ကြကုန်စို့ဟု မြို့သူမြို့သားတို့သည် ပရိဗိုဇ်မနှင့်အတူ သာလျှင် လိုက်သွား၍ မထေရ်ကို ရှိခိုးလျက် တင့်အပ် လျောက်ပတ်သော အရပ်၌ နေကြလေကုန်၏။

ပရိဗိုဇ်မသည် မထေရ်ကို အရှင်ဘုရား ပြဿနာကို မေးပါတော့မည်ဟု လျှောက်ဆိုလေ၏။ နှမ မေးတော့ဟု ဆိုလျှင် ပရိဗိုဇ်မသည် ဝါဒ တထောင်ကိုမေးလေ၏။ မေးတိုင်းမေးတိုင်း ပြဿနာကို အရှင်သာရိပုတြာ မထေရ်ဖြေဆိုလေ၏။

ထိုအခါ ပရိုဗိုင်မကို မထေရ်သည် သင်၏အမေးပုစ္ဆာ ပြဿနာသည် ဤမျှပင်လော။ တပါးသော ပြဿနာတို့သည်လည်း ရှိလေသေးသလော ဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤတထောင်မျှသာ ဖြစ်ပါသည် ဘုရားဟု လျှောက်ကြားလျှင် သင်ကား များစွာသော ပြဿနာတို့ကို မေးအပ်ကုန်ပြီ။ ငါတို့လည်း တခုသောပြဿနာကိုမေးကုန်ဦးအံ့။ ငါတို့၏ ပြဿနာကို သင်ဖြေဆိုလတ္တံ့ လောဟု မိန့်တော်မူ၏။

အရှင်ဘုရား ယခုအခါ သိလျှင် ဖြေဆိုပါမည်။ မေးတော်မူကြပါလော့ဟု လျှောက်သဖြင့် မထေရ်သည် ဧကံနာမ ကိံ။ ဧကံနာမ၊ တခုမည်သည်။ ကိံ၊ အဘယ်နည်း ဟု ပြဿနာ မေးတော်မူလေ၏။ ပရိဗိုဇ်မသည် ဤပြဿနာကို ဤသို့ ဖြေဆိုအပ်သည်မည်၏ဟု မသိရကား အရှင်ဘုရား ဤကား အဘယ်မည်သော ပြဿနာဖြစ်ပါသနည်း ဘုရားဟု ပြန်မေးလျှင် နှမ ဘုရားရှင်၏ ပြဿနာ မည်၏ဟု မိန့်တော်မူလေ၏။

---

ရဟန်းမိန်းမပြု၍ ရဟန္တာမ, ဖြစ်ခြင်း

အရှင်ဘုရား ထိုပြဿနာကို တပည့်တော်မအားလည်း ပေးသနားတော် မူကြပါဘုရားဟု လျှောက်ကြားသဖြင့် ငါနှင့်တူသောသူသည် အကယ်၍ဖြစ်အံ့ ပေးသနားပေအံ့ဟု မိန့်ဆိုတော်မူ၏၊ ထိုသို့ဖြစ်မူ တပည့်တော်မကို ရဟန်းပြု ပေးတော်မူကြပါဘုရားဟု လျှောက်ကြားပြန်သဖြင့် အရှင်သာရိပုတြာမထေရ်သည် ရဟန်း မိန်းမတို့အား အကြောင်း ပြောကြား၍ ရဟန်းပြု ပေးစေလေ၏။

ဇမ္ဗု မည်သော ပရိဗိုဇ်မသည် ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရလတ်သည်ရှိသော် ကုဏ္ဍလကေသီ ထေရီမ အမည်ရှိသည်ဖြစ်၍ နှစ်ရက်သုံးရက် လွန်သဖြင့် သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်သို့ ရောက်လေ၏။

ရဟန်းတို့သည်လည်း တရားသဘင်၌ ကုဏ္ဍလကေသီထေရီမအား တရားနာရခြင်းသည် များစွာ လည်း မရှိဘဲလျက် ရဟန်းကိစ္စ အပြီးသို့ရောက်လေ၏၊ ခိုးသူတယောက်နှင့် အတူတကွ ကြီးစွာသော စစ်ထိုးခြင်းကို ပြုရသဖြင့် အနိုင်ရပြီးမှ လာခဲ့လေသတတ် ဟူသော စကားကို ပြောကြားကြကုန်၏၊

ဘုရားရှင်သည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ ငါဘုရား ဟောကြားအပ်သော တရားကို နည်းသည်ဟူ၍၎င်း များသည်ဟူ၍၎င်း အတိုင်းအရှည်ကို မမှတ်ယူကြကုန်လင့်။ အကျိုးမဲ့နှင့် စပ်သည်ရှိသော် အရာသော ပုဒ်သည်လည်း မြတ်သည်မဟုတ်။ အကျိုးပြီးခြင်းရှိသော ပုဒ်သည် တပုဒ်ထည်းသော်လည်း မြတ်သည်သာတည်း။

ကြွင်းသော ခိုးသူ ပကတိတို့ကို အနိုင်ရသောသူ အားသော်လည်း အောင်ခြင်းမည်သည်မဖြစ်။ ကိုယ်တွင်းရှိ အဇ္ဈတ္တိက ခိုးသူ တို့ကို အနိုင်ရသော သူအားသာလျှင် အောင်ခြင်းမည်သည်ဖြစ်၏ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၀၂။ ယော စ ဂါထာသတံ ဘာသေ၊ အနတ္ထပဒသဉှိတံ။
ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတ္မာ ဥပသမ္မတိ။

၁ဝ၃။ ယော သဟဿံ သဟဿေန၊ သင်္ဂါမေ မာနုသေ ဇိနေ။
ဧကဉ္စ ဇေယျမတ္တာနံ၊ သ ေ၀ သင်္ဂါမဇုတ္တမော။

ယောစ၊ အကြင်ပုဂ္ဂိုလ်သည်လည်း။
အနတ္ထပဒသဉှိတံ၊ အကျိုးမဲ့ကို ပြတတ်သော ပုဒ်နှင့် ယှဉ်သော။
ဂါထာသတံ၊ အရာမျှလောက်သော ဂါထာကို။
ဘာသေ၊ ဆိုရာ၏။
တဿ၊ ထိုသူ၏။
သာ၊ ထိုဂါထာသည်။
နသေယျော၊ မမြတ်။
ယံဓမ္မပဒံ၊ အကြင်အကျိုးကို ပြီးစေတတ်သော တရားစကားပုဒ်ကို။
သုတွာ၊ ကြားနာရ၍။
ဥပသမ္မတိ၊ ရာဂစသည် ငြိမ်း၏။
ဧတံဓမ္မပဒံ၊ ထိုအကျိုးကို ပြီးစေတတ်သော တရားစကားပုဒ်သည်။
ဧကံပိ၊ တပုဒ်ထည်းပင်ဖြစ်သော်လည်း။
သေယျော၊ မြတ်၏ ။

ယော၊ အကြင်စစ်သူရဲသည်။
သဟဿေန၊ တထောင်ဖြင့်။
ဂုဏိတံ၊ မြှောက်အပ်သော။
သဟဿံ၊ တထောင်သော။
မာနုသေ၊ လူတသန်းတို့ကို။
သင်္ဂါမေ၊ စစ်ထိုးရာမြေ၌။
ဇိနေ၊ အောင်ရာ၏။
အယံ၊ ဤလူ တသန်းအောင်သော သူသည်။
ဥတ္တမော၊ စစ်မြေပြင်အောင်သူတကာတို့ထက် မြတ်သည်။
ဟောတိ၊ ဖြစ်၏။
ယောပန၊ အကြင် ယောဂါဝစရပုဂ္ဂိုလ်သည်ကား။
ဧကဉ္စ၊ တခုတည်းသာဖြစ်သော။
အတ္တာနံ၊ မိမိကိုယ်ကို။
ဇေယျ၊ အောင်ရာ၏။
သော၊ ထိုတကိုယ်ထည်း အောင်သောပုဂ္ဂိုလ်သည်။
ဝေ၊ စင်စစ်။
သင်္ဂါမဇုတ္တမော၊ စစ်မြေပြင်၌ အောင်သူ တကာတို့ထက် အထူးသဖြင့် မြတ်သော စစ်ဗိုလ်ချုပ် သည်။
ဟောတိ၊ ဖြစ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကုဏ္ဍလကေသီ ထေရီမ ဝတ္ထုပြီး၏။

၄ - အနတ္ထ ပုစ္ဆက ပုဏ္ဏားဝတ္ထု

အတ္တာ ဟဝေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အနတ္တပုစ္ဆက မည်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထိုပုဏ္ဏားကား အသို့နည်း။ သဗ္ဗညု မြတ်စွာဘုရားသည် အကျိုးစီးပွားကို သာလျှင် သိလေ သလော။ သို့တည်းမဟုတ် အကျိုးစီးပွားမဲ့ကိုလည်း သိလေသလော။ ဤသို့သော အကြောင်းကို ထိုသဗ္ဗညု မြတ်စွာဘုရားကို မေးလျှောက်အံ့ဟု ဘုရားရှင်သို့ ချဉ်းကပ်၍ ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားတို့သည် အကျိုးစီးပွားကို သာလျှင် သိတော် မူကြကုန်၏။ အကျိုးစီးပွားမဲ့ကို သိတော်မမူကြဟူ၍ ထင်မြင်အောက်မေ့ပါသည် ဘုရားဟု မေးမြန်းလျှောက်ကြားလေသတတ်။

ပုဏ္ဏားကြီး ငါဘုရားသည် အကျိုးစီးပွားကိုလည်းသိ၏။ အကျိုးစီးပွားမဲ့ကိုလည်း သိ၏ဟု မိန့်ဆိုတော်မူလတ်သော် ထိုသို့ ဖြစ်မူ တပည့်တော်အား အကျိုးစီးပွားမဲ့ကို ဟောတော်မူကြပါ ဘုရားဟု လျှောက်ကြား၏။

ထိုအခါ ပုဏ္ဏားကြီးအား မြတ်စွာဘုရားသည် ဤဂါထာကို ဟောကြားတော်မူလေ၏။

ဥဿူရသေယျံ အာလသျံ၊ စဏ္ဍိက္ကံ ဒီဃသောဏ္ဍိယံ။
ဧကဿဒ္ဓါနဂမနံ၊ ပရဒါရူပသေဝနံ။
ဧတံ ဗြာဟ္မဏ သေဝဿု၊ အနတ္ထံ တေ ဘဝိဿတိ။

ဗြာဟ္မဏ၊ ပုဏ္ဏားကြီး။
ဥဿူရသေယျံ၊ နေထွက်အောင် အိပ်ခြင်းသည်၎င်း။
အာလသံျ၊ ပျင်းရိခြင်းသည်၎င်း။
စဏ္ဍိက္ကံ၊ ကြမ်းကြုတ်ခက်ထန်ခြင်းသည်၎င်း။
ဒီဃသောဏ္ဍိယံ၊ အရှည်သေသောက်ကြူးခြင်းသည်၎င်း။
ဧကဿ၊ တယောက် အထည်းတည်း။
အဒ္ဓါနဂမနံ၊ အဓွန့်ရှည်သော ခရီးသို့ သွားခြင်းသည်၎င်း။
ပရဒါရူပသေဝနံ၊ သူတပါး၏မယားကို မှီဝဲခြင်းသည်၎င်း။
အတ္ထိ၊ ရှိ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား ကြီး။
တွံ၊ သင်သည်။
ဧတံ၊ ဤခြောက်ပါးသော တရားကို။
သေဝဿု၊ မှီဝဲ ကြိုးပမ်း အားထုတ်စမ်းလော့။
တေ၊ သင့်အား။
အနတ္ထံ၊ အကျိုးစီးပွားမဲ့သည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။

ထိုစကားကို ကြားရလျှင် ပုဏ္ဏားကြီးသည် ဂိုဏ်းဆရာကြီး ဖြစ်တော်မူသော မြတ်စွာဘုရား ဂိုဏ်းတို့၏ အကြီးအမြတ်ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား ကောင်းလေစွ ကောင်းလေစွ။ ရှင်တော်မြတ်ဘုရားတို့ကား အကျိုးစီးပွားကိုလည်း သိတော်မူကုန်စွတကား။ အကျိုးစီးပွားမဲ့ ကိုလည်း သိတော်မူကုန်စွ တကားဟု ကောင်းချီး ပေးလေ၏။

ပုဏ္ဏားကြီး ဤသို့လျှင် ငါဘုရားနှင့် တူသော အကျိုးရှိ အကျိုးမဲ့ကို သိတတ်သောသူ မည်သည် မရှိဟု မိန့်တော် မူပြီးလျှင် ထိုအခါ ပုဏ္ဏားကြီး၏ အလို အဇ္ဈာသယကို စူးစမ်း ဆင်ခြင်တော်မူ၍ ပုဏ္ဏားကြီး အဘယ်အမှုဖြင့် အသက်မွေးသနည်းဟု မေးသဖြင့် ရှင်ကြီးဂေါတမ ကြွေအံကစားသော အမှုဖြင့် အသက်မွေးပါသည် ဘုရားဟု လျှောက်ထားလတ်သော် သင့်အား အသို့နည်း နိုင်ခြင်းဖြစ်သလော သို့တည်းမဟုတ် ရှုံးခြင်းဖြစ်သလောဟု မေးတော်မူပြန်၏။

နိုင်ခြင်းလည်း ဖြစ်ပါသည်။ ရှုံးခြင်းလည်း ဖြစ်ပါသည်ဘုရားဟု လျှောက်ပြန်လတ်သော် ပုဏ္ဏားကြီး ဤနိုင်ခြင်းသည် အနည်းငယ်သာတည်း။ သူတပါးကို နိုင်သောသူ၏ အောင်ခြင်း မည်သည် မမြတ်။ အကြင်သူသည်ကား ကိလေသာကို နိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်၏၊ ထိုသူ၏ အောင်ခြင်း သည်သာ မြတ်၏။ ထိုမိမိကိုယ်ကို အောင်သောသူကို တစုံတယောက်သောသူသည် ရှုံးအောင်ပြုခြင်း ငှါ မတတ်နိုင်သည် သာတည်းဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရား ဟောတော် မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁ဝ၄။ အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာစာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စ သညတစာရိနော။

၁ဝ၅။ နေဝ ဒေဝေါ န ဂန္ဓဗ္ဗော၊န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။

အတ္တဒန္တဿ၊ မိမိကိုယ်ကို ဆုံးမပြီးသော။
နိစ္စံ၊ အမြဲ။
သညတစာရိနော၊ ကိုယ်နှုတ်နှလုံး သုံးပါးကို စောင့်စည်းသော အကျင့်ရှိသော။
တထာရူပဿ၊ ထိုသို့သဘောရှိသော။
ဇန္ဓုနော၊ သတ္တဝါဟုဆိုအပ်သော။
ပေါသဿ၊ ယောက်ျား တယောက် ဆိုစလောက်သောသူ၏။
ဇိတံ၊ အောင်ခြင်းနိုင်ခြင်းကို။
အပဇိတံ၊ ရှုံးအောင်။
ဒေဝေါဝါ၊ နတ်သည်လည်း။
နေဝကယိရာ၊ မပြုနိုင်ရာ။
ဂန္ဓဗ္ဗောဝါ၊ ဂန္ဓဗ္ဗနတ်သည်လည်း။
နကယိရာ၊ မပြုနိုင်ရာ။
ဗြဟ္မနာ၊ ဗြဟ္မာမင်းနှင့်။
သဟ၊ တကွ။
မာရောဝါ၊ မာရ်နတ်သည်လည်း။
နကယိရာ၊ မပြုနိုင်ရာ။
တသ္မာ၊ ထို့ကြောင့်။
တဿ၊ ထိုယောက်ျားကြီး၏။
ဇိတံ-ဇိတော၊ ကိလေသာကို အောင်ခြင်းဖြင့် အောင်ပြီးသော။
အတ္တာ၊ ကိုယ်သည်။
ဟဝေ၊ စင်စစ်။
သေယျော၊ မြတ်၏။
ဣတရာ၊ ဤမှတပါး ကြွေအံ စစ်တိုက် စသည်ဖြင့် အောင်နိုင်သော။
ယာစ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။
အတ္ထိ၊ ရှိ၏။
တဿာပဇာယ၊ ထို သတ္တဝါအပေါင်း၏။
ဇိတံ-ဇိတော၊ ကစားပွဲစသည် အောင်ခြင်းဖြင့်အောင်သော။
အတ္တာ၊ ကိုယ်သည်။
နသေယျော၊ မမြတ်။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အနတ္ထပုစ္ဆကပုဏ္ဏားဝတ္ထု ပြီး၏။

---

၅ - အရှင်သာရိပုတြာ၏ဦးရီး ပုဏ္ဏားကြီးဝတ္ထု

မာသေမာသေ - အစရှိသော ဤတရား ဒေသနာဟော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာ မထေရ်၏ ဦးရီးဖြစ်သော ပုဏ္ဏားကို အကြောင်း ပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာ့ပြည် တောင့်တ၍ တက္ကတွန်းအားလှူခြင်း

အရှင်သာရိပုတြာ မထေရ်သည် ထိုဦးရီးဖြစ်သော ပုဏ္ဏား၏အထံသို့သွား၍ ပုဏ္ဏားကြီး အသို့နည်း တစုံတခုသာလျှင် ဖြစ်သော ကုသိုလ်ကောင်းမှု ပြုဘိ၏ လောဟု မေးသတတ်။ အရှင်ဘုရား ပြုပါ၏ဘုရားဟု လျှောက်ဆိုလျှင် အဘယ် ကောင်းမှုပြုသနည်းဟု မေးတော်မူ၏။ လတိုင်းလတိုင်း တထောင်သော ဥစ္စာကို စွန့်ကြဲသဖြင့် အလှူကို ပေးလှူပါသည်ဘုရားဟု လျှောက်ကြားလတ်သော် အဘယ်သူအား ပေးသနည်းဟု မေးပြန်လေ၏။

အရှင်ဘုရား တက္ကတွန်းတို့အား ပေးပါသည်ဘုရားဟု လျှောက်ကြားလတ်သော် အဘယ်အကျိုးကို တောင့်တ၍ ပေးလှူပါသနည်းဟု မေးပြန်လေ၏။ အရှင်ဘုရား ဗြဟ္မာ့ပြည်ကို တောင့်တ၍ ပေးပါသည် ဘုရားဟု လျှောက်ကြားလတ်သော် ပုဏ္ဏားကြီး - အသို့နည်း ဤသို့ ပေးလှူခြင်းသည် ဗြဟ္မာ့ပြည်သို့ ရောက်ခြင်း၏ အကြောင်းလောဟု မေးပြန်လေ၏။ အရှင် ဘုရား ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း မှန်ပါသည်ဘုရားဟု လျှောက်ကြားလတ်သော် အဘယ်သူသည် ဤသို့ ဟောပြောသနည်းဟု မေးတော်မူပြန်၏။

အရှင်ဘုရား တပည့်တော်၏ ဆရာတို့သည် ဟောပြောအပ်ပါသည် ဘုရားဟု လျှောက်ကြား ပြန်သော် သင်သည်လည်း ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကိုမသိ။ သင့်ဆရာတို့သည်လည်း မသိကြကုန်။ တဦးထည်းသော မြတ်စွာဘုရားသည် သာလျှင် သိ၏။ ပုဏ္ဏားကြီး လာလော့ သင့်အား ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကို ဟောကြားစေအံ့ဟု မိန့်ဆိုတော်မူပြီးလျှင် ထိုပုဏ္ဏားကို ခေါ်ကာ မြတ်စွာဘုရား၏ အထံတော်သို့ ဆောင်ယူသွား၍ ဘုန်းတော်ကြီးတော်မူသော မြတ်စွာ ဘုရား ဤပုဏ္ဏားကြီးသည် ဤသို့ဆိုပါသည်ဘုရားဟု ထိုအကြောင်းကို လျှောက်ကြား၍ တောင်းပန်ပါ၏။

မြတ်စွာဘုရား ထိုပုဏ္ဏားကြီးအား ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရားဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် ပုဏ္ဏားကြီး ဤသို့ သာရိပုတြာမထေရ် လျှောက်ကြားသော အတိုင်း ဟုတ်မှန်သလောဟု မေးတော်မူခြင်းကြောင့် အိုရှင်ကြီး ဂေါတမ ဟုတ်မှန်ပါသည် ဘုရားဟု နားတော်လျှောက်သည်ရှိသော် ပုဏ္ဏားကြီး သင်သည် ဤသို့ပေးလှူသဖြင့် အနှစ်တရာ ပတ်လုံး ပေးလှူအပ်သော အလှူထက်လည်း တခဏမျှကြည်ညိုသောစိတ်ဖြင့် ငါ၏တပည့်ရဟန်း သံဃာအား ဖူးမြင်ရခြင်းသည်၎င်း တယောက်မမျှသော ဆွမ်းကိုလှူဒါန်းရခြင်းသည်၎င်း လွန်စွာ အကျိုး ကြီးမြတ်လှ၏ ဟုမိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၀၆။ မာသေမာသေ သဟဿေန၊ ယော ယဇေထ သတံ သမံ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။

ယော၊ အကြင်သူသည်။
သတံ၊ တရာသော။
သမံ၊ နှစ်ပတ်လုံး။
ဝါ - သတံ သမံ၊ အနှစ်တရာ ကာလပတ်လုံး။
မာသေ မာသေ၊ လတိုင်း လတိုင်း၊
သဟဿေန၊ တထောင်သောဥစ္စာကိုစွန့်သဖြင့်။
ယဇေထ၊ ပုဂ္ဂိုလ်သာမန်အား လှူဒါန်း ပူဇော်ရာ၏။
ယောစ၊ အကြင်သူသည်လည်း။
ဘာဝိတတ္တာနံ၊ ဝိပဿနာဂုဏ် လွှမ်းထုံပွားစီး စိတ်သဘောကြီးသော။
ဧကဉ္စ၊ တယောက်ထည်းသော အရိယာ ပုဂ္ဂိုလ်ကိုလည်း။
မုဟုတ္တမပိ၊ တခဏမျှလည်း။
ပူဇယေ၊ လှူဒါန်းပူဇော်ရာ၏။
တေသံ၊ ထိုနှစ်ယောက်သောသူတို့၏။
ပူဇနာသု၊ ပူဇော်ခြင်းတို့တွင်။
သာယေဝပူဇနာ၊ ထိုအရိယာပုဂ္ဂိုလ်အား တခဏမျှ လှူဒါန်းပူဇော်ခြင်းသည်သာလျှင်။
သေယျော၊ မြတ်၏။
ဝဿသတံ၊ အနှစ်တရာပတ်လုံး။
ဟုတံ၊ ပုဂ္ဂိုလ်သာမန်အား လှူဒါန်း ပူဇော်ခြင်းသည်။
ယဉ္ဇေသေယျော၊ မမြတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ပုဏ္ဏားကြီးမှတပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေဟုန်၏။

အရှင်သာရိပုတြာ၏ဦးရီး ပုဏ္ဏားကြီးဝတ္ထုပြီး၏။

---

၆ - အရှင်သာရိပုတြာ၏ တူဝတ္ထု

ယောစဝဿသတံဇန္တု - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာမထေရ်၏ တူဖြစ်သောပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာ့ပြည် တောင့်တ၍ သားကောင်ဖြင့် မီးပူဖော်ခြင်း

အရှင်သာရိပုတြာမထေရ်သည် ထိုတူဖြစ်သော ပုဏ္ဏားသို့လည်း ချဉ်းကပ်၍ အမောင်ပုဏ္ဏား ကုသိုလ်ကောင်းမှုပြုဘိ၏လောဟု မိန့်ဆိုတော်မူလေ၏။ အရှင်ဘုရား ပြုရပါ၏ဘုရားဟု လျှောက်ကြားလျှင် အဘယ်ကောင်းမှုကို ပြုသနည်း ဟု မေးတော်မူပြန်၏။ လတိုင်း လတိုင်း တကောင် တကောင်သော သားကောင်ကို သတ်၍ မီးကိုလုပ်ကျွေးရပါသည်ဘုရားဟု လျှောက်ကြားလတ်သော် ဘယ်အကျိုးငှါ ဤသို့ပြုဘိသနည်းဟု မေးတော်မူပြန်၏။

ဤမီးကို လုပ်ကျွေးခြင်းသည် ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း ဖြစ်ပါသတတ်ဘုရားဟု လျှောက်ပြန် လတ်သော် အဘယ်သူသည် ဤသို့ပြောဟောသနည်းဟု မေးတော်မူပြန်၏။ အရှင်ဘုရား ဆရာတို့သည် ပြောဟောအပ်ပါသည်ဘုရားဟု လျှောက်ကြားပြန်သော် သင်သည် ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကို မသိ။ သင်၏ဆရာတို့သည်လည်း မသိကြကုန်။ လာလှည့် မြတ်စွာဘုရား၏ အထံတော်သို့ သွားကြကုန်အံ့ဟု ထိုတူ ဖြစ်သောပုဏ္ဏားကို မြတ်စွာဘုရားအထံသို့ ဆောင်ယူ သွား၍ ထိုအကြောင်းကို ပြောကြား လျှောက်ထားပြီးလျှင် ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤပုဏ္ဏားအား ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရားဟု လျှောက်ကြား လေ၏။

မြတ်စွာဘုရားသည်လည်း ဤအတိုင်းမှန်သလောဟု မိန့်တော်မူခြင်းကြောင့် အိုရှင်ကြီးဂေါတမ ဤအတိုင်းမှန်ပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ပုဏ္ဏား အနှစ်တရာကာလ ပတ်လုံးလည်း ဤသို့မီးကို လုပ်ကျွေးသောသူ၏ မီးကိုလုပ်ကျွေးခြင်းသည် ငါ၏တပည့် ရဟန်း သံဃာအား ထိုတခဏမျှ ပူဇော်ခြင်းသို့လည်း မမှီနိုင်ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၀၇။ ယော စ ဝဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ဝနေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေဝ ပူဇနာ သေယျော၊ ယဉ္စေ ဝဿသတံ ဟုတံ။

ယောစဇန္တု၊ အကြင်သတ္တဝါသည်လည်း။
ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။
ဝနေ၊ တော၌။
အဂ္ဂိံ၊ မီးကို။
ပရိစရေ၊ လုပ်ကျွေးရာ၏။
ယောစ၊ အကြင် သူသည်လည်း။
ဧကဉ္စ၊ တပါးထည်းသာ ဖြစ်သော။
ဘာဝိတတ္တာနံ၊ ဝိပဿနာ ဂုဏ်အထူးဖြင့် ပွါးစေအပ်သော စိတ်သဘောရှိသော အရိယာ ပုဂ္ဂိုလ်ကို။
မုဟုတ္တမပိ၊ တခဏမျှလည်း။
ပူဇယေ၊ ပူဇော်ရာ၏။
တေသု၊ ထိုသူနှစ်ယောက် တို့တွင်။
တဿ၊ ထိုဒုတိယပုဂ္ဂိုလ်၏။
သာယေဝပူဇနာ၊ ထိုပူဇော်ခြင်းသည်သာလျှင်။
သေယျော၊ မြတ်၏။
ဝဿသတံ၊ အနှစ်တရာပတ်လုံး။
ဟုတံ၊ သားကောင် သတ်၍ မီးပူဇော်ခြင်းသည်။
ယေဉ္စသေယျော၊ မမြတ်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ပုဏ္ဏားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ပုဏ္ဏားမှတပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏ ။

အရှင်သာရိပုတြာ၏ တူဝတ္ထုပြီး၏။

---

၇ - အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏားဝတ္ထု

ယံကိဉ္စိယိဋ္ဌဉ္စ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတြာ မထေရ်၏ အဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဗြဟ္မာ့ပြည် တောင့်တ၍ ယစ်ကြီးပူဇော်ခြင်း

အရှင်သာရိပုတြာ မထေရ်သည် ထိုအဆွေခင်ပွန်းဖြစ်သော ပုဏ္ဏားသို့လည်း ချဉ်းကပ်၍ ပုဏ္ဏား အသို့နည်း တစုံတခုသောကုသိုလ်ကောင်းမှု ပြုဘိ၏လောဟု မိန့်တော်မူလေ၏။ အရှင်ဘုရား ပြုရပါ၏ ဘုရားဟု လျှောက်ကြားလတ်သော် အဘယ်ကောင်းမှုကို ပြုရသနည်းဟု မေးတော် မူပြန်သဖြင့် ကြီးစွာသော ယဇ်ပူဇော်ခြင်းသို့ ရောက်အောင် ပူဇော်ရပါသည်ဘုရားဟု လျှောက်ကြားလေ၏။

[ထိုအခါ ထိုယဇ်ကြီးပူဇော်ခြင်းကို များစွာသောဥစ္စာကို စွန့်သဖြင့် ပူဇော်ကြကုန်သတတ်။]

ထိုမှနောက်၌ မေးစရာရှိသမျှကို မေးပြီးလျှင် ထိုပုဏ္ဏားကို မြတ်စွာဘုရား၏ အထံတော်သို့ ခေါ်ဆောင်၍ ထိုအကြောင်းကို လျှောက်ကြားပြီးမှ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဤပုဏ္ဏားအား ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်းကို ဟောကြားတော်မူပါဘုရားဟု လျှောက်ကြား လေ၏။

မြတ်စွာဘုရားသည်လည်း ပုဏ္ဏား ဤအတိုင်း ဟုတ်မှန်သလောဟု မေးတော်မူခြင်းကြောင့် အို ရှင်ကြီးဂေါတမ ဟုတ်မှန်ပါသည်ဘုရားဟု လျှောက်ကြားလေ၏။ ပုဏ္ဏား သင်သည် တနှစ်ပတ်လုံး ယဇ်ကြီးပူဇော်ခြင်းကို ပူဇော်ခြင်းဖြင့် ပြိန်ဖျင်းသော သာမန် လူများအပေါင်းအား ပေးအပ်သော အလှူသည် ကြည်ညိုသောစိတ်ဖြင့် ငါ၏ တပည့် အရိယာသာဝက တို့အား ရှိခိုးကုန်သော သူတို့ သန္တာန်၌ ဖြစ်သော ကုသိုလ်စေတနာ၏ လေးဖို့တဖို့မျှကိုလည်း မမှီ မဆိုက် မထိုက်တန်ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၀၈။ ယံကိဉ္စိ ယိဋ္ဌိဉ္စ ဟုတဉ္စ လောကေ၊
သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။
သဗ္ဗေပိ တံ န စတုဘာဂမေတိ၊
အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

လောကေ၊ လောက၌။
ပုညပေက္ခာ၊ ကောင်းမှုကို အလိုရှိသည်ဖြစ်၍။
ယံကိဉ္စိ၊ အကြွင်းမရှိ အလုံးစုံသော။
ယိဋ္ဌဉ္စ၊ မင်္ဂလာပြုခြင်းစသည် အစွမ်းဖြင့် ကောင်းစွာလှူသော ယဇ်ကြီးကို၎င်း။
ဟုတဉ္စ၊ စီမံပြုအပ် ဧည့်သည်မြတ်အား ဆက်ကပ်သွယ်သွယ် လှူသော ယဇ်ငယ်ကို၎င်း။
ဝါ၊ ကံနှင့်အကျိုး အားကိုး ကြည်ဖြူ ပြုအပ်သော အလှူကို၎င်း။
သံဝစ္ဆရံ၊ တနှစ်ပတ်လုံး။
မဟာဇနဿပိ၊ စက္ကဝါကုန် အလုံးစုံစုဆောင်း သာမန် လူအပေါင်းအားသော်လည်း။
ယဇေထ၊ လှူဒါန်းကော်ရော် ပူဇော်ငြားအံ့။
တံသဗ္ဗံပိ၊ ထိုအလုံးစုံသော ယဇ်ကြီး ယဇ်သေး လှူပေးဒါန ဟူသမျှသည်လည်း။
ဥဇုဂတေသု၊ ဖြောင့်ဖြောင့် မတ်မတ် ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်တို့၌။
အဘိဝါဒနာ-အဘိဝါဒနာယ၊ ရှိခိုးခြင်း ကုသိုလ် စေတနာ၏။
စတုဘာဂံ၊ လေးဖို့တဖို့ကို။
နဧတိ၊ မမှီမဆိုက် မထိုက်တန်။
တသ္မာ၊ ထို့ကြောင့်။
အဘိဝါဒနမေဝ၊ အရိယာပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း သည်သာလျှင်။
သေယျော၊ မြတ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ထိုပုဏ္ဏားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုပုဏ္ဏားမှတပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည် တို့သို့ ရောက်ကြလေကုန်၏။

အရှင်သာရိပုတြာ၏ အဖော်ပုဏ္ဏားဝတ္ထု ပြီး၏။

---

၈ - အာယုဝဍ္ဎနသတို့သားဝတ္ထု

အဘိဝါဒန သီလိဿ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒီဃလင်္ဃိကမြို့ကို အမှီပြု၍ အရညကုဋိခေါ် တောကျောင်း၌ နေတော်မူစဉ် ဒီဃာယုသတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အန္တရာယ်မကင်းသဖြင့် ဆုမပေးခြင်း

ဒီဃလင်္ဃိကမြို့နေ ပုဏ္ဏားနှစ်ယောက်တို့သည် သာသနာပ ရသေ့ရဟန်း အဖြစ်ဖြင့် ရဟန်းပြု၍ လေးဆဲ့ရှစ်နှစ်တို့ပတ်လုံး တပစရဏမည်သော အကျင့်ကို ကျင့်ကြကုန်သတတ်။ ထိုပုဏ္ဏား နှစ်ယောက်တို့တွင် တယောက်သော ပုဏ္ဏားသည် ငါ၏ အဆက်အနွယ်သည် ပျောက်ပျက် ပေတော့လတ္တံ့။ လူထွက်ဦးမည်ဟု ကြံ ဆင်ခြင်၍ မိမိကျင့်အပ်သော အကျင့်ကို သူတပါးတို့အား ရောင်းချသည်ရှိသော် နွားတရာနှင့်၎င်း အသပြာတရာနှင့်၎င်း အတူတကွ မယားကိုရသဖြင့် ပစ္စည်း ဥစ္စာ ကောင်းစွာ စုဆောင်းမိလေ၏။

ထို့နောက် ထိုပုဏ္ဏား၏ မယားသည် သားယောက်ျားကလေးကို ဖွားမြင်လေ၏။ ၎င်း၏ အဖော်ဖြစ်သော ပုဏ္ဏားရသေ့ သည်ကား အရပ်တပါးသို့သွား၍ တဖန် ထိုဒီဃလင်္ဃိကမြို့သို့ ပြန်ရောက်လာ၏။ ထိုပုဏ္ဏားသည် အဆွေခင်ပွန်း ပုဏ္ဏားရသေ့ ပြန်လာသည့်အဖြစ်ကို ကြားရလျှင် သားမယားကိုခေါ်လျက် ဖူးမြင်ခြင်းငှါ ရောက်သွားလေ၏။ ရောက်သွားသဖြင့် သားကို မိခင်၏ လက်၌ပေးထား၍ ကိုယ်တိုင် ရှေးဦးစွာရှိခိုး၏။ မိခင်သည်လည်း သားကို ဖခင်၏လက်၌ပေး၍ ကိုယ်တိုင်ရှိခိုး၏။ ထိုရသေ့သည်

ဒီဃာယုကာ ဟောထ။
တုမှေ၊ သင်တို့သည်။
ဒီဃာယုကာ၊ ရှည်သောအသက်ရှိကြကုန်သည်။
ဟောထ၊ ဖြစ်ကြစေ”

ဟု ဆုပေးစကားဆိုလေ၏။ သားငယ်ကို ရှိခိုးစေသည်ရှိသော်ကား ဆိတ်ဆိတ် နေလေ၏။

ထိုအခါ ရသေ့ကို အရှင်ဘုရား အဘယ့်ကြောင့် တပည့်တော်တို့ ရှိခိုးသည် ရှိသော် ဒီဃာယုကာ ဟောထ - ဟူသော ဆုကိုပေးလျက် ဤသားငယ်၏ ရှိခိုးသောအခါ တံစုံတခုကို မဆိုကြပါကုန် သနည်းဟု ဆို၍ ဤသားငယ်အား အန္တရာယ်ရှိပါသလောဟု မေးလျှောက်လေ၏။ ဒါယကာပုဏ္ဏား ဤသူငယ်အား အန္တရာယ်ရှိ၏ ဟုဆိုလျှင် အရှင်ဘုရား အဘယ်မျှလောက် အသက်ရှည်ပါအံ့နည်း ဟု မေးပြန်လေ၏။

ဒါယကာပုဏ္ဏား ခုနစ်ရက်မျှ အသက်ရှည်လတ္တံ့ ဟုဆိုလျှင် အရှင်ဘုရား တားမြစ်နိုင်အံ့သော အကြောင်း ရှိပါအံ့လောဘုရားဟု မေးပြန်လေ၏။ ငါကား ထိုတားမြစ်အံ့သော အကြောင်းကို မသိဟုပြောဆိုလျှင် အရှင်ဘုရား အဘယ်သူ သိနိုင်ပါအံ့နည်းဟု မေးပြန်လေ၏။

ရဟန်းဂေါတမသည် သိနိုင်ရာ၏။ ထိုရဟန်းဂေါတမ အထံသို့သွား၍ မေးလော့ဟု ပြောဆိုလျှင် ထိုမြတ်စွာဘုရား အထံသို့ သွားသည်ရှိသော် အကျင့်၏ဆုတ်ယုတ်အံ့သည်မှ ကြောက်လှပါသည် ဟု ဆိုလေ၏။ သင့်သား၌ ချစ်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့ အကျင့်ဆုတ်ယုတ်ခြင်းကို မကြံစည်ဘဲ ထိုရဟန်းဂေါတမ အထံသို့သွား၍ မေးသာမေးလော့ ဟု ဆိုလျှင် ထိုပုဏ္ဏားသည် ဘုရားအထံ သို့သွား၍ မိမိကိုယ်တိုင် ရှေးဦးစွာရှိခိုးလေ၏။

မြတ်စွာဘုရားသည်“ဒီဃာယုကောဟောဟိ။ တွံ၊ သင်သည်။ ဒီဃာယုကော၊ ရှည်သော အသက် ရှိသည်။ ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးစကား မိန့်ဆိုတော်မူလေ၏။ မယားရှိခိုးသော အခါ၌လည်း ထိုမိန်းမအား ထို့အတူ ဆုပေးစကားဆို၍ သားငယ် ရှိခိုးသောအခါ ဆိတ်ဆိတ် သာလျှင် နေတော်မူလေ၏။

အန္တရာယ်ကင်းအောင် ပရိတ်ရွတ်ခြင်း

ပုဏ္ဏားသည် ရှေးနည်းဖြင့်သာလျှင် မြတ်စွာဘုရားကို မေးလျှောက်လေ၏။ ဘုရားရှင်လည်း ထို့အတူသာလျှင် ဖြေကြားတော်မူ၏။

[ထိုရသေ့ပုဏ္ဏားသည် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ မသိနိုင်သော်လည်း မိမိ၏ မန္တန် ပညာကို သဗ္ဗညုတဉာဏ်တော်ဖြင့် နှီးနှောမိစေ၏။ အန္တရာယ်ကို တားမြစ်ခြင်းအကြောင်းကိုကား မသိသတတ်။]

ပုဏ္ဏားသည် ဘုရားရှင်ကို ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား အန္တရာယ်ကို တားမြစ် နိုင်အံ့သော အကြောင်း ရှိပါသလောဘုရားဟု မေးလျှောက်လေ၏။ ပုဏ္ဏားကြီး ဖြစ်နိုင်ရာ၏ဟု မိန့်တော်မူလျှင် အဘယ်သို့ပြုမှ ဖြစ်နိုင်ရာသနည်း ဘုရားဟု မေးလျှောက်လေ၏။

သင်သည်မိမိ၏ အိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်လုပ်၍ ထိုမဏ္ဍပ်၏အလယ်၌ အင်းပျဉ်ကိုခင်း၍ ထိုအင်းပျဉ်ကိုခြံရံလျက် ရှစ်ခုဖြစ်စေ တဆဲ့ခြောက်ခု ဖြစ်စေ နေရာတို့ကို ခင်းစေသဖြင့် ထိုနေရာတို့၌ ငါ၏ တပည့်သားဖြစ်ကုန်သော ရဟန်းတော်တို့ကို သီတင်းသုံးနေစေပြီးလျှင် ခုနစ် ရက်ပတ်လုံး မပြတ် ပရိတ်အရံအတား ပြုစိမ့်သောငှါ အကယ်၍ တတ်နိုင်သည် ဖြစ်အံ့၊ ဤသို့ တတ်နိုင်လျှင် ထိုသူငယ်၏ အန္တရာယ်သည် ပျောက်ပျက် လွင့်ပြယ် လေရာ၏ ဟု မိန့်တော်မူလျှင် အို ရှင်ကြီးဂေါတမ တပည့်တော်သည် မဏ္ဍပ်စသည် တို့ကို ပြုခြင်းငှါ တတ်နိုင်ပါ၏။

ရှင်တော်မြတ်ဘုရားတို့၏ တပည့် ရဟန်းတော်တို့ကို အဘယ်မှာ ရနိုင်ပါအံ့နည်းဘုရား ဟု လျှောက်ကြားလေ၏။ သင်သည် ဤမျှလောက်ကို ပြုသည်ရှိသော် ငါဘုရားသည် ငါ့တပည့် ရဟန်းတော်တို့ကို စေလွှတ်ပေအံ့ဟု မိန့်တော်မူလျှင် အို ရှင်ကြီးဂေါတမ ကောင်းလှပါပြီဟု ဝမ်းမြောက်ဝမ်းသာ ဝန်ခံ၍ ပုဏ္ဏားကြီးသည် မိမိ၏အိမ် တံခါး၌ အလုံးစုံသောကိစ္စကို ပြီးဆုံး အောင်ပြုပြီးလျှင် မြတ်စွာဘုရားထံတော်သို့ သွားလေ၏။ ဘုရားရှင်သည် ရဟန်းတော်တို့ကို စေလွှတ်တော်မူလေ၏။

ရဟန်းတော်တို့သည် သွား၍ ထိုနေရာတို့၌ နေထိုင်ကြကုန်၏။ သူငယ်ကိုလည်း အင်းပျဉ်ထက်၌ အိပ်စေကြကုန်၏။ ရဟန်းတော်တို့သည် ခုနစ်ခုသော ညဉ့်တို့ပတ်လုံး မပြတ် ပရိတ်ရွတ်ကြ လေကုန်၏။ ခုနစ်ရက် မြောက်သောနေ့၌ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ကြွလာတော်မူ၏။

ဤသို့ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် စကြာဝဠာ၌ နေကုန်သော အလုံးစုံသော နတ်တို့သည် စည်းဝေး ရောက်လာကြကုန်၏။ အဝရုဒ္ဓကအမည်ရှိသော ဘီလူးတယောက်သည် တဆဲ့နှစ်နှစ်ပတ်လုံး ဝေဿဝဏ်နတ်မင်းကြီးကို လုပ်ကျွေး ခစားသဖြင့် ထိုဝေဿဝဏ် နတ်မင်း ထံမှ ဆုရသည် ရှိသော် ဤနေ့မှ ခုနစ်ရက် မြောက်သောနေ့၌ ဤသူငယ်ကို ယူလေလော့ဟူသော ဆုကိုရလေ၏။ ထို့ကြောင့် အရုဒ္ဓကဘီလူးသည်လည်း လာ၍ ရပ်တည်နေလေ၏။

မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်တော်မူသည်ရှိသော် တန်ခိုးကြီးသောနတ်တို့ စည်းဝေးကြကုန်၏။ တန်ခိုးကြီးသောနတ်တို့သည် စည်းဝေးကြကုန်သည်ရှိသော် တန်ခိုး နည်းသော နတ်တို့ နောက်ဆုတ်၍ နောက်ဆုတ်၍ နေရာအရပ်ကို မရကြကုန်သဖြင့် တဆဲ့နှစ် ယူဇနာ တိုင်အောင် ဖဲသွားကြရလေကုန်၏။ အဝရုဒ္ဓကဘီလူးသည်လည်း ထိုတဆဲ့နှစ်ယူဇနာ သို့သာ ဖဲသွားရလေ၏။ ဘုရားရှင်သည်လည်း တညဉ့်ပတ်လုံး ပရိတ်အရံအတား ပြုတော်မူလေ၏။

အသက်တရာ့နှစ်ဆယ် ရှည်မည်ဆိုခြင်း

ခုနစ်ရက် လွန်လတ်သည်ရှိသော် အဝရုဒ္ဓကဘီလူးသည် သူငယ်ကိုမရနိုင်။ ရှစ်ရက်မြောက်သော နေ့ အရုဏ်တက်ကာမျှ၌ သူငယ်ကိုဆောင်ယူ၍ မြတ်စွာဘုရားကို ရှိခိုးစေကြကုန်၏။ ဘုရားရှင်သည် ဒီဃာယုကော ဟောဟိ။ တွံ၊ သင် သတို့သားငယ်သည်။ ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။ ဟောဟိ၊ ဖြစ်စေ ဟု ဆုပေးတော်မူလေ၏။

အိုရှင်ကြီးဂေါတမ ဤသူငယ်ကား အဘယ်မျှ ကာလကြာအောင် တည်နိုင်ပါအံ့နည်း။ အသက် ရှည်ပါအံ့နည်း ဘုရားဟု လျှောက်ကြားသည်ရှိသော် အိုပုဏ္ဏားကြီး အသက် တရာ့နှစ်ဆယ် ပတ်လုံး တည်လတ္တံ့ ဟု မိန့်တော်မူသဖြင့် ထိုအခါ သူငယ်အား အာယုဝဍ္ဎန သတို့သား ဟူသော အမည်ကို မှည့်ကြလေကုန်၏၊

ဤ အာယုဝဍ္ဎန သတို့သားသည် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် သီတင်းသည် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာကာ နေလေ၏၊ ထိုအခါ တနေ့သ၌ တရား သဘင်ဝယ် ရဟန်းတို့သည် ငါ့ရှင်တို့ မြင်ကြကုန်၏လော အာယုဝဍ္ဎနသတို့သား သည် ခုနစ်ရက်မြောက်သော နေ့၌ သေထိုက်သည် ဖြစ်ရာသတတ်။ ထိုသူသည် ယခုအခါ အသက်တရာ့နှစ်ဆယ် တည်နိုင် လိမ့်မည်ဖြစ်၍ သီတင်းသည် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်လေ၏၊

ဤသတ္တဝါတို့အား အသက် ရှည်နိုင်ခြင်း အကြောင်းသည် ရှိယောင်တကား ဟု စကားကို ပြောဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ချစ်သားရဟန်းတို့ ယခုအခါ အဘယ် စကားဖြင့် စည်းဝေးကြကုန်သူနည်းဟု မေးတော်မူခြင်းကြောင့် ဤမည်သောစကားဖြင့် စည်းဝေး ကြပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ချစ်သားရဟန်းတို့ သက်သက် အသက် ရှည်ခြင်း တခုသာမဟုတ်သေး။ ဤသတ္တဝါတို့သည် ဂုဏ်ရှိသောသူတို့ကို ရှိခိုးကြကုန်သည်ရှိသော် လေးပါးသော အကြောင်းတို့ဖြင့် တိုးပွါးနိုင်ကြကုန်၏။ ဘေးရန်မှ လွတ်နိုင်ကြကုန်၏။ အသက် အတိုင်းသာလျှင် တည်နိုင်ကြကုန်၏ ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောကြား တော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၀၉။ အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

နိစ္စံ၊ အမြဲ။
အဘိဝါဒနသီလိဿ၊ ရိုသေစွာ ရှိခိုးလေ့ရှိသော။
ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာ ဝါအားဖြင့် ကြီးသောသူတို့ကို အရိုအသေ ပြုခြင်းရှိသော။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။
အာယုစ၊ ဇီဝိတိန္ဒြေဟူသော အသက်သည်၎င်း။
ဝဏ္ဏောစ၊ အဆင်းသည်၎င်း။
သုခဉ္စ၊ ချမ်းသာခြင်းသည်၎င်း။
ဗလဉ္စ၊ ခွန်အား သည်၎င်း။
ဣတိ၊ ဤသို့။
စတ္တာရော၊ လေးပါးကုန်သော။
ဓမ္မာ၊ အကျိုးကျေးဇူး တရားတို့သည်။
ဝဍ္ဎန္တိ၊ တိုးပွါးကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ အာယုဝဍ္ဎနသတို့သားသည်လည်း သီတင်းသည် ဥပါသကာ ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏ ဤမှတပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။

အာယုဝဍ္ဎနသတို့သားဝတ္ထုပြီး၏။

---

၉ - သံကိစ္စသာမဏေဝတ္ထု

ယောစ ဝဿသတံ ဇီဝေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် သံကိစ္စသာမဏေကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဖြစ်သတ္တံ့သော ဘေးရန်ကို မြင်သိတော်မူခြင်း

သာဝတ္ထိပြည်၌ သုံးကျိပ်မျှကုန်သော အမျိုးသားတို့သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာ ရသဖြင့် ဘုရားရှင်၏ သာသနာတော်၌ ရှင်ပေး၍ ရဟန်းပြုကြလေကုန်၏။ ထိုရဟန်းတို့သည် ပဉ္စင်းဖြစ်သည်မှ ငါးဝါရလတ်ကုန်သော် မြတ်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ ဂန္ထဓု, ဝိပဿနာ ဓုရဟူသောဓုရ နှစ်ပါးတို့ကို နာကြားပြီးလျှင် အိုမင်းသောကာလ၌ ရဟန်းပြုရခြင်းကြောင့် စာပေ သင် ကြားခြင်းဟူသော ဂန္ထဓုရ၌ အားထုတ်ခြင်းကို မပြုနိုင်သဖြင့် ဝိပဿနာဓုရကို ဖြည့်ကျင့် လိုကုန်ရကား အရဟတ္တဖိုလ် တိုင်အောင်သော ကမ္မဋ္ဌာန်းကို ဟောစေပြီးလျှင် ဟောကြားတော် မူပါဘုရားဟု တောင်းပန်ပြီးလျှင် ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တခုသော တောကျောင်းသို့ သွားလိုကြပါသည်ဘုရားဟု မြတ်စွာဘုရားကို ပန်ကြားကြကုန်၏။

ဘုရားရှင်လည်း ချစ်သားရဟန်းတို့ အဘယ်အရပ်သို့ သွားကြကုန်အံ့နည်းဟု မေးသည်ရှိသော် ဤမည်သော အရပ်သို့ သွားလိုကြ ပါသည်ဘုရားဟု နားတော်လျှောက်လျှင် ထိုအရပ်၌ ထိုရဟန်း တို့အား တယောက်သော စားကြွင်းကိုမှီ၍ ဘေးရန်ဖြစ်ပေါ်လတ္တံ့ ထိုဘေးရန်သည်လည်း သံကိစ္စ သာမဏေ လိုက်ပါသွားသည်ရှိသော် ငြိမ်းလတ္တံ့။ ထိုအခါ ထိုရဟန်းတို့အား ရဟန်းကိစ္စ ပြည့်စုံခြင်းသို့ ရောက်လတ္တံ့ဟု သိမြင်တော်မူလေ၏။

ရဟန္တာမဖြစ်ဘဲ မသေသေးသောပုဂ္ဂိုလ်ထူး

သံကိစ္စသာမဏေ မည်သည်ကား အရှင်သာရိပုတြာ မထေရ်၏ တပည့် သာမဏေတည်း။ ဖွားမြင်သည်မှ ခုနစ်နှစ် အရွယ်သာရှိသေး၏။ ထိုသာမဏေ၏ မယ်တော်သည် သာဝတ္ထိပြည်၌ ကုံလုံကြွယ်ဝသော အမျိုးကောင်းသား တယောက်၏ သ္မီးဖြစ်သတတ်။ ထိုသံကိစ္စသာမဏေ လောင်း ဝမ်း၌ကိန်းအောင်းစဉ် တခုသော အနာကြောင့် ခဏခြင်း သေရှာလေ၏။

ထိုအလောင်းကောင်ကို ဖုတ်ကြည်း သင်္ဂြိုဟ်အပ်သည် ရှိသော် သန္ဓေအိမ် အသားကိုထား၍ ကြွင်းသော ကိုယ်ကောင်သည် လောင်ကျွမ်းလေ၏။ ထိုအခါ ထိုအလောင်းကောင်၏ သန္ဓေအိမ် အသားကို ထင်းပုံမှချ၍ နှစ်ခုသော အရပ်တို့၌ တံစူးဝါးတို့ဖြင့် ထိုးဆွကြလေကုန်၏။ တံစူးဝါး အစွန်းသည် သူဖယ်၏မျက်စိထောင့်စွန်းကို ခပ်မိလေ၏၊ ဤသို့လျှင် သန္ဓေအိမ်အသားကို ထိုးဆူကာ မီးကျီးစု၌ ပစ်ချပြီးလျှင် မီးကျီးခဲတို့ဖြင့်သာ ဖုံးလွှမ်း၍ ဖဲသွားကြကုန်၏။ သန္ဓေအိမ် အသားသည်သာ လောင်ကျွမ်း၍ မီးကျီးခဲအထက်၌ကား ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သူငယ်သည် ပဒုမာကြာတိုက်၌ လျောင်းစက်နေရသကဲ့သို့ ဖြစ်လေ၏။

[ထိုစကားမှန်၏။ ပစ္ဆိမဘဝိကဖြစ်သော သတ္တဝါအား မြင်းမိုရ်တောင်ဖြင့် ဖိလေသော်လည်း ရဟန္တာ အဖြစ်သို့ မရောက်သေးလျှင် အသက်ကုန်ခြင်း မည်သည် မရှိနိုင်။]

တဖန်မိုးသောက် ရောက်သောနေ့၌ ထင်းပုံကို ငြိမ်းစေကြကုန်အံ့ဟု ကုန်အံ့ဟု လာသော သူတို့သည် ထိုအခြင်းအရာဖြင့် လျောင်းစက်နေသော သူငယ်ကိုမြင်ရလျှင် အဆန်းတကြယ် အံ့ဩသောစိတ် ရှိကြကုန်သဖြင့် အဘယ် အကြောင်းကြောင့်လျှင် ဤမျှလောက်သော ထင်းတို့ ကုန်လျက် ကိုယ်အလုံး လောင်ကျွမ်းသော်လည်း သူငယ်သည် မလောင်ကျွမ်းဘိသနည်း အဘယ်သို့ ဖြစ်လတ္တံ့နည်းဟု သူငယ်ကိုယူ၍ ရွာသို့သွားပြီးလျှင် နိမိတ်ဖတ်တတ်သော သူတို့ကို မေးကြလေကုန်၏။

နိမိတ်ဖတ်တတ်သော သူတို့သည် ဤသူငယ်ကား အကယ်၍ အိမ်အုပ်ချုပ်ကာ နေသည်ဖြစ်အံ့ ခုနစ်ခုမြောက်သော အမျိုးဆက် တိုင်အောင် ပေါက်ဖော်သားချင်း ဆွေရင်းမျိုးချာတို့သည် ဆင်းရဲ နွမ်းပါးကြကုန်လတ္တံ့။ အကယ်၍ ရဟန်းပြုသည်ဖြစ်အံ့ ငါးရာသော ရဟန်းတို့ဖြင့် ခြံရံလျက် လှည့်လည် သွားလာရလတ္တံ့ဟု ဆိုကြကုန်၏။

ထိုအခါ သတို့သားအား ခိုက်မိသော တံစူးဝါးဖြင့် မြက်စိထောင့်စွန်း ကွဲပျက်ခြင်းကြောင့် သံကိစ္စ ဟူသောအမည်ကို မှည့်ကြလေကုန်၏၊ ထိုသတို့သားသည် တပါးသောအခါ၌ သံကိစ္စဟူသော အမည်ဖြင့် ထင်ရှားခဲ့၏။ ထိုအခါ သတို့သားကို ဆွေမျိုးတို့သည် ထိုနိမိတ်ဖတ်သောအတိုင်းပင် ဖြစ်ပစေ ကြီးရင့်သောအခါ ငါတို့၏အရှင်ဖြစ်သော ရှင်သာရိပုတြာမထေရ် ၏အထံ၌ ရှင်ပြုကြကုန် အံ့ဟု ကျွေးမွေး သုတ်သင်ကြလေကုန်၏။

ထိုသတို့သားသည် ခုနစ်နှစ်ရှိသောအခါ အမောင် ချစ်သား မိခင်ဝမ်း၌ ပဋိသန္ဓေ နေသောအခါ သင်ချစ်သား၏ မိခင်သည် သေခဲ့လေ၏။ ထိုမိခင်၏ ကိုယ်ကောင် လောင်ကျွမ်းသော်လည်း သင်ချစ်သားကား မလောင်ကျွမ်းဟု ပြောပြသည်ရှိသော် သတို့သားသည် ဆွေမျိုးတို့၏စကားကို ကြားရသဖြင့် ငါကား ဤသို့သဘောရှိသော ဘေးမှလွတ်သတတ်။ ငါ့အား အိမ်၌နေခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း ရှင်ရဟန်း ပြုပါတော့အံ့ဟု ဆွေမျိုးတို့အား ပြောကြားလေ၏။

ဆွေမျိုးတို့သည်လည်း ချစ်သား အမောင် ကောင်းလှပေပြီဟု ဝန်ခံ၍ အရှင်သာရိပုတြာ မထေရ်၏အထံသို့ ဆောင်ပို့ပြီးလျှင် အရှင်ဘုရား ဤသတို့သားကို ရှင်ပြုပေးတော်မူကြပါ ဘုရားဟု အပ်နှင်းကြကုန်၏။ မထေရ်သည် တစပဉ္စက ကမ္မဋ္ဌာန်းကို ပေး၍ ရှင်ပြုပေးလေ၏။ သံကိစ္စ သတို့သား ရှင်လောင်းသည် ဆံရိတ်သောသင်ဓုန်း အဆုံး၌သာလျှင် ပဋိသမ္ဘိဒါ လေးပါး တို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ သံကိစ္စသာမဏေ အမည်ရှိသော သူကား ဤ သာမဏေပင်တည်း။

သံကိစ္စသာမဏေ တောကျောင်းသို့ ထည့်လိုက်ခြင်း

မြတ်စွာဘုရားသည် သံကိစ္စသာမဏေ လိုက်ပါသွားသည်ရှိသော် ဘေးရန် ငြိမ်းလတ္တံ့။ ထိုအခါ ထို ရဟန်းတို့အား ရဟန်းကိစ္စပြည့်စုံခြင်းသို့ ရောက်လတ္တံ့ ဟု သိမြင်တော်မူသဖြင့် ချစ်သားရဟန်းတို့ သင်တို့၏ နောင်တော်ကြီး ဖြစ်သော သာရိပုတြာမထေရ်ကို ဖူးမျှော်ပြီးမှ သွားကြဟု မိန့်တော် မူလေ၏။

ရဟန်းတို့လည်း ကောင်းလှပါပြီ ဘုရားဟု လျှောက်ကြား၍ မထေရ်အထံသို့ သွားရောက် ကြသဖြင့် ငါ့ရှင်တို့ အဘယ်အကြောင်းရှိသနည်းဟု မေးသည်ရှိသော် တပည့်တော်တို့သည် မြတ်စွာဘုရား၏ အထတော်၌ ကမ္မဋ္ဌာန်ကို ယူပြီးပါသဖြင့် တောသို့ဝင်ခြင်းငှါ အလိုရှိကုန်ရကား တပည့်တော် တို့အား မြတ်စွာဘုရားသည် သင်တို့ နောင်တော်ကြီးကို ဖူးမျှော်ပြီးမှ သွားကြဟုမိန့်တော်မူပါသည်။ ထို့ကြောင့် ဤအရပ်သို့ လာကြရပါသည် ဘုရားဟု လျှောက်ကြားကြကုန်လျှင် မထေရ်သည် မြတ်စွာဘုရားကား တခုသောအကြောင်းကို မြင်တော်မူသဖြင့် ရဟန်းတို့ကို ဤအရပ်သို့ စေလွှတ်အပ်ကုန်သည် ဖြစ်ကုန်လတ္တံ့ ဟု ကြံစည်တော်မူလေ၏။

ဤအကြောင်းသည် အဘယ်နည်းဟု ဆင်ခြင်တော် မူလတ်သည်ရှိသော် ထိုအကြောင်းကို သိမြင်တော်မူရ၍ ငါ့ရှင်တို့ သင်တို့အား သာမဏေရှိ၏လောဟု မိန့်ဆိုတော်မူလေ၏။ ငါ့ရှင်မရှိပါဟု လျှောက်ကြားလတ်သော် ငါ့ရှင်တို့အကယ်၍ မရှိသည်ဖြစ်အံ့ ဤသံကိစ္စ သာမဏေကိုခေါ်၍ သွားကြ ကုန်လော့ဟု ဆိုလေ၏။

ငါ့ရှင် အလိုမရှိ တပည့်တော်တို့အား သာမဏေကိုမှီ၍ ကြောင့်ကြခြင်းဖြစ်လတ္တံ့ တော၌နေသော သူတို့အား သာမဏေဖြင့် အဘယ်အကျိုး ရှိပါအံ့နည်းဟု ဆိုလတ်ပြန်သော် ငါ့ရှင်တို့ ဤသံကိစ္စ သာမဏေကိုမှီ၍ သင်တို့အား ကြောင့်ကြခြင်း မဖြစ်လတ္တံ့။ စင်စစ်တမူကား သင်တို့ကိုမှီ၍ ဤသာမဏေအား ကြောင့်ကြခြင်း ဖြစ်လတ္တံ့ ဟု ဆိုပြီးလျှင် မြတ်စွာဘုရားသည်လည်း သင်တို့ကို ငါ့အထံသို့ စေလွှတ်လိုက်သည်ရှိသော် သင်တို့နှင့်အတူတကွ သာမဏေကိုထည့်ပို့လိုက်ခြင်းကို တောင့်တတော်မူသဖြင့် စေလွှတ်တော်မူလိုက်၏။

ဤသာမဏေကိုခေါ်၍ သွားကြကုန်လော့ဟု မိန့်ဆိုတော်မူလေ၏။ ရဟန်းတို့လည်း ကောင်းလှပါပြီ ဘုရားဟု ဝန်ခံ၍ သာမဏေနှင့်တကွ သုံးကျိပ်တပါးသော အရှင်မြတ်တို့သည် သာရိပုတြာ မထေရ်ကို ပန်ကြားပြီးလျှင် ကျောင်းမှထွက်သဖြင့် ဒေသစာရီ ကြွချီလတ်သည် ရှိသော် ယူဇနာ တရာ့နှစ်ဆယ်ထက်၌ အမျိုးသားအိမ်ခြေ တထောင်ရှိသော ရွာတခုသို့ ရောက်ကြလေကုန်၏။

လူတို့သည် ထိုရဟန်းတို့ကို မြင်ရလျှင် ကြည်လင်ရွှင်ပျသော စိတ်ရှိသည် ဖြစ်၍ ရိုသေစွာ ဆွမ်းလုပ်ကျွေးပြီးလျှင် အရှင်ဘုရားတို့ အဘယ်အရပ်သို့ ကြွသွားကြ ကုန်အံ့နည်းဟု မေးသဖြင့် ဒါယကာတို့ ချမ်းသာရာ အရပ် ထိုထိုသို့ သွားကြကုန်အံ့ ဟုဆိုလတ်သော် ခြေရင်း၌ဝပ်၍ အရှင်ဘုရားတို့ အရှင်မြတ်ဘုရားတို့သည် ဤအရပ်ကိုမှီ၍ ဝါတွင်းကာလပတ်လုံး သီတင်း သုံးတော်မူကြသည် ရှိသော် တပည့်တော်တို့သည် ငါးပါးသီလကို ဆောက်တည်၍ ဥပုသ်သုံးခြင်း အမှုကို ပြုကြရပါလိမ့်မည်ဘုရားဟု လျှောက်ကြား တောင်းပန်ကြလေကုန်၏။

မတေ်ရတို့သည် သည်းခံတော်မူကြလေကုန်၏။ ထိုအခါ လူတို့သည် ထိုရဟန်းတို့ အလို့ငါ ညဉ့်သန့်ရာအရပ် နေ့သန့်ရာအရပ် စင်္ကြံ-သစ်ရွက် မိုးသောစရပ် စသည် တို့ကို စီမံပြုလုပ်ကြ၍ ယနေ့ ငါတို့က လုပ်ကျွေးမည် နက်ဖြန် ငါတို့က, စသည်ဖြင့် အားထုတ်ခြင်းသို့ ရောက်ကြ ကုန်သည်ဖြစ်၍ ဆည်းကပ် လုပ်ကျွေးခြင်း အမှုကို ပြုကြလေကုန်၏။

ဝါဆိုနေ့၌ ကတိကဝတ်ပြုပုံ

မထေရ်တို့သည် ဝါဆိုအံ့သောနေ့၌ ကတိကဝတ် ပြုကြသည်မှာ ငါ့ရှင်တို့ ငါတို့သည် သက်တော် ထင်ရှား ရှိသော ဘုရားရှင်၏ အထံတော်၌ ကမ္မဋ္ဌာန်းကို ယူအပ်ပေပြီ။ အကျင့်မြတ်၏ ပြည့်စုံခြင်းကို ဖယ်ထား၍ တပါးသော အကျင့်ဖြင့် ဘုရားရှင်တို့ကို နှစ်သိမ့်စေခြင်းငှါ မတတ်ကောင်း။ ငါတို့အလို့ငါ အပါယ်တံခါးတို့သည် ဟင်းလင်း ပွင့်ကြကုန်သည် သာတည်း။

ထို့ကြောင့် နံနက်စောစော၌ ဆွမ်းခံသွားသော အခါကို၎င်း ညချမ်း၌ မထေရ်ကြီးအား ဆည်းကပ် ခစားသော အခါကို၎င်း ဖယ်ထား၍ ကြွင်းသောအခါ၌ ငါတို့သည်နှစ်ပါးဖြစ်၍ တခုသော အရပ်၌ မဖြစ်ကြရကုန်စို့အံ့။ မနေကြစတမ်း အကြင်ရဟန်းအား မချမ်းမသာ ရောဂါဝေဒနာ ဖြစ်ငြားအံ့ ထိုရဟန်းသည် ခေါင်းလောင်း ထိုးခတ်သည်ရှိသော် ထိုရဟန်း၏ အထံသို့သွား၍ ဆေးကုသ ရကြကုန်စို့အံ့၊ ဤအချိန် ဤအဖို့မှ တပါးသော ညဉ့်အဖို့၌၎င်း နေ့အဖို့၌၎င်း မမေ့မလျော့ကြ ကုန်မူ၍ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ကြရကုန်စိုအံ့ဟု ကထိကဝတ်ကို ပြုကြလေကုန်၏။

စားကြွင်းစားခေါ် လူဆင်းရဲ ရောက်လာခြင်း

ထိုရဟန်းတို့သည် ဤသို့ ကတိကဝတ်ပြုသဖြင့် နေကြကုန်သည်ရှိသော် သ္မီးကို အမှီပြု၍ အသက် မွေးရသော ဆင်းရဲသော ယောက်ျားတယောက်သည် ထို အရပ်၌ ငတ်မွတ်ခေါင်းပါးခြင်း ဖြစ်ပေါ် လေရကား ထိုမှတပါးသော သ္မီးကို အမှီပြု၍ အသက်မွေးလိုသောကြောင့် ခရီးထွက်သွားလေ၏။

မထေရ်တို့သည်လည်း ရွာ၌ ဆွမ်းအလို့ငှါ လှည့်လည်ပြီးလျှင် နေရာအရပ်သို့ ပြန်လာကြသည် ရှိသော် လမ်းခရီးအကြား တခုသောမြစ်၌ ရေချိုး၍ သဲပုံစု၌ ထိုင်လျက် ဆွမ်းစား ခြင်းအမှုကို ပြုကြလေကုန်၏။ ထိုခဏ၌ ထိုသူဆင်းရဲ ယောက်ျားသည် ထိုအရပ်သို့ ရောက်သွား၍ တင့်အပ် လျောက်ပတ်သော အရပ်၌ တည်နေလေ၏။

ထိုအခါ လူဆင်းရဲယောက်ျားကို မထေရ်တို့သည် အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးကြကုန်၏။ ထိုယောက်ျားသည် ထိုအကြောင်းကို လျှောက်ကြားလေ၏။ မထေရ်တို့သည် ထိုသူဆင်းရဲ ယောက်ျား၌ သနားခြင်း ကရုဏာကို ဖြစ်စေ ကြကုန်သဖြင့် ဒါယကာ သင်သည် အလွန်လျှင် မွတ်သိပ် ဆာလောင်ဟန်တကား။ သွားချေ ဖက်ရွက်ကို ဆောင်ယူခဲ့ချေလော့ တဆုပ် တဆုပ်စီသော ထမင်းဆုပ်ကို သင့်အား ပေးကြကုန်အံ့ဟု ဆိုခြင်းကြောင့် ထိုသူဆင်းရဲသည် ဖက်ရွက်ကို ဆောင်ယူခဲ့သည်ရှိသော် မိမိ မိမိတို့ စားသော နည်းအားဖြင့်ပင်လျှင် ဟင်းလျာ လက်သုပ်တို့ဖြင့် ရောစု၍ တဆုပ် တဆုပ်စီသော ထမင်းဆုပ်ကို ပေးကြလေကုန်၏။

[ဤသို့ပေးခြင်းသည်ပင်လျှင် ဘုရားရှင်အလိုတော်ကျ ကျင့်ဝတ် ဖြစ်သတတ်။ စားဆဲဖြစ်သော ခဏ၌ ရောက်လာသောသူအား ထမင်းကို လိုသော ရဟန်းသည် ဆွမ်းဦးကို မပေးတဲ့မူ၍ မိမိ သုံးဆောင်သော နည်းဖြင့်သာလျှင် အနည်းငယ်ကို၎င်း အများကို၎င်း ပေးအပ်၏။ ထို့ကြောင့် ရဟန်းတို့သည်လည်း ထိုသို့သော နည်းအားဖြင့် ပေးကြလေကုန်၏။]

ထိုလူဆင်းရဲသည် ထမင်းစားခြင်းကိစ္စ ပြီးစီးသည်ရှိသော် မထေရ်တို့ကို ရှိခိုး၍ အရှင်ဘုရားတို့ အရှင်မြတ်ဘုရားတို့ကို တစုံတယောက်သောသူသည် ပင့်ဖိတ်အပ်ပါကုန်သလောဟု မေးလျှောက် လေ၏။ ဒါယကာ ပင့်ဖိတ်ခြင်းမရှိ လူတို့သည် နေ့တိုင်း ဤသို့သာလျှင် ဆွမ်းအာဟာရကို လှူဒါန်းကြကုန်၏ဟု မိန့်တော်မူလတ်သော် ထိုသူဆင်းရဲသည် ငါတို့သည် အခါခပ်သိမ်း ထကြွ လုံ့လ ကောင်းစွာပြုကြ သဖြင့် အမှုအလုပ် အားထုတ်ကြကုန်သော်လည်း ဤသို့သဘောရှိသော ထမင်း အာဟာရကိုလည်း ရခြင်းငှါ မတတ်နိုင်ကုန်။

ငါ့အား တပါးသော အရပ်သို့ သွားသဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ဤရဟန်းတို့ အထံ၌သာလျှင် အသက်မွေးမြူ ပေတော့အံ့ဟု ကြံစည်လေ၏။ ထိုအခါ ရဟန်းတော်တို့ကို တပည့်တော်သည် ဝတ်ကြီးဝတ်ငယ်ကို ပြု၍ အရှင်မြတ် ဘုရားတို့၏ အထံ၌ နေခြင်းငှါ အလိုရှိပါသည် ဘုရားဟု လျှောက်ကြားလေ၏။

ဒါယကာ ကောင်းပြီဟု မိန့်တော်မူ လတ်သော် ထိုသူဆင်းရဲသည် ရဟန်းတော်တို့နှင့် အတူတကွ ထိုရဟန်းတို့၏ နေရာအရပ်သို့ လိုက်သွား၍ ကောင်းစွာ ဝတ်ကြီးဝတ်ငယ် ကိုပြုလုပ်လျက် ရဟန်း တော်တို့ကိုအလွန်လျှင် နှစ်သက်စေပြီးလျှင် နှစ်လလွန်သောအခါ သ္မီးကို ကြည့်ရှု လိုသည်ဖြစ်၍ အရှင်မြတ်တို့ကို အကယ်၍ ပန်ကြားသည်ဖြစ်အံ့၊ ငါ့ကိုမလွှတ်ကြကုန်လတ္တံ့ မပန်ကြားပူ၍ သွားအံ့ဟု နှလုံးသွင်းလျက် ထိုရဟန်းတို့အား မပန်ကြားမူ၍သာလျှင် ထွက်ခွါသွားလေ၏။

[ဤမျှလောက်သာလျှင် ထိုသူ၏ ရုံ့ရင်းသော ချွတ်ယွင်းမှုသည် ဖြစ်သတတ်။ ၎င်းချွတ်ယွင်းမှုကား ရဟန်းတော်တို့အား မပန်ကြားမူ၍ ဖဲသွားခြင်းပင်တည်း။]

---

ခိုးသူဘေးကြောင့် စားကြွင်းစား ကျေးဇူးကန်းပုံ

ထိုသူဆင်းရဲယောက်ျား သွားရာလမ်းခရီး၌ကား တောအုပ်တခုရှိ၏။ ထိုတောအုပ်၌ ငါးရာသော ခိုးသားတို့သည် အကြင်သူသည် ဤတောအုပ်သို့ သက်ဝင်၏။ ထိုသူကိုသတ်၍ ထိုသူ၏ အသားအသွေးဖြင့် အရှင်နတ်မင်းတို့အား ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုကြပါကုန်အံ့ဟု နတ်အား တောင်းပန်ခြင်းကို ပြု၍နေကြကုန်စဉ် (နေကြသည်မှာ) ခုနစ်ရက်မြောက်သော နေ့သည် ဖြစ်လေ၏ ထို့ကြောင့် ခုနစ်ရက် မြောက်သောနေ့၌ ခိုးမှူးကြီးသည် သစ်ပင်သို့တက်၍ ကြည့်ရှုလတ် သည်ရှိသော် ထိုဆင်းရဲသောသူ လာသည်ကိုမြင်ရလျှင် ခိုးသူတို့အား အမှတ်သညာ အချက် ပေးလေ၏။

ခိုးသူတို့သည် ထိုသူဆင်းရဲ၏ တောအုပ်အလယ်သို့ ဝင်လာသည် အဖြစ်ကို သိသောကြောင့် ဝန်းရံသဖြင့် ဆိုဆင်းရဲသောသူကို ဖမ်းဆီး၍ မြဲစွာ နှောင်ဖွဲ့ခြင်း ကို ပြုပြီးလျှင် ပွတ်ခုံနှင့်တကွ ပွတ်ကျည်ဖြင့် မီးကိုဖြစ်စေပြီးလျှင် ထင်းတို့ကို စုပုံသဖြင့် မီးပုံကြီးကိုပြု၍ တံစို့တို့ကို ရွေကြကုန်၏။ ထိုသူဆင်းရဲသည် ခိုးသူတို့၏ ထိုသို့သော အခြင်းအရာကို မြင်ရလျှင် အရှင်တို့ ဤအရပ်၌ ဝက်သည်လည်း မထင်ကုန်။ သမင်စသော သတ္တဝါတို့သည်လည်း မထင်ကုန်။ အဘယ်အကြောင်း ကြောင့် ဤအခြင်းအရာကို ပြုကြပါကုန်သနည်းဟု မေးလေ၏။

သင့်ကိုသတ်၍ သင်၏အသား အသွေးဖြင့် နတ်မင်းအား ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုလုပ်ကြကုန်အံ့ဟု ဆိုလတ်သော် ထိုသူဆင်းရဲ ယောက်ျားသည် သေရအံ့သော ဘေးမှ ကြောက်လန့်သောကြောင့် ရဟန်းတော်တို့၏ ထိုကျေးဇူး ဥပကာရကို မအောက်မေ့မူ၍ သက်သက် မိမိ၏ အသက်ကိုသာလျှင် စောင့်ရှောက်လျက် အရှင့်သားတို့ အကျွန်ုပ်သည် စားကြွင်းစား ပေတည်း။ စွန့်ပစ်အပ်သော ထမင်းကျန်ကိုစား၍ ကြီးရင့်သော စားကြွင်းစား မည်သည် အလွန်ယုတ်ညံ့သော သူဖြစ်ပါသည်။

အရှင်ကောင်းတို့သည် ဟုတ်ဟုတ်ငြားငြား ထိုထိုအမျိုးမှ ထွက်၍ ရဟန်းပြုကုန်သော်လည်း မင်းမျိုးသာလျှင် ဖြစ်ကုန်၏။ ဤမည်သောအရပ်၌ သုံးကျိပ်တပါးသော ရဟန်းတို့သည် နေတော် မူကြကုန်၏။ ထိုရဟန်းတော်တို့ကို သတ်၍ ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုကြကုန်လော့။ အလွန်လျှင် သခင်တို့အား နတ်မင်း နှစ်သက်လတ္တံ့ ဟု ဆိုလေ၏။

ထိုစကားကို ကြားရလျှင် ခိုးသူတို့သည် ဤသူကား ကောင်းသော စကားကို ဆိုဘိ၏ဟူ၍၎င်း ဤ ကြက်သရေမရှိ ယုတ်ညံ့သောသူဖြင့် အဘယ်အကျိုးရှိအံ့နည်း။ မင်းမျိုးဖြစ်သော ရဟန်းတို့ကို သတ်၍ ဗလိနတ်စာ တင်မြှောက်ခြင်းကို ပြုအံ့ဟူ၍၎င်း ကြံစည်ပြီးလျှင် လာလှည့် ထိုရဟန်းတို့၏ နေရာအရပ်ကို ညွှန်ပြလော့ဟုဆို၍ ထိုလူဆင်းရဲ စားကြွင်းစား ကိုပင်လျှင် ခရီးညွှန်ပြုသဖြင့် ထိုအရပ်သို့ ရောက်လျှင် ကျောင်းအလယ်၌ ရဟန်းတို့ကို မမြင်သည်ရှိသော် ရဟန်းတို့သည် အဘယ်မှာနည်းဟု စားကြွင်းစားကို မေးကြကုန်၏။

ထိုစားကြွင်းစားသည် နှစ်လပတ်လုံး နေဖူးသောကြောင့် ထိုရဟန်းတို့၏ ကတိကဝတ်ကို သိသည် ဖြစ်၍ ပြောဆိုသည်မှာ မိမိ၏ညဉ့်သန့်ရာအရပ် နေ့သန့်ရာ အရပ်တို့၌ နေကြကုန်၏။ ဤ ခေါင်းလောင်းကို ထိုးကြကုန်လော့ ခေါင်းလောင်းသံဖြင့် စည်းဝေးကြကုန် လတ္တံ့ဟု ပြောဆိုလေ၏။ ခိုးမှူးကြီးသည် ခေါင်းလောင်းကို ထိုးလေ၏။

---

ခိုးသူဘေးကြောင့် ရဟန်းသုံးကျိပ် တိုင်ပင်ခြင်း

ရဟန်းတို့လည်း ခေါင်းလောင်းသံကို ကြားရလျှင် အခါမဲ့၌ ခေါင်းလောင်းကို ထိုးကြကုန်၏။ တစုံတယောက်သောသူအား မချမ်းမသာ ဝေဒနာသည် ဖြစ်လတ္တံ့ဟု အောက်မေ့သဖြင့် ကြွလာ ကြပြီးလျှင် ကျောင်းလယ်၌ အစဉ်အတိုင်း ခင်းထားအပ်သော ကျောက်ဖျာတို့၌ နေကြကုန်၏။ သံဃထေရ်သည် ခိုးသူတို့ကိုကြည့်၍ ဒါယကာတို့ အဘယ်သူ ဤခေါင်းလောင်းကို ထိုးသနည်းဟု မေးတော်မူလေ၏။

ခိုးမှူးကြီးသည် အရှင်ဘုရားတပည့်တော် ထိုးပါသည်ဟု လျှောက်ကြားလျှင် အဘယ်အကြောင်း ကြောင့် ထိုးသနည်းဟု မေးတော်မူပြန်၏။ တပည့်တော်တို့သည် တောအုပ်၌ နေသော နတ်မင်းအား ခယတောင်းပန်ခြင်း ရှိပါသည်။ ထို့ကြောင့် ဗလိနတ်စာ တင်မြှောက်ခြင်းပြုရန် ရဟန်းတပါးကို ယူ၍သွားလိုကြပါသည်ဟု လျှောက်ကြားလေသော် ထိုစကားကိုကြားရလျှင် မထေရ်ကြီးသည် ရဟန်းတို့ကို ငါ့ရှင်တို့ညီငယ်တို့အား ဖြစ်သောကိစ္စမည်သည်ကို အစ်ကိုကြီး ထုတ်ဆောင်အပ်၏။

ငါသည် မိမိ၏အသက်ကို သင်တို့အားစွန့်၍ ဤခိုးသူတို့နှင့် အတူတကွ လိုက်သွားပေတော့အံ့ ဟူ၍၎င်း၊ ခပ်သိမ်းသော ရဟန်းတို့အား အန္တရာယ်သည် မဖြစ်ပါစေသတည်း မမေ့မလျော့ ရဟန်းတရားကို ထုတ်ကြကုန်လော့ ဟူ၍၎င်း မှာကြား မိန့်ဆိုလေ၏။

မထေရ်ကြီးအောက် ဒုတိယမြောက်သော မထေရ်ကလည်း အရှင်ဘုရား အစ်ကိုကြီးအား ဖြစ်သော ကိစ္စမည်သည် ညီငယ်၏ တာဝန်ဖြစ်ပါသည်။ တပည့်တော် လိုက်သွားပါမည်။ အရှင်ဘုရား တို့သည် မမေ့မလျော့ ရဟန်းတရား အားထုတ်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြပါဘုရားဟု လျှောက်ကြား လေ၏။

ဤသို့သောအားဖြင့် တပည့်တော် သည်သာလျှင် လိုက်သွားပါအံ့ ဟု ဆိုသဖြင့်အစဉ်အတိုင်း သုံးကျိပ်သောရဟန်း တို့သည်လည်း ဆိုကြလေကုန်၏။

[ဤသို့ဖြစ်လျှင် ထိုရဟန်း သုံးကျိပ်တို့သည် တယောက်သောအမိ၏ သားတို့လည်း မဟုတ်။ တယောက်သောအဘ၏ သားတို့လည်း မဟုတ်။ ရာဂ ကင်းကုန်သော ရဟန္တာတို့လည်းမဟုတ်။ အဟုတ်သော်ကား အမှန်စင်စစ် ကြွင်းသော သူတို့၏အကျိုးငှါ အစဉ်အတိုင်း အသက်ကို စွန့်လွှတ် ကြကုန်၏။ ဤရဟန်းတို့တွင် တယောက်သော ရဟန်းသည်မျှလည်း သင်လိုက်သွားလော့ သင်လိုက်သွားလော့ဟု ဆိုခြင်းငှါ စွမ်းနိုင်သော သူမည်သည် မရှိ။]

---

သံကိစ္စသာမဏေကို ခိုးသူတို့ ရက်စက်စွာ ပြုပုံ

သံကိစ္စသာမဏေသည် ထိုရဟန်းတော်တို့၏ စကားကို ကြားရလျှင် အရှင်ဘုရားတို့သည် နေမြဲသာ နေတော်မူကြပါ။ တပည့်တော်သည် အရှင်ဘုရားတို့ အတွက် အသက်ကိုစွန့်၍ လိုက်သွားပါအံ့ ဘုရားဟု လျှောက်ဆိုသဖြင့် ရဟန်း သုံးကျိပ်တို့သည် ငါ့ရှင်သာမဏေ ငါတို့ အားလုံး တပေါင်းတည်း အသတ်ခံကြရကုန်သော်လည်း သင် တယောက်ထည်းကိုကား မလွှတ်နိုင်ကြကုန် လတ္တံ့ ဟု မိန့်ဆို ကြကုန်၏။

အရှင်ဘုရားတို့ အကြောင်းကား အဘယ်ပါနည်းဘုရားဟု လျှောက်ဆိုလျှင် ငါ့ရှင်သာမဏေ သင်သည် တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတြာမထေရ်၏ သာမဏေတည်း သင့်ကို အကယ်၍ လွှတ်လိုက်ကုန်သည်ဖြစ်အံ့ ငါ၏ သာမဏေကို ခေါ်သွား၍ ခိုးသူတို့အား အပ်နှင်း ကြကုန်၏ဟု မထေရ်သည် ငါတို့အား ကဲ့ရဲ့ပြစ်တင်တော်မူလတ္တံ့။ ထိုကဲ့ရဲ့ ပြစ်တင်ခြင်းကို ထုတ်ဆောင်ခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့။

ထို့ကြောင့် သင့်ကို ငါတို့ မလွှတ်နိုင်ကြကုန်လတ္တံ့ဟု မိန့်ဆိုကြလေကုန်၏။ အရှင်ဘုရားတို့ မြတ်စွာဘုရားသည် အရှင်ဘုရားတို့ကို တပည့်တော်၏ ဥပဇ္ဈာယ်အထံသို့ စေလွှတ်တော်မူလတ် သော်၎င်း တပည့်တော်၏ ဥပဇ္ဈာယ်သည် တပည့်တော်ကို အရှင်ဘုရားတို့နှင့် အတူတကွ စေလွှတ် တော်မူလတ်သော်၎င်း ဤအကြောင်းကိုသာလျှင် မြင်တော်မူသဖြင့် စေလွှတ်တော်မူပါသည်။

အရှင်ဘုရားတို့သည် နေမြဲသာ နေတော်မူကြပါ။ တပည့်တော် သာလျှင် လိုက်သွားပါမည်ဘုရားဟု ဆို၍ သံကိစ္စ သာမဏေသည် သုံးကျိပ်သော ရဟန်းတို့ကို ရှိခိုးပြီးလျှင် အရှင်ဘုရားတို့ တပည့်တော်အား ပြစ်မှားမိသော အပြစ်သည် အကယ် ရှိငြားအံ့ သည်းခံတော်မူကြပါဘုရားဟု ဆိုလျက် ထွက်ခွါသွားလေ၏။

ထိုအခါ ရဟန်းတို့အား ကြီးစွာသော ထိတ်လန့်ခြင်း သံဝေဂသည် ဖြစ်လေ၏။ မျက်လုံးတို့သည် မျက်ရည်တို့ဖြင့် ပြည့်လေကုန်၏။ နှလုံးသားသည် တုန်တုန်လှုပ်လှုပ်ဖြစ်လေ၏။ မထေရ်ကြီးသည် ခိုးသူတို့ကို ဒါယကာတို့ ဤသာမဏေသည် ငယ်ရွယ်သေး၏။ သင်တို့ မီးထည့်ကြသည်တို့ကို၎င်း တံစို့ချွန်ကြ သည် တို့ကို၎င်း သစ်ရွက် ခင်းကြသည် တို့ကို၎င်း မြင်လျှင် ကြောက် လန့်လိမ့်မည်။ ဤသာမဏေငယ်ကို သင့်လျော်သော အရပ်တခု၌ထား ပြီးမှ ထိုကိစ္စတို့ကို ပြုလုပ်ကြကုန်လော့ဟု ဆို၏။

ခိုးသူတို့လည်း သာမဏေကို ခေါ်သွား၍ သင့်လျော်သော အရပ်တခု၌ ထားပြီးမှ ခပ်သိမ်းသော ကိစ္စတို့ကို ပြုကြလေကုန်၏။ ပြုဖွယ်ကိစ္စပြီးသောအခါ ခိုးမှူးကြီးသည် သန်လျက်ကိုအိမ်မှ ထုတ်၍ သာမဏေသို့ ချဉ်းကပ်လတ်သည်ရှိသော် သာမဏေလည်း ထိုင်လျက် ဈာန်ကိုဝင်စား၍သာ နေလေ၏။ ခိုးမှူးကြီးသည် သန်လျက်ကိုဝင့်၍ အရှိန်ယူ၍ သာမဏေ၏ ပခုံး၌ကျစေ၍ ဖြတ်ပိုင်း လိုက်၏။

သန်လျက်သည် ညွတ်လိပ်၍ အသွားတခုဖြင့် အသွားတခုကို ခတ်မိလေ၏။ ခိုးမှူးကြီးသည် ငါသည်ကောင်းစွာ မခုတ်လိုက်မိလေပြီဟု အောက်မေ့ မှတ်ထင်သဖြင့် အဖန်တလဲလဲ ထို သန်လျက် ဖြောင့်မတ်စွာပြု၍ ခုတ်ဖြတ်ပြန်လေ၏။ သန်လျက်သည် ထန်းရွက်ကဲ့သို့ ယိမ်းနွဲ့ တိမ်းယိုင်လျက် အရိုးရင်းသို့ ရောက်လေ၏။

[ထိုစကားမှန်၏ ထိုအခါ၌ သာမဏေကို မြင်းမိုရ်တောင်ဖြင့် ဖိသော်လည်း သေစေခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ သန်လျက်ဖြင့်မူကား အဘယ်မှာဆိုဖွယ်ရာ ရှိအံ့နည်း။]

---

သံလျက်အသွား လိပ်သဖြင့် အချင်းချင်း တိုင်ပင်ပုံ

ထိုသာမဏေ၏ တန်ခိုးပြာဋိဟာကို မြင်ရလျှင် ခိုးမှူးကြီးသည် ရှေးအခါ ငါ၏သန်လျက်သည် ကျောက်သည်တိုင်ကို၎င်း ရှားနှစ်သစ်ငုတ်ကို၎င်း ကြာစွယ် ကြာရင်းကိုကဲ့သို့ ဖြတ်နိုင်၏။ ယခုအခါ တကြိမ်တည်း ညွတ်ကိုင်း၍ ထန်းရွက်လိပ် ကဲ့သို့ ဖြစ်ရလေ၏။ ဤသန်လျက် မည်သည် စိတ်မရှိသည် ဖြစ်လျက်လည်း ဤ သာမဏေ၏ ဂုဏ်ကျေးဇူးကို သိ၏။ ငါကား စိတ်ရှိပါလျက် လည်း မသိခဲ့တကားဟု နောင်တပူပန်လျက် ထိုခိုးမှူးကြီးသည် သန်လျက်ကို မြေ၌ပစ်ချ၍ ထိုသာမဏေ၏ ခြေရင်း၌ ရင်ဖြင့်ဝပ်ပြီးလျှင် အရှင်ဘုရား တပည့်တော်တို့သည် ဥစ္စာဟူသော အကြောင်းကြောင့် တောအုပ်သို့ ဝင်သည်ဖြစ်ကုန်၏။

တပည့်တော်တို့ကို အဝေးမှမြင်ရလျှင် တထောင်မျှလောက်သော လူတို့သည်လည်း တုန်လှုပ် ကြကုန်၏။ နှစ်ယောက် သုံးယောက်သောသူတို့သည် စကားတို့ကို ပြောဆိုခြင်းငှါ မတတ် နိုင်ကြကုန်။ အရှင်ဘုရားအားကား ထိတ်လန့်ခြင်းမျှလည်း မရှိ။ ဖိုဝ၌ ဦးသစ်စရွှေ ကဲ့သို့၎င်း ကောင်းစွာပွင့်သော မဟာလှေကားပန်းကဲ့သို့၎င်း အရှင်ဘုရား မျက်နှာတော်သည် တင့်တယ် ဘိ၏။ အကြောင်းကား အဘယ်ပါနည်း ဘုရားဟု မေးလိုရကား ဤဂါထာကို လျှောက်ဆိုလေ၏။

တာသော တေ နတ္ထိ နဘယံ၊ ဘိယျော ဝဏ္ဏော ပသီဒတိ။
ကသ္မာ န ပရိဒေဝေတိ၊ ဧဝရူပေ မဟဗ္ဘယေ။

တေ၊ အရှင်ဘုရားအား။ တာသော၊ ထိတ်လန့်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘိယျော၊ လွန်စွာ။ ဝဏ္ဏော၊ အဆင်းသည်။ ပသီဒတိ၊ ကြည်လင်လှ၏။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ မဟဗ္ဘယေ၊ ကြီးစွာသော ဘေးဖြစ်သောအခါ၌။ ကသ္မာ၊ အဘယ့်ကြောင့်။ န ပရိဒေဝေသိ၊ မငိုကြွေးဘိသနည်း။

သာမဏေသည်လည်း ဈာန်မှထ၍ ထိုခိုးမှူးကြီးအား တရားဟောလိုရကား ငါ့ရှင် ဒါယကာ အရပ် လူကြီးမင်း ရဟန္တာပုဂ္ဂိုလ်၏ အတ္တဘော မည်သည်ကား ဦးခေါင်းထက်၌ တင်ထားအပ်သော ဝန်ကဲ့သို့ဖြစ်၏။ ထိုရဟန္တာသည် အတ္တဘော ပျက်ခဲ့သော်၎င်း ပျောက်ခဲ့သော်၎င်း နှစ်သက်သည် သာလျှင်တည်း။ မကြောက် မလန့်ပေဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ရွတ်ဆိုတော်မူလေ၏။

နတ္ထိ စေတသိကံ ဒုက္ခံ၊ အနပေက္ခဿ ဂါမဏိ။
အတိက္ကန္တော ဘယံ သဗ္ဗံ၊ ခီဏသံယောဇနော ဣသိ။
ခီဏာယ ဘဝနေတ္တိယာ၊ ဒိဋ္ဌဓမ္မေ ယထာ တထာ။
နိဗ္ဘယံ မရဏံ ဟောတိ၊ ဘာရ ဝေါရောပနံ ယထာ။

ဂါမဏိ၊ ဒါယကာအရပ်လူကြီးမင်း။ ဣသိ၊ ရဟန္တာပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘယံ၊ ဘေးရန်ကို။ အတိက္ကန္တော၊ လွန်မြောက်တော်မူပြီ။ ခီဏသံ ယောဇနော၊ ကုန်ပြီးသော သံယောဇဉ်ရှိတော်မူ၏။ အနပေက္ခဿ၊ ကိုယ် အသက်၌ ငဲ့ကွက်ခြင်းမရှိသော ရဟန္တာပုဂ္ဂိုလ်အား။ စေတသိကံ၊ စိတ်ကိုမှီ၍ဖြစ်သော။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ နတ္ထိ၊ မရှိ။

ဘဝနေတ္တိယာ၊ ဘဝ သုံးပါးသို့ ဆောင်တတ်သော ကြိုးနှင့် တူသော တဏှာ၏။ ခီဏာယ၊ ကုန်ခြင်းကြောင့်။ ဘာရဝေါရောပနံ ယထာ၊ ဝန်ထုပ်ကို ပစ်ချ၍ ရခြင်းကဲ့သို့။ ဒိဋ္ဌဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌။ ယထာ တထာ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာဖြင့်။ နိဗ္ဘယံ၊ ကြောက်လန့် ခြင်းမရှိဘဲ။ မရဏံ၊ သေရခြင်း (ပရိနိဗ္ဗာန်ပြုခြင်း) သည်။ ဟောတိ၊ ဖြစ်၏။

ထို ခိုးမှူးကြီးသည် သာမဏေဟောသော တရားစကားကို ကြားနာရလျှင် ငါးရာသော ခိုးသား ငယ်တို့ကို ကြည့်ရှုလျက် သင်တို့သည် အဘယ်သို့ ပြုကုန်အံ့ နည်းဟု မေးလေ၏။ အရှင်ခိုးမှူးကြီး သခင်တို့ကား အဘယ်သို့ ပြုကြမည်နည်းဟု ပြန်မေးလတ်သော် အချင်းတို့ ငါ့အား ဤသို့ သဘောရှိသော တန်ခိုးပြာဋိဟာကို ရှေးဦးစွာ မြင်ရသဖြင့် အိမ်ရာထောင်သော လူ၏ဘောင်၌ ပြုဖွယ်အမှုမရှိပြီ။

အရှင်မြတ်၏ အထံတော်၌ ရဟန်းပြုတော့အံ့ဟု ပြောဆိုလေ၏။ ကျွန်တော်တို့သည်လည်း ထို့အတူသာလျှင် ပြုကြပါကုန်အံ့ဟု ဆိုလျှင် အမောင်တို့ ကောင်းလှပေပြီဟု ဆိုလေ၏။ ထို့နောက် ငါးရာစလုံးဖြစ်သော ခိုးသူတို့သည် သာမဏေကို ရှိခိုး၍ ရဟန်း အဖြစ်ကို တောင်းပန်ကြ လေကုန်၏။

---

ခိုးသားငါးရာတို့ ရဟန်းပြုကြခြင်း

ထိုသံကိစ္စ သာမဏေသည် ခိုးသူတို့၏ သန်လျက်သွားဖြင့်သာလျှင် ဆံတို့ကို၎င်း ပုဆိုးမြိတ် တို့ကို၎င်း ဖြတ်၍ မြေနီဖြင့် ဆိုးသဖြင့် ထိုသင်္ကန်းတို့ကို ဝတ်စေ၍ ဆယ်ပါးသော သီလတို့၌ တည်စေလျက် ထို ရဟန်းတို့ကို ခေါ်ခဲ့၍ သွားစဉ် ငါကား မထေရ်တို့ကို မဖူးမြင်ဘဲသာ အကယ်၍ သွားချေသည် ဖြစ်အံ့၊ ထိုရဟန်းတို့သည် ရဟန်းတရားကို အားထုတ်ခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့။ ခိုးသူတို့သည် ငါ့ကို ဖမ်းယူသဖြင့် ထွက်သွားသော အခါမှစ၍ ထိုရဟန်းတို့တွင် တယောက်သော ရဟန်းမျှလည်း မျက်ရည်တို့ကို ဆည်ခြင်း တည်တံ့စေခြင်းငှါ မတတ်၊ သာမဏေ သေသလော မသေသလောဟု တွေးတောကြံစည်လျက် ကမ္မဋ္ဌာန်း သို့ ရှေးရှု ပြုခြင်း ဘာဝနာကို မရကုန်လတ္တံ့၊ ထို့ကြောင့် ထိုရဟန်းတို့အား ဖူးမြင်ပြီးမှ သာလျှင် သွားပေအံ့ဟု ကြံစည်လေ၏။

ထိုသာမဏေသည် ရဟန်း ငါးရာတို့ဖြင့် ခြံရံလျက် ထိုအရပ်သို့သွား၍ မိမိအား မြင်ရခြင်းဖြင့် ရွှင်လန်း နှစ်သိမ့်ခြင်း ရရှိကုန်သော မထေရ်တို့သည် သူတော်ကောင်းဖြစ်သော သံကိစ္စ သာမဏေ အသို့နည်း သင်သည် အသက်ရှင်ခြင်းကို ရလေပြီလောဟု မိန့်ဆိုလတ်သော် အရှင်ဘုရားတို့ ရခဲ့သည် မှန်လှပါ၏ဘုရား ဤသူတို့သည် တပည့်တော်ကို သတ်လိုကြကုန်လျက် သတ်ခြင်းငှါ မတတ်နိုင်ကြ သည်ဖြစ်၍ တပည့်တော်၏ ဂုဏ်ကျေးဇူး၌ ကြည်ညိုပြီးလျှင် တရားနာရ၍ ရဟန်း ပြုကြပါသည်။

တပည့်တော်သည် အရှင်ဘုရားတို့ကို ဖူးမြင်ပြီးမှသာ သွားပေအံ့ဟု ရောက်လာပါသည်ဘုရား။ မမေ့မလျော့ ရဟန်းတရားကို အားထုတ်တော်မူကြပါ။ တပည့်တော်သည် မြတ်စွာဘုရား အထံတော်သို့ ပြန်သွားပါတော့မည် ဘုရားဟု လျှောက်ကြားပြီးလျှင် ထိုရဟန်းတို့ကို ရှိခိုး၍ ရဟန်းသစ် ငါးရာတို့ကို ခေါ်ပြီးလျှင် ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတြာမထေရ်မြတ်၏ အထံတော်သို့ ရောက်သွားသည်ရှိသော် သံကိစ္စသာမဏေ အသို့နည်း သင်သည် အန္တေဝါသိက တပည့်တို့ကို ရခဲ့လေသလောဟု မိန့်တော်မူလျှင် အရှင်ဘုရား ရခဲ့သည် မှန်လှပါသည်ဘုရားဟု ဆို၍ ထိုအကြောင်းကို ပြန်ပြောင်းလျှောက်ကြားလေ၏။

အရှင်သာရိပုတြာ မထေရ်သည် သံကိစ္စသာမဏေ သွားချေ ဘုရားရှင်ကို ဖူးမျှော် ချေဦးလောဟု ဆိုလတ်သော် ကောင်းပါပြီဘုရားဟု မထေရ်ကိုရှိခိုး၍ ထိုရဟန်းတို့ကိုခေါ်သဖြင့် ဘုရားရှင်၏ အထံတော်သို့ သွားရောက်လတ်သော် ဘုရား သဗ္ဗညုသည်လည်း သံကိစ္စသာမဏေ သင်သည် အန္တေဝါသိက တပည့်တို့ကို ရခဲ့လေသလောဟု မိန့်တော်မူလျှင် ဘုန်းတော်ကြီးတော် မူသော မြတ်စွာဘုရား ရခဲ့သည် မှန်ပါသည်ဘုရားဟု ထိုအကြောင်းကို လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ချစ်သားရဟန်းတို့ ဤသို့ဖြစ်၏ ဟူသည် မှန်သလောဟု မေးတော်မူခြင်း ကြောင့် မြတ်စွာဘုရား မှန်လှပါသည် ဘုရားဟု လျှောက်လတ်သော် ချစ်သား ရဟန်းတို့ သင်တို့အား ခိုးမှုကိုပြု၍ သီလမရှိသော အရာ၌တည်လျက် အနှစ်တရာ ပတ်လုံး အသက်ရှည် ရခြင်းထက် ယခုအခါ သီလ၌ တည်လျက် တရက်မျှသော်လည်း အသက်ရှည်ရခြင်းသည် မြတ်၏ ဟုမိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားလိုရကား ဤဂါထာကို မိန့်ကြားတော် မူလေ၏။

---

ဒေသနာတော်

၁၁၀။ ယောစ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ ဈာယိနော။

ယောစ၊ အကြင်သူသည်ကား။ ဒုဿီလော၊ သီလမရှိဘဲ။ အသမာဟိတော၊ တည်ကြည်ခြင်းမရှိဘဲ။ ဝဿသတံ၊ အနှစ်တရာကာလပတ်လုံး။ ဇီဝေ၊ အသက် ရှည်ငြားအံ့။ တတော၊ ထိုသီလမရှိသောသူ အနှစ်တရာ အသက်ရှည်ခြင်းထက်။ သီလဝန္တဿ၊ သီလရှိသော။ ဈာယိနော၊ ကသိုဏ်းစသော အာရုံ အနိစ္စ စသော လက္ခဏာကို မပြတ်ရှုတတ်သော သူ၏။ ဧကာဟံ၊ တရက်မျှ။ ဝါ၊ တခဏမျှ သော်လည်း။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

---

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏ အဆုံး၌ ခိုးသူဖြစ်ဖူးသော ထိုရဟန်းငါးရာ စလုံးတို့သည် ပဋိသမ္ဘိဒါလေးပါး တို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော် မူလေ၏။


အဓိမုတ္တ သာမဏေ၏ ခိုင်ခံ့သောသစ္စာ

တပါးသော အခါကာလ၌ သံကိစ္စသာမဏေသည် ရဟန်းပဉ္စင်း အဖြစ်ကိုရ၍ ဆယ်ဝါရလတ်သည် ရှိသော် သာမဏေကို လက်ခံလေ၏။ ထိုသာမဏေသည်ကား သံကိစ္စမထေရ်၏ တူဖြစ်သော အဓိမုတ္တ သာမဏေမည်၏။

ထိုအခါ အဓိမုတ္တ သာမဏေကို သံကိစ္စမထေရ်သည် အသက်နှစ်ဆယ် ပြည့်လောက်သောအခါ ခေါ်၍ သင့်အားပဉ္စင်းအဖြစ်ကို ပြုပေးပေအံ့။ သွားချေ ဆွေမျိုးတို့အထံ၌ အသက် အပိုင်းအခြားကို မေး၍ ပြန်လာခဲ့လော့ဟု လွှတ်လိုက်လေ၏။

ထိုအဓိမုတ္တသာမဏေသည် မိဘတို့၏ အထံသို့ သွားစဉ် လမ်းခရီးအကြား၌ ငါးရာသော ခိုးသူတို့သည် ဗလိနတ်စာ တင်မြှောက်ခြင်းအကျိုးငှါ ဆောင်ယူအပ်သည်ရှိသော် ထိုခိုးသူတို့အား တရားဟောကြားခြင်းကြောင့် ကြည်ညိုသောစိတ် ရှိကုန်သော ခိုးသူ တို့သည် ဤအရပ်၌ အကျွန်ုပ်တို့ရှိသည် အဖြစ်ကို တစုံတယောက်သော သူအား သင်သည် မပြောကြားအပ်ဟုဆို၍ လွှတ်လိုက်သည်ရှိသော် ခရီးရင်ဆိုင် မိဘတို့ လာကြသည်တို့ကို မြင်ရလျှင် ထိုခိုးသူတို့ရှိသော လမ်းခရီးသို့သာလျှင် သွားဆဲ ဖြစ်ကုန်သော်လည်း ခိုးသူတို့ထံ ဝန်ခံခဲ့သော သစ္စာကို စောင့်ရှောက် လိုသည် ဖြစ်၍ ထိုမိဘတို့အား မပြောကြားလေ။

ထိုမိဘတို့ကို ခိုးသူတို့ ညှဉ်းပန်းအပ်ကုန်သည် ရှိသော် ငါတို့သား အဓိမုတ္တသာမဏေဖြစ်သော သင်သည်လည်း ခိုးသူတို့နှင့် အတူတကွ တပေါင်းတည်းဖြစ်၍ ငါတို့အား မပြောကြားယောင် တကား ဟု ဆိုလျက် ငိုကြွေးမြည်တမ်းကုန်သော မိဘတို့၏အသံကို ကြားရလျှင် ထို သာမဏေ သည် ထိုမိဘတို့အားသော်လည်း မပြောကြားသည်အဖြစ်ကို သိရသဖြင့် ကြည်ညိုသော စိတ် ရှိခြင်းကြောင့် ရဟန်းအဖြစ်ကို တောင်းပန်ကြလေကုန်၏။

ထို အဓိမုတ္တ သာမဏေသည်လည်း သံကိစ္စသာမဏေကဲ့သို့ ထိုအလုံးစုံသော ခိုးသူတို့ကို ရဟန်းပြုပေး၍ ဆရာ ဥပဇ္ဈာယ်၏ အထံတော်သို့ ခေါ်ဆောင် ပြီးလျှင် ထိုဥပဇ္ဈာယ်ဖြစ်သော သံကိစ္စမထေရ်သည် ဘုရားရှင်၏ အထံတော်သို့ စေလွှတ်ခြင်းကြောင့် သွား၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။

ဘုရားရှင်သည် ချစ်သားရဟန်းတို့ ဤသို့ဖြစ်၏ဟူသည် မှန်သလောဟု မေးတော်မူခြင်းကြောင့် မြတ်စွာဘုရား မှန်လှပါသည်ဘုရားဟု နားတော်လျှောက်သည်ရှိသော် ရှေးနည်းအားဖြင့်သာလျှင် အနုသန္ဓေကိုစပ်၍ တရားဟောလိုရကား -

ယောစ ဝဿသတံ ဇီဝေ၊ ဒုသီလော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ သီလငန္တဿ ဈာယိနော။

ဟူသော ဤဂါထာကို ဟောတော်မူပြန်လေ၏။

ယောစ၊ အကြင်သူသည်ကား။ ဒုဿီလော၊ သီလမရှိဘဲ။ အသမာဟိတော၊ တည်ကြည်ခြင်းမရှိဘဲ။ ဝဿသတံ၊ အနှစ်တရာကာလပတ်လုံး။ ဇီဝေ၊ အသက် ရှည်ငြားအံ့။ တတော၊ ထိုသီလမရှိသောသူ အနှစ်တရာ အသက်ရှည်ခြင်းထက်။ သီလဝန္တဿ၊ သီလရှိသော။ ဈာယိနော၊ ကသိုဏ်းစသော အာရုံ အနိစ္စ စသော လက္ခဏာကို မပြတ်ရှုတတ်သော သူ၏။ ဧကာဟံ၊ တရက်မျှ။ ဝါ၊ တခဏမျှ သော်လည်း။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

ဤနေရာ၌ ဤဂါထာဖြင့် အဓိမုတ္တသာမဏေ၏ ဝတ္ထုမည်သည်ကို ဟောအပ်သည်သာလျှင်တည်း။


သံကိစ္စသာမဏေဝတ္ထုပြီး၏။

---

၁၀ - ခါဏုကောဏ္ဍညမထေရ် ဝတ္ထု

ယောစ ဝဿ သတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် ခါဏုကောဏ္ဍညမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သစ်ငုတ်ဟု ထင်ရလောက်အောင် တည်ကြည်ပုံ

ထိုမထေရ်သည် မြတ်စွာဘုရား၏ အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ တော၌ နေသည်ရှိသော် ရဟန္တာ အဖြစ်သို့ ရောက်လတ်သဖြင့် မြတ်စွာဘုရားအား လျှောက်ကြားအံ့ဟု ထိုတောအရပ်မှ လာခဲ့ရာ လမ်းခရီးအကြား၌ ပင်ပန်းလှသောကြောင့် လမ်းခရီးမှဖဲ၍ တခုသော ကျောက်ဖျာအပြင်၌ နေလျက် ဈာန်ဝင်စားတော်မူသတတ် ထိုအခါ ရွာတခုကို လုယက်ဖျက်ဆီး၍ ငါးရာသော ခိုးသူတို့သည် မိမိ၏ ခွန်အားနှင့်လျော်စွာ အထုပ်ဖွဲ့လျက် ဦးခေါင်းဖြင့်ဆောင်၍ သွားကြကုန်သည်ရှိသော် အရပ်သို့ ရောက်လတ်သဖြင့် ငါတို့ကား ပင်ပန်းသော သဘော ရှိကုန်လျက် ဝေးသောအရပ်မှ လာကြရကုန်၏။ ဤကျောက်ဖျာ၌ အပင်ပန်း ဖြေကြကုန်ဦးအံ့ဟု လမ်းခရီးမှ ဖဲ၍ ကျောက်ဖျာ အနီးသို့ သွားပြီးလျှင် မထေရ်ကို မြင်သော်လည်း ဤသည်ကား သစ်ငုတ် တည်းဟု အမှတ်ရှိကြလေကုန်၏။

ထိုအခါ ခိုးသူတယောက်သည် မထေရ်၏ ဦးခေါင်း၌ ဥစ္စာထုပ်ကို တင်ထားလေ၏။ တပါးသော ခိုးသူသည်လည်း ထိုမထေရ် ဦးခေါင်းကို မှီ၍ ဥစ္စာထုပ်ကို ထားလေ၏။ ဤသို့လျှင် ငါးရာသော ဥစ္စာထုပ်တို့ဖြင့် မထေရ်ကို ဝန်းရံပြီးလျှင် မိမိတို့ ကိုယ်တိုင်လည်း ထိုင်ကုန်လျက် အိပ်ကြပြီးမှ အရုဏ်တက်သောအခါ နိုးလတ်သဖြင့် မိမိတို့၏ဥစ္စာထုပ်တို့ကို ယူကြကုန်သည်ရှိသော် မထေရ်ကို မြင်ရလျှင် ဘီလူးဟူသော အမှတ်သညာဖြင့် ထွက်ပြေးကြခြင်းငှါ အားထုတ်ကြလေကုန်၏။

ထိုအခါ ခိုးသူတို့ကို မထေရ်သည် ဒါယကာတို့ မကြောက်ကြကုန်လင့်။ ငါကား ရဟန်းတည်းဟု မိန့်တော်မူလေ၏။ ခိုးသူတို့သည် မထေရ်၏ ခြေရင်း၌ ဝပ်၍ အရှင်ဘုရား သည်းခံတော်မူကြပါ တပည့်တော်တို့သည် သစ်ငုတ်ဟူသော အမှတ်သညာ ရှိကြပါသည်ဘုရားဟု မထေရ်ကို ကန်တော့ ပြီးလျှင် ခိုးမှူးကြီးသည် ငါကား အရှင့်မြတ်၏ အထံတော်၌ ရဟန်းပြုတော့အံ့ဟု ဆိုလတ်သော် ကြွင်းသော ခိုးသူတို့က ကျွန်တော်တို့လည်း ရဟန်းပြုကြပါကုန်အံ့ဟု ဆို၍ ခပ်သိမ်းသော ခိုးသူတို့သည် တူသော ဆန္ဒရှိကုန်သဖြင့် မထေရ်မြတ်ကို ရဟန်း အဖြစ်ကို တောင်းပန်ကြကုန်၏။

မထေရ်လည်း သံကိစ္စသာမဏေကဲ့သို့ ထိုအလုံးစုံသော ခိုးသူတို့ကို ရဟန်းပြုပေးတော်မူလေ၏။ ထိုအခါမှစ၍ ခါဏုကောဏ္ဍည ဟူသော အမည်ဖြင့် ကျော်စောထင်ရှားလေ၏။ ထိုမထေရ်သည် ထိုရဟန်းတို့နှင့် အတူတကွ ဘုရားရှင်၏ အထံတော်သို့ ရောက်၍ ချစ်သားကောဏ္ဍည အသို့ နည်း သင်သည် အန္တေဝါသိက တပည့်တို့ကို ရခဲ့လေသလောဟု မေးတော် မူသည်ရှိသော် ထို အကြောင်းကို လျှောက်ကြားလေ၏။

ဘုရားရှင်သည် ချစ်သား ရဟန်းတို့ ဤယခု လျှောက်ကြားသောအတိုင်း ဟုတ်မှန်သလောဟု မေးတော် မူခြင်းကြောင့် မြတ်စွာဘုရား မှန်လှပါသည်ဘုရား တပည့်တော်တို့သည် တပါးသော ပုဂ္ဂိုလ်၏ ဤသို့သဘောရှိသော အာနုဘော်ကို မမြင်အပ်စဖူးပါ။ ထိုကြောင့် ရဟန်းပြုကြပါသည် ဘုရားဟု လျှောက်လတ်သော် ချစ်သားရဟန်းတို့ ဤသို့သဘော ရှိသော ပညာနည်းသောသူတို့၏ အမှု၌တည်၍ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် ယခုအခါ ပညာ၏ ပြည့်စုံခြင်းသို့ ရောက်ကြကုန်သော အသင်တို့၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏ဟု မိန့်တော်မူ၍ အနု သန္ဓေကို စပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၁၁။ ယောစ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ ဈာယိနော။

ယောစ၊ အကြင်သူသည်ကား။ ဒုပ္ပညော၊ ပညာမရှိဘဲ။ အသမာဟိတော၊ တည်ကြည်ခြင်းမရှိဘဲ။ ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။ ဇီဝေ၊ အသက် ရှည်ငြားအံ့။ တတော၊ ထိုပညာမရှိသူ အနှစ်တရာ အသက်ရှည်ခြင်းထက်။ ပညဝန္တဿ၊ ပညာရှိသော။ ဈာယိနော၊ ကသိုဏ်းစသောအာရုံ အနိစ္စစသောလက္ခဏာ ကိုမပြတ်ရှုတတ်သော သူ၏။ ဧကာဟံ၊ တရက်မျှ၊ ဝါ၊ တခဏပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည်လည်း ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာ အဖြစ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသူ လူများ အပေါင်းအားလည်း အကျိုးရှိသော တရား ဒေသနာ ဖြစ်တော်မူလေ၏။


ခါဏုကောဏ္ဍည မထေရ်ဝတ္ထုပြီး၏။

---

၁၁ - သပ္ပဒါသ မထေရ် ဝတ္ထု

ယောစ ဝဿသတံ ဇီဝေ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သပ္ပဒါသ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မြွေဆိုး မကိုက်သော ရဟန်း

သာဝတ္ထိပြည်၌ အမျိုးသားတယောက်သည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရ၍ ရဟန်းပြုသဖြင့် ပဉ္စင်းအဖြစ်ကို ရလတ်သည်ရှိသော် တပါးသောအခါ၌ ဆန့်ကျင် ပျင်းရှိ လှသောကြောင့် ငါကဲ့သို့ သဘောရှိသော အမျိုးသားအား လူဖြစ်ခြင်း လူထွက်ခြင်း မည်သည် မသင့် မလျောက်ပတ် ရဟန်းအဖြစ်၌ တည်၍ စုတွေ့မနေ သေရခြင်းသည် မြတ်၏ဟုကြံ၍ မိမိ၏ သေခြင်းအကြောင်းကို ကြံအောက်မေ့လျက် လှည့်လည်သွားလာ၏။

ထိုအခါ တနေ့သ၌ နံနက်စောစောကပင်လျှင် ဆွမ်းစားပြီးကုန်သော ရဟန်းတို့သည် ကျောင်းသို့ သွားကြသဖြင့် မီးတင်းကုပ်၌ မြွေကိုမြင်ရလျှင် ထိုမြွေကို တခုသော အိုး၌ထည့်လျက် ထိုအိုးကို ပိတ်ယူ၍ ကျောင်းမှ ထွက်သွားကြလေကုန်၏။

ဆန့်ကျင် ပျင်းရှိသော ရဟန်းသည်လည်း ဆွမ်းစားခြင်းကို ပြုပြီး၍ လာလတ်ရကား ထိုရဟန်း တို့ကိုမြင်လျှင် ငါ့ရှင်တို့ ဤသည်ကား အဘယ်နည်းဟု မေးသဖြင့် ငါ့ရှင် မြွေတည်းဟု ဆိုသည် ရှိသော် ဤမြွေဖြင့် အဘယ်သို့ ပြုကြ ကုန်အံ့နည်းဟု မေးပြန်လျှင် ထိုမြွေကို လွှတ်ကုန်အံ့ဟု ဆိုကြလေကုန်၏။

ထိုရဟန်းတို့၏ စကားကို ကြားလျှင် ဤမြွေဖြင့် မိမိကိုယ်ကို ကိုက်စေ၍ သေအံ့ဟု အကြံ အစည်ပြုသဖြင့် ဆောင်ခဲ့ကြပါကုန်လော့ တပည့်တော် ထိုမြွေကို စွန့်ပစ်ပါမည်ဟု ဆိုပြီးလျှင် ထိုရဟန်းတို့၏လက်မှ အိုးကိုယူ၍ တခုသော အရပ်၌နေလျက် ထိုမြွေကို မိမိကိုယ်ကို ကိုက်စေ၏။ မြွေသည် ကိုက်ခြင်းငှါ အလိုမရှိ။

ထိုရဟန်းသည် အိုး၌လက်ကိုချ၍ နှိုက်၍ ထိုမှဤမှလည်း မွှေနှောက်၏။ ကြမ်းသော အဆိပ်ရှိသော မြွေ၏ခံတွင်းကို ဖွင့်၍ လက်ချောင်းကိုထည့်သွင်း၏။ ထိုရဟန်းကို မြွေသည်မကိုက်။ ထိုရဟန်းသည် ဤမြွေကား လျင်သောအဆိပ် ရှိသော မြွေမဟုတ် အိမ်မြွေတည်းဟု ထိုမြွေကို စွန့်ပစ်၍ ကျောင်းသို့ ပြန်သွားလေ၏။

ထိုအခါ ထိုရဟန်းကို ရဟန်းတို့သည် ငါ့ရှင် သင်သည် မြွေကို စွန့်ပစ်ခဲ့ပြီလောဟု ပြောဆိုကြ ကုန်၏။ ထိုရဟန်းသည် ငါ့ရှင်တို့ ဤမြွေကား မြွေဆိုး မြွေကြမ်းမဟုတ် အိမ်မြွေတည်းဟု ဆိုလျှင် ငါ့ရှင် မြွေဆိုးမြွေကြမ်း သာလျှင်ဖြစ်၏။ ကြီးစွာသော ပါးပျဉ်းကိုပြု၍ တရှုးရှုးမြည်၏။ ငါတို့သည် ဆင်းရဲငြိုငြင်စွာ ဖမ်းယူအပ်၏။ အဘယ်အကြောင်းကြောင့် ဤသို့ သင်ဆိုလေဘိ သနည်းဟု ပြောဆိုကြကုန်၏။

ငါ့ရှင်တို့ ငါကား ထိုမြွေကို လက်ချောင်းကို ကိုက်စေသော်၎င်း ခံတွင်း၌ လက်ချောင်းကို ထည့်သွင်းစေသော်၎င်း ထိုမြွေကို ကိုက်စေခြင်းငှါ မတတ်နိုင်ခဲ့လေပြီ ဟု ဆိုလတ်သော် ထိုစကားကိုကြားလျှင် ရဟန်းတို့ သည် ဆိတ်ဆိတ် နေကြလေကုန်၏၊

လည်ပင်းကိုချိန်လျက် ကိလေသာကို လှီးခြင်း

ထိုအခါ တနေ့သ၌ ဆတ္တာသည်သည် နှစ်စင်း သုံးစင်းသော သင်ဓုန်းတို့ကို ယူလျက် ကျောင်းသို့ သွားသဖြင့် သင်ဓုန်းတစင်းကို မြေ၌ထား၍ သင်ဓုန်းတစင်းဖြင့် ရဟန်းတို့၏ ဆံတို့ကို ချလေ၏။ (ရိတ်လေ၏) ထိုရဟန်းသည် မြေ၌ထားအပ်သော သင်ဓုန်းကိုယူ၍ ဤသင်ဓုန်းဖြင့် လည်ပင်းကိုဖြတ်၍ သေတော့အံ့ဟု သစ်ပင်တခု၌ လည်ပင်းကို မှီထားသဖြင့် သင်ဓုန်းသွားကို ရေမျို၌ တင်ထားပြီးလျှင် မတ်တတ်ရပ်လျက် ပဉ္စင်းဖြစ်သောအခါမှစ၍ မိမိသီလကို ဆင်ခြင်လတ် သည်ရှိသော် အညစ်အကြေး ကင်းသော လပြည့်ဝန်းကဲ့သို့၎င်း ကောင်းစွာသွေး အပ်သော ပတ္တမြားတုံးကဲ့သို့၎င်း အညစ်အကြေးမရှိသော သီလကို မြင်ရလေ၏။

ထိုသီလကို ကြည့်ရှုဆင်ခြင်သော ထိုရဟန်းအား ကိုယ်အလုံးကို ပျံ့နှံ့သော ဖရဏာပီတိသည် ဖြစ်လေ၏။ ထိုရဟန်းသည် နှစ်သိမ့်သော ပီတိကို ဖယ်ခွါ၍ ဝိပဿနာကို ပွားစေလတ်သော် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေရကား သင်ဓုန်းကိုယူလျက် ကျောင်းလယ်သို့ ပြန်ဝင်လာလေ၏။

ထိုအခါ ထိုရဟန်းကို ရဟန်းတော်တို့သည် ငါ့ရှင် သင်ကား အဘယ်သို့သွားသနည်းဟု မေးကြလေကုန်၏။ ငါ့ရှင်တို့ ဤသင်ဓုန်းဖြင့် ရေမျိုးလည်ချောင်းကို ဖြတ်၍ သေတော့အံ့ဟူ၍ သွားပါသည်ဟု ဆိုလေသော် ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် မသေသနည်းဟု ဆိုကြကုန်၏။

ယခုအခါ တပည့်တော်သည် လက်နက်ကို ဆောင်ခြင်းငှါ မထိုက်သောသူ ဖြစ်ပြီ။ တပည့်တော်သည် ဤသင်ဓုန်းဖြင့် ရေမျိုကိုဖြတ်အံ့ဟု ရည်ရွယ်သော်လည်း ဉာဏ်တည်းဟူသော သင်ဓုန်းဖြင့် အလုံးစုံသော ကိလေသာတို့ကို ဖြတ်ခဲ့လေပြီဟု ဆိုသည်ရှိသော် ရဟန်းတို့သည် ဤ ရဟန်းကား မဟုတ်မမှန်သော အားဖြင့် အရဟတ္တဖိုလ်ကို ပြောကြားဘိ၏ ဟူ၍ မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

သပ္ပဒါသဟု အမည်ရပုံ

ဘုရားရှင်လည်း ထိုရဟန်းတို့၏ စကားကို ကြားတော်မူလျှင် ချစ်သား ရဟန်းတို့ ရဟန္တာတို့ မည်သည် မိမိလက်ဖြင့် မိမိကိုယ်ကို အသက်မှ မချကြကုန် ဟု မိန့်တော်မူလေ၏။ မြတ်စွာဘုရား ဤရဟန်းကို ရဟန္တာဟူ၍ ရှင်တော်ဘုရားတို့သည် မိန့်ဆိုတော်မူကြပါ၏။ ဤသို့ ရဟန္တာ ဖြစ်ကြောင်း အရဟတ္တဖိုလ်၏ ဥပနိဿယနှင့် ပြည့်စုံလျက် ဤရဟန်းသည် အဘယ့်ကြောင့် ဆန့်ကျင် ပျင်းရှိလေဘိသနည်း။

ထိုရဟန်း၏ အရဟတ္တဖိုလ် ဥပနိဿယ အကြောင်းသည် အဘယ်ပါနည်း။ အဘယ့်ကြောင့် ထိုမြွေသည် ဤရဟန်းကို မကိုက်သနည်းဘုရားဟု လျှောက်ကြားကြကုန်သော် ချစ်သားရဟန်းတို့ ရှေးဦးစွာ ဤရဟန်း၏ သုံးခုမြောက် သောကိုယ်အဖြစ်၌ ဤမြွေသည် ကျွန်ဖြစ်ခဲ့ဖူးပြီ။ ထိုမြွေသည် မိမိသခင်၏ ကိုယ်ကို ကိုက်ခြင်းငှါ မရဲဝံ့ဟု ထိုရဟန်းနှင့် မြွေတို့၏ တခုသော အကြောင်းကို မြတ်စွာဘုရား မိန့်ကြားတော်မူလေ၏။ ထိုအခါမှစ၍ ထိုရဟန်းသည် သပ္ပဒါသ ဟူသော အမည် ရှိသည် ဖြစ်လေ၏။

လူထွက်အောင် ပြုလုပ်ကြောင်း မကောင်းမှု

ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်၌ အမျိုးသား တယောက်သည် မြတ်စွာဘုရား၏ တရားစကားကို ကြားနာရ၍ ဖြစ်သော ထိတ်လန့်ခြင်းရှိရကား ရဟန်းပြုသဖြင့် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် တပါးသောအခါ၌ မမွေ့လျော်ခြင်း ဖြစ်ပေါ်ခြင်းကြောင့် အဆွေခင်ပွန်း ဖြစ်သော ရဟန်းတပါးအား ပြောကြားလေသတတ်။

ထို အဆွေခင်ပွန်း ရဟန်းသည် ထိုရဟန်းအား မပြတ်မလတ် လူ့အဖြစ်၌ အပြစ်ကို ဟောပြော လေ၏။ ထိုစကားကို ကြားရလျှင် သာသနာတော်၌ ပျင်းရိဆန့်ကျင်သော ရဟန်းသည် သာသနာ တော်၌ အလွန်မွေ့လျော်လေသည် ဖြစ်ရကား ရှေး၌မမွေ့လျော်စဉ်အခါ အညစ်အကြေး ကပ်ငြိကုန်သော ရဟန်း ပရိက္ခရာတို့ကို တခုသော ရေအိုင်ကမ်းနား၌ အညစ်အကြေး ကင်းအောင် ပြုလုပ်ကာနေလေ၏။ အဆွေခင်ပွန်းဖြစ်သော ရဟန်းသည်လည်း ထိုရဟန်း၏ အထံ၌သာလျှင် ထိုင်နေလေ၏။

ထိုအခါ အဆွေ ခင်ပွန်း ဖြစ်သော ရဟန်းကို ရဟန်းပရိက္ခရာ အညစ်အကြေး ကင်းအောင် ပြုသော ရဟန်းက ငါ့ရှင် ငါကား လူထွက်ဖြစ်သည်ရှိသော် ဤပရိက္ခရာတို့ကို အရှင်အားပေးလှူခြင်းငှါ အလိုရှိခဲ့၏ ဟု ဆိုလေ၏။ ထိုအဆွေခင်ပွန်းဖြစ်သော ရဟန်းသည် ဤရဟန်းကား ရဟန်း ဖြစ်သဖြင့်၎င်း လူထွက်သဖြင့်၎င်း ငါ့အား အဘယ်အကျိုး ရှိအံ့နည်း ယခုအခါ ပရိက္ခရာတို့ကို ပျက်စေအံ့ဟု ကြံလေ၏။

ထိုအဆွေခင်ပွန်းဖြစ်သောရဟန်းသည် ထိုနေ့မှအစပြု၍ ငါ့ရှင် ယခုအခါ ငါ့တို့အား အသက် ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ငါတို့သည် ခွက်လက်စွဲ ကုန်လျက် သူတပါးအိမ်တို့၌ ဆွမ်း အလို့ငှါ လှည့်လည်ရသဖြင့် သားမယားတို့နှင့် အတူတကွ စကားပြောဟောခြင်းကို မပြုကြရကုန် ဟု ဤသို့အစရှိသော စကားတို့ကိုဆိုလျက် လူ့အဖြစ်၏ဂုဏ်ကျေးဇူးကို ဆိုလေ၏။

ရဟန်းသည် အဆွေ ခင်ပွန်းဖြစ်သော ရဟန်း၏စကားကို ကြားရလျှင် တဖန် ငြီးငွေ့ပျင်းရှိပြန်သည် ဖြစ်၍ ဤရဟန်းကား ငြီးငွေ့ပျင်းရှိလှပါ၏ဟု ငါဆိုသည်ရှိသော် ရှေးဦးစွာ လူ့အဖြစ်၌ အပြစ်ကို ဟောပြောပါလျက် ယခုအခါ မပြတ်ဂုဏ်ကျေးဇူးကို ဟောပြောခဲ့လေ၏။ အကြောင်းကား အသို့နည်းဟု ကြံစည်လတ်သည်ရှိသော် ဤရဟန်း ပရိက္ခရာတို့၌ လိုချင်မက်မောခြင်းကြောင့် ဟောပြော၏ဟု သိရသဖြင့် အလိုလိုသာလျှင် မိမိ၏စိတ်ကို ပြန်လည် ဆုတ်နစ်စေလေ၏။

ဤသို့လျှင် ထိုရဟန်းသည် ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ရဟန်းတပါးကို လူထွက် အောင် တိုက်တွန်းဖူးသည် အဖြစ်ကြောင့် ယခုအခါ မမွေ့လျော်ခြင်းသည် ဖြစ်လေ၏။

ရဟန္တာဖြစ်ကြောင်း ကောင်းမှု

ထိုရဟန်းသည်ပင်လျှင် ထိုအခါ အနှစ်နှစ်သောင်း တို့ပတ်လုံး အကြင်ရဟန်း တရားကို ဖြည့်ကျင့် ခဲ့ဖူး၏။ ထိုရဟန်းတရားသည် ယခုအခါ အရဟတ္တဖိုလ်၏ အကြောင်း ဥပနိဿယဖြစ်လေ၏ ဟု ဤအကြောင်းကို ရဟန်းတို့သည် ဘုရားရှင်၏ အထံတော်မှ ကြားနာရသဖြင့် ထို့ထက်အလွန် မေးလျှောက်ပြန်သည်မှာ ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား ဤရဟန်းသည် သင်ဓုန်း သွားကို ရေမျို၌တင်ထား၍ ရပ်လျက်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ပါသတတ်။

ဤမျှလောက်ဖြင့် အရဟတ္တမဂ်သည် ဖြစ်နိုင်ပါသလော ဘုရားဟု မေးလျှောက်ကြလေကုန်၏။ ချစ်သား ရဟန်းတို့ ဖြစ်နိုင်၏။ အားထုတ်အပ်သော လုံ့လဝီရိယရှိသော ရဟန်း၏ ခြေကိုကြွ၍ မြေ၌ထားစဉ် ခြေသည် မြေသို့ မရောက်မီပင်လျှင် အရတ္တ မဂ်သည် ဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်၏ အနှစ်တရာ ကာလပတ်လုံး အသက် ရှည်ခြင်းထက် အားထုတ်အပ်သော လုံ့လရှိသော ပုဂ္ဂိုလ်၏ တခဏမျှသော်လည်း အသက်ရှည်ခြင်းသည် မြတ်၏ဟု မိန့်တော်မူပြီးလျှင် အနုသန္ဓေကို စပ်လျက် တရားဟောကြားတော် မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၁၂။ ယော စ ဝဿသတံ ဇီဝေ၊ ကုသီတော ဟီနဝီရိယော။
ဧကာဟံ ဇီဝိတံ သေယျော၊ ဝီရိယ မာရဘတော ဒဠှံ။

ယောစံ၊ အကြင်သူသည်ကား။ ကုသီတော၊ ပျင်းရိခြင်းရှိသည်။ ဟီန ဝီရိယော၊ လျော့သော လုံ့လရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုပျင်းရိသောသူ အနှစ် တရာ အသက်ရှည်ခြင်းထက်။ ဝီရိယံ၊ လုံ့လကို။ ဒဠှံ၊ မြဲစွာ။ အာရဘတော၊ အားထုတ်သောသူ၏။ ဧကာဟံ၊ တရက်မျှ။ ဝါ၊ တခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော် အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ လေကုန်၏။


သပ္ပဒါသ မထေရ်ဝတ္ထု ပြီး၏။

၁၂ - ပဋာစာရီ ထေရီမ ဝတ္ထု

ယောစ ဝဿ သတံ အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတန် ကျောင်းတော်၌ နေတော်မူစဉ် ပဋာစာရီမည်သော ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

---

ပဋာစာရီ အရွယ်ရောက်စ ချွတ်ချော်ခြင်း

ထိုပဋာစာရီ ထေရီမသည် သာဝတ္ထိပြည်၌ ကုဋေလေးဆယ် ဥစ္စာကြွယ်သော သူဌေးကြီး၏ သ္မီးဖြစ်၍ အလွန်အဆင်းလှသတတ်။ ထိုသူဌေးသ္မီးကို တဆဲ့ခြောက်နှစ် အရွယ်ရောက်သောအခါ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက် အပြင်၌ စောင့်ရှောက်ကာ နေကြစေကုန်၏။

ထိုသို့ နေစေကုန်သော်လည်း ထိုသူဌေးသ္မီးသည် မိမိ၏ အလုပ်အကျွေး ကျေးကျွန်ငယ် တယောက်နှင့်တကွ ဖောက်ပြန်မှားယွင်း ပြုကျင့်ခြင်းရှိလေ၏။ ထို့နောက် သတို့သ္မီး၏မိခင် ဖခင်တို့သည် အမျိုးဇာတ်အားဖြင့် တူမျှသောအမျိုး၌ တယောက်သော သတို့သားအား ဝန်ခံ၍ ထိမ်းမြားမင်္ဂလာ ဆောင်အံ့သောနေ့ကို ချိန်းချက်မှတ်သား ကြကုန်၏။

ထိုနေ့ နီးလတ်သည်ရှိသော် သူဌေးသ္မီးသည် ထိုအလုပ်အကျွေးငယ်ကို "ငါ့ကို ဤမည်သော သတို့သားအား မချွတ်ပေးကြကုန်လတ္တံ့။ ငါသည် လင့်အိမ် သွားရသည်ရှိသော် ငါ့အဖို့ လက်ဆောင်ကိုယူ၍ လာသော်လည်း ထိုလင့်အိမ်သို့ ဝင်ခြင်းကို မရလတ္တံ့။ သင့်အား အကယ်၍ ငါ့အပေါ်၌ ချစ်ချစ်ခင်ခင် ရှိခဲ့ပါမူ ယခုပင် ငါ့ကိုခိုးယူ၍ အမှတ်မရှိ တစုံတခုသော အရပ်သို့ ထွက်ပြေးပါလော့"ဟု ပြောဆိုလေ၏။

အလုပ်အကျွေးငယ်လည်း "သခင်မ ကောင်းပါပြီ"ဟု ဆိုလေ၏။ "ထိုသို့ဖြစ်မူ ငါသည် နက်ဖြန်နံနက် စောစောကပင်လျှင် မြို့တံခါး၏ ဤမည်သော အရပ်၌ နေပေအံ့။ သင်သည် တခုသော ဥပါယ်တမျည်ဖြင့် ထွက်ခဲ့၍ ထိုမြို့တံခါးသို့ လာခဲ့လော့"ဟု မှာဆိုခြင်းကြောင့် နှစ်ရက်မြောက်သော နေ့တွင် ချိန်းချက်ရာ အရပ်၌ စောင့်နေနှင့်လေ၏။

သူဌေးသ္မီးသည်လည်း နံနက်စောစောကပင်လျှင် ညစ်နွမ်းသော ထမီအဝတ်ကိုဝတ်၍ ဆံပင်တို့ကို ဖရိုဖရဲကြဲလျက် ဆန်ကွဲမှုန့်ဖြင့် ကိုယ်ကို လိမ်းကျံသဖြင့် ရေအိုးကိုရွက်ပြီးလျှင် ကျွန်မတို့နှင့်အတူတကွ သွားဘိသကဲ့သို့ အိမ်မှထွက်သွားသဖြင့် ထိုအရပ်သို့ ရောက်သွားလေ၏။ အလုပ်အကျွေးငယ်သည် သူဌေးသ္မီးကို ယူဆောင်ပြီးလျှင် ဝေးသောအရပ်သို့သွား၍ ရွာတခု၌ နေခြင်းကို ပြုသဖြင့် တော၌လယ်ကို ထွန်ပြီးသောအခါ ထင်းနှင့်ဟင်းရွက်တို့ကို ဆောင်ယူလာရလေ၏။ သူဌေးသ္မီးသည်ကား ရေအိုးဖြင့်ရေကို ဆောင်ယူ၍ မိမိလက်ဖြင့် မောင်းထောင်းခြင်း၊ ထမင်းချက်ခြင်း စသည်တို့ကိုပြုလျက် မိမိမကောင်းမှု အကျိုးကို ခံစားရရှာလေ၏။

---

လမ်း၌ သားဖွားခြင်းဒုက္ခ ဆင်းရဲစွာတွေ့ပုံ

ထို့နောက် သူဌေးသ္မီး၏ဝမ်း၌ ကိုယ်ဝန်ပဋိသန္ဓေ တည်လာလေ၏။ သူဌေးသ္မီးသည် ကိုယ်ဝန်သန္ဓေပြည့်စုံစွာ ရင့်လေလျှင် "ဤရွာ၌ ငါ့အား ကျေးဇူးဥပကာရ ပြုတတ်သော တစုံတယောက်သောသူမရှိ။ မိခင်ဖခင်တို့မည်သည်ကား သားသ္မီးအပေါ်၌ နူးညံ့သိမ်မွေ့သော စိတ်နှလုံး ရှိကြကုန်၏။ ထိုမိခင် ဖခင်တို့၏ အထံသို့ ငါ့ကိုပူပါလော့။ ထိုမိဘတို့နေရာအိမ်၌ ငါ၏သား ဖွားမြင်ခြင်းသည် ဖြစ်လတ္တံ့" ဟု လင်ယောက်ျားကို တောင်းပန်လေ၏။

ထိုကျေးကျွန်ဖြစ်သော လင်ယောက်ျားသည် "ချစ်နှမ အသို့ဆိုသနည်း။ ငါ့ကိုမြင်လျှင် သင်၏မိဘတို့သည် အထူးထူး ရိုက်ပုတ် ထောင်းသတ်ခြင်းအမှုတို့ကို ပြုကုန်ရာ၏။ ငါသွားခြင်းငှါ မဝံ့" ဟု ပယ်ဆိုလေ၏။ ထိုသူဌေးသ္မီးသည် အဖန်တလဲလဲ တောင်းပန်သော်လည်း တောင်းပန်ခြင်းကို မရခြင်းကြောင့် ထိုယောက်ျား တောသို့သွားခိုက် အိမ်နီးချင်းတို့ကို ပန်ကြား၍ "ယောက်ျား လာသဖြင့် အကျွန်ုပ်ကို မမြင်သည်ရှိသော် အဘယ်အရပ်သို့ သွားသနည်းဟု အကယ်၍မေးသည်ဖြစ်ပါအံ့၊ မိမိ၏မိဘအိမ်သို့ အကျွန်ုပ် သွားကြောင်းကို ပြောကြားလိုက်ကြပါ"ဟုဆို၍ အိမ်တံခါးကို ပိတ်ပြီးလျှင် ထွက်ခွါဖဲသွားလေ၏။

ထိုလင်ယောက်ျားသည်လည်း ပြန်လာသဖြင့် သူဌေးသ္မီးကို မမြင်လတ်သည်ရှိသော် အိမ်နီးချင်းတို့ကိုမေး၍ ထိုအကြောင်းကို ကြားသိရလျှင် "မယားကိုပြန်လည်စေအံ့"ဟု အစဉ်လိုက်သွားရာ မယားကို တွေ့မြင်သောအခါ အထူးထူးအပြားပြား တောင်းပန်သော်လည်း ပြန်လည်စေခြင်းငှါ မတတ်နိုင်။

ထို့နောက် သူဌေးသ္မီးအား တခုသောအရပ်၌ ကမ္မဇလေတို့သည် လှုပ်ရှားလေကုန်၏။ ပဋာစာရီသည် ချုံငယ်တခု အတွင်းသို့ဝင်၍ "အမောင်ချစ်လင် ငါ့အား ကမ္မဇလေတို့သည် လှုပ်ချောက်ချားကုန်ပြီ"ဟုဆို၍ မြေ၌ လျောင်းစက်လျက် တပြောင်းပြန်ပြန် လူးကာလှိမ့်ကာ ဆင်းရဲငြိုငြင်စွာ သားငယ်ကို ဖွားမြင်ရရှာပြီးမှ "သားဖွားခြင်းအကျိုးငှါ ငါသည် မိဘအိမ်သို့သွားရာ၏။ ထိုအကျိုးသည် ပြီးငြိမ်းလေပြီ"ဟု တဖန်သာလျှင် လင်ယောက်ျားနှင့်အတူတကွ အိမ်သို့ပြန်လာ၍ နေခြင်းကို ပြုလေ၏။

ထိုသူဌေးသ္မီးအား တပါးသောအခါ ကိုယ်ဝန်တဖန် တည်ပြန်လေ၏။ ထိုသူဌေးသ္မီးသည် ရင့်သော ကိုယ်ဝန်ရှိသည်ဖြစ်၍ ရှေးနည်းအားဖြင့်သာလျှင် လင်ယောက်ျားကို တောင်းပန်ပြန်သော် တောင်းပန်ခြင်းကို မရခြင်းကြောင့် သားကို ရင်ခွင်ဖြင့်ချီလျက် ထိုရှေးအတူသာလျှင် ထွက်ခွါဖဲသွားပြန်သဖြင့် လင်ယောက်ျားသည် "ရပ်ဆိုင်းပါဦး"ဟု ဆိုသော်လည်း ပြန်လည်ခြင်းငှါ အလိုမရှိခဲ့လေပြီ။

ထိုအခါ ထိုသူတို့သွားကြကုန်စဉ် အခါမဲ့ မိုဃ်းကြီးသည်ထင်ရှားစွာဖြစ်လေ၏။ ထက်ဝန်းကျင်မှ လျှပ်စစ်နွယ်တို့ဖြင့် ရဲရဲပြောင်ပြောင် တောက်လောင်ဘိသကဲ့သို့၎င်း၊ မိုဃ်းထစ်ချုံးသံဖြင့် ကွဲအက်ပြိုပျက်အံ့သကဲ့သို့၎င်း ကောင်းကင်သည် ရေအယဉ်လေတို့ဖြင့် အကြားအလပ်မရှိ ဖြစ်လေ၏။

ထိုခဏ၌ ထိုသူဌေးသ္မီးအား ကမ္မဇလေတို့သည် လှုပ်ရှားလေကုန်၏။ သူဌေးသ္မီးသည် လင်ယောက်ျားကိုခေါ်၍ "အမောင်ချစ်လင် ငါ့အား ကမ္မဇလေတို့သည် လှုပ်ချောက်ချားကုန်ပြီ။ တည်တံ့စွာနေခြင်းငှါ မတတ်နိုင်။ မိုဃ်းမစွတ်ရာအရပ်ကို ငါ့အလို့ငှါ သိပါလော့၊ ပြုစမ်းပါလော့" ဟု ဆိုရှာလေ၏။

---

လင် မြွေကိုက်သေသဖြင့် ဒုက္ခတွေ့ပြန်ခြင်း

ကျေးကျွန်ဖြစ်သော လင်ယောက်ျားသည် လက်၌ပါသော ပဲခွပ်ဖြင့် ထိုမှ ဤမှ စူးစမ်းရှာဖွေသည်ရှိသော် တခုသော တောင်ပိုထိပ်ထက်၌ ပေါက်သော ချုံကိုမြင်လျှင် ဖြတ်ခြင်းငှါ အားထုတ်လေ၏။ ထိုအခါ ထိုယောက်ျားကို တောင်ပို့မှထွက်၍ ကြမ်းသောအဆိပ်ရှိသဖြင့် လျင်သောအဆိပ်ရှိသော မြွေသည် ကိုက်လေ၏။ ထိုခဏ၌သာလျှင် ထိုယောက်ျား၏ ကိုယ်သည် အတွင်းမှ ထသော မီးလျှံတို့ဖြင့် လောင်သကဲ့သို့ တကိုယ်လုံး ညိုသောအဆင်းရှိသည်ဖြစ်၍ ထိုနေရာ၌ပင် တိမ်းလဲလေ၏။

သူဌေးသ္မီးသည်လည်း ကြီးစွာသောဆင်းရဲကို ခံစားလျက် ထိုလင်ယောက်ျား၏ လာခြင်းကို ကြည့်မြှော်ပါသော်လည်း ထိုယောက်ျားကို မမြင်မူ၍သာလျှင် တပါးသောသားငယ်ကိုလည်း ဖွားမြင်ပြန်၏။ သားငယ်နှစ်ယောက်တို့သည် လေနှင့်တကွသော မိုဃ်း၏ အဟုန်ကို သည်းမခံနိုင်ကြသေးရကား သည်းစွာဟစ်လျက် ငိုကြွေးမြည်တမ်းကြရရှာကုန်၏။

သူဌေးသ္မီးသည် သားနှစ်ယောက်စလုံးတို့ကို ရင်ခွင်ကြား၌ထား၍ နှစ်ခုသော ပုဆစ်ဒူးတို့ဖြင့်၎င်း၊ လက်တို့ဖြင့်၎င်း မြေ၌ဖိနှိပ်ထောက်ထားသဖြင့် ထိုအရပ်၌ တည်နေလျက်သာ ညဉ့်အခါကို လွန်စေရရှာလေ၏။ တကိုယ်လုံးသည် သွေးမရှိသကဲ့သို့ဖြစ်၍ ဖက်ရွက်လျော်အဆင်းနှင့် တူသောအဆင်းရှိလေ၏။ ထိုသူဌေးသ္မီးသည် နေအရုဏ် တက်လတ်သည်ရှိသော် သားတစ်အဆင်းနှင့် တူသော တယောက်သော သားငယ်ကို ရင်ခွင်ဖြင့်ချီလျက် တယောက်သော သားငယ်ကို လက်ချောင်း၌ ဆွဲငင်လျက် "ချစ်သား လာလှည့်ပါလေ၊ မောင့်ဖခင်သည် ဤအရပ်ဆီသို့ ထွက်သွားခဲ့၏" ဟုဆို၍ လင်ယောက်ျားသွားသော ခရီးလမ်းဖြင့် ခြေရာခံကာ လိုက်သွားသည်ရှိသော် တောင်ပိုထိပ်ထက်၌ သေရှာ၍ တိမ်းလဲနေသော ညိုသောအဆင်းရှိ၍ မာတောင့်နေသော ကိုယ်ကောင်ကိုမြင်ရလျှင် "ငါ့ကိုအကြောင်းပြု၍ ငါ့လင်သည် လမ်းခရီး၌ သေရရှာလေပြီတကား"ဟု အကြိမ်ကြိမ်ငိုကြွေးမြည်တမ်းလျက် ထွက်ခွါသွားရရှာလေ၏။

---

သားငယ်စွန်ချီ သားကြီးရေမျော ဒုက္ခတွေ့ပြန်ခြင်း

ထိုသူဌေးသ္မီးသည် တညဉ့်ပတ်လုံး မိုဃ်းသည်းစွာ ရွာအပ်သည့်အဖြစ်ကြောင့် ဒူးခေါင်းအတိုင်းအရှည်၊ ခါးစောင်းအတိုင်းအရှည်ရှိသော ရေဖြင့်ပြည့်သော အစိရဝတီမြစ်ကိုမြင်ရလျှင် မိမိပညာနုံ့သည့်အဖြစ်ကြောင့် သားငယ်နှစ်ယောက်တို့နှင့်အတူတကွ ရေသို့ သက်ဆင်းခြင်းငှါ မရဲဝံ့ရကား သားကြီးကို ဤမှာဘက်ကမ်း၌ထားခဲ့၍ ဖွားမြင်စသားငယ်ကိုယူလျက် ထိုမှာဘက်ကမ်းသို့ သွားသဖြင့် သစ်ခက်ချိုးခင်းကာ သိပ်ထားပြီးလျှင် "သားကြီး၏အထံသွားဦးအံ့"ဟု သားငယ်ကို ပယ်စွန့်ကာကူးသွားခြင်းငှါ မတတ်နိုင်သည်ဖြစ်ရကား အဖန်တလဲလဲ ပြန်လှည့်ပြန်လှည့်၍ ကြည့်လျက် သွားရရှာလေ၏။

ထိုအခါ သူဌေးသ္မီးမြစ်လယ်သို့ ရောက်လတ်သောအခါ စွန်တကောင်သည့် ထိုဖွားမြင်စသူငယ်ကို မြင်လျှင် သားတစ်ဟူသော အမှတ်ဖြင့် ကောင်းကင်မှ သက်ဆင်းပျံဝဲကျလာလေ၏။ သူဌေးသ္မီးသည် သားငယ်ကို ချီသုတ်ခြင်းငှါ ပျံဝဲကျလာသော စွန်ကို မြင်ရသဖြင့် လက်နှစ်ဘက်တို့ကို မြှောက်ချီလျက် "(သု-သု)ရွှေးရွှေး"ဟု သုံးကြိမ်သည်းစွာသော အသံကို မြွက်ဆိုခြောက်လှန့်လေ၏။ စွန်သည် ဝေးလှသဖြင့် ထိုခြောက်လှန့်သော အသံကို မကြားမူ၍သာလျှင် ဖွားမြင်စသူငယ်ကို ချီလျက် ကောင်းကင်သို့ ပျံသွားလေ၏။

ဤမှာဘက်ကမ်း၌ နေရစ်သော သားကြီးသည် မြစ်လယ်၌ လက်နှစ်ဘက်တို့ကို မြောက်ချီလျက် သည်းစွာသောအသံကို မြွက်ဆိုခြောက်လှန့်သော မိခင်ကို မြင်ရလျှင် "ငါ့ကိုခေါ်၏" ဟူသော အမှတ်ဖြင့် လျင်မြန်သော အဟုန်ကြောင့် ရေ၌ ကျသွားရှာလေ၏။

ဤသို့လျှင် သူဌေးသ္မီး၏ သားငယ်ကို စွန်ချီခဲ့လေ၏။ သားကြီးသည် ရေဖြင့် မျောခဲ့လေသတည်း။

---

မိဘမောင်ဘား သေသည်ကြား၍ ရူးသွပ်ခြင်း

ထိုသူဌေးသ္မီးသည် "ငါ၏သားတယောက်ကို စွန်ချီပြီ။ သားတယောက် ရေဖြင့် မျောပြီ။ ငါ၏လင်ယောက်ျားသည်လည်း လမ်းခရီး၌ သေခဲ့ပြီ"ဟု ငိုကြွေးမြည်တမ်းကာ သွားလတ်သည်ရှိသော် သာဝတ္ထိပြည်မှလာသော ယောက်ျားတယောက်ကိုမြင်လျှင် "အမောင် အဘယ်အရပ်၌ နေသောသူဖြစ်သနည်း"ဟု မေးလေ၏။

"အမိ အကျွန်ုပ်သည် သာဝတ္ထိပြည်၌ နေသောသူ ဖြစ်ပါသည်"ဟု ဆိုလျှင် "အမောင် သာဝတ္ထိပြည် ဤမည်သော ခရီးလမ်း၌ ဤသို့သဘောရှိသော အမျိုးသည် သိရှိပါသည်။ အမောင်သည် ထိုအမျိုးကို သိပါ၏လော"ဟု မေးပြန်လေ၏။ "အမိ သိပါ၏ သို့သော် ထိုအမျိုးအကြောင်းကိုကား မမေးပါနှင့် တပါးသူကို အကယ်၍ သိသည်ဖြစ်အံ့ မေးပါလော့"ဟုဆိုလျှင် "အမောင် အကျွန်ုပ်အား သူတပါးဖြင့် မေးဖွယ်ကိစ္စမရှိ။ ထိုသူဌေးအမျိုးကိုသာ မေးလိုပါ၏"ဟု ဆိုလေ၏။

"အမိ သင်သည် မိမိအား မပြောကြားစိမ့်သောငှါ ခွင့်မပေး။ ယနေ့ သင်သည် တညဉ့်ပတ်လုံး မိုဃ်းရွာသည်ကို မြင်၏လော"ဟု မေးပြန်သော် "အမောင် အကျွန်ုပ် မြင်အပ်ပါ၏။ အကျွန်ုပ်အားသာလျှင် တညဉ့်ပတ်လုံး ထိုမိုဃ်းရွာသွန်းချခြင်းသည် ဖြစ်ပါသည်။ သူတပါးအား မဖြစ်ပါ။ အကျွန်ုပ်အား မိုဃ်းရွာသွန်းချခြင်း အကြောင်းကို နောက်မှသင့်အား ပြောပါအံ့။ ရှေးဦးစွာ အကျွန်ုပ်အား ထိုသူဌေးအမျိုးအိမ်၌ ဖြစ်ကြောင်းကို ပြောပါဦးလော့"ဟု ဆိုလေ၏။

"အမိ ယနေ့ညဉ့်၌ သူဌေးကြီးကို၎င်း၊ သူဌေးကတော်ကြီးကို၎င်း၊ သူဌေးသားကို၎င်း ဤသုံးယောက်စလုံးသော သူတို့ကို လေနှင့်တကွ လာသောမိုဃ်းသည် ဖိသဖြင့် အိမ်ပြိုခဲ့လေပြီ။ ထိုသုံးလောင်းတို့ကို ထင်းပုံတခုတည်း၌ မီးသင်္ဂြိုဟ်ကြရကုန်၏။ အမိ ဤသုံးလောင်းစု မီးသင်္ဂြိုဟ်သော မီးခိုးသည် ထင်ရှား ရှိသေး၏"ဟု ဆိုလျှင် ထိုသူဌေးသ္မီးသည် ထိုခဏခြင်း၌ ဝတ်ထားသော ထမီအဝတ် ကျွတ်၍ကျသည်ကို မမှတ်သားနိုင်။ ရူးသွပ်သည်အဖြစ်သို့ ရောက်ရှာ၍ မိမွေးတိုင်း ဝတ်လစ်စားလစ် ငိုကြွေးမြည်တမ်းလျက်—

ဥဘော ပုတ္တာ ကာလင်္ကတာ၊ ပန္ထေ မယှံ ပတိ မတော။
မာတာပိတာစ ဘာတာစ၊ ဧကစိတကသ္မိံ ဍယှရေ။

မယှံ၊ ငါ၏။ ဥဘောပုတ္တာ၊ သားနှစ်ယောက်တို့သည်။ ကာလင်္ကတာ၊ သေခဲ့လေကုန်ပြီ။ ပတိ၊ ချစ်လင်သည်။ ပန္တေ၊ သွားရာလမ်းခရီး၌။ မတော၊ သေခဲ့လေပြီ။ မာတာစ၊ မိခင်သည်၎င်း။ ပိတာစ၊ ဖခင်သည်၎င်း။ ဘာတာစ၊ မောင်သည်၎င်း။ ဧကစိတကသ္မိံ၊ ထင်းပုံတခုထဲ၌။ ဍယှရေ၊ မီးသင်္ဂြိုဟ်ကြရလေကုန်ပြီ။

ဤသို့ယောင်ယမ်းမြည်တမ်းလျက် ချာချာလည် ရူးသွပ်ကာ လှည့်လည်ရရှာလေ၏။ လူတို့သည် ထိုရူးသွပ်သော သူဌေးသ္မီးကို မြင်လျှင် "အရူးမကြီး အရူးမကြီး" ခေါ်ဆိုလျက် တံမြက်ချေး အမှိုက်သရိုက်ကိုယူ၍၎င်း၊ မြေမှုန့်ကိုယူ၍၎င်း ဦးခေါင်းထိပ်ထက်၌ ဖြန့်ကြဲကုန်လျက် ခဲတို့ဖြင့် ပစ်ခတ်ကြလေကုန်သတည်း။

---

ဘုရားရှင်နှင့်တွေ့မှ သတိပြန်ရခြင်း

ဘုရားသုံးလူ့ သဗ္ဗညုသည် ဇေတဝန်ကျောင်းတိုက်တော်ကြီးဝယ် ပရိသတ်အလယ်၌ နေတော်မူလျက် တရားဟောနေစဉ် ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ဆည်းပူးအပ်ပြီးသော ပါရမီရှိသော ဆုတောင်းခြင်းနှင့်လည်း ပြည့်စုံသော သူဌေးသ္မီး ရောက်လာသည်ကို မြင်တော်မူလေ၏။

ထိုသူဌေးသ္မီးသည် ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက်တော်၌ ပဒုမုတ္တရ ဘုရားရှင်သည် ဝိနည်းဆောင် ထေရီမတဦးကို လက်မောင်း၌ ချီမ၍ နန္ဒဝန်ဥယျာဉ်၌ ထားဘိသကဲ့သို့ ဧတဒဂ်အရာ၌ ထားအပ်သည်ကို မြင်ရလျှင် "ဘုရားတပည့်တော်မသည်လည်း ရှင်တော်မြတ် ဘုရားတို့ကဲ့သို့သော ဘုရားရှင်၏ အထံတော်၌ ဝိနည်းကို ဆောင်ကုန်သော ထေရီမတို့၏ အတွင်း၌ မြတ်သော ရာထူးကို ရလိုပါသည်ဘုရား"ဟု ကြီးစွာသော ကောင်းမှုပြု၍ ဆုတောင်းခြင်းကို ဖြစ်စေခဲ့လေသတတ်။

ပဒုမုတ္တရ မြတ်စွာဘုရားသည် အနာဂတံသ ဉာဏ်တော်ကို ဖြန့်တော်မူသဖြင့် ဆုတောင်းခြင်း၏ ပြည့်စုံအပ်သောအဖြစ်ကို သိတော်မူလျှင် "နောင်သောအခါ ဂေါတမမည်သော မြတ်စွာဘုရား၏ သာသနာတော်၌ ဤဒါယိကာမသည် ပဋစာရီ ဟူသောအမည်ဖြင့် ဝိနည်းဓိုရ်ထေရီမတို့တွင် အမြတ်ဆုံးတပည့်မ ဖြစ်လတ္တံ့"ဟူသော ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့လေ၏။

ဤသို့ တောင့်တအပ်သော ဆုတောင်းကောင်းမှုနှင့် ပြည့်စုံသောသူဌေးသ္မီးကို မြတ်စွာဘုရားသည် အဝေးမှလာသည်ကို မြင်တော်မူရလျှင် "ဤသူဌေးသ္မီးအား ငါဘုရားကို ဖယ်ထား၍ တပါးသော ကိုးကွယ်ရာ ဖြစ်ခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ"ဟု ကြံ၍ သူဌေးသ္မီးကို ကျောင်းတော်သို့ ရှေးရှုရောက်လာအောင် ပြုတော်မူလေ၏။ ပရိသတ်တို့သည် ထိုသူဌေးသ္မီးကို မြင်လျှင်မြင်ခြင်း "ဤအရူးမကြီးကို ဘုရားရှင်ရှိရာ ဤအရပ်သို့ လာစိမ့်သောငှါ မပြုကြပါကုန်လင့်"ဟု ဆိုကြကုန်၏။

ဘုရားရှင်သည် "ဖဲကြကုန်လော့၊ ထိုအရူးမကို မတားမြစ်ကြကုန်လင့်"ဟု မိန့်တော်မူ၍ မနီးမဝေးသောအရပ်သို့ ရောက်လာသောအခါ "နှမ သတိကိုရစေလော့"ဟု မိန့်တော်မူလေ၏။ သူဌေးသ္မီးအရူးမသည် ဘုရားရှင်၏ တန်ခိုးအာနုဘော်တော်အားဖြင့် ချက်ခြင်း သတိကိုရလေ၏။ ထိုအခါ ဝတ်သောထမီ၏ ကျွတ်ကျသည်အဖြစ်ကို မှတ်သားမိသဖြင့် ရှက်ခြင်း ကြောက်ခြင်းကို ဖြစ်စေလျက် ဆောင့်ကြောင့်ကြံ့ကြံ့ထိုင်လေ၏။

ထိုအခါ ထိုသူဌေးသ္မီးအား ယောက်ျားတယောက်သည် အပေါ်ရုံပုဆိုးကို ပစ်ပေးလေ၏။ သူဌေးသ္မီးသည် ထိုအပေါ်ရုံပုဆိုးကို ဝတ်၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ရွှေအဆင်းနှင့်တူသောအဆင်းရှိသော ခြေတော်တို့၌ ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် "ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မ၏ မှီခိုအားထားရာ ဖြစ်တော်မူပါဘုရား။ တပည့်တော်မ၏ ထောက်တည်ရာ ဖြစ်တော်မူပါဘုရား။
တပည့်တော်မ၏ သားတယောက်ကို စွန်ချီသွားပါပြီ။
သားတယောက်သည် ရေဖြင့်မျောသွားပါပြီ။
လမ်းခရီး၌ တပည့်တော်မ၏ လင်ယောက်ျား သေဆုံးခဲ့ပါပြီ။
တပည့်တော်မ၏ မိဘတို့သည်၎င်း၊ မောင်သည်၎င်း အိမ်ဖိကုန်သဖြင့် တခုသော ထင်းပုံထက်၌ မီးသင်္ဂြိုဟ်ကြရပါကုန်ပြီဘုရား"
ဟု လျှောက်ထားရှာလေ၏။

---

ပဋာစာရီ သောတာပန် တည်ခြင်း

မြတ်စွာဘုရားသည် ထိုသူဌေးသ္မီး၏ စကားကိုကြားတော်မူရလျှင် "ချစ်သ္မီး ပဋာစာရီ မစိုးရိမ်လင့်။ စောင့်ရှောက်ရာ ကိုးကွယ်ရာ မှီခိုရာ ဖြစ်ခြင်းငှါ စွမ်းနိုင်သောသူ၏ အထံသို့သာလျှင် ရှေးဦးစွာ ရောက်လာခဲ့ပေ၏"ဟု မိန့်တော်မူ၍ "ယခုအခါ၌ -
သင်၏သားတယောက် စွန်ချီသကဲ့သို့၎င်း
သားတယောက်ရေမျောသကဲ့သို့၎င်း
လင်ယောက်ျား လမ်းခရီး၌ သေသကဲ့သို့၎င်း
မိဘတို့သည်၎င်း မောင်သည်၎င်း အိမ်ဘိကုန်သကဲ့သို့၎င်း
ဤအတူသာလျှင် ဤသံသရာ၌ သားစသော သူတို့၏ သေသောအခါ ငိုကြွေးရသော သင်၏ ယိုကျသော မျက်ရည်တို့သည် လေးစင်းသော မဟာသမုဒြာတို့၏ ရေထက် လွန်စွာများ၏"
ဟု မိန့်တော်မူပြီးလျှင် ဤဂါထာကို မိန့်တော်မူလေ၏။

စတူသု သမုဒ္ဒေသု ဇလံ ပရိတ္တံ၊
တတော ဗဟုံ အဿုဇလံ အနပ္ပကံ။
ဒုက္ခေန ဖုဋ္ဌဿ နရဿ သောစနာ၊
ကိ ကာရုဏာ အမ္မ တုဝံ ပမဇ္ဇသိ။

ပဋာစာရေ၊ ချစ်သ္မီးပဋာစာရီ။ စတူသုသမုဒ္ဒေသု၊ သမုဒြာလေးစင်းတို့၌။ ဇလံ၊ ရေသည်။ ပရိတ္တံ၊ နည်းသေး၏။ ဒုက္ခေန၊ ဆင်းရဲငြိုငြင် ပင်ပန်းခြင်းဖြင့်။ ဖုဋ္ဌဿ၊ တွေ့သော။ နရဿ၊ သတ္တဝါ၏။ သောစနာ၊ စိုးရိမ်ခြင်းကြောင့်။ အဿုဇလံ၊ ဖြစ်သောမျက်ရည်သည်။ တတော၊ ထိုသမုဒြာလေးစင်း ရေထက်။ ဗဟုံ၊ များလှ၏။ အနပ္ပကံ၊ နည်းသည်မဟုတ်။ အမ္မ၊ ချစ်သ္မီးပဋာစာရီ။ တုဝံ၊ သင်သည်။ ကိံ ကာရုဏာ၊ အဘယ်အကြောင်းကြောင့်။ ပမဇ္ဇသိ၊ မေ့လျော့ဘိသနည်း။

ဤသို့လျှင် မြတ်စွာဘုရားသည် အနမတဂ္ဂသုတ္တန် တရားကို ဟောကြားတော်မူလတ်သည်ရှိသော် ထိုပဋာစာရီ၏ ကိုယ်၌ စိုးရိမ်ခြင်းသည် ခေါင်းပါးခြင်းသို့ ရောက်လေ၏။ ထိုအခါ ပဋာစာရီကို ခေါင်းပါးသော စိုးရိမ်ခြင်းရှိသည်ကို သိတော်မူသဖြင့် တဖန် မြတ်စွာဘုရားသည် ခေါ်တော်မူလျက် "ပဋာစာရီ သားသ္မီး အစရှိသော သူတို့မည်သည် တမလွန်ဘဝသို့ သွားရသောသူ၏ အလို့ငှါ စောင့်ရှောက်ရာသည်၎င်း၊ ကိုးကွယ်ရာသည်၎င်း ဖြစ်ခြင်းငှါ မတတ်နိုင်ကြကုန်။ ထို့ကြောင့် ထင်ရှားရှိကုန်ငြားလည်း ထိုသားသ္မီး အစရှိသောသူတို့သည် မရှိကြသည်သာ မည်ကုန်၏။ ပညာရှိသောသူသည်ကား သီလကိုသုတ်သင်၍ မိမိ၏ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းခရီးကိုသာလျှင် သုတ်သင်ခြင်းငှါ သင့်လျော်ပေ၏"ဟု မိန့်တော်မူ၍ တရားဟောကြားတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

နသန္တိ ပုတ္တာ တာဏာယ၊ နပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
ဧတမတ္တံ ဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုဘော။
နိဗ္ဗာန ဂမနံ မဂ္ဂံ၊ ခိပ္ပမေဝ ဝိသောဓယေ။

အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ နှိပ်စက်အပ်သောသူအား။ တာဏာယ၊ စောင့်ရှောက်ခြင်းငှါ။ ပုတ္တာ၊ သားသ္မီးတို့သည်။ နသန္တိ၊ မရှိကုန်။ ပိတာပိ၊ မိဘတို့သည်လည်း။ နသန္တိ၊ မရှိကုန်။ ဗန္ဓဝါပိ၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သော သူတို့သည်လည်း။ နသန္တိ၊ မရှိကုန်။ ဉာတီသု၊ ဆွေမျိုးသားချင်းတို့၌။ တာဏတာ၊ စောင့်ရှောက်ခြင်းသည်။ နတ္ထိ၊ မရှိ။

ဧတမတ္ထံ၊ ဤအကြောင်းကို။ ဧတံဝသံ၊ ဤအလိုကို။ ဉတွာ၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ သီလသံဝုတော၊ သီလကို ရိုသေစွာစောင့်ရှောက် ထိန်းသိမ်းလျက်။ နိဗ္ဗာနဂမနမဂ္ဂ၊ နိဗ္ဗာန်သို့သွားရာလမ်းခရီးကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ ဝိသောဓယေ၊ သုတ်သင်ရာ၏။

ဒေသနာတော်၏အဆုံး၌ ပဋာစာရီသည် မြေကြီး၌ မြေမှုန့်အတိုင်းအရှည်ရှိကုန်သော ကိလေသာတို့ကို လောင်ကျွမ်းစေလျက် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

---

ဘိက္ခုနီမပြု၍ ရေအာရုံယူခြင်း

ထိုပဋာစာရီသည်ကား သောတာပန်ပုဂ္ဂိုလ်ဖြစ်ပြီးလျှင် မြတ်စွာဘုရားကို ရဟန်းအဖြစ်ကို တောင်းပန်လျှောက်ကြားလေ၏။ ဘုရားရှင်သည် ပဋာစာရီကို ရဟန်းမိန်းမတို့၏အထံသို့ စေလွှတ်၍ ရဟန်းပြုစေ၏။ ထိုပဋာစာရီသည် ပဉ္စင်းအဖြစ် ရပြီးသည်ရှိသော် ထင်ရှားသော အကျင့်ရှိခြင်းကြောင့် ပဋာစာရီဟူ၍သာလျှင် အမည်ထင်ရှားလေ၏။

ထိုပဋာစာရီသည် တနေ့သ၌ ရေအိုးဖြင့် ရေကိုယူ၍ ခြေတို့ကို ဆေးလတ်သည်ရှိသော် သွန်းလောင်းအပ်သောရေသည် အနည်းငယ်သော အရပ်သို့သွား၍ ပြတ်၏။ နှစ်ကြိမ်မြောက်၌ သွန်းလောင်းအပ်သော ရေသည် ထို့ထက်အလွန် ဝေးသောအရပ်သို့ ရောက်သွား၏။ သုံးကြိမ်မြောက်၌ သွန်းလောင်းအပ်သောရေသည် ထို့ထက်လည်း ဝေးစွာသော အရပ်သို့ရောက်သွားလေ၏။

ဤသို့သောအခြင်းအရာဖြင့် ပဋာစာရီ ဘိက္ခုနီမသည် ထိုရေကိုသာလျှင် အာရုံယူ၍ အရွယ်သုံးပါးတို့ကို ပိုင်းခြားဝေဖန်လျက် "ငါသည် ပဌမ ရှေးဦးစွာ သွန်းလောင်းအပ်သော ရေကဲ့သို့ ဤသတ္တဝါတို့သည် ပဌမအရွယ်၌ သေလွန်ကုန်၏။ ထိုရေထက်ဝေးသောအရပ်သို့ စီးသွားသော နှစ်ကြိမ်မြောက် သွန်းလောင်းအပ်သော ရေကဲ့သို့ မဇ္ဈိမအရွယ်၌လည်း သေလွန်ကုန်၏။ ထို့ထက် ဝေးစွာသော အရပ်သို့ စီးသွားသော သုံးကြိမ်မြောက် သွန်းလောင်းအပ်သော ရေကဲ့သို့ ပစ္ဆိမအရွယ်၌လည်း သေလွန်ကုန်သည်သာလျှင်တည်း"ဟု ကြံဆင်ခြင်လေ၏။

မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ပဋာစာရီ ဘိက္ခုနီမ၏ မျက်မှောက်၌တည်နေ၍ တရားဟောတော်မူဘိသကဲ့သို့ "ချစ်သ္မီးပဋာစာရီ ဤအကြံသည် ကြံတိုင်းသာလျှင် မှန်ပေ၏။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မမြင်သောသူ၏ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် ထိုခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မြင်သောသူ၏ တချက်မျှ၎င်း၊ တခဏမျှ၎င်း အထက်ရှည်ခြင်းသည်မြတ်၏"ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

---

ဒေသနာတော်

၁၁၃။ ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

ယောစ၊ အကြင်သူသည်ကား။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ဖြစ်ခြင်း ပျက်ခြင်းကို။ အပဿံ အပဿန္တော၊ မမြင်ဘဲ။ ဝဿသတံ၊ အနှစ်တရာကာလပတ်လုံး။ ဇီဝေ၊ အသက်ရှည်ငြားအံ့။ တတော၊ ထိုအဖြစ်အပျက် မသိသောသူ အနှစ်တရာ အသက်ရှည်ခြင်းထက်။ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းပျက်ခြင်းကို။ ပဿတော၊ မြင်သောသူ၏။ ဧကာဟံ၊ တရက်မျှ။ ဝါ၊ တခဏမျှပင်။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ သေယျော၊ မြတ်၏။

---

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ပဋာစာရီဘိက္ခုနီမသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့် တကွ ရဟန္တာမအဖြစ်သို့ ရောက်လေ၏။

ပဋာစာရီထေရီမဝတ္ထု ပြီး၏။

၁၃ - ကိသာဂေါတမီထေရီမဝတ္ထု

ယောစ ဝဿသတံ - အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိသာဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မီးသွေးမှ ရွှေငွေဖြစ်သော သတို့သ္မီးဘုန်းကံ

သာဝတ္ထိပြည်၌ တယောက်သော သူဌေး၏ အိမ်တွင် ကုဋေလေးဆယ်သော ဥစ္စာသည် မီးသွေးချည်းသာဖြစ်၍ တည်လေသတတ်။ သူဌေးကြီးသည် ထိုမီးသွေးကိုမြင်ရလျှင် စိုးရိမ်ခြင်း ဖြစ်လှသောကြောင့် အာဟာရကိုပယ်၍ ညောင်စောင်း၌ လျောင်းစက်လေ၏။ ထိုသူဌေး၏ အဆွေခင်ပွန်းတယောက်သည် အိမ်သို့လာ၍ အချင်း အဘယ့်ကြောင့် စိုးရိမ်ရသနည်းဟု မေးလတ်သဖြင့် ထိုအကြောင်းကို ကြားရသည်ရှိသော် အချင်း မစိုးရိမ်လင့် ငါကား တခုသောအကြောင်းကိုသိ၏။

ထိုအကြောင်းကို ပြုလော့ဟုဆိုလေ၏။ အချင်း အဘယ်ကို ပြုရမည်နည်းဟုမေးလျှင် မိမိ၏ အိမ်ဈေး၌ (ဈေးဆိုင်၌) ဖျာကိုဖြန့်ခင်း၍ ထိုဖျာပေါ်၌ မီးသွေးတို့ကို အစုအပုံပြုလုပ်ပြီးလျှင် ရောင်းသကဲ့သို့ ထိုင်နေချေလော့။ လာကုန် လာကုန်သောလူတို့တွင် အကြင်သူတို့သည် “သင်မှကြွင်းသော အခြားသော ဈေးသည်တို့ကား အဝတ် ဆီပျား တင်လဲ စသည်တို့ကို ရောင်းကြကုန်၏။ သင်သည်ကား မီးသွေးကို ရောင်းလျက် ဆိုင်နေဘိ၏”ဟု ဆိုကြကုန်၏။

ထိုလူတို့ကို မိမိ၏ဥစ္စာကို မိမိ မရောင်းသည်ရှိသော် အဘယ်အမှုပြုရအံ့နည်းဟု ဆိုရာ၏။ အကြင်လူသည်ကား သင့်ကို “ကြွင်းသော ဈေးသည်တို့သည်ကား အဝတ်- ဆီပျား- တင်လဲ စသည်တို့ကို ရောင်းကြကုန်၏။ သင်သည်ကား ရွှေငွေကို ရောင်းလျက် ထိုင်နေဘိ၏”ဟု ဆို၏။

ထိုလူကို ရွှေငွေအဘယ်မှာနည်း ဟု ဆိုရာ၏။ ဤဥစ္စာတည်းဟု ဆိုလတ်သော် ထိုရွှေငွေကို ဆောင်ခဲ့ကြပါလော့ (ယူပေးကြပါလော့) ဟုဆို၍ လက်တို့ဖြင့်ခံယူရာ၏။ ဤသို့ ပေးအပ်သည်ရှိသော် သင်၏လက်၌ ရွှေငွေဖြစ်လတ္တံ့။

ထိုသူကား အကယ်၍ သတို့သ္မီးဖြစ်အံ့ သင်၏အိမ်၌ သားအလို့ငှါ ထိုသတို့သ္မီးကိုဆောင်ယူ၍ ကုဋေလေးဆယ်သော ဥစ္စာတို့ကို သတို့သ္မီးအား အပ်နှင်းပြီးလျှင် သတို့သ္မီးက ပေးသည်ကိုသာ သုံးဆောင်ရာ၏။ အကယ်၍ သတို့သားဖြစ်အံ့ သင့်အိမ်၌ အရွယ်ရောက်သောသ္မီးကိုနှင်းပြီးလျှင် ထိုသတို့သားအား ပေး၍ ကုဋေလေးဆယ်သောဥစ္စာကို အပ်နှင်းပြီးလျှင် ထိုသတို့သားကပေးသည်ကိုသာ သုံးဆောင်ရာ၏ဟု ဆိုလေ၏။

ထိုအကြောင်းကား ကောင်း၏ဟု နှစ်သက်သဖြင့် မိမိ၏အိမ်ဈေး၌ မီးသွေးအစုအပုံကိုပြု၍ ရောင်းသကဲ့သို့ ထိုင်နေလေ၏။ အကြင်လူတို့သည် ထိုသူဌေးကြီးကို ကြွင်းသောဈေးသည်တို့ကား အဝတ် ဆီပျား တင်လဲ စသည်တို့ကို ရောင်းကြကုန်၏။ သင်ကား အသို့နည်း မီးသွေးတို့ကို ရောင်းလျက် ထိုင်နေဘိသလောဟု ဆိုကြကုန်၏။

ထိုသူတို့အား မိမိဥစ္စာကို မရောင်းသော် အဘယ်အမှုပြုအံ့နည်းဟု စကားတုံ့ပေး၏။ ထိုအခါ ကြုံလှီသော ကိုယ်ရှိသည်အဖြစ်ကြောင့် ကိသာဂေါတမီ ဟူသော အမည်ဖြင့် ထင်ရှားသော ပျက်စီးလေသော သူဌေးမျိုး၏ သ္မီးဖြစ်သော သတို့သ္မီးတယောက်သည် မိမိ၏ တခုသော ကိစ္စကြောင့် အိမ်ဈေးတံခါးသို့ ရောက်သွားပြီးလျှင် ထိုသူဌေးကြီးကို မြင်လျှင် ဖခင်သူဌေးမင်း အသို့ပါနည်း ကြွင်းသောဈေးသည်တို့ကား အဝတ် ဆီပျား - တင်လဲစသည်တို့ကို ရောင်းကြကုန်၏။ အသင်ဖခင်သည် ရွှေငွေကိုရောင်းလျက်ထိုင်နေဘိ၏ဟု ဆိုလေ၏။

ချစ်သ္မီးရွှေငွေသည် အဘယ်မှာနည်းဟု မေးလတ်သော် အရှင်သူဌေးကြီးသည် ထိုရွှေငွေကိုပင် ကိုင်၍နေသည် မဟုတ်ပါလော ဟုဆိုပြန်လေ၏။ ချစ်သ္မီး ထိုရွှေငွေကို ဆောင်ခဲ့ပါလော့ ယူပေးပါလော့ဟု ဆိုလတ်သော် ကိသာဂေါတမီသည် လက်အပြည့်ယူ၍ သူဌေးကြီး၏ လက်တို့၌ ထား၏။ ထိုဥစ္စာသည် ရွှေငွေသာ ဖြစ်လေသတည်း။

ဘုန်းကံရှိသော်လည်း သားသေသဖြင့် ရူးသွပ်ခြင်း

ထိုအခါ ကိသာဂေါတမီကို သူဌေးကြီးသည် ချစ်သ္မီး သင်၏အိမ်သည် အဘယ်အိမ်နည်းဟု မေးသဖြင့် ဤမည်သော အိမ်ပါတည်း ဟုဆိုလျှင် ထို ကိသာဂေါတမီ၏ လင်ယောက်ျား မရှိသေးသည့်အဖြစ်ကိုသိရ၍ ဥစ္စာကို သိုမှီးပြီးလျှင် ကိသာဂေါတမီကို မိမိသားအလို့ငှါ ဆောင်ယူသဖြင့် ကုဋေ လေးဆယ်သော ဥစ္စာကို လက်ခံသိမ်းပိုက်စေ၏။ ထိုအလုံးစုံသည်လည်း ရွှေငွေသာလျှင် ဖြစ်လေ၏။

ထိုကိသာဂေါတမီအား တပါးသောအခါ၌ ကိုယ်ဝန်သန္ဓေ တည်နေလေ၏။ ကိသာဂေါတမီသည် ဆယ်လလွန်သောအခါ သားယောကျ်ားကို ဖွားမြင်လေ၏။ ထိုသားငယ်သည် ခြေဖြင့် သွားနိုင်သောအခါ သေလွန်ရှာလေ၏။ ကိသာဂေါတမီသည် သေခြင်းကို ရှေး၌မမြင်ဖူးသည့် အဖြစ်ကြောင့် သေသောသားကို မီးသင်္ဂြိုဟ်ခြင်းငှါ ထုတ်ဆောင်သောသူတို့ကို တားမြစ်၍ ငါ့သားအလို့ငါ ဆေးကို မေးမြန်းဦးအံ့ဟု သေလေပြီးသော အကောင်ကို ရင်ခွင်ဖြင့်ပိုက်ချီလျက် ငါ့သားအလို့ငှါ ဆေးကို သိကြပါသလောဟု မေးမြန်းကာ အိမ်စဉ်အတိုင်း သွားလာ လှည့်လည်လေ၏။ ထိုအခါ ကိသာဂေါတမီကို လူတို့သည် အမိ သင်သည် အရူးဖြစ်ပြီ။ သေလေပြီးသော သားငယ်၏ အလို့ငှါ ဆေးကိုမေးမြန်းလျက် လှည့်လည်ဘိ၏ဟု ပြောဆိုကြကုန်၏။

ကိသာဂေါတမီသည်ကား မချွတ်ဧကန် ငါ့သားအလို့ငှါ ဆေးသိသောဆေးသ္မားကို ရပေလိမ့်မည်ဟု မှတ်ထင်လျက် သွားလာလှည့်လည်၏။ ထိုအခါ ကိသာဂေါတမီကို ပညာရှိယောက်ျားတယောက်သည် မြင်ရလျှင် ဤငါ၏သ္မီးသည် ရှေးဦးစွာ သားဦးရတနာကို ဖွားမြင်သည်ဖြစ်လတ္တံ့၊ ရှေး၌လည်း သေခြင်းကို မမြင်ဖူးသေးသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါသည် ဤကိသာဂေါတမီ၏ မှီခို အားထားရာ ဖြစ်ခြင်းငှါ သင့်လျော်၏ဟု ကြံ၍ ချစ်သ္မီး ငါကား ဆေးကိုမသိ ဆေးသိသော သမားကောင်းကိုကား ငါသိ၏ဟု ဆိုလေ၏။

ဖခင် အဘယ်သူ သိပါသနည်းဟု မေးလတ်သော် ငါ့သ္မီး သဗ္ဗညုဘုရားရှင်သည် သိတော်မူ၏။ သွားချေ ထိုဘုရားရှင်ကို မေးလျှောက်လေလော့ဟု ပြောဆိုလေ၏။ ကိသာဂေါတမီသည်လည်း သွားပါမည်ဖခင် မေးပါမည်ဖခင်ဟု ဆို၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ကာ ရှိခိုးပြီးလျှင် တင့်အပ် လျှောက်ပတ်သောအရပ်၌ နေလျက် ဘုန်းတော်သခင် ရှင်ပင်ဘုရား ရှင်တော်မြတ်ဘုရားတို့သည် တပည့်တော်မ၏ သားအလို့ငါ ဆေးကို သိနားလည်တော်မူကြသောဟူသည် မှန်ပါကုန်သလော ဘုရားဟု မေးလေ၏။ သိသည်မှန်၏ဟု မိန့်တော်မူလျှင် အဘယ်ဝတ္ထုကို ရခြင်းငှါ သင့်လျော်ပါသနည်းဘုရားဟု မေးပြန်လေ၏။

လက်ဖျစ်ဖြင့် ယူကာမျှသော မုန်ညင်းစေ့ကို ရခြင်းငါ သင့်လျော်၏ဟု မိန့်မတော်မူလတ်သော် မြတ်စွာဘုရား ရပါလိမ့်မည်။ အဘယ်သူ၏အိမ်၌ ရခြင်းငှါ သင့်လျော်ပါသနည်းဘုရား ဟု မေးလျှောက်ပြန်လေ၏။ သားသော်၎င်း သ္မီးသော်၎င်း တစုံတယောက်မျှ မသေဖူးသောသူ၏ အိမ်၌ရခြင်းငှါ သင့်လျော်၏ ဟု မိန့်တော်မူလတ်သော် ကိသာဂေါတမီသည် မြတ်စွာဘုရား ကောင်းလှပါပြီ ဘုရားဟု လျှောက်ထားသဖြင့် ဘုရားရှင်ကို ရှိခိုး၍ သားသေကို ရင်ခွင်ဖြင့် ပိုက်ချီလျက် ရွာသို့ဝင်ပြီးလျှင် ရှေးဦးစွာသော အိမ်၏တံခါး၌ရပ်လျက် ဤအိမ်၌ မုန်ညင်းစေ့ ရှိပါသလော မုန်ညင်းစေ့သည် ကျွန်မ၏သားအလို့ငှါ ဆေးဖြစ်ပါသတဲ့ဟု ပြောဆိုလတ်သဖြင့် ရှိ၏ဟုဆိုသော် ထိုသို့ ရှိလျှင်ပေးကြစမ်းပါ ဟု ဆိုရှာလေ၏။

ထိုသူတို့သည် ဆောင်ယူခဲ့၍ မုန်ညင်းစေ့တို့ကို ပေးအပ်ကုန်သည်ရှိသော် အမိ ဤအိမ်၌ သေဖူးသော သားသော်၎င်း သ္မီးသော်၎င်း စိုးစဉ်းမျှ မရှိလေသလောဟု မေးပြန်သဖြင့် ချစ်သ္မီး အသို့ဆိုသနည်း။ အသက်ရှင်ကုန်သော သားသ္မီးတို့သည် နှစ်ယောက် သုံးယောက်သာ ဖြစ်ကုန်၏။ သေသော သားသ္မီးတို့သည်သာ များကုန်၏ဟု ဆိုလတ်သော် ထိုသို့ဖြစ်မူ ထို မုန်ညင်းစေ့တို့ကို ယူရစ်ကြပါလော့ ဤမုန်ညင်းစေ့သည် ကျွန်မ၏သား အလို့ငါ မဟုတ်ဟုဆို၍ တဖန် ပြန်ပေးခဲ့ရရှာလေ၏။

ပင်ပန်းမှ သတိရ၍ သောတာပန်တည်ခြင်း

ဤသို့သောနည်းအားဖြင့် ကိသာဂေါတမီသည် အစမှစ၍ မေးမြန်းကာ လှည့်လည်သွားလေ၏။ ကိသာဂေါတမီသည် တခုသော အိမ်၌သော်လည်း မုန်ညင်းစေ့တို့ကို မယူမူ၍ ညချမ်းအခါ ဤအမှုသည် အလွန်ဝန်လေးလှ၏။ ငါသည်သာလျှင် ငါ၏သား သေသည်ဟု အမှတ်သညာကိုပြုမိပေသည်။ အလုံးစုံသောရွာ၌ အသက်ရှင်သောသူတို့ထက် သေသောသူတို့သာ အလွန်များကုန်၏ဟု ကြံစည်မိလေ၏။

ဤသို့ကြံစည်စဉ် ကိသာဂေါတမီ၏ သား၌ ချစ်ခင်သော နူးညံ့သော စိတ်နှလုံးသည် ခက်ထန်သည့်အဖြစ်သို့ ရောက်လေ၏။ ကိသာဂေါတမီသည် တော၌ သားသေကို စွန့်ပစ်ခဲ့၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ရှိခိုးပြီးလျှင် တင့်အပ် လျောက်ပတ်သော အရပ်၌နေလေ၏၊ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် သင်သည် တလက်ဖျစ်မျှကုန်သော မုန်ညင်းစေ့တို့ကို ရအပ်ကုန်၏လောဟု မေးတော်မူလေ၏၊

မြတ်စွာဘုရား မရအပ်ပါကုန်၊ ရွာအလုံး၌ အသက်ရှင်သော သူတို့ထက် သေသူတို့သာလျှင် လွန်စွာများကြပါသည်ဘုရားဟု လျှောက်လေ၏၊ ထိုအခါ ကိသာဂေါတမီကို မြတ်စွာဘုရားသည် သင်သည်သာလျှင် ငါ၏သား သေသည်ဟု မှတ်ထင်ဘိ၏၊ ဤသေခြင်းကား သတ္တဝါတို့၏မြဲသော သဘောတည်း၊ သေမင်းကြီးသည် အလုံးစုံသော သတ္တဝါတို့ကို အလိုဆန္ဒ မပြည့်စုံကြမီသာလျှင် ပြင်းစွာလာသော ရေအလျဉ်ကဲ့သို့ ဆွဲငင်၍သာ အပါယ်ဟူသော သမုဒြာ၌ ထည့်သွင်းပစ်ချတတ်၏ဟု မိန့်တော်မူ၍ တရားစကား ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

တံ ပုတ္တပသု သမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

မဟောဃော၊ ပြင်းစွာလာသော ရေအလျဉ်သည်။
သုတ္တံ၊ အိပ်ပျော်သော။
ဂါမံ၊ ရွာသူရွာသားအပေါင်းကို။
အာဒါယ၊ တိုက်ယူ၍။
ဂစ္ဆတိ ဣဝ၊ သွားသကဲ့သို့။
တထာ၊ ထို့အတူ။
မစ္စု၊ သေမင်းသည်။
ပုတ္တပသုသမ္မတ္တံ၊ သား သ္မီး ဆင် မြင်း စသော သတ္တဝါတို့ဖြင့် လွန်စွာမေ့ယစ် ချစ်မြတ်နိုးခြင်း ရှိသော။
ဗျာသတ္တမနသံ၊ အထူးထူး အပြားပြားသော အခြင်းအရာဖြင့် လွန်စွာကပ်ငြိသောစိတ်ရှိသော။
တံ နရံ၊ ထိုသတ္တဝါကို။
အာဒါယ၊ ဆွဲငင်၍။
ဂစ္ဆတိ၊ သွား၏။

ဂါထာ၏ အဆုံး၌ ကိသာဂေါတမီသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုမှတပါး များစွာသော လူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်လေကုန်၏။

ဘိက္ခုနီမ ပြု၍ မီးအာရုံယူခြင်း

ထိုကိသာဂေါတမီသည် တဖန် ဘုရားရှင်ကို ရဟန်းအဖြစ်ကို တောင်းပန်လေ၏၊ ဘုရားရှင်သည်လည်း ရဟန်းမိန်းမတို့၏ အထံသို့စေလွှတ်၍ ရဟန်းပြုစေတော်မူ၏၊ ကိသာဂေါတမီသည် ရဟန်းပဉ္စင်းအဖြစ် ရပြီးသည်ရှိသော် ကိသာဂေါတမီ ထေရီမ ဟူသော အမည်ဖြင့် ထင်ရှားလေ၏၊

ထို ကိသာဂေါတမီထေရီမသည် တနေ့သ၌ ဥပုသ်အိမ်တွင် ဝတ်ပြုရန် အလှည့်ရောက်သဖြင့် ဆီမီးညှိထွန်းလျက် နေစဉ် ဆီမီးလျှံတို့ပြတ်ပျက် ပျောက်ကြသည်တို့ကို၎င်း၊ ဖြစ်ပေါ်တိုးပွားကြသည်တို့ကို၎င်း မြင်ရလျှင် ဤဆီမီးလျှံအတူသာလျှင် သတ္တဝါတို့သည် ဖြစ်လည်း ဖြစ်ကုန်၏၊ ချုပ်လည်းချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့သာလျှင် မထင်နိုင်ကြကုန်ဟု အာရုံကို ယူလေ၏၊

မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ရောင်ခြည်တော်ကို ပျံ့နှံ့စေတော်မူသဖြင့် ထိုကိသာဂေါတမီ ဘိက္ခုနီမ၏ မျက်မှောက်၌ တည်နေ၍ ဟောတော်မူဘိသကဲ့သို့ ချစ်သ္မီးဂေါတမီ ဤသို့ သင်နှလုံးသွင်းသည့်အတိုင်းသာလျှင် ဤသတ္တဝါတို့သည် ဖြစ်လည်းဖြစ်ကုန်၏၊ ချုပ်လည်းချုပ်ကုန်၏၊ နိဗ္ဗာန်သို့ရောက်သော သူတို့မှသာလျှင် မထင်နိုင်ကြကုန်၊

ဤသို့ နိဗ္ဗာန်ကို မမြင်သောသူတို့၏ အနှစ်တရာပတ်လုံး အသက်ရှည်ခြင်းထက် နိဗ္ဗာန်ကို မြင်သောသူ၏ တခဏမျှလည်း အသက်ရှည်ခြင်းသည် မြတ်၏ဟု မိန့်တော်မူ၍ အနုသန္ဓေ စပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၁၄။ ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

ယော စ၊ အကြင်သူသည်ကား။
အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို။
အပဿံ-အပဿန္တော၊ မမြင်ဘဲ။
ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။
ဇီဝေ၊ အသက်ရှည်ငြားအံ့။
တတော၊ ထိုနိဗ္ဗာန်မမြင်သောသူ အနှစ်တရာ အသက်ရှည်ခြင်းထက်။
အမတံပဒံ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို။
ပဿတော၊ မြင်သောသူ၏။
ဧကာဟံ၊ တရက်မျှ။
ဝါ၊ တခဏမျှပင်။
ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။
သေယျော၊ မြတ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏ အဆုံး၌ ကိသာဂေါတမီ ထေရီမသည် နေမြဲတိုင်းဖြင့်ပင်လျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာမအဖြစ်၌ တည်လေ၏။

ကိသာဂေါတမီထေရီမဝတ္ထု ပြီး၏။

---

၁၄ - ဗဟုပုတ္တိကာထေရီမဝတ္ထု

ယောစ ဝဿသတံ - အစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗဟုပုတ္တိကာ ထေရီမကို အကြောင်းပြု၍ ဟောတော်မူ၏။

ယောက္ခမ၌ ချွေးတို့၏ ဓမ္မတာသဘော

သာငတ္ထိပြည်၌ တခုသော အမျိုးအိမ်တွင် သားခုနစ်ယောက် သ္မီးခုနစ်ယောက်တို့သည် ရှိကုန်သတတ်။ ထိုအလုံးစုံသော သားသ္မီးတို့သည် အရွယ်သို့ ရောက်လတ်ကုန်သည်ရှိသော် အိုးအိမ်တို့ကို ထူထောင်ကြ၍ မိမိ၏ သဘောအားဖြင့် ချမ်းသာခြင်းသို့ ရောက်ကြလေကုန်၏။

ထိုသူတို့၏ဖခင်သည် အခါတပါး၌ စုတေမနေ သေခဲ့လေ၏။ ဥပါသိကာမကြီးသည် လင်ယောက်ျား သေဆုံးသော်လည်း အမွေဥစ္စာနှစ်ကို မခွဲမဝေဘဲနေ၏။ ထိုအခါ မိခင်ကို သားသ္မီးတို့သည် မိခင် ကျွန်တော်တို့၏ ဖခင်သေလွန်ပြီးသည်ရှိသော် သင်မိခင်တို့အား ဥစ္စာနှစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ကျွန်တော်တို့သည် မိခင်ကို လုပ်ကျွေးခြင်းငှါ မတတ်နိုင်ကုန်သလောဟု ဆိုကြကုန်၏။

မိခင်သည် ထိုသားသ္မီးတို့၏ စကားကို ကြားရ၍ ဆိတ်ဆိတ်သာ နေသော်လည်း အဖန်တလဲလဲ ထိုသားသ္မီးတို့ဆိုသောကြောင့် သားသ္မီးတို့သည် ငါ့ကိုလုပ်ကျွေးကြကုန်လတ္တံ့။ ထို့ကြောင့် ငါ့အား အသီးအခြား ဥစ္စာထားသဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု အောက်မေ့၍ အလုံးစုံသော ဥစ္စာနှစ်ကို အလယ်၌ ခွဲဝေ၍ပေးလေ၏။

နှစ်ရက် သုံးရက် လွန်သောအခါ သားကြီး၏အိမ်သို့ သွားလေ၏။ ထိုအခါ မိခင်ကို သားကြီး၏ မယားသည် ငါတို့၏ ယောက္ခမဖြစ်သော အရှင်မကား အံ့ဖွယ်ရှိပေစွ။ ငါ့သားအကြီးတည်းဟု နှစ်ခုသော အဖို့အစုတို့ကို ပေးလေဘိသကဲ့သို့ ဤငါတို့ အိမ်သို့သာလျှင် လာခဲ့သူ တကားဟု ပြောဆိုလေ၏။ ကြွင်းသော သားခြောက်ယောက်တို့၏ မယားတို့သည်လည်း ဤအတူသာလျှင် ဆိုကြလေကုန်၏။ သ္မီးအကြီးကို အစပြု၍ ထိုသ္မီးတို့၏အိမ်သို့ သွားသောအခါ၌လည်း ထိုမိခင် သက်ကြီးအိုမကို ဤသို့ပင် ဆိုလေကုန်၏။

ထိုဥပါသိကာမကြီးသည် မထေမဲ့မြင် အပြုခံရခြင်းသို့ ရောက်သည်ဖြစ်၍ ဤသားသ္မီးတို့၏ အထံ၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ရဟန်းမိန်းမ ပြုလုပ်၍ အသက်မွေးအံ့ဟု ကြံပြီးလျှင် ရဟန်းမိန်းမ ကျောင်းသို့သွား၍ ရဟန်းအဖြစ်ကို တောင်းပန်လေ၏။ ထိုရဟန်းမိန်းမတို့သည် ထိုဒါယိကာမကြီးကို ရဟန်းပြုပေးကြလေကုန်၏။

ထိုဒါယိကာမကြီးသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ဗဟုပုတ္တိကာ ထေရီမ ဟူသော အမည်ဖြင့် ထင်ရှားလေ၏။ ထိုထေရီမသည် ငါကား အိုမင်းသောကာလ၌ ရဟန်းပြုရသည်။ ငါသည် မမေ့မလျော့ဖြစ်သင့်၏ဟု ဘိက္ခုနီမတို့၏ ဝတ်ကြီးဝတ်ငယ်ကိုပြုလျက် တညဉ့်ပတ်လုံး ရဟန်းတရားကို အားထုတ်အံ့ဟုကြံ၍ ပြာသာဒ်အောက်၌ သည်တိုင်တခုကို လက်ဖြင့်ကိုင်၍ ထိုသည်တိုင်ကို ဆွဲငင်လျက်သာလျှင် ရဟန်းတရားကို အားထုတ်၏။

စင်္ကြံသွားသော်လည်း မှောင်မိုက်သောအရပ်၌ သစ်ပင်၌၎င်း ညောင်စောင်း၌၎င်း တစုံတခုသော အရပ်၌၎င်း ငါ၏ ဦးခေါင်းကို ထီခိုက်မိရာ၏ဟု သစ်ပင်ကို လက်ဖြင့်ကိုင်၍ ထိုသစ်ပင်ကို ဆွဲငင်လျက်သာလျှင် ရဟန်းတရားကို အားထုတ်၏။ မြတ်စွာဘုရား ဟောကြားအပ်သော တရားကိုသာလျှင် လိုက်နာအံ့ဟု တရားကိုဆင်ခြင်၍ တရားကို အဖန်တလဲလဲ အောက်မေ့လျက်သာလျှင် ရဟန်းတရားကို အားထုတ်၍နေ၏။

ဘုရားရှင်သည် ဂန္ဓကုဋီ၌နေတော်မူလျက်သာလျှင် ရောင်ခြည်ဟော်ကို ပျံ့နှံ့စေတော်မူသဖြင့် မျက်မှောက်၌ ထိုင်နေတော်မူဘိသကဲ့သို့ ထိုထေရီမနှင့် အတူတကွ ဟောပြောလျက် ဗဟုပုတ္တိကာ ထေရီမ ငါဘုရား ဟောကြားအပ်သော တရားတော်ကို မဆင်ခြင်သဖြင့် မမြင်သောသူ၏ အနှစ်တရာ ကာလပတ်လုံး အသက်ရှည်ခြင်းထက် ငါဘုရား ဟောကြားအပ်သော တရားတော်ကို မြင်သောသူ၏ တခဏမျှပင် အသက်ရှည်ခြင်းသည် မြတ်၏ဟု ဟောတော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

၁၁၅။ ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

ယောစ၊ အကြင်သူသည်ကား။
ဥတ္တမံဓမ္မံ၊ မြတ်သော လောကုတ္တရာ တရားကိုးပါးကို။
အပဿံ၊ မမြင်ဘဲ့။
ဝဿသတံ၊ အနှစ်တရာကာလပတ်လုံး။
ဇီဝေ၊ အသက်ရှည်ငြားအံ့။
တတော၊ ထိုလောကုတ္တရာတရားမမြင်သောသူ အနှစ်တရာ အသက်ရှည်ခြင်းထက်။
ဥတ္တမံဓမ္မံ၊ မြတ်သောလောကုတ္တရာ တရားကို။
ပဿတော၊ မြင်သောသူ၏။
ဧကာဟံ၊ တရက်မျှ။
ဝါ၊ တခဏမျှပင်။
ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။
သေယျော၊ မြတ်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ဗဟုပုတ္တိကာ ထေရီမသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်၌ တည်လေ၏။

ဗဟုပုတ္တိကာထေရီမ ဝတ္ထုပြီး၏။

ဤတွင်ရွေ့ကား ရှစ်ခုမြောက်သော သဟဿဝဂ်အဖွင့် ပြီး၏။

---

ဒုတိယတွဲ နိဂုံး

မဟာမိတ္တကုလေ ဇာတော၊ ပန်းမောင်တိ ဒန္တစာရိကော။
မနောရမံ ဓမ္မပဒ၊ ဋ္ဌကထံ ပါဠိဘာသိတံ။

မြန်မာ့ဘာသာ ဝတ္ထု ဘာဝါ၊ ကုမာရကဿပေါ ယတိ။
ပုည ထာဝရ လာဘာယ၊ မဉ္စ ဗုဒ္ဓဃုသီယတိ။

ဣတိ အရိယောတိ နာမဓေယျေန ထေရေန ဝိရစိထေ မြန်မာ့ဘာသာ ဓမ္မပဒ ဝတ္ထု ပကရဏေ ပဉ္စသု ဝဂ္ဂေသု ဒွါသဋ္ဌိဝတ္ထူ ဟိ ပဋိမဏ္ဍိတော ဒုတိယဘာဂေါ သိဝံ ဂတော။

ဓမ္မပဒဝတ္ထုတော်ကြီး - လေးတွဲအနက်
ဒုတိယတွဲ ဤတွင်ပြီး၏။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂, ၃ (အရှင်ကေလာသ) ဓ...